055

တစ်ခဏနှင့်နိဗ္ဗာန်ရနိုင်သည့်တရားတော်

အသံဖိုင်ခေါင်းစဉ်= ရှင်ခေမကနှင့်ရဟန်းကြီးခြောက်ဆယ် ဥပမာပြ

စာအုပ်ခေါင်းစဉ်= တစ်ခဏနှင့်နိဗ္ဗာန်ရနိုင်သည့်တရားတော်

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး မိုးကုတ်မြို့

မင်္ဂလာတိုက်၌ ဟောကြားတော်မူသော

တစ်ခဏနှင့်နိဗ္ဗာန်ရနိုင်သည့်တရားတော်

(ရှင်ခေမကနှင့်ရဟန်းကြီးခြောက်ဆယ်)

(၂၂၊ ၅၊ ၆၂) (၂၃၊ ၅၊ ၆၂)

ဒကာ ဒကာမတွေ တရားနာကြတယ်ဆိုတဲ့ဥစ္စာ ဘာဖြစ်လို့ နာကြသတုန်းမေးလို့ရှိရင်ဖြင့် ကိုယ့်ခန္ဓာအကြောင်းကို ကိုယ်မသိ လို့ နာကြတာပဲလို့ မှတ်လိုက်စမ်းပါနော် (မှန်ပါ့) ကိုယ့်ခန္ဓာ အကြောင်း ကိုယ်မသိလို့နာကြတာပဲလို့ ဦးအောင်ဇံဝေ မှတ်လိုက် စမ်းပါ(မှန်ပါ့)။

ဘာဖြစ်လို့ မသိသတုန်းလို့ မေးတဲ့အခါကျတော့ အမေ မိဘသင်လွှတ်လိုက်တာတ နှင့်-အဖေ, နှင့်-အမေနှင့်ကိုယ်, နင့်သား နင့်သမီး နှင့်မြေး နှင့်မြစ် အစရှိသည်နဲ့ အမေမိဘများက တတ်သလောက် သင်လွှတ်လိုက်တော့ အဲဒီ ပညတ်ကြီးက ပညတ်ဆိုတာ သူတို့က ခေါ်ဝေါ် သမုတ်ထားတာ (မှန်ပါ့)။

အဲဒီ ပညတ်ကြီးက ဖုံးလွှမ်းပြီး သကာလ နေတော့ ဦးမြ တော်လှန်ရေးက မလာနိုင်တော့ဘူး၊ ဒါတွေ ဖယ်နိုင်သေးရဲ့ လား (မဖယ်နိုင်ပါ ဘုရား) တရားမနာရင် ဘယ့်နှယ်တုန်း (မဖယ်နိုင်ပါ ဘုရား) မဖယ်နိုင်ပါဘူးဆိုတာ သေချာကြပလား (သေချာပါပြီ ဘုရား)။

ပညတ်နဲ့ပရမတ်ကွဲရမယ်

အဲဒါကြောင့် တရားနာကြတယ်ဆိုတဲ့ဥစ္စာ ပညတ်နဲ့ ပရမတ်ကွဲဖို့ လို့ မှတ်လိုက်စမ်းပါနော် (မှန်ပါ့)။

ခင်ဗျားတို့မှာ ပရမတ်က မနှိပ်စက်ဘူး၊ ပညတ်ကနှိပ်စက် နေတယ်။ ခင်ဗျားတို့မှာ ဘယ်သူနှိပ်စက်နေသတုန်း (ပညတ်က နှိပ်စက်နေပါတယ်) ပညတ်က နှိပ်စက်နေတယ်လို့ မှတ်လိုက်စမ်းပါနော် (မှန်ပါ့ ဘုရား)။

သားဆိုလို့ရှိရင်ဖြင့် အမေမိဘက ခင်ရချည်ရဲ့ ကြောင့်ကြရ ချည်ရဲ့၊ စိုးရိမ်ရချည်ရဲ့ဆိုတော့ သားဟာတကယ်ရှိသလား၊ အားလုံး သမုတ်ထားလို့ ခေါ်ကြတာလား (သမုတ်ထားလို့ပါ ဘုရား)။

သို့သော်လဲ အမေလုပ်တဲ့ပုဂ္ဂိုလ်, ညီမသားချင်းလုပ်တဲ့ ပုဂ္ဂိုလ်များက တကယ်ထင်ပြီး သကာလ ဦးမြရေ တကယ့်ကိုပဲ မျက်ရည်ကြီးငယ်ကျ စိုးရိမ်သောကဗျာပါရ ဖြစ်၊ ဒီလိုမနေကျပေဘူးလား (နေပါတယ် ဘုရား)။

ဒီလိုနေတော့ ဒါ ဘယ်သူနှိပ်စက်တယ်ဆိုကြမလဲ (ပညတ် နှိပ်စက်ပါတယ်) အဲဒီတော့ တရားမနာလို့ရှိရင် ဒီနှိပ်စက်လုံးဟာ မောင်မြင့်တို့ မောင်အောင်ချီတို့ တော်လှန်နိုင်ပါ့မလား (မတော်လှန် နိုင်ပါ ဘုရား)။

မတော်လှန်နိုင်တော့ကို အမှန်ရှိပျောက်ပြီး သကာလ သူများပြောသံကြားရှိနဲ့ ကိုယ့်မှာ နှိပ်စက်နေတာ၊ သဘောကျပလား (ကျပါပြီ ဘုရား)။

အမှန်ရှိက ဘယ့်နှယ်ဖြစ်သွားသတုန်း (ပျောက်သွားပါ တယ် ဘုရား) ပျောက်သွားတယ်၊ သူများပြောသံကြားတွေက ကိုယ့် မှာ နှိပ်စက်နေပါတယ်(မှန်ပါ့)။

သူများသမုတ်ထားတာကြီးက နှိပ်စက်နေတယ်သားရယ်, သမီးရယ်, ခင်ပွန်းမရယ်, မြေးရယ်, မြစ်ရယ်, ဆိုတာတွေက သူများ ပြောသံကြားတွေက တစ်ခါတည်း နှိပ်စက်နေတာကို ကိုယ့် အသိက မထိုးဖောက်နိုင်တော့ ဦးအောင်ဇံဝေတို့ ဦးမြတို့ ဒုက္ခ ရောက်တော့တာပဲ (ရောက်ပါတယ် ဘုရား)။

သူများပါးစပ် လမ်းဆုံးမနေနဲ့

ကဲ့ ဒါဖြင့် ပြောလိုက်စမ်းပါဦးမယ် ဒကာ ဒကာမတို့ ဘယ်သူဟာ ရင်ထု ကြမ်းခုန်ပြီး သကာလ ဘယ်သူမြေလူးနေတယ် ဆိုတဲ့ဥစ္စာ ဦးမြ ဆုံးဖြတ်ချက် ချလိုက်စမ်းပါ၊ -ပညတ်ကြောင့်လား ပရမတ်ကြောင့်လား (ပညတ်ကြောင့်ပါ ဘုရား) ပညတ်ကလဲ သူကိုယ်တိုင် တတ်ထားသလား သူများပါးစပ်က လာတာ လမ်းဆုံး နေတာလား (သူများပါးစပ်က လာတာပါ ဘုရား) သူများပါးစပ် ကလာတာ လမ်းဆုံးပြီး သကာလ နေတော့တယ်ဆိုတာ မပေါ်လာ သေးဘူးလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် ပညတ်နဲ့ ပရမတ် မကွဲလို့ရှိရင်ဖြင့် ငိုပွဲနဲ့ ရင်ထုပွဲ ပဲ နေကြမှာပဲလို့ ဘုန်းကြီးကပဲ ရှေ့နေအဖြစ်နဲ့ ပြောလိုက်ပါတယ်၊ ဒကာ ဒကာမတွေ ငြင်းဖို့လိုသေးလား(မလိုပါ ဘုရား) မဆိုးဝါးဘူးလား (ဆိုးဝါးပါတယ် ဘုရား)။

အဲဒါကြောင့် သူများပြောသံကြား ပါးစပ်ကို သူများပါးစပ် လမ်းဆုံးပြီး သကာလ မနေပါနဲ့ဆိုတာ ဘုရားက သစ္စသံယုတ်မှာ သေသေချာချာဟောတာ၊ ခင်ဗျားတို့မှာ အခု သူများပြောသံကြား ပါးစပ် လမ်းဆုံး နေတာနဲ့ပဲ သားရယ်, သမီးရယ်, ဆွေရယ်, မျိုးရယ် ဆိုပြီး သကာလ ပူပင်သောက ဗျာပါရတွေနဲ့ နေကြ, ထိုင်ကြတာသည် တဲ့ တို့မှာမပြင်နိုင်လို့အရုပ်ဆိုးရတယ်လို့ မှတ်လိုက်ပေါ့ (မှန်ပါ့)။

ဘယ်လိုမှတ်ကြမယ်(မပြင်နိုင်လို့ အရုပ်ဆိုးရပါတယ် ။ ဘုရား) ဦးမြ ဒါဟာ ဆရာသမားမှ မကူရင်ရပါ့မလား (မရပါ ဘုရား) မရတော့ဘူး တဲ့ ဒီဥစ္စာ အမြဲနှိပ်စက်နေမှာပဲ (မှန်ပါ့)။

နို့မဟုတ်လို့ရှိရင် မိမိနဲ့မဆိုင်ဘူး၊ ဘယ်သူ ဘာဖြစ်တယ် မိမိနဲ့မဆိုင်ဘူး၊ ဘယ်သူ ဘာဖြစ်တယ် မိမိနဲ့မဆိုင်ဘူး ဆိုတာ မလာပေဘူးလား(လာပါတယ် ဘုရား)။

အခုတော့ဖြင့် ဆိုင်ချည့်နေတာပဲ၊ ဦးအောင်ဇံဝေ ဘာပြုလို့ ဆိုင်ချည့်နေတာတုန်း (ပညတ် နှိပ်စက်လို့ပါ ဘုရား) ပညတ် နှိပ်စက်တာ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဘယ်သူ နှိပ်စက်နေတာတုန်း (ပညတ်နှိပ်စက်နေတာ ပါ ဘုရား) ပညတ်နှိပ်စက်နေတော့ ဪ ဒီဒကာ ဒကာမတွေ ဒါဖြင့် တစ်သံသရာလုံးမှာ ပညတ်ကိုသာ ပဓာနထားခဲ့တဲ့အတွက် ပရမတ်မတွေ့ခဲ့တဲ့အတွက် လူတစ်ယောက် တစ်ယောက်၏ မျက် ရည်မှာ သမုဒ္ဒရာ လေးစင်း ရေထက် များသေးတယ်လို့ ဘုရားက ဟောတာ ဦးမြကြီးက ငြင်းချင်သေးသလား (မငြင်းချင်ပါ ဘုရား) ဘာနှိပ်စက်နေတာတုန်း (ပညတ် နှိပ်စက်နေတာပါ ဘုရား) ရှင်းကြရဲ့လား(မှန်ပါ့)။

သမီးရယ်လို့ ပညတ်လိုက်ရင် မျက်ရည်ကျရချေရဲ့ ခင်ရချေရဲ့ မင်ရချေရဲ့၊ သားလေးရယ်လို့ တစ်ခါတည်း သူများ ပါးစပ်က ပြောထားတဲ့ ပညတ်ကို ကိုယ်က အဟုတ်ယူ လိုက်ပြီ ဆိုမှ ဖြင့်လဲ ပူရချေရဲ့ ဆွေးရချေရဲ့ ချစ်ရချေရဲ့ စိုးရိမ်ရချေရဲ့ ချစ်ရချေရဲ့ ထောက်ပံ့ ရချေရဲ့ဆိုတာ မလာဘူးလား (လာပါတယ် ဘုရား)။

တော်တော်ကြာ ဒါကလေးတွေက ဖောက်ပြန် ပျက်စီးပြီး နာတယ်, ကြင်တယ်, ကိုက်တယ်, ခဲတယ်, နာပွဲတွေ, သေပွဲတွေ တွေ့တဲ့အခါကျတော့ ဦးမြကြီး မျက်ရည်ကြီးငယ် ကျလာတာပဲ (ပညတ်တွေကြောင့်ပါ ဘုရား) ပညတ်ကြောင့်ကျတယ်ဆိုတာ နောက်က ဒကာ ဒကာမတွေ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဲဒီတော့ ခင်ဗျားတို့ ပညတ် မကျော်နိုင်သ၍ကာလပတ် လုံး ခုနင်က ပြောခဲ့တဲ့ငိုပွဲ, အပယ်ကျပွဲ သူတို့နဲ့ပတ်သက်ပြီး ဆုံး နိုင်ပါ့မလား(မဆုံးနိုင်ပါ ဘုရား)။

ကဲ ဒါဖြင့် ရှင်းကြပါစို့တဲ့၊ ပညတ်ဟာ သြော်။ အခေါ် သာရှိ၍ တကယ် မရှိလို့သာ မှတ်(မှန်ပါ့)။

ပညတ်ဟာ(အခေါ်သာရှိ၍ တကယ်မရှိပါ ဘုရား) ပရမတ် ကတော့ တကယ်ရှိသည် ဖြစ်သော ကြောင့် တကယ်ကို ကြည့်လို့ ရတယ်နော်(မှန်ပါ့) ပညတ်ကတော့ အထင်သာ ရှိသည်ဖြစ် သောကြောင့် ကိုင်တွယ်လို့မရဘူး (မှန်ပါ့) ရသေးရဲ့လား (မရပါ ဘုရား)။

ကိုင်း ဒါဖြင့် ပညတ်, ပရမတ်ဟာလဲ ဦးအောင်ဇံဝေ အရေးကြီးတယ်ဆိုတာ ပေါ်လာပလား (ပေါ်လာပါပြီ) အရေး ကြီးတယ်နော်(မှန်ပါ့)။

အဲဒီတော့ ဒကာ ဒကာမတွေကို ဘုန်းကြီးက ဉာဏ်မျက်လုံး ။ တပ်ပေးရတော့မယ်(မှန်ပါ့) ဦးမြ ဘုန်းကြီး ဘာလုပ်ရမှာပါလိမ့် (ဉာဏ်မျက်လုံး တပ်ပေးရမှာပါ ဘုရား) ဉာဏ်မျက်လုံးတပ်ပေး ရမယ်၊ ဒီ ဉာဏ်မျက်လုံး မတပ်သ၍ ကာလပတ်လုံးဟာဖြင့် ခုနင်က ဒုက္ခပွဲတွေဟာ ကိုယ့်ပွဲချည့် မဖြစ်ပေဘူးလား (ဖြစ်ပါ တယ် ဘုရား) ဖြစ်မှာပဲဆိုတာ သေချာပလား (သေချာပါပြီ)

ကိုင်း ဒါဖြင့် ပြောကြပါစို့တဲ့၊ ဝတ္ထုတစ်ခုထုတ်လိုက် မယ် ခန္ဓာဝဂ္ဂသံယုတ်ပါဠိတော်က ထုတ်လိုက်မယ် ဒကာ ဒကာမတွေ အလုပ်ပါသွားအောင်(မှန်ပါ ဘုရား)။

ဘယ်လိုအလုပ်ပါသွားရမလဲလို့ မေးလို့ရှိရင်ဖြင့် ပရမတ်ကို ကြည့်တတ်တဲ့ အလုပ်ပါမှ နေရာကျမယ်နော် (မှန်ပါ့ ဘုရား)။

တရားဟောတဲ့ ပုဂ္ဂိုလ်က အနာဂါမ်လို့ မှတ်လိုက်စမ်းပါ တရားနာတဲ့ ရဟန်း ခြောက်ဆယ်က ပုထုဇဉ်တွေ (မှန်ပါ့ ဘုရား)။

ရှင်ခေမကနှင့် ရဟန်းကြီးခြောက်ဆယ်

တရားဟောတဲ့ ပုဂ္ဂိုလ်က (အနာဂါမ်ပါ ဘုရား) တရား နာမည့် ရဟန်းကြီး ခြောက်ဆယ်က (ပုထုဇဉ်ပါ ဘုရား) တရားဟောမည့် ပုဂ္ဂိုလ်က ရှင်ခေမကလို့ ခေါ်သည်။ အနာဂါမ်တည်ပြီး သားသူက (မှန်ပါ့ ဘုရား)။

ရဟန်းကြီးခြောက်ဆယ်က ကောသမ္ဘီပြည်မှာနေတယ်၊ ရှင်ခေမက, က တောထဲမှာ သွားပြီး သကာလ ဇီးပင်တွေ ပေါတဲ့ နေရာ ဇီးတောကျောင်း သွားနေတယ်လို့ မှတ်ထား လိုက်တာပေါ့ (မှန်ပါ့ ဘုရား)။

သို့သော်လဲ ရှင်ခေမက သတင်းက အင်မတန်မွှေးတယ်၊ သူသာ ဟောလို့ရှိရင် သောတာပန် တည်ထိုက်တဲ့ပုဂ္ဂိုလ် သောတာပန် တည်လို့ သကဒါဂါမ်၊ အနာဂါမ် ရဟန္တာ ဖြစ်ထိုက်တဲ့ ပုဂ္ဂိုလ်တွေ ဆိုလို့ရှိရင်လဲ သူသာ ဟောလို့ရှိရင်ဖြင့် ဖြစ်သွားတာပဲ ဆိုတော့ ဒကာ ဒကာမတွေ မှတ်လိုက်စမ်း အတော်အားကိုးထိုက်တဲ့ ကိုယ်တော်ပဲ (မှန်ပါ့) မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ်) အတော်အားကိုးထိုက်တဲ့ ကိုယ်တော်ပဲလို့ ဦးအောင်ဇံဝေ ဆိုနိုင် ပလား (ဆိုနိုင်ပါတယ် ဘုရား)။

ကဲ ဒါနဲ့ သူကလဲ ဇီးတောကျောင်းမှာ တစ်နေ့သ၌ ကျတော့ နေမကောင်းဘဲ ဖြစ်နေတယ်၊ ကောသမ္ဘီပြည်မှာနေတဲ့ ရဟန်းကြီးခြောက်ဆယ်ကလဲ သူ့တရားနာချင်တာလွန်လို့ သို့သော်လဲ မမာဘူးလို့ သတင်းကြားတယ်၊ မမာဘူးလို့သတင်းကြားတော့ စုံစမ်းရေးအတွက် ဒါသကဆိုတဲ့ ရဟန်းတစ်ပါးကို လွှတ်လိုက်ပါ တယ်(မှန်ပါ့ ဘုရား)။

ဒါသကရာ ဇီးတောကျောင်းမှာ ရှင်ခေမက ရှိတယ်ကွာ သွားမေးစမ်းပါကွ၊ မာတယ်, မမာတယ် သွားစမ်းပါဦး ဆိုလို့ရှိရင် ဖြင့် သွားမေးလိုက်တယ် (မှန်ပါ့ ဘုရား)။

သွားမေးလိုက်တော့ အရှင်ဘုရား- ရဟန်းကြီးခြောက် ဆယ်က အရှင်ဘုရား နေကောင်း သလား နေမကောင်းဘူးလားလို့ အမေးခိုင်းလိုက်ပါတယ် ဘုရား ဆိုတော့ ဟာ ငါ့ရှင် ငါ နေမကောင်း ဘူးကွာ၊ ရောဂါက ရှေ့တိုးနေတယ်၊ နောက်ကို မဆုတ်ဘူးကွ၊ နေလို့တော့ မကောင်းဘူးပေါ့။

ရှင်ခေမက,ကပြောလိုက်တဲ့အခါကျတော့ ဒါသက, ကပြန်သွားတယ်၊ ပြန်သွားတဲ့အခါ ရဟန်းကြီးခြောက်ဆယ်ကို သွားပြောလိုက်တယ်၊ ဟေ့ ဘယ့်နှယ်တုန်းဟေ့ စကားဘယ်လိုရခဲ့ သတုန်းဆိုတော့ နေမကောင်းဘူးတဲ့ဘုရား၊ ရောဂါဝေဒနာ ရှေ့တိုးတက်နေတယ်လို့ ပြောလိုက် ပါတယ် (မှန်ပါ့ ဘုရား)။

မင်းနဲ့ကော စကားပြောခဲ့ရသေးသလား၊ ပြောခဲ့ရပါတယ် ဘုရား ဆိုတော့ သိပ်နေ မကောင်းတာ မဟုတ်ဘူး ဆိုတာ ရဟန်းကြီးခြောက်ဆယ်က အကဲခတ်တယ်(မှန်ပါ့ ဘုရား)။

တရားက အင်မတန် နာချင်နေတယ်နော် (မှန်ပါ့ ဘုရား) ရဟန်းကြီးခြောက်ဆယ်က တရားအင်မတန် နာချင်နေတယ် ဒါနဲ့ သွားချေဦးကွာ ခန္ဓာကိုယ်ကို ငါ-ငါ့ဥစ္စာများ စွဲသေးသ လားလို့ သွားမေးချေစမ်းကွာ တစ်ခေါက်ဆိုပြီး လွှတ်လိုက်ပြန်တော့ ဒါသက ဦးမြ သွားရပြန်တာ ပေါ့ဗျာ (မှန်ပါ့ ဘုရား)။

သွားရပြန်တဲ့ အခါကျတော့ ဟေ့ လာပြန်ပလားကွ၊ လာပြန်ပါပြီဘုရား ၊ ဘာများ အမေးခိုင်းလိုက်သတုန်းကွ ရဟန်းကြီးခြောက်ဆယ်က၊ အရှင်ဘုရားငါ ငါ့ဥစ္စာများစွဲပါ သေးသလား ခန္ဓာကိုယ်ကြီးက ဝေဒနာ ရောက်တဲ့အခါ ငါ ငါ့ဥစ္စာ များ စွဲပါသေးသလားတဲ့။ အိုငါ-ငါ့ဥစ္စာတော့ ငါ့ခန္ဓာကြီး မစွဲပါဘူး တဲ့ အနာဂါမ်ကိုးဗျ စွဲစရာ ရှိသေးရဲ့လား (မရှိပါ ဘုရား) ငါငါ့ ဥစ္စာလို့ မစွဲပါဘူးတဲ့။

ဒါနဲ့ ဒါသက, က ဒီစကားရတာနဲ့ ပြန်သွားတယ်၊ ပြန်သွား ပြီး ရဟန်းကြီးခြောက်ဆယ်နဲ့ တွေ့တော့ ဘယ့်နှယ်ပြောလိုက် သတုန်းဟေ့၊ ခန္ဓာကိုယ်ကတော့ မမာတာအမှန်ပဲ၊ သို့သော် ငါ ငါ့ ဥစ္စာတော့ သူ့ခန္ဓာကို မစွဲဘူးလို့ ပြောပါတယ်၊ ရှင်းကြ ပလား (ရှင်းပါပြီ ဘုရား)။

