045

နားငြီးလဲ ပြောရမှာပဲ (ငရဲမျိုးစေ့)

ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး အမရပူရမြို့၌

ဟောကြားတော်မူသောတရားတော်

နားငြီးလဲ ပြောရမှာပဲ

(ငရဲမျိုးစေ့)

(၄-၁၀-၆၁)

ဘုရားသခင် ကိုယ်တော်မြတ်ကြီးက မင်းတို့ ကွာ ဒီပြင်ဟာ စားရေး သောက်ရေး၊ နေရေး၊ ထိုင်ရေး ဒါကို ထည့်ပြီး စကား မပြောပါနဲ့တဲ့။

ငရဲရေသောက်မြစ်ဖြတ်စမ်းပါ

တိရစ္ဆာန်လည်း ရှာစား ရတာပဲကွာတဲ့၊ မထူးပါဘူးတဲ့၊ ဟောဒီငရဲ ရေသောက်မြစ် တစ်ခုတော့ မင်းတို့ အရေးတကြီး ဖြတ်စမ်းပါကွာတဲ့၊ သိပ်မှာတာပဲ (မှန်ပါ့)။

ငရဲရေသောက် မြစ်ဆိုတဲ့ဥစ္စာ ဘာတုံးဆိုလို့ ရှိရင် အခုပေါ်လာတာ ကလေးတွေဟာ စိတ်ကလေးတွေမှန်း သိလျက်သားနဲ့ စားချင်တဲ့ စိတ်ကလေး ပေါ်လာတယ်၊ အိပ်ချင် တဲ့ စိတ်ကလေး ပေါ်လာတယ်၊ ဝတ်ချင်တဲ့ စိတ်ကလေး ပေါ်လာတယ်၊အဲဒါကို ငါလုပ်နေတဲ့ ဥစ္စာ ဘုရားက အစက်ဆုပ် ဆုံးပဲ (မှန်ပါ့ဘုရား)။

စားချင်တဲ့စိတ်၊ ဝတ်ချင်တဲ့စိတ်၊ အိပ်ချင်တဲ့ စိတ်၊ ပြောချင်တဲ့ စိတ်၊ ဆိုချင်တဲ့ စိတ် ဒီစိတ်ကလေး တွေဟာ သူ့အကြောင်း တိုက်ဆိုင်တော့ ပေါ်လာတာပဲ (မှန်ပါ့)၊ အဲဒါကို ဦးမာတင်တို့၊ ဦးသန်းမောင်တို့ ကလည်း လာတဲ့ စိတ်ကို ငါလုပ်နေတာပဲ (မှန်ပါ့)။

လာတဲ့ စိတ်ကို (ငါလုပ်နေပါတယ် ဘုရား)၊ လာတဲ့ စိတ်ကို ငါမလုပ်ပါနဲ့လို့ သတိပေး လိုက်တယ်နော် (မှန်ပါ့)။

ပေါ်လာတဲ့ စိတ်ကို “ငါ” မလုပ်ပါနဲ့

လာတဲ့ စိတ်ကို ငါ မလုပ်ပါနဲ့၊ လာတဲ့စိတ်ဟာ စိတ် တစ်မျိုးပဲ၊ ဒါဟာ စိတ်တစ်မျိုးပဲလို့ စားချင်တဲ့ စိတ်လာတယ်၊ ဪ ဒါ စားချင်တဲ့စိတ် တစ်မျိုးပဲ၊ ဒါလောက်တွင် ထားပါ (မှန်ပါ့ဘုရား)။

အိပ်ချင်တဲ့စိတ် လာပြန်တော့ အိပ်ချင်တဲ့စိတ် တစ်မျိုးပဲ လို့ မှတ်လိုက်တာပေါ့ (မှန်ပါ့)၊ ပြောချင်တဲ့ စိတ်လာရင်ကော (ပြောချင်တဲ့စိတ် တစ်မျိုးပါ ဘုရား)။

ဒီလိုသာ မှတ်နေ ဦးမာတင်တို့ ၊ ဦးသန်းမောင်တို့ရေ . (မှန်ပါ့)၊ ဒိပြင် ဘာမှ မပြောင်းပါနဲ့ (မှန်ပါ့)။

စားချင်တဲ့ စိတ်လာလည်း သြော် စားချင်တဲ့စိတ်ပဲ။ အိပ်ချင်တဲ့ စိတ်လာရင် (အိပ်ချင်တဲ့ စိတ်ပါပဲ ဘုရား)။

သူ့ကိစ္စနဲ့ သူပေါ်လာလို့ သိနေ

ကျင်ကြီးစွန့်ချင်တဲ့ စိတ်လာရင် ကျင်ကြီး စွန့်ချင်တဲ့ စိတ်ကလေးလို့ သိ (မှန်လှပါ)၊ ကျင်ငယ်စွန့်ချင်ရင် ကျင်ငယ်စွန့်ချင်တဲ့ စိတ်ကလေးလို့သိ (မှန်ပါ့)။

ဒီလိုချည့် ပေါ်တဲ့စိတ်ကို သူ့ကိစ္စနဲ့သူ ပေါ်လာတာကိုး၊ သူ့ကိစ္စနဲ့သူ ပေါ်လာတာကိုး လို့ ဒီ ဒကာ ဒကာမတွေက သိနေလို့ ရှိရင် ဒါ ငါမဟုတ်၊ ငါဥစ္စာ မဟုတ်ဆိုတာ ပေါ်လာတာပဲ (မှန်ပါ့)၊ ရှင်းပြီးနော် (ရှင်းပါပြီ ဘုရား)။

ဒါ အထူး ဂရုစိုက်ပြီးတော့ နားထောင်ပါလို့ ဆိုတာ သတိပေး တယ်နော် (မှန်ပါ့)။

“ငါ”ပြုတ်ရင် ဒိဋ္ဌိပြုတ်တယ်

အရေးအကြီးဆုံးက ဘာအရေးကြီးဆုံးတုံး ဆိုတော့ ငါပြုတ်ဖို့၊ ငါ့ဥစ္စာပြုတ်ဖို့ ဒါအရေးကြီးဆုံး မှတ်စမ်းပါ (မှန်လှပါဘုရား)။

ငါပြုတ်ရင် ဒိဋ္ဌိပြုတ်တယ်၊ ငါ့ဥစ္စာပြုတ်ရင် တဏှာပြုတ် ပါတယ် (မှန်လှပါ)။

ငါ့ဥစ္စာ ပြုတ်ရင် တဏှာပြုတ်တယ်

ငါပြုတ်ရင် (ဒိဋ္ဌိပြုတ်ပါတယ် ဘုရား)၊ ငါ့ဥစ္စာပြုတ် ရင် (တဏှာပြုတ်ပါတယ် ဘုရား)၊ တဏှာ ပြုတ်တယ်လို့ အားလုံး ဒကာ ဒကာမတွေ မှတ်စမ်းပါ (မှန်ပါ)။

ဪ ဒါဖြင့် ဘယ်လို ဖြုတ်ပြီးတော့ ဘယ်လိုလုပ် ရမှာတုံးလို့ မေးတဲ့ အခါကျတော့ ခုနင်က ပြောခဲ့တဲ့ အတိုင်းတဲ့၊ ဘာကလေး ပေါ်လာလာ ငါ မဟုတ်တာ သိနေဖို့ အရေးအကြီး ဆုံးပါပဲ (မှန်ပါ့)။

ငါမဟုတ်တာ သိနေဖို့ အရေးကြီးတယ်

ဥပမာမယ် ဆေးလိပ် သောက်ချင်တယ်၊ ဆေးလိပ် သောက်ချင်တာကိုး လို့ သိနေရမယ်၊ ငါ မဟုတ်ဘူး (မှန်ပါ့)။

တံတွေး ထွေးချင်ရင်ကော (တံတွေး ထွေးချင်တဲ့ စိတ်ပါဘုရား)၊ တံတွေး ထွေးချင်တဲ့စိတ်ပဲ၊ ငါမဟုတ်ဘူး (မှန်လှပါ)။

ဥပမာမယ် ဒကာ ဒကာမတွေက ဒီပစ္စည်းကလေး တစ်ခု ကိုင်ချင်တယ်၊ ကိုင်ချင်တဲ့ စိတ်ကလေး ပေါ်လာ တာကိုး (မှန်ပါ့ဘုရား)။

ပေါ်လာတဲ့ စိတ်တိုင်း ပေါ်လာတဲ့ စိတ်တိုင်းဟာ သူ့ကိစ္စ နဲ့သူ ပေါ်လာတော့ကို သူ့အကြောင်း တိုက်ဆိုင်လို့ ပေါ်လာ တယ်၊ အကြောင်း တိုက်ဆိုင်လို့ ပေါ်လာတဲ့ စိတ်ကလေးပဲ၊ စိတ်ကလေးပဲ၊ စိတ်ကလေးပဲ လို့ ဦးမာတင်တို့၊ ဦးသန်းမောင် တို့က သိနေရမယ် (မှန်လှပါဘုရား)။

ထိုကဲ့သို့ သိနေတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ ဒီခန္ဓာကိုယ်ထဲ ပေါ်သရွေ့ စိတ်တွေ ဟူသရွေ့ဟာ ပေါ်လာတဲ့ စိတ်ကို ပေါ်တိုင်း၊ ပေါ်တိုင်း သိနေလို့ ရှိရင် ဒိဋ္ဌိ ပြုတ်တယ် (မှန်ပါ့ဘုရား)။

ပေါ်လာတဲ့ စိတ်ကို (ပေါ်တိုင်း , ပေါ်တိုင်း သိနေလို့ ရှိရင် ဒိဋ္ဌိ ပြုတ်ပါတယ် ဘုရား)၊ ဒိဋ္ဌိ ပြုတ်တယ်၊ ဒါကလေးကို တစ်ခါတည်း မှတ်ထားပါ (မှန်ပါ့)။

အသက်ရှူချင်တဲ့စိတ်

ပေါ်လာတဲ့စိတ်ကို ပေါ်တိုင်း ပေါ်တိုင်း သိရင် (ဒိဋ္ဌိ ပြုတ်ပါတယ် ဘုရား)။

ရှူချင်တဲ့ စိတ်ကလေး ပေါ်လာတယ်၊ ရှူချင် တဲ့စိတ်ကိုး လို့ သိပေး (မှန်ပါ)။ ၊ ရှိုက်ချင်တဲ့ စိတ် ပေါ်လာရင်ကော (ရှိုက်ချင်တဲ့စိတ် လို့ သိရပါမယ် ဘုရား)။

ဒီလို ပေါ်တိုင်း , ပေါ်တိုင်း သိရင် ဘာပြုတ်သတုံး (ဒိဋ္ဌိပြုတ်ပါတယ် ဘုရား)။

နေရာကျပြီ၊ နေရာကျပြီ နောက်က ဒကာ ဒကာမကြီးတွေ ဂရုစိုက်ပါ (မှန်ပါ့)။

မိမိစိတ်ရယ်လို့ မရှိဘူး၊ သူပေါ်လာရင် ဖျတ်ခနဲ ဖျတ်ခနဲ ပေါ်လာတဲ့ စိတ်ကလေးကို ဘာရယ် လို့တော့ ခင်ဗျားတို့ က အဘိဓမ္မာနဲ့ နာမည် မတပ်ချင်နေ (မှန်ပါ့)။

သြော် စားချင်တဲ့ စိတ်ပေါ်ပြန်ပြီ၊ ဆေးလိပ်သောက် ချင်တဲ့စိတ် ပေါ်ပြန်ပြီ၊ အိပ်ချင်တဲ့စိတ် ပေါ်ပြန်ပြီ (မှန်လှ ပါဘုရား)။

စိတ်ပေါ်တိုင်း သိနေရင် ဒိဋ္ဌိပြုတ်တယ်

ဣဿာစိတ် ပေါ်ပြန်ပြီ၊ မစ္ဆရိယစိတ် ပေါ်ပြန်ပြီ (မှန်ပါ့)၊ ဣဿာ ဆိုတာ ငြူစူတာ၊ မစ္ဆရိယ ဆိုတာ ဝန်တိုတာ (မှန်ပါ့ဘုရား)၊ ပေါ်တိုင်း , ပေါ်တိုင်း သိနေရင် ဒိဋ္ဌိပြုတ် တယ်လို့ မှတ်ထားကြပါ။

အဲဒါ အခုဘုန်းကြီး ပြောတော့သာ လွယ်တယ်နော်၊ ဦးမာတင်တို့ ၊ ဦးသန်းမောင်တို့ ကိုယ့်ဟာ ကိုယ်ကျတော့ ခင်ဗျားတို့ လစ်လစ် သွားတယ် (မှန်လှပါ)၊ လစ်လစ် သွား တယ်။

အဲဒီတော့ ယနေ့သည် အဆင်းကလေး မြင်တယ်၊ ဖြူနီကြောင်ကျား မြင်တယ်၊ ဟော မြင်ချင်တဲ့စိတ် ပေါ်ပြီ (မှန်ပါ့ဘုရား)။

ဘုန်းကြီးဟောတဲ့ တရားကို ကြားကြတယ်၊ ကြားတဲ့စိတ် ပေါ်တယ် (မှန်ပါ့)။

အနံကလေးနံတယ်၊ ဪ အနံ့သိတဲ့ စိတ်ကလေး ပေါ်နေတယ်၊ လျှာပေါ် ချိုချဉ် ဖန်ငန် ကလေး တင်လိုက်တယ်၊ ဪ ငန်တာသိတဲ့ စိတ်၊ ချိုတာသိတဲ့ စိတ်ကလေး ပေါ်လာတယ်၊ ဖန်တာသိတဲ့ စိတ်ကလေး ပေါ်လာတယ်။ ပေါ်တိုင်း ပေါ်တိုင်း သိလို့ ရှိရင် ဒိဋ္ဌိ ပြုတ်ပါတယ် (မှန်လှ ပါဘုရား)။

