040

မာတိကာသို့

ဘုရားက ဘယ်လို့မှာခဲ့သတုံး (ဝဿကာရနှင့် ရှင်အာနန္ဒာ)

အသံဖိုင်ခေါင်းစဉ်= ဝဿကာရပုဏ္ဏားနှင့် ရှင်အာနန္ဒာ အမေးအဖြေ

စာအုပ်ခေါင်းစဉ်= ဘုရားက ဘယ်လို့မှာခဲ့သတုံး (ဝဿကာရနှင့် ရှင်အာနန္ဒာ)

အသံမကြည်ပါ။

ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး အမရပူရမြို့၌

ဟောကြားတော်မူသော တရားတော်

ဘုရားက ဘယ်လို့မှာခဲ့သတုံး (ဝဿကာရနှင့် ရှင်အာနန္ဒာ)

(၁၅-၂-၅၅)

ဒကာစိန်ရေ သမ္မာဒိဋ္ဌိ မှန်ကန်တဲ့ အမြင်ဆိုတာ “ဒုက္ခ တော၊ ဇာနတော၊ ပဿတော၊ သမ္မာဒိဋ္ဌိ ဟောတိ” (မှန်လှပါ ဘုရား) အင်း ဒုက္ခလေး တွေ့တယ်ဆိုရင် သိတယ် ဒုက္ခကို ရှုနိုင်တယ်ဆိုလို့ ရှိရင်လည်း သမ္မာဒိဋ္ဌိ ကတော့ ဖြစ်ပြီ၊ သို့သော် ဝိပဿနာသမ္မာဒိဋ္ဌိ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ) ဝိပဿနာ သမ္မာဒိဋ္ဌိ (တင်ပါ့)။

မဂ္ဂသမ္မာဒိဋ္ဌိက မနေ့က ပြောတဲ့ အတိုင်း (မှန်ပါ့) ဒီဒုက္ခတွေ ကြည့်ပြီး သိတော့ ဒုက္ခ ရှာမတွေ့ တော့ဘူး၊ ဒုက္ခ အဆုံး ချည်းတွေ့နေတယ် (တင်ပါ့) ဒုက္ခ မရှိတာချည်း တွေ့နေတယ်၊ ဒုက္ခဆုံး တာချည်း တွေ့နေတယ် ဆိုတော့ မဂ္ဂ သမ္မာဒိဋ္ဌိ ဟုတ်ပလား (ဟုတ်ပါပြီ ဘုရား)။

အဲဒီရောက်လို့ သိတဲ့ပုဂ္ဂိုလ်မှ သာလျှင်၊ ဒကာ ဒကာမ တို့ မဂ္ဂသမ္မာဒိဋ္ဌိ အစစ် ဖြစ်သော ကြောင့် အဲဒီ ရောက်အောင် – ဖြင့် (မှန်ပါ့) ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ကြိုးစားကြရမယ်၊ သာသနာတွင်း ကြုံတာနဲ့တူအောင် (တင်ပါ့) သာသနာတွင်း ကြုံတာနဲ့တူအောင်ဆိုလို့ဖြင့်၊ ဒုက္ခဆုံးသည့် တိုင်အောင် ရှုရ လိမ့်မယ် (မှန်ပါ့)။

သာသနာတွင်းကြုံပြီ

သာသနာတွင်း ကြုံတယ်၊ ဆရာကောင်း သမား ကောင်း ကြုံ တယ်၊ ခင်ဗျားတို့ ဆု တောင်းဆုံ တယ် (မှန်လှပါ ဘုရား) လူ့ဘဝ ရ,ရပါလို၏။ သဒ္ဓါတရားနဲ့ ပြည့်စုံရ ပါလို၏။ ကလျာဏ မိတ္တဆိုတဲ့ ဆရာကောင်းနဲ့ တွေ့ရပါလို ၏ဆိုတာ ခင်ဗျားတို့ဘက်က ဆုတောင်းတွေပါ၊ ခင်ဗျားတို့ ဘက်က ဆုတောင်းသုံး ခု ခင်ဗျားတို့ပါတယ် (မှန်လှပါ ဘုရား)။

အဲဒီဆုတောင်းတွေ အကုန်နဲ့၊ သာသနာတွင်း ကြုံတဲ့ တရားကို သိရမှ သာလျှင်၊ ဒကာ ဒကာမတွေ ကိစ္စပြီး တယ်ဆို တာ မှတ်မိကြပလား (မှတ်မိပါပြီ ဘုရား) အဲဒီတော့ ဒကာ ဒကာမတွေ ဘက်က ဆုတောင်းက လူဘဝရခြင်း (မှန်ပါ့) တရားနာခြင်းဆိုတဲ့ သဒ္ဓါသမ္ပတ္တိနဲ့ ပြည့်စုံခြင်းပဲဗျား၊ သဘော ကျပလား (ကျပါပြီ ဘုရား)။

အဲဒီတော့ တရားနာတဲ့ သဒ္ဓါသမ္ပတ္တိနဲ့ ပြည့်စုံခြင်း ဆိုတော့ လူ့ဘဝရခြင်း၊ ကလျာဏမိတ္တဆိုတဲ့ သူတော်ကောင်းနဲ့ ပေါင်းသင်းရခြင်း (မှန်ပါ့) ဒါ ဆုတောင်းမပါပဲနဲ့ ခင်ဗျားတို့ ဒီလိုမတွေ့နိုင်ဘူး ဟုတ်ပလား (ဟုတ်ပါပြီ)။

ဆရာကောင်းနဲ့တွေ့ရပြီ

အဲဒီတော့ ကိုယ်တောင်းလာတဲ့ဆု ဒီနေရာဆုံတဲ့ အခါကျလို့ ရှိရင်ဖြင့် ကလျာဏ မိတ္တ ဆရာကောင်းနဲ့ တွေ့ရ ပြီ (မှန်ပါ့) ခင်ဗျားတို့မှာ ဘာကလေး လိုတော့သတုံးလို့ မေးတော့ဖြင့် ဟောကြား ညွှန်ပြဆုံးမတဲ့အတိုင်း ဘုရား တာဝန်၊ ဆရာ့ တာဝန် ကုန်ပြီး သကာလ ခင်ဗျား တာဝန်ရှိ သလောက်ကို ကျင့်ကြံ ကြိုးကုတ် အားထုတ်ကြမယ် ဆိုလို့ ရှိရင်ဖြင့် ဒကာစိန်ရေ ဒီဘဝကိစ္စ ပြီးမယ် ဟုတ်ပလား (ဟုတ် ပါပြီ ဘုရား) ဒီဘဝ ကိစ္စပြီးနိုင်တဲ့ အခြေအနေ ရှိတာ အမှန်ပဲ (မှန်ပါ့)။

နေ့တိုင်း သတိပေးရတယ်

အဲဒါကလေးကိုဖြင့် အလွဲသုံးစား အချိန်တွေနဲ့ အလကား မသွားလိုက်ပါနဲ့ ဆိုတာ သတိ ကလည်း နေ့တိုင်းပေး ရတယ် (မှန်ပါ့) မပေးရင်လည်း ကိုထွန်းအောင် မရဘူးနော် (မှန်ပါ့) သတိကလည်း နေ့တိုင်းပေးရတယ် ဒကာ ဒကာမတို့ သတိမပေးလို့ ရှိရင်လည်း ခင်ဗျားတို့က တယ်ပျော့တယ်၊ တယ်ပေါ့တယ်၊ ဟုတ်လား (ဟုတ်ပါတယ် ဘုရား) အရေး မစိုက်ရတာ အရေးစိုက် ဆိုတာက တယ်များတယ် (မှန်လှပါ)။

ကိုင်း-ဒကာ ဒကာမတို့ အသိ သုံးမျိုး ရှင်းပလား (ရှင်း ပါပြီ ဘုရား) အင်း-ဒါဖြင့် ဝေဒနာ သိမှု ဆိုတဲ့ ဉာဏ်တစ်မျိုး ဖြစ်ဒုက္ခပျက်ဒုက္ခ သိမှုဆိုတဲ့ဉာဏ်က တစ်မျိုး (မှန်ပါ့) ဖြစ် ဒုက္ခ ပျက် ဒုက္ခ အဆုံး သိမှု ဆိုတဲ့ဉာဏ်က တစ်မျိုး (မှန်ပါ့)။

အဲဒါတွေကဖြင့် ဉာဏ်တော့ ဉာဏ်ချည်းပဲ (တင်ပါ့) သို့သော် အနုအရင့် အချက် ကွာသွား တယ် (မှန်ပါ့) အနု အရင့် အချက် မကွာဘူးလား (ကွာပါတယ် ဘုရား) အေးဒီလို ကွာသွား တယ်လို့ ဒကာ ဒကာမတွေက မှတ်လိုက်ပါအုံး (မှန်ပါ့) အေးဒီအတိုင်းမှတ်ကြပါ။

ကိုင်း ဒါဖြင့် ဤကဲ့သို့ သာသနာတွင်း ကြုံပြီး သကာလ ကိုယ့်ကိုယ်ကို မိစ္ဆာဒိဋ္ဌိ ဖြစ်နေတာ မသိတာ ပြောပါအုံးမယ် (မှန်ပါ့) အခုတော့ဖြင့် ဝေဒနာ ဟူသ၍ ဒုက္ခပဲလို့ ရှုနိုင်တော့ သမ္မာဒိဋ္ဌိ ဖြစ်နေတယ်လို့ ဘုရားက မဟောဘူးလား (ဟောပါ တယ်)။

အဲဒီတော့ ဒကာ ဒကာမတွေက တစ်ခါတလေ ဝေဒနာတွေက တွေ့တွေ့နေတယ်၊ ချမ်းလိုက်တာ၊ ချမ်း လိုက်တာ ကျုပ်ဖြင့် အင်မတန် ချမ်းတာပဲ၊ ကျုပ်ချမ်းသလို သူများတော့ဖြင့် ချမ်းချင်မှ ချမ်းမှာပဲ ကျုပ်ဖြင့် သိပ်ချမ်းတာပဲ (တင်ပါ့) သုခဝေဒနာ၊ ဒုက္ခဝေဒနာ ကျုပ်ဖြစ်နေတယ် (မှန်လှပါ ဘုရား)။

“ဒုက္ခတော၊ ဇာနတော၊ ပဿတော” ဒုက္ခရယ်လို့ သိသေးရဲ့ လား (မသိပါ ဘုရား) မြင်သေးရဲ့လား (မမြင်ပါ ဘုရား) အဲဒါ မိစ္ဆာဒိဋ္ဌိတဲ့ (တင်ပါ့ ဘုရား) အင်း သာသနာ တွင်း ကြုံပြီး ဒကာ ဒကာမ တွေက ဘာဖြစ်နေပြန်လဲ (မိစ္ဆာ ဒိဋ္ဌိ ဖြစ်နေပါတယ် ဘုရား)။

အင်း တစ်ခါတလေ ကျတော့၊ ကျုပ်နေကောင်းလိုက် တာ နေကောင်းလိုက်တာ ကျုပ်နေကောင်း ပုံကဖြင့် အရင် ငယ်ငယ်တုန်းက ကောင်းသလို၊ ကောင်းတာပဲ (တင်ပါ့) ဒါဖြင့် သုခဝေဒနာ ပေါ်တာပေါ့ဗျာ (မှန်ပါ့) အဲဒါ ကျုပ် ကယ်လို့ ထင်ပြန်တော့ (မှန်ပါ့) သုခဝေဒနာကို “ဒုက္ခတော၊ ဇာနတော၊ ပဿတော၊ သမ္မာဒိဋ္ဌိ ဟောတိ” လို့ အခုနသံယုတ် ပါဠိတော်ကဟောတာနဲ့ ပြောင်းပြန်ကြီး ဖြစ်နေတယ် (မှန်ပါ့)။

သာသနာတွင်း မိစ္ဆာဒိဋ္ဌိဖြစ်နေတယ်

ဝေဒနာဟာ ချမ်းသာတာအစစ်ပဲလို့ ဆိုပြီး သကာလ လာပြန်တော့လည်း ဒါဟာ သမ္မာဒိဋ္ဌိလား၊ မိစ္ဆာဒိဋ္ဌိလား၊ (မိစ္ဆာဒိဋ္ဌိပါ ဘုရား) ဒါဟာ သာသနာတွင်း ကြုံရက်နဲ့၊ ဘာဖြစ်နေသလဲ (မိစ္ဆာဒိဋ္ဌိ ဖြစ်နေပါတယ် ဘုရား)။

အင်း-ဒကာ ဒကာမတွေ သာသနာတွင်း မိစ္ဆာဒိဋ္ဌိတွေ ရှိသေးတယ် (ရှိပါတယ် ဘုရား) ဝေဒနာသည်ကားလို့ ဆိုရင်ဖြင့် ဖြစ်ပြီးပျက်တဲ့ ဒုက္ခကို ပင်လျှင် ဒကာ ဒကာမတို့က စိတ် ချမ်းသာတယ်၊ စိတ်နေဆိုးတယ် (မှန်ပါ့) အပြော လည်းပြော၊ အထင်လည်း ထင်လို့ရှိရင်ဖြင့် ဘာတဲ့တုံး (မိစ္ဆာဒိဋ္ဌိပါ ဘုရား)။

