051

အသေလွတ်တရားတော် (တောခွေးနှင့်လိပ်ဥပမာ)

အသံမကြည်ပါ။

ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး မိုးကုတ်မြို့၌

ဟောကြားတော်မူသော

အသေလွတ် – တရားတော်

တောခွေးနှင့်လိပ်ဥပမာ

(၂၉-၆-၆၀)

ဒကာ ဒကာမတွေကို ဟောခဲ့တယ်။ ရွာတည်မယ်ဆို လို့ရှိရင်ဖြင့် သုသာန်ပါလာရတယ် ဆိုတဲ့ ဥစ္စာဖြင့် အားလုံးပဲ အသိအမှတ် ပြုကြပါပြီ (မှန်ပါ့)၊ ရွာတည်တယ် ဆိုရင် ဘာကို ထည့်စဉ်းစား ရသလဲ (သုသာန် ထည့်စဉ်းစားရ တယ်)။

ဘယ့်နှယ်ကြောင့် ဒီသုသာန် ထည့်စဉ်းစား ရပါလိမ့် မတုံးလို့ မေးလို့ရှိရင်၊ သတ်မယ့်သူ ပါနေလို့ အသေကောင်ပစ် ဌာနကို စဉ်းစား ရတယ် ဆိုတာ ပါလာတယ် (မှန်ပါ့)၊ သတ်မယ့်လူက ရွာထဲ ပါလာတော့ အသေကောင် ပစ်ဖို့ နေရာ ဌာနဆိုတာ၊ အမြဲတမ်း စဉ်းစားပြီး သကာလ ထားကြရတာ သည် ဒကာ ဒကာမတို့ အင်မတန်ကိုပဲ ကျုပ်တို့ အဖြစ်ဆိုးလို့ ဒီသုသာန်ကြီး ထည့်ထည့် စဉ်းစားရတာ အနာဆုံးပဲလို့သာ ကိုစောမောင် ဒီအတိုင်း ယူရမယ် (မှန်ပါ)။

ရွာတည်မယ်ဆိုရင် သုသာန်ထည့် စဉ်းစားရတယ်

ရွာတည်မယ်ဆိုရင် ဘာထည့်စဉ်းစား ရသတုံး (သုသာန် ထည့်စဉ်းစား ရပါတယ်)။ ဪ ရွာတည်တဲ့ လူတွေ သုသာန် ထည့်ပြီး စဉ်းစား ရတယ် ဆိုကတည်းကိုက ဒီရွာမှာရှိတဲ့လူတွေဖြင့် လူသတ်သမားလက်ချက်နဲ့ တွက်လို့ ရှိရင်ဖြင့် အရင်သေတဲ့လူကို နောက်လူတွေကပို့၊ နောက်လူ တွေကိုလဲ နောက်လူတွေက ဆက်ပြီး ပို့ဖို့ သာလျှင် အမြဲတမ်း ထည့်ပြီး စဉ်းစားရတယ် ဆိုကတည်း ကိုက၊ ဪ တို့အဖြစ် ဆိုးကြီးဟာ ဒါပါကလား ဆိုတာ ဒါဘုန်းကြီးပြော လို့သာ ခင်ဗျားတို့ ပေါ်လာ တာနော် (မှန်ပါ)။ ကိုယ်ပိုင် ဉာဏ်နဲ့သာ ဆိုရင် ကိုမြင့်တို့ လူတစ်စု မပေါ်ဘူး (မှန်ပါ)၊ ပေါ်လဲ ထုံးစံထဲကို သွင်းပစ် လိုက်တယ် (မှန်ပါ)၊ ထုံးစံ မဟုတ်ပါဘူး ဒကာ ဒကာမတို့၊ ထုံးစံ ဆိုတဲ့ဥစ္စာ ထုံးတမ်း အတိုင်း လိုက်နေဆဲ့ ပုဂ္ဂိုလ်သာ ထုံးစံလိုက်ပါတယ်၊ ထုံးတမ်း ပယ်ပါတော့မယ် အသေဇာတ် သိမ်းပါတော့မယ် ဆိုရင်လဲ ကိုစောမောင် ဖြစ်ပါတယ် (မှန်ပါ)။ ကိုပေါ် သဘော ပါပြီလား (ပါ, ပါတယ် ဘုရား)။

ကိုစံလှ ထုံးစံထားတာ လောကီ လိုက်နေတဲ့ ပုဂ္ဂိုလ်ကတော့ ထုံးစံ ပယ်လို့ မရဘူး၊ လောကုတ္တရာ ဘက်ကို ကြည့်စမ်း ပါဆိုလို့ ရှိရင် သုသာန် ထည့်ပြီး စဉ်းစားရတဲ့ သဘောလဲရှိပါ သေးတယ် ဆိုတာ ပေါ်လာတာပဲ (မှန်ပါ) ရှင်းကြရဲ့လား (ရှင်းပါတယ်)။

ဒကာ ဒကာမတို့ ဆရာသမားကောင်း မတွေ့ပြီ၊ လမ်းညွှန်ကောင်းမတွေ့ပြီ ဆိုမှဖြင့်၊ ကိုစောမောင် ခုနင်က စဉ်းစား ပုံဟာဖြင့် ဘဝတိုင်း စဉ်းစားရမှာပဲ (မှန်ပါ)၊ မစဉ်းစားရဘူးလား (စဉ်းစား ရပါတယ်)၊

သုသာန်ထည့် စဉ်းစားရတယ်၊ တို့ရွာမှာ ဆရာကောင်း ရှိဖို့ ရွာမှာ အရေး ကြီးတယ် ဆိုတာကော (ထည့်စဉ်းစား ရပါတယ် ဘုရား)၊ ဥတုသပ္ပါယ ကောင်းဖို့၊ မကောင်းဖို့ကော (ထည့် စဉ်းစားရပါတယ် ဘုရား)၊ ရေမီး ပြည့်စုံဖို့ မပြည့်စုံဖို့ကော (စဉ်းစားရပါတယ် ဘုရား) ဒကာ ဒကာမတို့ စဉ်းစားရ တာတွေကို လျှောက်ပြီးပြောမယ် ဆိုလို့ရှိရင် ကိုစံလှ ကုန်နိုင် စရာရှိသေးရဲ့လား (မရှိပါဘူး)၊ ဘယ့်နှယ်ကြောင့် ဒါတွေ ထည့်ထည့်ပြီး စဉ်းစား နေပါလိမ့်မတုံး ဆိုလို့ရှိရင် ဒကာ ဒကာမတို့ ဖြုန်းခနဲ မသေပါစေနဲ့လို့ ထည့်ပြီး စဉ်းစားတာ (မှန်ပါ)။

ကိုစောမောင် ဘယ်လိုပါလိမ့် (ဖြုန်းခနဲ မသေ ပါစေနဲ့လို့ စဉ်းစားရတာပါ)၊ သို့သော်လည်း ဖြုန်းခနဲ မသေရအောင်လို့ ထည့်ပြီး စဉ်းစားငြားသော်လည်း၊ နောက်ဆုံးတစ် နေ့ကျတော့ဖြင့် ကိုယ်စဉ်းစားထားတဲ့ သုသာန်ရောက်မှာဘဲ (မှန်ပါ)၊ မရောက်ရပေဘူးလား (ရောက်ရပါတယ် ဘုရား)၊

အဲဒါတွေ ဉာဏ်နဲ့လှည့်ပြီး ဒကာ ဒကာမတွေ ကိုယ် ပိုင်လှည့်တဲ့အခါကျတော့မှ သြော် တို့ဟာ မတွေးတတ် မကြံတတ် တို့စုံလုံးကန်း ဖြစ်နေလို့ပါလား ဒါတွေချည်း လှည့်နေရတာ ကျက်သရေ မင်္ဂလာကို နည်းနည်းမှ မရှိဘူး၊ ရှိကြရဲ့လား (မရှိပါဘူး ဘုရား)၊ မြို့တည်ရင်ကော သုသာန် ထည့်စဉ်းစားရ၊ ရွာတည်ရင်ကော (သုသာန် ထည့် စဉ်းစားရတာပဲ)၊ ဆေးသမား ဝါးသမား ကောင်းကော (စဉ်းစား ရပါတယ်)၊ ရေမိုး သင့်တာတွေကော (စဉ်းစား ရပါတယ်)၊ ကိုပေါ် မစဉ်းစားရတာ ပြောစမ်းပါဦး (မရှိပါဘူး)၊ ဒီဟာတွေက ဆရာထည့်စဉ်းစားရလို့ ရှိရင် လဲ မမာတတ်တဲ့ ခန္ဓာကိုယ်ရလို့ဟေ့ (မှန်ပါ)၊ ဒုက္ခခန္ဓာ ကြီးဆိုတာ ခင်ဗျားတို့က မသိတော့ ဒကာ ဒကာမတွေက မတွေး တတ်ဘူး၊ ဪ ဒုက္ခသစ္စာကြီး ရထားသကိုး၊ ဒုက္ခသစ္စာကြီး ကျွေးဖို့ မွေးဖို့ ဖာဖို့ ထေးဖို့ တယ်ပြီး စဉ်းစားရပါ ကလားဟေ့ (မှန်ပါ) မလာသေးဘူးလား (လာပါတယ်)။

ကိုစံလှရေ ဒီအရပ်မှာ တို့အရပ်မှာ နေလို့ရှိရင် ဖြင့် အနွေးထည်ဟာ အရေးကြီးတယ် ဆိုလို့ရှိရင်၊ အနွေး ထည်မှ ရပါ့မလား ဆိုတာလဲ ဖာထေး ရတာကိုးဗျ ဒီခန္ဓာကြီး ကိုလေ (မှန်ပါ)၊ ကိုမြင့် ဖာထေး ရတယ် ဆိုတာ သဘောပါကြပြီလား (ပါ, ပါပြီ)။

ဒုက္ခ သစ္စာကြီး ရထားလို့တွေးရတာ

ဒါဖြင့် ဒကာ ဒကာမတွေ နေ့တိုင်း တွေးနေရတဲ့ တွေး လုံး၊ ရှေ့ရေး တွေးရ၊ နောက်ရေး တွေးရ၊ ဒီနှစ် အတွက်တွေး ရ၊ ဆောင်းစာ အတွက် တွေးရ၊ မိုးစာ အတွက် တွေးရနဲ့ ဘာကြောင့်တုံး လို့ မေးတဲ့အခါ ကျတော့ လူမမာ ရထားလို့ ဒါ လောက်တွေးရတာ (မှန်ပါ့)၊ သေမှာကြီး ရထားလို့ (တွေး ရပါတယ် ဘုရား)၊

ဒါဖြင့် ဒုက္ခသစ္စာကြီးကို ရထားလို့ ဒီတွေး လုံးထုတ်ရတာပဲ၊ ဒုက္ခသစ္စာကြီး ရထားတော့ ဒီဒုက္ခရောက်မှာ ကြီးကလဲ သေချာ မနေဘူးလား (သေချာ နေပါတယ်)။ သေချာတာကလဲ သမုဒယ လက်ချက်နဲ့ အသက် ထွက်ရမယ် ဆိုတာကလဲ ပါပြီးသား ဖြစ်နေလို့ပေါ့ဗျာ (မှန်ပါ့)၊ သဘောကျ ကြပြီလား (ကျပါပြီ)။

တယ်လဲ အရုပ်ဆိုးပါလား ဒကာ ဒကာမတို့၊ သစ္စာ တရားနော်- ကြပ်ကြပ် ဂရုစိုက်ပြီး သကာလ ၊ ဪ ဟုတ်ပါကလားလို့ တစ်လုံး လိုက်လိုက်လို့ ရှိရင်ဖြင့်၊ ဆရာ ဘုန်းကြီး ပြောတာက ခန္ဓာကိုယ်က ဒုက္ခသစ္စာ ဟုတ်ပါလား လို့ လိုက်လိုက်လို့ရှိရင် မဂ်ပေါ်လာတာပဲ (မှန်ပါ)၊

ဟုတ်ပါကလား တစ်လုံးသာ ဒကာ ဒကာမတွေက နောက် ကနေ မှန်မှန်ကန်ကန် သိပြီးတော့ လိုက်လို့ရှိရင် ဒါဖြင့် ဒကာ ဒကာမတို့ အရုဏ်တက်ပေါ့၊ မှောင်ထဲ မှောင်ထဲ မွေးတဲ့လူတော့ မဟုတ်တော့ဘူး (မှန်ပါ)၊ မဂ်တည်း ဟူသော နေထွက်ဖို့ တည်း တည်းကလေး ကျန်တော့တယ်လို့ မှတ် လိုက်ပါ (မှန်ပါ)၊ ဟုတ်ပါကလား ဆိုတဲ့ တစ်လုံးဟာ တစ်သံသရာလုံး မလိုက်ဖူးဘူး (မှန်ပါ)၊ ရိပ်မိကြပြီလား (ရိပ်မိပါပြီ ဘုရား)။

တစ်သံသရာလုံး မလိုက်ဖူးဘူး ဆိုတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဒုက္ခသစ္စာရယ်လို့ မသိဖူးဘူး ပြောတာပဲ (မှန်ပါ)၊ သမုဒယက သတ်သမားလို့ကော (မသိဖူးပါဘူး)။

အသေခန္ဓာကြီး ရထားတယ်

အဲဒါကြောင့် အခုတော့ဖြင့် ဘုန်းကြီးက မပေါ်,ပေါ် အောင် ဘုရားဟော ပါဠိတော်တွေ ထုတ်ပြီး သကာလ ပြော၊ ဒကာ ဒကာမတွေ နားလည်တဲ့ နည်းနဲ့လဲ ပြောဆိုတော့၊ ရွာ တည်ရင် သုသာန်ထည့် စဉ်းစားရတာ ခန္ဓာက ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ)၊ ရွာတည်လို့ ရှိရင်ဖြင့် ရေမိုးကင်းမှ လွယ် ကူပါရဲ့ လားဆိုတာကော (စဉ်းစား ရပါတယ် ဘုရား)။

ဘယ့်နှယ်ကြောင့် ထည့်စဉ်းစားရသတုံး (သေတတ်တာ ကြီးရထားလို့ပါ)၊ ခန္ဓာ ဒုက္ခသစ္စာ ကြီးက ယိမ်းလိုက်မဟဲ့၊ လျော့လိုက်မဟဲ့၊ ဗိုင်းခနဲလဲ လိုက်မဟဲ့ ဆိုတာကော မပြောဘူး လား (ပြောပါတယ်)၊ ဥတုသပ္ပါယတွေနဲ့ဘဲ လှည့်ပြီး သကာလ စဉ်းစား ရပြန်တာကလဲ၊ အသေ ခန္ဓာကြီး ရထားတော့ သတ်မယ့် သူကလဲ အဆင်သင့် ပါလာတယ် ဆိုတာများ ဟာလဲ သေချာ လိုက်တာ (သေချာပါတယ် ဘုရား)။

