057

တယ်မိုက်တဲ့ “ငါ” ပါလား (ဆင်သေနဲ့ကျီးဥပမာ)

စာအုပ်ပါရက်စွဲနှင့် ဟောတရားမကိုက်ပါ။

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

အမရပူရမြို့၌ ဟောကြားသောတရားတော်

တယ် မိုက် တဲ့ “ငါ” ပါ လား

(ဆင်သေနဲ့ ကျီးဥပမာ)

(၂၄-၉-၆၁)

ဒကာ ဒကာမတွေ မိမိကိုယ်ကိုမိမိ သတိထားကြပါလို့ပြော တယ်၊ မိမိကိုယ်ကိုမိမိ သတိထားကြပါလို့ ဒကာ ဒကာမတွေအား သတိပေးလိုက်တယ် (မှန်ပါ့ ဘုရား)။

ဘုရားသခင် ကိုယ်တော်မြတ်ကြီးက အရွယ်သုံးပါးမှာ တစ်ပါးပါးကို မင်းတို့သည်ကား လို့ဆိုရင် သူတော်ကောင်းအလုပ်ကို လုပ်ကြပါလို့ ဟောလိုက်တယ် (မှန်ပါ့ ဘုရား)။

အရွယ်သုံးပါးရှိတဲ့အနက်က တစ်ပါးပါးကိုသူတော်ကောင်း အလုပ်လုပ်ရမယ်လို့ (မှန်ပါ့) နှစ်ပါးတော့ဖြင့် ရှိပါစေတော့ ငယ်တဲ့အရွယ်စီးပွားရှာတဲ့အရွယ်ကိုး (မှန်ပါ့ ဘုရား)။

နောက်တတိယအရွယ် ရောက်လာလို့ရှိရင် သူတော် ကောင်းအလုပ်ကို ကြိုးစားလုပ်ကြလို့ ပြောတယ် (မှန်ပါ့) သုံးပါးစလုံး သားရေး၊ သမီးရေး၊ စီးပွားရေး မလိုက်ကောင်းဘူးတဲ့ (မှန်ပါ့ ဘုရား)။

သုံးပါးစလုံး ဘာတဲ့ (သားရေး၊ သမီးရေး၊ စီးပွားရေး မလိုက်ကောင်းပါ ဘုရား) မလိုက် ကောင်းဘူး ဆိုတာ ပြောလိုက်တယ် (မှန်ပါ့ ဘုရား)။

အဲဒါမှ အရွယ်သုံးပါးရှိတဲ့အနက်က သုံးပါးကို ဝေဖန်ပြီး သကာလ ဒကာသိုက်တို့ – ဒကာကြွယ်တို့ ပြောဦးမယ် (မှန်ပါ့ ဘုရား)။

အရွယ်သုံးပါးဆိုတာ

ဘုရားသခင် ကိုယ်တော်မြတ်ကြီး ပွင့်သွားတာသည် ရာ တမ်းမှာ ပွင့်တယ် (မှန်ပါ့) ရာတမ်း ဆိုတော့ မွေးတဲ့ပုဂ္ဂိုလ် တွေသည်ကားလို့ဆိုရင် ဘုရားသခင် ကိုယ်တော်မြတ်ကြီးရှိစဉ် နှစ် တွေမှာ မွေးတဲ့ ပုဂ္ဂိုလ်တွေသည် ဥပစ္ဆေဒက ဥပဃာတကကံတွေ မနှောင့်ယှက်ဘဲနဲ့ ရှိကြပါမူကား၊ တစ်ရာ အသက်ရှည်တယ် (မှန်ပါ ဘုရား)။

ဪ ဘုရားလက်ထက်က လူတွေ အသက်ဘယ် လောက်ရှည်ပါလိမ့်မတုန်းမေးရင် ဘယ့်နှယ်ဖြေမလဲ၊ (အသက် တစ်ရာရှည်ပါတယ် ဘုရား)။

ထုံးစံအတိုင်းဆိုရင် အသက်တစ်ရာ ရှည်ရမယ်နော် (မှန်ပါ့) ကံတွေဝင် မနှောင့်ယှက်လို့ ထုံးစံအတိုင်း သူ့တမ်းအတိုင်း ဆိုလို့ရှိရင် တစ်ရာအသက်ရှည်ရမယ် (မှန်ပါ့ ဘုရား)။

သို့ရာတွင် အခုအခါမှာ ဆုတ်ကပ်ဆိုပြီး သကာလ ဒကာ ဒကာမတွေလဲ သိကြတဲ့အတိုင်း ဆုတ်တယ်၊ လောဘ၊ ဒေါသ၊ မောဟ အားကြီးလာတာ ဆုတ်ခြင်း၏အကြောင်းပဲဆိုတာလဲ သိပြီး သားပဲထားပါတော့ (မှန်ပါ့ ဘုရား)။

အဲဒီတော့ ဘုရား ပရိနိဗ္ဗာန်စံသွားတာ နှစ်ပေါင်း ဘယ် လောက်ရှိပြီးတုန်းလို့ မေးလို့ ရှိရင်ဖြင့် ဒကာ ဒကာမတွေသိတဲ့ အတိုင်းပဲ၊ (၂,၅၀၀) ကျော်သွားပြီ ဘုရား၊ မဖြေရပေဘူးလား (ဖြေရပါတယ် ဘုရား)။

(၂,၅ဝဝ) ကျော်သွားပြီဆိုတာ အားလုံး ဒကာ ဒကာမတွေ လဲ သိကြတယ်၊ (၂,၅၀၀) အထိမ်းအမှတ်တွေတောင် လုပ်ခဲ့ကြ သေးတယ် (မှန်ပါ့ ဘုရား)။

အဲဒီတော့ ဆုတ်တယ်၊ ဆုတ်တယ်၊ အသက်တမ်းဆုတ် တယ် ဆိုတာလဲ မှတ်ထားကြပါဦး၊ တစ်ရာမှ တစ်နှစ်ဆုတ်ရတယ်၊ အနှစ်တစ်ရာဆိုလို့ရှိရင် တစ်နှစ်နောက်လျော့တယ်၊ အနှစ်တစ်ရာ ဆိုလို့ရှိရင် (တစ်နှစ် နောက်လျော့ပါတယ် ဘုရား)။

အဲဒီတော့ (၂,၅ဝဝ) ဆိုတော့ အနှစ်အစိတ် နှုတ်ရလိမ့် မယ်၊ နှုတ်ရတော့ အခု (၇၅) နှစ် သက်တမ်းပဲ ရှိတယ်၊ (မှန်ပါ့) သဘောကျပလား၊ (ကျပါပြီ)

(၇၅) နှစ်သက်တမ်းပဲရှိမယ်ဆိုတာ အားလုံး ဒကာ ဒကာမတွေ မှတ်ပါ (မှန်ပါ့ ဘုရား)။

အခုမွေးတဲ့ပုဂ္ဂိုလ်တွေ အသက်အတိုင်း ရှည်ရင် ဘယ် လောက် ရှည်ပါ့မလဲ၊ (၇၅နှစ်ပါ ဘုရား) အို အင်မတန် ကံထူး လို့ ရှည်တာကို မထည့်နဲ့၊ ပျမ်းမျှခြင်းကိုကြည့်၊ (မှန်ပါ့ ဘုရား)။

ကောင်းပြီ ဒါဖြင့် ဒကာဒကာမတို့ (၇၅) နှစ်တမ်း သုံးပုံပုံလိုက်ဆိုတော့ အစိတ်စီပေါ့ဗျာ (မှန်ပါ့) သုံးပုံ – ပုံလိုက် တော့ ဘယ်လောက်ရသလဲ (အစိတ်စီ ရပါတယ် ဘုရား)။

အစိတ်စီဆိုတော့ အရွယ်သုံးပါးကို ပထမအစိတ်က တစ် ပါး ဒုတိယအစိတ်ကတစ်ပါး၊ တတိယ အစိတ်က တစ်ပါးဆိုတော့ သုံးပါးမနေဘူးလား (သုံးပါးပါ ဘုရား)။

အရွယ်သုံးပါးဖြစ်ပြီး သကာလ သွားတော့ တစ်ပါးပါးမှာ မင်းတို့သည် သူတော်ကောင်း အလုပ်, လုပ်ကြ၊ အစအဆုံး သားရေး၊ သမီးရေး၊ စီးပွားရေးဆိုတဲ့ ငါးပါးအာရုံ ကာမဂုဏ်ကို မလိုက်စားကောင်းဘူးလို့ ဟောလိုက်တယ်၊ (မှန်ပါ့ ဘုရား)။

သဘောကျပလား (ကျပါပြီ) အဲဒီတော့ အခု အရွယ် သုံးပါးရှိတဲ့အနက်က ပထမအရွယ်မှာ ဘယ်သူမှ မလိုက်နိုင်လို့ အသာထားပါ အစိတ်လောက်မှာ (မှန်ပါ့ ဘုရား)။

ဒုတိယအရွယ် လိုက်ဖို့သင့်တယ်၊ (မှန်ပါ့) ဟာ မလိုက် နိုင်သေးပါဘူးဘုရား၊ ဒီအခါ အိမ်ထောင် ရက်သားတွေနဲ့ သားတွေ သမီးတွေ လူလားမမြောက်သေးလို့ စီးပွားရေး အခြေအနေလဲ မညီညွတ်သေးလို့ ထားလိုက်ပါတော့၊ အနှစ်ငါးဆယ်ပြည့်သွားတယ် (မှန်ပါ့ ဘုရား)။

ဒီအသက် (၂၅)နှစ်သာ နေဖို့ရာရှိတယ်ဆိုတာ ပြောဖို့ မလိုတော့ဘူး၊ (၇၅) နှစ်တမ်းကိုး (မှန်ပါ့ ဘုရား)။

အဲဒီ (၂၅)နှစ်မှာဖြင့် ဒကာကြွယ်တို့၊ ဒကာသိုက်တို့ ဒီသူတော်ကောင်း အလုပ်နဲ့ အချိန်ကုန်ရမယ်, (မှန်ပါ့) နို့ မဟုတ်လို့ရှိရင် ပထမအရွယ်လဲ မသိမိုက်မှားမှုနဲ့ အချိန်ကုန်တယ် (မှန်ပါ့ ဘုရား)။

ဒုတိယအစိတ်မှာလဲ ဒကာ ဒကာမတွေ သိပြီးသားအတိုင်း သားရေး၊ သမီးရေး၊ စီးပွားရေးကို အရေးတကြီး လုပ်နေရတာနဲ့ပဲ မလိုက်နိုင်ဘူး (မှန်ပါ့ ဘုရား)။

ငါးဆယ်ကျော်တယ် ဆိုလို့ရှိရင်ဖြင့် ဒါလိုက်မိအောင်ကို လိုက်ပါမှ (မှန်ပါ့) မလိုက်မိလို့ ရှိရင်ဖြင့် ဒကာ ဒကာမတို့သည် မြုပ်လမ်း-မျောလမ်းဆိုတာကတော့ဖြင့် သေချာတယ်လို့ မှတ် ထားလိုက်ပါတော့ (မှန်လှပါ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့က အရွယ်သုံးပါးတစ်ပါးပါး ကြိုးစားဆို တာက ပထမအရွယ် ကြိုးစားနိုင်လဲ ကြိုးစား၊ အစိတ်လောက်နော် (မှန်ပါ့ ဘုရား)။

ဟာ မကြိုးစားနိုင်ဘူး၊ ဒုတိယအရွယ်ကြိုးစား၊ ဟာ ဒါမှ မကြိုးစားနိုင်ခဲ့ဘူးဆိုရင် တတိယအရွယ် ကြိုးစားဖြစ်အောင် ကြိုးစားပေါ့ဗျာ (မှန်ပါ့ ဘုရား)။

အဲဒီတော့ ပျမ်းမျှခြင်း ဟောရလို့ရှိရင် တတိယအရွယ် ကြိုးစားဖို့ပဲ ဘုန်းကြီးများက ဟောရတယ်၊ (မှန်ပါ့ ဘုရား)။

“တိတ္တံ တညတရံဃာမံ၊ ပဋိဇဂ္ဂေယျ ပဏ္ဍိတော” အရွယ် သုံးပါးရှိတဲ့အနက်က ပညာရှိ ပုဂ္ဂိုလ် ဖြစ်ချင်လို့ရှိရင်ဖြင့် ပညာနဲ့ နိဗ္ဗာန်သွားချင်လို့ ဒုက္ခခပ်သိမ်း ငြိမ်းချင်ကြလို့ရှိရင်ဖြင့် တတိယ အရွယ်မှာ ကြိုးစားပါဆိုတော့- (၅၁)နှစ်က စ၍ ကြိုးစားပေါ့ဗျာ။ (မှန်ပါ့ ဘုရား)။

ဟာ အဇ္ဇေဝ သုဝေဝနဲ့ ဆိုလို့ရှိရင်ဖြင့် ပထမအရွယ်လဲ ကြိုးစားမှ ကောင်းတယ် (မှန်ပါ့) ဒုတိယအရွယ်လဲ (ကြိုးစားရမှာပါ ဘုရား)။

ကြိုးစားမှ ကောင်းတာချည်းပဲ၊ အဇ္ဇ၀ သုဝေဝနဲ့ကြည့်၊ (မှန်ပါ့ ဘုရား) အဲဒီအထဲက လွန်မြောက်ပြီး အဒူဝ သုဝေဝ ယနေ့ လား၊ နက်ဖြန်လား၊ တပည့်တော်တို့ မသိဘူး မသိပေမယ့် တပည့် တော်တို့ တော်တော် အသက်ရှည်လာတယ် ဆိုရင်ဖြင့် ငါးဆယ် ကျော်ရင် ကြိုးစားမှပဲ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

အကယ်၍ မကြိုးစားလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ မြုပ် လမ်း မျောလမ်းမှတစ်ပါး သွားရာလမ်းခွဲမရှိဘူးလို့ မှတ်ထားလိုက် စမ်းပါ (မှန်ပါ) မြုပ်လမ်း မျောလမ်းမှ တစ်ပါး လမ်းခွဲ မရှိတော့ ပါဘူးဆိုတာ မှတ်ထားပါ (မှန်ပါ့ ဘုရား)။

အဲ ဒီတော့ ဝိပဿနာမဟောခင် ဝတ္ထုတိုကလေး တစ်ခုပြောပါဦးမယ် ဒကာ ဒကာမတွေ အရွယ်သုံးပါး လိုက်ရမယ်ဆို တဲ့ ဥစ္စာဟာ ဒကာကြွယ်တို့ မှတ်ရလိမ့်မယ်၊ (မှန်ပါ့ ဘုရား)။

အလောင်းတော်အရိန္ဒမ

ဘယ်လိုပါလိမ့်မလဲ ဆိုတော့ဘုန်းကြီးတို့ ဘုရားအလောင်း နုစဉ်အခါတုန်းကပေါ့ဗျာ၊ နုဆိုတာ ပါရမီမပြည့် သေးတာကိုဆို သည် (မှန်ပါ့) အဲဒီအခါတုန်းက သူသည်ကား ဆိုလို့ရှိရင်ဖြင့် ရှင်ဘုရင်၏သားဖြစ်ခဲ့ပါတယ်၊ သဘောကျပလား၊ (ကျပါပြီ ဘုရား) ဘုရားအလောင်းက ဘာဖြစ်သတုန်း၊ (ရှင်ဘုရင်၏သားဖြစ်ပါတယ် ဘုရား)။

သူ့နာမည်ကို မေးလို့ရှိရင်ဖြင့် အရိန္ဒမ မင်းသားကလေး လို့ခေါ်သည် (မှန်ပါ့) သူဟာ အငယ်ကလေး ရှိပါသေးတယ်၊ အဲဒီ သူ့အဖေကို ပုရောဟိတ်လုပ်နေတဲ့ ပုဏ္ဏားကြီးရဲ့ သားကလဲသောနက ဆိုတာသည် ဒကာ ဒကာမတွေ ကြားဖူးတဲ့အတိုင်း ဖွား ဘက်တော် ဖြစ်နေပါတယ် (မှန်ပါ့) အရိန္ဒမမင်းသားနဲ့ ဖွား ဘက်တော်ဖြစ်နေတယ်။

သူတို့သည် (၁၂)နှစ် (၁၃)နှစ်ဆိုလို့ရှိရင်ဖြင့် ရှင်ဘုရင်၏ သား အရိန္ဒမနဲ့ ပုရောဟိတ် ကြီး၏သား သောနကနဲ့ အသပြာထောင်ထုပ်တွေ ပေးပြီး တက္ကသိုလ်ပြည်ကို ပညာသင် နှစ်ယောက် တွဲပြီး အဖော်အဖြစ်နဲ့ လွှတ်လိုက်တယ် (မှန်ပါ့ ဘုရား)။

တက္ကသိုလ်ပညာသင်

လွှတ်လိုက်တဲ့အခါကျတော့ တက္ကသိုလ်ပြည်ကို ရောက်ကြ ပါတယ်ဆိုကြပါစို့ (မှန်ပါ့) မင်းသားတို့ တတ်အပ်တဲ့ အတတ်တွေ အကုန်သင်ပေးတယ့် တက္ကသိုလ်ဆရာကြီးက ပုရောဟိတ် ပုဏ္ဏားကြီး၏ သားကိုလဲ ပရောဟိတ်တို့၏ အတတ်တွေကို အကုန် သင်ပေးတယ် (မှန်ပါ့ ဘုရား)။

သူတို့နှစ်ယောက်သည်ကားလို့ ဆိုလို့ရှိရင်ဖြင့် အတတ်စုံ ပြီး သကာလ အသက် နှစ်ဆယ်လောက် ရှိတော့ပြန်လာကြတယ် ဆိုကြပါစို့ (မှန်ပါ့) ပြန်လာကြသည့်အခါ သူတို့ သည်ကားလို့ ဆိုရင် တက္ကသိုလ်ပြည်ကနေပြီး အရိန္ဒမပြည်ကို ပြန်လာတဲ့အခါမှာ သူတို့သည် တစ်ခုသောမင်္ဂလာဆောင် အခမ်းဘုနားမှာ ဝင်ကြ တယ် (မှန်ပါ့ ဘုရား)။

မင်္ဂလာဆောင် အခမ်းအနား ဝင်ကြတဲ့အခါ တစ်ယောက် သော ပုဂ္ဂိုလ်ကို မင်္ဂလာ အခမ်းအနားက နေပြီး အဝတ်ဖြူ ခင်းပေး တယ်၊ တစ်ယောက်သော ပုဂ္ဂိုလ်ကို အဝတ်နီ ခင်းပေးတယ်၊ ခင်း ပေးတော့ ခုနင်က ပုရောဟိတ်၏သား သောနက,က အဝတ်ဖြူပေါ် ထိုင်ဖို့ရာ အခွင့်အရေး ရတယ်၊ အရိန္ဒမမင်းသားက အဝတ်နီပေါ် ထိုင်ခွင့်ရတယ်။ ထိုင်ကြတယ်၊

သို့သော် သူတို့ ဗေဒင်ကိန်းခန်း အလုံးစုံ အကုန်တို့နဲ့ သူတို့ဟာ အင်္ဂဝိဇ္ဇာနည်းနဲ့ အကဲခတ် ကြည့်တဲ့ အခါကျလို့ရှိရင် တစ်ယောက်သောပုဂ္ဂိုလ်က ထွက်ရလမ်းပေါက် မည့် ပုဂ္ဂိုလ်၊ အဖြူပေါ်ထိုင်မိတဲ့ ပုဂ္ဂိုလ်က (မှန်ပါ့ ဘုရား)။

တစ်ယောက်ပုဂ္ဂိုလ်က ငါးပါးအာရုံကာမဂုဏ် ပျော်မည့် ပုဂ္ဂိုလ် သူတို့ဟာ သူတို့သိတယ် (မှန်ပါ့) ထိုင်ခွင့် ပေးကတည်း က ဒကာကွယ်ရေ သူတို့နိမိတ် သူတို့သိတယ်။

ဒါနဲ့ပဲ သူတို့သည်ကားဆိုရင် မင်္ဂလာ အခမ်းအနားမှာ တက္ကသိုလ်က ပညာတွေယူလာပြီး မင်္ဂလာရှိတဲ့ စကားတွေသုံး၊ မင်္ဂလာရှိတဲ့ ဂါထာတွေ ရွတ်ဖတ်ပြီး၊ မင်္ဂလာဆောင်မှာ စားသောက် နေပြီး သကာလ သွားကြပြန်တာပေါ့လေ၊ တိုင်းပြည်ပြန်ကြတယ် (မှန်ပါ့ ဘုရား)။

တိုင်းပြည်ပြန်တဲ့အခါ သူတို့တော်တော်ကလေးသွားမိ တော့ အဲဒီတိုင်းပြည်မှာ တိုင်းပြည် အုပ်ချုပ် မင်းလုပ်နေတဲ့ ရှင်ဘုရင် က နတ်ရွာစံတယ်၊ သူတို့အဖေ မဟုတ်သေးဘူးနော် (မှန်ပါ့ ဘုရား)။

လမ်းမှာတွေ့ရတာ- လမ်းမှာတွေ့ရတာ (မှန်ပါ့) အဲဒီ မှာလဲ ရှင်ဘုရင်က သားယောက်ျား မထွန်းကား သမီးတစ်ယောက် သာ ကျန်ခဲ့တယ်၊ (၁၅)နှစ် (၁၆)နှစ်အရွယ် (မှန်ပါ့) အဲဒီတိုင်း ပြည်နဲ့ မနီးမဝေးမှာ သူတို့က တိုင်းပြည်ပြင်ဘက် တစ်ခုသောနေရာ မှာ အမောအပန်းဖြေ နားနေကြတယ် (မှန်ပါ့ ဘုရား)။

ဖုတ်သွင်းရထားဆိုက်

သောနကနဲ့ အရိန္ဒမနဲ့ထိုကဲ့သို့ နားပြီးနေကြတဲ့အချိန်မှာ – ဟိုတိုင်းပြည်ကလဲ ရှင်ဘုရင် နတ်ရွာစံလို့ (၇)ရက်ရှိပြီး၊ သဂြိုဟ်ကိစ္စ တွေပြီး၊ တို့တိုင်းပြည်မှာ တိုင်းပြည်အုပ်ချုပ် မင်းလုပ်တဲ့ ပုဂ္ဂိုလ်မရှိရင် ဖြင့် မတော်ဘူး၊ မင်းရှာကြစို့ ဆိုပြီး သကာလ ရှေးက ထိုက်တဲ့ပုဂ္ဂိုလ် ဆိုက်စေ သတည်း ဆိုပြီးမြင်း က,ပြီး သကာလ မင်းမြောက်တန်ဆာ တွေ ရထားပေါ်တင်ပြီး ဖုတ်သွင်း ရထားလွှတ် လိုက်တယ်ဆိုတာ ရှေးကထုံးစံ (မှန်ပါ့ ဘုရား)။

အဲဒီကဲ့သို့ လွှတ်လိုက်ပါတယ်၊ လွှတ်လိုက်တဲ့အခါကျလို့ရှိ ရင်ဖြင့် ဖုတ်သွင်း ရထား မြို့အရှေ့က ထွက်ပြီး ခုနင်က သောနကတို့ အရိန္ဒမတို့ နားနေတဲ့ ကျောက်ဖျာဆီကို အဝေးကြီးကပဲ ဦးတည့် လာတယ် (မှန်ပါ့ ဘုရား)။

ခုနင်က အဝတ်ဖြူပေါ် ထိုင်တဲ့ပုရောဟိတ်၏ သားကတော့ ဟိုကလာတာ မင်းလောင်း ရှာတာနဲ့ တူတယ်။ ငါသည်ကားလို့ ဆိုလို့ ရှိရင်ဖြင့်တဲ့ သူ့ဆီကို လာဆိုက်လို့ရှိရင် သူက ရှင်ဘုရင် လုပ်လို့ရှိရင် ငါလဲ အပေါင်းအဖော် ဖြစ်နေတယ်တဲ့ ပုရောဟိတ်ပုဏ္ဏား ဖြစ်လို့ရှိ ရင် ငါးပါးအာရုံ ကာမဂုဏ်ထဲ မြုပ်ခြင်း၊ မျောခြင်းဇာတ်တော့ ငါ ခင်းရမှာပဲတဲ့ (မှန်ပါ့ ဘုရား)။

အဲဒီတော့ ဟိုက ရထားလာတာမြင်လို့ရှိရင်ပဲ သူတို့ဆီကို ဆိုက်မှာစိုးတဲ့အတွက် ခုနင်က အဝတ်ဖြူပေါ်မှာ ထိုင်တဲ့ သောနက ကတော့ တောထဲ ထွက်ပြေးတယ် (မှန်ပါ့ ဘုရား) ဘုရား အလောင်းတော် အရိန္ဒမ မင်းသားကတော့ နေမြဲ အတိုင်းနေတော့ ရထားက ဒီဆိုက်တာပေါ့ဗျာ (မှန်ပါ့ ဘုရား)။

အရိန္ဒမဘုရင်ဖြစ်

ရထားက ဒီလာဆိုက်တာနဲ့ ဒကာ ဒကာမတို့ မင်းတို့ ဘာလုပ်ကြတာတုန်းလို့ အရိန္ဒမ မင်းသားကမေးတယ်၊ ဟာ-ဒီလို ဒီလိုပဲ တိုင်းပြည် အုပ်ချုပ်ဖို့ ဖုတ်သွင်းရထား လွှတ်လိုက်တာ အရှင် ဘုရားနဲ့ ထိုက်တာနဲ့ အရှင့်ထံလာပြီး ဆိုက်တယ်၊ တိုင်းပြည်အုပ်ချုပ် မင်းလုပ်ပါဘုရား၊ စီမံတော်မူပါ၊ တိုင်းပြည်အုပ်ချုပ် မင်းလုပ်ဖို့ ထိုက်တဲ့ပုဂ္ဂိုလ်ဖြစ်လေသောကြောင့် ဖုတ်သွင်း ရထားပေါ် တက်ပြီး သကာလ တိုင်းပြည်အုပ်ချုပ် မင်းလုပ်တဲ့ ရှင်ဘုရင်အဖြစ်ကို ရွက် ဆောင်တော်မူပါလို့ သူ့ကိုပြောကြတာပေါ့လေ (မှန်ပါ့ ဘုရား)။