ဘာမိစ္ဆာဒိဋ္ဌိလည်း ဆိုရင်ဖြင့် သာသနာပ မိစ္ဆာဒိဋ္ဌိ လား၊ သာသနာတွင်း မိစ္ဆာဒိဋ္ဌိလား (သာသနာတွင်း မိစ္ဆာဒိဋ္ဌိ ပါ ဘုရား) အဲဒီတော့ သာသနာတွင်း မိစ္ဆာဒိဋ္ဌိ ဆိုတော့ ဒကာ စိန် အင်မတန် ဆိုးဝါးတယ် (မှန်ပါ့) ကြောက်စရာလည်း သိပ် ကောင်းတယ် (မှန်လှပါ ဘုရား) မိစ္ဆာဒိဋ္ဌိ ကြောက်စရာ ကောင်းတယ် (မှန်ပါ့)။

တစ်ခါတလေကျတော့ လျစ်လျူရှုတဲ့ ဥပေက္ခာ ဝေဒနာလေးသိထား၊ အဲဒီဝေဒနာလေး ပေါ်တိုင်း ပေါ်တိုင်း ဒကာ ဒကာမတွေက ကျုပ်တော့ဖြင့် နေကောင်းတယ်လည်း မဟုတ် မကောင်း ဘူးလည်း မဟုတ်ဘူး (မှန်ပါ့) အလတ်စား လောက်ပဲ ရှိတယ် ဒီလောက်ဆိုရင် ကျုပ်က ကျေနပ်ပါပြီ (မှန်ပါ့) အရင်နဲ့စာရင် ကျေနပ်ပါပြီ ဒီအနေလေး နေတာကို ကျေနပ်ပါပြီ ဆိုတော့ ဥပေက္ခာဝေဒနာကို ကျုပ်မဖြစ်သေး ဘူးလား (ဖြစ်ပါတယ်)။

ဒါကျတော့ ဘာဒိဋ္ဌိလဲ (မိစ္ဆာဒိဋ္ဌိပါ ဘုရား) ဒါ သာသနာတွင်းလား၊ သာသနာပလား (သာသနာတွင်းပါ ဘုရား) သာသနာတွင်း မိစ္ဆာဒိဋ္ဌိ (မှန်ပါ့)။

ဘုရားက “သုခံ ဝါ ဒုက္ခံ ဝါ၊ အဒုက္ခမသုခံ ဝါ၊ တမ္ပိ ဒုက္ခတော၊ ဇာနတော၊ ပဿတော၊ သမ္မာဒိဋ္ဌိ ဟောတိ” (မှန်ပါ့)။

ဒါ ပေါ်တိုင်း ပေါ်တိုင်း၊ ဒုက္ခတွေလို့ သိသိပေးမှ သမ္မာဒိဋ္ဌိ ဖြစ်မှာကိုးဗျ၊ အနိစ္စလို့ သိရင်လည်း သမ္မာဒိဋ္ဌိ (မှန်ပါ့) ဒုက္ခလို့ သိရင်လည်း သမ္မာဒိဋ္ဌိ၊ အနတ္တလို့ သိရင်လည်း သမ္မာဒိဋ္ဌိပါပဲ (တင်ပါ့)၊ ဒီသုံးခုထဲ တစ်ခုခုမှ မဝင်လာလို့ ရှိရင် ဖြင့် ဘာဒိဋ္ဌိဖြစ်မလဲ (မိစ္ဆာဒိဋ္ဌိ ဖြစ်ပါတယ် ဘုရား)။

မိစ္ဆာဒိဋ္ဌိနဲ့ သေသွားလို့ရှိရင်

အဲဒီတော့ ဒကာ ဒကာမတို့ ဒီလို ဆရာကောင်း၊ သမားကောင်းနဲ့ တွေ့တုံးမှ ခင်ဗျားတို့ မပြောင်းလိုက်၊ မပြင် လိုက်လို့ ရှိရင်ဖြင့် သာသနာတွင်း မိစ္ဆာဒိဋ္ဌိ (မှန်ပါ့) ဒီအထဲ အလုံးစုံ သက်ရောက် သွားတယ် ဘယ်လောက်များ ကြောက်စရာ ကောင်းသလဲ (ကောင်းပါတယ် ဘုရား)။

“မိစ္ဆာဒိဋ္ဌိ ဘိက္ခဝေ ဒွိန္နံ ဂတီနံ အညတရံဝါ”

မိစ္ဆာဒိဋ္ဌိနဲ့ သေသွားလို့ရှိရင်ဖြင့်တဲ့ တိရစ္ဆာန်ဂတိ၊ ငရဲ ဂတိ၊ (မှန်လှပါ) အဲဒီနှစ်ခုတို့တွင် တစ်ခုခု သေချာတယ်ဟေ့ တဲ့ မိစ္ဆာဒိဋ္ဌိနဲ့ သေသွားရင် (မှန်ပါ့) ငါတော့ ဒီဝေဒနာနဲ့ သေရမှာပဲလို့ ဆိုလို့ ရှိရင်ဖြင့် (မှန်ပါ့) ငါ့ဝေဒနာနဲ့ ငါသေ မှာပါပဲ၊ သူများ မသတ်ပါဘူး ဆိုလို့ရှိရင် မိစ္ဆာဒိဋ္ဌိနဲ့ သေမသွား ဘူးလား (သေသွားပါတယ် ဘုရား)။

အဲဒီတော့ ဒွိန္နံ ဂတီနံ ပဲ (တင်ပါ့) ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာဆိုတဲ့ အပါယ်လေးပါး၊ ဂတိတွေထဲက တစ်ခုခုသွား ပေတော့လို့ ဘုရားက ဟောလိုက်တာပဲ။

အဲဒါကြောင့် သာသနာတွင်း မိစ္ဆာဒိဋ္ဌိ မဖြစ်အောင် ဝေဒနာ ပေါ်တိုင်း ပေါ်တိုင်း (မှန်ပါ့) သုခံဝါ ဒုက္ခံဝါ အဒုက္ခမသုခံ ဝါ လို့ သုခဖြစ်ဖြစ် ဒုက္ခဖြစ်ဖြစ် (မှန်ပါ့) ဒုက္ခတော၊ ဇာနတော၊ ပဿတော၊ သမ္မာဒိဋ္ဌိ ဟောတိ ဒုက္ခလို့ရှုပေး၊ ဒုက္ခ လို့ မြင်ပေး (မှန်ပါ့) သမ္မာဒိဋ္ဌိဖြစ်သွားပြီ (မှန်ပါ့)။

ဒီလိုကျတော့လည်း မဂ္ဂင်ဆိုက်မယ် (မှန်လှပါ) ဒီလို မရှုနိုင်တဲ့ ပုဂ္ဂိုလ်ကျတော့လည်း မိစ္ဆာဒိဋ္ဌိဖြစ်ပြီ (မှန်ပါ့)။

အဲဒီတော့ ဒကာ ဒကာမတွေ ဒီကနေ့ဟောပေးတဲ့ အရေးဟာဖြင့် ဦးလှဘူးရေ၊ ပြောင်းရမယ့် အရေးပဲနော်။

ဒကာစိန်ရေ၊ ဒုက္ခအရေးပဲဆိုဒါ မှတ်ဖို့ပဲ (မှန်လှပါ) ဒုက္ခတွေလို့ သိဖို့ပဲ ဝေဒနာလေး ပေါ်လာတိုင်း ပေါ်လာတိုင်း ဘယ်လို သိဖို့လဲ (ဒုက္ခလေးလို့ သိရပါမယ် ဘုရား)။

ဒါကလေးလဲ ပြင်ကြပါဦး

ဒုက္ခလေးလို့သိ၊ ဒုက္ခလေးလို့ရှု (တင်ပါ့) အဲဒီကဲ့သို့ ရှုလိုက်သည် ရှိသော် သမ္မာဒိဋ္ဌိဖြစ်ပြီ (မှန်ပါ့) ဝေဒနာကို ငါလို့ ရှုလိုက်သည်ရှိသော် (မိစ္ဆာဒိဋ္ဌိ ဖြစ်ပါတယ် ဘုရား) အေး ဒါလေးလည်း ပြင်ကြပါဦးလို့ ပြောရတယ် (ကောင်းလှပါပြီ ဘုရား ပြင်ပါ့မယ် ဘုရား) ပြင်မှ ပြင်မှ အပြော ငါတော့ ဘုန်းကြီးက သမုတိသစ္စာမို့ မဆိုလိုဘူး (မှန်ပါ့) အမြင်ငါကို ဖြင့် မလိုက်ပါနဲ့လို့ ပြောရခြင်းဖြစ်တယ် (အင်မတန် အဖိုး တန်ပါတယ် ဘုရား)။

ကိုင်း ဒကာ ဒကာမတို့ ဒါက ဘယ်မှာ ဟောခဲ့သတုံး လို့ မေးတဲ့အခါ ဘုရားသခင် ကိုယ်တော်မြတ် ကြီးက အားလုံး ရဟန်းတွေကို တရား ဟောတော်မူတဲ့ အခါ ဒုက္ခမေဝ ဟိ သမ္ဘောတိ (မှန်ပါ့) ဒုက္ခမေဝ= ဖြစ်ပေါ်လာတဲ့ ဝေဒနာကလေး ဟာ ဒုက္ခတရား သာလျှင်။ သမ္ဘောတိ=ဖြစ်လာ၏ (မှန်ပါ့)။

အင်း ဒီဝေဒနာလေး ပေါ်လာတာ ဒကာ ဒကာမတို့ ဝေဒနာပေါ်တာလား ဒုက္ခပေါ်လာတာလား (ဒုက္ခ ပေါ်တာပါ ဘုရား) အဲဒါကြောင့် “ဒုက္ခမေဝ ဟိ သမ္ဘောတိ” ဒုက္ခမေဝ= ဒုက္ခ တရားသည် သာလျှင် သမ္ဘောတိ= မိမိသန္တာန်၌ ဖြစ်ပေါ်၏။ ဒုက္ခ ပေါ်လာပြီလို့သာ မှတ်လိုက် (မှန်ပါ့) “ဒုက္ခံ တိဋ္ဌတိ၊ ဝေတိစ” ခဏလေး တည်နေပြန်လည်း၊ အင်း- ဒါဒုက္ခတွေ တည်နေတာပဲ(မှန်ပါ့) ဒုက္ခမေဝ ဝေတိစ ပျက်သွား တာလည်း ဘာပါလိမ့် အောက်မေ့တယ် ဒုက္ခကလေးကိုး (တင်ပါ့) ရိပ်မိ ပလား (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် ဒုက္ခလေးပေါ်၍ ဒုက္ခလေး တည်အောင်နှင့် ဒုက္ခလေး ပျက်သည် (မှန်လှပါ) တည်နေ မှာစိုးလို့၊ ဘုန်းကြီး တို့ ဒကာ ဒကာမတွေကို ဒုက္ခပေါ်၍ ဒုက္ခ ပျက်သည်၊ ဆိုပြီး သကာလ ၊ ဒီထက် တစ်ခါ လွယ်အောင်လို့ ဖြစ်ဒုက္ခ ပျက်ဒုက္ခ (မှန်လှပါ ဘုရား)။

ဒီပါဠိတော်က လာတာ ရိပ်မိပလား (ရိပ်မိပါပြီ) ဖြစ်ဒုက္ခ ပျက်ဒုက္ခဆိုတာ ကျေနပ်ကြပလား (ကျေနပ် ပါပြီ)

အေး- ဒါကြောင့် ဘယ်ဝေဒနာ ပေါ်လာလာ ဒကာစိန် ဖြစ်တာလဲ ဒုက္ခ ပျက်တာလည်း ဒုက္ခ အဲဒါဖြင့် မမိ မိအောင် ရှုကြပေါ့ဗျာ (ကောင်းလှပါ ဘုရား)။

ဒုက္ခချည်းဖြစ်နေတယ်

“ဒုက္ခမေဝ ဟိ သမ္ဘောတိ, ဒုက္ခံ တိဋ္ဌိတိ ဝေတိ စ။

နာညတြ ဒုက္ခာ သမ္ဘောတိ, နာညံ ဒုက္ခာ နိရုဇ္ဈတိ။” (သဂါထာဝဂ္ဂ၊၁၃၇)

“အညတြ ဒုက္ခံ သမ္ဘောတိ တဲ့၊ (တင်ပါ့) ဒုက္ခံ = ဒုက္ခကို၊ အညတြ= ကြဉ်ထား၍၊ သမ္ဘာတိ= ဖြစ်တဲ့ တရားသည်၊ နတ္ထိ =မရှိ ဘူးတဲ့။ မင်းတို့ သန္တာန်ဖြစ်ပေါ်လာတဲ့၊ ဝေဒနာသည် ဒုက္ခ မှတစ်ပါး မရှိဘူး ဟေ့ တဲ့၊ ဖြစ်တာဟာဖြင့် ဒုက္ခချည်းသာ ဆုံးဖြတ်ချက် ချလိုက်ကြပါတော့တဲ့ (တင်ပါ့)။

