အမိဝမ်းတွင်း ပဋိသန္ဓေတည်ပုံ
ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး မိုးကုတ်မြို့တွင်
ဟောကြားတော်မူသော တရားတော်
လူ့ဘဝအင်မတန်ရခဲလို့ အလွဲသုံးစား မလုပ်ကြစမ်းပါနဲ့
(အမိဝမ်းတွင်း ပဋိသန္ဓေတည်ပုံ)
ဒကာ ဒကာမတွေ လူ့ဘဝသည် အင်မတန်မှ ရခဲ တယ်ဆိုတဲ့ဥစ္စာကို ကိုယ့်ဟာကိုယ် သိတော့မှ ရတဲ့ဘဝ ကလေးကို အသုံးချပါဆိုတာကို ဆရာဘုန်းကြီးက တိုက်တွန်း တယ် (မှန်လှပါ ဘုရား)။
လူဘဝအင်မတန်ရခဲတယ်ဆိုတဲ့ဥစ္စာ မှတ်ထားကြ ပါ။ (မှန်လှပါ) ရတဲ့ဘဝကလေးမှာလည်း ယခုလို သစ္စာ တရားတွေနာရ၊ အမျိုးမျိုးနှလုံးသွင်းမှုတွေကို သိရတဲ့အတွက်တကယ်တမ်း ကျင့်ကြံကြမယ်ဆိုရင် ဒကာ ဒကာမတို့ ကိစ္စပြီး သွားအောင်လည်း ဖြစ်နိုင်တယ်။ ဒီဘဝမပြီးရင် နောက်ဘဝ ပြီးနိုင်တယ်ဆိုတာကိုလည်း ပါဠိတော်တွေရှိနေလို့ ဘာမှ ပူစရာမရှိပါဘူး။ (မှန်ပါ့)။
ဆရာကောင်းနဲ့တွေ့နေချိန်
ရတဲ့ဘဝကလေး၊ ရခဲတာကလေးကို ဆရာဘုန်းကြီး က အသုံးချတတ်ဖို့ ကလေးကိုသာ ကူပေးဖို့လိုတယ် (မှန်ပါ့)။
ခင်ဗျားတို့ ဆုတောင်းပါရမီတွေက မရစဖူး အထူး လာတာဖြင့် သေချာပါပြီ (မှန်လှပါ ဘုရား) အဲဒီသေချာတာ ကလေးကို ဆရာကောင်း သမားကောင်းတွေ အမျိုးမျိုးအဖုံဖုံတွေ့နေတဲ့အချိန်မှာ အသုံးချပစ်လိုက်ပါဆိုတဲ့ ဥစ္စာကိုဖြင့် သတိပေးပါတယ် (မှန်ပါ့)။
ကဲဒါဖြင့် သေသေချာချာတွေးကြစို့၊ လူ့ဘဝ ရခဲတာ ကလေးဟာ ရှင်းရှင်းလင်းလင်းပဲ ပြောကြပါစို့ ဆိုတော့ ဒကာ ဒကာမတို့ ဟင်းချက်တဲ့နှမ်းဆီဆိုတဲ့ဥစ္စာ ရှိပါတယ်။ အဲဒါ ကလေးကို ပဒုမ္မာပိတ်နဲ့ ပန်းကန်ကလေးထဲထည့်ပြီး စစ်ပါတဲ့။ အကြိမ်တစ်ရာစစ်ပါ။
အင်မတန်ကြည်တဲ့နှမ်းဆီ
ဥပမာ၊ ဂုံညင်းလောက်ရှိတာကလေးကို အကြိမ် တစ်ရာစစ်၊ သဘောကျပလား၊ (ကျပါပြီ) အကြိမ်တစ်ရာလောက် စစ်လိုက်တဲ့ အခါကျတော့ အင်မတန်ကြည်တာ ကလေး ကျန်မနေဘူးလား (ကျန်ပါတယ် ဘုရား) ဒါကလေး ကို ထပ်ပြန်တလဲလဲ အကြိမ်တစ်ရာစစ်လိုက်တော့ အင်မတန် ကြည်တယ် (မှန်ပါ့)။
အဲဒီအင်မတန်ကြည်တဲ့၊ ဆီကြည်ကလေး ပန်းကန် ထဲမှာ နေပါစေ၊ ထားလိုက်ပါ။
အင်မတန်နူးညံ့တဲ့ သိုးအမွှေး
သိုးမကြီးတစ်ကောင်ရှိတယ်။ အဲဒီသိုးမကြီး၏ ဝမ်းထဲမှာ ပဋိသန္ဓေနေတဲ့ သိုးကလေးရှိပါတယ်။ အဲဒီတော့ သိုးမကြီးမမွေး ခင် သိုးကလေးကို ဝမ်းထဲက ခွဲပြီး သကာလ ယူပါ။ ယူပြီး အမွေး ကလေးတစ်ပင်တည်းကိုင်နုတ်ပါဆိုတော့၊ ဝမ်းထဲကလည်း မထွက်ရသေးတဲ့ သိုးကလေးအမွေးကလေးလည်း ပါတော့ပါမှာ ပေါ့။ သို့သော် အင်မတန်နူးညံ့လိမ့်မယ်ဆိုတာတော့ဖြင့် ကိုယ် ငြင်းဖို့လိုသေးသလား (မလိုပါ ဘုရား)။
ခုနစ်ခါ၊ ခါပါ
အဲဒီတစ်ပင်ကို ယူပါတဲ့ (မှန်ပါ့) အဲဒီတစ်ပင်ကို ယူပြီး ခုနင်က အကြိမ်တစ်ရာစစ်ထားတဲ့ ဆီထဲမှာ တို့လိုက် – ပါတဲ့၊ တို့ပြီး သကာလ ခုနစ်ခါ၊ ခါပါဦးတဲ့ (မှန်ပါ့)။
ဒီတော့ ပါနိုင်စရာရှိသေးသလား (မရှိပါဘူး ဘုရား) နဂို ကလည်း နူးညံ့လိုက်တာ ဆီကလည်း စစ်ထားလိုက်တာ ကြည် လိုက်တာ (မှန်ပါ့)၊ သိုးမွေးကလေးကလည်း နုလိုက်တာ ဒါကလေးနဲ့တို့ပြီး အကြိမ်ခုနစ်ခါ ခါတော့ ကျန်ပဲကျန်ပါဦးမလား (မကျန်နိုင်ပါဘူး ဘုရား)။
ပဋိသန္ဓေအခါ ( အဲကျုပ်တို့ ပဋိသန္ဓေအစဟာ အဲဒီသိုးမွေးကလေး အဖျားမှာ ဆီကြည်ကလေး ကျန်သလောက်က စခဲ့ကြတာ (မှန်ပါ့)။
အားလုံးတရားနာကြတဲ့ ပုဂ္ဂိုလ်တွေ၏ အစဟာ အဲဒီ သိုးမွေးဖျားမှာပါတဲ့၊ ဆီစက်ကလေးလောက်က စ,တာပေါ့ သဘောကျပြီလား(ကျပါပြီ)။
အဲဒါကလေးလောက်က ကျုပ်တို့အမိဝမ်းခေါင်းထဲ မှာ စ,ပြီးတည်ကြတာပဲ (မှန်ပါ့) ဒကာ ဒကာမတို့ လွယ်ပါ့ မလား (မလွယ်ပါ ဘုရား)။
အဲဒါကလေးကနေပြီး သကာလ ဝမ်းထဲမှာ တစ်ခါ စဉ်းစားဦး ပိုးမျိုးရှစ်ဆယ်ဆိုတာရှိတယ် (မှန်ပါ့) ပိုးမျိုး ရှစ်ဆယ်ဆိုတာက အမျိုးပေါင်းရှစ်ဆယ် အကောင်ရေတော့ မရေတွက်နိုင်ဘူး (မှန်ပါ့)။
ကလလရေကြည်ခေါ်တယ်
အဲဒါတွေက ဒီလိုကလလ ရေကြည်ကို အမွေးဖျား မှာပါလာသလောက် အရေကြည်ကလေးကို ကလလ ရေကြည်ခေါ်တာပေါ့ဗျာ (မှန်ပါ့)။ အဲဒါမျိုးတွေရှာစားနေတဲ့ ပိုးမျိုးရှစ်ဆယ်ကလည်း ဝမ်းထဲမှာ အပြည့်ရှိတယ် အမေ့ ဝမ်းထဲမှာ (မှန်ပါ့)။
ဒကာ ဒကာမတို့ အဲဒါကျုပ်တို့ ကလလ ရေကြည် ဘဝက ပိုးမျိုးရှစ်ဆယ်က ရှာဖွေ စားသောက်လို့ တွေ့သွား ရင် ဝမ်းထဲမှာပဲ ဘုန်းကြီးပြောပါ့မယ် မသာပို့မပါပဲနဲ့ သေရ ရှာတယ်။
မောင်နိုင်ဖြင့် မောင်နိုင်တစ်ယောက် ကိုယ်ဖြင့် ကိုယ်တစ်ယောက် ကိုစံလှဖြင့် ကိုစံလှ တစ်ယောက်ပေါ့ ဗျာ (မှန်ပါ့) ကျုပ်တို့ဖြစ်လာခဲ့ရတဲ့ ဖြစ်ထွေဟာ ဘယ်လောက် နူးညံ့တယ်ဆိုတာ သိပလား (သိသွားပါပြီ ဘုရား) အင်မတန် နူးညံ့တယ်။ ပိုးမျိုးရှစ်ဆယ်ကလည်း ရှာစားနေတာ သိကြပြီ မဟုတ်လား (မှန်ပါ့)။
ကဲတစ်ခါ အမေကလည်း ပဋိသန္ဓေရှိမှန်းဆိုတာ ဒါလောက်ကလေးဆိုတော့ သိပါ့မလား (မသိပါ ဘုရား) အမေကလဲ မသိပါဘူး ဘယ်နေ့ဘယ်ရက်က တည်တယ်လို့ မသိသေးပါဘူး တော်တော်ကလေးရင့်လာမှ သိနိုင်တာပါ (မှန်ပါ့ ဘုရား)။
အဲဒါကလေးဟာ အမေက ရေနွေးသောက်လိုက်ပြန် လည်း ရေနွေးနှိပ်စက်ပြန်တာပဲ ရေအေးသောက်ပြန်လည်း ရေအေး နှိပ်စက်ပြန်တာပဲ (မှန်ပါ့) အမျိုးမျိုးအဖုံဖုံနဲ့ ကုန်းလိုက်ကွလိုက်နဲ့ နေရာရွှေ့သွားရင်လည်း သေတာပဲ (မှန်ပါ့) ဒကာ ဒကာမတို့ ဖြစ်စဉ်လွယ်ပါ့မလား (မလွယ်ပါဘူး ဘုရား) ကဲ လူ့ဘဝရခဲတာပေါ်ပလား (ပေါ်ပါပြီ)။
ဒါကြောင့် လူ့ပြည်က အပ်တစ်စင်း၊ ဗြဟ္မာပြည်က အပ်တစ်စင်းချပါ။ အပ်သွားခြင်းထိဖို့ဟာက ရှိသေးတယ်။ လူ့ဘဝရဖို့က ဒါထက်ခဲယဉ်းတယ်ဆိုတာ ကလလရေကြည် ကစပြောတော့ ဒကာ ဒကာမတို့ မသေချာသေးဘူးလား (သေချာသွားပါပြီ ဘုရား)။
ဣန္ဒကဘီလူးကိုဟော
ကလလ ရေကြည်ကလေးဆိုတဲ့ အဲဒီအပေါင်း အစုကလာပ်ကနေပြီး၊ “ပဋ္ဌမံ ကလလံ ဟောတိ” ဆိုတာကလေးက ခုနစ်ရက်နေရမယ် (မှန်ပါ့) ဒကာ ဒကာမတို့ ခုနစ်ရက်အတွင်း ပျက်စီးနိုင် မပျက်စီးနိုင် (ပျက်စီးနိုင်ပါတယ် ဘုရား) ဒီအထဲကလည်း မောင်နိုင်တို့ ဘုန်းကြီးတို့ တရားနာ ကြတဲ့ ဒကာ ဒကာမတွေ အပြင်ဘက်ရောက်လာတာ လွယ်ပါ့ မလား (မလွယ်ပါဘူး) အတော်ခဲယဉ်းပါတယ်နော် (မှန်ပါ့ ခဲယဉ်းပါတယ် ဘုရား)။ ဘုရားဉာဏ်နဲ့ ဣန္ဒက ဘီလူးကို ဟောတာလို့ မှတ်ထားစမ်းပါ။ သံယုတ်ပါဠိတော်မှာ ဟောတော်မူတာ (မှန်ပါ့)။
အမြှုပ်ခုနစ်ရက်
ကိုင်းဒါဖြင့် ဒကာ ဒကာမတို့ အဲဒါကလေး ခုနစ်ရက်ပြီး တော့မှ ဒါကလေးက အမြှုပ်ခုနစ်ရက် ဆိုပြီး ဖြစ်လာတယ်(မှန်ပါ့)။ ဒီအမြှုပ်ကလေးတွေကလည်း ခုနင်ကသိုးမွေးဖျားမှာပါတာ ကလေး လောက်က ကြီးရင့်လာတော့ အမြှုပ်ကလေးဖြစ်လာတော့လည်း မောင်နိုင် ခိုင်ခန့်စရာပါရဲ့လား (မပါပါ ဘုရား) ကိုပေါ်တို့ စဉ်းစားကြစမ်းပါ။ (မပါပါဘူး)။
အမေလုပ်သူက ဒီအချိန်မှာ မသိသေးပါဘူး ငါ့ဝမ်း ထဲမှာ ပဋိသန္ဓေနေတာ ဘယ်နှစ်ရက်ရှိပြီလို့ သိနိုင်ပါ့မလား (မသိနိုင်ပါ ဘုရား) ဘယ်မှာသိနိုင်ပါ့မလဲ အင်မတန်သေးငယ် တာကလေးပဲ ဒီကြားထဲမှာ ပိုးကိုက်၊ လောက်စား၊ အမေမိဘ ချော်လဲ၊ ရေသောက်မှား၊ အစားမှားနဲ့ ဒီဟာကလေးကို သွားပြီးထိခိုက်နိုင်တယ် (မှန်ပါ့) သားကောင် လျှောတယ်ဆို တဲ့ သဘောမျိုးဖြစ်ရတာတွေကလည်း မရေတွက်နိုင်ပါဘူး (မှန်ပါ့) တော်တော်ခဲယဉ်းတယ် (ခဲယဉ်းပါတယ် ဘုရား)။
