အားမငယ်ကြပါနဲ့ တရားကဆောင်ပါလိမ့်မယ်
မိုးကုတ်ဝိပဿနာအဖွဲ့ချုပ်၏ အမှာစာ
ဤတရားတော်သည် အမျိုးသမီးယောဂီများအတွက် မူတည် ဟောကြားထားသည်ကို တွေ့ရပါသည်။ လွန်ခဲ့သော နှစ်ပေါင်း ၄၀ ကျော် (၁၁-၁၀-၅၆) က မိုးကုတ်ဆရာတော် ဘုရားကြီး ဟောကြားတော် မူခဲ့သော တရားတော်ဖြစ်ပါသည်။ လူကြိုက် အများဆုံး၊ အခွေ အကူးရဆုံး၊ တရားတော် တစ်ပုဒ် ဖြစ်ပါသည်။ အကြောင်းအရာ စုံလင်သည်။ ဒကာ ဒကာမ များ တရား အားထုတ်လိုစိတ်၊ သဒ္ဓါတရား တိုးပွားလိုစိတ် များအောင် အားပေးထားသော တရားတော် ဖြစ်ပါသည်။
မဂ္ဂင်ရှစ်ပါး၊ သစ္စာလေးပါး တရားတော်တို့ကို လွယ်ကူသော စကားများသုံး၍ အခြေခံက စပြီး စိတ်ရှည်စွာ ချီးမြှောက်တော် မူထားပါသည်။
တရားနာ ယောဂီများထဲမှ အများစုဖြစ်သော ဒကာမ အရင်းအချာများ၏ အမည်နာမများကို ထုတ်ဖော်ပြီး ရင်းနှီး ပွင့်လင်းစွာ ဆုံးမတော်မူ ထားပါသည်။ အထူးသဖြင့် ဝေဒနာနုပဿနာ တရားတော်ကို အသေးစိတ် ဟောကြား ဆုံးမ ထားသည်မှာ အလွန်ပင် ကောင်းမွန်လှပါသည်။
ဤတရားတော်၌ပင် ကြားရခဲသော ဇောတိက ဒကာမ၏ ဝတ္ထုကို ဗဟုသုတအဖြစ် ထည့်သွင်း ဟောကြား၍ ခန္ဓာရှိလျှင် ဒုက္ခသစ္စာ အမှန်ဖြစ်ကြောင်း ဆုံးမထားပါသည်။
ဤတရားတော်ကို မိုးကုတ် ယောဂီများအတွက် သဒ္ဓါတရား များစေရန်၊ ဝီရိယ အားထုတ်မှု မလျှော့ စေရန်နှင့် ဝိပဿနာ ဉာဏ်ပညာ ထက်မြက်စေရန် ရည်သန်၍ ထုတ်ဝေခြင်း ဖြစ်ပါသည်။
၁၁-၁၀-၉၈
အမှုဆောင်အဖွဲ့
———
အားမငယ်ကြပါနဲ့ တရားကဆောင်ပါလိမ့်မယ်
အသံဖိုင်ခေါင်းစဉ်= ဇောတိကဥပမာပြတရားတော်
စာအုပ်ခေါင်းစဉ်= အားမငယ်ကြပါနဲ့ တရားကဆောင်ပါလိမ့်မယ်
ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး အမရပူရမြို့၌
ဟောကြားတော်မူသော တရားတော်
အားမငယ်ကြပါနဲ့ တရားကဆောင်ပါလိမ့်မယ်
(၁၁-၁၀-၅၆)
ဘုန်းကြီးများနဲ့ တွေ့တယ်ဆိုရင် ၊ ဒကာ-ဒကာမတွေ အတွက် အားရှိစရာ အချက်ကို ပြောပြပါ့မယ် (မှန်ပါ့ဘုရား) ဘုန်းကြီးများနဲ့ တွေ့တယ်ဆိုရင် ဖြင့် ကလျာဏမိတ္တ သူတော်ကောင်းနှင့် တွေ့လို့ တို့သည်ကား ဆိုလို့ရှိရင် အရုဏ် တက်ပြီ ဆိုတာ မှတ်ထားကြပါ။
အရုဏ်တက်တယ် ဆိုတာ မနက်ထ ကြည့်ရင် သိပါ တယ်။ သြော် နီလာပြီ၊ အရုဏ်တွေ တက်လာတယ်။ နီတာ ဘာလဲလို့ မေးရင် နေ၏ အရောင်တွေ ဖြာလာတာ (မှန်ပါ့)။
အရုဏ်တက်ပြီဆိုတာမှတ်ထားကြပါ
သြော် နေထွက်မလို့ပဲဆိုတာ ငြင်းဖို့လိုသေး သလား (မလို ပါဘူးဘုရား) ဒီမှာလဲ ဆရာကောင်း သမားကောင်း နည်းကောင်း နည်းမှန် ပေးတဲ့ ဆရာနဲ့ တွေ့ရင် အရုဏ် တက်ပြီ (မှန်ပါ့)။
ဘုန်းကြီးမရှိလည်း၊ အားငယ်စရာမလိုပါဘူး
ကိုယ့်ဟာကိုယ် ဒကာ-ဒကာမတွေက ဘုန်းကြီးမရှိ ငြား သော်လည်း ပွားများ ကြမယ် ဆိုရင် မဂ်တည်း ဟူသော နေထွက်မယ် ဆိုတာ ဒကာစိန် ဘာမှ အားလျှော့စရာ မလိုပါဘူး (မလျှော့ပါ ဘုရား)။
ဘာဖြစ်လို့တုံးဆိုတော့ အရုဏ် တက်ပြီးတဲ့ ပုဂ္ဂိုလ် နေထွက်ပါစေလို့ ဆုတောင်းရသေးသလား (မတောင်းရပါဘုရား)။
သြော် အရုဏ်တက်တယ် ဆိုရင် နေကြီးက နောက်က လိုက်လာတာပဲ၊ ဒီမှာလဲ ဘုန်းကြီးက ရှေ့ကနေ ဝိပဿနာ ဉာဏ်တွေ ပေးပြီး ဝေဒနာတွေ ရှုကြပါ ရှုကြပါလို့ အမျိုးမျိုး အဖုံဖုံသော တရားတွေ ဟောပြီး ပေးသွားတဲ့ အတွက်၊ ခင်ဗျားတို့ သန္တာန်၌ ကိလေသာ အမှောင်ဓာတ် တွေ ငြိမ်းပြီး သကာလ မဂ်တည်း ဟူသော အရောင်ဓာတ် တွေ ယှက်သန်းပြီး လာပါလိမ့်မယ် (မှန်ပါ့)။
အားထုတ်မှုသာမှေလျှာ့နဲ့ အသေအချာရရမယ်
ထိုကဲ့သို့ လာခဲ့သည်ရှိသော် တို့သည် မှောင်သော မည်းသော အပါယ် လေးပါး ဒုက္ခမျိုးစုံ ရနေတဲ့ လူ့ပြည် နတ်ပြည် ဗြဟ္မာပြည် တည်းဟူသော ဒုက္ခမျိုးစုံ အမှောင် ဓာတ်တွေထဲမှ တို့သည် အလင်းတည်းဟူသော နိရောဓ သစ္စာကို သေသေချာချာ ကိုယ်ပိုင် ကိုယ်ဆိုင်ဖြင့် တို့ရတော့ မှာပဲ ဆိုတာ အားထုတ်မှုသာ မလျှော့နဲ့။ အသေအချာ ရမယ် (မှန်လှပါဘုရား)။
အဲဒီတော့ ဘယ့်နှယ် ဟောလိုက် သလဲလို့ မေးတဲ့ အခါကြတော့
“ယော ဟိ ကောစိ ဘိက္ခဝေ ဣမေ စတ္တာရော သတိပဋ္ဌာနေ ဧဝံ ဘာဝေယျ၊ သတ္တာ ဝဿာနိ တဿ ဒွိန္ဒ ဖလာနံ အညတရံ ဖလံ ပါဋိကင်္ခ ဒိဋေ၀ ဓမ္မ အညာ သတိ ဝါ သဥပါဒိသေ သေ အနာဂါမိတာ”
အဲဒီတော့ကိုတဲ့။ ဒကာ-ဒကာမတို့ သတိပဋ္ဌာန် အလုပ်ကို စွဲစွဲမြဲမြဲနဲ့ သွားရင်း လာရင်း နေရင်း ထိုင်ရင်း ဒီလိုနဲ့ ဒကာ- ဒကာမတွေက ဝေဒနာတွေ ပေါ်တိုင်း ပေါ်တိုင်း ပွားပွားပြီး သကာလ အဖြစ် အပျက်တွေ တွေ့တွေ့နေပြီ ဆိုမှဖြင့် ဖြစ်ပျက် ဒုက္ခသစ္စာကြီးက ခန္ဓာကိုယ်ထဲမှာ ရှိသောကြောင့်၊ တခြားလဲ လှမ်းမကြည့်ရ သောကြောင့် ဒကာစိန် ခန္ဓာကိုယ်ထဲ မှာပဲ ကျုပ်ဟာ ဒုက္ခသစ္စာပါပဲလို့ ပြောပါ လိမ့်မယ် (မှန်ပါ့ ဘုရား)။
ခွေးသေကောင်ပုပ် တစ်ခုကို ပစ်ထားလိုက် ဒကာ ဒကာမတွေက နေ့တိုင်းသာ ကြည့်ကြည့် နေလို့ရှိရင် ဒီခွေး ဟာ ပုပ်တာပဲ၊ တော်တော်ကြာ အရည်ဖြစ်တာပဲ၊ ဗလဝ ကြဲသွား တာပဲ၊ ကြည့်ပါ များတဲ့ အခါကျတော့ သူ့သဘော အကုန် မပေါ်လာဘူးလား (ပေါ်ပါတယ်ဘုရား)။
ဘုန်းကြီးကအကူအညီပါ
ဒီမှာလဲ ဒကာ-ဒကာမတို့ ဝေဒနာကို ရှုလိုက်ပြီဆိုမှ ဖြင့် ဝေဒနာ သည်ကား ဆိုလို့ရှိရင်ဖြင့် ကျုပ်ဟာ အနိစ္စပါပဲ။ ကျုပ်ဟာ ဒုက္ခပါပဲ၊ ကျုပ်ဟာ အနတ္တပါပဲ၊ ကျုပ်ဟာ အသုဘ ပါပဲဆိုတာ သူကပဲ ပြောပါ လိမ့်မယ်။ ဘုန်းကြီးက အကူအညီ သာ မှတ်ပါ (မှန်ပါ့)။
ဘုန်းကြီးက အကူအညီပါ။ ဒကာ-ဒကာမတွေက သေသေချာချာ မြင်ကြရပါလိမ့်မယ် (မှန်ပါ့ဘုရား) သေသေ ချာချာ မြင်တော့ ဘုန်းကြီးတို့ ဒကာ-ဒကာမတွေ သူက ဒုက္ခသစ္စာ ဖြစ်၍၊ ဒကာ-ဒကာမတွေ ဉာဏ်က မဂ္ဂသစ္စာဆိုတဲ့ သောတာပတ္တိမဂ်၊ သကဒါဂါမိမဂ်၊ အနာဂါမိမဂ်၊ အရဟတ္တမဂ် ဆိုတဲ့ မဂ်လေးခုကို ဒကာ ဒကာမတွေ ပါရမီအလိုက် တစ်ခါတည်း တန်းပြီး သကာလ ရပြီး သွားလို့ ရှိရင်ဖြင့်၊ သြော် အိုပွဲတွေရော ငိုပွဲတွေရော သေပွဲတွေရော မွဲပွဲတွေရော ကွဲပွဲ တွေရော ဆိုတာ အကုန် ဇာတ်သိမ်း ပါလိမ့်မယ် (မှန်ပါ့) အဲဒါ ချမ်းသာဖို့ရန် အစစ် ဧကန် ရပါလိမ့်မယ်လို့ ဆုံးဖြတ် ချက် ချကြပါ (မှန်ပါ့)။
ဝိပဿနာလုပ်ရင် စိုးရိမ်မှုတွေ ချုပ်ငြိမ်းမယ်
အဲဒီတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးကတော့ သူ တာဝန်ခံတာက မင်းတို့ကွာတဲ့။ ဝေဒနာနုပဿနာ လုပ် တဲ့ ဒကာ-ဒကာမတွေ ဆိုရင်ဖြင့် သောက ဆိုတဲ့ စိုးရိမ်မှုတွေ အကုန် ချုပ်ငြိမ်း ပါလိမ့်မယ်။
အခုတော့ သားပူ၊ မယားပူ၊ ဆွေပူမျိုးပူ၊ ခင်ပွန်းပူ ဆိုတာ ရှိကြသေးတာပေါ့ဗျာ (မှန်ပါ့) အဲဒီတော့ သတိပဋ္ဌာန် ခရီး မရောက် သေးလို့ပါတဲ့။ ရောက်တဲ့ အခါကျတော့ သောကလဲ ပျောက်ပါ လိမ့်မယ်တဲ့၊ ပရိဒေဝတွေလဲ ပရိဒေဝ ဆိုတဲ့ ငိုကြွေးမှုတို့ကို လဲ လွန်မြောက်ပါ လိမ့်မယ်။ သောကပရိဒေဝါနံ သမတိက္ကမာယ။
ဒုက္ခတွေရော ဘုရား အို- အိုတဲ့ဒုက္ခ၊ နာတဲ့ဒုက္ခ၊ သေတဲ့ဒုက္ခ။ ဒုက္ခတွေရော၊ ဒေါမနဿတွေရော အတ္ထင်္ဂ မာယတဲ့။ အကုန် ချုပ်သွား လိမ့်မယ်ကွတဲ့ (မှန်ပါ့ဘုရား)။
ဉာယဿ အဓိဂမာယ ဉာယဿ နိဗ္ဗာန်ကို ။ အဓိဂမာယ ရခြင်းအကျိုးငှာလဲ၊ ဟောတိ မုချဖြစ်ပါတယ် ကွာတဲ့ (မှန်ပါ့)။
ဘိုးဘွားတွေ လက်တွေ့တရား၊ရမသွားရှာကြဘူး
ဒါကြောင့် ဒကာ-ဒကာမတွေ ကံကောင်း လိုက်တာ ဆိုတာ ဘုန်းကြီးတို့ ပြောချင်ပါတယ်တဲ့။ ဘယ်လောက်ထိ ကံကောင်းလဲဆိုတော့ ခင်ဗျားတို့ ဘိုးဘွားတွေ သေကြေ ပျက်စီး ကုန်ကြငြား သော်လည်း ဒီလိုလက်တွေ့တရား ရမသွား ရှာကြဘူး ဒကာစိန်ရ (မှန်ပါ့)။
လက်တွေ့တစ်ခါတည်း ခန္ဓာ ဉာဏ်ရောက်ပြီး သကာလ အခုပဲ ဝမ်းထဲမှာ ငြိမ်းအေးပြီး သကာလ နိရောဓ မျက်မှောက်ပြု တာတွေဆိုတာ ဟောလဲ မဟောကြတော့၊ အားလဲ မထုတ် ကြတော့ ဒေါ်စန်းရေ ကြုံမသွား၊ ဆုံမသွားရရှာဘူး (မှန်ပါ့)။
အဲဒီတော့ ဒီဒကာ-ဒကာမတွေမှာဖြင့် ကံထူး၊ ဉာဏ် ထူး၊ ဘုန်းထူး၊ သမ္ဘာထူးတွေ ဘုန်းကြီးက ဒီဒကာ-ဒကာမ တွေ ဘာဖြစ်လို့ ပြောရပါသလဲ ဆိုတော့ စစ်ဘေးကြီး ကျော် လာတာကြည့်။ ဗုံးအမျိုးမျိုး ချတဲ့အထဲ ခင်ဗျားတို့ လွတ်လာ ကြတာ မဟုတ်ဘူးလား (မှန်ပါ့)။
တရားထူး၊ ဆရာထူးနဲ့ကြုံတွေ့ဖို့
စက်သေနတ်ဆို တာ သည် ပစ်လိုက်တဲ့ အခါ ယမ်းတောင့် တစ်ခုနှင့် တစ်ခုကြားမှာ လက်ငါးလုံးလောက်ပဲ ကွာတာ (မှန်ပါ့) တစ်ခါတည်း အကုန်ပစ်၊ အဲဒီအထဲက ကပ်ကြီးတွေ ကျော်လာတာ။ သြော် ဒီလို တရားထူး၊ ဒီလို ဆရာထူးနဲ့ တွေ့ဖို့ကြုံဖို့ ကျန်ရစ်တာပဲဆိုတာ ဘုန်းကြီး ပြောတာ နည်းပါ သေးတယ်၊ ခင်ဗျားတို့ ကျန်ရစ်တာက ဒီထက် အဖိုးတန် ပါသေးတယ် (မှန်ပါ့)။
ဘုန်းကံရှိတဲ့ ဒကာ-ဒကာမတွေမို့
ဒါကြောင့် အင်မတန် ဘုန်းကံရှိတဲ့ ဒကာ-ဒကာမ တွေမို့ အခါကောင်း အခွင့်ကောင်း ကြုံရတာ (မှန်ပါ့) တစ်ခါ ဒီ ဒကာ-ဒကာမတွေသည် မြို့နဲ့ဝေးတဲ့ တောတွေ ဘာတွေ မှာ အခုအခါမှာသာ နေရမယ် ဆိုရင် တော အစိုးရက တစ်မျိုး၊ မြို့ အစိုးရက တစ်မျိုးနဲ့ ညတစ်နေရာ အိပ်လို့ တစ်နေရာ ရွှေ့လို့ (မှန်ပါ့) ဒီဟာတွေနဲ့ အချိန်ကုန်နေမှာပဲ (မှန်ပါ့)။
ဒီဆရာနဲ့ဆိုရင်ကျွတ်ထိုက်တယ်
အဲဒါတွေလဲ အခု အကုန်ကျွတ်လွတ်ပြီး သကာလ သြော်- တို့ အေးအေးဆေးဆေးနဲ့ သူတော်ကောင်း တရားချည်း အလုပ်လုပ်ပြီး ကိုးစားရာ၊ အားထားရာ လုပ်ပြီး သကာလ ဆရာကောင်း နဲ့လဲတွေ့။ ဉာဏ် ဆိုတာလဲ ဆရာသမား ပြောလိုက်တယ်ဆို ထင်စရာ ပြင်စရာ မရှိအောင်ဘဲ ပြောတတ်ဆိုတတ်တဲ့ ဆရာသမားနဲ့ တွေ့နေတော့ သြော် တို့ဟာဟေ့ ဒီဘဝ ကျွတ်ထိုက်တယ်။ ဒီဘဝ ကျွတ်ထိုက်တယ် ဒီဆရာနဲ့ဆို ကျွတ်ထိုက်တယ် (မှန်ပါ့) ဆိုတဲ့ ဥစ္စာလဲ လောကီ လောကုတ် ပြီးပါလိမ့်မယ်။
