050

အလယ်ရှုပ် အပါယ်လွတ်တရားတော်

အသံဖိုင်ခေါင်းစဉ်= အနိစ္စ ဝတ သင်္ခါရာ တရားရှင်းပုံနှင့် ဒိဋ္ဌိဖြုတ်ပေးပုံ

စာအုပ်ခေါင်းစဉ်= အလယ်ရှုပ် အပါယ်လွတ်တရားတော်

အသံမကြည်ပါ။

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး အမရပူရမြို့၌

ဟောကြားတော်မူသော

အလယ်ရှုပ် အပါယ်လွတ်တရားတော်

(၂၄-၈-၆၁)

ပထမနိဗ္ဗာန်ကို ရချင်ကြပါမူကားတဲ့၊ ဒိဋ္ဌိကွာဖို့ပဲ အရေးကြီးတယ် ဆိုတာ ဘယ်အခါ မဆို မှတ်ထား ပါ။ (မှန်ပါ့ ဘုရား)။

မှတ်ချက်။ ။ပထမနိဗ္ဗာန်= ပထမမဂ်ဖြင့် မြင်အပ်သောနိဗ္ဗာန်

ပထမနိဗ္ဗာန် ရချင်ရင် (ဒိဋ္ဌိကွာရမှာပါ)၊ ဒိဋ္ဌိကွာ ဖို့ပဲ၊ ဒါကြောင့် ဒိဋ္ဌိနိရောဓော နိဗ္ဗာနံလို့ ဆိုတဲ့ ဥစ္စာ ဒိဋ္ဌိနိရောဓော- ဒိဋ္ဌိချုပ်ခြင်းသည်။ နိဗ္ဗာနံ-ပထမ နိဗ္ဗာန် မည်သည်။ ဟောတိ=ဖြစ်၏ လို့ ဆို သောကြောင့် ရှေးဦးစွာ အပါယ်လေးပါး တံခါးပိတ်တဲ့ နိဗ္ဗာန် သည်ကားလို့ ဆိုရင်ဖြင့် ဘာမှလုပ်ဖို့ ဒီလောက် အရေးမကြီးပါဘူး၊ ဒိဋ္ဌိကွာဖို့ အရေးကြီးတယ်။ (မှန်လှပါ ဘုရား)။

ကောင်းပြီ။ ဒိဋ္ဌိကွာဖို့ဆိုတာ ဒကာ ဒကာမ တို့ ဘာမှ ခင်ဗျားတို့ စိတ်သောက ဗျာပါရ ရောက်ပြီး သကာလ မနေနဲ့၊ အပါယ်လေးပါး တံခါးပိတ်ချင် လို့ရှိရင်ဖြင့် ပဋိသန္ဓေ နေတဲ့ အခါကိုသိဖို့ အရေးကြီး တယ်။ (မှန်လှပါ ဘုရား)။

သေတဲ့အခါ သိဖို့ အရေးကြီးတယ်။ (မှန်ပါ့)၊ ဒီကြားထဲ ဘာတွေ ဖြစ်နေတယ် ဆိုတာ သိဖို့ အရေးကြီး တယ်။ (မှန်ပါ့)၊ ဒီသုံးချက် သိရင် ဒိဋ္ဌိ ကွာပါတယ်။ (မှန်ပါ့ ဘုရား)။

ဒါဖြင့် ဒိဋ္ဌိကွာနည်း နိဿရည်းကို ယနေ့ တစ်မျိုး တစ်ဖုံပဲ ဒကာ ဒကာမတွေ ဘုရားသခင် ဟောတာ ပြောလိမ့်မယ်လို့ ဆိုတာ မှတ်တာပေါ့။ (မှန်ပါ့ ဘုရား)။

ဒကာ ဒကာမတွေ ကံကောင်း အကြောင်းသင့်ပြီး သကာလ လူ့ဘ၀ ရလာကြတယ်ဆိုတဲ့ ဥစ္စာ သိကြ ပါပြီ။ (မှန်ပါ့)၊ လူ့ဘဝဆိုတာ အပြောလူ့ဘဝ ရတာက အမိဝမ်းခေါင်းထဲမှာ ဇာတိ ပဋိသန္ဓေနေ ရပါတယ်။ (မှန်လှပါဘုရား)။

ရတာက ဘာပါလိမ့်။ (ဇာတိ ပဋိသန္ဓေနေရ တာပါ)၊ ဇာတိ ဆိုတဲ့ ဇာတိရတာပါပဲ၊ ဇာတိခန္ဓာ ငါးပါး ရတာပါပဲ။ (မှန်လှပါ ဘုရား)။

ဒီအထဲမှာလဲ ယောက်ျား မိန်းမ ပါသလား။ (မပါ-ပါ)၊ ရတုန်းကလဲ ယောက်ျား မိန်းမ၊ သားသမီး ဆွေမျိုး ဉာတကာ မပါဘူး၊ ဇာတိ ခန္ဓာငါးပါးပဲ ပါတယ်လို့ ဆိုတာ အစက ဒိဋ္ဌိ ကွာနေတယ် လို့ မှတ် လိုက်စမ်းပါ။ (မှန်ပါ့ဘုရား)၊ အင်း ဘယ်က ကွာ နေ (အစက ကွာနေပါတယ် ဘုရား)။

အစက ဒိဋ္ဌိကွာနေတယ်လို့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ မှတ်ထားလိုက်ပေါ့ ဪအစ ကတည်းက ယောက်ျား မိန်းမ ငါ သူတစ်ပါး မပါ ပါကလားလို့ မှတ်လိုက်ကြပါ။ (မှန်လှပါဘုရား)။

ဇာတိဆိုတာ ခန္ဓာဘယ်နှပါးပါလိမ့်။ (ခန္ဓာ ငါးပါးပါ)၊ ဪခန္ဓာငါးပါး ရုပ်နာမ်နှစ်ပါး ပေါင်း လိုက်ရင်နော်။ (မှန်လှပါ)။

ကောင်းပြီ၊ ဒါဖြင့် အစကတည်းက ယောက်ျား မိန်းမ၊ သားသမီးဆိုတာ မပါ-ပါဘူး။ (မှန်ပါ့)၊ ကဲတစ်ခါ ဒီဇာတိရတဲ့ ပုဂ္ဂိုလ်သည် မရဏ ဆိုတာကို ရှေးရှုပြီး သွားနေတဲ့ သဘောပဲဆိုတာ ဒကာ ဒကာမတွေ ငြင်းလို့ မလွတ်တော့ဘူး (မှန်လှပါဘုရား)။

ဇာတိရတဲ့ ပုဂ္ဂိုလ် မရဏ သွားရတယ်။ (မှန်ပါ့)၊ ဒါဖြင့် မရဏ ဆိုတာကလဲ ရုပ်နာမ် ဓမ္မတို့၏ ချုပ်ပျောက် ပျက်စီးတာကို မရဏ ခေါ်တာပဲ။ (မှန်ပါ ဘုရား)။

ရုပ်နာမ်ဓမ္မတို့၏ ချုပ်ပျောက် ပျက်စီးတာကို (မရဏ ခေါ်ပါတယ်)၊ ဪ ဒါဖြင့် ဒီထဲမှာ ယောက်ျား တွေ၊ မိန်းမတွေ မပါပါဘူး။ (မှန်ပါ့)၊ ပါသေး လား။ (မပါ-ပါဘုရား)၊ ဒီထဲမှာလဲ ယောက်ျားတွေ မိန်းမတွေ ဆိုတာ မပါဘူးလို့ ရှင်းရှင်း မှတ်ထားပါ။ (မှန်လှပါဘုရား)။

ဒါဖြင့် အစကလဲ ယောက်ျား မိန်းမ မပါဘူး။ (မှန်ပါ့)၊ အဆုံး ကျပြန်တော့။ (မပါ-ပါဘုရား)၊ ဒါဖြင့် အလယ်ရှုပ် နေတာပဲ။ (မှန်ပါ့)၊ ပေါ်ပြီပေါ်ပြီ ဒကာကြွယ်၊ ဘာရှုပ်နေတာလဲ။ (အလယ်ရှုပ် နေတာ ပါဘုရား)။

သြော် အလယ်ဆိုတာ ကြံကြံဖန်ဖန် ခင်ဗျား တို့ အစကလဲရှင်းသား၊ အဆုံးလဲ ရှင်းသား၊ အလယ်ကျမှ ခင်ဗျားတို့က ရှုပ်ပြီး သကာလ နေတဲ့အတွက် သက္ကာယဒိဋ္ဌိ ပေါ်ပေါက်လာတယ်။ (မှန်လှပါ ဘုရား)။

အင်း ဒကာ ဒကာမတို့ အစကလဲ ဘယ့် နှယ်တုံး။ (ရှင်းပါတယ်)၊ ရှင်းတာပဲ၊ ရုပ်နာမ်နှစ်ပါး ခန္ဓာငါးပါးပဲ ဇာတိဆိုတာ။ (မှန်ပါ့)၊ မရဏဆိုတာ ရုပ်နာမ်ဓမ္မ ခန္ဓာငါးပါးတို့၏ ချုပ်ပျောက် ပျက်စီးတာ ကို မရဏ ခေါ်ပါတယ်။ (မှန်ပါ့)၊ ဒီအထဲလဲ နင် ငါ သူတစ်ပါး ယောက်ျားမိန်းမ ပါသေးလား။ (မပါပါ ဘုရား)။

အို ဒါဖြင့် အစကလဲ မပါ၊ အဆုံးမှာလဲ မပါ။ အလယ်မှာ တို့ရှုပ်နေတာကိုး၊ အလယ်ကြောင့် တို့ ခက်နေ တာကိုး ဆိုတာ သိကြရဲ့လား။ (မှန်ပါ့)၊ အင်းအလယ်မှာ ခက်နေတာ ပေါ်ကြပလား။ (မှန်ပါ့ ဘုရား)။

စဉ်းစားပါ စဉ်းစားပါ ဒကာ ဒကာမတို့။ ဒါဒီနေ့ သောတာပန် တည်အောင် အဂ္ဂိဝစ္ဆနဲ့ ဒကာ ဒကာမတွေ ပြပါလိမ့်မယ်၊ သေသေချာချာ ဂရုစိုက်ပြီး နားထောင် ကြပါနော်။ (မှန်လှပါ ဘုရား)။

ကိုင်း ဇာတိဆိုတဲ့ ခန္ဓာငါးပါး ရုပ်နာမ်တရား ထဲလဲ ယောက်ျား မိန်းမ ငါ သူတစ်ပါး ပါခဲ့လား။ (မပါ-ပါ)၊ မပါဘူးနော်။ (မှန်လှပါဘုရား)။

ဒီ ဇာတိရှိတဲ့ပုဂ္ဂိုလ် ဇာတိရှိတဲ့ သဘောဟာ မရဏသို့ ရှေးရှုနေတဲ့အတွက် မရဏဆိုတဲ့ သေမှု ကိစ္စ ကြုံပြန်တော့လဲ ခန္ဓာငါးပါး ရုပ်နာမ်တရားတို့ ချုပ်ပျောက်သွားတာကိုဆိုတာ (မှန်ပါ့)၊ ခန္ဓာငါးပါး ရုပ်နာမ် တရားတွေ ချုပ်ပျောက် သွားတာ ဘာခေါ်ကြ (မရဏ ခေါ်ပါတယ် ဘုရား)။

ဪ အစကလဲမပါ၊ ငါ သူတစ်ပါး ယောက်ျား မိန်းမ၊ အဆုံးမှာလဲငါ သူတစ်ပါး ယောက်ျား မိန်းမလို့ (မပါ-ပါဘုရား)။

ဒါဖြင့် ဒကာကြွယ်၊ ဒကာသစ်တို့၊ ဦးမာဒင်တို့ အလယ်ရှုပ် နေကြတာ။ (မှန်ပါ့) ဘယ်ရှုပ် နေတာလဲ။ (အလယ်ရှုပ် နေတာပါ)၊ အလယ်မှာ သက္ကာယဒိဋ္ဌိ ဝင်ရောက် နေတယ် (မှန်လှ ပါဘုရား)။

ကောင်းပြီ၊ ဒါဖြင့် အလယ်မှာ ရှင်းပေးပါဦးမယ်။ အလယ်လဲ ငါ သူတစ်ပါး ယောက်ျား မိန်းမ မပါပါဘူး။ (မှန်လှပါ ဘုရား)။

ပဋိစ္စသမုပ္ပာဒ် ၆မျိုး

အလယ်မှာလဲ မပါတာက အလယ်မှာ ခြောက် ဒွါရ ရှိတယ်လို့ မှတ်ရမယ်။ (မှန်လှပါ)၊ မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ မျက်စိမှာ ပေါ်တဲ့စိတ် ပဋိစ္စ သမုပ္ပာဒ် (မှန်လှပါ)၊ နားမှာ ပေါ်တဲ့စိတ် (ပဋိစ္စ သမုပ္ပာဒ်)၊ နှာခေါင်းမှာ ပေါ်တဲ့စိတ် (ပဋိစ္စသမုပ္ပာဒ်)။

အင်း လျှာမှာ ပေါ်တဲ့စိတ် (ပဋိစ္စသမုပ္ပာဒ်)၊ အေး ကိုယ်မှာ ပေါ်တဲ့ ပဋိစ္စသမုပ္ပာဒ် (မှန်လှပါ)၊ မနောထဲမှာ ပေါ်တဲ့ ပဋိစ္စသမုပ္ပာဒ် (မှန်လှပါ)၊ ပဋိစ္စ သမုပ္ပာဒ် ဘယ်နှမျိုးပါလိမ့် (ခြောက်မျိုးပါ)၊ ခြောက် မျိုး၊ အဲဒီ ခြောက်မျိုးကိုလဲ တစ်မျိုး ပြလိုက်ရင် သိပါ တယ်။ (မှန်လှပါဘုရား)။

တစ်မျိုး ပြလိုက်တဲ့ အခါကျလို့ ရှိရင်လဲ ဒကာ ဒကာမတို့ ငါ သူတစ်ပါး ယောက်ျား မိန်းမ မပါဘူး ဆိုတာ အလယ်မှာလဲ ရှင်းပါလိမ့်မယ်။ (မှန်ပါ့)၊ အလယ်မှာ ခြောက်ဒွါရ အလှည့်နဲ့ ဖြစ်နေတယ်။ (မှန်ပါ့)၊ အလယ်မှာ ခြောက်ဒွါရ (အလှည့်နဲ့ ဖြစ်နေပါ တယ်)၊ အလှည့် အပတ်နဲ့ ဖြစ်နေတယ် ဆိုတာကို သိလိုက်ပါ။ (မှန်ပါ့ဘုရား)။

ပုံစံ ချမပြရင် ဒကာ ဒကာမတို့၊ တစ်ခါတလေ ကျတော့ မျက်လုံး ပေါက်က နေပြီးသကာလ ငါ မြင်ခဲ့ တယ်က လာတော့တာပဲ။ (လာပါတယ်)၊ နားပေါက်က နေပြီး သကာလ ငါ ကြားခဲ့တယ်။ (လာ၊ ပါတယ် ဘုရား)၊ အလယ်မှာ ဗွေးပေါက်တက်တယ်။ (မှန်ပါ့)၊ ဘယ်မှာ ဗွေပေါက်ပါလိမ့်။ (အလယ်မှာ ဗွေပေါက် ပါတယ် ဘုရား)။

စုတိမှာလဲ ရှင်းသား။ (ရှင်းပါတယ်ဘုရား)၊ ပဋိသန္ဓေ အလာမှာလဲ (ရှင်းပါတယ်)၊ အလယ်ကျမှပဲ ငါ မြင်ခဲ့တယ်။ (မှန်ပါ့)၊ ငါ ကြားခဲ့တယ်။ (မှန်ပါ့)၊ ငါ နမ်းကြည့်ခဲ့ သေးတယ်။ (မှန်ပါ့)၊ ငါ စားကြည့်ခဲ့ သေးတယ်။ (မှန်ပါ့ဘုရား)။

ငါ ဝတ်ကြည့်ခဲ့ သေးတယ်။ (မှန်ပါ့)၊ ငါ ကြံ တွေးကြည့်ခဲ့သေးတယ်။ (မှန်ပါ့)၊ သွားပြီ ခင်ဗျား တို့၊ အလယ်မှာ ပဋိစ္စသမုပ္ပာဒ် ခြောက်မျိုး မရှိခဲ့ ဘူးလား။ (ရှိပါတယ်ဘုရား)။