ဒုက္ခမှတစ်ပါး၊ မင်းတို့သန္တာန်မှာ ဖြစ်နေတဲ့ တရား ငါ သဗ္ဗညုတ ဉာဏ်နဲ့ ရှာလို့ရှိရင် တစ်လုံးမှ မတွေ့ဘူးတဲ့ (မှန်ပါ့) ဒကာ ဒကာမတို့ သန္တာန်မှာ ရုပ်တွေပေါ်နေလည်း ဒုက္ခတွေ ဖြစ်နေတယ် နာမ်တွေပေါ်နေလည်း (ဒုက္ခတွေဖြစ်နေပါ တယ် ဘုရား) အင်းဒါဖြင့် သဗ္ဗညုတဉာဏ်နဲ့ ကြည့်လိုက်တဲ့ အခါကျတော့၊ ဒုက္ခာ = ဒုက္ခကို၊ အညတြ – ကြဉ်ထား၍ သမ္ဘောတိ = ဖြစ်တဲ့တရားသည်၊ နတ္ထိ မရှိဘူးကွ (မှန်ပါ့) ဖြစ်နေတဲ့ တရားသည် ဒုက္ခတွေ ချည်းပဲလို့ ဒကာ ဒကာမတွေ မှတ်လိုက်စမ်းပါ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒကာ ဒကာမတွေ သန္တာန်မှာပေါ်လာတာ၊ ဘာ ပေါ်လာပါလိမ့် (ဒုက္ခ ပေါ်လာတာပါ ဘုရား) အင်း-ဒီပြင် တရား ရှိသေးလား၊ (မရှိပါ ဘုရား) အေးဒါကြောင့် ခင်ဗျားတို့ သန္တာန် ပေါ်တိုင်း ပေါ်တိုင်း ဉာဏ်လေးနဲ့ ဦးတည်ပေးစမ်းပါ တဲ့၊ ဒုက္ခလေး ပေါ်လာပဟ၊ ဒုက္ခလေး ပေါ်လာပဟ၊ ဒုက္ခမှ တစ်ပါး ပေါ်စရာ ခန္ဓာကိုယ်ထဲ ဘာမှမရှိဘူး (မှန်ပါ့)။

ရုပ်ပေါ်လာရော၊ ဒုက္ခ၊ နာမ်ပေါ်လာရော (ဒုက္ခပါ ဘုရား) ဝေဒနာသုံးမျိုး တစ်ခုခု ပေါ်လာ ရင်ကော (ဒုက္ခပါ ဘုရား) အေး-ဒုက္ခချည်းပဲ၊ ဒကာ ဒကာမတို့ ဒီပြင် ဘာမှပေါ် စရာမရှိဘူးတဲ့ (မှန်ပါ့ ဘုရား)။

နာညံ ဒုက္ခံ နိရုဇ္ဇတိ၊ ဒုက္ခ= ဒုက္ခကို၊ အညတြ = ကြဉ်ထား၍ အညံ= တစ်ပါးသည်လည်း၊ န နိရုဇ္ဈတိ= ထုတ်ပယ်လို့ မဖြစ်ဘူး၊ ဒုက္ခလေးလည်း ချုပ်သွားတာပဲ ဒကာ ဒကာမတို့ (မှန်ပါ့) ပေါ်လာတာလည်း ဒုက္ခလေးလို သိထားတော့ ချုပ်သွား တာလည်း ဘယ်သူပါလိမ့် (ဒုက္ခလေးပါ ဘုရား)။

အေးဒါကြောင့် ဒုက္ခမေ၀ ဥပ္ပဇ္ဇမာနံ ဒုက္ခမေဝ နိရုဇ္ဇမာနံ = ဒုက္ခဖြစ်၍ ဒုက္ခချုပ်တာပဲ၊ သဘောကျပလား (ကျပါပြီ) အဲ – ဒကာ ဒကာမတွေ သန္တာန်မှာ ရုပ်ပေါ်လည်း ဒုက္ခဖြစ် ဒုက္ခချုပ် နာမ်ပေါ်လည်း (ဒုက္ခဖြစ် ဒုက္ခချုပ်ပါ ဘုရား)။

ဒါကြောင့် ဖြစ်ဒုက္ခ ပျက်ဒုက္ခလို့ ဒကာ ဒကာမတွေ ကို မြန်မာလို ဒီဂါထာကို ပြင်ပြီး သိလွယ်တဲ့နည်းနဲ့ ပြော ထားတာ (မှန်ပါ့)။

ဝေဒနာပေါ်လို့ရှိရင် ဖြစ်ဒုက္ခ ပျက်ဒုက္ခပေါ်အောင် ကြည့်ကြပေါ့ဗျာ (မှန်ပါ့) မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ်)

အေး-ဖြစ်ဒုက္ခ ပျက်ဒုက္ခရောက်အောင် ကြည့်လိုက်လိုရှိရင် ဖြင့် ဒကာ ဒကာမတို့ တိမ်းစရာ စောင်းစရာရှိသေးရဲ့ လား (မရှိပါ ဘုရား) ဒါကြောင့် ဘာကလေး ပေါ်လာလာ၊ ရုပ် ကလေးတစ်ခု အသစ်ပေါ်ပေါ် လာတယ် ဆိုရင် ဒုက္ခ ပေါ် လာတာပဲ၊ ဒုက္ခဆိုရင် ချုပ်အုံးမှာပဲ (မှန်ပါ့) နာမ်လေးပေါ် လာရင်ကော (ဒုက္ခလေးပေါ် ဒုက္ခလေးချုပ်ပါတယ် ဘုရား)

နိဗ္ဗာန်ကိုယ်တိုင်မြင်ရတဲ့အလုပ်

ဒုက္ခလေးပေါ်၊ ဒုက္ခလေးချုပ်မှာပဲဆိုတော့၊ ဒါက သမ္မာဒိဋ္ဌိ ဖြစ်သွားတယ် (မှန်ပါ့) ဘာသမ္မာဒိဋ္ဌိ လည်း မေးတော့ ဝိပဿနာသမ္မာဒိဋ္ဌိ (တင်ပါ့) သဘောကျပလား (ကျပါပြီ) ဘာသမ္မာဒိဋ္ဌိလည်း (ဝိပဿနာ သမ္မာဒိဋ္ဌိပါ ဘုရား)။

အေး – ဒါက ဝိပဿနာ သမ္မာဒိဋ္ဌိ၊ ခုနကပြောတဲ့ ဒီနေရာလေးပဲ ပြန်ကြည့်လိုက်တဲ့အခါ ဒုက္ခ မတွေ့ပဲနဲ့ ဒုက္ခ ဆုံးတာလေး တွေ့နေလို့ရှိရင်ဖြင့် မဂ္ဂသမ္မာဒိဋ္ဌိ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။

ဒုက္ခအဆုံးလေး တွေ့နေတော့ ဘာတဲ့ (မဂ္ဂသမ္မာဒိဋ္ဌိ ပါ ဘုရား) အေး- ဒုက္ခအဆုံးလေးကို ဉာဏ်နဲ့ ရှုပြီး တွေ့နေရင် အဲဒီဉာဏ်ကတော့ မဂ္ဂသမ္မာဒိဋ္ဌိ (မှန်ပါ့) ဖြစ်ဒုက္ခ ပျက်ဒုက္ခပဲ တွေ့နေရင် ဝိပဿနာ သမ္မာဒိဋ္ဌိ သဘောကျပလား (ကျပါပြီ)။

အဲဒီကဲ့သို့ ဒကာ ဒကာမတွေ ဒီဂါထာအတိုင်း ရှုကြမယ် မှတ်ကြမယ် ကျင့်ကြမယ်ဆိုလို့ရှိရင် အဲဒါ ဒကာ ဒကာမတွေသည် အပါယ်လေးပါး တံခါးပိတ်၍ နိဗ္ဗာန် ကိုယ်တိုင် မြင်ရတဲ့ အလုပ်ပါပဲ ဆိုဒါဖြင့် သေသေချာချာ မှတ်ကြပါ (မှန်ပါ့) ဒကာစိန် သိပ်အဖိုးတန်တဲ့ တရား (မှန်လှပါ ဘုရား)။

ဝဿကာရပုဏ္ဏား

အဲဒီတော့ ဝတ္ထုတစ်ခု ထုတ်ပြမယ် ဒကာ ဒကာမတွေ (မှန်ပါ့) ဝတ္ထုတစ်ခု ထုတ်ပြမယ်တဲ့ ဘုရားသခင် ကိုယ်တော် မြတ်ကြီးက ပရိနိဗ္ဗာန် စံသွားတယ် (တင်ပါ့) ပရိနိဗ္ဗာန် စံသွားတော့ ရှင်အာနန္ဒာနဲ့၊ ဝဿကာရ ပုဏ္ဏားတို့ တွေ့တယ် အဇာတသတ်မင်း၏ ပရောဟိတ် ပုဏ္ဏားပေါ့ဗျာ (တင်ပါ့)။

ဒါနဲ့ ရှင်အာနန္ဒာကိုလည်း သူက ကြည်ညိုပြီးသားဖြစ် တာနဲ့ ရှင်အာနန္ဒာကို ဝင်ပြီး သကာလ ၊ ဝတ်တွေ၊ ဘာတွေချ လို့ အရှင်ဘုရားကို တပည့်တော် မေးစရာရှိတာ၊ အရှင်ဘုရား နဲ့ ဆုံတဲ့အခါ လျှောက်ပရစေ့ ဘုရားဆိုတော့၊ အေး -လျှောက်တာပေါ့ကွာ (မှန်ပါ့)။

ဘုရားကဘယ်ပုဂ္ဂိုလ်ကို ကိုးကွယ်ရစ်လို့မှာခဲ့သလား

ဘုရားက ပရိနိဗ္ဗာန်စံသွားပြီဘုရား တပည့်တော်တို့ လည်း သင်္ဂါယနာတင်ဖို့ လုံးပမ်းနေတယ် (တင်ပါ့) အဲဒီတော့ အရှင်ဘုရားက အနီးစပ်ဆုံး ပုဂ္ဂိုလ်လည်း ဖြစ်တဲ့အတွက် ဘုရားက ငါမရှိလို့ရှိရင် ဘယ်ပုဂ္ဂိုလ်ကို အကြီးအမှူး လုပ်ပြီး ကိုးကွယ်ရစ်လို့ မှာခဲ့ပါသတုံး ဒီလိုကိုး မေးတယ် (မှန်ပါ့)။

ဘယ်ပုဂ္ဂိုလ်ကို အကြီးအကဲ အမှူးပြုပြီး ကိုးကွယ်ရစ် လို့ မှာခဲ့ပါသတုံးဆိုတော့ (မှန်ပါ့) ရှင်အာနန္ဒာက ဖြေတယ် (တင်ပါ့) ဘယ်ပုဂ္ဂိုလ်မှ ကိုးကွယ်ရစ်လို့ မမှာပါဘူးကွာ (တင်ပါ့) မှာရင် ရှင်အာနန္ဒာကို မှာရမှာ (မှန်ပါ့) ဘယ်ပုဂ္ဂိုလ်ကို ကိုးကွယ်ရစ်လို့တော့ မမှာဘူး (မှန်ပါ့)။

ဒါဖြင့် အရှင်ဘုရားတို့ အစည်းမရှိတဲ့ဝါးလို ဗလဝ ကြဲပြီး သကာလ သွားတော့မယ့် အခြေအနေမျိုး ရောက်နိုင် သလား (တင်ပါ့) တိတ္ထိကြီး ခြောက်ယောက်တို့ ဘုရား ပရိ နိဗ္ဗာန် မစံခင်က သေကြတော့ သူတို့ တပည့်တွေ ငြင်းကြ၊ ခုံကြ၊ သတ်ဖြတ်ကြနဲ့ ဝါးအစည်းပြေသလို အယူဝါဒတွေ ပြားကုန်ကြပြီ (တင်ပါ့)။

အရှင်ဘုရားတို့လည်း ဒီလိုမမှာ ခဲ့ဘူး၊ ဘယ်သူ့ကို ကြီးမှူးလို့၊ ကိုးကွယ်ရစ် ဆိုတဲ့ ဥစ္စာ၊ မမှာခဲ့ဘူးဆိုရင်ဖြင့် တိတ္ထိ များ ကွဲသလို အရှင်ဘုရားတို့ သာသနာဟာလည်း၊ အရှင် ဘုရားတို့ သာသနာက အင်မတန်ကျယ်တယ်၊ သာသနာတော်ကြီးက အရပ်ဒေသတွေ စုံနေတာပဲ (မှန်ပါ့) အဲဒီတော့ ဝါးစည်း ပြေသလို ဖြစ်မှာလား ဘုရားလို့ဆိုတော့ (တင်ပါ့) မှာခဲ့ပုံ အထူးရှိလို့ ရှိရင်လည်း တပည့်တော် များလည်း သိပါရစေတဲ့၊ သဘောကျပလား (ကျပါပြီ ဘုရား)။

အဲဒီတော့ ပထမ တစ်နံပါတ် သူမေးတာ၊ ပြန်ပြောပါ အုံးမယ် ဝဿကာရပုဏ္ဏားက အရှင်ဘုရားတဲ့ အရှင်ဘုရား နဲ့ တပည့်တော်တွေ့တဲ့ အချိန်မှာ လျှောက်ထားစရာရှိတာ၊ လျှောက်ထား ပါရစေ (မှန်ပါ) ဘုရား မရှိဘူး ပရိနိဗ္ဗာန်စံသွား ပါပြီ တစ်နံပါတ် မေးလိုက်တယ်။

ဘုရားလိုပုဂ္ဂိုလ်ထူးကျန်ရစ်သလား?

