060

နိဗ္ဗာန် မြင်ပုံ

အသံဖိုင်ခေါင်းစဉ်= သမ္မာဒိဋ္ဌိ၅-မျိုး အမှတ်(၁)တရားတော်

စာအုပ်ခေါင်းစဉ်= နိဗ္ဗာန် မြင် ပုံ

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး အမရပူရမြို့၌

ဟောကြားတော်မူသောတရားတော်

နိဗ္ဗာန် မြင် ပုံ

(၂၈-၂-၆၀)

လူမိုက်က မဂ္ဂဗြဟ္မစရိယ အကျင့်ကို မကျင့်ဘူး၊ လူလိမ္မာ က မဂ္ဂဗြဟ္မစရိယ အကျင့်ကို ကျင့်တယ်လို့ ဆိုတော့ ဒီနေ့ လူမိုက် နဲ့ လူလိမ္မာ ဒါ ထူးခြားပုံ သိပြီနော် (မှန်ပါ့ ဘုရား)၊ မဂ္ဂဗြဟ္မ စရိယ အကျင့် ကျင့်လိုက်တဲ့ အတွက် လူလိမ္မာမှာ နောက် ပဋိသန္ဓေ နေခြင်း, အိုခြင်း, နာခြင်း, သေခြင်း မရှိတော့ဘူး (မှန်ပါ့ ဘုရား)။

မဂ္ဂဗြဟ္မစရိယ အကျင့် မကျင့်တဲ့ လူမိုက်များမှာတော့၊ နောက် ပဋိသန္ဓေနေ၊ အိုမှု, နာမှု သေမှုတွေ အလုံးစုံ အကုန် လာတာပါပဲ (မှန်ပါ့ ဘုရား)။

ဒါဖြင့် လူလိမ္မာနဲ့ လူမိုက်သည်ကား ဆိုလို့ရှိရင်ဖြင့် မဂ္ဂဗြဟ္မ စရိယအကျင့် ကျင့်ခြင်းကြောင့် နောက်ဒုက္ခဖြတ်တာ လူလိမ္မာ (မှန်ပါ) နောက် ဒုက္ခဆက်တာ (မှန်ပါ) ကောင်းပြီ ဒါ လူမိုက်နဲ့ လူလိမ္မာ ထူးတာ။

သမ္မာဒိဋ္ဌိငါးမျိုး

မဂ္ဂဗြဟ္မစရိယ့် အကျင့် ဆိုပေမယ့်လဲ တရားလိုက်တော့ သမ္မာဒိဋ္ဌိ အလုပ် (မှန်ပါ)။ သမ္မာဒိဋ္ဌိ ဘယ်နှစ်မျိုး ရှိတုံးလို့ ဆိုတာ ဦးဝတို့ နေရာမကျ သေးဘူးပေါ့ဗျာ (မှန်ပါ့)၊ အဲဒီတော့ သမ္မာ ဒိဋ္ဌိ ကျုပ်တို့ ဝေဖန်တော့ ကမ္မဿကတာ သမ္မာဒိဋ္ဌိ ၁-နံပါတ် သူလဲ သမ္မာဒိဋ္ဌိပဲ (မှန်ပါ)။

၁။ ကမ္မဿကတာ သမ္မာဒိဋ္ဌိ၊

၂။ ဈာန သမ္မာဒိဋ္ဌိ၊

၃။ ဝိပဿနာ သမ္မာဒိဋ္ဌိ၊

၄။ မဂ္ဂသမ္မာဒိဋ္ဌိ၊

၅။ ဖလသမ္မာဒိဋ္ဌိ

သမ္မာဒိဋ္ဌိ ဘယ်နှစ်မျိုး ရှိပါလိမ့် (၅-မျိုးရှိပါတယ် ဘုရား)။

၅-မျိုးရှိတယ်ဆိုတော့ ဒကာ ဒကာမတွေက သြော် သာသနာပရော သာသနာတွင်းရော နှစ်ခုလုံးရှိတဲ့ သမ္မာဒိဋ္ဌိက ကမ္မဿကတာ သမ္မာဒိဋ္ဌိ၊ လှူဒါန်း ပေးကမ်းပြီး သကာလ သုဂတိ၊ ဘဝသမ္ပတ္တိ၊ ဘောဂသမ္ပတ္တိ ရတာက ကမ္မဿကတာ သမ္မာဒိဋ္ဌိ သာသနာ တွင်းလဲ ရှိတာပဲ သာသနာပလဲ ရှိတာပဲ (မှန်ပါ့)။

၁-နံပါတ်ကတော့ ပြီးသွားရောနော် (မှန်ပါ့)၊ ဈာန သမ္မာဒိဋ္ဌိဆိုတာက သမထလမ်းက နေပြီး သကာလ ရူပ အရူပ ဗြဟ္မာ ပြည်ကို ရောက်စေတတ်တဲ့ သမ္မာဒိဋ္ဌိ၊ ဝါ- ဉာဏ်ပေါ့ဗျာ (မှန်ပါ့)။

ဒါကလဲ သာသနာပလဲရှိ၊ သာသနာတွင်းလဲ ရှိပြီး သကာလ နေတော့ လမ်းက သူ့ကြည့် လိုက်ပြန် တော့လဲ ရူပ အရူပဘုံရောက် ပြန်တယ်ဆိုတော့ ဒုက္ခသစ္စာ ပြန်ရခြင်းကြောင့် သူလဲသိပ်ပြီး အဖိုး တန်ကြီး တန်တယ်လို့ မယူလိုက်ပါနဲ့ (မှန်ပါ့ ဘုရား)။

သာသနာတွင်းသမ္မာဒိဋ္ဌိ

အဲဒီတော့ နောက် ပြမယ့် ၃-နံပါတ် ဝိပဿနာ သမ္မာဒိဋ္ဌိ၊ မဂ္ဂသမ္မာဒိဋ္ဌိ၊ ဖလသမ္မာဒိဋ္ဌိ ဆိုတဲ့ သမ္မာဒိဋ္ဌိ သုံးမျိုး သာလျှင် သာသနာ တွင်းမှာသာ ပေါ်နိုင်တယ်လို့ မှတ်ထားပါ (မှန်ပါ့)။

အဲဒီ သာသနာတွင်းမှာ ပေါ်နိုင်တဲ့ သမ္မာဒိဋ္ဌိကဖြင့် ပထမ သမ္မာဒိဋ္ဌိက သက္ကာယ ဒိဋ္ဌိပြုတ်အောင် လုပ်နိုင်တယ်၊ ဝိပဿနာ သမ္မာဒိဋ္ဌိက (ပြုတ်အောင် လုပ်နိုင်ပါတယ် ဘုရား)။

ဝိပဿနာ သမ္မာဒိဋ္ဌိက ဘာကိုပြုတ်အောင် ပျက်အောင် လုပ်ပါလိမ့် (သက္ကာယဒိဋ္ဌိ ပြုတ်အောင် ပျက်အောင် လုပ်နိုင် ပါတယ် ဘုရား)။

သက္ကာယဒိဋ္ဌိ ပြုတ်အောင် ပျက်အောင် လုပ်နိုင်တဲ့အတွက် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဒီအလုပ်သာ လုပ်မယ်ဆိုရင် ဘုန်းကြီးကရော၊ ဘုရားကရော အပါယ်တော့ မကျဘူးဟေ့ အထက် သံသရာကနေ နိဗ္ဗာန်ကိုသာ သွားမယ်ဆိုတာ ရဲဝံ့စွာ တာဝန်ခံတယ်။

အဲဒီတော့ ဒီထဲမှာ သူကတော့ သူ့အကျိုးပေး ပြောစမ်းပါ ဆိုတော့ ယခုဘဝ နိဗ္ဗာန် ရသည့် ဘဝတွင် သောတာပန်, သကဒါဂါမ်, အနာဂါမ်, ရဟန္တာ ဖြစ်သည့်တိုင်အောင် ဝိပဿနာ သမ္မာဒိဋ္ဌိက အကျိုးပေး နိုင်တယ်ဆိုတာ ဒကာ ဒကာမတွေ ပြောပြီးပြီနော် (မှန်ပါ့)။

ကောင်းပြီ၊ ဒါဖြင့် ဝိပဿနာ သမ္မာဒိဋ္ဌိက သူ့အလုပ်လုပ်တဲ့ အခါမှာ ဘယ်ပေါ်မှာ အလုပ် လုပ်တယ် ဆိုတာ မနေ့က ပြောတယ်နော် (မှန်ပါ့)။

အဲဒါ အဲဒီကပဲ စပြောပြီးတော့မှ အင်း- တတိယ သမ္မာဒိဋ္ဌိ ပြီးတော့မှ စတုတ္ထသမ္မာဒိဋ္ဌိ တက်ရအောင် (မှန်ပါ့)၊ ကိုင်းဒကာ ဒကာမတို့ ၁-နဲ့ ၂-ဖြုတ်ထားပါပြီ၊ သာသနာပလဲ ဖြစ်နေလို့၊ လဲ ဒုက္ခဝဋ် ကျွတ်စေနိုင်တဲ့ သဘောမျိုး အင်္ဂုတ္တိုရ် ဆရာ မပြောသောကြောင့်လဲ တစ်ကြောင်း။

အရေးကြီးတဲ့ ၃-နံပါတ်ပဲ ကျုပ်အလုပ်ခွင် ဝင်ပြီး သကာလ ဦးဘတင်တို့ အရေးတကြီး မှတ်ကြဖို့ (မှန်ပါ့)။

အဲဒီတော့ သံယုတ် အဋ္ဌကထာဆရာက ဝိပဿနာသမ္မာ ဒိဋ္ဌိက ကွာတဲ့

“ဝိပဿနာ သမ္မာဒိဋ္ဌိယာ အနိစ္စာဒိဝသေန ခန္ဓာဒီသု ဝိသောဓိတေသု၊” ဝိပဿနာ သမ္မာ ဒိဋ္ဌိကတော့ ပော့တဲ့ ပဋိစ္စသမုပ္ပါဒ် ပေါ်လာတဲ့ ဓမ္မတွေကို အနိစ္စ, ဒုက္ခ, အနတ္တ အစရှိသည်နှင့် သူသည် မြင်တဲ့ အတွက် ငါ ငါလို့ ထင်မှတ်နေတဲ့ သက္ကာယဒိဋ္ဌိ သေသေချာချာ စင်အောင် လုပ်နိုင်သော ဝိပဿနာ သမ္မာဒိဋ္ဌိ (မှန်ပါ့ ဘုရား)။

သံယုတ် အဋ္ဌကထာဆရာက – ခန္ဓာဒိသု- ခန္ဓာ အစရှိ သည့်တို့၌၊ ဝိသောဓိ တေသု-သက္ကာယဒိဋ္ဌိကို သုတ်သင်ပြီးသည် ရှိသော် သူကဖြင့် သြော်-အနိစ္စ, ဒုက္ခ, အနတ္တလို့ တစ်ခုသော တရား ပေါ်လာလို့ ပဋိစ္စသမုပ္ပါဒ် အစ ပေါ်လာတာတွေ ရှုနိုင် ရှုနိုင်၊ အလယ် မှာ ပေါ်လာတာတွေ ရှုနိုင် ရှုနိုင်၊ အဆုံးကပဲ ရှုနိုင် ရှုနိုင် ရှုချင် တာရှုပါ ဒကာ ဒကာမတို့။

အနိစ္စဖြစ်ပျက် မြင်ကြလို့ရှိရင် ဘယ်နည်းနှင့် မဆို မနေ့က ပြောတဲ့အတိုင်း သက္ကာယဒိဋ္ဌိ၊ သဿတဒိဋ္ဌိ၊ ဥစ္ဆေဒဒိဋ္ဌိ ရှင်းပါတယ် လင်းပါတယ် ဒီဉာဏ်ကနော် (မှန်ပါ့ ဘုရား) ဒါဖြင့် ဝိပဿနာ သမ္မာဒိဋ္ဌိသည် ဒိဋ္ဌိသုံးမျိုးကို စင်ကြယ်စေနိုင်တယ်လို့ မှတ်ထားလိုက် တာပေါ့ (မှန်ပါ့ ဘုရား)။

ဝိပဿနာ သမ္မာဒိဋ္ဌိသည် ဘာကို စင်ကြယ်စေနိုင်တယ် (ဒိဋ္ဌိသုံးမျိုးကို စင်ကြယ် စေနိုင်ပါတယ် ဘုရား)၊ အေး-သက္ကာယဒိဋ္ဌိ၊ သဿတဒိဋ္ဌိ၊ ဥစ္ဆေဒ ဒိဋ္ဌိ ဒီဒိဋ္ဌိ သုံးမျိုးကို စင်ကြယ်စေ နိုင်သောကြောင့် ဦးဘအုန်းတို့၊ ဦးခင်မောင်တို့ -သူအရေးကြီးဆုံးပါ လားဆိုတာ ပေါ်လာတယ် (မှန်ပါ့ ဘုရား)။

မဂ္ဂသမ္မာဒိဋ္ဌိ ဆိုတဲ့ စတုတ္ထအချက်ကတော့ကို ဒကာသစ် တို့ အလွယ်လေး သူများ ရှင်းပြီးတဲ့ ဥစ္စာ သူက ဝင်ထိုင်တာဗျ (မှန်ပါ့ ဘုရား)၊ သူက ဒီလောက် အရေးကြီးတာ မဟုတ်ဘူး (မှန်ပါ့ ဘုရား)။

ဪ- ဝိပဿနာ သမ္မာဒိဋ္ဌိက ရှင်းပေးပြီး သက္ကာယဒိဋ္ဌိ တွေ ရှင်းလင်းပြီး သူက နေပြီး သကာလ အင်း-ဆိုက်ဆိုက်မြိုက်မြိုက် ဝင်လာပြီး နိဗ္ဗာန်မြင်ပြီး ဝင်လာတဲ့ တရားပါ (မှန်ပါ ဘုရား)။

ဝိပဿနာသမ္မာဒိဋ္ဌိ

ဒါကြောင့် ဒကာ ဒကာမတို့ ၃-နံပါတ်ဟာ အရေးအကြီး ဆုံးအချက်လို့ ဒကာ ဒကာမတို့မှတ်ပါ (မှန်ပါ ဘုရား)။ ဘယ်သူက အရေးကြီးဆုံးတုံး (ဝိပဿနာ သမ္မာဒိဋ္ဌိက အရေး အကြီးဆုံးပါ ဘုရား)၊ ၃-နံပါတ်က ဘာပါလိမ့် (ဝိပဿနာ သမ္မာဒိဋ္ဌိပါ ဘုရား)၊ ဝိပဿနာရှုတဲ့ အလုပ် (မှန်ပါ့ ဘုရား)။

ဝိပဿနာရှုတဲ့ အလုပ် ဆိုတာ တခြားမှတ်မနေနဲ့ ခင်ဗျားတို့ သန္တာန်မှာ ပေါ်နေတဲ့ ဝေဒနာ ဖြစ်စေ, စိတ်ဖြစ်စေ ပေါ်ချင်တာပေါ် လာပါစေ၊ စားချင်တဲ့ စိတ်ကလေး ပေါ်ချင်လဲ ပေါ်ပါစေ၊ အိပ်ချင် တဲ့စိတ်ကလေး ပေါ်ချင်လဲ ပေါ်ပါစေ၊ ငိုက်ချင်တဲ့ စိတ်ကလေး ပေါ် ချင်လဲ ပေါ်ပါစေ၊ ပျံ့လွင့်တဲ့ စိတ်ကလေး ပေါ်ချင်လဲ ပေါ်ပါစေ၊ ပေါ်တာ နောက်ကနေပြီး သကာလ ဒီဓမ္မလေးဟာ ဖြစ်ပြီး ပျက်တဲ့ ဓမ္မလေး ပါလားလို့ ရှုဖြစ်အောင် ရှုပေးပါ၊ ဒါဝိပဿနာ ဖြစ်တာပါပဲ လို့ မှတ်ပါ။

ဘယ်စိတ်လာလာ ဖြစ်ပြီး ပျက်တာကိုသာ ဒကာ ဒကာမ တွေ ဉာဏ်ဦးတည်ပေးမယ် ဆိုရင် ဝိပဿနာ သမ္မာဒိဋ္ဌိ ဧကန် ဖြစ်တယ်လို့ မှတ် (မှန်ပါ့ ဘုရား) ရှင်းပြီးလား (ရှင်းပါပြီ ဘုရား)။

ဘယ်စိတ်ရယ်လို့ ဆိုစရာ မလိုပါဘူး၊ ဒကာ ဒကာမတို့ ပေါ်ရာကိုသာလျှင် ဖမ်းရှုပါ (မှန်ပါ့ ဘုရား) ပေါ်တာဟာ ပဋိစ္စ သမုပ္ပါဒ်ပဲ၊ ပဋိစ္စသမုပ္ပါဒ် ဆိုတာ ခန္ဓာပါပဲ။

ခန္ဓာ ဆိုတာသည်ကား ဆိုရင်ဖြင့် ဖြစ်ပြီး ပျက်မလို့ပေါ်လာ တဲ့ တရားမှ တစ်ပါး အခြား ဘာတရားမှ မဟုတ်ပါဘူး (မှန်ပါ့ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ မပေါ်ဘဲနေရင်လဲ သေကြမှာ ပဲ (မှန်ပါ့ ဘုရား)၊ စိတ်တွေ မပေါ်ဘဲ နေရင် (သေမှာပါ ဘုရား)၊ ဒါဖြင့် ပေါ်လာတဲ့ စိတ်ကို ဝိပဿနာ သမ္မာဒိဋ္ဌိနဲ့ရှုပါ (မှန်ပါ ဘုရား)။