ပေါ်တိုင်း , ပေါ်တိုင်း သိရင် (ဒိဋ္ဌိ ပြုတ်ပါတယ် ဘုရား)၊ ဒိဋ္ဌိ ပြုတ်တယ်လို့ မှတ်ထား ကြစမ်းပါ (မှန်ပါ့)။

ကောင်းပြီ၊ ဘယ်စိတ်ပေါ်ပေါ် ပေါ်တိုင်း, ပေါ်တိုင်း သိရင် ဘာဖြစ်ကြမယ် (ဒိဋ္ဌိပြုတ်ပါတယ် ဘုရား)။

ဘယ်နှယ်ကြောင့် ဒိဋ္ဌိပြုတ်ပါလိမ့်

ဒိဋ္ဌိ ဘယ့်နှယ်ကြောင့် ပြုတ်ပါလိမ့်မလဲလို့ အမေးထုတ် တော့မှ နဂိုက ငါ ထင်နေတယ်၊ ပြောချင်တဲ့ စိတ်ကလေး ပေါ်တာကို ငါ ပြောလိုက်ရမယ်လို့ ငါပြောလိုက် ရတော့မလား ဆိုတဲ့ အဓိပ္ပာယ်မျိုးနဲ့ ခင်ဗျားတို့က သုံးချင်လဲ သုံးပါတယ် (မှန်လှပါဘုရား)။

အိပ်ချင်တဲ့ စိတ်ကလေး ပေါ်လာ ပြန်ရင်လည်း ငါ အိပ်တော့မယ်၊ ခင်ဗျားတို့ က အိပ်ချင်တဲ့ စိတ်ကို ငါ လုပ်ပစ် မယ်လို့ ငါမရောစေနဲ့ ပြောတာပါ (မှန်ပါ့)၊ ရှင်းကြ ပလား (ရှင်းပါပြီ ဘုရား)။

ဘာတဲ့တုံး (ငါမရော စေနဲ့ပါ ဘုရား)၊ ငါ မရောစေနဲ့ တဲ့ ၊ ဒီဥစ္စာ ငါရောရင် ဒိဋ္ဌိဖြစ်လို့ (မှန်ပါ့)၊ ရှင်းပြီနော် (ရှင်းပါပြီဘုရား)။

ဒါဖြင့် စိတ်ပေါ်တိုင်း , ပေါ်တိုင်း ဘာစိတ် ပေါ်ပေါ် စားချင် စားချင်တဲ့ စိတ်လို့ သိ၊ အိပ်ချင်တဲ့ စိတ်လို့ သိ၊ ဒီလိုသိနေလို့ ရှိရင် ဘာပြုတ်သလဲ (ဒိဋ္ဌိ ပြုတ်ပါတယ် ဘုရား)၊ ဒါကို ထပ်ပြန် တလဲလဲ မှတ်မိအောင် ပြောနေတယ်လို့ မှတ်ပါ (မှန်ပါ့)။

စိတ်အစဉ်အတိုင်း ပေါ်နေတာ

ဒါဖြင့် ဦးမာတင်တို့ သန္တာန်၊ ဦးသန်းမောင်တို့ သန္တာန် မှာ တစ်စိတ်ပြီး တစ်စိတ် လာနေမှာပဲ (မှန်လှပါဘုရား)၊ မလာ ပေဘူးလား (လာပါတယ်ဘုရား)။

တစ်စိတ်ပြီး တစ်စိတ် လာနေမယ်၊ အဲဒီလာတဲ့စိတ်ကို သြော် တစ်စိတ် လာပြန်ပြီ၊ သြော် တစ်စိတ် လာပြန် ပြီ၊ သြော် တစ်စိတ် လာပြန်ပြီလို့ သိနေလို့ ရှိရင်ဖြင့် သြော် ဒါ ငါ မဟုတ်တာ ကလေးတွေ သူ့အကြောင်း တိုက်ဆိုင်လို့ ပေါ်တဲ့ စိတ်ကလေးတွေ စိတ်အစဉ်အတိုင်း ပေါ်နေတာကိုး၊ တစ်စိတ်ပြီး တစ်စိတ်၊ တစ်စိတ်ပြီး တစ်စိတ် အစဉ်အတိုင်း ပေါ်နေတာကိုးလို့ သိပြန်လို့ ရှိရင်ဖြင့် ဒါ ခင်ဗျားတို့ ဒိဋ္ဌိပြုတ် တဲ့ ဝိပဿနာ ဖြစ်လာလိမ့်မယ်(မှန်ပါ့ဘုရား)၊ ဒိဋ္ဌိပြုတ် တဲ့ ဝိပဿနာ ဖြစ်မယ် (မှန်ပါ့ဘုရား)။

ဝိပဿနာလို့ သာဆိုရတယ်၊ ဒိဋ္ဌိပြုတ်တဲ့ ဝိပဿနာ ဖြစ် ပါတယ်၊ ခုနင်က အနိစ္စမြင်တဲ့ ဝိပဿနာ၊ ဒုက္ခမြင်တဲ့ ဝိပဿနာ မဟုတ်သေးပါဘူး (မှန်ပါ့)။

ဒါဖြင့် ဒါ ပေါ်တိုင်း , ပေါ်တိုင်း ဘယ်စိတ် ပေါ်ပေါ် သိနေလို့ ရှိရင်ဖြင့် ဘာပြုတ်သတုံး (ဒိဋ္ဌိ ပြုတ်ပါတယ် ဘုရား)၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ဘာစိတ် ပေါ်ပေါ် သိနေရင် (ဒိဋ္ဌိ ပြုတ်ပါတယ် ဘုရား)၊ အဲဒီတော့ ဒိဋ္ဌိဟာ အထူးဖြုတ် ရမှာလား၊ ပေါ်တဲ့စိတ် ကို ပေါ်တိုင်း, ပေါ်တိုင်း သိရမှာလားလို့ မေးရင် ဘယ့်နှယ် ဖြေ ကြမလဲ (ပေါ်တိုင်း ,ပေါ်တိုင်း သိရမှာပါ ဘုရား)။

ပုဂ္ဂိုလ်သတ္တဝါပျောက်တယ်

ပေါ်တိုင်း, ပေါ်တိုင်း သိနေလို့ ဒီစိတ် စိတ်တစ်မျိုး ပေါ် ပြန်ပြီ၊ စိတ်တစ်မျိုး ချုပ်သွားပြီ၊ စိတ်တစ်မျိုး ပေါ်ပြန်ပြီ၊ စိတ် တစ်မျိုး ပေါ်ပြန်ပြီလို့ ဦးသန်းမောင်တို့၊ ဦးမာတင်တို့က သိနေ လို့ရှိရင်ဖြင့် ပုဂ္ဂိုလ်သတ္တဝါ ပျောက်တယ် (မှန်ပါ့ဘုရား)၊ မပျောက်ဘူးလား (ပျောက်ပါတယ်ဘုရား)။

ပုဂ္ဂိုလ် သတ္တဝါ ပျောက်ထွက် သွားတော့ကို ပုဂ္ဂိုလ်မဟုတ် ဘူး၊ သတ္တဝါလည်း မဟုတ်ဘူး၊ ငါလည်း မဟုတ်ဘူး၊ သူတစ်ပါးလည်း မဟုတ်ဘူး၊ စိတ်ကလေး ပေါ်နေတာပဲ။ စိတ်ကလေး ပေါ်နေတာပဲ၊ ဒီလို သိပြီး ခင်ဗျားတို့ ပေါ်တဲ့စိတ်ကို အမှတ်ပြု သိနေကြလို့ ရှိရင် ဒိဋ္ဌိ ပြုတ်တယ် မှတ်ပါ (မှန်လှ ပါဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒိဋ္ဌိဖြုတ်နည်း ပြောပြီး လို့ရှိရင် ဝိစိကိစ္ဆာ ဖြုတ်နည်း ပြောတော့မယ်နော် (မှန်ပါ့)၊ ဒိဋ္ဌိဟာ သူ့ဟာက ပေါ်တိုင်း, ပေါ်တိုင်း သိနေရင် ဒိဋ္ဌိပြုတ်တယ် (မှန်ပါ့)၊ သို့သော် လည်း ဒါက သက္ကာယ ဒိဋ္ဌိသာ ပြုတ်တာ (မှန်ပါ့)၊ မှတ်မိကြ ပလား (မှတ်မိပါပြီဘုရား)။

ဘာပြုတ်သတုံး (သက္ကာယ ဒိဋ္ဌိ ပြုတ်ပါတယ် ဘုရား) သဿတဒိဋ္ဌိနဲ့ ဥစ္ဆေဒိဋ္ဌိ မပြုတ်သေးဘူး (မှတ်ပါ)။

ဘာပြုတ်သတဲ့တုံး (သက္ကာယဒိဋ္ဌိ ပြုတ်ပါတယ် ဘုရား)၊ သဿတနဲ့ ဥစ္ဆေဒဒိဋ္ဌိ မပြုတ်သေးပါဘူး (မပြုတ်သေးပါ ဘုရား)။

ဘုရားတစ်ဆူပွင့်မှ တစ်ခါကြားရတာ

သေသေချာချာ မှတ်ကြပါ၊ ဒကာ ဒကာမတွေ ဒီဥစ္စာ ဘုရား တစ်ဆူပွင့်မှ တစ်ခါကြား ရတယ်လို့ အောက်မေ့ ရတယ် (မှန်ပါ့ ဘုရား)၊ ဘုရား တစ်ဆူပွင့်မှ တစ်ခါ ကြားရတာ (မှန်ပါ့ ဘုရား)။

အခုပဲ ခင်ဗျားတို့ မကြားဘူးလို့၊ မဖြုတ်တတ်လို့ ရှိရင် ဖြင့် ငါမဟုတ်တာကို ငါလုပ်နေလိမ့်မယ် ဆိုတာလည်း ဦးသန်းမောင်တို့ ၊ ဦးမာတင်တို့ ငြင်းဖို့ မလိုဘူး (မလိုပါ ဘုရား)၊ ငါမဟုတ်တာ ငါ လုပ်ကြ တော့မှာပဲ (မှန်ပါ့)။

ငါမဟုတ်တာ လုပ်နေကြတယ်

ဒီဟာကို ငါမဟုတ်တာ ငါလုပ်လို့ ရှိရင် ဒီရောဂါဟာ ကူးစက်တော့မယ် (မှန်ပါ့ဘုရား)၊ ဘယ်လို ကူးစက်မလဲ။ ဘာမှ မဆိုင်တဲ့ ဟိုဘက်က ရုပ်နာမ်ကိုလဲ ငါ့သား လုပ်တော့ မယ်၊ ငါ့သမီးကော မလုပ်ဘူးပေလား (လုပ်ပါတယ် ဘုရား)။

ပေါ်လာတဲ့ စိတ်ကလေးကို ငါမဟုတ်, သူမဟုတ်၊ စိတ်ကလေး တွေသာ ပေါ်နေတာ၊ စိတ်စဉ်တန်း ပေါ်နေတာလို့ မသိလို့ ရှိရင်ဖြင့် ဒီရောဂါဟာ၊ ဒိဋ္ဌိရောဂါဟာ ပွားသွားတော့မယ် (မှန်ပါ့)၊ ဒီရောဂါဟာ ပွားသွားတော့မယ် ဆိုတာ မှတ်ရုံပဲ (မှန်လှပါ)၊ ဒီရီကော်ဒါ Recroder ကလေးလည်း ငါ့ဟာ၊ ဒီမိုက်ကရိုဖုန်း Microphone ကလေးလည်း ငါ့ဟာ (မှန်ပါ့)၊ ဪ ဒါတွေ ဘယ်က လာပါလိမ့်မတုံး (မှန်ပါ့)။

ဪ ဒါ ဘယ်က လာပါလိမ့်မတုံး ၊ ဒီ ငါ့ဥစ္စာတွေ ဘယ်ကများ လာပါလိမ့်မတုံး၊ ခုနင်က ပေါ်လာတဲ့ စိတ်ကို ငါရယ်လို့ ထင်နေလို့၊ ဒီစိတ်က ဟိုဟာကို ပိုင်တယ် လို့ ထင်ပေး လိုက်တော့ ငါဥစ္စာဘက် ကူးသွားတယ် (မှန်ပါ့) ၊ ရှင်းကြပါလား (ရှင်းပါပြီဘုရား)။

ဒိဋ္ဌိဖြုတ်နေတယ်လို့ မှတ်ပါ

မိမိစိတ်ကို ငါထင်နေရင် ပစ္စည်းကို ငါ့ဥစ္စာလို့ တစ်ခါ တည်း ကူးစက်ပြီး ဒီဝေဒနာ ပွားသွားတာပဲ (မှန်ပါ့ ဘုရား)။ ဒါ ဂရုစိုက်ပြီး နားထောင်ပါ၊ ဘာဟောနေသတုံးလို့ မေးမနေနဲ့၊ ဒိဋ္ဌိဖြုတ် နေတယ်လို့ သာ အောက်မေ့ (မှန်ပါ့ဘုရား)။

ဘာလုပ်နေတာတုံး (ဒိဋ္ဌိဖြုတ်နေ ပါတယ် ဘုရား)၊ ဒိဋ္ဌိ ဖြုတ်နေတယ် ဆိုတဲ့ ဥစ္စာ ခင်ဗျားတို့ လေးလေးစားစား မှတ်ပါလို့ ပြောတာနော် (မှန်ပါ့)။

လေးလေးစားစား ဘယ့်နှယ် မှတ်ရမတုံး၊ ခင်ဗျားတို့ အမိ သတ်နိုင်တယ်၊ အဖ သတ်နိုင်တယ်၊ သူတစ်ပါး ဥစ္စာတွေ လိမ်လည်တယ်၊ ကောက်ကျစ်တယ်၊ ခိုးတယ်၊ ဝှက်တယ်။ ဓားပြ တိုက်နိုင်တယ်၊ သူပုန်ထ နိုင်တယ် ဆိုတာ ဒိဋ္ဌိက ပွားတာ (မှန်လှပါ၊ သဘောကျပလား (ကျပါပြီဘုရား)။

