053

ဝိပဿနာ ရှုနည်း ( မျောက်ဥပမာ )

အသံဖိုင်ခေါင်းစဉ်= ခန္ဓာငါးပါးကို​မျောက်ဖြင့်ဥပမာပြ၍ဟောကြားပုံတရားတော်

စာအုပ်ခေါင်းစဉ်= ဝိပဿနာ ရှုနည်း ( မျောက်ဥပမာ )

ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး မန္တလေးမြို့၌

ဟောကြားတော်မူသော တရားတော်

ခန္ဓာကပြောတာ စောင့်ကြည့်ပါ

ဝိပဿနာ ရှုနည်း ( မျောက်ဥပမာ )

(၂၀-၂-၆၀)

တရားနာပြီး သကာလ ဒကာ ဒကာမတွေနေကြပါ၊ မည်သူမည်ဝါဆိုတာက အမေမိဘက ချစ်ခင်လို့မှည့်ထားတဲ့ နာမည်လို့မှတ်ကြပါနော်။

မည်သူမည်ဝါ ဆိုတာကဖြင့် အမေမိဘက ချစ်ခင်လို့ မှည့်ထားတာသာဖြစ်ပါတယ်၊ ပင်ကိုအရှိကို အမှန်ပြောရမှာ ဖြစ်သဖြင့် ရုပ်နာမ်နှစ်ပါးပဲ ဆန့်လိုက်ရင် ခန္ဓာငါးပါး ကျဉ်း လိုက်ရင် ခန္ဓာနှစ်ပါး၊ ဆန့်လိုက်ရင် ခန္ဓာငါးပါးပဲရှိပါတယ်။

အဲဒါသိရမှာက အရှိကိုအတည်ပြုကြ၊ သူများမှည့် ထားတာကို အတည်မပြုပါနဲ့လို့ သတိ ပေးလိုက် ပါတယ်နော်။

သူများမှည့်ထားတဲ့ နာမည်ကတော့ဖြင့် အမျိုးမျိုးပဲ နာမည်တွေမှည့်ကြမှာပေါ့ဗျာ (မှန်ပါ့) မှည့်ပင်မှည့်သော် ငြားလည်း နာမည်အလိုက်က ခန္ဓာအရှိနဲ့ ကိုက်ပါရဲ့လားလို့ မေးတဲ့အခါကျတော့ နာမည် အလိုက်ကတော့ဖြင့် ချစ်လို့ခင် လို့နိမိတ်တွေယူပြီး အမျိုးမျိုးမှည့်ကြငြားသော်လည်း ခန္ဓာ ကတော့ လိုက်မယ် မဟုတ်ပါဘူး။

ဒကာ ဒကာမတွေက ကိုယ့်သား၊ ကိုယ့်သမီး၊ ကိုယ့် မြေး၊ အမျိုးမျိုးဆိုလို့ရှိရင်ဖြင့် စိန်တွေ ရွှေတွေတပ်ပြီး မှည့်ချင် မှည့်ကြမှာပေါ့ဗျာ၊ ခန္ဓာကလိုက်ကဲ့လား (မလိုက်ပါ ဘုရား) ဒါဖြင့် အရှိကမပြင်ဘူးဆိုတဲ့ အဓိပ္ပါယ်ရှင်းသွားပြီ။ အရှိကပြင်သေးရဲ့လား (မပြင်ပါ ဘုရား)။

ဒုက္ခပေးလေသမျှ ခန္ဓာက

မပြင်တော့ကို – ဒကာ ဒကာမတွေကို သတိထားစေချင် တာက ဒီခန္ဓာငါးပါးပဲရှိတော့၊ ဒီခန္ဓာငါးပါးသည်၊ ဒကာ ဒကာမ တွေအား ဒုက္ခပေးလေသမျှ ခန္ဓာကဆိုတာ မှတ်ထားလိုက်ကြပါ (မှန်ပါ့)။

နာမည်ကပေးတာမဟုတ်ဘူး၊ အရှိကိုပေးတာ (မှန်ပါ့) နာမည်ကပေးသလား၊ အရှိကပေးသလား (အရှိကပေးတာပါ ဘုရား)။ ရူပက္ခန္ဓာကလည်း ခဏခဏ ဖောက်ပြန်ပြတယ်၊ ဝေဒနာက္ခန္ဓာကလည်း ဝမ်းမြောက် အောင်လုပ်ပြလိုက်၊ တစ်ခါတလေ သတ္တဝါတွေသတ်ပြလိုက် တယ်၊ ဒုက္ခဝေဒနာကလည်း သတ်ပြတဲ့အခါ ပါသေးတာပဲ။

သညာက္ခန္ဓာကလည်း တစ်ခါတလေ သူအမှတ်လွဲလို့ သေလိုက်တဲ့ အခါပါသေးတယ်၊ တဏှာကလည်း သတ်တာပဲ နော် (မှန်ပါ့)။ သတ္တဝါကို ညှာတာမဖက် အမြဲနှိပ်စက်နေတာ က ခန္ဓာငါးပါးလို့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ မှတ်ထားကြ နော် (မှန်ပါ့ ဘုရား)။

အဲဒီခန္ဓာငါးပါးဟာ သူ့ပင်ကိုသဘောကတော့ဖြင့် ဖျပ်ဖျပ် ဖျပ်ဖျပ်နဲ့ ခဏ ခဏ ဖောက်ပြန် ပျက်စီး နေတာပဲ (မှန်ပါ့) ခန္ဓာငါးပါးပင်ကိုသဘောက ဘာပါလိမ့် (ဖောက်ပြန်ပျက်စီးနေပါတယ် ဘုရား) အဲဒါ-ဒကာ ဒကာမ တွေက သူ့ပင်ကိုသဘောသိအောင် ကြည့်လိုက်ပြီး သကာလ ဉာဏ်ကလေးနဲ့ စောင့်ကြည့်နေရမယ် (မှန်ပါ့)။

ခန္ဓာကပြောတာ စောင့်ကြည့်ပါ

ဝိပဿနာဆိုတာ ခန္ဓာက ဘာပြောတယ်ဆိုတာ စောင့်ကြည့်ရတာဝိပဿနာလို့ မှတ်လိုက်စမ်းပါ (မှန်ပါ့) ခန္ဓာကပြောတာစောင့်ကြည့်ရတာ ဝိပဿနာ၊ ခန္ဓာက ပြောတာကို (စောင့်ကြည့်ရတာ ဝိပဿနာ)။

သြော် ဝိပဿနာဆိုတာ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ အလွန်ခဲယဉ်းတယ်လို့ အောက်မေ့ပြီး သကာလ နေကြငြားသော်လည်း ဆရာမပြ နည်းမရကြလို့သာလျှင် ဦးခင်မောင်ရေ စိတ်ပူနေတာ (မှန်ပါ့)။

သေသေချာချာ ရှင်သာရိပုတ္တရာကဟောတယ်၊ ဝိပဿနာဟာကွာတဲ့။ အရှိခန္ဓာကြီးက ပြောတာကို စောင့် ကြည့်ပြီး သိနေဖို့ပါဘဲ (မှန်လှပါ ဘုရား)။

ဝိပဿနာဆိုတာ၊ အရှိခန္ဓာကြီးကပြောတာ၊ စောင့် ကြည့်နေပါ၊ ဒကာ ဒကာမတို့ (မှန်ပါ့) ခန္ဓာငါးပါး အရှိတရား ကြီးက အမျိုးမျိုးသော ဖောက်ပြန်ပြီး အမျိုးမျိုးသော ပျက်စီး မှုတွေ ပြတာကို ဒီကဉာဏ်နဲ့ စောင့်ကြည့်နေခဲ့ပြီဆိုမှဖြင့် ဝိပဿနာဖြစ်တော့တာဘဲလို့ ဦးဘတင်တို့ ဦးခင်မောင်တို့ မှတ်ဖို့ပေါ့ (မှန်လှပါ ဘုရား)။

သြော်-ဒါဖြင့် အားလုံးဒကာ ဒကာမတို့ ဝိပဿနာဆို တာ သိရမည့်အလုပ်လား၊ စောင့်ပြီးကြည့်ရမည့်အလုပ်လား ဆိုတာသတိထားပါ (စောင့်ပြီးကြည့်ရမည့် အလုပ်ပါ ဘုရား) စောင့်ပြီးကြည့်ရမည့် အလုပ်နော် (မှန်ပါ့) ဒကာ ဒကာမတို့ ဝိပဿနာဆိုတာ ဘာပါလိမ့် (စောင့်ပြီးကြည့်ရမည့် အလုပ်ပါ ဘုရား) စောင့်ပြီးကြည့်ရမည့်အလုပ် (မှန်ပါ့)။

စောင့်ပြီးကြည့်နေဆိုတော့ ရူပက္ခန္ဓာကလည်း ရုပ္ပတီ တိရူပံ ဆိုတော့ သူကလည်းဖောက်ပြန်တာပဲ၊ ခန္ဓာငါးပါးထဲက သူတို့လိုကျန်တဲ့ခန္ဓာတွေကလည်း ဘာလုပ်ပြန်သလဲဆိုတော့ အကုန်ဖောက်ပြန်တာဘဲ (မှန်လှပါ ဘုရား)၊ “လုဇ္ဇနပလုဇ္ဇနဋ္ဌေန လောကော” ဆိုသောကြောင့် ခဏခဏ ဖြစ်လိုက် ပျက်လိုက် ဖြစ်နေတာဘဲ (မှန်ပါ့)။

အဲဒီတော့ ဒါတွေသည် ဘုန်းကြီးတို့ ဒကာ ဒကာမ တွေက စောင့်ပြီး သကာလ ၊ ဘုရားရှေ့မှာထိုင်ထိုင် အိပ်ရာ ထဲမှာထိုင်ထိုင် မထိုင်ချင်ပက်လက်ပဲနေနေ၊ နေချင်သလိုနေ ပါ၊ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ဘယ်လိုနေရမယ်လို့ မဆိုပါဘူး (မှန်ပါ့)။

ဘယ့်နှယ်ကြောင့် ဘယ်လိုနေရမယ်လို့မဆိုဘူး” ဆိုရသလဲဆိုတော့ ဦးခင်မောင်တို့က သတိထားမိပါလိမ့် မယ်နော် “သယာနောဝါ သယာနောမှီတိ ပဇာနာတိ ́ဆိုတော့ အို အိပ်ပြန်လည်း၊ အိပ်ရင်းရှုကွလို့ပြောတာ (မှန်ပါ့)။

ဂစ္ဆန္တာဝါ ဂစ္ဆာမီ တိပဇာနာတိ ဆိုတော့ သွားပြန်လည်း သွားရင်းရှုရတာပဲ (မှန်ပါ့)၊ မပြောဘူးလား (ပြောပါ တယ် ဘုရား)။

ဒကာ ဒကာမတွေက ဝိပဿနာဆိုတာ အပါးမဝခင် က ထိုင်တာ (မှန်ပါ့) နောင်အသားရလာတဲ့အခါ ကျတော့ ဖြင့် အဲဒါဘာမှ မလိုတော့ဘူး သိတဲ့အချိန်မှာ သူကပြောတဲ့ အချိန်မှာ ဝိပဿနာဆိုပြီး မှတ်လိုက် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အမြဲတမ်းဖောက်ပြန်နေတဲ့ခန္ဓာကြီး

ခန္ဓာကပြောတဲ့အချိန်မှာ ဝိပဿနာ (မှန်ပါ့) ခန္ဓာဆိုတာလည်း ဒကာ ဒကာမတို့ ဘယ်အချိန် မပြောဘူး လို့ ဘယ်တော့မှ မယူနဲ့ အမြဲတမ်း ဖောက်ပြန်ပျက်စီးတဲ့ ခန္ဓာကြီး ဖြစ်နေတော့ စားလည်းဖောက်ပြန် သွားလည်းဖောက်ပြန် အိပ်လည်းဖောက်ပြန်၊ စောင်းနေလည်းဖောက်ပြန်တာပဲ ထမင်းစားနေလည်း ဖောက်ပြန်တာပဲ၊ ဆေးလိပ်သောက်နေ လည်း ဖောက်ပြန်နေတာပဲ။

အဲဒါကို ဒကာ ဒကာမတွေ သေသေချာချာ စောင့်ပြီး ကြည့်နေလို့ရှိရင်ဖြင့် သြော် ဝိပဿနာ ဆိုတဲ့ဥစ္စာ သည် ကြည့်ရမယ်ဆိုတာက စောင့်ပြီး ကြည့်ရမယ်ဆိုတဲ့ သဘောကို ဆိုတာလို့ မှတ်လိုက်စမ်းပါ (မှန်လှပါ ဘုရား)။

ဝိပဿနာဆိုတဲ့ ဥစ္စာသည် ဒကာ ဒကာမတို့ ခန္ဓာ ကိုယ် ဖြစ်စဉ်ကိုစောင့်ကြည့်နေတဲ့ သဘော၊ ဘာခေါ်ကြမယ် (ဝိပဿနာပါ ဘုရား) ဝိပဿနာဆိုတာ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ သေသေချာချာမှတ်ထားတော့ ဒါကြောင့် နိဗ္ဗာန် ဆိုတာ ဝိပဿနာဆုံးရင် နိဗ္ဗာန်ရောက်တာပါပဲ။ (မှန်ပါ့ ဘုရား)။

အိပ်ရင်းလည်း နိဗ္ဗာန်ရောက်နိုင်တယ်

အဲဒီတော့ ထိုင်ရင်းလည်း နိဗ္ဗာန်ရောက်နိုင်တယ်၊ အိပ်ရင်းလည်း နိဗ္ဗာန်ရောက်နိုင်တယ်၊ ထမင်းချက်ရင်းလည်း နိဗ္ဗာန်ရောက်နိုင်တယ်၊ လည်ပင်းဓါးလှီးတာတောင်မှ နိဗ္ဗာန် ရောက်နိုင်တယ်၊ ကျိုးတာပဲ့တာလည်း (ရောက်နိုင်ပါတယ်)။

ဦးဘတင်တို့ သေသေချာချာစဉ်းစားကြည့်တော့မှ ဪ ခန္ဓာကပြောတဲ့ အချိန်ကြည့်ပြီး၊ သိတဲ့အချိန်မှာ ဉာဏ်သက်ရောက်ပြီး သကာလ ဒီခန္ဓာမလိုချင်လို့ ဆုံးတဲ့ အချိန်မှာဖြင့် အိပ်ရင်းဆုံးတော့ အိပ်ရင်းနိဗ္ဗာန်ရတာပဲ (မှန်ပါ့ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတွေ ဝိပဿနာဆိုတာ ဘယ် အဓိပ္ပါယ်ပါလိမ့်ဆိုတာ ယနေ့ရှင်းပလား (ရှင်းပါပြီ ဘုရား) စောင့်ကြည့်ရမည့် အဓိပ္ပါယ်ကိုး (မှန်ပါ့) သဘော ကြပလား (ကျပါပြီ)။

ဝိပဿနာဆိုတာ ဘယ်လိုလုပ်ကြရမလဲ (စောင့်ကြည့်ရမယ် ဘုရား) အိပ်နေလည်း စောင့်ပြီးကြည့်နေ၊ ရပ်နေ လည်း စောင့်ပြီးကြည့်နေ သွားရင်လည်း စောင့်ကြည့်ရင် ကြည့်လိုက် သူဘာလုပ်နေတယ် ဆိုတော့ ဖောက်ပြန်နေ တယ်ဆို တာဟာ ဦးခင်မောင် ကြည့်ပေးပါနော် (မှန်လှပါ ဘုရား)။

ထိုကဲ့သို့စောင့်ပြီး ကြည့်ပေးတော့၊ လောကီဥပမာ ပြောကြစို့ဆိုတော့ မျောက်ဟာ အငြိမ်မနေဘူးဆိုတာ လူတိုင်းသိတယ် (မှန်ပါ့) မျောက်ဟာဘာတဲ့လဲ (အငြိမ်မနေပါ ဘုရား) အငြိမ်မနေတာကို မျောက်ရှင်လုပ်တဲ့ ပုဂ္ဂိုလ်က ကြည့်နေလို့ရှိရင်ဖြင့် တော်ကြာခုန်ပြန်ပြီ၊ တော်ကြာ ဆော့ ပြန်ပြီ၊ တော်ကြာ သစ်ပင်တက်ပြန်ပြီ၊ တော်ကြာ ဂျွမ်းထိုး ချပြန်ပြီ (မှန်ပါ့) ဦးခင်မောင် အမျိုးမျိုးမြင်ရတယ် (မှန်ပါ့)။

