သာဓုတန်းက မနေပါနဲ့ (မဟာမိတ္တရဟန်း)
အသံဖိုင်ခေါင်းစဉ်= သီလသမာဓိပညာအရေးပုံ (မဟာမိတ္တရဟန်းဥပမာပြ)
စာအုပ်ခေါင်းစဉ်= သာဓုတန်းက မနေပါနဲ့ (မဟာမိတ္တရဟန်း)
မှတ်ချက်။ ။ယခုတရား၌ ဝီရိယ(၃)မျိုးကွဲပြား၍ သမာဓိပညာ(၃)မျိုးကွဲပုံ၊
ဒကာစိန်က အဖန်ဖန်ပွားဆိုတာ, ဖြစ်ဒုက္ခ ပျက်ဒုက္ခ ဆိုတာ မေးမြန်းရာ၌ ဖြစ်ပျက်ဆီသာ တည့်နေ ဒီအတိုင်းပဲ ဒီနေရာစိုက်ရှု ပြင်မကြည့်နဲ့ ဒီနေရာပဲ ကြည့်နေ။ စသည့် ဒကာစိန်အမေးကို ဖြေသည့်အချက်များ၊ (ဖြစ်ပျက်မြင်က စိုက်ရှုရန်)
ဝီရိယတိုးဖို့အတွက် အဓိဋ္ဌာန်တင်ပြီး ဆောက်ရွက်ရန်
အချိန်နာရီနှင့် ပတ်သက်၍ ဒီနေ့ တစ်နာရီ နက်ဖြန်ကျ တစ်နာရီခွဲ၊ သန်ဘက်ခါကျရင် နှစ်နာရီ စသည် တိုးရန် တိုက်တွန်းချက်များ ပါဝင်ပါသည်။
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး အမရပူရမြို့၌
ဟောကြားတော်မူသောတရားတော်
သာဓုတန်းက မနေပါနဲ့ (မဟာမိတ္တရဟန်း)
ဟောကြားသောနေ့( ၁၃-၁၀-၅၆ )
သမာဓိဆိုတာ ဒကာဒကာမတွေကို နှစ်ရက်ရှိပြီ ပြောထားတော့၊ သြော်-တစ်ခုသော အာရုံဆီသို့ တည်ကြည်မှုကို ဆိုတာကိုးလို့ မှတ်ပါ (မှန်ပါ့) တည်ကြည်မှုကို ဆိုသည်။ အဲဒီ တည်ကြည်မှုလေး ရှိပြီ ဆိုမှဖြင့် သတိလေး ဟာလည်း အားရှိလာတယ်၊ ပညာဟာ လဲ ထက်လာတယ်လို့ မှတ်ပါ။
သမာဓိ တည်ကြည်ရင် သတိလေးလဲ အားရှိ၊ ပညာ ဟာလဲ ထက်တယ်။ အဲဒီတော့ နိဗ္ဗာန်သွားကြတယ် ဆိုလို့ ရှိရင်ဖြင့် ချမ်းသာခြင်းကို အလိုရှိလို့ မအိုမသေ အမြဲနေတဲ့ နိဗ္ဗာန်ကြီးကို ရောက်အောင် ဒကာဒကာမတွေ ရောက်လိုတယ်၊ သွားလိုတယ်၊ ဆင်းရဲ ခြင်းမှ ကျွတ်လွတ် လိုတယ်လို့ စိတ်ထဲမှာ ပေါ်လို့ရှိရင်ဖြင့် သမာဓိ တည်ကြည်မှုရယ်၊ ဒီသတိ အားရှိမှုရယ်၊ ဒီပညာ ထက်မြက်မှုရယ် အရေးအကြီးဆုံးပဲ ဆိုတာ သေသေ ချာချာ မှတ်ကြပါ။ အင်မတန် အရေးကြီးပါတယ်။
အဲဒါတွေ သတိ၊ သမာဓိ၊ ပညာ ဒကာ- ဒကာမတွေကို တစ်ကိုယ်လုံး ကောင်းအောင်သာ အသုံးပြုကြပါ။ ဒါတွေပဲ အသုံးချ ကြရမှာပဲဆိုတာ မှတ်ကြစမ်းပါ။
သမာဓိတည်ကြည်ရင်
ကောင်းပြီ၊ ဒါဖြင့် သမာဓိဆိုတဲ့ ဥစ္စာသည် သမာဓိ တည် ကြည်လာတယ် ဆိုလို့ရှိရင်ဖြင့် ခင်ဗျားတို့ စဉ်းစားကြည့် ခြင်ကိုက် တာလည်း မသိဘူး၊ ကြမ်းပိုး ကိုက်တာလဲ မသိဘူး၊ အလုပ် တစ်ခု ကို စူးစူး စိုက်စိုက်သာ လုပ်ကြည့်ပါ။ ခြင်ကိုက်တာ မသိဘူး၊ ကြမ်းပိုး ကိုက်တာလဲ မသိဘူး၊ အိုက်တာကိုလဲ မသိဘူး။ ဘာဖြစ်နေလဲ ဆိုရင် အလုပ် တစ်ခု အပေါ် စူးစိုက်နေလို့ ပြောနိုင် ပါတယ်။
အလုပ် တစ်ခုကိုသာ စူးစိုက်နေလို့ ရှိရင်ဖြင့် ခြင်ကိုက်၊ ကြမ်းပိုး ကိုက်၊ နေပူ၊ လေပူ ဒါ တော်တော်နဲ့ သိရဲ့လား (မသိ ပါဘူး) အဲဒါ ဘယ်သူ့သတ္တိ ဆိုမလဲ (သမာဓိ သတ္တိပါ ဘုရား)။
ဒါတွေ ဘာဖြစ်လို့ မသိတာလဲ ဆိုလို့ရှိရင် တစ်ခုသော အလုပ် အပေါ် စူးစိုက်နေလို့ပဲ ဘုရား မဆိုထိုက်ဘူးလား (ဆိုထိုက် ပါတယ် ဘုရား)။
တစ်ခုသော အလုပ်ပေါ် စိုက်နေလို့ ဘုရားလို့ ဆိုနိုင် သလို၊ ဒီမှာလည်း ဒကာဒကာမတို့ ဘုန်းကြီး ပြောတဲ့ ဝိပဿနာ ဝေဒနာပေါ်၌ ခင်ဗျားတို့ စိုက်သာနေမယ် ဆိုလို့ရှိရင်ဖြင့် ခင်ဗျားတို့ သန္တာန်၌ ညောင်းမှုလည်း မလာဘူး၊ ညာမှုလည်း မလာဘူး၊ ကိုက်မှုလည်း မလာဘူး၊ ခဲမှုလည်း မလာဘူး(မှန်ပါ့)။
ဝေဒနာ ဖြစ်ပျက်ပေါ်မှာသာ သမာဓိ တည်ကြည် အောင်သာထား ကိုက်လိမ့်မယ်၊ ခဲလိမ့်မယ်၊ ညောင်းလိမ့်မယ်၊ ညာလိမ့်မယ်ဆိုတာ မလာဘူး။
သမာဓိအား ညံ့သွားရင်
သမာဓိ ညံ့လို့သွားတယ် ဆိုရင် ဟိုက ကိုက်သလိုလို၊ ဒီက ကိုက်သလိုလို ပြင်လိုက်ဦးမှ ထင်ပါရဲ့ လိုလို၊ ဒေါ်အုန်းခင် ဒီလို လာတတ်တယ်၊ မကြည်တို့ လာတတ်တယ်၊ ဒေါ်ရွှေတို့ အဲဒီတော့ ကိုယ့်ဟာကိုယ် ဆုံးဖြတ်ချက်ချ၊ အလုပ်တရားကို ဟောနေတဲ့ အတွက် အလုပ် တရားသာ နားထောင်ကြပါ။
တို့သည် ဟိုပြင်ချင် ဒီပြင်ချင် ဟိုဟာကလေးက လာနှောင့်ယှက်၊ ဒီဟာကလေးက လာ နှောင့်ယှက် နေတယ်။ အနှောင့် အယှက်တွေက များလွန်းလို့ လုပ်လို့ကို မဖြစ်နိုင်တော့ဘူး (မှန်ပါ့) ဘုန်းကြီးကလဲ ဝေဒနာပေါ် သမာဓိ တည်အောင် လုပ်ပြီး၊ ဉာဏ်ကလေးနဲ့ အပျက် မြင်အောင်ရှုပြီး သတိကလေး ထားလို့၊ ဆရာ ဘုန်းကြီးက ပြောတော့ ပြောတယ်၊ တို့ဖြင့် အနှောင့်အယှက်တွေက များလိုက်တာလို့ မဆိုပါနဲ့ (မှန်ပါ့)။
အဲဒါ ဒကာဒကာမတွေ ဘေးကို ရမယ်ဖွဲ့နေတယ်၊ စင်စစ် သမာဓိ အား ညံ့လို့ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ) ဘာညံ့နေလို့လဲ (သမာဓိ ညံ့နေလို့ပါဘုရား) အဲဒီတော့ ဘေး ကို ရမယ် မဖွဲ့ကြပါနဲ့ ဆိုတာဖြင့် အထူးပဲ မေတ္တာ ရပ်ပါတယ် (မှန်ပါ့) ဘေး ရမယ် မဖွဲ့ကြပါနဲ့လို့ အထူးပဲ မေတ္တာရပ်ပါတယ်။
ခင်ဗျားတို့ ထိုင်နေတဲ့ ပုဂ္ဂိုလ်တွေ တော်တော်ကျင်တော့ ဒေါ်အုန်းခင်တို့ ဒကာသိုက်တို့ တော်တော်ကျင်တာ ကျင်စက နေပြီးသကာလ တော်တော်ကျင်လာတော့ ထ,မှပဲ ကျင်မှန်း သိတော့တယ်၊ မထ, နိုင်တော့ဘူး၊ ခြေကျင် နေလို့ဆိုတော့ ကျင်စကလေးက သူ မသိခဲ့ပါဘူး၊ တော်တော် ကျင်လို့ အားရှိရှိ လာတော့ကော (မသိပါဘူး)။ တော်တော် ကျင်လို့ ကြီးလာ တော့ကော (မသိပါဘုရား) မသိဘူး ဘာဖြစ်လို့တုံး ဆိုတော့ သူတစ်ခုခု အလုပ် လုပ်နေလို့ (မှန်ပါ့) ကိုင်း မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား)။
အဲဒီကြားထဲ မင်းတို့က လောကီအလုပ် လုပ်နေတဲ့အခါ ကျတော့ မထ,နိုင်မှ သိတော့ တယ်။ အဲဒါ သမာဓိ အားကြီးတဲ့ အလုပ် လုပ်တာ (မှန်လှပါ ဘုရား)။
ဒီမှာလည်း ဘုန်းကြီးတို့ လောကီမှာ သမာဓိ အားကြီးသ လောက်၊ ဒေါ်အုန်းခင်တို့ ဒိပြင် အပေါ်၌ ဝေဒနာအပေါ်၌ သမာဓိအားကြီး လိုက်မယ် ဆိုလို့ရှိရင်ဖြင့်ကွာ၊ တခြားသော အာရုံတွေ အနှောင့်အယှက်တွေ လာတယ် ဘုရားလို့ ဆိုစရာ အကြောင်း မရှိဘူး (မှန်ပါ့) အဲဒီတော့ အခြားသော အာရုံတွေလာ စရာ အကြောင်း မရှိဘူး၊ ဒကာဒကာမတို့ရ (မှန်လှပါ ဘုရား)။
သူများရမယ်မဖွဲ့ကြပါနဲ့
တပည့်တော်တို့က လုပ်တော့ လုပ်တယ်ဘုရား သို့ပေမယ့် အနှောင့်အယှက်တွေက ခြင်က ကိုက်၊ ကြမ်းပိုးက ကိုက်နဲ့၊ အိုက် တာနဲ့ ဒိန်းဒိန်း၊ ဒိန်းဒိန်းနဲ့ ကြားရ ပြုရတာတွေက မသေးဘူး ဘုရား (မှန်ပါ့) သြော် သူ့ဟာသူ ရမယ်ဖွဲ့တာ ပါလား စင်စစ်အားဖြင့် သူ့သမာဓိ ညံ့လို့ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ)။
သူများ ရမယ်ဖွဲ့ရင် ဘာဆိုကြမယ် (သမာဓိ ညံ့လို့ပါ ဘုရား) အေး သူများ ရမယ် ဖွဲ့လို့ ရှိရင် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ မှတ်လိုက်ပေတော့။ သမာဓိ ညံ့လို့သာ မှတ်ပါ (မှန်ပါ့)။
ဒါဖြင့် နောက်ကို ဒီနေ့ညဘုရား အနှောင့်အယှက် တွေက များလွန်းလို့ အချိန် တယ်မရဘူး၊ မရဘူးဘုရား ဘုရားရှိခိုးတဲ့ အချိန်ကျလို့ ရှိရင်ဖြင့် အဖျက်တွေ သိပ်များတယ် ဘုရား၊ အဲဒါကြောင့် အချိန် တယ်မရဘူး ဆိုလို့ရှိရင်ဖြင့် ဒါ ဘုန်းကြီးတို့က ဆုံးဖြတ်ချက်ချပြီ၊ ဒီဒကာ ဒကာမတွေကို သမာဓိ မတည်ဘူး၊ သမာဓိ ညံ့တယ်။ မနေ့က ပြောတဲ့ သမာဓိနြေ မဖြစ်ဘူး မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား)။
အဲဒါ အနှောင့်အယှက်ကြောင့်လား ? မိမိ သမာဓိ ညံ့လို့လား ? (မိမိ သမာဓိ ညံ့လို့ပါ ဘုရား) မိမိ သမာဓိ ညံ့တာကို ဒေါ်အုန်းခင်ကြီးတို့က ရမယ်များ ဖွဲ့လိုက်သေးတယ်၊ တောင်က လိုလို မြောက်ကလိုလို ဟိုဘက်က လာလို့လိုလို၊ ဒီဘက်က လာလို့ လိုလို ဒေါ်ရွှေတို့က ပရိယာယ်က များပါဘိနဲ့ (မှန်ပါ့)။
မိမိသမာဓိညံ့တာကိုသိပါ
စင်စစ်တော့ ဘယ်သူညံ့လို့လဲ (သမာဓိ ညံ့လို့ပါဘုရား) မိမိ သမာဓိ ညံ့တာ၊ မိမိညံ့တာကို တခြားရမယ်ဖွဲ့ပြီး စွဲချက် မတင်လိုက်ပါနဲ့လို့ ဘုန်းကြီးများက ပြောလိုက်ပါတယ်။
မိမိညံ့တာကို တခြား ရမယ်ဖွဲ့ပြီး စွဲချက် မတင်လိုက်ပါ နဲ့ ရိပ်မိပလား (ရိပ်မိပါပြီ)၊ မိမိညံ့တာ သိပလား (သိပါပြီ) “ အဲဒီတော့ မိမိညံ့တာကို မိမိ ပဓာန ထားပြီး သိပါ (မှန်ပါ့)။
ကိုင်း အဲဒီအချိန်ကျတော့ သမာဓိကို သတိထားပြီး သမာဓိညံ့တာကို ဒီတစ်ခါတော့ဖြင့် ဝီရိယနှင့် ယှဉ်ပြီးအားစိုက် လိုက်တော့မယ်ကွ၊ ဒီသမာဓိကို တည်သထက် တည်အောင် ဆိုပြီး တစ်ဆင့် တိုးပြီး သကာလ ဒီတစ်ခါတော့ဖြင့် မပြေးရစေ ဘူးကွာ၊ ဖြစ်ပျက် ပေါ် မှတစ်ပါး ဘယ်မှ မပြေးစေရဘူးကွလို့ အားစိုက်လိုက် ကြစမ်းပါ (မှန်ပါ့)။
သူများရမယ်ဖွဲ့ရင် မိမိညံ့လို့
အားစိုက်လိုက်တဲ့ အချိန်ကျလာတော့ ဒကာဒကာမတို့ အနှောင့် အယှက်တွေကို သူကန်ထုတ် ပစ်လိုက်တဲ့ အတွက် သမာဓိ အားရှိလာတဲ့ အချိန်၊ ဒကာစိန် သူကန်ထုတ်ပစ် လိုက်တဲ့ အတွက် လာနိုင် သေးရဲ့လား (မလာနိုင်ပါဘူး ဘုရား)။ ဒါဖြင့် ကနေ့ည ဟောတဲ့ တရားမှာ သူများ ရမယ်ဖွဲ့တဲ့ ပုဂ္ဂိုလ် ဟူသရွေ့ မိမိညံ့မှုကို ရှောင်ကွင်းတဲ့ သဘောသာ ဖြစ်တယ်။ ဒေါ်အုန်းခင် သူများ ရမယ်ဖွဲ့ရင် ဘာတုံး (မိမိညံ့မှုကို ရှောင်ကွင်း တဲ့သဘောပါ ဘုရား)။ မိမိ ညံ့မှုကို ဘာတုံး (ရှောင်ကွင်းတဲ့ သဘောပါ ဘုရား)။ နောက်ကို ဒီလိုလဲ မရှောင်ပါနဲ့တော့။
ဪ ဒီအညံ့ကို နောက်ဆက်ပြီးတော့ ဝီရိယရော၊ ပညာရော ဂရုစိုက် လိုက်မယ်၊ ဦးတိုက် လိုက်မယ် ဆိုရင် ဒကာ ဒကာမတို့ မရပေဘူးလား (ရပါတယ် ဘုရား) အဲဒီတော့ကို ယနေ့ က စပြီး သူတစ်ပါးကို ရှောင်လွှဲပြီး သကာလ စွဲချက် မတင်လိုက်ပါနဲ့ ဆိုတာ မတင်ရီ မပြောထိုက် ဘူးလား (ပြောထိုက် ပါတယ် ဘုရား) ဒကာသိုက် ပြောလိုက်တယ် (မှန်ပါ့)။
