063

ရှင်နန္ဒကနှင့်ဘိက္ခုနီမငါးရာ

အသံဖိုင်ခေါင်းစဉ်= ရှင်နန္ဒက ဘိက္ခုနီမငါးရာအား တရားပေးပုံ အမှတ်(၂)တရားတော်

စာအုပ်ခေါင်းစဉ်= “ရှင်နန္ဒကနှင့်ဘိက္ခုနီမငါးရာ”

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

အမရပူရမြို့၌ ဟောကြားတော်မူသော တရားတော်

“ရှင်နန္ဒကနှင့်ဘိက္ခုနီမငါးရာ”

(၁၉-၁၂-၆၁)

အလုပ်တရား ဟောမယ်လို့ ဒကာ ဒကာမတွေက မှတ်ရမယ်နော်။ အလုပ်, လုပ်ပုံကို ဟောနေတယ်။ အလုပ် လုပ်ပုံမှာတော့ ဒီပုဂ္ဂိုလ်က တရားဟော ဥပမာ ဥပမေယျနဲ့ တကွ ပြောပုံဆိုပုံ ခန္ဓာထဲ ဉာဏ်ရောက်အောင် ပြောပုံက အင်မတန် ကောင်းပြီးတော့ ဧတဒဂ်ရတဲ့ ပုဂ္ဂိုလ်ပဲလို့ မှတ်ကြ ရမယ်။ (မှန်ပါ့)၊ ဧတဒဂ်ဘွဲ့ရ ဆိုတာ ယခုအခါမှာ ဝိဇ္ဇာ ဘွဲ့ ရသလိုပေါ့လေ။ (မှန်ပါ့)။

ဥပနိဿယသတ္တိ

သူတရား ဟောဖို့ အလှည့် ရောက်လာလို့ ရှိရင် မဟော ချင်တာလဲ ဒကာ ဒကာမတွေ မနေ့က ပြောပြီနော်။(မှန်ပါ့)၊

ဘဝများစွာ သူက မင်းတွေဘာတွေဖြစ်။ ဒီဘိက္ခုနီမငါးရာ က သူ၏ အလုပ်အကျွေးတွေ ဘာတွေ ဖြစ်ခဲ့။ အဲဒါ ဒါနတွေ အမျိုးမျိုး အဖုံဖုံလုပ်ပြီး အလုပ်အကျွေးမှ လွတ်ရပါလို၏ ဆိုလို့ အလုပ်အကျွေးမှ လွတ်ပြီး သကာလ သာသနာ သောင်ကမ်း ရဟန်း အဖြစ်ရအောင် ရှေးက ကျောင်းတွေ ဘာတွေဆောက်၊ သင်္ကန်းတွေ ဘာတွေ ပစ္စေကဗုဒ္ဓါ အရှင်တွေကို လှူခဲ့တဲ့ အတွက် အဲဒီက ဥပနိဿယ သတ္တိကြောင့် ဘုရား လက်ထက်ကျတော့ ရှင်နန္ဒက မထေရ်က သူကြွယ်သား၊ အမျိုးသမီးတွေက သုဒ္ဓေါဒနမင်းကြီးရဲ့ ဆွေမျိုးတွေ လာပြီး ဖြစ်ကြတယ်လို့ မှတ်ရမယ်။ အဲဒါ ဥပနိဿယ သတ္တိပဲ။

ယနေ့ ဟောမှာကတော့ မဂ္ဂသတ္တိကို ဟောမယ်။ (မှန်ပါ့)၊ ဒီ မင်းမျိုးထဲ ရောက်ပြီး ဘုရား သာသနာကြီးနဲ့ ကြုံတာက ဘာသတ္တိပါလိမ့်။ (ဥပနိဿယ သတ္တိပါ)၊ ဒါ မမေ့ပါနဲ့။ (မှန်ပါ့)။

မိထွေးတော်ဂေါတမီ

သာသနာတော် ရောက်ပြီး ရှင်နန္ဒက ရယ်လို့လဲ သူ နာမည် ထင်ရှားတယ်။ မိထွေးတော် ဂေါတမီ အစရှိသော ဘိက္ခုနီမ ငါးရာကလဲ မင်းမျိုးတွေ ဖြစ်ပြီး ဒီသာသနာတွင်း မှာကို ကျွတ်ဖို့ရာ သူတို့ ဝိဝဋ္ဋ အလှူကြီးကို လှူခဲ့တယ်။

ဟိုတုန်းက ရှင်နန္ဒကမထေရ်ရဲ့ခင်ပွန်းမ

သူတို့အကြောင်းက ရှေးတုန်းက ဘယ်လိုလာခဲ့သတုံး မေးတဲ့ အခါကျတော့ တိုင်းပြည် တစ်ပြည်မှာ သူက အမှုလုပ် ကျွန်ခေါင်းဆောင်၊ အလုပ်သမားတွေကို အုပ်ချုပ်ရတဲ့ ခေါင်းဆောင် နန္ဒက မထေရ်က ဖြစ်ခဲ့တယ်။ အခု ဘိက္ခုနီမ ငါးရာက ကျွန်မတွေဖြစ်တယ်။ မိထွေးတော် ဂေါတမီက အခုဘဝမှာတော့ ဘုရာ မိထွေးတော် လာဖြစ်နေတာ။ ဟိုတုန်းက ရှင်နန္ဒက မထေရ်ရဲ့ ခင်ပွန်းမ ဖြစ်ခဲ့တယ်။ သံသရာ ဟာ အင်မတန် ကြောက်စရာ ကောင်းတယ် ဆိုတာ မှတ်ကြ စမ်းပါ။ (မှန်ပါ့)၊ အခုတော့ ဆရာနဲ့တပည့် ဟိုတုန်းကတော့ ခင်ပွန်းမဆိုတော့ သံသရာဟာ တာရှည်လေ အရှက်ကွဲ နည်း အကျိုးနည်း ပေါ်လေပဲ။ (မှန်ပါ)။

ဒါကြောင့် သံသရာ ရှည်တဲ့ ဥစ္စာ၊ မကောင်းဘူး ဆိုတဲ့ ဥစ္စာ မောင်သစ်တို့၊ ဦးသံဒိုင်တို့၊ ဦးအောင်ဇံဝေတို့ မှတ်ရ မယ်။ (မှန်ပါ)၊ ဇာတ်တော် ပေါင်းလိုက်တဲ့ အခါကျတော့ ရှက်စရာကြီး။ (မှန်ပါ့)၊ အသိဉာဏ်မရှိ ကိလေသာ ရှိတုန်းကသာ ပျော်ကြသလိုလိုနဲ့ ထင်ရတာကိုး ဇာတ် ပေါင်းလိုက်တဲ့ အခါကျတော့ အမေက အစ်မဖြစ်၊ ခင်ပွန်းဖြစ်၊ သမီးနဲ့ တစ်ခါတည်း ဦးသံဒိုင် ဇာတ်ခင်းလို့ ပြီးနိုင်သေး ရဲ့ လာ။ (မပြီ နိုင်ပါဘုရာ)၊ ကျွတ်တမ်းဝင်တဲ့ ဘဝမှာ အဘိဉာဏ်နဲ့ ပြန်ကြည့်တော့ မရှက်ဘူးလား ရှက်မလား။ (ရှက်စရာ ကြီးပါဘုရား)။

အဲဒီလို ရှက်စရာကြီး ဖြစ်လာတော့ သံသရာ ရှည်တဲ့အကျိုးဟာ မသာများတယ်။ နေ့လယ်က ပြောသလို ပေါ့လေ။ အသုဘ ဆုတောင်းယူတဲ့ သတ္တိတွေ၊ သိပ်ဆိုးပါ တယ်။ (မှန်ပါ့)၊ အဲဒီ သူတို့ ပြုတုန်း အခါကလဲ ပစ္စေက ဗုဒ္ဓါတွေကို သူဌေးက တပည့်တော်မှာ ကိစ္စတွေ များတယ်။ အရှင် ဘုရားတို့ ကျောင်းဆောက် မပေးနိုင်ဘူး ဆိုတာနဲ့ မိထွေးတော် ဂေါတမီ အလောင်းက ရေဆိပ် ရေခပ် သွားတဲ့အခါ ဘယ့်နှယ်တုံး၊ အရှင်ဘုရားတို့ ပြန်လာတာ ဘာကိစ္စတုံး၊ ဒီလိုဒီလိုပဲ၊ ဝါဆိုဦးကျောင်း အလှူခံသွားတာ မရခဲ့ပါဘူး။

ပစ္စေကဗုဒ္ဓါတွေကို ကျောင်းဆောက်လှူ

ဟာ ဒါဖြင့် တပည့်တော်တို့ ဆောက်လှူပါ့မယ် ဘုရား။ တပည့်တော်တို့ လူပေါင်း ငါးရာတောင် ရှိတာပဲ ဆိုပြီး သူက ခေါင်းဆောင်ပြီး သကာလ ကဲ ကျွန်အဖြစ်မှ မလွတ် ချင်ကြဘူးလားလို့ ရေခပ်တဲ့ လူတွေကို အကုန် ပြောတာပဲ။ (မှန်ပါ့)၊ လွတ်ချင်ပါတယ် ဆိုတော့ လွတ်ချင်လို့ ရှိရင် ပစ္စေကဗုဒ္ဓါတွေ သီတင်းသုံးရန် အတွက် တို့ ကျောင်းသင်္ခမ်း ကလေးတွေ ဆောက်လှူ ရအောင်၊ ညည်းတို့ ခင်ပွန်း သည်တွေ ကို ညည်းတို့ ဟောပြောကြပါ။ တို့ ဒီလိုကျွန်ချည်း ဖြစ်နေ ရမှာဖြင့် မကောင်းဘူး။ သခင်ဖြစ်တဲ့ အလုပ်လုပ် ကြရအောင် ဆိုတော့ သစ္စာမသိတော့လဲ ဒါလောက် ပြောတတ်မှာပဲ။ (မှန်ပါ့)၊ သစ္စာမသိတော့ ကျွန်အဖြစ်မှ လွတ်ချင်တာလောက်သာ ပဓာနထားတာပဲ။ (မှန်ပါ့)။

အခု ဒကာ ဒကာမတွေလဲ ထိုနည်းအတူပဲ၊ သစ္စာ မသိတော့ ချမ်းသာ ချင်တာကလေး တစ်ခုပဲ သိတယ်။ (မှန်ပါ့ ဘုရား)၊ ဒီဘဝမှာ တို့ ဆင်းရဲတယ် ဟေ့ သောင်းကိုးထောင်မှ မကိုင်ရဘူး၊ ဒီလို မကိုင်ရလို့ ရှိရင် ခက်ချေရဲ့။

နောက်ဘဝ ကျတော့ဖြင့် သိန်းသန်း ချီပြီး ချမ်းသာအောင် လုပ်မှပဲ ဆိုပြီး သစ္စာ မသိတော့၊ ချမ်းသာစစ်ကို မသိတော့ ချမ်းသာလိမ် ချမ်းသာ ကောက်ကို အဟုတ် ထင်တာပေါ့။ (မှန်ပါ့)၊ ဒါ သိပ်ကြောက်စရာ ကောင်းတဲ့ အလုပ်နော်။ (ကြောက်စရာ ကောင်းပါတယ် ဘုရား)။

အဲဒီမှာလဲ သူတို့ ဟာ တို့ ကျွန်ဘဝက လွတ်ဖို့ ဒါပဲ သူတို့ စိတ်ကူးပြီး သူတို့ချင် အစည်းအဝေး ပြုပြီး သကာလ သူအလုပ်ကို အနားယူပြီး နန္ဒကမ်ထေရ်အလောင်ရော၊ ဒီပြင် ဘိက္ခုနီမတွေရဲ့ ခင်ပွန်းသည် တွေရော တောထဲ သွားပြီး နေ့ချင်းပြီး သင်္ခမ်းကျောင်း ကလေးတွေ ဆောက်၊ စကြံ ကျောင်းကလေးတွေဆောက်၊ တောထဲမှာ သစ်ဝါးခုတ်ပြီး ဆောက်တာပေါ့လေ။ (မှန်ပါ့)၊ ကျောင်း ဆောက် ပြီးလှူ၊ တို့က ငါးရာတောင်ပဲ၊ အလှည့်ကျနဲ့ တတ်နိုင်သရွေ့ဆွမ်းလှူ ကြရအောင် ဆိုပြီး တတ်နိုင်သရွေ့ ဆွမ်းကွမ်း လှူကြ တယ်။ ဝါကျွတ်တဲ့ အခါကျတော့ သင်္ကန်း တစ်စုံစီ ကပ်လှူ ကြတာပါပဲ။ (မှန်ပါ့)။

ဒါန၏အကျိုးဆက်

အဲဒီတုန်းက လှူခဲ့တဲ့ ဒါန၏ အကျိုးဆက်ကြောင့် အခုဘဝမှာ နန္ဒက မထေရ်က သူကြွယ်မျိုး တခြား ခင်ပွန်းမ တွေက သာကီဝင် မင်းမျိုးထဲ လာပြီး ဖြစ်ကြတယ် ဆိုကြပါ စို့။ (မှန်ပါ့)၊ ဘာသတ္တိ ဆိုကြမလဲ (ဥပနိဿယ သတ္တိပါ ဘုရား)၊ မှတ်မိကြပြီနော်။ (မှတ်မိပါပြီ ဘုရား)။

ငါတို့ ဘာလိုနေသတုံး

အဲဒီတော့ ဥပနိဿယက ပို့လိုက်တော့ ခင်ဗျားတို့ မှာလဲ ဒီ ဒကာ ဒကာမတွေမှာ ဥပနိဿယ က ပို့ပြီးသား ဖြစ်ပါတယ်။ သာသနာတွင်းနဲ့ကြုံ၊ ဆရာကောင်း သမားကောင်းနဲ့ တွေ့၊ အသင့် အတင့်လဲ ပစ္စည်း ပြည့်စုံပြီး နေကြ၊ ထိုင်ကြတော့ ငါတို့ ဘာလိုနေသတုံး ဆိုတာကို အခုအကဲခတ် ဖို့ အရေး ကြီးတယ်။ (မှန်ပါ့ ဘုရား)၊ အခုဘဝမှာတော့ မဂ္ဂပစ္စယော ဖြစ်ဖို့ အရေးကြီး နေတယ်။ (မှန်ပါ့)။

ဥပနိဿယ သတ္တိကြောင့် ခင်ဗျားတို့ လူ့ဘဝ ရခဲ့ပြီ၊ သာသနာတွင်း လဲကြုံ၊ ဆရာကောင်း သမာကောင်း နဲ့ ကြုံခဲ့ ကြပြီ။ ကြုံလာတော့ ကြုံတာ ကလေးကို အလွဲသုံးစား မလုပ် လိုက်ပါနဲ့ (မှန်ပါ့)၊ ဦးအောင်ဇံဝေ သတိပေး ပါတယ်။ (မှန်ပါ့ ဘုရား)။

ကြုံတာကလေးကို အလွဲသုံးစား မလုပ်လိုက်ပါနဲ့။ ဥပနိဿယ ပြည့်စုံပြီဆိုတာ သိလို့ရှိရင်ဖြင့် ဘာကို ကြိုးစားရမယ် ဆိုတာ ပဋ္ဌာန်နည်းနဲ့ ပြောကြစမ်းပါ။ (မဂ္ဂပစ္စယော ဖြစ်အောင် ကြိုးစား ရပါ မယ်)၊ မပြည့်စုံ သေးတဲ့ ပုဂ္ဂိုလ်လဲ ကြိုးစား၊ ပြည်စုံပြီးသား ပုဂ္ဂိုလ်ဖြစ်ခဲ့တောင် ကြိုးစား ရမှာပါပဲ)။

ဆရာကောင်းနှင့်ကြုံပြီ

ဟိုဟာတွေက ဥပနိဿယ ပစ္စယော အားကြီးသော အကြောင်းဖြစ်၍ ကျေးဇူး ပြုတတ်သော တရားသည် လည်းကောင်း၊ ဗလဝပစ္စယ ဗလဝ ဆိုတာ အားကြီးတာ၊ အဲဒီတော့ အားကြီးသော အကြောင်း ဖြစ်ပြီး ကျေးဇူး ပြုလိုက်လို့ အခု လူ့ဘဝ ရောက်လာကြပြီ။ လူ့ဘဝဆိုတာ လူ့ပြည်က အပ်တစ်စင်း၊ ဗြဟ္မာပြည်က အပ်တစ်စင်း ချလိုက်ရင် အသွားချင်သာ ထိစရာရှိတယ်၊ လူ့ဘဝရဖို့က ခဲယဉ်း တယ်။ ဒါလဲ ဘုရား ဟောတယ်။ မှန်လဲ အလွန် မှန်ကန် ပါတယ်။ (မှန်ပါ့)၊ ပင်လယ်ထဲ လိပ်ကန်းကြီး တစ်ကောင် ဟာလဲ လေစုန်ရေစုန်မှာ မျောနေတဲ့ ထွန်တုံးပေါက်ထဲ ခေါင်လျှို မိဖို့ဟာလဲ အင်မတန် ခဲယဉ်းပါတယ်။ (မှန်ပါ့)၊

အဲဒါ ခဲယဉ်းတာ တစ်ခါတစ်ခါ လျှိုစရာ ရှိပါသေးတယ် တဲ့။ (မှန်ပါ့)၊ သာသနာတွင်းကြုံ၊ ထောင်နိုင်တဲ့နားရှိ၊ ဆရာကောင်း သမားကောင်းကြုံ၊ ဒါက အင်မတန် ခဲယဉ်း ပါသေးတယ်။ (မှန်ပါ့)၊ ရှင်းကြပြီလား။ (ရှင်းပါပြီ)။

အဲဒီတော့ ခဲယဉ်းတဲ့ အထဲကပဲ အခု တက်လာခဲ့ကြ ပြီ။ ဒီခဲယဉ်းတဲ့ အထဲက တက်လာတော့ ပြန်ရှုံး သွားရင် ခဲယဉ်း ဦးမှာပဲ။ (မှန်ပါ့)။