ဒကာ ဒကာမတို့ အန္တရာယ်ကင်းလို့ ဘေးရှင်း အောင်များ မကြံစည်နိုင် ကြတော့ ဘူးလားလို့ မေးဖို့ အချက်က လဲကြုံလာတယ် (မှန်ပါ ဘုရား)၊ ဒါကြီး မသေအောင် မ ကြံစည် နိုင်ကြတော့ ဘူးလား လို့ကော ခင်ဗျားတို့ အပေါ် မေးဖို့ ပဲ ရှိတယ်၊

ဒကာ ဒကာမတို့၊ မသေရာမှန် ပြည် နိဗ္ဗာန် ဆိုတာရှိတယ်နော်၊ ခင်ဗျားတို့ သစ္စာမသိလို့ နိရောဓ သစ္စာဆိုတာ မသေရာမှန် ပြည်နိဗ္ဗာန်လို့ မသိတော့၊ ဒီခန္ဓာ ကြီးပဲ လှည့်ပြီး သကာလ စိုးရိမ်နေရ၊ ကြောင့်ကြနေရ၊ ဒီဘဝ မကောင်း ဟိုဘဝပြောင်းဖို့ပဲ စိတ်ကူးရ၊ ပြောင်းပြန်လဲ ဟို ဘက်သုသာန်ရှာရ ကိုစောမောင် ဒီချည်းသွားတယ်၊ မသွားဘူးလား (သွားပါတယ် ဘုရား)။

ဒါဟာ သံဝေဂရဖို့လောက် ဟောနေတာလားလို့ အားလုံး ဒကာ ဒကာမတွေက မေးလို့ရှိရင် မဟုတ်ပါဘူး ဖြစ် စဉ်ကိုက် ပြောနေတာပါ (မှန်ပါ)။

ဘယ်လိုပြောနေတာတုံး (ဖြစ်စဉ်ကိုက် ပြောနေ တာပါ)၊ ဖြစ်စဉ်ကိုက် ပြောနေတဲ့ အတွက် ဘုန်းကြီးက တို့ကို ခြောက်တာပဲ၊ လှန့်တာဘဲလို့ သံဝေဂဉာဏ် ပွားအောင်လို့ တရား အားထုတ် ချင်အောင်လို့ တိုက်တွန်း နေတယ်လို့ ဒီလို တင်မယူနဲ့တော့ (မှန်ပါ)၊ ခန္ဓာဖြစ်စဉ်က ဒီအတိုင်းမို့ ဒီအတိုင်း ပြောပါတယ်လို့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက လေးစားစွာနဲ့ မှတ်လိုက်ပါ (မှန်ပါ)၊ ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဒီခန္ဓာ ဇာတ်သိမ်းငြိမ်း တဲ့နေရာလဲ ရှိသေးတယ် ဆိုတာလဲ ဧကန်ဘဲလို့ မှတ်လိုက်ပါ (မှန်ပါ)။ ဒီခန္ဓာဒုက္ခသစ္စာကြီး မရှိဘူး မသေရတော့ဘူး ဆိုတဲ့ နေရာကော (ရှိပါတယ် ဘုရား)၊

အဲ မသေရတဲ့နေရာ ရှိတော့ တပည့်တော်တို့ဘုရား ရွာတည်ရင် သုသာန်ထည့် စဉ်းစားရတာ ဘဝတိုင်းပါပဲ ဖြေရုံပဲ (မှန်ပါ)၊ သဘော ကျပြီလား (ကျပါပြီ)၊ နတ်ပြည် ရောက်တော့လဲ စိတ်ချ လက်ချ နေလို့ရရဲ့လား (မရပါဘူး)။ စိတ်ချ လက် ချနေ လို့မရဘူးနော် ပျော်ရင်းနဲ့လဲ (ဝိညာဉ် ချုပ်ပါတယ် ဘုရား)။

ဗြဟ္မာပြည် ရောက်ပြန်တော့လဲ ရောက်စ ပျော်သလို လိုနဲ့ တော်တော်ကြာကျလို့ ရှိရင်ဖြင့် သေခါနီး နိမိတ်ပြပြန်ပြီ (မှန်ပါ)၊ မပြဘူးလား (ပြပါတယ်)၊ ပြလာတော့ ပျင်းမလာဘူးလား (ပျင်းပါတယ် ဘုရား)။ အဲဒီတော့ သုသာန်နဲ့ ကင်းတဲ့ အရပ် ဟုတ်ပါရဲ့လား (မဟုတ်ပါဘူး)။

၃၁ ဘုံကို သုသာန်ဘုံလို့မှတ်ပါ

ဒါကြောင့် ဒကာ ဒကာမတို့၊ ၃၁ဘုံကိုဖြင့် သုသာန်လို့ မှတ်ထား လိုက်လို့ ဘာမှငြင်းနေစရာ မလိုတော့ပါဘူး (မလိုပါဘူး)၊ ရှင်းကြပြီလား (ရှင်းပါပြီ)။

ဒါဖြင့် ဒကာ ဒကာမတို့ သုသာန်လွတ်ရာ ရှာကြစို့ (မှန်ပါ့)။

ဘာရှာကြမလဲ (သုသာန် လွတ်ရာရှာကြရပါ မယ်)။ သုသာန် လွတ်ရာ ရှာကြပါဆိုတဲ့ စကားဟာ နည်းနည်း သေးတယ်လို့ ကိုစောမောင်တို့ မှတ်ထားကြလိမ့်မယ် (မှန်ပါ)၊ အသေလွတ် ရှာတယ်ဆိုတာ ရှာတဲ့နည်း ရှိလို့သာ ပြောရဲတာပေါ့။ (မှန်ပါ)၊ ရှိတဲ့နေရာ ဧကန် ရှိလို့သာလျှင် ဒကာ ဒကာမတွေကို ညွှန်ပြရဲတာ (မှန်ပါ)။

သုသာန်ရှာနေတာ

အဲဒါကြောင့် မျက်လုံးစုံမှိတ်ပြီး သကာလ တို့အကြိုက် ကိုဖြင့် တို့ မစဉ်းစား တော့ပါဘူး။ ဆရာဘုန်းကြီး ပြောတဲ့ နောက်ကိုပဲ ဘုရားဟောတဲ့ အတိုင်း စိုက်စိုက်ပါအောင် လိုက် ပါတော့မယ်။ တို့အကြိုက် ကတော့ဖြင့် အရူး မပျောက်သရွေ့ ၃၁ဘုံထဲမှာ ကောင်းနိုးနိုး ကြိုက်နေတဲ့ ဥစ္စာ သုသာန် ရှာနေတာဘဲ ကိုယ့်အကြိုက်က (မှန်ပါ့)။

ဘာရှာတာတုံး (သုသာန် ရှာတာပါ ဘုရား)။ ကိုယ့်အကြိုက် ဟူသရွေ့ကို ဒကာ ဒကာမတို့ သုသာန် ရှာတာ မှတစ်ပါး ဘာများ ပြောစရာ ရှိသေးတုံး (ဘာမှမရှိပါဘူး)။

သေသေချာချာ ဉာဏ်နဲ့စဉ်းစားပါ ဒကာ ဒကာမတို့၊ ကိုယ့်အကြိုက်က ဒီဘုံမကောင်း ဟိုဘုံပြောင်း ချင်တာလဲ ဘာ ရှာတာတုံး (သုသာန်ရှာတာပါ ဘုရား)၊ အမြတ်ထွက်ကဲ့လား (မထွက်ပါဘူး ဘုရား)။

အဲဒါ ဒကာ ဒကာမတွေက စဉ်းစားပေါ့၊ ဪ ဒါဟာ ဘာဟော နေပါလိမ့်မတုံး။ ဆရာ ဘုန်းကြီး တို့ကို အရေးကြီးတာတော့ ပြောတော့ ပြောနေတာပဲ၊ ဒကာ ဒကာမတို့၊ မသေရာ ရှာပါတော့လို့ ဒါကို ပြောနေတာ (မှန်ပါ)၊ ၃၁ဘုံ ထဲမှာဖြင့် ဒကာ ဒကာမတို့ ဘာဖြစ်ဖြစ် သုသာန် ရှာတဲ့ အလုပ်လို့ ယနေ့ည သေသေချာချာ မှာနေ တယ် (မှန်ပါ)။

၃၁ ဘုံထဲမှာ နေချင်ကြတာဟာ ဘာရှာကြတုံး (သုသာန် ရှာတာပါ ဘုရား)၊ သုသာန် ရှာတဲ့ အလုပ် မှတစ်ပါး ဘာမှမရှိဘူး (မှန်ပါ)၊ သုသာန် ရှိလျက်နဲ့ သုသာန် ရှာတဲ့ လူများဟာလဲ ဒီသုသာန် မြှုပ်ချင် သေးလို့ဘဲ ဆိုတဲ့ အဓိပ္ပါယ် မလွဲပါဘူး (မလွဲပါဘူး ဘုရား)။

လူ့ပြည်မှာ ဆုတောင်းပြီးတော့ ဒကာ ဒကာမတွေ သစ္စာမသိသေးလို့ တောင်းတဲ့ ဆုတွေများ ကြည့်လိုက်မယ်ဆို လို့ရှိရင် လူ့ပြည်-နတ်ပြည် အစုန်အဆန် ခံစားပြီး ဆိုတဲ့ ဆု များ စဉ်းစား လိုက်လို့ ရှိရင် အခုမြှုပ်ရမှာလဲ သေချာတယ် (မှန်ပါ)၊ နောင်မြှုပ်စရာ မြေကို လိုင်စင်ဆွဲ ထားတာကော (သေချာ ပါတယ် ဘုရား)၊ ဒါဟာ အရုပ်ဆိုးအောင် ပြော တာလား- အမှန်ပဲလား (အမှန်ပါ ဘုရား)။

ဒီမှာ မြှုပ်စရာတော့ရှိပြီ ဟိုမှာ မြှုပ်စရာ ရှာဦးမှဘဲ ဆိုပြီး ဆွမ်းကွမ်း ဒါန စသည် လုပ်ကြ၍ ဆုတောင်းတဲ့ ဒကာ ဒကာမတွေများလဲ၊ ဪ သစ္စာ မသိလို့ မြှုပ်ရာ ရှာပြန်တာဘဲလို့ ဆိုတာ နာအောင် ပြောတဲ့စကား မဟုတ်ပါဘူး (မှန်ပါ ဘုရား)၊ ကိုမြင့် နာအောင် ပြောတယ် ထင်သလား (မဟုတ်ပါဘူး ဘုရား)၊ အမှန် ပြောတယ်လို့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဆုံးဖြတ်ချက် ချကြပါ (မှန်ပါ)။ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ကဲ ဒါဖြင့် ဒကာ ဒကာမတို့၊ သုသာန်လွတ် တရား အသေလွတ် တရား ဆိုတာကဖြင့် အသေသိမှ လွတ် ချင်တယ်နော် (မှန်ပါ)။ ဒါဖြင့် ဒုက္ခသစ္စာသိမှ လွတ်ချင် တဲ့ မဂ္ဂသစ္စာ ပေါ်တယ် (မှန်ပါ) ဒုက္ခသစ္စာသိမှ (လွတ်ချင်တဲ့ မဂ္ဂသစ္စာပေါ်ပါ တယ် ဘုရား)။

အသေလွတ်ချင်ရင် မဂ္ဂင်အလုပ်လုပ်ပါ

အဲဒါကြောင့် မဂ္ဂဿ နိယျာနဋ္ဌော ဆိုတာ လွတ် မြောက်ကြောင်း၊ အသေမှ လွတ်နိုင်တယ် ဆိုတာက မဂ္ဂင် အလုပ်ကို လုပ်မှလဲ ဒကာ ဒကာမတို့ အသေ လွတ်နိုင်တယ် (မှန် ပါ)၊ သဘော ကျရဲ့လား (ကျပါတယ် ဘုရား)။

အသေ လွတ်ချင်ကြရင် (မဂ္ဂင်အလုပ်, လုပ်ရမယ် ဘုရား)၊ မဂ္ဂင်အလုပ်, လုပ်ရမယ် ဆိုတော့ မဂ္ဂပစ္စယောလို့ ခင်ဗျားတို့ ညတိုင်း ပဋ္ဌာန်း ၂၄ ပစ္စည်းတွေ ရွတ်နေကြတာ မဂ္ဂပစ္စယော အသေမှ ထွက်ကြောင်း ဖြစ်သော တရားလည်းကောင်း (မှန်ပါ)။

မဂ္ဂပစ္စယောဆိုတာ အသေမှလွတ်ရာ- ထွက်ကြောင်း တရားဆိုတာ ခင်ဗျားတို့က မသိလို့ ဖော်ပြနေရတာ (မှန်ပါ)။ ကိုစောမောင် ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။ မဂ္ဂပစ္စယောဟာ ဘယ်မှ လွတ်ပါလိမ့် ဒကာ ဒကာမတို့၊ (အသေလွတ်ရာကို ထွက်ကြောင်း တရားပါ)၊ အဲ မဂ္ဂ ပစ္စည်း -မဂ်အလုပ်ကို မလုပ်လို့ရှိရင် ကျန်တဲ့ အလုပ်တွေ ဟူသရွေ့ဟာဖြင့် အသေမလွတ်လို့ ဆုံးဖြတ်ချက် ချပါ (မှန်ပါ)။

ကိုစောမောင် ဒါဟာ ဘုန်းကြီးက ပြောတဲ့စကား လား၊ ဘုရားကိုယ်က ဟောထားတာလား (ဘုရားဟော ထားတာပါ ဘုရား)။

ကိုင်း ဒါဖြင့် ဘယ်သူမှ သံသယ မရှိကြနဲ့တော့၊ ယနေ့ မဂ္ဂပစ္စယောဖြစ်တဲ့ အလုပ်စဉ် ကလေးကို ဒကာ ဒကာမတွေ နာရလိမ့်မယ်လို့ မှတ်ရလိမ့်မယ် (မှန်ပါ)။ မဂ္ဂပစ္စယောသာ ဒကာ ဒကာမတွေ ခန္ဓာကိုယ်ထဲမှာ ရောက် လာပြီ ဆိုမှဖြင့် လက်ခမောင်းသာ ခတ်ပေတော့၊ အသေလွတ် ပေါ့ပေါ့- လို့ (မှန်ပါ)၊ အသေလွတ်ပေါ့၊ ဒီတစ်ခါနောက် ဆုံးပိတ်သေတာဘဲ။

နောက်သေရာ သင်္ချိုင်းလဲ မရှာရတော့ ဘူး။ သေတတ်တဲ့ ခန္ဓာကိုယ်ကြီး အတွက်လည်း ရေမိုး ထင်း နှင့်တကွ အလုံးစုံ အကုန်ပို့မည့် လူမှ ရှိပါ့မလား- ဒို့ရွာကလဲ မညီမညွတ်နဲ့ ဆိုတဲ့ ဒီလို စဉ်းစားလုံးတွေလဲ ကိုစောမောင် လာဖို့ လိုသေးလား (မလိုပါဘူး)။ ဆရာဝန်၊ မြန်မာဆရာမှ ကောင်းကောင်း ရှိပါရဲ့လား ဆိုတဲ့ စဉ်စားလုံး တွေလဲ အကုန် သိမ်းရအောင် သဘောကျပြီလား (ကျပါပြီ)။