အဲဒီအပေါ်မှာ ဘိသိက်တွေသွန်းပြီး သကာလ တစ်ခါ တည်း ရှင်ဘုရင်အဖြစ်သို့ ရောက်ပြီး တိုင်းပြည် ပြန်လှည့်မောင်းသွားတယ်၊ တိုင်းပြည် ပြန်လှည့်မောင်းသွားလို့ တော်တော်ကလေး ရောက်တဲ့အခါ ခုနင်က တောထဲထွက်ပြေးတဲ့ သောနကဆိုတဲ့ ပညာရှိက ကျောက်ဖျာပေါ် ပြန်ရောက် လာတယ် (မှန်ပါ့ ဘုရား)။

ပညာရှိ “သောနက’’

ဪ ငါ့လူတော့ဖြင့် ချောက်ကျပြီ၊ ချောက်ကျပြီတဲ့၊ ဒကာကြွယ် ရှင်ဘုရင်ဖြစ်တာ ချောက်ကျသတဲ့ (မှန်ပါ့ ဘုရား)။

ချောက်ကျတာပေါ့ဗျာ၊ ဒုက္ခမျိုးစုံ သူ့အပေါ်အကုန်ပုံတော့ မယ်ဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။

လောကုတ္တရာမျက်လုံးနဲ့ကြည့်ပါ လောကုတ္တရာ မျက်လုံးနဲ့ ကြည့်တော့ ရှင်ဘုရင်ဖြစ်တာ ဘာပါလိမ့်မတုန်းဆိုတော့ ဒုက္ခမျိုးစုံ အကုန်ပုံရတာဆိုသည် (မှန်ပါ့ ဘုရား)။

တိုင်းပြည် မဝမှာ မလှမှာလည်း သူ့တာဝန်၊ ရာဇဝတ်ပြစ်မှု တွေ ကင်းရှင်းအောင် လုပ်မှုလည်း (သူ့တာဝန်ပါ ဘုရား) ရာဇဝတ် ပြစ်မှုတွေ သင့်လာလို့ စီရင်ရမည့်တာဝန်ကော (သူ့တာဝန်ပါ ဘုရား)။

အဲ သူ့တာဝန်ချည်းပဲ၊ နန်းတော် အိမ်တော်နဲ့တကွ အလုံးစုံအကုန် မောင်းမမိဿံ အခြွေအရံ ပရိသတ်တွေ ပြည့်စုံမှုကော (သူ့တာဝန်ပါ ဘုရား)။

သားတွေ သမီးတွေ မွေးဖွားလာပြီး သကာလ လာလို့ ဒါတွေ ပညာသင်ကြားပြီး သကာလ ယုယမှုတွေကော (သူ့တာဝန်ပါ ဘုရား) ဟာ ဒုက္ခမျိုးစုံ ဒကာကြွယ်တို့ ဒကာသိုက်တို့ သူ့အပေါ် အကုန် ပုံတာပေါ့ (မှန်ပါ့ ဘုရား)။

အဲဒါ ခုနင်က ကျောက်ဖျာပေါ်မှာ နောက်မှတက်လာတဲ့ သောနက ကမြင်တယ်၊ အင်း အရိန္ဒမတော့ ချောက်ကျပြီ၊ (မှန်ပါ့ ဘုရား)။

သစ်ရွက်ကြွေကျ

ငါတော့ဖြင့် လွတ်ပေပေါ့ ဆိုပြီး သကာလ သူ့စိတ်ထဲ ဝမ်း သာပြီး သကာလ နေတုန်းမှာ သူ့နောက်ကျောမှာ ပေါက်နေတဲ့ သစ်ပင်က သစ်ရွက်တစ်ခုက သိုက်တို့ ဒကာကြွယ်တို့ သူ့ပေါ် ကြွေကျတယ် (မှန်ပါ့ဘုရား)

စိတ်ကူးလိုက်တယ်၊ ဪ ဗဟိဒ္ဓဖြစ်တဲ့-ဗဟိဒ္ဓ ဆိုတာ ကိုယ့်ခန္ဓာမှတစ်ပါး ပြင်ဘက် ပေါ့ဗျာ (မှန်ပါ့) ဗဟိဒ္ဓဖြစ်တဲ့ ရုပ်တရားကြီးတောင်မှ ဖောက်ပြန် ပျက်စီးတဲ့ သဘောသတ္တိရှိတယ်၊ ဒါကြောင့် မခိုင်မြဲတဲ့သဘောကြောင့် ကြွေကျလာတယ် ကိုယ့် အဇ္ဈတ္တမှာ ကြည့်ပါဦးမယ်ဆိုပြီး ပြန်ကြည့်တယ်။

ပြန်ကြည့်တော့ ရုပ်နာမ်တွေဟာ ဒကာ ဒကာမတွေ ခုနင်ကသစ်ရွက်ကြွေသလို တစ်ဖျပ်ဖျပ်နဲ့ ကြွေမနေဘူးလား၊ (ကြွေနေပါတယ် ဘုရား) အပြင်ဘက်က နိမိတ်ကိုယူပြီးအတွင်း ကြည့်လိုက်တာကိုး၊ သဘောကျပလား (ကျပါပြီ ဘုရား)။ အပြင်ဘက်က နိမိတ်ကိုယူပြီး အတွင်းကြည့်လိုက်တာနဲ့ အတွင်း ဖြစ်ပျက်ကို မြင်တယ် (မှန်ပါ့) ဘာတွေမြင့်ပါလိမ့် (အတွင်း အဖြစ်အပျက်ကို မြင်ပါတယ် ဘုရား)။

အတွင်းဖြစ်ပျက်တွေ မြင်တယ်ဆိုတာ ဒကာ ဒကာမတွေ မှတ် ထားပါ (မှန်ပါ့) ဒကာ ဒကာမတွေ သစ်ရွက်များ ကြွေတာ မြင်ဖူးကြရဲ့လားမေးရင် ဘယ့်နှယ်ပြောမယ် (မြင်ဖူးပါတယ် ဘုရား)

ဪ ဒီလိုကြွေသလို ငါ့ခန္ဓာ ဘယ်လိုနေပါလိမ့်မလဲ လို့ ပြန်စိုက်ကြည့်ဖူးရဲ့လား (မကြည့်ဘူးပါ ဘုရား) ဘာဖြစ်လို့ တုန်း ကုသိုလ်ရမှာစိုးလို့လား၊ ထုံးစံကိုမရှိဘူးနော်၊ အတော်ကလေး ဆိုးမမနေဘူး (ဆိုးနေပါတယ် ဘုရား)။

နည်းက မရလို့ ဒကာကြွယ်၊ နည်းကမရလို့ ဖြစ်တယ်ဆို တော့ အဖြေတော့ ကောင်းသပေါ့ဗျာ (မှန်ပါ့) အခုတော့ နည်းရပြီဆိုတာကော သိပလား (သိပါပြီ) ပြင်ဘက်က သစ်ရွက်တွေ ဘာတွေ ကြွေကျတယ်၊ အိမ်တွေဘာတွေ ဆွေးကြ၊ ခြတွေ ဘာတွေစားကြ၊ ယိမ်းယိုင်ပြီး သကာလ လာကြတယ်ဆိုတာ လူတိုင်းရှိပါတယ် (မှန်ပါ့ ဘုရား)။

အဲဒါတွေ ထင်လိုက်မြင်လိုက်ရင် ကိုယ့်ပြင် ဘက်က ဟာတွေလဲ အနိစ္စတရားတွေပဲ၊ ဘယ်သူမှ မပိုင် ဘယ်သူမှ မဆိုင်ဘဲနဲ့ ဖြစ်ချင်သလို ဖြစ်နေတာက အဲဒါတွေမြင်ပြီး ကိုယ့် ခန္ဓာတော့ ဘယ်လိုများ ဖြစ်နေပါလိမ့်မလဲဆိုတာ ကြည့်ပါဦးတဲ့ (မှန်ပါ့ ဘုရား)။

ကြည့်တဲ့အခါကျတော့ရုပ်တွေဟာလဲ တဖျပ်ဖျပ်နဲ့လဲနေ တာပဲ (မှန်ပါ့) တဖျပ်ဖျပ်နဲ့ ပျောက်လိုက် ပျက်လိုက်၊ ပျောက် လိုက် ပျက်လိုက် အစားထိုးလိုက် ဒီလို မနေဘူးလား (နေပါတယ် ဘုရား)။

စိတ်ဓမ္မတွေကော (ဒီလိုပါ ဘုရား) ပျောက်လိုက် ပျက် လိုက် အစားထိုးလိုက် ဒီလိုမနေဘူးလား (နေပါတယ် ဘုရား) အဲဒါတွေကို ပြင်ဘက်ကို မြင်သဖြင့်လဲ အတွင်းကို ပြန်ကြည့်ပါ (မှန်ပါ့ ဘုရား)။

ဝိပဿနာရှုတဲ့အခါပေါ့လေ (မှန်ပါ့) ပြင်ဘက် မြင် တာတွေကို မြင်လိုက်လို့ရှိရင်လဲ အတွင်းကို ဉာဏ်ပြန်သွင်းပါ (မှန်ပါ့ ဘုရား)။

အတွင်းဉာဏ် ပြန်သွင်းလိုက်လို့ ရှိရင်လဲ အပြင်ဘက်နဲ့ အတွင်းဆိုတာ ပြင်ဘက်ကရုပ်၊ ပြင်ဘက်က ရုပ်နာမ်၊ မိမိခန္ဓာက နာမ်ရုပ်၊ သစ်ပင်တောတောင် ရေမြေတွေကရုပ် (မှန်ပါ့) အဲဒီ ရုပ်တွေက ဒကာကြွယ်တို့ ဒကာသိုက်တို့ ဖောက်ပြန်ပျက်စီးနေ တာပဲ (မှန်ပါ့) မနေဘူးလား (နေပါတယ် ဘုရား)။

နေတာပဲတဲ့၊ ကြွေလိုက်၊ အရွက်နုထွက်လိုက်၊ ဒီလို မနေ ဘူးလား (နေပါတယ် ဘုရား) အပေါ် အကြည်းတွေက ကွာ လိုက်၊ နောက်အကြည်းတွေ ထိုးလာလိုက်-အပေါ်အခွံတွေက ကွာ လိုက်၊ နောက်အခွံတွေက အစားထိုးလိုက်၊ ဒီလို မနေရဘူးလား (နေရပါတယ် ဘုရား)။

ဖြစ်တာပျက်တာနဲ့ပဲ နေတော့တယ်ဆိုတာ ငြင်းနေဖို့ လိုသေးသလား (မလိုပါ ဘုရား) သဘောကျပလား (ကျပါ ပြီ ဘုရား)။

ဒါတွေမြင်ပြီး သကာလ ခုနင်က သောနက-က ကျောက် ဖျာပေါ်မှာပဲ သူ့ခန္ဓာပေါ်မှာ ဉာဏ်လှည့်လိုက်ပါတယ် (မှန်ပါ့ ဘုရား)။

သဘောကျပလား (ကျပါပြီ) ဘယ်ဉာဏ် လှည့်သ တုန်း၊ (သူ့ခန္ဓာပေါ် ဉာဏ်လှည့်ပါတယ် ဘုရား) ဘယ်နည်းရပါလိမ့်၊ (ပြင်ဘက်က နည်းရပါတယ် ဘုရား) အေး ပြင်ဘက်က သစ် ရွက်က နည်းပြလိုက်တယ် (မှန်ပါ့ ဘုရား)။

ဒီလိုပဲ ကြွေတယ်ပျက်တယ်ဆိုတဲ့ဥစ္စာ ဒကာသိုက်တို့ နည်း ပြလိုက်တယ် (မှန်ပါ့) နည်းပြလိုက်တော့ ခန္ဓာလှည့်ကြည့် လိုက်တော့ ခန္ဓာကလဲ ဒီနည်းပဲမြင်နေတယ်၊ ဉာဏ်က စူးစိုက်သွား တယ် (မှန်ပါ့ ဘုရား)။

အဝိဇ္ဇာ အဖုံးအကွယ်မရှိတဲ့သူဆိုရင် ဒီအတိုင်းမြင်တာပဲ။ (မှန်ပါ့) အဝိဇ္ဇာ အဖုံးအကွယ် ရှိနေလို့ရှိရင်ဖြင့် ဘုန်းကြီးတို့ ဒကာ ဒီကာမတွေ ခန္ဓာထဲမှာ ဘယ်လောက်ပဲ ပြောင်းလဲနေစေကာမူ ခင်ဗျားတို့ မမြင်ပါဘူး (မမြင်ပါ ဘုရား)။

သဘောကျပလား (ကျပါပြီ) ဒါဖြင့် ခန္ဓာလှည့်ပါဆို တာ ကျေနပ်ပလား (ကျေနပ်ပါပြီ) ဗဟိဒ္ဓဖြစ်တိုင်း ဖြစ်တိုင်း – ဗဟိဒ္ဓပျက်သလို အတွင်းခန္ဓာမှာလဲ ပျက်စီးနေတယ်ဆိုတာ ဉာဏ် လှည့်ပါ (မှန်ပါ့ ဘုရား)။

အဲဒီဉာဏ်လှည့်ပြီးနေတော့ ခုနင်ကပုဂ္ဂိုလ်မှာဖြစ်ပျက်တွေ မြင်တာပေါ့ဗျာ (မှန်ပါ့) ခန္ဓာကိုယ်ကြီး ရုပ်ဓမ္မတွေဖြစ်ပျက်တွေ မြင်လိုက် စိတ်ဓမ္မတွေ၏ ဖြစ်ပျက်တွေ မြင်လိုက် မြင်ရာက နေပြီး သကာလ ကြည့်ဖန် များလာတဲ့အခါ မုန်းပေါ့ဗျာ (မှန်ပါ့ ဘုရား)။

မြင်တာသည် ယထာဘူတဉာဏ် (မှန်ပါ့) မုန်းတာသည် (နိန္ဒဉာဏ်) ဒါတွေမြင်ရင်း မုန်းရင်းနဲ့ပဲ ကြည့်ပြီး သကာလ နေတော့ ဪ ဒါတွေဟာ ရုပ်တရား၊ နာမ်တရားလို့သာ ပြောသာပြော ရတယ်၊ စင်စစ်ဖြင့် ဒုက္ခရောက်နေတဲ့ ဒုက္ခတရားစုကြီးပါလားလို့ ဒုက္ခအစစ်ရယ်လို့ ဆုံးဖြတ်ချက် ချလိုက်တယ်၊ (မှန်ပါ ဘုရား)။

သောနက-က ပစ္စေကဗုဒ္ဓါဖြစ်

သဘောကျပလား၊ (ကျပါပြီ) ဘယ်လိုများ ဆုံးဖြတ်ချက် ချသတုန်း (ဒုက္ခအစစ်လို့ ဆုံးဖြတ်ချက် ချပါတယ် ဘုရား)။

ဒုက္ခပဲလို့ အမှန်ဆုံးဖြတ်ချက် ချလိုက်တယ် (မှန်ပါ့) ချလိုက်သည်နှင့် တစ်ပြိုင်တည်း သောတာပတ္တိမဂ်ရတာပဲ (မှန်ပါ့ ဘုရား) ဒါနဲ့ပြန်ပြီး ဆက်လက်ပြီး သကာလ အတွင်းခန္ဓာပဲ ပြန်ကြည့်တာပေါ့ ဒကာသိုက်-ဒကာကြွယ် (မှန်ပါ့ ဘုရား)။

ထို့အတူပဲ ဖြစ်ပျက်တွေမြင်၊ ဖြစ်ပျက်တွေမုန်း၊ ဖြစ်ပျက် တွေဆုံး၊ ဒုက္ခသစ္စာလို့ ဆုံးဖြတ်ချက် ချလိုက်တော့ ဖြစ်ပျက်ဆုံးပြန် ရော (မှန်ပါ့ ဘုရား)။ ဒီလိုနဲ့ပဲ လေးမဂ်ရပြီး ပစ္စေကဗုဒ္ဓါ ဖြစ်တယ်၊ ဆရာမပါဘူး လို့ မှတ်ပါ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဆရာမပါဘဲနဲ့ရတာ ဘယ်သူပါလိမ့်၊ (ပစ္စေကဗုဒ္ဓါနဲ့ဘုရား ပါ ဘုရား) ပစ္စေကဗုဒ္ဓါရယ်၊ ဘုရားရယ် ဒီနှစ်ပါးသာလျှင် ဆရာ မပါဘဲ နဲ့ နိဗ္ဗာန်မဂ်ဖိုလ် ရနိုင်တယ် (မှန်ပါ့ ဘုရား)။

ကျန်တဲ့ပုဂ္ဂိုလ်တွေ မရနိုင်ဘူးလို့ ဆုံးဖြတ်ချက်ချပါ (မှန်ပါ့) အခု ပစ္စေကဗုဒ္ဓါ ဖြစ်သွားတာက ဆရာပါသေးသလား (မပါ, ပါ ဘုရား) ပြင်ဘက်က သစ်ရွက်ပဲ၊ သူ့ဆရာ ရှိတော့တယ် (မှန်ပါ့ ဘုရား)။

ပြောပေးမည့်ဆရာ မဟုတ်ပါဘူး၊ နမူနာပြတဲ့ သဘော ကလေး အဲဒီကနေပြီး ခန္ဓာဉာဏ် ဆက်ပြီး ယူလိုက်တာပါပဲ (မှန်ပါ့ ဘုရား)။

ဒါနဲ့ ပစ္စေကဗုဒ္ဓါဖြစ်ပြီး သကာလ သွားတယ်၊ သွားတော့ ပစ္စေကဗုဒ္ဓါတို့၏ ထုံးတမ်းအတိုင်း နန္ဒမူလိုဏ်ဂူကို သွားနေလိုက်တာပေါ့ (မှန်ပါ့ ဘုရား)။

ဒကာ ဒကာမတို့ တစ်ဦးရဟန္တာဖြစ်သွားပြီ တစ်ဦးမှာတော့ ချောက်ကျနေတယ်ဆိုတာ သိပလား (သိပါတယ် ဘုရား) အတူတူ အဖော်ချင်းလာကြတာ (မှန်ပါ့ ဘုရား)။

တစ်ဦးကတော့ ဘာဖြစ်သွားသတုန်း၊ (ချောက်ကျသွားပါ တယ် ဘုရား) ချောက်ကျတယ်၊ ငါးပါးအာရုံ ကာမဂုဏ်တည်းဟူသော ပင်လယ်ထဲမှာ မျောနေတာပေါ့လေ (မှန်ပါ့) သဘော ကျပလား (ကျပါပြီ ဘုရား)။

ငါးပါးအာရုံ ကာမဂုဏ်တည်းဟူသော ပင်လယ်ထဲမျော နေတာက အရိန္ဒမ၊ ချောက်လွန် မြောက်ပြီး သကာလ ထွက်မြောက် သွားတာက သောနက (မှန်ပါ့) ပစ္စေကဗုဒ္ဓါဖြစ်သွားပြီ၊ သဘော၊ ကျပလား (ကျပါပြီ ဘုရား)။

အဲဒီတော့ ဒကာ ဒကာမတွေ ဘယ်သူ့နည်းကို ယူရမလဲ လို့မေးလို့ရှိရင် ယခုအချိန်မှာဖြင့် သောနကပဲ နည်းယူရမှာပဲ (မှန်ပါ့)။

သစ်ပင်တွေ ကြွေတာကြည့် – ပျက်တာကြည့် – မြေကြီး တွေ ချိုင့်တာ, ကုန်းတာတွေ ကြည့်၊ မူဟောင်းနဲ့ မူသစ် ပြောင်းတာ ကြည့်၊ ကြည့်လိုက်လို့ရှိရင် ပြင်ဘက်ပြောင်းတာ မြင်တိုင်း မြင်တိုင်း ခန္ဓာလှည့်လိုက်ပါ (မှန်ပါ့)။

ယထာဘူတဉာဏ်

ခန္ဓာလှည့်လိုက်တဲ့အခါမှာ ဤအပြောင်းမျိုး, ဤအပျက် မျိုးတွေဟာ မြင်ရလိမ့်မယ် (မှန်ပါ့) ထိုကဲ့သို့မြင်ရင် ယထာဘူ တဉာဏ် ရပြီလို့ မှတ်လိုက်စမ်းပါ (မှန်ပါ့) ထိုကဲ့သို့ မြင်ရင် ဘာဉာဏ် ပါလိမ့် (ယထာဘူတဉာဏ် ရပါတယ် ဘုရား) ဒါ , ကြည့်ပေးကြနော် (မှန်ပါ့)။

အင်း ဒါဖြင့် ကမ္မဋ္ဌာန်းနည်းယူစရာ ဆရာဘုန်းကြီး ကလဲ ဟောထားပြီ၊ တောတောင် ရေမြေတွေကလဲ ဟောလျက်ပါလား ဆိုတာ ပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား)။

အိမ်တွေကြည့်လိုက်လဲ တစ်နေ့တခြားအိုလာတာပဲ၊ (မှန်ပါ့ ဘုရား) တိုက်တွေ ကြည့်လိုက်လဲ တစ်နေ့တခြား လွင့်ပျက်နေတာ တွေပဲ၊ ဒါဟာ ဖောက်ပြန် ပျက်စီးနေတာဆိုတာ ထင်ရှားတယ် (မှန်ပါ့ ဘုရား) မထင်ရှားဘူးလား (ထင်ရှားပါတယ် ဘုရား)။

အစားအသောက်တွေ ကြည့်လိုက်ပြန်လဲ တစ်နေ့တခြား ပုပ်ရိပြီး သကာလ ခြောက်ကပ် သွားတာတွေကော (ထင်ရှားပါ တယ် ဘုရား)။

အဲဒါတွေကြည့်ပြီး ခန္ဓာကိုယ်ပြန်ကာ ပြန်ကာ ကြည့်ပေး မယ် ဆိုလို့ရှိရင်ဖြင့် သူလဲ ဖောက်ပြန် ပျက်စီးနေတာ မြင်ရမှာပဲ၊ ဟိုမှာလဲ ရုပ်၊ ဒီမှာလဲရုပ်ကိုးဗျ (မှန်ပါ့)။

အဲဒီတော့ ဖောက်ပြန်ပျက်စီးမှုသည် ခန္ဓာကိုယ်ဉာဏ်လှည့် ကြည့်လိုက်တော့ ရုပ်ဘက် ကြည့်ကြည့်၊ စိတ်ဘက်ကြည့်ကြည့်၊ ကြည့်ချင်တာကြည့်ပေါ့ဗျာ (မှန်ပါ့) ဖောက်ပြန် ပျက်စီးတာ တွေ မတွေ့ရဘူးလား (တွေ့ရပါတယ် ဘုရား)။

အဲဒီကဲ့သို့ တွေ့ရတဲ့အခါကျတော့ ဖောက်ပြန်ပျက်စီးတာ သိတဲ့ဉာဏ်၊ ဘာဉာဏ် ခေါ်ကြမယ် (ယထာဘူတ ဉာဏ်ပါ ဘုရား) အဲ ဖောက်ပြန် ပျက်စီးမှုရှိလို့ ဖောက်ပြန်ပျက်စီးမှုမြင် တာဟာ ယထာဘူတဉာဏ် (မှန်ပါ့)။

ဒီဉာဏ်ရရင် ဒီဘဝ တို့မဂ်ရနိုင်တဲ့ပုဂ္ဂိုလ် တိဟိတ်ပဲလို့ ဆုံးဖြတ်ချက်ချပါ (မှန်ပါ့) ဒီဉာဏ် ရရင် ဘာဆိုပါ့မယ် (တိဟိတ်, ပါ ဘုရား) တိဟိတ်ပဲလို့ ဆုံးဖြတ်ချက်ချလိုက်စမ်းပါ သဘော ကျပလား (ကျပါပြီ ဘုရား) သဘောပါပလား (ပါ, ပါပြီ ဘုရား)။

ဪ ဒါဖြင့် ဗဟိဒ္ဓကြည့်ပြီး အဇ္ဈတ္တလဲ ပြန်ကြည့်ကြ ပါလို့ ပြောလိုက်တယ်နော် (မှန်ပါ့) ခန္ဓာကိုယ်သည် တော်တော်ကြာ ပူလိုက်၊ တော်တော်ကြာ အေးလိုက်- အပူပျောက်ပြီး အအေး ရောက်လာတာပဲ (မှန်ပါ့) အအေးပျောက်ပြီး အပူရောက်လာ တယ် (မှန်ပါ့ ဘုရား)

အအေးတွေ အကုန်ချုပ် အပူတွေ အသစ် ထပ်တိုး၊ ဒီလိုမနေဘူးလား (နေပါတယ် ဘုရား) အဲဒီတော့ ဖောက်ပြန်ပျက်စီးနေတဲ့ သဘောတွေမပြောလားဗျာ (ပြောပါ တယ် ဘုရား) ခန္ဓာကိုယ်ကြီးက တစ်ခါတလေ လှုပ်လိုက်၊ ငြိမ်လိုက် နဲ့ကော မရှိဘူးလား (ရှိပါတယ် ဘုရား)။

လမ်းသွားတဲ့အခါ လမ်းကူးတော့ လှုပ်တယ်၊ ရပ်လိုက်တဲ့ အခါ ငြိမ်တယ် (မှန်ပါ့) လှုပ်လိုက်, ငြိမ်လိုက်တာလဲ အလှုပ် ပျောက်လို့ အငြိမ်ရောက်တာပဲ (မှန်ပါ့) အငြိမ်ပျောက်လို့ အလှုပ်တစ်ခါ ပေါ်လာတယ် (မှန်ပါ့)။