ရှုလိုက်သည်နဲ့ တစ်ပြိုက်နက်တည်း ဒကာ ဒကာမတို့ ခင်ဗျားတို့ကတော့ အနိစ္စ, အနိစ္စ မြင်တယ်လို့ ဆိုကြလိမ့်မယ် (မှန်ပါ့ ဘုရား)။

ဖြစ်ပျက်မြင်တာသည်ဒိဋ္ဌိသေတာ

မငြင်းပါဘူးတဲ့၊ ဆရာဘုန်းကြီးကလဲ ဒကာ ဒကာမတွေ ပြောတဲ့ အတိုင်း ဖြစ်ပြီး ပျက်တာ မြင်ကြတာပဲ အနိစ္စ မြင်တာပဲ မှန်ပါ တယ်၊ အနိစ္စမြင်တာသည် ဒကာ ဒကာမတို့ အပါယ်လေးပါး သွား စေတတ်တဲ့ ဒိဋ္ဌိ သေတာလို့ ပြောလိုက်လို့ ရှိရင်လဲ ပြီးတာပဲ (မှန်ပါ့ ဘုရား) သဘောကျရဲ့လား (ကျပါတယ် ဘုရား)။

ဖြစ်ပြီး ပျက်တာ မြင်လိုက်တာ အနိစ္စ မြင်တယ်ဆိုလဲ မှန်တာပဲ (မှန်ပါ့ ဘုရား)၊ ရှင်းကောရှင်းရဲ့ လား (ရှင်းပါ တယ် ဘုရား)။

အနိစ္စမြင်တယ် ဆိုရင်လဲ မှန်တာပဲ၊ အင်း-ဖြစ်တာလေးကလဲ ပျက်သွားတာ မြင်လိုက်တော့ ဒကာ ဒကာမတို့ ငါလဲ မဟုတ်ဘူး၊ ငါ့ဥစ္စာလဲ မဟုတ်လို့ ပျက်စီးတာပဲ၊ ဓမ္မလေး သဘောအတိုင်း ပေါ် လာတာ ဓမ္မလေး ပျက်သွားတာ ဆိုသဖြင့် ငါ-ငါ့ဥစ္စာဆိုတဲ့ သက္ကာယဒိဋ္ဌိက လာသေးရဲ့လား (မလာပါ ဘုရား)။

အဲဒါ မလာတာ ထောက်သဖြင့် သြော်- ဖြစ်ပျက်မြင်တာ သည် ဒိဋ္ဌိသတ် နေတာပါလားလို့ ရှေးဦးစွာပဲ မှတ်လိုက်တာပေါ့ (မှန်ပါ့ ဘုရား)၊ ဖြစ်ပျက်မြင်တာ ဘာပါလိမ့် (ဒိဋ္ဌိသတ် နေတာ ပါ ဘုရား)။

ဖြစ်ပျက်မြင်တာသည် ဒိဋ္ဌိသတ် နေတာဟာ ဧကန်စင်စစ် ဖြစ်ပါတယ် ဆိုတာ သံယုတ် အဋ္ဌကထာ ဆရာက “ဝိပဿနာသမ္မာ ဒိဋ္ဌိ တေဘူမက သင်္ခါရေသု အနိစ္စာဒိ ဝသေန ခန္ဓာဒီသု ဝိသောဓိတေသု” ခန္ဓာဒီသု- အနိစ္စခန္ဓာ အစရှိသည်တို့၌၊ ဝိသောဓိတေသု-ငါ- ငါ့ကိုယ် စွဲယူတဲ့ သက္ကာယဒိဋ္ဌိ တရားကို ပယ်နှုတ်ပြီး၍၊ ဒါ သက္ကာယ ဒိဋ္ဌိပယ်နုတ်နေတာတဲ့ (မှန်ပါ့ ဘုရား)။

ဖြစ်ပျက်ရှုတာ ဘာလုပ်ကြတာတုံး (သက္ကာယဒိဋ္ဌိ ဖြုတ်နေတာပါ ဘုရား)၊ အဲ-ဒကာ ဒကာမတို့ ရှုတုန်းကတော့ အနိစ္စမြင်အောင် ရှုတာ ပြောကြတယ် (မှန်ပါ့ ဘုရား)၊ မှန်ပါ တယ်တဲ့။

အနိစ္စ မြင်အောင် ရှုတယ်ဆိုတာ မမှားပါဘူး၊ အကျိုးဘာ ပြီးသတုံးလို့ မေးတဲ့အခါကျတော့ အပါယ်သွား စေတတ်တဲ့ သက္ကာယဒိဋ္ဌိပြုတ်ပါတယ်ဘုရားလို့ ခင်ဗျားတို့ လျှောက်ရလိမ့်မယ် (မှန်ပါ ဘုရား)။

ဖြစ်ပျက်မြင်ပြီးသေသွားစမ်းပါ

ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေသည် ဖြစ်ပျက် မြင်ပြီး သေသွားစမ်းပါလို့ ပြောလိုက် ပါတယ် (မှန်ပါ့ ဘုရား)။

ဖြစ်ပျက်အဆုံး မရောက်ချင် နေပါစေ၊ ခန္ဓာကိုယ်မှာ ဥပစ္ဆေဒက, ဥပဃာတက ကံတွေက ဝင်လာပြီး ဖြတ်လိုက်လို့ ဦးဘအုန်းတို့ နော် – အပါယ်တော့ စိတ်ချရတယ် (မှန်ပါ့ ဘုရား)။

ဘာဖြစ်လို့ စိတ်ချရသတုံးလို့ မေးတဲ့အခါကျတော့ သက္ကာယဒိဋ္ဌိက ပြုတ်နေလို့ (မှန်ပါ ဘုရား)၊ သက္ကာယဒိဋ္ဌိက ပြုတ်နေတော့ ဖြစ်တာ မြင်သဖြင့် သက္ကာယဒိဋ္ဌိ, ဥစ္ဆေဒ ဒိဋ္ဌိ ပြုတ်တယ်လို့ မနေ့က ပြောခဲ့တယ် (မှန်ပါ့ ဘုရား)၊ ပျက်တာ မြင်သဖြင့် သဿတ ဒိဋ္ဌိပြုတ်တယ်လို့ မနေ့က မပြောခဲ့ဘူးလား (ပြောခဲ့ပါတယ် ဘုရား)။

အဲဒါကြောင့် ဒကာ ဒကာမတို့ မူလ အရင်းဒိဋ္ဌိတွေက မပြုတ်လား (ပြုတ်ပါတယ် ဘုရား)၊ အဲဒါကြောင့် သံယုတ် အဋ္ဌကထာ ဆရာက ခန္ဓာအစရှိသည်တို့ကိုပဲ ဝိသောဓိတေသု သက္ကာယဒိဋ္ဌိ သုတ်သင်ပြီးသည်ရှိသော် ဝိပဿနာ သမ္မာဒိဋ္ဌိက သက္ကာယဒိဋ္ဌိ သုတ်သင်တာ ဦးခင်မောင် ဘာတဲ့တုံး (သက္ကာယဒိဋ္ဌိ သုတ်သင်ပါတယ်တဲ့ ဘုရား)။

သြော်-သက္ကာယဒိဋ္ဌိ သုတ်သင် ရှင်းလင်းတဲ့ တရားလို့ဆို သဖြင့် အားလုံး တရားနာကြတဲ့ ဒကာ ဒကာမတွေဟာ သြော် အပါယ်လေးပါး တံခါးပိတ်တာ ဒီက စတာကိုး၊ ဝိပဿနာ ရှုတာက ဖြစ်ပျက်မြင်တာက ဒါကိုးလို့ သေသေချာချာ မှတ်ပါ (မှန်ပါ)၊ ရှင်းပြီးလား (ရှင်းပါတယ် ဘုရား)။

ဖြစ်ပျက်မြင်တာသည် အပါယ်တံခါးပိတ်တာ

အပါယ်လေးပါး တံခါးပိတ်တာသည် ဘယ်ကစပါလိမ့် (ဖြစ်ပျက် မြင်တာက စ,ပါတယ် ဘုရား)။ ဖြစ်ပျက် မြင်တာက စတယ်၊ ဖြစ်ပျက် မြင်တော့ ဘာကျေးဇူး ခံစားရသတုံးလို့ အမေး ထုတ်ရင် ဘယ့်နှယ် ဖြေကြမယ် (သက္ကာယဒိဋ္ဌိ ပြုတ်ခြင်း ကျေးဇူးခံစားရ ပါတယ် ဘုရား)။

သက္ကာယဒိဋ္ဌိ ပြုတ်သွားတယ်ဆိုသဖြင့် ရင်ဝလှံစူး၊ ထိပ်ဦး မီးလောင် ဆိုတာ သက္ကာယဒိဋ္ဌိ အလျင် ပြုတ်ရမယ် ဆိုတာသည်ကား လို့ဆိုလို့ရှိရင် အရေးတကြီး အပါယ်သွားရမည့် တရားဖြစ်နေလို့ ဖြတ် ရတာ မဟုတ်လား (မှန်ပါ့ ဘုရား)။

အဲဒီတော့ သူဖြတ်နေတဲ့ အလုပ်ကို ကျုပ်တို့က သေသေ ချာချာ ဖြုတ်ပြီးသား ဖြစ်နေတော့၊ အင်း-မဂ်ဉာဏ် မရလဲ ဝိပဿနာ မဂ်နဲ့ပဲ သေသွားစမ်းပါ၊ လောကုတ္တရာမဂ် မရောက်ချင်နေပါစေ၊ အပါယ် လေးပါးတော့ မရောက်ပါဘူး။

ဒုတိယဘဝလဲ သေသေချာချာ သောတာပတ္တိ မဂ်ရမယ် ဆိုတာကိုလဲ အင်္ဂုတ္တိုရ်က တာဝန်ခံ သောကြောင့် အင်္ဂုတ္တိုရ်ဆိုတာ ဘုရား တိုက်ရိုက် ဟောတာ ဖြစ်လေ သောကြောင့် ဦးဘအုန်း ဂရုစိုက် ရတယ်။

ဒါဖြင့် ဝိပဿနာမဂ် ဆိုတာ မဖြစ်ဖြစ်အောင်လုပ် (မှန်ပါ ဘုရား)၊ ရှင်းပြီးနော် (ရှင်းပါတယ် ဘုရား)၊ ဘာလုပ်ကြ မယ် (ဝိပဿနာ သမ္မာဒိဋ္ဌိ လုပ်ကြရပါမယ် ဘုရား)။

ဝိပဿနာ သမ္မာဒိဋ္ဌိ မဖြစ်ဖြစ်အောင် လုပ်ရမယ်ဆိုတဲ့ဥစ္စာ သည် သက္ကာယဒိဋ္ဌိ မပြုတ် ပြုတ်အောင် ဖြုတ်ရမယ် ဆိုတာနဲ့ ဘာ ထူးတုံး (မထူးပါ ဘုရား)။

ဒကာ ဒကာမတို့ ဝိပဿနာ သမ္မာဒိဋ္ဌိ မဖြစ်ဖြစ်အောင် ရှုရ မယ်ဆိုတဲ့ဥစ္စာ သက္ကာယဒိဋ္ဌိ မပြုတ်ပြုတ်အောင် ဖြုတ်ရမယ် ဆိုတဲ့ စကားနဲ့ ဘာမှမထူးဘူး (မထူးပါဘူး ဘုရား)။

ရှင်းကာ ရှင်းရဲ့လား (ရှင်းပါတယ် ဘုရား)၊ အဲဒါ ကြောင့် သာသနာတွင်း တရားလဲဖြစ်တာနဲ့ ကျုပ်တို့ သေသေချာချာ စဉ်းစားကြည့်ပါ။

တစ်လောကလုံး ကျုပ်တို့မှာ အပါယ်ကို ဘုရားက ဟောခဲ့ တယ်၊ နောက် သံသရာတို့သည် အမြဲနေရာ ဘယ်နေတုံးလို့ မေးတော့ ဆရာဘုန်းကြီး လွန်ခဲ့တဲ့ (၁၅) ရက်လောက်က ပြောခဲ့တယ် မဟုတ်လား၊ အပါယ်လေးပါးလို့ ပြောခဲ့တယ် (မှန်ပါ့ ဘုရား)။

ဒကာ ဒကာမတွေ အမြဲနေတဲ့နေရာ ဘာပါလိမ့်(အပါယ် လေးပါးပါ ဘုရား)၊ ဒါဖြင့် သက္ကာယဒိဋ္ဌိ ကြောင့် ကျတာပဲဗျာ (မှန်ပါ့ ဘုရား)။

အပါယ်လေးပါး ချည်းနေခဲ့ရတာ ဘယ့်နှယ်ကြောင့်တုံး (သက္ကာယဒိဋ္ဌိကြောင့်ပါ ဘုရား) သက္ကာယဒိဋ္ဌိကြောင့် ကျတာပါဆို သဖြင့် ဦးဘအုန်းတို့ စဉ်းစား ပေတော့နော် (မှန်ပါ့ ဘုရား)။

ဘယ်တော့မှ မဖြစ်ဖူးဘူး ဆိုတာ သေချာပြီ (သေချာ ပါပြီ ဘုရား)၊ ဦးဘအုန်း ဘယ့်နှယ်တုံး (သေချာပါပြီ ဘုရား)၊ ဘယ်တော့မှ မဖြုတ်ဖူးဘူး ဆိုတာ သေချာပါတယ်။ ဘယ်တော့မှ ဝိပဿနာ အလုပ် မလုပ်ဖူးဘူး ဆိုတာ သေချာတယ် (သေချာ ပါတယ် ဘုရား)။

သေချာပါတယ် ဒကာ ဒကာမတို့၊ ဘယ်တော့မှ ဝိပဿနာ အလုပ်မလုပ်ဘူး ဆိုတာ သေချာပါတယ် (မှန်ပါ့ ဘုရား)။

အဲဒါကြောင့် အပါယ်လေးပါးသည် ကျုပ်တို့အမြဲနေရာ အိမ်ဂေဟာကြီးပဲလို့ ဓမ္မပဒ အဋ္ဌကထာ ဆရာက ဆိုပါတယ် (မှန်ပါ့ ဘုရား)။

ဒါကြောင့် ခင်ဗျားတို့ သက္ကာယဒိဋ္ဌိ မပြုတ်သေးဘဲနဲ့ ဒကာ ဒကာမတွေသည် အေးအေး နေချိန်ဖြင့်၊ လုံးဝ မရှိလို့ ဆုံးဖြတ်ချက် ချပါ (မှန်ပါ့ ဘုရား)၊ ဒါကြောင့် ဒိဋ္ဌိမပြုတ်ဘဲနဲ့ အေးအေး နေချိန် (လုံးဝ မရှိပါ ဘုရား)။

သက္ကာယဒိဋ္ဌိအလျင်ဖြုတ်ပါ

ခင်ဗျားတို့ အရောင်းတွေ၊ အဝယ်တွေ၊ သားဆင်ဖို့ သမီး ဆင်ဖို့ ဆွေခင်မှု, မျိုးခင်မှု အသာ လျှော့စမ်းပါ (မှန်ပါ့ ဘုရား) ဒီသက္ကာယဒိဋ္ဌိ အလျင် ဖြုတ်လိုက်စမ်းပါ (မှန်ပါ့ ဘုရား)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

သားသမီး ဆွေမျိုး၊ ဉာတကာ ကိစ္စ အလုပ်ကို မလွှဲသာတာ တွေ မလွှဲသာဟု ပြောမနေနဲ့၊ မလွှဲသားတာက သက္ကာယဒိဋ္ဌိ ဖြုတ် ဖို့ရာ မလွှဲသာတဲ့အလုပ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဟိုဟာတွေ လွှဲသာတယ်၊ မုန်းတာပဲရှိတယ်၊ သားဆီ မသွား ရင် သားကပဲ မုန်းမယ်၊ သမီးဆီ မသွားရင် သမီးက မုန်းတာပဲ ရှိ တယ်၊ အပါယ်တော့ မရောက်ဘူး (မှန်ပါ့)၊ သက္ကာယဒိဋ္ဌိ ဖြစ်ပျက်ကို မမြင်လို့ သက္ကာယဒိဋ္ဌိ မပြုတ်ခဲ့သော် ဒကာ ဒကာမတို့ မုန်းတာထက် ဆိုးတယ်နော် (မှန်ပါ့ ဘုရား)။

မုန်းတာ အရေးမကြီးပါနဲ့ အပါယ်ကျမှာ အရေးကြီးပါတယ်၊ သက္ကာယဒိဋ္ဌိရှိတဲ့ ပုဂ္ဂိုလ်များသည်

“ယထာဟိ မုဂ္ဂမာသ ပမာဏာပိ ပါသာကာ သက္ခရာ ဥဒကေ ပက္ခိတ္တာ ဥပ္ပိလဝမာနာ နာမ နတ္ထိ” လို့၊

အင်္ဂုတ္တိုရ် အဋ္ဌကထာက ဆိုသောကြောင့် သက္ကာယဒိဋ္ဌိရှိတဲ့ ပုဂ္ဂိုလ် များဟာကွာ၊ ကျောက်ခဲလေး ရေထဲ ချလိုက်သလို ဘွယ်တော့မှ ပေါ်လိမ့်မယ်လို့ ငါဘုရား မဟောဘူးကွ (မှန်ပါ့)၊ သဘောကျ ပလား (ကျပါပြီ ဘုရား)။

အဲဒီတော့ သားမုန်းတာ သမီးမုန်းတာ ပစ္စည်း မရတာ အရေးမကြီးပါနဲ့၊ ကိုယ်မြုပ်သွားလို့ မပေါ်မှာသာ စိုးရိမ်ပါ (မှန်ပါ့ ဘုရား)၊ ရှင်းပြီးလား (ရှင်းပါပြီ ဘုရား)၊ ကိုယ်မြုပ်သွားလို့ (မပေါ်မှာ စိုးရိမ် ရပါတယ် ဘုရား)။