မဂ္ဂပစ္စယော ဖြစ်မှ၊ ကိစ္စပြီးမယ်

ကဲ ဒါဖြင့် အလုံးစုံ အကုန် မကောင်းတာ ဟူသ ရွေ့ အကုန် သိမ်းရအောင် မဂ္ဂပစ္စယော ဖြစ်မှပဲ ကိစ္စပြီးတော့ မယ် (မှန်ပါ)။

ဒကာ ဒကာမတို့ ဘာဖြစ်မှ ကိစ္စပြီးမလဲ – (မဂ္ဂပစ္စယော ဖြစ်မှ ကိစ္စပြီးပါမယ်)။

ကဲ ဒါဖြင့် ခင်ဗျားတို့က ညတိုင်းရွတ်ပြီးသာ နေကြတယ်။ မဂ္ဂပစ္စယော ဖြစ်အောင် ငါ လုပ်ပါ တော့မယ်ဆို တဲ့ ဉာဏ်ကလဲ မပါတော့၊ ဘုန်းကြီးက ဆရာသမား ဖြစ်နေတဲ့ အတွက်၊ ကရုဏာ မေတ္တာ ရှေ့ထားပြီး ပြောနေတဲ့ အတွက် ဒကာ ဒကာမတို့ အသေမှ ထွက်မြောက် ကြောင်း ဖြစ်တာ မဂ္ဂင် မှလဲဖြစ်တာ (မှန်ပါ)။

အသေမှ လွတ်မြောက်ကြောင်း လုပ်နိုင်တာ (မဂ္ဂင်မှ လုပ်နိုင်ပါတယ် ဘုရား)။ ပေါ်ကြပြီလား (ပေါ်ပါပြီ)။

ကြပ်ကြပ်စဉ်းစားပါ ဒကာ ဒကာမတို့ ဒီအရေး၊ အင်မတန် ကြီးပါတယ်၊ နို့မဟုတ်ရင် သားသေလို့ ငိုရမယ့်မျက် ရည်က သမုဒ္ဒရာ လေးစင်း၊ ကိုယ့်အတွက် သေရမှာ စိုးရိမ်လို့ ကိုယ့်ဟာကိုယ် မျက်ရည်ကျရတာက သမုဒ္ဒရာလေးစင်း ဆို တော့ ဒကာ ဒကာမတို့ ဒီမျက်လုံး တစ်ခုတည်းဖြင့် အရာတောင် ကျန်ရစ်စရာ မရှိတော့ပါဘူး (မှန်ပါ)၊ သဘော ကျပြီလား (ကျပါပြီ)။

ကဲ ဒါဖြင့် သဠာယတနဝဂ္ဂ သံယုတ်ပါဠိတော် မှာလာတာ ကလေး ဒကာ ဒကာမတွေ လုပ်နည်း သင်ပါ့မယ် တဲ့၊

ကဲ လုပ်နည်းက ဘာပါလိမ့်မတုံး ဆိုတော့ ဘုရား သခင် ကိုယ်တော်မြတ်ကြီးက လိပ်တစ်ကောင် ဟာတဲ့၊ ညနေ ကျတော့ အစာရှာဆင်းမယ် ဆိုပြီး ရေစပ်ကို သွားပါတယ်တဲ့ သွားတဲ့ အခါကျတော့ တောခွေး တစ်ကောင်က မြင်ပါတယ်။

လိပ်နှင့်တောခွေး

လိပ်ကလဲ အစာ ရေစာ ရှာဆင်း လာတာကိုး၊ ကုန်း ပေါ်ကနေပြီး ရေစပ် သွားမလို့ ကိုစောမောင် (မှန်ပါ)၊ အဲဒီမှာ တောခွေးက မြင်သတဲ့ ဒကာ ဒကာမတို့၊ သူ့အစာမျိုး ကိုဗျ(မှန်ပါ)၊ အစာ စားမလို့ စောင့်ပြီး သကာလ ဖမ်းမယ် ဆိုပြီး စောင့်နေတော့၊ လိပ်ကိုမြင်တော့ သူသည် ကားလို့ ဆိုလို့ ရှိရင် တောခွေးက လိုက်သွားတာပဲ (မှန်ပါ)။ လိုက် တော့ သူက အပြေးသန်၊ လိပ်က အင်မတန် နှေးတဲ့ အကောင်မျိုး ဖြစ်နေတော့၊ မောင်နိုင်ရေ ဘယ်လို နေရှာသတုံး ဆိုတော့ တောခွေးလဲ သူ့နား ရောက်လာရော၊ ခေါင်းကို လိပ်ခွံ ကိုယ်ကြီးထဲ သွင်းပစ် လိုက်တယ်၊ လက်နှစ်ဖက်ကော (အခွံထဲ သွင်းပါတယ်)၊ ခြေ- ဒီအတိုင်းဘဲ တစ်ခါ တည်း လိပ်ခွံကြီး အုပ်ပြီး အောက်ကလဲ ရင်ဘတ်ကြီးနဲ့ အပေါ်ကလဲ လိပ်ခွံကြီး အုပ်နေ ဘယ်အပေါက်ကမှ ဘာမှ မထွက်လာတော့ အခွံကြီး၊ အရိုးကြီးချည့် ကိုက်နေရမှာလဲ ကိုစောမောင် လွယ်ပါ့မလား (မလွယ်ပါဘူး)။ ကိုက်ရ မှာကလဲ သူ့ပါးစပ်အားနဲ့ ဒီလိပ်ခွံကြီးကို ကိုက်လို့ကော ဖြစ်ကဲ့လား (မဖြစ်ပါဘူး)။

အဲ ဒယ်အိုးဖင်လို ဖြစ်နေတာပေါ့ဗျာ (မှန်ပါ)။

အဲဒီလိုဖြစ်နေတော့ ကိုက်လို့ကလဲ မရဆိုတော့၊ သူ ဒီအတိုင်း နေလို့ကလဲ မဖြစ်တော့ဘူး၊ သူထွက်လာတဲ့ အ ပေါက်က ဆွဲမယ် ဆိုပြီး ခြေက ထွက်လာရင် ခြေကိုဆွဲပြီး သကာလ အထဲမှာ အူတွေ အသည်းတွေပါ, ပါအောင် ဆွဲစား မှာပေါ့ဗျာ (မှန်ပါ)။ လက်က ထွက်လာရင် လက် ကို စားမယ်၊ ခေါင်းထွက် လာရင် ခေါင်းကို စားမယ်ဆိုတော့ လိပ်က လဲမထွက်လာ၊ ခြေနှစ်ဖက်ကလဲ မထွက်လာ၊ လက် နှစ်ဖက် ကလဲ မထွက်လာဘဲနဲ့ အခွံအောက်ကချည့် အကုန် သွင်းထား လိုက်တယ် ကိုစောမောင် (မှန်ပါ)၊ သဘော ကျပလား (ကျပါပြီ ဘုရား)။

ဒီလိပ် သည်ကားလို့ ဆိုရင် ဒကာ ဒကာမတို့၊ ခွေး မသွားမချင်း ဒီအတိုင်းဘဲ နေတော့ သူ့တို့ ကတော့ အမျိုးမို့ နေနိုင်ရဲ့၊ ခွေးက အစာ ဆာလိမ့်မယ် (မှန်ပါ)၊ မဆာဘူးလား မောင်နိုင် (ဆာပါတယ် ဘုရား)၊ အဲဒီတော့ ခွေး သည်ကားလို့ ဆိုရင် ငုံပြီး ပြန်ရုံမှ တစ်ပါး စားခွင့် ရသေးရဲ့လား (မရပါဘူး ဘုရား)။

သိမ်းဆည်းတတ်လို့လွတ်

ဒါဖြင့် ဒီလိပ်ကြီး သည်ကားလို့ ဆိုရင် ဒကာ ဒကာမ တို့၊ ခွေး၏ အစာမှ လွတ်တာသည် သိမ်းဆည်း တတ်လို့ဘဲ လို့ မဆို နိုင်ဘူးလား (ဆိုနိုင်ပါတယ်)၊ အခွံထဲချည်း အကုန် သိမ်းလိုက် (မှန်ပါ)၊ အပေါ်က အုပ်ထားတဲ့ ခုံးခုံး အခွံ ကြီးထဲကို ခြေလဲ သွင်းလိုက်၊ လက်လဲ သွင်းလိုက်၊ ခေါင်းလဲ သွင်းလိုက် ဆိုတော့ – ဒကာ ဒကာမတို့၊ ဘယ်နည်းနဲ့မှ ခွေး သည် ကြံလုံး ထုတ်နိုင်စရာ မလိုတော့ဘူး (မှန်ပါ)၊ ကိုစောမောင် (မရပါဘူး)။ ပေါ်ကြပြီလား (ပေါ်ပါပြီ)။ ဒါ ဘုရားပေးတဲ့ ဥပမာလို့ မှတ်လိုက် စမ်းပါ (မှန်ပါ)။

အဲဒီတော့ တောခွေး သည်ကားလို့ ဆိုရင် ဒကာ ဒကာမတို့၊ မစားရဘဲနဲ့ ပြန်ပြေး ရရှာတယ် (မှန်ပါ)။ လိပ်သည် ကားလို့ဆိုရင် လွတ်ခြင်းကြီးမက လွတ်တယ်လို့ မဆို နိုင်ဘူးလား (ဆိုနိုင် ပါတယ် ဘုရား)၊ ဘာကြောင့် တုံးဆို တော့ အခွံတစ်ခု တည်းကို ငါးခုစလုံး သွင်းလိုက်တာကိုး (မှန်ပါ)။

အခွံကတော့ (တစ်ခုတည်းပါ ဘုရား)၊ အပေါ် ကအုပ်ထားတာ အခွံ တစ်ခုတည်း ပါဘဲ ဒကာ ဒကာမတို့၊ သွင်းလိုက်တာ ကတော့ ခြေနှစ်ဖက်၊ လက်နှစ်ဖက်၊ ခေါင်းနဲ့ ဆိုတော့ အကုန် သွင်းလိုက်တဲ့ အခါကျတော့ ငါးခု စလုံးကို တစ်ခုတည်းနဲ့ အကုန် အုပ်ပြီး သကာလ ထားလိုက်တဲ့ အတွက်ခွေး သည်ကားလို့ဆိုရင် ကြံစည်လို့ရသေးရဲ့ လား (မရပါဘူး)၊ သဘောပါကြပြီလား (ပါ, ပါပြီ ဘုရား)။

တရားအားထုတ်နည်း

ဒီမှာလဲ ထိုနည်းတူစွာဘဲ၊ ဘုန်းကြီးတို့ ဒကာ ဒကာမ တွေ တရား အားထုတ်နည်းကို ဘုရား သင်တော်မူတယ်၊ လိပ် ဥပမာ ပြပြီးတော့ သင်ပါတယ်လို့ မှတ်လိုက်စမ်းပါ (မှန်ပါ)။

ဒကာ ဒကာမတွေကိုလဲ ဘုန်းကြီးက ဒကာ ဒကာမတို့ ခင်ဗျားတို့ကို စိတ္တာနုပဿနာသည် နိဗ္ဗာန် အရောက် လွယ်တယ်၊ မသေရာမှန်- သုသာန် လွတ်တဲ့အရပ်ကို ပို့နိုင်တာက စိတ်ရှုတဲ့ ဥစ္စာ တယ်မြန်တယ်၊ ရှေးဦးစွာလဲ အပါယ် တံခါးပိတ်တာ သည်ကားလို့ ဆိုရင် စိတ်ကို ရှုလိုက်လို့ ရှိရင် စိတ်ပေါ်မှာ ဒိဋ္ဌိ အများဆုံး ဝိစိကိစ္ဆာ အများဆုံး ဖြစ်သောကြောင့် ကိုယ့်စိတ် ကိုယ်ရှုလို့ မပြောဘူးလား (ပြောပါတယ်)။

ကိုယ့်စိတ် ကိုယ်ရှု ဆိုတာက ဒကာ ဒကာမတို့ စားချင်တဲ့ စိတ်လာရင်လဲ စားချင်တဲ့ စိတ်ကို ဉာဏ်နဲ့ ဖြစ်ပျက် ရှု (မှန်ပါ)၊ သွားချင်တဲ့ စိတ် လာရင် (သွားချင်တဲ့ စိတ်ကို ဖြစ် ပျက်ရှု ရပါမယ် ဘုရား)၊ သမ်းပြန်ရင် သမ်းတဲ့ စိတ်ကလေးကို (ဖြစ်ပျက် ရှုရပါမယ်)၊ သမ်းတဲ့စိတ်က ဝမ်းထဲက ပေါ်တာကိုးဗျ (မှန်ပါ)၊ ဒါဖြင့် ရှုစရာတွေ မများလာဘူးလား၊ (များပါတယ် ဘုရား)၊ ဘယ်လောက်ပင် များများ စိတ်တစ်လုံး – ပဲ (မှန်ပါ)၊

ဒီမှာလဲ ဒကာ ဒကာမတို့ ခင်ဗျားတို့ မှာဖြင့် ခင်ဗျားတို့ ခန္ဓာကိုယ်ကြီးက လိပ်ခန္ဓာ ကိုယ်ကြီးနဲ့ အတူတူ ပါဘဲ (မှန်ပါ)၊ ကိလေသာ မာရ်နတ်က မျက်လုံးပေါက်က နေပြီး မြင် တယ်။ မြင်ရင်ဖြင့် ခင်တယ်၊ စွဲလမ်းတယ်၊ အားထုတ်မယ် ဆိုတာ မလာပေဘူးလား (လာပါတယ်)။

အဲဒီတော့ ဒါက ခန္ဓာငါးပါး ထားပါတော့၊ ဒကာ ဒကာမတို့ သိတဲ့ အတိုင်းပါဘဲ ခန္ဓာငါးပါး၊ ဒီခန္ဓာ ငါးပါးတည်း ဟူသော ဒကာ ဒကာမတွေရဲ့ ခန္ဓာငါးပါးမှာ မျက်လုံးပေါက် ရှိတယ်၊ နားပေါက် ရှိတယ်၊ နှာခေါင်းပေါက် ရှိတယ်၊ လျှာ ပေါက် ရှိတယ်၊ ကိုယ်ပေါက် ရှိတယ်၊ မနောပေါက် ရှိတယ်၊ ခြောက်ပေါက် မရှိဘူးလား (ရှိပါတယ်)။

လိပ်ဥပမာလို ပေါ့ဗျာ။ ခြောက်ပေါက်က နေပြီး သကာလ မျက်လုံးပေါက်က မင်းတို့သည်ကား ဆိုလို့ ရှိရင်၊ အပြင်ကို ထွက်ခဲ့လို့ ရှိရင် မျက်လုံးပေါက်က နေပြီး သကာလ ကိလေသာမာရ်နတ်က ငါသည် မျက်လုံးပေါက်က နေပြီး မင်းကို သတ်မယ်၊ သဘော ကျပြီလား (ကျပါပြီ ဘုရား)၊ နားပေါက်ကလဲ အပြင် ထွက်လာလို့ ရှိရင် နားပေါက်က နေပြီး (သတ်မှာပါ ဘုရား)၊ အဲ ဒွါရ ခြောက်ပေါက်စလုံး ဆိုကြစို့ရဲ့ (မှန်ပါ)၊ – အဲဒါ အပြင် ထွက်ရင် သတ်မယ် (မှန်ပါ)၊ သဘောပါ ကြပြီလား (ပါ, ပါပြီ)။