အဲဒီ ခြောက်မျိုးကို မကွဲပြားတာနဲ့ သက္ကာယ ဒိဋ္ဌိလာတာ။ (မှန်ပါ့ဘုရား)၊ တယ် သဘောပါ တယ်။ ဒကာ ဒကာမတို့ သေသေချာချာ နားထောင်ပါ။ (မှန်ပါ့ဘုရား)၊ အလယ်မှာ ရှုပ်နေတယ် ဆိုတာ မပေါ်သေးဘူးလာ။ (ပေါ်ပါတယ် ဘုရား)။

ငါ မြင်ခဲ့တယ်ဆိုတော့ မျက်လုံးထဲ ပဋိစ္စသမုပ္ပာဒ် တစ်ခုလုံးကို ငါ လုပ်တာ။ (မှန်ပါ့)၊ ငါ ကြားခဲ့တယ် ဆိုတော့ နား ပဋိစ္စသမုပ္ပာဒ် တစ်ခုလုံးကို (ငါ လုပ်တာပါ ဘုရား)။

ငါ နမ်းရှုပ်ကြည့်ခဲ့ သေးတယ် ဒီ ငါးပိကောင်း တယ်၊ မကောင်းဘူး ဆိုတာ၊ ဟုတ်လား။ နှာခေါင်း ပဋိစ္စသမုပ္ပာဒ် ကော ဘာဖြစ်ပြန်လဲ။ (ငါ ဖြစ်ပါ တယ်)၊ ဪငါ စားခဲ့ပါတယ်၊ ငါ စားလို့ ကောင်း တာ အခု ဝနေပါပြီ ဆိုပြီး သကာလ၊ စားစိတ်က နေပြီ သကာလ တစ်ခုလုံးကို ငါ စွဲလိုက်တယ်။ (ငါ စွဲပါတယ် ဘုရား)။

ဒီ အထည်အလိပ်ကလေးတွေ ငါ ကိုင်ကြည့်ခဲ့ ပါသေးတယ်ဆိုပြီး ကာယဒွါရက နေပြီး သကာလ ဒကာသစ်တို့ ပဋိစ္စသမုပ္ပာဒ် လာလိမ့်မယ်။ (မှန်လှ ပါဘုရား)။

အဲဒီ လာတာကို ပဋိစ္စသမုပ္ပာဒ်လို့ မသိတာနဲ့၊ ခန္ဓာတွေ တန်းဖြစ်တယ်၊ မသိတာနဲ့ဘဲ သက္ကာယဒိဋ္ဌိ စ,လာတယ်။ (မှန်လှပါ)၊ ရှင်းပြီလား ။ (ရှင်းပါ တယ်ဘုရား)။

ကိုယ့်ကိုယ်တိုင် ကြံခဲ့ တွေးခဲ့ပါတယ် ဆိုတော့ ကြံလုံးကို ကိုယ် ထင်တာနဲ့ပဲ၊ ငါ ထင်တာနဲ့ပဲ ပဋိစ္စ သမုပ္ပာဒ် ပေါ်လာတယ်။ (မှန်ပါ့)၊ ပေါ်လာတာ အဲဒီဥစ္စာ ပဋိစ္စသမုပ္ပာဒ်လို့ မသိတာနဲ့ ငါ့ကြံလုံး၊ ငါ့စည်လုံး ဖြစ်လာတယ်။ (မှန်လှပါဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ သက္ကာယဒိဋ္ဌိက အစကလဲ မပါခဲ့၊ အဆုံးမှာလဲ မပါ၊ အလယ်မှာ ရှုပ်နေတယ်ဆိုတာ ပေါ်ပြီ။ (ပေါ်ပါပြီ)၊ အင်း ဘယ်မှာရှုပ်နေ (အလယ်မှာ ရှုပ်နေပါတယ်ဘုရား)။

နေရာကျပြီ၊ ဒီနေ့တရား နေရာကျပြီ ဒကာ ဒကာမတို့။ (မှန်ပါ့)၊ ဪတို့ ဒိဋ္ဌိ မပြုတ်ရင် နိဗ္ဗာန် မရဘူးဆိုတော့ တို့ သည်ကားလို့ ဆိုရင် လူလားမြောက်တဲ့ အချိန်မှာ ဆရာသမားနဲ့ မတွေ့ပြီ ဆိုမှဖြင့်၊ ဒိဋ္ဌိရှုပ် တော့တာပဲ ဆိုတဲ့ဥစ္စာ ဖြင့် ဦးလှဘူး ပေါ်ပြီဗျာ။ (ပေါ်ပါပြီဘုရား)၊ သဘောကျပလား။ (ကျပါတယ် ဘုရား)။

လူလား မြောက်တာ

ကောင်းပြီ၊ ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမ တွေ ဘယ်မှာ သက္ကာယဒိဋ္ဌိ ဖြစ်ပါလိမ့်မတုံး ဆိုတော့ ပဋိသန္ဓေနေတုန်းလဲ မဖြစ်ပါဘူး ဘုရား။ (မှန်ပါ့)၊ သေခါနီးလဲ (မဖြစ်ပါဘုရား)၊ သေတဲ့ စိတ်လဲ မဖြစ်ပါဘူးဘုရား၊ ဘယ်မှာ ဖြစ်နေတုန်းဆိုတော့ လူလားမြောက်တဲ့ အချိန်မှာ ဖြစ်ပါတယ်။ (မှန်ပါ့ဘုရား)၊ ဘယ်လိုမှတ်ကြမယ်။ (လူလားမြောက်တဲ့ အချိန်မှာ ဖြစ်ပါတယ် ဘုရား)။

ဪဒါဖြင့် ခင်ဗျားတို့ လူလား မြောက်တာ ကဖြင့် အပါယ် သွားဖို့ပါပဲ။ (မှန်လှပါ)၊ လူလား မြောက်တာက (အပါယ်သွားဖို့ပါ ဘုရား)၊ ဒကာ ကြွယ်၊ ဦးမာဒင် မှားလား။ (မှန်ပါတယ်၊ မှန်တယ်၊ လူလား မြောက်ရင် အပါယ် သွားတော့မယ်။ (မှန်လှ ပါ)၊ လူလား မြောက်ရင် (အပါယ်သွား တော့မှာပါ ဘုရား)။

အမယ်လေး လူလားမြောက်မှာ ကြောက်စရာ ကြီးပါလား။ (ကြောက်စရာ ကြီးပါ)၊ ဒကာကြွယ် တို့ စိတ်ထဲကဖြင့် ဘယ်တော့ လူလားမြောက်ပါ့ မတုံး၊ သူတို့ကို ပခုံးယှဉ်ပြီးသကာလ ပြောချင် ဆိုချင် သွားချင်၊ ရောင်းချင်၊ ဝယ်ချင်လိုက်တာ၊ ဟိုက ကလေးဖြစ်နေသေးလို့ ခက်သေးတယ်။ (မှန်လှပါ ဘုရား)။

တယ်လူလား မြောက်ချင်ကြ (မြောက်ချင် ပါတယ်)၊ ဘာဖြစ်ချင်လို့တုံး ဆိုလို့ ရှိရင် ဒိဋ္ဌိပွားချင် လို့။ (မှန်ပါ့)၊ အပါယ် သွားချင်လို့။ (မှန်ပါ့)၊ ဆိုလို့ရှိရင် လွဲပါ့မလား။ (မလွဲပါဘုရား)။

ဪ ဒါဖြင့် မသိတဲ့ ပုဂ္ဂိုလ်များ လူလား မြောက်ရတဲ့အချက်ဟာဖြင့် ဒကာသစ် တယ်ဆိုပါ လား။ (မှန်ပါ့)၊ မသိတဲ့ ပုဂ္ဂိုလ်များ လူလားမြောက် လာတာ။ (ဆိုးပါတယ်ဘုရား)။

ဒီအထဲ တရားနာ လာကြတဲ့ ဒကာရော၊ ဒကာမ တွေရော ဆိုသလိုပဲ သမုတိသစ္စာနဲ့ ပြောလို့ ရှိရင် လူ လား မြောက်ပြီး သားချည်းပဲ။ (မှန်ပါ့)၊ ဘာတွေများ လူလား မြောက်နေကြတာတုံး ဆိုတော့ အပါယ်သွားဖို့ ခရီးရောက် နေကြတာ ဘုရား။ (မှန်ပါ့)၊ ဘယ့်နှယ် ဆိုကြ (အပါယ်သွားဖို့ ခရီးရောက် နေကြတာပါ ဘုရား)။

အလောင်းက သုသာန်၊ ကံ အကျိုးပေးက အပါယ်

တော်-တော်သေးတယ်၊ ခင်ဗျားတို့ ဒီလာတရား နာဖော်ရလို့။ (မှန်ပါ့)၊ တော်- တော်သေး တယ်၊ နို့မို့ အလောင်းက သုသာန် ဟုတ်လား။ (မှန်ပါ့)၊ အလောင်းက သုသာန်၊ ကံ အကျိုးပေးက အပါယ်။ (မှန်ပါ့)၊ အလောင်းက သုသာန် (ကံအကျိုးပေးက အပါယ်ပါ)၊ ဒီလိုချည်း သွားနေတာပဲ။ (မှန်လှပါ ဘုရား)။

အလောင်းက (သုသာန်ပါ)၊ ကံအကျိုးပေး က (အပါယ်ပါ)၊ အင်းလူလားမြောက်ပြီလို့၊ ဒီတော့ ဘေးကပုဂ္ဂိုလ်တွေက ငိုကြသေးတယ် ဒကာ ကြွယ်ရ၊ ကျောင်းဒကာကြီး သွားပေါ့။ (မှန်ပါ့)၊ ဟုတ်သားပဲ၊ ကျောင်းဒကာကြီးသွားတာ။ (မှန်ပါ့)၊ ရိပ်မိပြီလား။ (မှန်ပါ့)၊ ဘယ်သွားတာတုံး။ (အပါယ်သွားတာပါ)၊ ရိပ်မိပြီလား။ (ရိပ်မိပါပြီဘုရား)။

ကျောင်းဒကာကြီး သွားပေါ့ ပြောလိုက်တယ်။ ဒီ သက္ကာယဒိဋ္ဌိ မကွာလို့ရှိရင် သွားပေါ့ ပြောတာ မမှား ဘူးဗျ။ (မှန်လှပါ)၊ ရှင်းပြီလား။ (ရှင်းပါပြီ ဘုရား)၊ အင်းဒါဖြင့် ဘုရားဒကာကြီး သွားပေါ့၊ သက္ကာယ ဒိဋ္ဌိ မပြုတ်ဘဲနဲ့ လုပ်လို့ရှိရင်တော့ သုဂတိ ခဏ ရောက်ပြီး သွားဦးမှာပဲ၊ မသွားပေဘူးလား။ (သွားပါ တယ် ဘုရား)။

ဉာဏ်လား မြောက်ဖို့

အဲ ဒါ့ကြောင့် ဒကာ ဒကာမတို့ လူလား မြောက်တဲ့ အချိန်မှာ ဉာဏ်လား မြောက်ဖို့လဲ အရေး ကြီးပါတယ်။ (မှန်ပါ့)၊ လူလားမြောက်တဲ့အချိန်မှာ (ဉာဏ်လား မြောက်ဖို့ အရေးကြီးပါတယ်)၊ ဉာဏ် အလား အလာ မြောက်ဖို့လဲ အရေးကြီးတယ် ဆိုတာ ပေါ်ကြပြီလား။ (ပေါ်ပါပြီဘုရား)။

ကိုင်းဒါဖြင့် ဒီနေ့ဖြင့် ဉာဏ်အလား အလာ လူလားမြောက်တဲ့အချိန်မှာ ဉာဏ်အလား အလာလဲ မြောက်လို့ ရှိရင်ဖြင့် ခင်ဗျားတို့ အပါယ်လေးပါး တံခါး ပိတ်ပါတယ်။ (မှန်လှပါဘုရား)။

ခန္ဓာငါးပါး

ကိုင်း ကြည့်ကြပါ ဒကာ ဒကာမတို့၊ ပဋိသန္ဓေ နေခဲ့တုန်းကလဲ ခန္ဓာငါးပါး။ (မှန်ပါ့)၊ စုတိပြန်တော့ လဲ ခန္ဓာငါးပါး ချုပ်တာ ရှိတာပဲ။ (မှန်ပါ့ဘုရား)။

ပဋိသန္ဓေ နေတုန်းက ခန္ဓာငါးပါး ဖြစ်တာ။ (မှန်ပါ့)၊ စုတိပြန်တော့ ခန္ဓာငါးပါးဖြစ်ဆုံး။ (မှန်ပါ့)၊ သဘောကျလား။ (ကျပါတယ်)၊ ပဋိသန္ဓေနေ တုန်းက (ခန္ဓာငါးပါး ဖြစ်တာပါ)၊ ခန္ဓာငါးပါ ဖြစ်နေတာ (မှန်လှပါ)၊ စုတိတော့ ခန္ဓာငါးပါး (ချုပ်ဆုံးတာ ပါ)၊ ခန္ဓာငါးပါး ဖြစ်တာဖြင့် ဒီဘဝဆုံးပြီ။ (မှန်လှ ပါဘုရား)။

အလယ်မှာ ဘာနဲ့များ နေကြပါလိမ့်မတုံးလို့ မေးတော့မှ ရှင်းသွားတယ်။ (ရှင်းပါတယ်)၊ ဪ တပည့်တော် အလယ်လဲ ဒါနဲ့ နေဖို့ပေါ့ ဘုရား။ (မှန်ပါ့)၊ အလယ် ဘာနဲ့နေကြ။ (ခန္ဓာနဲ့ နေဖို့ပါ ဘုရား)။

အလယ်မှာ ခန္ဓာငါးပါးနဲ့ နေရုံပဲ။ (မှန်ပါ့)။ အစက ဘာနဲ့ မွေးခဲ့ကြ (ခန္ဓာငါးပါးနဲ့ မွေးခဲ့ကြ ပါတယ်)၊ အဆုံး ဘာနဲ့ နိဂုံးချုပ်ကြ (ခန္ဓာငါးပါးနဲ့ နိဂုံးချုပ် ပါတယ်)၊ ဒါဖြင့် အလယ်မှာ ဘာနဲ့နေကြ မယ်။ (ခန္ဓာငါးပါးနဲ့ နေကြဖို့ပါ ဘုရား)။

တော်တော်တော်လာပြီ (မှန်ပါ့)၊ တော် တော်တော်လာပြီ ဒကာကြွယ်၊ တော်တော် တော်လာ တယ်။ (မှန်ပါ့)၊ အင်း အလယ်မှာ လူ လားမြောက်တာ မဟုတ်ဘူး။ (မှန်ပါ့)၊ အလယ်မှာ ခန္ဓာငါးပါး အလှည့်အပတ်နဲ့ ဖြစ်နေတယ်။ (မှန်ပါ့)၊ ဒွါရ ခြောက်ပေါက်က လှည့်ဖြစ်နေတာ။ (မှန်ပါ့ ဘုရား)။

သေသေချာချာ နာကြပါ ဒကာ ဒကာမတို့။ (မှန်ပါ့)၊ သေသေချာချာ နာကြပါလို့ တောင်းပန်တာ သည် ပြောတဲ့ ပုဂ္ဂိုလ်က ရှင်းအောင် ပြောပါတယ်။ (မှန်ပါ့)၊ နားမလည်မှာ အလွန် စိုးရိမ်လို့ ဒီတောင်းပန် ချက် ခဏခဏ ထွက်လာတယ် မှတ်ရမယ်။ (မှန်ပါ ဘုရား)။

ဘာ့ကြောင့်တုံး ဆိုတော့ ခင်ဗျားတို့က ဘယ် တော့မှ မမှတ်မိတဲ့ လူကို၊ နာမည် အင်း အကဲခတ် နေရသလို ဖြစ်နေတယ်။ (မှန်ပါ့)၊ ဘယ်တော့မှ မတွေ့ဖူးတဲ့လူလို (အကဲခတ် နေရသလိုပါ)၊ အကဲ ခတ်နေရတော့ နာမည်လဲ မမှတ်မိဘူး လူရုပ်ပုံလဲ မဖမ်းနိုင် ဖြစ်နေလို့ သေသေချာချာ နာကြပါ၊ တစ် ခါမှ မတွေ့ဖူးတဲ့ အလုပ် ဖြစ်နေတယ်။ (မှန်လှပါ)။ ရှင်းပြီလား။ (ရှင်းပါတယ် ဘုရား)။