တရားသာ အားထုတ်ပါ၊ တရားက ဆောင်ပါလိမ့်မယ်
လောကီမှာလဲ နေဖို့ ထိုင်ဖို့ စားဖို့ သောက်ဖို့ဆိုတာ တရားသာ အားထုတ်ပါ။ တရားက ဆောင်ပါ လိမ့်မယ် (မှန်ပါ့)။ ဘာမှ အားမငယ်ပါနဲ့ မတူတို့ရ (မှန်ပါ့)။ ဒေါ်အုန်းခင်ကြီး ရိပ်မိပလား (မှန်ပါ့) အဲဒါကြောင့် ဘုန်းကံပါရမီ ရှိတယ်ဆို တာလဲ စစ်ဘေး စစ်ဒဏ် အကျော်ခံလာရ ကတည်းက မသေ ချာဘူးလား (သေချာပါတယ်ဘုရား)။
ခင်ဗျားတို့သန္တာန်မှာ ဘုရားပွင့်နေတာ
သေချာတဲ့အပေါ်မှာ ကံသာရှိလို့ အသက်ရှည်နေတယ်။ တရားထူး တရားမြတ်ဆိုတာ ဘုရားပွင့်တော့မှပဲ ရတော့မှာပဲ ဆိုတာ ဘုရားရှင် ကိုယ်တော်မြတ်ကြီး ဟောတဲ့ တရားတွေ ဘုန်းကြီးတို့က တစ်သဝေ မတိမ်း ဟောပြန်တော့ ခင်ဗျားတို့ သန္တာန်မှာလဲ ဘုရား ပွင့်နေတာပဲ (မှန်လှပါ)။
အဲဒီတော့ ဘေးအတန်တန် ရန်အထပ်ထပ်တွေလဲ ကျော်လွှားပြီး လာနိုင်သေးတယ်။ တရားထူး တရားမြတ်ဆို တဲ့ ဘုရား တရားတွေနဲ့လဲ တွေ့ရသေးတယ် ဆိုတော့ လက်မ လွှတ် လိုက်ကြပါနဲ့။ ဒါလေး လက်လွှတ်လိုက်ရင် အင်မတန် နစ်နာသွားမှာစိုးလို့ပါ (မှန်လှပါ ကြိုစား နေပါတယ်)။
ကြိုးစား၊ ကြိုးစား မခြုံတို့ ကြိုးစားနော်၊ မရီတို့ ကြိုးစား ကြစမ်းပါ (မှန်လှပါ) မလျှော့နဲ့ မလျှော့နဲ့ ရှေ့တင်ပါ့ မလုပ်ပါနဲ့။ ရှေ့တင်ပါကတော့ ပြောလိုက်တယ် ဆိုရင် ဟုတ် ပါ့ဘုရား၊ တင်ပါ့ ဘုရား။ အဲဒီ တင်ပါ့မျိုး မကြိုက်ဘူး (မှန်ပါ့)။တကယ်လုပ်မှ တကယ်လုပ်မှ။
အရင်းထားပြီးပြောနေတာ
ဘုန်းကြီးတို့ ဒကာ-ဒကာမတွေ အရင်းထားပြီး ပြောနေတာ (အာရုံပြု ထားပါတယ် ဘုရား) အဲ အာရုံပြုထား ပါတယ်။ မသုံးနဲ့ဦး။ ကိုယ်ကိုယ်တိုင်က တကယ်လုပ်ပြီး တကယ် ကြိုးစားကြစမ်းပါ (မှန်ပါ့)။
အဲဒီတော့ ကိုယ့်ချမ်းသာ ကိုယ်ရှာတာများ အားပျော့ ပျော့ ခါးနွဲ့ နွဲ့ နဲ့ ရှာလို့တော့ မရဘူး (မှန်ပါ့) ကိုယ့်ချမ်းသာ ကိုယ်ရှာတာ အားကြိုး မာန်တက် ရှာပစ်လိုက် (မှန်ပါ့) အပါယ် စိတ်ချရပလား၊ စိတ်ချရတော့မှ နေချင်သလို နေလိုက်စမ်းပါ (မှန်ပါ့)။
ငရဲမျိုးစေ့တွေက မခြောက်ခန်းသေးဘူး
အခုတော့ ငရဲတွေက ကိုယ့်ခေါင်းပေါ်က မဆင်း သေး၊ ကိုယ့်ဝမ်းထဲက ငရဲမျိုးစေ့တွေက မခြောက်ခန်းသေး (မှန်ပါ့) ဆိုတော့ မဂ်ဉာဏ်လာမှ ငရဲမျိုးစေ့ ဆိုတဲ့ လောဘ၊ ဒေါသ၊ မောဟ ခြောက်ခန်း သွားမှာ (မှန်ပါ့) အနာပျောက်မှ ထင်သလို နေကြပါ။
အဲဒီအချိန်ကျတော့ ဘုန်းကြီးတို့ ဒကာ-ဒကာမတွေ နေစမ်းပါဗျာ ခပ်ပျော်ပျော်ပဲ (မှန်ပါ့) ဘုန်းကြီးတို့လဲ မတားတော့ပါဘူး။ အခုတော့ အနာမှ စိတ်မချရခင်က ဒကာဒကာမတွေက ပျော်မယ် မြူးမယ် ကြွမယ် ဆိုရင်ဖြင့် အင်း အနာကြီး ကြွလို့ရှိရင် ဒီအနာနဲ့ သေချင်းဆိုး သေရချည့်ရဲ့ဆို တာ စိုးရိမ်လို့ အနာပျောက်မှပဲ ထင်သလို နေကြပါလို့ မခြုံ ပြောတာပါ။ ရိပ်မိကြပလား (ရိပ်မိပါပြီဘုရား)။
အနာ မပျောက်ခင်တော့ ဆရာသမား ပြောတာကိုပဲ နားထောင်ကြပါ (နားထောင်ပါတယ် ဘုရား) အနာပျောက်တော့ သွားချင်တဲ့လမ်း သွားပါ၊ စားချင်တာ စားပါ (မှန်ပါ့) မတူ ကိစ္စမရှိပါဘူးဗျာ (မှန်ပါ့) မရီ ကိစ္စမရှိဘူးပေါ့ (မှန်ပါ့)။
ဒီဝေဒနာမှ တစ်ပါးမပြောင်းကြပါနဲ့
ကဲဒါဖြင့် ဒကာ-ဒကာမတို့ အနာပျောက်ဆေးကိုပဲ ပေးပါတော့မယ်တဲ့။ အနာပျောက်ဆေး ပေးပါတော့မယ်ဆိုတော့ ဒကာ-ဒကာမတွေ စဉ်းစားပါတဲ့။ ဒီဝေဒနာ မှတစ်ပါး မပြောင်း ကြပါနဲ့ (မှန်ပါ့) ဘာကြောင့် ဝေဒနာမှ တစ်ပါးမပြောင်းကြပါ နဲ့လို့ ဆိုပါသလဲလို့ ဆရာဘုန်းကြီး သတိပေးရပါသလဲလို့ မေးလို့ရှိရင်ဖြင့်၊ ဝေဒနာသည် ဒကာ-ဒကာမတို့ အခု နေရ တာလဲ နေကောင်းတယ် ဆိုတာလဲ သုခ ဝေဒနာနဲ့ နေရတာ။ နေမကောင်းဘူး ဆိုတော့ ဘာ ဝေဒနာနဲ့ နေရတာလဲ (ဒုက္ခဝေဒနာနဲ့ နေရပါ တယ်) ဒုက္ခဝေဒနာနဲ့ နေကြရတယ် (မှန်ပါ့)။
ဟာ တပည့်တော်တို့ အလတ်စားပါပဲဘုရား၊ အကောင်းကြီးလည်း မဟုတ်၊ မကောင်းဘူး လည်း မဟုတ်ဘူး။ နေရတာပဲ ဘုရား ဆိုတော့ ဘာနဲ့လဲ (ဥပေက္ခာ ဝေဒနာနဲ့ပါ ဘုရား)။
ဝေဒနာမရှိဘူးဆိုတာ မဖြစ်ပါစေနဲ့
ဒါဖြင့် ဒကာ-ဒကာမတွေ ဒီသုံးချိန် မှတစ်ပါး ခင်ဗျား တို့ ဘယ်အချိန်များ ရှိသေးတုံး (မရှိပါ) အဲဒါကြောင့် ဒကာဒကာမတွေ ပြောရတယ်။ အေး ဝေဒနာနဲ့ နေတဲ့ ဒကာဒကာမတွေ ဝေဒနာ မရှိဘူး ဆိုတာဖြင့် မဖြစ်ကြပါစေနဲ့ ဆိုတာ အထူးပဲ သတိပေးပါတယ် (မှန်လှပါ ဘုရား)။
သုခဝေဒနာလေးတွေ
အဲဒီတော့ ဘုန်းကြီး တရားက ဘုရား အရှာခက်လိုက် တာလို့ ဆိုလို့ရှိရင်ဖြင့် ခင်ဗျားတို့ မှားတယ် (မှန်လှပါဘုရား) နေကောင်းတယ်ဆိုရင် ဝမ်းထဲမှာ ရှူတာ ရှိုက်တာက အစ သက်သက် သာသာနဲ့ မရှူရ မရှိုက်ရ ဘူးလား (ရှူရ ရှိုက်ရ ပါတယ်ဘုရား) အဲဒါ သုခဝေဒနာလေးတွေ ဖြစ်ပြီး ပျက်နေတာ၊ သူက ပြောနေတာ (မှန်ပါ့) အဲဒီတော့ ဝေဒနာ ရှာလို့ မတွေဘူးလို့ မရီတို့က ဆိုချင် သေးသလား (မဆိုချင် ပါဘူး ဘုရား) မခင်ကော ဆိုချင် သေးသလား (မဆိုချင်ပါဘူး ဘုရား) ရှူကောင်း ရှိုက်ကောင်းရင် ဘာဝေဒနာလဲ (သုခ ဝေဒနာပါဘုရား) အင်း ဟဒယ ဝတ္ထုပေါ်မှာ တည့်ပြီး သုခ ဝေဒနာလေးကလဲ ရှူတာလေးကလဲ ရှိုက် တဲ့ ဆီမှာ မလိုက်သောကြောင့် ဒီနေရာတွင် ဖြစ်ပြီး ဒီနေရာမှာ အနိစ္စ ရောက်ပါလား (မှန်ပါ့)။
ဒီနေရာပေါ်ပြီး ဒီနေရာမှာ ပျက်တယ်
ရှိုက်တာလေးကလဲ ဒီနေရာ ပေါ်ပြီး ဒီနေရာမှာပဲ ပျက်စီး သွားပါလား ဆိုတော့၊ ကမ္မဋ္ဌာန်း ထိုင်လိုက်လို့ ဘာမှ မတွေ့ရင် ပြန်ကြည့်လိုက်တာပေါ့ (မှန်ပါ့ဘုရား) သူ့ပြန် ကြည်လိုက်တော့ ဝေဒနာ ကြည့်ပြီးသား မကျဘူးလား (မှန်ပါ့)။
အဲဒီတော့ ကြည့်ရင်းမတ္တနဲ့ပဲ ကိုယ်က ဖိပြီး ထိုင်ထား ရတာ အင်း အောက်က နာတယ်၊ ဘယ်က နာတယ်၊ ခြေမျက်စိက နာတယ်၊ ခြေဖျားက နာတယ်၊ ခြေမက နာတယ် ဆိုပြန်တော့လဲ ဟိုက သုခဖြုတ်ပြီး ဒီဘက်ကို ဉာဏ် က လှည့်လိုက် (မှန်ပါ့)။
ဒီဘက် ဉာဏ်လှည့်ပစ်လိုက်ပါ (မှန်ပါ့) ဒီဘက်ကို ဉာဏ်က လှည့်လိုက်တော့ ဒီဘက်က ဖြစ်ပျက်လေးက ချုပ် သွားတယ်လို့ဆိုပြန်တော့လဲ ရှာမတွေ့ပြန်ဘူး ဘုရားလို့တော့ မလျှောက်ပါနဲ့။ ဟဒယဝတ္ထုပေါ် လေရှိုက်လေ အားထုတ် တဲ့ စိတ်ကလေး သုခကို ပြန်စိုက်လိုက် (မှန်ပါ့ဘုရား)။
အဲဒီတော့ ဒကာ-ဒကာမတွေ အားသေးရဲ့ လား (မအားတော့ပါဘုရား) မအားတော့ မအားတာသည် ဘာတုံးလို့ မေးတဲ့အခါကျတော့ ရှေ့နားက ဖြစ်ပျက် နောက်နားက ရှုနေရတဲ့ မအားမှုလေး (မှန်ပါ့)။
မအားတာ ဘာပါလိမ့်မတုံး
သြော် မအားတာ ဘာပါလိမ့်မတုံးလို့ မေးတော့ ဝီရိယ စိုက်နေတာ (မှန်ပါ့) ဝီရိယ စိုက်နေတော့ ဝီရိယမဂ္ဂင် ပေါ်နေတယ် (မှန်ပါ့) ဟော ဒေါ်အုန်းခင် ဘယ်လောက် အဖိုးတန်သလဲ (မှန်လှပါ)။
တပည့်တော်တို့ဘုရား အတော် ဝီရိယစိုက်နေရတာ အတော် မအားအောင်ကို ဖြစ်နေတယ်။ ဘာတုံး မအားအောင် ဆိုတာ၊ ဝီရိယ စိုက်နေတာ (မှန်ပါ့)။
ဝီရိယစိုက်နေတာ မဂ်ရနေတော
ဝီရိယ စိုက်နေတယ်ဆိုတာ ဒကာ-ဒကာမတွေ ဝီရိယ မဂ္ဂင်ဆိုတဲ့ မဂ်ရနေတာ (မှန်ပါ့) အဲဒီတော့ ဝီရိယ အတော် စိုက် နေရတယ်ဆိုတာ ခင်ဗျားတို့က အမော ဆိုက်နေတယ်လို့ မအောက်မေ့ လိုက်ပါနဲ့တဲ့။
ဒါကိလေသာ ရန်သူတွေ ရပ်ပြီး သကာလ မဂ်ဆိုတဲ့ သမ္မာဝါယမ မဂ္ဂင်ဆိုတဲ့ မဂ္ဂင်ကြီး ဝမ်းထဲရောက်နေတာ (မှန်ပါ) အတော် နေရာ ကျကြပလား (ကျပါပြီဘုရား)။
ဒါကြောင့် ဝီရိယစိုက်ပါ၊ ဝီရိယစိုက်ပါဆိုတဲ့ ဒကာဒကာမတွေ တိုက်တွန်းရတာက ဒီဝီရိယ ကိုယ်တိုင်က ခင်ဗျားတို့ သန္တာန် မဂ်တရားပါ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ) ဝီရိယက ဘာတရားလဲ (မဂ်တရားပါ ဘုရား) မဂ္ဂင်တရား။
ဝီရိယစိုက်တယ် ဆိုတော့ ဝီရိယတင်ဖြစ်တာ မဟုတ်ဘူး။ သတိလဲ ထားတယ်၊ သမာဓိလဲ ရှိတယ်၊ ပညာလဲ ရှိတော့ ဟိုနေရာ ဖြစ်တာလေး လိုက်လိုက်ရ၊ ဒီနေရာ ဖြစ်တာလေး လိုက်လိုက်ရ ဆိုတော့ ဝီရိယက ခေါင်းဆောင်သာ ဖြစ် သွားတာ။ ဒေါ်အုန်းခင်ရေ မဂ္ဂင်ရှစ်ပါး ပေါ်နေတာ (မှန်ပါ့ ဘုရား) ရိပ်မိကြပလား (ရိပ်မိပါပြီဘုရား)။
ပင်ပန်းတာမဟုတ်ဘူး၊ လိုတာပြည့်စုံနေတာ
ဒါကြောင့် ဘုန်းကြီးတို့ ဒကာ-ဒကာမတွေ ဝီရိယ စိုက်ရလို့ ဆရာဘုန်းကြီး ပေးတဲ့နည်းက တပည့်တော်တို့ဖြင့် ဘုရား မအားအောင်ပဲ ပင်ပန်းနေလိုက်တာ။ ပင်ပန်းတာ မဟုတ်ဘူး ဒကာ-ဒကာမတို့ ခင်ဗျားတို့ လိုတာ ပြည့်စုံနေတာ (မှန်ပါ့ဘုရား)။
ခင်ဗျားတို့ ဝဋ်ဘဝတိုတိုနဲ့ မဂ်ဖိုလ်ရရ ပါလို၏လို့ ခင်ဗျားတို့ ဆုတောင်းက ခင်ဗျားတို့ အလုပ်ထဲမှာ အတွင်း ဝင်ပြီး သကာလ အကုန်ပြည့်စုံ နေပါပြီလို့ မှတ်လိုက်ပါ (မှန်လှပါ ဘုရား) ကဲ ဘယ်လောက် အဖိုးတန်သလဲ (တန်ပါတယ် ဘုရား)။
ဒါကြောင့် ဝီရိယစိုက်ပါ၊ ဝီရိယစိုက်ပါ အတော်ဝီရိယ စိုက်နေရပါတယ်ဘုရား၊ ဝေဒနာလေးတွေ ကလည်း ဟိုက ဖြစ်လိုက်၊ ဒီကဖြစ်လိုက်။ ဟိုက ပျက်လိုက်၊ ဒီက ပျက်လိုက်နဲ့ တပည့်တော် တို့ဖြင့် အတော် ကြိုးစားနေရတယ်လို့ ဆိုလို့ ရှိရင် ဖြင့် ကြိုးစား နေတာသည် မဂ်ဆိုက် နေတာလို့သာ မှတ်လိုက် ပါ (မှန်လှပါဘုရား)။
မဂ္ဂင်တွေ အကုန်ဆိုက်နေတာ
ဒါ ဝီရိယမဂ္ဂင်ပဲ (မှန်ပါ့) ဝီရိယမဂ္ဂင် ဖြစ်တော့လည်း ဘုန်းကြီးတို့ ဒကာ-ဒကာမတွေက မှတ်လိုက်ပါဦး။ သူတစ်ခု တည်းဖြစ်တယ်လို့ မအောက်မေ့နဲ့။ သူနဲ့ အတူတကွ အဖော်တွေ ပညာ လည်းပါ၊ သတိလည်းပါ၊ သမာဓိ လည်းပါ။ အကုန် မဂ္ဂင်တွေ ဒကာစိန် အကုန်ဆိုက်နေတာ (မှန်ပါ့)။
ဒါဖြင့် ဒကာ-ဒကာမတို့ ဝီရိယ စိုက်ရလေလေ၊ ခင်ဗျားတို့မှာ ကိလေသာရန်သူ အောင်ပွဲ ယူရတာ နိုင်ပွဲမှန်း သိလေလေ မှတ်လိုက်စမ်းပါ (မှန်ပါ့)။
