043

နိဗ္ဗာန် ၏ အနှစ်သာရ

အသံဖိုင်ခေါင်းစဉ်= စိတ္တာနုပဿနာနေ့အလုပ်ပေး

စာအုပ်ခေါင်းစဉ်= နိဗ္ဗာန် ၏ အနှစ် သာရ

အသံမကြည်ပါ။

ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး အမရပူရမြို့၌

ဟောကြားတော်မူသောတရားတော်

“နိဗ္ဗာန် ၏ အနှစ် သာရ”

(၇၊ ၉၊ ၁၉၆၂)

ပိဋကတ်သုံးပုံပါဠိတော်တွေ ၄၅-ဝါကာလပတ်လုံး ဟို နေရာဟော၊ ဒီနေရာဟော၊ ဟော ပါတယ်။ ဟောပင် ဟောငြား သော်လဲ ပိဋကတ် သုံးပုံကို ချုံ့လိုက်တဲ့ အခါ ကျတော့ ဦးကျော် မောင်တို့၊ ဦးမြမောင်တို့၊ ဦးဘသန်းတို့၊ (မှန်ပါ)၊ လက္ခဏာ ရေးသုံးပါး ပဲရှိတယ် (မှန်ပါ)။

ပိဋကတ်သုံးပုံ၊ ချုံ့လိုက်လျှင်လက္ခဏာရေးသုံးပါး

ပိဋကတ်သုံးပုံချုံ့ပါ၊ ကိုယ်တော်မြတ်ကြီး ၄၅-ဝါ ကာလ ပတ်လုံးဟောတာလဲ ဒါပဲ၊ ချုံ့ လိုက်တဲ့ အခါကျတော့ လက္ခဏာ ရေးသုံးပါးပဲ ရှိတယ် (မှန်ပါ)။

ဒါဖြင့် ပိဋကတ်သုံးပုံကို ဆရာတော်တွေ၊ သမား တော်တွေ သင်ပြီး သကာလ နေကြတာ ဘယ်အကျိုးငှာတုံးလို့ သွားပြီး လျှောက်လို့ရှိရင် လက္ခဏာရေး သုံးပါး သိချင်လို့ ဆိုရင် မှန်တယ်၊ ရိပ်မိပြီလား (ရိပ်မိပါပြီ။)

ဒါဖြင့် လက္ခဏာရေးသုံးပါးသာ အရေးကြီးတယ် ဆိုတဲ့ဥစ္စာ ဦးမြမောင်တို့ မှတ်ထားပေါ့၊ (မှန်ပါ့)။ ပိဋကတ် သုံးပုံမှာ အကျဉ်းချုံး လိုက်တော့ ဘာရှိသတုန်း (လက္ခဏာရေး သုံးပါးပဲ ရှိတယ်)။

ဘာဟောဟော ရုပ်နှစ်ဆယ့်ရှစ်ခုဟောလဲ တော် တော်ကြာ ဖြစ်ပျက် အနိစ္စ၊ ဒုက္ခ၊ အနတ္တပဲ လာတာပါပဲ (မှန်ပါ)၊ နာမ် ငါးဆယ့်သုံးခုကို ဟောလိုက်လို့ ရှိရင်လဲ နာမ်ငါးဆယ့်သုံး ချုံးလိုက်တဲ့ အခါကျတော့ အနိစ္စ၊ ဒုက္ခ၊ အနတ္တပဲ (မှန်ပါ) ဒါပဲ ရှိတယ် (မှန်ပါ)။

အဲဒီတော့ ပိဋကတ်သုံးပုံကို ချုံ့လိုက်လို့ ရှိရင်ဖြင့် လက္ခဏာရေး သုံးပါး ရှိတယ်လို့ မှတ်ပါ (မှန်လှပါ) ပေါ်ကြ ပလား (ပေါ်ပါပြီ)။

လက္ခဏာရေးသုံးပါး ချုံ့လိုက်လျင် ဖြစ်ပျက်

အဲဒီ လက္ခဏာရေး သုံးပါးကို ချုံ့လိုက်လို့ ရှိရင်ဖြင့် – အနိစ္စ၊ ဒုက္ခ၊ အနတ္တ ချုံ့လိုက်လို့ ရှိရင်ဖြင့် ဥဒယဗ္ဗယ ပဲ ရှိတယ်၊ ဖြစ်ပျက်ထဲ ပြန်ဝင်တယ် (မှန်လှပါ)။

လက္ခဏာရေး သုံးပါး ချုံ့လိုက်တဲ့ အခါကျတော့ ဥဒယဗ္ဗယပဲ ပြန်ဝင်တယ်၊ မြန်မာလို သုံးတဲ့ အခါကျတော့ ဖြစ်ပျက်ထဲ သွားဝင်တယ်၊ (မှန်လှပါ)။

ဖြစ်ပျက်ချုံ့လိုက်လျင် ဒုက္ခသစ္စာ

ဖြစ်ပျက်လို့ တစ်ခါချုံ့နိုင်သ၍ ချုံ့တဲ့ အခါကျရင်ဖြင့် ဒုက္ခသစ္စာပဲ ရှိတယ်လို့ မှတ်လိုက်ပါတော့၊ (မှန်လှပါ)။

ဒါဖြင့် ခင်ဗျားတို့က သစ္စာဘယ်နှစ်ပါး လေးပါး တောင်ကိုးလို့ ဆိုရင် အို လေးပါး ရှိပေမယ့် သမုဒယ သစ္စာလဲ ဖြစ်ပျက်ပဲ (မှန်လှပါ)။ မဂ္ဂသစ္စာလဲ ဖြစ်ပျက်ပဲ (မှန်လှပါ)၊ ချုံး လိုက်တော့ ဒုက္ခသစ္စာ ချည်းပဲ၊ (မှန်လှပါ)။

အဲ ဒုက္ခသစ္စာလို့ ခင်ဗျားတို့ အဆုံးသတ်လို့ ရှိရင် နိရောဓသစ္စာ ဝင်သွားတယ် (မှန်လှပါ)။

ကဲ ဒါဖြင့် ခဏပြန်ပြီး ရှင်းကြဦးစို့ ဆိုတော့ ပိဋကတ် သုံးပုံ ချုံးလိုက်လို့ ရှိရင် လက္ခဏာရေး သုံးပါး ရှိတယ်။ လက္ခဏာရေး သုံးပါး ချုံးလိုက်လို့ ရှိရင်ဖြင့် ဥဒယဗ္ဗယပဲ ရှိတယ်၊ (မှန်ပါ)။ ဥဒယဗ္ဗယဟာ ချုံးနိုင်သလောက် ချုံးလိုက်လို့ ရှိရင် ဥဒယဗ္ဗယဆို တာ ဘာတုံး ဆိုတော့ ဒုက္ခ သစ္စာပဲ (မှန်လှပါ)။ ဒုက္ခသစ္စာထဲဝင် သွားတယ် (မှန်လှပါ)။

သမုဒယသစ္စာကော ဆိုတော့ အို-သမုဒယ သစ္စာ ဆိုတာ ဖြစ်ပျက်ချည်းပဲ (မှန်လှပါ)။

ဒုက္ခသစ္စာဆုံးအောင်လိုက်ရင် နိုရောသစ္စာ

အဲဒီတော့ ဒုက္ခသစ္စာကို ဦးကျော်မောင်တို့၊ ဦးမြမောင်တို့ ဆုံးအောင် လိုက်ကြမယ် ဆိုလို့ရှိရင် နိရောဓ သစ္စာ ဆိုတာ တွေ့မှာပဲ၊ (မှန်လှပါ)။

အဲဒီတော့ကို ၄၅-ဝါ ကာလပတ်လုံး ဟောကြား တော်မူတာ သတ္တု ချလိုက်တဲ့ အခါကျတော့ ဘုန်းကြီးတို့ ဟောနေတဲ့ ဥဒယဗ္ဗယကိုသာ အားထုတ်ကြပေါ့ (မှန်ပါ)။ ဖြစ်ပျက် အဆုံးမှာ ဖြစ်ပျက် မရှိတဲ့ နိဗ္ဗာန် တွေ့လိမ့်မယ်၊ (မှန်လှပါ)။

ဖြစ်ပျက်နဲ့ ဉာဏ်လမ်း လျှောက်သွား ဖြစ်ပျက်နဲ့ ဉာဏ် လမ်း လျှောက်သွားလို့ ရှိရင်ဖြင့် ဖြစ်ပျက် အဆုံးမှာ ဖြစ်ပျက် မရှိတဲ့ နိရောဓ ဖြစ်သွားတာ တွေ့မယ် (မှန်ပါ)။

အဲဒီတော့ အခု နိဗ္ဗာန်က မတွေ့သေးပါကလား ဆိုရင် တို့ဖြစ်ပျက် မဆုံးသေးဘဲ ခင်ဗျားတို့က လိုက်နေတာ ဟုတ် ဘူးလား (ဟုတ်ပါတယ်)။ ဖြစ်ပျက် ဆုံးသွားတဲ့ အခါကျရင်ဖြင့် ဖျတ်ဆို ချုပ်သွား ကြပါလား၊ ဖြစ်ဒုက္ခလဲ မရှိဘူး ဆိုတဲ့ နိရောဓ ဟာ တန်းပေါ်မှာပဲ (မှန်လှပါ)။

ဘယ်သူမှမတိမ်းနိုင်တဲ့လမ်း

ကဲ ပိဋကတ်သုံးပုံချုံ့လိုက်ရင် လက္ခဏာရေး သုံးပါး၊ လက္ခဏာရေးသုံးပါး ချုံ့လို့ ရှိရင် ဥဒယဗ္ဗယ၊ ဥဒယဗ္ဗယကို ပေါင်းခေါ်လိုက်လို့ ရှိရင် ဒုက္ခသစ္စာ (မှန်ပါ)။ ဥဒယဗ္ဗယ ဆိုတာ ဒုက္ခသစ္စာပဲ (မှန်ပါ့)၊ အဲဒီ ဒုက္ခသစ္စာကို ဆုံးအောင်လိုက်လို့ ရှိရင် ဘာတွေ့မလဲ (နိရောဓ တွေ့ပါ တယ်)၊ အဲဒီတော့ ခင်ဗျားတို့ ဘုရားလဲ ပြားမနေနဲ့၊ ဆရာလဲ ပြားမနေနဲ့ ဒီလမ်းလိုက်လို့ ရှိရင် ပြီးတာပဲ (မှန်လှပါ)၊ ဘယ်သူမှ မတိမ်းနိုင်တဲ့လမ်း (မှန်လှပါ)၊ ဘယ်သူမှ မတိမ်း နိုင်တဲ့လမ်းလို့ သေသေချာချာ မှတ်ပါ၊ (မှန်လှပါ)။

ကိုင်း- ဒီလမ်းလိုက်တော့မယ် ဆိုတော့ကို မျက်လုံး ပြောင်းတပ် ပေးရမယ် (မှန်လှပါ) ဒကာ ဒကာမတွေကို မျက်လုံးပြောင်း ပြီး သကာလ တပ်ပေး ရပါတယ်၊ (မှန်လှပါ) မိဘရိုးရာ မျက်လုံးကို ဖျက်ပစ်ပြီး သကာလ မိဘရိုးရာ မျက်လုံး ဆိုတာက စားဖို့၊ သောက်ဖို့၊ နေဖို့၊ ထိုင်ဖို့၊ သင် ထားတဲ့ မျက်လုံး (မှန်လှပါ) နိဗ္ဗာန် ရောက်ဖို့ မျက်လုံးက မပါဘူး (မှန်လှပါ)။

အဲဒီတော့ မိဘရိုးရာ မျက်လုံးကို ဖယ်ပြီး သကာလ အရိယာ မျက်လုံး တပ်ပေးရမယ် (မှန်လှပါ)။

မိဖရိုးရာမျက်လုံးကို ဖယ်ပြီး ဘာမျက်လုံး တပ်ပေး ရမယ် (အရိယာမျက်လုံး တပ်ပေး ရပါမယ်)။

အရိယာမျက်လုံး တပ်ပေးရမယ် ဆိုတော့ အရိယာ မျက်လုံးတပ်တဲ့ အခါကျတော့ကို အရိယာတို့၏ အမြင်ကို မြင်လာမယ် (မှန်လှပါ)။

အရိယာတို့၏ မျက်လုံးတပ်ပေးလိုက်လို့ရှိရင် ဘာ အမြင် မြင်မယ်၊ (အရိယာတို့ အမြင်ကို မြင်လာမှာပါ ဘုရား)၊ အရိယာတို့၏ အမြင်ကို မမြင်ပါနဲ့ ဆိုလို့ ဦးဘသန်း ရသေး ရဲ့လား (မရပါဘူး)။

အရိယာတို့၏ အမြင်ဆိုတာ

အဲဒီတော့ အရိယာဆိုတာ ဘာတုံး အရိယာ ဆိုတာ ဖြူစင်တာ (မှန်ပါ) အမြင်ဆိုတာက ဖြူဖြူစင်စင်နဲ့ ဒီပြင် ကိလေသာ မရောဘဲနဲ့ မြင်တဲ့ အမြင်ဟာ အရိယာတို့၏ အမြင် (မှန်ပါ)။

အရိယာ ဆိုတာ ဖြူစင်တာ မြင်တာ ကတော့ မြင်တာ ပဲ (မှန်ပါ)၊ ဖြူစင်တဲ့ အမြင် ဆိုတော့ ခင်ဗျားတို့ မြင်နေတာ က တစ်ယောက် ကြည့်လိုက်ရင် အရုပ်ဆိုးတယ်၊ တစ်ယောက် ကြည့်လိုက်ရင် ချောမွေ့တယ်၊ တစ်ယောက် ကြည့်လိုက်လို့ ရှိရင်ဖြင့် ထော်လော်ကန့်လန့် ဖြစ်နေတာနဲ့ ဒါ အရိယာတို့၏ အမြင် မဟုတ်ဘူး၊ အရိယာတို့၏ အမြင်ကတော့ ဒုက္ခသစ္စာ ကြည့်ရင် ဒုက္ခသစ္စာပဲ မြင်တယ်၊ ဒီပြင်ဟာ မြင်ကို မမြင်ဘူး (မှန်ပါ)။

ဒါကြောင့် အရိယာတို့မှာ ဘယ်အာရုံနဲ့တွေ့ တွေ့ “ဖုဋ္ဌဿ လောကဓမ္မေဟိ၊ စိတ္တံ-ယဿ နကမ္ပတိ” (မှန်ပါ)။

လောကဓမ္မေဟိ- လောကဓံတရားတို့နှင့်၊ ဖုဋ္ဌဿ- တွေ့သော၊ ယဿ-အကြင် အရိယာ ပုဂ္ဂိုလ်အား၊ စိတ္တံ- စိတ်သည်၊ နကမ္ပတိ- မတုန်လှုပ်ဘူးတဲ့ (မှန်ပါ)။

အရိယာအမြင်ဟာ ဘာနဲ့ တွေ့တွေ့ သရဲခြောက်လဲ မတုန်လှုပ်တဲ့ (မှန်ပါ)၊ သရဲ ခြောက်လဲ မတုန်လှုပ်ဘူး၊ ချောချော မောမော အာရုံတွေနဲ့ တွေ့လဲ မတုန်လှုပ်ဘူး (မှန်ပါ)။

လောကဓမ္မေဟိ ကိုးဗျ။ လောကဓံ တရားတွေနဲ့ တွေ့တဲ့အခါကျတော့ တုန်လှုပ် သေးရဲ့လား၊ (မလှုပ်ပါဘူး)။ အသောကံ- စိုးရိမ်ခြင်းလဲ မရှိဘူးတဲ့ (မှန်ပါ)။