ဒါတွေဟာ ဘာဖြစ်နေတာတုန်းမေးရင် ဘယ့်နှယ်ပြော မလဲ (ဖောက်ပြန်ပျက်စီးတာပါ ဘုရား)။ အဲဒါတွေကိုမြင်တော့ ဪ ရုပ်တွေလဲ ဒီလိုပြောင်းပါလား၊ ရုပ်ပြောင်းသလောက် စိတ်ကလဲ ပြောင်းပါလား (မှန်ပါ့)။

လှုပ်လိုတဲ့စိတ်သည် ငြိမ်လိုတဲ့စိတ်မဖြစ်ဘူး၊ (မှန်ပါ့ ဘုရား) စိတ်ကငြိမ်လို့ ရုပ်ကငြိမ်တယ်လို့ ဆိုငြားသော်လဲ လှုပ်လိုတဲ့ စိတ် ပေါ်ပြီးမှ ငြိမ်လိုတဲ့စိတ်ပေါ်တာပဲ (မှန်ပါ့)။

အဲဒီတော့ နာမ်ဘက်ကလဲဖြစ်ပျက် (မှန်ပါ့) ရုပ်ဘက် ကကော (ဖြစ်ပျက်ပါပဲ ဘုရား) အဲဒီ ဖြစ်ပျက်တွေ မြင်ရင် ဘာဉာဏ်ခေါ်ကြမယ် (ယထာဘူတဉာဏ်ပါ ဘုရား)။

ဖြစ်ပျက်မြင်ရင် တိဟိတ်လို့ မှတ်

အေး ပြင်ဘက်က ပျက်တာစီးတာတွေ မြင်တိုင်း ဒကာ ဒကာမတွေ အတွင်းဘက်ဆီကိုလဲ ဉာဏ်လှည့်လှည့်-လှည့် လှည့်ပြီးကြည့်ပေးပါ (မှန်ပါ့) ကြည့်လို့ အတွင်းပျက်စီးသွား တာမြင်ရင် ဘာဉာဏ်ရမလဲ (ယထာဘူတဉာဏ်ပါ ဘုရား) ယထာဘူတဉာဏ်ရလို့ရှိရင် ဒကာ ဒကာမတွေ မှတ်လိုက်ပေတော့၊ တို့ တိဟိတ်ပဲဟေ့ (မှန်ပါ့)။

ဒီဘဝ မဂ်ဆိုက်နိုင်တာ သေချာတယ် (မှန်ပါ့) ဒီဘဝ သံသရာစခန်းသိမ်းမှာ တို့ပဲ (မှန်ပါ့) ဆုံးဖြတ်ချက်ချပါ၊ ဒါ ယထာဘူတဉာဏ်ရရင်နော် (မှန်ပါ့)။

ယထာဘူတဉာဏ်ရပြီး သကာလ နေတဲ့ပုဂ္ဂိုလ်သည် တိဟိတ်ပုဂ္ဂိုလ်သာ ရနိုင်တယ်ဆိုတာ ဆုံးဖြတ်ချက်ချပါ (မှန်ပါ့ ဘုရား)။

နိဗ္ဗိန္ဒဉာဏ်

ကိုင်း ယထာဘူတဉာဏ်ကနေပြီး ဒကာ ဒကာမတွေ ရှေ့တက်ပြီး ဒီဖြစ်ပျက်တွေကို ပင်လျှင် ကြည့်ပါများရင် မုန်းဆိုတဲ့ နိဗ္ဗိန္ဒဉာဏ် လာရမယ် (မှန်ပါ့) မလာပေဘူးလား (လာပါ တယ် ဘုရား)။

အဲဒီကဲ့သို့ နိဗ္ဗိန္ဒ ဉာဏ်လာပြီး သကာလ ဒကာ ဒကာမတွေ ဪ အခုကြည့်နေရတာ ဘာကြည့်နေရတာတုန်းလို့ ကိုယ့် ဟာကိုယ် ဝေဖန်ကြည့်တော့ ခဏခဏဖောက်ပြန် ပျက်စီး နေတာ ကြည့်ရတယ် (မှန်ပါ) ဒုက္ခကြည့် နေရတယ် (မှန်ပါ့) နာမ်ဘက် ကြည့်လိုက်တော့ကော –(ဒုက္ခပါ ဘုရား) ရုပ်ဘက် ကြည့်လိုက်လဲ (ဒုက္ခပါ ဘုရား) ဒုက္ခချည်းကြည့်နေရတယ် (မှန်ပါ့)။

ဪ ဒါဖြင့် ဒီအထဲမှာ ငါလဲမဟုတ်၊ သူလဲမဟုတ်၊ ကောင်းတာလဲမဟုတ်၊ ဘာမှ မဟုတ်ဘူး၊ ဒုက္ခသက်သက်သာရှိ တယ်လို့ ကိုယ့်ဉာဏ်နဲ့ကိုယ် ဆုံးဖြတ်ချက်ချရမယ် (မှန်ပါ့)

ကိုယ်ကချချင်လဲ မဖြစ်ဘူး၊ ဟိုကပြောတာ ချရုံပဲ (မှန်ပါ့ ဘုရား)။

မဂ်ဉာဏ်

ဟိုက ဒုက္ခတွေချည်းပြနေရင် ကိုယ့်ဉာဏ်က ဘယ်လိုဆုံး ဖြတ်ချက်ချရမလဲ (ဒုက္ခတွေချည်း ဆုံးဖြတ်ချက် ချရပါ့မယ် ဘုရား) ဒုက္ခချည်းပဲလို့ ဆုံးဖြတ်ချက်ချလို့ရှိရင် အဲဒါ ဒုက္ခပိုင်းခြား တဲ့ဉာဏ် (မှန်ပါ့ ဘုရား)။

သဘောကျပလား (ကျပါပြီ ဘုရား) ဘာဉာဏ်ခေါ်ကြ မလဲ (ဒုက္ခပိုင်းခြားတဲ့ဉာဏ်ပါ ဘုရား) ဒုက္ခပိုင်းခြားတဲ့ဉာဏ် ဆိုတာ ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။

အဲဒီ ဒုက္ခပိုင်းခြားတဲ့ဉာဏ်ဟာ မှတ်လိုက်ပေတော့ မဂ်ဉာဏ်တဲ့ (မှန်ပါ့) ဒုက္ခပိုင်းခြားတဲ့ ဉာဏ်ဟာ (မဂ်ဉာဏ် ပါ ဘုရား) ဒုက္ခလဲပိုင်းခြားပြီးရော ဒုက္ခချုပ်တဲ့နေရာမှာ နိရောဓ ဆိုတဲ့ နိဗ္ဗာန်ဝင်လာမယ် (မှန်ပါ့) အဲဒီနိဗ္ဗာန်မြင်တဲ့ဉာဏ်လဲ ဘာဉာဏ်လဲ (မဂ်ဉာဏ်ပါ ဘုရား)။

ဪ -ဒုက္ခပိုင်းခြားနိုင်တာလဲ ဒီဉာဏ်ပဲ (မှန်ပါ့) နိဗ္ဗာန်မြင်တာလဲ (ဒီဉာဏ်ပါ ဘုရား) သံသရာခရီး ဆုံးအောင်လို့ ခရီးသည် တဏှာသတ်တာကော (ဒီဉာဏ်ပါ ဘုရား)။

သဘောကျပလားတဲ့ (ကျပါပြီ) ယခု သူကိုယ်တိုင်လဲ မဂ်ဉာဏ် (မှန်ပါ့) ဒါဖြင့် မဂ်ဉာဏ်ရယ် အပိုင်းအခြားရတဲ့ ဒုက္ခ သစ္စာရယ် ခုနင်က ဒုက္ခချုပ်လို့ပေါ်လာတဲ့ နိရောဓသစ္စာရယ်၊

နောက်ကချုပ်တဲ့ သမုဒယသစ္စာရယ်ဆိုတော့ တစ်ပြိုင်နက် လေး ချက်ဖြစ်တယ် (မှန်လှပါ ဘုရား)။

မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား) အဲဒီလိုဖြစ်သွား တော့ လေးခါလောက်ဖြစ်တော့ ပစ္စေကဗုဒ္ဓါ ဖြစ်တယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

အဲဒီလိုပစ္စေကဗုဒ္ဓါ ဖြစ်ပြီးတော့ သူ နန္ဒမူလိုဏ်ကြွ သွားတယ်လို့ မှတ်လိုက်ပါ (မှန်ပါ့) သောနကဟာ ပစ္စေကဗုဒ္ဓါ ဖြစ်ပြီး နန္ဒမူလိုဏ် ကြွသွားပြီး သကာလ ဒကာကြွယ်တို့ရ (မှန်ပါ့) ပုဂ္ဂိုလ်ထူးလို့ မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ်။ ဘုရား)။

ခင်ဗျားတို့ဖြင့် သစ်ရွက်တွေ တဝေါဝေါကြွေရင် တံမြက် စည်းသာလှည်းပြီး စိတ်သာ ပျက်နေတယ်၊ ကြွေလိုက်တဲ့ သစ်ရွက်တွေ ပြောပဲမပြောချင်ဘူး အစရှိသည်နှင့် ဒကာကြွယ်တို့ လူစုပေါ့ ဗျာ (မှန်ပါ့)။

ကြွေလိုက်တဲ့ဖြစ်ခြင်းကွာ မပြောချင်ပါနဲ့တော့ ဒီအပင်နဲ့ ခက်ရချည့်ရဲ့ (မှန်ပါ့) အံမာလေး ဒီအပင်ကခက်ရမှာမဟုတ် ဘူး၊ ဒီအပင်က နိဗ္ဗာန်ပို့မလို့ နည်းပေးနေတာ ဒီအပင်ကြောင့် ခက်နေရင်တော့ ရန်ဖြစ်နေတာနဲ့အတူတူပဲ (မှန်ပါ့) နိဗ္ဗာန်ပေး မည့်တရားနဲ့ ရန်ဖြစ်နေတာနဲ့ အတူတူပဲ (မှန်ပါ့ ဘုရား)။

ဒီကရှေ့ ပြင်ပါဦးလို့ သတိပေးလိုက်ပါတယ် (မှန်ပါ့) နိဗ္ဗာန်ဉာဏ်ကိုေ ပးမှာတွေ နည်းသလား- အိမ်နားမှာ၊ (မနည်းပါဘူး ဘုရား) ဆိုတာတွေ၊ ကျိုးတာတွေ၊ ပျက်တာတွေ၊ သေတာတွေ၊ ကြေတာတွေ၊ ကြွေတာတွေ၊ ဒကာကြွယ် ဘယ်လောက်များများ မြင်ဖူးသလဲ (မရေတွက်နိုင်ပါ ဘုရား)။

ဘယ်တော့မှ ဒီဟာတွေကို သူတို့မြင်ပြီး ခန္ဓာပြန်လှည့် တယ်ဆိုတာ ပစ္စေကဗုဒ္ဓါ အလောင်းတွေ ဘုရားအလောင်းတွေ မဟုတ်တဲ့အတွက် ခင်ဗျားတို့ ဒီနည်းပေးမည့် ဆရာကမရှိတော့ တစ်ခါမှ မကြည့်ဘူး (မကြည့်မိပါ ဘုရား) ဒီကရှေ့တော့ဖြင့် နည်းပေးတဲ့ အတွက် ကြည့်ပေးပါတဲ့ (မှန်ပါ့ ဘုရား)။

သစ်ရွက်ကြွေပေမယ့် ဪ သူသည်ကားလို့ဆိုလို့ရှိရင် ရုပ်ဓမ္မလို့ ဖောက်ပြန်ပျက်စီးတာပဲ (မှန်ပါ့) နုရာကနေပြီး ရင့်၊ ရင့်ရာကနေပြီးရော်၊ ရော်ရာကနေပြီး ကြွေပေါ့ဗျာ (မှန်ပါ့ ဘုရား)။

ဖောက်ပြန်ပျက်စီးလိုက်တာ အဆင့်ဆင့် မနေဘူးလား (နေပါတယ် ဘုရား) ဒီခန္ဓာကြီး ဟာကော (ဖောက်ပြန်ပျက်စီးနေ ပါတယ် ဘုရား)။

ဒီလိုပဲမနေဘူးလား (နေပါတယ် ဘုရား) အဲဒီလို ပြန် ကြည့်မိအောင် ကြည့်စမ်းပါ ဆိုတာကိုလဲ အထူးပဲ သတိပေးလိုက် တယ် (မှန်ပါ့ ဘုရား)။

ခင်ဗျားတို့ ဒီသတိပေးမည့်လူ မရှိဘူးဆိုလို့ရှိရင် မဂ်မဆိုက် ဘူး (မှန်ပါ့) ခင်ဗျားတို့က ဆရာကင်းလို့ ကိုရတဲ့ ဆုတောင်း မဟုတ်ဘူး (မဟုတ်ပါ ဘုရား)။

ဆရာကင်းလို့ရတာက ဘုရားနဲ့ ပစ္စေကဗုဒ္ဓါပဲ (မှန်ပါ့) သဘောကျပလား (ကျပါပြီ) ဒါနဲ့ နန္ဒမူလိုဏ်ကြွတယ်၊ သူတို့အဲဒီအခါတုန်းက ပစ္စေကဗုဒ္ဓါ ဖြစ်စဉ်အခါတုန်းက အရွယ် (၂၀) လောက်ပေါ့ဗျာ (မှန်ပါ့ ဘုရား)။

ဒါလဲ ပစ္စေကဗုဒ္ဓါက နန္ဒမူလိုဏ်မှာနေ မြောက်ကျွန်းသို့ ဆွမ်းခံစားသူမှာတော့ ကိလေသာ ချုပ်ငြိမ်း ရုပ်သိမ်းတော့ အင်မ တန် အဖိုးတန်တဲ့အဖြစ်နဲ့ ကြုံနေရတယ်၊ (မှန်ပါ့ ဘုရား)။

ဘာမှကြောင့်ကြမှု တောင့်တမှုဆိုတာ ကိလေသာ အရှိန် , အစော် အာနုဘော်တွေက ရှိသေးရဲ့ လား (မရှိပါ ဘုရား) အင်မတန် ချမ်းသာပေါ့ဗျာ (မှန်ပါ့ ဘုရား)။

အဲဒီလို ချမ်းသာပြီး သကာလ နေတော့လဲ သွားတူ-သွား ဖက် လာတူလာဖက် ဖြစ်နေတဲ့ အရိန္ဒမကို သွားပြီး သတိရတယ် (မှန်ပါ့ ဘုရား)။

ဪ သူဖြင့် ချောက်ကျနေတာ ငါမှမကယ်တင်လို့ ရှိရင်ဖြင့် ကယ်တင်မယ့်သူ ရှိမှာ မဟုတ်ဘူး (မှန်ပါ့) အဲဒါ ဘုရားအလောင်းဗျ (မှန်ပါ့ ဘုရား)။

ဘုရားအလောင်းကို ကယ်တင်ရမှာ ဒကာ ဒကာမတို့ လွယ်တဲ့ အကြောင်းမဟုတ်ဘူး (မဟုတ်ပါ ဘုရား) ဘုရား အလောင်းကို ကယ်တင်ရမှာ ဖြစ်နေတယ်ဆိုတာ ဒကာ ဒကာမတွေ မှတ်ထားပါ (မှန်ပါ့ ဘုရား)။

ဒါနဲ့ သူက အသက်တွက်ကြည့်ပြန်တယ်၊ အင်း ငါလဲ ခြောက်ဆယ်လောက်ရှိပြီ၊ သူလဲ ခြောက်ဆယ်လောက် ရှိရင် ယခု အခါမှာဖြင့် ကျောထောက်နောက်ခံ သားသမီးများရလောက် ပလားလို့ ဟိုကနေ အဘိဉာဏ်နဲ့ ကြည့်လိုက်တယ်၊ ဪ သားတောင်မှ ဒီဃာဝု (၁၆) နှစ်လောက်ရှိပြီ၊ နန်းတော် အိမ်တော် လွှဲရင်ရမယ် (မှန်ပါ့ ဘုရား)။

ငါသွားပြီး သကာလ တရားဟောလို့ရှိရင်ဖြင့် တော်တော် နေရာကျမှာပဲဆိုပြီး မိတ်ဆွေချင်းမို့ ဒကာကြွယ်တို့၊ ဒကာသိုက်တို့ သတိရတယ် (မှန်ပါ့ ဘုရား) ဟိုကနေပြီး တရားဟောဖို့ သတိရ တယ်၊ ခြောက်ဆယ် အရွယ်ရှိပြီနော် နှစ်ဆယ်က ပစ္စေက ဗုဒ္ဓဖြစ်တာ ခြောက်ဆယ်ရွယ ်ရှိတဲ့ အခါကျမှ တရားဟောဖို့ အချိန် ကလေးကို ဟိုကနေ မြင်တယ် (မှန်ပါ့ ဘုရား)။

ဒီကြားမှာသွားဟောမယ်ဆိုရင် မောင်းထုတ်မှာ အရိန္ဒမက (မှန်ပါ့ ဘုရား) ငါးပါးအာရုံ ကာမဂုဏ်တွေ တည်းဟူသော မာန် တက်ပြီးတော့ပေါ့ဗျာ (မှန်ပါ့ ဘုရား)။ ဒါနဲ့ ဒီကရှင်ဘုရင် လုပ်တဲ့ ပုဂ္ဂိုလ်လဲ သားတောင်မှ (၁၆)နှစ်တောင် ရှိပြီး သကာလ နေတော့ ဒကာကြွယ်ရေ သတိရတယ် (မှန်ပါ့ ဘုရား)။

ငါဘယ်လိုများ ရှင်ဘုရင်ဖြစ်လာပါလိမ့်

ဪ ငါဘယ်လိုများ ရှင်ဘုရင်ဖြစ်လာပါလိမ့်မတုန်း , အဲဒီတော့မှ တွေးမိတယ် (မှန်ပါ့) သူ ရှင်ဘုရင်ဖြစ်နေတာ ပျော်တာ ပျော်နေတာကိုး၊ ဘယ်က စဖြစ်လာတယ် မတွေးပါ ဘူး (မှန်ပါ့ ဘုရား)။

ဘယ်သူနဲ့ အတူတူလာလို့ဆိုတာလဲ မတွေးမိဘူး (မှန်ပါ့) ဘယ်လောက်များ ငါးပါးအာရုံကို မူးချက်မိုက်ချက် လွန်နေတယ်ဆိုတာ ဒကာကြွယ်တို့၊ ဒကာသိုက်တို့ ရိပ်မိရောပေါ့ (ရိပ်မိပါတယ် ဘုရား) သူ့ သူငယ်ချင်းကို သတိမရဘူး (မရပါ ဘုရား) အဲဒီခြောက်ဆယ်ရှိမှ သူတွေးမိတယ် (မှန်ပါ့ ဘုရား)။

အရိန္ဒမမင်းသားက ခြောက်ဆယ်ရှိမှ တွေးမိတယ် ငါဘယ် လို ရှင်ဘုရင် ဖြစ်လာပါလိမ့် မတုန်းလို့ ဪ ငါတို့တက္ကသိုလ် သွားပညာသင်၊ ပညာသင်ရာကပြန်လာ၊ ကျောက်ဖျာထက်မှာ ငါနဲ့ သောနကနဲ့ အတူတူ နေတာပါလား ဆိုပြီး အဲဒီကျမှ ငါ့သူငယ်ချင်း အခုအခါ ဘယ်များ နေပါလိမ့်မတုန်း တဲ့၊ ဟိုတုန်းကတော့ နှုတ်တောင် မဆက်နိုင်ဘူးဗျ (မှန်ပါ့ ဘုရား)။

ငါးပါးအာရုံမွေ့လို့ တစ်ခါတည်း ချောက်ကျလိုက်တဲ့ဖြစ် ခြင်း ဟင် (မှန်ပါ့) ငါနှင့်လိုက်ခဲ့လို့ ခေါ်ဖော်ရရဲ့လား (မရပါ ဘုရား) ဟိုကလဲ မခေါ်တာကြိုက်လို့ တောထဲ သွားပုန်းနေတာပဲ၊ (မှန်ပါ့)၊ ရှင်းပလား ဒကာကြွယ် (မှန်ပါ့ ဘုရား)။

ကဲ ဒါနဲ့ပဲ သူကလဲ သတိရတော့ တိုင်းပြည်တစ်ပြည် လုံး ကြော်ငြာမောင်းခတ်တယ်၊ ငါ၏သူငယ်ချင်း သောနကဟာ အသက် (၂၀)က ကွဲခဲ့တယ်၊ သတင်းပေးနိုင်လို့ရှိရင် ဆုငွေ ဘယ် လောက်ပေးမယ်ဟေ့ ကိုယ်တိုင် လိုက်ပြနိုင်တဲ့လူဆိုရင် ဘယ် လောက်ပေးမယ်၊ သူက ကြော်ငြာ မောင်းခတ်တယ်။

အဲဒီ ကြော်ငြာတဲ့ အချိန်နဲ့ ဟိုကတွေးတဲ့အချိန်နဲ့လဲ ဒကာ သိုက်တို့ ဒကာကြွယ်တို့ အချိန်ကိုက်နေတယ် (မှန်ပါ့ ဘုရား)။

ဟိုကလဲ အရိန္ဒမတို့ တိုင်းပြည်ပြန်လာပြီး ဥယျာဉ်ထဲမှာ လာတာပေါ့ဗျာ (မှန်ပါ့) လာတဲ့အချိန်မှာ ကြော်ငြာ ကပ်ထားလို့ ကလေးတွေက ကြော်ငြာဖတ်ပြီးနေတော့ ဪ ငါ့ကိုလွမ်းဆွတ် တဲ့ကြော်ငြာပဲ ဆိုပြီး ကလေးကလေး မင်းဘာဖတ်နေတာတုန်း။

ဟာ ရှင်ဘုရင်က သူ့မိတ်ဆွေရှာဖို့ ကြော်ငြာသတင်း ပါပဲ (မှန်ပါ့) ဘယ်လိုတုန်း ဖတ်စမ်းကွာ၊ သောနကဆိုတဲ့ ပုဂ္ဂိုလ် သတင်းပေးနိုင်ရင် တစ်ရာ၊ ကိုယ်တိုင် ပြနိုင်ရင် တစ်ထောင် တဲ့ဆိုတော့ ကဲ မင်းသွားချေကွာ သောနကကို သတင်း လဲ ပေးနိုင်ပါတယ်၊ ဟောဒီ ဥယျာဉ်ထဲမှာပဲ၊ ကိုယ်တိုင်လဲ မင်းကို လိုက်ပို့ခိုင်းလို့ရှိရင် လိုက်ပို့လိုက်၊ ငါနဲ့တွေ့လိမ့်မယ်။

မင်းသွားပြောချေ-တဲ့၊ ခုနင်က ပစ္စေကဗုဒ္ဓါက လွှတ်လိုက် တာပေါ့ ဒကာကြွယ်ရ (မှန်ပါ့ ဘုရား)။

ဒါနဲ့ ကလေးလေးက သွားပြောတဲ့အခါကျတော့ ငွေ ထောင့်တစ်ရာလဲ ပေးပြီး ရှင်ဘုရင်က ငယ်ပေါင်းကို အင်မတန်တွေ့ ချင်တာနဲ့ ဒီနေ့လဲ မလိုက်နိုင်တော့ ရှင်ဘုရင် ဆိုတော့ ခုနင်က ကိုယ်ရဲ့ လုံခြုံမှုတွေကလဲ ရှိနေတော့ စစ်တပ်တွေ ဘာတွေနဲ့ အမျိုးမျိုး အဖုံဖုံပေါ့ဗျာ (မှန်လှပါ) နက်ဖြန်မှ ထွက်လာရတယ်၊ ထွက်လာ ပြီး သကာလ ပစ္စေကဗုဒ္ဓါနဲ့ ဒကာသိုက်ရေတွေ့ရော ဆိုပါစို့ (မှန်လှပါ ဘုရား)။

တွေ့တော့ အရှင်ဘုရား မာရဲ့လားတဲ့၊ ကျန်းရဲ့ လား တဲ့၊ အေး-မာတယ်၊ ကျန်းခံ့တယ် အစရှိသည်နဲ့ လောကထုံးစံ အတိုင်းပြောဆိုပြီး သကာလ ဟိုက တရားဟောတယ်၊ ဘုရား အလောင်းကို ဟောတာနော် (မှန်ပါ့ ဘုရား)။

ဘုရားအလောင်း အရိန္ဒမမင်းကို သောနက ပစ္စေကဗုဒ္ဓါက ဟောတာလို့ မှတ်စမ်းပါ၊ ဒါ-နိပါတ်တော်မှာ လာတာပါ၊ နောက်မှ အလုပ်စခန်းကို ပြောပေးမယ် မိုက်ပုံ-ပေပုံ အရွယ်သုံးပါး တစ်ပါးပါး အားထုတ်လိုက်တယ် ဆိုတာ သိစေချင်လို့ပါ (မှန်ပါ့ ဘုရား) ခင်ဗျားတို့ကအစ အဆုံးလိုက်မှာ သိပ်စိုးရိမ်လို့။

ပထမအကြိမ်ဆုံးမခြင်း

ဒါနဲ့ ဟောလိုက်တယ်ကွာတဲ့၊ အရိန္ဒမရေတဲ့၊ တို့ရဟန်းများ သပိတ်တစ်လုံး၊ သင်္ကန်း သုံးထည်နဲ့ သွားလိုက်တဲ့အတွက် ဘယ် သူခိုး-ဘယ်ဓားပြမှ ကြောက်စရာမရှိဘူးကွတဲ့၊ ဒါရဟန်းများ သိပ်ကောင်းတာပဲတဲ့၊ ကိလေသာ ခေါင်းပါးတယ်လို့ဟောတာ (မှန်ပါ့ ဘုရား)။ သပိတ်တစ်လုံး သင်္ကန်းသုံးထည်နဲ့ နေတော့ ဒကာ ဒကာမတွေ သိတဲ့အတိုင်း ဘယ်သူကလာပြီး သူခိုးတွေ ဓားပြတွေက နှိပ်စက်စရာ အကြောင်းရှိသေးသလား၊ (မရှိပါ ဘုရား)။

