061

ခိုကိုးရာ ရှာထားပါ ဒီလမ်းက ကွယ်တော့မယ်

စာအုပ်ပါရက်စွဲနှင့် ဟောတရားမကိုက်ပါ။

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

အမရပူရမြို့၌ ဟောကြားတော်မူသော တရားတော်

ခိုကိုးရာ ရှာထားပါ ဒီလမ်းက ကွယ်တော့မယ်

(၁၃၊ ၁၂၊ ၆၁)

မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဘုန်းကြီးတို့ ဒကာ ဒကာမတွေ အားကိုးရာ-ရှိကြပါ ဆိုတဲ့ ဥစ္စာကို အထူး သဖြင့်ပဲ သူမှာတယ်နော် (မှန်ပါ့ ဘုရား) အားကိုးရာ ရှိကြပါစေ၊ အားကိုးရာ မရှိလို့ရှိရင် မဖြစ်ဘူး (မှန်ပါ့)။

လောကီဥပမာ-ဘုန်းကြီးတို့ ဖြည့်စွက်ပြီး ပြောရလို့ရှိရင် ဒကာ ဒကာမတို့ သိတဲ့အတိုင်း၊ မွေးလာတယ် ဆိုရင်ပဲ ကိုယ့် အိမ်ကလေး အားကိုးရာ ရှိတော့ မိုးလုံတဲ့ နေရာကလေး ပြေးကြရ တယ် (မှန်ပါ့) အားကိုးရာ ရှိတဲ့ ပုဂ္ဂိုလ်ကျတော့ ခိုကိုးရာ ရတယ် (ရပါတယ် ဘုရား)။

နေပူတယ် ဆိုလို့ ရှိရင်လည်း ထို့အတူပဲ၊ ဒကာ ဒကာမတွေ သိတဲ့အတိုင်း ထီးကလေးပါသွား၊ ထီးခိုဖို့ရာ ရတယ် (မှန်ပါ့) ဒီပြင် ဝင်နားမယ် ဆိုလို့ရှိရင် အိမ်ထဲ ဝင်နား နေလိုက်ရင် ခိုကိုးရာ ရတယ် (မှန်ပါ့)။

ဒါကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ခိုကိုး ရာ အားထားရာ ကိုတော့ဖြင့် မင်းတို့ အသိဉာဏ် ရှိတဲ့ ဘဝ အရယူ ထားပါ ဆိုတာကိုလည်း (မှန်ပါ့ ဘုရား) သို့သော် ဒီခိုကိုးရာ ဆိုတာ ကလည်း အဟုတ် စိတ်ချရတဲ့ ခိုကိုးရာ, ခေတ္တ ယာယီမျှ စိတ်ချရတဲ့ ခိုကိုးရာရယ်လို့ ခိုကိုးရာ နှစ်မျိုး ရှိတယ် (မှန်လှပါ ဘုရား)။

ယာယီခိုကိုးရာ

အဲဒီတော့ ဒကာ ဒကာမတွေဟာ ဒါနကလေး လုပ်ပြီး သကာလ နတ်ပြည်သွားပြီး ခိုကိုး လိုက်တယ် (မှန်ပါ့) ခေတ္တတော့ ခိုကိုးရာ ရပါရဲ့ ဒိဋ္ဌိ မပြုတ်ရင် အပါယ် ပြန်ကျတယ် (မှန်လှပါ ဘုရား)။

ဟာ သီလကလေး ဆောက်တည် လိုက်တာပဲ၊ ဒါ ကလေး ခိုကိုးရာပဲ၊ နောက်ဘဝ ကောင်း စားရာ, ခိုကိုးရာပဲလို့ ခိုကိုးရာ အလုပ်- လုပ်လိုက် ပြန်တော့လဲ ဒိဋ္ဌိက မပြုတ် ပြန်တော့လဲ ဒကာကြွယ်- ပြန်ပြီး အပါယ် လေးပါး ရောက်ပြန်တယ် (မှန်ပါ့ ဘုရား)။

အဲဒီတော့ ဒီဟာတွေဟာ ယာယီ ခိုကိုးရာလို့ မှတ်ပါ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ) ဘယ်လို ခိုကိုးရာ ပါလိမ့် (ယာယီ ခိုကိုးရာ ပါဘုရား)။

ယာယီ- ခိုကိုးရာ လောက်နဲ့တော့ဖြင့် တင်းတိမ်ပြီး မနေကြ ပါနဲ့ (မှန်ပါ့ ဘုရား) အမြဲအစွဲ ဘယ်ဟာမျိုး မဆို မလှုပ်ရှားနိုင် မထိ ခိုက်နိုင်၊ မတွန်းလှန်နိုင်တဲ့၊ မဖျက်ဆီးနိုင်တဲ့ ခိုကိုးရာကို အသိဉာဏ် ရှိတဲ့ဘဝ ရှာထားပါ ဆိုတဲ့ ဥစ္စာကို တိုက်တွန်းရတယ် (မှန်လှပါ)။

ဒါဖြင့် ခိုကိုးရာတွေ အမျိုးမျိုး အဖုံဖုံ ရှိကြငြား သော်လဲ ယာယီခိုကိုးရာ တစ်မျိုး – (မှန်ပါ့) အမြဲတမ်းခို ကိုးရာ တစ်မျိုး (မှန်လှ ပါဘုရား) ဘယ်နှစ်မျိုး ရှိသွားပလဲ (နှစ်မျိုးပါ ဘုရား)။ နှစ်မျိုး ရှိပြီး သကာလ- နေတော့ နတ်ပြည် ဗြဟ္မာပြည် သွားပြီး ခိုကိုး လိုက်မယ် လို့ ဆိုပြန်လို့ရှိရင် အိုဘေး၊ နာဘေး၊ သေဘေး ကျတော့ မတတ်နိုင် ဘူး (မတတ်နိုင်ပါ ဘုရား)။

ထိုကဲ့သို့ မတတ်နိုင်တော့ ယာယီပဲ သက်သာခွင့် ရပြီး မောင်ဘသော်တို့ တော်တော် ကြာကျလို့ ရှိရင်ဖြင့် စိတ်မချရတာ ပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား) ဘယ့်နှယ်ကြောင့် ပါလိမ့် မတုန်း မေးတော့ ယာယီ ခိုကိုးရာမို့ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။

ကိုင်း လူ့ပြည်လာပြီးသကာလ လူချမ်းသာရယ်လို့ဆို ပြီး သူများ ပြောထားတဲ့ အတိုင်း ယုံပြီး သကာလ ဒကာကြွယ်တို့ ခိုကိုးတော့ ကိုယ်- ကိုယ်တိုင် ကြည့်တော့ အိုဘေး၊ နာဘေး သင့်နေ ပြီ (သင့်ပါတယ် ဘုရား) မသင့်ဘူးလား (သင့်ပါတယ် ဘုရား) မရောက်ခင် တုန်းကတော့ လူ့ပြည်ဟာ ခိုကိုးရာ အစစ်ပဲ ဆိုပြီး သကာလ ခိုကိုးရာ ကြည့်လိုက်တာပဲ (မှန်ပါ့) သေသေချာချာ ကြည့်လိုက် ပြန်တော့လဲ ကိုယ်-ကိုယ်တိုင် အိုဘေး၊ နာဘေး၊ သေဘေး သင့်နေတယ် (သင့်ပါတယ် ဘုရား) မသင့်ဘူးလား (သင့်ပါတယ်ဘုရား)။

ခိုကိုးရာအစစ်ရွေးပါ

အဲဒါ ဒီဟာတွေ သေသေချာချာ တွေးတော့ အို ခိုကိုးရာ အစစ် ဆိုတာလဲ ရွေးဦးမှ၊ ချယ်ဦးမှ တော်တော့မယ် ဆိုတဲ့ ဥစ္စာ ဒီနေ့စိတ် မွေးရလိမ့်မယ် (မှန်လှပါ ဘုရား) မမွေးသင့်ဘူးလား (မွေးသင့်ပါတယ်)။

ကိုင်း ဒါဖြင့် ဘယ်သူဖျက်လို့ မပျက်၊ ဘယ်မရဏတွေ မှလဲ မကြောက်ရ၊ ဘယ် ကိုးဆယ့် ခြောက်ပါး တွေမှလဲ မမွှေနှောက် နိုင်တဲ့ နိဗ္ဗာန် ဆိုတဲ့ ဥစ္စာဖြင့် တစ်ခါခိုကိုး မိမယ် ဆိုရင်ဖြင့် ဒကာကြွယ် ရေ ဘယ်သူမှ လှုပ်ချောက်ချားလို့ မရဘူး (မရပါဘုရား)။

အဲဒီတော့ ဒီခိုကိုးရာရောက်မှဘဲ ကျုပ်တို့စိတ်ချ လက်ချ နေလို့ရမယ် (မှန်ပါ့ ဘုရား) ဒီခိုကိုးရာ မရောက်သရွေ့ ကာလပတ်လုံး ဖြစ်ခဲ့လို့ရှိရင် နတ်ပြည်ကျပြန်တော့လဲ အိုဘေး၊ နာဘေး၊ သေဘေးက ရှိ (ရှိပါတယ်ဘုရား) လူ့ပြည်ကျပြန်တော့လဲ အိုဘေး၊ နာဘေး (ရှိပါတယ်ဘုရား) ဗြဟ္မာပြည် ခိုကိုးလိုက် မယ် ဆိုပြန်တော့လဲ (အိုဘေး၊ နာဘေး ရှိပါတယ်ဘုရား)။

ဪ ဒါဖြင့်ယာယီ ခိုကိုးရာတွေ ပါကလား ဆိုတာ ဆုံးဖြတ်ချက်ချ (မှန်လှပါ ဘုရား) ဘယ်လို ဆုံးဖြတ်ချက်ချ မလဲ (ယာယီ ခိုကိုးရာတွေပါ ဘုရား) ယာယီ ခိုကိုးရာ တွေကျတော့ အလကားပါပဲကွာ ယနေ့ကစပြီး ယာယီခိုကိုးရာ ကတော့ အလကား ပါပဲဟေ့ (မှန်ပါ့) အမြဲတမ်း ခိုကိုးရာမှပဲ စိတ်ချ ရမှာပဲဟေ့ (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ) ဘာရှာ ဖို့ အချိန် ရောက်သလဲ (အမြဲတမ်း ခိုကိုးရာရှာဖို့ အချိန် ရောက်ပါပြီ ဘုရား)။

အမြဲတမ်းခိုကိုးရာ

အဲဒါ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက “အတ္တဒီပါ ဘိက္ခဝေ ဝိဟရထ၊ အတ္တသရဏာ အနညသရဏ ဓမ္မဒီပါ ဓမ္မသရဏာ “တဲ့၊ ဓမ္မပဲ အားကိုးကြယ် (မှန်ပါ့) ဓမ္မပဲ အားကိုးကြ ဆိုတာ နိဗ္ဗာန် ဓမ္မပဲ အားကိုးကြ (မှန်ပါ့)။

နိဗ္ဗာန် ဓမ္မသည် သာလျှင် ဒကာ ဒကာမတို့ ၉၆-ပါးနဲ့လဲ သူမဆက်သွယ်ဘူး (မှန်ပါ့ ဘုရား) အိုဘေး၊ နာဘေး၊ သေဘေးနဲ့လဲ (မဆက်သွယ်ပါဘုရား)၊ မင်းဘေး၊ စိုးဘေး၊ သူခိုး ဘေးနဲ့လဲ (မဆက်သွယ်ပါ ဘုရား)။

ဪ ဒါဖြင့် အဲဒီဓမ္မပဲ ကျုပ်တို့ အားကိုးမှ သာလျှင် ဦးဘအုန်းရေ အခြေ ခိုင်တော့မယ် (မှန်ပါ့ ဘုရား) ဒီပြင်ဟာ အားကိုး လိုက်လို့ရှိရင်ဖြင့် အခြေမခိုင်ဘူး (မှန်ပါ့) အခြေမခိုင်တော့ နှစ် ကြာလေ ကြောက်စရာ ကောင်းလေ- (မှန်ပါ့ ဘုရား) နှစ် ကြာ လို့ရှိရင်တော့ ဆွေးတော့မှာပဲ၊ ပျက်တော့မှာပဲ၊ ပျောက်တော့မှာပဲ ဆိုတဲ့ ဥစ္စာ ပါလာတယ် (မှန်ပါ့)။

အဲဒါကြောင့် အခြေခိုင်တာကိုဖြင့် ဒကာ ဒကာမတွေ အားကိုးရာ ရှိကြပါစေ ဆိုပြီး သံယုတ် ပါဠိတော်မှာ “အတ္တဒီပါ ဘိက္ခဝေ ဝိဟရထ အတ္တသရဏာ အနညသရဏာ ဓမ္မဒီပါ ဓမ္မသရဏာ” တရားပဲ အားကိုးကြ၊ တရားပဲ ပုန်းအောင်းကြဟေ့ ဒီပြင် ဟာတွေက ယာယီတွေဟ လို့ အင်မတန် ဆုံးမတော်မူတယ် (မှန်လှပါ ဘုရား)။

ဒါ့ကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဓမ္မပဲအားကိုး ရမယ် (မှန်ပါ့) ဘယ်ဓမ္မတုန်း လို့မေးတဲ့ အခါကျတော့ ဓမ္မတွေကလဲ အပါယ်သွားတဲ့ ဓမ္မကလဲ ရှိသေးတယ် (မှန်ပါ့) သုဂတိ-ဗြဟ္မာပြည်သွားတဲ့ ဓမ္မတွေလဲ ရှိသေးတယ် (ရှိပါတယ် ဘုရား)။

ဘယ်တရားဓမ္မအားကိုးကြမယ်

အဲဒီတော့ ဒီဓမ္မတွေလဲ အသာထားပြီး သကာလ စိတ်မချရ တဲ့ ဓမ္မတွေပဲ ဆိုပြီး သကာလ မဂ္ဂင်ရှစ်ပါး ဓမ္မတရားကို သာလျှင် မလှုပ် နိုင်တဲ့ နိဗ္ဗာန် – မဖြုတ်နိုင်တဲ့ နိဗ္ဗာန် – မပျက်စီးနိုင်တဲ့ နိဗ္ဗာန် ရောက်အောင် ပို့နိုင်တဲ့ တရားဖြစ်လေ သောကြောင့် ယခုအချိန်မှာ ဒီဓမ္မ ကိုပဲ ကိုယ့်ဝမ်းထဲမှာ ထားပြီး ကိုးစား ရမယ်ဆိုတာ သတိပေး လိုက်ပါတယ် (မှန်ပါ့)။

ကိုယ့်ဝမ်းထဲမှာထားပြီး ဒီဓမ္မပဲ အားကိုးကြပါဆိုတာ သတိပေးရတယ် (မှန်ပါ့) ဒီပြင် ဓမ္မတွေ ကတော့ဖြင့် အထိ မခံ ရွှေပန်းကန် တွေလို့ မှတ်လိုက်စမ်းပါ (မှန်လှပါ ဘုရား)။