အတူနေပြီး မတွေ့ဖူးဘူး

တစ်ခါမှ (မတွေ့ဖူးတဲ့အလုပ်ပါဘုရား)၊ အောင် မယ်လေး အတူတူနေပြီး မတွေ့ဖူးဘူး ဆိုတော့ ဦးမာ ဒင် ခက်တယ်။ (မှန်လှပါ)၊ အတူနေပြီးတော့ (မတွေ့မိပါဘုရား)၊ ဘယ့်နှယ်ဖြစ်နေတုံး ဒကာကြွယ်၊ ပြောပြစမ်းပါဦး၊ အတူနေပြီး မတွေ့ဖူးဘူး ဆိုတော့။ (အမိန့်ရှိပါဘုရား)။

သက္ကာယဒိဋ္ဌိ မင်းမူလို့ပါ

ဒါဘာတုံးလို့ ဆိုလို့ ရှိရင် သုတဝါ အရိယာ သာဝကော ဆိုတဲ့အတိုင်း ဒကာသစ်ရေ အကြား အမြင်များတဲ့ ဆရာသမားများ မကပ်မိတဲ့အတွက် တစ်ခါတည်း သက္ကာယဒိဋ္ဌိ မင်းမူသွားတော့တာ။ မှန်လှပါဘုရား)။

အလယ်မှာ ဘယ်သူမင်းမူနေလဲ။ (သက္ကာယ ဒိဋ္ဌိ မင်းမူပါတယ်)၊ ကြောက်စရာ ကြီးပါလား။ (မှန်ပါ့)၊ အသေအချာ စဉ်းစားပါ ဒကာ ဒကာမတို့၊ ခင်ဗျားတို့ မွေးတုန်းကလဲ ခန္ဓာငါးပါး၊ သေတော့လဲ ခန္ဓာငါးပါး ဆုံးတယ်။ (မှန်ပါ့)၊ အလယ်မှာကျတော့ ခန္ဓာ ငါးပါး ပျောက်တယ်။ (ပျောက်ပါတယ် ဘုရား)။ ဟဘယ်သူ မင်းမူ နေပါလိမ့်မတုံး။ (သက္ကာယဒိဋ္ဌိ မင်းမူလို့ပါ)၊ ကိုင်းငါ သွားပြီ သက္ကာယဒိဋ္ဌိ မင်းမူပြီ (မှန်ပါ့)၊ ငါ မြင်တယ်ကွ ဆိုတော့ (သက္ကာယဒိဋ္ဌိ မင်းမူးပါတယ်)၊ ငါ နားထောင် ခဲ့ပါတယ်ကွ (သက္ကာယဒိဋ္ဌိ မင်းမူပါတယ်)၊ ငါကိုယ်တိုင် ဝတ်ခဲ့ပါတယ်ကွ။ (သက္ကယာဒိဋ္ဌိ မင်းမူ တာပါ)၊ အဲ ငါ့အကြံအစည် မတည့်လားကွ။ (သက္ကာယဒိဋ္ဌိ မင်းမူပါတယ် ဘုရား)။

ဪဒကာ ဒကာမတွေ ခက်လိုက်တဲ့ဖြစ် ခြင်း၊ သက္ကာယဒိဋ္ဌိ မင်းမူ နေတည်းကိုက ဒကာကြွယ် အခက်ကြီး ခက်ပြီ။ (ခက်ပါတယ်ဘုရား)။ ပြီး ပထမ ဟောခဲ့ပါတယ်၊ ဒိဋ္ဌိနိရောဓော နိဗ္ဗာနံ ဆိုတာ သက္ကာယဒိဋ္ဌိ ချုပ်ရင် နိဗ္ဗာန် ကိုဗျ။ (မှန်ပါ့)၊ သူ့ကိုယ်ကကို အခု အလယ်ပိုင်း မင်းမူ နေတယ်။ (မှန်ပါ့ သက္ကာယဒိဋ္ဌိ မင်းမူ နေပါတယ် ဘုရား)။

မင်းမူနေတာ ကိုလဲ ဒကာ ဒကာမတွေကတော့ ပြင်ပါ့မယ်၊ ဆင်ပါ့မယ်ဆိုတဲ့ ဥစွာလဲ တစ်ခါမှ မတွေ့ဖူးသေးတဲ့ ပုဂ္ဂိုလ်ကို မျက်စိ မျက်နှာ မမှတ်မိသလို ဖြစ် နေတယ်။ (မှန်လှပါဘုရား)။

ကြားကို မကြားဖူးတော့ သူက မူမြဲတိုင်း မူနေ တာပဲ၊ မင်းက (မှန်ပါ့)၊ ရိပ်မိပြီလား။ (မှန်လှပါ)၊ ဒါဖြင့် အားလုံး ဒကာ ဒကာမတွေ ခင်ဗျားတို့ ဒီအသက်ဒီအရွယ်တိုင်တိုင် ရောက်ပြီး သကာလ လာ ကြတာလဲ ဘုန်းကြီးများလဲ သိပါပြီ။ (မှန်လှပါ ဘုရား)။

ဘယ်သူ မင်းမူပြီး သကာလ ဘယ်သူ့လက် အောက်မှာ လူလားမြောက်လာကြတယ်ဆိုတာ အကဲ ခပါဦး။ (သက္ကာယဒိဋ္ဌိပါ)၊ သက္ကာယဒိဋ္ဌိ လက်အောက်မှာ လူလားမြောက် လာတယ်။ (မှန်ပါ့)၊ နာလိုက်တာ၊ နာလိုက်တဲ့ဖြစ်ခြင်း ဒကာ ဒကာမတို့။ (မှန်လှပါဘုရား)။

နိဗ္ဗာန် တံခါးပိတ်မည့်၊ အပါယ် တံခါး ဖွင့်မည့်၊ သက္ကာယဒိဋ္ဌိ အောက်မှာ လူလားမြောက် လာကြတဲ့ ဥစ္စာလောက် သက်ဆိုးရှည်ဖြင့် မရှိပါဘူးဗျာ။ (မှန်ပါ့)၊ ပေါ်ကြပြီလား။ (မှန်လှပါဘုရား)။

ဒကာကြွယ်သည် ကံကောင်း အကြောင်းသင့် သေးတယ် ဆိုတာ ကိုယ့်ဟာကိုယ် ဝမ်းသာ ကြစမ်းပါ နော်။ (မှန်လှပါ)၊ ကံကောင်း အကြောင်းသင့်တယ် ဆိုတာ (ဝမ်းသာရမှာပါ ဘုရား)၊ ကိုယ့်ဟာကိုယ် ဝမ်းသာကြစမ်းပါ။

ခင်ဗျားတို့ ကိုယ်ပိုင်ဉာဏ်နဲ့ ရွာပတ်ဝန်းကျင် အခြေအနေနဲ့ဖြင့် ဟိုအိမ်ကလဲ သက္ကာယဒိဋ္ဌိ မင်းမူနေတာပဲ။ (မှန်ပါ့)၊ ဒီဘက်အိမ်ကရော (သက္ကာယ ဒိဋ္ဌိ မင်းမူနေပါတယ် ဘုရား)။

ဪ ဒါဖြင့် ဟိုအိမ်က သေတဲ့မသာလဲ ဘယ် သွားပါလိမ့်မတုံး၊ အို အလောင်းက သုသာန်၊ အကျိုးပေးက အပါယ် (မှန်ပါ့ဘုရား)၊ သဘော ကျလား။ (မှန်ပါ့)၊ ဒီဘက်အိမ်က သေတဲ့ မသာလဲ ဘယ်များ သွားရှာပါလိမ့်မတုံး မေးရင် အလောင်းကတော့ သုသာန်ပဲ။ (မှန်ပါ့)၊ လူက (အပါယ်ပါ ဘုရား)။

အဲ ကံက ပစ်ချတယ်။ (မှန်ပါ့)၊ ဘယ်သူ မင်းမူနေတုံး။ (သက္ကာယဒိဋ္ဌိ မင်းမူနေပါတယ်)၊ တော် သေးတယ်နော်၊ ဒါ ခြောက်ဟောတဲ့တရား မဟုတ် ပါဘူး။ (မှန်ပါ့)၊ ဦးမာဒင် ဒါခြောက်ဟောတာလား။ (မဟုတ်ပါဘုရား)၊ မဟုတ်ဘူးတဲ့။

ခင်ဗျားတို့ မျက်လုံးပေါက်က အကဲခတ်ကြည့်၊ ငါမြင်တယ်ပြောတာပဲ။ (ငါမြင်တယ် ပြောပါ တယ်ဘုရား)၊ အဟုတ်ကိုပဲလား၊ အဟုတ်ပေါ့ကွ၊ ငါ ကိုယ်တိုင် မြင်ခဲ့တယ် ။ (မှန်လှပါ)၊ တစ်ခါတည်း မြင်စိတ် ငါ စွဲ-စွဲတယ်။ (စွဲပါတယ် ဘုရား)။

ငါကိုယ်တိုင် ကြားခဲ့တယ်။ မဟုတ်ပါဘူး၊ တစ်ဆင့်ကြားလား။ မဟုတ်ပါဘူး၊ ငါကိုယ်တိုင် ကြားခဲ့တာပါ။ (မှန်လှပါဘုရား)၊ ဘယ်သူ မင်းမူနေ တာလဲ။ (သက္ကာယဒိဋ္ဌိပါ ဘုရား)။

ငါကိုယ်တိုင် ဒီဥစ္စာ ရှူရှိုက်ကြည့်ခဲ့ပါသေးတယ် ကွ၊ မကောင်းတယ်၊ ကောင်းတယ် သိရအောင်။ (မှန်ပါ့)၊ ဘာ မင်းမူနေလဲ (သက္ကာယဒိဋ္ဌိပါ ဘုရား)၊ နှာခေါင်းပေါက်က မိတ်ဆွေ လာသရွေ့ကို သက္ကာယ ၊ ဒိဋ္ဌိက မင်းမူနေတယ်။ (မှန်လှပါ ဘုရား)။

စားကြည့်တော့ငါကိုယ်တိုင် စားကြည့်ခဲ့ပါ တယ်ကွာ ဆိုတော့ စားတဲ့စိတ် ဟူသရွေ့ စားတဲ့နောက်က တဏှာ၊ ဥပါဒါန် ကံတွေကစပြီး ဘယ်သူ မင်းမူနေလဲ (သက္ကာယဒိဋ္ဌိ ပါဘုရား)။

ငါကိုယ်တိုင် အထည်အလိပ်တွေ ကိုင်တွယ် စမ်းကြည်ပြီး ဝတ်တောင် ကြည့်ခဲ့သေးတယ်ကွ။ ဘယ်သူ မင်းမူနေလဲ။ (သက္ကာယဒိဋ္ဌိပါ)၊ ငါကိုယ်တိုင် ကြံလုံး ဖန်လုံးနဲ့ လုပ်လာလို့ ဒီအခြေအနေ ရောက်လာတာကွ၊ ဒါ ဘယ်သူ မင်းမူနေလဲ။ (သက္ကာယဒိဋ္ဌိပါ) မနောပေါက်ကလဲ သက္ကာယဒိဋ္ဌိ ပဲ မင်းမူနေတယ်။ (မှန်လှပါ ဘုရား)။

ကဲ ဒါဖြင့် ဒကာ ဒကာမတို့၊ စုတိနဲ့ ပဋိသန္ဓေ ကြား ဘယ်သူ မင်းမူနေပါလိမ့်။ (သက္ကာယဒိဋ္ဌိပါ)၊

ကြောက်စရာကြီးပါလား၊ အုပ်ချုပ်ရေးကဖြင့် ခင်ဗျား တို့အပေါ်မှာ အုပ်ချုပ်နေတာ၊ သက္ကာယ ဒိဋ္ဌိက ဘုရင် လုပ်နေတယ် (မှန်ပါ့)၊ အင်းဘယ်သူက ဘုရင် လုပ်နေလဲ။ (သက္ကာယဒိဋ္ဌိပါ ဘုရား)။

ဒကာသစ်၊ ဒါ နားကြီးကြီးနဲ့ထောင်ပါ။ (မှန်လှ ပါ)၊ နားကြီးကြီးနဲ့ထောင်မှ ဒကာ ဒကာမတွေ ဒီဥစ္စာ မှန်လွန်းလို့ ဒီလောက် အေးအေး ဆေးဆေး ပြော နေတယ်ဆိုတဲ့ အဓိပ္ပာယ် မှတ်စမ်းပါ။ (မှန်လှပါ ဘုရား)။

ခင်ဗျားတို့ အနေနဲ့ ခင်ဗျားတို့ အခြေအနေနဲ့ဖြင့် အင်းကျုပ်တို့ဖြင့် ဘယ်နေ့က သံဃာအပါး တစ်ရာ ကျုပ် ကိုယ်တိုင် ဆွမ်းလောင်း လိုက်တာပါပဲ (မှန်ပါ့)၊ ဘယ်နေ့ကဖြင့် ကျုပ်အကြောင်းလေး ညီညွတ် လာတာနဲ့ ဘယ်နေရာ သွားပြီး သိမ်လေး ပျက်နေတာ ပြင်လိုက်၊ ဘုရားတွေ ပျက်နေတာ အစား ထိုးလိုက်၊ ကျုပ်ကိုယ် တိုင် လုပ်ခဲ့တဲ့အလုပ်တွေ မနည်းပါဘူး၊ သဟတ္ထိက ဒါန။ (မှန်လှပါ ဘုရား)။

အံမာ လာလိုက်သေး။ (လာပါတယ်)၊ သဟတ္ထိက ဒါန ကျုပ် ကိုယ်တိုင် လုပ်ခဲ့တာပါ။ (မှန်ပါ့)၊ အံမယ်လေး သွားပေါ့။ (မှန်လှပါ)၊ ဒါကြောင့် သက္ကာယဒိဋ္ဌိက ကမ္မဿကတာဉာဏ် လောက်များ ဂရုကို မစိုက်ဘူး။ (မှန်လှပါ ဘုရား)။

သက္ကာယဒိဋ္ဌိက (ကမ္မဿကတာ ဉာဏ်လောက် ဂရုမစိုက်ပါ)၊ ကမ္မဿကတာ ဉာဏ်လောက် ဆိုတဲ့ဥစ္စာ ခင်ဗျားတို့ လှူဒါန်းပေးကမ်းတဲ့ ဉာဏ်လောက်တော့ ငါ မင်းတို့အပေါ်မှာ မင်းမူဦးမယ်။ (မှန်ပါ့)၊ ရှင်းပြီလား။ (ရှင်းပါတယ် ဘုရား)။

ဘယ်လောက်များ ကြောက်စရာ ကောင်းတယ် ဆိုတာ ပေါ်ကြပလား။ (မှန်ပါ့)၊ အဲဒါကြောင့် ဒကာကြွယ်တို့၊ ဒကာသစ်တို့ ပြောရတယ်၊ မတင်း တိမ်ပါနဲ့ဦးဗျာ။ (မှန်လှပါ ဘုရား)။

ခင်ဗျားတို့ ပေးကမ်း လှူဒါန်း ထားတာလေးတွေ ကုသိုလ် မရဘူးတော့ မဟုတ်ပါဘူး၊ ရပါတယ်၊ သို့သော် မတင်းတိမ်ပါနဲ့ဦး။ (မှန်လှပါ)၊ ဘာ့ကြောင့်တုံးလို့ မေးတော့မှ ယနေ့ လက်သည်ပေါ်လာပြီ။ (ပေါ်ပါ ပြီဘုရား)။

ဘယ်သူ မင်းမူနေတုံး။ (သက္ကာယဒိဋ္ဌိပါ)၊ ကဲ ရှင်းကြလား ဒကာကြွယ်၊ ဘယ်သူ မင်းမူနေ တယ်။ (သက္ကာယဒိဋ္ဌိပါ ဘုရား)၊ သက္ကာယဒိဋ္ဌိ မင်းမူနေတယ် ဆိုတာ ကမ္မဿကတာ ဉာဏ်လောက်က သက္ကာယဒိဋ္ဌိ ခွာနိုင်ရဲ့ လား။ (မခွာနိုင်ပါဘုရား)။

မခွာနိုင်တော့ ဒီဉာဏ်လေးက သူ့လက်အောက် က မနေဘူးလား။ (မှန်ပါ့)၊ ကဲ သက္ကာယဒိဋ္ဌိက ဒိဋ္ဌိ မဟုတ်လားဗျာ။ (မှန်ပါ့)၊ ကဲဒိဋ္ဌာသဝ (မှန်ပါ့)၊ ဆိုကြစို့၊ နာမည် သူ့ကို အကျယ်ချဲ့လိုက်တော့ ဘာဖြစ်သွား (ဒိဋ္ဌာသဝပ ါဘုရား)။