ဒိဋ္ဌိကပေါက်ပွားတာ

ကျန်တဲ့ အကုသိုလ်ဟူသရွေ့ (ဒိဋ္ဌိ ပွားတာပါ ဘုရား)၊ ဒါကြောင့် သူ့ကို အရေးတကြီး ဖြုတ်နေတာ (မှန်လှပါ)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကျန်တဲ့ အကုသိုလ်တွေ ဟူသရွေ့ ခင်ဗျားတို့ အမိလည်း သတ်နိုင်တယ်၊ အဖလည်း သတ်နိုင်တယ်၊ ဘုရားလည်း သတ်နိုင်တယ် ဆိုကြပါစို့ (မှန်လှပါ ဘုရား)။

ဘယ်က လာတာတုံး ဦးမာတင်တို့၊ ဦးသန်းမောင် တို့ (ဒိဋ္ဌိက ပေါက်ပွားလာတာပါ ဘုရား)။

ဒိဋ္ဌိသည် ငရဲရေသောက်မြစ်

ဒါဖြင့် သူဟာ ငရဲ ရေသောက် မြစ်ဆိုတာ မမှန်ဘူးလား (မှန်ပါတယ် ဘုရား)။

ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ့၌ တို့ ဆရာ ဘုန်းကြီး အခု အရေးတကြီး ပြောနေတာ ရေသောက်မြစ် အရင်းကျကျ ဖြုတ်ပေး နေတာကိုး (မှန်လှပါ)။

ဒို့ အပါယ်ကို သွားမှာ စိုးရိမ်လို့ ဒီရေသောက်မြစ် ဖြတ်ပေး နေတာပါလားလို့ ဆိုတာ၊ လေးလေးစားစား မှတ်ပါလို့ ပြောလိုက်တယ် (မှန်ပါ့)၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဘယ်စိတ် ပေါ်ပေါ် စားချင်တဲ့စိတ် ပေါ်လည်း စားချင်တဲ့ စိတ်လို့ သိပါ (မှန်ပါ့)၊ အိပ်ချင်တဲ့ စိတ်ပေါ်လာ ရင် (အိပ်ချင်တဲ့ စိတ်လို့ သိရပါမယ် ဘုရား)၊ အိပ်ချင်တဲ့ စိတ်လို့ သိပေးနေ (မှန်ပါ့)။

ပြောချင်တဲ့ စိတ်လာရင် ပြောချင်တဲ့ စိတ်လို့ သိပေး နေလို့ ရှိရင် ဪ ဒါဟာ စိတ်ကလေး၊ စိတ်ကလေး၊ စိတ်ကလေးဆိုတာ စိတ်ကလေးတွေ သိသိ၊ သိသိနေတော့ ငါက ဒီအထဲမရောလို့ ရှိရင် ငါပြောချင်တယ် ဆိုတဲ့ ဥစ္စာ မလာတော့ပါဘူး (မှန်ပါ့)။

ငါ့ကိုယ် , ငါ့ဟာကော လာသေးရဲ့လား (မလာ တော့ပါဘုရား)။

မလာတော့ဘူး၊ ဒါ စိတ်ကလေး သီးသန့်ပေါ်တာ၊ ဒါ စိတ်ကလေး သီးသန့်ပေါ်လာလို့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ သိနေရမယ် (မှန်ပါ့)။

ဒါဖြင့် ဒီဥစ္စာ စားချင်တဲ့ တဏှာ (မှန်ပါ့)၊ စားချင် တဲ့ တဏှာ ပြီးလို့ ရှိရင်ဖြင့် ဒကာ ဒကာမတွေမှာ မစားရမနေ နိုင်တဲ့ တဏှာ လာပြန်တယ် (မှန်ပါ့)။

တဏှာကနှစ်မျိုး

ဒါက စားချင်တဲ့ တဏှာ၊ ဒါက မစားရ မနေနိုင်တဲ့ တဏှာပါ (မှန်ပါ့)။ ဒါက ဘာတုံး (စားချင်တဲ့ တဏှာပါဘုရား)၊ ဒီဟာ က (မစားရမနေနိုင်တဲ့ တဏှာပါဘုရား)။

ဪ တဏှာက နှစ်မျိုးရှိတယ်ကိုး (မှန်ပါ့) သဘောကျပြီနော် (မှန်ပါ့ဘုရား)။

(၁) စားချင်တဲ့ တဏှာ

(၂) မစားရ မနေနိုင်တဲ့တဏှာ ဘယ်နှမျိုးရှိသတုံး (နှစ်မျိုးရှိပါတယ်ဘုရား)။

(၃) မစားရ စားရအောင် အားထုတ်မယ်ဆိုတဲ့ အလုပ်၊ ပေါ်လာပြန်ပြီ (မှန်ပါ့)၊ မစားရရင် စားရအောင် အားထုတ်မယ် (မှန်ပါ့)၊ ဒီအလုပ်ကော မလာဘူးလား (လာပါတယ်ဘုရား)။

ဒါဖြင့် စားချင်တဲ့ တဏှာ၊ မစားရ မနေနိုင်တဲ့ တဏှာ၊ မစားရ စားရအောင် အားထုတ်တဲ့ တရား ဘယ်နှမျိုး ရှိသတုံး (သုံးမျိုးပါဘုရား)။

နှစ်သက်တယ်၊ စွဲလမ်းတယ်၊ အားထုတ်တယ်

သုံးမျိုးရှိတယ် တဲ့၊ ခင်ချင်တဲ့ တဏှာ၊ စွဲစွဲလမ်းလမ်း တဏှာ မဟုတ်ဘူးလား (မှန်ပါ့)။

ခင်ဖို့ရာ အားထုတ်တဲ့အလုပ် မဟုတ်ဘူးလား (မှန်ပါ့)၊ ဒါ သုံးမျိုးကတော့ဖြင့် နေရာတိုင်းရှိမှာပဲ (မှန်ပါ့)။

နေရာတိုင်းရှိတော့ စာလို့ သုံးတော့ တဏှာပစ္စယာ ဥပါဒါနံ၊ ဥပါဒါနပစ္စယာ ကမ္မဘဝေါ(မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီဘုရား)။

တဏှာပစ္စယာ (ဥပါဒါနံပါဘုရား)၊ တဏှာပစ္စယာဆိုတာ ဒီကြားထဲမှာ အကြောင်း အကျိုး ဆက်သေးတယ်၊ တဏှာပစ္စယာ (ဥပါဒါန်ပါ ဘုရား)။

ဒီကြားထဲပြတ်နေလို့ ပစ္စယာဆိုတဲ့ အကြောင်းကလေး ပြတ်နေရင် ဒါမပေါ်ပါဘူး (မှန်ပါ့)။

ဒါကြောင့် တဏှာပစ္စယာ ဥပါဒါန (မှန်ပါ့)၊ ဥပါဒါနပစ္စယာ ကမ္မဘဝေါ (မှန်ပါ့)။ဒါ သေသေ ချာချာ မှတ်ပါ တဲ့၊ ဒီနေ့ ခပ်ရှင်းရှင်း ပြတယ် (မှန်ပါ့)။

ပေါ့ပေါ့တန်တန်မလုပ်ပါနဲ့

မြင်ကြရဲ့လား နောက်ကလူတွေ (မြင်ပါတယ် ဘုရား)၊ မမြင်ရင် မြင်အောင်ကြည့်မှ မရဘူး (မှန်ပါ့)။

မမြင်ရင် မြင်အောင်ကြည့်မှ မရဘူး၊ ခပ်ကျဲကျဲ ထိုင်ရတယ်၊ ခေါင်းချင်း ခြားခြား ကလေး သွားရတယ်၊ ပုလိပ် Police များ တန်းသလို (မှန်ပါ့)။

တစ်ယောက် ခေါင်းကြားကို တစ်ယောက် ခေါင်းဝင်ရ တယ်၊ ဒီလိုမှရတယ်၊ နို့မဟုတ်ရင် မရဘူး (မှန်ပါ့)။

စားချင်တာက တဏှာ၊ မစားရမနေနိုင်တာက (ဥပါ ဒါန်ပါဘုရား)၊ မစားရ စားရအောင် အားထုတ်မယ် ဆိုတာက (ကမ္မဘဝပါ ဘုရား)၊ ကံ၊ ကာယကံ၊ ဝစီကံ (မှန်ပါ့) ရှင်းပြီနော် (မှန်ပါ့)။

ဒါ သေသေချာချာ ကြည့်ပါ၊ ဒကာ ဒကာမတို့၊ ဒါကို ပေါ့ပေါ့တန်တန် မလုပ်ပါနဲ့၊ ကိုယ့်သန္တာန် ဖြစ်နေတာ ကိုယ်မသိ လို့ ပြောပါတယ် (မှန်ပါ့)။

ဒီသုံးခုဟာ အချက်အချာပဲ

ခင်ခြင်တာဟာ တဏှာ (မှန်ပါ့)၊ စွဲစွဲလမ်းလမ်းဖြစ် တာက (ဥပါဒါန်ပါဘုရား)၊ စွဲစွဲလမ်းလမ်း ဖြစ်လို့ မခင်ရင် မနေနိုင်ဘူးဆိုတဲ့ အားထုတ်မှုက (ကမ္မဘဝပါဘုရား)။

ဒါ ခင်ဗျားတို့ သန္တာန် ဒီသုံးခုတန်းတာပဲလို့ မှတ်လိုက်စမ်းပါ၊ ဒီဘဝမှာ ဒီသုံးခုဟာ အချက် အချာပဲ (မှန်ပါ့ဘုရား)၊ ဒီသုံးခုဟာ အချက်အချာပဲလို့ မှတ်ကြပါ။

ခင်ဗျားတို့ ပါးစပ်ထဲမှာ ရ,ထားတာကလေး တစ်ခုက တဏှာပစ္စယာ ဥပါဒါနံ၊ ဥပါဒါနပစ္စယာ ကမ္မဘဝေါ (မှန်ပါ့)၊ ကမ္မဘဝ ပစ္စယာ ဇာတိ၊ ဒီသုံးခုကလေးတော့ ရအောင် လုပ်ထားပါ (မှန်လှပါ)။

ဒါ ခင်ဗျားတို့ သန္တာန်မှာ တဲ့၊ တစ်ခုသော ဝတ္ထု ပစ္စည်းကိုမြင်တယ်၊ မြင်ရင် လိုချင်တယ်၊ လိုချင်ရင် တဏှာပဲ (မှန်ပါ့ဘုရား)။

ဘယ်တော့မှ မရပ်တော့ဘူးလို့ ဆုံးဖြတ်ချက် ချပါ၊ လိုချင် လို့ရှိရင်ဖြင့် စွဲစွဲလမ်းလမ်း ရချင်တာပဲ (မှန်လှပါ)၊ ဥပါဒါန် မလာဘူးလား (လာပါတယ် ဘုရား)။

စွဲစွဲလမ်းလမ်း လိုချင်လို့ ရှိရင် အားထုတ် ရမှာပဲဆိုတာ ကမ္မဘဝကော မလာဘူးလား (လာပါတယ် ဘုရား)။

ဒီသုံးခုကစဉ်ပြီး တန်းသွားတယ်

ဒါ ဒီသုံးခု ဦးသန်းမောင်တို့ သန္တာန်မှာ၊ ဝမ်းထဲမှာ အစဉ် တန်းတာပဲ၊ စဉ်ပြီး တန်းသွားတာပဲ (မှန်လှပါ)။

မျက်လုံး ပေါက်ကလည်း ဒီသုံးခု တန်းနေတာပဲ၊ နား ပေါက်ကလည်း (ဒီသုံးခုတန်း နေပါတယ် ဘုရား)၊ နှာခေါင်း ပေါက်ကကော (တန်းနေပါတယ်ဘုရား)၊ လျှာ ပေါက်ကကော (တန်းနေပါတယ် ဘုရား)။

ကိုယ်ပေါက်က (တန်းနေပါတယ်ဘုရား)၊ မနော ပေါက်က (တန်းနေပါတယ် ဘုရား)၊ အဲ တစ်ပေါက်ပြ လိုက်ရင် ပြီးတာပဲ။

ကိုင်း ဒါဖြင့် ခင်ဗျားတို့ ရွတ်ထားတဲ့ ပါဠိကို ရွတ်ပါ ဆိုတော့ တဏှာ, ဒါက တဏှာ (မှန်ပါ့)၊ ဒါက ပစ္စယာ (မှန်လှပါ)၊ ဒါက ဥပါဒါန် (ဥပါဒါန်ပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒီက ဘာတုံး (တဏှာပါဘုရား)၊ ဒီအနီးကလေးက (ပစ္စယာပါ ဘုရား)၊ ဒါက (ဥပါဒါန်ပါ ဘုရား)။

ဒီတစ်ခုနဲ့တစ်ခု အကြားထဲမှာ ပစ္စယာ ဆိုတာ ကလေးက သူနဲ့သူ ဆက်ပေးတယ် (မှန်လှပါ ဘုရား)၊ တဏှာနဲ့ ဥပါဒါန် ကို ဆက်ပေးတယ်၊ ပစ္စယာဆိုတဲ့ သဘော ကလေးဟာ (မှန်ပါ့ဘုရား)။

ပစ္စယာဆိုတာ ဆက်ပေးတဲ့သတ္တိ , တရား တစ်မျိုးတော့ မဟုတ်ပါဘူးတဲ့ (မှန်ပါ့)၊ ဆက်ပေးတဲ့ သတ္တိဟာ ရှိသကိုးလို့ သိအောင်ပြတာ (မှန်ပါ) ရှင်းပလား (ရှင်းပါပြီဘုရား)။

ဒါကလေးဟာ ဘာကလေး ပါလိမ့် (ပစ္စယာပါ ဘုရား)၊ ပစ္စယာ ဆိုတာက ကော အကြောင်း တရားက အကျိုးတရားကို ဆက်ပေးတယ်တဲ့ အဆက် မပြတ်ပါဘူး -ပြောတာပါ (မှန်ပါ့ ဘုရား)။