ဒီတရားမျိုး လုပ်ရတာ မလွယ်ဘူးလို့ မောင်ထွန်းလှိုင်တို့ က ဆိုချင်သေးလား (မဆိုချင်ပါဘူး ဘုရား)။
ညံ့မှန်းသိလို့ ဘုန်းကြီးက ပြင်ပေးနေတာ
စင်စစ်တော့ ကိုယ်ညံ့တာ ဆရာသမားတို့က ညံ့မှန်း သိလို့ ပြင်ပေးတာ ဒကာစိန် (မှန်ပါ) ဒီနေ့ အနှောင့် အယှက်တွေ တယ်များပါ ဘုရား၊ ဒီနေ့ အနှောင့်အယှက်တွေ တယ်များပါ ဘုရား သမာဓိကို မရဘူး ဆိုတော့ သူ့ ဟာ သမာဓိ ရိုးရိုး ဖြစ်နေတယ်၊ ဣန္ဒြေ္ဒ မထိုက်ဘူး (မှန်ပါ့ဘုရား) ဗိုလ် မထိုက်ဘူး၊ မဂ္ဂင် မထိုက်ဘူး (မှန်ပါ့) အဲဒါဖြင့် ဒကာဒကာမတို့ ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။
ဒါဖြင့် ကိုယ့်ဖို့ကို ပြင်ပေးကြပါဆိုတာ ဘုန်းကြီးက ကူညီ ပေးလိုက်တယ် ကိုင်း ဒီတစ်ခါ ကားသံ ကြားတယ်၊ သားတွေ သမီးတွေ ဆူသံ ကြားတယ်၊ မင်းတို့ ဆူသံ ပူသံတွေက သက်သက် မာရ်နတ် တွေပဲ၊ သက်သက် မာရ်နတ်တွေပဲ။ မင်းတို့ မာရ်နတ်တွေ မလာခဲ့နဲ့ကွ (မှန်ပါ့)။
ဒီတစ်ခါဖြင့် ဘယ်သူ့ကြောင့်မှ မလှုပ်ရအောင် တည်တည် တံ့တံ့ကိုပဲ ဣန္ဒြေ္ဒ ထိုက်အောင် လုပ်လိုက် ဦးမယ်။ ကြိုးစားပြီးတော့ လုပ်လိုက်ဦးမယ်၊ သတိထား လုပ်လိုက် ဦးမယ်ကွ ဘာကိုမှ ဂရုမစိုက် တော့ဘူးကွာ လို့ ပြင်လိုက်လို့ရှိရင် တစ်ဆင့်တက် သွားတယ်။ မတက်ပေဘူးလား (တက်ပါတယ် ဘုရား)။
သမာဓိမဂ္ဂင်ဖြစ်ရင်အပါယ်ပိတ်ပြီ
အေး ဒါကြောင့် အလုပ်သင်တယ်၊ အလုပ် သင်တယ် ဆိုတာ ဒကာဒကာမတို့ ဟိုအလုပ်ပြီး ဒီအလုပ် သင်ရတာ မဟုတ်ဘူး။ သမာဓိလေးက သမာဓိကြီး ဖြစ်အောင်၊ သမာဓိကြီး က နေပြီး သကာလ မဂ္ဂင်ဖြစ်အောင် သင်နေရတာ။
ဒီ သမာဓိ တစ်ခုလုံးကိုပင် ရိုးရိုး သမာဓိ တစ်မျိုး (တင်ပါ့) ဣန္ဒြေ္ဒ ထိုက်တဲ့ သမာဓိတစ်မျိုး၊ ဗိုလ်ထိုက်တဲ့ သမာဓိ တစ်မျိုး၊ မဂ္ဂင် ထိုက်တဲ့ (တစ်မျိုးပါ ဘုရား) တစ်မျိုးဆိုတော့ သြော် ကိုယ် မဂ်ဖိုလ် မရတာ ဘာကြောင့်ပါလိမ့်မတုံး ဆိုတော့ သမာဓိ ရိုးရိုး ဖြစ်နေလို့ (မှန်လှပါ ဘုရား)။ သမာဓိန္ဒြေ ဖြစ်နေလဲ နည်းနည်း နီးလာပြီ၊ သမာဓိဗိုလ် ဖြစ်လာလဲ ဒီထက် ပိုနီးလာပြီ၊ သမာဓိမဂ္ဂင် ဖြစ်ရင်တော့ ခင်ဗျားတို့ အပါယ်တံခါး ပိတ်ပြီ။
ဒါဖြင့် အဆင့်ဆင့် တက်ရမယ် ဆိုတော့ ဒီတစ်လုံးကိုပင် လျှင် အားထုတ်မှု ပိုပို ပေးရရှာ သကိုး ဆိုတာဖြင့် ဆုံးဖြတ်ချက် ချကြပါ။ (မှန်ပါ့) အားထုတ်မှု ပိုပို ပေးရတယ် (မှန်လှပါ ဘုရား)။
ဒကာစိန်၏ လျှောက်ထားချက်= (တပည့်တော် လျှောက်ပါရစေဘုရား၊ အဖန်ဖန် ပွားရ တယ်ဆိုတာ ဖြစ်ပျက်ကနေပြီး ပြန်ရသလား ဖြစ်ဒုက္ခ ပျက်ဒုက္ခရောက်အောင် ပြီးမှ ပြန်ရသလား ဘုရား)။
အဖန်ဖန်ပွားတယ်ဆိုတာ
အဖန်ဖန်ပွား ဆိုတာ ဒကာဒကာမတွေ ဥပမာ ဒကာစိန် အောက်က ဒုက္ခဝေဒနာ ပေါ်နေတယ်၊ ဒုက္ခဝေဒနာပေါ် နေတော့ ဒါလေးကို ဒကာစိန်က သမာဓိနဲ့ ဖြစ်ပျက်ကို စူးစိုက် ရမယ်၊ ပညာကလဲ အဲဒီဘက်ကို ဦးတည်ရမယ် (မှန်ပါ့)။
အဲဒီ ဥစ္စာ ဦးတည်ပြီး နေလို့ ရှိရင်ဖြင့် ဝေဒနာက ပေါ် လိုက်၊ သူက ရှုလိုက်၊ သမာဓိ၊ ပညာက ရှုလိုက်ပေါ့ဗျာ၊ ဝေဒနာက ပေါ်လိုက် ပျက်လိုက်၊ ဝေဒနာက ပေါ်ပျက် လုပ်လိုက်၊ သမာဓိ ပညာက ရှုလိုက် (တင်ပါ့) ဒီလိုချည့် နေတာကို အဖန်ဖန်ပွားတယ် လို့ ဆိုတာ (မှန်လှပါဘုရား)။
အဲဒီလို အဖန်ဖန်ပွားတော့ ဒကာစိန် ဘာတက်ရ ဦးမှာ တုံးလို့ မမေးပါနဲ့တော့ ဖြစ်ပျက်သည် ပင်လျှင် ဒကာစိန်ရေ သမာဓိ၊ ဝီရိယ ရင့်လာလို့ ရှိရင် ဖြစ်ဒုက္ခ ပျက်ဒုက္ခ၊ ဖြစ်လာ လိမ့်မယ် (တင်ပါ့)၊ ဖြစ်ပျက် ရှုရာက ပြောင်းသွားတာ ဖြစ်ပျက် ရှုရင်းမတ္တနဲ့ ဖြစ်ဒုက္ခ ပျက်ဒုက္ခ ဖြစ်လာတာ (မှန်ပါ့)။
ဒါ မပြောင်းနဲ့ဦး။ ဒီအတိုင်းပဲ ဒီနေရာစိုက်ရှု စိုက်ရှုရင်း မတ္တနဲ့ ဖြစ်ဒုက္ခ ပျက်ဒုက္ခ မြင်နေတဲ့ဥစ္စာ ဒီထက်ဉာဏ်က သမာဓိ ပညာက မဂ္ဂင် ဆိုက်လာပြီဆိုမှဖြင့် ဟာ သူတို့နှစ်ခုပဲ ဝိပရိဏာမ ဒုက္ခတွေပါလားလို့ သူ့ဟာသူ ပြောင်းသွားတယ်။ ကျုပ်တို့က မပြင် ရဘူးနော်။
ဖြစ်ပျက်ပဲ အဓိကထားပါ
ဒကာစိန်တို့က အဓိက ထားရမှာက ဖြစ်ပျက်ပဲ အဓိက ထားရမယ် (တင်ပါ့) ဖြစ်ပျက် အဓိက ထားရင်း သမာဓိ ပညာက ဣန္ဒြေ ထိုက်လာတဲ့ အခါကျတော့ ဖြစ်ဒုက္ခ ပျက်ဒုက္ခ တက်လာ လိမ့်မယ်၊ သူ့ဟာသူနော် (တင်ပါ့)။
နောက် ဒကာစိန်ရ မဂ္ဂင် ဆိုက်လာတော့ ဘယ့်နှယ့် ဖြစ်မလဲ (ဝိပရိဏာမ ဒုက္ခ တက်လာ မယ် ဘုရား) အင်း-ဒီအတိုင်း ဖြစ်ရမယ် ဝိပရိဏာမ ဒုက္ခ ဖြစ်လာလိမ့်မယ်၊ ဝိပရိဏာမ ဒုက္ခ ဖြစ်လာ လိမ့်မယ် (မှန်ပါ့)။ အဲဒီလို အာရုံက ပြောင်းပြောင်း ပြောင်းပြောင်း သွားလိမ့်မယ်၊ ရိပ်မိ ပလား (ရိပ်မိပါပြီ)။
ပထမ ဒီဖြစ်ပျက် ပြမယ်။ နောက်ဖြစ်ပျက် ရွံမုန်းပြီး ငြီးငွေ့ ဖြစ်ပျက်ကပဲ ပြမယ်၊ နောက်ကျ တော့ ဖြစ်ဒုက္ခ၊ ပျက်ဒုက္ခလို့ အာရုံက ပြမယ်။ ဒကာစိန်က ပြင်မကြည့်နဲ့ ပြင်မကြည့်နဲ့ ဒီနေရာပဲ ကြည့်နေ၊ ဖြစ်ဒုက္ခ ပျက်ဒုက္ခ ပြလာ လိမ့်မယ် (မှန်ပါ့ဘုရား)။
နောက်ကျတော့ ပြင်မကြည့်နဲ့။ ဖြစ်ဒုက္ခ ပျက်ဒုက္ခသည် ပင်လျှင် ဝိပရိဏာမ ဒုက္ခ ဖြစ်လာ လိမ့်မယ် ဒကာ ဒကာမတို့ (မှန်ပါ့) အဲဒါ ဝိပရိဏာမ ဒုက္ခ ဖြစ်လို့ရှိရင်ဖြင့် သူက ဝိပရိဏာမ ဒုက္ခ ဒကာစိန်တို့ သမာဓိ ဝီရိယတို့က မဂ္ဂ လာဖြစ်မယ်။ ရိပ်မိပလား (ရိပ်မိပါပြီ)။
ပညာနှင့် သညာ
ကိုင်း-ဒကာစိန်က အာရုံပေါ် မပြောင်းနဲ့၊ ဖြစ်ပျက် ဆီသာ တည့်နေ၊ သူ့ဟာသူ ဖြစ်ပျက်က အမျိုးမျိုး ပြောသွားလိမ့်မယ်။ ရိပ်မိပလား (ရိပ်မိပါပြီ)။ ကိုယ်က ပြင်ရမယ်လို့ သွားမယူကြနဲ့။ ကိုယ်က ပြင်ရမယ်လို့ သွားယူလို့ ရှိရင်ဖြင့် ခင်ဗျားတို့ ဒီဥစ္စာ ဉာဏ် တက်တာ မဟုတ်ဘူး၊ သညာ တက်တာ ဖြစ်သွား လိမ့်မယ်။ ဉာဏ်တက် မဖြစ်ဘူး၊ သညာတက် ဖြစ်သွားလိမ့်မယ်။ နားလည် ကြလား (နားလည်ကြပါပြီ ဘုရား) နားလည်ပြီနော် (တင်ပါ့)။
ဝီရိယက ဇာတ်လိုက်
အဲဒီတော့ကို သမာဓိဆိုတဲ့ ဥစ္စာဟာ သူ့ချည်း သက်သက် တည်တယ် သမာဓိ ဣန္ဒြေ ဆိုက်အောင်၊ သမာဓိ ဆိုက်အောင် ဆိုငြားသော်လဲ ယနေ့ မှတ်လိုက်။ ဝီရိယ အကူ အညီ ရတဲ့ သမာဓိန္ဒြေ တစ်မျိုး၊ ဝီရိယ အကြီးဆုံး အကူအညီရတဲ့ သမာဓိမဂ္ဂင် တစ်မျိုး။ အဲဒီတော့ ဝီရိယက နေရာတိုင်းမှာ ပင့်ပေးနေတာ ဒကာ ဒကာမတွေ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဝီရိယက ရှိပြီးသား။ သမာဓိ ရိုးရိုးက ဝီရိယ အကူနည်း တယ်၊ သမာဓိန္ဒြေ ဆိုတော့ ဝီရိယ နည်းနည်း ရင့်မလာဘူးလား (လာပါတယ်) ရင့်လာတာ ကြာတော့ ဝီရိယ အကူ များတယ်။ နောက်တစ်ခါ သမာဓိ မဂ္ဂင် ဖြစ်တော့မယ် ဆိုရင်ဖြင့် ဝီရိယက ဒီထက် ပိုကြီးတယ်။
ဝီရိယသုံးမျိုးကြောင့် သမာဓိသုံးမျိုး
အဲဒီတော့ သမာဓိက သုံးမျိုးပြားတာသည် ဘာကြောင့် သမာဓိ သုံးမျိုး ပြောရသလဲ ဆိုတော့ ဝီရိယသုံးမျိုး ပြားလို့ ပြားတာ။ ဝီရိယ သုံးမျိုးပြားလို့ သမာဓိသုံးမျိုး ပြားသည်၊ ရှုမှတ်ပါ၊ ရှုမှတ်ပါ။
ဝီရိယသုံးမျိုးပြားတဲ့အတွက် (သမာဓိ သုံးမျိုး ပြားပါတယ် ဘုရား) သမာဓိ သုံးမျိုး ပြားတယ် ဆိုတော့ ဝီရိယက ဇာတ်လိုက်ပါ လား ဆိုတာ ပေါ်မလာဘူးလား (ပေါ်လာပါတယ် ဘုရား)။
ဝီရိယသည်ကား ဆိုရင်ဖြင့် ဣန္ဒြေ္ဒ ထိုက်လာမယ်၊ ဒီထက် ပိုပြီး မင်းတို့ ဂရုစိုက် လိုက်ဦးကွ ဆိုပြီး ဂရုစိုက် လိုက်လို့ ရှိရင် ဝီရိယက ဘာဖြစ်လာမလဲ (မဂ္ဂင် ဖြစ်လာမယ်) မဂ္ဂင် ဖြစ်လာမယ်။ ဒါ သေသေ ချာချာ မှတ်ကြပါ။
သာမည ဝီရိယ၊ အလတ်စား ဝီရိယ၊ အကြီးဆုံး ဝီရိယ (မှန်ပါ့) အဲဒီ ဝီရိယ ကြီးသလောက် သမာဓိ ကြီးပြီလို့ မှတ်လိုက်။ သမာဓိ ကြီးပြီလို့ မှတ်လိုက်၊ ရှင်းပလား (ရှင်းပါပြီဘုရား)။
ဝီရိယကြီးသလောက်ပညာကြီးတယ်
ဝီရိယ ကြီးသလောက် ဘာတုံး (သမာဓိ ကြီးပါတယ် ဘုရား) ဝီရိယ ကြီးသလောက် ပညာ ကြီးတယ်။ ဝီရိယ ဘယ် လောက် အရေးကြီးသလဲ (မှန်ပါ့) ကိုထွန်းရင် ဝီရိယ အတော် အရေးကြီး တယ်နော်။ အဲဒီတော့ ဒကာဒကာမတို့ ဝီရိယ ဘယ်လောက် အရေးကြီးကြောင်းကော သိပလား (သိပါပြီ ဘုရား)။
သမာဓိ ရင့်ကျက်အောင်၊ ရင့်ကျက်အောင် ဆိုလို့ရှိရင် ဖြင့် ဝီရိယ အကူအညီပေါ်မှာ အကုန် မှီနေတာပဲ (မှန်ပါ့)။
ဝီရိယ အလွန့်အလွန် အားစိုက်ရင် သမာဓိသည်ပင် မဂ္ဂင် ဖြစ်လာတယ်။ ဝီရိယကလဲ မဂ္ဂင်ဖြစ်လာ၊ သမာဓိကလဲ မဂ္ဂင်ဖြစ်၊ ပညာကကောဗျာ (မဂ္ဂင် ဖြစ်ပါတယ်ဘုရား) အကုန် မဂ္ဂင် ဖြစ်ကုန်ရော။
ဝီရိယကြောင့် တစ်ခါတည်း ကြီးပွားပြီး သကာလ လိုရာခရီး ရောက်တယ် ဆိုတာ မောင်မြင့်တို့ နားထောင် ကြည့်တာပေါ့နော်။
မဟာမိတ္တရဟန်း
ရှေးက ဘုရားလက်ထက်က ကဿကလိုဏ်ဂူဆိုတာ ရှိတယ်။ သာဝတ္ထိပြည်မှာ ကဿက လိုဏ်ဂူ ဆိုတာ ရှိတယ်။ အဲဒီ ကဿက လိုဏ်ဂူထဲမှာ ရဟန်း တစ်ပါးဟာ တရားဓမ္မ ကြိုးစားနေ တယ်။ အရိယာ မဖြစ်သေးဘူး (မှန်ပါ့)။
ဒီလိုပဲ ဝေဒနာတွေ၊ ခန္ဓာရှုနေတာပဲ၊ ဝေဒနာက္ခန္ဓာ ရှုနေ တာပဲ။ ရှုပင်ရှု ငြားသော်လည်း ဘာမှ ခရီးမပေါက်ဘူး။ လျှော့ပေါ့ လုပ်နေတာကိုးကွ။ လျှော့ပေါ့လုပ်နေတော့ မတူတို့ ခရီးမပေါက် ဘူးပေါ့ဗျာ။ လျှော့ပေါ့ လုပ်နေတော့ ခရီးမပေါက်ဘူး ဒေါ်အုန်းခင် ရ၊ ဒေါ်ရွှေ (မပေါက်ပါဘူး ဘုရား)။
သို့သော်လဲ သူရဲ့ အကြောင်းအကျိုးက ဘယ်လိုဖြစ်လာ သလဲ ဆိုတော့၊ နေ့တိုင်း ဆွမ်းခံ သွားရာမှာ ဒကာမကြီး တစ်ယောက် က သားအမှတ်နဲ့ ကိုးကွယ်တယ်၊ (မှန်ပါ့) သားအမှတ်နဲ့ ကိုးကွယ်တယ်။
မယ်တော်ကြီး၏ သဒ္ဓါတရား