ငါ ငါ့ဥစ္စာတော့ (မစွဲပါ ဘုရား) ငါနာနေတယ် ငါ့ဥစ္စာ တွေ နာနေတယ် ဒီလိုတော့ မစွဲပါဘူးတဲ့ (မှန်ပါ့ ဘုရား)။

ဒါနဲ့ သွားပါဦးကွာ ဒါသကဆိုပြီး ဦးအောင်ဇံဝေခိုင်းပြန် တယ် ဆက်ပြီး (မှန်ပါ့) ဒီခန္ဓာကို ငါ ငါ့ဥစ္စာလို့ မစွဲလို့ ရှိရင် အရှင်ဘုရား ရဟန္တာဖြစ်ပလားလို့ သွားမေးစမ်းကွာတဲ့ဆိုပြီး ရဟန်း ကြီးခြောက်ဆယ်က လွှတ်လိုက်ပြန်တယ်၊ ရဟန်းကြီးခြောက်ဆယ် က လွှတ်လိုက်တဲ့အခါ သွားရပြန်တာပဲ သွားရပြန်တော့ အရှင် ဘုရား တပည့်တော် ဒါသကကို အမေးခိုင်းလို့ လာရ ပြန်ပါတယ် ဘုရား (မှန်ပါ့)။

အေး ဘယ်လိုများ အမေးခိုင်းသတုန်းကွ အရှင် ဘုရားက ခုနင်က ပြောလိုက်တော့ ခန္ဓာကိုယ်ကို ဘယ်လိုပင် ဝေဒနာရောက်ငြားသော်လဲ ငါနာတယ်၊ ငါ့ဥစ္စာတွေနာတယ် ဆိုတာတော့ မယူဘူး လို့ ပြောတော့၊ ရဟန်းကြီးခြောက်ဆယ်က အမေးခိုင်းလိုက်ပါတယ်ဘုရား၊ ဒါဖြင့် ရဟန္တာဖြစ်ပလားလို့ အမေး ခိုင်းလိုက်ပါတယ် (မှန်ပါ့)။

ဟိုက ရဟန္တာဖြစ်ပလားလို့ အမေးခိုင်းလိုက်တော့ ရဟန္တာတော့ မဖြစ်သေးဘူးကွာ၊ သို့သော်လဲ “ပဉ္စသု ဥပါဒါနက္ခန္ဓေသု အသ္မီတိ အဓိဂတံ အယမဟမသ္မီတိ နစ သမနုပဿမိ။”

ဒါကလေးသူ ပါဠိနဲ့ ဖြေလိုက်တယ်ကွာတဲ့၊ ငါ ငါ့ဥစ္စာတော့ မထင်ပါဘူး၊ သို့သော်လဲ ငါယောင်ယောင် လေးတော့ ရှိသေးတယ်၊ ရှင်းကြပလား(ရှင်းပါပြီ ဘုရား)။

ငါ ငါ့ဥစ္စာတော့ (မစွဲပါ ဘုရား) သို့သော် (ငါယောင် ယောင်တော့ ရှိပါသေးတယ်) ငါယောင်ယောင်ကလေး ရှိပါသေး တယ်ဆိုတာက အားလုံး ဒကာ ဒကာမတွေ မှတ်လိုက်တာ ပေါ့နော် မာန ငါနဲ့ တဏှာ ငါကျန်တယ်လို့ ပြောလိုက်တာ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဘာကျန်နေသတုန်း (မာနငါနဲ့ တဏှာငါ ကျန်နေပါတယ် ဘုရား)

(မှတ်ချက်။ ။အနာဂါမ်တို့ မည်သည် ဘဝတဏှာ ကျန်ရှိနေပါသည်။)

သူက အနာဂါမ်ဆိုတော့ ဒါကို အကုန်မပယ်နိုင်သေးဘဲကိုး ဗျ၊ မာနကိုလဲ အကုန်မပယ်နိုင် သေးဘူး၊ မာနကလဲ ကျန်သေးတာပဲ တဏှာကလဲ ကျန်သေးတယ်မဟုတ်လား(မှန်ပါ့ ဘုရား)။

မာန ငါနဲ့ တဏှာငါ ကျန်သေးတယ်လို့ မြန်မာလိုတော့ ဒါပဲရတယ်၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ငါ ငါ့ဥစ္စာတော့ သူ မစွဲပါဘူးတဲ့၊ ရဟန္တာလဲ မဟုတ်ပါဘူး တဲ့၊ သို့သော်လဲတဲ့ သူ့ခန္ဓာငါးပါးကို သူငါယောင်ယောင် ထင်တာ ကလေးတော့ ရှိနေသေးတယ်တဲ့ (မှန်ပါ)။

ဒကာ ဒကာမတို့ ဘာတဲ့တုန်း (ငါယောင်ယောင်ထင်တာ ကလေးတော့ ရှိနေပါတယ် ဘုရား)။

ငါယောင်ယောင်ထင်တာကလေးတော့ ရှိနေသေးတယ်တဲ့ အဲဒီတော့ ဒီ ဒကာ ဒကာမတွေ က အကဲခတ်ရမယ်၊ ဒုက္ခချုပ်သွား လို့ သောတာပန် တည်ငြားသော်လဲ ငါဆိုတဲ့ မာနငါရှိသေးတယ် မှတ်လိုက်တာပေါ့နော် (မှန်ပါ့) တဏှာလဲ ရှိသေးတယ်လို့ပဲ မှတ်လိုက်တာပေါ့ (မှန်ပါ့)။

ဦးမြမှတ်ထိုက်သလား (မှတ်လိုက်ပါတယ် ဘုရား) မပယ် သေးဘဲကိုးဗျ၊ မပယ်သေးတော့ ဒကာ ဒကာမတွေ တဏှာနဲ့ ဘာ ကျန်နေသတုန်း (မာနကျန်ပါတယ် ဘုရား) ရှင်းကြပလား (ရှင်း ပါပြီ ဘုရား)။

ဘာကျန်နေလို့တုန်း (တဏှာနဲ့ မာန ကျန်နေပါ တယ် ဘုရား) တဏှာနဲ့ မာန ကျန်နေတယ် လို့ သူဖြေလိုက်တယ်။

ဒါနဲ့ ငါရဟန္တာလဲ မဖြစ်သေးဘူးကွ ဒါသက,ရ၊ သို့သော်လဲ ခန္ဓာငါးပါး အပေါင်းအစုကြီးကို ငါ့ယောင်ယောင်တော့ ထင်နေတာ ကလေးလဲ ရှိသေးတယ်ဆိုတော့ သူ့ဟာက ဦးအောင်ဇံဝေက ရှင်း မနေဘူးလား (ရှင်းပါတယ်) ခန္ဓာငါးပါး အပေါင်းကို ငါယောင်ယောင်တော့ ထင်နေ သေးတာပဲတဲ့။

ဒါနဲ့ ဒီလိုပြောလိုက်တော့ ဒါသက, က ပြန်သွားတယ်။ ဒါသက ပြန်သွားတော့ ဟေ့ ဘယ့်နှယ်တုန်း ဟေ့ ဒါသက ပြန်လာပလား ၊ပြန်လာပါပြီဘုရား၊ ဘယ်လိုများ ပြောသတုန်း ကွ ရှင်ခေမက, က၊ ခန္ဓာငါးပါးကို ငါ့ဥစ္စာလို့တော့ မစွဲပါဘူးတဲ့ သို့သော် ခန္ဓာငါးပါး အပေါင်း အပေါ်မှာတော့ ငါယောင်ယောင် ငါထင်သလိုလိုတော့ ရှိသေးသကွလို့ ဖြေလိုက်ပါတယ် ဘုရား၊ ရဟန္တာလဲ မဟုတ်သေးဘူးတဲ့၊ ငါယောင်ယောင် ခန္ဓာငါးပါး အပေါင်းကို ငါယောင်ယောင်တော့ ရှိနေသေးတယ်တဲ့၊ အဖြေတည့် မနေဘူးလား (တည့်ပါတယ်) ဘာကျန်နေလို့ပါလိမ့် (တဏှာနဲ့ မာန ကျန်နေပါတယ်) တဏှာနဲ့ မာန ကျန်နေတယ်ဆိုတာ သေ သေချာချာ မှတ်ပါ။

ဒါနဲ့ ရဟန်းကြီး ခြောက်ဆယ်က ဒါသက သွားဦးကွာ၊ တရားနာချင်တာကိုးဗျ (မှန်ပါ့)။

တရားနာချင်တယ်၊ သွားပါဦးကွဆိုတော့ ဘယ်လိုမေးရမှာ တုန်းဘုရား ရုပ်ကို ငါယောင်ယောင်ထင်တာလား၊ ဝေဒနာကို ငါယောင်ယောင် ထင်တာလား ခန္ဓာငါးပါးကို ဘယ်ဟာကို ငါယောင်ယောင် ထင်နေတာတုန်းလို့ (မှန်ပါ)။

ဣမေသု ပဉ္စသု ခန္ဓေသု= ဤငါးပါးခန္ဓာတို့၌၊ အသ္မီတိ= အသ္မီ ဆိုတဲ့ ငါယောင်ယောင် သည်၊ အဓိကတံ = ထင်နေပါသေး၏။ အယံ= ဤခန္ဓာငါးပါးကို၊ အဟံ အသ္မီတိ = ငါတကယ် ဖြစ်၏ ဟူ၍တော့၊ နစ သမနုပဿမိ= မရှုပါဘူးတဲ့၊ ဒါရှင်ခေမက,က ပြောလိုက်တဲ့ စကား လို့ မှတ်လိုက်စမ်းပါနော် (မှန်ပါ့)။

ခန္ဓာငါးပါးကို ငါယောင်ယောင်တော့ ကျန်သေးတယ်တဲ့၊ တကယ်ငါဖြစ်တယ်လို့တော့ မယူတော့ပါဘူးတဲ့၊ သဘောပါကြပလား (ပါ-ပါပြီ ဘုရား)။

ခန္ဓာငါးပါးကို ငါယောင်ယောင်တော့ (ထင်ပါတယ်) တကယ်ငါ ဖြစ်တယ်လို့တော့ (မယူပါ ဘုရား)။

တကယ်ငါဖြစ်တယ်လို့ မယူတော့ပါဘူးတဲ့၊ ဒါဆိုတော့ ဦးမြတို့ နားကြီးကြီးနဲ့ ထောင်ရမှာ ပေါ့ဟင် (မှန်ပါ) နားသေး သေးနဲ့ ထောင်လို့ ရပါ့မလား (မရပါ ဘုရား) မရဘူးတဲ့ ။

အဲဒီတော့ ဒီဒကာ ဒကာမတွေ မှတ်ရမှာက ဒုက္ခချုပ်တာကို မြင်ပြီးငြားသော်လဲ ငါဘာမှတ်လို့တုန်း ငါ့ခင်လုံးတွေ ရှိသေးတယ်၊ ငါမခွဲနိုင်သေးဘူးဆိုတာတွေဟာ ဒါရှိထိုက်တယ် သာမှတ်ရမယ်(မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

သို့သော် ဒကာ ဒကာမတွေ အဲဒီအခုပြောတဲ့ ငါယောင် ယောင်ထင်တာရယ်၊ ငါခင်သေးတယ် ဆိုတာတွေဟာ အပါယ်တော့ မကျဘူး (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဘာဖြစ်လို့ မကျသတုန်း မေးတဲ့အခါကျတော့ တကယ် ငါဟုတ်၏လို့ ရုပ်နာမ်ကို တကယ်ငါထင်နေတဲ့ ငါ-ငါ့ဥစ္စာဆိုတာ ကလေး ဒိဋ္ဌိကပြုတ်သွားတယ်(မှန်ပါ့) ရှင်းပလား (ရှင်းပါ ပြီ ဘုရား)။

ရုပ်နာမ်ကို တကယ်ငါ-ငါ့ဥစ္စာထင်နေတဲ့ နှစ်လုံးကတော့ (ပြုတ်ထွက်သွားပါတယ်) ပြုတ်ထွက် သွားတဲ့အတွက် ခုနင်ကပြောခဲ့တဲ့ မာနငါနဲ့ တဏှာ ငါကျန်နေငြားသော်လဲ ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ စိုးရိမ်စရာ မရှိဘူးလို့ မှတ်လိုက်တာပေါ့ (မှန် ပျံ့) ပေါ်ပလား (ပေါ်သွားပါပြီ ဘုရား)။

စိုးရိမ်စရာရှိသလား (မရှိပါ ဘုရား) ဘာ့ကြောင့် မရှိ သတုန်းမေးတဲ့အခါကျတော့ အပါယ်ကျစေတတ်တဲ့ မာနနဲ့ အပါယ်ကျစေတတ်တဲ့ တဏှာဟာ ဒိဋ္ဌိပြုတ်ကတည်းက ပါသွား တယ် (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

အပါယ်ကျစေတတ်တဲ့ မာနနဲ့ အပါယ်ကျစေတတ်တဲ့ တဏှာဟာ ဒိဋ္ဌိပြုတ်ကတည်းက တွဲပြီးပြုတ်သွားတယ်(မှန်ပါ့) သဘောပါပလား (ပါ-ပါပြီ ဘုရား) ခုနင်က ငါငါ့ဥစ္စာ မထင် ကတည်းက ဘာတုန်း (ပါသွားပါတယ် ဘုရား) ပါသွားပြီ (မှန်ပါ့)။

အပါယ်ကျစေတတ်တဲ့ ငါယောင်ယောင်ထင်မှု အပါယ်ကျ စေတတ်တဲ့ ခင်မှု ဒီနှစ်ခုဟာ ဦးမြ ဘာပြုတ်ကတည်းကရော ပါသွားသတုန်း (ဒိဋ္ဌိပြုတ်ကတည်းက ပါသွားပါတယ် ဘုရား)။

ဒိဋ္ဌိပြုတ်ကတည်းက ရောပါသွားပြီဆိုတာ ဒကာဒကာ မတွေ မှတ်ဖို့မကောင်းဘူးလား (ကောင်းပါတယ် ဘုရား)။

ဒါ ဘုန်းကြီးက ဟောနေတာလား၊ ရှင်ခေမက, က ဟောနေတာလား (ရှင်ခေမက, က ဟောနေတာပါ ဘုရား) ရှင်ခေမက အနာဂါမ်က ဟောနေတာ၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

အဲဒီတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ ဒီတရားကို အသာကလေး ထားလိုက်ပါဦး တဲ့၊ ဒီဥစ္စာရဟန္တာဖြစ်အောင် ဟောမှာပဲ၊ ရှင်ခေမက,က သေသေချာချာ ဟောမှာပဲ။ သို့သော်လဲ ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ ငါ, ငါ့ဥစ္စာမဟုတ်ဘူး ဆိုတဲ့ ခန္ဓာငါးပါးကိုတော့ဖြင့် လက်ရှိ ခန္ဓာကြီးပေါ့လေ (မှန်ပါ့) ငါ, ငါဥစ္စာဖြုတ်ထားဖို့ ဒီနှစ်ခုအရေးကြီးတယ် (မှန်ပါ့ ဘုရား)။

ဦးအောင်ဇံဝေ ဘာအရေးကြီးပါလိမ့် (ငါ ငါ့ဥစ္စာဖြုတ် ထားဖို့ အရေးကြီးပါတယ် ဘုရား)။ ငါ ငါ့ဥစ္စာ ဆိုတာ နှစ်ခု ဖြုတ်ထားဖို့ အလွန်အရေးကြီးတယ် ဆိုတာ ဒကာ ဒကာမတွေ သေသေချာချာ မှတ်ပါ ငါယောင်ယောင် ကျန်နေတဲ့ဥစ္စာ ငါခင်နေတဲ့ တဏှာမျိုး ကျန်ချင် ကျန်ပါ စေတဲ့ ကိစ္စ မရှိဘူး၊ အပါယ်လေးပါး လွတ်သွားပြီ ငါ-ငါ့ဥစ္စာ ပြုတ်ဖို့က အရေးကြီးပါတယ် (မှန်ပါ့ ဘုရား)။

ဒကာ ဒကာမတို့ ဘာအရေးကြီးပါလိမ့် (ငါ, ငါ့ဥစ္စာ ပြုတ်ဖို့ အရေးကြီးပါတယ် ဘုရား) ကဲ ဦးမြ အရေးကြီးတာကို အရင်ဟောပြီဗျ (မှန်ပါ့) မဟောရပေဘူးလား (ဟောသင့်ပါတယ် ဘုရား)။

အဲဒီတော့ အဲဒီ ငါ, ငါ့ဥစ္စာကတော့ ဘုန်းကြီး ရှင်းရှင်းပဲ ပြောပါ့မယ်တဲ့၊ ဒီငါ, ငါ့ဥစ္စာရှိသ၍ ကာလပတ်လုံးတော့ဖြင့် ရွှေဘုရားကြီးတည်တည်၊ ရွှေကျောင်းကြီးဆောက်ဆောက် ဦးမြ အပါယ်တံခါးပိတ်ပြီလို့ ဆိုလို့ ရနိုင်ရဲ့လား (မရနိုင်ပါ) ဒကာ ဒကာမတို့ ရပါ့မလား (မရပါ ဘုရား) အဲဒီတော့ လိုသေးလား ဆိုတဲ့အဓိပ္ပါယ်ကော ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ငါ ငါ့ဥစ္စာပြုတ်မှုရှေ့ထားပါ

ဪ ဒါဖြင့် ဒကာ ဒကာမတို့ ငါ, ငါ့ဥစ္စာကလေး ဖြုတ်ဖို့ကိုလဲ ဆရာဘုန်းကြီးက အခုရင်းနှီးတဲ့ ဒကာ ဒကာမတွေ အသံသွင်းရင်း တရားပြောပြီးသား ဖြစ်နေတယ် (မှန်ပါ့) တရားဟောတာ အများစုကို ဟောတာမဟုတ်သေးပါဘူး၊ အသံသွင်းနေ တာ (မှန်ပါ့ ဘုရား)။

ကိုင်း ဒကာ ဒကာမတို့ ဒီငါ, ငါ့ဥစ္စာကလေး ဖြုတ်ဖို့ ရာကို ဘုန်းကြီးက အရေးအကြီးဆုံး ပြောလာခြင်းသည် ဦးမြရေ စိုးရိမ်လို့ ပြောတယ်လို့ဆိုတာဖြင့် ပေါ်သွားပြီ (ပေါ်သွားပါပြီ ဘုရား) မပေါ်သေးဘူးလား (ပေါ်သွားပါပြီ ဘုရား)။

စိုးရိမ်လို့ ပြောတယ်တဲ့၊ ငါ, ငါ့ဥစ္စာ မပြုတ်သေးလို့ ရှိရင် ဖြင့် ရွှေဘုရားကြီးတည်, ရွှေကျောင်းကြီး ဆောက်ငြားသော်လဲ ဒကာ ဒကာမတို့ အပါယ်ဘေးက မလွတ်သေးဘူး (မှန်ပါ့) မောင်အောင် ချီမှတ်မိပလား (မှတ်မိပါပြီ ဘုရား)။

ဘာ့ကြောင့်တုန်းလို့ ဦးမြက ခင်ဗျားက လူကြီးဖြစ်နေလို့ မေးတာပါနော် (မှန်ပါ့) ငရဲမျိုးစေ့က ဝမ်းထဲမှာ အနုသယ သဘောနဲ့ ကိန်းလျက်ပါတယ် (မှန်ပါ့)။ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ငရဲမျိုးစေ့က အနုသယသဘောနဲ့ (ကိန်းလျက်ပါ-ပါတယ် ဘုရား) ဝမ်းထဲမှာ ကိန်းလျက် အောင်းလျက်ပါတယ်ဆိုတာ သေချာ ကြပလား (သေချာပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတွေ ငရဲမျိုးစေ့ကို အရင်ထုတ်ပစ်လိုက် လို့ရှိရင် ခင်ဗျားတို့ ပျော်ချင် သလို ပျော်နိုင်တယ်, နေချင်သလို နေနိုင်တယ်လို့ ဘုန်းကြီးက တာဝန်ခံတယ် (မှန်ပါ့ ဘုရား)။

ဝိသာခါတို့ ပျော်လိုက်တဲ့ဖြစ်ခြင်း အနာထပိဏ်တို့ ပျော် လိုက်တဲ့ဖြစ်ခြင်း ဘုံစဉ်တွေ လျှောက်စံပြီးပျော်တာပဲ (မှန်ပါ့) ဘာဖြစ်လို့ ရဲရဲတင်းတင်းပျော်ပါလိမ့်မတုန်းလို့ ဦးအောင်ဇံဝေက မေးလို့ ရှိရင် ငရဲမျိုးစေ့ ပြုတ်လို့ပျော်တာ(မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ပျော်ချိန်နဲ့ ငရဲမျိုးစေ့ထုတ်ချိန်ကို ဘယ်သူရှေ့ထား ရမလဲ (ငရဲမျိုးစေ့ထုတ်ချိန်ကို ရှေ့ထားရပါမယ် ဘုရား)။

နောက်မပျော်ရဘူးလို့ ပြောတာမှမဟုတ်ဘဲ (မှန်ပါ့) ပျော်ရပါတယ်၊ သား, လင်, ခင်ပွန်းနဲ့ နေနိုင်ပါတယ်၊ အားလုံး နေနိုင်ပါတယ်၊ ဥယျာဉ်, ဗိမာန် ပဒေသာပင်တွေနဲ့ ပျော်လို့ရွှင်လို့ အကုန်နေနိုင်ကြပါတယ်။

သို့သော်လည်း စိတ်မချရတဲ့ နေနည်းကို စိတ်ချပြီးမှ နေနည်းကလေး ပြောင်းလိုက်ဖို့ ကောင်းတယ် (မှန်ပါ့ ဘုရား)။

ဒကာ ဒကာမတွေ ဒါအရေးကြီးလို့ ပြောတဲ့စကားဆိုတာ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

စိတ်မချ, လက်မချပျော်ရတာနဲ့ စိတ်ချ,လက်ချပျော် ရတာဟာ ဦးမြဆုံးဖြတ်ချက်ချ ဘယ်ဟာကောင်းသတုန်း (စိတ်ချလက်ချ ရတာ ကောင်းပါတယ် ဘုရား)။

စိတ်ချလက်ချပျော်ရတာ ကောင်းတယ်ဆိုတာ ဒကာ ဒကာမတွေ လေးလေးစားစားမှတ်ပါ (မှန်ပါ့) မမှတ်ထိုက် ဘူးလား (မှတ်လိုက်ပါတယ် ဘုရား)။