ဒါကြောင့် မပေါ့ပါနဲ့ သစ္စာတရားဟောတဲ့ ဆရာ သမားနဲ့ တွေ့တုန်းကို ချက်ချင်းပင် နိဗ္ဗာန်ရနိုင်တဲ့ စွမ်းရည် သတ္တိရှိတဲ့ တရားကို ဟောနေတော့ ဒကာ ဒကာမတို့ အမြန် သာယူလိုက်ပါတော့ ဆိုတာ ဇွတ်ပေးနေတာ ခင်ဗျားတို့ ငြင်း ဖို့မလိုပါဘူး၊ (မလိုပါဘူး ဘုရား) ဇွတ်ပေးနေတာ၊ ကိုစံလှငြင်းချင်သေးသလား (မငြင်းချင်ပါဘူး ဘုရား) အဖိုးကလည်း မဖြတ်နိုင်တဲ့တရား (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
အဲဒါကြောင့် ဆွဲဟောနေတဲ့ တရားမဟုတ်ပါဘူး ဣန္ဒကဘီလူးကို ဘုရားက ကလလ ရေကြည်တည်ခဏ်း ပဋိသန္ဓေကစပြီး ဟောတော်မူနေတာ မောင်နိုင် (မှန်ပါ့) လွယ်ပါ့မလား (မလွယ်ပါဘူး ဘုရား)။
“ပဌမံ ကလလံ ဟောတိ၊ ကလလာ ဟောတိ အဗ္ဗဒံ၊ အဗ္ဗဒါ ဇာယတေပေသိ” တဲ့။
အဗ္ဗဒံ-အမြှုပ်ဆိုတော့ ၁၄ရက်ရှိသွားပြီနော် (မှန်ပါ့) ၁၄ရက်အတွင်း မသေခဲ့ပါမှနော် (မှန်ပါ) အဲဒီ ၁၄ရက်အတွင်းမှာ ခြေ၊ လက်၊ နား၊ နှာခေါင်း၊ အင်္ဂါတွေ ဘာမှ မပါသေးဘူးလို့ မှတ်လိုက်ကြစမ်းပါ။ အမြှုပ်ပဲရှိသေးတယ် (မှန်ပါ့) ပဋ္ဌမခုနစ်ရက်က ရေကြည်၊ ရေကြည်ကနေပြီး အမြှုပ်ကလေးတက်လာတယ် ၁၄ရက်ကျတော့ (မှန်ပါ့)။
ကိုယ့်ဘဝကလေးနှမြောကြစမ်းပါ
ဒကာ ဒကာမတို့ လူဘဝရောက်လာတာ ဒီအချိန်ထိ ခြေ၊ လက်၊ နား၊ နှာခေါင်း၊ အင်္ဂါကြီးငယ်ဘာမှ မပါသေး ဘူးနော် (မှန်ပါ့) ဒီအချိန်အတွင်း ဘယ်သူကစားလို့ ဘယ်သူ ကဝါးလို့ သူကတုံ့ပြန်နိုင်တဲ့သဘောပါရဲ့ လား (မပါပါဘူး ဘုရား)။
သြော်-ဒါဖြင့် ဒကာ ဒကာမတို့ ကျုပ်တို့ လူဖြစ် လာတာ ခြေ၊ လက် အင်္ဂါကြီးငယ်အစုံနဲ့ မျက်စိအင်္ဂါကြီးငယ် အစုံနဲ့ အစကတည်းက ဖြစ်လာတဲ့လူရယ်လို့ အမိဝမ်းတွင်း ပဋိသန္ဓေ နေခဲ့ရသူမှန်သမျှ မရှိနိုင်ပါဘူး (မရှိပါ ဘုရား) ဒါကြောင့် ကိုယ့်ဘဝကလေးကို ဒကာ ဒကာမတွေ နှမြော စမ်းပါလို့ဆိုတာ ဆရာဘုန်းကြီးဟောတာ နှမြောသင့် မနှမြောသင့်လည်း အကဲသာခတ်ပါ (နှမြောသင့်ပါတယ် ဘုရား)။
သံဝေဂရရုံပြောနေတာမဟုတ်ဘူး ဖြစ်စဉ်ကိုက်ပြောနေတယ်လို့ အားလုံးတရားနာတဲ့ တစ်ပွဲလုံးက မှတ်ပါ (မှန်ပါ့) လွယ်တဲ့ကိစ္စလို့ဆိုနိုင်ကြပါ့မလား (မဆိုနိုင်ပါဘူး ဘုရား)။
ပဌမံ – ရှေးဦးစွာ။ ကလလံ – ကလလ ရေကြည်ကလေး သည်၊ ဟောတိ – ဖြစ်၏။ ကလလာ ဟောတိ အဗ္ဗဒံ။ အဲဒါ ကလေးက ရင့်ကျက်လာမှ အမြှုပ်ဖြစ်တာပါတဲ့ (မှန်ပါ့)။
လေးထောင့်သွေးခဲကလေး
အဗ္ဗဒါ ဇာယတေပေသိ အဲဒီကျတော့မှ သွေးခဲကလေး သွားဖြစ်တယ် (မှန်ပါ့)၊ လေးထောင့်ခဲကလေးသွားဖြစ်တယ် (မှန်ပါ့) အဲဒီလေးထောင့်ခဲကလေးကလည်း ဘယ်လောက်ကြီး မလဲမေးရင် ခင်ဗျားတို့ လက်ညှိုးထဲက ထွက်တဲ့သွေးပေါက် ကလေး တစ်ပေါက်စာလောက်ရှိတယ် (မှန်ပါ့)။
ဒါကလေးကလည်း ဝမ်းထဲမှာ ပျက်စီးဖို့နဲ့ ခိုင်ခန့်ဖို့ ဘယ်ဟာကများကြသတုံး၊ (ပျက်စီးဖို့က များပါတယ်) ဒကာ ဒကာမတို့ သူကလည်း ခုနစ်ရက်ပဲနေရမှာ (မှန်ပါ့) ခုနစ် သုံးလီ ရှိသွားပြီ။ ခုနစ်သုံးလီဆိုတော့ နှစ်ဆယ့်တစ်ရက် ရှိသွားပြီ (၇x၃-၂၁) အဲဒီအချိန်မှာ အမေက ငါ့ဝမ်းထဲမှာ ပဋိသန္ဓေ နေပေါ့၊ စောင့်ရှောက်မှပဲဆိုတဲ့ စိတ်ဖြစ်ဖို့ဘယ်နည်းနဲ့မှ အမေမသိသေးပါဘူး (မှန်ပါ့)။
စားချင်တာစားလိမ့်မယ်၊ သွားချင်ရာသွားလိမ့်မယ်၊ ဆောင့်အောင့်ပြီး သကာလ နင်းချင်နင်း လိုက်လိမ့်မယ် ဒီလို ဆိုရင်လည်း ဒါကလေးက ပြုတ်ကျသွားနိုင်တာပဲ ပြုတ်ကျ သွားရင် ဒီနေရာတွင် ပျက်စီးသေပဲ (မှန်ပါ့)။
ဒကာ ဒကာမတို့ မသာပို့မပါပဲနဲ့ ဝမ်းထဲမှာသေရတဲ့ ဘဝပေါင်း ဘယ်လောက်တုံး (မရေတွက်နိုင်ပါဘူး)။
အဲဒါကြောင့် ထပ်ပြန်တလဲလဲ ပြောဆိုနေတယ်လို့ ဒကာ ဒကာမတွေက မအောက်မေ့ပါနဲ့ ရခဲတာ သေချာပလား (သေချာပါပြီ) ရခဲတာသေချာပြီနော် (သေချာပါပြီ) သူငယ် နာဆိုတာ အပြင်ဘက်ရောက်ပြီး လူလားမြောက်ပြီးမှ ပေါ်တာပါ။ အခုဟာက သူငယ်နာမဟုတ်သေးပါဘူး သူငယ်ကို မဖြစ်သေးလို့ သူငယ်နာဆိုစရာ ပါလား (မပါသေးပါဘူး) ရှင်းပလား (ရှင်းပါပြီ)။
အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေက ဒါလောက် မသေချာတော့ အလွယ်ပါပဲ ထင်ပြီး သကာလ သားရေး၊ သမီးရေးနဲ့ ခန္ဓာကိုယ်ကြီးကို အလွဲ သုံးစား လုပ်လိုက်ပြီဆိုရင်ဖြင့် လူဘဝ နောက်ရဖို့ ခဲယဉ်း သွားပြီ (မှန်ပါ့) ကုသိုလ်မပါဘဲ သားရေး၊ သမီးရေး၊ စီးပွား ရေးနဲ့ချည်းဆိုရင် မြှုပ်ဖို့ရာက များနေတာကိုး (မှန်ပါ့) ကိုယ်ပြုထားတဲ့ ဒါနကလေးလောက်နဲ့လည်း သားရေး၊ သမီးရေး၊ စီးပွားရေး၊ နစ်မွမ်းနေတဲ့ လောဘ၊ ဒေါသ၊ မောဟ၊ ဒုစရိုက်တွေနဲ့လည်း နှိုင်းချိန်လို့ မရလောက်အောင်ပဲ (မှန်ပါ့) ချိန်ခွင် ထဲထည့်ချိန်ကြည့်ရင် ဟိုဘက်က ဇောက်ထိုးပါပဲ။
လှူဒါန်းပေးကမ်းတာကလေး သာမညကုသိုလ်က ဒကာ ဒကာမတို့ နည်းနည်းကလေး လုပ်ခဲ့တယ်။ သားရေး၊ သမီးရေး၊ စီးပွားရေး၊ လောဘ၊ ဒေါသ၊ မောဟတွေက ချိန် ခွင်ထဲ ထည့်ချိန်ရင် ဇောက်ထိုးကြီး ဖြစ်နေတယ် (မှန်ပါ့) ချိန်ခွင်လျှာက အောက်ပြနေမယ်။
အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ လွယ်လွယ်နဲ့ ရလာတယ်လို့ ထင်ကြလို့ရှိရင်ဖြင့် ဂျွမ်းသမား လို့ ဖြစ်နေကြလိမ့်မယ် (မှန်ပါ့) ဂျွမ်းသမားတစ်ယောက် ငွေ ကလေးရပြီဆိုမှဖြင့် ရှူးဖိနပ်တွေဝယ်လိုက် ဆိုင်ကယ် ဝယ်လိုက်နဲ့။ လွယ်လွယ်နဲ့ ရတာလည်း မဟုတ်ဘူး သူဟာက ဖြုန်းတော့ လွယ်လိုက်တာ (မှန်ပါ့)။
ဒီမှာလည်း ဖြုန်းတော့ လွယ်လိုက်တဲ့ အထဲမှာ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက ပါသွားမှာစိုးလို့ (မှန်ပါ့) လွယ်လွယ်နဲ့ ရခဲ့တာ မဟုတ်ပါဘူး။ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
မာကြောကလေး
ပြီးတော့မှ အဲဒီ ၂၂-ရက်လောက်ကြာလာတဲ့ အခါ ကျတော့မှ ခုနင်က သွေးခဲကလေးက မာလာတဲ့ အခဲကလေး ဖြစ်လာတယ်။ မာကြောကလေး ဖြစ်လာတယ်။ မာကြော ကလေး ဆိုတာလည်း ကျုပ်တို့ အခုအနောက်နိုင်ငံများက လာတဲ့ ဆီးဆေးအပျော့ကလေးတွေလောက် နေမှာပေါ့ဗျာ (မှန်ပါ့) ဒါကလေးကလည်း ခိုင်ခံ့တည်တံ့ဖို့အတော်ခဲယဉ်း ပါတယ် (မှန်ပါ့) ပျက်စီးဖို့နဲ့ မပျက်စီးဖို့ စဉ်းစားစမ်း (ပျက်စီး ဖို့က များပါတယ်)။
ဒီလိုအဖြစ်ကနေပြီး လူလားမြောက်ပြီး အမိ၏ ဝမ်းထဲက အပြင်ဘက် ထွက်နိုင်တာများ သာမညကံနဲ့ဖြင့် ဒကာ ဒကာမတို့ အပြင်ဘက် မရောက်ပေဘူး (မှန်ပါ့)ရောက်နိုင်ကြပါ့မလား (မရောက်နိုင်ပါဘူး)။
အဲဒါကြောင့် ခန္ဓာကိုယ်ကြီးကို ဆရာဘုန်းကြီးက ဘယ်လိုမှာပါလိမ့်မတုံးလို့ မေးတော့ အလွဲသုံးစား မလုပ် လိုက်ပါနဲ့ (မှန်ပါ့) အရခက်လွန်းလို့ပါ မှာထိုက်၊ မမှာထိုက် (မှာထိုက်ပါတယ် ဘုရား) အလွဲသုံးစားဖြင့် မလုပ်လိုက်ကြပါ နဲ့ဆိုတာ ဒီနေ့တရားမှာ သေသေချာချာပြောပါတယ်။
ဒါဖြင့် ခုနစ်လေးလီ ရှိသွားပြီနော် (မှန်ပါ့) ၂၈ ရက်ရှိသွားပြီ ၂၈ရက်နဲ့လည်း လူရုပ်လူပုံ ပေါ်ပါ့မလား (မပေါ်သေးပါဘူး ဘုရား)။
ဝမ်းထဲမှာ ဒကာ ဒကာမတို့ မအေက စားသောက်တဲ့အစာအဟာရတွေကြောင့် ပျက်ရမှာ တစ်ကြောင်း၊ ဆေးဝါး တွေကြောင့် ပျက်ရမှာကတစ်ကြောင်း၊ ပိုးမျိုးရှစ်ဆယ် ကြောက်နေရတာက တစ်ကြောင်း ဝမ်းထဲမှာရှိတဲ့လေက ဟိုကွေ့ ဒီကွေ့ကြောင့် သူနေရာရွှေ့ရင်လည်း ပျက်ဦးမှာပဲ (မှန်ပါ့) ဒါဖြင့် ပျက်ဖို့နဲ့တည်ဖို့ စဉ်းစားကြစမ်းပါ (ပျက်ဖို့ကများပါတယ် ဘုရား)။
ကြပ်ကြပ်စဉ်းစားကြ ဒကာ ဒကာမတွေ ဒီအလွဲ သုံးစားကြီးဟာနော် မင်းတယ်မိုက်ပါကလား။ ဆရာဘုန်းကြီး က အခု ဣန္ဒက ဘီလူးကို ဘုရားက ဟောသည့်အတိုင်း ဆုံးမနေပြီး မင်းတို့က သားရေး သမီးရေး စီးပွားရေးနဲ့ အချိန် ကုန်ပြီး သကာလ မရစဖူး အထူးတာကြီးကို မင်းတို့ ဖြုန်းပစ် ကြတော့မှာလားလို့ ကိုယ့်ကိုယ်ကို မေးလိုက်စမ်းပါ (မှန်ပါ့) သူများ မေးရမှာလား ကိုယ့်ကိုယ်ကို မေးရမှာလား (ကိုယ့် ကိုယ်ကို မေးရမှာပါ ဘုရား)။