ဟာ- ငါ့ကိုက်တော့မှာပဲ၊ ငါ့သတ်တော့မှာပဲလို့ စိုးရိမ်ခြင်းလဲ မရှိဘူးတဲ့၊ အရိယာ အမြင်ကို မြင်နေတယ်၊ (မှန်ပါ)။ ဝိရဇံ တဲ့ ခင်ခြင်း၊ မင်ခြင်း၊ တွယ်တာခြင်းလဲ မရှိဘူးတဲ့၊ ရာဂ ကင်းတယ် (မှန်ပါ)။

အလုပ်ခွင်မှာ အရိယာမျက်လုံးသုံးပါ

အဲဒီတော့ ဆရာဘုန်းကြီးက ယနေ့ ဒီဒကာ ဒကာမ တွေကို မိဘရိုးရာ မျက်လုံးကို ပြင်ဘက် ကျမှ သုံးပါ၊ အလုပ်ခွင် မှာဖြင့် အရိယာ မျက်လုံး သုံးပါ (မှန်ပါ) ဒီလို ဆိုတော့ လောကလဲ မပယ်၊ လောကနဲ့လဲ ကန့်လန့် မထားဘူး (မှန်ပါ)။

လောကုတ္တရာကိုလဲ အတည့် ပေးတယ်လို့ မှတ်ရတယ် (မှန်ပါ)။ လောကကိုလဲ မပယ်ဖူး၊ လောက ပယ်ပြန်လို့ ရှိရင်လဲ အမေ မရှိဘူး၊ အဖေ မရှိဘူးဆိုပြီး ထင်ရာ လုပ်ရင် ပဉ္စာနန္တရိယ ကံ ထိအောင် ထိုက် နိုင်တယ်၊ (မှန်ပါ)။ လောကလဲ မပယ်ဘူး (မှန်ပါ့) သူမပယ်ဘဲနဲ့လဲ သူ့ကိုယ်သူ တခြား အမြင်နဲ့ထား (မှန်ပါ)။ လောကုတ္တရာကို လောကုတ္တရာ အမြင်နဲ့ တခြားထားမှ ဦးမြမောင်တို့ ခရီး ပေါက်မယ် (မှန်ပါ)။ နို့မဟုတ်ရင် မာတာပိတုဂုဏာ အနန္တော စသည်ဖြင့် ဘုရားဟောထား ချက်တွေ ပျက်ကုန်မှာပေါ့ (မှန်ပါ)။ အာစရိယဂုဏာ – အနန္တော မပျက်ဘူးလား (ပျက်ပါတယ်) လောဟိတုပ္ပါဒကံ ဘုရားကို သွေးထွက်အောင် မလုပ်နဲ့ (မှန်ပါ)။ သံဃာသင်း မခွဲနဲ့ ဆိုတာက လောက ဟောတာတွေ (မှန်ပါ) ဒါနပြုတဲ့ အခါကျတော့ ပုဂ္ဂိုလ် ရွေးလှူကြဟေ့ ဒါက လောကကို ငဲ့ ဟောထားတာ (မှန်ပါ)။

အဲဒီတော့ လောကပယ်လိုက်ပြန်ရင်လဲ အယူမှား အလုပ်မှားပြီး အပယ်ကျ သွားနိုင်တယ် (မှန်ပါ)။ လောကုတ္တရာ ထိပြန်လို့ ရှိရင်လဲ နိဗ္ဗာန် မရောက်ဘူး (မှန်ပါ)။

ကဲ မျက်လုံးဟာ မပြင်ရသေးဘူးလား ပြင်ရမ လား လောက မျက်လုံးလဲ တပ်ပေးရမယ် (မှန်ပါ)၊ လောက မျက်လုံးနဲ့ချည်း အချိန်ကုန် ပြန်ရင်လဲ သုဂတိ လောက်ပဲ ခင်ဗျားတို့ ရောက်မယ် (မှန်ပါ)၊ လောကုတ္တရာ မျက်လုံး တပ်ပေးမှ သာလျှင် ခင်ဗျားတို့ နိဗ္ဗာန် ရောက်မယ် (မှန်ပါ)။

အဲဒါကြောင့် နိဗ္ဗာန်ရောက်တဲ့ မျက်လုံးကို ယနေ့ တော့ဖြင့် လောက မျက်လုံးလဲ မစွန့်ကြပါနဲ့ လောကုတ္တရာ မျက်လုံးကိုလဲ ဆရာဘုန်းကြီး အလုပ်ခွင်မှာ ပြောင်းတပ် ပေးမယ် ဆိုတာ မှတ်ရမယ် (မှန်လှပါ)။

ဥပမာ-မယ် စိတ်ကလေး တစ်ခု ဒကာ ဒကာမ တွေ သန္တာန်မှာ မြင်စိတ် ကလေး ပေါ်တယ် ကြားစိတ် ကလေး ပေါ်တယ်၊ “အနိစ္စန္တိ ပဿတိ” ပြောင်းတာ ကလေးဟာ စိတ် မဟုတ်ဘူးဟ စိတ်ဆို လို့ရှိရင်ဖြင့် သမုတိသစ္စာ နယ်က ဖြစ်နေ တယ် (မှန်ပါ)၊ ပရမတ္တ သစ္စာ နယ်ကတော့ အနိစ္စန္တိ ပဿတိ ဒါ အနိစ္စပဲ (မှန်ပါ) ဖြစ်ပြီး ပျက်တာကို (မှန်ပါ)။

အဲဒီတော့ အနိစ္စလို့ ခင်ဗျားတို့က မြင်အောင် ကြည့်လို့ရှိရင် “သာယံဒိဋ္ဌိ သမ္မာဒိဋ္ဌိ” တဲ့ ဒါ အရိယာ မျက်လုံး တပ်ပေးလိုက်တာပဲ (မှန်ပါ)။

ဖြစ်ပျက်မြင်ရင် အရိယာမျက်လုံးရပြီ

ဖြစ်ပေါ်လာတဲ့ ဓမ္မကလေးကို ဖြစ်မှု ပျက်မှု မြင်အောင် ဦးကျော်မောင်ကြည့်၊ ဦးစံဖေကြည့်၊ ဦးဘသန်းကြည့်၊ ဦးမြမောင်ကြည့်၊ ဟိုနောက်က ဒကာမတွေ၊ ညောင်လေးပင် က ဒကာမကြီးတွေ၊ ဟင်္သာတက ဒကာမကြီးတွေ ကြည့်ပါလို့ ဘုန်းကြီးက ဟောလိုက်တဲ့ အခါကျတော့ ကြည့်လိုက် သည်နှင့် တစ်ပြိုင်နက်တည်း မြင်လိုက်လို့ ငါ အရိယာ မျက်လုံး ရပြီလို့ အောက်မေ့ (မှန်ပါ)။

သာယဒိဋ္ဌိ သမ္မာဒိဋ္ဌိ။ အယံ ဤအနိစ္စဟု မြင်ခြင်း သည် သမ္မာဒိဋ္ဌိ မျက်လုံးပဲကွ တဲ့ (မှန်ပါ)။ ဒီတော့ သမ္မာဒိဋ္ဌိ မျက်လုံး တပ်ပေးလိုက်တဲ့ အခါကျလို့ ရှိရင်ဖြင့် အလုပ်ခွင် မှာဖြင့် သမ္မာဒိဋ္ဌိ မျက်လုံးနဲ့ ဒကာ ဒကာမတွေ အကုန် ကြည့်ပါ (မှန်ပါဘုရား) သမ္မာဒိဋ္ဌိနဲ့ မျက်လုံးနဲ့ ကြည့်ပါလို့ ဆိုတာ ကောင်းကောင်း သတိပေး လိုက်ပါတယ် (မှန်ပါ)။

အဲဒီလို ကြည့်တော့ ဘုရား တပည့်တော်တို့ ဘယ်စိတ် ကြည့်လိုက် ကြည့်လိုက် ကိုယ့်စိတ် ကိုယ် ကြည့်လိုက် တဲ့အခါ ကျတော့ သာယံဒိဋ္ဌိ သမ္မာဒိဋ္ဌိ။ ထိုအမြင်သည် သမ္မာဒိဋ္ဌိ ပဲလို့ ဘုရားက တော့ ဟောတယ် ခန္ဓဝဂ္ဂ သံယုတ် ပါဠိတော်မှာ ဒီမြင်လိုက်တဲ့- အခါကျတော့ သမ္မာဒိဋ္ဌိ တော့ ဖြစ်ပြီ ဘုရား ဆိုတော့ သြော် သမ္မာက မှန်ကန်တာ။ ဒိဋ္ဌိက မြင်တာ၊ အခုမှ အမှန် အမြင် ရောက်တာကိုး (မှန်ပါ)။ အနိစ္စမြင်မှ အမှန်အမြင်ရောက်တယ် (မှန်ပါ)။

အနိစ္စမြင်မှ (အမှန် အမြင် ရောက်ပါတယ်) အမှန် အမြင် ရောက်လာတယ် ဆိုတော့ ဆရာဘုန်းကြီး ဒီဥစ္စာ တို့ကို ဘာမျက်လုံး တပ်ပေး လိုက်ပါလိမ့်မတုံး လို့ မေးတဲ့အခါ ဖြူစင်တဲ့ မျက်လုံးတပ်ပေးတာ (မှန်ပါ့)၊ ကိလေသာ တိမ်သလ္လာမြူတွေ မသန်းဘဲနဲ့ မြင်တဲ့ အမြင်ဟာ အရိယာ အမြင် ဖြူစင်တဲ့ အမြင်လို့ မှတ်လိုက် (မှန်ပါ)၊ အဲဒါ သမ္မာ ဒိဋ္ဌိပဲ (မှန်ပါ)။

ဒါဖြင့် စိတ္တံ အနိစ္စန္တိ ပဿတိ။ သာယံ ဒိဋ္ဌိသမ္မာဒိဋ္ဌိ။ စိတ္တံ- မိမိ စိတ်ကို။ အနိစ္စန္တိ- အနိစ္စဟူ၍။ ပဿတိ-မြင်၏။ ထိုအမြင် သည် သမ္မာဒိဋ္ဌိ အမြင်ဆိုတော့ ၂-နံပါတ်ထဲမှာပါတဲ့ စိတ်ကို အလယ်က နေဖြစ်ပြီး သကာလ ၃-နံပါတ် မကူးဘဲနဲ့ ၃-နံပါတ် အကူးမခံဘဲနဲ့ သဠာယတန ထဲမှာ ပါတဲ့ စိတ်ကြည့် လိုက်လို့ရှိရင် သမ္မာဒိဋ္ဌိ ဖြစ်သွားတာပဲ၊ (မှန်ပါ)။

၃-နံပါတ်မကူးရင် သမ္မာဒိဋ္ဌိ

ဒီဘက်ကူးလို့ ရှိရင် မိစ္ဆာဒိဋ္ဌိ ဖြစ်တော့မယ် (မှန်ပါ)။ ၃-နံပါတ်ကူးရင် မိစ္ဆာဒိဋ္ဌိ ဖြစ်တော့မယ် (မှန်ပါ)။ ၃-မကူးဘဲနဲ့၊ ဒီကနေပြီး ကြည့်နေလို့ရှိရင် သမ္မာဒိဋ္ဌိ ဖြစ်တော့၍ သြော် သမ္မာ ဒိဋ္ဌိ ဆိုတဲ့ ဥစ္စာ သည်ကားလို့ ဆိုရင် ဖြူစင်တဲ့ အမြင် ဆိုတာကြောင့် မဖြူစင်တဲ့ အမြင်ဆိုတဲ့ ဒိဋ္ဌိ၊ ဒိဋ္ဌုပါဒါန် ပြုတ်ထွက် သွားတယ် (မှန်ပါ)၊ ဒီထဲမှာတော့ တဏှာ ဥပါဒါန်လို့ ရေးထားတယ်၊ (မှန်ပါ)။ ဒိဋ္ဌိ၊ ဒိဋ္ဌုပါဒါန် လို့လဲ မှတ်လိုက် ပါဦး (မှန်ပါ)။ ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။

ဒိဋ္ဌိ၊ ဒိဋ္ဌုပါဒါန် လို့လဲ မှတ်လိုက်ပါအုံး (မှန်ပါ)။ တဏှာနဲ့ ဒိဋ္ဌိက ရောနေလို့ တဏှာ ပြဌာန်းလို့ တဏှာ ဥပါဒါန် လို့ ဟောတော်မူတာ (မှန်ပါ)၊ စင်စစ်တော့ ဒိဋ္ဌိ ဒိဋ္ဌုပါဒါန်လဲ ဟုတ်ပါတယ် လို့လဲ မှတ်ရ မယ်နော် (မှန်လှပါ ဘုရား)။

နို့ မဟုတ်လို့ရှိရင် သောတာပန်တွင် ဘယ်မှာနေ တော့မတုံး၊ တဏှာ သတ်တယ် ဆိုကတည်းက သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာ ဖြစ်သွားမှာပေါ့- နော် (မှန်လှပါ ဘုရား)။ အခုဟာက သောတာပန် မတည်သေးတဲ့ ပုဂ္ဂိုလ်တွေကို သောတာပန် တည်အောင် ဟောရတဲ့ အတွက် ဒိဋ္ဌိ၊ ဒိဋ္ဌုပါဒါန်၊ ဒိဋ္ဌိ အုပ်ချုပ်တဲ့ကံ လို့သာ မှတ်လိုက် (မှန်ပါ)၊ ရှင်းပြီလား (ရှင်းပါပြီ)။

ကောင်းပြီ၊ ဒီပဋိစ္စသမုပ္ပာဒ် ဟာ အခုဟာက သောတာပန် ပဋိစ္စသမုပ္ပာဒ်ကို ဟောနေတယ်၊ (မှန်လှပါ)၊ သကဒါဂါမ်၊ အနာဂါမ် ပဋိစ္စသမုပ္ပာဒ် မဟောရသေးဘူး (မှန်လှပါ)၊ နောက်မှ ဟောမယ် (မှန်လှပါ)။

ကဲ ဒါဖြင့် သဠာယတနထဲမှာရှိတဲ့ စိတ်ကို မနာယတန ဆိုတဲ့စိတ်ကို ဦးမြမောင်တို့ သိချင်တဲ့အခါ ကျတော့ မောင်သစ်တို့ ကုသိုလ် လုပ်ထားတဲ့ စာရွက်ကလေး ကြည့်လိုက်တော့ ဆယ့်နှစ်မျိုး ပါနေတယ် (မှန်လှပါ)။ အဲဒါ မနာယတန ချည့်ပဲ (မှန်ပါ)။

စက္ခု သောတ ဃာန ဇိဝှာ ကာယ မန၊ မနကို ခွဲလိုက်တဲ့ အခါကျတော့ ဆယ့်နှစ်မျိုး သွားတွေ့ လိမ့်မယ်၊ (မှန်ပါ)။ ဆယ့်နှစ်မျိုး သွားတွေ့တဲ့ အခါကျလို့ ရှိရင် လာတိုင်း လာတိုင်း ဒီဆယ့်နှစ်မျိုး လာချင် တာကလာ အနိစ္စလို့ ခင်ဗျားတို့ မြင်နေလို့ရှိရင် ဖြူစင်တဲ့ မျက်လုံးနဲ့ မြင်တယ် (မှန်ပါ)။ ဒါ အရိယာ မျက်လုံး တပ်ပေး လိုက်ပါတယ် (မှန်ပါ) ဦးကျော်မောင် ရှင်းပြီလား (ရှင်းပါပြီ)။