ဘုရားလို သိတဲ့ ပုဂ္ဂိုလ် ဘုရားလို မဂ်ဖိုလ် သိတယ်၊ မဂ်ဖိုလ်၊ လိမ်မာတယ်၊ အလုံးစုံ အကုန် သူသည် သဗ္ဗညုတ ဉာဏ်သဘောနဲ့ သိတဲ့ပုဂ္ဂိုလ် ဒီအထဲမှာ ကျန်ရစ်သလား တစ်နံပါတ် မေးတယ်။ ဒါက တစ်နံပါတ်နော် (မှန်ပါ့)။

တစ်နံပါတ်စမေးလိုက်တော့ ဒကာ ဒကာမတို့ ဒီလို တော့ဖြင့် မရှိဘူးကွာလို့ ပြန်လိုက်တယ်၊ (မှန်ပါ့)၊ သူက ဘုရားလို ပုဂ္ဂိုလ် အတူ ရှိသေးသလားလို့ သူက မေးလိုက်တယ် (မှန်ပါ့)။

ဘုရား ပရိနိဗ္ဗာန်စံ သွားတော့၊ ဘုရားလောက်ကြီးတဲ့ ပုဂ္ဂိုလ် ဒီထဲမှာ ကျန်ရစ်တဲ့သဘောများ၊ ပုဂ္ဂိုလ်များ ရှိပါသေး သလား၊ ရှင်အာနန္ဒာလို့ ဆိုတော့ ဘုရားဆိုတာက နှစ်ဆူမှ မရှိပဲ တစ်ဆူပဲရှိတယ် (တင်ပါ့)။

ဘုရားလောင်းဖွားမြင်တော်မူတဲ့အခါ

စဉ်းစားကြည့်ပါ ခင်ဗျားတို့ အင်ကြင်းပင်က ကိုင်းလာတဲ့အခါ မယ်တော် မာယာက အင်ကြင်း ကိုင်းကို လှမ်းဆွဲပြီး၊ မတ်တတ် ဘုရားလောင်း ကလေး မဖွားဘူးလား (ဖွားပါတယ်) အဲဒီ ဖွားလျှင် ဖွားချင်း၊ တစ်ခါတည်း၊ အရှေ့ ဘက်လှည့်ပြီး သကာလ

“ဇေဋ္ဌောဟမသ္မိ၊ သေဋ္ဌော ဟမသ္မိ၊ လောကဿ၊”

ငါ့ထက် မြတ်တာမရှိ၊ ငါ့ထက် သိတာမရှိ၊ ငါဟာ လောက အဆုံးသို့ ရောက်လာပြီး-လို့ သူကိုယ်တိုင် (၇) လှမ်း သွားသေးတာဗျ၊ အဲဒီတုန်းက သူနဲ့ တန်းတူမရှိဘူးလို့ ပြောခဲ့ပြီ (မှန်ပါ့)။

မွေးစကတည်းက ဥဒါန်းကျူးရင့်တော်မူတယ်

ခင်ဗျားတို့ ကလေးလေး တွေနဲ့တော့ ကွာလိုက်တာ (ကွာပါတယ် ဘုရား) ကွာတယ်၊ ဟိုကလေးက ချက်ချင်း (၇) လှမ်း လှမ်းပြီး ဒါတွေ ကျူးရင့်တော့တာဘဲ ဒီအသံတော်တွေနဲ့

“ဇေဋ္ဌောဟမသ္မိ လောကဿ၊ သေဋ္ဌောဟမသ္မီ လောကဿ၊ အဂ္ဂေါဟမသ္မိ လောကဿ။”

လောကထဲ၊ ငါ့ထက်မြတ်တဲ့ ငါ့ထက်သိတဲ့ ပုဂ္ဂိုလ် မရှိဘူးကွ၊ ငါဟာ လောကအဆုံး ငါရောက်ပြီကွ၊ တစ်ခါတည်း ကို ရှေ့ခုနစ်လှမ်း၊ သွားသေးတယ် (မှန်ပါ့) မွေးမွေးချင်း၊ မွေးမွေးချင်း မထူးခြားဘူးလား (ထူးခြားပါတယ် ဘုရား)။

အဲဒါ ဝဿကာရ ပုဏ္ဏားကမေးတော့ ဒကာ ဒကာမ တွေ ဘုရားနဲ့ ဘုရားလို မဂ္ဂဝိဒူ ဟုတ်လား၊ မဂ်ကိုသိတဲ့ ပုဂ္ဂိုလ်၊ တစ်ခါတည်း အလုံးစုံ တရားဓမ္မတွေ သဗ္ဗေန သဗ္ဗံ ဆိုတဲ့ အတိုင်း အလုံးစုံ တရားတွေကို သိတဲ့ ပုဂ္ဂိုလ် ရှိပါသေးသလား၊ တစ်နံပါတ် မေးလိုက်တော့၊ ရှင်အာနန္ဒာက မရှိဘူးကွာ (မှန်ပါ့) ဒီလိုတော့ မရှိဘူးပေါ့တဲ့။

တစ်နံပါတ် မရှိလို့ရှိရင် တပည့်တော် နှစ်နံပါတ်မေးရ တော့မှာပေါ့ (မှန်ပါ့) ဘုရား ပရိနိဗ္ဗာန် စံသွားတာ (၇) ရက် ကျော်သွားတော့ မစံမီက မင်းတို့ ဘယ်သူ အကြီးအမှူး ထားပြီး ခေါင်းဆောင် လုပ်ပြီးတော့ မင်းတို့ ကိုးကွယ် ဆည်းကပ်ရစ် ကြလို့ကော မှာခဲ့သလား နှစ်နံပါတ် မေးပြန်တယ် (မှန်ပါ့)။

ဟ ဒီလိုလည်း မမှာခဲ့ဘူးကွ၊ ဝဿကာရ ပုဏ္ဏားရ (မှန်ပါ့) ဒါဖြင့် ဘုရား၊ အရှင်ဘုရားတို့ ဘုရားလည်း မရှိဘူး၊ ဘုရားလို သိတဲ့ ပုဂ္ဂိုလ်လည်း မရှိတော့ ဘယ်သူ့ကို ဦးစီး ခေါင်းဆောင် ထားပြီး သကာလ ကိုးကွယ်ရစ်ကြ ဆိုတာလည်း မရှိတော့ ဒါ တပည့်တော် လျှောက်စရာ စကားက မကုန်ဘူး (မှန်ပါ့ ဘုရား) ဝဿကာရပုဏ္ဏားက လျှာရှည်ရှည်နဲ့ သူမေးတာ ဒါလည်း သူလျှောက်စရာ ပါပဲ (တင်ပါ့)။

ဒါဖြင့် အရှင်ဘုရားတို့ ဘာကို ကိုးကွယ်ဆည်းကပ် ပြီး ဘယ်သူ ပြောတာကို လိုက်နာ ကျင့်ကြံ နေရ မှာတုံး (မှန်ပါ့) ဆိုတော့မှ ရှင်အနာနန္ဒာက အေးဒီလို မှာခဲ့တယ်ကွာတဲ့။

တရားသာကိုးကွယ်ရစ်ကြလို့ မှာခဲ့တယ်

“ဓမ္မနွယတာ” မင်းတို့ “တရားသာ ကိုးကွယ်ရစ်ကြ” လို့ ဒီလိုမှာခဲ့တယ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဘာကိုးကွယ်ရမလဲ (တရားသာ ကိုးကွယ်ရပါမယ် ဘုရား) တရား အကြီးအမှူးထား၊ တရား ကိုးကွယ်လို့ မှာ ခဲ့တယ်၊ အဲဒီတော့ ဒကာ ဒကာမတွေ ဘုရား မှာရစ်ခဲ့တဲ့ အဓိပ္ပာယ်၊ ဒကာစိန် ရှင်းပလား (ရှင်းပါပြီ ဘုရား)။

သူလို ဘုရား တူလည်း မရှိဘူး၊ ပုဂ္ဂိုလ်ထဲက ဘယ်သူ့ အကြီးအမှူးထားပြီး ကိုးကွယ်လို့ ညွှန်ပြခဲ့တာလည်း မရှိဘူး (မှန်ပါ) ဘယ်လို မှာခဲ့သတုန်း ဆိုတော့ တရား သာလျှင် ကိုးကွယ်၊ ပုံးအောင်း၊ လဲလျောင်းပြီး သကာလ ၊ နေရစ်ကြလို့ ဒီလိုမှာခဲ့တယ်ကွ (မှန်ပါ့) ဝဿကာရ ပုဏ္ဏားက မေးလို့ ရှင်အာနန္ဒာက ဖြေတဲ့ဥစ္စာ (မှန်လှပါ ဘုရား)။

ဒါဖြင့် အရှင်ဘုရားတို့ ဒီတရားတွေက ငြင်းခုံစရာ များ တော်တော်ကြာ အစွန်းအစတွေ ထွက်လာရင် ဒီပွဲကြီး ဟာ ရန်ပွဲကြီး မဖြစ်နိုင်ဘူးလား (မှန်ပါ့) တိတ္ထိ တပည့်သားမြေး တွေဖြင့် ကွဲကုန်ပြီ (မှန်ပါ့) ဂေါတမ တပည့်သားမြေးတွေလည်း တစ်ယောက် အယူအဆနဲ့ တစ်ယောက် အယူအဆ မတူလို့ ရှိရင် ကွဲကုန်ကြမယ်၊ ဒီနေရာ မရောက်ဘူးလားဆိုတော့ မရောက်ဘူးတဲ့ (မှန်ပါ့)။

ဘာကြောင့်လည်း ဆိုလို့ရှိရင် သီလမှာလည်း ရှစ်ပါး ဖြင့် ရှစ်ပါးချင်း အတူတူ ငါးပါးဖြင့် ငါးပါးချင်း အတူတူ သူရှောင်ရမှာနဲ့ ကိုယ်ရှောင်ရမှာနဲ့ အတူတူပဲကွ တဲ့၊ သဘောကျပလား (ကျပါပြီ)။

သမာဓိမှာလည်း သူက လုပ်မယ့် သမာဓိနဲ့ ကိုယ်ကလုပ် မယ့် သမာဓိကလည်း တည်ကြည်မှု ရှိခြင်း အတူတူပဲကွ တဲ့ (မှန်ပါ့) အဲဒီတော့ နှစ်ဖက် ရန်ဖြစ်စရာ ရှိသေးရဲ့ လား (မရှိ ပါ ဘုရား)။

တစ်ဖန် ပညာစခန်းကို ကြည့်လိုက်ပြန်တော့လည်း သူလည်း တစ်ခါတည်း ဒုက္ခ မြင်အောင်ကြည့် ကိုယ်လည်း ဒုက္ခ မြင်အောင် ကြည့်မှသာ ပညာစခန်းဆိုတဲ့ မဂ္ဂင်လမ်းက လည်း ပေါက်ရောက်တယ် (မှန်ပါ့) အဲဒီတော့ ကြည့်ရတာခြင်း အတူတူမို့ ဒါလည်း ပြောစရာမရှိဘူးတဲ့ (မှန်ပါ့)။

ဒို့မှာ ကွဲစရာမရှိဘူး

ဒါ့ကြောင့် ဒီတရားတွေ ကိုးကွယ်ဆည်းကပ်ခြင်း ကြောင့် ဒို့မှာ ကွဲစရာ ရှစရာ မရှိဘူးဟေး (မှန်ပါ့) ဟောပြီ ရှင်အာနန္ဒာက ပြောပြီ ဒကာ ဒကာမတွေ ဘယ်လောက် အဖိုးတန်သတုံး (တန်ပါတယ် ဘုရား)။

အဲဒီတော့ ဒကာ ဒကာမတွေ ကျုပ်တို့ မှတ်စရာက သြော် – ဘုရား ပရိနိဗ္ဗာန်စံသွားပြီ၊ ဘယ်သူ့ကို အကြီးအမှူး ထားပြီး ကိုးကွယ်ရစ်လို့လည်း မမှာခဲ့ပါ၊ ဘာကိုးကွယ်ရစ်လို့ မှာခဲ့ပါသတုံး ဆိုတော့ တရားသာလျှင် ကိုးကွယ်ရာ ဆည်းကပ်ရာ ရှိတော့တယ် ဆိုတာ ဒကာ ဒကာမတွေ ရှင်း ပလား (ရှင်းပါပြီ ဘုရား)။

ရှင်းတော့ ခင်ဗျားတို့ အခု အားထုတ်နေတာ ဘာကိုး ကွယ်နေတာလဲ (တရား ကိုးကွယ် နေတာပါ ဘုရား) တရား ကိုးကွယ်နေတာဆိုတာ ရှင်းကြပလား (ရှင်းပါပြီ)၊ ခင်ဗျားတို့ ဖြစ်ပျက်၊ ဝေဒနာတွေ၏ ဖြစ်ဒုက္ခ၊ ပျက်ဒုက္ခကို ဒကာ ဒကာမ တွေက ရှုပြီးနေတော့ ဝမ်းထဲမှာ ဝိပဿနာ သမ္မာဒိဋ္ဌိတွေ ရောက်နေတယ် (မှန်ပါ့) အမှန်မြင်တာကိုဗျ (မှန်လှပါ ဘုရား)။

ဓမ္မစေတီဖြစ်အောင် လုပ်နေတယ်

ဝိပဿနာသမ္မာဒိဋ္ဌိ၊ အမှန်မြင်က ရောက်နေတော့ ဒါဘာလုပ်တာတုံးဆိုတော့၊ မဂ္ဂင် ခန္ဓာကိုယ်ထဲ ရောက်အောင်လို့ ဓမ္မစေတီ ဖြစ်အောင်လို့ ဝမ်းထဲ ဓါတ ုဓာတ်တော်၊ မွေတော် ဆိုတဲ့ ပညာတွေ ရောက်အောင်လို့ (တင်ပါ့) တပည့်တော် လုပ်နေတယ် (မှန်ပါ့) ခင်ဗျားတို့ ဒီအလုပ်က ကိုယ်ထဲ ရောက်တဲ့ အလုပ်ဆိုတာဖြင့် သေချာပြီ မဟုတ်လား (သေချာပါပြီ ဘုရား)။