ဒါဖြင့် ရောက်လာမှ ခင်ဗျားတို့ ဘာဖြစ်နေကြ သတုံး၊ လောကုတ္တရာ နောက်ကျ နေကြတာ ဘာဖြစ်နေကြ တာတုံး ဆိုတာ မေးဖို့ မလိုဘူးလား။ (လိုပါတယ် ဘုရား)၊

ခင်ဗျားတို့ ဒီကျမှ တဏှာအမိနဲ့ အဝိဇ္ဇာအဖတွေရဲ့ ခိုင်းစေ ချက်ကို မတော်လှန် နိုင်တာနဲ့ ခင်ဗျားတို့ အကန်းပျော်၊ အရူးပျော် ပျော်နေကြတာ။ (မှန်ပါ့)၊ ရှင်းပြီနော်။ (ရှင်းပါပြီ ဘုရား)။

ဘာပျော် ပျော်နေတာတုံး။ (အကန်းပျော်၊ အရူး ပျော် ပျော်နေကြတာပါ ဘုရား)။

အကန်းဆိုတာက သစ္စာ မသိတာ။ အရူးဆိုတာက တဏှာ စေခိုင်းရာ လုပ်နေတဲ့ တဏှာရူးပဲ။ (မှန်ပါ့)၊ တဏှာ ခိုင်းတာ လျှောက်ပြီး လုပ်နေတာ။ (မှန်ပါ့)။

ဒါဖြင့် အကန်းပျော်၊ အရူးပျော်ဟာ ခင်ဗျားတို့ ဥပနိဿယ ပစ္စယောက ပို့လိုက်တာ တောင်မှ ခင်ဗျားတို့က အလွဲသုံးစား လုပ်နေတယ် ဆိုတဲ့ အဓိပ္ပာယ် ရောက်ပြီးသား ဖြစ်နေတယ် (မှန်ပါ့)။

ဥပနိဿယ ကတော့ ပို့လိုက် ပြီးပြီနော်။ (မှန်ပါ့)၊ ပို့ လိုက်ပြီးတဲ့ အခါကျတော့ ခင်ဗျားတို့ အကန်းပျော်၊ အရူးပျော် လုပ်နေတာက ဒီဘဝမှာ လှည့်စားတဲ့ အဝိဇ္ဇာနဲ့ တဏှာက မင်းတို့ကို အဓိပ္ပာယ် ပြန်ချမယ် ဆိုပြီး ချော့မော့ပြီးတော့ တစ်ခါတည်း သံသရာ ကြီးပွားရေးကြီးကို လျှောက်ပြီး ခိုင်းနေတာ။ (မှန်ပါ့)၊ သံသရာ ကြီးပွားရေးကြီး လျှောက် ခိုင်း နေတော့ ခင်ဗျားတို့ကလဲ ဒါနဲ့ပဲ တော်လောက်ပြီလို့ ထင်နေလို့ ရှိရင်ဖြင့် နောက် ခဲယဉ်းတဲ့ အထဲ ပြန်ရောက်ဦး မှာပဲ (မှန်ပါ့ ဘုရား)။

ခန္ဓာဉာဏ်ရောက်အောင် ကြိုးစားပါ

အဲဒါကြောင့် အားလုံး ဒကာ ဒကာတွေကို သတိပေး ပါတယ်၊ တော်အောင်တော့ မနေကြပါနဲ့။ (မှန်ပါ့ ဘုရား)၊ တော်အောင်တော့ မနေကြပါနဲ့၊ ခန္ဓာဉာဏ် ရောက်အောင် ကြိုးစားပါ။ (မှန်ပါ့)၊ ဉာဏ်ရောက် ဆိုပေမယ့် သာမည ၊ ဉာဏ်တော့ မရောက်ပါနဲ့၊ သစ္စာဉာဏ်နဲ့ ရောက်ပါစေ။ (မှန်ပါ့ ဘုရား)။

သစ္စာဉာဏ် အရေးကြီးတယ်၊ နေ့လယ်က ဘယ် လောက် သစ္စာဉာဏ် ပြောခဲ့တယ် ဆိုတာ ဦးအောင်ဇံဝေတို့ ကြားဖူးမှာပေါ့။ (မှန်ပါ့)၊ ဒီခန္ဓာအပြစ်ဟာ ဘယ်လောက် ကြီးတယ်ဆိုတာ နေ့လယ်က ပြောတော့ မပေါ်ကြဘူးလား။ (ပေါ်ပါတယ် ဘုရား)။

အသေကို ဆုတောင်းတာတွေ၊ သတ်မည့်သူကို ဆုတောင်းတာတွေ ရာဓက မေးလို့ ဘုရားက ဖြေတာလေ။ (မှန်ပါ့)၊ ဒီလို အခု ခင်ဗျားတို့ ဆုတောင်းလို့ ရှိရင် အဝိဇ္ဇာသဝနဲ့ ကာမာသဝတို့ ၏ စကားကို နားထောင်လို့သာ မှတ်ပေတော့။ (မှန်ပါ့)။

ဘုံဘဝ ဆုတောင်းတဲ့ ပုဂ္ဂိုလ်များ ဘယ်သူ့စကား နားထောင်ပါလိမ့်။ (အဝိဇ္ဇာသဝနဲ့ ကာမာသဝ စကားကို နားထောင် ပါတယ်)။

ကဲ အဝိဇ္ဇာသဝ မသိအောင် သစ္စာ ဖုံးထားတော့ ကာမာသဝက လိုချင်တယ်။ (မှန်ပါ့)၊ အဲဒီတော့ ဒီ အာသဝဟာ ဝင်ရိုးပါလို့ ဆရာ ဘုန်းကြီးက ဟောထား တယ်။ (မှန်ပါ့)၊ ဝင်ရိုး ဆိုတာ လှည့်မှာပဲ။ ခင်ဗျားတို့က သူတို့ စကား နားထောင်နေလို့ ရှိရင် ခင်ဗျားတို့လဲ အလှည့် မိမှာပဲ၊ အလိမ် မိမှာပဲ (မှန်ပါ့)။

အဲဒါ ဒီအလိမ်ကြီး ပြေအောင် ဆရာသမားကလဲ နေ့စဉ်ပဲ ဟ ဒီအလိမ်ကြီး ဖြေပါဟ၊ လိမ်နေတဲ့ တရား နှစ်ခုပါဟ၊ သူတို့က အဖော် အသင်းအပင်းနဲ့ လာတာ၊ ထောင့်ငါးရာ အဖော်တွေနဲ့ လာတာ။ (မှန်ပါ့)၊ မဟုတ် ဘူးလား။ (မှန်ပါ့)။

အဲဒီတော့ ခင်ဗျာတို့ကလဲ ထောင့်ငါးရာ အဖော် တွေနဲ့ လာတာ ဟုတ်တယ် ထင်ပါရဲ့၊ ဟုတ်တယ် ထင်ပါရဲ့ ဆိုလို့ ရှိရင်တော့ ဦးသံဒိုင် သွားပြီ။ (မှန်ပါ့)၊ မသွားသေး ဘူးလား။ (သွားပါတယ် ဘုရား)။

အဝိဇ္ဇာနဲ့ တဏှာက သူ အဖော်တွေက မာနတွေရော ဒိဋ္ဌိတွေရော ထောင့်ငါးရာ ကိလေ သာတွေ ဘယ်သူ့ အဖော် တွေတုံး၊ အဝိဇ္ဇာ တဏှာ၏ အဖော်တွေ။ (မှန်ပါ့)၊ သူတို့နဲ့ ရောလိမ်တာ။ (မှန်ပါ့)၊ သူတို့နဲ့ ရောလိမ်ပြီးသာ မဟုတ် တာသာ လုပ်ပြ၊ သညာဝိပ္ပလ္လာသ တွေကလဲ သူတို့ လက်အောက်ခံ တွေကိုးဗျ။ (မှန်ပါ့)၊ သစ္စာမသိအောင် ဖုံးထားတော့ ဝိပ္ပလ္လာသတွေ မလာပေဘူးလား။ (လာ ပါတယ်)။

အဲဒီလို မောင်သစ်တို့၊ ဦးသံဒိုင်ကို ၊ ဦးအောင်ဇံဝေ၊ တို့ အလိမ်မိ နေတာ။ (မှန်ပါ)၊ ဒါ ဘုန်ကြီးက ဘာလုပ် နေတာတုံး ဆိုတော့ ဖြေပေးနေတယ်။ (မှန်ပါ့)၊ ခင်ဗျား တို့က ဘုန်းကြီး စကားလဲ နားမထောင်ဘူး၊ ဘုရား တရားလဲ နားမထောင်ဘူး ဆိုရင်ဖြင့် သြော် အလိမ်မိ နေတာ တောင်မှ အလိမ်မိတဲ့ အကြောင်းကို ကိုယ့်ဟာကိုယ် မသိရှာလို့ အကန်း ပျော်၊ အရူးပျော် ပျော်နေ တယ်လို့ ဆိုရုံမှ တစ်ပါး ဦးသံဒိုင် ဘာမှ မရှိဘူး။ (မှန်ပါ့)၊ သဘောပါပလား။ (ပါ,ပါ ပြီ)၊ အကန်းပျော်၊ အရူး ပျော်တော့ မပျော်ပါနဲ့ ဆိုတာ သတိပေးပါတယ်။ (မှန်ပါ)။

အကန်းဆိုတာက ခန္ဓာမှာ ဘာရှိတယ် မသိတာ၊ အရူး ဆိုတာ ခန္ဓာကိုယ်ကြီး ရလို့ သာယာတာ (မှန်ပါ့)။

အကန်းဆိုတာက ခန္ဓာအရှိ ဒုက္ခသစ္စာကို မသိ တာ။ (မှန်ပါ့)၊ သဘောကျပြီလာ။ (ကျပါပြီ)၊ အရူး ဆိုတာက တဏှာက ချော့လို့ မော့နေတာ။ (မှန်ပါ့)၊ အဲဒါကို ဘယ့်နှယ် ဆိုကြမလဲ။ (ခန္ဓာကိုယ် သာယာနေ ပါတယ်)၊ ကိုယ့်ခန္ဓာကို သာယာ၊ ကိုယ့်ရှိတဲ့ ပစ္စည်းကလေးနဲ့ သာယာပြီး သကာလ နေတာ။ ရှိတဲ့ ပစ္စည်းက ဘာတုံးဆိုတော့ ဒုက္ခသစ္စာ။ သူက ဒုက္ခပေးနေတာ။ (မှန်ပါ့)။

ငွေရှိတဲ့ လူနဲ့ မရှိတဲ့သူ ဘယ်သူ ဒုက္ခများသလဲ မောင် သစ် အကဲခတ်ပါ။ (ငွေရှိတဲ့လူက ဒုက္ခများ ပါတယ်)၊ ရှိတဲ့လူက ဒုက္ခများတယ်။ မင်းဘေး စိုးဘေး သူခိုးဘေးက ဟိုလူမွဲမှာ နည်းတယ်။ (မှန်ပါ့)၊ မနည်းဘူးလား။ (နည်းပါတယ်)၊ မင်းဘေး စိုးဘေး သူခိုးဘေး ဆိုတာ ဦးအောင် ဇံဝေ လူမွဲ ထိသလား၊ ရှိတဲ့လူ ထိသလား။ (ရှိတဲ့လူ ထိပါတယ်)။

ဒါကြောင့် ဘယ်သူက ငွေခွဲခွဲ၊ ဘယ်သူက ရပ်ရေး ရွာရေး သွားပြီးခွဲခွဲ ရှိတဲ့လူမှာ အထိ များတာ။ (မှန်ပါ့)၊ ရိပ်မိပလာ။ (ရိပ်မိပါပြီ)။

အဲဒါ ခင်ဗျားတို့ ကလဲ မျက်နှာရှိလို့ ပေါ်တာပေါ့ အောက်မေ့ နေတယ်။ ဘယ်ဟုတ်လိမ့်မလဲ ဒုက္ခ ပိုတာ။ ရိပ်မိပလား။ (ရိပ်မိပါပြီဘုရာ)။

အဲဒါ ခင်ဗျာတို့ ကလဲ မပါးကြတော့၊ အဝိဇ္ဇာကလဲ ဖုံးထားတော့ ကွာ ထင်ပေါ်လို့ စင်တော်က ကောက်တာ ပေါ့တဲ့၊ ရှေးသုံး သုံးတယ်။ (မှန်ပါ့)၊ အံမယ်လေး အရူးများ ပြန်ထ, လိုက်သေးတယ် ဦးအောင်ဇံဝေရေ။ (မှန်ပါ့)။

ပြီးတော့ သဒ္ဓါလို့ ပေးတာ တစ်ခုမှ မပါဘူး။ (မှန်ပါ့)၊ ပါရဲ့လား။ (မပါ,ပါဘုရား)၊ ပါပြန်တော့လဲ ဝါဒဖြန့်မှု၊ မိတ်မပျက်၊ ဆွေမပျက်၊ ကိုယ့်လုံခြုံရေး။ နို့ ဘာအသုံး ကျသတုံး၊ နို့ ဒါကို ဒါန အကောင်း ကြီးထဲ တွင် သွင်းကြမလား။ (မသွင်းပါ ဘုရား)၊ ကိုယ့်လုံခြုံ ရေး၊ ဘေးဆီး ရန်ကာအရေး စသည်ကို အကြီး အကျယ် ထားနေလို့ ရှိရင် မင်္ဂလာ ဆောင်ကူသလို ဖြစ်နေတယ်။ မဖြစ် ပေဘူးလား။ (ဖြစ်ပါတယ်)၊ တို့ကျတော့လဲ ကြုံတဲ့အခါ လာအောင်၊ ဒီအသွားမျိုးက များနေတယ်။ (မှန်ပါ့)၊ မများဘူးလား။ (များပါတယ်)။

အဲဒီတော့ ခင်ဗျားတို့မှာ ဝိဝဋ္ဋဒါန ဆိုတာလဲ ရှာမှ ရှား။ (မှန်ပါ့)၊ သာဓုသာ ခေါ်ကြပေတော့ ဆိုပေမယ့် အပေါ်ယံ အမျှဝေ နေတာ။ (မှန်ပါ့)၊ ဝိဝဋ္ဋက ပါကို မပါဘူး။ (မပါ,ပါ ဘုရား)၊ ရိပ်မိပလား။ (ရိပ်မိပါပြီ ဘုရား)။

တရားမဟောချင်ဘူးတဲ့

အဲဒါ အခု ဆုံးမနေတယ်၊ သွန်သင် နေတယ်၊ နန္ဒက မထေရ် သံသရာ၌ အရှက်တကွဲ အကျိုးနည်း ဖြစ်လာတာကို သူကိုယ်တိုင် ရဟန္တာ ဖြစ်လာတော့ ဘိက္ခုနီမ ငါးရာကို မောင် သစ် တရားဟောချင်ရဲ့လား။ (မဟောချင်ပါ ဘုရား)၊ ဘာဖြစ်လာတုံး။ (အမြင်မှန် ရလာလို့ ပါဘုရား)၊ ဘာ အမြင်မှန်တုံး ဆိုတော့ သမ္မာဒိဋ္ဌိ မျက်လုံးရလို့ (မှန်ပါ့)။

ဘယ့်နှယ်ဆိုကြမလဲ။ (သမ္မာဒိဋ္ဌိ မျက်လုံး ရလို့ပါ)၊ မိစ္ဆာဒိဋ္ဌိ မျက်လုံးနဲ့ ကြည့်မယ်ဆိုလို့ ရှိရင် အရကောင်းလေစွ ထင်မှာပဲ။ (မှန်ပါ့)။

ကဲ ဒါဖြင့် ဒကာ ဒကာမတွေ ခင်ဗျားတို့ ခန္ဓာကြီး ရတာ သမ္မာဒိဋ္ဌိ မျက်လုံးနဲ့ ကြည့်လို့ ရှိရင်ဖြင့် အိုကိုယ့် အလိုက် ကိုယ့်အထိုက် တော်သေးတယ်တဲ့။ (မှန်ပါ့)။

အလကား တော်နေတာ။ (မှန်ပါ့)၊ ဒုက္ခသစ္စာကြီး တော်သေးရဲ့ ပြောတဲ့ စကားဟာ ဦးအောင်ဇံဝေ ယုံစရာများ ရှိရဲ့လား။ (မရှိပါ ဘုရား)၊ မရှိပေမယ့် သူ့ဟာသူ တော် နေတာပဲ။ (မှန်ပါ့)၊ အဲဒီတော့ ကိုယ့်ဟာကိုယ် ပါစပ် ကလေးကများ ထွက်မယ်ကြံရင် ပြင်ကြပါဦးထဲက။ (မှန်ပါ့)၊ ရှင်းပြီလား။ (ရှင်းပါပြီ ဘုရား)။

ကိုယ့်ဟာကိုယ် ကိုယ့်အချိုးကျ ကလေးနဲ့ တော်နေတဲ့ ဥစ္စာကိုပဲ မဟုတ်သေးပါဘူး ဆိုတာ မှတ်ကြပါ။ ဒုက္ခသစ္စာ လက်ရှိသမားဟာ ဘယ်တော့မှ အေးမနေနဲ့။ (မှန်ပါ့)၊ သဘောပါကြပြီလား။ (ပါ,ပါပြီ ဘုရား)။