အဲ – ခင်ဗျားတို့က အခုမှတွေ့တဲ့ သားသမီး၊ အခုမှတွေ့ တဲ့ ဆွေမျိုး၊ ခုမှတွေ့တဲ့ အိမ်နီး နားချင်း၊ ယခုမှ ရတဲ့ ပစ္စည်းလေးကို ခင်ဗျားတို့က အရေးတကြီး ထားပြီး နေကြပါတယ် (မှန်ပါ့)။

ကိုယ့်ကိုယ်ကို သနားတဲ့ကိစ္စမပါဘူး (မှန်ပါ့)၊ သူတစ်ပါးငဲ့ပြီးတော့ အပါယ်လေးပါး ရောက်ပစေ တော့ ဒီအဓိပ္ပါယ် ရောက်နေတယ် (မှန်ပါ့)၊ မရောက်ဘူးလား (ရောက်ပါ တယ် ဘုရား)၊ အဲဒီတော့ ခင်ဗျားတို့သည် မသိတဲ့အထဲ ဆိုးရွားတာ ပိုနေတယ် (မှန်ပါ့) သဘောကျ ကြပြီလား (ကျပါပြီ ဘုရား)။

မသိတဲ့အထဲမှာ (ဆိုးရွားတာ ပိုနေပါတယ် ဘုရား)။ ဆိုးရွား တာ ပိုနေသေးတယ် ဆိုတာ အရွယ်တွေလဲ ကြည့်ကြ စမ်းပါအုံး (မှန်ပါ့)။

အရွယ်တွေလဲ ကြည့်ကြစမ်းပါအုံး (မှန်ပါ့)၊ အရွယ် တွေလဲ ကြည့်ကြစမ်းပါအုံး၊ အလွန်ကြီး ရင့်ကုန်ပြီ၊ သုသာန် မျက် စောင်းထိုးကုန်ပြီ ဆိုရင်ကော လွဲပါ့မလား (မလွဲပါ ဘုရား)။

အဲဒီတော့ အရေးကြီးရမှာက ရင်ဝ လှံစူး, ဦးခေါင်း မီး လောင် ဒါထက် သက္ကာယဒိဋ္ဌိဖြုတ်ဖို့ ပိုအရေးကြီးတာ သံယုတ်ပါဠိ တော်က မဟောဘူးလား၊ အဲဒီတော့ ဒါကိုလုပ်ပါ သက္ကာယ ဒိဋ္ဌိဖြုတ် ပါဆိုတော့၊ ဘယ့်နှယ် ဖြုတ်ရမှာတုံး မေးတော့ ဖြစ်ပျက်ရှုမှ ပြုတ် မှာ (မှန်ပါ့)၊ ပေါ်လာတဲ့ စိတ်ကလေးကို (ဖြစ်ပျက်ရှု ရမှာပါ ဘုရား)။

ဖြစ်ပျက်ရှုမှ ပြုတ်မှာ ဒကာ ဒကာမတို့၊ ဖြစ်ပျက်မှ မရှုလို့ ရှိရင်တော့ မပြုတ်ပါဘူး (မပြုတ်ပါဘူး ဘုရား)၊ မပြုတ်ပါဘူး၊ ခင်ဗျားတို့ ရုပ် နာမ် ခွဲရုံ လေးလောက်နဲ့တော့ သညာပြုတ် သိလို့ ခေါ် တယ် (မှန်ပါ့)၊ ရုပ်နာမ် ခွဲရုံလေးဟာ ဘာပါလိမ့် (သညာ ပြုတ်သိလို့ ခေါ်ပါတယ် ဘုရား)။

ဒါက ပညာပြုတ် ဦးဘတင်ရ (မှန်ပါ့)၊ ဒါကပညာနဲ့ ကို ဖြုတ်တာ၊ ဝိပဿနာပညာနဲ့ ကိုဖြုတ်တာ (မှန်ပါ ဘုရား)။

ဒါ ဝိပဿနာ သမ္မာဒိဋ္ဌိနဲ့ ဖြုတ်တယ် (မှန်ပါ့)၊ ရှင်း ပလား (ရှင်းပါပြီ ဘုရား)၊ အဲဒီတော့ ဒကာ ဒကာမတို့ ကိုယ့်အရေးကို သိကြပလား (သိကြပါပြီ ဘုရား)။

ဒီတစ်လောကလုံး ကျုပ်တို့ ဘုရား အဆူဆူနဲ့ လွဲခဲ့တာလဲ အပါယ်ငရဲ နေခဲ့ရလို့ပဲဆိုရင်ကော လွဲပါ့မလား (မလွဲပါ ဘုရား) အင်း-အပါယ်ငရဲ ဘယ်သူက ရောက်အောင် ပို့ထားပါလိမ့်မလဲ (သက္ကာယဒိဋ္ဌိက ပို့ခဲ့တာပါ ဘုရား)။

သဘောကျပလား (ကျပါပြီ ဘုရား)၊ ရှင်းပြီးလား (ရှင်းပါပြီ ဘုရား)၊ ဒါသူမပြုတ်သရွေ့ ကာလပတ်လုံး ဘယ်ဘုရားနဲ့ မဆို လွဲဖို့ရာ သေချာပြီးသားလို့မှတ် (မှန်ပါ)၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဘယ်ဘုရားနဲ့မဆို လွဲဖို့ရာသည် ဘယ်လိုဆုတောင်း ဆု တောင်း တောင်းချင် သလောက် တောင်း သက္ကာယ မပြုတ်ရင် လွဲ ရမယ် (မှန်ပါ့)၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဆုတောင်းလေး သာမညနဲ့ တကယ်ချမယ့် သက္ကာယဒိဋ္ဌိ က အပါယ် ပို့ထားမှာနဲ့ ဆိုတော့ ဆုတောင်း သာမညနဲ့ တကယ်ပို့ မယ့်တရားနဲ့ ဘယ်သူ အတည် ပြုကြမယ် (တကယ်ပို့မယ့် သက္ကာယ ဒိဋ္ဌိကို အတည်ပြုရမှာပါ ဘုရား)။

တကယ်ပို့မယ့် တရား အတည် ပြုရမယ်လို့ ဦးဇံရင်တို့ မှတ်ရ လိမ့်မယ် (မှတ်ရပါမယ် ဘုရား)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

အဲဒီတော့ ခင်ဗျားတို့က ဆုတောင်းထားတာပဲ ကျုပ်တော့ အင်း-ဘုရားနဲ့တွေ့ဖို့ရာ ရှေးဦးစွာ ဘုရားဖူး ဖို့ရာ၊ ရှေးဦးစွာ လှူဖို့ရာ အို-မတွေ့ဘူး၊ မတွေ့ဘူး စိတ်သာချ၊ ဘာဖြစ်လို့ မတွေ့တုံး ဆိုတော့ မတွေ့နိုင်တဲ့ တရားက မတွေ့အောင်လို့ ပို့ထားမယ့် တရားက ကျုပ်တို့ ဖြုတ်မှ မဖြုတ်ခဲ့ဘူးပဲ ကိုးဗျ (မှန်ပါ့ ဘုရား)။

ဘယ်သူပါလိမ့် (သက္ကာယဒိဋ္ဌိပါ ဘုရား)၊ အဲ-သက္ကာယ ဒိဋ္ဌိက အပါယ်လေးပါး ပို့ထားမယ့် တရား (မှန်ပါ့ ဘုရား)၊ ရှင်း ပလား (ရှင်းပါပြီ ဘုရား)။

ဘုရားပေါင်းဘယ်နှစ်ဆူပွင့်သွားပြီလဲ

ဒါကြောင့် ဘုရားပေါင်း ဘယ်လောက် ပွင့်သွားပြီလဲ ဦးဘအုန်းတို့ရေ (မရေတွက်နိုင်ပါ ဘုရား)၊ ဂင်္ဂါမြစ်ထဲမှာ သဲလုံး နှင့်အမျှနော်၊ ဘာကြောင့်မတွေ့ပါလိမ့်မတုံး၊ ဘယ်သူကများ လုပ်ထား ပါလိမ့် မတုံး (သက္ကာယဒိဋ္ဌိက ပို့ထားတာပါ ဘုရား)။

သက္ကာယဒိဋ္ဌိက ဘယ်ပို့ ထားပါလိမ့် မတုံး (အပါယ် ပို့ထားပါတယ် ဘုရား)၊ ဒါဖြင့် ဒကာ ဒကာမတို့၊ နောက် ဘုရားတွေ လဲ ဂင်္ဂါဝါဠု သဲစု မကပွင့်အုံးမှာပဲ ဦးဘအုန်းရ (မှန်ပါ့ ဘုရား)၊ သူမပြုတ်ရင် ပို့ထားဦးမှာပဲ (မှန်ပါ့ ဘုရား)၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

သူမပြုတ်ရင် ပို့ထားအုံးမှာ ဆိုသဖြင့် ဦးသူတော်တို့၊ အထူး အရေးမကြီး ဘူးလား (ကြီးပါတယ် ဘုရား)၊ ဒါကြောင့် ခင်ဗျားတို့ အိမ်မီးလောင်ရင်လောင်၊ ခေါင်းမီးလောင်ချင်လောင် ဟုတ်လား အဝတ် မီးလောင်ချင် လောင်၊ အဲဒါ မငြိမ်းချင်နေ၊ သက္ကာယဒိဋ္ဌိကို အလျင် ဖြုတ်လိုက်ပါ (မှန်ပါ့ ဘုရား)။

ဒါကြောင့် ဘုရားက အရေးကြီး ကြီးသလို ဟောတယ် (မှန်ပါ ဘုရား) အဲဒါ ဘယ် ပါဠိတော်မှာ လာသတုံး ဆိုတော့ အို သက္ကာယဒိဋ္ဌိဟာ ကွာတဲ့

“ပညာယ ပရိဟာနေန ပဿလောကံ သဒေဝကံ နိဝိဋ္ဌံ နာမရူပသ္မိံ ဣဒံ သစ္စန္တိ မညတိ” သုတ္တနိပါတ် ပါဠိတော်မှာ ပညာကင်းပြီး ဝိပဿနာကင်းတဲ့ အတွက် ကွာတဲ့- တစ် သံသရာလုံး အပါယ်ချည်း နေခဲ့ရတယ်၊ (မှန်ပါ့ ဘုရား)။

ငါ-ငါ ဒိဋ္ဌိမပြုတ်ခဲ့တဲ့အတွက် အပါယ် လေးပါးချည်း နေခဲ့ ရတယ်ဟေ့-ဘုရားက ဘုရား ဖြစ်လာတော့ ဟောရှာတယ် (မှန်ပါ့ ဘုရား)။

ကိုင်း- ဒကာ ဒကာမတို့၊ ဒီတစ်ခါ ဖြုတ်ရမယ့် ဝိပဿနာရှု ရင်ရှု၊ ရှုရင် ဖြုတ်တာပဲ (မှန်ပါ့ ဘုရား) ဒီတစ်ခါမှ မလုပ်တော့ ဘူး ဆိုရင်ဖြင့် ခင်ဗျားတို့ ဒီထက် ကိုယ်ကျိုး နည်းတာ ရှာမတွေ့တော့ ဘူး (မှန်ပါ့ ဘုရား)၊ သဘောကျပြီလား (ကျပြီ ဘုရား)။

သားကိစ္စ, သမီးကိစ္စ, ဆွေကိစ္စ, မျိုးကိစ္စ ဘေးချိတ်ပါ (မှန်ပါ့ ဘုရား)၊ ကိုယ့်အရေး အရေး တကြီးလုပ်၊ လုပ်လိုက်ပါ ဆိုတာ တိုက်တွန်း လိုက်ပါတယ် (မှန်ပါ့ ဘုရား)။

စားဖို့ သောက်ဖို့ နေဖို့ ထိုင်ဖို့ အလုံးစုံ အကုန် မပြည့်စုံတာ မပူပါနဲ့ ဦးဘအုန်းရ (မှန်ပါ ဘုရား)၊ အပါယ်မျိုးစေ့ ဝမ်းထဲ ရှိ နေတာကို မရှိအောင် လုပ်ဖို့ရာ အရေး မကြီးဘူးလား (ကြီးပါ တယ် ဘုရား)။

အပါယ် မျိုးစေ့ ဝမ်းထဲ ရှိနေတာသည် ဘယ်သူပါလိမ့် (သက္ကာယဒိဋ္ဌိပါ ဘုရား)၊ အဲ-သက္ကာယ ဒိဋ္ဌိ ဆိုတော့ သူတစ်ခု ရှိရင် ဦးဘတင်ရေ- “ဒွါသဋ္ဌိ ဒိဋ္ဌိယော ဥပ္ပဇ္ဇမာနာ သက္ကာယဒိဋ္ဌိ- ပမုခေနေဝ ဥပ္ပဇ္ဇန္တိ” -ခြောက်ဆယ့် နှစ်ပါးသော ဒိဋ္ဌိတွေက၊ သူရှိလို့ ဒိဋ္ဌိတွေ အကုန်တက်လာ၊ ကဲ-ဘယ်လောက် ကြောက်စရာ ကောင်းတုံး (ကြောက်စရာ ကောင်းပါတယ် ဘုရား)။

ဦးခင်မောင်ရေ-ခြောက်ဆယ့် နှစ်ပါးသော ဒိဋ္ဌိ အယူမှား တွေ သက္ကာယ ဒိဋ္ဌိက ပွားလာတာ (မှန်ပါတယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ တစ်သံသရာလုံး ကျုပ်တို့သည် ကား ဆိုလို့ရှိရင် ဒီဒိဋ္ဌိ ပို့ချက်ကြောင့် ဂင်္ဂါဝါဠုသဲစု မကဘုရားတွေနဲ့ လွဲရ တရားတွေနဲ့ လွဲရ ဟုတ်လား၊ ဘာနဲ့ချည်း အမြဲနေရတုံး ဆိုတော့ ဒုက္ခပြီး ဒုက္ခသာ ဆက်နေခဲ့ ရတယ်လို့ ဆိုလို့ ရှိရင် အမှန်ပဲ ဆုံးဖြတ်ချက် ချရမယ် (မှန်ပါ့ ဘုရား)။ ကဲ-ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ကဲ-ဒါဖြင့် ဒီဘဝမှာ ဒီဘုန်းကြီး ပြောတဲ့အတိုင်း ပဋိစ္စ သမုပ္ပါဒ် အစပေါ်တဲ့ ခန္ဓာ ပဋိစ္စသမုပ္ပါဒ်ကို ဖြစ်ပြီးပျက်တဲ့ သဘော ခန္ဓာပဋိစ္စသမုပ္ပါဒ်လို့လဲ သိရမယ် (မှန်ပါ့ ဘုရား) ခန္ဓာပဋိစ္စ သမုပ္ပါဒ်လို့ သိရမယ် ဆိုတဲ့ စကားက တခြားကြောင့် ပြောရတာလို့ အောက်မေ့မနေနဲ့။

ပုဂ္ဂိုလ် သတ္တဝါ ပေါ်လာမှာ စိုးလို့ (မှန်ပါ့ ဘုရား)၊ ဦးဘအုန်း ဘယ်အကျိုးငှာတုံး (ပုဂ္ဂိုလ် သတ္တဝါ ပေါ်လာမှာစိုးလို့ပါ ဘုရား)။

အခု ပေါ်လာတဲ့ ဥပမာမယ်၊ သောတဉ္စ ပဋိစ္စ သဒ္ဒေစ ဥပ္ပဇ္ဇတိ သောတဝိညာဏံ – ကြားစိတ် ကလေး၊ ကြားစိတ် ကလေးက ပဋိစ္စသမုပ္ပါဒ် အစပေါ့၊ အဲဒီ ပဋိစ္စသမုပ္ပါဒ် အစကို ဒကာ ဒကာမတွေ က သိပါမှ သြော်- ဒါ ပဋိစ္စသမုပ္ပါဒ် တရားလေးပါလား (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။

ဒီထဲက ငါလား, သူလား ဆိုတာလေးက ပျောက်နေတယ်၊ အစတည်းကလဲ ဉာဏ်နဲ့ ပျောက်ပြီး သကာလ သွားတော့ ငါလား သူလားလို့လဲ နဂိုကလဲ မထင်တဲ့ အထဲမှာမှ သူကနေပြီး သကာလ ပျက်ပျက်ပြီး ပြလိုက် ပြန်တော့ မပြုတ်ဘဲ ခံနိုင်ပါ့မလား၊ (မှန်ပါ့)။

သဘောကျပလား (ကျပါပြီ ဘုရား)၊ နဂိုကလဲ ဓမ္မပေါ် တယ်၊ နောက်ကျတော့ ဓမ္မပဲ အနိစ္စ ရောက်တယ် ဆိုတော့၊ ဓမ္မပေါ် ၍ ဓမ္မ အနိစ္စ ရောက်တယ် ဆိုတော့ ဘယ်မတုံးဗျ- ငါ-ငါ့ဥစ္စာ ပါသေးလား (မပါ-ပါ ဘုရား)။

သဘောကျရဲ့လား၊ အဲဒါကြောင့် ဒကာ ဒကာမတို့ ဝိပဿနာရှုမှု အလုပ်မှတစ်ပါး သာသနာတွင်း အလုပ်သည်ကားလို့ ဆိုလို့ ရှိရင်ဖြင့် အရေးတကြီး ထားရမယ့်အလုပ် သူပဲ (မှန်ပါ)။