ကိုယ်ထဲရောက်တဲ့ အလုပ်ဆိုတော့ ဒီအလုပ်ထက် အဖိုးတန်တာ ရှိသေးသလား (မရှိပါ ဘုရား) ကိုယ်ကိုးကွယ် တာက ကိုယ်ရှုနေတာပါ ဘုရားရှေ့မှာ ရှိခိုးတာမဟုတ်ဘူး၊ ဝမ်းထဲမှာကို တစ်ခါတည်း အမြဲတမ်း ဆည်းကပ် ထားတာ (မှန်ပါ့) နေနိုင်ကြရဲ့လား (နေနိုင်ပါတယ် ဘုရား) နေနိုင်အောင် နေရ မှာပဲ (မှန်ပါ့)။

ဟိုနေရာ ပြောင်းလိုက် ပြန်လည်း အင်း- ဖြစ်ဒုက္ခ၊ ပျက် ဒုက္ခလေးပဲ ဟိုဟာလေး မြင်လိုက် ပြန်ရော (ဖြစ်ဒုက္ခ၊ ပျက် ဒုက္ခပါ ဘုရား) အဲဒီမြင်တဲ့ ဉာဏ်ကလေး ဝမ်းထဲမှာ ကိန်းမနေ ဘူးလား (ကိန်းနေပါတယ် ဘုရား) အဲဒီတော့ တရားသာလျှင် ကိုးကွယ် ပုန်းအောင်နေကြတာပဲ (တင်ပါ့)။

ဘုရားမှာခဲ့တာနဲ့ မကိုက်လား (ကိုက်ပါတယ် ဘုရား) အဲဒီတော့ ခင်ဗျားတို့ ဘုရားရှိခိုး နေတာကမှ တစ်နေ့လုံးထိုင် ညောင်းပြီး နေတာ တစ်နေ့လုံး ခိုးပါဆိုတော့ တော်တော့ လူ မခိုးနိုင်ဘူး (မှန်ပါ့ ဘုရား)။

အေး ဝိပဿနာ အလုပ်ကြီး တကယ်တမ်း ကြိုးစား နေတဲ့ ပုဂ္ဂိုလ်ကတော့ မြင်ရာ၊ တွေ့ရာကို ဖြစ်ဒုက္ခ ပျက်ဒုက္ခ ရှုနေမယ်ဆိုရင် မြင်ရာ၊ တွေ့ရာတွေကို မြင်တဲ့ ဉာဏ်ကလေး က ဝမ်းထဲ ကိန်းမနေ ဘူးလား (ကိန်းနေပါတယ် ဘုရား) အဲဒါ ဝမ်းထဲ ကိန်းနေတော့ သူ့ခန္ဓာထဲမှာ သူအမြဲ ဆည်းကပ်ကိုး ကွယ် လေးစား ထားတယ်ဆိုတဲ့ အဓိပ္ပာယ် မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။

ရောက်တော့ ဒကာ ဒကာမတို့ ရှင်အာနန္ဒာကလည်း တရားသာလျှင် ကိုးကွယ် ဆည်းကပ်ရ မယ်လို့ မှာခဲ့တယ်ကွ ဆိုတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ လုပ်နေတဲ့ အလုပ် ကလည်း တရား ကိုးကွယ် ဆည်းကပ်တဲ့ အလုပ်ဖြစ်နေ သောကြောင့် သမ္မာဒိဋ္ဌိအလုပ် အလုပ်မှန် ကြီးဖြစ်တယ်၊ သမ္မာက မှန်တာ၊ ဒိဋ္ဌိက မြင်တာ၊ အမှန် မြင်ပြီး၊ အမှန် လုပ်နေတဲ့ ဒကာ ဒကာမတွေ ဖြစ်တယ် ကျုပ်တို့ကိုးကွယ်တာဖြင့် ကိုးကွယ် မှန်ပဲလို့ ဆုံးဖြတ်ချက်ချ (မှန်ပါ့)။

ဘာကိုးကွယ်နေကြလဲ (တရား ကိုးကွယ် နေကြပါ တယ် ဘုရား) တရား ကိုးကွယ် နေကြတယ် ဆိုတာ ဒီအတိုင်း မှတ်ပါ (မှန်ပါ့)။

ဒါနဲ့ တရားကိုးကွယ်ပါဆိုတော့၊ ဘာတရား၊ ဘာ တရားပါတုံး မေးတော့ ရှေးဦးစွာ သီလတရား (မှန်ပါ့) သီလ ဝိသုဒ္ဓိ၊ တော်တော် ကြာတော့ ကွာတဲ့ စိတ္တဝိသုဒ္ဓိ ဆိုတဲ့။ သမထ တည်ကြည် အောင်လုပ် ရတယ် (မှန်ပါ့) ပြီးတော့ ဒိဋ္ဌိ ဝိသုဒ္ဓိဆိုတဲ့ ဝေဒနာ၊ ဝေဒနာ မှန်း သိရတယ်၊ ဒိဋ္ဌိဝိသုဒ္ဓိ (တင်ပါ့)။

ဒို့ကပုဂ္ဂိုလ်တိုင်းကို ကိုးကွယ်တာမဟုတ်

ဝေဒနာ၊ ဝေဒနာတွေ ဘယ်သူ့ကြောင့် ဖြစ်တယ် ဆိုတဲ့ ဥစ္စာ အာရုံဒွါရကြောင့် ဖြစ်တယ် ဆိုတာလည်း၊ ကင်္ခါဝိတရဏ ဝိသုဒ္ဓိ (မှန်ပါ့) အဲဒီတော့ ဒို့မှာ သူအဆင့်အတန်း သူ့ အဆင့်အတန်းနဲ့ သွားတာကိုသာ ကြည့်ပြီး တရားတွေက ဒီလို ကိုးကွယ် စရာတွေလည်း ရှိနေတယ်ကွတဲ့ (မှန်လှပါ ဘုရား)။

ပြီးတော့မှ ဖြစ်ပျက် တွေရှုလို့၊ ပြီးတော့မှ ဖြစ်ဒုက္ခ၊ ပျက်ဒုက္ခတွေ ရှုလို့၊ ပြီးတော့မှ ဒုက္ခ၏ ဆုံးရာကို မြင်လို့ အဲဒီ လို လေးစားတဲ့ ပုဂ္ဂိုလ်ကျတော့ ဒီတရား အကြောင်းရင်း ခံပြီး ဒီပုဂ္ဂိုလ်တော့ ဒို့က ကိုးကွယ်မယ်။ ပုဂ္ဂိုလ် ဆိုပေမဲ့ ဒို့က ပုဂ္ဂိုလ်တိုင်းကို ကိုးကွယ်တာ မဟုတ်ဘူးတဲ့ (မှန်လှပါ ဘုရား)။

ဒီတရားကို ဟုတ်တိုင်းမှန်စွာ အားထုတ်တဲ့ ပုဂ္ဂိုလ် ကျတော့ ဒီပုဂ္ဂိုလ်ကို ငယ်တယ်၊ ကြီးတယ် မရွေးဘူး၊ ကိုးကွယ် ပြန်တာပဲတဲ့ (မှန်ပါ့)။ ဘာပြုလို့ ကိုးကွယ်သတုံး၊ ဆိုတော့၊ တရား ကိုးကွယ်တာ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဘုရားကဘယ်လိုမှာခဲ့သတုံး

ဒါဖြင့် ဒကာ ဒကာမတွေ၊ ဘုရားက ဘယ်လိုမှာခဲ့ သတုံး (တရား ကိုးကွယ် ရမယ်ပါ ဘုရား) အေး- တရား ကိုးကွယ် ဆည်းကပ်ကြ၊ တရားသာ ပုန်းအောင်း၊ လဲလျောင်းရာပဲ ဆိုတာ၊ မဟောခဲ့ ဘူးလား (ဟောခဲ့ပါတယ် ဘုရား) အဲဒါကြောင့် ဒကာ ဒကာမတို့ တရား အားထုတ်ရင် မပျင်းကြနဲ့လို့ ပြောရတယ် (မှန်လှပါ)။

ဒီတရား ဘယ်က လာသတုံးလို့ မေးတော့ သြော် ဘုရားသခင် ကိုယ်တော်မြတ်ကြီး၊ ဟောမှု ပြောမှု ရှိပေလို့ သဗ္ဗညုတဉာဏ် တည်းဟူသော အသိဉာဏ်နဲ့ ဟောခဲ့၊ ပြောခဲ့ ပေလို့ ဒို့ကျင့်ရ၊ ကြံရပေတယ် ဆိုတော့ ကျုပ်တို့ လုပ်နေတဲ့ အလုပ်ဟာ ဘုရားပါရှိခိုး ပြီးသား၊ တစ်ခါတည်း ဖြစ်သွား တယ်၊ ဘုရားပါ ကြည်ညိုလေးစား ပြီးသား၊ အဖြစ်ကို တစ်ခါ တည်း မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။

အဲဒါကြောင့် တရားသိမှ ဘုရား သိတယ် ဆိုတာလည်း ဒီမှာ ပေါ်ပြန်တာပဲ (မှန်ပါ့) ဒါနဲ့ပဲ ဝဿကာရ ပုဏ္ဏား ကလည်း လျှာရှည်ရှည် (မှန်ပါ့) လျှာရှည်ပြန်တော့ ဆက်မေး ပြန်တာပဲ (မှန်ပါ့)။

အရှင်ဘုရားတဲ့ တပည့်တော်က မေးလို့ အရှင်ဘုရား က ဖြေတာ တရား ကိုးကွယ် ဆည်းကပ် ရစ်ကြ ဆိုတော့ တရား ရှိတဲ့ ပုဂ္ဂိုလ်ကို ကိုးကွယ်ရုံ ရှိတော့တာပဲ (မှန်ပါ့) ဒါဖြင့် အရှင် ဘုရားတို့ သာသနာကတော့ ကွဲစရာ မရှိတော့ဘူး (မှန်ပါ့) ဒီလို သူက ယူလိုက်တယ်၊ (တင်ပါ့ ဘုရား)။

ဈာန်တရားဆိုတာ

သို့သော် ဘုရား သက်တော်ထင်ရှား ရှိတုန်းက တပည့်တော်နဲ့ ဝေသာလီပြည်မှာ တွေ့ပါတယ် ဘုရား (မှန်ပါ့) တွေ့ တဲ့အခါ ကျတော့ မြတ်စွာဘုရား သခင် ကိုယ်တော် မြတ်ကြီးက ဈာန်တရားကို တယ်လည်း ချီးမွမ်းပါတယ် (မှန်ပါ့) သူကိုယ် တိုင်လည်း အားလည်း ထုတ်တယ်၊ ဈာန်တရားကို ချီးလည်း ချီးမွမ်းတယ် အားလည်း ထုတ်တယ်၊ အဲဒါကြောင့် တပည့်တော်က ဈာန်တရားကို သိပ်ကျေနပ် ပါတယ်။ ပုဏ္ဏား က သမထကို ကျေနပ်နေတယ် (မှန်ပါ့)။

အရှင်ဘုရားက တပည့်တော်တို့ထက် နီးစပ်ပါတယ်။ တပည့်တော် တွေ့တုန်းကဖြင့် ဈာန်တရား ချီးမွမ်းတယ်၊ သူ့ သွားကြည့်ပြန်လည်း ဈာန်တရား အားထုတ်နေတယ်၊ အဲဒါ တွေချည်း၊ တွေ့ရတော့ ဈာန်ကို သိပ်ပြီး နှစ်သက်ပုံရတယ် ဘုရား။

ဈာန်ကနှစ်မျိုးရှိတယ်

အဲဒီတော့ ရှင်အာနန္ဒာက ငါတို့ကို ဟောထားတာ ရှိ တယ်ကွ၊ ငါတို့ကို ဟောထားခဲ့တာ ရှိတယ်။ ရှောင်ကြဉ် ရမယ့် ဈာန်၊ မရှောင်ကြဉ် ရမယ့် ဈာန်ရယ်လို့ နှစ်မျိုး ရှိတယ်။ ဝဿ ကာရ ပုဏ္ဏားကြီး (မှန်ပါ့) အဲတော့ ဈာန် ဘယ်နှစ်မျိုးလဲ (နှစ်မျိုးပါ ဘုရား) ရှောင်ကြဉ်ရမယ့် ဈာန်တစ်မျိုး (တင်ပါ) မရှောင်ကြဉ်ရမယ့် (ဈာန်တစ်မျိုးပါ ဘုရား)။

ဈာန်ဆိုတာ ဒကာ ဒကာမတို့ မှတ်၊ ရှေ့တစ်ခု ထားပြီး စိုက်စိုက်စူးစူး မရှုရဘူးလား (ရှုရပါတယ် ဘုရား) အာနာပါန ဖြင့် လေကိုပဲ ဒါ မပျောက်အောင် ရှုနေရတာပဲ (မှန်ပါ့)။

ပထဝီ ကသိုဏ်းဆိုရင်လည်း၊ ပထဝီမြေလေးရှေ့မှာ၊ ဝိုင်းထားပြီး မြေမှုံကလေးကို ပြောင်အောင် လုပ်ထားပြီး သကာလ ၊ စကော လောက်ရှိတဲ့ အဝိုင်းကို ပထဝီ ပထဝီဆိုပြီး မပျောက်အောင် ရှုနေရတယ်၊ ဟုတ်ပလား (ဟုတ်ပါပြီ ဘုရား)။

အာကာသဆိုရင်လည်း ထရံမှာ အဝိုင်းကလေး ဖောက်ထားပြီး ဒါကလေး ကြည့်နေရမယ် (မှန်ပါ) အာကာသော အာကာသော အာကာသော ကောင်းကင်၊ ကောင်းကင်၊ ကောင်းကင် ဆိုပြီး ကြည့်နေ ရတယ်၊ သဘောကျ ပလား (ကျပါပြီ ဘုရား)။