ဒုက္ခသစ္စာ လက်ရှိ ဆိုရင် (ဘယ်တော့မှ အေးမနေ ပါနဲ့)၊ အေးမနေပါနဲ့။ ဒုက္ခ မကုန်သေး သရွေ့ ကာလ ပတ်လုံး ဆင်းရဲ လက်စ မသိမ်းသေးပါဘူး။ (မှန်ပါ့)၊ ဆင်းရဲ လက်စ မသိမ်းသေးဘဲ အေးနေတဲ့ ပုဂ္ဂိုလ် တစ်ဦး တစ်ယောက် တောင်ငဲ့ မြောက်ငဲ့နဲ့ အသက်တွေကြီး၊ ရောဂါတွေရ ဆိုလို့ ရှိရင် ဒါဟာ မိုက်ပြစ် သင့်တာသာမှတ်။ (မှန်ပါ့)၊ အဝိဇ္ဇာ ၏ ဒဏ်ချက် မိတယ်။ (မှန်ပါ့)၊ တဏှာ၏ ဒဏ်ချက် (မိပါတယ် ဘုရား)။

အဲဒါတွေ ကြပ်ကြပ် စဉ်းစားတော့၊ အရိယာ မျက်လုံး အခု ပြန်တပ် ကြည့်လိုက်တော့ နန္ဒက မထေရ်မှာ ဟောချင် တဲ့စိတ် မပါဘူး။ (မပါ,ပါဘုရား)၊ ပါသေးရဲ့လား။ (မပါ,ပါ ဘုရား)။

နဂိုဘဝတုန်းကတော့ သူက ကျွန်ပေမယ့် ကျွန်လူကြီး ထဲကဖြစ်တော့ သူ့ဟာသူ ပျော်တယ် (မှန်ပါ့)၊ ခင်ဗျာ တို့လဲ တဏှာ့ ကျွန်ဖြစ်နေတာ ကိုယ့်ဟာကိုယ် ရှာလို့ ဖွေလို့ များ ရနေရင် ဘယ့်နှယ် နေကြမလဲ။ (ပျော်ပါတယ် ဘုရား)၊ ဘယ်သူ ကျွန်တုံး။ (တဏှာကျွန်ပါ ဘုရား)။

အံမယ်လေး မခက်ဘူးလား။ (ခက်ပါတယ်)၊ ဘာပျော်နေသလဲ။ (ကျွန်ပျော်ပျော် နေပါတယ်)။

တဏှာက ခိုင်းလို့ ရတဲ့အချိန်မှာတော့ ကျွန်ခိုင်း ခိုင်း တယ်။ ခိုင်းလို့ မရတော့တဲ့ အချိန် ကျတော့ အပါယ် တွန်းချ လိုက်တာပဲ။ (မှန်ပါ့)။

ခိုင်းလို့ ရတုံးတော့ဖြင့် (ကျွန်ခိုင်း, ခိုင်းပါတယ်)၊ ခိုင်းလို့ မရတော့တဲ့ အချိန်ကျတော့ အပါယ် တွန်းချ ပါတယ်)၊ အပါယ် ပို့လိုက်တယ် ဆိုတော့ ဒီ သခင် လက်အောက်မှာ ခင်ဗျားတို့ ကျွန်သပေါက် ဖြစ်ရတာ ကတော့ မောင်သစ် အတော့်ကို အမြင်ကျဉ်းတဲ့ ပုဂ္ဂိုလ်။ သစ္စာမသိလို့ ဖြစ်တွေပဲ ဆိုတာ သေသေချာချာ မှတ်ပါ။ (မှန်ပါ့)၊ ရှင်းပြီလား။ (ရှင်းပါပြီ)။

ကဲ ဒါဖြင့် ဒီ ဘိက္ခုနီမတွေကို ရှင်နန္ဒက မထေရ် တရား မဟောချင်တာက ဘာကြောင့်တုံး။ (သမ္မာဒိဋ္ဌိ မျက်လုံးရလို့ ပါဘုရား)၊ ရှင်းပြီလား (ရှင်းပါပြီ)။

အဲဒါကြောင့် နေ့တိုင်း တပ်နေတဲ့ မျက်လုံးကို ခင်ဗျား တို့က ဖျောက်မပစ်နဲ့။ (မှန်ပါ့)၊ ဒီမျက်လုံးမှ မျက်လုံး မှန်။ (မှန်ပါ့)၊ ခင်ဗျားတို့ ရထားတဲ့ မျက်လုံးကတော့ တစ်ခါတည်း ဝိဇ္ဇာက လွမ်းမိုး အုပ်ချုပ် ထားတယ်။ (မှန်ပါ့)၊

အဝိဇ္ဇာ ဆိုတာလဲ ဘုန်းကြီး ရှင်းပြပါ့မယ်။ အဝိဇ္ဇာ ဆိုတာ မိစ္ဆာဉာဏ်ဗျ။ (မှန်ပါ့)၊ သူက မကောင်းဘက်ကျ မြင်တယ်။ ကောင်းတဲ့ဘက်ကျတော့ ဖုံးပစ်လိုက်တယ်။ (မှန်ပါ့)၊

ဒါကြောင့် မိစ္ဆာဉာဏ်လို့ ဘုရား ဟောနေတာဟာ သူ့ကို ဟောတာလို့ မှတ်ပါ။ (မှန်ပါ့)၊ ပိုက်ကွန်ထိုးနည်း နိဿရည်း၊ လက်နက်လုပ်နည်း နိဿရည်းတွေ ဒါဟာ ဘာဉာဏ် ခေါ်ကြမလဲ။ (မိစ္ဆာဉာဏ်ပါ ဘုရား)။

မိစ္ဆာဉာဏ်ချည်းပဲ

အဲဒါက ခင်ဗျားတို့က လက်ခုပ်တီးပြီး သူတို့က ပညာချွန်တယ်လို့များ ပြောနေသေးတယ်။ မိစ္ဆာဉာဏ်ကို (မှန်ပါ့)၊ မိစ္ဆာဉာဏ် ဆိုတာက ဒီဗုံးတစ်လုံးကို ခွဲလိုက်လို့ ရှိရင် လူပေါင်း သိန်းသန်း သေနိုင်တယ်။ မဟုတ်ဘူးလား။ (မှန်လှပါ)၊ ဒါမျိုးကျတော့ မိစ္ဆာဉာဏ်က ထိုးထွင်း ပြီးတော့ကို လာတယ်၊ မဟုတ်တဲ့ နေရာကျတော့ (မှန်ပါ့)။

ဒါကြောင့် မိစ္ဆာဉာဏ်ဟာ သစ္စာဘက်သုံးတော့ သူ အဝိဇ္ဇာ။ လောကဘက် သုံးတော့ မိစ္ဆာဉာဏ်။ (မှန်ပါ့)၊ ရှင်းကြပြီလား။ (ရှင်းပါပြီ)။

အဲဒီတော့ ခိုးနည်း၊ ဝှက်နည်း၊ သတ်နည်း၊ ဖြတ်နည်း နိဿရည်း ဒါတွေကို နားလည်တယ်။ အကုသိုလ် အမျိုးမျိုး လုပ်နည်း ဒါတွေ နားလည်တာတော့ မိစ္ဆာဉာဏ် ချည့်ပဲ။ (မှန်ပါ့)၊ သဘောပါ ကြပြီလား။ (ပါ,ပါပြီ)။

အဲဒီတော့ မိစ္ဆာဉာဏ် အောက်မှာ ခင်ဗျားတို့က စီးပွား ကလေး ဘာကလေး ဖြစ်နေလို့ ရှိရင် ကံကောင်းတယ်လို့ အောက်မေ့နေတယ်။ အဲဒါလေး လွဲလိုက်တဲ့ ဖြစ်ခြင်း။ ဘယ်သူက စီမံတာတုံး။ (မိစ္ဆာဉာဏ်ကပါ)။

မိစ္ဆာဉာဏ်က စီမံလို့ ထိုက်တန် သလောက် ရကြပြုကြ ဆိုတဲ့ ဥစ္စာမြင်တော့ ကံကောင်း တယ်တဲ့။ ကံကိုချည့် လွှဲမချ နေပါနဲ့။ (မှန်ပါ့)၊ မိစ္ဆာဉာဏ်က ထိုးထွင်းပြီး လုပ်တာ။ (မှန်ပါ့)၊ ရှင်းပြီလား (ရှင်းပါပြီ)။

အဲဒီမှာ ခင်ဗျားတို့က ကံနဲ့ချည့် ရောရောပစ်လိုက် တာ ဘုန်းကြီးက မကြိုက်ဘူး။ ဒါ မိစ္ဆာဉာဏ် အလုပ်ပါ။ (မှန်ပါ့)၊ သဘောကျပြီလား။ (ကျပါပြီ)။

မိစ္ဆာဉာဏ်ဆိုတာ

လိမ်နည်း ကောက်နည်း နယ်ချဲ့ တွေ ကောင်းစားခဲ့စဉ် တုန်းက ဟိုပြည်လှည့်လိမ်၊ ဒီပြည် လှည့်လိမ်။ အတော် စကားတတ်တယ်။ အတော်ပညာပါတဲ့ လူတွေလို့ ထင်နေ တယ်။ ဘယ်ဟုတ်လိမ့်မလဲ၊ လိမ်ကောက် ခိုးယူထားတာ။ (မှန်ပါ့)၊ ခိုးယူတယ်၊ တိုက်ယူတယ်၊ ခြိမ်းခြောက်ယူတယ်။ ဒါ ဘာဉာဏ် ခေါ်ကြမလဲ။ (မိစ္ဆာဉာဏ် ခေါ်ပါတယ် ဘုရား)။

အဲဒီတော့ မိစ္ဆာဉာဏ်ကို ခင်ဗျားတို့က အခု နိုင်ငံ ခြားက မိစ္ဆာဉာဏ် သမားတွေက ကြီးကျယ် လာတော့ တယ် တော်တဲ့ လူတွေလို့ ထင်တယ်။ (မှန်ပါ့)၊ မထင်ခဲ့ဘူး လား။ (ထင်ပါတယ်)၊ ထင်သာ ထင်တယ် ဘာတုံးလက် သည် (မိစ္ဆာဉာဏ်ပါဘုရား)၊ မိစ္ဆာဉာဏ် ဆိုတာ အဝိဇ္ဇာ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။

မိစ္ဆာဉာဏ် ဆိုတာ (အဝိမှာပါဘုရား)၊ အဝိဇ္ဇာက မကောင်းတဲ့ ဘက်မှာ ဆိုတော့ သိတယ်။ ကောင်းတဲ့ သစ္စာ ဘက်ကျတော့ ဖုံးထားတယ်။ (မှန်ပါ့)။

ကဲ ဒါလောက်ဆိုးတဲ့ တရား လက်အောက်မှာ ခင်ဗျား တို့ လူလား မြောက်တဲ့ လူတွေ၊ သေတဲ့ လူတွေ သေကုန်ပါ ပြီ။ ဘာအသုံးကျ သွားသတုံး။ (ဘာမှ အသုံးမကျပါ ဘုရား)၊ ရှင်းပြီလား။ (ရှင်းပါပြီ ဘုရား)။

အခု အနောက် နိုင်ငံ အချို့မှာ စကားစပ်မိလို့ ကြားဖူး တာ ပြောပြရရင် ဝက်တစ်ကောင် ထည့်လိုက်တဲ့၊ တစ်ဖက် ကနေပြီး တော့ စက်ထဲကို၊ ဟိုဘက်ကျတော့ ဘူးပိတ်ပြီးသား ထွက်လာ တယ်။ ဒါ ဘာဉာဏ် ခေါ်ကြမလဲ။ (မိစ္ဆာ ဉာဏ်ပါ ဘုရား)၊ဝက်သတ်နည်း၊ ဝက်သားဟင်း ချက်နည်း၊ ဘူးပိတ်ပြီး သကာလ ထွက်လာနည်း၊ ဒါတွေတောင် လုပ် တာပဲ။ ဒါတွေ ကျတော့ မိစ္ဆာဉာဏ်ကို၊ ဒါကို ချီးမွမ်း နေဖို့ မလိုပါဘူး။ အဝိဇ္ဇာက တိုးတက် လာတာ ပျက်ရမယ်။ (မှန်ပါ့)။

ဘယ့်နှယ် မှတ်ကြမလဲ။ (အဝိဇ္ဇာ တိုးတက် လာတာ ပါဘုရား)၊ အဝိဇ္ဇာ တိုးတက် သလောက် ဝိဇ္ဇာက ဆုတ်ယုတ် ရမယ်။ (မှန်ပါ့)။

ဒါဖြင့် ခင်ဗျားတို့ အားကျ စရာလား။ ရှောင်ကြဉ်စရာ လား။ အကဲခတ်ပါ။ (ရှောင်ကြဉ်စရာပါ ဘုရား)။

ကိုင်း ဒါဖြင့် သမ္မာဒိဋ္ဌိ မျက်လုံး ရှိလာတော့ ခုနင်က မိစ္ဆာမျက်လုံးနဲ့ ရထားတဲ့ ဘိက္ခုနီမ ငါးရာ အတွက် ရှက်လာတယ်။ (မှန်ပါ့)၊ မိစ္ဆာမျက်လုံးနဲ့ ကြည့်လိုက်တုန်း ကတော့ ဦးသံဒိုင် ပျော်လို့။ (မှန်ပါ့)၊ကျွန်မ ငါးရာ ဖြစ်တဲ့ မာတုဂါမတွေနဲ့ တစ်ခါတည်း အိမ်ထောင်ဖက် ဖြစ်ပြီး သကာလ နေရတာကို မောင်သစ် ပျော်နေခဲ့တယ်။ (မှန်ပါ့)၊ အခု သမ္မာဉာဏ် ရလာတော့ ဒါတွေဆီ သွားပြီး တရားဟော ရမှာကိုပင် (ရှက်လာပါတယ် ဘုရား)။

ဒါကြောင့် ဟိုဘက်မှာ ပျော်တာက မိစ္ဆာဉာဏ်၊ ဒီ ဘက်မှာ မကြည့်ချင်တာက (သမ္မာဉာဏ်ပါ ဘုရား)၊ သဘောပေါက် ကြပြီလား။ (ပေါက်ပါပြီ)။

အဲဒီတော့ ဘုန်းကြီး နေ့တိုင်း ဘာပေးနေသတုံးလို့ ဒကာ ဒကာမတွေက မေးလို့ ရှိရင် သိလောက်ပါပြီ။ (မှန်ပါ့)၊ ဘာပေးသလဲ။ (သမ္မာဉာဏ် ပေးပါတယ် ဘုရား)။ ၊ အဲ သမ္မာဉာဏ် ပေးနေတော့ ခင်ဗျားတို့က ဆင်ခြေ ကလေး လဲချင်သေးသလား။ ဘုန်းကြီး ဟောတာတော့ ဟုတ်ပါရဲ့။ ကိုယ်က မနေနိုင်ဘူး။ ဘာဖြစ်တာတုံး။ ဉာဏ်ပေးတာ မယူချင်တာပဲ။ (မှန်ပါ့)။

ဉာဏ်ပေးတာကို (မယူချင်ပါဘုရား)၊ ထွက်ပေါက် ပြတာကို (မထွက်ချင်တာပါ ဘုရား)၊ ဒါပဲ ပြန်ကျတယ်။ မဆိုးဝါးဘူးလား။ (ဆိုးဝါးပါတယ် ဘုရား)။

ဒါဖြင့် နွားတွေ ခြံထဲ သွင်းတော့ ထွက်ပေါက်ကနေ ထွက်ပါလို့ နွားသမားက မောင်းတာတောင် မထွက်ချင်သေး ဆိုလို့ ရှိရင် နွားကျင်ငယ် ကျင်ကြီးတွေထဲမှာ နွားခြံ ဆိုတာ နွားကျင်ကြီး ရှိတာကိုး။ (မှန်ပါ့)၊ အဲဒီမှာ ပျော်နေ တယ်။ (မှန်ပါ့)၊ မဆိုနိုင် ဘူးလား။ (ဆိုနိုင်ပါတယ် ဘုရား)။

ထွက်ပေါက် မောင်းထုတ်လို့မှ မထွက်ချင်တဲ့ နွားကို ဘယ့်နှယ် ဆိုကြမလဲ။ (နွားကျင်ကြီးထဲ ပျော်ချင်လို့ပါ ဘုရား)၊ အဲ ကျင်ကြီး ပျော်လို့ ဆိုကြပါစို့။ (မှန်ပါ့)။

အဲဒီတော့ ခင်ဗျားတို့ နောက်က ပျော်ခဲ့တာ ဟူ သရွေ့ တရားထူး မနာရခင်က နောက်က ပျော်ခဲ့တာ ဟူသရွေ့ နွားကျင်ကြီး ပျော်ခဲ့တာလို့မှတ်။ (မှန်ပါ့)၊ ရှင်းပြီလား။ (ရှင်းပါပြီ)။

ဒါတောင် ခင်ဗျားတို့က အသားယူလိုက်သေးတယ်။ ဒီလို နေရထိုင်ရတာ တော်သေးရဲ့ တဲ့။ (မှန်ပါ့)၊ ဘာဖြစ်တာတုံး ဦးအောင်ဇံဝေ၊ မိစ္ဆာဉာဏ်နဲ့ ပျော်နေတာ။ (မှန်ပါ့)၊ ရှင်းပြီလား။ (ရှင်းပါပြီ)။

ကဲဒါဖြင့် တရားဆက်ကြပါစို့ တဲ့။ ဒါက ကိုယ့် အမှား သိအောင်လို့ ပြောလိုက်ပါတယ်။ (မှန်ပါ့)၊ မှားတယ် ဆိုတာ သစ္စာ မသိတာဘဲ။ (မှန်ပါ့)။

ဒါနဲ့ အဲဒီက ဥပါနိဿယ သတ္တိကြောင့် အခု ဘုရား သာသနာထဲ ဖြစ်လာတယ် ဆိုတာကော ကျေနပ်ကြပလား။ (ကျေနပ်ပါပြီ)၊ နန္ဒက မထေရ်က သူကြွယ်မျိုး၊ မိထွေးတော် ဂေါတမီက သာကီဝင် မင်းမျိုးမှာ ဖြစ်လာပြီး သူတို့ ဘာ ကြိုးစား သွားသလဲလို့ မေးတော့ မဂ္ဂပစ္စယော ကြိုးစားသွား တယ်။ (မှန်ပါ့)။

