048

ရဟန္တာဖြစ်မည့် ရှင်ဆန္ဒ၏အမြင်

မှတ်ချက်။

(3-1-61) ကြွက်(၄)မျိုးဥပမာပြတရားတော် (ဆန္ဒဝတ္ထုအမှတ်-၂)၊

(4-1-61) အလေးဂရုပြု၍နေစရာ တရားတော် (ဆန္ဒဝတ္ထုအမှတ်-၃)၊

(5-1-61) မဟာနာမ်မင်းကြီးအား ထောပတ်အိုးကွဲဥပမာပြ (ဆန္ဒဝတ္ထုအမှတ်-၄)

အသံဖိုင်သုံးပုဒ်ကို ပေါင်းစပ်၍ စာအုပ်တွင် ဇာတ်လမ်းပြည့်စုံအောင် ထည့်ထားခြင်းဖြစ်သည်။

(3-1-61)နေ့ဟော တရားသာ အပြည့်အစုံရေး၍ ကျန်ဇာတ်လမ်းကို နောက်နေ့ဟောမှ ကောက်နှုတ်ထားခြင်း ဖြစ်သည်။ စာအုပ်၌ပါသည့်အတိုင်း ဖော်ပြလိုက်ပါသည်။

မှတ်ချက်။ ။စာအုပ်၌ပါသော ရက်စွဲနှင့် အသံတော်တရားရက်စွဲ မကိုက်ညီပါ။

အသံဖိုင်ခေါင်းစဉ်= ကြွက်(၄)မျိုးဥပမာပြတရားတော် (3-1-61)

စာအုပ်ခေါင်းစဉ်= ရဟန္တာဖြစ်မည့် ရှင်ဆန္ဒ၏အမြင်

ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး အမရပူရမြို့၌

ဟောကြားတော်မူသော တရားတော်

ရဟန္တာဖြစ်မည့် ရှင်ဆန္ဒ၏အမြင်

(၃-၁၁-၆၀)

ဘုရားသခင် ကိုယ်တော်မြတ်ကြီးသည်၊ ဒကာ ဒကာမ တွေအား သူ့အမြင်တော်ကြီးနဲ့ ပြောပြီး သကာလ၊ ဒကာ ဒကာမ တွေကို အမှန်သိစေချင်တယ်ဆိုတာ မှတ်ရမယ် (မှန်ပါ့) သူ့အမြင်က ကြွက်လေးကောင် ဥပမာနဲ့ စတုက္ကနိပါတ် အင်္ဂုတ္တိုရ်များမှာ ဟောထားတာ လူတွေမှာ အားငယ်စရာ မရှိဘူး၊ ကြွက်လေးမျိုး ဥပမာနဲ့ ငါပြပါမယ် ဆိုပြီး ဒကာကြွယ် ကြွက်လေးမျိုး ဥပမာနဲ့ပြတဲ့ နေရာလည်း အရှိသားပဲ (မှန်ပါ့ ဘုရား)။

ကြွက်လေးမျိုးဥပမာ

တစ်ကောင်သော ကြွက်ကတော့ တွင်းသာတူး၍ မအောင်းတတ်ဘူးတဲ့၊ တွင်းတော့ဘူးတယ်၊ မအောင်းတတ် ဘူး၊ ဒီကြွက်က တစ်မျိုး (မှန်ပါ့ ဘုရား)။

တစ်ကောင်သော ကြွက်ကတော့ တွင်းတော့ မတူးတတ် ဘူး၊ သူများ တူးတဲ့ တွင်းကိုတော့ အောင်းတတ်တယ်တဲ့ (မှန်ပါ့) သူဟာ အောင်းတတ်ရုံပဲ စွမ်းရည်သတ္တိ ရှိတယ်၊ တွင်း မတူးတတ် ဘူး (မှန်ပါ့ ဘုရား)။

တစ်ကောင်သော ကြွက်ကတော့ ဒကာ ဒကာမတို့ တွင်းလည်း မတူးတတ်ဘူး၊ အောင်းလည်း မအောင်းတတ်ဘူး ဆိုတဲ့ တတိယ ကြွက်မျိုးပေါ့ဗျာ (မှန်ပါ့ ဘုရား)။

စတုတ္ထ ကြွက်ကတော့ တွင်းလည်း တူးတတ်တယ်၊ အောင်းလည်း အောင်းတတ်တယ် ဆိုတဲ့ သူဟာ ကြွက်ဗိုလ်ပေါ့ ဗျာ (မှန်ပါ့ ဘုရား)။

ကြွက် ဘယ်နှစ်မျိုး ရှိပါလိမ့် (လေးမျိုးရှိပါတယ် ဘုရား)။

(၁) နံပါတ်ကြွက်ကတော့ တွင်းသာတူးတတ်၍ မအောင်းတတ်ဆိုတာ (၁) နံပါတ် ကြွက်မျိုး ပေါ့ဗျာ (မှန်ပါ့)။

(၂) နံပါတ် ကြွက်ကတော့ ဒကာ ဒကာမတို့ အောင်း တော့ အောင်းတတ်ပါတယ်၊ တွင်းတော့ မတူးတတ်ဘူး (မှန်ပါ့)။

(၃) နံပါတ် ကြွက်ကတော့ တွင်းလည်း မတူတတ်ဘူး၊ အောင်းလည်း မအောင်းတတ် ဆိုတော့ သူ့မှာ အန္တရာယ်များ သပေါ့ဗျာ (မှန်ပါ့)။

(၄) နံပါတ် ကြွက်ကတော့ သူ့ဟာသူ လည်း တူးတတ်၊ သူ့ဟာသူလည်း အောင်းတတ်တဲ့ အတွက် သူ့မှာ အန္တရာယ် ကင်းလို့ ဘေးရှင်းတယ် ဆိုတာ မှတ်ရမှာပေါ့ (မှန်ပါ့ ဘုရား)။

ဘုရားက ဘာကြောင့် ဟောရပါလိမ့်

အဲဒီတော့ ကြွက်တွေကို ဘယ့်နှယ်ကြောင့် ဘုရားက ဥပမာ အဓိက ထားပြီး ဟောရပါလိမ့် မလဲလို့ မေးတဲ့အခါကျ တော့ အဖြေထွက် လာတယ်လို့ ဒကာ ဒကာမတွေ မှတ်ရမယ် နော် (မှန်ပါ့)။

(၁) နံပါတ် ကြွက်ကတော့ဘာတုံး (တွင်းသာ တူးတတ်တယ် မအောင်းတတ်ပါ ဘုရား)။

(၁) နံပါတ် ကြွက်

အဲဒီ ဥစ္စာကတော့ တခြား မဟုတ်ပါဘူး၊ မြတ်စွာဘုရား ဒေသနာတော် စာတွေ ကျမ်းဂန်တွေ အမျိုးမျိုး အဖုံဖုံ ခန္ဓာ အာယတန ဓာတ် သစ္စာတွေကို သင်တော့ သင်ပါရဲ့၊ သို့သော် သင်ရုံပဲ သင်ပြီး သကာလ အားမထုတ်တဲ့ အတွက် ဒကာ ဒကာမတို့ (၁) နံပါတ် ကြွက်သည် တွင်းသာ တူးတတ် တယ်၊ မအောင်းတတ်တဲ့ အတွက် အန္တရာယ် ကင်း၍ ဘေးမရှင်းသလို ဒီမှာလည်း ဘေးမရှင်း ပါဘူး (မှန်ပါ့) စာတေ ွပေတွေတော့ တတ်ပါရဲ့ အလုပ်ကို မလုပ်တဲ့အတွက် သူ့မှာ အန္တရာယ်ကင်း လို့ ဘေးမရှင်းဘူး (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

(၂) နံပါတ်ကြွက်

(၂) နံပါတ် ကြွက်ကတော့ ဘုန်းကြီးတို့ ဒကာ ဒကာမ တွေနဲ့ သိပ်တူပါတယ်၊ စာတွေ ပေတွေတော့ မတတ်ဘူး (မှန်ပါ့) တွင်းတော့ မတူတတ်ဘူး၊ အောင်းတော့ အောင်းတတ်တဲ့ ကြွက်ဆိုတော့ အန္တရာယ် ကင်းတယ် (မှန်ပါ့) ထို့အတူပဲ ။ စာတွေ ပေတွေတော့ မတတ်ဘူးတဲ့၊ ဆရာသမား တူးထားတဲ့ တွင်းကို အောင်းရုံပဲ၊ ဥပမာ စာတွေ ပေတွေကို ဒကာ ဒကာမ တွေက ဉာဏ်နဲ့ ကူးယူပြီး သကာလ အောင်းလိုက်တဲ့ အတွက် မဂ်ဉာဏ် ဖိုလ်ဉာဏ် ထိအောင် ရနိုင်ပါတယ် (မှန်ပါ့ ဘုရား)။

ဒါဖြင့် စာမတတ် ပေမယ့်လည်း နည်းနာနိဿယ ကောင်းကို ရပြီး သကာလ ကြိုးစားလို့ ရှိရင်လည်း အထမြောက် နိုင်တယ် ဆိုတာ ဘုရားက ဟောလိုက်တယ် (မှန်ပါ့ ဘုရား)။

(၃) နံပါတ်ကြွက်

(၃) နံပါတ် ကြွက်ကတော့ ဒကာ ဒကာမတို့ စာပေ လည်း မတတ် ကျင့်လည်း မကျင့်ဆိုတော့ ဘယ့်နှယ်တုံး (မရပါ ဘုရား) မရဘူး ဆိုတာ အထူး သေချာနေတယ် (မှန်ပါ့) မသေချာ ဘူးလား (သေချာပါတယ် ဘုရား)။

(၄) နံပါတ်ကြွက်

(၄) နံပါတ်ကတော့ ဒကာ ဒကာမတို့ စာပေလည်း တတ်တယ်၊ ကျင့်လည်း ကျင့်တယ် ဆိုတော့ ဆိုဖွယ်ရာ မရှိအောင်ပဲ ကောင်းတော့တယ် ဆိုတာ ပြောဖို့ မလိုတော့ပါဘူး (မှန်ပါ့ ဘုရား)။

အဲဒီတော့ အခု တရားနာလာကြတဲ့ ဒကာ ဒကာမတွေ ထဲမှာဖြင့် များသော အားဖြင့် ပြောကြပါစို့ ဆိုရင်ဖြင့် တွင်းတော့ မတူတတ်ဘူး ဘုရား၊ အရှင်ဘုရား ဟောတော်မူတဲ့ အတိုင်း တပည့်တော်တို့ မှတ်သားပြီး ကျင့်ရမှာပဲ ဆိုလို့ ရှိရင်လည်း အန္တရာယ်ကင်းလို့ ဘေးရှင်းတဲ့ အထဲ ပါ,ပါတယ် (မှန်ပါ့ ဘုရား)။

ဒါဖြင့် အခု တရားနာနေကြတဲ့ ဒကာ ဒကာမတွေ သည် တွင်းမတူတတ်ဘဲနဲ့ အောင်းခြင်း ကြောင့် အိုဘေး၊ နာဘေး၊ သေဘေး၊ သောက ပရိဒေဝ ဆိုတဲ့ စိုးရိမ်မှု၊ ငိုကြွေးမှု စတဲ့ ဘေးတွေ အကုန် ကင်းပါလိမ့်မယ် (မှန်ပါ့ ဘုရား)။

ဘာမှအားမငယ်နဲ့

ဒါကြောင့် ဒကာ ဒကာမတို့ ငါတို့အားငယ်စရာမရှိဘူး ဆိုတဲ့ ဥစ္စာကို (၂) နံပါတ်ထဲမှာ အပါအဝင် ဖြစ်ပြီး ဘုရားက ဟောထားတယ် (မှန်ပါ့ ဘုရား)။

ဒါကြောင့် ဘာမှ အားမငယ်ဘဲနဲ့ ဘုန်းကြီး ပြောတာကို သာ လိုက်နာ ကျင့်ကြံ ကြမယ် ဆိုရင် ဆရာဘုန်းကြီးက တွင်းတူး ထားတယ်၊ ဒီတွင်းထဲ အောင်းရုံပဲ (မှန်ပါ့) ဒီတွင်းထဲ အောင်း လိုက်တယ် ဆိုရင်ဖြင့် အန္တရာယ်မှ ကင်းပါ့မလား၊ ဘေးမှ ရှင်းပါ့ မလားလို့ သံသယ မရှိပါနဲ့ (မှန်ပါ့ ဘုရား)။

ကိုင်း ဒါဖြင့် စာတတ်ရုံနဲ့လည်း မပြီးသေးဘူး ကျင့်ဦး မှ ဆိုတဲ့ အဓိပ္ပာယ်ဟာ ဒကာကြွယ် ရှင်းသွားပြီ (ရှင်းပါပြီ ဘုရား) တွင်းသာ တူးပြီး မအောင်းလို့ ရှိရင်လည်း ဒီကြွက်ဟာ သိန်းတို့၊ စွန်တို့၊ ကြောင်တို့၏ အစာ ဖြစ်ရမယ် (မှန်ပါ့) သူများ တူးတဲ့ တွင်းမှာပဲ အောင်းရင်လည်း သူ့မှာ သိန်းတို့ စွန်တို့ ကြောင်တို့၏ အန္တရာယ်တော့ မလွတ်ပေဘူးလား (လွတ်ပါတယ်) အဲ ဒကာ ဒကာမ တွေကတော့ ဒီ (၂) နံပါတ် ကြွက်လိုပါပဲ (မှန်ပါ့) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

စိုးရိမ်စရာ ကောင်းတာကတော့ ဘာတုံးလို့ မေးတဲ့အခါ ကျတော့ စာပေ ကျမ်းဂန်ကလည်း မတတ်၊ တရားနာပြီး အား မထုတ်တဲ့ ပုဂ္ဂိုလ်တွေ အတွက်ဖြင့် တွင်းလည်း မတူးတတ် အောင်းလည်း မအောင်းတတ် ဆိုရင် သိန်းတို့၊ စွန်တို့၊ ကြောင်တို့ ၏ အစာတော့ ဖြစ်လိမ့်မယ်လို့ ပြောတာပါပဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒကာ ဒကာမတို့ (၄) နံပါတ် ပုဂ္ဂိုလ်ကတော့ စာပေ ကျမ်းဂန်တွေလည်း တတ်ပါတယ်၊ ကျင့်လည်း ကျင့်ပါတယ် ဆိုတော့ ဒကာ ဦးလှဘူးရေ အတိုင်းထက် အလွန် ကောင်းပေါ့ ဗျာ (မှန်ပါ့ ဘုရား)။

တွင်းအောင်းမှုဟာ ပဓာန

ဒီတော့ တွင်းအောင်းမှုဟာ ပဓာနပဲ (မှန်ပါ့) တွင်းအောင်းတာ ပဓာနပဲ ဆိုရင်ဖြင့်၊ ဘုန်းကြီးတို့ ဒကာ ဒကာမ တွေမှာ သောက ဆိုတာ စိုးရိမ်မှု လူတိုင်းမှာ ရှိကြတယ်၊ သား အတွက်၊ သမီးအတွက်၊ ပစ္စည်းအတွက်၊ ရှေ့ရေး အတွက်၊ နောင်ရေး အတွက်ဆိုတာ သောက ရှိကြတယ်နော် (မှန်ပါ့) သောကတွေ အားကြီးပြီ ဆိုမှဖြင့် မျက်ရည်ကလေး ကလယ် ကလယ်နဲ့ ပရိဒေဝဆိုတဲ့ သဘော လေးဟာ ပေါ်ပေါ် လာတယ် (မှန်ပါ့ ဘုရား)။

အဲဒီတော့ တွင်းအောင်း ပစ်လိုက်ပါလို့ ဘုရားက ဟောတယ်၊ ဝိပဿနာ လုပ်ပါလို့ ပြောတာပါ (မှန်ပါ) တွင်း သာ အောင်း လိုက်စမ်းပါတဲ့၊ ဒီဥစ္စာ သောကတည်း ဟူသော ဘေး၊ ပရိဒေဝ တည်း ဟူသော ကြောက်စရာ ကောင်းတာတွေ အကုန်ချုပ်ငြိမ်း၍ ရုပ်သိမ်း ပါလိမ့်မယ် ဆိုတာ သေသေ ချာချာ ဟောပါတယ် (မှန်ပါ့ ဘုရား)။

တွင်းအောင်းဆိုတာဘာတုံး

ကဲ ဒါဖြင့် ဒကာ ဒကာမတို့ တွင်းအောင်း ဆိုတာ ဘာတုံးလို့ မေးစရာရှိတဲ့ အခါကျတော့ ဒကာ ဒကာမတွေ၏ ခန္ဓာကိုယ်ထဲမှာ သစ္စာသိဖို့ အရေးကြီးတယ် (မှန်ပါ့) သစ္စာ ဆိုတာ ဒကာ ဒကာမ တွေက စာထဲမှာ သိရတဲ့ သစ္စာကတော့ ပေါင်းချုံးပြီး သကာလ အလုံးစုံ ရေးထားတဲ့ သစ္စာနော် (မှန်ပါ့) အဲဒါလောက် ပြောတာ မဟုတ်ပါဘူး (မှန်ပါ့) ကိုယ့် ခန္ဓာထဲမှာ ဥပမာ ယားတာကလေး တစ်ခု၊ နာတာ ကလေး တစ်ခု ခန္ဓာကိုယ်ထဲမှာ ပေါ်လာတယ်၊ ပေါ်လာတာသည် ကားလို့ဆိုရင် ယားတယ်၊ နာတယ် ဆိုကတည်းက ဒုက္ခ ကလေးပဲ (မှန်ပါ့) ဒုက္ခ ကလေး ဖြစ်လာတော့ ဒါကလေး ဟာလည်း ခဏ ကလေး ကြည့်လိုက်တဲ့အခါ ပျောက်သွားတယ် (မှန်ပါ့) သြော် ဒါကလေးဟာ ဒုက္ခသစ္စာ ပါကလား လို့ သိဖို့ အရေးကြီးတယ် (မှန်ပါ့ ဘုရား)။

ဒါဖြင့် အဲဒါကို တွင်းအောင်းတယ် ခေါ်တယ်။ ဒုက္ခ သစ္စာလို့ သိလိုက်တော့ ခန္ဓာထဲမှာ ကိုယ့် ခန္ဓာသည် ဝေဒနာက္ခန္ဓာ ပါကလား၊ ဝေဒနာက္ခန္ဓာ ကလေး၏ ဖြစ်ပေါ်မှု ဒုက္ခ၊ ပျက် ဆုံးမှု ဒုက္ခလို့ ဒကာ ဒကာမတွေက ကြည့်ပေး လိုက်တာပေါ့ (မှန်ပါ့) ကြည့်လိုက်တဲ့ အခါကျတော့ ဝေဒနာ နောက်က နေပြီး သကာလ ကြည့်တဲ့ ဉာဏ်ကလေး လိုက်လို့ ရှိရင် သောက လာပါဦးမလား (မလာပါ ဘုရား) ပရိဒေဝကော (မလာပါ ဘုရား) ရှေ့က ဒုက္ခ ချုပ်သွားလို့ နောက်က ဒေါမနဿ ပရိဒေဝ သောကတွေ အကုန် ချုပ်ရတယ် (မှန်ပါ့) ရှေ့က ဒုက္ခသစ္စာ ချုပ်သွားတာနဲ့ နောက်က ပရိဒေဝတွေ အကုန် မချုပ် ဘူးလား (ချုပ်ပါတယ် ဘုရား)။

အဲဒါတွေ ဉာဏ်နဲ့ ကြည့်တော့မှ တွေးလုံးတွေ ထုတ်နေ တာ အပိုပဲ (မှန်ပါ့) မျက်ရည်ကျဖို့ တွေးလုံးတွေ ထုတ်နေ တာ အပိုပဲ၊ ဒါတွေ ငြိမ်းအောင်ဖြင့် ငါ့သန္တာန်မှာ ပေါ်လာတဲ့ ဝေဒနာ ကလေးတွေ၊ ရှုလို့ ဖြစ်ပေါ်လာတဲ့ စိတ်ကလေးတွေ၊ တစ်ခုခု မှတ်ပြီး သကာလ ရှုနေလို့ ရှိရင်ဖြင့် ဒုက္ခနဲ့ ဒေါမနဿ လည်း ချုပ်တယ် (မှန်ပါ့) သောကနဲ့ ပရိဒေဝကော (ချုပ်ပါတယ် ဘုရား)။