အဲဒါတွေ ဈာန်လမ်း ဆိုတာ တစ်ခုတည်းသော အာရုံ ရှုတာပဲကွာတဲ့၊ ဒီလိုရှုတဲ့ ဈာန်ပေမဲ့၊ ဘုရားက ပယ်ရမယ့်ဈာန် (တင်ပါ့) ပွားရမယ့် ဈာန်၊ အားထုတ်ရမယ့် ဈာန်၊ ဈာန်ပေမယ်လို့ တထစ်ချ မှတ်မထားနဲ့အုံး၊ ရိပ်မိပလား (ရိပ်မိပါပြီ)။

ဒကာ ဒကာမတွေ ဈာန်ကို တထစ်ချ မှတ်လို့ မရဘူး တဲ့ (မရပါ ဘုရား) နီဝရဏတရား၊ လောဘ၊ ဒေါသ၊ မောဟ၊ ဥဒ္ဓစ္စ၊ မာန၊ ဝိစိကိစ္ဆာ၊ သေတဲ့ဈာန် လည်းရှိတယ်၊ ဒါတွေပွားတဲ့ ဈာန်လည်း ရှိတယ် (တင်ပါ့) ဈာန်တွေကို ဝဿကာရ ပုဏ္ဏား က မေးလို့ ရှင်အာနန္ဒာက ဖြေရရှာတယ် (မှန်ပါ့)။

အဲဒီတော့ ကိုယ့်သား သမီးလေးတွေကို ဒကာ ဒကာမ တွေက ကြည့်နေတော့၊ စိုက်စိုက်စူးစူး မျက်လုံးထဲမှာ မြင် မနေဘူးလား (နေပါတယ် ဘုရား) အဲဒါဈာန်ပဲ၊ (တင်ပါ့) စိတ် ကလေးက ကိုယ့်သားသမီးတွေ ကြည့်နေတဲ့အခါ ဘယ်များ သွားသေးသလဲ (ဘယ်မှ မသွားပါ ဘုရား)။

စူးစူးစိုက်စိုက်ကြည့်နေရင်ဈာန်ပဲ

မျက်လုံးလေး ကြည့်လိုက်၊ နှုတ်ခမ်းကလေး ကြည့် လိုက်၊ ဒီနေရာ အနာ ရှိသလား၊ ဒီနေရာ ဝေဒနာ ရှိသလား၊ ဟုတ်လား (တင်ပါ့) ဒီနေရာကလေး ဘာများ ဖြစ်ဦးမှာ၊ အစရှိသဖြင့် မျက်နှာလေး ပေါင်ပေါ် တင်ပြီး စူးစူး စိုက်စိုက် ကြည့်နေတဲ့ အခါ တခြားဆီကို အာရုံ ပြေးသေး သလား၊ (မပြေးပါ ဘုရား) အဲဒါဈာန်ပဲကွ တဲ့၊ သဘော ကျပလား (ကျပါပြီ ဘုရား)။

စိုက်စိုက် စူးစူး ကြည့်နေရင် ဈာန်ပဲ (တင်ပါ့) စိုက်စိုက် စူးစူးကြည့်နေရင် ဘာပါလိမ့်၊ (ဈာန်ပါ ဘုရား) ဈာန်ပဲတဲ့ ဒကာ ဒကာမတို့ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား) အဲဒီဈာန် ကတော့ ကာမစ္ဆန္ဒ နီဝရဏ ဆိုတဲ့ လောဘ တရားတွေက ပွား တောင် လာသေးတယ် (မှန်ပါ့)။

ရှောင်ရမည့်ဈာန်

ဈာန်တော့ ဈာန်ပဲကွတဲ့ ကာမစ္ဆန္ဒ နီဝရဏဆိုတဲ့ လောဘတွေ ပွားမလာဘူးလား (ပွားလာပါတယ် ဘုရား) အဲဒီ ဈာန်မျိုး ကျတော့ ရှောင်ကြဉ် ရမယ့် ဈာန်ဟေ့ တဲ့ (မှန်လှပါ) ရှောင်ကြဉ်ရမယ့် ဈာန်တဲ့ (တင်ပါ့)။

ရှောင်ကြဉ်ရမယ့် ဈာန်သည် ကိုယ့်စိန်ကလေး ကြည့်ပြီး ကိုယ့်ပတ္တမြား ကလေး ကြည့်ပြီး နေတဲ့ဈာန် အဲဒီဈာန်မျိုး ကျတော့ ဘုရားက ရှောင်ကြဉ် ရမယ့်ဈာန်တဲ့ (မှန်ပါ့) ဒီလောဘ မလာတဲ့ အာရုံမျိုး ကြတော့ဖြင့် အဲဒီဈာန်ကို ဘုရား က ချီးမွမ်းတယ် ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒီလောဘ၊ သေအောင် ရှုနိုင်တဲ့ ဈာန်မျိုးကျတော့ ချီးမွမ်းတယ် လောဘ ပွားလာတဲ့ ဈာန်မျိုး ကျတော့ (ပယ်ရ ပါမယ် ဘုရား) ဈာန်နှစ်မျိုး ရှိတယ်လို့ ဝဿကာရ ပုဏ္ဏား မှတ် ပါ၊ သဘော ကျပလား (ကျပါပြီ)။

ဒကာ ဒကာမတို့ ဈာန်တရားသည် တစ်ခုတည်းသော အာရုံကြောင့် ခုနက မြေလေး ဝိုင်းပြီး ပထဝီ၊ ပထဝီလို့ ဆုတောင်းတာ များ၍ ဈာန်ရတယ် ဆိုအုံးတော့ နီဝရဏ တရားဆိုတဲ့ လောဘ၊ ဒေါသ၊ မောဟ ဣဿာ၊ မစ္ဆရိယ၊ မာန၊ ဒိဋ္ဌိ၊ ဝိစိကိစ္ဆာ၊ ဥဒ္ဓစ္စ က ဒကာ ဒကာမတို့ ဝမ်းထဲမှာ အပြည့်ရှိတယ် (မှန်ပါ့)။

ဒီလို ဈာန်မျိုး ကျပြန်တော့လည်း ဝမ်းထဲမှာ နီဝရဏ တရား အပြည့်ရှိနေတယ်ကွတဲ့၊ ပြင်ဘက်က ဈာန်ရဲ့ ရှုခြင်းကြောင့် ဈာန်တော့ ရပါတယ်တဲ့၊ အတွင်းမှာ မြုံပြီး သကာလ နေတဲ့၊ အနုသယဆိုတဲ့ နီဝရဏ တရားတွေက မသေဘူးကွ တဲ့၊ (မှန်ပါ့) အဲဒါမျိုးလည်း ဘုရားသခင် ကိုယ်တော်မြတ်ကြီး ဈာန်လို့တော့ခေါ်ရဲ့ မချီးမွမ်းသေးဘူး (မှန်ပါ့) နီဝရဏ မကုန်ဘူး။

ဒါဖြင့် ကိုယ့်သားသမီး ကြည့်တဲ့ ဈာန်မျိုးလည်း နီဝရဏ ဖြစ်လို့ ပယ်ရမယ် (တင်ပါ့) ဒီပြင် လောကီ ဈာန်တွေ ကိုလည်း နီဝရဏကို ဆုံးအောင် မလုပ်နိုင်လို့ ရှိရင်ဖြင့် ဒီဥစ္စာဆုံးအောင် လိုက်လိုက်ပါအုံး (တင်ပါ့ ဘုရား)။

လုပ်တော့ လုပ်ပေါ့ဗျာ၊ ဒီတွင် ရပ်မနေနဲ့ ဆိုတဲ့ အဓိပ္ပာယ် သဘော ကျပလား (ကျပါပြီ) အေး ဒါကြောင့်၊ ဝိပဿနာမှလည်း ဆုံးတယ်ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား) ဒကာစိန် နေရာ ကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ လောဘ၊ ဒေါသ၊ မောဟ၊ မသေတဲ့ ဈာန်မျိုး ဟူသ၍ ဘုရား ချီးမွမ်းတော် မမူဘူးတဲ့။

လောဘ၊ ဒေါသ ငုပ်နေတဲ့ ဈာန်မျိုးကို ဘုရား ချီးမွမ်းရဲ့ လား (မချီးမွမ်းပါ ဘုရား) ဒါဖြင့် အမြစ် ပြတ်အောင် ရှုနိုင်တဲ့ ဈာန် မျိုးဆိုမှ ချီးမွမ်းတယ် ဟေ့တဲ့၊ (မှန်ပါ့) ရှင်အာနန္ဒာက ဖြေတာ။

အဲဒါကြောင့် ခင်ဗျားတို့ ဒကာ ဒကာမတွေ ရှုနေတဲ့ ဥစ္စာလည်း ဈာန်ပါပဲ (မှန်ပါ့ ဘုရား) ဘာကြောင့်လဲ ဆိုတော့ အပျက်လာတိုင်း ကိုထွန်းအောင်ရေ ကြည့်ရသေးရဲ့ လား တစ်ခါ တစ်ခါလဲ မိအောင် ရှုနေရတာ (မှန်ပါ့ ဘုရား)။

ဝေဒနာလာလည်း ဖြစ်ဒုက္ခ ပျက်ဒုက္ခ ဒါမိအောင် မရှုရဘူးလား၊ (မိအောင်ရှုရပါတယ် ဘုရား) သညာ လာရင် ကော (ဖြစ်ဒုက္ခ၊ ပျက်ဒုက္ခမိအောင် ရှုရပါတယ်) စိတ်လာ ပြန်တော့ကော၊ (မိအောင် ရှုရပါတယ် ဘုရား) ဖြစ်ဒုက္ခ ပျက်ဒုက္ခ မိအောင် မရှူရဘူးလား (ရှုရပါတယ် ဘုရား)။

ဈာန်ကော ဉာဏ်ကော တွဲသွားတယ်

အေး- မိမိရရ ဖြစ်အောင်ဖြင့် မရှုရဘူးလား (ရှုရပါ တယ် ဘုရား) ဘယ်မှ မပြေးအောင်လည်း မရှုရဘူးလား (ရှုရပါတယ် ဘုရား) ဒါကတော့ ဈာန်ရော မဂ်ရော၊ တစ်ခါ တည်း ပါသွားတယ်၊ (မှန်ပါ ဘုရား)။

စူးစူးစိုက်စိုက် ကြည့်တာက ဈာန် (မှန်ပါ့) သဘော ကျပလား (ကျပါပြီ) ကိလေသာ၊ သေအောင် သတ်တာက ဉာဏ် (မှန်ပါ့) ဈာန်ရော ဉာဏ်ရော တွဲသွားတယ်၊ (မှန်လှ ပါ ဘုရား)။

အခု ဒကာ ဒကာမတွေ ဘုန်းကြီး ပေးနေတဲ့ အလုပ်က ဘာပါလိမ့် (ဈာန်ရော ဉာဏ်ရော တွဲသွားပါတယ် ဘုရား) အဲဒါကြောင့် ဈာန်လမ်း သီးသန့် မပါတော့ဘူး သဘောကျ ပလား (ကျပါပြီ ဘုရား) ဈာန်ရော၊ ဉာဏ်ရော တစ်ခါတည်း ပါမသွားဘူးလား (ပါ,ပါတယ် ဘုရား) အေး-ဈာန်ရော ဉာဏ်ရော ပါသွားတော့မှ သူ့ကျေးဇူး ခံစားရတာ ပေါ်လာတယ်။ ဒကာစိန်ရေ (မှန်ပါ့)။

ဘယ်လို ပေါ်လာသလဲ ဆိုတော့ ဈာန်က အာရုံကို စိုက်စိုက် စူးစူး ကြည့်တော့၊ ဈာန်က သစ်ပင် တစ်ပင် အပေါ်ရံ ပြတ်အောင် ဖြတ်လိုက်တယ် (မှန်လှပါ ဘုရား) အမြစ်တွေ ဥတွေကတော့ (ကျန်ရစ်ပါတယ် ဘုရား) ဉာဏ်က အမြစ် တူးပစ်လိုက်တော့ ဘာကျန်သေးသလဲ (ဘာမှမကျန်ပါ ဘုရား)။

ဒီခန္ဓာပင်ကြီး၊ အဝိဇ္ဇာ၊ တဏှာ၊ ဥတွေလဲပျောက်၊ (ပျောက်ပါတယ် ဘုရား) လူကောင် နတ်ကောင် ဗြဟ္မာကောင်ဆိုတဲ့ အပင်တွေလည်း ပျောက် (ပျောက်ပါတယ် ဘုရား) အဲဒီတော့ အခု ဒကာ ဒကာမတွေ ဘုန်းကြီး ပေးနေတဲ့ နည်းက

“အဇ္ဈတ္တာ ဒွေ၊ ဓမ္မာ ယုဂနဒ္ဓါ ပဝတ္တန္တိ၊ သမထောစ ဝိပဿနာစ၊”

ဝိပဿနာ ရှိရာဌာန၌ ဒွေ = နှစ်ပါးကုန်သော၊ ဓမ္မာ= တရားတို့သည်၊ ပဝတ္တန္တိ = ဖြစ်ကုန်၏။ သမထောစ = စိုက်စိုက်စူးစူး၊ ရှုနေတဲ့ သမထသည် လည်းကောင်း၊ ဝိပဿနာစ = နီဝရဏ တရားတွေကို သတ်နေသော ဝိပဿနာ သည် လည်းကောင်း၊ ယုဂနဒ္ဓါ =အစုံအားဖြင့် (ဝါ) တွဲ၍ ပဝတ္တန္တိ = ဖြစ်ကြ ကုန်၏။ (မှန်ပါ့)။