ဝိပဿနာရှုတာ သက္ကာယဒိဋ္ဌိဖြုတ်တာ

ကိုင်း-ဒါဖြင့် သက္ကာယဒိဋ္ဌိဖြုတ်ပြီးသကာလ သွားတဲ့အခါ ကျလို့ရှိရင် ဪ-၃-နံပါတ် ဝိပဿနာ သမ္မာဒိဋ္ဌိဟာ ဒို့ ဝိပဿနာ ရှုရမယ်၊ ရှုရမယ်ဆိုတာ ဦးဇံရင်ရေ၊ သက္ကာယဒိဋ္ဌိဖြုတ်နေတာ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘာလုပ်နေတာ (သက္ကာယဒိဋ္ဌိ ဖြုတ်နေတာပါ ဘုရား)၊ သက္ကာယဒိဋ္ဌိ ဖြုတ်နေတယ်ဆိုတာ ဒကာသစ်၊ ဒကာမြတို့ ကိုမြရွှေတို့ ကျေနပ်ပလား၊ ကောင်းပြီ ဒါဖြင့်၊ ဒီအလုပ်ဟာ မလုပ် မဖြစ်တဲ့ အလုပ်ပဲ ထားဖြစ်အောင် ထားကြပါ (မှန်ပါ့)၊ ဘယ်လို ဆုံးမပါလိမ့် (မလုပ်မဖြစ်တဲ့ အလုပ်ပဲ ထားရပါမယ် ဘုရား)။

ထမင်းနှစ်ထပ် စားမယ်ဆိုရင် တစ်ထပ်သာ စားပါ၊ ကိစ္စ မရှိပါဘူး၊ အိမ်တွေ ဘာတွေ မိုးမလုံလို့ ကိစ္စ မရှိပါဘူး၊ စိုရုံမှ တစ်ပါး အပို မရှိဘူး၊ ဒီ-သူ့ မဖြုတ်လိုက်လို့ ရှိရင်ဖြင့် (အပါယ် ရောက်ပါတယ် ဘုရား)။

အပါယ် ရောက်တယ် ဆိုတော့ ခင်ဗျားတို့က ဒါ သေးသေး ကွေးကွေး မှတ်မနေနဲ့၊ အကုသိုလ် ဟူသရွေ့ ရေသောက်မြစ်ပါ (မှန်ပါ့)။

ကိုင်း- ဒါဖြင့် ခင်ဗျားတို့ နည်းနည်းလေး ရှိ အောင် ပြော ပေးပါမယ် ဒကာ ဒကာမတွေ၊ ဘာလေးရှာရှာ ဘယ်သူ့ဖေ့ တုံး၊ ငါ့ဖို့ပေါ့။ သူက လာတာချည်းပဲ၊ ဘယ့်နှယ်တုံး၊ ငါ့ဖို့၊ ငါက ပိုတော့ ဘာတုံး၊ ငါ့သမီး၊ ငါ့သားစားဖို့ဆိုတော့ တဏှာ ဘက်လှည့်၊ ငါ့ဖို့ဆိုတော့ ဒိဋ္ဌိဘက်လှည့်။

ငါ့သား ငါ့သမီး စားဖို့ဆိုတော့ (တဏှာဘက် လှည့်ပါ တယ် ဘုရား)၊ ဒါဖြင့် ဘယ်သူ့ မူတည် တာတုံး (ဒိဋ္ဌိ မူတည် ပါတယ် ဘုရား)။

ဒိဋ္ဌိဟာ မူတည်လာတာ ထောက်လိုက်သဖြင့်၊ သော်- ဒို့ အဆိုက်နေတာ သူ့သတ္တိပါလား၊ တစ်နေ့မှ မနားရဘူး ဒကာ ဒကာမတို့၊ အရောင်းနဲ့အဝယ်နဲ့နေလိုက်ကြတာ အမောကို ဆိုက်နေ တယ် (မှန်ပါ့)။

အိုခြင်းဆိုးတွေလဲ ပိုလာပြီ (မှန်ပါ)၊ အင်း-ဒူလာ ပါဒရက်တွေလဲစွဲကုန်ကြပြီ (မှန်ပါ့)၊ ဘယ့်နှယ်ကြောင့် ဒါတွေ အစွဲခံပြီး သကာလ ဒီအထဲချည်းဘဲ တစ်နေ့လဲ ဒီအထဲ၊ မနက်ဖြန် လဲ ဒီအထဲ ဘာဖြစ်နေတာတုံး ဆိုလို့ ရှိရင်ဖြင့် ရှိနေလို့ ငါ့ဥစ္စာဖြစ်ဖို့ လုပ်နေတာ (မှန်ပါ့)။

ဘယ့်နှယ် ဖြေကြမတုံး (ငါရှိနေလို့ ငါ့ဥစ္စာ ဖြစ်အောင် လုပ်နေတာပါ ဘုရား)၊ ငါရှိနေလို့ ငါ့ဥစ္စာ ဖြစ်ဖို့ လုပ်နေရတော့ ငါဆို တဲ့ ဒိဋ္ဌိမပြုတ်ရင် ငါ့ဥစ္စာ ဖြစ်ဖို့ဆိုတဲ့ ရှာမှုဟာ လျှော့တော့မှာ မဟုတ်ပါဘူး (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ သြော်- ဒီအထဲမှာ ဈေးချို အမျိုးမျိုးထဲမှာ ထိုင်ပြီး သကာလ နေကြ, ရောင်းကြ ဝယ်ကြ တာတွေ သွားပြီး ကြည့်တော့ ပုတီး စိပ်နေလဲ အလကားပဲ (မှန်ပါ့ ဘုရား)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

တဏှာနဲ့ စိပ်နေတဲ့ပုတီးတွေ

ပုတီးစိပ် နေတာလဲ ဘာတုံး ဆိုလို့ရှိရင် သူဈေး ခေါ်နေတာ၊ သူ့ဥစ္စာ ဘာမှမဟုတ်ဘူး၊ ရိပ်မိပလား (ရိပ်မိပါတယ် ဘုရား)၊ အဲဒါတွေကလဲ ကုသိုလ် ဖြစ်တယ်လို့ ထင်နေတာ၊ တဏှာနဲ့ စိပ်နေ တဲ့ ပုတီးပတ်တွေ ဦးဘတင်ရ။

ဒကာ ဒကာမတို့ ဘယ်အကျိုးငှာ လုပ်နေတာ၊ ငါဖို့ဖြစ် အောင် လုပ်နေတာပဲ၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့၊ အလုံးစုံ အကုန်သည်ကားဆိုလို့ ရှိရင် ဘုရား, တရား, သံဃာ ကိုးကွယ်တာတောင်မှ အင်း-ဘုရားကိုး ကွယ်, တရားကိုးကွယ်, သံဃာကိုးကွယ်လိုက်တာ ကိုယ့်မှာ အကြောင်း ညီညွတ်နေလို့ သက္ကာယဒိဋ္ဌိဝင်ပူးပစ်လိုက်တာ (မှန်ပါ့ ဘုရား)၊ ဘုရား ကိုးကွယ်တဲ့ အထဲမှာ တောင် မြှောင်လိုက် နေသေးတယ် (မှန်ပါ့ ဘုရား)။

တရားကိုးကွယ်တဲ့ အထဲကကော (မြှောင်လိုက် နေပါတယ် ဘုရား)၊ သံဃာ ကိုးကွယ်တဲ့ အထဲကကော (မြှောင်လိုက် နေပါတယ် ဘုရား)။ အင်း-ငါ ဒါတွေ ကိုးကွယ်မိလို့ စီးပွားလေးဖြောင့်၊ အမလေး ဒုက္ခ (မှန်ပါ့ ဘုရား)။

ဘယ်သူမြှောင် လိုက်တာတုံး (သက္ကာယ ဒိဋ္ဌိမြှောင် လိုက်တာပါ ဘုရား)၊ သက္ကာယဒိဋ္ဌိ မြှောင်လိုက်နေတာ ဒကာ ဒကာမ တို့ ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။

အဲဒီတော့ ဒကာ ဒကာမတို့ သူမပြုတ်သရွေ့ကာလပတ် လုံး တစ်ခါတည်း ဉာဏ်သက်သက် ဉာဏ်စစ်စစ်ဖြစ်ဖို့ ဦးခင်မောင် ဘယ့်နှယ်လုပ်မတုံး လွယ်ပါ့မလား (မလွယ်ပါ ဘုရား)။ ရောနေမှာပဲ (မှန်လှပါ ဘုရား)၊ မရောပေဘူးလား (ရော နေပါတယ် ဘုရား) ရောနေ ကတည်းက ဒီဥစ္စာ အဝိဇ္ဇာ ပစ္စယာ သင်္ခါရာ- ဆိုတဲ့ ဥစ္စာထဲ ဦးဘတင် သွင်းလိုက်တော့ (မှန်ပါ့ ဘုရား)။

ဘယ့်နှယ်ဆိုကြမလဲ (အဝိဇ္ဇာ ပစ္စယာ သင်္ခါရာထဲ သွင်း ရမှာပါ ဘုရား)၊ ကုသိုလ် သင်္ခါရတဲ့၊ ကုသိုလ် သင်္ခါရလဲ အဝိဇ္ဇာ ပစ္စယာ (သင်္ခါရပါ ဘုရား)၊ ကုသိုလ် သင်္ခါရ ဆိုကတည်းက သင်္ခါရ ပစ္စယာ ဝိညာဏံ ဆိုတော့ ဇာတိ ချောက်ကျမယ်(မှန်ပါ့ ဘုရား)၊ မကျပါနဲ့ဆိုလို့ (မရပါ ဘုရား)။

အဲ့ဒါကြောင့် ဒကာ ဒကာမတွေ သူမပြုတ်ရင် အရုပ်ဆိုး ချည်းပဲ လုပ်နေလိမ့်မယ် (မှန်ပါ့)၊ သူမပြုတ်ရင် (အရုပ်ဆိုးချည်း လုပ်နေမှာပါ ဘုရား)၊ ဦးဘအုန်း ယုံရဲ့လား (ယုံပါ တယ် ဘုရား)၊ သူမပြုတ်လို့ ရှိရင် အရုပ်ဆိုးချည်း လုပ်မယ်ဆိုတဲ့ ဥစ္စာတော့ ငါနဲ့ ငါကုဋီလေး ဆောက်ဖို့ရာတောင် ငါနဲ့ မတည့်ဘူး ဘုမ္မိ အရပ်ကျ နေတယ်, ငါပါနေတယ်။

ကုဋီဆောက် တာတောင် သူဘုမ္မိ ရွေးနေတယ်ဆိုတည်းကို က ဒါဘာကြောင့်တုံး၊ ငါ့အသက် အန္တရာယ် ဖြစ်လိမ့်မယ် ဘယ်သူက ပြောတာတုံး (သက္ကာယဒိဋ္ဌိက ပြောတာပါ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့၊ ကုဋီ ဆောက်ပြီးသကာလ သူ တစ်ပါး လှူချင်တာတောင်မှ သက္ကာယ ဒိဋ္ဌိပါ- မပါ (ပါ-ပါတယ် ဘုရား)။

ရေအိုးစင်လေး တည်ချင်တော့ (ပါသေးတာပဲ ဘုရား) ပါသေးတာပဲ တံခွန်းတိုင်လေး ထူချင်တော့ (ပါသေးတာပါပဲ ဘုရား) ဟ ဘယ်ထောင့်တော့ မထူကောင်းဘူး (မှန်ပါ)၊ ဒါဟာဘာတုံး (သက္ကာယ ဒိဋ္ဌိပါ ဘုရား)။

ငါအန္တရာယ် ဖြစ်မှာ စိုးရတယ်၊ ဒါဘယ်က လာတာပါလိမ့် (သက္ကာယဒိဋ္ဌိက လာတာပါ ဘုရား)၊ ဒါဖြင့် ကုသိုလ် ဟူသည်မှာ သူ မပြုတ်သရွေ့ ကာလပတ်လုံး အရောချည်းပဲ၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

အရောချည်း ဆိုလို့ရှိရင် ဒကာ ဒကာမတို့ အဖြူထဲ အမည်း ကွက်ပါတာတော့ ဘယ်တော့မှ ကြည့်မကောင်းဘူး (မှန်ပါ့)

ဦးခင်မောင် ဘယ့်နှယ်ဆိုမတုံး (ကြည့်မကောင်းပါဘူး ဘုရား)၊ ဘယ်နည်းနဲ့ ကြည့်ကြည့်ဗျာ၊ ကြည့်လို့ ကောင်းပါ့မလား (မကောင်း ပါ ဘုရား)။

အဲဒီတော့ ခင်ဗျားတို့သည်ကား ဆိုလို့ရှိရင် အကျိုးပေးကြ လာခဲ့တဲ့အခါ ကုသိုလ်လေးများ ဖြောင့်ဖြောင့် အကျိုးပေး ချင်လိုက် တာ တယ်-တို့မီး ရှို့မီးတွေ များပါလား (မှန်ပါ့ ဘုရား)။

လုပ်တုန်းက သက္ကာယဒိဋ္ဌိနဲ့ ရောပြီးလုပ်၊ ပြီးတော့ တို့မီး ရှို့မီးပါတာ ပြောပြန်တယ် မခက်ဘူးလား ဦးဘအုန်း (ခက်ပါတယ် ဘုရား)၊ သဘောကျပြီလား (ကျပါတယ် ဘုရား)။

ဒကာ ဒကာမတို့ နေရာတိုင်းမှာ သူပါနေလို့ရှိရင် ဘယ် နည်းနှင့်မျှ နိဗ္ဗာန် မရောက်နိုင်ဘူး (မှန်ပါ့ ဘုရား)၊ ရောက် မလား (မရောက်ပါ ဘုရား)။

မရောက်တော့ဘူး ဆိုသဖြင့် ဒကာ ဒကာမတို့ ဘယ်သူ့ ကြောင့် မရောက်တာတုန်း၊ ဒါနကြောင့် မရောက်တာလား၊ ဒါနက ရောက်အောင် ပို့နိုင်တယ် သူဆွဲထားလို့ မရောက်တာ (မှန်ပါ)၊

သီလလဲ ရောက်အောင်ပို့နိုင်တယ် (သူဆွဲထားလို့ မရောက်တာပါ ဘုရား)၊ သက္ကာယဒိဋ္ဌိက ဆွဲထားလို့သာ ငါအသက် ရှည်အောင်, ငါစောင့်မယ်ဆိုတော့ မင့်အသက်ရှည်သာ ရှည်တော့ နိဗ္ဗာန် မသွားနဲ့တော့ (မှန်ပါ့ ဘုရား)။

သွားပြီပေါ့၊ အသက်ရှည်အောင်လို့ ဥပုသ်စောင့် အသက်သာ ရှည်ပေးမှာပဲ (မှန်ပါ့ ဘုရား) နိဗ္ဗာန်တော့ (မရောက် ပါ ဘုရား)။

ဘယ်သူက ပြောတာတုံး အသက်ရှည်ချင်တာက ငါရှည် ချင်တာကိုးဗျာ (မှန်ပါ့)၊ ရိပ်မိပြီလား၊ ဒါဖြင့် ခင်ဗျားတို့ ဥစ္စာ ကုသိုလ် အရောလေးများ ပါကြရဲ့လား (ပါ-ပါတယ် ဘုရား)။

အရောလေး ပါတယ် ဆိုထဲကိုက အဆွဲဓာတ်က တက်မယ် ကြံရင်း, ဆွဲချရင်း တက်မယ် ကြံရင်း (ဆွဲချရင်းပါ ဘုရား)၊ ဒါကြောင့်, ဒါကြောင့် ဒါန နိဗ္ဗာန် မရောက်ဘူးလို့ ဘုန်းကြီးတို့ မဟော ပါဘူး၊ သီလ မရောက်ဘူးလို့ မဟောပါဘူး၊ သက္ကာယဒိဋ္ဌိ ပါတယ် မရောက်ဘူး (မရောက်ပါ ဘုရား) နောက် သက္ကာယဒိဋ္ဌိ ပြုတ်ရင် (ရောက်ပါတယ် ဘုရား)။

သက္ကာယပြုတ်တော့ ဉာဏ် ဦးစီးပြီကောဗျာ (မှန်ပါ့)၊ မိစ္ဆာဒိဋ္ဌိ ပြုတ်တော့ သမ္မာဒိဋ္ဌိ ဝင်လာမှာပါ (မှန်ပါ့)၊ ကိုင်း- ဒါဖြင့် ဒကာ ဒကာမတို့၊ အရေးတကြီး လုပ်ရမှာ ဘယ်အလုပ်ပါလိမ့်၊ (ဝိပဿနာ သမ္မာဒိဋ္ဌိ အလုပ်ပါ ဘုရား) ဝိပဿနာသမ္မာဒိဋ္ဌိဆိုတော့ ဦးဘအုန်းက လွယ်လိုက်တာ ဝိပဿနာ အလုပ်ဟာ ဘာလုပ်တာတုံး (သက္ကာယဒိဋ္ဌိ ဖြုတ်တာပါ ဘုရား)။

သက္ကာယဒိဋ္ဌိ ဖြုတ်တာ (မှန်ပါ့)၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)၊ အဲဒါကြောင့် ဒီကမှ မစလို့ရှိရင် ခင်ဗျားတို့ နိဗ္ဗာန် ရောက်ကြောင်းအစ ဝိပဿနာကမှ မစတော့ဘူး ဆိုလို့ရှိရင် ဦးခင်မောင်သွားပြီ (မှန်ပါ့ ဘုရား)။