ဆေးလေး၊ ဆွမ်းလေး (၁၁) နှစ်လောက် လောင်းပြီး နေတော့ သားအမှတ်နဲ့လဲ ကိုးကွယ်တော့၊ ဆွမ်း လွယ်လွယ် ကူကူ ရပြီး နေတာနဲ့ မှန်မှန်ပဲ အားထုတ် နေတယ်။ တစ်စ တစ်စ တက်လိမ့်မပေါ့ ဆိုပြီး မှန်မှန်ပဲ အားထုတ်တယ်။ ဆွမ်းခံ ပြန်လာလိုက်၊ အားထုတ်လိုက် ဒီလိုချည်း နေတာနဲ့ ခရီး မပေါက်ဘူး (တင်ပါ့ဘုရား)။
တစ်နေ့သ၌ ကျတော့ တစ်ခါတည်း ဆွမ်းခံ ထွက်ပြန် တယ်။ ဆွမ်းခံ ထွက်တော့ ခုနက သူ့မယ်တော်ကြီး ကတော့ ဆွမ်းပြုစုနေတဲ့ ဒကာမကြီးမှာ သမီး တစ်ယောက် ရှိတယ်။ အဲဒါ မယ်တော်ကြီးက သူတောထဲမှာ တောင်သူ ယာလုပ် သွားမလို့ အထွက်၊ ရဟန်းကလဲ သပိတ် ပိုက်ပြီး အိမ်နဲ့ မနီးမဝေး အရောက်၊ သူ့သမီးနဲ့ မအေနဲ့ စကားပြောနေတယ် (မှန်လှပါ)။
ဘုန်းကြီးလာရင်ဘာလောင်းရမှာတုံး
အမေ ဒီနေ့ ဘာလောင်းရမှာတုံး မောင်ဘုန်းကြီးလာရင် ဘာလောင်းရမှာတုံး? အေး ဟိုနေရာမှာ ထောပတ်ရှိတယ်၊ ဟိုနေရာမှာ ပျားရည်ရှိတယ်။ အဲဒီ ထောပတ်တွေ ပျားရည်တွေနဲ့ ဘယ်လို၊ ဘယ်လိုလုပ်၊ ထောပတ်ကို ဘယ်ဟာနဲ့ ဘယ်ဟာကျော်။ ကောင်းပေ့ဆိုတဲ့ ဆန်ဆိုတာ ဘယ်အနားမှာ ရှိတယ်၊ အဲဒါကို သားလာလို့ရှိရင် လောင်းပါ။
ဒါတွေ သူက ကြားတယ်။ ရဟန်း အိမ်နား ရောက်လာပြီ ကောဗျာ ကြားတယ်။ နောက်ကျ တော့ အမေ ဒါဖြင့် အမေပြန် လာတဲ့ အချိန်ကျတော့ ဒါတွေ သံဃာတော် လောင်းလိုက်တဲ့ အခါ အမေ ပြန်လာတော့ ဘာတွေ စားမလဲ?။
အမေပြန်လာတော့ဘာနဲ့စားမှာလဲ
အို မနေ့က ကျန်တဲ့ ဆန်ကွဲထမင်း၊ ပုန်းရည်ကြီး ရှိတယ်။ အင်း အမေ့အတွက် ညစာကို ဘယ့်နှယ် လုပ်ရမှာ တုံး။ အိုးကြွင်း အိုးကပ်နဲ့ပဲ စားပါ့မယ်၊ ကိစ္စ မရှိပါဘူး။ ငါ့အတွက် ကတော့ အထူး ဂရုမစိုက်နဲ့။ ကျန်တဲ့ ဟင်းနဲ့ ကျန်တဲ့ ဟာလေးနဲ့ပဲ သုံးဆောင် စားသောက်မယ်လို့ ဆိုတော့ ရဟန်းက ကြားတယ် (မှန်လှပါ ဘုရား)။
ဒီဆွမ်းသာမညစားလို့မဖြစ်ဘူး
ရဟန်းက ဒီအနားရောက်လာပြီ ဆိုတော့ ဝါးနှစ်ရိုက် သုံးရိုက်ကွာဆိုတော့ ကြားတယ်၊ ပြီးတော့ သြော် သူ ကိုယ်တိုင်ကတော့ ဆန်ကွဲ ထမင်းဟင်းနဲ့ စားမယ်၊ ဆန်ကွဲ ဆန်ညှာတွေ ချက်စားမယ်၊ ကျန်တဲ့ ဟင်းအိုးကပ် ဒါနဲ့ ပြီးအောင် လုပ်မယ်၊ ငါတော့ သားအမှတ်နဲ့ တစ်ခါတည်း ထောပတ် ချက်လဲပါတယ်၊ ပျားသကာလဲ ပါတယ်၊ ဒါချက်ပြီး လောင်းလိုက် လို့ မှာနေတာ ကြားတယ် (မှန်ပါ့)။
ဒီဆွမ်း သာမည စားလို့ မဖြစ်ဘူး၊ ဒီဆွမ်း ပုထုဇဉ်အဖြစ်နဲ့ စားလို့ရှိရင် အဆိပ်စားမိသလို ဖြစ်လိမ့်မယ် (မှန်ပါ့ဘုရား)။
လေးမဂ်စလုံးမှမရရင်မထတော့ဘူး
ဟိုက သဒ္ဓါက သိပ်ထက်သန်တယ်၊ သဒ္ဓါထက်တယ် ဆိုတော့ ပုထုဇဉ် ရဟန်းအဖြစ်နဲ့ စားလိုက်လို့ရှိရင် လောဘ၊ ဒေါသ၊ မောဟနဲ့ စားမိလို့ ရှိရင်ဖြင့် ကိုယ့်မှာ သံတွေခဲ စားရသလို ငါ ဒုက္ခကြီး လှလှရချေရဲ့ဆိုပြီး သကာလ သူ့ကိုယ်သူ စဉ်းစား တယ်၊ သပိတ် ပိုက်ပြီး ဆွမ်းခံလာတဲ့ ဥစ္စာ ဒေါ်သန်းရေ ပြန်ပြီး ကျောင်းပြန်တယ် (မှန်ပါ့)။
ကျောင်းပြန်ပြီး သကာလ သူ့လိုဏ်ဂူထဲ သူပြန်ဝင်တယ်၊ ဒီနေ့လေးမဂ်စလုံးမှ မရလို့ရှိရင် မစားတော့ဘူး၊ မထတော့ဘူး၊ ဒီဆွမ်း သာမညနဲ့ စားထိုက်တဲ့ဥစ္စာ မဟုတ်ဘူး။ အရိယာမှ စားထိုက်တဲ့ ဆွမ်းဖြစ်နေတော့ အရိယာ ဖြစ်အောင် ကြိုးစား တော့မယ် မထတော့ဘူး၊ အရိယာ ဖြစ်အောင် ကြိုးစားတယ်။ ဒီလို မလာဘူးလား (လာပါတယ် ဘုရား) မထဘူးဆိုပြီး အဓိဋ္ဌာန် – ချလိုက်တယ်။
ဒေါ်အုန်းခင်ရေ မထဘူးတဲ့။ ရိပ်မိကြပလား (ရိပ်မိပါပြီ) ခင်ဗျားတို့ကတော့ မထဘူး ဆိုတာ တယ်လာခဲတယ် (မှန်ပါ့ ဘုရား)။
ဝီရိယပြင်းထန်တော့ပညာထက်လာတယ်
ဪ ဒေါ်အုန်းခင်တို့ အားလုံးက မထဘူးဆိုတဲ့ စိတ်ဟာလဲ၊ မရ မထဘူး ဆိုတဲ့ စိတ်ဟာလဲ ဝီရိယ ပြင်းထန်တော့ သမာဓိလဲ ထက်လာတယ်၊ ပညာရော (ထက်လာပါတယ်)။
အေး ဒါကြောင့် ဝီရိယ အကူအညီရမှ သမာဓိတွေ လည်း ပိုမို အားရှိတယ်။
အဲဒီတော့ ခုနက ရဟန်းက တစ်ခါတည်း ပထမ ဒကာစိန် ပြောတဲ့ ဖြစ်ပျက်ကို ရှုတယ် (မှန်ပါ့) သမာဓိ တွေကော။ ဝီရိယ တိုးတက်ပြီး ရှုလိုက်တော့ ဖြစ်ဒုက္ခ ပျက်ဒုက္ခတွေ ရောက်လာ တယ်၊ နောက် ဒီထက် တိုးလိုက်တယ် (မှန်ပါ့)။
ဒီထက် တိုးပြီး ဉာဏ်နဲ့ သမာဓိနဲ့ ပညာနဲ့ တိုးလိုက် ပြန်ရော။ တိုးလိုက်တဲ့ အခါကျတော့ ဟိုက ဖြစ်ဒုက္ခ ပျက်ဒုက္ခ မဟုတ်တော့ဘူး။
ဝိပရိဏာမ ဒုက္ခသစ္စာ ဆိုတဲ့ ဒုက္ခသစ္စာ လက္ခဏာ ပေါ် လာတယ်။ ဝေဒနာလေးက ဒုက္ခသစ္စာ လက္ခဏာ ပေါ်လာတယ်။ ဖြစ်ပြီး ပျက်သွားတဲ့ လက္ခဏာ လေးပေါ့ (မှန်ပါ့)။
မဂ်ရတယ်ဆိုတာတခြားမဟုတ်ဘူး
အဲဒီ လက္ခဏာလေးနဲ့ ဉာဏ်နဲ့လဲ တည့်လာရော တစ်ခါ တည်း မဂ်ရတယ်၊ မဂ်ရတော့ မဂ်ရတယ် ဆိုတာ တခြားမဟုတ် ပါဘူး။ ဟိုဉာဏ်နဲ့ ဒီဉာဏ် တည့်တာ မဂ်ပဲဗျ (မှန်ပါ့)။
ဖျတ်ဆိုလေးပဲ။ ဝိပရိဏာမ ဒုက္ခတွေလဲ ချုပ်သွားရော တစ်ခါတည်း နိဗ္ဗာန်မြင် ဆိုတော့ ဒုက္ခ၏ အဆုံး ဖြစ်တဲ့ နိဗ္ဗာန်ကြီး ပေါ်လာတယ် (မှန်ပါ့)။
ဆက်ပြီး ကြိုးစားတော့ ဆုံးတာ မြင်အောင် ပြန်စ ရတယ်။ ဝေဒနာ ဖြစ်ပျက်ကနေ ပြန်စတယ်။ ကြိုးစားရင်းပဲ ဆိုပြီး ဆက်ပြီး ကြိုးစားပြန်တော့ ဖြစ်ဒုက္ခ ပျက်ဒုက္ခ တက်လာရော တော်တော်ကြာ ကျတော့ ဒီထက်ပိုပြီး ကြိုးစားလိုက်မယ် ဆိုတော့ ဝိပရိဏာမ ဒုက္ခမြင်ပြီး မဂ်ဝင်လာပြီး တစ်ခါတည်း နိဗ္ဗာန် အာရုံပြုလိုက်တာပဲ ဝိပရိဏာမ အဆုံးမှာ နိဗ္ဗာန်တွေ့တယ် (မှန်ပါ့)။
နှစ်မဂ်ရပြီ ထပ်ပြီးကြိုးစားဦးမယ်
အဲဒီတွင် သစ္စာလေးပါး ထင်လိုက်ပြန်တယ်၊ နှစ်ခါ ရှိပြီ မရသေးဘူး ကြိုးစား ဦးမယ်၊ လေးမဂ်ရမှ သူဆွမ်းစားမှာ ကိုးကွ (မှန်ပါ့)။
အမယ်လေး တကယ့် ကိုယ်တော် ပါပဲလို့ (မှန်ပါ့) ဒကာ သိုက်ရေ သာဓုတန်းက မနေနဲ့ နော် (မှန်လှပါ ဘုရား)။
သာဓုတန်းက မနေကြနဲ့
သာဓုတန်း ကတော့ မနေနဲ့။ ကိုယ်လဲ ဒီအတိုင်း လုပ်ရ မယ်။ (မှန်ပါ့) နို့မို့ရင် သာဓု ခေါ်ပြီး ပြန်သွားမှာ စိုးတယ် (မှန်ပါ့) ဟုတ်လား။ ဒီအထဲ သာဓု ခေါ်ပြီး ပြန်မည့်သူ ပါသေးလား (မပါ ပါဘူးဘုရား၊ ကြိုးစား လုပ်ပါ့မယ် ဘုရား)။
အေး သာဓုခေါ်ပြီး ပြန်သွားမှာ စိုးတယ်။ တချို့ ဒကာ ဒကာမတွေက သူများ တော်တာ တွေ တွေ့တော့ ဟာ -တော်လိုက်တာ သာဓု၊ သာဓု၊ သာဓု ဆိုပြီး ကိုယ်မလုပ်ဘူး။ ပြောပြတာ (မှန်ပါ့ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ)။
ဒီနေ့ ဘယ်လိုပြန်ကြမှာလဲ (သာဓု မခေါ်ပါ ဘုရား) သာဓု မခေါ်ဘူး၊ ကိုယ်ကိုယ်တိုင် ကိုယ့်ကို သူများက သာဓု ခေါ် အောင် ကျင့်မယ်၊ ကိုယ်က သူများကို မခေါ်ဘူး။ ကိုယ့်ကို သူများက ခေါ်ရအောင် ကျင့်မယ်။ ဒီလို နေမှ ဟန်တော့မပေါ့ (မှန်ပါ့)။ ခင်ဗျား တို့ သာဓုကိုလဲ ကျုပ်က မုန်းပါတယ် ဟုတ်လား (မှန်ပါ့)။
သူများတွေ မဂ်ဖိုလ် ရတယ် ဆိုရင် အင်း တော် လိုက်တာ၊ မိကောင်း ဖခင် သားသမီး လိုက်တာ၊ သံသရာ အရေး မျှော်တွေးပြီး သကာလ အင်မတန်မှ အမြော်အမြင်ကြီးပါ ပေတယ်၊ သာဓု ခေါ်လိုက်တာ တချို့ဖြင့် မဆုံးနိုင်ဘူး (မှန်ပါ့)။
ဒါပြန်တော့မယ် ဆိုတာ သေချာပြီ သူမလုပ်တော့ဘူးဆို တာ ကတော့ (သေချာပါပြီ) သေချာပလား (သေချာပါပြီ ဘုရား) ဒီလိုများ ခေါ် ဖူးခဲ့သလား ဒေါ်အုန်းခင် (ခေါ်ဖူးပါတယ် ဘုရား)။
သူများက သာဓုခေါ်ချင်အောင်ကျင့်ပါ
ဒကာဒကာမတွေ သူများကို သာဓုခေါ်မလား၊ ကိုယ် ကိုယ်တိုင် သာဓု ခေါ်ထိုက်အောင် လုပ်မလား (ကိုယ်တိုင် သာဓု အခေါ်ခံထိုက်အောင် လုပ်ပါမယ်ဘုရား) အဲဒီကျမှ အမှန်နော် (မှန်ပါ့)။
ဒကာသိုက်ရေ ဘယ်လို လုပ်ကြမှာတုံး (ကိုယ်ကိုယ်တိုင် သာဓု ခေါ်ခံနိုင်အောင် လုပ်ရမယ် ဘုရား) ကိုယ်ကိုယ်တိုင် သာဓု ခေါ်ထိုက်အောင်၊ သူများက ကိုယ့်ကို သာဓု ခေါ်ချင်အောင် လုပ် ရမယ်။ သူများကို ကိုယ်က ခေါ်နေရင်ဖြင့် ကိုယ်နောက်ဆုတ်တဲ့ သဘောပဲ သက်ရောက်တယ် (မှန်လှပါ ဘုရား)။
ဒကာစိန်၏ လျှောက်ထားချက်= (ဘုန်းကြီးတရား ပြီးတဲ့နောက် လူအများ သာဓု မခေါ် ကြဘူးလားဗျာ။ အဲဒီကဲ့သို့ ဘုန်းကြီး အတုယူပြီး သကာလ ဒီအဖြစ် မျိုးဖြစ်အောင် ကြိုးစားပါ့မယ် ဘုရား)။
ကြိုးစား ဒီအတိုင်းပေါ့။ အခု ကိုယ်တော် အတိုင်း ပေါ့ဗျာ၊ အခု ကိုယ်တော်အတိုင်း ကြိုးစား ရမယ်။
ရဟန္တာဖြစ်သွားပြီ
ဒါနဲ့ပဲ စတုတ္ထမဂ် ကျအောင် ဆိုတော့ မဂ်ကုန်ရော ပေါ့ဗျာ။ ဒကာစိန် မဂ်လေးမဂ် ရတယ်။ လေးမဂ် ရတဲ့ အခါ ကျတော့ သူ မနက်က ဆွမ်းခံကြွတဲ့ အချိန်။ ခုနစ်နာရီက တစ်ခါ တည်း သူဂူပေါက် ပိတ်ပြီး အားထုတ် နေတာ လိုဏ်ဂူပေါက် ဖွင့်လိုက်တဲ့ အခါကျတော့ ရှစ်နာရီ လောက် ရှိပြီ၊ တစ်နာရီနဲ့ လေးမဂ် ရတယ်။ တစ်နာရီနဲ့ လေးမဂ် ရတော့ သူ့ဂူဒေါင့်မှာ ပေါက်နေတဲ့ သစ်ပင် စောင့်နတ်က သိတယ်၊ ဒီကိုယ်တော် အတော် ခရီးပေါက်ပြီ၊ အတော် ခရီးပေါက်ပြီ၊ ရဟန္တာ ဖြစ်သွားပြီ ဆိုပြီး သူက ဂါထာလေး စပ်တယ်။
သစ်ပင်စောင့်နတ်ကရှိခိုးတယ်
ပုရိသော – ယောက်ျားပညာရှိ၊ တေ – အရှင်မြတ်ကို၊ နမော – ရှိခိုးပါ၏။ နတ်က ရှိခိုး လိုက်တယ်။ ပုရိသော -ယောက်ျား မြတ်၊ တေ – အရှင်မြတ်ကို၊ နမော – ရှိခိုးခြင်းသည်။ အတ္ထိ – ဖြစ်ပါ စေသတည်း အရှင်ဘုရား။ သူက နှစ်ဦးနဲ့ ရှိခိုး ရမှာကိုး။
ယသ – အရှင်ဘုရား၊ ဧတေ – အာသဝေါတရား တို့သည်၊ ဟီနာ – ကုန်ပါပြီ ဘုရား။ အရှင်ဘုရား အာသဝေါ ကုန်သွားပြီ။ သဘောကျပလား (ကျပါပြီ)။
မြတ်သောအလှူကိုခံထိုက်ပြီ
သူ့နတ်ကို ခေါ်လိုက်တယ်။ အကြင် မိတ်ဆွေနတ်တို့ ယခုကြွလာတဲ့ ယခုအားထုတ်မှု ပြီးဆုံးတဲ့ ကိုယ်တော်သည် – မြတ်သော အလှူကို ခံထိုက်သည် ဖြစ်၏။ အခုမှ မြတ်သော အလှူကို ခံထိုက်တယ် (မှန်ပါ့ဘုရား)။
