064

အဖြူအမည်းမရောတဲ့ ကံ

အသံဖိုင်ခေါင်းစဉ် = ကမ္မဿကတသမ္မာဒိဋ္ဌိနှင့် ဝိပဿနာသမ္မာဒိဋ္ဌိခြားနားပုံ

စာအုပ်ခေါင်းစဉ် = “အဖြူအမည်းမရောတဲ့ ကံ”

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

အမရပူရမြို့၌ ဟောကြားဆုံးမတော်မူသော တရားတော်

“အဖြူအမည်းမရောတဲ့ ကံ”

(၁၆-၈-၆၁)

ဒကာကြွယ်တို့၊ ဒကာသစ်တို့ မှတ်စရာက အရေးကြီး တဲ့ အချက်ကလေးတစ်ခုကို ဒကာကြွယ်တို့ မှတ်ဖို့ ကောင်း တယ်နော်။

အားလုံး ဒကာ ဒကာမတွေ ကမ္မဿကတ သမ္မာဒိဋ္ဌိနဲ့ ဝိပဿနာသမ္မာဒိဋ္ဌိနဲ့ ဒကာသစ်တို့၊ ဒကာကြွယ်တို့၊ ဦးလှဘူးတို့ တခြားစီလို့ မှတ်ရမယ်။

ကမ္မဿကတ သမ္မာဒိဋ္ဌိဆိုတာက ဒကာ ဒကာမတို့ သိတဲ့အတိုင်း ကောင်းတာလှူရင် ကောင်းကျိုးပေးတယ်။ ဒီလို လှူကြတန်းကြပေးကြတာဟာ ကံပေါ်မှာ ယုံကြည်ပြီး သကာလ အမှန်ထားတဲ့ ဒိဋ္ဌိ ဖြစ်လေသောကြောင့် ကမ္မဿကတ သမ္မာဒိဋ္ဌိ၊ ရှင်းပြီနော်။ (ရှင်းပါပြီ ဘုရား)။

ဝိပဿနာရှုတဲ့ သမ္မာဒိဋ္ဌိကတော့ကိုတဲ့ ဒကာ ဒကာမ တို့ သိတဲ့အတိုင်း ကိုယ့်သန္တာန်ဖြစ်စဉ်ကို ကိုယ်ကြည့်ပြီး အမှန်သိတဲ့ ဒိဋ္ဌိ။

ဟိုက ကောင်းတာလုပ် ကောင်းကျိုးပေးတယ်လို့ ယူတဲ့ ဒိဋ္ဌိကိုးဗျ၊ တခြားစီမနေဘူးလား။ (နေပါတယ် ဘုရား)။

သမ္မာဒိဋ္ဌိချင်း မရောပါစေနဲ့

အဲဒီ တခြားစီမှလဲ ဒကာသစ်တို့၊ ဒကာကြွယ်တို့၊ ဦးလှဘူးတို့၊ ဦးဘအုန်းတို့ မရောစေနဲ့။ (မှန်ပါ့

ဘုရား)။

ဪ သူတို့သည်ကားလို့ ဆိုရင် ကောင်းတာလုပ် ကောင်းကျိုးပေးတာ၊ မကောင်းတာလုပ် မကောင်းကျိုး ပေးတယ်လို့ အမှန်သိတော့ သိတာပဲ၊ သိပင်သိငြားသော်လဲ ကံပေါ်၌သာ ကံနဲ့ ကံအကျိုးပေးတာ သူ သိတယ်၊ ခုနင်က ရုပ်ပေါ်,နာမ်ပေါ်မှာ သူ သိတဲ့ သမ္မာဒိဋ္ဌိ မဟုတ်ဘူး။ (မဟုတ်ပါ ဘုရား)။

အဲဒီတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက ကမ္မဿ ကတ သမ္မာဒိဋ္ဌိနဲ့ ဝိပဿနာ သမ္မာဒိဋ္ဌိကို ဒကာကြွယ် ရောနေရင်း မကောင်းဘူး။ (မှန်ပါ့ ဘုရား)။

ဝိပဿနာသမ္မာဒိဋ္ဌိက ရုပ်ပေါ်, နာမ်ပေါ်၌ အဖြစ် အပျက်ကို သိတာ၊ ဘာဆိုကြမယ်။ (ဝိပဿနာ သမ္မာ ဒိဋ္ဌိပါ ဘုရား)။

ကောင်းတာလုပ်ရင် ကောင်းကျိုးပေးတယ်၊ မကောင်း တာလုပ်ရင် မကောင်းကျိုးပေးတယ် ဆိုပြီး အမှန်သိတဲ့ ဒိဋ္ဌိက ကမ္မဿကတ သမ္မာဒိဋ္ဌိ။

ဒီလိုဆိုတော့ ကမ္မဿကတ သမ္မာဒိဋ္ဌိနဲ့ ဝိပဿနာ သမ္မာဒိဋ္ဌိနဲ့ဟာက ဒကာ ဒကာမတို့ အခြားနားကြီးပဲ။ (မှန်ပါ့ ဘုရား)။

အဲဒီခြားနားတာကို ဘုန်းကြီးတို့ ဒကာ ဒကာမတွေက မသိတော့ ကျုပ်တို့လဲ သမ္မာဒိဋ္ဌိပဲ၊ လှူဒါန်းပေးကမ်းပြီးနေတဲ့ သမ္မာဒိဋ္ဌိပဲဆိုပြီး သကာလ ဒီမှာ ဦးဘအုန်းတို့ တစ်မျိုး ယူလိုက်တယ်၊ ရုပ်ပေါ်,နာမ်ပေါ်တော့ သူရောက်ကဲ့လား။ (မရောက်ပါ ဘုရား)။

မရောက်သေးတော့ ခန္ဓာကိုယ်ကို အမှန်အကန်သိရဲ့ လား။(မသိပါ ဘုရား)။ မသိတော့ ငြီးငွေ့ နိုင်ပါ့မလား။ (မငြီးငွေ့ပါ)၊ မငြီးငွေ့လို့ ရှိရင်ဖြင့် စွန့်ချင်တဲ့ မဂ်ဉာဏ်၊ပေါ်နိုင်ပါ့မလား။ (မပေါ်နိုင်ပါ ဘုရား)။

အဲဒါကြောင့် ကမ္မဿကတ သမ္မာဒိဋ္ဌိနဲ့ ခုနင်က မဂ်သမ္မာဒိဋ္ဌိဟာ ဒကာသစ် ခြားခြားနားနား မှတ်ထားရမယ်။ ဒကာကြွယ် ရိပ်မိပလား။ (ရိပ်မိပါပြီ ဘုရား)။

အဲဒီတော့ကို ရုပ်ပေါ်, နာမ်ပေါ်၌ ရောက်တဲ့ သမ္မာဒိဋ္ဌိက ဝိပဿနာ သမ္မာဒိဋ္ဌိ၊ မဂ်သမ္မာဒိဋ္ဌိ။

ရုပ်ပေါ်, နာမ်ပေါ် ဉာဏ်မရောက်ပါဘူး၊ ကောင်းတာ လုပ် ကောင်းကျိုးပေးတာပဲ၊အင်း ဒါန သီလတွေ လုပ်လိုက် လို့ ရှိရင်ဖြင့် ဒါန သီလတွေ အကျိုးပေးတာပဲ၊ အသက် ရှည်တယ်၊ ပစ္စည်းဥစ္စာ ရတနာ ပေါတယ်ဆိုတော့ ဦးဘအုန်းသူ သိတဲ့အာရုံက တခြားပါလား။ (တခြားပါ)၊ မခြား နားဘူးလား။ (ခြားနားပါတယ် ဘုရား)။

သူက ကောင်းတာလုပ် ကောင်းကျိုးပေး၊ မကောင်း တာလုပ် မကောင်းကျိုးပေးဆိုတဲ့ ကမ္မဿကတ သမ္မာဒိဋ္ဌိက၊ သူက ကောင်းတဲ့ စေတနာနဲ့ ကောင်းကျိုးကိုသာ သူ သိတယ်၊ ခန္ဓာကြီး၏ ရုပ်နာမ် ဖြစ်ပျက် ဒုက္ခသစ္စာ အချက် အလက်တွေတော့ သူ သိပါရဲ့လား။ (မသိပါ ဘုရား)။

မဂ်သမ္မာဒိဋ္ဌိက ဘာထူးသလဲ

အဲ မသိတော့ ဪ သမ္မာဒိဋ္ဌိပေမယ့်လဲ နှစ်မျိုး ပါလား၊ ဒကာကြွယ် ဘယ်နှစ်မျိုးပါလိမ့်။ (နှစ်မျိုးပါ ဘုရား)။

အဲဒီတော့ ကမ္မဿကတ သမ္မာဒိဋ္ဌိနဲ့ ဝိပဿနာ သမ္မာဒိဋ္ဌိ၊ မဂ်သမ္မာဒိဋ္ဌိတို့ ဘာထူးသလဲလို့ မေးတဲ့အခါ ကျတော့မှ ကမ္မဿကတ သမ္မာဒိဋ္ဌိက ဒိဋ္ဌိမကွာဘူး၊ မှတ် ထားကြပါ။

ကမ္မဿကတ သမ္မာဒိဋ္ဌိက (ဒိဋ္ဌိမကွာပါ)၊ မဂ်သမ္မာ ဒိဋ္ဌိက (ဒိဋ္ဌိကွာပါတယ် ဘုရား)။

ဪ ဒါဖြင့် ဒိဋ္ဌိကွာမှုနဲ့ နှိုင်းချိန်လိုက်တော့ ဦးလှဘူးတို့၊ ဒကာကြွယ်တို့ ထူးခြားတယ်၊ ရှင်းပြီနော်။ (ရှင်းပါပြီ ဘုရား)။

အဲဒီတော့ကို ဒကာ ဒကာမတွေ သော် တို့ ကမ္မဿကတ သမ္မာဒိဋ္ဌိလောက်နဲ့ ခန္ဓာ ဉာဏ်မရောက် သေးဘူး၊ ဆိုနိုင်ကြပါ့မလား။ (ဆိုနိုင်ပါတယ်)၊ ခန္ဓာ ဉာဏ် မရောက်သေးလို့ ရှိရင် ခန္ဓာ၏ ဒုက္ခသစ္စာသိဖို့ အရေး ဝေးနေသေးတယ်။ (ဝေးပါတယ် ဘုရား)၊ မဝေးဘူးလား။ (ဝေးပါတယ် ဘုရား)။

ထိုကဲ့သို့ ဝေးပြီး သကာလ နေတော့ ဒီခန္ဓာစွန့်ပစ်နိုင် တဲ့ ဉာဏ် လာပါ့မလား။ (မလာပါ ဘုရား)။

မလာတော့ ကမ္မဿကတ သမ္မာဒိဋ္ဌိသည်၊ ခန္ဓာ ဖြစ်ပျက်မြင်တဲ့ ဉာဏ်မလာတာသည် ထင်ရှားနေတာ၊ သူ့မှာ ဒိဋ္ဌိလွှမ်းတုန်းရှိသေးတယ်။ (မှန်ပါ့)၊ ကမ္မဿကတ သမ္မာဒိဋ္ဌိက ဒိဋ္ဌိမခွာနိုင်ဘူး၊ ဝိပဿနာ သမ္မာဒိဋ္ဌိ၊ မဂ် သမ္မာဒိဋ္ဌိက (ဒိဋ္ဌိခွာနိုင်ပါတယ် ဘုရား)။

ဪ ဒါဖြင့် ဒိဋ္ဌိကွာ-မကွာနဲ့ နှိုင်းချိန်လိုက်တဲ့ အခါကျတော့မှ ဒကာသစ် ထူးခြားသွားတယ်။

ဒါ သေသေချာချာ မှတ်ပြီး သကာလ ဪ ဒိဋ္ဌိ ကွာမှ အပါယ်လေးပါး တံခါးပိတ်မှာ။

ဒိဋ္ဌိကွာမှ ဘာဖြစ်မှာတုံး။ (အပါယ်လေးပါး တံခါး ပိတ်မှာပါ ဘုရား)။

ဒိဋ္ဌိမကွာသေးတဲ့ ကမ္မဿကတ ဒိဋ္ဌိကတော့ဖြင့် အတ္တ ဒိဋ္ဌိ ပရာမသတ္တာလို့ သေသေချာချာ ဖွင့်ထားသည် ဖြစ်လေ သောကြောင့်တဲ့၊ ဒကာ ဒကာမတို့ ဒိဋ္ဌိ ကွာ-မကွာ ထူးခြားတယ်။ (မှန်ပါ့ ဘုရား)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ အခု စ,စ,ချင်း သဘောကို ပြောရတဲ့အတွက် ကမ္မဿကတ သမ္မာဒိဋ္ဌိသည် သမ္မာဒိဋ္ဌိတော့ ဟုတ်တယ်၊ ဒိဋ္ဌိမကွာနိုင်ဘူး၊ ဝိပဿနာ သမ္မာဒိဋ္ဌိနဲ့ မဂ်သမ္မာဒိဋ္ဌိက (ဒိဋ္ဌိကွာပါတယ်)၊ ဒိဋ္ဌိကို တဒင်္ဂခွာတယ်၊ သမုစ္ဆေဒ ခွာတယ်။ (မှန်ပါ့)။

ဒီလို ထူးခြားပြီး သကာလ သွားတော့ အပါယ်မျိုးစေ့ ဖြတ်နိုင်တာကတော့ဖြင့် ဝိပဿနာ သမ္မာဒိဋ္ဌိက ဆက်ပြီး မဂ်သမ္မာဒိဋ္ဌိမှ ငရဲမျိုးစေ့ဆိုတဲ့ ဒိဋ္ဌိကုန်စေနိုင်တယ်၊ ရှင်း ပလား။ (ရှင်းပါပြီ ဘုရား)။

သေပျော်ပြီလို့ မယူလိုက်ကြပါနဲ့

ကောင်းပြီ၊ ဒါဖြင့် ဒကာ ဒကာမတို့ ကမ္မဿကတ သမ္မာဒိဋ္ဌိလောက်နဲ့ တင်းတိမ်ပြီး မသေကြပါနဲ့ ဆိုတာကိုလဲ အခု အကျိုးအကြောင်းပြောပြီးတော့ကို ဒီ အခုမှာတဲ့၊ အခုပြောတဲ့ အသွားကို ဦးဘအုန်း ကျေနပ်ရမယ်။ (ကျေနပ် ပါတယ် ဘုရား) ကမ္မဿကတ သမ္မာဒိဋ္ဌိနဲ့ သေပျော်ပြီလို့ ဒီလိုမယူလိုက်ကြပါနဲ့၊ ဒကာကြွယ်၊ သေပျော်ပလား။ (မသေပျော်သေးပါ ဘုရား)၊ ဘယ့်နှယ်ကြောင့်ပါလိမ့်ဗျာ။ (ဒိဋ္ဌိမခွာရသေးလို့ ပါ ဘုရား)။

အေး အတ္တဒိဋ္ဌိရှိနေတယ်၊ အတ္တဒိဋ္ဌိရှိပြီး သကာလ နေတယ်၊ သူက အတ္တဒိဋ္ဌိ ဖြုတ်ကို မဖြုတ်နိုင်ဘူး (မှန်ပါ့ ဘုရား)။

ဒါဖြင့် ဝိပဿနာ သမ္မာဒိဋ္ဌိ, မဂ်သမ္မာဒိဋ္ဌိနဲ့ ဖြုတ်မှ ကျုပ်တို့သည် မဂ်ဉာဏ်,ဖိုလ်ဉာဏ် အစစ်ရမယ် (မှန်လှ ပါ ဘုရား)၊ ဒါမှ အပါယ်လေးပါးကိုလဲ သေချာစွာ ပိတ်နိုင် တယ် ဆိုတာကော ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။

ကဲ ဒါဖြင့် ဒကာ ဒကာမတို့ မနေ့က ကံတွေကို ဒီနှစ်ခုရှင်းပြီးလို့ ရှိရင် မနေ့က ကံလေးမျိုးကို ဒကာသစ် ရှင်းရမယ်။

ကောင်းပြီ၊ ဒါဖြင့် ဒကာ ဒကာမတို့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးသည် သေနိယတို့ ခွေးလို ကျင့်တယ်နော်။ (မှန်ပါ့)၊ ပုဏ္ဏက နွားလိုကျင့်တယ်။