အဆက်ပြတ်သေးရဲ့ လား (မပြတ်ပါဘုရား)၊ တဏှာပစ္စယာ ဥပါဒါနံ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါ ပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့် တဏှာ ပစ္စယာ ဥပါဒါနံ ဆိုတော့ ဒီတဏှာ ကလေးဟာက လိုချင်ပြီးတော့ကို ချုပ်သွားတယ်၊ ချုပ်သွား ပြီးတော့ ဥပါဒါန် ပေါ်တယ် (မှန်ပါ့)။

ဘယ့်နှယ်ကြောင့် ပေါ်သတုံး ဆိုတော့ ဒီပစ္စယာကလေး ကြောင့် ပေါ်တာ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘယ်သူ့ကြောင့် ပေါ်တာတုံး (ပစ္စယာ ကြောင့် ပေါ်ပါတယ် ဘုရား)။

ပစ္စယာဆိုတာ အကြောင်း

ပစ္စယာဆိုတာ အကြောင်း (မှန်ပါ့)၊ ဘယ်သူ့ အကြောင်းတုံးလို့ မေးဖို့ မလိုဘူးလား (လိုပါတယ် ဘုရား) လိုတော့ ရှေ့ချုပ် သွားသော တရား၏ အကြောင်း (မှန်ပါ့)။

ဒါဖြင့် တဏှာ ပစ္စယာ, ဥပါဒါနံမှာ ဒီတဏှာက အကြောင်းပြုလို့ ဥပါဒါန်ဖြစ်တယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီဘုရား)။

တဏှာက (အကြောင်းပြုလို့ ဥပါဒါန် ဖြစ်ပါတယ် ဘုရား)။

တဏှာက အကြောင်းပြုလို့

ဒါသေသေချာချာ မှတ်ပါ တဲ့၊ တဏှာက အကြောင်းပြုလို့ ဥပါဒါန် ဖြစ်တယ်၊ ဪ ဒါဖြင့် ဒါဟာ ဒီတဏှာ၏ စွမ်းရည် သတ္တိကလေးပြတာ၊ ပစ္စယာ ဆိုတာ (မှန်လှပါဘုရား)၊ ရှင်းပြီနော် (ရှင်းပါပြီဘုရား)။

ကောင်းပြီ ဒါဖြင့် ဒီတဏှာက ချုပ်သွားတော့ ပစ္စယာ ကလေးက ကျန်ရစ်တော့ ဒါ ပေါ်တာပဲ (မှန်ပါ့)။

ဒီတရားကိုဖြစ်ခွင့်ပေးခဲ့တယ်

ဒါဖြင့် ဒီတရား ကလေးဟာ ချုပ်သာ သွားခဲ့တယ် တဲ့ ဒီတရားကို ဖြစ်ခွင့် ပေးခဲ့တယ် (မှန်ပါ့)၊ မပေးဘူးလား (ပေးခဲ့ပါတယ် ဘုရား)။

ဘာဖြစ်လို့တုံး တဏှာပစ္စယာ ဥပါဒါန်ကိုး (မှန်ပါ့)၊ သဘောပါရဲ့လား (ပါ,ပါပြီဘုရား)။

ဒါဖြင့် ဦးမာတင် မေးမယ်၊ ဦးသန်းမောင်က မေးမယ်၊ ဘုန်းကြီးကော မေးမယ်၊ ခင်ဗျားတို့ ကြိုက်သလိုဖြေ၊ မှားရင် ဘုန်းကြီး သြော် ဒါဟာ သဿတဒိဋ္ဌိ သေပြီ၊ ဥစ္ဆေဒဒိဋ္ဌိ သေပြီဆိုတာ ဘုန်းကြီး ရှင်းပြမယ်နော် (မှန်ပါ့)။

တဏှာ ပစ္စယာ ဥပါဒါနံ၊ ဥပါဒါန ပစ္စယာ ကမ္မဘဝေါ၊ ဒီလို ချည့်သွားမှာပဲ (မှန်ပါ့)၊ ကမ္မဘဝ ပစ္စယာ ဆိုလို့ရှိရင် လည်း ဒီအတိုင်း လာမှာပဲ (မှန်ပါ့)။

ဒီကြားထဲ ပစ္စယာတော့ ပါရမှာပဲ (မှန်ပါ့)၊ ပြီးတော့ မှ သူ ကမ္မဘဝ ပစ္စယာ ဇာတိ၊ ဒီလို လာမှာပဲ၊ မလာပေ ဘူးလား (လာပါတယ် ဘုရား)။

စာရထားတာနဲ့ ဘာမှမဆိုင်ဘူး

အဲဒီတော့ ခင်ဗျားတို့ စာရထားတာနဲ့ ဘာမှ မဆိုင်ဘူးလို့ အောက်မေ့ပါ (မှန်ပါ့)။

ဘယ့်နှယ်ကြောင့် ဘာမှ မဆိုင်ဘူးလို့ ဆိုသတုံးလို့မေး စရာလိုတော့ ကြည့်လေ၊ “တဏှာ ပစ္စယာ ဥပါဒါနံ၊” ကျုပ်တို့ အမြင်က ဒါ ဖြစ်နေတယ် (မှန်ပါ့)၊ စာကတော့ “တဏှာ ပစ္စယာ ဥပါဒါနံ”။ ကျုပ်တို့ အမြင်က အခု ဆရာဘုန်းကြီး ပြလိုက်တော့ တဏှာ ပစ္စယာ ဥပါဒါနံ။

ဪ ဒီတဏှာမှာ အကြောင်း ရှိတယ်၊ ဥပါဒါန် ဖြစ်စေတဲ့ အကြောင်း ကလေး သူ့ထဲမှာ ပါတယ် (မှန်ပါ့) မပါ ဘူးလား (ပါ,ပါတယ် ဘုရား)။

ဒါကြောင့် တဏှာ ပစ္စယာ ဥပါဒါန (မှန်ပါ့)၊ ဒီ ဥပါဒါန် အလိုလို ပေါ်တာလား၊ တဏှာက အကြောင်း ပြုတာလား (တဏှာက အကြောင်း ပြုတာပါဘုရား)။

ဒါဖြင့် ဒီတဏှာ အကြောင်းကလေးနဲ့ သူ ဆက်တယ် (မှန်ပါ့)၊ မဆက်ဘူးလား (ဆက်ပါတယ် ဘုရား)။

အကြောင်းအကျိုးဆက်တယ်

အံမာလေး ဒါကလေး မနည်း ပြောရပါလား၊ ဆက် တော့ကို ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဆက်ပါတယ်လို့ သိသွားရင် အတော် ကျေနပ်တယ် (မှန်ပါ့ဘုရား)၊ တဏှာ ပစ္စယာ (ဥပါဒါနပါဘုရား)၊ မဆက်ဘူးလား (ဆက်ပါတယ် ဘုရား)၊ တဏှာတည်း ဟူသော အကြောင်းတရား နဲ့ ဥပါဒါန်ဟာ ဆက်နေတယ် (မှန်ပါ့)၊ တဏှာတည်း ဟူသော တရားက အကြောင်း မပြုခဲ့လို့ ရှိရင် ဒီဥပါဒါန် ပေါ်မှာ မဟုတ်ဘူး (မှန်ပါ့ဘုရား)၊ ပေါ်မလား (မပေါ်ပါ ဘုရား)၊ ဒါဖြင့် တဏှာနဲ့ ဥပါဒါန် အကြောင်း အကျိုးဆက် မဆက် (ဆက်ပါတယ် ဘုရား)၊ ဆက်တယ်နော် (မှန်ပါ့)။

ကဲ ဆက်လို့ရှိရင်ဖြင့် အခု ဥပါဒါန်ပေါ်နေပြီ (မှန်ပါ့)၊ မပေါ်သေးဘူးလား (ပေါ်နေပါပြီဘုရား)။

ရှေ့ဓမ္မက ချုပ်သွားလို့ ပေါ်ခွင့်ပေးခဲ့တယ်

အလိုလို ပေါ်တာလားတဲ့၊ ရှေ့ဓမ္မက ပေါ်ခွင့်ပေးခဲ့တာ လား (ရှေ့ဓမ္မက ပေါ်ခွင့် ပေးခဲ့တာပါ ဘုရား)၊ သဘော ကျပလား (ကျပါပြီ)၊ ရှေ့ဓမ္မက ချုပ်သွားလို့ ပေါ်ခွင့်ပေး ခဲ့တယ် (မှန်ပါ့)။

ဪ ဒါဖြင့် တို့သန္တာန်ဖြစ်တဲ့ စိတ်တွေဟာ ဒီလို ပါပဲ၊ ဆက်ဆက် သွားမှာပဲ ဆိုတာ မသိဘူးလား (သိပါတယ် ဘုရား)။

အဲဒီတော့ကို ရှေ့ချုပ်သွားတဲ့ အကြောင်းနဲ့ နောက်အကျိုး နဲ့ဟာ ဆက်နေတယ် (မှန်ပါ့)၊ မဆက်ဘူးလား (ဆက်ပါတယ် ဘုရား)။

ဆက်တာ သိရင်ဖြင့်တဲ့ ဦးမာတင်က ရှင်းတယ်၊ ဦးသန်းမောင်တို့ နောက်လာတဲ့ ဒကာ ဒကာမကြီး တွေက မရှင်းဘူး၊ မရှင်းမှာစိုးလို့ ထပ်ပြောတာ (မှန်ပါ့)။

ဒါဖြင့် ဒီအကြောင်း ချုပ်သွားငြား သော်လည်း ဒီအကျိုး ပေါ်သင့် မပေါ် သင့် (ပေါ်သင့်ပါတယ် ဘုရား)။

ဘာဖြစ်လို့ ပေါ်သင့် သတုံးဆိုတော့ ပစ္စယာတဲ့ ၊ အကြောင်းက ဆက်နေပါတယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ရှေ့အကြောင်းကြောင့် ပေါ်လာတဲ့အကျိုး

ဒါဖြင့် ဒီအကျိုးဟာ အလိုလို ပေါ်တာလား၊ ရှေ့ အကြောင်းကြောင့် ပေါ်တာလား (ရှေ့ အကြောင်းကြောင့် ပေါ်တာပါ ဘုရား)။

ရှေ့အကြောင်းကြောင့် ပေါ်ခဲ့လို့ ရှိရင်ဖြင့်တဲ့ ဥစ္ဆေဒ ဒိဋ္ဌိ ဒကာ ဒကာမတွေ လွတ်သွားပြီ (မှန်ပါ့)။

ဒါကလေးက အလိုလို ပေါ်တာလား၊ အကြောင်းကြောင့် ပေါ်တာလား (အကြောင်းကြောင့် ပေါ်တာပါဘုရား)၊ ဒါဖြင့် အကြောင်းနဲ့ အကျိုးဟာ ပြတ်သေးရဲ့လား (မပြတ် ပါ ဘုရား)။

ဒီတစ်လုံးပိုင်ရင် ဥစ္ဆေဒဒိဋ္ဌိ မဖြစ်ဘူး

မပြတ်လို့ယူတဲ့ အတွက် ဥစ္ဆေဒဒိဋ္ဌိ ဆိုတာ ပြတ်တယ်လို့ ယူတယ်၊ အခုတော့ ဥစ္ဆေဒဒိဋ္ဌိ ဖြစ်သေးရဲ့လား (မဖြစ်ပါ ဘုရား)၊ ရှေ့အကြောင်းနဲ့ ဒီအကျိုး ဟာလေ (မပြတ်ပါ ဘုရား)၊ မပြတ်တာ သိနေတယ်၊ ဪ ဒီအကြောင်း မရှိ ဘဲနဲ့ ဒီအကျိုး ပေါ်ပါ့မလား (မပေါ်ပါ ဘုရား)။

ကောင်းပြီ ဒါကလေး တစ်လုံး ခင်ဗျားတို့ ပိုင်လို့ရှိရင် ဥစ္ဆေဒဒိဋ္ဌိဖြင့် တို့သန္တာန်မှာ မရှိဘူးလို့ မှတ်လိုက်စမ်းပါ (မှန်ပါ့)၊ ဘာမှ မရှိတာတုံး (ဥစ္ဆေဒဒိဋ္ဌိ မရှိပါဘုရား)။

အဲဒီ ဥစ္ဆေဒဒိဋ္ဌိ ရှိနေလို့ ရှိရင်လည်း ဘုန်းကြီးက ဘယ်လိုပဲ ဟောတတ် ပြောတတ် ငြား သော်လည်း ဒီ ဓမ္မကလေး တွေကို ဟောမှာကိုး၊ နောက်ဖြစ် ဟောတော့မယ် (မှန်ပါ့)။

ဒါမသိရင် သောတာပန်မတည်နိုင်ဘူး

ဒါမှ အကြောင်းအကျိုး ဆက်နေတဲ့ သဘော မသိလို့ရှိရင် ခင်ဗျားတို့ကို ဘုန်းကြီး ဘယ်လောက်ပဲ ဟောဟော ခင်ဗျားတို့ သောတာပန် မတည်နိုင်ဘူး (မှန်ပါ့)၊ သိပ်ကြောက်စရာ ကောင်းတယ် (မှန်လှပါ)၊ သောတာပန် တည်ခွင့်ကို မပေး နိုင်ဘူး၊ ဒီ ဥစ္ဆေဒဒိဋ္ဌိ ခံနေလို့ (မှန်လှပါ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘာခံနေသတုံး (ဥစ္ဆေဒဒိဋ္ဌိ ခံနေပါတယ် ဘုရား)၊ ဒါ ကြပ်ကြပ် စဉ်းစားပါ (မှန်ပါ့)၊ ခင်ဗျားတို့က အနိစ္စ ဒုက္ခ, အနတ္တ လုပ်ရင် တည်မယ်လို့ ထင်နေတယ်၊ မဟုတ်ဘူး၊ မရောက်နိုင်ဘူး၊ ဒါ အရင် ရှင်းပြီးမှ လုပ်ရင် ရောက်မယ် (မှန်ပါ့)၊ ဒါ အရင် မရှင်းဘဲနဲ့ လုပ်ရင် (မရောက်ပါ ဘုရား)၊ မရောက်ဘူးလို့ သေသေချာချာ မှတ်ပါ (မှန်ပါ့)။