အဲဒီ အရိယာ မျက်လုံး တပ်ပေးလိုက်သည်နဲ့ တစ်ပြိုင်နက်တည်း သမ္မာ ပဿံ တဲ့၊ အဲဒီကဲ့သို့ ကောင်းစွာ မြင်လို့ ရှိရင်ကွာတဲ့ အနိစ္စ မြင်လို့ရှိရင် (ဝါ) ဖြစ်ပျက်မြင်လို့ ရှိရင် သမ္မာ ပဿံ နိဗ္ဗိန္ဒတိ။ ငြီးငွေ့ခြင်း ဖြစ်လာ တာပါပဲ။ ဘယ်နည်း နဲ့မှ အမှန်မြင်တဲ့ ပုဂ္ဂိုလ် မငြီးငွေ့ဘဲ မနေနိုင်ဘူးတဲ့ (မှန်ပါ)၊ ဒီနေရာမှာပဲ ငြီးငွေ့မှာပဲ (မှန်ပါ)။

မဂ္ဂင်ရှစ်ပါးပြည့်သွားရင်သောတာပန်တည်တာပဲ

ဒီနေရာမှာ ခုနင်က အမှန် မြင်ခဲ့တယ် မဟုတ်လား (မှန်ပါ)။ ဒီနေရာမှာပဲ ငြီးငွေ့မယ်၊ ဒီနေရာ မှာပဲ ဝိရဇ္ဇတိ တပ်ခြင်း ကင်းတာလဲ ဒီနေရာမှာပဲ လာမှာပဲတဲ့။ ဒီဘက်ကို ကူးသေးရဲ့ လား (မကူးပါ ဘူး)။ ၃-နံပါတ်ကို မကူးတော့လို့ ဒီဒကာ ဒကာမတွေ ဘာဖြစ်မလဲလို့ မေးတဲ့ အခါကျလို့ ရှိရင် မကူးတဲ့ အချိန်ကစပြီး၊ ဒီနေရာမှာ မဂ္ဂင်ရှစ်ပါး ပြည့်သွားလို့ ရှိရင် ဒါသောတာပန် တည်တာပဲ (မှန်ပါ)။

သောတာပန် တည်တော့ ဒိဋ္ဌိ – ဒိဋ္ဌုပါဒါန်၊ ဒိဋ္ဌိ အုပ်ချုပ်တဲ့ ကံ ဒီသုံးခု သေသွားပြီ။ ဒိဋ္ဌိ၊ ဒိဋ္ဌုပါဒါန်၊ ဒိဋ္ဌိ အုပ်ချုပ်တဲ့ကံ၊ အပါယ် ဇာတိ-အပါယ် ဇရာ၊ အပါယ် မရဏတော့ဖြင့် နှစ်ကွက် စလုံး ပြုတ်သွားပြီ (မှန်ပါ)။ ၃-လဲပြုတ်၊ ၄-လဲပြုတ်တာပဲ (မှန်လှ ပါ) ၃-ရော၊ ၄-ရော ပြုတ်ငြား သော်လည်း တဏှာ ဥပါဒါန် ကံ၊ သုဂတိ ဇာတိ သုဂတိ ဇရာ မရဏ ကျန်သေးတယ်။ မကျန်ဘူးလား (ကျန်ပါ တယ်) သောတာပန်ဟာ အပါယ်ဇာတိ အပါယ်ဇရာ မရဏတင် ကုန်သွားတာ (မှန်ပါ)။

အဲဒီတော့ကို လေးခါ လုပ်ရမှာပဲ၊ သောတာပန် တည်ချင် တစ်ခါ လုပ်ရမယ်၊ သကဒါဂါမ် တည်ချင်ရင် တစ်ခါ လုပ်ရမယ်၊ အနာဂါမ် တည်ချင်ရင် တစ်ခါ လုပ်ရမယ်၊ ရဟန္တာ ဖြစ်ချင်ရင် (တစ်ခါ လုပ်ရ ပါမယ်)။

ဒါဖြင့် ဒီပဋိစ္စသမုပ္ပာဒ်ဟာ လေးမျိုးပေါ့၊ ဝေတော့ တစ်ရွက်တည်း ဝေထားတယ် (မှန်လှပါ)။ ခင်ဗျားတို့ မှာတော့ ဒါ ၄-ချပ် ရှိတယ်လို့ မှတ်ရမယ်၊ (မှန်ပါ) မမှတ် ထိုက်ဘူးလား (မှတ်ထိုက် ပါတယ်)၊ ၄-ချပ် ရှိတယ်လို့ မှတ်လိုက် ကြစမ်းပါ။

ကိုင်း ဒါဖြင့် ဖြစ်ပျက် မြင်လို့ရှိရင် သမ္မာဒိဋ္ဌိ ဖြစ်သွား ပြီ၊ သမ္မာဒိဋ္ဌိ ဖြစ်သွားတော့ကို ဦးကျော်မောင် တို့က မှတ် ရမယ်၊ ဦးမြမောင် တို့က မှတ်ကြပါ။ ဪ သမ္မာဒိဋ္ဌိ ဖြစ်သွားလို့ ရှိရင် သမ္မာ သင်္ကပ္ပ ဆိုတဲ့ ဥစ္စာဟာ မှတ်ထားပါ။ သမ္မာဒိဋ္ဌိ ဆိုတဲ့ ဥစ္စာ သူ ဖြစ်ချင်လို့ ဖြစ်တဲ့ သမ္မာဒိဋ္ဌိ မဟုတ်ဘူး၊ သမ္မာသင်္ကပ္ပက အကြံကောင်း လို့ ဖြစ်တာ (မှန်ပါ)။ သမ္မာ သင်္ကပ္ပ အကူအညီ မပါဘဲနဲ့ သမ္မာဒိဋ္ဌိ မဖြစ်ဘူး (မှန်ပါ) ဒါ့ကြောင့် ဒီနေရာမှာ မဂ္ဂင်ငါးပါး ဖြစ်တယ်လို့ ယူလိုက်တယ် (ရှင်းပါပြီ)။

ပညာမဂ္ဂင်

မဂ္ဂင်ငါးပါး မဖြစ်ဘူးလား (ဖြစ်ပါတယ်)၊ ဘာဖြစ် လို့တုံး ဆိုတော့ သမ္မာဒိဋ္ဌိက မျက်လုံးနဲ့ တူတယ်၊ သမ္မာသင်္ကပ္ပ က မျက်လုံးမွဲတဲ့ ပုဂ္ဂိုလ် အမှန်အကန် အကြီးအသေး မြင်ဖို့ ဆိုတာ သမ္မာ သင်္ကပ္ပ မျက်မှန် အကူအညီရမ ှသာလျှင် ဟို အနိစ္စကို သွားမြင်တယ်၊ (မှန်ပါ) ဒါဖြင့် သမ္မာဒိဋ္ဌိနဲ့ သမ္မာသင်္ကပ္ပဟာ ခွဲလို့ ရပါ့မလား (မရပါဘူး)။

ဒါကြောင့် ခင်ဗျားတို့ ဖြစ်ပျက် မြင်တဲ့ ဒကာ ဒကာမ တွေသည် မဂ္ဂင်နှစ်ပါး သေချာတယ်၊ ပညာမဂ္ဂင် နှစ်ပါး သေချာတယ်၊ ရှင်းပြီနော် (ရှင်းပါပြီ)။

သမာဓိမဂ္ဂင်

ပညာမဂ္ဂင်ဟာ ဘယ်လိုပဲ ပညာရှိ နေပေမယ့်လဲကွာ ပညာမဂ္ဂင်နှစ်ပါး သူတို့ချည်း စွမ်းနိုင် သလားလို့ ဒီအနိစ္စ မြင်တဲ့ဉာဏ် သူတို့ချည်း စွမ်းနိုင်သလား မေးတဲ့ အခါကျတော့ သမ္မာသတိ တဲ့၊ သမ္မာသတိ ကလဲ ပေါ်လာတဲ့ တရားကို ဟိုမှာ ပေါ်တယ်၊ ဟိုမှာ ပေါ်တယ် ဆိုတာ သူတို့နှစ်ခုကို သတိ ပေးမှ ဟိုနှစ်ခုက အမှန် မြင်တယ် (မှန်ပါ) အဲဒီတော့ သတိကကော ကင်းလို့ရ ပါ့မလား (မရပါဘူး)။

သမာဓိကလဲ တစ်ခါတည်း စူးစူး စိုက်စိုက် ဖြစ်အောင် ပညာခေါင်းကို နှိပ်ထား ရတယ်၊ ပညာခေါင်းကို နှိပ်ပြီး သကာလ မင်းဘယ်မှ မရွေ့နဲ့ (မှန်ပါ)။ ဒီလို နှိပ်ထားတဲ့ တရားလဲ ပါလို့ သမ္မာဒိဋ္ဌိတို့ သမ္မာသင်္ကပ္ပတို့က ခင်ဗျားတို့ ဖြစ်ပျက်ကို မြင်တာပါ၊ (မှန်ပါ) အဲဒီတော့ သမ္မာသမာဓိ မပါဘဲ နဲ့တော့ ပြီးပါ့မလား (မပြီးပါဘူး)။

မပြီးတော့ မင်းတို့ သတိတို့၊ သမာဓိတို့ ဘယ်လိုပင် ပေးငြား သော်လဲ ငါတည်း ဟူသော ဝီရိယက ဒီနေရာမှာ အားကုန် မတိုက်တွန်း လိုက်လို့ ရှိရင် မင်းတို့ကို တွန်းမပေး လို့ရှိရင် မင်းတို့ အနိစ္စ ရှိရာ ရောက်အောင် မသွားနိုင်ဘူးတဲ့၊ ဝီရိယက တွန်းပေး ရတယ် (မှန်ပါ့)။

ဝီရိယက တွန်းပေးတော့မှ ခုနင်က သတိရော၊ သမာဓိရော၊ သမ္မာဒိဋ္ဌိရော၊ သမ္မာသင်္ကပ္ပရော ဝီရိယက တွန်းပေးလိုက် တဲ့အခါကျမှ အနိစ္စဆီ သွားရောက်တယ် (မှန်ပါ) နို့ မဟုတ်ရင် ရောက်ပါ့ မလား (မရောက် ပါဘူး)။

မဂ္ဂင်ငါးပါးနဲ့ ဖြစ်ပျက်မြင်တယ်

ဒီတော့ သြော် ငါတို့ ဖြစ်ပျက် တစ်ချက် မြင်လိုက်ရင် မဂ္ဂင်ငါးပါး ရပါကလား၊ မကင်းရာ မကင်းကြောင်း သူတို့ချင်း အကြောင်း အကျိုးဆက် နေတယ် (မှန်ပါ) ငါးပါး စလုံးစုံမှ ဖြစ်ပျက်မြင်တာ (မှန်ပါ) ရှင်းပြီလား (ရှင်းပါပြီ)။

ငါးပါးစလုံးစုံမှ ဖြစ်ပျက်ကို မြင်တော့ ဖြစ်ပျက်ဆိုတာ ဘာတုံး ဆိုတော့ ဧကစိတ္တသမာယုတ္တာ-စိတ်တစ်ခုနဲ့ အသက် ရှင်နေတာ စိတ်အခု သေသွားတော့ ဦးမြအောင် အသေကို ဦးမြအောင် မဂ္ဂင်က မြင်တာ (မှန်ပါ)။

ကိုယ့်အသေကို (ကိုယ့်မဂ္ဂင်ကမြင်တာပါ ဘုရား)။

ကိုယ့်မဂ္ဂင်က မြင်တော့ သြော် ကိုယ်အသေ ကိုယ်မြင်အောင် မနည်း ကြိုးစားရတယ် (မှန်ပါ)။ သူများ အသေတော့ ခင်ဗျားတို့ အသုဘ ပို့ဖူး လှပါပြီ၊ ကိုယ့်အသေ ကျတော့ မပို့ဖူး သေးဘူး၊ (မှန်ပါ) ခွကျလိုက်တဲ့ ဖြစ်ခြင်းမှ (မှန်ပါ)။

ကိုယ့်အသေကတော့ ခဏခဏ သေနေတာ၊ အဲဒါ ကျတော့ မျက်ရည်လဲ မကျဘူး၊ ဉာဏ်ကလဲ မမြင်ဘူး ဆိုတော့ ဒါနဂိုတုံးက အရိယာ မျက်လုံး မတပ်ခင်တုန်းက ကိုယ့်အသေ ကိုယ် မမြင်ကြဘူး၊ (မှန်ပါ) အခု အရိယာ မျက်လုံး တပ်ပြီး ပေးလိုက်တဲ့ အခါကျတော့ မောင်သစ်တို့၊ မောင်ချစ်စိန်တို့ ကိုယ့်အသေ ကိုယ်မြင်လာတယ် (မှန်ပါ)။

ကိုယ့်အသေကလဲ သေးငယ်လိုက်တဲ့ ဖြစ်ခြင်းမှ မပြောပါနဲ့တော့ စိတ်ဆိုတာ ပမာဏ ပြလို့ မရဘူး၊ စိတ်ကတော့ရှိတယ် (မှန်ပါ)၊ ပမာဏ အရွယ် ဘယ်လောက်တုန်းလို့ မေးတဲ့ အခါကျတော့ ပြောပြ လောက်အောင် အရွယ်မရှိဘူး (မှန်ပါ) အာရုံပြုတာလဲ သူပဲ (မှန်ပါ)။

အဲဒါလောက် သေးငယ်တာကို ခင်ဗျားတို့က မဂ္ဂင် ငါးပါးနဲ့ ပေါင်းဆုံပြီး၊ အကြောင်း အကျိုး မဂ္ဂင်ငါးပါး စေ့ပြီး ကြည့်လိုက်တဲ့ အခါကျတော့ မရှိဘူး ဆိုတာ သိတယ် (မှန်ပါ)၊ ရှိရာက မရှိဘူး ဆိုတာကို ခင်ဗျားတို့ သိတယ် (မှန်ပါ)၊ သဘောကျ ပြီလား (ကျပါပြီ) ရှိရာက မရှိတာကို သိခြင်းသည် ဒါဟာ အရိယာတို့၏ အမြင်ပဲ (မှန်ပါ)၊ အရိယာတို့၏ အမြင် ဆိုတဲ့ ဥစ္စာသည် ဖြူစင်တဲ့ အမြင် (မှန်ပါ)၊ မှန်ကန်တဲ့ အမြင်၊ ဖြူစင်တဲ့ အမြင်ဆိုတာ အရိယာတို့၏ အမြင်၊ (မှန်ပါ)။

အဲဒါကြောင့် ခင်ဗျားတို့ ဒီအမြင် ရတယ် ဆိုကတည်း က ဪ တစ်သံသရာ လုံးဟာ သူများ မသာသာ မြင်ဖူးတယ် ကိုယ့်မသာ မမြင်ဖူးဘူး၊ (မှန်လှပါ)။ အခု ဝိပဿနာ လုပ်လိုက်တဲ့ အခါ ကျတော့ ဘာမြင် သတုံးလို့ မေးတဲ့ အခါကျတော့ ဦးမြအောင် ဖြေတတ်သလား (ဖြေတတ်ပါပြီ ဘုရား)၊ ဘာတုံး (ကိုယ့်မသာ ကိုယ်မြင် ပါတယ် ဘုရား)။