ခွေးလိုအကျင့်ရှိသူ

သူတို့ အထင်ကတော့ဖြင့် ဒကာသစ် ဒီလူဟာ သူတို့ လိုပဲ ငါးပါးအာရုံ ကာမဂုဏ်မပါဘူး၊ ခြိုးခြံတဲ့ အကျင့် ဆိုပြီး ခန္ဓာဆင်းရဲတဲ့အကျင့် ကျင့်လိုက်တယ်၊ ခွေးလို ကျင့် လိုက်တယ်၊ ခွေးလို လေးဘက်ထောက်သွားတယ်၊ ခွေးလို မြေပေါ်မှာ သူ့ကိုကျွေးမှ စားတယ်၊ လူတွေ့တဲ့အခါကျလို့ ရှိရင် ခွေးလိုပွတ်သပ်တယ်။ အင်း ကိုယ်လုံးနဲ့ ခြေသလုံးတွေ လျှောက်ပွတ်တယ်။ (မှန်ပါ့ ဘုရား)။

နွားလိုအကျင့်ရှိသူ

နွားလိုကျင့်တဲ့ပုဂ္ဂိုလ်ကလဲ ခေါင်းမှာ နွားချိုကြီးတွေ တပ်၊ အမြီးတွေတပ်ပြီး သကာလ ဦးဘအုန်းရေ နွားလိုပဲ တွန်တာပဲ။ (မှန်လှပါ)၊ နွားလိုပဲ မြက်နဲ့ ရောစားတာပဲ။

အဲဒီတော့ ဒီအယူဟာ မိစ္ဆာဒိဋ္ဌိအယူလို့ မဆိုနိုင်ဘူး လား။ (ဆိုနိုင်ပါတယ် ဘုရား)၊ သူတို့ မဆင်းရဲဘူးလား။ (ဆင်းရဲပါတယ် ဘုရား)။

ဆင်းရဲတဲ့ အယူကို သူတို့သည်ကားလို့ဆိုလို့ ရှိရင်ဖြင့် ချမ်းသာရလိမ့်မယ်လို့ ဆင်းရဲနဲ့ ချမ်းသာ လဲယူမယ်လို့ ဒီအဓိပ္ပာယ်နဲ့လုပ်ကြတာ။ (မှန်ပါ့)။

အဲဒီတော့ လုပ်ပင်လုပ်ငြားသော်လဲ မှန်ပါရဲ့လား။ (မမှန်ပါ ဘုရား)။

ဘုရားက ဘယ့်နှယ် ပြောသလဲ၊ မင်း ဒီ နွားလို – ကျင့်တဲ့ အကျင့်ဟာ မင်း အကျင့်ကို မင်းဟုတ်တယ်လို့ ယူလိုရှိရင် မင်း သေသည်၏ အခြားမဲ့၌ နွားဖြစ်ရမယ်။ အကယ်၍ ဒီအယူနဲ့ပဲ နတ်သော်လည်းကောင်း၊ တစ်ပါး တခြားသော ရုက္ခစိုးသော်လည်းကောင်း ဖြစ်ရမယ်လို့ ဧကန် မင်း ဒီအယူ ယူလိုက်မယ်ဆိုရင် မိစ္ဆာဒိဋ္ဌိဝင်လာတယ်။ မိစ္ဆာဒိဋ္ဌိဝင်လာတဲ့အတွက် ငရဲ , တိရစ္ဆာန် မင်း ရောက်ရ ဦးမယ်။ (မှန်ပါ့)။

ဒီလိုဆိုတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက သေနိယ အယူ-ယူတဲ့ ပုဂ္ဂိုလ်လဲ ဤအတိုင်း ပေါ့ဗျာ။ (မှန်ပါ့)၊ ဒီလို မဟောကြားဘူးလား။ (ဟောကြားပါ တယ် ဘုရား)၊ နှစ်ယောက် စလုံး ငိုကြတယ်။ (မှန်ပါ့)။

ဪ တို့မှာ အဆင်းရဲခံပြီး၊ အကျင့်ကြီးကျင့်ပြီး သကာလ လာခဲ့ရငြားသော်လဲ ဘာမှ ကျေးဇူးမများပါလား ဆိုတာ သူတို့ဟာသူတို့ ငိုတော့မှ ဘုရားသခင် ကိုယ်တော် မြတ်ကြီးက မင်းတို့ ငါ့ကို မမေးနဲ့လို့ ပြောသားပဲ၊ သုံးခါ တိုင်တိုင် ငါ ပယ်သားပဲ၊ မင်းတို့ က ဖြေပါဆိုလို့ သာ ငါ ဖြေရတယ် ဆိုပြီး သကာလ တပည့်တော်တို့ အရှင်ဘုရား ဖြေတာကြောင့် ငိုတာ မဟုတ်ပါဘူးဘုရားတဲ့၊ ကိုယ့် အဖြစ်ဆိုးကြီးက ဒီလိုလုပ်လို့ ရှိရင်၊ ဒီလိုကျင့်လို့ ရှိရင်ဖြင့် အင်း နောက်ဘဝ ချမ်းသာလိမ့်မယ်၊ ကျန်းမာလိမ့်မယ် ဆိုပြီး သကာလ တပည့်တော်တို့ အယူမှားကို ယူမိတဲ့အတွက် တပည့်တော်တို့ အဖို့ တပည့်တော်တို့ ကျင့်ခဲ့တဲ့ ဆင်းရဲမှု အကျိုးမရှိဘူးဆိုပြီး ငိုမိပါတယ် တဲ့၊ သူတို့ အဖြေပေးကြ တယ်နော်။ (မှန်ပါ့)။

ဒါဖြင့် ဘုရား တပည့်တော်တို့ ဘယ်လိုအကျင့်မှ သာလျှင် ဘယ်လိုကိစ္စတွေ ရွက်ဆောင်မှ ဘယ်လိုပြီးမယ် ဆိုတဲ့ဥစ္စာ အရှင်ဘုရား တပည့်တော်အား ဆုံးမပါဆိုပြီး သကာလ ပုဏ္ဏက လျှောက်တယ်နော်။ (မှန်ပါ့ ဘုရား)။

နွားလိုကျင့်တဲ့ ပုဂ္ဂိုလ်က လျှောက်တဲ့အခါကျတော့ ကဲ ကွာ တဲ့၊ မင်းတို့ ကံ နားမလည်လို့ ဖြစ်ကြတာ တဲ့။ (မှန်ပါ့ ဘုရား)။

ကံနားမလည်လို့ ဖြစ်ကြတာ

ဘယ်လိုကြောင့်ပါလိမ့်။ (ကံနားမလည်လို့ ပါ ဘုရား)၊ အဲဒီတော့ ဒီဒကာ ဒကာမတွေလဲ အခု ဒီကံဟာ အခုပဲ ကြားဖူးတယ်၊ ဒီဒကာ ဒကာမတွေလဲ သူတို့နဂိုတုန်း က ကမ္မဿကတ ဉာဏ်ကလေး တစ်ခုပဲ နားလည်တယ်။ ဒီပြင်ဉာဏ်တွေ လိုရင်းဟာတွေ အားလုံး ဒကာ ဒကာမတွေ ဘာမှ ဖုံးဖိစရာလဲ မလိုတော့ ဪ ကံသည်ကားလို့ဆိုရင် ကမ္မဿကတဉာဏ်နဲ့ပဲ ဒကာသစ်တို့၊ ဒကာကြွယ်တို့ သေသွားကြရတယ်။ (မှန်ပါ့)၊ ရှင်းပြီနော်။ (ရှင်းပါပြီ ဘုရား)။

အဲဒီတော့ ဒါး ပြီးပြီလို့ ထင်ပြီး သေလိုက်တာပဲ။ တို့ ဘာလုပ်စရာရှိသေးသတုံး၊ ဘာလိုသေးသတုံး ဆိုပြီး ဒကာ ကြွယ် ဒီလိုပြောသံဆိုသံကလေး ကြားရမှာပဲ။ (ကြားရပါ တယ် ဘုရား)၊ အဲဒါ ကံမျိုးစုံ နားမလည်သော အဓိပ္ပာယ်မျိုး မပါဘူးလား။ (ပါ,ပါတယ် ဘုရား)။

သူ့ကံကလေး တစ်ခု၊ အဖြူကံကလေးတစ်ခု အားကိုး ပြီး သကာလ ဦးဘအုန်း ပြောတဲ့ သဘောပဲ။ (မှန်ပါ့)၊ ဒီပြင် ဘာပါသေးသတုံး။ (ဘာမှ မပါ,ပါဘုရာ)၊ အဲဒီ တော့ ကံလေးမျိုးရှိတယ်လို့ သူ မသိဘူး။ (မသိပါ ဘုရား)။

မသိတော့ သူသည် ဖြူသောကံ၊ ဖြူသောအကျိုးပေး တာပဲ ဆိုတဲ့ ဥစ္စာနဲ့၊ ကမ္မဿကတ ဉာဏ်နဲ့ ပဲ ဒကာကြွယ်၊ ဒကာသစ် သေသွားတယ်။ (သေသွားပါတယ် ဘုရား)။

သေသွားတဲ့အခါကျလို့ ရှိရင် သူ့ကံတွေ၊ အကျိုးပေး တွေကို ဘုရားက ဟောလိုက်တဲ့ အခါကျတော့ ဒကာ ဒကာမ တို့ မှာလဲ ပိုမိုရှင်းရမယ်၊ ရှင်းမှသာလျှင် ဒီကံလဲလုပ်ရမှာ ပဲ၊ ဟိုကံလဲ ကြိုးစားရမှာပဲဆိုတာ လာရမယ်။ (လာရပါမယ် ဘုရား)။

နို့ မဟုတ်လို့ ရှိရင်ဖြင့် တဲ့၊ သူများပါးစပ်လမ်းဆုံး ဆိုတဲ့ အဓိပ္ပာယ်ဟာလဲ အလွန် ကြောက်စရာ ကောင်းပါ တယ်။ (ကောင်းပါတယ် ဘုရား)။

ကံလေးမျိုး

ကဲ ဒါဖြင့် ကံလေးမျိုးပဲ ရှင်းအောင် ဒကာသစ် မှတ်ကြဦးစို့၊ မည်းသောကံသည် (မည်းသော အကျိုးပေး ပါတယ် ဘုရား)၊ ဖြူသောကံသည် (ဖြူသောအကျိုးပေး ပါတယ် ဘုရား)။

ကောင်းပြီ၊ ဒါဖြင့် ဒကာ ဒကာမတို့ အမည်း အဖြူ ရောတဲ့ ကံကျတော့ (အမည်းအဖြူရောတဲ့ အကျိုးပေးပါ တယ် ဘုရား)၊ အမည်း အဖြူ ရောတဲ့ အကျိုး ပေးတယ် ဆိုတာ ဒကာ ဒကာမတွေ သိရောပေါ့ဗျာ။ (မှန်ပါ့)။

အမည်း အဖြူမရောတဲ့ကံသည် (အမည်းအဖြူ မရောတဲ့ အကျိုး ပေးပါတယ် ဘုရား)။

ဟော ကံကိုက ဒကာသစ် ဘယ်နှစ်မျိုးတုံး။ (လေးမျိုးပါ ဘုရား)၊ ဪ ကံဆိုတာက အခုလို ဒကာ ဒကာမတွေသိတာက ဟောဒီ ၁-ရယ်,၂-ရယ် ဒါပဲ ရှိတယ်၊ ၃-ရယ်, ၄-ရယ် ကျလို့ ရှိရင် ခင်ဗျားတို့ ဉာဏ်မရောက်တော့ဘူး။ (မရောက်ပါ ဘုရား)။

ကိုင်း ဒါဖြင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက နွားလိုကျင့်တဲ့ ပုဏ္ဏ၊ ခွေးလိုကျင့်တဲ့ သေနိယတို့ ကို ဒီဟာဟောမှသာလျှင် သူတို့ သည်ကားလို့ ဆိုလို့ရှိရင် ဒီကျင့် ကျင့်ပြီး ကျွတ်တမ်း ဝင်တော့မပေါ့ ဆိုပြီး ဘုရားသခင် ကိုယ်တော်မြတ်ကြီးသည် ကိုယ်တော်တိုင် မဇ္ဈိမပဏ္ဏာသ ပါဠိတော်မှာ ဟောတယ်နော်။ (မှန်ပါ့)။

အမည်းကံ ဆိုတာ

အမည်းကံက အမည်းအကျိုးပေးတယ်၊ အမည်းကံ ဘယ်သူတုံးလို့ မေးတော့မှ ဒကာ ဒကာမတွေ ပါဏာတိ ပါတကံ လွန်ကျူးရင်အမည်းကံ၊အဒိန္နာဒါနကံလွန်ကျူရင် (အမည်းကံပါ ဘုရား)၊ ကာမေသုမိစ္ဆာစာရ သူ့သားမယား ပြစ်မှားရင် (အမည်းကံပါ ဘုရား)။ ဪ ကာယကံ သုံးပါး၊ သဘောကျပလား။ (ကျပါပြီ)။

မုသာဝါဒဆိုတဲ့ လိမ်လည်ကောက်ကျစ်တာတွေပြော ရင်ကော (အမည်းကံပါ ဘုရား)၊ အမည်းကံ၊ အဲဒါ ဝစီကံ တစ်ပါး စ,လာပြီ၊ ပိသုဏဝါစာ လူနှစ်ယောက်တည့်နေ တာ၊ ဟိုကောင်နဲ့ ဒီကောင် တည့်နေတာ၊ ကုန်းတိုက်ပေး လိုက်တယ်ဆိုလို့ ရှိရင်ဖြင့် ချောပစ်ကုန်းတိုက်လိုက်တယ် နော်။ ဒါလဲ ဝစီကံနဲ့ တိုက်ရတာပဲ၊ ဖရုသဝါစာတဲ့၊ ကြမ်းကြမ်း တမ်းတမ်းနဲ့ ခိုက်ရန်လုပ်ပြန်တော့ကော (ဝစီကံပါ ဘုရား)၊ သမ္မပ္ပလာပဆိုပြီး သကာလ၊ ဒကာ ဒကာမတို့ ချော့မော့ပြီး သကာလ အပြော ကောင်းတာနဲ့ ယုံကြည်လောက်အောင် ပြောပြီး သကာလ လိမ်လည်ကောက်ကျစ်တာလဲ ရှိသေး တယ်။ (ရှိသေးပါတယ် ဘုရား)၊သဘောကျပလား။ (ကျပါပြီ)၊ ဒါဖြင့် ဝစီကံက ဘယ်နှစ်ပါးတုံး။ (လေးပါးပါ ဘုရား)။

မနောကံက အဘိဇ္ဈာတဲ့၊ ဒါ ဝမ်းထဲက ဒကာ ဒကာမတွေက ဟို တိုက်ကြီးမြင်လိုက်လို့ ရှိရင်၊ ငါ့တိုက် ကြီးဖြစ်ရင် ကောင်းလေရဲ့၊ ဟို ဆိုင်ကြီးမြင်လိုက်ရင်လဲ ငါ့ဆိုင်ကြီးဖြစ်ရင် ကောင်းလေရဲ့၊ ဒါ မနောကံ ပြစ်မှားနေတာ၊ ဒါက အဘိဇ္ဈာတဲ့။ (မှန်ပါ့)။

ဗျာပါဒဆိုတာက သူတစ်ပါးချမ်းသာတာမကြည့်နိုင်, မရှုနိုင်လောက်အောင် ပြစ်မှားတဲ့သဘော၊ သဘောကျ ပလား။ (ကျပါပြီ)။

မိစ္ဆာဒိဋ္ဌိဆိုတာ ကောင်းတာလုပ်လဲ ကောင်းကျိုးမပေး ဘူး၊ မကောင်းတာလုပ်လဲ မကောင်းကျိုးမပေးဘူး၊ အမေ မရှိဘူး၊ အဖေ မရှိဘူး၊ လောကကြီးမှာ အသိဉာဏ်ရတဲ့ ပုဂ္ဂိုလ်တွေ မရှိဘူး၊ ဒီအယူမျိုးဟာပဲ ဘာပါလိမ့် (မိစ္ဆာဒိဋ္ဌိပါ ဘုရား)၊ မနောကံက ဘယ်နှစ်ပါးတုံး။ (သုံးပါးပါ ဘုရား)။

ကောင်းပြီ၊ အဲဒီ ဆယ်ပါးသောကံကြောင့်၊ အမည်း ဆယ်ပါးသော ကံကြောင့် ဒကာ ဒကာမတွေ အမည်း အကျိုးပေးလာရတယ်။ (မှန်ပါ့ ဘုရား)၊ ရှင်းပြီနော်။ (ရှင်းပါပြီ ဘုရား)။

အဖြူထံဆိုတာ

ကဲ ဒီဘက်ကျတော့ အဖြူကံဆိုတာတော့ ပါဏာတိ ပါတ ကြဉ်ရှောင်လိုက်တယ်၊ အဖြူကံမဖြစ်ဘူးလား။ (ဖြစ်ပါတယ် ဘုရား)၊ အဒိန္နာဒါန ကြဉ်ရှောင်လိုက်တယ်။ (အဖြူကံဖြစ်ပါတယ် ဘုရား)။