ဦးဘအုန်း ကျေနပ်ပြီး (ကျေနပ်ပါပြီ ဘုရား) ဘယ်ဓမ္မ အားကိုးကြမယ် (နိဗ္ဗာန်ပို့မည့် ဓမ္မ အားကိုး ကြရပါမယ် ဘုရား) အားကိုးလို့ရှိရင် မခိုင် – မမြဲသလို ဒကာ ဒကာမတို့ သစ်ပင် တက်တဲ့ ပုဂ္ဂိုလ်လိုပေါ့နော် (မှန်ပါ့) သစ်ကိုင်း ခြောက်သွားပြီး အားကိုး လောက်တယ် ဆိုပြီး ဆွဲလိုက်မယ် ဆိုရင် သူက ကျိုးတာနဲ့ ကိုယ်ပါ ကျိုးရတယ် (မှန်လှပါ ဘုရား) သူပျက်စီးတာနဲ့ ကိုယ်ပါ ပျက်စီး ရတယ် (မှန်ပါ့)။

အဲဒီတော့ နတ်ပြည် ဗြဟ္မာပြည်တွေဟာ သစ်ကိုင်းခြောက်နဲ့ တူတယ်ကွ (မှန်လှပါ ဘုရား) တကယ် အားကိုးလို့ မရဘူးကွ တော်တော်ကြာ ကျလို့ ရှိရင် ပြုတ်ကျတာပဲ ဆိုတော့ ဒကာကြွယ်ရေ နိဗ္ဗာန်ဓမ္မပဲ အားကိုးရမယ် (မှန်လှပါ ဘုရား)။

နိဗ္ဗာန်ဓမ္မသည် ဘယ်လိုမှ ကျိုးတယ်, ပေါက်တယ်, ပျက် တယ် မဟုတ်ပါဘူး (မှန်ပါ့) သို့သော်လဲ သူ့ကိုပဲ အားကိုး ကြပါဆိုငြား သော်လဲ သူ့ပို့တဲ့ တရားကို ရှေးဦးစွာ, အားကိုးရမယ် (မှန်လှပါ ဘုရား) သူ့ပို့တဲ့ တရားက မဂ္ဂင်ရှစ်ပါး (မှန်လှပါ ဘုရား)။

မဂ္ဂင်ရှစ်ပါးကိုအားကိုးကြပါ

ဒကာ ဒကာမတို့ အားကိုးရာ အစစ် ပို့နိုင်တဲ့တရား က ဘယ်သူပါလိမ့် (မဂ္ဂင် ရှစ်ပါးပါ ဘုရား) ကဲ ဒါဖြင့် အဲဒီဓမ္မ ကိုစ, ပြီးအားကိုးကြပါ (မှန်လှပါ ဘုရား)။

ဒီဓမ္မစ, ပြီး အားကိုး လိုက်ပြီ ဆိုမှဖြင့် ဒကာကြွယ်တို့ ဦးလှဘူးတို့ ရောက်အောင် ပို့လိုက်တယ် (မှန်ပါ့) ဒါကြောင့် မဂ္ဂင်ရှစ်ပါး ဓမ္မတရားကိုဖြင့် ဒကာ ဒကာမတို့ အမြဲတမ်းအားကိုး ကြပါ၊ သူသာလျှင် ခုနင်က မကျိုး မပျက်တဲ့ နေရာ အရောက်ပို့နိုင် တဲ့ တရား ဖြစ်လေ သောကြောင့် သူ့ကိုပဲ ကျုပ်တို့ ဓမ္မဒီပါ ဓမ္မသရဏာ ဆိုတဲ့ အတိုင်း ဒီဓမ္မပဲ ကျွန်းကြီး သဖွယ် အောက်မေ့ရမယ် (မှန်ပါ့) ဒီဓမ္မပဲ ကိုးကွယ်ရာ လုပ်ရမယ် (မှန်ပါ့) ရှင်းပါပြီ (ရှင်းပါပြီဘုရား) ဒါဖြင့် မဂ္ဂင်ဓမ္မ အားကိုးကြ (မှန်ပါ့)။

ဒကာ ဒကာမတို့ ဘာအားကိုးကြမယ် (မဂ္ဂင်ဓမ္မ အားကိုး ကြရပါမယ် ဘုရား) မဂ္ဂင်ဓမ္မပဲ ဦးဘအုန်းရေ အားကိုးမှပဲ (မှန်ပါ့) မဂ္ဂင်ဖောင်ကြီး မဂ္ဂင်ရထားပဲရယ်လို့ ဘုရားက အမျိုးမျိုး ဟောတယ် (မှန်လှပါ ဘုရား)။

အဲ အမျိုးမျိုးဟောပြီး သကာလ နေတော့ ဪ သူသည် မပြိုမပျက် နိုင်တဲ့နေရာ ပို့တဲ့ တရားပါလား ဆိုတဲ့ ဥစ္စာဖြင့် မောင်ဘသော်တို့ သေချာပါပြီ (သေချာပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် မဂ္ဂင်ဓမ္မလဲ ဘယ်လို လုပ်မှ တပည့်တော် တို့ ရမှာပါလဲလို့ မေးတဲ့ အခါကျတော့ မဂ္ဂင်ဓမ္မဟာလဲ ဦးဘအုန်း အလိုလို ပေါ်လာတဲ့ဓမ္မ မဟုတ်ဘူး (မှန်လှပါ ဘုရား)။

အားထုတ်ယူရမည့်မဂ္ဂင်ဓမ္မ

အလိုလိုပေါ်လာတဲ့ ဓမ္မမဟုတ်ပါဘူး ဒကာကြွယ်ရ၊ အားထုတ် ယူရတဲ့ဓမ္မပါ (မှန်လှပါ) သဘောကျပလား (ကျပါပြီ ဘုရား)။

မဂ္ဂင်ဓမ္မဟာလဲ အလိုလို ပေါ်လာတာလား အားထုတ်ယူ ရမှာလား – (အားထုတ် ယူရမှာပါ ဘုရား) အားထုတ် ယူရမှာဆိုတာ ရှင်းရှင်းလင်းလင်း မှတ်ထားပါ (မှန်လှပါ ဘုရား)။

အဲဒီတော့ဒီမဂ္ဂင်ဓမ္မကလဲ ဘယ်လို အားထုတ်ရမှာတုန်း၊ လို့မေးတော့မှ ဟာ မဂ္ဂင်ဓမ္မ ဆိုတာ သတိပဋ္ဌာန် အလုပ်လုပ်လို့ ရှိရင်ဖြင့် မဂ္ဂင်ဓမ္မ ပေါ်လာတာပဲ (မှန်ပါ့)။

သတိပဌာန် အလုပ်-လုပ်လို့ရှိရင် မဂ္ဂင်ဓမ္မ ပေါ်လာ ပါတယ် ဘုရား မဂ္ဂင်ဓမ္မ ပေါ်လာတာပဲလို့ ဆိုတာ သေသေချာချာ မှတ်ပါ (မှန်ပါ့)။

သတိပဋ္ဌာန် အလုပ်-လုပ်လို့ရှိရင် (မဂ္ဂင်ဓမ္မ ပေါ်လာပါ တယ် ဘုရား) မဂ္ဂင်ဓမ္မ ပေါ်လာတယ် ဆိုတာ သေသေချာချာ မှတ် လိုက်စမ်းပါ (မှန်ပါ့)။

အဲဒီတော့ မဂ္ဂင်ဓမ္မ သည်ကားလို့ ဆိုရင်ဖြင့် နိဗ္ဗာန်လဲ ပို့ တယ်၊ ရန်သူတွေလဲ သတ်တယ် (မှန်လှပါ ဘုရား) နိဗ္ဗာန်ကိုလဲ (ပို့ပါတယ်ဘုရား) ရန်သူတွေလဲ (သတ်ပါတယ် ဘုရား)။

ဪ ဒါဖြင့် ရန်သူနိုင်တာလဲ သူပဲ (မှန်ပါ့) မကျိုးမပျက်ပဲ ပို့တာလဲ (သူပါပဲဘုရား) ကိလေသာ ရန်သူတွေ သတ်တာလဲ (သူပါပဲဘုရား) မကျိုး မပျက်, မပျောက် တဲ့ နိဗ္ဗာန် ပို့တာလဲ (သူပါပဲ ဘုရား)။

ဪ ဒါဖြင့် ဒကာ ဒကာမတို့ ကိုးစားရာ အစစ်ဟာ ဖြင့် ဦးဘအုန်း တွေ့ပြီဗျာ (တွေ့ပါပြီ ဘုရား) အဲဒီတော့ ဒီတရားပဲ ကျုပ်တို့ တွေ့ပြီး သကာလ နေတော့ ဒါကလေး ကိုယ်ပိုင် ရဖို့ အလုပ်ဟာ ကျုပ်တို့ အရေးကြီးတယ် (မှန်ပါ့ ဘုရား) ဒါ ကလေး ကိုယ်ပိုင် ရဖို့ အလုပ်ဟာ အလွန် အရေးကြီးတယ် ဆိုတာ ဒကာ ဒကာမတွေ ရှင်းရှင်းလင်းလင်း မှတ်ပါ (မှန်ပါ့ ဘုရား)။

အလွန် အရေးကြီးပါတယ် နော် (မှန်ပါ့) ဘယ်လို အရေးကြီးသလဲလို့ မေးတဲ့ အခါကျတော့ မဂ္ဂင်ဓမ္မ ဆိုတဲ့ဥစ္စာ ဒကာ ဒကာမတို့ ၂-နံပါတ်က ရုပ်နာမ်တွေ ရှိပါတယ် ဆိုတဲ့ ဥစ္စာ ပဋိစ္စသမုပ္ပါဒ် မှာ ဒကာ ဒကာမတွေ မြင်ပါပြီ (မြင်ပါပြီ ဘုရား) ၂-နံပါတ် မှာလဲ ရှိတဲ့ ရုပ်နာမ် ဓမ္မတွေ မတွေ့ဘူးလား (တွေ့ပါတယ် ဘုရား)။

အဲဒီ ၂-နံပါတ်ရှိတဲ့ ရုပ်နာမ်ဓမ္မတွေကိုလဲ ကြည့်တတ်ရင် မဂ္ဂင်ဓမ္မ ပေါ်လာတယ် (မှန်ပါ့) အရိယာ မျက်လုံး တပ်ပြီး ကြည့်လိုက်လို့ရှိရင် (မဂ္ဂင်ဓမ္မ ပေါ်ပါတယ် ဘုရား)။

ဪ ဒါဖြင့် မဂ္ဂင်ဓမ္မဆိုတာလဲ သူတော်ကောင်းမျက် လုံး အရိယာတို့၏ မျက်လုံး၊ ဒီမျက်လုံးနဲ့ ကြည့်မှပဲ မဂ္ဂင်ဓမ္မကလဲ ပေါ်တယ် (မှန်ပါ)။

မဂ္ဂင်ဓမ္မက အလိုလိုပေါ်လာတာလား၊ သူတော်ကောင်း မျက်လုံး၊ အရိယာမျက်လုံး တပ်ကြည့်မှပေါ်တာလား (သူတော်ကောင်း မျက်လုံး၊ အရိယာ မျက်လုံး တပ်ကြည့်မှ ပေါ်တာပါ ဘုရား)။

ဘယ်အကျိုးငှာတရားနာကြတာတုံး

အဲဒါကြောင့် အခုတရားနာကြတဲ့ ဒကာ ဒကာမတို့ ဘယ် အကျိုးငှာ နာကြတာတုံး ဆိုလို့ ရှိရင်ဖြင့် မဂ္ဂင်ဓမ္မ ပေါ်အောင်လို့ နာကြတာပဲ (မှန်ပါ့) ပွားများကြတာလဲ မဂ္ဂင်ဓမ္မ ပေါ်အောင်လို့ ပွားများကြတာပဲ (မှန်ပါ့)။

သို့သော် ဆရာဘုန်းကြီးက သူတော်ကောင်း မျက်လုံး တပ်ပေး လိုက်ချင်တယ် (မှန်ပါ့) တပ်ပေးလိုက်တော့ သူတော်ကောင်း မျက်လုံးရတော့ ရင့်ကျက်လာတော့ အရိယာ မျက်လုံး ဖြစ် လာတယ် (မှန်ပါ့)။

အဲဒီ မျက်လုံးတွေကို သူတော်ကောင်းမျက်လုံး ရှေးဦးစွာ တပ်ပြီး ရင့်ကျက်လာလို့ အရိယာ မျက်လုံး ဖြစ်အောင် ဒကာ ဒကာမ တွေက ကြိုးစားလိုက်ပြီ ဆိုမှဖြင့် မဂ္ဂင်ဟာ ပေါ်လာတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီဘုရား)။

မဂ္ဂင်ပေါ်လာသည်နဲ့ တပြိုင်နက်တည်းတဲ့ ဒီဘက်မှာ တဏှာ ဥပါဒါန်တို့ သောက, ပရိဒေဝတို့ လာသေးသလား (မလာပါ ဘုရား)။

၂-နံပါတ်လဲမလာ၊ ၃-နံပါတ်လဲ မလာ၊ ၄-နံပါတ်လဲ မလာ (မှန်ပါ့ ဘုရား) ၃-နံပါတ် မလာတာလဲ ဘယ်သူ့ကြောင့်တုန်း (မဂ္ဂင်ကြောင့်ပါ) ၄-နံပါတ်တွေက အဆက်ပြတ်သွားတာ (မဂ္ဂင်ကြောင့်ပါ ဘုရား)။

ဪ ဒါဖြင့် မဂ္ဂင်ဓမ္မ သတ်တာ ဒီဘက်က သမုဒယသစ္စာ ကိုလဲ သတ်တယ်၊ လာလတ္တံ့ ဒုက္ခသစ္စာ တွေကိုလဲ သတ်တယ် (မှန်ပါ့) ဘယ်သူပါလိမ့် (မဂ္ဂင်ဓမ္မပါ ဘုရား)။

အားကိုးရာတစ်ခုလုပ်ထားပါ

ဒါ့ကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဒကာကြွယ် အားကိုးရာ တစ်ခု လုပ်ထားပါ တဲ့ (မှန်ပါ့) ဒကာ ဒကာမတို့ အားကိုးရာ တစ်ခုဖြင့် (လုပ်ပါဘုရား) ဘယ်သူ ပါလိမ့်မတုန်း (မဂ္ဂင်ဓမ္မပါ ဘုရား)။

အို ဒါဟာခင်ဗျားတို့ ဦးဘအုန်း ဒီအသံထွက်လာတာ ကို အလွန် ကျေးဇူးများပြီး (မှန်လှပါ ဘုရား) ရှေးတုန်းကတော့ ဒကာကြွယ်တို့ ဒီလို ဗဟုသုတ ကြီးကြီးကျယ်ကျယ် မရှိခင်တုန်းက ကိုယ်ပြုထားတဲ့ ကျောင်းကန် ဘုရားကလေး သူအားကိုးလိမ့်မယ် (ကိုးပါတယ် ဘုရား) ဒါကလေး နတ်ပြည်ပို့မှာ ကိုးဗျ (မှန်ပါ့ ဘုရား)။