မျောက်သဘောကဖြင့် အငြိမ်နေတဲ့ သဘောပါရဲ့ လား (မပါပါ ဘုရား) မပါတော့ မျောက်ရှင်လုပ်တဲ့ ပုဂ္ဂိုလ်က စောင့်ကြည့်နေလို့ရှိရင် မျောက်၏ ဆော့ပုံတွေ မျောက်၏ ဖောက်ပြန်ပုံတွေ မျောက်၏ အငြိမ် မနေပုံတွေ မမြင်ရပေဘူး လား (မြင်ရပါတယ် ဘုရား)။

ခန္ဓာကိုယ်ကိုမျောက်ဥပမာထားပါ

ဒီမှာလည်း ခန္ဓာကိုယ်ကို မျောက်ဥပမာထားပြီး၊ ယောဂီပုဂ္ဂိုလ်က မျောက်ရှင်ဥပမာနဲ့ အလားတူစွာ ကြည့်နေ ပြီဆိုမှဖြင့် ခန္ဓာ၏သဘော ဗောလောကြီးပေါ်လာ လိမ့်မယ် ဆိုတာ သေသေချာချာမှတ်ပါ၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဲဒီကဲ့သို့ ခန္ဓာ၏သဘော ဗောလောကြီးပေါ်လာပြီ ဆိုမှဖြင့် သော် ဖောက်ပြန်ပြန်ပြီ ပျက်စီးနေပြီ၊ အစားထိုးလာပြန်ပြီ၊ သော် ပျက်စီးသွားပြန်ပြီ၊ သော် အစားထိုးလာပြန်ပြီဆိုတော့ သူ့မှာ ဒီနှစ်ခုပဲရှိတယ်။ ဦးခင်မောင်ရေ (မှန်ပါ့)။

အရင်ဖြစ်တာက ပျက်စီးတယ်၊ နောက်အစားထိုး တာက ပေါ်လာပြန်တယ်၊ ပေါ်လာတာက ပျက်စီးပြန်ရင် နောက်အစားထိုးတာ ပေါ်လာပြန်တယ် ဒါပဲရှိတယ်၊ ဒကာ ဒကာမတို့ သဘောပါပလား (ပါပါပြီ ဘုရား)။

ပျက်တာနဲ့အစားထိုးတာပဲရှိတယ်

ပျက်စီးတာနဲ့ အစားထိုးတာ ဒီနှစ်ခုပဲရှိတယ်၊ ရုပ်ပျက်ရင် ရုပ်အစားထိုး၊ ဝေဒနာပျက်ရင် (ဝေဒနာအစား ထိုး) သညာပျက်ရင် (သညာအစားထိုး) စေတနာပျက်ရင် (စေတနာအစားထိုး) စိတ်ပျက်သွားရင် (စိတ်အစားထိုး)

အင်း ဦးခင်မောင် ပျက်တာရယ် အစားထိုးတာ ရယ် တစ်ကိုယ်လုံးမှာ ဖောက်ပြန် ပျက်စီးဆိုတာ ဒီနှစ်ခု ပြောနေတာ (မှန်ပါ့ ဘုရား) ဒါလိုရင်းဆိုတာ မှတ်လိုက် စမ်းပါ၊ ဒကာ ဒကာမတို့ ပျက်တာရယ်၊ အစားထိုးတာရယ် ဒါပဲရှိတယ်၊ (မှန်ပါ့ ဘုရား) ခန္ဓာကိုယ်မှာ ဘယ်လိုများရှိပါ လိမ့် (ပျက်တာရယ် အစားထိုး တာရယ် ဒါပဲ ရှိပါတယ် ဘုရား)။

အင်း-ပျက်တာ အနိစ္စ၊ အစားထိုးတာ သင်္ခါရလို့ မှတ်လိုက် (မှန်ပါ့) ပျက်တာက အနိစ္စ အစားထိုးတာက (သင်္ခါရပါ ဘုရား) ဒီနှစ်ခုပဲရှိကြတဲ့ဥစ္စာ၊ ဒါခန္ဓာ ကပြောနေတာ ဦးခင်မောင်ရ၊ အဲဒါသူများက ပြောနေတာမှ မဟုတ်ဘဲ (မှန်ပါ့)။

သူက ဘယ်လိုပြောသလဲဆိုတော့ အနိစ္စ တစ်ချက်၊ သင်္ခါရတစ်ချက်၊ အနိစ္စတစ်ချက် သင်္ခါရတစ်ချက် ဒါပဲပြော နေတာ ဒါပဲပြောနေတော့ကို ဘုန်းကြီးတို့ ဒကာ ဒကာမတွေ စောင့်ကြည့်နေတဲ့ပုဂ္ဂိုလ်က၊ မျောက်ကို စောင့် ကြည့်နေတော့ မျောက်၏ဖြစ်စဉ် အကုန်မြင်ရသလို၊ ခန္ဓာ ၏ဖြစ်စဉ် အလုံးစုံ အကုန်မြင်ရတယ် (မှန်လှပါ ဘုရား)။

ခန္ဓာ၏ဖြစ်စဉ်အလုံးစုံ အကုန်မြင်ရတော့ကို ဒကာ ဒကာမတို့ သိတဲ့အတိုင်း ခန္ဓာကသူ့ဖြစ်စဉ်က အနိစ္စနဲ့သင်္ခါရ ဖြစ်နေတယ် သူ့ဖြစ်စဉ်ကဘာတဲ့ (အနိစ္စနဲ့ သင်္ခါရပါ ဘုရား) အနိစ္စဆိုတာ ပျက်စီးသွားတာ (မှန်ပါ့) သင်္ခါရဆိုတာ ပျက်တဲ့ နေရာ အစားထိုးတာ (မှန်ပါ့)။

ပျက်တာအနိစ္စ၊ အစားထိုးတာသင်္ခါရ

အစားထိုးတာ သင်္ခါရ၊ ပျက်စီးသွားတာ (အနိစ္စ) ဒါဖြင့် “အနိစ္စာဝတသင်္ခါရာ”ဆိုတာ ကိုက်သွားတယ် (မှန်ပါ့)။ ဦးခင်မောင်ကိုက်ပြီလား (ကိုက်ပါတယ် ဘုရား)။

ပျက်သွားတာ ဘာခေါ်ကြမယ် (အနိစ္စပါ ဘုရား) စောင့်ကြည့်နော် အစားထိုးတာ ဘယ့်နှယ်ခေါ်ကြမယ် (သင်္ခါရပါ ဘုရား) ဒါဖြင့် “အနိစ္စာဝတသင်္ခါရာ”ဆိုတော့ ကြော် သင်္ခါရနဲ့ အနိစ္စသာရှိပါလား ဘယ်မလဲ ယောက်ျား မိန်းမ ပုဂ္ဂိုလ်သတ္တဝါဆိုတာ မပါဘူးဆိုတဲ့ အဓိပ္ပါယ်က ဒီလိုစောင့် ကြည့်တဲ့ပုဂ္ဂိုလ်မှာ သက္ကာယဒိဋ္ဌိ အထူးတောင်ဖြုတ်စရာမလို တော့ဘူး (မှန်ပါ့ ဘုရား) လိုသေးသလား (မလိုပါ ဘုရား)။

အဲဒီမှာ အဖိုးတန်ပြီး သကာလ ၊ ဘုန်းကြီးတို့ ဒကာ ဒကာမ တွေ့သွားသောကြောင့်၊ သြော်-ဝိပဿနာဆိုတာ ဘယ်လိုများလုပ်ရပါလိမ့်မတုန်း ကျုပ်တို့ဖြင့် ဆရာကောင်း သမားကောင်းနဲ့ မတွေ့သေးတော့ ဝိပဿနာသဘော ဘယ်လိုများ ရှုကြမှတ်ကြပြီး သကာလ ၊ ဘယ်တော့များမှ နိဗ္ဗာန် ရောက်ပါ့မလဲဆိုတော့၊ အို ဒကာ ဒကာမတို့ ခန္ဓာ ငါးပါး မျောက်ဥပမာထားပါ၊ ယောဂီပုဂ္ဂိုလ်ဉာဏ်ကမျောက် ရှင် ဥပမာထားပြီး နောက်ဘယ်လိုဖြစ်နေတယ်ဆိုတာ သိလို့ ရှိရင်ပြီးတာပါဘဲ (မှန်ပါ့ ဘုရား)။

အဲဒါ-ဝိပဿနာအလုပ်ပါပဲဆိုတဲ့ဥစ္စာ ကိုင်း မျောက်ကဘယ်လိုများပြသလဲဆိုတော့ ပျက်ပြလိုက် အစားထိုးပြလိုက် ပျက်ပြလိုက် (အစားထိုးပြလိုက်) – ပျက်တာဘာခေါ်ကြမလဲ (အနိစ္စပါ ဘုရား) အစား ထိုးတာက (သင်္ခါရပါ ဘုရား) အင်း ရုပ်ပျက်ရင် ရုပ်အစားထိုးတယ်၊ နာမ်ပျက်ရင် (နာမ်အစားထိုးပါတယ် ဘုရား)။

ဒါဖြင့် ဦးခင်မောင်ရ ပျက်တာကအနိစ္စ၊ အစားထိုး တာက သင်္ခါရ သဘောကျပလား (ကျပါပြီ ဘုရား) ဒါဖြင့် အနိစ္စနဲ့ သင်္ခါရပဲရှိတယ်၊ ဒကာ ဒကာမတို့ (မှန်ပါ့) ခန္ဓာမှာ ဘာရှိပါလိမ့် (အနိစ္စနဲ့သင်္ခါရပဲရှိပါတယ် ဘုရား)

အစားထိုးတာက အကြောင်းလေးပါး

အနိစ္စဆိုတာလည်း ငါ၊ ငါ့ဥစ္စာမဟုတ်ပါဘူး၊ သင်္ခါ ရ အစားထိုးတာလည်းငါ၊ ငါ့ဥစ္စာမဟုတ်ပါဘူး၊ မနေ့ကပြောတဲ့ အကြောင်းလေးပါးတွေက အစားထိုး၊ အာရုံဒွါရတွေက အစားထိုး ရှင်းပလား (ရှင်းပါပြီ) အဲဒါတွေက အစား ထိုးတာ (မှန်လှပါ ဘုရား)။

ဒါကြောင့် ဒကာ ဒကာမတွေ ဝိပဿနာဖြင့် အလွယ် နည်းနဲ့ ရှင်သာရိပုတ္တရာ ဉာဏ်ကျယ်တဲ့ ပုဂ္ဂိုလ်က သေသေ ချာချာ ဟောသောကြောင့် ကာယမိမံသမ္မသထတဲ့ သူ့ကိုယ်တိုင်ရွတ်တာနော် ဣမံကာယံ – ဤခန္ဓာငါးပါး ကြီးကို သမ္မသထ မင်းတို့စောင့်ပြီး သုံးသပ်ကြကွစောင့်ပြီး သုံးသပ်ကြည့်ပါလို့ ပြောပြန်တယ်နော်။

ကာယမိမံ (ကာယံ ဣမံ) သမ္မသထ၊ ပရိဇာနာထ၊ ပုနပ္ပုနံ၊

ကာယေသဘာဝံ ဒိသွာန၊ ဒုက္ခဿန္တံ ကရိဿထ။

ပုနပ္ပုနံ – ခဏခဏ မင်းတို့အဖန်ဖန်လေးတော့ ကြည့်ပေးပါကွာတဲ့၊ ဘာ့ကြောင့် ဟောရပါလိမ့်မလဲဆိုတော့ မဂ္ဂသစ္စာက ဘာဝေတဗ္ဗကိစ္စလို့ သူဟောရှာတာ (မှန်ပါ့ ဘုရား)။

ဣမံကာယံ-ဤခန္ဓာငါးပါး ရုပ်နာမ်တရားကို သမ္မသထ-စောင့်ပြီးကြည့်စမ်းပါကွာ၊ ဦးခင်မောင် ဘယ်လို ကြည့်ရမလဲ (စောင့်ကြည့်ရမယ် ဘုရား) စောင့်ကြည့် ရမယ်တဲ့ ဒကာ ဒကာမတွေ သတိထားစမ်းပါတဲ့ ခန္ဓာကိုယ် ကြီး ဘယ်လိုလုပ်ကြည့်ရမယ် (စောင့်ကြည့်ရမယ် ဘုရား)။

ရှင်သာရိပုတ္တရာ၏အလွယ်နည်း

“ပရိဇာနာထ ပုနပ္ပနံ” – ပုနပ္ပုနံ – အဖန်တလဲလဲ၊ ပရိဇာနာထ – စောင့်ကြည့်ရမှာ ခဏလေးစောင့်ပြီး တော်ပြီလို့ မလုပ်ပါနဲ့ (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ) အဖန်ဖန် စောင့်ကြည့်ပေးစမ်းပါလို့ ဦးခင်မောင် ရှင်သာရိပုတ္တရာက ဟောတယ်နော် (မှန်ပါ့ ဘုရား)။

အဲဒီလို ဟောတဲ့အခါကျတော့ “ကာယေသဘာဝံ ဒိသွာန”တဲ့ ခန္ဓာငါးပါး၏ သဘောကြီး မင်းတို့သိလာပါလိမ့် မယ်တဲ့၊ မသိပေဘူးလား (သိပါတယ် ဘုရား) ဘယ်လို သိလာမလဲဆိုတော့ ပျက်တာရယ်၊ အစားထိုးတာရယ်၊ ဒါပဲ ရှိပေတယ်လို့ သိလာပါလိမ့်မယ်တဲ့ (မှန်ပါ့)။

ပျက်တာရယ် (အစားထိုးတာရယ်) ဒါပဲရှိတယ်။ ခန္ဓာသဘောဟာ ဒါပဲရှိတယ်ဆိုတာ ခန္ဓာကပြောလာတာ၊ ဘယ်သူက ပြောပါလိမ့် (ခန္ဓာကပြောတာပါ) ခန္ဓာက ပြောတော့ ဘယ်ခန္ဓာက ပြောပါသတုံးလို့ မေးတဲ့အခါကျ တော့ ရူပက္ခန္ဓာကလည်း ပြောမှာပဲ ဝေဒနာက္ခန္ဓာကလည်း ပြောမှာပဲ၊ အေး မပြောတာ တစ်ခုမှမပါဘူး သဘော ကျပလား (ကျပါပြီ)။

ခန္ဓာကလည်း ပြောမှာပဲ အာယတနဆိုတော့ အာယတနကလည်း ပြောတယ်ဆိုရမှာပဲ သဘောကျပလား (ကျပါပြီ) ဒီခန္ဓာတွေက ပြောတယ်ဆိုလို့ရှိရင် ဓါတ်လေးပါးက ပြောတယ်ဆိုရမှာဘဲ (တင်ပါ့ ဘုရား)။

ဒီလိုလည်း မပြောချင်ပါဘူးဘုရား အနိစ္စနဲ့ သင်္ခါရရှိ တာနဲ့တပည့်တော်ဖြင့် ဝေဒနာလည်းမမှတ်ဘူး၊ သညာလည်း မမှတ်ဘူး၊ ပျက်တာလေးရယ် အစားထိုးတာလေးရယ်၊ ဒါလေးတွေကြည့်နေမယ်ဆိုလည်း ဦးခင်မောင်ပြီးတာပဲ (မှန်ပါ့)။

ဒကာ ဒကာမတွေ ကျေကျေနပ်နပ် သဘောကျအောင် ပြောနေတယ်နော် (မှန်ပါ့) ကာယေသဘာဝံ ဒိသွာန၊ ကာယေ – ခန္ဓာငါးပါးဆိုတဲ့ ကာယတရား၌ သဘာဝံ – သဘောကို ဒိသာန – အဖန်ဖန်ပြု၍ ကြည့်သည်ရှိသော် ဒုက္ခဿ – ဒုက္ခ၏၊ အန္တံ အဆုံးကို၊ ကရိဿတိ – မင်းတို့ရောက်ပါလိမ့်မယ် (ဝါ) နိဗ္ဗာန်ရောက်မယ်။

ခန္ဓာသဘောသိရင်နိဗ္ဗာန်ရောက်မယ်

ဒါ ဦးခင်မောင် အမြင်ကျယ်တဲ့ ပုဂ္ဂိုလ်ပေါ့နော်၊ ခန္ဓာ သဘောသိ၊ နိဗ္ဗာန်ရောက်မယ်၊ တိုတိုပဲဟောလိုက်မယ် (မှန်ပါ့) ဒကာ ဒကာမတို့ ဘယ်လိုဟောပါလိမ့် (ခန္ဓာသဘော သိ နိဗ္ဗာန်ရောက်မှာပါ ဘုရား) ခန္ဓာသဘောသိရင် နိဗ္ဗာန် ရောက်မယ် (မှန်လှပါ ဘုရား)။

