047

ဘုန်းကြီးက သုသာန်သွားရင်းဟောနေတာ (သစ္စာသိအောင်လုပ်ပါ)(ကိစ္စဉာဏ်)

အသံဖိုင်ခေါင်းစဉ် = သစ္စာလေးပါးတရားတော်

စာအုပ်ခေါင်းစဉ် = ဘုန်းကြီးက သုသာန်သွားရင်းဟောနေတာ (သစ္စာသိအောင်လုပ်ပါ)

ကျေးဇူးရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး ရန်ကုန်မြို့၌

ဟောကြား ဆုံးမတော်မူသော တရားတော်

ဘုန်းကြီးက သုသာန်သွားရင်းဟောနေတာ

သစ္စာသိအောင်လုပ်ပါ

(၁၀-၇-၆၂)

ဒကာ၊ ဒကာမတို့ သင်တို့သည် မအိုမသေ အမြဲနေတဲ့ နိဗ္ဗာန် ရောက်ချင်ပါတယ် ဆိုလို့ရှိရင် ဒုက္ခခပ်သိမ်း ကင်းငြိမ်းတဲ့ နိဗ္ဗာန် ရောက်ချင်ပါတယ် ဆိုလို့ရှိရင် တစ်ထောင့်ငါးရာ ကိလေသာ အပူဓာတ် အလောင်ဓာတ် တို့ကို ငြိမ်းသတ်နိုင်တဲ့ နိဗ္ဗာန်ကို ရောက်ချင်လို့ရှိရင်ဖြင့် သစ္စာ သိအောင်လုပ်၊ သဘောပါကြပလား (ပါ,ပါတယ်ဘုရား) ဘာလုပ်ရမလဲ (သစ္စာ သိအောင် လုပ်ရ ပါ့မယ်) သစ္စာသိ အောင်လုပ်မှုမှ တစ်ပါး ဒကာ၊ဒကာမတို့ အခြား လုပ်မှု မရှိဘူး ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

သစ္စာသိဖို့ အရေးအကြီးဆုံး

ဒါဖြင့်- သစ္စာသိဖို့ အရေးဟာ ဒကာ၊ဒကာမတွေ အရေးကြီး ဆုံးအချက်ပါလို့ မှတ်ပါ (မှန်လှပါ ဘုရား)၊ သစ္စာသိဖို့ အရေး ဟာ (အရေးအကြီးဆုံး အချက်ပါဘုရား) အရေး အကြီးဆုံး အချက်လို့ မှတ်ကြစမ်းပါ ဆိုတာကို ဘုန်းကြီးများက ရင်းနှီးစွာဖြင့် သတိပေးတယ်လို့ အောက်မေ့ပါ (မှန်ပါ့)။

ခင်ဗျားတို့ ထင်နေတာက တို့သည်ကားလို့ ဆိုလို့ရှိရင် ဒါနပြုနေတာပဲ၊ သီလ ဆောက်တည် နေတာပဲ၊ သမထလည်း ထိုက်တန် သလောက်တော့ ကြိုးစားနေတာပဲ၊ လက္ခဏာရေး သုံးပါးလည်း တို့မပြတ် မလပ်ဘဲ ရိပ်သာတွေရှိတဲ့ဆီ သွားပြီး အားတဲ့ အချိန် ကြိုးစားကြတာပဲ။ ဒါတွေဟာ ဝေးသော အကြောင်း တွေလို့ မှတ်လိုက်စမ်းပါ။ ဘယ်လိုမှတ်ကြမလဲ (ဝေးသော အကြောင်း တွေပါ ဘုရား)

နီးသောအကြောင်းက ဘာပါလိမ့်မလဲလို့ မေးရင် ဘယ့်နှယ် ဖြေကြမလဲ (သစ္စာသိအောင် လုပ်ပေးရပါမယ် ဘုရား) ။

သေသေချာချာ မှတ်ပါ၊ နီးသော အကြောင်းက ဘာပါလိမ့် (သစ္စာသိအောင် လုပ်ရပါမယ် ဘုရား) သဘော ပါကြလား (ပါ,ပါတယ်)။

သစ္စာသိဖို့ အခြံအရံတွေ

ဒါဖြင့် သစ္စာသိဖို့ထက် အရေးကြီးတာရှိသေးရဲ့ လား (မရှိပါဘုရား) မရှိတော့ဘူးဆိုတော့ ဘုန်းကြီးများက ဒါန တရားကိုလည်း ဟောတတ်ပါတယ်။ သီလတရားကိုလည်း ပြောတတ်ပါတယ်၊ သမထ တရားကိုလည်း နည်းပေးတတ်ပါတယ်။

သို့သော်လည်းတဲ့၊ ဒါတွေဟာ သစ္စာသိဖို့ အခြံအရံတွေ ဖြစ်နေတော့ ဒကာ၊ဒကာမတွေ လိုရင်းပဲ ပေးပါရစေ ဆိုတာကို တရားပွဲ အစမှာ ဒကာ၊ဒကာမတွေ ပြောလိုက်ပါတယ်။ ဘာ အရေးကြီး ပါသလဲ(သစ္စာဖို့ အရေးကြီးပါတယ်ဘုရား) သစ္စာ သိဖို့ အရေးကြီးတယ်ဆိုတာ ဒကာ၊ဒကာမတွေ လေးစားစွာနဲ့ မှတ်ပါနော်၊ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက သစ္စသံယုတ်မှာဟောခဲ့တယ်။

ငါသည်ကွာတဲ့၊ လူတစ်ယောက်က ပြောတယ်၊ တိုင်တစ်လုံး မှမပါဘဲနဲ့ ဒိုင်းတွေ တင်ခဲ့ တယ်ကွာ ဆိုရင် ဒီတစ်ပွဲလုံးက ယုံကြမလား (မယုံပါဘုရား) တိုင်တစ်လုံးမှ မပါဘဲနဲ့ ဒိုင်းတင်ခဲ့ တယ်လို့၊ အိမ်ဆောက်တဲ့ အခါ မှာဆိုရင် ဘယ်သူယုံကြပါ့မယ် (မယုံပါဘုရား)။

အဲတစ်စုံတစ်ယောက်သောသူက ငါသည်ကားလို့ ဆိုလို့ ရှိရင်ဖြင့် ငါဘုရား ဟောမယ်တဲ့၊ သစ္စာမသိဘဲနဲ့ နိဗ္ဗာန်ဝင်ခဲ့တယ်လို့ ပြောလို့ရှိရင်ဖြင့်တဲ့၊ တိုင်မပါဘဲနဲ့ ဒိုင်းတင်ခဲ့တယ် ပြောတဲ့ ပုဂ္ဂိုလ်နဲ့ အတူတူပဲ ဟေ့တဲ့(မှန်ပါ့) ဆိုတော့ ကန့်ကွက်ချ လိုက်တယ်၊ ပေါ်ကြပလား (ပေါ်ပါပြီဘုရား)။

ဒါသစ္စာမသိဘဲနဲ့ နိဗ္ဗာန် ဝင်ခဲ့တယ်ဆိုရင် တိုင်မပါဘဲနဲ့ ဒိုင်းတင်ခဲ့တယ်ပြောတာ မယုံသလို၊ မယုံနဲ့တဲ့။

သစ္စာသိမှ နိဗ္ဗာန်ဝင်မယ်

အဲဒါကြောင့် ဒကာ၊ဒကာမတို့ “သစ္စာသိမှ နိဗ္ဗာန်ဝင်ရမယ်” ဆိုတာ သေသေချာချာ မှတ်ပါ(မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါ ပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့် ဒကာ၊ ဒကာမတို့၊ အခုပြောလိုက်တဲ့ ဥပမာ ဘယ်မှာ ပါလိမ့်မတုံးလို့ မေးတဲ့ အခါကျတော့မှ မှတ် လိုက်စမ်းပါ၊ ဘယ်မှာလာပါလိမ့်၊ သစ္စသံယုတ် ပါဠိတော်မှာ လာပါတယ် (သစ္စသံယုတ် ပါဠိတော်မှာ လာပါတယ်)။

ပါဠိတော် ဆိုသဖြင့် သူများ ဟောတာလား၊ ဘုရားကိုယ်တော် တိုင်သိပြီး ဘုရား ကိုယ်တော်တိုင် ဟောတာလား (ကိုယ်တော် တိုင်ဟောတာပါ ဘုရား)၊ ကိုယ်တော်တိုင် ဟောတာဖြင့် ခင်ဗျား တို့က သူများပြောတာ ယုံဖို့လိုသေးသလား (မလိုပါဘုရား)။

အဲဒါကြောင့် မြန်အောင်ဦးတင်တို့ သေသေချာချာ ဆုံးဖြတ် ချက်ချပါ၊ ငါတို့သည်ကား ဆိုလို့ရှိရင် သစ္စာ မသိသေးလို့ ရှိရင်ဖြင့် ဘယ်တော့မှ နိဗ္ဗာန် မရသေးလို့ မှတ်လိုက်ပါ(မှန်ပါ့)။

သစ္စာမသိသေးရင် (ဘယ်တော့မှ နိဗ္ဗာန် မရသေးပါ)၊ဘယ် တော့မှ နိဗ္ဗာန် မရသေးဆိုတာ မှတ်လိုက်စမ်းပါ၊ ပေါ်ကြပလား (ပေါ်ပါပြီဘုရား)။

သစ္စာ မသိသေးရင်(ဘယ်တော့မှ နိဗ္ဗာန် မရသေးပါ)၊ ဘယ်တော့မှ နိဗ္ဗာန် မရသေးဘူးဆိုတာ သေသေချာချာ မှတ်ပါ (မှန်ပါ့)။

ဘုန်းကြီး ဒီလာခြင်း အကြောင်းက ကယ်တင်ဖို့

အဲဒီတော့ ဘုန်းကြီးတို့ ဒကာ၊ဒကာမတွေကို ယခုလာပြီး ချီးမြှောက်တာ၊ ဦးသံဒိုင်နဲ့တကွ ဦးမြတို့၊ ဦးအောင်ဇံဝေတို့ အားလုံးပေါ့ လေ၊ မောင်ကိုတို့ ပင့်ဆောင်ပြီး သကာလ ကိစ္စလဲ ရှိတာနဲ့ လာခဲ့ ပါတယ်။ ဒီလာခြင်း အကြောင်းက ဒီကိစ္စ အရေး မကြီးပါဘူး၊ ဒီဒကာ၊ ဒကာမတွေကို ကယ်တင်ဖို့ မေတ္တာရှေ့ထား တာကလဲ အရေးအကြီးဆုံး အချက်ပါလို့ မှတ်ပါ(မှန်ပါ့)။

အဲဒါကြောင့် ဒီတရားကို သြော် ငါတို့သည် သစ္စာသိမှု တစ်လုံး မိလို့ရှိရင်ဖြင့် ကိစ္စပြီးတာပဲလို့ မှတ်လိုက်ကြစမ်းပါ။ သစ္စာ တစ်ချက်တည်း မိလိုက်ရင် မိလိုက်ရင် ကိစ္စပြီးတယ် (မှန်ပါ့ဘုရား)။

နိဗ္ဗာန် ရောက်မှု ကိစ္စသည် ဒကာ၊ ဒကာမတို့ သစ္စာသိမှ ပြီးနိုင်တယ်ဆိုတာ ရိပ်မိကြပလား (ရိပ်မိပါပြီဘုရား)၊ ဒါဖြင့် နိဗ္ဗာန်ရောက်ချင် ဘာသိအောင်လုပ်ရမလဲ (သစ္စာသိအောင် လုပ်ရပါမယ် ဘုရား)။

နိဗ္ဗာန်ရောက်ချင်ရင် ဘာလုပ်ရမယ်

ဒကာ၊ဒကာတွေ ရိပ်မိပလား(မှန်ပါ့)၊ နိဗ္ဗာန်ရောက်ချင် ဘာလုပ်ရမယ် (သစ္စာသိအောင် လုပ်ရ ပါမယ်)၊ သစ္စာသိအောင် လုပ်ရမယ် ဆိုတာ ဒီသစ္စာ ဘယ်မှာ ရှိပါလိမ့်မလဲလို့ မေးတဲ့ အခါကျတော့ ဒကာ၊ ဒကာမတို့ သစ္စာသိမှ သစ္စဉာဏ်ရမှာ ကိုးဗျ(မှန်ပါ့)။

သစ္စဉာဏ်ရမှ ကိစ္စဉာဏ် တက်နိုင်မှာကိုး- (မှန်ပါ့ဘုရား)။ ကိစ္စဉာဏ်ရမှ ကတဉာဏ်ဆိုတဲ့ နိဗ္ဗာန် မျက်မှောက်ပြုနိုင်မယ် (မှန်ပါ့)၊ သဘော ပါကြပလား (ပါပါတယ် ဘုရား)။

သစ္စာ သိမှ ဘာဉာဏ်ရသတုံး (သစ္စဉာဏ် ရပါတယ်)၊ ထိုသစ္စာ၏ ကိစ္စကို သိမှ ဘာဉာဏ် ရသတုံး(ကိစ္စဉာဏ် ရပါ တယ်)၊ ထိုသစ္စာတွေကို ဒကာ၊ဒကာမတွေ သည်ကားလို့ဆိုရင် အကုန် အသိဆုံးတဲ့ အခါကျတော့မှ ကတဉာဏ်ရမယ်(မှန်ပါ့)၊ ပေါ်ကြပလား (ပေါ်ပါတယ်ဘုရား)။

သစ္စဉာဏ် ကိစ္စဉာဏ် ကတဉာဏ်

ဒါဖြင့် ဒကာ၊ ဒကာမတို့၊ ယနေ့ နံနက် ဟောရမှာက သစ္စ ဉာဏ်၊ ကိစ္စဉာဏ်၊ ကတဉာဏ်ပဲ ဟောရမှာကိုး (မှန်ပါ့)၊ ပေါ်ကြပလား (ပေါ်ပါပြီ)၊ ဘာဟောရမှာပါလိမ့် (သစ္စဉာဏ်၊ ကိစ္စဉာဏ်၊ ကတဉာဏ် ဟောပါမယ်။)

အရှင်ဘုရား-ဟောရမှာက ဘယ်က လာပါလိမ့်မလဲ။ တပည့်တော်တို့ဖြင့် ဥဒယဗ္ဗယ၊ ဘင်္ဂ၊ ဘယအာဒီနဝ၊ နိဗ္ဗန္ဒ ၊ မုဉ္စိတု ကမျတာ၊ ဉာဏ်များ လုပ်လိုက်ရတာ များနေပြီ ဘုရာ့၊ ဒီမှာ အားလုံးပဲ ရိပ်သာတွေမှာ ရှိနေတာ ဒီဉာဏ်စဉ်ပဲ၊ ပြနေတာပဲ။ အခု ဘုန်းကြီးလာ ပြန်တော့ ဒီဉာဏ်စဉ် မပါ ပြန်ဘူး၊ သစ္စဉာဏ်၊ ကိစ္စဉာဏ်၊ ကတဉာဏ်နဲ့ ဟောပြန်တယ် ဆိုတော့ ဒကာ၊ဒကာမ တွေမှာ ဖြုန်းခနဲ ဆိုတော့ အင်း–ဉာဏ်က တိုလှချည်းလား၊ တို့ သိထားတဲ့ ဉာဏ်က ဉာဏ်ရှည်ကြီး ပါလားဆိုတာ ဒကာ၊ဒကာမတွေ သံသယ မရှိဘူးလား (ရှိပါတယ်ဘုရား)။

ရှိတော့ကို ဒါကိုလည်း အကုန် ရှင်းပေးပါမယ် ဆိုတဲ့ ဥစ္စာ ခင်ဗျား တို့သိတဲ့ ဉာဏ်တွေဟာ အဟောသိကံ မဖြစ်ပါဘူး၊ ကိုယ်က သစ္စာမသိလို့ သာလျှင် သစ္စာ မဖြစ်ရရှာတာ၊ စင်စစ်ခင်ဗျားတို့ သိထားတာကို ဘုန်းကြီးက သစ္စာ ဆိုင်းဘုတ် ဆွဲပေးလိုက်လို့ ရှိရင် ဪ တို့သိတာ သစ္စာပါလား ဆိုတာ အဖြေ ထွက်လာ လိမ့်မယ်၊ မထွက် ပေဘူးလား (မှန်ပါ့)။

သစ္စာဘယ်မှာရှိပါလိမ့်

အဲဒါကြောင့် ဒကာ၊ဒကာမတို့ သစ္စာ ဘယ်မှာ ရှိသလဲလို့ မေးလို့ရှိရင် ခန္ဓာမှာ ရှိတယ်၊ သစ္စာဘယ်မှာရှိပါလိမ့်(ခန္ဓာမှာ ရှိပါတယ်ဘုရား)၊ ခန္ဓာမှာရှိတယ်။

ဒါကြောင့် သံယုတ် ပါဠိတော် ဘာသာပြန်မှာပဲ ကြည့်ကြည့်၊ အင်္ဂုတ္ထိုရ်ပါဠိတော် ဘာသာပြန် မှာပဲကြည့်ကြည့်၊ ဒကာ၊ ဒကာမတွေ တစ်လံမျှ လောက်သော ခန္ဓာကိုယ်ထဲမှာ သစ္စာလေးပါး ရှိတယ်လို့ ဟောလိမ့်မယ်။

ဘယ်မှာရှိပါလိမ့် (တစ်လံမျှလောက်သော ခန္ဓာကိုယ်မှာ သစ္စာရှိပါတယ်)။

သစ္စာ ရှိတယ် ဆိုတော့ ဪ ဒါဖြင့် တို့လည်း ရှုနေတာ တစ်လံမျှ လောက်သော ခန္ဓာ ကိုယ်ထဲမှာပဲ ရှုနေတာပဲဆိုတာ ပေါ်မလာဘူးလား (ပေါ်လာပါတယ် ဘုရား)။

ပေါ်လာတော့ တို့ရှုနေတာနဲ့ ဘုန်းကြီး ဟောတဲ့ သစ္စာနဲ့ဟာ တို့က ဆိုင်းဘုတ် မဆွဲတာ တစ်မယ် ကျန်တာကိုး(မှန်ပါ့)၊ ဆိုတော့ ထပ်မသွား သေးဘူးလား ဒကာ၊ ဒကာမတို့ (သွားပါ တယ်)၊ ထပ်သွားပြီဆိုတာ သဘောပါလား(ပါပါတယ် ဘုရား)။

သို့သော် ထပ်သာ သွားတယ်၊ ခင်ဗျားတို့က ဒါက သစ္စာလို့ မသိသေးဘူး၊ သိပြန်တော့လဲ အပေါင်းသိ ဖြစ်နေတယ်၊ သိပြန်တော့လဲ ဒကာ၊ဒကာမတွေ သိစရာက ကျန်နေတယ် (မှန်ပါ့)၊ ကျန်တော့ ဒကာ၊ဒကာမတွေကို သေသေချာချာ ပြပါ့မယ်။ အပြင်ဘက်က ဒကာ၊ဒကာမတွေတော့ မြင်ရမယ် မဟုတ်ဘူး၊ အတွင်းက ဒကာ၊ဒကာမတွေတော့ ဂရုစိုက် ကြည့်ကြတာပေါ့ (မှန်ပါ့ဘုရား)။

အရမ်းသင်နေတာ မဟုတ်ပါဘူး

အကယ်၍ မမြင်ရတဲ့ အပြင်ဘက်က ဒကာ၊ ဒကာမတွေ ဖြစ်စေ၊ အကွယ်အကာနဲ့ နေတဲ့ ဒကာ၊ဒကာမတွေ ဖြစ်စေ၊ ဘုန်းကြီး များ ကုသိုလ်ဖြစ် ဟင်္သာတ ဦးမာဒင်က လှူဒါန်းထားတဲ့ ပဋိစ္စ မုပ္ပာဒ်၊ စက်ရဟတ်ကို ကြည့်ပါ ၊ အရမ်း သင်နေတယ်လို့ အောက်မေ့ မနေကြပါနဲ့ သဘောပါကြပလား (ပါပါတယ် ဘုရား)၊ အရမ်း သင်နေတာ မဟုတ်ပါဘူး ဆိုတာ သေသေချာချာ မှတ်ပါ။