ဒါကြောင့် ကိုယ်တော်တိုင် ဟောတဲ့ ပါဠိတော်လေး ဦးခင်မောင်တို့ မှတ်စမ်း၊ ကတမော စ ဘိက္ခဝေ အသင်္ခတဂါမိမဂ္ဂေါ၊ ကတမောစ- အဘယ်တရားသည်၊ အသင်္ခတ ဂါမိ မဂ္ဂေါ-နိဗ္ဗာန်သို့ ရောက်တဲ့ လမ်းကောင်း တရား အစစ်အမှန် ဖြစ်ပါသတုံး။

ဘုရားက မေးတာ၊ ဘုရား၊ ဒါထားပြီး မြန်မာလို ပြန်ကြပါစို့ အဘယ်တရားသည် နိဗ္ဗာန် ရောက်ကြောင်း တရားကောင်း ဖြစ်ပါ လိမ့်မတုံး၊ ဝိပဿနာလို့ကို ဖြေချလိုက်၊ သံယုတ် ပါဠိတော်က လာတာ (မှန်ပါ့ ဘုရား)။

ဒါ့ထက်ခိုင်လုံတာတော့ မရှိတော့ဘူး (မှန်လှပါ ဘုရား)၊ ဒါ ဘာတုံး (ဘုရား ကိုယ်တော်တိုင် ဟောတာပါ ဘုရား)၊ အေး သံယုတ် ပါဠိတော် ဆိုတာ သူကိုယ်တိုင် ဟောတာ (မှန်ပါ့)။

နိဗ္ဗာန်ရောက်ကြောင်းအစစ်

“ကတမော စ ဘိက္ခဝေ အသင်္ခတဂါမိမဂ္ဂေါ” ဝိပဿနာလို့ ဘုရားက အဖြေထွက် ပေးလိုက် တယ် – ကဲ-နိဗ္ဗာန် ရောက်ကြောင်း အစစ် ဘယ်သူတဲ့တုံး၊ ကဲ-ဘယ့်နှယ်ကြောင့် ရောက်သတုံး ဆိုတော့ သက္ကာယဒိဋ္ဌိ ဖြုတ်လို့ ရောက်တာ (မှန်ပါ့ ဘုရား)။ ပေါ်ပြီ လား (ပေါ်ပါပြီ ဘုရား) သက္ကာယ မပြုတ်ရင် (မရောက်ပါ ဘုရား) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေက နားလည်ပါပြီ တဲ့ ခန္ဓာထဲမှာ တွေ့ဖို့လေးသာ ရှိကြပါ တော့တယ် (မှန်ပါ ဘုရား)။ ခန္ဓာထဲမှာ (တွေ့ဖို့ရှိပါတယ် ဘုရား)။

တွေ့ ဖို့ အရေးကြီးတယ် ဦးခင်မောင်ရေ၊ ဘာအရေးကြီးပါ လိမ့် (ခန္ဓာထဲတွေ့ဖို့ အရေးကြီး ပါတယ် ဘုရား) မလုပ်မဖြစ်တဲ့ အလုပ်လဲ သိပါပြီ ဘုရား (မှန်ပါတယ် ဘုရား) ခန္ဓာထဲမှာ တွေ့ဖို့ အလုပ်ကလေးက ခုပဲ အရေးကြီးတယ် ဆိုတော့ ခင်ဗျားတို့ ဘယ်မှ ရှာမနေနဲ့၊ မျက်လုံး ဖွင့်လိုက် မြင်စိတ် ပေါ်လာလိမ့်မယ်၊ ဟာ-ဒါလေး ဖြစ်ပျက် ရှုလိုက်၊ တွေ့တာပဲ (မှန်ပါ့ ဘုရား)။

နားလေး ထောင်ကြည့်လိုက်-ကြားတဲ့စိတ်ကလေး မပေါ် ဘူးလား (ပေါ်ပါတယ် ဘုရား) ဒါလေး ဖြစ်ပြီး ပျက်တာပဲလို့ သိလိုက် (မှန်ပါ့ ဘုရား)၊ သက္ကာယဒိဋ္ဌိ ဖြုတ်နေတာ သဘောကျ ပလား၊ နှာခေါင်းလေး ရှူလိုက်တော့ မွှေးတယ်၊ မွှေးတဲ့စိတ်က ပေါ်လာ (မှန်ပါ ဘုရား) ပေါ်တာလေး ရှုလိုက်တာ ပေါ့ဗျာ၊ ဘယ်နှယ် ရှုမတုံး ဖြစ်ပြီးပျက်တဲ့တရားကလေးပဲ ရှုချလိုက်၊ သက္ကာယဒိဋ္ဌိ ပြုတ်မပြုတ် (ပြုတ်ပါတယ် ဘုရား)။

အင်း – ခန္ဓာကိုယ်မှာ ယားတယ်၊ ယားတဲ့နေရာလေး ယားတာ ဖြစ်ပျက်ရှု (ဖြစ်လိုက် ပျက်လိုက်ပါ ဘုရား)၊ လေတိုက် လို့ကောင်းတယ် (ကောင်းတဲ့ စိတ်ကလေး ဖြစ်ပျက် ရှုရမှာပါ ဘုရား)။

ဖြစ်ပျက်ရှုတော့ဘာဖြစ်သွားသတုံး

အင်း-ဖြစ်ပျက် ရှုလိုက်တော့ ဘာဖြစ်သွားတုံး (သက္ကာယဒိဋ္ဌိ ပြုတ်ပါတယ် ဘုရား)၊ သက္ကာယဒိဋ္ဌိ ပြုတ်သွားတယ် (မှန်ပါတယ် ဘုရား)၊ ဖြစ်တာ မြင်သဖြင့်လဲ ဒကာ ဒကာမတို့ ဥစ္ဆေဒ ဒိဋ္ဌိ ပြုတ်တယ် (မှန်ပါ့ ဘုရား)။

ပျက်တာမြင်သဖြင့် သဿတ-သက္ကာယ ဒိဋ္ဌိပြုတ်ပါတယ် (မှန်လှပါ ဘုရား)၊ ပြုတ်တယ် ဆိုတော့ ဦးခင်မောင် ဘာစောဒ ကတက်စရာ လိုသေးတုံး (မလိုပါ ဘုရား)။

ဒါဖြင့် ဘုရားက နိဗ္ဗာန်ရောက်ကြောင်း ဘယ်သူတုံးလို့ မေးတော့ ဝိပဿနာ ကုသိုလ် ဆိုတာများ လွဲသေးလား (မလွဲပါ ဘုရား) အဲဒါသူက ဘယ့်နှယ်ကြောင့်ဟာ ဝိပဿနာရယ်လို့ ဆိုရပေ လိမ့်မတုံးလို့ ဦးဘအုန်း မေးလို့ရှိရင် ဖြေတတ်ပလား (ဖြေတတ်ပါ ပြီ ဘုရား)။

အို – သက္ကာယပြုတ်လို့ သူကပြုတ်တာ(မှန်ပါ့ ဘုရား) နို့မို့ရင်တော့ ဒိဋ္ဌိရောက်နေတယ် (မှန်ပါ့ ဘုရား) သံသရာမှာ ဘုရား အဆူဆူနဲ့ လွဲတာ (ဒိဋ္ဌိ ရောက်နေလို့ပါ ဘုရား)။

ဒိဋ္ဌိမပြုတ်သည်နှင့် တစ်ပြိုင်နက်တည်း နိဗ္ဗာန်နဲ့လွဲ ဒိဋ္ဌိပြုတ် ရင် သမ္မာဒိဋ္ဌိရောက် မိစ္ဆာဒိဋ္ဌိ ပျောက်၊ သမ္မာဒိဋ္ဌိက ရောက် ဘာမှ ခင်ဗျားတို့က သမ္မာဒိဋ္ဌိလာရပါလို၏ ဆုတောင်းလို့ မရဘူး (မှန် လှပါ ဘုရား)။

မိစ္ဆာ ဒိဋ္ဌိပြုတ်ရင် (သမ္မာဒိဋ္ဌိ ရောက်ပါတယ် ဘုရား) သမ္မာဒိဋ္ဌိ ရောက်တယ်လို့ မှတ်ကြစို့လေ ဒကာ ဒကာမတို့၊ အဖြစ်နှင့် အပျက်သာရှိတယ်၊ ပုဂ္ဂိုလ် သတ္တဝါ မရှိဘူးဆိုတာ ဘာတုံး (သမ္မာဒိဋ္ဌိ ရောက်နေ ပါတယ် ဘုရား)။

အဲဒီ သမ္မာဒိဋ္ဌိကို ခင်ဗျားတို့ ခန္ဓာကိုယ်ထဲ ရောက်လာတဲ့ တစ်နေ့မှာ နိဗ္ဗာန် ရောက်ရပါလို၏လို့ ဆုတောင်း ရမှာလား ဝိပဿနာ အစစ် မဖြစ်သေးဘူးလား (ဖြစ်နေပါတယ် ဘုရား)။

အစစ်ဖြစ်နေထဲက- ကတမော စ ဘိက္ခဝေ အသင်္ခတဂါမိ မဂ္ဂေါ၊ ကတမော စ-အဘယ် တရားသည်၊ အသင်္ခတဂါမိမဂ္ဂေါ- နိဗ္ဗာန် သွားတဲ့မဂ်လို့ ဆိုနိုင်ပါသတုံး၊ ဝိပဿနာ ဒီအတိုင်း ဖြေဆို ချလိုက် တယ် (မှန်ပါ့ ဘုရား)။

ဆိုတော့ ဦးဇံရင်တို့ အထူး ရှာစရာလိုသေးလား (မလို ပါ ဘုရား) ကိုင်း-ဒါဖြင့် ဒကာ ဒကာမတို့ ၃-နံပါတ်ဟာဖြင့် သိပ်အရေး ကြီးတယ် (မှန်လှပါ ဘုရား)။

ဘယ်အခြေရောက်အောင်လုပ်ရမှာတုံး

မကြီးဘူးလား (ကြီးပါတယ် ဘုရား)၊ ကြီးတယ်တဲ့၊ ဒါဖြင့် ၃-နံပါတ်ကို ခင်ဗျားတို့က ၃-နံပါတ်ဟာ တပည့်တော်တို့က ဘယ် အခြေအနေ ရောက်အောင် လုပ်ရမှာတုံးလို့ မေးလို့ရှိရင် အင်း-ဖြစ်ပျက် မြင်အောင် ဆက်ဆက် ရှုပေါ့ (မှန်လှပါ ဘုရား)၊

အဖြစ် အပျက်တွေကိုလဲ တစ်ခါတည်း မြင်သထက် မြင်ပြီး သကာလ မုန်း သထက် မုန်းအောင်လဲ ရှုပေးပေါ့ဗျာ (မှန်လှပါ ဘုရား)။

ဒါဝိပဿနာ အဆုံးပါပဲ (မှန်ပါ့) ဖြစ်ပျက် မြင်တာရယ် ဖြစ်ပျက် မုန်းတာရယ် ဒါဝိပဿနာ ဉာဏ်လို့ မှတ်လိုက် စမ်းပါ (မှန်ပါ) သဘောကျပြီလား (ကျပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ ၄-နံပါတ်က ဟောလိမ့် မယ်၊ ၄-နံပါတ် ဟောလိမ့်မယ် ဆိုတာ မှတ်ပါ၊ ၄-နံပါတ်က ဘာသမ္မာဒိဋ္ဌိလဲ (မဂ္ဂ သမ္မာဒိဋ္ဌိပါ ဘုရား)။

မဂ္ဂသမ္မာဒိဋ္ဌိ (မှန်ပါ့) ဒကာ ဒကာမတို့ ၄-နံပါတ်က (မဂ္ဂ သမ္မာဒိဋ္ဌိပါ ဘုရား) ကောင်းပြီတဲ့၊ မဂ္ဂ သမ္မာဒိဋ္ဌိကို ပြောမယ်၊ မဂ္ဂ သမ္မာဒိဋ္ဌိ ဆိုတဲ့ဥစ္စာ ဒကာ ဒကာမတို့ ဒီအထဲမှာ မဂ္ဂင်ရှစ်ပါးကို ဆိုတယ် (မှန်ပါ) မဂ္ဂင်ရှစ်ပါး ထဲက ခေါင်းဆောင် ဖြစ်တဲ့ သမ္မာဒိဋ္ဌိကို ဆိုတာမှတ်ပေါ့ဗျာ (မှန်ပါ့ ဘုရား)။

ဝိပဿနာသမ္မာဒိဋ္ဌိ၏တန်ခိုးသတ္တိ

မဂ္ဂင်ရှစ်ပါးထဲက သမ္မာဒိဋ္ဌိကို ဆိုတာပေါ့ဗျာ၊ ကောင်းပြီ မဂ္ဂ သမ္မာဒိဋ္ဌိက ခုနက ဝိပဿနာ သမ္မာဒိဋ္ဌိနဲ့ ဘာထူးသတုံး အို ဝိပဿနာ သမ္မာဒိဋ္ဌိက ဖြစ်ပျက် မြင်တာ ဖြစ်ခြင်းကြောင့် သက္ကာယ ဒိဋ္ဌိသာ ဖြုတ်နိုင်တယ် (မှန်ပါ့ ဘုရား)။

ဝိပဿနာ သမ္မာဒိဋ္ဌိက ဒီမှာ လမ်းဆုံးတယ် (မှန်ပါ့ ဘုရား)၊ ဝိပဿနာ သမ္မာဒိဋ္ဌိ တန်ခိုးက (သက္ကာယဒိဋ္ဌိ ပြုတ်တဲ့ နေရာ လမ်းဆုံးပါတယ် ဘုရား)။

ဖြစ်ပျက် မြင်တယ်၊ မြင်ခြင်းကြောင့် သက္ကာယ ဒိဋ္ဌိပြုတ် တယ် (မှန်ပါ့)၊ ဒီမှာ သူ့စွမ်းရည် သတ္တိ ကုန်တယ်၊ သေသေချာချာ မှတ်ပါ၊ ဝိပဿနာ သမ္မာဒိဋ္ဌိ စွမ်းရည် သတ္တိက ဘယ်လိုများပါလိမ့် (သက္ကာယ ဒိဋ္ဌိပြုတ် လမ်းဆုံးခြင်း သတ္တိရှိပါတယ် ဘုရား) ဖြစ်ပျက်ကို မြင်တယ်နော်၊ မြင်ခြင်းကြောင့် ဘာပြုတ်တုံး (သက္ကာယဒိဋ္ဌိ ပြုတ်ပါတယ် ဘုရား)။

သက္ကာယဒိဋ္ဌိမြင်၍ သက္ကာယဒိဋ္ဌိ ပြုတ်တဲ့ အလုပ်ဟာ ဝိပဿနာ သမ္မာဒိဋ္ဌိ အလုပ် (မှန်ပါ့ ဘုရား)၊ ရှင်းပလား (ရှင်းပါတယ် ဘုရား) ဖြစ်ပျက်မြင်၍ သက္ကာယဒိဋ္ဌိ ပြုတ်တဲ့ အလုပ်ဟာ (ဝိပဿနာ အလုပ်ပါ ဘုရား)။

ဝိပဿနာ သမ္မာဒိဋ္ဌိ အလုပ်၊ သာမည သမ္မာဒိဋ္ဌိလို့ မဆိုနဲ့ (မှန်ပါ့ ဘုရား)၊ သမ္မာဒိဋ္ဌိတွေက နည်းတာတွေ မဟုတ်ဘူး (မှန်ပါ့ ဘုရား)။

ဖြစ်ပျက်မြင်၍ သက္ကာယဒိဋ္ဌိပြုတ်တဲ့ အလုပ်ဟာ (ဝိပဿနာ သမ္မာဒိဋ္ဌိ အလုပ်ပါ ဘုရား)၊ ဒီမှာ သုံးလေးရက် ဟောလာတာ ဦးဘအုန်း ဒါလေး လိုရင်းပဲ (မှန်ပါ့ ဘုရား)၊ ဖြစ်ပျက်မြင်၍ သက္ကာယဒိဋ္ဌိ ဖြုတ်တဲ့ အလုပ်ဟာ (ဝိပဿနာ သမ္မာဒိဋ္ဌိ အလုပ် ပါ ဘုရား)။

အဲ-ဝိပဿနာ သမ္မာဒိဋ္ဌိ အလုပ်ပဲ၊ ကောင်းပြီ ဒါဖြင့် မဂ္ဂသမ္မာ ဒိဋ္ဌိကတော့ သူ့အလုပ် ရှင်းကြပါစို့ ဆိုတော့ ဝိပဿနာ သမ္မာဒိဋ္ဌိ အလုပ်က ခုနက ရှင်းအောင် ပြောပြီးပါပြီ၊ မဂ္ဂသမ္မာ ဒိဋ္ဌိကတော့ ဘာလုပ်သတုံး ဦးဘအုန်း မေးဖို့ မလိုဘူးလား (လိုပါတယ် ဘုရား)။

မဂ္ဂသမ္မာဒိဋ္ဌိကဘာလုပ်သတုံး

ဦးခင်မောင် မလိုဘူးလား (လိုပါတယ် ဘုရား) မဂ္ဂ သမ္မာ ဒိဋ္ဌိက ဘာလုပ်သတုံးလို့ မေးဖို့ လိုလာတယ်၊ ဒကာ ဒကာမတို့ ဒါ ဂရုစိုက်ပြီး နားထောင်ပါ၊ မဂ္ဂသမ္မာဒိဋ္ဌိက ဘာလုပ်သတုံး၊ သူလဲ သမ္မာဒိဋ္ဌိပဲ မဟုတ်လား (မှန်ပါ့ ဘုရား)၊ သမ္မာက မှန်ကန်တာ ဒိဋ္ဌိက မြင်တာ အမှန်အကန် မြင်တာပဲ။