ဪ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက ဘယ်လိုကြောင့် ဒုက္ခခပ်သိမ်းငြိမ်းတဲ့ နိဗ္ဗာန်ကြီး မရောက် ကြပါလိမ့်မလဲဆိုတော့ အို ကိုယ့်ခန္ဓာအကြောင်း ကို ကိုယ်မသိကြလို့ (မှန်လှပါ ဘုရား)၊ ဘယ့်နှယ်ကြောင့် မရောက်ကြပါလိမ့် (ကိုယ့်ခန္ဓာအကြောင်းကိုယ်မသိကြလို့)။

ဘာသိမလဲတဲ့၊ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ကိုယ့်ခန္ဓာအကြောင်းကိုယ်မသိဘူးတဲ့ သိပြန်တော့ လည်းတဲ့ သမ္မာဒိဋ္ဌိနဲ့ကမသိမိစ္ဆာဒိဋ္ဌိနဲ့ သိနေတာ သမ္မာဒိဋ္ဌိနဲ့က (မသိပါ) မိစ္ဆာဒိဋ္ဌိနဲ့ ကျတော့ (သိနေတယ် ဘုရား)။

ငါ့ကိုယ်ငါ့ဟာ အဖြစ်နဲ့တော့ သိနေတယ်၊ ငါ့ကိုယ် ငါဟာ မဟုတ်ဘူးဆိုတဲ့ အသိမျိုးကျတော့ (မသိပါ ဘုရား)။

သြော် ဒါဖြင့် ဒကာ ဒကာမတို့ စောင့်လည်း မကြည့် အသိကလည်း လွဲပြန်၊ မရှိတာ သိပြီး သကာလ နေပြန်တော့၊ ဒါကြောင့် သံသရာရှည်သကိုး၊ ဆိုတဲ့ဥစ္စာဖြင့် ပေါ်လာ ပြန်ပြီ (မှန်လှပါ) မပေါ်လာဘူးလား (ပေါ်လာပါ တယ် ဘုရား)။

ကြပ်ကြပ်သတိထား နားထောင်ကြပါ ဒကာ ဒကာမ တို့ တရားမများသေးပါဘူး (မှန်ပါ့) ဒီခန္ဓာကြီးကို စောင့်ကြည့် လို့ရှိရင် ခန္ဓာကပြောပါလိမ့်မယ် ပြောရင်ခင်ဗျားတို့ကို အနိစ္စ နဲ့ သင်္ခါရချည့်ပဲ သူပြောပါမယ် (မှန်ပါ့)။

ခန္ဓာက ဘယ်လိုပြောမယ်

ခန္ဓာကဘယ်လိုပြောမယ် (အနိစ္စနဲ့ သင်္ခါရချည့် ပြောပါမယ်) ခန္ဓာက ဒါပဲပြောစရာရှိတယ်၊ ဝေဒနာပေါ်လာ ရင်လည်း ဝေဒနာက ဝေဒနာပါလို့ သူမပြောတော့ဘူး၊ ပထမတော့ ဝေဒနာပဲ နောက်ကျတော့ သူသည် ပျက်စီးသွား ပါပြီ။ နောက်တစ်ခါ အစားထိုးလာပြန်တော့ ဝေဒနာတစ်မျိုး ပေါ်လာပြန်ပါတယ်၊ ဒါဖြင့် ဝေဒနာပျက် ဝေဒနာအစားထိုး တာတွေ မြင်အောင်ကြည့် (မှန်လှပါ ဘုရား)။

စိတ်ပျက်ပြီ စိတ်အစားထိုးတာကို (မြင်အောင်ကြည့် ရမှာပါ ဘုရား)၊ ရုပ်ပျက်ပြီး ရုပ်အစားထိုးတာကို (မြင်အောင် ကြည့်ရပါမယ် ဘုရား) မြင်အောင်ကြည့်တဲ့အခါကျတော့ ကာယေသဘာဝံ၊ ဒိသွာန တဲ့၊ ကာယေ-ကိုယ့်သဘော၌ ကာယေဘာဝံ-ကိုယ်၏သဘောကို (ဝါ) ကိုယ်၌ရှိတဲ့သဘောကို၊ ဒိသွာန-သြော် အနိစ္စနဲ့ သင်္ခါရသာရှိတယ်လို့ သိခြင်းကြောင့်၊ ဒုက္ခဿ-ဒုက္ခ၏၊ အန္တံ -အဆုံးဖြစ်သော နိဗ္ဗာန်ကို၊ ကရိဿတိ – သစ္ဆိကရိဿတိ- မင်းတို့ သေသေချာချာ မြင်ပါလိမ့်မယ်ကွာ။

သူ့သဘောသိရင် နိဗ္ဗာန်သိတယ်မှတ်၊ သူ့သဘောသိ ရင် (နိဗ္ဗာန်သိပါတယ် ဘုရား) အဲဒီတော့ ဉာဏ်ကျယ်တဲ့ ပုဂ္ဂိုလ်က ဦးဘတင်ခပ်ကျဉ်းကျဉ်း ဟောလိုက်တယ်နော်၊ ကျုပ်တို့က ဒီအထဲမှာ ဉာဏ်ကလေးနည်းနည်းထည့်ရအောင် (မှန်ပါ့)။

သူ့သဘောသိရင် မုန်းလာမယ်၊ မုန်းတဲ့အခါကျတော့ မလိုချင်တဲ့ဉာဏ်လာလိမ့်မယ်၊ ဦးခင်မောင် ဒါတွေက လာလိမ့်မယ်၊ ဒီလိုလာမှသာလျှင် ဆုံးသွားလိမ့်မယ် မဟုတ် လား။

ပေါ်ရာကိုသာလိုက်လိုက်ပါ

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ဝိပဿနာရှုနည်း ကို ခန္ဓာငါးပါးကို ဘယ်ဟာရယ်လို့ မဟုတ်ဘူး၊ ထိုင်သာ ကြည့်နေပြီး၊ ပေါ်ရာကိုသာလိုက်လိုက်ပါတော့ (မှန်ပါ့) ယားရင်ယားတဲ့ နေရာလိုက်ပေါ့ဗျာ (မှန်ပါ့) ယားတဲ့နေရာမှာ ဒါကလေးဟာ အခုမှပေါ်တာ ဟာပျောက်သွားတာပဲ၊ အခုမှ ပေါ်တာသည် ဒကာ ဒကာမတို့ သင်္ခါရပျောက်သွားတာသည် အနိစ္စအခုပေါ်လာပြန်ပြီ (သင်္ခါရ) ဦးခင်မောင် ကျေနပ် ပလား (ကျေနပ်ပါပြီ)။

စောင့်ကြည့်ရင် ဒီနှစ်ခုမှတစ်ပါးလည်း ဒကာ ဒကာမ တို့ ရှုစရာမရှိပါဘူး၊ ဒီနှစ်ခုပဲရှိတယ် ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား) ဦးခင်မောင် ဒါအင်မတန် စိပ်တယ်နော် တကယ်ဆို ဝိပဿနာမရှုတတ်ဘူးဆိုတဲ့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ မရှိရအောင်လို့ ဘုရားရှေ့မှာထိုင်ထိုင်၊ အိပ်ရာ မှာပဲထိုင်ထိုင်၊ ထိုင်ချင်တဲ့နေရာမှာထိုင်၊ ရပ်ချင်တဲ့နေရာမှာ ရပ်ပြီး ခန္ဓာကိုယ်၏ သဘောကိုသာ စောင့်ကြည့် စောင့်ကြည့် နေလို့ရှိရင် ပျက်ပြီလို့လည်း ပြောမှာပဲ၊ အစားထိုးပြန်ပြီလို့ လည်း (ပြောမှာပဲ)။

ပျက်ပြီလို့လည်းပြောမှာပဲ့ အစားထိုးပြီလို့ကော (ပြောပါတယ်) ဘယ်သူကပြောသလဲ ခန္ဓာက ပြောတယ် ဘယ့်နှယ်ကြောင့် ဒီခန္ဓာကြီးကပြောမှန်း သိပါ သလဲဆိုတာ စောင့်ကြည့်နေလို့ (မှန်ပါ့ ဘုရား)။ စောင့်ကြည့်နေလို့ရှိရင် ပျက်ပြီလို့လည်း ပြောမှာပဲ၊ အစားထိုးပြန်ပြီလို့လည်း (ပြောမှာပဲ) ပျက်ပြီလို့လည်း (ပြောမှာပဲ) အစားထိုးတယ်လို့ကော (ပြောမှာပါပဲ) ဘယ်သူ က ပြောသလဲ (ခန္ဓာက ပြောပါတယ်) ဘယ့်နှယ် ကြောင့် ဒီခန္ဓာကြီးက ပြောမှန်းသိပါသလဲဆိုတော့ စောင့်ကြည့်နေလို့ သဘောကျပလား (ကျပါပြီ ဘုရား)။

ယောက်ျားမိန်းမ ရှာမတွေ့ဘူး

ဪ ဒီဒကာ ဒကာမတွေကို ခန္ဓာကပြောလို့ ရှိရင် ဪ-သူများပြောမဟုတ်ဘူးပေါ့ဆိုပြီး သကာလ အနိစ္စနဲ့ သင်္ခါရသာရှိသကွ၊ ယောက်ျားမိန်းမရှာမတွေ့ဘူးကွ ဆိုတော့ ဒိဋ္ဌိကလည်း ခန္ဓာကပြောတော့ ပြုတ်ထွက်သွား တယ်၊ အဲဒီမှာ ခန္ဓာကပြောတော့ ဘယ်နှယ့်လည်း (ပြုတ်ထွက်သွားပါတယ် ဘုရား)။

အားလုံး ဒကာ ဒကာမတွေ ခန္ဓာကပြောလိုက်တာ၊ မပြုတ်ပါနဲ့ဆိုလို့ (မရပါ ဘုရား) မရဘူး၊ ဘယ်နှယ့် များ ဖြစ်နေပါလိမ့်မလဲဆိုတဲ့ ဝိစိကိစ္ဆာလည်း မလာဘူး ပျက်ရင် အစားထိုးတာပဲရှိတယ်၊ သဘောကျပလား (ကျပါပြီ ဘုရား) ပျက်ရင် အစားထိုးပါတယ်။

အစားထိုးတာပဲရှိတော့ ဒကာ ဒကာမတွေ ပျက်တာ က အနိစ္စ၊ အစားထိုးတာက သင်္ခါရ၊ သဘောကျပလား (ကျပါပြီ) အဲဒီအစားထိုးတာလေး ပျက်သွားတော့ (အနိစ္စပါ ဘုရား) အနိစ္စဖြစ်သွားပြန်ရောဆိုတော့ ဒကာ ဒကာမတို့ နောက်အစားထိုးတာကလေး လာပြန်တော့ ဘာခေါ်ကြမယ် (သင်္ခါရပါ ဘုရား) အင်း အဲဒီ သင်္ခါရလေးဟာ ဘယ်လမ်းဆုံးပြန်သတုံး (အနိစ္စလမ်း ဆုံးပါတယ် ဘုရား)။

ဒကာ ဒကာမတွေက ဉာဏ်နဲ့စောင့်ပြီး၊ အစားထိုး တာ ကြည့်လိုက် ပျက်စီးသွားတာ အနိစ္စကြည့်လိုက် ထိုကဲ့သို့ ကြည့်တဲ့အခါကျတော့ အဲဒီနောက်ဆုံးပိတ် အနိစ္စဟာ အခု ဒီတပတ်ဆုံးသွားပြီးနောက် အနိစ္စကို ရှာမတွေ့တော့ဘူး ဆုံးတဲ့ဆီရောက်လိမ့်မယ် (မှန်ပါ့)။

ဒီအနိစ္စတွေ့တွေ့နေတာ၊ ပျက်သွားတာ ဘာခေါ် ကြမယ် (အနိစ္စပါ ဘုရား) နောက်ကျတော့ အစားထိုး တာလည်း မလာ ဦးဘတင်ရေ ပျက်သွားတာလည်းမလာ၊ အဲဒီကဲ့သို့ အစားထိုးတာလည်းမလာ၊ ပျက်သွားတာလည်း မလာတော့ကို တေသံဝူပသမော သုခေါ ဖြစ်တယ် (မှန်ပါ့)။

ဖြစ်ခြင်းပျက်ခြင်းမရှိတာ နိဗ္ဗာန်

တေသံ ထိုအစားထိုးသော တရားတို့၏ (ဝါ) ပျက်တတ်သော တရားတို့၏၊ ဝူပသမော-နှစ်ခုမရှိခြင်းသည် သုခေါ-နိဗ္ဗာန်ပဲကွ (မှန်ပါ့) ခန္ဓာကိုယ်စောင့်ကြည့်တာနဲ့ ပေါ် လာတယ် ခန္ဓာကိုယ် စောင့်ကြည့်တာနဲ့ ဘာပေါ်လာသလဲ (နိဗ္ဗာန်ပေါ်လာပါတယ်) ဦးခင်မောင် ပေါ်ပလား (ပေါ်ပါပြီ)။

စောင့်မကြည့်တဲ့ ပုဂ္ဂိုလ်မှာဖြင့် ဒီနှစ်ခုမတွေ့သော ကြောင့် ဒီနှစ်ခုအဆုံးကို ဘယ်နည်းနဲ့မှာ ရှာမတွေ့ပါဘူး၊ ဒီနှစ်ခုကိုတွေ့ရင်ဖြင့် ဒီနှစ်ခုအဆုံးကို ဘယ်နည်းနဲ့မဆို တွေ့မှာပဲ (မှန်ပါ့) မရှုတဲ့ပုဂ္ဂိုလ်ဟာ အစလည်းမတွေ့ဘူး အဆုံးလည်းမတွေ့ဘူး၊ ရှုကြည့်တဲ့ပုဂ္ဂိုလ်သည် အစလည်း တွေ့မှာဘဲ၊ အဆုံးလည်းတွေ့မှာဘဲ (မှန်လှပါ ဘုရား)။

ဒါဖြင့် ခန္ဓာကိုယ်ထဲမှာ တကယ်ရှိတာဖြင့် ဘယ်နှစ်ခု သာ ရှိပါလိမ့် (နှစ်ခုသာရှိပါတယ်) သင်္ခါရနဲ့ အနိစ္စပဲ ရှိတယ်၊ သင်္ခါရနဲ့ ဘာပါလိမ့် (အနိစ္စပါ ဘုရား) အဲဒီ သင်္ခါရနဲ့ အနိစ္စကို ဒကာ ဒကာမတို့က လိုက်နိုင်သမျှ လိုက်ပေးလိုက်ပါ။

အင်း-သင်္ခါရတွေ့ပြီ တစ်ချက် အနိစ္စတွေ့ပြီတစ်ချက် ဒါလိုက်ပေးထားပါ အဲဒီနှစ်ခုကိုပဲ ဘုရားတပည့်တော်တို့ဖြင့် လိုက်ရတာလည်း နည်းနည်းကြာတာနဲ့ သင်္ခါရလည်း မတွေ့တော့ဘူး ဘုရား၊ အနိစ္စလည်း မတွေ့တော့ဘူးဘုရားဆိုတော့ အင်း ခန္ဓာမှာရှိတာက အနိစ္စနဲ့ သင်္ခါရရှိတာ အခု ခန္ဓာ မရှိတာ သူတွေ့ပြီ (မှန်ပါ့)။

ခန္ဓာမရှိတာ ဘာခေါ်ကြမယ် (နိဗ္ဗာန်ပါ ဘုရား) အဲ-နိဗ္ဗာန်ဆိုတာ ဒကာ ဒကာမတို့က အစအဆုံးမလိုက်လို့ ခင်ဗျားတို့လမ်းလွဲနေကြတာကိုး၊

သြော်-တကယ်တမ်းဆိုရင် အနိစ္စနဲ့ သင်္ခါရပဲရှိတဲ့ ဥစ္စာ၊ အနိစ္စသင်္ခါရ ဆုံးအောင်လိုက်လိုက်မယ်ဆိုလို့ရှိရင်ဖြင့် အနိစ္စနဲ့ သင်္ခါရလည်းမုန်း၊ အနိစ္စ သင်္ခါရလည်း မလိုချင်လို့ရှိရင် အနိစ္စ သင်္ခါရလည်း ချုပ်ရမယ် (မှန်ပါ့)။

ဒါဖြင့်-အနိစ္စနဲ့ သင်္ခါရ ချုပ်သွားသောကြောင့် နိဗ္ဗာန် သည် ကားလို့ဆိုလို့ရှိရင်ဖြင့် နိစ္စ နိဗ္ဗာန်ဆိုလိုက် (မှန်ပါ့)။ သင်္ခါရချုပ်သွားတော့ အသင်္ခတနိဗ္ဗာန်လို့ပဲဆိုလိုက် (မှန်ပါ့)။