သင်္ကန်းဆိုတာ စုတ်စုတ်ပြတ်ပြတ် ချုပ်ထားပြီးဖြစ်နေသော ကြောင့် အထည်ကောင်းလဲ မဟုတ်ဘူး (မှန်ပါ့) သပိတ်ဆိုတာ လဲ ဘယ်နေရာမှ ထားပြီးသုံးလို့ မရဘူးဆိုတာလဲ သိပြီးသား ထားပါတော့ (မှန်ပါ့ ဘုရား)။

ဒါကြောင့် တို့မှာ ချမ်းသာတယ်ဆိုတော့ ဟိုကနားတော့ ထောင်နေတာပဲ၊ အဲဒီတစ်ပုဒ် ဟောလိုက်တယ် (မှန်ပါ့ ဘုရား)။

နောက်တစ်ပုဒ် တစ်ခါဟောပြန်တယ်၊ တို့မှာကွာ စပါးတွေ ဆန်တွေ-ကျီတွေနဲ့ လှောင်ထား ရတာ မဟုတ်တော့ မီးလောင်မှာလဲ – မစိုးရိမ်ရဘူး၊ ပိုးကိုက်မှာလဲ မစိုးရိမ်ရဘူး၊ မနက်လင်းရင် သဒ္ဓါ တရားရှိတဲ့ဆီသွားပြီး ဆွမ်းခံလိုက်၊ သဒ္ဓါတရားမရှိတဲ့အိမ်က ကန်တော့ဆွမ်းဆို ကန်တော့ဆွမ်းကို လက်ခံသွားတာပဲ။

လောင်းမည့်အိမ်ရှိလဲ လောင်းမည့်ဆွမ်း လက်ခံတာပဲ၊ တို့ မှာ ဒါကလေးနဲ့ရောင့်ရဲပြီး ပြီးတာပဲကွ တဲ့၊ ရှေ့ရေးနောက်ရေး ပူစရာမရှိဘူးကွ၊ အိမ်တွေမီးလောင်မယ်၊ သားစာ-သမီးစာတွေ ခက်လိမ့်မယ် ဆိုတာ တို့မှာမရှိဘူးကွတဲ့၊ အင်မတန်အေးချမ်းတယ် ကွတဲ့ (မှန်ပါ့ ဘုရား)။

တရားဟာ တရားကောင်းပေါ့ဗျာ၊ ရဟန်းများ အင်မတန် အေးချမ်းတယ်ဆိုတဲ့အကြောင်း ဟောချတာပဲ (မှန်ပါ့) သဘော ကျပလား (ကျပါပြီ ဘုရား)

အဲဒီလိုဟောတော့ ရှင် ဘုရင်က ဘုရားအလောင်းပေမယ့်လဲ နုတဲ့ဘဝ ဖြစ်နေတော့ ဒကာ ဒကာမ တွေ အရှင်ဘုရား ဟောတော်မူတာတွေဟာ ရဟန်းများမှာ ကောင်း တာတွေ ဟောတာတဲ့၊ ရဟန်းတို့၏ အကျင့်ဝတ်ကောင်း၊ ရဟန်းတို့ ၏ နေပုံထိုင်ပုံ ချမ်းသာတာတွေဟောတာတဲ့၊ ရဟန်းကောင်းတွေ ဟောသဖြင့် တပည့်တော်နဲ့ ဘာမှမဆိုင်ဘူးတဲ့၊ တပည့်တော်တို့က ရဟန်းလဲ မဟုတ်ဘူးတဲ့၊ (မှန်ပါ့) ဘယ့်နှယ် ဘောက် – မဆန်ဘူးလား (ဆန်ပါတယ် ဘုရား)။

တပည့်တော်က ရဟန်းမဟုတ်ဘူးတဲ့၊ ကိုယ်တော်က ရဟန်းတွေ ဒီလိုကျင့်ရင် ကောင်းတယ် ဆိုတဲ့ဥစ္စာပဲတဲ့၊ တပည့်တော် ရဟန်းမဟုတ်တော့ ဒီတရားတပည့်တော်နဲ့ ဘာဆိုင်သတုန်း ပြော တာ (မှန်ပါ့) ဒကာကြွယ် ရိုင်းလှချည့်လား (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘယ်သူရိုင်းတာတုန်းဆိုတော့ ဘုရားအလောင်းရိုင်းတာ လို့ ဆုံးဖြတ်ချက်ချ (မှန်ပါ့) ဘယ်သူရိုင်းတာပါလိမ့်၊ (ဘုရား အလောင်းရိုင်းတာပါ ဘုရား) ဘုရားအလောင်း ရိုင်းနေတယ် ဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။

ဒါနဲ့ ပစ္စေကဗုဒ္ဓါက ဒီတရားနဲ့ သူနဲ့ လုံးဝ မထိုက်တန်ဘူး၊ ကိလေသာ ခေါင်းပါးအောင် ဟောတာကို သူ ဘာဆိုင်သတုန်းလို့ မေးတော့ ကိလေသာ ခေါင်းပါးချင်တဲ့စိတ်နဲ့ ပြန်ပြောတာပဲ ဆိုတာ ဒကာသိုက် အဓိပ္ပာယ်ပေါ်လာတယ်၊ (မှန်ပါ့) မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)။

တချို့ ဒကာ ဒကာမတွေလဲ ဒီအတိုင်းပဲ မဟုတ်ဘူးလား၊ (မှန်ပါ့) ဒီအတိုင်းပါပဲတဲ့၊ ကိုယ့်လင် ကိုယ့်သား အလိုမကျတဲ့ အခါကျလို့ရှိရင်ဖြင့်-မလုပ်လဲ မလုပ်ချင်ဘူး၊ မကိုင်လဲ မကိုင်ချင် ဘူး၊ ပျင်းလဲပျင်းတယ်၊ ဖျင်းလဲဖျင်းတယ်ဆိုရင် ကျောင်းသွားပြီး သင်္ကန်းဝတ်နေပါလား (မှန်ပါ့) လာပြီကောဗျ၊ (မှန်ပါ့) မလာ ဘူးလား (လာပါတယ် ဘုရား)။

လာပြီ လာပြီ ဒကာ ဒကာမတို့ ကောင်းတာပြောတာ ဟိုက ဒီက အပြောခံရတဲ့လူက ဪ- ငါမလုပ်နိုင် မကိုင်နိုင်လို့ ဖြစ်ရလေခြင်းလို့ အပြောခံရတဲ့ လူကလဲ ဝမ်းနည်းသေးတယ် (မှန်ပါ့) အပြောခံရတဲ့လူကလဲ ဖျင်းပါပေ့ဗျာ ဝမ်းနည်းသတဲ့ (မှန်ပါ့ ဘုရား)။

သူ့ကိုအကောင်း တွန်းပေးတာ ဒကာကြွယ် ဘယ့်နှယ် သူက ဝမ်းနည်းသတဲ့လဲ၊ လောက မျက်လုံး ကိုးဗျ (မှန်ပါ့) ငါ မကျွေးနိုင်-မလုပ်နိုင်-မပြုနိုင်လို့ မစုနိုင်လို့ ငွေရှာညံ့လို့ သာလျှင် ငါ့နှင်ထုတ်တာပဲ (မှန်ပါ့ ဘုရား)။

အံမာ သူကလဲ ဒီလိုတွေးပြီး မထွက်ချင်ဘူး (မှန်ပါ့) တိုးပြီးရှာရဦးမယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ လာတယ်- (မှန်ပါ့ ဘုရား)။

တစ်သက်လုံး ကျွန်ခံလို့ ကျွန်-မပီတာနဲ့ ဒကာ ဒကာမတို့ မောင်းထုတ်တာတောင်မှ ကျွန်က အို.. ဒီတစ်ခါ တိုးလုပ်တာပဲ ဆိုပြီး သကာလ ကျောင်း, ကန်, ဘုရား, လွှတ်ငြား သော်လည်း သွားချင်ရဲ့လား (မသွားချင်ပါ ဘုရား) ဘာဖြစ်တာတုန်းဗျ (ကျွန်ခံချင်လို့ပါ ဘုရား) ကျွန်ခံချင်လို့ ဆက်ပြီးတော့ (မှန်ပါ့ ဘုရား)။

အရင်က ကျွန်ဆက်ကလဲ ရှိသေးတယ် (မှန်ပါ့) အဲဒီ ကျွန်ခံနေတာကို အိမ်သားတွေက မကျေနပ်တော့ ကျွန်ဟာ အလုပ် အကိုင် ညံ့တယ်၊ ပစ္စည်းရှာ ညံ့တယ် ဟုတ်လား၊ အထိန်းသိမ်း ညံ့ တယ်ဆိုပြီး နှင်ထုတ်တာတောင်မှ ဒီတစ်ခါဖြင့် နှင်မထုတ်တဲ့နည်း နဲ့ပိုပြီး ကျွန်ခံပါတော့မယ် ဆိုပြီး ဝန်ခံတာနဲ့ကော (အတူတူပါ ဘုရား) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ဒကာကြွယ် ဒီလိုများ ဝန်ခံမိသေးသလား ဒကာ သိုက်ကော (မခံမိပါ ဘုရား) အထုပ်နှင့် ထုပ်သွားမှာပဲလား (မှန်ပါ့ ဘုရား) သွားမှာပဲလား၊ ဒါဖြင့် တို့ပေးဦးမှ ထင်တယ် ခင်ဗျားတို့။

ဒါနဲ့ ဒကာ ဒကာမတို့ ပထမတရားမှာ လျှော်လိုက်ရတယ် (မှန်ပါ့) ဘာဖြစ်လို့ လျှော်လိုက် ရသတုန်း ဆိုတော့ မသိတဲ့ပုဂ္ဂိုလ် ဟောမိလို့ လျှော်လိုက်ရတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား) လျှော်လိုက်ရတာ ကျေနပ်ပြီနော် (ကျေနပ်ပါပြီ ဘုရား)။

ဒါနဲ့ ပစ္စေကဗုဒ္ဓါက ဆက်ဟောပြန်တယ်၊ ပစ္စေကဗုဒ္ဓါဆို တာ ဘုရားအောက်မှာ သူပဲ ရှိတာပဲ (မှန်ပါ့) ဉာဏ်သိပ်ပြီးထက် မြက်တဲ့ပုဂ္ဂိုလ်ပဲ (မှန်ပါ့ ဘုရား)။

သစ္စာလေးပါးကို ဆရာမပါဘဲနဲ့ ကိုယ်တိုင်သိပြီး ရဟန္တာ ဖြစ်တာပဲ (မှန်ပါ) ပစ္စေကဗုဒ္ဓါဟာ ဟင် (မှန်ပါ့) အတော် ထက်တဲ့ပုဂ္ဂိုလ်က ဟောတဲ့တရားကို သူနဲ့ မဆိုင်ဘူးပြောတာပဲ (မှန်ပါ့ ဘုရား)။

ဆင်သေနဲ့ ကျီး

ဒါနဲ့ပဲ ဒါမဆိုင်လို့ရှိရင် တရားတစ်ပုဒ် ဆက်ပြီးပြောပါဦး မယ်၊ ဟိုက မလျှော့တမ်း ဟောတယ် (မှန်ပါ) ဒကာကြီးတဲ့ အရှေ့မြစ်ညာကနေပြီး သကာလ ဆင်သေကြီးတစ်ကောင် မျောလာ တယ် တဲ့၊ ရေက အနောက်စီးမှာကိုး (မှန်ပါ့ ဘုရား)။

ကျီးမိုက် တစ်ကောင်သည်ကားလို့ဆိုရင် အဲဒီဆင်သေကြီး ပေါ်မှာ သွားနားတယ်၊ ဆင်သေကြီးက အကောင်အင်မတန်ကြီး တယ်တဲ့၊ (မှန်ပါ့ ဘုရား)။

ငါ့တစ်သက်တော့ စားလို့မကုန်ဘူးတဲ့၊ ရေထဲမျောလာတဲ့ ဆင်သေကြီးပေါ့ဗျာ၊ (မှန်ပါ့ ဘုရား)။

ငါ့တစ်သက်တာတော့ဖြင့် အသားတွေ စားလဲ ကုန်မှာ မဟုတ်ဘူး၊ ရေဆာလို့ရှိရင်လဲ ဒီဆင်သေကြီးက ထွက်တဲ့သွေးတွေ သောက်နေလဲ ငါဝတာပဲတဲ့၊ (မှန်ပါ့ ဘုရား)။

အစားလည်းမလို၊ ရေလည်းမလို၊ ဒီအပေါ်စီးပြီးသွားမှပဲတဲ့ တစ်သက်လုံး သွားမယ်တဲ့၊ (မှန်ပါ့) သူ့မှာတော့ ကံကောင်း အကြောင်းသင့်တယ် ထင်တာပေါ့ဗျာ (မှန်ပါ့ ဘုရား)။

အဲဒီလိုဒကာကြီး ဆင်သေကြီးပေါ်စီးပြီးသွားတယ်တဲ့။ ကျီးမိုက်တစ်ကောင်စီး-စီး-စီး-စီးပြီး သကာလ သွားတော့ရေထဲလဲ ဆင်သေကြီးက မျော-မျော-မျော-မျောသွားတော့ ဆင်သေ သည် ပင်လယ်ဝသို့ ရောက်သွားတယ်၊

ပင်လယ်ဝ ဆိုတဲ့ဥစ္စာ၊ အ ဆိုကတည်းက ဒကာ ဒကာမတွေ မှတ်ထားလိုက်တာပေါ့၊ ဟိုဘက် ကမ်း ဒီဘက်ကမ်း မြင်ရသေးတယ်၊ (မှန်ပါ့) အဝဆိုရင် မြင်ရသေး တယ်၊ အလယ်ဆိုရင် မမြင်ရတော့ဘူး၊ (မှန်ပါ့) သဘောကျပလား၊ (ကျပါပြီ ဘုရား)။

ပင်လယ်ဝရောက်ခါစရှိသေးတော့ မြင်ရတာပေါ့၊ (မှန်ပါ့) မြင်ရတော့ ဆင်သေကြီးပေါ်က သူပြန်မယ်ဆိုလို့ရှိရင် သေဘေး လွတ်သေးတယ်၊ (မှန်ပါ့ ဘုရား)။

ပျံသင့်တဲ့အချိန်မပျံလို့

သို့သော် သူ့အာသာက ဒီလိုမဟုတ်ဘူး၊ တစ်သက်လုံး ဆာလောင်မွတ်သိပ်ရင် အသား စားမယ်၊ ရေဆာလို့ရှိရင် အသွေး သောက်မယ်၊ (မှန်ပါ့) ဒီက နည်းတဲ့အကောင်ကြီး မဟုတ်ဘူး၊ (မှန်ပါ့ ဘုရား)။

ငါတော့ဖြင့် တစ်သက်လုံး အားကိုးလောက်တာပဲဆိုပြီး သကာလ ဒကာကြွယ်တို့ ဒကာသိုက်တို့ ဆင်သေပေါ်စီးသွားတယ်၊ (မှန်ပါ့ ဘုရား)။

ပျံနိုင်ဖို့ရာ အချိန်ကလေးရှိသားနော်၊ (မှန်ပါ့) သို့သော် သူစွန့်နိုင်ရဲ့လား (မစွန့်နိုင်ပါ ဘုရား)။

မစွန့်နိုင်ဘူး၊ သူ့ဘာသာနဲ့ သူ့အလို၊ သူ့ဆန္ဒနဲ့၊ သူ့မှာ အင်မတန်ကျေနပ်ပြီး သူ့စိတ်ကူးနဲ့သူ ယဉ်နေတာပဲ (မှန်ပါ့ ဘုရား)။

ယဉ်ပြီးလိုက်ပြီး သကာလ သွားလိုက်တော့ ပင်လယ်၏ အလယ်ရောက်ပါတယ်၊ အလယ်ရောက်တဲ့အခါ ဝဲသြဃတွေက များပြားတယ်၊ (မှန်ပါ့) သဘောကျပလား၊ (ကျပါပြီ) ပင်လယ်ဝဲ ဆိုတာ ဒီရေတွေ တက်လာတာ ကြည့်ပေတော့၊ (မှန်ပါ့ ဘုရား)။

အဲဒီဝဲထဲ ရောက်သွားတဲ့အခါ ပင်လယ်ထဲဆိုတော့ ငါးကြီးတွေ ဟုတ်လား မိကျောင်း အကြီးအကျယ်တွေ မရှိဘူးလား၊ (ရှိပါ တယ် ဘုရား)။

အဲဒါတွေက ဆင်သေပုပ်ကြီးကို ထိုးကြဆွကြတော့ ဒကာ ဒကာမတို့ ဆင်သေပုပ်ကြီးကို စားသောက်ပစ်လို့လဲကုန်၊ ပုပ်ရိလို့လဲ ရေထဲမှာ အရိုးတွေကပြုတ်ကုန်တော့ ဘာကျန်ရစ် သေးသတုန်း၊ (မကျန်ရစ်ပါ ဘုရား)။

အဲဒီမှာ ကျီးက ထပြန်တယ်၊ (မှန်ပါ့) ထပြန်တော့ တောင်ပြန်လိုက်ပြန်လဲ လမ်းမမြင်၊ ကမ်းမမြင်၊ (မှန်ပါ့) မြောက်ပြန် ကော၊ (ကမ်းမမြင်-လမ်းမမြင်ပါ ဘုရား)။

အရှေ့ပြန်လိုက်ပြန်လဲ လမ်းမမြင်၊ ကမ်းမမြင်၊ အနောက် ပြန်လိုက်ပြန်လဲ၊ (လမ်းမမြင်- ကမ်းမမြင်ပါ ဘုရား) ကြာတော့ နား စရာမရှိတော့ဘူး၊ (မှန်ပါ့) ဒါနဲ့ သူလဲ အတောင်တွေပူလာပြီး သကာလ ညောင်းလာပြီး သကာလ ဘယ်မှ မပြန်နိုင်တော့ဘူး၊ (မှန်ပါ့ ဘုရား)။

ဒီရေထဲပဲ ကျတယ်၊ (မှန်ပါ့) ကျတော့ သူလဲ ခုနင်က ဆင်သေ ငါးလိပ်မကန်းအစာ အာဟာရဖြစ်သလို သူလဲ ငါး လိပ်မကန်း၏ အစာအာဟာရ ဖြစ်သွားတယ်၊ (မှန်ပါ့) သဘောကျ ပလား၊ (ကျပါပြီ)

ဘယ့်နှယ်ကြောင့် ဒီကျီးသည် ဆင်သေပျက်စီး သကဲ့သို့ ပျက်စီးရပါလိမ့်မလဲလို့ မေးလို့ရှိရင် ပြန်သင့်တဲ့အချိန်က မပြန်လို့မှတ်ပါ၊ (မှန်ပါ့) ဘယ်လိုမှတ်ကြမယ်၊ (ပျံသင့်တဲ့အချိန်က မပြန်လို့ပါ ဘုရား) ရှင်းပလား၊ (ရှင်းပါပြီ ဘုရား)။

ပင်လယ်ဝ ရောက်နေတုန်းက ပျံလိုက်ရင် လွတ်ပါတယ်၊ (မှန်ပါ့) ကမ်းတွေလဲမြင်ရတယ်၊ သစ်ပင်တွေလဲမြင်ရတယ်၊ မြင်ရရင် သူနားနိုင်တာပေါ့၊ (မှန်ပါ့ ဘုရား)။

အခုတော့ ကမ်းမမြင် လမ်းမမြင်ကျမှ ပင်လယ်၏ အလယ်ရောက်မှ သူအားကိုးတဲ့ ဆင်ကြီးကလဲ ပုပ်ပြီး ငါးလိပ် မကန်းတွေ စားကုန်လို့ ဘာမှရှာမတွေတော့မှ ထပြန်တာကိုးဗျ။ (မှန်ပါ့) အဲဒီတော့ သူဟာ ဆုံးရှုံးခြင်းသို့ရောက်ရတယ်၊ (မှန်ပါ့ ဘုရား)။

ဒါဖြင့် အစအဆုံး စီးတဲ့အတွက် ဒုက္ခရောက်ရတယ်၊ (မှန်ပါ့) ဆင်သေကြီးကို အစအဆုံး စီးပြီး ဒီကျီးမိုက် လိုက်သွားတဲ့ အတွက် ဒကာ ဒကာမတို့ ကျီးမိုက်သည် သေပွဲဝင်ရတယ်၊ (မှန်ပါ့ ဘုရား) ရှင်းပလား၊ (ရှင်းပါပြီ) ဘာဖြစ်သွားပါလိမ့်၊ (သေပွဲဝင်ရပါ တယ် ဘုရား)။

သေပွဲဝင်ရတယ်ဆိုတာ သဘောကျပလား၊ (ကျပါပြီ) အင်း ဘယ့်နှယ်ကြောင့် သေပွဲ ဝင်ရပါလိမ့်မတုန်း ဆိုတော့ ပျံနိုင်တဲ့ ပင်လယ်ဝရောက်ချိန်အခါတုန်းက မပျံလို့၊ (မှန်လှပါ ဘုရား)။ ဒကာကြွယ်တို့ အဓိပ္ပာယ်ပေါက်ပလား၊ (ပေါက်ပါပြီ) ပျံနိုင်တဲ့အချိန်က၊ (မပျံလို့ပါ ဘုရား) ဘယ့်နှယ်ကြောင့် မပျံပါလိမ့် မတုန်းဆိုတော့ ငါးပါးအာရုံ ကာမဂုဏ်နဲ့တူတဲ့ ဆင်သေကြီးကို အားကိုးလောက်တယ်လို့ အထိမ်းအမှတ်ထားတယ်၊ (မှန်ပါ့ ဘုရား)။

အဲဒါတွေ အားကိုးလောက်တယ်လို့ အထိမ်းအမှတ်ထား တဲ့အတွက် ပျက်စီးတာ သူမမြင်ဘူးလား၊ (မှန်ပါ့) မြင်သေးရဲ့ လား၊ (မမြင်ပါ ဘုရား)။

ပျက်စီးသွားတဲ့အခါကျမှ ထပြီးပျံတော့ သူပါပျက်စီးရတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ) အဲဒီတရားဟောလိုက် တယ် ပစ္စေကဗုဒ္ဓါက ဟောလိုက်တယ် (မှန်လှပါ ဘုရား)။

ကျီးမိုက်နဲ့တူ

မင်းလဲဒီအတိုင်းဖြစ်မယ်ကွတဲ့၊ မင်း သားသမီးနဲ့ နန်းတော် ကြီးတည်းဟူသော ပစ္စည်း အာရုံတွေဟာ ဆင်သေတွေကွ၊ မင်းက ကျီးမိုက်နဲ့တူတယ်ကွ၊ မင်းအခု ငါးဆယ်ကျော် ခြောက်ဆယ် ပေါ်မှာတောင် မင်း ဒါတွေစီးပြီး အုပ်ချုပ်တုန်း၊ နောက်တော့လဲ ဒါတွေ ဟာ ကစင့်ကရဲ အိုပွဲတွေ၊ နာပွဲတွေ၊ သေပွဲတွေတွေ့မှ မင်းသည် သူတော်ကောင်း အလုပ်ရှာရင် ရမှာမဟုတ်ဘူး (မှန်လှပါ ဘုရား)။

အခုအချိန်ကစပြီး ဆင်သေနဲ့တူတဲ့ သားသမီး-မြေး-မြစ် နန်းတော်အာရုံတွေ စွန့်ပြီးတော့ သူတော်ကောင်း အလုပ်ကို လုပ်တော့ကွလို့ ဟိုကဥပမာနဲ့ ဟောလိုက်တယ်၊ (မှန်ပါ့) သူက နားထဲ ကို မဝင်ဘူး (မှန်ပါ ဘုရား)။

အရိန္ဒမမင်း-ဘုရားအလောင်းက ဒကာ ဒကာမတွေ ဘာ ဖြစ်သွားပါလိမ့် (နားထဲမဝင်ပါ ဘုရား) ဥပမာ ဘယ်လောက် ကောင်းသတုန်း (ကောင်းပါတယ် ဘုရား) ရှင်းပလား၊ (ရှင်းပါပြီ ဘုရား)။

ဒီမှာလဲ ဒကာ ဒကာမတွေ ဘယ့်နှယ်ဆိုကြမလဲ၊ ငါးပါး အာရုံ ကာမဂုဏ်ဆင်သေကြီးကို သားနဲ့-သမီးနဲ့-ပစ္စည်းနဲ့ ရှာလျက် ဆိုရင် စီးလျက်ပဲရှိသေးတယ်၊ (မှန်ပါ့) ပင်လယ် မရောက် သေးဘူး လားလို့ မေးလိုက်ပါတယ် (ရောက်ပါပြီ ဘုရား)။

ရောက်ချိန် အချိန်တုန်းက ဒါတွေကို ဉာဏ်စွန့် စွန့်ပြီး သကာလ ခင်ဗျားတို့ သူတော်ကောင်း အလုပ်လုပ်ပါ၊ (မှန်ပါ) ဒီဟာ နဲ့ချည်း သေပွဲဝင်တော့မယ်ဆိုရင်ဖြင့် ကျီးမိုက်ပါပဲ (မှန်ပါ့) ရိပ်မိပလား၊ (ရိပ်မိပါပြီ ဘုရား)။

ဘာလုပ်ရမယ်ဆိုတာ အခုအဖြေထွက်ကြပလား (ထွက်ကြပါပြီ ဘုရား) ပင်လယ်ဝ ရောက်နေတာ လူတိုင်းလိုလိုပဲ (မှန်ပါ့ ဘုရား)။

ယခုအချိန်မှာ ကျီးသည် ပျံချိန်ရောက်ဘိသကဲ့သို့ ခင်ဗျား တို့ ဝိပဿနာ အလုပ်ကိုရှာချိန် သေသေချာချာ ရောက်ပါပြီ၊ (မှန်ပါ ဘုရား)။