အင်း ကိုယ်ဆောက် တည်ထားတဲ့ တရားကလေးလဲ အားကိုးလိမ့်မယ် (အားကိုးပါတယ် ဘုရား)။

အင်း ဒါကလေးတွေကလဲ မဂ္ဂင်က မဟုတ်သေးတော့ သူတို့ ပို့တော့ပို့မှာပဲ ယာယီခိုကိုးရာ (မှန်ပါ့)။

ဘယ်လိုဆိုကြမယ် (ယာယီ ခိုကိုးရာပို့ပါမယ် ဘုရား) ယာယီ ခိုကိုးရာပဲ ပို့မယ် (မှန်ပါ့) အမြဲတမ်း ခိုကိုးရာတော့ (မပို့နိုင်ပါ ဘုရား)။

မဂ္ဂင်ကမှ နိဗ္ဗာန်ပို့တယ်

အင်း ဒါကြောင့် ဘုန်းကြီးက အရင်းထားပြီး ဒကာ ဒကာမတွေ အမှန်အကန် ပြောတော့ ဒကာ ဒကာမတွေ မဂ္ဂင်မှ နိဗ္ဗာန် ပို့တယ် (မှန်ပါ့) သူပို့လိုက်တဲ့ နေရာကတော့ ပျက်ခြင်း ပြိုခြင်း, ပျောက်ခြင်း မရှိပါဘူး (မရှိပါဘုရား) သဘောကျ ပလား (ကျပါပြီဘုရား)။

ဒါဖြင့် သူ့အားကိုးရမယ် ဆိုတဲ့အတိုင်း စောစောက ပြော လိုက်တာလဲ ဒကာကြွယ်- ဦးဘအုန်းတို့ ကျေနပ်လောက်အောင် သဘော ကျတယ် (ကျပါတယ်ဘုရား)။

ဒီပြင်ဟာတွေက ယာယီခိုကိုးရာတွေ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ) ဘယ့်နှယ်ကြောင့် ဒီမဂ္ဂင်ဓမ္မကို ခိုကိုးကြပါ လို့ဆိုသတုံး ဆိုတော့ ဒီနေရာမှာ ဒကာ ဒကာမတွေက ဒီခန္ဓာတွေက ဒုက္ခသစ္စာလို့ မှန်မှန်ကန်ကန် သိမယ်၊ ၂-နံပါတ်တွေကိုနော် (မှန်ပါ့)။

၂-နံပါတ်တွေ မှန်မှန် သိတော့ ဒီနားမှာ မဂ္ဂင်ကလေး ပေါ်တယ် (မှန်ပါ့) မဂ္ဂင်ရှစ်ပါး သွားပေါ်တယ် (မှန်ပါ့) ရှုစရာ က မဂ္ဂင်ငါးပါး ပေါ်တယ်။ နောက်တော့ ရှုဖန်များတော့ ရှစ်ပါး ပေါ်တယ် (မှန်ပါ့)။

ဒါတွေ ဒုက္ခသစ္စာ မြင်လာလို့ ရှိရင် ဒါတွေဟာ ဒုက္ခသစ္စာ တွေ ပင်ကိုက ဒုက္ခသစ္စာပဲ (မှန်ပါ့) ဒီမှာကြည့်ပါလား ဒုက္ခသစ္စာ (မှန်ပါ့)။

ပင်ကိုက ဒုက္ခသစ္စာကို ဒကာ ဒကာမတွေက ကိုယ့်ဉာဏ် ထဲ ဒုက္ခသစ္စာ မြင်လာလို့ရှိရင် ဒီဘက်က ကိလေသာတွေလဲ သူဖြတ် ပါတယ် (ဖြတ်ပါတယ် ဘုရား) ဒီနားပေါ်တဲ့ မဂ္ဂင်ကလေ (မှန်ပါ) ဒီဘက်က နိဗ္ဗာန်ကော (ပို့ပါတယ် ဘုရား)။

သြော်-ဒါဖြင့် မဂ္ဂင်သည် ဒကာ ဒကာမတို့ ၃-နံပါတ်ကိုလဲ မလာစေ (မှန်ပါ့) ၂-နံပါတ်ဖုံးနေတဲ့ နိရောဓသစ္စာ ဆိုတဲ့ နိဗ္ဗာန်ကိုလဲ အရောက်ပို့တယ် (ပို့ပါတယ် ဘုရား)။

ဒါဖြင့် ကိလေသာရန်သူကို ဖြတ်တာလဲ မဂ္ဂင်ပဲ (မှန်ပါ့) ဒီနေရာ မဂ္ဂင်ပေါ် ရမယ် (မှန်ပါ့) သူ့ဖြစ်ပျက် ရှုရမှာကိုး (မှန်လှပါ)။

အဲဒီတော့ ဒီကိလေသာရန်သူတွေ ဖြတ်တာကော (မဂ္ဂင်ပါဘုရား) ဖြစ်ပျက် ရှုလိုက်တဲ့ အခါကျတော့ ဒီဘက် ဝေဒနာ နိရောဓာ, တဏှာ နိရောဓော, နိဗ္ဗာနံ ပို့လိုက်တာကော (မဂ္ဂင်ပါ ဘုရား)။

မဂ္ဂင်သည် အလွန်ကျေးဇူးများတယ်

ဪ ဒါဖြင့် ဒကာကြွယ်- နေရာကျပြီ (ကျပါပြီ ဘုရား) ကိလေသာ ရန်သူတွေ ဖြတ်တာလဲ မဂ္ဂင်ပဲ (မှန်ပါ့) ရှင်းပလား – (ရှင်းပါပြီ) မပြိုမပျက်တဲ့ နိဗ္ဗာန်ပို့တာလဲ (မဂ္ဂင်ပါဘုရား)။

သြော် မဂ္ဂင်သည်ကားလို့ ဆိုလို့ရှိရင် ဒကာ ဒကာမတို့ အလွန် ကျေးဇူးများတယ် ဆိုတာ ပေါ်လာပလား (ပေါ်လာ ပါပြီဘုရား)။

ကိလေသာ ရန်သူ ဖြတ်တာလဲ (မဂ္ဂင်ပါ ဘုရား) နိဗ္ဗာန် ကို ရောက်ကြောင်း အဖြစ်နဲ့ ပို့တာလဲ (မဂ္ဂင်ပါ ဘုရား)။

အဲဒီ မဂ္ဂင်ကလေးဖြင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဓမ္မဒီပါ၊ ဓမ္မသရဏာ၊ ဒီတရားပဲ ကျွန်းကြီး သဖွယ် အားကိုးကြ၊ ဒီတရားပဲ တောင်ကြီး သဖွယ် ခိုအောင်းကြား (မှန်ပါ့ ဘုရား) ဆိုတော့ မဂ္ဂင် အရေးကြီးပုံဖြင့် ယနေ့ ဒကာကြွယ်ရေ- ကောင်းကောင်းပေါ်သွားပြီ (ပေါ်ပါပြီဘုရား)။

အဲဒီတော့ အားလုံး တရားနာလာကြတဲ့ ဒကာ ဒကာမတွေ ပွားများယူလိုက်ရင် မဂ္ဂင်ပေါ် တာပါပဲ (မှန်ပါ) ပွားများယူ လိုက်ရင် (မဂ္ဂင်ပေါ်ပါတယ် ဘုရား)။

၂-နံပါတ်ထဲက တရားတွေ အခု စိတ်ရှုလိုက် ဖြစ်ပျက်မြင် ဖြစ်ပျက်က အနိစ္စ၊ မြင်တာက မဂ္ဂ (မှန်ပါ့ ဘုရား) ဝေဒနာ ရှုတဲ့ပုဂ္ဂိုလ်က ဝေဒနာက ဖြစ်ပြီး ပျက်လို့ အနိစ္စ (မှန်ပါ) မြင်တာက မဂ္ဂ ဆိုတော့ မဂ္ဂင် ဆိုတာ ဝမ်းထဲ ရောက်ပြီ (ရောက် ပါပြီဘုရား) မရောက်ဘူးလား (ရောက်ပါပြီ)။

မဂ္ဂင်ရောက်ပြီး သကာလ လာတော့ ရှေ့တွင်ပဲပြလိုက် တော့ ဒီဘက်က ၃-နံပါတ် ကိလေသာ ,တဏှာ, ဥပါဒါန် , ကံတွေကော (မလာပါဘုရား) မလာဘူး၊ ဒါ, မဂ္ဂင်ကဖြတ် လိုက်တာ (မှန်ပါ့)။

နောက်- မဂ္ဂသစ္စာတွေ ချက်ချင်း ရောက်လာတော့ နိရောဓ သစ္စာဘက် ပို့လိုက်တယ် ဆိုတာကော (မဂ္ဂင်ဓမ္မပါ ဘုရား)။

ဒါဖြင့် ဒီဟာ အားကိုးရာမရှိတဲ့ပုဂ္ဂိုလ်များမှာ နိဗ္ဗာန် မရောက်သေးဘူး (မရောက်သေးပါ ဘုရား)။

ဒီဟာ အားကိုးရာ မရှိတဲ့ ပုဂ္ဂိုလ်များမှာ (နိဗ္ဗာန် မရောက်သေးပါ ဘုရား)။

ဪ ဒါဖြင့် ဒကာကြွယ်ရေ နတ်ပြည်, ဗြဟ္မာ ပြည်တွေကိုဖြင့် သွားပြီး သကာလ သစ်ပင်တတ်တဲ့ လူက သစ်ကိုင်း ခြောက်ဆွဲသလို ကျိုးကျမှာ စိုးရိမ်ရတယ် (မှန်ပါ့ ဘုရား) ကျိုးတတ်တဲ့ ဓမ္မတွေကိုး (မှန်ပါ့ ဘုရား) ပျက်တတ်တဲ့ ဓမ္မတွေကို (မှန်ပါ့ ဘုရား)။

အားကိုးမလွဲပါစေနဲ့

အဲဒါတွေကြောင့် အားကိုးမလွဲပါစေနဲ့ ဆိုတာကို ဦးဘအုန်း သတိပေးရတယ် – (မှန်ပါ့) အားကိုး မလွဲပါစေနဲ့ဆိုတာ (သတိပေး ရပါတယ်ဘုရား) ဘာ့ကြောင့်တုံး မခိုင်လို့ (မှန်ပါ့) သဘောပါ ပလား (ပါ-ပါပြီ) မခိုင်တာ အားကိုးလို့ ရှိရင် မခိုင်သလို ကိုယ်နစ်နာ လိမ့်မယ် (မှန်ပါ့)။

မခိုင်တာအားကိုးရင် (မခိုင်သလို နစ်နာမှာပါဘုရား) မခိုင်သလို နစ်နာရမယ် ဆိုတဲ့ ဥစ္စာ မသေချာ ဘူးလား (သေချာပါ တယ်ဘုရား)။

အေး ဒါကြောင့် မဂ္ဂင်အလုပ်ကလဲ ဆုတောင်းလို့ မရ ၂-နံပါတ်တွေကို ဖြစ်ပျက်မြင်မှ ဝမ်းထဲမှာ မဂ်ဝင်တယ် (မှန်ပါ့ ဘုရား)။

၂-နံပါတ်တွေ ဖြစ်ပျက်မြင်မှ ဝမ်းထဲ မဂ်ရောက်လာတယ် (မှန်ပါ့) နို့မဟုတ်လို့ ရှိရင်ဖြင့် မဂ္ဂင် ရောက်လာ ပါ့မလား (မရောက်လာပါ ဘုရား)။

မရောက်လို့ရှိရင်လဲ ကိလေသာရန်သူ မဖြတ်နိုင်တာလဲ သူပဲ (မှန်ပါ့) နိဗ္ဗာန်မပို့နိုင်တာလဲ သူမရလို့ပဲ (မှန်ပါ) သဘောကျပြီ (ကျပါပြီ)။

ကိလေသာရန်သ ူမဖြတ်တာလဲ မဂ်မရလို့ (မှန်ပါ့) နိဗ္ဗာန် မရောက်တာလဲ (မဂ်မရလို့ပါ ဘုရား) မဂ်မရလို့ ဆိုတာဖြင့် ဒကာ ဒကာမတို့ သေသေချာချာ မှတ်ပါ (မှန်ပါ့)။

ကိုင်း ဒါဖြင့် ၂-နံပါတ်ရှိတဲ့ တရားတွေ ဘာလုပ်ကြ မယ် (ဖြစ်ပျက် ရှုရမှာပါ ဘုရား) ဖြစ်ပျက် ရှုရမှာ ဆိုတော့ ဒကာကြွယ် ခင်ဗျားတို့က လုပ်ရှု ရမှာလား၊ သူက ဖြစ်ပြီး ပျက်နေတာကို ကိုယ်က ကြည့်ရုံပဲလား (သူကဖြစ်ပြီး ပျက်နေတာကို ကိုယ်က ကြည့်ရုံ ပါဘုရား)။

သူက ဖြစ်ပျက်ပြမှာပဲဆိုတာ ဒကာ ဒကာမတို့က မှတ်ပါ (မှန်ပါ့ ဘုရား) ကိုယ်က ကြည့် တတ်တဲ့ ဉာဏ်နဲ့ ကြည့်လိုက်တဲ့ အခါ ကျတော့ အပျက်မြင်ရင် မဂ်ဝင်လာတယ် မှတ်ပါ (မှန်ပါ့ ဘုရား) အပျက် မြင်ရင် (မဂ်ဝင်လာပါတယ ်ဘုရား) အပျက်မြင်ရင် မဂ်ဝင်လာတော့ ကိလေသာ ရန်သူလဲ ရှိသေးရဲ့လား (မရှိပါဘုရား) သဘောကျပြီ (ကျပါပြီဘုရား)။

ဒုက္ခသစ္စာကြီးများ ချုပ်သွားတော့ အပျက်တွေမြင် လို့၊ အပျက်တွေမုန်းလို့ အပျက်တွေဆုံး သွားတာ ဒုက္ခ ဆုံးတယ် (မှန်ပါ့ ဘုရား) ဒုက္ခ ဆုံးသွားပြန်တော့ နိဗ္ဗာန်တွေ့ရတယ် (မှန်ပါ့) မတွေ့ရဘူးလား (တွေ့ရပါတယ်ဘုရား)။

အင်း ဒါလဲဘာနဲ့တွေ့ရတာတုံးမေးတော့ ဘယ့်နှယ် ဖြေကြမလဲ (မဂ္ဂင်နဲ့ တွေ့ရပါတယ် ဘုရား)။

ဪ ဒါဖြင့် ကိလသာ ရန်သူတွေကို ကန့်ကွက်တာ လဲ သူပဲ (မှန်ပါ့) အပျက်- အဆုံး နိဗ္ဗာန်သို့ ပို့တာလဲ – (သူပါပဲ ဘုရား)။