ကိလေသာရန်သူကို နိုင်ပွဲရနေသော
ကိလေသာရန်သူ အောင်ပွဲယူရတာ နိုင်ပွဲ ရနေတာ (မှန်လှပါဘုရား) သူတို့ကို ဝင်ခွင့် ရသေးရဲ့လား (မရပါဘုရား) အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ-ဒကာမတွေမှာ ဝီရိယစိုက်ပြီး သကာလ နေတော့ တရားမရသေးဘူးလို့ ဒေါ်အုန်းခင်ကြီးတို့ က ဆိုလိမ့်မယ် (မှန်ပါ့)။
ဟေ့ ဝီရိယ စိုက်နေတာကိုက မဂ္ဂင် ဆိုက်နေတာလို့ မှတ်လိုက်ကြ (မှန်ပါ့) ကိုင်း မရီတို့က ဝီရိယ စိုက်တုန်းပါပဲ ဘုရား၊ ဘာမှ မမြင်သေးပါဘူး၊ အမလေး ဒကာ-ဒကာမတို့ ဖျင်းလိုက်တာ (မှန်လှပါဘုရား)။
ဝီရိယ စိုက်တုန်းပါပဲ၊ တပည့်တော်မှာဖြင့် ဘာလျှောက် ထားလို့ ဘာမှန်းတောင် မပြောတတ် အောင် ဖြစ်နေပါသေး တယ် အစရှိသဖြင့် ဒကာ-ဒကာမတို့ အဲဒီ ဝီရိယ စိုက်နေတာကိုက ဝီရိယ မဂ္ဂင်နှင့် တကွ ပညာ မဂ္ဂင်တွေပါ ရနေတာလို့ ဆုံးဖြတ်ချက်ချပါ (မှန်လှပါဘုရား)။
အချို့ဒကာ-ဒကာမတွေက ဘုန်းကြီးကို လျှောက်စ ရာလည်းမရှိ၊ ထားစရာလည်း မရှိနဲ့ ကိုယ်ဖြင့် ဝီရိယစိုက်ပြီး လုပ်နေတုန်း ရှိသေးတယ်၊ အဲဒါ မဂ်ရနေတာ၊ ဘာ ဝီရိယ စိုက်သတုံး။ ဖြစ်ပျက် ရှာနေတာက မဂ္ဂင်ပေါ့ဗျာ (မှန်ပါ့)။
ရှေ့နားက ဖြစ်ပျက်က ဒုက္ခသစ္စာ (မှန်ပါ့) ရှာပြီး အားထုတ်နေတာက (မဂ္ဂသစ္စာပါဘုရား) အဲဒါ မဂ်ရနေတဲ့ ဥစ္စာ ဒကာ-ဒကာမတွေက အားထုတ်တုန်း ရှိသေးတယ်၊ ဘာမှ မထင်သေးဘူးတဲ့ (မှန်ပါ့) အမလေး ဖျင်းလိုက်တဲ့ ဒကာ-ဒကာမတွေ၊ ရိပ်မိကြပလား (ရိပ်မိပါပြီဘုရား) ရိပ်မိကြပြီ။
မဂ်ရနေတာ မသိမှာစိုးတယ်
စောင်းများ ဟောတယ်လို့ အောက်မေ့ မနေကြနဲ့။ မဂ်ရနေတာ မသိဘဲနေမှာ စိုးရတယ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီဘုရား) သိပြီ သိပြီ၊ နေရာကျပြီ၊ ဒါ ဒကာ-ဒကာမ အရင်းတွေမို့ ပြောနေတာ။
ခင်ဗျားတို့ အားလုံး ဒကာ-ဒကာမတွေ ဒီအတိုင်းပဲ အားစိုက် နေတယ်လို့ ပြောရင်ဖြင့် ဝီရိယ ဟုတ်လား (မှန်လှပါ ဘုရား) ဝီရိယနဲ့ ဝေဒနာလေးတွေ ပေါ်ရာကို လျှောက်ပြီး လိုက်နေတယ် ဆိုကတည်းက ဒါ ဘာဖြစ်သလဲဆိုတာ ရိပ်မိ ကြပလား (ရိပ်မိပါပြီဘုရား)။ မဂ်ရနေတာ ဝီရိယမဂ္ဂင် ရနေတာ (မှန်လှပါ)။
အဲဒီတော့ ဝီရိယမဂ္ဂင် ဆိုတော့ သူဘယ်တော့မှ အဖော် မပါဘဲ သူတစ်ခုတည်းဖြစ်တာ ထုံးစံမရှိဘူး (မှန်လှပါ ဘုရား) သတိ ပါတယ်၊ သမာဓိ ပါတယ်၊ ပညာပါတယ် (မှန် ပါ့) အဲဒီကဲ့သို့ သတိ၊ သမာဓိ၊ ပညာ၊ ဝီရိယတို့ဟာ မရီ – တွဲလျက်ချည်းပဲ (မှန်ပါ့) တွဲလျက်ချည်း ဆိုတော့ အားစိုက် နေတဲ့ ဒကာ-ဒကာမတွေမှာ မဂ္ဂင် ဆိုက်နေတယ် ဆိုတာ ဆုံးဖြတ်ချက်ချ (မှန်လှပါဘုရား)။
အေး-ဒါဖြင့် ဒေါ်ခန့်ရေ တပည့်တော်ဖြင့် ရှာကို မတွေ့သေးပါဘူး။ အလုပ် စကာစ ဖြစ်နေတော့ လူမော သလောက် ခရီး မရောက်သေး ပါဘူးလို့ ဒေါ်ခန့်က လျှောက် ချင်သလား (မလျှောက်ချင်ပါ ဘုရား) မလျှောက်ချင်တော့ ဘူးလား ပင်ပန်း သလောက် ခရီး မရောက်ဘူးလို့ မဆိုပါနဲ့။ ခရီးရောက်နေတာက ဝမ်းထဲမှာ ရောက်နေတာ ပြည့်စုံနေပါ ပြီ (မှန်လှပါဘုရား) မတူ သဘောကျရဲ့ လား (ကျပါပြီဘုရား)။
ဝမ်းထဲမှာ ပြည့်စုံနေပါပြီ
ခရီးရောက်နေတာက ဘာတုံးဗျ (ဝမ်းထဲမှာရောက် နေတာပါဘုရား) ဝမ်းထဲမှာ ပြည့်စုံ နေပါပြီတဲ့ ဒကာဒကာမတို့ ဝမ်းထဲမှာ ပြည့်စုံနေတယ်ဆိုတာက အားစိုက်တာ လဲ ဝီရိယ၊ သတိထား တာလဲ သတိမဂ္ဂင်၊ အားစိုက်တာက ဝီရိယမဂ္ဂင် (မှန်ပါ့)။
အဲဒီတော့ သတိတို့ ဝီရိယတို့ သမာဓိတို့ ပညာတို့ အကုန်ပါပြီး သကာလ နေသောကြောင့် သြော် ဒါ ဘာပါလိမ့်မတုံးဆိုတော့ မဂ္ဂင်ဆိုက်နေတာ (မှန်လှပါ ဘုရား) ဟာ ဘယ့်နှယ်ကြောင့် မဂ္ဂင် ဆိုက်နေတယ်လို့ ဘုန်းကြီးက ဟောရပါလိမ့်မလဲလို့ မေးဖို့ လိုတယ် (မှန်လှပါဘုရား)။
ထိုကဲ့သို့ မေးတဲ့ အခါကျလို့ရှိရင် မဂ္ဂင်ဆိုက်တယ် မဆိုက်တယ် ဘုန်းကြီး ရှင်းပြမယ်။ ဒီအချိန်မှာ လောဘ၊ ဒေါသ၊ မောဟ လာသေးသလား (မလာပါဘုရား) ဟ သူသတ်ထားတာပေါ့ဗျ (မှန်ပါ့) ဒါဖြင့် အားစိုက်ထားတာက သူသတ်ထားတဲ့ သဘောကော ထင်ရှားပါရဲ့ လား (ထင်ရှား ပါတယ်) အားစိုက်ထားတာက သူသတ်ထားတာ ကိလေသာ သေနေတယ်ဆိုကတည်းက ဒါ မဂ်မဟုတ် ဘာတုံး(မှန်လှပါ) ရိပ်မိပလား (ရိပ်မိပါပြီဘုရား)။
ကဲ အားငယ်ကြ သေးသလား (မငယ်ပါဘုရား) ဘုန်းကြီးနဲ့ တွေ့ရတာ ရက်ကလဲ တိုတို၊ အားထုတ်ရတာလဲ နည်းနည်းလေး ရှိသေးတယ် ဘာမှ မတွေ့သေးဘူးလို့ အောက်မေ့ပြီး မနေနဲ့ဦး မရီရ။ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား) မတူကော အောက်မေ့ သေးသလား (မအောက်မေ့ ပါ ဘုရား)။
ဘယ့်နှယ် မအောက်မေ့တုံး။ အားထုတ်တယ် ဆိုကတည်းက မတွေ့ရဘူးလား (တွေ့ရပါတယ်ဘုရား) အေး အဲဒါကြောင့် ဒီ ဒကာ-ဒကာမတွေကို ဘာမှမလျှော့ လိုက်ပါနဲ့ ဆိုတာ ဒကာစိန် သတိပေးရတယ် (မှန်ပါ့)။
မဂ္ဂင်ဆိုက်နေတာ
ကိုင်း-ဒါဖြင့် အားစိုက် နေတာပင်လျှင် ဒေါ်အုန်းခင် ဘာခေါ်ပါလိမ့်မလဲ (မဂ္ဂင် ဆိုက်နေတာပါ ဘုရား) မဂ္ဂင်ဆိုက် နေတာ (မှန်ပါ့) သတိထား တာသည် ပင်လျှင် (မဂ္ဂင် ဆိုက်နေတာပါ ဘုရား) အေး သတိထားတာသည်ပင် မဂ္ဂင် ဆိုက်နေတယ်။ သမာဓိ ထားတာသည် ပင်လျှင် မဂ္ဂင်ဆိုက် နေတယ်၊ ပညာလေးနဲ့ ဝေဒနာလိုက်နေတာက (မဂ္ဂင်ဆိုက် နေတာပါဘုရား)။
မဂ္ဂင်ဆိုက်နေတော့ သြော် ဒါ-ဘာပါလိမ့် မတုံးလို့ မေးတဲ့အခါကျတော့ အင်း-ဝေဒနာပေါ်၌ လိုက်ပြီး မဂ္ဂင်နဲ့ ရှု နေတာကိုး ဆိုတာ မပေါ်လာ သေးဘူးလား (ပေါ်လာပါတယ် ဘုရား)။
အဲဒီတော့ မဂ် မဟုတ်တယ်၊ ဟုတ်တယ် ဒကာဒကာမတွေ စဉ်းစားတော့ ဒီလို ရှာဖွေနေရတုန်းကို ကဲ မခြုံတို့ပဲ တွေးပါတော့ လောဘ၊ ဒေါသ၊ မောဟ လာသေး သလား (မလာပါ ဘုရား) ဘယ်သူ သတ်ထားတာတုံး (မဂ် က သတ်ထားတာပါ)။
ခရီးပေါက်နေတာ၊ ပေါက်တယ်လို့ မသိဘူး
အဲဒီတော့ ကိုယ်ခရီးပေါက် နေတာတောင်မှ ပေါက် တယ်လို့ မသိသေးဘူး ဆိုရင် ဒီလူ အတွက် ခက်သေး တယ်လို့ မဆိုနိုင်ဘူးလားဗျာ (ဆိုနိုင်ပါတယ်ဘုရား) ဆို ရမှာ မရီရ ကိုယ်ခရီး ပေါက်နေတာမှ ပေါက်တယ်လို့ မသိ သေးလို့ ရှိရင်ဖြင့် ဒေါ်အုန်းခင် ခက်သေးတယ်လို့ မဆိုထိုက် ဘူးလား (ဆိုထိုက်ပါတယ် ဘုရား)။
အဲဒါကြောင့် ခင်ဗျားတို့ အသက်တစ်ရာ နေရငြား သော်လည်း ဒီဝေဒနာလေးတွေ လိုက်ပြီး သကာလ ဟောဒါ သုခပါပြီ၊ ဟောဒါ ဒုက္ခပါပြီ၊ ဟောဒါလေးကဖြင့် ခုနက ဒီနေရာမှာ ယားတယ်၊ မရှိတော့ဘူး။
အင်း အခု မရှိတော့ဘူးဆိုတဲ့ ဥစ္စာ ခင်ဗျားတို့က ပါဠိလို အနိစ္စ ရွတ်မှ အနိစ္စ မှတ်နေတာ၊ အခုပျောက်သွား တယ်ဆိုတာ အဲဒါအနိစ္စကို မြင်လိုက်တာ (မှန်ပါ့) တပည့်တော်ဖြင့် နဖူးက ယားတယ် ယားတာ ကလေး ရှုလိုက်တော့ ပျောက်ထွက် သွားတယ် ဘုရား၊ သြော် ဒီဒကာ-ဒကာမတွေ ဟန်ကျပြီကော။
ပျောက်သွား တာလေးက အနိစ္စ၊ ပျောက်မှန်း သိတာလေး က မဂ္ဂ (မှန်ပါ့) ဟော-ဘယ်လောက် အဖိုးတန်သလဲ (တန်ပါတယ်ဘုရား) ဟို မမကြီးက သဘောကျရဲ့လား (ကျပါတယ် ဘုရား) ပျောက်မှန်း သိတာက ဘာတုံး မဂ္ဂ မဟုတ်လား (မှန်ပါ့) ပျောက်သွားတာက ဘာတုံး (အနိစ္စပါ ဘုရား)။
ပျောက်သွားတာက အနိစ္စ၊ ပျောက်မှန်း သိတာက (မဂ္ဂ)၊ ဟော ကိုယ့်ဉာဏ်လေးနဲ့ သိလို့ အဲဒီ ဉာဏ်လေးက မဂ္ဂပါ (မှန်ပါ့)။
ဝီရိယ မစိုက်တဲ့ ပုဂ္ဂိုလ်တော့ ခြင်ကြီး လက်မလောက် ကိုက်နေတာတောင်မှ ဟိုမှာ လောဘ အလုပ်နဲ့ အလုပ်လုပ် နေလို့ရှိရင် မသိဘူး၊ ပြီးမှသာ ဖျောက်ယူရတယ်။
အခု ဝီရိယစိုက်တဲ့ ပုဂ္ဂိုလ်တွေ ကျတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ယားတာ ယားမှန်းသိ (သိပါတယ်ဘုရား) အင်း ဒါလေးက ယားတာ ယားမှန်း သိတော့ အဲဒီနေရာ လေး ရှုလိုက်ကြဆိုတော့ ဘာဖြစ်သွားတုံး (မရှိပါဘုရား)။
မြန်မာလို အနိစ္စပြောတာ
အဲဒီ မရှိဘူးလို့ ပြောတာကိုက ခင်ဗျားတို့ အင်မတန် ကောင်းတယ်။ ဘယ်လို ကောင်းသလဲ ဆိုတော့ မရှိဘူးလို့ ပြောတာသည် ပင်လျှင် ရှိရာက မရှိဘူးလို့ ပြောတာ (မှန်ပါ့)။
နဂိုက ဒီနေရာလေး ယားနေတယ်၊ နောက်ရှုလိုက်တဲ့ အခါကျတော့ ရှိသေးရဲ့လား (မရှိတော့ပါ ဘုရား)၊ အဲဒီတော့ မရှိဘူးလို့ ပြောတာသည် မြန်မာလို အနိစ္စပြောတာ (မှန်ပါ့)။ မရှိတာက အနိစ္စ၊ သိတာက မဂ္ဂ။ ဟော ဘယ်လောက် အဖိုးတန်ပြီလဲ (တန်ပါတယ်ဘုရား)၊ ဒါ မဂ်ရဖို့ ဝေးသလား (မဝေးပါဘုရား)၊ မဝေးပါဘူး ဒကာ ဒကာမတို့ရ။
ဒီဆရာနဲ့တွေ့ရင် ခရီးပေါက်ရမယ်
ဘာမှ လုံ့လဝီရိယမလျှော့ပါနဲ့ (မှန်ပါ့)၊ ဒီဆရာ သမားနဲ့တွေ့တယ်ဆို အရုဏ်တက်ရင် နေထွက် ရမယ်လို့ ပြောနေပေါ့ဗျာ (မှန်လှပါ)၊ ခင်ဗျားတို့ သံသယကို မရှိဘဲနဲ့ (မှန်ပါ့) ဒါသာ ဖိလုပ်၊ အင်း ဒီအလုပ်နဲ့ တို့နဲ့ဖြင့် ဒီဆရာ နဲ့ ဒီသမားဖြင့် ဒီဥစ္စာတို့ ခရီးပေါက်ဖို့ အပါယ်လေးပါး တံခါး ပိတ်ဖို့ အရေး သံသရာကြီး အိုဘေး နာဘေး သေဘေး တွေနဲ့ အဆက် ပြတ် ဖို့ အရေးဟာဖြင့် ဒါပဲ ရှိတယ်ဆို တာ ဒေါ်အုန်းခင် ဆုံးဖြတ်ချက်ချပါ (မှန်လှပါဘုရား) ဆုံးဖြတ် ချက်ချပါ။
အသေအချာရ ရမယ်
အေး-မမကြီးတို့လည်း ဆုံးဖြတ်ချက်ချ (မှန်ပါ့) ဘာမှ မလျှော့ကြနဲ့။ ဘာမှ မလျှော့ကြနဲ့။ မရီတို့ကော ဆုံးဖြတ်ချက် ချပြီလား (မှန်ပါ့) ချပါ အသေအချာ ရ ရမယ်။
ကိုင်း ဒကာ-ဒကာမတို့ ဒီသတိပဋ္ဌာန်ကို (၇)ရက် (၁၄)ရက် အစရှိသည်နှင့် အားထုတ်လိုက်လို့ ရှိရင်ဖြင့် သောတာပန် သကဒါဂါမ် အနာဂါမ် ရဟန္တာ ကျအောင် ဖြစ်နိုင်ပါတယ်ကွလို့ ဘုန်းကြီး ကလည်း ဟောတယ်၊ ဘုရား ကလဲ ဟောတယ် အဲဒါ အားငယ်စရာ ရှိရဲ့လား (မရှိပါဘူး ဘုရား)။
သောတာပန်ဖြစ်တော့ ဘယ်လိုနေလဲ