ဒါရှင်းဖို့ သိပ်အရေးကြီးတယ်

ဒါဖြင့် သြော် ဝိပဿနာ၏ အခြေအမြစ်ကို ပြော နေတာကိုး ဆိုတာကို ဦးမာတင်တို့၊ ဦးသန်းမောင်တို့က မှတ်ရ မယ် (မှန်လှပါဘုရား)၊ မပျင်းနဲ့ ဒီဥစ္စာကို၊ ဒါ ရှင်းဖို့ သိပ်အရေး ကြီးတယ် (မှန်ပါ့)။

ဒါ ရှင်းပြီးတယ် ဆိုရင်ဖြင့် ဖြစ်ပျက် နှစ်ခါ သုံးခါ မြင်တယ် ဆိုရင် ခင်ဗျားတို့ ခဏကလေးနဲ့ ပြီးသွားမယ် (မှန်ပါ့)၊ ဒါ မရှင်းဘဲနဲ့ အားထုတ်ရင် ဘုရား လက်ထက်က နှစ်ပေါင်းများစွာ အားထုတ် နေတာ မရဘူး (မှန်ပါ့)။

ဒိဋ္ဌိခံနေရင် အားထုတ်လို့မရဘူး

ဒါ မရှင်းဘဲနဲ့ အားထုတ်ရင် (မရပါဘုရား)၊ ရကို မရဘူး၊ ဒိဋ္ဌိ အပင်း ခံနေတယ် (မှန်ပါ)၊ ဒိဋ္ဌိ အပင်းခံ နေတာ ဘယ်လို အားထုတ် အားထုတ် မရဘူး (မှန်ပါ့)၊ မဂ်ဉာဏ်, ဖိုလ်ဉာဏ်ကို မပေါ် လာဘူး (မှန်ပါ့)။

ကဲ ဘယ်လောက် ကြောက်စရာ ကောင်းသတုံး။ (ကောင်းပါတယ် ဘုရား)၊ ဘာဖြစ်လို့တုံး ရှင်းသင့်တာ မရှင်းလို့ (မှန်ပါ့)၊ ဒိဋ္ဌိ ခွာသင့်တာကို (မခွာလို့ပါ ဘုရား)၊ မခွာလို့ ဆိုတော့ သိပ်နစ်နာ နေတယ် (မှန်ပါ့)။

ကြပ်ကြပ် စဉ်းစား ကြပါ၊ ဒီဥစ္စာ ဆရာရင်း, သမားရင်း ပြောနေတယ်လို့ အောက်မေ့ (မှန်လှပါ ဘုရား)။

ရှင်းပေးတဲ့ ဆရာသမားကရှားတယ်

နို့မဟုတ်လို့ ရှိရင် ခင်ဗျားတို့ဟာ ဘုန်းကြီးတို့ ကိုယ့်ကိုယ် ကိုယ် ချီးမြှောက်ချင်လို့လည်း မဟုတ်ဘူး၊ ဒီလို ရှင်းပေးတဲ့ ဆရာသမားက ရှားတယ် (မှန်ပါ့)။

ရောက်လာရင် မင်း ရှုကွာ၊ စားတာ သိ၊ သွားတာ သိ၊ နေတာ သိအောင် လုပ်ကွာဆိုတော့ ဒိဋ္ဌိတွေ မဖြုတ်ဘဲ ဗရပွေ နဲ့ဆိုရင် ဘယ်ကလာ ရမှာတုံး (မှန်ပါ့)။

ဒါဖြင့် တဏှာပစ္စယာ, ဥပါဒါနံ ဆိုတာ ဒီဥပါဒါနံဟာ ဦးမာတင် အကြောင်း ကင်းသလား မကင်းဘူးလား (မကင်းပါဘုရား)၊ ဘယ်အကြောင်း ရှိသတုံး (ပစ္စယာ အကြောင်း ရှိပါတယ် ဘုရား)၊ တဏှာ အကြောင်း ရှိတယ် (မှန်ပါ့ တဏှာ အကြောင်းရှိပါတယ် ဘုရား)၊ ဒါဖြင့် တဏှာက အကြောင်း လိုက်ပို့ ဥပါဒါန်ပေါ်တာ (မှန်ပါ့)။

ဒါဖြင့် တဏှာနဲ့ ဥပါဒါန်သည် အကြောင်း အကျိုးဆက် လျက်ပဲ (ဆက်လျက်ပါ ဘုရား)၊ ဆိုနိုင်ကြမယ် (ဆိုနိုင်ပါတယ် ဘုရား)။

ဒါဖြင့် တဏှာသည် ချုပ်ပျောက်ပင် သွားငြား သော်လည်း သူ့သတ္တိ ဒီမှာ ပေးထားခဲ့တဲ့ အတွက် အကျိုးတရား ပေါ်ရတယ် (မှန်ပါ့)၊ မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)။

အကြောင်းနဲ့အကျိုး ဆက်ဆက် ပေါ်တာ

သြော် ဒါဖြင့် တို့သန္တာန်မှာ စိတ်တွေဟာ တစ်စိတ် ပြီး တစ်စိတ်၊ တစ်စိတ်ပြီး တစ်စိတ် တန်းပေါ်တယ်၊ သူ့ အကြောင်းနဲ့ သူ့အကျိုးဆက်နဲ့ ဆက်ဆက် ပေါ်တာကိုး (မှန်လှပါ)၊ ဒီလို မသိဘူးလား (သိပါတယ် ဘုရား)။

ခုနင်က စားချင်တဲ့ စိတ်ပြီး အိပ်ချင်တဲ့စိတ်၊ အိပ်ချင်တဲ့ စိတ်ပြီး ကျင်ကြီး ကျင်ငယ် စွန့်ချင်တဲ့ စိတ်တွေ ဆက်ဆက် မသွား ဘူးလား (သွားပါတယ်)။

ဒါ အကြောင်း အကျိုး ဆက်သွားတာ (မှန်ပါ့)၊ သိပလား (သိပါပြီဘုရား)။

အကြောင်း အကျိုး ဆက်သွားတာ သိသဖြင့် အကြောင်း အကျိုး ပြတ်သေးရဲ့လား (မပြတ်ပါ ဘုရား)၊ ဒါဖြင့် မပြတ် ဘူးဘုရား၊ ဆက်နေတယ်လို့ သိပြီနော် (မှန်ပါ့)။

ဥစ္ဆေဒဒိဋ္ဌိစင်တယ်

အကြောင်း အကျိုး (မပြတ်ပါ ဘုရား)၊ ဘယ်ဒိဋ္ဌိ စင်သွားသတုံး (ဥစ္ဆေဒဒိဋ္ဌိ စင်သွားပါတယ် ဘုရား)။

အဲ ပြတ်တယ်ယူမှ ဥစ္ဆေဒဒိဋ္ဌိ ဖြစ်တာကိုး (မှန်ပါ့)၊ အခုတော့ မပြတ်မှန်း သိတော့ ဥစ္ဆေဒဒိဋ္ဌိ စင်မသွားဘူးလား (စင်သွားပါတယ် ဘုရား)။

အဲဒီ ဥစ္ဆေဒဒိဋ္ဌိစင်သွားတော့ ဥစ္ဆေဒဒိဋ္ဌိ စင်ပလား (စင်ပါပြီ ဘုရား)။

ပြန်ပြီးပြတယ်၊ ပြန်ကြည့်ကြပါ (မှန်ပါ့)၊ တဏှာ ပစ္စယာ ဘာတဲ့တုံး (ဥပါဒါနံ ပါဘုရား)။

ဖြတ်ဆို ဒီတဏှာက ချုပ်သွားတယ်၊ ချုပ်သွားတော့ သူ့ပစ္စယာကလေး ထားပစ်ခဲ့တဲ့အတွက် ဒါ လာပေါ်တယ် (မှန်ပါ)၊ မပေါ်ဘူးလား (ပေါ်ပါတယ်ဘုရား)။

ချုပ်လည်းချုပ်တယ်၊ သတ္တိလည်းထားခဲ့တယ်

ဒါဖြင့် ရှေ့တဏှာဟာ ချုပ်လည်းချုပ်တယ်၊ သတ္တိလည်း ထားခဲ့တယ် (ထားခဲ့ပါတယ်ဘုရား)။ ချုပ်ကော (ချုပ်လည်း ချုပ်ပါတယ် ဘုရား)၊ သတ္တိ ကော (သတ္တိလည်း ထားခဲ့ပါတယ် ဘုရား)၊ ထားခဲ့လို့ ပေါ်တာပေါ့ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီဘုရား)။

သဿတဒိဋ္ဌိစင်တယ်

ရှေ့တဏှာချုပ်တာ ခင်ဗျားတို့ သိထားဖို့ – သိထားဖို့ (မှန်ပါ့)၊ ဒါကလေးဟာ ချုပ်တယ်လို့ သိသဖြင့် သြော် ဖြစ်လည်း ဖြစ်တယ်၊ ချုပ်လည်း ချုပ်တယ်လို့ သိတယ်၊ ချုပ်တာ ကလေး သိသဖြင့် သဿတဒိဋ္ဌိ စင်တယ် (မှန်ပါ့)၊ ဒါပေါ်တာ သိသဖြင့် ဥစ္ဆေဒဒိဋ္ဌိစင်တယ် (မှန်ပါ့)၊ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

တကယ် ရှင်းရဲ့ လား (မှန်ပါ့၊ ရှင်းပါတယ်ဘုရား)၊ သေသေချာချာ လုပ်နော် (မှန်ပါ့)၊ သေသေ ချာချာ လုပ် ဒီဥစ္စာ ဘုရားတစ်ဆူမှ တစ်ခါ ပေါ်တာ (မှန်ပါ့)၊ လွယ်လွယ်ကူကူ မှတ်မနေနဲ့ (မှန်ပါ့)။

နည်းတဲ့သတ္တိ မဟုတ်ဘူး

ဒါ သိရင် သိတဲ့အချိန်က စပြီး အပါယ် မသွားဘူး (မှန်ပါ့)၊ နည်းနည်း သတ္တိ မဟုတ်ဘူး (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီဘုရား)။

ပြန်ပြတယ်၊ ခင်ဗျားတို့က စားချင်တဲ့ စိတ် တဏှာ ကလေးပေါ်တယ်၊ ဝက်သားစားချင်တယ်၊ ပုစွန်စားချင်တယ်၊ စားချင်တဲ့ တဏှာကလေးပေါ်တော့ မစားရ မနေနိုင်ဘူးပေါ့ ဥပါဒါန်လာတယ် (မှန်လှပါ)။

မနေနိုင် ပါ သွားမယ်ဆိုတော့ ကာယကံ, ဝစီကံ လာတယ်၊ မလာဘူးလား (လာပါတယ် ဘုရား)။

ဒါ ခင်ဗျားတို့သန္တာန်မှာ တန်းနေတယ်ဆိုရင် လွဲပါ့မလား (မလွဲပါဘုရား)။

ဒါဖြင့် သုံးကြပါစို့တဲ့၊ တဏှာပစ္စယာ ဥပါဒါနံ၊ ဟုတ်လား (မှန်ပါ့)။

ပစ္စယာလုပ်သွားပြီးပျက်တယ်

ကောင်းပြီ၊ ဒါဖြင့် ဒီတဏှာကလည်း ခင်ဗျားတို့သိတဲ့ အတိုင်းတဲ့၊ သင်္ခါရမို့ ပျက်သွားတယ် (မှန်ပါ့)၊ ဖြစ်ပြီးပျက် ရတာပဲ၊ စိတ်ကလေးကို (မှန်ပါ့)၊ ဖြစ်ပြီးတော့ (ပျက်ရပါတယ် ဘုရား)။

ဒါ သိလိုက်တယ်၊ တဏှာကလေးဟာ ပစ္စယာလည်း လုပ်သွားတယ်၊ သူလည်း ပျက်တယ် (မှန်ပါ့)။

ပစ္စယာလည်း (လုပ်သွားပါတယ် ဘုရား)၊ ပျက်လည်းပျက်တယ် (မှန်ပါ့)။

သက္ကာယဒိဋ္ဌိကောပါသွားတယ်

ဒါဖြင့် ပျက်တာမြင်သဖြင့် ဘယ်ဒိဋ္ဌိစင်သတုံး (သဿတဒိဋ္ဌိစင်ပါတယ်ဘုရား)၊ နေရာကျပြီ၊ ပျက်တာမြင် သဖြင့် သဿတဒိဋ္ဌိ စင်တယ်၊ သက္ကာယဒိဋ္ဌိ စင်တယ်၊ (မှန်ပါ့ ဘုရား)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ပျက်တာမြင်သဖြင့် (သဿတဒိဋ္ဌိနဲ့ သက္ကာယဒိဋ္ဌိ စင်ပါတယ် ဘုရား)၊ သက္ကာယဒိဋ္ဌိ ကော ပါသွားတယ် (မှန်ပါ့)၊ မပါသေးဘူးလား (ပါ,ပါတယ် ဘုရား)။

ဒါဖြင့် ပျက်တာမြင်သဖြင့် ဘာစင်သွားပါလိမ့် (သဿတဒိဋ္ဌိ စင်ပါတယ် ဘုရား)၊ သဿတဒိဋ္ဌိဆိုတာ ခိုင်မြဲ တယ် ယူတာ(မှန်ပါ့)၊ ခိုင်ကြရဲ့လား (မခိုင်ပါဘုရား)။

ပစ္စယာဆိုတဲ့ သဘောကလေးကို မြင်လိုက်တဲ့ အတွက် သူက ကျေးဇူးပြုလို့ ဟောဒီ ဥပါဒါနံ ပေါ်တာ ကလေးဟာ ခင်ဗျားတို့ သန္တာန်မှာ မရှိဘူးလား၊ ရှိသလား (ရှိပါတယ် ဘုရား)။