ကဲ ဒါဖြင့် ခင်ဗျားတို့၊ ဉာဏ်စဉ်ကို ဘုန်းကြီး ရှေးဦးစွာ စဉ်ပေးပါမယ်ဆိုတာ ဒကာ၊ ဒကာမတွေ သေသေချာချာ မှတ်ပါတော့။

သစ္စာလေးပါးမသိတာ အဝိဇ္ဇာ

ဒကာ၊ဒကာမတွေ ဒီသစ္စာလေးပါး မသိတာက အဝိဇ္ဇာ၊ အဝိဇ္ဇာဆိုတာ ဘာပါလိမ့် (သစ္စာလေးပါး မသိတာပါ ဘုရား)။

သြော် ဒါဖြင့် ဒကာ ဒကာမတွေ ဒီသစ္စာလေးပါး မသိတာ အဝိဇ္ဇာဆိုတော့ “ဒုက္ခေ အညာဏံ၊ ဒုက္ခသမုဒယေ အညာဏံ” ပါဠိ ရွတ်နေလို့ မောရုံပါပဲ၊ ခင်ဗျားတို့ သစ္စာလေးပါး မသိတာ ဘာပါလိမ့် (အဝိဇ္ဇာပါ ဘုရား)၊ ရှင်းပြီနော် (မှန်ပါ့)။

အဝိဇ္ဇာဟာ ဘာမသိတာပါလိမ့်- (သစ္စာလေးပါး မသိတာပါ ဘုရား)၊ ဒုက္ခသစ္စာလဲ သူသိရဲ့လား (မသိပါ ဘုရား)၊ သမုဒယ သစ္စာကော (မသိပါ ဘုရား)၊ နိရောဓသစ္စာ ဆိုတဲ့ နိဗ္ဗာန်ကော- (မသိပါဘုရား)၊ မဂ္ဂသစ္စာ ဆိုတဲ့ နိဗ္ဗာန် သွားကြောင်းကော (မသိပါဘုရား)။

ဒါဖြင့် ခင်ဗျားတို့ အတိတ်ဘဝက ဘာနဲ့ နေခဲ့ပါလိမ့်မလဲလို့ မေးရင် ဘယ့်နှယ် ဖြေကြမလဲ (အဝိဇ္ဇာနဲ့ နေခဲ့ကြပါတယ် ဘုရား)၊ ဒါဖြင့် သစ္စာမသိတာနဲ့ နေခဲ့တယ်(မှန်ပါ့)၊ ဒကာ၊ဒကာမတွေ ဘာနဲ့ နေခဲ့ကြပါလိမ့် (သစ္စာ မသိတာနဲ့ နေခဲ့ပါတယ်)။

သစ္စာလေးပါးကို မသိတဲ့တရားနဲ့ ခင်ဗျားတို့ နေခဲ့တဲ့အတွက် တဲ့ ဒကာ၊ဒကာမတွေ (ရှေးဘဝက သစ္စာလေးပါး မသိတဲ့တရား နဲ့ နေခဲ့တဲ့အတွက်)၊ ခင်ဗျားတို့ ကုသိုလ်ပြုကြတယ်။

ဒါနကုသိုလ်၊ သီလကုသိုလ်၊ သမထကုသိုလ် တွေပြုကြပါ တယ်၊ မပြုကြဘူလား (ပြုကြပါတယ် ဘုရား)၊ ပြုပြီး သကာလ ပြုတာက ကုသိုလ်၊ ဆုတောင်းတာက ဘဝတဏှာ ဖြစ်လေသောကြောင့် အပုညာဘိသင်္ခါရ၊ ကုသိုလ်ပြုတာက သင်္ခါရ၊ ပုညာဘိ သင်္ခါရ စာလိုသုံးရင် (မှန်ပါ့)၊ စာလို သုံးရင် ကုသိုလ်က ဘာတဲ့ (ပုညာဘိသင်္ခါရပါ)၊ အကုသိုလ်နဲ့ ဆုတောင်းတာက ဘာတဲ့ အပုညာဘိသင်္ခါရ၊ ရိပ်မိပလား (မှန်ပါ့)။

ဘာဖြစ်လို့ ဒီကုသိုလ်ပြုပြီး လူဖြစ်ချင်၊ နတ်ဖြစ်ချင် ဆုတောင်း ပါလိမ့်မလဲလို့ မေးဖို့ မလိုဘူးလား (လိုပါတယ်)၊ မသိလို့ တောင်းတာ (မှန်ပါ့)၊ မသိလို့ပြုတာ၊ မသိလို့ပြုပြီး သကာလ တောင်းတာ(မှန်ပါ့)။

ဒါနပယ်တာ မဟုတ်ဘူး

သိလို့ ကုသိုလ်ပြုရင် ဘုန်းကြီးက ခန္ဓာကိုယ် ပေါင်လှူလို့ ဟောလိုက်တယ်။ ဒါနပယ်တာ မဟုတ်ဘူး(မှန်ပါ့)၊ မသိဘဲ ပြုခဲ့သော် ဒကာ၊ဒကာမတို့ ခင်ဗျားတို့ပြုတဲ့ အတိုင်းတဲ့၊ မသိတဲ့ ပုဂ္ဂိုလ် ကုသိုလ် လုပ်လို့ ရှိရင်ဖြင့် သင်္ခါရ ဖြစ်တယ်(မှန်ပါ့)။

ဘယ့်နှယ်ကြောင့် သင်္ခါရ ဖြစ်သတုံး၊ ပုညာဘိ သင်္ခါရ ဖြစ်ရသတုံးလို့ သခင်ဝတင်တို့က မေးလို့ ရှိရင် အို.. မသိခဲ့လို့ လုပ်တာကွ၊ ရှင်းပလား(ရှင်းပါပြီ)၊ အဝိဇ္ဇာ ပစ္စယာ (သင်္ခါရာပါ)၊ ဟော သူ့အကြောင်း ကင်းသေးတယ် ဆိုသလား အကြောင်း မကင်းဘူး ဆိုသလား (အကြောင်းမကင်းပါ ဘုရား)။

ဒါဖြင့် အဝိဇ္ဇာ အုပ်ချုပ်တဲ့ ကုသိုလ်၊ ပေါ်ကြပလား (ပေါ်ပါ တယ် ဘုရား)၊ မသိတာ၊ အုပ်ချုပ်တဲ့ (ကုသိုလ်ပါ ဘုရား)၊ ရှင်းကြလား (ရှင်းပါပြီ)။ မသိတာ (အုပ်ချုပ်တဲ့ ကုသိုလ်ပါ ဘုရား)။

သစ္စာမသိတဲ့ ကုသိုလ်

မသိတာ အုပ်ချုပ်တဲ့ ကုသိုလ်ဆိုတော့ မသိတဲ့ ကုသိုလ် ဖြစ်ပြီး သကာလ နေတော့ နိဗ္ဗာန် ရောက်ပါ့မလားလို့ မေးလိမ့်မယ် (မရောက်ပါဘုရား)။

ဘာဖြစ်လို့ မရောက်တာတုံး ဆိုတော့ သစ္စာ မသိတဲ့ ကုသိုလ် က နိရောဓသစ္စာကော သူသိရဲ့လား (မသိပါ ဘုရား)။

ဒါဖြင့် မသိတဲ့ ကုသိုလ်က မသိသလိုသာ ဖြစ်ရမယ်၊ နိဗ္ဗာန် မရောက်ဘူး၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)၊ မသိတဲ့ ကုသိုလ်ဟာ (နိဗ္ဗာန် မရောက်ပါ)၊ မသိသလိုသာ ဖြစ်ရမယ်။ နိဗ္ဗာန်တော့ (မရောက်နိုင်ပါ ဘုရား)။

ဒါဖြင့် ဘုန်းကြီးက ရမ်းပြောတာလား၊ ခင်ဗျားတို့က အတိတ် ဘဝက ဒီအတိုင်း လာခဲ့တာလား ဆိုတာ မေးကြည့်ပါ (အတိတ် ဘဝက ဒီအတိုင်း လာခဲ့တာပါ)။

ဒီကြည့်ပါ၊ ဒီကြည့်ပါ၊ ဒကာဒကာမတို့ အတိတ်အကြောင်း လို့ မပြဘူးလား (ပြပါတယ်)၊ တစ်ခါ စဉ်းစား၊ သြော်.. ဘုန်းကြီး ကလဲ တို့ကို ပြောလိုက်တာ မသိတဲ့ ပုဂ္ဂိုလ် ပြုတဲ့ ကုသိုလ်၊ ဘုံဘဝကို မသိလို့ ဆုတောင်းတယ်၊ ဘဝတဏှာ မပါသေးဘူးလား (ပါ,ပါတယ် ဘုရား)။

မသိလို့တောင်းတဲ့ဆု

ဒါဖြင့် အဝိဇ္ဇာပစ္စယာ (သင်္ခါရာပါ)၊ ဒါဖြင့် မသိတာ အုပ်ချုပ်တဲ့ ကုသိုလ်၊ မသိလို့ တောင်းတဲ့ဆု၊ ဆိုထိုက်၊ မဆိုထိုက် (ဆိုထိုက်ပါတယ်ဘုရား)

ဒါဖြင့် ဒကာ၊ဒကာမတွေ သူဘယ်လောက် ထိအောင်မသိ သတုံးလို့ မေးတဲ့ အခါကျလို့ ရှိရင်ဖြင့် ဒီထောက်ကြည့်ရမယ် ဘာသစ္စာတုံး (သမုဒယသစ္စာပါ ဘုရား)၊ နို့ လုပ်ကတည်း က သမုဒယ သစ္စာ လုပ်တဲ့ဟာ၊ ဒုက္ခသစ္စာ ရမှာပေါ့ (မှန်ပါ့)။

ငြင်းဖို့လို သေးသလား (မလိုပါဘုရား)၊ သူမသိလို့လုပ် တာက ဘာသစ္စာတုံး၊ ဒီနှစ်ခုက (သမုဒယ သစ္စာပါ ဘုရား)၊ ဒါဖြင့် သေသည်၏ အခြားမဲ့၌ ဟောဒီ အဆက်ကလေး စပ်သွားလို့ ရှိရင်ဖြင့် ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ မြန်မာလိုပြန်ရင် ခန္ဓာငါးပါး၊ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။

ဒါဖြင့် မသိတဲ့ ပုဂ္ဂိုလ်ဟာ ဒုက္ခရောက်တယ်(မှန်ပါ့)၊ ပေါ်ကြပလား(ပေါ်ပါပြီဘုရား)၊ သိတဲ့ ပုဂ္ဂိုလ် လုပ်ရင် ဒုက္ခလွတ် တယ် (လွတ်ပါတယ် ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ)။

မသိတဲ့ ပုဂ္ဂိုလ်ပြုလုပ်လို့ ရှိရင် (ဒုက္ခ ရောက်ပါတယ်)၊ သူများ ပြောတာလားလို့ ဆိုတော့ မသိတဲ့ နှစ်ခုဟာ ဘာသစ္စာတုံး (သမုဒယနဲ့ ဒုက္ခသစ္စာပါ ဘုရား)။

သမုဒယသစ္စာက နိရောဓ သစ္စာတော့ မဖြစ်နိုင်ဘူးဗျ (မဖြစ်နိုင်ပါဘုရား)၊ ကျေးဇူးကော ပြုနိုင်ပါ့မလား (မပြုနိုင်ပါ ဘုရား)၊ သေချာပလား (သေချာပါတယ်)။

ဘုန်းကြီးက အမှန်ကိုသာ သိစေချင်တယ်

ဘုန်းကြီးက ဒကာ၊ ဒကာမတွေရှေ့မှာ သင်္ကန်း ဝါဝါဝတ်ပြီး သူက စာသင်လာပြီး တို့အပေါ် ကြွားတာ ဆိုမလား ခင်ဗျားတို့ ဖြစ်စဉ်လား (ဖြစ်စဉ်ပါ ဘုရား)၊ မကွာပါဘူး၊ ဘုန်းကြီးက ကြွားကို မကြားတတ်ဘူး၊ အမှန်ကိုသာ သိစေချင်တယ်။ ဒီထဲက ရန်ဖြစ်မှာလဲ စိုးတယ်၊ သဘော ပါကြပလား (ပါ,ပါ တယ်)။

အတိတ်ဘဝက ဘာသစ္စာလုပ်ခဲ့တုံး

ဒါဖြင့် မသိတာဘာတုံး (အဝိဇ္ဇာပါ)၊ ပြုချင်တိုင်း ပြု တာက (သင်္ခါရပါ)၊ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။

ဒါဖြင့် သူအတိတ်ဘဝက ဘာသစ္စာ လုပ်ခဲ့တုံး (သမုဒယ သစ္စာ လုပ်ခဲ့ပါတယ်)၊ ဒါဖြင့် သေသည်၏ အခြားမဲ့၌ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာဆိုတဲ့ ခန္ဓာငါးပါး ရ,မရ ရပါတယ်)၊ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။

ဘယ်က ရတုံးဆိုတော့ ပစ္စုပ္ပန်အကျိုးတဲ့၊ ဒါအတိတ် အကြောင်းဖြစ်လို့ ပစ္စုပ္ပန်အကျိုးလို့ မရေးထိုက်ဘူးလား (ရေးထိုက်ပါတယ် ဘုရား)၊ ဒီအကျိုး ဘာသစ္စာလို့ ဆိုကြမယ် (ဒုက္ခသစ္စာပါ ဘုရား)။

ကောင်းပြီ၊ ခင်ဗျားတို့ သွားပြီ၊ မသိတဲ့ ပုဂ္ဂိုလ်လုပ်တဲ့ ကုသိုလ် ဟာ ကြောက်စရာ ကောင်းလိုက်တာ (မှန်ပါ့)၊ ဒကာ၊ ဒကာမတို့ ပေါ်ကြပလား (ပေါ်ပါပြီဘုရား)။

သိတဲ့ပုဂ္ဂိုလ် လုပ်တာလား၊ မသိတဲ့ ပုဂ္ဂိုလ် လုပ်တာလား (မသိတဲ့ ပုဂ္ဂိုလ်လုပ်တာပါ ဘုရား)၊ ဒါဖြင့် မသိတာက အဝိဇ္ဇာ ပြုလုပ်တာက (သင်္ခါရပါ ဘုရား)၊ ရတာက ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။

လူခန္ဓာ ငါးပါးရလဲ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)၊ နတ်ခန္ဓာ ငါးပါးရကော (ဒုက္ခသစ္စာပါ ဘုရား)၊ ဗြဟ္မာ ခန္ဓာ ငါးပါး ရကော (ဒုက္ခသစ္စာပါ ဘုရား)။

ဒါသိတဲ့ ပုဂ္ဂိုလ်မို့ ရတာလား၊ မသိလို့ လုပ်လို့ ရတာလား (မသိလို့ လုပ်လို့ ရတာပါဘုရား)၊ ပေါ်ကြလား(ပေါ်ပါပြီ)။

ဒါဖြင့် ဘုန်းကြီးတို့ ဒီအဓိပ္ပာယ်ကို လည်လည် မပြောလို့ ရှိရင် ဒီဒကာ၊ ဒကာမတွေဟာ မသိသလို လုပ်နေဦးမှာပဲ (မှန်ပါ့)၊ ပေါ်ကြပလား (ပေါ်ပါပြီ) ဘယ်လို လုပ်နေမယ် ထင်ကြသလဲ (မသိသလို လုပ်နေမှာပါ ဘုရား)။

အကန်းလမ်းသွားလို့ ချော်လဲတာ

မသိသလို လုပ်လို့ ရှိရင်ဖြင့် ဥပမာ ပြောကြပါစို့၊ မျက်လုံး ကန်းလမ်းသွားလို့ ချော်လဲ တာကွ၊ ပေါ်ကြပလား (ပေါ်ပါပြီ)၊ ဒါက ဘာတုံး (မျက်လုံးကန်းပါ ဘုရား)၊ ပုညာဘိသင်္ခါရ၊ အပုညာဘိ သင်္ခါရ ဆိုတာ ခြေထောက် နှစ်ချောင်း (မှန်ပါ့)၊ သူလမ်း မသွားဘူးလား (သွားပါတယ် ဘုရား)၊ လမ်းသွားတော့ ဇာတိ ပဋိသန္ဓေ ချောက်ထဲမှာ ကျသွားတယ် (မှန်ပါ့)၊ မကျဘူးလား (ကျပါတယ် ဘုရား)။

ဇာတိက ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)၊ ပဋိသန္ဓေ ဝိညာဏ်လို့ မှတ်လိုက်ပါ (မှန်ပါ့)။ ဒုက္ခသစ္စာ၊ ဝိညာဏ်၊ နာမ်ရုပ်ကကော ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)၊ သဠာယတန (ဒုက္ခသစ္စာပါ ဘုရား) ဖဿ (ဒုက္ခသစ္စာပါ) ဝေဒနာ- (ဒုက္ခသစ္စာပါ ဘုရား)၊ ဒါဖြင့် ပေါင်းလိုက်တော့ ခန္ဓာငါးပါး ဟုတ် မဟုတ် (ဟုတ်ပါတယ်)၊ ဘာသစ္စာရတုံး (ဒုက္ခသစ္စာ ရပါ တယ်)။

သြော် ဒါဖြင့် အခုရတာလား၊ ရှေးကမှားခဲ့လို့ ရတာလား ဆိုတော့ အခုရတာလို့၊ ရှေးက မှားခဲ့လို့ အခုရတာ (မှန်ပါ့၊ အခုရတာပါ)၊ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)၊ ရှေးကအတိတ် ဘဝက မှားခဲ့လို့ သူ့မှာ အတိတ် အကြောင်း မပါဘူးလား (ပါ ပါတယ်)။

ဒီတရားကို နာထိုက်၊ မနာထိုက်

အတိတ်က မှားခဲ့လို့ ပစ္စုပ္ပန်ဖြင့် တပည့်တော် လူခန္ဓာ၊ နတ်ခန္ဓာ၊ ဗြဟ္မာခန္ဓာတွေ ရထားပါပြီ ဘုရားလို့ဆိုတာ လွဲသလား (မလွဲပါဘုရား)၊ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။

ဒါဖြင့် အကန်းလမ်းသွားလို့ ဒုက္ခ ရောက်တာ(မှန်ပါ့)၊ ပေါ်ကြပလား (ပေါ်ပါပြီ)၊ ဘာတဲ့ဗျာ (အကန်း လမ်းသွားလို့ ဒုက္ခ ရောက်တာပါဘုရား)၊ ဒါဖြင့် ဘုန်းကြီးတို့လို ပုဂ္ဂိုလ်ကမှ ဒီ ဒကာ၊ ဒကာမတွေကို မျက်လုံး ဖွင့်မပေးတော့ပါဘူး ဆိုရင် ဒီအကန်း ချည်း လမ်းသွားနေမှာပဲ(မှန်ပါ့)၊ မသွားပေဘူးလား (သွားပါတယ်)၊ သွားရင် ဒုက္ခချည်း ရောက်မယ်(မှန်ပါ့)၊ မရောက် ပေဘူးလား၊ ရောက်မလား (ရောက်ပါတယ် ဘုရား)။

အဲဒီတော့ ဒကာ၊ ဒကာမတွေဟာ ဒီတရားကို နာထိုက် မနာထိုက် စဉ်းစားပါတော့ (နာထိုက် ပါတယ်)၊ ဘုန်းကြီး ရှေ့မို့ ပြောရတယ်လို့ ဒီလိုလည်း မယူပါနဲ့။ နာထိုက်၊ မနာထိုက် ကိုယ်ပိုင် ဉာဏ်နဲ့သာ ဝေဖန်ပြီး နာပါ ။