ဒါကြောင့် “ဒုက္ခ ဒေါမနဿာနံ အတ္ထင်္ဂမာယ၊ သောက ပရိဒေဝါနံ သမတိက္ကမာယ” = ဒုက္ခ ဒေါမနဿလည်း ချုပ်ပါ တယ်၊ သောက ပရိဒေဝကို သေသေချာချာ လွန်မြောက် နိုင်ပါတယ်၊ မလာ နိုင်ပါဘူး ဆိုတာ ရှင်းရှင်း လင်းလင်း ဟောထားပါတယ် (မှန်ပါ့ ဘုရား)။

ဒါကြောင့် ဒကာ ဒကာမတွေက တွေးလုံးတွေ၊ သားစိတ်၊ သမီးစိတ်၊ ဆွေစိတ်၊ မျိုးစိတ်တွေ ကြောင့် အမျိုးမျိုး အဖုံဖုံ လာလို့ ရှိရင် ကိုယ့်ခန္ဓာထဲက ဝေဒနာ ကလေးတွေ ဖြစ်ပျက် ရှုချလိုက် (မှန်ပါ့) ဒုက္ခ ဝေဒနာပေါ် ရင် (ဖြစ်ပျက် ရှုရပါမယ်) ဒုက္ခကို ဖြစ်ပျက် ရှုလိုက်တော့ သူက ဒုက္ခသစ္စာ၊ ဖြစ်ပျက် ရှုတာက မဂ္ဂ ဆိုတော့ ဒကာ ဒကာမတွေ သိတဲ့အတိုင်း သောက ပရိဒေဝ နောက်က လာသေးရဲ့လား (မလာပါ ဘုရား)။

သောက ပရိဒေဝ မလာအောင်ဟာ ဘုရားဆေးတော် ဟာ သောက်တိုင်း ပျောက်တဲ့ ဆေးပဲ ဆိုပြီး၊ ဒကာ ဒကာမတွေ က အခု ဆရာဘုန်းကြီး ပြောတာ မှတ်ရှု နေမယ် ဆိုရင်ဖြင့် သောကဆိုတဲ့ စိုးရိမ်ခြင်း၊ ပရိဒေဝဆိုတဲ့ ငိုကြွေးခြင်း၊ ဒါတွေ ချုပ်ပါတယ် (မှန်ပါ့ ဘုရား)။

ဒါဖြင့် ဘာပူစရာ ရှိသလဲလို့ မေးတော့၊ ဒကာ ဒကာမ တွေက အတွေးလွဲရင်ဖြင့် သောက ပရိဒေဝတွေ လာနေ မယ် (မှန်ပါ့) အခု ပေါ်လာတာ ကလေးဟာ ဥပမာ စိုးရိမ် မှုကလေး သားအတွက်၊ သမီးအတွက် ပေါ်လာတယ်၊ အဲဒီ စိုးရိမ်မှု ကလေးကိုပဲ ဒီစိတ်ကလေးဟာလည်း ဖြစ်ပြီး ပျက်တာ ပဲလို့ မြန်မြန် တွေးချလိုက်ပါ (မှန်ပါ့) တွေးချ လိုက်တဲ့အခါ ကျတော့ ချုပ်သွားပြီး ဒကာ ဒကာမတို့ မဂ်ကလေး ဖြစ်လာတယ် (မှန်ပါ့)။ ဒါဖြင့် နောက်က ပရိဒေဝ လိုက်နိုင်သေး ရဲ့လား (မလိုက်နိုင်ပါ ဘုရား)။

ဪ ဒါဖြင့် ဖြတ်လည်း အရသားပဲ၊ ဒကာ ဒကာမ တွေက မဟုတ်တာ တွေးပြီး သကာလ မျက်ရည် စက်လက် ဖြစ်ချင်လို့ကိုး၊ ကိုယ့်အကျိုး ကိုယ်မသိလို့ ကိုယ့်ဒုက္ခ ကိုယ်ရှာနေတာဖြင့် သြော် ဒကာ ဒကာမတွေ အပါယ် နှုတ်ဆက်နေတာနဲ့ တူလိုက်တာ (မှန်ပါ့) မဆိုထိုက်ဘူးလား (ဆိုထိုက် ပါတယ် ဘုရား)။

အဲဒါကြောင့် ဒကာ ဒကာမတို့ အခုပြောတဲ့အတိုင်း တွင်းကို မတူးတတ်ငြား သော်လည်း၊ ဆရာဘုန်းကြီး ပြောတဲ့ အတိုင်း ဒုက္ခသစ္စာ တည်းဟူသော သစ္စာတွင်းထဲမှာ ဉာဏ်နဲ့ အောင်းပြီး သကာလ နေလိုက်လို့ ရှိရင်ဖြင့်၊ ဒုက္ခခပ်သိမ်း ကင်းငြိမ်း နိုင်ပါတယ် ဆိုတာ သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတွေ ကြွက်လေးထဲ ဘယ်ဟာနဲ့ တူတယ်ဆိုတာ သိရောပေါ့ (မှန်ပါ့) ဒုတိယကြွက်နဲ့ မတူဘူးလားဗျ (တူပါတယ် ဘုရား) တွင်းတော့ဖြင့် (မတူးတတ်ပါ ဘုရား) အောင်းတော့ (အောင်းတတ်ပါ တယ် ဘုရား)။

အဲ အောင်းဆိုတာ ဖြစ်ပျက်ဟာ ဒုက္ခသစ္စာ၊ ဘယ် ဖြစ်ပျက် လာလာ ဒုက္ခသစ္စာပဲလို့ ရှုနေလို့ ရှိရင် သမုဒယ ချုပ်သွားပါတယ် (မှန်ပါ့ ဘုရား)။

စာမတတ်ဘဲနဲ့ နိဗ္ဗာန်ရောက်နိုင်တယ်

အဲဒီတော့ တွင်းမတူးတတ်ဘဲနဲ့ နိဗ္ဗာန်တည်း ဟူသော မြို့ထဲမှာ အောင်းတတ် တယ် ဆိုတဲ့ အဓိပ္ပာယ်၊ စာမတတ်ဘဲနဲ့ နိဗ္ဗာန် ရောက်သွား နိုင်တယ် (မှန်ပါ့) အဲဒီကဲ့သို့ ရောက်သွားတယ် ဆိုတော့ ဒကာ ဒကာမတွေသည် ဘာပူစရာ ရှိတော့သတုံး (မရှိပါ ဘုရား)။

အဲဒါကြောင့် ဘာကလေး ပေါ်လာလာ ကိုယ့်စိတ်ထဲ မှာ ပေါ်လာသရွေ့ စားချင်တဲ့ စိတ်ပေါ်လည်း ဖြစ်ပျက်ရှုပေး ပါ (မှန်ပါ့)၊ သွားချင်တဲ့ စိတ်ကလေး ပေါ်လာရင်လည်း (ဖြစ်ပျက် ရှုပေး ရပါမယ်) ဖြစ်ပျက် ရှုပေး လိုက်တော့ သွားချင်တဲ့ စိတ်က ဒုက္ခသစ္စာ၊ ဖြစ်ပျက် ရှုတဲ့မဂ်က (မဂ္ဂသစ္စာပါ ဘုရား)။

မဂ္ဂသစ္စာ ဖြစ်သွားတော့ နောက်ပိုင်းက သမုဒယတွေ မသေဘူးလား (သေပါတယ် ဘုရား) သမုဒယ သေသွားတော့ ဒကာ ဒကာမတို့ ဒုက္ခနိရောဓ ဆိုတာက သမုဒယ သေရင် ရပြီးသားပဲ (မှန်ပါ့) သဘောပါကြပလား (ပါပါပြီ ဘုရား)။

အဲဒါတွေ သေသေချာချာ သိတော့မှ ဪ ငါတို့ သန္တာန်မှာ ရှုစရာ တရားဟာက အမြဲတမ်း ပေါ်နေတာ ပါကလား (မှန်ပါ့) တွေးလုံး ပေါ်လဲ ဘာလုပ်ရမတုံး (ရှုရပါ မယ်) ဆွေးလုံး ပေါ်လည်း (ရှုရ ပါမယ်) ငိုချင်တဲ့ စိတ်ကလေး ပေါ်လည်း (ဖြစ်ပျက် ရှုရပါမယ် ဘုရား)။

ငိုချင်တဲ့ စိတ်ကလေး ကျတော့ “သဒေါသစိတ္တံ သဒေါသ စိတ္တန္တိ ပဇာနာတိ” ဆိုပြီး ဖြစ်ပျက် ရှုချ လိုက်တာပေါ့ (မှန်ပါ့) စာလို ပြောရင် မသိဘဲ နေမှာ စိုးတော့ ဖြစ်ပျက်သာ ရှုချ လိုက်ပြီ ဆိုမှဖြင့် အဝိဇ္ဇာ ပစ္စယာ သင်္ခါရာ တွေဟာ နောက်က လိုက်သေးရဲ့ လား (မလိုက်ပါ ဘုရား) ဘယ်လိုက်မလဲ ဒကာ ဒကာမတို့ စဉ်းစားကြည့်ပါ။ ဖြစ်ပျက် ရှုတာက မဂ်ဝိဇ္ဇာ ဖြစ်နေတော့ကို ဟိုဘက်က အဝိဇ္ဇာ သင်္ခါရ အကုန်ချုပ် တယ် (မှန်ပါ့)။

အဲဒါကြောင့် ခင်ဗျားတို့ ဆရာသမားက ရှေ့က ခေါင်း ဆောင်ပြီး သကာလ တွင်းတူး ပေးထားတယ်၊ ခင်ဗျားတို့က အောင်းရုံ ကလေးကို၊ ကိုယ်ကောင်းတဲ့ အတွက် ကိုယ်လည်း အပါယ်လေးပါး တည်း ဟူသော အန္တရာယ်တွေ အကုန် လွတ်ပြီး သကာလ နိဗ္ဗာန်တည်း ဟူသော လုံခြုံရာသို့ ရောက်မသွားဘူးလား (ရောက်ပါတယ် ဘုရား)။

အဲဒါကြောင့် တွင်းတူးပေးတဲ့ ပုဂ္ဂိုလ်က တူးလို့မှ မအောင်းတဲ့ ကြွက်ဟာဖြင့် သိန်း၊ စွန်၊ ကြောင်တို့၏ အစာ ဖြစ်ချင်လို့ပဲလို့ မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား) ကဲ ဦးလှဘူး ရိပ်မိလောက်ပါပြီဗျာ (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့က ဘယ်ဘက်က နေရမှာ တုံးဗျာ (တွင်းအောင်းတဲ့ ဘက်က နေရမှာပါ ဘုရား) တွင်းအောင်းတဲ့ ဘက်က နေတယ် ဆိုတာသည် တခြား မဟုတ်ပါဘူး၊ ဖြစ်ပျက် ရှုတဲ့ဘက်က နေရင် ဒါ တွင်းအောင်း နေတာပဲ (မှန်ပါ့) တွင်းအောင်း နေတော့ ဖြစ်ပျက်က ဒုက္ခသစ္စာ၊ ရှုတာက (မဂ္ဂသစ္စာပါ ဘုရား) သေတာက (သမုဒယ သေတာ ပါ ဘုရား) လုံခြုံတာကို ဘာခေါ်ကြမယ် (နိရောဓ သစ္စာပါ ဘုရား)။

အဲ ခင်ဗျားတို့က တွင်းအောင်းတဲ့ အခါ နိဗ္ဗာန် ရောက်တော့ ဘယ်ဘေး ဘယ်အန္တရာယ် ဘယ်ရန်မာန်တွေ လာသေးလား (မလာပါ ဘုရား) အဲဒီတော့ လုံခြုံသွားတယ် ဆို တဲ့ အဓိပ္ပါယ် မရှင်းသေး ဘူးလား (ရှင်းပါပြီ ဘုရား)။

ဒီလမ်းကိုဖြင့် မလွဲတမ်းလိုက်ပါ

အေး ဒါကြောင့် ဒကာ ဒကာမတွေ ဒီလမ်းကိုဖြင့် မလွဲတမ်း လိုက်ပါ ဆိုတာ သတိပေး နေတယ် (မှန်ပါ့ ဘုရား) သတိပေးလို့ ရှိရင်ဖြင့် ဒကာ ဒကာမတွေမှာ ကိုယ်တူးတဲ့ တွင်းလဲ ဟုတ်ပါရဲ့လား (မဟုတ်ပါ ဘုရား) ဆရာတူးတဲ့ တွင်းကော (ဟုတ်ပါတယ် ဘုရား) ဒကာ ဒကာမတွေက အသာ ကလေး အောင်းရုံပဲ (မှန်ပါ့ ဘုရား)။

အဲဒီမှာ အသာကလေး အောင်းရုံမှ ပျင်းသေးတယ်။ ဖျင်းသေးတယ် ဆိုလို့ရှိရင်ဖြင့် သိန်း၊ စွန်တို့၏ အစာ ဆိုသလို အပါယ်လေးပါး၏ အစာ မဖြစ်ရပေဘူးလား (ဖြစ်ရပါ တယ် ဘုရား) အဲဒါတွေ သေသေ ချာချာ သိတော့မှ သြော် ငါတို့ စိတ်ကူးတွေဟာ တယ် ဆိုးရွား ပါကလား ဆိုတာ ပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား)။

အဲဒါကြောင့် ခင်ဗျားတို့ စိတ်ကူး မျိုးစုံ အကုန်သိမ်းပြီး သကာလ ပေါ်တဲ့ စိတ်ကူးကို ဖြစ်ပျက် ရှုပါ (မှန်ပါ့) ဖြစ်ပျက် ရှုလိုက်တဲ့အခါ စိတ်ကူးက ဘာသစ္စာ (ဒုက္ခသစ္စာပါ) ရှုတာက (မဂ္ဂသစ္စာပါ) သေတာက (သမုဒယ သစ္စာပါ) လုံခြုံအောင် အောင်းနိုင်တာက (နိရောဓ သစ္စာပါ) အင်္ဂုတ္တိုရ်မှာ လာတာ ကလေးကို ဒကာသစ် ရှေ့ပိုင်းက ပြောပေး ပါတယ် (မှန်ပါ့) ကိုင်း ဒါဖြင့် မနေ့ကစခဲ့တဲ့ ဆန္ဒ ဝတ္ထုကို ဆက်ကြပါစို့ (မှန်ပါ့)။

ရှင်သာရိပုတ္တရာနှင့်ရင်စုန္ဒ

ရှင်သာရိပုတ္တရာနဲ့ ရှင်စုန္ဒဆိုတာ ဒကာကြွယ် ညီအစ်ကိုနော် (မှန်ပါ့) အဲဒီ ညီအစ်ကို နှစ်ပါးက ဂိဇ္ဈကုဋ် တောင်ပေါ် မှာ နေ့လယ် သွားပြီးတော့ ဖလသမာပတ် ဝင်စားနေတယ် ဖလသမာပတ် ဝင်စားတယ် ဆိုတာ ဖြစ်ပျက် ချုပ်ငြိမ်း ရုပ်သိမ်း တဲ့ နိဗ္ဗာန်ကို အာရုံပြုပြီး ဖိုလ်စိတ်တွေ ဖြစ်နေတာကို ဖလ သမာပတ် ဝင်စားတယ် ပြောတာပါပဲ (မှန်ပါ့) ဖြစ်ပျက်ချုပ် ငြိမ်းတဲ့ ဆီကို ဉာဏ်များများ စိုက်ထားတာ ဖလသမာပတ်လို့ ခေါ်တယ် (မှန်ပါ့ ဘုရား)။

ရှင်ဆန္ဒက မကျန်းမာဘူး

အဲဒီမှာ သူတို့ ဂိဇ္ဈကုဋ် တောင်ပေါ်မှာ ညီအစ်ကို နှစ်ပါး ဝင်စားနေကြတယ် (မှန်ပါ့) ရှင်ဆန္ဒဆိုတဲ့ ရဟန်းကလဲ တောင်ခြေရင်းမှာ ကျောင်းကလေး တစ်ကျောင်းနဲ့ နေပါတယ် (မှန်ပါ့)။

အဲဒီမှာ ကျောင်းကလေး တစ်ကျောင်းနဲ့နေပြီး သူက ဘာဖြစ်သတုံး ဆိုတော့ မကျန်းမမာတာ ပြင်းထန်နေတယ် (မှန်ပါ့ ဘုရား)။

ဒါနဲ့ ရှင်သာရိပုတ္တရာနဲ့ ရှင်စုန္ဒက ဖလသမာပတ်က တော်လောက်ပါပြီဆိုပြီး ထ, လာတဲ့ အခါ ကျတော့၊ ရှင်သာ ပုတ္တရာက ငါ့ရှင် စုန္ဒ ရှင်ဆန္ဒဟာ တောင်ခြေရင်း ကျောင်း ကလေးမှာ မမာဘူးလို့ သတင်း ရတယ်၊ အဲဒီတော့ ဒီမမာတဲ့ဆီ သွားမေး ရတာဟာ ဘုရားသခင် ကိုယ်တော်မြတ်ကြီး ချီးမွမ်းတဲ့ အလုပ်ကွ၊ လူမမာ သွားမေး၊ လူမမာပြုစုတဲ့ အလုပ်ဟာ အလွန် ချီးမွမ်းတဲ့ အလုပ်၊ တို့ သွားရအောင် ဆိုပြီး တောင်ပေါ်က ဆင်းပြီး ရှင်ဆန္ဒ ကျောင်းသို့ ဒကာကြွယ် သွားကြတယ် (မှန်ပါ့ ဘုရား)။

ရောဂါဘယ့်နှယ်နေသတုံး

ရှင်ဆန္ဒဆီ ရောက်သွားတော့ ရှင်သာရိပုတ္တရာက ငါ့ရှင် ရောဂါ ဝေဒနာ ဘယ့်နှယ် နေသတုံး မေးတော့၊ ဟာ ရောဂါ ဝေဒနာ ကတော့ ဘုရား ရှေ့သာ တိုးတယ်၊ နောက်မဆုတ် ပါဘူး ဘုရား၊ ကြိုးနဲ့ လည်ပင်း ပတ်ထားသလို ခေါင်းကြီးက လည်း တစ်ခါတည်း တင်းကြပ် နေအောင် ပတ်ထား သလိုပဲ၊ ဝမ်းထဲမှာ လည်း ဘုရား ဓားငယ်ကလေးနဲ့ မွှေသလို လေတွေကလည်း ထလိုက်တာ၊ ပူလိုက်တာ ကလည်း ဘုရား လူနှစ်ယောက်က တပည့်တော်ကို ခြေနဲ့ လက်ကိုင်ပြီး၊ မီးပူထဲမှာ ကင်သလို တပည့်တော်မှာ ပူပြီး သကာလ နေပါတယ် ဘုရား၊ ဒါကြောင့် ဘယ်နေရာကမှ မသက်သာ ဘူးတဲ့ (မှန်ပါ့ ဘုရား)။

ဘယ်နေရာကမှ မသက်သာဘူးတဲ့၊ ခေါင်းထဲ ကြိုးနဲ့ ပတ်ထားသလို ဝမ်းထဲကလဲ ဓားငယ် ကလေးနဲ့ မွှေလိုက်သလို ပဲတဲ့ (မှန်ပါ့) တစ်ကိုယ်လုံးမှာလည်း လူနှစ်ယောက်က ခြေကိုင် လက်ကိုင်ပြီး သကာလ မီးပူထဲမှာ ကင်သလို ဖြစ်နေ ပါတယ် ဘုရား၊ ဒါကြောင့် တပည့်တော်မှာ မသက်သာဘူးတဲ့ (မှန်ပါ့)။

သေကြောင်းကြံတယ်

အဲဒီတော့ တပည့်တော်က စိတ်ကူး ရှိတယ်ဘုရား ဒီခန္ဓာကြီးနဲ့ နေရတာဖြင့် ဒီဒုက္ခတွေပဲ များနေမှာပဲ၊ ကိုယ့်ဟာ ကိုယ်လည်ပင်းကို ဓားနဲ့ လှီးပြီး သေမယ်လို့ စိတ်ကူးပါတယ် ဘုရား (မှန်ပါ့ ဘုရား)။

ဒါ ရဟန္တာဖြစ်မည့် ပုဂ္ဂိုလ်နော် (မှန်ပါ့) ရဟန္တာ ဖြစ်မည့် ပုဂ္ဂိုလ် သေကြောင်းကြံတယ် ဆိုတာ ဒကာ ဒကာမတို့ ပေါ်လာပြီ (ပေါ်လာပါပြီ ဘုရား)။