ရှိတော့ကို သြော် အရင်တရားဟာ ချုပ်လည်း ချုပ်သွားတယ်၊ နောက်တရားကိုလည်း အမွေပေးခဲ့တယ်၊ ဖြစ် ခွင့်ပေးခဲ့တယ် (မှန်လှပါဘုရား)၊ မဆိုနိုင်ဘူးလား (ဆိုပါတယ်ဘုရား)။

အဲ ဖြစ်ခွင့်ပေးတယ်လို့ဆိုသောကြောင့်၊ ဖြစ်တာ လည်း မြင်ရသောကြောင့် သြော် ဒီဥစ္ဆေဒဒိဋ္ဌိ မရှိဘူး (မှန်ပါ့)။

ဒိဋ္ဌိ (၃) ခု စင်သွားပြီ

သူသည် သေသွားငြား သော်လည်း ဒီတရားကို အကြောင်း အကျိုး ဆက်ထားခဲ့တယ်(မှန်ပါ့)၊ မဆက်ဘူးလား (ဆက်ပါတယ် ဘုရား)။

ဒါဖြင့် ဆက်တာသိသဖြင့် ဥစ္ဆေဒဒိဋ္ဌိကော ရှိသေးရဲ့ လား (မရှိပါဘုရား)။

ဒါဖြင့် ဒီလိုလုပ်၊ ဟောဒီ တရား ကလေး ပျောက်သွားရင် ဘာဒိဋ္ဌိ စင်သတုံး (သဿတ ဒိဋ္ဌိ စင်ပါတယ် ဘုရား)၊ ဟောဒီ တရားကလေး ပေါ်လာတာ သူ့အကြောင်း ကင်းရဲ့ လား (မကင်းပါ ဘုရား)၊ မကင်းလို့ ဆက်သွားတာ မြင်သဖြင့် (ဥစ္ဆေဒဒိဋ္ဌိ စင်ပါတယ် ဘုရား)၊ သုံးခုစင်သွားပြီ(မှန်ပါ့)။

ပေါ်တာ စိတ်ပဲလို့သိရင် သက္ကာယဒိဋ္ဌိစင်တယ် (မှန်ပါ့ဘုရား)။

နောက်ပေါ်တိုင်း, ပျက်တိုင်းသိရင်(သဿတဒိဋ္ဌိ စင်ပါတယ် ဘုရား)။

နားငြီးလဲပြောရမှာပဲ

မရှင်းမချင်း ပြောနေမှာပဲ၊ ခင်ဗျားတို့ နားငြီးလည်း ပြောရမှာပဲ၊ နားမငြီးလည်း ပြောရမှာပဲ၊ ဒီဥစ္စာ ငရဲ မျိုးစေ့ကိုးဗျ (မှန်လှပါ)။

ခင်ဗျားတို့ ဝမ်းထဲ ငရဲမျိုးစေ့ ရှိနေတာကို အဝေးကြီးက လာပြီး ဒါကလေးမှ ထုတ်မပေးလို့ရှိရင် ခင်ဗျားတို့ကံနဲ့ ခင်ဗျားတို့ ဆိုရာလည်း ရောက်တယ်(မှန်ပါ့ဘုရား)။

အပါယ်ချတာဒိဋ္ဌိကချတာ

အပါယ်ချတာ ဒိဋ္ဌိက ချတာနော်(မှန်ပါ့)၊ ခင်ဗျား တို့က ကံမကောင်းလို့ အပါယ် ရောက်လာ တယ်လို့ ထင်ကြ တယ်၊ ဒိဋ္ဌိကချတာ (မှန်လှပါဘုရား)။

တဏှာကိုလည်း ငါ, ဥပါဒါန်ကိုလည်း ငါ(မှန်ပါ့)။ ကံကိုလည်း (ငါပါဘုရား)။

ငါဆိုတော့ ငါမရှိဘဲနဲ့ ငါလုပ်လို့ကျတာ(မှန်ပါ့)၊ ဒီကံကြောင့် ဒါလောက်မဟုတ်ဘူး၊ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ခင်ဗျားတို့ အထက်ကတော့ ဘယ်လိုထင်သတုံးလို့ မေးတော့ အကုသိုလ်က အပါယ်ချ လိုက်တယ်၊ ခင်ဗျားတို့က ဒီလိုဖြစ်နေတယ် (ဒီလို ဖြစ်နေပါတယ် ဘုရား)။

အာဇာနည်ခေါင်းဆောင်ကြီးတွေ

စင်စစ် ဘုန်းကြီး တစ်ခု ဥပမာပြမယ်၊ ခင်ဗျားတို့ ရန်ကုန်မှာ အာဇာနည် ခေါင်းဆောင် ကြီးတွေ လုပ်ကြံမှုမှာ ဂဠုန်စောကို ကြိုးပေးလိုက်တယ်၊ ဟုတ်လား (မှန်ပါ့)။

ဂဠုန်စောက တိုက်ရိုက် သတ်တာလား၊ ဂဠုန့်တပည့် တွေက သတ်တာလားလို့ မေးရင် ဘယ့်နှယ် ဖြေကြမလဲ (ဂဠုန့် တပည့်တွေက သတ်တာပါ ဘုရား)။

သို့သော် အကြောင်းရင်းကတော့ ဂဠုန်စောပဲ (မှန်ပါ့)၊ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ်ဘုရား)၊ ရှင်းပလား (ရှင်းပါပြီဘုရား)။

ဒိဋ္ဌိကအမိန့်ပေးတာ

ဒီမှာ ကံကတော့ ပစ်ချလိုက်တယ်လို့ ဆိုတာပဲ၊ ဒိဋ္ဌိက နောက်က အမိန့်ပေးလို့ ချလိုက်တာ(မှန်ပါ့)၊ ဒိဋ္ဌိက အမိန့်ပေးလို့ ကံက ပစ်ချလိုက်တာ (မှန်ပါ့)။

ဒိဋ္ဌိပြုတ်တော့ အပါယ် မကျဘူးဆို တော့ ကံက ဘာတတ် နိုင်သေးသတုံး (ဘာမှ မတတ်နိုင်ပါ ဘုရား)၊ တတ် နိုင်သေးရဲ့ လား (မတတ်နိုင်ပါ ဘုရား)၊ ဒီကတည်းက ကံသွားပြီပေါ့ဗျာ (မှန်ပါ့)။

အဲဒီတော့ ခင်ဗျားတို့က အခိုင်းအစေက စွဲချက်တင် နေတယ်(မှန်ပါ့)၊ ကြိုးကလေး ဆွဲတဲ့ လူကို စွဲချက် တင်နေ တယ်၊ ကြိုးကလေးဆွဲတာ ဘာဆိုင်သတုံးဗျ၊ ဒီက စက်ရှင်မင်းကြီး Sessions Judge က အမိန့်ထုတ်တာက လိုရင်းပဲ၊ မဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား)။

ခင်ဗျားတို့က ကြိုးဆွဲတဲ့ လူကို ကံလုပ်နေတာ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီဘုရား)။

ဒါဖြင့် ဒိဋ္ဌိနဲ့ကံဟာ နောက်က ဒကာတွေရော ဒကာမ တွေ ဘယ်ဟာက ကြောက်စရာ ကောင်းသတုံး (ဒိဋ္ဌိက ကြောက်စရာ ကောင်းပါတယ် ဘုရား)။

ခင်ဗျားတို့က ကံကိုကြောက်တယ်

အခု ခင်ဗျားတို့က ကံကြောက်တယ်တဲ့၊ အတော်ရှော် တဲ့ လူတွေပဲ၊ မရှော် ဘူးလား (ရှော်ပါတယ် ဘုရား)၊ သေသေချာချာ ရှော်ပါတယ် (မှန်ပါ့)။

ဪ ဒါ အမိန့်ပေးတဲ့လူကို ကြောက်ရမယ်။ သတ်တဲ့ လူက အခိုင်းအစေပဲ (မှန်ပါ့ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ ယခု လက်သည် စစ်စစ် ဖမ်းတော့ကို အခု တရားပွဲမှာ စစ်စစ် ဖမ်းလိုက်တဲ့ အခါကျတော့ အခုနောက် ဆုံးပိတ်မှာ ဆိုရင် အသတ်ခိုင်းတဲ့ လက်သည်စစ်ကို ဖမ်းကြတာ ပဲ(မှန်ပါ့)၊ သတ်တဲ့ လူတော့ ဒါလောက် အရေးမကြီးလှဘူး။ ကြီးရဲ့ လား (မကြီးပါဘုရား)။

ဒိဋ္ဌိက အပါယ်ချတာ

ဒီမှာလည်း ခင်ဗျားတို့ အပါယ်ချတာဟာ ကံက ချတာ လား၊ ဪ ဒါ အမိန့်ပေးနေတဲ့ ဒိဋ္ဌိက ချတာလား (ဒိဋ္ဌိက ချတာပါဘုရား)။

ဟုတ်မှ ဟုတ်ကဲ့လားလို့မေးတော့ ခင်ဗျားတို့ ရ,ထားတဲ့ ပရိတ်ကြီးထဲသွားကြည့်၊ ဒိဋ္ဌိဝိစိကိစ္ဆာ ပယ်လိုက်တဲ့ အတွက် အပါယ် အကျိုးပေးမှ လွတ်တယ်ဆိုပြီး သဟဝဿာဒဿန သမ္ပဒါယ မှာ လာတယ် (မှန်ပါ့)။

ဒိဋ္ဌိဝိစိကိစ္ဆာ ပယ်လိုက်တဲ့အတွက် အပါယ်လေးပါးကျ သေးရဲ့လား (မကျပါဘုရား)၊ ကံပယ်လိုက်လို့ လို့လာရဲ့ လား (မလာပါဘုရား)။

အဲဒါတွေတော့ မတွေ့တော့ အပါယ်ကျလိမ့်မယ်၊ ဒီကံတွေချည့် လုပ်နေလို့ရှိရင်တဲ့၊ ဆွဲချနေတာ ကံကိုချည့် ပြောနေတာပဲ ရှင်းပလား (ရှင်းပါပြီဘုရား)။

ဒါဖြင့် ဘယ်သူ့ကြောင့် အပါယ်ကျတာတုံး (ဒိဋ္ဌိ ကြောင့် အပါယ်ကျတာပါ ဘုရား)၊ ဘုရားကလည်း ဒိဋ္ဌိကြောင့် လို့ ဟောတော်မူတယ် (မှန်ပါ့)၊ မဟောဘူးလား (ဟောပါတယ် ဘုရား)။

သူများပါးစပ်လမ်းဆုံးနေတယ်

ဘယ့်နှယ်ကြောင့် ခင်ဗျားတို့ ကံဘက် ပြောင်းသွားတာ တုံး၊ သူများ ပြောသံကြားနဲ့ သူများပါးစပ် လမ်းဆုံး နေတာလား၊ သူများပါးစပ် လမ်းဆုံးတာ ကြောက်စရာ အကောင်းဆုံးပဲ (မှန်ပါ့ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ အလုပ်က ဘာလုပ်ကြမှာတုံးလို့ မေးတဲ့အခါကျတော့ ပေါ်တိုင်း, ပေါ်တိုင်းကို ပေါ်တဲ့တရား မြင်စိတ် ပေါ်ပြီ၊ ကြားစိတ် ပေါ်ပြီ၊ နံစိတ် ပေါ်ပြီ၊ စားစိတ် ပေါ်ပြီ၊ ကုသိုလ်စိတ် ပေါ်တယ်၊ အကုသိုလ်စိတ် ပေါ်တယ်၊ ရှူစိတ် ပေါ် တယ်၊ ရှိုက်စိတ် ပေါ်တယ်လို့ ခင်ဗျားတို့ သိနေလို့ ရှိရင်ဖြင့် သူတို့၏ ပင်ကိုဖြစ်စဉ်ကို ခင်ဗျားတို့က သိတဲ့အတွက် သက္ကာယ သာဖြစ်၍ ဒိဋ္ဌိ မဖြစ်ဘူး (မဖြစ်ပါ ဘုရား)။

သက္ကာယနဲ့သမ္မာဒိဋ္ဌိနဲ့သွားတွဲတယ်

ဒိဋ္ဌိမဖြစ်တော့ ဘာဖြစ်သတုံးဆိုတော့ သက္ကာယနဲ့ သမ္မာဒိဋ္ဌိနဲ့ သွားတွဲတယ်(မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

သက္ကာယနဲ့ (သမ္မာဒိဋ္ဌိနဲ့ တွဲပါတယ်ဘုရား)၊ အရင် တုန်းကတော့ (မိစ္ဆာဒိဋ္ဌိနဲ့ တွဲပါတယ်ဘုရား)၊ မိစ္ဆာဒိဋ္ဌိနဲ့ တွဲတယ်(မှန်ပါ့)။

အဲဒါ ဆရာသမားဆီ ရောက်လို့ သက္ကာယနဲ့ သမ္မာဒိဋ္ဌိနဲ့ တွဲနေတာ။

အဲဒီတော့ သောတာပန်မှာလည်း ဘုန်းကြီး ပြောတဲ့ စိတ်တွေ အကုန်ပေါ်တာပဲ၊ သူက ဒါနဲ့ချည့် သွားသွား တွဲတယ်၊ ပုထုဇဉ်ကတော့ ဒါနဲ့ သွားတွဲတယ်၊ မိစ္ဆာဒိဋ္ဌိနဲ့ သွားသွား တွဲတယ် (မှန်ပါ့)၊ ထူးပလား (ထူးပါပြီဘုရား)။

ဪ ဒါဖြင့် တို့ဆရာ ဘုန်းကြီး သင်တာ သက္ကာယ နဲ့ သမ္မာဒိဋ္ဌိနဲ့ တွဲ (မှန်ပါ့)၊ သက္ကာယနဲ့ မိစ္ဆာဒိဋ္ဌိဖြုတ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီဘုရား)။