ဘာမှ သံသယရှိမနေပါနဲ့ ဘယ်သားငယ်လို့ ဘယ် သမီးငယ်လို့ ဘယ်စီးပွားရေးအကြောင်း မညီညွတ်သေးလို့ ဘယ်ကိစ္စ မပြီးသေးလို့ ဆင်ခြေမှ လဲမနေနဲ့၊ မျောလျက်ပဲ၊ (မှန်ပါ့ ဘုရား)။

ခန္ဓာကိုယ်ကြီးက မျောလျက်ပဲမဟုတ်လား၊ (မျောလျက်ပါ ဘုရား) သေမည့်ဘက် မျောလျက် ဆိုတာ ရှင်းနေတယ် (မှန်ပါ) ဘယ်အချိန်ရပ်သတုန်း၊ (ဘယ်အချိန်မှ မရပ်ပါ ဘုရား) သေမည့် ဘက်မျော-မျောနေတာပဲ(မှန်ပါ)သဘောကျပလား၊(ကျပါပြီ ဘုရား)။

အဲဒီ မျောသွားလို့ သေခါနီးကျမှ ခိုကိုးရာရှာတော့ ဘာ တွေ့ဦးမှာတုန်း၊ (မတွေ့ပါ ဘုရား) ဝိပဿနာဉာဏ်လဲမရ၊ မဂ် ဉာဏ်လဲမရဆိုတော့ ဒကာကြွယ် ဘာအားကိုးမတုန်း၊ (ဘာမှ အား ကိုးစရာ မရှိပါ ဘုရား) အားကိုးရာမဲ့ဖြစ်ပြီး သကာလ ကျီးသည် ငါး လိပ်မကန်းတို့၏ အစာတွေ ဖြစ်ရတယ် (မှန်ပါ့ ဘုရား)။

ပျံချိန်မှာပျံပါ

ခင်ဗျားတို့လဲ ပျံချိန်က ပျံပါ၊ (မှန်ပါ့) သားတော် သမီးတော် တစ်ခါတည်း အလုံးစုံ အကုန်အိုကြီးအိုမှ ခါးကိုင်း၊ နားထိုင်း, သွားကျိုး, ဆံဖြူလို့ လူချင်းမတူမှ ဟုတ်လား, သေခါနီးမှ ကမ္မနိမိတ်တွေ ထင်လာမှ ငါဖြင့် ခက်ပေါ့။ အားကိုးရာ ရှာဦးမယ်ဆိုလို့ ရပါ့မလား (မရပါ ဘုရား)။

မမီတော့ဘူး-ပျံလို့ (မှန်ပါ့) ဉာဏ်ကောင်း ကံကောင်းတွေ က ကုန်ခဲ့ပြီ၊ (မှန်ပါ့) မကုန်သေး ဘူးလား (ကုန်ပါတယ် ဘုရား)။

အဲ ဉာဏ်ကောင်း ကံကောင်းတွေကုန်ခဲ့မှ နိဗ္ဗာန်ရှာလို ရှာ၊ ရပါ့မလား (ရနိုင်ဖို့ ခဲယဉ်းပါတယ် ဘုရား) ယခု ပင်လယ်ဝ ရောက်နေတုန်းကို ခင်ဗျားတို့ ရှာရင် ပြည့်စုံပါသေး တယ်လို့ ပြော တာ (မှန်ပါ့) သဘောပါပလား (ပါ-ပါပြီ ဘုရား) အခု ဘယ် အခြေအနေ ဆိုက်နေသတုန်း၊ (ပင်လယ်ဝ ရောက်နေပါတယ် ဘုရား)။

ဒါဖြင့် ငါးပါးအာရုံ ကာမဂုဏ်ဆိုတဲ့ သားရေး၊ သမီးရေး စီးပွားရေးတွေကို ဒကာ ဒကာမတွေ ဒီလိုပဲ လျှောက်ပြီး ဦးစီးခေါင်းဆောင်လုပ်နေဖို့ အချိန်ရှိသေးရဲ့ လား၊ (မရှိပါ ဘုရား)။

လျှောက်ပြီး စီးသွားမယ် ဆိုလို့ရှိရင်ဖြင့် ကျီးမိုက်လိုပဲ ဒကာ ဒကာမတို့ ခုနင်က ပြောခဲ့တဲ့ အိုပွဲကြီး, သေပွဲကြီးတွေ့တော့မှ ခိုကိုးရာရှာတော့ ဘယ့်နှယ်တုန်းဗျာ (မရပါ ဘုရား)။

တွေ့မှာကလဲ သေချာတယ်မဟုတ်လား၊ (သေချာပါတယ် ဘုရား) အခုက အိုပွဲ သေပွဲ လွတ်ရာကြီး ရှာထားလိုက်မယ် ဆိုလို့ရှိရင် မပြီးဘူးလား (ပြီးပါတယ် ဘုရား) ဒါဖြင့် အခု အရေးကြီး တယ်လို့ မှတ်လိုက်စမ်းပါ (မှန်ပါ့ ဘုရား)။

ဘယ်လိုမှတ်ကြရမယ် (အခု အရေးကြီးတယ်လို့ မှတ်ရပါ မယ် ဘုရား) ခိုကိုးရာ ရမှုရှာဖို့ အခု အရေးကြီးတယ်၊ (မှန်လှပါ ဘုရား)။

ဒကာ ဒကာမတို့ ခိုကိုးရာရမှုရှာဖို့ ဘယ်အချိန် အရေးကြီး ပါလိမ့် (အခု အရေးကြီးပါတယ် ဘုရား) အခုကစပြီး အရေးကြီး တော့တယ် (မှန်ပါ့) ဆိုထိုက်ပလား၊ (ထိုက်ပါပြီ ဘုရား)။

ပင်လယ်ဝရောက်နေပြီ

ကဲ ဒကာကြွယ် သဘောပါပလား၊ (ပါ-ပါပြီ) အခု ဘယ်အခြေအနေရောက်နေသလဲ (ပင်လယ်ဝ ရောက်နေပါ တယ် ဘုရား) ပင်လယ်ဝ ရောက်နေတယ် (မှန်ပါ့) ဒါဖြင့် ခိုကိုးရာရှာဖို့ (အရေးကြီးပါတယ် ဘုရား)။

ဒီ ဆင်သေတွေ လွှတ် အားကိုးမနေနဲ့၊(မှန်ပါ့) တော်တော် ကြာ ဖရိုဖရဲနဲ့ ဟုတ်လား၊ (မှန်ပါ) အကုန်ကွဲပြီး သကာလ အနိစ္စ သဘော အကုန်ရောက်မှာတွေချည့်ပဲ၊ ခင်ဗျားတို့ အားလုံး သားရော, သမီးရော, ဆွေရော, မျိုးရောတွေ၊ (မှန်ပါ့ ဘုရား)။

အဲဒီအချိန်ကျမှ ကိုယ်ကျိုးနည်းပေါ့-ဟုတ်လား၊ ငါ့မှာ ခိုကိုး ရာလဲမရှိပါလား၊ မဂ်ဉာဏ်, ဖိုလ်ဉာဏ်လဲ မရသေးပါလား ဆိုပြီး သကာလ ခင်ဗျားတို့ နိမိတ်ကလဲ ထင်ဦးမှာ၊ ခွေးနက်ကြီး တို့-ဘာ တို့ သေခါနီးကိုးဗျ (မှန်ပါ့ ဘုရား)။

ခွေးနက်ကြီးတို့-ငရဲမီးတို့က လာတော့မှ ခိုကိုး ရာ ရှာတော့ တွေ့ပါဦးမလား (မတွေ့ပါ ဘုရား) ဉာဏ်နဲ့အခု အခါက ပွားများပြီး လုပ်ထားမှ ဒကာကြွယ်, နေရာကျမှာ မဟုတ်လား (မှန်ပါ့) ဟိုအချိန် သေခါနီးမှရှာလို့ ဘယ့်နှယ် လုပ်မှာတုန်း (မရပါ ဘုရား)။

ခုနင်က ကျီးသည် သေခါနီးမှရှာလို့ ဟိုဘက်ပျံရှာတော့လဲ ကမ်းမတွေ့၊ ဒီဘက် ပျံရှာတော့လဲ (ကမ်းမတွေ့ပါ ဘုရား) အရှေ့ အနောက်, တောင်, မြောက် လှည့်ပြီး ပျံရှာတော့ ကော (ကမ်း မတွေ့ပါ ဘုရား)။

ကြာတော့ သူ့ဟာသူ ပင်လယ်ထဲ အမောဆိုက်ပြီး ဆင်သေကောင် ပျက်စီးသလို သူ ပျက်စီးရတယ်၊ (မှန်ပါ) ဒါ ဘယ့်နှယ်ကြောင့်လဲ အားကိုးမှားလို့ (မှန်ပါ့ ဘုရား)။

ခင်ဗျားတို့လဲ သား သမီး, ဆွေမျိုး, ပစ္စည်းအားကိုးပြီး ဒီအတိုင်း-ဒီအတိုင်းသာ သေသည် ထိအောင် သွားကြမယ်ဆိုရင် ဖြင့် ဒီကျီးလိုပဲ တဲ့၊ အပါယ်လေးပါးတည်းဟူသော ငါး, လိပ် မကန်းတို့၏ အစာ ကျီးမိုက်နဲ့တူတဲ့ ပုဂ္ဂိုလ်တွေဖြစ်ရမှာပဲ (မှန်ပါ့) ဘာမှ သံသယမရှိနဲ့၊ ဒီလမ်းသာ လိုက် ဒီပွဲတွေ့ရမယ် (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။

ဒီလမ်းလိုက်ရင်ဘာတွေ့ရမလဲ၊ (ဒီပွဲတွေ့ရပါမယ် ဘုရား)၊ ရှင်းပလား (မှန်ပါ့) ရှောင်လို့ တိမ်းလို့ ရပါ့မလား (မရပါ ဘုရား)။

ကိုင်း ဒီပွဲမတွေ့ခင် အခုရှာကြ (မှန်ပါ့) ဘယ့်နှယ် မှတ်ကြမယ် (အခုကတည်းက ရှာကြရမယ် ဘုရား) အခုက ခိုကိုးရာ၊ အားထားရာရှိတာ လုပ်ထားလိုက်စမ်းပါ၊ (မှန်ပါ့ ဘုရား)။

ခင်ဗျားတို့ အလုပ်မပြီးသေးလို့ လုပ်မနေနဲ့၊ ပင်လယ်ဝ ရောက်နေပြီ (မှန်ပါ့) ပင်လယ်ထဲ ကျတော့မှာဖြင့် ဘယ်သူ ကယ်လို့ ဘယ်သူဆယ်လို့မှ မရတော့ဘူးဆိုတာ သေသေချာချာ ဆုံးဖြတ်ချက် ချပါ၊ (မှန်ပါ) ဒကာကြွယ် သဘောပါပလား၊ (ပါ- ပါပြီ) အားလုံး ဒကာ ဒကာမတွေ သဘောပါပလား၊ (ပါ-ပါပြီ ဘုရား)။

အဲဒါ ရှေ့ပိုင်းက သံဝေဂပြောပြီး နောက်ပိုင်းက အားကိုး ရာပေးချင်လို့ဆိုတာ မှတ်ထား လိုက်စမ်းပါ၊ (မှန်ပါ့) ရှေ့ပိုင်းက ဘာတွေပြောနေသလဲ၊ (သံဝေဂ ပြောနေပါတယ် ဘုရား) သံဝေဂလ ဲပြောပါတယ်၊ အလုပ်လဲအစက ပါခဲ့ပါတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

အဲဒါ အားလုံး မှားနေမှာစိုးလို့ အခုက အပြင်ခိုင်းတာပါ ပဲ၊ အင်း ဒီသားနဲ့ ဒီသမီးနဲ့ ဒီစီးပွားရေးနဲ့ လုပ်တဲ့ ကိုင်တဲ့ဆိုပြီး သကာလ ခန္ဓာကိုယ်ကြီးတော့ ဘယ်အခြေအနေ ဆိုက်နေတယ်လို့ အိုပွဲ, နာပွဲ, သေပွဲတွေ ကပ်နေပါပေါ့လားလို့ မသိဘူး (မှန်ပါ့) လောကခိုင်း ရာသာ ကျွန်ပီပီလုပ်နေမှာပဲ (မှန်ပါ့) ဟုတ်လား၊ (မှန်ပါ့ ဘုရား)။

ကျွန်ပီပီလုပ်နေလို့ရှိရင်ဖြင့် အားမကိုးထိုက်တာ အားကိုး လို့ အားကိုးတဲ့အလုပ် လုပ်နေမှာပဲ၊ (မှန်ပါ့ ဘုရား)။

နောက်ကျတော့ အိုပွဲ သေပွဲတွေ့တဲ့အခါကျတော့မှ ခိုကိုး ရာကိုရှာတော့ ဘယ့်နှယ်တုန်း (မရပါ ဘုရား) ပင်လယ် အလယ်ရောက်မှ ခိုကိုးရာရှာလို့ ဘယ်ကလာတွေ့မှာတုန်း (မှန်ပါ့) ဒကာကြွယ်- တွေ့ပါ့မလား၊ (မတွေ့ပါ ဘုရား) သဘောကျ ပလား၊ (ကျပါပြီ ဘုရား)။

ဒါဖြင့် အခုအချိန် ဘာအချိန်ပါလိမ့်မလဲလို့ မေးခွန်းထုတ် လို့ရှိရင် ခိုကိုးရာရှာချိန်ဟာ အခုအချိန်ပဲ၊ (မှန်ပါ) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

အခုအချိန်ဘာချိန်ပါလိမ့် (ခိုကိုးရာရှာချိန်ပါ ဘုရား) ခိုကိုး ရာရှာချိန်ဟာ အခုအချိန်ပဲ ဆိုတာ ဆုံးဖြတ်ချက်ချ (မှန်ပါ့ ဘုရား)။

အခုအချိန်ဟာ ဉာဏ်ကလေးလဲရှိတယ်၊ ပြောနိုင်တဲ့ ဆရာသမားလဲ ရှိတယ် (မှန်ပါ့) ထောင်နိုင်တဲ့ နားကလေးလဲ (ရှိပါ တယ် ဘုရား)။ အင်း မအို, မသေသေးလို့ ဝေဒနာကလေးကလဲ အခု တရားနာတဲ့ အခြေအနေ ရောက်အောင်ကော ကင်းနေသေး တယ် (မှန်ပါ) သဘောကျ ပလား၊ (ကျပါပြီ ဘုရား)။

ပုံလဲနေတဲ့ဝေဒနာမျိုး မရောက်သေးဘူး (မှန်ပါ) ဒီနေရာ ဒီဌာန လာနိုင်စွမ်းရည်ကလေး ရှိသေးတယ် (မှန်ပါ) မရှိဘူးလား (ရှိပါတယ် ဘုရား)။

ခိုကိုးရာ ရအောင်ယူထားပါ

ဒီအချိန်က ခိုကိုးရာကို မရ-ရအောင် ယူထား (မှန်ပါ) ပင်လယ်ထဲကျအောင် လိုက်မသွားနဲ့ (မှန်ပါ့) သဘောကျ ပလား၊ (ကျပါပြီ ဘုရား)။ ဒါဖြင့် အခုအချိန်ဟာ ဆင်သေပေါ်က ပျံချိန် ရောက်တဲ့ ကျီးလိုပဲ (မှန်ပါ) သားသမီး, ပစ္စည်းဥစ္စာ, ရတနာတွေနဲ့ ဉာဏ်ခွဲ ခွဲပြီး စွန့်ဖို့အချိန်ပဲ (မှန်ပါ) သဘောကျ ပလား၊ (ကျပါပြီ ဘုရား)။

ဘယ်သူနဲ့ ဉာဏ်ခွဲ-ခွဲရမှာတုန်း၊ (သားသမီး-ပစ္စည်းဥစ္စာ ရတနာတွေနဲ့ (ဉာဏ်ခွဲ-ခွဲရပါတယ် ဘုရား) ဉာဏ်ခွဲ-ခွဲရမယ်၊ ဒါတွေ ငါ့ကိုယ်, ငါ့ဟာ, ငါ့ဥစ္စာမဟုတ်ဘူး၊ သက်သက် အနိစ္စ၊ ဒုက္ခ၊ အနတ္တတွေပဲလို့ ခင်ဗျားတို့ ကိုယ့်အရေး ကိုယ်ရှာဖို့၊ သူတို့ကို တားတာပေါ့။ ဉာဏ်နဲ့တားပြီး တဏှာနဲ့လွှတ်ထားလိုက် (မှန်ပါ) တဏှာဖြတ် ထားလိုက်၊ (မှန်ပါ ဘုရား)။

ရှိတာတော့ ရှိတာပါပဲ၊ ခင်ဗျားတို့ စားဖို့ သောက်ဖို့ ရှိတာ ပါပဲ၊ ဉာဏ်နဲ့ ဖြတ်ထား လိုက်တော့ သူ့ တိုးပွားဖို့ သူ့ကြီးပွားဖို့ဆို ပြီး အမိုက်ပိုလာသေးရဲ့လား (မလာပါ ဘုရား) ဒီလို အခုအခါ ဉာဏ်ဖြတ်ချိန် ရောက်ပြီဆိုတာကော သဘောကျပလား (ကျပါ ပြီ ဘုရား)။

စွန့်ရမယ်လို့ ပြောတာမဟုတ်ဘူး၊ ဉာဏ်နဲ့ဖြတ်ရမယ်လို့ ပြောနေပြီ (မှန်ပါ့)။

ခင်ဗျားတို့ဟာ အခုထက်ထိ ငါပါမှ ငါပါမှ လုပ်နေသေး ရင်တော့ ဒကာကြွယ်သွားပြီ (မှန်ပါ့) ဆင်သေပေါ်စီးလျက်, စီးလျက်ပဲ မနေပေဘူးလား (နေပါတယ် ဘုရား)။

ပင်လယ်ထဲရောက်ဖို့ရာကလဲ အမျောကလဲ သန်ပါဘိသနဲ့။ (မှန်ပါ့) ရေစီးကလဲ သန်ပါဘိသနဲ့၊ (မှန်ပါ့ ဘုရား)။ ကိုယ်ကလဲ မိုက်ချင်ချင်နဲ့ ဆင်သေကြီး ပျက်စီးမှာလဲမသိလို့ စီးမိလျက်ကလဲ ကြုံ ပါဘိသနဲ့ (မှန်ပါ့ ဘုရား)။

အဲဒီတော့ လန့်ပျံထပျံပြီး ငါးလိပ် မကန်းတွေဆွဲလို့ ပုပ်, ရိ ရွဲပြီး အကုန်မြုပ်တော့မှ ထ, ပျံရင်တော့ ဒီကျီးလဲ သေပွဲဝင်ဦး မှာပဲ (မှန်ပါ့ ဘုရား)။

ဒီမှာလဲ ဒကာ ဒကာမတွေ အဲဒီကျမှ ထ, ပျံရင် ဘယ့်နှယ် တုန်း (သေပွဲဝင်ဦးမှာပါ ဘုရား) အခုက နိဗ္ဗာန်ရအောင် ရှာ ထားလိုက်ပါ (မှန်ပါ့ ဘုရား)။

ဖြစ်ပျက်မြင်-ဖြစ်ပျက်မုန်း-ဖြစ်ပျက်ဆုံးတဲ့ နိဗ္ဗာန် အခုရ အောင်ရှာထားပါ (မှန်ပါ့ ဘုရား) သဘောကျပလား၊ (ကျပါပြီ ဘုရား)။

ရှာထားတော့ အခုကတည်းက တွေ့ထားလို့ရှိရင်ဖြင့် သေချင်သေကွာ-ကြွေချင်ကြွေကွာ၊ တို့ ဒီနေရာရောက်မှပဲ၊ (မှန်ပါ)ဆိုတော့ မြုပ်ခြင်း, မျောခြင်းထဲ ပါသေးရဲ့လား (မပါ, ပါ ဘုရား)။

အခုအတိုင်းသာ နေမယ်ဆိုရင်ဖြင့် ဆင်သေပေါ် စီးပြီး စီးတုန်းပဲ (မှန်ပါ့) မြုပ်မှာ မျောမှာ မြင်သေးရဲ့လား (မမြင် ပါ ဘုရား) ဒါဖြင့် မိုက်လုံးသန်တုန်းလို့ ဆိုရင်ကောလွဲသလား (မလွဲပါ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။

ငါးဆယ်ကျော်ရင် လုပ်မှဖြစ်မယ်

ဒါဖြင့် ငါးဆယ်ကျော်က စပြီး သကာလ ဒီဥစ္စာလုပ်ရမယ် – (မှန်ပါ့) အဒူဝသုဝေဝ, သမား အခုအချိန်ကစပြီးလုပ်ပါ၊ (မှန်ပါ့ ဘုရား) ငါးဆယ်ကျော်က အသက်တမ်းကိုပြောတာ၊ (မှန်ပါ ဘုရား)။

‘အဇ္ဇေဝ သုဝေဝ’ ယနေ့လား-နက်ဖြန်လားဆိုတဲ့ ကိုယ့်ကံ ကလဲ မသိတော့ ဒီအချိန်က စပြီးပျံ (မှန်ပါ့ ဘုရား) ခိုကိုးရာရှာ (မှန်ပါ့ ဘုရား)။

ခိုကိုးရာကလဲ တခြားခိုကိုးရာ၊ ဒါနကြောင့် နတ်ရွာသုဂတိ ရောက်၊ နတ်ရွာသုဂတိလဲ အနိစ္စဘုံကြီးမို့ ခန္ဓာကလဲအနိစ္စမို့ ပျက်ကြတယ် (မှန်ပါ့) အင်း သူလဲ ခိုကိုးရာအစစ်မဟုတ်ဘူး (မှန်ပါ့)။

ဗြဟ္မာဘုံတွေ ကြည့်လိုက်ပြန်တော့လဲ သူလဲ ကမ္ဘာဆက်ပြီး အသက်ရှည်တယ်ဆိုတယ်၊ သူ့အသက်ရှည်ကုန်တော့ သူကလဲ တဖြုတ်ဖြုတ်နဲ့ ပျက်စီးပြန်တာပဲ (မှန်ပါ့) ဒါ ခိုကိုးရာအစစ် မဟုတ်သေးဘူး (မဟုတ်ပါ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား) ခိုကိုးရာအစစ်က ဘယ်သူမှ လုပ်လို့မဖြစ်တဲ့ နိဗ္ဗာန် (မှန်ပါ့) ဘယ်သူမှ လုပ်ထားတာမဟုတ်တာ နိဗ္ဗာန် (မှန်ပါ့)။

ဘယ်သူမှ ဖျက်လို့မရတာ (နိဗ္ဗာန်ပါ ဘုရား) မည်သူ တစ်ဦးတစ်ယောက်မှ လုပ်လို့ မဖြစ်နိုင်တာက (နိဗ္ဗာန်ပါ ဘုရား) လုပ်လို့ မဖြစ်နိုင်တဲ့ တရားကို မည်သူ တစ်ဦးတစ်ယောက် က လာဖျက်လို့ကော (မရပါ ဘုရား)။

အဲဒီနိဗ္ဗာန်ကို ခင်ဗျားတို့ မျက်မှောက်ပြုနိုင်အောင် ဉာဏ်နဲ့ အာရုံပြုနိုင်အောင် လုပ်ဖြစ်အောင် လုပ်ထားပါ (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။၊ အဲဒီတရားကို ဒကာကြွယ်တို့၊ ဒကာသိုက်တို့ ပစ္စေက ဗုဒ္ဓါဟောတာ (မှန်ပါ) သာမညဉာဏ်နဲ့ ဟောတာ မဟုတ်ပါဘူး (မှန်ပါ့) ပစ္စေကဗုဒ္ဓါ ဘုရားက ဟောတာလို့ မှတ်ထားလိုက်စမ်းပါ (မှန်ပါ့ ဘုရား)။

ကျီးမှာသာဖြစ်တာတဲ့

ကဲ-ဒါနဲ့ ဟောလိုက်တော့လဲ အရိန္ဒမမင်းက သူ့တော့လဲ ငါးပါးအာရုံ ကာမဂုဏ်နဲ့ မင်းစည်းစိမ် မောင်းမမိဿံ, ရွှေ၊ ငွေ၊ စိန်ကျောက်, မြတွေ, ပတ္တမြားတွေနဲ့ဆိုတော့ ဒီတရားနာ ရတော့လဲ ကျီးမှာသာဖြစ်တာ၊ ငါ့မှာမဖြစ်ပေဘူးထင်တုန်း (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒါလဲ နားမလည်ဘူး တဲ့ ဒကာသိုက်ရာ (မှန်ပါ့ ဘုရား) ဘယ်သူပါလိမ့်ဗျာ (အရိန္ဒမမင်းပါ ဘုရား) ရိုင်းလှချည်လား (မှန်ပါ)။

ဘုရားအလောင်းပေမယ့် ဒကာ ဒကာမတွေ ကိလေသာ ထူပြောနေရင် ရိုင်းတာပဲ (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။

အခုရိုင်းနေတာ ဘယ်သူပါလိမ့် (ဘုရားအလောင်း ́ ပါ ဘုရား) တရားဘယ်နှစ်ပုဒ်ရှိပလဲ (နှစ်ပုဒ်ပါ ဘုရား) ခုနင်က တစ်ပုဒ်နော် (မှန်ပါ့) အခု ကျီးမိုက်နဲ့ပြပြီးဟောလိုက်တာက (တစ်ပုဒ်ပါ ဘုရား) နှစ်ပုဒ်ရှိမသွားပေဘူးလားး (မှန်ပါ ဘုရား)။

ဒါနဲ့ အရိန္ဒမမင်း တရားနာပေမယ့် ပထမတရားလဲ သူက ပြန်တောင် ပြောလိုက်သေးတယ်၊ ကိုယ်နဲ့မဆိုင်ဘူးလို့ (မှန်ပါ) ဒုတိယတရားတော့ နာသာနာပြီး သကာလ နေရတယ်၊ သူ့စိတ်ထဲ မှာ မဝင်စားဘူး (မှန်ပါ့) -ဪ ငါဟာ ဒီလိုဖြစ်ရမှာပါ လားဆိုတဲ့ သံဝေဂ မလာဘူး (မှန်ပါ)။

