044

ပုဂ္ဂိုလ်ထူး၊ ပုဂ္ဂိုလ်မြတ်နှစ်ဦး ရဟန္တာဖြစ်သော တရားတော်

အသံဖိုင်ခေါင်းစဉ်= လူ့ပြည်မှလမ်းသုံးသွယ်

စာအုပ်ခေါင်းစဉ်= ပုဂ္ဂိုလ်ထူး၊ ပုဂ္ဂိုလ်မြတ်နှစ်ဦး ရဟန္တာဖြစ်သော တရားတော်

ကျေးဇူးတော်ရှင်-အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး အမရပူရမြို့၌

ဟောကြားတော်မူသော

ပုဂ္ဂိုလ်ထူး၊ ပုဂ္ဂိုလ်မြတ်နှစ်ဦး ရဟန္တာဖြစ်သော တရားတော်

(၂၆-၉-၆၂)

ဒီကနေပြီး သကာလ အပါယ်လေးဘုံကို တည်ဆောက် တယ်လို့ မှတ်ထားရမယ် (မှန်ပါ့)။

ဒီကနေပြီး သကာလ အပါယ်လေးဘုံကို သိမ်းနိုင်တယ် ဆိုတဲ့ဥစ္စာ မှတ်ထားရမယ် (မှန်ပါ့)။

လူ့ပြည်သည် ဗဟိုဌာန

အပါယ် လေးဘုံကို ဒီကနေပြီး တည်ဆောက် ပါတယ်။ အပါယ် လေးဘုံကို ဒီကနေပြီး သကာလ သိမ်းနိုင်တယ် ဆိုတော့ ဒီနေရာဟာ ဗဟိုဌာနပဲလို့ မှတ်ထား ကြပါနော် (မှန်လှပါ ဘုရား)။

ဗဟိုဌာနလို့ သေသေချာချာ မှတ်ထားကြပါ။ အပါယ် သွားတယ် ဆိုတာလည်း ဒီကနေပြီး သကာလ ပဋိစ္စသမုပ္ပါဒ် ဖြစ်စဉ် အတိုင်း ပေါ်လို့ အပါယ် ရောက်စေတတ်တဲ့ ကံမြောက်လို့ အပါယ် သွားပြီး ငရဲမီး, ငလျှံ, ငရဲအိုးတွေ ပေါ်ရတယ်။ ဒီက ဖြစ်စဉ်က လုပ်တာပဲလို့ မှတ်ပါ (မှန်ပါ့ ဘုရား)

တစ်ခါ ဒီက ဖြစ်စဉ်ကို အပါယ် ရောက်စေတတ်တဲ့ ဖြစ်စဉ်ကို ဒီကနေပြီး သကာလ သိမ်းလိုက် ပြန်လို့ ရှိရင်လည်း အပါယ်မှာ ရှိတဲ့ ကိုယ့်အတွက် တာတွေ အကုန် ပျောက်တယ်။ အပါယ်မှာ ရှိတဲ့ ငရဲမီးလျှံ, ငရဲအိုးတွေ အကုန် ပျောက်ပြန်တယ် ဆိုတော့ ဒီ ဒကာ၊ ဒကာမတွေ မှတ်ထား ဖို့ရာက သြော် အပါယ်လေးဘုံ ဆိုတာ နဂိုက ရှိနှင့်တာလား၊ ကိုယ်တည်ဆောက် တာလား၊ အပါယ် လေးဘုံ ဆိုတာက ရှိနေပြန်လို့ ရှိရင်လည်း ကိုယ် တည်ဆောက်တာ၊ သိမ်းချင်ပြန်လို့ ရှိရင်လည်း ကိုယ်သိမ်းရင် ရတာပဲ ဆိုတဲ့ အဓိပ္ပာယ် လူ့ပြည်က ဗဟိုဌာန လုပ်ပြီး အပါယ် တည်ဆောက် ချင်လည်း လူ့ပြည်က စိတ္တုပ္ပါဒ်ပဲ၊ အပါယ် သိမ်းချင်ပြန်လို့ ရှိရင်လည်း လူ့ပြည်က စိတ္တုပ္ပါဒ် အပေါင်းနဲ့ သိမ်းလိုက် ပြန်လို့ ရှိရင်လည်း အပါယ် သိမ်းပြန် တာပဲ၊ (မှန်ပါ့)။

နတ်ပြည်ရောက်ကြောင်း တွေကို လူ့ပြည်က လုပ်လိုက် ပြန်လို့ နတ်ပြည်မှာ ဘုံပေါက်လို့ နတ်သမီး၊ နတ်သား ဖြစ်တဲ့ အချိန် ရောက်တော့ ဖြစ်သွားတာပဲ မှန်ပါ။

ဟာ ဒါတွေဟာ ဒုက္ခသစ္စာတွေ ကောလို့ လူ့ပြည် ကနေ သိမ်းလိုက် ပြန်လို့ရင်လည်း ဒါတွေ အဟောသိကံ ဖြစ်ပြီး သကာလ အကုန် ပျောက်သွား ပြန်တာပဲ ဆိုတော့ လူ့ပြည်ဟာ အဆိုးရ၊ အကောင်းရပဲ (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

အဆိုးအကောင်း လုပ်လို့ ရတယ်

လူ့ပြည်သည်ကားလို့ ဆိုရင်ဖြင့် အဆိုးရ, အကောင်းရပဲ၊ အပါယ် တည်ဆောက် ချင်လည်း လူ့ပြည်က တည်ဆောက် ကြပါ (မှန်ပါ့)၊ အဲဒီ ဆောက်ပြီးသား နေရာ ရောက်တာပါပဲ။ နတ်ရွာ သုဂတိ တည်ဆောက် ချင်တယ်၊ လူ့ပြည်က တည်ဆောက် ပါ၊ ရပါမယ်၊ သေတော့ နတ်ရွာ သုဂတိ ဘုံနန်း ဗိမာန်နဲ့ နေရရုံပဲ (မှန်ပါ့)။

ဟာ နိဗ္ဗာန်ကို ရောက်ချင်ပါတယ် ဆိုလည်း လူ့ပြည်က နေပြီး သကာလ နိဗ္ဗာန် ရောက် ကြောင်း တရားတွေကို လုပ်လိုက် ပြန်လို့ ရှိရင်လည်း စုတေ မနေ သေလွန်သည်၏ အခြားမဲ့၌ နိဗ္ဗာန် ရောက်နိုင် ပြန်တာပဲ (မှန်ပါ့)။

ဒါ့ကြောင့် လူ့ပြည်သည် ရန်ကုန် ဘူတာကြီး၊ မန္တ လေး ဘူတာကြီးလိုပဲ သူကချည်း ခွဲထွက် သွားတာပဲ၊ မေမြို့သွားသွား၊ ဘယ်ဌာန သွားသွား၊ ရှင်းကြပြီနော် (ရှင်းပါပြီ)။

ဒါဖြင့် လူ့ပြည်ဟာ အသုံးချတတ်ရင် အဖိုးတန်တဲ့ ပြည်လို့ ဆိုရပြန်တယ်။ အသုံးမချ တတ်ပြန်လို့ ရှိရင်လည်း သြော် လူ့ပြည် လာပြီး ရိက္ခာ လာစု ပြန်တာပဲ ဆိုလို့ ရှိရင်လည်း မလွဲဘူး (မလွဲပါ ဘုရား)။

ဒါ့ကြောင့် ဒီ ဒကာ၊ဒကာမတွေ့၌ အပါယ်သွားတယ် ဆိုကတည်းက အပါယ် သွားတဲ့ စိတ်ကြောင့် အပါယ် ရောက်ရ တယ်၊ နတ်ရွာ သုဂတိ သွားရတယ်ဆိုလည်း နတ်ရွာသုဂတိ စိတ်က ပို့ လိုက်လို့ ရောက်ကြောင်း အလုပ်တွေ၊ ရောက်ကြောင်း စိတ်တွေ ပေါ်လို့ ရောက်ကြရတယ်၊ နိဗ္ဗာန် ရောက်ချင် ပါတယ်လို့ ဒုက္ခ ခပ်သိမ်းငြိမ်းတဲ့ နိဗ္ဗာန် ရောက်ချင် ပြန်တယ် ဆိုတော့ နိဗ္ဗာန် ရောက်ကြောင်း ဒီကနေ ဝိပဿနာ အလုပ်တွေ လုပ်မယ် ဆိုလို့ ရှိရင်လည်း စုတေ မနေ သေလွန် သည်၏ အခြားမဲ့၌ နိဗ္ဗာန် နန်းကို စံမြန်း ရတာပဲ ဆိုတာ မှတ်ထားရမယ် (မှန်ပါ့ ။)

ဒါဖြင့် လူ့ပြည်သည် အားလုံး ဒကာ၊ဒကာမတွေ ရောက်ချင်ရာ ဌာန၏ ဗဟိုဌာနကြီးပဲ (မှန်ပါ့ ။)

ရောက်ချင်တဲ့ဆီ လမ်းခွဲလုပ်ပြီး သကာလ တင်ပို့နိုင်တဲ့ နေရာဌာန တစ်ခုပဲလို့ ဆိုလို့ရှိရင် မလွဲပါဘူး (မလွဲပါ ဘုရား)။

ကောင်းပြီ ဒါဖြင့် လူ့ပြည်က အမျိုးမျိုး ဆရာကောင်း သမားကောင်းနဲ့ တွေ့လို့ ၊ ကလျာဏ မိတ်ကောင်းနဲ့ တွေ့ ပြန်လည်း နိဗ္ဗာန် ရောက်ပြန်တာပဲ၊ သာမည ဆရာနဲ့ တွေ့ပြန် တော့လည်း သုဂတိ ရောက်တာပဲ (မှန်ပါ့)။

လုံးလုံး မကောင်းသော ပုဂ္ဂိုလ်နဲ့ ပေါင်းသင်း ဆက်ဆံ၊ မကောင်းသော အမေ မိဘနဲ့ ပေါင်းသင်း ဆက်ဆံ ရပြန်တော့လည်း အပါယ် လေးပါး ရောက်တာပဲ (မှန်ပါ့)။

ဒါဖြင့် လူ့ပြည်သည် အားလုံး ဒကာ၊ ဒကာမတို့ အပေါင်း အသင်းပေါ် မှီနေတယ် (မှန်ပါ့) မဆိုနိုင် ဘူးလား (ဆိုနိုင် ပါတယ်ဘုရား) အပေါင်းအသင်းပေါ် မှီနေတယ်လို့ မှတ်ကြ စမ်းပါ (မှန်ပါ့)။

လူ့ပြည်ကနေ သုံးဌာန သွားနိုင်တယ်

နိဗ္ဗာန် လမ်းပြ တတ်တဲ့ ဆရာသမား ကောင်းကောင်း မိတ်ကောင်းကောင်းနဲ့ တွေ့ပြန် တော့လည်း လူ့ပြည်က နေပြီး နိဗ္ဗာန် သွားပြန်တာပဲ (မှန်ပါ့) အလတ်စား ဆရာနဲ့ တွေ့ပြန် တော့လည်း ကလျာဏ မိတ္တနဲ့ တွေ့ပြန်တော့လည်း သုဂတိ လောက် သူက နားလည် ထားတော့ နတ်ရွာ သုဂတိလောက်ပဲ သူနဲ့ ပေါင်းပြီး သကာလ ရောက်သွားတာပဲ (မှန်ပါ့ ။)

တစ်ခါ ဘာမှ နားမလည်တဲ့ ပါပမိတ္တနဲ့ ပါပ-က ဆိုးဝါးတာ၊ မိတ္တ-က အဆွေ ခင်ပွန်း၊ ယုတ်မာ ဆိုးဝါးတဲ့ အဆွေ ခင်ပွန်းနဲ့ ပေါင်းမိပြန်လို့ ရှိရင်လဲတဲ့၊ ဒီလူဟာ အပါယ် လေးပါးသို့ သူ့မှာ မိတ်ကောင်း ဆွေကောင်း မဟုတ်တဲ့ ပုဂ္ဂိုလ်နဲ့ ပေါင်းမိလို့ အပါယ် လေးပါး ရောက်သွားတာပဲ (မှန်ပါ့)။

ဒါဖြင့် လူ့ပြည်က နေပြီး သုံးဌာန သွားမယ် ဆိုတာလည်း မှန်တယ် (မှန်ပါ့)။

ခေါင်းဆောင်သုံးမျိုး

သုံးဌာန သွားနိုင်တာ ကိုယ့်သဘောနဲ့ ကိုယ်သွားသလားလို့ တစ်ခါ ဆင့် မေးပြန်တော့ ကလျာဏမိတ္တ အထက်တန်း ဖြစ်တဲ့ ကလျာဏ မိတ္တ တစ်မျိုး၊ အလတ်စား ဖြစ်တဲ့ ကလျာဏမိတ္တ တစ်မျိုး၊ ပါပ-မိတ္တဖြစ်တဲ့ ပုဂ္ဂိုလ် တစ်မျိုး၊ ဒီသုံးမျိုး၏ တောင်ဝှေး ဆွဲရာ ပုထုဇဉ် ပုဂ္ဂိုလ်က လိုက် သွားတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။

ဒါဖြင့် ပုထုဇဉ် ပုဂ္ဂိုလ်၏ အဖြစ်ဟာ ကိုယ့်သဘော မပါ ပါလားလို့ ဆိုလို့ ရှိရင်ဖြင့် မလွဲဘူးလို့ ဆုံးဖြတ်ချက်ချ (မှန်ပါ့) ကိုယ့် သဘော မရှိဘူး (မရှိပါဘုရား)။

ဒါဖြင့် ဒီနေ့ ပြောတဲ့ တရားမှာ လူ့ဘုံသည် ငရဲသို့ လည်း သွားနိုင်တယ်၊ သုဂတိသို့ လည်း သွားနိုင်တယ်၊ နိဗ္ဗာန်သို့လည်း သွားနိုင်တယ်၊ သုဂတိသို့ လည်း သွားနိုင်တယ်၊ နိဗ္ဗာန်သို့ လည်း သွားနိုင်တယ်၊ ဘုံအားကဖြင့်နော် (မှန်ပါ့)။

သွားနိုင်တယ် ဆိုငြားသော်လည်း ဘုံပေါ်မှာ သူ့အလိုလို သွားသည် မဟုတ်၊ ဘုံပေါ်မှာ နေရင်း အလိုလို သွားသည် မဟုတ်၊ သူ့ တောင်ဝှေး ဆိုတဲ့ ပုဂ္ဂိုလ် အမှီပြုပြီး သွားတာ (မှန်ပါ့) မဟုတ်ဘူးလား (မှန်ပါ့)။