စဉ်းစားကြပါ စဉ်းစားကြပါ။ ဒကာ ဒကာမတို့ အင်မတန် အရေးကြီးတဲ့ အသုံးအနှုန်း အင်မတန် မှန်ကန်တဲ့ သစ္စာတရားကို ဟောနေပါတယ် (မှန်ပါ့)။
အဖုငါးခုထွက်လာတယ်
ကိုင်းဒါဖြင့် ခုနစ်ရက်လေးလီ ရှိသွားပြီနော် (မှန်ပါ့) အဲဒီနောက် ၂၉-ရက်မြောက်ကစပြီးတော့မှ ခုနင်က လေးထောင့် မာကြောကလေးက အဖုကလေးငါးခု ထွက်လာ တယ် မောင်နိုင်( မှန်ပါ့) အဖုကလေးငါးခု ထွက်လာရုံ ခြေလက်ထိအောင် ထင်ရှားသေးတာ မဟုတ်သေးဘူးနော် (မှန်ပါ့)။
အဖုကလေး ငါးခု ရွှံ့ကို အရုပ်ကလေးလုပ်သလို ဒကာ ဒကာမတို့ အဖုကလေးငါးခု ထွက်လာတယ် ခေါင်းနေရာကလေးက တစ်ဖု၊ လက်ဖြစ်မည့်နေရာတွေက နှစ်ဖု၊ ခြေဖြစ်မည့် နေရာတွေက နှစ်ဖု။ လိပ်ကလေးသဏ္ဍာန် ဖြစ်လာတယ်။ ခက်မငါးဖြာခေါ်တယ်။ အဲဒါက ခုနစ်ရက် နေရဦးမယ် (မှန်ပါ့)။
ဒါဘယ်လောက်ကြီးသလဲလို့မေးရင် ဒကာ ဒကာမတို့ ခုနင်ကပြောခဲ့တဲ့ သွေးက ဖြစ်ရတာ။ သိပ်ကြီးကြီးကျယ်ကျယ် ဖြစ်နိုင်ပါ့မလား (မဖြစ်နိုင်ပါဘူး ဘုရား)။ အဲဒါကလည်း ခုနစ် ရက် နေရဦးမယ် (မှန်ပါ့) ဒီအတွင်းမှာ သေတဲ့လူအပေါင်း လည်း မရေတွက်နိုင်ဘူး (မှန်ပါ့)။
ကိုင်း-ဒကာ ဒကာမတို့ လွယ်ပါ့မလား (မလွယ်ပါဘူး) တယ်လဲ ခဲယဉ်းပါကလား (ခဲယဉ်းပါတယ်) နောက်အစားပြန်ရဖို့ကော (ခဲယဉ်းပါတယ် ဘုရား) မရနိုင်ဘူး တော်တော်နဲ့ ကို ရဖို့မလွယ်ဘူး ဒကာ ဒကာမတို့။
ဒါကြောင့် အချိန်မီကလေး ဂရုစိုက်လိုက်ကြစမ်းပါ ဆိုတဲ့ဥစ္စာကိုဖြင့်ကရုဏာနဲ့ အင်မတန်ကြီးကျယ်တဲ့ ဘုရား၏ ဒေသနာတော်ကို ဘုန်းကြီးများက ယူပြီး သကာလ သြော် ဒို့ဒကာ ဒကာမတွေ အသိက နည်းသေးတယ် ကိုယ့်ဟာကိုယ် အလွဲသုံးစား လုပ်နေတာကို မသိသေးဘူး (မှန်ပါ့)။
အလွဲသုံးစားလုပ်နေကြတယ်
ရလာတဲ့ပစ္စည်းက ခဲခဲယဉ်းယဉ်းသုံးနေတာက အလွဲ သုံးစားဖောဖောသီသီလုပ်ပြီး အလဟဿ သုံးနေတယ် ဆိုတာကို အင်မတန်မှ အမြင်ကျယ်တဲ့ ဘုရားသခင် ကိုယ်တော်မြတ်ကြီး ဟောတဲ့အတိုင်း ဟောနေလို့ ဒကာ ဒကာမတွေက လေးလေးစားစားနဲ့ နားထောင်ပြီး သြော် ဒီလို နေလို့ မတော်ပါကလားဆိုပြီး ချက်ချင်း ပြင်ကြရမယ် (မှန်ပါ့) သဘောပါပလား (ပါ,ပါပြီ ဘုရား) ဒီလိုနေလို့တော့ မတော် ဘူးဆိုတဲ့ဥစ္စာ သိပြီး ချက်ချင်းပြင်ဆင်မှ (မှန်ပါ့)။
လူ့ပြည်ကအပ်တစ်စင်း ဗြဟ္မာပြည်က အပ်တစ်စင်း ထိဖို့ရာ ရှိသေးတယ်၊ လူ့ဘဝ မရနိုင်ဘူးဆိုတာ ထားလိုက်၊ ခဲယဉ်းတာဟာ ဒီလိုဖြစ်ခဲ့ရတာတွေကြောင့် ခဲယဉ်း တယ်ဆိုတာ အကြောင်းရင်းကို သဘောပေါက်အောင် ဆရာဘုန်းကြီးက ပြတာ၊ သဘောကျပလား (ကျပါပြီ ဘုရား)။
လူ့ဘဝရဖို့ခဲယဉ်းတယ်
အခုဟာ ဘာပါလိမ့်ဗျာ (အကြောင်းရင်းပြတာပါ) အကြောင်းရင်းကို ဣန္ဒက ဘီလူးကို ဘုရားကဟောလို့ ဘုန်းကြီးကတစ်ဆင့် ဟောတာပါ (မှန်ပါ့) လူ့ဘဝရဖို့ ခဲယဉ်း တယ်ဆိုတာကို အစကစပြီး ပြပြီ။ မောင်နိုင် လွယ်ကူပါ့မလား (မလွယ်ကူပါဘူး ဘုရား)
“ပဌမံ ကလလံ ဟောတိ၊ ကလလာဟောတိ အဗ္ဗဒံ။
အဗ္ဗဒါဇာယတေပေသိ၊ ပေသိနိဗ္ဗတ္တဃနော။”
ပြီးတော့မှ သုံးဆဲ့နှစ်ကောဋ္ဌာသ ဆိုတဲ့ဟာတွေ ရင့်ကျက်တာခုနစ်ရက်နဲ့ လုပ်လိုက်တော့မှ ဆံပင်ကလေးတွေ ခေါင်းပေါက်နေတာ ခြေသည်းလက်သည်းကလေးတွေ ထွက်နေတဲ့ ခုနှစ်ရက်တဲ့ (မှန်ပါ့) အားလုံး ပေါင်းလိုက်မယ် ဆိုရင် ခုနစ်လေးဆယ့်နှစ်လီ (၇×၄၂) ရက် ၄၂ သတ္တာဟကျ မှ မွေးဖွားနိုင်တယ် (မှန်ပါ့) ၉လခွဲနဲ့ သွားကိုက်တာပါပဲ တစ်ချို့ ၁၀,လ သွားကိုက်တယ် (မှန်ပါ့)။
ဒကာ ဒကာမတို့ ခင်ဗျားတို့ ရထားတဲ့ သုံးဆယ့်နှစ် ကောဌာသတွေထဲမှာ ပါတာတွေတစ်ချို့ ခုနစ်ချည်းသွား တာပဲ ကဲဒီကြားမှာ သေနိုင်၊ မသေနိုင် (သေနိုင်ပါတယ် ဘုရား) ဒါကြောင့် ဒကာ ဒကာမတို့ လွယ်ကူပါ့မလား (မလွယ်ကူပါ ဘုရား)။
မိခင်ကျောဘက်မျက်နှာမူ
ကဲ-ဒါကလေးက ဘယ်လိုနေရသတုန်းဆိုတော့ အထည်ကလေးကြီးလာတော့ အမိကျောဘက်မှာ မျက်နှာ – မူပြီး ခေါင်းပေါ်မှာ လက်နှစ်ခုယှက်ပြီး အုပ်ထားရတယ် ကျောဘက်လည်း မျက်နှာမူရသေးတယ်၊ ထိုင်လည်းနေရ သေးတယ် ဆိုတော့ ဗိုက်ထဲမှာ ဒကာ ဒကာမတို့ ထိုင်ရတာ ကလည်း ဘယ်လောက်တုန်းလို့မေးတော့ ၉လခွဲ ၁ဝလ (မှန်ပါ့)။
စဉ်းစားကြည့်ပါခင်ဗျားတို့ အခုတစ်နာရီ တရားနာ တာတောင် ဟိုဘက်ဒီဘက်ပြောင်းကြရသေးတယ်နော် ဟိုမှာ ပြောင်းနိုင်တာ မဟုတ်ဘူး (မှန်ပါ့) အဲဒီတော့ သူ့ ဝေဒနာနဲ့သူ သေနိုင်၊ မသေနိုင် (သေနိုင်ပါတယ် ဘုရား)။
သေရင် အဲဒီမှာ သားလျှောတယ် ဖြစ်တာပဲ ဒကာ ဒကာမတို့ (မှန်ပါ) ကိုင်း လွယ်ကူပါ့မလား (မလွယ်ကူပါဘူး) ဒီနေရာကို ရောက်ကော ရောက်ချင်စရာကော ရှိပါ့မလား (မရှိပါဘူး) ဒီမှာလူဖြစ်ဖို့ခဲယဉ်း။ ခဲယဉ်းတဲ့ အထဲကရောက်ချင်စရာကော ရှိပါရဲ့ လား (မရှိပါဘူး)။
ကမ္မဇလေကမှုတ်လိုက်တယ်
ဒီတွင်မှ ၉လခွဲရှိတဲ့အခါကျတော့မှ ကံကြောင့်ဖြစ်တဲ့ ကမ္မဇလေကနေပြီး အမိကျောဘက် မျက်နှာမူပြီး ထိုင်နေ တယ် ထိုင်နေတာမှာလည်း မိုးစိုစို၊ မျောက်သစ်ငုတ် ပေါ်မှာထိုင်သလို ထိုင်နေရတာ (မှန်ပါ့) အဲဒီတွင် အောက်က နေပြီး သကာလ လေကနေမှုတ်လိုက်တာ ကမ္မဇလေဆိုတာ ရှိတယ်နော် (မှန်ပါ့) ကံကြောင့်ဖြစ်တဲ့ ကမ္မဇလေကနေပြီး မှုတ်လိုက်တော့ တစ်ခါတည်းဂျွမ်းပြန်ပြီး အမိဝမ်းခေါင်းထဲ မှာလဲသွားတယ် အထက်အောက်လှည့်တယ်ခေါ်မှာပေါ့ (မှန်ပါ့)။
အဲဒါကြောင့် အမေဝမ်းနာတယ် ဖြစ်လာတယ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ)။
ဘုန်းကြီးက နားလည်တာမဟုတ်ဘူး၊ စာထဲလာတာ ကို ပြောနေတာလို့ မှတ်ကြနော် (မှန်ပါ့) သဘောပါပလား (ပါပါပြီ) ဘုန်းကြီးက ခရေစေ့တွင်းကျ သိနေတယ်လို့ခင်ဗျားတို့က ထင်နေမှာလည်း စိုးရိမ်ရသေးတယ်။ စာမှာ ဘုရားသခင်ကိုယ်တော်မြတ်ကြီး ဟောတာကို သိနေလို့ပြောရခြင်း ဖြစ်ပါတယ်။
ခေါင်းကအောက်စိုက်သွားတယ်
ဝမ်းနာတာရိပ်မိကြပလား (ရိပ်မိပါပြီ) နဂိုမူလက ဆောင့်ကြောင့် ကျောဘက်မျက်နှာမူပြီး ထိုင်နေတဲ့ဥစ္စာ ဂျွမ်း ပြန်လှည့်လိုက်တယ်၊ ဂျွမ်းပြန်လှည့်လိုက်တော့မှ ခေါင်းကအောက်စိုက်သွားတယ်၊ သဘောကျပလား (ကျပါပြီ)။
ခေါင်းအောက်စိုက်လို့ အပြင်ဘက်ထွက်တော့မလား လို့ မေးတဲ့အခါကျတော့ မထွက်နိုင် သေးဘူး၊ ခေါင်းအောက် စိုက်ရုံအတော်ကြာနေတယ် – (မှန်ပါ့)။
ဒီအချိန်မှာ ဝမ်းထဲရှိတဲ့ကလေးဟာ အသက်လည်း မရှူရတော့ မောင်နိုင် ဝဋ်ကောင်မို့၊ အသက်ရှည်နေတာ (မှန်ပါ့) အသက်ရှူရင် အမေ့ဗိုက်ဘယ်မှာ ခံနိုင်လိမ့်မလဲ (မှန်ပါ့) ဒီထက်ကြီးပြီး သကာလ အမေ့ဗိုက်ကို လန့်ကွဲ သွားဖွယ်ရာပဲ။ သူ့လေကလေးက ပြင်ဘက်ထွက်မှာမှ မဟုတ်ဘဲ (မှန်ပါ့)။
အသက်လည်း မရှူရဘူး၊ အစာလည်း ကျွေးမည့်သူ မရှိဘူး၊ အဝတ်လည်းမကပ်ဘူး၊ နဂိုထိုင်ခဲ့တဲ့ နေရာအောက်က ကျင်ကြီး၊ အပေါ်က အမေစားတဲ့ အစာသစ်အိမ်၊ ခေါင်းနဲ့ရွက်ထားရတယ်၊ ဘယ်နေရာက သန့်ရှင်းသတုန်း၊ မေးတော့ (ဘယ်နေရာမှ မသန့်ရှင်းပါဘူး)။
အပြင်ဘက်ကျမှ ခင်ဗျားတို့ ကြွားလုံးထုတ်ပြီး ကျုပ်က ဘာဖြစ်ဖြစ်၊ အနေအထိုင် အစားအသောက်မှစ၍ သန့်သန့်ရှင်းရှင်းမှ ကြိုက်တယ်တဲ့ အဲဒါကြွားလုံးထုတ်နေ တာပါတဲ့။ ကိုယ်နေခဲ့တဲ့နေရာကဖြင့် ဒကာ ဒကာမတို့ အရုပ်ဆိုး အကျည်းတန်တာမှ တန်းကုန်နေပြီ၊ ဝဋ်ကောင်မို့ ဒီနေရာ ရလာကြတာ (မှန်ပါ့) ဒါကြောင့် မြတ်စွာဘုရားက ဇာတိပိ၊ ဒုက္ခာလို့ ဘုရားရှင်တိုင်း ဟောတော်မူတယ်လို့၊ မှတ်လိုက်စမ်းပါ၊ (မှန်ပါ့) အမိဝမ်းခေါင်းထဲ နေရတဲ့ ဇာတိ ဟူသ၍ ဟာဖြင့် ဒုက္ခချည်းပဲ၊ သုခလို့ တစ်ခါမျှ မဟောဘူး (မှန်ပါ့)။
