065

ငရဲဆိုတာ ဘယ်လိုလဲ? ဘယ်လိုနေမှ လွတ်မှာလဲ?

အသံဖိုင်ခေါင်းစဉ်= (ဒေဝဒူတသုတ်) ယမမင်းထံအစစ်ခံရပုံနဲ့ ငရဲဒုက္ခများအကြောင်း ရှင်းပြပုံ

စာအုပ်ခေါင်းစဉ်= ငရဲဆိုတာ ဘယ်လိုလဲ? ဘယ်လိုနေမှ လွတ်မှာလဲ?

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

အမရပူရမြို့၌ ဟောကြားတော်မူသောတရားတော်

ငရဲဆိုတာ ဘယ်လိုလဲ? ဘယ်လိုနေမှ လွတ်မှာလဲ?

ဟောကြားသည့်နေ့ (၉-၁၀-၆၁)

ဒီနေ့ ဟောမည့်တရားသည် ဒကာ ဒကာမတို့ ဘုရား တစ်ဆူမှ တစ်ခါဟောတဲ့ တရား လို့ မှတ်ထား ရမယ်နော် (မှန်လှပါ ဘုရား)။

ဘုရားတစ်ဆူမှ တစ်ခါဟောတဲ့ တရား

ဘုရားတစ်ဆူ တစ်ဆူ ပွင့်ပါမှ တစ်ခါ တစ်ခါ ဟောတဲ့ တရားလို့ ဆိုတော့ ဪ ငါတို့ အားလည်း ကြားနာရ ခဲတယ်၊ မှတ်လည်း မှတ်ရလိမ့်မယ် (မှန်ပါ့) အရေးကြီး တာလည်း သိရ ဘုရား တစ်ဆူ တစ်ဆူမှ ဒကာကြွယ် တစ်ခါဟောတဲ့ တရား (မှန်လှပါ ဘုရား) ဘုရား တစ်ဆူ ပွင့်လို့ရှိရင် ဒီတစ်ခါပဲ ဟောတာပဲ၊ နောက် မဟောတော့ဘူး (မှန်ပါ့ ဘုရား) ဒီတစ်ခါ ဟောလို့ ဒီတစ်ခါ ကျွတ်တမ်း ဝင်ရင် ဝင်ရော့၊ မဝင်လို့ ရှိရင်ဖြင့် ဒီတရားကိုဖြင့် ထပ်ပြီး အသက်တမ်း တိုတဲ့ ဘုရား ဖြစ်လေ သောကြောင့် မဟော နိုင်တော့ဘူး (မှန်လှပါ ဘုရား)။

အရိယာတို့၏အလုပ် မမေ့ပါနဲ့

ဒါကြောင့် ဒီတရားသည် ဒကာ ဒကာမတို့ အရိယာတို့၏ အလုပ်ကို မမေ့ဖို့ ဟောတာပဲ (မှန်လှပါ ဘုရား) အကျဉ်းချုပ် လိုက်တော့ အရိယာတို့၏ အလုပ်ကို မမေ့ပါနဲ့လို့ ဟောတာပါပဲ (မှန်ပါ့ဘုရား)။

ကောင်းပြီ ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ရှေးဦးစွာ ဒီ ခန္ဓာကိုယ်ကြီးကို ဉာဏ်လှည့် ရလိမ့်မယ်နော် (မှန်လှပါ ဘုရား) ဒီ ခန္ဓာကိုယ်ကြီးကို ဉာဏ်လှည့် ရလိမ့်မယ်။

ခါတိုင်းတော့ ဘယ့်နှယ် ကြောင့်တုံး လို့ မေးတဲ့ အခါ ကျတော့ ဒကာ ဒကာမတွေ အိမ်မှာ နေကြတယ် ဆိုတော့ ပြင် ဘက်သာ လှည့်နေတာပဲ (မှန်ပါ့) ခန္ဓာဘက် လှည့်တယ်လို့ မပါဘူး (မပါ, ပါဘုရား) လှည့်ပြန်တော့ လည်း ဒီခန္ဓာကြီးကို အနိစ္စဘက်, ဒုက္ခဘက်, အနတ္တ ဘက်ကို မလှည့်ဘဲနဲ့ ရုပ်ဟာ လည်း ငါပဲ, ဝေဒနာလည်း ငါပဲ, စိတ်လည်း ငါပဲဆိုပြီး သကာလ ဒိဋ္ဌိနဲ့ ချည်း လှည့်နေတယ် (မှန်ပါ့) ဉာဏ်နဲ့ လှည့်တယ်လို့ ရှိရဲ့လား (မရှိပါဘုရား)။

ခန္ဓာကိုယ်ကို ဉာဏ်နဲ့လှည့်ပါ

ဪ ယနေ့တော့ဖြင့် ဒကာ ဒကာမတွေ ပြောင်းကြ ပါဦးဆိုတဲ့ ဥစ္စာကို ဘုရား တစ်ဆူ တစ်ဆူပွင့်မှ တစ်ခါ ဟောတဲ့ တရား ဖြစ်လေ သောကြောင့် ဒိဋ္ဌိ နဲ့ မလှည့်ဘဲနဲ့ ဉာဏ်နဲ့ ခန္ဓာကို လှည့်ပေးပါ ဆိုတာကို ဘုန်းကြီးက တရားမဟောခင် ဘုရား သခင် ကိုယ်တော်မြတ်ကြီး ကလည်း ငါဘုရား ပွင့်တဲ့နေ့ က စပြီး ဒီတစ်ကြိမ်ပဲ ဟောတဲ့ တရား ဉာဏ်ခန္ဓာ လှည့်ဖို့ ဟောတဲ့ တရားလို့ သေသေ ချာချာ ဟောရှာတယ် (မှန်ပါ့ ဘုရား)။

ဒကာ ဒကာမတွေ ခါတိုင်းတော့ ဒိဋ္ဌိနဲ့ ခန္ဓာလှည့်နေကြ တယ် (မှန်ပါ့) အိမ်မှာနေတဲ့ အခါ ကျတော့ ဒါ, ဘယ်သူဖို့တုံး ငါဖို့ ဆိုတော့ ခန္ဓာကို ဒိဋ္ဌိက လှည့်လိုက်တယ် (မှန်ပါ့) ဘယ့်နှယ်ကြောင့် ဒါလောက် ရှာနေတာတုံး ငါစားဖို့ ပေါ့၊ ငါဝတ်ဖို့ပေါ့ ဆိုတော့ ဒိဋ္ဌိနဲ့ ခန္ဓာလှည့်တယ် (မှန်ပါ့ ဘုရား)။

တဏှာနဲ့ ခန္ဓာလှည့်လိုက်တယ်

တစ်ခါတလေ ကျတော့ တဏှာနဲ့ လှည့်လိုက်တယ် (မှန်ပါ့) ဒါက ငါ့သား, ငါ့သမီး ရှိသကိုး၊ ငါ့ သား, ငါ့သမီးဖို့ လည်း ရှာရတယ် ဆိုတော့ တဏှာနဲ့ လှည့်လိုက်တယ် (မှန်ပါ့)။

ဒကာ ဒကာမတွေ နေ့တိုင်း ခန္ဓာ ဘာနဲ့လှည့်နေ ကြပါလိမ့်မတုံး မေးတဲ့အခါ ကျတော့ ဒိဋ္ဌိနဲ့ တစ်ခါလှည့်လိုက် (မှန်ပါ့) တဏှာနဲ့ တစ်ခါ လှည့်လိုက် (မှန်ပါ့)။

အင်း ဒကာ ဒကာမတွေ ဘာနဲ့ လှည့်နေသတုံး (ဒိဋ္ဌိနဲ့ လှည့်နေပါတယ် ဘုရား)။

ခန္ဓာဘက် လှည့်တော့ လှည့်တယ် (လှည့်ပါတယ်) လှည့်ပေမယ့် ဒိဋ္ဌိနဲ့ တစ်ခါလှည့်လိုက်၊ ဒကာ ဒကာမတို့ တဏှာနဲ့ တစ်ခါလှည့်လိုက် (မှန်ပါ့)။

ခန္ဓာကို ဒိဋ္ဌိနဲ့ လှည့်တယ်

ဪ ဒကာ ဒကာမတို့ ခက်ပါပြီ၊ ဒိဋ္ဌိနဲ့ လှည့်ပြန်တော့ လည်း ပဋိစ္စသမုပ္ပဒ်က ဆက်သွား တယ် (မှန်ပါ့) တဏှာနဲ့ လှည့်ပြန်တော့လည်း (ပဋိစ္စသမုပ္ပဒ်က ဆက်သွားပါတယ် ဘုရား) ပဋိစ္စသမုပ္ပဒ်က ဆက်သွားတယ် (မှန်ပါ့)။

သေသေ ချာချာ မှတ်ကြပါ၊ ဒကာ ဒကာမတို့ ခန္ဓာကိုယ် တစ်နေ့ ဘယ်နှခါ လှည့်တယ် လို့လဲ၊ ဘုန်းကြီးကဖြင့် ကျောင်း ကနေ ရေတွက်လို့ မဖြစ်ဘူး (မှန်ပါ့)။

ကိုယ့်ဟာကိုယ် လှည့်လိုက်တာဖြင့် အင်း ဈေးထွက် နေ၊ ဈေးထိုင်နေ၊ ပွဲရုံ ပွဲထိုင် နေ လုပ်နေ ကြတယ်၊ စက်တွေ တည်ပြီး ရောင်းဝယ် ဖောက်ကား နေကြတယ်၊ ဒီထဲမှာ ဒကာ ဒကာမတွေ ကိုယ့်အချိုးနဲ့ ကိုယ်ပေါ့ ဗျ(မှန်ပါ့)။

အစုံပဲ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ နေကြထိုင်ကြ တော့ ဘယ်သူက ဘာလုပ် နေကြတယ် ဆိုငြား သော်လည်း ကြီး ကြီးကျယ်ကျယ် ရှာတဲ့ ပုဂ္ဂိုလ်ကလည်း ငါ့ဖို့ ငါ့သားဖို့ ငါ့သမီးဖို့ ပါပဲ (မှန်ပါ့)။

သေးသေး ကွေးကွေး ရှာတဲ့ ဒကာ ဒကာမတွေ ကလည်း ငါ့ဖို့, ငါ့သား, ငါ့သမီးဖို့ ဘက်ပဲ လှည့်တာပဲ (မှန်ပါ့)။

ဒါဖြင့် ဒကာသစ်တို့ ဒကာကြွယ်တို့က စဉ်းစားရမယ်။ ဪ နေ့တိုင်း ခန္ဓာဘက်သာ လှည့်ကြတယ်၊ တဏှာနဲ့ လှည့် တယ်၊ ဒိဋ္ဌိနဲ့ လှည့်နေတယ် (မှန်ပါ့)။

ဘာနဲ့ လှည့်ကြပါလိမ့် (တဏှာနဲ့ လှည့်ပါတယ်၊ ဒိဋ္ဌိနဲ့ လှည့်ပါတယ် ဘုရား)။

ဉာဏ်နားနဲ့ ထောင်ကြပါ

ဉာဏ်နားနဲ့ ထောင်ကြပါ၊ ဉာဏ်နားနဲ့ ထောင်ကြပါ (မှန်ပါ့) ဒကာ ဒကာမတွေ နေ့တိုင်း ငါစားဖို့ ဆိုတော့ ဒိဋ္ဌိဘက် လှည့်လိုက်တယ် (မှန်ပါ့) မလှည့်ကြဘူးလား (လှည့်ပါတယ် ဘုရား)။

ငါ့သား, ငါ့သမီးဖို့ ဆိုတော့ ဘာတုံး (တဏှာနဲ့ လှည့် ပါတယ် ဘုရား)။

အေး တဏှာနဲ့လည်း လှည့်တယ် (မှန်ပါ့) ငါ့ဖို့ဆို တော့ ဘာနဲ့ လှည့်သတုံး (ဒိဋ္ဌိနဲ့ လှည့်ပါတယ်) ငါ့သား, ငါ့သမီးဖို့ ဆိုတော့ (တဏှာနဲ့ လှည့်ပါတယ် ဘုရား)။

ဒကာကြွယ် တစ်နေ့လုံးဟာ ဒါနဲ့ ကုန်သွားတာပဲ (ကုန်ပါတယ်) သဘောပါကြပလား (ပါပါပြီ ဘုရား)။

ဘာနဲ့ လှည့်ကြသတုံး (တဏှာနဲ့ လှည့်, ဒိဋ္ဌိနဲ့ လှည့်ပါ တယ် ဘုရား) တဏှာနဲ့ လှည့်တာ တစ်ချီ (မှန်ပါ့) ဒိဋ္ဌိနဲ့လှည့်တာ (တစ်ချီပါဘုရား) ကြောက်စရာကြီး ပါလား (မှန်ပါ့)။

ခင်ဗျားတို့ ရှာနေတဲ့ အဖြစ်ဟာလေ (မှန်ပါ့) ဦးမာဒင် ဘယ့်နှယ် နေသတုံး (ကြောက်စရာ ကြီးပါ ဘုရား) သို့သော်လဲ မကြောက်နဲ့ဦး ဖြစ်ပုံကလေးတော့ ပြရဦးမယ် (မှန်ပါ့)။

ဖြစ်ပုံကလေးတော့ ပြရဦးမယ် ဒကာ ဒကာမတို့၊ ဒါက – ဒကာ ဒကာမတွေ ခန္ဓာငါးပါး (မှန်ပါ့) ခန္ဓာငါးပါး ရှိပြီး သကာလ နေတော့ ခန္ဓာငါးပါးဟာ ယောက်ျားခန္ဓာ, မိန်းမခန္ဓာ ပဲ ခင်ဗျားတို့ ထားပါတော့ (မှန်ပါ့)။

ဒီခန္ဓာငါးပါးနဲ့ ဈေးထိုင် ရောင်းပြီး သကာလ နေတယ်။ ပွဲရုံ ပွဲစား လုပ်ပြီး သကာလ နေကြ တယ်။ ဒီနား လုပ်နေတဲ့ အခါ ကျလို့ရှိရင်ဖြင့် ဒကာ ဒကာမတွေ သည်ကားလို့ ဆိုလို့ ရှိရင်ဖြင့် စီးပွားရှာ နေကြတယ် (မှန်ပါ့)။

ဒီအရွယ်ကြီး စီးပွားရှာတုံးပဲလား

စီးပွားရှာတော့ သူများက မေးရင်လည်း ဟာ ဒီအသက် ဒီအရွယ်ကြီးနဲ့ ဘာဖြစ်လို့ ဒကာကြွယ်တို့ စီးပွားတွေ ရှာနေကြ သတုံး ဦးသန်းမောင်တို့ ဘာဖြစ်လို့ ရှာကြသတုံး ကိုယ့် အတွက်ပေါ့ ဘုရား ဆိုတော့ ဒီဟာကြီးကို ကိုယ်ယူပစ်လိုက် တယ် (မှန်ပါ့)။

ဘာနဲ့ ယူပစ်လိုက် သလဲ ဆိုတော့ ဒီက ဒိဋ္ဌိနဲ့ ယူလိုက်တယ် (မှန်ပါ့) ဒိဋ္ဌိနဲ့ ခန္ဓာငါးပါးကို ကိုယ် လုပ်ပစ် လိုက်တယ် (မှန်လှပါ ဘုရား)။

ကိုယ့်အတွက်ပေါ့ ဘုရား (မှန်ပါ့) ဟာ ကိုယ့်အတွက် ဖြင့် လုံလောက် ပါပြီကော၊ ဒါလောက် ဆိုရင် နေနိုင်, ထိုင်နိုင် ရှိပါပြီကောလို့ ဦးမာဒင်တို့ကိုပဲ ဘုန်းကြီးက သတိပေးလိုက် တယ် (မှန်ပါ့)။

သြော် ဘုန်းကြီးက ပြောတော့ ကျောင်းကနေ ပြောတာ အလွယ်ကလေးရယ် (မှန်ပါ့) ဘုန်းကြီး များလို အလွယ်တကူ ရတာ မဟုတ်ဘူး၊ တပည့်တော်တို့က အခြံအရံနဲ့ နေတာ (မှန်ပါ့)။ အခြံအရံ ဘက် လှည့်ပစ် လိုက်တယ် (မှန်ပါ့)။

သားသမီးတွေဘက် လှည့်တယ်

အခြံအရံဘက် လှည့်တာကတော့ တဏှာနဲ့ လှည့်တယ် (မှန်ပါ့) ကိုယ့်ဘက် လှည့်လိုက် တာကတော့ ဒိဋ္ဌိနဲ့ (မှန်ပါ့) အခြံအရံ သားသမီးတွေဘက် လှည့်လိုက်တော့ (တဏှာနဲ့ပါ ဘုရား)။

ဪ ဒကာသစ် ဒီ ဒကာ ဒကာမတွေ စီးပွားရှာတာ မရှာစေချင်လို့ မဟုတ်ပါဘူး (မှန်ပါ့) လှည့်ပုံ နေရာ မကျလို့ ပြနေပါတယ် ဆိုတာ သေသေချာချာ မှတ်ကြပါ (မှန်ပါ့)။

လှည့်ပုံက (နေရာမကျလို့ ပြနေတာပါ) ဒကာကြွယ် ဒီတရား ကြားရခဲတယ်၊ ဘုရား တစ်ဆူ တစ်ဆူမှ တစ်ခါ ဟော ထားတာနော် (မှန်ပါ့)။

ဘုရားတစ်ဆူ တစ်ဆူမှ (တစ်ခါဟောတာပါ) တစ်ခါပဲ ဟောတယ်လို့ ဆိုတာ ဒကာ ဒကာမတွေ သေသေချာချာ မှတ်ပါ (မှန်ပါ့)။

ဒကာကြွယ် ဘယ့်နှယ်ကြောင့် ဒီအရွယ်ကြီး အလုပ်တွေ မသိမ်းသေး သတုံးဗျ၊ ဘုန်းကြီးကပဲ မေးတယ် ထားပါတော့၊ မိတ်ဆွေ သင်္ဂဟတွေက မေးတယ် ထားပါတော့ (မှန်ပါ့)။

ခန္ဓာကိုယ်ကြီး “ကိုယ်” ထင်လိုက်တယ်

သြော် ကိုယ်စားဖို့ဆိုတာ ကိုယ့်အတွက် ကလေး ကိုယ် လုပ်ရသေး တာပေါ့ (မှန်ပါ့) အင်း ဒိဋ္ဌိက ဘယ်ဘက် လှည့် သွားသတုံး (ခန္ဓာဘက် လှည့်ပါတယ်) ကိုယ့်ဘက် လှည့်တယ် (မှန်ပါ့) ခန္ဓာကိုယ်ကြီးကို ကိုယ်ထင် လိုက်တယ် (မှန်ပါ့)။

ဦးသန်းမောင် ဘယ်ဘက် လှည့်သတုံး (ကိုယ့်ဘက် လှည့်လိုက်ပါတယ်) သြော် ကိုယ်စားဖို့လည်း လိုသေးတယ် ဘုရား၊ ဒါ ဒိဋ္ဌိဘက် လှည့်လိုက်တာနော် (မှန်ပါ့)။

ဒကာကြွယ် ဒီလို လှည့်ဖူးရဲ့ လား (လှည့်ဖူးပါတယ်) လှည့်ဖူးတာ နေ့တိုင်း လှည့်နေတာ တပည့်တော် မူးတောင် လာနေ ပြီလို့ ပြောပါတော့၊ အဲဒါလောက် ဆိုးဝါး ပါတယ် ဆိုတာလည်း ပေါ်ကြပလား (ပေါ်ပါပြီဘုရား)။

နောက်တစ်နေ့ မေးပြန်တော့ ခင်ဗျားကြီးလည်း ကြီးပြီဗျာ။

ခေါင်းဖြူ စွယ်ကျိုးနဲ့ ဘာလုပ်စရာ ရှိသေးသတုံး ထိုင်ပါတော့လားလို့ မေးတဲ့ အခါကျလို့ ရှိရင်တော့ ဟောဗျာ ပွားစည်း ထားတာ ကလေးတွေက မကင်းရာ မကင်းကြောင်း ရှိနေ သေးတယ် ဆိုတော့ တဏှာနဲ့ လှည့်လိုက်တယ် (လှည့်လိုက်ပါ တယ်ဘုရား)။

မကင်းရာ မကင်းကြောင်း

မကင်းရာ မကင်းကြောင်း ဆိုတော့ ဘာနဲ့ လှည့်လိုက် သလဲ (တဏှာနဲ့ လှည့်လိုက် ပါတယ်) မကင်းတာက တဏှာက မကင်းတာ (မှန်ပါ့)။

ဒကာကြွယ်တို့များ လှည့်လိုက်တဲ့ ဖြစ်ခြင်း ဒိဋ္ဌိနဲ့ လှည့် လိုက်တစ်ခါ (မှန်ပါ့) တဏှာနဲ့ (လှည့်လိုက် တစ်ခါပါ ဘုရား)။

မသိပါဘူး ခင်ဗျားတို့ (မှန်ပါ့) မသိပါဘူး ဒါနဲ့ ဧည့်ခံ နေတာပါ (မှန်ပါ့)။

ဦးမာဒင် ဒါနဲ့ ဘာလုပ်နေကြသလဲ (ဧည့်ခံနေပါ တယ်) ဖြစ်မှ ဖြစ်ရပလေ အပါယ်သွားမလို့ ဧည့်ခံနေတာ (မှန်ပါ့ဘုရား)။

အပါယ်သွားမလို့ ဧည့်ခံနေတာ

ဘယ်သွားမလို့လဲ (အပါယ်သွားမလို့ ဧည့်ခံနေတာပါ ဘုရား)။

ဦးဘကြွယ်တို့ သေသေချာချာ နားထောင်ပါ ခင်ဗျားတို့၊ ကြပ်ကြပ် ဂရုစိုက်ပြီး နားထောင်ပါ၊ ခင်ဗျားတို့ လုပ်နေတဲ့ အလုပ်က အလွန် ကြောက်စရာ ကောင်းလွန်းလို့ ပြောပြီး သကာလ နေပါ တယ် (မှန်ပါ့ ဘုရား)။

ဘုရားကလည်း ဒီအတိုင်း ပြောပါကွာ ဘုရားတစ်ဆူ တစ်ဆူပွင့်တဲ့ အခါမှ ဒီဥစ္စာကိုမှ မင်းတို့ ဉာဏ်ရောက်အောင် မပြောနိုင်လို့ ရှိရင်ဖြင့် ဒီ ဒကာ ဒကာမတွေဟာ အပါယ်လေးပါးမှ တက်စရာ မရှိဘူး (မှန်ပါ့ဘုရား)။

အင်မတန် အရေးကြီးတဲ့အချက်

ဒကာ ဒကာမတွေ ဉာဏ်နားနဲ့ သေသေ ချာချာ ထောင် ကြပါနော်၊ အင်မတန်မှ အရေးကြီးတဲ့ အချက်ကို ပြောနေပေါ့ ဆိုတဲ့ဥစ္စာ (မှန်ပါ့ဘုရား)။

ကဲ ဒကာကြွယ် ဆိုင်များ ထိုင်နေတဲ့ အခါ ဆိုင်များ ထိုင်ပြီး သကာလ နေတဲ့ အခါကျလို့ ရှိရင်ဖြင့် ဘုန်းကြီးလာတဲ့ အခါ ဒကာကြွယ် အလုပ် မရပ်သေးဘူးလား ဆိုတော့ ကိုယ့်အရေးက လိုသေးသကိုး ဘုရား (မှန်ပါ့) အင်း သာမည ဆရာသမား ဆိုရင် ဒီအတိုင်း သူပြောမှာပဲ (ပြောပါမယ် ဘုရား)။

ဦးမာဒင်ကြီး ဘယ်လို ပြောမယ် ထင်သတုံး (ဒီအတိုင်း ပြောမှာပါ) ဒီအတိုင်းပဲ၊ ဪ တော်တော် ခက်နေပကော (မှန်ပါ့ဘုရား)။

ကိုယ့်အရေး ဆိုလို့ရှိရင် ခင်ဗျားတို့ ရှိတာနဲ့ထိုင်စားလို့ ရှိရင် ဖြင့် သေမှာနဲ့ တိုင်းလိုက်လို့ ရှိရင်ဖြင့် ပိုတောင် နေပါသေးတယ်။ အသုဘ စရိတ်တောင် ကျန်ပါသေးတယ် (မှန်ပါ့ ဘုရား) မကျန် ဘူးလား (ကျန်ပါတယ် ဘုရား)။