မောင်ချစ်စိန် တောင်ဝှေး ဆွဲကို အမှီပြုပြီး သကာလ သွားကြတာပဲ၊ ကလေး ငယ်ငယ် ကလေးဟာ ဘာမှ မတတ်လို့ ရှိရင် ဆဲတဲ့ ကလေးနဲ့ တွေ့ရင် ဆဲတာပဲ၊ ဘုရားရှိခိုးတဲ့ ကလေး နဲ့ တွေ့ရင် ဘုရား ရှိခိုးတာပဲ (မှန်ပါ့ဘုရား) အနိစ္စ၊ ဒုက္ခ၊ အနတ္တ မြည်တတ်တဲ့ ကလေးနဲ့ တွေ့ရင် အနိစ္စ၊ ဒုက္ခ၊ အနတ္တ မြည်တာပဲ (မှန်ပါ့)။

ပုထုဇဉ်ပုဂ္ဂိုလ်ဟာ နီးစပ်ရာ ပါသွားတယ်

သူ့သဘော ရှိသေးရဲ့လား၊ နီးစပ်ရာ ပါသွားတယ် ဆိုကြမလား (နီးစပ်ရာ ပါ,ပါတယ် ဘုရား) နီးစပ်ရာ ပါသွားတယ်လို့ သဘောကျစမ်းပါ (မှန်ပါ့)။

ဒါဖြင့် သူကလည်း သုံးဌာန သွားနိုင်တယ်၊ ကလျာဏ မိတ္တ၊ အလတ်စား မိတ္တ၊ ပါပမိတ္တ ဒီ အဆွေ ခင်ပွန်း သုံးယောက်ကလည်း ခေါင်းဆောင် လုပ်ပြီး သကာလ ဆွဲပါတယ် ဆိုလို့ ရှိရင် လည်း အမှန်ပဲလို့ ဆုံးဖြတ်ချက်ချ (မှန်ပါ့) မချနိုင်ဘူးလား (ချနိုင်ပါတယ် ဘုရား) ။

အဲဒါကြောင့် ကလျာဏမိတ္တတွေက ဆွဲနိုင်တယ် ဆိုငြား သော်လည်း တစ်ခါ တစ်ဆင့် တက်ပါဦး၊ ကိုယ့်စိတ္တုပ္ပါဒ်က မကောင်းတဲ့စိတ် မလာလို့ ရှိရင် အပါယ် လေးပါး မသွားဘူး၊ အလတ်စား ကောင်းတဲ့စိတ် လာပြန်လို့ ရှိရင်လည်း နိဗ္ဗာန် သွားမယ်ဆိုတော့ သြော် ကိုယ့်စိတ် ကလည်း သုံးမျိုးရှိတယ် ကိုး (မှန်ပါ့) မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

ကိုယ့်စိတ်ကလည်း သုံးမျိုး ရှိတယ်လို့ မှတ်ထားလိုက် တာပေါ့၊ ကောင်းပြီ၊ ကိုယ့်စိတ် သုံးမျိုး၊ ဒါဖြင့် ဒီအထဲမှာ အချုပ် အချာ ရှာလိုက်တော့ ဘယ်သူများ လိုရင်း အချက်တုံး၊ ကလျာဏ မိတ္တ ကတော့ ဒုတိယ လိုရင်း၊ ကိုယ့်စိတ်ကို ကိုယ်ပိုင်မှု ဟာ ပထမဆုံး လိုရင်း အချက်နော် (မှန်ပါ့)။

ကိုယ့်စိတ်ကို ဆုံးမမှုဟာ လိုရင်း အချက်

ကိုယ့်စိတ်ကို ဆုံးမတဲ့ အမှုဟာ မောင်သစ် ဘာတုံး (လိုရင်းအချက်ပါ ဘုရား) ပထမဆုံး လိုရင်း အချက်လို့ ဒကာ၊ ဒကာမတွေ မှတ်ထား လိုက်စမ်းပါ (မှန်ပါ့)။

ဥပမာမယ် အဆင်း တစ်ခု မြင်လိုက်တယ်၊ အဆင်း တစ်ခု မြင်လိုက်တော့ လှတယ်၊ ပတယ် ဆိုတဲ့ အဆင်း တစ်ခု မြင်လိုက်တယ်၊ လိုချင် ပြန်တယ် ဆိုတဲ့စိတ် လာလို့ ရှိရင်ဖြင့် လောဘဇော လာတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။

လောဘဇော လာပြန်တော့လည်း လောဘ တဏှာကြောင့် ပဋိစ္စသမုပ္ပါဒ် လာတဲ့ အတိုင်း တဏှာ၊ ဥပါဒါန်၊ ကံ၊ ဘက် ဆွဲ မသွားဘူးလား (ဆွဲသွားပါတယ် ဘုရား) ဒါ ပုဂ္ဂိုလ်က ဆွဲတာလား၊ စိတ်က ဆွဲဆောင်တာလား (စိတ်က ဆွဲဆောင် တာပါ) ဒီကျ တော့ စိတ်က လိုရင်း ဖြစ်နေတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။

အဆင်း ကလေး မြင်တယ်။ ဒကာ၊ဒကာမတွေက မြင်လို့ လိုချင်တယ်၊ မြင်တာကတော့ ရှေ့ပိုင်းက ပေါ့နော် (မှန်ပါ့) မြင်ပြီး သကာလ စိတ္တုပ္ပါဒ်က လိုချင်တယ် စွဲလမ်းတယ် ဆိုတော့ ဥပါဒါန် မလာဘူးလား (လာပါတယ် ဘုရား) အားထုတ်မယ် ဆိုတော့ ကံ၊ စေတနာ၊ ကံက အားထုတ်တာကိုး (မှန်ပါ့)။

ဒါဖြင့် လိုချင်တယ်၊ စွဲလမ်းတယ်၊ အားထုတ်မယ်ဆိုလို့ ရှိရင်ဖြင့် ကံမြောက်သွားပြီ (မှန်ပါ့) မမြောက်သေးဘူးလား (မြောက်ပါပြီဘုရား) ပဋိစ္စသမုပ္ပါဒ် ကြည့်စမ်း ဒကာ၊ဒကာမတို့ တတိယ အကွက်မှာ တဏှာ၊ ဥပါဒါန်၊ ကံ၊ မလာသေးဘူးလား (လာပါတယ် ဘုရား) တဏှာ,ဥပါဒါန်, ကံ လာမယ် နော်။

အဲဒီကျတော့ ကံမြောက်သွားပြီ ဆိုလို့ ရှိရင်ဖြင့် အမှန်ပဲလို့ ဆုံးဖြတ်ချက် ချရမှာပဲ (မှန်ပါ့) မချနိုင်ဘူးလား (ချနိုင်ပါ တယ် ဘုရား)။

သြော် ဒါဖြင့် ဒီကံသည် တဏှာ ဥပါဒါန် အုပ်ချုပ် တဲ့ ကံ ဖြစ်နေသောကြောင့် ဒီကံသည် အပါယ် လေးပါး သွားပေတော့မှာပဲ (မှန်ပါ့) မဆိုနိုင်ဘူးလား (ဆိုနိုင်ပါ တယ် ဘုရား)ကောင်းပြီ ဒီဟာကလေး မြင်ပြီး သကာလ အဆင်း ကလေးတစ်ခု မြင်လိုက်တယ်၊ ပန်းကလေး တစ်ခု မြင်လိုက် တယ်။ မြင်တယ် ဆိုတာ မျက်လုံး ကတော့ မြင်ရုံပဲ၊ သဘောကျ ပလား (မှန်လှပါ ဘုရား)။

မြင်လို့ ဒီပန်းကလေး မြင်ပြီး သကာလ လှူချင်တယ်၊ ဟုတ်လား၊ မြင်ပြီး သကာလ ဒီဥစ္စာကို ဘုရား လှူချင် ပါတယ်။ လှူချင်တဲ့ စိတ်ကလေး ပေါ်မလာဘူးလား (ပေါ်လာ ပါတယ် ဘုရား)။

လှူချင်တဲ့စိတ်ပေါ်တော့ သုဂတိ ရောက်တယ်

ဒီလို ပေါ်လာပြန်တော့လည်း မြင်လို့ လှူချင်တဲ့ စိတ်ကလေး ပေါ်လာတော့ လှူချင်တဲ့ စေတနာ ကံကလေးက မြင်ပြီး လိုချင်တယ်၊ ရအောင် ယူပြီး သကာလ ဘုရား လှူတယ်၊ ဒီလို ဆိုတော့လည်း အလတ်စားစိတ် ပေါ်လာ သောကြောင့် ဒီစိတ်ကြောင့်ပဲ သုဂတိ ရောက်တယ် (မှန်ပါ့) မရောက် ဘူးလား (ရောက်ပါတယ်) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ကောင်းပြီ၊ ဒီပန်းကလေး တစ်ခုကို မြင်လိုက်တယ်။ မြင်တဲ့အခါ ကျလို့ ရှိရင်ဖြင့် မြင်တဲ့စိတ် နောက်က နေပြီး သကာလ အင်း ဒီပန်းကလေး ဟာလည်း ဖြစ်ပျက်ပဲ၊ မြင်တဲ့စိတ် ကလေးကလည်း ဖြစ်ပျက်ပဲ၊ ဒီလို နှလုံးသွင်းလိုက် ပြန်တော့လည်း မဂ် ဝင်လာတယ် ဖြစ်ပျက်ရှုတဲ့မဂ်က လာလိမ့်မယ် (မှန်ပါ) ဒီကျတော့လည်း နိဗ္ဗာန် ရောက်တယ် (မှန်ပါ့ ဘုရား)။

ဒါဖြင့် အခု စိတ်ဘယ်နှမျိုး ပြလိုက်သတုံး (သုံးမျိုး ပါ) သုံးမျိုး ပြတယ် (မှန်ပါ့ဘုရား)။

ဒါ အလုပ်တရားဆိုတာ သေသေချာချာ မှတ်ပါ (မှန်ပါ့) အလုပ်ပေး နေတယ် ဆိုတာ သေသေ ချာချာ မှတ်ပါ၊ အလုပ်ပါသွားပြီး (မှန်ပါ့ ဘုရား)။

၁-နံပါတ် ပြောပြပါဦးမယ်၊ ပန်းနဲ့ ပဓာန ထားလိုက်၊ ပန်းတစ်ခု မြင်တယ်၊ မျက်လုံး ကတော့ မြင်ရုံပဲ (မှန်ပါ့ဘုရား)

လိုချင်တဲ့ လောဘပေါ်တော့ အပါယ်ကံ မြောက်တယ်

လောဘက လိုချင်တယ်၊ မရ, မနေနိုင်ဘူး စွဲလမ်းတယ်၊ ဟုတ်လား၊ ပြီးတော့ ကိုယ်ပန်မယ်၊ ကိုယ်အသုံးချမယ် ဆိုလို့ ရှိရင်ဖြင့် ကံလည်း မြောက်မသွားဘူးလား (မြောက် ပါတယ် ဘုရား)။

ဒီကျတော့ တဏှာ, ဥပါဒါန်, ကံ မြောက်တယ် ဆိုတော့ ဒီပန်းတည်း ဟူသော အာရုံနဲ့ ပတ်သက်ပြီး သကာလ ဒီဘက်က ဆွဲဆောင် သွားလိုက်တာ၊ စိတ်တန်းကြီး ဆွဲဆောင် သွားလိုက်တာ သေသည်၏ အခြားမဲ့၌ အပါယ်ခန္ဓာ ဖြစ်တယ် (မှန်ပါ့)၊ ဒီစိတ်ပဲ ဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။

ဒါ လူ့ပြည်မှာ ပေါ်တဲ့စိတ် (မှန်ပါ့) ရှင်းပြီနော် (ရှင်းပါပြီဘုရား)။

ကောင်းပြီ၊ တစ်ခါ ဒုတိယစိတ် ဒကာ၊ ဒကာမတွေ ဖြစ်ရပုံ၊ ပန်းကလေး တစ်ခုကို မြင်တယ်၊ ဟာ ဝယ်ချင် တယ်၊ ဝယ်လိုက် တာပေါ့၊ ဝယ်ပြီး သကာလ ဘုရား တင်ချင်တယ်၊ လှူချင်တယ်၊ မောင်ချစ်စိန် ဒီလိုလည်း လာသေးလား (မှန်ပါ့ ဘုရား)။

ဝယ်ချင်တော့လည်း ကံတော့ ကံပဲတဲ့၊ တဏှာ, ဥပါဒါန်, ကံ, ကံတော့ ကံပဲ၊ ကံက ကုသိုလ်ကံ သွားဖြစ်နေတယ် (မှန်ပါ့ ဘုရား)။

ကုသိုလ်ကံ သွားဖြစ်တော့ သေသည်၏ အခြားမဲ့၌ ဒီကံ က နေပြီး သကာလ နတ်ရွာ သုဂတိ ပို့တယ် (မှန်ပါ့) ဒါလည်း စိတ်က ပို့တာပဲ ဆိုရင် လွဲပါ့ မလား (မလွဲပါ ဘုရား)။

ဒါက နှမျိုး ရှိသွားပြီ၊ သုံးမျိုး ရှိအောင် ပြောပါ ဦးမယ်၊ ဒကာ၊ဒကာမတို့ နားထောင်ပါ။

ပန်းကလေးတစ်ခု မြင်ပြန်တယ် ဟုတ်လား၊ ဝယ်ချင် ပြန်တယ်၊ မရမကပဲ ဝယ်ချင်တယ်၊ တဏှာ ဥပါဒါန်နဲ့ ပဲ ဝယ်ချင်တယ် ထားပါတော့။

ဒီလို မထားတော့ဘူးတဲ့၊ အရင်ဟာတွေနဲ့ တူနေမှာစိုးလို့ ပန်းကလေး မြင်တယ်၊ မြင်တဲ့ပန်းကိုပဲ ဗဟိဒ္ဓပန်းပေမယ့် သြော် သူလည်း ရုပ်ဓမ္မကလေး ဖြစ်ပျက်ပဲလို့ ရှုလိုက် ပြန်တော့ လည်း ခုနင်က သုဂတိ ကံလည်း မလာဘူး၊ ဒုဂ္ဂတိကံ လည်း မလာဘူး၊ လာသေးသလား (မလာပါ) ကံဖြတ်ပစ် လိုက်တယ် (မှန်ပါ) သုဂတိကံ လာသေးလား (မလာပါ ဘုရား)။