သူက ဘယ်လို အမှန်အကန် မြင်သတုံး မေးဖို့ မလိုဘူးလား (လိုပါတယ် ဘုရား) အဲဒီတော့ ကိုတဲ့ မဂ္ဂသမ္မာဒိဋ္ဌိ ကတော့ကွာ တဲ့၊ သံယုတ် အဋ္ဌကထာ ဆရာက ဘယ်လို လာသတုံးလို့ မေးလို့ ရှိရင် ဝိပဿနာ သမ္မာဒိဋ္ဌိ ခန္ဓာတွေကို ခန္ဓာဖြစ်ပျက်တွေကို မြင်ပြီး သကာလ သက္ကာယဒိဋ္ဌိ သုတ်သင် တာဟာ ဝိပဿနာ သမ္မာဒိဋ္ဌိ အလုပ် (မှန်ပါ့ ဘုရား)။

အဲဒီနောက်မှာမှတဲ့ ခန္ဓာဖြစ်ပျက်တွေကို မမြင်ဘဲနဲ့ နိဗ္ဗာန် ကို မြင်တဲ့ အလုပ်ဟာ မဂ္ဂသမ္မာဒိဋ္ဌိ အလုပ် (မှန်ပါ့ ဘုရား)။

ခန္ဓာဖြစ်ပျက် မမြင်ဘဲနဲ့ နိဗ္ဗာန်မြင်တဲ့ အလုပ်ဟာ (မဂ္ဂသမ္မာဒိဋ္ဌိ အလုပ်ပါ ဘုရား) မဂ္ဂ သမ္မာဒိဋ္ဌိ အလုပ် (မှန်ပါ့) ခန္ဓာဖြစ်ပျက် မမြင်ဘဲနဲ့ နိဗ္ဗာန်မြင်တဲ့ အလုပ်ဟာ ဘာပါလိမ့် (မဂ္ဂသမ္မာဒိဋ္ဌိ အလုပ်ပါ ဘုရား)။

အမယ်လေး ထူးခြားကြီး ပါလား (မှန်ပါ့ ဘုရား) အင် မတန် ထူးခြားတယ် ဆိုတာ ဒကာ ဒကာမတွေ လေးစားစွာနဲ့ မှတ်ပါ (မှန်ပါ့) ဝိပဿနာ သမ္မာဒိဋ္ဌိနဲ့ မဂ္ဂသမ္မာ ဒိဋ္ဌိဟာ ဦးဘအုန်းတို့ ဦးခင်မောင်တို့ သိသိသာသာ ထူးခြားပါလား (မှန်ပါ့)။

မဂ္ဂသမ္မာဒိဋ္ဌိကဖြစ်ပျက်မမြင်ဘူး

မဂ္ဂသမ္မာဒိဋ္ဌိ သူကတော့ ခန္ဓာ ဖြစ်ပျက်တော့ မမြင်ဘူးတဲ့ “ပစ္ဆာဘူမိ လဒ္ဓ ဝဋ္ဋံ” ပစ္ဆာ- ဝိပဿနာ သမ္မာဒိဋ္ဌိ ဖြစ်သည်မှ နောက် ကာလ၌၊ ဘူမိလဒ္ဓံ -ဉာဏ်၏ တည်ရာကို ရသော ဝဋ္ဋံ- ချားရဟတ် ပမာ ချာချာပတ်၍ ခဏခဏ ဖြစ်ပျက်နေတဲ့ တရားကြီးကို ဖြစ်ပျက်ကြီး ကိုဟေ့ (မှန်ပါ့)။

ပရိဇာနမာနာ – စွန့်၍ ကဲ ဖြစ်ပျက် မမြင်ဘူးတဲ့ကွ (မှန်ပါ့) မဂ္ဂ သမ္မာဒိဋ္ဌိက ဖြစ်ပျက် မြင်သေး လား (မမြင်ပါ ဘုရား) ဒါဖြင့် ပရိဇာနမာနာ-စွန့်၍၊ မဂ္ဂသမ္မာဒိဋ္ဌိ- နိဗ္ဗာန်မြင်တဲ့ သမ္မာဒိဋ္ဌိသည်၊ ဥပ္ပဇ္ဇတိ-ဖြစ်ပေါ်လာ၏ (မှန်ပါ့) သူက တစ်မျိုးပါလား (မှန်ပါ့) သံယုတ် အဋ္ဌကထာ ဆရာက သေသေချာချာ ဖွင့်ပါတယ် (မှန်ပါ့ ဘုရား)။

ဒကာ ဒကာမတို့ ဒါဖြင့် မဂ္ဂသမ္မာဒိဋ္ဌိက ဖြစ်ပျက် မမြင်ဘဲနဲ့ နိဗ္ဗာန်မြင်ပြီး ပေါ်လာတာ ဘာဆိုကြမယ် (မဂ္ဂ သမ္မာဒိဋ္ဌိပါ၊ ဘုရား)။

ကဲ-ဒါဖြင့် ဦးခင်မောင်ရေ၊ ဒါလေး အထူးဂရုပြုဗျာ (မှန်ပါ့) မဂ္ဂသမ္မာဒိဋ္ဌိက ဖြစ်ပျက်ကို (မမြင်ပါ ဘုရား) ဖြစ်ပျက် ကိုမြင်နေရင် ဝိပဿနာထဲ သွားအုံးမှာပေါ့ (မှန်ပါ့)။

မဂ္ဂသမ္မာဒိဋ္ဌိက နိဗ္ဗာန်မြင်တယ်

မဂ္ဂသမ္မာဒိဋ္ဌိက ဖြစ်ပျက်ကို မမြင်ပါဘူးတဲ့ ဒကာ ဒကာမတို့၊ (မှန်ပါ့) ဖြစ်ပျက် မမြင်ဘဲနဲ့ နိဗ္ဗာန် မြင်ပြီး သကာလ နိဗ္ဗာန်မြင်တဲ့ ဉာဏ်က မဂ္ဂသမ္မာဒိဋ္ဌိ၊ သဘောကျပလား (ကျပါပြီ ဘုရား)။

အင်း – သူက ဘာမြင်ပါလိမ့် (နိဗ္ဗာန်မြင်ပါတယ် ဘုရား) ဖြစ်ပျက်ကော (မမြင်ပါ ဘုရား)။

ဟ-ဖြစ်ပျက်မှု မြင်ရင် သင်္ခါရတရား အာရုံပြုတယ် ဆိုအုံး မှာလား (မဆိုပါဘူး ဘုရား) အဲဒီ ကျတော့မှ ပဋ္ဌာန်း ပါဠိတော်နဲ့ သွားကိုက်တယ်၊ နိဗ္ဗာနံ မဂ္ဂဿ နိဗ္ဗာနံ- နိဗ္ဗာန်သည် မဂ္ဂဿ- မဂ်အား အာရမ္မဏ ပစ္စယေန- အာရမ္မဏ ပစ္စယသတ္တိဖြင့် ပစ္စယော ဥပကာ ရကော-ကျေးဇူးပြုသည် ဟောတိ-ဖြစ်၏ ဆိုတော့ နိဗ္ဗာနံ မဂ်ပဲ (မှန်ပါ့)။

ဒါဖြင့် မဂ္ဂသမ္မာဒိဋ္ဌိသည် ဖြစ်ပျက်ကို မမြင်ဘူး၊ နိဗ္ဗာန်ကိုသာ မြင်တဲ့တရား ဒုက္ခချုပ်တာ ကိုသာ မြင်တဲ့တရား (မှန်ပါ့) ဒီတရားကို ဘာသမ္မာဒိဋ္ဌိ ခေါ်ကြမယ် (မဂ္ဂ သမ္မာဒိဋ္ဌိ ခေါ်ပါတယ် ဘုရား) ဒါဖြင့် မဂ္ဂသမ္မာဒိဋ္ဌိလို့ ခေါ်ရမယ် (မှန်ပါ့)။

ဒကာ ဒကာမတို့ မဂ္ဂသမ္မာဒိဋ္ဌိကို သေသေချာချာ မှတ် ပါ (မှန်ပါ့)၊ အလျင်တရားလို ဖြစ်ပျက် မြင်သေးလား (မမြင်ပါ ဘုရား)၊ ဖြစ်ပျက် ဆုံးတာကို မြင်တယ် (မှန်ပါ့) ဖြစ်ပျက် အဆုံး ဆိုတာ နိဗ္ဗာန်ပဲ (မှန်ပါ့) ဖြစ်ပျက် အဆုံးကို မြင်တဲ့ဉာဏ်သည် ဘာ သမ္မာဒိဋ္ဌိ ဆိုကြမယ်(မဂ္ဂသမ္မာဒိဋ္ဌိ ပါ ဘုရား)။

ဖြစ်ပျက် အဆုံးမြင်တဲ့ ဉာဏ်သည် (မဂ္ဂသမ္မာဒိဋ္ဌိပါ ဘုရား) ကျေနပ်ကြပလား (ကျေနပ်ပါပြီ ဘုရား)၊

ဒါဖြင့် ဒို့ဟာ မဂ်ရဖို့ဟာ ဆုတောင်းဖို့ မလိုပါဘူး၊ ဝိပဿနာ သမ္မာဒိဋ္ဌိဖြိုင်ဖြိုင် လုပ်ဖို့ပဲ (မှန်ပါ့) ဒီမှာ ပေါ်လာတယ်ဗျ၊ ဦးခင်မောင်၊ ဒီမှာ ‘မပေါ်လာဘူးလား (မှန်ပါ့)။

ဝိပဿနာ သမ္မာဒိဋ္ဌိ ဖြိုင်ဖြိုင် လုပ်လိုက်၍ မဂ္ဂသမ္မာဒိဋ္ဌိဟာ လာမှာ (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

မဂ္ဂသမ္မာဒိဋ္ဌိကို လာဖို့ ရာသည် ခင်ဗျားတို့ ရှေ့ပြေးဘာ အရေးကြီးသတုံး (ဝိပဿနာ သမ္မာဒိဋ္ဌိ အရေးကြီးပါတယ်၊ ဘုရား) အင်း – ဝိပဿနာ သမ္မာဒိဋ္ဌိပဲ၊ အရေးကြီးပါတယ် ဒကာ ဒကာမတို့ တခြား ဘာမှ အရေးမကြီးပါဘူး။

ဒါဖြင့် ခင်ဗျားတို့ ဘာလုပ်နေကြရမတုံး (ဝိပဿနာ သမ္မာဒိဋ္ဌိ လုပ်နေရမှာပါ ဘုရား)၊ ဝိပဿနာ သမ္မာဒိဋ္ဌိပဲ လုပ်နေ၊ ဝိပဿနာ သမ္မာဒိဋ္ဌိပဲ လုပ်နေပါ (မှန်ပါ့)။

ခင်ဗျားတို့ သန္တာန်ပေါ်ချင်တဲ့ ဝေဒနာပေါ် ပေါ်ချင်တဲ့ စိတ်ပေါ် ပေါ်ချင်တာပေါ် ဦးခင်မောင် ဖြစ်ပျက်သာ ရှုနေ၊ ရှုတတ် ပြီမဟုတ်လား ရှုတတ်ပြီတဲ့။

အဲဒါရှုနေတော့ ဝိပဿနာ သမ္မာဒိဋ္ဌိ လုပ်နေတာပဲ (မှန်ပါ့) သူကလဲ ဘာမှမမြင်ဘူး၊ ဖြစ်တာ ပျက်တာ သူက ဒါပဲမြင် တယ် သြော် ပျက်သွားပြီ ပျက်သွားပြီး သူ့အလုပ်က ဒါပဲ (မှန်ပါ့)၊

ဒါလုပ်နေတဲ့အတွက် ဒိဋ္ဌိက အလိုလို ကွာနေတာပဲ။ ဦးဘအုန်းရေ၊ ကျေနပ်ပလား(မှန်ပါ့) နောက် မဂ္ဂသမ္မာဒိဋ္ဌိ ကတော့ဖြစ်တာလဲ မမြင်ဘူး၊ ပျက်တာကော (မမြင်ပါ ဘုရား)။

ဝဋ်ပြတ်တာပဲ မြင်နေတယ်(မှန်ပါ့ ဘုရား) ချာချာ လည်နေတဲ့ ဝဋ်ကြီး၊ အင်း – ခုနက ဖြစ်လိုက် ပျက်လိုက် အင်း တော် တော် ကြာလာပြန်ပြီ ဖြစ်လိုက် ပျက်လိုက် တော်တော် ကြာလာပြန်ပြီ ဖြစ်လိုက် ပျက်လိုက် (မှန်ပါ့ ဘုရား)။

ဒါချည်း လှည့်ရှု နေရတာပဲ (မှန်ပါ့ ဘုရား)၊ အဲဒီ ဝဋ်ကြီးဟာ ရှုရင်းမတ္တနဲ့ ဦးခင်မောင် ရှာမတွေ့တော့ဘူး (မှန်ပါ့ ဘုရား)။

ချာချာလည်နေတဲ့ ဒုက္ခဝဋ်ကြီးဟာ ဘာတဲ့တုံး (ရှာမ တွေ့တော့ပါဘူး ဘုရား)၊ ချာချာ လည် နေတဲ့ ဖြစ်ပျက် ဝဋ်ကြီးဟာ ရှာမတွေ့တော့ဘူး (မှန်ပါ ဘုရား) ဒါဝိပါက ဝဋ်လည်နေတာကို ဗျာ (မှန်ပါ့ ဘုရား)။

ဖြစ်လိုက် ပျက်လိုက် တစ်ခု ပေါ်လိုက် ပျောက်လိုက် တစ်ခု ပေါ် တစ်ခုဖြစ်လိုက် ပျက်လိုက် နောက်တစ်ခု ဖြစ်လိုက် ပျက်လိုက် ဦးဘတင် မလာဘူးလား (လာပါတယ် ဘုရား)။

ဒါတွေဟာ ရုပ်ဓမ္မ နာမ်ဓမ္မတွေရဲ့ ဖြစ်ပျက်ပဲ မဟုတ်လား (ဟုတ်ပါတယ် ဘုရား) ဒါဝိပါက ဝဋ်ကြီး လည်နေတာပဲ မဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား)၊ အဲဒီ ဝိပါက ဝဋ်ကြီး လည်နေတဲ့ ဥစ္စာ ရပ်စဲသွားတယ် (မှန်ပါ့ ဘုရား)၊ ဦးဘအုန်းရေ၊ ဘာရပ်စဲ သွားတာလဲ (ဝိပါက ဝဋ်ကြီးရပ်စဲ သွားတာပါ ဘုရား)။

ဒါကြောင့် ဖြစ်ပျက်တွေ မမြင်တာ၊ ဖြစ်ပျက်တွေ ခဏခဏ လည်နေတာက ဝိပါကဝဋ် မဟုတ်ဘူးလား (ဟုတ်ပါတယ် ကုရား)။ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဖြစ်ပျက်တွေ ခဏခဏ တွေ့နေတာက (ဝိပါကဝဋ်ကြီး ပည်နေတာပါ ဘုရား) ဝိပါကဝဋ်ကြီး ခဏခဏ လည်နေတာတဲ့။ မဂ္ဂသမ္မာဒိဋ္ဌိ ပေါ်တော့မယ် ဆိုတော့ ရှာမတွေ့တော့ဘူး (မှန်ပါ့ ဘုရား)။

ဝိပါကဝဋ်ကြီး လည်နေတာ ရှာမတွေ့ဘူး၊ ဘူမိလဒ္ဓ ဝဋ္ဋံ ပရိဇာနမာနာ၊ ဘူမိလဒ္ဓံ-ဉာဏ်၏ တည်ရာကို ရသော၊ ဝဋ္ဋံ- ချားရဟတ်ပမာ ချာချာလည်နေတဲ့ ဖြစ်ပျက်ဝိပါက ဝဋ်ကြီးကို ပရိဇာနမာနာ စွန့်လျက် မဂ္ဂသမ္မာဒိဋ္ဌိသည် ဥပ္ပဇ္ဇတိ- ဖြစ်၏တဲ့ (မှန်ပါ့ ဘုရား)။

သံယုတ် အဋ္ဌကထာ ဆရာက (ဟောပါတယ် ဘုရား)၊ ဒါဖြင့် ဒကာ ဒကာမတို့ အောက် မဂ်သမ္မာဒိဋ္ဌိ ပေါ်လာတယ် ဆိုက တည်းကိုက ဖြစ်ပျက် မတွေ့ရဘူး (မှန်ပါ့ ဘုရား)၊ မဂ္ဂသမ္မာဒိဋ္ဌိ ပေါ်လာတဲ့အခါ (ဖြစ်ပျက် ရှာမတွေ့တော့ပါ ဘုရား)။

ဘာတွေ့ရမတုံး (နိဗ္ဗာန်နဲ့ တွေ့ရမှာပါ ဘုရား)၊ အဲ နိဗ္ဗာန်ဆိုတာ ခင်ဗျားတို့က ဝင်းဝင်းကြီး ပေါ်လာလိမ့်မယ်၊ ဒီလို မအောက်မေ့နဲ့ (မှန်ပါ့ ဘုရား)၊ ဪ- ဖြစ်ပျက်တွေ ရှာမတွေ့ တော့ပါလား (မှန်ပါ့ ဘုရား)။

ချုပ်ငြိမ်းတဲ့ သဘောလေးသာ ကျန်ပါတော့လား (မှန်ပါ့ ဘုရား) ချုပ်ငြိမ်းတဲ့ သဘောလေးဟာ နိဗ္ဗာန်ပဲ (မှန်ပါ ဘုရား) ချုပ်ငြိမ်းတဲ့ သဘောလေး ကျန်တယ်လို့ သိတာ မဂ်ဉာဏ်ပဲ (မှန်ပါ့ ဘုရား)။