ဒါဖြင့် ဒီအားကိုးလုံး ကလေးဖြင့် အားလုံး တရားတစ်ပွဲလုံး ပဲ အရယူ ထားရမယ် အရယူထား ရမယ် ဆိုတာဖြင့် စိတ်ထဲမှာ မြဲမြဲစွဲဖို့ ကြိုးစားကြပါ (မှန်လှပါ ဘုရား)။

ဒါကလေးဖြင့် အရယူမယော့၊ ဒါကလေးဖြင့် အရယူမယ် ဆိုတာကိုဖြင့် မရသေးရင် ကြိုးစား လိုက်ပါ (မှန်ပါ့ ဘုရား)

မရသေး ဘယ့်နှယ်လုပ်မလဲ (ကြိုးစားရမှာပါဘုရား) ကြိုးစား လိုက်ပါဆိုတာ ဘုန်းကြီးများက တိုက်တွန်းရတယ် (မှန်ပါ့ ဘုရား)။

ခင်ဗျားတို့က ရေနစ်သလိုပဲ၊

ခင်ဗျားတို့ကတော့ဖြင့် ဘာတွေ အားကိုးရမယ်လို့ အစစ် ကို မသိတော့ ခင်ဗျားတို့က ရေနစ်သလိုပဲ (မှန်ပါ့)။

ရေနစ်တဲ့ ပုဂ္ဂိုလ်ဟာဖြင့် ဦးဘအုန်း ဝါးဖောင်တွေ့လဲ ဝါး ဖောင် အားကိုး လိုက်တာပဲ (မှန်ပါ့) ငှက်ပျောဖောင်တွေ့လဲ (ငှက်ပျောဖောင် အားကိုး ပါတယ်) ရေလယ်မှာ မြက်သစ်ကိုင်းတွေ တွေ့ပြန်လဲ (မြက်-သစ်ကိုင်း အားကိုးပါတယ် ဘုရား)

တစ်ခုမှလဲမခိုင်ဘူး (မခိုင်ပါဘုရား) ဝါးဖောင်ကလဲ တော်တော်ကြာ ဆွေးမြေ့ပြီးသွားမှာပဲ (သွားမှာပါပဲ) ရှင်းပြီ၊ (ရှင်းပါပြီ)။

ငှက်ပျောဖောင်ကလဲ အခွံထဲကရှိတဲ့ရေနဲ့ ပတ်သက်ပြီး ရိညက်ပြီးသွားပြီး သူပါပျက်တာပဲ (မှန်ပါ့) သစ်ခက်တွေ တွေ့ပြန် လဲ ထို့အတူပဲ အားမကိုးလောက်လို့ ပျက်စီးတာပဲ (မှန်ပါ့)။

အဲ ခင်ဗျားတို့ နဂို သိထား တာကတော့ အားကိုးမမှန် ဘူး (မှန်ပါ့ ဘုရား) ဒကာကြွယ် ဘယ့်နှယ်တုန်း (အားကိုးမမှန် ပါဘုရား) ဦးဘအုန်းကြီး ငယ်ငယ်တုန်းက ကြားထားတာတွေက အားကိုးမှ မမှန်ပဲ (မှန်လှပါ ဘုရား)။

ငှက်ပျောဖောင်၊ ဝါးဖောင်၊ သစ်ခက်တို့ကို ရေထဲနစ်တဲ့ ပုဂ္ဂိုလ် တွေ့သလို ဖြစ်နေတော့ ကိုယ်အားကိုးချင်ရာ အားကိုးပြီး ချ လိုက်တော့ကို တစ်ခုမှလဲခိုင်တယ်၊ မြဲတယ်ကမတွေ့ (မတွေ့ပါ ဘုရား)။

အနိစ္စတွေအားကိုးကြတယ်

အဲဒီတော့ကို ဒကာကြွယ်တို့ သတိပေးချင်တယ်၊ သဗ္ဗေသင်္ခါရာ အနိစ္စတွေ အားကိုးလို့တော့ ဘယ်ရမတုန်း (မရပါဘုရား)။

နတ်ပြည်ဆိုတာလဲ သဗ္ဗေသင်္ခါရာ အနိစ္စ- (မှန်ပါ့) ဗြဟ္မာ ပြည်ဆိုတာကော (သဗ္ဗေသင်္ခါရာ အနိစ္စပါ ဘုရား)။

ဟာ ဒါဖြင့် ဒကာကြွယ်လွဲကုန်ပြီ (လွဲပါတယ် ၁၃ရား) အနိစ္စ အားကိုးရတယ်လို့ (မှန်ပါ့) မောင်ဘသော် ဘယ့်နှယ် ဆိုရမလဲ (အနိစ္စ အားကိုးရပါတယ် ဘုရား)။

ဒါက သေသေချာချာ ကြည့်လိုက်တော့မှ တို့ ငယ်ငယ်တုန်းက သူများပြောသံကြားနဲ့ နတ်အားကိုး၊ နတ်တွေ အားကိုး, ဗြဟ္မာပြည် အားကိုးနဲ့ အခု သေသေချာချာ ဆရာဘုန်းကြီး က ဘုရားသခင် ကိုယ်တော်မြတ်ကြီး ဟောတဲ့အတိုင်း ညွှန်ပြပြန်တော့ သဗ္ဗေ သင်္ခါရာ အနိစ္စထဲ သူတို့ ပါနေတယ် (ပါနေပါ တယ်ဘုရား)။

နတ်လဲပါတယ် (မှန်ပါ့) ဗြဟ္မာကော (ပါ ပါ တယ်ဘုရား) ပါတာကို ဦးဘအုန်းကြီးတို့က သူများ ပြောသံကြား နဲ့ အားကိုး လိုက်တော့ ဒီ အနိစ္စ တရားတွေ အားကိုး မိလျက်ကြုံနေ တယ်- (ကြုံနေပါတယ် ဘုရား) ဘယ်လို ဆိုကြမယ် (ဒီအနိစ္စတရားတွေ အားကိုး မိလျက် ကြုံနေပါတယ် ဘုရား)။

ဟာ ဒကာကြွယ် ပြောတတ်ပလားဗျ (ပြော တတ်ပါပြီဘုရား) ခင်ဗျားတို့က အားကိုးတာကို ကိုယ့်ဉာဏ်နဲ့ ကိုယ်ဆက်တတ်ပလား (ဆက်တတ် ပါပြီဘုရား) ရှေးကနတ် ပြည်အားကိုးတယ်နော် (မှန်လှပါ ဘုရား) ဗြဟ္မာပြည် အားကိုး ကြတယ် (မှန်ပါ့) ကဲ ပါဠိတော်ထဲ သွင်းလိုက် (သဗ္ဗေ သင်္ခါရာ အနိစ္စပါဘုရား)။

ကဲ သူတို့ဟာ သင်္ခါရ တရားတွေ (မှန်လှပါ ဘုရား) သင်္ခါရတရား တွေ ဆိုတာ လူ့ပြည်ကဒါနနဲ့ ပြုပြင်ထားတာ- (မှန်ပါ့ ဘုရား) သီလနဲ့ ပြုပြင်ထားတာ (မှန်ပါ့) အဲဒီတော့ သင်္ခါရတရားတွေ ဟိုမှာ ပေါ်လာတယ် – (ပေါ်လာပါတယ် ဘုရား)။

အဲဒီတရားတွေ သဗ္ဗေ-သင်္ခါရာ အနိစ္စာ တဲ့၊ မင်းတို့ ပြုပြင်လို့ ပေါ်ထား တာကတော့ကွာ တဲ့၊ ဟိုမှာ ပေါ်ငြား သော် လည်း နတ်ဘုံ-နတ်နန်းတွေဟာ အနိစ္စတွေပါတဲ့ (မှန်ပါ့) ရှင်း ပလား (ရှင်းပါပြီ) ခင်ဗျားတို့က ဒါနပြုပြင်ထားတာကိုး (မှန်ပါ့) သီလနဲ့ (ပြုပြင်ထားတာပါဘုရား)။

ဒါနနဲ့ပြုပြင်၊ သီလနဲ့ ပြုပြင်ထားတော့ သူတို့ကို ခင်ဗျားတို့ ပြုပြင် ထားခြင်းကြောင့် သင်္ခါရ တရား (မှန်ပါဘုရား) အဲဒီ မင်းတို့ပြုပြင်ထားတော့ကို တော်တော် ကြာကျတော့ အနိစ္စပဲ ကွ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။

ဘယ်လိုဆိုကြမယ် (အနိစ္စတရားပါဘုရား) ရွတ်ပါ ရွတ်ပါ ခင်ဗျားတို့ ပါဠိနဲ့ ခင်ဗျားတို့ ရွတ်ဖတ်နေကြတယ် (သဗ္ဗေ သင်္ခါရာ အနိစ္စပါဘုရား)။

ကဲ ဒကာကြွယ် ကိုယ်ပြုပြင်ထားတာ ဘာတဲ့ (သဗ္ဗေ သင်္ခါရာ အနိစ္စပါ ဘုရား) အဲ ကိုယ်ပြုပြင် ထားတာက သဗ္ဗေသင်္ခါရာနော် (မှန်ပါ့) မိမိကဒါနနဲ့ ပြုပြင် ထားလိုက်တော့ နတ်ပြည် ဘုံပေါက်တယ် (မှန်ပါ့ ဘုရား) သီလနဲ့ ပြုပြင်ထား လိုက်တာ နတ်ပြည် အသက်ရှည်ဖို့တွေ ဖြစ်နေတယ် (မှန်ပါ့)။

အဲဒီ အသက်ရှည်နေတဲ့နတ်, အသက်ရှည်တဲ့ ဘုံတွေဟာ ဘာတဲ့တုန်း (သဗ္ဗေ သင်္ခါရာ အနိစ္စပါ ဘုရား) အဲ-ဒီကပြုပြင်ထား ခြင်းကြောင့် ဟိုမှာ အနိစ္စပဲပေါ်တယ် (မှန်ပါ့ ဘုရား)။

ပြုပြင်ထားတဲ့တရားဟူသရွေ့မမြဲဘူး

ဦးဘအုန်းရေ ဒီကပြုပြင်ထားတဲ့ တရားဟူသရွေ့ (ဟိုမှာ အနိစ္စပဲ ပေါ်ပါတယ်) အနိစ္စချည်း ပေါ်တော့ သစ်ကိုင်းခြောက် ဆွဲမိသလို ဖြစ်နေတယ် (မှန်ပါ့ ဘုရား) အနိစ္စချည်း ပေါ်တော့ ဘာဆွဲ သတုန်း (သစ်ကိုင်းခြောက် ဆွဲမိပါတယ်ဘုရား)။

ဒါ့ကြောင့် ပြုတ်ကျတယ် (မှန်ပါ့) နတ်သမီးငါးရာတို့ သုဗြဟ္မာ နတ်သား၏ နတ်သမီး ငါးရာတို့ သူတို့နဲ့တကွ-အလုံးစုံ ဦးဘအုန်း ပြုတ်ကျတယ် (မှန်ပါ့)။

ဟ ဘယ့်နှယ်ကြောင့် ပါလိမ့်မတုန်းလို့ မေးကြရင် ဘယ့်နှယ်ဖြေကြမလဲ၊ သဗ္ဗေ သင်္ခါရာ အနိစ္စ အားကိုးလို့ (မှန်ပါ့) လှော် အနိစ္စ အားကိုးလို့ (မှန်ပါ့)။

နောက်က ဒကာ ဒကာမတွေ ဘယ်လိုမှတ်ကြမယ် (အားကိုးမလွဲစေနဲ့ပါဘုရား) ခင်ဗျားတို့ နဂိုက မိဘရိုးရာ အတိုင်း အားကိုး အားထားတာ ကတော့ဖြင့် အနိစ္စပဲ အားကိုး ထားတယ် (မှန်ပါ့ ဘုရား) ဦးဘအုန်း – မငြင်းနဲ့တော့ (မငြင်းပါ ဘုရား)။

နဂိုက အားကိုးထားတာကဖြင့် (အနိစ္စပဲ အားကိုးထားပါ ဟယ်) သဗ္ဗေသင်္ခါရာ ဆိုတာ ခင်ဗျားတို့ ပြုပြင်တဲ့ ဒါနကြောင့် ခင်ဗျားတို့ နတ်ပြည်မှာ ပေါ်လာတဲ့ ဘုံနန်း – ဗိမာန် ပဒေသာပင်တွေ (မှန်ပါ) ရှင်းပလား – (ရှင်းပါပြီ) အဲဒါတွေ ဘုရားက ဘာတဲ့တုန်း (သဗ္ဗေ သင်္ခါရာ အနိစ္စပါ ဘုရား)။

အဲ မင်းတို့ ပြုပြင်ထားတဲ့ တရားတွေဟာ ဟိုမှာ အနိစ္စ တရားသာ ပေါ်မယ်ကွတဲ့ (မှန်ပါ့ ဘုရား) နိစ္စ – နိဗ္ဗာန်မပေါ် နိုင်ဘူးတဲ့ (မှန်ပါ့) ပေါ်နိုင်ရဲ့ လား (မပေါ်နိုင်ပါ ဘုရား)။

တော်တော်ကြာ ဘုံပါပျောက်၊ နတ်သမီး၊ နတ်သား တွေ ပျောက် (ပျောက်ပါတယ်) ဟ ဘယ့်နှယ်ကြောင့် ပျောက်ပါလိမ့် မတုန်းမေးတဲ့ အခါကျတော့မှ သဗ္ဗေ သင်္ခါရာ အနိစ္စ အားကိုး ကြလို့ (မှန်လှပါ ဘုရား) အနိစ္စ ပြုတ်ကျလိုက်တာ အပါယ်လေးပါး ရော၊ လူ့ပြည်ရော ဆိုသလိုပဲ တဲ့၊ ဒကာကြွယ်ရဲ့ အကုန် ပြုတ်ကျ တယ် (မှန်ပါ့ ဘုရား)။

ဘယ်လိုကြောင့် ပြုတ်ကျပါလိမ့် (သဗ္ဗေ သင်္ခါရာ အနိစ္စ အားကိုးမိလို့ပါဘုရား) သဗ္ဗေ သင်္ခါရာ အနိစ္စ အားကိုးမိလို့ (မှန်ပါ့) အဲဒီတော့ ယနေ့က စပြီးတော့ ဘယ်သူက ပြောပြော ဒကာအုန်းတို့ ဒကာကြွယ်တို့ မောင်ဘသော်တို့က စပြီးတရား တစ်ပွဲလုံး မယုံကြနဲ့ (မှန်လှပါ ဘုရား) ပြုတ်ကျမှာပဲ (မှန်ပါ့)။

ဘယ့်နှယ်ကြောင့် ပြုတ်ကျသတုန်း ဆိုတော့ သူ့ပါဠိတော် ရွတ်ကြည့်လိုက်ရင် မောင်ဘသော် ပေါ်နေပြီ (မှန်ပါ့) သဗ္ဗေ သင်္ခါရာ (အနိစ္စပါ ဘုရား) ဟိုမှာရှိတာတွေက ဒီက ပြုပြင်ထား လို့ခေါ်တဲ့ သင်္ခါရတရား (မှန်လှပါ ဘုရား) သင်္ခါရ တရားဟာ အနိစ္စ လမ်းဆုံးတယ် (မှန်ပါ့) ပြုပြင်လို့ ပေါ်လာတဲ့ တရားက (အနိစ္စ လမ်းဆုံး ပါတယ်ဘုရား)။