ကြံ ချင်လို့ ကြံတာ မဟုတ်ဘူးလို့ ဦးလှဘူးတို့ ဒကာကြွယ်တို့က မှတ်လိုက်စမ်းပါ (မှန်ပါ့) ဒီခန္ဓာကြီး စွန့်ပစ် ရရင် ဟိုခန္ဓာ သူမရတော့ဘူး၊ သူတော့ ရဟန္တာ ဖြစ်နေပြီလို့ သူ့စိတ်ထဲမှာ တစ်ခါတည်း ဆုံးဖြတ်ချက် ချတယ် (မှန်ပါ့)။

သူ့ဟာက ဘယ့်နှယ် ထင်ပါလိမ့် (ရဟန္တာ ဖြစ်နေပြီ ထင်ပါတယ် ဘုရား) ဒါနဲ့ ရှင်သာရိ ပုတ္တရာက စကားလွှဲပြီး ပြောလိုက်တယ်၊ ငါ့ရှင် ဆန္ဒ ဒီလို ဓားနဲ့လှီးလို့ တော့ဖြင့် မသေ လိုက်ပါနဲ့၊ ဓာတ်စာ မရှိလဲ ငါရှာပြီး ပြုပါ့မယ်၊ ဆေးမရှိလဲ ငါပဲ ရှာပါ့မယ်၊ ပြုစုမည့် သူမရှိလဲ ငါပဲ ကိုယ်တိုင် လာပြီး ပြုစု ပါ့မယ်၊ ဒီလို သေကြောင်းတော့ မကြံပါနဲ့ (မှန်ပါ့ ဘုရား)။

ဒကာ ဒကာမတို့ ရှင်သာရိပုတ္တရာ ပြောပုံကနော် (မှန်ပါ့) ဆေးမရှိလဲ သူရှာပေးမယ်၊ ဓာတ်စာ မရှိလဲ သူရှာ ပေး မယ်၊ ပြုစုမည့် သူမရှိလဲ သူပြုစုပါ့မယ်တဲ့၊ ကိုယ့်ဟာကိုယ် သေကြောင်းတော့ မကြံစည် ပါနဲ့လို့ တားဆီး လိုက်တယ် (မှန်ပါ့)။

အရှင်ဘုရား တပည့်တော်က ဒီလို ကိစ္စတွေ ကြောင့် မဟုတ်ပါဘူးတဲ့၊ ဆေးမရှိလို့လဲ မဟုတ်ပါဘူး၊ ဓာတ်စာ မရှိလို့လဲ မဟုတ်ပါဘူး၊ ပြုစုမည့်သူ မရှိလို့လဲ မဟုတ်ပါဘူး။ တပည့်တော်သည် နောင်တစ်ဖန် ပဋိသန္ဓေ မနေမည့် ပုဂ္ဂိုလ်မို့ လှီးချင်တာပါတဲ့ (မှန်ပါ့ ဘုရား)။

သူ့ကိုယ်သူ ရဟန္တာလို့ထင်နေတယ်

ဒကာ ဒကာမတွေ သူ့ဟာသူ သူ့အထင် မှာတော့ ရဟန္တာ ဖြစ်နေပြီ (မှန်ပါ) လည်ပင်းလှီး သေငြားသော် လည်း ဒီခန္ဓာ စွန့်ပြီး ဟိုခန္ဓာ မရတော့ဘူး၊ ဒါကြောင့် သူ ရဲရဲ တင်းတင်းပဲ လှီးတော့မယ် ဆိုတဲ့ စိတ်ဟာ ပေါ်လာတယ် (မှန်ပါ့) ဒကာ ဒကာမတို့ သူ အားထုတ်ထားတဲ့ ဝိပဿနာ ဉာဏ်ဟာ၊ မဂ်ဉာဏ် ကျအောင်၊ မဂ်လေးပါးတောင် အကုန် ပြည့်စုံပြီ ဆိုတဲ့ အခြေ အနေမျိုး ရောက်အောင်၊ သူ့စိတ်ထဲမှာ ဖြင့် အထင်ကြီး လောက်အောင် အကြီးစား ဖြစ်နေခဲ့တယ် (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ရဟန်းကိစ္စပြီးပြီလို့ယူဆ

ရဟန္တာဖြစ်ပြီလို့ သူ့စိတ်ထဲမှာ ဧကန်ယူထားတာပေါ့ ဗျာ (မှန်ပါ့) ဒီလို ယူထားတော့ ရှင်သာရိပုတ္တရာက သူ့ဟာသူ တော့ဖြင့် အတော်ပဲ အထင်ကြီး နေပြီ၊ ရဟန်း ကိစ္စ ပြီးပြီလို့ ယူဆ နေပြီ၊ မဂ်ကိစ္စ တစ်ဆယ့် ခြောက်ချက်လဲ လုပ်စရာ မရှိတော့ဘူး၊ ရဟန္တာ ဖြစ်စဉ်ဖြင့် ဧကန် တကယ် သူရောက်ပြီ ဆိုပြီး သကာလ လည်ပင်း လှီးမယ်လို့ ကြံစည်တာပဲ၊ သို့သော်လဲ သူ့ ဝိပဿနာ ဉာဏ် မြင်ပုံ ကလေးတော့ မေးကြည့်ဦးမယ် (မှန်ပါ့)။

ဒကာ ဒကာမတို့ ဘာမေးကြည့်မှာတုံး (ဝိပဿနာဉာဏ် မြင်ပုံ မေးမှာပါ ဘုရား) သူ ရဟန္တာ ဖြစ်ရန် ကျင့်တဲ့ ဝိပဿနာ မြင်ပုံ လမ်းစဉ် ဟုတ် မဟုတ် နောင်လာ နောက်သားတွေလဲ မှတ်စေတော့ (မှန်ပါ့) အထက် ရဟန္တာကြီးက သူသာ ရဟန္တာ ဖြစ်ရင် ဒကာကြွယ် မသိဘဲ နေပါ့မလား (မနေပါ ဘုရား)။

သို့သော်လဲ သူ့မြင်ပုံဟာ အမြင်မှန်လား မြင်ပုံ လိုသေးသလား ဆိုတာ သိရအောင်၊ ရှင်ဆန္ဒ အထင်ကြီးနေ တာလား၊ အဟုတ်ကို ရဟန်း ကိစ္စ ပြီးနေတာလား ဆိုတာ သိရအောင် ရှင် သာရိပုတ္တရာရဲ့ မေးပုံကလေးကို သတိထား ရမယ် (မှန်ပါ့ ဘုရား)။

ဒီဝတ္ထုကို နာဖူးတဲ့ ပုဂ္ဂိုလ်များလဲ နာဖူးပါတယ် (မှန်ပါ့ နာဖူး ပါတယ်) မနာဖူးတဲ့ ပုဂ္ဂိုလ်တွေ အတွက်လဲ သြော် ငါတို့ ဝိပဿနာ ဉာဏ်ဟာ ဘယ်လို အခြေအနေ ရောက်မှ ဆုံးတယ် ဆိုတာလဲ ပေါ်လာအောင် ဒကာဒကာမတို့ ဒီဥစ္စာ လေးလေး စားစားနဲ့ အလုပ်စခန်းနဲ့ မှတ်ရတော့မယ် (မှန်ပါ့ ဘုရား)။

ဘယ်လိုမှတ်ရမှာတုံး (အလုပ်စခန်းနဲ့ မှတ်ရ မှာပါ)။

အဲဒါ သူ့ဝတ္ထုကို ဒကာဒကာမတွေ နားထောင်ပြီး တော့ သြော် သူမြင်ပုံဟာ အမှန်သားပဲ၊ တို့မြင်ပုံနဲ့ ကိုက် မကိုက်လဲ အားထုတ်နေတဲ့ ပုဂ္ဂိုလ်တွေက နှိုင်းချိန်ကြည့်တာပေါ့ (မှန်ပါ့) အားမထုတ် ရသေးတဲ့ ပုဂ္ဂိုလ်ကလဲ ဒီအတိုင်းပဲ အားထုတ်တာပေါ့ ဆိုတာ ဘုန်းကြီးက ဖြည့်စွက် သတိပေးပါ တယ် (မှန်ပါ့ ဘုရား)။

အားထုတ်ပြီးသား ပုဂ္ဂိုလ်က ဒီအတိုင်းမြင်လို့ရှိရင် အမြင်မှန်နေပြီ (မှန်ပါ့) အားမထုတ်သေးတဲ့ ပုဂ္ဂိုလ်က အခု အမြင်မှန်ကို ပြောသဖြင့် ဒီအမြင်မှန် ရအောင် တို့က ကြိုးစားမယ်(မှန်ပါ့) အဲဒါ အားလုံး တရားနာတဲ့ ဒကာ ဒကာမတွေ နည်းယူဖို့ ဟောတဲ့ ဥပရိပဏ္ဏာသ ပါဠိတော်မှာ လာတဲ့ ဆန္ဒသုတ် ဆိုတဲ့ ဥစ္စာကို ဒကာ ဒကာမတို့ သေသေ ချာချာ မှတ်ဖို့ ကောင်းပါတယ် (မှန်ပါ့ ဘုရား)။

ဒီတရားကို လေးလေးစားစားမှတ်ပါ

ရှင်းရှင်း လင်းလင်း ဖြစ်အောင်လဲ ပြောပါ့မယ်၊ ဘုန်းကြီး ဖြည့်စွက် ပြောတန်သမျှလဲ ပြောပါ့မယ်၊ ရှင်သာရိပုတ္တရာက မေးလို့ ရဟန္တာဖြစ်မည့် ပုဂ္ဂိုလ်က ဖြေတာတွေလဲ ပါ-ပါလိမ့် မယ် (မှန်ပါ့) အဲဒါကြောင့် ပေါ့ပေါ့ တန်တန်နဲ့ မမှတ်ဘဲနဲ့ လေးလေး စားစားနဲ့ ဒီတရားကို မှတ်စမ်းပါ ဆိုတာကိုပဲ၊ တွင်းမှ မတူးတတ်တဲ့ ပုဂ္ဂိုလ်ကို တူးတတ်တဲ့ ပုဂ္ဂိုလ်က အောင်းဖို့ရာ နည်းပေး တာကိုဖြင့်၊ ခင်ဗျားတို့ ကြိုးကြိုး စားစားနဲ့ အောင်းရ လိမ့်မယ် (မှန်ပါ့ ဘုရား) မအောင်း ထိုက်ဘူးလား (အောင်း ထိုက်ပါတယ် ဘုရား)။

ကိုင်း ဒကာ ဒကာမတို့ တရားထဲ လေးစားတဲ့စိတ် ရှိပလား (ရှိပါပြီ) ရှင်သာရိပုတ္တရာ က မေးတော့ သူကလည်း သူ့ကိုယ်သူ ရဟန္တာ ဖြစ်ပြီ၊ နောက် ပဋိသန္ဓေ မနေရမည့် ပုဂ္ဂိုလ်ပါ ဘုရားလို့ စိတ်ကူး ပါတယ် ဆိုတော့။ ကဲ ငါ့ရှင် တရားကလေး တစ်ခု မေးချင်တယ်တဲ့၊ တရားလေး တစ်ခု မေးချင်တယ်တဲ့ ဒကာဒကာမတို့ (မှန်ပါ့) တရားကလေး မေးချင်တယ် ဆိုတော့ စာအတိုင်း ပြောသွားလို့ ဒကာ ဒကာမတွေ နားလည်မှာ မဟုတ်လို့ ပုံစံ ချပြမယ်နော် (မှန်ပါ့ ဘုရား)။

ကြိုးကြိုးစားစားနာပါ

တရားကလေး တစ်ခု မေးချင်တယ် ဆိုတော့ မေးပါဘုရား ဆိုတော့ သူ့အမြင်ဟာ အတော် မှန်ကန်၍ သူအထင်ကြီးမည် ဆိုလျှင်လည်း ကြီးလောက်သည့် အမြင်ပဲ ဆို တာ ဒကာ ဒကာမတွေ မှတ်ရလိမ့်မယ် (မှန်ပါ့) ဒါကြောင့် ကြိုးကြိုး စားစား ကလေး မှတ်ပြီး သကာလ၊ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ သိမ်းတဲ့ အမြင်ကိုဖြင့်၊ ငါတို့အတွက် အတော် အရေးကြီးတဲ့ အမြင် ပါကလား ဒီ အမြင်မှန် ရအောင် ငါတို့ ကြိုးစားရမှာပဲ ဆိုတဲ့ စိတ်မွေးပြီး နာရမယ်(မှန်ပါ့) မနာရ ပေဘူးလား (နာရ ပါတယ်) အပါယ် လေးပါး တံခါးပိတ်တဲ့ အမြင်ကိုးဗျ (မှန်ပါ့ ဘုရား)။

ငါ့ကိုယ်၊ ငါ့ဟာလို့ စွဲသေးသလား

ငါ့ရှင် ဆန္ဒ ငါမေးစမ်း ပါရစေ၊ အဆင်းကလေး တစ်ခု ရှိတယ်၊ ဟောဒီမှာ မြင်တဲ့ ရုပ်ကလေး လည်း ရှိတယ်၊ အဆင်း ရုပ်နဲ့ မြင်ရုပ်နဲ့ နှစ်ခုတည့်တဲ့ အခါ မြင်စိတ်ကလေး မပေါ်ဘူး လား (ပေါ်ပါ တယ်) ဒါဖြင့် “စက္ခုံ စ ပဋိစ္စ ရူပေ စ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ” ပါဠိတော်နဲ့ ကိုက်နေတယ် (မှန်ပါ့ ဘုရား)။

အဲဒီ သုံးခု တို့သည်ကား လို့ ဆိုလို့ရှိရင် “ဧတံ မမ ဧသောဟမသ္မိ ဧသော မေ အတ္တာ” ဆိုတဲ့ အခြင်းအရာ သုံးမျိုးဖြင့် စွဲလမ်း ပါသလားတဲ့ (မှန်ပါ့) စာလို ပြောတော့ ဒကာ ဒကာမတွေ နား မလည်မှာ စိုးရတယ်။ ဒါကြောင့် နားလည်အောင် ပြောလိုက်တော့ ဒီသုံးခုကို တစ်ခုခု ကြည့်ပြီး သကာလ ငါ့ကိုယ် ငါ့ဟာ ငါ့ဥစ္စာလို့ စွဲသေးသလားတဲ့ (မှန်ပါ့) မစွဲပါဘုရားလို့ ပြန်လျှောက်တယ် (မှန်ပါ့ ဘုရား)။

တဏှာ၊ မာန၊ ဒိဋ္ဌိပြုတ်တဲ့အမြင်

ဒကာ ဒကာမတို့ အဆင်းကိုလည်း ငါ့ကိုယ်ငါ့ဟာ ငါ့ဥစ္စာလို့ မစွဲပါဘူးတဲ့၊ မြင်တဲ့ ရုပ်ကလေး ကိုကော (ငါ့ကိုယ် ငါဟာ ငါ့ဥစ္စာလို့ မစွဲပါ ဘုရား) မြင်တဲ့ စိတ်ကလေး ကိုကော (ငါ့ကိုယ် ငါ့ဟာ ငါ့ဥစ္စာလို့ မစွဲပါ ဘုရား) မစွဲဘူးတဲ့ ဒါဟာ ရှင်ဆန္ဒမြင်တဲ့ အမြင်နော် (မှန်ပါ့) အသံ နားထောင် ကြည့်စမ်းပါ ငါ့ကိုယ် ဆိုတာက တဏှာ၊ ငါ့ဟာ ဆိုတာက မာန၊ ငါ့ဥစ္စာ ဆိုတာက ဒိဋ္ဌိ၊ အဲဒီတော့ တဏှာ မာန ဒိဋ္ဌိ ပြုတ်တဲ့ အမြင် (မှန်ပါ့ ဘုရား)။

သူ ဝိပဿနာ ရှုပါတယ်တဲ့၊ ရှုတဲ့ အခါကျတော့ ဒီဥစ္စာ တွေဟာ ဖြစ်ပြီး ပျက်တာတွေ ဖြစ်ပြီး ပျက်တာတွေပဲ၊ အဆင်း ကလည်း ဖြစ်ပျက်ပဲ၊ မျက်လုံး ရုပ်ကကော (ဖြစ်ပြီး ပျက်ပါ တယ် ဘုရား) မြင်စိတ်ကလေး ကကော (ဖြစ်ပြီး ပျက်ပါ တယ် ဘုရား)။

ဒကာ ဒကာမတွေ ကတော့ ကြိုက်ရာ ရှုပေါ့ဗျာ (မှန်ပါ့) စိတ္တာနုပဿနာ ဆိုရင် မြင်စိတ်ရှု၊ ရုပ်ရှုရင် အဆင်းရုပ် နဲ့ မြင်ရုပ်ကို ရှုပေါ့ (မှန်ပါ့ ဘုရား)။

အဲဒါတွေ ငါ့ကိုယ် ငါ့ဟာ ငါ့ဥစ္စာလို့ စွဲသေးသလားလို့ မေးတော့ ဒါတွေဟာ တပည့်တော် သုံးခု စလုံးကို ငါ့ကိုယ် ငါ့ဟာ ငါ့ဥစ္စာဆိုတဲ့ တဏှာ မာန ဒိဋ္ဌိနဲ့ မစွဲပါ ဘုရားတဲ့ (မှန်ပါ့ ဘုရား)။

ဖြစ်ပျက်မြင်လို့မစွဲတာပါ

ဒါတွေကို သူဘယ့်နှယ်ကြောင့် မစွဲတယ် ဆိုတာလဲ ဒကာ ဒကာမတွေ ရိပ်မိကြပါပြီ (ရိပ်မိပါပြီ ဘုရား) ဖြစ်ပျက် မြင်လို့ အပျက်မြင်လို့ မစွဲတာ (မှန်ပါ့) အဆင်း ရုပ်ကြည့်လိုက် ပြန်လည်း ဘာတုံး (ဖြစ်ပြီး ပျက်တာပါပဲ) အနိစ္စပဲ မြင်လိုက် တယ် (မှန်ပါ့) မြင်စိတ်ကလေး ကြည့်လိုက် ပြန်တော့ကော (ဖြစ်ပြီး ပျက်သွား တာပါပဲ) ဖြစ်ပျက် အနိစ္စပဲ သူမြင်လိုက် တယ် (မှန်ပါ့ ဘုရား)။

မြင်ရုပ်ကလေး ကြည့်လိုက် ပြန်တော့ကော (ဖြစ်ပျက် အနိစ္စပဲ မြင်ပါတယ်) သူတို့က အနိစ္စ၊ မြင်တာက မဂ္ဂ ဖြစ်နေ တော့ တဏှာလည်း အလိုလို သေနေတယ် (မှန်ပါ့) မာနကကော (သေပါတယ်) ဒိဋ္ဌိကကော (သေပါတယ် ဘုရား) ဒါကြောင့် ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာလို့ တပည့်တော် မထင်ပါဘူး ဘုရား၊ ဖြစ်ပြီး ပျက်သွားတာ မြင်နေလို့တဲ့ (မှန်ပါ့ ဘုရား)။

မြင်တာကမဂ္ဂသစ္စာ

အဲဒီတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ရှုပုံနဲ့လည်း ကိုက်ပါတယ်၊ ဘယ်စိတ် ကလေး လာလာ ခင်ဗျားတို့ ဘာတွေ့ ကြသတုံး (ဖြစ်ပျက်ပဲ တွေ့ပါတယ်) ဖြစ်ပျက်ပဲ တွေ့တာပဲ ဆိုတော့ ဖြစ်ပျက်က ဒုက္ခသစ္စာ၊ မြင်တာက မဂ္ဂသစ္စာ ဒါ တွင်းအောင်း ကြတာကိုးဗျ (မှန်ပါ့ ဘုရား)။

ဒီလိုသိတဲ့ ပုဂ္ဂိုလ် ကျတော့ သြော် ရှေ့က ဒုက္ခ နောက်က မဂ္ဂ (မှန်ပါ့) ဒုက္ခသစ္စာကို မဂ္ဂသစ္စာက သိပြီး သကာလ နေတော့၊ နောက်က တဏှာ မာန ဒိဋ္ဌိ ဆိုတဲ့ သမုဒယ သစ္စာ သုံးခုဟာ သေနေတယ် (မှန်ပါ့) မသေ လားဗျာ (သေပါတယ် ဘုရား)။

တို့အမြင်သည် အမြင်မှန်

တဏှာ မာန ဒိဋ္ဌိဆိုတဲ့ သမုဒယသစ္စာသုံးခု သေတယ် ဆိုတာ သဘောကျပလား (ကျပါပြီ) အဲဒါ သဘောကျ တော့မှ ဒကာ ဒကာမတွေ စဉ်းစားမိပြီ၊ ဪ ဒါဟာ တို့ ဆရာသမား ပြောတဲ့ အတိုင်း မှတ်ပြီးတော့ အားထုတ် လိုက်တာ တို့အမြင်သည် အမြင်မှန် ပါကလားလို့ ဆုံးဖြတ်ချက် ချပါ (မှန်ပါ့ ဘုရား)။