အဲဒီတော့ သောတာပန် သကဒါဂါမ်ဖြစ်တော့ တပည့်တော်တို့လိုပဲ နေအုံး မှာလား သူတို့။ ဖီးလိမ်း ပြုပြင်ပြီး သကာလ ဝိသာခါတို့များဗျာ (၇)နှစ်က သောတာပန် တည် တယ် ဟုတ်လား (မှန်ပါ့) သား (၁၀) ယောက်၊ သမီး(၁၀) ယောက် မွေးဖွားတယ် ဟုတ်လား (မှန်ပါ့) မြေး (၄၀) မြစ် (၄၀)ရှိတယ်။ ရှိတာပဲတဲ့ ဒါကိစ္စမရှိပါဘူးတဲ့။
အပါယ်မကျတာနဲ့ ခင်ဗျားတို့ လားရာဂတိ မမှားတာ ကိုဘဲ သောတာပတ္တိမဂ်က လုပ်တာပါ။ ဒီငါးပါးအာရုံ ကာမဂုဏ် ခံစားမှုကို ဆိုတာ မဟုတ်ပါတဲ့ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီဘုရား)။
ဝိသာခါကျောင်းအမကြီး
ဝိသာခါ (၇)နှစ်က သောတာပန်တည်တယ်။ (၁၆) နှစ်မှာ ပုဏ္ဏနဲ့ အိမ်ထောင်ကျတယ် (မှန်ပါ့)။ အဲဒါ မထင်ရှား ဘူးလား ကိုင်း (ထင်ရှားပါတယ်ဘုရား) ထင်ရှားပါတယ်တဲ့။
ဒါကြောင့် ဒါတွေနဲ့လဲ အတွေးခေါင်ပြီး တို့ဘာမှ မထူးခြားသေးဘူးလို့ မအောက်မေ့နဲ့ (မှန်ပါ့) ဖျတ်ခနဲ တစ်ကြိမ်တည်း မဂ်ပေါ်လိုက်တယ် ဆိုရင် အပါယ် မီးတွေက အကုန်ငြိမ်းပြီး သကာလ ခင်ဗျားတို့ သန္တာန်မှာလဲ လောဘ လေးပုံတစ်ပုံ သိမ်းသွားတယ် ဆိုတာ သူ့ထူးခြားချက်ပဲ (မှန်လှပါ ဘုရား) တခြား ဘာမှမရှိဘူး (မှန်ပါ့ဘုရား)။
ကဲဒါဖြင့် ဒကာ-ဒကာမတို့ ဝေဒနာတွေ ပေါ်တိုင်း မျက်လုံးမှာ ဘာဝေဒနာပေါ်တယ် (ဥပေက္ခာ ဝေဒနာပေါ်ပါ တယ်ဘုရား) အေး မြင်တယ်ဆိုလို့ရှိရင် ဒကာ-ဒကာမတို့ မြင်တာပဲရှိတယ်။ မြင်လို့ လိုချင်တယ်ဆိုတာ ဝမ်းထဲက မြင် လို့။ မုန်းတယ် ဆိုတာ (ဝမ်းထဲကပါ ဘုရား) ဝမ်းထဲကပေါ့ဗျာ၊ အဲဒီတော့ မြင်တာ မြင်ရုံပဲဆိုတာ သဘောကျပလား (ကျပါပြီ ဘုရား)။
ဒါဖြင့် မြင်တာ မြင်ရုံပဲဆိုတော့ ဘာဝေဒနာတုံး (ဥပေက္ခာ ဝေဒနာပါ ဘုရား) ဒါကြောင့် မြင်ရုံလေးမို့ ဥပေက္ခာ ဝေဒနာလို့ ဆိုထိုက်ပါတယ် (မှန်ပါ့ဘုရား)။
ဘုရားသခင် ကိုယ်တော်မြတ်ကြီး ကလည်း “ဥပေက္ခာ သဟဂတံ စက္ခုဝိညာဏံ” လို့ဆိုသော ကြောင့် ဥပေက္ခာ စက္ခု ဝိညာဏ်ဟေ့။ မြင်တာလေးက ဥပေက္ခာလို့ မှတ်လိုက်ပါ ဆိုတော့ မြင်တာ လေးကို ဒကာ ဒကာမတွေက လွဲမှာတော့ ဘုန်းကြီး စိုးရိမ်တယ်နော်။
မြင်စိတ်ကလေးကို ဖြစ်ပျက်
မြင်တာလေးဟာ ဒကာ-ဒကာမတို့ တိုင်ကိုမြင် တယ်။ ဖြူတာ ကြောင်တာ ကြားတာကို မြင်တယ် ဆိုတော့ တိုင်ကို မရှုနဲ့ (မှန်ပါ့) ခင်ဗျားတို့ မြင်တဲ့ မြင်စိတ် ကလေးကိုသာ ဖြစ်ပျက်ရှု (မှန်ပါ့) သဘောကျ ပလား (ကျပါပြီ)။
တိုင်ရှုရမှာလား။ ကိုယ့်မျက်လုံးထဲ ဉာဏ်နဲ့မှန်း ရှုရ မှာလား (ကိုယ့်မျက်လုံးထဲ ဉာဏ်နဲ့မှန်း ရှုရမှာပါဘုရား) အဲဒီ အရှုကလေးကိုသာ ဒီနေရာမှာ တည့်ပါစေ (မှန်ပါ့)။
သြော် မျက်လုံးထဲက မြင်ပြီး မျက်လုံးထဲမှာ ပျက်တာပဲ။ ဟုတ်ဘူးလားဗျာ (မှန်ပါ့) မယုံလို့ရှိရင် ခင်ဗျားတို့ တိုင်တစ်လုံးကို ဆေးက အဖြူ၊ အနီ၊ အဝါ၊ အစိမ်း လေးဘက်လှည့် သုတ်ပါ။ လှည့်ကြည့်ပါတဲ့။ အဖြူမြင်ပြီးမှ အနီမြင်မှာပဲ၊ အနီမြင်ပြီးမှ အဝါမြင်မှာပဲ၊ အဝါမြင်ပြီးမှ အစိမ်း မြင်မှာပဲ။ အဲဒီတော့ မပျက်ဘူးလား၊ ပျက်သလား (ပျက်ပါတယ်ဘုရား)။
ဖြူ၊ နီ၊ ဝါ၊ စိမ်း
ကဲ ဒါဖြင့် အဖြူမြင်တာ ပျက်ပြီးမှ အနီမြင်တဲ့စိတ် တစ်ခုပေါ်မယ်။ မျက်လုံးစိတ် တစ်ခုပေါ်တယ်။ ပြီးတော့ အဝါမြင်တဲ့ မျက်လုံး စိတ် တစ်ခုပေါ်မယ်။ ပြီးတော့မှ အစိမ်း မြင်တဲ့ မျက်လုံးစိတ်တစ်ခု ပေါ်မယ်ဆိုတော့ ဒါသည် သူ့ဟာသူ နို့မို့လို့ရှိရင် အတွင်း မျက်လုံးစိတ်က မချုပ်လို့ရှိရင် အဖြူမြင်တာက အဖြူပဲမြင်တယ်၊ အနီကို သွားလို့မရဘူး (မှန်လှပါဘုရား)။
အခုတော့ သူချုပ်သွားလို့ ဟိုဘက်လှည့်လိုက်တဲ့ အခါ အနီ မြင်တာလေး ပေါ်လာတယ်၊ အဝါ မြင်တာလေး ပေါ်လာတယ် ဆိုတော့ သြော် – မြင်စိတ်ကလေး ခဏ ခဏ ပျက်နေပါပေါ့လား ဆိုတာ ဉာဏ် မရောက်ဘူးလား (ရောက် ပါတယ်ဘုရား)။
အေး ဒါကြောင့် မြင်စိတ် ပျက်တာကို ထင်ရှား သလောက် ထင်ရှားအောင် ဒေါ်အုန်းခင် ပြောနေတယ် (မှန်လှပါဘုရား) မခြုံတို့ ကျေနပ်ပလား (ကျေနပ်ပါတယ် ဘုရား)။
ဝင်းထရံတိုင်မှာ ဂဏန်းရေးထားပါ
မယုံလို့ရှိရင် မရီတို့က ဝင်းထရံ တိုင်တွေကို တစ်၊ နှစ်၊ သုံး၊ လေး၊ ငါး— တစ်ဆယ်ကျအောင် ဂဏန်းတွေ ရေးထား၊ မရီ ရေးထားလိုက်နော်။ ကဲ— မရီက တစ်နံပါတ် ကြည့်လိုက်တော့ တစ် မမြင်ဘူးလား (မြင်ပါတယ်ဘုရား) ကဲ— နှစ်နံပါတ် ကြည့်လိုက်တော့ (နှစ်မြင်ပါတယ်ဘုရား) အဲ နှစ်မြင်တဲ့ အခါ တစ်မြင်တာလေး ရှိသေးရဲ့ လား (မရှိတော့ပါ ဘုရား)။
သူသာ ရှိနေမယ်ဆိုရင် နှစ်ကို မမြင်နိုင်ဘူးဗျာ (မှန် လှပါဘုရား) အဲဒါကြောင့် တစ်မြင် တစ်ချုပ်ပြီးမှ နှစ်မြင် တာပေါ်တယ် (မှန်ပါ့) နှစ်မြင်တာ ချုပ်ပြီးမှ သုံးမြင်တာပေါ် ပြန်တယ် (မှန်ပါ့) သုံးမြင်တာ ချုပ်ပြီးမှ လေးမြင်တာပေါ် ပြန်တယ် (မှန်ပါ့)။
အင်း—ဒါလေးတွေကလည်း တစ်ခါတည်း ဖြစ်ပျက် ဖြစ်ပျက်နဲ့နေတာကိုး ဆိုတာ အဲဒီတွင် ဝင်းထရံတိုင် ကြည့်တဲ့ ဥစ္စာ ခင်ဗျားတို့ မျက်လုံးမှာချည့် ပျက်တာပဲ (မှန်လှပါဘုရား) ကဲ ရှုပ်ကြသေးရဲ့ လား (မရှုပ်တော့ပါဘူးဘုရား)။
အဲဒါကြောင့် မြင်တဲ့ ဥပေက္ခာ လေးတွေကို ရှုချင်ရှုပါ။ ဒါလေးတွေ မြင်တိုင်း မြင်တိုင်းရှု၊ ကြားတိုင်း ကြားတိုင်း (ရှူရ မှာဘုရား) အဲဒါကြောင့် ဘုန်းကြီးက ပြောပါတယ် ဒကာ ဒကာမတွေကို ခင်ဗျားတို့ကတော့ ဘာမှ မသိဘူး။ ဒီကနေပြီး သကာလ ခင်ဗျားတို့ သန္တာန်မှာ နဂိုက နားထဲမှာ ကြားစိတ် ရှိ မရှိ (မှန်ပါ့) ခေါက်ပြမယ်နော်။
ထွေးခံနဲ့ ကွမ်းညှပ်နဲ့ ခေါက်မယ်
ဒကာ-ဒကာမတွေ သန္တာန်မှာ အခု ထွေးခံနဲ့ ကွမ်း ညှပ်နဲ့ ခေါက်မယ် (မှန်ပါ) အသံဟာ ခပ်စူးစူး ကြားလိမ့်မယ် (မှန်ပါ့) အခု ကြားနေပလား မေးရင် ဘယ့်နှယ်တုံး (မကြား သေးပါဘုရား) မကြားသေးပါဘူး။ အခုဒါဖြင့် မကြားတာ လေးဘဲ ရှိတယ်နော် (မှန်ပါ့)။
ကြည့်-ဒီက ခေါက်သံ ကြားလိုက်လို့ရှိရင် ခင်ဗျားတို့ ကြားတယ်ဆိုတာ အခုမှ အသစ် ပေါ်လာ လိမ့်မယ် (မှန်ပါ့ ၊ ဘုရား) အေး-အခုမှ အသစ် ပေါ်လာ လိမ့်မယ်တဲ့။ ကိုင်းဒကာ ဒကာမတွေ ခေါက်လိုက်မယ် (မှန်ပါ့ဘုရား) “ဒေါင်”။
ကြားတယ်မဟုတ်လား(ကြားပါတယ်ဘုရား)။
အဲဒါ ခုနင်က ကြားတာလား အခုမှ ပေါ်လာတာ လား (အခုမှ ပေါ်လာတာပါ ဘုရား) အဲ နားထဲ အခုမှ အသစ် ပေါ်လာတာပေါ့ဗျာ (မှန်ပါ့) နားထဲ အခုမှအသစ်ပေါ် တယ်။
ကြားတဲ့စိတ်ကပျက်
အခု ဒီက အသံလည်း မရှိတော့ဘူး၊ ကြားသေးရဲ့ လား (မကြားတော့ပါဘုရား) မကြား တော့ဘူး။ အင်း-ဒါဖြင့် ကြားပြီး ပျက်သွားတာပဲကိုး (မှန်ပါ့ဘုရား) ကြားတဲ့စိတ်က ကြားပြီး ပျက်တာပဲ။
နောက်တစ်ခါ ခေါက်ပြန်တော့ “ဒေါင်” ကြားပြန် တယ်လို့လာ ပြန်တယ်။ ကြားပြန်တော့ အခု ရှိသေးသလား (မရှိတော့ပါဘုရား) ဒါဖြင့် ဒကာ-ဒကာမတို့ သန္တာန်မှာ သြော် အခုပေါ်တဲ့ဧည့်သည်၊ အခုသေတဲ့ ဧည့်သည်လို့ မဆို ထိုက်ဘူးလား (ဆိုထိုက်ပါတယ်ဘုရား)။
ဒါဖြင့် ဧည့်သည်ဖြစ် ဧည့်သည်ပျက်ပေါ့ဗျာ (မှန်ပါ့) ဒါဖြင့် ခင်ဗျားတို့ သန္တာန်မှာရှိတဲ့ ဘယ်စိတ်မဆို ဒေါ်အုန်းခင် ကြီးက ဒီအတိုင်းမှတ်လိုက် (မှန်လှပါဘုရား) အခုပေါ် အခု ပျက်ချည်းပဲ (မှန်လှပါ)။
အဲဒီတော့ ခင်ဗျားတို့သည် ဒီအပျက်တွေချည်း စုနေ တဲ့ ဒကာ-ဒကာမတွေ ဖြစ်သောကြောင့် ဒီခန္ဓာကိုယ်ကြီးဟာ မျက်လုံးကလည်း မြင်ပြီးပျက်၊ နားကလည်း ကြားပြီးပျက် (မှန်ပါ့) နှာခေါင်း ကလည်း နမ်းရှုပ်ပြီးပျက်၊ လျှာကလည်း စားပြီး ပျက်၊ ကိုယ်ကလည်း ယားယံပြီး ပျက်၊ ကောင်းပြီး တစ်ခါပျက်၊ ဝမ်းထဲကလည်း ကြံပြီး ပျက်၊ ဆွေးပြီး ပျက်။ အလတ်စား ဖြစ်ပြီး သကာလပျက် (မှန်ပါ့ ပျက်ပါတယ် ဘုရား)။
အဲဒီလို အပျက်တွေချည်း သိသိနေတော့ ဒကာဒကာမတို့ ကိုယ့်စိတ်ကိုယ် အားကိုးစရာများ ပါရဲ့လား (မပါ ပါဘုရား)။ အားကိုးချင်လည်း ခင်ဗျားတို့ အပျက်တွေချည်း အားကိုးစရာ ရောက်မယ် (မှန်ပါ့ဘုရား) ဒကာစိန် ရိပ်မိပလား (ရိပ်မိပါပြီဘုရား)။
ဘယ်စိတ်မြဲသတုံး
ဒါဖြင့် ဒကာ-ဒကာမတို့ ခင်ဗျားတို့ ခန္ဓာထဲမှာ ဘယ် စိတ် မြဲသတုံး (ဘယ်စိတ်မှ မမြဲပါဘုရား)။
အဲဒီတော့ ဘယ်စိတ်မှ မမြဲဘူး ဆိုတော့ သြော် တို့ သန္တာန်စိတ်ဆိုတာ နာမ်တွေ။ နာမ်ဟူသရွေ့ မမြဲပါလားဆိုတာ မပေါ်လာ သေးဘူးလား (ပေါ်လာပါတယ် ဘုရား) ကိုင်း ဒကာ-ဒကာမတွေ အခု ခေါက်မယ်တဲ့။ မကြားသေးပါဘူး (မှန်လှပါဘုရား)။
အခုခေါက်လိုက်ပြီ “ဒေါင်”။ ကြားပြီလား (ကြားပါ တယ်ဘုရား) ရှိသေးသလား (မရှိတော့ပါ ဘုရား)။
သြော် ဒါဖြင့် နားထဲ အခုပေါ် အခုပျက် (မှန်ပါ့) နားထဲ အခုပေါ် အခုပျက်တာကို သဘော ကျပလား (ကျပါပြီ ဘုရား) ကြားတဲ့စိတ် ကလေးက အခုမှလည်း ပေါ်တာနော်။ ကြားပြီးတော့လည်း ဘာဖြစ်သွားတုံး (ပျက်သွားပါတယ် ဘုရား)။
အင်း ဒါဖြင့် ဒကာ-ဒကာမတို့ ခင်ဗျားတို့ သန္တာန်မှာ မြင်တာလည်း ဒီအတိုင်းနေမှာပဲ (မှန်လှပါ) နံတာကော၊ စား တာကော (ဒီအတိုင်းပါပဲ ဘုရား) ယားတာကော (ဒီအတိုင်း ပါဘုရား)။
သြော် -ကျုပ်ဖြင့် ယားသက် ရှည်လိုက်တာလို့ မဆို ကြပါနဲ့တဲ့။ ယားပြီး သူလည်း ခဏခဏ ပျက်နေတာပဲ။ ခင်ဗျားတို့က မဖြတ်လို့ ဖြစ်နေတာပါ (မှန်ပါ့ဘုရား)။
အပျက်ချည်းပဲ
အဲဒီတော့ တော်ကြာ လောဘဖြစ်လိုက်၊ တော်ကြာ ဒေါသဖြစ်လိုက်၊ တော်ကြာ မောဟ ဖြစ်လိုက်။ ဒါတွေကော ဒကာ ဒကာမတွေ မြဲရဲ့ လား (မမြဲပါဘုရား)။ မမြဲတော့ သြော်- အပျက် ချည်း ပါပဲလား (မှန်ပါ့ဘုရား) အပျက်ချည်းပါ ပဲလားဆိုတာ သဘောကျပလား (ကျပါပြီဘုရား)။