ကာမေသုမိစ္ဆာစာရ ကြဉ်ရှောင်လိုက်တယ်။ (အဖြူ ကံဖြစ်ပါတယ် ဘုရား)၊ ကာယကံသုံးပါး ကြဉ်ရှောင်လိုက်ရင် အဖြူကံဖြစ်တာချည့်ပဲ။ (မှန်ပါ့)။

ဒကာအုန်း ကြဉ်ရှောင်မှနော်။ (မှန်ပါ့ ဘုရား)၊ ဒကာ ကြွယ် ကြဉ်ရှောင်မှနော်။ (မှန်ပါ့ ဘုရား)၊ ကဲ တစ်ခါ သွားပါဦး၊ မုသာဝါဒကြဉ်ရှောင်လိုက်တော့ ဝစီကံအဖြူ ဖြစ်တာပဲ။ (မှန်ပါ့ ဘုရား)။

ပိသုဏဝါစာ ချောပစ်ကုန်းတိုက်တာ ကြဉ်ရှောင်လိုက် ပြန်တော့ (အဖြူကံဖြစ်ပါတယ် ဘုရား)၊ဝစီကံအဖြူပဲနော်။ (မှန်ပါ့ ဘုရား)၊ ကောင်းပြီ၊ ဖရုသဝါစာ ကြမ်းကြမ်းတမ်းတမ်း လဲ မပြောပါဘူးလို့ ကြဉ်ရှောင်လိုက်ရင် (ဝစီကံအဖြူပါ ဘုရား)၊ ဝစီကံအဖြူပဲ၊ သဘောကျပလား။ (ကျပါပြီ)၊ သမ္ဖပ္ပလာပတဲ့၊ သိမ်ဖျင်းတဲ့စကားလဲ မပြောပါဘူး၊ ရယ်စရာ မပြောပါဘူး။ (ဝစီကံအဖြူပါ ဘုရား)၊ အဖြူကံက ဘယ်နှစ်ပါးတုံး။ (လေးပါးပါ ဘုရား)။

အနဘိဇ္ဈာတဲ့၊ သူ့ပစ္စည်းတွေကို ရှေးရှုပြီး မကြံပါဘူး၊ မနောကံ တစ်ပါး (မှန်ပါ့)၊ အဗျာပါဒတဲ့၊ သူတစ်ပါး ညှဉ်းဆဲနှိပ်စက်တဲ့ စိတ်တွေကို ဖြုတ်ပါတော့မယ်၊ မေတ္တာပဲ ထားပါတော့မယ်ဆိုတော့ ဒါလဲ အဗျာပါဒမဖြစ်ဘူးလား။ (ဖြစ်ပါတယ် ဘုရား)၊ ကောင်းတာလုပ် ကောင်းကျိုးပေးတယ်။ မကောင်းတာလုပ် မကောင်းကျိုးပေးတယ်၊ အမိ ရိုသေ ကိုင်းညွှတ်ရမယ်၊ အဖရိုသေကိုင်းညွှတ်ရမယ် ဟုတ်လား။ (မှန်ပါ့)၊ အဲဒီကဲ့သို့ ယူတဲ့အယူကတော့ သမ္မာဒိဋ္ဌိ မဖြစ် ဘူးလား။ (ဖြစ်ပါတယ် ဘုရား)။

ဒီ သမ္မာဒိဋ္ဌိကလဲ ဝိပဿနာဉာဏ်ပါပလား။ (မပါ သေးပါ ဘုရား)၊ မပါသေးတော့ သုစရိုက် ဆယ်ပါးထဲမှာ ဝိပဿနာဉာဏ်က မပါသေးတော့ အဖြူကံပဲ ရှိတယ်။ (မှန်ပါ့)၊ သူ အကျိုးပေးလို့ ရှိရင်တဲ့ နတ်ရွာသုဂတိ အကျိုးပေးပါတယ်။ (မှန်ပါ့ ဘုရား)။

အမည်းအဖြူရောတဲ့ကံ

အမည်းကံက အပါယ်လေးပါးပေါ့ ဗျာ၊ အဖြူကံ ဆယ်ပါးကြောင့် အဖြူအကျိုးပေးရင် နတ်ရွာသုဂတိအကျိုး ပေးပါတယ်၊ သဘောပါပလား။ (ပါ,ပါပြီ ဘုရား)။

အမည်းအဖြူရောတဲ့ကံဆိုတော့ ပြောဖို့ မလိုတော့ဘူး၊ လိုသေးသလား။ (မလိုပါ ဘုရား)။

သို့သော် ဘုရားသခင်ကိုယ်တော်မြတ်ကြီး ဘယ်အတွက်ကြောင့် သေနိယတို့၊ ပုဏ္ဏတို့ ဟောရပါလိမ့်မလဲ ဆိုတော့ ဪ ဒီလိုကံတွေကလဲ ဒကာအုန်း ရှိသေးတယ်။ မရှိဘူးလား။ (ရှိပါတယ် ဘုရား)။

ကဲ ဒါဖြင့် စတုတ္ထကံကို ဒကာ ဒကာမတို့ အရေး တကြီး ဂရုစိုက်၊ အမည်းအဖြူမရောတဲ့ကံ၊ အမည်းအဖြူ မရောတဲ့ကံဆိုတာ ဘာပါလိမ့်မတုံးဆိုတော့ မဂ္ဂင်ရှစ်ပါး (မှန်ပါ့ ဘုရား)။

အမည်းအဖြူမရောတဲ့ကံ

အမည်းအဖြူမရောတဲ့ကံက (မဂ္ဂင်ရှစ်ပါးပါ ဘုရား)၊ မဂ္ဂင်ရှစ်ပါး အလုပ်တရားလို့ ဒကာ ဒကာမတို့ မှတ်လိုက် တာပေါ့နော်။ (မှန်ပါ့)။

မဂ္ဂင်ရှစ်ပါး (အလုပ်တရားပါ ဘုရား)၊ အင်း သူက ဘာပါလိမ့် (အမည်းအဖြူ မရောတဲ့ကံပါ ဘုရား)။ ( ဒါဖြင့် အမည်းအဖြူမရောတဲ့ ကံသည် အကျိုးပေးတော့ အမည်းအဖြူ မရောတာပဲ အကျိုးပေးတယ်။ (မှန်ပါ့ ဘုရား)။

အကျိုးပေးတော့ (အမည်းအဖြူမရောတာဘဲ အကျိုး ပေးပါတယ် ဘုရား)။

ဒါ အကျိုးပေးမယ်နော်၊ ဒါဖြင့် အပါယ်လေးပါးကော မပေးနိုင်ဘူး။ (မှန်ပါ့)၊ အင်း နတ်ရွာ သုဂတိကော (မပေးနိုင်ပါ ဘုရား)၊ မပေးနိုင်ဘူးဆိုကတည်းက ဒီဟာတော့ ထည့်မပြောနဲ့တော့ လွတ်သွားပြီ၊ မလွတ်သေးဘူးလား။ (လွတ်ပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတွေ သော် သူကဖြင့် “ဧကာယနောယံ ဘိက္ခဝေ မဂ္ဂေါ” ဆိုတဲ့အတိုင်း နိဗ္ဗာန်ကို အကျိုးပေးမယ်၊ နိဗ္ဗာန်သွားမှာပဲ။ (မှန်ပါ့)။

မဂ်ကနိဗ္ဗာန်ကို ရောက်အောင်ပို့တာ

အဲဒီတော့ ဒီနေရာမှာ ဒကာ ဒကာမတို့ မှတ်စရာ ဒီနေ့ ဘုန်းကြီး ပြောချင်တာက မဂ်က နိဗ္ဗာန်ကို အကျိုး ပေးတာလား၊ ရောက်အောင် ပို့တာလားလို့ မေးရင် အကျိုး ပေးတယ်လို့ မယူနဲ့၊ ရောက်အောင်ပို့ တယ်လို့ ယူပါ။ (မှန်ပါ့ ဘုရား)။

ဒီပြင်ဟာတွေကတော့ သူ့အကြောင်းနဲ့သူ့အကျိုး၊ သူ့အကြောင်းနဲ့သူ့အကျိုးလို့ ပြောစရာ ဖြစ်လာတယ်။ (လာပါတယ် ဘုရား)။

မဂ်ကတော့ ဒီလိုအကျိုးပေးသလားလို့ မေးတော့ မဟုတ်ပါဘူး။ (မှန်ပါ့ ဘုရား)၊ မဂ္ဂင်ရှစ်ပါးက နိဗ္ဗာန် ရောက်အောင် ပို့တာပဲရှိတယ်။ (မှန်ပါ့ ဘုရား)၊ နို့မဟုတ် လို့ ရှိရင် နိဗ္ဗာန်ကို ဖြစ်စေတဲ့တရား ဖြစ်သွားမယ်။ (မှန်ပါ့)၊ ဒါ သဘောပါပြီ။ (မှန်ပါ့ ဘုရား)။

နိဗ္ဗာန်ဟာဘယ်သူလုပ်လို့မှ ဖြစ်တာမဟုတ်

‘‘နိဗ္ဗာန်ကို မဂ္ဂင်က ဖြစ်စေတာလားလို့ မေးရင် ဖြစ်စေ တာ မဟုတ်ဘူး၊ နိဗ္ဗာန်ဟာ ဘယ်သူလုပ်လို့ မှ ဖြစ်တာ မဟုတ်ဘူး”။ (မှန်ပါ့)၊ ရောက်အောင်ပို့ တတ်တာပဲ ရှိတယ်။ (မှန်ပါ့)။

ဒါဖြင့် အကြောင်းအကျိုးသာဆိုရတယ်၊ ရောက် ကြောင်းသာ ဖြစ်ပါတယ်၊ ဖြစ်ကြောင်းတော့ (မဟုတ် ဘုရား)။

ဒါ သေသေချာချာ မှတ်နော်။ (မှန်ပါ့)၊ ဒါကြောင့် တရားကို ဒကာသစ်ရေ တစ်နေ့ တစ်လုံး တစ်နေ့ တစ်လုံး ပြောပေးတာ၊ များများပြောလိုက်လို့ ရှိရင် ဒကာ ဒကာမ တွေ ဘာမှ မမှတ်မိ တော့ဘူး။ (မမှတ်မိပါ ဘုရား)။

ကိုင်း ဒါဖြင့် မဂ္ဂင်ရှစ်ပါးက အမည်းအဖြူမရောတဲ့ ကံမို့ အမည်းအဖြူမရောတဲ့အကျိုး ပေးရတယ်လို့ ဆိုပင် ဆိုရငြားသော်လဲ ခုနင်က ဒီကံမျိုးတွေလို အကျိုးပေးတာ မဟုတ်ပါဘူး။ (မဟုတ်ပါ)၊ ရောက်ကြောင်းဖြစ်တာကို ဆိုပါတယ်။ (မှန်ပါ့)၊ ရှင်းကြပလား။ (ရှင်းပါပြီ ဘုရား)။

ဘယ်လိုမှတ်ကြမယ် (ရောက်ကြောင်းဖြစ်တာကို ဆိုပါတယ် ဘုရား)။

ဒီပြင်ဟာတွေကတော့ “ကမ္မံ သတ္တေ ဝိဘဇတိ၊ ကမ္မံ သတ္တေ ဝိဘဇတိ” ရှိပါတယ်။ (မှန်ပါ့)၊ သဘောကျ ပလား။ (ကျပါပြီ ဘုရား)။

ဒီပြင်ဟာတွေကတော့ ကံနဲ့ကံ၏ အကျိုး (မှန်ပါ ဘုရား)၊ သဘောကျပလား (ကျပါပြီ)၊ သူကတော့ ကံမှ မဟုတ်တော့ဘဲပဲ၊ ကံလို့သာဆိုရတာ ဒီကံတွေနဲ့ ဆက်လာ လို့ သာ ကံဆိုရတာ၊ သဘောပါကြပလား။ (ပါ,ပါပြီ ဘုရား)။

ဒါဖြင့် သူက အကျိုးပေးတာလား၊ ရောက်အောင် ပို့ တာလား။ (ရောက်အောင်ပို့ တာပါ)၊ အဲ ရောက်အောင် ပို့တာလို့ သိထားတော့ မဂ်သည် သမ္ပါပက အကြောင်းပါလား၊ နိဗ္ဗာန်ကိုဖြစ်စေတာ မဟုတ်ပါ။ (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။

နိဗ္ဗာန်ဖြစ်စေတဲ့ တရား မရှိ

ဒါဖြင့် နိဗ္ဗာန်ဖြစ်စေတဲ့တရား ဘယ်တော့မှ မရှိ ဘူး။ (မှန်ပါ့)၊

နိဗ္ဗာန်ကို ဖြစ်စေတဲ့ တရားရှိခဲ့သော် ဖြစ်စေတဲ့အကြောင်းပျက်ရင် နိဗ္ဗာန်ပျက်ရလိမ့်မယ်၊ မပျက် ပေဘူးလား။ (ပျက်ပါတယ် ဘုရား)။

ဒါ ဉာဏ်နား ကြီးကြီးနဲ့ထောင်မှ သူ့ဟာက အမှန် ရောက်တယ်၊ ဒကာသစ်ရေ (မှန်ပါ့ ဘုရား)။

ပြောရတဲ့ ပုဂ္ဂိုလ်က ရှင်းအောင်ပြောငြားသော် ခင်ဗျားတို့ ကလဲ ဉာဏ်ကလေး ထက်ထက် လာမှ အဖိုးက တန်တယ်နော်။ (မှန်ပါ့ ဘုရား)။

ဒါဖြင့် ဒကာကြွယ်တို့၊ ဒကာသစ်တို့၊ ဦးလှဘူးတို့ နိဗ္ဗာန်ကို ဘယ်သူက ဖြစ်စေသတုံးမေးလို့ ရှိရင် ဘယ့်နှယ် ပြောကြပါ့မလဲ။ (ဘယ်သူကမှ မဖြစ်စေပါ ဘုရား)။

ဘယ်သူကမှ ဖြစ်စေတာမဟုတ်ဘူး။ (မှန်ပါ့)၊ ဖြစ်စေလို့ ရှိရင်၊ ဖြစ်စေတဲ့အကြောင်း ပျက်ရင် နိဗ္ဗာန်ပျက် မယ်။ (မှန်ပါ့ ဘုရား)။

ဖြစ်စေတဲ့အကြောင်းပျက်ရင် (နိဗ္ဗာန်ပျက်မှာပါ)၊ နိဗ္ဗာန်ပျက်မယ်၊ သဘောကျပလား။ (ကျပါပြီ ဘုရား)။

စဉ်းစားကြည့်ပါ၊ ဟောဒီ ငရဲရောက်စေတဲ့ ကံတွေ ကုန်သွားတော့ ငရဲပျောက်တယ်၊ သူ့ဟာနဲ့သူနဲ့ ရှင်းနေပြီ၊ သဘောကျပလား။ (ကျပါပြီ ဘုရား)။

ဒါဖြင့် ငရဲရောက်စေတဲ့ ကံကြောင့် ငရဲတွေဖြစ်တယ်။ ငရဲထိန်း, ငရဲမီးတွေ ပေါ်မလာဘူးလား (ပေါ်လာတယ်)၊ ဒါဟာ သူတို့ ကတော့ ဖြစ်စေတဲ့အကြောင်း၊ ဒါဖြင့် ၁-၂-၃-က ဖြစ်စေတဲ့ အကြောင်း တွေမို့ ဖြစ်စေတဲ့ အကျိုး ဖြစ်တယ်။ (မှန်ပါ့ ဘုရား)။

စတုတ္ထမြောက် မမည်းမဖြူတဲ့ ကံကတော့ ဖြစ်စေတဲ့ အကြောင်းရယ်လို့ ဒကာအုန်းက မယူလိုက်ပါနဲ့။ (မှန်ပါ့)၊ ဖြစ်စေတဲ့အကြောင်းဖြစ်လို့ ရှိရင် ဟောဒီ နိဗ္ဗာန်ဟာ ဖြစ်စေတဲ့ အကျိုး ဖြစ်လိမ့်မယ်၊ ဟောဒီ မဂ်တွေလဲ မရှိတော့ပါဘူး ဆိုရင် ဟောဒီနိဗ္ဗာန် ပျောက်လိမ့်မယ်။ (မှန်ပါ့ ဘုရား)။

ဒါဖြင့် ခိုင်မြဲတဲ့ နိဗ္ဗာန်ဆိုတဲ့ အဓိပ္ပာယ် ပျောက်သွား ပြီ။ (ပျောက်သွားပါပြီ)၊ တည်တံ့တဲ့နိဗ္ဗာန် (ပျောက် သွားပါပြီ)၊ မပျက်စီးတဲ့ အသင်္ခတနိဗ္ဗာန်ဆိုတာကော (ပျောက်သွားပါပြီ ဘုရား)။