ကိုယ့်ဒုက္ခကိုယ်မြင်တယ်

ကိုယ့်မသာ ကိုယ်မြင်တယ် ဆိုတော့ ကိုယ့်အသေ ကိုယ်မြင်တယ်၊ ကိုယ့်အသုဘ ကိုယ် မြင်တယ်၊ ကိုယ့်ဒုက္ခ ကိုယ်မြင်တယ်၊ မဟုတ်ဘူးလား (မှန်လှပါ)၊ ကိုယ့် အနိစ္စ ကိုယ်မြင်တယ်၊ ကိုယ့်ဒုက္ခ ကိုယ်မြင်တယ်၊ ကိုယ့်အနတ္တ ကိုယ်မြင်တယ်၊ ကိုယ်မြင်တယ် ဆိုကတည်း ကိုက ဒီဥစ္စာက အရိယာ မျက်လုံးနဲ့ မြင်တာ (မှန်ပါ)။

သမထ တန်ခိုးကြောင့် ဗြဟ္မာကြီးတွေဟာ လူ့ပြည်မှာ အပ်ကျတာကို ဗြဟ္မာကြီးတွေ ဗြဟ္မာပြည်က နေပြီး ကြည့် တာကို မြင်တယ် (မှန်ပါ)။ ဒါပေမယ့် သူ အနိစ္စ မမြင်ဘူး၊ အရိယာ မျက်လုံး မပါလို့ (မှန်ပါ)။

တန်ခိုး မျက်လုံးနဲ့တော့ မြင်တယ်၊ လူ့ပြည်မှာ အပ်ကျ တာမြင်တယ်၊ အရိယာ မျက်လုံး မပါတော့ သူ့ခန္ဓာ ပျက်နေတာ သူမမြင်ဘူး၊ ပုထုဇဉ် ဗြဟ္မာတွေဟာ (မှန်ပါ)၊ ရိပ်မိပလား (ရိပ်မိပါပြီ)။

အဲဒီတော့ ခင်ဗျားတို့မှာ အရိယာ မျက်လုံးကို ဆရာ ဘုန်းကြီးက အခု တပ်ပေး လိုက်တော့ မြင်စိတ် ကလေး ပေါ်လာတာလဲ ကြည့်လိုက်တော့ မရှိဘူး၊ ကြားစိတ် ကလေး ပေါ်လာ တာလဲ ကြည့် လိုက်တော့ မရှိဘူး၊ နံစိတ် ကလေး ပေါ်လာတာလဲ (မရှိတော့ ပါဘူး)။ မရှိဘူး မရှိဘူး ဆိုတဲ့ ဥစ္စာကို သိတာ မဂ္ဂင်ငါးပါးနဲ့ သိတယ် (မှန်ပါ) မဂ္ဂင် ငါးပါး သည် အရိယာ သာဝကတို့၏ မျက်လုံး သွား ဖြစ်တယ် (မှန်ပါ)၊ ရှင်းပြီလား (ရှင်းပါပြီ)။

အဲဒီတော့ ဒီအမြင် ရင့်သန်လာတဲ့ အခါ “သာယံ ဟောတိ သမ္မာဒိဋ္ဌိ၊ သမ္မာ ပဿံ နိဗ္ဗိန္ဒတိ။” သမ္မာ- ကောင်းစွာ။ ပဿံ- မြင်သည် ရှိသော်။ နိဗ္ဗိန္ဒတိ – ဒီအသေကြီး ခဏခဏ သေတာ ကိုယ့်အသေ ကိုယ်မြင်လေလေ မုန်းလေလေပဲ (မှန်ပါ)။

ကိုယ့်အသေ ကိုယ်မုန်းဟာ နိဗ္ဗိန္ဒဉာဏ်

နိဗ္ဗိန္ဒဉာဏ် နိဗ္ဗိန္ဒဉာဏ် ဆိုတဲ့ ဥစ္စာက ဦးမြအောင် တို့က တခြား မှတ်နေတယ်။ ကိုယ့်အသေ ကိုယ် မုန်းတာကို ဆိုတယ် (မှန်လှပါ)။

ကိုယ့်အသေကို (ကိုယ်မုန်းတာ နိဗ္ဗိန္ဒဉာဏ်ပါ ဘုရား) ကိုယ့်အသေကိုယ် မုန်းတာကို ဆိုတာပဲ။

မလိုချင်တဲ့ဉာဏ် ချုပ်ရင် အသေ ပျောက်တယ်

တော်တော် ကြာကျတော့ ကိုယ့်အသေကို ကိုယ် မုန်းပြီး သကာလ ဒီအသေမျိုးဖြင့် မလိုချင် ပါဘူး ဆိုတဲ့ အခါကျလို့ ဆိုရင် အသေတွေ ပျောက်ကွယ် သွားလိမ့်မယ် (မှန်ပါ)။ မလိုချင်တဲ့ ဉာဏ်ချုပ်ရင် အသေ ပျောက်တယ် (မှန်ပါ)၊ မလိုချင်လို့ ဒိဋ္ဌိ အစွဲအလန်းတွေ ပြုတ် ထွက်သွားလို့ ရှိရင်ဖြင့် အသေကို ပျောက်ကွယ် သွားမယ် (မှန်ပါ)။

အသေမရှိတဲ့နေရာမြင်လာတယ်

အသေ ပျောက်ကွယ် သွားတော့ ခင်ဗျားတို့က ရှုရင်း မတ္တနဲ့ အခု ဒီတော့ မရောက် သေးဘူး ပေါ့ဗျာ။ ရောက်အောင် သင်နေတာ (မှန်ပါ)။ ဒီအသေတွေ ပျောက် ကွယ် သွားတဲ့ အခါကျတော့ သြော် အသေ မရှိတဲ့ နေရာလဲ ရှိသေး သကိုးလို့ နဂိုက အသေတွေ မြင်နေတဲ့ မျက်လုံးက အသေ မရှိတဲ့ နေရာကို မြင်လာတယ် (မှန်လှပါ)။ ဘာဖြစ်လို့ မြင်သတုံး ဆိုတော့ အသေဟာ ဒီနေရာတွင်ပဲ ကွယ်ပျောက် သွားတယ်၊ (မှန်ပါ) ရှုရင်းမတ္တနဲ့ ပျောက်ကွယ် သွားတယ် (မှန်ပါ)။ ခန္ဓာပါ ပျောက်ထွက် သွားတယ် (မှန်လှပါ)၊ သဘော ပါပြီလား (ပါပါပြီ)။

ခန္ဓာပါ ပျောက်ထွက် သွားတော့ ခန္ဓာ ရှိတုန်းက အသေချည့် ကို ဗျ၊ (မှန်ပါ) စိတ်ပျောက် သွားတော့ ရုပ်လဲ ပျောက် သွားတယ်၊ (မှန်ပါ)။ စိတ်ပျောက် သွားတော့ စေတသိတ်လဲ ပျောက်တယ် (မှန်ပါ)။ စိတ်၊ စေတသိတ်၊ ရုပ် မောင်သစ် အကုန် ပျောက်တယ် (မှန်ပါ)။

အဲဒီကဲ့သို့ ပျောက်သွားတဲ့ အခါကျတော့ နဂိုတုံးက အသုဘ၊ အသုဘ ပျောက်တယ် (မှန်ပါ)။ နဂိုတုံးက ဒုက္ခ သစ္စာ အကုန် ပျောက်သွားတယ် (မှန်ပါ)။ ပျောက်သွားတဲ့ အခါကျတော့ ဦးမြမောင်၊ ဦးကျော်မောင် တို့က သြော် အသေမရှိတဲ့ နေရာလဲ ရှိသေးတာကိုး လို့ သိလာတဲ့ အချိန်မှာ အဲဒါ အရိယာ မျက်လုံး အစစ် မြင်တာ (မှန်ပါ)။ အသေ မြင်တော့ အရိယာတို့၏ တပည့်သား မျက်လုံးနဲ့ မြင်တယ် (မှန်ပါ) သဘောပါပြီလား (ပါပါပြီ) အသေ ဆုံးသွားတာ မြင်လို့ရှိရင် အရိယာ မျက်လုံး အစစ်နဲ့ မြင်တာလို့ မှတ်လိုက် စမ်းပါ (မှန်လှပါ)။

အသေဆုံးသွားတာနိဗ္ဗာန်

အဲဒီတော့ အသေ ဆုံးသွားတာ နိဗ္ဗာန်လို့ ခေါ်တယ်၊ နိဗ္ဗာန် ဆိုတာ ဘာတုံး ဆိုလို့ ရှိရင် “ခန္ဓာနိရောဓော နိဗ္ဗာနံ”။ ဒီဘက် ခန္ဓာတွေ တွေ့သေးရဲ့ လား (မတွေ့ပါဘူး)။

ဒါတွေဟာ အသေဓာတ် တွေပဲ (မှန်ပါ)၊ ဒါတွေဟာ ခုရေး ထားလို့ ငါးခု တန်းနေတာ (မှန်ပါ)၊ ဖြစ်နေတော့ တစ်ခု တည်းပဲ (မှန်ပါ)၊ တစ်ပေါင်းတည်း တစ်ခု ချုပ်တော့ အကုန်ရော ချုပ်တာပဲ (မှန်ပါ) တစ်ခု ချုပ်တော့ အကုန် ချုပ်လို့ ၂-နံပါတ် အကုန် ရောချုပ်သွားတဲ့ အခါကျတော့ ဦးမြမောင် ရှုနေတဲ့ ဉာဏ်က ဒီကြားထဲမှာ သြော် ဒီဘက် ဘာမှ မရှိတော့ပါလား ဆိုတာ မသိပေဘူးလား (သိပါတယ်)။ ဒါတွေက ဘာတွေတုံး ဆိုတော့ ဒုက္ခသစ္စာ အသေဓာတ်တွေ ဘုရား (မှန်ပါ)။

၂-နံပါတ်ဟာဘာတုံး (ဒုက္ခသစ္စာ အသေဓာတ် တွေပါ)။

ဒုက္ခသစ္စာ အသေဓာတ်တွေ ဆိုတာ ခင်ဗျာတို့က သိပြီး သကာလ နေတော့၊ ဟင် အသေ မရှိတော့ ပါကလား (မှန်ပါ)။

အသေမရှိတဲ့နေရာ ကိုယ်တိုင်မြင်တယ်

သြော်-ဒါဖြင့် အမတ ဆိုတာ မသေခြင်း၊ အမတ ဆိုတာ ငါရောက်ပါပေါ့လား ဆိုတာ သူများ ပြောရတာ မဟုတ်ဘူး၊ အသေမရှိတဲ့ နေရာ ကိုယ်တိုင် မြင်လာတယ် (မှန်ပါ)။

ဦးဘသန်းကြီး သဘောကျပြီလား (ကျပါပြီ)။ အသေ မရှိတဲ့ နေရာကို (ကိုယ်တိုင် မြင်လာ ပါတယ်)။

အဲဒီတော့ ရှေးဦးစွာ အသေမြင်ဖို့၊ နောက် အသေမုန်း ဖို့ (မှန်ပါ)။ နောက်တော့ အသေ မကြည့် ချင်တဲ့ အသေ ဆိုတာ မရချင်တဲ့ ဉာဏ်လဲ လာပါရော အသေတွေ ပျောက်ထွက် သွားတယ် (မှန်ပါ)။ အသေ ပျောက်ကွယ် သွားတော့ ၂-နံပါတ် အကွက် ရှိသေးရဲ့လား (မရှိပါဘူး)။

၂-နံပါတ် အကွက် မရှိတာသည် ဘာဖြစ်လို့ မရှိတာတုံး မေးတော့ ဟောဒီ အသေနဲ့၊ ဟောဒီ နောက်က ဒိဋ္ဌိ၊ ဒိဋ္ဌုပါဒါန် ဒိဋ္ဌိ အုပ်ချုပ်တဲ့ ကံတွေ ရော ချုပ်သွားတယ် (မှန်ပါ)၊ ဒီဘက် က အသေ ဇာတိ ဇရာ မရဏတွေ ရော ချုပ်သွားတယ် (မှန်ပါ)။

ဒါဖြင့် – သူလဲ ချုပ်တယ်၊ သူကော (ချုပ်ပါတယ်)။ သူကော (ချုပ်ပါတယ်)။

သူလဲ ချုပ်တယ် ဆိုတော့ ကျုပ်တို့မှာ ဒီအတိတ် ကတော့ ချုပ်ပြီးသားမို့ မလိုတော့ဘူး (မှန်ပါ) လိုသေးရဲ့ လား (မလိုပါဘူး)။

နိဗ္ဗာန်နဲ့မဂ်ဉာဏ်ပဲ ကျန်ရစ်တယ်

မလိုတော့ ကျုပ်တို့မှာ နိဗ္ဗာန်နဲ့ မဂ်ဉာဏ်ပဲ ကျန်ရစ် တယ်၊ ဒီ ပဋိစ္စသမုပ္ပာဒ် အကုန် ပျောက်တယ် (မှန်ပါ)။ မောင်သစ် ပေါ်ပြီလား (ပေါ်ပါပြီ) နောက်က ဒကာ ဒကာမတွေ ပေါ်ကြပြီလား (ပေါ်ပါပြီ)။

သေသေ ချာချာ ကြည့်ပါ သေသေ ချာချာ ကြည့်ပါ။ ပဋိစ္စသမုပ္ပာဒ်ကို နားလည်ရုံနဲ့ မပြီးဘူး၊ အလုပ်နဲ့ သိမ်းတာကို သိမှ ဒါက အလုပ်နဲ့ သိမ်းတာ (မှန်ပါ)၊ ပေါ်ပြီလား (ပေါ်ပါပြီ)။

ကြည့်ပါများလာတဲ့ အခါ ဒီအသေတွေ မလိုချင်တဲ့ အခါကျတော့ ဒီအသေတွေ အကုန် မချုပ်ဘူးလား (ချုပ်ပါတယ်) ချုပ်သွားတော့ ဒီနောက်ကကောဒိဋ္ဌိ၊ ဒိဋ္ဌ ပါဒါန်ကော (ချုပ်ပါတယ်) ဒါဖြင့် ၃-နံပါတ် အကွက် ချုပ် သလား၊ ၄-နံပါတ် အကွက် ချုပ်သလားလို့ မေးရင် ဘယ့်နှယ် ပြောကြ မလဲ၊ (၃-နံပါတ် ကွက် ချုပ်ပါတယ်)။ ဘယ် ဟုတ်မလဲ၊ ၄-နံပါတ်ကွက် ချုပ်တယ်၊ သူက အတိတ်ကလဲ ချုပ်ခဲ့ပြီးသား၊ သူက အစောကြီးက ချုပ်နေတာ၊ သူက ကျုပ်တို့နဲ့ မဆိုင်တော့ဘူး။ ကျုပ်တို့ ရှိတာက ၁-၂-၃ သာ ကြောက် နေရတယ် (မှန်ပါ)။ သူကတော့ ကျုပ်တို့မှာ လွန်ပြီးသား ချုပ်ပြီးသား (မှန်ပါ)။ အကြောင်း အကျိုး သိအောင်လို့သာ ဖော်ရေး ထားတာ (မှန်ပါ)။ သူက အခု ကျုပ်တို့ သန္တာန်ရှိသေးရဲ့ လား (မရှိပါဘူး)။

ကျုပ်တို့ သန္တာန် သူမရှိတာက ဘာဖြစ်လို့ မရှိသတုံး ဆိုတော့ အဝိဇ္ဇာက သမ္မာဒိဋ္ဌိ ဝိဇ္ဇာ ဖြစ်သွားတယ် (မှန်လှပါ) ဒီတော့ သူရှိသေးရဲ့ လား (မရှိပါဘူး)၊ ဒါတွေဟာ သင်္ခါရ တရားတွေ ပြုပြင်တတ်တဲ့ တရားတွေဟာ ပြုပြင် နိုင်သေးရဲ့လား၊ အပါယ် ရောက်အောင် (မပြုပြင် နိုင်ပါဘူး) မပြုပြင် နိုင်တော့ ဒီ သင်္ခါရကလဲ ချုပ်သွားတယ် (မှန်ပါ)။