မင်းတို့ဘဝကိုဇာတ်သိမ်းကြစမ်းပါ
ဒါကြောင့် မင်းတို့ဘဝကို ရွံကြစမ်းပါ မုန်းကြစမ်းပါ။ ဘဝကို ဇာတ်သိမ်းကြစမ်းပါ၊ သစ္စာသိအောင် လုပ်လိုက်ကြ စမ်းပါ၊ သစ္စာသိရင် ဇာတ်သိမ်းပါတယ်လို့ ဘုရားက အတန်တန်ဟောပါတယ် (မှန်ပါ့)။
ကဲ ဒကာ ဒကာမတို့ ကိုယ့်ပင်ရင်း ကိုယ်သိကြပလား (သိပါပြီ) မပျော်ပါနဲ့တော့ ဇာတ်သာသိမ်းကြပါ တော့နော် (မှန်ပါ့) အမြဲတမ်းချမ်းသာတဲ့ နိဗ္ဗာန်ကိုသာ နေပါ တော့မယ်ဆိုပြီး၊ နိဗ္ဗာန်ရောက်ကြောင်းကိုသာ လုပ်ကြပါ။ ဘာမှ နောက်ဆံတင်းပြီးတော့ မနေဘဲနဲ့ ပြင်းပြင်းထန်ထန် သာ ကြိုးစားပါဆိုတာ၊ ယနေ့ည အထူးတိုက်တွန်းပါတယ် (မှန်ပါ့ ဘုရား) ကိုယ့်ဖြစ်စဉ်ဆိုးလွန်းလို့။ (မှန်ပါ့)။
အခု ခေါင်းအောက်စိုက်နေတုန်းရှိသေးတယ်၊ ဒကာ ဒကာမတို့ အပြင်ဘက်ရောက်ပလား(မရောက်သေး ပါဘူး ဘုရား) ကလေးစိတ်ထဲမှာ အောက်မေ့တယ်၊ ငါနောက် ဘဝနေခဲ့ရတဲ့ဆင်းရဲတွေဟာ အင်မတန်ကြီးကျယ်ပါတယ်၊ ဒီတစ်ခါ ဒီလိုဆင်းရဲဖြင့်၊ အသူတစ်ရာနက်တဲ့ ချောက်ထဲ ကိုဖြင့် အကျကြီးကျပြီး သေပွဲတော့ လှလှကြီးဝင်တော့မှာ ဘဲလို့ အောက်မေ့လိမ့်မယ်၊ (မှန်ပါ့)။
ခေါင်းအောက်စိုက်တယ် လေကနေပြီး၊ လှည့်ပစ် လိုက်တာကိုး (မှန်ပါ့) နဂိုက ဆောင့်ကြောင့်ထိုင်နေတာ (မှန်ပါ့) ဆောင့်ကြောင့်ထိုင်နေတာကို ကမ္မဇလေကအောက်ကနေပြီး၊တင်ပါးကနေမြှောက်လိုက်တဲ့အခါ ကျတော့ ခေါင်းက အောက်စိုက်တယ်၊ (မှန်ပါ့) ဒါကြောင့် ဒကာ ဒကာမတို့ ခြေကဖွားတာရှားတယ်ဆိုတာ သဘောကျပလား (ကျပါပြီ ဘုရား)။
ခြေကဖွားဆိုတာ အင်မတန်ရှားပါတယ် ဒကာ ဒကာမတို့ ခေါင်းက အောက်စိုက်ရတာကိုး၊ စိုက်လိုက်တော့ အမိ၏ဖွားရာဌာနကို ရောက်ပလားလို့မေးတော့၊ မရောက် နိုင်သေးပါဘူး၊ (မှန်ပါ့) ဒုက္ခခံနေရတာပဲ အဲဒီမှာ ကလေးစိတ် ထဲက အသူတစ်ရာနက်တဲ့၊ ချောက်ထဲကို အရင်ဒုက္ခတွေ ထက် အဆပေါင်း၊ ထောင်ပေါင်းများစွာ ဒုက္ခထဲ ငါလှလှ ကြီးရောက်တော့မှာပဲဆိုတာ တစ်ခါတည်း ထိပ်လန့်သွား တယ် (မှန်ပါ့)။
ကဲ ဒကာ ဒကာမတို့ တစ်ခါထပ်ပြီး နေချင်သေး သလား၊ ဒီနေရာကို (မနေချင်ပါဘူး ဘုရား) နေချင်စရာကော ရှိပါရဲ့လား (မရှိပါဘူး)။
ယုံယုံကြည်ကြည်နဲ့ မှတ်လိုက်စမ်းပါ
အဲဒါဒကာ ဒကာမတို့ လုပ်ဆောင်ပြောနေတဲ့တရား မဟုတ်ပါဘူး၊ ဣန္ဒက ဘီလူးကို ဘုရားကဟောလို့ ပြောရတဲ့ တရားလည်းဖြစ် အမှန်သိမြင်တော်မူတဲ့ ကိုယ်တော်မြတ်ကြီး က နှုတ်ဖွင့်၍ ဟောတာဖြစ်နေသောကြောင့်လည်း ယုံယုံ ကြည်ကြည်နဲ့ မှတ်လိုက်စမ်းပါ (မှန်ပါ့) သဘောပါပလား (ပါပါပြီ)။
ကဲ အရင်ဒုက္ခတွေကြီးလှပလား အောက်မေ့တယ်၊ဂျွမ်းစိုက်ပြီး သကာလ ၊ အပေါ်က လေကလည်း အတင်းမှုတ် ထုတ်နေတယ်၊ ကိုယ်ကလည်း ဒီအထဲမှာ ခေါင်းနဲ့တိုးနေ ရတာ၊ မောင်နိုင် (မှန်ပါ့) အမိဝမ်းခေါင်းထဲမှာ ဖွားရာဌာနရောက်အောင် ခေါင်းနဲ့တိုးနေရတာ လေကလည်း နောက် ကနေ မှုတ်နေတာ၊ ဘယ်နှယ်မှမတတ်နိုင်ဘူး။
ကိုယ်ကလည်း ဒီလေကို မတတ်နိုင်တော့၊ လေက လည်း မှုတ်ကိုယ်ကလည်း ခေါင်းနဲ့တိုး၊ တိုးရတာကလည်း ကျဉ်းမြောင်းတဲ့ နေရာဌာနဖြစ်တယ်၊ ဘယ်လောက်များ ဆိုးသတုံး (ဆိုးပါတယ် ဘုရား)။
ဒီထဲမှာ ဒကာ ဒကာမတို့ ဒီတရားမျိုးနာရတော့၊ ဒါဟာ သစ္စာဟောချင်လို့ ဒါလောက်စလာတာပါ၊ ဒကာ ဒကာမတို့ ပေါ့နေမှာစိုးလို့နော်၊ (မှန်ပါ့) ပေါ့နေမှာစိုးလို့ တကယ့်ကရုဏာကြီးနဲ့ ပြောနေတယ်ဆိုတာကိုလည်း သေသေချာချာမှတ်ပါ။ (မှန်ပါ့)။
ကိုင်း-ဒါနဲ့မောင်နိုင် – ဥပမာပြကြဦးစို့ဆိုတော့ ဒီတိုက်ထဲမှာ ကြွက်ဝင်စရာ အပေါက်ကလည်း မရှိတော့၊ ကြွက်ထွက်ရအောင်ဆိုပြီး ဘုန်းကြီးများကဖြစ်စေ၊ ပန်းရံ များက ဖြစ်စေ၊ တစ်လက်မလောက် အပေါက်ကလေးဖောက်ထားတယ်။
ဖောက်ထားပေမယ့် ကြွက်ကောင်ကကြီးတော့၊နှစ်လက်မလောက် ကြွက်ကိုယ်လုံးရှိမယ်ဆိုရင် ဘယ်မှလည်း ပြေးစရာမရှိဘူး၊ နောက်ကလည်း ကြိမ်နဲ့ရိုက်နေတယ်ဆိုရင် ဒီအပေါက်တိုးရတော့မယ် (မှန်ပါ့)။
တိုးရလို့ရှိရင်၊ တစ်လက်မပေါက်ရှိတာကို နှစ်လက်မ ကိုယ်လုံးရှိတဲ့ကြွက်က၊ တိုးရလို့ရှိရင် ဟိုဘက်အရေတွေတော့ မပါနိုင်တော့ဘူးစိတ်ချ။ (မှန်ပါ့) သွေးရဲရဲ၊ သံရဲရဲ ဖြစ်ရမယ် (မှန်ပါ့) နောက်ကလည်း ရိုက်လျက်ကိုး၊ ရှေ့ကို လည်း မရမက တိုးရတော့မယ်ဆိုတော့ အရေကျန်ရစ်ပါဦး မလား- (မကျန်ရစ်ပါဘူး) တစ်ခါတည်း သူ့အရေက တိုက်တည်းမှာ နေရစ်တော့မှာပဲ (မှန်ပါ့) ဟိုဘက်က သွေးရဲရဲ၊ သံရဲရဲ အကောင်သာ ရှင်ထွက်ထွက်ရင် ဒါပဲ ထွက်မယ် (မှန်ပါ့)။
ပြုံးချိန်မဟုတ်သေးဘူး
ဒီမှာလည်း ကျုပ်တို့ အမိဖွားရာဌာနက ဒီလိုနေပြီး ဒီလိုပြင်ဘက်ထွက်ခဲ့ရတယ်၊ (မှန်ပါ့) လွယ်ပါ့မလား (မလွယ် ပါဘူး ဘုရား)။
အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ မိဘ ညီအစ်ကိုမောင်နှမ မတော်ဘူးသူ မည်သည်မရှိနိုင် သလောက်ရှိတော့ ဒကာ ဒကာမတို့ မပြုံးနဲ့ဦးနော် ပြုံးချိန်မဟုတ်သေးဘူး၊ သတိပေးထိုက် မပေးထိုက် (ပေးထိုက် ပါတယ် ဘုရား) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
အဲဒီအချိန်မှာ တစ်ခါတည်း သားကောင်ကကြီး။ ထွက်ရာအပေါက်က ကျဉ်းမြောင်းနေတဲ့အခါမှာ လေကနောက်ကနေပြီး အတင်းတွန်းထုတ်တာပဲ။ ငါတော့ဖြင့် ဒီတစ်ခါတော့ဖြင့် အသားတွေ အရေတွေ ဘာမှမပါပဲနဲ့ အတင်းတွန်းထုတ်တာနဲ့ ပြင်ဘက်အသက်ပါမယ် မထင် ဘူးလို့ ကလေးက တစ်ခါတည်းတက်သွားတတ်တယ်(မှန်ပါ့) ကျုပ်တို့ဖြစ်လာခဲ့ရတာ ရိပ်မိပလား (ရိပ်မိပါပြီ) လွယ်လွယ် ကူကူနဲ့လား၊ စဉ်းစားကြစမ်းပါဦး – (ခဲခဲယဉ်းယဉ်းပါ ဘုရား)။
နဂိုနေခဲ့ရတဲ့၊ ခုနစ်လ ကိုးလ၊ ဆယ်လ ဆိုတာက လည်း မသက်သာဘူး။ နောက်ဆုံး မွေးခါနီးကျတော့လည်း မသက်သာဘူး ဇောက်ထိုးနေရတာကော (မသက်သာပါ ဘူး) မွေးဖွားရာ အပေါက်ကို တိုးရတာကော (မသက်သာ ပါဘူး) သြော် ခက်လိုက်တဲ့ဖြစ်ခြင်း၊ သက်သာတာကလေး ထည့်ပြစမ်းပါဦးဆိုတော့ ပါကိုမပါလို့၊ မထည့်နိုင်ဘူး (မှန်ပါ့) ရှင်းပလား၊ (ရှင်းပါပြီ ဘုရား)။
ကိုင်းဒါနဲ့ အပြင်ဘက်ရောက်ဖို့က အရေးကလည်း ခုနင်က ကြွက်ထွက်သလို ထွက်ခဲ့ရတဲ့ အခါကျတော့ ပြင်ဘက်ကျတော့ တက်နေတတ်တယ်၊ အသံကို မထွက်ဘူးတစ်ချို့ကလေးတွေမှာ (မှန်ပါ့)။
ဝမ်းဆွဲလက်သည်တွေက ခြေထောက်ကလေးတွေ ဆွဲပြီး ရေတွေဘာတွေနဲ့ ပွတ်သပ်ပြီး အသံထွက်အောင် လုပ်ပါမှ ငိုလာတဲ့ ကလေးများ ကြားဘူးတယ် မဟုတ်လား (ကြားဘူးပါတယ် ဘုရား)။
ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့- သုခရယ်လို့ ဒီကြားထဲမှာ ပါခဲ့ကြရဲ့လား (မပါပါဘူး) အဲဒါဘယ်နှစ်လ ရှိပြီတုံးလို့မေးတော့ ၉လခွဲ ၁ဝလထဲ ရောက်ပါပြီ (မှန်ပါ့)။
ဒုက္ခိတကလေး
ကိုင်း ပြင်ဘက်ကျတော့ ဆရာဝန်၊ ဆရာမတွေနဲ့ နေနိုင်တဲ့ ပုဂ္ဂိုလ်မှာ ဒါကလေး နီတွတ်ကလေးကို ဒကာဒကာ မတို့ အဝတ်ကလေး ဘာကလေးနဲ့ ထုပ်ပြီး သကာလ ထားပြန်တော့၊ ဘာများသိသတုံးလို့မေးတော့ ဘယ့်နှယ်ဖြေ မတုံး (ဘာမှမသိဘူး)။
ဆာတာကနို့၊ ပေးတာကတခြားနဲ့..မျိုဟဲ့ သိပ်ဟဲ့။ ခြင်ကိုက်လို့လည်း မမောင်းနိုင် ခြေလက်ပါပါလျက် ဒုက္ခိတကလေးဘာများ စွမ်းနိုင်ရည် ရှိသတုံး (ဘာမှမရှိပါ ဘုရား)။
ကိုစံလှ ဒီအဖြစ်မျိုး ခင်ဗျားတို့ ကိုယ်တိုင်လည်းမြင်ဖူးပါပြီ (မှန်ပါ့) နောက်လည်းဖြစ်ချင် မဖြစ်ချင် (မဖြစ်ချင် ပါဘူး ဘုရား) မဖြစ်ချင်လို့ရှိရင်ဖြင့် မဖြစ်ချင်တဲ့လမ်းကိုလိုက်ကြပါဆိုတာ သတိပေးပါတယ် (မှန်ပါ့)။