ပျောက်သွားမှာ စိုးရတယ်တဲ့၊ ဒါ့ကြောင့် ဒီအဓိပ္ပာယ် ကိုလဲ ဒကာသစ် ကောင်းကောင်း ရှင်းပြဦးမယ်။ ကောင်းကောင်း ရှင်းပြတော့မှ ဦးလှဘူးတို့ ကျေနပ်ပြီ။ (ကျေနပ်ပါပြီ ဘုရား)။

ဒါဟာ ၁-၂-၃-ဖြစ်စေတဲ့ အကြောင်းနဲ့ ဖြစ်စေတဲ့ အကျိုးပေါ့ဗျာ၊ သူကတော့ ရောက်စေတဲ့ အကြောင်းကြောင့် ရောက်ရာဌာန ရောက်ရတယ်၊ ဒီလိုယူရမှာ။ (မှန်ပါ့ ဘုရား)။

ရောက်စေတဲ့ အကြောင်းကြောင့် ရောက်ရာဌာန ရောက်ရတယ်၊ သူက ဒီလိုယူရမှာ (မှန်ပါ့ ဘုရား)။

အံမာ ဒကာ ဒကာမတို့ ဒီဥစ္စာ လွယ်တယ် မှတ် – မနေနဲ့နော်။ (မလွယ်ပါ)၊ လွယ်တယ် မှတ်မနေနဲ့ ဒကာကြွယ်ရ။ (မလွယ်ပါ)၊ အိမ်တွင်နေလို့ ခင်ဗျားတို့ စာအုပ်တွေ ကြည့်လို့ ရှိရင် ဝေးပါသေးရဲ့၊ ရကို မရဘူး၊ ရကို မရနိုင်ပါဘူးတဲ့၊ ကဲ ဒါဖြင့် မှတ်မိကြပလား။ (မှတ်မိ ပါပြီ ဘုရား)။

အခု ပြောလိုက်တော့ ဒကာအုန်းကို ကံနဲ့ ရောပြော လိုက်တော့ သူ့ကို ကံထင်နေတယ်၊ ကံထင်ရင် အကျိုး ပေးလေရဲ့။ (မှန်ပါ့)၊ စင်စစ်တော့ဖြင့် မဟုတ်ပါဘူးတဲ့။ သူ ဉာဏ်ပဲ ရှိပါတယ်။ (မှန်ပါ့ ဘုရား)။

ကောင်းပြီ၊ ဒါဖြင့် ၁-၂-၃-ကတော့ဖြင့် ဖြစ်စေသော အကြောင်း၊ ၄-ကတော့ ရောက်စေသော အကြောင်း (မှန်ပါ့ ဘုရား)။

၁-၂-၃-က (ဖြစ်စေသောအကြောင်းပါ)၊ ဖြစ်စေသော အကြောင်းနဲ့ ဖြစ်ဖို့အကျိုးတွေ သုံးခုပေါ်လာတယ်။ (မှန်ပါ့)၊ ၄-နံပါတ်ကတော့ ဒကာ ဒကာမတို့ (ရောက် စေသော အကြောင်းပါ)၊ ရောက်စေသောအကြောင်း၊ သူက ဖြစ်အောင်တော့ မလုပ်နိုင်ဘူး၊ နိဗ္ဗာန်ဖြစ်အောင် မလုပ်နိုင် ဘူး၊ သူ ပို့ပေးမယ် ပြောတာပဲ။ (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။

အဲဒါ ခွဲခွဲခြားခြားသိသွားလို့ ရှိရင်ဖြင့် ခင်ဗျားတို့ အတွက် ဘုန်းကြီး အများကြီး ကျေနပ်ပါတယ်။ (မှန်ပါ့ ဘုရား)။

လွယ်ကို မလွယ်ဘူး ဒကာအုန်း၊ သေသေချာချာ ပြောနေတာ၊ လွယ်ပါ့မလား။ (မလွယ်ပါ ဘုရား)။

မလွယ်ဘူးတဲ့၊ ဖြစ်စေတဲ့အကြောင်း ဖြစ်ခဲ့သော် သူများလိုပေါ့ဗျာ၊ သူလဲ ဖြစ်စေတဲ့ အကြောင်းသာ ဆိုရင်ဖြင့် ဒီမဂ်ကလဲ အနိစ္စတရား၊ နိဗ္ဗာန်လဲ အနိစ္စဖြစ်မယ်၊ မဖြစ် ပေဘူးလား။ (ဖြစ်ပါတယ်)၊ အဲဒါ ကွဲကွဲပြားပြား ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။

ဒါ သံသယရှိတဲ့ ပုဂ္ဂိုလ်များအတွက်မှာဖြင့် သံသယ ပျောက်လောက်ပါပြီ၊ မပျောက်သေး ဘူးလား။ (ပျောက် ပါပြီ ဘုရား)။

အေး ဒါ့ကြောင့် သဘောကို ပြောရတဲ့အခါကျလို့ ရှိရင်ဖြင့် ဒကာ ဒကာမတို့ အထူးဂရုစိုက်ပြီး သော် ဒီလို ပါလားဆိုတာ ကိုယ့်ဉာဏ်ထဲမှာ ဆုံးဖြတ်ချက် ချနိုင်လောက်အောင် နားထောင်ကြပါ။ (မှန်ပါ့ ဘုရား)။

ဒါဖြင့် ဒီအဖြူကံက ဖြူသောအကျိုးပေးတယ်လို့ ဆိုတော့ သူက အကြောင်းနဲ့အကျိုး ဆက်နေတယ်။ (မှန်ပါ့)၊ ဆိုတော့ သော်နတ်ရွာသုဂတိတွေကလဲ ရောက်ကြောင်း လုပ်လိုက်လို့ ရှိရင် ရောက်ကျိုးဆိုတာ ရတာပဲ။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ ဘုရား)။

ဒီကတော့ ပွားများပြီးလုပ်လို့ မဂ္ဂင်ဆိုက်လာမှ ခန္ဓာထဲ မဂ္ဂင်ရှစ်ပါးပြည့်လာမှ နိဗ္ဗာန် ရောက်ကြောင်း အဖြစ်နဲ့ သူက ပို့ပေးတယ်၊ ပေါ်ကြပလား။ (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် ဒီပြင်ဟာတွေက လုပ်ပြီး အိပ်နေ ဒီသုံးခု ပေါ်ရော (မှန်ပါ့)။

သူကတော့ဖြင့် လုပ်ပြီး အိပ်နေလို့ ကို မရဘူး၊ အမြဲ လုပ်ပြီး သကာလ ထာဝရဆိုသလို မဂ်စိတ် ဆိုက်လာတော့လဲ ဒီမဂ် ပြီးတာပေါ့ဗျာ။ (မှန်ပါ့)။

အဲဒီလိုရောက်ပြီးတဲ့အခါကျလို့ ရှိရင် မပို့ပါနဲ့ဆိုလို့ကို မရဘူး၊။ (မရပါ ဘုရား)။

ဒါဖြင့် ဒီလိုလုပ်ကြ၊ ဒီကံတွေက ကြားဖြတ်ဝင်နိုင် တယ်၊ ဒီကံက ကြားဖြတ်မဝင်နိုင်ဘူး၊ ဒါ သေသေချာချာ – အထူးမှတ်ပါ။ (မှန်ပါ့ ဘုရား)။

အမည်းကံက အမည်းအကျိုးပေးတဲ့ဥစ္စာကို ကြားဖြတ် ဝင်နိုင်တယ်၊ အဖြူကံဟာ အဖြူ အကျိုးပေးတယ် ဆိုငြားသော်လဲ ကြားဖြတ် ဒီကံက ဝင်သွားမယ်ဆိုရင် ပျက် တယ်။ (ပျက်ပါတယ် ဘုရား)၊ အမည်းအဖြူရောတဲ့ ကံကလဲ ကြားဖြတ်ဝင်သွားရင် (ပျက်ပါတယ် ဘုရား)။

မမည်းမဖြူတဲ့ကံက နိဗ္ဗာန်ရောက်အောင် ပို့တယ်

သူကတော့ “သမ္မတ္တနိယတာဓမ္မာ”တဲ့၊ မဖောက်မပြန် ဘဲနဲ့ နိဗ္ဗာန်ရောက်အောင်ပို့တယ်၊ သူ့မှာ ကြားဖြတ်ဝင်စရာ အကြောင်း မရှိဘူး။ (မရှိပါ)၊ ဒါလဲ သေသေချာချာ ,မှတ်ရမယ် (မှန်ပါ့ ဘုရား)။

ဒကာသစ် ဒီနေ့ပြောတာ နည်းနည်းနောနောသဘော မဟုတ်ဘူးနော်။ (မှန်ပါ့)၊ သေသေချာချာ ဉာဏ်နားနဲ့ ဒကာကြွယ် နာပါ၊ သာမည နာလို့ မရဘူးနော်။ (မှန်ပါ့ ဘုရား)။

ကျန်တဲ့ ၁-၂-၃-ကတော့ ကြားဖြတ်ကံက ဝင်နိုင် ပါတယ်၊ ဘာ့ကြောင့်တုံးဆိုတော့ ဒီကံတွေက မမြဲတဲ့ကံတွေ၊ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။

စတုတ္ထဖြစ်တဲ့ အကအသုက္ကဖြစ်တဲ့ မမည်းမဖြူ တဲ့ ကံကတော့ သူတစ်ပါး ကြားဖြတ်လို့ (မရပါ)၊ မရ ဘူးတဲ့၊ သမ္မတ္တ နိယတာဓမ္မာ= မဖောက်မပြန်ဘဲနဲ့ နိဗ္ဗာန် ရောက်အောင် ပို့တယ်၊ ဒါ ဘယ်သူ လာရှုပ်ရှုပ် တားလို့ ဆီးလို့ မရဘူး၊ သဘောကျပလား။ (ကျပါပြီ ဘုရား)။

သံကိစ္စ သာမဏေ

ကဲ ဒါဖြင့် ယုတ်စွအဆုံး မရသေးတဲ့ ပုဂ္ဂိုလ်တောင် ဒီဘဝရမယ်လို့ သူ သေချာပြီးသား ဖြစ်လာလို့ ရှိရင် သံကိစ္စ သာမဏေတို့ ထောက်ကြည့်၊ မီးရှို့တာတောင် မလောင် ဘူး။ (မှန်ပါ့)၊ မရသေးဘူး၊ မရသေးဘူးနော်၊ ရမှာ ဧကန်ဖြစ်နေတဲ့အတွက် သူက လှမ်းထားတယ်၊ ဘယ်လောက် သတ္တိထက် သလဲဆိုတာ ပေါ်ပလား။ (ပေါ်ပါပြီ ဘုရား)။

သူက မီးပုံထဲကကို တစ်ခါတည်း အမိဝမ်းဗိုက်ထဲက နေပြီး တံစူးဝါးနဲ့ ထိုးလိုက်တဲ့အခါ ပြင်ဘက်ထွက်လာတယ်၊ အဲဒီအချိန်မှာ သူ မဂ်ရပလား၊ မရသေးဘူးလားမေးရင် (မရသေးပါ ဘုရား)။

သူ ကလေး ကလေး ရှိသေးတယ်။ (မှန်ပါ့)၊ ဒါတောင်မှ သူ့ အရှိန်အစော်ဟာ သူ ရမယ် ဧကန်ဖြစ်နေတဲ့ အတွက် သေခွင့်မကြုံဘူး။ (မှန်ပါ့ ဘုရား)။

ကဲ အရှိန်အစော်ကြီးတာနဲ့ပဲ သေခွင့်မကြုံဘူးဆို ကတည်းက သော် သူ့သတ္တိဟာ တကယ် ရမယ် ဆိုလို့ ရှိရင် ကြားကံ ဖြတ်လို့ မရပါကလား။ (မှန်ပါ့)၊ မီးရှို့ လို့ မရဘူး။ (မှန်ပါ့)၊ ပေါ်ပလား။ (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ ဒီကံတွေပြည့်စုံအောင် လုပ်မယ် ဆိုလို့ ရှိရင်ဖြင့် တို့ ဘာကြောက်စရာ ရှိသတုံး၊ မတော် သေခါနီးများ ဒီပြင်ဟာတွေများ ဝင်လာ ခက်ချည်သေးရဲ့။ (မှန်ပါ့)၊ ဘာမှ မပူနဲ့၊ ကြားဖြတ်မဝင်နိုင်ဘူး။ (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါပြီ)၊ ဘယ်လိုမှတ်ရမယ်။ (ကြား ဖြတ်မဝင်နိုင်ပါ ဘုရား)။

ဒါဖြင့် ဒီကံတွေဟာ ကြားဖြတ်ဝင်နိုင်တာချည့်ပဲ။ (ဝင်နိုင်ပါတယ်)၊ မဂ်ကတော့ (မဝင်နိုင်ပါ ဘုရား)။

ဒါဖြင့် ဪ တို့ အနှောင့်အယှက်ကင်းပြီး သကာလ အကျိုးပေး မှန်မှန်ကြီး အကျိုး ပေးအောင်၊ တို့ စိတ်ချရအောင် ဆိုလို့ ရှိရင်ဖြင့် ကြားထဲက ခုနင်က ၁-၂-၃-တို့ လို ကြားဖြတ် မဝင်အောင် ကြားဖြတ် မဝင်နိုင်တဲ့ကံတွေ ကိုယ်ပိုင် လုပ်ထားရမယ်။ (မှန်ပါ့)၊ မလုပ်ထိုက်ဘူးလား၊ လုပ်ထိုက် သလား။ (လုပ်ထိုက်ပါတယ်)၊ ဒကာကြွယ် သေချာ ပလား။ (သေချာပါပြီ ဘုရား)။

မလ္လိကာ မိဖုရားကြီး

မလ္လိကာ မိဖုရားကြီးကျတော့ ဟောဒီ အဖြူကံတွေ ပေါ်လို့ ဒီက အမည်းကြားဖြတ်ချလိုက်တာ အဝီစိငရဲမှာ ခုနစ်ရက်ကျရတယ်။ (မှန်ပါ့)၊ သဘောကျပလား။ (ကျ ပါပြီ)၊ ဒီပြင်ဟာက ကြားဖြတ် ဝင်နိုင်တယ် ဆိုတာ ပေါ် ပလား။ (ပေါ်ပါပြီ)၊ ရှင်းပြီနော်။ (ရှင်းပါပြီ ဘုရား)။

ကောင်းပြီတဲ့၊ တစ်သက်လုံး တံငါလုပ်လာတဲ့ ပုဂ္ဂိုလ် ကိုလဲတဲ့ ဒကာ ဒကာမတို့ ကြားဖြတ် ကုသိုလ်ကလေး လုပ်လိုက်ပြန်တော့ ကုသိုလ်ဘက်က ကုသိုလ်က အမည်းကံ နေရာကို ကြားဖြတ်လို့ ရတယ်။ (ရပါတယ်)၊ အဲဒီတော့ အမည်းအဖြူ ဆိုတာ ပြောဖို့ လိုသေးသလား။ (မလိုပါ ဘုရား)။

အဲ စတုတ္ထကံကတော့ ဒကာ ဒကာမတို့ သေသေ ချာချာ စဉ်းစားပါတဲ့၊ ကိုယ်ပိုင်လဲ ရအောင် လုပ်ပါ၊ သူများ – ကို ကြားမဖြတ်နိုင်ဘူး။ (မှန်ပါ့)၊ ဒကာအုန်း စိတ်မချရဘူးလား။ (ချရပါတယ် ဘုရား)။

သမ္မတ္တနိယတာဓမ္မာ

အဲဒီတော့ ပါဠိတော်ကို လိုချင်လို့ရှိရင်ဖြင့် ဓမ္မသင်္ဂဏီ ပါဠိတော်မှာ သမ္မတ္တနိယတာဓမ္မာ= မဖောက်မပြန်ဘဲနဲ့ မြဲသောအကျိုးပေးတာကဖြင့် သူပဲတဲ့။ (မှန်ပါ့ ဘုရား)။

ဘယ်တော့မှ မဖောက်ပြန်ဘူးတဲ့။ (မှန်ပါ့)၊ မဂ်ရတဲ့ ပုဂ္ဂိုလ် ပါဏာတိပါတ လွန်ကျူးပါဆိုလို့ ကော (မလွန် ကျူးပါ)၊ မလွန်ကျူးတော့ဘူး၊ သဘောကျပလား။ (ကျပါပြီ)၊ သေရည်သေရက် သောက်ပါဆိုလို့ ကော (မသောက်ပါ ဘုရား)။

သူက သူ ရောက်လာတယ်ဆိုရင်ဖြင့် သူ ပယ်လိုက် တာပဲ၊ ဒကာကြွယ် အကုန်ပယ်ပြီးသား။ (မှန်ပါ့ ဘုရား)။