အခုတော့ဖြင့် အရေးကြုံလာတယ်၊ ကိုယ်ကလဲ ဗုဒ္ဓဘာသာ ဖြစ်နေတယ်၊ ဪ ငါလွန်သွားပြီ ငါ့မှာတော့ အပါယ်ကျဦးမှာပဲ ဆိုတာကလေးက စိတ်ထဲပါ-ပါနေရတယ် (မှန်ပါ့) မပါဘူးလား (ပါ-ပါတယ် ဘုရား)။

ပါတော့ ကိုယ့်ဟာကိုယ်လဲ ပစ္စုပ္ပန်မှာ အတ္တာနုဝါဒဘေး ဆိုတဲ့ ကိုယ့်စိတ်ကလဲ ကိုယ့်ကို ဘေးသင့်အောင် လုပ်နေတယ် သံသရာဘေးကလဲ မလွတ်သေးဘူး၊ ကိုယ့်စွပ်စွဲတဲ့ဘေး ကကော ရှိရဲ့၊ ကိုယ့်ကိုယ်-ကိုယ် စွပ်စွဲတဲ့ဘေးကကော (ရှိပါတယ် ဘုရား) ရှိနေတယ်၊ ငါတော့မှားသွားပြီဟေ့၊ မှားသွားတာ အပါယ် ရောက်ဦးတော့မှာပဲ ဆိုတဲ့ ကိုယ့်ကိုယ်စွပ်စွဲတဲ့ဘေး ကလဲ မလွတ် သေး (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အပါယ်ဘေးကကော (မလွတ်သေးပါ ဘုရား) မလွတ်သေး ဘူး၊ ကိုယ့်စိတ် မချမ်းသာမှု ကလဲ မလွတ်သေး၊ အပါယ်ကျဖို့ အရေး ကလဲ မလွတ်သေးဆိုတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေကို ဟ စိတ်ချရမှ ပျော်ပါဟ ၊ မပျော်နဲ့လို့ ဆရာဘုန်းကြီး ကဟောသလား (မဟောပါ ဘုရား) မဟောပါဘူးတဲ့၊ စိတ်ချပြီး တော့ပျော်တာပေါ့။ (မှန်ပါ့) သဘောကျပလား၊ (ကျပါပြီ ဘုရား)။

အိမ်မှာ ငါးမူးမှ မရှိဘဲနဲ့ တစ်ကျပ်ဖိုးလောက် ပျော်ချင်နေလို့ ရှိရင် အပြန်တော့ စားစရာ မရှိပေဘူး (မှန်ပါ့) ဒီအပျော်မျိုးတော့ ကောင်းပါ့မလား၊ (မကောင်းပါ ဘုရား) မကောင်းပါဘူးတဲ့ အိမ်မှာ ငါးမူးမှ မရှိဘဲနဲ့ တစ်ကျပ်ဖိုးလောက် ပျော်လိုက်တယ် ဆိုလို့ ရှိရင် အပြန် ထမင်းငတ်ဖို့ မှတစ်ပါး ဘာမှမရှိဘူး ။ မောင်မြင့် ဒီအပျော်မျိုး တော်ပါ့မလား (မတော်ပါ ဘုရား) သဘောပါ ကြပလား (ပါ-ပါပြီ ဘုရား)။

ဒါဖြင့် ဒီအရေးသည်ကားလို့ ဆိုရင်ဖြင့် အိမ်မှာတစ်ပုံကြီး ရှိနေရင် ဘာမှကိစ္စမရှိဘူး၊ ဒါလောက်နဲ့ အရေးမကြီးဘူး ဆိုရင်တော့ တစ်ရာဖိုးပျော်ပျော်, တစ်ထောင်ဖိုးပျော်ပျော် ဦးမြအရေး ကြီးသေးသလား (မကြီးပါ ဘုရား)။

အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ရှေ့နောက် ကလေးသာ ခွဲတော့ဆိုတာကို ပြန်ပြောလိုက်တယ် (မှန်ပါ့ ဘုရား)။

ဘာမှာသတုန်း (ရှေ့နောက်ခွဲပါ ဘုရား) ရှေ့နောက် ခွဲလိုက် ပါဆိုတာကလေးပဲ သတိပေး လိုက်ပါတယ်၊ ငါ-ငါ့ဥစ္စာ ပြုတ် မှုကိုရှေ့ထားပြီး ပျော်မှုနောက်ထားလိုက်ပါ၊ (မှန်ပါ့ ဘုရား)။

မောင်ဇီဝ ဘာသတိပေးသတုန်း (ငါ,ငါ့ဥစ္စာ ပြုတ်မှု ကိုရှေ့ထားရပါမယ် ဘုရား) ပျော်မှုကို (နောက်ထားရပါမယ် ဘုရား)။

သူ-ပြုတ်ပြီးလို့ ပျော်ရတော့ကို အိမ်မှာတစ်ပုံကြီးရှိလို့ တစ်ထောင်ဖြုန်းပြီး ပျော်တာ ဘာအရေးကြီးသတုန်း (မကြီးပါ ဘုရား) မဟုတ်ဘူးလား (မှန်ပါ့) သဘောပါကြပလား (ပါ-ပါပြီ ဘုရား)။

နို့မဟုတ်လို့ရှိရင်တော့ကွာတဲ့ ငါဘုရားသခင်ကိုယ်တော် မြတ်ကြီး ဟောပါမယ်တဲ့။

“မဓူဝ မညတိ ဗာလော၊ ယာဝပါပံ နပစ္စတိ၊

ယဒါစ ပစ္စတိပါပံ၊ ဗာလောဒုက္ခံ နိရ စ္ဆတိ။”

ဓမ္မပဒပါဠိတော်မှာနော် (မှန်ပါ့) လောကီဥပမာ ငါ ဘုရားဟောမယ်ကွာ တဲ့၊ ထက်လှစွာသော သင်ဓုန်းသွားကို မောင်အောင်ချီက ပျားရည်ကလေးသုတ်ထားနော် (မှန်ပါ့) ပျားရည် အရသာကလေးကို နှစ်သက်တာနဲ့ သွားလျက်လို့ရှိရင် လျှာပြတ်မှာနဲ့ ပျားရည်အရသာနဲ့ ကာမိရဲ့လား (မကာမိပါ ဘုရား) မကာမိဘူးဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။

ဒီမှာလဲ ထိုနည်းအတူပါပဲတဲ့ ဘုန်းကြီးတို့ ဒကာ ဒကာမ တွေမှာ အခုပျော်နေတဲ့ဥစ္စာက အပါယ်နဲ့ စာလိုက်လို့ ရှိရင်ဖြင့် ပျားရည်ချိုတာနဲ့ သင်ဓုန်းရှတာနဲ့ လောက် ကွာခြားသွားမယ် (မှန်ပါ့)။

ဗာလော= သူမိုက်သည်၊ မဓူဝ= ပျားသကာကဲ့သို့၊ မညတိ= အောက်မေ့၏။ ပျားသကာ ချိုတာကလေး လောက်သာ သူအောက် မေ့နေတော့ သင်ဓုန်းပြတ်မှာ သူမသိသလို ဖြစ်နေတယ်၊ သဘော ကျပလား (ကျပါပြီ ဘုရား)။

ယာပါပံ နပစ္စတိ တဲ့၊ ယာဝ=အကြင်မျှလောက်၊ ပါပံ= သူပြုထားတဲ့ ပျားရည် လျက်ထားတာ ကလေးက၊ နပစ္စတိ= အကျိုး မပေးသေးဘူး၊ တစ်ခါအကျိုးပေးလာတော့ မခံနိုင်တော့ဘူးဟေ့၊ တဲ့ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား) အခုတော့ ချိုသယောင်ယောင်၊ သို့သော်လျှာပြတ်သလောက် ခရီးပေါက်ကဲ့လား (မပေါက်ပါ ဘုရား)။

အဲ-အခု ပျော်နေတာကတော့ ပျားရည် ဓါးသွားပေါ် တင်ပြီး သကာလ လျက်သလောက် သာ ပျော်ရတာပါကွာ – တဲ့ ချိုတာက နည်းနည်း လျှာပြတ်သွားတာက များများဖြစ်နေတယ် (မှန်ပါ့)။

ဒါ ငါ, ငါ့ဥစ္စာ မပြုတ်ဘဲနဲ့ ပျားရည်လျက်တဲ့ သူနဲ့ ဥပမာတူတယ်ဆိုတာဘုရားက ဦးမြဟောလိုက် (မှန်ပါ့ ဘုရား)။

ဒါကြောင့် ခင်ဗျားတို့ ပြင်ကြဦးဆိုတာကို သတိပေးလိုက် ဘူးလား၊ (ပေးလိုက်ပါတယ် ဘုရား) ပေးထိုက်တယ်တဲ့ ဒီစီးပွားရေး ပင်လယ်ထဲမျောမနေပါနဲ့ ပြောလိုက်တာပါဘဲ (မှန်ပါ့ ဘုရား)။

နောက်က ဒကာ ဒကာမတွေ ဘာပြောတာတုန်း (စီးပွား ရေး ပင်လယ်ထဲ မျောမနေပါနဲ့ ဘုရား)။

မျောမနေနဲ့ဆိုတာ ဦးမြတို့လိုလူကြီးတွေ, ဦးအောင်ဇံဝေ တို့လိုလူကြီးတွေကျတော့ ဒါပြောရမယ် (မှန်ပါ့) မဟုတ် ဟူးလား (မှန်ပါ့) စီးပွားရေးက ပျားသကာအပြားကလေး လောက်ရှိတာ အကုသိုလ်က ခုနင်က ဓါးရှတာလောက် ကြီးကျယ်နေတာ (မှန်ပါ့) မကြီးကျယ်ဘူးလား (ကြီးကျယ်ပါတယ် ဘုရား)။

အဲဒါကြောင့် တဲ့ လူကြီးတွေမှာလဲ ဒီအတိုင်း လူငယ် တွေမှာလဲ ဒီပုံအတိုင်း အကဲခတ်လို့ရှိရင်ဖြင့် အတော်ဆိုးဝါးသွား မယ်ဆိုတဲ့ အဓိပ္ပါယ်ဟာ ကြောက်စရာ သိပ်ကောင်းပါတယ်နော် (ကောင်းပါတယ် ဘုရား)။

ကိုင်း – ဒါဖြင့် ငါ့ဥစ္စာ ပြုတ်ဖို့ အရေးဟာဖြင့် ဆရာ ကောင်းက လမ်းပြရတယ်၊ သူပြုတ်သွား လို့ရှိရင် စိတ်အေး လက် အေးပျော်တော့ (မှန်ပါ့) မပျော်နဲ့ ဟောတာလား သူပြုတ် သွားမှ ရဲရဲတင်းတင်းပျော်လို့ ခိုင်းတာလား၊ (သူပြုတ်သွားမှ ရဲရဲ တင်းတင်းပျော်လို့ ခိုင်းတာပါ ဘုရား)။

သူပြုတ်သွားမှ ရဲရဲတင်းတင်းပျော်ပါလို့ ဆိုတဲ့ဥစ္စာကို ဒကာ ဒကာမတို့ သတိပေးတာဟာ ခင်ဗျားတို့ကို အတင်းအဓမ္မ ဝါးနဲ့ ညှပ်ပြီး ဟောတဲ့တရားမဟုတ်ဘူး၊ ရှေ့နောက်အခွဲခိုင်းတာ သက်သက်ပါ (မှန်ပါ့)၊ သဘောပါပလား (ပါ-ပါပြီ ဘုရား)။

ဘာတဲ့တုန်း – (ရှေ့နောက်အခွဲခိုင်းတာပါ ဘုရား) ရှေ့ နောက်အခွဲခိုင်းတာသက်သက်၊ ဝါးနဲ့ညှပ်ပြီး သကာလ တစ်ခါတည်း ဟာ ခင်ဗျားတို့ ဒါ – မလုပ်ရဘူးလို့ ဒီလိုပြောတာမဟုတ်ဘူး၊ (မှန်ပါ့) ရှေ့နောက်ကလေး ပြန်လိုက်ပါတော့ ဆိုတော့ ဒါ ဝန်လေးစရာ အလုပ်လား၊ တာဝန်ခံစရာ အလုပ်လား ဆိုတာ ဦးအောင်ဇံဝေ၊ အကဲခတ်စမ်း (တာဝန်ခံစရာ အလုပ်ပါ ဘုရား) တာဝန် ခံစရာ အလုပ်ပဲဆိုတာ သဘောကျပလား (ကျပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့် ရှေ့နောက်တွင် ဒီအရေးနောက်ကျ နေလို့ရှိရင် မောင်ဇီဝ အမှားကြီး မှားမယ် (မှန်ပါ့) ငါ-ငါ့ဥစ္စာ ပြုတ်တဲ့အရေး နောက်ကျနေလို့ရှိရင်ဖြင့် လုပ်သ၍ တစ်ခါတည်း အပါယ်ချည်းသွားတာပဲ (မှန်ပါ့)။

ဒီ နှစ်ခုပြုတ်ပြီး သွားမှ လုပ်သ၍ ဟာ အပါယ် ကိုမရောက်တော့ဘူး၊ (မှန်ပါ့) ဆိုတော့ ဦးမြအားကိုးလောက်တယ် ဆိုတာ ပေါ်ပလား၊ (ပေါ်ပါပြီ ဘုရား) အားကိုး လောက်တယ် ဆိုတာ ဦးနေဖူးပေါ်ရဲ့ လား (ပေါ်ပါတယ် ဘုရား) အဲ သေသေ ချာချာမှတ်၊ ခင်ဗျားတို့ နံပါတ် ပြောင်းပြန်ဖြစ် သွားဦးမယ် (မှန်ပါ့)။

နောက်က ဒကာ ဒကာမတွေကော နားလည်ရဲ့လား (လည်ပါတယ် ဘုရား) ခင်ဗျားတို့က အခု ရှေ့နောက် ကိုယ်ကိုယ် တိုင် လွဲနေတာတွေကော သိကြပလား (သိပါပြီ ဘုရား) ရှေ့ နောက် ကိုယ်ကိုယ်တိုင် လွဲနေတယ် ဆိုတာတော့ ဦးမြ ဘုန်းကြီး အထူးပြောစရာမလိုဘူးနော် (မှန်ပါ့ ဘုရား)။

ကိုင်း ဒါဖြင့် ပြောကြပါစို့ တဲ့ ဒီဥစ္စာဒကာ ဒကာမတွေ ငါ့ဥစ္စာ ပြုတ်ဖို့ဆိုတာ ဆရာကောင်းနဲ့ ကပ်လိုက်လို့ ရှိရင် အားလုံးနောက်က ဒကာ ဒကာမတွေ မှတ်လိုက်စမ်းပါ အလွယ်ကလေးနဲ့ ပြုတ်တယ် (မှန်ပါ့) ငါမဟုတ်ဘူး၊ ငါ့ဥစ္စာ မဟုတ်ဘူးကလေးသိဖို့ တစ်လုံးပဲ (မှန်ပါ့)။

ဒါ သိပ်ခက်တဲ့ အလုပ်မဟုတ်ပါဘူး ၊ မယုံလို့ ရှိရင်ဘုန်းကြီး ရှင်းရှင်းပြောပါ့မယ်၊ တကယ့် သူတော်ကောင်းကြီး တွေကျတော့ ကွာ သောတာပန်တည်ဖို့ လက်ဖျစ်တစ်တွက် တောင် မကြာပါဘူး၊ ဒီလိုတောင် ဟောတာဗျ (မှန်ပါ့) ဒီလိုတောင် ဟောကြတယ် ၊ ငါ့ဥစ္စာ ပြုတ်ရင် ပြီးတာပဲ။ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ငါ့ဥစ္စာ ဉာဏ်ကသာ ပြုတ်ပါစေအသိနဲ့ မပြုတ်စေနဲ့ အသိနဲ့ပြုတ်တာတော့ မပိုင်သေးဘူး ပေါ့ကွာ (မှန်ပါ့ ဘုရား) ဉာဏ်ထဲမှာ တကယ်ပြုတ်သွားရင် အဲဒါ သောတာပန်တည်ပါတယ် ဆိုတာ နောက်က ဒကာ ဒကာမတွေလဲ သေသေချာချာမှတ်ပါ (မှန်ပါ့)။

အဲဒါကြောင့် ဘုန်းကြီးကလဲ ဟောတယ်လို့ မယူဘဲနဲ့ ငါ, ငါ့ဥစ္စာပြုတ်ဖို့ အရေးကို ဘုရားက ဘယ်လောက်မြန်မြန် အလိုရှိ တယ်ဆိုတာ ရင်ဝကို သူများက လှံနဲ့ထိုးလိုက်တယ်။ ဦးမြ အဝေးကြီး လှံကို လှမ်းရှောင်တယ်၊ ကိုယ့်ဆီလာတာမြင်ရင် ဦးမြ ဖြေးဖြေး ရှောင်မလားတဲ့ အသက်ကြီး ငြားသော်လဲ၊ သွက်နိုင်သမျှ သွက်ပြီးရှောင်မလား (သွက်သွက်ရှောင်မှာပါ ဘုရား) သွက် သွက်ရှောင်မယ်နော် (မှန်ပါ့ ဘုရား) ဘာဖြစ်လို့တုန်းဆိုလို့ရှိရင် သေမည့်ဘေးကိုး၊ မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား)။

ဒီမှာ ဦးခေါင်း မီးလောင်တယ်ဆိုလို့ရှိရင်လဲ ဒကာ ဒကာမတွေ သူများ ဆေးလိပ် မီးပွားကလေး ကိုယ့်ခေါင်းပေါ် လွင့်လာလို့ ကိုယ့်ခေါင်းပေါ်လဲ ဆီနဲ့ ဗဆလင်တွေနဲ့ဆိုရင် လောင်ချင်လောင်ပစ်လိုက်မှာ (မှန်ပါ့) ဒါ မြန်မြန်ငြိမ်းမှာလား နှေးနှေး ငြိမ်းမှာလားဆိုရင် ဒီထက်မြန်တဲ့အလုပ် ရှိကြပါဦးမလား (မရှိပါ ဘုရား)။

အဲဒါထက် ငါတော့ မြန်စေချင်တာပဲကွာ တဲ့၊ ငါ-ငါ့ ဥစ္စာဖြုတ်တဲ့နည်းကို (မှန်ပါ့) ကဲ ပေါ်ပလား (ပေါ် ပါပြီ ဘုရား)။

ငရဲမျိုးစေ့ မြန်မြန်ထုတ်ပါ

ငါ-ငါ့ဥစ္စာဖြုတ်တဲ့နည်းကို ရင်ဝလှံနဲ့ထိုးလိုက်တာ ရှောင် တာ မြန်သလို ဦးခေါင်း မီးလောင်တာ မြန်မြန်ပွတ်ချေတာ မြန်သလို ဒီထက်တောင် မြန်စေချင်သေးတယ်ကွာတဲ့၊ ဒါက သံယုတ်ပါဠိတော် နော် (မှန်ပါ့) သဘောကျကြပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ဘုရားကလဲ အမြန်ဖြုတ်ခိုင်းတာ ဦးမြကြီးက ရိပ်မိ ပါရော့မယ်၊ ငရဲမျိုးစေ့ကို မြန်မြန်ထုတ်ပစ်ပါ ပြောတာ (မှန်ပါ့ ဘုရား)။

ဘာပြောတာတုန်း (ငရဲမျိုးစေ့ကို မြန်မြန် ထုတ်ပစ်ပါ ပြောတာပါ ဘုရား) အဲဒီတော့ ငရဲမျိုးစေ့ တွေတော့ မြန်မြန်မဖြုတ်ဘဲ နဲ့ ငရဲမျိုးစေ့တွေချည့် မျိုးနေလို့ရှိရင် ဘယ်ကောင်း တော့မတုန်းကွ၊ ကောင်းနိုင်စရာ ရှိသေးရဲ့လား (မရှိပါ ဘုရား)။

မရှိတော့ဘူးဆိုတော့ ဒါကလေးဟာ ငါ့သမီးကလေးပဲ။ ဒါကလေးဟာ ငါ့သားကလေးပဲ၊ ငါ့ညီမလေးပဲ ဆိုလို့ရှိရင် အပြော တွင်လားလို့ မေးတဲ့အခါ ကိုယ့်ညီမဖြင့် ကိုယ်ခင်ရမှာပဲ (မှန်ပါ့ ဘုရား)။

ကိုယ့်သမီးဖြင့် ကိုယ်ပူရမှာပဲ၊ ကိုယ့်သားဖြင့် ကိုယ်ချစ်ရ မှာပဲ ဆိုတော့ ကိုယ့်သားလို့ ထင်လိုက်လို့ ချစ်ရမှာပဲဆိုတဲ့ တဏှာ က နောက်ကလိုက်တာပဲ (မှန်ပါ့) ကိုယ့်သားဆိုတဲ့ ဒိဋ္ဌိက ရှေ့သွားလို့ ချစ်ရမှာပဲဆိုတဲ့ တဏှာက နောက်ကလိုက်တာ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ကဲ ဒါဖြင့် ဒိဋ္ဌိနဲ့တဏှာ ဘယ်သူက ရှေ့သွားသတုန်း (ဒိဋ္ဌိက ရှေ့သွားပါတယ် ဘုရား) ကဲ ဒါဖြင့် ဒိဋ္ဌိပြုတ်တော့ တဏှာချည့် အပါယ်မရောက်ဘူးဆိုတာ သေချာပလား (သေချာ ပါပြီ) ဒိဋ္ဌိပြုတ်တော့ တဏှာက အပါယ်ပို့သေးရဲ့လား (မပို့ပါ ဘုရား)။ ဒါဖြင့် ဒိဋ္ဌိနဲ့ တဏှာ ဘယ်ဟာ အရင်သတ်ကြမယ် (ဒိဋ္ဌိ အရင်သတ်ရပါမယ် ဘုရား) ကဲ ဦးမြ ရှင်းသွားပြီ (ရှင်းပါပြီ ဘုရား)။

ရှင်းသွားတော့ ဒကာ ဒကာမတွေ ဝတ္ထုအသာထားပြီး သကာလ ဪ ဆရာ ဘုန်းကြီးက ရှေ့ထားရမည့် အရေးကို ရှေ့ထားပါဆိုတာကလေးကို ရှေ့ထားနည်းကလေးကို ပြပေးတော့ မယ်လို့ မောင်မြင့် မှတ်ရမယ် (မှန်ပါ့ ဘုရား)။