မဂ္ဂပစ္စယောက ပန်းဆွတ်တယ်

ဒါကြောင့် အခု ဒုက္ခခန္ဓာကြီး သယ်ပိုး နေတာ တစ်ယောက်မှ မတွေ့တော့ဘူး (မှန်ပါ့)၊ ဒါ ဘာကြိုးစား သွားတာတုံး။ (မဂ္ဂပစ္စယော ကြိုးစား သွားတာပါ)၊ အေး ဒါကြောင့် ဥပနိဿယ ပစ္စယောက အကူအညီ၊ မဂ္ဂပစ္စယောက ပန်းဆွတ်။ (မှန်ပါ့)၊ အဲဒီတော့ အကူအညီ ကင်း၍ ပန်းမဆွတ် နိုင်ဘူး။ (မှန်ပါ့)၊ သဘော ပါပလား။ (ပါ,ပါပြီ)။

အဲဒီတော့ ခင်ဗျားတို့ ယခုဘဝမှာတော့ အကူအညီ တွေ ပြည့်စုံပြီးလို့ ပန်းဆွတ်ကလေး လိုလိမ့်မယ်။ (မှန်ပါ့)။

ဦးအောင်ဇံဝေ ဘာလိုမယ် ထင်သတုံး။ (ပန်းဆွတ် လိုပါလိမ့်မယ် ဘုရား)၊ လှေပြိုင်တော့ ပန်းဆွတ် ရသေးတာ ကိုး။ (မှန်ပါ့)၊ နွားပြိုင်တော့ကော (ပန်းဆွတ် ရပါတယ် ဘုရား)၊ ပန်းဆွတ် ရတာပဲ၊ မြန်မာ ထုံးစံမှာ ရှိတယ်။ (မှန်ပါ့)။

အဲဒီလို ပန်းဆွတ် အလုပ်ကလေးဟာလဲ ခင်ဗျားတို့မှာ ဆရာဘုန်းကြီးက နေ့တိုင်း ပေးနေတယ် (မှန်ပါ့)၊ နေ့တိုင်း ပေးတဲ့ အခါကျတော့ မပျင်းပါနဲ့၊ ဘာ့ကြောင့်တုံး။ ပန်းဆွတ်ရုံ ကျန်တော့မလို့ ဒီတစ်ခါ အောင်ပွဲရတော့ မှာပဲ။ (မှန်ပါ့)။

အောင်ပွဲရမှာကို ဆင်ခြေတွေဘာတွေ လီမနေနဲ့၊ ရှင်းပလား။ (ရှင်းပါပြီ)၊အောင်ပွဲမှာ ဆင်ခြေလဲနေလို့ ရှိရင် မအောင်ချင်လို့ အဓိပ္ပာယ်ပဲ။ (မှန်ပါ့)။

ခင်ဗျားတို့ ဟာကတော့ တဏှာက အိုးပုတ်ဂျင်က လယ်နဲ့ ချေထားတယ် ဆိုတာ ဘုန်းကြီးများ သိပြီးသား ပါ။ (မှန်ပါ့)၊ ကလေး ရုပ်ကလေးနဲ့ ချော့လိုက်၊ လူကြီး ရုပ်နဲ့ကော (ချော့ပါတယ် ဘုရား)၊ ကစားစရာ ဆိုတဲ့ ရွှေငွေ ကလေးနဲ့ကော (ချော့ပါတယ်ဘုရား)။

ဒါကလေးနဲ့ပဲ ခင်ဗျားတို့က ကိစ္စကလေး မပြီးသေးလို့ ဆိုပြီးတော့ သူ ချော့ထားတဲ့ အထဲက ကိစ္စ မပြီးသေးလို့ က လာသေးတာပဲ ခင်ဗျားတို့ က(မှန်ပါ့)၊ ဘာကိစ္စတုံး၊ ကစားစရာ ကိစ္စ (မှန်ပါ့)၊ ဘယ်သူ ချော့ထားတာတုံး။ (တဏှာက ချော့ထားတာပါ ဘုရား)၊ တဏှာက ချော့တော့ ခင်ဗျားတို့က ပျော့နေတာ၊ လူကြီးလား၊ ကလေးလား။ (ကလေးတွေ ဖြစ်နေပါတယ် ဘုရား) အသက်ကတော့ ဘယ့် နှယ်နေသတုံး။ (အသက်ကတော့ လူကြီးပါ ဘုရား)၊ ဉာဏ်ကတော့ ကလေး ဖြစ်နေတယ်။ ရှင်းပြီလား။ (ရှင်းပါပြီ)။

အသက်ကတော့ (လူကြီးပါ ဘုရား)၊ သေခါနီး ဆိုပါ တော့ဗျာ။ (မှန်ပါ့)၊ ဉာဏ်ကတော့ (ကလေးပါ ဘုရား)၊ အမယ်လေး ခင်ဗျားတို့၊ ဒီလို အဆိုခံရတာကို နာကြစမ်းပါ။ (မှန်ပါ့)၊ နာစရာကော မကောင်းဘူးလား။ (ကောင်းပါ တယ်ဘုရား)။

မဂ္ဂပစ္စယောဆိုတာ

ကဲဒါဖြင့် ဒကာ ဒကာမတို့ မဂ္ဂပစ္စယောကို ဟောကြစို့ ဆိုတော့ (မှန်ပါ့)၊ မဂ္ဂပစ္စယော လွတ်မြောက် ကြောင်း ဖြစ်၍ ကျေးဇူး ပြုတတ်သော တရား လည်းကောင်းတဲ့၊ ကိလေသဝဋ်၊ ကမ္မဝဋ်၊ ဝိပါကဝဋ်ထဲက ထွက်မြောက်အောင် ကျေးဇူးပြုတယ်။ (မှန်ပါ့)။

ဝဋ်တရားထဲက ထွက်မြောက်အောင် ကျေးဇူးပြုတာ ဘာပါလိမ့်မတုံးဗျာ (မဂ္ဂပစ္စယောပါ ဘုရား)။

ဦးသံဒိုင် ဒီပစ္စည်း ရှိပေလို့သာ တော်သေးတယ်။ (မှန်ပါ့)၊ ဒီပြင် ပစ္စည်းတွေ လိုတော့ ခက်ပြီ။ (မှန်ပါ)၊ ဒါကို ဘုရားသခင် ကိုယ်တော်မြတ်ကြီး ဟာ မဂ္ဂပစ္စယော အရေးပါတယ် ဆိုတာ အင်မတန်မှ အရေးကြီးလို့ ဘုရား သခင် ကိုယ်တော်မြတ်ကြီးဟာ ပရိနိဗ္ဗာန် စံခါနီးတောင် မဂ္ဂပစ္စယော ပေးချင်လွန်းလို့ သုဘဒ် အတွက် ဆိုင်းငံ့တော် မူသေးတယ်။ (မှန်ပါ့)။

သုဘဒ်ရဟန်းကြီး

သုဘဒ်ကြီးက ဘုရားတွေ အများကြီး ပေါ်နေကြ တယ်။ ဒီ ဘုရားတော့ ငယ်လို့ ငါ မမေးဘူး။ သိဉ္စည်းတို့ကို လဲ သူက ဘုရား ထင်တာကိုး။ (မှန်ပါ့)၊ ဒီပြင် ဘုရားတွေ ကတော့ အသက်ကြီးလှပြီ။ ဒီဘုရားကတော့ အသက်ငယ် သေးတယ်။ အဲ့ဒီတော့ သိပ်ပညာ ထက်လှမယ် မထင်လို့ သူ မမေးဘူး ပေါ့လေ။ (မှန်ပါ့)။

အဲဒီလောက် စကားကြီး နေတဲ့ ပုဂ္ဂိုလ် ဖြစ်နေတော့ သုဘဒ် ဘုရားဆီ လာတဲ့အခါ အာနန္ဒာ မတားပါနဲ့ကွာ၊ ငါ့ဆီကို လာခွင့် ပြုလိုက်ပါ။ ဘုရားဆီကို သွားပြီး မညှဉ်းဆဲ ချင်ပါနဲ့ ဆိုတဲ့ စကားတွေ မသုံးစွဲပါနဲ့လို့ ရှင်အာနန္ဒာကို ပြောတာဟာ သုဘဒ်ကို ဘာပေးချင်လို့လဲ (မဂ္ဂပစ္စယော ပေးချင်လို့ ပါ)၊

ကဲ ဘယ်လောက် အရေးကြီးသလဲ။ (မှန်ပါ)၊ ဘုရာကသာ မဂ္ဂပစ္စယော ပေးမသွားရင် သုဘဒ်ဟာ သံသရာထဲ ကျင်လည် ရဦးမယ်။ သုဘဒ်က ဘုရား ကိုယ်တိုင် ချွတ်မှ ကျွတ်မည်။ ဗုဒ္ဓဝေနေယျ ပေကိုး။ (မှန်ပါ့)။

အခုတော့ သူ့ဟာသူ နှိုးဆော်လာပြီး ရှင်ဂေါတမ ဟာ နက်ဖြန် ပရိနိဗ္ဗာန် စံမယ် ကြားတယ်။ ဒါကလေး မမေးလိုက်ရလို့ ရှိရင်တော့ ငါ့မှာ နောင်တ, ဖြစ်တော့မှာပဲ။ အရင်ကတော့ ငယ်တယ်လို့ ငါက ဆိုင်းနေတာ၊ အခုတော့ ပရိနိဗ္ဗာန်ပဲ စံတော့မယ် ဆိုတော့ မမေးလိုက် ရရင် တော်ပါ့ မလား ဆိုပြီး သူ့ဟာသူ နှိုးဆော် လာတာ။ (မှန်ပါ့)၊ သဘောကျပြီလား။ (ကျပါပြီ)။

ဒီမှာလဲ ခင်ဗျားတို့ သစ္စာတွေက ကွယ်လိမ့်မယ်။ မြန်မြန်လုပ်ကြ။ (မှန်ပါ့)၊ သဘော ပါပြီလား။(ပါ,ပါပြီ)။

သစ္စာ ကွယ်လိမ့်မယ် ဆိုတာ သစ္စာက ရှိလျက်နဲ့ ခင်ဗျား တို့မှာ ဉာဏ်ကွယ် သွားမယ်။ (မှန်ပါ့)၊ သစ္စာကတော့ (ရှိလျက်ပါ ဘုရား)၊ ခင်ဗျားတို့က(ဉာဏ်ကွယ် သွားမှာပါ ဘုရား)။

ကဲခင်ဗျားတို့ ဉာဏ်ကွယ် သွားလိမ့်မယ်လို့ ဆိုလိုတာ (မှန်ပါ့)၊ သစ္စာတရား ကွယ်သွား လိမ့်မယ် ဆိုတာ သစ္စာတွေ ကတော့ ရှိမှာပဲ။ ဘုရား မပွင့်လဲ သစ္စာတွေ ကတော့ ရှိနေတာပဲ။ (မှန်ပါ့)၊ သို့သော် ခင်ဗျား တို့မှာ ဘာကွယ်မယ် ထင်သတုံး။ (ဉာဏ်ကွယ်မှာပါ ဘုရာ)။

ဉာဏ်ကွယ်ရင် မှောင်ကျတော့မယ်။ (မှန်ပါ့)၊ သမ္မာဉာဏ်ကွယ်လို့ ရှိရင် မိစ္ဆာဉာဏ်က ထိုးတက် လာပြီ။ (မှန်ပါ့)၊ အခု ဥရောပတိုက်နဲ့ အာရှတိုက်နဲ့ကြည့်၊ မိစ္ဆာဉာဏ် တိုးတက်လာတာပေါ့။ မသေချာ ဘူးလား။ (သေချာပါတယ် ဘုရား)။

မြန်မြန်လုပ်မှ နေရာကျမယ်

အဲဒါကြောင့် မြန်မြန်လုပ်ပါ ဆိုတာ ဦးအောင်ဇံဝေ တို့ အသက်ကလဲကြီး၊ ဦးသံဒိုင်တို့ ဝေဒနာကများ၊ မောင် သစ်တို့လဲ အသက်ကြီး လာကြပြီ။ မြန်မှ နေရာကျမယ်။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ)၊ ဘယ်လိုတုံး။ (မြန်မှ ရပါမယ်)။

တစ်ခါ အဲဒီ မိစ္ဆာဉာဏ်တွေက လွှမ်းမိုးလာလို့ – မြန်ဖို့ က တစ်မျိုး၊ ခန္ဓာက သုသာန်ကို အပြေးသွားနေလို့ တစ်မျိုး။ (မှန်ပါ့)။

ခန္ဓာက ဘယ်သွားနေသတုံး။ (သုသာန် အပြေးသွား နေပါတယ်)၊ သုသာန် အပြေးသွား နေလို့ တားမရတာက တစ်မျိုး ဆိုတော့ ခင်ဗျားတို့ မှာ သုသာန် အပြေးသွားနေတဲ့ တစ်နေ့ကျရင်၊ သူက ဦးလို့ ရှိရင် မဂ္ဂပစ္စယော နောက်ကျ မယ်။ (မှန်ပါ)၊ သူက အသေ ဦးသွားရင် မဂ္ဂပစ္စယော နောက်ကျမယ်။ (မှန်ပါ)။

အဲဒီတော့ ခင်ဗျားတို့ ဖြည်းဖြည်းမှ လုပ်မယ်ဆိုတဲ့ လူဟာ မဂ္ဂပစ္စယောကို ကိုယ့်ကိုယ် ကယ်တင်မည့် လူကို နောက်ခိုင်းတာနဲ့ တူနေတယ်။ ထိုးချမည့် လူအတွက် မိပါ စေ ဆိုပြီး ခန္ဓာ ပစ်ပေး လိုက်တာနဲ့ တူနေတယ်။ (မှန်ပါ့)၊ မတူဘူးလား။ (တူပါတယ်ဘုရား)။

အဲဒါတွေက စကားတတ်လို့ ပြောသည် မဟုတ်ပါ ဘူးတဲ့၊ ဖြစ်စဉ် အကိုက် ပြောတာ။ (မှန်ပါ့)။

ဒါဖြင့် အရေးတကြီး လုပ်ရမယ့်အလုပ်ဆိုတာ သေချာ ကြပြီလား။ (သေချာပါပြီ)။

ဘုရား၏အမိန့်တော်

ကိုင်းဒါနဲ့ နန္ဒက မထေရ်က မဟောချင်သော်လဲ ဘုရားက အမိန့်ချတာနဲ့၊ သူ ဟောမှ ကျွတ်မှာလဲ သေချာ နေတာနဲ့ အာနန္ဒာ ဒီနေ့ ဘိက္ခုနီမတွေ ဆုံးမ တရားဟောဖို့ ဘယ်သူ့ အလှည့်တုံး မေးတော့ ရှင်အာနန္ဒက ရှင်နန္ဒက အလှည့်ပါဘုရား။ သူက ဘိက္ခုနီမ တွေဆီ သွားပြီး တရားကို မဟောချင်ဘူး။ သပိတ် ဖုတ်စရာ လေးရှိသလေး၊ သင်္ကန်း ချုပ်စရာ ရှိသလေးနဲ့ ရှောင်လွှဲ နေပါတယ် ဘုရား လို့ လျှောက်တော့ ဒါဖြင့် ခေါ်ချေ ခေါ်ချေ၊ ငါ့အမိန့်နဲ့ ရှင်နန္ဒကကို ခေါ်ချေ ဆိုပြီး ခေါ်ခိုင်း လိုက်တယ်။ (မှန်ပါ့)။

ရှင်နန္ဒက ယနေ့ မင်းသွားပြီး ဘိက္ခုနီမတွေကို တရားဟောချေ ဆိုတော့ ကောင်းပါပြီ ဝန်ခံပြီး တရားဟော ဖို့ ဆွမ်းခံပြန်လာပြီး ဘိက္ခုနီမတွေဆီ ဝင်လိုက်တဲ့ အခါ ကျတော့ ဟောလိုက်ပါတယ်။ ဒါက စ,ပြောတယ်။

ရှင်နန္ဒက၏တရားတော်

ဘိက္ခုနီမတို့ ငါ ပြောတဲ့တရားကို သင်တို့က မသိ သေးရင် မသိသေးပါ ဘုရား လျှောက်ပါ။ သိလျှင် သိပါပြီ ဘုရား လျှောက်။ သိတဲ့ အထဲကမှ ချွင်းချက်လေး ကျန်နေ သေးရင် ဒါကလေး ကျန်နေ သေးတယ် ဘုရား။ ဒါကလေး ပြောပါအုံး ဘုရား လျှောက် ဆိုတော့ ရှေးက ဟောသွားတဲ့ ရဟန္တာ မထေရ်မြတ်ကြီးတွေက ဒီလို ဖိတ်ကြားချက် မပါဘူး။ (မှန်ပါ့)၊

ဖိတ်ကြားချက်မပါတော့ သူတို့ စိတ်ထဲမှာ နာတော့ နာရတယ်၊ တရားမှန်းတော့လဲ သိရဲ့။ ဝမ်းမြောက် မှုက ဒါလောက် မရှိဘူး။ (မှန်ပါ့)၊ တရားနာ ရတဲ့အခါ ဒီဆရာနဲ့ ဝမ်းမြောက်မှုကလဲ ပါဦးမှ။ ဒါမှလဲ ရဲရဲတင်းတင်း လုပ်ဖြစ်တာကိုး။ (မှန်ပါ့)၊ နို့မဟုတ်ရင် လုပ်ဖြစ်ပါ့ မလား။ (မလုပ်ဖြစ်ပါဘုရား)၊ အဲဒါကြောင့် ဝမ်းမြောက် မှုပေးလိုက်တော့ ဘိက္ခုနီမတွေ ကျေနပ်သွားတယ်။ (မှန်ပါ့)။