ဒါဖြင့် သူ ပယ်လိုက်တာကို ဘေးက ပုဂ္ဂိုလ်တွေက ဘယ်လိုပဲ ဖျက်ဆီးနေငြားသော်လဲ (မရပါ)၊ မရနိုင်ဘူး ဆိုတာ သူ မြဲတယ်။ (မှန်ပါ့)၊ သဘောပါကြပလား။ (ပါ,ပါပြီ ဘုရား)။

သူ မြဲတဲ့အတွက် သူသည် မြဲသောအကျိုးကို ပေးရ တယ်။ (မှန်ပါ့)၊ မြဲသော နိဗ္ဗာန်ကိုလဲ ရောက်အောင်ပို့ရ တယ်။ (မှန်ပါ့)၊ ကဲ ဦးလှဘူး စိတ်ချရပလား။ (စိတ်ချရပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ကျုပ်တို့ မှာ၊ ခင်ဗျားတို့ အိမ်မှာ ဥပမာ စစ်သံဘာသံတွေ ကြားတဲ့ အခါတော့ ဟေ့ မရိုးနိုင်တဲ့ပစ္စည်းစုရအောင်ပေါ့တဲ့။ (မှန်ပါ့)၊ ဒါကို ခင်ဗျားတို့ ဂရုစိုက်ကြတယ်။ (စိုက်ပါတယ် ဘုရား)၊ မစိုက်ကြဘူးလား။ (စိုက်ပါတယ် ဘုရား)၊ ရှိ-ရှိသလိုပေါ့ဗျာ။ (မှန်ပါ့)၊ မရှိတော့လဲ မရှိတဲ့ ပုဂ္ဂိုလ်ပေါ့။ (မှန်ပါ့ ဘုရား)။

အဲဒီတော့ မရိုးနိုင်တဲ့ပစ္စည်း၊ ပေါင်နှံလွယ်တဲ့ပစ္စည်း၊ လူသုံးများတဲ့ပစ္စည်း၊ အဲဒါသည်ကားလို့ ဆိုရင် ဒီပစ္စည်းကို ဒီပြင်ဟာတွေကတော့ကွာ မီးလောင်ရင်လဲ ပြာကျသွားရင် ခက်တယ်ကွ၊ အစရှိသည်နဲ့၊ ညများ တိုင်ပင်သလိုပေါ့လေ -နော်။ (မှန်ပါ့ ဘုရား)။

ထိုနည်းအတူပဲ တဲ့၊ ဘယ်အခါ ကာလမဆို အသုံး တည့်တဲ့ ပစ္စည်းဟာ အားကိုးရတဲ့ ပစ္စည်း မှတ်ပါ။ (မှန်ပါ့ ဘုရား)။

ရောက်စေနိုင်တဲ့တရား

ဒါဖြင့် ဒါ အသုံးတည့်တဲ့ ပစ္စည်းပဲ။ (မှန်ပါ့)၊ ဒါဖြင့် သူ နိဗ္ဗာန်ကို တကယ်တမ်း အားကိုးရာ အဖြစ်နဲ့ တကယ် တမ်း ရောက်စေနိုင်တဲ့ တရားပဲ။ (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။

ကောင်းပြီ၊ ဒါဖြင့် ဖြစ်စေတာလား၊ ရောက်စေတာ လား။ (ရောက်စေတာပါ)၊ ကျန်သုံးခု ကတော့ ဘယ့်နှယ် ဖြေကြမလဲ (ဖြစ်စေတာပါ)၊ ဖြစ်စေတာနဲ့ ရောက်စေတာဟာ တခြားစီပါလား။ (တခြားစီပါ ဘုရား)။

ဒကာ ဒကာမတို့ ဘယ်လို မှတ်ကြမယ်။ (ဖြစ်စေ တာနဲ့ ရောက်စေတာဟာ တခြားစီပါ ဘုရား)။

ဖြစ်စေနိုင်တဲ့တရား

ဖြစ်စေနိုင်တာက ၁-၂-၃-ပဲ။ (မှန်ပါ့)၊ သူတို့က ဖြစ်စေနိုင်တယ်။ (မှန်ပါ့)၊ သူကတော့ ရောက်စေနိုင် တယ်။ (မှန်ပါ့ ဘုရား)။

အဲဒါတွေ ရော- ဟောလို့ ရှိရင် ဒကာအုန်း ရောကုန် ပြီ။ (မှန်ပါ့)၊ ရောကုန်ပြီ ရောကုန်ပြီ (မှန်ပါ့)၊ မင်း နိဗ္ဗာန်ရောက်မှာပေါ့ကွာ၊ ဖြစ်စေကနေပြီး ရောက်စေဘက် ကူးနေတယ်။ (မှန်ပါ့ ဘုရား)။

သေသေချာချာ နားကြီးကြီးနဲ့ ခုလို ခရေစေ့တွင်းကျ သူ့အကွက်နဲ့ သူ ပြမှ ဒီဥစ္စာကလဲ ဒကာကြွယ် ရှင်းတာ နော် (မှန်ပါ့)၊ ဒီအတိုင်းပြောင်းဖို့ ဆိုတာကတော့ လွယ် ကို မလွယ်ဘူး၊ ပုံချပြလို့ အခုရှင်းတာ။ (မှန်ပါ့)၊ ကဲ ဒါဖြင့် ပေါ်ကြပါပြီ။ (ပေါ်ပါပြီ ဘုရား)။

မမည်းမဖြူကံ၏သတ္တိ

ကဲ ဒါဖြင့် သူသည် ဒကာ ဒကာမတို့ ရောက်လဲ ရောက်စေတယ်၊ သူ့သတ္တိနော်။ (မှန်ပါ့)၊ ဟောဒီကံ သုံးကံကိုလဲ ဖြတ်တယ်။ (မှန်ပါ့)။

သေသေချာချာမှတ်ပါ၊ နိဗ္ဗာန်ကိုလဲ (ရောက်စေပါ တယ်)၊ ကံသုံးကံကိုလဲ (ဖြတ်ပါတယ် ဘုရား)၊ တယ်လဲ အဖိုးတန်ပါလား။ (အဖိုးတန်ပါတယ် ဘုရား)။

ကံသုံးကံကိုလဲ (ဖြတ်ပါတယ် ဘုရား)၊ နိဗ္ဗာန်လဲ (ရောက်စေပါတယ် ဘုရား)။

ဒါဖြင့် ဘယ်အခါမှ မရိုးတဲ့ပစ္စည်းဟာ သူပဲ။ (မှန်ပါ့)၊ ဘယ်အခါမဆို အားကိုးထိုက်တဲ့ ပစ္စည်းဟာ (သူပါ ဘုရား)၊ ဘယ်မင်းလာလာ ကျုပ်တို့ ငွေစက္ကူတွေလို မဟုတ်ဘူး။ (မဟုတ်ပါ ဘုရား)၊ မဟုတ်ဘူးလား၊ မင်းပြောင်း၊ စက္ကူပြောင်းတာကိုး။ (မှန်ပါ့)၊ အခုတော့ ဒီလို ဟုတ်ကဲ့လား။ (မဟုတ်ပါ ဘုရား)၊ ကဲ ထာဝရ ပစ္စည်းဟာ သူပဲ (မှန်ပါ့)။

ဒါကြောင့် သမ္မတ္တနိယတာဓမ္မာ= မဖောက်မပြန်ဘဲနဲ့ အကျိုးပေးတယ်။ (မှန်ပါ့)၊ ဒီပြင်ဟာ တွေက ဖောက်ပြန် တယ်။ (မှန်ပါ့)၊ ဒီပြင်ဟာတွေက ဖောက်ပြန်တယ်။ (ဖောက်ပြန်ပါတယ် ဘုရား)၊ သူကကော (မဖောက် ပြန်ပါ ဘုရား)။

ဒါ့ကြောင့် ခင်ဗျားတို့ ယနေ့ တရားနာရတာသည် ဒကာ ဒကာမတို့ သဘောမှာဖြင့် အင်မတန်ကြီးပါ တယ်။ (မှန်ပါ့)၊ သဘောအတွက်မှာ သိပ်ကောင်းတယ်။ (မှန့်ပါ့)၊ တရားနာလို့တော့ ဒါလောက် မကောင်း ဘူး။ (မှန်လှပါ ဘုရား)။

အားကိုးရာအစစ်

ကဲ သို့သော်လဲ ဒါတွေ သိထားမှသာလျှင် ဪ တို့လဲ အားကိုးရာအစစ် ရှာပါတော့မယ်ဆိုတဲ့ စိတ်ကို ဆုံးဖြတ်ချက်ချတဲ့ ပုဂ္ဂိုလ်များကျတော့ အင်း အမည်းလဲ ချနိုင်တာပဲ၊ အဖြူလဲ လမ်းမဆုံး သေးဘူး၊ အမည်း အဖြူ မရောတဲ့ ကံသည် တို့၏ အားထားရာ အားကိုးရာအစစ်ပဲ ဆိုတာ ပေါ်လာတယ်။ (ပေါ်လာပါတယ် ဘုရား)၊ မပေါ်သေးဘူးလား။ (ပေါ်လာပါတယ် ဘုရား)။

ကဲ ဒါဖြင့် ဘာအားကိုးကြမယ်။ (အမည်း အဖြူ မရောတဲ့ကံ အားကိုးကြပါမယ် ဘုရား)၊ အားကိုးရာ အစစ်ပေါ့ ဗျာ (မှန်ပါ့ ဘုရား)။

ဒီပြင်ဟာတွေက သူများ ကြားဝင် (ပျက်ပါတယ် ဘုရား)၊ ပျက်တယ်ဆိုတာ ပေါ်ပလား။ (ပေါ်ပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ ဒီဥစ္စာဟာ ဒကာအုန်း ဒီနေ့ ကျကျနနသိတဲ့နေ့ပဲ။ (မှန်ပါ့)၊ ဆိုထိုက် ကြပလား။ (ဆိုထိုက်ပါတယ် ဘုရား)။

ဒါဖြင့် သူ့မှာ ဘယ်နှစ်သတ္တိရှိသတုံးဆိုတာကလေး ကို နိဂုံးချုပ်မှတ်လိုက်။ (မှန်ပါ့)၊ နိဗ္ဗာန်ကိုလဲ ရောက်စေတယ်။ (ရောက်စေပါတယ်)၊ တစ်ပါးသောကံတွေကို မကောင်းတာတွေ ဟူသရွေ့၊ မဟုတ်တာတွေဟူသရွေ့ အကုန် ဖြတ်တယ်။ (ဖြတ်ပါတယ် ဘုရား)၊ သဘောကျပလား။ (ကျပါပြီ)။

ဒါဖြင့် ဘုရားက ဟောဒီဥစ္စာကွာ တဲ့၊ ကံတွေကို ကုန်စေတတ်တဲ့တရား တဲ့။ (မှန်ပါ့ ဘုရား)၊ ကံကို ကုန်စေပြီး သကာလ မဖောက်မပြန်ဘဲနဲ့ နိဗ္ဗာန်အရောက် ပို့တဲ့ တရားတဲ့၊ ဒါကို သေသေချာချာ မှတ်ပါ။ (မှန်ပါ့)။

ကံတွေကိုလဲ (ကုန်စေတတ်ပါတယ် ဘုရား)၊ နိဗ္ဗာန် ကိုလဲ (ရောက်စေတတ်ပါတယ် ဘုရား)။

ဒါဖြင့် ဒီ ဒကာ ဒကာမတွေ ဒီဟာ အားကိုးရာ အစစ်အမှန်ဖြစ်၍ မလုပ်မနေရမည့်တရား သူပါဝင်တယ်။ (မှန်ပါ့)။

စစ်ရိပ်စစ်ငွေ့ နီးလာတဲ့အခါကျလို့ရှိရင် ဒီပစ္စည်းဟာ ဖြင့် မသုံးမဖြစ်တဲ့ပစ္စည်း၊ တို့ ထားမယ်ဆိုတဲ့စိတ်ထား ရှိသလို၊ ဒီမှာလဲ ဒကာ ဒကာမတွေ တကယ်အားကိုးရာ အစစ်ကိုဖြင့် မလုပ် မဖြစ်တဲ့ ပစ္စည်းမို့ အရလုပ်ထားမယ် ဆိုတဲ့ စိတ်ကို ဒကာကြွယ် မွေးရလိမ့်မယ်။ (မွေးရမှာပါ ဘုရား)၊ ဦးလှဘူး ကျေနပ်ပလား။ (ကျေနပ်ပါပြီ ဘုရား)။

ကောင်းပြီ၊ ဒါဖြင့် ဒကာ ဒကာမတို့ ဒုစရိုက်ဆယ် ပါးက ဒကာ ဒကာမတို့ မည်းသော အကျိုး ပေးတယ်။(မှန်ပါ့)၊

သုစရိုက်ဆယ်ပါးက (ဖြူသောအကျိုးပေးပါ တယ်)၊ ဒုစရိုက်, သုစရိုက်အရောက (အမည်းအဖြူ အကျိုးပေးပါတယ်)၊

ဒုစရိုက်, သုစရိုက်နဲ့ ဘာမှ မဆက်ဆံ တဲ့ မဂ္ဂင်က (နိဗ္ဗာန်အကျိုးပေးပါတယ် ဘုရား)၊ အဲ နိဗ္ဗာန် အကျိုးပေးတယ် မယူနဲ့၊ နိဗ္ဗာန် အရောက်ပို့ တယ် ယူ။ (မှန်ပါ့)၊ အင်း အကျိုးပေးတယ်ဆို သူက လုပ်တာ လို့ အဓိပ္ပာယ် ရောက်သွားလိမ့်ဦးမယ်။ (မှန်ပါ့)။

ရောက်လို့ ရှိရင်၊ အကြောင်းပျက်ရင် (အကျိုးပျက် ပါတယ် ဘုရား)၊ အကျိုးပျက်သွားတော့ နိဗ္ဗာန်ဟာ ပျောက် သွားလိမ့်ဦးမယ်။ (မှန်ပါ့)၊ သဘောပါပလား။ (ပါ,ပါ ပြီ ဘုရား)။

ဒါကြောင့် ဒကာသစ်ရေ မလွယ်ဘူး ဆိုတာ ပေါ် ပလား။ (ပေါ်ပါပြီ)၊ မလွယ်ဘူး မလွယ်ဘူး။ ကဲ ဒါဖြင့် ဒကာ ဒကာမတို့ ဒီဥစ္စာ အားလုံး တရားနာလာကြတဲ့ ဒကာ ဒကာမတွေ၊ ဪ တို့ ဘုန်းရှိ ကံရှိ, ပါရမီရှိ အသေမဦးသေးလို့ တို့လာလို့ ကြားလိုက်ရတာ။ (မှန်ပါ့)၊

ဒါကလေး ဪ တို့ အားကိုးအစစ်ဟာ ဒါ ထားကြတယ်။ (မှန်ပါ့)၊ ၂-ကို ထားကြတယ်။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါ ပြီ)၊ ၄-ကိုရောက်တဲ့ ပုဂ္ဂိုလ်ဟာ ရှားတယ်။ (ရှားပါ တယ် ဘုရား)၊ မရှားဘူးလား။ (ရှားပါတယ် ဘုရား)။

အခု သေပျော်ပြီဆိုတဲ့ဥစ္စာ ဒါတွေပဲ။ (မှန်ပါ့)၊ သေပျော် နေပျော်ပြီဆိုတာ ဒါတွေပဲ။ (မှန်ပါ့)၊ သို့သော် လမ်းမဆုံးသေးဘူးဆိုတာ ပေါ်ပလား။ (ပေါ်ပါပြီ)၊ သူ့ ကိုပဲ ဟောဒီမဂ္ဂင်က ဖြတ်ရဦးမှာ။ (မှန်ပါ့)၊ သဘောကျ ပလား။ (ကျပါပြီ ဘုရား)။

ဘယ့်နှယ်ကြောင့် ဖြတ်ရသတုံး လို့ မေးတဲ့အခါ သူက နတ်ရွာသုဂတိ အကျိုးပေး ပစ်လိုက်တယ်။ (မှန်ပါ့)၊ နတ်ရွာသုဂတိဆိုတော့ ဘာသစ္စာတုံး။ (ဒုက္ခသစ္စာပါ)၊ အင်း ဒုက္ခသစ္စာ အကျိုးပေး မှာကို သူက ဖြတ်ရလိမ့် မယ် (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါပြီ)။