မြင်တယ်ဆိုလို့ရှိရင်

သို့သော် ထင်ရှားအောင်ပြောပါအုံးမယ်တဲ့၊ ဒီခန္ဓာ ငါးပါးမှာ မျက်လုံးလဲရှိ၊ နားလဲရှိ၊ မျက်လုံး ပေါက်က နေပြီး သကာလ ခင်စရာ ကလေးတစ်ခု မြင်လိုက်တယ်၊ မမြင်ပေဘူး လား (မြင်ပါတယ်)၊ မြင်တယ် ဆိုလို့ ရှိရင် မြင်တဲ့ စိတ်ပြီး ခင်တဲ့စိတ်က နောက်ကလိုက် မလာဘူးလား (လိုက်လာ ပါတယ်)၊

မြင်တာက စက္ခုဝိညာဏ်၊ ခင်တာက တဏှာ၊ စွဲလမ်းတာက (ဥပါဒါန်ပါ)။ အားထုတ်တာက (ကံပါ ဘုရား)။ ကံဆိုတာ ကမ္မဘဝပစ္စယာ ဇာတိ ဇရာမရဏ လာတော့မယ်၊ ဒီကျတော့ မသေရ ပေဘူးလား (သေရပါ တယ်)။

အဲ မျက်လုံးပေါက်က နေပြီး သကာလ မင်းကို သတ်မယ် ဆိုပြီး သကာလ မျက်လုံးပေါက်က အပြင်ထွက်မိ တာနဲ့ ဒကာ ဒကာမတို့ သုသာန် သွားတယ် (မှန်ပါ)၊ မြင်တယ်၊ ခင်တယ်၊ စွဲလမ်းတယ်၊ အားထုတ်မယ် ဆိုလို့ ရှိရင်ဖြင့် ဇာတိ၊ ဇရာ မရဏက ဘယ့်နှယ်နေသလဲ (လာပါတယ်)၊ ဪ မျက်လုံး ပေါက်က တို့သည်ကားလို့ ဆိုလို့ ရှိရင် အပြင်ထွက် လိုက်တာနဲ့ အသေ တစ်ခု၊ နောက်ထပ် ခန္ဓာ တစ်ခု ပြန်ရတယ် (မှန်ပါ)။

နားပေါက်ကလဲ ကြားတယ်မဟုတ်လား၊ ကြားရတာ နဲ့ဘဲကျုပ်ဖြင့် ခင်တယ် မလာဘူးလား (လာပါ တယ်)၊ မုန်းတယ်ဖြင့် မုန်းတယ် မလာပေဘူးလား (လာပါတယ်)၊ အဲ မုန်းလို့ ရှိရင်လဲ အလွန့် အလွန် မုန်း တယ်၊ မတရား သဖြင့် အားထုတ်မယ် ဆိုတဲ့ ကံတွေကော မလာပေဘူးလား (လာ ပါတယ်)၊ အဲဒီတော့ ကံတွေ လာတော့ ဇာတိ၊ ဇရာမရဏ မလိုက် ပေဘူးလား (လိုက်ပါတယ်)။

ဒါဖြင့် ဒကာ ဒကာမတို့ ဘယ်အပေါက်ကပဲ အပြင် ထွက်ထွက် တဏှာ ဥပါဒါန် ကံ လာလို့ ရှိရင်ဖြင့် ဇာတိ၊ ဇရာ မရဏ ဆိုတဲ့ သေမင်းနဲ့ သွားသွား တွေ့တယ်(မှန်ပါ)။ မတွေ့ဘူးလား (တွေ့ပါ တယ်)။

ဒါဖြင့် ဒွါရ ခြောက်ပေါက် စလုံးက ကိလေသာ သေမင်းတွေက တဏှာ ဥပါဒါန်တွေက ကိလေသာ သေမင်းတွေဘဲ၊ သူတို့ ရှိရင် သင်္ချိုင်း ရှာရတာချည်းပဲ (မှန်ပါ)။ မရှာရဘူးလား (ရှာပါတယ် ဘုရား)၊ တဏှာ ဥပါဒါန် ဆိုတာ သတ်မယ့် တရားတွေ မဟုတ်လား (မှန်ပါ့)၊ ဒီဇာတိ၊ ဇရာမရဏ ဆိုတာ သူက ဖြစ်စေတော့ သူဘဲ သတ်တာ ဆိုတဲ့ အဓိပ္ပာယ်ကော ရှင်းပြီလား (ရှင်းပါပြီ)။

ကောင်းပြီ။ ဒါဖြင့် ဒကာ ဒကာမတို့ ဒွါရ ခြောက်ပေါက်က ကိလေသာတည်း ဟူသော သေမင်းက စောင့်နေ တယ်၊ သတ်မယ့် သေမင်းက စောင့်နေတယ်။ ဒါ သမုဒယ သစ္စာ ကိုစောမောင်-ရှင်းရဲ့လား (ရှင်းပါပြီ)၊ သမုဒယ သစ္စာ လာရင် ဟိုဘက်မှာ ကိစ္စတွေနဲ့ မကြုံရ ပေဘူးလား (ကြုံရပါတယ်)။

ကောင်းပြီ။ ဒါနဲ့ သေမင်းကဖြင့် ကျုပ်တို့ကို စောင့် တော့ နေတာဘဲ၊ ကျုပ်တို့ အပြင် ထွက်ရင် တော့ဖြင့် သတ်လိမ့် မယ်(မှန်ပါ)၊ အပြင် ထွက်လို့ ရှိရင်ဖြင့် ခုနင်က လက်က နေပြီး သကာလ အသည်းတွေ ဘာတွေ ဆွဲစားမယ် ဆိုတဲ့ တောခွေးနဲ့ တူတဲ့ တဏှာကဖြင့် ကျုပ်တို့ကို စောင့်နေ တာဘဲ (မှန်ပါ)၊ စောင့်နေတော့ ဒွါရ ခြောက် ပေါက်က ကျုပ်တို့ အပြင် ဘက်သာ ထွက်မယ် ဆိုလို့ရှိရင် တဏှာ ဥပါဒါန်ကံ ဇရာမရဏ ချည်း အကုန် မလာဘူးလား (လာပါတယ်)။

အဲဒီတော့ ဘုရားက ငါ၏ တပည့်သားတို့၊ မင်းတို့ အ ပြင်ထွက်ရင် တဏှာ လူသတ် သမားနဲ့ တွေ့တော့မယ်တဲ့။ မတွေ့ပေဘူးလား (တွေ့ပါတယ် ဘုရား)၊ တွေ့လို့ရှိရင် ဖြင့် ဇာတိ၊ ဇရာမရဏ ဆိုတဲ့ သေမှုတွေ မကြုံရဘူးလား (ကြုံရပါတယ် ဘုရား)၊ ဒါဟာ တဏှာ လူသတ်သမားက စောင့်နေတဲ့ အဓိပ္ပာယ် မပေါ်ဘူးလား (ပေါ်ပါတယ်)။

စိတ္တာနုပဿနာ လိပ်ခွံကြီးထဲဝင်ပါ

ကောင်းပြီ။ ဒါဖြင့် ခင်ဗျားတို့ တရားအားထုတ်မယ့် ပုဂ္ဂိုလ်တွေက၊ တစ်ခါတည်း အပြင်မထွက်ဘဲနဲ့ ဘုန်းကြီးပေး ထားတဲ့၊ စိတ္တာနုပဿနာတည်းဟူသော လိပ်ခွံကြီးထဲဝင်ပါ။ အဲဒီစိတ်တစ်လုံးတည်းကို ဖြစ်ပျက်ရှုနေပါ။ အဲဒီထဲသွင်းထား ပါ။ ခင်ဗျားတို့ ကြံစည်တဲ့စိတ်တွေကိုလဲ၊ မနောဝိတက်ဆိုတဲ့ ကြံစည်စိတ်တွေကိုလဲ၊ ဒကာ ဒကာမတို့ ဖြစ်ပျက် ဒုက္ခသစ္စာ ပေါ်မှာပဲ ကြံပေစေ (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ)။

အဲဒါတွေ စိတ္တာနုပဿနာ ဥခွံထဲသာ အကုန်သွင်း လိုက် (မှန်ပါ)၊ မျက်လုံးပေါက်က ကြည့်စရာတွေလာလို့ ရှိရင်လဲ မျက်လုံးပေါက်ကို ဖြစ်ပျက်ရှုလိုက်။ နားပေါက်က ကြားတဲ့စိတ်ကလေး ပေါ်လာရင်ကော (ကြားတဲ့စိတ်က လေး ဖြစ်ပျက်ရှုရပါမယ်)၊ နှာခေါင်းပေါက်က နံတဲ့စိတ်က လေးပေါ်လာရင် (ဖြစ်ပျက်ရှုရပါမယ်)၊ လျှာပေါ်က စားတဲ့ စိတ်ကလေးပေါ်လာရင် (စားတဲ့စိတ်ကလေး ဖြစ်ပျက် ရှုပါမယ်)၊ အဲဒါကတော့ လိပ်ခွံကြီးသာမှတ်ထား။ ဒီအထဲသာ သွင်းပစ်ပါ(မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ)။

ကိုယ်ပေါက်က ယားတာယံတာ နာတာကလေးပေါ် လာရင်ကော (ဖြစ်ပျက်ရှုပစ်ရပါမယ်)၊ ပေါ်တဲ့စိတ်ကို ဖြစ်ပျက်ရှု၊ မနောပေါက်က ကြံလုံးလုံးတွေလာရင်ကော (ဖြစ်ပျက်ရှုရပါမယ်)၊ ဖြစ်ပျက်ရှုတော့ စိတ္တာနုပဿနာ တည်းဟူသော ဖြစ်ပျက်ပေါ့ဗျာ (မှန်ပါ)၊

အဲဒီဖြစ်ပျက် ထဲသာ သွင်းပေးနေလို့ရှိရင်ဖြင့်၊ မျက်လုံးပေါက်ကလဲ တဏှာ ဥပါဒါန် လာသေးရဲ့ လား (မလှဲပါဘူး)၊ ဒါဖြင့် စောင့်နေတဲ့ကိလေသာသည် ကားလို့ဆိုရင်၊ ကျုပ်တို့ကို ဆွဲစားမ လို့၊ အပါယ်ကျအောင် ပို့မလို့၊ သေပွဲတွေပို့မလို့၊ သုသာန်မြေ ပို့မလို့ စောင့်နေတဲ့ တဏှာ ဥပါဒါန်တွေဟာ ဒကာ ဒကာမ တို့ (ဝါ) သမုဒယသစ္စာတည်းဟူသော လူသတ်သမားတွေ ဟာ ကိုစောမောင် သတ်ခွင့်ဘယ့်နှယ်နေသတုံး (မရပါ ဘူး)၊

စိတ္တာနုပဿနာဥခွံကြီးအောက်မှာသာ ခုနင်က လိပ်က ဝှက်လိုက်သလို ကျုပ်တို့ စိတ္တာနုပဿနာအောက်သာ အကုန် သွင်း (မှန်ပါ)၊ ဘယ်စိတ်လာ လာ ရှုပစ်လိုက် (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ)။

ဘယ်စိတ်လာလာ ရှုပစ်လိုက်လို့ရှိရင် တဏှာ ဥပါ ဒါန်လာသေးရဲ့လား (မလာပါဘူး)၊ ဥပမာမယ် စားချင် တဲ့စိတ်လာလဲ မဂ္ဂင်နဲ့ ဖြစ်ပျက်သာရှုချ။ ဝတ်ချင်တဲ့စိတ်လာ ရင်လဲ (မဂ္ဂင်နဲ့ဖြစ်ပျက် ရှုရပါမယ်)၊ သွားချင်တဲ့စိတ်လာ ရင်လဲ (ဖြစ်ပျက်ရှုရပါမယ်)၊ ဖြစ်ပျက်ရှုဆိုတော့ အကုန် ရှုပေး။ စားချင်တဲ့စိတ်လာလဲ မစားရဘူးလို့ မဆိုပါဘူး။ စား တဲ့စိတ်ကို (ဖြစ်ပျက်ရှုရပါမယ်)။

ကိလေသာလူသတ်သမားတွေ ချုပ်သွားတယ်

ဒါဖြင့် ဖြစ်ပျက်က ဘာနဲ့တူသတုံး လိပ်ခွံကြီးနဲ့ တူတယ်။ ဒီအထဲချည်း ကျုပ်တို့က အကုန်မသွင်းလိုက်ဘူး လား (သွင်းလိုက်ပါတယ်)၊ အဲ ကိလေသာတွေက ဘေးကနေပြီး သကာလ အရင်ထုံးစံအတိုင်းဆိုရင် သတ် မလို့စောင့်နေတာတွေဟာ ဒကာ ဒကာမတို့၊ ကိလေသာ သူသတ်သမားသည် ဒီအတိုင်းသွားရရှာတယ် (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ)၊

ကိလေသာ သူသတ်သမား ချုပ်သွားတဲ့အတွက်၊ သူလုပ်မယ့် အသေကောင်တွေကော ပေါ်သေးရဲ့ လား (မပေါ်ပါဘူး)၊ သူသတ်မယ့် အသေကောင်တွေပေါ်သေးရဲ့လား (မပေါ်ပါဘူး)၊ ဒါဖြင့် လူသတ်သမားလဲပျောက်၊ အသေကောင်လဲ (ပျောက်ပါတယ် ဘုရား)။

ဒါဖြင့်ကျုပ်တို့ရွာတည်ရင် သုသာန်ထည့်စဉ်းစားဖို့ မလိုတော့ပါဘူး (မလိုတော့ပါဘူး)၊ မလိုတော့ပါဘူး ကျုပ်တို့သည်ခုနင်က လိပ်လိုနေပစ်လိုက်ပါ (မှန်ပါ)။

ဘယ်လိုနေရမှာတုံး

ဘယ်လိုနေရမတုံး (လိပ်လိုနေပစ်လိုက်ရပါ မယ်)၊ လိပ်ကြီးလို ဒကာ ဒကာမတို့၊ ခုနင်ကပြောခဲ့တဲ့ ခွေးက ထွက်ရာကို စားမယ်ဆိုပြီး စောင့်နေလိုက်တာ၊ လိပ်က ဥခွံထဲ သွင်းပစ် လိုက်တာနဲ့ ခွေး၏အစာမှလွတ်သလို၊ ဒီမှာလဲ ကိလေသာသူသတ်သမားတို့ရဲ့ လက်ချက်မှ လွတ်ရသလို မလွတ်ဖူးလား (လွတ်ပါတယ်)။