ဘာပြမလဲ (ရှေ့ထားနည်းပြပါမယ် ဘုရား) ရှေ့ထားနည်း ပြပေးမယ်နော် (မှန်ပါ့) ဘာ့ကြောင့်တုန်းဆိုတော့ ဘုန်းကြီး မပြလို့ရှိရင် ခင်ဗျားတို့ ဘယ်အခြေအနေ ရောက်သွား မတုန်းလို့ မေးတဲ့အခါကျတော့ ဘုရားကလဲ သူ့ကိုဒီလိုဖြုတ်ဖို့ဟာ ရင်ဝလှံနဲ့ ထိုးလိုက်တဲ့အခါ မြန်မြန်ရှောင်သလို ဦးခေါင်းမီးလောင်တဲ့ အခါ ကဗျာကရာ ပွတ်ချေသလို ဒီထက် မြန်မြန်ကလေး လုပ်ပါဆိုတော့ ဘုန်းကြီးက ဒီဟာကို အဟောနောက်ကျနေမယ်၊ ခင်ဗျားတို့ကလဲ မသိလို့ မသိသလို နေမယ်ဆိုလို့ရှိရင် ဒါ ဆရာအပြစ်သင့်ပါတယ် (မှန်ပါ့) မသင့်ဘူးလား (သင့်ပါတယ် ဘုရား)။

ဆရာဆိုတာ မကောင်းရာပယ် ကောင်းရာညွှန်ကြားရမှာ ကိုး (မှန်ပါ) ဒါ ဆရာ့တာဝန် (မှန်ပါ့)။

ခင်ဗျားတို့တာဝန်က ဘာတုန်း ညွှန်ကြားတဲ့အတိုင်း မလိုက်နာ ခင်ဗျားတို့အပေါ် အပြစ် ရောက်တာကိုး (မှန်ပါ့ ဘုရား)။

အဲဒီတော့ ဒီတရားကို ဦးမြတို့ ဦးအောင်ဇံဝေတို့ကပဲ အကဲခတ်တာပေါ့။ အရင်ဟောရမည့် တရားလား နောက်ဟော ရမည့်တရားလား (အရင်ဟောရမည့် တရားပါ ဘုရား) ပေါ်ကြ ပလား ဒကာ ဒကာမတို့ (ပေါ်ပါပြီ ဘုရား)။

ဒီတရား အရင်ဟောရမှာလား (ဟောရမှာပါ ဘုရား) မဟောရင် ဆရာ့ဝတ္တရား ပျက်-မပျက် (ပျက်ပါတယ် ဘုရား) မလိုက် နာရင် ဘယ်သူပျက်သတုန်း (တပည့်ဝတ္တရား ပျက်ပါတယ် ဘုရား)။

မလိုက်နာရင် တပည့်ဝတ္တရား ပျက်တယ်၊ အဟောနှေးနေရင် ဆရာ့ဝတ္တရား ပျက်တယ် ဆိုတာ ကျေနပ်ပလား (ကျေနပ် ပါပြီ ဘုရား)။

အဲဒါကြောင့် ဆရာဝတ်တော့ အပျက်မခံနိုင်ပါဘူးဆိုတာ ကိုလဲ တရားဟောတယ်ဆိုတာ သနားလို့ ဟောတာ ဖြစ်လေ သောကြောင့် ဦးမြ ဒါအရင်ပြောတော့မှာပဲနော် (မှန်ပါ့) မပြောထိုက်ဘူးလား (ပြောထိုက်ပါတယ် ဘုရား) အရင် ပြောလိမ့်မယ်ဆိုတာ ဒကာ ဒကာမတွေ မှတ်လိုက်ပါ (မှန်ပါ့)။

ကိုင်း ဒါဖြင့် ဘုန်းကြီးသင်ထားပါတယ်၊ နေ့လည်ကပဲ ဦးမြတို့ စာနဲ့ရေးလိုက်တယ်၊ ဦးနေဖူးကြီးကလဲ စာရေးပေးလိုက်တယ်နော် (မှန်ပါ့)။

စိတ်ကလေးတွေ ရေးပေးလိုက်တယ်၊ မြင်တယ်၊ မြင်စိတ် ကလေးကို ကြည့်ပါတဲ့၊ မြင်စိတ်ကလေးဟာ ဘာတုန်းဆိုတာ ကြည့်ပေးပါဆိုတော့ မြင်တဲ့စိတ်ကလေးကို ဦးမြက ကြည့်လိုက် ဦးနေဖူးက ကြည့်လိုက်၊ ကြည့်တဲ့စိတ်လာရင် မြင်စိတ်ရှိ, မရှိ (မရှိပါ ဘုရား)။

ဘယ့်နှယ်ကြောင့် မရှိပါလိမ့်မတုန်း မေးတော့ ငါလဲမဟုတ် လို့ ငါ့ဥစ္စာလဲ မဟုတ်လို့ တားလို့မရဘူးဘုရား၊ မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။

ငါကော (မဟုတ်ပါ ဘုရား) ငါ့ဥစ္စာကော (မဟုတ်ပါ ဘုရား) ငါလဲမဟုတ် ငါ့ဥစ္စာလဲ မဟုတ်လို့ တားမရဘူးဆိုတော့ ဪ ကြည့်လိုက်တော့ မရှိတာကလေး တွေ့လိုက်လို့ရှိရင် ငါ-ငါ့ဥစ္စာ မဟုတ်တာ သေချာသွားတယ် (မှန်ပါ့ ဘုရား)။

ဒါကြောင့် ခင်ဗျားတို့ ငါ-ငါ့ဥစ္စာ ဖြုတ်ချင်လို့ရှိရင်ဖြင့် ဘုန်းကြီးရေးပေးတဲ့ ဆယ့်နှစ်ချက်ကို လှည့်ကြည့်နေလို့ရှိရင် ဒါဘာလုပ်နေတာတုန်း မေးတော့ အပါယ်ငရဲ မျိုးစေ့ကို ခင်ဗျားတို့ နှင်ထုတ် နေတာဆိုတာကော ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဘာနှင်ထုတ်တာပါလိမ့် (အပါယ်ငရဲ မျိုးစေ့ကို နှင်ထုတ်တာပါ ဘုရား)။

အပါယ်ငရဲ မျိုးစေ့ကို နှင်ထုတ်နေတယ်ဆိုတော့ နောက် က ဟိုလူငယ်တွေ မောင်အောင်ချီ, တို့ လူစု၊ မောင်မြင့် တို့ လူစု ဪ ဒါကလေးဟာ အလွယ်သားပဲ။ သူ့အရင်ထုတ်လိုက်ရင် တို့ ဘာကြာမတုန်းဆိုပြီး အရင်သာ ထုတ်ပစ်လိုက် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါ ခဲယဉ်းတဲ့အလုပ်လားတဲ့၊ ကြည့်တတ်လို့ရှိရင်ဖြင့် မရှိတာ သိမှာပဲ (မှန်ပါ့)။

ကဲ မြင်တဲ့စိတ်ကလေး ပေါ်လာပြီ၊ မီးမြင်မြင်, ဘာ မြင်မြင် မြင်တဲ့စိတ်ကလေးဟာ မျက်လုံးထဲ ပေါ်မှာပဲ (မှန်ပါ့) ပေါ်တာကလေးကို ဦးမြကြီး သူ့သဘောကို ဆုံးအောင် ကြည့်စမ်း၊ နောက်ကနေ ဉာဏ်နဲ့ကြည့်လိုက်စမ်းဆိုတော့ ဘာတွေ့ ရမယ်ထင် သတုန်း ခင်ဗျားတို့ (ဖြစ်တာနဲ့ ပျက်တာတွေ့မှာ ပါ ဘုရား) ဖြစ်တာနဲ့ ပျက်တာကိုတွေ့တော့ ဖြစ်တာကိုလဲ ခင်ဗျားတားလို့ရသ လား (မရပါ ဘုရား) ပျက်တာကိုကော (တားလို့မရပါ ဘုရား) ဒါဖြင့် ငါ, ငါ့ဥစ္စာ မဟုတ်လို့ပေါ့ဗျ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘယ့်နှယ်ကြောင့်ပါလိမ့် (ငါ, ငါ့ဥစ္စာ မဟုတ်လို့ပါ ဘုရား) ငါဖြစ်လို့ရှိရင် ငါ့သဘော အတိုင်း သူတည်တံ့နေရမယ် (မှန်ပါ့) ငါ့ဥစ္စာဖြစ်လို့ရှိရင် ကိုယ်သိမ်းပိုက်ထားလို့ ရရမယ် (မှန်ပါ့) ဒီလိုရရဲ့ လား (မရပါ ဘုရား)။

မရတော့ ဒီတစ်ချက်မြင်လိုက်လို့ရှိရင်ပဲ သော်-ငါ, ငါ့ဥစ္စာ မဟုတ်ကြောင်းကို သိပြီ၊ ဒါ ကိုယ့်ခန္ဓာပဲ၊ ဒါ ဝိညာဏက္ခန္ဓာခေါ်တယ် (မှန်ပါ့ ဘုရား) ကိုယ့်ခန္ဓာကို ငါ, ငါ့ဥစ္စာ မဟုတ်ကြောင်း သိတာပေါ့ (မှန်ပါ့ ဘုရား)။

ကဲ မောင်အောင်ချီ ခဲယဉ်းသလား (မခဲယဉ်းပါ ဘုရား) မောင်မြင့်တို့ ခဲယဉ်းသလား (မခဲယဉ်းပါ ဘုရား) ကြိုးစားလုပ် လိုက်ပါ၊ ဒါကလေးကို ရှေ့ထားပြီးတော့ (မှန်ပါ့ ဘုရား)။

နောက်က ဒကာ ဒကာမတွေ ဘာတဲ့တုန်း (ကြိုးစားလုပ်ရ ပါမယ် ဘုရား) ဆင်ခြေမလဲနဲ့နော်၊ ဆင်ခြေလဲလို့ရှိရင် ငရဲမျိုးစေ့ ကြီးပွားပါရစေဆိုတာနဲ့ ဦးမြ (အတူတူပါ ဘုရား) အတူတူပဲ ဦးအောင်ဇံဝေရ (မှန်ပါ့ ဘုရား)။

ငရဲဆိုတာ

ငရဲမျိုးစေ့ ကြီးပွားလေလေ ငရဲသက်ရှည်လေလေဆိုတော့ ငရဲဆိုတာ အပြောသာ ငရဲနော် တကယ်ရောက်သွားတဲ့ အခါကျလို့ ရှိရင်ဖြင့် ရောက်သည်နဲ့ တစ်ပြိုင်နက်တည်း အင်မတန် ရဲရဲ တောက်တဲ့ သံပြားအပူကြီး အပေါ်မှာ ငရဲသားတွေက ဆွဲလှဲ့ တာ ဗျ(မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဆွဲလှဲ့ပြီးတော့မှ လက်တွေဘာတွေ တစ်ခါတည်း အင်မ တန်ပူလှတဲ့ ရဲရဲတောက် သံပူကြီးတွေနဲ့ အောက်သံပြားနဲ့ သူနဲ့ တစ်ခါတည်း ကျုပ်တို့ သံမှိုသလို တေတာဗျ(မှန်ပါ့) ၊ ခံနိုင်ရည်ရှိပါ့မလား (မရှိပါ ဘုရား)။

ဒါငရဲအိုးထဲ မချခင်ဖြစ်တဲ့အဖြစ်၊ ရောက်သွားတဲ့ပုဂ္ဂိုလ် မှာ (မှန်ပါ့) မဆိုးဝါးဘူးလား (ဆိုးဝါးပါတယ် ဘုရား) ခြေရော လက်ရော အကုန်ဗိုက်ပါ ဖောက်လိုက်တာပဲ (မှန်ပါ့ ဘုရား)။

ဒကာ ဒကာမတို့ ဒီကနေ တွေးကြည့်ရင်ပဲ ကြက်သီးထ စရာကြီးပါ (မှန်ပါ့) ဒါက ဒီပြင်ငရဲတွေကို စီရင်ချက်ချပြီးတော့ ဒီပြင်ငရဲတွေ မပို့သေးပါဘူး၊ ကျင်ကြီးငရဲကြီးများ ပို့လိုက်တယ် ဆိုရင်ဖြင့် အပ်သွားလောက် ရှိတဲ့ ပိုးကောင်တွေ ကျင်ကြီးပိုးတွေက တစ်ခါတည်း ရိုးတွင်းချဉ်ဆီ ဖောက်စားတာဗျ အသားတွေ အကုန်ဖောက်ပြီး ရိုးတွင်းချဉ်ဆီ အကုန်စုပ်ယူတာ ခံနိုင်ရည်ရှိပါမလား (မရှိပါ ဘုရား)။

အဲဒါတွေကလဲ တစ်တွင်းလုံး ပြည့်နေတဲ့အထဲ ပစ်ချလိုက် တာ၊ ဆိုတော့ မောင်ဇီဝ ခံနိုင်ရည်ရှိပါမလား မရှိဘူးကွ (မှန်ပါ့) မောင်မြင့်ကော (မရှိပါ ဘုရား) နောက်က ဒကာ ဒကာမတွေ (မရှိပါ ဘုရား)။

အဲဒါကြောင့် ငရဲ ဘာကိစ္စ ရှိသတုန်းလို့များ သွားပြီး လုပ် မနေနဲ့နော်။ သွားပြီး လုပ်မနေကြနဲ့ အပျော်စကား ပြောမနေ နဲ့ (မှန်ပါ့) ရိပ်မိပလား(ရိပ်မိပါပြီ ဘုရား) မွေးတစ်နေ့ သေတစ် နေ့တွေ လုပ်မနေနဲ့ ၊ တကယ်တန်း ချလိုက်တဲ့အခါ မခံနိုင်ဘူး ဆိုတာ သေသေချာချာ မှတ်ပါ (မှန်ပါ့)။

ပြိတ္တာဆိုတာ

ဒီငရဲမဖြုတ်လို့ ပြိတ္တာဘုံကြီးများဖြစ်တဲ့ အခါကျတော့ ဦးမြ ကြောက်စရာ ကောင်းလိုက်တာ ပြိတ္တာဖြစ်နေတာ (မှန်ပါ့ ဘုရား) လူကတော့ အတောင်လေးဆယ်လောက်ရှိတယ် ဂင်္ဂါမြစ် နားမှာ သွားဖြစ်တယ်၊ ပါးစပ်ပေါက်ကတော့ အပ်ဖျားကလေး လောက်ပါတယ်၊ လုံးပတ်ကလဲ သစ်တုံးကြီးလောက်ပဲရှိတယ်။

မနက်ရဟန်းတွေ ဆွမ်းခံသွားတော့ ဒါကြီးတွေ့တယ်၊ ဒကာကြီး ဘာလုပ်မလို့တုန်း ဒီအနားမှာဆိုတော့ တပည့်တော် ရေသောက်ချင်လွန်းလို့ဘုရား တဲ့၊ ဟိုမှာ မြစ်ကြီးဗျ ခင်ဗျား မမြင်ဘူးလားလို့မေးတော့ အရှင်ဘုရား တပည့်တော် ဆင်းသွားရင် ဖုတ်တထောင်းထောင်းထ, တယ်လို့ လျှောက်တယ်။

ကိုင်း ဒါ-ပြိတ္တာရှိသေးတယ် (မှန်ပါ့) သူဆင်းသွား ရင် ဘာတဲ့တုန်း (ဖုတ် တထောင်းထောင်း ထ ပါတယ် ဘုရား) ဒီအထဲ က အကုန်ဘေးရှဲပြီးတော့ ဒီကြားထဲ ဖုတ်တထောင်းထောင်း ထတာ ကြီး ပေါ်လာတာပဲ သဘောကျကြပလား (ကျပါပြီ ဘုရား)။

ဒါနဲ့ တပည့်တော် ဒီလိုမြစ်ကြီး မြင်ပါရဲ့ ဘုရာ့ ရေမသောက် ရဘူးပြောတာ၊ ဒါနဲ့ တပည့်တော် လှဲအိပ်နေလိုက်တယ်။

ဒါဖြင့် ဒကာကြီး ခင်ဗျား ပက်လက်လှန်နေဆိုပြီး ရဟန်း လေးဆယ် မနက် ခြောက်နာရီ လောက်က သပိတ်တွေနဲ့ ရေလောင်း ကြတာ သူ့ပါးစပ်ကလေးထဲ ၇ နာရီလောက် ရှိတော့ ရဟန်းတွေက ဆွမ်းခံချိန်ရောက်လာတော့ ခင်ဗျား သက်သာရာ ရပလား နည်းနည်း များ စိုပလားတဲ့ ပါးစပ်ထဲပေါ့လေ (မှန်ပါ့ ဘုရား)။

အရှင်ဘုရား၊ ရှင်းရှင်းပဲ တပည့်တော် သစ္စာဆိုပါရစေ၊ အရှင်ဘုရားတို့အခု ရဟန်းလေးဆယ် တစ်နာရီခန့် လောင်းတယ်။ တပည့်တော် ပါးစပ်ထဲကို ရေလောင်းကြတယ် အပ်ဖျားကလေး လောက်ဝင်လို့ရှိရင် တပည့်တော် ဒီပြိတ္တာဘဝမှ လွတ်ရပါလို၏ ဒီအတိုင်း ပြောတာပဲ (မှန်ပါ့) အကျိုးပေးကျတော့ ခံနိုင်ပါ့ မလား၊ ကဲ (မခံနိုင်ပါ ဘုရား)။

အဲဒီတော့ ငရဲ ဘာကိစ္စရှိသတုန်းလို့များ သွားမလုပ်နဲ့ဆို’ တာ သဘောပါပလား (ပါ-ပါပြီ ဘုရား) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)

အဲဒါလောက် ဆိုးဝါးပါတယ်၊ အဲဒါ မျိုးစေ့ကလေး မ ပျောက်လို့ သွားဖြစ်ရတာ (မှန်ပါ့)။

ဦးမြ ငါ, ငါ့ဥစ္စာကလေး မပြုတ်လို့ (မှန်ပါ့) သဘော ချကြပလား (ကျပါပြီ ဘုရား) ဘာတဲ့တုန်း (ငါ,ငါ့ဥစ္စာ မပြုတ်လို့ပါ ဘုရား)။

ငါ, ငါ့ဥစ္စာ မပြုတ်တော့ကိုတဲ့ အပါယ်ကျသွားတယ်၊ ငါ့ ဘယ်လိုမှတ်လို့တုန်း ဆိုတော့ အကုသိုလ် လုပ်ဖြစ်မလား မလုပ်ဖြစ်သေးဘူးလား (လုပ်ဖြစ်ပါတယ် ဘုရား)။

ငါ့ ဘယ်လိုအမျိုးအစားမှတ်လို့တုန်း ငါ့-ဘယ်လိုအောက် ကျနောက်ကျ မှတ်လို့တုန်း၊ ငါ့ပစ္စည်းမဲ့လူတန်းစား မှတ်လို့လား ကျောမွဲမှတ်လို့လား ၊ သူကလာတဲ့ ရန်ဖြစ်တာတွေ (မှန်ပါ့ ဘုရား)။

ရန်ဖြစ်တာ၊ ကြွားတာ-ငရဲမျိုးစေ့

ရန်ဖြစ်တာဟူသ၍ ကွာတာ-မော်တာဟူသ၍ ဘယ်က လာတာတုန်း (ဒိဋ္ဌိက လာတာပါ ဘုရား) ဒီ-ငါကလာတာချည့် ပဲ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် ငရဲမျိုးစေ့ ဟုတ်-မဟုတ် ဦးမြတို့ ဆုံးဖြတ်ချက်ချ စမ်း (ဟုတ်ပါတယ် ဘုရား) ရှင်းကြပလား (မှန်ပါ့)။

ဒါဖြင့် ဒါကလေးကို အခုမြင်စိတ်ကလေးကို ဒကာ ဒကာမ တွေကို ရေးပေးထားတယ် ဘုန်းကြီးက၊ ဒါကလေး ရှိ-မရှိ ကြည့်ရုံ ပါပဲ ဆိုတော့ ဦးမြကြည့်ဖို့ ခက်သလား (မခက်ပါ ဘုရား)။

နောက်ကနေ ဉာဏ်နဲ့ ကြည့်တဲ့အခါကျတော့ သူကတော့ မြင်မှာပဲ ရှေးဦးစွာ ဒီ မြင်စိတ်ကလေး ရှိ-မရှိ နောက်ကနေ ကြည့်လိုက်တဲ့အခါကျတော့ မျက်လုံးထဲ ဉာဏ်လှည့် လိုက်တယ်၊ ဝမ်းထဲက ဉာဏ်က မျက်လုံးဘက် လှည့်လိုက်တယ်၊ ဘာတွေ့မယ် ထင်ကြသလဲ (ပျက်သွားပါတယ် ဘုရား) မရှိတာဘဲ တွေ့မယ်၊ ဖြစ်ပျက်သွားတော့ သူ့မှာရှိသေးရဲ့လား (မရှိပါ ဘုရား) ဒီတော့ မရှိတဲ့ အနိစ္စကလေး သူမမြင်ပေဘူးလား၊ (မြင်ပါတယ် ဘုရား)။

အနိစ္စသည်ကားလို့ဆိုရင် ဖြစ်ပြီးမရှိတာကို ခေါ်တော့ ဪ ငါမဟုတ်လို့ မရှိဘဲဖြစ်သွားတာပဲ၊ ငါ့ဥစ္စာမဟုတ်လို့ ပျောက်ပျက်သွားတာပဲဆိုတာကလေး ဉာဏ်က အထူးလိုက်ဖို့ လိုသေးသလား (မလိုပါ ဘုရား) မောင်ဇီဝ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါကလေးဟာ ငါ,ငါ့ဥစ္စာ ဟုတ်နေလို့ရှိရင် ကိုယ့်ခန္ဓာပဲ။ ကိုယ့်ခန္ဓာ ဖြစ်ခဲ့လို့ရှိရင်ဖြင့် ငါ့ဥစ္စာ ဆိုလို့ရမှာပေါ့။ အခုတော့ ရှုရင်းမတ္တနဲ့ပဲ ဦးအောင်ဇံဝေ ပျောက်ထွက်သွားတယ် (မှန်ပါ့) ဒါဖြင့် ငါ, ငါ့ဥစ္စာ ဟုတ်မဟုတ် (မဟုတ်ပါ ဘုရား)။

အဲဒီလို မဟုတ်မှန်းသိသိသွားရင် ဒိဋ္ဌိပြုတ်တာပဲ၊ ငရဲမျိုးစေ့ , ပြုတ်တာပဲ (မှန်ပါ့) ဒကာ ဒကာမတွေ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