ကျန်ပင် ကျန်ငြား သော်လည်း ဦးသန်းမောင်တို့၊ ဦးဘထွေးတို့က ဆင်ခြေလဲ လိုက်တယ် (မှန်ပါ့) သြော် ကိုယ့် အတွက်ကတော့ တင်းတိမ် လောက်ပါပြီ၊ ကိုယ်က ပွားထားတာ ကလေးတွေ မျက်စိသူငယ် နေရစ်မှာ စိုးလို့ ပိုလုပ်နေရတယ် (မှန်ပါ့ဘုရား)။

တဏှာနဲ့ ဧည့်ခံတယ်

အင်း တစ်ခုနဲ့ ဧည့်ခံနေပြန်ပြီ (မှန်ပါ့) တဏှာနဲ့ ဧည့် ခံတယ် (မှန်ပါ့) ကိုယ့်အတွက် ဆိုတော့ ဘာနဲ့ ဧည့်ခံသတုံး (ဒိဋ္ဌိနဲ့ ဧည့်ခံပါတယ် ဘုရား)။

ဘု, စု, ခရုတွေက ဘုရား မှီစား နေတာတွေက မနည်း ဘူး ဘုရာ့၊ သူတို့က ခြေလက် မသန် စွမ်းသေးဘူး ဘုရား၊ အကြံ ဉာဏ် မရှိသေးဘူး ဘုရာ့၊ ဒါကြောင့် ကိုယ်၏ စောင်မခြင်း နှုတ်၏ စောင်မခြင်းနဲ့ မကင်းတရား ကလေးက ရှိနေတော့ (မှန်ပါ့) မကင်းတရား ကလေးက တဏှာ ကိုးဗျ (မှန်ပါ့) မကင်း တရားကလေးက ရှိနေတော့ တပည့်တော်များမှာ အရှင်ဘုရား များလိုလည်း ကျွတ်ကျွတ် လွတ်လွတ် မထွက်နိုင်တော့၊ ဪ သူမထွက် တော့ဘူး ပြောတာ (မှန်ပါ့) ဝဋ်ထဲက မထွက်တော့ဘူး တဲ့ (မှန်ပါ့ ဘုရား)။

ဒကာကြွယ် ဘာတဲ့တုံး သူ့ဟာသူ ဗျာဒိတ် ပေးသွား တယ် (ပေးပါတယ်) ဘယ်လိုများ ပေးသွားတုံး (ဝဋ်ထဲက မထွက်တော့ဘူး ပေးပါတယ် ဘုရား)။

ဝဋ်ထဲက မထွက်နိုင်တော့ဘူး

ဝဋ်ထဲက မထွက်နိုင်သေးတော့ ထွက်မှာလည်း မဟုတ် ပါဘူး၊ သူ့ဟာက မထွက်နိုင်သေးတော့ ဆိုကတည်းက ဒကာ ဒကာမတွေ အတော် ကြောက်စရာ ကောင်းနေပြီ (မှန်ပါ့) သြော် သူများက မထွက်ဘူးလို့ ပြောတာလား၊ သူက မထွက်ဘူးပြော တာလား (သူက မထွက်ဘူးပြောတာပါ ဘုရား)။

ဖြစ်မှဖြစ်ရလေ ဒကာကြွယ် (မှန်ပါ့) ခင်ဗျားတို့ ပြောတဲ့ စကားထဲမှာကို ဝဋ်မှ မထွက်ဘူး ဆိုတဲ့၊ ဝဋ်ကလေးက မကျွတ် သေးတော့ ဒီလိုပဲ ဘုရား တဝဲလည်လည် နေရသေးတယ် (မှန်ပါ့) အစရှိ သည်နဲ့တဲ့ မပါဘူးလား (ပါ, ပါတယ် ဘုရား)။

ဒါဖြင့် နေ့တိုင်း အလုပ်လုပ်နေကြတယ် ဒီဧည့်ခံနှစ်ခုနဲ့ လုပ်နေတာပဲ (လုပ်နေပါတယ် ဘုရား)။

ဒါဖြင့် နေ့တိုင်း အလုပ်လုပ်နေကြတာ (ဒီဧည့်ခံနှစ်ခုနဲ့ လုပ်နေကြတာပါ) ဒိဋ္ဌိနဲ့ ဧည့်ခံလိုက် (မှန်ပါ့) ပြီးတော့ကော (တဏှာနဲ့ ဧည့်ခံပါတယ် ဘုရား)။

ဦးဘထွေး ဘာနဲ့ ဧည့်ခံသတုံး (ဒိဋ္ဌိနဲ့ ဧည့်ခံ, တဏှာ နဲ့ ဧည့်ခံပါတယ် ဘုရား)။

အမြင်ကတော့ စီးပွားရှာနေတာ

သြော် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ စီးပွား ရှာနေတာ လား အောက်မေ့ နေတယ်တဲ့၊ အမြင်တော့ စီးပွားရှာနေကြတာ (မှန်ပါ့) အရောက် ကတော့ဖြင့် အပါယ်လေးပါး ရောက်ရမယ် (မှန်လှပါ ဘုရား)။

အမြင်တော့ဖြင့် စီးပွားရှာ နေတာပဲ၊ ရှာရင်းမတ္တနဲ့ အပါယ် လေးပါး ရောက်ရမယ် (မှန်ပါ့ ဘုရား)။

ဒကာ ဒကာမတွေ သေသေ ချာချာ ကြည့်ပါ (မှန်ပါ့) သေသေချာချာ ကြည့်ပါ ဒကာ ဒကာမတို့ ဒီတရားမျိုး အင်မတန် မှလည်း ခဲယဉ်း ပါတယ် (မှန်ပါ့) ခင်ဗျားတို့ သာမည သီလ တရားနဲ့ ဆိုလို့ ရှိရင်ဖြင့် ဒါ အပြစ် မရှိပါဘူး (မှန်ပါ့) သီလ တရား နဲ့ကျလာတော့ ခင်ဗျားတို့ ထွက်ရပ်လမ်း အစစ် တရားနဲ့ ကျလာတော့ အပြစ်က ရှိတယ် (မှန်ပါ့ ဘုရား)။

ခန္ဓာကိုယ်ကြီးကို ငါစားဖို့ ဆိုပြီး ရှာတော့ ခန္ဓာကိုယ်ပေါ် မှာ ငါဒိဋ္ဌိနဲ့ မစွဲဘူးလား (စွဲပါတယ်) ဟော ဒိဋ္ဌိ ကလေးပေါ် လာတော့ ဝမ်းထဲမှာပဲ ပေါ်ပါတယ် (မှန်ပါ့ ဘုရား)။

မဟုတ်ပါဘူး၊ ဒါ ကိုယ်စားဖို့ဆိုပြီး ရှာတော့ ခန္ဓာကိုယ် ကိုယ်ထင်တဲ့ ဒိဋ္ဌိ ပေါ်လာတယ် ဆိုတာလည်း ဒကာ ဒကာမတွေ အမြင်သားပါ (မြင်ပါတယ်) မမြင်ရသေး ဘူးလား (မြင်ပါ တယ် ဘုရား)။

ဒိဋ္ဌိ ပေါ်လာတော့ ပဋိစ္စ သမုပ္ပာဒ်က မနေပါဘူး ဒကာသစ် ရ (မှန်ပါ့) ဒိဋ္ဌုပါဒါန် ဆိုတာ နောက်က လိုက်လာတယ် (မှန်ပါ့) ဒိဋ္ဌိနောက်က ဒိဋ္ဌုပါဒါန် ဆိုတာ လိုက်လာတယ်၊ (မှန်လှပါဘုရား)။

နောက်က နေပြီး သကာလ ဥပါဒါနပစ္စယာ ကမ္မဘဝေါ လိုက်တယ် (မှန်ပါ့) မလိုက်ဘူးလား (လိုက်ပါတယ်) ကာယကံ ဝစီကံတွေနဲ့ ပြောလိုက် ဆိုလိုက်တာတွေ မလာဘူး လား (လာပါတယ် ဘုရား)။

ဒါဖြင့် ဒိဋ္ဌိရှိလို့ စွဲစွဲလမ်းလမ်း ဒကာ ဒကာမတွေ ကိုယ့် ခန္ဓာကို စွဲစွဲလမ်းလမ်း ဖြစ်တဲ့ ဥပါဒါန်က (လာပါတယ် ဘုရား)။

ဥပါဒါန် လာလို့ ဒီ ခန္ဓာကိုယ်ကြီးကို လူချင်း တူတူ သူချင်း မျှမျှ ဝတ်ရ စားရအောင် ပြုမဟဲ့ စုမဟဲ့ ဆိုတဲ့ ကာယကံ ဝစီကံ တွေနဲ့ကော ထ မလုပ်ဘူးလား (လုပ်ပါတယ် ဘုရား)။ ဒါဖြင့် ဒိဋ္ဌိ, ဒိဋ္ဌုပါဒါန်, ဒိဋ္ဌိအုပ်ချုပ်တဲ့ကံ (မှန်ပါ့ဘုရား)။

အပါယ်ဇာတိ

ကဲ ဒကာသစ် ကမ္မဘဝ ပစ္စယာ (ဇာတိပါ) ဟာ ရိုးရိုး မလုပ်နဲ့လေ (အပါယ် ဇာတိပါ) ရိုးရိုး မလုပ်ပါနဲ့၊ ရိုးရိုး ဆိုလို့ ရှိရင် ဒီဟာတွေ မှားကုန်မှာစိုးလို့ (မှန်ပါ့ ဘုရား)။

ဒိဋ္ဌိက အပါယ်ကျ စေတတ်တယ် (မှန်ပါ့) ဒိဋ္ဌိ အုပ်ချုပ် တဲ့ ကံကကော (အပါယ်ကျ စေတတ် ပါတယ် ဘုရား)။

ဒါကြောင့် ဒကာ ဒကာမတွေ ဒီဘက်မှာ အပါယ်, ဇာတိ, ဇရာ, မရဏဆိုပြီး သုံးလုံး ချတယ် (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီဘုရား)။

ဘာလုပ်ဖို့ ရှာကြတာတုံး ဆိုတော့ ကိုယ်လည်း စားဖို့ပေါ့ ဘုရား၊ ဟုတ်လား (မှန်ပါ့) ကိုယ်လည်း စားဖို့ပေါ့ ဘုရား ဆိုတာ သူက ပြောတာ (မှန်ပါ့) ဘယ်သူက ပြောတာတုံး (ဒိဋ္ဌိက ပြောတာပါ ဘုရား)။

ကိုယ်လည်း စားဖို့ ဆိုတော့ အဟုတ်ကို စားဖို့လားလို့ ဆိုလို့ရှိရင် အဟုတ်ကို စားဖို့ဆိုတော့ ဥပါဒါန်က ပြောတယ် (မှန်ပါ့ ဘုရား)။

ဒါဖြင့် ခင်ဗျား ထိုင်နေသလား အားထုတ် နေသလား၊ စားဖို့ သောက်ဖို့ အလုပ်ကို ကိုယ်ရော, နှုတ်ရော အားထုတ် လုပ်ရ သေးသလားလို့ မေးလို့ ရှိရင် ဘယ့်နှယ် ပြောမလဲ (ပြောရ ဆိုရ အားထုတ် ရပါတယ်) ဒါဖြင့် ကာယကံ, ဝစီကံ (မှန်ပါ့ ဘုရား)။

ဒိဋ္ဌိအုပ်ချုပ်တဲ့ကံ

ဒီတစ်ခုက ဘာပါလိမ့် (ကာယကံ ဝစီကံပါ ဘုရား) ဒါဖြင့် မသေခင်တော့ဖြင့် ဒိဋ္ဌိ, ဒိဋ္ဌိ အုပ်ချုပ် တဲ့ကံ။ ဒိဋ္ဌိ, ဒိဋ္ဌုပါဒါန်, ဒိဋ္ဌိ အုပ်ချုပ်တဲ့ ကံ (မှန်ပါ့ ဘုရား)။

နောက်တစ်ခါ လှည့်ပြန် တော့လည်း ဒီ အတိုင်း လှည့် မယ် (မှန်ပါ့) သေတော့ ကမ္မဘဝ ပစ္စယာ (အပါယ်ဇာတိပါ ဘုရား)။

ဒကာ ဒကာမတွေ ရွတ်စမ်းပါ၊ ကမ္မဘဝပစ္စယာ (အပါယ်ဇာတိပါ ဘုရား)။

ဦးမာဒင် ဒါလျှော့ ဟောရင် ဘုန်းကြီး အပါယ် ရောက်မယ် (မှန်ပါ့) လျှော့ဟောရင် အပါယ် ရောက်မယ်၊ ဘာဖြစ်လို့တုံး ဆိုတော့ ဒိဋ္ဌိရှိတဲ့ ပုဂ္ဂိုလ်ဟာ အပါယ် သွားရမှာကိုး (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတွေ ကိုယ်ဟူသော အထိမ်းအမှတ် ကို မဖြုတ် နိုင်သေး သ၍ ကာလပတ်လုံး ဒိဋ္ဌိ ပြုတ်ပါ့မလား (မပြုတ်ပါ ဘုရား)။

ခန္ဓာငါးပါးကို ကိုယ်ပဲထင်တယ်

ကိုယ်စားဖို့ဘုရာ့ ဆိုတာ ဒီ ခန္ဓာငါးပါးကို ခန္ဓာငါးပါးထင် သေးရဲ့ လား၊ ကိုယ်ပဲ ထင်သလား (ကိုယ်ပဲ ထင်ပါတယ်) ကိုယ်ပဲ ထင်ပါတယ် ဆိုတာ ဦးမာဒင် ငြင်းဖို့ လိုသေး သလား (မလိုပါ) ဦးသန်းမောင် ငြင်းဖို့ လိုသေး သလား (မလိုပါ ဘုရား)။

ဘာလုပ်ဖို့ ဦးသန်းမောင်တို့ ဒီအလုပ်ကြီး လုပ်နေပါ လိမ့်, ကိုယ်စားဖို့ပေါ့ ဘုရား (မှန်ပါ့) ဒီ ကိုယ်စားဖို့ (မှန်ပါ့) ဒီ ကိုယ်စားဖို့ ဘယ်သူက ပြောတာတုံး (ဒိဋ္ဌိက ပြောတာပါ ဘုရား)။

ဒိဋ္ဌိပြောတော့ ပဋိစ္စသမုပ္ပာဒ်က ဦးမာဒင် ရပ်ပါ့မလား (မရပ်ပါ) မရပ်ဘူးဆိုတာ ဒကာကြွယ် သေချာပြီလား (သေချာပါပြီ ဘုရား)။

ဒါဖြင့် ဒိဋ္ဌိ, ဒိဋ္ဌုပါဒါန် (မှန်ပါ့) ဥပါဒါန ပစ္စယာ (ကမ္မဘဝေါပါ) ကမ္မဘဝပစ္စယာ = သေသည်၏ အခြားမဲ့၌ (အပါယ်ဇာတိပါ ဘုရား)။

ဪ ဒါဖြင့် ဘုရား တစ်ဆူ တစ်ဆူမှ တစ်ခါ ဟော တယ် ဆိုတော့ ဒါဖြင့် အရှင်ဘုရား အလို တော့ဖြင့် စီးပွားရှာ စားဖို့တောင် အတော် ခဲယဉ်း နေပြီ (မှန်ပါ့) ဦးမာဒင်တို့က လာမယ်။ သူတို့က ရှာချင်တဲ့ ဘက်က လူကိုး (မှန်ပါ့) ဒကာကြွယ်က လာ မှာပဲ (လာမှာပါ) ဘုန်းကြီးက တစ်ပါးတည်း ပါပဲ မထူးပါဘူး (မှန်ပါ့) ခင်ဗျားတို့က အကုန်ပါပဲ (အကုန်ပါပဲ) အတော် ဆိုးနေပြီ ဆိုတာ ပေါ်ကြ ပလား (ပေါ်ပါပြီ ဘုရား)။

ကဲ ဒါဖြင့် ဒကာ ဒကာမတို့ ကိုယ်ဟူသော အထိမ်း အမှတ်ကို မဖြုတ် နိုင် သ၍ ကာလ ပတ်လုံး ဒိဋ္ဌိ လာမယ် (မှန်ပါ့) ဒိဋ္ဌုပါဒါန် (လာမှာပါ) ဒိဋ္ဌိ အုပ်ချုပ်တဲ့ကံ (လာမှာပါ) မလာပေ ဘူးလား (လာပါတယ် ဘုရား)။

အရိယာဓမ္မ မကြိုးစားလို့

ဒါ ဘာပါလိမ့်မလဲလို့ မေးလုံး ထုတ်တော့မှတဲ့ အရိယာ ဓမ္မကို ခင်ဗျားတို့ မကြိုးစားလို့ ဖြစ်ရတာပါ (မှန်ပါ့ ဘုရား)။

ဘယ့်နှယ်ကြောင့် ဖြစ်ရတာတုံး (အရိယာဓမ္မ မကြိုး စားလို့ ဖြစ်ရတာပါ ဘုရား)။

အရိယာဓမ္မ မကြိုးစားလို့ ဖြစ်ရတော့ သြော် ကိုယ့် အတွက် ရှာတယ်လို့ ဆိုတဲ့ အဓိပ္ပာယ် သည်ကားလို့ ဆိုရင်ဖြင့် ပဋိစ္စသမုပ္ပာဒ် ဒေသနာတော်နဲ့ ဦးဘထွေးတို့၊ ဦးသန်းဖေတို့၊ ဦးသန်းမောင်တို့ ဘုန်းကြီး လျှော့မဟောနိုင်ဘူး (မှန်ပါ့ဘုရား)။

မဟောနိုင်ဘူး၊ ဒါက ဒီအစဉ်အတိုင်း မသွားပါနဲ့ဆိုလို့ ရပါ့မလား (မရပါ) ဘုရား တားလည်း (မရပါ ဘုရား)။

အဲ ခင်ဗျားတို့ အခု ဘုန်းကြီး ပြောတဲ့ ဉာဏ်နဲ့ တားရင်၊ ကိုယ့်ဉာဏ်နဲ့ ကိုယ်တားရင် ရတယ် (မှန်ပါ့) ဘုရား ကိုယ်တိုင် ကိုယ်တော်ကြီး ဒီနားက ထိုင်ထား ဒီ ပဋိစ္စသမုပ္ပာဒ် မရဘူး (မှန်ပါ့) ဘုန်းကြီးက ဒီအနား ညီအစ်ကို မောင်နှမ, အမေ မိဘတွေ တော်ဖူးတာချည်းပဲ ဆိုပြီး ထိုင်ထား (မရပါ) ခင်ဗျားတို့ ဝမ်းထဲမှာ တန်းနေလို့ ဒကာသစ် ရကို- မရဘူး (မရပါ) ရိပ်မိ ကြပလား (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် ဒီဥစ္စာဟာ ဒကာ ဒကာမတို့ အရိယာဓမ္မဖြစ်တဲ့ ဥစ္စာကို ခင်ဗျားတို့ ကြိုးစား လိုက်ပြန် တော့လည်း လွတ်သွား တယ် (မှန်ပါ့) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ဒကာကြွယ်ရေကိုယ့်အတွက်တော့ စားဖို့သောက်ဖို့ လုံလောက်ပြီ မဟုတ်လား (လုံလောက် ပါပြီ) ဘယ့်နှယ်ကြောင့် ဒကာကြွယ်တို့၊ ဦးမာဒင်တို့၊ ဦးသန်းမောင် တို့က ချဲ့ နေရသေး သတုံးလို့ မေးတော့ သြော် တစ်ကိုယ်ရေ တစ်ကာယ မဟုတ်ဘူး ဘုရား (မှန်ပါ့) လာပြီ ခင်ဗျားတို့ ဆင်ခြေက (မှန်ပါ့ ဘုရား)။

ဘာတဲ့တုံး (တစ်ကိုယ်ရေ တစ်ကာယ မဟုတ်ပါ) အင်း နဂိုကလည်း တစ်ကိုယ်ရေ တစ်ကာယ နေချင်တဲ့ စိတ်လည်း မရှိပါဘူး (မှန်ပါ့) ဆင်ခြေသာ လဲတာပါ။

မကင်း တရားတွေက သိပ်များတယ်

ဆင်ခြေသာ လဲတာပါ၊ တစ်ကိုရေ တစ်ကာယလည်း မဟုတ်တော့ အရှင်ဘုရားများ လို မလွယ်ဘူး ဘုရား (မှန်ပါ့) မကင်းတရားတွေက သိပ်များတယ် (မှန်ပါ့) ဒါ ဆင်ခြေလဲကြ မလား မလဲကြဘူးလား (လဲကြမှာပါ ဘုရား)။

ဆင်ခြေလဲတာလား အဟုတ်ကို ပြောတာလား (အဟုတ် ပြောတာပါ ဘုရား)။

အံမာ တော်တော် ရဲပါကလား၊ အဟုတ်ကို ပြောတာတဲ့၊ မကင်းတရား ရှိတာကို ကျုပ်တော့ မှန်မှန် ပြောလိုက် တာပဲ (မှန်ပါ့) ဟုတ်လည်း ဟုတ်တယ် (ဟုတ်ပါတယ် ဘုရား)။

ဒါဖြင့် မကင်းတရား ရှိတော့ ဒီဘက်က သားသမီး ခန္ဓာ ငါးပါးတွေကို အကြောင်းရင်း ခံပြီးတော့ သူပြ ပြန်တာပဲ (မှန်ပါ့) မပြဘူးလား (ပြပါတယ် ဘုရား)။

အဲ မကင်းတရား ဆိုတော့ မကင်းတာက (တဏှာ ၂ – ဘဝပါ) ကမ္မဘဝ ပစ္စယာ (အပါယ် ဇာတိပါ ဘုရား)။

ဒါ ခင်ဗျားတို့ ရှာနေတဲ့ အပြစ်ကဖြင့် ကိုယ့်ဖို့ရှာလို့ရှိရင် လည်း ဒိဋ္ဌိ, ဒိဋ္ဌုပါဒါန်, ဒိဋ္ဌိအုပ်ချုပ်တဲ့ ကံ၊ သေသည်၏ အခြားမဲ့ ၌ အပါယ် ဇာတိ(မှန်ပါ့) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ဟာ မကင်းတရားနဲ့ ကိုယ့်အတွက် ကတော့ လုံလောက် ပါပြီ၊ ဘာ လုံလောက်တာလည်း မပြော တတ်ပါဘူး (မှန်ပါ) ရတာတော့ အပါယ် လေးပါး ပါပဲ သူ့ဟာ (မှန်ပါ့) သဘော ကျ ပလား (ကျပါပြီ ဘုရား)။

ဘာတွေလုံလောက်နေတာတုံး

ကိုယ့်အတွက်ကတော့ ဒကာကြွယ် ဘယ့်နှယ်တဲ့ (လုံလောက်ပါပြီ) ဘာတွေ လုံလောက် နေတာတုံး ပြောပါဦး (အပါယ် ဇာတိပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘာတွေများ လုံလောက် နေတာတုံး (အပါယ်လေးပါး ပါဘုရား)။

ခင်ဗျားတို့ ပြောတာကတော့ ကိုယ့်အတွက်ကတော့ လုံလောက်ပါပြီ၊ မကင်းတရား ကလေးတွေ၊ ကိုယ် မွေးမြူထားတာ ကလေးတွေက ရှိပြီး သကာလ နေတော့ ဒါကလေးတွေ မျက်စိ သူငယ်နဲ့ နေရစ်မှာ စိုးတော့၊ လူ့အောက် ကျမှာ စိုးရိမ်တယ် ဘုရား ဆိုပြီး ဒကာ ဒကာမတွေက ဒီသားသမီးတွေ ကူညီချင်တဲ့ စိတ် မများဘူးလား (များပါတယ် ဘုရား)။

သူတို့ လူ့အောက် ကျမှာတော့ မစိုးရိမ်ဘူးလား (စိုးရိမ် ပါတယ်) ကိုယ် အပါယ်ကျ မှာတော့ (မစိုးရိမ်ပါ ဘုရား)။

ခွကျလိုက်တာ အံမာလေး ကြောက်စရာ ကြီးပါလား (မှန်ပါ့ ဘုရား)။

ဒကာ ဒကာမတို့ ဒီကလေးတွေ လူ့အောက်မှာတော့ ဘာတဲ့ (စိုးရိမ် ပါတယ်) ကိုယ်အပါယ် ကျမှာတော့ (မစိုးရိမ်ပါ ဘုရား)။