မြင်စိတ်ကို ဖြစ်ပျက်ရှုလိုက်တော့ မဂ်ဖြစ်သွားတယ်

မြင်တဲ့အဆင်းကိုပဲ ဖြစ်ပျက်ရှုချင် ရှုနေပါ (မှန်ပါ့) မရှုချင်လို့ ရှိရင်လည်း မြင်စိတ်ကလေးကို ဖြစ်ပျက်ဆိုတဲ့ ဥစ္စာ ရှုလိုက်တဲ့ အခါကျတော့ မဂ်ဝင်သွားတဲ့ အတွက်တဲ့၊ ဒီမဂ်ကတော့ကို နိဗ္ဗာန်ရှာသွားတယ်၊ နိဗ္ဗာန်အရောက် ပို့ လိုက်တယ် (မှန်ပါ့) ရှင်းကြပလား ( ရှင်းပါပြီဘုရား)။

ဒါဖြင့် ပန်းတစ်ပွင့်တည်းမှာ ဒကာ၊ဒကာမတို့ စိတ် အစဉ်အလာ အတိုင်း အပါယ် သွားတာ လည်း ရှိတယ် (မှန်ပါ့) မရှိဘူးလား (ရှိပါတယ်) စိတ်အစဉ် အတိုင်း သုဂတိ သွားတာကော (ရှိပါတယ်) စိတ်အစဉ်ကို ဖြတ်ပစ်လိုက် တာနဲ့လည်း ဒကာ၊ဒကာမတို့ စိတ်အစဉ်ကို တစ်ခါ မြင်စိတ်ကို ဖြစ်ပျက် ရှုလိုက်တယ်၊ ခင်မင်စိတ်ကို ဖြစ်ပျက်ရှု လိုက်တယ်၊ ပန်းကို ဖြစ်ပျက်ရှု လိုက်တယ်၊ အနိစ္စ ရှုလိုက်တယ်၊ ရှုလိုက်တော့လည်း မဂ်က ဝင်လာတဲ့ အတွက် ဒီမဂ်က နိဗ္ဗာန် ပို့ ပြန် တယ် ဆိုတာလည်း အထင်အရှားပါ (မှန်ပါ့ဘုရား)။

ဘယ်နှမျိုး ရှိသတုံး (သုံးမျိုး ရှိပါပြီ) ဒါဖြင့် ဒါက ကလျာဏမိတ္တက သြော် ဒီလို သုံးမျိုး ရှိတယ်လို့ လမ်းပြ ထားတော့ ဟော နှမျိုးကို ရှောင်သည်၊ တတိယ အမျိုးကို ဆောင်သည် (မှန်ပါ့ဘုရား)။

နှမျိုးကို (ရှောင်ရပါမယ်) ရှောင်ရမယ်၊ တတိယ အမျိုးကို (ဆောင်ရပါမယ်ဘုရား)။

အဲဒီကဲသို့ ဆောင်လို့ ကလျာဏမိတ္တက ဆွဲသွားပြန်တော့ ကိုယ်က ဆောင်တဲ့ အလုပ်ချည်း လုပ်သွားပြန်တော့လည်း မောင်သစ်ရေ မဂ်က ၃-နံပါတ်ကို ဆောင်ဆိုတော့ ၃နံပါတ်ကို အလုပ် လုပ်နေတော့ နိဗ္ဗာန် ဆောင်သွားတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီဘုရား)။

ဒါဖြင့် ဒကာ၊ ဒကာမတွေ ကလျာဏမိတ္တနဲ့ ပေါင်းလို့ ရှိရင်ဖြင့် ဘုရားက ထက်ဝက် မကဘူး၊ အကုန်ဟာ သူပြတာနဲ့ သူညွှန်တာနဲ့၊ သူလမ်းပြတာနဲ့ မောင်ချစ်စိန် နိဗ္ဗာန်ကို ရောက်သွားတယ် (မှန်ပါ့) မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

အဲဒါတွေ သိပြီးထားတော့မှ သြော် စိတ်ပြင်လိုက် လည်း ဆရာသမား နည်းပေးတဲ့ အတိုင်း စိတ်ပြင်လိုက်လည်း နိဗ္ဗာန် ရောက်တာပဲ (မှန်ပါ့) အလတ်စား ပြင်လိုက်ရင် သုဂတိ ရောက်တာပဲ (မှန်ပါ့) စိတ်မပြင်ဘဲနဲ့ စိတ်အလိုက် အတိုင်း ထားမယ်ဆိုတဲ့ အပါယ်လေးပါး ရောက်သွားတာပဲ (မှန်ပါ့) မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ်ဘုရား)

သူတော်ကောင်း ဆရာသမား လိုတယ်

အဲဒါတွေ ထောက်ကြည့်တော့မှ သြော် စိတ်က ပို့တာတော့ ဟုတ်ပါရဲ့၊ ကလျာဏမိတ္တ ဆိုတဲ့ သူတော်ကောင်း လမ်းပြကောင်းတွေနဲ့ မတွေ့ ပြန်လို့ ရှိရင်လည်း ဘယ်စိတ် ပေါ်ရမယ် ဆိုတာ မသိဘူး၊ ထုံးစံ ပေါ်တာပဲ ပေါ်ကြပေစေ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

ထုံးစံ ပေါ်လို့ ရှိရင် အပါယ်လေးပါးပဲ (မှန်ပါ့) ဘာ့ကြောင့်တုံးဆိုတော့ ဘုရားက “ပါပသ္မိံ ရမတိ မနော” တဲ့။

မနော၊ သတ္တဝါတို့၏ စိတ်သည်။ ပါပသ္မိံ ၊ မကောင်းမှု၌။ ရမတိ၊ မွေ့လျော်၏တဲ့ (မှန်ပါ့ဘုရား)။

ဒါ ဒီထုံးစံအတိုင်းကတော့ မကောင်းမှုပဲ (မှန်ပါ့) မြင်တယ်၊ လိုချင်တယ်, စွဲလမ်းတယ်, အားထုတ်မယ်၊ ဒါပဲ ရှိတာပဲနော် (မှန်ပါ့ဘုရား)။

ကလျာဏမိတ္တ၊ အသင့်အတင့် ကလျာဏမိတ္တနဲ့ ပေါင်း လိုက်ပြန်တော့ မြင်တယ်၊ လိုချင်တယ်, စွဲလမ်းတယ်၊ လှူမယ် (မှန်ပါ့) ဒီဘက် ပြောင်းသွားတယ် (မှန်ပါ့ဘုရား)။

မြင်တယ်, လိုချင်တယ်, စွဲလမ်းတယ် ဆိုတော့ လာသေး တာပဲ (မှန်ပါ့)သို့ သော် ကံကျတော့ လှူချင်တဲ့ ကံ ပေါ်လာ တယ် (မှန်ပါ့ဘုရား)။

ဟာ ဒီထက်ကောင်းတဲ့ ကလျာဏမိတ္တ သူတော် ကောင်းနဲ့ လမ်းပြကောင်းနဲ့ တွေ့ပြန် တော့လည်း မြင်တယ်ဆိုလို့ ရှိရင်ဖြင့်တဲ့ အာရုံဆိုတဲ့ ပန်းကိုပဲ ဖြစ်ပျက်ရှုလိုက် (မှန်ပါ့) မြင်တဲ့ စိတ်ကလေး ကိုလည်း (ဖြစ်ပျက်ရှုလိုက်)။

အဲ ဖြစ်ပျက် ရှုလိုက်ပြန်တော့ ဖြစ်ပျက် နောက်က မဂ် လိုက်မလာဘူးလား (လာပါတယ်)။ မဂ် လိုက်လာတော့ ခုနင်က အပါယ်သွားမည့် အကုသိုလ် ကံတွေ ဖြတ်တယ် (မှန်ပါ့) သုဂတိ သွားမည့် ကုသိုလ်ကံကော (ဖြတ်ပါတယ် ဘုရား)။

ဆရာသမားကောင်းသည် နိဗ္ဗာန်အထိ ကူညီတယ်

အဲဒီကဲ့သို့ ဖြတ်တာ ဘယ်သူ့ကြောင့်တုံးလို့ မောင် ချစ်စိန်တို့ က မေးရင် ကိုယ့်ဟာ ကိုယ်တော့ မဖြတ်တတ် ပါဘူး (မှန်ပါ့) ကလျာဏမိတ္တနော် (မှန်ပါ့) ကလျာဏ မိတ္တက ကောင်းတာ၊ မိတ္တက အဆွေခင်ပွန်း ဆရာသမား၊ သူတို့နဲ့ ပေါင်းမှပဲ ဖြစ်ပေါ်လာတယ် ဆိုတာလည်း အထင်အရှား ဖြစ်သောကြောင့် ကလျာဏ မိတ္တသည် အလုံးစုံကို ခင်ဗျားတို့ နိဗ္ဗာန် ရောက်ခြင်းမှာ အကူအညီ ပေးတယ်ဆိုတာ မှတ်ရမယ် (မှန်ပါ့) သဘောပါ ကြပြီလား (ပါ,ပါပြီဘုရား)။

မှတ်ချက်။ ။ မဟာဝဂ္ဂသံယုတ်အစ ဥပဍ္ဎသုတ် ကြည့်ပါ။

ကောင်းပြီတဲ့ ဒါဖြင့် ဘုရားသခင် ကိုယ်တော်မြတ် ကြီးသည် သာဝတ္ထိပြည် ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော့ မာလုကျဗြာဟ္မဏ ဆိုတဲ့ မာလုကျ ဆိုတဲ့ ပုဏ္ဏမက မွေးတဲ့သား၊ မာလုကျ၏ သား ပေါ့လေ(မှန်ပါ့ဘုရား)။

မာလုကျပုတ္တ

မာလုကျပုဏ္ဏမက မွေးတဲ့ သူ့သားကို မာလုကျပုတ္တလို့ ခေါ်လိုက်တယ် (မှန်ပါ့)။

သူက အသက် အရွယ်ကလည်း ခုနစ်ဆယ်, ရှစ်ဆယ် ရှိနေပြန်တော့ အခုမှပဲ သူကလည်း နိဗ္ဗာန် ရောက်ကြောင်း အလုပ်ကလေးကို လုပ်ချင်တော့တယ်။

“သာဓု မေ ဘန္တေ ဘဂဝါ သံခိတ္တေန ဓမ္မံ ဒေသေတု” တဲ့။

အရှင်ဘုရား တပည့်တော် အသက်အရွယ်ကြီးပြီ၊ တပည့်တော် တောင်းပန်ပါရစေ အကျဉ်းအားဖြင့် တပည့်တော်ကို တရားကလေး ကျင့်ဖို့ ကြံဖို့ နည်းပေးပါ ဆိုတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဟာ မင်းက အသက်က လဲကြီးပြီ ၊တရားကလည်း တိုတို လိုချင်သေးတယ် ဆိုတော့ မင်းဟာ မခက်ဘူးလား၊ ဘုရားက ဒီလို ပြောလိုက်တယ် (မှန်ပါ့)။

အသက်ကြီးလို့ တရားတိုတို ဟောပါဘုရား

အသက်ကလည်း ကြီးပါပြီ၊ တရားကလည်း တိုတို ရချင်တယ်၊ ဟာ တပည့်တော် အသက်ကြီး မှန်းလည်း သိတော့ သိတယ်တဲ့၊ တရားတိုတို ကျင့်ပြီး သကာလ ကျင့်နိုင်တဲ့ စွမ်းရည် သတ္တိတော့ တပည့်တော် အသက်ကြီးငြား သော်လည်း တရားတိုတို ဆိုရင် ကျင့်နိုင်တဲ့ စွမ်းရည်သတ္တိ ရှိပါ သေးတယ် (မှန်ပါ့)။

ဒါ့ကြောင့် အရှင်ဘုရားသည် အကျဉ်းအားဖြင့် တပည့်တော် အသက်အရွယ်ကြီးလို့ တရားကို ဟောပြီး နိဗ္ဗာန် ရောက်ကြောင်း ကျင့်နည်း ပေးပါတဲ့ (မှန်ပါ့)။

ဒီတွင် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက မင်းက အသက်ကြီးမှလည်း တရား လိုချင် သေးတယ်၊ ပြီးတော့လည်း တိုတိုကလေး ပေးပါ ဆိုတော့ကွာတဲ့၊ လူငယ်တွေများ ငဲ့ပါဦးတဲ့ (မှန်ပါ့)။

လူငယ်တွေများ ငဲ့ပါဦး၊ လူငယ်တွေကျတော့ အသက်ကလည်း ငယ်၊ တရားတိုတို ပေးပါ ဆိုတဲ့ အသွားလည်း မသုံးပေဘူး၊ မင်းဥစ္စာ သိပ်ခက်တာပဲ။

အသက်ကြီးပေမယ့် နိဗ္ဗာန်အလုပ် လုပ်နိုင်ပါတယ်

ဟာ တပည့်တော်က တပည့်တော် စွမ်းရည်အတိုင်း တပည့်တော် အသက်ပင် ကြီးငြား သော်လည်း ဒီအလုပ်တော့ လုပ်နိုင်သေးတယ် ဆိုပြီး သကာလ နိဗ္ဗာန်သွားကြောင်း အလုပ်ကို လုပ်နိုင် သေးတယ် ဆိုတဲ့ အကြောင်းကို တပည့်တော် ခန္ဓာကိုယ် တပည့်တော် မေးကြည့် သိပါတယ် (မှန်ပါ့)။

ဒါ့ကြောင့် တပည့်တော် အရှင်ဘုရားဆီကို တရားကို တိုတိုနဲ့ နိဗ္ဗာန်သွားတဲ့ အလုပ် လုပ်မယ်လို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လျှောက်ခြင်း ဖြစ်ပါတယ် ဆိုပြီး သကာလ ပြောတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ပြောလိုက်တယ်ကွာတဲ့ မင်း အဆင်း တစ်ခု ရှိတယ်တဲ့။

အဆင်းတစ်ခု ရှိတယ်

မောင်သစ် အဆင်း တစ်ခု ရှိတယ်တဲ့ (မှန်ပါ့) အဆင်း တစ်ခု ရှိတော့ကို ဒီအဆင်းကို မင်း ရှေးကလည်း မမြင်ဖူးဘူး၊ အခုလဲ မြင်ဆဲ မဟုတ်ပါဘူးနော်(မှန်ပါ့)။

အဲဒီ ဓမ္မတစ်ခုကိုတဲ့ သူ မြင်ချင်တယ်ဆိုတဲ့ တောင့်တ တဲ့စိတ် လာပါ့မလားတဲ့ (မှန်ပါ့) လာကြပါ့မလား (မလာပါဘုရား)။