မဟုတ်မှန်းသိရင် (ဒိဋ္ဌိပြုတ်ပါတယ် ဘုရား) နောက်က ဒကာ ဒကာမတွေ (ဒိဋ္ဌိပြုတ် ပါတယ် ဘုရား)။

မပျော်နဲ့ဆိုသလား ရှေ့နောက်ခွဲဆိုသလား (ရှေ့နောက်ခွဲ ဆိုပါတယ် ဘုရား)။

ကိုယ်လုပ်ဖို့ရာက အရေးကြီးတယ်ဆိုတာ မှတ်ထားရမယ် နော် (မှန်ပါ) ဝတ္ထုတွေ အခုကိစ္စ ထုတ်မှာပါပဲ၊ ရဟန္တာ ဖြစ်သည့်တိုင်အောင် ထုတ်မှာပဲ၊ ထုတ်ပင်ထုတ်ငြား သော်လဲ ဒါသူများ အလုပ်စဉ်၊ ကိုယ်ကိုယ်တိုင် အတုခိုးပြီး လုပ်ဖို့ရာ ကတော့ ရှေ့ပိုင်းမှာ ဆရာသမား ပြောတာကို သေသေချာချာ မှတ်ပါ (မှန်ပါ့)။

ကိုင်း ဒါဖြင့် ဥပမာ အခုစိတ်ရှုနေကြတယ်။ ဝေဒနာ ရှုနေကြတယ်ဆိုတော့ တပည့်တော်တို့ ဘယ်တော့ ဒီရှုတဲ့စခန်း ပြီးမှာတုန်းဆိုတဲ့ မေးခွန်း လာတယ်နော် (မှန်ပါ့) ဘယ်တော့ ပြီးမှာတုန်းလို့ ဦးမြတို့ မေးဖို့ရာ အကြောင်းရှိတယ်နော် (မှန်ပါ ဘုရား)။

တစ်ခဏနဲ့ နိဗ္ဗာန်ရနိုင်တဲ့တရား

မေးဖို့ရာ အကြောင်းရှိတော့ ဦးအောင်ဇံဝေကြီးက စိတ္တံ အနိစ္စံ= သည်လို့ ဒီစိတ်ကလေး တစ်ခုကို သြော် ဒါကလေးဟာ ဖြင့် အနိစ္စပဲလို့ တစ်ခါတည်း မှတ်မိအောင် မှတ်ပါတဲ့နော် (မှန်ပါ့)။

ပေါ်လာတဲ့တရားကလေးကို နောက်ကနေ ကြည့်တဲ့အခါ ကျတော့ ဒါကလေးဟာ စိတ်မဟုတ်ပါဘူး ကိုယ်တွေ့တာဖြင့် အနိစ္စပါပဲလို့ ဆိုလို့ရှိရင် ဒါ မဂ်ဉာဏ်ဖိုလ်ဉာဏ်နီးပြီလို့ အောက်မေ့လိုက် (မှန်ပါ့)။

ဦးမြ စိတ်တွေ့နေရင် မဟုတ်သေးဘူးနော် (မှန်ပါ့) ဘာတွေ့မှတုန်း (အနိစ္စတွေ့မှပါ ဘုရား) အနိစ္စဆိုတဲ့ အပျက် တွေ့မှလို့ မှတ်ထားစမ်းပါ (မှန်ပါ့)။

အနိစ္စာနုပဿီ တဲ့ အနိစ္စလို့ကို ရှုပြီး အနိစ္စလို့ကို မှတ်ဖြစ် အောင် မှတ်လိုက်စမ်းပါတဲ့ (မှန်ပါ့)။

ရှေးဦးစွာ အနိစ္စပဲလို့ ရှုပြီးတော့ အနိစ္စပဲလို့၊ ဒီဥစ္စာကလေး ကို မှတ်ဖြစ်အောင် မှတ်ပါ၊ စိတ်လို့မှတ်မနေကြနဲ့ ဝေဒနာလို့ မှတ်မနေကြနဲ့နော် (မှန်ပါ့) ဒါက တစ်ခဏနဲ့ နိဗ္ဗာန်ရအောင် လို့ ပြောနေတဲ့တရားလို့ သေသေချာချာ မှတ်ကြပါဦးနော် (မှန်ပါ့ ဘုရား)။

ဘာဖြစ်လို့ ဆရာဘုန်းကြီးက စိတ်အရှုခိုင်းပြီး စိတ်ပယ်နေ ပါလိမ့်မလဲလို့ ဦးမြတို့ မေးဖို့ မလိုဘူးလား (လိုပါတယ် ဘုရား)။

လိုတယ်နော်၊ လိုတော့ကို ခင်ဗျားတို့ ရှုတဲ့ဉာဏ်ထဲမှာ ရှုတဲ့ဉာဏ်ကလဲ စိတ်ဖြစ်နေ သောကြောင့် ပြိုင်နိုင်ပါ့မလား (မပြိုင်နိုင်ပါ ဘုရား) ရှေ့သွားက ချုပ်မသွား ပေဘူးလား (ချုပ်သွား ပါတယ် ဘုရား) ချုပ်သွားတော့ စိတ်တွေ့သလား မရှိတာ တွေ့သလား အမှန် ပြောကြ စမ်းပါ (မရှိတာတွေ့ပါတယ် ဘုရား)။

မရှိတာတွေ့ကတည်းက ဦးအောင်ဇံဝေတို့ ဦးမြတို့ လူကြီးတွေက စဉ်းစားတာပေါ့၊ ဪ စိတ်အရှုခိုင်းပေမယ့် စိတ်မရှိမှုကို သိဖို့ အရေးကြီးတာပါကလားလို့ ဉာဏ်ပြောင်းပစ် ကြပါ (မှန်ပါ့)။

စိတ်မရှိမှုကို (ဉာဏ်ပြောင်းပစ်ရပါတယ် ဘုရား) သိဖို့ အရေးကြီးတယ်ဆိုတာကို အားထုတ်မည့် လူတွေလဲ သေသေ ချာချာ မှတ်ကြရပါလိမ့်မယ်နော် (မှန်ပါ့)။

စိတ်တော့ အရှုခိုင်းတာပဲ၊ နောက်က ဒကာ ဒကာမတွေက ဘာအရှုခိုင်းပါလိမ့် (စိတ် အရှုခိုင်းပါတယ် ဘုရား)။

မရှိတာတွေ့မှ အမှန်ရောက်တယ်

စိတ်အရှုခိုင်းပေမယ့် ပထမတွေ့တာက ဥပမာမယ် နားထဲ မှာဖြစ်တဲ့စိတ်၊ အဲဒါလာရင် ရှုပါဆိုတော့ ဝမ်းထဲက မနောထဲက နေ ရှုရမှာဖြစ်နေတော့ ဒီစိတ်နဲ့ဒီစိတ်ကလဲ ပြိုင်ဖြစ်ရဲ့လား အရှု ခံတဲ့စိတ်နဲ့ ရှုတဲ့စိတ်ကလဲ ပြိုင်ဖြစ်နိုင်ရဲ့လား (မဖြစ်နိုင်ပါ ဘုရား) မရှိတာကို ထောက်လိုက်တော့ကို မရှိတာကို ရှုတဲ့ဉာဏ်က တွေ့မှာပဲလို့ သေသေချာချာ မှတ်ပါ (မှန်ပါ့) ဘုရား)။

ဘာတွေ့မယ်ထင်သတုန်း (မရှိတာတွေ့ပါမယ် ဘုရား) ဒါ ဖြင့် ဦးအောင်ဇံဝေတို့ ဦးမြတို့ အကဲခတ်စမ်းပါ၊ စိတ်အရှုခိုင်းငြား သော်လဲ တပည့်တော်တို့ ဘာတွေ့မှ အမှန်ရောက်တယ်ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား) ဘာတွေ့မှတုန်း (မရှိတာ တွေ့မှပါ ဘုရား) မရှိတာတွေ့မှ အမှန်ရောက်တယ်ဆိုတာ ဒီနေ့ တရားပွဲမှာ ဆုံးဖြတ်ချက်ချပါ(မှန်ပါ့)။

အားလုံးရှုတဲ့ပုဂ္ဂိုလ်တွေနော် မရှိတာတွေ့ဖို့ အရေးကြီးပါ တယ်ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

စိတ်ဆယ့်နှစ်မျိုး ပေးထားငြားသော်လဲ ဦးအောင်ဇံဝေတို့ ဘာတွေ့ဖို့ အရေးကြီးသတုန်း (မရှိတာတွေ့ဖို့ အရေးကြီးပါတယ် ဘုရား) ဦးမြကြီး ဘာတွေ့ဖို့ အရေးကြီးသတုန်း (မရှိတာတွေ့ဖို့ အရေးကြီးပါတယ် ဘုရား) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ရှိတာတွေ့နေသေးရင် လိုရင်းလမ်းမှန်သို့ မရောက်သေး , ဘူးလို့ မှတ်လိုက်စမ်းပါ (မှန်ပါ့)။

ဦးမြ ရှိတာတွေ့နေသေးရင် (လမ်းမှန် မရောက်သေးပါ ဘုရား) ရှိတာတွေ့နေသေးရင် မပြိုင်နိုင်တာ ပြိုင်မဖြစ်နိုင်တာ ပြိုင် ဖြစ်တဲ့ အဓိပ္ပာယ် ရောက်တယ် (မှန်ပါ့) မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။

ဒါဖြင့် ဥဒယဗ္ဗယဉာဏ်ဆိုတာ ဘာတုန်းဘုရားလို့ စောဒက တက် မေးကြလို့ရှိရင် ဪ ဒီနေရာဖြစ်ပြီး ဒီနေရာပျက်သွား သကိုးလို့ ဉာဏ်ရောက်တာကို ဆိုတာပါ(မှန်ပါ့ ဘုရား) သူ့ကို တကယ်မြင်လိုက်တာကတော့ မရှိတာသိတာပါဘဲ (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဘာတွေ့ကြသတုန်း (မရှိတာတွေ့ကြပါတယ် ဘုရား) မရှိတာ တွေ့တာပါပဲလို့ မှတ်လိုက်စမ်းပါ။

အနိစ္စသည် ဒါ-မရှိတာကလေးဟာ အနိစ္စလို့သာမှတ်လိုက် အနိစ္စာနုပဿီ တဲ့ အနိစ္စလို့ပဲ ခင်ဗျားတို့က သိပေး၊ အနိစ္စ လို့မှတ် အနိစ္စလို့ သိ-တစ်လုံးတည်းကိုနော် (မှန်ပါ့)။

အနိစ္စလို့သိ၊ အနိစ္စလို့မှတ်၊ အနိစ္စလို့ရှု

မောင်အောင်ချီတို့ မောင်မြင့်တို့က အရေးကြီး တယ်ကွ၊ လုပ်မည့်လူတွေ (မှန်ပါ့) အနိစ္စလို့သာ ရှေးဦးစွာ မှတ်လိုက်၊ မရှိတာကလေးဟာ အနိစ္စလို့ပဲမှတ် – အနိစ္စလို့ပဲ မှတ်လိုက်တော့ (မှန်ပါ့)။

သတတံ တဲ့၊ ဒါကလေးဟာ အမြဲတွေ့ဖို့ အရေး ကြီးတယ်ဟေ့ (မှန်ပါ့) သတတီးအမြဲ၊ သမိုတီးမပြတ်တဲ့၊ မပြတ်အောင် တွေ့နေဖို့ အရေးကြီးတယ် တဲ့။

အညေဟိ အသမ္မိဿံ တဲ့၊ ဒါကလေး ပြောချင်လို့ ဦးမြ ဒီစကားစ,လာတယ်နော် (မှန်ပါ့)၊ အညဟိ= တစ်ပါးသော တရားတို့နဲ့၊ အသမ္မိဿံ = မရောဘူးတဲ့၊ ဒီအပျက်ကလေးနဲ့ မင်းတို့ ရှုနေတဲ့ တရားကလေး ကြားထဲမှာ ဘာမှမရောစေနဲ့တဲ့၊ ကြားမခိုစေနဲ့လို့ ဆိုလိုက်ပါတယ် (မှန်ပါ့)။

အညဟိ= တစ်ပါးသော တရားတို့နှင့်၊ အသမ္မိဿံ= မရော စေနဲ့ တဲ့၊ အနိစ္စလို့သိ အနိစ္စလို့မှတ် အနိစ္စလို့ ရှုနေတဲ့အထဲမှာ တစ်ပါးသော တရားကလေး မောင်မြင့် ကြားမ ဝင်စေနဲ့တဲ့နော် (မှန်ပါ့)။

တစ်ပါးသောတရားဆိုတာ လောဘကလေး ကြားမဝင် စေနဲ့၊ ဒေါသကလေး ကြားမဝင်စေနဲ့၊ တခြားသော စိတ်ကလေး ကြားမဝင်စေနဲ့ဆိုတာ ဦးအောင်ဇံဝေတို့က မှတ်မိပလား (မှတ်မိပါပြီ ဘုရား)။

သတတံ= အမြဲ၊ သမိတံ= မပြတ်၊ အသမ္မိဿံ= တစ်ပါးသော စိတ်နှင့် မရောမူ၍ (ဝါ) တစ်ပါးသော စိတ်မခြားမူ၍ တဲ့၊ စေတသာ အဓိမုစ္စမာနော တဲ့၊ စေတသာ= ခင်ဗျားတို့ရှုတဲ့ စိတ်နဲ့ အဓိမုစ္စမာနော= နှလုံးသွင်းလျက်၊ ဒါကလေးပဲ ဒါ အနိစ္စမှတစ် ပါး ဘာမှမဟုတ်ဘူး၊ အနိစ္စအစစ်ပဲလို့သာ နှလုံးသွင်းနေပါတဲ့ ပေါ်တိုင်း,ပေါ်တိုင်း ကြားလဲ မခြားစေနဲ့(မှန်ပါ့)။

ဘယ်တော့မဂ်ရမှာတုံး

ဒီလိုဆိုလို့ရှိရင်ဖြင့် ပညာယပရိယောဂါဟမာနော တဲ့၊ ပညာကလေးနဲ့လဲ ဟုတ်သားပဲ၊ မရှိတာကလေး တွေ့လိုက်တာဘဲ၊ စိတ်အရှုခိုင်းတာ၊ ဘုန်းကြီးကတော့ စိတ်အရှုခိုင်းတာ၊ ဘုရားကလဲ စိတ္တာနုပဿနာလို့ ဟောတော်မူတယ်၊ ကိုယ်ရှုတော့ မရှိတာဘဲတွေ့ တယ်လို့ ရှုတဲ့ပုဂ္ဂိုလ်တွေက ဒီအတိုင်းတွေ့ကြလို့ရှိရင်ဖြင့် ဦးအောင် ဇံဝေ နည်းလမ်းမှန်ကျပြီလို့ ဆုံးဖြတ်ချက်ချပါ (မှန်ပါ့) ရှင်းကြပါလား (ရှင်းပါပြီ ဘုရား) နည်းမှန်လမ်းမှန်ကျပြီလို့ ဆုံးဖြတ်ချက် ချလိုက်စမ်းပါ (မှန်ပါ့)။

ဒီလိုများရှုရင် ဘုရားတပည့်တော်တို့ ဘယ်တော့ အပါယ် လေးပါး တံခါးပိတ်တဲ့ သောတာပတ္တိမဂ်ရမှာတုန်း ဆိုတဲ့ မေးခွန်း ထုတ်လို့ရှိရင်ဖြင့် “ဒိဋ္ဌေဝ ဓမ္မေ” တဲ့ အင်္ဂုတ္တိုရ် ပါဠိတော်မှာ ဒီပါဠိ ဆက်လာတာပဲ၊ အခုကို ရပါတယ်ကွတဲ့၊ တစ်ပါးသော တရားသာ ကြားမခိုစေနဲ့။

ဦးမြကြီး ဘာတဲ့တုန်း (အခုကို ရပါတယ် ဘုရား) အခုရတယ် ဘယ်သူမခိုမှတုန်း (တစ်ပါးသောတရား ကြားမခိုမှပါ ဘုရား) အနိစ္စနဲ့ ရှုတဲ့ဉာဏ်နဲ့ ကြားထဲမှာ မောင်မြင့် တစ်ပါးသောတရား ကြားမခိုစေနဲ့တဲ့ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ) မောင်အောင်ချီကော (ရိပ်မိပါပြီ ဘုရား)။

ဝင်ရင် ကြာမှာစိုးလို့ ဘုရားက (မှန်ပါ့) ဦးမြကြီး ကြားခိုရင် (ကြာမှာ စိုးလို့ပါ ဘုရား)။

ကြာမှာစိုးလို့ဆိုတော့ “ပညာယပရိယောဂါဟမာနော” (မှန်ပါ့) “ယော အာသဝနံ ခယာ” ကွတဲ့၊ အိုဒီပုဂ္ဂိုလ်ဟာ အာသဝ ကုန်ပါတယ်တဲ့ဆိုတော့ ဒိဋ္ဌာသဝ အရင်ကုန်မှာပဲ သဘောကျ ပလား (ကျပါပြီ ဘုရား)။

“ဒိဋ္ဌေဝ ဓမ္မေ” တဲ့ ငါဘုရားကွာတဲ့ သဗ္ဗညုတဉာဏ်နဲ့ အမှန်အစစ်ကို ပြောနေပါတယ်၊ ဒိဋ္ဌဓမ္မရမှာပါ၊ မင်းတို့ ဘာမှ သံသယမရှိပါနဲ့၊ ဧကန်တကယ်ကိုရမှာ အခုပဲ ရမှာပါပဲလို့ ရဲဝံ့စွာ ဘုရားတာဝန်ခံတာ ဒီပါဠိတော်ပဲ (မှန်ပါ့ ဘုရား)။

အဲဒီတော့ ဒီပါဠိတော်မှာ အခုတရားနာနေတဲ့ ပုဂ္ဂိုလ်တွေ အရေးအကြီးဆုံး အချက်ကို ဘုန်းကြီးပြောရလို့ရှိရင် ဖြစ်ပျက်နဲ့ မဂ်နဲ့ ကိုက်ဖို့ရာဟာ ဦးမြ အရေးအကြီးဆုံးပဲ(မှန်ပါ့) ကြားထဲ မှာ ခြားဖို့ လိုသေးသလား မလိုဘူးလား (မလိုပါ ဘုရား) မခြား ရင် ဒီတစ်နာရီအတွင်းမှာပဲ ဦးအောင်ဇံဝေ ရနိုင်တယ် (မှန်ပါ့ ဘုရား)။

ကြားခြားလို့ကြာနေတာ

ခင်ဗျားတို့ ကြာနေတယ်ဆိုတဲ့ ဥစ္စာက ဖြစ်ပျက်နဲ့မဂ်နဲ့ဟာ အနိစ္စနဲ့ မဂ္ဂနဲ့ဟာ ကိုက်တဲ့အခါလဲ ကိုက်တယ်၊ မကိုက်တဲ့အခါလဲ တခြားသောစိတ်က ကြားဝင်ခိုနေတယ်၊ ရှုတဲ့ဉာဏ်က နောက်ကျ နေတယ် (မှန်ပါ့) အဲဒီလိုဆိုလို့ရှိရင် တာဝန်မခံနိုင်ဘူး၊ အင်္ဂုတ္တိုရ်ပါဠိတော်မှာနော် (မှန်ပါ့) သဘောကျကြပလား (ကျပါပြီ ဘုရား)။

ဒီနေ့ ထိုင်လို့မကောင်းပါဘူးဘုရားဆိုတဲ့ဥစ္စာ ဦးမြ ရိပ်မိ ပလား (ရိပ်မိပါပြီ) ကိလေသာ ကြားခိုတာ (မှန်ပါ့ ဘုရား)။

ဦးအောင်ဇံဝေ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား) ဘာတဲ့ တုန်း (ကြားခဲ့တာပါ ဘုရား) ကြားခိုတာ ဘယ်သူတုန်း ကိလေသာ ပေါ့ဗျာ (မှန်ပါ့) လောဘခို, ဒေါသခို, မောဟခို တနည်းအားဖြင့် လဲ ခင်ဗျားတို့ ဣဿာခို မစ္ဆရိယ, မာနခို, သောကခို, ပရိဒေဝ တွေခိုလို့ ရှိရင်လဲ ဒါဒီနေ့တော့ ဒိဋ္ဌာသဝဟာ ကျန်နေမှာပဲ၊ ဦးမြ မကျန်ပေဘူးလား (ကျန်ပါတယ် ဘုရား)။

အနိစ္စနဲ့ မဂ္ဂနဲ့ကိုက်ဖို့အရေးကြီးတယ်

ဒါဖြင့် ကျကျနနမှတ်စမ်းပါတဲ့၊ ရီကော်တာထဲမှာလဲ ဒါ ဘယ်ရောက်ရောက် သိရအောင်လို့၊ အနိစ္စနဲ့ မဂ္ဂနဲ့ကိုက်ဖို့ အရေး ကြီးတယ် (မှန်ပါ့ ဘုရား)။

ဘာတဲ့တုန်း (အနိစ္စနဲ့ မဂ္ဂနဲ့ ကိုက်ဖို့ အရေးကြီးပါ တယ် ဘုရား) အနိစ္စဆိုတာက ရှေ့ကပျောက်ပျက်သွားတာ၊ (မှန်ပါ့) မဂ္ဂဆိုတာက ပျောက်ပျက်တယ်လို့ သိလိုက်တာ (မှန်ပါ့ ဘုရား)။

ပျောက်ပျက်သွားပြီပေါ့ ပျောက်ပျက်သွားပြီဟေ့ လို့ သိလိုက်တာက ဘာပါလိမ့် (မဂ္ဂပါ ဘုရား) ပျောက်ပျက် သွားတာက (အနိစ္စပါ ဘုရား)။

အဲ ပျောက်ပျက်သွားတာက အနိစ္စ၊ ပျောက်ပျက်သွားပြီလို့ သိလိုက်တာက (မဂ္ဂပါ ဘုရား) ဆိုတော့ ဟိုက ပျောက်ပျက် တာနဲ့ ဒီသိတာနဲ့ ကြားထဲမှာ ဘာမှမရောလို့ရှိရင် တစ်နာရီအတွင်း ပဲ မဂ်ဉာဏ်, ဖိုလ်ဉာဏ်ရနိုင်ပါတယ် (မှန်ပါ့ ဘုရား) ဒီလိုချည့် ဆက်သွားပါ (မှန်ပါ့ ဘုရား)။