ထို့အတူပဲ အသံရယ်၊ နားရယ်၊ ကြားစိတ်ရယ်၊ ဒီသုံးခု ကို ဘယ်လိုများ မြင်ပါ လိမ့်မလဲ၊ ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာလို့များ စွဲသေးသလားလို့ မေးလိုက်ပြန်တယ်၊ မစွဲပါ ဘုရားတဲ့ (မှန်ပါ့) ဒကာသစ် ဘယ့်နှယ်ကြောင့် မစွဲပါလိမ့် (ဖြစ်ပြီး ပျက်သွားတာ မြင်လို့ပါ ဘုရား) တရား တစ်ပွဲလုံး ဒကာ ဒကာမတွေ ဘယ်လို ဖြေကြပါ့မလဲ (ဖြစ်ပြီး ပျက်တာ မြင်လို့ပါ ဘုရား) အဲ ဖြစ်ပြီး ပျက်တာ မြင်လို့ ရှိရင်ဖြင့် ဘယ်နည်းနဲ့မှ မစွဲဘူးတဲ့ (မှန်ပါ့ ဘုရား)။

ဥပမာမယ် ဒီ ကြားစိတ် ကလေးဗျာ၊ ကြားစိတ် ကလေးဟာ ကြားပြီး ပျက်သွားတာပဲလို့၊ ဒီကနေ နောက်ကနေ မဂ်နဲ့ရှု လိုက်တဲ့ အခါကျတော့၊ ဒကာ ဒကာမတွေ ဒီကြား စိတ်ကလေးဟာ ဖြစ်ပြီး ပျက်သွားတာ သေသေချာချာ သိတော့၊ နဂိုတုန်းက ကိုယ့်သန္တာန် ပေါ်လာလို့ ကိုယ့် ဝိညာဏက္ခန္ဓာ ထင်တာ ကလေးဟာ အခုတော့ဖြင့် အကြောင်း နှစ်ခု တိုက်ဆိုင် လို့ ဖြစ်ပေါ်လာပြီး ပျက်သွားတာ သိလိုက်တဲ့ အတွက် ငါ့ကိုယ် ငါ့ဟာလို့ ဆိုလို့ ရသေးရဲ့လား (မရပါ ဘုရား) ငါ့ကိုယ် ငါ့ဟာလို့ ဆိုလို့ မရတာ ရှုလိုက်တဲ့ အတွက် မင်္ဂလာလို့ ငါ့ကိုယ် ငါ့ဟာ ငါ့ဥစ္စာ ဆိုတာက ဝင်ခွင့်ကို မရဘူး (မှန်ပါ့) ဒကာကြွယ် ရသေးရဲ့လား (မရပါ ဘုရား)။

အိမ်ရောက်ရင် ရှုဖြစ်အောင်ရှုစမ်းပါ

ဒါကြောင့် ဖြစ်ပျက်ဟာ ဒကာ ဒကာမတို့ စကားလို သုံးလိုက်တော့ အနိစ္စ ဆိုလည်း ဖြစ်ပျက်ပဲ (မှန်ပါ့) ဒုက္ခ ဆိုတာလည်း (ဖြစ်ပျက်ပါပဲ) အနတ္တ ဆိုတာလည်း (ဖြစ်ပျက်ပါ ပဲ) ဒုက္ခသစ္စာ ဆိုတာ ကော (ဖြစ်ပျက်ပါပဲ) အဲဒါကြောင့် အိမ်ရောက်လို့ ရှိရင် ရှုဖြစ်အောင် ရှုစမ်းပါ (မှန်ပါ့) ဟာ ဒါ ဘာတုံးလို့ ဆိုရင်ဖြင့် ငါ တွင်းအောင်းတာ (မှန်ပါ့ ဘုရား)။

တွင်းအောင်းတာ ဘာတုံး ဆိုတော့ ကြွက် တွင်းအောင်း လို့ရှိရင် အန္တရာယ် ကင်းတယ် (မှန်ပါ့) တို့မှာလည်း ဖြစ်ပျက်ရှု နေလို့ ရှိရင်ဖြင့် နိဗ္ဗာန်တည်း ဟူသော ရန်သူမျိုးငါးပါး တို့၏ ကင်းရာ ဖြစ်တဲ့ နိဗ္ဗာန်ကို တို့ အောင်း နေတာပဲ ဆိုပြီး သကာလ အားလုံး တရားနာတဲ့ ဒကာ ဒကာမတွေ အန္တရာယ် ကင်းချင်ရင် ဒါသာ ရှုနေ (မှန်ပါ့) အန္တရာယ် ကင်းချင်ရင် ဒါပဲ ကြိုးစားပါ ဆိုတာကို သတိပေး လိုက်ပါတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

တဏှာမာန ဒိဋ္ဌိလာသေးရဲ့လား (မလာပါ ဘုရား)။

အဲ တဏှာမာန ဒိဋ္ဌိ မလာ ကတည်းကိုက ဒကာ ဒကာမတွေ နှိပ်စက်မည့် ရန်သူတွေ အကုန် သေပြီ (မှန်ပါ့) တဏှာ ရှိရင် ခင်လို့ ပူလိမ့်မယ်၊ မာနရှိလို့ရှိရင် ငါ အောက်ကျလိမ့်မယ် စသည်တွေ လာလိမ့်မယ်၊ ဒိဋ္ဌိ ရှိလို့ ရှိရင် ငါမှ ဖြစ်ရ လေခြင်းကကော (လာမှာပါ ဘုရား) အဲဒါတွေ အကုန် ဖြုတ်ချ လိုက်တော့ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿကို ဒီမဂ်က နိုင်တယ် (မှန်ပါ့) ဖြစ်ပျက်က ဒုက္ခသစ္စာ၊ ရှုတာက (မဂ္ဂသစ္စာပါ ဘုရား)။

အဲ မဂ္ဂသစ္စာ သိလိုက်တော့ ခုနင်က ပြောခဲ့တဲ့ တဏှာတည်း ဟူသော ခင်မှုကြောင့် စိုးရိမ် သောက တွေကော (မလာပါ ဘုရား) မာနတည်း ဟူသော ထောင်လွှားမှုကြောင့် ငါဖြင့် အခု အောက်ကျ တော့မယ် ဆိုတဲ့ ဒေါမနဿ တွေကော (မလာပါ ဘုရား) ဒိဋ္ဌိတည်း ဟူသော တရား ရှိနေလို့ ရှိရင် ငါတော့ ဖြင့် အခက်ကြုံပေါ့ ဆိုတာကော မလာဘူးလား (လာပါ တယ်) အဲဒါ တွင်း မအောင်းတဲ့ ပုဂ္ဂိုလ်မှာ ဒါချည့်လာမှာပဲ (မှန်ပါ့) ဖြစ်ပျက်ရှုတဲ့ ပုဂ္ဂိုလ်ကျတော့ (မလာပါ ဘုရား) ဒါတွေ မလာတော့ဘူး ဆိုတာ သဘောကျ ပလား (ကျပါပြီ ဘုရား)။

ဘုန်းကြီးက အိုတော့အိုပြီ

အေး ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ သာသနာတွင်း ကြုံရ၊ ဆရာ သမားများနဲ့ ကြုံရ၊ ဒီလို အချိန်ကောင်း ကလေး ကြုံရ၊ အချိန်ကောင်း ဆိုတာ ခင်ဗျား တို့လည်း မနာမဖျား ကြသေးလို့၊ မသေကြသေးလို့၊ ဒီကို လာနိုင် ကြပြီး ဒီလိုပဲ နာနိုင်ကြတယ်၊ ဆရာဘုန်းကြီး ကလည်း အိုတော့ အိုပြီ၊ နာတာကတော့ မလဲသေးဘူး၊ မသေသေးလို့ တွင်းတူး ပေး နေတယ်၊ ခင်ဗျားတို့ အောင်းရအောင် (မှန်ပါ့ ဘုရား)။

ဆရာဘုန်းကြီးက ဘာတုံး (တွင်းတူး ပေးနေပါ တယ် ဘုရား) ခင်ဗျားတို့က ဘာတုံး (အောင်းရမှာပါ ဘုရား)။

အဲဒီတော့ တွင်းတူးပေး နေတဲ့ ပုဂ္ဂိုလ်က တွင်းတူးပေး နေလို့မှ ကိုယ့် အန္တရာယ် ကင်းတဲ့ နေရာ မအောင်းဘူး ဆိုရင် ဒီကြွက်ထက် မိုက်တာတော့ (မရှိပါ ဘုရား) သဘောပါ ကြပလား (ပါ, ပါတယ် ဘုရား)။

ကိုယ့်အရေးကိုယ်သိပါ

ဒါကြောင့် ကိုယ့်အရေး ကိုယ်သိပါတော့၊ ကျန်းမာချင် လိုက်တာ၊ ချမ်းသာချင် လိုက်တာတော့ လွန်လို့ တွင်းတော့ မအောင်းချင်ဘူး ဆိုရင် ဘယ်မှာ သာလျှင် အန္တရာယ် ကင်းလို့ ဘေးရှင်း နိုင်ကြ ပါ့မလဲ (မရှင်းနိုင်ကြပါ ဘုရား) မယုံရင် လက်တွေ့ လုပ်ကြည့်ပါ (မှန်ပါ့) ပဋာစာရီ ရူးနေတဲ့ သောက ပရိဒေဝဟာ တစ်ခါတည်း ဖြစ်ပျက် ရှုချလိုက်တာ ဖြစ်ပျက် မြင်လာတော့ အဝတ်တွေ ကောက်ဝတ် လာတယ် (မှန်ပါ့) သဘောကျ ပလား (ကျပါပြီ ဘုရား)။

အဲဒီတော့ အရူး ဝေဒနာတွေ၊ အနှမ်း ဝေဒနာတွေ အကုန် ပျောက်နိုင်တယ် ဆိုတာ မသေချာ ဘူးလား (သေချာပါ တယ်)။ အဲဒါ သောကရူး၊ ပရိဒေဝ ရူးတွေ အကုန် ပျောက်နိုင် တာ သိလျက် သားနဲ့၊ လုံခြုံတဲ့ တွင်းကိုဖြင့် သောက ပရိဒေဝ ငြိမ်းတဲ့ တွင်းကိုဖြင့် အောင်း ဖြစ်အောင် အောင်းပါ ဆိုတာ ရှုဖြစ်အောင် ရှုပါလို့ အားလုံးပဲ တိုက်တွန်းပါတယ် (မှန်ပါ့ ဘုရား)။

နို့မဟုတ် ခင်ဗျားတို့ အိပ်ရာထဲ ရောက်ပြီ ဆိုမှဖြင့် တွေးချင်တာ တွေးလို့ ဆွေးချင်တာ ဆွေးနေတာ လာကြပြီ (မှန်ပါ့) ဘာမှ အသုံး မကျတာ တွေနော် (မှန်ပါ့ ဘုရား)။

ပေါ်တဲ့စိတ် ဖြစ်ပျက်ရှုပါ

အဲဒီတော့ အိပ်ရာထဲ ရောက်တယ် ဆိုရင်ဖြင့် အခု ဘယ်စိတ် ပေါ်သလဲ၊ ပေါ်တဲ့စိတ် ဖြစ်ပျက် ရှုချ၊ ထိနမိဒ္ဓ ပေါ်ရင် ထိနမိဒ္ဓ ဖြစ်ပျက်ရှု ချပါ (မှန်ပါ့) စိတ်ပျံ့လွှင့်တယ် ဆိုရင်ကော (ပျံ့လွှင့်တဲ့စိတ် ဖြစ်ပျက် ရှုရပါမယ်) ပျံ့လွှင့်တဲ့ ဥဒ္ဓစ္စ ကိုပဲ ဖြစ်ပျက် ရှုချ (မှန်ပါ့) သို့လော သို့လော တွေးနေပြန် လို့ ရှိရင်ကော (တွေးတဲ့စိတ် ဖြစ်ပျက်ရှု ရပါမယ်) အဲဒါ တွင်းအောင်း တာပဲ (မှန်ပါ့ ဘုရား)။

သူတို့ ရှေ့ကို ဆက်နိုင် သေးရဲ့လား (မဆက်နိုင်ပါ ဘုရား) မဆက်နိုင်လို့ ရှိရင်ဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ၌ အေးချမ်း မသွားဘူးလား (အေးချမ်း သွားပါတယ်)

အဲ အခု ရှုနေတုန်း အေးချမ်းစ၊ ရှုလို့များ ဒီဟာတွေ အကုန် ချုပ်ငြိမ်းရင်ဖြင့် တစ်ခါတည်း အေးချမ်း အကြီးဆုံး ရပါ လိမ့်မယ် (မှန်ပါ့ ဘုရား)။

ဒါကြောင့် ဒကာ ဒကာမတွေ ကိုယ့်အရေး ကိုယ်သိကြ ပလား (သိပါပြီ ဘုရား) ကိုယ့် သောက ပရိဒေဝ ငြိမ်းဖို့ အရေး ဟာဖြင့် ကိုယ့်အရေးပဲ (မှန်ပါ့) ကိုယ့် သောက ပရိဒေဝ ငြိမ်းအောင် ဆိုတာ ကိုယ့် သန္တာန် ပေါ်တဲ့ စိတ်ကို ကိုယ်ရှု (မှန်ပါ့) ကိုယ့် သန္တာန် ပေါ်တဲ့ ဝေဒနာကို (ကိုယ်ရှုပါမယ် ဘုရား)။

ရှုလိုက်လို့ ရှိရင် အရှုခံရတာက ဒုက္ခသစ္စာ၊ ရှုဉာဏ်က (မဂ္ဂသစ္စာပါ ဘုရား) သောက ပရိဒေဝ ငြိမ်းတာက သမုဒယ သေတာ (မှန်ပါ့) ငြိမ်းပြီး သကာလ ချမ်းသာ အစစ် ကိုယ် ပိုင် ရတာက နိရောဓ သစ္စာ (မှန်ပါ့) အဲဒီမှာ အောင်းမိ ပါတယ် (မှန်ပါ့ ဘုရား)။

ဒီအလုပ်လုပ်ဖြစ်ဖို့ စိတ်ကူးပါ

ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဘာမှ မပူပါ နဲ့၊ ဒီအလုပ် လုပ်ဖြစ်ဖို့ပဲ စိတ်ကူးပါ၊ ဒါမလုပ်ရသေးလို့ရှိရင် အဲဒါကို အပူကလေး ထားပါ (မှန်ပါ့) ဒါ မလုပ်ရသေးလို့ ရှိရင်ဖြင့် တွင်းကို မအောင်း ရသေးဘူး၊ ဘယ်မှာ အန္တရာယ် ကင်းလိမ့်မတုံး (မှန်ပါ့) တွင်းအောင်း ဆိုတာ ပေါ်တဲ့ စိတ်ကို ဖြစ်ပျက် ရှုပြီး အသာကလေး နေရုံကလေးဟာ တွင်းအောင်းတာ ပါပဲ (မှန်ပါ့) သဘော ကျပလား (ကျပါပြီ ဘုရား)။

ဒါကြောင့် ဒကာ ဒကာမတွေ ခူးထားတဲ့ ထမင်းကို စားရုံကလေး ပျင်းတာကတော့ လွန်လွန်းတယ်လို့ ဆိုရလိမ့်မယ် (ဆိုရမှာပါ ဘုရား) စပါးကနေပြီး ဆန် ဖြစ်အောင်လုပ်၊ ဆန်က နေပြီး သကာလ ထမင်းဖြစ်အောင်လုပ်၊ စားပွဲပေါ် ရောက်အောင် ပို့ပြီးတာတောင်မှ စားဖို့ရာ ပျင်းလှ သေးတယ် ဆိုလို့ရှိရင် ဒကာသစ် မကောင်းတော့ပါဘူး (မှန်ပါ့) အင်မတန် ဆိုးရွားတဲ့ အဓိပ္ပါယ်ထဲ ကိုယ်ပါသွားတယ် (မှန်ပါ့) မပါပေဘူးလား (ပါ, ပါတယ် ဘုရား)။

နှစ်ပေါင်းသုံးလေးဆယ်တူးထားတဲ့တွင်း

အဲဒါကြောင့် ဒကာ ဒကာမတို့ ဒီဥစ္စာ ကြပ်ကြပ် ဂရုစိုက်ပြီး သကာလ၊ ဪ တို့ဆရာ ဘုန်းကြီး တူးထား တာ နှစ်ပေါင်း သုံးလေးဆယ် တွင်းကို၊ ငါတို့ အန္တရာယ်ကင်း ဘေးကင်းအောင် ခိုင်းတဲ့ ဥစ္စာ၊ ငါတို့က စွန်တို့၊ သိန်းတို့၊ ကြောင် တို့၏ အစာဖြစ်အောင် ငါတည်းဟူသော ကြွက်ဟာ မိုက်အား သန်လှချည့်လားလို့ ကိုယ့်ကိုယ်ကို အပြစ်တင်ပြီး အောင်း ဖြစ်အောင် အောင်းပါ (မှန်ပါ)။

အောင်းဖြစ်အောင်အောင်းပါ

ကိုင်း ဒါနဲ့ ဒကာ ဒကာမတို့ တွင်းအောင်းတဲ့ နည်းရပလား (ရပါပြီ ဘုရား) တွင်းအောင်းတယ် ဆိုတာ ဘာပါလိမ့် (ဖြစ်ပျက်ရှုတာပါ) ဖြစ်ပျက်ရှုပြီး သကာလ နေတော့ သောက ပရိဒေဝတွေ ဘယ့်နှယ်နေသတုံး (ချုပ်ပါတယ် ဘုရား) ဒုက္ခ ဒေါမနဿတွေကော (ချုပ်ပါတယ် ဘုရား)။

သြော် ဒါဖြင့် ကျုပ်မှာ သောက များလွန်းလို့ ဝိပဿနာ မရှုနိုင်ဘူးလို့ မလုပ်ပါနဲ့ (မှန်ပါ့) ဒုက္ခ များလွန်းလို့ ဝိပဿနာ မရှုနိုင်ဘူးလို့ မလုပ်ပါနဲ့ (မှန်ပါ့) ပရိဒေဝများ လွန်းလို့ ဝိပဿနာ မရှူနိုင်ဘူး မလုပ်ပါနဲ့ (မှန်ပါ့) ဝိပဿနာ ရှုဖြစ်အောင်ရှု၊ လာတာကို ဝိပဿနာရှု၊ သောက လာ ရင် သောကရှု၊ ပရိဒေဝ လာရင် (ပရိဒေဝ ရှုရပါမယ် ဘုရား)။

ဒုက္ခလာရင် (ဒုက္ခရှုရပါမယ်) ဒေါမနဿ လာရင် (ဒေါမနဿ ရှုရပါမယ်) ဥပါယာသ လာရင် (ဥပါယာသ ရှုရပါမယ်) ပုထုဇဉ် သန္တာန်မှာ ပေါ်တဲ့ စိတ်တွေကိုး (မှန်ပါ့) အဲဒါတွေ အကုန် ရှုလိုက်လို့ ရှိရင်ဖြင့် ဒါတွေ အကုန် မငြိမ်း ဘူးလား (ငြိမ်းပါတယ်) ဘယ့်နှယ်ကြောင့် ငြိမ်းသတုံး ဆိုတော့ သူတို့က ဒုက္ခ သစ္စာ၊ ရှုတာက (မဂ္ဂသစ္စာပါ) အေးချမ်း သွားတာက သမုဒယ သေတာ (မှန်ပါ့) တကယ်တမ်း ကိစ္စ ပြီးသွားတာ နိရောဓ သစ္စာ (မှန်ပါ့) သဘောပါကြပလား (ပါ, ပါပြီ ဘုရား)။

အဲဒီတော့ ဘယ်ကနေ ရှူရှူရတာပဲ “ဧကောဓမ္မာပဲ” တဲ့၊ “ဧကောဓမ္မာ” ဆိုတာက ဖြစ်ပျက် ကလေး တစ်ခုတည်း ထိုင်ထားရင် ပြီးတာပဲ (မှန်လှပါ) ဒိပြင် ဘာများ ရှိသေး သတုံး (မရှိပါ ဘုရား)။