ရဲတင်းပါပေ့ဗျာ၊ အတော်ဆိုး နေပြီ ဆိုတာ မပေါ်ကြသေး ဘူးလား (ပေါ်ပါပြီဘုရား)။

ဉာဏ်ဝင်လိုက်ရင်ပြီးပါတယ်

ဒါမသိလို့ ဖော်ပြနေတာနော် (မှန်ပါ့) ဒီနေရာမှာ ဉာဏ် ဝင်လိုက်ရင်လည်း တစ်ချက်တည်းနဲ့၊ ဒကာသစ် ပြီးပါတယ် (ပြီးပါတယ် ဘုရား)။

သို့သော်လည်း ခင်ဗျားတို့က အခုပြောတဲ့ နှစ်ချက်နေရာ မှာ ဉာဏ်ဝင်ပြီး ပလားလို့ မေးတော့ ဦးမာဒင်တို့ မဝင်ရသေးပါ ဘုရားပဲ ဖြေရမယ် (မှန်ပါ့) ဦးသန်းမောင် မေးရင်ကော (ဉာဏ် မဝင်ရ သေးပါ ဘုရား)။

ဖြစ်မှ ဖြစ်ရပလေ အတော် ဆိုးနေပြီ ဒကာ ဒကာမတို့ (မှန်ပါ့) သေသေ ချာချာ ဉာဏ်နားနဲ့ ထောင်ကြည့်တော့ ဒါ အိမ်တွင်းက နေသွားတဲ့ အပါယ်လေးပါး (မှန်ပါ့) ထိုင်နေရင်း သွားတဲ့ အပါယ် လေးပါး (မှန်ပါ့) အိမ်တွင်းမှာ စီးပွားရေးအကြံ ထုတ်နေရင်း မတ္တနဲ့ (သွားတဲ့ အပါယ်လေးပါးပါ ဘုရား)။

ဪခင်ဗျားတို့ သူများပို့တာ မစောင့်နိုင်ဘူး၊ ကိုယ့် အိမ်က ကိုယ်သွားမယ် ပြောတဲ့ အဓိပ္ပာယ် ရောက်တယ် (ရောက်ပါကယ် ဘုရား)။

ဉာဏ်နဲ့စဉ်းစားကြပါ

သဘောကျပြီလား (ကျပါပြီ) ကိုယ့်အိမ်က ကိုယ် ဘယ်သွားကြမတုံး (အပါယ် သွားကြမှာပါ ဘုရား)။

ဉာဏ်နဲ့ စဉ်းစားကြပါနော် (မှန်ပါ့) ဉာဏ်နဲ့စဉ်းစားပါ။ ဒီဥစ္စာ ဒီဘက် ဇာတိကျအောင် ပြထားတဲ့ ဒိဋ္ဌိ, ဒိဋ္ဌုပါဒါန်, ဒိဋ္ဌိ အုပ်ချုပ်တဲ့ကံ (မှန်ပါ့) သေသည်၏ အခြားမဲ့၌ အပါယ် ဇာတိ (မှန်ပါ့)။

ဒါ ဘယ်ကနေ သွားတာတုံးလို့ မေးတဲ့ အခါကျတော့ကို ကိုယ့်လုပ်ဖို့ လုပ်ရာက သွားတာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကိုယ့်ဖို့တော့ လုံလောက်ပါပြီ ဘုရား၊ အခု ရှာနေတာ ကိုယ်ကတော့ နေချိန်နဲ့ သေချိန်, သေချိန်က များပါ၊ သို့သော် လည်း သူတို့ခြေရာ လက်ရာ ကလေးတွေ လက်ထပ်ရပြီး သကာလ လူ့အောက် မကျအောင်လို့ တပည့်တော်တို့ လူကြီး ဝတ္တရားက လည်း ရှိသေးတယ် (မှန်ပါ့)။

ဒကာကြွယ် လူကြီး ဝတ္တရားက ဘာတဲ့ (ရှိပါသေး တယ် ဘုရား)။

အံမာလေး ကြောက်စရာကြီးပါလား၊ လူကြီး ဝတ္တရား ဦးမာဒင် ရှိသေးဆိုပါလား (မှန်ပါ့)။

အင်း လူကြီး ဝတ္တရား မကျွတ် သေးဘူးပေါ့လေ (မှန်ပါ့) ကဲ ရှိပါစေတော့၊ ခင်ဗျားတို့ ဗျာဒိတ်နဲ့ ခင်ဗျားတို့ပဲ။

ဒါဖြင့် အဲဒီကျတော့ သူတစ်ပါး ငဲ့တဲ့အတွက်၊ အားလုံး ဒကာ ဒကာမတွေ သူတစ်ပါး ခင်မှု, မင်မှု, မကင်း တရားရှိတဲ့ အတွက် မကင်းတာက တဏှာ (မှန်ပါ့)။

မကင်းမှု စွဲလမ်းတာက (ဥပါဒါန်) မကင်းမှုကြောင့် ကာယကံ, ဝစီကံနဲ့ လုပ်တာက (ကမ္မဘဝ) ကမ္မဘဝ ပစ္စယာ ဒီလူကြီးတွေ သေတော့ ဘယ်သွားမတုံး (အပါယ် ဇာတိပါ ဘုရား)။

မကင်းတရားနဲ့ အပါယ်ကျတာ

ရိပ်မိပြီ (မှန်ပါ့) ဒါက မကင်းတရားနဲ့ ကျသွားတာ (မှန်လှပါ) ခုနင်ကတော့ ကိုယ့်ဖို့နဲ့ ကျတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

မကင်းတရားနဲ့ ကျတာ ကြိုက်သလား ကိုယ့်ဖို့နဲ့ကျ တာ ကြိုက်သလား (ဘယ်ဟာမှ မကြိုက်ပါ ဘုရား)။

ဒကာ ဒကာမတို့ သေသေ ချာချာ နားထောင်ကြည့်တော့ မှ ဒီ အရုပ်ဆိုးကြီးဟာ အတော်ကြီး တယ်နော် (ကြီးပါတယ်) ခင်ဗျားတို့ ကိုယ်တိုင် ဒီအတိုင်း ရှာနေငြား သော်လည်း ဒီက အပါယ် လေးပါး သွားပါလားလို့ ဒကာသစ် မတွေးမိဘူး (မတွေးမိပါ ဘုရား) မတွေးမိတဲ့ အပြင် ခင်ဗျားတို့က ဖုံးများ ဖုံးလိုက် သေးတယ် (မှန်ပါ့)။

ပိုတာ လှူတာ

ဒီလို ကိုယ့်အတွက် ရှာတာကလေးဟာ နည်းနည်းပို၊ သားသမီးတွေ အတွက် ကလည်း လုံလောက် နည်းနည်း ပိုလို့ အရှင်ဘုရားတို့ ဆွမ်းတို့ ကွမ်းတို့ လောင်းနိုင် တာပေါ့၊ အံမာ ဖုံးများ ဖုံးလိုက် သေးတယ် (မှန်ပါ့) ဆွမ်းကလေး, ကွမ်းကလေး နဲ့ လာဖုံး လိုက်သေးတယ် (မှန်ပါ့)။

မဖုံးနဲ့ မဖုံးနဲ့၊ ခင်ဗျား ဆွမ်း မတတ်နိုင်ဘူး (မှန်ပါ့) ကွမ်းကော (မတတ်နိုင်ပါ ဘုရား) မတတ်နိုင်ဘူး ဒကာ ဒကာမ တို့ ဒါ ကိုယ့်လမ်းသာ ကိုယ်သွား၊ ရှုပ်မနေနဲ့ (မှန်ပါ့) သဘော ပါပလား (ပါ ပါပြီ ဘုရား)။

ကိုင်း ဒါတွေက ဘယ့်နှယ်ကြောင့် မဖုံးနဲ့လို့ ဆရာ ဘုန်းကြီးက ဆိုရသတုံးလို့ ဒကာ ဒကာမတွေ မေးလို့ ရှိရင်ဖြင့် ပိုတာ လှူတာကိုး ဒကာသစ်ရ (မှန်ပါ့)။

ငါ့ဝတ်ပြည့် ပြီးမှ ဘာတုံး (လှူတာပါဘုရား) သားသမီးဝတ် ပြည့်ပြီးမှ (ပိုတာ လှူတာပါ ဘုရား)။

အပိုအတွက်ပဲရမယ်

ဒါဖြင့် အပိုတွက်ပဲရမယ် (မှန်ပါ့ဘုရား) ဒကာ ဒကာမ တို့ အပြည့်အစုံကတော့ အပါယ်ပဲ ရမယ် (မှန်ပါ့)။

အပြည့်အစုံကတော့ (အပါယ်ပဲ ရပါမယ်ဘုရား) အပို အတွက်ကလေးပဲ သုဂတိ ရောက်မယ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ) တယ်လည်း ကြောက်စရာ ကောင်းပါလား (ကြောက်စရာ ကောင်းပါတယ် ဘုရား)။

သေသေ ချာချာ ဉာဏ်နားနဲ့ စဉ်းစား ကြည့်တော့မှ သြော် တစ်နေ့မှာ ငါ ဒီ အကြိမ်ပေါင်း ဘယ်နှကြိမ် ပါလိမ့်မလဲလို့ ဒကာသစ်တို့ ဦးမာဒင်တို့ စဉ်းစား (မရေတွက်နိုင်ပါ) မရေ တွက်နိုင်ဘူး (မှန်ပါ့) ရေတွက် နိုင်ပါ့မလား (မရေတွက်နိုင် ပါဘုရား)။

ဒိဋ္ဌိနှင့်တဏှာ

ဒီနေ့တော့ဖြင့် ကိုယ့်အတွက် ကျေပြီ (မှန်ပါ့) အင်း ဒီနေ့ ကိုယ့်အတွက် ကျေသတဲ့ (မှန်ပါ့) ဒကာ ဒကာမတို့ ကိုယ့် အတွက် ကျေပြီ ဆိုကတည်းက ဒိဋ္ဌိလာပြီ (လာပါပြီ ဘုရား)။

အင်း ကိုယ့်အတွက်တွင် မကဘူး၊ ဒီနေ့တော့ဖြင့် သား တွေ သမီးတွေ အတွက်ပါလည်း လုံလောက်တယ် (မှန်ပါ့) အင်း တဏှာနဲ့ သွားလိုက်တယ် (မှန်ပါ့)။

ဒီနှစ်စု ပုတီးစိပ်ဖူးရဲ့လား

ဦးမာဒင် ဒီနှစ်ခု ပုတီးစိပ်ဖူးရဲ့ လား (စိပ်ဖူးပါတယ် ဘုရား) ဒကာကြွယ်ကော (စိပ်ဖူးပါတယ်) ဘာစိပ်တာတုံး ခင်ဗျား ဥစ္စာရောက်မှ ရောက်ပါ့မလားလို့ စိပ်တာလား ရောက် ပြီးသား သေချာတာ စိပ်တာလား (ရောက်ပြီးသား သေချာတာ စိပ်တာပါဘုရား) ရောက်ပြီးသား သေချာတာ စိပ်တဲ့ အဓိပ္ပာယ်ပဲ (မှန်ပါ့)။

ဒကာ ဒကာမတွေ ဒါ, အရိယာဓမ္မ ဘုန်းကြီးက သွင်း မပေးလို့ ရှိရင် ဒကာသစ် ဒါ ဘုန်းကြီး စကားတတ်လို့ပြောတာ လား ဖြစ်စဉ်ကိုက် ပြောတာလား အကဲခတ် (ဖြစ်စဉ်လိုက် ပြောတာပါ ဘုရား)။

ဒကာကြွယ် ဒီသာကြည့်၊ ပဋိစ္စ သမုပ္ပာဒ်ကြည့်၊ ဦးမာဒင် ဒါသာကြည့် (မှန်ပါ့)။

ဘုန်းကြီး ဒီစကားတတ်လို့ အမျိုးမျိုး အဖုံဖုံ အဟော အပြောလည်လို့ ဒီလိုမယူပါနဲ့ (မှန်ပါ့)။

သူ့ ပဋိစ္စသမုပ္ပဒ်ကို လွှတ်ပြီး သကာလ ဘုန်းကြီးက ဟောတာမဟုတ်ပါဘူး (မှန်ပါ့ဘုရား) ရှင်းပလား (ရှင်းပါ ပြီဘုရား)။

ကိုယ့်ဖို့ဆိုကတည်းက ဒီ

ဒီ ပဋိစ္စသမုပ္ပာဒ်က ဒကာ ဒကာမတို့ ကိုယ့်ဖို့ (မှန်ပါ့) ကိုယ့်ဖို့ဆိုကတည်းကိုက ဒီကိုယ်ဆိုတဲ့ ဥစ္စာကလေးဟာ ကိုယ် ထင်တာကလေးဟာ ဒိဋ္ဌိလား (ဒိဋ္ဌိပါ) သေချာပလား (သေချာပါပြီဘုရား)။

ကိုယ့်ဖို့ ဆိုကတည်းက ခန္ဓာကိုယ်ကို ခန္ဓာငါးပါး အနိစ္စ တရားလို့ ယူသေးရဲ့ လား (မယူပါ ဘုရား)။

တကယ် ကိုယ်လို့ မယူလိုက်ဘူးလား (ယူလိုက်ပါ တယ်) ယူလိုက် ကတည်းက သူ့ကို ဘာဆိုကြမယ် (ဒိဋ္ဌိပါ ဘုရား)။

အဲ ဒိဋ္ဌိ လာတဲ့ အခါကျတော့ ဦးမာဒင် ဒိဋ္ဌုပါဒါန် ရပ်ပါ့ မလား (မရပ်ပါဘုရား) ဒိဋ္ဌိအုပ်ချုပ်တဲ့ ကံကော (မရပ်ပါ ဘုရား)။

ခင်ဗျားတို့ကလည်း ရပ်အောင် ဘာတစ်ခုမှ ဒီကြားထဲ မဂ်သွင်းတာမဟုတ်ဘူး (မသွင်းပါ ဘုရား) သွင်းသေးရဲ့ လား (မသွင်းပါ ဘုရား)။

မသွင်းတော့ သူက ရပ်ပါ့မလား (မရပ်ပါဘုရား) မရပ်၊ တော့ ဒိဋ္ဌိ, ဒိဋ္ဌုပါဒါန်, ဒိဋ္ဌိအုပ်ချုပ်တဲ့ ကံ (မှန်ပါ့) ကမ္မဘဝ ပစ္စယာ (အပါယ်ဇာတိပါ ဘုရား)။

အပါယ်ဇာတိ

အပါယ်ဇာတိ ဆိုတာက ငြင်းလို့ကို မရဘူး (မရပါ ဘုရား) ရှင်းကြပလား (ရှင်းပါပြီဘုရား)။

ဪ ကြောက်စရာ ကြီးပါလား ဒကာ ဒကာမတို့ (မှန်ပါ့ ဘုရား)။

ဒါကြောင့် အားလုံး ဒကာ ဒကာမတွေ ဆွမ်းကလေး ကွမ်းကလေးလောက်နဲ့ မဖုံးလိုက်ပါနဲ့ (မှန်ပါ့) ကျောင်းကလေး ကန်ကလေး ဆောက်ပြီးတာနဲ့ (မဖုံးလိုက်ပါနဲ့ ဘုရား) မဖုံး နဲ့တဲ့၊ ဒီအကြိမ်နဲ့ ကျောင်းဆောက်တဲ့ အကြိမ်နဲ့ ကဲ ချိန်ကြပါတော့ (မှန်ပါ့) ဘယ်သူက အကြိမ် အရေအတွက် များသတုံး (ဒိဋ္ဌိက အကြိမ် အရေအတွက် များပါတယ် ဘုရား)။

ဒါက နေ့တိုင်း မဟုတ်လား (မှန်ပါ့) ကျောင်းဆောက် နေရင်းကော ဒါက လုပ်လျက်ပဲ (လုပ်လျက်ပါ ဘုရား) ဘုရားတည် နေရင်းကော (လုပ်လျက်ပါ ဘုရား) လွန်လှချည်လား ဒကာ ဒကာမတို့ (မှန်ပါ့- လွန်ပါတယ် ဘုရား)။

အိမ်မှာလည်း ဒိဋ္ဌိမပြတ်ဘူး

ကျောင်း ကျောင်းဆောက်တာက တခြား၊ စီးပွားရေး စီးပွားရေး တခြား ဘုရာ့ (မှန်ပါ့) တပည့်တော် အလုပ် မပျက် ပါဘုရား၊ ကျောင်းလာကြည့် ငြားသော်လည်း အိမ်က ဝင်ငွေရှိ လျက်ပါပဲ (မှန်ပါ့) ဒီလိုများ ဧည့်ခံ ကြသေးသလား (ခံပါ တယ် ဘုရား) အင်း ဒါဟာ အိမ်မှာလည်း ဒိဋ္ဌိ မပြတ် ပါဘူး (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ)။

အိမ်မှာလည်း ဒိဋ္ဌိ မပြတ်ပါဘူး တဲ့၊ တဏှာလည်း မပြတ်ပါဘူးတဲ့ (မှန်ပါ့ဘုရား) အဲဒီတော့ ဒီလာလုပ်တဲ့ ဥစ္စာဟာ လည်း သက်သက် ကုသိုလ် အညွန့် ပေါက်တာပါပဲ (မှန်ပါ့)။

အိမ်မှာ အမည်း ကွက်ကြီး တွေက ဒုတက် နေတာ ဘယ်သူမှ မပြောဘူး (မပြောပါဘုရား) ဒါကလေး အညွန့်တက် တယ်သာ ပြောနေတော့ ဒကာ ဒကာမတို့ သိပ်ဆိုးဝါး နေတယ် (ဆိုးဝါး ပါတယ် ဘုရား) ဒကာသစ် ရိပ်မိပလား (ရိပ်မိပါပြီ) ရှင်းပြီနော် (ရှင်းပါပြီဘုရား)။

အရိယာဓမ္မ သွင်းပေးလိုက်ပါ

ဒါဟာ အဲဒီ ကြားကိုကွာတဲ့၊ မင်းတို့ တတ်နိုင်လို့ရှိရင် ဖြင့် အရိယာဓမ္မ သွင်းပေးလိုက်ပါ (မှန်ပါ့)။

ကဲ ဒကာ ဒကာမတို့ ဒီကြားမှာ ဘာသွင်းပေးရမလဲ (အရိယာဓမ္မ သွင်းပေးရပါမယ် ဘုရား) သွင်းမပေးလို့ ရှိရင် မင်းတို့ ဒကာ ဒကာမတွေ အကုန် အပါယ်သွားမယ် (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

အရိယာဓမ္မကမှ ဒကာ ဒကာမတို့ ဒီ, ပဋိစ္စသမုပ္ပာဒ် ကို ဖြတ်နိုင်မှာ (မှန်ပါ့ဘုရား) အရိယာဓမ္မ မဟုတ်လို့ ရှိရင် (မဖြတ် နိုင်ပါ ဘုရား)။

ကဲ ဒါဖြင့် ဦးသန်းမောင်တို့ အရေးကြီးတယ် (အရေး ကြီးပါတယ် ဘုရား) ဦးဘထွေး ဘယ့်နှယ်တုံး (အရေးကြီးပါ တယ် ဘုရား) ကယ်မည့်သူ ဘယ်သူတဲ့ဗျာ (အရိယာဓမ္မပါ ဘုရား) ဒကာကြွယ် ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

အရိယာဓမ္မပဲ အားကိုးပါ ပါ

အားလုံး ဒကာ ဒကာမတွေ နားကြီးကြီးနဲ့ ထောင်စမ်း ပါ၊ ဘာမှ ဖြတ်နိုင်သတုံး (အရိယာဓမ္မမှ ဖြတ်နိုင်ပါတယ် ဘုရား) အရိယာဓမ္မပဲ မင်းတို့ အားကိုးရာ ရှိတော့တယ် (မှန်ပါ့)။ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အရိယာဓမ္မပဲ ဒကာ ဒကာမတို့ အားကိုးရာ ရှိတော့တယ် ဆိုတော့ အရိယာဓမ္မ ဆိုတာ ဒိဋ္ဌိလည်း ဖြတ်တယ် (မှန်ပါ့) တဏှာလည်း ဖြတ်တယ် (မှန်ပါ့) ကံကော (ဖြတ်ပါတယ် ဘုရား)။

ကိုင်း ဦးမာဒင် ရိပ်မိပလား (ရိပ်မိပါပြီ) တော်သေး တယ်ဘုရား (မှန်ပါ့) တော်သေးတယ် ဘုရာ့ တပည့်တော်တို့ ဒီအကြိမ်ပေါင်းဖြင့် မရေတွက်နိုင်ဘူး (မှန်လှပါ) လူလားမြောက်တဲ့ အချိန်က စပြီး ဒီ ပဋိစ္စ သမုပ္ပာဒ် ချည်း လုပ်တာပဲ (မှန်ပါ့ဘုရား)။

ဒကာသစ် လူလားမြောက်တဲ့ အချိန်ကစပြီး (ဒီ ပဋိစ္စ သမုပ္ပာဒ်ချည်း လုပ်ပါတယ် ဘုရား) တဏှာ ပဋိစ္စသမုပ္ပဒ် (လုပ်ပါတယ်ဘုရား) ဒိဋ္ဌိ ပဋိစ္စသမုပ္ပာဒ် (လုပ်ပါတယ် ဘုရား)။

ဒါ လူလားမြောက်တဲ့ အချိန်က စပြီး ဒကာ ဒကာမတို့ အပါယ်ချည်း ဒိုင်းဒိုင်းပြေးတာပဲ (မှန်ပါ့ – ပြေးပါတယ် ဘုရား)။

ဘယ် ဒိုင်းဒိုင်းပြေးကြသလဲ (အပါယ် ဒိုင်းဒိုင်းပြေးပါ တယ် ဘုရား)။

မဂ်ဉာဏ်ရဖို့ အချိန်ရှိသေးတယ်

ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ အရင်းအနှီး တွေမို့ သြော် ဒီ လာပြီး တရားဓမ္မ ကြိုးစားကြ၊ နည်းယူ ကြဆို တာ ဘုန်းကြီးက ဝမ်းသာ ပါတယ် (မှန်ပါ့) ဘယ့်နှယ်ကြောင့် ဝမ်းသာ သတုံး ဆိုရင် သူတို့ အချိန်မီ သေးတယ် (မှန်ပါ့ဘုရား), အပါယ် လေးပါး တံခါး ပိတ်ဖို့ အချိန်မီ သေးတယ် (မှန်လှပါ) မဂ်ဉာဏ်ရဖို့ အချိန် ရှိသေးတယ် (မှန်လှပါ) မိဘရိုးရာနဲ့ သွားရင် သွားရော့ဟေ့ (မှန်လှပါ) ဆိုတော့ ဒကာကြွယ် ဒါ, ဝမ်း မြောက် စရာပဲ (မှန်လှပါ)။

ကြိုးစားချိန် မီသေးတယ်

ကဲ ဦးမာဒင်တို့ ဘာတုံးဗျာ (ဝမ်းမြောက် စရာပါ ဘုရား) အရိယာဓမ္မ ကြိုးစား (မှန်ပါ့ဘုရား) ကြိုးစားချိန် မီသေးတယ် မဟုတ်လား (မှန်ပါ့) ကဲ ဦးဘထွေး တို့ကော (မီပါ သေးတယ် ဘုရား) မီသေးတယ်၊ တော်သေးတယ်နော်။ ခင်ဗျားတို့မှာ ဆေးချက် ရှိသေးတယ် (မှန်ပါ့)။

ကိုင်း ခင်ဗျားတို့ ရှေးက ပုဂ္ဂိုလ်တွေ၊ ရှေးက ဒီလို အရိယာဓမ္မ ဝါသနာမပါတဲ့ ပုဂ္ဂိုလ်တွေ၊ ဟောမည့်ပြောမည့် – ပုဂ္ဂိုလ်တွေနဲ့ မကြုံတဲ့ ပုဂ္ဂိုလ်တွေကျတော့ ဒကာကြွယ်တို့၊ ဦးမာဒင်တို့က ဆုံးဖြတ်ချက် ချကြည့်၊ အရိယာဓမ္မနဲ့ ဖြတ်ရရဲ့လား မေးရင် ဘယ့်နှယ်ပြောကြမလဲ (မဖြတ်လိုက်ရပါ ဘုရား) ဒါနဲ့ပဲ သွားတယ် (မှန်လှပါ) မသွား ရသေးဘူးလား (သွားရပါ ဘယ် ဘုရား) ကြောက်စရာ ကြီးပါလား (ကြောက်စရာ ကြီးပါ ဘုရား) ဦးလှဘူး ပေါ်ပြီဗျ (ပေါ်ပါပြီ ဘုရား)။