အဆင်းတစ်ခုရှိတယ်၊ ရှေးကလည်း မမြင်ဖူးဘူး၊ အခုလည်း မြင်ဆဲ မဟုတ်ဘူး၊ ဘယ်တော့မှ မသုံးဆောင်ဖူးဘူး၊ ဆိုကြပါစို့ (မှန်ပါ့)။

အဲဒီလို မမြင်ဘူး၊ မသုံးဆောင်ဘူးတော့ကို ယူချင်လှချည်ရဲ့ ဆိုတဲ့စိတ် လာပါ့မလား (မလာပါ ဘုရား) မလာဘူး။

ထို့အတူပဲတဲ့ ရှေးကလည်း မကြားဘူးတဲ့ အသံ၊ အခုလည်း ကြားဆဲလဲ မဟုတ်၊ အဲဒီဟာမျိုး ကြားချင်လှချည်ရဲ့ ဆိုတာမျိုးဟာ လာနိုင်ပါ့မလား (မလာနိုင်ပါ ဘုရား)။

ဘာဖြစ်လို့ တုံး ဘယ်တော့မှ မတွေ့ဘူးလို့ (မှန်ပါ့) တွေ့ဆဲလဲ မဟုတ်ဘူး၊ တွေ့ဖူးပြီးလဲ မဟုတ်ဘူး (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီဘုရား)။

မြင်တယ်၊ သိတယ်တွင် ရပ်ပါ

ဒါကြောင့်တဲ့ အဲဒီအတိုင်းကွာတဲ့ မင်းသည်ကား လို့ ဆိုလို့ ရှိရင်ဖြင့် အဆင်းတစ်ခုကို မြင်တယ်၊ မြင်တယ်။ သိတယ်တွင် ရပ် (မှန်ပါ့)။

အဆင်းပဲ မြင်တယ် ဆိုပြီးတော့ မျက်လုံးက မြင်လိုက်တယ် (မှန်ပါ့) မျက်လုံးက လိုချင်တာ၊ ရချင်တာ ပါရဲ့လား (မပါပါဘုရား) မြင်ဆဲပဲ ရှိသေးတယ် (မှန်ပါ့)။

အဆင်းတစ်ခု အခုတွေ့တယ်ဆိုရင် မြင်ဆဲပဲရှိပါသေးတယ် (မှန်ပါ့)လိုချင်-ရချင် လာသေးရဲ့ လား (မလာပါဘုရား)။

လိုချင်တယ်၊ စွဲလမ်းတယ် မလာပါစေနဲ့

အဲ မြင်ဆဲပဲ ရှိတယ်၊ မြင်ပြီးသကာလ သြော်-ဒါ အဆင်းလို့ပဲ သိတယ်၊ သိပြီး သကာလ မင်းစိတ်ထဲမှာ ဒီနေရာတွင် ရပ်လိုက်စမ်း၊ လိုချင်တယ်၊ စွဲလမ်းတယ်၊ အားထုတ်မယ် ဆိုတာ မလာစေနဲ့ (မှန်ပါ့)။

ဒါ မင်းကို ပေးတဲ့ တရားတဲ့ ၊ သဘောကျပလား (ကျပါပြီဘုရား)

အဲဒီတော့ ခုနင်က ဥပမာနဲ့ ပြန်ဟပ်ကြည့်လိုက်တာပေါ့၊ ခုနင်က ဥပမာနဲ့ ပြန်ဟပ်ကြည့် လိုက်တော့ ရှေးကလဲ မမြင်ဖူးဘူး၊ အခုလဲ မြင်ဆဲ မဟုတ်တဲ့ ပုဂ္ဂိုလ် လိုချင်တာ, ရချင်တာ လာသေး ရဲ့ လား (မလာပါဘုရား)။

ဒီမှာလဲ ထိုနည်းအတူပဲတဲ့၊ မြင်တဲ့ ဓမ္မကလေးကို မြင်တယ်။ သိတယ် လောက်တွင် ရပ်ပြီး သကာလ လိုချင်တယ်၊ စွဲလမ်းတယ်၊ မရ, ရအောင် အားထုတ်မယ် ဆိုတာ မလာလို့ ရှိရင် နိဗ္ဗာန် ရောက် တယ်တဲ့ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

မြင်တာသည်ကားလို့ ဆိုရင် မြင်တယ်၊ သိတယ်တွင် ရပ်လိုက် ဟုတ်လား (မှန်ပါ့) လိုချင်တယ် ဟုတ်လား၊

ဪ ဒီဥစ္စာ မြင်ရတော့ လောဘဖြစ်သည်၊ ဒီကို မလာ စေနဲ့တဲ့(မှန်ပါ့) သဘောကျ ပလား (ကျပါပြီဘုရား)။

ဒါဖြင့် မြင်တယ်, သိတယ်တွင် ရပ်လိုက်စမ်းပါတဲ့ နော်(မှန်ပါ့) ဒီလိုဆိုလို့ ရှိရင် တဏှာ, ဥပါဒါန်, ကံ လာသေးရဲ့ လား (မလာပါဘုရား)၊ ဒေါသ, သောကကော (မလာပါဘုရား)။`

အဲ အဝိဇ္ဇာ သင်္ခါရကော (မလာပါဘုရား) မလာဘူး၊ ပဋိစ္စသမုပ္ပါဒ် သုံးမျိုး စလုံး ပြတ်ပြီ (ပြတ်ပါပြီ ဘုရား)။

အဲဒီကဲ့သို့ သုံးမျိုး စလုံး ပြတ်သောကြောင့်လဲ မင်းက အရေးကြီးတာ မြင်ရင် သိတယ်၊ ငါ ရပ်မယ် ဆိုတဲ့ သတိဟာ သေသေချာချာ ထားရတယ် (မှန်ပါ့)။

မြင်တယ်၊ သိတယ်၊ မြင်တယ်၊ သိတယ် တော်ပြီ။ ဒီကနေ ရပ်နေ၊ ဟိုမှာ လိုချင်တယ်၊ စိတ်ဆိုးတယ်၊ ဒါ မလာတော့ဘူး၊ တွေဝေတယ် ဒါ မလာဘဲနဲ့ မင်း ရပ်နိုင် လို့ ရှိရင်တော့ကွာတဲ့ နေရာကျပြီတဲ့ ဆိုတော့ မြင်တယ်, သိတယ်တွင် ရပ်ပေါ့ ဗျာ (မှန်ပါ့) ဝိပဿနာ တစ်မျိုးပဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီဘုရား)။

မောင်သစ် ဘယ်တွင် ရပ်ရမလဲ (မြင်တယ်, သိတယ် တွင် ရပ်ရပါမယ် ဘုရား)။

ကြားတယ်၊ သိတယ်တွင် ရပ်ပါ

ကြားတယ်, သိတယ်၊ ဒီတွင် ရပ်ပါနော် (မှန်ပါ့) နံတယ်,သိတယ်, ဒီတွင် ရပ်ပါ၊ စားတယ်, သိတယ် (ဒီတွင် ရပ်ရပါမယ်ဘုရား) ကြံတယ် သိတယ် (ဒီတွင် ရပ်ရပါမယ်ဘုရား)

ဒီတွင် ရပ်လို့ရှိရင် ဟိုဘက်မှာ လိုချင်မှုမှ ပြစ်မှားမှု တွေဝေမှု မလာလို့ ရှိရင်လဲ ဒါ နိဗ္ဗာန် ရောက်နိုင်တယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီဘုရား)။

နိဗ္ဗာန် ရောက်နိုင်တဲ့ မာလုကျပုတ္တကို ဘုရားက တိုတို ဟောနေတာ (မှန်ပါ့) တိုတို ဟောပြီး သကာလ နေတာ ဆိုတာကော သဘောကျပလား (ကျပါပြီဘုရား)။

အဲဒီတော့ မာလုကျပုတ္တက တပည့်တော် ရိပ်မိပါပြီ ဘုရားတဲ့ (မှန်ပါ့) သူက လျှောက်တယ်၊ ဒီအသက် အရွယ် ကြီးတဲ့ မာလုကျပုတ္တဆိုတဲ့ ပုဏ္ဏမကြီးသားက (မှန်ပါ့)။

“ရူပံ ဒိသွာ သတိမုဋ္ဌာ” သတိလွတ်မှ သာလျှင် သြော် လိုချင်တယ်, ရချင်တယ် ဆိုတာ လာတာ ကိုးတဲ့ (မှန်ပါ့) သတိမလွတ်တဲ့ ပုဂ္ဂိုလ် ကျတော့ လိုချင်, ရချင်တယ် ဆိုတာ လာသေးရဲ့ လား (မလာပါ ဘုရား)။

သြော် ဒါဖြင့် အဆင်းပဲ၊ အဆင်းရယ်လို့ သိ ပြီးတာပဲ (မှန်ပါ့) အင်း သိတဲ့ စိတ်ကလေး ပေါ်လာတယ်လို့ နောက်က သိရင် ပြီးတာပဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဲဒီတော့ကိုတဲ့ တပည့်တော် ရိပ်မိပြီတဲ့ သတိ မလွတ်စေနဲ့ ဆိုတာပဲ (မှန်ပါ့) သတိလွတ် လို့ ရှိရင်ဖြင့် တဏှာ, ဥပါဒါန်, ကံတွေကြောင့် တပည့်တော် ခန္ဓာသစ် ရမယ် (မှန်ပါ့) မရပေဘူးလား (ရပါတယ် ဘုရား)။

နောက်တစ်ခါ သတိလွတ်ပြန်လို့ ရှိရင်လဲ မောင်ချစ်စိန် တဏှာ, ဥပါဒါန်, ကံ မလာပေဘူးလား (လာပါတယ်) လာရင် တစ်ဘဝ မရပေဘူးလား (ရပါတယ်ဘုရား)။

နောက်တစ်ခါ သတိ လွတ်သွားပြန်တော့ ဒေါသ သောက လာပြန်လဲ တစ်ဘဝ မရပေဘူးလား (ရပါတယ် ဘုရား)။

နောက်တစ်ခါ သတိ လွတ်ပြန်တော့လဲ အဝိဇ္ဇာ သင်္ခါရ လာပြန်တော့ကော (တစ်ဘဝ ရပါတယ် ဘုရား)။

အဲဒီတော့ ဘဝတွေ ဆင့်ဆင့် မသွားပေဘူးလား (ဆင့်ဆင့်သွားပါတယ်) သဘောပါကြပလား (ပါ,ပါပြီ ဘုရား)။

လိုချင်စိတ်၊ ပြစ်မှားစိတ်၊ တွေဝေစိတ် မလာဘူး

ဘဝတွေ ဆင့်ဆင့် သွားတယ်တဲ့ သတိမလွတ်တော့ ပါဘူးတဲ့၊ မြင်တယ်, သိတယ်၊ လိုချင်မှု မလာဘူး (မှန်ပါ့)၊ လိုချင်တဲ့ စိတ် မလာဘူး၊ ပြစ်မှားတဲ့စိတ် မလာဘူး၊ တွေဝေတဲ့စိတ် မလာဘူး (မှန်ပါ့ ဘုရား)။

ဒီလို မလွှတ်ဘဲ နေလိုက်ပြန်လို့ ရှိရင်တော့ ဘဝတွေဟာ ဆက်သေးရဲ့လား၊ ဆင့်သေးရဲ့လား (မဆင့်ပါ) ပြီးပြတ် ထွက်သွားတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီဘုရား)။

အဲဒီလို ဟောလိုက်တော့ကို သူဟာ တစ်ခါတည်း အမှန်သိ၊ ရှင်းမသွားတော့ ဘူးလား (မှန်ပါ့ ဘုရား)။

ကြားတယ်, သိတယ်၊ ကြံတယ်, သိတယ်၊ မောင်ချစ်စိန် ဒီတွင် ရပ်နိုင်အောင် သူ ရပ်တယ် (မှန်ပါ့ ဘုရား)။

ဒီတွင် ရပ်နိုင်အောင် ရပ်ပြီး သကာလ သူ လုပ်တော့ကို တိုတို ပြောကြစို့ ဆိုတော့ တဏှာ, ဥပါဒါန်, ကံ၊ ဒေါသ, သောက, ပရိဒေဝ, အဝိဇ္ဇာ, သင်္ခါရ ဆိုတဲ့ ပဋိစ္စသမုပ္ပါဒ် သုံးမျိုး လာသေးရဲ့လား (မလာပါ ဘုရား)။

ကိုင်းဒါနဲ့ ဒီလို ဟောတာနဲ့ သူ့မှာတော့ မြင် တယ်, သိတယ် ဆိုရင် ရပ်နိုင်အောင် ရပ်တာပဲ မောင်သစ်ရ (မှန်ပါ့) ကြားတယ်, သိတယ် ဆိုရင်ကော ရပ်နိုင်အောင် ရပ်တယ် တဏှာ, ဥပါဒါန် လာသေးရဲ့လား (မလာပါ ဘုရား)။

ဒါဖြင့် ပဋိစ္စသမုပ္ပါဒ် သုံးမျိုး မပြတ်သေးဘူးလား (ပြတ်ပါတယ်) ပြတ်သောကြောင့် သူ့မှာ နောက်ဆုံးပိတ် ရဟန္တာ ဖြစ်တယ်၊ သောတာပန် သကဒါဂါမ်, အနာဂါမ် တည်ပြီး ရဟန္တာ ဖြစ်တယ် (မှန်ပါ့ ဘုရား)။

ဒီ ဒကာ၊ ဒကာမတွေ အတွက်ကတော့ ဒီလို ဟောလို့ မရဘူး (မှန်ပါ့) သူကတော့ မြင်တယ်, သိတယ်ဆိုရင် လိုချင်မှုတွေ မဖြစ်ဘဲနဲ့ ရပ်လို့ရတယ် (မှန်ပါ့ ဘုရား)။

မြင်တယ်, သိတယ်ဆိုရင် ပြစ်မှားမှု ဒေါသကကော လာသေးလား (မလာပါ) မလာဘူး၊ သူက ရပ်လို့ ရတယ် (မှန်ပါ့ ဘုရား)။