ဒကာ ဒကာမတွေ အတော်ရိုင်းနေတယ်ဆိုတဲ့ အဓိပ္ပာယ် ရှင်းလို့ လင်းလို့ပေါ့ဗျာ (မှန်ပါ့) မရိုင်းလား (ရိုင်းပါတယ် ဘုရား)။

သုံးကြိမ် မဆုံးမသင့်ဘူး

ကဲ ဒါနဲ့ပဲ တရားနှစ်ပုဒ် ဆုံးသွားတော့ သောနက ပစ္စေကဗုဒ္ဓါက ဒကာကြီးဟောတာလဲ တရားနှစ်ပုဒ်ရှိပြီ တဲ့၊ နှစ်ခါရှိပြီ ဆုံးမတာပေါ့လေ (မှန်ပါ့) သုံးခါဆုံးမရင် မသင့်ဘူး ဆိုပြီး လက်လျှော့တယ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

သုံးခါဆုံးမရင် ဘာတဲ့ (မတော်တော့ပါ ဘုရား) မတော်တော့ဘူးကွာ တဲ့ ဒကာ ဒကာမတွေ သဘောပါပလား (ပါ, ပါပြီ ဘုရား)။

အဲဒါက သူတစ်ပါးဆုံးမရင် နှစ်ခါသာဆုံးမ၊ သုံးခါဆုံးမ ရင်တော့ ကိုယ့်ပြန်ပြီး သကာလ နှုတ်လှန်ထိုးလိမ့်မယ်ဆိုတာ – ဒကာကြွယ်တို့ ငြင်းဖို့လိုသေးသလား၊ (မလိုပါ ဘုရား)။

နှစ်ခါတောင်မှ သူနားမထောင်ဘဲ သုံးခါပြောရင် ပြောတဲ့ လူက လူမိုက်ဆိုပါကလား (မှန်ပါ့) ဆုံးမတတ်ပလား၊ သူတစ်ပါးဆုံးမရင် ဘယ်နှစ်ခါဆုံးမရမလဲ၊ (နှစ်ခါပဲ ဆုံးမရပါတယ် ဘုရား)။

သုံးခါ မဆုံးမပါနဲ့တဲ့၊ သုံးခါဆုံးမရင် ဆုံးမတဲ့လူက လူမိုက် တဲ့ (မှန်ပါ့) သဘောကျပလား၊ (ကျပါပြီ) အဲဒါ ခင်ဗျားတို့ တဖွဖွပြောနေတယ်လို့ လုပ်မနေနဲ့ဦး၊ ခင်ဗျားတို့ တဖွဖွက ဘယ်နှစ် ကြိမ်မှန်းလဲမသိဘူး၊ ခက်လိုက်တာ၊ (မှန်ပါ) ရိပ်မိပလား (ရိပ်မိ ပါပြီ ဘုရား)။

တဖွဖွပြောနေတယ် ဆိုတာက လူမိုက်ဆိုတဲ့ အဓိပ္ပာယ်ပေါ် နေတယ်၊ (မှန်ပါ့) အခု ပစ္စေကဗုဒ္ဓါက နှစ်ခါသာဆုံးမတယ်၊ သုံးခါ ဆုံးမလို့ရှိရင် ဆုံးမတဲ့လူက လူမိုက် (မှန်ပါ့ ဘုရား)။

ဘာကြောင့်တုန်းဆိုတော့ ဟိုက နားမထောင်တဲ့လူ နှုတ် လှန်ထိုးတော့-ကိုယ်ပြောမိလို့ ကိုယ့်တွယ်လိုက်တာပဲ၊ (မှန်ပါ့) ရိပ်မိ ပလား (ရိပ်မိပါပြီ ဘုရား)။

အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေကိုလဲ ကိုယ့် သားသမီးဖြစ်စေ၊ ဘာဖြစ်စေ၊ တဖွဖွပြောတယ်ဆိုတာဟာ ခင်ဗျား တို့ ခင်ဗျားကြီးကလဲ လွန်လွန်းပြီဆိုရင်တော့ မြန်မြန် လျှော့လိုက်နော်၊ (မှန်ပါ့ ဘုရား)။

မြန်မြန်လျှော့၊ မြန်မြန်လျှော့ ဟိုက ကလော်တော့မလို့ ကြပ်ကြပ် သတိထားမှ (မှန်ပါ့ ဘုရား)။

ကဲ ဒါနဲ့ ဒီတရား ဆုံးမတော့လဲ ဒကာကြွယ် နားဝင် ရှာရဲ့ လား၊ (မဝင်ရှာပါ ဘုရား) အံမာလေး တယ်ရိုင်းပါလား၊ (မှန် ပါ့ ဘုရား)။

ဘယ်သူပါလိမ့် (အရိန္ဒမ-မင်းပါ ဘုရား) ဘုရားအလောင်း တဲ့၊ ဒကာ ဒကာမတို့ ဘုရားအလောင်း ကိုက ရိုင်းလွန်းနေတယ်ဆိုတာ ပေါ်လာကြပြီ (ပေါ်ပါပြီ ဘုရား)။

ဒါနဲ့ ဒကာကြီးတဲ့ တရားနှစ်ပုဒ်ရှိပြီ ဆုံးမတာ သုံးခါဆုံးမ ရင် ငါမိုက်ရာရောက်သွားမယ်၊ ဒါကြောင့် သူသည်ကားလို့ ဆိုလို့ ရှိရင် မဆုံးမတော့ဘူးပေါ့ဗျာ (မှန်ပါ့ ဘုရား)။

သို့သော် ဝစီကံနဲ့ မဆုံးမဘူး၊ ကာယကံနဲ့ ဆုံးမတယ်၊ သဘောကျပလား၊ (ကျပါပြီ) ကာယကံနဲ့ဆုံးမတယ် ဝစီကံ ဆိုတော့ နှုတ်ပြောတရားနှစ်ပုဒ်က ပြီးသွားပြီ (မှန်ပါ့) ကာယကံ နဲ့သူ ဆုံးမဦးမယ်တဲ့ (မှန်ပါ့) ကျွတ်ချင်လဲ ကျွတ်အောင်ပေါ့ဗျာ (မှန်ပါ့ ဘုရား)။

ကာယကံနဲ့ ဆုံးမမယ်

ကာယကံနဲ့ ဆုံးမဦးမယ်ဆိုတော့ သူထိုင်တဲ့နေရာက မြေမှုန့်ကလေးတွေကို ခြေမနဲ့ ခြေသူကြွယ်နဲ့ ညှပ်တာပေါ့ ညှပ်ပြီး သူ့တန်ခိုးနဲ့ ကောင်းကင်ပျံတယ် (မှန်ပါ ဘုရား)။

ပျံပြီး ရှင်ဘုရင်ရဲ့ အပေါ်တည့်တည့်ကျမှ ဒီမြေမှုန့်ကို သူခါ ချတယ် (မှန်ပါ) ခါချလိုက်တော့ ရှင်ဘုရင်ခေါင်းပေါ်ကျတယ် (မှန်ပါ ဘုရား)။ အဲဒီကျမှ သတိရတယ်၊ ဪ ငါရှင်ဘုရင် လုပ်ပြီး တိုင်းပြည်အုပ်ချုပ် မင်းလုပ်နေတာသည်ကားလို့ဆိုရင် ငါ့အထက် ဘယ်သူမှမရှိဘူး အောက်မေ့တယ် မြေအမှုန့်တွေ ငါ့ဆီရောက် ပါပေါ့လား (မှန်ပါ့) ဒီကျမှသတိရတယ်၊ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

တယ်မိုက်တဲ့ ငါပါလား

မြေကြီးတွေ ငါ့ဆီရောက်ပြီး ငါ့မှာ ကိလေသာ ထူပြောလို့ သာလျှင် ကောင်းကင်ကို တစ်ထွာ တစ်လံမှ မသွားနိုင်ဘူး၊ သူ့မှာ ကြည့်စမ်းပါဦး ကြွသွားပြီတဲ့၊ ငါ့အပေါ်တောင် မြေမှုန့်တွေ ချသွား တယ်၊ ငါတယ်မိုက်ပါကလားလို့ သတိရတယ် (မှန်ပါ့) သဘော ကျပလား (ကျပါပြီ ဘုရား)။

အဲဒီတော့ သူသည် ငါတယ်မိုက်ပါကလားလို့ ဆိုတော့ ခေါင်းပေါ်ကျမှ ဓားပြမှန်း သိတယ် ဆိုသလိုပဲ (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ) ထိပ်ပေါ်ကျမှ သူလဲရိပ်မိတာပဲ (မှန်ပါ့) သဘောကျ ပလား (ကျပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် အဲဒီလို ဆုံးမလိုက်တော့မှ ဒကာကြွယ်တို့ ဒကာသိုက်တို့ အင်း ငါ့မှာ ကိလေသာ ထူပြောလို့ မြေကြီးက တစ်ထွာတစ်လံမျှမခုန်နိုင်ဘူး၊ မကြွနိုင်ဘူး၊ (မှန်ပါ့ ဘုရား)။

သူ့မှာ ကိလေသာထူပြောတဲ့ ပုဂ္ဂိုလ် မဟုတ်တဲ့အတွက် ကောင်းကင်ပျံပြီး သကာလ သွားလိုက်တဲ့ဥစ္စာ သူ့မှာ နေရာကျ လိုက်တာ၊ သူမှ အစစ်တရားရှိတဲ့ ပုဂ္ဂိုလ် ငါ့မှာ တရားမရှိလို့ ကိလေသာ အလေးဓာတ်တွေကြောင့် လေးနေတာပဲ (မှန်ပါ)

သူ့ဟာသူ ရိပ်မိလာပြီ တစ်ခါတည်း ဘုရားအလောင်း ဆိုတော့ ရိပ်မိတဲ့နေ့ နန်းတော် ပြန်တာပဲ (မှန်ပါ့) ပြန်ပြီ (၁၆) နှစ်သာရှိတဲ့ ဒီဃာဝုဆိုတဲ့ သားတော်ကို နန်းတော်လွှဲပြီး တောထွက်တယ် (မှန်ပါ ဘုရား)။

ချက်ချင်းထွက်တာ သိလာပြန်တော့ (မှန်ပါ့) ခင်ဗျားတို့ လို စဉ်းစားနေတာမဟုတ်ဘူး (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

တောတော့ ထွက်မလို့ စိတ်ကူးနေတာ ကြာပြီတဲ့ (မှန်ပါ့) အင်း ကြာပြီဆိုရင်တော့ ရှည်ဦးမှာပဲ (မှန်ပါ့) ရိပ်မိပလား – (ရိပ်မိပါပြီ ဘုရား)။

အတော်ရှည်ဦးမှာပဲ၊ အတော်ရှည်ဦးမှာ (မှန်ပါ့) ဘာဖြစ် လို့တုန်း၊ စိတ်ကူးက ကူးသာကူး ရတာကိုးဗျ စိတ်ကူးလိုက်၊ ဂြိုဟ်ကလေးက ပေါ်လာလိုက် (မှန်ပါ့ ဘုရား)။

ဂြိုဟ်ကလေးက သားကလေးက ငယ်သလိုလို၊ သမီး ကလေးက မလိမ္မာသလိုလို၊ ဆွေမျိုး ဉာတကာတွေက ငါမရှိမဖြစ်တော့ဘူးလိုလို၊ မတော်ဘူးလိုလို (မှန်ပါ့) ကိုယ်က ဦးစီးဦးကိုင်လုပ် နေတဲ့ဥစ္စာပဲ ဆိုပြီး အပြီးသတ်တော့ ကိုယ်ကမထွက်ချင်တာ၊ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ကိုယ်က မထွက်ချင်တဲ့ အဓိပ္ပာယ်တွေနဲ့ လျှောက်တွေး နေတဲ့အခါကျတော့ ဟိုက ဒီလေတွေ လွှင့်လိုက်တဲ့ အခါကျတော့ ကိုယ်ကလဲမထွက်ချင်၊ သူတို့ကလဲ တောင်းပန်လေတွေက လာ တိုက်တဲ့အခါကျတော့ ဟင်း ဒီနေရာဆင်သေရော ကျီးရော မြုပ်ဖို့ပေါ့ဗျာ (မှန်ပါ့ ဘုရား)။

ရိပ်မိပလား (ရိပ်မိပါပြီ) ဘာဖြစ်မယ် ထင်ကြသတုန်း၊ (ဆင်သေရော ကျီးရော မြုပ်ဖို့ပါ ဘုရား) အဲဒါ ခင်ဗျားတို့ဖြစ်စဉ်က စဉ်းစားနေရင်တော့ ဆင်သေရော ကျီးရော မြုပ်ဖို့ပါပဲ (မှန်ပါ့ ဘုရား)။

ပင်လယ်ဝ ရောက်နေတယ်၊ ခင်ဗျားတို့ကသာ စဉ်းစား တာ၊ မျောနေတာက ခန္ဓာကြီးက သေမည့်ဘက် မျောနေတာ (မှန်ပါ့ ဘုရား)။

ခင်ဗျားတို့ကဖြင့် နက်ဖြန်လိုလို၊ သန်ဘက်လိုလို ရှေ့နှစ် လိုလို၊ ကာလဒေသကောင်းမှ လိုလို (မှန်ပါ့) ဆင်သေခန္ဓာကြီး နဲ့တူတဲ့ ခန္ဓာကြီးကတော့ မျောလျက်ပဲ (မျောလျက်ပါ ဘုရား)

သေမည့်လမ်း သွားလျက်ပဲ (သွားလျက်ပါ ဘုရား) သဘောကျ ပလား (ကျပါပြီ ဘုရား)။

စိတ်ကူးတုန်း ရှိသေးတယ်။ ကိုယ်ကတော့ဖြင့် ကမ်းတွေ သောင်တွေကို ပျံမလို့ စိတ်ကူးတုန်း ရှိသေးတယ်၊ ကျီးကတော့ စိတ်ကူးရင်းပါသွားပြီဗျ (မှန်ပါ့ ဘုရား)။

ပင်လယ်ထဲရောက်နေပြီ (မှန်ပါ) အဲဒါ စိတ်ကူးရှည်လဲ မှားကြပါလိမ့်ဦးမယ် (မှန်ပါ့) ဘယ်လိုပြောပါလိမ့် (စိတ် ကူးရှည် မှားမှာပါ ဘုရား)။

စိတ်ကူးရှည် ရက်ဆွဲနှစ်ဆွဲရင် ဘာတဲ့ (မှားမှာပါ ဘုရား) ဆွဲတာကို ဘုန်းကြီးတို့က မဆွဲရဘူးလို့ မဆိုပါဘူး ခန္ဓာ မျောနေတာ ရပ်လဲ့လား (မရပ်ပါ ဘုရား) သေမည့်ဘက် မျော နေတာ ရပ်ကဲ့လား (မရပ်ပါ ဘုရား)။

ပင်လယ်ဝရောက်ပြီ ပျံတော့

စိတ်ကူးရင်းကို ခင်ဗျားတို့ သုသာန်နဲ့ နီးသွားတယ် (မှန်ပါ့) မနီးဘူးလား (နီးပါတယ် ဘုရား) ဒီထက် ရှည်ပြန်တော့ (ဒီထက်နီးပါတယ် ဘုရား) ဟာ ဒါဖြင့် ဒကာ ဒကာမတွေ သေခါနီးမှပဲ နိဗ္ဗာန်ရှာပါတော့မယ်ဆိုတော့ ခုနင်က ကျီးလိုပဲ သေခါနီးမှ သောင်ကမ်းရှာတော့ ဘယ့်နှယ်တုန်း (မရ ပါ ဘုရား) မရတဲ့အပြင် သေပွဲဝင်ရတယ် (မှန်ပါ့) ငါးလိပ် မကန်းတို့၏ အစာဖြစ်ရတယ်၊ (မှန်ပါ့ ဘုရား)။

ဒီမှာလဲ အဲဒီကျမှရှာလို့ တော်ကြပါ့မလား (မတော်ပါ ဘုရား) အခု ပင်လယ်ဝ ရောက်နေတုန်း ဆရာသမားတွေကလဲ ပင်လယ်ဝရောက်ပြီ ပျံတော့-ပျံတော့ ဟုတ်လား (မှန်ပါ့) – မပြောဘူးလား (ပြောပါတယ် ဘုရား)။

ပြောလျက်သားနဲ့ ခင်ဗျားတို့က ပေတေတေများလုပ်နေ ချင်ကြသေးသလား (မလုပ်ချင်ပါ ဘုရား) ဒကာကြွယ်ကော ပေချင်သေးသလား (မပေချင်ပါ ဘုရား)။

အံမာလေး မပေချင်ဘူး ဆိုပေမယ့် ပါးစပ်က မပေချင်ဘူး။ လူက ပေနေရင် ခက်တယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

အဲဒါတွေသည်ကားလို့ဆိုရင် ဒကာ ဒကာမတို့ အလွန်ဆိုး တဲ့ စိတ်ကူးရှည်လို့မှတ်ပေတော့ (မှန်ပါ့) စိတ်ကူးရှည်ချင်လို့ ရှည်တာ မဟုတ်ဘူး၊ မျောနေတာ မသိလို့ရှည်တာ (မှန်ပါ့ ဘုရား)။

ရှည်ချင်လို့ရှည်တာလား သေလမ်းအမြန်ပျော်နေတာကို မသိလို့ ရှည်တာလား (မျောနေတာ မသိလို့ရှည်တာပါ ဘုရား)။

လွန် လွန်လွန်းတယ်ဗျာ၊ မမျောတာလား မျောတာ လား (မျောတာပါ ဘုရား) မျောနေတဲ့ အထဲကနေပြီး နှစ်တွေလတွေ ရွေ့နေတာ ဘာပါလိမ့် မျောနေတာကို ကောင်းကောင်း မသိဘူး (မှန်ပါ့ ဘုရား)။

သဘောကျပလား (ကျပါပြီ) ဒါဖြင့် ငါးပါးအာရုံ ကာမဂုဏ်တည်းဟူသော ဆင်သေကြီးပေါ် စီးလိုက်နေတဲ့ ကျီးနဲ့ မတူဘူးလား (တူပါတယ် ဘုရား)။ က သဘောပါကြပလား (ပါ,ပါပြီ) အေး ဒါကြောင့် ဒကာ ဒကာမတို့ နိဗ္ဗာန်သောင်ကမ်းဆိုတာ အဲဒီကလာတာ၊ (မှန်ပါ ဘုရား)။

နိဗ္ဗာန်တည်းဟူသော သောင်ကမ်းဆိုတာ ပျံချိန်ကပျံမှ သောင်ကမ်းရတာ (မှန်ပါ) ပျံချိန် မဟုတ်မှ ပျံတော့ ပင်လယ်ထဲ ရောက်တယ် (မှန်ပါ) ငါးလိပ်မကန်း၏ အစာမဖြစ်ရဘူးလား (ဖြစ်ရပါတယ် ဘုရား)။

ဒါဖြင့် နိဗ္ဗာန်သောင်ကမ်းဆိုတာ မြင်တုန်းက ပျံရတယ်၊ (မှန်ပါ့) သဘောကျပလား (ကျပါပြီ) ခင်ဗျားတို့ ဉာဏ်ကောင်း တုန်း၊ ကံကောင်းတုန်းက နိဗ္ဗာန်သောင်ကမ်းရှာရတာ (မှန်ပါ့ ဘုရား)။

အိုကြီးအိုမှ မျက်လုံးမကောင်း ခါးမကောင်းနဲ့ နားကလဲ မကောင်း ဟုတ်လား (မှန်ပါ့) နည်းပေး တာတောင်မှ မယူနိုင်တဲ့ အခြေအနေ ရောက်မှ ရှာလို့ရှိရင် ဒကာသိုက်၊ ဒကာကြွယ် ဘယ့်နှယ်လုပ်ကြမလဲ (မရပါ ဘုရား)။

ဒါဖြင့် ပင်လယ်ဝနီးတုန်း မြန်မြန်ရှာရမှာ (မှန်ပါ့) သောင်ကမ်းရှာရလိမ့်မယ်ဆိုတာ သဘောကျပလား (ကျပါ ပြီ ဘုရား)။

နို့မဟုတ်လို့ရှိရင် မြုပ်လမ်း မျောလမ်းဟာ ငါ့ပစ္စည်းသာ မှတ်ပေတော့ (မှန်ပါ့) မြုပ်စရာ မျောစရာ တွေဟာ ဘယ်သူ့ ဟာတွေတုန်း (ကိုယ့်ပစ္စည်းတွေပါ ဘုရား)။

အဲဒါကနေ ရှင်းရှင်းလင်းလင်းနဲ့ ဒကာ ဒကာမတွေ အခု ပတ္ထုထုတ်ပြီး ပြောလိုက်တာပဲ (မှန်ပါ့) မပြောထိုက်ဘူးလား (ပြောလိုက်ပါတယ် ဘုရား) ကိုယ့်အသွားက ဆိုးနေလို့ပြောတာ (မှန်ပါ့ ဘုရား)။

ဘယ့်နှယ်ပြောပါလိမ့် (ကိုယ်အသွားက ဆိုးနေ လို့ပြောပါတယ် ဘုရား) ဒါကြောင့် ခင်ဗျားတို့က ဘယ်လိုလျှာလှည့် လှည့်ခန္ဓာကတော့မရပ်ဘူး၊ မျောလျက်ပါ (မှန်ပါ ဘုရား)။

ဖြည်းဖြည်းတော့ စိတ်ကူးလျက်ပါဘုရား၊ သာဓုမခေါ်နဲ့ မျောလျက်ပဲ (မှန်ပါ့) ရိပ်မိပလား – (ရိပ်မိပါပြီ ဘုရား)။

ဖြည်းဖြည်းတော့ဖြင့် တစ်နေ့ထက် တစ်နေ့ ကြိုးစားရမှာပဲ လို့ စိတ်ကူးနေတာနဲ့ ဆိုလို့ရှိရင်ဖြင့် အမျော ရပ်ရင်တော့ အဟုတ် သားပေါ့ (မှန်ပါ့) ဆင်သေကြီးက အမျော ဘယ့်နှယ်တုန်း (မရပ်ပါ ဘုရား)။

အမျောမရပ်လို့ရှိရင် သေမင်းတည်းဟူသော ဝဲသြဃတွေ နဲ့ တွေ့မှာလား၊ မတွေ့ဘူးလား (တွေ့မှာပါ ဘုရား) တွေ့ရင် မြုပ်ရ မျောရမယ် (မှန်ပါ့) မသေချာဘူးလား (သေချာပါ တယ် ဘုရား)။

အေး ဒါကြောင့် ဒကာ ဒကာမတို့ အခုအချိန် ပင်လယ်ဝရောက်နေတဲ့အချိန်မှာ ခင်ဗျားတို့ (၄၅- ၅ဝ)တွေ ရောက် ကုန်ကြတဲ့ ဒကာ ဒကာမတွေ ဖြစ်တော့ ရွှေ့နေချိန်ကလဲ မရှိဘူး (မရှိပါ ဘုရား)။

မရှိတော့ အခုအချိန်ကနေပြီး သကာလ ငါးပါးအာရုံ ကာမဂုဏ်တွေကို သားရေး၊ သမီးရေး၊ စီးပွားရေး၊ ပစ္စည်းရေးတွေ ကို ခင်ဗျားတို့ဉာဏ်နဲ့ ဖြတ်ပြီး သကာလ ကိုယ့်အရေးကို ကိုယ်-ခို ရာ၊ တည်းရာ၊ ပုန်းအောင်းရာ၊ လွတ်ရာကိုဖြင့် ရှာကြတော့ဆိုတာ ဒီအဓိပ္ပာယ်ပြောတာ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

အဲဒီတော့ ခုနင်က ဘုရားအလောင်းမှာတော့ ခေါင်းပေါ် မြေမှုန့်လဲကျရော သတိလဲရပြီး နန်းတော်ကို ပြန်အပ်ပြီး တောထွက် တာ သေတော့ ဗြဟ္မာပြည်ရောက်တာပဲဗျ (မှန်ပါ့ ဘုရား)။

သိလာတော့လဲ သူ့မှာ မမြန်ဘူးလား (မြန်ပါတယ် ဘုရား) ပေတုန်းကတော့ ပေခဲ့တာပဲ၊ သိတော့ ဘယ့်နှယ်နေ သတုန်း (မြန်ပါတယ် ဘုရား)။

ဒီမှာတော့ ပေတုန်းကလဲ ပေခဲ့တယ်၊ သိတော့လဲ ပေတုန်း ပဲ (မှန်ပါ့) ကောင်းသေးရဲ့ လား၊ (မကောင်းပါ ဘုရား)။

ပေတုန်းကတော့ ဘယ့်နှယ်တုန်း၊ (ပေပါတယ် ဘုရား) သိလာပြန်တော့လဲ ပေတုန်းပဲ၊ ကောင်းသေးရဲ့လား (မကောင်းပါ ဘုရား)။

ဒကာကြွယ် ဘယ့်နှယ်ဖြစ်တာတုန်းဗျ။ ဟင် အတော် မဆိုးဘူးလား (ဆိုးပါတယ် ဘုရား)။

အေး ဒါကြောင့် ဒကာ ဒကာမတွ ကိုယ့်ဟာကိုယ် စဉ်းစားမှ ပေမှန်းသိတယ် (မှန်ပါ့ ဘုရား)။

ပေတာသည် တခြားမဟုတ်ပါဘူး၊ သူများ ရိုက်တာ၊ သူများနှက်တာ ဒါကိုမဆိုပါဘူး။

မခွဲနိုင် မခွာရက်ဖြစ်တာ ပေတာချည်းမှတ် (မှန်ပါ့)၊ ဘယ်လိုမှတ်ကြမယ်၊ (မခွဲနိုင် မခွာရက် ဖြစ်တာ ပေတာချည်းပါ ဘုရား) သားမခွဲနိုင်၊ သမီးမခွဲနိုင်၊ ပစ္စည်းမခွဲနိုင်၊ ဒါတွေသည်ကား လို့ ဆိုလို့ရှိရင် ဘယ့်နှယ် လုပ်မတုန်း၊ ကစဉ့်ကရဲဖြစ်ကုန်ရင် မခက်ပေဘူးလား၊ အင်း တဏှာဝင်ပူးပြီ (မှန်ပါ့ ဘုရား)။