အခုမှ အလှူခံထိုက်တယ် အို ဒကာမကြီးက သူက တော့ဖြင့် တော်အောင် စားပြီး၊ အထက် ပုဂ္ဂိုလ်ကို ဒီလို လှူမယ် ဆိုတာ အခုမှ အလှူခံ ထိုက်တယ်။ နတ်က နတ်က ပြောတယ် (မှန်ပါ့) ဂူဒေါင့်မှာ ပေါက်နေတဲ့ သစ်ပင်စောင့်နတ်က တစ်ခါ တည်း ထွက်လာတယ်။ အရှင်ဘုရား ဆွမ်းခံချိန် ရှိသေးတယ် ကြွပါ ဘုရားလို့ လျှောက်တယ် (မှန်ပါ့ဘုရား)။
အရိယာ၏ ထူးခြားချက်
ဒကာ-ဒကာမတွေ ခုနက မဂ်တရားကတော့ ထူးလဲ ထူးပါ ပေတယ်။ ဘယ်လို ထူးသလဲ ဆိုတော့ အသားက ထန်းသီးမှည့်လို တက်လာတယ်။ အရိယာ ဖြစ်တဲ့ ပုဂ္ဂိုလ် (မှန်ပါ့) ထန်းသီး မှည့် ဆိုတဲ့ ဥစ္စာသည် ထန်းသီး မှည့်တော့ ဒကာသိုက်တို့ မြင်ဖူးပါလိမ့်မယ်။ ထိပ်နားက ဝါနေတယ်။ အေး ထန်းသီးမှည့် ပမာကဲ့သို့ အသားအရေတွေ ဝါကျင့်ကျင့် ဖြစ်လာတယ်။ ရိပ်မိပလား (ရိပ်မိပါပြီ)။
အသားအရေက ထန်းသီးမှည့်ပမာ
အရိယာ ဖြစ်လာလို့ရှိရင်ဖြင့် ထန်းသီးမှည့်ကဲ့သို့ ဝါကျင့် ကျင့် ဖြစ်လာတယ်။ စက္ခု၊ သောတ၊ ဃာန၊ ဇိဝှာ၊ ကာယတို့ဟာ ငြိမ်နေတယ်၊ ရိပ်မိပလား (ရိပ်မိပါပြီ)။ စက္ခု၊သောတ၊ ဃာန၊ ဇိဝှာ၊ ကာယတို့က ဘာဖြစ်သလဲ (ငြိမ်နေ ပါတယ်) ငြိမ်ပြီး အသားအရေကတော့ ဘာဖြစ်သလဲ (ထန်းသီး မှည့်ကဲ့သို့ ဝါကျင့်ကျင့် ဖြစ်ပါတယ် ဘုရား) ထန်းသီးမှည့် ပမာကဲ့သို့ ဖြစ်တယ်။
ဘယ်လိုပဲ ဟိုက ချွတ်ချွတ်၊ ဒီက ချွတ်ချွတ် သူက ခြေလှမ်း မပျက်ဘူး။ ခပ်ဖြေးဖြေး ခပ်မှန်မှန် သွားလေ့ ရှိတယ်။ ရိပ်မိပလား (ရိပ်မိပါပြီဘုရား)။
အသားအရေက ထန်းသီးမှည့်ပမာကဲ့သို့ အခုဖြူနေတဲ့ ပုဂ္ဂိုလ်သည် ဝါကျင့်ကျင့် လာရ တော့မယ်။ မည်းတဲ့ ပုဂ္ဂိုလ်သည် ရဟန္တာ ဖြစ်လာတော့ မည်းပေမယ့်လဲ မည်းပြီး သကာလ သူက ပြေပြေ ပြစ်ပြစ်နဲ့ ကြည့်ကောင်းတဲ့ အဓိပ္ပာယ် ရောက်ရမယ်။ ရိပ်မိ ပလား (ရိပ်မိပါပြီ ဘုရား)။ အဲဒီ ကဲ့သို့ စက္ခု၊ သောတ၊ ဃာန၊ ဇိဝှာ၊ ကာယ၊ မျက်လုံး၊ နား၊ နှာခေါင်း၊ လျှာ ဒါတွေကလည်း အတော် တည်ငြိမ်ပြီး သကာလ လာတယ်။
အဲဒီလို တည်ငြိမ်ပြီး နေရာက ထွက်ကြည့်လိုက်တဲ့ အခါ စောသေးတယ်လို့ နတ်ကလဲ ပြောတယ်။ ငါကိုယ်တိုင် ကြည့် လိုက်တော့လဲ နေက အစောချည်း ရှိသေးတာပဲ ဆိုပြီး သကာလ သပိတ်၊ ပရိက္ခရာ တွေကိုလဲပြင် တန်းပေါ်က သင်္ကန်းကို ကဗျာ ကယာ ယူပြီး ကျည်တောက် ဆွဲပြီး လာတယ်၊
ရဟန်းဣန္ဒြေ္ဒတည်ငြိမ်တယ်
သမီးကလည်း မောင်လာခဲတယ်။ ယနေ့ နာရီ နောက် ကျတယ် ဆိုပြီး ပြူတင်းပေါက်က လာလမ်းကို ထွက်မျှော်တော့ သူက အင်း ခါတိုင်းလာပုံနဲ့လည်း မတူဘူး ကလေးမ လေးက၊ ရဟန်း ဣန္ဒြေ္ဒတွေလည်း သိပ်ရတယ်၊ အသားအရေတွေ လည်း ပြောင်းလာတယ်။ အင်း – ငါ၏ မောင်တော်တော့ဖြင့် တရားထူး တရားမြတ်တွေ ရများ ရနေပြီလား? မရဘူးလား ? သူတော့ ဘယ်သိမလဲ (မှန်ပါ)။
ခါတိုင်းနဲ့ မတူတာတော့ သိတယ်။ ခါတိုင်းနဲ့ မတူတာ တော့ သူသိတယ်။ အဲဒီကဲ့သို့ လာတာနဲ့ တစ်ခါတည်း ဆွမ်း လောင်းတယ်။ ကလေးမလေးက ဆွမ်းလောင်းပြီး အမေ မှာခဲ့တဲ့ အတိုင်း ကြော်လှော်ပြီး သကာလ ဆွမ်းလောင်းတဲ့ အခါ ဟိုကလဲ ဆုပေးတယ် ဟုတ်လား (မှန်ပါ့)။
ချမ်းသာခြင်းဖြစ်စေသတည်း
“သုခိ တေ ဟောတု” ။ တေ – သင့်အား၊ သုခိ – ချမ်းသာ ခြင်းသည်၊ ဟောတု – ဖြစ်ပါစေ သတည်း။ ချမ်းသာခြင်း ဖြစ်စေ သတည်း ဆိုပြီး ကြွသွားတာပဲ သူ့ဂူသူ ပြန်ခဲ့တာပဲ။
သူ့ဂူသူ ပြန်သွားတဲ့ အခါကျတော့ အမေကြီးကလဲ ဆယ်နာရီ လောက်ကျတော့ သူတော ထဲက ယူသင့်တာယူ၊ ခုတ် သင့်တာခုတ် ပြီး သကာလ တောသူ တောင်သား အတိုင်း ပြန်လာ တာပေါ့ဗျာ (မှန်ပါ့)။
ငါ့သားကျန်းကျန်းမာမာရှိရဲ့လား
ပြန်လာပြီး သူက ဒိပြင်ဟာ မမေးဘူး၊ ငါ့သား ကြွလာသလား? ကြွပါတယ်၊ ကြွလာတော့ လောင်းလိုက် ကဲ့လား? လောင်းပါတယ် ဘာများ ပြောသေးသလဲ? ဘာမှ မပြောပါဘူး။ သူ ဘယ့်နှယ် နေသတုံး ကျန်းကျန်းမာမာ ရှိရဲ့လား?။
အမလေး ခါတိုင်းလို မဟုတ်ဘူး၊ ခါတိုင်းနဲ့ မတူဘူး။
မျက်လုံးတွေကလည်း အင်မတန် တည်ကြည်တယ်။ နားတွေကလဲ အင်မတန် တည်ကြည် တယ်။ အသားအရေ ကလည်း ထန်းသီးမှည့် ပမာကဲ့သို့ပဲ တစ်ခါတည်း အင်မတန် ပြေပြေပြစ်ပြစ် ရှိတယ်၊ လှုပ်ရှားခြင်း ဘာမှမရှိဘူး။
ငါ့သားရဟန္တာဖြစ်ပြီ
ဒကာမကြီးက ရိပ်မိတယ်။ ဟာ ဒါဖြင့် ငါ့သား ရဟန္တာ ဖြစ်ပြီး သာသနာမြဲပြီ၊ ဘာမှ စိုးရိမ်စရာ မရှိတော့ဘူး ဆိုပြီး ဒကာ မကြီးဟာ အင်မတန် ဝမ်းသာ သွားတယ်၊ ရိပ်မိပလား (ရိပ်မိပါပြီ)။
အဲဒီတော့ အခုနက ပုဂ္ဂိုလ်မှာ ဒီဒကာမကြီးတွေရဲ့ ပြောဆိုသံ ကြားသဖြင့် ခုနက လှူတဲ့ ဆန်ကွဲ ထမင်း၊ ပုန်းရည်ဟင်း နဲ့ အိုးကပ် ဖင်ကပ်နဲ့ စားပြီး ငါ့သား လာလို့ရှိရင် ထောပတ်၊ ဆီဦး၊ ပျားသကာတွေ ဘယ်နေရာမှာ ရှိတယ်။ ငါ ဆန်ကွဲ စားမယ်။ သူ့ကို ကောင်းပေ့ဆိုတဲ့ ဆန်နဲ့ ချက်ပြုတ်ပြီး ယူလောင်း ဆိုတော့ ငါ သာမညနဲ့ မစားထိုက်ဘူး။ အရိယာဖြစ်မှ စား ထိုက်တယ် ဆိုပြီး တစ်နာရီပဲ ကြိုးစား လိုက်တာ မောင်ထွန်းလှိုင် တစ်နာရီနဲ့ ပြီးတယ် (မှန်ပါ့) ဝီရိယ ပြင်းထန်တာ ရိပ်မိပလား (ရိပ်မိပါပြီ)။
အဲဒီတော့ ဒကာ – ဒကာမတို့ ခင်ဗျားတို့ ဝီရိယ ပြင်းထန် ရင် သမာဓိ အားရှိတယ် ဆိုတာကော ယုံကြည်ပြီလား (ယုံကြည် ပါပြီဘုရား)။ ပညာ ကျွမ်းကျင်မယ် ဆိုတာကော (ယုံကြည်ပါပြီ ဘုရား)။
လယ်မြေကောင်း
အေး အခု ကိုယ်တော်က ကဿကဂူမှာ နေသော မဟာမိတ္တ ရဟန်း (မှန်ပါ့) မဟာမိတ္တ ရဟန်း ရိပ်မိပလား (ရိပ်မိပါပြီ) ဂူက ကဿကဂူ၊ အားထုတ်တဲ့ ပုဂ္ဂိုလ်က မဟာမိတ္တ ရဟန်း (မှန်ပါ့ ဘုရား)။
ကြည့်စမ်း။ သူများ ဆွမ်း၊ ကွမ်းတွေကို တော်အောင် တော့ မစားဘူး။ ဒကာ-ဒကာမတွေ လယ်ကောင်း၊ မြေကောင်း မှတ်ပြီး ဒီအပေါ်မှာ မျိုးစေ့ စိုက်တယ်။ လယ် မကောင်းရင် မစားသေး ဘူးကွ၊ အရိယာ လယ်ဖြစ်အောင် လုပ်တယ်။ သူ့ခန္ဓာကိုယ် လယ်ကောင်း လုပ်ပစ် လိုက်တယ်၊ ကိလေသာ အညစ်အကြေး မရှိတဲ့ လယ် ဖြစ်အောင် (တင်ပါ့)။
ဒီလယ်ကောင်းမှာ ဒကာ ဒကာမတွေ မျိုးစေ့စိုက်လိုက်ရ လို့ရှိရင်ဖြင့် လူ၊ နတ်၊ နိဗ္ဗာန် သုံးတန်သော ချမ်းသာတည်း ဟူသော အပင်တွေ ပေါက်ရော ဒီလိုမှ ငါစားတော့မယ် ဆိုပြီး ဆုံးဖြတ်ချက် ချလိုက်တယ်၊ ဘယ်လောက် ကောင်းလဲ (မှန်ပါ့)။
မင်းတို့လည်း ဆုံးဖြတ်ချက်ချရင်ရတာပဲ
မင်းတို့ လဲ ဆုံးဖြတ်ချက် ချရတာပဲ၊ မင်းတို့လဲ ဆုံးဖြတ်ချက် ချရင် ရတာပဲ ကိုယ့် အတန်းနဲ့ ကိုယ် ရတာပဲ။
မင်းတို့လည်း သားတွေ မယားတွေက ရှိကြတယ်။ ဒါတွေက ချက်ပြီး ကျွေးတယ်။ သြော် သူတို့ သဒ္ဓါတရား ဟာလဲ မသေးလှဘူး၊ သူတို့က သဒ္ဓါတရားနဲ့ ကျွေးတော့ ကိုယ်က လောဘနဲ့ စားလို့ ရှိရင်ဖြင့် အပါယ်မီး ထတောက်ရုံပဲ ရှိတယ် လောဘ၊ ဒေါသ၊ မောဟ ငြိမ်းအောင် လုပ်ပြီး စားလိုက်မယ်ဆို ဖြစ်တာပဲ မဟုတ်ဘူးလား (ဟုတ်ပါတယ်)။
ဒကာသိုက် မဖြစ်ဘူးလား (ဖြစ်ပါတယ်) ဒီလို စားချင်တဲ့ စိတ် မပေါ်ဘူးလား၊ ဒေါ်ရွှေ ချက်ကျွေးတာကို (မှန်ပါ့) ဒေါ်ရွှေ ကလည်း ထို့အတူပဲ ငါ့အိမ်မှာ ညီမလေးတွေ ချက်ပြုတ် ကျွေးနေတာ သူတို့က သဒ္ဓါတရားနဲ့ ဟုတ်လား၊ ဒါလေး စားပါဦး၊ သောက်ပါဦး၊ ဒါလေးဟာ အတော်ကို ရှာကြံပြီး ချက်ထားတာ ဆိုတာ မပါဘူးလား (ပါပါတယ် ဘုရား)။
သို့သော်လဲ လောဘ ဒေါသနဲ့ စားလို့ရှိရင် ကောင်းပါ့ မလား (မကောင်းပါဘူး) အခုတော့ ခင်ဗျားတို့က ကိုယ့်ပစ္စည်းနဲ့ ကိုယ်ချက်တာ ဘာကျေးဇူး တင်စရာ ရှိသလဲ၊ ဒီလို လာသေးတာ ဗျ၊ ခင်ဗျားတို့က (မှန်ပါ့) ခုနက ဘက်ကို မသွားဘူး။
ခုနက ကိုယ်တော် ကတော့ ပြင်လိုက်တာနဲ့ပဲ အားလုံး ဒကာ – ဒကာမတို့ သူကိုယ်တိုင် ရဟန္တာ ဖြစ်သွားတယ် ဆိုတော့ မည်မျှလောက် အဖိုးတန်တယ် ဆိုတာ ပြောဖို့ လိုသေးသလား (မလိုပါ ဘုရား)။
သူ့ဟာသူဝီရိယပြင်းပြတာ
သူ့ကို သူများ တိုက်တွန်းတာလား။ သူ့ဟာသူ ဝီရိယ ပြင်းပြတာလား (သူ့ဟာသူ ဝီရိယ ပြင်းပြတာပါ ဘုရား) အင်း သူ့ ဟာသူ ဝီရိယ ပြင်းပြပြီး သကာလ လာတဲ့ အတွက် (မှန်ပါ့) ပြင်းပြတာကလဲ တခြားကြောင့် မဟုတ်ဘူး၊ ဒကာမကြီးတို့ ပြောသံ ဆိုသံနဲ့ တကယ့် ကုက္ကုစ္စနဲ့ အင်မတန် ရည်ရွယ်ချက် ကောင်းနဲ့ တွေ့တယ်။
သူတော်ရုံ စားပြီး သကာလ သူ့သား ခရီးပေါက်ဖို့ အရေး ကိုသာ အားပေး နေတယ် ဆိုတာက မသေချာ ဘူးလား (သေချာ ပါတယ် ဘုရား)။
အရိယာ အဖြစ်နဲ့ စားလိုက်မှ သာလျှင် စားထိုက်တဲ့ အဖြစ်ကို သူ့ဉာဏ်ထဲမှာ ဆုံးဖြတ်ချက် ချလိုက်တာနဲ့ ဒီဂူထဲက မထတော့ဘူး။ မဂ်လေးတန်မှ မရ၊ မထဘူးကွာ သေပစေ ဆိုတော့ ရတာပဲ ဟုတ်ပလား (မှန်ပါ့)။
အဲဒီတော့ တရားကလဲ အမှန်ပဲ၊ ဝီရိယကလဲ ပြင်းပြမယ်။ အဓိဋ္ဌာန်ချက် အတိုင်းလဲ လုပ်မယ် ဆိုရင် ဒီဒကာ ဒကာမတွေလဲပဲ ရမယ် (မှန်ပါ့) စမ်းလဲ ကြည့်ကြပါဦး (မှန်လှပါဘုရား)။
ဒို့သည်ပါရမီထူး၊ ဘုန်းကံထူးတွေ
ဒို့သည်ကားလို့ ဆိုလို့ရှိရင်ဖြင့် ပါရမီထူး ဘုန်းထူး ကံထူး တွေ ပါလား၊ ဒီပါရမီထူး ဘုန်းထူး ကံထူးတွေကို သားရေး သမီး ရေး စီးပွားရေးတွေက အလွဲသုံးစားနဲ့ အချိန်ဖြုန်း လိုက်တဲ့ အတွက် သောတာပန် ဖြစ်မည့် ပုဂ္ဂိုလ်တွေတောင်မှ အရှုံးကြီး ရှုံးရတော့မှာ ပါလားလို့ ခင်ဗျားတို့ မလုပ်တဲ့ ပုဂ္ဂိုလ်တွေ မျက်ရည် ကျဖို့တောင် ကောင်းတယ် (မှန်လှပါဘုရား) ဟုတ်ဘူးလား (ဟုတ်ပါတယ်)။
ကိစ္စပြီးရမည့်ဘဝကြီး
ကိစ္စပြီးရမည့် ဘဝကြီး အင်္ဂါစုံ နေတာကိုး။ မစုံဘူးလား (စုံပါတယ်ဘုရား) အင်္ဂါစုံပြီး သကာလ ဘဝက တောင်းခံခဲ့တဲ့ဆု၊ အားထုတ်ခဲ့တဲ့ သတ္တိတွေက ဒီမှာ စုံပြီးတော့ အကျိုး မပေးသေး ဘူးလား (ပေးပါတယ် ဘုရား)။ အဲဒီ အကျိုးပေးကြီးထဲမှာ ခင်ဗျား တို့က အကောင်း အကျိုးပေးတဲ့ အထဲက အလွဲ အသုံးချနေလို့ ခက်တယ်။ သဘောကျပလား (ကျပါပြီဘုရား)။