မာလုကျပုတ္တနှင့် ဒါရုစိရိယ နှစ်ယောက်တည်း

ခင်ဗျားတို့ ကတော့ ရပ်လို့ မရဘူး (မရပါ) မရတော့ သူတို့ကတော့ ပုဂ္ဂိုလ်ထူး, ပုဂ္ဂိုလ်မြတ်လဲ ဖြစ်တယ်၊ တစ်ခါ ခင်ဗျားတ့ို မှတ်စရာက ပိဋကတ် သုံးပုံ ဘုရားသခင် ကိုယ်တော် မြတ်ကြီး ၄၅-ဝါ ဟောသွားတဲ့ အထဲမှာ ဒီ မာလုကျပုတ္တရယ်။ ဒါရုစိရိယရယ် ဒီနှစ်ယောက်ပဲ၊ ဒီတရားတွေကို ဟောတယ် (မှန်ပါ့) ကျန်တဲ့ ပုဂ္ဂိုလ်တွေ လက္ခဏာရေး သုံးပါး တင်ရမယ်လို့ ဟောတယ် (မှန်ပါ့) ဒါတော့ လက္ခဏာရေး သုံးပါး မပါဘူး၊ ရပ်လိုက်တာပဲ (မှန်ပါ့ဘုရား)။

ရပ်ရုံနဲ့ ပြီးသွားတယ်ဆိုတော့ ဪ ဟိုဟာတွေက သူတို့ အလိုက် သူတို့အလိုက် ဟောတဲ့ တရားတွေ (မှန်ပါ့ ဘုရား)။

တို့ အများနဲ့ ဆက်ဆံတဲ့တရား ဟောရမှာက ဒီလို မဟုတ်ပါလားဆိုပြီး ဒကာ၊ ဒကာမတွေက အများနဲ့ ဆက်ဆံ တဲ့တရား ခင်ဗျားတို့က လိုက်(မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။

သူတို့အတွက် သင့်တော်တဲ့တရား

အများနဲ့ ဆက်ဆံတဲ့တရားမှ ကိုယ့်မှာ ကိုယ်က အများထဲက ဖြစ်နေတော့ သူတို့မှာတော့ ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်ချွန်တွေ သူတို့နဲ့ တော်တဲ့တရား ဘုရားဟောထားတာ(မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။

အဲဒီတော့ ခင်ဗျားတို့ ကတော့ ဒီလို မလုပ်နဲ့။ မြင်တယ် ဆိုရင် မြင်စိတ် ဖြစ်ပျက်ရှု၊ နောက်က ချက်ချင်းလိုက် (မှန်ပါ့) ခင်ဗျားတို့က စိတ္တာနုပဿနာနော်သဘောကျပလား (ကျပါပြီ)၊ သူဟာ စိတ္တာနုပဿနာ ရှုလိုက်ပါတဲ့၊ မြင်တယ် ဆိုရင် မြင်တဲ့စိတ် ကလေးက မြင်တာပဲ၊ ဒီ မြင်စိတ်ကလေး ကိုပဲ နောက်က နေပြီး ဒကာ၊ ဒကာမတွေ မြင်ပြီး ပျက်သွားတာ ပဲလို့ နောက်က ဉာဏ်နဲ့ လိုက်လိုက်ပါ (မှန်ပါ့)၊ ပြီးတော့ရပ်၊ မရပ်တော့ မဂ်နဲ့ပြန်ပြီး ဖြတ်ပစ်ရတယ်၊ မဂ်ဝင်အောင် လုပ်ပစ် ရတယ်၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

မောင်ချစ်စိန် မဂ်ဝင် ဖြတ်ရမယ် (မှန်ပါ့)၊ မြင်တယ် ဆိုတော့ မြင်စိတ်ကလေး မပေါ်ဘူးလား၊ ဒကာ၊ ဒကာမတို့ (ပေါ်ပါတယ်ဘုရား)၊ ပေါ်လာတော့ ဘာလုပ်မယ် (ဖြစ်ပျက် ရှုရပါမယ် ဘုရား)။

သြော် ပေါ်ရင် ပေါ်ပြီးချင်း တစ်ခါတည်း နောက်က နေပြီး ကိုယ်က သတိထားပြီး သကာလ သြော်-မြင်စိတ် ကလေးကလဲ မြင်ပြီး ပျက်တာပဲလို့ မြန်မြန်ရှု (မှန်ပါ့) မြန်မြန်ရှုလိုက်တော့ ဖြစ်ပျက် မဂ် ကိုက်သွားတာပဲ (မှန်ပါ့) မကိုက်ဘူးလား (ကိုက်ပါတယ် ဘုရား)။

အများကို ဟောသော တရား မဟုတ်ပါ

အဲဒါက အများနဲ့ ဆက်ဆံတဲ့ တရား (မှန်ပါ့) ဟို ရပ်ဆိုတဲ့ တရားမျိုးက “ဒိဋ္ဌေ ဒိဋ္ဌ မတ္တံ သုတေ သုတ မတ္တံ) ဆိုတဲ့တရားမျိုးက ရပ်ဖို့ရာ အတော် ခဲယဉ်းတယ်၊ မခဲယဉ်း ဘူးလား (ခဲယဉ်း ပါတယ် ဘုရား)။

ခဲယဉ်းပါတယ်တဲ့၊ အဲဒီတော့ ပိဋကတ်သုံးပုံ ဘုရား ၄၅-ဝါ ကာလပတ်လုံး ဟောသွားတဲ့ အထဲမှာ သူတို့ နှစ်ယောက်တည်း ပါတယ် (မှန်ပါ့) ကျန်တာတွေက ခုနင်က ဖြစ်ပျက်နဲ့ ဝင်တာချည်းပဲ (မှန်ပါ့)။

ဖြစ်ပျက်နဲ့ ဝင်တာချည်းပဲ ဆိုတာ မှတ်လိုက်တော့ ဒီ ဒကာ၊ ဒကာမတွေကတော့ ဖြစ်ပျက်နဲ့ပဲ သွားကြတာ ဆိုတာ ဘုန်းကြီးများက အများနဲ့ ဆက်သွယ်တဲ့တရား ဆိုတော့ အများပေးတာ(မှန်ပါ)။

ဟိုတစ်ဦး တစ်လေ ငဲ့ဟောထားတဲ့ တရား၊ သူပုဂ္ဂိုလ် ငဲ့ဟောထားတဲ့ တရားတို့က သွားအားထုတ်လို့ မောင်သစ် မရနိုင်ဘူး (မှန်ပါ့)။

မရနိုင်ဘူး၊ သူ့ပါရမီနဲ့ သူနဲ့ သူ့ကျင့်သားနဲ့ လာတာ (မှန်ပါ့)၊ အများနဲ့ ဆက်ဆံတဲ့ တရားဟာ အကောင်းဆုံး (မှန်ပါ့ဘုရား)။

မြင်ရင် မြင်တဲ့စိတ် ဖြစ်ပျက်ရှု

ကဲ ဒါဖြင့် ဒကာ၊ဒကာမတို့၊ မြင်တယ်ဆိုရင် မြင်တဲ့ စိတ်ကလေးကို ဉာဏ်လှည့်ပြီးတော့ တစ်ခုသော အာရုံ မြင်တယ်။ မြင်တဲ့ စိတ်ကလေးဟာ မြင်ပြီး ပျက်တာပဲလို့သာ ရှုလိုက်၊ ဟုတ်လား (မှန်ပါ့)။

ရှုလိုက်တဲ့အခါကျတော့ မြင်ပြီး ပျက်တာပဲလို့ ရှုလိုက် တဲ့အခါကျလို့ ရှိရင်ဖြင့် လိုချင်မှုကော လာသေးသလား (မလာပါဘုရား) ပြစ်မှားမှု ဒေါသကော(မလာပါဘုရား)၊ တွေဝေမှု မောဟ (မလာပါ ဘုရား) ပဋိစ္စသမုပ္ပါဒ် သုံးချက် ပြတ်တယ်နော် (မှန်ပါ)။

ပဋိစ္စသမုပ္ပါဒ် သုံးချက် ပြတ်တယ် ဆိုတာကော သဘောပါ ကြလား (ပါ,ပါပြီ ဘုရား) မြင်စိတ်ကလေး ဖြစ်ပျက် ရှုလို့ ရှိရင် လိုချင်မှု နောက်က လာသေးသလား (မလာပါ ဘုရား) ပြစ်မှားမှုရှိတဲ့ ဒေါသကော (မလာပါ ဘုရား) တွေဝေမှုရှိတဲ့ မောဟကော (မလာပါဘုရား)။

အဲဒါကြောင့် ဒကာ၊ဒကာမတို့ တစ်ခြားကို ကမ္မဋ္ဌာန်း ရှာမနေနဲ့၊ ကိုယ်မြင်လာရင် မြင်စိတ်ကို မျက်လုံး ဖွင့်လိုက်လို့ မြင်တယ်ဆို သြော် မြင်တဲ့စိတ် ကလေးဟာလဲ ဖြစ်ပြီး ပျက်တာပဲ ဆိုပြီး မြန်မြန် နောက်က မဂ်လိုက် (မှန်ပါ့) ရှုတဲ့ မဂ်လိုက်ရုံပဲနော် (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။

ကြားရင် ကြားတဲ့စိတ် ဖြစ်ပျက်ရှု

ကြားတယ် ဆိုလို့ရှိရင် နားထဲ ကြားတဲ့ စိတ်ကလေးကို သြော်-ကြားတဲ့စိတ် ကလေးဟာ ကြားပြီး ပျက်တာပဲ (မှန်ပါ့) မြန်မြန် ရှုရမယ် (မှန်ပါ့) ဒီက မဂ်က မရှုနိုင်ဘူးလား (ရှုနိုင်ပါတယ်ဘုရား)။

ရှုနိုင်တော့ ကြားပြီး ပျက်တာပဲလို့ သိလိုက်ခြင်း ကြောင့် ကြားတဲ့ အသံကလေး အကောင်း ရွေးသေး သလား (မရွေးပါ ဘုရား) မရွေးရင် တဏှာ သေတယ် (မှန်ပါ့)၊ အဆိုးမရွေး ရင်လဲ ဒေါသ သေတယ် (မှန်ပါ့)၊ ကြားတာကို ကြားစိတ် ကလေး ပျက်တာ မသိလိုက်ပြန်လို့ရှိရင်လဲ အဝိဇ္ဇာ လာတယ် (မှန်ပါ့)၊ တွေဝေတဲ့ မောဟ မလာသေးဘူးလား (လာပါ တယ်ဘုရား)။

အဲဒါ တွေ လာမှာစိုးတဲ့အတွက် ဒီဒကာ၊ဒကာမတွေ ကတော့ စိတ်ကလေးလာရင် ကြားစိတ် ကလေး ဖြစ်ပျက်ရှု၊ ကိုယ်က ရပ်လို့ ရတဲ့ အမျိုးထဲက မဟုတ်ဘူး (မှန်ပါ့)၊ ရှုမှပဲ ပြတ်တယ်၊ သဘောပါ ပလား (ပါ,ပါပြီဘုရား)။

ကောင်းပြီ၊ တစ်ခါ နှာခေါင်းထဲ ဘာနံ့ဖြစ်ဖြစ်၊ အပုပ်နံ့ ဖြစ်ဖြစ် အနံ့ကလေးလာလဲ ဘာလုပ်ကြမလဲ (ဖြစ်ပျက်ရှုရ ပါမယ်)၊ ဘယ်သူ ရှုမယ် (နံစိတ်ကို ရှုရပါမယ်) နံစိတ် ကလေးကို ရှ (မှန်ပါ့)၊ နံတတ်တဲ့ နှာခေါင်းထဲကို ဉာဏ် လှည့်ပေး။

နံစိတ်ကလေး ဖြစ်ပျက်ရှု

အဲဒီ နံစိတ်ကလေးကို ဖြစ်ပြီး ပျက်တယ်လို့ ရှု (မှန်ပါ့)၊ ရှုလိုက်တဲ့ အခါကျတော့ သာယာမှု (မလာပါ ဘုရား)၊ သာယာမှုဆိုတာ လောဘ (မှန်ပါ့)၊ ပြစ်မှားမှု ဆိုတဲ့ ဒေါသကော (မလာပါဘုရား) တွေဝေမှု ဆိုတဲ့ မောဟကော (မလာပါဘုရား) အဲဒါ မှတ်ထား၊ ရှင်းပလား (ရှင်းပါပြီဘုရား)

ကဲ တစ်ခါ လျှာပေါ်မှာ ထမင်းဟင်း တင်လိုက်၊ စားစိတ်ကလေး ပေါ်တယ် (မှန်ပါ့) အင်း စားတာ သိတဲ့ စိတ်ကလေး ပေါ်တယ်၊ ပေါ်ချင်ပေါ် ကိစ္စမရှိဘူး၊ စားတဲ့စိတ် ရှုရှု သိတဲ့စိတ် ရှုရှု၊ ဖြစ်ပျက်တာ ရှု (မှန်ပါ့)။

သူတို့လဲ စားပြီး ပျက်တာပဲဆိုတဲ့ ဉာဏ်ကလေးနဲ့သာ တက်ပေး၊ တက်ပေး လိုက်တဲ့ အခါကျတော့ စားတဲ့စိတ်လည်း ရတာပဲ၊ သိတဲ့စိတ်ရှုလဲ (ရပါတယ်)၊ ရတာပဲ၊ ဖြစ်ပျက်တာ ရှုပေး (မှန်ပါ့)။

သာယာမှု၊ ပြစ်မှားမှု၊ တွေဝေမှု မလာတော့ဘူး

အဲဒီကဲ့သို့ ရှုလိုက်တဲ့အခါကျတော့ သာယာမှု လာသေး သလား (မလာပါ ဘုရား) ပြစ်မှားမှုကော (မလာပါဘုရား) တွေဝေမှုကော(မလာပါလား)။

မလာလို့ရှိရင် ဘာ-ဘာပြတ်သတုံး၊ လောဘ, ဒေါ, မောဟ အကုန်လုံး ပြတ်တယ် (မှန်ပါ့) ပြတ်တော့ လောဘချုပ် နိဗ္ဗာန်၊ ဒေါသချုပ် နိဗ္ဗာန်၊ မောဟချုပ် နိဗ္ဗာန် ဆိုတာနဲ့ သွားကိုက်တယ် (မှန်ပါ့)၊ မကိုက်ဘူးလား (ကိုက်ပါတယ် ဘုရား)။

အေး ဒါကြောင့် အားလုံး ဒီဟာ ကြားပြီးတဲ့ ဒကာ ဒကာမကြီးတွေ အားလုံးပဲ စိတ်ကလေး ပေါ်လဲကြည့်ပေးပါ။ ဒါကြောင့် ကိုယ်ပေါ်မှာ ယားစိတ်ကလေးတွေ ပေါ်လဲ ရှုပေး (မှန်ပါ့) ဖြစ်ပျက်ပဲရှု (မှန်ပါ့)၊ ဒါ ဒုက္ခသဟဂုတ် ကာယ ဝိညာဏ်စိတ် ပေါ်တာပဲ (မှန်ပါ့) ကောင်းတဲ့စိတ် ပေါ်လာလို့ ရှိရင်လဲ သုခသဟဂုတ် ကာယဝိညာဏ်စိတ် ပေါ်တာပဲ။