အဲဒါ မလုပ်နဲ့လို့ ဆိုတာ မဟုတ်ဘူး တဲ့၊ ဝိဝဋ္ဋ ဖြစ်အောင်လုပ်။ (မှန်ပါ့)။

ဝိဝဋ္ဋ ဖြစ်အောင် (လုပ်ရမှာပါ ဘုရား)၊ ဝိဝဋ္ဋ ဖြစ်အောင် ဒီကံ ဒကာ ဒကာမတွေ ဝိဝဋ္ဋ ဖြစ်အောင် တစ်ခါတည်း ၄-နံပါတ် ဆိုက်လာအောင် ဒုက္ခသစ္စာမြင်ပြီး ဒီဒုက္ခဝဋ်ကိုမှ ကျွတ်ချင်လို့ လှူပါတယ်၊ တန်းပါတယ်၊ ကျောင်း ဆောက်ပါတယ်၊ ဘုရား တည်ပါတယ်ဆို လုပ် သာလုပ် (မှန်ပါ့ ဘုရား)၊ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။

သစ္စာနုလောမိကဉာဏ် ရအောင်လုပ်

ခင်ဗျားတို့ ဒီ ကမ္မဿကတဉာဏ်လောက်နဲ့တော့ မတော်ဘူး။ (မှန်ပါ့ ဘုရား)၊ သစ္စာ အနုလောမိကဉာဏ် ရောက်အောင် (လုပ်ရပါမယ်)၊ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။

ဖြစ်ပျက်ခန္ဓာတွေကို မြင်ပြီး သကာလ ဒီဒုက္ခဝင့်မှ ကျွတ်ချင်လို့ ဒီကျောင်း, ဒီဘုရား, ဒီဆွမ်းတွေ ကျွေးပါ တယ်ဆိုလို့ ရှိရင် ဒကာကြွယ် အကြီးအကျယ် လွတ်ပါ တယ်။ (မှန်ပါ့ ဘုရား)၊ ပေါ်ပလား။ (ပေါ်ပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ စတုတ္ထကံသည် သတ္တိ ဘယ်နှစ်သတ္တိရှိသလဲ ပြန်ပြီး မေးပြန်တယ်။ (နှစ်သတ္တိပါ ဘုရား)၊ သူများကံကိုလဲ (ဖြတ်ပါတယ်)၊ နိဗ္ဗာန်ကိုလဲ (ပို့ ပါတယ်)၊ အဲ ဒါဖြင့် ကံဖြတ်တယ်။ အရောက်လဲ ပို့တယ်။ (မှန်ပါ့ ဘုရား)။

ကံကိုလဲ (ဖြတ်ပါတယ် ဘုရား)၊ အရောက်လဲ – (ပို့ပါတယ် ဘုရား)။

ဒါဖြင့် ဒီကံသည် ဒကာအုန်းတို့ ကိုးစားထိုက်၊ အားထားထိုက်တဲ့ ကံပဲ။ (မှန်ပါ့ ဘုရား)၊ သေချာပြီ မဟုတ်လား (သေချာပါတယ် ဘုရား)။

သေချာတော့ ဒကာ-ဒကာတို့ တဲ့၊ ဟုတ်,မဟုတ် အကဲခတ်ကြတာပေါ့နော်။ (မှန်ပါ့)၊ ဟုတ် မဟုတ် အကဲ ခတ်တဲ့အခါကျတော့ ခင်ဗျားတို့ အခုတော့ ဝတ္ထုသက်သေ သာဓကတွေနဲ့ ဟော သူသတ် ယောက်ျားဝတ္ထုတွေမှာ အမည်းကံ (မှန်ပါ့ ဘုရား)။

ဦးဘအုန်း ဘာကံ ခေါ်သလဲ။ (အမည်းကံပါ ဘုရား)၊ အမည်းအကျိုးပေးပါတော့လား၊ မပေးဘူး။ (မှန်ပါ့)၊ ဒီကံက စတုတ္ထအထမြောက်သွားလို့ (မှန်ပါ့)၊ စတုတ္ထအထမြောက်သွားတဲ့အတွက် သူ ငရဲကျသေးရဲ့ လား။ (မကျပါ ဘုရား)၊ ဘယ့်နှယ်ကြောင့်ပါလိမ့်။ (ဖြတ်ချလိုက်လို့ပါ ဘုရား)၊ အမည်းအဖြူ မရောတဲ့ကံက ဖြတ်ချလိုက်ပါတယ်။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ ဘုရား)။

အမည်းအဖြူမတဲ့ကံက (ဖြတ်ချလိုက်ပါတယ် ဘုရား)၊ အမည်းတွေ အကုန်ဖြတ်ချလိုက်တယ်၊ အမည်း အကျိုးတွေဖြတ်တယ်။ (မှန်ပါ့ ဘုရား)၊ သဘောကျ ပလား။ (ကျပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ တချို့ အဖြူတွေ ပဲ လုပ်ပြီး သကာလ ယူကြတာပဲတဲ့၊ လင်နဲ့မယား တောင်း ချင်တဲ့ဆု တောင်းပြီး သကာလ ဤကုသိုလ်ကြောင့် လူ့ပြည်။ နတ်ပြည် အကြိမ်ကြိမ်ခံစား၍ ဆိုတာတွေက နှုတ်ကို တက်နေတာပဲ။ (မှန်ပါ့)၊ နိဗ္ဗာန်ဆိုတာလဲ ရောက်ဖို့ရာ မရှိဘူး၊ သူ့ အကြိမ်ကြိမ်ကလဲ ဘယ်လောက်မှန်း မသိဘူး၊ နေချင်သလောက် နေပါရစေဆိုတော့ သေချင်သလောက် – သေပါစေဆိုတာက ပါနေတယ်။ (မှန်ပါ့ ဘုရား)၊ မပါဘူးလား။ (ပါ,ပါတယ် ဘုရား)။

အဲဒါတွေက ဒီလိုလှူဒါန်းပေးကမ်းပြီး သကာလ မသိ ခင်က လုပ်တဲ့ ဝဋဒါနတွေကိုလဲ တဲ့၊ ဒကာ ဒကာမတွေ သိတဲ့အတိုင်းတဲ့၊ ဝိသာခါများ ဥပုသ်စောင့်တာတွေဟာ ကျုပ် သားကောင်းရတနာ မွေးဖွားဖို့ (မှန်ပါ့)၊ မလာဘူးလားဗျာ။ (လာပါတယ် ဘုရား)။

အင်း လင်ကောင်း သားကောင်း ရပြီး သကာလ သားသမီးတွေဖွားဖို့ အစရှိသည်နဲ့ ဒီလိုပဲ ဥပုသ်စောင့်နေတာ တွေလဲ တစ်ပုံကြီးပါပဲ။ (မှန်ပါ့)၊ ဝိသာခါဝတ္ထုမှာ သေသေချာချာ ပါတာပဲ။ (မှန်ပါ့ ဘုရား)၊ မပါဘူး လား။ (ပါ,ပါတယ် ဘုရား)။

အဲဒါတွေလဲ နောက်ဆုံးပိတ် ဒကာ ဒကာမတွေ ကျွတ်တမ်းဝင်တဲ့ အချိန်ကျလာပြန်တော့လဲ ဒီအဖြူကံကိုလဲ သူကပဲ ဖြတ်တာပဲ။ (မှန်ပါ့ ဘုရား)၊ မဖြတ်ဘူးလား။ (ဖြတ်ပါတယ် ဘုရား)၊ ရှင်းပြီနော်။ (ရှင်းပါပြီ ဘုရား)။

အမည်းအဖြူရောပြီး အာဠာဝကတို့လိုကျတော့ ကြည့် စမ်း ဘီလူးရယ်လို့ ဖြစ်လာတယ်။ (မှန်ပါ့)၊ အမည်း အဖြူ ရောတဲ့ကံ လုပ်လို့ (မှန်ပါ့)၊ တန်ခိုးကတော့ ကြီး တယ်။ (ကြီးပါတယ် ဘုရား)၊ မြင်းမိုရ်တောင်ကြီးကိုပင် ခြေထောက်နဲ့ ဆောင့်လိုက်မယ်ဆိုရင် ချက်ချင်းကွဲတယ်။ (မှန်ပါ့ ဘုရား)၊ ဒါလောက်တောင် တန်ခိုးကြီးတယ်။ (မှန်ပါ့ ဘုရား)။

အဲဒီ ကံတွေကိုလဲ နောက် ဘုရားက မဂ်ဉာဏ်, ဖိုလ်ဉာဏ် ဟောလို့ မဂ်ဉာဏ်,ဖိုလ်ဉာဏ် ကြိုးစားလိုက် တဲ့အခါကျတော့ သူ့အကျိုးပေးတွေလဲ ရှေ့ကို ဆက်ပြီး ပေးနိုင်သေးရဲ့လား။ (မပေးနိုင်ပါ ဘုရား)၊ အမည်းအဖြူ ရောတဲ့ ကံကို ဘာလုပ်ပြန်သတုံး။ (ဖြတ်ပါတယ် ဘုရား)။

ဒါဖြင့် ကံလဲ ဖြတ်တယ်။ (မှန်ပါ့)၊နိဗ္ဗာန်လဲ (အရောက်ပို့ ပါတယ် ဘုရား)၊ အရောက်ပို့ တယ်ဆိုတာ သေချာပလား။ (သေချာပါပြီ ဘုရား)။

ဒါဖြင့် ကံလဲ ဖြတ်တယ်။ (မှန်ပါ့)၊ နိဗ္ဗာန်လဲ (အရောက်ပို့ ပါတယ် ဘုရား)၊ အရောက်ပို့ တယ်ဆိုတာ၊ သေချာပလား။ (သေချာပါတယ် ဘုရား)။

ကဲ ဒါဖြင့် ဒီနေ့ တော်တော် ကျေနပ်ပြီ။ (ကျေနပ်ပါပြီ ဘုရား)၊ ဦးဘအုန်း ကျေနပ်ပလား။ (ကျေနပ်ပါပြီ ဘုရား)။

ကောင်းပြီ၊ ဒါဖြင့် သူ့ဝတ္ထုနဲ့ သူ့သက်သေသာဓက နဲ့ အလုံးစုံ အကုန်ရှင်းပြီး သကာလ နေတော့ ဒီကံဖြတ်အလုပ် ဆိုတာလဲ ဒကာ ဒကာမတို့ ဒီအတိုင်းနေလို့တော့ဖြင့် သူက – ဖြတ်ပေးမယ် မဟုတ်ပါဘူး။ (မဖြတ်ပါ ဘုရား)။

ဒီအတိုင်းနေလို့ တော့ ဖြတ်မပေးပါ ဘုရား)၊ ဘာ လုပ်ရမတုံးမေးတဲ့အခါ သူ့ကို ဝမ်းထဲရောက်ဖို့ အရေးကြီးတယ်။ (မှန်ပါ့)။

မီးပုံးပျံ လွှတ်သလို

ဒီ မဂ္ဂင်ရှစ်ပါး၊ မဂ္ဂင်ငါးပါးဟာ ဘယ်ရောက်ဖို့ အရေး ကြီးသတုံး။ (ဝမ်းထဲ ရောက်ဖို့ အရေးကြီး ပါတယ် ဘုရား)။

ဒကာ ဒကာမတို့ မီးအိမ်ပျံ, မီးပုံးလွှတ်တဲ့အခါ အလိုလိုတက်သလား၊ မီးခိုးဖြစ်အောင် လုပ်ပေးမှ တက် သလား။ (မီးခိုးဖြစ်အောင်လုပ်ပေးမှ တက်ပါတယ် – ဘုရား)။

ဒီမှာလဲ ခင်ဗျားတို့ မဂ္ဂင်မီးခိုးဖြစ်အောင်တော့ လုပ် ကြဦး၊ ဒါမှ တက်မှာ၊ နို့မဟုတ်ရင် မတက်ပေဘူး။ (မှန်ပါ့)၊ နို့မဟုတ်ရင် တက်ပါ့မလား။ (မတက်ပါ ဘုရား)။

အဲ ဒါဖြင့် အိမ်ကနေပြီး သကာလ ကျုပ်တို့က နိဗ္ဗာန်ရချင်ပါတယ်၊ ထိုက်တန်သလောက်လဲ ကျုပ်တို့ လုပ် နိုင်သလောက် လုပ်ပါတယ်၊ ဒါလောက်နဲ့ မရသေးဘူး။ (မှန်ပါ့)၊ တက်နိုင်အောင် မီးခိုးကိုလုပ်မှ တက်မှာ။ (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။

တက်နိုင်အောင် မီးပုံးကို ရှို့နိုင်မှ (တက်မှာပါ ဘုရား)၊ သဘောပါကြပလား။ (ပါ,ပါပြီ ဘုရား)။

အဲဒီတော့ ခင်ဗျားတို့ ရွာထဲ,ရပ်ထဲမှာ ဒကာကြွယ် တို့က နှုတ်ချိုပြည်စိုးဆိုပြီး သကာလ အို ဒါလောက်ဆို ရင် မင်း မနည်းပါဘူးကွာလို့ ဒါလောက်ကလေးနဲ့ မတော် ဘူးနော်။ (မှန်ပါ့)၊ အဟုတ် ကြိုးစားရမည့် တရားကို အဟုတ်ကြိုးစားမှ ဖြစ်မှာ။ (မှန်ပါ့)။

ဘာဖြစ်လို့ တုံးလို့ မေးတဲ့အခါကျတော့ ခုနင်က မီးပုံး ပျံ လွှတ်သလိုပေါ့ ဒကာကြွယ်၊ မှိုင်းပြည့်အောင် လုပ်မှပဲ သူ တက်မှာပဲ။ (မှန်ပါ့)၊ နို့မဟုတ်ရင် တက်ပါ့မလား။ (မတက်ပါ ဘုရား)။

ဒီမှာလဲ ရှစ်ပါးပြည့်မှပဲ သူ ကံဖြတ်မယ်။ (မှန်ပါ့)၊ ရှစ်ပါးမပြည့်သေးရင် (ကံမဖြတ်ပါ ဘုရား)။

ကံဖြတ်မပေးနိုင်ဘူးကွာဆိုလို့ ရှိရင်ဖြင့် ခင်ဗျားတို့ အမည်းအဖြူရောတဲ့ ကံကိုလဲ ခင်ဗျားတို့ ပြုလျက်ပဲ။ (မှန်ပါ့)၊ အဖြူသက်သက်လဲပဲ (ပြုလျက်ပါ ဘုရား)၊ အမည်းကံကိုလဲ (ပြုလျက်ပါပဲ ဘုရား)။

အဲ ပြုလျက်ဆိုတော့ သူတို့ဘက်က လှည့်သွားမယ် ဆိုလို့ ရှိရင်တော့ ဒကာအုန်း ပြန်လမ်း မပါဘူး။ (မှန်ပါ့) ပြန်လမ်းပါသေးရဲ့ လား။ (မပါ,ပါ ဘုရား)။

အေး ဒါကြောင့် အချိန်ကလေးရှိတုန်း လုံ့လ စိုက်ပါဆိုတာ မြန်မြန်တွေ့အောင် လုပ်လိုက်ပါ။ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)၊ ဘာလုပ်ရမယ်။ (မြန်မြန်တွေ့ အောင် လုပ်ရပါမယ် ဘုရား)။

ကိုင်း ဒါဖြင့် မြန်မြန်တွေ့ အောင်လုပ်တဲ့နည်း သင်ကြပါစို့ (မှန်ပါ့ ဘုရား)၊ ကဲ ဒကာကြွယ် အမည်း အဖြူမရောတဲ့ကံ ပေါ်တော့မယ်နော်။ (မှန်ပါ့)။

အမည်းအဖြူ မရောတဲ့ကံ ပေါ်တော့မယ်ဆိုတော့ ဒကာ ဒကာမတွေ ဝိပဿနာဉာဏ်က စ,ရလိမ့်မယ်။ (မှန်ပါ့)၊ ဝိပဿနာဉာဏ်က စ,ရတော့မယ်ဆိုတော့ မသိတဲ့ ဒကာ ဒကာမတွေက

“အရှင်ဘုရားတို့ နာမ်နဲ့ရုပ်ကို နာမရူပ ပရိစ္ဆေဒဉာဏ်က မစ,ဘဲကိုး၊ ပစ္စယပရိဂ္ဂဟဉာဏ် က မစ,ဘဲကိုး၊ ထင်ချင်ထင်လာမယ်။ (မှန်ပါ့)၊ နားလည် ပြီးသားကို ဟောတာလို့မှတ်” (မှန်ပါ့)၊ ဟိုအောက် ဉာဏ်တွေ မထည့်နိုင်တော့ဘူး။ (မှန်ပါ့)၊ သဘောကျ ပလား။ (ကျပါပြီ ဘုရား)။