အကျိုးပေး ကတော့ မစုံဘူးလားဗျာ (စုံပါတယ်) ဆရာ ကောင်းနဲ့ ပေါင်းခြင်းကော၊ တရား နာခြင်းကော၊ အနိစ္စလေးတွေ ဆရာသမား ပြောထားတဲ့ ခန္ဓာကိုယ်ထဲမှာ ဝေဒနာအနိစ္စ လေးတွေ ဖြစ်ပျက် ကလေးတွေ မမြင်ကြဘူးလားဗျာ (မြင်ပါ တယ်)။
ထပ်ပြန်တလဲလဲ ပွားမှု ကလေးတွေ လိုတယ်။ အဲဒါတွေ ဘာဖြစ်လို့ မပွားနိုင် ပါလိမ့် မတုံးလို့ မေးတဲ့အခါ သားရေး သမီး ရေး စီးပွားရေး ရှုပ်လို့ (မှန်ပါ့)။
တောင်တက်ရတဲ့အကျိုးနပ်အောင်လုပ်ပါ
အဲဒီတော့ ခင်ဗျားတို့ နောက်တုန်းက ဒီတောင်ရောက် အောင် တက်မယ် ဆိုပြီး ဒီတောင် တက်ပြီး ခါမှ ဒီတောင်ပေါ် ကျမှ ကိုယ်အလိုရှိတဲ့ သစ်သီးတွေကို ခူးပြီး ဆွတ်ပြီး မစားရလို့ ရှိရင်လဲ တောင်တက်ကျိုး နပ်ပါ့မလား (မနပ်ပါဘူး ဘုရား)။
ဒီမှာလဲ ခင်ဗျားတို့ အပါယ် ရောက်နေရာက လူ့ပြည် တောင်ကြီး တက်လာ ကြတယ်။ တိရစ္ဆာန်ပြည်က လူ့ပြည်တောင်ကြီး တက်လာကြပြီး သကာလ နိဗ္ဗာန် မဂ်ဖိုလ်တည်း ဟူသော အသီးတွေကို ဆွတ်မတဲ့၊ စားမတဲ့၊ ခူးမဟဲ့ ဆိုပြီး တက်လာတဲ့ ရည်ရွယ်ချက် ရှိတယ် (မှန်ပါ့)။
ပြင်ချိန်သိပ်မရှိတော့ဘူး
ဒီတောင်ပေါ် ရောက်မှ ခပ်ငိုင်ငိုင်နဲ့ ခပ်မှိုင်မှိုင် လုပ်နေ တော့ မတူရေ တော်ပါ့မလား (မတော်ပါ ဘုရား) ဒီတစ်ခါ ဘယ့်နှယ် လဲ၊ ဘာလုပ်ကြမလဲ။ ပြင်ကြရအုံးမယ်။ ဟုတ်ပလား။ ပြင်ချိန်ကလဲ ဘုန်းကြီးက ပြောချင်တယ်။ ဒေါ်အုန်းခင် ခင်ဗျားတို့က နည်းနည်း ကျန်တယ်။ သိပ်ပြင်ချိန် မရှိတော့ဘူး။
ဘာကြောင့်လဲ။ ပြင်ရင်း မတ္တနဲ့ အဖျက် အဆီး တွေက များတယ်။ ဒီက ပြင်ရင် ဟိုက ပျက်တတ်တယ်။ ဟုတ်လား (ဟုတ် ပါတယ် ဘုရား)။
ကပျာကယာပြင်ပါတော့
ဒကာစိန်တို့ အတွက်ပေါ့ဗျာ။ ဒီကပြင် ရင် ဟိုက ပျက်တော့ တာပဲ ဆိုတာ သဘောကျ ပလား (ကျပါပြီ) အဲဒီတော့ – ခင်ဗျားတို့ ပြင်ချိန် သိပ်မရှိတော့တဲ့ အတွက် ကဗျာကယာ ပြင်ပြီး တော့ အခုန ကိုယ်တော်လို တစ်နာရီနဲ့ အပြီးလုပ်မှ ခင်ဗျားတို့ ခန္ဓာကိုယ်နဲ့ ခင်ဗျားတို့ နေရာကျ မယ် ဟုတ်ပလား (မှန်လှပါ ဘုရား)။
ဒီထက် ရက်ပိုသွားလို့ ဒီထက် ရက်ရှည် သွားလို့ ရှိရင်ဖြင့် မရဏမင်းကလဲ ခင်ဗျားတို့ကို မင်းတို့က အရွယ်ကောင်းတုန်းက လုပ်ခဲ့ကြတာ မဟုတ်ဘူး၊ ခုမှ ပြာလောင်ခတ် ရမလား ဆိုပြီး ခင်ဗျားတို့ ခေါင်းဖြတ်၊ အသက် သတ်မယ် (မှန်ပါ့)။
အားထုတ်မှုလိုနေတယ်
သို့သော် ဘာလိုနေသတုံး ဆိုတော့ အားထုတ်မှု လိုနေ တယ်။ ဝီရိယ ပြင်းပြမှု လိုနေ တယ်။ အခုလဲ ဒကာဒကာမတို့ ဘာလေး လိုနေသလဲ ဆိုတော့ ဒေါ်အုန်းခင်တို့ ရိပ်မိလောက်ပါပြီ။ ဘာလို နေသလဲ (ဝီရိယ လိုနေပါတယ်) ဝီရိယ လိုနေပါတယ်ဆို တာ ဟုတ်ပလား (မှန်ပါ့)။
အဲဒီတော့ ဝီရိယ လိုနေတယ် ဆိုတော့ ဝီရိယလေးကို အားကိုး လိုက်လို့ ရှိရင်ဖြင့် ဒကာ ဒကာမတို့ သတိမှာလဲ ပိုမှာပဲ၊ သမာဓိမှာလဲ ပိုမှာပဲ။ ပညာမှာရော (ပိုမှာပါ ဘုရား)။
ရ ထားတဲ့အခွင့်အရေးမယူပဲမနေပါနဲ့
အဲဒီတော့ ဒီလို ထားလိုက်ကြပါ။ ဝီရိယ အပေါ် ထိန်းနိုင် တဲ့၊ ကိုင်နိုင်တဲ့လူ။ ဝီရိယ ရှိတုန်း ဘုန်းပိုင် ကံပိုင်တဲ့ လူ။ ဒီရထားတဲ့ အခွင့်အရေးကို မယူဘဲ မနေပါနဲ့။ ဝီရိယ အားကြီးတဲ့ ပုဂ္ဂိုလ် ဘယ့်နှယ် ကြောင့် မဂ်ဖိုလ် မရဘဲ ရှိရမလဲလို့ ကြိမ်းလိုက်ပါ။ ဟုတ်ပလား (မှန်ပါ့) ကြိမ်းပြီး တကယ် တမ်း ကြိုးစား (မှန်လှပါ ဘုရား)။
ကြိမ်းပြီး ထိုင်နေလို့ မဖြစ်ဘူး။ ထိုင်နေလို့ မဖြစ်သေးဘူး။ တကယ်တမ်း ကြိုးစားမှ ခရီး ပေါက်မယ်။ ရှင်းပလား (ရှင်းပါပြီး ဘုရား)။
ခင်ဗျားတို့က ကျုပ်တို့တော့ ဆေးဝါးက တစ်မျိုး၊ ရောဂါ ထူတာက တစ်မျိုး၊ ပြောပဲ မပြော ချင်တော့ပါဘူး၊ ဒါ သူလျှော့ပြီ (မှန်ပါ့) အဲဒါ လူကြီး ပုဂ္ဂိုလ်ကြီးတွေနော်။ လူကြီး လူကျယ်တွေ (မှန်ပါ့)။
အသက် ဒီလောက်ကြီး လာပြီ။ ဘုန်းကြီးနဲ့ တွေ့ရတာ ရောဂါထူတဲ့ အချိန်မှ လာတွေ့ ရတော့ တပည့်တော်တို့ နာလိုက် တာ။ အဲဒါ ဒကာ ဒကာမတို့ မြို့သုံးပေါ့ဗျာ။ စင်စစ်မတော့ မလုပ် ဘူး ပြောတာ။ ရိပ်မိပလား (ရိပ်မိပါပြီ)။
မြို့ကယဉ်သလိုလိုနဲ့နောက်ဆုတ်တယ်
ကိုင်း ဒီအသွားတွေလဲ မလာခဲ့နဲ့၊ ဒီမြို့ သုံးတွေက ကိုယ့်ဟာကိုယ် နောက်ဆုတ်အသွား (မှန်ပါ့) အဲဒီမြို့ သုံးမျိုး သုံးချင် သေးလား။ (မသုံးချင်ပါ ဘုရား) အဲဒီမြို့ သုံး အသုံးတွေ ဖြုတ်မှ မြို့ သုံးက ယဉ်သလိုလိုနဲ့ နောက်ဆုတ်တာ (မှန်လှပါ ဘုရား)။
ကဲ ဒါဖြင့် ဒကာ ဒကာမတို့ အသက် အရွယ်ကလဲ ကြီးတယ်။ ဒကာစိန် လောကီ မှာတော့ နွားပျို သန်လှ နွားအို ပေါင် ကျိုး ပေါ့ကွာ တွေ့လိုက်မယ်ဟေ့ မပြောဘူးလား (ပြောဖူး ပါတယ်) အဲဒီတော့ နွားအိုတွေက ဘာလုပ်မလဲ? ဒေါ်အုန်းခင် ဘာလုပ် ရမှာလဲ၊ ရိပ်မိပလား (ရိပ်မိပါပြီ) ဒီအတိုင်း တွေးရမယ်၊ ဒီလို မတွေးလို့ ဖြစ်ပါ့မလား (မဖြစ်ပါဘူး ဘုရား) မဖြစ်ဘူး။
အဲ မတူတို့တွေ မရီတို့ ခန္ဓာရှိသူတွေ ကျတော့ ဟေ့ မင်းတို့ ခန္ဓာကိုယ်ကြီးက လူရုပ် အစဉ်ထားပြီး သကာလ ဟိုလူ တစ်ချက်ပစ်၊ ဒီလူ သေနတ်နဲ့ တစ်ချက်ပစ်တယ် ဆိုတော့ ဒို့တော့ ချော်စရာ ကို မရှိဘူး။ ခန္ဓာကိုယ် ကြီးတယ်။ သဘောကျပလား (ကျပါပြီ)။
မာရ်နတ်မင်းက လက်နက် တစ်ခုခုနဲ့ ကိုင်ပစ်လို့ရှိရင် တို့ အရင် ထိမယ် ဆိုတာ ပြောဖို့ လိုသေးလား။ ဘာဖြစ်လို့လဲ အို ခန္ဓာကိုယ် အထည်ကြီးတယ်။ ဟုတ်ပလား (မှန်ပါ့)။
ခင်ဗျားတို့ လူစားမဆိုနဲ့။ ဘုရားတောင် မှန်အောင် ပစ်နိုင်တယ်။ သဘောကျပလား (ကျပါပြီ) ဘုရားတောင် ခန္ဓာရှိတုန်း ကျတော့ သူ့လက်တွင်းမှာ ခေါင်းစင်း သေရတယ်။ ဒကာစိန်ရေ ရိပ်မိပလား (ရိပ်မိပါတယ်)။
ဝေဒနာနုပဿနာ ရှုဖြစ်အောင်ရှုပါ
ဒါဖြင့် ဒကာ ဒကာမတို့ ခင်ဗျားတို့ ဝေဒနာ ဖြစ်ပျက်ကို မရှုရင် မဖြစ်ဘူးဆိုတဲ့ အဓိပ္ပာယ် ရောက်ပြီလား (ရောက်ပါပြီ ဘုရား) သေသေ ချာချာ ရောက်တယ် (မှန်ပါ့)။ ဒါကြောင့် ဒကာ ဒကာမတို့ အခု လူသစ်တွေလည်း ပါတော့ ဝေဒနာ ကလေးဟာ ထွက်ထွက်ပြီး သကာလ နေတော့ ဘယ်နေရာ ဘာရှိတယ် ဆိုတာ ဒေါ်အုန်းခင် တွေ့ရတယ်။
ကဲ-ဒါဖြင့် ဒကာ ဒကာမတို့ မျက်လုံးမှာ ဘာဝေဒနာပေါ် တယ် (ဥပေက္ခာ ဝေဒနာပါဘုရား) နား၊ နှာခေါင်း၊ လျှာမှာ (ဥပေက္ခာ ဝေဒနာပါဘုရား) ပေါ်တိုင်း သိပြီ ဥပေက္ခာ ဝေဒနာ မဟုတ်လား (ဟုတ်ပါတယ်) ကိုယ်ပေါ် ကျတော့ သုခ၊ ဒုက္ခ ဝေဒနာ။ ဟဒယ ဝတ္ထုပေါ်ကျတော့ (သုခ၊ ဒုက္ခ၊ ဥပေက္ခာ ဝေဒနာပါ ဘုရား)။ အေး နားမလည်တဲ့ ဒကာ ဒကာမတွေ ဟဒယဝတ္ထု ဆိုတာ ဝမ်းထဲမှာ ပေါ်တာ တစ် ကိုယ်လုံးမှာ သုခ ဒုက္ခချည်း ပေါ့ဗျာ။ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
“ယော ဝေဒနံ ပရိညာယျ” တဲ့။ ယော-အကြင်ပုဂ္ဂိုလ် သည်။ ဝေဒနံ – ဝေဒနာကို။ ပရိညာယျ – ပိုင်းခြား၍ သိ၏။ သံယုတ် ပါဠိတော်မှာ ဘုရား ဟောတော်မူပါတယ်။ ဝေဒနာ ပိုင်းခြား လိုက်တာပဲ (မှန်ပါ့)။
ဝေဒနာကိုရှေးဦးခွာပိုင်းခြားရမယ်
သူ့နေရာ သူသိပြီ မဟုတ်လား။ ဝေဒနာတွေ ရောနေ သေးလား (မရောပါ ဘုရား) မရော ပါဘူး။ ကိုယ်ပေါ်မှာ သုခ၊ ဒုက္ခ ဆိုငြားသော်လဲ သုခပေါ်ရင် ဒုက္ခ မပေါ်ဘူး။ ဒုက္ခ ပေါ်ရင် (သုခ မပေါ်ပါဘုရား)။
ဟဒယဝတ္ထုပေါ်မှာ၊ သုခ၊ ဒုက္ခ၊ ဥပေက္ခာ ပေါ်နိုင်တယ် ပြောတာပဲ။ ပေါ်တာကတော့ တစ်ခုပဲ ရှိတယ်။ သုံးခုပြိုင် ပေါ်နိုင်ရဲ့လား (မပေါ်နိုင်ပါ ဘုရား) ဘုရားသခင် ကိုယ်တော်မြတ် က
“ယော ဝေဒနံ ပရိညာယျ။” ယော – အကြင်ယောဂီပုဂ္ဂိုလ် သည်။ ဝေဒနံ – ဝေဒနာကို ပရိညာယျ – ရှေးဦးစွာ ပိုင်းခြားရမယ်။
ဘာနဲ့ပိုင်းခြားရမှာတုံး
ဒါ့ကြောင့် အခုပြောလိုက်တဲ့ တရားလေးဟာလဲ ဒကာ ဒကာမတို့ ဘယ်နေရာမှာ ဘယ် ဝေဒနာ ရှိတယ်လို့ ဝေဒနာ ပိုင်းခြား လိုက်တယ် (မှန်ပါ့) အဲဒီတော့ ယော ဝေဒနံ ပရိညာယျ ဆိုတာ ဝေဒနာကို ပိုင်းခြားပါ။ ဘာနဲ့ ပိုင်းခြားရ မတုံးဆိုတော့ “သမာဓိ တော သမ္မဿနာ” = သမာဓိ – ပညာနဲ့ ပိုင်းခြားရမယ် (မှန်ပါ့)။
ဝေဒနာပေါ် ဆိုတာ အဲဒီဝေဒနာကို သမာဓိက တင်ပြမှ၊ ပညာက သြော် ဒီမှာ ဒုက္ခ၊ သြော် ဒီမှာ ဥပေက္ခာ၊ သြော် ဒီမှာ သုခ၊ သမာဓိ ပညာက ညွှန်ပြမှာ (မှန်ပါ့) နို့မို့ရင် ဝေဒနာက ပိုင်းခြား တယ် ဆိုငြားသော်လည်း ကံမှတ် ဖြစ်မယ်။ ကံမှတ် မလုပ်ကြပါနဲ့။ သမာဓိ ပညာနဲ့ အခုမျက်လုံး ပေါ်တယ် ဆို။ သမာဓိက အဲဒီမျက်လုံးညွှန်တော့ ပညာက အဲဒီ ကြည့်ပြီး သြော် – ဟောဒါ ဝေဒနာ ပါလားလို့ မြန်မြန် လုပ်ပါ။ သဘော ကျပလား (ကျပါပြီ ဘုရား)။
သမာဓိနဲ့ပညာနဲ့တွဲလွှတ်စမ်းပါ
အဲဒီတော့ သမာဓိတော သမ္မဿနာတဲ့။ သမာဓိနဲ့ ပညာနဲ့ တွဲတွဲ လွှတ်စမ်းပါ။ ဘုရား၏ တပည့် သားတွေ ဖြစ်ခဲ့လို့ ရှိရင်ဖြင့် သမာဓိနဲ့ ပညာ တွဲတွဲ လွှတ်စမ်းပါ။ ဝေဒနာ ပေါ်တဲ့နေရာကို သဘော ကျပလား (ကျပါပြီဘုရား)။
ဝေဒနာပေါ်တဲ့နေရာ ဘယ်သူ့တွဲ လွှတ်ရမလဲ (သမာဓိ နဲ့ ပညာတွဲလွှတ်ရပါမယ်) အေး သမာဓိနဲ့ပညာ တွဲလွှတ်ရမယ် မျက်လုံးထဲ ဘာဝေဒနာ ပေါ်တယ် (ဥပေက္ခာ ဝေဒနာ ပေါ် ပါတယ်) မြင်တဲ့ အချိန်မှာ ပေါ်တယ်။ အဲဒါ ဘာပါလိမ့်မတုံးလို့ သမာဓိ ပညာက မေးတာ သဘောကျပလား (ကျပါပြီဘုရား)။
သမာဓိနဲ့ ပညာနဲ့ နှစ်ခု ပေါင်းပြီး မေးလိုက်လို့ ရှိရင် သြော် ဒါလေးဟာ မျက်လုံးထဲမှာ တစ်ခြား မဟုတ်ပါလား၊ ဝေဒနာ ပါလား အေး ငါ သူ ပြုတ်ထွက် သွားတယ်၊ မပြုတ် သေးဘူးလား (ပြုတ်ပါတယ်) ငါပြုတ်သွားပါပြီတဲ့ ဒီနေရာမှာ ဥပေက္ခာ ဝေဒနာပါလား၊ ဥပေက္ခာ ဝေဒနာလေး ပါလား ဆိုတော့ ငါ မပြုတ်လို့ ခံနိုင်သေးရဲ့ လား (မခံနိုင်တော့ပါ ဘုရား)။