နဂိုကလဲ ဒီကိုယ်တော် တရားသာ နာရလို့ ရှိရင် ကျုပ်က သောတာပန်တည်မှာ သူတို့ချင်းက ပြောလျက်၊ ကျုပ်က သကဒါဂါမ်၊ ကျုပ်က အနာဂါမ်၊ ကျုပ်က ရဟန္တာဖြစ်မှာ လို့ ပြောလျက် သူတို့ ဆန္ဒ အတိုင်းပေါ့ဗျာ။ (မှန်ပါ့)။

ဒါနဲ့ ဆွမ်းခံပြန်ပြီး ဝင်လာတယ်။ ဘိက္ခုနီမတွေက ခြေဆေးရေတွေ ဘာတွေ တည်ထား။ နေစရာ ထိုင်စရာ ခင်းထား၊ တရားဟောတဲ့ နေရာ တက်ပြီးတော့ ခုနက ပြောတဲ့ အတိုင်း ဖိတ်ကြား ပြီးတော့ ဘိက္ခုနီမတွေကို တရားဟော တယ်။ (မှန်ပါ့)။

စက္ခုံစ ပဋိစ္စ ရူပေစ ဥပဇ္ဇတိ စက္ခုဝိညာဏံ တိဏ္ဏ သင်္ဂတိ ဖဿော၊ ဖဿပစ္စယာ ဝေဒနာ ဆိုရာ၌ စက္ခုဒွါရမှာ စက္ခုဝိညာဏ်နဲ့ ဝေဒနာဟာ အတူတူပဲ ဖြစ်ပါတယ်။ (မှန်ပါ့)၊ နောက်မှလဲ ဝေဒနာ ပေါ်တတ် သေးတယ် မှတ်ရ မယ်။ (မှန်ပါ့)၊ ဘာဝေဒနာ ပေါ်တတ်သေး သတုံး ဆိုလို့ ရှိရင်ဖြင့် မြင်တဲ့ အခါမှာ မြင့်တဲ့ ဥပေက္ခာ ဝေဒနာပေါ်တာပဲ။ ပေါ်ပင် ပေါ်ငြား သော်လဲ အဲဒါ မရှုမိတဲ့ အခါကျတော့ ကြည့်တဲ့ အခါမှာ ဝမ်းသာတယ် ဆိုတဲ့ သောမနဿ ဝေဒနာလဲ နောက်က လိုက်တတ်တယ်။ (မှန်ပါ့)။

အဲဒါကြောင့် ဝေဒနာသည် ဝိပဿနာဉာဏ် ထက်တဲ့ ပုဂ္ဂိုလ်မှာတော့ မျက်လုံး ဥပေက္ခာ ဝေဒနာပဲ ရှုလို့ရမယ်။ (မှန်ပါ့)၊ ဝိပဿနာဉာဏ် နံ့နှေးနေတဲ့ ပုဂ္ဂိုလ်ကျတော့ နောက်ပေါ်တဲ့ ဇောဝေဒနာပါ ရှုမိတတ်တယ်။ (မှန်ပါ့)၊ သဘောကျပြီလား။ (ကျပါပြီ)။

ဘယ်ဟာဖြစ်ဖြစ် ရှုကောင်းတယ်

ဝိပဿနာဉာဏ် ထက်တဲ့ ပုဂ္ဂိုလ်ကျတော့ မြင်တဲ့ ဝေဒနာပဲ ရှုမိတယ်။ (မှန်ပါ့)၊ ဝိပဿနာ ဉာဏ်နှေးနေတဲ့ ပုဂ္ဂိုလ်ကျတော့ ခုနင်က သာယာတဲ့ ဝေဒနာ ရှုတတ်တယ်။ (မှန်ပါ့)၊ သဘော ကျပလား။ (ကျပါပြီ)။

အဲဒီတော့ကို ဘယ်ဟာပဲ မိမိ ခင်ဗျားတို့ ရှုကောင်း တယ်လို့ မှတ်ပါ။ (မှန်ပါ)။

ဘယ်ဟာပဲ မိမိ (ရှုကောင်းပါတယ် ဘုရား)၊ သို့သော် ဉာဏ်ထက်တဲ့ ပုဂ္ဂိုလ် သုခပဋိပဒါ ခိပ္ပာဘိညာ ပုဂ္ဂိုလ်တို့ ကျတော့ မျက်လုံးပဲ ရှုမိတယ်။ ဒန္ဓာဘိညာ သမား ဉာဏ်နှေး တဲ့ ပုဂ္ဂိုလ်ကျတော့ ဇောရှုမိမယ်။ (မှန်ပါ့)၊ သဘောကျ ပလား။ (ကျပါပြီ)။

ထက်တဲ့ ပုဂ္ဂိုလ်ကတော့ (မျက်လုံးဝေဒနာ ရှုမိတယ်)၊ နုံ့တဲ့ ပုဂ္ဂိုလ်ကတော့ မြင်ပြီး လိုချင်တဲ့ လောဘ သောမနဿ ဝေဒနာကျမှ ရှုမိတယ်။ (မှန်ပါ့)။

ဒါကတော့ဖြင့် ခင်ဗျားတို့ ဝိပဿနာဉာဏ် အနုံ့ အထက်ပေါ်မှာ မှီပါတယ်လို့ မှတ်ရမယ်။ (မှန်ပါ့)။

ကျင့်သား ရပြန်တော့လဲ ခုနင်က မျက်လုံးပဲ သွားမိ တယ်။ (မှန်ပါ့)၊ ကျင့်သား မရခင် ဆိုလို့ ရှိရင် ဇောကျမှ သွားမိတယ်။ (မှန်ပါ့)၊ သဘောကျပြီလား။ (ကျပါပြီ ဘုရား)။

ဇောမိလဲဇောရှု၊ ဇောမမိဘူးဆိုလို့ ရှိရင်လဲ မြင်တဲ့ ဝိညာဏ် ဝေဒနာပဲရှုပါ။(မှန်ပါ့)

ဝေဒနာဆိုတာ

ဘိက္ခုနီမတို့ ဝေဒနာဆိုတာ ဘာနဲ့တူပါသတုံး ဟောတဲ့ အခါကျတော့ သစ်ပင်မှာ အမြစ်လဲ ရှိတယ်၊ ပင်လုံးလဲ ရှိတယ်၊ အကိုင်းအခက် အမတွေလဲ ရှိတယ်၊ အရိပ်လဲ ရှိတယ် ဆိုတော့ ခုနင်က စက္ခုဒွါရက အမြစ်နဲ့ တူရတဲ့ အကြောင်းပေါ့ ဗျာ။ (မှန်ပါ့)၊ ရူပါရုံက အပင်နဲ့ တူတဲ့ အကြောင်းခံပေါ့ ဗျာ။ စက္ခုဝိညာဏ် ကတော့ ယှဉ်ဖော် ယှဉ်ဖက် တရားတွေနဲ့ ဖြစ်ရသည် ဖြစ်လေ သောကြောင့် အကိုင်းအခက်နဲ့ တူတယ်။ ဒီထဲကမှ ဝေဒနာ ဆိုတာက အရိပ်နဲ့ တူတယ်။ (မှန်ပါ့)။

အဲဒီတော့ ဘိက္ခုနီမတို့၊ ဒီသစ်ပင်ဟာ အနိစ္စ ကြောင့်ဖြစ်တဲ့ သစ်ပင်၊ ရူပါရုံကလဲ အနိစ္စ၊ စက္ခု ပသာဒကလဲ အနိစ္စ၊ စက္ခု ဝိညာဏ်ကလဲ အနိစ္စ၊ သူ့ကို ဖြစ်စေတဲ့ ဖဿ ကတော့ (အနိစ္စပါ ဘုရား)၊ အဲဒီသူက ဖြစ်စေတဲ့ ဝေဒနာ ကျတော့ ဘယ့်နှယ် ဆိုကြမလဲ။ (အနိစ္စပါ ဘုရား)၊ သြော် အနိစ္စက မွေးလို့ အနိစ္စ ဖြစ်တယ်လို့ မှတ်ပါ။ (မှန်ပါ့)။

သို့သော် အနိစ္စကို ဘိက္ခုနီမတွေ ဟောလိုက်တဲ့ အခါကျတော့ အရှင်ဘုရား သဘောကျပါပြီ၊ ဒီဝေဒနာ အနိစ္စ ဆိုတာ နောက်ဆုံးပိတ်မှ ပေါ်ရငြား သော်လဲ ပျက်တော့ သူက အရင် ပျက်ပါတယ်။ (မှန်ပါ့)၊ ရှင်းပြီလား။ (ရှင်းပါပြီ)။

အရိပ်နဲ့တူတဲ့ ဝေဒနာ

ပျက်တော့ (သူက အရင်ပျက်ပါတယ်)၊ သူက အရင်ပျက်ရမယ်တဲ့ ၊ ဘာကြောင့်တုံး ဆိုတော့ သူက အကုန်မှီ နေရတာကိုး။ (မှန်ပါ့)၊ သစ်ပင် အရိပ်နဲ့တူတဲ့ ဝေဒနာသည် အကိုင်းအခက်လဲ မှီရတယ်။ ပင်လုံးကော (မှီရပါတယ်)၊ အမြစ်တွေကော (မှီရပါတယ်)၊ မှီနေရတော့ ဒီအပင်ကြီး အမြစ်နဲ့ တကွ ကျွတ်လဲသွားတဲ့ အခါကျတော့ အရိပ်က ကျန်ရစ်စရာ ရှိသေးရဲ့လား။ (မရှိပါ ဘုရား)။

ဒါဖြင့် ဒီအတိုင်း သင်တို့သည်ကားလို့ ဆိုလို့ ရှိရင် ဝေဒနာကို ရှုပေးပါ။ သဘောကျပလား။ (ကျပါပြီ)။

ဝေဒနာပေါ်တိုင်း ဖြစ်ပျက်ရှု

ရှုပေးလိုက်တဲ့ အခါကျတော့ သင်တို့ ကျေးဇူးများပါ လိမ့်မယ်။ ရှုရတဲ့ ကိစ္စကို ငါပြောပြမယ်။ ဝေဒနာပေါ်တို သင်တို့ ရှုပေးတဲ့။ (မှန်ပါ့)။

ဝေဒနာပေါ်တိုင်း (ရှုပေး ရပါမယ်)၊ မျက်လုံးပေါက် က ပေါ်လဲရှု၊ နားပေါက်က ပေါ်လဲ ရှု။ မနေ့က ပြောခဲ့တဲ့ ဝေဒနာ ဆယ့်နှစ်မျိုးတောင် ရှိတယ် မဟုတ်လား။ (မှန်ပါ့) ဘာလုပ်ရမလဲ (ရှုပေး ရပါမယ်)၊ ပေါ်လာတာကို အကုန် ဖြစ်ပျက် ရှုပေးပါ။ (မှန်ပါ့)၊ ဘာလုပ်ရမလဲ (ရှုပေး ရပါ မယ်)၊ ပေါ်လာတာကို အကုန်ဖြစ်ပျက် ရှုပေးပါ။ (မှန်ပါ့) မရှုရင် ဝေဒနာပစ္စယာ တဏှာ လာမယ်။ (မှန်ပါ့) ဝေဒနာ ပစ္စယာလောဘလဲ (လာမှာပါ)၊ ဝေဒနာဖြစ်တာ မသိလိုက်လို့ မောဟလဲ လာနိုင်တာပဲ၊ ဝေဒနာပစ္စယာ ဒေါသကော (လာမှာပါဘုရား)။

အဲဒါတွေမလာအောင် ဘယ်ဝေဒနာမိမိ ခင်ဗျားတို့က ရှုပေး။ (မှန်ပါ့)၊ ရှုလိုက်လို့ ရှိရင် လောဘ၊ ဒေါသ၊မောဟ သေတာပဲ။ (မှန်ပါ့)၊ သဘောပါကြပြီလား။ (ပါ,ပါပြီ)။

ကောင်းပြီ၊ ဒီလိုရှုလိုက်တဲ့ အခါကျတော့ လောဘ၊ – ဒေါသ၊ မောဟ သေတာ သေချာပြီး သကာလ နေတော့ မျက်လုံးပေါက် ပေါ်တဲ့ ဝေဒနာရှုရှု၊ ဝမ်းထဲ ပေါ်တဲ့ ဝေဒနာရှုရှု၊ ကြိုက်တာရှု၊ ဝေဒနာဆိုရင် ကောင်တာချည်းပဲ။ (မှန်ပါ့)၊ ရှင်းကြပြီလား။ (ရှင်းပါပြီ)။

အဲဒီတော့ ဝေဒနာချုံးလိုက်တော့ သုံးမျိုး၊ ပြားလိုက် တော့ ငါးမျိုး၊ ဒီထက်ပိုပြားရင် ရှစ်မျိုး၊ သဘောကျ ပလား။ (ကျပါပြီ)။

နွားကောင်ဆိုတဲ့ပညတ်

ကောင်းပြီ၊ ဒီလိုရှုလိုက်တော့ ဒီဝေဒနာ ရှုခြင်းဖြင့် ကျေးဇူးကို ဘိက္ခုနီမတွေကို ပြောပြတယ်။ သင်တို့ နား ထောင်ကြ။ (မှန်ပါ့)၊ နွားတစ်ကောင် ရှိတယ်တဲ့။ နွား တစ်ကောင်ကို နွားဖျက်တဲ့ဓားနဲ့ ဖျက်လိုက်တဲ့ အခါကျတော့ အရေနဲ့ နွားနဲ့ကြားမှာ ဘာရှိတယ်ဆိုတာ သင်တို့ သိလိမ့်မယ်တဲ့။ အကြော သေးကလေးတွေ ရှိတယ်။ (မှန်ပါ့)၊အသားနဲ့ အရေနဲ့ ဆက်ထားတယ်။ (မှန်ပါ့)။

အဲဒီတော့ နွားဖျက်သလိုပဲ ဖျက်ရမယ်တဲ့။ နွားဖျက် သလို ဆိုတော့ ဒီအကြောသေး ကလေး ဖြတ်လိုက်တဲ့ အခါ ကျတော့ အရေနဲ့ နွားနဲ့ဟာ တခြားစီ ဖြစ်သွားတယ်။ (မှန်ပါ့)။

အဲဒီတော့ နွားဟူသော အမည်ကို ပျောက်ချင်လို့ ရှိရင် အကြောသေး ဖြတ်မှ (မှန်ပါ့)၊ နို့မဟုတ်ရင် မဖြစ်ရင် နွားသေရင်လဲ လာမယ်၊ နွားရှင်လဲ လာမယ်။ (မှန်ပါ့)။

သားရေခွာတဲ့ သားလှီး ဓားကလေးနဲ့ ခွာလိုက်တော့ အသားနဲ့ အရေနဲ့ တွယ်ထားတဲ့ အကြောပေါင်း ကိုးရာသော ကြောသေး ကြောမကလေးတွေနဲ့ ဓားနဲ့ လှီးလိုက်တဲ့ အခါကျတော့ ဘယ့်နှယ် နေသတုံးတဲ့။ နွားဟူသောပညတ် ပျောက် မပျောက် (ပျောက်ပါတယ် ဘုရား)၊ ပျောက်တယ်။ ဒါက အရေ ဟုတ်လား။ ဒါက အသား။ ဒါက အကြော။ (မှန်ပါ့)။

ထို့အတူပဲ။ “စက္ခုံစ ပဇာနာတိ ရူပေစ ပဇာနာတိ။ ယဉ္စ တဒုဘယံ ပဋိစ္စ ဥပ္ပဇ္ဇတိ သံယောဇနံ” ဒါလာတယ်။ ဒါက သတိပဋ္ဌာန်ထဲမှာလဲ ပါတယ်။ မပါဘူးလား။ (ပါ,ပါ တယ် ဘုရား)။

ကဲဒါဖြင့် စက္ခုံ စ ပဋိစ္စ ဆိုတာ ဒီအကြည်ဓာတ် ကလေး၊ စက္ခုပသာဒ ရုပ်ကလေး ရူပေစ ဥပ္ပဇ္ဇတိ ဆိုတာ ဟိုဘက်က၊ ယဉ္စ ဥပ္ပဇ္ဇတိ သံယောဇနံ ဆိုတာက ဒကာ ဒကာမတို့ သူတို့ နှစ်ခုကို ခင်နေတဲ့၊ သံယောဇဉ် ကလေးဟာ ပြင်ဘက်က ဟာလဲ ကျုပ်ခင်တာပဲ။ အတွင်းထိလဲ မကြိုက် ပါဘူး။ ဒါဖြင့် နှစ်ခုစလုံး ကြိုက်လို့ နေမှာပေါ့။ (မှန်ပါ့)၊ ပြင်ဘက်က အသားတွေ ခြင်ကိုက်တော့ (မကြိုက်ပါ ဘုရား)၊ ဝမ်းထဲမှာ ပိုးလောက်တွေက စားနေတယ် ဆိုရင်တော့ (မကြိုက်ပါဘုရား)၊

ဒါဖြင့် အတွင်းရော အပြင်ရော သူသည်ကားလို့ဆိုရင် ငြိတယ်။ ငြိနေတာဟာ အတွင်းကိုလဲ ငြိရဲ့၊ အပြင်ကိုလဲ ငြိရဲ့ ဆိုတော့ ခုနင်က အသားနဲ့ အရေနဲ့ ငြိအောင် ဘယ်သူက လုပ်ထားသတုံး ဆိုတော့ အကြောသေးက လုပ်ထားတယ်။ (မှန်ပါ့)၊ သဘောကျပြီလား။ (ကျပါပြီ)။

နွားအရေနဲ့ နွားရဲ့ အသားနဲ့ နဂိုက ဆက်ထားတာ – ဒကာ ဒကာမတို့ ဘယ်သူတုံး။ (အကြောသေးပါ ဘုရား)။