ဒါဖြင့် သူလဲ ချုပ် ဟုတ်လား (မှန်ပါ)၊ သူလဲချုပ်၊ သူလဲ ချုပ်၊ သူလဲချုပ် ဆိုတော့ ဒီနေရာမှာ မဂ္ဂင်နဲ့ ဒီနေရာမှာ နိဗ္ဗာန် ကျန်ရစ်တယ် (မှန်ပါ)။ ရှင်းပြီလား (ရှင်းပါပြီ)။

၂-နံပါတ်မှာ နိဗ္ဗာန် ကျန်ရစ်တယ်။ ၂-နံပါတ်နဲ့ ၃နံပါတ် ကြားထဲမှာ မဂ္ဂင် ဝင်လာတယ် (မှန်ပါ)။ မဝင်လာ ဘူးလား (ဝင်လာ ပါတယ်)။

နိရောဓနဲ့ မဂ္ဂကျန်ရစ်တယ်

ဝင်လာတော့ နိရောဓနဲ့ မဂ္ဂ ကျန်ရစ်တယ် ဆိုတော့ ဒီတစ်ခုလုံးက သမုဒယနဲ့ ဒုက္ခကိုးဗျ (မှန်ပါ)။ ပေါ်ပြီလား (ပေါ်ပါပြီ)။ စက်ဝိုင်း တစ်ခုလုံးက ဘာတုံး (သမုဒယနဲ့ ဒုက္ခပါ)၊ အခု ကျုပ်တို့ အားထုတ်ပြီး လုပ်လိုက်တော့ နိရောဓနဲ့ မဂ္ဂ ကျန်ရစ် တော့တယ် (မှန်ပါ)။ ပဋိစ္စ သမုပ္ပာဒ် တစ်ဝိုင်းလုံး မပြုတ် သေးဘူးလား (ပြုတ် ပါတယ်)။

အဲဒီတော့ကို ငါဟာ အလည်သမားလား မျော သမား- မြုပ်သမားလားလို့ တွေးဖို့ မလိုတော့ဘူး (မှန်ပါ) ပဋိစ္စ သမုပ္ပာဒ် ကို ငါအကုန် သိမ်းလိုက်ပြီ၊ ပေါ်ပြီလား (ပေါ်ပါပြီ)။

မိမိဉာဏ်က ပဋိစ္စသမုပ္ပါဒ်သိမ်းတာ

အဲဒီတော့ ဦးမြမောင်တို့ ဒီ ရောက်လာတယ်၊ ဦးကျော်မောင်တို့ ဒီရောက်လာတယ်၊ ဦးဘသန်းတို့ ဒီရောက် လာတယ်၊ ပဋိစ္စသမုပ္ပာဒ်ဟာ ဘယ်သူမှ သိမ်းမပေးနိုင်ဘူး၊ ခင်ဗျားတို့ ဉာဏ်မှ သိမ်းနိုင်တာ (မှန်ပါ)။

ဒီတရား မဟောဖူးသေးဘူးကွဲ မောင်ချစ်စိန် (မှန်ပါ) ပဋိစ္စ သမုပ္ပာဒ် လေးမျိုး စလုံး သိမ်းတာ မဟောသေးပါဘူး (မှန်ပါဘုရား)၊ ပေါ်ပြီလား (ပေါ်ပါပြီ)။

သိမ်းပုံကို ပေါ်ပြီလား (ပေါ်ပါပြီ)၊ ရှေးဦးစွာ သူ့ကို ဖြစ် ပျက် မြင်တယ် ဆိုတော့ မသိမ်း သေးဘူး၊ (မှန်လှပါ)၊ ဖြစ်ပျက် မုန်းတော့လဲ မသိမ်း သေးဘူး (မှန်လှပါ) ဖြစ်ပျက် မုန်းတော့လဲ မသိမ်း သေးဘူး (မှန်လှပါ)၊ ဒီဖြစ်ပျက်ဆုံးတဲ့ အခါကျတော့ကို ဘာကျန် သေးသတုံး (နိရောဓ ကျန်ပါတယ်)၊ ဒီဖက် နိရောဓ အကုန် ဖြစ်သွားတယ်၊ ဒုက္ခနိရောဓ (မှန်ပါ)၊ ဒုက္ခ နိရောဓ ဆိုတော့ သူက နိဗ္ဗာန် ဖြစ်သွားတော့ ဒုက္ခသစ္စာ ဟုတ်သေးရဲ့လား (မဟုတ်ပါဘူး)၊ သူက နိရောဓသစ္စာ ဖြစ်သွားတယ်၊ သူကကော (သူက မဂ္ဂသစ္စာ ဖြစ်သွား ပါတယ်) မဂ္ဂသစ္စာ ဖြစ်သွားတော့ ဒါတွေလဲ မဂ်က ပယ်ပစ် လိုက်တော့ ရှိသေးရဲ့လား (မရှိပါဘူး)၊ ဒါဖြင့် ၃လဲပျောက်၊ ၄-လဲပျောက် (မှန်ပါ)။

ဒီကဟာတွေလဲ မဂ္ဂသစ္စာထဲမှာ သူ့ပြောင်းပြန် လုပ်ပြီး တော့ အဝိဇ္ဇာကလဲ ဝိဇ္ဇာ ဖြစ်သွားတယ်၊ သင်္ခါရကလဲ အသင်္ခါရ ဖြစ်သွားတယ် (မှန်ပါ)။

အသင်္ခါရ ဖြစ်သွားတော့ကို ဒီမှာ နိရောဓ မဂ္ဂကျန်ရစ် တော့ကို ဒုက္ခသမုဒယ အဝိုင်းကြီး အကုန်သိမ်း သွားတယ် (မှန်ပါ)။

ဒါ မလွယ်ဘူး၊ ဒီနေ့ ပြောတဲ့ ဥစ္စာက ခင်ဗျားတို့ တရားပွဲထဲ ထည့်ဟောလို့ မဖြစ်ဘူး၊ (မှန်ပါ)၊ ဒီမှာ လာတော့ ဖြစ်ပါတယ်၊ ဒီမှာတော့ အဝိုင်းကြီးပဲ ထောက်ပြမှာကိုး (မှန်ပါ)၊ ဟိုမှာတော့ အဝိုင်းကြီး ထားစရာက မရှိဘူး (မှန်ပါ)။

အဲဒါကြောင့် ညောင်လေးပင်က ဒကာမကြီးတွေ၊ ဟင်္သာတက ဒကာမကြီးတွေ ဂရုစိုက်ပါ၊ ဒီနေ့ ပြောတဲ့ ဥစ္စာ သိပ်အရေးကြီးတယ် (မှန်ပါ)။ သိပ် အရေးကြီးတယ်။ ဒိဋ္ဌဓမ္မော ထိ ဖြစ်အောင် လုပ်ပေး နေတာ (မှန်ပါ)။

သံသရာလည်သမားမဟုတ်တော့ဘူး

ဒိဋ္ဌဓမ္မော ပတ္တဓမ္မော ဝိဒိတဓမ္မော ပရိယောဂါဌ ဓမ္မော တိဏ္ဏဝိစိကိစ္ဆာ ဝိဂတ ကတံကတော ဝေသာရဇ္ဇ ပတ္တာ ဆိုတာဟာ ရဲရင့်ခြင်းသို့ ရောက်ပြီတဲ့၊ ငါနိဗ္ဗာန် မြင်ထားပြီ ဆိုတော့ ငါသည် သံသရာ လည်သမားလဲ မဟုတ် တော့ဘူး၊ မဟုတ်ဘူးလား (မှန်လှပါ)။ လည်သမားလဲ မဟုတ်ဘူး၊ မြုပ်သမား၊ မျောသမားကော (မဟုတ်ပါဘူး) မဟုတ်တော့ဘူး ဆိုတော့ ဘာ သစ္စာဖြစ်လို့ ဒါလောက်တောင် ရဲတာတုံး မေးတော့မှ နိရောဓသစ္စာနဲ့ မဂ္ဂသစ္စာပဲ ကျန်ရစ် တော့တယ် (မှန်ပါ့)။

အဲဒီတော့ ဒီပဋိစ္စသမုပ္ပာဒ် အဝိုင်းကြီးသည် အားလုံး အတွက် ဟောထားတာ၊ အလုပ် မလုပ်တဲ့ ပုဂ္ဂိုလ်တွေ အတွက် ဟောထားတာ (မှန်ပါ)။ ပေါ်ပြီလား (ပေါ်ပါပြီ)၊ အလုပ် လုပ်တဲ့ ပုဂ္ဂိုလ် အတွက်မှာ အဝိုင်း ဇာတ်သိမ်းတယ် (မှန်ပါ)။

ဦးဘသန်း ကျေနပ်ပြီလား (ကျေနပ် ပါပြီ) အလုပ်လုပ်တဲ့ ပုဂ္ဂိုလ်အတွက်မှာ (အဝိုင်း ဇာတ်သိမ်း ပါတယ်)။

ဒါ လွယ်ပါ့မလား ဦးမြမောင်။ (မလွယ်ပါဘူး ဘုရား)၊ မလွယ်ဘူးတဲ့ ဒီဥစ္စာ၊ ခင်ဗျားတို့ တစ်သက်နဲ့ တစ်ကိုယ် ဒီတစ်ခါပဲ ကြားတယ် (မှန်ပါ)။

ဒီ ပဋိစ္စသမုပ္ပာဒ် ကြည့်ပါလား၊ မလိုချင်တော့ ဒုတိယ အကွက်ကလဲ ပျောက်ထွက်သွားတယ် (မှန်လှပါ)၊ ဒီကြား ထဲကလဲ မဂ်ဝင်လာတယ် (မှန်လှပါ)၊ ဒီကြားထဲ မဂ်ဝင်တော့ ဒီအဆက် ကလေးကလဲ ပြတ်သွားတယ် (မှန်ပါ)။ ပြတ်သွားတယ် ဆိုတော့ သူနဲ့ ဆက်သေးရဲ့ လား (မဆက်တော့ ပါဘူး) သူနဲ့မှ မဆက်ပဲ သူက ဆက်ချင်လို့ကော (မရပါဘူး)။

မရတော့ တစ်ကွက် ရှေးဦးစွာ ပျောက်တယ်၊ နောက် မဂ်ပေါ်လာတော့ သူက နိဗ္ဗာန် ဖြစ်သွားရော (မှန်ပါ)၊ သူကလဲ သင်္ခါရ မဟုတ်တော့ဘူး (မှန်ပါ)။ သူကလဲ သမုဒယသစ္စာ မဟုတ်တော့ဘူး (မှန်ပါ)၊ သူကလဲ ဒုက္ခသစ္စာ (မဟုတ်တော့ပါ ဘူး)။

မဟုတ်တော့ဘူး ဆိုသဖြင့် ပထမ အကွက်ကလဲ သူက အကုန် ပြောင်းပစ် လိုက်တယ် (မှန်ပါ)၊ ပဌမ အဝိဇ္ဇာကလဲ မဂ္ဂင်ထဲ ဝင်သွားတယ်၊ ဝိဇ္ဇာ သွားဖြစ်တယ် (မှန်ပါ)၊ သင်္ခါရ ကလဲ အသင်္ခါရ သွားဖြစ်တယ်၊ သဘောကျပြီလား (မှန်ပါ)။

ဒါဖြင့် “ဝိသင်္ခါရဂတံ စိတ္တံ တဏှာနံ ခယမဇ္ဈဂါ” နဲ့ သွားကိုက်တယ် (မှန်ပါ)။ ဝိသင်္ခါရဂတံစိတ္တံ-သင်္ခါရ ကင်းသွားပြီတဲ့၊ ဒီဘက် သင်္ခါရ အလုပ် လုပ်သေးရဲ့ လား (မလုပ် တော့ပါဘူး)။ တဏှာနံ ခယမဇ္ဈဂါ တဲ့၊ ဒီဖက်က ဒိဋ္ဌိ အုပ်ချုပ်တဲ့ တဏှာကော ကုန်မသွားဘူးလား (ကုန်သွား ပါတယ်)။

အနေကဇာတင်တာ ဘုရားအသက်သွင်းတယ်လို့ မှတ်နေတယ်

အဲဒီတော့ မင်းတို့ အနေကဇာ တင်တော့ ဝိသင်္ခါရ ဂတံ စိတ္တံ ဆိုတာ ဒါပျောက်တာ ပြောတာ (မှန်ပါ)။ တဏှာနံ ခယ မဇ္ဈဂါ ဆိုတာ ဒါပျောက်တာ ပြောတာ (မှန်ပါ)။ ပေါ်ပြီလား (ပေါ်ပါပြီ)။ ခင်ဗျားတို့က အနေကဇာ တင်တယ် ဆိုတာ ဘုရား အသက် သွင်းတယ် မှတ်နေကြတယ်။ ဘယ်ဟုတ်လိမ့် မတုံးဗျ၊ ဒါကုန်တယ်လို့ ပြောတာ (မှန်ပါ)။ ရိပ်မိပြီလား (ရိပ်မိပါပြီ)။

ဘုရားအသက်သွင်းတာမဟုတ်ဘူး

ဘုရားအနေကဇာ တင်တယ် ဆိုတော့ တစ်ချို့ လူတွေက ဘုရား အသက် သွင်းတယ်လို့ ယူချင် ယူနေတာ (မှန်ပါ)။ ဘုရား အသက်သွင်းတာ မဟုတ်ဘူး ဒီဟာတွေ ပြနေတာ။ ပေါ်ကြပြီလား (ပေါ်ပါပြီ)။

ကဲ-ဒါဖြင့်၊ သြော်- ဒီဥစ္စာ နိရောဓနဲ့ မဂ္ဂ ဘယ်လို ပုဂ္ဂိုလ်များ ရထိုက် ပါလိမ့်မတုံး၊ နိရောဓမဂ္ဂ ရမှလဲ အဝိုင်းကြီး သိမ်းတယ်၊ ဒါတွေက အကန့်တွေ ကိုးဗျ၊ (မှန်ပါ)။ သင်္ခါရ အကန့်တွေဟင် (မှန်လှပါ)။ ဒီဇာတိ ဇရာမရဏ အကွက် တွေကော ရှိသေးရဲ့လား (မရှိပါဘူး)။ ဝင်ရိုးကြီးကော ရှိသေးရဲ့ လား (မရှိပါဘူး)။ အာသဝ ဝင်ရိုးကြီးလဲ မရှိတော့ဖူး၊ ဒီပုံတောင်းတွေကော (မရှိတော့ ပါဘူး)၊ သံပတ် ခွေ အကပ် ကြီးကော (မရှိပါဘူး)၊ အဲဒါတွေ အကုန်ပြုတ် တယ် (မှန်ပါ)။

ကဲ ဒါဖြင့် ဒီနေ့ တရားနာ ရတာဟာ ပဋိစ္စ သမုပ္ပာဒ် အဝိုင်းကြီးက ဘယ်လို ပုဂ္ဂိုလ်တွေ အတွက်ပါလိမ့် မတုံးဆိုတော့၊ အို အလုပ် မလုပ်တဲ့ ပုဂ္ဂိုလ်တွေ အတွက် ဟောထားတာ (မှန်ပါ)။ ရှင်းပြီးလား (ရှင်းပါပြီ)။