ဦးခင်မောင် နေရာကျပြီလား (ကျပါပြီ ဘုရား) ဦးဇံရင်တို့ ကော နေရာကျပြီလား (ကျပါပြီ ဘုရား) ဒါဖြင့် ဒကာ ဒကာမ တို့ ဝိပဿနာ သမ္မာဒိဋ္ဌိနဲ့ မဂ္ဂသမ္မာဒိဋ္ဌိက ခင်ဗျားတို့ သန္တာန်မှာ ပေါ်ရင် ကိုပဲ ရှင်းပါပြီ (ရှင်းပါတယ် ဘုရား)။

သြော် – ဝိပဿနာ သမ္မာဒိဋ္ဌိကတော့ ဖြစ်ပျက်ချည်း မြင်နေတာကို မဂ္ဂ သမ္မာဒိဋ္ဌိ ပေါ်တဲ့ အခါကျတော့ ဖြစ်ပျက် ရှာမတွေ့ဘဲနဲ့ နိဗ္ဗာန်ကို မြင်နေတာကိုး (မှန်ပါ့ ဘုရား) အမြင်ချင်း အင်မတန် မခြားနားဘူးလား (ခြားနားပါတယ် ဘုရား)။

ရှင်းပြီနော် (ရှင်းပါတယ် ဘုရား) ကောင်းပြီ ဒကာ ဒကာမတို့ မဂ္ဂသမ္မာဒိဋ္ဌိ ခြားနားတဲ့ဥစ္စာ ခင်ဗျားတို့ ရှုတဲ့ယောဂီ ပုဂ္ဂိုလ်မှာတော့ ဒီလို ပေါ်လိမ့်မယ် (မှန်ပါ့ ဘုရား)။

ရှုတဲ့ ယောဂီ ပုဂ္ဂိုလ်မှာတဲ့၊ ကဲ ဒါဖြင့် ဒီထက် ခိုင်လုံအောင် ဒီထက် ဒကာ ဒကာမတွေ မှတ်မိအောင် ဦးဘအုန်းတို့ မိလိန္ဒပဉှာ ထုတ်ကြဦးစို့နော် (မှန်ပါ့ ဘုရား)။

မိလိန္ဒပဉှာ ထုတ်လိုက်လို့ရှိရင် ပိုပြီး သကာလ ရှင်းမယ်၊ အခု ဒါဝိပဿနာ သမ္မာဒိဋ္ဌိနှင့် မဂ်သမ္မာဒိဋ္ဌိ ကိုတော့ဖြင့် သံယုတ် အဋ္ဌကထာဆရာ ပြောတာနဲ့ပဲ ခင်ဗျားတို့လဲ တော်တော် သဘော ကျပါပြီ (မှန်ပါ့ ဘုရား) သဘော မကျသေးဘူးလား (ကျပါ ပြီ ဘုရား)။

ဒါလေးတစ်ခေါက် ဆက်ပြောပါဦးမယ်၊ ဝိပဿနာ သမ္မာ ဒိဋ္ဌိက ဘာမြင်တုန်း (ဖြစ်ပျက် မြင်ပါတယ် ဘုရား)၊ အင်း – မဂ္ဂ သမ္မာဒိဋ္ဌိ ကျတော့ (နိဗ္ဗာန် မြင်ပါတယ် ဘုရား)၊ နိဗ္ဗာန်မြင် တယ် ဆိုတော့ သြော် – သမ္မာဒိဋ္ဌိ ချင်းပေမယ့် တယ်ခြားနား ပါလား ဆိုတာ ဦးဇံရင် ပေါ်လာတယ် (ပေါ်လာ ပါတယ် ဘုရား)။

သမ္မာဒိဋ္ဌိကတော့ အင်း-ဝိပဿနာ သမ္မာဒိဋ္ဌိ အမှန်အကန် မြင်ပုံက တစ်မျိုး မဂ္ဂသမ္မာဒိဋ္ဌိ အမှန်အကန် မြင်ပုံကတစ်မျိုး သြော် နှစ်မျိုး ထူးခြားပါလား ဆိုတာ ပေါ်လာတယ် (မှန်ပါ့ ဘုရား)။

မိလိန္ဒမင်းကြီး

ဒါနဲ့ မိလိန္ဒမင်းကြီး ဆိုတဲ့ ပုဂ္ဂိုလ်ကလဲ ဒကာ ဒကာမတွေ နှစ်တိုင်းလဲ ပြောနေလို့ ပညာရှိတဲ့ ပုဂ္ဂိုလ် ဆိုတာလဲ ဦးဘအုန်းတို့ သိလောက်ပါပြီနော် (မှန်ပါ့ ဘုရား) ရဟန္တာတွေ တောင် ပြေးရတယ် သူမေးတာ မဖြေနိုင်လို့။

နောက်ကျတော့ သူလို ဘုန်းကံပါရမီနဲ့ လာလို့ ပါရမီဖြည့် ဖက်ဆိုတဲ့ အရှင်နာဂသိန် ပေါ်လာလို့ သာလျှင် ရဟန္တာ ပုဂ္ဂိုလ်တွေ မြို့နား ရွာနား ကပ်နိုင်ကြတယ် ဆိုတာ ဦးခင်မောင် သူ့ဇာတ်ထုပ်မှာ ဒီအတိုင်း ပေါ့ဗျာ (မှန်ပါ့ ဘုရား)။

ရှင်နာဂသိန်

ကောင်းပြီ ရှင်နာဂသိန်က ဖြေတယ်၊ မိလိန္ဒမင်းကြီးက မေးတယ် “အရှင်ဘုရား နိဗ္ဗာန် မြင်ပုံလေး အမိန့်ရှိစမ်းပါ ဘုရား နိဗ္ဗာန်မြင်ပုံလေး အရှင်ဘုရားတို့ ကတော့ ရဟန္တာဖြစ်နေ အရှင် ဘုရား၊ နာဂသိန် ဆိုတာလဲ ရဟန္တာလို့ဆိုတာလဲ ယုံကြည်ပါတယ် အဲဒီတော့ အရှင်ဘုရား နိဗ္ဗာန် မြင်ပြီးသား ဖြစ်ပါတယ်၊ အဲဒီ အရှင်ဘုရား အလုပ်စဉ်နှင့်တကွ မြင်ပုံပြောစမ်းပါ” ဆိုတော့

အလုပ်စဉ်နှင့်တကွ နိဗ္ဗာန်မြင်ပုံ ဆိုတော့ ကျုပ်တို့ အတု ယူရတော့ မယ်။ မယူရပေဘူးလား(ယူရပါတယ် ဘုရား)။

အလုပ်စဉ်နှင့်တကွ နိဗ္ဗာန်မြင်ပုံကို တပည့်တော်အား အမိန့် ရှိပါဆိုတော့ နို့မို့လို့ ရှိရင်ဖြင့် ဒီလိုမှ မဖြေလို့ ရှိရင်ဖြင့် အလုပ်စဉ်နှင့် နိဗ္ဗာန်မြင်ပုံ မဖြေရင် နိဗ္ဗာန် မရှိဘူးလို့ ငြင်းမှာ (မှန်ပါ့ ဘုရား) သဘောကျရဲ့လား (ကျပါတယ် ဘုရား)။

နိဗ္ဗာန်

ဒါကြောင့် ဒကာ ဒကာမတွေ သူနဲ့ ဆိုင်လာလို့ သမ္မာဒိဋ္ဌိ ငါးမျိုးနဲ့ ဆိုင်လာလို့ ဦးဘတင် သွင်းပြီနော်၊ မဆိုင်ကော မဆိုင်ဘူးလား (ဆိုင်ပါတယ် ဘုရား)။

ဝိပဿနာ သမ္မာဒိဋ္ဌိနှင့် မဂ္ဂသမ္မာဒိဋ္ဌိ ရောက်လာပြီး ကျုပ်တို့ ဟော လာတာ (မှန်ပါ့ ဘုရား) ကိုင်း ဒါဖြင့် အရှင် ဘုရား နိဗ္ဗာန် မရှိဘူးလား ရှိသလား ရှိတယ် ဒကာ ဒကာမတို့ မိလိန္ဒ မင်းကြီးက မေးလို့ ရှိတယ်လို့ ဖြေလိုက်တယ် (မှန်ပါ့ ဘုရား)။

ရှိတယ်လို့ ဖြေတော့“ပစ္စုပ္ပန်လား အတိတ်လား၊ အနာဂတ် လား” သူမေးပြန်တယ်၊ ရှေ့ပိုင်း ထားပါတော့ “ဒကာကြီး ပစ္စုပ္ပန် လဲ မဟုတ် အတိတ်လဲ မဟုတ် အနာဂတ်လဲ မဟုတ်ဘူး နိဗ္ဗာန် ဆိုတာမျိုး ဟာ” “နို့ ဒါဖြင့် ပစ္စုပ္ပန်, အတိတ် အနာဂတ် ကာလသုံးပါး မှ မရှိလို့ ရှိရင် အရှင်ဘုရား နိဗ္ဗာန်ဟာ မရှိဘူးပေါ့” သူက လူကပ်ကိုဗျာ (မှန်ပါ့ ဘုရား)။

ကာလသုံးပါးမှလွတ်တယ်

နိဗ္ဗာန် မရှိဘူးပေါ့ ဆိုတော့ အို-ဒကာကြီး ပစ္စုပ္ပန်ကာလ နိဗ္ဗာန် နေရင်လဲ လူတိုင်း နိဗ္ဗာန် တွေ့မှာပေါ့၊ အတိတ် နိဗ္ဗာန်ရှိနေ လို့ ရှိရင် အတိတ်က လူတွေ ဆုံကြတယ်၊ အနာဂတ်က လူတွေ နိဗ္ဗာန်နဲ့ ဆုံရတော့မှာ မဟုတ်ဘူး၊ အနာဂတ် နိဗ္ဗာန် ရှိတယ် ဆိုလို့ ရှိရင်လဲ အခု ပစ္စုပ္ပန်လူတွေ သေရင် သေရုံပဲ နိဗ္ဗာန် ရောက်မှာ မဟုတ်ဘူးလား (မှန်ပါ့ ဘုရား)။

“အဲဒီလိုကျနေတော့ ဒကာကြီး နိဗ္ဗာန်ဆိုတာ ကာလသုံးပါးမှ လွတ်နေတဲ့ ကာလဝိမုတ် နိဗ္ဗာန် ဆိုတာ” “အို-ကာလဝိမုတ်ဆို နိဗ္ဗာန် မရှိဘူး ကိုယ်တော်” သူက ဒီလို ယူပစ်လိုက်တာ (မှန်ပါ့ ဘုရား)။

သဘောကျရဲ့လား (ကျပါတယ် ဘုရား) အဲဒီတော့ “ဒကာကြီး ကျုပ် ဥပမာ ပြောမယ် ခင်ဗျား သတိထားပြီး နားထောင် ပါတဲ့၊ နိဗ္ဗာန် ဆိုတာဟာ သေသေချာချာ ရှိပါတယ်” ဆိုတော့။

ဝါးနှစ်လုံးဥပမာ

သူ လောကီဥပမာဖြင့် ဒကာ ဒကာမတို့ ရှေးကတော့ မီးခြစ် မရှိတော့ ဝါးနှစ်လုံးကို ပွတ်ကြ ရတယ်၊ မီးထွက်အောင် မပွတ်ကြရ ဘူးလား၊ ပွတ်တဲ့ အခါကျတော့ ဒီမီးဟာ အလျင်က ရှိနှင့်သလား

အခုပဲ ရှိတာလား အနာဂတ်က လာတာလား မေးလို့ ရှိရင်ဖြင့် ဒကာ ဒကာမတို့ နဂိုကလဲ ဒီဝါးဟာ ဝါးပဲဝါးဟာ ဝါးပဲ မီးမပါဘူး (မပါဘူး ဘုရား)။

တောက်တတ်တဲ့ မီးမပါဘူးပေါ့ဗျာ၊ ကောင်းပြီ ဒါဖြင့် ဒီဝါး သည်ကားလို့ဆိုလို့ရှိရင် နှစ်လုံး ပွတ်လိုက်တဲ့ အခါကျလို့ ရှိရင်ဖြင့် ကြာကြာ သာပွတ် ပူပြီး သကာလ မီးမဖြစ်ပေဘူးလား (မှန်ပါ့)။

ဒါဖြင့် ဒါ ပစ္စုပ္ပန် အတိတ်က ရှိတာလား၊ အခုရှိတာလား အနာဂတ်ကာလက လာတာလား မေးလို့ ရှိရင် နဂိုဝါးထဲမှာ ဘယ် တုံးကမှ မရှိဘူး ရှိကြရဲ့လား (မရှိပါ ဘုရား)။

ဘယ်တုံးက မရှိတာ ဘယ့်နှယ်ကြောင့်တုံး ဆိုလို့ရှိရင် အို လုံ့လပယောဂ အားထုတ်တဲ့ ပုဂ္ဂိုလ်ကြောင့် ပေါ်လာတာ ဦးခင်မောင် ဘယ်လိုကြောင့်တုံး (လုံ့လ ပယောဂကြောင့် ပေါ်လာတာပါ ဘုရား)။

ဝိပဿနာရှုမှနိဗ္ဗာန်ပေါ်တယ်

အဲဒီမှာလဲ ခင်ဗျားတို့ ဝိပဿနာရှု နိဗ္ဗာန် ပေါ်လာတယ် (မှန်ပါ့ ဘုရား) ပစ္စုပ္ပန် အတိတ် အနာဂတ် ကာလသုံးပါး ထဲတော့ မရှိဘူး (မှန်ပါ့ ဘုရား) အားထုတ်ရင်တော့ ပေါ်လာ ပါလိမ့်မယ်၊ အားမထုတ် ရင်တော့ဖြင့် (မပေါ်ပါဘူး ဘုရား)။

ဒါဖြင့် ခင်ဗျားတို့က ဘုရားရှေ့သွားပြီး ရေလှူ – မီးလှူနဲ့ နိဗ္ဗာန် ပေးတော်မူပါနဲ့တော့ ဝေးပါသေးရဲ့ (မှန်ပါ့ ဘုရား) ရနိုင်ပါ မလား (မရနိုင်ပါ ဘုရား)။

ဝါးဟာ ဒီအတိုင်း မီးထွက်သလား ဦးဘအုန်း ပွတ်ရသေး သလား (ပွတ်ရပါတယ် ဘုရား) ဒါ သာမည ပွတ်ပြီး ချထားလို့ ကော ထွက်ပါ့မလား (မထွက်ပါ ဘုရား) အင်း – သူ့မီးထွက်လောက်တဲ့ အခြေအနေရောက်အောင် ပွတ်မှပဲ ထွက်မှာပဲ။ (မှန်ပါ့) သဘောကျပြီလား (ကျပါတယ် ဘုရား)။

ဒီမှာလဲ နိဗ္ဗာန် ပေါ်ပေါက် လာအောင် အားထုတ် ရလိမ့်မယ် (မှန်ပါ့ ဘုရား) နိဗ္ဗာန် ပေါ်ပေါက် လာအောင်သာ ဖြစ်ပျက် အားထုတ် ဖြစ်ပျက် ချုပ်ပြီး နိဗ္ဗာန် ပေါ်မှာပဲ (ပေါ်မှာပါ ဘုရား) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဖြစ်ပျက်ချုပ်ပြီ နိဗ္ဗာန် ပေါ်လာလိမ့်မယ် ဆိုတာ သေချာပြီ လား (သေချာပါပြီ ဘုရား) ကောင်းပြီ ဒါဖြင့် နိဗ္ဗာန် ပေါ်အောင် အားထုတ် နိဗ္ဗာန် ပေါ်လာမှာပဲ (မှန်ပါ့ ဘုရား)။

ကာလသုံးပါးမှာတော့ဖြင့် မရှိဘူး ပေါ်လောက်အောင် အားထုတ်တဲ့ ပုဂ္ဂိုလ် ရမယ် (မှန်ပါ့ ဘုရား) ဒါပါရမီတွေ ဘာတွေ လိုမနေနဲ့ (မှန်ပါ့ ဘုရား) သဘောကျပလား ဦးဘအုန်း (သဘောကျ ပါတယ် ဘုရား)။

ပါရမီ လိုသေးလား (မလိုပါ ဘုရား) မလိုပါဘူး၊ ပါရမီက ဘုန်းကြီးက အကုန်ပြီးပြီလို့ ပြောထား ပြီပဲ (မှန်ပါ့ ဘုရား)၊ ဒီ ဒကာ ဒကာမတွေ အကုန်ပြည့် နေပြီလို့ ပြောထားတယ်၊ အင်္ဂုတ္တိုရ်မှာ လာတဲ့ ပါရမီနဲ့ နှိုင်းချိန်ကြည့် ဧကန် ပြည့်နေတာ (မှန်ပါ့ ဘုရား)။

အားထုတ်တဲ့ပုဂ္ဂိုလ်မှာနိဗ္ဗာန်ရှိတယ်

အဲဒီတော့ကိုလဲ အားထုတ်တဲ့ ပုဂ္ဂိုလ်မှာရှိတယ် (မှန်ပါ့ ဘုရား) ဒါဖြင့် ဘုရား ဝါးနှစ်လုံးပွတ်တာ နဂိုကလဲ ရှိတာ မဟုတ် ဘူး၊ အခု ပွတ်တဲ့ ခဏလေး ပွတ်ဆဲမှာပဲ သူရှိတာ မဟုတ်ဘူး (မှန်ပါ့ ဘုရား) ရှိရဲ့လား (မရှိပါ ဘုရား)။