ကိုင်း—အခု ခင်ဗျားတို့ ထိုင်နေကြတယ်၊ လူတွေက ခပ်တိုးတိုး ထိုင်ရမယ် (မှန်လှပါဘုရား) ဆိုတော့ ကျဉ်းကျဉ်း ကြပ်ကြပ် နေရတယ်၊ ထိုင်ရတယ် ဆိုသဖြင့် ခင်ဗျားတို့ ဒီ အောက်က ပူတယ်၊ ပူတယ် ဆိုတာ မှတ်လိုက်စမ်းပါ။ ဒကာဒကာမတို့ ဒုက္ခဝေဒနာ အသားပေါ်မှာ (မှန်လှပါဘုရား)။
အဲဒီ ဒုက္ခဝေဒနာ ဒကာ-ဒကာမတွေ မသိဘူး။ အပူ လေးက မစဘဲနဲ့ အပူလတ် ရောက်ပါ့ မလား (မရောက်ပါ ဘုရား) အပူလတ်ကိုမရောက်ဘဲန် အပူမခံနိုင်ဘူးဆိုတာ ဖြစ်နိုင်ပါ့မလား (မဖြစ်နိုင်ပါ ဘုရား)။
သြော် -အပူလေးလည်း ဖြစ်ပျက်တာပဲ (မှန်ပါ့) ဟော နည်းနည်းလေး ပိုပူလာပြီ အင်း—သူက ပိုပူ လာတာ ပေါ်လာလို့ ပိုဖိလို့ ပိုပူတာ (မှန်ပါ့) သူကလည်း ဖြစ်ပျက် တစ်မျိုးပါလား။ အခုတော့ ခင်ဗျားတို့က အပူကြီး ကျတော့မှ သိကြတယ် ဆိုကတည်းက အပူလေးတွေ ဖြစ်ပျက်သိသေး ရဲ့လား (မသိပါ ဘုရား)။
အဲဒါ သတိပဋ္ဌာန် လက်လွတ်သွားတာ (မှန်ပါ့ ဘုရား) သတိပဋ္ဌာန် လွတ်သွားတယ်နော် မတူ။ ဘာလွတ် သွားတာတုံး (သတိပဋ္ဌာန် လွတ်သွားတာပါဘုရား) အေး သတိပဋ္ဌာန် လွတ်သွားတာ။ ဒါကြောင့် ဘုန်းကြီးတို့ ဒကာဒကာမတွေက သတိပဋ္ဌာန် လွတ်ပြီဆိုမှဖြင့် ခင်ဗျားတို့သည် အင်မတန်မှ အဖိုးမတန်တဲ့ လူတွေထဲ ရောက်သွားတာ (မှန်ပါ့) ဖြစ်စ မသိဘဲကိုး (မှန်လှပါဘုရား)။
လိုရင်းတော့ ခြေကျဉ် လာတယ် ဆိုကတည်းက ဒကာ- ဒကာမတို့ ကျဉ်စလေး မစဘဲနဲ့ ကျဉ်ကြီး ရောက် မလား (မရောက်ပါဘုရား) သို့သော် ခင်ဗျားတို့ သတိပဋ္ဌာန် လွတ်နေတော့ မရီတို့က အစ မသိဘဲ ဖြစ်နေတာ (မှန်ပါ့) ဟုတ်လား။
အစမသိဘဲ ဖြစ်နေတော့ တစ်ခါတည်းကို လွန်မှ သိတဲ့အခါကျတော့ တို့ဒကာ-ဒကာမတွေ ဖျင်းလိုက် တာ၊ ဒါအစကတည်းက အစက အလယ်။ အလယ်ကမှ မနေနိုင်တဲ့အဆုံး ဒီကို ရောက်တဲ့ ဥစ္စာကို အစက သတိမထား မိတော့ သြော် -သူတို့ကတော့ တိရစ္ဆာန်လို ဖြစ်နေပါပေါ့လား (မှန်လှပါဘုရား)။
သတိလက်လွတ်တယ်
သတိက တယ်လွတ်တာကိုး (မှန်လှပါဘုရား) လိုရင်း တော့ ပူစကလေးက ကျဉ်စလေးကမှ မစဘဲနဲ့ ကျဉ်လယ် ရောက်နိုင်ပါ့မလား (မရောက်နိုင်ပါ ဘုရား) ကျဉ်ကြီးကို လည်း ရောက်နိုင်ပါ့မလား (မရောက်နိုင်ပါ ဘုရား)။
အဲဒီမှာ ခင်ဗျားတို့ ကျဉ်ကြီးမှ အမလေးကျမှ ဘာ ဖြစ်တယ် မသိဘူး၊ ကျွန်တော် ဘာဖြစ်တယ် မသိဘူး၊ မရွှေ့ နိုင်တော့ဘူး အစရှိသဖြင့် အကြီးဆုံးကျမှ သိတော့ ဟို အငယ်လေးတွေလည်း မသိခဲ့၊ အဆင့်အဆင့် ပျက်လာတာကော (မသိပါ)။ ဒါဖြင့် ခင်ဗျားတို့က သတိပဋ္ဌာန်က လက်လွတ်တယ် (မှန်ပါ့ဘုရား)။
အဲဒါကြောင့် ဒကာ-ဒကာမတို့ ခင်ဗျားတို့ သတိ ပဋ္ဌာန်လက် လွတ်ပြီး သကာလ နေတော့ ဟိုခုနင်က အပျက် ကလေးတွေကို တွေ့သေးရဲ့ လား (မတွေ့ပါဘုရား) ဘာဖြစ်လို့ မတွေ့သတုံး ဆိုတော့ သတိပညာ လက်လွတ်နေလို့ – (မှန်လှပါဘုရား) သဘောကျပလား (ကျပါပြီဘုရား)။
သတိရော ပညာရော လွတ်တယ်
ဒေါ်အုန်းခင် ဘာလွတ်နေလို့လည်း (သတိ ပညာ လက်လွတ်နေလို့ပါဘုရား) သတိရော၊ ပညာရော လွတ်တယ် လို့ ဆိုလို့ရှိရင် ဒကာ-ဒကာမတွေ ဒါဖြင့် မသိလို့ လွတ်တာ ပဲ (မှန်လှပါ)။
မသိတာက အဝိဇ္ဇာ၊ သြော် အဝိဇ္ဇာနဲ့ နေလို့ ဒါ လက်လွတ်သွားတာ (မှန်လှပါ မရီ ဘာနဲ့ နေလို့လဲ (အဝိဇ္ဇာ နဲ့ နေလို့ဘုရား) ဒါဖြင့် အဝိဇ္ဇာနဲ့ နေလို့ရှိရင် ဘုန်းကြီးတို့ ဒကာ-ဒကာမတွေ ခက်ချည့်ရဲ့ (မှန်ပါ့) အဝိဇ္ဇာ ပစ္စယာ သင်္ခါရာ၊ သင်္ခါရ ပစ္စယာ ဝိညာဏံ။ ဇာတိ၊ ဇရာ၊ မရဏကျအောင် မသွားဘူးလား (သွားပါတယ်ဘုရား)။
သြော် -ဒို့ ဒကာ-ဒကာမတွေ ငါမှ မပေးလို့ ရှိရင်ဖြင့် သူတို့ မသိတာနဲ့ချည်း သွားတော့မှာ။ မသိတာနဲ့ သွားရင် အိုနာသေ အပါယ်ကျအောင် သွားတော့မှာ (မှန်ပါ့)
မသိတာက အဝိဇ္ဇာကိုဗျ။ (မှန်ပါ့) အဝိဇ္ဇာပစ္စယာက ဘာတဲ့ (သင်္ခါရာ ပါဘုရား) သင်္ခါရပစ္စယာ (ဝိညာဏံပါဘုရား) ကဲ သွားလိုက်ပါအုံး။ ကောင်းနိုင်သေးရဲ့ လား၊ ဟို ဘက် အကောင်း လာသေးရဲ့ လား (မလာပါ ဘုရား)။
သြော် ဒါဖြင့် တို့ဆရာ ဘုန်းကြီးက ဟေ့ သိအောင် လုပ်ဆိုတဲ့ အချက်ကလေးဟာ ကျဉ်စကလေးက စပြီး သကာလ နာစကလေး စပြီး သိအောင် လုပ်ဆိုတဲ့ ဥစ္စာ အနိစ္စ အသိခိုင်း နေတာ၊ ဖြစ်ပျက် ဒုက္ခသစ္စာ အသိခိုင်း နေတာ၊ တို့ ကလည်း သတိမထားဘူး ဆိုတော့ တို့သတိ မထားတာလေးက အပြောကောင်း သလောက် ခင်ဗျားတို့မှာ အရုပ်ဆိုးတယ် (မှန်ပါ့ဘုရား)။
အပြောကတော့ တို့ သတိမထားမိဘူးဆိုတော့ သတိမရှိတော့ မသိတာပေါ့ဗျာ၊ မသိတာ ဘာခေါ်ကြမယ် (အဝိဇ္ဇာပါဘုရား) ဟာ ဘုန်းကြီးတို့ ဒကာ-ဒကာမတွေ အပြောကောင်း သလောက် အဖြစ်ကတော့ မဆိုးဘူးလားဗျာ (ဆိုးပါတယ်)။
အဖြစ်က မရီ ဘာတဲ့တုံး (အဝိဇ္ဇာပါဘုရား) မသိ တာ ဘာခေါ်ကြမယ် (အဝိဇ္ဇာပါဘုရား) အဝိဇ္ဇာလာတော့ သင်္ခါရ၊ ဝိညာဏ်၊ နာမ်ရုပ်၊ အိုနာသေတွေ ရပ်သေးရဲ့လား (မရပ်ပါဘုရား)။
မသိတာနဲ့ခက်နေတာ
ဒါဖြင့် ဘုန်းကြီးတို့ ဒကာ-ဒကာမတွေ့၌တဲ့ မသိတာ နဲ့ဘဲ ခင်ဗျားတို့ ခက်နေတာ (မှန်လှပါ ဘုရား) ဒါဖြင့် ကျဉ်စ ရယ် တော်တော်ကြာ ကျဉ်တာလေး ကြီးလာ၊ တော်တော် ကြာတော့ မထနိုင်အောင် ကျဉ်လာ ဆိုတော့ မထနိုင်အောင် ကျဉ်လာ တာသည် ဘယ်က လာသလဲ မေးတော့ ကျဉ်စလေး မပါဘဲနဲ့ လာပါ့မလား (မလာပါဘုရား)။
အဲဒီ ကျဉ်စလေး ခင်ဗျားတို့ သိသေးရဲ့ လား (မသိ ပါဘုရား) မသိတာ ဘာခေါ်ကြမယ် (အဝိဇ္ဇာပါဘုရား)
ဪ ဒါဖြင့် ခင်ဗျားတို့ တိရစ္ဆာန်နေ နေတာပဲ (မှန်လှပါ) ကျဉ်စမှ မသိဘဲကိုး (မသိပါဘုရား) ဘယ်သူ ကျဉ်တာတုံး လို့ မေးတော့ မိမိ အသားပေါ်မှာ ကျဉ်တာ (မှန်ပါဘုရား)။
အဲဒါ မသိဘူးဆိုကတည်းက ဒကာ-ဒကာမတို့ ဘာဆိုကြမယ် (အဝိဇ္ဇာပါ ဘုရား) အဝိဇ္ဇာဖြစ်နေတယ်။ အဝိဇ္ဇာဖြစ်ပြီး သကာလ နေတာ အဝိဇ္ဇာတွင် ရပ်မြဲ ဓမ္မတာ ရှိရဲ့လား (မရှိပါဘုရား) အိုနာသေ ကျအောင် မသွားဘူးလား (သွားပါတယ်ဘုရား)။
အဲဒါတော့ ဘုန်းကြီးက မတားသင့် ဘူးလားဗျာ (တားသင့်ပါတယ် ဘုရား) ဒကာ-ဒကာမတို့ မသိတော့ အဖန် ဖန်အို၊ အဖန်ဖန်နာ၊ အဖန်ဖန် သေတဲ့ဘက် ပြေးပြီ အဝိဇ္ဇာက ကျေးဇူး ပြုလိုက်ပြီ မကောင်းတာတွေကို ရွက်ဆောင် လိုက်ပြီ ဆိုတော့ မရီကောင်းသေးရဲ့ လား (မကောင်းပါ ဘုရား)။
ဝိဇ္ဇာဖြစ်တယ်ဆိုတာ မဂ်ရတာ
ဒါဖြင့် ဒကာ-ဒကာမတွေ ဘုန်းကြီး စိုးရိမ်သလောက် တို့က အစကတည်းက ဖြစ်ပေါ်တိုင်း ဖြစ်ပေါ်တိုင်း တို့သိအောင် လုပ်မယ် ဆိုလို့ရှိရင်ဖြင့် ဒကာ-ဒကာမတွေ ဘယ်မှာ သာလျှင် အဝိဇ္ဇာကို လာသေးရဲ့ လား (မလာပါ ဘုရား) အဝိဇ္ဇာ မလာတော့ ဘာဖြစ်သတုံး (ဝိဇ္ဇာပါ ဘုရား) “ဝိဇ္ဇာ ဥဒပါဒိ” ဆိုတော့ ဝိဇ္ဇာ= ဝိဇ္ဇာသည်၊ ဥဒပါဒိ= ဖြစ်ပေါ်လာ၏ ဆိုတော့ ဝိဇ္ဇာ ဖြစ်တယ်ဆိုတာ မဂ်ရတာလို့ ဆုံးဖြတ် ချက်ချ (မှန်လှပါဘုရား)။
ဝိဇ္ဇာ ဥဒပါဒိ ဆိုတာ ဘာခေါ်တယ် (မဂ်ရတာကိုခေါ် ပါတယ် ဘုရား) မဂ်ရတာ ဆိုတာ သေချာ ပလား (သေချာပါပြီဘုရား) ဘုန်းကြီးတို့ ဒကာ- ဒကာမတွေ၌ သိအောင်လုပ် နေတဲ့ အရေးဟာ ဘယ်လောက် ကျေးဇူးများ သလဲဆိုတော့ သိတာလေးက မဂ္ဂင် သိတာက ဝိဇ္ဇာ၊ မသိတာက အဝိဇ္ဇာ (မှန်ပါ့) ဆိုတော့ မရီ ပြောင်းလိုက်တာ သဘောကျရဲ့ လား (ကျပါပြီဘုရား)။
မသိဘဲ နေတော့ ဘာတဲ့ (အဝိဇ္ဇာပါဘုရား) ဝေဒနာ လေး ပေါ်တယ် ဒုက္ခဝေဒနာ၊ ကျဉ်စ လေးက ဒုက္ခဝေဒနာ အငယ်။ ကျဉ်တယ်ဆိုတော့ ဝေဒနာ အလတ်။ အင်မတန် ကျဉ်လာတော့ ဒုက္ခဝေဒနာ အကြီးစား (မှန်ပါ့)။
အဲဒီတော့ အငယ်လေးကမှ ပျက်ပြီးတော့ အကြီး ရောက်ရတာ (မှန်ပါ့) အကြီးကမှ ဒီထက် မခံသာတဲ့ဆီ ရောက်ရတာ (မှန်ပါ့) ဒါကိုမှ ဒကာ-ဒကာမတွေက မသိဘူး အကြီးဆုံးကျမှပဲ သိရတော့ တယ် ဆိုတော့ နှစ်ခု ပျောက်နေ တယ် (မှန်လှပါဘုရား) နှစ်ခု သိသေးရဲ့လား (မသိပါဘုရား) မသိတာ ဘာခေါ်ကြမယ် (အဝိဇ္ဇာပါ ဘုရား)။
အို ဘုန်းကြီးတို့ ဒကာ-ဒကာမတွေ နာလိုက်တဲ့ဖြစ် ခြင်း (မှန်လှပါဘုရား) မရီ နာလိုက်တာ (မှန်ပါ့) အစက မသိခဲ့တာ နာလိုက်တာ (မှန်ပါ့) မနာဘူးလား (နာပါတယ်) မသိတာဘာ (အဝိဇ္ဇာပါ ဘုရား) ဟော အဝိဇ္ဇာလာတော့ အဝိဇ္ဇာ ပစ္စယာ သင်္ခါရာ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဇာတိ၊ ဇရာ မရဏကောင်းသေးရဲ့လား (မကောင်းတော့ပါ ဘုရား) မခြုံ ကောင်းသေးရဲ့ လား (မကောင်းတော့ပါ ဘုရား)။
အင်မတန် ဆိုးမသွားဘူးလား (ဆိုးပါတယ်ဘုရား) အဲဒီတော့ ဘုန်းကြီးတို့ ဒကာ-ဒကာမတွေကို ဘုန်းကြီးက ဂရုစိုက်ပြီးတော့ ပြောနေတာ၊ သြော် သံသရာကြီး အဝိဇ္ဇာက နေပြီး သတ္တဝါတွေကို တည်ထောင်တာ မသိလိုက်တော့ကို သူတို့သည် သတ္တဝါ ဖြစ်ရဦးတော့မယ်။ သတ္တဝါ ဖြစ်လို့ရှိရင် အိုနာသေနဲ့ သူတို့နဲ့ မခွဲရတော့ဘူး။ သနားလှ ချည်ရဲ့ ငါဖြင့် သူတို့ သိတဲ့ အလုပ်ပဲ ခိုင်းဦးမှပဲ ဆိုပြီးတော့ သုံးပိုင်း ပိုင်းပြီး သကာလ မခြုံ ပြောလာတယ် (မှန်လှပါ ဘုရား)။
ဒါဖြင့် ကျဉ်စ ကလေးသည်ကား ဒုက္ခ ဝေဒနာ အငယ်၊ ကျဉ်လယ်က ဒုက္ခ ဝေဒနာ အလတ် (မှန်ပါ) မထနိုင် လောက်အောင် ကျဉ်ရင် ဒုက္ခဝေဒနာ အကြီးစား (မှန်ပါ့ ဘုရား) အဲဒီတော့ ဒုက္ခ ဝေဒနာ အကြီးစားကျမှ သိကြတော့ ကောင်းသေးရဲ့ လား (မကောင်းတော့ပါ ဘုရား)။
ဘယ်ကစပြီး သိရမှာလဲ (အငယ်ကစပြီး သိရမှာပါ ဘုရား) အငယ်က စတာကို အငယ်က စသိမယ် ဆိုလို့ရှိရင်ဖြင့် သြော် -သူဒုက္ခဝေဒနာလေးပဲ ဒုက္ခဝေဒနာလေးပဲလို့ ဉာဏ် နှင့် သိလိုက် ပြီဆိုမှ ဖြင့် ဒုက္ခ ဝေဒနာလေးလဲ ဖြစ်ပြီး ပျက်တာ ပဲလို့သိလိုက်ရင် ဟောဒီ ကျဉ်လတ်ကို မရောက်ဘူး (မှန်လှပါ ဘုရား) ကျင်လတ်မှ မရောက်ဘဲနဲ့ ခုနင်က မထနိုင် အောင် ကျဉ်တဲ့ဆီ ရောက်ပါ့မလား (မရောက်ပါ ဘုရား)။