ဒါဖြင့် စိတ္တာနုပဿနာသည် လိပ်ခွံကြီးနဲ့တူတယ်။ ခင်ဗျားတို့သည်ကားလို့ဆိုရင် အဲဒီအောက်ကို တစ်ခါတည်း ဘယ်စိတ်လာလာ၊ စိတ္တာနုပဿနာ အခွံကြီးအောက်သာ သွင်းလိုက်မယ်ဆိုလို့ရှိရင်၊ တဏှာသူသတ်သမားသည် လာ လဲမလာဘူး (မှန်ပါ)၊ လာလဲစောင့်ပြန်ပြီး သကာလ သတ်စရာ အထည်ကော ဖြစ်ပါဦးမလား (မဖြစ်ပါ ဘူး) ဒါဖြင့် သမုဒယသစ္စာမှ မဖြစ်ရင် ဒုက္ခသစ္စာလဲ နောက်က လိုက်လို့ ဘယ့်နှယ်နေပါ့မလဲ (မရပါဘူး)။ မလိုက်နိုင် ဘူးဆိုတာ ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။

တော်တော်အရေးကြီးတဲ့တရား။ ဆရာဘုန်းကြီး ဟောနေတာသည် သံယုတ်ပါဠိတော်မှာ ဘုရားဟောတော် မူတာကို အဓိပ္ပာယ်ယူပြီး ဟောနေတာလို့ သေသေချာချာ မှတ်ကြပါ (မှန်ပါ)။

အဲဒီတော့ စိတ္တာနုပဿနာတည်းဟူသော ဥခွံကြီး အောက်ကိုယူပြီး ခင်ဗျားတို့ဉာဏ်တွေ အကုန် သွင်းပစ်ကြပါ။ တဏှာဥပါဒါန် မလာစေနဲ့ပေါ့ဗျာ (မှန်ပါ)၊ တဏှာ မလာတော့ လူသတ် သမားသည် လာသေးရဲ့ လား (မလာပါဘူး)၊ သူသတ်သမားမှ မလာလို့ရှိရင် သူသေကောင် ဖြစ် ဖို့ခန္ဓာကော (မလာပါဘူး)၊ တဏှာဥပါဒါန်မရှိဘဲ ကံ ဇာတိ ဇရာမရဏ ကိုစောမောင် လာဦးမလား

(မလာပါဘူး)၊ ဒါ ပဋိစ္စသမုပ္ပါဒ် နားလည်ပြီးသား ပုဂ္ဂိုလ်တွေ ကျတော့ ရှင်း လို့ပေါ့ဗျာ (မှန်ပါ)။

ဘယ်စိတ်လာလာ ဘာလုပ်ရမှာတုံး

ဒါဖြင့် အလုပ်လုပ်တတ်ကြပြီးလားလို့ မေးတယ် (လုပ်တတ်ပါပြီ ဘုရား)၊ ဘယ်စိတ်လာလာ ဘာလုပ်ရ မတုံး (ဖြစ်ပျက်ရှုရပါမယ်)၊ ဪ ဒီစိတ်ကလေးဟာ အခုပေါ်ပြီး အခုပျောက်တာပဲ၊ ဘယ်စိတ်ပေါ် ဘယ်ဟာရှုရ မှာတုံးလို့ မေးဖို့မရှိအောင် ဆရာဘုန်းကြီးသည် ဟောနေပါ တယ် (မှန်ပါ)၊

တပည့်တော်တို့ဖြင့်ဘုရား ဆေးလိပ်သောက်ချင်တယ်၊ သောက်ချင်တဲ့ စိတ်ကလေး ဖြစ်ပျက်ရှုမှသောက်လို့ ပေါ်လာမယ်၊ ပေါ်လာတဲ့ စိတ် ကလေးကော (ဖြစ်ပျက်ရှုပါမယ်)၊ မူးတယ်ဆိုရင်ကော (မူးတဲ့စိတ် ဖြစ်ပျက်ရှုပါ မယ်)၊ အနံ့ကလေး မခံနိုင်ဘူး ဆိုရင်ကော (အနံ့မခံနိုင် တဲ့စိတ်ဖြစ်ပျက် ရှုရပါမယ်)၊ ဖြစ်ပျက်ရှုရှု ရှုရှုပေးလိုက်တော့ သူသည် ခုနင်က လိပ်ခွံကြီးနဲ့တူတဲ့ ဒီအောက်ကို အကုန်သွင်းလိုက်တယ်။ ကျုပ်တို့က စိတ်တည်းဟူသော အခွံကြီးအောက်ကို သွင်းပစ် လိုက်တယ်။ သဘောကျပြီလား (ကျပါပြီ ဘုရား)။

သွင်းပစ်လိုက်တဲ့အခါကျတော့ ခုနင်က မြေခွေးသည် စားခွင့်ရသေးရဲ့လား (မရပါဘူး)၊ ကိလေသာ သမုဒယသစ္စာ ဝင်ခွင့်ရသေးရဲ့လား (မရပါဘူး)။

ဒါဖြင့် သူသတ်သမားသည် ကိလေသာမာရ် နတ်သည် ဒကာ ဒကာမတို့ ကျုပ်တို့ သန္တာန် မဝင်ရဘူး (မှန်ပါ)၊ မဝင်ရတဲ့အတွက် ကျုပ်တို့ကို သတ်ဖို့ အရေးကို သူကြံစည်နိုင်သေးရဲ့လား (မကြံစည်နိုင်ပါဘူး ဘုရား) ဒါဖြင့် သမုဒယသေတဲ့အလုပ်ပဲ (မှန်ပါ)၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

သမုဒယဆိုတဲ့ လူသတ်သမားက ခင်ဗျားတို့ ဒွါရ ခြောက်ပေါက်က ထွက်ချင်ရာကထွက်၊ အဲဒီကနေပြီး အသေ ပေးမလို့ စောင့်နေတာ (မှန်ပါ)၊ အခုကျုပ်တို့ကို သူ သည် စောင့်ကျိုးနပ်သေးရဲ့ လား (မနပ်ပါဘူး)၊

မနပ်တော့ သူချုပ်သွားတယ် (မှန်ပါ)၊ သူချုပ်သွားတော့ သမုဒယသစ္စာသေသောကြောင့်၊ နောက်ခန္ဓာ ဒုက္ခသစ္စာ ဆိုတဲ့ သုသာန်မြှုပ်စရာ အထည်တွေ ပေါ်ပါ့မလား (မပေါ် ပါဘူး)၊

ဪ ဘယ့်နှယ်ကြောင့် ကျုပ်တို့သည် နောက် အသေတွေ ဇာတ်သိမ်း နိုင်ပါလိမ့်မလဲလို့ မေးတဲ့အခါကျတော့၊ ဒကာ ဒကာမတို့၊ လိပ်ခွံကြီးနဲ့တူတဲ့ စိတ္တာနုပဿနာ အောက်ကိုချည်း ဉာဏ်ကသွင်းပစ်လိုက်တယ် (မှန်ပါ)၊ ဘယ်စိတ်လာလာ အဲဒီဘက်ချည်း ဉာဏ်ကသွင်းပစ်လိုက်

တယ် (မှန်ပါ)၊ ကိလေသာကို ထွက်ခွင့်ပေးသေးရဲ့ လား (မပေးပါဘူး)၊ မပေးတော့ ခုနင်က လုံခြုံသလို ယောဂီ ပုဂ္ဂိုလ်ဟာလဲ လုံခြုံသွားတယ်ဆိုတဲ့ အဓိပ္ပာယ်လဲ မရှင်းသေးဘူးလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့၊ ခင်ဗျားတို့မှာဖြင့် တဏှာ ဥပါဒါန်သာ လာမယ်ဆိုရင် ကိုစောမောင် သူသတ်သမား ရောက်တာပဲ (မှန်ပါ)။ ရောက်တာမှ သူလုပ်တဲ့ ခန္ဓာ သူသတ်မှာပဲ။ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

ဒီတော့ သူလုပ်တဲ့ ခန္ဓာကို သူသတ်တော့မယ်ဆို တော့ သူ့ကိုဘဲ ကျုပ်တို့ဝင်ခွင့်ပေးသေးရဲ့ လား (မပေး တော့ပါဘူး)။ မွေးမွေးပေးနေတဲ့ မအေကြီးပါ သေပေါ့၊ သား သမီး ပေါ်ဦးမှာလား (မပေါ်တော့ပါဘူး)၊ မွေးတတ်တဲ့ အမေက သေသွားတော့ မွေးစရာဖြစ်တဲ့ ခန္ဓာကိုယ်ကြီး ပေါ် ဦးမလား (မပေါ်တော့ပါဘူး)။ သဘောပါကြပြီလား (ပါ, ပါပြီ)။

ဒါဖြင့် ဥပမာနဲ့ ဥပမေယျဟပ်ကြစို့ ဆိုတော့ ဒကာ ဒကာမတို့၊ ခင်ဗျားတို့ စိတ္တာနုပဿနာကို ကျုပ်တို့က ဘယ် စိတ်လာလာ လောဘစိတ်လာလဲ ဖြစ်ပျက်ရှုချ (မှန်ပါ)။

ဒေါသစိတ်လာရင်ကော (ဖြစ်ပျက် ရှုပါမယ် ဘုရား)။

မောဟစိတ်လာရင်ကော (ဖြစ်ပျက် ရှုပါမယ် ဘုရား)။

အိပ်ချင်တဲ့စိတ်လာရင်ကော (ဖြစ်ပျက် ရှုပါ မယ် ဘုရား)။

ပျံ့လွင့်စိတ်လာရင်ကော (ဖြစ်ပျက် ရှုပါမယ် ဘုရား)။

လာချင်တာလာ ဖြစ်ပျက်ရှုမယ် (မှန်ပါ)။

ဒါဖြင့် ဖြစ်ပျက်ဆိုတာသည် ဒကာ ဒကာမတို့ စိတ္တာ နုပဿနာအခွံကြီးပါပဲ။ ဒီအထဲချည်း သွင်းပစ်လိုက်ပါ (မှန်ပါ)၊ ဒီအခွံကြီးထဲချည်းသွင်းပစ်လိုက်ပါ (မှန်ပါ)။ ဒီအခွံကြီးထဲချည်း သွင်းပစ်လိုက်တဲ့ အခါကျလို့ရှိရင် ဒကာ ဒကာမတို့၊ လိပ်သည်အပြင်ဘက်မထွက်သလိုပေါ့။ ခွေးက ဆွဲ စရာအချက်လဲ ပါသေးရဲ့ လား (မပါတော့ပါဘူး)။

ဒါဖြင့် လိပ်အန္တရာယ်ကင်းလို့ ဘေးရှင်းသလို၊ ဒီမှာလဲကျုပ်တို့ စိတ္တာနုပဿနာ ဖြစ်ပျက်ရှုမှုတည်း ဟူသော အခွံကြီး ထဲသာ၊ ကျုပ်တို့ ဘယ်စိတ်လာလာ ဒါပဲဒါပဲ ဖြစ်ပျက်ရှု၊ ဖြစ်ပျက်သာရှု ရှုလိုက်တဲ့အခါကျလို့ရှိရင်ဖြင့်၊ မဂ်နဲ့ ဖြစ်ပျက် သာရှိတော့တယ်၊

မဂ်ဆိုတာက ကိလေသာသတ်တာပဲ (မှန်ပါ)၊ ဒါဖြင့် တဏှာဥပါဒါန် လာသေးရဲ့ လား (မလာပါဘူး)၊ ဇရာ မရဏဆိုတဲ့ အိုနာသေတရားတွေကော (မလာပါဘူး)၊

ဘယ့်နှယ်ကြောင့် ပါလိမ့်မတုံး ဆိုတော့ ကျုပ်တို့ သည် ဒွါရ ခြောက်ပေါက်ကနေပြီး သကာလ အကုန်ရုပ်သိမ်းပြီး သကာလ စိတ္တာနုပဿနာတည်းဟူသော အခွံကြီးအောက် သွင်းပစ်လိုက်လို့ အန္တရာယ် ကင်းလို့ ဘေးရှင်းရပါတယ်ဆိုတာ ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။

ဝိပဿနာ ရှုတယ်ဆိုတာ

ဪ ဒါဖြင့် ဒကာ ဒကာမတွေ ဝိပဿနာရှု တယ်ဆိုတာ ဒီအခွံကြီးအောက်မှာ အကုန်သွင်းရတာကိုး ဆို တာကော သဘောကျပြီလား (ကျပါပြီ)။ လိပ်ဟာ အန္တရာယ်ကင်းတာ ဘယ်သူ့ အကူအညီကြောင့် ပါလိမ့်မတုံး၊ အခွံရဲ့ အကူအညီကြောင့် လိပ်မှာ အန္တရာယ် ကင်းရတယ်ဆို တော့၊ ကျုပ်တို့လဲ စိတ္တာနုပဿနာတည်းဟူသော အခွံဖြစ် အောင်သာ လုပ်နေမယ်ဆိုလို့ရှိရင် ဒီအထဲသာသွင်းပစ်၊ ဘယ်စိတ်လာလာ ရှုစိတ်ကလေးလာလဲ (ဖြစ်ပျက်ရှုရ ပါမယ်)။ သဘောကျပြီလား (ကျပါပြီ)။

ဆွေးချင်တဲ့စိတ် လာရင်ကော (ဖြစ်ပျက်ရှုရပါမယ်)။ ပူချင်တဲ့စိတ်လာ ရင်ကော (ဖြစ်ပျက် ရှုရပါမယ်)။ ယုတ်စွအဆုံး ဒကာ ဒကာမတို့၊ ဆီးသွားချင်တဲ့ စိတ်ကလေး လာတာတောင် ဖြစ်ပျက်ရှု၊ သဘောကျပြီလား (ကျပါပြီ)။

ကုဋီသွားချင်တဲ့ စိတ်ကလေးလာတာတောင် (ဖြစ်ပျက်ရှု ချရပါမယ်)။ မသွားရဘူးဆိုတော့ မဟုတ်ပါဘူး သွားချင်တဲ့စိတ်ကို ဖြစ်ပျက် ရှုပစ်စမ်းပါ (မှန်ပါ)။ ကျင်ငယ်စွန့်ချင်တဲ့ စိတ်ကလေး ပေါ်လာရင်ကော (ဖြစ်ပျက်ရှုရမှာပါပဲ)။ ဒါကြောင့် ‘‘ဥစ္စာရ ပဿာဝ ကမ္မ သမ္ပဇာနကာရီဟောတိ’’လို့ ဟောတော်မူတာ၊ ကျင်ကြီး ကျင်ငယ်စွန့်ဖို့ပေါ်တဲ့စိတ်တောင် ကိုစောမောင် ဘာလုပ်ရမတုံး (ဖြစ်ပျက်ရှု ရပါမယ် ဘုရား)။

အသေလွတ်တရား

ရှုလိုက်တော့ စိတ္တာနုပဿနာတည်းဟူသော ဥခွံ ကြီးအောက်မှာ ကျုပ်တို့ ဉာဏ်တွေ အကုန်သွင်း ပစ်လိုက် တယ် (မှန်ပါ)၊ ကိလေသာတွေ လာခွင့်ရကြသေးရဲ့လား (မရပါဘူး)။ မရတော့ ဒီဥခွံကြီး တည်းဟူသော အကာအ ကွယ်ကြောင့် ကျုပ်တို့မှာ နောင်သေစရာသင်္ချိုင်းလဲ ရှာစရာ မလိုတော့ပါဘူး (မှန်ပါ)၊ မရတော့ဘူးလို့ ဆိုသဖြင့် ဪ ဒီလိုလုပ်ပြန်တော့လဲ ရွာတည်ရင် သုသာန်မပါတော့ပါ ဘူး ဆိုတဲ့ အဓိပ္ပာယ်လဲ ရှင်းသွားပြီ (ရှင်းပါပြီ ဘုရား)။