ခင်ဗျားတို့ လုပ်နေတဲ့ အလုပ်က သမထ၊ ဝိပဿနာ တွဲပြီး ပါသွားတဲ့ အလုပ် ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။ ဘာတဲ့ ဒကာ ဒကာမတို့ (သမထ၊ ဝိပဿနာ တွဲပြီး ပါသွားတဲ့ အလုပ်ပါ ဘုရား)။

ဝိပဿနာကဥပါတူးတယ်

သမထက လူကောင် နတ်ကောင် အမည် သစ်ပင်မှာ ဒကာစိန် အမြစ်နားက ကပ်ဖြတ် လိုက်တယ်၊ ဥရှိတဲ့ သစ်ပင် မှာ (မှန်ပါ့) သို့သော် မိုးကျပြန်တော့ ပြန်ပေါက်တယ် (မှန်ပါ့)။

ဝိပဿနာက ဥပါတူးတယ် (တင်ပါ့) ခင်ဗျားတို့တွဲ လုပ်တဲ့ အလုပ်ကဖြင့် ပင်စည်လည်းပြုတ်၊ ဥလဲပဲပြုတ်၊ နှစ်ခု စလုံး မပြုတ်ဘူးလား (ပြုတ်ပါတယ် ဘုရား)။

ဒါဖြင့် အဝိဇ္ဇာ၊ တဏှာနဲ့တူတဲ့ လူကောင်နတ်ကောင် ဗြဟ္မာကောင်၏ ဥတွေကော မကုန် ဘူးလား (ကုန်ပါ တယ် ဘုရား)၊ လူကောင် နတ်ကောင် ဗြဟ္မာကောင် တည်းဟူသော ပင်စည်၊ ခက်မ၊ ဒုက္ခသစ္စာ ကြီးကော မပြောင်ဘူးလား (ပြောင်ပါတယ် ဘုရား)၊ ဒါကြောင့် ဒကာ ဒကာမတွေ ကြည့် နေတော့ သမာဓိမဂ္ဂင်နဲ့ ပညာမဂ္ဂင် တွဲရက်ကြီး ပါတယ်လို့ သေသေချာချာ မှတ်ပါ၊ (မှန်လှပါ ဘုရား)။

သမာဓိမဂ္ဂင်နဲ့ ပညာမဂ္ဂင် တွဲရက်၊ တွဲရက် လာတယ် ဆိုတော့ ဒကာ ဒကာမတွေ သမထ အထူး လုပ်စရာ မလိုတော့ ဘူး (မှန်လှပါ)၊ သမထနဲ့ ဝိပဿနာ ဘာဖြစ်သတုံး (တွဲ ရက်ပါ ဘုရား)၊ တွဲ ရက်ချည်း ဖြစ်နေတယ် ဆိုတော့ သံသယ ဖြစ်စရာ လိုသေးလား (မလိုတော့ပါ ဘုရား)။

အင်း- အဲဒီတော့ ဒကာစိန် ပေါ်တိုင်း ပေါ်တိုင်း ဖြစ် ဒုက္ခ၊ ပျက်ဒုက္ခ တွေကို ဒကာ ဒကာမတွေက ဉာဏ်နဲ့ရှု ရှုပြီး နေတော့ စိုက်စိုက်စူးစူး ရှုတာက ဈာန်ပေါ့ဗျာ (မှန်လှပါ)။ စိုက်စိုက်စူးစူး၊ အာရုံ တည့်ထား တာက ဈာန်ကြောင့်နော် (မှန်ပါ့)၊ သတိတို့ သမာဓိတို့ ဝီရိယတို့ပေါ့ဗျာ (မှန်ပါ့)။

သမထက ဈာန်၊ ဝိပဿနာက ဉာဏ်

ဒါလေးတွေ ဒုက္ခ လေးတွေပဲ လို့ မြင်နေတာက ဉာဏ် ပေါ့ဗျာ (မှန်ပါ့)၊ စိုက်စိုက် စူးစူးကြည့် တာက ဘာပါလိမ့်မလဲ (ဈာန်ပါ ဘုရား)၊ ဒါလေးတွေ ဒုက္ခလေးတွေပဲလို့ သိတာက (ဉာဏ်ပါ ဘုရား)။ အဲဒီဈာန်နဲ့ ဉာဏ်နဲ့ တွဲသွားတယ် (မှန်လှပါ ဘုရား)၊ ဉာဏ်က ဝိပဿနာ ဈာန်က သမထ (မှန်ပါ့)။

အဲဒါကြောင့် ဒကာ ဒကာမတွေ ဒီမှာ နာရတဲ့ တရား၊ ဒီက နည်းနဲ့ အားထုတ်တဲ့ ဒကာ ဒကာမတွေ ကျတော့ ဈာန် လမ်း၊ ဉာဏ်လမ်း၊ တစ်ခါတည်း တွဲပြီး အားထုတ်တာလို့ (မှန် လှပါ ဘုရား သိပ် ကောင်းပါတယ် ဘုရား)၊ သေသေချာချာ ဆုံးဖြတ်ချက်ချပါ (မှန်လှပါ ဘုရား)။

အဲဒီတော့ နီဝဏဆိုတဲ့ လောဘ၊ ဒေါသ၊ မောဟတွေ ပါသေးရဲ့ လား (မပါတော့ပါ ဘုရား)၊ အောင်းနေနိုင် သေးရဲ့ လား (မနေနိုင်ပါ ဘုရား)၊ ဈာန်လမ်းချည်းအား ထုတ်မယ်ဆိုရင် နီဝရဏက ဝမ်းထဲမှာ ဥသဘောနဲ့အောင်း နေတယ်၊ အမြစ်မတူးနိုင်ဘူး၊ ဉာဏ်ပါလာတော့မှ (အမြစ်တူး နိုင်ပါတယ်)၊ မကွာဘူးလား (ကွာပါတယ် ဘုရား)။

ဝဿကာရ ပုဏ္ဏားမေး လိုရင်းက ဒါမဟုတ်ဘူး၊ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဈာန်ကိုလည်း ချီးမွမ်းတော် မူတယ်၊ ဈာန်ကိုလည်း သူကိုယ်တိုင် ဝင်စားတော် မူတယ်၊ အဲဒီတော့ ဈာန်လမ်းဟာ အတော် အရေးကြီးပုံရ တယ် ဘုရားလို့ သူကလျှောက်တယ်။

အဲဒီမှာ ရှင်အာနန္ဒာက၊ ဈာန်လမ်းပေမဲ့ မချီးမွမ်းတဲ့ ဈာန်၊ ချီးမွမ်းတဲ့ဈာန် နှစ်မျိုးရှိတယ်၊ နိဝရဏဆိုတဲ့ လောဘ၊ ဒေါသ၊ မောဟ သေအောင် လုပ်တဲ့ ဈာန်မျိုးကျတော့ ဘုရား ချီးမွမ်းတယ် (မှန်ပါ့) ဒါတွေအောင်းနေတဲ့ ဈာန်မျိုးကတော့ (မချီးမွမ်းပါ ဘုရား)။

အဲဒီကဲ့သို့ ရှင်အာနန္ဒာက ဖြေလိုက်တော့မှ အမလေး သဘောကျတယ်ဘုရားတဲ့ (တင်ပါ့) သူကဘုရား လည်း ချီးမွမ်းတယ်၊ ဘုရားလည်း ကိုယ်တိုင် ဝင်စားတယ် ဆိုတော့ အင်း – ဒီဈာန်အလုပ် ကို ဘုရားဖြစ်တဲ့ အလုပ်လို့ မှတ်နေတယ်တဲ့ (မှန်ပါ့)မဟုတ်ဘူးကွတဲ့။ ဘုရားသခင် ကိုယ်တော် မြတ်ကြီး က ဝင်စားတယ် ချီးမွမ်းတယ် ဆိုတော့ သူမှ ဝိပဿနာလမ်း ဈာန်လမ်း၊ တွဲတက်ခဲ့လို့ ကိလေသာက သတ်စရာ မရှိတော့ ဈာန်ဝင်စားနေတာ မင်းတို့ ပုထုဇဉ်တွေ က ဒီက စရမယ်ဆိုတော့ ဖြစ်ပါ့မလား (မဖြစ်ပါ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

အဲဒီတော့ ဒကာ ဒကာမတို့ ဝဿကာရ ပုဏ္ဏားကို ရှင်အာနန္ဒာက ဘုရားဟောတော်မူတဲ့ နောက်ဆက်တွဲအဖြေ နဲ့ ဖြေလိုက်တာရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဈာန်လမ်း ဉာဏ်လမ်းမခွဲနဲ့

ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဈာန်လမ်း ဉာဏ်လမ်း ကိုဖြင့် မခွဲနဲ့ (မှန်ပါ့) အဲဈာန်လမ်း ဉာဏ်လမ်းကို ဘယ်က စ မခွဲရမှာတုံးဆိုတော့ ဖြစ်ဒုက္ခ ပျက်ဒုက္ခ မြင်သည်က စ၍ မခွဲနဲ့၊ ဈာန်လမ်း ဉာဏ်လမ်း ခွဲဖို့ မလိုတော့ဘူး (မှန်လှပါ)။

တစ်ခါ ရုပ်နာမ် ခွဲနေတုန်းကလဲ ဒကာစိန်ရေ ဈာန် လမ်း မပါတော့ဘူး ဉာဏ်လမ်းပဲ (မှန်ပါ့) ရုပ်နာမ် ခွဲတာလည်း ဉာဏ်ပဲ၊ တစ်ခါ အကြောင်းအကျိုး ခွဲတာလည်း ဉာဏ်ပဲ (မှန်လှပါ ဘုရား) အေး-အဲဒီအထဲ ဈာန်ကတော့ ငုပ်ရက် ငုပ်ရက် ပါနေတယ်။ ဉာဏ်ကချည်း ဦးစီးနေတယ် သဘော ကျပလား (ကျပါပြီ ဘုရား)။

တစ်ခါ ဖြစ်ပျက်တွေ ကြည့်ပြန်တော့ ဘယ်သူက ဦးစီးနေပြန်လည်း (ဉာဏ်ကပဲ ဦးစီး နေပါတယ် ဘုရား) ဈာန်က မပါပဲနေသလား (ပါပါတယ် ဘုရား) ဈာန်ကလည်း တွဲရက်ပဲ(မှန်ပါ့) သို့သော် ခေါင်းဆောင် ဘယ်သူဖြစ်နေသလဲ (ဉာဏ် ဖြစ်နေပါတယ် ဘုရား)။

အဲဒါကြောင့် ဝိပဿနာရှုတဲ့ ပုဂ္ဂိုလ်ကျတော့ ဉာဏ် ကဦးစီးပြီး သမထဆိုတဲ့ ဈာန်က နောက်လိုက် ဖြစ်နေတယ် (မှန်လှပါ)၊ ဘာတုံး သမာဓိတို့၊ ဝီရိယတို့၊ သတိတို့ ဒါတွေဟာ ဈာန်တွေ ကိုးဗျ (မှန်လှပါ)၊ ဒါတွေက နောက်လိုက်ဖြစ်ပြီး ပညာကရှေ့ကျနေတယ် သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါကြောင့် ခင်ဗျားတို့သည် ကိုယ်ပိုင်ဉာဏ်နဲ့ ဆွေးနွေး ပြီး ဒကာ ဒကာမတွေက စဉ်းစားလို့ ရှိရင် အင်း- တပည့်တော် တို့ အပျက်ကလေး တွေမြင်တယ်၊ ဒီအပျက် ကလေးတွေဟာ လည်း တကယ့် ဒုက္ခကလေးတွေပဲ တယ်ကြီးတဲ့ ဒုက္ခပါလား လို့ မြင်လို့ရှိရင် သတိ၊ ဝီရိယ၊ သမာဓိတို့ကြောင့် (မှန်ပါ့)၊ အမှန်မြင်တဲ့ သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ တွဲလျက် ပါသောကြောင့် ဖြစ်ဒုက္ခ ပျက်ဒုက္ခလို့မြင်တယ် (မှန်ပါ့)။

ဒါဖြင့် ဖြစ်ဒုက္ခ၊ ပျက်ဒုက္ခ လို့မြင်၊ ဖြစ်ဒုက္ခ ပျက်ဒုက္ခ ဆီမှ တစ်ပါး ဘယ်ကိုမှ မပြေးပဲ နေတာက သတိ၊ ဝီရိယ၊ သမာဓိ တို့ကြောင့် ဖြစ်တယ် (မှန်ပါ့ ဘုရား)၊ ဖြစ်ဒုက္ခ ပျက်ဒုက္ခ မြင်တာက သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ ကြောင့်ဖြစ်တယ် (မှန်ပါ့)။

ဘုရားချီးမွမ်းတဲ့ဈာန်ဆိုတာ

ဒါဖြင့် အာရုံတစ်ခုကို ရှုတိုင်း ရှုတိုင်း ဒီငါးခုသေချာ နေတယ် (သေချာပါတယ် ဘုရား)၊ ငါးခု သေချာ နေတဲ့ အတွက် ဒကာ ဒကာမတွေ နီဝရဏ တရားဆိုတဲ့ လောဘ၊ ဒေါသ၊ မောဟတရားတွေ ကပ်နိုင်သေးရဲ့လား (မကပ်နိုင် ပါ ဘုရား)၊ အဲဒီဈာန်မျိုး ကျတော့ ဘုရားချီးမွမ်းတယ်ဟေ့၊ ဝဿကာရပုဏ္ဏား နီဝရဏ သေတယ်ကွတဲ့ လောဘ၊ ဒေါသ၊ မောဟ သေတဲ့တရား တွေကျတော့ ဘုရားက အလွန်ချီးမွမ်း ပေါ့ကွာ (မှန်ပါ့)၊ အဲ့ဒီလို မှတ်လိုက်ပါအုံးတဲ့ သဘောကျ ပလား(ကျပါပြီ ဘုရား)၊ တယ် အဖိုးတန်ပါလား ဒကာ ဒကာမတို့ (အဖိုးတန်ပါတယ် ဘုရား)။