ကိုင်း ဒကာ ဒကာမတို့ ဘုရားတစ်ဆူ တစ်ဆူမှ အရိယာဓမ္မ တစ်ခါ ပေါ်လာတယ် ဆိုတာကော သေချာပလား (သေချာပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ အရိယာဓမ္မနဲ့ ဖြတ်ပြ မယ်နော် (မှန်ပါ့) ဖြတ်မပြခင် သူဟောတဲ့ အရိယာဓမ္မ မရှိလို့ မင်းတို့ အရိယာဓမ္မ အားမကိုးလို့ဖြစ်တဲ့ အရုပ်ဆိုးမှု ကလေး ဘုရားက ရှေးဦးစွာ ဟောပါဦး တဲ့ (မှန်ပါ့) သဘောကျ ပလား (ကျပါပြီ)။

သာဝတ္ထိပြည်မှာ သီတင်းသုံးနေတယ်

ကဲ ဒါဖြင့် ဒကာ ဒကာမတို့ မြတ်စွာဘုရား သခင်ကိုယ် တော်မြတ်ကြီး သာဝတ္ထိပြည် ဇေတဝန် ကျောင်းတော်မှာ သီတင်း သုံး နေတယ် (မှန်လှပါ)။

မြတ်စွာဘုရား သခင် ကိုယ်တော်မြတ်ကြီး သာဝတ္ထိပြည် ဇေတဝန် ကျောင်းတော်မှာ သီတင်းသုံး နေတဲ့အခါ ကျလို့ ရှိရင် ရဟန်းတွေ အကုန်စု လာတယ်။ လူတွေလည်း လာကြတယ်။

ဘယ်သူ တောင်းပန်လို့မှ မဟောဘူး၊ ငါဘုရားဖြစ်တဲ့အခါမှာ တစ်ကြိမ်ပြောရမည့် ဝတ္တရား၊ မင်းတို့ကို ပြောပြမယ်ဆိုပြီး အားလုံးသော ပုဂ္ဂိုလ်တို့ကို တရားဟောလိုက်တယ် (မှန်ပါ့)။

ငါကကွာတဲ့၊ ဘုရားဖြစ်တဲ့ နေ့က စပြီး သကာလတဲ့၊ အိမ်နှစ်အိမ်ကြားမှာ အိမ်နှစ်အိမ်ကလည်း မျက်နှာချင်း ဆိုင်ပြီး တံခါးပေါက် ကလေးတွေနဲ့ ဟိုအိမ်ကလည်း တံခါးနဲ့၊ ဒီအိမ်က လည်း တံခါးနဲ့၊ ငါ, အလယ်ကနေ ထိုင်ကြည့် နေတယ် (မှန်ပါ့) ဟိုအိမ်ကလူ ဆင်းသွားတာလည်း မြင်တာပဲကွ၊ ဒီအိမ်ကလူ တက်သွားတာလည်း (မြင်ပါတယ်ဘုရား) ဘာ့ကြောင့်တုံး ဆိုတော့ ငါက ဆင်းတာ, တက်တာ မြင်တဲ့နေရာက နေတာကိုး ကွတဲ့ (မှန်လှပါ)။

ဒိဗ္ဗစက္ခု အဘိဉာဏ်နဲ့မြင်တယ်

ထို့အတူပဲတဲ့၊ ငါဘုရားသခင် ကိုယ်တော်မြတ်ကြီး ဘုရားဖြစ်တဲ့ နေ့က စပြီး ဒိဗ္ဗစက္ခု အဘိဉာဏ်နဲ့ ငါကြည့်လိုက် တယ် (မှန်ပါ့ဘုရား) နတ်ပြည်တက် သွားတဲ့ ပုဂ္ဂိုလ်လည်း ငါ မြင်တာပဲကွ (မှန်ပါ့) အပါယ် ဆင်းသွားတဲ့ ပုဂ္ဂိုလ်ကော (မြင်ပါတယ်ဘုရား)။

မြင်တာပဲတဲ့၊ ဒါ သူများ ပြောနဲ့ ငါမဟောဘူး။ ငါ့အမြင်နဲ့ ငါဟောမဟေ့တဲ့ (မှန်လှပါ ဘုရား)။

ဒကာ ဒကာမတို့ ဘာတဲ့တုံး (ဘုရားအမြင်နဲ့ ဟောတာပါ)။

တက်တာလည်း မြင်၊ ဆင်းတာလည်း မြင်

အခုဟောမည့် တရား၊ ဒကာ ဒကာမတို့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ငါဘုရား ဖြစ်တဲ့ နေ့က စပြီး အိမ်နှစ်အိမ် ကြားမှာ ထိုင်နေတဲ့ ပုဂ္ဂိုလ်နဲ့ ငါတူပါတယ် (မှန်ပါ့ဘုရား) တစ်အိမ်က လူက သူ့အိမ်သူ တက်သွားတာလည်း ငါမြင်လိုက် တာပဲတဲ့ (မှန်လှပါ) တစ်အိမ်က လူက အောက် ဆင်းသွား တာ လည်း ငါမြင် လိုက်တာပဲ (မှန်ပါ့)။

အပါယ်သွားတဲ့ ပုဂ္ဂိုလ်

ထို့အတူပဲတဲ့၊ ငါသည် ကြည့်နေတယ်တဲ့ ဒိဗ္ဗစက္ခု အဘိဉာဏ်နဲ့၊ လူ့ပြည်ကနေ အပါယ် ဆင်းသွား တာလည်း ငါ မြင်လိုက်တယ် (မှန်လှပါ ဘုရား) လူ့ပြည်ကနေ နတ်ရွာ သုဂတိ, နိဗ္ဗာန် တက်သွား တာလည်း (မြင်လိုက်ပါတယ် ဘုရား)။

ငါသည် အဲဒီလို မြင်လို့ သူများ ပြောသံကြားနဲ့ ယခု ဟောတဲ့ တရားကို ဟောသည် မဟုတ်ဘူး (မှန်ပါ့) ကိုယ်တိုင် အိမ်နှစ်ခု ကြားမှာ ထိုင်ပြီး၊ ကြည့်ပြီး အမြင်နဲ့ ပြောတဲ့ တရားလို့ မှတ်ပြီး မင်းတို့ နာစမ်း ပါတဲ့ (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ကိုယ်တော်တိုင် မြင်တဲ့တရား

တရားဆက်ပြီး နှလုံးသွင်းကြပါ ဒကာ ဒကာမတို့၊ ဘုရားသခင် ကိုယ်တော်မြတ်ကြီး ဆင်းတာ လည်း မြင်, တက် တာလည်း မြင်တဲ့တရား ငါကိုယ်တိုင် မြင်တဲ့တရား ငါကိုယ် တိုင် မင်းတို့ ဟောတယ် (မှန်ပါ့) ဆိုပြီး သကာလ ဟောလိုက်ပါ တယ်တဲ့၊ ဘယ်လို ဟောသတုံး ဆိုတော့ ငါသည်ကားလို့ ဆိုလို့ရှိ – ရင်ဖြင့် အပါယ် သွားတဲ့ ပုဂ္ဂိုလ် မြင်တယ်ကွ (မှန်ပါ့)။

သုဂတိ၊ နိဗ္ဗာန် သွားတဲ့ ပုဂ္ဂိုလ်

နတ်ရွာ သုဂတိ နိဗ္ဗာန်သွားတဲ့ ပုဂ္ဂိုလ်လည်း ငါကိုယ်တိုင် မြင်တယ်၊ ဒိဗ္ဗစက္ခု အဘိဉာဏ်နဲ့ သေသေချာချာ မြင်ပါ တယ် (မှန်ပါ့)။

လူ့ပြည်မှာကွာ၊ သားရေး သမီးရေး, စီးပွားရေးနဲ့ စားသောက်ပြီး သကာလ ရောင်းရေး ဝယ်ရေးနဲ့ အချိန်ကုန်ပြီး သကာလ နေကြတဲ့ ပုဂ္ဂိုလ်တွေ ရှိတယ်၊ ဒုစရိုက်တွေနဲ့ အသက် မွေးပြီး မုသားတွေ ပြောလိုက်၊ အမျိုးမျိုး အဖုံဖုံ ခန္ဓာဉာဏ် မလှည့် ဘဲနဲ့ လုပ်ကိုင် စားသောက် နေကြတဲ့ ပုဂ္ဂိုလ်တွေ ရှိတယ် (မှန်ပါ့) အဲဒီ ပုဂ္ဂိုလ်တွေ အပါယ် သွားတာလည်း ငါမြင်တယ်ကွတဲ့ (မှန်ပါ့) သုစရိုက်တွေ လုပ်ပြီး သကာလ သူတော်ကောင်း အလုပ် လုပ်ပြီး သွားကြတဲ့ ပုဂ္ဂိုလ်တွေ၊ ဝိပဿနာ အလုပ် လုပ်ပြီး နိဗ္ဗာန် သွားကြတဲ့ ပုဂ္ဂိုလ်တွေလည်း ငါမြင်တယ်ကွတဲ့ (မှန်ပါ့)။

အပါယ်သွားတဲ့ ပုဂ္ဂိုလ်က များတယ်

သို့သော် အပါယ်သွားတဲ့ ပုဂ္ဂိုလ်က များတဲ့ အတွက် များတဲ့ ပုဂ္ဂိုလ် အကြောင်း ငါရှေးဦးစွာ ပြောမယ် ဆိုပြီး ဘုရား သခင် ကိုယ်တော်မြတ်ကြီးက သာဝတ္ထိပြည် ဇေတဝန်ကျောင်းမှာ ပဲ ဟောတယ် (မှန်ပါ့)။

ယမမင်းဆီ ရောက်တယ်

ဒီ ဒုစရိုက်တွေနဲ့ သားရေး သမီးရေး, စီးပွားရေးတွေနဲ့ အချိန်ကုန်ပြီး သကာလ သွားတဲ့ ပုဂ္ဂိုလ်မှာ ပါတဲ့ အပါယ်လေးပါး ယမမင်းဆီ ရောက်တယ်ကွတဲ့ (မှန်ပါ့)။၊ ယမမင်းဆီ ရောက်တဲ့ အခါကျတော့ ယမမင်းက ဒီ ပုဂ္ဂိုလ်တွေကို ငရဲထိန်းတွေက ဖမ်းပြီး ယမမင်းဆီ ပြကြတယ် (မှန်လှပါ ဘုရား)။

တစ်ခါတည်း ဒီကနေ ဒကာ ဒကာမတို့ လူ့ပြည်က စုတေသည်နဲ့ တစ်ပြိုင်နက်တည်း အပါယ်မှာ ဘွားခနဲ အပါယ် ကောင်ကြီး သွားဖြစ်တယ် (မှန်ပါ့)။

ငရဲထိန်းတွေ

ဖြစ်သည်နဲ့ တစ်ပြိုင်နက်တည်း ငရဲထိန်းတွေက ဖြစ်ရာ ဌာနက နေပြီး လက်မောင်းတွေ ဟိုဘက် ဒီဘက် ဆွဲကြပြီး ယမမင်းဆီ ပြကြတယ်ကွာတဲ့ (မှန်ပါ့)။

ယမမင်းကို ပြောလိုက်တယ်တဲ့၊ ယမမင်းကြီး ဟောဒီ လူဖြင့် ဖမ်းရပါပြီ၊ လူ့ပြည်က ဒုစရိုက် ဒုရာဇီဝတွေ အသက်မွေး လာတဲ့ ပုဂ္ဂိုလ်ပါ၊ သားရေး သမီးရေးနဲ့ အချိန်ကုန်ခဲ့ရတဲ့ ပုဂ္ဂိုလ် ပါ၊ ဒါကြောင့် ဒီ အပါယ် ရောက်လာတဲ့ အတွက် ယမမင်းကြီး စစ်တော်မူပါ ဆိုပြီး ယမမင်းကြီး အပ်လိုက်တယ် (မှန်ပါ့ဘုရား)။

ကလေးလေးတွေ မြင်ဖူးရဲ့လား

အဲဒီတော့ ယမမင်းကြီးက ထုံးစံ အတိုင်း စစ်တယ်၊ အမောင် လူသား လူ့ပြည်မှာ ကလေး သူငယ်-လူမမယ် ကလေးတွေ ကိုယ့်ကျင်ကြီး ကိုယ့်ကျင်ငယ်မှ မသိမ်းနိုင်ဘဲနဲ့ ခြေထောက် ကလေး ကလန် ကလန်နဲ့ လက်ကလေးတွေကလည်း ဟိုလှုပ် ဒီလှုပ်နဲ့ ကျင်ကြီး ကျင်ငယ်စွန့်တာမှ သူ့ဟာသူ မသိတဲ့ ကလေး ကလေးကို မင်းမြင်ဖူးရဲ့ လားတဲ့ (မှန်ပါ့ ဘုရား)။

ယမမင်းက ခုနင်က ဖမ်းလာတဲ့ သားရေး, သမီးရေး, စီးပွားရေးနဲ့ အချိန်ကုန်လာတဲ့ လူကို စစ်လိုက်တယ် (မှန်ပါ့ ဘုရား) မတရား သဖြင့် အသက်မွေး လာတဲ့ လူပေါ့ဗျာ (မှန်ပါ့)။

ကျွန်တော် မြင်ဖူးပါတယ်လို့ ခုနင်က ငရဲရောက်တဲ့ ပုဂ္ဂိုလ်က ထွက်လိုက်တယ် (မှန်ပါ့)။

ဒီ ဒုက္ခတွေ လွတ်ရေး၊ ကျွတ်ရေးဆိုတဲ့ ဒုက္ခသစ္စာ တွေ လွတ်ရေး ကျွတ်ရေး မြင်ပြီး သကာလ၊ ဒီ ဒုက္ခမှ လွတ်ရာ ကျွတ်ရာ ရှာမယ်လို့များ မောင့်စိတ်ထဲ မပေါ်ဘူးလားတဲ့ (မှန်ပါ့) မေးလိုက်တယ် (မှန်ပါ့) ကျွန်တော် မပေါ်ပါဘူး ခင်ဗျားတဲ့ (မှန်ပါ့ဘုရား)။

ပထမ စစ်ချက်

ဪ ရှေးဦးစွာ မင်းမှာ သေမင်းတမန်ဆိုတဲ့ ဥစ္စာ သေသေ ချာချာ ဒီ ကလေးသူငယ် လူငယ်က ကျွန်တော့်မှာ ဒုက္ခိ တပါ ဘာမှ အသုံးမကျပါဘူး၊ သူပေး လူပေးနဲ့ စားရပါတယ်၊ သူထူ ငါထူမှ ကြွနိုင်ပါတယ်၊ ကျွန်တော်ဟာ ဒုက္ခသစ္စာကလေး ပါလို့ ကလေးက ပြောလျက်သားနဲ့မင့် ဉာဏ်ထဲမှာ ဒီကလေး ချမ်းသာ နေတယ်၊ ဒုက္ခသစ္စာလို့ မမြင်၊ ဒုက္ခသစ္စာ၏ ကျွတ်ရာ လုပ်ငန်း ငါရှာမှပဲ ဆိုတဲ့ စိတ်ကလည်း မပေါ်တော့ အမောင် တယ်မေ့ပါကလား (မှန်ပါ့) ကောက်ချက် ရေးလိုက်တယ် (မှန်လှပါ ဘုရား)။

အမောင် တယ်မေ့ပါလား

အမောင် တယ်မေ့ပါကလားတဲ့၊ ကလေးက ဒုက္ခသစ္စာ ဟောနေတဲ့ဥစ္စာ မင်းက ဒုက္ခသစ္စာလို့ မထင်လာ၊ မထင်လာတဲ့ အတွက် မင်း မေ့ချက် တယ်ပြင်းထန်ပါကလား (မှန်ပါ့)။

ဒကာ ဒကာမတွေ ယမမင်းက ကောက်ချက်ထုတ်ပြီး စာအုပ်ပေါ် ရေးလိုက်တယ် (မှန်ပါ့)။

တယ်မေ့လျော့တဲ့ ပုဂ္ဂိုလ်ပါကလား ဆိုပြီး သကာလ ဦးလှဘူးရေ ကောက်ချက်ရေး လိုက်တယ် (မှန်ပါ့)။

ကလေးပြပြီး စစ်တယ်နော် (မှန်ပါ့) ဒကာ ဒကာမတို့ ပြန်စစ်ရဦးမယ်၊ ခင်ဗျားတို့ အတွက် (မှန်ပါ့)။

ကလေး ကလေးတွေ မြင်ဖူးကြရဲ့လား (မြင်ဖူးပါတယ် ဘုရား) ခြေကလန် လက်ကလန်နဲ့လေ (မှန်ပါ့) ကျင်ကြီး ကျင် ငယ် အလိမ်းလိမ်းနဲ့ ကော (မြင်ဖူးပါတယ် ဘုရား)။

ဒီ ကလေးကလေးတွေဟာ ဒကာ ဒကာမတို့ သူပေး, လူပေးနဲ့ ကြီးလာခဲ့ ရတယ် (ကြီးလာခဲ့ ရပါတယ် ဘုရား)။

ထမင်း ကလေးတွေလည်း သူပေးမှ လူပေးမှ၊ ကိုယ့်ဟာ ကိုယ်ယူစားနိုင်တဲ့ စွမ်းရည် သတ္တိလည်း မရှိပါဘူး (မရှိပါ ဘုရား) နို့ကလေး ဘာကလေး ဆာလည်း ငိုတတ်တာ မှတစ်ပါး ဒိပြင် ဘာရှိသေးသတုံး (မရှိပါ ဘုရား)။

သူများပေးလာရင် သောက်ဖို့ပဲ (မှန်ပါ့) ကျင်ကြီး, ကျင်ငယ်တွေလည်း ကိုယ့်ဟာနဲ့ကိုယ် လူးလိမ်း နေတာပဲ (မှန်ပါ့)။

သူများပြုစုမှ ပြီးရတယ်

ကိုယ့်ဟာကိုယ် ရေတွေ၊ ဘာတွေရှိရာ သွားပြီး ဆေးနိုင် ရဲ့လား (မဆေးနိုင်ပါ ဘုရား) သူများပြုစုမှပဲ သူ့မှာ ပြီးရ တယ် (မှန်ပါ့ဘုရား) ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။

အဲဒါကလေး မြင်တော့ ဒီ ဒကာ ဒကာမတွေကလည်း ဪ ဒုက္ခသစ္စာ ကလေး ပါကလားလို့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ မြင်တဲ့ကလေးကို မြင်သဖြင့် ဒီ ဒုက္ခသစ္စာမှ လွတ်ရာ ရှာပါတော့မယ် ဆိုတဲ့ စိတ်ကော ပေါ်ရဲ့လား (မပေါ်ပါ ဘုရား)။

ဒါဖြင့် ကောက်ချက်ရေးရုံပဲ ရှိမယ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ကဲ အမောင် တယ်မေ့ ပါကလားလို့ တစ်ပွဲလုံး ရေးပြီ (မှန်ပါ့ဘုရား)။

ဒကာ ဒကာမတို့ အမောင်တို့ အမတို့သည် ဘယ့်နှယ် တုံး (မေ့ပါတယ် ဘုရား)။

တယ်မေ့ပါလားဆိုတာ ဘာမေ့တာတုံး ဒကာသစ် သစ္စာမေ့တာ (မှန်ပါ့ သစ္စာမေ့တာပါ ဘုရား) ကြောက်စရာ ကောင်းလိုက်တာ (မှန်ပါ့)။

ဒကာ ဒကာမတို့ သစ္စာဟောနေတာ ဘာမေ့ပါလိမ့် (သစ္စာမေ့ပါတယ် ဘုရား)။

ဒကာကြွယ်ကော မေ့ဖူးရဲ့လား (မေ့ဖူးပါတယ် ဘုရား)။

ဒုက္ခသစ္စာလို့ မထင်ခဲ့

ဒီကလေးကလေးမြင် ခင်ဗျားတို့က ပွေ့ကာ ချီကာနဲ့ ဒုက္ခသစ္စာ မထင်တဲ့ အပြင် အညွန့် ကလေး ပေါက်လာတယ် တောင် ထင်သေးတယ် (မှန်ပါ့) ဖြစ်မှ ဖြစ်ရပလေ၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဘယ့်နှယ်များ ထင်ကြသတုံး (အညွန့်ပေါက်တယ် ထင်ပါတယ်ဘုရား)။

အင်း ဒါကလေး သွားပြီး သကာလ၊ တို့အမျိုးထဲ ဒါ အညွန့်ကလေး ပေါက်လာတာပဲ၊ ကောင်းကောင်း မွေးကြပါဟ၊ ရှာမှရှား ကလေး ဖြစ်လာတယ် (မှန်ပါ့)။

ဖြစ်မှဖြစ်ရပလေ၊ ခင်ဗျားတို့က ဒုက္ခသစ္စာ ဟောတာ အညွန့် ပေါက်လာတယ်လို့ ယူနေတော့ (မှန်ပါ့) သဘောပါကြ ပလား (ပါ-ပါတယ် ဘုရား)။

ဒါဖြင့် အမောင် မေ့လျော့တယ်တဲ့ အဲဒီတော့ အမော မေ့တဲ့ အပြစ်ဆိုတော့၊ မေ့တာက အဝိဇ္ဇာ (မှန်ပါ့) အဝိဇ္ဇာ ပစ္စယာ (သင်္ခါရာပါ ဘုရား)။

အဝိဇ္ဇာကြောင့် အပါယ်ရောက်

သင်္ခါရပစ္စယာ (ဝိညာဏ်ပါဘုရား) ဝိညာဏံဆို အပါယ် ဝိညာဏ်ကို အမောင် ရမယ် (မှန်ပါ့) သဘောကျပလာ၊ (ကျပါပြီ ဘုရား)။

မေ့တာက ဘာတဲ့ (အဝိဇ္ဇာပါဘုရား) အဝိဇ္ဇာကြောင် ဘာဖြစ်သတုံး (သင်္ခါရ ဖြစ်ပါတယ် ဘုရား) သင်္ခါရ ပစ္စယာ (ဝိညာဏံပါ ဘုရား) ဘယ်ဝိညာဏ်တုံး (အပါယ် ပဋိသန္ဓေပါ ဘုရား)။

ကဲ အမောင် မေ့မှုကြောင့်၊ အဝိဇ္ဇာ ကြောင့် အမော ပြုချင်သလို ပြုပြီး နေခဲ့တယ်၊ ရောင်းချင် သလို ရောင်း၊ ဝယ်ချ သလို ဝယ်ပြီး နေခဲ့တယ် (မှန်ပါ့)။

နေခဲ့တဲ့ အတွက် အမောင်၏ အပါယ်ကိစ္စ၊ အပါယ်ခံ၊ မည့်ကိစ္စကို အမောင့် အမေပြုသည် မဟုတ်ပါဘူး (မှန်ပါ့) အမောင့် အဖေပြုသည် မဟုတ်ပါဘူး (မှန်ပါ့) ရဟန်း ပုဏ္ဏား တွေက လာ ပြုသည် မဟုတ်ဘူး၊ အမောင့်ကိစ္စကို အမောင်သာ လျှင် ဆိုင်တယ် (မန်) ကောက်ချက် ရေးတာ (မှန်ပါ့)။

ဒကာ ဒကာမတွေ ကြောက်စရာကောင်းတယ် (ကောင်းပါတယ် ဘုရား)။

မေ့တာက ဘာပါလိမ့် (အဝိဇ္ဇာပါဘုရား) မေ့တော့ ရောင်းချင်သလို ရောင်း၊ ဝယ်ချင်သလို ဝယ်တာက ဘာပါ လိမ့် (သင်္ခါရပါ ဘုရား)။

အဲ သင်္ခါရနဲ့ စုတေမနေ သေလွန်သွားတော့ အပါယ် ဝိညာဏ် မရပေဘူးလား (ရပါတယ် ဘုရား)။

ကဲ ဦးမာဒင် ပဋိစ္စသမုပ္ပဒ်နဲ့ ကျတော့ ငြင်းလို့ရသေး ရဲ့ လား (မရပါ ဘုရား) မေ့ပြစ် ဘယ်လောက် သင့်တယ် ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီဘုရား)။