အဲဒီ အကြောသေး ကလေးတွေကို ခင်ဗျားတို့က ဘာနဲ့ ဖြတ်ရမတုံးလို့ မေးတဲ့အခါ ကျတော့ ဓားနဲ့ ဖြတ်ရမယ်။ (မှန်ပါ့)၊ သဘောကျပြီလား။ (ကျပါပြီ)။

မဂ္ဂင်ဗောဇ္ဈင်နှင့်ဖြတ်

ထို့အတူပဲ တွယ်ထားတဲ့ တဏှာကိုလဲ ဒကာ ဒကာမ တွေက ဓားနဲ့တူတဲ့ မဂ္ဂင် ဗောဇ္ဈင်တို့နဲ့ ဖြတ်ရမယ်။ (မှန်ပါ့)၊ သဘောကျပြီလား။ (ကျပါပြီ)။

“ယဉ္စ တဒုဘယံ ပဋိစ္စ ဥပ္ပဇ္ဇတိ သယောဇနံ၊ တဉ္စံ ပဇာနာတိ။” သတိ ပဋ္ဌာန်ပါဠိတော်မှာ (မှန်ပါ့)၊ တဉ္စ = ထို ဖြတ်ရမည့် တရား ကလေးလိုလဲ၊ ပဇာနာတိ= ဖြတ်ရလိမ့်မယ်လို့ သိအောင် လုပ်ရ မယ်။ (မှန်ပါ့)၊ ဒီတဏှာကလေး ဖြတ်ရမယ်၊ ဒီတဏှာ ကလေး ရှိနေလို့ ရှိရင် အဇ္ဈတ္တိ ကာယတနနဲ့ ဗဟိဒ္ဓါ ယတန ကြားမှာ တဏှာက ဆွဲတယ်။(မှန်ပါ့)၊ အတွင်း အာယတန နဲ့ ပြင်ဘက် အာယတနကြာထဲမှာ (တဏှာက ဆွဲထား ပါတယ်)။

အဲဒီ တဏှာကလေး မဖြတ်လိုက်လို့ ရှိရင်ဖြင့် ခုနင်က ပြောတဲ့ နွားကောင် ဆိုတဲ့ ပညတ် ကြီးဟာ ပျောက်မယ် မဟုတ်ပါဘူး။ (မှန်ပါ့)၊ ပျောက်စရာ မြင်သေးရဲ့လား။ (မမြင်ပါ ဘုရား)၊ ဘာလို့ မမြင်သတုံး၊သူက ဆွဲထားတာ။ (မှန်ပါ့)၊ ကြာသေး ကြောမတွေက တွဲထားတော့ ပျောက်နိုင်သေးရဲ့ လား။ (မပျောက်နိုင်ပါ ဘုရား)။

အဲဒါတွေ သားလှီးဓားနဲ့ဖြတ်။ ဖြတ်လိုက်သည်နဲ့ တစ်ပြိုင်နက်တည်း အရေတခြား၊ အသား တခြား ဖြစ်သွားတဲ့ အခါကျတော့ နွားဟူသော ပညတ် ပျောက်မယ်။ (မှန်ပါ့)၊

အဲဒီတော့ကို ဒီဟာကို တွယ်နေတဲ့ ခင်ဗျားတို့ က အရေကိုလဲ ကြောက်စရာ မလိုပါဘူး၊ အသားကိုလဲ ကြောက် စရာ မလိုဘူး၊ တွယ်တာ တာကလေးကို ဖြတ်ဖို့ လိုတယ်။ (မှန်ပါ့)၊ အဇ္ဈတ္တိကာ ယတနလဲ ခင်ဗျားတို့ ကိစ္စမရှိဘူး။ (မှန်ပါ)၊ ဗဟိဒ္ဓါ ယတနလဲ ကိစ္စ မရှိဘူးတဲ့၊ ဒီကြားထဲ ဆက်သွယ် ထားတဲ့ တဏှာ ကလေး ဖြတ်ဖို့ အရေးကြီး တယ်။(မှန်ပါ့)၊ဘိက္ခုနီမတွေကို သူူကဟော နေတယ်။(မှန်ပါ့)။

တဏှာ ကလေးဖြတ်ဖို့ အရေးကြီး တယ် ဆိုသဖြင့် ဘုန်ကြီးတို့ ဒကာ ဒကာမတွေက မှတ်လိုက် တာပေါ့။ ဒီပြင်ဟာတွေ ရှုတာလဲ တဏှာ ဖြတ်တာပဲ။ တဏှာကို တိုက်ရိုက် ဖြတ်နိုင်လို့ ရှိရင် သာကောင်းတယ်။ (မှန်ပါ့)၊ သဘောကျ ပြီလား။ (ကျပါပြီ)။

ယဉ္စ တဒုဘယံ ပဋိစ္စ ဥပ္ပဇ္ဇတိ သံယောဇနံ။ သံယောဇဉ် ဆိုတာ တဏှာ ရောက်သွားပြီ။ (မှန်ပါ့)၊ ထိုနှစ်ပါး အမှီပြုပြီး တဏှာဖြစ်တာပဲ။ (မှန်ပါ့)။

တဏှာကိုဖြတ်ရမယ်

ခင်ဗျားတို့ ခန္ဓာကိုယ် ကြည့်ပါလား၊ အတွင်းသား ကြည့်ပြီး သကာလ ၊ ကိုယ့်ကိုကြည့်ပြီး သကာလ ခင်တာပဲ။ (မှန်ပါ့)၊ အတွင်းကြည့်ပြန်တော့ (ခင်ပါတယ်)၊ ခင်တာပဲ ဆိုတော့ အဇ္ဈတ္တရော၊ ဗဟိဒ္ဓရော ခင်ဗျားတို့ဟာက အကုန် ခင်နေတာက နှစ်ခုစလုံးကို ဟိုဟာလဲ ငါ့ဟာပဲ၊ ဒီဟာလဲ ငါ့ဟာပဲလို့ တွဲထားတော့ အကြောသေး၊ အကြောမနဲ့ တူတဲ့ ကဏှာပဲ။ (မှန်ပါ့)၊ အဲဒါကို ဖြတ်ရမယ်။ (မှန်ပါ့)၊ သဘောကျပြီလား။ (ကျပါပြီ)၊

အဲဒီတော့ ဒါကလေး မဖြတ်လို့ ရှိရင် နေရာမကျဘူး ဆိုတာတော့ သဘောကျပြီလား။ (ကျပါပြီ)၊ နွားကောင် ပျောက်နိုင်ပါ့မလား။ (မပျောက်ပါ ဘုရား)၊ မပျောက်ပါ ဘူး၊ နွားပဲ ပြန်ဖြစ်မယ်။ (မှန်ပါ့)၊ ဒါကလေးကို ဖြတ်လို့ ရှိရင် ဟောဒါက အရေ၊ ဒါက အသား၊ ဟောဒါ ကလေးတွေက ဆက်ထားတဲ့အကြော၊ ဒီအကြောကလေးတွေ ဖြတ်လိုက်ဖို့ရာ သိပ်အရေးကြီးတယ်တဲ့။ ရှင်နန္ဒက တဏှာ ဖြတ်ဖို့ ဟောနေတာ။ (မှန်ပါ့)။

ဘာဟောနေတာတုံး။ (တဏှာဖြတ်ဖို့ ဟောနေ တာပါဘုရား)။

ကိုင်းဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဘာလုပ်ရမှာတုံးဆိုလို့ ရှိရင် ရူပါရုံလဲ ရှုပါလို့ ဟောတယ်၊ ရူပ်အနိစ္စလို့။ (မှန်ပါ့)၊ ရှုသွားလို့ ရှိရင် သူပြတ်လို့ ရှိရင် လဲ အကြောင်းကလေးက ဒီဘက်ပြတ်မှာပဲ (မှန်ပါ့)၊

စက္ခုအနိဂုံးဆိုလို့ ရှိရင်လဲ ဒီအကြောကလေးဟာ စက္ခု နဲ့ တွယ်နိုင်သေးရဲ့လား။ (မတွယ်နိုင်ပါဘုရား)။

မတွယ်နိုင်တော့ အဲဒါတွေရှုလဲ ကျေးဇူးရှိတာပဲ။ (မှန်ပါ့)၊ သဘောပါကြပြီလား။ (ပါ,ပါပြီ)။

ယဉ္စတဒုဘယံ ပဋိစ္စသံ ယောဇနံဆိုတော့ သူတို့နှစ်ခု ပေါင်းပြီး သကာလ ကြားထဲမှာ သံယောဇဉ်ဆိုတာတွေက ရှိတာတဲ့။ (မှန်ပါ့)၊ ခင်ဗျားတို့ ကြည့်ပါတဲ့။ မြင်တာကိုလဲ ခင်တာပဲ။ ကိုယ့်ကိုယ်ကိုယ်လဲ (ခင်ပါတယ်ဘုရား)။

ဒါဖြင့် ဘယ်သူ့အတွက် ခင်တာတုံးဆိုတော့ ကိုယ့် ကိုယ်ကိုယ်ပေါ့ဘုရား။ ဒီကုန်ကလေး လှလိုက်တာဆိုတော့ မျက်လုံးက မြင်လိုက်တယ်။ (မှန်ပါ)၊ ကုန်ကလေးနှယ် လှလိုက်တာ၊ ကိုင်ကြည့်တော့ ကြိုက်မှာပဲ၊ သုံးစွဲတဲ့ လူတွေတော့ ကြိုက်မှာပဲဆိုတော့ ဟိုပြင်ဘက်ဟာတွေလဲ ခင်ဗျားတို့ ကြိုက်တာပဲ။ (မှန်ပါ့)၊ ကြိုက်တာတော့ ကြိုက် ပါတယ်။ ဟိုမှာလဲ ငြိတယ်။ (မှန်ပါ့)၊ ဒါ ဘယ်သူတုံး မေးရင် ဘယ့်နှယ်ပြောမတုံး။ (တဏှာပါဘုရား)၊ ပေါ်ကြ ပြီလား။ (ပေါ်ပါပြီ)။

အဇ္ဈတ္တနဲ့ ဗဟိဒ္ဓ တွဲချုပ်ထားတာ (တဏှာပါ ဘုရား)၊ အဲဒီ တဏှာကလေးကို ခင်ဗျားတို့ မဂ်နဲ့ ဖြတ်ရ လိမ့်မယ်။ (မှန်ပါ့)၊ သားလှီးဓားနဲ့ဖြတ်သလို မဂ်နဲ့ ဖြတ်ရမယ်။ (မှန်ပါ့)။

အဲဒီလိုဟောလိုက်တော့ ဘိက္ခုနီမတွေက နဂိုကလဲ သဘောတွေက ပေါက်ပြီးသား ဖြစ်ပြီး သကာလ နေတော့ ခန္ဓာဉာဏ်လှည့်ကြပါတယ်။ ခန္ဓာဉာဏ်လှည့်ကြတဲ့အခါ ကျတော့ ဒကာ ဒကာမတို့ ဒီဝေဒနာကလေးကို ရှုလိုက်တော့ ဝေဒနာပစ္စယာ တဏှာမလာဘူး။ ဦးအောင်ဇံဝေ မှတ်ထားပါ။ ဝေဒနာဖြစ်ပျက် ရှုလိုက်တော့ကို ဝေဒနာက ဖြစ်ပျက်၊ အနိစ္စ ရှုတာက မဂ္ဂဆိုတော့ နောက်က တဏှာလာနိုင်၊ ဘဝတဏှာ လာနိုင်သေးရဲ့လား။ (မလာ နိုင်ပါဘုရား)၊ ဘယ့်နှယ်ကြောင့် မလာနိုင်သတုံးဆိုတော့ ဆက်သွယ်တဲ့ အကြောကလေး ဖြတ်လိုက်တယ်။ ဆက်သွယ် တာက တဏှာကိုး။ (မှန်ပါ)၊ သူလာမှ ဆက်သွယ် တာကိုး။ ဝေဒနာက ဆက်သွယ်တာ မဟုတ်ပါဘူး။ (မှန်ပါ့)၊ ဘယ်သူက ဆက်သွယ်သတုံး။ (တဏှာကဆက်သွယ်ပါတယ်ဘုရား)။

မဂ္ဂင်နဲ့ဗောဇ္ဈင်ဆိုတာ

ဒါဖြင့် ဒီအကြောကလေးတွေကို ဗောဇ္ဈင် မဂ္ဂင်နဲ့ ဖြတ် ကြစမ်းပါ။ (မှန်ပါ့)၊ ဖြတ်တဲ့ အခါကျတော့၊ ဒီစခန်းမှာတော့ ဦးသံဒိုင်က ဖြစ်ပျက် ဗောဇ္ဈင်ချည်း ဟောတယ်။ မဂ္ဂင် မပါဘူး။ သို့သော် ဒီလိုမှတ်ကြပါတဲ့၊ မဂ္ဂင်နဲ့ဗောဇ္ဈင်ဆိုတာ မဂ္ဂင်ကလဲ “နိဗ္ဗာနံ ဂစ္ဆတီတိ မဂ္ဂေါ။” ဗောဇ္ဈင်ကလဲ ဗောဓာယ ဆိုတဲ့အတိုင်း သစ္စာသိဖို့ ဟောတာပဲ၊

ဗောဇ္ဈင်ဆိုတာ ဘယ်လိုတုံး ဆိုတော့ သစ္စာ သိခြင်း အကျိုးငှာ ကျေးဇူးများတယ်။ (မှန်ပါ့)၊ မဂ္ဂင် ဆိုတာလဲ ဘာကျေးဇူးများသတုံး ဆိုတော့ နိဗ္ဗာန်သို့ သွားခြင်း ကျေးဇူးများတယ်။ (မှန်ပါ့)၊ ဒီတော့ နာမည်သာ ပြောင်း ထားတာပါ၊ သူက သစ္စာသိတယ်။ ဟုတ်လား။ (မှန်ပါ့)၊ မဂ္ဂင်ကတော့ သစ္စာ ဖြစ်နေတယ်။ (မှန်ပါ့)၊

သို့သော် ခင်ဗျားတို့ ဗောဇ္ဈင်နဲ့မဂ္ဂင်ကို တခြားစီ မယူလိုက်ပါနဲ့၊ သတိပဋ္ဌာန်လုပ်လို့ ရှိရင် ဗောဇ္ဈင်မဂ္ဂင်ပါတာပဲ။ (မှန်ပါ့)၊ ဒီလို တစ်ခါတည်း မှတ်ထားလိုက်ကြပါ။ (မှန်ပါ့)။

သတိပဋ္ဌာန်လုပ်ရင် (ဗောဇ္ဈင်မဂ္ဂင်ပါ,ပါတယ်)၊ ဗောဇ္ဈင်မဂ္ဂင် ပါရုံတင် မကပါဘူး၊ ဣန္ဒြေတွေ ဗိုလ်တွေ ဟုတ်လား အကုန်ပါသွားတာပဲ။ (မှန်ပါ့)၊ ရှင်းပြီးလာ။ (ရှင်းပါပြီ ဘုရား)၊ ဒါကြောင့် ဗောဓိ ပက္ခိယ တရား ၃၇ ပါးလို့ ဟောတာ။ (မှန်ပါ့)၊ ဗောဓိပက္ခိယ တရား ၃၇ ပါး ဆိုတာ ကျန်တဲ့ စေတသိက်တွေပါ ရေးထည့် လိုက်တယ်။ (မှန်ပါ့)၊ မဂ်စိတ်ကို ယှဉ်တဲ့ စေတသိက်တွေနဲ့ ပေါင်းလိုက်တော့ ၃၇ ပါး ဖြစ်သွားတယ်။ (မှန်ပါ့)။

ဗောဓိပက္ခိယတရား

အဲဒီတော့ ဗောဓိပက္ခိယတရား ဆိုတော့ ဗောဓိက ဉာဏ်ကို ဟောတယ်။ ပက္ခိယက အဖို့ ကို ဟောတယ်။ သစ္စာကို သိစေတတ်တဲ့ အဖို့အစု တရားတွေပဲ။ (မှန်ပါ့)၊ ရှင်းပြီလား။ (ရှင်းပါပြီ)။

ဘာတဲ့တုံး။ (သစ္စာသိတဲ့ တရားစုတွေပါ ဘုရား)၊ သစ္စာသိစေတဲ့ တရား အစု အဖို့ တွေပဲ။ တစ်ခုတည်းနဲ့တော့ လဲ မသိနိုင်ဘူး။ သူတို့ ပေါင်းစုပြီးမှ သိနိုင်တယ် ဆိုပြီးတော့ ဗောဓိပက္ခိယလို့ ခေါ်လိုက်တာ။ (မှန်ပါ့)၊ အဲဒီ ဗောဇ္ဈင် တရား မဂ္ဂင်ရော, ဣန္ဒြေရော, ဗိုလ်ရော, အကုန်ပေါင်းကာ မှတ်လိုက် ကြတာပေါ့။ (မှန်ပါ့)။

ဒါ တခြားစီ လုပ်ရမှာလား ဆိုတော့ ခင်ဗျားတို့ ဖြစ်ပျက်ရှုတဲ့ အထဲ အကုန် ပါသွားပြီလို့ အောက်မေ့ပါ။ (မှန်ပါ့)။

ဖြစ်ပျက်ရှုရင်အားလုံးပါတယ်

ကောင်းပြီ ဒါဖြင့် စာကတော့ဖြင့် အမည် အမျိုးမျိုး ပြတာပဲ။ ဗောဇ္ဈင် တစ်ခါရှု ရတော့မလို၊ မဂ္ဂင်တစ်ခါ ရှုရတော့ မလို၊ ဣန္ဒြေ တစ်ခါ လုပ်ရတော့မလို ဒီလို ထင်ကောင်း ထင်နေကြလိမ့်မယ်။ အဲဒီတော့ ဘုန်းကြီးက ရှင်းပြပါ့မယ်။