အာသဝနယ်

ဒါဖြင့်သူ မင်းမူပါတယ်ဆိုတဲ့ ဒိဋ္ဌာသဝ လက် အောက်မှာ ရောက်နေတယ်။ (မှန်ပါ့)၊ ပေါ်ပြီ လား၊ ဘယ်သူ့ လက်အောက် ရောက်နေ။ (ဒိဋ္ဌာ သဝ လက်အောက်ပါ ဘုရား)။

ဒါဖြင့် သူသည် ခင်ဗျားတို့ပြုတဲ့ ကုသိုလ်က အကျိုးပေးလို့ ရှိရင် အာသဝနယ်ကို လွန်ပြီး အကျိုး ပေးနိုင်ပါ့မလားလို့ မေးလိုက်တယ်။ (မပေးနိုင်ပါ)၊ ဒါကြပ်ကြပ် စဉ်းစားပါ။ (မှန်ပါ့)၊ အာသဝ နယ်ကလဲ ဘုံအားဖြင့် ဘဝဂ်တိုင်အောင်။ (မှန်ပါ့)၊ ဓမ္မအားဖြင့် သောတာပတ္တိမဂ်၏ရှေ့ ဂေါတြဘူတိုင် အောင် သူ လိုက်မနေဘူးလား (မှန်လှပါ ဘုရား)။

ကဲ ဒကာကြွယ်၊ အာသဝနယ်က ဘယ် လောက်ကျယ်လဲ။(ကျယ်ပြောပါတယ်)၊ သူ့အင်ပါ ယာ ခေတ်ပြော ပြောရင် သူ့အင်ပါယာ မနည်းဘူး။ (မှန်ပါ့)၊ သဘောကျလား ။ (မှန်ပါ့)၊ ဘုံအားဖြင့် ဘဝဂ် တိုင်အောင်။ (မှန်ပါ့)၊ နေဝသညာ နာသညာ ယတနဘုံ ထိအောင် လိုက်တယ်။ (မှန်ပါဘုရား)။

ဒါငါ့နယ်ကွ၊ ဒီနေရာကလူ နိဗ္ဗာန်မသွားရ ဘူး။ (မှန်ပါ့)၊ ရှင်းပြီးလား။ (မှန်ပါ့)၊ ဓမ္မအားဖြင့် ဆိုတော့ ခန္ဓာကိုယ် ဖြစ်စဉ်ထဲမှာ ဓမ္မတွေမှာ ဟေ့ မင်းတို့ ဝိပဿနာဉာဏ် လောက်တောင်မှ ငါသည် ကားလို့ ဆိုရင်ဖြင့် အုပ်ချုပ် နိုင်ပါသေးတယ်။ (မှန်လှ ပါဘုရား)။

ဒါ့ကြောင့် ငါ ဝိပဿနာ ရှုနေတယ် ဆိုတာ ပါသေးတယ်ကွာ (ပါပါတယ်)၊ ကဲ ဝိပဿနာ ဉာဏ်လောက်များ သူက မဖြုံ သေးဘူးတဲ့။ (မှန်ပါ့)၊

ဒုက္ခသစ္စာသိတဲ့၊ မဂ္ဂင်ရှစ်ပါးပြည့်တဲ့ မဂ်ဉာဏ်ကျ တော့မှ သူ လျှော့တယ်။ (မှန်လှပါဘုရား)။

တော်ပြီ သူ့နယ်လွတ်သွားပြီး ဒီလူတော့ ကျုပ် တားလို့ မရတော့ဘူး။ (မှန်ပါ) ပေါ်ကြပြီးလား။ (မှန်လှပါ)၊ ဒါဖြင့် ဒကာ ဒကာမတို့ ခင်ဗျားတို့ ဒီ တရားကို ကြိုးစားပြီးတော့ နာကြပါ။ (မှန်လှပါ)၊ အားလဲထုတ်ပါ။ (မှန်လှပါ ဘုရား)။

သူ့နယ်က မလွတ်သရွေ့ကာလပတ်လုံးဖြင့် ဒကာ ဒကာမတို့ အပါယ်လေးပါးငါ စိတ်ချရပြီလို ဘယ်တော့မှ မအောက်မေ့နဲ့။ (မှန်ပါ့)၊ ရှင်းပြီလား။ (မှန်ပါ့)၊ ကဲဒကာသစ် အရေးကြီးပုံ ပေါ်လာပြီ။ (မှန်လှပါဘုရား)။

ပဋိသန္ဓေနေတုန်းကလဲ ဒကာ ဒကာမတို့ ခန္ဓာ ငါးပါး ရုပ်နာမ် တရားနော်။ (မှန်ပါ့)၊ ခုထိတော့ဗျာ (ခန္ဓာငါးပါး ရုပ်နာမ် တရားပါ)၊ ခန္ဓာငါးပါး ရုပ်နာမ် တရား ဆုံးရှုံးသွားတာပဲရှိတယ်။ (မှန်လှပါ ဘုရား)။

အလယ်မှာပေါ်တဲ့ ဓမ္မတွေ၊ ခြောက်ဒွါရမှာ ပေါ် တဲ့ ဓမ္မ ပဋိစ္စသမုပ္ပာဒ်တွေ ဟူသရွေ့ကို ခင်ဗျားတို့ကလဲ ပဋိစ္စသမုပ္ပာဒ်လို့ မသိ။ (မသိပါဘုရား)၊ မသိတော့ အကုန် ငါစွဲချတယ်။ (စွဲမိပါတယ် ဘုရား)။

မသေမချင်း မင်းမူနေတယ်

ဒါဖြင့် အလယ်မှာ ဘယ်သူ မင်းမူနေလဲ။ (သက္ကာယဒိဋ္ဌိပါ)၊ ဒါဖြင့် မသေမချင်း မင်းမူနေတယ်။ (မှန်ပါ့)၊ ပေါ်ကြလား။ (မှန်ပါ့)၊ ဘာတဲ့တုံးဗျာ။ (မသေမချင်း မင်းမူနေပါတယ် ဘုရား)။

အံမယ်လေး ဒကာကြွယ် လွန်လှချည့်လား။ (မှန်ပါ့)၊ သေသေချာချာ ဉာဏ်နားနဲ့ ထောင်မှ ဒကာသစ်တို့ သြော် ဟုတ်ပါလား၊ ပေါ်လာတယ်။ (မှန်ပါ့)၊ ဟုတ်ပါလား ဆိုတာ အသေအချာ ဉာဏ်နားနဲ့ ထောင်မှ ပေါ်လာတယ်။ (မှန်ပါ့ဘုရား)။

ဘာ မင်းမူနေလဲ။ (သက္ကာယဒိဋ္ဌိပါ)၊ ဘယ် ကစ၍ ဘယ်တုံး ပဋိသန္ဓေနေက စပြီး မသေခင် စပ်ကြားဗျာ။ (မှန်ပါ့)၊ ဘယ်သူ မင်းမူနေလဲ။ (သက္ကာယဒိဋ္ဌိပါ)၊ ကဲ ကောင်းကောင်း ရိပ်မိကြပြီ။ (မှန်ပါ့ ဘုရား)။

ဒွါရခြောက်ပေါက် ဖြစ်ချင်တာကလာတာ။ ဒါ ငါချည်းစွဲတယ်။ (မှန်လှပါဘုရား)၊ ဒွါရခြောက် ပေါက် ဖြစ်ချင်တဲ့ စိတ်ဖြစ် (ငါ ထင်ပါတယ်)၊ ဒကာ ဒကာမတွေ ဘာထင်တုံး။ (ငါ ထင်ပါတယ်ဘုရား)။

ငါ စွဲပါတယ်

ကြည့်ငါ မြင်တယ်။ (မှန်ပါ့)၊ ဟော မြင်စိတ်ကို ငါစွဲတယ်။ (စွဲပါတယ်)၊ မြင်တာ ငါ လိုချင်တယ်၊ ဟောပဋိစ္စသမုပ္ပာဒ်မြင်လို့ လိုချင်တဲ့ တဏှာကို ငါ စွဲလိုက်တယ်။ (မှန်လှပါဘုရား)။

ငါ မရ မနေနိုင်ဘူးဆိုပြီး ဥပါဒါန် ငါစွဲလိုက် တယ်။ (စွဲပါတယ်)၊ ငါတော့ မရ အရ အားထုတ် ရမှာပဲဆိုတော့ ကံကို ဘာစွဲလိုက်တဲ့။ (ကံကို ငါစွဲ ပါတယ်ဘုရား)။

တစ်ခါ နားပေါက်လှည့်လိုက်ပြန်တော့၊ ငါ ကြား ခဲ့တယ်ဆိုတော့ ကြားစိတ် ဘာစွဲပြန် (ငါ စွဲပါတယ်)၊ အိုး ကြားလို့ကို ငါ သဘောကျတယ်၊ တဏှာကို ဘာစွဲပြန်တုံး ။ (ငါ စွဲပါတယ်)၊ စွဲတယ် တဏှာကို၊ ငါ သဘောကျတာ နည်းနည်းနောနော သဘောကျတာ မဟုတ်ဘူးနော်၊ အမြဲတမ်း သတိရနေတယ်။ (မှန်လှပါ ဘုရား)။

ဟော ဥပါဒါန်ကို (ငါစွဲပါတယ်)၊ ဒါ့ကြောင့် ငါတော့ဖြင့် ဒီပွဲလမ်းသဘင် မသွားမဖြစ်ဘူး။ (မှန်ပါ့)၊ ဟော ကာယကံ၊ ဝစီကံ မလာဘူးလား။ (လာပါတယ်)၊ ကံကို ဘာစွဲပြန်တုံး။ (ငါ စွဲပါတယ် ဘုရား)။

တစ်ခါ လှည့်ပြန်တာပဲ၊ နှာခေါင်းပေါက် လှည့် လိုက်၊ လျှာပေါက် လှည့်လိုက်၊ မနောပေါက် လှည့်လိုက်၊ ကိစ္စကြုံသလို လှည့်သွားတယ်။ (မှန်ပါ့)၊ လှည့်ချင်တာလှည့် ဒကာ ဒကာမတို့၊ ဒါဟာ ဖြစ် ပျက်ပါလား။ (မှန်လှပါ ဘုရား)။

ရုပ်နာမ်ပါလား။ (မှန်လှပါ)၊ ဖြစ်ပျက်ပါလားလို့ လာကို မလာဘူး။ (မလာပါ)၊ ငါချည်း အကုန်လုပ်ပစ်လိုက်တယ်။ (မှန်လှပါ)။ ဒါဖြင့် အလယ်ပိုင်း ဘယ်သူမင်းမူပါလိမ့်။ (သက္ကာယဒိဋ္ဌိ ပါဘုရား)၊ ဒကာကြွယ် ရှင်းပြီးလား။ (မှန်ပါ့)၊ သဘောကျလား။ (မှန်လှပါဘုရား)။

ဒါဖြင့် ယနေ့ ဒကာ ဒကာမတို့၊ ပဋိသန္ဓေ နေတုန်းကလဲ ကိုယ်ကိုယ်တိုင်က မသိခဲ့ရလို့ ရှိပါစေတော့။ (မှန်ပါ့)၊ သေတော့လဲ ကိုယ်ကိုယ်တိုင် သေတာကို ကိုယ်မသိလို့ ရှိပါစေတော့၊ အလယ် ပိုင်းမှာဖြင့် ကိုယ်သိလျက်သားနဲ့ ဆရာကောင်း သမားကောင်း မတွေ့တာနဲ့ သက္ကာယဒိဋ္ဌိ မင်းမူနေတဲ့ ဥစ္စာ ဖြင့် ဒီမင်းမှုကို ကျုပ်တို့ ဖြတ်ကြပေတော့။ (မှန်လှ ပါဘုရား)။

မဖြုတ်ရင် ရကို မရဘူး။ (မှန်ပါ့)၊ ကဲ ဒကာ ဒကာမတို့ တရားအချီး ကောင်းလို့ ဒီလောက် တောင် အဖိုးတန် နေတာလား၊ ခင်ဗျားတို့ ဖြစ်စဉ် မှာ ဤအတိုင်းပဲလား ဆိုတာ မေးကြည့်ပါဦး။ (ဖြစ် စဉ်ကိုက်ပါ ဘုရား)၊ ပေါ်ကြပြီလား။ (မှန်ပါ့ဘုရား)။

ဖြစ်စဉ်မှာ ဤအတိုင်းပါပဲ။ (မှန်ပါ့)၊ ကိုင်း ဒါဖြင့် ယခုလိုအခါ ပဋိသန္ဓေကလဲ နေပြီးခဲ့ကြပါပြီ၊

သေတဲ့ဆီလဲ သွားဆဲရှိပါသေးတယ်။ (မှန်ပါ့)၊ မရောက်သေးပါဘူး။ (မရောက်သေးပါဘုရား)။

မရောက်သေးတဲ့အချိန်မှာ ဘာလုပ်မတုံးဆိုတော့ တပည့်တော်တို့ မျက်လုံးပေါက် အလုပ်-လုပ်တယ် ဘုရား (မှန်ပါ့)၊ နားပေါက်က (အလုပ်-လုပ်ပါ တယ်)၊ နှာခေါင်းပေါက်က (အလုပ် လုပ်ပါ တယ် ဘုရား)။

လျှာပေါက်က (အလုပ်-လုပ်ပါတယ်)၊ , အင်းကိုယ်ပေါက်က (အလုပ်-လုပ်ပါတယ်)။ မနောပေါက်က (အလုပ်-လုပ်ပါတယ် ဘုရား)။

လုပ်တဲ့ အလုပ်ဟူသရွေ့ကိုလဲ ဘယ်သူ မင်းမူ တုံး။ (သက္ကာယဒိဋ္ဌိပါဘုရား)၊ ကိုင်း ဒါဖြင့် အား လုံး ဒကာ ဒကာမတို့ အရုပ်ဆိုး အကျည်းတန် ဆိုတဲ့ သက္ကာယဒိဋ္ဌိ အပါယ်တွန်းချမည့် တရားက ကျုပ်တို့ကို မင်းမူနေပြီ။ (မင်းမူနေပါတယ် ဘုရား)။

ဒါကြောင့် ခင်ဗျားတို့ ယခုလို သာသနာတွင်း မှာ သူ့ကို ဖယ်ရှားနိုင် ဖယ်ရှားတော့။ (မှန်ပါ့)၊ သာသနာလဲ ကုန်ရော တစ်ခါတည်း အကုန် မင်းမူ တယ်။ (မှန်ပါ့)၊ သူချည်း မင်းဖြစ်တော့မယ်။ (မှန်လှပါ ဘုရား)။

သာသနာကုန်သွားရင်

သာသနာကုန်သွားရင် ဘယ်သူ မင်းအစစ်တုံး ဆိုတာ ရိပ်မိပြီလား။ (မှန်ပါ့)၊ ဘယ်သူ မင်းမူမယ် ဆိုတာ ထင်ကြ (သက္ကာယဒိဋ္ဌိပါ)၊ သာသနာတွင်းမှာ ဘုန်းကြီးတို့လို ဆရာတော် သမားတော်တွေ၊ သိကြား လိမ္မာတဲ့ ပုဂ္ဂိုလ်တွေက ရှင်းလင်းပေးတဲ့အခါမှာ သူက နောက်ဆုတ် နောက်ဆုတ် နေတယ်၊ သဘောပါ လား။ (မှန်လှပါဘုရား)။

ဒီအချိန်လွဲသွားလို့ရှိရင် ဒကာကြွယ် စဉ်းစား၊ ဦးမာဒင်၊ ဒကာသစ် စဉ်းစား၊ ဘယ်သူ မင်းမူမတုံး။ (သက္ကာယဒိဋ္ဌိပါ)၊ ရုပ်နာမ် ပေါ်ပါဦးမလား။ (မပေါ် ပါ)၊ ဖြစ်ပျက်ကာ ပေါ်ပါဦးမလား။ (မပေါ်ပါ)၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တရော- ပေါ်ပါဦးမလာ။ (မပေါ်ပါဘုရား)