မေ့ဖြစ်ကြောင့် အပါယ်ရောက်

မေ့ပြစ် အပါယ်လေးပါးသို့ ရောက်ပါတယ် (ရောက်ပါ တယ်) ခင်ဗျားတို့က မေ့သွားတယ်နော် သည်းခံပါ (မှန်ပါ့) မရဘူး၊ အပါယ်က မရဘူး (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ကျုပ်က မေ့သွားလို့ပါ။ ပေးမယ်ဆိုတာ ကတိတော့ ရှိပါ တယ်။ အိမ်ရောက်တော့ ကိစ္စတွေက များတော့ မေ့သွားလို့၊ ဒီ တစ်ခါ သည်းခံ လိုက်ပါဦး၊ အို ကိစ္စ မရှိဘူးတဲ့ ကိုယ့်လူချင်းကိုး ဒါက (မှန်ပါ့ ဘုရား)။

အပါယ်ကတော့ မေ့သွားတဲ့ ဥစ္စာ အဝိဇ္ဇာ သင်္ခါရ ဝိညာဏ်၊ မတတ်နိုင်ဘူးဟေ့ (မှန်ပါ့) နိယာမ (မှန်ပါ့ ဘုရား)။

ဒကာသစ် ဘာတဲ့ (နိယာမပါ) အဝိဇ္ဇာတည်း ဟူသော အကြောင်းက သင်္ခါရကို သေသေ ချာချာ လုပ်ရမယ် (လုပ်ပါ မယ်) သင်္ခါရက ဘာလုပ်ရမယ် (ဝိညာဏ်ကို လုပ်ရပါမယ်) အပါယ် ဝိညာဏ်ကို သေသေ ချာချာ လုပ်ရမယ်။ ဒီဥစ္စာ ဒကာ ဒကာမတို့ မေ့သွားလို့ မရဘူး (မရပါဘုရား)။

ဒါဖြင့် မေ့မှုကြောင့် ပြုချင် သလို ပြုတယ် (မှန်ပါ့) ပြုချင် သလိုပြုလို့ ရောက်ချင်သလို ရောက်၊ ရချင်သလိုရ ရတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီဘုရား)။

ဒါ့ကြောင့် အရိယာဓမ္မ သိပ်အရေးကြီးတယ် ဆိုတော့ မမေ့တာက အရိယာဓမ္မ (မှန်ပါ့) မေ့တာက မိစ္ဆာဓမ္မ (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီဘုရား)။

ကောက်ချက်ရေးတယ်

ကိုင်း ဒါနဲ့ ပထမစစ်ချက်မှာဖြင့် အမောင် မေ့ပြစ်ဟာ အမောင်သာလျှင် ဆိုင်တယ် ဆိုပြီး ကောက်နှုတ်ချက် ရေးလိုက်ပါ တယ် (မှန်ပါ့ ဘုရား)။

ဒကာ ဒကာမတွေကော မေ့ဖူးကြရဲ့လား (မေ့ဖူးပါ တယ်) ဘယ်သူဆိုင်ပါလိမ့် (မေ့တဲ့လူ ဆိုင်ပါတယ်) ရိပ်မိပြီ (မှန်ပါ့ဘုရား)။

ဒီ အပါယ်လေးပါး ဘယ်သူဆိုင်သတုံး ဒကာ ဒကာမတို့ (မေ့တဲ့လူပါ) မေ့တဲ့လူ ဆိုင်တယ် (မှန်ပါ့) ဒီအထဲ မမေ့တဲ့ လူကလည်း အတော်ရှားတယ် (မှန်ပါ့) မရှားဘူးလား (ရှားပါ တယ်ဘုရား)။

ရှားတယ်တဲ့။ ဒါဖြင့် ဒကာ ဒကာမတို့ အရိယာဓမ္မ မေ့ နေကြပြီ (မှန်ပါ့ဘုရား)။

ဒုတိယစစ်ချက်

ဒါနဲ့ ဖြုန်းမနဲ အပါယ်ထဲကို ကဲကွာ၊ ကျစေဆိုတဲ့ အမိန့်မချသေးဘူး (မှန်ပါ့) ဒုတိယ မေးတယ်။

အမောင် နံရိုးကျဲကျဲနဲ့ တောင်ဝှေး အဖော်လုပ်နေတဲ့ ခါး ကိုင်း နားထိုင်းနေတဲ့ ပုဂ္ဂိုလ်များ အမောင် လူ့ပြည် မမြင်ဘူးလားတဲ့ (မှန်ပါ့) မြင်ပါတယ် ခင်ဗျာ။

သြော် ဇရာဒုက္ခ ဆိုကာကော မင်းမသိဘူးလားတဲ့ (မှန်ပါ့) အိုတာတော့ သိတယ်၊ ဒုက္ခသစ္စာ တော့ မသိဘူးတဲ့ (မှန်ပါ့ ဘုရား)။

သြော် ဒီလိုပဲ အိုသွားလို့ ရှိရင်ဖြင့် မအိုရာ ရှာမယ် ဆိုတဲ့ မဂ္ဂင် စိတ်ကလေး များကော မပေါ်ဘူးလားတဲ့ (မှန်ပါ့) မပေါ်ပါ ဘူးတဲ့။

သြော် အမောင် တယ်မေ့ပါလား၊ လာပြန်ပြီ ဒကာ ဒကာမတို့ (မှန်ပါ့ဘုရား)။

အိုတဲ့ပုဂ္ဂိုလ်တွေ မြင်ဖူးရဲ့လား

အအိုတွေ တွေ့ရင် ဒီ ဒကာ ဒကာမတွေလည်း အိုတဲ့ ပုဂ္ဂိုလ်တွေ တွေ့လို့ရှိရင် မအိုခင် လုပ်မှပဲ ဆိုတဲ့ စိတ်ကော လာကြ ရဲ့ လား (မလာပါ) တယ်မေ့ပါလား (မှန်ပါ့) ဒါပဲ ရှိတော့တာပဲ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

မေ့တာက ဘာပါလိမ့် (အဝိဇ္ဇာပါ) အဝိဇ္ဇာ ပစ္စယာ (သင်္ခါရာပါဘုရား) သင်္ခါရ ပစ္စယာ (ဝိညာဏံပါ) အပါယ် ဝိညာဏ် (မှန်ပါ့ ဘုရား)။

ကဲ ခင်ဗျားတို့ မေ့တာ နည်းနည်း သက်သာသလား ဒကာ ဒကာမတို့ (မသက်သာပါ) ကြောက်စရာ သိပ်ကောင်း တယ် (မှန်ပါ့ ဘုရား)။

ဦးမာဒင် ဒါ လျှော့ဟောလို့ ရှိရင် ဘုန်းကြီး အပါယ်ရောက် မနော် (မှန်ပါ့) ဦးဘထွေးတို့၊ ဦးသန်းမောင်တို့ လျှော့ဟောရင် ဘုန်းကြီး အပါယ် ရောက်မယ် (မှန်ပါ့) ဓမ္မကို အဓမ္မလုပ် ဟောရာ ရောက်တယ် (မှန်ပါ့ဘုရား)။

ဒါကြောင့် ဒီအထဲမှာ ဘုန်းကြီး မရင်းတဲ့ ဒကာ ဒကာမ တွေ တစ်ယောက်မှ မပါဘူး (မှန်ပါ့) လျှော့ မဟောနိုင်ဘူး အကုန် အပါယ်ကျ လိမ့်မယ် (မှန်ပါ့ဘုရား)။

ကိုယ့်ဟာကိုယ် ခံရတယ်

ဒီ ပဋိစ္စသမုပ္ပာဒ်က ဘုရားတားလို့ မရပါဘူး (မရပါ) ကိုယ်လုပ်တဲ့ ပဋိစ္စ သမုပ္ပာဒ်က ကိုယ့်ဟာကိုယ် ခံရတယ် (မှန်ပါ့) အဝိဇ္ဇာ ပစ္စယာ (သင်္ခါရာပါ) သင်္ခါရ ပစ္စယာ (ဝိညာဏံပါ ဘုရား) ဘယ်ဝိညာဏ် ပါလိမ့် (အပါယ် ဝိညာဏ်ပါ) အဲဒါ မေ့ပြစ်ဗျ (မှန်ပါ့) အဝိဇ္ဇာ ဆိုတာ မေ့တာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ) ဒါ ဘယ်သူတတ်နိုင်သတုံး (ဘယ်သူမှ မတတ်နိုင်ပါ ဘုရား)။

အဲဒါကြောင့် အမောင့် မေ့ပြစ်ဟာ အမောင် သာလျှင် ဆိုင် တယ် (မှန်ပါ့) ဒုတိယ ကောက်နှုတ် ချက် ရေးလိုက်တယ် (မှန်ပါ့) သဘောကျ ကြပလား (ကျပါတယ်) ကြောက်စရာ ဘယ်လောက် ကောင်းသတုံး (ကောင်းပါတယ် ဘုရား)။

ခင်ဗျားတို့ အဲဒီကျရင် အစစ်ခံ ရဦးမနော် (မှန်လှပါ) ဒကာ ဒကာမတို့ အစစ်ခံရဲ ပါ့မလား (မခံရဲပါ ဘုရား)။

ဟိုက မျက်လုံး ဖွင့်ကြည့်ရင်ကို ဒီက သေတယ်၊ ဒါလောက် ကြောက်စရာ ကောင်းတဲ့လူ၊ စစ်နေတဲ့ ယမမင်းကြီးက (မှန်ပါ့) လိမ်ရမှာ ဝှက်ရမှာတော့ ဝေးပါသေးရဲ့ (မှန်ပါ့) အမှန်ချည်း ပြောရတယ် (မှန်ပါ့) သဘောကျကြပလား (ကျပါပြီဘုရား)။

မင်းအပါယ်ကျမယ်

ကဲ ဒါနဲ့ပဲ အမောင်ရယ်တဲ့ ဒီဥစ္စာ အမောင်ပြုတဲ့ အမောင့် မေ့ပြစ်ဟာ အရိယာဓမ္မတွေ အမောင်မေ့နေတဲ့ မေ့ပြစ်ဖြင့် မင့် အမေလည်း မဆိုင်ဘူး၊ မင့်အဖေလည်း မဆိုင်ဘူး၊ မင့်သား မယားလည်း မဆိုင်ဘူး၊ မင်းလုပ်ကျွေးနေတဲ့ သားသမီးများ လည်း မဆိုင်ဘူး၊ရဟန်း သံဃာတွေလည်း မဆိုင်ဘူး၊ ဆွေမျိုး ဉာတကာတွေလည်း မဆိုင်ဘူး၊ အမောင့် မေ့ပြစ်ဟာ အမောင်သာ လျှင် ပိုင်တယ် ဆိုပြီး ဒါကို ထုတ်ပြတယ် (မှန်ပါ့) ဝိညာဏံ ထုတ်ပြတယ် (မှန်ပါ့) ဝိညာဏ် ဆိုတာ အပါယ် ဝိညာဏ် မင်းအပါယ်ကျမယ် ပြောချလိုက်တယ် (မှန်ပါ့ ဘုရား)။

ဘယ်နှချက်ရှိသွားပြီလဲ (နှစ်ချက် ရှိသွားပါပြီ) ဒါနဲ့ မကျေနပ်သေးပါဘူး၊ ဗြုန်းခနဲ အပါယ် ကျစေဆိုတဲ့ ဒီဂရီမချ သေးပါဘူး (မှန်ပါ့ဘုရား)။

ရာဇဝတ်သင့်သူတွေ မြင်ဖူးရဲ့လား

အမောင်တဲ့ လူ့ပြည်မှာ နေတဲ့အခါကျတော့ ရာဇဝတ် ဘေးဒဏ်သင့်တဲ့ ပုဂ္ဂိုလ်တွေများ မင်းမြင်ဖူးရဲ့လားတဲ့ (မှန်ပါ့) လက်ထိပ်ခတ်ပြီး သကာလ ကြိမ်တွေနဲ့ရိုက်၊ မျဉ်းလုံးတွေနဲ့ ခြေထောက်ကို လှိမ့်ပြီး သကာလ စစ်တာတွေ၊ ခြေထောက် မိုးပေါ် ကြိုးနဲ့ဆွဲပြီး ခေါင်းတန်းလန်း အောက်မှာ နေစေပြီး စစ်တာတွေကော အမောင် မြင်ဖူးရဲ့လား၊ မြင်ဖူးပါတယ်တဲ့။

သြော် မကောင်းမှုလုပ်တဲ့ ပုဂ္ဂိုလ်များ ဒိဋ္ဌဓမ္မ အကျိုးပေး ပါလား၊ အရိယာဓမ္မ မရသေးသ၍ ဒီသံသရာ ဒီလိုလည်နေမှာပါ ကလားလို့ မင်းသည် အရိယာဓမ္မများ လုပ်မယ်လို့ မတွေးမိဘူးလားတဲ့ (မှန်ပါ့ဘုရား)။

ကြားတော့ ကြားဖူးတယ်၊ မတွေးမိဘူးတဲ့ (မှန်ပါ) အမောင် တယ်မေ့ပါကလား (မှန်ပါ့ဘုရား)။

တတိယစွဲချက်

ဒကာ ဒကာမတို့ ဘယ်လိုများ စွဲချက်တင်လိုက်ပါလိမ့် (တယ်မေ့ပါလားလို့ ထင်ပါတယ် ဘုရား)။

တယ်မေ့ပါလား၊ ဟိုမှာ လက်တွေ့တရား ဟော ဆရာ ရှိပါလျက်သားနဲ့ မကောင်းမှုဟာ ဒိဋ္ဌဓမ္မ အကျိုးပေးတယ်၊ သံသရာမှာ ဒိထက် ကြီးကျယ်တယ် ဆိုတဲ့ ဥစ္စာ ပေးရလိမ့်မယ် ဆိုတာ မင်း သတိထားပြီး သကာလ အရိယာ အလုပ်များ လုပ်ဖြစ်ပါ ရဲ့လားတဲ့ (မှန်ပါ့ဘုရား) ဒီအတိုင်းမေးတာပဲ (မှန်ပါ့)။

ကျွန်တော် မလုပ်ဖြစ်ပါဘူးတဲ့၊ အမှန်ပဲ ဖြေရတယ်နော် (မှန်ပါ့ဘုရား)။

သေမင်းတမန်တွေ

ဒေဝဒူတ သုတ်တဲ့ ဒကာ ဒကာမတို့ ဒေဝက= နတ်၊ ဒူတ က တမန် ပေါ့ဗျာ (မှန်ပါ့) တစ်ခါတည်း ကိုယ့်ရှေ့မှာ တမန်တွေ – ရောက်ပြီး သကာလ သေမင်း တမန်တွေ ရောက်ပြီး သကာလ ဒကာ ဒကာမတို့ စစ်ဆေးတဲ့ တရား (မှန်ပါ့) သဘောပါပလား (ပါ-ပါပြီ ဘုရား)။

အမောင် တယ်မေ့ပါကလား၊ အဲဒီ အမောင့် မေ့ပြစ်ဟာ ဖြင့် အမောင် တစ်ယောက်ပဲ ဆိုင်တယ်၊ အမေကလည်း မဆိုင်ဘူး၊ အဖေကလည်း မဆိုင်ဘူး၊ အမောင် လုပ်ကျွေးတဲ့ သားသမီး တွေလည်း မဆိုင်ဘူး (မှန်ပါ့) အမောင် ရွှေပေါ်မြ တင်ထားတဲ့ အမောင့် သားသမီး ခင်ပွန်းမတွေလည်း မဆိုင်ဘူး (မှန်ပါ့ ဘုရား) ဘေးက ရဟန်း, ပုဏ္ဏားတွေလည်း မဆိုင်ဘူး၊ အမောင် သာလျှင် မေ့ပြစ် သင့်တယ် ဆိုပြီး ဒါပဲ ပြတယ် (မှန်ပါ့)။

အဝိဇ္ဇာပစ္စယာ (သင်္ခါရပါ ဘုရား) သင်္ခါရပစ္စယာ (ဝိညာဏံပါ ဘုရား) ဝိညာဏ် ဆိုတဲ့ အပါယ် ဝိညာဏ် အမောင်ပဲ ရမယ် (မှန်ပါ့ဘုရား)။

ကဲဒကာ ဒကာမတို့ ဘယ်နှချက်ရှိသွားပြီလဲ (သုံးချက်ရှိသွားပါပြီ)။

စတုတ္ထစစ်ချက်

အမောင် တဲ့၊ ပြန်စစ်တယ်၊ လူ့ပြည်တုံးကကွာ တဲ့ ဘေးက ဆေးခွက်တွေက ဝိုင်းလို့၊ သူ့အဝတ်မှ သူမဖုံးနိုင်တဲ့ လူနာများ မြင်ဖူးရဲ့ လား တဲ့ မြင်ဖူးပါတယ်တဲ့ (မှန်ပါ့ ဘုရား)။

လူမမာပုဂ္ဂိုလ်တွေ မြင်ဖူးရဲ့လား

သူ့ရေမှ သူမသောက်နိုင်၊ သူ့ကျင်ကြီးမှ သူမသုတ်သင် နိုင်၊ အဝတ်တွေမှ မဖုံးနိုင် နဂို ဖုံးလာတာ တွေဟာ အရှက် အ ကြောက်တွေတောင်မှ မလုံခြုံအောင်ဖြစ်လာတဲ့ လူမမာများ အမောင် မြင်ဖူးရဲ့လား တဲ့ မြင်ဖူးပါတယ်တဲ့ (မှန်ပါ့ ဘုရား)။

ဒါလည်း မြင်ဖူးတယ် (မှန်ပါ့) ဪ ဒါဖြင့် “ဗျာဓိ ဓမ္မာမှိ ဗျာဓိံ အနတီတောတိ” ဆိုတဲ့အတိုင်း ဒါမလွန်နိုင်တဲ့ တရားပဲ၊ အဲဒီတော့ လွန်ရာ ဆိုတဲ့ နိဗ္ဗာန် ရောက်ကြောင်း အရိယာ ဓမ္မဖြစ်တဲ့ မဂ္ဂင် အလုပ်ကို လုပ်မယ်လို့များ၊ အမောင် လုပ်မယ်လို့ သူ့မြင်တော့ မပေါ်ဘူးလား တဲ့ (မှန်ပါ့) ကျွန်တော် မပေါ်ပါဘူး ခင်ဗျား တဲ့ (မှန်ပါ့)။

ဒကာ ဒကာမတွေကော ပေါ်ကြရဲ့လား (မပေါ်ပါ ဘုရား) ရှိပါစေတော့ ခင်ဗျားတို့တော့ အပါယ်ပါပဲ (မှန်ပါ့) အတော် ကြောက်စရာ ကောင်းတယ် (ကောင်းပါတယ် ဘုရား)။

မဂ္ဂင်ရှောင်ရင် အပါယ်ဆောင်ရမယ်

အတော် ကြောက်စရာ ကောင်းတယ်နော်၊ ဒါ အခုပြော တဲ့ တရားသည် ဒကာ ဒကာမတို့ လူတိုင်း တရားဟော ဆရာ ဖြစ်မှ မဂ္ဂင် အလုပ် လုပ်ဖြစ်မယ် (မှန်လှပါ ဘုရား) မဂ္ဂင် အလုပ် လုပ်ဖြစ်လို့ ရှိရင်ဖြင့် ခင်ဗျားတို့ ကယ်မည့်, ယူမည့်လူ ရှိပါတယ် (မှန်ပါ့ဘုရား) တွေ့လျက်သားနဲ့ မေ့ပြီး သကာလ မဂ္ဂင်ရှောင် လို့ရှိရင်ဖြင့် အပါယ် ဆောင်ရတော့မှာပဲ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ မေ့ပြစ်သည် ဒကာ ဒကာမတို့ ပဋိစ္စ သမုပ္ပာဒ်နဲ့ ချပြပါတယ် (မှန်ပါ့) မေ့တာက ဘာတုံး (အဝိဇ္ဇာပါဘုရား) အဝိဇ္ဇာပစ္စယာ (သင်္ခါရာပါ ဘုရား) သင်္ခါရ ပစ္စယာ (ဝိညာဏ်ပါ ဘုရား) အဲ အပါယ် ဝိညာဏ် ဆိုတော့ ဒကာသစ် ဒါက ဘယ်သူ ရှောင်လို့ရသတုံး (မရပါ ဘုရား)။

မေ့တာက ဘာတုံး

ဦးဘထွေး ဒါ,မေ့ပြစ်နော် (မှန်ပါ့) ဦးသန်းမောင် ဒါ, ဘာတုံး (မေ့ပြစ်ပါဘုရား) မေ့တာ ဘာတုံး (အဝိဇ္ဇာပါ ဘုရား) အဝိဇ္ဇာပစ္စယာ (သင်္ခါရာပါ ဘုရား)။

ဒါက နို့ ဘယ်သူကမှ ကန့်ကွက်လို့ကော ရရဲ့ လား (မရပါဘုရား) အဝိဇ္ဇာ ရှိရင် သင်္ခါရ ဖြစ်မယ် (မှန်လှပါ ဘုရား) သင်္ခါရရှိရင် (ဝိညာဏ် ဖြစ်ရပါမယ် ဘုရား) အပါယ် ဝိညာဏ် ဖြစ်ရမယ် (မှန်ပါ့) မဖြစ်ပါနဲ့ဆိုလို့ (မရပါဘုရား) ဘုရား တားလို့လည်း (မရပါဘုရား) ရှင်းပလား (ရှင်းပါပြီ)။

သုပ္ပဗုဒ္ဓမင်းကြီး

ဘုရားတားလို့သာ ရမယ်ဆိုရင်ဖြင့် သိဒ္ဓတ္ထမင်းသား ပြစ်စဉ်အခါတုန်းက ယသော်ဓရာ့ အဖေ သုပ္ပဗုဒ္ဓ ရှိသားပဲ (မှန်ပါ့) ယောက္ခမ ဆိုတာ အမေမိဘ (မှန်ပါ့) အဲဒါ အပါယ် သွားတာ တားနိုင်ရဲ့ လား (မတားနိုင်ပါ ဘုရား) ဒီ အဝိဇ္ဇာပစ္စယာ သင်္ခါရာ လုပ်ချလိုက်တာ (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ) သဘောပါ ကြပလား (ပါ-ပါပြီ ဘုရား)။

ဒါဖြင့် ပဋိစ္စသမုပ္ပာဒ်ကို ဘုရားမတားနိုင်ဘူး (မှန်ပါ့) တရားသာ တားနိုင်တယ် (မှန်ပါ့)။

ပဋိစ္စသမုပ္ပာဒ်ကို ဘုရားက (မတားနိုင်ပါ ဘုရား) သံဃာက (မတားနိုင်ပါ ဘုရား) တရားကတော့ (တားနိုင်ပါ တယ် ဘုရား)။

ဒါဖြင့် အရိယာ မဂ္ဂင်တရား ခင်ဗျားတို့ မလုပ် မဖြစ်ဘူး (မှန်လှပါ ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။ ကဲ ဒကာကြွယ်ရေ လာပြန်ပြီတဲ့၊ ကဲကွာ ဒီကောင်တွေ အပါယ်သာ ဆွဲချ လိုက်ပါ တော့လို့ နောက်က စောင့်နေတဲ့ ငရဲထိန်း တွေကို မပြောဘူး (မှန်ပါ့) မင်းဟာကွာတဲ့၊ လူ့ပြည်မှာ မသာများ ပို့ဖူးပါရဲ့လားတဲ့ (မှန်ပါ့) ပို့ဖူးပါတယ်ခင်ဗျား တဲ့။

ပဉ္စမ စစ်ချက်

ဖူးဖူးယောင်ပြီး သကာလ ဒီအကောင်တွေ အဆင်းတွေ ပျက်ပြီး သကာလ နေတဲ့ အသုဘ ကြီးများ မြင်ဖူးရဲ့ လားကွတဲ့ (မှန်ပါ့) မြင်ဖူးပါတယ် ခင်ဗျားတဲ့။

နို့ မြင်ဖူးတဲ့ အခါကျတော့ ဒီအသေ လွတ်ရာ မင်းရှာ မယ်လို့ အရိယာ စိတ်ကလေးများ မပေါ်ဘူးလား (မှန်ပါ့) မပေါ် ပါဘူးတဲ့ သေမျိုးမို့ သေတယ်ပဲ အောက်မေ့တယ် (မှန်ပါ့) သွားပါရော (မှန်ပါ့) ခင်ဗျားတို့လည်း ဒီအတိုင်းပါပဲ (ဒီအတိုင်းပါ ဘုရား)။

အသုဘတွေ မြင်ဖူးရဲ့လား

ခင်ဗျားတို့ မသာပို့တော့ သေမျိုးပဲ သေမှာပေါ့ (မှန်ပါ့) ဘာမှ အရိယာဓမ္မဘက် လှည့်သေး သလား (မလှည့် ပါဘုရား)။