နာနိုင်ပါစေဆိုတဲ့ ဘုန်းကြီးစေတနာ

ဘုန်းကြီးကတော့ အခလွတ် ဟောနေတာ၊ သဘောကျ ပလား (ကျပါပြီဘုရား)၊ ဘုန်းကြီး စေတနာကို ပြောရလို့ရှိရင် အရှင်သာရိပုတ္တရာနဲ့ အတူတူပါပဲ။

အရှင်သာရိပုတ္တရာတို့၊ အရှင်မဟာကဿပတို့ ဟောတာ က ပထမဦးစွာ နာနိုင်ပါစေဆိုတဲ့၊ ဒကာ၊ဒကာမတို့ကို စိတ်ထဲ တစ်နံပါတ်ထားတယ်၊ သဘောကျပလား (ကျပါတယ်ဘုရား)၊ နှစ်နံပါတ်က နာတဲ့အတိုင်း သိပါစေဆိုတဲ့ နှစ်နံပါတ် စိတ်ထားနဲ့ ဘုန်းကြီး ဟောနေတယ်။

နာတဲ့အတိုင်း သိပါစေ

နာနိုင်ပါစေ တစ်နံပါတ်၊ နာတဲ့အတိုင်း သိပါစေ ဆိုတာက (နှစ်နံပါတ် ပါဘုရား)၊ သိတဲ့တိုင်း ကျင့်နိုင်ပါစေ ဆိုတာက (သုံးနံပါတ်ပါ ဘုရား)။

ဒါ ရည်ရွယ်ချက်သုံးခုနဲ့ ဟောနေတာ၊ ခင်ဗျားတို့ကို (မှန်ပါ့)၊ ဘာမှမပါဘူး၊ ဒီပြင်တော့ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

သိတဲ့အတိုင်း ကျင့်နိုင်ပါစေ

တစ်နံပါတ်က ဘာတဲ့ (နာနိုင်ပါစေ)၊ နှစ်နံပါတ်က (သိပါစေ)၊ သုံးနံပါတ်က သိပြီးတော (ကျင့်နိုင် ပါစေ)၊ ဒီရည်ရွယ်ချက်သုံးခုနဲ့ ဟောနေတာပါ (မှန်ပါ့)။

ဒါတရားဟောတဲ့ ပုဂ္ဂိုလ်မှာဒီရည်ရွယ်ချက် သုံးခု မရှိလို့ရှိရင် မဖြစ်ဘူးကွတဲ့၊ သဘောပါလား ဦးညွန့်ကြီး (ပါ,ပါပြီ ဘုရား)။

ဒါဖြင့် ဘုန်းကြီး ရည်ရွယ်ချက် ဒီနေ့ ဖော်လိုက်တာကော သဘောပါလား (ပါပါတယ်)၊ ကောင်းပြီ။

ဒါဖြင့် ဒကာဒကာမတို့ ပြောရတော့မယ်တဲ့၊ အတိတ်ဘဝက မသိတာအဝိဇ္ဇာ၊ ပြုလုပ်တာက သင်္ခါရ၊ ရတာက ဒုက္ခသစ္စာ၊ မစပ်ဘူးလား (စပ်ပါတယ် ဘုရား)၊ ဒါဖြင့် ဒီအစပ်ကလေးဟာ ဒကာ၊ဒကာမတို့ သမုဒယ သစ္စာနဲ့ စပ်ပေးလို့ပြောတာ။

ဒီမြားကလေးက သာမညမြား ထင်ကြသလား၊ ဒကာ၊ ဒကာမတို့ (မထင်ပါဘုရား)။

(ဤနေရာ၌ စက်ဝိုင်းကို ပြသည်။)

ဒီနှစ်ခုကဘာသစ္စာတုံး (သမုဒယနဲ့ ဒုက္ခသစ္စာပါ)၊ဒီစပ်ပြ တော့ ဘယ်သစ္စာနဲ့ သွားစပ်တုံး (ဒုက္ခသစ္စာနဲ့ သွားစပ်ပါတယ်)။

တစ်ကိုယ်လုံးမှာ ဒီငါးခုရှိတယ်

ဟာဒါဖြင့် မသိတဲ့ ပုဂ္ဂိုလ်လမ်းသွားလို့ ဒုက္ခ ရောက်တတ် သည်၊ ပေါ်ပလား (ပေါ်ပါပြီ)။

စာတွေမကြည့်ပါနဲ့၊ စာကြည့်ရင် ဒီလောက်မရှင်းဘူး၊ ရှင်းပါ့မလား (မရှင်းပါဘုရား)၊ ခင်ဗျားတို့ မှာ ယခု စိတ်ဝိညာဏ်ကော ရှိပါရဲ့လား (ရှိပါတယ် ဘုရား)။

နာမ်နဲ့ရုပ်ကော ရှိပါရဲ့လား (ရှိပါတယ်)၊ မျက်စိ၊ နား၊ နှာခေါင်း၊ ဇောစိတ်တွေ ကောရှိရဲ့လား (ရှိပါတယ်)၊ ဖဿ၊ ဆိုတဲ့ အာရုံတွေ့ ထိ ချင်တဲ့ သဘောကော (ရှိပါတယ်)၊ ဝေဒနာ ဆိုတဲ့ခံစားမှု သုံးပါးကော (ရှိပါတယ်)။

ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဒေနာ ဒီငါးခု ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ)၊ ဪ ဒုက္ခသစ္စာ သူများပေးလို့ ရတာလား၊ မသိတဲ့ ပုဂ္ဂိုလ်လမ်းသွားလို့ ရတာလား (မသိတဲ့ ပုဂ္ဂိုလ် လမ်းသွားလို့ ရတာပါ ဘုရား)။

အေး-မြန်အောင် ဦးတင်တို့ မျက်မှန် တပ်ပြီး သေသေချာချာ ရှင်းရဲ့လား (ရှင်းပါတယ်)၊ ပေါ်ပလား (ပေါ်ပါတယ်)၊ နောက် က ဒကာ၊ ဒကာမတွေကော ကြားကြရဲ့လား (ကြားပါတယ် ဘုရား)၊ ဘုန်းကြီးကတော့ အော်ရပြီး မကြားမှာတော့ သိပ်စိုးရိမ် တယ်။

ကဲဒါဖြင့် ဒကာ၊ဒကာမတို့၊ အခု ဒကာ၊ ဒကာမတွေ နံပါတ် ၁-ထဲမှာလား၊ နံပါတ် ၂-ထဲမှာလား၊ အကဲခတ်စမ်း (၂-ထဲမှာပါဘုရား)။

လူချမ်းသာများ ပါသေးရဲ့လား

သြော်-ဘာတွေနဲ့ နေကြပါလိမ့် (ဒုက္ခသစ္စာနဲ့ နေပါတယ် ဘုရား)၊ ဪ ဒီထဲ လူချမ်းသာများ ပါသေးသလား (မပါပါ ဘုရား)။

ဟ အမွဲချည်းပဲလား (မှန်ပါ့)၊ ဟုတ်ပါတယ် ဘုရားတဲ့။ ဒုက္ခသစ္စာ အမွဲပါ (မှန်ပါ့)၊ ဒုက္ခ ရောက်နေတဲ့ ပုဂ္ဂိုလ်ဟာ အမွဲချည်းပဲ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

အမွဲဆိုတာက ဘာမွဲတာတုံး ဆိုတာ ခင်ဗျားတို့ စဉ်းစားကြည့် ပါတဲ့၊ သစ္စာ မသိတော့ သူတော်ကောင်း ရတနာ ၇-ပါး ကိန်း ရဲ့လား (မကိန်းပါ)၊ မကိန်းရင် အမွဲတွေပေါ့ဗျ (မှန်ပါ့ဘုရာ့)။

ဒါ အဖြေပေးတယ်လို့ အောက်မေ့လိုက်ပါ။ သူတော်ကောင်း ရတနာ ၇-ပါးမရှိရင် ဒကာ၊ ဒကာမတွေ ဘာတုံး (အမွဲပါ ဘုရား)၊ အမွဲဆိုတာ ပေါ်ပလား(ပေါ်ပါပြီဘုရား)။

သုပ္ပဗုဒ္ဓကို သိကြားက မေးတယ်

အိုသုပ္ပဗုဒ္ဓတို့ ထောက်ကြည့်၊ သေချာတယ်၊ မသေချာ ဘူးလား (သေချာပါတယ် ဘုရား)၊ သုပ္ပဗုဒ္ဓကို သိကြားက

“မင်းအင်မတန်မွဲတယ်ကွ၊” သုပ္ပဗုဒ္ဓက သောတာပန်တည် သွားပြီ၊ “မင်းအိမ် ရွှေတွေ ငွေတွေ လှည်းနဲ့ တိုက်ပို့မယ်ကွ၊ ဘုရားကို ဘုရားမဟုတ်ဘူး၊ တရားကို တရားမဟုတ်ဘူး၊ ပဋိစ္စ သမုပ္ပာဒ်ကို ပဋိစ္စသမုပ္ပာဒ် မဟုတ်ဘူး” လို့ မင်းပြောလို့ရှိရင်ငါသည် ရွှေတွေ ငွေတွေ မင်းမွဲ နေတဲ့အတွက် လှည်းနဲ့ တိုက်ပြီး ပို့မယ်လို့ သိကြားက မပြောဘူးလား (ပြောပါတယ်ဘုရား)၊

အို မင်းက ငါ့ကို လူမွဲ ထင်သလားတဲ့၊ ငါလူချမ်းသာ၊ သူတော်ကောင်း ရတနာတွေ ငါ့မှာ အကုန်ရှိတယ်၊ ရိပ်မိပလား (ရိပ်မိပါပြီ)။

ဒါဖြင့် ခင်ဗျားတို့မှာ သူတော်ကောင်း ရတနာက မဂ်မဆိုက် ဖူးသေးတော့ မစုံသေးဘူး (မှန်ပါ့)၊ဒါဖြင့် ခင်ဗျားတို့ ဒီထဲ လာတာ လူချမ်းသာတွေလား၊ လူမွဲတွေလား (လူမွဲ တွေပါ ဘုရား)။

နှုတ်ခမ်းပဲ့ချင်း မီးမမှုတ်ပါနဲ့

တော်ပြီ မွဲမှန်း သိရင် တော်ပြီ၊ နို့မိုရင် တစ်ယောက်နဲ့ တစ်ယောက် မာစီဒီးတို့၊ ချက်ဘလက်၊ ဘဲ(လ်)အဲယားတို့နဲ့ ကြွားနေဦးမှာ၊ ခင်ဗျားတို့ ရိပ်မိပလား (ရိပ်မိပါပြီ)။

အဲဒီတော့ အမွဲ-အမွဲချင်းဖြင့် နှုတ်ခမ်းပဲ့ချင်း မီးမမှုတ်ပါနဲ့ ဆိုတာကိုလည်း ဆုံးမပါတယ်(မှန်ပါ့)၊ ဒုက္ခနဲ့ နေရတာ အမွဲချည်းပေါ့ ဗျာ(မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)၊ သူတော်ကောင်း ရတနာကော ကိန်းပလား (မကိန်းသေးပါ)။

နိယာမ မြဲသောအားဖြင့် ကိန်းပလား မကိန်းသေးပါ)၊ မကိန်းသေးဘူးတဲ့၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒုက္ခသစ္စာကို အမွဲလို့ ဟောတာ ဒီသုပ္ပဗုဒ္ဓထောက် လိုက်ရင်လည်း အမွဲလို့ ဆိုတာ မပေါ်ဘူးလား (ပေါ်လာပါတယ်)၊ ပေါ်လာတော့ ပဋိသမ္ဘိဒါမဂ်ကလဲ အမွဲ ပါကွာတဲ့၊ သေသေချာချာ ဖွင့်တာပဲ (မှန်ပါ့)၊ ဒုက္ခသစ္စာဟာ သခင်ဝတင်မှာ ဖြစ်တဲ့ ဒုက္ခသစ္စာကို ကိုထွန်းအောင်က ကယ်နိုင် ရဲ့လား (မကယ်နိုင်ပါ ဘုရား)။

ဒါဖြင့် တစ်ကိုယ်ရေ တစ်ကာယ ကူမည့်- ယူမည့်သူ မရှိတဲ့ သဘောနဲ့ နေရတာ၊ သဘော ကျရဲ့လား (မှန်ပါ့ ၊ ကျပါတယ် ဘုရား)။

အိုတယ်နာတယ် ဘယ်သူက တားနိုင်သလဲ

ခင်ဗျားတို့ ဝေဒနာဖြစ်တယ်၊ အိုတယ် နာတယ် ဘယ်သူက တားနိုင်သလဲ (ဘယ်သူကမှ မတားနိုင်ပါ ဘုရား)။

တစ်ယောက် တစ်ယောက် မေတ္တာတော့ ရှိပါရဲ့ဗျာ၊ မတားနိုင်လို့ ဆိုတာ လူတိုင်း မပြောဘူးလား (ပြောပါတယ်)။

ဒါဖြင့် ဒုက္ခသစ္စာ သမားဟာ အမွဲပဲ၊ အကူအညီ ကင်းမဲ့တယ် (မှန်ပါ့)၊ ဆေးနဲ့ ကုလို့ကော ရကြရဲ့လား(မရပါဘုရား)၊ အိုမှုကိုလေ (မရပါ)။

နာမှုကော(မရပါဘုရား)။

သေမှုကော(မရပါဘုရား)။

ဒါဖြင့် ဒကာ၊ဒကာမတွေ ဥတစ်လုံး တစ်ကောင်ကြွက် အမွဲ ဆိုတာ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)၊ ဒါဖြင့် ဒုက္ခသစ္စာဆိုတာ အမွဲသစ္စာ ပေါ်ကြပလား (ပေါ်ပါပြီ)၊ ဒုက္ခသစ္စာ ဆိုတာ (အမွဲသစ္စာ)၊ ပဋိသမ္ဘိဒါမဂ် အဋ္ဌကထာက

“ကပဏ ဇနသဒိသ ဒုက္ခဒဿနေန” လို့ ဖွင့်လိုက်တယ်၊ ကပဏဇနသဒိသ ဒုက္ခဒဿနေန၊ အထီးကျန် လူဆင်းရဲ အမွဲပါပဲ(မှန်ပါ့)၊ ဘယ်သူ ကူနိုင်ကြသတုံး (မကူနိုင်ပါ ဘုရား)၊ အမေကိုချစ်ပါသလား၊ အမေအိုတာ၊ အမေနာတာ၊ အမေသေတာ သားသမီးက တတ်နိုင်ရဲ့လား (မတတ်နိုင်ပါ ဘုရား)။

ဒါဖြင့် တစ်ကောင်ကြွက်အမွဲ (မှန်ပါ့)၊ ပေါ်ပလား (ပေါ်ပါပြီ)၊ အဖေကို ချစ်ပါသလား၊ အဖေ အိုတာ၊ နာတာ၊ သေတာကို သားသမီးက (မတတ်နိုင်ပါ ဘုရား)၊ သားသမီးကို ချစ်ပါသလား၊ သားသမီး အိုတာ၊ နာတာ၊ သေတာကို အမေ၊ အဖေက (မတတ်နိုင်ပါဘုရား)။

ဒါဖြင့် အထီးကျန်၊ တစ်ကောင်ကြွက်၊ အမွဲ (မှန်ပါ့) ဘာသစ္စာတုန်း (ဒုက္ခသစ္စာပါ ဘုရား) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ခန္ဓာကအမွဲမို့ အမွဲပြောတာ

အဲဒါ ခင်ဗျားတို့လို ငွေစက္ကူ မပေါလို့ ပြောတာ မဟုတ်ပါ ဘူး၊ ခင်ဗျားတို့ ခန္ဓာကိုယ်ကြီးက အမွဲမို့ အမွဲ ပြောတာ(မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ)၊ သုပ္ပဗုဒ္ဓ ထောက်လဲ အမွဲပဲနော် (မှန်ပါ့)၊ သဘော ကျပလား (ကျပါပြီ)၊ သူတော်ကောင်း ရတနာ မရှိရင် ဘာတုံး (အမွဲပါ ဘုရား)။

ခန္ဓာကိုယ် ရှိနေရင်ကော (မွဲပါဘုရား)၊ “ကပဏ ဇနသဒိသ ဒုက္ခဒဿနေန” လို့ သေသေ ချာချာ ဖွင့်ထားတယ်၊ ကိုင်း ဒါဖြင့် ဒကာ၊ ဒကာမတို့ ယခု ဒီအထဲ လူချမ်းသာ ပါကြသလားတဲ့ (မပါပါ ဘုရား)။

ဗီတာမင်များများသောက်ပါလား

အိုဒီဘုန်းကြီးနဲ့ တွေ့ရတာ ကျက်သရေ ယုတ်ပါဘိလို့ အောက်မေ့ချင် အောက်မေ့နေမှာ မအောက်မေ့ပါနဲ့ တဲ့။

ဦးညွန့်ကြီး၊ အိုတာ ဘယ်သူ တတ်နိုင်သတုံး- (မတတ်နိုင်ပါ ဘုရား)၊ ခင်ဗျားပစ္စည်းက ကူညီနိုင်ရဲ့လား (မကူညီနိုင်ပါ ဘုရား)၊ ဗီတာမင်များများ သောက်ပါလားဗျ၊ ရရဲ့လား အိုမှုကို (မရပါဘုရား)၊ မရတော့ တပည့်တော်ဟာ လူဆင်းရဲ အမွဲပါ ဘုရား ဆိုထိုက်၊ မဆိုထိုက် (ဆိုထိုက် ပါတယ် ဘုရား)။

ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)၊ ဒုက္ခသစ္စာကို ခင်ဗျားတို့က သုခသစ္စာ လုပ်ချင်လို့ ဖြစ်ပါ့မလား (မဖြစ်နိုင်ပါ ဘုရား)၊ သစ္စာ ဆိုတာသည် ဒကာ၊ ဒကာမတို့ မဖောက်မပြန် မှန်တာကို ဆိုပါတယ် (မှန်ပါဘုရား)၊ ဘာကူညီလို့မှ မရဘူး ရပါ့မလား (မရပါဘုရား)။

သစ္စာဆိုတာ မဖောက်မပြန် မှန်တာ

မဖောက်မပြန် မှန်တာကို ဘာခေါ်ကြမလဲ (သစ္စာလို့ ခေါ်ပါတယ်)၊ သစ္စာဆိုတော့ ခင်ဗျားတို့ ယခု အတိတ်ဘဝက မသိဘဲနဲ့ မျက်စိကန်း လမ်းသွားလို့ ဒီမှာလဲတဲ့ ကိစ္စကြီးနဲ့ နေတဲ့ဥစ္စာ ဟောဒါက လဲတာ၊ သဘောကျပလား (မှန်ပါ့)။

ဟောဒါကအနာတွေပေါက်တာ(မှန်ပါ့)။

ဟောဒါကပြည်တွေတည်နေတယ်(မှန်ပါ့)။

စာကဆိုထားတယ်။ ဒါက ပြည်တည်တာနော် (မှန်ပါ့)၊ ပြည်တည်နေတဲ့ အနာတွေကို ဟောဒါက ဆူးတွေ ဝိုင်းပြီး စူးတာ ဖဿက (မှန်ပါ့)။

(ဤနေရာ၌ စက်ဝိုင်းကိုပြ၍ ဟောသည်။)

အဲဒီမှာ ဝေဒနာသုံးပါးပေါ်တယ် (မှန်ပါ့)၊ကိုင်း လူ ချမ်းသာလား၊ လူဆင်းရဲလား ပြောကြစမ်း (လူဆင်းရဲပါ ဘုရား)၊ သေချာပလား (သေချာပါတယ် ဘုရား)။