အခုတော့ဖြင့် ရွာတည်မည်ကြံလို့ရှိရင်ဖြင့် သုသာန် ထည့်စဉ်းစားရတယ်ဆိုတော့၊ ကိုယ်ကိုယ်တိုင် မင်္ဂလာမ ရှိလို့ သုသာန် ထည့်စဉ်းစားရတယ် (မှန်ပါ)။ သဘောကျပြီလား (ကျပါပြီ)။

ကိုယ်ကိုယ်တိုင်က ဘာတုံး (မင်္ဂလာမရှိပါ ဘုရား)။ အဲ ခင်ဗျားတို့ မင်္ဂလာဆောင်တုန်းက ဟာတွေ ကအလကားပြောတာ (မှန်ပါ)။ သဘောကျပြီလား (ကျပါပြီ)။ မင်္ဂလာဆောင်တဲ့ အခါကျတော့ ငှက်ပျော တို့ ဘာတို့ လတ်လတ်ဆတ်ဆတ်နဲ့၊ ထွားထွားကျိုင်းကျိုင်းနဲ့၊ အုန်းသီးတို့ ဘာတို့ ချောချောမောမောနဲ့၊ မောင်နိုင် မင်္ဂလာ ဆောင်တဲ့အခါကိုး (မှန်ပါ)။

ဒီလိုကော မလုပ်ကြပေဘူး လား (လုပ်ရပါတယ် ဘုရား)။ အဲဒါတွေသည်ကားလို့ ဆိုလို့ရှိရင်ဖြင့် နောက်ဆုံးပိတ်ကျတော့ ထင်းပုံခေါင်းချလာ ပါတယ် (မှန်ပါ)။ ကိုစောမောင် ဘာပါလာရသလဲ (ထင်းပုံ ခေါင်းချလာပါတယ်)။ ထင်းပုံခေါင်းချပါလာက တည်းကိုက သုသာန် ရောက်နေပြီ (မှန်ပါ)။

ထင်းပုံခေါင်းချဆိုတာ သေရဦးမယ်ပြောသော

မင်္ဂလာထဲမှာ ဘာပါနေသလဲ (ထင်းပုံခေါင်းချ ပါနေပါတယ် ဘုရား)။ ခင်ဗျားတို့က ဒါကို အကြီးအကျယ် လုပ်နေတာ။ ဟိုမှာ ဆုပေးတဲ့လူက ဘယ်လိုပေးသတုံး (ထင်းပုံခေါင်းချ ပေါင်းရပါစေလို့ ပေးလိုက်တယ်)။

ထင်း ပုံ ခေါင်းချပေးလိုက်တယ်ဆိုတာ မင်းတို့နှစ်ယောက် သေရ လိမ့်မယ် ပြောလိုက်တာ (မှန်ပါ)။ သေရလိမ့်မယ်လို့ ပြောလိုက်တာကို ခင်ဗျားတို့က ဝမ်းများ သာလိုက်သေးတယ်၊ ထင်းပုံခေါင်းချတဲ့သော့ ထင်းပုံခေါင်းချတဲ့ (မှန်ပါ)။

ကြောက်စရာကောင်းလိုက်တဲ့ဖြစ်ခြင်း၊ မပြောပါနဲ့တော့ (မှန် ပါ)။ သဘောကျပြီလား (ကျပါပြီ)။

အဲဒါဟာ ထင်းပုံခေါင်းချ မင်းဒုက္ခရောက်ရမယ်၊ မင်း တို့သေရမယ်လို့ပြောတာကိုဘဲ၊ အို ဒီဆုအတိုင်း ပြည့်ပ ရစေတဲ့ သတို့သားနဲ့ သတို့သမီးကလေ (မှန်ပါ)။

ဘယ်လိုများပါလိမ့် (ဒီဆုအတိုင်း ပြည့်ပရစေ တော့)။ ဪ ထင်းပုံခေါင်းချပြီး သကာလ သေပွဲဝင်ရပါလို ၏ကိုဘဲ ပြည့်ပါရစေဆိုတော့ ကိုစောမောင် သစ္စာသိရတာ ရယ်လို့ ပါသေးရဲ့လား (မပါတော့ပါဘူး)။

မရဏမ္ပိဒုက္ခ ကိုသိသေးရဲ့ လား (မသိပါဘူး)။ မသိလို့ဘဲ ခင်ဗျားတို့ ပေးတဲ့ဆုကလဲ ထင်းပုံခေါင်းချချည်းဘဲ ပေးနေတော့ သွားပါ ရောဗျာ (မှန်ပါ)။ အဲဒါကို ခင်ဗျားတို့က ဒီဆုနဲ့ပြည့်ပါ စေတဲ့။ သွားပြီပေါ့ (မှန်ပါ)။ ဒီလောက် အရုပ်ဆိုးတဲ့ဆု ကိုပဲ ခင်ဗျားတို့က အကျေနပ်ကြီးကျေနပ်ပြီး သကာလ နေ လိုက်တာ ဆုပေးတာလဲ သူတို့မှာ အဘိုးကြီး အဘွားကြီးသာ ဆိုတာ အကြင် လင်မယား စုံတုန်းက ပေးတာ ဆိုပြီး သဘော ကျနေကြတယ် (မှန်ပါ)။

ကိုစောမောင် မင်္ဂလာဆောင်တောင်မှ အမင်္ဂလာ ထည့်မပေးကြဘူးလား (ပေးပါတယ် ဘုရား)။ ဘာကြောင့်တုံး ဒီခန္ဓာကြီးဟာ မင်္ဂလာရှိလို့လား၊ မင်္ဂလာမရှိလို့ လား (မင်္ဂလာမရှိလို့ပါ ဘုရား)။ မင်္ဂလာမရှိလို့ကို ဆုပေး တဲ့လူက ဘယ့်နှယ်ထည့် ပေးသလဲ (ထင်းပုံခေါင်းချပေး ပါတယ်)။

အဲဒါကို ခင်ဗျားတို့က ပြုံးများနေလိုက်သေးတယ် (မှန်ပါ)။ ဘာမသိလို့ပြုံးနေတာတုံး (သစ္စာမသိလို့ ပြုံးနေတာပါ)။ မရဏမ္ပိဒုက္ခဆိုတဲ့ မရဏဒုက္ခသစ္စာကို မသိလို့ ပြုံးတယ် (မှန်ပါ)။

ဒါကြောင့် သစ္စာမသိတဲ့ လူဟာ ရူးပါတယ်ပြောတာ။ သေရမယ့်ဆုတောင် ပြုံးတုန်း ရှိသေးတယ် (မှန်ပါ)။

ဘယ် နှယ် ဖြစ်နေကြသလဲ (သေရမယ့် ဆု တောင် ပြုံးတုန်းရှိပါသေးတယ် ဘုရား)။ သေရမယ့်ဆုကို ပြုံး တုန်းဆိုတော့ ခင်ဗျားတို့ဟာက အတော်ခက်နေတာ ပုရစ် လိုဖြစ်နေတယ် (မှန်ပါ)။ ကိုစောမောင် ပုရစ်စားဖူးရဲ့လား (စားဖူးပါ တယ် ဘုရား)။ ဒယ်အိုးထဲ ကြော်လဲ မျက်လုံးပြူး တုန်းပဲ။ ပင်ကိုကလဲ ပြူးပြူးပဲ (မှန်ပါ)။ ရိပ်မိပြီလား (ရိပ် မိပါပြီ ဘုရား)။

ဒါလောက်ထိအောင် ဆိုးနေတာ ခင်ဗျားတို့ ဆိုးပုံက ဖြင့် ဒကာ ဒကာမတို့၊ ဥပမာကို ပြောစရာမရှိအောင် (မှန်ပါ)။ ကဲ မောင်နိုင် ကျေနပ်ပြီလား ဒါကို (ကျေနပ်ပါပြီ ဘုရား)။

ထင်းပုံခေါင်းချဇာတ်သိမ်းပါ

ဒါဖြင့် ဒကာ ဒကာမတို့၊ မသေရာတည်းဟူသော ဥခွံ ကြီးကိုသာ အားကိုးကြပါ၊ လိပ်မသေ တာဟာ ဥခွံအားကိုး လို့ (မှန်ပါ)။ ဒီမှာလဲ စိတ္တာနုပဿနာဥခွံကို အားကိုး ကြမယ်ဆိုလို့ရှိရင် ထင်းပုံခေါင်းချလဲသိမ်းပါလိမ့်မယ် (မှန်ပါ)။ သဘောကျပြီလား (ကျပါပြီ)။

နို့မဟုတ်ရင် ထင်းပုံ ခေါင်းချဇာတ်ကို ခင်ဗျားတို့သည်ကားဆိုလို့ရှိရင် မပါးနပ် ကြတော့ ထင်းပုံခေါင်းချကို ပြုံးမိကြတယ် (မှန်ပါ)။ ဘယ်လိုပါလိမ့် (ထင်းပုံခေါင်းချကို ပြုံးမိပါ တယ် ဘုရား)။

ခင်ဗျားတို့ ငယ်ရာကကြီးလာတာဘဲ မောင်နိုင်တို့၊ သစ္စာမသိခင်တုန်းက ထင်းပုံခေါင်းချဆုကို ကြိုက်တယ် (ကြိုက်ခဲ့ပါတယ် ဘုရား)၊ ဖြစ်မှဖြစ်ရပလေ။ ဒီဘက်က ဒကာ ဒကာမ တွေကော (ကြိုက်ခဲ့ပါတယ် ဘုရား)။ ဘာ မသိလို့ပါလိမ့် (သစ္စာမသိလို့ပါ ဘုရား)။ ထင်းပုံခေါင်း ချဆုဆိုတာ သေစေသတည်း (မှန်ပါ)။

ထင်းပုံခေါင်းချဆိုတာ ဘာလဲ (သေစေသ တည်းပါ ဘုရား)။ မင်းတို့ အကြင်လင်မယားသည် ထင်းပုံ ခေါင်းချပြီးသေကြစေသတည်း မီးရှို့ခံကြစေသတည်းဘဲ (မှန်ပါ)။ ကိုစောမောင် သည့်ပြင် ဘာပါသေးသတုံး (မပါ,ပါဘူး)။ အဲဒါကို ကိုစောမောင်တို့က ဘယ့်နှယ်ကြောင့် ဝမ်းသာတာတုံး ဆိုတော့ သေရမှာကြောင့် (မှန်ပါ)။ ကြားပဲမကြားဖူးပါဘူး။

သေရမှာကြောင့်တော့ ဘယ်သူ ဝမ်းသာတဲ့ ပုဂ္ဂိုလ် ရှိသတုံး (မရှိပါဘူး)။ သို့သော် ခင်ဗျားတို့ ကတော့ ဘာ ဖြစ်နေသတုံးရူးလို့ (မှန်ပါ)။ သဘောကျပြီလား (ကျပါပြီ)။ ဘယ်လိုရူးသတုံး လို့မေးတဲ့အခါ သစ္စာမသိလို့ အဝိဇ္ဇာ ရူးရူးနေတယ် (မှန်ပါ)။

ဒါဟာ သစ္စာမသိတော့ ခင်ဗျားတို့ အခုကိုယ်တိုင်ကို ဘဲ မျက်ရည်ကျစရာတွေ တစ်ပုံကြီးရှိသေးတယ် (မှန်ပါ ဘုရား)။ ဘာဖြစ်လို့တုံး (သစ္စာမသိလို့) မျက်ရည်ကျ စရာတွေ တည်ထောင်ထားပြီးကောဗျာ၊ သားတွေသမီးတွေ မွေး ဆွေတွေပွား၊ မျိုးတွေနဲ့ ဒါတွေက ဘာလုပ်စရာတွေ တုံးဆိုတော့ မြိုင်မြိုင်ဆိုင်ဆိုင်ရှိဖို့လား၊ နောက်ဆုံးပိတ် မျက် ရည်ကျစရာတွေ လားသာ အကဲခတ် (မျက်ရည်ကျစ ရာတွေပါ ဘုရား)။ ဒါဟာထင်းပုံခေါင်းချက စလာတာကိုးဗျ (မှန်ပါ)။သဘောကျပြီလား (ကျပါပြီ)။

မင်းတို့ ထင်းပုံခေါင်းမချခင် မျက်ရည်အရင်ကျရ ဦးမယ်ဆိုတာကကော (ပါ,ပါတယ် ဘုရား)။ အဲဒါလဲ ပြုံးတာဘဲခင်ဗျားတို့က (မှန်ပါ)။ သားကောင်း သမီးကောင်း ထွန်းကားပါစေဆိုတော့လဲ ပြုံးတာဘဲ (မှန်ပါ)။ ဘယ့်နှယ်တုံး ကိုစောမောင် ပြုံးပုံတွေက (သစ္စာ မသိ လို့ပါ)။ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဒီအထဲမှာ ခင်ဗျားတို့ တစ်ယောက်မှ ပါးတဲ့လူမရှိ ဘူးနော် (မှန်ပါ)။ ဘာကြောင့် မပါးသတုံးဆိုတော့ သစ္စာ မသိလို့ (မှန်ပါ)။

အခုတော့ ဘယ့်နှယ်နေကြသတုံး မေးတော့ မဲ့ရတာ နဲ့ ပြုံးရတာ ဘယ်ဟာက များသတုံး (မဲ့ရတာက များပါ တယ် ဘုရား)။ အင်းဒါတောင် အမဲ့ကလေးပဲ ရှိသေးတယ်နော့ (မှန်ပါ)။ အဖွဲ့ကြီးလာလိမ့်ဦးမယ် (မှန်ပါ)။ မလာပေဘူးလား (လာမှာပါ ဘုရား)။

ကိုစောမောင် အမဲ့ကလေးရှိသေးတယ်။ နောက် ကိုယ်ကိုယ်တိုင် သေရမယ့် အဖွဲ့ကိစ္စတွေက ကျန်သေးတယ် မဟုတ်လား (မှန်ပါ)။ ဒါကြောင့် တပည့်တော်တို့ ကံ မကောင်းသေးဘူး ဘုရားတဲ့၊ ဟာ ဒါက ကံကောင်းသေးတာ အောင့်မေ့၊ မင်းတို့ သေစရာကျန်သေးတယ် (မှန်ပါ) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ကိုမြင့် ဘာကျန်သေးသတုံး (သေစရာကျန်ပါ သေးတယ် ဘုရား)။ အခု ညည်းမနေနဲ့နော်၊ အခုညည်းတာက အသံကလေးထွက်နိုင်သေးတယ်။ အသံမထွက်နိုင်တဲ့ကိစ္စ လာလိမ့်ဦးမယ် (မှန်ပါ)။