ဟာ မပေါ်လို့ရှိရင်ဖြင့် ဒကာကြွယ် ဘယ်သူ မင်းမူတုံး (သက္ကာယဒိဋ္ဌိပါ)၊ ကိုင်း ခင်ဗျားတို့ တဲတဲပဲ မိလိုက်တယ်၊ တဲတဲပင် ကျန်တော့တယ်။ (မှန်ပါ့)၊ တဲတဲကလေးကို မိအောင်ဖမ်းရင်ဖမ်းပါ၊ မဖမ်းတော့ဘူးဆိုလို့ရှိရင်ဖြင့် ကိုယ်ကျိုး အကြီးအကျယ် နည်းပေါ့ဟေ။ (မှန်လှပါဘုရား)။

ဒါ ဝမ်းနည်းအောင်လို့ ပြောတဲ့စကား မဟုတ် ပါဘူး (မှန်ပါ့)၊ အမှန်ကိုသိနေလို့ ကိုယ် ကိုယ်တိုင် ဝေဖန်ကြည့်တော့ ကိုယ့် ပဋိစ္စသမုပ္ပာဒ် ကိုယ်ကြည့် ပါဆိုတော့ ဒကာ ဒကာမတို့ မြင်တယ်၊ ဒီအဆင်း လေး တစ်ခု၊ ငါမြင်တာတွေ။ (မှန်ပါ့ဘုရား)။

ငါ ထင်ပါတယ်

ဟောမြင်တဲ့ စက္ခုဝိညာဏ်စိတ်ကလေး နာမက္ခန္ဓာလေးကို ငါ မထင်ဘူးလားဗျာ။ (ငါထင် ပါတယ်)၊ လိုချင်တယ်ကွ၊ တဏှာကို ဘာထင် သတုံး။ (ငါ ထင်ပါတယ်)၊ မရ မနေနိုင်ဘူးကွ။ ဥပါဒါန် ဘာထင်တုံး။ (ငါ ထင်ပါတယ်ဘုရား)။

မရ ရအောင် အားထုတ်မယ်ကွ၊ ဒီအလုပ်ကို လူလားမြောက်အောင်၊ ဘာထင်တုံး ။ (ငါ ထင်ပါ တယ်)၊ ကံ ငါ ထင်တယ်။ (ငါထင်ပါတယ် ဘုရား)။

မျက်လုံးပေါက်က တစ်နေ့လုံး ဒီအပေါက်က ချည်း ဖြစ်နေတာဆိုတော့၊ ကြားခဲ့ပြန်ပြီဟေ့ ဆိုတော့ ဟောကြားတာလဲ ငါ ကြားတယ် ထင်ပြန်ပြီ။ (မှန်ပါ့)၊ သဘောကျလား။ (မှန်ပါ့ဘုရား)။

ကြားလို့ မခံချင်ဘူးကွဆိုတော့ ဒေါသကို ဘာ ထင်ပြန်တုံး ။ (ငါ ထင်ပါတယ်)၊ ငါ သောကဖြစ် တယ်ကွလို့ ဆိုရင်တော့ (ငါ ထင်ပါတယ်)၊ ငိုသာ ငိုလိုက်ချင်တာပဲဆိုရင်ကော။ (ငါ ထင်ပါတယ် ဘုရား)။

အပါယ်ရေသောက်မြစ်ပါ

ကဲဘယ်သူ မင်းမူနေပါတုံး။ (သက္ကာယ ဒိဋ္ဌိပါဘုရား)၊ ဒါဖြင့် ဒကာကြွယ် ကျုပ်တို့မှာဖြင့် အခက်ကြီး ကြုံပေါ့။ (မှန်လှပါ)၊ တစ်သက်လုံး ဘယ် သူ မင်းမူနေတုံး။ (သက္ကာယဒိဋ္ဌိပါ)၊ သက္ကာယဒိဋ္ဌိ ဆိုတာ အပါယ်ရေသောက်မြစ်။ (မှန်လှပါဘုရား)။

ဒကာ ဒကာမတို့ သက္ကာယဒိဋ္ဌိဆိုတာ ဘာပါ လိမ့်။ (အပါယ်ရေသောက်မြစ်ပါ)၊ အပါယ်ရေ သောက်မြစ် တရားက ကျုပ်တို့ အပေါ် မင်းမူနေ တယ်။ (မှန်ပါ့)၊ ကိုင်း ဒါဖြင့် အပါယ်လွတ်နိုင် စရာ အကြောင်း ရှိသေးရဲ့ လား။ (မရှိပါဘုရား)။

ဒကာကြွယ် ကဲ ခင်ဗျားတို့ ကံကောင်းတာ ဘုန်းကြီး ချီးမြှောက်ပြောတာလား၊ တကယ်မှန် တာလား ဆိုတာလဲ အားလုံးပဲ အကဲခတ်ကြည့်ပါ။ (တကယ် ကံကောင်းတာပါ ဘုရား)။

ဒါပြုတ်အောင် နိုင်လို့ရှိရင် ခင်ဗျားတို့ ဘယ်နည်းနဲ့မှ အပါယ်တော့ မကျဘူး။ (မှန်ပါ့)။ ကျနိုင်ပါ့မလား။ (မကျနိုင်ပါ)၊ ဒါရှိနေတဲ့ ပုဂ္ဂိုလ် ဘုရားကလဲ လွတ်အောင် မတတ်နိုင်ဘူး၊ တတ် နိုင်ပါ့မလား။ (မတတ်နိုင်ပါ ဘုရား)။

အဲဒီတော့ ဒကာ ဒကာမတို့ အလယပိုင်းမှာ သက္ကာယဒိဋ္ဌိ မင်းမမူဖို့ အရေးကြီးဟာ ကျုပ်တို့ အရေး (မှန်ပါ့)၊ အလယ်ပိုင်းမှာ သက္ကာယဒိဋ္ဌိ မင်းမမူဖို့ အရေးဟာ (တပည့်တော်တို့အရေးပါ)။

ရင်ဝလှံ စူး၊ ဦးခေါင်းမီးလောင်

အဲဒီ အရေးထက် ကြီးတာဟာ မရှိဘူးလို့ အောက်ထား (မှန်ပါ)၊ အလယ်ပိုင်းမှာ သက္ကာယ ဒိဋ္ဌိ မင်းမူနေတာကို နှင်ထုတ်တဲ့ အရေးထက်ကြီးတဲ့ အရေးဟာ (မရှိပါ)၊ ဒါ့ကြောင့် ဘုရားက ရင်ဝလှံ စူး အဝေးကနေ ပစ်လိုက်တဲ့အခါ မြန်မြန်ရှောင် သလို (မှန်လှပါဘုရား)။

လှံကြီးနဲ့ ထိုးလိုက်တဲ့ အခါကျတော့ ရှောင် နိုင်သရွေ့ အစွမ်းကုန် အမြန်ရှောင်ပါ။ (မှန်ပါ့)၊ အဲဒီ ရှောင်တာ နှေးချင်နှေး သူ့ကို မြန်မြန်လုပ်ပစ် ပါ။ (မှန်ပါ့)၊ ဆိုတော့ ဘုရားက အရေးအကြီးဆုံး ဒါဥပမာပြတာ။ (မှန်ပါ့ဘုရား)။

ဦးခေါင်း မီးလောင်နေပါတယ် ဆိုလို့ရှိရင်လဲ ကဗျာ ကယာ မငြိမ်းကြဘူးလား။ (ငြိမ်းပါတယ်)၊ နှေးနှေးလား။ (မြန်မြန်ပါ)၊ ဘာဖြစ်လို့တုံးလို့ မေးတော့ကို အရေးကြီးတဲ့ အလုပ်ကို၊ အဲဒီ အရေးကြီး တာကို နှေးနှေး ထားချင်ထား၊ သူ မင်းမူနေတာကို မြန်မြန် ဖြုတ်လိုက် (မှန်ပါ့)၊ ရှင်းပြီလား။ (မှန်ပါ့ ဘုရား)။

ဒါဖြင့် ဘုန်းကြီးက ဒကာ ဒကာမတွေ အရေး ကြီး ခိုင်းတာလား ဘုရားက အရေးကြီးခိုင်းတာ လား။(ဘုရားကအရေးကြီးတာပါ)၊ပေါ်ပြီ။(မှန်ပါ့)၊ ပေါ်ပြီး ဒကာ ဒကာမတို့ နော်။ (မှန်လှပါဘုရား)။

အဲဒီတော့ကို ဒီအရေးဟာ ဒကာ ဒကာမတို့ ဒွါရ ခြောက်ပေါက် မှာပေါ်တဲ့ အရေးဟာ ပေါ်တဲ့ဓမ္မ ကို သြော် တစ်ခါတည်း မြင်တယ်ဆိုရင် မြင်စိတ်ပဲ ဟ။ (မှန်လှပါဘုရား)၊ မြင်တဲ့ ခန္ဓာငါးပါး။ (မှန်ပါ့)၊ သဘောကျပလား။ (မှန်လှပါ ဘုရား)။

အင်းကြားတယ်ဆို (ကြားတဲ့ ခန္ဓာငါးပါး)၊ စွဲလမ်းတယ်ဆိုရင် စွဲလမ်းတဲ့ ခန္ဓာငါးပါး)၊ အားထုတ် တယ်ဆိုရင် (အားထုတ်တဲ့ ခန္ဓာငါးပါးပါ ဘုရား)။

ဒါလေးဟာ ပေါ်တိုင်း၊ ပေါ်တိုင်း အင်းဒါ ခန္ဓာငါးပါး၊ ခန္ဓာငါးပါး၊ ခန္ဓာငါးပါး၊ ဒီလိုမှ မဆိုချင်လို့ ရှိရင်လဲ မြင်စိတ်၊ လိုချင်တဲ့စိတ်၊ ဟုတ်လား။ (မှန်ပါ)၊ စွဲလမ်းတဲ့ ဥပါဒါန်။ (မှန်ပါ့)၊ အားထုတ်တဲ့ ကံ (မှန်လှပါ ဘုရား)။

ဒါလဲ သင်္ခါရ

ဒါလေး ပေါ်တိုင်း ပေါ်တိုင်း သိပြီးသကာလ နေလို့ရှိရင်ဖြင့်၊ ဒါသည်ကားဆိုရင်ဖြင့် ဒကာ ဒကာမ တို့ မှတ်လိုက်ပါတဲ့ သက္ကာယဒိဋ္ဌိပြုတ်ပြီး သင်္ခါရ လောက သိတာ (မှန်ပါ့)၊ သက္ကာယဒိဋ္ဌိက (ပြုတ် ပါတယ်) ဘာသိသွား (သင်္ခါရလောက သိပါတယ် ဘုရား)။

သြော် ဒါလဲ သင်္ခါရ၊ ဒါလဲ သင်္ခါရ၊ ဒါလဲ သင်္ခါရ သင်္ခါရ ဒီကျတော့မှ သင်္ခါရလောက သိမှ “သဗ္ဗေသင်္ခါရာ အနိစ္စာ”လို့ နောက်က လိုက်မှာ။ (မှန်ပါ့)၊ တော်တော် အရေးကြီးတယ်၊ ကဲဒကာကြွယ် ပေါ်လာပြီဗျ။ (မှန်ပါ့ဘုရား)။

ဒီ ဒကာ ဒကာမတွေ ဘုန်းကြီးက အင်မတန် ကရုဏာရှေ့ထားပြီးသကာလ မသိ သိအောင် ပိဋကသုံးပုံကို မွှေနှောက်ပြီး သကာလ အမျိုးမျိုး ပြောနေတယ် (မှန်ပါ့)၊ ကြည့်စမ်း သင်္ခါရ လောက ပေါ်အောင် မနည်း ပြောယူ ရတယ်။ (မှန်ပါ့ဘုရား)။

သင်္ခါရလောက မပေါ်လို့ရှိရင် “သဗ္ဗေသင်္ခါရာ အနိစ္စ”လို့ ဘုန်းကြီး ဘယ်လို ဟောဟော မရဘူး၊ သင်္ခါရ လောက ပေါ်လာတော့မှ သင်္ခါရ လောကသည် အနိစ္စ ဟေ့လို့ ပြီးမှ ဟောရမှာ။ (မှန်လှပါ ဘုရား)။

သင်္ခါရလောက တည်းဟူသော တရား ပေါ်လာမှ ဒိဋ္ဌိက နောက်ဆုတ်မှာ၊ ရှင်းပြီလား။ (မှန်ပါ့)။ ဒါ သင်္ခါရလောက ဆိုတာ သိပြီလား။ (မှန်ပါ)၊ ဒီဓမ္မလဲ သင်္ခါရလောကပဲ။ (မှန်ပါ့)၊ ဘယ့်နှယ်ကြောင့် သင်္ခါရလောက ဆိုရတာတုံး ဆိုတော့ မြင်တဲ့ အာရုံကြောင့် သင်္ခါရလောက (မှန်ပါ့ဘုရား)။

ပြုပြင်လို့ ပေါ်လာခြင်းကြောင့်

အာရုံပြုပြင်လို့ ပေါ်လာသောကြောင့် မြင်စိတ် ကလေး ဘယ့်နှယ်ဆိုကြ (သင်္ခါရလောကပါ)၊ မြင်စိတ်ကလေးက မြင်တတ်ချုပ်သွားပြီး လိုချင်တဲ့ စိတ်ကို ကျေးဇူးပြုခဲ့တယ်။ အဲဒါကြောင့် မြင်တဲ့ စိတ်က ပြုပြင်လို့ ပေါ်လာခြင်းကြောင့် သူ့လဲ ဘယ့်နှယ် ခေါ်ကြ (သင်္ခါရလောက ပါဘုရား)။

ဒီတဏှာကလဲ သူ ဖြစ်ပျက်ဆိုပြီး ချုပ်သွားပြီ သကာလ ဥပါဒါန်ကို အစားထိုး ထားခဲ့တယ်။ (မှန်ပါ့)၊ ဒါဖြင့် တဏှာ ပြုပြင်လို့ ပေါ်လာတဲ့တရား။ (မှန်ပါ့)၊ ဒါဖြင့်သူ ဘာလောက (သင်္ခါရ လောက ပါဘုရား)။

ငါလဲ မဟုတ် ငါလုပ်ထားတာလဲ မဟုတ်

အဲ သူများပြုပြင်လို့ ပေါ်လာတဲ့ သင်္ခါရ လောက ကို ရှေးဦးစွာ သိရတယ်။ (မှန်ပါ့)၊ ထိုကဲ့သို့ သိတော့မှ သက္ကာယဒိဋ္ဌိက နည်းနည်း ရှောင်တယ်။ (မှန်ပါ့)၊ ငါလဲ မဟုတ်ပါလား၊ ငါလုပ်ထားတာလဲ ၊ မဟုတ်ပါလား။ (မှန်လှပါဘုရား)။

ငါလဲ ဟုတ်လား။ (မဟုတ်ပါဘုရား)၊ ငါ လုပ်ထားတာလဲ (မဟုတ်ပါဘုရား)။

ဒီ ကြည့်လေ၊ ငါလဲ မဟုတ်ဘူးဆိုတော့ ဒါက မြင်စိတ်။ (မှန်ပါ့)၊ ငါ လုပ်ထားတာလဲ မဟုတ်ဘူး ဆိုတော့ အာရုံဒွါရက လုပ်ထားတာ။ (မှန်ပါ့)၊ ဒါ့ကြောင့် ဒကာ ဒကာမတို့ သင်္ခါရ လောက ကို ရှင်းအောင် ပြောရဦးမယ်။ (ဟောပါ ဘုရား)။

သင်္ခါရ လောကကို ရှင်းအောင် ပြောပြီးတော့မှ သဗ္ဗေသင်္ခါရာ အနိစ္စလို့ ဘုန်းကြီး ဟောနိုင်မှာ။ (မှန်ပါ့)၊ သင်္ခါရလောကကို ဒကာ ဒကာမတွေက မရှင်းသေးဘူး ဆိုလို့ရှိရင် အနိစ္စ မဟောနိုင်ဘူး။ (မှန်ပါ့)၊ ကဲဒကာ ဒကာမတွေ ဘယ်လောက် အဖိုးတန်တယ်ဆိုတာ သိပြီလား။ (သိပါပြီဘုရား)။

အနိစ္စမင်းတို့ အနိစ္စရှု ပြီးတာပဲကွ ဆိုပြီး သကာ လ ဘယ်လိုပဲ ပြောကြ-ပြောကြ၊ ဪဒါ တစ် မျိုးပဲ မှတ်ရမယ်။ (မှန်ပါ့)၊ သင်္ခါရမှ မသိရင် အနိစ္စကို (မသိပါ)၊ ဘုရားက ဘယ်နှယ်ဟောတုံး။