ဝေဒနာကို သူ့နေရာနဲ့သူ၊ သူ့နေရာနဲ့သူ ပေါ်တိုင်း ပေါ် တိုင်း ကြည့်ပေး ရမယ်။ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဝေဒနာရဲ့ ဖြစ်ကြောင်းကိုသိပါ
ဝေဒနာယဉ္စ သမ္ဘဝံ တဲ့။ ဝေဒနာ ဖြစ်ကြောင်းလေးလဲ ကြည့်လိုက်ပါဦး။ ဝေဒနာ သိတယ် ဆိုကတည်းက ဒိဋ္ဌိကွာပြီ၊ ဝေဒနာ ဖြစ်ကြောင်း သိတော့ ဒကာ – ဒကာမတို့ တစ်ခုခုနဲ့ မထိဘဲနဲ့ဖြင့် နာတယ်။ ကောင်းတယ်ဆိုတာ လာပါ့မလား (မလာပါဘူး)။
လျှာလယ်မှာ ဟင်းလေးနဲ့ မထိဘဲနဲ့ ကောင်းတယ် ဆိုတာ မလာဘူး လျှာလယ်မှာ ပေါ်နိုင် ပါ့မလား (မပေါ်နိုင်ပါ ဘုရား) အစပ် ကလေးနဲ့မှ မထိဘဲနဲ့ စပ်တဲ့ ဝေဒနာ ပေါ်နိုင် ပါ့မလား (မပေါ်နိုင် ပါဘူး ဘုရား)။
ဖဿကြောင့်ဝေဒနာဖြစ်တယ်
အဲဒီတော့ ထိလို့ ပေါ်တယ် ဆိုတော့ “ဝေဒနာ ယဉ္စ သမ္ဘဝံ”။ ဝေဒနာ ယဉ္စ-ဝေဒနာ၏၊ သမ္ဘဝံ- ဖြစ်ကြောင်းတွေကို။ ပရိဇာနာတိ- သိရမယ် ဆိုထားတယ်။ ဖဿ ပစ္စယာ ဝေဒနာ လဲ သိတယ်၊ ရိပ်မိပလား (ရိပ်မိပါပြီ)။
ပထမ ဝေဒနာသိ၊ နောက် ဝေဒနာ ဖြစ်ကြောင်းသိ (မှန်ပါ့) ဝေဒနာ ဘယ်သူ့ကြောင့် ဖြစ်သလဲ (ဖဿကြောင့် ဖြစ်ပါတယ်) ဖဿကြောင့် ဝေဒနာ ဖြစ်တယ်ဆိုတာလဲ ရှင်းမနေ ဘူးလား (ရှင်းပါတယ်)။
အေး ဒါကြောင့် ခင်ဗျားတို့ သူ ခဲနဲ့ မထိဘဲနဲ့ ခြေဖဝါးပေါ် မှာ သူမနာပါဘူး၊ ခဲနဲ့ ခြေထောက်နဲ့ ဆက်သွယ် ပေးလိုက်တာက ဖဿ၊ ပေါ်လာတဲ့ နာလုံးလေးက ဝေဒနာ။ ဆက်သွယ် ပေးတာ က ဘယ်သူတုံး (ဖဿပါ)။ အေး- နာလာတာက (ဝေဒနာပါ)၊ ဒါဖြင့် ထိတာနဲ့ နာတာ တစ်ချက်တည်း ပဲ (မှန်ပါ့) ထိတာနဲ့ နာတာ တစ်ချက်တည်းပဲဆိုတာ သိသဖြင့် ထိလို့ နာတာ ကဖြင့် ဖဿ ပစ္စယာ ဝေဒနာ (မှန်ပါ့)။
ဖဿချုပ်ရင်ဝေဒနာချုပ်တယ်
“ဖဿ နိရောဓာ ဝေဒနာ နိရောဓော။” သဘောကျပလား (ကျပါပြီဘုရား) ဖဿချုပ် ရင်ကော (ဝေဒနာ ချုပ်ပါတယ် ဘုရား)။ အဲဒီ ကဲ့သို့ အစောကြီးက ဒကာ-ဒကာမတွေ နှလုံးသွင်း ထား လိုက်ပါဦး။ ဟုတ်လား (မှန်ပါ့ဘုရား)။
ဧတေ- ဤတရားတို့သည် နိရုဇ္ဈန္တိ-ချုပ်ကုန်၏။
ဆုံးအောင် လုပ်လိုက် ရမယ်။ ဒကာ-ဒကာမတို့ ဒီ ဝေဒနာ ကလေးကို ဖြစ်ပျက်တွေ့ပြီ ဆိုကြပါစို့၊ ဖြစ်ပျက်တွေက နောက်ကျတော့ ဒကာ-ဒကာမတို့ ဖြစ်ပျက်က နေပြီး လျှောက် ကြည့် နေရင်းနဲ့ တွေ့ရတာလဲ ဒုက္ခလို့ ဉာဏ်သည် မပြောင်း ဘူးလား (ပြောင်းပါတယ်)။
နောက်ကျတော့ သူ့ထက်ပြောင်းပြီး သြော်-ဖြစ်ပျက် ဆိုတာ ဝိပရိဏာမ ဒုက္ခကြီး ပါလားလို့ မသိပေဘူးလား (သိပါတယ် ဘုရား) သိလည်း သိပြီးရော ဒီဝေဒနာ ကလေးဟာ ဒေါ်သန်းရေ ချုပ်သွားတယ် (မှန်ပါ့ ဘုရား)။
ဒုက္ခသစ္စာချုပ်တော့ သုခပေါ်ရတယ်
အဲဒီ ဝေဒနာလေး ချုပ်သွားတော့ ဝေဒနာဟာ ဒုက္ခသစ္စာ မဟုတ်ဘူးလား (ဟုတ်ပါတယ်) ဝေဒနာဟာ ဒုက္ခသစ္စာလေး ဒုက္ခ သစ္စာလေး ချုပ်သွားတော့ ဒီနေရာမှာ သုခပေါ် ရတယ် မပေါ် ပေဘူးလား (ပေါ်ပါတယ်) အေး-သုခ ပေါ် ရတယ်။
အဲတော့ ဒုက္ခချုပ်ချင်လို့ ချုပ်ရတာလား မေးတဲ့အခါကျ တော့ ဟိုက ဉာဏ်က ထက်ထက်၊ ထက်ထက် လာတော့ ဝိပရိဏာမ ဒုက္ခကြီးသည် မချုပ် ရပေဘူးလား (ချုပ်ရပါတယ် ဘုရား)။
ဝိပရိဏာမ ဖြစ်ပြီး သကာလ ချုပ်သွားတဲ့ အခါကျတော့ ဒီက ချုပ်သွားတာက ဒုက္ခသစ္စာ၊ မြင်တာက မဂ္ဂသစ္စာ၊ အေး ဒီ ချုပ်သွားတဲ့ အဆုံးလေးက (နိရောဓသစ္စာပါ ဘုရား) ဖြစ်ပျက် အဆုံး လေးက “ဒုက္ခဿ အန္တံ ကရိဿတိ” (မှန်ပါ့)။
နိရောဓသစ္စာနဲ့ဉာဏ်နဲ့သာကျန်မယ်
ဒုက္ခ၏ အဆုံးလေးက ဘာတဲ့ (နိရောဓသစ္စာပါ ဘုရား) အဲဒီ နိရောဓသစ္စာနဲ့ ဉာဏ်နဲ့ တင် ကျန်နေ ရမယ် (မှန်ပါ့) သမုဒယ သစ္စာကတော့ ဒကာ – ဒကာမတို့ ဒါပေါ်ကတည်းက သူသေ နေတာ (မှန်ပါ့) သူ့အတွက် ဘာကလေးများ လိုနေသေးလဲ (မလိုပါဘူး) ဆုတောင်းဖို့ လိုသေးလား (မလိုပါဘူး) မဂ်ပေါ်ဖို့သာ လိုတယ် (မှန်ပါ့)။
အေး- ဒါကြောင့် ဒုက္ခ၏ အဆုံး မြင်အောင် ကြည့်ကြစမ်းပါ၊ ဒုက္ခမြင်ရင် ဒုက္ခ၏ အဆုံး တွေ့မှာပဲ (မှန်ပါ)။
ပုရွက်ဆိတ်တန်း ဥပမာ
လောကီဥပမာ ဘုန်းကြီး ပြောလိုက်ပါ့မယ်၊ ခင်ဗျားတို့ ပုရွက်ဆိတ်တန်းကြီးဟာ လမ်းပေါ်မှာ တန်းနေတယ် ဒကာစိန် (မှန်ပါ့) သို့သော် သူ့တွင်းထဲ ဝင်တယ် (မှန်ပါ့) ဒကာစိန် ဘေးကနေ မပြောင်းနဲ့။
ပုရွက်ဆိတ်တန်းကြီး ကြည့်နေ ကြည့်နေတဲ့ အခါကျလို့ရှိ ရင် ပုရွက်ဆိတ်တန်းကြီးဟာ နောက်ဆုံးပိတ် အခါကျတော့၊ တွင်း ထဲဝင် သွားတော့ ပုရွက်ဆိတ်တန်းကြီး မြင်ရသေးရဲ့ လား (မမြင်ရ တော့ပါ)။
ဘာပြုလို့တုံး (ဆုံးသွားလို့ပါ ဘုရား)။ မဆုံးခင် ကတော့ ပုရွက်ဆိတ်တန်းကြီး မြင်ရတယ်၊ ဆုံးသွားတော့ (မမြင်ရတော့ပါ ဘုရား)။
ဒီမှာလည်း ထိုနည်းတူပဲ ပထမတုန်း ကတော့ ဝိပရိဏာမ ဒုက္ခတွေ မြင်မြင် မြင်မြင် နေတာပဲ၊ နောက် ဒီဒုက္ခတွေ ဆုံးသွားတော့ အေး ဒီနေရာ ပုရွတ်ဆိတ် မရှိတော့ဘူးလို့ မမြင်ဘူးလား (မှန်ပါ့) ပုရွတ်ဆိတ် အရှည် ကုန်ဆုံး သွားတော့ ပုရွက်ဆိတ် မရှိတာ တွေ့ရတယ်။ ဒီမှာလဲ ဒုက္ခတွေ အကုန် ဆုံးသွားတော့ ဒုက္ခ မရှိတာ တွေ့ရတယ်။ သဘောကျပလား (ကျပါပြီ ဘုရား)။
ဒုက္ခမရှိတာနိဗ္ဗာန်
ဒုက္ခတွေ ဆုံးသွားတော့ ဘာတွေ့သလဲ (ဒုက္ခမရှိတာ တွေ့ပါတယ်ဘုရား) ဒုက္ခ မရှိတာ တွေ့တယ်တဲ့၊ ကိုင်း- ဒုက္ခ မရှိတာ နိဗ္ဗာန်၊ နိရောဓသစ္စာ။ မရှိမှန်း သိတာက မဂ္ဂသစ္စာ အေးအဲဒါ ဒုက္ခ အဆုံးမှာမှ တွေ့တယ် (မှန်ပါ့ဘုရား)။
အဲဒီ ဒုက္ခအဆုံး ရောက်အောင် ရှုကြလို့ရှိရင် ဘုန်းကြီး တို့ ဒကာ – ဒကာမတွေသည် ဒုက္ခအဆုံး နိရောဓသစ္စာ သဘော ကျပလား (ကျပါပြီ) ဒုက္ခအဆုံး မြင်တာက မဂ္ဂသစ္စာ၊ ဒုက္ခအဆုံး မြင်တာက (မဂ္ဂသစ္စာပါ ဘုရား) မဂ္ဂသစ္စာ သဘောကျပလား (ကျပါပြီ)။
သမုဒယ၏အရှိန်ကုန်လို့ဒုက္ခဆုံးတာ
မဂ္ဂသစ္စာ လာတာသည် ဒုက္ခ အဆုံး (မှန်ပါ့)၊ ဆုံးချင်တိုင်း ဆုံးရတာလားလို့ မေးတဲ့ အခါကျတော့ သမုဒယ၏ အရှိန်အစော် အာနုဘော် ကုန်လို့ (မှန်ပါ့) သမုဒယ ချုပ်လို့ သူချုပ်တာ (မှန်ပါ့)။
ခန္ဓာကိုယ်ထဲမှာ သမုဒယကြီး ချုပ်လိုက်တော့ ဟိုမှာလဲ တစ်ခါတည်း ဒုက္ခ အဆုံးကလေး ပေါ်လာတယ်၊ ဒါလေး သေသေ ချာချာ မှတ်လိုက်စမ်းပါ၊ ဒကာသိုက် (မှန်လှပါဘုရား)။
မဂ် တစ်ပြိုင်တည်း ပေါ်တယ်
ဒါလေး သေသေချာချာ မှတ်လိုက်စမ်းပါ၊ ဒေါ်အုန်းခင် ဒါလေး သေသေချာချာ မှတ်ပါ ဆိုတာ တခြား မဟုတ်ဘူး၊ ဒီဒုက္ခ ဆုံးတဲ့ အချိန်နဲ့ ဒီက သမုဒယ ချုပ်တဲ့ အချိန်နဲ့ မဂ်ပေါ်တဲ့ အချိန်နဲ့ တစ်ပြိုင်တည်းပဲ (မှန်ပါ့)။
ဒါဖြင့် ဒုက္ခရယ် ဒုက္ခအဆုံးရယ် ကိလေသာ သေတာ ရယ် မဂ်ပေါ်တာရယ် တစ်ပြိုင်တည်း (မှန်ပါ့) တစ်ပြိုင်တည်းနော် ရိပ်မိပလား (ရိပ်မိပါပြီဘုရား)။
အဲဒါ ခင်ဗျားတို့ အားထုတ်ကြည့်ပါ၊ အားထုတ်ကြည့် လိုက်တဲ့အခါ ကျတော့ ဝိပရိဏာမ ရအောင်သာ အားထုတ်လို့ ရှိရင်ဖြင့် ခင်ဗျားတို့ ဒုက္ခအဆုံး တွေ့လိမ့်မယ်၊ ဒုက္ခလည်း တွေ့ မယ်၊ ဒုက္ခ အဆုံးလည်း တွေ့မယ် (မှန်ပါ)။
အပူဓာတ်ငြိမ်းသွားတယ်
ဒုက္ခက ဒုက္ခသစ္စာ၊ အဆုံးက နိရောဓသစ္စာ ဟုတ်လား၊ မြင်တာက မဂ္ဂသစ္စာ၊ ငြိမ်းတာက သမုဒယ သေတာ။ သမုဒယ သေတဲ့အခါ အပူဓာတ် ငြိမ်းသွားတယ်။ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဒါကြောင့် ရေအိုး တစ်ထောင်နဲ့ လောင်းဘိ သကဲ့သို့ ခန္ဓာ ကိုယ်ထဲမှာ အေးရမယ်၊ ခန္ဓာကိုယ် ထဲမှာ အေးအောင် ရေအိုး တစ်ထောင်နဲ့ လောင်းဘိ သကဲ့သို့ ခန္ဓာကိုယ် အေးရမယ်လို့ ပဏ္ဏာသ အဋ္ဌကထာ ဖွင့်လိုက်တယ် (မှန်ပါ့)။
အဲဒါကြောင့် ဝိပဿနာ မဂ္ဂင် ဖြစ်တုန်း ကတော့ ဖြစ်ပျက်ကို အာရုံပြုတယ်။ ဝိပရိဏာမ ဒုက္ခ မြင်နေတယ်။ တကယ့် မဂ်စစ်လာ တဲ့အခါ ဝိပရိဏာမ ဒုက္ခ မမြင်ဘဲနဲ့ ဝိပရိဏာမ အဆုံး သွားမြင်တယ် ရိပ်မိပလား (ရိပ်မိပါပြီဘုရား)။
ဝိပရိဏာမ ဒုက္ခ အဆုံးသွား မြင်တယ် ဆိုတော့ ဒကာ – ဒကာမတွေ ဒုက္ခ၏ အဆုံးကို သွားမြင်တယ်။ ဒါဖြင့် ဒုက္ခ၏ အဆုံး ဆိုတာ နိရောဓသစ္စာ၊ ဒုက္ခအဆုံး မြင်တာက မဂ္ဂသစ္စာ (မှန်ပါ့)။
မဂ်စစ် လက္ခဏာ
မဂ္ဂသစ္စာလည်း ဝင်ပါရော ဒကာ-ဒကာမတို့၊ လူ သောတာပန် ဖြစ်ရင် ထောင့်ငါးရာ ကိလေသာ တွေဟာ လေးပိုင်း တစ်ပိုင်း ငြိမ်းတယ်။ ရဟန္တာ ဖြစ်ရင် အကုန်ငြိမ်းတယ် ဆိုတော့ အေးမလား မအေးဘူးလား (အေးပါတယ် ဘုရား)။ အပူဓာတ် ငြိမ်းတော့ ဘာဖြစ်မယ် ထင်သလဲ (အေးပါတယ်)။
နှလုံးကိုငြိမ်းအေးခြင်းလက္ခဏာ
နှလုံးကို ငြိမ်းအေးခြင်း လက္ခဏာ ရှိတယ်။ မဂ်က မဂ္ဂသစ္စာ လာရင် နှလုံးအေးရမယ်၊ ဒေါ်အုန်းခင် သေသေချာချာ မှတ်နော်။
မဂ္ဂသစ္စာ မဂ်စစ်လာရင် ဘာဖြစ်ရမလဲ (နှလုံးအေးရ ပါမယ် ဘုရား)၊ နှလုံးအေး ရမယ်တဲ့ နှလုံးအေးသွားမယ် (မှန်ပါ့) အဲဒီ အေးတာလေး သည်ကား ဆိုရင် ဒကာ-ဒကာမတို့ ကိလေသာ အပူမီး ငြိမ်း၍ အေးသည် (မှန်ပါ့)။
ဓာတ်တော်တွေ ကျလာမယ်
ကိလေသာ အပူမီးငြိမ်းလို့ အေးသည်၊ ဒါကြောင့် မသာ ကိစ္စ လှချင်လို့ ရှိရင် ခင်ဗျားတို့ ဒီအလုပ်ကို လုပ်ပါ၊ ဒီထက်ပိုပြီး ကြိုးစားလိုက်လို့ ရဟန္တာ အဖြစ်ကို ရောက်မယ် ဆိုရင် မသာ မဟုတ် တော့ဘူး၊ သူများ ကိုးကွယ်ရာ ဖြစ်မယ်၊ ဓာတ်တော်တွေ ကျလာလိမ့်မယ် (တင်ပါ့ဘုရား)။ သူများ တံတွေး ထွေးတဲ့ အဆင့် ရောက်သေးရဲ့လား (မရောက်ပါဘူး) ဓာတ်တော်တွေ ဖြစ်လာ တဲ့ အခါကျတော့ ဟိုအိမ်က ပူဇော်ချင်၊ ဒီအိမ်က ပူဇော်ချင်နဲ့ ခင်ဗျားတို့ အဖိုး မတန်ဘူးလား (တန်ပါတယ် ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ)။