“သတတံ သမိတံ” သတတီးအမြဲ၊ သမိတံ= မပြတ်၊ အဗ္ဗော ကိဏ္ဏံ= တစ်ပါးသော တရားမရောမူ၍၊ အညဟိ အသမ္ဗိဿံ လို့ အဋ္ဌကထာဆရာ ဖွင့်သောကြောင့် တစ်ပါးသော စိတ်မရောဘဲနဲ့ ခင်ဗျားတို့ ကြိုးစားကြမယ်ဆိုရင်တဲ့ တစ်နာရီအတွင်းဖြင့် အရောကို မခံဘူးကွ၊ ဖြစ်ပျက်နဲ့ မဂ်နဲ့ မျက်လုံးက ဖြစ်ပျက်လာလဲ ဖြစ်ပျက်နဲ့ ဉာဏ်မဂ်နဲ့ ကိုက်အောင်လုပ်မယ်၊ အနိစ္စနဲ့ မဂ္ဂနဲ့ ကိုက်အောင် လုပ်မယ်၊ နားပေါ်လို့ရှိရင်လဲ နားကဟာနဲ့ မဂ္ဂနဲ့ ကိုက်အောင်လုပ် ရမယ်၊ ရှူစိတ်နဲ့ ရှိုက်စိတ်ကို ရှုနေလို့ရှိရင်လဲ ရှူစိတ်ရှိုက်စိတ် အပျက်နဲ့မဂ်နဲ့ ကိုက်အောင်လုပ်မယ်ဆိုရင် ဦးအောင်ဇံဝေ ဒီ တစ်နာရီ အတွင်းမှာ ခင်ဗျားတို့ အဓိဋ္ဌာန်လုပ်ကြည့်ပါ၊ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘာဖြစ်လို့တုန်း ဆိုလို့ရှိရင် အညဟိအသမ္ဗိသံ တစ်ပါး သောတရား မရောလို့ရှိရင် ဒိဋေဝဓမ္မတဲ့ အခုခဏချင်းပဲ ရမယ် ကွတဲ့ (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဪ ဒါဖြင့် ဆရာကောင်း, သမားကောင်း မတွေ့ တဲ့ပုဂ္ဂိုလ်များ ဖြေးဖြေးရမှာပဲဆိုတဲ့ အသွားဟာ အတော်မှားတယ်။ ဒီပါဠိတော်တွေ မတွေ့လို့ ဖြစ်နေတာ (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

အဲဒီတော့ ဒကာ ဒကာမတွေ အနိစ္စနဲ့ မဂ္ဂနဲ့ ကိုက်လို့ရှိရင်ဖြင့် သောမာတို့စတဲ့ အမျိုးသမီးတွေဟာ အနိစ္စနဲ့ မဂ္ဂနဲ့ ကိုက်တာဟာ နဂိုရ်ကလဲ ဆရာသမားဆီ နည်းယူထားပြီး အနိစ္စနဲ့ မဂ္ဂနဲ့ ကိုက်သွားတော့ မီးဖိုချောင်ထဲမှာ ဟင်းရွက်တွေ ဘာတွေ ကြော်ရင်း ခပ်ရင်းနဲ့ တောင် ဦးမြ ရသွားတယ် (မှန်ပါ့ ဘုရား)။

ဘာဖြစ်လို့ ရပါလိမ့် (အနိစ္စနဲ့ မဂ္ဂကိုက်လို့ပါ ဘုရား) ကြားကိလေသာ မခြားလို့၊ (မှန်ပါ့) ဦးအောင်ဇံဝေတို့ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဲဒါကြောင့် “သော အာသဝါနံ-ခယာ၊ ထိုအနိစ္စနဲ့ မဂ္ဂနဲ့ မပြတ်ကိုက်သွားသော ပုဂ္ဂိုလ်သည်၊ အာသဝါနံ= အာသဝ တို့၏၊ ခယာ= ကုန်ခြင်းကြောင့်၊ ဒိဋ္ဌေဝ ဓမ္မေ= ယခုခဏ၌ ဆိုတော့ မောင်အောင်ချီတို့ မောင်မြင့်တို့က ဪ တို့ နက်ဖြန် ဒါ-ကိုက်အောင်, ည ဒါကိုက်အောင် လုပ်မယ်ဆိုရင် သိပ်အဖို့ တန်သွားမှာပဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဦးမြကကော ဒါကိုက်အောင် လုပ်ရမယ် (မှန်ပါ့) ဒါ ကိုက်အောင်လုပ်ရမယ်၊ ဦးအောင်ဇံဝေ(မှန်ပါ့) ဘာလုပ် ရမတုန်း၊ (ကိုက်အောင်လုပ်ရပါမယ် ဘုရား) အနိစ္စနဲ့ မဂ်နဲ့ ကိုက်အောင် လုပ်ရမယ် (မှန်ပါ့) ကြားထဲမှာ (ကိလေသာ ကြားမခို ရပါ ဘုရား)။

ကြားမခိုရအောင် အထူးဂရုစိုက်ပေး (မှန်ပါ့) ဒါ အလုပ်သက်မရှည်ရအောင်ပေါ့ဗျာ (မှန်ပါ့) နို့မဟုတ် လို့ရှိရင်ဖြင့် အလုပ်သက်တွေ ရှည်နေလို့ရှိရင်လဲ ခင်ဗျားတို့မှာ နစ်နာသွား ပါလိမ့်မယ် ဆိုတဲ့ဥစ္စာ မှတ်လိုက်ပါ (မှန်ပါ့)။

အလုပ်သက်ရှည်သွားတော့ ဘာဖြစ်လို့ နစ်နာမှာတုန်းလို့ မေးတော့ ဒကာ ဒကာမတွေ ခန္ဓာကိုယ်ကြီးက စိတ်မချရဘူး (မှန်ပါ့)။

ဦးမြခန္ဓာကိုယ်က ဘာတဲ့ (စိတ်မချရပါ ဘုရား) ဘယ်စိတ် ချရမတုန်း တဲ့၊ သူသည် ပဋိသန္ဓေနေပြီးတဲ့နေ့ကစ, ပြီးသကာ လ သင်းချိုင်းပြေးနေတာ ရပ်မှမရပ်ဘဲ (မှန်ပါ့) ရပ်ကဲ့လား (မရပ်ပါ ဘုရား)။

ဘယ်ပြေးနေသလဲ(သင်းချိုင်းပြေးနေပါတယ် ဘုရား) သင်းချိုင်းနေတယ်၊ ရပ်မှ မရပ်ဘဲလို့ ခင်ဗျားတို့က တကယ်တမ်းသိပြီဆိုမှဖြင့် သူ သင်းချိုင်းရောက်သွားလို့ ရှိရင်ဖြင့် ဒီတစ်ခါတွင် သေမှာမဟုတ်ဘူး၊ အဖန်ဖန်သေမည့် ကိစ္စတွေ အများကြီးရှိနေတယ်ဆိုပြီး သကာလ ဒီ ဒကာ ဒကာမက အင်း သူ သင်းချိုင်းမရောက်ခင် ကိုယ့်အနိစ္စနဲ့ မဂ္ဂကိုက်ပြီး အပါယ်လေး ပါး တံခါးပိတ်တဲ့ ဒိဋ္ဌိပြုတ်အောင် လုပ်လိုက်မယ်၊ မဂ္ဂနဲ့ ကိုက်သွား ရင် ဒိဋ္ဌိပြုတ်သွားတာ (မှန်ပါ့) အဲ ဒိဋ္ဌိပြုတ်လိုက်လို့ ရှိရင် ဖြင့် အသေက မဦးခင် မဂ်ဉာဏ်ကဦးသွားတယ်လို့ ဒကာ ဒကာမ တွေက ဆုံးဖြတ်ချက်ချ (မှန်ပါ့)။

ဘယ်လိုမှတ်ကြမလဲ (အသေကမဦးခင် မဂ်ဉာဏ်က ဦးသွားပါတယ် ဘုရား) မဂ်ဉာဏ်က ဦးသွားတယ်ဆိုတော့ ကိုယ်လို ချင်တဲ့ ပန်းတိုင် ရောက်ပလား (ရောက်ပါပြီ ဘုရား) ရှင်းကြ ပလား (ရှင်းပါပြီ ဘုရား)။

ဒကာ ဒကာမတွေ ခင်ဗျားတို့ တိုက်လဲတိုက်တွန်းရတယ် ဦးအောင်ဇံဝေရ တရားလဲ ဟောရသေးတယ်၊ လွယ်တာမဟုတ်ဘူး (မှန်ပါ့)။

တိုက်တွန်းရတာလဲ နောက်ကတစ်ခါ တွန်းပေးနေရသေး တယ် (မှန်ပါ့) ဟ လုပ်ပါဟ၊ ဟ လုပ်ပါဟဆိုတာလဲ တွန်းလဲပေးရသေးတယ်၊ လုပ်နည်းလဲ ပေးရသေးတယ်ဆိုတော့ တရားဟောတဲ့ ဘုန်းကြီးက မလွယ်ဘူး၊ လွယ်ပါ့မလား (မလွယ်ပါ ဘုရား)။

ဒီတွန်းမပေးပြန်လို့ရှိရင်လဲ သူတို့ကမရွှေ့ ဘူး လုပ်နည်း ၊ မပေးပြန်လို့ရှိရင်လဲ မလုပ်တတ်ဘူးဆိုတော့ ခက်လိုက်တာ ရွှေ့ဖို့ရာက တစ်မျိုး လုပ်တတ်ဖို့ရာက တစ်မျိုးဆိုတော့ အတော်ကလေး ကိုလဲ အရေးကြီးတယ်၊ တရားဟောတဲ့ ဘုန်းကြီးက ဒီတရားဟောတတ်ရုံနဲ့ ဦးမြ မပြီးသေးဘူးဗျ (မှန်ပါ့) တိုက်တွန်းနည်း ကိုလဲ ပြောဦးမှ (မှန်ပါ့)။

တိုက်တွန်းတဲ့ အခါလဲ ဘာ့ကြောင့်တွန်းရတယ်ဆိုတဲ့ အကြောင်းကိုလဲ လုံလောက်အောင် ပြောဦးမှ (မှန်ပါ့)။

အခုတော့ ပြောပြီးပါပြီတဲ့၊ အသေက ခန္ဓာကိုယ်ကြီးက အသေဆီ သွားနေတော့ အသေက ဦးပြီးသွားလို့ ဉာဏ်က အပါယ် လေးပါးတံခါးပိတ်တဲ့ အနိစ္စနဲ့ မဂ္ဂနဲ့ကိုက်တဲ့ မဂ်ဉာဏ်ကလေး မ လိုက်ဘဲနဲ့ ဆိုလို့ရှိရင်ဖြင့် နောက် ဒီဆရာနဲ့လဲ မတွေ့ ဒီ-သာသနာတော်နဲ့လဲ မတွေ့၊ သွားပြီဗျ(မှန်ပါ့) ဘယ်လိုကယ်မတုန်း ကယ်စရာအကွက် မြင်သေးရဲ့ လား (မမြင်ပါ ဘုရား)။

အသေကဦးသွားရင်

အဲဒီတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ကွာ တဲ့ ကျောက်ခဲရေထဲကျ ဖြစ်သွားပြီတဲ့ (မှန်ပါ့) ကျောက်ခဲရေ ကျတော့ ဘာဘူ သူပေါ်သေးရဲ့လား (မပေါ်ပါ ဘုရား)။

အဲ့ဒီလိုဖြစ်သွားမယ်တဲ့ အသေကဦးလို့ ဉာဏ်ကမဦးရင် ကျောက်ခဲ ရေကျဖြစ်သွားမယ်၊ အောက်သံသရာသာ လှည်နေတော့မှာကိုး (မှန်ပါ့ ဘုရား) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဘာတဲ့တုန်း (အောက်သံသရာသာ လှည့်နေမှာပါ ဘုရား) အောက်သံသရာပဲ လှည့်နေတော့မယ် ဆိုတော့ ဘုရားမှန်းလဲ မသိဘူး၊ ဦးမြ၊ ဦးအောင်ဇံဝေတို့ ဒီလိုလှည့်နေလို့ရှိရင် ကမ္မဿ ကတ ဉာဏ်တောင် ရှိသေးရဲ့ လား မေးလိုက်တယ် (မရှိ , ပါ ဘုရား)။

ကမ္မဿကတ ဉာဏ်မရှိတော့ ဒီပြင်ဉာဏ်ဆိုတာ ဘယ့် နှယ် နေတော့မလဲ (ဒီပြင်ဉာဏ်လဲ မရပါ ဘုရား) ဒီပြင်ဉာဏ်လဲ လုံးဝမရနိုင်ဘူးဆိုတော့ သံသရာ့သစ်ငုတ်ဖြစ်တယ်၊ ဘယ်ဘုရား လာလာ သစ်ငုတ်ပဲတဲ့ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

သစ်ငုတ်ဆိုတာက သူ့နား ဘုရားရောက်လို့ကော သူသိရဲ့လား (မသိပါ ဘုရား) သူများခလုတ်တိုက်သွားလို့ သူသိရဲ့လား (မသိပါ ဘုရား) သူများ မီးရှို့တော့ကော (မသိပါ ဘုရား)။

အဲ မင်းတို့ ဒီတစ်ခါ ကျော်သွားလို့ရှိရင်တဲ့ သံသရာ သစ်ငုတ်ဖြစ်မယ်ဆိုတာ ဧကန်မှတ်ပါ (မှန်ပါ့)။

ဘာဘူ ကြောက်စရာမကောင်းဘူးလား (ကောင်းပါတယ် ဘုရား) သိပ်ကြောက်စရာ ကောင်းတယ်ဆိုတာ နောက်က ဒကာ ဒကာမတွေ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ခင်ဗျားတို့ အမြင်ကလေးနဲ့ လောက်ဖြင့် ကိုယ့်ဟာကိုယ် ဘာမှ အသုံးမကျသေးဘူး ဆိုတာကို ဆုံးဖြတ်ချက်ချပါ (မှန်ပါ့ ဘုရား)။

ခင်ဗျားတို့ အမြင်ကလေးကလဲ စီးပွားရေးကလေးက မလုံလောက်သေးလို့ ဆိုတဲ့ အမြင်ကလေးပေါ့ဗျာ (မှန်ပါ့)။

သားသမီးကလေးတွေက စိတ်မချလောက်သေးလို့ ဆိုတဲ့ အမြင်တိုကလေးတွေဟာ သံသရာ့သစ်ငုတ်ကို စိတ်ကူးတဲ့အလုပ် ပဲလို့ ဆုံးဖြတ်ချက်ချရင် လွဲပါ့မလား (မလွဲပါ ဘုရား)။

အဲဒါကြောင့် ကြပ်ကြပ်သတိထား ဒကာ ဒကာမတွေ သံသရာ့သစ်ငုတ်တို ဖြစ်သွားလို့ ရှိရင်ဖြင့် သွားပြီ တဲ့၊ ဘယ်မှာ ဘုရားပွင့်လဲ သူက ငရဲနေတာပဲ၊ သံသရာ့ သစ်ငုတ်ကိုးဗျ (မှန်ပါ့ ဘုရား)။

တိရစ္ဆာန်ဆိုတာ

ဘုရားပွင့်လဲ သူကတိရစ္ဆာန်ဘုံဖြစ်ချင်ဖြစ်နေတာ၊ ဘုရာ က သူ့ဟာသူ ပွင့်နေတာဗျ၊ သူက တိရစ္ဆာန်ဖြစ်နေတာ၊ ဦးအောင် ဇံဝေရဲ့ ဘာဆိုင်သေးသတုန်း၊ (ဘာမှ မဆိုင်ပါ ဘုရား) ဘာမ မဆိုင်ဘူးဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။

ကောင်းပြီ တိရစ္ဆာန်ဆိုတာက နေမကောင်းလဲ ကိုယ့်ဟာကိုယ် မြေကြီးပေါ်လူးပြီး သေလိုက်ရုံပဲရှိတယ်၊ ဘယ်သူ ဆေးပေးလို့ ဘယ်သူက ကူညီလို့ ဘယ်သူက ထူပေးမတုန်း ဦးအောင်ဇံဝေ (မရှိပါ ဘုရား) သေပွဲဝင်ရုံမှတစ်ပါး ဘာရှိသေးသတုန်း (ဘာမှမရှိပါ ဘုရား)။

ကဲ သေပွဲဝင်တာ သေပေစေတော့၊ သေတော့ ဘယ်စိတ်နဲ့ သေသတုန်းလို့ မေးတဲ့အခါကျတော့ သူ့ခန္ဓာကြီး မစွန့် ချင်တဲ့တဏှာ, ဒိဋ္ဌိနဲ့သေသွားတယ်၊ အပါယ်ပဲ ပြန်ရောက်တယ် ၊ တိရစ္ဆာန်ကနေပြီး အပါယ်ငရဲပြန်ရောက်သွားတယ်၊ မဆိုး ဝါးဘူးလား (ဆိုးဝါးပါတယ် ဘုရား)။

အဲဒါကြောင့် ခင်ဗျားတို့ ဦးမြကြီးတို့ ဦးအောင်ဇံဝေတို့ အသက်အတိုင်းနေရင် မှီရုံကလေးရှိတာ (မှန်ပါ့)။

ဘယ့်နှယ်ဆိုမလဲ (မှီရုံကလေးရှိပါတယ် ဘုရား) မှီရုံကလေး ရှိတယ်ဆိုတာ နောက်က ဒကာ ဒကာမတွေကော သေချာကြပလား (သေချာပါပြီ ဘုရား)။

ခင်ဗျားတို့ လဲမည့်ဆင်ခြေများ မသုံးလိုက်ကြစမ်းပါနဲ့ဆို တာကို သေသေချာချာ သတိပေးပါတယ် (မှန်ပါ့) ခင်ဗျားတို့ လဲတဲ့ ဆင်ခြေသည်ကားလို့ ဆိုလို့ရှိရင်ဖြင့် ကြာလေ အရုပ်ဆိုးလေပဲ (မှန်ပါ့)။

ကိုင်း ဒါဖြင့် မနေ့ကတရား ပြန်စ, ကြပါစို့၊ ဒါက တိုက်တွန်းပြီး လုပ်နည်းပြတယ်လို့ မှတ်လိုက်တာပေါ့ (မှန်ပါ့ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဇီးတောကျောင်းမှာ နေတဲ့ ရှင်ခေမက, က အနာဂါမ် တည်ပြီး သားပါ၊ ကောသမ္ဘီပြည်မှာ နေတဲ့ ရဟန်းပေါင်း ခြောက်ဆယ်ဟာ ပုထုဇဉ်ရဟန်းတွေပါ။

ရှင်ခေမက,က တရားဟောနာမည်ရဖြစ်သောကြောင့် သူဟောရင် ကျွတ်တမ်းဝင်တာချည့် များသောကြောင့် ရှင်ခေမက ရဲ့ တရားကိုလဲ ရဟန်းကြီးခြောက်ဆယ်က နာချင်တယ်၊ နာချင် ပင် နာချင်ငြားသော်လဲ မမာဘူးဆိုတာလဲ သတင်းကြားတော့ ဦးအောင်ဇံဝေ ပင့်ဖို့ရာလဲ ခဲယဉ်းတယ် (ခဲယဉ်းပါတယ် ဘုရား)။

သူတို့ ကိုယ်တိုင်သွားပြီး နာမည်ဆိုပြန်တော့လဲ ဇီးတော့ ကျောင်းဆိုတာ တစ်ခန်းကျောင်း ကလေး ဖြစ်နေတော့ နေစရာ, ထိုင်စရာ မရှိဘူး (မှန်ပါ့) သဘောပါပလား (ပါ,ပါပြီ ဘုရား)။

ပင့်ရမှာက ရှင်ခေမက,က ဘာဖြစ်နေသလဲ (နေမကောင်း ပါ ဘုရား) သွားရမှာက သူ့ကျောင်းက ဆန့်ရဲ့လား (မဆန့် ပါ ဘုရား)။

အဲဒါကြောင့် ရဟန်းကြီးခြောက်ဆယ်က ဒါသက သွားချေ စမ်းကွာ ရှင်ခေမက, ဆီကို၊ တို့တရားနာချင်တယ်၊ နေကောင်း သလား မကောင်းသလားလို့ သွားမေးချေလို့ ပထမ ၁နံပါတ် အခေါက် ခိုင်းလိုက်ပါတယ် (မှန်ပါ့)။

ဒါနဲ့ ဒါသကဆိုတဲ့ ရဟန်းက သွားလိုက်တယ်၊ ရဟန်းကြီး ခြောက်ဆယ်က အမေးလွှတ် လိုက်ပါတယ်ဘုရား၊ အရှင်ဘုရား နေကောင်းသလား မကောင်းဘူးလားလို့ ဟာ သိပ်နေမကောင်း သေးဘူးကွာ ရဟန်းကြီးခြောက်ဆယ်ကို လျှောက်ပါဆိုလို့ ပြန်သွား တယ်။

အဲဒီတွင် တစ်ခေါက်ပြန်ပြီးတော့ မေးတယ်၊ နေမကောင်း တာသည်ကား ငါက နေမကောင်း တာလား သူကနေမကောင်း တာလားသွားကာ မေးချေပါဦးဆိုတဲ့ သဘောနဲ့ အမေးခိုင်းလိုက်တဲ့ အခါကျတော့ အရှင်ဘုရား နေမကောင်းတာသည်ကားလို့ ဆိုလို့ ရှိရင်ဖြင့် ငါ,ငါ့ဥစ္စာ ရုပ်နာမ်များ ထားသေးသလား တဲ့၊ နေမကောင်းတာကို တချို့က ငါနာတယ်, သူနာတယ်က ရှိသေး တာကိုးဗျ (မှန်ပါ့)။

အရှင်ဘုရား၊ ငါ,ငါ့ဥစ္စာရယ်လို့ ခန္ဓာပေါ်များထားသေး သလားလို့ မေးလိုက်တယ်၊ အိုငါငါ့ဥစ္စာတော့ မထားပါဘူးကွာတဲ့(မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဲဒီတော့ သွားပြောချေကွာ ရဟန်းကြီး ခြောက်ဆယ်ကို ငါ့ဥစ္စာတော့ ပြုတ်ပြီးသားပါလို့ သွားလျှောက်ချေကွဆိုတော့ သူသောတာပန်တည်ပြီးပြီ၊ သကဒါဂါမ်တည်ပြီးပြီ၊ အနာဂါမ်တည်ပြီးပြီ လို့ ပြောလိုက်တာပဲ (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ငါ, ငါ့ဥစ္စာ ပြုတ်လို့ရှိရင် သောတာပန်တည်တယ်လို့ မောင် မြင့်တို့ မောင်အောင်ချီတို့ ဆုံးဖြတ်ချက်ချကွာ (မှန်ပါ့ ဘုရား)။