သဗ္ဗေ သင်္ခါရာ (အနိစ္စပါ ဘုရား)။ သဗ္ဗေသင်္ခါရာ (ဒုက္ခပါ)၊ သဗ္ဗေဓမ္မာ (အနတ္တ ပါ)၊ ဟောဒီ သင်္ခါရသိမှ အနိစ္စသိမှာ။ (မှန်ပါ့)၊ သင်္ခါရ သိမှ (ဒုက္ခ သိမှာပါ)၊ သင်္ခါရ သိမှ (အနတ္တ သိမှာပါဘုရား)။

ကိုင်း အဲဒီ ထင်ရှားပြီ (မှန်ပါ့)၊ ဒါဖြင့် သင်္ခါရမှ မသိလို့ရှိရင် ပေါ်တာလဲ သိပါဦးမလား။ (မသိပါ ဘုရား)၊ ဟာ (ပေါ်တာမှ မသိလို့ရှိရင် နင် ပျက်တဲ့ အနိစ္စ သိဖို့ ဝေးပါသေးတယ် ဟောဒီမှာ အခြေ ပါလာတယ်။ နောက်က ဒကာ ဒကာမတွေ ရှင်းကြ ရဲ့လား (ရှင်းပါတယ်ဘုရား)။

ဒကာသစ် သေသေချာချာ ဒကာ ဒကာမတွေ အခြေအမြစ်နှင့်တကွ ပေးချင်တော့ကို ဥပမာ မလွယ် ဘူးနော်။ လွယ်ပါ့မလား။ (မလွယ်ပါ)၊ အို မင်းခန္ဓာကြီးဟာ အနိစ္စပဲကွာ၊ အဲ့ဒါ ရှုနေရုံပေါ့ ဆိုရုံနဲ့ တော့ ဝေးပါသေးတယ်။ (မှန်ပါ့)၊ ဝေးပါသေး တယ် ဒကာ ဒကာမတို့၊ ဖြစ်ကို မဖြစ်ဘူး အောက်မေ့ ပါ၊ ရကို မရနိုင်ဘူး အောက်မေ့ပါ။ (မှန်လှပါ ဘုရား)၊ သက္ကာယဒိဋ္ဌိက ဖြုံကိုမဖြုံဘူး။ (မှန်လှပါ ဘုရား)။

သင်္ခါရဖြစ်လာမှ သြော် ငါလဲ မဟုတ်ဘူး၊ ငါ လုပ်ထားတာလဲ မဟုတ်ဘူး၊ သဘောကျလား။ (မှန်ပါ့)၊ ကဲဒါဖြင့် ဒါက အဆင်းလေးတစ်ခု၊ ကဲ မြင်ပြီ ဒကာ ဒကာမတို့၊ မသေခင်-မသေခင် (မှန်လှပါ)၊ ဒါမြင်တာသည် မြင်စိတ်ပေါ့ဗျ။ (မှန်ပါ့)၊ မြင်ခန္ဓာပေါ့။ (မှန်ပါ့)၊ ပုဂ္ဂိုလ် သတ္တဝါ ဟုတ်ပါ ရဲ့လား (မဟုတ်ပါ ဘုရား)။

ဘာပါတုံးဗျာ။ (မြင်ခန္ဓာပါ)၊ မြင်ခန္ဓာပဲ။ (မှန်ပါ့)၊ သဘောကျလား။ (ကျပါတယ်)၊ ကဲ ဒါလေးက ဖြတ်ဆို ချုပ်သွားပြီး သကာလ၊ မြင်ပြီး သကာလ လိုချင်တာလေး အစားထိုး ထားခဲ့တယ်။

အင်းလိုချင်တာလေး အစားထိုးထားတော့ လိုချင်တဲ့ သဘောလေးက အလိုလို ပေါ်လာတာလား၊ မြင်တတ်တဲ့ ဓမ္မက အစားထိုး ခဲ့တာလား။ (မြင် တတ်တဲ့ ဓမ္မက အစားထိုး ထားခဲ့တာပါ ဘုရား)။

သင်္ခါရတရား

ဒါဖြင့် သူများပြုပြင်လို့ ပေါ်လာတဲ့ သင်္ခါရ တရား သဘောကျလား (မှန်ပါ့)၊ ကဲဒီသင်္ခါရ ကလဲ ချုပ်ပျောက် ပျက်စီးသွားပြန်တော့ ဒကာ ဒကာမတို့ စွဲလမ်းတဲ့ ဥပါဒါန် အစားထိုး ထားခဲ့တယ်။ စွဲလမ်းတဲ့ ဥပါဒါန် အစားထိုး ထားတော့ သူ့ဘာတရားခေါ်ကြ (သင်္ခါရတရားပါ ဘုရား)။

ကဲ ဒကာသစ် နေရာကျပြီ။ (မှန်ပါ့)၊ ပုဂ္ဂိုလ် သတ္တဝါ လုံးဝမပါဘူး၊ သင်္ခါရ တရားတွေကွ။ (မှန်ပါ့)၊ ဘာတရားတွေလဲ (သင်္ခါရတရား တွေပါ)၊ တရား နှလုံးသွင်းကြ ဒကာ ဒကာမတို့၊ ဥပါဒါန်လေး အစား ထိုးထားခဲ့တယ်။ (မှန်ပါ့ဘုရား)။

တဏှာက အစားထိုးထားခဲ့တယ်။ (မှန်ပါ့)။ ဒါဘာတရားပါလိမ့်။ (သင်္ခါရတရားပါ)၊ ဪ ဒါဖြင့် အနိစ္စ ဝတ သင်္ခါရာ။ (မှန်ပါ့ဘုရား)။

သင်္ခါရသိမှ အနိစ္စသိမယ်

ဝတ ဧကန္တေန=စင်စစ်အားဖြင့်၊ သင်္ခါရာ=သင်္ခါရ တရားတို့သည်ဆိုတော့ ဪ သူလေး ဆိုတာ ပေါ်လာပြီ။ (မှန်ပါ့)၊ ပြီးတော့မှ အနိစ္စာ=ဖြစ်ပြီး ပျက် ကုန်၏ဆိုတော့ သင်္ခါရသိမှ အနိစ္စသိမယ် (မှန်လှ ပါဘုရား)။

သင်္ခါရ မသိရင် (အနိစ္စမသိပါ)၊ ခင်ဗျားတို့က လူသေရင်ဖြင့် သြော် သင်္ခါရတွေပဲ၊ ရမ်းပြောနေ တယ်။ (မှန်ပါ့)၊ လူသေလို့ရှိရင် ဘာတဲ့။ (သင်္ခါရ ပါ)၊ ဘယ်သူ အနိစ္စ ရောက်သတဲ့၊ ဘယ်သူ အနိစ္စ ရောက်သတဲ့ ဪ သင်္ခါရ ဆိုတာ ဒီလိုပဲ။ (မှန်ပါ့ ဘုရား)။

ဖြစ်ပြန် ပျက်ပြန် လောကဓံပေါ့လေ၊ သဘင် သည်ပြော ပြောနေတယ်။ (မှန်ပါ့)၊ ဘာမှ အဓိပ္ပာယ် မပါဘူး၊ ရိပ်မိပြီလား။ (မှန်ပါ့)၊ ခင်ဗျားတို့က သဘင် သည်ပြော ပြောနေတယ်၊ ဘာမှ ကိုယ့်ခန္ဓာကြည့် ပြောတာလားလို့ မေးပြန်တော့လဲ (မဟုတ်ပါဘုရား)။

သူများခန္ဓာ အမှန်သိလို့ ကြည့်ပြောတာလားလို့ မေးပြန်တော့လဲ (မဟုတ်ပါ)၊ မဟုတ်ပါဘူးဗျ။ ကလေးတွေလိုပါ၊ ဟုတ်လား၊ ဓာတ်ရှင်က ဒီအသံပြောရင် သူတို့လဲ ဒီအသ ံပြောတာပဲ။ (မှန်ပါ့)၊ ဓာတ်ရှင်က စစ်တိုက် တာပြလို့ ရှိရင် သူတို့ အပြင်ဘက် ထွက် စစ်တိုက်တာပဲ။ (မှန်ပါ့ဘုရား)။

ခင်ဗျားတို့က ဒီမှာ လမ်းဆုံးနေတာ။ (မှန်ပါ့)၊ ဘာမှ အဓိပ္ပာယ်မရှိဘူး၊ သဘောပါလား (မှန်ပါ့)၊ တကယ့် ကလေးတွေပဲ ရှိသေးတယ်ဆိုတော့ ဒကာ သစ်က မခံချင်ရင်လဲ ရှိချင်ရှိမယ်။ (မှန်ပါ့)၊ အဘိ ဓမ္မာနဲ့ကျတော့ ဒီအတိုင်းပါပဲ။ (မှန်ပါ့ဘုရား)။

ကဲ ဒါဖြင့် ဒကာ ဒကာမတို့ ဥပါဒါန်ချုပ်သွား တော့ ဘာအစားထိုးခဲ့လဲ။ (ကံ အစားထိုး ခဲ့ပါတယ်)၊ ကံဟာ ဘာဖြစ်လဲ။ (သင်္ခါရတရားပါ)၊ ဒါ့ကြောင့် ကံသင်္ခါရလို့ ပြောတယ်၊ ရှင်းပြီလား (မှန်ပါ့ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ သန္တာန်မှာ ပေါ်လေသရွေ့၊ ဒွါရ ခြောက်ပေါက်က ပေါ်လေသရွေ့၊ ပဋိစ္စသမုပ္ပာဒ် ဟူသရွေ့၊ ပေါ်တဲ့ ပဋိစ္စသမုပ္ပာဒ် ဟူသရွေ့ ဘာတရား ခေါ်ကြလဲ (သင်္ခါရ တရားပါ ဘုရား)။

အင်း သင်္ခါရတရား သိလို့ရှိရင်ဖြင့်တဲ့ ဒကာ ဒကာမတို့ သက္ကာယဒိဋ္ဌိ ပြုတ်ပါပြီ၊ ဪ သင်္ခါရသာ ရှိတယ်၊ ပုဂ္ဂိုလ် သတ္တဝါ မရှိဘူး။ (မှန်ပါ့)၊ ပေါ်ပြီလား။ (မှန်ပါ့)၊ ဘာတွေရှိတာလဲ။ (သင်္ခါရပါ ဘုရား)။

ပုဂ္ဂိုလ်သတ္တဝါ (မရှိပါ)၊ ပေါ်လာပြီ။ (မှန်ပါ့)။ ပေါ်လာပြီးပေါ်လာပြီ၊ ဒကာကြွယ် နေရာကျလာ ပြီ။ (မှန်ပါ့)၊ ဘာတွေသာရှိလဲ။ (သင်္ခါရပါ)၊ ကိုင်း ယခုလို ပဝတ္တိအခါ ခင်ဗျားတို့ လူလား မြောက်တဲ့ အချိန်မှာ ခင်ဗျားတို့ သန္တာန် ပေါ်လာသရွေ့ တာတရားတွေလဲ။ (သင်္ခါရတရားတွေပါ ဘုရား)။

စားချင်တဲ့စိတ်ပေါ်တယ်။ (သင်္ခါရတရားပါ)၊ အိပ်ချင်တဲ့စိတ်ပေါ်တယ် ။ (သင်္ခါရတရားပါ)၊ ပြောချင်တဲ့စိတ် ပေါ်တယ်။ (သင်္ခါရတရားပါ)၊ ပေါ်ချင်တာပေါ် ဘာပါလိမ့်။ (သင်္ခါရတရားပါ)။ ရုပ်ပေါ်လဲ သင်္ခါရ၊ နာမ်ပေါ်လဲ သင်္ခါရဆိုတော့ သဘောကျလား။ (ကျပါတယ် ဘုရား)။

ဘာဒိဋ္ဌိ ပြုတ်သွားလဲ။ (သက္ကာယဒိဋ္ဌိပါ)၊ ဒကာ ဒကာမတို့ ငရဲမျိုးစေ့လေး ပြုတ်အောင် မနည်း သယ်ရ ပါလား၊ ရှင်းပြီလား။ (မှန်ပါ့)၊ ငရဲမျိုးစေ့လေး ဘယ့်နှယ်နေတုံး။ (ပြုတ်ပါပြီ ဘုရား)၊ တော်တော် ပြုတ်သွားပြီတဲ့၊ စင်လုံးချော မပြုတ်သေးပါဘူး။ (မပြတ်သေးပါဘုရား)။

စင်းလုံးချော မပြုတ်သေးပါဘူး၊ သင်္ခါရသိတဲ့ ဉာဏ်လေး ရသေးတယ်၊ သဘောပါကြလား။ (မှန်ပါ့)၊ ဘာသိတဲ့ ဉာဏ်ရ (သင်္ခါရသိတဲ့ဉာဏ် ရပါတယ်)၊ သခါရ ဆိုတာ မှတ်လိုက်စမ်းပါ ဒကာ ဒကာမတို့၊ သူများက အစားထိုးလို့၊ သူများက မင်းဖြစ်တော့ဆိုလို့၊ အစားထိုးလို့ ဖြစ်ပေါ်လာရတဲ့ တရား၊ သင်္ခါရ(မှန်ပါ့)၊ သဘောကျလား။ (မှန်လှ ပါဘုရား)။

ကိုင်း ဒါဖြင့် ခင်ဗျားတို့သည် ခင်ဗျားတို့ သန္တာန် ပေါ်နေသရွေ့ ဘာတရားခေါ်ကြ (သင်္ခါရ တရားပါ)၊ ကဲ ယောက်ျား မိန်းမ ငါ သူတစ်ပါး, (မရှိပါဘုရား)၊ ဟောဒကာ ဦးမာဒင် ဘာသိလို့ ပုဂ္ဂိုလ် သတ္တဝါ ပျောက်ပါလိမ့်ဗျာ။ (သင်္ခါရသိလို့ပါ ဘုရား)။

သင်္ခါရသိလို့ ပျောက်သွားတာ။ (မှန်ပါ့)၊ ဒါဖြင့် သင်္ခါရ သိအောင်ကို မနည်း ပြောရပါတယ်၊ သင်္ခါရ သိအောင် တစ်ပေါက် တစ်ပေါက်၏ ပဋိစ္စသမုပ္ပာဒ် ဖြစ်စဉ်ကို မသိရင်လဲ သင်္ခါရက မသိနိုင် ပါဘူးတဲ့။ (မှန်လှပါ ဘုရား)။

ဒါဖြင့် ပဝတ္တိအခါမှာ ဖြစ်နေသရွေ့၊ ယခုလို အခါမှာ ဖြစ်နေတဲ့ တရားတွေ ကိုယ့်သန္တာန် ဘာပဲ ပေါ်လာ ပေါ်လာ၊ ဘာဆိုကြမလဲ။ (သင်္ခါရတရား ပါ)၊ ပုဂ္ဂိုလ်သတ္တဝါ ပါသေးလား။ (မပါ-ပါ)၊ မပြော ရဘူးလို့ မဆိုပါဘူး၊ ပေါ်တာတော့ဖြင့် သင်္ခါရလို့ သိထားပါ၊ ရှင်းပြီနော်(ရှင်းပါပြီဘုရား)။

ကောင်းပြီ ဒါဖြင့် သင်္ခါရတရားတွေ သိသွား ပြီနော်။ (မှန်ပါ့)၊ ပုဂ္ဂိုလ် သတ္တဝါ စင်ပြီလား။ (စင်ပါတယ်)။

ဒီထက်စင်အောင် ဘုရားက တစ်ခါလာပြန်တော့ ဒကာ ဒကာမတို့ ဒါလေးက အဆင်းလေးပေါ့ဗျာ။ (မှန်ပါ့)၊ အဆင်းလေးကြောင့် အဆင်းနဲ့ ရူပါရုံ တိုက် တာနဲ့ ဒကာ ဒကာမတို့ မြင်စိတ်ကလေး မပေါ် ဘူးလား။ (ပေါ်ပါတယ်ဘုရား)။

ဪ ဒီသင်္ခါရတရားလေး၊ ပေါ်လာတဲ့ တရားလေး ဘာခေါ်ကြလဲ။ (သင်္ခါရတရားပါ)၊ သင်္ခါရတရား သည် ဒကာ ဒကာမ တို့ သူ့သက်တမ်း က နေလို့ကို မဖြစ်လို့ ချုပ်သွား တယ်၊ ချုပ်သွားတဲ့ အခါကျတော့ ဪသင်္ခါရ တရားဘယ်များ လမ်းဆုံး ပါလိမ့်။ (အပျက်မှာ လမ်းဆုံး ပါတယ်ဘုရား)။