ဒါဖြင့် ဒကာ၊ ဒကာမတွေ မသိတဲ့ ပုဂ္ဂိုလ် လမ်းသွားရင် ဆင်းရဲအတိ ဧကန်ဖြစ်မှာကြောင့် ဒုက္ခသစ္စာပေါ်ကြပလား (ပေါ်ပါပြီဘုရား)၊ ဘာသစ္စာတဲ့ (ဒုက္ခသစ္စာပါ ဘုရား)၊ ရှင်းကြ ပလား (ရှင်းပါပြီ)။

ဖြီးလိမ်း ပြုပြင်ပြီး ထားငြား သော်လဲ ဒကာ၊ဒကာမတို့ အိုမှု၊ နာမှု၊ သေမှု ရပ်ရဲ့ လား (မရပ်ပါ ဘုရား)၊ ဖြီးရင်းမတ္တပဲ တစ်ခါတည်း ချွေးတွေ ထွက်လာတယ် (မှန်ပါ့)၊ လိမ်းရင်း မတ္တပဲ ဒကာ၊ ဒကာမတွေ တစ်ခါတည်း အိုတတ်တာတွေ မလာဘူးလား (လာပါတယ် ဘုရား)။

အတွင်းက မီးလောင်တော့ တစ်ခါတည်း ချွေးတွေက ဆူထွက်လာတယ် (မှန်ပါ့)၊ ပြင်လို့ ဆင်လို့များ ပြီးကြသေးရဲ့လား (မပြီးပါ ဘုရား)၊ ပြင်တိုင်း ဆင်တိုင်း မပျက်ဘူးလား (ပျက်ပါတယ် ဘုရား)။

အနှိပ်စက်ခံရခြင်းကြောင့် ဒုက္ခသစ္စာ

အဲဒီကတည်းက နှိပ်စက်တဲ့ အနှိပ်စက်ခံရခြင်းကြောင့် ဒုက္ခသစ္စာ(မှန်ပါ့)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)၊ ဒုက္ခဿ ပီဠနဋ္ဌော ကို ဟောပြန်တယ်(မှန်ပါ့)၊ သင်္ခတဋ္ဌော တဲ့ ခဏခဏ ပြုပြင် ရသောကြောင့်လဲ ခင်ဗျားတို့ ယခု ၂-နံပါတ်ထဲမှာ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။

ပြုပြင်တာက တော်တော် နေစောင်းရ ပြန်ပြီ၊ ဒကာဒကာမတို့ – တရားနာ နေတာ ခဏကလေး ထိုင်လိုက် ဟိုဘက် စောင်းလိုက်တာ ဘာဖြစ်လို့တုံး (ဒုက္ခကြောင့်ပါ)၊ ဒီဘက် ပြန်လှည့် လာတာ ကကော ဘာဖြစ်တာတုံး (ဒုက္ခကြောင့်ပါ ဘုရား)၊ ရေထ သောက်ချင် တာကကော (ဒုက္ခကြောင့်ပါ ဘုရား)၊ ကျင်ကြီး ကျင်ငယ် စွန့်ချင် လို့ အောင့်နေရ တာကကော (ဒုက္ခကြောင့်ပါ ဘုရား)၊ ဒါဖြင့် ခင်ဗျားတို့ ဘယ်အချိန်က သုခပါသတုံးမေးရင် (မပါ,ပါဘုရား)။

တရားနာတဲ့ကာလကို ဒုက္ခသစ္စာ

ဒါဖြင့် ယခု ၁-ထဲမှာ နေသလား၊ ၂-ထဲမှာ နေသလား (၂ထဲမှာ နေပါတယ် ဘုရား)၊ ဘာသစ္စာနဲ့ နေရသတုံး (ဒုက္ခသစ္စာနဲ့ နေရပါတယ်)၊ ဘယ်ကာလ ပါလိမ့် (ပစ္စုပ္ပန် ကာလပါ)၊ ဟော တရားနာ နေတဲ့ကာလကို ဒုက္ခသစ္စာ (မှန်ပါ့)၊ ပေါ်ကြပလား (ပေါ်ပါပြီ)၊ တရားနာနေရင်း ခင်ဗျားတို့ ခန္ဓာကြီး ဘာသစ္စာ တုံး (ဒုက္ခသစ္စာပါ ဘုရား)၊ ဒါဖြင့် နေရာကျပြီတဲ့ သစ္စာသိပြီ။

ဒီထဲက စိတ်ပေါ်လဲ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)၊ အင်း ဖဿ ဝေဒနာ ပေါ်လဲ (ဒုက္ခသစ္စာပါ)၊ မြင်စိတ်၊ ကြား စိတ်၊ မြင်ရုပ်၊ ကြားရုပ်တွေ ပေါ်ရင်ကော (ဒုက္ခသစ္စာပါ ဘုရား)။

မြင်စိတ်တွေပေါ်ရင် (ဒုက္ခသစ္စာပါ ဘုရား)။ တွေ့တာတွေ ပေါ်ရင်ကော (ဒုက္ခသစ္စာပါ ဘုရား)။ ခံစားတာတွေ ပေါ်ရင်ကော (ဒုက္ခသစ္စာပါ ဘုရား)။

ဒါဖြင့် ဒကာ၊ ဒကာမတို့ ခင်ဗျားတို့ ပြုလုပ်ချက်ကဖြင့် အတိတ်ဘဝက ခင်ဗျားတို့၏ ဆိုးဝါးမှုသည် ယခုတော့ ခံကြ ပေတော့၊ သဘော ကျပလား (ကျပါပြီ)၊ အတိတ်ဘဝက ခင်ဗျား တို့မသိဘဲနဲ့ လမ်းသွားခဲ့ကြတယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)။

ယခုတော့ လဲမှု၊ အနာရမှု၊ ပြည်တည်မှု၊ ဆူးထိုးခံမှု၊ ဝေဒနာ မျိုးစုံရမှုနဲ့ ကြုံပြီ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)၊ဒါဖြင့် ဘာသစ္စာတုံး (ဒုက္ခသစ္စာ) လဲတာလဲစမှာ ဒုက္ခသစ္စာ၊ အနာ ရတော့ကော (ဒုက္ခသစ္စာ)၊ ပြည်တည် တော့ကော (ဒုက္ခသစ္စာ)၊ အနာ ပြည်တည် နေတုန်း ဖဿတည်းဟူ သော ဆူးတွေက ထိုးပြန်တော့ (ဒုက္ခသစ္စာပါ ဘုရား)။

ဝေဒနာ လှည့်ခံနေရတယ်

ဆူးထိုးတော့ အနာတွေက ကြွပြီး ရွလာ ပြန်တော့ ဘာသစ္စာ တုံး (ဒုက္ခသစ္စာပါ)၊ ဟော ဝေဒနာတွေ ပေါ်လာတယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)၊ ခင်ဗျားတို့ ဝေဒနာဟာ လှည့်ခံ မနေရဘူးလား (ခံနေရပါတယ်)၊ ဆာတုန်းကော ဆာတဲ့ ဝေဒနာနဲ့ ခံနေရတယ် (မှန်ပါ့)၊ ဆာတုန်း ကတော့ ဘာတဲ့ (ဆာတဲ့ ဝေဒနာနဲ့ ခံနေရပါတယ်)၊ ဝပြန်တော့ကော (ဝတဲ့ ဝေဒနာတွေ ခံနေရတယ်)၊ ခက်ပြီကိုး၊ ခင်ဗျားတို့ဟာ ဆာပြန်တော့ ဆာနာ ပေါက်တယ်။

ဝပြန်တော့ကော (ဝနာ ပေါက်တယ်)၊ ဘယ်မှာတုံး ခင်ဗျားတို့ ချမ်းသာတဲ့ အချိန်ပြောပါဦး (မရှိပါ ဘုရား)။

အဲဒါ ဒကာ၊ဒကာမတွေသည် ခဏခဏ ဆေးက ုနေရတယ် ဆိုကတည်းက အဝတ်နဲ့ ဆေးကုရတယ် (မှန်ပါ့၊) သဘောကျ ပလား (ကျပါတယ်)၊ အဝတ်တွေ ချုပ်ပြီးတော့ ဆေးမကု ဘူးလား (ကုပါတယ်ဘုရား)။

အဝတ်ဝတ်တာဟာ ပတ်တီးစည်းတာ

ခင်ဗျားတို့ အခု ဝတ်လာတာ ဘာထည်ဖြစ်ဖြစ် ပတ်တီး စည်းလာတာ မှတ်ပါ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ)၊ ဘာထည် ဝတ်လာတာ ဘာတုံး (ပတ်တီး စည်းလာတာပါ ဘုရား)။

ဘာဖြစ်လို့ စည်းရသတုံး မစည်းရင် ဒုက္ခရောက်မယ် (ရောက်ပါ့မယ်ဘုရား)၊ သဘော ကျပလား (ကျပါပြီ ဘုရား)၊ ပတ်တီးစည်းတော့ လေတိုက် နေတိုက် ကလေး မသက်သာ ဘူးလား (သက်သာပါတယ် ဘုရား)၊ ဒါဖြင့် ခင်ဗျားတို့ ပင်ကိုက ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။

ဒုက္ခသစ္စာ ဘယ်သူက ပြောသတုံး ဆိုတော့ အဝတ်-ဝတ်တာ က ပြောတယ် (မှန်ပါ့)၊ ပတ်တီး စည်းတာက ပြောတယ် (မှန်ပါ့)၊ သဘော ကျပလား (ကျပါတယ်)၊ အကောင်းဖြစ်ရင် စည်းဖို့ လိုသေး သလား (မလိုပါ ဘုရား)၊ ရှင်းကြပလား (ရှင်းပါပြီ)။

ဒါဖြင့် ခင်ဗျားတို့ အဝတ်တွေကလဲ ပတ်တီးစည်းသော ကြောင့် ဒုက္ခသစ္စာနော် (မှန်ပါ့)၊ ဒီကျတော့ ကိုတဲ့၊ ချိုချဉ်အစ ရှိသည် စားရပြန်တာကလည်း ခန္ဓာကိုယ်က ဆာတဲ့အနာက မပေါက်လား (ပေါက်ပါတယ် ဘုရား)။

ပေါက်တဲ့ အခါကျတော့ အဲဒီဆေးတွေကော ဆောင်ခဲ့ရ သလား (ဆောင်ခဲ့ရပါတယ်)၊ လျက်ဆားပုလင်း ကလေးအစ ချိုချဉ်ကလေးအစ ဆောင်ခဲ့ရတယ် (မှန်ပါ့)၊ မဆောင်ရဘူးလား ဆောင်ရသလား (ဆောင်ရပါတယ် ဘုရား)၊ ဘာဖြစ်လို့တုံး၊ အနာက ရောက်ရာ ပေါက်မယ် ဘုရာ့-(မှန်ပါ့) သဘောပါပလား (ပါ,ပါပြီ)၊ အနာက ဘာတဲ့ (ရောက်ရာပေါက်မှာပါ ဘုရား)။

ဆေးနဲ့ ကင်းလို့ရတဲ့အချိန် ပြောစမ်းပါ

ရောက်ရာ ပေါက်ဖို့ ဆေးနဲ့ ကင်းပြီး လာခဲ့ရသလား၊ ဆေးကို လွယ်ခဲ့ရသလား (ဆေးကို လွယ်လာ ရပါတယ်)၊ ကိုယ့် ဆေးနဲ့ ကိုယ်ပေါ့ဗျာ (မှန်ပါ့)၊ သဘောကျပလား (ကျပါ တယ်)။

နို့ ဆေးနဲ့ကင်းလို့ရတဲ့ အချိန်ပြောစမ်း (မရှိပါဘုရား)။ ဒကာ၊ ဒကာမတွေ ဆေးနဲ့ကင်းလို့ ရတဲ့အချိန် (မရှိပါဘုရား)၊ ဆာရင် အဆင်သင့်၊ “ဆာ”နာပေါက်ရင် ကုဖို့ အဆင့်သင့်၊ ‘ဝ’နာပေါက် အစာကြေတဲ့ ဆေးစားဖို့ အဆင်သင့် (မှန်ပါ့)၊ မဟုတ်ဘူးလား (မှန်ပါ)။

ညောင်းရင်ဆန့်ဖို့ အဆင်သင့်ကော မလုပ်ရဘူးလား (လုပ်ရပါတယ်)၊ ဒါဖြင့် ဆန့်နေရာက ညောင်းနာ ပေါက်လာရင် ကွေးဖို့ရာ အဆင်သင့်ကော (လုပ်ရပါတယ်)။

ဒါဖြင့် ခင်ဗျားတို့ ခန္ဓာကိုယ်ကြီးဟာ ဘယ်အချိန် အနာကင်း သတုံး (မကင်းပါဘုရား)၊ ဒါဖြင့် ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)၊ ပေါ်ပါပြီ၊ တော်တော် ပေါ်လာပြီ (မှန်ပါ့)၊ မပေါ်သေး ဘူးလား (ပေါ်ပါပြီဘုရား)။

ဒီတိုက်ကြီးဟာ ဆေးရုံကြီး

ဒီတိုက်ကြီးဟာ ဘာထင်ကြသတုံး၊ ခင်ဗျားတို့ ပြောကြစမ်း ပါဦး ဆေးရုံကြီး၊ ဒီတိုက်ကြီးဟာ ဘာထင်ကြတုံး (ဆေးရုံကြီး ပါ ဘုရား)။

ခင်ဗျားတို့က ဒီတိုက်ကြီးဟာ တော်တော် ကြီးကျယ်တယ်၊ ဒီလိုများ ဘယ်တော့ နေရပါ့မတုံး ဆိုတော့ ဒီဆေးရုံမှာ ဘယ်တော့ ကုရပါ့မတုံး ပြောတာနဲ့ အတူတူပဲ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒီလေတွေ လုံအောင် ကာရတာက ဒီအိမ်သားတွေ ကျန်းမာဖို့ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ။) လေလုံအောင် မကာလိုက်ရင် ဒီအိမ်သားတွေ ဘယ့်နှယ်နေမလဲ (မကျန်းမာပါ ဘုရား)။

ဆန်အိတ်တွေ၊ ဆီပုံးတွေက ဆေးတွေ

ဒါဖြင့် ဒီဥစ္စာ ကျန်းမာမှု ဆေးရုံ ဟုတ်ရဲ့လား ဒီမှာထားတဲ့ ဆန်အိတ်၊ ဆီပုံးတွေက ဆေးတွေ၊ ဒကာ၊ဒကာမတွေ ဒီအိမ်သား တွေ အကုန်ကုဖို့ ထားတာ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)၊ ဒါဖြင့် ဒီအိမ်ကြီးက ဆေးရုံ၊ ဝယ်ခြမ်း ထားတာတွေက (ဆေးတွေ)။

အထည်အလိပ်တွေက ပတ်တီးတွေ ၊

အထည်အလိပ်တွေက ပတ်တီး (မှန်ပါ့ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ)၊ မောင်ဆွေတင်က ရယ်တယ်ကွ၊ ဒီအတိုင်း ဖြစ်တာပဲကွ၊ ရှုပ်မနေနဲ့၊ သဘောပါလား (ပါပါပြီ ဘုရား)။

ဒါဖြင့် ဒကာ၊ဒကာမတွေ ခန္ဓာကိုယ် ဘာသစ္စာတုံး (ဒုက္ခ သစ္စာပါ ဘုရား)၊ ဒုက္ခသစ္စာမို့ အခြံအရံ ဘယ်လောက်လုပ်ရသတုံး (လုပ်ရပါတယ် ဘုရား) ဒီအိမ်မှာ ရှိသရွေ့ အခြံအရံတွေဟာ ဘာတုံး ဒကာ၊ ဒကာမတို့ (စုံလို့ပါ ဘုရား)။

ဒီဟာတွေ ဆွဲထားတာ၊ ဒါတွေ ဆွဲထားတာကလဲ ဒကာ ဒကာမတွေ မျက်လုံး ကုရတာ (မှန်ပါ့)၊ မျက်လုံး တင့်တယ်အောင် လို့ ဟိုဘက်က နေပြီး သကာလ အမှုန်ဓာတ်တွေ မဝင်အောင်လို့ မျက်လုံးကုတဲ့ ဆေးတွေကော ပါကြရဲ့လား (ပါ,ပါတယ်)၊ နားကုတဲ့ ဆေးတွေကော (ပါ,ပါတယ်)။

အနာပေါက်လို့ မျက်မှန်တပ်တာ

ခင်ဗျားတို့ မျက်မှန် တပ်လာတာကြည့်၊ အနာပေါက်လို့ တပ်တာလား၊ ရိုးရိုးအလှ တပ်တာလား၊ ပြောကြစမ်းပါ (အနာပေါက်လို့ တပ်တာပါ ဘုရား)။

အမယ်လေး ကြောက်စရာ ကြီးပါလား၊ ဒီအထဲမှာ မျက်မှန် သမားကလဲ မနည်းလှဘူး၊ ကိုင်းဒါဖြင့် ဒကာ၊ ဒကာမတို့ ကိုယ်စီကိုယ်င အနာဆိုတာ ပေါ်ပလား (ပေါ်ပါပြီဘုရား)။

ကိုယ်စီကိုယ်ငအနာနဲ့

ဟေ့မောင်ဆွေတင်၊ ကိုယ်စီကိုယ်င အနာဆိုတာ ပေါ်ပလား၊ မင်းတို့ စောင်းဟောနေတယ်လို့ အောက်မေ့မနေနဲ့ကွ၊ ကိုယ်စီကိုယ်ငအနာနဲ့ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ)။

ဒါဖြင့် ဘာသစ္စာတွေစုပြီးဒီနေရာလာကြပါလိမ့် ဒုက္ခ သစ္စာစုပြီး လာတာပါဘုရား)။

သြော် ဘယ့်နှယ်ကြောင့် ဒီဒကာ၊ဒကာမတွေနဲ့ ဒီဆရာ သမားနဲ့ လာတွေ့ပါလိမ့်မလဲ ဆိုတော့ ဘုန်းကြီးကလဲ အကန်း လမ်းသွားလို့ ဒီခန္ဓာငါးပါးကြီးနဲ့ လာဆုံကြတယ်။ ဒုက္ခသည် ချင်း ကူနေတာ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ)။

ဘုန်းကြီးက အထွတ်အထိပ်က မထားပါဘူး (မှန်ပါ့)၊ ထားလို့ကော ဖြစ်ရဲ့လား (မဖြစ်ပါ ဘုရား)၊ ခင်ဗျားတို့ကလဲ အကန်းလမ်းသွားလို့ လဲကြ၊ကွဲကြတယ် ဟုတ်လား (မှန်ပါ့)။

ဘုန်းကြီးကလဲ အကန်း လမ်းသွားလို့ ခန္ဓာကြီးက လဲတဲ့ ကွဲတဲ့ ခန္ဓာကြီးပဲ မရဘူးလား (ရပါတယ်၊) အဲဒီတော့ နှုတ်ခမ်း ပဲ့ချင်း မီးမှုတ် နေတာလို့မှတ်၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဘုန်းကြီးကလဲ ဒုက္ခသစ္စာနဲ့ ဟောနေတာ

ဘုန်းကြီးကလဲ ဒုက္ခသစ္စာနဲ့ ဟောနေတာ-(မှန်ပါ့)၊ ခင်ဗျား တို့ကကော (ဒုက္ခသစ္စာနဲ့ နာနေတာပါ)၊ ပေါ်ကြပလား (ပေါ်ပါပြီ)၊ ဒါဖြင့် “သဗ္ဗေ သင်္ခါရာ ဒုက္ခာ” ဆိုတာ ပေါ်ပြီ (မှန်ပါ့)။