ကိုင်း ဒီကနေပြီး သကာလ သွားလိုက်တာ ဒကာ ဒကာမတို့ လေးဘက်သွားသည်အထိ ဘာမှမသိတဲ့ သူပေး လူပေးနဲ့ ကြီးပွားလာခဲ့ရတဲ့ ကလေးမဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ်) သူထူ ငါထူမှ ထနိုင်တဲ့ဘဝ တကယ့်ဒုက္ခိတ ကလေးပါလားဆိုတာ ပေါ်လာတယ် (မှန်ပါ့)။
ဒါဖြင့် ဟိုဘက်က ၉လခွဲ ၁၀လ ဆင်းရဲတဲ့အထဲ မှာ မသေလို့ အပြင်ဘက်ရောက်လာပြန်တော့လည်း ဒုက္ခိတ ကလေးနဲ့ အသက်ရှင်နေရတယ် (မှန်ပါ) သူပေး၊ လူပေးမှ စားနိုင်တယ်၊ သူငါထူမှ ကြွနိုင်တယ်၊ ကိုယ်ကတော့ ငိုတတ်တာတစ်ခုပဲရှိတယ် (မှန်ပါ့) ဘာတောင်းတတ်သတုံး (ဘာမှမတောင်းတတ်ပါဘူး) ဒကာ ဒကာမတို့ ဒီဘဝမျိုးကို ကြုံချင်ဆုံချင်ပါရဲ့လား (မကြုံချင် မဆုံချင်ပါဘူး ဘုရား)။
ကိုင်းဒါဖြင့် ဘယ်ဘဝရရ၊ နတ်ကလွဲလို့ ဗြဟ္မာ ကလွဲလို့၊ ဘွားခနဲ မပေါ် ရတဲ့ ဘဝဟူသ၍ဖြင့် ဂဗ္ဘသေယျက ပဋိသန္ဓေနေရတဲ့ ဘဝဟူသ၍ ဖြင့် ဒီအတိုင်းချည်း၊ လာကြ မှာဘဲ (မှန်ပါ့)။
ဒီအထဲမှာပဲ၊ ဒါကလေးက ပြင်ဘက်ရောက်လာလို့ ငါဖြင့် တော်တော်ဟန်ကျပြီး အောက်မေ့တယ်၊ ဒကာ ဒကာမ တို့ ဝမ်းတွင်းထဲကထက် သေခါနီးလာပြီ (မှန်ပါ့) ဝမ်းတွင်း မှာနေတာထက် သေခါမနီးသေးဘူးလား (နီးပါတယ် ဘုရား)သက်သာခွင့်များ ပါကြရဲ့လား (မပါပါဘူး)။
အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဇာတိ ကပြီးဇရာ၊ ဇရာကပြီး၊ မရဏ သွားဆိုက်ပြန်တော့ မရဏ လည်း ပြီးပါရော၊ ခုနင်က ကလလရေကြည်ဘက် ပြန်လှည့် တယ် (မှန်ပါ့) အပါယ် ငရဲမသွားရင် အဲဒီဘက် ပြန်လှည့် တယ် (မှန်ပါ့)။
ဒါဖြင့် ကျုပ်တို့မှာ သုခစက်လည်သလား၊ ဒုက္ခစက် လည်သလားဆိုတာ၊ ယနေ့အကဲခတ်ပါ (ဒုက္ခစက်လည်ပါ တယ် ဘုရား) သဘောပါကြပလား (ပါပါပြီ ဘုရား)။
ဒကာ ဒကာမတို့ လူ့စည်းစိမ် အကြိမ်ကြိမ် ခံစားရပါ လို၏ဆိုရင် ဒီဟာတွေရတော့မှာပဲ (မှန်ပါ့) လူ့စည်းစိမ် အကြိမ်ကြိမ် ခံစားရပါလို၏ဆိုရင် ဒီဒုက္ခတွေ အကုန်ရရပါ လို၏ပေါ့ဗျာ၊ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။
ဒီနေရာမပြန်ချင်ကြပါနဲ့တော့
အဲဒါလောက် ခဲခဲယဉ်းယဉ်းနဲ့ အခုကျုပ်တို့ လူ့ဘဝရောက်လာပြီ ငါးဆယ်ရှိတဲ့ပုဂ္ဂိုလ် ခြောက်ဆယ်ရှိတဲ့ပုဂ္ဂိုလ်၊ ခုနစ်ဆယ်ရှိတဲ့ပုဂ္ဂိုလ်၊ အစိတ်သုံးဆယ်ရှိတဲ့ ပုဂ္ဂိုလ်တွေလည်း ပါကြတော့၊ ဒကာ ဒကာမတို့ အလွဲသုံးစားတော့ မလုပ်လိုက် ပါနဲ့ သစ္စာသိပြီး၊ နိဗ္ဗာန်သာပြေးကြတော့၊ ဒီနေရာ မပြန် ချင်ကြပါနဲ့တော့ (မှန်ပါ့)။
ဒါ-အပါယ်ဆင်းရဲကို ဘုန်းကြီးမဟောသေးပါဘူး၊ အဲဒီမှာဟောထားတဲ့သုတ်၊ ဘုရားတစ်ဆူမှ တစ်ခါဟောတဲ့ သုတ်ရှိပါသေးတယ်။ အခုဟာကတော့ လူ့ဘဝရခဲပြီး၊ ဒုက္ခ ပွေလှတဲ့သုတ်ကို ဘုန်းကြီးရှင်းပြပါတယ်၊ (မှန်ပါ့) ကဲ.. ဒီနေရာများ ပြန်ချင်ကြသေးသလား – (မပြန်ချင်ပါဘူး ဘုရား)။
ဒီနေရာမပြန်ချင်လို့ရှိရင် မပြန်တဲ့နည်းကို ဘုန်းကြီး ယနေ့ပေးပါမယ်။ ဒကာ ဒကာမတို့ အလွဲသုံးစား၊ မလုပ်ကောင်းတာတော့ဖြင့် သိသွားပြီ (မှန်ပါ) သိကြရဲ့လား၊ (သိသွားပါပြီ ဘုရား) ကိုယ်ကလွယ်လွယ်နဲ့ ဖြစ်လာတာလား၊ ခဲခဲယဉ်းယဉ်းထဲက အသေတွေကျော်ပြီး အမျိုးမျိုးကျော်ပြီး သကာလ လာခဲ့ရတာလား (အမျိုးမျိုးကျော်ပြီး လာခဲ့ ရတာပါ ဘုရား) မလွယ်ဘူးနော် (မှန်ပါ့)။
လွယ်ကို မလွယ်ဘူး ဒကာ ဒကာမတို့ လူဘဝကို ကံက အမိဝမ်းခေါင်းထဲ ပစ်ထည့် လိုက်တာတောင်မှ လူဖြစ်ဖို့ရာ အတော်ခဲယဉ်းတယ် (မှန်ပါ့) ဒီပြင် တိရစ္ဆာန် ဘဝက၊ လူ့ဘဝတက်ဖို့ဆိုတာတော့ ဒကာ ဒကာမတို့ မတတ်နိုင်လောက်အောင်ပဲ ခဲယဉ်းတယ်ဆိုတာသာ ဆုံးဖြတ်ချက်ချ ပါတော့။ (မှန်ပါ့) အပါယ်ငရဲက ဆိုတာတော့ တော်တော်နဲ့ မတတ်နိုင်ပါဘူး ဘုရား)။
ငရဲကတိရစ္ဆာန်ကိုတက်တာများတယ်
တစ်နေ့ကဘဲဟောခဲ့သေးတယ် အပါယ်ငရဲက တိရစ္ဆာန်လှမ်းတက်ရတယ်၊ တိရစ္ဆာန်ဘဝမှာ နိုင်ရာစားဖြစ် တော့ အပါယ်ငရဲ ပြန်ကျတယ်၊ (မှန်ပါ့) နှစ်စေ့လို့တက်ပြန် တော့ တိရစ္ဆာန်တက်တာကများတယ်၊ တိရစ္ဆာန်ဘဝ တက်ပြန်တော့ နိုင်ရာစားလုပ်ပြန်တော့ဘာတုံး (အပါယ်ငရဲပြန်ကျရပါတယ်) ဒီလိုချည်းလှည့်နေတော့ ဒကာ ဒကာမတို့ ယခုရထားတဲ့ ဘဝကလေးကိုဖြင့် အဖိုးတန်တဲ့ ဘက်ကို အသုံးချလိုက်စမ်းပါ (မှန်ပါ့)။
တရားတောင် အရှည်လိုက်မနေနဲ့၊ အခုရရင် အခုယူ နိုင်တဲ့ တရားနဲ့တော်ပြီ (မှန်ပါ့)။
ကျုပ်ဖြင့် ဒါပဲသိမ်းပါတော့မယ်၊ ဒီဇာတ်ဖြင့် အလွဲသုံးစား မလုပ်တော့ပါဘူး သိမ်းပါတော့မယ်။ အရပ်က ပြော တာမယုံတော့ပါဘူး။ နင်ကြီးလာပြီ၊ နင်လူလားမြောက်ပြီး နင်လူနဲ့တူအောင် ဘာမှမရှိသေးဘူး၊ ဆိုတဲ့စကားတွေလည်း မယုံပါနဲ့တော့။ သဘောကျပလား (ကျပါပြီ) နင့်မှာ အချိန် အရွယ်ကလေးရောက်လာပြီ၊ အိမ်ထောင်ရေးရာကလေးရှိ မှပေါ့။ စီးတဲ့ရေ ဆည်တဲ့ကန်သင်းဆိုတာ ရှေးပုံပြင်တွေလည်း ရှိနေတာဘဲတဲ့။
ဇာတ်သိမ်းတဲ့လမ်းပြောကြပါစို့
အဲဒါတွေကို ဂရုပြုမနေပါနဲ့တော့၊ ကိုယ်လာခဲ့တဲ့ ဘဝကလေးကဖြင့် အဲဒါတွေအားကျစရာ၊ ရှိသေးရဲ့လား (မရှိပါဘူး) ဘာမှ မလိုတော့ဘူးဆိုတာ သဘောပါကြပလား (ပါပါပြီ ဘုရား)။
ကိုင်း-ဒါဖြင့် ဇာတ်သိမ်းတဲ့လမ်းကို ပြောကြပါစို့ ဒီဇာတ်ကို သိမ်းတဲ့လမ်းကိုသာလျှင် အရေးတကြီး ပြောကြပါ စို့၊ ဆိုတာဖြင့် ဒကာ ဒကာမတို့ တစ်ဖွဲ့လုံးပဲ၊ တာဝန်ယူကြ ပေတော့နော် (မှန်ပါ့)။
ဒကာ ဒကာမတို့ နိဗ္ဗာန်ကို အခုလို ဇာတိဒုက္ခမရှိတာ ကို၊ အခုလို ပဋိသန္ဓေ ဒုက္ခတွေ မရှိတာကို ဇရာဒုက္ခလည်း မရှိတာကို ဗျာဓိ ဒုက္ခလည်းမရှိတာကို မရဏဒုက္ခလည်း မရှိတာကို စိုးရိမ်ရတဲ့သောကဒုက္ခငိုကျွေးရတဲ့ ပရိဒေဝဒုက္ခ၊ ဒါတွေ မရှိတဲ့ဆီသာ၊ တပည့်တော်တို့ ကြိုက်ပါတော့တယ် ဘုရား၊ တော်ပါပေါ့၊ တန်ပါပေါ့ ဆိုတာဖြင့် ဆုံးဖြတ်ချက် ချပါ။ (မှန်ပါ့)။
နိဗ္ဗာန်တစ်ခုသာကြိုက်ပါတော့
ဒါကိုသာ ကြိုက်ပါတော့ ဒီပြင်ဘာမှ မကြိုက်နဲ့တော့ ရှင်းပလား (ရှင်းပါပြီ) နိဗ္ဗာန်တစ်ခုသာ ကြိုက်ပါတော့ဆိုတာ ကိုဖြင့် သတိပေးပါတယ် (မှန်ပါ့) ဒီပြင်ဟာကြိုက်လို့ရှိရင် အလွဲချည်းပဲ ဒီပြင်ဟာ ကြိုက်လို့ရှိရင် ခုနင်က ဘဝတွေ ချည်း ပြန်ရမယ် (မှန်ပါ့)။
ဒါက လူ့အဖြစ်ကို ဟောတာနော် (မှန်ပါ့) ခွေးကျ တော့ တစ်လခွဲ၊ နှစ်လ စသည်လောက်နဲ့ မွေးလိမ့်မယ်၊ ဘာ ဖြစ်လို့တုံးဆိုတော့၊ တိရစ္ဆာန်ဘုံသားအဖြစ် မြန်လေလေ၊ အသေ မြန်လေလေပဲ၊ (မှန်ပါ့) ဆင်းရဲတာလည်း ရှည်ပေစေ၊ ဒီအထဲချည့် ပြန်ရောက်အောင်ဆိုပြီး၊ ကံကအမျိုးမျိုး လုပ်ပေး လိုက်တယ်။ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ)
ကိုင်း- ဒါဖြင့် ဒကာ ဒကာမတို့ အခုပဋိသန္ဓေခဏ်း ကိုဟောရသဖြင့် ဒီနေရာပြန်ချင်၊ လှည့်ချင်တဲ့စိတ်လုံးဝဖျောက်လိုက်ပါတော့၊ (မှန်ပါ့) ဘာသစ္စာတွေလည်း (ဒုက္ခ သစ္စာတွေပါ)။
ကိုင်း သစ္စာသိသွားပြီ၊ ဉာတ အဆင့်နဲ့သိသွား ပြီ ဪ ဒုက္ခသစ္စာဆိုတာ၊ အစကတည်းက ဒုက္ခသစ္စာ ပါကလား ကလလရေကြည်တည်ကတည်းက ဒုက္ခ သစ္စာ (မှန်ပါ့) ဘယ်အချိန်ချမ်းသာခဲ့သတုံး (မချမ်းသာ ခဲ့ပါဘူး) ဒါဖြင့် ဒီလမ်းဒီစခန်းကိုဖြင့် မပြန်တော့ပါဘူးဆိုတာ အခုတရားနာတဲ့အချိန် ဆုံးဖြတ်ချက်ချလိုက်။ ဒီလမ်း ဒီစခန်း ကိုဖြင့် မပြန်ချင်တော့ပါဘူး၊ မလိုချင်တော့ပါဘူး တောင်းပြီး သားဆုတွေလည်း အကုန်လျှော်ပစ်လိုက်တာပေါ့ (မှန်ပါ့)။