တဏှာပယောဂ ဝင်ပူးပြီ (မှန်ပါ့) ပူးတဲ့အခါကျတော့ ခင်ဗျားတို့ကလဲ နဂိုက တဏှာ့ ကျွန်တွေ ဖြစ်နေတော့ သူပြောတာ ဟုတ်သားပဲ၊ ကစဉ့်ကရဲဖြစ်ကုန် ဘယ့်နှယ်လုပ်မတုန်း စောင့်ရှောက် ငန်သရွေ့ စောင့်ရှောက်ဦးမှပေါ့ ဆိုပြီး သကာလ ဒီဆင်သေပေါ် နားလိုက်တာပဲ (မှန်ပါ) သဘောကျပလား၊ (ကျပါပြီ) ရှင်း ပလား၊ (ရှင်းပါပြီ ဘုရား) အတော်မဆိုးရွားဘူးလား (ဆိုးရွား ပါတယ် ဘုရား)။

ဒီရှေ့ ဘယ့်နှယ်လုပ်ကြမတုန်း၊ ဒကာကြွယ်တို့ ဒကာသိုက် တို့ပဲကဲ ခေါင်းဆောင်တွေ လုပ်ကြစမ်းပါဦး၊ ပင်လယ်ဝ မရောက် သေးဘူးလား၊ (ရောက်ပါပြီ) ရောက်ရင် ခိုကိုးရာ အားထားရာ အခုပျံလိုက်ရင် ရသေးတယ်၊ (မှန်ပါ့) သဘောကျပလား (ကျပါပြီ) နောက်မှ ရှာရင်ဆိုလို့တော့ (မရပါ ဘုရား)။

အေး ဒါကြောင့် ဒကာ ဒကာမတွေ – ခင်ဗျားတို့ လောကီ အလုပ်တွေကတော့ဖြင့် ဖြစ်လိုက် ပျက်လိုက်နဲ့ ဘာမှ အသုံးမကျဘူးဆိုတာ သေသေချာချာမှတ်ပေတော့ (မှန်ပါ့ ဘုရား)။

ဘယ်သူချမ်းသာသလဲ၊ ဟုတ်လား ဘယ်သူချမ်းသာ သတဲ့ဆိုပေမယ့် ဝမ်းထဲချမ်းသာ သလားလို့ သွားမေးကြည့်လိုက် တော့ သားပူ, သမီးပူ၊ ပစ္စည်းပူနဲ့ပဲ (မှန်ပါ့)။

ကမ္ဘာမှာ လူချမ်းသာ မရှိဘူး

ဘယ်သူမှ မြို့ထဲမှာ လူချမ်းသာမရှိဘူး ကမ္ဘာတစ်ဝန်း လုံး လူချမ်းသာမရှိဘူး၊ (မှန်ပါ့) ခင်ဗျား စိတ်ချလက်ချများနေရထိုင် ရသေးရဲ့လား၊ သားပူ၊ သမီးပူ၊ ဆွေမျိုးပူ၊ ပစ္စည်းပူများ ရှိသေး သလားလို့ သွားမေးကြည့်လိုက်စမ်း ဘယ့်နှယ်တုန်း – (ရှိပါတယ် ဘုရား) လူတိုင်းရှိတယ်၊ ဒါ အချမ်းသာလားဗျ (မဟုတ်ပါ ဘုရား)။

ပစ္စည်းရှိတဲ့လူ ပစ္စည်းရှိတဲ့ အပူပေါ့ဗျာ၊ (မှန်ပါ့) မရှိတဲ့ ပုဂ္ဂိုလ်ကျတော့ကော (ပူရပါတယ် ဘုရား) မရှိတဲ့ပုဂ္ဂိုလ် ကျတော့ စားဖို့သောက်ဖို့ ပူရတယ် (မှန်ပါ့ ဘုရား)။

ရှိတဲ့ပုဂ္ဂိုလ်ကျတော့ ငွေတွေကုန်စရာတွေ အမျိုးမျိုးအဖုံဖုံ နဂိုရ်က ကြည့်ရှုထားရတာတွေ ကိုယ်က ပြန်ပြီး ငိုရမှာတွေမလာ ဘူးလား (လာပါတယ် ဘုရား) အဲဒီတော့ သူကော ဘာပါလိမ့် မတုန်း၊ (ပူပါတယ် ဘုရား) မဟုတ်ဘူး ကိုယ့်အပူက နည်းလို့လား (မနည်းပါ ဘုရား) ဟာ သူ့အပူ ဖြည့်ချင်သေးတာပေါ့ (မှန်ပါ့) ရိပ်မိပလား၊ (ရိပ်မိပါပြီ ဘုရား)။

ကိုယ့်အပူက နည်းသလား၊ (မနည်းပါ ဘုရား) မရှိပူ-ပူ နေရတာနည်းတော့ ရှိပူကလေး နောက်ထပ် ဖြည့်ချင်သေးလို့လား (မှန်ပါ့ ဘုရား)။

အင်း ဒကာကြွယ်-ဘာဖြစ်ကြတာတုန်းဟင် ဆိုး တယ်ပဲမဟုတ်လား၊ (မှန်ပါ့) မီးတစ်ဖိုတည်း လောင်တာနဲ့ နှစ်ဖို လောင်တာနဲ့ ဘယ်သူက သာပြီး ကျွမ်းချက်သန်သတုန်း (နှစ်ဖိုက သန်ပါတယ် ဘုရား)။

အဲ-မရှိတဲ့ပုဂ္ဂိုလ်ကလဲမရှိလို့ပူရတယ်၊ (မှန်ပါ့) ရှိရင်တော့ အေးမှာပဲလို့ ထင်လိုက်လို့ ဘယ်ဟုတ်မလဲ၊ ရှိပူပြန်လာတာပဲ။ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

မရှိတဲ့ပုဂ္ဂိုလ်ကလဲ ဘာအပူနဲ့နေရသလဲ၊ (မရှိအပူနဲ့နေရ ပါတယ် ဘုရား) ရှိတဲ့ပုဂ္ဂိုလ် ကကော (ရှိပူ-ပူရပါတယ် ဘုရား) ပူပုံချင်းက ဘယ်သူက ပြင်းထန်သတုန်းလို့မေးကြည့်၊ (ရှိပူက ပြင်း ထန်ပါတယ် ဘုရား)။

ရှင်းကြစမ်းပါဦး ဒကာ ဒကာမတို့၊ မရှိပူနဲ့ ရှိပူဘယ်သူက ပြင်းထန်တယ်ထင်သတုန်း (ရှိပူကပြင်းထန်ပါတယ် ဘုရား) ရိပ်မိသွားပြီ တော်သေးတယ် ခင်ဗျားတို့ (မှန်ပါ့) ရှိပူက ပြင်းထန်တာ ပေါ့ဗျ (မှန်ပါ့ ဘုရား)။

ပစ္စည်းပျောက်တာချည်းတူတော့ မရှိတဲ့ပုဂ္ဂိုလ်က ငါးကျပ် ပျောက်တယ်၊ ရှိတဲ့ပုဂ္ဂိုလ်က ငါးထောင်လောက်ပျောက်တော့ ဘယ်သူက မျက်ရည်ကျမြန်ပါ့မလဲ (ရှိတဲ့ပုဂ္ဂိုလ်က မြန်ပါတယ် ဘုရား) ရှိပူကဆိုးတယ် (မှန်ပါ့) ရိပ်မိပလား၊ (ရိပ်မိပါပြီ ဘုရား)။

အဲဒါ ခင်ဗျားတို့ ဘယ်အပူကြိုက်သတုန်း (ဘယ်အပူ မှ မကြိုက်ပါ ဘုရား) ဟာ မဟုတ်သေးပါဘူး၊ ရှိပူ ကြိုက်ကြပါ တယ်၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါကြောင့် တရွရွတလှုပ်လှုပ် ပြေးလွှား ရှာကြတာပေါ့ဗျာ (မှန်ပါ့) ဘာပူကြိုက်လို့ ရှာကြတာတုန်း (ရှိပူကြိုက်လို့ရှာကြတာပါ ဘုရား)။

နို့ ခင်ဗျားတို့ဟာက အအေးရှာကြတာလား၊ အပူရှာ ကြတာလား (အပူရှာကြတာပါ ဘုရား)။

အခုသောင်းကိုးထောင်, သိန်းကိုးသောင်းရှိတယ်၊ နောက် ကို ဒါလောက်ရှိရင်တော့ ထိုင်နိုင် ကောင်းပါရဲ့ (မှန်ပါ့) ဘယ် တော့မှ အထိုင်မခိုင်းတာ ခင်ဗျားတို့က ထိုင်နိုင် ကောင်းပါရဲ့ ဆိုတော့ ကောင်းပါ့မလား (မကောင်းပါ ဘုရား)။

တစ်သိန်းရှိလာတယ်၊ ဆယ်သန်း ရှိလာချင်တယ်၊ ဆယ် သိန်းတန် တိုက်လိုချင်တယ်၊ ဆယ်သိန်းတန် ဆင်တယ် (မှန်ပါ့) မဟုတ်ဘူးလား (မှန်ပါ့ ဘုရား)။

ဆယ်သိန်းတန် ဧည့်ခံရမယ်ဆိုတဲ့ အလာတွေက လာမှာ ပဲ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား) သူ့တန်းနဲ့ သူ ကုန်တာချည်းပဲ ဆိုတာကော ထူးသေးရဲ့လား (မထူးပါ ဘုရား)။

အဲဒီတော့ ဒကာ ဒကာမတွေ မရှိတဲ့ပုဂ္ဂိုလ်က မရှိတဲ့အပူနဲ့ ရှိချင်လို့ ကြိုးစားနေရင်ဖြင့် ရှိပူကလေး ခံချင်သေးလို့ (မှန်ပါ့ ဘုရား)။

ရှိတဲ့ပုဂ္ဂိုလ်ကလည်း အခုရှိတာ နည်းတယ်ထင်ပြန်တော့ အခုအပူက နည်းသေးတယ်၊ နောက် ဒီထက်ရှိရင် ဒီထက်ကောင်း သေးတယ် ဆိုပြီး သူလဲ အပူဖြည့်လို့ပဲ (မှန်ပါ့ ဘုရား)။

ဒါဖြင့် လောကစီးပွားရှာနေကြတဲ့ ပုဂ္ဂိုလ်တွေ အအေးဖြည့် ချင်သလား၊ အပူပဲ ထပ်ဖြည့်ချင်သလား (အပူပဲ ထပ်ဖြည့်ချင် ပါတယ် ဘုရား) ဉာဏ်ကို မပါဘူး ပါသေးရဲ့ လား၊ (မပါ-ပါ ဘုရား) အပူဖြည့်ချင်လို့ ဆိုတော့ ဉာဏ်ပါသေးရဲ့ လား (မပါ-ပါ ဘုရား)။

ဟာ အအေးပဲ စွက်ချင်သေးလို့ ဆိုရင်တော့ (ဉာဏ် ပါ ပါတယ် ဘုရား) အပူဖြည့်ချင် လို့ဆိုရင် (ဉာဏ်မပါ ပါ)

ဒကာသိုက်က ဘာဘက်ကတုန်း (အအေးဖြည့်ချင်လို့ပါ ဘုရား) အအေးဖြည့်ချင်လို့။

ဒကာ ဒကာမတို့ ဉာဏ်ရောက်ပလား (မှန်ပါ့) အလကား ပြောနေကြတာ-တဲ့၊ အခု တရားဓမ္မကို နှလုံးသွင်းနေတဲ့ အအေးဓာတ် ရပြီးသား ပုဂ္ဂိုလ်တော့ဖြင့် ဘုန်းကြီးများက ဪ ဒါက အကောင်းဆုံးပဲ၊ နိဗ္ဗာန်ကြီးတော့ အအေးဓာတ်ဟာ အချမ်းသာဆုံးပဲ (မှန်ပါ့) အဲ ဒီပုဂ္ဂိုလ် ကျတော့ ဘုန်းကြီးက စိတ်ချ တယ် (မှန်ပါ့ ဘုရား)။

ကျန်တဲ့ပုဂ္ဂိုလ်တွေဆိုလို့ရှိရင်ဖြင့် အပူရှာတုန်းပဲလို့ ဆုံး ဖြတ်ချက်ချ (မှန်ပါ့) ဘယ်လို ဆုံးဖြတ်ချက် ချမလဲ (အပူရှာ တုန်းပါ ဘုရား)။

နည်းသေးလို့ ရှာနေတာ (မှန်ပါ) သဘောကျပလား၊ (ကျပါပြီ) ဘာဖြစ်လို့ ရှာနေကြတာ တုန်း (နည်းသေးလို့ရှာ နေကြတာပါ ဘုရား)။

ဒကာ ဒကာမတွေ ဒါဖြင့် အပူဆိုတာ နည်းနေလို့ရှိရင် နည်းသထက်နည်းရင် ကောင်းတယ် လုပ်ရမယ် (မှန်ပါ့) အခုတော့ ဘယ့်နှယ်ဖြစ်နေသတုန်း (နည်းလို့ထပ်ရှာနေပါ တယ် ဘုရား) အပူရှာဦးမယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

အပူကလေးနဲ့ အပူကြီးသည်ကား လို့ဆိုရင် ဒကာ -ဒကာမတို့ ဘယ်ဟာက လောင်ချက် ပြင်းသတုန်း (အပူကြီးက ပြင်းပါတယ် ဘုရား)။

သို့သော် ခင်ဗျားတို့က ဘာလိုက်ရှာလေ့ရှိသတုန်း (အပူကြီး လိုက်ရှာလေ့ရှိပါတယ် ဘုရား) ရူးပြီ ဒါဖြင့် ခင်ဗျားတို့ မရူးသေးဘူးလား (ရူးပါပြီ ဘုရား)။

အပူကြီးလိုက်ရှာတဲ့ ပုဂ္ဂိုလ်ဟာ ဘာဖြစ်နေတုန်း (ရူး ပါတယ် ဘုရား)။

သို့သော် ရူးစမ်းပါရစေလို့များ တောင်းပန်ချင်သေးသလား၊ တောင်းပန်ချင်ကြသေးသလား၊ ဒီအထဲမှာ ပါသေးသလား၊ တောင်း ပန်ချင်တဲ့လူ (မပါ-ပါ ဘုရား)။ ဒကာသိုက်ရေ အတော် ဆိုးနေတာ (ဆိုးပါတယ် – ဘုရား)။ ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ရူးပုံပေါ်ပလား။ (ပေါ်ပါပြီ ဘုရား)။

ဘယ်တော့မှ လောဘဆိုတာမျိုးဟာက ပြည့်တယ်လို့ မရှိဘူးနော် (မှန်ပါ့) တလိုတည်း လိုနေတာချည်းပဲ ဆိုတော့ မြို့ထဲ မှာ လူချမ်းသာ မရှိဘူး၊ တကမ္ဘာလုံးမရှိဘူး၊ (မှန်ပါ့) ဘာဖြစ်လို့ လူချမ်းသာ မရှိသတုန်း ဆိုတော့ လိုနေတဲ့ ပုဂ္ဂိုလ်ချည်းပဲ၊ (မှန်ပါ့) လိုနေတဲ့ပုဂ္ဂိုလ်ဟာ ပူနေတာချည်းပဲ ဆိုရင်ကော၊ (မလွဲပါ ဘုရား)။

ဒါဖြင့် မရှိတဲ့ပုဂ္ဂိုလ်က မရှိဘူးတဲ့၊ ရှိတဲ့ပုဂ္ဂိုလ်က (ရှိပါ တယ် ဘုရား) သို့သော် မရှိတဲ့ ပုဂ္ဂိုလ် သည်ကား လို့ဆိုရင် အခုထက် နှစ်ဆလောက် ပစ္စည်းတက်ချင်တယ်ဆိုရင် ရှိပူကို သူ တောင့်တ, တာပဲ (မှန်ပါ့ ဘုရား)။

ရှိတဲ့ပုဂ္ဂိုလ်က ဒီထက်ရှိချင်ပြန်လဲ ဘာ-တောင့်တ,တုန်း၊ (ရှိတောင့်တတာပါ ဘုရား)။

ဒါဖြင့် အခု အပူနည်းလို့ နောက်အပူ လိုချင်တာပေါ့။ (မှန်ပါ့) အပူဆိုတာ ရှောင်ရမှာလား ဒကာ ဒကာမတို့ ဆောင် ရမှာလား (ရှောင်ရမှာပါ ဘုရား)။

သို့သော် ဒကာ ဒကာမတွေ နေပုံထိုင်ပုံက အပူကို ဘာ လုပ်နေကြတာတုန်း (ဆောင်နေ ပါတယ် ဘုရား)။

ဂွကျလိုက်တာ ဆောင်ရမှာကို မဆောင်၊ ရှောင်ရမှာကို မရှောင်ဘူးဆိုတော့ ဒကာ ဒကာမတို့ သောက်သင့်တဲ့ ဆေးတော့ မသောက်ဘူး၊ မသောက်သင့်တဲ့ဆေးတော့ သောက်တယ် ဆိုကတည်းက ဒီပုဂ္ဂိုလ်ဟာ ဘာဖြစ်နေသတုန်းသာတွေးပေတော့၊ (မှန်ပါ့) ဘယ်လိုတွေးကြမယ်၊ (ရူးနေပါတယ် ဘုရား)။

ဒါဖြင့် ပုထုဇ္ဇနော ဥမ္မတ္တကောလို့ ဘုရားက ဟောတာ ကောင်းကောင်း သဘောကျပလား၊ (ကျပါပြီ) ရှင်းပြီနော်၊ (ရှင်းပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့် ဒီအပူဟာ ဘာအပူတုန်းလို့ မေးကြပါစို့ ကိလေသာပူ (မှန်ပါ့) ဒီအပူဟာ ဘာအပူပါလိမ့်၊ (ကိလေသာပူ ပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဪ ကိလေသာ အပူသည်ကားလို့ဆိုရင် ဒကာ ဒကာမ တို့ ပကတိမီး ပူတာထက် ကိလေသာအပူက ဆိုးပါတယ် (မှန်ပါ့ ဘုရား)။

သဘောကျပလား၊ (ကျပါပြီ) မယုံရင် စဉ်းစားကြည့်တဲ့ တစ်ချို့သည်ကားလို့ဆိုရင် အိန္ဒိယမှာ ယောက်ျားသေတယ်ဆိုရင် မိန်းမက မီးပုံထဲကို ခုန်ဆင်းတယ် (မှန်ပါ့ ဘုရား)။

မီးပုံထဲခုန်ဆင်းတယ်၊ ဒီအယူဝါဒရှိတယ်၊ (မှန်ပါ) အိန္ဒိယ မှာရှိတယ်၊ မီးပုံထဲကို ခုန်ဆင်းတဲ့ မိန်းမ (မှန်ပါ့) အဲဒါဟာ ဘာ အပူထက် ဘာအပူကပြင်းတယ်ဆိုတာ သဘောကျပလား၊ (ကျပါပြီ ဘုရား)။

ကိလေသာအပူက ပိုပြင်းတယ်

မီးအပူထက် ကိလေသာအပူကပြင်းကယ်(မှန်ပါ့) ကိလေသာ အပူက ခုန်သာချကွတဲ့ ကိလေသာ အပူ ပူလွန်းလို့ ဟိုထဲ ဆင်းတာ (မှန်ပါ့ ဘုရား)။

ရိပ်မိပလား (ရိပ်မိပါပြီ) သဘောကျပြီနော် (ကျပါပြီ) ဒါဖြင့် မီးပူထက် လိုချင်ပူ ဘယ်ဟာက သာပူသတုန်း (လိုချင် ပူက သာပြီး ပူပါတယ် ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကဲ ငရဲမီးဟာ ဒကာ ဒကာမတို့ တစ်ယူဇနာကနေ ကြည့်၊ ဒီကနေပြီး ကျောက်ဆည် လောက်ဆီမှာ ငရဲမီးကလေး ပိုးစုန်းကြူးလောက်ထား ဒီကနေ ကြည့် ပကတိ မျက်လုံးနဲ့ မြင်သည်နဲ့ တစ်ပြိုင်နက်တည်း ဒီက မျက်လုံးကန်းတာပဲ (မှန်ပါ့ ဘုရား)။

ဒါလောက်ပြင်းတဲ့ငရဲမီးဟာ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

အဲဒီငရဲပူကြီးထဲကို ဒကာ ဒကာမတွေ ရောက်သွားတာ ဟာ ဘာ့ကြောင့် ရောက်သွား တာတုန်း လို့မေးတော့ ကိလေသာ အပူကြောင့် ရောက်သွားတာပါ (မှန်ပါ့ ဘုရား)။

ကိလေသာ အပူကြောင့် လိုချင်မှု ရချင်မှုတွေကြောင့် အကုသိုလ် ကိလေသာအပူကြောင့် ဒကာ ဒကာမတွေ ငရဲအပူထဲ ရောက်ရတယ် (မှန်ပါ့ ဘုရား)။

ရိပ်မိပလား (ရိပ်မိပါပြီ) ဘယ်အပူကြောင့် ငရဲပူထဲရောက် ရသတုန်း (ကိလေသာ အပူကြောင့်ပါ ဘုရား) ဒါဖြင့် ဒကာ ဒကာမတို့ အပူတော့ဖြင့် မဖြည့်ပါနဲ့၊ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ) ဘာ မဖြည့်ပါနဲ့တုန်း (အပူတော့ဖြင့် မဖြည့်ပါနဲ့) မဖြည့်ပါနဲ့ဆိုတာ ရသရွေ့နဲ့ ရောင့်ရဲပါ၊ အဲဒါလူချမ်းသာ (မှန်ပါ့ ဘုရား)။

ရသရွေ့နဲ့ ရောင့်ရဲပါ

ရသရွေ့နဲ့ ရောင့်ရဲတာ ဘာခေါ်ကြမယ် (လူချမ်းသာ ပါ ဘုရား) ဒါကြောင့် ‘‘သန္တုဋ္ဌီ ပရမံ ဓနံ’’ လို့ ဓမ္မပဒမှာ ဟောတယ် (မှန်ပါ့ ဘုရား)။

သန္တဋ္ဌီ- ရသရွေ့နဲ့ ရောင့်ရဲနေနိုင်တဲ့ ပုဂ္ဂိုလ်သည်၊ ပရမံ- လွန်ကဲသော ဓနံ- ဥစ္စာတည်း။ ရသရွေ့ ရောင့်ရဲတဲ့ ပုဂ္ဂိုလ်ဟာ သူ့မှာ ဘာမှမပူဘူးတဲ့ (မှန်ပါ ဘုရား)။

သူမှ သူဌေးကွ၊ ဟိုအပူကြီး မီးလောင်နေတဲ့ ပုဂ္ဂိုလ်ဟာ ပြာကျနေတဲ့ပုဂ္ဂိုလ်၊ မီးလောင် ခံနေရတဲ့ပုဂ္ဂိုလ်-သူဌေး သွားလုပ် မနေနဲ့ (မှန်ပါ့) သူကအေးတယ်တဲ့၊ သူက သူဌေးတဲ့ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ရောင့်ရဲနိုင်တဲ့ပုဂ္ဂိုလ်ဟာ ဘာခေါ်ကြမယ် (သူဌေးပါ ဘုရား) ခင်ဗျားတို့က ရောင့်ရဲနိုင် ကြရဲ့လား (မရောင့်ရဲနိုင် ပါ ဘုရား) လိုနေတာပဲမဟုတ်လား (မှန်ပါ့ ဘုရား)။

လိုနေလို့ရှိရင်ဖြင့် သူဌေးမဟုတ်ဘူး၊ အဲဒါ လူဆင်းရဲ မီး လောင်ခံနေရတာ မှတ်ပေတော့ (မှန်ပါ့) သဘောကျပလား၊ (ကျပါ ပြီ ဘုရား)။

ဒါဖြင့် ဒီအပူငြိမ်းမှတော်မယ်၊ ဒီအပူမငြိမ်းသရွေ့ သောင့် ကမ်းပေါ် ရောက်မယ် မဟုတ်ဘူး (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ တရားသာအားထုတ်ကြပေတော့၊ (မှန်ပါ့) မနေ့ကပြောခဲ့တယ်၊ ဒကာ ဒကာမတို့ အစားမှားလို့ဖြစ်တဲ့ ရုပ်နာမ်တွေ မရှိဘူးလား (ရှိပါတယ် ဘုရား)။

အစားမှားလို့ဖြစ်တဲ့ရုပ်ဟာ ပူလာတယ်၊ ယောင်လာတယ်၊ ဖောလာတယ်၊ ဒါ အစားမှားလို့ ဖြစ်တာ (မှန်ပါ့) အစားမှားလို့ ဖြစ်တဲ့ရုပ်ကို အစားမှန်နဲ့ပြန်ပြီးချေရလို့ရှိရင် ဆေးမှန် အစားမှန်

ဆေးလဲ အစာပေါ့ဗျာ (မှန်ပါ့ ဘုရား)။

ဆေးမှန် အစားမှန်နဲ့ ပြန်ပြီး သကာလ ကုလိုက်ရင် ပျောက် မပျောက် (ပျောက်ပါတယ် ဘုရား)။

ဪ ဒါဖြင့် ဒကာ ဒကာမတို့ ကိလေသာ အပူမီး ကြောင့် မှားနေတာ မရှိဘူးလား (ရှိပါတယ် ဘုရား)။

ကိလေသာအပူမီးကြောင့် မှားနေတာတွေရှိပါတယ်။ အဲဒီကိလေသာအပူကို ပြောင်းစမ်းပါဦး (မှန်ပါ့ ဘုရား)။