သက္ကာယနဲ့ (သမ္မာဒိဋ္ဌိနဲ့ တွဲရပါမယ် ဘုရား)၊ ဘယ် သူ့ကို ဖြုတ်ရမတုံး (မိစ္ဆာဒိဋ္ဌိကို ဖြုတ်ရ ပါမယ် ဘုရား)။

ရှေးတုန်းကတော့ မိစ္ဆာဒိဋ္ဌိ နဲ့တွဲတယ်

အဲ ရှေးတုန်းက တစ်သံ သရာလုံးကတော့ သက္ကာယနဲ့ မိစ္ဆာဒိဋ္ဌိနဲ့သာ သွားသွားတွဲတယ်၊ တွဲတာ မတွဲတာ ကို ဦးသန်းမောင်တို့၊ ဒကာကြီး ဦးမာတင်တို့က နား ထောင်ကြည့်၊ ကိုယ်ကိုယ်တိုင် တွဲပါတယ်(မှန်ပါ့)။

ဒါကလေးတွေဟာ ယားစိတ်၊ ယံစိတ် မဟုတ်လား (မှန်ပါ့ဘုရား)။

တစ်ခါတည်း ဘာဖြစ်တုံး၊ ခင်ဗျား ဒကာမကို ပြောလို့ ရှိရင် အိုငါ ယားလို့ပေါ့ကွ၊ ယားတဲ့စိတ်နဲ့ ငါနဲ့သွားတွဲ တယ်၊ မိစ္ဆာဒိဋ္ဌိနဲ့ သွားတွဲတယ်(မှန်လှပါ)။

နို့ အခု ဘယ့်နှယ်နေသတုံး၊ မဟုတ်ဘူးလား (မှန်ပါ့)၊ ငါ သက်သာသွားပြီ၊ ငါနဲ့ သက်သာတဲ့ သုခနဲ့ သွားတွဲတယ်၊ ပျောက်သွားတော့ သုခနဲ့လည်း ငါပဲ သွားတွဲ တယ်(မှန်ပါ့)။

ဒါဖြင့် သက္ကာယနဲ့ (မိစ္ဆာဒိဋ္ဌိနဲ့ သွားသွား တွဲတယ်)၊ ရှင်းပလား (ရှင်းပါပြီဘုရား)၊ သက္ကာယနဲ့ (မိစ္ဆာဒိဋ္ဌိနဲ့ သွားသွား တွဲပါတယ် ဘုရား)၊ အခု တွဲသေးရဲ့ လား(မတွဲ ပါဘုရား)။

အခုတော့ ဒကာ ဒကာမတွေ သက္ကာယနဲ့ တွဲချင်ရင် သမ္မာဒိဋ္ဌိနဲ့တွဲ (မှန်ပါ့)။

သက္ကာယနဲ့ ဘာနဲ့ တွဲကြမလဲ (သမ္မာဒိဋ္ဌိနဲ့ တွဲရပါမယ် ဘုရား)။

အရိယာတို့၏တပည့်သား

ဒါဖြင့် သက္ကာယနဲ့ သမ္မာဒိဋ္ဌိနဲ့တွဲတာက အရိယာတို့၏ တပည့်သားဖြစ်မှ တွဲတတ်တယ် (မှန်ပါ့)။

သုတ ဝါ- အကြားအမြင် ရှိသော၊ အရိယာ သာဝကော- အရိယာတို့၏ တပည့်သားဖြစ်မှ သက္ကာယနဲ့ သမ္မာဒိဋ္ဌိတွဲတတ် တယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီဘုရား)။

အရိယာတို့၏ တပည့်သား မဟုတ်ဘူး၊ တော်အောင် ကြီးလာတဲ့၊ တော်အောင်နဲ့ပဲ ဆန်ပေါလို့ ကြီးလာတဲ့ ပုဂ္ဂိုလ် မျိုးတွေကျတော့ သက္ကာယနဲ့ မိစ္ဆာဒိဋ္ဌိနဲ့သွားတွဲတယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် သက္ကာယကြောင့် အပါယ် ကျတာလား၊ မိစ္ဆာဒိဋ္ဌိ ကြောင့် အပါယ် ကျတာလား (မိစ္ဆာဒိဋ္ဌိကြောင့် အပါယ်ကျ တာပါဘုရား)။

ဒါဖြင့် ခင်ဗျား အတွဲလွဲလို့ (မှန်လှပါ)၊ ပေါ်ပလား (ပေါ်ပါပြီဘုရား)။

ပေါ်တဲ့ ဓမ္မနဲ့ မိစ္ဆာဒိဋ္ဌိနဲ့ သွားတွဲ၊ ပေါ်တဲ့ဓမ္မနဲ့ မိစ္ဆာဒိဋ္ဌိနဲ့ သွားတွဲ၊ ခင်ဗျားတို့က လောကွတ်များ လွန်းပါတယ် (မှန်ပါ့ ဘုရား)။

အဲဒီတော့ ခင်ဗျားတို့ “သုတဝါ အရိယာသာဝကော” ဖြစ်မှသာ လာရင် ဒါနဲ့ သွားနိုင်တယ် (မှန်ပါ့) သမ္မာဒိဋ္ဌိ နဲ့ သွားတွဲတယ် (မှန်ပါ့)။

သမ္မာဒိဋ္ဌိနဲ့သွားတွဲတယ်

ဒါဖြင့် မြင်စိတ် ပေါ်လာတယ်၊ မြင်စိတ်လို့ ကိုယ်က သိပေး (မှန်ပါ့)၊ မြင်စိတ်နဲ့ သူနဲ့ သွားတွဲတာ သမ္မာဒိဋ္ဌိနဲ့ သွားတွဲတယ် (မှန်ပါ့)၊ ကြားစိတ် ပေါ်လို့ရှိရင်၊ ကြားစိတ်လို့ သိလိုက်ရင် သမ္မာဒိဋ္ဌိ နဲ့ သွားတွဲ တယ် (မှန်ပါ့)၊ ပေါ်တော့ကော (နံစိတ်နဲ့ သွားတွဲ ရပါမယ် ဘုရား)၊ နံစိတ် ရယ်လို့ ဒီကသိ (မှန်ပါ့)၊ ဘာနဲ့ သွားတွဲသတုံး (သမ္မာဒိဋ္ဌိနဲ့ သွားတွဲပါတယ် ဘုရား)၊ ဒီအရင်တုန်း ကတော့ (မိစ္ဆာဒိဋ္ဌိနဲ့ သွားတွဲပါတယ် ဘုရား)။

ကြားတာဟာက ငါကြားတာကွ၊ ငါ နားနဲ့ ဆတ်ဆတ်အံမာလေး (မှန်လှပါဘုရား)၊ ငါ နားနဲ့ ဆတ်ဆတ်လို့ မသုံးဘူးလား (သုံးပါတယ်ဘုရား)။

ဒါဖြင့် ကြားစိတ်နဲ့ ဦးသန်းမောင်တို့ ဒီဒိဋ္ဌိ သွားသွား တွဲ တယ် (မှန်ပါ့) မတွဲပေဘူးလား (တွဲပါတယ်ဘုရား)

ဒါဖြင့် မတွဲကောင်းတာနဲ့ သွားတွဲတယ်၊ တွဲကောင်းတာ နဲ့ သွားမတွဲတဲ့အတွက် ခင်ဗျားတို့မှာ နစ်နာပါတယ် (မှန်လှပါဘုရား)၊ ရှင်းပြီနော် (ရှင်းပါပြီဘုရား)။

ဒါဖြင့် ဒီက ရှေ့အတွဲမှန်အောင် တွဲကြမလားလို့ ဒီနေ့ တရားစ, ပေးတယ် (မှန်ပါ့ဘုရား)၊ ဒါ ပေါ်တိုင်း သိနေရ မယ် (မှန်လှပါဘုရား)။

ဝမ်းထဲက သိနေရင်တော်ပြီ

ပေါ်တိုင်း ဘာတုံး (သိနေပါမယ်ဘုရား)၊ မြင်တာ က မျက်လုံးထဲမှာ၊ သိတာက ဝမ်းထဲက သိရင် တော်ပြီ (မှန်ပါ့ဘုရား)။

ဖြစ်တာက ကိုယ်ပေါ်မှာ၊ ဝမ်းထဲက ဒီဥစ္စာ သြော် ယားစိတ်ကလေး ပေါ်ပြီလို့ သိရင် တော်ပြီ (မှန်ပါ့)။

လောဘစိတ်ပေါ်လာရင်

ကောင်းတဲ့စိတ်ကလေးပေါ်တယ်လို့ သိရင် တော်ပြီ၊ လောဘလေး ပေါ်တာကော (လောဘစိတ် ပေါ်မှန်း သိရင် တော်ပါပြီဘုရား)၊ သိရင် တော်ပြီ၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဒေါသစိတ် ပေါ်လာရင်ကော (ဒေါသစိတ် ပေါ်လာတယ်လို့ သိရင် တော်ပါပြီ ဘုရား)၊ ဒေါသစိတ် ပေါ်မှန်း သိရင် တော်ပြီ၊ ဝမ်းထဲက သိ,သိပေး (မှန်ပါ့)။

မောဟစိတ်ပေါ်လာရင်

မောဟစိတ် ပေါ်လာရင်ကော (မောဟစိတ်မှန်း သိရင် တော်ပါပြီ ဘုရား)၊ ဝမ်းထဲက သိပေးနေရင် တော်ပြီ။

ဒါဖြင့် ဒီက သက္ကာယ၊ ဒီက သမ္မာဒိဋ္ဌိ (မှန်ပါ့ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီဘုရား)။

သက္ကာယဒိဋ္ဌိသာ နားလည်တယ်

သက္ကာယနဲ့ သမ္မာဒိဋ္ဌိ ခင်ဗျားတို့ တွဲတတ်ပြီတဲ့၊ သက္ကာယ နဲ့ မိစ္ဆာဒိဋ္ဌိ ကွဲသွားပြီ (မှန်ပါ့ဘုရား) ရှင်းပလား ။ (ရှင်းပါပြီဘုရား)။

သက္ကာယနဲ့ (မိစ္ဆာဒိဋ္ဌိ ကွဲသွားပါပြီ ဘုရား)၊ ကွဲပြီ (မှန်ပါ့)၊ အခု ဘာနဲ့ တွဲနေကြသလဲ (သမ္မာဒိဋ္ဌိနဲ့ တွဲနေ ပါတယ် ဘုရား)။

သက္ကာယနဲ့ (သမ္မာဒိဋ္ဌိနဲ့ တွဲနေပါတယ် ဘုရား)။ ဒါဖြင့် ခင်ဗျားတို့ နားလည်ထားတာက သက္ကာယဒိဋ္ဌိ သာ နားလည်တယ်၊ သက္ကာယ, သမ္မာဒိဋ္ဌိကို နားမလည်ဘူး (မှန်ပါ့)၊ မဟုတ်ဘူးလား (မှန်ပါ့)၊ သက္ကာယဒိဋ္ဌိလို့ ပါးစပ်ထဲမှာကို ဝေနေတယ် ပြောကြတာ (မှန်ပါ့)။

ဪ သက္ကာယနဲ့ ဒိဋ္ဌိတော့ တွဲတတ်တယ်၊ သက္ကာယနဲ့ သမ္မာဒိဋ္ဌိနဲ့ မတွဲတတ်ဘူးဆိုတော့ကို ခင်ဗျားတို့ဟာ အဆိပ်ဆေးသာ နှုတ်တက်နေတာပဲ၊ အဆိပ်ဖြေတဲ့ ဆေးကို မလာဘူး (မှန်ပါ့)၊ လာသေးရဲ့လား (မလာပါ ဘုရား)။

ယနေ့ ဘယ်တရား အားထုတ်ရမှာတုံး

ကောင်းပြီ ဒါဖြင့် ယနေ့ အားထုတ်ရမယ့် တရား ဘယ်တရားတုံး ဘုရားလို့ ဆိုလို့ရှိရင် ရှူလိုက်, ရှိုက်လိုက်, ရှူလိုက်, ရှိုက်လိုက် နေတော့ ရှူမှန်း, ရှိုက်မှန်း သိရာက နေပြီးတော့ ဖျတ်ဆို မျက်လုံးကလေး ဖွင့်လိုက်လို့ မြင်စိတ်ပေါ်တယ်၊ မြင်စိတ်ဖြစ်ပြီလို့ သိပေး (မှန်ပါ့)၊ ကြားစိတ် ဖြစ်ရင် (ကြားစိတ် ဖြစ်ပြီလို့ သိပေးရပါမယ် ဘုရား)၊ နံစိတ်ဖြစ်ရင် (နံစိတ် ဖြစ်ပြီလို့ သိရပါမယ် ဘုရား)။

အဲဒီကဲ့သို့ သိ,သိနေတော့ ဘယ်လို သိရပါလိမ့်မတုံးလို့ မေးတဲ့ အခါကျတော့ သမ္မာဒိဋ္ဌိ (မှန်ပါ့)၊ သမ္မာက မှန်ကန်တာ၊ ဒိဋ္ဌိက သိတာ (မှန်ပါ့)။

အမှန်သိသွားပြီ

ဪ ဦးသန်းမောင်တို့၊ ဦးမာတင်တို့ အမှန်သိရော ပေါ့ (မှန်ပါ့)။

ဘာတုံး (အမှန်သိသွားပါပြီ ဘုရား)၊ အရင်တုန်း ကတော့ အမှားသိ (မှန်ပါ့ အမှားသိပါ ဘုရား)၊ အရင်တုန်းကတော့ (အမှား သိပါဘုရား)။

အဲ ငါမြင်တယ် ဆိုတော့ ဪ ဒီဥစ္စာက မျက်လုံး စိတ်က မြင်တာ၊မျက်လုံးစိတ် ငါ လုပ်လိုက်တဲ့ အတွက် အမှားသိ ဖြစ်နေတယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါ ပြီဘုရား)။