ဘယ်လိုယူထားပါလိမ့်။ (နားလည်ပြီးသားမို့ပါ)၊ နားလည်ပြီးသားဆိုတာ အောက်ဉာဏ်ကို နားလည်ပြီး သား။ (မှန်ပါ့)၊ နာမ်ရုပ် ကွဲပြီးသား၊ အကြောင်းအကျိုး ဆက်တတ်ပြီးသား။ (မှန်ပါ့)၊ အဲဒီပုဂ္ဂိုလ်တွေ ဟောတော့ ဒီဉာဏ်တွေ ချိတ်ထား။ (မှန်ပါ့)၊ ဝိပဿနာဉာဏ်ကပဲ စ,ရမယ့်။ (မှန်ပါ့)၊ ရှင်းပြီနော်။ (ရှင်းပါပြီ ဘုရား)။

စိတ္တာပဿနာ စ,မယ်

ကဲ ဒါဖြင့် ဝိပဿနာ ဉာဏ်ကပဲ စ,တော့မယ်ဆို တော့ ဒကာ ဒကာမတွေ လွယ်ပါတယ်တဲ့၊

ဒီနေ့စိတ်ကို စ,မယ်ဆိုလို့ ရှိရင်လဲ ခင်ဗျားတို့သန္တာန်မှာ ဒကာကြွယ် တစ်ခါတလေ မြင်စိတ် ပေါ်တယ်။ (ပေါ်ပါတယ်)၊ တစ်ခါ တလေ ကြားစိတ်ကော (ပေါ်ပါ့တယ်)၊ တစ်ခါတလေ နံစိတ် ပေါ်တယ်။ (မှန်ပါ့)၊ တစ်ခါတလေ ကျတော့ စား စိတ်ပေါ်တယ်။ (ပေါ်ပါတယ်)၊ သဘောကျပလား။ – (ကျပါပြီ)၊ တစ်ခါတလေ ကိုယ်ပေါ်မှာ ယားနာတဲ့စိတ်ကော (ပေါ်ပါတယ်)၊ တစ်ခါတလေကျတော့ ကိုယ်ပေါ် မှာ လေကလေး ဘာကလေး တိုက်တော့ ကောင်းမြတ်တဲ့ စိတ် ကော (ပေါ်ပါတယ် ဘုရား)၊ အပြင်ဧည့်သည် ခြောက် ယောက်လို့ မှတ်လိုက်စမ်းပါ။ (မှန်ပါ့ ဘုရား)၊ အပြင် ဘက်မှာ၊ ကိုယ်ပြင်ဘက်မှာ ပေါ်တယ်။ (မှန်ပါ့)၊ ဝမ်းထဲမှာ ပေါ်တာ မဟုတ်ပါဘူး။ (မဟုတ်ပါ ဘုရား)။

ဒါဖြင့် မြင်စိတ်, ကြားစိတ်, နံစိတ်, စားစိတ်, ယားနာစိတ်, ကောင်းမြတ်တဲ့စိတ်၊ အပြင် ဧည့်သည် ဘယ် နှစ်ယောက်တုံး။ (ခြောက်ယောက်ပါ ဘုရား)။

အတွင်းဧည်သည့် ကျတော့ လွယ်ပြီ၊ ဝမ်းထဲမှာ ပေါ် တဲ့ စိတ်က ဒကာ ဒကာမတို့ လောဘစိတ်, ဒေါသစိတ်, မောဟစိတ်နော်၊ ဒါ သိပြီးသား ထားပါတော့။ (မှန်ပါ့)၊

လောဘဆိုတာ လိုချင်တာ၊ ဒေါသဆိုတာ ပြစ်မှားတာ၊ မောဟဆိုတာ သံသယဖြစ်တာရယ်၊ ပျံ့လွင့်တာရယ်၊ ဒါ မောဟ ခေါ်တာပဲ။ (မှန်ပါ့)၊ ရှင်းပြီနော်။ (ရှင်းပါပြီ ဘုရား)။

တစ်ခါတလေကျတော့ လှူချင်တန်းချင် ပေးချင် ကမ်းချင်တဲ့ အလောဘစိတ် မလာဘူးလား။ (လာပါတယ် ဘုရား)၊ သဘောကျပလား။ (ကျပါပြီ ဘုရား)။

တစ်ခါတလေကျတော့ အဒေါသဆိုတဲ့ မေတ္တာ ကော (လာပါတယ် ဘုရား)၊ လာတော့ ဪ ဒါက အတွင်းမှာ တစ်ခါတလေမှပေါ်တဲ့ အတွင်းဧည့်သည် ငါးယောက် (မှန်ပါ့ ဘုရား)။

အပြင့် ဧည့်သည်က (ခြောက်ယောက်ပါ ဘုရား)၊ အတွင်းဧည့်သည်က (ငါးယောက်ပါ ဘုရား)၊ သဘောကျ ပြီနော်။ (ကျပါပြီ ဘုရား)။

အိမ်သည်နှစ်ယောက်ဆိုတာ ခင်ဗျားတို့ မှာ လေကို အပြင်ဘက်ထုတ်တဲ့စိတ်၊ လေကို ပြန်ရှိုက် ယူတဲ့စိတ်၊ ဒါက အိမ်သည်နှစ်ယောက် (မှန်ပါ့ ဘုရား)၊ သဘောကျပလား။ (ကျပါပြီ ဘုရား)။

ကောင်းပြီ၊ ဒါဖြင့် ဒါ အရှုခံတရားလို့ မှတ်လိုက်စမ်း ပါ။ (မှန်ပါ့ ဘုရား)။

အရှုခံတရား

အရှုခံတရားက အပြင်ဧည့်သည် (ခြောက်ယောက် ပါ)၊ အတွင်းဧည့်သည်က (ငါးယောက်ပါ ဘုရား)၊ အိမ် သည်က (နှစ်ယောက်ပါ ဘုရား)။

ကောင်းပြီ၊ ဒါ သိတော့ ဒီမှာ ချန်ပစ်ခဲ့တာကြည့်၊ ဒကာကြွယ် အလောဘ, အဒေါသဆိုတော့ အမောဟ ဆိုတဲ့ ပညာမပါဘူး၊ ချန်ပစ်ခဲ့တယ်။ (မှန်ပါ့)၊ အဲဒါကို သူက ရှုရမည့်တရားဖြစ်နေလို့ ဒကာ ဒကာမတို့ သေသေချာချာ မှတ်ပါ၊ သူက မဂ္ဂင်ငါးပါးမှာပါတယ်။ (မှန်ပါ့)၊

ဒါဖြင့် ဒကာ ဒကာမတို့ မဂ္ဂင်ငါးပါးက ရှုရမည့်တရား ဖြစ်သောကြောင့် အမောဟ ချန်ပစ်ခဲ့တယ်။ (မှန်ပါ့)၊ အမောဟနဲ့ ရှုရမှာ။ (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။

အမောဟဆိုတာ

ဘာနဲ့ ရှုရမှာတုံး။ (အမောဟနဲ့ရှုရမှာပါ ဘုရား)၊ အမောဟနဲ့ ရှုရမှာဖြစ်နေတော့ ဒီက မဂ္ဂင်မှာ အမောဟ ဆိုတာ သူ့ချည့် ဘယ်တော့မှ မဖြစ်ဘူး၊ အမောဟဆိုတာ သမ္မာဒိဋ္ဌိ ပဲ။ (မှန်ပါ့)၊ သဘော ကျပလား။ (ကျပါပြီ)၊

သမ္မာဒိဋ္ဌိ၊သမ္မာသင်္ကပ္ပ၊ သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိ ဆိုတာ တွဲလျက်ပဲ။ (မှန်ပါ့ ဘုရား)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ဒါက အကဏှအသုက္ကံ (မှန်ပါ့)၊ မမည်း မဖြူတဲ့ကံဟာ ဒီငါးခုပဲ။ (မှန်ပါ့)၊ ရှစ်ခုဖြစ်ပြီးရင် အစစ်ဖြစ်ပြီး။ (မှန်ပါ့)၊ ငါးခုဆိုရင် အတု၊ ရှစ်ခုဆိုရင် (အစစ်ပါ ဘုရား)။

ကောင်းပြီ၊ ဒါဖြင့် ဒကာ ဒကာမတွေက အိမ်ကျ တော့ ထိုင်ကြတာပေါ့ဗျာ။ (မှန်ပါ့)၊ အင်း သွားချင်လဲ သွားတာပေါ့၊ ထိုင်ချင်လဲ ထိုင်တာပေါ့ ဒါတွေပေါ်ရာ ကို ပေါ်တဲ့နေရာ ဖြစ်ပျက်လိုက်ရှု (မှန်ပါ့)။

မျက်လုံးက ပေါ်လာရင် (မျက်လုံးဖြစ်ပျက်ရှုရပါ မယ်)၊ မျက်လုံးထဲက ဖြစ်ပျက်ကို ဒီအမောဟနဲ့ လိုက်ပေး။ (မှန်ပါ့ ဘုရား)။

ဒကာ ဒကာမတို့ ကိုယ်ပေါ်မှာ ယားတယ်, ယံတယ် ပေါ်လာရင် (ဖြစ်ပျက်ရှုပေးရမယ်)၊ ကိုယ်ပေါ်မှာ အဲဒီ ယားတဲ့ ယံတဲ,နေရာမှာ အဲ တို့ အမောဟနဲ့ လိုက်ပေး။ (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။

တစ်ခါတလေကျတော့ ဝမ်းထဲမှာ ဒကာကြွယ်ရေ လောဘကလေးပေါ်လာလိုက်၊ ဟိုဟာ မလိုက်နဲ့ ပေါ်ရာသာ ဖြစ်ပျက်ရှုပါ။ (မှန်ပါ့)၊ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။

ဟာ ဒါဖြင့် အပြင်ဧည့်သည် ခြောက်ယောက်ကလဲ မလာဘူးဘုရား၊ အတွင်းဧည့်သည် ငါးယောက်လဲ မလာဘူး ဘုရားဆိုရင် အိမ်သည်နှစ်ခုရှိရာ တစ်ခုခု ဖြစ်လိမ့်မယ်။ (မှန်ပါ့)၊

အဲဒီနှစ်ခုကိုမှန်းပြီး သကာလ ဪ ရှုတဲ့စိတ် ကလေးလဲ ဖြစ်ပြီး ပျက်ပါလား၊ အတွင်းမှာ ဖြစ်ပျက် ရှုနေ။ (မှန်ပါ့)၊ လေရှိုက်တာ မြင်သဖြင့် အတွင်းမှာရှိတဲ့ စိတ်က အားထုတ်တာပဲ ဆိုတာ မသေချာဘူးလား။ (သေချာပါတယ် ဘုရား)။

အဲ သူ့ကို ဖြစ်ပျက်ရှုနေဆိုတော့ ရှုစရာကင်းမဲ့တဲ့ အခါ ပါသေးသလား။ (မပါ,ပါ ဘုရား)။

အေး ဒါဖြင့် အတွင်းဧည့်သည် အပြင်ဧည့်သည် မရှိလို့ ရှိရင် အိမ်သည်နှစ်ယောက်လှည့်ရှု။ (မှန်လှပါ)၊ ရှုရင်းမတ္တနဲ့ ဒီဟာတွေ တဖျပ်ဖျပ်ပေါ်လာရင် ပေါ်ရာကို လိုက်။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ ဘုရား)။

အဲဒါ ဒကာ ဒကာမတို့ စိတ္တာနုပဿနာသတိပဋ္ဌာန် လို့ ခေါ်တယ်။ (မှန်ပါ့)။

ဘယ်လို မှတ်ကြမယ်။ (စိတ္တာနုပဿနာ သတိ ပဋ္ဌာန်ပါ ဘုရား)၊ ဒါ အလုပ်ပေးနေတာလို့ မှတ်လိုက်စမ်းပါ။ (မှန်ပါ့)။

တရားဟောတာလဲ ဟုတ်တယ်။ (မှန်ပါ့)၊ အလုပ် ပေးနေတယ်ဆိုရင်ကော (ဟုတ်ပါတယ် ဘုရား)။

အဲဒါ ဒကာသစ်တို့ ဖြစ်ဖြစ်၊ ဒကာကြွယ်တို့ဖြစ်ဖြစ် လိုက်၊ လိုက်တဲ့အခါကျလို့ ရှိရင်၊ ဖြစ်မှုပျက်မှု မြင်လို့ ရှိရင် ဖြင့် ဒီငါးခုဖြစ်ပြီလို့ အောက်မေ့။ (မှန်ပါ့)။

မြင်တယ်ဆိုတာ မရှိတာသိတာ

ဒါကလေးတွေက ဖြစ်ပြီးပျက်သွားတယ်၊ ဖြစ်ပြီး ပျက်သွားတာကို မြင်တယ်ဆိုတဲ့ အဓိပ္ပာယ် ဟာလဲ ရှင်းပေး လိုက်ပြီ။ (မှန်ပါ့)၊ ‘‘မြင်တယ်ဆိုတာသည် မရှိတာ သိတာလို့ မှတ်လိုက်”။ (မှန်ပါ့ ဘုရား)။

“မြင်တယ်ဆိုတာ (မရှိတာသိတာပါ ဘုရား)၊ စိတ်ကို ရှုရတဲ့အတွက် မရှိတာ သိတာ ” (မှန်ပါ့)။

မရှိတာသိတာကို ဘာခေါ်ကြမယ်။ (မြင်တာပါ ဘုရား)၊ အဲ မင်း ဝိပဿနာရှုတာ အနိစ္စမြင်ရဲ့ လားဟေ့၊ တခြားသော ပုဂ္ဂိုလ်က မေးရင် မြင်တယ်သာ ပြောပါ။ (မှန်ပါ့ ဘုရား)၊ မြင်တာက ဘာတုံး မေးတော့ ဒကာသစ်က ဘယ့်နှယ်ဖြေမလဲ။ (မရှိတာကိုသိတာပါ ဘုရား)။

ဪ မရှိတာသိတာသည် နဂိုကမရှိတာမှ မသိတဲ့ ပုဂ္ဂိုလ် (မှန်ပါ့ ဘုရား)။

နဂိုက ဘယ်လိုပါလိမ့်။ (မရှိတာမှ မသိတဲ့ပုဂ္ဂိုလ် ပါ ဘုရား)။

မရှိတာမှ မသိတဲ့ပုဂ္ဂိုလ် အခု မရှိတာကို မရှိမှန်း သိတယ် ဆိုကတည်းက အင်း အမြော်အမြင် ရှိပြီဆိုတဲ့ အဓိပ္ပာယ်မျိုး။ (မှန်ပါ့)၊ မရှိတာသိလို့ ရှိရင် မရှိတာက အနိစ္စ၊ သိတာက မဂ္ဂဖြစ်သွားပါတယ်။ (မှန်ပါ့ ဘုရား)။ သဘောပါပလား။ (ပါ,ပါပြီ ဘုရား)။

ဒါ ဒီနေ့တရားမှာ ဒကာ ဒကာမတို့ ကောင်းအောင် ဟောတဲ့တရား မဟုတ်ဘူး။ (မှန်ပါ့ ဘုရား)၊ အလုပ်, လုပ်တတ်အောင် ဟောနေတယ်၊ နည်းပေးနေတယ်လို့ မှတ်လိုက်စမ်းပါ။ (မှန်ပါ့ ဘုရား)။

ကောင်းပြီ၊ ဒါဖြင့် ဒီလို လိုက်ပါများလာတော့ မရှိ တာချည့် သိရမယ် ဒကာသစ်ရဲ့။ (မှန်ပါ့)၊ မရှိတာချည့် သိတဲ့အခါကျတော့ မရှိတာက အနိစ္စ၊ သိတာက မဂ္ဂဆိုတော့ ဒါ မဂ္ဂင်ငါးပါး လာဖြစ်တယ်။ (မှန်ပါ့)၊ မဖြစ် သေးဘူးလား။ (ဖြစ်ပါတယ် ဘုရား)။

အဲဒီကဲ့သို့ ဖြစ်ပြီဆိုတော့ ရှေ့ကို တစ်ဆင့်တက်လိုက်၊ မရှိတာဖြင့် တပည့်တော် အကုန်သိပြီ ဘုရား ဆိုတော့ ဖြစ်ပျက် သိသွားပြီပေါ့ဗျာ။ (မှန်ပါ့ ဘုရား)။

ဒါဖြင့် သံသရာတစ်ခွင်လုံးမှာ ဘယ်တော့မှ ဒီမျက်လုံး မရခဲ့သည်ဖြစ်လေ သောကြောင့် အန္ဓပုထုဇဉ် (မှန်ပါ့)၊ ဒကာ ဒကာမတို့ ကန်းတဲ့ ပုထုဇဉ်၊ ရူးတဲ့ပုထုဇဉ်အဖြစ်မှ လွတ်ပြီ။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ ဘုရား)။

ကန်းတဲ့ ပုထုဇဉ်၊ ရူးတဲ့ ပုထုဇဉ်အဖြစ်မှ (လွတ်ပါပြီ)၊ လွတ်ပြီ၊ ဘာကြောင့်တုံးဆိုတော့ မရှိတာ မရှိမှန်း သိပြီ။ (မှန်ပါ့ ဘုရား)။