ရှင်ဆန္ဒဖြေတာ၊ အတုခိုးစရာ

ကိုင်း ဒါနဲ့ ဒကာ ဒကာမတွေ ရှင်ဆန္ဒ ဖြေတာက အတု ခိုးစရာ ကလေးနော် (မှန်ပါ့) အတုခိုးစရာ ကလေး ရှင်သာရိပုတ္တရာက မေးလို့ ရှင်ဆန္ဒက ဖြေလိုက်တာ (မှန်ပါ့) တပည့်တော် ဘာမှ မတွေ့ဘူး ဘုရားတဲ့၊ ဝေဒနာလည်း မတွေ့ဘူး၊ စိတ်လည်း မတွေ့ဘူး၊ ရှုလိုက်ပြီဆိုမှဖြင့် ကုန်တာ ပျက်တာ ကလေးချည့် တွေ့တာပဲတဲ့ (မှန်ပါ့) “နိရောဓံ ဒိသွာ နိရောဓံ အဘိညာယ” ကိုး (မှန်ပါ့) နိရောဓံ- ချုပ်ပျောက် သွားတာကို၊ ဒိသွာ- မြင်၍၊ နိရောဓံ- ချုပ်ပျောက် ကုန်သွားတာကို၊ အဘိညာယ- သိ၍ (မှန်ပါ့) ဒါပဲ မြင်ပါ တယ် ဆိုတော့ ဒကာသစ် အမြင်ကတော့ မှန်နေပြီ (မှန်ပါ့) နောက်က ဒကာ ဒကာမတွေ (အမြင်မှန်ပါတယ် ဘုရား)။

ကုန်တာပျောက်တာမြင်အောင်ကြည့်

အဲ ဘုန်းကြီးတို့ ဒကာ ဒကာမတွေလည်း ဝိပဿနာရှုတဲ့ အခါမှာ ကုန်သွားပြီ၊ ပျောက်သွားပြီ၊ ရှုလိုက် တိုင်း ရှုလိုက်တိုင်း ရှုစရာ ကလေးဟာဖြင့် ကုန်သွားပြီ၊ ပျောက် သွားပြီ၊ နောက်တစ်ခါ ပေါ်လာတာလည်း ကုန်တာပဲ မြင်တာပဲ (မှန်ပါ့) နောက်တစ်ခါ ပေါ်လာတာကော (ကုန်တာပဲ မြင်ပါတယ် ဘုရား)။

ရဟန္တာဖြစ်မည့် ရှင်ဆန္ဒအမြင်

ကုန်တာ ပျောက်တာချည့် မြင်အောင်သာ ကြည့်နေလို့ ရှိရင်ဖြင့် ကုန်တာ ပျောက်တာဟာ ဒုက္ခသစ္စာ၊ မြင်တာသည် (မဂ္ဂသစ္စာပါ) အဲဒီကဲ့သို့ ဒကာ ဒကာမတွေ ရှုမြဲတိုင်းရှု၊ ရှုမြဲ တိုင်းရှု၊ အဲဒါဟာ အရှုမှန်ပဲ (မှန်ပါ့) ရဟန္တာ ဖြစ်မည့် ရှင်ဆန္ဒ အမြင်ပါ ဒကာ ဒကာမတို့ (မှန်ပါ့) ရဟန္တာ ဖြစ်နိုင်သည့် အမြင်ပါ၊ အင်မတန်မှ မှန်ကန်တဲ့ ရဟန္တာဖြစ်မည့် ပုဂ္ဂိုလ်၏ အမြင်ဆိုတာ ဒကာကြွယ် သေချာပလား (သေချာပါပြီ ဘုရား)။

အဲဒါကြောင့် တပည့်တော်တို့ ဘယ်လိုများ လုပ်ရမှာ တုံးလို့မေးတော့ ကုန်တာ ပျောက်တာ မြင်အောင်ကြည့်ပါ (မှန်ပါ့) စိတ်ရှုတဲ့ ပုဂ္ဂိုလ်ဟာ တွေ့မှု၌သာ လမ်းမဆုံးစေနဲ့။ ဘယ်စိတ်နဲ့မှ လမ်းမဆုံး စေနဲ့၊ ဘာတွေ့အောင် လုပ်ရမလဲ (ကုန်တာ ပျောက်တာ တွေ့အောင် လုပ်ရပါမယ် ဘုရား)။

ကုန်တာ ပျောက်တာ မြင်အောင်ကြည့်ပါ (မှန်ပါ့) ကုန်တာ ပျောက်တာ မြင်အောင်ကြည့်တယ် ဆိုတဲ့ သဘောဟာ ဒကာသစ် သိပ်အဖိုးတန်ပါကလား (တန်ပါတယ် ဘုရား) ဘာကြောင့် ဆရာ ဘုန်းကြီးက အဖိုးတန် ပါတယ်လို့ ပြောရ သတုံး မေးတဲ့ အခါကျတော့ ရှိရာက ကုန်သွားတာကိုး (မှန်ပါ့ ဘုရား)။

ရှိရာက မရှိတာ

ဘယ်လိုဘာလိမ့် (ရှိရာက ကုန်သွားလို့ ပါ ဘုရား) မရှိတာကို ကုန်တာ ပျောက်တာ မြင်တာမှ မဟုတ်ဘဲ၊ ခုနင်က ဒီနေရာ ကလေးမှာ ရှိတယ်၊ အခု မရှိတော့ဘူး ဆိုတော့ ကုန်တာပဲ မဟုတ်လား (မှန်ပါ့) ပျောက်တာလည်း (ဟုတ်ပါ တယ် ဘုရား)။

အဲဒီတော့ ရှိတာကလေး ခုနင်က ဒီနေရာကလေးမှာ မြင်စိတ်ကလေး ပေါ်တယ်၊ ရှုလိုက်ပါ၊ ကုန်သွားပြီ ပျောက်သွား ပြီ (မှန်ပါ့) ကြားစိတ်ကလေး ပေါ်တယ်၊ ရှုကြည့်စမ်း (ကုန်သွား ပြီ ပျောက်သွား ပါပြီ ဘုရား) နံစိတ်ကလေးပေါ်ပြီ ဒကာ ဒကာမ တို့ (ကုန်သွားပါပြီ ပျောက်သွားပါပြီ) ရှုလိုက်တဲ့ အခါမှာ ကုန်တာ ပျောက်တာပဲ မြင်တယ် ဆိုတော့ အဋ္ဌကထာဆရာက “ခယဝယ ဒိသွာ” လို့ ဖွင့်ထားတယ်၊ ခယဝယ မြင်သွားတာတဲ့ (မှန်ပါ့ ဘုရား)။

ကဲ ဒကာဒကာမတို့ နှာခေါင်းထဲမှာ နံတဲ့စိတ် ကလေး မွှေးတဲ့စိတ်ကလေး ပေါ်လာတယ် ကြည့်လိုက်စမ်း (ကုန်တာ ပျောက်တာပဲ ရှိပါတယ်) ကုန်တာ ပျောက်တာပဲ တွေ့တယ် ဒကာသစ်ရေ (မှန်ပါ့) ကုန်တာ ပျောက်တာချည့် တွေ့မှာပါပဲ၊ သတိထားမိကြပလား (ထားမိပါတယ် ဘုရား) ဝိပဿနာ ရှုနည်း နိဿရည်းဖြင့် အထူး ပေးနေပါကလား ဆိုတာ ပေါ်လာတယ် (မှန်ပါ့) ဘယ်သူ့ မြင်ပုံပါလိမ့်မတုံး ဆိုတော့ ရှင်ဆန္ဒ မြင်ပုံ (မှန်ပါ့)။

ရှင်ဆန္ဒ၏အမြင်

ဘယ်သူ့ မြင်ပုံပါလိမ့် (ရှင်ဆန္ဒမြင်ပုံပါ ဘုရား) ဒါက ရဟန္တာဖြစ်မည့် ပုဂ္ဂိုလ်နော်၊ ဒကာ ဒကာမတို့ နည်းရမ်းပြီး ပေးနေတာ မဟုတ်ပါဘူး (မှန်ပါ့) ဆရာဘုန်းကြီး အာဘော်နဲ့ ပေးနေတဲ့ သဘော၊ ဆရာဘုန်းကြီး စိတ်ထားနဲ့ သူကြိုက်တာ သူပေးနေတယ်လို့ ဒီလိုမယူနဲ့တဲ့၊ ရဟန္တာ ဖြစ်မည့် ပုဂ္ဂိုလ်က ဒီလို မြင်ပါတယ်လို့ ပြောတာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ) ရဟန္တာဖြစ်မည့် ပုဂ္ဂိုလ်က ကုန်တာ ပျောက်တာချည့် မြင်ပါတယ်လို့ ပြောနေတာ (မှန်ပါ့)။

အဲဒီတော့ ကြည့်ကြပါတဲ့ သေသေ ချာချာ၊ စိတ်ကို ကြိုက်ရင် စိတ်ကို ရှုကြည့်၊ ဝေဒနာ ကြိုက်ရင် ဝေဒနာ ရှုကြည့် ရှုနည်း မသိရင် လာပြီး မေးကြတာပေါ့ (မှန်ပါ့) ရှုနည်းလဲ နေ့တိုင်းလိုလို ပဲပြောနေတယ်၊ အဲဒီတော့ ဘာမြင်မှ အမြင်မှန်ပါလိမ့် (ကုန်တာ ပျောက်တာ မြင်မှ အမြင်မှန်ပါ ဘုရား)။

ကုန်တာ ပျောက်တာကို မြင်ရမယ် နော် (မှန်ပါ) ဘာကြောင့် တုံးလို့ မေးတဲ့အခါ ခန္ဓာ ကိုယ်ထဲမှာ “အနိစ္စာဝတ သင်္ခါရာ” ဆိုတဲ့အတိုင်းပဲ ကုန်တာပျောက်တာ တွေသာ ရှိနေ တာကိုး (မှန်ပါ့) ကုန်တာ ပျောက်တာ ရှိနေတော့ ဘာမြင်မှ အမြင်မှန်လို့ ဆိုမတုံး (ကုန်တာ ပျောက်တာ မြင်မှပါ ဘုရား)။

အဲ ကုန်တာ ပျောက်တာကို နောက်က ရှုတိုင်း ရှုတိုင်း မြင်တဲ့အခါကျတော့ အဲဒီ ကုန်တာကို ပျောက်တာကို ငါ့ကိုယ် လို့ဆိုလို့ ရသေးရဲ့ လား (မရပါ ဘုရား) ငါ့ဥစ္စာလို့ကော (မရပါ ဘုရား)၊ အဲဒီမှာ တဏှာမာန ဒိဋ္ဌိက သေသွားတယ် (မှန်ပါ့ ဘုရား)။

ဝိပဿနာအမြင်မှန်ပဲ

အဲဒီတော့ ရှင်ဆန္ဒမြင်ပုံက သိပ်အဖိုး တန်တယ်။ ဘာရှုရှု ကုန်တာ ပျောက်တာ မြင်ပါတယ် ဆိုတော့ လမ်းမှန်ပဲ ဆိုပြီး ရှင်သာရိပုတ္တရာက သူ့အမေးကို ရပ်လိုက်တယ် (မှန်ပါ့) သူ့အမေးကလေး ရပ်လိုက်ပါတယ် ဒကာ ဒကာမတို့၊ ရပ်ပြီးတော့ နဂိုလာတုန်းက ညီဖြစ်တဲ့ ရှင်စုန္ဒ မထေရ်ကလဲ ဒကာသစ် ပါသေးတာကိုး (မှန်ပါ့) ရှင်စုန္ဒက အနားက ထိုင်ပြီး သကာလ နေတော့ ကုန်တာ ပျောက်တာ မြင်တဲ့ အခါကျလို့ ရှိရင်ဖြင့် သူဟာမြင်တော့ မြင်တာဟာ အမြင်မှန်ပဲ၊ မြင်တာ ထက် သူက ပိုပြီး အထင်ကြီး နေတယ်၊ ဘဝင်မြင့် နေတယ် ပေါ့ဗျာ (မှန်ပါ့ ဘုရား)။

ဒကာ ဒကာမတို့ ဒီနေရာမှာ ဘုန်းကြီးတို့က ဒကာ ဒကာမတွေ အား ကရုဏာ ရှေ့ထားပြီး သကာလ ပြောလိုတာက ဒီအမြင်ဟာ ဝိပဿနာ အမြင်မှန်ပဲ (မှန်ပါ့) သို့သော်လဲ သူကတော့ဖြင့် မဂ်ရပြီလို့ကို ထင်နေတာ (မှန်ပါ့) မဂ်အမြင်က မဟုတ်ဘဲ ဖြစ်နေတယ် (မှန်ပါ့) ဝိပဿနာမဂ် အမြင်တော့ မှန်ပါရဲ့၊ လောကုတ္တရာ မဂ် အမြင်က မမှန်သေးဘူး (မှန်ပါ့ ဘုရား)။

ကဲ ဒါကလေး ဝေဖန်ကြ၊ ကုန်တာ ပျောက်တာ မြင်တာက ဘာဖြစ်ပါလိမ့် (ဝိပဿနာ အမြင်ပါ ဘုရား) ဝိပဿနာအမြင် (မှန်ပါ့) မဂ်က နှစ်မျိုး ရှိတာကိုး၊ ဝိပဿနာ မဂ်အမြင် ကတော့ တည့်သွားပြီ (မှန်ပါ့) လောကုတ္တရာ မဂ် အမြင်ကတော့ (မတည့်သေးပါ ဘုရား)။

သူကလောကုတ္တရာမဂ်အမြင်လို့ထင်တယ်

သို့သော် လောကုတ္တရာ မဂ်အမြင်လို့ သူက ထင်ပြီး သကာလ ဒါလောက် မြင်တယ် ဆိုလို့ရှိရင် ငါလည်ပင်းကို ဓားနဲ့လှီးပြီး သေလို့ရှိရင်၊ နောက် ပဋိသန္ဓေ မလာတော့ဘူးလို့ ထင်နေတယ် ဆိုတော့၊ ဒကာသစ်တို့ တရားတစ်ပွဲလုံးကပဲ ဒကာ ဒကာမတွေက စဉ်းစားတာပေါ့၊ ဪ ဘဝင်မြင့် သလောက် အထင်ကြီး သလောက် အမြင်က အထက် မရောက် သေးဘူး (မှန်ပါ့)။

ဘယ်လို မှတ်ကြမယ် (အထင်ကြီး သလောက် ဘဝင်မြင့် သလောက် အမြင်က အထက် မရောက်သေးပါ ဘုရား)၊ သေချာကြပလား (သေချာပါပြီ ဘုရား)။

အေး အဲဒီလို သေချာတော့မှ သြော် မှန် တော့ မှန်တာပဲ၊ မှန်ပေမယ့် အမှန် မဆုံးသေးဘူး (မှန်ပါ့) မမှန်ဘူးလို့တော့ မဆိုနဲ့ (မှန်ပါ့) မှန်တာကတော့ သေချာ နေတယ်၊ အမြင်ဆုံးပလား (မဆုံးပါ ဘုရား)။

ကဲ ဒါဖြင့် ဘုန်းကြီးက ထည့်ပေးမယ်၊ ဒကာ ဒကာမတွေ အခုနောက်ပြောတဲ့ အချက်ကလေး ဂရုစိုက်လိုက်၊ ကုန်တာ ပျောက်တာ မြင်တာဟာ ဝိပဿနာ မဂ္ဂင်ငါးပါး၏ အမြင် (မှန်ပါ့) တော်တော်ကြာ သူရှေ့ လာပြန် ကုန်တာ ပျောက်တာ မြင်ဦးမှာပဲ (မှန်ပါ့ ဘုရား)။

သူကပိုပြီးအထင်ကြီးနေတယ်

နောက်တစ်ခု ပေါ်လာပြန်ကော (ကုန်တာ ပျောက်တာ မြင်မှာပါပဲ) ဒါ ဘယ်မဂ်၏ အမြင်ဘာလိမ့် (ဝိပဿနာ မဂ်၏ အမြင်ပါ) ဝိပဿနာမဂ်၏ အမြင်ဆိုတာ ဘုန်ကြီးတို့ ဒကာ ဒကာမတွေ ရှင်းထား လိုက်တာပေါ့ (မှန်ပါ့) သို့သော် ဒီအမြင်ကို သူ့စိတ်ထဲမှာ ငါသည် လောကုတ္တရာ မဂ်မှ လေးတန်တောင် ရပြီးပြီ (မှန်ပါ့) ဒါကြောင့် ငါ့ကိုယ်ငါ လည်ပင်း ဓားနဲ့လှီးပြီး သေလို့ရှိရင်နောက် ပဋိသန္ဓေ မနေရတော့ဘူးလို့ သူ့စိတ်ထဲမှာ အထင်ကြီးတာက ပိုတယ် (မှန်ပါ့ ဘုရား)။

ဒါ လောကုတ္တရာ မဂ်အမြင်မှ မရောက်သေးဘဲ (မှန်ပါ့) လောကုတ္တရာ မဂ်အမြင်ကတော့ ဒီလိုပါ ဒကာ ဒကာမတို့၊ ကုန်တာ ပျောက်တာကို ရှာလို့ မတွေ့တော့ဘူး (မှန်ပါ့) ကုန်တာ ပျောက်တာ မရှိတာက ဒုက္ခသစ္စာကိုး၊ အဲဒီ ဒုက္ခသစ္စာ ရှာမတွေ့တဲ့ အခါကျတော့မှ နိရောဓသစ္စာ မြင်တယ် (မှန်ပါ့) အဲဒီကျမှ မဂ္ဂင်ရှစ်ပါးက လာပြီးဖြစ်တာ၊ ဒါ လောကုတ္တရာ အမြင် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ကုန်တာ ပျောက်တာ မတွေ့ဘဲနဲ့ ရှင်းလင်းပြီး သကာလ ဪ ဒါဟာ မသေရာမှန် ပြည် နိဗ္ဗာန် အစား ထိုးလာမှ လောကုတ္တရာ အမြင် (မှန်ပါ့) သဘောပါကြပလား (ပါ – ပါပြီ ဘုရား)။

အမြင်နှစ်ခုကို မှတ်ပါ

ကုန်တာ ပျောက်တာကို မြင်နေတာက ဘာတဲ့ (လောကီ မဂ်အမြင်ပါ) ကုန်တာ ပျောက်တာကို မမြင်ဘဲနဲ့ ဒကာ ဒကာမတို့ ကုန်တာ ပျောက်တာကို မမြင်တော့ပါဘူး၊ မသေတဲ့ နိဗ္ဗာန်ကို မြင်တော့ (လောကုတ္တရာ မဂ်အမြင်ပါ ဘုရား) ဒီအမြင် နှစ်ခုကို ထူးထူးခြားခြား မှတ်ရမယ် (မှန်ပါ့ ဘုရား)။

ဒါ ဆရာဘုန်းကြီးက တခြားကျမ်းက လာတာကို ဖြည့်စွက်ပြီး ပြောနေပြီ ဒကာ ဒကာမတို့၊ ခယဝယကို လွန်ပြီး သကာလ မြင်တဲ့အမြင်ဟာ လောကုတ္တရာအမြင် (မှန်ပါ့) ခယဝယတွေ နဂိုတုန်းက တွေ့ထားတယ်၊

နောက်တော့ ဒီ ခယဝယတွေကို မတွေ့ဘဲ ဖြစ်ပြီး သကာလ ကုန်တာ ပျောက်တာတွေကို မတွေ့ဘဲနဲ့ ရှေ့မှာ ရှင်းပြီး သကာလ ကုန်တဲ့ ပျောက်တဲ့ သင်္ခါရ လောကကို လွန်သွားတယ် (မှန်ပါ့) အသင်္ခတဘက် ကူးသွားတယ် (မှန်ပါ့ ဘုရား)။

သင်္ခတ လွန်သွားပြီး ဘယ်ကူးသွားသလဲ (အသင်္ခတ ဘက်ကူးသွားပါတယ်) အသင်္ခတဆိုတာ နိဗ္ဗာန်ပါပဲ (မှန်ပါ) သဘောကျပလား (ကျပါပြီ) အဲဒါတွေ ကြည့်လိုက်တော့မှ ကုန်တာ ပျောက်တာ တွေ ဆုံးသွားပြီး သကာလမှ နိဗ္ဗာန်မြင်တာ (မှန်ပါ့ ဘုရား)။

အဲဒီအမြင်ကတော့ ဒကာ ဒကာမတွေက ယနေ့ စောစောစီးစီး မှတ်ထားတော့၊ သြော် အမြင်ကျန် သေးတဲ့ အရှင်ဆန္ဒ ကိုး ဆိုတာ ပေါ်လာတယ် (မှန်ပါ့ ဘုရား)။