ကောင်းစိတ်ကလေး ပေါ်တဲ့နေရာမှာ ဖြစ်ပြီး ပျက်တာပဲ။ ရှုသာပေး၊ သဘောကျပလား (ကျပါပြီ)။

ရှုလိုက်တဲ့အခါကျလို့ ရှိရင် သာယာမှု ဘယ့်နှယ် ဆိုကြမလဲ (မလာပါဘုရား) ပြစ်မှားမှု (မလာပါဘုရား) တွေဝေမှု (မလာပါဘုရား)။

ဘယ်မှာ တွေဝေမှု ဆိုတာက လာရင် ပေါ်တာ မသိမှ တွေဝေတာ ဟုတ်ပလား (မှန်ပါ့) အခုတော့ တွေဝေမှုကော လာသေးသလား (မလာပါဘုရား)။

ပဋိစ္စသမုပ္ပါဒ် သုံးမျိုး ပြတ်တယ်

အဲ မလာတဲ့အတွက် ဘုန်းကြီးတို့ ဒကာ၊ ဒကာမတွေမှာ ပဋိစ္စသမုပ္ပါဒ် ဘယ်နှမျိုး ပြတ်သတုံး (သုံးမျိုး ပြတ်ပါတယ် ဘုရား) သုံးမျိုး အစကပြတ်, အလယ်က ပြတ်, အဆုံးကပြတ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

လောဘ၊ ဒေါသ၊ မောဟ မလာရင် နိဗ္ဗာန်

ဤကဲ့သို့ ပြတ်သောကြောင့်တဲ့ ခင်ဗျားတို့ လောဘသိမ်း နိဗ္ဗာန်, ဒေါသသိမ်း နိဗ္ဗာန်, မောဟငြိမ်း နိဗ္ဗာန်ဆိုတဲ့ ဥစ္စာ ဆုတောင်း နေရတာ မဟုတ်ဘူးတဲ့၊ သူတို့ မလာရင် နိဗ္ဗာန် ရောက်တာပဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီဘုရား)။

ဆုတောင်း နေရတာလား သူတို့ သိမ်းမှုကို လုပ်ရတာ လား (သူတို့ သိမ်းမှုကို လုပ်ရတာပါ ဘုရား)။

သူတို့သိမ်းမှု လုပ်ရတာဆိုတဲ့ ဥစ္စာ ဒကာ၊ ဒကာမတွေ သေသေချာချာ မှတ်ပါနော်(မှန်ပါ့)။

ကဲဒါက အပြင်ဧည့်သည် ငါးယောက် ပြီးသွားရော (မှန်ပါဘုရား)။

အတွင်းဧည့်သည် ငါးယောက်က ဝမ်းထဲမှာ လောဘ ပေါ်လာတယ်၊ မရပ်နိုင်ဘူး ဆိုလိုက်ပါတော့ (မှန်ပါ့) မရပ် နိုင်တော့ လောဘကော မပေါ်ပေဘူးလား (ပေါ်ပါတယ် ဘုရား)။

အဲဒါ ရာဂစိတ် ပေါ်လာတယ်၊ ဒါကလေး ပေါ်လာရင် တော့ ဒကာ၊ ဒကာမတွေက ဘယ့်နှယ်လုပ်မလဲ (ဖြစ်ပျက် ရှုရပါမယ်) နာနာ ရှုပေးပါ။

ရှုလိုက်တဲ့အခါကျတော့ သူ့နောက်က စွဲလမ်းမှုတွေ လာသေးသလား (မလာပါဘုရား) ပြစ်မှားမှုကော (မလာပါ) တွေဝေမှုကော (မလာပါဘုရား)။

ဘာကြောင့် ဘုရားဖြစ်သတုံး

အဲ သိမ်းလို့ရှိရင်ဖြင့် အတွင်းဧည့်သည် ရှုလိုက်ပြန်လို့ ရှိရင်လဲ ဒကာ၊ဒကာမတွေ ပဋိစ္စသမုပ္ပါဒ် သုံးမျိုး ပြတ်သော ကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီး သုံးမျိုးပြတ်လို့ ဘုရားဖြစ်တာပဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီဘုရား)။

ဘုရား ဘာဖြစ်လို့ ဖြစ်သတုံး (ပဋိစ္စသမုပ္ပါဒ် သုံးမျိုး ပြတ်လို့ပါ) ပဋိစ္စသမုပ္ပါဒ် သုံးမျိုး ပြတ်လို့ ဘုရားဖြစ်တယ်လို့ သေသေချာချာ မှတ်ပါ (မှန်ပါ့)။

ကိုင်း တစ်ခါ ဒေါသစိတ်ကလေး ပေါ်လာတယ်။ မရပ်နိုင်ဘူး၊ ဘာလုပ်ကြမယ် (ဖြစ်ပျက် ရှုရပါမယ် ဘုရား)။

ဖြစ်ပျက်ရှုလိုက်တော့ ဒေါသနောက်က သောက, ပရိဒေဝ, ဒုက္ခ ဒေါမနဿ, အဝိဇ္ဇာ, သင်္ခါရတွေ လာသေးရဲ့လား (မလာပါဘုရား)။

အဲ ဒေါသလာလဲ ဖြစ်ပျက်ရှုလိုက်တော့၊ ဒေါသက အနိစ္စ ရှုတာက မဂ်ဖြစ်သွားတော့ ပဋိစ္စသမုပ္ပါဒ် ဘယ်နှစ်မျိုး ပြတ်သတုံး (သုံးမျိုးပါဘုရား)။

သုံးမျိုးစလုံး ပြတ်တာပဲ ဆိုတဲ့ဥစ္စာ ရှင်းသွားတော့ အင်းတစ်ခါ မောဟဆိုတဲ့ ဥဒ္ဓစ္စကလေး ဟိုပျံ့လွင့် ဒီပျံ့လွင့် ဝိစိကိစ္ဆာကလေးက ဟုတ်မှဟုတ်ကဲ့လား မဟုတ်ဘူးလား စရှိသည်နဲ့ လာလို့ ရှိရင်လဲ ဘာလုပ်ကြမယ် (ဖြစ်ပျက်ရှု ရပါမယ်ဘုရား)။

အဲ ပျံ့လွင့်တဲ့စိတ် လာလဲ ဖြစ်ပျက်ရှု၊ သဘောကျ ပလား (ကျပါပြီ) သံသယရှိတဲ့ စိတ်ကလေး လာရင်ကော (ဖြစ်ပျက်ရှုရမှာပါပဲ ဘုရား)။

ဖြစ်ပျက် ရှုလိုက်တော့ မောဟက အနိစ္စ၊ ဟုတ်လား (မှန်ပါ့) ရှုတာက မဂ္ဂဖြစ်သွားတော့ သူတို့က မောဟအဖြစ်နဲ့ အမှုထမ်းသလား အနိစ္စအဖြစ်နဲ့ အမှုထမ်းသလား (အနိစ္စ အဖြစ်နဲ့ အမှုထမ်း ပါတယ် ဘုရား)။

အနိစ္စအဖြစ်နဲ့ အမှုထမ်းတဲ့အတွက် အနိစ္စ, မဂ္ဂ သွားဖြစ် တယ် (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ)။

အဲဒီတော့ကို ပဋိစ္စသမုပ္ပါဒ်မှာ တတိယအကွက်ကို ကူးသေးသလား (မကူးပါဘုရား)။

မကူးပါဘူးတဲ့၊ တတိယ မကူးလို့ ရှိရင် ဒကာ၊ ဒကာမတို့ သမုဒယသစ္စာ ချုပ်ပြီ(ချုပ်ပါပြီ) စတုတ္ထ ပေါ်နိုင်သေး ရဲ့ လား (မပေါ်နိုင်ပါ) မပေါ်နိုင်လို့ ရှိရင် ဒါ သေချာတဲ့ အလုပ်ပဲ (မှန်ပါ့) သဘောကျ ပလား (ကျပါပြီ)။

ကဲ လောဘ, ဒေါသ, မောဟ ပြီးတော့ အပြင်ဧည့်သည် သုံးယောက်, အတွင်းဧည့်သည် ငါးယောက် ဟောထားတော့ ဒကာ၊ ဒကာမတွေ ကုသိုလ်ပြုချင်တဲ့ စိတ်ကလေး၊ ကျောင်းဆောက် ချင်တဲ့ ဘုရား တည်ချင်တဲ့ စိတ်ကလေး တရားအားထုတ် ရင်း ပေါ်လာတယ် (မှန်ပါ့) ဘာလုပ်ကြမလဲ (ဖြစ်ပျက် ရှုရပါမယ် ဘုရား)။

ကုသိုလ်စိတ် ဖြစ်ပျက်ရှု

သူ့ ကို ဖြစ်ပျက်ရှုပစ်ပါတဲ့ ဒါ ကုသိုလ် စိတ်ကလေး ကိလည်း မွေးမထား လိုက်ပါနဲ့ (မှန်ပါ) ဘာဖြစ်လို့ တုံးလို့ မေးတဲ့ အခါကျတော့ ကုသိုလ်စိတ် ကလေး ပေမယ့် ဘုရားသခင် ကိုယ်တော် မြတ်ကြီးက ဝီတရာဂ စိတ်ကိုလဲ ရာဂကင်းတဲ့ စိတ်ကိုလဲ “ဝီတရာဂံ ဝါ စိတ္တံ ဝီတရာဂံ စိတ္တန္တိ ပဇာနာတိ” ဘုရားက ဟောထားတော့ ရာဂကင်းတဲ့ စိတ်ပါပဲ၊ လောဘ မပါပါဘူးတဲ့၊ မပါပေမယ့် ရှုသာရှုပါ (မှန်ပါဘုရား)။

နို့ မဟုတ်လို့ ရှိရင် သူကနေပြီး ဘာဝယ်ဦးမှ ဘာခြမ်းဦးမှ ဆိုတဲ့ ဝိတက်တွေ အကုန်လာမယ် (မှန်ပါ့) မလာပေဘူးလား (လာပါတယ်ဘုရား)။

အဲ လာလို့ရှိရင်လည်း ဒီဥစ္စာ မဂ်၏ အန္တရာယ် မဖြစ်ပေဘူးလား (ဖြစ်ပါတယ်ဘုရား)။

ဖြစ်သွားသောကြောင့် ကုသိုလ်စိတ်ကလေး ပေါ်လာလဲ ဘာလုပ်ရမလဲ (ဖြစ်ပျက် ရှုရပါမယ် ဘုရား)။

ဖြစ်ပျက်ရှုလိုက်တော့ ခုနင်က ကာမဝိတက်တွေ, ဗျာပါဒ ဝိတက်တွေ လာသေးရဲ့ လား (မလာပါ ဘုရား)။

မလာတော့ဘူးတဲ့၊ ဒါဖြင့် သူလဲ လောဘ, ဒေါသ, မောဟ ပဋိစ္စသမုပ္ပါဒ် သုံးမျိုး မချုပ်ဘူးလား (ချုပ်ပါတယ် ဘုရား)။

အဲ သုံးမျိုး ချုပ်သောကြောင့် ကုသိုလ်စိတ်ကိုတဲ့ ဘုရားက ဒီအတိုင်း မထားနဲ့ ရှုပေးကွတဲ့ (မှန်ပါ့) ဟုတ်လား (မှန်ပါ့ဘုရား)။

အဒေါသစိတ်တဲ့ မေတ္တာပို့ချင်တဲ့ စိတ်ကလေး၊ သူတစ်ပါး သနားတဲ့စိတ်ကလေး၊ မေတ္တာရှိတဲ့ စိတ်ကလေး ပေါ်လာမယ်၊ ဘာလုပ်ကြရမယ် (ဖြစ်ပျက် ရှုရပါမယ်) ဖြစ်ပျက် ရှုရမယ် ဆိုတာ သဘောကျ ပလား (ကျပါပြီဘုရား)။

အဲရှုလိုက်တဲ့အခါကျတော့ မေတ္တာလိုလိုနဲ့ တော်တော် ကြာကျတော့ ရာဂ – ခင်တဲ့ စိတ်ကလေးလဲ ဝင်လာတယ် (မှန်ပါ့) ကရုဏာ လိုလိုနဲ့ စိုးရိမ်တဲ့ စိတ်ကလေး ကကော (ဝင်လာ ပါတယ်) ဝင်လာလို့ ရှိရင် ဖောက်ပြန်ကုန်ပြီ (မှန်ပါ့ ဘုရား)။

အဲဒီတော့ မေတ္တာလာလာ ကရုဏာလာလာ ဘုန်းကြီးတို့ ဒကာ၊ ဒကာမတွေက ဘာလုပ်ရမလဲ (ဖြစ်ပျက်ရှုရပါမယ် ဘုရား)။

မေတ္တာစိတ်၊ ကရုဏာစိတ် ဖြစ်ပျက်ရှု

မေတ္တာစိတ်လဲ ဖြစ်ပျက်ရှု၊ ကရုဏာစိတ်လည်း (ဖြစ်ပျက်ရှုရပါမယ် ဘုရား)။

ဖြစ်ပျက ်ရှုလိုက်တဲ့ အခါကျလို့ ရှိရင်ဖြင့် မေတ္တာကြောင့်လဲ ရာဂ မလာပါဘူး၊ ဖြစ်ပျက် ရှုတဲ့မဂ်က ဖြတ်ပစ်တာပဲဟုတ်လား (မှန်ပါ့) ကရုဏာ ကြောင့်လည်း ဒေါသ လာသေးရဲ့လား (မလာပါ ဘုရား)။

အဲ မုဒိတာဆိုတဲ့ ဝမ်းမြောက်တဲ့စိတ်ကလေး လာနေလဲ ဘာလုပ်ကြမယ် (ဖြစ်ပျက် ရှုရပါမယ် ဘုရား)။

အဲ-ဖြစ်ပျက်ရှု၊ နို့ မဟုတ်လို့ ရှိရင် ဝမ်းသာတာနဲ့ပဲ ဟိုက တဏှာ ဖြစ်သွားမှာ စိုးရသေးတယ်၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် မေတ္တာလာလဲ ဖြစ်ပျက်ရှု ၊ ကရုဏာလာလဲ (ဖြစ်ပျက် ရှုရပါမယ်) မုဒိတာလာလဲ (ဖြစ်ပျက် ရှုရပါမယ် ဘုရား)။