ဒီနှစ်လုံး သေသေချာချာမှတ်ပါ၊ အနိစ္စချုပ်သွားရင် (နိစ္စနိဗ္ဗာန်ပါ ဘုရား) သင်္ခတချုပ်သွားရင် (အသင်္ခတ နိဗ္ဗာန်ပါ ဘုရား) သင်္ခတမလာရင် အသင်္ခတနိဗ္ဗာန် ဖြစ်သွား မယ်။

ဒါဖြင့် အသင်္ခတနိဗ္ဗာန်ကို ခင်ဗျားတို့ ဒီနှစ်လုံးက နေပြီး လိုက်လိုက်လို့ရှိရင်ဖြင့်တဲ့ ရှင်သာရိပုတ္တရာက မတွေ့ မရှိပါဘူးကွာတဲ့ သေသေချာချာ ရောက်ပါတယ်၊ ရပါတယ် ဆိုတဲ့ အကြောင်းကို ရဲဝံ့စွာနဲ့ သူကိုယ်တိုင် တက်လာတဲ့ လမ်းဖြစ်လေသောကြောင့် သူကိုယ်တိုင် တစ်ပါးသော ပုဂ္ဂိုလ် တို့ကို ဒီလမ်းသာလိုက်လာရင် ဒီအဆုံးတွေ့ရမယ်ကွဆိုတာ ကို တာဝန်ခံဟောရှာတယ်၊ ရှင်းပလား (ရှင်းပါပြီ) အင်မတန် သဘော ပါတယ်နော် ဒကာ ဒကာမတို့ (မှန်လှပါ ဘုရား)။

ကိုင်း ခန္ဓာကိုယ်ထဲရှိတာက ဘာတင်ရှိပါလိမ့် (အနိစ္စနဲ့ သင်္ခါရပဲရှိပါတယ် ဘုရား) ရုပ်ကြည့် လိုက်ပြန် လည်း အနိစ္စနဲ့ သင်္ခါရပဲရှိတယ် နာမ်တွေကြည့်လိုက်ပြန်လည်း (အနိစ္စနဲ့ သင်္ခါရပဲရှိတယ်)။

ဒါလေးသိနေရင်ဒိဋ္ဌိပြုတ်နေပြီ

ဪ အနိစ္စနဲ့သင်္ခါရပဲရှိတယ်ဆိုတော့ ဒါလေး သိနေကတည်းက ဒိဋ္ဌိပြုတ်နေပြီနော် ဝိစိကိစ္ဆာကောရှိသေးရဲ့ လား (မရှိတော့ပါ ဘုရား) မရှိတော့ပါဘူး၊ ကိုမြရွှေရှိသေးရဲ့ လား (မရှိပါ ဘုရား) မရှိတော့ဘူး၊ ခန္ဓာသဘောဟာ ဒါပဲ မဟုတ်လား (ဟုတ်ပါတယ် ဘုရား)။

ခန္ဓာသဘောဟာ အနိစ္စနဲ့ သင်္ခါရလှည့်နေတာပဲ ရှိတယ် (မှန်ပါ့) အနိစ္စနဲ့ သင်္ခါရသာ လှည့်နေတယ် ဆိုတာ ဒကာ ဒကာမတို့ မှတ်ထားစမ်းပါ၊ ဒီအနိစ္စနဲ့ သင်္ခါရကို ထပ်ခါ တလဲလဲ ပြောတာသည် ကရုဏာပိုလို့လို့ အောက်မေ့ကြပါ။

ဝေဒနာပျက်ရင် ဝေဒနာအစားထိုးမယ်။ ပျက်တာ အနိစ္စ အစားထိုးတာ သင်္ခါရ (မှန်ပါ) သညာပျက်ရင် (သညာအစားထိုးတယ်) ပျက်တာက (အနိစ္စ) အစား ထိုးတာက (သင်္ခါရ) အဲ စိတ်ပျက်ရင် (စိတ် အစားထိုးပါတယ်) ပျက်သွားတာ (အနိစ္စ) အစားထိုးတာ (သင်္ခါရ) ကိုင်း ဒကာ ဒကာမတို့ ခန္ဓာကိုယ်ထဲ ဒီနှစ်ခုမှတစ်ပါး ဘာမှမရှိဘူး၊ ပျက်တာရယ်၊ အစားထိုးတာရယ် ဒါပဲ ရှိတယ် သဘောကျပလား (ကျပါပြီ)။

ဪ ဒါဖြင့် ခန္ဓာကြီး၏ ပဋိစ္စသမုပ္ပာဒ်က ပျက်လိုက် အစားထိုးလိုက်၊ ပျက်လိုက် အစားထိုးလိုက် မီးခိုး မဆုံး မိုးမဆုံးပေါ့ဗျာ (မှန်ပါ့)၊ အဲဒီတော့ ဘယ့်နှယ့် ကြောင့် ခန္ဓာကြီး မိုးခိုးမဆုံး မိုးမဆုံး ဖြစ်နေရပါလိမ့်မလဲ ဆိုတော့ အို- ဒကာ ဒကာမတွေက ပျက်လိုက် အစားထိုး လိုက်ကြီးကိုပဲ ကြိမ်ဖန်များစွာ ဖြစ်ရပါလို၏လို့ ခင်ဗျားတို့က ဆုတောင်းထားတယ် (မှန်ပါ့ ဘုရား)။

လူကြိမ်ဖန်များစွာ ဖြစ်ရပါလို၏ဆိုတော့ ပျက်လိုက် အစားထိုးလိုက် ကြိမ်ဖန်များစွာ ဖြစ်ရပါလို၏။ နတ်ကြိမ်ဖန် များစွာ ဖြစ်ရပါလို၏ ဆိုတော့ကော (ပျက်လိုက် အစား ထိုးလိုက် ကြိမ်ဖန်များစွာ ဖြစ်ရပါလို၏ဆိုတာ)။

အမလေး ဒကာ ဒကာမတွေ အနိစ္စနဲ့ သင်္ခါရတလှည့် ထဲလှည့်ပြီး သကာလ ဘယ်တော့မှ အနိစ္စ၏ ချုပ်ရာ အသင်္ခတ နိဗ္ဗာန်ဘယ်တော့မှ မရောက်ရပါလို၏လို့ တောင်းထား တာကိုးဗျ၊ ပေါ်ပလား (ပေါ်ပါပြီ) ဘယ်တော့မှ မရအောင် မရောက်အောင် တောင်းထားတဲ့ ဒကာ ဒကာမတွေသည် အမှားတော်ပုံအကြီးစားကို တွေ့နေပြီလို့ သိကြပလား (သိပါပြီ ဘုရား)။

တယ်လည်းအရုပ်ဆိုးပါကလား ခင်ဗျားတို့ ဦးဘတင် သိပ်အရုပ်ဆိုးခဲ့တယ်ဗျ (မှန်ပါ့) ဒီနှစ်ခုဆုံးမှာကို သူတို့ ကြောက်နေတယ် ဘာဆုံးမှာကြောက်နေလည်း (ပျက်တာရယ် အစာထိုးတာရယ် ဆုံးမှာ ကြောက်ပါတယ်) အနိစ္စ နဲ့ သင်္ခါရဆုံးမှာ ကြောက်နေတယ် (မှန်ပါ့)။

အနိစ္စကလည်း ခဏခဏသေပွဲဝင်ရပါလို၏ သေစရာကိုလည်း ခဏခဏဖြစ်ရပါလို၏ (မှန်ပါ့) သေလည်း သေရပါလို၏ သေစရာလည်း ဖြစ်ရပါလို၏ မတောင်း ကောင်းဘူး ဒီဆု (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

မတောင်းကောင်းတဲ့ဆု

သေလည်းသေရပါလို၏ သေစရာလည်း ခဏခဏ ဖြစ်ရပါလို၏ ခဏခဏဖြစ်ပြီး ခဏခဏ သေရပါ လို၏ ဒါတောင်းကောင်းတဲ့ ဆုလား မတောင်းကောင်းတဲ့ဆုလား (မတောင်း ကောင်းတဲ့ဆုပါ ဘုရား)။

သြော် ရူးချက်က သန်လိုက်တဲ့ ဖြစ်ခြင်းနော်၊ မပြောပါနဲ့တော့ ဦးခင်မောင်တို့ရဲ့ ရူးချက်လေ (မှန်လှပါ ဘုရား) မသန်လွန်းဘူးလား (သန်ပါတယ်) အဲ မသိ သေးတော့၊ ဘုန်းကြီးက ဒကာ ဒကာမတွေ ဒီလိုတရားထူး တရားမြတ်တွေ ထွက်ရပ်လမ်းတရားတွေ မနာဘူးတဲ့အတွက် ဘုရားရှေ့သွား၍ ဒီဟာတွေများ အကြိမ်ကြိမ်သွားပြီး သကာလ ဖြစ်ပါရစေဆိုတဲ့ဥစ္စာ ဦးဘတင် အထဲမှာ ကြီး ကျယ်လိုက်တာ (မှန်ပါ့) ဒကာသစ်ကြီးကျယ်မကြီးကျယ် စဉ်းစားလိုက်စမ်းပါ (မှန်လှပါ ဘုရား)။

ဒီလိုတောင်းတဲ့ဆုဟာ သေချာစဉ်းစားပါ အသေတွေ ခဏခဏ ဖြစ်ပြီး သကာလ သေပွဲလည်း ခဏခဏဖြစ်ရ ပါလို၏ (မှန်ပါ) အသေထည်ဖြစ်ပြီး သေပွဲလည်း ခဏခဏ ဖြစ်ရပါလို၏ အဓိပ္ပါယ် ဒါပဲရတယ် အသေထည် ခဏခဏ ဖြစ်ပြီး သကာလ (သေပွဲလည်း ခဏခဏဖြစ်ရပါလို၏ ဘုရား)။

အသေထည် ခဏခဏဖြစ်ပြီး သကာလ အမယ် ခင်ဗျားတို့က အချိန်မပြောင်းချင်ဘူး ခဏခဏဖြစ်ချင်တဲ့ အဓိပ္ပါယ်ပါတယ် (ပါပါတယ်) မပါဘူးလား (ပါပါတယ်) အရုပ်မဆိုးဘူးလ (ဆိုးပါတယ် ဘုရား)။

အဲဒါသည်ကားလို့ ဆိုလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ ဝိပ္ပလ္လာသဆိုတဲ့ ရူးတဲ့ဒဏ်ချက်မိတာ၊ ကိလေသာ ရူး ရူးလိုက်တာ (မှန်ပါ့)။

ဒါတွေ ဆုတောင်းချလိုက်တယ် မသိရူး ရူးလိုက်တာ အဝိဇ္ဇာရူး ရူးလိုက်တာ ဒါတွေ ဆုတောင်းချလိုက်တယ် သေ ထည် ခဏခဏဖြစ်၍ သေပွဲခဏခဏ ဖြစ်ရပါလို၏တဲ့၊ ဘယ်လောက် များဆိုးသွားသလဲ (ဆိုးပါတယ် ဘုရား)။ – သေထည်ကော (ခဏခဏ ဖြစ်ရပါလို၏ သေပွဲ လည်း ခဏခဏ ဖြစ်ရပါလို၏) ခင်ဗျားတို့ ပါးစပ်ထဲထည့်ဖို့ ကို မကောင်းဘူး၊ ဘုရားရှေ့သွားသွားထည့်တာက အတော် ဆိုးတယ် မဆိုးဝါးဘူးလား (ဆိုးဝါးပါတယ် ဘုရား)။

အဲဒီတော့ အခု ခန္ဓာကိုယ် သုံးသပ်ကြည့်ပါဆိုလို့ သုံးသပ်တော့မှ သေထည်နဲ့သေပွဲဟာ ခဏခဏစက်လှည့် နေတယ်ဆိုတာ ပေါ်လာတယ်၊ မပေါ်လာဘူးလား (ပေါ်လာပါတယ် ဘုရား)။ –

နိဗ္ဗာန်ဆိုတာသေထည်မရှိ

ကဲ-ဦးဝကျေနပ်ပလား (ကျေနပ်ပါပြီ) ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ နိဗ္ဗာန် ရောက်ချင်လို့ရှိရင်ဖြင့် နိဗ္ဗာန် ဆိုတာက သေထည်လည်းမရှိဘူး၊ သေစရာ၊ သေတာလည်း မရှိတော့ဘူး (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။

ဒါဖြင့် သေထည်လည်း မရှိဘူးနော် သေထည်မရှိတဲ့ အတွက် သေတဲ့ကိစ္စကော (မရှိပါ ဘုရား) ဒါဖြင့် သေထည်လည်း မရှိသေတဲ့ကိစ္စလည်း မရှိတာ ဘာခေါ် ကြမယ် (နိဗ္ဗာန်ပါ ဘုရား) သော်-နိဗ္ဗာန်ဆိုတာ ဒါကို (မှန်ပါ့)။

ဦးခင်မောင်ရေ နိဗ္ဗာန်ကျေနပ်ပလား (မှန်ပါ့) သေထည်လည်းမရှိဘူး (သေတဲ့ကိစ္စလည်း မရှိပါ ဘုရား) သော်သေတဲ့ ကိစ္စလည်း ဇာတ်သိမ်းသွားတယ်၊ သဘော ကျပလား (ကျပါပြီ ဘုရား) သေထည်လည်းမရှိ သေတဲ့ ကိစ္စလည်း ဇာတ်သိမ်းတာ ဘာခေါ်ကြမယ် (နိဗ္ဗာန်ပါ ဘုရား)။

ကိုင်း-ဦးဘတင်တို့က ပါဠိလိုသာမှတ်လိုက်တော့ တေသံ ထို အစားထိုးသောတရား အနိစ္စတရားတို့၏ ဝူပသမော-မရှိသော နိဗ္ဗာန်သည်၊ သုခေါ-ချမ်းသာ၏။

အနိစ္စာဝတ သင်္ခါရာ၊ ဥပ္ပါဒဝယ ဓမ္မိနော၊

ဥပ္ပဇိတွာ နိရုဇ္ဈန္တိ၊ တေသံ ဝူပသမော သုခါ။

ကိုက်ပလား (ကိုက်ပါတယ် ဘုရား) ဦးခင်မောင် ကိုက်ပလား (ကိုက်ပါတယ်) သေထည်ကော၊ သေတဲ့ ကိစ္စကော ချုပ်ဆုံးတာ ဘာခေါ်ကြမယ် (နိဗ္ဗာန်ပါ ဘုရား)။

သြော်-ဒါဖြင့် နိဗ္ဗာန်လည်း ရှင်းသွားတော့ ဒကာ ဒကာမတို့ ခန္ဓာကိုယ်ကို စောင့်ကြည့်လိုက်တော့မှ သေထည် ရယ် သေတဲ့ကိစ္စရယ် သွားသွားတွေ့တယ် (မှန်လှပါ ဘုရား)။ တွေ့တဲ့အခါကျတော့မှ ဉာဏ်ကတက်လာပြီး ဒါကြီးဖြင့် မကြည့်ချင်တော့ပါဘူးဆိုပြီး နိဗ္ဗန္ဒ ဉာဏ်ထိုးတက်လာတယ် (မှန်ပါ့ ဘုရား)။

ထိုးတက်ပြီး သကာလ ဒီဟာကြီးနဲ့ဖြင့်နေလည်း မနေချင်ဘူး၊ လိုလည်းမလိုချင်တော့ဘူးဆိုတဲ့ မဂ်ဉာဏ် တစ်ခါတည်း မဂ္ဂင်ရှစ်ပါး အပြည့်အစုံ တက်လာလို့ရှိရင် ဖျတ်ဆိုပြီး သေထည်ကော သေတဲ့ကိစ္စကော ရုပ်သိမ်းသွား တယ် (မှန်ပါ့)။

ကျွတ်ပဟ၊ လွတ်ပဟဆိုပြီး ဝမ်းသာသွားတယ်

အဲဒီမှာ ယောဂီ ပုဂ္ဂိုလ်က ကျွတ်ပဟ လွတ်ပဟ၊ ခန္ဓာလည်း မရှိတော့ဘူး၊ ခန္ဓာလည်းမရှိဘူး၊ သေတာ မမြင် ရတော့ဘူးဟ၊ အခုမှပဲ အင်းအသေလွတ် သေထည်လွတ် နဲ့ပဲ နေရပေတော့တယ်ဆိုပြီး ဒီမှာတစ်ခါတည်း ပစ္စဝေက္ခဏ ဝီထိတွေကျပြီး သိပ်ဝမ်းသာပလိုက်တယ် (မှန်ပါ့)။ ရှင်းပလား (ရှင်းပါပြီ)။