အဲ ခင်ဗျားတို့ဒီကနေ ကျောင်းကလေးများ ဆောက်ပြီး နတ်ပြည်ဘုံ ပေါက်တယ် (မှန်ပါ့) ခင်ဗျားတို့ ပြုပြင်လိုက်လို့ ပေါ်လာတယ် (မှန်ပါ့) အင်း ဒကာကြွယ် တော်တော် ကြာတော့ အနိစ္စ ရောက်ပါရော (ရောက်ပါတယ်ဘုရား) အဲဒီ ဒါ အားကိုးနေတဲ့ ပုဂ္ဂိုလ်ဟာ ဝမ်းနည်း ပက်လက်ဖြစ်ပြီး ဘုံပျောက်ပါ ပေါ့လား (မှန်ပါ့) အင်း – သေရတော့ မှာပါပဲလား ဆိုပြီး သကာလ နဂိုက အထင်ကြီးနဲ့ အားကိုးလိုက်တာ အခုတော့ဖြင့် အနိစ္စရောက် သွားတဲ့အခါ ဒကာကြွယ် ကောင်းသေးရဲ့လား (မကောင်းပါဘုရား)။

ဒါဖြင့် သစ်ပင်တက်တဲ့ပုဂ္ဂိုလ် သစ်ကိုင်းခြောက် ဆွဲမိလို့ရှိရင် ဦးဘအုန်း ကိုယ်ကျိုးနည်းပြီ (နည်းပါပြီဘုရား) သစ်ကိုင်းလဲ ကျိုးပေါ့ဗျာ ခန္ဓာလဲကျိုးပေါ့ (မှန်ပါ့) ဒီအတိုင်းပဲ နေလိမ့်မယ် (နေပါတယ် ဘုရား)။

အဲဒါကြောင့် သဗ္ဗေ သင်္ခါရာ အနိစ္စ ကိုဖြင့် အားမကိုးလိုက် ပါနဲ့ဆိုတဲ့ ဥစ္စာတော့ သေသေ ချာချာ ယနေ့ သတိပေးပါတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။

ကောင်းပြီ ဒါဖြင့် ဘာအားကိုးရမှာတုန်း လို့မေးတော့ သင်္ခါရကို အားမကိုးနဲ့ အသင်္ခတကို အားကိုး (မှန်ပါဘုရား) သင်္ခါရ ကို အားမကိုးပါနဲ့ (မှန်ပါ့) အသင်္ခတကို (အားကိုးပါ ဘုရား)။

ဦးဘအုန်း ပေါ်ပလား (ပေါ်ပါပြီဘုရား) အခု ပြုတ်ပြုတ်ကျ နေကြတာ သင်္ခါရကို အားကိုးကြလို့ (မှန်ပါ့) သင်္ခါရ အားကိုး လိုက်တော့ ဟိုက အနိစ္စတွေ ဖြစ်နေတယ် (မှန်ပါ့) အသင်္ခတ ဆိုတာ ဘယ်သူမှ မပြုပြင်ဘဲနဲ့ဖြစ်တဲ့ နိဗ္ဗာန် ဆိုတော့ ပြုပြင်တဲ့စွမ်း ရည်သတ္တိ သူ့ကို ဘယ်သူ့မှ မတတ်နိုင်ဘူး (မတတ်နိုင်ပါ ဘုရား)။

သဘာဝဖြစ်ပြီး သကာလ နိဗ္ဗာန်ရနိုင်တဲ့ ပုဂ္ဂိုလ်၏ ပစ္စည်း သာ ဖြစ်နေတာ (မှန်ပါ့ ဘုရား) နိဗ္ဗာန် ရထိုက်တဲ့ ပုဂ္ဂိုလ်က သွားဆောက်ထားတဲ့ နိဗ္ဗာန်တောင် မဟုတ်ဘူး (မှန်လှပါ) ရထိုက်တဲ့ ပုဂ္ဂိုလ် သူ့ဆီ ရောက်လာတယ် (မှန်ပါ့ ဘုရား)။

ဘယ်သူမှမပြုပြင်ပဲနဲ့ရှိနေတဲ့တရား

ဘယ်သူမှ ပြုပြင်ထားတဲ့တရား မဟုတ်သောကြောင့် သူက အသင်္ခတတရား (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ) ဘာတရားတဲ့ (အသင်္ခတ တရားပါ ဘုရား) အသင်္ခတ တရားဆိုတာ ဒကာ ဒကာမတွေက လေးလေးစားစား မှတ်လိုက်ပါ၊ ဘယ်သူမှ မပြုပြင်ဘဲနဲ့ ရှိနေတဲ့တရား (မှန်ပါ့)။

ဒါကြောင့် ကြည့်တဲ့လူက အစွမ်းရည် သတ္တိကုန်ရင် သူပျက် တယ်လို့ ဆိုစရာမရှိဘူး (မှန်ပါ့) သဘာဝဓမ္မ ခိုင်မြဲနေတဲ့ တရား (မှန်ပါ့) ဒကာကြွယ် ဘယ်လိုတဲ့တုန်း (သဘာဝဓမ္မ ခိုင်မြဲနေတဲ့ တရားပါ ဘုရား)။

အဲဒါက ပြုပြင်လို့ ပေါ်လာတာလား၊ သူ့သဘောနဲ့ သူခိုင်မြဲ နေတာလား (သူ့သဘောနဲ့သူ ခိုင်မြဲနေတာပါ ဘုရား)။

ဒါနဲ့ သူ့သဘောနဲ့ ခိုင်မြဲနေတဲ့ ပုဂ္ဂိုလ်ဟာ မဂ္ဂင်နဲ့သွားလိုက် တဲ့ အခါကျတော့ ရောက်တယ် (ရောက်ပါတယ် ဘုရား) ရောက် သွားတဲ့အခါကျတော့ သူ့သဘောနဲ့ခိုင်မြဲနေတဲ့ ဓမ္မဖြစ်သောကြောင့် သူ့ကို အသင်္ခတ တရားလို့ ခေါ်ရတယ် (မှန်ပါ့) ပျက်စရာ, ကျိုးစရာ, ပေါက်စရာ ရှိသေးရဲ့လား (မရှိပါဘုရား) အဖိုးတန်တယ် (တန်ပါ တယ်ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ သဗ္ဗေသင်္ခါရဆိုတာ အနိစ္စလမ်းဆုံး တယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ) အသင်္ခတ ဆိုတာ ကတော့ အလုံးစုံ သင်္ခါရ တရားတွေ ပြုပြင်လို့ မဖြစ်တဲ့တရား (မှန်ပါ့)။

သင်္ခါရ တရားတွေ ပြုပြင်လို့ မဖြစ်တဲ့တရား ဘာခေါ်ကြမယ် (အသင်္ခတ တရားပါဘုရား) အဲ အသင်္ခတက နိဗ္ဗာန်ဆိုတာ သဘောကျပလား (ကျပါပြီဘုရား)။

သင်္ခါရအားမကိုးနဲ့အသင်္ခတအားကိုး

အဲဒီတရားကလဲ ဘယ်သူမှ မပြုပြင်ဘဲနဲ့ သဘာဝဓမ္မ ရှိနေတဲ့ တရား ဖြစ်လေသောကြောင့် ဦးဘအုန်း ပြင်စရာ ပျက်စရာ ကျိုးစရာ ပေါက်စရာ ဘယ့်နှယ်တုန်း (မရှိပါဘုရား) ဒါဖြင့် ဘာအားကိုး ကြမယ် (အသင်္ခတ အားကိုးကြပါမယ် ဘုရား)။

သင်္ခါရ အားမကိုးနဲ့ အသင်္ခတအားကိုး (မှန်ပါ့) ရှင်းပြီ နော် (ရှင်းပါပြီ) အသင်္ခတ သွားချင်တော့လဲ ဒကာကြွယ်ရေ အသင်္ခတဂါမိ မဂ္ဂေါ လုပ်ရလိမ့်မယ် (မှန်ပါ့)။

အသင်္ခတသွားချင်တော့ (အသင်္ခတဂါမိ မဂ္ဂေါ လုပ်ရပါ မယ်) အသင်္ခတဂါမိမဂ္ဂေါ အသင်္ခတသို့ သွားရာဖြစ်တဲ့မဂ်ကို လုပ်ရလိမ့်မယ် (မှန်ပါ့) ရှင်းပြီနော် – (ရှင်းပါပြီ) အသင်္ခတ သွားချင်တော့ (အသင်္ခတဂါမိမဂ်ကို လုပ်ရပါမယ်) အသင်္ခတ ဂါမိမဂ္ဂေါ ကို လုပ်ရလိမ့်မယ် (မှန်ပါ့) ဒါက သံယုတ် ပါဠိတော်လို့ ဒကာကြွယ် ကမှတ်လိုက် (မှန်ပါ့ ဘုရား)။

အသင်္ခတသွားချင် အသင်္ခတဂါမိမဂ် ဆိုတာ ရှိသေးတယ် (မှန်ပါ့) အဲဒါလုပ်မှ သာလျှင် လိုရာ ခရီးကို ခိုင်မြဲတဲ့ နေရာဌာနကို သူပို့ပေးလိမ့်မယ် (မှန်ပါ) သူပို့ပေးတော့ ပျက်စရာ ရှိသေးရဲ့ လား (မရှိပါဘုရား)။

အဲဒါကြောင့် ယနေ့ဒကာကြွယ် အရေးတကြီးပြောနေ တယ်ဆိုတာများ အားကိုးရာ မရောက်မှာ စိုးလို့ (မှန်ပါ့ ဘုရား)။

လူ့ပြည် ကျောင်းဆောက်၊ နတ်ပြည် ဘုံပေါက်ဆိုတာ ယနေ့ပြောတဲ့ တရားဟာ ဘာတရား ပါလိမ့် (အားကိုးရာ အစစ်ရှာဖို့ တရားပါ) အားကိုး လွဲမှာစိုးလို့ တချို့ရှေးကျကျတွေက ကျုပ်တို့ဗျာ ခုလောက်ရှိ လူ့ပြည် ကျောင်းဆောက် နတ်ပြည် ဘုံပေါက် နေရမယ် ကျုပ်တို့သွားရင် အဆင်သင့်ပေါ့ (မှန်ပါ့) ဟာ ဟုတ်တယ်လို့ပဲ ဘုန်းကြီးတို့လဲ ဟောနေရသေးတယ် (မှန်ပါ့)။

ဟုတ်တယ် ဒကာ ဒကာမတို့ ခင်ဗျားတို့ ဒီမှာ လူ့ပြည် ကျောင်းဆောက် နတ်ပြည် ဘုံပေါက် မယ် ဆိုတာ ဘုရားလဲ ဟောပါ တယ်၊ သို့သော် အဲဒီဘုံဟာ သင်္ခတလား အသင်္ခတလား တစ်ခါခွဲဦး (သင်္ခတပါ ဘုရား)။

ဒါဖြင့် သင်္ခတဖြင့် ဘယ်လမ်းဆုံးမယ် (အနိစ္စလမ်းဆုံး ပါမယ်ဘုရား) ဟာ ဒါဖြင့် ခဏ တည်းခိုရာ ရမယ် (မှန်ပါ့) ဘယ့်နှယ်ဆိုကြမလဲ (ခဏတည်းခိုရာရပါမယ်) ဒကာကြွယ် ပေါ်ပလား (ပေါ်ပါပြီ)။

အမြဲတမ်း ဘယ့်နှယ်တုန်း (တည်းခိုရာမရပါဘုရား) ဘာ တရားမို့ဘုန်း (သင်္ခတ တရားမို့ပါ ဘုရား) သင်္ခတတရား ခင်ဗျားတို့က ပြုပြင်လို့ ပေါ်ထားတာကိုးဗျ(မှန်ပါ့)။

အဲ-သဗ္ဗေ သင်္ခါရာ အနိစ္စ ဆိုတော့ သင်္ခတနှင့် သင်္ခါရ အတူတူ ပဲ၊ သူက အနိစ္စ လမ်းဆုံးတာ ဒကာကြွယ်တို့က ဟ အားကိုး လောက်ပြီ ဆိုပြီး ရေနစ်တဲ့လူ ငှက်ပျောဖောင် အားကိုးသလိုဖြစ် နေပြီ (မှန်ပါ့) ခုနစ်ရက် လောက်ခံပြီး နောက်ကျတော့ ငှက်ပျောဖောင်က ပုပ်ပြီးမြုပ်တယ် (မှန်ပါ့) မမြုပ်ပေဘူး လား (မြုပ်ပါတယ် ဘုရား)။

အဲဒီတော့ ဒကာကြွယ်ရေ မဆိုင်တာ အားကိုးမိလို့ရှိရင် အားကိုးခြင်းကြောင့်ပဲ ကိုယ်ပါ မြုပ်ရတယ် (မှန်ပါ့) သဘောပါ ကြပလား (ပါပါပြီ)။

ဘာအားကိုးကြမယ်

ကဲ ဒါဖြင့် ဘာအားကိုးကြမယ် (အသင်္ခတတရား အားကိုးကြပါမယ်) အသင်္ခတ အားကိုးမယ် ဆိုတော့ အသင်္ခတ ဆိုတာ ဒီဘက်မှာ (မှန်လှပါ) ဝေဒနာ နိရောဓာ တဏှာ နိရောဓော နိဗ္ဗာနံ ကိုးဗျ (မှန်လှပါ) ခင်ဗျားတို့ နာဖူးလှပြီနော် (မှန်ပါ့)။

အဲဒီ နိဗ္ဗာန်ဟာ အသင်္ခတ (မှန်ပါ့) သို့သော် အသင်္ခတ ဂါမိမဂ် ဒီနားမှာ မပေါ်ရင်မရဘူး (မှန်ပါ့) ရှင်းပြီနော် (ရှင်းပါပြီ)။

ဒါဖြင့် အသင်္ခတ သွားချင်လို့ရှိရင် ဦးဘအုန်း ဘာလုပ်ရဦး မယ် (အသင်္ခတဂါမိမဂ် ပေါ်အောင် လုပ်ရပါမယ် ဘုရား)။

အသင်္ခတ ဂါမိမဂ် ဆိုတော့ နိဗ္ဗာန်ကို ရောက်ကြောင်း မဂ္ဂင် လုပ်ဦးကွ (မှန်ပါ့) မလုပ်လို့ရှိရင် (မရပါဘုရား) မရဘူးဆိုတာ သေချာကြပလား (သေချာပါပြီ)။

အေး ဒါကြောင့် ဒကာကြွယ် ယနေ့တရားမှာ မများပါဘူး (မှန်ပါ့) မများပါဘူးတဲ့ အားကိုး လွဲမှာစိုးလို့ အမှန် တက်ပေး နေတယ်လို့ ဦးဘအုန်း မှတ်လိုက်စမ်းပါ (မှန်ပါ့)။