ဒါဖြင့် ဒီနေ့ တရားနာရတာ ထူးခြားပြီး အားထုတ်ဖို့ တာဝန်ပေးတာဖြင့် တို့ရပြီ (မှန်ပါ့)။

အပြင်ဧည့်သည် ဘယ်နှယောက် (ခြောက်ယောက် ပါ ဘုရား)။ အတွင်း ဧည့်သည် (ငါးယောက်ပါ ဘုရား)၊ အိမ်သည် (နှစ်ယောက်ပါ ဘုရား)။

အိမ်သည်နှစ်ယောက်

ဒါတွေ မပေါ်လို့ရှိရင် အခု နောက်ထပ် အားထုတ်မယ့် ပုဂ္ဂိုလ်များ ဒါကလေးနှစ်ခု သြော် လေကလေး ထွက်လာ တယ်၊ သူက လုပ်တာ (မှန်ပါ့)။

လေကလေး ပြန်ရှိုက် နိုင်တာကော (သူလုပ်တာပါ ဘုရား)၊ ရှိုက်တဲ့စိတ်က လုပ် (မှန်ပါ့)၊ ဒါကလေးသိ (မှန်ပါ့)။

ဒါကလေး သိရာမှ စိတ်ထဲက ဟာ-ဘုန်းကြီး ဘာလှူ ဦးမယ်ဆိုရင် ဒါ ကြားဖြတ် ပေါ်လာတာ၊ ကြားဖြတ်ပေါ်ရင် သူတို့ မရှိဘူး (မှန်ပါ့)၊ ဒါ ကုသိုလ် စိတ်ကလေးလို့ သိပေး (မှန်ပါ့)၊ သဘောကျ ပလား (ကျပါပြီဘုရား)။

ဒီနေ့က ဥပမာ – အိုက်လွန်းလို့ ယပ်ခတ်ချင် တဲ့အခါ ကျတော့ အိုက်တဲ့ စိတ်ကလေး ပေါ်နေတဲ့ နေရာကို သြော် အိုက်တဲ့စိတ် ပေါ်ပြန်ပြီ ဆိုပြီး ဒီကသိပေး (မှန်ပါ့)။

အသိက နောက်ကလိုက်ပေးပါ

အိုက်တာကလေး ပျောက်သွား ပြန်လည်း ပျောက်တဲ့စိတ် ကလေးပေါ်ပြီလို့ ပျောက်တဲ့ စိတ်ဟာ ကိုယ်ပေါ်မှာပဲ ပျောက် သွားတယ်၊ ဒီကနေ သိပေး (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ဒါတွေ ပေါ်တိုင်း ပေါ်တိုင်း ခင်ဗျားတို့ ဘာလုပ် ရမှာတုံး (သိရပါမယ်ဘုရား)၊ အသိ နောက်က လိုက်ပေး (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါပြီဘုရား)။

ပေါ်တိုင်း, ပေါ်တိုင်း (အသိနောက်က လိုက်ပေး ရပါမယ် ဘုရား)၊ ဘယ်နှခုတုံး (ဆယ့်သုံးခုပါ ဘုရား)။

ဆယ့်သုံးခုတည်း ဆိုလို့ရှိရင် ခင်ဗျားတို့ မများဘူးလို့ ဆို ရမယ် (မှန်ပါ့)၊ များသေးသလား (မများပါ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတွေ ဒီလို သိတာဟာ ဘာတုံးလို့ မေးတော့ နိဂုံးချုပ်ပဲ ပြောလိုက်ပါမယ်၊ ဒိဋ္ဌိနှစ်မျိုး ရှိတယ်။ (မှန်ပါ့)။

ဒိဋ္ဌိနှစ်မျိုးရှိတယ်

၁။ အနုသယသဘောနဲ့ ကိန်းနေတဲ့ ဒိဋ္ဌိတစ်မျိုး၊

၂။ ထကြွလာတဲ့ သဘောနဲ့ ကိန်းနေတဲ့ဒိဋ္ဌိတစ်မျိုး (မှန်ပါ့)။

ဒါဖြင့် အနုသယဒိဋ္ဌိ၊ ပရိယုဋ္ဌာနဒိဋ္ဌိ၊ ဒိဋ္ဌိ ဘယ်နှမျိုးတုံး (နှစ်မျိုးပါဘုရား)။

အဲ စာလိုဖြစ်နေတော့ ခင်ဗျားတို့ နားမလည်ဘူး၊ ဒါက ဘုရားဟောတဲ့ သဘောအတိုင်း ပြောတာ (မှန်ပါ့)၊ ခင်ဗျားတို့ ရှင်းအောင် တစ်မျိုး ပြောရမယ်။

ကြောင်နဲ့ကြွက်ဥပမာ

ခင်ဗျားတို့ ရှင်းအောင်ကတော့ ကြောင်ဟာ ဦးသန်း မောင် ကြွက်ကို မြင်လို့ရှိရင် နေနိုင်တဲ့ အကောင်မျိုး မဟုတ်ပါ ဘူး၊ နေနိုင်ပါ့မလား (မနေနိုင်ပါဘုရား)။

ဒါဖြင့် သူ့ဝမ်းထဲမှာ ကြွက်ကိုမြင်ရင် ဖမ်းမယ်ဆိုတဲ့ စိတ်ကလေးဟာ ဝမ်းထဲမှာ ရှိတယ်၊ ဒါ အနုသယ သဘောပဲ ကိန်းနေတယ် (မှန်ပါ့)။

ကြွက်မြင်ရင် ဖမ်းမယ်ဆိုတဲ့ စိတ်ကလေးဟာ ဝမ်းထဲမှာ ကိန်းနေတယ် (မှန်ပါ့)၊ သဘောကျ ပလား (ကျပါပြီ ဘုရား)။

တစ်ခါ ကြွက်ကလေးက သူနဲ့ မနီးမဝေး လာတဲ့အခါ ကျတော့ ဖျတ်ဆို ကပျာကယာ ထ,လိုက်ပြီး ခြေသည်း လက်သည်း ကလေးက ထွက်လာတယ်၊ မခုပ်သေးဘူး (မှန်ပါ့)၊ သဘောကျ ပလား (ကျပါပြီဘုရား)။

၁။ ခုပ်တတ်တဲ့စိတ် အနုသယဒိဋ္ဌိ

ဒါဖြင့် ဒါက ပင်ကိုက ကြွက်မြင် ခုပ်မယ်ဆိုတဲ့စိတ်၊ ခုပ်တတ်တဲ့စိတ် သူက (မှန်ပါ့)၊ သူကတော့ ခုပ်မယ် ပြင်တဲ့စိတ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့် ကြောင်ဟာ ဘယ်နှစိတ်ရှိသလဲ (နှစ်စိတ်ပါဘုရား)၊ ပင်ကို ခုပ်တတ်တဲ့ စိတ်၊ ကြွက်မြင်မှ ခုပ်ဖို့ ပြင်တဲ့စိတ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

၂။ ခုပ်မယ် ပြင်တဲ့စိတ်၊ ပရိယုဋ္ဌာန ဒိဋ္ဌိ

ဒါဖြင့် ကြွင်မြင်ရင် ခုပ်တတ်တဲ့ စိတ်ကတစ်မျိုး၊ ခုပ်မယ်ပြင်တဲ့ စိတ်ကတစ်မျိုး။ (မှန်ပါ့)၊ နှစ်မျိုး ရှိတယ်။

အဲ ယနေ့တော့ဖြင့် ဒီ ဒိဋ္ဌိ၊ ဒီ ဒိဋ္ဌိနှစ်မျိုး ရှိသွားပြီ (မှန်ပါ့ဘုရား)၊ ဒါ အနုသယဒိဋ္ဌိ ဆိုတာက ပင်ကို သဘောက ခင်ဗျားတို့ ဝမ်းထဲမှာ ကိန်းနေတဲ့ ဒိဋ္ဌိ (မှန်ပါ့ဘုရား)။

ကြွက်မြင်ရင် ခုပ်ချင်တဲ့ သဘောကလေးဟာ ပင်ကို သဘောက ရှိတယ် (မှန်ပါ့)၊ နောက် ကြွက်မြင်တဲ့ အခါ ခြေသည်း လက်သည်း ထွက်လာတဲ့ စိတ်ကော မရှိဘူးလား (ရှိပါတယ်ဘုရား)၊ အဲဒီ ဒိဋ္ဌိကလဲ တစ်မျိုးပဲ (မှန်ပါ့)။

ပေါ်တိုင်းပေါ်တိုင်းသိပါ

ဒါဖြင့် အနုသယ ဒိဋ္ဌိ၊ ပရိယုဋ္ဌာန ဒိဋ္ဌိ (မှန်ပါ့)၊ ဒီနေ့ ဒါတွေကို ပေါ်တိုင်း ပေါ်တိုင်း သိလိုက် သဖြင့် ဟောဒီ ဒိဋ္ဌိ ပြုတ်သွားပြီး (ပရိယုဋ္ဌာန ဒိဋ္ဌိ ပြုတ်ပါပြီ)၊ အနုသယ ဒိဋ္ဌိ မပြုတ်ဘူး (မှန်ပါ့)။

အနုသယ ဒိဋ္ဌိကတော့ ဘုန်းကြီးက နောက်အလုပ် ဆက်ပေးရဦးမယ် (မှန်ပါ့)။

ထကြွတဲ့ ဒိဋ္ဌိပြုတ်တယ်

ဒါဖြင့် ဒိဋ္ဌိနှစ်မျိုး ရှိရာတွင် ပရိယုဋ္ဌာန ထကြွတဲ့ ဒိဋ္ဌိ ပြုတ်ပြီး (မှန်ပါ့)၊ ကိန်းနေတဲ့ ဒိဋ္ဌိ မပြုတ်သေးဘူး (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီဘုရား)။

ဒါဖြင့် ဒီ ဒိဋ္ဌိပြုတ်ရင် သောတာပန် အငယ်၊ ဒီ ဒိဋ္ဌိ ပြုတ်ရင် သောတာပန် အကြီး (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

သောတာပန် အငယ်စားဖြစ်ပါတယ်

ကြွင်မြင်ရင် လက်သည်း ပြင်တာဆိုတဲ့ ဒိဋ္ဌိ မျိုးပြုတ်ရင် သောတာပန် အငယ်စား ဖြစ်ပါတယ်၊ အတွင်းမှာရှိတဲ့ ၊ ခုပ်တတ်တဲ့စိတ် ပျောက်သွားပြီ ဆိုရင် သောတာပန် အစစ် (မှန်ပါ့)၊ သဘောပါပလား (ပါ ပါပြီဘုရား)။

ကောင်းပြီ၊ ဒါဖြင့် ဒီဟာတွေ ပေါ်တိုင်း, ပေါ်တိုင်း သိနေရင် ခုနင်က ကြွက်မြင်ရင် ခြေသည်း လက်သည်း ပြင်တဲ့ ဒိဋ္ဌိ ပြုတ်တာ (မှန်ပါ့)၊ ပရိယုဋ္ဌာနပြုတ်တယ်၊ အနုသယ မပြုတ်နိုင်ဘူး (မှန်ပါ့)။

အနုသယတော့ ခင်ဗျားတို့ အားထုတ်လို့ ဖြစ်ပျက်တွေ နောက်တော့ ဆုံးပါလိမ့်မယ်၊ အဲဒီ ဆုံးတဲ့ အခါကျတော့မှ သူပြုတ်ပြီ ပြောရမယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီဘုရား)။

တစ်ဘဝ၊ နှစ်ဘဝ အပါယ်မကျ

ဒါဖြင့် ဒီနေ့သည် ဘာဖြစ်တဲ့နေ့တုန်းလို့ မေးလို့ရှိရင်ဖြင့် ပေါ်တိုင်း, ပေါ်တိုင်းသာ နောက် အားထုတ်တဲ့ ပုဂ္ဂိုလ်တွေ အကုန် ထုတ်ကြမယ်လို့ ဆိုလို့ရှိရင်ဖြင့် အပါယ်ကို ကျစေတတ် တဲ့ ဒိဋ္ဌိ၊ အပါယ်ကို အမြဲတမ်း ကျစေတတ်တဲ့ ဒိဋ္ဌိ၊ အပါယ်ကို ကျစေတတ်တဲ့ ဒိဋ္ဌိ၊ တစ်ဘဝ, နှစ်ဘဝ ကျအောင် ပြုတ်တယ် (မှန်ပါ့ဘုရား)။

အမြဲတမ်း ဒိဋ္ဌိ လွတ်အောင်တော့ နောက်မှ ဟောရမယ်၊ ဟောရလိမ့်မယ်၊ ဟောလို့လည်း မပြီးဘူး၊ အဲဒါက (မှန်ပါ့ဘုရား)။

ဒီဘဝ အပါယ်မကျတော့ဘူး

ခင်ဗျားတို့ အားထုတ်ရမယ် (မှန်ပါ့)၊ အခုဟောလို့ နားလည်တာနဲ့ ဒီဘဝ စုတေမနေ၊ သေလွန်းလို့ ရှိတောင် အပါယ်တော့ မကျဘူး (မှန်ပါ့)။

ဘုန်းကြီးက ဟောရဲတယ် (မှန်ပါ့)၊ ပရိယုဋ္ဌာန ပြုတ်သွားတယ် (မှန်လှပါ)၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် အားလုံး ဒကာ ဒကာမတွေ ကိုယ့်ဒုက္ခ ကိုယ့် အပါယ်သွားရမယ့် ဒုက္ခ ကိုယ့် ဇာတ်သိမ်းတာ ဖြစ်သောကြောင့် ပေါ်တိုင်း သိကြပါ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘာလုပ်ရမတုံး (ပေါ်တိုင်း သိမှာပါဘုရား)။ ပေါ်တိုင်း သိပါ၊ သဘောပါပလား (ပါ, ပါပြီ ဘုရား)။

ကဲ ဒီနေ့ ဒီတွင် တော်ပါဦး ။

သာဓု သာဓု သာဓု။