ဥပမာ ဖြစ်ပျက်ကို ရှုတယ်။ ဝေဒနာကလေးကို ဒကာ ဒကာမ တွေက ဖြစ်ပျက် ရှုလိုက်တယ်။ ဖြစ်ပျက် ရှုလိုက်တဲ့အခါ ကျတော့ သတိဗောဇ္ဈင်ကလဲ ပါပြီးသား။ သမာဓိဗောဇ္ဈင် ကလဲ ပါပြီးသား။ ၊ ဓမ္မဝိစယ ဆိုတဲ့ သမ္မာဒိဋ္ဌိကကော (ပါပြီးသားပါ)၊ ဝီရိယ သမ္ဗောဇ္ဈင် ဆိုတာကော (ပါပြီးသားပါ)၊ ပဿဒ္ဓိ သမ္ဗောဇ္ဈင် ဆိုတာက သမာဓိနဲ့တွဲနေတာ၊ ရှင်းပြီလား။ (ရှင်းပါပြီ) ဥပေက္ခာ သမ္ဗောဇ္ဈင် ဆိုတာ ကတော့ ဒီလို မှတ်ပါတဲ့၊ ဖြစ်ပျက်ကို မြင်သဖြင့်တဲ့ ခင်ဗျားတို့ လိုချင်မှုလဲ မရှိဘူး၊ ပြစ်မှားမှုလဲ မရှိဘဲနဲ့ ရှုတယ်။ ဝိပဿနု ပေက္ခာနဲ့ ရှုတယ်။ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)၊ ဝိပဿနုပက္ခာနဲ့ ရှုလိုက် တော့ ဥပေက္ခာသမ္ဗောဇ္ဈင် ကလဲ ပါသွားပြီ။ (မှန်ပါ့)။

ဥပမာမယ် ဦးသံဒိုင်က ဖြစ်ပျက် မြင်တယ်၊ ဦးအောင်ဇံဝေ ကလဲ ဖြစ်ပျက် မြင်တယ်။ ဖြစ်ပျက် မြင်သဖြင့် ခင်ဗျားတို့ လိုချင်မှု လာသေးသလား။ (မလာပါ ဘုရား)၊ ဒေါသ ဆိုတဲ့ ပြစ်မှားမှုကော (မလာပါ ဘုရား)၊ မလာတော့ သူဟာ ဪဒါဟာ ဖြစ်ပျက်ဟာ ဖြစ်ပျက်ပဲ၊ အနိစ္စဟာ အနိစ္စပဲလို့ ဆိုတော့ အနိစ္စ သိခါမျှ မတ္တပဲ ရှိတယ်။ အနိစ္စ ပေါ်၌ သာယာမှု၊ ပြစ်မှားမှု မပါဘူး၊ တွေဝေမှုကော (မလာ ပါ ဘုရား)၊ မလာတော့ ဒါဟာ ဥပေက္ခာ ဖြစ်နေတယ်။ (မှန်ပါ့)၊ အာရုံက ဥပေက္ခာ သွားဖြစ်တယ်။ သဘောပါပြီလား။ (ပါ,ပါပြီ)။

အဲဒီတော့ အာရုံက ဥပေက္ခာဖြစ်နေတော့ ဒီထဲ မှာ ရှုတဲ့ဉာဏ်သည် ဝိပဿနု ပက္ခာ သွားဖြစ်တယ်။ (မှန်ပါ့)၊ ဝိပဿနာလဲဖြစ်တယ်၊ ဥပေက္ခာလဲ ဟုတ်တယ်။ (မှန်ပါ့)။

ဒါ ဘယ်မှာ ဟောသတုံးလို့ မေးတော့မှ ဥပရိပဏ္ဍာသ ပါဠိတော် ဣန္ဒိယဘာဝနာ သုတ်မှာ ဟောတယ်။ (မှန်ပါ့)၊ ဣန္ဒိယ ဘာဝနာ သုတ်မှာ ဒါကို သင်္ခတ တရားလို့ ရှုကြည့် စမ်းပါ။ ဝေဒနာ ကလေးဟာ သင်္ခတ တရားပဲလို့ ရှုကြည့် စမ်းပါ။ ပဋိစ္စသမုပ္ပန္န တရားကလေးပဲလို့ ရှုကြည့်စမ်းပါတဲ့ ဒီဥစ္စာ သည်ကားလို့ ဆိုရင် သာယာတာ ပြစ်မှားတာ ပါသေးသလား။ (မပါ,ပါ ဘုရား)၊ ဒါဖြင့် ဝိပဿနာ ဥပေက္ခာ ဖြစ် မဖြစ် (ဖြစ်ပါတယ် ဘုရား)၊ အဲ ဝိပဿနုပေက္ခာ ဖြစ်တယ်။ ဒါကြောင့် ဖြစ်ပျက် မြင်ရင် ဥပေက္ခာသမ္ဗောဇ္ဈင်လဲ ပါပြီလို့ မှတ်ကြပါ။ (မှန်ပါ့)။

မဂ်ဆိုက်မှ ဗောဓိပက္ခိယအစစ်

သို့ သော် ဗောဓိပက္ခိယ အစစ်ဖြစ်ပြီလား ဗောဓိ ပက္ခိယ၏ အသင်းအပင်းထဲသို့ ရောက်ရုံ ပဲလားလို့ ဆိုတော့ လောကုတ္တရာ မဂ်ဆိုက်မှ ဗောဓိပက္ခိယ အသင်းအပင်း အစစ်ဖြစ်တယ်။

မဂ်မဆိုက်သေးလို့ ရှိရင် မဖြစ်သေးဘူး။ အသင်းအပင်းထဲ ရောက်အောင် လုပ်နေတာလို့ မှတ်ထား ရမယ်။ (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါပြီ)။

ဒါဖြင့် နိဗ္ဗာန် ရောက်စေတတ်တဲ့ အသင်းအပင်းပေမယ့်လဲ ရောက်နေတဲ့ အသင်းအပင်းက တစ်မျိုး၊ မရောက်ခင် လုပ်နေတဲ့ အသင်းအပင်းက တစ်မျိုးလို့ မှတ်ကြပါ။ (မှန်ပါ့)၊ ဒါက ဝိပဿနာက မရောက်ခင် လုပ်နေတဲ့ အသင်းအပင်း။ (မှန်ပါ့)၊ ရှင်းကြပြီလား။ (ရှင်းပါပြီ ဘုရား)။

အဲဒီတော့ မြို့ကြီး သွားပါတယ် ဆိုကတည်းကိုက မရောက်ခင် သွားနေတာလဲ အသွားပေါ့။ (မှန်ပါ့)၊ ရောက်လို့ ဟိုထဲ သွားတဲ့ အသွားလဲ (အသွားပါ ဘုရား)၊ တို့ ရောက်အောင် သွားတဲ့နေရာမှာ မရောက်ခင်က မသွားလို့ ရှိရင်လဲ မြို့ရှိတဲ့ နေရာလဲ ရောက်မှာ မဟုတ်ပါဘူး။ (မရောက်ပါ ဘုရား)၊ သဘောပါပြီလား။ (ပါ,ပါပြီ)။

ဒါဖြင့် မရောက်ခင်က အသွားလဲ မြို့အသွားပဲ။ ရောက်လို့ မြို့ထဲ သွားတဲ့ အသွားလဲ မြို့အသွားပဲ။ (မှန်ပါ့)၊ ဒီလိုပဲ မြို့ကြီးနဲ့ တူတဲ့ နိဗ္ဗာန်ကို သွားတဲ့ အခါကျလို့ ရှိရင် ဝိပဿနာလဲ အသွားပဲ။ (မှန်ပါ့)၊ ရှင်းပြီနော်။ (ရှင်းပါပြီ)။

ဝိပဿနာလဲ အသွားပဲ။ လောကုတ္တရာ မဂ်ဆိုက် သွားပြန်တော့လဲ (အသွားပါပဲ)၊ အသွားပဲလို့ မှတ်ပါတဲ့။ ဘာကြောင့်တုံး ဆိုတော့ လမ်းရှည်သကိုး။ (မှန်ပါ့)၊

ဥပမာ ဒီမြို့နဲ့ သုံးမိုင်ဝေးတယ်၊ နှစ်မိုင်ကို ဝိပဿနာက ပို့ပြီး တစ်မိုင်ကို လောကုတ္တရာမဂ်က ပို့ရင်လဲ ပြီးတာပဲ။ (မှန်ပါ့)။

အဲဒီတော့ အစက မသွားလို့ ရှိရင်လဲ မောင်သစ် – ရောက်စရာကို မြင်သေးရဲ့လား။ (မမြင်ပါ ဘုရား)။

အဲဒါကြောင့် ဗောဓိပက္ခိယ အသင်းအပင်း တစ်မျိုး၊ ဗောဓိပက္ခိယ စစ်သွားတာ တစ်မျိုး။ (မှန်ပါ့)၊ ပေါ်ကြပြီ လား။ (ပေါ်ပါပြီ)။

သစ္စာသိတာဗောဓိ

ဗောဓိပက္ခိယ အသင်းအပင်းက (တစ်မျိုးပါ ဘုရား)၊ အဲဒါက ဝိပဿနာဉာဏ်၊ ရှင်းပြီနော်။ (မှန်ပါ့)၊ ရောက် သွားတာကတော့ မဂ်လဲ ဆိုက်သွားပြီ၊ ဗောဓိလဲ ဖြစ်သွား ပြီ။ (မှန်ပါ့)၊ သစ္စာသိ သွားပြီ။ သစ္စာ သိတာ ဗောဓိ ခေါ်ကြပါစို့။ (မှန်ပါ့)၊ သဘောပါကြပြီလား။ (ပါ,ပါပြီ)။

ဒါဖြင့် ခင်ဗျားတို့သည် ဗောဓိကို ရချင် ရောက်ချင် ရင် ဗောဓိ အကြောင်းကို အရင်စ ရလိမ့်မယ်။ (မှန်ပါ့)။

ဗောဓိဖြစ်ဖို့ရာ ဘယ်ကစ,ကြမယ် (ဗောဓိဖြစ်ကြောင်းက စ,ကြရပါမယ်)၊ အဲဗောဓိ ဆိုတာက သစ္စာ သိတာ၊ ဗောဇ္ဈင် ဆိုတာက သစ္စာသိတာ။ (မှန်ပါ့)၊ ဗောဓိ အကြောင်းက မစ,လို့ ရှိရင် ဗောဓိ ဖြစ်နိုင်ပါ့မလား။ (မဖြစ်နိုင်ပါ ဘုရား)။

ကိုင်း ဒါဖြင့် ဗောဓိ အကြောင်းဟာ ဘယ်သူတုံး ဆိုတော့ ဝိပဿနာပဲ။ (မှန်ပါ့)၊ ပေါ်ကြပြီလား။ (ပေါ်ပါပြီ)။

ဝိပဿနာဆိုတာ

အဲဒီတော့ ဝိပဿနာ ဗောဓိ ဆိုတာလဲ အရေးကြီးတယ် တဲ့။ ဗောဓိ ဖြစ်ကြောင်းကို မလုပ်ဘဲနဲ့ ဗောဓိဖြစ်လာမှာ မဟုတ်ဘူး။ (မှန်ပါ့)၊ ဖြစ်နိုင်ပါ့မလား။ (မဖြစ်နိုင် ပါဘုရား)။

ဒီလို ဖြစ်မယ်ဆိုလို့ ရှိရင် ဝိပဿနာမဂ်ဟာ သံယုတ် ပါဠိတော်မှာ ဟောထားတယ်။ “ကတမောစ ဘိက္ခဝေ အသင်္ခတဂါမိမဂ္ဂေါ။” ဘယ်တရားသည် နိဗ္ဗာန်သို့ သွားကြောင်း မဂ်ဖြစ်သနည်း ဆိုတော့ ဝိပဿနာလို့ ဘုရားက ဟောထားတယ်။ (မှန်ပါ့)၊ ပေါ်ကြပြီလား။ (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် ဝိပဿနာ မပါဘဲနဲ့၊ ဝိပဿနာ အသင်းအပင်း မလုပ်ဘဲနဲ့ တကယ့် ဗောဓိ အစစ် ဖြစ်နိုင် ပါ့မလား။ (မဖြစ်နိုင်ပါ ဘုရား)၊ ဗောဓိပက္ခိယ အသင်းကို ရှေးဦးစွာ လုပ်ပြီးတော့မှ ဗောဓိဖြစ်မှာ။ (မှန်ပါ့)၊ သဘောပါကြပြီလား။ (ပါ,ပါပြီ)။

ဝိပဿနာရှုမှ ကိစ္စပြီးတယ်

ဒါဖြင့် ဝိပဿနာရှုမှပဲ ကိစ္စပြီးမယ်။ (မှန်ပါ့)၊ ဝိပဿနာ မရှုရင် (ကိစ္စမပြီးပါ ဘုရား)။

သေသေချာချာမှတ်ကြပါ ဒကာ ဒကာမတို့။ ဘုရား သခင် ကိုယ်တော်မြတ်ကြီးလဲ ဒီကနေ တက်တာပဲ။ ဒီပြင် အရိယာတွေ ဟူသရွေ့လဲ။ (ဒီကနေ တက်တာပါ ဘုရား)။ ဒီ ဝိပဿနာကနေ တက်ကြတာပဲ။ ဘယ်သူမှ ဗောဓိကမွေးလို့ ဗောဓိကလေး အလိုလို ဖြစ်လာတယ်လို့ မရှိ။ – (မှန်ပါ့)၊ ဗောဓိက မွေးလဲ မမွေးဘူး၊ ဗောဓိလဲ အလိုလို မဖြစ်နိုင်ဘူး။ သူ့အသင်းအပင်းကနေ တက်လို့ ရှိရင် ခင်ဗျား တို့ ရကြမှာပဲ။ (မှန်ပါ့)၊ သူ့ အသင်းအပင်းကနေပြီး မတက်လို့ ရှိရင် (မရကြပါဘုရား)။

ကောင်းပြီ၊ ဒါဖြင့် ခင်ဗျားတို့ကို သင်ပေးနေတာ ဘာတုံးဆိုတော့ ဗောဓိပက္ခိယ အသင်း အပင်း တရားတွေကို ဗောဓိ မဆိုက်ခင် ဗောဓိ မျိုးစေ့ပေးနေတာ။ (မှန်ပါ့)။

ဘယ့်နှယ်ဆိုကြမလဲ ( ဗောဓိမဆိုက်ခင် ဗောဓိ မျိုးစေ့ ပေးနေတာပါ)။

အဲဒါကြောင့် မဟာဝဂ္ဂ သံယုတ် ပါဠိတော်မှာ သတိ ပဋ္ဌာန် လုပ်ရင် ဗောဓိဖြစ်တာပါပဲ။ (မှန်ပါ့)၊ ဗောဇ္ဈင် မဂ္ဂင် ဆိုတာ အထူး လုပ်နေစရာ မဟုတ်ပါဘူးတဲ့၊ သတိပဋ္ဌာန် လေးပါးကို ဆိုတာ။ (မှန်ပါ့)၊ ပေါ်ကြပြီလား။ (ပေါ် ပါပြီ)။

ဒါဖြင့် ခင်ဗျားတို့ သတိပဋ္ဌာန် အလုပ် လုပ်နေတော့၊ ဖြစ်ပျက် ရှုနေတော့ ဪ ဗောဇ္ဈင်မှ ပါရဲ့လား၊ မဂ္ဂင်မှ ပါရဲ့လားလို့ တွေးတော နေစရာ လိုသေးသလား။ (မလို ပါဘုရား)၊ သဘော ပါကြပြီနော်။ (ပါ,ပါပြီ ဘုရား)။

ဪ ဒါဖြင့် ခင်ဗျားတို့ လုပ်မြဲတိုင်းသာလုပ်၊ သူတို့ဟာ သူတို့ လာလိမ့်မယ်။ ခင်ဗျားတို့ ကတော့ ခင်ဗျား တို့ ဉာဏ်နဲ့ ခင်ဗျားတို့ ခန္ဓာကိုယ် ဒုက္ခသစ္စာ မြင်အောင် ကြည့်နေဖို့ပဲ။ (မှန်ပါ့)၊ ဒီတရားတွေက ခင်ဗျားတို့ ကြည့်နေတဲ့ အခါကျလို့ ရှိရင် ခင်ဗျားတို့ ဉာဏ်ထက် သလောက် တရားတွေက အသီးသီး ဝင်လာမှာပဲ။ (မှန်ပါ့)၊ ဉာဏ်မထက်ရင်တော့ (မဝင်ပါ ဘုရား)။

အဲဒီတော့ ခင်ဗျားတို့က လုပ်ဖို့ပဲ၊ ဗောဓိပက္ခိယ အသင်းအပင်းက ဒီအထဲမှာ ဉာဏ်ထက် လာလို့ ရှိရင် အသီးသီးဝင်လာဖို့ပဲ။ (မှန်ပါ့ ဘုရား)၊ သဘောကျလား။ (ကျပါပြီဘုရား)။

အဲဒီတော့ ခင်ဗျားတို့က လက်မှတ်“ခံ”စီးဖို့ပဲ၊ ရထား က သူ့ဟာသူ ခုတ်ဖို့ပဲ (မှန်ပါ့)၊ ခင်ဗျားတို့က လက်မှတ် “ခံ” မစီးလို့ ရှိရင်တော့ ရထားက မပို့နိုင်ဘူး။ (မှန်ပါ့)။

အဲဒီတော့ လက်မှတ်“ခံ” စီးနေတဲ့ ပုဂ္ဂိုလ်တစ်ဦး တစ်ယောက် မန္တလေး ရောက်ရပါလို၏လို့ ဆုတောင်းနေဖို့ မလိုဘူး။ (မလိုပါဘုရား)၊ ဘာကြောင့်တုံး ဆိုတော့ လက်မှတ် ရထားတဲ့ ပုဂ္ဂိုလ်ဆိုလို့ ရှိရင် အရောက်ပို့ မှာပဲ။ (မှန်ပါ့)၊ လက်မှတ် မရထားတဲ့ ပုဂ္ဂိုလ်ဆိုရင် (မပို့ပါ ဘုရား)။