ကောင်းပြီ ဒါဖြင့် အားလုံး ဒကာ ဒကာမတွေ ဒီနေ့ နာရီဝက်ကျော်သွားပြီ နာရီဝက်ကျော်သွားတာ သဘော ပါကြပလား (ပါပါပြီ ဘုရား) လုပ်ကောလုပ်တတ်ကြ ပလား (လုပ်တတ်ပါပြီ ဘုရား)။

အိမ်ကျရင် ဘယ်လိုလုပ်ကြမယ်စိတ်ကူးသလဲ (ခန္ဓာကိုစောင့်ကြည့်ပါမယ် ဘုရား) သြော် နေရာကျ လိုက်တာ နေရာကျလိုက်တာ ခန္ဓာစောင့်ကြည့် စောင့်ကြည့် ခိုင်းတာ စောင့်ကြည့်တော့ ဖျတ်ဆို ပေါ်လာတာ ကလေးက သေတယ်ပဲဟ ဒါလေးပျောက်သွားတော့ သေတဲ့ကိစ္စကြုံသွား ပဟ (မှန်ပါ့) ဒါကိုပဲ ကြည့်လိုက်တော့ ဖြစ်ပြီး ပျက်သွားတာပဲ၊ သဘောကျပလား (ကျပါပြီ)။

ဘယ်တော့နိဗ္ဗာန်ရောက်ပါ့မလဲ။

အဲဒါပဲတွေ့တော့ ငါဘယ်တော့ နိဗ္ဗာန်ရောက် မလဲဆိုတော့ အို ဒါသာစိုက်ကြည့်နေရင် နိဗ္ဗာန် ရောက်ဖို့ဟာက ခင်ဗျားတို့ဓမ္မက ခင်ဗျားတို့ကို နိဗ္ဗာန်က အာရုံအဖြစ်နဲ့ သူကဆွဲပြီး သကာလ ခင်ဗျားတို့ ခေါ်ပါလိမ့် မယ်၊ ခင်ဗျားတို့က ကြည့်မှုအလုပ်သာလုပ်နေပါ (မှန်ပါ့)။

ဒကာသိုက် ဘယ်လိုအလုပ်သာ လုပ်နေရမှာလဲ (ကြည့်မှုအလုပ်သာ လုပ်နေရပါမယ် ဘုရား) အင်း သေထည်ပေါ်လာတော့ သေတဲ့ကိစ္စကြုံလာတာ၊ ကြည့်ပြီး ကြည့်ပြီးနေရင်း မတ္တနဲ့ဉာဏ်သည် ဦးဝ လာလိမ့် မယ်နော် မထက်ပေဘူးလား (ထက်ပါတယ် ဘုရား)။

ထက်လာလို့ရှိရင် ချက်ချင်းဘယ်လိုလုပ်ပစ်ရမလဲ ဆိုတော့ သေထည်လည်း မဖြစ်ချင်ပါဘူး၊ သေတဲ့ကိစ္စလည်း မကြုံချင်ပါဘူး၊ တော်ပြီကြည့်နေရတာကိုလည်း လွန်လှပါ ပြီဆိုတဲ့ မုန်းဉာဏ် တွေမလာဘူးလား (လာပါတယ် ဘုရား)။

အင်း လာလို့ရှိရင်လည်း ဒကာ ဒကာမတွေက ဆက်သာရှု၊ မုန်းပေမဲ့ ဒါတွေဟာ ကိလေသာ ကျန်သေး တယ်၊ တကယ်မုန်းတာမဟုတ်သေးဘူး၊ သားမုန်း၊ သမီးမုန်း လောက်နဲ့ နေရာမကျသေးဘူး။

သားမှန်း၊ သမီးမုန်းဆိုတာက၊ အင်း နင်ငါ့ အိမ်ပေါ်က သွားတော့ ဆိုငြားသော်လည်း ဘေးကလှည့်ပြီး လက်ဆောင် ထိုးသေးတယ် (မှန်ပါ့) ဦးခင်မောင် မထိုး ရပေဘူးလား (ထိုးရပါတယ် ဘုရား) အင်း ဖြုန်းခနဲ ပစ်သွားလို့ ဘယ်တော်ပါ့မတုံး၊ လူရိုသေရှင်ရိုသေ ဖြစ်အောင်တော့ ရှေ့တွင်သာ နှင်ချရတယ်ဆိုတဲ့ အမုန်းမျိုး ကျတော့လည်း ဦးဘတင်နေရာကျပါ့မလား (မကျပါ ဘုရား)။

အဲဒီအမုန်းမျိုးဖြစ်နေသေးလို့ရှိရင်လည်း ကျွတ်လွတ် တဲ့သဘော၊ ခန္ဓာကြီးက ချုပ်ငြိမ်း ရုပ်သိမ်း သွားမယ် မဟုတ် သေးဘူးဆိုတာ ဦးဝ သေသေချာချာမှတ်ပါ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။

တကယ်ကို မင်းကိုတော့ သေခန်း၊ ရှင်းခန်းတော့ဖြင့် မင်းနေတဲ့နေ့ကစပြီး တို့မှာဖြင့် ဘယ်ခါကာလမှ သေတဲ့ အဖြစ်ကလည်း မလွတ်ခဲ့ဘူး၊ သေတဲ့ကိစ္စကလည်း မပြတ် ခဲ့ဘူး၊ သေတဲ့အဖြစ်ကလည်း မလွတ်ခဲ့ဘူး၊ သေတဲ့ကိစ္စ ကလည်း မပြတ်ခဲ့ဘူး၊ ဦးခင်မောင် ပြတ်သေးရဲ့လား (မပြတ်ပါ ဘုရား)၊

အဲဒါတွေ သေသေချာချာကြည့်တော့မှ၊ တော်ပြီ တော်ပြီ၊ မင်းမရှိတာသာ ကြိုက်ပါတော့တယ်ဆိုတဲ့ ဉာဏ် ဖြစ်လာတော့မှ ဦးဘတင်က တေသံဝူပသမော သုခေါ ဖြစ်မှာ (မှန်ပါ့ ဘုရား)။

တေသံ-ထိုဖြစ်တတ်တဲ့တရား (ဝါ) အစားထိုးတတ် တဲ့တရား၊ ချုပ်ဆုံးတတ်တဲ့တရား (ဝါ) အနိစ္စတရား တို့၏၊ ဝူပသမော – နှစ်ခုလုံးချုပ်တဲ့ နိဗ္ဗာန်သည် နိဗ္ဗာန်ဆိုတာ ဒီနှစ်ခုစလုံးမရှိတာ (မှန်ပါ့) သုခေါ အချမ်းသာဆုံး ပဲကွလို့ ဘုရားကဟောလိုက်တယ် နှစ်ခုချုပ်တာ ဘာခေါ် မယ် (နိဗ္ဗာန်ပါ ဘုရား)။

နှစ်ခုချုပ်တာ နိဗ္ဗာန်ပြောပါအုံး၊ နှစ်ခုချုပ်တာ ဘာတဲ့ တုံး (နိဗ္ဗာန်ပါ) အဲဒီနိဗ္ဗာန်မှ သုခေါ်ဆိုတာ ချမ်းသာ တယ် (မှန်ပါ့) နှစ်ခုချုပ်တာသည် နိဗ္ဗာန်၊ အဲဒီနိဗ္ဗာန်က ဘာဖြစ်သလဲ (ချမ်းသာပါတယ် ဘုရား) ချမ်းသာတာ နိဗ္ဗာန်လို့ သွားမယူနဲ့၊ ဒီနှစ်ခုချုပ်တာက နိဗ္ဗာန်၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဖြေတတ်ကြပလား (ဖြေတတ်ပါပြီ) အင်း ဒကာ ဒကာမတို့ ဝိပဿနာ ဝိပဿနာဆိုတာ ဘယ်လိုများ လုပ်ကြမလဲဆိုတာဖြင့် ယနေ့တော့ဖြင့် ရှင်းသွားပြီ (ရှင်းပါပြီ ဘုရား) ခန္ဓာငါးပါးကို (စောင့်ကြည့်ရမယ် ဘုရား)။

စောင့်ကြည့်လိုက်တဲ့အခါကျလို့ရှိရင်ဖြင့် ခန္ဓာက ဘယ်လိုများပြောလေ့ရှိပါလိမ့် (ပျက်တာရယ်၊ အစားထိုး တာရယ်၊ ပြောပါတယ် ဘုရား) အင်း ပျက်တာရယ် အစား ထိုးတာရယ် သူကပြလိမ့်မယ် ဒကာ ဒကာမတို့ သူက ဘယ်လို ပြမလဲ (ပျက်တာရယ် အစားထိုးတာရယ်ပါ ဘုရား)။

ပျက်တာရယ် အစားထိုးတာရယ် ဒါပဲပြမယ်၊ ဒီပြင် ယောက်ျားအဖြစ်နဲ့လည်း မပြဘူး၊ မိန်းမအဖြစ်နဲ့လည်း မပြ ဘူး (မှန်ပါ့) ချမ်းသာနဲ့လည်း မပြဘူး၊ ဆင်းရဲနဲ့လည်း မပြဘူး၊ ဘာတွေချည်းပြမလဲဆိုတော့ သူပြတဲ့ အချင်း အရာက ပျက်တာရယ် အစားထိုးတာရယ် ဒါပဲပြပါလိမ့်မယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။

ပျက်တာက မိမိသေတာ

အဲဒါတွေက ဒကာ ဒကာမတို့ ပျက်ပြန်ပြီ အစားထိုး ပြန်ပြီ ပျက်ပြန်ပြီ အစားထိုးပြန်ပြီ ဒီလိုသာကြည့်နေ (မှန်ပါ့) ဒီလိုကြည့်ကြည့်နေရင်း မတ္တနဲ့ပဲ၊ ဒီပျက်တာနဲ့ အစား ထိုးတာနဲ့ဟာ အင်း ပျက်တာကလည်း မိမိသေတာပဲ။ အစားထိုးတာကလည်း မိမိပဲ သေလို့အစားထိုးပြန်တာပဲ သဘောကျပလား (ကျပါပြီ ဘုရား)။

ဒကာ ဒကာမတို့ အင်မတန် ဆိုးဝါးတဲ့ဖြစ်စဉ်ကြီး ဆိုတာဖြင့် ဦးခင်မောင်အပေါ်ကြီးပေါ်လာပြီ (ပေါ်ပါ ပြီ ဘုရား) ဖြစ်စဉ်က ဘယ့်နှယ်နေသလဲ (ဆိုးပါတယ်)။ ခင်ဗျားတို့ စဉ်းစားကြည့်စမ်းပါ။ ဒကာသစ်တို့ ကိုမြရွှေတို့၊ ဒီဉာဏ်တွေသာမရဘူးဆိုရင်ဖြင့်၊ နွားဖြစ်၍ အဖန်ဖန်သေရ ပါလို၏။ ဆိတ်ဖြစ်၍ အဖန်ဖန်သေရပါလို၏။ ဆိုလို့ရှိရင် ဖြစ်လည်းဖြစ်ရပါလို၏။ သေလည်းသေရပါလို၏ ပါတယ်ဗျ (မှန်ပါ့ ဘုရား)။

မပါဘူးလား (ပါပါတယ် ဘုရား) တောင်း ကောင်းမကောင်းကောင်း (မတောင်းကောင်းပါ ဘုရား) လူဖြစ်၍ အဖန်ဖန်သေရပါလို၏ တောင်းကောင်းရဲ့ လား ( မတောင်းကောင်းပါ ဘုရား) ဟာ လူဖြစ်ရပါလို၏ ဆိုတော့ အစားထိုးတာ ဖြစ်ရပါလို၏ ဆိုတော့ ဒါတွေက ပါတော့မှာပဲ မပါပေဘူးလား (ပါပါတယ် ဘုရား)။

ဘာမှမဖြစ်ချင်ကြပါနဲ့

အဲဒီတော့ အစားထိုးတာ မကောင်းမှ သေပွဲလွတ် မှာနော် (မှန်ပါ) ဦးခင်မောင် ဘာတဲ့တုံး (အစားထိုးတာ မတောင်းမှ သေပွဲလွတ်မှာပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ) အဲဒီတော့ ဒကာ ဒကာမတွေက ဒီတရားအားထုတ် တာက၊ ဒီဘုရားက ဘာလှူလှူဘာတန်းတန်း ဘာမှမဖြစ် ချင်ကြပါနဲ့၊ အဖြစ်ဆိုတာ ဘုန်းကြီးက ကန့်ကွက်တယ် (မှန်လှပါ ဘုရား)။

ဘာမှမဖြစ်ချင်ပါနဲ့ ဖြစ်ချင်လို့ရှိရင်၊ သေရပါလိမ့် ဦးမယ် (မှန်ပါ့) ဖြစ်ချင်ရင် (သေရပါလိမ့်ဦးမယ်) ဖြစ်ချင်ရင် သေရပါလိမ့်ဦးမယ်ဆိုတာဖြင့် အထူးတလည် စဉ်းစားထားပါ။

ဖြစ်ချင်ရင် သေရလိမ့်မယ်

သြော်- ဒါကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီး က အကြင်ပုဂ္ဂိုလ်သည် ဖြစ်မှုကို အလိုရှိ၏ ထိုပုဂ္ဂိုလ်သည် ရောဂါဆုတောင်းတာပဲ အသေဆုတောင်းတာပဲ (မှန်ပါ့) ဦးခင်မောင် သံယုတ်ပါဠိတော်မှာ ဖတ်စမ်း (မှန်ပါ့) ဖြစ်မှုဆု တောင်းတဲ့ ပုဂ္ဂိုလ်ဟာ၊ ရောဂါဆုတောင်းတာပဲ အသေဆု တောင်းတာပဲ (မှန်ပါ့ ဘုရား)။

ဖြစ်မှုဆုတောင်းတဲ့ပုဂ္ဂိုလ်ဟာ (ရောဂါဆု တောင်းတာ၊ အသေဆုတောင်းတာပါ) ရောဂါဆုတောင်း တယ် ဆိုကတည်းက၊ ဒီခန္ဓာကိုယ်ကြီးက ရောဂါသည်ကြီး ကိုးဗျ (မှန်ပါ့)-ကျောက်ပေါက်တယ်ဆိုရင် ဘယ်နေရာ များ ကျန်သလဲ (မကျန်ပါဘူး ဘုရား) ဖျားတယ် ဆိုရင်၊ ခြေဖျားတွင် ဖျားတာလား တစ်ကိုယ်လုံးများ ဖျားတာလား (တစ်ကိုယ်လုံး ဖျားတာပါ ဘုရား)။

အဲဒါကြောင့် ဖြစ်ချင်တဲ့ ပုဂ္ဂိုလ်ဟာ အသေဆု တောင်းတာပဲ ရောဂါဆုတောင်းတာပဲဆိုတာ၊ သံယုတ် ပါဠိတော်မှာ အသေအချာ ဟောပါတယ် (မှန်ပါ့)။ ဒါကြောင့် အဖြစ်ရှိလို့ရှိရင် အသေကလဲ (ရှိမှာပါဘရား) ရှိမှာဖြစ်နေတော့ ဒကာ ဒကာမတွေ ဒီဥစ္စာ ဝမ်းထဲမှာ၊ နှုတ်ဖျားထဲမှာ တဏှာက ခိုင်းတာမလုပ်လိုက်ပါနဲ့လို့ ကန့်ကွက်လိုက်တယ် (မှန်ပါ့) ဒါ တဏှာကခိုင်းတာ မဟုတ်လား (ဟုတ်ပါတယ်)။

ဒါဖြင့် နင့်ဟာနင် လှူထားတာနည်းတာ မဟုတ်ဘူး၊ အဲဒီတော့ နင်သည်ကားလို့ဆိုရင်ဖြင့် နိဗ္ဗာန်မရမီ နင်ဘာ ဖြစ်မယ်မသိဘူး။ အဲဒီတော့ နင်သည် ဆင်းရဲနေမှာ စိုးရိမ် တယ်။ တဏှာက ဆင်းရဲနေမှာ စိုးရိမ်တယ်ဆိုပြီး ဆင်းရဲခိုင်း တာကိုး။

စိုးရိမ်တာက ဘာတဲ့ (ဆင်းရဲနေမှာကိုပါ) အခုတော့ ဘာအလုပ်ခိုင်းသလဲ (ဆင်းရဲခိုင်းပါတယ်) ဒကာ ဒကာမတွေက ပါးမှမပါးပဲကိုး၊ အစဦးမှာ ဆင်းရဲတာ စိုးရိမ်တာပဲဆိုပြီး၊ ဆင်းရဲတောထဲ တွန်းချလိုက်တယ်။ ဒီထဲ မဝလို့ရှိရင်လဲ တဏှာကတွန်းတာ၊ ဘယ်တွန်းလို့ရလိမ့်မတုံး ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