မုဒိတာဆိုတဲ့ ဝမ်းမြောက်တဲ့ စိတ်လာရင်လဲ ဖြစ်ပျက်ပဲ ရှု (မှန်ပါ့) နို့မဟုတ်လို့ ရှိရင် သူတို့က လိမ်ကောက်ပြီး သကာလ မောင်ချစ်စိန် ရာဂဘက် လှည့်သွား၊ သောကဘက် လှည့်သွားနော် (မှန်ပါ့) ဟာသဆိုတဲ့ ရွှင်မြူးတဲ့ လောဘ ဘက်ကော (လှည့်ပါတယ် ဘုရား)။

လှည့်သွားလို့ ရှိရင် မေတ္တာ, ကရုဏာ, မုဒိတာဘက် လည့်သွားပြန်လို့ ရှိရင်လဲ ပဋိစ္စသမုပ္ပါဒ်ကြီး မဆက်ပေဘူးလား (ဆက်ပါတယ် ဘုရား)။

ထိုကဲ့သို့ ဆက်ခဲ့သော် ဒကာ၊ဒကာမတွေ အကျိုးယုတ် မှာ ဘုရားသခင် ကိုယ်တော် မြတ်ကြီးက မြင်သောကြောင့် ဟုတ်လားကွာတဲ့၊ အဒေါသဆိုတဲ့ မေတ္တာလာလဲ ဖြစ်ပျက်သာ ရှုပစ်ပါတဲ့ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ) ဒေါသကင်းတဲ့ စိတ်ကိုး (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

မောဟကင်းတဲ့စိတ် ဖြစ်ပျက်ရှု

ဝီတမောဟတဲ့၊ မောဟကင်းတဲ့ စိတ်လာလဲ ယုတ်စွ အဆုံး လောကီဉာဏ် ကလေးတွေ ထွက်လာတယ် ဆိုရင်တောင် ဘာ လုပ်ရမတုံး (ဖြစ်ပျက် ရှုရပါမယ် ဘုရား)။

အဲ ဖြစ်ပျက် ရှုပစ်လိုက်တဲ့ လောကီ အကြံအစည် ဉာဏ်ကလေးတွေ ထွက်လာလဲ ဖြစ်ပျက် ရှုပစ်လိုက်လို့ ရှိရင်ဖြင့် ဒီအကြံတွေကြောင့် တော်တော်ကြာ လောဘထားလဲ စိတ်ကူး မတည့်တဲ့ ဒေါသတွေ လာချင်တာ၊ လာနိုင်သေးရဲ့ လား (မလာနိုင်ပါဘုရား)။

မလာနိုင်အောင် တစ်ခါတည်း ရှုပါ (မှန်ပါ့) ဘာမှ ရှုစရာ မရှိဘူးလို့ ဒကာ၊ဒကာမတွေက စိတ်ထဲမှာ မထားရအောင်လို့ ဘုန်းကြီးက လေကို ထုတ်တဲ့ စိတ်ကလေးလာလဲ ရှုပေးပါ (မှန်ပါ့) နို့မို့ ရှူလို့ ကောင်းတယ်၊ ထုတ်လို့ ကောင်းတယ်က လာဦးမှာ (မှန်ပါ့) မလာပေဘူးလား (လာပါတယ် ဘုရား)။

အိမ်သည်စိတ်ကို ဖြစ်ပျက်ရှု

လေရှိုက်တဲ့ စိတ်ကလေး အို ရှူလို့, ရှိုက်လို့ ကောင်းလို့ ကျုပ် ကျန်းမာ လာပြီ ဆိုတဲ့ တဏှာ ကကော မလိုက်ပေဘူး လား (လိုက်ပါတယ်) ဒါဖြင့် ဘာလုပ်ကြမလဲ (ဖြစ်ပျက် ရှုရ ပါမယ်ဘုရား)။

ရှူတဲ့စိတ်ကိုလဲ (ဖြစ်ပျက်ရှုရပါမယ်) ရှိုက်တဲ့စိတ် ကိုလဲ (ဖြစ်ပျက် ရှုရပါမယ်) ဖြစ်ပျက် ရှုလိုက်တဲ့ အခါကျလို့ ရှိရင်ဖြင့် ဒါက အမြဲတမ်းရှု (မှန်ပါ့))။

အပြင်ဧည့်သည်ငါးယောက်က သူတို့လာရင် ဒီအမြဲတမ်း ရှုတာ ဖြုတ်ပြီး အပြင်ဧည့်သည် ငါးယောက်ထဲက တစ်ယောက် ယောက်ရှု၊ အတွင်း ဧည့်သည် ငါးယောက်ထဲက တစ်ယောက် ယောက် ဝင်လာရင် (တစ်ယောက်ယောက် ရှုရပါမယ် ဘုရား)။ တစ်ယောက်ယောက် ရှုတဲ့၊ ပြီးရင် ဘယ်သွားပြီး ထိုင်ကြမတုံး၊ ရှူစိတ်, ရှိုက်စိတ် ဆိုတဲ့ အိမ်သည်စိတ်ကို ရှု(မှန်ပါ)။

ရှူစိတ်, ရှိုက်စိတ်ဆိုတဲ့ အိမ်သည်စိတ်ကို လှည့်ရှုပါ (မှန်လှပါ) ပေါ်ကြပလား (ပေါ်ပါပြီ) အားသေးရဲ့လား (မအားပါဘုရား)။

အပါယ်သွားကြောင်းကတော့ ပြတ်နေတယ်

အဲဒီတော့ မအားသာ မအားတာတဲ့၊ ခုနင်က ပြောသလို အပါယ်သွားကြောင်း ပဋိစ္စသမုပ္ပါဒ် ကတော့ ပြတ်နေတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ) သုဂတိ သွားကြောင်း ပဋိစ္စသမုပ္ပါဒ် ကော (ပြတ်ပါတယ်) နိဗ္ဗာန်သွားတဲ့ မဂ်ကတော့ ပေါ်နေတယ် (မှန်ပါ့ ပေါ်နေပါတယ် ဘုရား)။

ဒါ သေသေချာချာ မှတ်ပါ ဒကာ၊ ဒကာမတို့ ၊ ဒီစကားဟာ သိပ်အရေးကြီးပါတယ် (မှန်ပါ)။

အခုပြောနေတဲ့ ဆယ့်နှစ်ချက်ကို ကြည့်နေတဲ့ ပုဂ္ဂိုလ်များမှာ အပါယ် သွားကြောင်း ပဋိစ္စသမုပ္ပါဒ် ဘာဖြစ်သလဲ (ပြတ်ပါ တယ်) သုဂတိ သွားကြောင်း ပဋိစ္စသမုပ္ပါဒ် (ပြတ်ပါတယ်) နိဗ္ဗာန် ရောက်စေတတ်တဲ့ မဂ်ကတော့ (ပေါ်ပါတယ်) ပေါ်နေတယ်။

သူကတော့ ဖြတ်ပါတယ်၊ ဖြတ်လိုက်တော့ မဂ်ကတော့ ဖြတ်လိုက်တယ် ဆိုကတည်းက မဂ်မို့ ဖြတ်တာ၊ အဲဒါကြောင့် သူ ပေါ်လာတာ (မှန်ပါ့)။

ဒါကြောင့် ပြန်ပြောကြစမ်းပါ၊ အခုပြောတဲ့ ဆယ့်နှစ်ချက် ကို ဒကာ၊ ဒကာမတွေ သိနေကြမယ် ဆိုရင် အပါယ် သွားကြောင်း ပဋိစ္စသမုပ္ပါဒ်လဲ (ပြတ်ပါတယ်) သုဂတိ သွားကြောင်း ပဋိစ္စသမုပ္ပါဒ်လဲ (ပြတ်ပါတယ် ဘုရား)။

ပြတ်တယ်တဲ့၊ အပါယ်လည်း ဒုက္ခသစ္စာ၊ ဘုံဂတိလည်း ဒုက္ခသစ္စာပဲကိုး (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

နိဗ္ဗာန်သွားကြောင်း မဂ်ကတော့ ပေါ်နေတယ်

ကဲတဲ့ နိဗ္ဗာန်သွားကြောင်း မဂ်ကတော့ ဘယ့်နှယ်နေ သတုံး (ပေါ်နေပါတယ်) နိဗ္ဗာန် သွားကြောင်း မဂ်ကတော့ ပေါ်နေသောကြောင့် “ဧကာယနော အယံ ဘိက္ခဝေ မဂ္ဂါ”။ ဘိက္ခဝေ၊ ရဟန်းတို့ ။ အယံ မဂ္ဂေါ၊ ဤမင်းတို့ သန္တာန် ပေါ်နေတဲ့ မဂ်ကလေးသည်။ ဧကာယနော၊ တစ်ခုတည်းနဲ့ နိဗ္ဗာန် ရောက်၏။ (မှန်ပါ့) တစ်ကြောင်းတည်းနဲ့ နိဗ္ဗာန် ရောက်၏ ဆိုသောကြောင့် ဒကာ၊ဒကာမတို့ ဒါက ကိုယ့်ဉာဏ်ကနေ ကိုယ့်နိဗ္ဗာန် ပို့တာ (မှန်ပါ့)။

ခုနင်တုန်း ကတော့ ကိုယ့်သန္တာန် ပေါ်တဲ့ တဏှာ ဥပါဒါန် ကံ တို့ က ကိုယ့်ကို အပါယ်လေးပါး ပို့လိုက်တယ် (မှန်ပါ့)၊ ကိုယ့်သန္တာန် ပေါ်တဲ့ တဏှာ ဥပါဒါန် ကံတို့ က သုဂတိ ပို့လိုက်တယ် (မှန်ပါ့)။

မဂ်က နိဗ္ဗာန် ပို့ လိုက်တယ်

အဲဒီတော့ ခုတော့ ကိုယ့်သန္တာန်ပေါ်တဲ့ တဏှာ ဥပါဒါန် ချုပ်အောင် လုပ်တတ်တဲ့ မဂ်က နိဗ္ဗာန် ပို့လိုက်တာပါ ဆိုတော့ မောင်သစ် ပိုမရှင်းဘူးလား (ရှင်းပါတယ် ဘုရား)။

အဲဒါကြောင့် မြင်ရုံတွင် ရပ်၊ ကြားရုံတွင် ရပ် ဆိုတဲ့ဥစ္စာ အင်မတန် ခဲယဉ်းတဲ့ အတွက် စိတ္တာနုပဿနာထဲ သွင်းလိုက် ခုနင်က ပြောခဲ့တဲ့ အတွင်း ဧည့်သည် အပြင် ဧည့်သည် တို့ကို သာ ဖြစ်ပျက်ရှုပါ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီဘုရား)။

အဲဒီတော့ စဉ်းစား ကြည့်ပါလား၊ ဒကာ၊ ဒကာမတွေ ဖြစ်ပျက် ဆိုတာက မောင်သစ် ပဋိစ္စသမုပ္ပါဒ် ကြည့်လိုက်တော့ ဘယ်အကွက်မှာတုံး (ဒုတိယ အကွက်မှာပါ) ဒုတိယ အကွက် (မှန်ပါ့ ဘုရား)။

ဖြစ်ပျက်ဟာ ဒုက္ခသစ္စာ

ဖြစ်ပျက်ဟာ ဒါဖြင့် ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ) အဲဒါကြောင့် ဒကာ၊ ဒကာမတွေ ပြောရတယ်၊ ခင်ဗျားတို့ ဒုက္ခသစ္စာ မြင်နေတာ ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။

ခင်ဗျားတို့ ဖြစ်ပျက် ရှုနေတာ ဖြစ်ပျက်ဟာ ဘာသစ္စာ တုံး (ဒုက္ခ သစ္စာပါ၊ ဘယ် အကွက် ထဲမှာ တုံး (ဒုတိယကွက် ထဲမှာပါ ဘုရား)။

ဒုတိယအကွက်ထဲမှာ ပါနေတယ် ဆိုကတည်းက ဒုတိယ အကွက်က ဒုက္ခသစ္စာလို့ ဘုရားက ဟောထားတော့ သြော် တို့ ရှုနေတာ ဒီအကွက် ရှုရတာကိုး၊ ဒီအကွက်ကလဲ ဒီအကွက်က ပေါ်လေ သရွေ့ ပေါ်လေ သမျှ ဒုက္ခသစ္စာပဲ (မှန်ပါ့) မဆိုနိုင် ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

သစ္စာနုလောမိကဉာဏ်ရတာ

ဆိုနိုင်တော့ကို ဒါ မောင်သစ် သစ္စာနုလောမိက ဉာဏ် ရတာပဲ (မှန်ပါ့) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ဘာဉာဏ်ရသတုံး (သစ္စာနုလောမိက ဉာဏ် ရပါတယ်) သစ္စာနုလောမိက ဉာဏ် ရပြီ ဆိုတာ ကောင်းကောင်း ပေါ်သွားပြီ (ပေါ်ပါပြီဘုရား)။

ကောင်းပြီ၊ ဒါဖြင့် ကမ္မဿကတဉာဏ်နဲ့ သစ္စာနုလောမိက ဉာဏ်ဟာ ဒီနေရာ ထူးခြား သွားတယ် (မှန်ပါ့ဘုရား)။

ကမ္မဿကတဉာဏ်က ကောင်းတာလုပ် ကောင်းကျိုးပေး သုဂတိ ရောက်တာပဲ၊ နိဗ္ဗာန် မရောက်ဘူးနော် (မှန်ပါ့) ရောက် ပါ့မလား (မရောက်ပါဘုရား)။

သစ္စာနုလောမိက ဉာဏ်ကတော့ တစ်ခါတည်းနဲ့ အနိစ္စ ဖြစ်ပျက်ကိုမြင် ဟုတ်လား (မှန်ပါ့) ဒုက္ခ ဖြစ်ပျက်ကိုမြင်။ အနတ္တ ဖြစ်ပျက်ကို မြင်သောကြောင့် သူ ဒုက္ခသစ္စာ မြင်တာပဲလို့ ဘုရားက ဟောလိုက်တယ် (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် သူကတော့ဖြင့် မဂ်စိတ်ဝင်ပြီး ဖြစ်ပျက် မဂ် သဘောကျပလား (ကျပါပြီဘုရား)။

ဖြစ်ပျက်ပြီးတော့ ဘာလာသတုံး (မဂ်လာပါတယ်) မဂ်လာတယ်ဆိုတာ သဘောပါကြပြီလား (ပါ,ပါပြီဘုရား)။