တိုက်ကြီး တစ်လုံးတော့ ဝယ်မိပါတယ်၊ ကိုယ်က မသိတော့ အဆွေးကြီး ဖြစ်နေတော့ ဝယ်ပြီး ပြင်ရုံပဲရှိမှာပဲ၊ နေဖို့မရသေးဘူး (မှန်ပါ့)။

ဒီလိုပဲနေမှာပဲ နတ်ပြည်သွား တိုက်ဆောက်လဲ ဒကာကြွယ် ကံကုန်ရင် ပြုတ်ကျတယ် (မှန်ပါ့) ဗြဟ္မာပြည် ဗြဟ္မာနှစ်ဆယ် ကြီး သွားဖြစ်ပြန်တော့ကော (ကံကုန်ရင် ပြုတ်ကျပါတယ် ဘုရား) အို နဂိုက အဆွေးကိုင်မိလို့ ပြုတ်ကျတယ် (မှန်ပါ့) ပျက်စီး တတ်တာကို ကိုင်မိလို့ (ပြုတ်ကျပါတယ် ဘုရား) ပျက်စီး ရတယ် ဆိုတဲ့ အကြောင်းဟာဖြင့် ရှင်းသွားပြီ (ရှင်းပါပြီဘုရား)။

ဒါကြောင့်တဲ့ ခင်ဗျား နိဗ္ဗာန်ဆိုတဲ့ အသင်္ခတကိုဖြင့် ဒကာ ကြွယ် တကယ် အားကိုးပါ ဆိုတာ တိုက်တွန်း လိုက်တယ် (မှန်ပါ့)။

သို့ သော် သူ့နေရာ ရောက်အောင် ပို့နိုင်တာက ဦးဘအုန်း အသင်္ခတဂါမိနိမဂ္ဂေါ လို့ ရှိသေးတယ် (မှန်ပါ့)။

သူ့နေရာ ရောက်အောင် ပို့နိုင်တာက (အသင်္ခတဂါမိနိမဂ္ဂေါ ဘုရား) ဒါဖြင့် မဂ္ဂင် ရှစ်ပါး ဆိုတယ် (မှန်ပါ့)။

အသင်္ခတဂါမိနိမဂ္ဂေါ ဆိုတာက ဦးဘအုန်းရေ ဘာဆိုပါ လိမ့် (မဂ္ဂင်ရှစ်ပါးကို ဆိုပါတယ် ဘုရား)။

အဲ မဂ္ဂင်ရှစ်ပါးက အသင်္ခတရှိတဲ့ဆီကိုပို့မှာ (မှန်ပါ့) ဒါဖြင့် အသင်္ခတ လမ်းကိုလိုက်မှ အသင်္ခတနေရာ ရောက်မှာပေါ့ (မှန်ပါ့ ဘုရား)။

ဒကာကြွယ်ဘာတဲ့ (အသင်္ခတ လမ်းလိုက်မှ အသင်္ခတ နေရာ ရောက်မှာပါဘုရား) အသင်္ခတ လမ်း လိုက်မှ အသင်္ခတနေရာ ရောက်မှာ (မှန်ပါ့) နို့မဟုတ်လို့ရှိရင် (မရောက်ပါဘုရား)။

ကိုင်း ဒါဖြင့် တရားလဲ တော်တော် ရှည်လာတော့ အားကိုးရာ အစစ်က အသင်္ခတလမ်းက သွားမှာ သာလျှင် အသင်္ခတ ရှိတဲ့နေရာ ရောက်မှာ (မှန်ပါ့)။

အသင်္ခတဂါမိမဂ်ကိုအားကိုးရမယ်

အသင်္ခတဂါမိမဂ်က သွားမှ အသင်္ခတ နိဗ္ဗာန် ရောက်မယ် ဆိုတာဖြင့် သေချာ တယ် (သေချာပါတယ် ဘုရား)။

သေချာတော့ ဒီအတိုင်း ခြေလျင် သွားမှရမလား၊ ပွားများ ယူရမှာလား (ပွားများ ယူရမှာပါ) ဦးဘအုန်း ပေါ်ပါပြီ (ပေါ်ပါ ပြီ) ဒကာကြွယ်ပေါ်ပါပြီ (ပေါ်ပါပြီ)။

အသင်္ခတ ဆိုတာ နိဗ္ဗာန် (မှန်ပါ့) နိဗ္ဗာန် ဆိုတာကို သွား လမ်း မရှိဘဲနဲ့ ဘယ်သူမှ မသွားတတ်ဘူး (မှန်ပါ့) သွားလမ်း မရှိဘဲနဲ့ (မသွားနိုင်ပါ ဘုရား) မသွားတတ်တော့ အသင်္ခတ ဂါမိမဂ်ကို ကျုပ်တို့ ရအောင်လုပ်ရမယ် (မှန်ပါ့)။

အဲဒီ အသင်္ခတဂါမိမဂ်သည် ကျုပ်တို့၏ အားထားရာ,ကိုးစား ရာ အစစ်ပါပဲ (မှန်ပါ့ ဘုရား)။

ဒါဖြင့် ဒီလိုလုပ်ကြပေတော့ ဒီ အခု ၂နံပါတ်ထဲ တွေတဲ့ ခန္ဓာတွေကို ဝေဒနာကြိုက်တဲ့ ပုဂ္ဂိုလ်က ဝေဒနာကို ဖြစ်ပျက် ရှု (မှန်ပါ့) ဖြစ်ပျက် ရှုလိုက်တော့ ဝမ်းထဲ ဘာရောက်လာသလဲ (မဂ်ရောက် လာပါတယ်) အဲဒါ အသင်္ခတ ဂါမိမဂ်ပဲ (မှန်ပါ)။ ဒကာ ကြွယ် ဘာတဲ့တုန်း (အသင်္ခတ ဂါမိမဂ်ပါ ဘုရား) ဘယ်သွားမှာတဲ့တုန်း (နိဗ္ဗာန် သွားမှာပါ) ဒီလိုမဆိုနဲ့ အသင်္ခတကို သွားမှာ (မှန်ပါ ဘုရား) မဟုတ်ဘူး (မှန်ပါ့)။

ဒီ အသင်္ခတဂါမိမဂ် အသင်္ခတဆီ သွားမယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ) နိဗ္ဗာန်ဆို အတူတူတော့ အတူတူပါပဲ၊ သို့သော် သူ့အမျိုးနဲ့၊ သူ့ အသွားနဲ့၊ သူ့ အရောက်နဲ့ ကိုက်ရမယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။

ဦးဘအုန်းရေ အသင်္ခတနိဗ္ဗာန် သွားချင်လို့ရှိရင် အသင်္ခတမဂ် ခရီးက မသွားရင် (မရောက်ပါ ဘုရား)။ ရောက်ကို မရောက်နိုင် ဘူးဆို တာ သေ ချာပလား (သေချာပါပြီ)။

ကိုင်း ဒါဖြင့် သင်္ခတနယ် သွားချင် သင်္ခတမဂ်နဲ့ သွားပေါ့ (မှန်ပါ့) အသင်္ခတ သွားချင်တော့ အသင်္ခတဂါမိမဂ်နဲ့ သွားပေါ့ (မှန်ပါ့) ရှင်းပြီ (ရှင်းပါပြီဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ကိုယ့်စိတ်ကိုယ် ဒကာ ဒကာမတို့ သန္တာန်၌ မြင်စိတ်ကလေးပေါ်လဲ ဖြစ်ပျက် ရှု (မှန်ပါ့) ကြားစိတ် ကလေး ပေါ်လဲ (ဖြစ်ပျက် ရှုရပါမယ်) နှာခေါင်းထဲ နံစိတ်ကလေး ပေါ်လဲ (ဖြစ်ပျက် ရှုရပါမယ်ဘုရား)။

အင်း ဖြစ်ပျက်တော့ တွေ့ပြီဟေ့- ဝမ်းထဲမှာ ပေါ်တာ က မဂ်ပဲ (မှန်ပါ့) အဲဒီမဂ် ဘယ်သွား မှာတုန်း (အသင်္ခတ သွားမှာပါဘုရား)။

အသင်္ခတသွားမယ်၊ သူက ဘာဖြစ်လို့ သွားနိုင်သတုန်း၊ အသင်္ခတ ဂါမိမဂ်ဖြစ်လို့ (မှန်ပါ့) သူက ဘယ့်နှယ်ကြောင့် သွားပါလိမ့် (အသင်္ခတ ဂါမိမဂ် ဖြစ်လို့ပါ) အသင်္ခတဂါမိမဂ် ဖြစ်လို့ ရှင်းပလား (ရှင်းပါပြီ) ဥပမာ ရန်ကုန်သွားချင်တဲ့ ဥစ္စာ ဘယ်လမ်းကို မလိုက်ဘဲနဲ့ ဦးဘအုန်းရေ ဟိုဘက်က ရေနံချောင်းလမ်း လိုက်သွား မိမယ်ဆိုလို့ ရှိရင် မိတ္ထီလာ လမ်းခွဲက နေပြီး သေသေချာချာ ဆိုးတယ်၊ ရောက် ပါ့မလား (မရောက်ပါဘုရား)။

ဘာကြောင့်တုန်း ဆိုလို့ရှိရင် သူ့မြို့နဲ့ သူ့လမ်း မမှန်ရင်လဲ (မရောက် နိုင်ပါဘုရား ) မရောက်နိုင်ဘူး ဆိုတာ သေချာကြ ပလား (သေချာပါပြီ ဘုရား)။

ဖြစ်ပျက်မြင်တဲ့မဂ်သည် နိဗ္ဗာန်သွားလမ်း

ကဲ ဒါဖြင့် ခင်ဗျားတို့ နားထဲမှာ ယနေ့ ရှင်းရှင်း လင်းလင်း ဪ ဖြစ်ပျက် မြင်တဲ့မဂ်ကမှ အသင်္ခတဆိုတဲ့ နိဗ္ဗာန်သွားတဲ့ လမ်းခရီး အစစ်ပါလား (မှန်လှပါ ဘုရား) ဒီမဂ်ဟာ လမ်းခရီး အစစ်ပဲ (မှန်ပါ့)။

ဖြစ်ပျက်မြင်တဲ့ မဂ်သည် (လမ်းခရီး အစစ်ပါ ဘုရား) အသင်္ခတ နိဗ္ဗာန်သွားတဲ့ လမ်းခရီးအစစ် (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ)။

ကိုင်း ဒါဖြင့် ဒကာကြွယ် ဒီလမ်းခရီးကလဲ ဘုရားတစ်ဆူ တစ်ဆူပေါ်မှ တစ်ခါ တစ်ခါ ပေါ်လာတဲ့ လမ်းခရီး (မှန်ပါဘုရား) ဘုရား ပရိနိဗ္ဗာန်စံပြီး နောက်လဲ ဒိဋ္ဌိချုံတွေ အကုန်ဖုံး ပြန်တာပဲ (မှန်ပါ့) ဒိဋ္ဌိချုံတွေ (အကုန်ဖုံးပါတယ် ဘုရား) အကုန်ဖုံးပြီး သကာလ ဒကာကြွယ် လမ်းပျောက်တယ် (မှန်ပါ့) ဘုရားတစ်ခါ ပွင့်လာ ပြန်လို့ရှိရင် တစ်ဆူ တစ်ဆူပွင့်ပြန် ရှင်းရပြန်ပြီ ဒီလမ်းကို (မှန်ပါ့) သဘောကျ ပလား (ကျပါပြီ)။

ကိုင်း ဒါဖြင့် ဒီလမ်းဟာဖြင့် ခုတော့ဖြင့် ရှိသေးရဲ့ ဒကာကြွယ်ရေ (မှန်ပါ့) ဘာ့ကြောင့်တုန်း ဆိုတော့ ဟောမည့် ပြောမည့် ပုဂ္ဂိုလ်၊ လမ်းပြမည့် ပုဂ္ဂိုလ်ကလဲ ရှိသေးတယ် (မှန်ပါ့) ခင်ဗျားတို့ကလဲ ကြည့်တတ်တဲ့ ဉာဏ်ကလေးနဲ့ ကြည့်တော့ ဝမ်းထဲ မဂ်ပေါ်နိုင်တဲ့ စွမ်းရည် သတ္တိကလဲ ရှိသေးတယ် (မှန်ပါ့)။

အဲဒါ ခင်ဗျားတို့ ကံကောင်း အကြောင်း သင့်တော့တယ် ဆိုတာ မှတ်ရမယ် (မှန်ပါ့) နောက် ကျတော့ ဒီလမ်းက ဟောမည့် သူလဲမရှိဘူး ဦးဘအုန်းရေ (မှန်ပါ့) လမ်းပျောက်မလား မပျောက် ဘူးလား (ပျောက်ပါတယ် ဘုရား)။

ဟောမည့်သူမရှိတော့ ဒိဋ္ဌိတွေက လွှမ်းမိုးတယ် (မှန်ပါ့) တဏှာ ဒိဋ္ဌိလမ်း ကိုးဗျ (မှန်ပါ့) မိစ္ဆာဒိဋ္ဌိက ကြီးစိုးလာတဲ့ အခါ ကျတော့ ပျောက်မယ် -(ပျောက်ပါမယ်) မပျောက်သေးဘူးလား (ပျောက်ပါတယ် ဘုရား)။

အဲဒီတော့ မိစ္ဆာဒိဋ္ဌိ တည်းဟူသော ချုံပိတ်ပေါင်းတွေ ယခု မရောက်ခင် ဘုန်းကြီးများက ဟောဒီက သွား, ဒီလမ်းသွား ဆိုတာ ခင်ဗျားတို့ ဖြစ်ပျက် ရှုပြီးသွားကြ၊ ဖြစ်ပျက် အဆုံးဟာ နိဗ္ဗာန်ပဲ (ဝါ) အသင်္ခတပဲ (မှန်လှပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ)။

မိစ္ဆာဒိဋ္ဌိချုံတွေမအုပ်ခင်ဟောနေတာ

ဘယ်အချိန် သူဟောနေတာပါလိမ့်မတုန်း မေးပြန်တော့လဲ အချိန်ပိုင်းနဲ့ ဟောရတာလို့ ဒကာကြွယ်က မှတ်လိုက် (မှန်ပါ့) မိစ္ဆာ ဒိဋ္ဌိချုံတွေ မအုပ်ခင် ဟောနေတာ (မှန်ပါ့)။