တောင်းပြီးသားဆုတွေ ဘာလုပ်ရမလဲ၊ (အကုန် လျှော်ပစ်လိုက်ပါ) တော်ပြီတန်ပြီ မသိခင်က မှားထား တာတွေ။ လူ့ဘဝ၊ နတ်ဘဝ၊ လူ့ပြည်၊ နတ်ပြည်၊ အကြိမ်ကြိမ် ခံစားဆိုတာတွေ၊ အပြောကောင်းတာနဲ့ ကျုပ်တို့သည် အရလိုက် မိခဲ့တာတွေ အခုဖြင့် ပဋိသန္ဓေခဏ်း ဟောလိုက် သဖြင့် အပါယ်လေးပါးနဲ့ တိရစ္ဆာန်လှည့်နေတာ မြင်သဖြင့် လည်း သံသရာဝဋ်ဒုက္ခမှာ ငါးပါးမှောက်တဲ့ ဆုကြီးပါလား ဆိုတာ သေချာသွားပြီ (မှန်ပါ့)။
ကိုင်း-ဒါဖြင့် လူမှာရှိသင့်တဲ့ ဉာဏ်ကလေးတော့ ပေါ်ကြပါပြီ၊ (မှန်ပါ့) မပေါ်သေးဘူးလား (ပေါ်ပါပြီ) အရင်တုန်းကတော့ လူမှာရှိတဲ့ဉာဏ်လို့ ဆိုလို့မှမရပဲ- (မှန်ပါ့) ၊ သူများပါးစပ် လမ်းဆုံးနေတာသာရှိတာပဲ၊ (မှန်ပါ့)။
ဒီလမ်းနဲ့ဒီစခန်းမပြန်ချင်ရင်
ကိုင်းဒါဖြင့် ဒကာ ဒကာမတို့ ဒီလမ်းနဲ့ ဒီစခန်း၊ မပြန် ချင်လို့ရှိရင် နှစ်မျိုးပဲလုပ်ပါတော့ (မှန်ပါ့) နှစ်မျိုးပဲလုပ်ရင် ဒီဝဋ်ကျွတ်သွားလိမ့်မယ်၊ ဒကာ ဒကာမတို့ ဘယ်နှစ်မျိုးလုပ်ရမလဲ၊ (နှစ်မျိုးလုပ်ရပါမယ်) နှစ်မျိုးပဲလုပ်ရင် ဒီဝဋ်ကျွတ် ပါ့မယ်ဆိုတာ၊ ဘုန်းကြီးများက ဘုရားဟောတော်မူချက်အရ ရဲဝံ့စွာပဲ၊ တာဝန်ခံပါတယ်၊ ရှင်းပလား (ရှင်းပါပြီ)။
ကိုင်းဒါဖြင့် မနေ့က ပြောထားတယ်၊ မောင်နိုင် တို့လည်း မှတ်မိတန်သလောက်၊ မှတ်မိမယ်နော် (မှန်ပါ့) ဒကာ ဒကာမတို့ သေသေချာချာမှတ်ထားပါ၊ သစ္စာတရားကို နာရမယ်၊ သဘောကျပလား (ကျပါပြီ)
၁-နံပါတ်က ဘာပါ လိမ့် (သစ္စာတရားနာရပါမယ်)
၂-နံပါတ်က သစ္စာ တရားလည်း နှလုံးသွင်းမှန်ရမယ်၊ (မှန်ပါ့) ဒါဆိုလို့ရှိရင်၊ ဒီဘဝတွင်ပင်၊ ကိစ္စပြီးနိုင်ပါတယ်၊ (မှန်ပါ့)။
ဘုရားဆုလည်း မပန်ပါဘူး၊ ရှင်သာရိပုတ္တရာတို့လို၊ လက်ဝဲရံလက်ယာရံ ဆုလည်းမပန်ပါဘူး၊ အသီတိ မဟာသာဝက ဆုကြီးများကိုလည်း မပန်ပါဘူးဆိုလို့ရှိရင်ဖြင့် သစ္စာတရား ကိုသာနာပါ။ ချက်ချင်းပြီးနိုင်ပါတယ် (မှန်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
၁။ နံပါတ်ကဘာတုံး (သစ္စာတရားနာရပါမယ်) အဲဒါမှတ်ထားကြပါ ဒကာ ဒကာမတို့ ပေဋကောပဒေသ ပါဠိတော်မှာလာတာကို ပြောနေပါတယ် (မှန်ပါ့) သစ္စာတရား ကို အာရုံတစ်ပါးမသွားဘဲနဲ့နာပါ (မှန်ပါ့) အခုမဟောသေးပါ ဘူး၊ ဒကာ ဒကာမတို့ သူ့ခေါင်းစဉ်ပြောတုံးရှိသေးတယ်၊ (မှန်ပါ့) သစ္စာတရားနာတဲ့ အချိန်ကျလို့ရှိရင် အာရုံတပါး မသွားစေနဲ့နော်၊ ဘေးကိုဘယ်မှမသွားစေနဲ့ (မှန်ပါ့)။
သစ္စာတရားနာရမယ်
ကိုင်းဒါဖြင့် အာရုံတပါးတခြားကို စိတ်မသွားစေဟူ ၍ ဘာလုပ်ရမလဲ၊ (သစ္စာတရားနာရပါတယ်) အဲ သစ္စာ တရားကိုတော့ ဟောတဲ့ပုဂ္ဂိုလ်ထံမှ နာရမယ်။ (မှန်ပါ့) ထိုသို့ နာတဲ့အခါ မိမိစိတ်က တခြားမသွားဘဲနဲ့သာ နာလိုက်စမ်း ပါ၊ (မှန်ပါ့)။
ဒါကသစ္စာတရားဒါက ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ထားပါတော့။ ဒါကခန္ဓာ၏ ဒုက္ခသစ္စာကို ဘုန်းကြီးကဟောမလို့ ခင်ဗျားတို့ ခန္ဓာကို လက်ညှိုးထိုးပြီးဟောပါလိမ့်မယ်၊ (မှန်ပါ့) ဟောတော့ ခင်ဗျားတို့ ဒီဉာဏ် ကလေးနဲ့ အခုမရစဖူး၊ အရထူးတဲ့ လူ့ဘဝမှာ ရထားတဲ့ ဉာဏ်နားကလေးနဲ့ ထောင်ပေးပါ၊ ဒီထဲက စိတ်ကို ဘယ်မှ မသွားစေနဲ့ ဒီသစ္စာမှတစ်ပါးဘယ်မှ မသွားအောင်သာနာစမ်းပါဆိုတာ ပါတယ်နော် (မှန်ပါ့)။
ဒီလိုနာခဲ့လို့ရှိရင် မင်းတို့ဝမ်းထဲမှာပါလာတဲ့၊ ဘဝ သံသရာက ကိန်းနေတဲ့ လောဘ၊ ဒေါသ၊ မောဟ ကိလေသာ တွေဟာ အကုန်ခြောက်ကုန်ပါတယ်၊ သစ္စာတရားများ နာရလို့ရှိရင် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ)။
သစ္စာတရားနာရပေစေ၊ ဝမ်းထဲမှာ ကိန်းနေတဲ့ ကိလေသာဘာဖြစ်သလဲ (ခြောက်ပါတယ် ဘုရား) နာတာနဲ့ခြောက်တယ်၊ ဒီပြင်တရားနဲ့ မတူဘူး၊ ရိပ်မိပလား (ရိပ်မိ ပါပြီ) သစ္စာတရားသာ နာရလို့ရှိရင်၊ နာတာနဲ့ ဝမ်းထဲမှာ ရှိတဲ့ ကိလေသာဘာဖြစ်သလဲ (ခြောက်ပါတယ်) ကိလေသာ အစေးတွေခြောက်တယ် (မှန်ပါ့)။
ဒါကြောင့် ဒကာ ဒကာမတို့ သာဝကပါရမီ ဉာဏ်မှာ ဖြင့် မနေ့က မနာလိုက်ရတဲ့ ပုဂ္ဂိုလ်တွေ ဂရုစိုက်နာကြပါ။ သာဝကပါရမီဉာဏ်မှာဖြင့်၊ သစ္စာတရားကို အာရုံတစ်ပါး မထွက်ပဲနဲ့၊ နာနေမှုဟာ၊ ၁-နံပါတ် အရေးကြီးတယ်တဲ့။ (မှန်ပါ့) သဘောကျပလား (ကျပါပြီ) မနာရရင်တော့ မရဘူး (မှန်ပါ့)။
မနာရရင်ဘာတုံး – (မရနိုင်ပါဘူး) မနာရရင်တော့၊ ကိုယ်တိုင်ထိုးထွင်းပြီး ခင်ဗျားတို့မသိနိုင်ဘူး (မှန်ပါ့) ဓမ္မတာ အားဖြင့် မနာရပဲ၊ ထိုးထွင်းသိတာက နှစ်ဦးပဲရှိတယ်၊ ပစ္စေကဗုဒ္ဓါနဲ့ ဘုရားပဲသစ္စာကို ကိုယ်တိုင် ထိုးထွင်းသိတယ် (မှန်ပါ့) ဒီပြင်ပုဂ္ဂိုလ်တွေကတော့၊ သစ္စာတရားကိုနာရမှ ကိစ္စ ပြီးမယ်လို့ဆုံးဖြတ်ချက်ချပါ၊ (မှန်ပါ့)။
ကဲ ဒကာ ဒကာမတို့ ခင်ဗျားတို့ မည်မျှလောက် အရေးပါတာကို ပြောနေတယ်ဆိုတာဖြင့် ဝေဖန်ကြည့်ပါတော့ (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။
ဒါဖြင့် သာဝကပါရမီဉာဏ်မှာ နှစ်ခုတည်းနဲ့ ကိစ္စ ပြီးမှာဖြစ်နေတော့၊ သေသေချာချာ ဟောနေတယ်။ ဘုရား ဟောတော်မူတဲ့အတိုင်း ထို့အပြင် ပေဋကောပဒေသမှာ လာတဲ့အတိုင်း ဒကာ ဒကာမတို့ အာရုံတစ်ပါး စိတ်မသွားပါနဲ့ လို့ သတိပေးပါတယ်၊ ဘုန်းကြီးဟောတဲ့ဆီပဲ ဂရုစိုက်ကြပါ။ (မှန်ပါ့) ချက်ချင်းကိစ္စပြီးနိုင်တဲ့ တရားကို ဟောနေတယ်လို့ မှတ်ကြစမ်းပါ (မှန်ပါ့)။
သုတမယဉာဏ်
ကောင်းပြီ ဒါဖြင့် သစ္စာတရားနာတဲ့အချိန်မှာ အာရုံ က တခြားမသွားနဲ့ ဘုန်းကြီးပြောတာကို နားထောင်ပါ။ နားထောင်လို့ရှိရင် နားထောင်တဲ့အချိန်က စပြီးတော့ သုတမယဉာဏ်ရပြီ (မှန်ပါ့) သဘောကျရဲ့လား (ကျပါတယ်)
နားထောင်တဲ့အချိန်ကစပြီးတော့ ဘာဖြစ်သတုံး (သုတမယဉာဏ်ရပါပြီ ဘုရား) သုတမယဉာဏ်ဝမ်းထဲရောက် သွားပြီ။ ဒီဉာဏ်ကြောင့် နဂိုကကိန်းနေတဲ့ ကိလေသာအစေး တွေ ခြောက်ရတာ၊ (မှန်ပါ့) ရိပ်မိပလား – (ရိပ်မိပါပြီ ဘုရား)။
သုတမယဉာဏ်ရတော့ ကိလေသာအစေးတွေ ဘယ်နှယ့်နေသလဲ (ခြောက်ပါတယ်) ခြောက်လို့ရှိရင်၊မောင်နိုင် ဒါတွေဘာပူစရာရှိတော့မှာလဲ (မှန်ပါ့) ကိလေသာ အစေး ခြောက်လို့ရှိရင်ဖြင့် ကျုပ်တို့မှာဖြင့် တစ်ဝက်ပြီးနေပြီ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် သစ္စာတရားမှ မနာရတဲ့ ပုဂ္ဂိုလ်များအတွက် မှာဖြင့် ကိုယ်ကျိုးနည်းပေါ့။ (မှန်ပါ့) မနည်းသေးဘူးလား (နည်းပါပြီ) အင်မတန် ကိုယ်ကျိုးနည်းပြီဆိုတာ ဒကာ – ဒကာမတွေ ဒီနေ့ကြီးကြီးကျယ်ကျယ်ဝေဖန်ပါ (မှန်ပါ့)။
အခုသစ္စာတရားနာရပြီ အာရုံတစ်ပါးမသွားပဲနဲ့ နာရရင်ပဲ ဝမ်းထဲက ကိလေသာ ဘယ်နှယ့်တုန်း၊ (ခြောက်ပါ တယ်) ဘယ်လောက်အဖိုးတန်တယ်ဆိုတာ ဒကာ ဒကာမတွေ ပေါ်လာကြပလား (ပေါ်လာပါပြီ)။
ဒါဖြင့် ဒကာ ဒကာမတို့ ဒီအတိုင်းပဲ ကြိုးစားပြီး သကာလ သစ္စာတရားကို မဟောခင်ပဲ သစ္စာတရားနာတဲ့ အချိန်မှာဖြင့် အာရုံတစ်ပါးမသွားပါနဲ့၊ အခုဟာက နည်းပဲပြောနေသေးတယ်၊ သစ္စာမဟောသေးပါဘူးရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
နာတာနဲ့ ဘာဖြစ်သလဲ (ခြောက်ပါတယ် ဘုရား)။ ကိလေသာအစေးတွေ ခြောက်တယ်(မှန်ပါ့) ကိုင်း – ကိလေသာဆုံးတယ်ဆိုရင် နိဗ္ဗာန်ပဲမဟုတ်လား (မှန်ပါ့) ကိလေသာ စိုစိုရွှဲ၍ရှိသေးရဲ့ လား(မရှိပါဘူး ဘုရား) မရှိတော့ ဘူး၊ ခြောက်သွားရင်ပဲ ဒကာ ဒကာမတို့ နောက်တစ်ခါ ပျောက်ဖို့ပဲရှိတော့တယ် (မှန်ပါ့) ခြောက်ပြီးပျောက်မယ်။
သစ္စာတရားနာရင် အစေးခြောက်ပါတယ်