ခင်ဗျားတို့ ရထားတာဘာတဲ့(သဗ္ဗေသင်္ခါရာ ဒုက္ခာ)၊ မပေါ်သေးဘူးလား(ပေါ်ပါပြီဘုရား)၊ အလကားသာ ရွတ်နေတာ ခင်ဗျားတို့ ကိုယ့်ကိုယ်ကိုကြည့်ပြီးတေ့ာ ရွတ်တာမဟုတ်ဘဲ ဒီကရှေ့ ဘယ်လိုရွတ်ကြမလဲ (ကိုယ့်ကိုယ်ကို ကြည့်ပြီးတော့ ရွတ်ပါ့မယ် ဘုရား)။

ဒကာ၊ ဒကာမတွေ ဘယ်လိုရွတ်မလဲ (ကိုယ့်ကိုယ်ကို ကြည့်ပြီးတော့ ရွတ်ပါ့မယ်)၊ ကိုယ့်ကိုယ်ကို ကြည့်ရွတ်ရမယ်။

ခင်ဗျားတို့က ဪ လူတစ်ယောက် သေရင် အဲ အနိစ္စ ကိုးကွ၊ ကိုယ်က နိစ္စ လုပ်ထားတယ်၊ မလွဲဘူးလား (လွဲပါတယ်)၊

သူသေပြန်ပြီဆို အို အနိစ္စခန္ဓာကိုယ် ဘယ်လွတ်မလဲကွ ဆိုတော့ ကိုယ့်ကိုယ်တော့ စဉ်းစားမိရဲ့လား (မစဉ်းစားမိပါ ဘုရား)။

အင်း သူတော့ သေပေါ့ ၊ တို့ကတော့ဖြင့် မသေသေးဘူး၊ ဒီလို မလာဘူးလား (လာပါတယ်)၊ ကိုယ့်ဒုက္ခသစ္စာ ကိုယ်မြင်ရဲ့လား (မမြင်ပါ ဘုရား)။

ဒါကြောင့် ခင်ဗျားတို့ကို ရှင်းရှင်းပဲ ပြောပါတယ်၊ အခု တရားနာနေကြတဲ့ ဒကာ၊ ဒကာမ တွေဟာ လွတ်လွတ်လပ်လပ် တရားနာ နေတာလား၊ ဇရာ ဗျာဓိက နောက်က ရိုက်နှက်ပြီး သုသာန် ပို့ရင်း နာရတာလား (သုသာန်ပို့ရင် နာရတာပါ ဘုရား)။

ဘုန်းကြီးက သုသာန်သွားရင်း ဟောနေတာ

ဘုန်းကြီးကလဲ ဘယ်နေရာ တရား ဟောနေပါလိမ့်၊ ဘုန်းကြီး ကလဲ သုသာန် သွားရင် ဟောနေတာ၊ ရိပ်မိပလား (ရိပ်မိပါပြီ)၊ ခင်ဗျားတို့က ဘယ်သွားရင်း နားနေတာလဲ (သုသာန် သွားရင်း နာနေတာပါ)။

အဲဒါသိမှ ဒုက္ခသည်မှန်းသိမှာ(မှန်ပါ့)၊ သဘောပါလား (ပါ,ပါတယ်)။

ဘုန်းကြီးက ဘယ်သွားရင်း တရားဟောနေတာပါလိမ့် (သုသာန်သွားရင်း တရားဟော ပါတယ်)၊ ခင်ဗျားတို့ ဘယ် အချိန် တရားနာကြလဲ (သုသာန် သွားရင်း နာပါတယ် ဘုရား)။

သုသာန်နဲ့ နီးလာပြီ

ရပ်လို့များ ရကြရဲ့လား (မရပါဘုရား)၊ တစ်နာရီထက် တစ်ရာရီ သုသာန်နဲ့ မနီးဘူးလား (နီးပါတယ် ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ ခန္ဓာကိုယ်ကြီးဟာ ဇရာ မရဏတွေက အမြဲ၊ ဇရာဗျာဓိက အမြဲ ရိုက်ထုတ် နေလို့ သုသာန်နဲ့ နီးတာ (မှန်ပါ့)၊ မနီးဘူးလား (နီးပါတယ် ဘုရား)။

ဒါဖြင့် အနှိပ်စက် ခံရသောကြောင့် ဘာသစ္စာတုံး (ဒုက္ခသစ္စာပါဘု ရား)၊ ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)၊ တော်တော်ပေါ်လာပြီ (မှန်ပါ့ဘုရား)။

သခင်ဝတင်၊ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)၊ အနှိပ်စက် ခံရသောကြောင့် (ဒုက္ခသစ္စာပါ ဘုရား)၊ ကျုပ်တို့ယခု ဒီအထဲမှာ နေကြတယ်၊ ဇရာဗျာဓိက ဒကာ၊ဒကာမတို့ မနှိပ်စက်ဘူးလား၊ နှိပ်စက်သလား (နှိပ်စက်ပါတယ် ဘုရား)။

ဒါဖြင့် နှိပ်စက်ခံရင်း တရားနာ နေရသောကြောင့် ဒီခန္ဓာကြီး ဘာသစ္စာလဲ (ဒုက္ခသစ္စာပါ)။

ဘုန်းကြီးကလဲ နှိပ်စက်ခံရင်း မတ္တနဲ့ နည်းလမ်း ပေးနေ သောကြောင့် ဘုန်းကြီးခန္ဓာလဲ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။

၁။ ပီဠနဋ္ဌောဆိုတာ

ဒါဖြင့် “ဒုက္ခဿ ပီဠနဋ္ဌော” ဆိုတာ ပေါ်လာတယ် (ပေါ်လာပါတယ်)၊ မပေါ်သေး ဘူးလား (ပေါ်ပါတယ်ဘုရား)၊ ဒုက္ခဿ- ဒုက္ခသစ္စာ၏။ ပီဠနဋ္ဌော- သတ္တဝါကို ညှာတာ မဖက် အမြဲ နှိပ်စက်သော သဘောသည် လည်းကောင်း ဆိုတာ မပေါ်သေး ဘူးလား (ပေါ်ပါတယ်)၊ ဘုရားကိုကော ငဲ့ရဲ့ လား (မငဲ့ပါ ဘုရား)။

ဘုရားက နေပူဆာ လှုံနေတော့ အရှင်အနန္ဒာက “အရှင်ဘုရား တယ်ကြည်ညိုဖွယ် ကောင်းတဲ့ ခန္ဓာကြီးတောင် အရေတွေ တွန့်ကုန်ပြီဘုရာ့” ပြောတာ (မှန်ပါ့)၊ မပြောဘူးလား (ပြော ပါတယ် ဘုရား)။

ဒုက္ခသစ္စာက ဒုက္ခသစ္စာပြောမှာပဲ ၊

အဲဒီ ပြောတဲ့ အချိန်ကျတော့ “အာနန္ဒာ ဇရာ ဗျာဓိဒဏ်ဟာ ဘယ်သူမှ မလွန်ဆန်နိုင်ဘူးကွ၊ ဒုက္ခသစ္စာက ဒုက္ခသစ္စာပြောမှာ ပဲကွ(မှန်ပါ့)၊ မင်းဘာမှ တွေးတောမနေနဲ့” လို့ ဘုရားက ပြန်မဟော ဘူးလား (ဟောပါတယ်)။

ကဲ ဒါဖြင့် ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)၊ ဒါကြောင့် ဒီအထဲမှာ ဒကာ၊ ဒကာမတို့ အရိုက် အနှက် လွတ်လပ်နေတဲ့ ဒကာ၊ ဒကာမများ ပါသေးသလား (မပါ,ပါဘုရား)၊ ရိုက်နှက် လျက်နဲ့ အရိုက်အနှက် ခံရင်း တရားနာ နေရတာ (မှန်ပါ့ဘုရား)။

ဇရာက ရိုက်လျက်၊ ဗျာဓိကကော (ရိုက်လျက်ပါဘုရား)၊ မယုံလို့ရှိရင် ဘုန်းကြီး လက်တွေ့ ပြမယ်၊ ခင်ဗျားတို့ ခန္ဓာကိုယ် စမ်းကြည့် ပူသေးတယ် (ပူပါတယ်)၊ အဲဒါ မီးလောင်နေတာ (မှန်ပါ့ ဘုရား)။

ဇရာမီးက နှိပ်စက်နေတာ

ဇရာမီးက လောင်ပြီး ပြောင်အောင် လုပ်နေတာ သူနှိပ်စက် နေတာ ပေါ်ပလား (ပေါ်ပါပြီ)၊ မယုံလက်နဲ့စမ်းပါ (မှန်ပါ့)၊ ဒကာ၊ဒကာမတွေ ကိုယ့်ကိုယ်ပဲ ရင်ဘတ် စမ်းကြည့်စမ်း နွေးကြရဲ့ လား (နွေးပါတယ် ဘုရား)။

နွေးတယ် ဆိုတာသည် ကြာတော့ကို ဒကာ၊ ဒကာမတို့ ပြင်းထန် မလာဘူးလား (လာပါတယ် ဘုရား)၊ ပြင်းထန် လာတော့ ဒီနွေးတဲ့ ဇောဆိုတဲ့ မီးသည် ဘယ်သူ့လောင်သတုံး မေးရင် ဘယ့်နှယ် ပြောမလဲ (ခန္ဓာကိုယ် လောင်ပါတယ် ဘုရား)၊ ဘယ်အချိန် ရပ်သတုံး (မရပ်ပါဘုရား)။

ဒါကြောင့် ဇရာ ဗျာဓိတွေက အမြဲ နှိပ်စက်ခံရ သောကြောင့် ရထားတဲ့ ပစ္စုပ္ပန်ခန္ဓာကို ဘာသစ္စာ ဖွဲ့မလဲ (ဒုက္ခသစ္စာ ဖွဲ့ပါမယ်)၊ မပေါ်သေးဘူးလား (ပေါ်ပါပြီ)၊ ပေါ်ပြီဆိုတာ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် “ဒုက္ခဿ ပီဠနဋ္ဌော” ဆိုတဲ့ အဓိပ္ပာယ်က ဒါကိုသိမှ ဖြစ်မှာကိုးဗျ (မှန်ပါ့)၊ သဘော ကျပလား(ကျပါပြီ)၊ ကောင်းပြီ။

ဒါဖြင့် ဒကာ၊ဒကာမတို့ သင်္ခတဋ္ဌော လေးချက် ပြောလိုက် မယ်၊ ဒါ ကိစ္စဉာဏ်နော် (မှန်ပါ့)၊ အနှိပ်စက်ခံရတာ သိရင် အနှိပ်စက်ခံရတာက ခန္ဓာ၊ သိတာကဉာဏ် (မှန်ပါ့)၊အနှိပ်စက် ခံရခြင်း ကိစ္စကို သိလို့ရှိရင် ဉာဏ်မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား)၊ ဒါဖြင့် ခန္ဓာက အနှိပ်စက်ခံရတဲ့ ကိစ္စ၊ နှိပ်စက်ခံရမှုကို သိတာက ဉာဏ်(မှန်ပါ့)။

ကိစ္စဉာဏ်ဟောနေတာ

ဒါဖြင့် ကိစ္စနဲ့ ဉာဏ်နဲ့ ပေါင်းရင် (ကိစ္စဉာဏ်ပါ ဘုရား)၊ ခင်ဗျားတို့က ဘာဟောနေတယ်လို့ အစက မသိဘူး၊ ပျော်စရာ ပြောနေတယ် အောက်မေ့နေတယ် ဘယ်ဟုတ်မလဲ၊ ကိစ္စဉာဏ် ဟောနေတာ (မှန်ပါ့)၊ ရိပ်မိကြပလား (ရိပ်မိပါပြီ)။

ဘယ်ဉာဏ်ဟောနေသလဲ (ကိစ္စဉာဏ် ဟောနေပါတယ် ဘုရား) ။ကိစ္စဉာဏ် ဟောနေတယ် ဆိုတာ သဘောကျပလား (ကျပါပြီ)။

ဒါဖြင့် ခင်ဗျားတို့ ခန္ဓာကိုယ်ကြီးမှာ ဒကာ၊ ဒကာမတို့ ဇရာဗျာဓိက မနှိပ်စက်တဲ့ပုဂ္ဂိုလ် ဘယ်အချိန် မနှိပ်စက်ဘူးလို့ ဒီအထဲမှာ ပြောနိုင်တဲ့ပုဂ္ဂိုလ်ပါရဲ့ လား (မပါ,ပါဘုရား)။

အမြဲတမ်း နှိပ်စက်ခြင်း မခံရဘူးလား (ခံရပါတယ် ဘုရား)၊ ဒါဖြင့် အနှိပ်စက်ခြင်း ခံခြင်း ကိစ္စသည် ဒီခန္ဓာငါးပါးမှာရှိ မရှိ (ရှိပါတယ်ဘုရား)။

အနှိပ်စက်ခံရခြင်း ကိစ္စကိုသိပေး

ဒါဖြင့် ခန္ဓာငါးပါး၏ ကိစ္စဟာ ဘာကိစ္စတုံး မေးရင်ဘယ့်နှယ် ဖြေကြလဲ (အနှိပ်စက်ခံရတဲ့ ကိစ္စပါ)၊ အနှိပ်စက်ခံရခြင်းကိစ္စ ကို ဒီက ဉာဏ်က သိပေးပါ၊ သဘောကျပလား(ကျပါပြီ ဘုရား)။

ဉာဏ်က ဘာလုပ်ရမယ် (သိပေး ရပါမယ်)၊ ဒီနေ့ကိစ္စကို သိပါ၊ သိတာက ဘာပါလိမ့် (ဉာဏ်)၊ဒါဖြင့် ကိစ္စနဲ့ဉာဏ်နဲ့ ပေါင်းပါ (ကိစ္စဉာဏ်ပါ ဘုရား)။

ကိစ္စဉာဏ်များ ခက်တယ် ထင်နေတယ် ခင်ဗျားတို့က၊ ခက်သေးရဲ့လား (မခက်ပါဘုရား)၊ သြော် ကိစ္စဉာဏ်ဆိုတာ ဟေ့ ကျွတ်တမ်းဝင်မည့် ပုဂ္ဂိုလ်မှ သိတာ၊ ဒါဖြင့် ကျွတ်တမ်းမဝင်တဲ့ ပုဂ္ဂိုလ် ကျွတ်စရာ မရှိတော့ဘူး။ ဒီအဓိပ္ပာယ် မရဘူးလား (ရပါတယ် ဘုရား)။

နာမ်၏ဇရာ မရဏမရှိဘူးလား

ဒါဖြင့် အခုသိပါသလားတဲ့၊ ဒီတရား ကလေးတွေကလဲ ဇရာ၊ ဗျာဓိ၊ ဖဿကလေးမှာလဲ ဒကာ၊ ဒကာမတို့ နာမ်၏ ဇရာ၊ နာမ်၏ မရဏ မရှိဘူးလား (ရှိပါတယ်ဘုရား)၊ စာသမားတွေမှာ မရှိဘူးလား (ရှိပါတယ် ဘုရား)။

အဲဒီတော့ သူ့မှာလဲ ဗျာဓိမရဏတွေ ဇရာ မရဏတွေ နှိပ်စက်၊ မနှိပ်စက် (နှိပ်စက်ပါတယ် ဘုရား)။

ဘယ်အချိန် မခံရတဲ့အချိန် ရှိသလဲ (မရှိပါဘုရား)၊ ဒါဖြင့် ခန္ဓာထဲမှာ ဇရာဗျာဓိ ရှိတယ် (ရှိပါတယ်)၊ မရှိဘူးလား (ရှိပါတယ်ဘုရား)၊ ဇရာမရဏကော (ရှိပါတယ် ဘုရား)။

ဒါဖြင့် အမြဲနှိပ်စက် ခံနေရသောကြောင့် ဒီခန္ဓာကြီးမှာ ဘာရှိသတုံး (အနှိပ်စက်ခံရတဲ့ ကိစ္စ ရှိပါတယ်)၊ အနှိပ်စက်ခံရတဲ့ ကိစ္စရှိတယ်၊ အဲဒီကိစ္စကို သိတဲ့ဉာဏ်ကို ဘာဉာဏ် ခေါ်ကြမလဲ (ကိစ္စဉာဏ်ပါ ဘုရား)၊ ဟောကိစ္စဉာဏ် ပေါ်ပလား (ပေါ်ပါပြီ ဘုရား)၊

၂။ သင်္ခတဋ္ဌောဆိုတာ

ဒါဖြင့် ပီဠနဋ္ဌော ဆိုတာဖြင့် ကျေနပ်လောက်ပါပြီ (မှန်ပါ့)၊ သင်္ခတဋ္ဌော ပြောပါဦးမယ်တဲ့ ကိစ္စဉာဏ် လေးချက် ပြောမယ်။

သင်္ခတဋ္ဌောတဲ့ ဒကာ၊ ဒကာမတို့

“တဏှာယောက်ျား လက်သမား၏ ဆိုးဝါးယုတ်မာ ပြုပြင် ရာကို ရံခါမသွေ အမြဲခံ နေရတဲ့ အနက်သဘော သည် လည်းကောင်း၊”

ခင်ဗျားတို့ရဲ့ ခန္ဓာကြီးဟာ တဏှာက ပြုပြင်သလို ခံနေရတယ်(မှန်ပါ့)။

တဏှာက ရုံးသွားလိုက် မင်းဒါမှ ငွေရမယ်ဆိုတော့ ခန္ဓာကြီးကပြေးတယ်၊ မပြေးဘူးလား (ပြေးပါတယ် ဘုရား)။

ဒါမှ မင်းငွေရမယ်၊ အစိုးရ အလုပ်သမားဆိုရင် ရုံးသွားလိုက် ဆိုတော့ တဏှာဟာက ခိုင်းတာ (မှန်ပါ့)၊ တဏှာခိုင်းတာကို ရုပ် နာမ်က မပြေးဘူးလား (ပြေးပါတယ်ဘုရား)။

ဒါဖြင့် တဏှာပြုပြင်ရာ ခံနေရသောကြောင့်လဲ ဒီခန္ဓာကြီး ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)၊ သဘောကျပလား (ကျပါပြီ)၊ တဏှာကငါ့ကို အဝတ်ဆင်ပေးဦး ဆိုတော့ ဆင်မပေးရ ဘူးလား (ပေးရပါတယ် ဘုရား)။

တဏှာပြုပြင်တိုင်း လိုက်နာနေရတယ် ၊

ဒါဖြင့် တဏှာ ပြုပြင်တိုင်း ကျုပ်တို့က လိုက်နာ နေရသော ကြောင့် ဒီခန္ဓာ ဘာသစ္စာဆိုမလဲ (ဒုက္ခသစ္စာပါ ဘုရား)၊ တဏှာ က ထမင်းဆာတယ်ကွ ဆိုတော့ ဆာတဲ့ တဏှာပေါ်လာတယ် (မှန်ပါ့)၊ ကပျာကယာ ချက်ကျွေးတန်ကျွေး၊ ဝယ်ကျွေးတန်ကျွေး တာက ဒကာ၊ဒကာမတွေ တဏှာ နှိပ်စက်တဲ့ အတိုင်း ခင်ဗျားတို့ မလိုက်နာရဘူးလား (လိုက်နာရပါတယ် ဘုရား)၊ ဒါဖြင့် ဘာသစ္စာတုံး (ဒုက္ခ သစ္စာပါ)။

ဒါဖြင့် တဏှာပြုပြင်ရာ ခံနေရသောကြောင့်လဲ ဒီခန္ဓာကြီး ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)၊ ကိုင်းဒကာ၊ဒကာမတွေ လွတ်လပ်ပါရဲ့လား (မလွတ်လပ်ပါဘုရား)။

၃။ သန္တာပဋ္ဌောဆိုတာ

သန္တာပဋ္ဌောဆိုတဲ့၊

“သန္တပဋ္ဌော= ဆင်းရဲမီးဖြင့်၊ ငြီးငြီးတောက် ပြောင်အမြဲလောင်နေတဲ့ အနက်သဘောသည်လည်းကောင်း။”