မိစ္ဆာဒိဋ္ဌိ ချုံတွေ အုပ်သွားမယ် ဆိုလို့ရှိရင် (မဟောနိုင်ပါ ဘုရား) ဒီလမ်း ရှာတွေ့ပါ့မလား (မတွေ့ပါဘုရား) ကဲ – ဦးဘအုန်း ရိပ်မိလောက်ပါပြီ (ရိပ်မိလာပါပြီ) မိစ္ဆာဒိဋ္ဌိ ချုံတွေကလဲ ဝိုင်း နေတာပဲ (မှန်ပါ့) ကိုယ့်သန္တာန် ထဲကလဲ ရှိလျက် (မှန်ပါ့) ဘာသာခြား တွေကလဲ၊ မိစ္ဆာဒိဋ္ဌိတွေကလဲ သူတို့ အယူမှ သူတို့ ဟုတ်တယ် ဆိုပြီး သကာလ သားတွေ သမီးတွေနဲ့ အမျိုးမျိုး အဖုံဖုံ စွဲကြယူကြ (မှန်ပါ့) မိစ္ဆာဒိဋ္ဌိ ချုံတွေက ဖုံးသွားလို့ရှိရင် ဒီလမ်း ပျောက်ပါလိမ့်မယ် (မှန်ပါ့)။

ဒီလမ်းပျောက်လို့ သွားမိ သွားရာ ပျောက်လို့ ရှိရင်ဖြင့် ခုနင်က ပြောသလိုပဲ တဲ့၊ သစ်ပင် တက်တဲ့လူ သစ်ကိုင်းခြောက် အားကိုး သလို ပြုတ်ကျတဲ့ လမ်းချည်း ရောက်မှာပဲ (မှန်ပါ့) ရောက်သွား မယ် ဆိုတာ သေချာပလား (သေချာပါပြီဘုရား)။

ဒါဖြင့် ဦးဘအုန်းရေ မဂ်လမ်းကလေး ပေါ်နေတုန်း မိစ္ဆာဒိဋ္ဌိ ချုံတွေ မအုပ်ခင် အမြန် ဒီလမ်း ကလေး လျှောက်လိုက် (မှန်ပါ့) နှေးနေရင် ရမယ် မဟုတ်ပါဘူး (မရပါဘုရား) နှေးရင် (မရ ပါ) ဥပမာမယ် – နောက်အုပ်ချုပ်ရေး ပြောင်းသွားမယ် ဆိုကြပါစို့ ဘယ်လို ဝါဒ လာမယ် ဆိုတာ မပြော နိုင်ဘူး ဦးဘအုန်းရေ (မှန်ပါ့) အကယ်၍ မိစ္ဆာမင်းလာရင် မိစ္ဆာဒိဋ္ဌိ ချုံတွေ ဖုံးသွားတာပဲ (မှန်ပါ့) မိစ္ဆာဒိဋ္ဌိ ချုံဖုံးရင် ဒီအသင်္ခတသွားတဲ့ မဂ္ဂင်၊ အသင်္ခတ ဂါမိ မဂ်လမ်း ကလေးဟာက မောင်ဘသော် ပျောက်ပြီ (ပျောက်ပါပြီ ဘုရား) မပျောက် သေးဘူးလား (ပျောက်ပါပြီ ဘုရား)။

ဒီလမ်းကကွယ်တော့မယ်

အဲဒါကြောင့် – ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ အချိန် ရဆဲမှာ ဒီလမ်း အလုပ်ကို မြန်မြန် ရှင်းပြီး သကာလ မြန်မြန် ရောက်တော့ မှ အေးမှာဟေ့ ဒီလမ်းကလဲ ဖုံးလုပြီ (မှန်ပါ့) ဘယ့်နှယ် ဆိုကြမယ် (ဒီလမ်းကလဲ ဖုံးလုပြီ) သဘောကျရဲ့လား (ကျပါတယ်ဘုရား)။

ဒကာကြွယ် သဘောကျရဲ့လား (ကျပါတယ်) အင်း ဒီလမ်းက ကွယ်တော့မယ်နော် (မှန်ပါ့) တယ် မကြာ ဘူး နောက် – နှစ်ပေါင်း တစ်ရာတောင် နေချင်မှ နေမယ် ဦးဘအုန်းရေ (မှန်ပါ့) တိုင်းပြည် အပြောင်း အလွဲတွေ အမျိုးမျိုး အဖုံဖုံ နဲ့ဆိုရင် ဘယ့်နှယ် နေကြမလဲ (ကွယ်မှာပါ ဘုရား) အဲ လမ်း ပျောက်သွားမယ် (မှန်ပါ့)။

အဲဒါဘယ့်နှယ်ကြောင့် ပျောက်ရသတုန်းဆိုတော့ မိစ္ဆာဒိဋ္ဌိ တည်းဟူသော ငါလုပ်မှ ငါရတယ် ဆိုတဲ့ မိစ္ဆာဒိဋ္ဌိ ချုံတွေက အကုန် ဖုံးတယ် (မှန်ပါ့) ဒီလမ်း လိုက်ဖြစ်ပါဦးမလား (မလိုက်ဖြစ် ပါဘုရား)။

စားဖို့ သောက်ဖို့ ငါ့သား, ငါ့သမီး, ငါ့မြေး, ငါ့မြစ်တွေ စားဖို့ သာ အရေးကြီးတယ်၊ ငါကြီးပွား ဖို့သာ အရေးကြီးတယ် ဆိုပြီး သကာလ ဒိဋ္ဌိချုံတွေက ဖုံးလိုက်ရင် ဒီလမ်း ဘယ်သူမှ မလိုက်တော့ ဘူး (မှန်ပါ။ လိုက်နိုင်ပါ့မလား (မလိုက်နိုင်ပါဘုရား)။

အခုလိုလဲ ဒီလမ်းကလေးက ဒကာကြွယ်တို့ရဲ့ လက်ထဲမှာ နည်းနည်း ကျန်ရစ်တယ် (မှန်ပါ့) မဟုတ်ဘူးလား၊ တစ်ချို့ရှိ ကို မရှိသေးဘူး ဆိုတာလဲ သေချာနေပြီ (သေချာနေပြီဘုရား)။

အသင်္ခတလမ်းဆိုတာ

ကိုင်း ဒါဖြင့် အသင်္ခတ သွားချင်လို့ ရှိရင် အသင်္ခတ လမ်းက သွားမှရမယ် (မှန်ပါ့) အသင်္ခတ နိဗ္ဗာန် သွားချင်ရင် , (အသင်္ခတလမ်းမှ သွားမှရမှာပါ ဘုရား) အသင်္ခတလမ်း ဆိုတာ မဂ္ဂင်ငါးပါးနဲ့ မဂ္ဂင်ရှစ်ပါးလို့ မှတ်လိုက်စမ်းပါ (မှန်ပါ ဘုရား)။

အဲ ဒါဖြင့် မဂ္ဂင်ရှစ်ပါးနဲ့ မဂ္ဂင်ငါးပါးကလဲ ဒကာ ဒကာမ တွေက သေသေချာချာ မှတ်လိုက် စမ်းပါ (မှန်ပါ့) ဒီဟာတွေကို အဖြစ်အပျက် ဒုက္ခသစ္စာ မမြင်ဘဲနဲ့ ဒီနေရာမှာ ပေါ်ကို မပေါ်ဘူး (မပေါ်ပါ ဘုရား) ပေါ်ပါ့မလား (မပေါ်ပါဘုရား)။

၂-နံပါတ်တွေကို ဖြစ်ပျက် မမြင်သရွေ့ ကာလ ပတ်လုံး မြင်တဲ့ မဂ်ဟာ မပေါ်နိုင်ဘူး (မပေါ်နိုင်ပါ ဘုရား) ဖြစ်ပျက်ကို မြင်ရင် ဖြင့် မြင်တယ် မဂ်ကို (မှန်ပါ့) ဖြစ်ပျက်ကို မမြင်သေးရင် (မပေါ်ပါ ဘုရား) အသင်္ခတ ဂါမိမဂ်က သူပေါ်ပလား (မပေါ်ပါဘုရား)။

ဒါဖြင့် ဒကာကြွယ်ရေ မြန်မြန်လုပ် (မှန်ပါ့) အသေ စောရင်လဲ မရနိုင်ဘူး (မှန်ပါ့) ဉာဏ်ဖျင်းရင်လဲ (မရ နိုင်ပါ) ဝီရိယ မပါရင်လဲ (မရနိုင်ပါဘုရား)။

အဲ မရလို့ရှိရင်ဖြင့် ခင်ဗျားတို့ တော်တော်ကြာ ကျတော့ ကိုယ်က သံသရာ ပင်လယ်ထဲက မထွက်သေးတော့ အေး-ကျုပ် တို့တော့ မတတ်နိုင်ဘူး၊ခိုးကိုးရာ ရှိအောင် တစ်ခုခုတော့ ရှာထားရ မှာဆိုတော့ သစ်ကိုင်းခြောက် သွားတွေ့မယ် (မှန်ပါ့) မတွေ့ ပေဘူးလား (တွေ့မှာပါဘုရား)။

တွေ့တဲ့အခါကျတော့ ဒကာကြွယ် သိပ်ကြောက်စရာ ကောင်းတယ် (မှန်ပါ့) ယာယီသာ ခိုရတယ်၊ နောက်ဆုံးပိတ် ကိုယ်ပါမြုပ် (မှန်ပါ့)။

ငှက်ပျောဖောင် အားကိုးရင် ယာယီသာ ခိုရတယ် နောက်ဆုံးပိတ် (ကိုယ်ပါမြုပ်ပါတယ်) စီးတဲ့လူရော၊ အားကိုးတဲ့ ပစ္စည်းရော (မြုပ်ပါတယ် ဘုရား)။

ဝါးဖောင် အားကိုး လိုက်တယ်၊ ပင်လယ်ထဲမှာ (မှန်ပါ့) ခိုတဲ့ ပုဂ္ဂိုလ်ရော၊ ဝါးဖောင်ရော (မြုပ်ပါတယ် ဘုရား) မြုပ်မှာ ပဲဆိုတော့ ဒကာကြွယ်ရေ ဒါဖြင့် အားကိုးစရာ အစစ်ဟာ အသင်္ခတ ဂါမိမဂ်ပဲ (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ)။

ကြိုးစားလုပ်ကြစမ်းပါ

ဒါဖြင့် ကြိုးစား လုပ်ကြစမ်းပါ ဆိုတော့ ကိုင်း ဒကာ ဒကာမတို့ မနေ့က ဝင်ရိုးကျိုးတာ ဟောခဲ့ပြီ၊ ဒီကနေ့တော့ဖြင့် ဒီဘက် လမ်းမကူးအောင် ဟောမယ် (မှန်ပါ့) ၃ နံပါတ်မကူးအောင် ဟောတဲ့ နေ့လို့မှတ်ပါ (မှန်ပါ့) ရှင်းပလား (ရှင်း ပါပြီ) ၃-နံပါတ် မကူးအောင် (ဟောတဲ့နေ့ပါဘုရား)။

ကိုင်း ဒါဖြင့် ၃-နံပါတ် မကူးအောင် ဒကာ ဒကာမတို့ မြင်စိတ်ကလေးလာလဲ ဘာလုပ်ကြမယ် (ဖြစ်ပျက် ရှုရပါမယ် ဘုရား)။

အဲ ဒီထဲမှာ မြင်စိတ်ရှိတယ် (မှန်ပါ့) သဠာယတန ဆိုတာ မနာယတန စိတ်တွေပေါ့ဗျာ (မှန်ပါ့) အဲဒီစိတ်ကလေးကို ကိုယ့် သန္တာန်, ဒါက ပုံစံပြနေတာ (မှန်ပါ့ ဘုရား) မြင်ရသည်နဲ့ တပြိုင်နက်တည်း မြင်စိတ် ပေါ်လို့ ရှိရင်ဖြင့် မြင်စိတ်-ဖြစ်ပျက် ရှု (မှန်ပါ့ ဘုရား)။

ဒါဖြင့် မြင်စိတ်က ဖြစ်ပျက်၊ ရှုတာက ဒီနေရာ မဂ်ပေါ် တယ် (ပေါ်ပါတယ် ဘုရား) ကြားစိတ် ကလေး နားထဲ ပေါ်ပြန် တော့ကော (ဖြစ်ပျက် ရှုရပါမယ်) အဲ ဖြစ်ပျက် ရှုလိုက် ကြားစိတ်က ဖြစ်ပျက် ရှုတာက (မဂ်ပါဘုရား) အင်း ဒါဖြင့် အသင်္ခတဂါမိမဂ္ဂေါ ပေါ်လာတယ် (မှန်ပါ့)။

နှာခေါင်းထဲမွှေးတယ်၊ နံတယ်ရယ်လို့ ရှုမိပြန်ရင် (ဖြစ်ပျက် ရှုပါမယ်) အဲဒီရှုတဲ့ စိတ်ကလေး ဖြစ်ပျက် (မှန်ပါ့)။

နောက်က လိုက်မိအောင်လိုက်ပါ၊ လိုက်- လိုက်တဲ့အခါ ကျတော့ ဖြစ်ပျက်တွေ့ပါတယ် (မှန်ပါ့) အဲဒီ မဂ်ကလေးဟာ အသင်္ခတ ဂါမိမဂ် (မှန်ပါ့) နိဗ္ဗာန် ရောက်ကြောင်းမဂ်ပဲ (မှန်ပါ့) အသင်္ခတ သွားကြောင်းမဂ်ပဲ (ဝါ) ခရီးပဲ ဆိုတာ သေချာ ပလား (သေချာပါပြီ)။

ကိုင်း တစ်ခါသွားပါဦး၊ ကိုယ်ပေါ်မှာ ယားတယ် ယံ တယ်ဆိုတဲ့ ဒုက္ခစိတ် ကလေးပေါ်ရင် (ဖြစ်ပျက် ရှုရပါ့မယ်) စား စိတ်ကလေး ပေါ်ရင် (ဖြစ်ပျက် ရှုပေးရမယ်) ကိုယ်ပေါ်မှာ လေ ကလေး ဘာလေးတိုက်လို့ ခံသာတဲ့ စိတ်ကလေးပေါ်ရင် (ဖြစ် ပျက် ရှုရပါမယ် ဘုရား)။

လောဘ ပေါ်တယ်လို့ အောင့်မထားနဲ့၊ ဖြစ်ပျက် ရှု (မှန်လှပါ ဘုရား) ဒေါသစိတ် ကလေး ပေါ်လာရင်ကော (ဖြစ်ပျက် ရှုရပါမယ်) သံသယ ဝိစိကိစ္ဆာ ပေါ်လာရင် (ဖြစ်ပျက် ရှုရပါမယ်) စိတ် ကလေးဟာ ပျံ့လွင့်တယ်ဆိုရင် (ဖြစ်ပျက် ရှုရပါ့မယ်)။

အဲ သူက ဖြစ်ပျက်ဆိုရင် ရှုတာကဘာတုန်း (မဂ်ပါ ဘုရား) အဲဒါ အသင်္ခတ ဂါမိမဂ်ပဲ (မှန်ပါ့)။

တစ်ခါတစ်လေ ကျတော့ ပေးချင်,ကမ်းချင်တဲ့ စိတ်ကလေး ပေါ်လာရင် (ဖြစ်ပျက် ရှုရပါမယ်) ဖြစ်ပျက် သာ ရှူ မရှုမရှိနဲ့ (မှန်ပါ့)။