နိဗ္ဗာန်ဘက်လိုချင်တဲ့အပူနဲ့ ပြောင်းလိုက် (မှန်ပါ့) ဘယ်အပူနဲ့ပြောင်းရမလဲ (နိဗ္ဗာန်ဘက် လိုချင်တဲ့အပူနဲ့ ပြောင်း ရပါမယ် ဘုရား)။

နိဗ္ဗာန်လိုချင်တဲ့ဆန္ဒနဲ့ပဲ ပြောင်းလိုက် (မှန်ပါ့) အဲဒါနဲ့ ပြောင်းလိုက်ရင်ဖြင့် ဒကာ ဒကာမတို့ မဂ်ပေါ်လာလိမ့်မယ်၊ မဂ်ပေါ် လာလို့ရှိရင် ဒီအပူငြိမ်းလိမ့်မယ်ဆိုတာ သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် အစားမှားကြောင့်ဖြစ်တဲ့ဝေဒနာအစားနဲ့ ပျောက် တယ်၊ ကိလေသာအပူကြောင့် ဖြစ်တဲ့ သဘောကို ကိလေသာအပူလို ပဲ ပျောက်အောင် လုပ်ပေးပါ့မယ် (မှန်ပါ့ ဘုရား)။

ရှင်းပလား (ရှင်းပါပြီ) ဒါဖြင့် နိဗ္ဗာန်ရချင်တဲ့ ဆန္ဒနဲ့ နိဗ္ဗာန်ကို လုပ်လိုက်စမ်းပါ (မှန်ပါ့ ဘုရား)။

လုပ်လိုက်တဲ့အခါကျတော့ လုပ်နေတုန်း ဒီကိလေသာပါ သေးရဲ့ လား၊ (မပါ-ပါ ဘုရား) ဘာပါမတုန်းဗျ ဖြစ်ပျက်မြင်တုန်း က ကိလေသာပါရင် မြင်ပါ့မလား (မမြင်ပါ ဘုရား)။

ပထမ နိဗ္ဗာန်ရချင်တာ ဆန္ဒပဲ၊ သူများတောင်ရသေးတာ ငါဘယ့်နှယ်ကြောင့်မရဘဲ ရှိမတုန်းဆိုတာ အဲဒီနှစ်ခုမူတည်ပြီး လုပ်စမ်းပါ၊ (မှန်ပါ့) သဘောကျပလား၊ (ကျပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် ဒီဘက်ကခန္ဓာငါးပါးထားပါတော့၊ ခန္ဓာ ငါးပါးပေမယ့် ဒီဘက်က ဝေဒနာလဲ စိတ်ပဲ ထားပါတော့ ဒကာ ကြွယ်ရာ၊ ကိုယ်လုပ်နေတာ သိနေပေါ့တဲ့ (မှန်ပါ့ ဘုရား)။

ဒါဖြင့် ဝေဒနာကြိုက်တဲ့သူ ဝေဒနာရှုပေါ့ဗျာ၊ စိတ်ကြိုက်တဲ့ ပုဂ္ဂိုလ် (စိတ်ရှုရပါ့မယ် ဘုရား) ကြိုက်တာရှု၊ အပျက်မြင်ကြလို့ရှိရင် အတူတူချည်းပဲ (မှန်ပါ့ ဘုရား)။ မှ အပျက်မြင်ရင် အတူတူပဲ ဆိုတာ သဘောပါသလား (ပါ-ပါပြီ) ရုပ်ရှုတဲ့ ပုဂ္ဂိုလ်လဲ ရုပ်မြင်သလား၊ အပျက်မြင်သလား၊ (အပျက်မြင်ပါတယ် ဘုရား) နာမ်ရှုတဲ့ပုဂ္ဂိုလ်လဲ နာမ်မြင်သလား၊ အပျက်မြင်သလား (အပျက်မြင်ပါတယ် ဘုရား)။

ဒါဖြင့် အပျက်ဆိုတာ အနိစ္စ၊ အနိစ္စမြင်ဖို့ပဲ အရေးကြီး တယ် (မှန်ပါ့) အနိစ္စမြင်ရင် ဒုက္ခမြင်၊ အနတ္တမြင်တာပဲ၊ (မှန်ပါ့ ဘုရား)။

နိဗ္ဗာန်ရအောင်လုပ်ပါ

တစ်ခုမြင်ရင် အကုန်မြင်တာပဲ၊ ကိုင်း ဒီဥစ္စာကို မမြင် မြင်အောင်လုပ်မယ်၊ ဒါမှ နိဗ္ဗာန်ရမှာပဲ ဆိုပြီး ဒီဘက်ကနေ ဆန္ဒနဲ့ ဒါမြင်မှ နိဗ္ဗာန်ရမှာကိုး (မှန်ပါ့ ဘုရား)။

အဲ ငါလဲ နိဗ္ဗာန်လိုချင်တယ်ဆိုပြီး ဆန္ဒနဲ့ လိုချင်လိုက်၊ (မှန်ပါ့) သူများတောင်ရသေးတာပဲ၊ ရှေးက ကုဋေရှစ်ဆယ် နဲ့ ဗိုလ်ခြေတစ်သိန်းတွေ နိဗ္ဗာန်ရသွားတယ်၊ ဘုရားနောက်ကနေပြီး (မှန်ပါ့ ဘုရား)။

မရဘူးလား၊ (ရပါတယ် ဘုရား) ငါလဲ ဘယ့်နှယ်ကြောင့် မရ မရှိရမှာတုန်းဆိုပြီး ဒီကနေတက်ပြီး ရုပ်နာမ်ပေါ် ခုနင်က ဝေဒနာတို့ စိတ်တို့အပေါ်မှာ ဒကာ ဒကာမတွေ ဖြစ်ပျက် ရှုပေး လိုက် (မှန်ပါ့) မဂ္ဂင်ငါးပါးနဲ့ဖြစ်ပျက်ရှု (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဝေဒနာကလေးတွေ ဘာလုပ်ရမတုန်း၊ (ဖြစ်ပျက်ရှုရပါ့မယ် ဘုရား) ဖြစ်ပျက်ရှု လိုက်တဲ့ အခါကျတော့ ထိုသူတို့က တိုက်တွန်း သာပေးတာ၊ ရှုတဲ့အချိန်အခါမှာ မဂ္ဂင်ငါးပါးသာ ပါတယ်၊ သူတို့ မပါဘူး၊ (မှန်ပါ့) သူတို့က တိုက်တွန်းပေးတာပဲရှိတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ဆန္ဒကြောင့် ဒီမဂ်ဖြစ်လာတယ်၊ မဖြစ်ဘူးလား၊ (ဖြစ်ပါတယ် ဘုရား) သဘော ပါပလား (ပါ-ပါပြီ ဘုရား)။

မဂ်ထဲ တဏှာဆန္ဒ ပါသလားမေးရင်၊ (မပါ-ပါ ဘုရား) ဪ ဒါဖြင့် ဒီတဏှာဆန္ဒ သည်ကားလို့ဆိုရင်ဖြင့် ဒကာ ဒကာမတို့ သေသေချာချာ မှတ်စမ်းပါ။ အကူအညီပေးတဲ့ တဏှာဆန္ဒ (မှန်ပါ့ ဘုရား)။

ရှင်းပလား၊ (ရှင်းပါပြီ) ဒါဖြင့် ဒကာ ဒကာမတို့ ဒီတဏှာ မာန ဆန္ဒမျိုးဟာ ဖြစ်ကောင်း တယ်လို့ မှတ်လိုက်စမ်းပါ (မှန်ပါ့)။ ဘယ်လိုဆိုကြမလဲ၊ (ဖြစ်ကောင်းပါတယ် ဘုရား)။

ပထမ မဂ်ပေါ်လာတာက အားထုတ်မှ ရမယ်ဆိုပြီး နိဗ္ဗာန်လိုချင်တယ်၊ နိဗ္ဗာန်မရ မနေနိုင်ဘူး ဆိုတဲ့ဆန္ဒ၊ ဒီဆန္ဒတွေက တိုက်တွန်းနှိုးဆော်လိုက်တာနဲ့ အားထုတ်ဖြစ်တယ် (မှန်ပါ့ ဘုရား)။

အားထုတ်ဖြစ်တော့ မဂ်မပေါ်သေးဘူးလား (ပေါ်ပါတယ် ဘုရား) အားထုတ်တယ်ဆိုတာ မဂ်ပေါ်လာတာပဲ၊ (မှန်ပါ) – ဘယ်သူမှ ဖြစ်ပျက်မြင်တာမဟုတ်ဘူး၊ မဂ်ကမြင်တာ (မှန်ပါ့ ဘုရား)။

ဘယ်သူက အားပေးလို့များ မြင်တာပါလိမ့် (ဆန္ဒက အားပေးပါတယ် ဘုရား) ဆန္ဒက အားပေးလိုက်တယ်၊ (မှန်ပါ) ဒါနဲ့ ဖြစ်ပျက်ကလေးတွေ မြင်သွားရော၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဖြစ်ပျက်ကလေးတွေ မြင်တော့ ခုနင်က ဉာဏ်စဉ်အတိုင်း တက်လိုက်တော့ ဖြစ်ပျက်မုန်းတဲ့ ဉာဏ်လဲ ကြိုးစားရှုတော့ မုန်းတာ ပဲ (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။

ဒီဖြစ်ပျက်ကလေးတွေ ကြိုးစားပြီး ရှုဖန်များတော့ ဪ ဖြစ်ပျက်ဆိုတာ ဒုက္ခသစ္စာဆိုပြီး သကာလ ဒီဉာဏ်လဲ မပေါ်ပေဘူးလား (ပေါ်ပါတယ် ဘုရား)။

ပေါ်တော့ မဂ္ဂင်ရှစ်ပါးဖြစ်လာမှာပေါ့ (မှန်ပါ့) ဒုက္ခပိုင်းခြား နိုင်ရင် ရှစ်ပါးဖြစ်တယ် (မှန်ပါ့) မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား)။

ဖြစ်တော့ မဂ္ဂင်ရှစ်ပါးလဲပေါ်လာရော ဒကာ ဒကာမတို့ ဒီဝေဒနာတွေက ဒကာ ဒကာမတို့ ချုပ်မသွားပေဘူးလား (ချုပ်သွားပါတယ် ဘုရား) ချုပ်သွားတော့ ဝေဒနာနိရောဓဖြစ်တယ် (မှန်ပါ့ ဘုရား)။

ဝေဒနာနိရောဓဆိုတော့ တဏှာနိရောဓော မဂ်ပေါ်တယ် (မှန်ပါ့) ဒီမဂ်သည် ဘာလုပ်သတုန်း ဆိုတော့ တဏှာသတ် တယ် (မှန်ပါ့ ဘုရား)။

ဒါ့ကြောင့် ဆန္ဒကြောင့်ဖြစ်တဲ့ မဂ်သည် ဘာကို သတ် သတုန်း၊ (တဏှာဆန္ဒကို သတ်ပါ တယ် ဘုရား) ဒါကြောင့် ဒီတဏှာ ဆန္ဒတို့-ဒီမာနတို့ဖြစ်ကောင်းပါတယ် (မှန်ပါ့) ရှင်းပလား ရှင်းပါပြီ) ရိပ်မိပလား၊ (ရိပ်မိပါပြီ ဘုရား)။

ဒါကြောင့် ခင်ဗျားတို့ ဒီနှစ်ခုကိုလဲ လုပ်ဖြစ်အောင်လုပ်ပါ မရမနေဘူးဟေ့ သူများတောင် ရသေးတယ်၊ ငါ-ဘယ့်နှယ်ကြောင့် မရ မရှိရမှာတုန်း၊ လုပ်သာလုပ်၊ ငါလဲ လိုချင်တဲ့စိတ်ရှိတာ ပဲ၊ လုပ်သာလုပ်၊ ရရမှာပဲဆိုတာ သဘောကျပလား (မှန်ပါ့ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ တဏှာဆန္ဒကို အကြောင်းခံပြီးဖြစ် တဲ့ မဂ်သည် တဏှာမာနကို မပယ် ဘူးလား (ပယ်ပါတယ် ဘုရား)။

ဖြစ်ပျက်ဆုံးတော့ မဂ္ဂင်မပေါ်ဘူးလား(ပေါ်ပါတယ် ဘုရား) မဂ္ဂင်ပေါ်တော့ ဝေဒနာနိရောဓာ (တဏှာနိရောဓော)ဟော တဏှာ ချုပ်သွားပြီ (မှန်ပါ့) မချုပ်ဘူးလား (ချုပ်ပါတယ် ဘုရား)။

မဂ်ပေါ်လို့ချုပ်တာ (မှန်ပါ့) တဏှာနိရောဓာ (ဥပါဒါန နိရောဓော) ဥပါဒါန်လဲချုပ်ပြီ (မှန်ပါ့) ဥပါဒါနနိရောဓာ၊ (ကမ္မဘဝ နိရောဓော) ကမ္မဘဝတွေလဲ အကုန်ချုပ်တယ်ဆိုတော့ တဏှာ ဥပါဒါန်ကံတွေ ချုပ်တယ်ဆိုကတည်းက သူတို့ နှစ်ခု မူတည်လိုက် လို့ မဂ်ရတာ၊ (မှန်ပါ့) မဂ်က တစ်ခါပြန်ချုပ်စေတယ်၊ (မှန်ပါ့) သဘောကျပလား၊ (ကျပါပြီ ဘုရား)။

ဒါဖြင့် အစားမှားကြောင့်ဖြစ်တဲ့ ဝေဒနာကို အစားနဲ့ ပြန် ဖျက်လိုက်တယ်၊ (မှန်ပါ့) သဘောကျပလား၊ (ကျပါပြီ) အစားမှား ကြောင့်ဖြစ်တဲ့ ဝေဒနာကို (အစားနဲ့ပြန်ဖျက်ပါတယ် ဘုရား)။

အစားနဲ့ပြန်ဖျက်သတဲ့၊ တဏှာ, မာန, ဒိဋ္ဌိကြောင့်ဖြစ်တဲ့ သဘောကို တဏှာ, မာန, ဒိဋ္ဌိကပဲ ပြန်ဖျက်ချလိုက်တယ်၊ သဘော ကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ဒီတဏှာမာနဟာ တဲ့၊ ဒီမဂ်ထဲမှာမပါတဲ့ အတွက်ဖြစ်ကောင်းသေးတယ်၊ (မှန်ပါ့) အားပေးမှုပဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဒီဖြစ်ပျက်တွေက ဒုက္ခသစ္စာ၊ မြင်တာက (မဂ္ဂသစ္စာပါ ဘုရား) ဒီတဏှာမာန သေတာက သမုဒယ ချုပ်တာ၊ (မှန်ပါ့) ဒီက တဏှာမာနတွေချုပ်တော့ ဟိုဘက်က ဇာတိ, ဇရာ, မရဏတွေက နိရောဓသစ္စာ ဆိုတာ မဖြစ်ဘူးလား (ဖြစ် ပါတယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ တဏှာမာန သကတည်း က တဏှာဆိုတာ အပူဓာတ် (မှန်ပါ့) သူများဖြစ်သလို ဖြစ်ချင်တဲ့ မာနကလဲ အပူဓာတ်ပဲ၊ (မှန်ပါ့ ဘုရား)။

သူများဖြစ်သလို ဖြစ်ချင်လေလေ-အငြိမ်မနေနိုင်လေလေ ပဲ၊ (မှန်ပါ) အဲဒီတော့ ဒီအပူဓာတ်တွေ ဘာဖြစ်သွားသလဲ၊ (ငြိမ်းအေး သွားပါတယ် ဘုရား)။

ငြိမ်းအေးတာ ဘယ်သူ့ကြောင့် ငြိမ်းအေးတယ်ဆိုတာကော သဘောကျပလား၊ မဂ်ကြောင့် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

မဂ်ကြောင့် ငြိမ်းအေးတယ်

ဒါဖြင့် ဒကာ ဒကာမတွေ အပူဓာတ် ငြိမ်းအေးတာ ဘယ်သူ့ ကြောင့်လဲ (မဂ်ကြောင့်ပါ ဘုရား) မဂ်ကြောင့်ငြိမ်းတယ် ဆိုတော့ ဒီမဂ်သည် ဘာဖြစ်သတုန်း မေးတဲ့အခါကျတော့ ဒုက္ခချုပ် တဲ့နိဗ္ဗာန်မြင်တယ်၊ (မှန်ပါ) မမြင်ဘူးလား (မြင်ပါတယ် ဘုရား)။

မြင်တော့ ဒီဥစ္စာသည် ဘယ်သူမြင်တာတုန်းဆိုတော့ အားထုတ်တဲ့ ယောဂီပုဂ္ဂိုလ်မြင်တာ၊ (မှန်ပါ) ဪ- ငါ့မှာဖြင့် ကိုးစားရာ, အားထားရာ ရပေါ့လို့ မသိဘူးလား၊ (သိပါတယ် ဘုရား)။

နိဗ္ဗာန်မြင်နေရတော့ ကိုးစားရာ, အားထားရာဖြင့် ငါ့မှာ ကိုယ်ပိုင်ရပေါ့လို့ မသိပေဘူးလား (သိပါတယ် ဘုရား) ထိုကဲ့သို့ သိတဲ့အခါကျတော့ ငါသေ- ဘယ်သွားမှာတုန်းဆိုတာ ပူစရာ ရှိသေးသလား (မရှိပါ ဘုရား)။

ကဲ ဒီလူ ကမ်းပေါ်ရောက်မှာပဲ (မှန်ပါ့) မသေရာ သောင်ကမ်းဖြင့် ငါတွေ့ပြီ သဘောကျပလား၊ (ကျပါပြီ ဘုရား)။

အဲဒီလိုရှာလိုက်တော့ မသေရာသောင်ကမ်းဟာ နိဗ္ဗာန်ပဲ။ (မှန်ပါ့) မြင်တာဟာ၊ (နိဗ္ဗာန်ပါ ဘုရား) အခုတော့ဖြင့် မြင်နေတာပဲ၊ နောက် စုတေမနေတော့ မသေရာ သောင်ကမ်းပေါ် ကိုယ်တိုင် ရောက်ပေါ့ပဲ၊ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဘာဖြစ်လို့ရောက်ရပါလိမ့်မတုန်း လို့ မေးတဲ့အခါ ဒုက္ခ ချုပ်လို့ရောက်တာ၊ (မှန်ပါ့) ဒီဘက်က တဏှာမာနချုပ်လို့၊ (ရောက် ပါတယ် ဘုရား)။

ဒုက္ခချုပ်လို့လဲ ရောက်တယ်၊ တဏှာမာန ချုပ်လို့လဲ (ရောက်ပါတယ် ဘုရား) ဒုက္ခချုပ်အောင် လုပ်တာလဲ မဂ္ဂင်ပဲ၊ တဏှာ မာနချုပ်အောင်လုပ်တာလဲ၊ (မဂ္ဂင်ပါပဲ) သဘော ကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ဒီမဂ္ဂင်သည် ဒကာ ဒကာမတို့ ဒကာ ဒကာမ တွေ၏ ကိုးစားရာ အားထားရာ အရွယ်သုံးပါးမှာ တစ်ပါးပါး ရအောင်လုပ်ပါ (မှန်ပါ့) အခု ကမ်းဝရောက်နေတုန်း၊ ဒါ ကိုယ်ပိုင် ရအောင်လုပ်၊ (မှန်ပါ့) ရှင်းပလား၊ (ရှင်းပါပြီ ဘုရား)။

ပင်လယ်ဝရောက်နေတုန်း ဘာမှ မရတော့ဘူး၊ သားရေး၊ သမီးရေး၊ စီးပွားရေးပဲ စီးလိုက်နေမယ်၊ ဒီမဂ္ဂင်ကိုမရတော့ဘူး ဆိုရင်ဖြင့် မြုပ်ပေတော့ မျောပေတော့ (မှန်ပါ့) ဆိုစရာ မရှိဘူး လား၊ (ရှိပါတယ် ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။

လိမ္မာချိန်ရောက်ပြီ

ဒါဖြင့် ဒကာ ဒကာမတို့ အရွယ်သုံးပါးမှာလဲ တတိယ အရွယ်ရောက်နေတဲ့ ပုဂ္ဂိုလ်တွေ မြန်မြန်လုပ်ပါ၊ (မှန်ပါ) အဇ္ဇေဝ သုဝေဝ-ဆိုတဲ့အတိုင်း ယနေ့လား နက်ဖြန်လား မသိနိုင်တော့လဲ မြန်မြန်လုပ် (မှန်ပါ) ခန္ဓာကိုယ် အမျောမရပ်ဘူးဆို တာ သဘောကျပလား (ကျပါပြီ ဘုရား)။

ခင်ဗျားတို့က စိတ်ကူးနေပေမယ့် သူက ဘယ့်နှယ်တုန်း၊ (မရပ်ပါ ဘုရား) ခင်ဗျားတို့က သားရေး၊ သမီးရေး၊ စီးပွားရေး လုပ်နေပေမယ့် (မရပ်ပါ ဘုရား)။

ဟိုပင်လယ်ထဲ ချည့်မျောနေတာ၊ (မှန်ပါ) ဒီအထဲကိုယ်က လဲ စီးလျက်ပဲဆိုတော့ ကောင်းသေးရဲ့ လား၊ (မကောင်းပါ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ လိမ္မာချိန်ရောက်ပလား၊ မရောက် သေးဘူးလား၊ (ရောက်ပါပြီ ဘုရား) လိမ္မာချိန်ရောက်လို့ရှိရင် ဘာကို အမြင်ပေါက်အောင်လုပ်ထားရမလဲ၊ (နိဗ္ဗာန်ပါ ဘုရား) နိဗ္ဗာန်အမြင် ပေါက်အောင် လုပ်ထားပါ (မှန်ပါ့ ဘုရား)။

ဒါဖြင့် ဖြစ်ပျက် မြင်အောင်ရှု (မှန်ပါ့) ဖြစ်ပျက်ကို (မြင်အောင်ရှုရပါမယ် ဘုရား) ဖြစ်ပျက်ဆုံး အောင်ရှု၊ (မှန်ပါ့) ဆုံးတဲ့ နေရာ ဘာပါလိမ့် (နိဗ္ဗာန်ပါ ဘုရား)။

အဲဒီနိဗ္ဗာန် မြင်အောင်ရှုဆိုတာ သဘောကျပလား (ကျပါ ပြီ) ရှုတဲ့ပုဂ္ဂိုလ်ရမှာပဲ၊ ဒါပင်လယ်ဝရောက်လို့ ခိုကိုးရာမြင်ရပြီ (မှန်ပါ့) မြင်ရတဲ့အပြင် ဒီခန္ဓာ ကိုယ်တိုင်လဲ ရတာ ဖြစ်သွားပြီ၊ (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။

သူမြုပ်စရာ မျောစရာ၊ (မရှိတော့ပါ ဘုရား) မသေချာ ဘူးလား (သေချာပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ယနေ့ဟောတဲ့တရားမှာ တဏှာ မာနပေမယ့် ဖြစ်ကောင်းတာ ရှိသေးတယ်၊ (မှန်ပါ့) သို့သော် လုပ်တဲ့ အထဲ သူပါသေးသလား၊ (မပါ-ပါ ဘုရား) ဖြစ်တဲ့အခါကော သူ အလိုလို သေရတယ်၊ မဂ်ပေါ်ရင် သူအလိုလို မသေဘူးလား (သေ ပါတယ် ဘုရား)။

ဒါ့ကြောင့် တဏှာကြောင့် ဖြစ်တဲ့အနာကို ဒကာ ဒကာမတို့ မဂ်နဲ့ဖြတ်ချပါ၊ မဂ်ကနေ ဖြတ်ချ လိုက်တယ် (မှန်ပါ့) အစားကြောင့်ဖြစ်တဲ့ ဝေဒနာ-ဘာနဲ့ဖြတ်သတုန်း၊ (အစားနဲ့ ဖြတ်ပါတယ် ဘုရား) အစားနဲ့ပဲ ပြန်ပြီး ပျောက်စေတယ် (မှန်ပါ့ ဘုရား)။

ဆန္ဒကြောင့် ဖြတ်တဲ့ နိဗ္ဗာန်သည်ကား လို့ ဆိုရင်ဖြင့် အဲဒီနိဗ္ဗာန် အာရုံပြုတဲ့ မဂ်ကပဲ တဏှာ ပယ်ချလိုက်တယ်၊ (မှန်ပါ့) သဘောကျပလား၊ (ကျပါပြီ) ဒီလိုတော့ ဖြစ်ကောင်းတယ် ဆိုတာ သဘောကျပလား (မှန်ပါ့ ဘုရား)။

ကောင်းပြီ တဏှာ မာနဆန္ဒ အကြောင်းရင်းခံပြီး လုပ်ပြန်ရင်လည်း ရတယ်လို့မှတ်လိုက် (မှန်ပါ့) သဒ္ဓါ သတိ ဝီရိယ နဲ့ လုပ်ပြန်ရင်ကော (ရပါတယ် ဘုရား) သတိပဋ္ဌာန်နဲ့ လုပ်ပြန် ရင်တော့ကော (ရပါတယ် ဘုရား) သဒ္ဓါကို ဗိုလ်လုပ်ပြီးလုပ် ပြန်ရင်တော့ကော (ရပါတယ် ဘုရား) သတိကို ဣန္ဒြေလုပ်ပြန် ရင်တော့ကော (ရပါတယ်ဘုရာ) အဲဒီတော့ ဣန္ဒြေငါးပါး ဗိုလ်ငါးပါးနဲ့ လုပ်လဲ ရပါတယ် (မှန်ပါ ဘုရား)။

ပုထုဇဉ်မှာလည်း ဒီနှစ်ခု မူတည် လုပ်ပြန်ရင်ကော၊ (ရပါ တယ် ဘုရား) အလုပ်က မှန်ရင်ပြီးတာပဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ) ဒါဖြင့် ဒီတရား ကောင်းကောင်း နားလည်ပြီလား (နားလည်ပါပြီ ဘုရား)။

ကိုင်း ဒီနေ့ ဒီတွင် တော်ကြဦးစို့။

သာဓု သာဓု သာဓု။