ဒကာ၊ဒကာမတို့ သန္တ ပဋ္ဌ ကူးလိုက်ပြီ၊ သန္တာပဋ္ဌ ဆိုတော့ မပြောင်ဘူးလား (ပြောင်ပါတယ် ဘုရား)၊ ဝေဒနာကလေး ပေါ်လာကော (ပြောင်ပါတယ် ဘုရား)၊ ရုပ်ကလေး ပေါ်တာကော (ပြောင်ပါတယ် ဘုရား)၊ဒါဖြင့် မီးလောင်လို့ပြောင်တယ် (မှန်ပါ့)၊ သဘောကျရဲ့လား (ကျပါတယ် ဘုရား)။

ဒါဖြင့် မီးလောင်တဲ့ ကိစ္စသည် ရုပ်နာမ်မှာရှိမရှိ (ရှိပါတယ် ဘုရား)၊ အဲဒီ ရုပ်နမ်မှာ မီးလောင်လို့ ပြောင်မှန်းသိတဲ့ ဉာဏ်သည် ဘာဉာဏ်ဆိုကြမလဲ (ကိစ္စဉာဏ်ပါ)၊ ကိစ္စဉာဏ်၊ သန္တာပဋ္ဌ ကိစ္စဉာဏ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

၄။ ဝိပရိဏာမဋ္ဌောဆိုတာ

ကိုင်းဒါဖြင့် ကိစ္စဉာဏ် လေးချက်ကို ဒကာ၊ဒကာမတွေ ရှင်းပြီး ပြောသွားမယ်၊ ဝိပရိဏာမဋ္ဌော၊ ဝေဒနာကလေးက ပေါ်တယ်၊ ဒကာ၊ဒကာမတို့ (မှန်ပါ့)။

တော်တော်ကြာ ဒီချမ်းသာသလိုလိုနဲ့ ချမ်းသာတာကလေး ရှိသေးရဲ့ လား (မရှိပါဘုရား)၊ ဆင်းရဲသလိုလိုနဲ့ ဆင်းရဲတာ ကလေးကကော (မရှိပါဘုရား)၊ အလတ်စားလိုလိုနဲ့ အလတ် စားကလေး ကကော ရှာတွေ့သေးရဲ့ လား (မတွေ့ပါ)။

ဒါဖြင့် ဖောက်ပြန် ပျက်စီးသွားတဲ့ သဘော မရှိဘူးလား (ရှိပါတယ်ဘုရား)၊ ဒါဖြင့် ဖောက်ပြန် ပျက်စီးတာက ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)၊ ရှင်းပလား(မှန်ပါ့)။

အဲဒီ ဖောက်ပြန် ပျက်စီးတဲ့ ကိစ္စကို သိတဲ့ဉာဏ်က ဘာဉာဏ် ခေါ်မ တုံး (ကိစ္စဉာဏ်ပါ ဘုရား)၊ အဲကိစ္စဉာဏ်ဟာ ဝိပဿနာ ထဲ အကုန် ပါသွားတယ် (မှန်ပါ့)၊ ရိပ်မိကြပလား (ရိပ်မိပါပြီ)။

ဉာဏ်စဉ်တွေက ရှည်နေတယ်

ခင်ဗျားတို့ အနိစ္စလဲ ဒီအထဲမှာ ဘယ့်နှယ်တုံး (ပါ,ပါ တယ်ဘုရား)၊ ဒုက္ခကော (ပါ,ပါတယ်)၊ အနတ္တကော (ပါ ပါတယ်ဘုရား)၊ အသုဘကော (ပါ,ပါတယ်ဘုရား)၊ ဒါဖြင့် ဒီဉာဏ်သာ တက်ပါ၊ ဟိုဉာဏ်စဉ်တွေ ရှည်နေတယ်၊ ပေါ်ကြ ပလား (ပေါ်ပါပြီ ဘုရား)။

သမ္မသနကနေ တက်မနေနဲ့၊ ဥဒယဗ္ဗယကနေ တက်မနေနဲ့ (မှန်ပါ့)၊ သစ္စဉာဏ်က စတက်၊ သစ္စဉာဏ်ပြီး ဘယ်ဉာဏ် တက်မယ် (ကိစ္စဉာဏ် တက်ရပါမယ်)၊ ကတဉာဏ် ကျတော့ နိဗ္ဗာန် မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။

အသက်တန်းတိုတော့ အတိုလိုက်ပါ

ဒါဖြင့် ခင်ဗျားတို့ အသက်တမ်း တိုတိုနဲ့ အရှည်လိုက်မလား အတိုလိုက်မလား (အတိုလိုက်ပါမယ် ဘုရား)၊ အတိုလိုက်မယ် ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီဘုရား)။

ဒါဖြင့် ဒကာ၊ဒကာမတို့ ခင်ဗျားကလဲ အသက်တမ်းတို တယ်နော်၊ ဆရာသမား ကတော့ (တိုပါတယ် ဘုရား၊) အရှည် လိုက်နေရင် (မဖြစ်ပါဘုရား)၊ မဖြစ်ဘူးဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။

ကိစ္စဉာဏ်(၄)ချက်

ဒါဖြင့် ဒကာ၊ ဒကာမတို့တဲ့၊ ကိစ္စဉာဏ်နဲ့ သစ္စဉာဏ် ရှေးဦးစွာ သြော် ဒါတွေ ဒုက္ခသစ္စာလို့ သိတာက သစ္စဉာဏ် (မှန်ပါ့)၊

ဒါတွေမှာ (၁) နှိပ်စက်တဲ့ကိစ္စ၊ (၂) ပြုပြင်ရတဲ့ကိစ္စ၊ (၃) ပူပန်ရတဲ့ကိစ္စ၊ (၄) ဖောက်ပြန် ရတဲ့ကိစ္စ ရှိ,မရှိ (ရှိပါတယ် ဘုရား)၊ သဘောကျပလား (ကျပါပြီ)။

ဒီကိစ္စတွေကို ပျောက်ပျောက် သွားတာ မြင်တိုင်း သြော် သူ့ကိစ္စ နှိပ်စက်တာကို ဆိုတာ မသိဘူးလား (သိပါတယ် ဘုရား)၊ ဒါဖြင့် ပျောက်ပျက်တဲ့ကိစ္စ သူ့မှာ ရှိ,မရှိ (ရှိပါ တယ် ဘုရား)၊ အဲဒါ သိတဲ့ဉာဏ် ဘာဉာဏ်ခေါ်မယ် (ကိစ္စဉာဏ် ခေါ်ပါတယ်)။

ဒါဖြင့် ဒီကိစ္စကို သိတဲ့ဉာဏ်သည် ဒကာ၊ ဒကာမတို့ တဏှာ ဥပါဒါန် ကံတွေကို မဖြတ်ဘူးလား (ဖြတ်ပါတယ်) ဥပါဒါန်ကော (ဖြတ်ပါတယ်)၊ ကံကော (ဖြတ်ပါတယ် ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ ယနေ့ ကံဖြတ် လာကြတာပေါ့ (မှန်ပါ့ ဘုရား)၊ သဘောကျပလား (ကျပါပြီ)၊ ဒီကံကို မဖြတ်ရင် ဇာတိလာမယ် (မှန်ပါ့)၊ ဒီကံကို မဖြတ်ရင် ဘာလာမယ်ထင် သတုံး (ဇာတိ လာပါမယ်)၊ ဇာတိ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။

ကိုင်းဒါဖြင့် ကံဖြတ် လိုက်တော့ ဒကာ၊ ဒကာမတို့ ဇာတိ လာသေးရဲ့ လား(မလာပါဘုရား)။

ဒါဖြင့် ကံကိုဖြတ်ချင်လို့ရှိရင် ကံက ရှေ့ပိုင်း ရောက်နေတော့ တဏှာ ဖြတ်လိုက်ရင် ဥပါဒါန် လာသေးရဲ့ လား (မလာပါ ဘုရား)၊ မလာရင် နောက်ကံကော (မလာပါဘုရား)။

ဒါဖြင့် တဏှာသိမ်း နိဗ္ဗာန်ဆိုတာ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)၊ ဒီဘက် ခန္ဓာသိမ်း နိဗ္ဗာန် ဆိုတာကော (ပေါ်ပါပြီ)၊ ဒီတဏှာ သိမ်းလိုက်ရင် ဒီခန္ဓာကော (မလာပါ)၊ သိမ်းပြီးသားပဲ ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ)။

ဒါဖြင့် ဘုန်းကြီးတို့ ဒကာ၊ဒကာမတွေ သြော် ကိုယ့်ခန္ဓာ ကြီးဟာ ဒီအတိုင်းပဲ၊ ဒီခန္ဓာကြီး၏ ကိစ္စကို သိရင် ကိစ္စဉာဏ်ရရင် ပြီးတာပဲ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)

ကိစ္စဉာဏ်သည် ပွားများရမည့်ဉာဏ်

ကိစ္စဉာဏ်သည် ဒကာ၊ ဒကာမတို့ သိရမည့် ဉာဏ်လား ပွားများရမည့် ဉာဏ်လား ပွားများရမည့် ဉာဏ်ပါ ဘုရား)၊

ပွားများရမည့် ဉာဏ်ဆိုတာ သေသေချာချာ မှတ်ပါ (မှန်ပါ့)၊ ကိစ္စဉာဏ် ဆိုတာ ဘာပါလိမ့် (ပွားများရမည့် ဉာဏ်ပါ ဘုရား)၊ ဒီကိစ္စ ပေါ်တိုင်း ပေါ်တိုင်း ဒီက သိသိပေးရမယ် (မှန်ပါ့)၊ ကိစ္စ ပေါ်တိုင်း(သိသိ ပေးရပါမယ်)၊ ဒါဖြင့် အသိပေါင်း ဘယ်လောက် ပါလိမ့် ဆိုတော့ အများကြီး (မှန်ပါ့)။

ကိစ္စကိုသိတဲ့ အသိပေါင်း အများကြီး ဖြစ်လို့ ရှိရင် ကတ,ရောက်တော့မယ် (မှန်ပါ့)၊ မရောက် ပေဘူးလား (ရောက်ပါတယ်ဘုရား)၊ ဘာဖြစ်လို့တုံး၊ သူ့ဘာဝေတဗ္ဗ ကိစ္စက ဒီနေရာမှာကိုးဗျ (မှန်ပါ့)၊ သဘောပါလား (ပါ,ပါပြီ ဘုရား)။

ကတဉာဏ်က မဂ်ဉာဏ်

ဒါဖြင့် ကိစ္စဉာဏ်သည် ဝိပဿနာဉာဏ် (မှန်ပါ့)၊ ကတဉာဏ်သည် မဂ်ဉာဏ် ဖိုလ်ဉာဏ် (မှန်ပါ့)၊ ဒီလိုခွဲယူပါ၊ သဘောကျပလား (ကျပါတယ်)၊ ကိစ္စဉာဏ်သည် (ဝိပဿနာ ဉာဏ်ပါ)၊ ကတဉာဏ်သည် (မဂ်ဉာဏ် ဖိုလ်ဉာဏ်ပါ ဘုရား)။

ဒါဖြင့် ဘုန်းကြီးပြတဲ့လမ်းက သာမနီးဘူးလား (နီးပါ တယ်ဘုရား)၊ ဒါ ဖြင့် ဒီလမ်းကို လိုက်ပါလားဗျ၊ ခင်ဗျားတို့က ရောဂါကများ၊ အသက်ကတို၊ မင်းစိုးရာဇာကပူ၊ ဥတုရာသီက မကောင်း၊ အရှည်ကြီး လိုက်နေ၊ ဘယ်တော့ နိဗ္ဗာန်ရမှာတုံး (မရပါဘုရား)၊ ရဖို့ကော မြင်သေးရဲ့လား (မမြင်ပါ ဘုရား)။

ဒီ(၃)ဉာဏ်နဲ့ ရှင်ကောဏ္ဍည ပြီးသွားတယ်

အဲဒီတော့ မျက်စိလည်လို့ လိုက်နေတာ၊ ဒီဉာဏ်သုံးခုနဲ့ အရှင်ကောဏ္ဍည ပြီးသွားတာ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)။

အရှင်ကောဏ္ဍည ဒိပြင် ဉာဏ်များ ပါသေးသလား (မပါ ပါဘုရား)၊ သစ္စဉာဏ်ကို ဘုရားက ရှေးဦးစွာ ဟောလိုက်တယ်၊ ပြီးတော့ ဘာဟောတုံး (ကိစ္စဉာဏ် ဟောပါတယ်)၊ နောက် ဘာဉာဏ် ဟောသတုံး (ကတဉာဏ်ပါ ဘုရား)။

အဲဒီတော့ ကောဏ္ဍည သိသွားပြီကွ နိဗ္ဗာန် သိသွားပြီလို့ ဘုရားက ကြော်ငြာ မပေးဘူးလား (ပေးပါတယ် ဘုရား)၊ နို့ ပေးတဲ့ ဝတ္ထုသက်သေ သာဓကကလဲ ဒကာ၊ ဒကာမတို့ ရှားသလားတဲ့၊ တရားဦးလား (တရားဦးပါ ဘုရား)။

တရားဦးကမှ ပုဂ္ဂိုလ်မငဲ့တာ

ခင်ဗျားတို့က တရားဦး မလိုက်ဘူး၊ တရားလယ် လိုက်နေလို့ ပိကျနေတာ၊ ရိပ်မိပလား (ရိပ်မိပါပြီ)၊ တရားဦးမှ ပုဂ္ဂိုလ် သတ္တဝါမငဲ့တာ (မှန်ပါ့)၊ တရားလယ်တွေကျတော့ ပုဂ္ဂိုလ် သတ္တဝါ ငဲ့ဟောရတာ ပါလာတယ်၊ မပါဘူးလား (ပါ,ပါတယ်)၊ ဒီပုဂ္ဂိုလ် ကျတော့ဟေ့ ဒီတရားဟောမှ၊ ဟိုပုဂ္ဂိုလ်ကျတော့ ဟိုတရား ဟောမှဆိုတဲ့ အလယ်တရားတွေက ပုဂ္ဂိုလ်လိုက် ဟောတာ၊ ရှေးဦးစွာ ဟောတဲ့တရားက ပုဂ္ဂိုလ် လိုက်သေးရဲ့လား (မလိုက်ပါ ဘုရား)။

ဘာဟောတုံး(သစ္စဉာဏ် ဟောပါတယ်)၊ သစ္စဉာဏ် ပြီးတော့ ဘာဟောတုံး (ကိစ္စဉာဏ် ဟောပါတယ်)၊ ပြီးတော့ ဘာဟောတုံး (ကတဉာဏ် ဟောပါတယ်)၊ အဲဒီတော့ ပုဂ္ဂိုလ် သတ္တဝါ ငဲ့သေးရဲ့ လား (မငဲ့ပါ ဘုရား)။

ပုဂ္ဂိုလ်သတ္တဝါ မငဲ့တဲ့ တရားမှ ဓမ္မဓိဋ္ဌာန်လို့မှတ် (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ)၊ ပုဂ္ဂိုလ် သတ္တဝါငဲ့ ဟောတဲ့ တရားဟာ ငါ့ကို ဟောတာ မဟုတ်ဘူးလို့မှတ်၊ သူ့အတွက်သာ သက်သက် (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ)။

သူကျွတ်တာ၊ မင်းနဲ့ မဆိုင်ဘူး

ဒါဖြင့် ခင်ဗျားတို့က ဘယ်ဟာတွေ လိုက်နေကြပါလိမ့်တုံး လို့ ဒီဒကာ၊ ဒကာမတွေ ဘုန်းကြီးက စိစစ် မေးလိုက်တဲ့အခါ ကျတော့ ဘယ်သူဟာ ဘာနဲ့ ကျွတ်သွားတယ်၊ ဟ သူကျွတ် တာကွ၊ မင်းနဲ့ မဆိုင်ဘူး (မှန်ပါ)၊ ရိပ်မိပလား (ရိပ်မိပါပြီ)။

ဥပမာမယ် “ဒိဋ္ဌေဒိဋ္ဌမတ္တံ”လို့ ဒါရုစိရိယကို ဟောတယ်၊ ဒါရုစိရိယကို ဟောတာ ခင်ဗျားတို့ သွားမလုပ်နဲ့၊ ဒါရုစိရိယ တစ်ဦးတည်းရတာ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ)၊ ဒိပြင်လူ ရမယ် ထင်သလား (မရပါဘုရား)၊ မရဘူး၊ သူက ခိပ္ပါဘိညာ မို့ရတာ (မှန်ပါ့)၊ သဘောပါပလား (ပါ,ပါပြီ)။

အများနဲ့ဆက်ဆံတဲ့ တရားလိုက်ပါ

ဒါရုစိရိယ ဟောတဲ့တရားကို အရှင်စူဠပန် သွားဟောရင် ရပါ့ မလား (မရပါဘုရား)၊ ပေါ်ပလား (ပေါ်ပါပြီ)၊ ဒါဖြင့် အများနဲ့ ဆက်ဆံတဲ့ တရားလိုက်ပါ (မှန်ပါ့)။

ပုဂ္ဂိုလ်ငဲ့ ဟောတဲ့ တရားကို မလိုက်ပါနဲ့ ဆိုတော့ သစ္စဉာဏ် ကိစ္စဉာဏ်၊ ကတဉာဏ်၊ ဒကာ၊ ဒကာမတို့ ပုဂ္ဂိုလ်လိုက်သေးရဲ့ လား (မလိုက်ပါဘုရား)၊ ဘယ်ပုဂ္ဂိုလ် မဆို သစ္စာ ဟောရမှာကိုးဗျ (မှန်ပါ့)၊ သစ္စာ မဟောဘဲနဲ့ နိဗ္ဗာန်ရတဲ့ ပုဂ္ဂိုလ် ရှိရဲ့လား (မရှိပါဘုရား)။

ခုနက ပြောခဲ့ပါပြီ ဒကာ၊ ဒကာမတို့၊ တိုင်မပါဘဲနဲ့ ဒိုင်းတင်ခဲ့တယ် ဆိုရင် ဘုရားက မယုံနဲ့တဲ့၊ ခင်ဗျားတို့ကော ယုံရဲ့လား (မယုံပါ ဘုရား)။

အဲ-သစ္စ၊ ကိစ္စ မပါဘဲနဲ့ နိဗ္ဗာန်ရတယ် ဆိုရင် ဘယ်သူမှ မယုံနဲ့ ဆိုတော့ ဒါက အများဟောတာ (မှန်ပါ့)၊ ပေါ်ပလား (ပေါ်ပါပြီ)။

ဉာဏ်ချိန်ခွင်ပေးနေတာ

ဒါဖြင့် ခင်ဗျားတို့မှာ အခုတရား ဟောနေရတယ် မရှိဘူး၊ ဉာဏ်ချိန်ခွင် ပေးနေရတာနဲ့ အချိန်ကုန်နေတာ (မှန်ပါ့ဘုရား)၊ သဘောကျပလား (ကျပါပြီဘုရား)၊ ဘာပေးနေရတာတုံး (ဉာဏ်ချိန်ခွင် ပေးနေရတာပါ ဘုရား)။

ခင်ဗျားတို့က ဉာဏ်ချိန်ခွင် မရှိတော့ အစိတ်သား ထည့် လိုက်လဲ သြော် တစ်ပိဿာပဲ၊ ဉာဏ်ချိန်ခွင်မှ မပါဘဲကိုး (မှန်ပါ့)၊ ဘယ်သူ ဟောသွားသတဲ့၊ ဘုန်းကြီးကသိပ်ကောင်းတာ။ မြင်ကာမတ္တနဲ့ ရတယ်၊ နိဗ္ဗာန်ရောက်သတဲ့၊ ဟာ အဲဒါဒါရုစိရိယ ဟောတာ၊ ခင်ဗျား ဟောတာ မဟုတ်ဘူး၊ ရိပ်မိပလား (ရိပ်မိ ပါပြီ)။