ဒါကြောင့် ဒကာဒကာမတို့ “ကလျာဏမိတ္တ” ဆိုတဲ့ သူတော်ကောင်းနဲ့ မပေါင်းလို့ရှိရင် ဒကာကြွယ် ကိုယ့်အမြင် ကလေးနဲ့ ကိုယ် ဟုတ်နေလိမ့်မယ်နော် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ကျုပ်တို့ဖြင့် ဖြစ်ပျက် ဘယ်အချိန် ရှုလိုက် ရှုလိုက် ခယဝယ များတော့ဖြင့် မှိုပေါက်အောင် မြင်တာပါပဲ၊ ဒါ့ကြောင့် ကျုပ်တို့ သေရမှာ မကြောက်ပါဘူး (မှန်ပါ့) မကြောက်ဘူး ဆိုတာက သုဂတိ လောက်သာ သေချာ နေတာ၊ နိဗ္ဗာန် မသေ ချာဘူး (မှန်ပါ့) ကုန်တာ ပျောက်တာမှ မဆုံးသေးဘဲ (မှန်ပါ့ ဘုရား)။

ဘယ်လိုဆိုကြပါ့မယ် (ခယဝယကုန်မှ နိဗ္ဗာန်ပါ ဘုရား) အေး ခယဝယကုန်မှ နိဗ္ဗာန်ဆိုတော့ ရှုရင်းမတ္တနဲ့ တွေ့လိုက်ကုန်ပြန်ပြီ၊ ပျောက်ပြန်ပြီ၊ ရှုလိုက် ကုန်ပြန်ပြီ၊ ပျောက်ပြန်ပြီ၊ ဒါတွေချည့် ဆက်တွေ့ နေသေးလို့ ရှိရင် ဒကာ ဒကာမတွေ ဝိပဿနာမဂ်လို့ မှတ်လိုက် (မှန်ပါ့) ကျေးဇူးမရှိ ဘူးလား ဆိုတော့ ရှိပါတယ်၊ တစ်ဆင့် တက်လိုက်ရင် ပြီးတော့မယ် (မှန်ပါ့) ကျေးဇူး အင်မတန် ရှိပါတယ်၊ တစ်ဆင့် တက်ရင် ပြီးတော့မယ် ဆိုတာ သေချာပါတယ် (မှန်ပါ ဘုရား)။

အဲဒီတော့ ရှုဖန်များတော့ ရှေ့ပိုင်းမှာ ရှုစရာ မရှိဘူး၊ ကုန်တာ ပျောက်တာချည့်ပဲ တစ်ခါတည်း ဆုံးသွားတယ်၊ ခယဝယ လွန်သွားပြီ (မှန်ပါ့) လွန်သွားတဲ့ အခါကျတော့ ခယဝယ အဆုံးမှာ နိဗ္ဗာန် (မှန်ပါ့) ခယဝယ လွန်သွားတဲ့ နိဗ္ဗာန်ကို မြင်သွားပြီ (မှန်ပါ့) မြင်သွားတော့မှ ဒီက မဂ္ဂင်ရှစ်ပါး သွားဖြစ်တယ် (မှန်ပါ့ ဘုရား)။

ခုနင်တုန်းကတော့ ငါးပါးနဲ့ ခယဝယ မြင်နေတာ (မှန်ပါ့) နိဗ္ဗာန်မြင်တဲ့ အခါကျတော့ ရှစ်ပါးနဲ့ ခယဝယ အဆုံး ကို မြင်တယ် (မှန်ပါ့) သဘောပါကြပလား (ပါ-ပါပြီ) အဲဒီ အမြင်ရောက်အောင် ကြိုးစား ရမယ် (မှန်ပါ့ ဘုရား)။

ဒါဖြင့် ရှင်ဆန္ဒက ဒကာသစ် ဒီလို ရောက်ပါရဲ့ လား (မရောက်ပါ ဘုရား) တပည့်တော် ခယဝယကို မြင်ပါတယ် ဒါကြောင့် ငါ့ကိုယ် ငါ့ဟာ ငါ့ဥစ္စာ မရှိဘူး ဆိုတာ ဟုတ်ပါတယ် ဆိုတော့ သူဟာ ဝိပဿနာမဂ်နဲ့ သတ်တဲ့ တဏှာမာန ဒိဋ္ဌိ ဖြစ်နေတယ် (မှန်ပါ့) မဂ္ဂင်ရှစ်ပါး ပြည့်တဲ့ လောကုတ္တရာ မဂ်နဲ့ သတ်တဲ့ တဏှာ မာန ဒိဋ္ဌိ ဟုတ်ပါရဲ့လား (မဟုတ်ပါ ဘုရား)။

တစ်ဆင့် ကျန်နေတယ်

တစ်ဆင့် ကျန်နေတယ်၊ တစ်ဆင့် ကျန်တော့ ဒကာ ဒကာမတို့ ရှင်စုန္ဒကလဲ ရဟန္တာမို့ သိတယ်၊ ရှင်ဆန္ဒဟာ သူ့ဟာသူ ဘဝင်မြင့်နေတာ၊ စင်စစ်တော့ သူ ပုထုဇဉ်ပဲ ရှိသေးတယ်လို့ ဆုံးဖြတ်ချက်ချပြီ (မှန်ပါ့ ဘုရား)။

သူ့ဟာသူ အထင်ကြီး နေတာတဲ့ ဒကာကြွယ်၊ ရှင်စုန္ဒက သိတယ်၊ ပုထုဇဉ်မှန်း သိတယ်၊ အမြင်ကတော့ ဘယ့်နှယ် နေသတုံး (မှန်ပါတယ် ဘုရား) မှန်တော့ မှန်ပါတယ်တဲ့ ဒကာဒကာမတို့ သို့သော် အမြင်က ဆုံးရဲ့ လား (မဆုံးပါ ဘုရား) အမြင်မဆုံးဘဲ ဖြစ်နေသေးတယ် ဆိုတာ ပေါ်ကြပလား (ပေါ်လာပါပြီ) အဲဒါတွေ သေသေ ချာချာ သိတော့မှ သြော် ဆရာ မကူရင် မဖြစ်ပါ ကလား (မှန်ပါ့ ဘုရား)။

အဲဒီမှာ ရှင်သာရိပုတ္တရာ ကတော့ အထူး မပြောဘူး၊ မင်းဟာ တိုးလုပ်ပါဦးလို့လဲ မတိုက်တွန်းဘူး (မှန်ပါ့) အမြင် လမ်းစဉ်ကလဲ မှန်နေတာကိုး၊ ဒါပေမယ့်လဲ အကျေနပ်ကြီး လား၊ အကျေနပ် ထက်ဝက် လောက်လား (ထက်ဝက်လောက် ပါ ဘုရား) ဘာကြောင့်တုံး ဆိုတော့ ဝိပဿနာမဂ် အမြင်ပဲ ရှိသေးတာကိုး။ လောကုတ္တရာမဂ်က မရောက်သေးဘူး (မှန်ပါ့ ဘုရား)။

ဒီတော့ ရှင်သာရိပုတ္တရာနဲ့ အတူပါလာတဲ့ ညီတော် ရှင်စုန္ဒက အနားမှာ ရှိတယ် (မှန်ပါ့) ရှင်စုန္ဒကလဲ ရဟန္တာပဲလို့ မှတ်လိုက်စမ်းပါ (မှန်ပါ့ ဘုရား)။

မှတ်ချက်။ ။36:30

ရှင်စုန္ဒ၏သတိပေးစကား

ရှင်ဆန္ဒအတွက် ခက်လိုက်တာ၊ ဘာမှ သူ့ဟာက မဟုတ်သေးဘူး၊ ဝိပဿနာဉာဏ်ပဲ ရှိသေးတယ်၊ ဝိပဿနာ မဂ်ပဲ ရှိသေးတယ်၊ (မှန်ပါ့) ဒါကို ရဟန္တာထင်ပြီး သကာလ နေတဲ့အတွက် သူက ကြားဖောက်ပြီး သကာလ ရှင်စုန္ဒက သတိပေးစကား ပြောကြားတယ် (မှန်ပါ့) အရှင်ဘုရားတဲ့ မြတ်စွာဘုရား သခင် ကိုယ်တော်မြတ်ကြီး ဟောကြားထားတာ ရှိပါတယ်၊ အမြဲ သတိပြုဖို့ ဟောကြား ထားတာပါ (မှန်ပါ့)။

မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီး အမြဲဆုံးမ ပြီး ဝိပဿနာ ယောဂီပုဂ္ဂိုလ်တွေကို ဆုံးမတာ ရှိပါတယ် ဘုရား၊ ဒါကလေးကို အရှင်ဘုရား နှလုံးသွင်းပါဦးတဲ့ (မှန်ပါ့) အရှင်ဘုရား အမြင် လိုသေးတယ်လို့ မပြောဘူး (မှန်ပါ့) ဒါကလေး နှလုံးသွင်းပါဦး အဓိပ္ပာယ်နဲ့ လူမမာကို ချော့ပြီး ကျွေးသလို ပေါ့ဗျာ (မှန်ပါ့) ဒါကလေး ကတော့ အဆိပ်လဲ မဖြစ်ပါဘူး၊ အားကလေး ရှိအောင် စားလိုက် ပါဦး ဆိုတဲ့ အဓိပ္ပာယ်မျိုး (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

မှီနေရင်လှုပ်တယ်

“နိဿိတဿ စလိတံ၊ အနိဿိတဿ စလိတံ နတ္ထိ” စတဲ့ ဒီ ပါဠိတော်ကို ရွတ်လိုက်တယ် (မှန်ပါ့) နိဿိတဿ = တဏှာဒိဋ္ဌိ မှီနေသော ပုဂ္ဂိုလ်အား၊ စိတ္တံ= စိတ်သည်၊ စလိတံ = လှုပ်သည်၊ ဟောတိ = ဖြစ်၏။ အနိဿိတဿ= မမှီသော ပုဂ္ဂိုလ်အား၊ စိတ္တံ= စိတ်သည်၊ စလိတံ= လှုပ်ခြင်းသည်၊ နတ္ထိ= မရှိတဲ့ (မှန်ပါ့) မှီနေရင် လှုပ်တယ်တဲ့ (မှန်ပါ့) မမှီရင် (မလှုပ်ပါ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။

မမှီရင် မလှုပ်ဘူး

ဒကာဒကာမတွေ မှီနေရင် လှုပ်သည်၊ မမှီရင် မလှုပ်ဘူး ဆိုတော့ ဒီတရား အသာချိတ် ထားပါဦး၊ ခင်ဗျားတို့ အတွက်ကလေး နည်းနည်း ဖြည့်စွက်မယ်နော် (မှန်ပါ့) ဒကာသစ်ကတော့ ဒီမှာ နေတာပဲ၊ နေပင်နေငြား သော်လဲ ၊ ဆိုင်တွေရှိတယ်၊ သားမယားနဲ့ တိုက်တာတွေ ရှိတယ်၊ ဟိုမှာ ဘာဖြစ်သတဲ့ ကားတိုက် သတဲ့လို့ ကြားလိုက်ရင်၊ ဒကာသစ် ကားတိုက်သတဲ့ လို့ ကြားလိုက်ရင် ဒီကနေပြီး ဟိုက်ကနဲ ဖြစ်သွားတယ် (မှန်ပါ) မဖြစ်သွားဘူးလား (ဖြစ်သွားပါတယ်)

ဪ ဒကာသစ် တဏှာနဲ့ ဟိုက ကားနဲ့ဟာ မှီနေတယ် (မှန်ပါ့) ဟိုက ကားလှုပ်ရင် ဒီက လှုပ်တယ် (မှန်ပါ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။

ဒကာကြွယ်က ဒီမှာလာပြီး တရားနာနေတယ်၊ အိမ်က ကားတိုက်သတဲ့လို့ ကြားရင် ဟို ကားနီ ကြီးနဲ့ပဲ တိုက်သတဲ့လို့ ကြားရင်၊ ဟာ ဆိုတာ ကလေးဟာ လာလိမ့်မယ် (လာပါတယ် ဘုရား) ဘယ့်နှယ် ကြောင့် လာပါလိမ့် မတုံး၊ ဒီကား နဲ့ လောဘ တဏှာနဲ့က ဟိုမှာ သွားဆက်နေတယ် (မှန်ပါ့) နဂိုက ဆက်နေတယ် (မှန်ပါ့)။

ဒါကြောင့် နိဿိတဿ- ကားပေါ်မှာ လောဘစိတ် မှီနေ သော ပုဂ္ဂိုလ်အား၊ စလိတံ- ဟိုက ကားက လှုပ်သည် ရှိသော်၊ စိတ္တံ- ဒီမှာရှိတဲ့စိတ်သည်၊ စလိတံ-လှုပ်သည်၊ ဟောတိ-ဖြစ်၏ လို့ ဆို လိုတာ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား) အဝေးကြီး ကပေမယ်လို့ လှုပ်တယ် ဒကာသစ်ရေ (လှုပ်ပါတယ် ဘုရား)။

ဥပမာ- ရန်ကုန် ကောလိပ်ကျောင်းမှာ ကိုယ့်သမီးလေး တစ်ယောက် ထားတယ် ဆိုကြပါစို့၊ အဲဒီ သမီးလေး တစ်ယောက် က ကြေးနန်းစာလေး တစ်စောင် မလာသည် တိုင်အောင် လူကြုံက ပြောလိုက်တော့ ကလေးတော့ဖြင့် မျက်နှာကြည့် မကောင်းဘူး၊ ဟိုက စကားယဉ် သုံးလိုက်တယ်၊ ဖျပ်ဆို ဒီက အမေမိဘက လှုပ်တယ် (လှုပ်ပါတယ် ဘုရား) ဘာဖြစ်လို့တုံး၊ မှီနေလို့၊ ဟိုမှာ အမြဲ ဆက်ပြီး မှီနေတယ် (မှန်ပါ့ ဘုရား)။

ဟို ကလေးမ ကလေးဆီမှာ အမေမိဘ စိတ်က တစ်ခါတည်း သွားမှီနေတယ် (မှန်ပါ့) မှီနေတော့ ကလေးမ ကလေး ဣန္ဒြေပျက် လိုက်ရင်ပဲ ဒီက ဘယ့်နှယ်နေတုံး (လှုပ်ပါတယ် ဘုရား)။

ဒါကြောင့် နိဿိတဿ- မှီနေသော ပုဂ္ဂိုလ်အား၊ “စလိတံ-အဝေးကြီးက ပင်သော်လည်း လှုပ်သည်”၊ ဟောတိ= ဖြစ်၏။ (မှန်ပါ့) ခင်ဗျားတို့ကသာ ဝေးတယ် ထင်တာ ဟုတ်လား၊ အာရုံ အာရမ္မဏိက အဖြစ်နဲ့တော့ မှီနေတယ် (မှန်ပါ့ ဘုရား) မှီနေတော့ တတ်နိုင်လို့မိုင် (၆၀၀၀)ကျော် ဝေးတဲ့ အင်္ဂလန် ကျွန်းမှာပင် သွားပြီး ထားပါ။ ဟိုက ဘာတဲ့ ဆိုရင် ဒီကလှုပ်ပြီ (လှုပ်ပါတယ် ဘုရား) ဒကာ ဒကာမတွေသွား သွားပြီး မှီနေရင် တော့ လှုပ်မှာပဲ (မှန်ပါ့) သွား သွား မမှီရင်တော့ (မလှုပ်ပါ ဘုရား)။

အခုတော့ဖြင့် သေသူ ပြန်အောက်မေ့လိုက် လှုပ်လိုက်၊ ရှင်သူ ပြန်အောက်မေ့လိုက် (လှုပ်လိုက်ပါ ဘုရား) သွား သွားမှီသကိုး၊ ခင်ဗျားတို့က လောကွတ်က တယ်ချော်တာကိုး (မှန်ပါ့) သဘောကျပလား (ကျပါပြီ) လောကွတ်က ချော်တဲ့ အခါကျတော့ လှုပ်ချင်လို့ ချော်တာ (မှန်ပါ့ ဘုရား)။

မှီတာကလိုရင်း

ဒကာကြွယ် ဘယ်သားသမီး ဘယ်အာရုံနဲ့မှ သူတို့ဆီ ကို မဆက်တော့ပါဘူးဆိုရင် ဘာဖြစ်ဖြစ် လှုပ်သေးရဲ့ လား (မလှုပ်ပါ ဘုရား) ဆက်သွယ်နေရင် (လှုပ်ပါတယ် ဘုရား) ဒါဖြင့် နိဿိတဿ= ဆက်သွယ်၍ နေသော ပုဂ္ဂိုလ်အား။ စလိတံ ဟိုကအကြောင်း ရှိသည်ရှိသော် ဒီက လှုပ်သည်။ ဟောတိ= ဖြစ်၏။ (မှန်ပါ့) ခင်ဗျားတို့က ဝေးနီးတာ လိုရင်း ဟုတ် သလား မှီ နေတာက လိုရင်းလား (မှီနေတာက လိုရင်းပါ ဘုရား) သဘောပါကြပလား (ပါ-ပါပြီ ဘုရား)။

အဲ မှီတာက လိုရင်း ဖြစ်နေတော့ တုံးကို မှီနေတဲ့ ပုဂ္ဂိုလ် ဟာ တုံးလှုပ်တော့ မှီနေတဲ့ လူက (လှုပ်ပါတယ် ဘုရား) သဘော ကျပလား (ကျပါပြီ) တိုက်ပေါ်မှာ မှီနေတဲ့ ပုဂ္ဂိုလ်ကလဲ တိုက်ကို ငလျင်လှုပ် လိုက်တော့ (လှုပ်ပါတယ်) တိုက်လှုပ်တာနဲ့ ရော လှုပ်သွားတယ် (မှန်ပါ့) သဘောကျ ပလား (ကျပါပြီ ဘုရား)။

အဲဒီတော့ ခင်ဗျားတို့မှာ မျက်ရည်မျက်ခွက် သောက ပရိဒေဝ ဗျာပါရတွေနဲ့ နေကြရတာ မှီမှီနေလို့ ဒါတွေ ခဏခဏ မျက်ရည်နဲ့ မျက်ခွက် ပေါ်ပေါ်နေတာ(မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား) မမှီတော့ဘူး ဆိုတော့ (မပေါ်တော့ပါ ဘုရား)။

သြော် ခင်ဗျားတို့က အမှီမရှိရင် ဘုရားတောင် မပွင့်ဘူးလို့ ပြောချင် ပြောဦးမယ်၊ ခင်ဗျား တို့ဘက်က ရှေ့နေကလဲ အတော်ကြီးတယ် (မှန်ပါ့ ဘုရား) သဘောကျ ပလား (ကျပါပြီ ဘုရား) ခင်ဗျားတို့ ဘက်က ရှေ့နေက ဘုရားတောင် အမှီနဲ့ ပွင့်တယ် ဆိုတော့ ဘုရား ကိုတောင် ဆွဲထည့် လိုက်သေးတယ် (မှန်ပါ ဘုရား)။

ဒကာဒကာမတို့ အမှီလေးတွေက ခင်ဗျားတို့ က မခိုင်တာကြီး မှီပြီး သကာလ နေကြတော့ မခိုင်တာတွေမို့ ပြုတ်ပြုတ် ပျက်ပျက်ပြီး ကျသွားတဲ့ အခါကျတော့ ခင်ဗျားတို့ ဘယ်လို နေရစ်ရသတုံး မေးကြည့်တာပေါ့။ ဒကာကြွယ် ဘယ်လို နေရစ်ရသတုံး (လှုပ်ပါတယ် ဘုရား) လှုပ်နေတာပဲ။

သောကနဲ့ လှုပ်လိုက်၊ ပရိဒေဝနဲ့ လှုပ်လိုက်၊ ရှေ့ရေး တွေးလှုပ် လိုက်၊ နောက်ရေး တွေးပြီး တော့ကော (လှုပ်ပါတယ် ဘုရား) အခု အရေး တွေးပြီး (လှုပ်ပါတယ် ဘုရား) လှုပ်စရာ ရှာနေကြ တာကိုး (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား) ဒကာ ဒကာမတွေက လှုပ်စရာ မရှိလို့ ရှာတဲ့ ပုဂ္ဂိုလ်တွေ ကလည်း အများကြီးပါ ကလား (မှန်ပါ ဘုရား)။

ဒကာကြွယ် တစ်ယောက်တည်း နေလို့ ရှိရင်၊ မမှီလို့ ရှိရင် လှုပ်စရာ ရှိသေးရဲ့ လား (မရှိပါဘူး ဘုရား) ဟာ ဒါဖြင့် မှီစရာ ရှာဦးမှပဲ လှုပ်ရအောင်ဟေ့၊ ဒီလို မလာကြဘူးလား (မှန်ပါ့ ဘုရား)။