သစ္စာမနာဖူးဘူး

ဒါကြောင့် ခင်ဗျားတို့ သစ္စာမနာဖူးတော့ အလွန်ဆိုး သွားတယ် (မှန်ပါ ဘုရား)။ ဘုန်းကြီးက တစ်ခါ တစ်ခါ ကျတော့ ပြောရတယ်၊ ခင်ဗျားတို့ဟာဗျာ အသက်အရွယ်တွေ လဲ ကြီးကုန်ပြီ၊ အခုထက်ထိပဲ မပါးတာဟာ ဘာကြောင့်ပါ လိမ့်မတုံးဆိုတော့၊ သစ္စာဟောတတ်တဲ့ ဆရာနဲ့ မတွေ့တော့ ခင်ဗျားတို့မှာ ပါးလုံးက ဘယ်ဟာမှ မလာတော့ဘူး (မှန်ပါ)။ ပါးလုံး မလာဘူး။

ပန်းတစ်ပွင့်လှူပြီးနတ်ဖြစ်ချင်တယ်

ဥပမာ သာမညအဟော အပြောအရေးအသားနဲ့ ပန်းတစ်ပွင့်လှူဒါန်းပြီး၊ နတ်ပြည်မှာ အကြိမ်များစွာ ခံစားရ တယ်ဆိုတော့၊ ခင်ဗျားတို့က သိပ်ကျေနပ်တယ်။ အဲဒီအထဲမှာ အကြိမ်မျိုးစုံ သေရမှာက ပါနေသလား၊ မပါဘူးလား (ပါ, ပါတယ် ဘုရား)။ အဲဒါကျတော့ ခင်ဗျားတို့က ဖြစ်ပရစေတဲ့ (မှန်ပါ)။

ကိုစောမောင် ဘာတုံး (ဖြစ်ပရစေ)။ ပေးတဲ့ ဆုအတိုင်းကော (ပြည့်ပရစေ)။ ဟာ ဒါဖြင့် အသေမျိုးစုံ ကြုံရပါလို၏ဘဲ (မှန်ပါ)။ ဘာကြောင့် ဒီဥစ္စာ ဒါလောက် သဘောကျနေကြပါလိမ့် (သစ္စာမသိလို့ပါ ဘုရား)။ သစ္စာမသိလို့ ဆိုတာ ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။

ကိုင်း ပေးလိုက်တဲ့ဆုက အသေ (မှန်ပါ)။ ကိုယ်ကတော့ အကြိုက် (မှန်ပါ)။ ဪ ခက်လိုက်ပါဘိ တိရစ္ဆာန်လောက်တောင်မှ မလိမ္မာဘူးဆိုတဲ့ အဓိပ္ပါယ် တချို့နေရာရောက်နေတယ်။

ခွေးဟာ တုတ် ကလေး ကိုင်လိုက်တယ်ဆိုရင် ငါ့ကိုရိုက်မှာလား ဆိုပြီး လွတ်ရာပြေးတယ် (မှန်ပါ)။ ခင်ဗျားတို့က လွတ်ရာ ပြေးသလား၊ ပြုံးများနေလိုက် သေးသလား (ပြုံးနေပါ တယ် ဘုရား)။

ထင်းပုံ ခေါင်းချ ပေါင်းကြစေသား ဆိုတော့ ဘယ့်နှယ်နေသတုံး (ပြုံးပါတယ် ဘုရား)။ မင်းသေရမယ် လို့ ပြောလိုက်တာကို ပြုံးများနေ လိုက်သေး တယ်ဆိုတော့ ကိုစောမောင် ခုနင်က ခွေးထက် ဘယ့်နှယ်နေသတုံး (မိုက်ရာ ရောက်ပါတယ် ဘုရား)။

သစ္စာတရားမနာဖူးရင် လူမဖြစ်သေး

ဘုန်းကြီးတစ်ခုရှင်းပြမယ်၊ ဒကာ ဒကာမတို့။ သစ္စာ တရားမနာဖူးသေးရင် ခင်ဗျားတို့ ဘယ်သောအခါမှ လူမဖြစ် သေးဘူး ဆိုတာ ဆုံးဖြတ်ချက်ချ (မှန်ပါ)။ မချထိုက်ဘူး လား (ချထိုက်ပါတယ် ဘုရား)။ သဘောပါကြရဲ့လား (ပါ,ပါတယ် ဘုရား)။

ရှင်သာရိပုတ္တရာရဲ့ ညီကလေးကို ထုတ်ပြဦးမယ် ခင်ဗျားတို့ သဘောပါအောင် (မှန်ပါ)။ ရှင်သာရိ ပုတ္တရာတို့မှာ အားလုံးညီအစ်ကို မောင်နှစ်မခုနှစ်ယောက် ရှိတယ်။ ဘုရားတရားတော်တွေကို နာရတာနဲ့ အားလုံးလိုလို ဘဲ နှစ်မတွေက ဘိက္ခုနီမဖြစ်၊ ညီတွေက ရဟန္တာတွေဖြစ်နဲ့ဆိုတော့ သာသနာတွင်း ရောက်ကြတယ်။

သူတို့အမေကလဲ သာရီပုဏ္ဏမကြီးဆိုတာက ထိုအချိန်က တိတ္ထိအယူဝါဒ၊ ဗြဟ္မာကို ကိုးကွယ်တယ်။ သားသမီးတွေကသာ ရဟန္တာ ရဟန္တာမတွေဖြစ်ကုန်တာ ကိုစောမောင် (မှန်ပါ)။

ရှင်ရေဝတ

ဒါနဲ့သားအငယ်ဆုံးကလေး ရေဝတဆိုတဲ့ သူငယ်က လေးကျန်တယ်။ ဒီသူငယ်ကလေးတော့ ဂေါတမဘုရား သာသနာနောက်ကို အလိုက်မခံနိုင်ဘူးတဲ့၊ အဘွားကြီးက သူဌေးလဲ သူဌေးနော် (မှန်ပါ)။ မဖြစ်ဘူး၊ အရွယ် ရောက်လာရင်လဲ သူလဲ လိုက်ပြေးလိမ့်မယ်၊ ဂေါတမဘုရား နောက်ကို သူ့အစ်ကိုတွေလဲ သွားကုန်ပြီ။ သူ့အစ်မတွေလဲ သွားကုန်ပြီ ဒီတော့ မဖြစ်သေးဘူး။ ငယ်ငယ်က အိမ်ထောင် ချထားမှဘဲ။ ဒါမှချည်တုပ်ပြီးသား ဖြစ်တယ်တဲ့။ အမေ့ထုံးစံနဲ့ တွေးတာကိုးဗျ (မှန်ပါ)။ သဘော ကျပြီလား (ကျပါပြီ)။

အိုအောင်မင်းအောင်ပေါင်းကြပါစေ

အဲဒီကဲ့သို့ သူသည် စိတ်ကူးပြီးသူဌေးဆီကို သွားစပ် တယ်။ သူတို့က သူဌေးဖြစ်နေတော့ ဟိုကလဲ သဘောတူ လိုက်တာပေါ့ ကိုစောမောင် (မှန်ပါ)။ ဒါနဲ့ သူ့သား ကလေး ရွှေဝေါကြီးနဲ့ ထမ်းပြီး သကာလ ၊ သူ့အစေအပါး ပရိတ်သတ်တွေနဲ့ သတို့သမီးရှိရာ သွားကြတော့၊ ဟိုကလဲ သူဌေးဆိုတော့ ကောင်းကောင်းမွန်မွန် ဧည့်ခံပြီး မင်္ဂလာ အခမ်းအနားစကြတာဘဲ။ မင်္ဂလာ အခမ်းအနား စကြတော့ အဘွားကြီး အဘွားကြီး နှစ်ယောက် မိစုံဖစုံကလာပြီး လက်ထပ်ပေးတယ်။ သတို့သားနဲ့သတို့သမီး လက်ကို ရွှေ ဖလားထဲထည့်ပြီး လက်စုံချ၍ လက်ထပ်ပေးတယ်။ လက်ထပ်ပြီးတော့ အဘွားကြီး နှစ်ယောက်က ဆုပေးတယ် ကိုစောမောင်၊ မင်းတို့လင်မယားသည် အိုအောင်မင်းအောင် ပေါင်းကြစေသားတဲ့။ ထင်းပုံ ခေါင်းချပေါင်းကြစေသား စသည့် အဓိပ္ပာယ်မျိုး ဆုပေးလိုက်တယ် (မှန်ပါ)။

ဒီလို ဆုမျိုးပေးလိုက်တော့ ခုနင်က ရေဝတ သတို့ သားက သတိရတယ်၊ နေစမ်းပါဦး ခင်ဗျားတို့ ပေးတဲ့ဆု ကျုပ်မရှင်းပါဘူး ဖြစ်နေတယ် (မှန်ပါ)။

ခင်ဗျားတို့ ပေးတဲ့ဆု ကျုပ်မရှင်းဘူးတဲ့၊ အဲဒါကြောင့် ပြောကြစမ်းပါဦးဆိုတော့၊ ဘေးက နှုတ်ကောင်းတဲ့ လူတစ် ယောက်က မင်းဒီဆုဟာ အင်မတန်ကောင်းတဲ့ဆု၊ မင်းနား မလည်ဘူး လားတဲ့။ မင်းတို့ အကြင်လင်မယားသည် ငယ်ငယ် ရွယ်ရွယ်က မသေဘဲနဲ့ အိုအောင်မင်းအောင် ပေါင်းကြစေသားတဲ့။

ကျုပ်တို့အိုရဦးမှာလား

ဪ ဒီလိုလား။ ကျုပ်တို့လမ်းက အိုရဦးမှာ လားတဲ့၊ ရေဝတက မေးတယ် ကိုစောမောင် (မှန်ပါ)။ ဒီလို အိုရဦးမှာလားလို့ မေးလိုက်တော့ အိုရမယ်ကွတဲ့။ ပြောတဲ့ ပုဂ္ဂိုလ်က မသိဘူး၊ အိုရတယ် ဆိုတာ ဒုက္ခကြီးပါ လားလို့ သတို့သားကတော့ သဘောပေါက်နှင့်ပြီ (မှန်ပါ)။

ငယ်ငယ်ရွယ်ရွယ် သတို့သား သဘောပေါက်သိနေပြီ နော်။ ကိုယ်ခင်ဗျားတို့ သိခဲ့ကြရဲ့လား (မသိခဲ့ပါဘူး ဘုရား)။ မသိခဲ့ဘူး။ အ,လိုက်တဲ့ဖြစ်ခြင်း မပြောပါနဲ့တော့၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။ အတော့ကို ဆိုးဝါးနေ ကြတယ်နော် ဒကာ ဒကာမတို့၊ ဒီအထဲမှာ တစ်ယောက်မှသိ ခဲ့တဲ့ လူလဲပါမှာ မဟုတ်ပါဘူး။ ပါသေးရဲ့ လား (မပါ, ပါဘူး)။

ဒါဟာသေလမ်းပါကလား

ဒါနဲ့ဒကာ ဒကာမတို့ နောက်ဆုက ထင်းပုံခေါင်း ချဆိုတဲ့ အဓိပ္ပာယ်ပြောပါအုံးမယ်။ မင်းတို့ သေတောင်မှ သေရမှာ၊ ထင်းပုံခေါင်းချပြီး သကာလ အဲဒီမှာ မီးရှို့ခံရမှာ ဪ ဒါဟာ သေလမ်း ပါကလားလို့ သတို့သားက ရိပ်မိတယ်။ သဘောကျပြီလား (ကျပါပြီ)။

ဝမ်းထဲကကျိတ်ပြီးကြံစည်တယ်

အိုလမ်းလဲဒုက္ခသစ္စာပဲ၊ သေလမ်းလဲ (ဒုက္ခ သစ္စာပါပဲ)။ ဒီတော့ သူကဝမ်းထဲက ကျိတ်ပြီး ကြံစည်တယ်။ အင်း ဒီလမ်းဟာ အတော်ဆိုးဝါးတဲ့လမ်း၊ ဒီလမ်းမှ တစ် ပါးမရှိတော့ဘူးလား၊ ဒီလမ်းမှ လွတ်အောင်တော့ ပြေးမှဘဲ ဆိုတာ မင်္ဂလာအခမ်းအနား ရွှေဖလားထဲ လက်ချကတည်းက သိတယ် (မှန်ပါ)။

ကိုစံလှ ဘယ်လောက်ပါးနပ်တဲ့ သူ ငယ်လဲ (ပါး, ပါတယ် ဘုရား)။ သူ့မှာ ငယ်ငယ်ကလေး ရှိသေးတယ်၊ ကိုစံလှတို့ ဘယ်နှစ်နှစ်ရှိပြီလဲ၊ မေးရင် မပြော ပါနဲ့တော့ဘုရား ဆိုတဲ့အထဲက ကျနေတယ်။ ရိပ်မိကြပြီလား (ရိပ်မိပါပြီ)။ ရိပ်မိလဲ ခင်ဗျားတို့ကတော့ ရေဝတလို ပြေးမယ် လူတွေတော့ မဟုတ်ပါဘူး (မှန်ပါ)။

အဲဒါနဲ့ဘဲ မင်္ဂလာအခမ်းအနားပြီးတော့ ဒီကလေးမ ကလေးရော ကလေးကလေးရော ပရိသတ်တွေ ပြန်လာကြ တယ်။ ရေဝတကတော့ ဝမ်းထဲက ထွက်ပြေးမယ့်အကြံနဲ့ လိုက်လာ တာပေါ့လေ (မှန်ပါ)။

လမ်းကျတော့ သတို့သားက ကျုပ် ကျင်ငယ်စွန့်ချင် တယ် ကျင်ကြီးစွန့်ချင်တယ်နဲ့ ပြောပြီး သကာလ ဆင်းဆင်း သွားတယ်။ ယာဉ်ပေါ်က ဟိုက စောင့်စောင့်နေကြတာပေါ့။

သင်္ကန်းဝတ်ပေးလိုက်ကြပါလို့မှာထားတယ်

ရှင်သာရိပုတ္တရာက အစောကြီးကဘဲ ဒီအကြောင်း အရာတွေကို အဘိညာဉ်နဲ့ ကြည့်ရှုဆင်ခြင် ထားတော့ သိနေ တယ် ကိုစောမောင် (မှန်ပါ)။ ရေဝတ ဆိုတဲ့ လူငယ်တစ် ယောက် ဖီးလိမ်းပြုပြင် စီရင်ပြီး သကာလ လာငြား သော်လည်း၊ ဟိုဒီမှာ ရှိတဲ့ကျောင်းတွေက လက်မခံ မရှိကြနဲ့၊ သင်္ကန်း ဝတ်ပေးလိုက် ကြပါတဲ့၊ ရှင်သာရိပုတ္တရာက အစောကြီး ကတည်းက မှာထားတယ် (မှန်ပါ)။