ဒီအတိုင်း သေကြမယ်ဆိုရင် ဓာတ်တော် မကျနိုင်လို့ တော်ကြာ ဖောင်းကြွလာလို့ ခွေးတွေ ဘာတွေ ရောက်လာလို့ ရှိရင် အင်မတန် အကျည်းတန် အရုပ်ဆိုးတဲ့ အဓိပ္ပာယ် ရောက်သွား လိမ့်မယ်။ အဲဒီတော့ ခင်ဗျားတို့ဟာ အသေလည်း မလှ၊ အနေလည်း မလှ ဒီလို ဖြစ်မှာ မစိုးရိမ် ရဘူးလား (စိုးရိမ်ရပါတယ် ဘုရား)။
သမာဓိမဂ္ဂင်ဖိလုပ်စမ်းပါ
အဲဒါဖြင့် သမာဓိမဂ္ဂင် ဖိလုပ်စမ်းပါ။ ဒါ တိုက်တွန်း တာနော် (မှန်ပါ့) သမာဓိ မဂ္ဂင်ကို ဖိလုပ် စမ်းပါ။ ဖိလုပ်သွားလို့ ရှိရင်ဖြင့် ခုန မသာ ဖိတ်စာလဲလှ၊ ခန္ဓာကိုယ်ကြီးလဲ ဓာတ်တော် ကျလို့ အများ ပူဇော်ကြမယ် (မှန်ပါ့ဘုရား)။
ဒီအတိုင်းသာ ဆိုလို့ရှိရင် မသာ ကိစ္စကလဲ အနံ့မသာ ကြွတော်မူပါ ဟုတ်လား။ ဒါဆို ခန္ဓာ ကိုယ်ကြီးကိုလဲ ဆွေမျိုးတော် တဲ့ ပုဂ္ဂိုလ်ကတော့ နှာခေါင်း ပိတ်မှာဗျ၊ ဆွေမျိုး မတော်တဲ့ ပုဂ္ဂိုလ် ကတော့ ဖီ ဖွမ်နဲ့ လာသေးတာဗျ (မှန်ပါ့ဘုရား)။
နှာခေါင်းပိတ်တာလဲ ကျက်သရေ မရှိလို့ ဖွံ့ဖွမ်လုပ်တာ ကော (ကျက်သရေ မရှိလို့ပါ ဘုရား) အဲဒီလို သေချင်ကြသလား (မသေချင်ပါဘူး ဘုရား) ဟုတ်ကဲ့လား ခင်ဗျားတို့က (ဟုတ်ပါ တယ် ဘုရား)။
ဘယ်လောက်ပင် ခင်ဗျားတို့က ပြင်ဆင်ငြား သော်လည်း ခင်ဗျားတို့ ခေါင်းကို ဘယ်လောက် ပြင်ဆင်ထား ငြားသော်လည်း အနံ့ ကျတော့ မထွက်အောင် မပြင်ဆင်ဘူး ဆင်နိုင်ကြရဲ့ လား (မဆင်နိုင် ပါ ဘုရား)။
မဂ်ဉာဏ်ဖိုလ်ဉာဏ်ရအောင်လုပ်ပါ
အဲဒါဖြင့် အနံ့ မထွက်အောင် မဆင်နိုင်ကြလို့ ရှိရင် မဂ်ဉာဏ် ဖိုလ်ဉာဏ် ရအောင်လုပ်ပါ ရိပ်မိပလား (ရိပ်မိပါပြီ) အဲဒီတော့ လူသေမှ အရှက် ကွဲရတာ နာတယ် (မှန်ပါ့) အဲဒီ လူ ရှင်တုန်းက အလုပ် မလုပ်ချင်လို့ (မှန်ပါ့) ခင်ဗျားတို့က အခု ဟန်လုပ် နေသရွေ့ အဲဒီကျတော့ အကုန်ပေါ် မလာဘူးလား (ပေါ်လာပါတယ် ဘုရား)။
အခုတော့ ဖီးကာ လိမ်းကာ ပြုပြင်တာနဲ့ ကိုယ့်ရှိရင် ရှိသလို ဝတ်ကြ၊ ဆင်ကြပေါ့ဗျာ။ ဟုတ်လား တော်တော်ကြာ ကျတော့ ပေါ်လာပြီ နံလိုက်တာ ဒီ မသာနှယ် ဆိုးလိုက်တာကွာ မပြော ကြဘူးလား (ပြောပါတယ် ဘုရား)။
အေး ဒါကြောင့် အဲဒီလိုတော့ အရုပ်ဆိုးတာတွေ မဖြစ်စေနဲ့ ဦးတင်မောင် သမာဓိ၊ သမ္မာသမာဓိနဲ့ ပညာမဂ္ဂင်နဲ့ နေရာတိုင်း တွဲထည့် လိုက်လို့ ရှိရင် ခင်ဗျားတို့ အဖိုးတန်မယ် (မှန်လှပါ ဘုရား)။
ဒကာသိုက်ရေ ဒီဥစ္စာ အရေးမကြီးဘူးလား (ကြီးပါတယ် ဘုရား) ကိုင်း ဒါဖြင့် ဒကာ-ဒကာမတို့ ကြိုးစား စမ်းပါ ကြိုးစားကြ စမ်းပါ။ ကြိုးစားလို့ ရှိရင် ခင်ဗျားတို့ မုချ ခရီးရောက်မယ်။ ဟုတ်လား မုချ ခရီးရောက်မယ် (မှန်ပါ့ဘုရား)။
ခန္ဓာကိုယ်နဲ့ပူဇော်လိုက်ပါ
ကဲ ဒါဖြင့် ရှေးဦးစွာ သမာဓိ သမာဓိပညာ ရိုးရိုး လုပ်။ မဂ်ပေါ်လာတဲ့ အခါကျတော့ ဒုတိယ တစ်ဆင့် တက်ပေး၊ ဒါ ဣန္ဒြေ တက်အောင် လုပ်ပေးတာ (မှန်ပါ့) တတိယဆင့် ကျတော့ မဂ္ဂင် ရအောင် လုပ်မဟေ့ (မှန်ပါ့)။
ဒီလို ပြောင်းလိုက်လို့ ရှိရင် မဂ္ဂင်လမ်းပေါက်ပြီး သကာလ မောင်ထွန်းလှိုင် တစ်ခါတည်း အသေလှရော (မှန်ပါ့) အသေ လှမယ်တဲ့ တစ်ခါတည်း ခန္ဓာကိုယ်နဲ့ ပူဇော် လိုက်ပါ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ကဲ ဒကာ ဒကာမတို့ ဘယ်နှစ်မျိုး ဟော သတုံး (သုံးမျိုးပါ ဘုရား)။ သမာဓိပညာ ရိုးရိုး တစ်မျိုး (တင်ပါ့) သမာဓိပညာ ဒီထက် အလတ်စား မြင့်တက် လာအောင် လုပ်မှု တစ်မျိုး (တင်ပါ့) အခုထက် အထက်တန်း ကျကျ မဂ္ဂင် ဆိုက်အောင် လုပ်မှု တစ်မျိုး (တင်ပါ့)။
အဲဒီလို လုပ်လိုက်လို့ ရှိရင်ဖြင့် ခင်ဗျားတို့ ဖိတ်စာလဲ လှ ဟုတ်လား၊ ဓါတ်တော်လဲကျ ဆိုတော့ ဘယ်လောက် အဖိုး တန်သလဲ (တန်ပါတယ် ဘုရား)။
ဖိတ်စာလည်းလှ ဓာတ်တော်လည်း ကျ
ဖိတ်စာလဲလှ ဓာတ်တော်လဲကျ ဆိုတော့ကွာ မောင်ထွန်းလှိုင် ဘာပြောစရာ ရှိမလဲ။ အခုတော့ ဖိတ်စာ လှတာက ခင်ဗျားတို့ ရေးဖို့ သာ လှရတာကိုးဗျ။
ဘုန်းကြီးတွေကျတော့ ပျံလွန်တော်မူတယ်။ မယ်တော် ခမည်းတော်တွေ ကျတော့ နတ်ရွာ စံတယ်။ အလကား ရေးတာ ဒီဥစ္စာ ရိပ်မိပလား (ရိပ်မိပါပြီ) အလကား ရေးတာ ဒီဥစ္စာ လှအောင် ရေးတာပါ။
တကယ် လှချင်လို့ ရှိရင်ဖြင့် ခုန ပြောခဲ့တဲ့ ပညာနဲ့ သမာဓိကို မဂ္ဂင် ဆိုက်အောင်သာ လုပ်ပစ်လိုက် (မှန်ပါ့) အဲဒါဖြင့် သူများက မပြောလည်း လှနေတာပဲ မဟုတ်လား။ သူများက မပြောလဲ ဓာတ်တော်က ကျနေတာပဲ (မှန်ပါ့ဘုရား)။
ဒီလမ်းသည်ကားလို့ ဆိုလို့ ရှိရင်ဖြင့် အနေလဲ ကောင်း တဲ့လမ်း ဖြစ်သောကြောင့် ဒီထက် ကောင်းတဲ့လမ်း ဟာဖြင့် ရှိသေးရဲ့လား (မရှိပါဘူး ဘုရား)။
ဒီလမ်းဟာ ခုနပုံနဲ့ သေနိုင်လို့ ရှိရင်ဖြင့် ဒီပုဂ္ဂိုလ် ဘယ် ကြွပါလိမ့်လို့ မေးမနေနဲ့ ဘယ်မှ မကြွဘူး။ ဘယ်ဘုံ ဘယ်ဌာနမှ မကြွဘူး၊ ဘုံဌာနတွေ ကြွရင် မသာ ဖြစ်ဦးမှာကိုး (တင်ပါ့)။
ဘယ်မှ မကြွဘူး။ ကြွသေးရဲ့ လား (မကြွပါ ဘုရား) ဒုက္ခတွေ ဟူသရွေ့ အသေ ဇာတ်လမ်း သိမ်းလို့ ငြိမ်းသွား တယ်သာ ဆုံးဖြတ်ချက်ချ၊ ရှင်းပလား (ရှင်းပါပြီဘုရား)။
သမာဓိမဂ္ဂင်၊ ပညာမဂ္ဂင်ဖြစ်အောင်လုပ်
ကိုင်း – ဒကာ ဒကာမတို့ ဘာလုပ်ရမလဲ ဆိုတော့ သမာဓိမဂ္ဂင် ပညာမဂ္ဂင် ဖြစ်အောင် လုပ်ဖို့ အရေးကို လုပ်လိုက် ကြစမ်းပါလို့ ဒီနေ့ အတော် ပြောရတယ်။
ဒါဖြင့် ခင်ဗျားတို့ ပထမတော့ဖြင့် မျက်လုံးက ဥပေက္ခာ ဝေဒနာ ပေါ်တယ် နားမှာ (ဥပေက္ခာ ဝေဒနာ ပေါ်ပါတယ်) နှာခေါင်းမှာ (ဥပေက္ခာ ဝေဒနာ ပေါ်တယ်) လျှာမှာ (ဥပေက္ခာ ဝေဒနာ ပေါ်ပါတယ်) ကိုယ်ပေါ်မှာ (သုခ၊ ဒုက္ခ ဝေဒနာ ပေါ်ပါ တယ်) သုခ၊ ဒုက္ခ။ ရှင်းပလား (ရှင်းပါပြီ) ဟဒယ ဝတ္ထုပေါ်မှာ (သုခ၊ ဒုက္ခ၊ ဥပေက္ခာ ပေါ်ပါတယ်)။
အဲဒါ ပေါ်တဲ့အခါ ရှေးဦးစွာ သမာဓိကလဲ ညံ့တယ်၊ ပညာကလဲ ညံ့တယ် ဆိုရင် ပေါ်တိုင်း မောင်ထွန်းလှိုင် မတွေ့ဘူး (မှန်ပါ့) မတွေ့ပဲနဲ့ သမာဓိ၊ ပညာက ညံ့နေတယ် နောက်ကျတော့ တက် လိုက်ပါ။ မပေါ်ပေမယ့် ပေါ်အောင်၊ အမိဖမ်း မဟလို့ ဣန္ဒြေ ထိုက်အောင် လုပ်လိုက်ပါ။ အားတက် ပေးလိုက် ဆိုတာပါပဲ (မှန်ပါ့)။
ဖြစ်ပျက်သာမြင်အောင်ကြည့်
အဲဒီကဲ့သို့ အားစိုက် ပေးလိုက်တဲ့ အခါကျတော့ – ဘယ်ဟာ ပေါ်ပေါ် မိလာပြီ (မှန်ပါ့) မျက်လုံး ပေါ်လဲ မိပြီ။ ဝေဒနာလား? ဖြစ်ပျက်လား မေးလိုက်ရင် ဖြစ်ပျက်ပဲ တွေ့ရမှာပဲ။
ဘာကြောင့်လဲ ဝေဒနာ ပေါ်ပြီး ချုပ်သွားတယ်၊ နောက် မနောဒွါရ ဝတ္ထုလဲ ဖြစ်ပျက်သာ မြင်တော့တယ်၊ ဖြစ်ပြီး ပျက်သွားတာ သာ မြင်တော့တယ်။ သဘောကျပလား (ကျပါပြီ ဘုရား)။
အဲဒီလို နေရာတိုင်း မိပြီ ဆိုမှဖြင့် အားလုံး ဒကာ ဒကာမ တွေ မလျှော့နဲ့တော့ ဣန္ဒြေ ထိုက်လာပြီ တစ်ဆင့်တက်ဖို့ပဲ ကျန် တော့တယ်နော်။
တစ်ဆင့်တက်ဖို့ ကျန်တော့တယ်၊ တစ်ဆင့် တက်ဖို့ ကျန်တော့ နေရာတိုင်းမှာ မိလာပြီ ဘုရား၊ ဝေဒနာတွေ ပျက်တိုင်း ပျက်တိုင်း မိပြီ ဘုရား၊ ဘယ်နေရာ ပေါ်ပေါ် တပည့်တော်တို့ ဉာဏ်က အုပ်မိပြီ ဘုရား (မှန်ပါ့)။
မလျှော့နဲ့တော့ဣန္ဒြေ္ဒက်လာပြီ
ဒီလိုဆိုရင်ဖြင့် မောင်မြင့်တို့ မလျှော့နဲ့တော့ ဣန္ဒြေထိုက် လာပြီ ရင့်လာပြီ (မှန်ပါ့) ပါရမီ ခုနနဲ့ တူသေးရဲ့လား (မတူတော့ပါ ဘုရား) မတူတော့ဘူး ပါရမီရင့်လာပြီ (မှန်ပါ့)။
ဘုရားက ဒါကို ပါရမီဆိုတော့ ဟေ့ မင်းတို့က တစ်ဘဝ က၊ တစ်ဘဝကို ပါရမီ လုပ်နေလို့ ခက်နေတာ ရိုးရိုးကနေ ဣန္ဒြေထိုက် ဣန္ဒြေ္ဒကနေ မဂ္ဂင်ထိုက်၊ ဒါကို ပါရမီဆိုတာ (မှန်ပါ့ဘုရား)။
ပါရမီရဲ့ အဓိပ္ပာယ်
ဒါကြောင့် ပါရမီကိုလဲ ဒေါ်အုန်းခင်ကြီးတို့ ရှင်းပလား (ရှင်း ပါပြီ)။ ရိုးရိုး သမာဓိ ပညာက ဣန္ဒြေထိုက်တဲ့ သမာဓိပညာ။
ဒီထက် တစ်ခါ ရင့်လာလို့ ရှိရင် မဂ္ဂင်ထိုက်တဲ့ သမာဓိ ပညာ ဆိုတော့ သူတို့ဟာ သူတို့ အဆင့်ဆင့် ရင့်မသွားဘူးလား (ရင့်သွားပါတယ်) အဲဒါကို ပါရမီ ဆိုတာပဲ (မှန်လှပါ ဘုရား)။
ပါရမီရဲ့ အဓိပ္ပါယ်က နိဗ္ဗာန်ဟူသော ကမ်းတစ်ဘက်ကို သွားတတ်တယ် (ဝါ) ရောက် တတ်တယ် (မှန်ပါ့) နိဗ္ဗာန်ရောက်အောင် သွားတာ ပါရမီပဲ (မှန်ပါ့)။
နိဗ္ဗာန် ရောက်အောင် သွားတာ ပါရမီပဲ ဆိုတော့ မင်းတို့ တတိယမဂ္ဂင် ဆိုက်လာတာ ဆိုတဲ့ အခါကျတော့ သူမသွား ဘူးလား သွားမလား (သွားပါတယ်) နိဗ္ဗာန် အာရုံ ပြုသွားပြီ မရောက် သေးဘူးလား (ရောက်သွားပါတယ် ဘုရား)။
တစ်ဆင့်ထက်တစ်ဆင့်ရင့်လာတာပါရမီ
အဲဒါ ဘယ်က တက်လာသတုံး ဆိုတော့ သမာဓိပညာ ရိုးရိုးက ဣန္ဒြေ္ဒ တက်လာခဲ့တာ။ ဣန္ဒြေ္ဒက တစ်ဆင့် တက်ပြီး မဂ္ဂင်တက် လာတာ၊ နောက်ထပ် တက်လာတာ (မှန်ပါ့) အဲဒါ ကြည့်စမ်း တစ်ဆင့်ထက် တစ်ဆင့် တိုးတက်လို့ ရင့်လာတာ မဟုတ်လား (ဟုတ်ပါတယ်)။
အဲဒီလို ရင့်လာတာ ဘာခေါ်ကြမယ် (ပါရမီ ခေါ်ပါတယ် ဘုရား)။ အဲ ပါရမီ ဆိုတာ ဒါကို ခေါ်တယ် (မှန်ပါ့) ပါရမီ ရင့်လာပြီလို့ သုံးတဲ့ အခါလည်း သုံးရတယ်။
ခင်ဗျားတို့ ပါရမီရင့် လာတယ် ဆိုတဲ့ ဥစ္စာက တစ်ဘဝ ထက် တစ်ဘဝ ရင့်လာတယ်လို့ ဘုရားတို့၏ နမူနာ ထားပြီး ခင်ဗျားတို့ က ပြောတာ (မှန်ပါ့) စင်စစ် မဟုတ်ဘူး။ အဲဒါ လုပ်စထက် အခု ရင့်လာတာ အခုထက် နောက်ကို ကြိုးစား လိုက်ရင် ပိုရင့် လာတာ အဲဒါ ဘာခေါ်ကြမယ် (ပါရမီပါ ဘုရား)။
ပါရမီဆိုတာ တစ်ဘဝတည်းကိုဆိုတာ
ပါရမီဟာ တစ်ဘဝတည်းကို ဆိုလိုက်တာ ရိပ်မိပလား (ရိပ်မိပါပြီ) ဒါဖြင့် ဒကာဒကာမတွေ အခုစပြီး အားထုတ် တာထက် အတော် ခရီးကော ပေါက်မလာ ဘူးလား (လာပါတယ် ဘုရား) နောက်တစ်ခါ ကြိုးစားလိုက်ရမယ် (မှန်ပါ့) ဒီထက် ကြိုးစားလို့ ဒီထက် ပေါက်လို့ရှိရင် သမ္မာမဂ္ဂင် လမ်း ဆိုတော့ နန္ဒိယလမ်း သေချာပြီ (မှန်ပါ့) နန္ဒိယလမ်း မရောက် သေးဘူးလား၊ ရောက်ပါပြီ ဘာပြုလို့ ရောက်နိုင်တာတုံး ဆိုတာ ဒကာသိုက် ရိပ်မိပလား (ရိပ်မိပါပြီ) အေး သမာဓိ ရင့်လို့။