တဏှာလောက် ကောက်ကျစ်တာမရှိ

ကိုင်း-ဒကာ ဒကာမတို့ ခင်ဗျားတို့ ကောက်ကျစ်တဲ့ အထဲ၊ တဏှာလောက်ကောက်ကျစ်တာ မရှိဘူး၊ လိမ်လည် တတ်တဲ့ အထဲမှာ တဏှာလောက် လိမ်လည်တတ်တာ မရှိဘူး (မှန်ပါ့) အင်မတန် ကြောက်စရာ ကောင်းတာ (မှန်ပါ့)။

ခင်ဗျားတို့ဆီကို တဏှာလောဘတွေက ဝင်လာတုန်း ကတော့၊ ကျုပ်လာပါရစေဆိုပြီး တစ်ခါတည်း အနူးအညွတ် ခေါင်းလျှိုဝင်လာတယ် (မှန်ပါ့) တော်တော်ကြာလာ တော့ရင် ဒီပုဂ္ဂိုလ်အတွင်းထဲ ရောက်တဲ့အခါကျတော့ ဒီပုဂ္ဂိုလ်ကို ထင်သလို ချယ်လှယ်ပစ်တာပဲ (မှန်ပါ့)။

တဏှာလာစဉ်အခါတုန်းကတော့ (ခေါင်းလျှို ဝင်လာပါတယ် ဘုရား) အင်း ခေါင်းလျှိုဝင်လာတယ်၊ သူဝင် လာပြီးတော့ကော၊ အတွင်းရောက်ပါရော၊ ကိန်းရာပုဂ္ဂိုလ်ကို ဒကာ ဒကာမတို့ တစ်ခါတည်း ဒေါင်ချာ စိုင်းအောင်၊ သံသရာ ထဲမှာ သေပွဲတွေကို အနွှဲခိုင်းတော့တာပဲ (မှန်ပါ့) ဘယ်လောက် ကြောက်စရာ ကောင်းသတုံး ဒကာ ဒကာမတို့ (မှန်ပါ့) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ဒါကြောင့် ဒကာ ဒကာမတို ဒါလည်း သံယုတ်ပါဠိ တော်မှာပဲ ဆရာမရှိတပည့်မရှိအောင် ကျင့်ရမယ်ဆိုတာ ဒါပဲ။ သူက ပထမတော့ လာတုန်းကတော့ တပည့်အဖြစ်နဲ့ လာတာပဲ၊ တော်ကြာ ဆရာလုပ်ပြီး စီမံသွားတာပဲ (မှန်ပါ့)။

လာတုန်းကတော့ (တပည့်အဖြစ်နဲ့ လာခဲ့ပါ တယ်) တပည့်အဖြစ်နဲ့ လာခဲ့တာပဲ အင်း နေပါရစေ၊ ကျုပ်တို့ဝမ်းထဲနေပါရစေပဲ၊ သူကမဖြစ်သေးခင်ကကိုးဗျ။ စားမယ့်အချိန်ကျတော့ စွတ်ခနဲ ပေါ်လာတာ၊ နဂိုကတော့ လာပရစေပေါ့ဗျာ နောက်ရောက်သည်နဲ့ တစ်ပြိုင်နက်တည်း၊ အဆိုးချည်း စီမံတော့တာဘဲ၊ ရောက်သည်နဲ့တစ်ပြိုင်နက် တည်း (အဆိုးချည့် စီမံပါတယ် ဘုရား)။

အဲဒါခင်ဗျားတို့ကလည်း အင်းဒါကလေးများမရှိရင်၊ မခက်ဘူးလားဆိုတာမျိုးကလည်း တော်တော်သုံးချင်ကြတယ် နော်၊ ဒီကိစ္စမှာ ဒီလောဘလေးနဲ့ ဒီလိုလေးပြောလိုက်လို့ ဒီလိုလေးဝယ်လိုက်လို့ ဒီလိုလေးစားနေရတာပေါ့။

အမလေး စားတဲ့ကိစ္စမှာ သူပေးတာလို့ မသိ ဘူး၊ သဘောကျပလား (ကျပါပြီ) စားတဲ့ဒုက္ခ သူပေး တာလို့ သိရဲ့လား (မသိပါ ဘုရား) ဒီအထဲမှာ သူခိုင်းလို့ အိုခြင်းဆိုးကြီးဖြစ်တာကော သိရဲ့လား (မသိပါ ဘုရား) သေခါနီးဖြစ်တာလည်း မသိအောင် ဖုံးပစ်လိုက်တာ (မှန်ပါ့ ဘုရား)။

ဒါကြောင့်မို့ ကျေးဇူးခံစားရတာ၊ ဒါကြောင့်မို့ ကျေးဇူး ခံစားရတာ၊ ဒီကအိုခြင်းဆိုး၊ သေခြင်းဆိုးကဖြင့် ကပ်နေပြီ၊ ကျေးဇူးခံစားရတယ် ပြောတုန်းရှိသေးတယ်၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒါလောက် အရုပ်ဆိုး အကျည်းတန်ပြီး သကာလ ခင်ဗျားတို့ကို နိုင်ချက်ကောင်းတယ်ဆိုတာဖြင့် ဦးဘတင် ရိပ်မိလောက်ပါပြီ၊ ရှင်းပလား (ရှင်းပါပြီ) ကောင်းပြီ ဒါဖြင့် ဝိပဿနာ ရှုတတ်ကြပလား (ရှူတတ်ပါပြီ ဘုရား)။

ဝိပဿနာရှုတတ်ကြပလား

အင်း ဝိပဿနာရှုဆိုတာ ဒကာ ဒကာမတို့ ခန္ဓာကိုယ်စောင့်ကြည့်တဲ့အလုပ်ပါလား (မှန်ပါ့)၊ စောင့် ကြည့် ဘာတွေ့မယ် ထင်သလဲ (အစားထိုးတာရယ် ပျက်တာရယ်ပါ ဘုရား) အစားထိုးတာရယ် ပျက်တာရယ် တွေ့မယ်၊ ယောက်ျားမိန်းမများ (မတွေ့ပါ ဘုရား) တွေ့ ကိုမတွေ့ဘူး၊ အစားထိုးတာနဲ့ ပျက်တာပဲ။

အင်း အစားထိုးတဲ့တရားဟာလည်း၊ ဘယ်နှယ် ကြောင့် အစားထိုးတာလည်းလို့ မေးလို့ရှိရင် ပျက်ဖို့ရန် အစားထိုးတာ (မှန်ပါ့)။

ဒကာ ဒကာမတို့ ပြောင်းပြတ်တွေ စဉ်းတာမှာ၊ ပြောင်းရိုးလေး ရှေ့တိုးတိုးလာတာ အဖြတ်ခံချင်လို့ပဲ (မှန်ပါ့) ဦးခင်မောင် ဘယ်နှယ့်ကြောင့်လဲ အဖြတ်ခံချင်လို့။

ပြောင်းရိုးလေး နောက်ကတွန်းတွန်းပြီး သကာလ ၊ စက်ကတွန်းသည်ဖြစ်စေ၊ လူက ထိုးတွန်းသည် ဖြစ်စေ၊ ဒါ ဦးဘတင် ဘာဖြစ်ချင်လို့ပါလိမ့် (အဖြတ်ခံချင်လို့ပါ ဘုရား)။

သစ်တုံးကြီး ဒီဘက်ကနေ တွန်းလိုက်တာ၊ သစ်တုံး ကြီးကို ရှေ့တိုးတိုးပြီး သကာလ ၊ လာတာလွှဖြတ်ခံချင်လို့ သဘောကျပလား (ကျပါပြီ) အင်းလွှဖြတ်ခံချင်လို့ဆိုတော့ ဒကာ ဒကာမတို့ အင်မတန်မှ ကြောက်စရာ မကောင်းဘူးလား (ကောင်းပါတယ်)။

အဲ (၃၁) ဘုံမှာတဲ့ ဒီအတိုင်းရှိတယ်လို့သာ ဆုံးဖြတ် ချက်ချပါတော့ (မှန်လှပါ ဘုရား)။

အစားထိုးတာသည်ကားလို့ဆိုလို့ရှိရင်ဖြင့်၊ ကံစိတ် ဥတုအာဟာရတို့ပေါ့ဗျာ၊ အာရုံဒွါရတွေပေါ့ဗျာ (မှန်ပါ့) အင်း-ဖြတ်ချလိုက်တာကဖြင့် အနိစ္စသဘောပေါ့ဗျာ၊ အနိစ္စ ဓါးစက်ကြီးက ဦးခင်မောင်ရေ အကုန်ဖြတ်ချလိုက်တယ်၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဒီလို အနိစ္စ ဓားစက်အောက်မှာပဲ၊ ဘုရားတောင် ဝိညာဏ်ပျောက်ရရှာတယ်၊ ဘုရားတောင်ဝိညာဏ် မပျောက် ရဘူးလား (ပျောက်ရပါတယ်) အဲဒါကြောင့် (၃၁) ဘုံ ကြီးဟာ လွှစက်ရုံကြီးနဲ့ တူတယ်လို့ ဘုန်းကြီး ခဏခဏ ဟောတာ ဒကာ ဒကာမတွေ ကြားဘူးလိမ့်မယ်နော်။

ဒကာ ဒကာမတွေ ခန္ဓာကိုယ်ကြီးက သစ်တုံးကြီးနဲ့ တူတယ်လို့ ပြောလိမ့်မယ်၊ ဝိညာဏ်စက်ကြီးက ခင်ဗျားတို့ ဥဒယဗ္ဗယဆိုတဲ့ ဝိညာဏ်စက်ကြီးက ထိုးပေးတာနဲ့တူတယ်၊ ဝယဆိုတဲ့ လွှသွားကြီးက ဖြတ်တာနဲ့တူတယ်။ (၃၁) ဘုံကြီးက လွှရုံကြီးနဲ့တူတယ်နော်။ အင်း-အစားထိုးတာသည်ကားလို့ ဆိုလို့ရှိရင် ခင်ဗျားတို့ လူကောင်ကို ဥဒယက အစားထိုးပစ် လိုက်တယ် (မှန်ပါ့) လူခန္ဓာကို ဝယဆိုတဲ့ လွှသားကြီးက ဖြတ်ချလိုက်တယ်။

(၃၁) ဘုံ၊ ဘယ်လွှရုံကြိုက်သလဲ

ကိုင်း (၃၁) ဘုံ၊ ဘယ်လွှရုံကြိုက်သလဲလို့ (ဘယ်ဘုံမှ မကြိုက်ပါ ဘုရား) ဘာကြောင့် လည်း ဆိုတော့ ဝိညာဏ် စက်ကြီးက လွှရှိရာ ထိုးပေးလိမ့်မယ် (မှန်ပါ့) ကျုပ်တို့ခန္ဓာက သစ်တုံးဖြစ်နေတယ်။ အင်း ကျုပ်တို့ ခန္ဓာကြီးဟာ အစိပ်စိပ်အမွှာမွှာ ဖြစ်ပြီး မခံရဘူးလား (ခံရပါတယ် ဘုရား)။

အဲဒီတော့ ကျုပ်တို့လို ခန္ဓာကိုယ် မဆိုပါနဲ့။ တကယ့် အတုမရှိတဲ့ ကိုယ်တော်ကြီး၏ ခန္ဓာကိုယ်တောင်မှ ဒီဖြစ်ပျက် မှာ လမ်းဆုံးရောက်တာပဲ (မှန်ပါ့) ဒီလွှစက် (၃၁) ဘုံ၊ လူ့ပြည်လွှရုံကြီးထဲမှာ ကိုယ်တော်မြတ်ကြီးဟာ အပိုင်းပိုင်း ဖြတ်ပြီး၊ ဓါတ်တော်မွေတော်တွေ ဖြစ်ရတယ်၊ မဖြစ်ရဘူးလား (ဖြစ်ရပါတယ် ဘုရား)။

ကိုင်း- ဒါဖြင့် ဒကာ ဒကာမတို့ (၃၁) ဘုံထဲမှာဖြင့် ဘယ်ဆုကိုမှ ခင်ဗျားတို့ဖြစ်ချင်တဲ့ သစ်တုံးရယ်လို့ ဆု မတောင်းပါနဲ့ (ပါ့)၊ သဘောကျပလား (ကျပါပြီ)၊ သုံးဆယ့်တစ်ဘုံ၊ ဘယ်စက်ရုံရဲ့ သစ်တုံးဖြစ်ချင်သတုံး (ဘယ်သစ်တုံးမှ မဖြစ်ချင်ပါ)။

လူသစ်တုံးဖြစ်ချင်သလား (မဖြစ်ချင်ပါ ဘုရား)၊ နတ်သစ်တုံးဖြစ်ချင်သလား (မဖြစ်ချင်ပါ ဘုရား)၊ နောင် ဘဝ တပည့်တော်တို့ဘုရား၊ ယခုဘဝဉာဏ်ထိုင်းလို့ နောက် ဘဝ ရဟန်းဖြစ်ရပါလို၏လို့ လုပ်ချင်သေးသလား (မလုပ်ချင်ပါ ဘုရား)၊ သစ်တုံးပေါ့ အတူတူပေါ့၊ အဖြတ်ခံရ မယ်ဆိုတာ သဘောကျပလား (ကျပါပြီ)။

ကိုင်း-ဒါဖြင့် ဒကာ ဒကာမတို့ (၃၁) ဘုံ ဘယ်ဘုံမှာ သစ်တုံးဖြစ်ရလို့ရှိရင်၊ ဒီလူလွှစက်အောက်မှာဖြင့် အသက် မပျောက်ဘူးလို့ ဦးခင်မောင် မအောက်မေ့နဲ့တော့ (မှန်လှပါ ဘုရား)။

အင်း-သင်္ခါရဆိုတဲ့ ဝိညာဏ်ကြီးက ထိုးပေးတာပေါ့ ဗျာ (မှန်ပါ့)၊ အင်း- အနိစ္စတည်းဟူသော လွှဲသွားကြီးက ဘယ်သူ့ချန်သေးသတုံးဗျ (ဘယ်သူ့မှမချန်ပါ ဘုရား)။ ဘုန်းမဲ့ကံမဲ့ကော၊ ဘုန်းရှိကံရှိကော အကုန်ဖြတ်ချလိုက်တယ် (မှန်ပါ့)၊ ဘယ်သူ့ထားခဲ့သေးသတုံး (ဘယ်သူမှ မထားခဲ့ပါ ဘုရား)။

အဲဒါကြောင့် ဒီနှစ်ခုငြိမ်းမှ နိဗ္ဗာန်ဆိုတာဖြင့် ခင်ဗျား တို့ ကောင်းကောင်းသဘောပေါက်ဖို့ ကောင်းတယ်၊ သဘော ကျပလား (ကျပါပြီ ဘုရား)၊ နှစ်ခုဆိုတာ ဘာပါလိမ့်ဗျာ (အစားထိုးတာနဲ့ အနိစ္စပါ ဘုရား)၊ အစားထိုးတာနဲ့ အနိစ္စနဲ့ နှစ်ခုငြိမ်းသွားမှာ (မှန်ပါ့)။

အနိစ္စဆုံးမှ နိစ္စနိဗ္ဗာန်

ကိုင်း မေ့မှာအင်မတန်စိုးရိမ်လို့ ဘုန်းကြီးက အနိစ္စဆုံးမှ ဘာနိဗ္ဗာန်လဲ (နိစ္စနိဗ္ဗာန်ပါ ဘုရား)၊ အစား ထိုး သင်္ခါရဆုံးမှ အသင်္ခတနိဗ္ဗာန် (မှန်ပါ့ ဘုရား)၊ အစား ထိုးတာက သင်္ခါရကိုး၊ အစားမထိုးလို့ရှိရင် ဘယ်နှယ်ဆိုကြ မယ် (အသင်္ခတနိဗ္ဗာန်ပါ ဘုရား)၊ ဒါဖြင့် အသင်္ခတနိဗ္ဗာန် ဟာဖြင့် အစားမထိုးတာကိုဆိုတယ် (မှန်ပါ့)။

အဲ- အနိစ္စဆုံး တာကိုတော့ ဘာခေါ်ကြမယ် (နိစ္စနိဗ္ဗာန်ပါ ဘုရား)၊ ဒါဖြင့် ဒကာသစ်တို့ ကိုမြရွှေတို့၊ သြော် နှစ်ခ ုမရှိတဲ့ နိဗ္ဗာန်ကိုဆိုတာ ဒီနေ့ကောင်းကောင်းရှင်းသွားပြီ၊ မရှင်းသေးဘူးလား (ရှင်းပါပြီ ဘုရား)။