ဒီမှာလဲ ဝိပဿနာ လက်မှတ်ရလို့ ရှိရင်ဖြင့် ခင်များ တို့ မန္တလေးနဲ့ တူတဲ့ နိဗ္ဗာန်၊ ရန်ကုန်နဲ့ တူတဲ့ နိဗ္ဗာန်ကို အရောက်ပို့ မှာပဲ။ (မှန်ပါ့)၊ ဒါတွေ မလုပ်တဲ့ ပုဂ္ဂိုလ်တော့ (မရောက်ပါ ဘုရား)။

ကဲ ဒါဖြင့် ဗောဓိ မျိုးစေ့သည် ဝိပဿနာပဲ။ (မှန်ပါ့)၊ မဂ်၏ မျိုးစေ့ကော (ဝိပဿနာပါပဲ)၊ မဂ်လဲ စုံမှ မစုံသေးဘဲ။ (မှန်ပါ့)၊ ဗောဇ္ဈင်လဲ အကုန် မစုံနိုင်သေး ဘူး။ သို့သော် သာမညကတော့ အကုန် ဝင်နေတယ်။ (မှန်ပါ့)၊ သာမညတော့ ဗောဇ္ဈင် ခုနစ်ပါး အကုန် ဝင်တယ်။ (မှန်ပါ)၊ ဓမ္မဝိစယ သမ္ဗောဇ္ဈင် ပီတိ၊ ပဿဒိ၊ သမာဓိ၊ ဥပေက္ခာ ဟုတ်လား အကုန်ဝင်တာပဲ။ (မှန်ပါ့)။

ကိုင်း ဒါဖြင့် ဒါ ဗဟုသုတ ရှိအောင်လို့ သာ ဆရာ ဘုန်းကြီးက ပြောပြလိုပါတယ်။ မဟာဝဂ္ဂ သံယုတ်မှာ သတိ ပဋ္ဌာန် လုပ်ရင် အကုန်ပါတာပဲ။ (မှန်ပါ့)၊ ရှင်းပြီလား။ (ရှင်းပါပြီ ဘုရား)။

သတိပဋ္ဌာန် လုပ်ရင် (အကုန် ပါ,ပါတယ် ဘုရား)၊ အကုန် ပါတာပဲ ဆိုတော့ နာမည် ကလေး ပြောင်းတာနဲ့ တရားတစ်မျိုးလို့ မမှတ်လိုက်ပါနဲ့။ (မှန်ပါ့)၊ သမ္မာဒိဋ္ဌိ လို့ နာမည်ပြောင်းတော့ အမှန် အကန် မြင်တာကို ဆိုတယ်။ (မှန်ပါ့)၊ ဓမ္မဝိစယ သမ္ဗောဇ္ဈင်လို့ အမည်ပြောင်းတော့ စိစိစစ်စစ် မြင်တယ်လို့ ပြောတာ။ (မှန်ပါ့)၊ ထူးသေးရဲ့လား။ (မထူးပါ ဘုရား)၊ မထူးပါဘူးတဲ့၊ သမ္မာဒိဋ္ဌိနဲ့ ဓမ္မဝိစယ သမ္ဗောဇ္ဈင်ဟာ ပညာ စေတသိက် တစ်ခုတည်း။ ၊ (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။

သမ္မာက မှန်ကန်တာ၊ ဒိဋ္ဌိက မြင်တာ၊ အမှန် အကန် မြင်ရင် သူ့ကို ဘာခေါ်ကြမယ်။ (သမ္မာ ဒိဋ္ဌိပါ)၊ ဪ ဒီပြင်ဟာကို အရမ်း မြင်တာ မဟုတ်ဘူး၊ စိစစ်မြင်တာ ဆိုတော့ ဓမ္မဝိစယ သမ္ဗောဇ္ဈင် ပြောင်းပစ် ရတယ်။ (မှန်ပါ့)၊ ဓမ္မက တရား၊ ဝိစယက စိစစ်တာ၊ သဘောကျပလား။ (ကျပါ ပြီ)၊ စိစိစစ်စစ် မြင်တာ ဆိုတော့ အမှန်အကန်မြင်တာနဲ့ ထူးသေးရဲ့လား။ (မထူးပါ ဘုရား)။

အဲဒါ ဘုရားသခင် ကိုယ်တော်မြတ်ကြီးကတော့ဖြင့် သတိပဋ္ဌာန် တစ်ခုလုပ်လိုက်လို့ ရှိရင် ဗောဇ္ဈင်မဂ္ဂင် အကုန်ပါ တယ်တဲ့။ (မှန်ပါ့)၊ သဘောပါကြပြီလား။ (ပါ,ပါပြီ)။

အဲဒီလို ဟောလိုက်တဲ့ အခါကျတော့ ဗောဇ္ဈင် ကြိုးစား ကြ၊ ဒါမှ အသားအရေနဲ့ တွဲနေတော့ အကြောကလေး တွေဟာ ဒါမှ ပြတ်မယ်။ ရှုနေတာက ကိလေသာ ဖြတ်နေ တာလို့ ရှင်နန္ဒက ဟောလိုက်တဲ့ အခါကျတော့ ဘိက္ခုနီမ တွေက တရားနာရင်း တစ်နေ့က ပြောသလို

“ဒေသနာ ဉာဏာနုသာရေန ဉာဏံ ပေသေန္တဿ ဉာဏုတ္တရဿ ဟောတိ။” – ဒေသနာ ဉာဏာနု သာရေန ဒေသနာဉာဏ်ကို အစဉ်လျှောက် သဖြင့် ဒီက ဟောလိုက်တဲ့ ဒေသနာ စကားတွေကို သူတို့ ဉာဏ်နဲ့ ခန္ဓာကိုယ်ထဲ အစဉ် လျှောက်ပစ် လိုက် တယ်။ (မှန်ပါ့)၊ သဘောကျ ပလား။ (ကျပါပြီ)၊ ဘိက္ခုနီမတွေ ဉာဏ်နဲ့ ခန္ဓာထဲ အစဉ် လျှောက်ပစ်လိုက် တယ်။ (မှန်ပါ)။

ဒေသနာဉာဏာနု သာရေန တဲ့ ဟိုက ဟောတဲ့ ဒေသနာ အစီအစဉ် အတိုင်း သြော် ဘယ်ဟာက အကြောပဲ။ အကြော ဆိုတာ တဏှာ၊ သူ့ကို ဖြတ်ရမတဲ့ ဆိုတော့ ကိုယ့်ခန္ဓာထဲက တဏှာကို ဖြတ်ကြတယ်။ (မှန်ပါ့)။

ဉာဏံ ပေဿန္တဿ တဲ့ ဟောတဲ့နည်းကို ယူပြီး သူတို့ဉာဏ်က ခန္ဓာထဲ လွှတ်ပေး လိုက်တယ်။ (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါပြီ)။

နားက တရားနာ ဉာဏ်က ခန္ဓာလှည့်မှု

ဒါကြောင့် နားက တရားနာပြီး ဉာဏ်က ခန္ဓာလွှတ် ပေးတယ်။ ဘုန်းကြီးတို့ သုံးတော့ ဒီလို သုံးတယ်။ နားက တရားနာပြီး ဉာဏ်က ခန္ဓာလှည့်ရှု။ (မှန်ပါ့)၊ အတူတူ ပဲ။ (မှန်ပါ့)၊ အထက်က အဋ္ဌကထာ ပြောတဲ့ အဓိပ္ပာယ် ကို ပြောတာပဲ။ (မှန်ပါ့)။

ဉာဏုတ္တရဿ ဟောတိ။ ဉာဏုတ္တရ ဆိုတာ ဉာဏ+ ဥတ္တရ= ဉာဏ်၏ ထက်မြက်လာခြင်းပဲ။ ဉာဏ် ထက်မြက်လာ တယ်။ (မှန်ပါ့)။

ဒေသနာဉာဏ် အစဉ် လျှောက်ပြီး ခန္ဓာဉာဏ် လွတ် လိုက်တော့ ဘာဖြစ်လာသတုံး။ (ဉာဏ်ထက် လာပါတယ် ဘုရား)။

ဒါ သေသေချာချာမှတ်ပါ။ တရားနာတာ ဒီနည်း အတိုင်း နာရမယ်။ တရား အားထုတ်လဲ ထို့အတူပဲ။ (မှန်ပါ့)၊ ဒေသနာဉာဏ် ကိုတော့ဖြင့် အစဉ် လျှောက်ရမယ်။ ပြီးတော့ ဉာဏ်က ဘယ်လွှတ် ရမတုံး။ (ခန္ဓာထဲ လွှတ်ရ ပါမယ်)၊ ဉာဏံ= ဉာဏ်ကို၊ ပေဿန္တဿ= ခန္ဓာထဲ လွှတ်သော ပုဂ္ဂိုလ်အား၊ ဉာဏုတ္တရဿ ဟောတိ= ဉာဏ်ထက်လာတယ်တဲ့။ (မှန်ပါ့)၊ ဉာဏ်ထက်လာတယ် ဆိုတော့ ဒကာ ဒကာမတို့ သိတဲ့ အတိုင်း ဉာဏ်လွှတ်ပြီးမှ ထက်တာ။ (မှန်ပါ့)၊ ဉာဏ် မလွှတ်ခင်က (မထက်ပါဘူး)၊ ဪ ဒါဖြင့် ဝိပဿနာမဂ်က လောကုတ္တရာမဂ် ကူးတယ်လို့ ပြောတာ။ (မှန်ပါ့)။

ဉာဏ် ပထမ လှည့်နေ တုန်းကတော့ ဝိပဿနာမဂ် ပဲ။ (မှန်ပါ့)၊ လှည့်ပါများလို့ ထက် လာတာက ဘာဆို ကြမယ်။(လောကုတ္တရာမဂ် ပါဘုရား)၊ အဲလောကုတ္တရာ မဂ်ကို ခင်ဗျားတို့ ဖြုန်းခနဲ ရလိမ့်မယ်လို့ ဘယ်တော့မှ မအောက်မေ့ပါနဲ့တဲ့၊ ဝိပဿနာဉာဏ် ထက်ရမယ်။ ဒါကို ပြောတာပဲ။ ရှင်းကြပလား။ (ရှင်းပါပြီ ဘုရား)။

ရည်မှန်းချက်ပြည့်ကြပြီ

အဲဒီလို ဟောလိုက်တော့ ဘိက္ခုနီမတွေက သူတို့ ရည်မှန်းတဲ့ အတိုင်း ကျုပ်တို့ဖြင့် ရှင်နန္ဒက တရား နာရရင် သောတာပန် တည်မှာပဲဆိုတဲ့ အတိုင်း သောတာပန် တည်တယ်။ သူတို့ မှန်းခြေ အောက်ကျ နေတယ်။ (မှန်ပါ့)၊ တချို့ သကဒါဂါမ် တည်မှာပဲ ဆိုတဲ့ ပုဂ္ဂိုလ်တွေက သကဒါဂါမ် တည်တယ်။ (မှန်ပါ့)၊အချို့က အနာဂါမ် တည်မှာပဲ ဆိုတဲ့ ပုဂ္ဂိုလ်က (အနာဂါမ် တည်ပါတယ်)၊ ရဟန္တာ ဖြစ်မှာပဲလို့ မှန်းခြေရှိတဲ့ ပုဂ္ဂိုလ်က (ရဟန္တာ ဖြစ်ပါတယ်)၊ အဲဒီတော့ မှန်းခြေတော့ အောက်ကျလို့ မရဘူး။ သဘောကျပလား။ (ကျပါပြီ)၊ မှန်းခြေ အောက်ကျရင်တော့ အောက်ကျတဲ့မဂ် ရတာပဲ။ သဘောပါပလား။ (ပါ,ပါပြီ)။

မှန်းခြေ အောက်ကျတယ် ဆိုတာက ဆန္ဒ ဝီရိယ ဘယ့်နှယ် နေကြသတုံး။ (လျော့ပါတယ် ဘုရား)၊ အဲဒီတော့ ဆန္ဒ ဝီရိဟာလဲ အထက်တန်းက နေပြီး ခင်ဗျားတို့က ထားမှ သာလျှင်လဲ အထက်တန်း မဂ်ကို ရနိုင်မယ်။ (မှန်ပါ)။

ဆန္ဒ ဝီရိယက ဒီဘဝတော့ဗျာ ကျုပ်တို့ တော့ စူဠလောက်ပဲ တော်ပြီ ဆိုရင် သွားပြီ။ (မှန်ပါ့)၊ သွားပြီ၊ သွားပြီ၊ ရမယ် မဟုတ်ပါဘူး။ (မှန်ပါ့)။

ဆန္ဒဝီရိယ အထက်တန်းထားကြပါ

စူဠသောတာပန် လောက်ဆိုရင် စူဠသောတာပန် လောက်ပဲ တင်မှာပဲ။ သူ့ ဝီရိယဆန္ဒက ဒီမှာကိုး (မှန်ပါ့)၊ ကျုပ်တို့ တော့ဗျာ ဒီနေ့ မန္တလေးတော့ သွားတော့ သွားရ ဦးမယ်။ သို့သော်လဲ တမ္ပဝတီလောက် ရောက်ရင် ကြိုက်ပါပြီ ဆိုတော့ မန္တလေး ရောက်မှာ သူ့ကိုက စိတ်မှ မကူးပဲ။ (မှန်ပါ့)၊ ဝီရိယဆန္ဒက အဲဒီ ရောက်သေးရဲ့လား။ (မရောက်ပါ ဘုရား)၊ မန္တ လေး မရောက်ဘူး၊ တမ္မဝတီ လောက်ပဲ။ (မှန်ပါ့)၊ ဒီလိုဖြစ်လို့ ရှိရင်- ဒီလိုပဲ ရမယ်။ (မှန်ပါ့)။

အဲဒါကြောင့် အားထုတ်တဲ့ ပုဂ္ဂိုလ်တွေ ဒီဘဝဖြင့် ခန္ဓာ ဇာတ်သိမ်းမယ်၊ ဒီစိတ်ကို ပြင်ကြပါ။ (မှန်ပါ့)၊ ဒီစိတ် မပြင်လို့ ရှိရင်ဖြင့် ခင်ဗျားတို့ အောက်တန်းပဲ ရောက် မယ်။ (မှန်ပါ့)၊ အခု ဒီ ဘိက္ခုနီမ တွေလဲ တစ်ခါတည်း သူတို့ ရည်မှန်းတဲ့ အတိုင်း သောတာပန် တည်တဲ့ ပုဂ္ဂိုလ်ကလဲ ကျုပ်တော့ တည်မှာပဲ ဆိုရင် သူက သောတာပန် လောက်နဲ့ ရပ်တယ်။ (မှန်ပါ့)၊ ဒါဖြင့် သူတို့ မှန်းခြေ အတိုင်း အချိုးကျ မဖြစ်ကြဘူးလား။ (ဖြစ်ပါတယ်)၊ အဲဒါ ဘာကြောင့်တုံး မေးရင် ပါရမီ ဆိုကြမလား၊ ဆန္ဒ ဝီရိယ ဆိုကြ မလား။ (ဆန္ဒဝီရိယပါ ဘုရား)။

အဲဒီတော့ ခင်ဗျားတို့လဲ အားထုတ်နေတဲ့ ပုဂ္ဂိုလ်တွေ ဆန္ဒဝီရိယကို အထက်တန်း ထားပါ။ ဘယ်တော့မှ မလျှော့ပါနဲ့ ဆိုတာ သဘောပေါက် ပါသလား။ (ပေါက်ပါပြီ)။

အဲဒီလိုပြောလိုက်တော့မှ အကုန် သူတို့မှန်းခြေ အတိုင်း တည်ကြပြီ ဆိုတော့ ကဲ ဘိက္ခုနီမတို့ အချိန်တန်ပြီ သွားကြတော့ဆိုပြီး ဘုရားဆီ သွားကြတာပဲ။ (မှန်ပါ့)။

ဘုရားက အရင်နေ့တုန်းကတော့ (၁၄)ရက်လနဲ့ တူသကွာ၊ ဒီနေ့တော့ (၁၅)ရက်လ ဖြစ်လာတယ်။ ဘုရားက ပြောတာပေါ့လေ။ (မှန်ပါ့)။

ပထမနာတုန်းကတော့ မနေ့က နာတုန်းကပေါ့ဗျာ။ (မှန်ပါ့)၊ (၁၄)ရက်လနဲ့ တူတယ်ကွ၊ ဒီနေ့တော့ဖြင့် (၁၅) ရက်လနဲ့ တူတယ်ဟေ့ ဘယ့်နှယ်တုံး တူကြရဲ့လားလို့ ဘုရားသခင် ကိုယ်တော် မြတ်ကြီး မေးတော့ မှန်ပါတယ် ဘုရား၊ ဒီနေ့တော့ဖြင့် အလိုဆန္ဒ အကုန် ပြည့်ပါပြီ ပြောတာ။ (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါပြီ)။

အဲဒါ အကုန် သောတာပန်တည်တာ၊ မဂ္ဂပစ္စယောက ပို့တာ။ (မှန်ပါ့)၊ ဥပနိဿယ ပစ္စယောက ဒီဆရာ ဒီသမားနဲ့ တွေ့ဖို့ ပို့လိုက်တယ်။ မဂ္ဂပစ္စယောက ကိုယ်တိုင် တရားနာ၊ ကိုယ်တိုင် လုပ်ယူ လိုက်တယ်။ (မှန်ပါ့)၊ ဒီနှစ်ခု ကင်းလို့ တော့ဖြင့် (မရပါဘုရား)၊ မဖြစ်နိုင်ဘူး ဆိုတာ သေချာပလား။ (သေချာပါပြီ)၊

ကဲရှင်းပြီ နာရီလဲ ပိုသွားပြီ။ တော်ကြစို့။

သာဓု သာဓု သာဓု။