သူတော့ဖြင့် သေပြီ၊ ငါမသေရှာမယ်လို့ ဥပုသ်ကြီးနဲ့ မလိမ်ကြနဲ့ ဒီလိုစိတ် လာကြရဲ့လား (မလာပါ ဘုရား)။

မလာဘူး (မှန်ပါ့) တယ်လည်း ပြောင်ပြောင်ပြောပါ လား (မှန်ပါ့) သိပ်ကြောက်စရာ ကောင်း နေပြီနော် (မှန်ပါ့ ဘုရား) အင်မတန် ဆိုးဝါးတဲ့ ဒကာ ဒကာမတွေ မေ့ချက် ပြင်းထန် လိုက်တာ (မှန်ပါ့)။

ဦးမာဒင် ဘယ့်နှယ်တုံး (မေ့ချက် ပြင်းထန်ပါတယ် ဘု ရား) ဪ ဒကာ ဒကာမတို့ အသုဘပို့ တာလည်း အလောင်းပေါင်း မရေတွက် နိုင်ကြပါဘူး (မရေတွက်နိုင်ပါ ဘုရား)။

ဪ သေမျိုးမို့ သေသွားရှာတာပဲ၊ မလွန်ဆန်နိုင်တော့ သေရမှာပဲ၊ ကိုယ်တို့လည်း သေရမှာပဲ၊ ဒါတော့ ခင်ဗျားတို့ မရဏာနုဿတိတော့ လာတယ်၊ ဟုတ်လား (မှန်ပါ့)။

အောက်တန်းတရားတော့ လာတယ်

မရဏာနုဿတိ လာပြီး သကာလ ခုနင်က မဂ္ဂင်အလုပ် ရှာမယ် ဆိုတဲ့ အလုပ်ကတော့ (မလာပါ ဘုရား)။

သြော် ခင်ဗျားတို့ဟာ အောက်တန်း တရားတော့ လာပြီး အထက်တန်း တရား မလာပဲ ဖြစ်နေတယ် (မလာပါဘုရား)။ ကြောက်စရာ ကောင်းလိုက်တာ (မှန်ပါ့)။

ဘာတရား လာသတုံး (အောက်တန်းတရား လာပါ တယ်ဘုရား) သြော် သူသေသလို ကျုပ်တော့ ရှေ့သွားနောက် လိုက်ပါပဲ (မှန်ပါ့) ဒါက ဘာပါလိမ့် (အောက်တန်း တရားပါ ဘုရား) အောက်တန်း တရား သမထ (မှန်ပါ့) မရဏာနုဿတိ လို့ ခေါ်တယ် (မှန်ပါ့) ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။

အထက်တန်းတရား ဉာဏ်လှည့်ကြပါ၊

ဟ သူတော့ဖြင့် သေပြီ၊ တို့မသေရာ ရှာမယ်လို့ လာရဲ့ လား (မလာပါ ဘုရား) အဲဒီ အထက်တန်း တရားကျတော့ ခင်ဗျားတို့က ဉာဏ်မလှည့်ဘူး (မှန်ပါ့ဘုရား)။

ကဲ ဦးသန်းမောင်တို့ ကျုပ်တို့ သိပ်ထူလွန်းတယ်ဗျာ (ထူပါတယ် ဘုရား) ဦးဘထွေး မထူဘူးလား (ထူပါတယ် ဘုရား)။

ဆရာကောင်းနဲ့တွေ့နေပြီ

ဦးမာဒင် (ထူပါတယ် ဘုရား) ပါးကြစမ်းပါဦးဗျာ ဒါလောက် ဆရာကောင်း, သမားကောင်းနဲ့ တွေ့ နေတဲ့ဥစ္စာ ဒကာကြွယ် ပါးကြပါဦး (မှန်လှပါဘုရား) ကိုင်း သေတော့ သေကုန်ပြီကွာ၊ ဒို့ တော့ မသေရှာမယ်ဟေ့ (မှန်ပါ့ ဘုရား) ဒီလို အလောင်းတွေ ချည်းဖြစ်ရန် မြေကြီး ကြီးပွားရေးတွေ ချည်း လုပ်နေရတယ် (မှန်ပါ့) အလောင်းချရတဲ့ ဥစ္စာ ဘာပါလိမ့် (မြေကြီး-ကြီးပွားရေးပါ ဘုရား)။

နောက်တစ်ခါ အလောင်းချရပြန်ကော (မြေကြီး, ကြီး ပွားရေးပါ ဘုရား) နောက်တစ်ခါ အလောင်းချ ရပြန်ကော (မြေကြီး ကြီးပွားရေးပါ ဘုရား) မြေကြီး, ကြီးပွားလို့ ခင်ဗျားတို့ ဘာအသုံး ကျသလဲ (မကျပါ ဘုရား)။

ဒါကြောင့် ခင်ဗျားတို့ လူ့ပြည်, နတ်ပြည်၊ ဗြဟ္မာပြည် အကြိမ်ကြိမ် ဖြစ်ရပါလို၏ ဆိုတာ မြေကြီး, ကြီးပွားရေး လုပ်တာ (မှန်လှပါ ဘုရား)။

မြေကြီး ကြီးပွားရေး အားမပေးပါနဲ့

ရှင်းပလား (ရှင်းပါပြီ) ဒုက္ခသိမ်းရာ ငြိမ်းရာသာ သွား ပါတော့မယ် ဆိုလို့ ရှိရင် ကောင်းတယ် နော် (မှန်ပါ့) မြေကြီး ကြီးပွားရေး အားမပေးပါနဲ့ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဘာ အားမပေးရမှာတုံး (မြေကြီး ကြီးပွားရေး အား မပေးရမှာပါ ဘုရား)။

ဒကာကြွယ် အခု ဒကာ ဒကာမတွေမှာ မြေကြီး ကြီးပွား ရေး အားပေးနေတဲ့ ဒကာ ဒကာမတွေ မနည်း လှဘူးနော် (မနည်းပါ ဘုရား)။

ကိုင်း ဒါနဲ့ မင်းမြင်ဖူးရဲ့ လား နှစ်ရက် သုံးရက် ဖူးဖူးယောင်နေတာ၊ မြင်ဖူးပါတယ်တဲ့။

မြင်ဖူးတော့ ဪ ဒီအသေမျိုးဟာ အသုဘပါလား၊ ဒုက္ခသစ္စာ ပါလား၊ ဒုက္ခ လွတ်ရာ ရှာမှပဲ ဆိုတဲ့ အရိယာစိတ် ကလေးများ မပေါ်ဘူး လားကွာတဲ့ (မှန်ပါ့) မပေါ်ပါဘူး ခင်ဗျာ၊ အမှန်ပဲ အစစ် ခံရတယ် (မှန်ပါ့)။

ဪ မောင် မေ့ချက် တယ်ပြင်းပါလား (မှန်ပါ့) ဦးမာဒင် ဘာပြောလိုက်သတုံး (မေ့ချက် ပြင်းပါတယ်)

ဦးသန်းမောင်တို့ ယမမင်းက ဘယ့်နှယ် ပြောလိုက်သလဲ (မေ့ချက်ပြင်းပါတယ် ဘုရား)။

မေ့ချက်တယ် ပြင်းပါလား ဆိုတော့ မေ့တာ ဘာပါလိမ့် (အဝိဇ္ဇာပါ ဘုရား) အဝိဇ္ဇာပစ္စယာ (သင်္ခါရာပါ ဘုရား) သင်္ခါရာ ပစ္စယာ (ဝိညာဏ်ပါ ဘုရား) အပါယ် ဝိညာဏ် (မှန်ပါ့)။

မဂ္ဂင်အလုပ် မြန်မြန်လုပ်ပါ

ကိုင်း ခင်ဗျားတို့မေ့တာ၊ ဪ တပည့်တော်တို့က သားရေး သမီးရေး စီးပွားရေးကြောင့် မဂ္ဂင်အလုပ် မလုပ်ဖြစ် ဘူးဘုရာ့ (မှန်ပါ့)။

မလုပ်ဖြစ်ဘူး ဆိုတော့ သြော် ခင်ဗျားတို့ သာမည ဆရာ သမားကတော့ ဪ ငယ်သေး သကိုး၊ ငယ်လည်း သွား အပါယ်ကို ရှုပ်မနေနဲ့ (မှန်ပါ့ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။

လုပ်မနေကြပါနဲ့၊ သာမည စကားကို ဦးမာဒင် နားယောင် မနေပါနဲ့ (မှန်ပါ့) အချိန်မီ ပါသေးတယ် မဂ္ဂင်အလုပ် မြန်မြန် လုပ်ပါ (မှန်ပါ့)။

ဒကာ ဒကာမတို့ ဆရာသမားက ဘယ်လိုဆုံးမသတုံး (အချိန်မီ ပါသေးတယ်၊ မဂ္ဂင် အလုပ် မြန်မြန် လုပ်ပါ)။

အချိန်မီပါသေးတယ်

အချိန်မီသေးတယ်၊ အချိန်မီသေးတယ်၊ အခု အဟုတ် လုပ်ရင် အဟုတ်ရ သေးတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီဘုရား)။

ကောင်းပြီတဲ့၊ ဒီလို ပြောလိုက်တော့ အမောင် မေ့ချက် တယ်ပြင်းတယ်၊ မေ့တဲ့ အပြစ်ဟာ အမောင်၏ ခင်ပွန်းမ, နဲ့လည်း မဆိုင်ဘူး (မှန်ပါ့) သဘောကျ ပလား (ကျပါပြီ) အမောင်၏ သားသမီးတွေနဲ့ကော (မဆိုင်ပါ ဘုရား)။

အမောင့် ဆွေမျိုး ဉာတကာနဲ့ ကော (မဆိုင်ပါ ဘုရား) ရဟန်း သံဃာတွေနဲ့ကော (မဆိုင်ပါ ဘုရား)။

ဒါဖြင့် အမောင် ဘယ်သူနဲ့မှ မဆိုင်ဘူး၊ အမောင့် မေ့ချက် သည် အ မောင်သာလျှင် ဆိုင်တယ် (မှန်ပါ့) ကောင်နုတ်ချက် ချပြန်ပြီ (မှန်ပါ့)။

ဒါ ဘုရားက သူကိုယ်တိုင် အိမ်ပေါက် နှစ်ခုမှာ တက်တဲ့ ပုဂ္ဂိုလ်လည်း ငါမြင်ပါတယ်ကွ၊ ဆင်းတဲ့ ပုဂ္ဂိုလ်လည်း ဒီလို စစ်နေတာတွေ ငါကိုယ်တိုင် မြင်ပါတယ်ကွတဲ့ (မှန်ပါ့)။

ကိုင်း ဒကာ ဒကာမတို့ မုသားပြောတာလား တော် အောင် လျှော်အောင်နဲ့ မှန်း ပြောနေ တာလား ဘုရားဖြစ်တဲ့ နေ့က စပြီး မြင်တာ ပြောနေတာလား (ဘုရား ဖြစ်တဲ့နေ့က စ၍မြင်တာ ပြောနေတာပါ) ယုံကြပလား (ယုံပါပြီ ဘုရား)။

စစ်ချက်ငါးချက် စစ်လိုက်တယ်

အဲဒီလို စစ်ချက်ကို စစ်ချက် ငါးချက် စစ်လိုက်တာ အဝိဇ္ဇာ ပစ္စယာ သင်္ခါရာ၊ သင်္ခါရ ပစ္စယာ ဝိညာဏံ ချည်း အဖြေထွက်လာ တယ် (မှန်ပါ့)။

ဒကာ ဒကာမတို့ ဘယ်လိုထွက်ပါလိမ့် (အဝိဇ္ဇာ ပစ္စယာ သင်္ခါရာ၊ သင်္ခါရပစ္စယာ ဝိညာဏံ ချည်း အဖြေ ထွက်ပါတယ် ဘုရား)။

ဒကာသစ် သတိထားနော် (မှန်ပါ့) အားလုံး ဒကာ ဒကာမတွေ သတိထားပါ (မှန်ပါ့)။

ဘာတွေ အဖြေထွက်လာသတုံး (အဝိဇ္ဇာပစ္စယာ သင်္ခါ ရာ၊ သင်္ခါရပစ္စယာ ဝိညာဏံ အဖြေ ထွက်လာ ပါတယ် ဘုရား)။

ကိုင်း ကောင်းကြသေးရဲ့လား (မကောင်းပါ ဒါချည်း လာနေတယ် (မှန်ပါ့)။

အဝိဇ္ဇာဆိုတာ မသိတာ (မှန်ပါ့) သင်္ခါရဆိုတာ ပြုချင် သလိုပြုတာ (မှန်ပါ့) ပြုချင်သလို ပြုလို့ ရောက်ချင် သလို ရောက်ရတဲ့ အပါယ်လေးပါး ခန္ဓာ ပေါ်လာတယ် (မှန်လှပါ ဘုရား)။

လူတစ်သိန်းသေလို့ နတ်ပြည်တစ်ယောက်မရောက်

ဒကာ ဒကာမတို့ မေ့လိုက်တာ ဆိုတဲ့ အဖြစ်ဟာ သေး သေးလား ကြီးကြီးလား (ကြီးကြီးပါ ဘုရား) တယ်ကြောက် စရာကောင်း ပါလား ဒကာကြွယ် (မှန်ပါ့)။

ဒါကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက လူတစ် သိန်း နတ်တစ်သိန်း သေလို့ကွ နတ်ပြည် တစ်ယောက် ပြန် မရောက်ဘူး၊ အကုန် အပါယ် သွားတယ် ဆိုတာ ဒီမေ့ပြစ်တွေ မှတ်စမ်းပါ (မှန်ပါ့)။

ဒကာ ဒကာမတို့ ဘယ်အပြစ်ကြောင့် ကျပါလိမ့် (မေ့ပြစ်ကြောင့် ကျပါတယ်ဘုရား)။

ကဲ ဒါဖြင့် မမေ့တာသည် အရိယာတရား (မှန်ပါ့) မေ့တာသည် အပါယ်လေးပါး သွားတဲ့ တရား (မှန်ပါ့)။

မေ့တာသည် အပါယ်သွားတဲ့ တရား

မေ့တာသည် (အပါယ်လေးပါး သွားတဲ့ တရားပါ) မမေ့တာသည် (အရိယာ တရားပါ ဘုရား)။

အရိယာ တရားဆိုတော့ ဘုန်းကြီးက မမေ့တဲ့ သတိပဋ္ဌာန် အလုပ်ကို ပေးလိုက်လို့ ရှိရင် ခင်ဗျားတို့ ဘာမှ မစိုးရိမ်နဲ့ (မှန်လှပါ) သဘောကျပလား (ကျပါပြီ)။

ဘာမှ မစိုးရိမ်နဲ့၊ ခန္ဓာကိုယ် ဖြစ်ပျက် တစ်ချက် မြင်လိုက် ရင် မစိုးရိမ်နဲ့ (မှန်ပါ့)။

ဒါ အနည်းဆုံး အင်မတန် အဖိုးတန်တဲ့ အလုပ်ဆိုတာ မှတ်လိုက်စမ်းပါ (မှန်ပါ့) ဖြစ်ပျက် ကျကျနန တစ်ချက် မြင်လိုက်လို့ရှိရင် ကျွတ်တမ်း ဝင်တယ် (မှန်ပါ့)။

ဒါဖြင့် မမြင်, မြင်အောင် ကြိုးစားရမယ် (မှန်ပါ့ဘုရား) သဘောကျပလား (ကျပါပြီ) ဒါဖြင့် ဒါ, အရိယာ ဓမ္မပဲ။

အားထုတ်ကြစမ်းပါ အဖိုးတန်လို့ပြောတာ

ဖြစ်ပျက် မြင်တဲ့ ဓမ္မသည် (အရိယာ ဓမ္မ) အဲဒီ အရိယာ ဓမ္မ တစ်ချက်က အကုန်ကယ် နိုင်တယ် (မှန်ပါ့)။

ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ အားထုတ်ကြ စမ်းပါ၊ အားထုတ် ကြစမ်းပါ ဆိုတာ အဖိုးတန် လွန်းလို့ ပြောတာ ပါ (မှန်ပါ့)။

မေ့တော့ကို “အဝိဇ္ဇာ ပစ္စယာ သင်္ခါရာ, သင်္ခါရပစ္စယာ ဝိညာဏံ” ဒကာသစ် ဖြစ်ပါတယ် (မှန်ပါ့)။

မမေ့တော့ကို အဝိဇ္ဇာက ချုပ်တယ် (မှန်ပါ့) မချုပ်ဘူး လား (ချုပ်ပါတယ်ဘုရား)။ သင်္ခါရကကော (ချုပ်ပါတယ်) ဝိညာဏ် ဆိုတဲ့ အပါယ် ပဋိသန္ဓေ လေးပါး ကကော (ချုပ်ပါတယ် ဘုရား)။

အပါယ်ကို မသွားတော့ဘူး

ဪ ဒါဖြင့် သက်သေခံ လုံလောက်နေပြီ (မှန်ပါ့ လုံလောက်ပါပြီ) အပါယ်ကို မသွား တော့ဘူး (မှန်ပါ့) သွားသေးရဲ့လား (မသွားပါဘုရား)။

သြော် မမေ့တဲ့အတွက်ဟာ သိပ်အဖိုးတန်ပါလား (တန်ပါတယ် ဘုရား)။

ဦးမာဒင် ကျေနပ် လောက်ပါတယ် (ကျေနပ် လောက်ပါ တယ် ဘုရား) ကျေနပ်လောက်ပါ တယ် ဒကာ ဒကာမတို့ ဒါ ပဋိစ္စသမုပ္ပာဒ် ဖြစ်စဉ်ကို ဘုရား တားမရ သော်လည်း ခင်ဗျား တို့ ဉာဏ် တရားက တားလိုက်လို့ ဘုရား ဟောတော်မူတဲ့ အတိုင်း ဆရာ ဘုန်းကြီး ပေးတဲ့ ဉာဏ်တရားနဲ့ တားလိုက်လို့ ရှိရင် အဝိဇ္ဇာ – က ဝိဇ္ဇာ ဖြစ်သွားတယ် (မှန်ပါ့)။

သင်္ခါရက ပြုပြင်တဲ့ တရား အပါယ် ရောက်ဖို့ ပြုပြင် တက်တယ်၊ သူက အသင်္ခါရ မပြုပြင် တော့ဘူး ဟေ့ တဲ့ (မှန်ပါ့) သူကမှ မပြုပြင်တော့ အပါယ် ခန္ဓာကြီး ပေါ်ပါ့ဦး မလား (မပေါ် ပါဘုရား)။

ဖြစ်ပျက်မြင်ရင် ကျေနပ်ပါတယ်

ဪ ဒါဖြင့် ဒကာ ဒကာမတို့ အရိယာဓမ္မ တစ်ချက် ဟာ ဘယ်လောက် အဖိုးတန်သတုံး (တန်ပါတယ်) ဒါကြောင့် ဖြစ်ပျက်ကလေး တစ်ချက်မြင်ရင် ဘုန်းကြီး ကျေနပ်ပါတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။

ဒါနဲ့ ခုနင်က ဇာတ်ထုတ်ပဲ ဘုရား ဟောတော်မူတာ၊ ဘုရား တစ်ဆူ တစ်ဆူမှ တစ်ခါ ဟောတယ် ဆိုတော့ နားထောင် ပါဦးတဲ့ (မှန်ပါ့) ဒီမှာ ငါးချက် ဟောတယ် ဆိုတော့ “အဝိဇ္ဇာ ပစ္စယာ သင်္ခါရာ၊ သင်္ခါရပစ္စယာ ဝိညာဏံ” ချည်း ဦးမာဒင် လာတော့တယ် (လာပါတယ် ဘုရား)။

မင်းမေ့ပြစ်သည် မင်းနဲ့သာ ဆိုင်တယ်

အဲဒီ မင်း မေ့ပြစ်သည်ကားလို့ ဆိုရင် မင်း သား, မင်း သမီး, မင်း ဆွေမျိုး, ရဟန်း ပုဏ္ဏား နဲ့တကွ ဘယ်သူမှ မဆိုင်ဘူး မင်းသာ ဆိုင်တယ် ဆိုပြီး စစ်စရာ မရှိတော့ ဟိုက ယမမင်းက ငြိမ်နေလိုက်တယ် (မှန်ပါ့ ဘုရား)။

ငြိမ်နေလိုက်သည်နဲ့ တစ်ပြိုင်နက်တည်း ခုနင်က ပုဂ္ဂိုလ် ကို လက်မောင်း တစ်ဖက် နှစ်ယောက်စီ ငရဲထိန်းတွေက ဆွဲပြီး တော့ ရဲရဲပူတဲ့ သံပြားကြီး ပေါ်မှာ အိပ်ခိုင်းတယ် (မှန်ပါ့ ဘုရား)။

ရဲရဲပူတဲ့ သံပြားပေါ်မှာ ဆွဲလှဲတယ်

ရဲရဲပူတဲ့ သံပြားကြီး ပေါ်မှာ ဆွဲလှဲချပြီးသကာလ လက်တွေ ပေါ်မှာလည်း ရဲရဲပူတဲ့ သံပြားကြီး တွေနဲ့ သံမယ်နကြီး တွေပေါ့ ဗျာ (မှန်ပါ့) ကျုပ်တို့ လိုပြောတော့ သံချောင်းတွေနဲ့ လက်ဝါး ကပ်တိုင် ရိုက်သလို ရိုက်တယ် (မှန်ပါ့ဘုရား)။

ဒကာ ဒကာမတို့ ခံနိုင်ရည် ရှိပါ့မလား (မရှိပါ) ဒါ ငရဲ မကျသေးဘူး၊ ရှေးဦးစွာ အပြစ်သင့်တာ မေ့ပြစ် ကလေးတွေ ပြောတာ (မှန်ပါ့ဘုရား)။

ကဲ ဦးသန်းမောင်တို့ ဒီလိုကျတော့ ခံနိုင်ရည် ရှိပါ့မလား (မရှိပါ ဘုရား)။

အောက်ကလည်း သံပြားက ရဲရဲပူ(မှန်ပါ့) အရောင်နဲ တကွ အခိုး မပါဘူးတဲ့ (မှန်ပါ့) အခိုး ပါရင် ဖျော့နေမှာစိုးလို အရောင်နဲ့တကွ နီရဲနေတဲ့ အပေါ်မှာ ပက်လက်လှန် အိပ်ခိုင်းတယ် (မှန်ပါ့ ဘုရား)။

ဗိုက်ဖောက်ပြီး သံရိုက်တယ်

ပက်လက်လှန် အိပ်ခိုင်းတော့မှ ခြေဖဝါးရော လက်ဖဝါ ရော ခြေထောက် မှာလည်း ခုနင်က နီနေတဲ့ သံချောင်းကြီးနဲ့ ထပ်ပြီး ရိုက်တယ် (မှန်ပါ့) လက်ဖဝါးတွေလည်း ရိုက်၊ အလယ် ဗိုက် ဖောက်ပြီး ရိုက်လိုက်၊ ငါးချက် ရိုက်ချတယ် (မှန်ပါ့ ဘုရား)။

ဦးမာဒင်ကြီး ဘယ့်နှယ်လုပ် သည်းခံမလဲ (မခံနိုင်ပါ) ဒကာကြွယ် ဘယ့်နှယ် လုပ်ကြမလဲ (သည်းမခံ နိုင်ပါ) ဘာအပြစ်သင့်လို့ ဒီ အပြစ် ရောက်ပါလိမ့် (မေ့ပြစ်ပါ) သြော် မမေ့ လိုက်ရင် တို့ ပြီးတော့မှာကိုး (မှန်ပါ့ ဘုရား)။

မမေ့လိုက်ရင် (ပြီးတော့မှာပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

မမေ့လိုက်ရင် သိပ်ကောင်း တယ်နော် (မှန်ပါ့) မမေ့တာ ကြည့်ပါ၊ ဒီမှာ ပြနေတယ် ဒကာ ဒကာမတို့ မမေ့တာ ဝိဇ္ဇာလား အဝိဇ္ဇာလား (ဝိဇ္ဇာပါ) ဝိဇ္ဇာ ဆိုကတည်းက အဝိဇ္ဇာ ရှိသေးရဲ့ လား (မရှိပါ) မရှိ ကတည်းက ဒီ သင်္ခါရကော (မရှိပါ) ဒါက ရှိကတည်းက ဒီ အပါယ် ခန္ဓာကိုယ် ပေါ်ပါ ဦးမလား (မပေါ်ပါ ဘုရား)။