ဒါရုစိရိယ ဟောတဲ့တရား ခင်ဗျားတို့ နိဗ္ဗာန် ရောက်နိုင်ပါ့ မလား (မရောက်နိုင်ပါ ဘုရား)၊ မရောက်နိုင်ဘူးဗျ၊ စူဠပန် ဟောတဲ့တရား ခင်ဗျားတို့ နိဗ္ဗာန် ရောက်ပါ့မလား (မရောက် နိုင်ပါဘုရား)။

အရှင်သာရိပုတ္တရာ ဟောတဲ့တရား ခင်ဗျားတို့ကို နိဗ္ဗာန် ရောက်ပါ့မလား (မရောက်ပါဘုရား) ဒါတွေက ပုဂ္ဂိုလဇ္ဈာသယ တွေ ပုဂ္ဂိုလ် လိုက်ဟောတာ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)။

ပုဂ္ဂိုလ် မလိုက်ဘဲနဲ့ ဟောရမည့် တရားက ဒီဉာဏ် သုံးချက်လို့ မှတ်လိုက် (မှန်ပါ့ဘုရား)၊ ပေါ်ကြပလား (ပေါ်ပါပြီဘုရား)၊ ပုဂ္ဂိုလ်မလိုက်ဘဲနဲ့ ဟောရမည့်တရားက (ဤဉာဏ်သုံးချက် ပါဘုရား)၊ ဒါဖြင့် ခင်ဗျားတို့က ဘာအားကိုးထားပါမယ် (ဒီဉာဏ်သုံးချက်ကို အားကိုးထားပါမယ် ဘုရား)။

လှေခါးသုံးထစ်နဲ့ နိဗ္ဗာန်ရောက်တယ်

သစ္စဉာဏ် ရှေးဦးစွာ အားထားပါ(မှန်ပါ့)၊ နောက် ဘယ်ဉာဏ်ကို လိုက်ရမလဲ (ကိစ္စဉာဏ်ပါ ဘုရား)၊ နောက် ကတ ဉာဏ်ကျတော့ကို ဒကာ၊ ဒကာမတွေ နိဗ္ဗာန်မြင်တဲ့ ဉာဏ်ဆိုတော့ မပြီးသေး ဘူးလား (ပြီးပါတယ်)၊ လှေကား သုံးထစ်နဲ့ နိဗ္ဗာန်ကို ရောက်တယ် (မှန်ပါ့)။

ခင်ဗျားတိက ဆယ်ခြောက်ထစ်မှ တပည့်တော်တို့က အညောင်းပြေချင်တယ် ဆိုရင်တော့ ရောက်မှာမဟုတ်ပါဘူး (မှန်ပါ့)၊ လမ်းတွင် အမောဆိုက်မယ် (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ)။

ခုဟာ လမ်း အမောဆိုက်ဖို့လား၊ မြန်မြန် ရောက်ဖို့လား (မြန်မြန် ရောက်ဖို့ပါ ဘုရား)၊ ဆုတောင်းတော့ ခင်ဗျားတို့က ဝဋ်ဘဝ တိုတိုနဲ့တဲ့ ရှည်မှာတောင် ကြောက်နေတယ် (မှန်ပါ့) ဆုတောင်း တော့ တိုတို၊ လုပ်တော့ ရှည်ရှည် (မှန်ပါ့)၊ ရိပ်မိပလား ရိပ်မိပါပြီ)။ ဆုတောင်း (တိုတိုပါ)၊ လုပ်တော (ရှည်ရှည်)၊ တော်တော် ခွကျတဲ့ လူတွေပါကလား၊ အင်မတန် ဆိုးနေတယ် ဆိုတာ မပေါ် သေးဘူးလား (ပေါ်ပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် ဒကာ၊ဒကာမတို့၊ ပြောကြပါစို့တဲ့၊ နာရီ ကလဲ စေ့တော့မယ်၊ ပထမ ဒီဖြစ်ပျက် သည် ဒကာ၊ဒကာမတို့ စိတ်ကလေး တစ်ခုဟာ ဖြစ်ပြီးပျက်တာပဲ (မှန်ပါ့)၊ သဘောကျ ပလား (ကျပါပြီ)၊ ဘယ်စိတ်မဆို ဘာတုံး (ဖြစ်ပြီး ပျက်ပါတယ်)။

ဘုန်းကြီးက စိတ်ကို အရှုခိုင်းတယ်

ဖြစ်ပြီး ပျက်တာပဲ ဆိုတာ ခင်ဗျားတို့ သန္တာန် ဖြစ်တဲ့ စိတ်ကဖြင့် မဖြစ်ဘဲ မပျက်ဘဲ နေတဲ့ တရား တွေ့ပါရဲ့ လား (မတွေ့ပါ ဘုရား)၊ မတွေ့တော့ ခင်ဗျားတို့ စိတ်ကိုရှု (မှန်ပါ့)၊ ဒကာ၊ ဒကာမတွေ၊ ဘုန်းကြီး ဘာသင်ပါလိမ့် (စိတ်ကို အရှုခိုင်းတာပါ ဘုရား)။

စိတ်ကိုရှုတာ၊ သဘောကျပလား (ကျပါပြီ)၊ စိတ်ကို သစ္စဉာဏ်နဲ့ ရှုပါ (မှန်ပါ့)၊ စိတ်ကို ကိစ္စဉာဏ်နဲ့ရှုပါ (မှန်ပါ့)၊

သဘောပါပလား (ပါ,ပါတယ်ဘုရား)၊ ဒါမှ နိဗ္ဗာန်ကို ကတ ဉာဏ်နဲ့မြင်မယ် (မှန်ပါ့)၊ မပေါ်ပေဘူးလား (ပေါ်ပါပြီ ဘုရား)၊ စိတ်ကို သစ္စဉာဏ်နဲ့ ရှုပါ (မှန်ပါ့)၊ စိတ်ကို ကိစ္စဉာဏ်နဲ့ ပွားများပါ (မှန်ပါ့)၊ သဘောပါပလား (ပါ,ပါပြီ ဘုရား)၊ နောက်တော့ စိတ်ကို မရှုပါနဲ့တော့။

ကတဉာဏ် ဆိုတာ နိဗ္ဗာန်ကိုမြင်တဲ့ ဉာဏ်ကို ဆိုပါတယ်။ ပြီးပြီလို့ သိတဲ့ဉာဏ်ကိုးဗျ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ)။

ပြီးပြီလို့ သိတဲ့ဉာဏ်ကို ဘာဉာဏ် ခေါ်မလဲ(ကတဉာဏ် ပါဘုရား)၊ အဲဒီ “ခီဏာ ဇာတိ၊ ဝုတိသံ ဗြဟ္မာစရိယံ၊ ကတံ ကရဏီယံ” ဆိုတဲ့ ပါဠိတော်တွေဟာ ပြီးပြီလို့ သိတဲ့ ဉာဏ်တွေ၊ သဘောပါ ကြပလား (ပါ,ပါတယ်ဘုရား)၊ ဒါဖြင့် ဒကာ၊ဒကာမတို့ အလုပ်ကလေး ဒီနေ့ နည်းနည်း ပေးချင်ပါတယ်။

ဒီဉာဏ်(၃)ချက်နဲ့ အလုပ်လုပ်ပါ

အခုဟာ အဟောတော့ဖြင့် ခင်ဗျားတို့ ကျေကျေနပ်နပ် သဘောကျပြီ(ကျပါပြီ)၊ မကျသေး ဘူးလား(ကျပါပြီ)၊ တပည့်တော်တို့ အလုပ်လုပ်ဖို့ပဲ အရေးကြီး တော့တယ်(မှန်ပါ့)၊ ဒီဉာဏ်၃ချက်နဲ့ အလုပ်လုပ်ဖို့ပဲ တပည့်တော်တို့ အရေးကြီးတော့ တယ် (မှန်ပါ့)၊ အဟောတော့ ကျေနပ်ပြီ မဟုတ်လား (ကျေနပ် ပါပြီ)၊ တရားမှန်ကြောင်းကော (မှန်ပါတယ် ဘုရား)၊ မှန်ကြောင်း လည်း သက်သေခံပလား (ခံပါတယ် ဘုရား)၊ ဒီဟာ ဘယ်သူ့ခန္ဓာ တွေပါလိမ့် (ကိုယ့်ခန္ဓာတွေပါ ဘုရား)။

ခင်ဗျားတို့ ယခုရထားတဲ့ ဥစ္စာ (မှန်ပါ့ဘုရား)၊ ဘာသစ္စာ တွေရသလဲ (ဒုက္ခသစ္စာပါ ဘုရား)၊ အဲ- ဒုက္ခသစ္စာ ရှေးဦးစွာ သိအောင်လုပ်နော် (မှန်ပါ့)၊

ကဲ ဒုက္ခသစ္စာတွေက ဟောဒီမှာ ၁-လဲ၊ ဒုက္ခသစ္စာ၊ ၂-ကော(ဒုက္ခသစ္စာပါပဲဘုရား)၊ ၅ ကော (ဒုက္ခ သစ္စာ)၊ များလိုက်တာဗျာ၊ မများဘူးလား (များပါတယ်)၊ များတော့ ဘုန်းကြီးက ဒကာ၊ဒကာမတို့ များလွန်း တယ်၊ ဘုရားဉာဏ်နဲ့ ဟောထားတာ ကျယ်လွန်းတယ် (မှန်ပါ့)။

ခင်ဗျားတို့က ဘုရားလဲ မဖြစ်သေးတော့ ဘုရားဉာဏ်လဲ မရသေးတော့ ပုထုဇဉ်တွေ၊ ပုထုဇဉ်မှ သောတာပန်လဲ ဖြစ်ပလား မေးတော့ မဖြစ်သေးဘူး၊ သဘောကျပလား (ကျပါပြီ)။

အများဆုံး (၄၅)စိတ်ပဲ ရှိတယ်

ဒါဖြင့် ပုထုဇဉ်သိတဲ့ ဉာဏ်နဲ့ ပုတုဇဉ်စိတ်ကိုရှု (မှန်ပါ့)၊ မပေါ်သေးဘူးလား (ပေါ်ပါတယ်)၊ ပုထုဇဉ်စိတ်က ခင်ဗျားတို့ အားလုံး မှတ်ပါ၊ ခင်ဗျားတို့မှာ အများဆုံး (၄၅)စိတ်ပဲ ရှိတယ်။ ဒကာ၊ ဒကာမတို့ ခင်ဗျားတို့ သန္တာန်မှာ စိတ်ပါင်း ဘယ်လောက် ပေါ်နိုင်သတုံး (၄၅-စိတ်ပါ ဘုရား)၊ သင်္ဂြိုဟ် သမားက မလာ ခဲ့နဲ့ (မှန်ပါ့)။

သင်္ဂြိုဟ်သမား မလာခဲ့နဲ့တဲ့၊ သင်္ဂြိုဟ်သမားက(၈၉) နားလည်ထားတယ်၊ မဟုတ်ဘူးလား၊ အကျယ်(၁၂၁) ကို သူနားလည်ထား ပါတယ် ဆိုပါတော့၊ ရတာလား၊ သူ့စိတ်ဖြစ်တာ သူ့ သန္တာန်ဖြစ်တာ နားလည်တာလား၊ ဘုရား ရဟန္တာ ဖြစ်တာပါ ပေါင်းယူ ထားသလား (ပေါင်းယူ ထားပါတယ် ဘုရား)။

ဒါဖြင့် ဘုရား ရဟန္တာဖြစ်တဲ့စိတ် ခင်ဗျားတို့က ရှုလို့ဖြစ် ပါ့မလား (မဖြစ်ပါဘုရား)၊ ဒါဖြင့် ခင်ဗျားတို့ သန္တာန် ဖြစ်ထိုက် တဲ့ စိတ် ဘယ်လောက်ပါလိမ့် (၄၅ပါးပါ ဘုရား)၊ ၄၅ ပေါ်ကြ ပလား (ပေါ်ပါပြီ)၊

လောဘ(၈)ခု၊ ဒေါသ(၂)ခု၊ မောဟ (၂)ခုဆိုတော့ (၁၂)ခု မနေဘူးလား(မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

လောဘက(၈-ခုပါဘုရား)။

ဒေါသက(၂-ခုပါဘုရား)။

မောဟက(၂-ခုပါဘုရား)။

အဲဒါ ရှုရမှာ၊ အကုသိုလ်ရှုရမှာ၊ သဘောကျပလား (ကျပါပြီ)။

ဘာရှုရမှာတုံး

ပြီးတော့မှ တစ်ခါ ဘာရှုရမှာတုံး ဆိုတော့ မြင်တဲ့စိတ်၊ ကြားတဲ့စိတ်၊ နံတဲ့စိတ်၊ စားတဲ့စိတ်၊ ကိုယ်ပေါ်မှာ ယားယံနာတဲ့ စိတ်၊ သဘောကျပလား (ကျပါပြီ ဘုရား)။

အဲဒါ ရှုပါ၊ မျက်စိစိတ်၊ နားစိတ်၊ နှာခေါင်းစိတ်၊ လျှာစိတ် ကိုယ်စိတ်ပေါ့ဗျာ၊ သဘောကျ ပလား(ကျပါပြီ)၊ တစ်ခါ ဘာရှု ရဦးမတုံး ဆိုတော့ ဒကာ၊ ဒကာမတွေ ကုသိုလ်ပြုတဲ့စိတ် (မှန်ပါ့)၊ ကုသိုလ်ကို ဉာဏ်နဲ့ယှဉ်ပြုလဲ ဖြစ်ပျက်ရှု (မှန်ပါ့)။

ဉာဏ်နဲ့ မယှဉ်ဘဲပြုလဲ (ဖြစ်ပျက်ရှု)၊ ခင်ဗျားတို့က ကုသိုလ် ဆိုလို့ ရှိရင်ဖြင့် အာစိဏ္ဏကံ ဖြစ်အောင် သြော် ငါကုသိုလ် ဖြစ်နေပြီ၊ ဒါကုသိုလ် ဖြစ်နေပြီလို့ ပွားနေမှာ၊ ခင်ဗျားတို့ လူစုက မပွားပေဘူးလား (ပွားပါတယ်)။

အဲဒါ သမထ(မှန်ပါ့)၊ သဘောကျ ပလား(ကျပါပြီ)၊ စာဂါနုဿတိ ခေါ်တယ် (မှန်ပါ့)၊ အနုဿတိ ဆယ်ပါးဟာ သမထလား၊ ဝိပဿနာလား (သမထပါ ဘုရား)၊ သမထ။

ဒါဖြင့် အခု ဟောနေတာက သစ္စဉာဏ်ဆိုတော့ ဓမ္မာနုပဿနာ သတိပဋ္ဌာန်ကို ဟောနေတာ (မှန်ပါ့ဘုရာ)၊ သဘောကျ ပလား (ကျပါပြီ)။

ဓမ္မာနုပဿနာ သတိပဋ္ဌာန်

ဘာသတိပဋ္ဌာန် ဟောနေတယ် (ဓမ္မာနုပဿနာ သတိ ပဋ္ဌာန်ပါဘုရား)၊ ဓမ္မာနုပဿနာ သတိပဋ္ဌာန်၊

ကာယာနုပဿနာ သတိပဋ္ဌာန်ဟာလဲ ဓမ္မာနုပဿနာ သတိပဋ္ဌာန်မှာ လာပေါင်း ရတယ် (မှန်ပါ့)၊ ဝေဒနာနုပဿနာ သတိပဋ္ဌာန်ကလဲ ဘယ် လာပေါင်းရလဲ (ဓမ္မာနုပဿနာ သတိပဋ္ဌာန်မှာ) သစ္စာမှာ လာဆုံတာကိုး (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ)၊ သစ္စာလာ ဆုံတယ် ဆိုတော့ ဓမ္မာ နုပဿနာမှာ လာလာ ဆုံတယ်ဆိုတာ ကျေနပ်ပလား (ကျေနပ်ပါတယ် ဘုရား)။

နောက်ဆုံးပိတ် ဓမ္မာနုပဿနာရောက်တယ်

ကျေနပ်တော့ ဘုန်းကြီး အခုဟောနေတာ ဘာပါလိမ့်မတုံး ဆိုတော့ နောက်ဆုံးပိတ် တစ်နေ့ကျတော့ ဒကာ၊ ဒကာမတို့ စိတ္တာနုပဿနာ အရှုခိုင်း ငြားသော်လဲ ဓမ္မာနုပဿနာ ပြန်ရောက်တယ် (မှန်ပါ့)။

ဒီစိတ်ဟာ ဘာသစ္စာတုံး ပေါ်တဲ့စိတ် ကလေးဟာ (ဒုက္ခသစ္စာပါ)၊ လောဘစိတ် ကလေး ပေါ်ရင် ဘာသစ္စာလဲ (ဒုက္ခ သစ္စာပါ ဘုရား)၊ ဒေါသစိတ် ပေါ်လာရင် (ဒုက္ခသစ္စာပါ ဘုရား)၊ ဖြစ်ပျက်ကိုယူ (မှန်ပါ့)၊ လောဘကလေး သာယာတဲ့အချိန်ကို ယူလိုက်ရင် သမုဒယသစ္စာ (မှန်ပါ့)၊ ဖြစ်ပျက် ယူလိုက်ရင် (ဒုက္ခသစ္စာ)၊ ရိပ်မိပလား (ရိပ်မိပါပြီ)။

ဒါမှ “သဗ္ဗေ သင်္ခါရာ ဒုက္ခာ” နဲ့ကိုက်မှာပေါ့၊ ရှင်းပလား (ရှင်းပါပြီ)၊ သင်္ဂြိုဟ်နဲ့ ခွဲယူနော်၊ သင်္ဂြိုဟ်က လောဘဟာ သမုဒယသစ္စာ၊ သဘောကျပလား (ကျပါပြီ)၊ ပေါ်နေတုန်း ဆိုတာ သဘော ကျပလား (ကျပါပြီ) ၊ဖြစ်ပြီး ပျက်တော့ ဘာသစ္စာ သွားဖြစ်သတုံး (ဒုက္ခသစ္စာ ဖြစ်ပါတယ်)၊ ရှင်းပလား (ရှင်းပါ ပြီ)၊ ဒါဖြင့် ဖြစ်ပျက်က ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။

“ဝိပရိဏာမ လက္ခဏံ ဒုက္ခသစ္စံ” (မှန်ပါ့)၊ သူဖောက်ပြန် သလား၊ မဖောက်ပြန် ဘူးလား (ဖောက်ပြန်ပါတယ် ဘုရား)၊ ပျက်စီးတယ် မဟုတ်လား (မှန်ပါ့)၊ သူ့ကို ဒါဖြင့် ဘာသစ္စာ ဖွဲ့မလဲ (ဒုက္ခသစ္စာ ဖွဲ့ပါတယ်)။

လောဘစိတ်လည်း ဖြစ်ပျက်ရှု

အဲဒီလို မှတ်ထား ရမယ် ဆိုတော့ ဒါကြောင့် ဘုရားက လောဘစိတ်လာလဲ “သရာဂံ ဝါ စိတ္တံ သရာဂံ စိတ္တန္တိ ပဇာနာတိ” မဟုတ်ဘူးလား (မှန်ပါ့)၊ လောဘစိတ် လာလဲ လောဘကို ဖြစ်ပျက်ရှု၊ မဆိုဘူးလား (ဆိုပါတယ် ဘုရား)။