သဗ္ဗေသင်္ခါရာ အနိစ္စာ

ဪ ဒါဖြင့် သင်္ခါရာ အနိစ္စ (မှန်ပါ့)။ ပေါ်ပြီ။ (မှန်ပါ့)၊ သဗ္ဗေသင်္ခါရာ (အနိစ္စပါ)၊ သဗ္ဗေ ဆိုတာ အများကို ထည့်ပြောတာ။ (မှန်ပါ့)၊ ဒီလဲ – ဒီတစ်ခုတည်းလဲ အတူတူပဲ။ (မှန်လှပါဘုရား)။

သင်္ခါရာ (အနိစ္စပါ)၊ ဪသင်္ခါရတရားဟာ အနိစ္စလမ်းဆုံးတယ်။ (မှန်ပါ့)၊ သင်္ခါရတရားဟာ (အနိစ္စလမ်းဆုံးပါတယ်ဘုရား)။ ကောင်းပြီ ဒါဖြင့် ဒီနှစ်ချက် သိပေါ့။ (မှန်ပါ့ ဘုရား)။

အရင်တုန်းကတော့ ပေါ်တာ သင်္ခါရ။ (မှန်ပါ့ ဘုရား)၊ အခုတော့ ပျက်တာက အနိစ္စ (မှန်ပါ့ ဘုရား)။

ပေါ်တာက (သင်္ခါရပါ)၊ ပျက်တာက (အနိစ္စ ပါဘုရား)၊ ကောင်းပြီတဲ့၊ ဒီလိုသိသွားတော့ ပေါ်တာ သင်္ခါရ သိပြန်တော့လဲ ဒကာ ဒကာမတို့တဲ့ သက္ကာယ ဒိဋ္ဌိစင်ပါတယ်။ (မှန်လှပါဘုရား)။

အနိစ္စ သိလိုက်ပြန်တော့လဲ သဿတ ဒိဋ္ဌိစင် ပါတယ်။(မှန်ပါ့ဘုရား)၊ နှစ်ချက်စင် (မှန်ပါ့)၊ သင်္ခါရ သိတော့ ဘာစင်တုံး။ (သက္ကာယဒိဋ္ဌိ စင်ပါတယ်)၊ သင်္ခါရလေး ချုပ်သွားတာ မြင်လိုက်တော့ (သဿတ ဒိဋ္ဌိစင်ပါတယ် ဘုရား)။

သဿတဒိဋ္ဌိ စင်တယ် ကြည့်စမ်းဒကာ ကြွယ်၊ ဘယ်လောက် အဖိုးတန်တုံး။ (မှန်ပါ့)၊ အင်မတန် အရေးကြီးတဲ့တရား ဆိုတာ ပေါ်လာကြပြီလား။ (မှန်ပါ့)၊ ဒါဖြင့် ဒီတရားလေးဟာ ချုပ်သွား ပြန်တယ်၊ ချုပ်သွားပြီး ဒီတရားလေးက အစားထိုးလာ တော့ ပေါ်မလာဘူလား။ (ပေါ်လာပါတယ် ဘုရား)။

ပေါ်လာတော့ ဒီတရား ဘာခေါ်ကြ (သင်္ခါရ တရားပါဘုရား)၊ သင်္ခါရ တရားလေးပဲ၊ အလိုလို ပေါ် လာတာလားဒကာ ဒကာမတို့၊ သူများ ပြုပြင်လို့ လား (သူများပြုပြင်လို့ပါ)၊ ဒီလို သူများပြုပြင်လို့ ပေါ်တဲ့ သင်္ခါရလို့ သိလိုက်ပြန်တော့ ဥစ္ဆေဒ ဒိဋ္ဌိကလဲ လွတ်ပြန်တယ်။ (မှန်လှပါဘုရား)။

ပြုပြင်တဲ့တရားကြောင့် ပေါ်တာ။ (မှန်ပါ့)၊ ပြတ်သွားသလား နောက်ထပ် အစားထိုးလာ သလား။ (အစားထိုးပါတယ်)၊ ဒါဖြင့် အရင်ဓမ္မ ချုပ်ပြီး နောက် ဓမ္မပေါ်တယ်ဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။

ဒိဋ္ဌိ သုံးမျိုး

အဲဒါကြောင့် ဒကာ ဒကာမတို့ ပေါ်တဲ့သင်္ခါရ ကို သိလိုက်ပြန်ရင်လဲ ဥစ္ဆေဒဒိဋ္ဌိနှင့် သက္ကာယဒိဋ္ဌိ လွတ်တယ် ရှင်းပြီလား။ (မှန်ပါ့)၊ ပေါ်တဲ့ သင်္ခါရ နဲ့ ဒကာ ဒကာမတို့ သူ့ကို အမှန်အကန် သိလိုက်ရင်ဘာတဲ့တုံး။ (ဥစ္ဆေဒဒိဋ္ဌိနှင့် သက္ကာယဒိဋ္ဌိ လွတ်ပါတယ် ဘုရား)။

ဥစ္ဆေဒဒိဋ္ဌိနှင့် (သက္ကာယဒိဋ္ဌိလွတ်ပါတယ်)၊ ၎င်း သင်္ခါရတရားလေးက ဖြစ်ပြီး ပျက်သွားပြန်ပြီ ဦးမာ ဒင်ရဲ့၊ ဘာဆိုကြမတုံး။ (သဿတဒိဋ္ဌိစင်ပါတယ်)။ အနိစ္စ မြင်လိုက်တယ်၊ အနိစ္စ မြင်လိုက်တဲ့ အတွက် ဘာဖြစ်တုံး။ (သဿတဒိဋ္ဌိ စင်ပါတယ်)၊ ရှင်းပြီ လား (မှန်လှပါဘုရား)။

အနိစ္စ မြင်လိုက်တဲ့အတွက် သဿတဒိဋ္ဌိစင် တယ်။ (မှန်ပါ့)၊ ဪဒါဖြင့် အလယ်ပိုင်းမှာ ဆရာဘုန်းကြီး ဒိဋ္ဌိသုံးမျိုး ရှင်းပေးပါတယ်။ (မှန်ပါ့)၊ ပေါ်ပြီလား။ (မှန်လှပါဘုရား)။

အလယ်ပိုင်းမှာ ဘာရှင်းပေးပါလိမ့်။ (ဒိဋ္ဌိ သုံးမျိုးပါ ဘုရား)၊ ကိုင်း တစ်ခါ တဏှာလေးက ချုပ်သွားတယ်၊ ဒကာ ဒကာမတို့နော်။ (မှန်ပါ့)၊ အနိစ္စ မြင်ကြပလား။ (မှန်ပါ့)၊ သူသည် တဏှာ ပစ္စယာ ဥပါဒါနံဆို ပဋိစ္စသမုပ္ပန္န အစားထိုးတယ်။ (မှန်လှပါဘုရား)။

သင်္ခါရတရားလေး ပေါ်ပြန်တယ်။ (မှန်ပါ့)၊ မပေါ်ဘူးလား။ (ပေါ်ပါတယ်)၊ ပေါ်တော့ သြော် ဒါ ဥပါဒါန် သက်သက်ပဲလို့ မသိဘူးလား (သိပါတယ်)၊ ဥပါဒါန် သက်သက်ပဲလို့ သိလိုက်တော့ သက္ကာယဒိဋ္ဌိ မစင်လား။ (စင်ပါတယ် ဘုရား)။

သို့သော် သူ့အလိုလို ပေါ်တာလား၊ ဒကာ ဒကာမတို့ ရှေးအကြောင်းကြောင့် ပေါ်တာလား။ (ရှေးအကြောင်းကြောင့် ပေါ်တာပါ)၊ ရှေးအကြောင်း ကြောင့် ပေါ်တာ သိလိုက်ရင် ဥစ္ဆေဒဒိဋ္ဌိ စင်တယ်။ ပေါ်ပြီလား။ (မှန်လှပါဘုရား)။

သူ့နာမည် သိလိုက်လို့ရှိရင် သက္ကာယဒိဋ္ဌိ စင်ပါ တယ်။ (မှန်ပါ့)၊ ရှေးအကြောင်း ကြောင့် ပေါ်တာ သိပြန်တော့ (ဥစ္ဆေဒဒိဋ္ဌိ စင်ပါတယ်၊ ကဲတရားလေးပဲ ဒကာ ဒကာမတို့ သေသေချာချာ ကြည့်ပါ။ ဖြတ်ဆို သက်တမ်းစေ့တော့ ပျက်သွားတယ်၊ ပျက်သွားတော့ ။ အနိစ္စ ရောက်မသွား ဘူးလား။ (အနိစ္စ ရောက်ပါတယ် ဘုရား)။

ဒိဋ္ဌိသုံးမျိုးသတ်ပြတယ်

ဘယ်ဒိဋ္ဌိစင်တုံး ။ (သဿတဒိဋ္ဌိ စင်ပါတယ်)။ ကိုင်းဒကာကြွယ် သေပျော်ပြီ၊ ဒိဋ္ဌိသုံးမျိုး တစ်ခါ တည်း သတ်ပြတယ်။ (မှန်လှပါ)၊ ဒိဋ္ဌိသုံးမျိုး တစ်ခါ တည်း သတ်ပြတာ ဒကာ ဒကာမတွေ သဘောကျ ကြရဲ့လား။ (သဘောကျပါတယ် ဘုရား)။

မကျသေးလို့ရှိရင် ဪငါ ငရဲမျိုးစေ့ မပြတ် – သေးဘူးမှတ်။ (မှန်ပါ့)၊ မကျသေးလို့ရှိရင် (ငရဲမျိုးစေ့ မပြတ်သေးပါ)၊ တော်တော် အရေးကြီးတဲ့ တရား ဆိုတာ အသေအချာမှတ်ပါ။

ဆင်းရဲကင်းကွာတွေ ဘာတွေနဲ့ ခင်ဗျာ၊တို့ ရတာတွေ လျှောက်ရွတ်နေလို့တော့ မလွတ်ဘူး။ (မှန်ပါ့)၊ ရှင်းပြီလား။ (မှန်ပါ့ဘုရား)၊ ဒီသုံးချက်ကို ရှင်းနေမှ (မှန်ပါ့ဘုရား)။

ကဲဒါဖြင့် ဥပါဒါန်ချုပ်သွားပြီး ဒကာ ဒကာမ တို့၊ ဒီနေရာ ဘယ်သူအစားထိုးတုံး။ ကံ အစား ထိုးပါတယ်)၊ ကံအစား မထိုးဘူးလား။ (မှန်လှပါ ဘုရား)၊ ကဲကံအစားထိုးတဲ့အတွက် သူ့ဘာတရား ခေါ်ကြ (သင်္ခါရ တရားခေါ်ပါတယ် ဘုရား)။

ကဲ ကံသင်္ခါရတရားဆိုတာ သိတယ်၊ သိတဲ့ အတွက် ဘာဒိဋ္ဌိစင်တုံး။ (သက္ကာယဒိဋ္ဌိ စင်ပါတယ်)၊ သက္ကာယဒိဋ္ဌိ စင်သွားပြီ၊ သို့သော် သူ အကြောင်း ကင်း ပေါ်တာလား၊ ရှေးဥပါဒါန်၏ စွမ်းရည်သတ္တိ ပါသေးလား။ (ရှေးစွမ်းရည်ပါပါတယ်)၊ ပါတာ သိလိုက်သဖြင့် ဘယ်ဒိဋ္ဌိစင် (ဥစ္ဆေဒဒိဋ္ဌိ စင်ပါတယ် ဘုရား)။

ကဲ ဒကာသစ် သေပျော်ပြီး အောက်မေ့ တော့၊ သေပျော်ပြီ။ (မှန်ပါ့)၊ ကြည့်ရင်းမတ်တတ် ခဲ့ ဦးမာဒင်တို့ ဒကာကြွယ်တို့ ချုပ်သွားပြီ။ (မှန်ပါ့)၊ အနိစ္စ မတွေ့လိုက်ဘူးလား။ (တွေ့လိုက်ပါတယ်)၊ ဘယ်သူ စင်တုံး။ (သဿတဒိဋ္ဌိစင်ပါတယ်ဘုရား)။

ဒိဋ္ဌိသုံးမျိုး စင်ပါတယ်

ကဲ တစ်လုံးတည်းမှာ သုံးခု စင်တယ်။ (မှန်ပါ့)၊ တစ်လုံးတည်းမှာ (သုံးခုစင်ပါတယ်)၊ ဖြစ်ပေါ်တာ မြင်လို့ ရှိရင် သက္ကာယဒိဋ္ဌိ စင်တယ်။ (မှန်ပါ့)၊ သူဟာ အကြောင်းမကင်းဘူးလို့ သိရင် (ဥစ္ဆေဒဒိဋ္ဌိ စင်ပါတယ်)၊ ပျက်တာကို မြင်လိုက်ရင် (သဿတဒိဋ္ဌိ စင်ပါတယ်ဘုရား)။

တစ်လုံးဘယ်လောက် အရေးကြီး။ (အရေး ကြီးပါတယ်)၊ ဒီတစ်လုံးဟာ အင်မတန် အရေးကြီး ပါ တယ် (မှန်ပါ့)၊ ဒိဋ္ဌိသုံးမျိုး စင်ပါတယ်။ (မှန်လှ ပါ)၊ ကာ ဒကာမတို့ ဘယ်နှမျိုးစင်ပါသတဲ့။ (ဒိဋ္ဌိသုံးမျိုး စင်ပါတယ် ဘုရား)။

ဒီဒိဋ္ဌိသုံးမျိုးသာ ကင်းလို့ရှိရင်ဖြင့် ဒကာသစ် တို့၊ ဒကာကြွယ်တို့၊ ဦးလှဘူးတို့ ဘယ်မှာ အပါယ် သွားတဲ့ ပုဂ္ဂိုလ်ရှိမတုံး။ (မရှိပါဘုရား)။

စတူဟာ ပါယေဟိစ ဝိပ္ပမုတ္တာ (မှန်ပါ့)၊

စတူဟာပါယေဟိ =စတူဟိ =လေးပါးကုန်သော။ အပါယေဟိစ=အပါယ်ဆိုးမှလည်း။ ဝိပ္ပမုတ္တော=လွတ် ၏ (မှန်လှပါဘုရား)။

ဘာ့ကြောင့် လွတ်သတုံးဆိုတော့ သက္ကာယ ဒိဋ္ဌိ ဝိစိကိစ္ဆာ ဆိုတဲ့ ဒိဋ္ဌိပြုတ်လို့လို့ ဘုရားက ပရိတ် ကြီးမှာ အသေအချာ ဟောတယ်။ (မှန်လှပါ)၊ မဟောပေဘူးလား။ (ဟောပါတယ်)၊ ဘာပြုလို့ တုံး။ (ဒိဋ္ဌိပြုတ်လို့ပါ ဘုရား)။

အဲဒါ က ဝိစိကိစ္ဆာပါလည်တယ်၊ဒိဋ္ဌိပြုတ်ရင် ဝိစိကိစ္ဆာ ပြုတ်ပါတယ်။ (မှန်လှပါ)၊ ဒိဋ္ဌိပြုတ်ရင် (ဝိစိကိစ္ဆာ ပြုတ်ပါတယ်)၊ အဲဒီတော့ ခင်ဗျားတို့ ဒီနေ့ နာရတဲ့တရား ဒကာသစ်ရေ ဒိဋ္ဌိဘယ်နှမျိုး ပြုတ် တုံး။ (သုံးမျိုး ပြုတ်ပါတယ် ဘုရား)။

အလုပ်နဲ့ပြုတ်မှ သေချာမယ်

ဒါဟာ အခု နည်းပေးတဲ့ အပြုတ် ရှိသေးတယ်၊ ခင်ဗျားတို့ အလုပ်- လုပ်ကြည့်ရင်ဖြင့် တကယ် ဝမ်း ထဲမှာရှိတာ ပြုတ်ပါလိမ့်မယ်။ (မှန်ပါ့)။

အခု ဆရာဘုန်းကြီး ဟောနေတာ ဘာတုံး။ (နည်းပေးတာပါ)၊ နည်းပေးတဲ့ အပြုတ် ရှိသေးတယ်။ ခင်ဗျားတို့ အလုပ်နဲ့ပြုတ်မှ သေချာမယ်။ (မှန်ပါ့)။