အဲဒီတော့ ဒကာ-ဒကာမတွေက ဝေဒနာလဲ မကု တတ်တဲ့အပြင် ဝေဒနာတောင် ကြီးအောင် လုပ်နေသေးတော့ ဘယ်မှာ သာလျှင် ဝေဒနာ သက်သာစရာ မြင်သေးတုံး (မမြင်တော့ပါဘုရား)။
ဟော ဘုန်းကြီး ပြောတာကို သေသေချာချာ မှတ် ထား (မှန်ပါ့ဘုရား) နာတာလေးက နာစကသာ ရှုလိုက်လို့ ရှိရင် ဒီအနာက သိပ်ကြီး မလာတော့ဘူး (မှန်ပါ့) ဒီထက် မခံသာအောင်လဲ ဖြစ်မလာ တော့ဘူး (မှန်လှပါဘုရား) ရိပ်မိ ပလား (ရိပ်မိပါပြီဘုရား)။
ဒါဖြင့် ဒကာ-ဒကာမတို့ အနာကြီး ကြီးမှသိကြလို့ရှိ ရင်ဖြင့် ခင်ဗျားတို့ဟာ အနာငယ်နှင့် အနာလတ်ကို မသိကြ တဲ့အတွက် အဝိဇ္ဇာကြောင့် အနာကြီးရတာ (မှန်လှပါဘုရား) ရိပ်မိပလား (ရိပ်မိပါပြီဘုရား) မရီ ဘာကြောင့် ရတာတုံး (အဝိဇ္ဇာကြောင့်ပါ)။
ဝိဇ္ဇာနဲ့ အစောကြီး နာစကတည်းက အင်း-နာတာ လေးက ဒုက္ခဝေဒနာ ဖြစ်ပျက်ကလေးပဲလို့ ဆိုလို့ရှိရင်ဖြင့် ဟောဒီ အနာလတ်တောင် မပေါက်တော့ဘူး (မှန်ပါ့) သူက ဖြစ်ပျက်သွားပြီ (မှန်ပါ့) သဘောကျပလား (ကျပါပြီဘုရား)။
အဝိဇ္ဇာဖြင့် အဝင်မခံကြပါနဲ့
အဲဒီတော့ ဒကာ-ဒကာမတွေ အဝိဇ္ဇာဖြင့် အဝင် မခံကြပါနဲ့။ အဝိဇ္ဇာ အဝင် ခံတဲ့နေ့ကစပြီး အိုနာသေ ငါ့ဟာမှတ်လိုက် (မှန်လှပါဘုရား) ကဲ ဘယ်လောက် ကြောက်စရာ ကောင်းသလဲ (ကောင်းပါတယ် ဘုရား)။
ဒါဖြင့် ခင်ဗျားတို့ သန္တာန်၌ ဘာဝေဒနာ ပေါ်ပေါ် ပေါ်စသိအောင်လုပ် (မှန်ပါ့) သိရင် အဝိဇ္ဇာလား ဝိဇ္ဇာလား (ဝိဇ္ဇာပါဘုရား) ဝိဇ္ဇာ လာပြန်တော့လည်း အဝိဇ္ဇာက ချုပ်ရ တယ် (မှန်ပါ့ဘုရား) အဝိဇ္ဇာ ချုပ်တယ် ဆိုကတည်းက သံသရာ စခန်းသတ်ပါပြီ (မှန်လှပါဘုရား) အိုနာသေတွေ လည်း သေခန်း ရှင်ခန်း ပြတ်ပါပြီ (မှန်လှပါ) ဘယ်လောက်များ အဖိုးတန်သလဲ (အဖိုးတန်ပါတယ် ဘုရား)။
အေး ဒါကြောင့် ဒီလိုသာ သိသွားမယ်ဆိုရင် ဒကာဒကာမတို့ (၇)ရက်နဲ့ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ် ရဟန္တာ ဖြစ်နိုင်တယ် (မှန်လှပါ ဘုရား) သြော် တို့ ဘာလို နေပါလိမ့်မလဲ။ အစ မသိလို့ နေတာပေါ့ (မှန်ပါ့ဘုရား)။
ဘာဖြစ်ဖြစ် ဒကာ-ဒကာမတွေက လွန်မှပဲ သိတယ် (မှန်ပါ့) ဘာဖြစ်ဖြစ် လွန်မှ သိတယ်၊ ယားတာလေးလဲ မခံ မရပ်နိုင်မှသိတယ်(မှန်လှပါဘုရား) ယားစလေးက သူမသိဘူး (မသိပါဘူးဘုရား) မသိတော့ ယားစ ဝေဒနာလေးဖြစ်ပျက် မရှုမိတော့ အယားကြီးပေါ်လာတာပေါ့ဗျာ (မှန်ပါ့) ဘယ်လောက် ကြောက်စရာကောင်းသလဲ (ကောင်းပါတယ် ဘုရား)။
အဲဒါကြောင့် ဒကာ-ဒကာမတွေကို သတိပေး ရတယ်။ ဘယ်လို သတိပေးတုံး ဆိုတော့ ဒကာ-ဒကာမတွေက မိန်းမ ဆိုတာဘုရား – ဝေဒနာ၊ ယောက်ျားများနဲ့ မတူဘူးဘုရား၊ အင်မတန်မှ ထူးခြားတဲ့ ဝေဒနာတွေ၊ သူများ မပေါက်တဲ့ ဝေဒနာတွေ တပည့်တော်တို့မှာ သီးသန့် ဝေဒနာတွေက ရှိ တယ်ဘုရား၊ ယောက်ျားများမှာ မပေါက်တဲ့ ဝေဒနာတွေကရှိ တယ်။
အဲဒီ ဝေဒနာတွေကို ခင်ဗျားတို့က ဘာမှ မစိုးရိမ်နဲ့ ဖြစ်စလေးသာ ဉာဏ်နဲ့ပေါ်လာတာကို ဖြစ်ပျက်ရှု (မှန်ပါ့ ဘုရား)၊ ဖြစ်ပျက် ရှုလိုက်ရင် ဒီဝေဒနာ အလတ်လည်း မလာ ဘူး၊ အကြီးကြီးလည်း မလာဘူး၊ အကုန် ချုပ် သွားတာပဲ (မှန်လှပါ ဘုရား)၊ ရိပ်မိပလား (ရိပ်မိပါပြီဘုရား)။
ရှင်မဟာကဿပကြီး မကျန်းမာဘူး
ဒါကြောင့် ဘုန်းကြီး ခဏခဏ ပြောရတယ်။ ရှင်မဟာကဿပကြီးက မမာဘူး။ ခေါင်း အင်မတန် ကိုက် တယ် (မှန်ပါ့)၊ ခေါင်း အင်မတန် ကိုက်တော့ ဘုရားက ဟေ့ ကဿပ ဘယ်နှယ့် နေတုံး၊ ဟာ မခံမရပ် နိုင်အောင် ကိုက်ပါတယ် ဘုရား၊ အို မင်း ဖျင်းလိုက်တာကွာတဲ့။ မင်းဗောဇ္ဈင် ဆိုတဲ့ ပညာနဲ့ ရှုပါလားကွ။
ဓမ္မဝိစယ သမ္ဗောဇ္ဈင်ဆိုတာ မဂ္ဂင်ပဲနော် (မှန်လှပါ ဘုရား)၊ အဲဒါလေးနဲ့ မင်း ဖြစ်ပျက် ရှုပါလားကွ။ အို တပည့်တော်ဘုရား သတိမထားမိဘဲ ရှိနေတယ်။ အဝိဇ္ဇာတော့ မရှိတော့ပါဘူး (မှန်လှပါ ဘုရား)၊ အဝိဇ္ဇာကတော့ ရဟန္တာမို့ ချုပ်ပြီးသားပေါ့ဗျာ (မှန်လှပါ ဘုရား)။
တပည့်တော် သတိမထားမိဘဲ ရှိနေတယ် ဘုရားတဲ့၊ တရားတွေ တက်လာ ကတည်းက ဒီဥစ္စာ၊ ဒီပညာဟာ တပည့်တော်မှာ ကိုယ်ပိုင်ရှိပြီးသား (မှန်ပါ့ဘုရား)။ ဟုတ်ပါ့ဘုရား အရှင်ဘုရား လာပြီး သတိပေး တော့မှ၊ အင်း ဝေဒနာ မရှု ဘူးလားလို့ မေးလိုက်တော့မှ တပည့်တော် သတိ ရတယ်။
ကဲ ရှုပါတော့မယ် ဆိုပြီး ရှုလိုက်တော့ ဘုရား လည်း ကြွသွားရော။ ဟေ့ ဝေဒနာ ရှုရစ်ဟေ့ ငါသွားတော့ မယ်။ ဘုရားလည်း နှစ်လှမ်း သုံးလှမ်း ရောက်သေးတယ်။ ကဲ မရီရေ ဒီဝေဒနာ ပိန်းကြာဖက် ရေမတင်သလို လျှော ကျသွားတာပဲ (မှန်ပါ့ဘုရား)၊ ကဲ ရိပ်မိကြပလား (ရိပ်မိပါ ပြီ ဘုရား)။
ကဲ ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ ဝေဒနာသည် တွေဖြစ်ပြီး သကာလ နေကြတော့ အဲဒီ အစသာ ရှုမိရင် ဘာမှ မပူနဲ့ (မှန်ပါ့) ဒီဝေဒနာကြီးကို မလာတော့ဘူး (မှန်ပါ့)၊ ကြီးကို မလာတော့ ပါဘူး။ ကဲ ဒေါ်ခန့်တို့ ကျေနပ်ပလား (ကျေနပ်ပါတယ် ဘုရား)။
အစသာသိအောင်လုပ်ပါ
အဲဒါကြောင့် တပည့်တော်တို့က ဝေဒနာခံစားရမှာ များ သိပ်ကြောက်တာပဲဆိုတော့ အစသာ သိအောင် လုပ် လိုက်ပါ (မှန်ပါ့) အစ သိအောင် လုပ်လိုက်လို့ရှိရင် အလတ် စားကော ဖြစ်သေးရဲ့ လား (မဖြစ်တော့ပါဘူး ဘုရား) အကြီး စားကောဗျာ (မဖြစ်တော့ပါဘူး ဘုရား)။
အေး ဒါကြောင့် ဒကာ ဒကာမတွေမှာ ဘာ လေးလိုနေသလဲဆိုတော့ ဝေဒနာပေါ်တိုင်း ပေါ်တိုင်း အစ မတွေ့တာခက်နေတာ (မှန်လှပါဘုရား)။
သုခပေါ်လာလည်း ဒကာ ဒကာမတွေက မတွေ့၊ သုခ ဝေဒနာမတွေ့တော့ သုခဝေဒနာ ပစ္စယာ တဏှာ (မှန်လှပါဘုရား) မတွေ့တော့ သူက ထုံးစံ အတိုင်းပေါ့ဗျာ (မှန်လှပါ ဘုရား) ဟုတ်လား။
ခွေးသေကောင်ပုပ် ဥပမာ
အိမ်နား ခွေးသေကောင်ပုပ် တစ်ကောင် လာပစ်ထား တယ်။ ခင်ဗျားတို့က မတွေ့ဘူးဆိုတော့ ဒီနေ့တော့ မနံသေး ဘူးပေါ့။ နက်ဖြန် ကျတော့ ဘာဖြစ်မယ် ထင်သလဲ (နံမှာပါ ဘုရား)။ ဘာကြောင့်လဲ မနေ့က မတွေ့မိလို့ ဒီနေ့ ပိုပြီး အရုပ်ဆိုး လာတယ် (မှန်လှပါ ဘုရား) ဒီနေ့သာ မတွေ့မိရင် ၂ရက်၊ ၃ရက် ရှိပြီ ဆိုရင်တော့ ဆွဲပစ်ဖို့တောင် အင်မတန် ခဲယဉ်းပြီ (မှန်ပါ့ဘုရား)၊ ဘာကြောင့်တုံး (မတွေ့မိလို့ပါဘုရား) မတွေ့မိလို့။
မတွေ့တာ အဆိုးဆုံးပဲ။ ပထမနေ့က တွေ့မယ် ဆိုရင် ဒုတိယနေ့မှာ အနံ့ နှိပ်စက်စရာတောင် ရှိသေးရဲ့လား (မရှိပါဘုရား) အခုတော့ ၃ရက်ရှိတာတောင်မှ မတွေ့သေးတော့ ဒီနား လင်းတတွေ ကျတော့မှ သိတော့တယ် ဆိုတော့ ကောင်း သေးရဲ့ လား (မကောင်းတော့ပါဘုရား)။
ဒါဖြင့် အစ မသိတာဟာသည် နံလည်း နံသေး၊ စော်လည်း စော်ရသေးတယ်။ လင်းတ တွေလည်း ကိုယ့်အိမ် နား အနားခံရသေးတယ် (မှန်လှပါဘုရား) တော်တော်ကြာ ကျတော့ ပုပ်လိုက် မှီလိုက် တာလည်း ပြောစရာမရှိအောင် နံသေးတယ် ဆိုတော့ အဲဒါ ဘာမသိလို့ ဒီလောက် ဒဏ်ချက်တွေ ပိရတာလဲ (အစ မသိလို့ပါ ဘုရား)။
ဒါဖြင့် ခင်ဗျားတို့ ဝေဒနာ အစမသိရင် ဝေဒနာကြီး ချည်း ရမှာပဲ (မှန်ပါ့ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား) ဝေဒနာအစ သိရင်ဖြင့် (ဝေဒနာကြီး မရပါဘုရား)။
ဒါဖြင့် ဝေဒနာကြီး ကြောက်တဲ့ ပုဂ္ဂိုလ်သည် ပေါ်လာစ ဝေဒနာလေးကိုသာ ဖြစ်ပျက်ရှု (မှန်လှပါ ဘုရား)။
ဘုရားဆေးက အမှန်ပျောက်တယ်
အဲဒီတော့ ဒကာ ဒကာမတွေ ခင်ဗျားတို့က ဆရာ ဝန်တို့ ဆေးသမားတို့ကိုသာ အားကိုး မနေကြပါနဲ့။ ဘုရားဆေး ထက်တော့ ဘယ်ဟာမှ အမှန် မပျောက်ဘူး (မှန်လှပါ ဘုရား)။
ခင်ဗျားတို့ ဒီဝေဒနာလောက် မဆိုပါနဲ့။ ၁၅၀၀ ကိ လေသာကြီး နောက်ဘဝတုန်းက ဒယ်အိုးထဲ ပစ်ချဖို့ နောက် က စောင့်နေတဲ့ ကိလေသာ အနာကြီးတောင်ပဲ ဒီဝိပဿနာ မဂ်ဉာဏ်နဲ့ ရှုလိုက်တဲ့ အခါ ကိလေသာ အနာတွေတောင် အကုန် ပျောက်သွားတာ (မှန်လှပါ ဘုရား)။
ဒီကိုယ်ပေါ်မှာ နာတဲ့အနာတော့ မဆိုပါနဲ့တော့ (မှန်လှပါ ဘုရား) ဒီလောက် အဖိုးတန်ပါတယ် (မှန်လှပါ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ပျင်းတာလေး ကိုယ်တွင်းမထားပါနဲ့
အဲ ဒီတော့ ခင်ဗျားတို့အတွက် တိုက်တွန်းချင် တာက ဒကာ ဒကာမတွေ အတွက် – လေးလေးစားစားကြီး ဘုန်းကြီးများက မှာပြီး တိုက်တွန်းချင်တာက ပျင်းတာလေး ကိုတော့ဖြင့် အပြင် ထုတ်ပစ် လိုက်ကြပါ (မှန်လှပါဘုရား)။ ပျင်းတာလေးကိုဖြင့် ကိုယ်တွင်း မထားပါနဲ့ (မှန်လှပါ ဘုရား)။ ပျင်းတာလေး ကိုဖြင့် ကိုယ်တွင်း မထားပါနဲ့၊ အပြင် ထုတ်ပစ် လိုက်ကြပါ။
မရီ ဘာမှာတုံး ဘုန်းကြီးက (ပျင်းတာလေး ကိုယ် တွင်းမထားပါနဲ့ဘုရား)၊ အေး.. ပျင်းတာ လေးကို ကိုယ်တွင်း မထားပါနဲ့တော့။ ဒီနေ့တော့ မအားသေးလို့ မရှုသေးဘူး ဆိုရင်ဖြင့် ပျင်းတာလေး ကိုယ်တွင်း ရောက်လာပြီ (မှန်လှပါ ဘုရား)။
ဒီနေ့တော့ နေ့လည် တစ်နေ့လုံး လုပ်ရ ကိုင်ရတာ မအားဘူး။ ဧည့်သည် စောင်သည်တွေက ရှုပ်လွန်းလို့ မနက်ဖြန်မှ လုပ်တော့မယ် ဆိုတော့ ပျင်းတာလေး အတွင်း ရောက် လာပြီ (မှန်လှပါ ဘုရား)။ မနက်ဖြန် ကျတော့လည်း ဒီလိုပဲ ထိုနည်းအတူ ရှုပ်ပြန်တော့လည်း သဘက် ရွှေ့သွားတယ် (မှန်လှပါ ဘုရား)။
ပျင်းတာလေးတွေကချည်း အတွင်း ရောက်နေတာ (မှန်ပါ့ဘုရား)၊ အဲဒီ ပျင်းတာလေး အတွင်း ရောက်မှဖြင့် ဘုန်း ကြီးက အစိုးရိမ်ဆုံး အချက်ပဲ (မှန်လှပါဘုရား) ရိပ်မိပလား (ရိပ်မိပါပြီဘုရား)။
မခြုံ ဘာအစိုးရိမ်ဆုံးလည်း (ပျင်းတာလေး အတွင်း ရောက်မှာဘုရား)။ ပျင်းတာလေး ဝမ်းထဲ ရောက်မှာ အစိုးရိမ် ဆုံးပါ (မှန်ပါ့)၊ မတူ ဘုန်းကြီး စိုးရိမ်တာ ပေါ်ပလား (ပေါ်ပါပြီဘုရား)။
ကဲ ဒါဖြင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက..