ဒေါသလာရင်ကော (ဒေါသ ဖြစ်ပျက်ရှု)၊ မောဟ လာရင် ကော (မောဟ ဖြစ်ပျက်ရှု)၊ ကုသိုလ်စိတ် လာရင်ကော (ကုသိုလ်စိတ်ရှု)၊ ကုသိုလ်စိတ်လို့ အအား မနေလိုက်ပါနဲ့၊ ဘာ လုပ်ရမတုံး (ဖြစ်ပျက်ရှု)၊ ဖြစ်ပျက် ရှုပါ၊ ဖြစ်ပျက် မရှုလို့ရှိရင် ဓမ္မာနုပဿနာ ဖြစ်ပါ့မလား (မဖြစ်ပါဘုရား)။

ဒါကြောင့် ဘုရားက “ဝီတရာဂံ ဝါ စိတ္တံ ဝီတရာဂံ စိတ္တန္တိ ပဇာနာတိ” တဲ့၊ လောဘကင်းတဲ့ ကုသိုလ်စိတ်လဲ ဖြစ်ပျက်သာ ရှုတဲ့ (မှန်ပါ)၊ မဟောပေဘူးလား (ဟောပါတယ် ဘုရား)၊

ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)၊ဒါဖြင့် ဖြစ်ပျက် ဘာသစ္စာ တုံး (ဒုက္ခသစ္စာပါ ဘုရား) သိတာက (မဂ္ဂသစ္စာပါဘုရား)။

ဒါဖြင့် ဘာဖြစ်လို့ ဖြစ်ပျက်ပါလိမ့်မတုံးဇရာ၊ မရဏ ဒဏ်ချက်ကြောင့် အသက် ထွက်သွားတာ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ)၊ ဇရာ၊မရဏ ဒဏ်ချက်ကြောင့် ဖြစ်ပျက်ရတာ (မှန်ပါ့)၊ မပျက်ဘူးလား (မှန်ပါ့)။

ဇရာ၊ မရဏဒဏ်ချက်ကြောင့် ဖြစ်ပြီး ပျက်သွားရတာ (မှန်ပါ့)၊ ရိပ်မိကြပလား (ရိပ်မိပါပြီ)၊ ဒါဖြင့် ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)၊ ဘာကိစ္စ ရှိသတုံး ဆိုတော့ အနှိပ်စက်ခံခြင်း ကိစ္စ ရှိပါတယ်။ ဒကာ၊ဒကာမတို့ စိတ်ကလေး တစ်ခုမှာ ဘာကိစ္စ ရှိပါလိမ့် (အနှိက်စက်ခံခြင်း ကိစ္စ ရှိပါတယ်)၊ အဲဒီကိစ္စကို ကိစ္စ ပေါ်တိုင်း ပေါ်တိုင်း သိပေးပါ (မှန်ပါ့)။

ဘာဉာဏ် ခေါ်မယ် (ကိစ္စဉာဏ် ခေါ်ပါတယ်)၊ ကိစ္စ ဉာဏ်၊ ကိစ္စဉာဏ် တစ်ကြိမ် တည်း ဖြစ်ရမှာလား၊ ပွားများရမှာလား (ပွားများ ရမှာပါ)။

ကိစ္စဉာဏ်ဟူသရွေ့ ဝိပဿနာ

ဒါဖြင့် ကိစ္စဉာဏ် ဟူသရွေ့ ဝိပဿနာလို့ မှတ်လိုက် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)၊ ကိစ္စဉာဏ် ဟူသရွေ့ (ဝိပဿနာလို့ မှတ်လိုက်)။ ဝိပဿနာလို့ မှတ်လိုက်ပါ ဆိုတာ ကျေကျေနပ်နပ် သဘောကျ ပလား (ကျပါပြီ)၊ ဒါဖြင့် ဒကာ၊ ဒကာမတို့ ကိစ္စဉာဏ် ဆိုတဲ့ ဥစ္စာဖြင့် သိသွားပြီ၊ ကတဉာဏ် ကလေး နည်းနည်း စမယ်၊ ယနေ့ပြီးတော့ မပြီးသေးဘူးပေါ့ ဗျာ။

ရှုလိုက် ဖြစ်ပျက်မဂ်၊ ဖြစ်ပျက်မဂ်နဲ့သာ ရှုနေ၊ ဘယ်စိတ် ပေါ်ပေါ်ဗျာ၊ ၄၅ထဲက ပေါ်ချင်တာပေါ် (မှန်ပါ့)၊ ခင်ဗျားတို့ ပုထုဇဉ်တွေထဲမှာ ဘယ်နှစ်စိတ် ပေါ်နိုင်သတုံး (၄၅ စိတ်ပါ)၊ ၄၅ စိတ်ဆိုတာ အကုသိုလ်က ၁၂၊ အဟိတ်စိတ်က ဟသိတုပ္ပာဒ် ကြဉ် ၁၇၊ မဟာကုသိုလ်စိတ်က ၈ ခု၊ မဟာ ဝိပါက်က ၈ခု၊ ဒါပဲ ရှိတယ်(မှန်ပါ့)၊ ဒီပြင်ဟာ ပေါ်သေးသလား (မပေါ်ပါ ဘုရား)၊ မပေါ်တော့ ဒါကလေးကို မှတ်ပြီး သကာလ နေတော့ သဂြိုဟ် သရုပ်သမားတွေက ဒီအထဲမှာ ပြောလိုက်တော့ အခုပြော တာတွေ လိုတယ်။

သင်္ဂြိုဟ်မတတ်ဘဲနဲ့ နိဗ္ဗာန်ရောက်တယ်

သင်္ဂြိုဟ်သရုပ်မှ နားမလည်တဲ့ ပုဂ္ဂိုလ်ဟာ နိဗ္ဗာန် မရောက်ရ တော့ဘူး ဆိုရာ ရောက်နေတယ် (မှန်ပါ့)၊ အင်မတန် မနာ ဘူးလား (နာပါတယ် ဘုရား)၊ အင်မတန် နာတော့ အရှင်သာရိပုတ္တရာက ဒီပုဂ္ဂိုလ်တွေ နာလိမ့်မယ်တဲ့၊ သင်္ဂြိုဟ်မတတ်ဘဲနဲ့ နိဗ္ဗာန် ရောက်အောင် ငါဟောဖို့ လိုသေးတယ်၊ ရိပ်မိပလား (ရိပ်မိပါပြီဘုရား)၊ အရှင် သာရိပုတ္တရာဟာ ကျေးဇူးရှင်ကြီး ဆိုတာ ပေါ်ပလား (ပေါ်ပါပြီ)၊ သင်္ဂြိုဟ် မတတ်ဘဲနဲ့ နိဗ္ဗာန်ရောက်ရ မယ် (မှန်ပါ့)။

ခန္ဓာကရှေ့၊ စာကနောက်

စာသမားတွေနဲ့ကော ကန့်လန့်ကြီး ဖြစ်လိမ့်မယ် ထင်တယ် နော်၊ မဖြစ်ပါဘူး၊ မဖြစ်ပါဘူး၊ ဒကာ၊ဒကာမတို့ ခန္ဓာက ရှေ့၊ စာက နောက်ပါ။ ဘယ့်နှယ်ဆိုကြမတုံး (ခန္ဓာကရှေ့ စာကနောက်ပါ ဘုရား)၊ ဒါဖြင့် အရှိက ရှေ့ (မှန်ပါ့)၊ မှတ်တမ်းက – နောက် (မှန်ပါ့)၊ မဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား)။

မင်း ငွေဘယ်လောက် ပေးရမှာတုံး ဆိုတော့မှ ဟိုက ငွေ ယူလာတော့မှ တစ်ဆယ် ပေးမယ်ဆိုမှ တစ်ဆယ်ကို နောက်မှ မှတ်တာ၊ ငွေ အရင်လား၊ မှတ်ရတာက အရင်လား (ငွေက အရင်ပါ ဘုရား)။

ကိုယ့်စိတ်ကို ကိုယ်ရှု

ဒါဖြင့် ငွေကိုကြည့် မှတ်တမ်းမကြည့်နဲ့ (မှန်ပါ့)၊ သဘော ပါပလား (ပါ,ပါတယ်)၊ ကဲ ဒါဖြင့် ဒကာ၊ဒကာမတို့ ကိုယ့် စိတ် ကိုယ်ရှု၊ မပေါ်သေးဘူးလား (ပေါ်ပါပြီဘုရား)၊ ဘယ်လို ပေါ်ပါလိမ့် ကိုယ့်စိတ်ကို ကိုယ်ရှု ရမှာပါ ဘုရား)၊ ကိုယ့်စိတ်ထဲ လောဘပေါ်ရင်လဲ လောဘ ဖြစ်ပျက်ရှု (မှန်ပါ့)၊ ဒေါသ လာရင် (ဒေါသကို ဖြစ်ပျက် ရှုရမှာပါ)၊ အိပ်ချင်တဲ သံခိတ္တစိတ် လာရင် (အိပ်ချင်တဲ့စိတ် ဖြစ်ပျက်ကို ရှုရပါမယ် ဘုရား)။

ပျံ့လွှင့်တဲ့ ဝိက္ခိတ္တစိတ် လာရင် (ပျံ့လွှင့်တဲ့စိတ်ကို ရှုရပါ မယ်)၊ ဒါဖြင့် ခင်ဗျားတို့ သန္တာန်မှာ ဒါတွေ အစုံ မပေါ်သေး ဘူးလား (ပေါ်ပါပြီ ဘုရား)။

ပေါ်ခဲ့လို့ရှိရင် ကိုယ့်စိတ် ကိုယ်ရှုလို့ ရှိရင် ကမ္မဋ္ဌာန်း ရှာစရာ လိုသေးသလား (မလိုပါ ဘုရား)၊ ခင်ဗျားတို့ သန္တာန် အရိယာစိတ် များ ပေါ်ဦးမှာလား (မပေါ်ပါဘုရား)။

မပေါ်လို့ရှိရင် ပေါ်တဲ့စိတ်သာ ရှုတော့(မှန်ပါ့)၊ အိပ်ချင် ရင် အိပ်ချင်တဲ့စိတ် ဖြစ်ပျက်ရှု၊ စားချင်ရင်(စားချင်တဲ့စိတ်ဖြစ် ပျက်ရှု)၊ စိတ်မချမ်းသာရင် (စိတ်မချမ်းသာတဲ့စိတ် ဖြစ်ပျက်ရှု)၊ မချမ်းသာတဲ့စိတ် ဖြစ်ပျက်ရှု။ ကုသိုလ်လုပ်ချင်ရင် (ကုသိုလ် လုပ်ချင်တဲ့စိတ် ဖြစ်ပျက်ရှု။ မလုပ်ချင်ပြန်ဘူး ဆိုရင်ကော၊ မလုပ်ချင်တဲ့ စိတ်ကို ဖြစ်ပျက်ရှု (မှန်ပါ့)၊

ဒီလိုဆိုတော့ တရားဟာ ဒကာ၊ဒကာမတို့ ဘယ်မှာ ရှိပါလိမ့်မလဲ ဆိုတော့ ကိုယ့်သန္တာန်မှာ ၊ ကိုယ်နဲ့ ထိုက်တဲ့ စိတ်ဟာ တရားချည်းပဲ မှတ်လိုက ်(မှန်ပါ့)၊ သဘောပါပလား (ပါ,ပါပြီ ဘုရား)။

ကိုယ့်သန္တာန် ပေါ်ရာသာရှု

ကိုယ့်သန္တာန် ကိုယ်ရတဲ့ စိတ်ဟာ ဘာပါလိမ့်-(တရားချည်း ပါဘုရား)၊ အဲဒီတရား ဘာသစ္စာတုံး (ဒုက္ခ သစ္စာပါ)၊ ဘာဖြစ်လို့ ဒုက္ခသစ္စာ ဖြစ်ရတုံး ဆိုတော့ ပျက်ချည်းနေလို့ (မှန်ပါ့)၊

ဘာသစ္စာဆိုကြမလဲ(ဒုက္ခသစ္စာပါ)၊ ဒါဖြင့် စိတ် ၄၅-ခု၊ ပေါ်လို့ရှိရင် ပေါ်ရာကို ဘာလုပ်ကြမလဲ (ရှုရမှာပါ)၊ စာလို ဖတ်ချင်ရင် ၄၅ ခု ပေါ်လိမ့်မယ်(မှန်ပါ့)။

ဟာ၄၅ ခု၊ တပည့်တော်က အလာနည်းတယ် ဘုရား၊ ပေါ်ရာ ရှုပါရစေ ဆိုလို့ ရှိရင်ဖြင့် ပေါ်ရာသာ ရှုတော့ (မှန်ပါ့)၊ သဘောပါလား (ပါ,ပါတယ်)၊ ပေါ်ရာကိုရှု ဆိုတော့ စားချင်တဲ့ စိတ် ပေါ်ရင်လဲ ဘာလုပ်ရမလဲ (ရှုရပါမယ်)၊ ဖြစ်ပျက်ရှုပေး (မှန်ပါ့)၊ အိပ်ချင်တဲ့ စိတ်လာရင် (ဖြစ်ပျက်ရှု ရမှာပါ ဘုရား)၊ သူတစ်ပါး မေးငေါ့ချင်တဲ့ စိတ်ကလေး ပေါ်လာရင် (ဖြစ်ပျက် ရှုရမှာပါ ဘုရား)။

ရှုဖြစ်အောင်ရှု၊ မေးတာ ရှည်မနေနဲ့ ရိပ်မိပလား (ရိပ်မိပါပြီ)၊ မျက်စောင်း ထိုးချင်တဲ့ စိတ်ကလေး လာရင်ကော (ဖြစ်ပျက်ရှု ရမှာပါ)၊ ဖြစ်ပျက်ရှု လိုက်တော့ကိုတဲ့ ဒကာ၊ ဒကာမတို့ ဖြစ်ပျက်ရှုတာက မဂ်ဆိုတော့ ကိစ္စဉာဏ် မရဘူးလား(ရပါတယ်)၊ ကဲကိစ္စဉာဏ် ရသွားပြီတဲ့။

ကတဉာဏ်ကလေး နည်းနည်း တက်လိုက် (မှန်ပါ့)၊ သဘောပလား (ပါ,ပါတယ်)၊ ရှုဖန် များလာတော့ ဒကာ၊ ဒကာမတို့ ဒီအသေဟာ သူများအသေလား၊ ကိုယ့်အသေလား (ကိုယ့်အသေပါ ဘုရား)။

အသေကို အရှင်နဲ့ကြည့်တာ ဝိပဿနာ

ကိုယ့်စိတ်သေတာကိုးဗျ (မှန်ပါ့)၊ ကိုယ့်ဝိညာဏက္ခန္ဓာ သေတာ (မှန်ပါ့)၊ သူများ သေတာလား၊ ကိုယ့်ခန္ဓာ သေတာလား (ကိုယ့်ခန္ဓာ သေတာပါ ဘုရား)၊ ဒါဖြင့် အသေကို အရှင်နဲ့ ကြည့်(မှန်ပါ့)၊ ပေါ်ပလား (ပေါ်ပါပြီဘုရား)၊ အသေကို (အရှင်နဲ့ကြည့်)၊ အဲဒါ ဝိပဿနာ ခေါ်တယ်၊ အဲဒါ ကိစ္စဉာဏ် ခေါ်တယ် (မှန်ပါ့)၊ ပေါ်ကြပလား (ပေါ်ပါပြီဘုရား)၊ အသေ ကိုအရှင်နဲ့ ကြည့်တာသည် ဘာဉာဏ် ခေါ်ကြမယ် (ကိစ္စဉာဏ် ခေါ်ပါတယ်ဘုရား)။

အသေကို အရှင်နဲ့ကြည့်တာ ကိစ္စဉာဏ်

သြော် ကိစ္စဉာဏ်ဆိုတာ ဘုရားဟောတော့ ခက်လိုက် တာလို့ ထင်ကြတယ်၊ ဘုန်းကြီး ပြောတော့ အသေကို အရှင်နဲ့ ကြည့်လိုက် ပြီးတာပဲ (မှန်ပါ့)၊ ဒါ ဟောတာပဲ၊ ရိပ်မိကြပလား (ရိပ်မိပါပြီ)၊ အသေကို (အရှင်နဲ့ ကြည့်လိုက် တာပါ)။ အသေဆိုတာက စိတ်တစ်ခုနဲ့ အသက်ရှင် တာကိုးဗျ (မှန်ပါ့)၊ စိတ်တစ်ခု သေသွားတော့ လူတစ်ယောက် မသေသေးဘူးလား (သေပါတယ် ဘုရား)။

အဲဒီ မသေသေးတဲ့ ပုဂ္ဂိုလ်ကျ တော့ ဒကာ၊ ဒကာမတို့ရှေ့ စိတ်ချုပ်ပြီး နောက်စိတ် မပေါ်ဘူးလား (ပေါ်ပါတယ်)။

နောက်စိတ်နဲ့ အသက်မရှင်ဘူးလား (ရှင်ပါတယ် ဘုရား)၊ ဒါဖြင့် အသေကို (ရှင်တဲ့စိတ်နဲ့ ကြည့်ပါ)၊ ဝိပဿနာ မဖြစ်သေးဘူးလား (ဖြစ်ပါတယ် ဘုရား)၊ ကောင်းပြီ၊ ဒါဖြင့် ၊ ကိစ္စဉာဏ် မရသေး ဘူးလား (ရပါတယ် ဘုရား)၊ ကြာတော့ ကိုယ့်အသေတွေ ကိုယ်မြင်တော့ ခဏခဏ သေတာ မမြင်ပေ ဘူးလား (မြင်ပါတယ် ဘုရား)။

ကိုယ့်အသေကိုယ်မြင်တော့ မုန်းလာတယ်

စိတ်ကလေးတစ်ခု ပေါ်ပြန်ပြီ၊ ကိုယ်တစ်ယောက် သေပြန်ပြီ စိတ်ကလေး တစ်ခု ပေါ်ပြန်ပြီ၊ တစ်ယောက် သေပြန်ပြီ (မှန်ပါ့)၊ သခင်ဝတင်၊ မသေသေးဘူးလား (သေပါတယ်ဘုရား)၊ ကိုယ့် အသေ ကိုယ်မြင်တော့ မုန်းမလား၊ မမုန်းဘူးလား (မုန်းပါတယ် ဘုရား)၊ ဒါဖြင့် နိဗ္ဗန္ဒတက်တာပဲ (မှန်ပါ့)။

မလိုချင်တဲ့ဉာဏ်လာတယ်

ဒီအသေကြီး မကြည့်ချင်တော့ပါဘူး ဆိုတဲ့၊ ဒီအသေမျိုး မလိုချင်တော့ပါဘူးဆိုတဲ့ ဉာဏ်၊ လာမလား၊ မလာဘူးလား (လာပါတယ် ဘုရား)။

လာလို့ရှိရင် အသေပျောက်ပြီး သကာလ ဒကာ၊ဒကာမတို့ မဂ်ပေါ်လာတယ်(မှန်ပါ့)၊ အသေကို မလိုချင် တော့ပါဘူးဆိုတဲ့ အသေဟာ ဒုက္ခအစစ်မို့ မလိုချင်တော့ပါဘူးလို့ လာလိုက်သည်နဲ့ တစ်ပြိုင်နက် တည်း ဒီခန္ဓာငါးပါး အကုန် ပျောက်တယ် (မှန်ပါ့)၊ ဘာသစ္စာ ပျောက်သွားတာတုံး (ဒုက္ခသစ္စာ ပျောက်သွား တာပါ)။

ကတဉာဏ်ဆိုတာ

ဒါဖြင့် ဒုက္ခတွေ ပျောက်တော့ ဒီနေရာမှာ ဒုက္ခမရှိတဲ့နေရာ လို့ ဆိုနိုင်၊ မဆိုနိုင် (ဆိုနိုင်ပါတယ်)၊ အဲ ဒုက္ခမရှိတဲ့ နေရာကို ဒီဉာဏ်က သိပြန်လို့ ရှိရင် ကတဉာဏ် (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ကဲဒီနေ့ ဒီတွင်တော်ကြစို့။

သာဓု သာဓု သာဓု။