ဘုရားဟာ၊ ခန္ဓာကိုယ်တော်ကြီးရှိသားပဲ၊ ကိလေသာ ခြောက်ပြီး ပျောက်သွားလို့၊ ဘုရားဖြစ်ရတယ် (မှန်ပါ) သောတာပန်၊ သကဒါဂါမ် အနာဂါမ်တွေ ရဟန္တာတွေဖြစ် သွားကြတာ၊ သတိပဋ္ဌာန် စသည်ဟောလို့ ကျွတ်သွားတာ တွေဟာ၊ သစ္စာတရားတွေ နာရလို့နော် (မှန်ပါ့) သစ္စာတရား တွေ နာရတာနဲ့ ခြောက်ပြီး ပျောက်သွားတာပဲ (မှန်ပါ့ ဘုရား)။
ဒါကြောင့် တရားပွဲအဆုံးမှာ ဘယ်၍ ဘယ်မျှ ကျွတ်တယ်ဆိုတာတွေဟာ တရားနာတုန်းက အာရုံတစ်ပါးမသွား ဘဲနဲ့၊ သုတမယဉာဏ် ဝမ်းထဲရောက်လို့ ကိလေသာ အစေးခြောက်လို့ ရကြတာ (မှန်ပါ့) နို့မဟုတ်ရင် ရကိုမရဘူး (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ နာကောင်း ရုံ၊ ကုသိုလ်ရရုံ မနာပါနဲ့ တစ်ခါတည်း ကိုယ့်ဉာဏ်ကိုရအောင် နာပစ်လိုက်စမ်းပါ (မှန်ပါ့) သဘောကျပလား (ကျပါပြီ) ကိုယ့်ဉာဏ်ကို ပိုင်ပိုင်နိုင်နိုင်ရအောင် နာပစ်လိုက်ပါဆိုတာ သတိပေးပါတယ် (မှန်ပါ့)။
ဟုတ်သားပဲလို့ဆုံးဖြတ်
အဲ ၁-နံပါတ်ကဖြင့် သစ္စာတရားကို အာရုံ တစ်ပါး မသွားပဲနဲ့ နာလို့ရှိရင် ကိစ္စပြီးပါတယ် (မှန်ပါ့)။
၂နံပါတ် ကလေးပြောလိုက်မယ် ၁-နဲ့ ၂-ဆိုရင် ကိစ္စပြီးတယ်။ ယနေ့ တရားမှာ ၂-နံပါတ်ကတော့ ခုနင်က အာရုံတစ်ပါး မသွားပဲနဲ့ နာထားတဲ့တရား နာထားတဲ့သစ္စာကို ဒီကနေပြီး သကာလ ၊ ကိုယ့်စိတ်နဲ့ ကိုယ့်ဟာနဲ့ကြံလိုက်ပါတဲ့ (မှန်ပါ့) ကြံလိုက်တဲ့အခါကျတော့ ဟုတ်သားပဲဆိုတဲ့ တစ်လုံး ဆုံးဖြတ်ချက်ချပါ (မှန်ပါ့)။
ဒုက္ခသစ္စာအစစ်လို့ဆုံးဖြတ်
ခုနင်က နာထားတဲ့တရားကို ဒါကလေးဟာ ဒုက္ခသစ္စာ ဝေဒနာဟာ ဒုက္ခသစ္စာ ဖြစ်ပျက်ကလေးဟာ ဒုက္ခ သစ္စာတဲ့၊ အဲဒါကလေးကို ကိုယ့်ဉာဏ်နဲ့ ကိုယ့်ခန္ဓာ ကြည့်တဲ့ ပြီး သကာလ သြော် ဒုက္ခသစ္စာအစစ်ပါကလားလို့ ဆုံးဖြတ်ချက်ချနိုင်ရင် ချက်ချင်းသောတာပန်တည်တာပဲ နှစ်ချက်တည်းရှိတယ် (မှန်ပါ့) ဒကာ ဒကာမတို့ သဘောပါ ပလား (ပါ-ပါပြီ ဘုရား)။
ကိစ္စပြီးနိုင်တယ်
သစ္စာတရားကို အာရုံတစ်ပါးမသွားပဲနာမှု၊ ၁နံပါတ် နောက်ကိုယ်တိုင် နှလုံးသွင်းလိုက်တဲ့အခါကျတော့ ဟုတ်သား ပဲလို့ ဆုံးဖြတ်ချက်ချတာ ၂-နံပါတ် (မှန်ပါ့)။ ကိစ္စပြီးနိုင်ပါ တယ် ဒကာ ဒကာမတို့ ဘယ်လောက်လွယ်သလဲ။ (လွယ်ပါ တယ် ဘုရား)။
အင်မတန် လွယ်တယ်ဆိုတာ ကံကောင်းအကြောင်း သင့်ပြီး သကာလ ဒကာ ဒကာမတွေနဲ့ ဆရာသမားနဲ့ လာပြီး တွေ့တော့ဪ ဒါဟာ တို့သည်ကားလို့ဆိုရင်ဖြင့် နည်းတဲ့ပါရမီမဟုတ်ပါလား။ နည်းတဲ့ကံမဟုတ်ပါလား တကယ်ကိုပဲ လိုရင်းကိစ္စပြီးမည့် ဒုက္ခသိမ်းနိုင်တဲ့ဘဝကို ရနေတာပါလားဆိုပြီး ကိုယ့်ဟာကိုယ်လည်း ဝမ်းသာကြပါ (မှန်ပါ့) အင်မတန် ဝမ်းသာစရာကောင်းတယ်ဆိုတာလည်းပေါ်ကြပလား(ပေါ်ပါပြီ)။
ကောင်းပြီ ဒါဖြင့် ၁ နံပါတ်က သစ္စာတရားကို အာရုံ တစ်ပါးမသွားဘဲနဲ့ နာမှု (မှန်ပါ့) ၂-နံပါတ်က ဟောထားတဲ့ တရားကို ကိုယ်တိုင်နှလုံးသွင်းလိုက်ပါ (မှန်ပါ့)။ ပြီးနိုင်ပါလိမ့် မယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။
သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာ
ဒါဖြင့် ဒကာ ဒကာမတို့ ဆုကြီးပန်မဟုတ်ဘဲနဲ့ သောတာပန်၊သကဒါဂါမ်၊အနာဂါမ်၊ ရဟန္တာဖြစ်ရင်ပြီးရောဟ ဆိုလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ သစ္စာတရားကို အာရုံတစ်ပါး မသွားဘဲနဲ့ နာပါ ကိုယ်တိုင် ကိုယ့်အဇ္ဈတ္တထဲမှာရှိတဲ့သစ္စာကို နှလုံးသွင်းလိုက်ပါ။ ပိုင်ပိုင်နိုင်နိုင်နဲ့ ဟုတ်သားပဲလို့ ဆုံးဖြတ် ချက်ချနိုင်ရင် ပြီးတာပဲ (မှန်ပါ့)။ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
အင်မတန် အဖိုးတန်တဲ့တရားနဲ့ အင်မတန်အဖိုးတန် တဲ့ နားဖြင့် ကောင်းကောင်းကြီး ပက်ပင်းတွေ့ကြပြီးဆိုတဲ့ ဥစ္စာကို သေသေချာချာမှတ်ပါ (မှန်ပါ့) ကိုပေါ်တို့ အရေးကြီး တာ ပေါ်လာကြပလား (ပေါ်လာပါပြီ ဘုရား)၊ နည်းတဲ့ ကံ လား၊ ခင်ဗျားတို့ (မနည်းပါဘူး ဘုရား)။
သူဌေးသမီးကာဠီ
ကိုင်း-ဒါဖြင့် ဒကာ ဒကာမတို့ ဘယ်သူ့ကို ဝတ္ထု သက်သေသာဓက ထုတ်ရမလဲလို့မေးတော့ ဒကာ ဒကာမတို့ သိတဲ့အတိုင်း ကာဠိဆိုတဲ့ အမျိုးသမီးကို အကဲခတ် ကြည့်လိုက် သူ့ကိုပြောပြီးမှ သစ္စာကို နှလုံးသွင်းပုံကိုပြောပါ့မယ်။
ကာဠီ ဆိုတာ ရာဇဂြိုဟ်ပြည်မှာ ရှိပါတယ် သူသည်ကားလို့ဆိုလို့ရှိရင် အချိန်အရွယ်ရောက်လို့ ခင်ပွန်းနောက်ကို လိုက်ရရှာတယ်၊ အိမ်ထောင်ကျလို့ ပဋိသန္ဓေ အရင့်အမာဖြစ်လာတော့ စိတ်ကူးလိုက်တယ် သားလင်ခင်ပွန်းဆီမှာ မွေးဖွားရလို့ရှိရင် အမေမိဘလို ကြင်နာစိတ်က မရှိဘူး အားငယ်လို့ရှိရင် ခက်တယ်၊ အမေ မိဘရပ်ထံ ပြန်ပြီး မွေးဖွားရတာ ကောင်းတယ်ဆိုပြီး ပြန်လာ တယ်၊ သူ့အမေ မိဘကလည်း သူဌေးဆိုတော့ ဘုံခုနစ်ဆင့်ရှိ တဲ့ ပြာဿဒ်ကြီးပေါ်မှာ နေပါတယ် (မှန်ပါ့)။
အဲဒီအချိန်မှာ ဓမ္မစကြာ ဒေသနာတော် သစ္စာတရား ကို မိဂဒါဝုန်တောမှာ ဘုရားဟောတော်မူပါတယ်။
သာတာဂီရိနတ်၊ ဟေမဝတနတ်
အဲဒီမှာ တရားနာပြီးပြန်လာတဲ့ သာတာဂိရိနတ်ကငါ့သူချင်းဘုရား၊ တရားဟောနေတာ မသိဘူးထင်တယ်ဆိုပြီး သွားအခေါ် သူငယ်ချင်းဖြစ်တဲ့ ဟေမဝတနတ်ကလည်း မြတ်စွာဘုရား တရားဟောနေတယ် ကြားတာနဲ့လာတော့ ဘုံခုနစ်ဆင့်ရှိ ပြာဿဒ်ထက်မှာ နတ်နှစ်ဦးစကားပြောတာကို ကာဠီက ကြားတယ်၊ သဘောကျပလား (ကျပါပြီ ဘုရား)။
ကာဠီက မမွေးဖွားသေးပါဘူး၊ မမွေးဖွားသေးခင် ကြားတယ် ဘုရား၏ပုံပန်းကို အရင်ပြောကြတယ်။ ပြီးတော့ ဘာတရားဟောသတုံးလို့ မေးတယ်၊ သစ္စာတရားဟောတယ် ဖြေတယ်။
ဘယ်သစ္စာတုံးမေးတော့မှ ရုပ်နာမ်တွေ အမျိုးမျိုးပေါ့ လေ၊ ပြောပြတယ် နတ်တွေဆိုတော့ ဉာဏ်ကထက်ပြီးသား ဖြစ်တော့ (မှန်ပါ့) အဲဒီမှာ ကာဠီက အဲဒီတရားကို နာလိုက် ရတယ် (မှန်ပါ့) သဘောကျပါလား (မှန်ပါ့)။
မိဂဒါဝုန်တောမှာ မြတ်စွာဘုရားဟောတဲ့တရားကို သူ့ရဲ့ ပြာဿဒ်ထက်မှာ နတ်နှစ်ဦး ဆွေးနွေးနေကြတယ်၊ တိုင် ပင်နေကြတာ ဟောနေကြတာကို ကာဠီ ကြားတယ် (မှန်ပါ့)။
အဲဒီလိုကြားတော့ သြော် ဟုတ်ပါလားဆိုပြီး စဉ်းစားတော့ အဲဒီအချိန်မှာ သူ့မှာ ကိလေသာခေါင်းပါးပြီး ဒကာ ဒကာမတွေ ရှေ့လျှောက်နာရတာ (မှန်ပါ့) ဘာတရား ပါလိမ့် (သစ္စာတရားပါ ဘုရား)။
သစ္စာတရားနာမှု၊ နှလုံးသွင်းမှု
ကာဠီမှာ ကိလေသာအစေးခြောက်နေပြီး နောက် တော့ ခန္ဓာကိုယ်နှလုံးသွင်းလိုက်ပါတယ် သူ့အဇ္ဈတ္တကို စိန္တာမယဉာဏ်နဲ့ကြံပြီး နှလုံးသွင်းလိုက်ပါတယ်၊ အဲဒီမှာ ဘုံခုနစ် ဆင့်ပေါ်မှာ သောတာပန်သွားတည်တယ် (မှန်ပါ့) ရိပ်မိ ပလား (ရိပ်မိပါပြီ ဘုရား)။
သစ္စာတရားနာမှုနဲ့ သူကိုယ်တိုင် နှလုံးသွင်းမှုနဲ့ ဒကာ ဒကာမတို့ သောတာပန်တည်သွားတယ် (မှန်ပါ့)။
သောတာပန်တည်
ကာဠီဟာ အမျိုးသမီးထဲမှာဖြင့် သူတစ်ပါးထံမှ သစ္စာတရားနာရလို့ တစ်ဆင့်ကြားပြီးနာရလို့ သောတာပန် တည်တဲ့အတွက် သူဟာ လက်ဦးပဲ သဘောကျပလား (ကျပါပြီ)။
အဲဒီတော့ ဒကာ ဒကာမတို့ကိုလည်း ဒီတရားကိုပဲ ဟောပါတယ်။ သစ္စာတရားကိုပဲ ဟောနေတော့ ခင်ဗျားတို့ ကလည်း အဇ္ဇေဝသုဝေဝ။ ဆရာဘုန်းကြီးကလည်း အဇ္ဇေဝ၊ သုဝေဝဆိုတော့ ဒါကိုဟောရတော့မယ် (မှန်ပါ့)။ မောင်နိုင် မဟောရင်မဖြစ်ဘူး (မှန်ပါ့)။
မဖြစ်ဘူးဆိုတာ ခန္ဓာကိုယ်က စဉ်းစားကြည့်ပါ။လေအပြင်ဘက်ထုတ်တဲ့ စိတ်ကလေးတော့ ဖြစ်သေးတယ်။ လေရှိုက်တဲ့ စိတ်မလာဘူးဆိုရင် ဒီလူဘယ့်နှယ်ဆိုကြမလဲ (သေပါတယ် ဘုရား)။ သေတယ် အဲဒီတော့ ကျုပ်တို့မှာတစ်စိတ်နဲ့ အသက်ရှင်နေတာ (မှန်ပါ့)။
ဘယ့်နှယ်ဆိုကြမလဲ (တစ်စိတ်နဲ့ အသက်ရှင်နေ ပါတယ် ဘုရား) တစ်စိတ်နဲ့ အသက်ရှင်တာကို ကျုပ်တို့က ဘယ်နေ့ ဘယ်လ ဘာလုပ်ဦးမယ်ဆိုတာက ဒါကို မသိလို့ ပြောတာပါ၊ သစ္စာမသိလို့ပြောတာပါ၊ သဘောကျပလား (ကျပါပြီ)။