ဖြစ်ပျက်မြင်မှု အရေးကြီးတယ်

သြော် ဒါဖြင့် တို့သည် အရိယာဓမ္မ မမေ့မှု အရေးကြီး ပါလား (မှန်ပါ့) ဖြစ်ပျက် မြင်မှု အရေး ကြီးတယ် (မှန်ပါ့) ဖြစ်ပျက် အဆုံး ဖြစ်တဲ့ နိဗ္ဗာန်မြင်မှု (အရေးကြီး ပါတယ်) ကိုင်း ဒါ မမေ့တဲ့ ပုဂ္ဂိုလ် မြင်တာပဲ (မှန်ပါ့ ဘုရား)။

သူ့ကျတော့လည်း သွားပါ ဆိုလို့ ဘယ်သူက တွန်းတွန်း မသွားရဘူး၊ အဝိဇ္ဇာ သင်္ခါရက ပို့မှ ရောက်မှာ ကိုး (မှန်ပါ့) အဝိဇ္ဇာ ချုပ်တော့ သင်္ခါရက ပို့နိုင်သေးရဲ့ လား (မပို့နိုင်ပါ ဘုရား)။

သင်္ခါရကမှ မပို့နိုင်လို့ရှိရင် အပါယ် ဝိညာဏ် ခန္ဓာကြီး ခုနင်က သံပြားပူ ပေါ်အိပ်ပြီး၊ မယ်န ငါးချက် နှက်တဲ့ အခြေအနေကော ရောက်စရာ ရှိသေးရဲ့လား (မရှိပါ ဘုရား)။

ကဲ ဦးမာဒင်တို့ ကျေနပ်ပလား (ကျေနပ်ပါပြီ) မေ့ပြစ် လေ ဘယ်လောက် ကြီးတယ် ဆိုတာ (ကြီးပါတယ်) ပေါ်ကြပ လား (ပေါ်ပါပြီဘုရား)။

ငရဲခံရတယ်ဆိုတာ

ဒီတွင်မှ တစ်ခါတည်းသူ့ကို တစ်ခါ အင်မတန် ရဲရဲပူတဲ့ သံပြားကြီးတွေနဲ့ ကော်ပြီးတော့ သံမယ်နတွေ နုတ်ပြီး သကာလ ဒကာ ဒကာမတို့ မီးတောင်ကြီး ပေါ်မှာ နွားလုပ် မောင်းပြီး ဆင်း ချည်တက် ချည်ခိုင်းတယ် (မှန်ပါ့) ဘယ်လောက် ကြောက်စရာ ကောင်းသတုံး (ကြောက်စရာ ကောင်းပါတယ် ဘုရား)။

မီးတောင်ကြီးပေါ် ဆင်းချည် တက်ချည်

မီးတောင်ကြီးပေါ်မှာ နွားလုပ်ပြီး သကာလ နွားသဖွယ် ဒီတောင်ကြီးကို ဆင်းချည် တက်ချည် ခိုင်းတယ် ဒကာ ဒကာမတို့ (မှန်ပါ့) အောက်က မီးတောင်နော် (မှန်ပါ့) အပေါ်က သူ့မောင်း နေတာက ငရဲသား (မှန်ပါ့) အဲဒီ အပေါ်မှာ ဆင်းချည် တက်ချည် အလုပ်ခိုင်း ပါတယ် (မှန်ပါ့) လုပ်နိုင် ကြပါ့မလား (မလုပ်ပါ) ဘယ်နည်းနဲ့မှ မလုပ်နိုင်ဘူး ဆိုတာ သေသေ ချာချာ မှတ်ပါ (မှန်ပါ့ ဘုရား)။

ခင်ဗျားတို့ အခု သူတစ်ပါး မျက်စောင်း ထိုးတာတော့ ရဲတယ်၊ အဲဒီ အပြစ်ကျတော့ ခံနိုင်ကြပါ့မလား (မခံနိုင်ပါ ဘုရား)။

မုသားကလေး ဖုံးကာ ဖိကာတော့ ခင်ဗျားတို့က နှုတ်ချို တာနဲ့ ဟုတ်သလိုလို ထင်ရငြား သော်လည်း ဒီ မုသား ပြစ်ကြောင့် အဲဒီ ရောက်မယ် ဆိုတော့ သြော် ပြောရတာနဲ့ ကာမိကြရဲ့လား (မကာမိပါ) ရှောင်ကြပါ ဆိုတာကို ဒီက သက်သေခံ နေပါတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဆူးပင်ကြီးပေါ် တက်ခိုင်း ဆင်းခိုင်း

ဒီတွင် မကသေး ပါဘူးတဲ့၊ ဒီတောင်ပေါ် တက်ချည် ဆင်းချည် ခိုင်းပြီး သည်၏ အခြားမဲ့၌တဲ့ ဒကာ ဒကာမတို့ လက်ပံ ပင်ကြီး ကလည်း ဆူးကြီးတွေနဲ့ လက်ပံပင်က သန်လည်း သန် တယ် (မှန်ပါ့) သန်လည်း သန်တော့ ဆူးက ၁၆-လက်မ ရှိတယ် (မှန်ပါ့) အဲဒါကြီးကို အောက်ကနေ လှံတွေနဲ့ ထိုးပြီး သကာလ တက်ဖြစ်အောင် တက်ခိုင်းတယ် (မှန်ပါ့) ရင်ဘတ်ငြိ ပခုံးငြိပြီး သကာလ တစ်ခါတည်း ဒကာ ဒကာမတို့ အောက်ကလည်း ထိုးနေတော့ အတင်း တက်ရတာ (မှန်ပါ့) သွေးရဲရဲ သံရဲရဲနဲ့ပဲ ရောက်သွားတာပဲ (မှန်ပါ့ ဘုရား)။

ကျွမ်းထိုးမှောက်ခုံ ဆင်းခိုင်း

ရောက်သည်နဲ့ တစ်ပြိုင်နက်တည်း အပေါ်ကနေ မြန်မြန် ဆင်းခဲ့ ဆိုတဲ့ အဓိပ္ပာယ်နဲ့ ကျွမ်းထိုး မှောက်ခုံ ဆင်းခဲ့ ရတယ် (မှန်ပါ့ ဘုရား)။ လုပ်နိုင်ကြပါ့မလား မေးလိုက်တယ် (မလုပ် နိုင်ကြပါ) သံပင်ကြီး ပေါ့နော် (မှန်ပါ့) ရဲရဲပြောင် နေတဲ့ သံပင်ကြီးပါ ဒကာ ဒကာမတို့ ငရဲ ဆိုတာ ခါးစည်းခံလို့ မရပါဘူး (မှန်ပါ့ဘုရား)။

ခင်ဗျားတို့လည်း ခါးစည်းကြိုး ဘယ်သူမှ မပေးပါဘူး (မှန်ပါ့) ခင်ဗျားတို့ဟာ ခင်ဗျားတို့ ပါးစပ်က ငရဲ ခါးစည်းခံမယ် ပြောတာ အလကားပါ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဖြစ်ပျက်မြင်ရင် ငရဲမီးသိမ်းတယ်

ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ အရင်းအနှီး တွေမို့ သြော် အပါယ် လေးပါး တံခါး ပိတ်ရင် တော်ပြီနော် (မှန်ပါ့) မမေ့ရင် ပိတ်တာပဲ ဆိုတာကော ရိပ်မိကြပလား (ရိပ်မိ ပါပြီဘုရား)။

ခန္ဓာကိုယ် တစ်ချက်တည်း ဖြစ်ပျက်ကလေး မြင်လိုက်လို့ ရှိရင် ခင်ဗျားတို့ ငရဲမီး သိမ်း၍ ငရဲအိုး ကုန်ပါတယ် (မှန်ပါ့) ငရဲမီးငြိမ်းရင် ငရဲအိုးသိမ်း ပါတယ် (မှန်ပါ့) လုပ်ဖြစ်အောင် လုပ်စမ်းပါ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီဘုရား)။

ဘင်ပုပ်ငရဲဆိုတာ

ဒါနဲ့ ဒီကနေ မပြီးသေးဘူး၊ ဒီက ဆင်းလာပြီး သကာလ ဘင်ပုပ်ငရဲလို့ တစ်ခါ တွေ့တယ် (မှန်ပါ့) ဘင်ပုပ်ငရဲ ဆိုတာက ဒကာ ဒကာမတို့ အပ်အသွားရှိတဲ့ ပိုးကောင်တွေက အသားတွေ ဖောက် အကြောတွေ ဖြတ်ပြီး ရိုးတွင်း ချဉ်ဆီကို စုပ်ပြီး စားတယ် (မှန်ပါ့) အဲဒီ အထဲမှာ လွှတ်ပေး လိုက်တယ် (မှန်ပါ့ ဘုရား)။

ဒကာ ဒကာမတို့ နေရဲပါ့မလား (မနေရဲပါ) စိတ်မှ ကူးရဲပါ့မလား (မကူးရဲပါဘုရား)။

ဒါဖြင့် အဝိဇ္ဇာက ဘာဖြစ်အောင် လုပ်ရမလဲ (ဝိဇ္ဇာဖြစ် အောင် လုပ်ရပါမယ်) မေ့မှုက မမေ့မှု ဖြစ်အောင်သာ လုပ်လိုက် (မှန်ပါ့)။

အနိစ္စမြင်ရင် အကုန်သွားတယ်

မေ့မှုက (မမေ့မှုဖြစ်အောင် လုပ်ရပါတယ်) ဘယ်သူ့ အပေါ်မှာ မမေ့ ရပါလိမ့် (ခန္ဓာ အပေါ်မှာပါ ဘုရား) ခန္ဓာပေါ်မှာ ဖြစ်ပျက်ကို မမေ့လိုက်ပါနဲ့ (မှန်ပါ့) အနိစ္စ တစ်ချက် မြင်ရင် အကုန် သွားတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အနိစ္စ တစ်ချက် မြင်ကတည်းက ဒကာ ဒကာမတို့ ဝိပဿနာ မဂ်က သေချာပြီ (သေချာပြီ) အဲဒီ အနိစ္စကို ဆုံးအောင် လုပ်လိုက်လို့ ရှိရင် လောကုတ္တရာ မဂ်ဖြစ်တော့ “စတူဟာ ပါယေဟိစ ဝိပ္ပမုတ္တော” ငါဘုရား သခင် ကိုယ်တော်မြတ်ကြီး ဟော တယ် (မှန်ပါ့ဘုရား)။

တကယ် မင်းတို့ ဒုက္ခသာ ချုပ်အောင်ရှု နိုင်လို့ရှိရင် မင်း အပါယ်လေးပါးဟာကွ မင်းအတွက် အကုန် သိမ်းတယ် (မှန်ပါ့ဘုရား) ဆိုတော့ ဦးမာဒင်တို့မှ ဦးသန်းမောင် တို့ ဦးဘထွေးတို့ အရိုး ကျေကျေ အရေ ခြောက်ခြောက် လုပ် (မှန်ပါ့) သဘောကျ ပလား (ကျပါပြီ)။

မလျှော့ကြပါနဲ့ အချိန်မီသေးလို့ပါ

ဘာလုပ် ရမလဲ (အရိုးကျေကျေ အရေ ခြောက်ခြောက် လုပ်ရပါမယ် ဘုရား) မလျှော့ကြပါနဲ့ ဆိုတာ သတိပေး လိုက်ပါ တယ် (မှန်ပါ့) အချိန်မီ သေးလို့ပါ (မှန်ပါ့) မမီတဲ့ ပုဂ္ဂိုလ်များ အတွက် ဘုန်းကြီးများ ဘယ်လိုမှ သတိ မပေးနိုင် တော့ပါဘူး (မှန်ပါ့ဘုရား) ဟိုမှာ ရောက်ရာမှာဖြင့် အမောင် ဒုက္ခရောက် မယ် (မှန်ပါ့)။

အရှင်လတ်လတ် ခံရတယ်

အဲဒါ ပြောပါရစေဦး၊ အရှင်ခံ ရသလား အသေခံ ရ သလား လို့ မေးတော့ ဒကာ ဒကာမတို့ ဒီက အဝိဇ္ဇာ မချုပ်သ၍ ကာလပတ်လုံး ဟိုမှာ အရှင်ချည်း ဖြစ်နေတယ် (မှန်ပါ့ ဘုရား) မီးလောင် လည်း မသေဘူး၊ လှံနဲ့ ထိုးလည်း မသေဘူး၊ သံမယ်နတွေ ရိုက်လည်း မသေဘူး (မှန်ပါ့ ဘုရား) ကဲ ဘယ် လောက် ကြောက်စရာ ကောင်းသလဲ (ကောင်းပါတယ် ဘုရား)။

သြော် ငါးကြော်လိုပဲ သေပြီးမှ အကြော်ခံ ရရင်တော့ အရေးမကြီးပါဘူး (မှန်ပါ့) ဒီလို ဆိုရင် ဘယ်သူ ဖြစ်ဖြစ် ခံရဲတာပေါ့၊ သေပြီးမှ အကြော်ခံ ရတာကိုး (မှန်ပါ့)။

အခုတော့ မဟုတ်ဘူး တဲ့၊ ဒီအထဲမှာ ဖျတ်ဖျတ် လူးပြီး အကြော်ခံ ရတာ (မှန်ပါ့) သေပါ တော့လား ဆိုတော့ မသေနိုင်ဘူးတဲ့၊ ဒီက အဝိဇ္ဇာက ကျေးဇူး ပြုတယ် (မှန်လှပါ)။

ခန္ဓာဆက်ဆက်ပြီး လုပ်ပေးတယ်

အဝိဇ္ဇာက တိုတို ပြောတော့ အဝိဇ္ဇာက ဟိုမှာ ခန္ဓာ ဆက် ဆက်ပြီး လုပ်ပေး နေတယ် (မှန်ပါ့) အဝိဇ္ဇာမချုပ်လို့ ဖြစ်ရတာ (မှန်ပါ့) ဒါဖြင့် အဝိဇ္ဇာ ချုပ်ဖို့ အရေး ဘုန်းကြီးက သတိ ပေးပါ တယ် (မှန်ပါ့ ဘုရား)။

ဒကာ ဒကာမတို့ ဟိုမှာ အရှင်ခံစရာ ရှိသေးရဲ့လား (မရှိပါ ဘုရား) အဝိဇ္ဇာ မချုပ်လို့ အဝိဇ္ဇာ သင်္ခါရ, သင်္ခါရ ကြောင့် – ဝိညာဏ် ဖြစ်ပြီး ဟိုမှာ အရှင် ဖြစ်နေတယ် (မှန်ပါ့)။

ဒီက အဝိဇ္ဇာသာ ချုပ်လိုက်လို့ ရှိရင်ဖြင့် ဒကာ ဒကာမတို့ သင်္ခါရလည်း မရှိ၊ ဒီ ဝိညာဏ်ကော ပေါ်ပါ ဦးမလား (မပေါ်ပါ ဘုရား)။

ကိုယ့်အရေးကို သိပြီးလုပ်ပါ

အဲဒါကြောင့် အခုချုပ်ရင် အခု ဒီ အပါယ်တံခါး ပိတ်တယ် (မှန်ပါ့ ဘုရား) လုပ်ဖြစ်အောင် လုပ်ပါ ဆိုတာ ဘုန်းကြီးက တိုက်တွန်းမှု စောင့်ရမှာလား၊ ကိုယ့်အရေး ကိုယ်သိပြီး လုပ်ရမှာလား (ကိုယ့်အရေး ကိုယ်သိပြီး လုပ်ရမှာပါ ဘုရား)။

ကြိုးစားကြစမ်းပါ ဆိုတာ လေးစားစွာနဲ့ပဲ တိုက်တွန်း နေ တယ် (မှန်ပါ့ ဘုရား)။

ဒါနဲ့ပဲ ဒီနေရာထဲမှာ နေပြန်တော့လည်း မပြီးသေးတာနဲ့ ဦးမာဒင်ရေ ငါးမျှား ချိတ်ကြီးနဲ့ ဆွဲပြီး ပြန်တင်တာပဲ (မှန်ပါ့ ဘုရား)။

မီးတောက်ထဲ ပစ်ထည့်တယ်

တင်ပြီး သကာလ ယူဇနာ တစ်ရာ ရှိတဲ့ သံတံတိုင်းကြီး တွေခတ်ထားတဲ့ အထဲ, မီးဟုန်းဟုန်း တောက်တဲ့ အထဲ ပစ်ထည့် တယ် (မှန်ပါ့ဘုရား)။

တစ်ခါတလေ အရှေ့တံခါးကပွင့်လို့ အရှေ့ဘက်ပြေး ပါတော့မယ် ဆိုရင်ဖြင့် ခြေထောက် တွေ, လက်တွေ အကုန် မီးလောင်ပြီး ဒီမှာလည်း မီးလောင်ခံပြီးလည်း ဟိုဘက်လွတ်အောင် ပြေးရသေးတယ်၊ သူရောက်သည်နဲ့ တံခါး ပြန်ပိတ်တယ် (မှန်ပါ့ ဘုရား)။

မီးလောင်ခံရတယ်

တံခါးပြန်ပိတ်ပြီး အနောက်တံခါးက ပွင့်ပြန်တော့ အနောက်ဘက် ပြေးပြန်တော့ လမ်းမှာ မီးလောင် ခံပြေး ရတာပဲ (မှန်ပါ့)။

ဟိုမှာလည်း သူရောက် ပိတ်ပြန်တာပဲ (မှန်ပါ့)။

ဒီလိုကော နေရဲကြပါ့ မလား (မရဲပါဘု ရား) ဒါ ဘယ်သူ့ကြောင့် ဆိုတာကော လက်သည် တွေ့ပလား (တွေ့ပါပြီ ဘုရား) မေ့ပြစ် (မှန်ပါ့)။

ဒကာ ဒကာမတို့ ဘာတဲ့ (မေ့ပြစ်ပါ ဘုရား) ဘယ်သူ့ အပေါ်မှာ မေ့တာတုံး (ခန္ဓာပေါ်မှာ မေ့တာပါ ဘုရား) ခန္ဓာ အပေါ်မှာ အနိစ္စ ရှိလျက်နဲ့ အနိစ္စ မသိတဲ့ မေ့ပြစ် (မှန်ပါ့)။

ဒုက္ခမရှုဖြစ်တဲ့ မေ့ပြစ်

ဒုက္ခ ရှိလျက်နဲ့ ဒုက္ခ မရှုဖြစ်တဲ့ မေ့ပြစ် (မှန်ပါ့ ဘုရား) အနတ္တ ရှိလျက်နဲ့ အနတ္တ မရှုဖြစ်တဲ့ (မေ့ပြစ်ပါ ဘုရား) တယ်လည်း ကြောက်စရာ ကောင်းပါလား (ကောင်းပါတယ် ဘုရား) သဘော ပါကြပလား (ပါပါပြီ ဘုရား)။

ဒီကနေပြီး သကာလ တက်လာပြန်တော့ ဒီအထဲမှာ မသေလည်း မီးလောင်ခံပြီး ပြေးရကာမှ တစ်ခါ ငရဲသားတွေက ဆွဲတင်ပြီး သကာလ အမောင် ဘာများ စားချင်သလဲလို့ မေးပြန် တယ် (မှန်ပါ့) ကျွန်တော် ထမင်း မစားရတာ ကြာပါပြီ ဆိုတော့ ကဲ ကဲ လှဲအိပ် ဆိုပြီးတော့ သံပြား ပေါ်မှာ လှဲပြီး ဒကာ ဒကာမ တို့ အင်မတန် ရဲရဲ ပူတဲ့ သံချွန်ကြီးတွေနဲ့ ပါးစပ် ဖြဲတယ် (မှန်ပါ့)။

ပါးစပ်ထဲ သံတွေ ခဲတွေလောင်း

ပြီးတော့မှ သံတွေခဲ ရဲရဲကြီးတွေ ပါးစပ်ထဲ လောင်းထည့် တယ် (မှန်ပါ့ဘုရား)။ သံတွေခဲ ရဲရဲကြီးတွေ လောင်းထည့်တဲ့ အခါ ပါးစပ်လောင် ပူလောင်ပြီး ဒွါရ ပေါက်က ထွက်တယ် (မှန်ပါ့)။

ဘယ်လောက် ကြောက်စရာ ကောင်းသတုံး (ကောင်း ပါတယ် ဘုရား) ဘယ်သူ လုပ်တဲ့ လက်ချက် ပါလိမ့် ဒကာ ဒကာမတို့ (အဝိဇ္ဇာ လက်ချက်ပါ ဘုရား) မေ့ပြစ်လေဗျာ (မှန်ပါ့ ဘုရား)။

ဒကာသစ် ဘာတဲ့ (မေ့ပြစ်ပါဘုရား) ဒါကြောင့် ဘုန်းကြီးတို့ သတိပဋ္ဌာန် ဆိုတာ မမေ့တာ (မှန်ပါ့) မမေ့တာဟာ မေ့ပြစ်ကို ကယ်တင်မယ် (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ)။

ဘုရားကိုယ်တော်တိုင် မြင်ပြီးပြောတာ

ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ သားရေး, သမီးရေး စီးပွားရေး အသာ ထားစမ်း ပါဦးတဲ့၊ ကိုယ့်အရေး ကိုယ် ကယ်တင်စမ်းပါ ဆိုတဲ့ မမေ့မှု အလုပ် ကလေးကို နေ့တိုင်း ပေးနေ တယ်၊ ကြိုးစားပါ ကြိုးစားပါ၊ သူများပြော, လူများပြောကို မယုံနဲ့ ဘုရားက ငါကိုယ်တိုင် မြင်ပြီး ပြောတာ ဆိုတာ ဧကန် ယုံပါ (မှန်ပါ့)။

သူများပြော လူများပြော ဟိုမှာ ငရဲခဏ်းကြီး ရေးထား တာ မယုံပါနဲ့ (မှန်ပါ့)။

အခု ကိုယ်တော်မြတ်ကြီးက ငါဘုရား ဖြစ်တဲ့နေ့က စပြီး ငါ အိမ်နှစ်ခုကြားမှာ နေတာပါတဲ့၊ တက်တဲ့ လူလည်း ငါမြင် ပါတယ်ကွတဲ့၊ ဆင်းတဲ့ လူလည်း ငါမြင်ပါတယ် (မှန်ပါ့ ဘုရား) ဆင်းတဲ့လူ ငရဲသွားတာလည်း ငါမြင်တယ်၊ တက်တဲ့လူ သုဂတိသွားတာလည်း ငါမြင်တယ် (မှန်ပါ့)။

သူများပြောသံ ကြားနဲ့ ပြောတာ မဟုတ်ဘူး (မှန်ပါ့) သူများ ပြောသံကြားနဲ့ ပြောတာ မဟုတ်ဘူး ငါ့မျက်လုံးဆိုတဲ့ ဒိဗ္ဗစက္ခုနဲ့ မြင်ပြီး ပြောတာပါ ဆိုတော့ ဦးသန်းမောင် မယုံစရာ မရှိပါဘူး (မရှိပါ ဘုရား) ဦးဘထွေး ဘယ့်နှယ်တုံး (မယုံစရာ မရှိပါဘုရား)။

ဘုရားပြောတာ ယုံလိုက်ပါ

အဲဒါကြောင့် ခင်ဗျားတို့ သားတွေ, မယားတွေနဲ့ အိမ်နီး ချင်းတွေနဲ့ ပတ်ဝန်းကျင်တွေနဲ့ အစိုးရ တွေနဲ့ တိုင်းပြည် လှည့်စား တာနဲ့ တော်လောက်ပြီ ဆိုပြီး မယုံပါနဲ့၊ ကိုယ့်အရေး ကိုယ်ကြီး လိုက်စမ်းပါ (မှန်ပါ့)။

သူများ ပြောတာကို မယုံနဲ့ ဘုရားက ကိုယ်တိုင် ပြောတာ ကို ယုံလိုက်ပါ (မှန်ပါ့) မမေ့တာ ဘယ်လောက် အဖိုးတန်တယ် ဆိုတာ ရိပ်မိပလား (ရိပ်မိ ပါပြီ)။

ဟောဒီ မမေ့တော့ သူကလည်း ဝိဇ္ဇာ ဖြစ်ပါရော့ ဖြစ်ပျက် မြင်တဲ့ ဝိဇ္ဇာ ဖြစ်တယ် (မှန်ပါ့) ဝိဇ္ဇာ ဖြစ်ရင် သင်္ခါရက ချုပ်သွားတယ် (မှန်ပါ့)။