အားထုတ်မှုပေါ်မူတည်တယ်
ဒကာ ဒကာမတို့ သမာဓိရင့်လာလို့ ဆိုတာ မှတ်လိုက် စမ်းပါ။ အားထုတ်မှု ပေါ်မှာ မူတည် နေတယ် (မှန်ပါ့) ပထမ အားထုတ်စက နုတယ်၊ နောက်ထပ် အားထုတ်မှုက (ရင့်လာ ပါတယ်) နောက် ဒီထက် အစွမ်းကုန် အားထုတ် လိုက်တော့ ဒီထက် ရင့်ရင့် လာရင် ကိစ္စပြီးတာပဲ (မှန်ပါ့ ဘုရား)။
အဲ ကျုပ်တော့ ဖြစ်မထင်ပါဘူး၊ စမ်းစမ်းတော့ ကြည့်တာပဲ ဖြစ်မထင်ပါဘူး ဆိုတော့ ပထမ ပါရမီလဲ မရှိဘူး။ ဒုတိယ ဣန္ဒြေ္ဒ ထိုက်တဲ့ ပါရမီ ဖြစ်နိုင်သေးရဲ့လား (မဖြစ်နိုင် တော့ပါ ဘုရား) တတိယ မဂ္ဂင်ဆိုက်တာ ကျတော့ ဝေးပြီ၊ ဒီလို မနေဘူးလား (နေပါတယ်)။
အဲဒီတော့ ဒကာ ဒကာမတို့က လုပ်တော့ လုပ်စမ်း ကြည့် တယ်။ ဝေဒနာတွေ ဖမ်းဖမ်း ကြည့်တယ်၊ သူ့ကို ကောင်းကောင်း မတွေ့ဘူး၊ မတွေ့တော့ ကျုပ်ပါရမီ ညံ့လို့ ထင်ပါရဲ့ တဲ့။ သူ့မှာ မလုပ်ရသေးဘူး။ ပါရမီကို မစရသေးဘူး။ နင်းကန် ပြောနေတာ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား) ပါရမီ စရပြီလား (မစရသေးပါ ဘုရား)။
ပါရမီ မစရသေးခင်က ညံ့နေတယ် ဆိုတော့ ဒေါ်အုန်းခင် ဒီလို ပုဂ္ဂိုလ်ကို ဘယ်လို လုပ်ပြီး ဟောမလဲ (မှန်ပါ့) သူ့အတွက် ဒကာစိန် ဘယ်လိုရမှာလဲ (မဟောဘဲ ပစ်ထားတာ အေးပါတယ် ဘုရား) [ရယ်ကြသည်။]
သာဝကမှာ ပါရမီလို့ မဟောဘူး
ကိုင်း ဒကာ ဒကာမတို့ ပါရမီ ဆိုတာသည် မိမိ စ,လုပ် တာသည် ပါရမီစ,တွေ့တာပဲ (မှန်ပါ့) ဒုတိယ မြင်ထင် လာတာသည် ပါရမီ အလတ်စား ဖြစ်လာတာပဲ (မှန်ပါ့)၊ တတိယ အစွမ်းကုန် ဒုက္ခ ပိုင်းခြား နိုင်တယ် ဆိုရင်ဖြင့် ပါရမီ ရင့်ပြီ (မှန်ပါ့)။ ကဲ ဒေါ်အုန်းခင်ကြီး ပါရမီ အကြောင်း ရှင်းပလား (ရှင်းပါပြီ) ဒကာသိုက်ကော (ရှင်းပါပြီ)။
ပါရမီ ရိုးရိုးသည်ကား ဆိုလို့ရှိရင် ခင်ဗျားတို့ ဘာမှ မလိုဘူး သာဝကမှာ၊ ပါရမီလို့ကို မဟောဘူး။ သာဝကမှာဖြင့် ဘယ်နှစ်သင်္ချေ ဘယ် တစ်သင်္ချေလို့ကို မဟောဘူး။ အခု အလုပ် ပေါ်မှာ မူတည်တာပဲ ရိပ်မိပလား (ရိပ်မိပါပြီဘုရား)။
အဲဒီတော့ ခင်ဗျားတို့ အခု ဒီဘဝနိဗ္ဗာန် သွားချင်တယ် ဆိုရင်ဖြင့် အခု အလုပ်လုပ်ပါ၊ ခင်ဗျားတို့ တစ်ဆင့်ထက် တစ်ဆင့် တက်အောင် လုပ်၊ ဒါပါရမီပဲ။ သဘောကျ ပလား (ကျပါပြီ) အတိတ် တွေ ဘာတွေ ဆောင်နေဖို့ မလိုပါဘူး (မှန်ပါ့) အတိတ်တွေ ဘာတွေ ဆောင်နေဖို့ မလိုဘူး ဆိုတာ မှတ်ထား ကြပါ။ အခုလုပ် အခု ရတယ် ဆိုတာ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
အခုလုပ်ရင်အခုရတယ်
အဲဒီတော့ အခုလုပ် အခု ရတယ် ဆိုတာ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဟောရှာ သားပဲ၊ “အကာလိကောဟေ့” လို့ မလာဘူးလား (လာပါတယ်ဘုရား) အကာလိကော အခု လုပ်ရင် အခု အကျိုး ပေး၏တဲ့ အကာလိကော သဘောကျ ပလား (ကျပါပြီဘုရား) ဘာတဲ့တုံး (အခုလုပ်ရင် အခု အကျိုးပေး ပါတယ် ဘုရား)။
ဒါ ဖြည်းဖြည်းမှ ယူရမယ်လို့ ဆိုချင်သေးလား (မဆိုချင် ပါဘူးဘုရား) မဆိုချင်လို့ ရှိရင်ဖြင့် အကာလိကောလို့ ဘုရားက ဟောပါရက်သားနဲ့၊ အခုလုပ်ရင် အခု ရတယ် ဟောပါရက်သားနဲ့ ခင်ဗျားတို့ အကာလိက ဖြစ်တဲ့ တရား ဂုဏ်တော်ကြီးက တရား အားထုတ်တဲ့ ပုဂ္ဂိုလ်တွေဟာ တရားအတိုင်း အကျိုးပေးမယ် (မှန်ပါ့)။
အကာလိကော ဆိုတာ တရား ဂုဏ်တော်ကြီး ထဲက မဟုတ်လား (ဟုတ်ပါတယ်) အဲတော့ အခါမလင့် အကျိုးပေး တယ် ဆိုတာ အခုလုပ် အခု ရတယ်လို့ မပြောဘူးလား (ပြောပါ တယ်)။
ရေနစ်နေတဲ့အထဲတုံးထိုးပေးနေတာ
ခင်ဗျားတို့က ရေနစ်နေရတဲ့အထဲ ဘုန်းကြီးက တုံး ထိုးပေးနေတယ်။ မမြုပ်နိုင်တဲ့ တုံးကြီး (မှန်ပါ့) ခင်ဗျားတို့က ဖြည်းဖြည်းမှ ပို့ပါ ဘုရားတဲ့ ရိပ်မိပလား (ရိပ်မိပါပြီ)။ ရေက နစ်နေတဲ့ အထဲ တုံးထိုး ပေးလိုက်တော့ ဒေါ်အုန်းခင်ကြီး တို့က ဖြည်းဖြည်းမှ ပို့ပါ ဘုရားလို့ ရေထဲက ပြောနေရင် ဒီပုဂ္ဂိုလ်ထက် ရူးတာ မိုက်တာကော (မရှိပါ ဘုရား)။
ဒီက နစ်လုနေလို့ တုံးထိုးပေးတာ ခင်ဗျားတို့က ဘယ်လို ပြောသတုံး (ဖြည်းဖြည်းမှ ပို့ပါ ဘုရား) ဖြည်းဖြည်းပေးပါ ဘာဖြစ် လို့တုံး (သေချင်လို့ပါ ဘုရား) သေချင်သေးလို့ (မှန်ပါ့)။
ဒီမှာလဲ ဒကာ ဒကာမတွေ မလုပ်လို့ရှိရင် ဘယ့်နှယ် ဆိုကြ မယ် (မြုပ်ချင်သေးလို့ပါ ဘုရား) အေး မြုပ်ချင် သေးလို့ချင်သေးလို့ မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား) ကဲ ဒကာ ဒကာမတို့ ရိပ်မိပလား (ရိပ်မိပါပြီဘုရား)။
မဂ္ဂင်ဖောင်ပေါ်အမြန်တက်ပါ
ခင်ဗျားတို့ သံသရာ ပင်လယ်ထဲမှာ မြုပ်လု မြုပ်ခင် နေတာ (မှန်ပါ့) ဒီသံသရာကြီးထဲမှာ မြုပ်လုမြုပ်ခင် နေကြတာ အဲဒီအထဲမှ ဘုန်းကြီးက မဂ္ဂင်ဖောင်ကြီး၊ မဂ္ဂင်တုံးကြီး ထိုးပေးနေတဲ့ ပုဂ္ဂိုလ် မှန်လို့ရှိရင် မြန်မြန်တက်ဖို့ မကောင်းဘူးလား (ကောင်းပါတယ် ဘုရား)။
မြန်မြန် ထက်ထက် ကောင်းတာကို ခင်ဗျားတို့က ပါးစပ်က ပြောလိုက် သေးတယ်၊ တစ်စ တစ်စ လုပ်ရမှာပဲ (တင်ပါ့) တုံးထိုး ပေးနေတဲ့ ဥစ္စာ ဘာတုံး (အရင်စလို လုပ်ရမှာ ပါ) ခင်ဗျားတို့က ကပ်ကပ် သပ်သပ် ဥပမာကြီး ထုတ်ထားတယ် လို့ အောက်မေ့မနေနဲ့ဦး။ ခင်ဗျားတို့ ဖြစ်စဉ်က ဒီထက် ဆိုးတယ်။ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ခင်ဗျားတို့က ဖြစ်စဉ်က ဒီထက် ဆိုးတယ် မဟုတ်လား ဒေါ်ရွှေက (ဆိုးပါတယ် ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ)။
ဒါဖြင့် ကြိုးစား တာပဲ ဖြစ်ကို မဖြစ်သေးဘူး၊ ဟ, မဖြစ် ဖြစ်အောင် ကြိုးစား ရမယ်။ ဘာလုပ်နေတုံး မေးရလိမ့်မယ်။ ဟုတ်လား (မှန်ပါ့) မဖြစ် ဖြစ်တဲ့ နည်းနဲ့ နေပြီလား မေးပါ (မှန်ပါ့)။
လာမေးရင် ဒီက ဘယ်လို ဘယ်လိုလုပ် ဘယ်လိုကိုင် ဆိုရင် ဖြစ်ရမှာပဲ ဖြစ်ရမှာပေါ့ ရိပ်မိပလား (ရိပ်မိပါပြီ) ဒါဖြင့် ဒကာ ဒကာမတို့ ဒီနေ့ ခရီးသည်ကားဆိုရင် အလွန်လွယ်ကူတဲ့ ခရီးဆိုတာ သဘောကျပလား (ကျပါပြီ)။
နိဗ္ဗာန်မှတစ်ပါးဘယ်မှမသွား
အဲဒါကြောင့် “နိဗ္ဗာနံ ဂစ္ဆတီတိ မဂ္ဂါ” မဂ္ဂေါ- မဂ္ဂသစ္စာ သည်။ နိဗ္ဗာနံ – နိဗ္ဗာန်သို့။ ဂစ္ဆတီတီ – သွားတတ်၏။
ခင်ဗျားတို့ သမာဓိမဂ္ဂင်၊ ပညာမဂ္ဂင်သာ ဖြစ်မယ် ဆိုရင် နိဗ္ဗာန်မှ တစ်ပါး ဘယ်မှမသွားဘူး၊ ဒကာသိုက် ဘယ်လောက် အဖိုးတန်သလဲ (မှန်ပါ့) အဲဒီတော့ သမာဓိမဂ္ဂင်၊ ပညာမဂ္ဂင် ဖြစ်အောင် ဒကာ ဒကာမတို့က သမာဓိ ရိုးရိုးက ဒီထက် သမာဓိ ကြီးအောင်လုပ် (မှန်ပါ့) ဒီထက်ပိုပြီး ဒီထက် ကြီးအောင် ခင်ဗျားတို့က ကြိုးစား လိုက်မယ် ဆိုလို့ ရှိရင်ဖြင့် မရဘူးလား (ရပါတယ်ဘုရား)။
အဲဒီတော့ ဆင်ကလေး မ,သလိုသာ မ,ပါတဲ့ (မှန်ပါ့) ငယ်ငယ်တုန်းက မလာတာ ဥပမာ မယ် ဆင်က ခွက် (၃၀) ရှိတဲ့ ဆင်ကလေး ဟုတ်လား၊ တော်တော်ကြာ နေ့တိုင်း ကျင့်သား ရလာတဲ့ အခါ ခွက် (၅၀) ရှိလာလဲ မ, နိုင်မှာပဲ မဟုတ်ဘူးလား (မှန်ပါ့) ခွက် (၁၀၀) ရှိတော့လဲ မ,နိုင် မှာပဲ (မှန်ပါ့)။
ဘာတုံးဆိုတော့ ကျင့်သားက တဖြည်းဖြည်း ရှေ့တိုး တိုးသွားတာ အလေးချိန် ဘယ်လောက် တိုးတိုး မ, နိုင်တာပဲ (မှန်ပါ့)။
မှတ်ချက်။ ။(ခွက် ၁၀= ၁၀ ပိဿာ)။
သမာဓိ၊ ပညာရင့်အောင်လုပ်ပါ
ဒီမှာလဲ ခင်ဗျားတို့ သမာဓိ ပညာကို အစကသာ တည် ထောင် (မှန်ပါ့) တည်ထောင်ပြီး ရင့်အောင် သာ လုပ်။ ရင့်အောင် သာ လုပ်လို့ ရှိရင်ဖြင့် ခင်ဗျားတို့သည် ခင်ဗျားတို့၏ ခန္ဓာကိုယ် ကြီး ဟာ အောက်လမ်း မသွားတော့ဘူး (မှန်ပါ)။ အပေါ်လမ်း ကိုသာ သွားမယ်၊ မ နိုင်တယ် ချီ နိုင်တယ် ဆိုတာ ရိပ်မိပလား (ရိပ်မိပါပြီ)။
အဲဒီတော့ ခင်ဗျားတို့ ခန္ဓာကိုယ်ကြီး အောက်လမ်း မသွားချင်ပါဘူး။ အပေါ်လမ်းပဲ တပည့်တော် တို့ ကြိုက်ပါတယ် ဆိုရင် တစ်စ တစ်စ ခုနက အတိုင်းပါပဲ ရှုရှုပြီး တက်ပါ။ ရှုရှုပြီး ဒီနေ့ တစ်နာရီ လုပ်လိုက်၊ နက်ဖြန်ကျ တစ်နာရီခွဲ၊ သန်ဘက်ခါကျရင် နှစ်နာရီလောက် အားထုတ် ပါ။
အဲဒီလို တက်တက် တက်တက် သွားမယ်ဆိုလို့ ရှိရင်ဖြင့် ခင်ဗျားတို့ ခန္ဓာကိုယ်ကြီးဟာ ဘုရားသခင် ကိုယ်တော်မြတ်ကြီး များ ကိလေသာ ရန်သူ ကင်းသွားတယ် ဆိုလို့ ရှိရင် သမာဓိနဲ့ ပညာတက် လာတော့ ကွေးတဲ့လက် ဆန့်သလောက်နဲ့ ဗကဗြဟ္မာကြီးဆီ ရောက်သွားတယ်။ ကွေးတဲ့ လက် ဆန့်သလောက် ကြာတယ် (မှန်ပါ့)။
ဘယ်လောက်များ သတ္တိထက်တဲ့ မဂ္ဂင်လဲ ဆိုတာ တွေးဖို့ လိုသေးလား (မလိုပါဘူးဘုရား) အဲဒီတော့ သည် အထက်လမ်း သွားလိုလို့ ရှိရင် ဒါလုပ်ကြပါ မဟုတ်ဘူးလား (မှန်ပါဘုရား) ဟာ တပည့်တော် တို့က နဂိုကိုက အောက်လမ်း သမားတွေ ထင်ပါရဲ့ ဆိုလို့ရှိရင် မတတ်နိုင်တော့ဘူး။ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
အဲဒီတော့ “ရေဝတီ” လမ်းကြိုက်သလား?။ “နန္ဒိယ” လမ်း ကြိုက်သလား? (နန္ဒိယလမ်း ကြိုက်ပါတယ် ဘုရား)။
“နန္ဒိယ” လမ်းကြိုက်လို့ ရှိရင်ဖြင့် ဒကာ – ဒကာမတို့ ရင့်အောင် လုပ်မှ “နန္ဒိယ” လမ်း ဖြစ်မှာ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
အကြီးစားရောက်မှ ကိစ္စပြီးမယ်
ဒါဖြင့် ခင်ဗျားတို့ သမာဓိ ရိုးရိုး၊ ပညာ ရိုးရိုး တစ်မျိုး၊ အလတ်စား ဖြစ်တဲ့ သမာဓိ၊ ပညာ တစ်မျိုး၊ အကြီးစား ဖြစ်တဲ့ သမာဓိ ပညာ တစ်မျိုး (မှန်ပါ့) အဲဒီ အကြီးစား ရောက်မှ ခင်ဗျားတို့ ကိစ္စ ပြီးမယ်။ သဘောကျပလား (ကျပါပြီဘုရား)။
ကဲ ကနေ့ ဒီတွင် တော်ကြစို့။
သာဓု သာဓု သာဓု။