အာရမ္ဘထ နိက္ကမထ ယုဉ္ဇထ ဗုဒ္ဓသာသနေ၊
ဓုနာထ မစ္စုနော သေနံ၊ နဠာဂါရံဝ ကုဉ္ဇရော။
ယော ဣမသ္မိံ ဓမ္မဝိနယေ အပ္ပမတ္တာ ဝိဟဿတိ
ပဟာယ ဇာတိသံသာရံ ဒုက္ခဿန္တံ ကရိဿတိ။
ဆိုတော့ ပျင်းတာလေး ဝမ်းထဲ ရောက်လာ ရင်တော့ ဝေဒနာလေးတွေ ပေါ်တယ်။ မရှုမိဘူး မရှုဖြစ်တော့ ပျင်း တာလေးက ဝမ်းထဲ ရောက်လာတော့ ဝေဒနာ ပစ္စယာ တဏှာ ဟုတ်ပလား (မှန်ပါ့)၊ မလာပေဘူးလား (လာပါတယ် ဘုရား)။
ဝေဒနာမရှုဖြစ်တော့ တဏှာလာတယ်
ပျင်းတာလေး ဝမ်းထဲ ရောက်လာပြီ မရီရ (မှန်ပါ့) ဝေဒနာရှုဖြစ်သေးသလား (မရှုဖြစ်ပါဘုရား) မရှုဖြစ်တော့ ဝေဒနာပေါ်နေမှာပဲ (မှန်လှပါဘုရား)၊ ဝေဒနာလေး လှည့် ပေးနေမှာပဲ။ ပေါ်တော့ ဝေဒနာပစ္စယာ ဘာဖြစ်လာတုံး (တဏှာပါဘုရား)၊ ဝေဒနာ ပစ္စယာ တဏှာဖြစ်လာတယ်။
တဏှာ ဖြစ်လာတာ အလိုလို လာရတာလား၊ ပျင်းမှု ကြောင့် လာရတာလား (ပျင်းမှုကြောင့် ဝင်လာတာပါ ဘုရား)၊ ဒါဖြင့် သေမင်း ဝင်လာတာကိုး (မှန်ပါ့) ခင်ဗျားတို့ သေမင်း ဝင်လာပြီ (မှန်ပါ့)၊ ခင်ဗျားတို့ ပျင်းလိုက်ပြန်တော့ သေမင်း ဝင်လာပြီ (မှန်လှပါဘုရား)။
ဘုန်းကြီးလည်း မတတ်နိုင်တော့ဘူး (မှန်လှပါဘုရား)၊ ဒီတဏှာ ဆိုတာသည် ခင်ဗျားတို့ကို ဘုံဘဝတွေမှာ အိုအောင်၊ နာအောင်၊ သေအောင် လုပ်မယ့် သေမင်း (မှန်လှပါဘုရား)။
ဘုန်းကြီး မစိုးရိမ်သင့်ဘူးလား
အဲဒါ ဘယ့်နှယ့်ကြောင့် ဒီသေမင်းဝမ်းထဲ ရောက် လာပါလိမ့် (ပျင်းလို့ပါ ဘုရား)၊ ဒါဖြင့် ဘုန်းကြီး မစိုးရိမ်သင့် ဘူးလား (စိုးရိမ် သင့်ပါတယ် ဘုရား)၊ ဒို့ ဒကာ ဒကာမတွေ ငါမရှိလို့ရှိရင် ဘယ်သူများ ဝင်နှိပ်စက်မလဲဆိုတာ မိုးကုတ်က တွေးရင် ခင်ဗျားတို့ ရိပ်မိပလား (ရိပ်မိပါပြီဘုရား)၊ ရိပ်မိပြီ။ ရိပ်မိပြီ။
ဘာလေးတုံး ဆိုတော့ ပျင်းတာ လေးကြောင့် ရန်သူ ဝင်လာပြီ။ ကဲ ဒါဖြင့် ဒေါ်အုန်းခင် ပျင်းတာလေးက နည်းနည်း နောနော နစ်နာ သလား၊ ရန်သူ အကြီးအကျယ် ရောက် လာသလား (ရန်သူ အကြီးအကျယ် ရောက်လာတာပါ ဘုရား)။
ရန်သူ အကြီးအကျယ် ရောက်လာတော့ ဝေဒနာလေး ပေါ်လာတာကို ပျင်းတာနဲ့ပဲ မသိလိုက်ဘူး (မှန်လှပါဘုရား)၊ မသိတာက အဝိဇ္ဇာ ဝေဒနာ ပစ္စယာ တဏှာ ဟော အဝိဇ္ဇာနဲ့ တဏှာလာပြီ၊ ရောက်မလာ ဘူးလား (ရောက်လာ ပါတယ်ဘုရား)။
မသိတာက ဘာတဲ့တုံးဗျာ (အဝိဇ္ဇာပါဘုရား)၊ အဲဒီ တော့ ဝေဒနာ မရှုမိတဲ့ အတွက် ဝေဒနာ ပစ္စယာ တဏှာ ကော (လာပါတယ်ဘုရား)၊ ဒါဖြင့် မသိတာက အဝိဇ္ဇာ၊ အစဉ်အတိုင်း လိုက်တာက တဏှာ၊ ဟော- ကြောက်စရာ မကောင်းဘူးလား (ကြောက်စရာ ကောင်းပါတယ် ဘုရား)။
သေမင်း၏သတ်စရာ သိုးကောင်ပမာ ၊
အဝိဇ္ဇာ တဏှာ ဆိုလို့ ရှိရင်ဖြင့် ဟေ့ သတ္တဝါ ကောင်ဖြစ်ဦးတော့ မှာပဲ။ သေမင်း၏ သတ်စရာ သိုးကောင် ပမာ ဖြစ်ဦးမှာပဲ (ဖြစ်မှာပါဘုရား)၊ ဟုတ်လား၊ သိုးတွေဟာ ဒကာ ဒကာမတို့ စဉ်းစား ကြည့်။ သတ္တဝါတွေ အားလုံးသော ပုဂ္ဂိုလ်တွေ စားဖို့ ဝါးဖို့ ဖြစ်လာတာ။
နွားလို ခိုင်းလို့လဲ မရဘူး၊ လယ်ထွန်ပါ၊ ယာထွန်ပါလို့ သူတို့ ခိုင်းလို့ သူတို့အားနဲ့ မျှရဲ့ လား (မမျှပါဘုရား) မမျှတော့ စားဖို့ ဖြစ်လာသလို (မှန်ပါ့) စားဖို့ သတ္တဝါ ဖြစ်လာသလို ခင်ဗျားတို့ ဘုန်းကြီး ပြောတာကို နားမထောင်လို့ ရှိရင် ခင်ဗျားတို့ သတ္တဝါ မျိုးစေ့ နှစ်ခု ရောက်လာမယ် (မှန်လှပါ ဘုရား)။
ဝေဒနာလေး ပေါ်လာလည်း မသိတာက ဘာတုံး (အဝိဇ္ဇာပါဘုရား)၊ အစဉ်အတိုင်း လိုက်လာ တာက (တဏှာ ပါဘုရား)။ ဪ အစဉ်အတိုင်း လိုက်လာတာ ဆိုတာက ဝေဒနာ ပစ္စယာ တဏှာ (မှန်ပါ့ဘုရား)။ သတိမထား လိုက်လို့ မသိတာက အဝိဇ္ဇာ (အဝိဇ္ဇာပါဘုရား)။
ဟော အဝိဇ္ဇာနဲ့တဏှာ ဝမ်းထဲရောက်လာပြီ၊ သဘောကျရဲ့လား (ကျပါပြီဘုရား)၊ အဝိဇ္ဇာနဲ့ တဏှာ ဝမ်းထဲ ရောက်လာတော့ မိုးကောင်လို သေစရာ သတ္တဝါလေး မဖြစ် ရဘူးလား (ဖြစ်ရမှာပါ ဘုရား)။
ဒါဖြင့် သေစရာ သတ္တဝါလေး ဆိုတော့ သိုးသတ် သမားတို့၏ လက်ထဲမှာ ခင်ဗျားတို့ မဆုံးရှုံးရ ပေဘူးလား (ဆုံးရှုံးရမှာပါ ဘုရား)။
အသက် ဆုံးရှုံးရမယ် (မှန်ပါ့)၊ ဪ- ဒကာ ဒကာမ တွေသိအောင် လုပ်ပါ ဆိုတာလေး မသိအောင် လုပ်မိတာနဲ့ ပဲ အခု သတ္တဝါ ဖြစ်လို့ သူတစ်ပါး၏ စားဖတ် ဝါးဖတ် အဖြစ်နဲ့ ပဲ ခန္ဓာကိုယ်နဲ့ အမှုထမ်း ရရှာတယ် (မှန်ပါ့ဘုရား) မနစ် နာဘူးလား (နစ်နာပါတယ် ဘုရား)။
နွားတွေက ပခုံးနဲ့ အမှုထမ်းရတယ်
ဒီပြင် နွားတွေက အမှုထမ်းရတယ် ဆိုတာ ပခုံးနဲ့ အမှုထမ်း ရတယ် (မှန်လှပါ ဘုရား) သိုးကတော့ ကိုယ့်အသား နဲ့အမှုထမ်းရတာ (မှန်ပါ့)၊ အဲဒီတော့ ခင်ဗျားတို့က အဝိဇ္ဇာနဲ့ တဏှာ ရောက်လာရင် အသားနဲ့ အမှုထမ်း ရလိမ့်မယ် (မှန်လှ ပါဘုရား)၊ ရိပ်မိပလား (ရိပ်မိပါပြီဘုရား)။
ဝက်တွေက အသားနဲ့ အမှုထမ်းရတယ်
ဝက်များသည်ကား ဆိုလို့ ရှိရင်ဖြင့် လူတွေ၏အမှုကို ဘယ်လိုများ ထမ်းရပါလိမ့်မလဲ ဆိုတာ သဘောကျပလား (ကျပါပြီဘုရား) ဘာနဲ့ ထမ်းကြရသလဲ (အသားနဲ့ အမှုထမ်း ရပါတယ်ဘုရား) အသားနဲ့ အမှုထမ်းရတယ်။ ကဲ အသားနဲ့ အမှုထမ်း ရတယ် ဆိုကတည်းက အသက်စွန့်ပြီး အမှုထမ်းရ တာပေါ့ (မှန်လှပါ ဘုရား)။
အသိဉာဏ်ရှိတဲ့သူက သနားတယ်
ခင်ဗျားတို့က အဝိဇ္ဇာ တဏှာသာ ရောက်လာမယ် ဆိုရင် သတ္တဝါဖြစ်လို့ အသားနဲ့ အသက်နဲ့ အမှုထမ်း ရလိမ့် မယ် (မှန်လှပါဘုရား)၊ အဲဒါကြီးကို ဘုန်းကြီးက မသနားပါနဲ့ ဆိုလို့ ရမလား (မရပါ ဘုရား) ခင်ဗျားတို့က ပြုံးနိုင် သလောက် အသိဉာဏ်ရှိတဲ့ ပုဂ္ဂိုလ်က သနားတယ် (မှန်လှပါဘုရား)၊ ရိပ်မိပလား (ရိပ်မိပါပြီဘုရား)။
ခင်ဗျားတို့ကတော့ ပြုံးချင် ပြုံးလိမ့်မယ်။ မသိလို့ ပြုံး တာကိုးဗျ (မှန်ပါ့ဘုရား) မသိလို့ ပြုံးတာကိုလည်း ဘုန်းကြီးတို့ က ဗွေယူလို့ မရတော့ဘူး (မှန်လှပါဘုရား)၊ ဪ- မသိရှာ လို့ ပြုံးတာပဲ (မှန်ပါ့)၊ သို့သော်လည်း ဆရာ ဘုန်းကြီးများ ကတော့ အင်း- သူပြုံးသလောက် သူနစ်နာမှာ ဖြစ်သောကြောင့် ပြုံးမနေနဲ့။ ဒီလို လုပ်လိုက်ပါဦး (မှန်လှပါဘုရား)၊ ခင်ဗျား ပြုံးတာက အရူးပြီး ပြုံးတာ၊ အကောင်းပြီး မဟုတ်ဘူး။
ခင်ဗျားပြုံးတာက သေခါနီးပြုံး ပြုံးတာ
မရီ မပြောထိုက်ဘူးလား (ပြောထိုက် ပါတယ် ဘုရား)။ ကဲ- မခြုံ မပြော ထိုက်ဘူးလား (ပြောထိုက် ပါတယ်)၊ မတူတို့ ပြုံးနေတာ ဘာပြုံးလဲ (အရူးပြုံးပါ ဘုရား)၊ သေခါနီး ပြုံး ပြုံးတာ သဘောကျပလား (ကျပါပြီဘုရား)။
သေခါနီးပြုံး ပြုံးတယ် ဆိုတာကတော့ ဘာတုံးဆို တော့ မသိလို့သာ ပြုံးရတာကိုး။ သိုးပြုံး နေတာသည် ဒကာ ဒကာမတို့ သူ့ကို မြက်ကျွေးနေတာ သိုးကျောင်းသားက သူ့ကို သဒ္ဓါလို့ ကျွေးတာလား၊ အသားများများ ရအောင်လို့ ကျွေးတာလား (အသားများများ ရအောင်လို့ ကျွေးတာပါ ဘုရား)။
အဲဒီတော့ သူ့သဒ္ဓါလို့ ပါသေးရဲ့ လား (မပါ ပါ ဘုရား)၊ အဲဒီသိုးတွေက သိုးအချင်းချင်း ပြုံးကြ ရွှင်ကြ ဆိုလို့ ရှိရင် ဪ- မသိရှာလို့၊ မနက်ဖြန်ဆို သူ လည်လှီးခံရမှာ ဆိုတာက မထင်ရှားဘူးလား (ထင်ရှားပါတယ် ဘုရား)။
ဘုန်းကြီးတို့က သနားတယ်
ဒီမှာလည်း ခင်ဗျားတို့မသိပြုံး ပြုံးနေတာကတော့ ဘုန်းကြီးတို့က သနားတယ် (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား) မသိပြုံး ပြုံးနေတာ ကိုတော့ အလွန် သနားပါတယ်။ အဲဒါကြောင့် ပညာရှိ သနားလို့ ရှိရင်ဖြင့် ခင်ဗျားတို့ နစ်နာမယ် ဆိုတာ အောက်မေ့ပေတော့ (မှန်လှပါဘုရား)။
အဲဒီတော့ တို့ဆရာ ဘုန်းကြီးကလည်း တို့အပေါ်မှာ စေတနာထားတာ၊ သူလည်း သနားတဲ့ စိတ်မပေါ် ရလေအောင် ဝမ်းမြောက်တဲ့ စိတ်သာ ပေါ်အောင် တို့ကဖြင့် ဝေဒနာပေါ်တိုင်း သိအောင် လုပ်မယ်ဆိုရင် သိတာက ဝိဇ္ဇာ (မှန်လှပါဘုရား)၊ ဟုတ်လား။ သိတော့ ဝိဇ္ဇာလာတဲ့ အခါကျတော့ ဝိဇ္ဇာလည်း လာလိုက်ပါရော၊ ဝေဒနာ ဖြစ်ပျက် ရှုမိရော တဏှာလည်း မချုပ်ဘူးလား (ချုပ်ပါတယ် ဘုရား)။
ဒါသိတာနဲ့ ဝိဇ္ဇာ လာတယ် (မှန်ပါ့ ဘုရား)၊ ရှုလိုက် ပြန်တော့လည်း တဏှာ ချုပ်တယ် ဆိုတော့ အဝိဇ္ဇာနဲ့ တဏှာ ချုပ်ရင် သတ္တဝါ ရေသောက်မြစ် ပြတ်သောကြောင့် ဘယ်သူ့ စားဖတ် ဝါးဖတ်မှ မဖြစ်တော့ဘူး (မှန်လှပါဘုရား)။
ကဲ မရီ ကျေနပ်ပလား (ကျေနပ်ပါပြီဘုရား)၊ ဘယ် လောက် အဖိုးတန်သလဲ (တန်ပါတယ် ဘုရား)၊ ဒါဖြင့် ဝေဒနာ လေး ပေါ်တိုင်း ပေါ်တိုင်း ဘာလုပ်ကြမယ် (သိအောင် လုပ် ရမှာပါဘုရား)။ ဖြစ်ပျက် သိအောင်လုပ် (မှန်ပါ့)။
ဖြစ်ပြီး ပျက်တဲ့ တရားကို ခင်ဗျားတို့က ဖြစ်ပျက်သိ အောင် လုပ်ရုံပဲ (မှန်ပါ့)၊ မျက်လုံးမှာ ပေါ်လည်းလုပ်၊ နားမှာ ပေါ်လည်းလုပ်၊ နှာခေါင်း မှာပေါ်လည်း လုပ်၊ ကိုယ်မှာပေါ် လည်းလုပ် (မှန်လှပါ ဘုရား)။
ဝေဒနာနောက်က အသိပညာလာတယ်
လုပ်လိုက်တော့ ဖြစ်ပျက်ကလေးမို့ ဖြစ်ပျက် သိတော့ သိတာက ဝိဇ္ဇာ၊ သိလိုက်တဲ့ အတွက် ဝေဒနာ နောက်က – တဏှာ လာသေးလား (မလာပါဘုရား)၊ ဘာလာသလဲ ဒကာ ဒကာမတို့ အသိပညာ လာနေတာ (မှန်လှပါဘုရား)၊ ပညာ လာနေ ကတည်းက တဏှာက မချုပ်ဘူးလား (ချုပ်ပါတယ်) တဏှာ ချုပ်သွားတော့ အဝိဇ္ဇာနဲ့ တဏှာရှိသေးရဲ့ လား (မရှိ ပါဘုရား)။
အဝိဇ္ဇာနဲ့ တဏှာ မရှိကတည်းက ခင်ဗျားတို့ ဘာဖြစ် ချင်လို့ ဘာကောင်မှ မဖြစ်တော့ဘူး (မှန်လှပါ ဘုရား)၊ လူကောင်လဲ မဖြစ်တော့ဘူး၊ နတ်ကောင် လဲ၊ မဖြစ်တော့ဘူး၊ တိရစ္ဆာန်လဲ မဖြစ် တော့ဘူး၊ အပါယ် ကောင်လဲ၊ မဖြစ်တော့ ဘူး၊ ဘာကောင်မှ မဖြစ်တော့ဘူး။
ကျုပ်တို့သည် ခုနင်က ခန္ဓာငါးပါး ဒုက္ခသစ္စာတရား ကြီး အကုန် ကျွတ်လွတ်ပြီး မသွား ပေဘူးလား (လွတ်သွားပါ တယ် ဘုရား) ကဲ- ဒေါ်အုန်းခင် ဘယ်လောက် အဖိုးတန်သလဲ (တန်ပါတယ် ဘုရား)။
အပျင်း လက်မခံတဲ့အတွက် သံသရာ စခန်းသတ်ပါပြီ
ဒါဖြင့် ဝေဒနာပေါ်တိုင်း ပေါ်တိုင်း ဖြစ်ပျက်ရှုတဲ့ ဒကာ ဒကာမတွေဖြင့် အပျင်း လက်မခံတဲ့ အတွက် ခင်ဗျား တို့ဖြင့် သံသရာ စခန်း သတ်ပါပြီ။ ငိုပွဲတွေ၊ မျက်ရည်ကျ ပွဲတွေ၊ ရင်ထုပွဲတွေ၊ မြေလူးပွဲတွေ အကုန် သိမ်းပါပြီ (မှန်ပါ့ဘုရား)။
အခုတော့ အရေးကြုံတယ် ဆိုတဲ့ လင်နဲ့မယား နေရာ မကျရင် ကိုယ့်ဟာကို ရင်ထု လိုထု၊ ကြမ်းခုန် လိုခုန်။ ဟုတ် ပလား (မှန်လှပါဘုရား) ကောင်းသေးရဲ့လား (မကောင်းပါ ဘုရား)။
ကျုပ်ဖြင့် သေသာ သေလိုက်ချင်တာပဲလို့ မျက်ရည် ကြီးငယ်ကျလိုက်၊ ထမင်းစား ပျက်လိုက် (မှန်ပါ့)၊ ဘယ်မှာ အဖိုးတန်တာ ပါသေးတုံး (မပါ ပါဘုရား)။
အဲဒါတွေသည်ကား ဆိုလို့ရှိရင် ဘယ်လောက်ပဲ ကျန်းမာ ကျန်းမာ၊ ဘယ်လောက်ပဲ ချမ်းသာ ချမ်းသာ ဒီဥစ္စာ ဖြစ်ရမှာပဲ (မှန်လှပါဘုရား) ခန္ဓာ ရှိရင် ဒါဖြစ်ရမှာပဲ ဟုတ်လား၊ ခန္ဓာရှိရင် ဒါဖြစ်ရမယ် (မှန်လှပါ ဘုရား)။
ဇောတိကသူဌေးမ
ဇောတိက ဒကာမလောက် ချမ်းသာတာ ဘယ်ရှိ မတုံး (မှန်လှပါ ဘုရား) ဟုတ်လား။ သတုလကာယီ ဘယ်လောက် ချမ်းသာတယ်ဆိုတာ မပြောပါနဲ့တော့တဲ့။ သူတို့မှာ စိန်တိုက်၊ မြတိုက် ကြီးတွေ။ တိုက်က စိန်တိုက်၊ မြက်ကြီးတွေ တည်ထား တာ (မှန်လှပါဘုရား) ရွှေတံတိုင်းတွေ ခတ်လို့ (မှန်လှပါ ဘုရား)။