နည်းပေးတဲ့ အပြုတ်ကတော့ဖြင့်တဲ့ ဒကာ ဒကာမတို့တဲ့ ဆရာကောင်းလို့သာ မှတ်ပေတော့။ (မှန်လှပါ)၊ အလုပ်နဲ့ ပြုတ်လို့ ရှိရင်ဖြင့် မိမိဝဋ် မိမိချွတ်တဲ့ ပုဂ္ဂိုလ် ပဲလို့မှတ် (မှန်ပါ့)၊ အလုပ်နဲ့ပြုတ်ရင် (မိမိကိုယ် မိမိချွတ်တဲ့ ပုဂ္ဂိုလ်ပါ ဘုရား)။

ဒါဖြင့် ကိုယ့်ဝဋ် ကိုယ်ကျွတ်ချင်ကြရင်ဖြင့် အလုပ်နဲ့ ပြုတ်အောင် လုပ်ပါ။(မှန်ပါ့)၊ ကိုယ့် ဝဋ်ကိုယ် ကျွတ် ချင်ကြရင် (အလုပ်နဲ့ ပြုတ်ရပါမယ်)၊ အလုပ်နဲ့ ပြုတ်အောင် လုပ်ရမယ် ဆိုကတည်းက ဦးလှဘူး တွေးတော့ ဆုတောင်း နေတဲ့ ပုဂ္ဂိုလ် အတွက် မပါဘူး။ (မပါ –ပါဘုရား)။

အလကားနေတဲ့ ပုဂ္ဂိုလ်အတွက်လဲ (မပါပါ)။ သားရေး၊ သမီးရေး၊ စီးပွားရေး ဂရုစိုက်နေတဲ့ ပုဂ္ဂိုလ် အတွက်လဲ (မပါ-ပါ)။ မပါဘူးတဲ့၊ ဒီ ခန္ဓာပဋိစ္စ သမုပ္ပာဒ်ကို ဖြစ်တာလဲ သိရမယ်၊ ပျက်တာလဲ (သိရမှာပါဘုရား)။

ဖြစ်တာသိလို့ ရှိရင် ဒိဋ္ဌိနှစ်မျိုးပြုတ်ပါတယ်၊ သက္ကာယနဲ့ ဥစ္ဆေဒပြုတ်ပါတယ် (မှန်ပါ့)၊ ပျက်တာ သိရင် (သဿတဒိဋ္ဌိပြုတ်ပါတယ်)၊ ဒါ သေသေ ချာချာ မှတ်ပါ။ (မှန်လှပါဘုရား)။

ဒီတစ်လုံး ဒီတရားတစ်ပွဲလုံးမှာ အသေအချာ ဟောပြီး သကာလ လာခဲ့တာ၊ အလယ်ပိုင်းမှာ ဘာ ဖြစ်နေတယ် ဆိုတာ သိဖို့ (မှန်ပါ့)၊ အရေးတကြီး ပထမ တရားချီးပြီး သကာလ ပြောလာခဲ့တာ ဒကာ ဒကာမတို့ ဒီတရားမှာ၊ ဒီတစ်နေ့လုံးမှာ ဒီသုံးခုပြုတ် ရင် ဘုန်းကြီးက ကြိုက်တယ်။ (မှန်လှပါ ဘုရား)။

ဖြစ်ပေါ်တာသိရင် (သက္ကာယနဲ့ဥစ္ဆေဒဒိဋ္ဌိစင်ပါ တယ်)၊ သက္ကာယနဲ့ (ဥစ္ဆေဒဒိဋ္ဌိစင်ပါတယ်)၊ ပျက်တာလေး သိလိုက်ရင် (သဿတဒိဋ္ဌိစင်ပါတယ်)၊ ဒါ-တစ်ပွဲလုံး မှတ်ရမှာနော်။ (မှန်ပါ့ဘုရား)။

ခန္ဓာဓမ္မလေးတစ်ခု ပဋိစ္စသမုပ္ပာဒ် ကိုယ်ထဲ ဘာ လေး ပေါ်လာလာ သြော် ပေါ်လာပြီလို့ သိရင် ဘာ ပြုတ်တုံး (သက္ကာယနဲ့ ဥစ္ဆေဒဒိဋ္ဌိပါ)၊ သက္ကာယနဲ့ ဥစ္ဆေဒဒိဋ္ဌိပြုတ်တယ်၊ ပေါ်လာတဲ့ ဓမ္မဟာ ပေါ်လာတဲ့ ဓမ္မပဲ ဆိုကတည်းက သက္ကာယဒိဋ္ဌိ မပြုတ်ဘူးလား။ (ပြုတ်ပါတယ် ဘုရား)။

အကြောင်းကင်းပြီး သူ ပေါ်လာတာ မဟုတ် ဘူးလို့ မသိရဘူးလား။ (သိရပါတယ်)၊ ထိုကဲ့သို့ သိကတည်းက ဘာပြုတ်သွားတုံး။ (ဥစ္ဆေဒဒိဋ္ဌိပါ ဘုရား)။

အို အင်မတန် သေပျော်ပြီ ခင်ဗျားတို့ ။ (မှန်ပါ့)၊ ၎င်းဓမ္မလေးသည် ဒကာ ဒကာမတို့ ဖျတ် ဆို ဉာဏ်အောက်တွင် ပျက်စီးသွားပြီ ဘာပြုတ် ပြန်တုံး။ (သဿတဒိဋ္ဌိ ပြုတ်ပါတယ်ဘုရား)။

ဖြစ်ပျက်ရှုပါ

ဒါဖြင့် ခင်ဗျားတို့ ဘုန်းကြီးက သင်ထားတယ်။ ဖြစ်တတ် ပျက်တတ်တဲ့ အတွက် ဖြစ်ပျက်ရှုပါ။ (မှန်ပါ့)၊ မသင်ထားလား ဒကာ ဒကာမတို့။ (သင်ထားပါ တယ်)၊ ဘာသင်ထားတုံး။ (ဖြစ်ပျက်ရှု ရပါမယ်)၊ ဖြစ်ပျက် ရှုပါလို့ သင်ထားတယ်။ (မှန်လှပါဘုရား)။

ဖြစ်ပျက်မပါတဲ့ တရားဟူသရွေ့ ဘယ်တော့မှ ဒိဋ္ဌိမကွာဘူး။ (မှန်ပါ့)၊ ကွာသေးရဲ့ လား။ (မကွာ ပါ)၊ အခု သေသေချာချာရှင်းပြတော့မှ အဖြစ်မြင်ရင် ဒိဋ္ဌိနှစ်မျိုး ပြုတ်တယ်။ (မှန်ပါ့)၊ အပျက် မြင်ရင် ဒိဋ္ဌိတစ်မျိုး ပြုတ်တယ်။ (မှန်ပါ့ဘုရား)။

အဖြစ်မြင်ရင် (ဒိဋ္ဌိနှစ်မျိုး ပြုတ်ပါတယ်)၊ အပျက် မြင်ရင် (ဒိဋ္ဌိတစ်မျိုး ပြုတ်ပါတယ်)၊ ဒါဖြင့် ဖြစ်ပျက်မှ မရှုဘဲနဲ့ ဒိဋ္ဌိချုပ်တဲ့ နိဗ္ဗာန် ရောက်ပါ့မလား။ (ဖြစ် ပျက် မရှုရင် မရောက်ပါဘုရား)။

ဪ ဒါဖြင့် အလုပ်စခန်းမှာဖြင့် အရေးအကြီး ဆုံး အချက်ပါပဲဆိုတာ ဒကာကြွယ် မှတ်ရလိမ့်မယ်။ (မှန်ပါ့)၊ အလုပ်စခန်းမှာ (အရေး အကြီးဆုံး အချက်ပါ)၊

အဲဒီ ဖြစ်ပျက်ကိုလဲ ဒကာ ဒကာမတို့ ဒီဖြစ်ပျက်ကို ဘယ်သူက ပြောပါလိမ့်မလဲလို့ မေးတော့ ခင်ဗျားတို့ ယခုအခါမှာ ဒွါရခြောက်ပေါက် မင်းမူနေတဲ့ သက္ကာယ ဒိဋ္ဌိလို့ ဘုန်းကြီး အစောကြီးက ပြောခဲ့တယ်။ (မှန်လှပါဘုရား)။

ဒွါရခြောက်ပေါက်မှာ ယခုကဲ့သို့ ဖြစ်တာ ပျက် တာ မမြင်ရင် ဒိဋ္ဌိ သုံးမျိုး မင်းမူနေတယ် (မှန်ပါ့)၊ ပေါ်ကြပြီလား။ (မှန်ပါ့)၊ အင်း ပဝတ္တိအခါမှာ ပဝတ္တိအခါဆိုတဲ့ ယခု ရောင်းရင်း၊ ဝယ်ရင်း သားနဲ့ သမီးနဲ့ ဆွေနဲ့ မျိုးနဲ့ ချစ်ရင်း ခင်ရင်းပေါ့ဗျာ။ (မှန်ပါ့ဘုရား)။

အဲဒီအချိန်မှာ ဖြစ်ပေါ်တဲ့ ဓမ္မတွေ စိတ်တွေ ဟူသရွေ့ အပေါ်မှာ ကိုင်းဒကာကြွယ်တို့၊ ဦးမာဒင်တို့ ဘယ်သူ မင်းမူနေတုံး (သက္ကာယဒိဋ္ဌိ မင်းမှု နေပါတယ်)၊ မကပါဘူး၊ သဿတလဲ မင်းမူနေ တယ် ဥစ္ဆေဒရော (မင်းမူနေပါတယ် ဘုရား)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ဒိဋ္ဌိသုံးမျိုး မင်းမူနေတယ်၊ ရှင်းပြီလား (မှန်ပါ့ဘုရား)၊ ဒါ ဖြင့် ဝိပဿနာအလုပ် မံလုပ်တဲ့ ပုဂ္ဂိုလ်များမှာ အင်း ဘယ်သူ့လက်အောက်ခံဖြစ်နေတုံး။ (ဒိဋ္ဌိသုံးမျိုး လက်အောက်ခံပါဘုရား)။

ဒိဋ္ဌိသုံးမျိုး၏ လက်အောက်ခံ ဖြစ်နေတော့ တကယ့် အပါယ်ငရဲကို အမြဲတမ်း ဒီဂရီချပေးနေတဲ့ တရားသူကြီး လက်အောက်မှာ သူ ရောက်နေတယ်။ (မှန်ပါ့ဘုရား)။

ဘယ်လောက် ဆိုးတယ် ဆိုတာ ပေါ်ကြလား။ (မှန်ပါ့)၊ အဲဒါကြောင့် ခင်ဗျား ချီးမြှောက် ပြောတယ် မယူပါနဲ့၊ တော်သေးတယ်၊ တော်သေးတယ်၊ အတော် ကံကောင်းတယ်၊ အတော် ပါရမီ ရှိတယ်ဆိုတာ ဘုန်း ကြီးများက ချီးမြောက်တာလားတဲ့၊ ဖြစ်စဉ်တိုင်း ပြောတာလား။ (ဖြစ်စဉ်တိုင်း ပြောတာပါ ဘုရား)။

ကဲဒါဖြင့် ဒကာ ဒကာမတို့ ဒွါရခြောက်ပေါက် မှာ လာသရွေ့ ဓမ္မတွေကို ခင်ဗျားတို့ ဖြစ်ပျက်ရှုရလိမ့်မယ်။ (မှန်ပါ့)၊ ဖြစ်ပျက်ရှုလိုက်တဲ့ အခါကျတော့ ဒကာ ဒကာမတွေသိတဲ့အတိုင်း အဖြစ် ဖြစ်တယ်ဆို ပျက်တာပဲ။ (မှန်လှပါဘုရား)။

ဪ ဖြစ်ပြီ၊ ဪ ပျက်ပြီ ဆိုတာလေး ဒကာ ဒကာမတွေက ပေါ်တဲ့စိတ်၊ ပေါ်တဲ့ဝေဒနာ၊ ပေါ်တဲ့ရုပ်၊ ကြိုက်တာရှု။ (မှန်ပါ့)၊ မဂ်နဲ့လဲ ဖြစ်ပျက် ကို နောက်က ရှူရှူပေးပါ။

ဒိဋ္ဌိသတ်နေတာ

ဒကာ ဒကာမတို့ ပေါ်တဲ့ ဓမ္မလေးကို ဖြစ်ပျက် တာ ရှုပေးပါ။ (မှန်ပါ့)၊ ရှုပေးလိုက်လို့ ရှိရင်ဖြင့် ဘာလုပ်နေတာတုံးလို့ သူများက မေးလိမ့်မယ်၊ ခင်ဗျားတို့ကလဲ ဝိပဿနာရှု နေတာလို့ ပြောလိမ့် မယ်။ (မှန်ပါ့ ဘုရား)။

ဒီလို မပြောပါနဲ့တဲ့၊ ခင်ဗျားတို့ စိတ်ထဲ ဆုံး ဖြတ်ချက်ချထားဖို့ဟာ ဒိဋ္ဌိသတ်နေတာလို့ ပြောပါ။ (မှန်ပါ့)၊ ဘယ်လိုပြောကြမယ်။ (ဒိဋ္ဌိသတ်နေတာ ပါဘုရား)။

ဟ ဒိဋ္ဌိသတ်တော့ ဘောကျေးဇူးရှိသတုံးလို့ မေးတော့ အို ဒိဋ္ဌိသတ်မှ နိဗ္ဗာန် ရတယ် ရှင်းပြီ လား။ (မှန်ပါ့)၊ ဒိဋ္ဌိသတ်မှ (နိဗ္ဗာန် ရမှာပါ)၊ အဲ ပထမနိဗ္ဗာန် လိုချင်ရင် ဘာလုပ်ရမလဲ။ (ဒိဋ္ဌိ သတ်ရပါမယ် ဘုရား)။

ဒါဖြင့် – ခန္ဓာကိုယ်ထဲမှာ ဝေဒနာ ပေါ်ရင်လဲ ဝေဒနာ ကြိုက်တယ်ဆို ဝေဒနာ ပေါ်တိုင်း ဘာလုပ်ရ မလဲ။ (ဖြစ်ပျက်ရှု ရပါမယ်)၊ ဒိဋ္ဌိ ဘယ်နှမျိုး သတ် တုံး။ (သုံးမျိုး သတ်ပါတယ်)၊ ရှင်းပြီလား။ (မှန်ပါ့)၊

ဒိဋ္ဌိ သုံးမျိုး သတ်လို့ရှိရင် ပထမနိဗ္ဗာန် ရထိုက်-မရ ထိုက် (ရထိုက်ပါတယ်)၊ ရှင်းပြီနော်။ (ရှင်းပါတယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတွေသန္တာန်မှာ စိတ်တွေ ပေါ်နေပြန်လဲ ဒီစိတ် ဘာလုပ်ရမလဲ။ ဖြစ်ပျက် ရှုရပါမယ်၊ မရှုလို့ရှိရင် ဘယ်သူ မင်းမူမယ်ထင်တဲ့။ (ဒိဋ္ဌိမင်းမူမှာပါ ဘုရား)။

ရှုလိုက်လို့ရှိရင် ဒိဋ္ဌိသုံးမျိုး ပြတ်မယ်။ (မှန်ပါ့)၊ ဒါဖြင့် နိဗ္ဗာန် ဝေးသလား နီးသလား။ (နီးပါ တယ်)၊ ရှုတဲ့ ပုဂ္ဂိုလ်များ (နီးပါတယ်)၊ မရှုတဲ့ပုဂ္ဂိုလ် မှာ (ဝေးပါတယ်)၊ ဝေးပြီးတော့ သူက အပါယ်နဲ့ ကတော့ နီးတာပဲ။ (မှန်လှပါဘုရား)။

ကြောက်စရာ သိပ်မကောင်းဘူးလား။ (ကောင်းပါတယ်)၊

ဒါကြောင့် ဒကာ ဒကာမတို့ ဒီနေ့ ဒိဋ္ဌိ သက်သက် ဖြုတ်ပေးနေတယ် ဆိုတာ သဘောကျ ပလား။ (မှန်ပါ့)၊ အဂ္ဂိဝစ္ဆ ဆက်ဖို့ပဲ၊ မဆက်နိုင်ဘူး၊ နာရီစေ့နေပြီ။ (မှန်ပါ့ဘုရား)။

ကဲ ယနေ့ ဒီတွင် တော်ကြစို့။

သာဓု သာဓု သာဓု။