ဘယ်ပုဂ္ဂိုလ်အတွက် ဟောထားတာတုံး (အလုပ် မလုပ်တဲ့ ပုဂ္ဂိုလ်အတွက်ပါ)။

အလုပ် လုပ်တဲ့ ပုဂ္ဂိုလ် အတွက်မှာ လေးကွက်စလုံး ပျောက်တယ် (မှန်လှပါ)။ ပျောက်ရ မှာပဲတဲ့ မလိုချင်တော့ ဒါတွေ က နိရောဓသစ္စာ သွားဖြစ်တယ် (မှန်ပါ)။ ဒီကြားထဲက ဟာတွေက (မဂ္ဂသစ္စာ သွားဖြစ်ပါတယ်)။

မဂ္ဂသစ္စာ သွားဖြစ်တော့ ခင်ဗျားတို့ ပဋိစ္စသမုပ္ပာဒ် အဝိုင်းကြီးဟာ သမုဒယနဲ့ ဒုက္ခပဲပါတယ် (မှန်ပါ)၊ ကြည့်ပါ။ ၄-ဖက်စလုံး မှာ သမုဒယနဲ့ ဒုက္ခချည်းပဲ (မှန်ပါ)။

အဲဒီတော့ ၂-နံပါက် အကွက်မှာ ခန္ဓာ မရှိတော့ဘူး၊ ခန္ဓာ မရှိတဲ့ နိဗ္ဗာန်ကို ၂ နဲ့ ၃ ကြား မဂ္ဂသစ္စာဝင်ပြီး ပြင်လိုက်တဲ့ အခါကျတော့ နိရောဓနဲ့ မဂ္ဂပဲ ကျန်ရစ်တော့တယ် (မှန်ပါ) ပေါ်ပြီလား (ပေါ်ပါပြီ)။

နိရောဓနဲ့ မဂ္ဂပဲ ကျန်တော့၊ ဪ တို့ ပဋိစ္စ သမုပ္ပာဒ်ကြီး တို့နားလည်ထားတာကြီး ကုန်ပါပေါ့လား ဆိုတော့ တို့သံသရာ ကုန်တာ ပြောတာ (မှန်ပါ)။ ကိုယ့်သံသရာ ကုန်သွားတာကို ကိုယ်မြင်တယ် (မှန်ပါ)။ ရှင်းပြီလား (ရှင်းပါပြီ)။

အဲဒီတော့ ဦးမြမောင်တို့၊ ဦးကျော်မောင်တို့ကမှတ်၊ ဘုရားဖြစ်ချင်တော့ အားထုတ်တာ များလာ တော့ ပဋိစ္စ သမုပ္ပာဒ် အစကိုလဲ ဖြုတ်လိုက်တယ်၊ အဆုံးကိုလဲ သိလိုက် တယ်၊ အစကိုလဲ ပယ်လိုက် တယ်၊ ပယ်လိုက်တဲ့အတွက် အဆုံးပါ ပျောက်သွားတဲ့ အချိန်မှာ ဘုရား ဖြစ်တယ် (မှန်လှပါ)၊ ရိပ်မိ ပြီလား (ရိပ်မိပါပြီ)။

ပဋိစ္စသမုပ္ပါဒ်ဆင်ခြင်မှ ဘုရားဖြစ်တယ်

အစသိ၊ အဆုံးသိပြီး သကာလမှ ငါဖြင့် ဒီနှစ်ခုကို အကုန် သိပြီး ဒါတွေ အကုန်ငါ့မှာဖြင့် မရှိတော့ဘူးလို့ သိတဲ့ အချိန်မှာ ဘုရား ဖြစ်လာတယ်တဲ့ (မှန်ပါ)၊ ဒါ ပဋိစ္စသမုပ္ပာဒ် ဆင်ခြင်မှ ဘုရား ဖြစ်တယ် ပြောတာ (မှန်ပါ) ရှင်းပြီလား (ရှင်းပါပြီ)။

ဒါဖြင့် ခင်ဗျားတို့ ဒီနေ့ အလုပ် လုပ်လို့ ရှိရင်ဖြင့် သောတာပန် စခန်းဟာ ဒီဒုက္ခ ချုပ်အောင်သာ ခင်ဗျားတို့ ရှုမယ်ဆိုလို့ ရှိရင် စိတ်တစ်ခု ရှုရင်လဲ အကုန် ချုပ်မှာပဲ (မှန်ပါ)၊ ချုပ်သည်နဲ့ တစ်ပြိုင်နက် တည်း ဝိပဿနာမဂ်က မဂ်စစ် ဖြစ်လာလို့ ရှိရင်ဖြင့် ဒီတစ်ဝိုင်းလုံး အကုန် ပျောက်မယ်၊ (မှန်ပါ)၊ မပျောက်ဘူးလား (ပျောက်ပါတယ်)။ ဒီဒုက္ခက နိရောဓ သွားတယ် (မှန်ပါ)။ သမုဒယ အနေကို မဂ္ဂက ပယ်ပစ်ချ လိုက်တယ်၊ သမုဒယနဲ့ အကျိုး တရားတွေကော ကျန်ရစ်သေးရဲ့ လား (မကျန်ရစ်ပါဘူး)။ ဒီတော့ အဝိဇ္ဇာကလဲ ဘာဖြစ်သွားသတုံး (ဝိဇ္ဇာ ဖြစ်သွား ပါတယ်)။

သင်္ခါရကလဲ ဝိသင်္ခါရ သွားဖြစ်တယ်။ ဝိသင်္ခါရဂတံ စိတ္တံ ကိုးဗျ၊ ခင်ဗျားတို့ မဂ္ဂင်ဖြစ်တော့ ဝိသင်္ခါရဂတံ ဖြစ်တယ် (မှန်ပါ)။ ခင်ဗျားတို့ မဂ္ဂသစ္စာက သင်္ခါရကင်းစိတ် (မှန်ပါ) ခင်ဗျားတို့ မဂ္ဂသစ္စာက သင်္ခါရ ကင်းစိတ် (မှန်ပါ)၊ ဝိသင်္ခါရ ဂတံ စိတ္တံ တဏှာနံ ခယမဇ္ဈဂါ ဒါတွေ ကုန်ပါပြီတဲ့။ မကုန်ပေဖူးလား (ကုန်ပါပြီ)။

ဘယ်လောက် နက်နဲတယ် ဆိုတာ ဦးဘသန်း ရိပ်မိ ပြီလား (ရိပ်မိပါပြီ)။ ဘယ်မှာ ဒီဥစ္စာ စာအုပ် ကြည့်လို့လဲ အခက်ကြီး (မှန်ပါ)။ စာအုပ် ကြည့်လိုက် ပြန်လဲ ခက်ပြီး လုပ်ကြည့်မှ သူပေါ် လာတယ် (မှန်ပါ)။

ကိုယ့်ဟာကိုယ်လုပ်လို့ နိဗ္ဗာန်ကိုမြင်တာ

ဒါဖြင့် ဒီနေရာမှာ နိဗ္ဗာန်ကို ခင်ဗျားတို့ မြင်နေ ရတော့ ဒါတွေ ဒုက္ခချုပ် သွားပြီ။ ဒါတွေ မဂ္ဂသစ္စာနဲ့ မြင်တဲ့ အခါကျတော့ ဘယ်ပုဂ္ဂိုလ်များ မြင်ပါလိမ့်မတုံး ဆိုတော့ အရိယာ မျက်လုံး စရပြီး အရိယာ မျက်လုံး အစစ် ဖြစ်သွားတဲ့ ပုဂ္ဂိုလ်မှ ဖြစ်တယ်၊ ကိုယ့်ဟာကိုယ် လုပ်လို့ ကိုယ်မြင်တာကိုး (မှန်လှပါ)။ ရှင်းပြီလား (ရှင်းပါပြီ)။

မဂ်ကိုအမျှပေးလို့မရဘူး

ဒါဖြင့် နိဗ္ဗာန်မြင်တဲ့ ပုဂ္ဂိုလ်များဟာ သူများကြောင့် မြင်တာလား၊ ကိုယ့်အလုပ်နဲ့ ကိုယ်မြင် တာလား (ကိုယ့် အလုပ်နဲ့ ကိုယ်မြင်တာပါ) ဒါဖြင့် အမျှပေးလို့ မရဘူး (မှန်လှပါ) မဂ်ကို အမျှပေးလို့ မရဘူး၊ (မှန်လှပါ)၊ ရှင်းပြီလား (ရှင်းပါပြီ)။

သားတွေ သမီးတွေ ခင်ပါတယ်၊ သားမယားတွေ ကြင်နာပါတယ် ဆိုငြားသော်လဲ ကိုယ်လုပ်မှ ကိုယ်မြင်မည်။ နိဗ္ဗာန် ဆိုတာ ရိပ်မိပလား (ရိပ်မိပါပြီ)။

ဒီပြင် ဒါန ကုသိုလ်၊ သီလ ကုသိုလ်တွေ အမျှပေးလို့ ရ တယ်။ သူကတော့ မရဘူးတဲ့၊ ကိုယ်ပန် ထားတဲ့ ပန်းဟာ ကိုယ်သာ လှတာပဲ၊ သူများ ဘယ်တော့မှ မလှဘူး (မှန်ပါ)။

ကိုယ့်မဂ္ဂင်ဟာ ကိုယ်သာ ပန်ထား သောကြောင့် ကိုယ်သာ လှတာပဲ၊ သူများ မလှဘူးတဲ့ (မှန်ပါ)။ ရှင်းပြီလား (ရှင်းပါပြီ)။

နိဗ္ဗာန်ဆိုတာ

ကဲ-ဒါဖြင့် နိဗ္ဗာန် အကြောင်းကို ယနေ့ ပြောတော့ မယ်၊ နိဗ္ဗာန်ဆိုတာ ဦးကျော်မောင်တို့ မှတ်လိုက်စမ်းပါ။ (မှန်လှပါ)။ ကျောက်တောင်ကြီး တစ်ခု ရှိတယ်တဲ့။ ကျောက်တောင်ကြီး တစ်ခုရှိ ပြီး သကာလ နေတော့ ဒီကျောက် တောင်ကြီးဟာက ကျုပ်တို့ စစ်အတွက် သုံးမယ် ဆိုတော့ ကျောက် တောင်ကို ပို တူး ကြရမယ်၊ စစ်သုံးဖို့ ဆိုရင် မတူး ကြရဘူးလား၊ (တူးကြရပါတယ်)။

တူးတော့ ဦးကျော်မောင်၊ ဦးမြမောင်တို့ ခင်ဗျားတို့ ဘာလုပ်ဖို့ တူးသတုံး အို အောင်းဖို့ ပေါ့ဗျာ၊ ကာကွယ် ဖို့ပေါ့ဗျာ(မှန်ပါ)။

ကျောက်တောင်ကြီးဥပမာ

နဂိုက ဒီကျောက်တောင် ကြီးဟာ မတူးခင်က လိုဏ်ကြီး ခေါင်းကြီး အောင်းစရာ ရှိသလားလို့ မေးရင် ဘယ့်နှယ်ဖြေမလဲ (မရှိပါဘူးဘုရား)။

ဒါဖြင့် သူတူးတဲ့ ပုဂ္ဂိုလ်၏ လုံ့လ ပယောဂကြောင့် ရှိလာတာ (မှန်လှပါ)၊ သဘောကျပြီလား (ကျပါပြီ)။

ဒီလိုပဲ ဒီနိဗ္ဗာန်ဟာ မှတ်လိုက်ပါတော့၊ ပစ္စုပ္ပန် ကာလမှာလဲ မရှိဘူး၊ မတူးတဲ့ ပုဂ္ဂိုလ်မှာ (မှန်ပါ)။ အတိတ် ကာလကလဲ မရှိခဲ့ဖူးဘူး၊ (မရှိခဲ့ပါဘူး)၊ အနာဂတ် ကာလ မှာကော (မရှိပါဘူး) ဒါကြောင့် နိဗ္ဗာန်ဟာ ကာလ သုံးပါး လွတ်တယ် (မှန်ပါ)။

ပစ္စုပ္ပန် ကာလ ရှိနေလို့ ရှိရင် လူတိုင်း ဝင်အောင်းမှာ ပေါ့ဗျာ (မှန်ပါ)၊ မဟုတ်ဘူး၊ တူးတဲ့ ပုဂ္ဂိုလ်မှ သာလျှင် အောင်းလို့ ရတယ် (မှန်ပါ)၊ အခုတူးလို့ အခုအောင်းလို့ ရတော့ (မှန်ပါ)။ ရှေးက ရှိနှင့်လို့ ရှိရင်လဲ နိဗ္ဗာန်ဟာ ရှေးကလူတွေ အကုန် ရောက်ကုန် မှာပေါ့ (မှန်ပါ)။

နိဗ္ဗာန်ဟာ ကာလသုံးပါးက လွတ်တယ်

ဒါကြောင့် အလုပ် မလုပ်တဲ့ ပုဂ္ဂိုလ်မှာ ရှေးက မရှိတာ ကြောင့် အတိတ်မှာလဲ နိဗ္ဗာန်မရှိ။ အနာဂတ်မှာလဲ (မရှိပါဘူး) ပစ္စုပ္ပန်မှာလဲ မတူးတဲ့ ပုဂ္ဂိုလ်မှာ (မရှိပါဘူး ဘုရား)။

ကဲ ခင်ဗျားတို့ ဖြစ်ပျက်ကို နှလုံးသွင်း နေတာ သူပုန်းဖို့ တူးနေတာ (မှန်ပါ)။ နိဗ္ဗာန် တည်း ဟူသော ပုန်းအောင်းရာ လဲလျောင်းရာ ကာကွယ်ရာ ဒါကြီးပေါ်အောင်လို့ ခင်ဗျားတို့ ဖြစ်ပျက် လုပ်နေတာ (မှန်ပါ)။ ဒါဂူတူး နေတာ (မှန်ပါ)။

ဂူတူးနေတဲ့ အခါကျတော့ ဒီဂူကြီးဟာက သြော် အသေလွတ်တဲ့ နေရာပါလား ဆိုတဲ့ဥစ္စာ ခင်ဗျားတို့ ရဲရဲ တင်းတင်း နေကြ သလိုပေါ့ဗျာ (မှန်ပါ)။ ဘယ်လောက် တန်ဗုံး တွေကျကျ ကိုယ်တူး ထားတဲ့ ဂူက အပေါ်ကလဲ အမြင့်ကြီး ဘေးကလဲ ဗုံးဆံတွေ စင်ပြီး ဝင်စရာ မရှိဘူး ဆိုပြီး စိတ်ချ လက်ချ ကိုယ်၏ ပုန်းအောင်းရာ ကိုယ်၏ လဲလျောင်းရာ ကိုယ်၏ ကာကွယ်ရေး မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား) ဘယ်သူ၏ ကာကွယ်ရေးတုံး မေးတော့ တူးတဲ့ ပုဂ္ဂိုလ်၏ ကာကွယ်ရေး (မှန်ပါ)။

ဒါဖြင့် ခင်ဗျားတို့ ဖြစ်ပျက် မြင်အောင်ကြည့် ဖြစ်ပျက် မုန်းအောင်ကြည့် ဖြစ်ပျက် ဆုံးအောင်ရှု ဆိုတဲ့ဥစ္စာ ခင်ဗျားတို့ ကာကွယ်ရေး ခင်ဗျားတို့ ရှာနေတာ (မှန်ပါ)။

ခင်ဗျားတို့ ကာကွယ်ရေး ခင်ဗျားတို့ ရှာပြီး သကာလ နေတော့ ကာလ သုံးပါး လွတ်ပါတယ် တဲ့ နိဗ္ဗာန်ဟာ (မှန်ပါ) ပေါ်ပြီလား (ပေါ်ပါပြီ)။