ရှိတာလဲ (ရှိမှန်းသိပါတယ်)၊ ရှိမှန်းသိတယ်၊ ဒီခန္ဓာ ကြီးထဲမှာ နဂိုက ဒီခန္ဓာစိတ်ဆိုတဲ့ ဝိညာဏက္ခန္ဓာရှိတယ်၊ အခု မရှိဘူးဆိုတာ သိတယ် (မှန်ပါ့ ဘုရား)။

နဂိုက ရှိတယ်၊ အခုကြည့်လိုက်တဲ့အခါမှာ (မရှိမှန်း သိပါတယ်)၊ မရှိဘူးဆိုတာသိတော့ သူ ရှိတာလဲသိတယ်။ မရှိတာလဲ သိတယ်ဆိုတော့ သူ ဖြစ်ပျက်သိပြီ။ (မှန်ပါ့ ဘုရား)။

ရှိတာလဲသိတယ်၊ မရှိတာလဲ သိတယ်ဆိုတော့ (ဖြစ်ပျက်သိပါပြီ)၊ ဖြစ်ပျက်သိတယ်ဆိုတာ သဘော ပါပလား။ (ပါ,ပါပြီ ဘုရား)။

ကောင်းပြီ၊ ဒါဖြင့် နေရာကျပြီဆိုတော့ အန္ဓပုထုဇဉ် ဥမ္မတ္တက ပုထုဇဉ်အဖြစ်မှ လွတ်ပြီ။ (မှန်ပါ့ ဘုရား)။

ကန်းတဲ့ ပုထုဇဉ်အဖြစ်မှ (လွတ်ပါပြီ)၊ ရူးတဲ့ ပုထုဇဉ်အဖြစ်မှ (လွတ်ပါပြီ ဘုရား)။

ဒါဖြင့် တပည့်တော်တို့ နောက်တုန်းက ဘယ်လို နေခဲ့ရသတုံးဆိုတာ ပေါ်သွားပြီး။ (ပေါ်ပါပြီ)၊ အရူး၊ အကန်းနဲ့ အချိန်ကုန်ခဲ့တယ်။ (မှန်ပါ့ ဘုရား)။

ဘယ်လိုဆိုကြမလဲ။ (အရူး၊ အကန်းနဲ့ အချိန်ကုန် ခဲ့ပါတယ် ဘုရား)။

အရူး , အကန်းနဲ့ အချိန်ကုန်ခဲ့တယ်ဆိုတာ ဒကာကြွယ် ငြင်းဖို့ မလိုပါဘူး။ (မလိုပါ ဘုရား)၊ နာစရာလဲ မလိုပါဘူး။ (မလိုပါ ဘုရား)။

ကောင်းတာက နည်းနည်းကလေး၊ ရူးတာ, ကန်းတာ က (အများကြီးပါ)၊ အသင်္ချေအနန္တပဲ။ (မှန်ပါ့)၊ – ရှင်းကြပလား။ (ရှင်းပါပြီ ဘုရား)။

ကောင်းပြီ၊ ဒါဖြင့် ဒကာ ဒကာမတို့ ဆက်ရှူ။ (မှန်ပါ့)၊ ဖြစ်ပျက်တွေတော့ မြင်ပြီ၊ မြင်ပေမယ့် ဆက်ရှု၊ ဆက်ရှုတော့ ဉာဏ်က ဘယ်လိုတိုးလာသတုံး မေးရတယ် မနော်။ (မှန်ပါ့)၊ ဪ ဆရာ ဘုန်းကြီးက ဘုရားဟော တဲ့ အတိုင်း ဟောထားတယ်၊ ပထမတုန်းက မြင်စိတ်နဲ့ အသက်ရှင်နေတယ်။ (မှန်ပါ့)၊ နောက် မြင်စိတ်သမား သေသွားတယ် (မှန်ပါ့)၊ တော်တော်ကြာလို့ ရှိရင် လိုချင် တဲ့ စိတ်နဲ့ အသက်ရှင်နေတယ်။ (မှန်ပါ့)၊ တော်တော်ကြာကျတော့ သေသွားတယ်။ (မှန်ပါ့ ဘုရား)။

ကိုယ့်အသေ ကိုယ်မြင်လာမယ်

အဲဒီတော့ ကိုယ့်အသေ ကိုယ်မြင်လာလိမ့်မယ်။ (မှန်ပါ့)၊ ကိုယ့်အသေ ကိုယ်မြင်တော့ ကိုယ့်မသာ ကိုယ်မြင်ရ တာနဲ့၊ သူများမသာ မြင်ရတာနဲ့ ဒကာ ဒကာမတို့ ဘယ်သူက သာပြီး မုန်းချက်သန်မလဲ ကိုယ့်အသေ ကိုယ်မြင်ရ တာက မုန်းချက်သန်ပါတယ် ဘုရား)။

ကိုယ့်အသေက ခွဲလို့မှ မရဘဲ။ (မှန်ပါ့ ဘုရား)၊ ဟို အသေက ဒီအသေကြီးများ သုသာန်ပို့ပြီး ပြန်တော့ မယ်ကွာ၊ ထားပစ်ခဲ့လို့ ရတယ်။ (မှန်ပါ့)၊ ဒီ ကိုယ့်အသေ ကတော့ (မရပါ ဘုရား)။

ဒါဖြင့် မရတော့ ပိုမိုပြီး သကာလ မုန်းဉာဏ်လာ တယ်။ (မှန်ပါ့)၊ ဒီမှာ နိဗ္ဗိန္ဒဉာဏ် တိုးတက်လာတယ်။ (မှန်ပါ့)၊ အဲ အခုနင်က ဖြစ်ပျက် ဥဒယဗ္ဗယ ဘင်္ဂဘယတွေ အကုန်ပြီးခဲ့ပြီ။ (မှန်ပါ့)၊ ဘင်္ဂ အာဒီနဝတွေ ပြီးပြီ၊ တစ်ခါတည်း နိဗ္ဗိန္ဒဉာဏ် တိုးတက်လာတယ်။ (မှန်ပါ့ ဘုရား)။

ကိုယ့်အသေ ကိုယ်မြင်ရင် နိဗ္ဗိန္ဒဉာဏ် တက်ပြီလို့ သာ အောက်မေ့ပေတော့။ (မှန်ပါ့ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတွေ ဒီစိတ်တွေနဲ့ ဒီရုပ်တွေ ကလဲ တွဲလျက်ကြီးကိုးဗျ။ (မှန်ပါ့)၊ အခု တော့ ဝိပဿနာမို့ စိတ်ပြတယ်၊ စိတ်ပြပေမယ့်လဲ စိတ်နဲ့ ရုပ်ဟာ ခွဲလို့ရရဲ့လား။ (မရပါ)၊ မရတော့ကို စိတ်ချုပ်လဲ ရုပ်က နောက်က လိုက်ချုပ်တာပဲ။ (မှန်ပါ့ ဘုရား)။

ကိုင်း ဒါနဲ့ပဲ ဒီလိုပဲ ကိုယ့်အသေ ကိုယ်မြင်ပြီး သကာလ မုန်းကြတယ်။ (မှန်ပါ့)၊ မုန်းကြတော့ ဒီမဂ္ဂင် အားထုတ်တဲ့ ပုဂ္ဂိုလ်မှာ ဘယ်လိုဉာဏ် ပေါ်လာသလဲလို့ မေးဖို့လိုလာတယ် (လိုပါတယ်)၊ ဪ ဘယ်ရောက် ရောက် ဒီအသေတွေ ရမှာပဲ။ (မှန်ပါ့)၊မဟုတ်ဘူးလား။ (ဟုတ်ပါတယ် ဘုရား)။

ဘယ်ရောက်ရောက် (ဒီအသေတွေပဲ ရမှာပါ)၊ ဒီ အသေတွေဟာ မရဏမ္ပိ ဒုက္ခံ (မှန်ပါ့)၊ ဪ ဒီဒုက္ခသစ္စာပဲ။ (မှန်ပါ့ ဘုရား)။

ဘယ်ရောက်ရောက် ဘယ့်နှယ်တုံး။ (ဒုက္ခသစ္စာပဲ – ဖြစ်ရမှာပါပဲ ဘုရား)။

ဒုက္ခသစ္စာလို့ သိသွားပြီ။ (သိသွားပါပြီ)၊ အဲ ဒုက္ခသစ္စာလို့ သိသွားတဲ့အခါကျတော့ ဒကာ ဒကာမတို့ ဒုက္ခသစ္စာ ပိုင်ပိုင်နိုင်နိုင် သိပြီဆိုမှဖြင့်တဲ့၊ ဒါ ကိုယ့်အသေတွေ ကိုယ့်အသေတွေ၊ ဒီဒုက္ခသစ္စာတွေ အကုန်သိပြီး သကာလ ဒကာ ဒကာမတို့ ဉာဏ်ထဲ မရှင်းပေဘူးလား။ (ရှင်းပါ တယ်)၊ အကုန် ဒုက္ခသစ္စာလို့ ရှင်းသွားပါပြီ။ (မှန်ပါ့ ဘုရား)။

ဒုက္ခမရှိတဲ့ဘက်ကို ဉာဏ်ကပြောင်းတယ်

ဤကဲ့သို့ ရှင်းသွားတဲ့ အခါကျတော့ ဒုက္ခတွေ သေသေချာချာ ပိုင်ပိုင်နိုင်နိုင်သိတော့ ဒီရှုနေတဲ့ မဂ္ဂင်သည် ဒုက္ခရှိတဲ့ဘက်မှ ဒုက္ခမရှိတဲ့ဘက် ပြောင်းသွားတယ်။ (မှန်ပါ့ ဘုရား)။

ဒုက္ခရှိတဲ့ဘက်မှ (ဒုက္ခမရှိတဲ့ဘက် ပြောင်းသွားပါ တယ်)၊ ဘယ်သူက ပြောင်းတာတုံးလို့ မေးတဲ့ အခါကျတော့ ဒကာ ဒကာမတွေ ဉာဏ်က ပြောင်းတာ။ (မှန်ပါ့ ဘုရား)။

ဒီဉာဏ်က ပြောင်းတယ်။ (မှန်ပါ့)၊ အမောဟက ပြောင်းတယ်။ (မှန်ပါ့ ဘုရား)။ – အရင်တုန်း ကတော့ ဒုက္ခရှိတဲ့ဘက်ချည့် သူ လှည့်နေတယ်။ (မှန်ပါ့)၊ အခု သူ ဘယ်ဘက်လှည့်သတုံး။ (ဒုက္ခ မရှိတဲ့ဘက် လှည့်ပါတယ် ဘုရား)။

ဒုက္ခမရှိတာနိဗ္ဗာန်

အဲ ဒုက္ခမရှိတဲ့ဘက် လှည့်သွားတော့ ဒကာ ဒကာ – တို့ “ဒုက္ခမရှိတာ နိဗ္ဗာန်။ (မှန်ပါ့)၊ လှည့်တာက မဂ်၊ ဉာဏ်ဖြစ်သွားတော့ မဂ်ဉာဏ်ပြီး ဖိုလ်ဉာဏ်၊ ပစ္စဝေက္ခဏာ ဉာဏ်ဆိုတော့ ဪ ဒါဖြင့် တို့ ရှုဖို့သာ အရေးကြီးတယ်။ ဉာဏ်က သူ့ဟာသူ နိဗ္ဗာန်ဘက် လှည့်တယ်။ (မှန်ပါ့ ဘုရား)။

ကျုပ်တို့က ဘာအရေးကြီးပါလိမ့်။ (ရှုဖို့သာအရေး ကြီးပါတယ် ဘုရား)။

သောတာပန်တည်ပြီ

ကျုပ်တို့ က ရှုဖို့၊ ရှုနိုင်သလောက်သာရှု၊ သူ လှည့် သွားရင်ဖြင့် အင်း သောတာပန်တည်ပြီး အောက်မေ့ရ မယ်။ (မှန်ပါ့ ဘုရား)။

သူ လှည့်သွားလို့ ရှိရင် ပထမသောတာပန်တည်တာ ပဲ၊ နိဗ္ဗာန်ပါ မြင်ပြီ။ (မှန်ပါ့)၊ ဒါဖြင့် မလှည့်ပါနဲ့ဆိုလို့ကော ရရဲ့ လား။ (မရပါ ဘုရား)။

တကယ်မုန်း တကယ် မလိုချင်ပြီဆိုလို့ ရှိရင် ဒကာ ကြွယ် လှည့်သွားတယ်။ (မှန်ပါ့ ဘုရား)၊ သဘောပါ ပလား။ (ပါ,ပါပြီ ဘုရား)။

ဒကာ ဒကာမတို့ သူလဲ လှည့်သွားပါရော ခုနင်က ကံသုံးခု အကုန်ဖြတ်ချလိုက်တယ်။ (မှန်ပါ့)။

သူလှည့်သွားရင် (ကံသုံးခုဖြတ်ပါတယ်)၊ ကံသုံးခု အကုန်ဖြတ်တယ်ဆိုတာ သဘောကျပလား။ (ကျပါပြီ ဘုရား)။

ဪ ဒါဖြင့် တို့က “ပထမဖြစ်ပျက်မြင်ဖို့ အရေး ဟာ တို့ အရေး။ (မှန်ပါ့)၊ ဖြစ်ပျက်မုန်းဖို့ ကော (တပည့်တော်တို့ အရေးပါ)၊ ဒုက္ခသစ္စာ ပိုင်ပိုင်နိုင်နိုင် သိသွား အောင် ရှုဖို့ အရေးဟာလဲ (တပည့်တော်တို့ အရေးပါ ဘုရား)”။

အဲ ကိုယ့်အရေးက အဲဒီသုံးခုပဲ ရှိတယ်တဲ့၊ ဒီသုံးခု ပြီးလို့ ရှိရင် ဉာဏ်က သူ့ဟာသူ ဒုက္ခရှိတဲ့ ဘက်မှ ဒုက္ခမရှိ တဲ့ဘက် လှည့်မှာပဲ (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါပြီ)။

ဒါက မိလိန္ဒပဉှာ ပါဠိတော်မှာ လာတယ်။ (မှန်ပါ့)၊ ဒုက္ခရှိတဲ့ဘက်မှ (ဒုက္ခမရှိတဲ့ဘက် လှည့်ပါတယ် ဘုရား)၊ ဒုက္ခမရှိတဲ့ဘက် လှည့်တယ်၊ ဒကာသစ်က လှည့်ချင်လို့ လှည့်တာလား၊ ဉာဏ်ဘာသာ လှည့်သွားတာလား။ (ဉာဏ် ဘာသာ လှည့်သွားတာပါ ဘုရား)၊ သဘောပါပလား။ (ပါ,ပါပြီ)။

ဒါဖြင့် ဒကာ ဒကာမတို့ အရုဏ်မတက်ဘဲနဲ့တော့ နေမထွက်ပါဘူး။ (မှန်ပါ့)။

အရုဏ်တက်မှ နေထွက်တယ်

အရုဏ်မတက်ဘဲနဲ့ (နေမထွက်ပါ ဘုရား)၊ အဲ ရှေ့က ဖြစ်ပျက်ကြည့်တဲ့ဉာဏ်, ဖြစ်ပျက် မုန်းတဲ့ဉာဏ် တည်းဟူသော အရုဏ်မတက်လို့ ရှိရင်ဖြင့် နိဗ္ဗာန်ဖြစ်တဲ့ နေရာ မဂ်ဉာဏ်ဟာ ဘယ်တော့မှ မထွက်ပါဘူး။ (မှန်ပါ့)၊ အရုဏ်တက်မှ နေထွက်တယ်။ (မှန်ပါ့)။

အရုဏ်တက်မှ (နေထွက်ပါတယ် ဘုရား)၊ အဲဒီတော့ ရှေ့ နှစ်ဉာဏ်မပါဘဲနဲ့ နောက်မဂ်ဉာဏ် မလာနိုင်ဘူး။ (မှန်ပါ့)။

ရှေ့နှစ်ဉာဏ် မပါဘဲနဲ့ (နောက်မဂ်ဉာဏ် မလာ၊ နိုင်ပါ ဘုရား)၊ သဘောပါကြပလား။ (ပါ,ပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဒီနေ့ စိတ္တာနုပဿနာနဲ့ ပြလိုက်တယ်။ (မှန်ပါ့)၊ နက်ဖြန် ဝေဒနာနုပဿနာနဲ့ တက်လိုတဲ့ပုဂ္ဂိုလ် ပြမယ်။ (မှန်ပါ့ ဘုရား)။

ကဲ ယနေ့ ဒီတွင် တော်ကြဦးစို့။

သာဓု သာဓု သာဓု။