ဒါနဲ့ ရေဝတက ဟိုနားကျပြန်တော့ ကျုပ်ဝမ်းမ ကောင်းဘူးဗျ၊ ဆင်းချင်သေးတယ် ဆိုပြီး ဆင်းသွားပြီး တပို တပါး သွားချင်ဟန်ပြု၍ ပြန်လာတယ်။ ဒီလိုနဲ့ သုံးကြိမ်လောက် ရှိတဲ့အခါကျတော့ နီးရာကျောင်းကို ပြေးတော့တာ ဘဲ။ ဘယက်တန်ဆာ သနပ်ခါးတွေနဲ့ ပြေးတာဘဲ ကိုစော မောင် မင်္ဂလာ ဆောင်ရာမှ ပြန်လာတာကိုးဗျ (မှန်ပါ)။

အိုလမ်းသေလမ်းမှ ကယ်တော်မူပါ

ဒါနဲ့ပြေးတော့ ကျောင်းရောက်သွားရော၊ နောက်တစ် ခါတော့ မပြန်တော့ဘူးဆိုကြပါစို့ဗျာ (မှန်ပါ)။ ကျောင်းရောက်တော့ အရှင်ဘုရားတို့ တပည့်တော်ကို သင်္ကန်း ဝတ်ပေးပါဘုရား။ အိုလမ်း သေလမ်းချည်း အခုရောက်နေတော့ အိုလမ်းသေလမ်းမှ ကယ်တော်မူပါ အဓိပ္ပာယ်ပေါ့ (မှန်ပါ)။ ဘယ်လောက် ပါးနပ်တဲ့ သူငယ်လဲဆိုတာ ရိပ် မိကြပြီလား (ရိပ်မိပါပြီ)။

အသက်ငယ်ငယ်ကလေး ရှိသေးတယ်၊ ငယ်ငယ်က လေးနဲ့ သစ္စာသဘောကို သိနေတာ၊ မဂ်နဲ့ သိတာ မဟုတ်ဘူးနော် (မှန်ပါ)။ လောကုတ္တရာမဂ်ကို မရောက်သေးဘူး (မှန်ပါ)။

သင်္ကန်းဝတ်ပေးလိုက်တယ်

အဲဒီမှာ ကျောင်းက ရဟန်းတော်တွေက သင်္ကန်း ဝတ်ပြီး သကာလ ပေးလိုက်ပြီး တရားဓမ္မတွေ ကျင့်ရန်နည်း လမ်းပေးလိုက်တယ် (မှန်ပါ)။ ရှင်သာရိပုတ္တရာကလဲ မှာထားတာကိုး။

သူ့အမေဟာ မိစ္ဆာဒိဋ္ဌိ။ ဒီတော့ ဘယ်မှာ မိဘက ခွင့်ပြုပါ့မလဲ။ ငါဟာ အစ်ကိုအကြီးဆုံး။ မိဘအရာ၌ လည်းကောင်း၊ ငါခွင့်ပြုရင်ပြီးတာပဲ ဆိုပြီး ရဟန်းတွေမှာထား တယ် (မှန်ပါ)။ မိဘက မိစ္ဆာဒိဋ္ဌိဖြစ်နေတော့ အခွင့်ပန် နေပေမယ့် ခွင့်ပြုမှာ မဟုတ်ဘဲကိုး (မှန်ပါ)။

ဒါနဲ့ တရား အားထုတ်ရာ အသက်ငယ်ငယ်နဲ့ပဲ ရဟန္တာဖြစ်တာဘဲ (မှန်ပါ)။ သစ္စာသိသွားပြီ (မှန်ပါ)။ ဘယ်တုန်းက သစ္စာ စပြီး သိသတုံးဆိုတော့ လက်ထပ် မင်္ဂလာပြုစ၌ ရွှေဖလားထဲ လက်စုံ ချတုန်းက စပြီး နားလည် သဘောပေါက်ခဲ့တယ် (မှန်ပါ)။

ဘယ်တုန်းကစပြီး သဘောပေါက်ခဲ့သလဲ (ရွှေ ဖလားထဲ လက်စုံချတုန်းက သိခဲ့ပါတယ်)။ ခင်ဗျားတို့ဖြင့် လက်စုံချပြီးတာကြာလှပြီ၊ ယခုထက်ထိ မသိနိုင်ကြသေးဘူး (မှန်ပါ)။

ဒကာ ဒကာမတို့ ကိုယ့်အရုပ်ဆိုးတာ ပေါ် ကြပြီလား (ပေါ်ပါပြီ။ ဘယ်လောက်ထိအောင် ဆိုးနေသတုံး (ဆိုး ပါတယ် ဘုရား)။ အခုလဲ ပြင်ကြပြီလားလို့ မေးရင် ဘယ့်နှယ် တုံး (မပြင်ကြ သေးပါဘူး ဘုရား)။ မပြင်ရင် ရှေ့ကို ဒီ ထက်ဆိုးဦးမှာလားလို့ မေးဖို့ဘဲရှိတော့တယ် (မှန်ပါ)။ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

အဲဒါကြောင့် သစ္စာမသိလို့ရှိရင် ကိုစောမောင် အ လွန်ဆိုး ဆိုတာပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် သစ္စာသိတော့ ငယ်ငယ်ကသိတယ်၊ ဘုရား ကိုယ်တိုင်ကလဲ ထူးခြားတဲ့ ပုဂ္ဂိုလ်ဘဲဆိုပြီး ရှင်ရေဝတ သီတင်းသုံးတဲ့ တောထဲကို ကိုစောမောင် နောက်ပါသံဃာ တွေနဲ့ ကြွသွားပြီး ချီးမြှောက်တယ် (မှန်ပါ)။ သဘော ကျပြီလား (ကျပါပြီ ဘုရား)။

သစ္စာသိမှ ကိစ္စပြီးမယ်

ကဲ ဒါဖြင့် ဒကာ ဒကာမတို့ သစ္စာသိမှ ကိစ္စပြီးမယ်ဆိုတာပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။ ဒါ ဖြင့် သစ္စာအလုပ်ကော လုပ်တတ်ပါပြီလား (လုပ်တတ် ပါပြီ ဘုရား)။

လိပ်ခွံကြီးသည်ကားလို့ ဆိုလို့ရှိရင် လိပ်၏ အင်္ဂါ ငါးပါးလိပ်၏ အင်္ဂါတွေကို ကာကွယ်ရေး (မှန်ပါ)။ ဒါဖြင့် လိပ်ခွံတစ်ခုက ဘယ်လောက်ထိအောင် အသေလွတ်အောင် ကာကွယ်နိုင်တယ်ဆိုတာ (ပေါ်ပါပြီ)။

ဘယ်စိတ်လာလာဖြစ်ပျက်သာ

ဒီမှာလဲ စိတ္တာနုပဿနာဆိုတဲ့ လိပ်ခွံကြီးအောက်ကို သာ အကုန်သွင်းတော့ (မှန်ပါ)။ ဘယ်စိတ်လာလာ ဖြစ်ပျက်ရှု၊ စိတ္တာနုပဿနာဖြစ်သွားတာဘဲ (မှန်ပါ)။ ဘယ်စိတ်လာလာ ဖြစ်ပျက်ရှုလိုက်လို့ရှိရင်ဖြင့်၊ ကိလေသာ တည်းဟူသော တောခွေးသည်၊ ဒကာ ဒကာမတို့ ဘယ်အ ပေါက်ကနေပြီး ဆွဲနိုင်ဦးမလဲ (မဆွဲနိုင်ပါဘူး)။

မဆွဲ နိုင်တော့ ခုနင်က လိပ်အန္တရာယ်ကင်းသလို ခင်ဗျားတို့ ကျုပ် တို့မှာလဲ အသေလွတ် သွားနိုင်တယ်။ ရှင်းပြီလား (ရှင်း ပါပြီ)။

ဒါဖြင့် ဒီနည်းဟာ ဒကာ ဒကာမတို့၊ ဘုရားသခင် ကိုယ်တော်မြတ်ကြီး သံယုတ်ပါဠိတော်မှာ ဟောတော်မူခဲ့တဲ့ နည်း။ အင်မတန် မကောင်းဘူးလား (ကောင်းပါတယ် ဘုရား)။

ဒါဖြင့် ဝိပဿနာရှုတဲ့ ပုဂ္ဂိုလ် လိပ်လိုနေရမယ်တဲ့ (မှန်ပါ)။ အခွံအောက်ချည်း အကုန် သွင်းရမယ် (မှန်ပါ) ဘယ်စိတ်လာလာဖြစ်ပျက်ရှုလိုက်တော့ ဒီလိပ်ခွံကြီးအောက် ရောက်ရောက် သွားတယ်။ စိတ္တာနုပဿနာထဲချည်း ရောက် မသွားဘူးလား (ရောက်သွားပါတယ် ဘုရား)။

အဲဒါကြောင့် ဒကာ ဒကာမတို့ အလုံးစုံအကုန် ဘယ်စိတ်လာလာ ရှုတတ်ကြပြီလား (ရှုတတ်ပါပြီ ဘုရား)။

ဖြစ်ပျက်ကဒုက္ခသစ္စာ

ရှုလိုက်လို့ရှိရင် ဖြစ်ပျက်က ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ)။ ရှုတဲ့ ဉာဏ်က (မဂ္ဂသစ္စာပါ)။ ခုနင်က ဘယ်အပေါက်ကလာလာ တဏှာ ဥပါဒါန်တို့က တောခွေး နဲ့တူတဲ့ တဏှာ ဥပါဒါန်တည်း ဟူသော မာရ်နတ်တွေက လာ ခွင့်ရသေးရဲ့လား စောင့်ကျိုးနပ်သေးရဲ့ လား (မနပ် ပါဘူး)။

စောင့်ရကျိုးမနပ်တော့ဘူး ဆိုတော့ သူမှမရှိဘဲနဲ့ သူသတ်သမား မရှိသောကြောင့် သေစရာ အထည်ကော ကျုပ် တို့မှာ ဖြစ်သေးရဲ့ လား (မဖြစ်တော့ပါဘူး)။ မဖြစ်တော့ ကို သူသတ်သမားသည် မောပြန်ရမယ်။ သဘောကျပြီလား (ကျပါပြီ)။

ရှုဉာဏ်က မဂ္ဂသစ္စာ

ဒါဖြင့် ဖြစ်ပျက်သည် ဘာသစ္စာ (ဒုက္ခ သစ္စာပါ)။ ရှုတာသည် (မဂ္ဂသစ္စာ)။ သေတာသည် ကိလေသာ မာရ်နတ် (မှန်ပါ)။ ဒါဖြင့် စောင့်နေရင်စောင့်ကျိုးနပ် သေးရဲ့ လား (မနပ်ပါဘူး)။

နို့မဟုတ် လို့ရှိရင်ဖြင့် ခုနင်က ပြောခဲ့တဲ့အတိုင်း ရွာတည်ရင် ဘာထည့် ပြီး စဉ်းစားရသတုံး (သုသာန် ထည့်စဉ်းစားရပါတယ်)။ ဆရာဝန်တို့၊ မြန်မာဆရာ ကောင်းတို့ကော (ထည့် စဉ်းစား ရပါတယ်)။ ဥတုရာသီကို (စဉ်းစားရပါတယ်)။

သေတတ်တာကြီးပါနေလို့ ဒါလောက်စဉ်းစားရတာ (မှန်ပါ)။ သဘောပါကြပြီလား (ပါ,ပါပြီ)။

ဒါဖြင့် ဒီသေတတ်တဲ့ ခန္ဓာကြီးသည်ပင် ဖြစ်သေးရဲ့ လား (မဖြစ်တော့ပါဘူး)။ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

သေတာက သမုဒယသစ္စာ

ဒါဖြင့် ဖြစ်ပျက်က ဘာသစ္စာ (ဒုက္ခသစ္စာပါ)။ အဲဒါအခွံကြီး မှတ်ပါ။ ဒီအခွံကြီးသာ ဖြစ်အောင် လုပ်နေ၊ ဒီအခွံကြီးထဲသာသွင်းနေ။ ရှုတာက (မဂ္ဂသစ္စာ)။ သေတာက (သမုဒယသစ္စာပါ)။ သမုဒယသစ္စာ ဆိုတာ ခုနင်က မြေခွေးနဲ့တူတဲ့ သမုဒယသစ္စာဟာ ဒကာ ဒကာမတို့ စားလို့ မရတော့ဘူး (မှန်ပါ)။

ကိလေသာ မာရ်နတ် လူသတ် သမားမနေ့က ပြောခဲ့တဲ့ နွားရိုးတွေမြင်သဖြင့် သူ့လက်ချက် ဆိုတာ မသေချာဘူးလား (သေချာပါ တယ်)။ အဲ သူ့ကို ဘဲရှိပါသေးရဲ့ လား (မရှိပါဘူး)။ အဲ လူသတ်သမား ကိုဘဲကျုပ်တို့က အနိုင်ယူပါပြီ (မှန်ပါ)။ ဒါကြောင့် မစ္စုမာရ်ကို အောင်တယ် ဆိုတာ ကော သဘောကျပြီလား (ကျပါပြီ)။

မစ္စုမာရ်ဆိုတာ

မစ္စုမာရ် ဆိုတာ ငါသည် မင်းလက်တွင်းမှာ ခေါင်း စင်းခံရမယ်လို့ ဘုရားကပြောတာ (မှန်ပါ)။ နောက်ကို ငါ့ကို သတ်ရလိမ့်မယ်လို့ မအောင့်မေ့နဲ့တော့တဲ့။ ဒါကြောင့် ပရိနိဗ္ဗာန်ပြုပြီးမှ မာရ်ငါးပါးစလုံး ရှင်းရှင်း အောင်တာ (မှန်ပါ)။ ရှင်းပြီလား (ရှင်းပါပြီ)။

ပရိနိဗ္ဗာန် မစံခင်ကတော့ ကိလေသာမာရ်၊ အဘိသင်္ခါရမာရ်၊ ဒေဝပုတ္တမာရ်တွေ အောင်တယ် ဆိုပါတော့ (မှန်ပါ)။ ရှင်းပြီလား (ရှင်းပါပြီ)။

မာရ်ငါးပါးအောင်တယ်ဆိုတာ

ဒါကြောင့် မာရ်ငါးပါးအောင်တယ်ဆိုတာ ဘုရား သည်ပရိနိဗ္ဗာန်မစံမီ သုံးပါး၊ ပရိနိဗ္ဗာန်စံပြီးမှ ငါးပါးစလုံးမုချ ပြည့်တယ် လို့မှတ်လိုက်ကြပါ (မှန်ပါ)။ ရှင်းပြီလား (ရှင်း ပါပြီ)။

ခင်ဗျားတို့လဲ ခန္ဓမာရ်ကို အောင်ချင်လို့ရှိရင်၊ မသေ ချင်လို့ရှိရင် ဥခွံနဲ့တူတဲ့ စိတ္တာနုပဿနာထဲ လာသမျှ စိတ်ကို သွင်းပါ (မှန်ပါ)။ အောင်မြင်သွားခဲ့လျှင် ဘယ်လိုစောင့် နေနေသတ်ချင်တဲ့လူက (မသတ်နိုင်ပါဘူး)။ ဒါဖြင့် အလုပ်ကော လုပ်တတ်ပြီလား (လုပ်တတ်ပါပြီ)။ ရှင်းပြီနော် (ရှင်းပါပြီ)။

ကဲ ယနေ့ ဒီတွင် တော်ကြဦးစို့။

သာဓု သာဓု သာဓု။