နိဗ္ဗာန်ဆိုတာဘာပါလိမ့်

ဦးခင်မောင် နိဗ္ဗာန်ဆိုတာ ဘာပါလိမ့်မလဲဆိုတော့၊ အို-အရှင်ဘုရား၊ အသင်္ခတဟာ နိဗ္ဗာန်ဘုရား၊ နိစ္စဟာ (နိဗ္ဗာန် ဘုရား)၊ ဒ- သင်္ခါရကတော့ အနိစ္စနဲ့ဟာ တွဲလျက်၊ အသင်္ခတနဲ့ နိစ္စနိဗ္ဗာန်နဲ့ဟာ (တွဲလျက်ပါ ဘုရား)၊ အဲဒီ လိုသွားရမှာ ဒကာ ဒကာမတို့၊ နိဗ္ဗာန်ကောင်းကောင်း ကျေနပ် ပလား (ကျေနပ်ပါပြီ ဘုရား)။

ကိုင်း- သေစရာအထည်လည်းမရှိလို့၊ အသေ ဇာတ်သိမ်းတာဟာ နိဗ္ဗာန်ပါကလား၊ သေစရာ အထည် မဖြစ်ဘူး၊ အသေလည်း (မရှိဘူး)၊ အဲဒါ ဘာခေါ်ကြမယ် (နိဗ္ဗာန်ပါ ဘုရား)၊ နိဗ္ဗာန်ဆိုတာ ဒကာ ဒကာမတို့ ကြိုး စားနော်။

အခု ခင်ဗျားတို့ ကြိုးစားတာ၊ သေထည် ကြိုးစားထား လို့ သေကြရတယ် (မှန်ပါ့)၊ ဦးခင်မောင် ဘယ်လို ဆုံးဖြတ်ချက်ချမလဲ (သေထည်ကြိုးစားထားလို့ သေကြရတယ်)၊ သေထည် ကြိုးစားထားလို့ သေကြရတယ် ဆိုတဲ့ဥစ္စာကို ကောင်းကောင်းရိပ်မိတော့မှ ခင်ဗျားတို့က တိရစ္ဆာန်မိုက်မိုက် ထားတယ် (မှန်လှပါ ဘုရား)။

တိရစ္ဆာန်မိုက်မိုက်ထားတယ်ဆိုတာကို ဒကာ ဒကာမ တို့က ဘုန်းကြီးကသိပ်ပြောတာပဲလို့၊ ဒီလို မအောက်မေ့နဲ့ (မှန်လှပါ ဘုရား)၊ ခင်ဗျားတို့က ဘယ်လိုဖြစ်သလဲဆိုတော့၊ ဒီသားသမီးတွေသည် အဖေ အမေ ရှိကြတယ်၊ ဒီအမေအဖေ နဲ့ တစ်ဘဝလုံးမခွဲရပါလို၏ဆိုတော့၊ ဒီအထည်ကြီးတောင်း ကြမှာပဲ ဘယ်နှယ် ဆိုကြမလဲ (ဒီအထည်ကြီးတောင်းချင် မှာပါ ဘုရား)၊ ဒီဆွေမျိုးတွေနဲ့ ဘယ်တော့မှမခွဲရပါလို၏ ဆိုရင်ကော (ဒီအထည်ကြီး တောင်းတာပါပဲ ဘုရား)။

ဒီစိန်မြရတနာတွေနဲ့၊ ဘယ်တော့မဆို ချမ်းသာ နေပါရစေ ဆိုရင်ကော (ဒီအထည်ကြီး တောင်းတာ ပါပဲ)။

အဲဒီတော့ ခင်ဗျားတို့ဟာက တိရစ္ဆာန်ဆုတောင်း တယ်၊ ခွေးဟာ ခွေးဘဝက အထည်ကြီးဖြစ်ပြီး၊ ဒီခွေး မအို သေးဘူး၊ သူမွေးထားတဲ့ သားသမီးတွေ ငဲ့ပြီး၊ ဒီခွေးပြန်ဖြစ်ရ ပါလို၏ ဆုတောင်းတာ (မှန်ပါ့)၊ ဒီပြင် ဘာများတောင်း သေးသလဲ (မတောင်းပါ ဘုရား)၊ သူ ဘာဆုတောင်းမယ် ထင်သလဲ (ခွေးပဲ ဆုတောင်းပါတယ် ဘုရား)၊ ခွေးမို့လို့ လူတော့မခင်ဘူးဗျ၊ သူ့သားသမီးတွေကျတော့ (ခင်ပါ တယ် ဘုရား)။

ခင်တဲ့ သဘောဟာ၊ ဆု တောင်းသည်ဖြစ်စေ၊ မတောင်းသည်ဖြစ်စေ၊ ဘာပြန်ဖြစ်ရမယ် (ခွေးပဲပြန်ဖြစ် ရမယ် ဘုရား)၊ ခွေးဟာခွေးပြန်ဖြစ်၊ ကျွဲ ကျွဲပြန်ဖြစ်ဆိုတော့၊ ဒကာ ဒကာမတို့ ခင်ဗျားတို့လည်း လူဟာ လူပြန်ဖြစ်ဆိုတော့ ဘယ်မှာသာလျှင် ဒကာ ဒကာမတို့ ဒုက္ခရှိလျက်နဲ့ ဒုက္ခပဲ သယ်ပိုးနေကြတယ်ဆိုတာ မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ)။

ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဒီနေ့ အရုပ်ဆိုး တော်တော်ပျောက်ပလား (ပျောက်ပါပြီ ဘုရား)၊ ရှင်းပြီ နော် (ရှင်းပါပြီ ဘုရား)၊ ဝိပဿနာကော ရှုတတ်ပြီလား (ရှုတတ်ပါပြီ ဘုရား)၊ သင်္ခတနဲ့ အသင်္ခတကော ကွဲပြီနော် (ကွဲပါပြီ ဘုရား)။

ဝိပဿနာ အားထုတ်တယ်ဆိုတာ

ကောင်းပြီ၊ ဒကာ ဒကာမတွေ ဝိပဿနာအားထုတ် တယ်ဆိုတဲ့ဥစ္စာဟာ၊ ဒီထဲက ခန္ဓာငါးပါးရှုတယ်၊ ငါးပါးထဲက တပည့်တော်ဖြင့် ငါးပါး ထဲက တစ်ပါးပဲအားထုတ်ချင်ပါတယ် ဆိုရင်ဖြင့် ဘုန်းကြီးများက မကန့်ကွက်ဘူး (မှန်ပါ့)၊ ဘုရားကလည်း မကန့်ကွက်ဘူး (မှန်ပါ့)။

ဦးခင်မောင် – ဘုရားကလည်း မကန့်ကွက်ဘူး။ (မှန်ပါ့)၊ ဘာဖြစ်လို့ ဘုရားကမကန့်ကွက်သတုံးဆိုတာ၊ ဦးဘတင် စဉ်းစားစမ်း၊ ငါးပါးထဲက စိတ္တာနုပဿနာဆိုတော့ ကန့်ကွက်သေးရဲ့ လား (မကန့်ကွက်ပါ ဘုရား)၊ အဲဒါ တစ်လုံးထဲလုပ်ပါလို့ မပြောဘူးလား (ပြောပါတယ် ဘုရား)။

အဲ- ငါးပါးထဲက ဝေဒနာနုပဿနာ ထုတ်လိုက်ပြန် တော့ကော မပြောဘူးလား (ပြောပါတယ်)၊ အဲ ရှင်သာရိပုတ္တရာက တစ်မျိုးထဲကိုပဲကြည့်ရပါမယ်ဆိုတာ သဘောကျပလား (ကျပါတယ် ဘုရား)၊ ကာယာနုပဿနာ ဆိုတဲ့ရုပ်တစ်ခုထဲကြည့်နေလည်း မပြီးဘူးလား (ပြီးပါ တယ် ဘုရား)။

ဓမ္မာနုပဿနာဆိုတဲ့ ကျန်တဲ့နှစ်ခုကြည့်ရင်ကော မပြီးဘူးလား (ပြီးပါတယ် ဘုရား)၊ ဘယ်မတုံး ဒကာ ဒကာမတွေ ငါးပါးစလုံးစုံမှပဲလား၊ တစ်ခုဖောက်ပြီးကြည့်ရင် ပြီးမလား (တစ်ခုဖောက်ပြီးကြည့်ရင် ပြီးပါတယ် ဘုရား)။

ဒို့ဖြင့် ဝိပဿနာရှုတာ ကြာလည်း ကြာလှပြီ၊ ဘာမှလည်း ခရီးမရောက်သေးဘူးဆိုတာ၊ တစ်ခုထဲ မစူးစိုက် လို့ လို့မှတ်လိုက် (မှန်ပါ့ ဘုရား)၊ ဘယ်လိုမှတ်ကြမယ် (တစ်ခုထဲမစူးစိုက်လို့ပါ ဘုရား)။

တစ်ခုထဲ မစူးစိုက်လို့လမ်းလွဲနေတယ်

တစ်ခုထဲမစူးစိုက်လို့ လမ်းလွဲနေတယ်လို့ ဦးခင်မောင် သေသေချာချာမှတ်စမ်းပါ (မှန်လှပါ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကိုင်း- ဒါဖြင့် ဒကာ ဒကာမတို့ ရှေးက ကတည်းက ရှိတယ် ကိံသုကောပမသုတ်ဆိုတာ၊ ကိံသုကောပမသုတ်ကို ဟောရလိမ့်မယ်တဲ့ ဒီနေ့။

ဒကာ ဒကာမတွေ ရဟန္တာကြီးက လေးပါးရှိတယ်၊ ရဟန္တာ ဘယ်နှစ်ပါးရှိလဲ (လေးပါးရှိပါတယ်)၊ ဒါ သူ့ဝတ္ထု မှာလာတာနော် (မှန်ပါ့)၊ ရဟန္တာကြီးလေးပါး၊ ဦးခင်မောင် ရဟန္တာ ဘယ်နှစ်ပါးရှိလဲ (လေးပါးပါ ဘုရား)။

ဒီရဟန္တာတွေဖြစ်လာတယ်ဆိုတော့ နိဗ္ဗာန်မြင်ပြီး သားပုဂ္ဂိုလ်ချည်းပဲဆိုတာဖြင့် ငြင်းဖို့လိုသေးသလား (မလို ပါဘူး ဘုရား)၊ အဲဒါဖြင့် နိဗ္ဗာန်မြင်ပြီးသား ရောက်ပြီးသား ပုဂ္ဂိုလ်တွေပဲဆိုတာ၊ ဒကာ ဒကာမတွေ မှတ်ပါနော် (မှန်ပါ့)။

သို့သော်လည်း သူတို့အမြင်မတူဘူး (မှန်ပါ့)၊ အမြင်မတူဘူး၊ နိဗ္ဗာန်မှာတော့ အမြင်တူတယ်၊ ဝိပဿနာရှု တုန်းကတော့ အမြင်မတူဘူး (မှန်ပါ့)၊ ဦးခင်မောင် နိဗ္ဗာန်အမြင်ကျတော့ (တူပါတယ် ဘုရား)၊ ဝိပဿနာရှု သော အမြင်ကျတော့ (မတူပါ ဘုရား)။

ဒါနဲ့ အဲဒီအနားက ပုထုဇဉ်ရဟန်းတစ်ပါးက သူ့ဝတ္ထုလာတဲ့အတိုင်း ပုထုဇဉ်ရဟန်းက ဒီကိုယ်တော်ကြီး တွေ နိဗ္ဗာန်မြင်တယ်ဆိုတာ သတင်းရထားတယ်။

ပထမရဟန္တာ၏ နိဗ္ဗာန်အမြင်

ပထမရဟန္တာဆီသွားမေးတယ်၊ ပုထုဇဉ်ရဟန်းက ၁နံပါတ် ရဟန္တာဆီသွားမေးတယ်၊ အရှင်ဘုရား နိဗ္ဗာန်မြင်ပုံ ကလေးပြောစမ်းပါဘုရား၊ အရှင်ဘုရား ဘယ်လိုအစဉ်နဲ့မြင် လာတယ်။ ဘယ်လို ဝိပဿနာရှုပြီး၊ ဘယ်လိုနိဗ္ဗာန်မြင်လာ တယ်ဆိုတဲ့ဥစ္စာ ပြောစမ်းပါ။ ဦးခင်မောင် ပုထုဇဉ်ရဟန်းက မေးတယ်နော် (မှန်ပါ့)၊ ဘယ်သူကမေးတာလဲ (ပုထုဇဉ်ရဟန်းကပါ ဘုရား)။

အရှင်ဘုရား နိဗ္ဗာန်ကို တပည့်တော်အရှင်ဘုရား အရှင်ဘုရားနည်းနာယူပြီး သကာလ ဒီလမ်းက လိုက်ချင်ပါ တယ်၊ ဘယ်လိုဝိပဿနာရှုပြီး၊ ဘယ်လို ဝိပဿနာအဆုံး၊ ဘယ်လိုနိဗ္ဗာန်မြင်တယ်ဆိုတာ တပည့်တော် ပြောစမ်းပါဆို တော့ ဒီရဟန္တာကြီးက ဒကာ ဒကာမတွေ မေးတော့လည်း ဖြေ ရှာပါတယ် (မှန်ပါ့)။

ဘယ်လိုပြောလိုက်သတုံးဆိုတော့ ငါတော့

ဆန္နံ ဖဿာယတနာနံ သမုဒယဉ္စ အတ္ထင်္ဂမဉ္စ၊

အာယတနခြောက်ပါးကို ရှုပြီး နိဗ္ဗာန်မြင်တာပါပဲ ကွာ (မှန်ပါ့)၊ အာယတနခြောက်ပါးတဲ့ ဒကာ ဒကာမ တို့ ဒါလောက်ပဲမှတ်ထားပါဦး (မှန်ပါ့)။

အာယတနကခြောက်ပါးဆိုတော့ အာယတနက ဆဲ့နှစ်ပါးရှိနေတာကိုး၊ သူက ခြောက်ပါးရှုပြီးတော့ နိဗ္ဗာန် ရောက်တာပဲဆိုတော့၊ သူ့အတွက်ရောက်တာ သေချာတယ် နော် (မှန်ပါ့ ဘုရား)၊ သို့သော် အာယတနက (၁၂) ပါး ဆိုထားတယ် (မှန်ပါ)။

မဆင်ခြင်ချင်ရောက်တယ်လို့မှတ်၊ ဘယ်လိုမှတ်ကြ မယ် (မဆင်ခြင်ချင်ရောက်တယ်လို့မှတ်ရပါမယ်)၊ မဆင် ခြင်ချင်ရောက်တယ်လို့မှတ်၊ ဒီရဟန္တာကြီးက တာဝန်ခံထား တယ်၊ ဒီ ၁ နံပါတ်၊ ရဟန္တာကြီးက တာဝန်ခံထားတယ်။ သေချာကြပလား (သေချာပါပြီ ဘုရား)။

ဆန္နံ အာယတနာနံ သမုဒယဉ္စ အတ္ထင်္ဂမဉ္စ

ဧတ္တာဝတာခေါ အာဝုသော ဘိက္ခုနော ဒဿနံ သုဝိသုဒ္ဓံ ဟောတိ။

ဒီတွင်ပဲ၊ ငါနိဗ္ဗာန်မြင်တာပါပဲကွာတဲ့၊ ဒါတွေဖြစ်ပျက်ရှု၊ ဖြစ်ပျက်မုန်း၊ ဖြစ်ပျက်ဆုံးတာနဲ့၊ နိဗ္ဗာန်ရောက်ခဲ့တယ်။ အာယတနခြောက်ပါးရှုတယ်။

သြော်-ဒီရဟန္တာကြီးမြင်ပုံကလည်း တယ်ထူးပါလား၊ အာယတန (၁၂)ပါးရှိတဲ့အနက် အာယတန (၆)ပါးထဲ ရှုပြီး ပြတ်တာနဲ့နိဗ္ဗာန်မြင်တယ်ဆိုတော့၊ ပုထုဇဉ်ရဟန်းက ဦးခင်မောင် မကျေနပ်ဘူးပေါ့ဗျာ (မှန်လှပါ ဘုရား)။

သူနားလည်ထားတာက အာယတန ဘယ်နှစ်ပါး နားလည်ထားသတုံး (၁၂ ပါးပါ ဘုရား)၊ (၁၂) ပါး နား လည်ထားတော့ (၁၂) ပါးလဲကြည့်တာမဟုတ်ပဲနဲ့ (၆) ပါးထဲ (မှန်ပါ့ ဘုရား)၊ (၆) ပါးမြင်ပြီး သကာလ ဒီကနေရှုရင်း ဟိုဟာ တွေတက်သွားတာနဲ့ နိဗ္ဗာန်ရောက်တယ်ဆိုတော့၊ သူ့စိတ်ထဲ မှာ သူကြားဘူးနားဝနဲ့ဆိုတော့ နံပါတ်က ရွှေ့လို့မရပဲ (မှန်ပါ့)။