ငါ, ငါ့ဥစ္စာပြုတ်သွားရင် သောတာပန်တည်ပြီလို့ ဆုံးဖြတ် ချက်ချ (မှန်ပါ့)။

ရှေ့တွင် ပျက်တာကတေလ မြင်ပြီး ရှေ့တွင် ပျောက်တာ ကလေးသာ မြင်ပေ့စေ၊ ဪ ဒီဥစ္စာကလေး ငါ, ငါ့ဥစ္စာ မဟုတ်တာ အသေအချာပဲ၊ ငါ့စိတ်လို့သာ ထင်နေရတယ် သူများ ကတော့ ငါ့စိတ်ကို ငါမြင်တယ်လို့ ထင်တယ်၊ ဒီမြင်တဲ့ စိတ်ကလေး ကိုပဲ ငါမြင်တယ်လို့ ထင်တဲ့ဥစ္စာကလေးကိုပဲ ကြည့်လိုက်တဲ့ အခါ ကျတော့ ဖြစ်ပေါ်ပြီး ပျောက်ထွက်သွားတော့ကို တားလို့ ဆီးလို့ ရကြရဲ့လား (မရပါ ဘုရား)။

မရတာထောက်လိုက်တော့ကို ဒါ ငါ့ဥစ္စာလို့ ဆိုကြ မလား (မဆိုနိုင်ပါ ဘုရား)။

အဲ့ဒီလို တစ်ခါ စိတ်ကလေးတစ်ခု ငါ, ငါ့ဥစ္စာမဟုတ်ဘူး၊ ငါငါ့ဥစ္စာ မဟုတ်ဘူး ဒါကလေးဟာ ဒကာ ဒကာမတွေက စိုက်ပြီး သကာလ ပေါ်လာတဲ့စိတ်ကလေး ငါ့ဥစ္စာ မဟုတ်ဘူး၊ အနိစ္စ ကလေး သက်သက်ပဲ၊ ဒုက္ခကလေး သက်သက်ပဲ၊ အနတ္တကလေး သက်သက်ပဲလို့ ကိလေသာ မခြားဘဲနဲ့ မြင်နေအောင်သာ ကြည့်နေ စမ်းပါ၊ ငါ့ဥစ္စာဖျပ်ဆို ပြုတ်လိုက်ရင် အပါယ် လေးပါး တံခါး ပိတ်သွားတာပဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကောင်းပြီ၊ ဒါ-ရှုရင်းပြုတ်ရမှာနော် ဒီအတိုင်းပြုတ်လို့တော့ မရဘူးနော် (မှန်ပါ့)။

အဲ-စာသမားပြုတ်နဲ့ ဦးမြရပါ့မလား (မရပါ ဘုရား) မရဘူးတဲ့၊ ပွားများပြီး ပြုတ်မှဆိုတာ မှတ်လိုက်ကြစမ်းပါ (မှန်ပါ့)။

ဘယ်လိုမှတ်ကြမယ် (ပွားများပြီးပြုတ်မှ ရပါမယ် ဘုရား)။

အေး ပွားများပြီးပြုတ်ရမယ်၊ ပွားများပြီး ပြုတ်တာတောင် မှ သစ္စာသိပြီး ပြုတ်မှတဲ့ (မှန်ပါ့)။

ဒါကလေးဟာ ပျောက်ပျက်သွားတာ အနိစ္စဒုက္ခသစ္စာပဲဟ (မှန်ပါ) အနိစ္စလဲဟုတ်တယ်၊ ဒုက္ခသစ္စာကော (ဟုတ်ပါတယ် ဘုရား)။

အဲဒီလို ဉာဏ်ထဲမှာ ရှင်းသွားအောင် ပြုတ်လိုက်လို့ရှိရင် တော့ဖြင့် အပါယ်လေးပါး တံခါးပိတ်ပြီ။

ဒါကြောင့် မနေ့က ပြောသလိုပဲ ဒီလိုပြုတ်ပြီးလဲ ပုဂ္ဂိုလ်မှ ပျော်မှု, သားသမီးများ လုပ်ကျွေးမှုထားပါဆိုတဲ့ဥစ္စာ ပြောရတယ် နော် (မှန်ပါ့) ကိုယ့်အတွက် စိတ်ချရပြီးတော့မှ သူများအတွက် လုပ်တာပေါ့ (မှန်ပါ့) မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

အခုတော့ ကိုယ့်အတွက်လဲ စိတ်မချရသေးဘူး၊ သူများ အတွက် လုပ်နေသေးတယ် ဆိုတော့ ကိုယ့်လဲ အနာမပျောက် သေးဘူး၊ သူများအနာလဲ ကုချင်သေးတယ်ဆိုတော့ ယုံကြည်စရာ ကော ရှိရဲ့လား (မရှိပါ ဘုရား) အလကားဆေးသမားနဲ့ တူ နေတယ်နော် (မှန်ပါ့)။

ကဲ ဒါဖြင့် ရှင်းလောက်ပါပြီတဲ့၊ ဒါနဲ့ ရှင်ခေမက,က ပြောလိုက်တာနဲ့ ငါ့ဥစ္စာတော့ မဟုတ်ပါဘူးလို့ ပြောလိုက်တာနဲ့ ဒါသက ပြန်ပြီးတော့ ရဟန်းကြီးတွေ ပြောတဲ့အခါ အရှင်ဘုရား တဲ့ နာတော့နာတာပဲ, ကျင်တော့ ကျင်တာပဲ ခန္ဓာကိုယ် ဖျားတာ နာတာတော့ ဟုတ်ပါရဲ့၊ သို့သော်လဲ ခန္ဓာကိုယ်တစ်ကိုယ်လုံးမှာ ငါ, ငါ့ဥစ္စာ အဖြစ်တော့ဖြင့် မစွဲပါဘူးလို့ လျှောက်လိုက် ပါတယ်ဘုရာ့။

ဒါသက လာဦးကွာတဲ့ ရဟန်းကြီးတွေက၊ သွားမေးချေဦး ကွာ၊ ငါ့ဥစ္စာမဟုတ်လို့ရှိရင် အရှင်ဘုရား ရဟန္တာလားလို့ သွားမေးချေဦးတဲ့ ခိုင်းပြန်ပြီနော် (မှန်ပါ့) ဦးအောင်ဇံဝေ ခိုင်းပြန်ပြီ တစ်ခေါက်၊ သုံးခေါက်ရှိသွားပြီနော် (မှန်ပါ့)။

ဒါနဲ့ ရှင်ခေမကဆီ သွားပြန်တယ် ဟာ မင်း လာပြန်ပလားလို့ မေးတော့ လာပြန်ပြီလို့ လျှောက်တယ် (မှန်ပါ ဘုရား)။

အရှင်ဘုရားကို အမေးခိုင်းပြန်တယ်ဘုရား၊ အရှင်ဘုရားက ငါငါ့ဥစ္စာတော့ စွဲလမ်းမှု မရှိဘူးလို့ ပြောလိုက်တဲ့အတွက် ငါ, ငါ့ဥစ္စာ မရှိရင် အရှင်ဘုရား ရဟန္တာ ဖြစ်ပလားလို့ အမေးခိုင်းပါတယ် တဲ့ (မှန်ပါ့)။

ဘာဆိုင်သတုန်း ဦးမြရဲ့ အနာဂါမ် ရှိသေးတာပဲနော် (မှန်ပါ့) ရဟန္တာဖြစ်ပလားလို့ ကိုယ်တော်ကြီးတွေက အမေးခိုင်းလိုက်တာ တရားနာချင်လို့ အမေးခိုင်းလိုက်တာနော်(မှန်ပါ့)။

ဘယ်လိုကြောင့် အမေးခိုင်းသတုန်း (တရားနာချင်လို့ပါ ဘုရား)။တရားနာချင်လို့ သူ-ဘယ်လိုဟောမတုန်းဟ၊ ဒီ-ဟောသံ ကို ကြည့်ပြီးတော့ သူတို့ အားထုတ်မလို့ (မှန်ပါ့)။

အဲဒီတော့ ဒီတရားပွဲမှာ ဒကာ ဒကာမတွေ ဒီကိုယ်တော်ကြီးများကို ရှင်ခေမက,က ဆက်ဟောနေတာ ခန္ဓာကြည့်ဟောနေ တယ်လို့ ဆုံးဖြတ်ချက်ချလိုက်စမ်း (မှန်ပါ့)။

ရဟန်းကြီးခြောက်ဆယ်ကလဲ သူပြောသ၍ ရှင်ခေမက ဖြေလွှတ်လိုက်တာတွေကို ခန္ဓာကြည့်ပြီး သူတို့ ရှုရင်းမတ္တနဲ့ နေကြ တာပဲလို့ မှတ်လိုက်ပါ (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် အဟောသမားကတဲ့ ခန္ဓာကြည့်ပြီးဟောတယ်နော်) (မှန်ပါ့) တရားနာသမား တွေကကော (ခန္ဓာကြည့်ပြီး နာပါ တယ် ဘုရား) ခန္ဓာကြည့်ပြီး နာနေကြတယ်လို့ ဆုံးဖြတ်ချက်ချ ထားပါ (မှန်ပါ့)။

ဒါနဲ့ပဲကွာတဲ့ ဒါသက ဒီလိုမှတ်သွားကွာတဲ့၊ ငါ,ငါ့ဥစ္စာလဲ မယူပါဘူး၊ ရဟန္တာတော့ မဟုတ်သေးဘူး၊ မဟုတ်ပေမဲ့လဲ အခု ငါဖျားတဲ့အချိန်မှာတော့ဖြင့် ဒီခန္ဓာငါးပါးကို

“ပဉ္စသု ဥပါဒါနက္ခန္ဓေသု အသ္မီတိ အဓိဂတံ၊

အယမဟ မသ္မီတိ နစ သမနုပဿာမိ။”

ဒါသကတဲ့ ငါစင်စစ်အမှန်ကို ပြောရလို့ရှိရင် ခန္ဓာငါးပါး တို့၌၊ အသ္မီတိ= ငါယောင်ယောင် ဟူ၍၊ အဓိဂတံ= ထင်နေပါသေး တယ်ကွာတဲ့၊ ခန္ဓာငါးပါးအပေါင်းတို့ကို ငါရယ်လို့ ထင်နေသေး တယ် တဲ့၊ အယံ= ဤခန္ဓာငါးပါးသည်၊ အဟံ အသ္မီတိ= ငါ တကယ်ဖြစ်၏ ဟူ၍ကား၊ နစ သမနုပဿာမိ= ရှုလဲမရှုပါဘူးတဲ့၊ ဒီလိုတော့ မယူတော့ ပါဘူးတဲ့၊ ငါတကယ်ဖြစ်တယ်လို့တော့ မယူပါဘူး ငါတကယ် ဖြစ်လို့တော့ မယူပါဘူးတဲ့၊ ငါသယောင်ယောင်တော့ ထင်သေးတယ် ကွတဲ့ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ငါတကယ်ဖြစ်လို့တော့ (မထင်ပါ ဘုရား) မယူတော့ဘူးနော် (မှန်ပါ့) ငါယောင်ယောင် တော့ဖြင့် (ထင်ပါသေးတယ် ဘုရား) ခန္ဓာအပေါင်းကို (မှန်ပါ့) သဘောပါပလား (ပါပါပြီ ဘုရား)။

ခန္ဓာငါးပါးကို ငါဖြစ်တယ်လို့တော့ ယူသေးသလား (မယူပါ ဘုရား) ငါယောင်ယောင် တော့ (ထင်နေပါသေးတယ် ဘုရား) ခန္ဓာငါးပါး အပေါင်းကို ငါယောင်ယောင်တော့ ထင်နေ သေးတယ်ဆိုတဲ့ဥစ္စာ ဒီမှာ ဦးအောင်ဇံဝေတို့ ဦးမြတို့က အဖြေ ထွက်သွားပြီဗျနော် (မှန်ပါ့)။ –

သူဟာ အနာဂါမ်သာ တည်ပါသေးတယ်၊ ရဟန္တာမဟုတ် သေးပါဘူး၊ မာနကျန်ပါတယ်, တဏှာကျန်ပါတယ် ပြောလိုက်တာ (မှန်ပါ့)။

ဒကာ ဒကာမတို့ ဘာကျန်တာတုန်း (မာနနဲ့ တဏှာကျန် ပါတယ် ဘုရား)။

အဲဒီတော့ ဒိဋ္ဌိသာပယ်သွားတာကိုးဗျ(မှန်ပါ့) နောက်က ဒကာ ဒကာမတွေ ဘာသာပယ်သတုန်း (ဒိဋ္ဌိသာ ပယ်ပါတယ် ဘုရား) မာနနဲ့ တဏှာက (ကျန်ပါသေးတယ် ဘုရား)။

အဲ ပပဉ္စတရားသုံးပါးမှာ ဘယ်နှစ်ပါးပယ်သတုန်း (တစ်ပါးပယ်ပါတယ် ဘုရား) ဦးမြ ဘယ်နှစ်ပါးပယ်သတုန်း (တစ်ပါး ပယ်ပါတယ် ဘုရား) တစ်ပါးပဲနော်။ ဒိဋ္ဌိပပဉ္စကို ဘာတုန်း (ပယ်ပါ တယ် ဘုရား) တဏှာနဲ့ မာန ပပဉ္စတော့ (ကျန်ပါသေးတယ် ဘုရား) မပယ်သေးဘူး။

သောတာပတ္တိမဂ်ဆိုတာ

သို့သော် ဒီဒကာ ဒကာမတွေ ဘုန်းကြီးက ရှင်းပြောလိုတာက ဒိဋ္ဌိပပဉ္စတော့ အမြင်နဲ့တကွ ပယ်ပြီးပြီ သောတာပတ္တိ မဂ်ကနော် (မှန်ပါ့) တဏှာပပဉ္စနဲ့ မာနပပဉ္စဟာလဲတဲ့ လေးပိုင်း တစ်ပိုင်းပယ်ပြီးလို့ မှတ်လိုက်စမ်းပါ (မှန်ပါ့)။

ဒကာ ဒကာမတို့ ဘယ်လိုမှတ်မယ် (လေးပိုင်းတစ်ပိုင်း ပယ်ပြီးပါပြီ ဘုရား)။

လေးပိုင်းတစ်ပိုင်းပယ်ပြီးပြီလို့ မှတ်လိုက်တဲ့အခါကျတော့ ဪ လေးပိုင်းတစ်ပိုင်း ဆိုတာ ဘာပါလိမ့်မတုန်းလို့ မသိဘဲ နေမှာစိုးလို့ တဏှာနဲ့ မာနကို ၄ပုံပုံပြီးတော့ အပါယ်ကျ စေတတ် တဲ့ အပုံကို ပယ်ပြီးပြီလို့ မှတ်လိုက် (မှန်ပါ့)။

ဦးမြ ဘယ်လိုမှတ်မယ် (အပါယ်ကျစေတတ်တဲ့ တစ်ပုံကို ပယ်ပြီးပါပြီ ဘုရား) ကျန်တဲ့သုံးပုံ ကျန်တယ် (မှန်ပါ့) မဆိုနိုင် ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

အဲဒီတော့ ဒါဖြင့် ဒိဋ္ဌိတွင်ပယ်သလား၊ မာန,တဏှာပါ ပယ်သလား မေးလို့ရှိရင် ဒိဋ္ဌိကို စင်းလုံးချော ပယ်လိုက်တယ်၊ မာန,တဏှာကို လေးပိုင်းတစ်ပိုင်းပယ်လိုက်တယ် (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဒိဋ္ဌိကို (စင်းလုံးချောပယ်ပါတယ် ဘုရား) မာနနဲ့ တဏှာကို (လေးပိုင်းတစ်ပိုင်း ပယ်ပါတယ် ဘုရား) လေးပိုင်းတစ်ပိုင်း ပယ်လိုက် တယ်ဆိုတော့ လေးပိုင်းတစ်ပိုင်းဟာ ဘယ်သူတုန်း မေးလို့ ရှိရင် ဦးအောင်ဇံဝေက ဘယ့်နှယ်ဖြေမတုန်း (အပါယ်ကျစေတတ်တဲ့ အပိုင်းပါ ဘုရား) အပါယ်ကျစေတတ်တဲ့ အပိုင်းကို ပယ်ချလိုက်တယ် ၊ (မှန်ပါ့) ဒီပျော်မယ့်ပါးမယ့်အပိုင်းကို ချန်ထား လိုက်တယ်၊ အဲဒါတော့ မပယ်နိုင်သေးဘူးကွတဲ့ (မှန်ပါ့)။

ဒါ့ကြောင့် မနေ့က ပြောခဲ့တာနဲ့ ဦးမြ ကိုက်ကဲ့လား (ကိုက်ပါတယ် ဘုရား) အပျော်ကို မပျော်ရဘူးလို့ ဟောတာလား၊ အပါယ်စိတ်ချရမှ ပျော်လို့ ခိုင်းတာလား (အပါယ်စိတ်ချရမှ ပျော်လို့ ခိုင်းတာပါ ဘုရား) ကဲ အခု ပါဠိတော်နဲ့ကော ရှင်းမနေ ဘူးလား (ရှင်းနေပါတယ် ဘုရား)။

ဖြစ်ပျက်နဲ့ မဂ်နဲ့ကိုက်တဲ့ ပုဂ္ဂိုလ်ဟာ ပယ်ပြီးသားပါတဲ့၊ အပါယ်မကျစေတတ်တဲ့ တဏှာတွေတော့ ရှိတာပေါ့တဲ့၊ မာနတွေလဲ ရှိတာပေါ့၊ ကိစ္စမရှိဘူး၊ အဲဒီတော့ ဘယ်လိုပျော်ပျော်, ဘယ်လိုမာနထောင်ထောင် ဒါတွေဟာ အပါယ်ကျစေတတ်တဲ့ အကြောင်းမရှိဘူးဆိုတော့ ဦးအောင်ဇံဝေ မသေချာသေးဘူးလား (သေချာပါတယ် ဘုရား) ရှင်းကြပသား (ရှင်းပါပြီ ဘုရား)။

ကောင်းပြီ ဒါနဲ့ ဒါသကပြန်သွားတယ်၊ သူဟာ ခန္ဓာငါးပါး ငါသယောင်ယောင်တော့ ထင်ပါသေးတယ်ကွာ၊ တစ်ကယ်ငါတော့ မယူပါဘူးဆိုတဲ့စကားကလေး ယူပြီးတော့ ဒါသက ရဟန်းကြီးတွေဆီ ပြန်သွားတယ်။

ပြန်သွားတော့ ရဟန်းကြီးတွေက ရှုကြတာပေါ့လေ၊ ဘယ် နှယ်ပြောသတုန်းကွ၊ ခန္ဓာငါးပါး အပေါင်းကိုတော့ ငါသ ယောင်ယောင် ထင်သေးတယ်လို့တော့ ပြောပါတယ်ဘုရား၊ တကယ် ဖြစ်ပြီလို့တော့ သူမယူဘူးလို့ ပြောပါတယ်ဘုရားဆိုတော့ သူတို့လဲ ရှုကြ, ပွားကြပေါ့လေနော် (မှန်ပါ့)။

ရဟန်းကြီးတွေလဲ ခန္ဓာရှုနေကြတာပဲ၊ သို့သော်လဲ တရား နာချင်တဲ့စိတ်က ပြင်းပြနေတော့ ဦးအောင်ဇံဝေ အမေးခိုင်းပြန် တာပဲ (မှန်ပါ့ ဘုရား)။

ဒါသက လာဦးကွာ မင်းပင်ပန်းတယ်လဲ မအောက် မေ့နဲ့ သွားမေးစမ်းပါဦး၊ ရုပ်တရားကို ငါယောင်ယောင် ထင်တာ လား၊ ရုပ်မှတစ်ပါးကို ငါယောင်ယောင်ထင်တာလား၊ ဒါကိုသွားမေး ပေးစမ်းပါ၊ ဝေဒနာကို ငါယောင်ယောင်ထင်တာလား၊ ဝေဒနာမှ တစ်ပါးကို ငါယောင်ယောင်ထင် တာလားကွ၊ အကုန်စေ့အောင် မေးခိုင်းတာပေါ့ဗျာ၊ ခန္ဓာငါးပါးစလုံး (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဒါနဲ့ ဒါသက,က သွားရပြန်တယ်၊ ဟေ့ မင်းဘာလို့ လာပြန်သတုန်းကွတဲ့၊ ဒီလိုဒီလိုပဲ ဘုရာ့ အမေးခိုင်းပြန်တယ်။ ရဟန်းကြီး ခြောက်ဆယ်က၊ ရုပ်တရားကို ငါယောင်ယောင်ထင် တာလား ရုပ်မှတစ်ပါးကို ငါယောင်ယောင်ထင်တာလား ဝေဒနာမှတစ်ပါး ကို ငါယောင်ယောင် ထင်တာလား၊ စိတ်ကို ငါယောင်ယောင်ထင်တာလား စိတ်မှတစ်ပါးကို (ငါယောင်ယောင် ထင်တာလားလို့ မေးပါတယ် ဘုရား)။

ကွာ မင်းပြန်ရ သွားရနဲ့ တစ်နေ့ထဲ မင်းလေး ခေါက်ရှိတော့မယ်၊ ကဲကွာ ငါလိုက်ပါတော့ မယ်ဆိုပြီး တောင်ဝှေး သာ ယူခဲ့ဟေ့ဆိုပြီး သကာလ သူ့တောင်ဝှေးအယူခိုင်းပြီး တောင်း ဝှေးထောက်ပြီးတော့ ရဟန်းကြီးခြောက်ဆယ်ရှိရာ ကောသမ္ဘီပြည် လိုက်လာတယ်၊ လိုက်လာတော့ ရဟန်းကြီးခြောက်ဆယ်နဲ့ ဦးမြ တွေ့ပြီနော် (မှန်ပါ့) ဦးအောင်ဇံဝေ တွေ့ကြတယ်နော် (မှန်ပါ့ ဘုရား)။

ရဟန်းကြီးခြောက်ဆယ်နဲ့ တွေ့ကြတဲ့အခါ ရဟန်းကြီး ခြောက်ဆယ်က တစ်ခါတည်း ဆီးပြီးမေးတာပဲ၊ အရှင်ဘုရား ဒါသက, ကို ပြောလိုက်တဲ့စကားထဲမှာ ရုပ်ကို ငါယောင်ယောင်ထင် တာလား၊ ရုပ်မှတစ်ပါးကို ငါယောင်ယောင်ထင်တာလားလို့ မေးတော့ တပည့်တော်ဘုရား လျှောက်ပါရစေတဲ့၊ အရှင်ဘုရားများကို ဆိုပြီး ဥပမာနဲ့ လျှောက်တယ် (မှန်ပါ့ ဘုရား)။