တော်တော်ကြာ မေတ္တာပို့လိုက်တဲ့ စိတ်ကလေးပေါ် လာရင် (ဖြစ်ပျက် ရှုရပါမယ်) ဖြစ်ပျက် ရှုပါ။

တော်တော်ကြာကျတော့ ဘာမှမရှိတဲ့ အခါကျတော့ လေထုတ်တဲ့ စိတ်ကလေးကိုလဲ ဘာလုပ်ကြမယ် (ဖြစ်ပျက် ရှုရ ပါမယ် ဘုရား) လေပြန် ရှိုက်တဲ့ စိတ်ကလေးကော (ဖြစ်ပျက် ရှု ရပါမယ်ဘုရား)။

အဲဒီတော့ ဒါတွေ လှည့်ရှုနေ၊ ဘာမှ မရှိလို့ရှိရင် ရှူစိတ် ရှိုက် စိတ် ရှုရုံပေါ့ (မှန်ပါ့) ဟိုဟာ ပေါ်တာလဲ ခုနင်က စက္ခု, သောတ, ဃာန၊ ဇိဝှာ, ကာယ, မြင်စိတ်တွေ၊ လောဘ, ဒေါသ,မောဟ, အလောဘ, အဒေါသတွေ ပေါ်လာရင်လဲ ဒကာကြွယ် – ဖြစ်ပျက် ရှု ရုံပေါ့ (မှန်ပါ့) ဖြစ်ပျက် ရှုလိုက်တဲ့ အခါကျတော့ ဖြစ်ပျက်မြင်တာက (မဂ်ပါ ဘုရား)။

နောက် ရှုဖန်များလာတော့ ဖြစ်ပျက်တွေ မုန်းလာတယ် (မှန်ပါ့) နောက်ကျတော့ ဒီဖြစ်ပျက်တွေ ဘာတွေပါလိမ့် မလဲ ဆိုပြီး ဉာဏ်က တက်လာတယ် (မှန်ပါ့) ရှုတဲ့ဉာဏ်က ထက် လာတယ်၊ ဖြစ်ပျက်ဟာ ဒုက္ခသစ္စာပဲလို့ ပိုင်ပိုင် နိုင်နိုင်လဲ သိရော ဖြတ်ဆို ဒုက္ခ သစ္စာ ချုပ်တယ် (မှန်ပါ့ ဘုရား) ချုပ်တော့ ဒီထဲမှာ တစ်ခု ချုပ်ရင် အကုန်ချုပ်တယ် (မှန်ပါ့) ဒီငါးခု ရေးထား တယ်မဟုတ်လား (မှန်ပါ့) အကုန်ချုပ်တယ်။

(ဤနေရာ၌ စက်ဝိုင်း ကိုထောက်၍ ပြတော်မူသည်)

အကုန်ချုပ်ပြီး သကာလ ဒီဘက်ကဟာ ပေါ်လာ တယ် (မှန်ပါ့ ဘုရား) ဝေဒနာ နိရောဓာ တဏှာ နိရောဓော နိဗ္ဗာနံ ဆိုတဲ့ အသင်္ခတပေါ်လာတယ် (မှန်ပါ့ဘုရား) ဘာပေါ်လာသလဲ (အသင်္ခတ ပေါ်လာပါတယ်)။

အသင်္ခတ ပေါ်လာတော့ကို တဲ့၊ အသင်္ခတကို ဘာနဲ့ မြင်သတုန်းမေးတော့ ခုနင်က ရှုနေတဲ့ မဂ်နဲ့ပဲမြင်တယ်။ (မှန်ပါ့) ဒါဖြင့် သူ့ပိုတာပဲ (မှန်ပါ)။

ဘယ်သူကပို့တာတုန်း (မဂ္ဂင်ကပါ ဘုရား) မဂ္ဂင်ကပဲ ပို့တယ်ဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။

ရှေးက ဒီနေရာ မမြင်ဖူးပါဘူး (မှန်ပါ့) ဒကာကြွယ် ရှေးက (မမြင်ဖူးပါဘူး ဘုရား) အင်း အခု ဘယ်သူပြလို့ မြင်ရပါလိမ့် (မဂ္ဂင်ပြလို့ မြင်ရပါတယ် ဘုရား) မဂ္ဂင်က ပြလို့မြင် ရတယ်ဆိုတာ သေချာပလား (သေချာပါပြီ)။

ဒါဖြင့် သူပြလို့ မြင်လို့ရှိရင်ဖြင့် သြော် ဒါမသေရာမှန် အသင်္ခတ နိဗ္ဗာန်ဆိုတာ ဒါပဲ (မှန်ပါ့ ဘုရား) ဒါကို မဂ္ဂင်နဲ့ မြင်ပြီး သကာလ နေတော့ အဲဒီ အချိန်ကျတော့ ဒကာ ဒကာမတို့ ခန္ဓာဘက်ရှုပေး (မှန်ပါ့) ခန္ဓာရှုရင် မြင်တော့ နေသေးတယ်နော် (မှန်ပါ့) မြင်တော့နေသည့် အတွက် သြော် ဒါသည်ကားလို့ ဆိုရင် ဘာပါလိမ့် မသေရာကို မြင်ထားတယ် (မှန်ပါ့)။

မသေရာကိုမြင်ထားတယ်

မသေရာကို မြင်ထားတယ် ဒကာ ဒကာမတို့ (မှန်ပါ့) မသေရာကို မြင်ထားတဲ့ နေ့ဖြင့် အို စုတေသွားလို့ ရှိရင် ဒီနေရာ မဂ်ရောက်တယ် (မှန်ပါ့) မသေတဲ့ နေရာရောက်မယ် (ရောက်ပါတယ် ဘုရား)။

ခုနင်က ဝါးဖောင်တွေ အားကိုးတဲ့ ပုဂ္ဂိုလ်ကတော့ သေရာပဲ ရောက်တယ် (မှန်ပါ့) ဒီသေပြီး သကာလ ဟိုမှာ ဘာဖြစ်ဦးမှာပါလိမ့် (သေရာ ရောက်ပါတယ်) ခဏတော့ နေဦးမှာ ပေါ့လေ (မှန်ပါ့) ပြီးတော့ ဘာဖြစ်မလဲ (သေရမှာပါဘုရား)။

အင်း ဒီကသေပြီးတော့လဲ ဟိုမှာ သေရာဌာနပဲ သွားရ တယ် (မှန်ပါ) သဘောကျပလား (ကျပါပြီ)။

ဒါဖြင့် မသေရာ ဆိုတာသည် အသင်္ခတပဲ (မှန်ပါ့) အသင်္ခတ ဆိုတဲ့ဥစ္စာ ဒကာ ဒကာမတို့ ဘယ်သူမှ မပြုပြင်ဘဲနဲ့ ခိုင်မြဲနေတဲ့ တရား (မှန်လှပါ ဘုရား) အဲဒါ ဘာခေါ်ကြမယ် (အသင်္ခတပါ) ဘယ်သူမှ မပြုပြင်ဘဲနဲ့ ခိုင်မြဲတဲ့ တရား ဘာခေါ်ကြမယ် (အသင်္ခတပါ ဘုရား)။

အဲဒီ အသင်္ခတတရားကို ခင်ဗျားတို့ ဖြစ်ပျက် ဆုံးအောင်ရှု နိုင်တဲ့ ပုဂ္ဂိုလ် ကိုယ်တိုင် မြင်ရ လိမ့်မယ် (မှန်ပါ့) ဖြစ်ပျက်ဆုံးအောင် ရှုနိုင်တဲ့ပုဂ္ဂိုလ် (ကိုယ်တိုင် မြင်ရမှာပါ) ကိုယ်တိုင် မြင်ရတော့ အမြင်ခံရတဲ့ အသင်္ခတ, က နိဗ္ဗာန် (မှန်ပါ့) ခင်ဗျားတို့ ပြောနေကျ နိဗ္ဗာန် (မှန်ပါ့) မြင်နေတာက မျက်လုံးနဲ့ မြင်တာ မဟုတ်ဘူး၊ မဂ်ဉာဏ်နဲ့မြင်တာ (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။

ဘာနဲ့မြင်တာပါလိမ့် (မဂ်ဉာဏ်နဲ့မြင်တာပါ) မဂ်ဉာဏ် ဖိုလ်ဉာဏ်, ပစ္စဝေက္ခဏာ ဉာဏ်တွေနဲ့ မြင်ပါတယ် (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ)။

ဒါဖြင့် အသင်္ခတ နိဗ္ဗာန် (မှန်ပါ့) အသင်္ခတ ဂါမိမဂ်က မဂ်ဉာဏ် (မှန်ပါ့) ဖိုလ်ဉာဏ် သဘောကျပလား (ကျပါပြီ)။

ဒီလိုဆိုတော့ ဦးဘအုန်းရေ သေချာပြီလို့ ဆုံးဖြတ်ချက်ချပါ (မှန်ပါ့) ကိုယ်မြင်ထားတဲ့ နေရာ ဒီတစ်ခါ မြင်ပြီးလို့ ရှိရင်ဖြင့် ဒါ- ငါ၏ရောက်ရာ ဌာနဆိုတာ ကိုယ့်ဟာကိုယ် ဆုံးဖြတ်ချက်ချပါ (မှန်ပါ့)။

ကိုယ့်ဟာကိုယ် ဆုံးဖြတ်ချက် ချထားတော့ ဖြတ်ဆို စုတေကျ အဲဒီပဲ ရောက်သွားတယ် (မှန်ပါ) နဂိုကလဲ ချမ်းသာနေတယ် (မှန်ပါ့)။

ငါသည်အပါယ်လေးပါးတံခါးပိတ်ပြီး

နဂိုကိုက သူ့ဟာသူလဲ စိတ်ထဲမှာ အဲဒါမြင်ပြီးတဲ့ အချိန်က စပြီး တစ်ခါတည်း ဒကာကြွယ်တို့ မှတ်လိုက်ပါ ဪ ငါသည်ကား အပါယ်လေးပါး တံခါးပိတ်ပြီလို့ သူ့ဟာသူ သိတယ် (မှန်ပါဘုရား)။

ဒီဟာမြင်ပြီးတဲ့ ပုဂ္ဂိုလ်က (သူ့ဟာသူ သိပါတယ် ဘုရား) အပါယ် လေးပါး တံခါးပိတ်တယ် ဆိုတာ သူများ မမေးရဘူး (မှန်ပါ့) ငါသေရင် အပါယ်မသွားဘူး ဆိုတာလဲ သူသိတယ် (သိပါတယ်ဘုရား) သဘောကျပလား (ကျပါပြီဘုရား)။

ဒါဖြင့် ဒီဉာဏ်သည် ဒကာ ဒကာမတို့ ဉာဏ်ထိုင်းတဲ့ ပုဂ္ဂိုလ် ကိုပဲ တစ်ခါတည်း ဆုံးဖြတ်ချက် ချပါ (မှန်ပါ့) မင့်ဟာ အပါယ် မသွားတော့ဘူး (မှန်ပါ့) ဟိုဟာ မင်းမြင်တာ နိဗ္ဗာန်ပဲ (မှန်ပါ့)။

အဲ- ဒီတော့ မင်းသည်ကားလို့ ဆိုလို့ရှိရင် ဘာမှ ပူဆွေး သောက ဗျာပါရ မရှိတော့ဘူး (မှန်ပါ့) ငါးပါးသီလလဲ လုံသွားပြီ (မှန်လှပါ ဘုရား) သဘောကျပလား (ကျပါပြီ)။

ဒီဟာ လုံပြီ၊ အပါယ်လေးပါး တံခါးပိတ်တာလဲ သူ့ဟာသူသိ တယ် (မှန်ပါ့ ဘုရား) ငါးပါး သီလလဲ ဘယ်လို လွန်ကျူးပါဆိုလို့မှ (မလွန်ကျူးပါ) ခုနင်က နိဗ္ဗာန်မြင်တဲ့ ပုဂ္ဂိုလ်ပေါ့ဗျာ (မှန်ပါ့)။

အသင်္ခတ ဂါမိမဂ်ကိုမြင်တဲ့ ပုဂ္ဂိုလ်ကတော့ ဦးဘအုန်းရေ ဒါတော်တော့ ပုဂ္ဂိုလ်ကတော့ မဟုတ်ဘူးပေါ့ဗျာ (မှန်ပါ့) တကယ်မြင်တဲ့ ပုဂ္ဂိုလ်ကတော့ ဒကာကြွယ် တကယ်လုံပြီ (မှန်ပါ့) အသက် စွန့်မယ်၊ ငါးပါးသီလ မစွန့်ဘူး (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အပါယ်လေးပါး ဆိုတာ သူ့ဟာသူ မကျဘူးလို့ သိတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ) ငါသေရင်ဖြင့် ဖရိုဖရဲ ကျတဲ့လမ်းကို မရောက်ဘူး (မှန်ပါ့) နိယတ မိစ္ဆာဒိဋ္ဌိ ဘေးတွေလဲ မသင့်တော့ဘူး (မှန်ပါ့) ဘယ်ဆရာမှ ဘယ်တရား လာဟောလဲ မရတော့ဘူး (မရတော့ပါဘုရား)။

ဒီ နိဗ္ဗာန်ရောက်တဲ့ တရားဆိုရင် သူနာမယ် (မှန်ပါ့) ဒီပြင် တရားဆိုရင် (မနာပါ) ဒီပြင်တရား မနာတော့ပါဘူး ဆိုပြီး အယူတွေလဲ ကင်းသွားတယ် (မှန်ပါ့)။

အဲဒါ ဘယ်သူ့ သတ္တိပါလိမ့်မတုန်း ဆိုတာ အားကိုးရာ ရတဲ့ မဂ်သတ္တိ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ) ဒါဖြင့် ဒကာ ဒကာမ တို့ ဖြစ်ပျက် မြင်အောင်လုပ်ပါ(မှန်ပါ့) ၂-နံပါတ်ထဲက ဖြစ်ပျက် ကို (မြင်အောင် လုပ်ရပါမယ်) စိတ်ရှုရင် စိတ်ဖြစ်ပျက် မြင်ရင် ပြီးတာပဲ (မှန်ပါ့) ဝေဒနာရှုတဲ့ ပုဂ္ဂိုလ် (ဝေဒနာ ဖြစ်ပျက် မြင်ရင်ပြီးတာပါပဲ ဘုရား)။

အဲ မြင်ပြီး သကာလ မြင်ရာက နေပြီး ကြိုးစားရှု မုန်းဉာဏ် ရောက်မှာပဲ (မှန်ပါ့) မုန်းဉာဏ်က နေပြီး ဆုံးဉာဏ် ရောက်မှာပဲ (မှန်ပါ့ ဘုရား)။

ရောက်လို့ ရှိရင်ဖြင့် ခင်ဗျားတို့ အားကိုးရာ အစစ် ကိုယ်ပိုင် ဖြစ်ပြီလို့ ဆုံးဖြတ်ချက်ချ (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီဘုရား)။

ကဲ ယနေ့ ဒီတွင် တော်ကြဦးစို့ ။

သာဓု သာဓု သာဓု။