ခင်ဗျားတို့ ကိုယ်က အမြီးမငြိမ်တဲ့ ငှက်ကလေးနဲ့ တူတယ် (မှန်ပါ့) မလှုပ်ရရင် မဖြစ်သလိုလို ဖြစ်နေတယ် (မှန်ပါ့ ဘုရား) သဘောပါကြပလား (ပါ-ပါပြီ ဘုရား) ဒါကြောင့် ဘယ်သူ့မှ မမှီရင် ဘယ်သူမှ မလှုပ်ပါဘူး (မှန်ပါ့ ဘုရား)။

အဲဒီတော့ ခင်ဗျားတို့က ဟိုမှီနေ၊ ဒီမှီနေဆိုတော့ ရွှေတွေရှိရင် ရွှေကြောင့် လှုပ်တာပဲ၊ ရွှေဈေး ကျရင် တက်ရင် လှုပ်ပြီ (မှန်ပါ) ဒကာ ဒကာမတို့ သဘောကျရဲ့ လား (ကျပါပြီ ဘုရား) ရွှေလေး တွေကို ကိုယ်က စုထားတယ်၊ ရွှေဈေးက ဖျတ်ခနဲ ကျသွားရင် ဒကာသစ် ဘယ့်နှယ်နေမလဲ (လှုပ်ပါတယ် ဘုရား) ဘာဖြစ်လို့တုံး (မှီနေလို့ပါ ဘုရား) ကား ကလေးတစ်စီး ဝယ်ထားတယ်၊ နောက်ကားတွေက လာလိုက် ပြန်တော့ ဒီဟာတွေက ဈေးကျပြီဆိုရင် ဘယ့်နှယ်တုံး (လှုပ်ပါတယ် ဘုရား) အထည်မျိုးတွေ နိုင်ငံခြားက ဈေးလျှော့ပြီး ဝင်လာသတဲ့ ဆိုရင်ကော (လှုပ်ပါတယ် ဘုရား) ဘာဖြစ်လို့တုံး (မှီပါတယ် ဘုရား)။

ခင်ဗျားတို့ကလဲ မှီပြီး လှုပ်စရာ မရှိရင် မနေတတ်၊ မှီစရာ မရှိရင် ဘုရားတောင် မပွင့်ဘူး ဆိုတာမျိုးကလေးလဲ သံမှိုနဲ့ စွဲသလို စွဲထားတာပဲ (မှန်ပါ့) ဒကာ ဒကာမတို့ သည်ကားလို့ ဆိုရင် မှီစရာ မရှိရင် နေလို့ မဖြစ်ကြဘူး၊ ဒကာကြွယ် လှုပ်ချင်လို့ (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

သမီးကလေးကို အားကိုး နေတယ်၊ သမီးကလေးက ပက်ကနဲ ဘယ်လို ဖြစ်သွားတယ် ဆိုတော့ မှီလို့ လှုပ်တာ (မှန်ပါ့) သားကလေး အားကိုး နေရာ သူ့သားက မယား နောက်လိုက် သွားသတဲ့ ဆိုတော့ မှီလို့ လှုပ်တာ (မှန်ပါ့) မမှီရင် (မလှုပ်ပါ ဘုရား) သဘောကျ ပလား (ကျပါပြီ ဘုရား)။

အဲဒီတော့ ရှင်စုန္ဒက နိဿိတဿ စလိတံ စသည်ဖြင့် အရှင်ဘုရား မှီနေလို့ လှုပ်တာ၊ အရှင်ဘုရား ခန္ဓာကိုယ် အရှင်ဘုရား မှီနေလို့၊ ဓားနဲ့ လည်းပင်း လှီးပြီး သေတော့မယ် ဆိုတာ အရှင်ဘုရား ခန္ဓာကိုယ် အရှင်ဘုရား မှီနေသေးတယ်လို့ သတိပေး လိုရင်းပဲ (မှန်ပါ့) ဒါကြောင့် အရှင်ဘုရား ခန္ဓာကိုယ်ကို ဝေဒနာတွေက နှိပ်စက်တော့ သေတာ ကောင်းတယ် ဆိုတော့ အရှင်ဘုရား လှုပ်တာပါလို့ သိစေတာ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

တရားတော်နဲ့ ရိပ်မိအောင်လို့ ပြောနေတာ (မှန်ပါ့) နိဿိတဿ- အရှင်ခန္ဓာကိုယ် မှီနေသော ပုဂ္ဂိုလ်အား၊ စလိတံ- ဓားနဲ့လှီး၍ သတ်မယ်လို့ လှုပ်ခြင်းသည်၊ ဟောတိ- ဖြစ်၏။ (မှန်ပါ့) အမှန် ကတော့ ဒေါသ ဖြစ်နေတာ (မှန်ပါ့) ဒေါသ ဖြစ်ပြီး လှုပ်နေတာ ဆိုတာ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ခန္ဓာကိုယ်ခင်လို့ ဒေါသဖြစ်တာ

ကဲ ဒါဖြင့် ရှင်ဆန္ဒသည် ဝိပဿနာဉာဏ် အမြင် တော့ မမှန်ဘူးလား (မှန်ပါတယ် ဘုရား) တဏှာ ဒိဋ္ဌိ မကုန် သေးဘူးဆိုတာ ပေါ်လာတယ် (မှန်ပါ) ဒါ့ကြောင့် သူ့ခန္ဓာ သူဓားနဲ့ လှီးပြီး သကာလ သတ်သေပါတော့မယ်၊ နောက် ပဋိသန္ဓေ မနေရတဲ့ ပုဂ္ဂိုလ်ပဲ ဆိုတော့ စကားကဖြင့် ကြီးပါ သပေါ့ဗျာ (မှန်ပါ့) သို့သော် ဒီခန္ဓာကြီးကို ဒီလိုတော့ မနေချင်ဘူး၊ သေတာ အေးတယ် ဆိုတဲ့ ဒေါသ ပါ-မပါ (ပါပါတယ် ဘုရား) အဲဒီတော့ ခန္ဓာကိုယ် ခင်လို့ ဒေါသဖြစ်တာ (မှန်ပါ့) ဒါဖြင့် နိဿိတဿ စလိတံ ဆိုတာ ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။

ဒကာကြွယ် အင်္ဂလန်မှာ ရှိတဲ့ သားသမီးဖြစ်စေ ကာမူ ဒီကနေပြီး အာရုံပြုလိုက်ရင် လှုပ်တာပဲ (လှုပ်ပါတယ် ဘုရား) နဂိုက ဆက်နေသကိုး (မှန်ပါ့) မှီနေသကိုး ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဒါကြောင့် ဝေးတာနီးတာ လိုရင်းလား မှီတာက လိုရင်းလား (မှီတာက လိုရင်းပါ ဘုရား) အဲ အနီးနားမှာ ရှိနေပေမယ့် မဆိုင်ဘူးဆိုတဲ့ ပရတော- သူစိမ်းပြင်ပ လို ထားလိုက်စမ်းပါ၊ အနတ္တ သဘော ထားလိုက်စမ်းပါ ဆိုတော့ လှုပ်သေးရဲ့ လား (မလှုပ်ပါ ဘုရား)။

ခင်ဗျားတို့ အိမ်နီးနားချင်းများ ဟိုဘက်က ဥပမာမယ် လူမျိုးခြား တစ်ယောက် သေသတဲ့၊ အခုမှ ရွှေ့လာတာ တယ်လဲ မကြာသေးဘူး၊ ကျုပ်တို့ဖြင့် မိတ်ဆွေတောင် မဖြစ်သေးဘူး။ ဖျတ်ခနဲ ရောက်လာတာ (၃-၄)ရက် ပဲရှိသေးတယ်၊ သေပြီ ဆိုရင် မလှုပ်ပါဘူး ဒီဘက်က (မလှုပ်ပါ ဘုရား) ဘာမှမခင် သေးဘဲကိုး (မှန်ပါ့) နည်းနည်းလေး ခင်လာတော့ ဟင်းပေး ဟင်းယူကလေး၊ ညရေး ညတာ အကူအညီ ကလေး ရလာပြီ ဆိုမှဖြင့် ဖြစ်မှ ဖြစ်ရလေနော် လာပြီ (မှန်ပါ့) အဲဒီကျတော့ မှီကြ ပကောဗျ (မှန်ပါ့) မှီတော့ ဘယ့်နှယ် ဖြစ်နေသတုံး (လှုပ်ပါတယ် ဘုရား)။

ဒါဖြင့် ဒီဥစ္စာ လှုပ်မလှုပ်ဟာ ဒကာ ဒကာမတို့ မှီ မမှီပေါ်မှာ မှီနေတယ် ဆိုတဲ့ အဓိပ္ပာယ်၊ ဆုံးဖြတ်ချက် ချရမယ် ဆိုတဲ့ အဓိပ္ပာယ် ရှင်းသွားပြီ (မှန်ပါ့) သဘောပါကြပလား (ပါပါပြီ ဘုရား)။

အေး ဒါကြောင့် ခင်ဗျားတို့ သားကလေး တစ်ယောက် ထွန်းကား လာပြန်လည်း အားကိုး ရချည်သေးရဲ့၊ သမီးကလေး တစ်ယောက် ထွန်းကားလာပြန်လဲ (အားကိုးရ ချည်သေးရဲ့) ခင်ဗျားတို့က မှီမယ် စိတ်ကူးနေတာပဲ (မှန်ပါ့) တယ်လည်း လှုပ်ချင် သကိုး (မှန်ပါ့) သဘောကျပလား (ကျပါပြီ)၊ လှုပ်ဆိုတာ ဘာတုံး မျက်ရည်နဲ့မျက်ခွက် ဖြစ်ချင်တာ ဆိုတာ (မှန်ပါ ဘုရား)။

လှုပ်ဆိုတာ ဘာပါလိမ့် (မျက်ရည်နဲ့မျက်ခွက် ဖြစ်ချင် တာ ဆိုတာပါ ဘုရား)။

ဒါကြောင့် တဏှာ ဥပါဒါန် မချုပ်သရွေ့ ကာလ ပတ်လုံး တစ်လှုပ်တည်း လှုပ်နေလိမ့်မယ် ဆိုတာ ဒကာကြွယ်၊ ဦးလှဘူး ရိပ်မိပလား (ရိပ်မိပါပြီ) ဒါကြောင့် ဒကာဒကာမတို့ ဒီတဏှာကိုဖြင့် မသတ်ရင် မဖြစ်ဘူး၊ (မှန်ပါ့) တဏှာကြီးတော့ ဥပါဒါန်၊ ဥပါဒါန်ဆိုတာ စွဲပြီးကပ်ပြီး မှီနေတာ (မှန်ပါ့) ဥပါဒါန်ဆိုတာ ဖြုတ်လို့ မရတာဆိုတာ (မှန်ပါ့ ဘုရား)။

ဖြုတ်လို့ မရဘူး ဆိုကတည်းက ဒကာ ဒကာမတို့ ဟိုကအနိစ္စအပေါ်မှာ အမြဲဆုပ်ထားပြီ ဆိုမှဖြင့် ဟိုကလည်း အနိစ္စရောက် ဒီကလည်း လှုပ်လို့ကောင်းပေါ့ (မှန်ပါ့) ဒီအတိုင်း မနေဘူးလား (နေပါတယ် ဘုရား)။

အဲဒါကြောင့် ရှင်စုန္ဒ ဟောတဲ့ တရားကလေး ဟာလဲ နိဗ္ဗာန် ဟောတာပါ။ ဒကာ ဒကာမတို့ ဒီတရားဟာ နိဗ္ဗာန် ရောက်နိုင်ပါတယ် (မှန်ပါ့) ကဲ လှုပ်မလှုပ် ဒကာသစ် ရိပ်မိ ပလား (ရိပ်မိပါပြီ)။

အာရုံ အားဖြင့် မှီနေရင် ဘာတုံး (ရောက်ပါ တယ်) မမှီတော့ (မရောက်ပါ ဘုရား) မင့်ကို ဆွေပြတ် မျိုးပြတ် ကြေညာလိုက်ပြီ ဆိုတော့လဲ ကြော်ငြာတုန်းက သူဟာလှုပ်လို့ ကြော်ငြာတာပဲ (မှန်ပါ့) နောက်ကျတော့ ဟိုမှာပဲ ဣန္ဒြေမရ ဘာမရနဲ့ ရောဂါ ဝေဒနာရပြီး ပျက်စီးတယ် ဆိုတော့ လှုပ်သေးရဲ့ လား (မလှုပ်ပါ ဘုရား) တဏှာနဲ့ သူက မမှီတော့ မလှုပ်ဘူး (မှန်ပါ့) သေတာ ကောင်းတယ်၊ ဒီလို လာတယ် သဘောကျ ပလား (ကျပါပြီ ဘုရား)။

စဉ်းစား ကြည့်စမ်းပါ။ ဥပမာမယ် အနောက်နိုင်ငံမှာ ကျွန်းပါ မြေမျို သွားသတဲ့၊ လူတွေလဲ အကုန် ပါသွားသတဲ့၊ ပင်လယ် ရေလွှမ်းပြီး မီးတောင် ပေါက်ကွဲသွားလို့ (မှန်ပါ့) မြန်မာပြည်က ဘယ်သူကမှ ဆွေမျိုး မရှိလို့ သြော် ကမ္မဿကာပဲ (မှန်ပါ့) မှီမှ မမှီဘဲကိုးဗျ(မှန်ပါ့) မမှီတော့ ဘယ့်နှယ်တုံး လှုပ်သေးရဲ့ လား (မလှုပ်ပါ ဘုရား)၊ ကမ္မဿကာ နဲ့ ထိုင်များ နေလိုက် သေးတယ် (မှန်ပါ့) တဏှာ မပါတော့ လှုပ်သေးရဲ့ လား (မလှုပ်ပါ ဘုရား)။

တဏှာသာပါလို့ ရှိရင် ဟိုမှာ သားတွေ သမီးတွေ ကျောင်းနေဖို့ ပိတ်ထားရင် ကိုယ်ကျိုးဖြင့် နည်းပေါ့ ။ အော်ပြီ၊ ဒီကျရင် (မှန်ပါ့)၊ဒီကျရင်တော့ မ သေးဘူး လား (အော်ပါတယ် ဘုရား) မှီနေရင်တော့ ဘာတုံး (လှုပ်ပါတယ်) မမှီရင်တော့ (မလှုပ်ပါ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ လှုပ် မလှုပ်ဟာ ဘယ်ဟာကို အကဲခတ်ရမှာတုံး (မှီ-မမှီ အကဲခတ် ရပါမယ်) မှီ-မမှီမှာ အကဲ ခတ်ရမယ် ဆိုတော့လဲ ခင်ဗျားတို့ကလည်း ခက်လိုက်တဲ့ ဖြစ်ခြင်းက အမှီမရှိရင် ဘုရားတောင် မပွင့်ဆိုတာ၊ ခင်ဗျား တို့ ဘယ်က သင်ထားတယ် မပြောတတ်ဘူး၊ ဒကာကြွယ်တို့ သင်ထားတာကလေ (မှန်ပါ့) ကျွန်းကိုင်းမှီ- ကိုင်းကျွန်းမှီ ပေါ့ကွ စသည်နဲ့ ယောက်ျားနဲ့ မိန်းမများ ပြောနေလိုက်တာ (မှန်ပါ့ ဘုရား) ငိုချင်ကြသေးလို့ ပဲ၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား) ကြောက်စရာ ကြီးပါလား၊ ဒကာ ဒကာမတို့ ဘယ်ကများ စကားတွေ တတ်ထားတယ် မသိဘူး၊ တဏှာက သင်ထားတာကိုး (မှန်ပါ့ ဘုရား)။

ဒကာသစ် ဘယ်သူက သင်ထားတာတုံး (တဏှာက သင်ထားပါတယ်) အဲဒီတော့ တဏှာ သင်ထားတဲ့ အတိုင်းသာ လုပ်နေလို့ရှိရင် ငိုပွဲချည့်ဆင်မယ် စိတ်ကူးပါ (မှန်ပါ့) တဏှာက သင်ထား တာက မှီသာမှီကွ ဆိုပြီး၊ သူကလဲ အနိစ္စချည့် အမှီခိုင်းတယ် (မှန်ပါ့ ဘုရား)။

ဘာတွေ အမှီခိုင်းသတုံး (အနိစ္စတွေချည့် အမှီခိုင်း ပါတယ်) အနိစ္စ အမှီခိုင်း ဒုက္ခ အမှီခိုင်း အနတ္တ အမှီခိုင်း ဒုက္ခသစ္စာ အမှီခိုင်းနဲ့ ပျက်စီးဒုက္ခရောက်မှာ ချည့်အမှီခိုင်း နေတယ် (မှန်ပါ့) အဲဒီ ပျက်စီးမှာချည့် အမှီခိုင်းတော့ ပျက်စီးမှာ တွေက များလေလေ အရိုးနဲ့ အရေ ကျန်လေလေပဲ (မှန်ပါ့) မလာပေဘူးလား (လာပါတယ် ဘုရား)။

ဒါဖြင့် “နိဿိတဿ စလိတံ” တော့ ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။

သူ့ခန္ဓာကိုယ်၊ သူ့ခင်နေသေးတယ်

ရှင်ဆန္ဒက ဒကာ ဒကာမတို့ မှီလို့ လှုပ်တာလား၊ မမှီဘဲနဲ့ ဓားနဲ့လည်းပင်းလှီးပြီး သေမယ်လို့ ပြောတာလား (မှီလို့ လှုပ်တာပါ) သူ့ခန္ဓာကိုယ် သူခင်နေသေးတယ်ဗျ။

ဒီခန္ဓာကြီးကို စိတ်ပျက်ပြီး သကာလ အကောင်းမှ မဟုတ်ဘဲ၊ သေပစ်တာ အေးသကွ (မှန်ပါ့) သဘောကျပလား(ကျပါပြီ) အကောင်းဖြင့် သူခင်ဦးမှာ သေပစ်တာ အေးတယ်ဆိုတော့ ဒေါသ ပါနေပြီ (မှန်ပါ့) ဒါဖြင့် လောဘကြောင့် ဖြစ်တဲ့ ဒေါသနဲ့ သူမှီနေတယ်(မှန်ပါ့) သဘောကျ ပလား(ကျပါပြီ ဘုရား)။

လောဘနဲ့ စွဲမရလို့ ဒေါသနဲ့ သွားမှီ နေတယ် (မှန်ပါ့) အဲဒီကဲ့သို့ မှီနေတဲ့ အတွက် နိဿိတဿ စလိတံလို့ ရှင်စုန္ဒက အနားက နေပြီး ရွတ်တာ (မှန်ပါ့) သူဘဝင်မြင့် နေတယ် ဆိုတာ ဒကာ ဒကာမတွေ သေချာပလား (သေချာပါပြီ ဘုရား)။

အနိဿိတဿ စလိတံ နတ္ထိ၊ အနိဿိတဿ- ဘယ်သူ့ မှမှီမနေတဲ့ ပုဂ္ဂိုလ်အား၊ စလိတံ-လှုပ်ခြင်းသည်၊ နတ္ထိ-မရှိဘူးတဲ့၊ ကိုယ့်ခန္ဓာ ကိုယ်တောင်မှ ကဲကွာလို့ ဆိုပြီး ပရတော လုပ်လိုက် ပါ၊ နဂိုက မင်းအသေမို့ အခုသေနေတာပဲလို့ မြင်နေတဲ့ ပုဂ္ဂိုလ်ကျတော့ လှုပ်သေးရဲ့ လား (မလှုပ်ပါ ဘုရား)။

အဲ တစိမ်းပြင်ပလို့ ကြည့်လိုက်တဲ့အခါ ဒုက္ခသစ္စာ မို့ ဒုက္ခသဘော ပြောလို့ ရှိရင် လှုပ်သေးရဲ့ လား- (မလှုပ်ပါ ဘုရား) မမှီတော့ (မလှုပ်ပါ ဘုရား) တဏှာဒိဋ္ဌိ မမှီတော့ မလှုပ်ဘူး၊ တဏှာဒိဋ္ဌိ ကင်းတဲ့ဉာဏ်နဲ့ ကြည့်လိုက်တော့ လှုပ်သေးရဲ့လား (မလှုပ်ပါ ဘုရား)။

ဒါကြောင့် ခန္ဓာကြီးက ဖျပ်ဖျပ်-ဖျပ်ဖျပ်နဲ့ ဒကာ ဒကာမတွေ သန္တာန်မှာ ပျက်စီး နေတာတွေ ကြည့်လိုက်တော့ ဒကာကြွယ် လှုပ်ဦးမလား (မလှုပ်ပါ ဘုရား) တဏှာ မပါဘဲကိုးဗျ (မှန်ပါ့) ရှုလို့ ကောင်းလိုက် တာဗျာ၊ နေရာကျ လိုက်တာ ဆိုတာ ဉာဏ်နဲ့ချည့် ရှုနေတော့ ခန္ဓာ ကတော့ သေနေတာ အမှန်ပဲ (မှန်ပါ့)။