ကာလသုံးပါးမှ လွတ်ပြီး အားထုတ်တဲ့ ပုဂ္ဂိုလ်လို့ လ ပယောဂကြောင့် ထွက်တဲ့မီးပေါ့ဗျာ (မှန်ပါ့ ဘုရား) ဒါတွင် မကသေးပါဘူး ဒကာကြီး စကြာမင်း ဆိုတာ ရှိပါသေးတယ်၊ စကြာမင်း သည်ကား ဆိုလို့ရှိယင်ဖြင့် စကြာရတနာကြီး ကောင်းကင် ပျံနိုင်တဲ့ စကြာရတနာကြီး အလိုလို ပေါ်မလာ ဘူးလား (ပေါ်လာပါတယ် ဘုရား)။

စကြာရတနာ

စကြာမင်းတို့၏ ထုံးစံ အတိုင်း အဝတ်ဖြူဝတ်ပြီး ငါးပါးသီလ ယူပြီး သကာလ မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာ ဆိုတဲ့ ဗြဟ္မာ ဝိဟာရ တရား ပွားများမှ စကြာရတနာကြီးက ကောင်းကင်က ပေါ်လာတာ (မှန်ပါ့ ဘုရား)။

နဂိုက ပေါ်လာတာ (မဟုတ်ပါ ဘုရား) စကြာအလုပ် လုပ်လိုက်တာနဲ့ (စကြာရတနာကြီး ပေါ်လာတာပါ ဘုရား)၊ စကြာ ရကြောင်း အလုပ်လုပ်တာနဲ့ (စကြာ ရတနာ လာတာပါ ဘုရား)။

ဒီမှာလဲ ခင်ဗျားတို့ နိဗ္ဗာန်ရကြောင်း အလုပ်သာ လုပ်ရလိမ့် မယ်(မှန်ပါ့ ဘုရား) အော်နေ လို့တော့ဖြင့် (မရနိုင်ပါ ဘုရား) မရဘူးလို့ ဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။

သြော် – ခင်ဗျားတို့ ဘေးက လူကတော့ ပြုံးလိမ့်မယ် (မှန်ပါ့ ဘုရား) ပြုံးစရာကြီး များကော အင်မတန် ကောင်းတယ် ဆိုတာကော ခင်ဗျားတို့ ရှက်စရာ မကောင်းဘူးလား (ကောင်းပါ တယ် ဘုရား)။

ဘေးက လူကလဲ ပြုံးပြသွား ခင်ဗျားတို့ကလဲ (ရှက်စရာ ကောင်းပါတယ် ဘုရား)၊ မသိခင် တုန်းကဖြင့် အော် တာတော့ဖြင့် မသိလို့ အော်နေတာကို ကိစ္စမရှိဘူး (မှန်ပါ့ ဘုရား) ဟုတ်လား (ဟုတ်ပါတယ် ဘုရား)။

အခု အချိန်မှာ မသိအော် အော်လို့လဲ မဖြစ်တော့ဘူး ဒို့အော်တာ အလွဲပဲ (မှန်ပါ့ ဘုရား) အားထုတ်ဖို့ပဲ သဘောကျပလား (ကျပါပြီ ဘုရား) ကဲ-ဒါဖြင့် နိဗ္ဗာန် ရှိမရှိ ဘယ်လို ဆုံးဖြတ်ချက် ချမလဲ (ရှိပါတယ် ဘုရား)။

ရှိတယ်တဲ့ ဒါဖြင့် ဘုရား ရှိပုံလေး အရှင်ဘုရား နိဗ္ဗာန်အား ထုတ်တဲ့ ပုဂ္ဂိုလ်အတွက် အားထုတ်စဉ်ပဲ ပြောပါတော့ ဘုရား၊ နိဗ္ဗာန် ရောက်အောင် အားထုတ်ရင် နိဗ္ဗာန် ရောက်ပါတယ် ရပါတယ် ဆိုတော့ အားထုတ်စဉ်လေး ပြောပါတော့ (မှန်ပါ့ ဘုရား)။

အားထုတ်ပုံအလုပ်စဉ်

ဒီမှာ အားထုတ်စဉ် ရောက်လာတယ် (မှန်ပါ့ ဘုရား)။ ရိပ်မိပလား (ရိပ်မိပါတယ် ဘုရား) ဒကာကြီးတဲ့ “တဿတံ စိတ္တံ အပ္ပရာပရံ မနသိ ကရောတော။”

ရှေ့က ဝိပဿနာ အတော်ကြိုးစား လိုက်စမ်းပါတဲ့ (မှန်ပါ့) ရှေ့ကဘာနဲ့ ကြိုးစား ရမယ် (ဝိပါဿနာ သမ္မာဒိဋ္ဌိနဲ့ပါ ဘုရား) ဝိပဿနာ သမ္မာဒိဋ္ဌိချည်း ဒကာ ဒကာမတွေ ကြိုးစားနေ ကြိုးစား နေတော့ အင်း ဖြစ်ပျက် ဖြစ်ပျက်နဲ့ ဝိပဿနာ မဂ်နဲ့က ကိုက် ကိုက်ပြီး သွားတာပဲ၊ မသွားပေဘူးလား (သွားပါတယ် ဘုရား)။

အင်း သွားရင်း မတ္တနဲ့ပဲ ဒကာ ဒကာမတို့တဲ့ ဝိပဿနာ သမ္မာ ဒိဋ္ဌိ ရှုရင်းရှုရင်းနဲ့ ကျုပ်တို့ ဖြစ်ပျက် တွေဟာဖြင့် မြင်နေသေးတာပဲ (မှန်ပါ့)။

မြင်ရာကနေပြီး သကာလ တော်တော် ကြာလို့ရှိရင် ရှုဉာဏ် လေးဟာ မမြင်တဲ့ဘက် ကူးသွားတယ် ဖြစ်ပျက် မရှိတဲ့ဘက် ကူးသွား တယ်(မှန်ပါ့)။

ပထမ ဖြစ်ပျက်ဘက်လှည့်နေတယ်၊ ရှုရင်း ရှုရင်းနဲ့ ဘာဖြစ်သွားတုံး (ဖြစ်ပျက်မရှိတဲ့ဘက် လှည့်သွားပါတယ် ဘုရား) ဖြစ် ပျက်မရှိတဲ့ဘက် လှည့်သွားတယ်၊ “တဿ တံ စိတ္တံ အပရာ ပရံ မနသိကရောတော ဥပ္ပါဒံ (ပဝတ္တံ) အတိက္ကမိတွာ” ဖြစ်ပျက်တွေ လွန်သွား တယ် (မှန်ပါ့)။

အနုပ္ပါဒံ (အပဝတ္တံ) ဩက္ကမတိ – ဖြစ်ပျက် မရှိတဲ့ဘက် လှည့်သွားတယ် (မှန်ပါ့) ဦးဘအုန်း ဘာတဲ့တုန်း (ဖြစ်ပျက် မရှိတဲ့ဘက် လှည့်သွားပါတယ် ဘုရား)။

အင်း – နဂို ဝိပဿနာ ဉာဏ်တုံး ကတော့ ဖြစ်ပျက် ဘက်ကို လှည့်နေပါတယ် (မှန်ပါ့) ခင်ဗျားတို့ ရှုတဲ့ ဉာဏ်လေး ကလေ (ဖြစ်ပျက်ဘက် လှည့်နေပါတယ် ဘုရား) အင်း – နောက်ကျတော့ ဒီဉာဏ်လေးက ဘယ်လှည့်သွား (ဖြစ်ပျက် မရှိတဲ့ဘက် လှည့်သွားပါတယ် ဘုရား)။

ဖြစ်ပျက်မရှိတဲ့ဘက် လှည့်သွားတယ် ဆိုတော့ ဒိဉာဏ်လေး ရင့်လာတာကိုး (မှန်ပါ့)၊ ဝိပဿနာ ဉာဏ် ရင့်လာတာ (မှန်ပါ)၊ ဘယ်လို ဆိုကြမတုံး (ဝိပဿနာဉာဏ် ရင့်လာပါတယ် ဘုရား)။

နိဗ္ဗာန်မြင်ပုံ

နဂိုက ဖြစ်ပျက် ကလေး ရှုနေတာ ဘာဉာဏ်တုံး (ဝိပဿနာ ဉာဏ်ပါ ဘုရား)၊ ဝိပဿနာ သမ္မာဒိဋ္ဌိ ဆိုတာ မသေချာ ဘူးလား (သေချာပါတယ် ဘုရား)။

သူရင့်လာတော့ ဘယ်လိုများ ဖြစ်ပါတုံး ဆိုတော့ ဖြစ်ပျက် မရှိဘက် လှည့်သွား (မှန်ပါ့)၊ သဘောကျ ပလား (ကျပါ တယ် ဘုရား)၊ သူရင့်လာတော့ ဘယ်ဘက် လှည့်တုံး၊ (ဖြစ်ပျက် မရှိတဲ့ ဘက် လှည့်ပါတယ် ဘုရား)၊ ဖြစ်ပျက်မရှိတဲ့ဘက် လှည့်သွားတော့။

တေသံ- ထိုဖြစ်ပျက် နှစ်ပါးတို့၏ ဝူပသမော- မရှိခြင်း သည်၊ သုခေါ- နိဗ္ဗာန်ပဲပေါ့ (မှန်ပါ ဘုရား)၊ ဖြစ်ပျက် နှစ်ခုမရှိတာ ဦးခင်မောင် ဘာခေါ်မယ်တဲ့ (နိဗ္ဗာန် ဘက်လှည့် သွားပါတယ် ဘုရား)။

အင်း-ပထမကတော့၊ ဝိပဿနာတုံးက ဘယ်ဘက်လှည့် (ဖြစ်ပျက်ဘက် လှည့်ပါတယ် ဘုရား)။ ဖြစ်ပျက် ဘက်လှည့် နေတယ်နော် (မှန်ပါ့ ဘုရား)၊ နောက်တော့ ရှုမှတ် များများလာတော့ ဖြစ်ပျက် ရှိတဲ့ဘက် သူမလှည့်တော့ဘူး (မှန်ပါ့)၊ (ဘယ် ဘက် ကူးပြောင်း သွားတုံး)၊ ဖြစ်ပျက် မရှိတဲ့ဘက် ကူးပြောင်း ပါတယ် ဘုရား)။

ဖြစ်ပျက် မရှိတဲ့ဘက် လှည့်သွားတယ်နော် (မှန်ပါ့ ဘုရား)၊ သေချာပလား(သေချာပါတယ် ဘုရား)၊ ဘယ်ဘက် ကူးပြောင်း သွားပါလိမ့် (ဖြစ်ပျက် မရှိတဲ့ဘက် ကူးပြောင်းသွား ပါတယ် ဘုရား)။

အဲဒါ ဒကာကြီးတဲ့ ဖြစ်ပျက် မရှိတဲ့ဘက် ကူးပြောင်းသွား တာ၊ ဒကာကြီး ဒါနိဗ္ဗာန်ပဲ၊ မျက်မှောက် ပြုတယ် ဆိုတာ အဲဒါပဲလို့ သေချာ ဖြေလိုက်တယ်၊ ဦးခင်မောင် ကျေနပ်ပလား (မှန်ပါ့ ဘုရား)။

အင်း- ရှုရင်းမတ္တနဲ့ မရှိပါလား- မရှိပါလားလို့ကော မသိဘူးလား (သိပါတယ် ဘုရား)၊ -ဒုက္ခတွေ မရှိတော့ ပါလား လို့ကော မသိဘူးလား (သိပါတယ် ဘုရား)။

ဖြစ်ပျက်မရှိတာ နိဗ္ဗာန်

အင်းဒီ ဒုက္ခမရှိတာ နိဗ္ဗာန်ပဲ(မှန်ပါ့)၊ ဒုက္ခ မရှိတာ ဘာခေါ်ကြမယ် (နိဗ္ဗာန် ခေါ် ပါတယ် ဘုရား)၊ ဒါဖြင့် နိဗ္ဗာန် ဆိုတာ မြို့ကြီးလား ပြကြီးလား ဖြစ်ပျက် မရှိတာဘဲလား (ဖြစ် ပျက် မရှိတာပါ ဘုရား)။ ဖြစ်ပျက် မရှိတာ နိဗ္ဗာန်ပဲ ဆိုတာ ဒကာ ဒကာမတွေ ကောင်းကောင်း သေချာပလား (သေချာပါပြီ ဘုရား)၊ ဖြစ်ပျက် မရှိတာ နိဗ္ဗာန်၊ မဖြစ်ပျက်တဲ့ ဘက်ကို ရောက်ပါပေါ့ လားလို့ သိတာက (မဂ်ဉာဏ်ပါ ဘုရား)၊ မဂ်ဉာဏ်ပဲ၊ ဖြစ် ပျက်မရှိတာ (နိဗ္ဗာန်ပ ါ ဘုရား) သိတဲ့ဉာဏ်က (မဂ်ဉာဏ်ပါ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ သြော်- ဝိပဿနာ ဉာဏ်ရင့် လာတာကို ခေါ်တာကိုး (မှန်ပါ့ ဘုရား)၊ ဦးခင်မောင် ဘယ်လို မှတ်မတုံး (ဝိပဿနာ ဉာဏ် ရင့်လာ၊ မဂ်ဉာဏ် ရင့်လာတာပါ ဘုရား)၊ ဝိပဿနာ ဉာဏ်ရင့် လာတာ ဘာခေါ်ကြမယ် (မဂ်ဉာဏ်ပါ ဘုရား)။

ဉာဏ်စဉ်တက် နေဖို့မလို

သြော်- ဒါဖြင့် ခင်ဗျားတို့က ဉာဏ်စဉ် တက်နေဖို့ မလို (မှန်ပါ့)၊ ဝိပဿနာ ဉာဏ် သူ့ဟာသူ ရင့်အောင်သာ ပွားများနေ ဖို့ပဲ (မှန်ပါ့)၊ ငါ ဘယ်ဉာဏ် ရောက်ပြီ ဆိုတဲ့ လှေကားထစ် မှတ်ပြီးနေလို့ တော့ မဖြစ်ဘူး (မှန်ပါ့)၊ သဘောကျ ပလား (ကျပါပြီ ဘုရား)။

လှေကားထစ် မှတ်ပြီး တက်နေ လို့တော့ မဖြစ်ဘူးဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)၊ အင်း-လှေကားထစ်မှတ် – နေလို့ ရှိရင်ဖြင့် ဒကာ ဒကာမတို့၊ ခုနစ်ထစ် ရောက်ပြီ၊ ဆယ်ခြောက် ထစ် ရောက်ပြီ ဘယ်ဒီလို သိနိုင်မတုံး၊ ဒါက ရှင်သာရိပုတ္တရာ က သူ့ဉာဏ်နဲ့ ရေးထားတာ ပဋိသမ္ဘိဒါမဂ် က လာတာ (မှန်ပါ့)၊

ဉာဏ်ရင့်အောင်သာပွားများပါ

စင်စစ်တော့ဖြင့် ဒကာ ဒကာမတို့၊ ဒီလိုတော့ မဟုတ်တော့ ဘူးတဲ့၊ ဝိပဿနာဉာဏ် ရင့်သန် တာနဲ့၊ ဖြတ်ဆို မဂ်ဉာဏ်ဘက် ကူးတာပဲလို့ ရှင်နာဂသိန်ကတော့ ဟောထားတယ် (မှတ်ပါ)။

ဝိပဿနာဉာဏ် ရင့်သန်တာနဲ့ (မဂ်ဉာဏ်ဘက် ကူး ပါတယ် ဘုရား)၊ မဂ်ဉာဏ်ဘက် ကူးသွား တော့လဲ အာရုံလဲထူးသွား တယ်(မှန်ပါ့)၊ ဝိပဿနာဉာဏ်က ဖြစ်ပျက် အာရုံပြုတယ် (မှန်ပါ့ ဘုရား)။

မဂ်ဉာဏ်က ဖြစ်ပျက် မရှိတဲ့ဘက်ကို (အာရုံပြုပါတယ် ဘုရား)၊ အာရုံပြုတယ် ဆိုတော့ မသေချာဘူးလား (သေချာပါ တယ် ဘုရား)၊

ဒါဖြင့် ဒကာ ဒကာမတို့၊ ဝိပဿနာဉာဏ် ၁-နံပါတ် လုံလောက်လို့ ရှိရင်ဖြင့် မဂ်ဉာဏ် ၂- နံပါတ် လုံလောက်ဖို့ ခင်ဗျား တို့က ဘာမှ အားစိုက်စရာ မလိုဘူး (မှန်ပါ့)၊ ဝိပဿနာဉာဏ် သာလျှင် ရင့်သန်ဖို့ သိပ်အရေးကြီးတယ် ဆိုတာ ပေါ်ကြပလား (မှန်ပါ့)။

ဒါဖြင့် မိလိန္ဒမင်းကြီး ရှင်နာဂသိန် ဖြေတာဖြင့် ဖြစ်ပျက်ရှု ရင်း မတ္တနှင့် ဖြစ်ပျက် မရှိတဲ့ဘက် ကူးပဲ သွားတယ်၊ အဲ- အဲဒါ နိဗ္ဗာန်ဘက် ကူးတာပဲလို့ ပြောလိုက် ပါတယ် (မှန်ပါ့)၊ ဒါ မဂ်ဉာဏ် ပေါ်တာပဲ လို့ဆိုလို့ရှိရင် မသေချာဘူးလား (သေချာ ပါတယ် ဘုရား)၊ ရှင်းပြီနော် (ရှင်းပါတယ် ဘုရား)၊

ကဲ-နက်ဖြန် မှ ဖိုလ်ဉာဏ်ပြောကြစို့။

သာဓု သာဓု သာဓု။