ဒီဂူကြီးက နဂိုက ကျောက်တောင်ကြီး (မှန်ပါ) ခင်ဗျားတို့ လုံ့လပယောဂနဲ့ တူးလို့သာ ပေါ်လာတာ (မှန်ပါ)။

အဲဒီတော့ အတိတ်ကရှိနှင့်သလား ဒီအခေါင်းကြီး ဟာ (မရှိနှင့်ပါဘူး)၊ အနာဂတ်မှာ တူးထားနှင့် တာကော ရှိရဲ့လား (မရှိပါဘူး)၊ ပစ္စုပ္ပန်မှာကော အခုတူးလို့ အခု ပေါ်လာတာ၊ နဂိုက တောင်ကြီး ဟုတ်လား- ထုကြီးနဲ့။ ဒီလိုကော မနေဘူးလား (နေပါတယ်)။

ဒါဖြင့် ဦးမြမောင်ကို မေးပြီ ဂူကြီးသည် ဘယ် ကာလက ရှိနှင့်တာတုံး မေးရင် ဘယ့်နှယ် ပြောမလဲ (မရှိနှင့်ပါဘူး ဘုရား) အခုမှ ပေါ်တာပါ၊ အခုမှ ပုန်းအောင်းရာ လဲလျောင်းရာ ရမယ် (မှန်ပါ)။

ကျောက်သားနဲ့ ဟာလာဟင်းလင်းနဲ့မတူတော့ဘူး

ဒါဖြင့် တူးလိုက်တဲ့အခါ ကျတော့လဲ တစ်ခါစဉ်းစား အုံးတဲ့၊ ကျောက်သားနဲ့ ဟာလာ ဟင်းလင်း ကြီးနဲ့ တူရဲ့ လားလို့ မေးပြန်တယ် (မတူပါဘူး)၊ သူက ဟာလာ ဟင်းလင်း ဟုတ်လား၊ ကျောက်သားက ကျောက်သားအမျိုး (မှန်ပါ)၊ ဒီလို မနေဘူးလား (နေပါတယ်)။

ကျောက်သားက ကျောက်သား တစ်မျိုး။ တူးထားတဲ့ လိုဏ်ဂူကြီးက ဟာလာ ဟင်းလင်းကြီး တစ်မျိုး ဆိုတော့ကို နိဗ္ဗာန်သည် ခင်ဗျားတို့ ပြုလုပ်ထားတဲ့ ဒါန သီလ သမထ စေတနာနဲ့လဲ မတူဘူး၊ ကျောက် တောင်ကြီးနဲ့လဲ မတူဘူးတဲ့။ မဂ်စိတ်က ဖြစ်ပျက် ဒါန သီလတွေကလဲ ဖြစ်ပျက်ပဲ။ (မှန်ပါ)။ အဲဒါတွေနဲ့ လဲမတူတဲ့ အခေါင်းကြီး ပေါ်လာ သလိုပဲတဲ့။ ပုန်းအောင်းရာ လဲလျောင်းရာ ပေါ်လာတယ်၊ ဒါန သီလ သမထ ဝိပဿနာ ဆိုတဲ့ သင်္ခါရပစ္စည်းတွေနဲ့ လဲ ခုနင်က အခေါင်းကြီးနဲ့ တူရဲ့ လား၊ (မတူပါ)။

ဒါဖြင့် သင်္ခါရ နိမိတ် မလွတ်ဘူးလား (လွတ်ပါ တယ်) သင်္ခါရနဲ့ တူကို တူသေးရဲ့ ။ (မတူပါဘူး)။

မတူတော့ ဒါ့ကြောင့် ခင်မျာ့ကို ပြုထားတဲ့ ဒါနလဲ နိဗ္ဗာန်နဲ့ မတူဘူး၊ ဒါက စေတနာ ဆိုတော့ ဖြစ်ပျက် သွားတာ (မှန်ပါ)။ သီလကလဲ ဝိရတီ ဆိုတော့ ဖြစ်ပျက်သွားတာ (မှန်ပါ)။ သမထက သမာဓိ ဆိုတော့ကော (ဖြစ်ပျက်သွား တာပါပဲ) တူရဲ့ လား၊ သူတို့ နဲ့ (မတူပါဘူး)။ အဲ ကျောက်တောင် ကြီးနဲ့ အောင်းရာနဲ့ မတူသလို ပေါ်တာပဲ (မှန်ပါ)။

ဒါသေးတဲ့ အဓိပ္ပာယ် မဟုတ်ဘူး။ မောင်သစ်တို့ တောင် ဒီတစ်ခါ ကြားဘူးမှာ (မှန်ပါ)၊ မောင်ချစ်စိန် ကော (ဒီတစ်ခါပဲ ကြားဘူးပါတယ်)။ ဒီတစ်ခါပဲ ကြားဘူးတယ်၊ အခုမှ စဟောတာ (မှန်ပါ)။

အသေတွေအကုန်ချုပ်ပြီး မသေတဲ့နေရာပေါ်လာတယ်

ကဲ-ဒါဖြင့် ဒီနေရာမှာ နဂိုတုံးက ခန္ဓာငါးပါး အသေတွေ ရှုပ်နေတယ်။ ကြည့် ၂-နံပါတ်မှာ ခန္ဓာငါးပါး အသေတွေ ရှုပ်နေတယ် (မှန်လှပါ ဘုရား)။ မဂ်စစ် ဝင်လာတော့ ဒါတွေ အကုန် မချုပ်ဘူးလား (ချုပ်ပါတယ်)၊ ဒါ ပုန်းအောင်းရာ ဒီနေရာ ပေါ်လာတယ်၊ မသေတဲ့ နေရာ ဆိုပြီး ဒီနေရာ ပေါ်လာတယ် (မှန်ပါ)၊ နဂိုက သေတဲ့ နေရာကိုး (မှန်ပါ)။

၂- နံပါတ်ဟာ နဂိုက ဘာတုံး (နဂိုက သေတဲ့ နေရာပါ)။ အခု ဒါတွေ အကုန် ချုပ်သွားတော့ ဒါ ဘာဖြစ်သွား သတုံး (မသေတဲ့ နေရာ ဖြစ်သွားပါတယ်)။ မသေတဲ့ နေရာဖြစ် သွားတော့ ပုန်းအောင်း ရာကြီး ခင်ဗျားတို့ မြင်ထားတယ်။ (မှန်ပါ)။ ဟာ မသေတဲ့ နေရာဟာ ဒါပဲ (မှန်ပါ)။

နဂိုက ဒါ ကျောက်တောင်ကြီး ပေါ့ဗျာ (မှန်ပါ)၊ ခု သေသေ ချာချာ ခင်ဗျား မဂ်နဲ့ တူးဆွ လိုက်တဲ့ အခါကျတော့ ကိလေသာတွေကုန် ဒုက္ခတွေ ကုန်သွားတော့ ပုန်းအောင်းရာ ဌာနကြီး ဖြစ်မလာ ဘူးလား (ဖြစ်လာပါတယ်)။ ဒါဖြင့် ဒီဟာ နိဗ္ဗာန် (မှန်ပါ)။

ချုပ်သွားလို့ ရှိရင် ဒီဟာ ဘာခေါ်မယ် (နိဗ္ဗာန်ပါ) ဒါက ဘာခေါ်မလဲ (မဂ်ဉာဏ်ပါ)။

အဲဒီတော့ မဂ်ဉာဏ် ဖိုလ်ဉာဏ် ရှိသော ပုဂ္ဂိုလ်တို့၏ ပုန်းအောင်းရာ (မှန်ပါ)၊ ပစ္စဝေက္ခဏဉာဏ် ရှိသော ပုဂ္ဂိုလ်တို့၏ (ပုန်းအောင်းရာပါ)။

ဒါကြောင့် ဒီဟာ ဆုံးအောင် ရှုရမယ် ဆိုတာ ပုန်း အောင်းရာ တွေ့အောင် လုပ်ပါ (မှန်ပါ)။ ရှင်းပြီလား (ရှင်းပါပြီ)။

အသင်္ခတ တရားပေါ်လာတယ်

ကဲ ဒါဖြင့် ခင်ဗျားတို့ လုပ်တဲ့ တရားနဲ့ ကော ပေါ်လာတဲ့ တရားနဲ့ တူပါရဲ့ လားလို့ မေးပြန်တော့ ဘယ့်နှယ် ဖြေပါ့မလဲ (မတူပါဘူး)၊ ဟိုက သင်္ခတ တရား (မှန်ပါ)။ ဒီက ပေါ်လာတာက အသင်္ခတ တရား (မှန်ပါ)။ ဉာဏ်နဲ့ ရှုလိုက်တာနဲ့ မြင်လာတယ်။ (မှန်ပါ)။ ပုန်းအောင်းရာ လဲလျောင်းရာ ဖြစ်လာ တယ်၊ မဟုတ်ဘူးလား (ဟုတ်ပါတယ်)၊ ဒါဖြင့် သူက အသင်္ခတ တရား၊ ခင်ဗျားတို့ ပြုပြင်တဲ့ တရားတွေက (သင်္ခတ တရားပါ)။

ဒါဖြင့် – သင်္ခတတရားတွေ လုပ်ပြီး အသင်္ခတ အကျိုးပေးတယ် (မှန်ပါ)၊ ပေါ်ကြပြီလား (ပေါ်ပါပြီ)။

သေတတ်တဲ့တရားတွေနဲ့ ရင်းနှီးယူရတယ်

သင်္ခတ တရားတွေ လုပ်ပြီးတော့ (အသင်္ခတ အကျိုးပေးပါတယ်)၊ သေတက်တဲ့ တရားတွေနဲ့ ခင်ဗျားတို့ မသေတတ်တဲ့ တရားကို ရင်းနှီး ယူရတယ် (မှန်ပါ)။

သေတတ်တဲ့ ဒါန၊ သေတတ်တဲ့ သီလ၊သေတတ်တဲ့ သမထ၊ သေတတ်တဲ့ ဝိပဿနာတွေနဲ့ ရင်းနှီး ပြီးတော့မှ မသေရာကို ခင်ဗျားတို့ အရယူတယ် ဆိုတော့ ဒီစကား တွေဟာ အင်မတန် ကြီးကျယ်တဲ့ စကားတွေ (မှန်ပါ)။

သာမညနား ဆိုလို့ ရှိရင် အကွက်ချသာ မပြောဘူး ဆိုရင် ဦးကျော်မောင် နားမလည်နိုင်ဘူး (မလည်နိုင်ပါဘူး ဘုရား) မလည်တော့ဘူး၊ အင်မတန် ခဲယဉ်း သွားပြီတဲ့။ အခုတော့ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဪ သေတက်တဲ့ တရားတွေနဲ့ မသေရာရပါ ကလား (မှန်ပါ)။ ဒါန ဆိုတာ ဘာတုံး (သေတတ်တဲ့ တရားပါ)၊ စေတနာ ဆိုတာ ဖြစ်ပျက်ပဲ။ သေတာပဲ။ (မှန်ပါ)။ သီလဝိရတီ ဆိုတာကော (သေတတ်တဲ့ တရားပါပဲ)၊ သမထ သမာဓိ ဆိုတာကော (သေတတ်တဲ့ တရားပါ ဘုရား) ဝိပဿနာ ဆိုတာတွေကော (သေတတ်တဲ့ တရားပါ ဘုရား)၊ သေတတ် တဲ့ တရားတွေနဲ့ ရင်းနှီးပြီး သကာလ မသေရာ ရနိုင်ပါတယ် (မှန်ပါ)။

သင်္ခတကကျေးဇူးပြုလို့ အသင်္ခတရတယ်

ဒါကြောင့် သင်္ခတက ကျေးဇူးပြုလိုက်တာနဲ့ အသင်္ခတရတယ် (မှန်ပါ)။

ဒါဖြင့် သင်္ခတက တူးဆွတာနဲ့ တူသွားတယ်။ ရတော့ ဂူကြီး ပုန်းအောင်းရာ ဆိုတဲ့ အသင်္ခတ ရတယ် (မှန်ပါ)။ ရှင်းပြီလား (ရှင်းပါပြီ)။

ဒါဖြင့် နိဗ္ဗာန်ဟာ အသင်္ခတာ ဓမ္မာ ဆိုတာလဲ ပေါ်သွားပြီ (ပေါ်ပါပြီ)။ ပြုပြင်စရာ မရှိတဲ့ တရား ဆိုတာလဲ ပေါ်သွားပြီ (ပေါ်ပါပြီ)။

ခင်ဗျားတို့က အားထုတ်နေတာက သင်္ခတ တရား (မှန်ပါ)။ နိဗ္ဗာန်က အသင်္ခတ တရား (မှန်ပါ) ဘယ်သူမှ မပြုပြင်ဘဲနဲ့ ခိုင်မြဲနေတဲ့ တရား ဆိုတဲ့ဥစ္စာ ခင်ဗျားတို့ ရှင်းပြီလား (ရှင်းပါပြီ)။

ဒါန သီလ သမထတွေက ပြုပြင်တဲ့ တရားတွေ၊ ဒါန သီလ သမထ အရိပ်ကို သူ့အထဲ ပါသေး သလား (မပါပါဘူး) မသေရာကြီး ပေါ်လာတာပဲ ရှင်းပြီလား (ရှင်းပါပြီ)။

ဒါဖြင့် သင်္ခတကြောင့် ရငြားသော်လဲ သင်္ခတ အရိပ် ပါရဲ့ လား (မပါပါဘူး) ဒါ့ကြောင့် သူ့ကို “အသင်္ခတာ ဓမ္မာ” လို့ ဘုရားက ဟောတော်မူတယ် (မှန်ပါ)။

ဘာတရားတဲ့တုံး (အသင်္ခတ တရားပါ)၊ မပြုပြင်ဘဲနဲ့ ခိုင်တဲ့တရား ဆိုပြီး သကာလ ဒီလို ပေါ်လာတာ (မှန်လှပါ)။ မောင်သစ် သိပ်အဖိုးတန်ပါလားဟ (တန်ပါတယ် ဘုရား) ရှင်းပြီလား (ရှင်းပါပြီ)။

ဒါဖြင့် ခင်ဗျားတို့ သည် ဝိပဿနာ လုပ်နေကြတာ ကိုယ့်ပုန်းအောင်းရာ ကိုယ်လဲလျောင်းရာ ဖြစ်တဲ့ ဂူကြီး တူးနေတာနဲ့ အတူတူပဲ (မှန်လှပါ)။

ဒါဖြင့် အလကား နေရင်း ဆုတောင်းရုံနဲ့ တောင်းနေ တဲ့ ပုဂ္ဂိုလ်တော့ မရနိုင်ဘူး။ သူ့မှာ တူမှ မတူးပဲနဲ့ ရပါ့မလား။ (မရပါဘူး) ခင်ဗျားတို့က တူရွှင်းလဲ မကိုင်ဘူး၊ ပေါက်ပြားလဲ မကိုင်ဘူး၊ ဂူပေါက်ကြီး ပေါ်စေသတည်း၊ ငါပုန်းအောင်းရာ ဂူပေါက်ကြီး ပေါ်စေသတည်း ဆိုလို့ ရမလား၊ မရဘူးလား (မရ ပါဘူး)။

အဲ နိဗ္ဗာန်ဟာ ဒီလို လုပ်လို့ မရဘူး။ ဒါနနဲ့ ပြုလိုက်တဲ့ သီလနဲ့ ပြုလိုက်၊ ဝိပဿနာ ပြုလိုက်၊ ပြုလိုက် တော့မှ ပေါ်လာတာ (မှန်ပါ)။