ခန္ဓာကတော့ ဘာတုံး (သေနေတာအမှန်ပါ ဘုရား) သို့သော် ခင်ဗျားတို့က ခုနင်က တဏှာ ဒိဋ္ဌိနဲ့ မှီသလို မျက်ရည် ကြီးငယ်တွေ ထွက်သေးသလား (မထွက်ပါ ဘုရား) ဉာဏ်ကလေးနဲ့ ရှုလို့ ကောင်းတယ်တောင် ဖြစ်လာ တယ် (မှန်ပါ့)။

ဘယ့်နှယ်ဖြစ်ပါလိမ့် (ဉာဏ်ကလေးနဲ့ လို့ တောင် ကောင်းတယ်တောင် ဖြစ်လာပါတယ်) ရှုလို့ ကောင်းတယ် တောင်ဖြစ်ပြီး သကာလ နေတဲ့အတွက် သြော် တဏှာ မပါတဲ့ အချိန်ကျတော့ ရှုလို့ ကောင်းတယ် (မှန်ပါ့) တဏှာနဲ့ ကြည့်လိုက်တဲ့အခါ ကျတော့ ခေါင်းကလေးပူတာ သွားပြီး စမ်းကြည့်၊ နင်ဘာဖြစ်သတုံး ဆိုပြီး ထိတ်ခနဲ သွားတာပဲ (မှန်ပါ့) မသွားပေဘူးလား (သွားပါတယ် ဘုရား)။

အဲဒီလိုဖြစ်ပြီး သကာလ နေတဲ့ အခါကျတော့ ဒကာ ဒကာမတို့ မှီတတ်တာနဲ့ မမှီတတ်တာသည် လှုပ်မှု မလှုပ်မှုမှာ ကွာတယ် (မှန်ပါ့ ဘုရား)။

ဒါဖြင့် ရှင်ဆန္ဒ လှုပ်သလား၊ မလှုပ်ဘူးလား တရား တစ်ပွဲလုံး အကဲခတ်စမ်း (လှုပ်ပါတယ် ဘုရား) ဒါဖြင့် သူ့ခန္ဓာ သူမှီပြီ (မှန်ပါ့) သူ့ခန္ဓာမှာ တဏှာဥပါဒါန်နဲ့ မမှီဘူးလား (မှီပါတယ် ဘုရား)။

အဲဒါကြောင့် ဒကာ ဒကာမတို့ မှီနေသေးတာကို သိလို့ ရှင်စုန္ဒက နိဿိတဿ စလိတံ ကို နှလုံးသွင်း ပါဘုရား (မှန်ပါ့) မဟောထိုက်ဘူးလား (ဟောလိုက်ပါတယ်) အနိဿိ တဿ စလိတံ နတ္ထိ ဘုရား၊ မမှီလို့ ရှိရင် အရှင်ဘုရား ဒီစကားမျိုးတွေ ပြောမှာ မဟုတ်ဘူးလို့ သတိရစေလိုရင်းပဲ (မှန်ပါ့) ဓားနဲ့လှီး သတ်သေမလေး ဘာလေး ဆိုတာတွေ လာပါ့မလား (မလာပါ ဘုရား) အဲ ဖော်သာ မပြောတာ အဓိပ္ပါယ်က ဒီရောက်နေတယ် (မှန်ပါ့) သဘောပါကြပလား (ပါ,ပါပြီ ဘုရား)။

“စလိတေ အသတိ ပဿဒ္ဓိ ဟောတိ” စလိတေ လှုပ်ခြင်းသည်၊ အသတိ- မရှိခဲ့သည်ရှိသော်၊ တဏှာ ဥပါဒါန် ချုပ်သွားခဲ့သည် ရှိသော်၊ ပဿဒ္ဓိ- ကိုယ်လည်း ငြိမ်းပါတယ်၊ စိတ်လည်း ငြိမ်းပါတယ် (မှန်ပါ့) အဋ္ဌကထာများ အလိုဖြင့် ကိလေသာလည်း ငြိမ်းသောကြောင့် လှုပ်ခြင်း မရှိပါဘူး (မှန်ပါ့ ဘုရား)။

ဒါကြောင့် ခင်ဗျားတို့ ဖြစ်ပျက် ချုပ်ငြိမ်းတဲ့ နိဗ္ဗာန်များ အာရုံပြုနေတော့ ကိုယ်လဲငြိမ်း၊ စိတ်လဲငြိမ်း၊ ကိလေသာကော (ငြိမ်းပါတယ်) ငြိမ်းနေတာပဲ ဆိုတာလဲ သဘောကျပလား (ကျပါပြီ ဘုရား) အဲဒါ တဏှာမာန ဒိဋ္ဌိ ချုပ်နေတဲ့ အခါကျလို့ ရှိရင် ကိုယ်လဲငြိမ်း၊ စိတ်ကော (ငြိမ်းပါတယ်) ကိလေသာကော ငြိမ်းတယ်၊ သူထိုက်တန် သလောက်ပေါ့ဗျာ။

အဲ တန်သလောက် ငြိမ်းနေလို့ ရှိရင်ဖြင့် သြော် ဒါဟာ တဏှာ ဒိဋ္ဌိနဲ့ မမှီဘဲ ဉာဏ်နဲ့ အာရုံ ပြုနေတဲ့ အတွက် ဉာဏ်နဲ့ နိဗ္ဗာန်ကို ဒုက္ခချုပ်တဲ့ဆီ အာရုံပြုနေလို့ ရှိရင်ဖြင့် ကိုယ်ငြိမ်း၊ စိတ်ငြိမ်း၊ ကိလေသာငြိမ်း ဖြစ်ပါလိမ့်မယ် ဆိုတာ သေသေချာချာ လာပါတယ် (မှန်ပါ့)။

ဒါဖြင့် ဒီကို မရောက် ရောက်အောင် လုပ်ရမှာပေါ့ (မှန်ပါ့) တဏှာ, ဒိဋ္ဌိမမှီအောင် ဖြစ်ပျက် ဆုံးသည် တိုင်အောင် လိုက်ကြည့် ဒကာကြွယ်ရေ (မှန်ပါ့) ဖြစ်ပျက် ဆုံးသည် တိုင်အောင် လိုက်လို့ရှိရင် ကိုယ်ကော (ငြိမ်းပါတယ်) စိတ်ကော (ငြိမ်းပါတယ်) ကိလေသာ ထိုက်တန် သလောက်ကော (ငြိမ်းပါတယ် ဘုရား)။

အဲ သူ့မဂ်နဲ့ သူပေါ့ဗျာ (မှန်ပါ့) လောကီမဂ်ဖြင့် လောကီမဂ်လောက် ငြိမ်းမှာပဲ၊ လောကုတ္တရာ မဂ်ဖြင့် လောကုတ္တရာ မဂ်လောက် ငြိမ်းလိမ့်မယ် ဆိုတာ မသေချာ ဘူးလား (သေချာပါတယ် ဘုရား)။

အဲဒီ အငြိမ်းသုံးခုကို ခင်ဗျားတို့ ဖြစ်ပျက်ဆုံးရင် ဒီအငြိမ်းသုံးခု ရမှာပဲ (မှန်ပါ့) မရပါနဲ့ ဆိုလို့ ရပါ့မလား (မရပါ ဘုရား) လှုပ်တာတွေ ရှိသေးရဲ့လား (မရှိပါ ဘုရား) အဲ လှုပ်နေရင် မဟုတ်သေးဘူး၊ အငြိမ်း သုံးခု ရမှ ဟုတ်တယ်ဆိုတာ သေသေချာချာ မှတ်ရလိမ့်မယ် (မှန်ပါ့ ဘုရား)။

မှတ်ချက်။ ။

အဲဒီ ကဲ့သို့ ရှင်စုန္ဒက စကားမပြောဘဲနဲ့ ၊ တရားဟော သွားတယ်လို့ မှတ်ရမယ်၊ (မှန်ပါ့ ဘုရား) ဒါနဲ့ သူတို့ကြွသွား တယ်၊ ဘုရားဆီ ကြွသွားတယ်၊ ဘုရားဆီ မရောက်ခင် သူတို့လဲ လမ်းရောက် ခါ ရှိသေးတယ်၊ ရှင်ဆန္ဒက သူ့လည်ပင်းကို ဓားနဲ့ လှီးတယ် (မှန်လှပါ ဘုရား)။

လည်ပင်းဓားနဲ့လှီးတယ်

သူ့လည်ပင်းသူ ဓားနဲ့လှီးတယ် (မှန်ပါ့) လှီးတော့ကို တစ်နေ့က ဟောခဲ့တယ်၊ ဝိညာဉ် ချုပ်ခါနီး နိမိတ်ထင်သေး တယ်လို့ မပြောဘူးလား (ပြောပါတယ် ဘုရား)။ ဝိညာဉ် ချုပ်ခါနီး သေခါနီးမှာ ဒီအတိုင်း မသေပါဘူး။ သွားရာ လမ်းခရီး နိမိတ်တွေ ထင်သေးတယ်လို့ တစ်နေ့က ဟောထားတယ် (မှန်ပါ့)။

အဲဒီလိုပဲ ဒီနေ့ လည်ပင်း လှီးလိုက်တဲ့ အခါကျတော့ – ဝိညာဉ်က မချုပ်သေးတော့ ရဟန္တာ ထင်တဲ့ နိမိတ်တွေ မထင်ဘဲနဲ့ ပုထုဇဉ်များ မြင်တဲ့ နိမိတ်တွေ လာ ထင်နေတယ် (မှန်ပါ ဘုရား)။

ပုထုဇဉ်မြင်တဲ့ နိမိတ်တွေထင်တယ်

ပုထုဇဉ်များမြင်တဲ့ နိမိတ်တွေ ထင်တော့ ရှင်ဆန္ဒက ဝိပဿနာ အရှိန် ကောင်းတဲ့ ပုဂ္ဂိုလ် ဖြစ်နေတော့၊ သြော် ငါတော့ ရဟန္တာ ထင်တယ်၊ အခုထင်တဲ့ နိမိတ်ကတော့ ပုထုဇဉ် ထင်တဲ့ နိမိတ် ပါလားလို့ သူ့ဟာ သူရိပ်မိတယ်၊ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

သူ့ကိုယ် သူတော့ နဂိုက ဘာထင်သတုံး (ရဟန္တာ ထင်နေပါတယ် ဘုရား)၊ အခု သေခါနီး နိမိတ် ကြည့်လိုက်လို့၊ ဝိညာဉ် မချုပ်ခင်မြင်ရတဲ့ နတ်သမီး ဗိမာန် ပဒေသာပင်တွေ စသည် သွားမြင် တယ်၊ နိဗ္ဗာန် မမြင်ဘူး (မှန်ပါ့ ဘုရား)။

ခန္ဓာကိုယ်ဖြစ်ပျက် ပြန်ကောက်တယ်

အင်း ငါ့အထင်နဲ့ ဖြင့် အခုထင်တာနဲ့ တခြား စီ ဖြစ်ပါပေါ့လားလို့ သူသိတယ်၊ သူသိတာမှ ဒီဝေဒနာကို ဖြုန်းခနဲ ဒီဝေဒနာနဲ့ မသေမီ ခန္ဓာကိုယ် ဖြစ်ပျက် ပြန်ကောက် တယ်(မှန်ပါ့) ပြန်ကောက် နိုင် သေးတယ်၊ ဒကာမကြီးတွေ မှတ်ထားကြ (မှန်ပါ့ ဘုရား)။

ဓားနဲ့ လည်ပင်း လှီးပြီးသားတောင် ဖြုန်းခနဲ ဝိညာဉ် မချုပ်သေးတော့ နိမိတ်တွေ ထင်ပြီး မှတောင် အို ဒီလမ်း မဟုတ်ဘူး၊ ဒီလမ်း မဟုတ်သေးဘူး။ ဖြစ်ပျက်တဲ့ ဥစ္စာ ရဟန္တာ ရယ်လို့ သူ့ကိုယ်သူ ထင်နေတဲ့ ဥစ္စာ မဟုတ်သေးဘူး၊ အခု နိမိတ်တွေက ပြနေပြီ ဆိုပြီး သူ့ခန္ဓာကိုယ် သူပြန်ကြည့်တယ်၊ ဖြစ်ပျက် ပြန်ကောက် ရတယ် (မှန်ပါ့ ဘုရား)။

အတင်းကြိုးစားတယ်

အဲဒီကျတော့ဖြင့် သေခါနီး ကိစ္စ ဖြစ်နေတဲ့ အတွက် အတင်းပဲ ကြိုးစားတော့တာပဲ၊ ဘယ်သူမှ တိုက်တွန်း နေဖို့ မလိုဘူး၊ ကြိုးစားတော့တာပဲ (မှန်ပါ ဘုရား)။

အဲဒီလို ကြိုးစားတော့ လည်ပင်းဓားနဲ့ လှီးပြီးလို့ ထွက်လေ ဝင်လေတွေ ဒီက မထွက်ခင်ပေါ့ဗျာ အဲဒီတွင်မှ သူဖြစ်ပျက်တွေ အားထုတ်ပြီးတော့ နိဗ္ဗာန် မြင်ပါတယ် (မှန်ပါ ဘုရား)။

နိဗ္ဗာန်ကိုလေးခါ မြင်တယ်

ဖြစ်ပျက် အဆုံးဖြစ်တဲ့ နိဗ္ဗာန် မြင်တယ်၊ မြင်တာမှ လေးခါလောက် မြင်တယ်၊ (မှန်ပါ့) စိတ်ဟာ အင်မတန် မြန်ပါတယ်။ လေးခါလောက် မြင်ပြီး သကာလ သူနဂိုက ပြောထားတဲ့ အတိုင်း အခုမှ ကိုက်တယ် (မှန်ပါ့)၊ သေခါနီးမှ သွားကိုက်တယ် (မှန်လှပါ ဘုရား)။

အဲဒါ လေးခါလောက်လဲ နိဗ္ဗာန် မြင်ပြီး ပါရော သူဟာ စုတိစိတ် ကျတယ်၊ သမသီသီ ရဟန္တာ သေခါနီးမှ ရဟန္တာ ဖြစ်တာနဲ့ မရှေးမနှောင်း ဖြစ်သွားတယ် (မှန်ပါ ဘုရား)။

ဒါနဲ့ပဲ ရှင်သာရိပုတ္တရာနဲ့ ရှင်စုန္ဒတို့ က လမ်းမှာ သူတို့ အဘိညာဉ်နဲ့ ကြည့်တော့သိတယ်၊ ဆန္ဒကို တောင်းပန် ပစ်ခဲ့တာမရဘူး၊ လည်ပင်းနဲ့ လှီးပြီး သေတယ် ဆိုတာ သိပြီး၊ သူတို့ ဘုရားဆီ သွားကြတယ်။

ဘုရားက မင်းတို့က ဘယ်ကပြန်လာကြသတုံးကွ၊ ဆန္ဒကို လူမမာ မေးသွားပါတယ် ဘုရား၊ တပည့်တော်တို့ လမ်းရောက်ခါ ရှိသေးတယ်၊ သူသည် လည်ပင်းဓားနဲ့ လှီးပြီး သေပြီ ဘုရား၊ အဲဒီ ဆန္ဒ လားရာ ဂတိကို ဘယ်မှာ ရှိသတုံးလို့ ဘုရားကို လျှောက်တယ်၊ (မှန်ပါ့) ဘယ်ဘဝ၊ ဘယ်ဘုံရောက် သတုံးလို့ ဘုရားကို လျှောက်တယ်။

ဘုရားရှင်က ရှင်ဆန္ဒ နိဗ္ဗာန်ရောက်သွားပြီတဲ့

လျှောက်လိုက်တဲ့ အခါကျတော့ မင်းတို့ ကို ဓားနဲ့ မလှီးခင်ကလည်း ပြောထားသားပဲ၊ ဆန္ဒဟာ ဓာနဲ့ လှီးပြီး သေငြား သော်လည်း နောက်ပဋိသန္ဓေ မနေဘူး ဆိုတဲ့အတိုင်း သူ အခု ပဋိသန္ဓေ မနေဘူးကွတဲ့၊ နိဗ္ဗာန် ရောက်ပြီ ပြောတာ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

အဲဒါ ဘယ့်နှယ်ကြောင့် ဘုရားက ဒီလို ဖြေတာတုံး မေးတော့ သူအရင်တုံးက ဖြေတာနဲ့ အခု သေခါနီးမှ အလုပ် လုပ်သွားတာနဲ့ သွားကိုက်နေတယ် (မှန်ပါ့)၊ ရှင်းပ လား (ရှင်းပါပြီ ဘုရား)။

အဲဒီတော့ကို သူဟာ ဘုရားတဲ့ အမျိုးမျိုး အဖုံဖုံ ပုထုဇဉ် အဖြစ်နဲ့ပဲ မြင်တဲ့ အမြင်တွေ ရှိနေ သေးတဲ့ ဥစ္စာပဲတဲ့ ဘယ့်နှယ်ကြောင့် လားရာ ဂတိ မရှိပါသတုံး။

ဒါအပြစ်ကင်းသောသေခြင်း

သူဟာ ခင်တွယ်တာ အမျိုးမျိုး အဖုံဖုံလို့ လျှောက် တော့၊ သာရိပုတ္တရာ ဒါတွေဟာ အရေး မဟုတ်ပါဘူးတဲ့၊ (မှန်ပါ့) ဒီခန္ဓာကိုယ် ပစ်ချပြီး ဟိုခန္ဓာကိုယ်ကို မခင်တဲ့ ဥစ္စာဟာ ဒါအပြစ် ကင်းသော သေခြင်း သေတယ်လို့ မင်း တထစ်ချမှတ်ပါတဲ့ (မှန်ပါ့ ဘုရား)။

ဒီခန္ဓာကိုယ် မခင်ဘဲနဲ့ သေရင်ဟိုခန္ဓာကိုယ်မရဘူးတဲ့ သဘောကျပလား(ကျပါပြီ) ဒီခန္ဓာခင်ပြီး သေလို့ ရှိရင်ဖြင့် တဏှာဥပါဒါန် မချုပ်သေးလို့နော် (မှန်ပါ့ ဘုရား)။

ဒီခန္ဓာကိုယ် မခင်ဘဲနဲ့ သေလို့ ရှိရင် နောက်ခန္ဓာကိုယ် (မရပါဘူး ဘုရား) မရဘူး ဆိုတာ ခင်ဗျားတို့ မှတ်ထားပါ (မှန်ပါ့ ဘုရား)

သေခါနီးမှာ မဂ်ဉာဏ်ရနိုင်တယ်

အဲဒီတော့ ဒါဟာ အခုအားထုတ်တဲ့ ပုဂ္ဂိုလ်ဟာ သေခါနီးမှ ကပျာကယာ လုပ်လည်း မဂ်ဉာဏ်၊ ဖိုလ်ဉာဏ် ရနိုင်သေးတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား) နောက်ခန္ဓာ မလာဘူး ဆိုတဲ့ အကြောင်းဟာလည်း ရှင်းရှင်းလင်းလင်းကြီး ဖြစ်တယ်။

ဒါကြောင့် ဒကာ ဒကာမတွေ ဘယ်ရောက်ရောက်၊ ဖြစ်ပျက် ဆုံးအောင် ဒို့ အားလုံး လိုက်ရမယ် ဆိုတာ တရားနာတဲ့ ပုဂ္ဂိုလ်တွေ ဒီအတိုင်း မှတ်ပါ (မှန်ပါ့)၊ ဖြစ်ပျက် မဆုံးသေးလို့ ရှိရင် ဝိပဿနာမဂ် ချည်းမှတ် (မှန်ပါ ဘုရား)။

အဖြစ်မြင်မြင်၊ အပျက်မြင်မြင်၊ ဒါတွေ မုန်းမုန်း ဒါတွေ လျစ်လျူရှု၊ ရှေ့က သင်္ခါရတွေ တွေ့နေ သရွေ့ ကာလ ပတ်လုံး ဒါ ဝိပဿနာ ဉာဏ်ချည်း မှတ်ပါ (မှန်ပါ့)၊ ၎င်း သင်္ခါရတွေ ဆုံးသွားလို့ ရှိရင်ဖြင့် မဂ်ဉာဏ်မှတ် (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကဲ ယနေ့ ဒီတွင် တော်ကြဦးစို့။

သာဓု သာဓု သာဓု။