ကိုင်း-ဒါဖြင့် ဒကာ ဒကာမတို့ ကာဠိမှာ ဘုံခုနစ်ဆင့် ကနေပြီး ဘုရားနဲ့တွေ့သလားလို့မေးတော့ ဘယ်နှယ်ဖြေကြ မလဲ (မတွေ့ပါဘူး ဘုရား) ကိုယ်ဝန်ကြီးနဲ့ ဘယ်သွားနိုင်လိမ့် မတုန်း (မှန်ပါ့)။
ဘယ်သူက ဟောတာတုံးဆိုတော့ နတ်နှစ်ဦး သူတို့ချင်းပြောနေကြတဲ့သစ္စာတရားကို သူကြားပါတယ်၊ ဘုရားဂုဏ်တော်တွေနဲ့တကွ သစ္စာတရားအကြောင်းကို သာတာဂိရိနဲ့ ဟေမဝတတို့ပြောနေကြတာ သူကြားပါတယ် (မှန်ပါ့)။ အဲဒါ သူတစ်ပါးဟောကြားတဲ့ သစ္စာတရားပဲ မနာရ ဘူးလား (နာရပါတယ်)။ နာရတော့ ကိလေသာ အစေးခြောက်ပါတယ်၊ သဘောကျပလား (ကျပါပြီ)။
ကိုယ်တိုင်နှလုံးသွင်းမှ အစေးပျောက်မယ်
နာတော့ ဘာတုံး (ကိလေသာ အစေးခြောက် ပါတယ် ဘုရား) ကိလေသာ အစေးခြောက် သွားပြီ ကိုယ်တိုင် နှလုံးသွင်းတော့ဆိုင်ရာကိလေသာ လုံးလုံးပျောက်သွားတယ် (မှန်ပါ့)။
ဒီဒကာ ဒကာမတွေလည်း ဘုန်းကြီးက ဒီနေရာမှာ အစေးခြောက်အောင်တော့ဖြင့် တာဝန်ယူနိုင်တယ်။ ကိုယ်တိုင် နှလုံးသွင်းဖို့ဆိုတော့ ဘုန်းကြီးမှာလည်း ဘုန်းကြီးကိုယ်တိုင် နှလုံးသွင်းမှနော် (မှန်ပါ့)။ ခင်ဗျားတို့မှာကော (ကိုယ်တိုင် နှလုံးသွင်းရပါမယ် ဘုရား)။ ခင်ဗျားတို့ကိုယ်တိုင် နှလုံးသွင်း မှသာလျှင် ကိလေသာအစေးပျောက်မယ် (မှန်ပါ့)။
အခု ဘုန်းကြီးဟောတာက ကိလေသာ အစေး ခြောက်ရုံပဲဟောနိုင်တယ် (မှန်ပါ့) ပျောက်ဖို့ရာက ခင်ဗျားတို့ တာဝန် (မှန်ပါ့ ဘုရား)။ ခြောက်ဖို့ရာ ဘုန်းကြီးတာဝန် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ကိလေသာအစေးခြောက်အောင်က (ဆရာ့ တာဝန်ပါ ဘုရား) အစေးခြောက်အောင်တော့ ဟောပေးမယ်၊ အစေးခြောက်သည်မခြောက်သည်ကို ခုနင်ကဟာ အကဲခတ်ကြည့်။
ကလက ရေကြည်ကစပြီး ဒကာ ဒကာမတွေ ဒုက္ခ အကြောင်းကို ဟောမလာဘူးလား (ဟောလာ ပါတယ် ဘုရား)။ ဟောလာတော့ လူ့ဘဝလိုချင်တဲ့ ကိလေသာ တဏှာအစေးဟာ ရှိသေးရဲ့ လား (မရှိပါဘူး) သစ္စာနာရလို့ အစေးက ခြောက်သွားပါပြီ (မှန်ပါ့)။ မခြောက်ဘူးလား (ခြောက်ပါတယ်) သစ္စာနာရလို့ အစေးက ဘာဖြစ်ပါလိမ့် (ခြောက်ပါတယ်)။
ခြောက်ဖို့ကဆရာ့တာဝန်
ဒါဖြင့် ကိုယ်ပေါ် နှလုံးသွင်းလိုက်ရလို့ရှိရင် အစေး ခြောက်ရုံမကဘူး အစေးပျောက်ပါတယ် (မှန်ပါ့) ကိလေသာ အစေးတွေ ဘယ်နှယ်နေသလဲ (ပျောက်သွားပါတယ် ဘုရား)။
ဒါဖြင့် ဒိဋ္ဌိ ဝိစိကိစ္ဆာ ကိလေသာ မရှိရင် သောတာပန် သဘောကျပလား (ကျပါပြီ) ဒါကြောင့် ဒကာ ဒကာမတို့ ခြောက်ဖို့ဆရာ့တာဝန် ပျောက်ဖို့ကိုယ့်တာဝန် (မှန်ပါ့)။
ဒီတော့ သူ့တာဝန် ကိုယ့်တာဝန်မှာလည်း ဘုန်းကြီး တာဝန်က နှစ်ပေါင်းများစွာ ဆည်းပူးပြီး သကာလ လာခဲ့ရပါ တယ်။ ခင်ဗျားတို့ ဒီအခြေအနေ နားလည်အောင်ပြောဖို့ရာ (မှန်ပါ့) လွယ်ပါ့မလား (မလွယ်ပါဘူး ဘုရား)။
ပျောက်ဖို့ကကိုယ့်တာဝန်
ဘုန်းကြီးတာဝန်က မလွယ်တာကြီးကို တစ်ခါတည်း လျော့နိုင်သလောက် လျော့တဲ့ ဈေးနဲ့ အကုန်ပေးတာပဲခင်ဗျားတို့က ရတဲ့ပစ္စည်းကို ပြန်ပြီးခန္ဓာနဲ့ဉာဏ်နဲ့သာ နှီးနှော ကြည့်လိုက်ပါ (မှန်ပါ့)။
ဆရာဘုန်းကြီးက ရုပ်ကို ဒုက္ခသစ္စာဟောတယ်၊ ဝေဒနာကို ဒုက္ခသစ္စာဟောတယ်၊ သညာ ဒုက္ခသစ္စာဟော တယ်၊ သင်္ခါရဒုက္ခသစ္စာဟောတယ်၊ စိတ်ကို ဒုက္ခသစ္စာဟော တယ်၊ ခင်ဗျားတို့က ဟုတ်မဟုတ်၊ စိန္တာမယဉာဏ်နဲ့ ကြံလိုက် စမ်းပါ (မှန်ပါ့) ကြံပြီးဟုတ်တယ်လို့ ပိုင်ပိုင်နိုင်နိုင်သိအောင် ပွားပါ၊ ရှုပါ (မှန်ပါ့)။
အဲဒီလိုကြံရင် ပွားရင် လူတို့၏ ကုသလ ကမ္မပထ တရားဆယ်ပါးထက် ကျော်လွန်တဲ့ မဂ်ဉာဏ် ဖိုလ်ဉာဏ်ကို သေသေချာချာရတယ်လို့ဟောတယ် (မှန်ပါ့) အားငယ်စရာ ရှိရဲ့လား (မရှိပါဘူး)။
ကိုင်း-ဒါဖြင့် ဒကာ ဒကာမတို့ သန္တာန်၌ ဘာကလေး ပေါ်လာလာ၊ စိတ်ရှုတဲ့ပုဂ္ဂိုလ်ဟာ စိတ်ကလေးပေါ်လာလို့ စိတ်ဖြစ်ပြီး ပျက်သွားတာဟာ ဒုက္ခသစ္စာပဲ၊ ဝေဒနာကလေး ကြည့်လိုက် ရင်လည်း ဝေဒနာဖြစ်ပြီး ပျက်တာဟာ (ဒုက္ခ သစ္စာပါ) ရုပ်ကလေးဟာလည်း တောင့်ရာကနေပြီး သကာလ လှုပ်လိုက်တယ်၊ လှုပ်လိုက်လို့ရှိရင်ဖြင့် ထောက် ကန်တဲ့သဘောကလေး ပျက်ပြီး သကာလ လှုပ်ရှားတဲ့ သဘောကလေးပေါ်နေတယ် ဆိုကတည်းက ပျောက်သွားတာ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။
ဒါဖြင့် ခင်ဗျားတို့သန္တာန်မှာ အကြည့်သာတည့်ကြပါ စေ၊ ဒုက္ခသစ္စာနဲ့လွဲပြီး ကြည့်စရာတစ်လုံးမှ မရှိဘူး သဘော ကျပလား (ကျပါပြီ ဘုရား) အကြည့်တည့်လို့ရှိရင်ဖြင့် ဘာနဲ့ ချည်းတည့်နေမတုံး (ဒုက္ခသစ္စာနဲ့တည့်ပါတယ်)။
ဪ ဒါဖြင့် ဆရာဘုန်းကြီး ဒုက္ခသစ္စာလို့ ဟောထားတယ် ဟုတ်ကဲ့လား မဟုတ်ဘူးလားလို့ ခင်ဗျားတို့ က ကြံပါ၊ ပွားပါ၊ ကြံလို့ အကြံက ဟာဟုတ်သားပဲဆိုပြီး ပိုင်ပိုင်နိုင်နိုင် သိလာရင် ဒါဟာ သာဝကပါရမီပြီးတာပါပဲ သဘောကျပလား (ကျပါပြီ) သိပ်ဝေးတဲ့တရားလား ဒကာ ဒကာမတို့ (မဝေးပါဘူး) မဝေးဘူးဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ)။
ဆုံးဖြတ်ချက်ချနိုင်ရင် သောတာပန်
အဲဒီတော့ ဘုရားလက်ထက် တရားပွဲအဆုံးမှာ လူပေါင်းဘယ်လောက် ကျွတ်တမ်းဝင်တယ်၊ နတ်ပေါင်း ဘယ်လောက် ကျွတ်တမ်းဝင်တယ်ဆိုတာ တရားနာနည်းပါနေတယ်ဆိုတာ ယနေ့ ဆုံးဖြတ်ချက်ချ သစ္စာတရားလည်း နာလို့ စိတ်ကတခြားမပြေးနဲ့ (မှန်ပါ)။
နောက် ထိုင်နှလုံးသွင်းတဲ့အခါမှာ ဟုတ်သားပဲ ဆုံးဖြတ်ချက်ချ နိုင်လောက်အောင် သွင်းလိုက် (မှန်ပါ့) ဒါဆိုရင် သောတာပန် တည်နိုင်တာပဲ၊ သောတာပန် တည်ပြီးရင် သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာ ကတော့ သူဟာသူ အလုပ်နဲ့ တက်သွားနိုင်ပါတယ် (မှန်ပါ့) ဝန်လေးစရာရှိသေးရဲ့ လား (မရှိပါဘူး)။
ဒါဖြင့် ဒကာ ဒကာမတို့ ခင်ဗျားတို့ သန္တာန်ပေါ်သည့် ဟာ ဘာသစ္စာတုံး၊ (ဒုက္ခသစ္စာပါ) အဲဒါကို ဉာဏ်နဲ့သာ တည့် ပေးလိုက်ပါ (မှန်ပါ့) ဉာဏ်နဲ့ တည့်ပေးလိုက်တဲ့အခါကျတော့ ဟုတ်သားပဲလို့ ဆုံးဖြတ်ချက် ချနိုင်အောင်လုပ်ပါ (မှန်ပါ့)။
ဆုံးဖြတ်ချက် ချနိုင်အောင်လုပ်ရင်၊ ဒုက္ခသစ္စာလည်း ချုပ်သွားတာပဲ၊ နိရောဓသစ္စာလည်း ပေါ်ပါတယ် (မှန်ပါ့)။ ဟုတ်သားပဲလို့ ဆုံးဖြတ်နိုင်ရင် နိဗ္ဗာန်ပေါ်တယ်ဟုတ်သားပဲ ဆုံးဖြတ်ချက် ချနိုင်ရန် ဆိုင်ရာ ဆိုင်ရာ ကိလေသာ အစေးတွေက လုံးလုံးပျောက်သွားတယ် (မှန်ပါ) ဟုတ်သားပဲ ဆုံးဖြတ်ချက်ချတာက မဂ္ဂသစ္စာလာဖြစ်တယ် (မှန်ပါ့) ဒီမဂ္ဂသစ္စာလည်း အစစ်ပေါ်ပါရော ဒကာ ဒကာမတို့ ကိလေသာ အစေးက ဘာဖြစ်သတုံး (ခြောက်သွားပါတယ်) ခြောက်တာလား? ပျောက်တာလား? (ပျောက်ပါတယ် ဘုရား)
သောတာပန်ဆိုရင် ဒိဋ္ဌိဝိစိကိစ္ဆာ အစေးက လုံးလုံး , ကို ပျောက်တယ် အပါယ်သွား စေ တတ်တဲ့၊ လောဘ၊ ဒေါသ၊ မာန၊ အကုန်ပျောက်၊ အဲဒီကိလေသာ အစေးတွေ အကုန်ပျောက်တာပဲ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ)။
“ဟုတ်သားပဲ”လို့ ဆုံးဖြတ်ချက်ချနိုင်သည်နဲ့ တစ်ပြိုင်နက်တည်း နိရောဓသစ္စာ၊ ဖျတ်ခနဲ ပေါ်တာပဲ၊ နိဗ္ဗာန် ပေါ်လာတာပဲ (မှန်ပါ့)။
ကြိုးစားကြစမ်းပါ
ဒါဖြင့် ဒုက္ခပျောက်၊ နိရောဓပေါ်ပေါက် ကိလေသာ အစေးပျောက်။ မဂ္ဂသစ္စာနဲ့ နိရောဓသစ္စာ သွားပြီး တည့်တာ ပဲ (မှန်ပါ့)။
ဒါကြောင့် ခင်ဗျားတို့သန္တာန်၌ ဖြစ်ပျက်ဟာ ဒုက္ခ သစ္စာပဲလို့၊ မှန်မှန်ကန်ကန် ဆုံးဖြတ်ချက်ချပြီး၊ ကြိုးစား စမ်းပါဆိုတာ တိုက်တွန်းပါတယ် ရှင်းပလား (ရှင်းပါပြီ)။