မဂ်ကတော့ အမည်းကံ အဖြူကံ ဖြတ်တယ်

အေး ဒါကြောင့် ဒီမဂ်ကတော့ဖြင့် ဒကာ၊ ဒကာမတို့ သုဂတိ သွားစေတတ်တဲ့ တဏှာ ဥပါဒါန် ကံလည်း ဖြတ်လိုက်တယ် (မှန်ပါ့) ဒုဂ္ဂတိ သွားစေတတ်တဲ့ တဏှာ, ဥပါဒါန်, ကံကော (ဖြတ်ပါတယ် ဘုရား)။

ကဲ ဒါဖြင့် အမည်းကံလဲ ဖြတ်ပစ်လိုက်တယ် (မှန်ပါ့) အဖြူကံကော (ဖြတ်ပါတယ် ဘုရား)။

ဒါဖြင့် ဖြတ်တဲ့ကံက အမည်းအဖြူ မရောတဲ့ ကံဆိုတာ ပေါ်သွားပြီ (ပေါ်ပါပြီ) မပေါ်သေး ဘူးလား (ပေါ်လာပါပြီ ဘုရား) ဖြတ်တဲ့ကံက (အဖြူအမည်း မရောတဲ့ ကံပါ ဘုရား)။

အဲဒါကြောင့် မဂ်ကံဟာ ယခုအခါမှာ ဒီဥစ္စာ အမည်းအဖြူ မရောတဲ့ကံကို ဒကာ၊ဒကာမတွေက အောင်မြင်အောင် လုပ်လိုက်လို့ ရှိရင်ဖြင့် သုဂတိ ဒုက္ခသစ္စာလဲ ဒကာ၊ ဒကာမတွေ မရထိုက်ဘူး (မှန်ပါ့) ဒုဂ္ဂတိ ဒုက္ခသစ္စာကော (မရပါ ဘုရား)။

မရတော့ ဪဒါဖြင့် သုဂတိ- ဒုဂ္ဂတိ ဆိုတဲ့ ကုသိုလ်ကံ, အကုသိုလ်ကံတွေကို မဂ်က ဖြတ်လိုက်တယ် (မှန်ပါ့ဘုရား)။

မဂ်က ဖြတ်လိုက်တဲ့အတွက် ငါတို့သည်ကားလို့ ဆိုလို့ ရှိရင်ဖြင့် ဘယ်နည်းနှင့်မှ သံသရာ ခရီးသည် မဟုတ်ဘူး၊ သံသရာ ပြင်ဘက် ရောက်ပြီ (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။

သံသရာပြင်ဘက် ရောက်သွားမှ နိဗ္ဗာန် ရှိတယ်

ဘယ်ရောက်သွားသလဲ (သံသရာပြင်ဘက် ရောက်ပါပြီ) သံသရာပြင်ဘက် ရောက်သွားမှ နိဗ္ဗာန်ရှိတယ် (မှန်ပါ့) သံသရာတွင်းမှာ ဒုက္ခသာ ရှိတယ် (မှန်ပါ့)။

သံသရာတွင်းမှာ (ဒုက္ခသစ္စာ ရှိပါတယ် ဘုရား) သံသရာ ပြင်ဘက်မှာ (နိဗ္ဗာန် ရှိပါတယ် ဘုရား) အဲသံသရာ ပြင်ဘက်မှာတော့ သုခနိဗ္ဗာန် ရှိတယ် ဆိုတာ ဒကာ၊ဒကာမတွေ အားလုံး သဘောကျဖို့ ကောင်းပါတယ် (မှန်ပါ့)။

ဒီ ပဋိစ္စသမုပ္ပါဒ် ထဲ လျှောက်ပြီး အဝိုင်းထဲမှာ ကြည့်လိုက် ရင် ဒါ သံသရာ ရေးထားတဲ့ အတွက် ဒုက္ခသမုဒယသာ တွေ့တယ် (မှန်ပါ့) နိရောဓနဲ့ မဂ္ဂဟာ အခု ဖော်ပြလို့သာ ပေါ်လာတာ (မှန်ပါ့)။

ကောင်းတယ် ပြောလိုက်တော့ ကြားမှာ မဂ်ဝင်ပြီး ဖြတ်လိုက်တော့ ဒီဘက်က ၃-နံပါတ် အကွက်တွေလဲ ပျောက်၊ ၄-နံပါတ် အကွက်တွေကော (ပျောက်ပါတယ်ဘုရား)။

ပျောက်တော့မှ သမုဒယ ချုပ်၊ နိရောဓ ပေါ် ဆိုတဲ့ နှစ်ခုသော မဂ္ဂသစ္စာနဲ့ ဟုတ်လား (မှန်ပါ့)။

နိရောဓသစ္စာ ပေါ်မလာဘူးလား (ပေါ်လာပါတယ် ဘုရား)။

အဲအားထုတ်မှ မဂ္ဂသစ္စာ ပေါ်တယ်၊ အဟုတ် အားထုတ်လို့ နောက်ဓမ္မတွေ မလာမှ နိရောဓသစ္စာ ပေါ်တာ ကိုး (မှန်ပါ့)။

ဒါဖြင့် ဒကာ၊ ဒကာမတွေ ဝေထားတဲ့ ပဋိစ္စသမုပ္ပါဒ်ထဲမှာ သစ္စာ ဘယ်နှပါးသာ လှည့်နေသတုံး (နှစ်ပါးသာ လှည့်နေပါ တယ်ဘုရား) ဘာနဲ့ ဘာတုံး (သမုဒယနဲ့ ဒုက္ခပါဘုရား)။

အဲခင်ဗျားတို့ အလုပ် လုပ်တဲ့အခါကျတော့ နောက် သမုဒယနဲ့ နောက်ဒုက္ခ နှစ်ခု လာသေးရဲ့လား (မလာပါ ဘုရား)။

အဲဒါကြောင့် မဂ်လုပ်တဲ့အတွက် သမုဒယဆိုတဲ့ တတိယ အကွက်၊ ဒုက္ခဆိုတဲ့ စတုတ္ထအကွက် မချုပ်ဘူးလား ချုပ်သလား (ချုပ်ပါတယ်ဘုရား) မဂ်အလုပ် လုပ်ရင်လေ (မှန်ပါ့)။

အဲဒါကြောင့် ဒကာ၊ ဒကာမတို့ ဒီအလုပ်ဟာ သာသနာ တွင်း အလုပ်(မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ) ဒါန သီလတွေက (သာသနာပလည်း လုပ်နိုင်ပါတယ်)။

ဒါန၊ သီလက သာသနာပမှာ လုပ်နိုင်တယ်

အေး ဒါန သီလတွေက သာသနာပမှာလည်း လုပ်နိုင် တယ် (မှန်ပါ့) သာသနာတွင်း အတွက်တော့ ဒီ ဝိပဿနာပ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။

ဒါဖြင့် ငါတို့သည် သာသနာတွင်းသားပီပီ သာသနာတွင်း အလုပ်ကို အဟုတ်ကြိုးစားမယ်ဆိုပြီး ဘုန်းကြီးတို့ ကမ္မဿကတ ဉာဏ်အလုပ် ဒါန သီလတွေ လုပ်တာပေါ့တဲ့၊ သို့သော် ဒီဟာ ကို ရှုလုပ်ပါ (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။

ဒီဟာကို အရေးတကြီး ထားပြီး မလုပ်ရဘူးလား (လုပ်ရပါတယ် ဘုရား)။

သူက သာသနာတွင်းကို၊ ဟိုက သာသနာပမှာလဲ ကိုယ်နေခဲ့တဲ့ ဘဝတွေက များလှပြီ ဖြစ်နေ သောကြောင့် ဒကာ၊ ဒကာမတွေမှာတဲ့ များများခဲ့တယ်၊ နိဗ္ဗာန် မရခဲ့ဘူး (မှန်ပါ့) ရခဲ့သလား၊ (မရခဲ့ပါ ဘုရား)။

ဘာ့ကြောင့်တုံး သာသနာပ အလုပ်တွေသာ လုပ်ခဲ့ လို့ (မှန်ပါ့)။

ခုတော့ သာသနာတွင်း အလုပ်ဖြစ်တဲ့ ဝိပဿနာမဂ်က စပြီး လောကုတ္တရာ မဂ်ကို ဖြေးဖြေးချင်း တစ်ခါတည်း ဒီဘဝကနေ တက်သွားလို့ ရှိရင်ဖြင့် ဖြစ်ပျက်မဂ်၊ ဖြစ်ပျက်မဂ်ဆိုလို့ ရှိရင်ဖြင့် တစ်နေ့က ဟောခဲ့တဲ့ တရား အတိုင်း မောင်သစ်တို့က မှတ်လိုက် တာပေါ့၊ ဖြစ်ပျက်သည် ဒုက္ခသစ္စာ (မှန်ပါ့) မဂ်သည် မဂ္ဂသစ္စာ (မှန်ပါ့ မဂ္ဂသစ္စာပါ ဘုရား)။

နောက်တစ်ခါလာတော့ ဖြစ်ပျက်သည် (ဒုက္ခသစ္စာ) ရှုပြန်တဲ့ မဂ်သည် (မဂ္ဂသစ္စာပါဘုရား)။

ဒါကြောင့် ရှေ့မှာ ဒုက္ခသစ္စာ တစ်တန်းတည်း ရှိနိုင်သော ကြောင့် ဝိပဿနာမဂ်သည် ပင်လျှင် သင်္ခါရုပေက္ခာဉာဏ် ဖြစ်တယ်လို့ တစ်နေ့က ဟောပြီးပြီ (မှန်ပါ့) မဟောသေးဘူးလား (ဟောပြီးပါပြီ ဘုရား)။

အဲရှေ့က ဒုက္ခသစ္စာ တစ်တန်းတည်း ဖြစ်နေသော ကြောင့် ဒီမဂ်ဉာဏ်သည် သင်္ခါရုပေက္ခာ ဉာဏ်လို့ ဆိုလို့ ရှိရင် လွဲပါ့မလား (မလွဲပါဘုရား)။

အဲ သင်္ခါရုပေက္ခာ ဉာဏ် ရတယ်လို့ ရှိရင်ဖြင့် ရှေ့မဂ် ဉာဏ်ဟာ ဝေးသေးသလား၊ ကပ်နေသလား (ကပ်နေပါတယ် ဘုရား)။

(၇) ရက်နဲ့ သောတာပန် တည်နိုင်တယ်

အေး ကပ်နေလို့ ရှိရင် ဒီဥစ္စာ ဖြစ်ပျက် တစ်ခုလုံးကို ဒကာ၊ ဒကာမတွေက ဖြစ်ပြီး ပျက်တယ်၊ ဖြစ်ပြီး ပျက်တယ်၊ ဒါ မမြင်ဘူး၊ အပျက်ချည်း မြင်လို့ ရှိရင်လည်း ပျက်တယ်, ပျက်တယ်လို့သာ သိပေး၊ အဲဒီကဲ့သို့ သိလို့ ရှိရင်ဖြင့် အပျက်နဲ့ မဂ် ကိုက်လည်း ကိလေသာကြား မခြားလို့ ရှိရင် ခုနစ်ရက်နဲ့ ပဲ သောတာပန် တည်နိုင်တယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။

ဖျင်းရင် ခုနစ်ရက်၊ ဆယ့်လေးရက်တော့ သူသွားတယ် (မှန်ပါ့) ဒီထက် ဖျင်းလို့ ရှိရင်လည်း ခုနစ်သုံးလီ နှစ်ဆယ့်တစ် ပေါ့ လေ (မှန်ပါ့) ဒီလိုနဲ့ သွားရမှာပဲတဲ့၊ မရတော့ မရှိဘူး (မှန်ပါ့) သဘောပါပလား (ပါ,ပါပြီ ဘုရား)။

ဒါဖြင့် ဒကာ၊ဒကာမတွေ ဘာနဲ့ဘာ ကိုက်ဖို့ အရေးကြီး သလဲဆိုတော့ ဖြစ်ပျက်နဲ့ မဂ်နဲ့ ကိုက်ဖို့ အရေးကြီးတယ် (မှန်ပါ့)။

ဖြစ်ပျက်နဲ့ မဂ်နဲ့ ကိုက်ဖို့ အရေးကြီးတယ်

ဒကာ၊ဒကာမတွေ ဘာတုံး (ဖြစ်ပျက်နဲ့ မဂ်နဲ့ ကိုက်ဖို့ အရေးကြီးပါတယ်) ဖြစ်ပျက်နဲ့ မဂ်နဲ့ ကိုက်ဖို့ အရေးကြီးတယ် ဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။

တစ်နည်း ဖြစ်ပျက်နဲ့ မဂ်နဲ့ ကိုက်တဲ့အချိန်မှာ ပထမပိုင်းမှာ ကိုက်တယ်၊ နောက်ကျတော့လည်း ကိလေသာက ကြားထိုးနေ တယ်၊ နောက်တစ်ဖန် ကိုက်ပြန်တယ် ဆိုရင်လည်း ကြားထိုးသွား ပြန်တယ် (မှန်ပါ့)။

ကိလေသာ ကြားထိုးတယ် ဆိုတာ လောဘ, ဒေါသ, မောဟ လာတာကို ဆိုလို ပါတယ် (မှန်ပါ့)။

အဲဒီတော့ ဒကာ၊ ဒကာမတွေက ဖြစ်ပျက်နဲ့ မဂ်သာ ကိုက်အောင်လုပ်၊ ကိလေသာ ကြားထိုး မခံဘဲနဲ့ လုပ်ကြမယ် ဆိုလို့ ရှိရင် ခင်ဗျားတို့ လိုရာခရီး အပြီးတိုင် ရောက်ပါ တယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဲဒီတော့ မာလုကျပုတ္တ ဟောတဲ့ တရားက ရပ်ရမည့် တရား၊ ဘုန်းကြီးတို့က မရပ်နဲ့တော့ ဒကာ၊ဒကာမတွေ၊ လှည့်ကြည့် သောကြောင့် ရပ်မနေနဲ့၊ ပေါ်တဲ့စိတ် ဖြစ်ပျက် ရှုတာ မှန်တယ် (မှန်ပါ့) ဟိုက ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်မို့ ရလွယ်တာ ကိုး (မှန်လှပါ) ရှင်းကြပလား (ရှင်းပါပြီဘုရား)။

ကဲရှင်းလို့ ရှိရင် ဒီတွင် တော်ကြဦးစို့ ။

သာဓု သာဓု သာဓု။