ထမင်းချက်တာတောင်မှ နီလာဆိုတဲ့ မိုးကုတ်က ထွက်တဲ့၊ ထွေးခံလောက်ရှိတဲ့ နီလာ သုံးလုံးကို တည်ပြီး အအေးပေါ်မှာ ထမင်းအိုး တည်ပြီးတော့ ဒီအအေးဓာတ်နဲ့ ချက်ရတာ (မှန်လှပါ ဘုရား)။
မီးနဲ့ချက်တာ မစားနိုင်ဘူး
မီးခိုးနဲ့ဟာ ဆိုရင် မျက်လုံးစူးလို့ မစားနိုင်ဘူးတဲ့ (မှန်လှပါ ဘုရား)၊ မရီ ဘယ်လောက်များ အကျိုးပေးတယ် ထင်တုံး (မှန်ပါ့)၊ မီးနဲ့ချက်တာ မစားနိုင်ဘူးတဲ့။ မီးနဲ့ချက်တာ စားလိုက် ရင် ဝမ်းထဲမှာ အူတွေ အသဲတွေပါ လောင်သတဲ့ (မှန်လှပါ ဘုရား)။
အအေးနဲ့ ချက်တာမှ စားလို့ရတာ။ ဘယ်လောက်နု တဲ့ ရုပ်တုံးဆိုတာများ ပြောဖို့လိုသေးလား (မလိုပါဘုရား)။ အဲဒါတောင်မှ မျက်ရည်ကျ ရရှာသေးတယ် (မှန်ပါ့)၊ အဲဒီ လောက် အကျိုးပေးနေတဲ့ ဒကာမတောင် မျက်ရည်ကျရ သေးတယ် (မှန်လှပါဘုရား)။
ဗိမ္ဗိသာရမင်းကြီး လာတဲ့ အခါကျတော့ ဗိမ္ဗိသာရမင်း ကြီးက သူတို့ တိုက်လာပြီး လည်တဲ့ အခါကျတော့ သူ့ကို ဇောတိက က သွားခေါ်တယ်။ ရှင်မ လာခဲ့အုံး။ သြော်- ဘာလုပ် လာရမှာတုံး? တို့ အသက်ဦးဆံပိုင်တဲ့ ဗိမ္ဗိသာရမင်းကြီး တို့အိမ် လာ လာပြီး ထမင်း လာစားတယ်။
သြော်- ကံများ ခေလိုက်တာ။ ကိုယ့်အထက်က ဘယ်သူမှ မရှိဘူးထင်တဲ့ ဥစ္စာ၊ အခုတော့ အထက်က လူရှိသေးသတဲ့ ဆိုပြီး လိုက်လာခဲ့တယ် (မှန်ပါ့ဘုရား)။
သူ့က မြောက်ကျွန်းသူ
လိုက်လာပြီး သကာလ ဘယ်လို နေရမှာတုံးလို့ သူက မြောက်ကျွန်းသူ ကိုးဗျ (မှန်လှပါ ဘုရား)၊ ဒါ တို့အထက် က သက်ဦး ဆံပိုင်တာပဲ။ သူ့ကိုဝတ်ပြုရမယ်၊ ဒါတို့ဝတ္တရား။ ဒီက ယပ်ခတ် ရမယ် (မှန်လှပါ ဘုရား)။
သူ ရှင်ဘုရင်ကိုးဗျ (မှန်ပါ့) ဒီက ယပ်ခပ်ရမယ် ဆိုတော့ ယပ်ခပ်ရှာတယ်။ လုပ်ချင်တဲ့ သဘော နည်းနည်းမှ မပါဘူး (မှန်လှပါဘုရား)။
အင်မတန် ချမ်းသာတာဗျာ။ မြေပေါက်ချည်းပဲ။ ရွှေ တွေ ငွေတွေဟာ (မှန်ပါ့)၊ လုပ်စား ရတာ တစ်ခုမှ မပါဘူး။
အဲဒါ ယပ်ခတ်တော့ ရှင်ဘုရင်၏ အခိုးနံ့တွေက သူ့ မျက်လုံးထဲ ဝင်တော့ မျက်ရည် ပေါက်ပေါက် ကို ကျတာ (မှန် လှပါဘုရား) ဒီလောက် ချမ်းသာတာတောင်မှ မျက်ရည်ကျ မလွတ်ဘူး (မှန်လှပါ ဘုရား)။
ကုသိုလ်များ မစင်ကြယ် လိုက်တာတဲ့
ဒေါမနဿလည်း ဖြစ်လိုက်သေးတယ်။ ကုသိုလ်များ မစင်ကြယ်လိုက်တာ။ ကြည့်စမ်းပါဦး။ သူတစ်ပါး ယပ်တောင် ခတ်ပြီး ကိုယ့်မှာ နေရတယ်။ ဒါလောက် မစင်ကြယ်တဲ့ ကုသိုလ်လုပ်ခဲ့လို့ ဝမ်းနည်းတယ် (မှန်လှပါဘုရား)။
ရှင်ဘုရင်၏ အခိုး အနံ့တွေကလည်း သူက မြောက် ကျွန်းသူ ဖြစ်ပြီး နေတော့ ဘာနံ့မှ၊ အပူနံ့တွေက ရှိတာမှ မဟုတ်တော့ အဲဒီ အနံ့တွေက ဝင်လို့ မျက်ရည်ကျတာနဲ့ ဘုရင်က မေးရှာတယ်။ အသင့် ခင်ပွန်းမက ဘာဖြစ်တာတုံး။
သူက ဒီလို ဒီလိုပဲ မြောက်ကျွန်းသူလည်း ဖြစ်ပြန်၊ အင်မတန်မှ ရုပ်ရည် ရူပကာကလည်း နူးညံ့ပြန်၊ ဘယ်အနံ့ မှ ခံနိုင်တဲ့ သဘောသတ္တိ ကလည်းမရှိဘူး။ အခုတော့ အရှင် မင်းကြီး ယပ်ခတ် နေရတာ အရှင်မင်းကြီး ကိုယ်ထဲက အပူရှိန် တွေက သူ့မျက်လုံး သွားစူးတာ၊ အဲဒါကြောင့် မျက်လုံးက နု လွန်းလို့ မျက်ရည် ကျတာ (မှန်လှပါဘုရား)။
ခန္ဓာကိုယ်ရှိတော့ မျက်ရည်ကျမလွတ်ပါ
ဒီတော့မှ ရှင်ဘုရင် အံ့အားသင့်သွားတာ (မှန်ပါ့)။ အဲဒါ အင်မတန် ချမ်းသာတာတောင်မှ ကြည့်စမ်း ခန္ဓာကိုယ် ရှိတော့ မျက်ရည်ကျလွတ်ရဲ့လား (မလွတ်ပါဘုရား)။
အဲ သူ့ထက်ချမ်းသာတာတော့ လောကကြီးထဲ မှာမရှိတော့ဘူး (မှန်ပါ့ဘုရား)၊ မရှိဘူး၊ ရှင်ဘုရင်တွေဆိုတာ သူ့အောက်ချည်းပဲ ချမ်းသာတဲ့ဘက်ကဖြင့် (မှန်လှပါဘုရား)၊ သူက အချမ်းသာ ဆုံးပဲ၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။ အဲဒီလောက် ချမ်းသာတာတောင် မျက်ရည်ကျ လွတ်ရဲ့ လား (မလွတ်ပါဘုရား)။
ဝေဒနာပေါ်တိုင်း ပေါ်တိုင်း သိနေပါ
အဲဒီတော့ ဒီဒကာ ဒကာမတွေမှာလည်း ဝေဒနာကို ရှုလိုက်လို့ရှိရင်ဖြင့် ဝေဒနာပေါ်တိုင်း ပေါ်တိုင်း ဖြစ်ပြီး ပျက်တာလေးကို ဒကာ ဒကာမတွေက ဖြစ်ပျက် မတွေ့ချင် နေပါစေ၊ ဝေဒနာ ပေါ်တိုင်း ပေါ်တိုင် သိနေရင်ပဲ ဖြစ်ပျက် တွေ့နေပြီ (မှန်ပါ့)။
အဲဒီကဲ့သို့ သိနေရင်ဖြင့် သုခပေါ်လည်း ဝမ်းသာတဲ့ စိတ်ကလေးပေါ်လည်း သိ၊ ဝမ်းနည်းတဲ့ စိတ်ကလေးပေါ် လည်း သိ၊ ရှူတဲ့ ရှိုက်တဲ့ စိတ်ကလေးပေါ်လာရင်ကော (သိ ရမှာပါဘုရား)။ သိရမယ်၊ နားထဲက ကြားတဲ့ စိတ်ကလေး ပေါ်လာရင်လည်း (သိရမှာပါဘုရား)။
သိတာဟူသရွေ့ ဝိဇ္ဇာ
အကုန်သာ သိပေး (မှန်ပါ့ဘုရား)၊ သိပေးသည်နှင့် တစ်ပြိုင်နက်တည်း သိတာ ဟူသရွေ့ ဝိဇ္ဇာ၊ ဝိဇ္ဇာလာ ကတည်း က တဏှာ နေနိုင်သေးရဲ့ လား (မနေနိုင်တော့ပါ ဘုရား)။ သြော် အဝိဇ္ဇာ တဏှာ ချုပ်ကတည်းက ဒကာ ဒကာမ တို့ ခုနင်ကလို ချမ်းသာတာ မပြောပါနဲ့၊ ခန္ဓာ မရှိဘဲနဲ့ ကျန်း မာ ချမ်းသာပြီး လိုရာပြည့်စုံတဲ့ သဘောသာ ကျန်တော့တယ် (မှန်လှပါဘုရား)။
ဘယ်လောက်များ အဖိုးတန်တုံး (တန်ပါတယ် ဘုရား)၊ ဒါဖြင့် ဒကာ ဒကာမတို့ ဘာအရေး တကြီး ရှိပါလိမ့် မတုံးဆိုတော့ အပျင်းကလေး ဝမ်းထဲက ထုတ်ပစ်ပေါ့ (မှန်လှပါ ဘုရား)။ သဘောကျ ပလား (ကျပါပြီဘုရား)။
ရှုတာက မဂ္ဂသစ္စာ
အပျင်းကလေး ဝမ်းထဲက ထုတ်ပစ်လိုက်လို့ ရှိရင် မခြုံတို့ မရီတို့ ကျေးဇူး မများပေဘူးလား (များပါတယ် ဘုရား)။ ပေါ်တိုင်း ပေါ်တိုင်း ကျုပ်တို့သည်ကား ဆိုလို့ ရှိရင်၊ အင်း ဒါကလေး ဖြစ်ပျက်ပဲလို့ ရှုပေး လိုက်လို့ ရှိရင်၊ ဖြစ်ပျက်က ဒုက္ခ သစ္စာ၊ ရှုတာက ဘာတဲ့တုံး (မဂ္ဂသစ္စာပါ ဘုရား)။ အဲဒီတော့ မဂ်ရတယ်ဆိုမှ ဒကာ ဒကာမတို့သည် ကိလေသာ ရန်သူကို သေသောကြောင့် ပျော်ပျော် နေလိုက် တာပေါ့ (မှန်ပါ့)။
အခုပျော်ချိန်မဟုတ်သေးဘူး
ဒါဖြင့် အခု ပျော်ချိန် မဟုတ်သေးဘူး။ ဟုတ်လား (မှန်ပါ့)၊ လေယာဉ်ပျံတွေက ခေါင်းပေါ်က ဝဲနေပြီး၊ စက် သေနတ် ပစ်နေတဲ့ အထဲက ပျော်လို့ ရှိရင်ဖြင့် ဒီလူရူးလို့ဖြစ် လိမ့်မယ် (မှန်ပါ့ဘုရား)။
ဒီမှာလည်း ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဒီလို အရူးလည်း မဆိုချင်ပါဘူး (မှန်ပါ့ဘုရား)၊ ဒီလိုအရူးလည်း မဆိုချင်ဘူး။ အခုအချိန် ပျော်ချိန် မဟုတ်သေးဘူး လို့လည်း ပြောပါတယ် (မှန်လှပါ ဘုရား)။
ဘာဖြစ်လို့တုံး ကိလေသာရန်သူတွေက သတ်မလို့ ဖြတ်မလို့ ခင်ဗျားတို့ ဝမ်းထဲက မထွက် သေးခင် ပျော်နေလို့ ရှိရင်ဖြင့် ဒါဟာ ခုနင်က အရူးပျော် မဆိုသော်လည်း ဆိုဘိ သကဲ့သို့ အရူးပျော်ပဲ ပြန်ကျမှာပဲ (မှန်ပါ့ဘုရား)။
ဝေဒနာပေါ်တိုင်း ရင် ကိလေသာချုပ်တယ်
ကဲ ကြောက်စရာ မကောင်းဘူးလား (ကောင်း ပါတယ်ဘုရား)၊ အေး ဒါကြောင့် ဒကာ ဒကာမတွေ ခင်ဗျားတို့တွေ ဝေဒနာပေါ်တိုင်း ပေါ်တိုင်း ရှုခဲ့လို့ရှိရင်ဖြင့် ဝိဇ္ဇာပေါ်၍ အဝိဇ္ဇာ ချုပ်သည် (မှန်လှပါ ဘုရား)။
ဝေဒနာ ပေါ်တိုင်း ပေါ်တိုင်း ဘာလုပ်မယ် (ဝိဇ္ဇာ ဖြစ်အောင် လုပ်ရမှာပါဘုရား)၊ ရှုခဲ့သော် ဝေဒနာ ပေါ်တိုင်း ပေါ်တိုင်း ရှုကြလို့ရှိရင် ဘာဖြစ်မယ် (ဝိဇ္ဇာဖြစ်ပါတယ် ဘုရား)။ အေး ဝိဇ္ဇာဖြစ်၍ (အဝိဇ္ဇာ ချုပ်မှာပါ ဘုရား)။ အဝိဇ္ဇာချုပ် (မှန်လှပါဘုရား)၊ ဝေဒနာပေါ်တိုင်း ပေါ်တိုင်း ရှုရင် ဘာဖြစ်မယ် (အဝိဇ္ဇာ ချုပ်၍ ဝိဇ္ဇာဖြစ်ပါတယ် ဘုရား)အေး ဝိဇ္ဇာဖြစ်၍ အဝိဇ္ဇာ ချုပ်တယ် (မှန်ပါ့)။
ဝိဇ္ဇာဆိုလို့ရှိရင် ဝိဇ္ဇာမဂ္ဂင် (မှန်ပါ့)၊ မဂ်ပေါ်လို့ ကိလေသာချုပ်၊ အဝိဇ္ဇာဆိုတဲ့ ကိလေသာချုပ် (မှန်ပါ့)၊ တဏှာဆိုတဲ့ ကိလေသာချုပ်။
အဲဒီတော့ ဒကာ ဒကာမတို့ အဝိဇ္ဇာ တဏှာ ချုပ်တဲ့ ပုဂ္ဂိုလ် မှန်ခဲ့လို့ ရှိရင်ဖြင့် သံသရာမှာ အိုဘေး နာဘေးတွေ ပေါတဲ့ လမ်းကြမ်း ကြီးထဲ ကျုပ်တို့ ခင်ဗျားတို့ သွားဖို့ လိုသေးသလား (မလိုတော့ပါဘူး ဘုရား)။
အခုတော့ဖြင့်တဲ့ အဲဒီတရား နှစ်ခု မချုပ်သေးတဲ့အတွက် ခင်ဗျားတို့သည် ဒီဘဝမှာ အဝတ် ကလေး ဝတ်ပြီး နေရငြားသော် လည်း နောင်ဘဝ တိရစ္ဆာန်ဖြစ်တော့ အဝတ် မဝတ်ရတော့ဘူး (မှန်လှပါဘုရား)။ အရှက်တကွဲ အကျိုးနည်း မဖြစ်ပေဘူးလား (ဖြစ်ရပါတယ်)။
မျက်ရည်မကျချင်ရင်
အဲဒီတော့ အရှက်တကွဲ အကျိုးနည်း ဇာတ်သိမ်းချင် ရင် ဝေဒနာ ပေါ်တိုင်း ပေါ်တိုင်း ဖြစ်ပျက်ရှု (မှန်လှပါဘုရား)၊ ဟုတ်လား မျက်ရည်ကြီးငယ် မကျချင်ရင်လည်း (ဝေဒနာပေါ်တိုင်း ဖြစ်ပျက်ရှုပါဘုရား)။
သူများက အသုဘကြီး ဆိုတဲ့ဥစ္စာ ခင်ဗျားတို့ သေ တိုင်း သေတိုင်း အပြောခံရမှာ (မှန်လှပါ ဘုရား)၊ ဟုတ်ဘူးလား၊ အသုဘဆိုတာ ဒီအိမ်မှာ မတင့်တယ်တာ ဖြစ်နေတယ် ပြောတာ မဟုတ်လား (မှန်လှပါဘုရား)။
ဝေဒနာပေါ်တိုင်း ဖြစ်ပျက်
အဲဒီလို နာမည်ဆိုးကြီး ပျောက်ချင်ရင်လည်း ဘာ လုပ်ရမှာလဲ (ဖြစ်ပျက် ရှုရမှာပါ ဘုရား)၊ ဝေဒနာ ပေါ်တိုင်းသာ ပေါ်တိုင်း ဖြစ်ပျက်ရှု ရလိမ့်မယ်။ အဲဒီတော့ ဖြစ်ပျက်ကို မရှု မိလိုက် လို့ရှိ ရင်ဖြင့်လည်း အပျင်း အပြင် မထွက်လို့ပဲ (မှန်ပါ့)
ဒါဖြင့် ပျင်းတဲ့ ပုဂ္ဂိုလ်သည်ကား ဆိုလို့ရှိရင် တစ်နေ့ လုပ်ရမည့် အလုပ်ကို ရက်ပေါင်း များစွာ လုပ်လည်း ပြီးပေါ့ မလား (မပြီးနိုင်ပါဘုရား)၊ မပြီးနိုင်ဘူး။ ဒါဖြင့် အပျင်းကလေး ကို အပြင် ထုတ်ပစ် လိုက်လို့ ရှိရင်ဖြင့် ဝေဒနာ ပေါ်တိုင်း ပေါ်တိုင်း သိနေသောကြောင့် ခင်ဗျားတို့ သံသရာ စခန်း သတ်ပြီး သကာလ ရက်ရှည်ကြီး မျောနေစရာ လိုသေး သလား (မလိုတော့ ပါဘုရား)။
ဝေဒနာပေါ်တိုင်း အလုပ်လုပ်ပါ
သံသရာ စခန်းမှာ ရက်ရှည်ကြီး မျောနေဖို့ လိုသေး သလား (မလိုတော့ပါဘုရား)၊ ဒါဖြင့် ဒကာ ဒကာမတို့ ဝေဒနာ ပေါ်တိုင်း ပေါ်တိုင်းသာ အလုပ် လုပ်ပါ (မှန်လှပါ ဘုရား)။
(ဒကာစိန်၏လျှောက်ထားချက်) “တပည့်တော် တစ်ခု လျှောက်ပါရစေဦး ဘုရား၊ နာရီ လဲ အချိန်စေ့ပါပြီ၊ အရှင်ဘုရား ကြွသွားတော်မူတဲ့နောက် ကို တပည့်တော်တို့ ဘယ်လိုတရားနဲ့ စောင့်ရှောက်ရမှာလဲ ဘုရား၊ တပည့်တော်တို့က နာချိန်ကျ နာချင် သေးတာဘုရား။”
ဪ နာတရား လျှောက်နေတာလား (တင်ပါ့ ဘုရား)၊ အေး နာတရားကတော့ ခန္ဓာကိုယ် ကြည့်နာ (တင်ပါ့ဘုရား)၊ ဟုတ်ပလား (တင်ပါ့)။ ခန္ဓာကိုယ်ထဲက သူက ပြောလိမ့်မယ်၊ ခန္ဓာက ပြောလိမ့်မယ် (မှန်ပါ့ဘုရား)။
ခန္ဓာက ပြလိမ့်မယ်၊ ကျုပ် ယားလာပြီ၊ ဟော ဒါတရား ဟောလာပြီ၊ အဲဒါ မင်း ဖြစ်ပျက် မဟုတ်ဘူးလား (မှန်ပါ့ဘုရား)။ ဝမ်းသာ လာရင်ကော (ဖြစ်ပျက် ရှုမှာပါ ဘုရား)။ ဖြစ်ပျက်သူက တရား ဟောပြီလေ (မှန်လှပါဘုရား)။
ခန္ဓာကိုယ် အပ်ထားခဲ့မယ်
ခင်ဗျားက နာ၊ ရိပ်မိပလား (ရိပ်မိပါပြီဘုရား)၊ ခန္ဓာ ကိုယ်က တရား မဟောဘူးလား (ဟောပါတယ် ဘုရား)။
ကဲ ဟောလို့ရှိရင် ခင်ဗျားက ဘယ့်နှယ်လုပ်ရ မယ် (ဖြစ်ပျက် ရှုရမှာပါဘုရား)၊ ဖြစ်ပျက် ရှုတာက တရားနာ တာပဲ (မှန်လှပါဘုရား)၊ ဟုတ်ပါပေတယ်၊ ဟုတ်ပါ ပေတယ် သာ လိုက်ပေး (မှန်ပါ့ ဘုရား)။
အင်း ဖြစ်ပြီး ပျက်ပါပေတယ်၊ ဖြစ်ပြီး ပျက်ပါပေ တယ်ဆိုရင် သာဓုခေါ် နေတာနဲ့ ထူးသေး ရဲ့လား (မထူးပါဘူး ဘုရား)၊ ဒါဖြင့် ခန္ဓာကိုယ် အပ်ထားခဲ့မယ် (မှန်လှပါ ဘုရား)။ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)၊ ရှုတတ်ပလား (တင်ပါ့ဘုရား)။
ကဲ ဒီနေ့ ဒီတွင် တော်ကြဦးစို့။
သာဓု သာဓု သာဓု။