ပေါ်လာပေမယ့်လဲ ပြုတာက သင်္ခတ။ ပေါ်လာ တာက (အသင်္ခတပါဘုရား)။

အဲဒါကြောင့် သင်္ခတတရားကို အားထုတ်လုပ် ငြားသော်လဲ အားထုတ်တော့ အားထုတ်တာပဲ။ ပေါ်တော့ အသင်္ခတ ပေါ် တယ် (မှန်ပါ)။

ပေါ်တော့ (အသင်္ခတ ပေါ်ပါတယ်) ပြုလုပ် တော့ ဘာနဲ့ ပြုလုပ်သလဲ (သင်္ခတ တရားနဲ့ ပြုလုပ် ပါတယ်) သို့ သော် သင်္ခတတရား အရိပ်နိမိတ် ဒီအထဲ ပါရဲ့ လား (မပါပါဖူး)။

မပါဘူးတဲ့။ ဂူကြီးမှာ နဂိုက ကျောက်တွေမှ မပါတော့ ပဲ ဟာလာဟင်းလင်းကြီး ဖြစ်နေတယ် (မှန်ပါ)။ ပါသေး ရဲ့လား (မပါပါဘူး)။ သံတူ ရွှင်းတွေကော ပါသေး ရဲ့လား (မပါပါဘူး)၊ ပုန်းအောင်းရာ တစ်ခုပဲ ပါနေတယ် (မှန်ပါ)၊ ရှင်းပြီလား (ရှင်းပါပြီ)။

နိဗ္ဗာန်ဆိုတာ အသိအင်မတန်ခက်တယ်

ဒါဖြင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီး ဟောတဲ့ သင်္ခတာဓမ္မာနဲ့ အသင်္ခတာဓမ္မာ လဲ ရှင်းသွားပြီ။ သင်္ခတာ ဓမ္မာ ဆိုတာက ခင်ဗျားတို့ ပြုပြင်လို့ ခေါ်တဲ့ ရုပ်နာမ်ဓမ္မ တွေကို ဘာခေါ်ကြမလဲ (သင်္ခတာ ဓမ္မာ ပါ)၊ အသင်္ခတာ ဓမ္မာ ဆိုတာ ဘယ်သူမှ မပြုပြင်ဘဲနဲ့ ပေါ်လာတဲ့ ဓမ္မ၊ ပုန်းအောင်းရာ ဌာနကြီးကို အသင်္ခတာ ဓမ္မာ လို့ ခေါ်ပါတယ်။ (မှန်ပါ)။ အလိုလို ပေါ်သလားလို့ မေးပြန်တော့လဲ သင်္ခတနဲ့ တူးမှ ပေါ်တာ (မှန်ပါ)။ သင်္ခတက ဒီအထဲ ဝင်သေးသလား လို့ မေးပြန်တော့လဲ (မဝင်ပါဘူး ဘုရား) မဝင်ဖူး ဆိုတော့၊ သြော် နိဗ္ဗာန် ဆိုတာ ဒါ့ကြောင့် နက်နဲတယ်လို့ ပြောတာ (မှန်ပါ) အသိ အင်မတန် ခက်တယ် ဆိုတာ မပေါ်လာဘူးလား (ပေါ်လာ ပါတယ်)။

တမာပင်မှာပေါက်တဲ့သဇင်ပန်း

လောကီ ဥပမာ ဘုန်းကြီး တစ်ခု ပြောလိုက်အုံးမယ်။ တမာပင်ဆိုတဲ့ ဥစ္စာ ဘယ်အရပ်မှာ မဆို ရှိကြတယ်။ တမာပင်ပေါ်မှာ သဇင်ပန်း ပေါက်တယ်လို့ ထားပါ တော့ နော် (မှန်ပါ) တမာပင်က ခါးလိုက်တာ နံလိုက်တာ (မှန်ပါ)၊ သဇင်ပန်း ကတော့ မွှေးလိုက်တာ ကြိုင်နေတာပဲ (မှန်ပါ)။ တူရဲ့လား (မတူပါဘူး)။ တမာပင် ပေါ်ပေါက် ငြားသော်လဲ တမာပင်ရဲ့ အရိပ်အငွေ့ ပါရဲ့ လား (မပါ ပါဘူး)။

ဒီအထဲမှာလဲ သင်္ခတတွေနဲ့ ပြုလုပ်ငြား သော်လဲ ပုန်းအောင်းရာ ဖြစ်တဲ့ နိဗ္ဗာန်ကြီး ဒုက္ခချုပ်တဲ့ အသေလွတ်တဲ့ နိဗ္ဗာန်ကြီးဟာ သင်္ခတနဲ့ လုံးဝ မတူဘူးတဲ့၊ (မှန်ပါ)။ တမာ ပင်နဲ့ သဇင်ပန်း မတူ သလိုဘဲ (မှန်လှပါ)။ ရှင်းပြီလား၊ (ရှင်းပါပြီ)။

ဒီမှာလဲ ဒါန သီလ သမထ ဝိပဿနာနဲ့ နိဗ္ဗာန်ကြီး ဟာ မတူဘူးပဲ (မှန်ပါ)၊ ဦးဘသန်းကြီး တူရဲ့လား (မတူပါဘူး)။

သူက ပုန်းအောင်းရာ တစ်ခု ပေါ်လာတာကို။ မဟုတ် ဘူးလား (မှန်ပါ) ဟိုက အားစိုက်ရာ။ သူက အားမစိုက်ဘဲနဲ့ ပေါ်နေတယ် (မှန်ပါ)။

ဒါဖြင့် နိဗ္ဗာန်ဆိုတဲ့ တရားသည်ကားလို့ ဆိုရင်ဖြင့် အသင်္ခတတရား ဆိုတာလဲ ရိပ်မိကြပြီ (မှန်ပါ)၊ ပုန်းအောင်း ရာကော ကိုယ်တူးမှ ကိုယ်ရတယ် ဆိုတာကော (သိပါပြီ ဘုရား) သိတော့ကို အလုပ် မလုပ်တဲ့၊ ပုဂ္ဂိုလ်များမှာ ရနိုင် ပါ့မလားလို့ ဦးကျော်မော်တို့၊ ဦးမြမောင်တို့၊ ဦးဘသန်းတို့ မေးရင် ဘယ့်နှယ်ဖြေမလဲ (မရနိုင်ပါဘူး ဘုရား)။

ဆုတောင်းမနေနဲ့ အလုပ်လုပ်ကြပါ

ဒါကြောင့် ဘုန်းကြီးက ဆုတောင်း မနေနဲ့ လုပ် ယူကြ။ ဆုတောင်း မနေနဲ့ လုပ်ယူကြလို့ ပြောတာ (မှန်ပါ) မပြောထိုက်ဘူးလား (ပြောထိုက်ပါတယ် ဘုရား)။

ကျောက်တောင်ကြီးကို အားထုတ် တူးမှ သာလျှင် ပုန်းအောင်းရာ ဖြစ်မှာပေါ့ (မှန်ပါ)၊ အားထုတ် မတူးတဲ့ ပုဂ္ဂိုလ် ပုန်းအောင်းရာ (မရနိုင်ပါဘူး ဘုရား) သဘောကျ ပြီလား (ကျပါပြီ)။

ဘုရားသခင် ကိုယ်တော်မြတ်ကြီး ပါရမီဆယ်ပါး အပြားသုံးဆယ် တွေ စုံနေပြီ (မှန်ပါ)၊ ဗောဓိပင်နဲ့ ရွှေပလ္လင်ကျမှ မဂ္ဂင် အလုပ်ကို မလုပ်သေးခင် နိဗ္ဗာန်ကို မရသေးဘူး (မှန်ပါ)။ တူးမှ မတူး သေးဘဲ (မှန်ပါ)။

အဲဒါကြောင့် ဟိုဟာတွေက အခြံအရံ အကြောင်းပဲ ဖြစ်တယ်။ တကယ်ကျတော့ မဂ္ဂင်နဲ့ တူးဆွမှ (ရမှာပါ ဘုရား) ပုန်းအောင်းရာ ပေါ်လာမယ် (မှန်ပါ) သဘောကျ ပြီလား (ကျပါပြီ)။

ဒါဖြင့် တို့ လုပ်နေတဲ့ အလုပ်ဟာဖြင့် ကိုယ်ပုန်း အောင်းရာ ကိုယ်ရှာတဲ့ ဥစ္စာ ကိုယ့် အိုဘေး၊ နာဘေး၊ သေဘေး တွေဟာ ဒီအထဲ ရောက်လို့ ရှိရင် မသေတော့ဘူး၊ (မှန်ပါ)။ မအို တော့ဘူး၊ မနာ တော့ဘူး၊ မသေ တော့ဘူး၊ ဒုက္ခ ချုပ်တဲ့ နေရာမှန် (မှန်ပါ)။

ဒါဖြင့် ကိုယ့်အရေး ကိုယ်ကြီးပြီး လုပ်ကိုင် မလုပ်ကိုင် (လုပ်ကိုင်ပါတယ် ဘုရား) ပေါ်ကြပြီလား (ပေါ်ပါပြီ)။

ဒါဖြင့် ဒီအရေးသည်ကားလို့ ဆိုရင် တစ်သံသရာလုံး ဒီလို တူးရတယ်၊ ဆွရတယ် ဆိုတဲ့ ဥစ္စာ ခင်ဗျားတို့ မသိတော့ကို ဘယ်တော့မှ ဒီလို တူးဖြစ်မှာ မဟုတ်ဘူး (မှန်ပါ)။ ဘယ်တော့ မှလဲ မဆွမိဘူး၊ ဘယ်တော့မှလဲ မဆွမိဘူး၊ ဘယ်တော့မှလဲ ကိုယ့်ပုန်း အောင်းရာ မရှာမိဘူး၊ (မှန်ပါ)။ လူ့ပြည် အသက် တိုတယ်၊ နတ်ပြည် ရှည်တယ် ဆိုပြီး၊ ဟိုသေ မဆုံးဆီချည်း သွားတူးကြတယ်။ မဟုတ်ဘူးလား (မှန်လှပါ)၊ နတ်ပြည် အသက် တိုတယ် ဗြဟ္မာပြည် အသက်ရှည်တယ် ဆိုပြီး ခင်ဗျား တို့က အသေလွတ် ရှာငြားသော်လဲ အသေချည့်ပဲ ပြန်ရ တယ် (မှန်ပါ)၊ မရဘူးလာ (ရပါတယ်ဘုရား) ဒါဘယ့်နှယ် ကြောင့်တုံး ဆိုလို့ရှိရင်ဖြင့် လမ်းမမှန်လို့ (မှန်ပါ)။ ပေါ်ပြီလား (ပေါ်ပါပြီ)။ အခုတော့ လမ်းမှန် ပြီလား (မှန်ပါပြီ)။

ရှုပါ များတော့ ဒါချုပ် သွားမလား မသွားဘူးလား၊ (ချုပ်သွားပါတယ်) ချုပ်သွားလို့ ရှိရင် ဒါအသေလွတ် ဟုတ်မဟုတ် (ဟုတ်ပါတယ်ဘုရား) ဒါတွေက နဂိုက ဖြစ်ပျက် ဆိုတာ အသေတွေကို ၂-နံပါတ် ဟာလေ (မှန်ပါ) အခုတော့ ရှိသေးရဲ့လား (မရှိပါဘူး) မဂ်ဆိုတာ တော့ ခင်ဗျားတို့၏ ဒါ ပုန်းအောင်းရာ အသေလွတ် နေရာ ဒို့ နေရာဘဲ ဆိုတာ ဖြစ်သွားတယ်၊ မဖြစ်သေးဘူးလား (ဖြစ်ပါ တယ်ဘုရား) ပေါ်ကြပြီလား (ပေါ်ပါပြီ)။

ဒါဖြင့် ကြိုးစား လုပ်မှ ဒီဟာ ပေါ်မယ် (မှန်ပါ) သူမပေါ် သေးလို့ ရှိရင် ကိုယ်ပုန်းအောင်းရာ လဲလျောင်းရာ ကာကွယ်ရေး မရှိသေးဘူးလို့ သာ မှတ်လိုက် (မှန်ပါ)။

ဝိပဿနာဆိုတာကိုယ့်ပုန်းအောင်ရာလုပ်နေတာ

အအိုအနာ အသေ ကာကွယ်ရေး (မရှိသေးပါ)၊ မရှိသေးဘူးသာ သေသေချာချာ မှတ်တော့ ဪ ဝိပဿနာ အလုပ် ဆိုတာ ဘာပါလိမ့်မတုံး ဆိုတော့ ကိုယ်ပုန်းအောင်းရာ ကိုယ်တူးဆွပြီး သကာလ ကိုယ့်အရေး ရှိတဲ့အခါ ကိုယ်အောင်းဖို့ ပါကလား။ ဒီပြင် အလုပ် မဟုတ်ပါလား (မှန်ပါ)၊ သားရေးလဲ မဟုတ်ဘူး၊ သမီးရေးလဲ မဟုတ်ဘူး၊ ပစ္စည်းရေးကော (မဟုတ်ပါဘူး)။

အဲဒါတွေက အသေလွတ် ရှာငြား သော်လဲ အသေဘဲ တွေ့တယ် (မှန်ပါ)၊ အခုဟာကတော့ အသေ လွတ်ရှာလို့ အသေ လွတ်တွေ့တယ် (မှန်ပါ) သဘော ပါပြီလား (ပါပါပြီ)။

အဲဒါကြောင့် အားထုတ်တဲ့ ကျေးဇူး နိဗ္ဗာန်လဲ သိသွားပြီ၊ အားထုတ်မှလဲ ရတယ် ဆိုတာ ပေါ်သွားတဲ့ အတွက် ခင်ဗျားတို့ကို စိတ္တာနုပဿနာကို မြင်အောင်ကြည့်၊ မုန်းအောင်လဲ ကြည့်၊ ဆုံးအောင်လဲ ကြည့် (မှန်ပါ)၊ ဆုံးတော့ ဒါတွေ ရှိသေးရဲ့လား (မရှိပါဘူး)၊ ဒါတွေ မရှိတော့၊ ဒါဟာ “ဒုက္ခ နိရောဓော” နိဗ္ဗာန်ဘဲ (မှန်ပါ)။ ဟိုဘက်ကလဲ မဂ်ဝင် သွားတော့ “တဏှာ နိရောဓော” နိဗ္ဗာန်ဘဲ (မှန်ပါ)။

ခန္ဓာရတုန်းမြင်တာက သဥပါဒိသေသနိဗ္ဗာန်

ဒီဘက်ကလဲ ဒုက္ခ နိရောဓော (နိဗ္ဗာန်ပါ)။ ဒါက သဥပါဒိသေသ နိဗ္ဗာန်၊ ၂-နံပါတ် ချုပ်သွားတာ သဥပါဒိသေသ (မှန်ပါ)။ ၄-နံပါတ်ချုပ် သွားတာ အနုပါဒိသေသ နိဗ္ဗာန်၊ ခန္ဓာဆုံးတော့မှ သူက ရတယ် (မှန်ပါ)။

သူက ခန္ဓာရှိတုန်း မြင်ရမည့် နိဗ္ဗာန်။ ဒါကတော့ ခန္ဓာဆုံးမှ ရမယ်။ ၄-နံပါတ်က (မှန်ပါ)၊ ပေါ်ပြီလား (ပေါ်ပါပြီ)။

ကဲ ဒီနေ့ ဒီတွင် တော်ကြဦးစို့။

သာဓု သာဓု သာဓု။