အပါယ် သွားစရာ ဝိညာဏ် ပေါ်ဦးမလား (မပေါ်ပါ ဘုရား) မမေ့တဲ့ သတ္တိ တယ် အဖိုးတန် ပါလား ဆိုတာ ပေါ်လာတယ် (ပေါ်လာ ပါတယ်) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဪ ဒါဖြင့် သတိပဋ္ဌာန် ပါဠိတော် ဆိုတဲ့ ဥစ္စာ ဒကာ ဒကာမတို့ ဘုရား အဆူဆူ မစွန့်ဘူး ဆိုတာ အပါယ်လေးပါး ပိတ်တဲ့တရားမို့ (မှန်ပါ့) ဘုရားပွင့် လာပြန်ရင် သူ ဟော ရပြန်ပြီ (မှန်ပါ့) မမေ့တဲ့ တရားပဲ ဟောရတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ပါးစပ်ထဲ ကြေးရည်ပူတွေလောင်းတယ်

ကိုင်း ဒါနဲ့ပဲ ဒကာ ဒကာမတို့ ဒီလိုနဲ့ပဲ အမောင် ဘာ ဆာ ပြန်သတုံး မေးပြန်တယ် (မှန်ပါ့) ဘာ ဆာပြန်သတုံး မေးတော့ ကျွန်တော် ရေ မသောက်ရတာ ကြာပါပြီ ဆိုတော့လည်း ဒကာ ဒကာမတို့ ကြေးရည် ပူတွေ ယူလာပြီး လောင်း ပြန်တယ် ပါးစပ်ထဲ ဖြဲ လောင်းတာပဲ (မှန်ပါ့) ပါးစပ်လောင်၊ အထဲက အူသိမ် အူမတွေလောင်၊ ဒွါရပေါက်က ထွက်သွားတာပဲ ဒကာ ဒကာမတို့ (မှန်ပါ့) စ, စရာ ပါ, ပါရဲ့လား (မပါ,ပါ) ခံနိုင်ရည် ရှိပါ့မလား (မရှိပါ) ခါးစည်း ကြိုး ပေးရ ဦးမလား၊ ပေးလည်း မရပါဘူး၊ ခါးစည်းကြိုး ပေးရင် ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

မရပါဘူး ဒကာ ဒကာမတို့ ခင်ဗျားတို့ ဒေါသ အလိုက်က အပါယ်များ ကျုပ်မကြောက်ဘူး မင်းတို့နဲ့ ဖြစ်ရလို့ရှိရင် အပါယ်ကို ငါ ခါးစည်းခံမယ် ကိစ္စ မရှိဘူးတဲ့ (မှန်ပါ့) ဒီလို ဒေါသ အလိုက် ပြောငြား သော်လည်း ခါးစည်းကြိုး ပေးမည့်လူ လဲ မရှိပါဘူး (မရှိပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ)။

ခါးစည်းကြိုး မရှိလို့ရှိရင် ကယ်မည့် ယူမည့် တရားဖြင့် အရိယာဓမ္မပဲ ရှိတယ် (မှန်လှပါ ဘုရား) ရှင်းကြပလား (ရှင်း ပါပြီ ဘုရား)။

အရိယာဓမ္မ လုပ်ရမယ်

ဒါဖြင့် ဘာလုပ်ရပါလိမ့် (အရိယာဓမ္မ လုပ်ရပါမယ်)။

ဒါနဲ့ ဒကာ ဒကာမတို့ ဘုရားသခင် ကိုယ်တော်မြတ်ကြီး က ဟောတယ်၊ ဘယ်လို ဟောလိုက် သတုံး ဆိုလို့ ရှိရင် ဒကာ ဒကာမတို့ အရိယာဓမ္မတွေ မင်းတို့ မေ့နေလို့ ရှိရင်ဖြင့် ကွာတဲ့၊ ဒီ အပါယ် ငရဲ ဟာဖြင့် မင်းတို့ အိမ်သာ မှတ်တော့ (မှန်ပါ့ ဘုရား)။

အပါယ်ငရဲဟာ မင်းတို့အိမ်သာမှတ်

အရိယာဓမ္မ မေ့ရင် အပါယ်ငရဲဟာ (တပည့်တော်တို့ အိမ်ပါ ဘုရား) မင်းတို့ အိမ်သာ မှတ်တော့ ဆိုတော့ ဒကာ ဒကာမ တို့ အရိယာဓမ္မ မေ့သင့်ပါ့မလား (မမေ့သင့်ပါ ဘုရား)။

အဲဒါ ဘုန်းကြီးက အဖိုး တန်အောင် ပြောတယ်လို့ မယူ ကြပါနဲ့နော် (မှန်ပါ့ ဘုရား)။

ဒကာကြီးတို့ ဒကာမကြီးတို့ ဆေးရှိငြား သော်လည်း အိမ်နားမှာ အပင် ပေါက်နေ ငြား သော်လည်း ကိုယ့်မှာ ဝေဒနာ ဖြစ်ငြား သော်လည်း အိမ်နားမှာလည်း ဆေးပင် ရှိငြား သော်လည်း ဆေးပင် မသိရင် ဒီလူ ဒီ ဝေဒနာနဲ့ သေမယ် (မှန်ပါ့)။

ဆေးပင်ရှိလျက် ဆေးပင်မှန်းမသိလို့

အိမ်နားမှာတော့ ဆေးပင် ရှိတယ် (မှန်ပါ့) သို့သော် ဆေးအဖြစ် သောက်လိုက်ရင် ပျောက်တယ် ဆိုတာ သူမသိတော့ ဒကာ ဒကာမတို့ ဘယ်နည်းနဲ့မှ ဒီ ဝေဒနာရှင် သက်သာ ခွင့်ရ မလား (မရပါ ဘုရား)။

သူ့အိမ်နားမှာ ဆေးပင် ရှိလျက်သားနဲ့ ဘာဖြစ်လို့ ဒီ ဝေဒနာ မသက်သာဘဲနဲ့ သေပွဲ ဝင်ရသတုံး မေးလို့ ရှိရင်ဖြင့် ဆေးပင် ရှိလျက် ဆေးပင်မှန်း မသိဘူး (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဆေးပင်တော့ (ရှိပါတယ်ဘုရား) လူနာရှင်က ဘာ မသိပါလိမ့် (ဆေးပင်မှန်း မသိပါ ဘုရား)။

အဲဒီတော့ သာသနာပ ဆိုရင် ဝိဇ္ဇာဖြစ်တဲ့ ဆေးပင်ကို ဘယ်သူမှ ရှာမသွားနိုင်ဘူး (မှန်ပါ့ ဘုရား)။

ဝိဇ္ဇာဖြစ်တဲ့ ဆေးပင်ကို (ဘယ်သူမှ ရှာမသွားနိုင်ပါ ဘုရား) အဲ ဟောမည့်သူ ဘုန်းကြီးများ ရှိသေးတယ် (မှန်ပါ့၊) ဆရာတော် သမားတော်တွေ ရှိသေးတယ် (မှန်ပါ့)။

ဘုန်းကြီးတို့ တစ်သက်နှစ်သက်

အဲဒီတော့ အိမ်နားတွင် ပေါက်တဲ့ ဆေးပင်ဟာ ဆေးမှန်း သိလို့ သောက်ရင် ရောဂါ ပျောက်ပါ လိမ့်မယ် (မှန်ပါ့ ဘုရား) နောက် ဘုန်းကြီးတို့ တစ်သက် နှစ်သက် ဆိုသလိုပေါ့ ဗျာ သာသနာကွယ် သွားတော့ ဦးမာဒင် ဒီဆေးပင်ဟာ အနားရှိငြား သော်လည်း ဘယ့်နှယ်တုံး (မသိပါ ဘုရား) ဝေဒနာရှင်က ဆေးပင်လို့ သိပါ့မလား (မသိပါ ဘုရား)။

အဲဒီတော့ စာအုပ်တွေ ဘယ်လို တင်တင်၊ ကျောက်စာ တွေ ဘယ်လို ထုထားခဲ့ ထားခဲ့ ဆေးပင်မှန်း မသိဘူး (မှန်ပါ့) သိပါ့မလား (မသိပါ ဘုရား)။

အခုလို လက်ထပ်ပြပြီး သကာလ လက်ထပ် ပြောနေ တုန်းကို ခင်ဗျားတို့ မြန်မြန် ပြီးအောင် လုပ်လိုက် (မှန်ပါ့) ရှင်း ပလား (ရှင်းပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် အလုပ် လုပ်မှ ရမယ် ဆိုတာလည်း ပေါ်ကြ ပြီ (ပေါ်ပါပြီဘုရား)။

အလုပ်လုပ်မှ ဝိဇ္ဇာဖြစ်တယ်

ဘာလုပ်ရမယ် (အလုပ်လုပ်မှ ရပါမယ် ဘုရား) အလုပ် လုပ်မှ ဝိဇ္ဇာဖြစ်တယ် (မှန်ပါ့) အလုပ် မလုပ်လို့ရှိရင် (ဝိဇ္ဇာ မဖြစ်ပါဘူး) ဝိဇ္ဇာ မဖြစ်ဘူး ဆိုတာ သေချာပလား (သေချာပါ ပြီ ဘုရား)။

ကဲ ဒါဖြင့် ဒကာ ဒကာမတို့ အလုပ်လုပ်မှ ဖြစ်မှာဖြင့် တိုတိုပဲ ပြောကြပါစို့၊ ကဲ နာရီက ပိုသွားလို့ (မှန်ပါ့) ဒကာ ဒကာမတို့ သူတစ်ပါးစိတ် အကဲခတ်ရတာနဲ့ ကိုယ့်စိတ် အကဲ ခတ်ရတာနဲ့ ဒကာကြွယ်, ဒကာသစ် ဘယ်ဟာက လွယ်သတုံး (ကိုယ့်စိတ် အကဲခတ် ရတာက လွယ်ပါတယ် ဘုရား)။

ဟုတ်ကြရဲ့ လား ဒကာ ဒကာမတို့ (ဟုတ်ပါတယ် ဘုရား) သူများ စိတ် အကဲခတ် ရတာက မှားတယ် ရှိ မှန်တယ် ရှိ (မှန်ပါ့ ဘုရား) ကိုယ့်စိတ် အကဲခတ် ရတာကတော့ (မှန်ပါ တယ် ဘုရား) အမှန်ချည်းပဲ ဆိုတာ သေချာပလား (သေချာပါ ပြီ) သဘောကျပြီနော် (ကျပါပြီ)။

ကိုယ့်စိတ်ကိုယ် အကဲခတ်

ဒါဖြင့် ကိုယ့်စိတ်ကို ပဌမစိတ်ကို ရှိ မရှိ နောက်စိတ်နဲ့ အကဲခတ်ပါ (မှန်ပါ့) ၁-နံပါတ်ကို ၂-နဲ့ အကဲခတ် (မှန်ပါ့ ဘုရား)။

၁-နံပါတ်ကို (၂-နဲ့ အကဲခတ် ရပါမယ် ဘုရား) ကဲ လောဘစိတ်က အရင် ဖြစ်တယ်၊ ရှိ-မရှိ မဂ်နဲ့ အကဲခတ်လိုက် (မရှိပါ ဘုရား)။

မရှိတော့ မရှိတာကို အနိစ္စ၊ အကဲခတ်တာက မဂ္ဂပဲ (မှန်ပါ့ ဘုရား)။

မရှိတာ အနိစ္စ၊ သိတာက မဂ္ဂ

ဒေါသစိတ် ကလေး ဖြစ်လာတယ်၊ ရှိ-မရှိ အကဲခတ်စမ်း (မရှိပါ ဘုရား) မရှိတာက (အနိစ္စပါ ဘုရား) သိတာက (မဂ္ဂပါ ဘုရား) မဂ္ဂဆိုရင် ဝိဇ္ဇာ ဖြစ်ပြီ (မှန်ပါ့) အဝိဇ္ဇာ ချုပ်ပြီ (မှန်ပါ့) မချုပ် သေးဘူးလား (ချုပ်ပါပြီ ဘုရား) ဒီ အပါယ်သွား စရာ ရှိသေးရဲ့လား (မရှိပါ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ အချိန်ကလည်း ကုန်သွားလို့ ကိုယ့်စိတ်ကိုယ် အကဲခတ်တာ မဂ္ဂင် (မှန်ပါ့)။

ကိုယ့်စိတ်ကိုယ် အကဲခတ်တာ (မဂ္ဂင်ပါ ဘုရား) ကိုယ့်စိတ် အကဲခတ်တဲ့ အခါကျလို့ ရှိရင် လောဘစိတ် ဖြစ်ရင် လည်း နောက်က အကဲခတ်၊ ဒေါသ ဖြစ်ရင်ကော (အကဲခတ်ရ ပါမယ် ဘုရား) မောဟကလေး ဖြစ်ရင်ကော (အကဲခတ် ရပါမယ် ဘုရား) အိပ်ချင်တဲ့ စိတ်ကလေး ဖြစ်နေရင်ကော (အကဲခတ် ရပါမယ် ဘုရား)။

ဝိပဿနာ ဖြစ်ပါတယ်

အဲဒါ ဘယ်သူ ဟောသတုံး ဆိုတော့ ရှင်သာရိပုတ္တရာနဲ့ ဘုရား ဟောတယ် (မှန်ပါ့) ရှင်သာရိပုတ္တရာရော, ဘုရားရော၊ ဟေ့ ကွာတဲ့၊ ဝိပဿနာဆိုတာ အလွယ်ကလေးပါ (မှန်ပါ့ ဘုရား) ကိုယ့်စိတ်ကိုယ် အကဲခတ် တတ်လို့ ရှိရင် ဝိပဿနာ ဖြစ်ပါ တယ် (မှန်ပါ့)။

အိပ်ချင်တဲ့စိတ်

ကိုယ့်စိတ်ကိုယ် အကဲခတ် တတ်ရင် (ဝိပဿနာဖြစ်ပါ တယ်ဘုရား) သဘော ကျပလား (ကျပါပြီ)။

ဘာပြုလို့တုန်း ဆိုတော့ ဒကာ ဒကာမတွေ အိပ်ချင်တဲ့ စိတ်ကလေး လာတယ်၊ အင်း ဒါ, ဘာပါလိမ့်မတုံးလို့ အကဲ ခတ် လိုက်စမ်း (မှန်ပါ့)။

အကဲခတ်တဲ့ စိတ်

အကဲခတ်လိုက်တဲ့ အခါကျတော့ အကဲခတ်တဲ့ စိတ်သာ ရှိတော့တယ်၊ အိပ်ချင်တဲ့ စိတ် ရှိသေးရဲ့ လား (မရှိပါ ဘုရား)။

ဟာ ခုနင်က အိပ်ချင်တာ မရှိတော့ဘူး ဆိုတော့ မရှိတာ အနိစ္စ၊ အကဲခတ်တာက မဂ္ဂ ဝိဇ္ဇာ (မှန်ပါ့) မဂ္ဂ ဝိဇ္ဇာ မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား)။

ပျံ့လွင့်တဲ့စိတ်

စိတ်ကလေးက ပျံ့လွင့်တယ်၊ ပျံ့လွင့်တဲ့ စိတ်ကလေး ရှိသေးလား အကဲခတ်စမ်း (မရှိပါ ဘုရား) မရှိတာ ဘာခေါ်မယ် (အနိစ္စပါ ဘုရား) သိတာက (မဂ္ဂပါ ဘုရား)။

မရှိမှန်း သိတာက မဂ္ဂဆိုတော့ ဦးမာဒင် မလွယ်လား (လွယ်ပါတယ် ဘုရား) ကဲ ဦးဘထွေးတို့ ဘယ့်နှယ်တုံး (လွယ်ပါတယ် ဘုရား)။

အကဲခတ်ရမယ်

ဘာ အကဲခတ်ရမှာတုံး (မရှိတာ အကဲခတ် ရပါမယ် ဘုရား) ကိုယ့်စိတ် ကိုယ် အကဲခတ်ရ မယ် (မှန်ပါ့)။

ကိုယ့်စိတ်က ရှေ့နားက၊ အကဲခတ်တာက နောက်က မဂ္ဂ (မှန်ပါ့)။

ကိုယ့်စိတ်က အနိစ္စ (မှန်ပါ့) အကဲခတ်တာက (မဂ္ဂပါ ဘုရား)။

စိတ်ပေါ်တိုင်း ပေါ်တိုင်း အကဲခတ်

ဒါဖြင့် ကိုယ့်စိတ် ပေါ်တိုင်း ပေါ်တိုင်း အကဲခတ်၊ ရှူတဲ့ စိတ်လာလည်း ရှိ-မရှိ အကဲခတ်၊ ရှိုက်တဲ့ စိတ်လာကော (ရှိ- မရှိ အကဲခတ် ရမှာပါ ဘုရား) စားချင်တဲ့စိတ် လာရင်ကော (ရှိ- မရှိ အကဲခတ် ရမှာပါ ဘုရား)။

အကဲခတ်တော့ ဘာတွေ့သတုံး (မရှိတာတွေ့ပါတယ်) မရှိတာ တွေ့တော့ မရှိတာက ဘာခေါ်မယ် (အနိစ္စပါ ဘုရား) အင်း အကဲခတ် တာဟာ (မဂ္ဂပါ ဘုရား)။

ကိုယ့်ခန္ဓာ ပျက်တာ ကိုယ်သိတယ်

ဒီလိုချည်း ဆိုတော့ ဒကာ ဒကာမတို့ ကိုယ့်ဝိညာဏ်က ခန္ဓာ ပျက်တာ ကိုယ်သိတယ် (မှန်ပါ့)။

ဒါဖြင့် ကိုယ့်ခန္ဓာကြီးဟာ အနိစ္စ ခန္ဓာဆိုတာ သူများပြော လား ကိုယ့်ဟာကိုယ် အကဲခတ်တာနဲ့ သိတာလား (ကိုယ့် ဟာ ကိုယ် အကဲခတ်တာနဲ့ သိတာပါ ဘုရား)။

ဒါဖြင့် အကဲခတ်တာနဲ့ သိတော့ မသိတာက အဝိဇ္ဇာ၊ သိတာက (ဝိဇ္ဇာပါ ဘုရား) ဝိဇ္ဇာ မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား)။

ဝိဇ္ဇာဖြစ်တော့ အဝိဇ္ဇာချုပ်တယ်

ဝိဇ္ဇာဖြစ်တော့ အဝိဇ္ဇာက မချုပ်ဘူးလား (ချုပ်ပါတယ်) အဝိဇ္ဇာချုပ်တော့ သင်္ခါရ ကကော (ချုပ်ပါတယ်) သင်္ခါရ ချုပ်တော့ကို ဒကာ ဒကာမတို့ ဒီခန္ဓာတွေကကော (ချုပ်ပါတယ် ဘုရား)။

အဲဒီ ဝိဇ္ဇာတစ်လုံး ဖြစ်လိုက်လို့ရှိရင် ဝိဇ္ဇာ ဖြစ်ကတည်းက ဒိဋ္ဌိကော ရော ချုပ်တယ် (မှန်ပါ့) တဏှာကော (ချုပ်ပါတယ် ဘုရား)။

မဂ်တစ်ကြိမ် ပေါ်ရင် အကုန်ပျောက်တယ်

ချုပ်တယ် ဆိုကတည်းက ဒိဋ္ဌိကြောင့် ခုနင်က အပါယ် ခန္ဓာ ဖြစ်ရတယ်၊ တဏှာကြောင့် အပါယ်ခန္ဓာ ဖြစ်ရတာတွေဟာ ဒကာ ဒကာမတို့ တစ်သံသရာလုံးဖြစ်၊ မဂ်တစ်ကြိမ် ပေါ်ရင် အကုန်ပျောက် (မှန်ပါ့)။

ဝိဇ္ဇာ တစ်ကြိမ် ပေါ်ရင် (အကုန် ပျောက်ပါတယ် ဘုရား) ဒါဖြင့် ဒကာ ဒကာမတို့ အပါယ် လေးပါးလည်း မသွားပါနဲ့တော့ (မှန်ပါ့ ဘုရား)။

ဝိဇ္ဇာနဲ့ အပါယ်ကြွေးတွေ ဆပ်လိုက်ရင် မပြီးဘူးလား (ပြီးပါတယ် ဘုရား) ဝိဇ္ဇာနဲ့ ဖြစ်ပျက်သိတဲ့ ဉာဏ်နဲ့ အပါယ် ကြွေးဆပ် လိုက်ရင် မပြီးဘူးလား (ပြီးပါတယ်) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

အပါယ်ကြွေးကို ဝိဇ္ဇာဉာဏ်နဲ့ ဆပ်ပါ

ဒါဖြင့် ဒကာ ဒကာမတို့ ဘာနဲ့ ကြွေးဆပ်ကြမယ် (ဝိဇ္ဇာနဲ့ ကြွေးဆပ်ကြပါမယ် ဘုရား)။

ဝိဇ္ဇာဉာဏ်နဲ့ ကြွေးဆပ်ပါ (မှန်ပါ့) ဝိဇ္ဇာဉာဏ် ဆိုတာ အလိုလို ပေါ်တာလား ဖြစ်ပျက် မြင်မှ ပေါ်တာလား (ဖြစ်ပျက် မြင်မှ ပေါ်တာပါ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ၁-နံပါတ်စိတ်က ဖြစ်ပျက် (မှန်ပါ့) ၂-နံပါတ်က အကဲခတ်တာက (မဂ္ဂပါဘုရား) သဘော ကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ၁-နောက်ကို ၂-လိုက်နေရင် အပါယ်လေးပါး ပိတ်တယ် (မှန်ပါ့)။

၁-နောက်ကို (၂-လိုက်နေရင် အပါယ်တံခါး ပိတ်ပါ တယ်ဘုရား)။

၁-က ဘာပါလိမ့်မတုံး (အနိစ္စပါဘုရား) ၂-က ဘာ ပါလိမ့်မတုံး (မဂ္ဂပါ) အကဲခတ်တာ (မှန်ပါ့)။

အကဲခတ်တာ မဂ်

၁-က ဘာပါလိမ့်မတုံး ( အနိစ္စ) ၂-က ဘာတုံး (အကဲခတ်တာပါ) အကဲခတ်တာ မဂ် မဖြစ်ဘူးလား (ဖြစ်ပါ တယ်) အဲဒါ မဂ်က ဝိဇ္ဇာ ဆိုတာ ပေါ်ပလား (ပေါ်ပါပြီဘုရား)။

ဒါဖြင့် အဝိဇ္ဇာချုပ် မချုပ် (ချုပ်ပါတယ် ဘုရား) အဝိဇ္ဇာ ချုပ်ရင် သင်္ခါရ ကကော (ချုပ်ပါတယ် ဘုရား)။

ဒါဖြင့် အပါယ်ခန္ဓာ ဝိညာဏ်ဟာကော (ချုပ်ပါတယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဝိဇ္ဇာမဂ္ဂင်နဲ့ အကဲခတ် လိုက်လို့ ရှိရင် အပါယ် ကြောက်စရာ ရှိသေးရဲ့ လား (မရှိပါဘုရား)။

အပါယ်ကြွေးတွေ ကျေတယ်

အဲဒီတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ နောက် ဘဝက လုပ်လာတဲ့ အပါယ် ကြွေးတွေ ကလည်း ရှိသေးတယ် (မှန်ပါ့) ဒီဘဝ မသိ မလိမ္မာခင်က လုပ်ထားတဲ့ အပါယ်ကြွေး တွေကကော (ရှိပါတယ် ဘုရား)။

အဲဒါ ဝိဇ္ဇာ တစ်လုံးတည်းနဲ့ ဆပ်လိုက်လို့ ရှိရင် ဒကာ ဒကာမတို့ ကြွေးတစ်သိန်း တင်နေတာ ဆားတစ်လျက်နဲ့ ကျေပါ တယ် (မှန်ပါ့ဘုရား) ကြွေးတစ်သိန်း တင်နေတာ (ဆားတစ်လျက်နဲ့ ကျေပါတယ် ဘုရား)။

ဝိဇ္ဇာနဲ့ ဆပ်လိုက်ပါ ကြွေးကျေပါတယ်

ဒီ ဆားတစ်လျက်မှ ခင်ဗျားတို့ မလျက်ချင်ဘူးလား (လျက်ချင်ပါတယ် ဘုရား) လျက်လိုက်ရင် အကုန် ပျောက်မယ် ဆို တာ၊ သေချာတယ် မဟုတ်လား (သေချာပါတယ် ဘုရား)။

ဒါဖြင့် မဂ္ဂင်တစ်လျက် ကိုဖြင့် လျက်ဖြစ်အောင် လျက်ပါ ဆိုပြီး ဒီတရားပွဲ သိမ်းလိုက်ပြီ။

ကဲ ယနေ့ ဒီတွင် တော်ကြဦးစို့။

သာဓု သာဓု သာဓု။