ပဒုမ္မာကြာပွင့်ဥပမာ

အရှင်ဘုရား ပဒုမ္မာကြာပွင့် တစ်ခုယူခဲ့ပါဘုရားတဲ့၊ အဲဒီ ကြာပွင့်ကလေးကို အရှင်ဘုရားတို့ မှတ်ထားပါတဲ့၊ ဒီကြာပွင့်ဟာ နမ်းကြည့်လိုက်ရင် မွှေးပါတယ်၊ ဝတ်ဆံက မွှေးတာလား၊ အရွက်က မွှေးတာလား၊ အရိုးက မွှေးတာလားလို့ မေးလို့ရှိရင် အရှင်ဘုရား တို့ မှန်မှန်ကန်ကန် ဖြေမယ်ဆိုရင် တစ်ပွင့်လုံးက မွှေးတာလို့ ဖြေရမှာပဲတဲ့၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဝတ်ဆံချည့် မွှေးတာကော ဟုတ်ကဲ့လား (မဟုတ်ပါ ဘုရား) အချပ်ကလေးတွေ မွှေးတာကော (မဟုတ်ပါ ဘုရား) ဒါဖြင့် အရိုးကမွှေးတာကော (မဟုတ်ပါ ဘုရား) တစ်ပွင့်လုံးက ဘာတုန်း (မွှေးတာပါ ဘုရား)။

အဲ မှန်မှန်ဖြေရင် တစ်ပွင့်လုံးက မွှေးတယ် ဆိုသလို ပဲတဲ့ တပည့်တော်ဟာ ငါယောင်ယောင် ထင်တယ်ဆိုတာ ခန္ဓာ ငါးပါးအပေါင်းကို ငါယောင်ယောင်ထင်နေတာပါ၊ သဘောကျ ပလား (ကျပါပြီ) တစ်ခုစီ ငါထင်တာမဟုတ်ပါဘူးတဲ့ (မှန်ပါ့ ဘုရား)။

ဘာတဲ့တုန်း (တစ်ခုစီ ငါထင်တာမဟုတ်ပါ ဘုရား) ခန္ဓာငါးပါးအပေါင်းကို (ငါထင်တာပါ ဘုရား) ငါယောင်ယောင် ထင်တာနော် (မှန်ပါ့) တကယ်ငါစစ်ကော ဟုတ်ကဲ့လား (မဟုတ်ပါ ဘုရား)။

ငါယောင်ယောင်ထင်တာဆိုတော့ ဖြေပုံကလေးကော ဦးအောင်ဇံဝေ မကောင်းဘူးလား (ကောင်းပါတယ် ဘုရား) ဒါ ဝတ်ဆံ၏ အနံ့ဆိုကြမလား၊ အရိုး၏ အနံ့ဆိုကြမလား၊ အရွက်၏ အနံ့ဆိုကြမလားဆိုတော့ အမှန်အကန် ပြောမယ်ဆိုရင်ဖြင့် ကြာပွင့် တစ်ပွင့်လုံး၏ အနံ့လို့ ဆိုရမှာပဲ (မှန်ပါ့ ဘုရား)။

အဲဒီတော့ ခန္ဓာကိုယ် ငါးပါးစလုံးကို ငါယောင်ယောင် ထင်တာပါတဲ့၊ တစ်ခုတစ်ခုစီကျတော့ သူမထင်ဘူးတဲ့ (မှန်ပါ့) ရိပ်မိ ပလား (ရိပ်မိပါပြီ ဘုရား)။

အနာဂါမ်တည်ပြီးတဲ့ ပုဂ္ဂိုလ်များမှာ ဘယ်လိုထင်လေ့ရှိ ပါလိမ့် (အပေါင်းကို ငါယောင်ယောင် ထင်တာပါ ဘုရား) အပေါင်း ကိုတော့ ငါယောင်ယောင် ထင်ပါတယ်၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား) တစ်ခုစီကျတော့ (မထင်ပါ ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဪ ဒါဖြင့် အပေါင်းကိုတော့ ငါယောင်ယောင် ထင်တယ်၊ တစ်ခုတစ်ခုစီကျတော့ ငါမထင်တော့ပါဘူးဆိုတော့ ဒိဋ္ဌိက တစ်ခုတစ်ခုစီပေါ်မှာ အကုန်ပြုတ်ပြီးသားဗျ(မှန်ပါ့) အပေါင်းပေါ်မှာ မာနကျန်တာ, တဏှာကျန်တာလို့ ဦးအောင်ဇံဝေ မှတ်လိုက်စမ်းပါ(မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့် သူကဆက်ပြီးတော့ ဟောပြန်တယ်၊ အရှင်ဘုရားတို့တဲ့ ယခုအပေါင်း အပေါ်မှာ ငါကျန်တယ်ဆိုတာ အရှင်ဘုရားတို့ ရိပ်မိပါပြီတဲ့၊ ရိပ်မိတော့ကို ဒီဥစ္စာလို ဒီအနံ့ဟာ အခုတဏှာနံ့ မာနနံ့တော့ ခန္ဓာငါးပါးမှာ ရှိမနေဘူးလား (ရှိနေပါတယ် ဘုရား) ရှိနေတော့ ဒီလိုလုပ်ရတယ် ဘုရာ့တဲ့၊ ဒကာ ဒကာမတို့ လုပ်ပုံကိုဟောပြန်တယ် (မှန်ပါ့ ဘုရား)။

ဒီအနံ့ကြောင့် ဒီအနံ့ဆိုတာ တဏှာနံ့ တဏှာနဲ့ထင်နေတဲ့ အနံ့ မာနနံ့ထင်နေတဲ့ ငါယောင်ယောင်အနံ့တွေပေါ့ဗျာ နော် (မှန်ပါ့ ဘုရား)။

ဘာပါလိမ့် ငါယောင်ယောင် အနံ့တွေဆိုတာ သေချာ ကြပလား (သေချာပါပြီ ဘုရား)။

အဲဒါ ဒီလိုလုပ်ပါဘုရားတဲ့၊ အရှင်ဘုရားတို့ ဒီခန္ဓာငါးပါး ကို တစ်ခါတည်းဖြစ်ပျက်သာ ပြန်ရှုပါ၊ ဟောပြန်တယ် (မှန်ပါ့ ဘုရား)။

ဒကာ ဒကာမတို့ ဘာဟောသလဲ (ဖြစ်ပျက်လို့ ပြန်ရှု ရမယ် ဘုရား) အဲဒါပဲ ပြန်ရှုပါတဲ့၊ “ဣတိရူပံ-ဣတိရူပဿ သမုဒယော – ဣတိ ရူပဿ အတ္တင်္ဂမော” ဒါကလေးဟာ ဖြစ်တာပဲ ဒါကလေးဟာ ပျက်တာပဲ၊ “ဣတိဝေဒနာ – ဣတိဝေဒနာယ သမုဒယော-ဣတိဝေဒနာယ အတ္တင်္ဂမော” ဒီလို အရှင်ဘုရားတို့ ရှုပါတဲ့ ရှုလိုက်တဲ့အခါကျလို့ရှိရင်ဖြင့် ခုနင်က နဂို ကကပ်နေတဲ့ အနုသယ, သဘောနဲ့ ကပ်နေတဲ့ တဏှာ, မာနဟာ ဖြစ်ပျက်မြင် ဖြစ်ပျက်မုန်းလို့ ရှိရင် ဖြစ်ပျက် စတုတ္ထဆုံးသွားပြန်လို့ ရှိရင် သူတို့ ငါယောင်ယောင် ထင်တာတွေ သွားရော ဘုရာ့-တဲ့ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

စတုတ္ထမဂ် ကျရင် (ငါယောင်ယောင် ထင်တာတွေ သွားပါပြီ ဘုရား) ငါယောင်ယောင် ထင်တဲ့ မာနနဲ့ တဏှာ (ကုန်ပါပြီ ဘုရား) ကုန်သွားပြီ။

အဲဒီတော့ကို တပည့်တော် ဥပမာကလေးနဲ့ အရှင်ဘုရား များကို လျှောက်ပါမယ် တဲ့၊ လူတစ်ယောက်က ဘုရားတဲ့၊ အဝတ် နွမ်းတစ်ခုကို ဒိုဘီခဝါကို ပေးလိုက်ပါတယ်တဲ့၊ ဒိုဘီအလုပ်, လုပ် စားတဲ့လူ၊ ခဝါဖွပ်စားတဲ့လူ ပေးလိုက်ပါတယ်တဲ့။

ထိုကဲ့သို့ ပေးလိုက်တဲ့အခါ သူတို့ မြင်းချေးရေတွေ, ဆပ်ပြာ ရေတွေနဲ့ တော့ သူတို့ ဖွတ်ကြ, လျှော်ကြမှာပဲတဲ့၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဖြူတော့သွားမှာပဲ တဲ့၊ ကိုယ်လိုချင်တဲ့ အဖြူရောက် အောင် ပေးလိုက်တော့ ဖြူတော့ ဖြူသွားမှာပဲ၊ ရောက်ပင် ရောက်ငြားသော်လဲ မြင်းချေးနံ့တို့က ခုနင်က ဆပ်ပြာနံ့တို့ကတော့ ပါလာ လိမ့်မယ် (မှန်ပါ့) အဝတ်ကတော့ ဖြူရဲ့ ဆပ်ပြာ နံ့တော့ (ပါ-ပါတယ် ဘုရား)။

အဲဒီတော့ကို အိမ်မှာရှိတဲ့ အမွှေးအကြိုင်ထည့်တဲ့ သေတ္တာ ထဲ သူပေးတဲ့ ဒိုဘီက ဖြူအောင်ဖွပ်ထားတာကို ပြန်ပေးတဲ့ အခါ သေတ္တာထဲထည့်လိုက်တာပေါ့တဲ့၊ သေတ္တာထဲ ထည့်လိုက်တော့ အနံ့ ဘယ်နှယ်နေသတုန်း (ပျောက်ပါတယ် ဘုရား) မွှေးကြိုင် နေတဲ့ သေတ္တာထဲ ထည့်လိုက်တာကိုး၊ မပျောက်ဘူးလား (ပျောက်ပါ တယ် ဘုရား)။

ဒီလိုပဲဘုရားတဲ့ သောတာပန်, သကဒါဂါမ်, အနာဂါမ် ဖြစ်နေတုန်းက ဒိုဘီပေးရတဲ့အဝတ်နဲ့ တူနေတယ်တဲ့ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား) ဘာနဲ့တူနေသလဲ – (ဒိုဘီပေးရတဲ့ အဝတ်နဲ့ တူပါတယ် ဘုရား)။

ဒိုဘီပေးရတဲ့အဝတ်နဲ့ တူနေတယ်တဲ့၊ ဖြူငြားသော်လည်း အနံ့ရှိသေးတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား) ဒိုဘီပေးထားတော့ ပေးထားတာပဲ တဲ့၊ အောက်မဂ်တွေနဲ့ ဖွပ်လျှော်ထားတာပေါ့ဗျာ (မှန်ပါ့) သို့သော် အနံ့က ဘယ့်နှယ် နေသလဲ (ရှိပါသေးတယ် ဘုရား)။

အောက်မဂ် သုံးမဂ်နဲ့ ဖွပ်လျှော်ထားပါတယ်-တဲ့၊ သို့ သော် အနံ့ကရှိတယ်၊ ဒီအနံ့က မာနနံ့-တဏှာနံ့ (မှန်ပါ) ပေါ်ပလား (ပေါ်လာပါပြီ ဘုရား)။

အဲဒါ အရဟတ္တမဂ်တည်းဟူသော ခုနင်က ဖြစ်ပျက်တွေ ပြန်အားထုတ်လို့ ဆုံးတဲ့ဆီဆိုတဲ့ အရှင်ဘုရားတို့ ဒီသေတ္တာထဲထည့် မှ ရမယ်တဲ့၊ ဒါမှ ဒီအနံ့တွေပျောက်မယ်တဲ့ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် နောက်ဆုံးမဂ်ကျမှ အနံ့ပျောက်မယ်လို့ ပြောလိုက်တာပဲ (မှန်ပါ့)၊ ဒကာ ဒကာမတို့ ဘယ်လိုဟောပါလိမ့် (နောက်ဆုံးမဂ်ကျမှ အနံ့ပျောက်ပါမယ် ဘုရား)။

နောက်ဆုံး မဂ်ကျမှ အနံ့တွေ အကုန်ပျောက်မယ်လို့ ဟောလိုက်တော့ နောက်ဆုံးမဂ်ဟာ အမွှေးအကြိုင် ထည့်ထားတဲ့ သေတ္တာနဲ့ တူတယ် (မှန်ပါ့ ဘုရား)၊ အရင်သုံးမဂ်ကတော့ ဖြူရုံတင် ဖွပ်ထားတဲ့ အဝတ်နဲ့တူတယ် (မှန်ပါ့ ဘုရား)။

အရင် သုံးမဂ်ကတော့ (ဖြူရုံတင် ဖွပ်ထားတဲ့ အဝတ်နဲ့ တူပါတယ်)၊ ဖြူအောင်ဖွပ်ထားတဲ့ အဝတ်နဲ့ တူပါတယ်၊ ချေးညှော်တော့ မရှိဘူး၊ အနံ့မပျောက်ဘူး (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ချေးညှော်တော့ (ပျောက်ပါတယ်)၊ အနံ့ကတော့ (မပျောက်သေးပါ)၊ အနံ့က ကျန်နေတယ်တဲ့၊ ဒကာ ဒကာမတို့ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

အဲဒီတော့ အနံ့ရှိနေတဲ့ ပုဂ္ဂိုလ်ကော ကောင်းပါသလားလို့ မေးတဲ့အခါကျတော့ ဦးမြတို့ ဖြေကြစမ်းပါ (မကောင်းပါ)၊ မကောင်း ဘူး၊ အနံ့ ရှိနေတော့ ဖြူပြီး သကာလ ဖြူသာဖြူတယ် ဟေ့ နံစော်လိုက်တာ ဆိုယင်ကော (မကောင်းပါ ဘုရား)။

မကောင်းသေးဘူးဆိုတော့ စတုတ္ထမြောက် သေတ္တာထဲ ထည့်သင့် မထည့်သင့် (ထည့်သင့်ပါတယ်)၊ ဘာဖြစ်လို့တုန်း (အနံ့ ပျောက်အောင်လို့ပါ)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

သောတာပန်၏အနံ့

အဲဒါ ထင်ရှားအောင် လုံလောက်အောင် ဒကာ ဒကာမ တွေ ပြောပါမယ်၊ ရှင်အာနန္ဒာဟာ သောတာပန်တည်ပြီးသား နော် (မှန်ပါ့)၊ နောက် ခုနှစ်ရက်ရှိတဲ့အခါကျတော့ သင်္ဂါယနာတင်တော့ မယ်ဆိုတော့ ရှင်အာနန္ဒာဝင်သွားတော့ ဒို့အထဲကွာ ပြင်းထန်တဲ့ အနံ့ထွက်လာတဲ့ ပုဂ္ဂိုလ်တစ်ပါးပါနေတယ်လို့ ပြောတယ် (မှန်ပါ့)မပြောဘူးလား (ပြောပါတယ်)၊ ဒါ ဘယ်သူ့ကို ပြောတာတုန်း (ရှင်အာနန္ဒာကို ပြောတာပါ ဘုရား)။

သောတာပန်ဆိုတော့ ခုနင်ကပြောခဲ့တဲ့ အနံ့ ရှိတယ်ဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။

ဒို့ထဲ ကိလေသာအနံ့ရှိတဲ့ ပုဂ္ဂိုလ်တစ်ပါး ပါနေတယ်ကွ ဆိုတော့ ရှင်အာနန္ဒာကို စောင်းပြောနေတာ၊ ဒီဖြင့် ပုဂ္ဂိုလ်တွေကတော့ ရဟန္တာချည်းပဲ၊ အနံ့မရှိဘူး၊ သံဃာငါးရာအစည်းအဝေးမှာ (မှန်ပါ့) သူတစ်ယောက်ပါနေတာနဲ့ ဟိုကကဲ့ရဲ့ကြတယ် (မှန်ပါ့) သဘောပါပလား (ပါပါပြီ ဘုရား)။

ဪ ဒါဖြင့် သောတာပန် သကဒါဂါမ် တည်ပြီးသား တောင် အနံ့ကျန်သေးတယ် အဝတ်ဖြူငြားသော်လည်းနော် (မှန်ပါ့ ဘုရား)၊ ခန္ဓာဖြူငြားသော်လည်း အနံ့က (ကျန်နေပါ တယ် ဘုရား)။

တန်ခိုးကြီးတဲ့နတ်လူ့ပြည်ဆင်းမလာပါ

ပုထုဇဉ်ဆိုလို့ ရှိယင် ဒါကြောင့် လူနံ့ကို နတ်ပြည်က မခံနိုင်ဘူးတဲ့၊ တန်ခိုးကြီးတဲ့ နတ်ဟူသရွေ့ ဆင်းမလာဘူး၊ တစ်ယူ ဇနာကနံတယ် (မှန်ပါ့ ဘုရား)၊ ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။

ဒါဘာတုန်းဆိုတော့ ဦးအောင်ဇံဝေ ရိပ်မိပလား (ရိပ်မိပါပြီ)၊ လောဘ ဒေါသ, မောဟ, ကိလေသာ အညစ်အကြေးတွေပေါ့ဗျာ (မှန်ပါ့)။

ဒကာ ဒကာမတွေ ကောင်းသေးရဲ့လား ကိုင်း (မကောင်း ပါ)၊ နတ်တွေကတောင် ဆင်းမလာနိုင်ဘူးတဲ့၊ ဘာဖြစ်လို့တုံးဆိုတော့ ဒီအနံ့တွေ ကြောက်လွန်းလို့ တစ်ယူဇနာက နံပါတယ်ဆို တာ ဆယ့်သုံးမိုင်ကနေပြီးနံတာ (မှန်ပါ့)။

ဦးမြက ဒီကနေတယ်၊ ဟိုမှာ အထက်က ဆယ့်သုံးမိုင်ကနေ ပြီးတော့ (နံပါတယ်)၊ ဒကာ ဒကာမတို့ သဘောပါပလား (ပါပါပြီ ဘုရား)၊ ကဲ ဒါဖြင့် ရှင်အာနန္ဒာကို ပြောတာကော ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။ ဒါဖြင့် ရှင်ခေမက-က ဟောလိုက်တာက ဖြစ်ပျက်ပြန် အားထုတ်ပြီး သကာလ အရဟတ္တမဂ်ဆိုတဲ့ စတုတ္ထ သေတ္တာထဲထည့်မှ ဒီအနံ့ပျောက်မယ်တဲ့၊ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

စတုတ္ထမဂ်ရမှပေါ့လေ (မှန်ပါ့)၊ နို့မဟုတ်ရင်ဖြင့် သောတာ ပန်, သကဒါဂါမ်, အနာဂါမ် လောက်ဆိုယင် ဖြူသာဖြူ၍ အနံ့ မပျောက် (မှန်ပါ့)။ ဘယ်လိုဆိုကြမယ် (ဖြူသာဖြူ၍ အနံ့ မပျောက်ပါ ဘုရား)၊ ဖြူသာဖြူပါတယ်တဲ့ ဒကာ ဒကာမတို့ အနံ့ မပျောက်ပါဘူးတဲ့၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

တရားနာရင်း ရှုရင်းနဲ့ ရဟန္တာဖြစ်ကြတယ်

ဒါဖြင့် အရှင်ဘုရားတို့ ဒီလို လုပ်ပါတော့ဆိုတော့ ရဟန်း ကြီးခြောက်ဆယ်ကလဲ အလုပ်လုပ်ပါတယ်နော် (မှန်ပါ့) သူလဲ ခန္ဓာ ကြည့်ပြီး အလုပ်လုပ်တာပဲ၊ သူလဲအနာဂါမ် (မှန်ပါ့)၊ သူလဲခန္ဓာကြည့် ပြီး ခုနင်က ဟောတဲ့အတိုင်းပဲ ပြန်လုပ်တာပဲ (မှန်ပါ့)။

ရဟန္တာဖြစ် ကြပြီ

“ဣတိရူပံ ဣတိရူပဿ သမုဒယော” ဒါကလေးဟာ ဖြစ် ပျက်ပဲ၊ ရုပ်ဖြစ်ပျက်ပဲ၊ ရုပ်ဖြစ်ပျက်ပဲ၊ ဝေဒနာဖြင့် ဝေဒနာ ဖြစ်ပျက်ပဲ လို့ သူလဲ ဟောရင်းနဲ့ ရဟန္တာဖြစ်တာပဲ၊ ဟိုပုဂ္ဂိုလ်တွေကလဲ နာရင်း ရှုရင်းနဲ့ ရဟန္တာဖြစ်တာပဲ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒါ ဘယ့်နှယ်ကြောင့်တုန်းလို့ မေးတဲ့ အခါကျလို့ရှိရင်ဖြင့် နာရုံကလေးနာလို့ လား၊ ရှုလို့ လား (ရှုလို့ ပါ ဘုရား)၊ ဟိုကလဲ ဟောနေတာလား၊ ရှုလို့လား (ရှုလို့ပါ ဘုရား)။

အဲဒါ သံယုတ်ပါဠိတော်ကြီးမှာ ဦးအောင်ဇံဝေတို့ ဦးမြတို့ သေသေချာချာလာတာပဲ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ဟောတဲ့ပုဂ္ဂိုလ်လဲ ခန္ဓာကိုယ်ကြည့်ဟောပေါ့ဗျာ။ (မှန်ပါ့)၊ နာတဲ့ပုဂ္ဂိုလ်ကလဲ (ခန္ဓာကိုယ်ကြည့်နာနေရပါမယ်) ခန္ဓာ ကိုယ် ကြည့်နာပါ၊ အလုပ်လုပ်ရင်း နာပါ နောက်ကိုနော် (မှန်ပါ့)။

နာတဲ့ ပုဂ္ဂိုလ်ကလဲ အလုပ်လုပ်ရင်းနာ၍ ဟောတဲ့ ပုဂ္ဂိုလ် ကလဲ အလုပ် လုပ်ရင်း ဟောကြမယ်ဆိုလို့ ရှိရင်ဖြင့် နှစ်ဦးနှစ်ဝ ကျေး ဇူးရှိတယ်ဆိုတဲ့ စကားဟာ သေချာသွားပြီ (သေချာပါတယ်)၊ ရှင်းကြ ပလား (ရှင်းပါပြီ ဘုရား)။

ကဲ ယနေ့ ဒီတွင်တော်ကြဦးစို့။

သာဓု သာဓု သာဓု။