ဦးဘတင် ဘာစိုးရိမ်နေရ (နံပါတ်ကရွှေ့လို့မရ ပါ)၊ နံပါတ်က နှိပ်စက်နေမှာစိုးရသေးတယ် (မှန်ပါ့)၊ ဒီဘဝကစ၊ နံပါတ်တွေဖြုတ်ပြီး ဆရာဘုန်းကြီးဟောတာနဲ့ ဘုရားဟောတာသာ ယုံပေတော့၊ နံပါတ်တွေအကုန်ဖြုတ် (မှန်ပါ့)။

အခု ဒီပုထုဇဉ်ရဟန်းက ကျေနပ်သလား ပထမ ရဟန္တာကြီးဖြေတာ (မကျေနပ်ပါ ဘုရား)၊ မကျေနပ်ပါ ဘူး မကျေနပ်တော့၊ တို့အာယတန (၁၂)ပါးရှိတဲ့အနက်က (၆) ပါးနဲ့ (၆) ပါးရှုပြီး သကာလ မြင်တော့၊ အဲဒီခြောက်ပါးဆုံး သွားပြီး နိဗ္ဗာန်ရောက်ခဲ့တယ်ဆိုတော့၊ သြော်- ဒီလိုနဲ့လည်း သူ့ စိတ်ထဲမှာတော့ ပုထုဇဉ်ရဟန်းက မကျေနပ်ဘူး (မှန်ပါ့)။

မကျေနပ်တာနဲ့ အရှင်ဘုရားတို့လို နိဗ္ဗာန်မြင်တဲ့ ပုဂ္ဂိုလ်များရှိသေးသလားလို့ မေးတော့၊ ဟာ ရှိတယ်ကွ ဆိုပြီး ဒုတိယရဟန္တာဆီ ညွှန်ကြားလိုက်တယ်။

ဒုတိယရဟန္တာ၏နိဗ္ဗာန်အမြင်

ဒုတိယရဟန္တာဆီ ပုထုဇဉ်ရဟန်းရောက်လာတယ်။ အရှင်ဘုရား နိဗ္ဗာန်မြင်တဲ့ အလုပ်ကလေးဟာ ဘုရား၊ ဘယ်ကနေ ဝိပဿနာစ,တက်ပြီး သကာလ ဘယ်လိုနိဗ္ဗာန်မြင် အောင်ကြိုးစားရပါ့မလဲ၊ တပည့်တော်ဖြင့် မြင်ချင်ပါတယ် ဘုရား၊ နိဗ္ဗာန်ရောက်လည်း ရောက်ချင်ပါတယ်။ ရလည်း ရချင်ပါတယ် (မှန်လှပါ ဘုရား)။

ငါ့ရှင်- ဒီခန္ဓာငါးပါးကို ဖြစ်ပျက်ရှုပြီး သကာလ နိဗ္ဗာန် ရောက်သွားတာပဲ၊ ဟိုကိုယ်တော်က ခြောက်၊ ဒီကိုယ်တော်က ငါးနဲ့ဖြစ်နေတယ်၊ သဘောကျပလား (ကျပါပြီ ဘုရား)၊ ပထမကိုယ်တော်က ဘယ်လောက်လည်း (ခြောက်ပါ ဘုရား)၊ ဒုတိယကိုယ်တော်က (ငါးပါ ဘုရား)၊ အင်း- ငါးနဲ့ခြောက် ဆိုတော့ သူ့ဟာက ဦးခင်မောင်ရ၊ ပုထုဇဉ်လျှာရှည်တာက သိလောက်ပြီ၊ ငါးနဲ့ခြောက် ကွာခြားနေတာကို သူ့စိတ်ထဲမှာ မကျေနပ်ဘူး (မှန်ပါ့)။

မကျေနပ်တာနဲ့ ဟိုပုဂ္ဂိုလ်ကလည်း ခြောက်ပါးနဲ့တဲ့၊ ဒီပုဂ္ဂိုလ်ကလည်း ငါးပါးနဲ့ကြည့်ပြီး သကာလ ဖြစ်ပျက်မုန်း၊ ဖြစ်ပျက်ဆုံးပြီး နိဗ္ဗာန်မြင်သတဲ့ (မှန်ပါ့ ဘုရား)။

ဒါနဲ့ သူ့စိတ်ထဲမကျေနပ်ဘူး၊ ဒကာ ဒကာမတို့၊ တတိယရဟန္တာကြီးထံ သွားပြန်တယ်၊ တတိယရဟန္တာကြီးဆီ ရောက်တော့ အရှင်ဘုရား အရှင်ဘုရားတို့အမြင်မှန်ရပြီး နိဗ္ဗာန်ကို မျက်မှောက် ပြုတယ်ဆိုတာ ဘယ်လိုမြင်မှတုံး ဘုရား လို့မေးပြန်တယ် (မှန်ပါ့)။

တတိယရဟန္တာ၏နိဗ္ဗာန်အမြင်

တတိယရဟန္တာကြီးက မဟာဘုတ်လေးပါးဆိုတဲ့ ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယောတို့၏ ဖြစ်ပျက်မြင်ရင်ပြီး တာပဲလို့တယ်၊ ဒီရဟန္တာကြီးဖြေလိုက်ပုံကြည့်စမ်းပါ၊ ဓာတ်လေးပါးရှိတာ အဲတာဖြစ်ပျက်မြင်ဖို့ အရေးကြီးတယ် (မှန်ပါ့)။

အင်း- ဒကာ ဒကာမတို့၊ ဒီကိုယ်တော်က သာဆိုး တယ် မဆိုးဘူးလား ဆိုးသလား (ဆိုးပါတယ် ဘုရား)၊ ဘာကြောင့်ဆိုးသလဲဆိုတာ စဉ်းစားကြည့် “လေး” ဖြစ်နေလို့၊ သူက ဖြစ်ပျက်ကို နားလည်တဲ့ပုဂ္ဂိုလ် မဟုတ်ဘူး (မှန်လှပါ ဘုရား)။

ဟိုကိုယ်တော်တွေက ပထမပုဂ္ဂိုလ်ကလည်း အာယ တနခြောက်ပါး၊ ဖြစ်ပျက်မြင်လို့ ဖြစ်ပျက်ပါတယ် မဟုတ် လား (ပါပါတယ်)၊ ဒုတိယပုဂ္ဂိုလ်က ခန္ဓာငါးပါးကော (ဖြစ်ပျက်မြင်လို့ပါ ဘုရား)၊ ဖြစ်ပျက်ပဲ ငါးမျိုးလိုက်နေတာ (မှန်ပါ)။

တတိယပုဂ္ဂိုလ်လာပြန်တော့လည်း ဒီလိုပဲ ဖြစ်ပျက် မြင်ပြီး နိဗ္ဗာန်ရောက်ခဲ့ပါတယ်၊ နိဗ္ဗာန်မြင်ပါတယ် မပြောလား (ပြောပါတယ်)၊ ဒီပုထုဇဉ်ရဟန်းက၊ ဖြစ်ပျက်တာကို ဂရုကို မစိုက်ဘူး၊ ဦးခင်မောင် ဖြစ်ပျက်မြင်တဲ့ သဘောမျိုး ဉာဏ် မရောက်တော့ အင်မတန် ခက်နေတယ်ဆိုတဲ့ အဓိပ္ပာယ်ကော ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အင်း- သူ့စိတ်ထဲမှာမကျေနပ်ဘူး၊ ပထမပုဂ္ဂိုလ်က ခြောက်၊ ဒုတိယပုဂ္ဂိုလ်က ငါး၊ တတိယပုဂ္ဂိုလ်က လေး ဆိုတော့ သာပြီးသူ့စိတ်ထဲ မရှင်းမလင်းဖြစ်ပြီး သကာလ နေတော့တယ် ဆိုတာ ဒကာ ဒကာမတွေ စိတ်ထဲမှာမှတ်ထားရမယ်

ဒါနဲ့သူ ဦးခင်မောင် မကျေနပ်ဘူးနော် (မှန်ပါ့)၊ မကျေနပ်တော့အရှင်ဘုရားတို့လို အားထုတ်ပြီးနိဗ္ဗာန်ရတဲ့ ပုဂ္ဂိုလ်ရှိပါသေးသလား ရှိပါတယ်၊ ဟိုဘက်မှာ ဒါဖြင့် ဘုရား တပည့်တော် သွားမေးပါရစေ အေးသွားမေးချေ။

စတုတ္တရဟန္တာ၏ နိဗ္ဗာန်အမြင်

စတုတ္ထပုဂ္ဂိုလ်ဆီသွားမေးတယ်၊ ရဟန္တာချည်းပဲ ဒကာ ဒကာမတို့ ရဟန္တာကြီးလေးယောက်၊ စတုတ္ထပုဂ္ဂိုလ်ဆီ ရောက်တော့ အရှင်ဘုရားနိဗ္ဗာန်တော့ ဘယ်လမ်းစဉ်က တက်ရတယ်ဆိုတာ ပြောစမ်းပါဦးဘုရား။

ယံ ကိံဉ္စိ သမုဒယဓမ္မံ သဗ္ဗံ တံ နိရောဓဓမ္မန္တိ

ဖြစ်တဲ့ တရားဟာ ပျက်တယ်၊ အဲတော့ အစားထိုး တာရယ် ပျက်တယ်ပဲရှိတယ်၊ အဲတာနှစ်ခု ကြည့်လို့ ရှိရင် နိဗ္ဗာန်ရောက်တာ ပါပဲဆိုတော့၊ ဒီကိုယ်တော်က “နှစ်” တင်ဟောတယ် (မှန်ပါ့)။

စတုတ္ထပုဂ္ဂိုလ်က ဘာဟောသလဲ (နှစ်တင်ဟော ပါတယ် ဘုရား)၊ ဖြစ်ပျက်နှစ်ခုပဲသူဟောတယ် “ယံကိဉ္စိ သမုဒယဓမ္မံ၊ သဗ္ဗံ တံနိရောဓ ဓမ္မန္တိ ဆိုတော့ သင်္ခါရနဲ့ အနိစ္စ ပဲဟောတယ်၊ ဘာဟောပါလိမ့် (သင်္ခါရနဲ့အနိစ္စပဲဟောပါတယ်)။

အားလုံး ဒကာ ဒကာမတွေ နားလည်မှုဟာက ဖြစ် ပျက်တင်ပဲ၊ ဖြစ်ပျက်ရှုလိုက်တာနဲ့ ကိစ္စပြီးတာပဲ၊ ဒီလိုပဲ ဟော လိုက်တယ်။ သြော်- ဒါနဲ့ပုထုဇဉ်ရဟန်းကတော့ဖြင့် ဦးဘတင် ကျေနပ်ပါရဲ့ လား သူ (မကျေနပ်ပါ ဘုရား)၊ ဘာပြုလို့မကျေနပ်လဲ သူ နိဗ္ဗာန်ဆိုတဲ့ဥစ္စာမျိုးဟာ ဘယ်ပုဂ္ဂိုလ် နိဗ္ဗာန်ရောက်ရောက် ဒီဥစ္စာမျိုးဟာ ရှုတုန်းက ကတည်းက သဘောတူဖြစ်ရမယ်၊ သူကဖြောင့်ဖြောင့်ကြီးစဉ် ထားတာ (မှန်ပါ့)၊ ဦးခင်မောင် ဘယ်လိုစဉ်ထားလဲ (ဖြောင့်ဖြောင့်ကြီး စဉ်ထားပါတယ် ဘုရား)၊ သဘောတူတာ တွေကိုလည်း သူကမရိပ်မိဘူး (မှန်ပါ့ ဘုရား)။

ဖြစ်ပျက်ရှုလို့ နိဗ္ဗာန်ရောက်ကြတယ်

ပထမရဟန္တာကြီးဆို လိုက် တာက အာယတန ခြောက်ပါး၊ ဖြစ်ပျက်ရှုတာနဲ့ နိဗ္ဗာန်ရောက်တယ်၊ ဖြစ်ပျက် ပဓာနထားတယ်၊ သူက သဘောကျရဲ့လား (မကျပါ)။ ဒုတိယရဟန္တာကတော့ ဘာတဲ့ (ခန္ဓာငါးပါး ဖြစ်ပျက်ရှု ပါတယ်)၊ ဖြစ်ပျက်ရှုတာနဲ့ နိဗ္ဗာန်ရောက်ပါတယ်၊ မြင်ပါတယ် ကွတဲ့ (မှန်ပါ့)၊ တတိယရဟန္တာက (ဓာတ်လေးပါးဖြစ် ပျက်ရှုပါတယ်)။

အင်း- တတိယရဟန္တာက ဓာတ်လေးပါးဖြစ်ပျက်ရှု ပြီး သကာလ ဖြစ်ပျက်ပဲသူကလာတယ်၊ နောက် စတုတ္ထ ရဟန္တာကတော့ ဒကာ ဒကာမတို့ (ဖြစ်ပျက်နှစ်ပါးရှုပါ တယ်)၊ အင်း- ဖြစ်ပျက်နှစ်ပါးရှုတာနဲ့ ငါနိဗ္ဗာန်မြင်တာပဲလို့ သေချာမဟောဘူးလား (ဟောပါတယ်)။

အဲဒါ ဒကာ ဒကာမတို့စုပြီး ပုံပြီး ပြောလိုက်တဲ့အခါကျတော့၊ ဖြစ်ပျက်မှာလမ်းဆုံးတယ်၊ ဒါဖြင့် ဒကာ ဒကာမတို့ကို ဒီပုဂ္ဂိုလ်ဆုံးအောင် မဟောနိုင်တော့ဘူး။

ဒကာ ဒကာမတွေ ယနေ့အစောကြီးက သင်လိုက်တဲ့ အဓိပ္ပါယ်ကျေနပ်ပလား (ကျေနပ်ပါတယ်)၊ အစားထိုး တာရယ် (ပျက်တာရယ်)၊ သဘောကျပလား (ကျပါပြီ)။

ခန္ဓာကိုယ်ထဲကြည့်လိုက်ရင် ဘာဘာတွေရှိသလဲ (အစားထိုးတာရယ် ပျက်တာရယ်ရှိပါတယ်)၊ ဒါဖြင့် ရဟန္တာလေးပါး ရဟန္တာဖြစ်တော့လည်း ဘာရှုပြီး ဖြစ်ကြတာလဲ (အစားထိုးတာရယ် အနိစ္စရောက်တာရယ်ပါ ဘုရား)၊ အစား ထိုးတာရယ် အနိစ္စရောက်တာရယ် ဒါပဲရှိတယ်၊ ဒီတရား (မှန်လှပါ ဘုရား)။

ခန္ဓာကပြောသော စောင့်ကြည့်ပါ

ဒါဖြင့် ဒီဒကာ ဒကာမတွေဟာ ခန္ဓာကိုယ်စောင့်ကြည့်ပြီး သကာလ အစားထိုးတာရယ် ပျက်တာရယ်၊ ကြည့်နေလို့ရှိရင်ဖြင့် ဖြစ်ပျက်ဆုံးမှာပဲ (မှန်ပါ့)၊ ဖြစ်တာ သင်္ခါရ၊ ပျက်တာ (အနိစ္စ)၊ အဲဒီမှာ ဘုရားက “အနိစ္စာဝတ သင်္ခါရာ” ပဲရှိတယ်လို့ ဟောတယ် (မှန်ပါ့)။

“ဥပ္ပာဒနဲ့ ဝယ” ပဲရှိတယ်လို့ထပ်ပြီး ဆင့်လိုက်ပြန်တယ် (မှန်ပါ့)၊ “ဥပ္ပဇ္ဈိတွာ နိရုဇ္ဈန္တိ” အစားထိုးပြီး ပျက်သွားတာပဲလို့ ဦးခင်မောင် မလာဘူးလား (လာပါတယ် ဘုရား)၊ တေသံ- ထိုအစားထိုးတာ၊ ပျက်တာတို့၏ ဝူပသမော- မရှိသော နိဗ္ဗာန်သည်၊ သုခေါ-ချမ်းသာ၏ (မှန်ပါ့)။

ဒီနှစ်ခု ဆုံးအောင်လိုက်ရမယ်လို့ မဟောဘူးလား (ဟောပါတယ် ဘုရား)၊ သဘောကျပလား (ကျပါပြီ ဘုရား)။ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကဲ နက်ဖြန်မှဆက်ကြစို့။

သာဓု သာဓု သာဓု။