အေး- ဒါကြောင့် ဥပရိပဏ္ဏာသ ပါဠိတော်မှာ ပါတယ်၊ ဝဿကာရပုဏ္ဏားနဲ့ ရှင်အာနန္ဒာ၊ ဘုရားပရိနိဗ္ဗာန်စံပြီးစ၊ တွေ့ကျတော့ ရှေးဦးစွာ ဘုရား သာသနာတော်ကြီးကို တိတ္ထိတွေ ကွဲထွက် သွားတာမြင်လို့ ဒီအမေး ထွက်လာတယ် (မှန်လှပါ ဘုရား)။

ဒီအမေးထွက်လာတော့ ဒီအဖြေတွေကို ဝိပဿနာ ဉာဏ်ရောက်အောင် ရှင်အာနန္ဒာက ဖြေချတယ် (မှန်ပါ့)

ဖြေပြီး သကာလ ဒီအဖြေတွေကို မွန်မွန်ရည်ရည်နဲ့ ပဲပေးတယ် ဒါကြောင့် ဒကာ ဒကာမတို့ အခုလုပ်နေတဲ့ အလုပ်သည် သမထ၊ ဝိပဿနာ၊ တွဲရက် အလုပ်ဆိုတာ ဆုံးဖြတ်ချက်ချ (တင်ပါ့ ဘုရား)။

ပညာမှာလည်းအထိမ်းရှိရတယ်

ဖြစ်ပျက်လာတိုင်း ဉာဏ်အောက်ချည်း ရောက်နေ တာပဲဆိုရင်ဖြင့် ဘယ်သူ ထိန်းထား တာလဲ သတိ၊ ဝိရိယ၊ သမာဓိဆိုတဲ့ သမထက ထိန်းထားတာ (မှန်လှပါ ဘုရား) ဒါလေးတွေ ဉာဏ်အောက် ရောက်လာလို့ ဖြစ်ဒုက္ခ ပျက်ဒုက္ခ ပဲလို့ မြင်တာက ပညာကမြင်တာ (မှန်ပါ့)။

ဒါဖြင့် ဒီပညာလေး ဘယ်မှ မပြေးရအောင် ထိန်း ထားတာက သမာဓိ (မှန်ပါ့) ဒီပညာလေးက အမှန်အကန် မြင်တာက ပညာ (မှန်ပါ့) ဒီအမှန်အကန် မြင်တတ်တဲ့ ပညာ ကို ဖြစ်ဒုက္ခ ပျက်ဒုက္ခ၊ အပေါ်မှတစ်ပါး ဘယ်မှ မသွားရအောင် ထိန်းထားတာက၊ သမာဓိ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား) ဒီပညာကိုလည်း အထိန်း ပါရသေးတယ် (မှန်ပါ့)။

လောကီ ဥပမာကိုလည်း ဘုန်းကြီးက ပြောပါမယ် မြားပစ်တဲ့လူ သေနတ်ပစ်တဲ့လူ (တင်ပါ့) ဒကာ ဒကာမတို့ ဒီသားကောင်ဆိုတဲ့ ငှက်နဲ့၊ သေနတ် အဖျားမှာရှိတဲ့ ချိန်စရာလေးနဲ့ တည့်အောင် လုပ်ရတာ ကတော့ သမာဓိအလုပ် (မှန်ပါ့) သို့သော် ဒီသမာဓိက တည့်အောင် သာလုပ်တယ် ငှက်သေ အောင်တော့ မပစ်နိုင်ဘူး (မှန်လှပါ ဘုရား)။

ပညာနဲ့တူတဲ့ ကျည်ဆံတို့ ဖြုတ်တဲ့ လက်တို့ကမှ ဒကာ ဒကာမတို့ ငှက်သေအောင် ပစ်နိုင်တယ် (မှန်လှပါ ဘုရား) ဒါဖြင့် တည့်အောင် ချိန်နိုင်တာက သမာဓိနဲ့ တူတယ်၊ သေအောင် လုပ်နိုင် တာက ပညာနဲ့တူပါတယ် (မှန်လှပါ)။

တည့်အောင် လုပ်နိုင်တာက ဘာတုံး (သမာဓိပါ ဘုရား) အေး အာရုံတစ်ခုကို စူးစူးစိုက်စိုက် တည့်အောင် လုပ်တာက သမထ၊ ဈာန် သဘောကျပလား (ကျပါပြီ ဘုရား) ကိလေသာရန်သူကို မှန်အောင် ပစ်သတ်နိုင်တာက (ပညာပါ ဘုရား) ပညာဆိုတော့ သမထကော၊ ဝိပဿနာ ပညာရော၊ တစ်ခါတည်း တွဲမသွားဘူးလား (တွဲသွားပါတယ် ဘုရား)။

အဲဒီလိုတစ်ခါတည်း တွဲသွားတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ စိတ်ချရတဲ့အရေးကြည့်လေ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ်) ဒါကြောင့် ဝေဒနာလေး တစ်ခု ဘယ် နေရာပဲပေါ်ပေါ် ဖြစ်ဒုက္ခ ပျက်ဒုက္ခ ရောက်အောင်ကြည့် (မှန်ပါ့) သုခဝေဒနာလေး ပေါ်တယ် ဒကာစိန် ဘာဖြစ်သလဲ (ဖြစ်ဒုက္ခ ပျက်ဒုက္ခ ရောက်အောင်ရှုရမယ် ဘုရား)။

အေး ဒါကြောင့် သမ္မာဒိဋ္ဌိဖြစ်အောင်ဆိုတော့ –

“သုခံဝါ ဇာနတော ပဿတော သုခံဝါ ဒုက္ခံဝါ အဒုက္ခမသုခံဝါ တံပိ ဒုက္ခတော၊”

တံပိ = ထိုပေါ်လာတဲ့ဝေဒနာလေးတွေကိုလည်း ဒုက္ခတော = ဖြစ်ဒုက္ခ ပျက်ဒုက္ခအားဖြင့်၊ ဇာနတော= ရှုသော၊ ပဿတော = မြင်သောပုဂ္ဂိုလ်အား၊ သမ္မာဒိဋ္ဌိ =သမ္မာဒိဋ္ဌိသည်၊ ဥပ္ပဇ္ဇတိ = ဖြစ်၏ (မှန်ပါ့)။

ဒုက္ခအဆုံးမြင်မှ မဂ္ဂသမ္မာဒိဋ္ဌိ

ဒါဖြင့် ဒကာ ဒကာမတို့ ဖြစ်ဒုက္ခ ပျက်ဒုက္ခမြင် အောင် ရှုနိုင်တဲ့ပုဂ္ဂိုလ်၊ သမ္မာဒိဋ္ဌိပဲ (မှန်ပါ့) ဝိပဿနာ သမ္မာဒိဋ္ဌိဖြစ်ပြီ၊ အဲဒီထက်ကျော်ပြီး ရှုပါများ လာတဲ့အခါ ဒုက္ခ အဆုံးကို မြင်တာကတော့ မဂ္ဂသမ္မာဒိဋ္ဌိ မဖြစ်ပေဘူးလား (ဖြစ်ပါတယ် ဘုရား) ဒါဖြင့် ဒကာ ဒကာမတို့ ဝိပဿနာ သမ္မာဒိဋ္ဌိ မပါပဲနဲ့ မဂ္ဂသမ္မာဒိဋ္ဌိ- မရပါဘူး (မှန်ပါ့ ဘုရား)။

ဝိပဿနာ သမ္မာဒိဋ္ဌိ ဆုံးအောင်သာ လိုက်လိုက် (ကောင်းလှပါ ဘုရား) မဆုံးသေး လို့ရှိရင် လည်း ဒကာ ဒကာမတွေ သေသေချာချာမှတ် ထပ်ရှု နေရမှာပဲ။ ဒုက္ခတွေ တွေ့ နေသေးတယ်ဘုရား၊ ထပ်ရှုဟေ့ (မှန်ပါ့ ဘုရား) ဒုက္ခတွေ တွေ့နေသေးတယ်ဘုရား (ထပ်ရှုရပါမယ်) ဆုံးဖြတ်ချက် မချ နိုင်ဘူးလား (ချနိုင်ပါတယ် ဘုရား)။

အဲဒါကြောင့် ဒုက္ခအဆုံးကို မြင်ပြီလား၊ ဒုက္ခအဆုံးက နိရောဓသစ္စာ (တင်ပါ့) သဘောကျ ပလား (ကျပါပြီ) ဒုက္ခအဆုံးက ဘာပါလိမ့် (နိရောဓသစ္စာ ပါ ဘုရား) မြင်တာက (မဂ္ဂသစ္စာပါ ဘုရား) ခုနက ဖြစ်ပျက် ဖြစ်ဒုက္ခ ပျက်ဒုက္ခက ဘာပါလိမ့် (ဒုက္ခသစ္စာပါ ဘုရား) သေနေတာက (သမုဒယ သစ္စာပါ ဘုရား)။

အေး ပြန်ပြောမယ် ဒကာစိန် စဉ်းစားပါအုံး (မှန်လှ ပါ ဘုရား) ဒုက္ခအဆုံးက ဘာသစ္စာပါလိမ့် (နိရောဓ သစ္စာပါ ဘုရား) ဒုက္ခအဆုံး မြင်တာက (မဂ္ဂသစ္စာပါ ဘုရား) ဖြစ်ဒုက္ခ၊ ပျက်ဒုက္ခက (ဒုက္ခသစ္စာပါ ဘုရား) သူရှုနေတုန်းကို ဒုက္ခအဆုံး ကို မြင်နေတဲ့ တရားကြောင့် နီဝရဏ တရားတွေ ချုပ်ငြိမ်း ရုပ်သိမ်းတာက သမုဒယသေတာ သဘောကျပလား (ကျပါ ပြီ ဘုရား)။

ဒုက္ခလို့သိမှ သမ္မာဒိဋ္ဌိ

အဲဒါကြောင့် ဒကာ ဒကာမတွေ ဒုက္ခလို့ အမှန် အကန် သိရင် သမ္မာဒိဋ္ဌိ ဖြစ်မှာပဲ ဒုက္ခလို့ အမှန်အကန်မသိ သေးလို့ရှိရင် (သမ္မာဒိဋ္ဌိ မဖြစ်နိုင်သေးပါ ဘုရား) ဒါဝေဒနာပဲ လို့ ဆိုရင် မကိုက်သေးဘူး (တင်ပါ) ငါပဲ ဆိုရင် ဒီထက် မကိုက်ဘူး၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် သာသနာတွင်း၊ သမ္မာဒိဋ္ဌိဖြစ်ချင်လို့ရှိရင်၊ ဝေဒနာပေါ်တိုင်း ပေါ်တိုင်း၊ ဒုက္ခ မြင်အောင်ကြည့် အနိစ္စ မြင်အောင်ကြည့်၊ အနတ္တ မြင်အောင်ကြည့် အဲဒါသမ္မာဒိဋ္ဌိ ဖြစ်ပြီ (မှန်လှပါ ဘုရား)။

ဝေဒနာ ပေါ်တိုင်းပေါ်တိုင်း ငါဘာဖြစ်ပြန်ပြီ၊ ငါ ကောင်းစား ပြန်ပြီ၊ ငါဆင်းရဲ လာပြီ၊ ငါအသင့်အတင့် ရှိလာပြီ ဆိုရင်ဖြင့် မိစ္ဆာဒိဋ္ဌိ (တင်ပါ ဘုရား) ဒါဖြင့် သမ္မာဒိဋ္ဌိနဲ့ မိစ္ဆာ ဒိဋ္ဌိနဲ့ ကွဲပလား ဒကာ ဒကာမတွေ (ကွဲပါပြီ ဘုရား)။

ဆရာကောင်းရှာသင့်ပြီ

ဒါကြောင့် “ယထာဘူတံ ဉာဏာယ သတ္ထာ ပရိယေသိ တဗ္ဗော” ဟုတ်တိုင်းမှန်စွာ အခုလို ရှင်းရှင်းလင်းလင်း ပြော နိုင်တဲ့ ဆရာကောင်း ခင်ဗျားတို့ သေသေချာချာ ရှာသင့်ပြီ (မှန်လှပါ ဘုရား) နိုမို့ရင် အလွဲနဲ့ အချော်ချည်း ဖြစ်မှာပဲ ဘယ်လောက် ကြောက်စရာ ကောင်းသလဲ (တင်ပါ ဘုရား) ဘုရားသခင် ကိုယ်တော်မြတ်ကြီးက မှာတော်မူတာ အရေး ကြီးလို့ဆိုတာ သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဒီနေ့တရားမှာဖြင့် ဝေဒနာ ပေါ်တိုင်းပေါ်တိုင်း ဘာရှုရမလဲ (ဒုက္ခရှုရပါမယ် ဘုရား) ဖြစ်ဒုက္ခ ပျက်ဒုက္ခ သာလျှင် ရှုကွာ (မှန်ပါ့) ဘယ်အခြေအနေ ရောက်အောင် ရှုရမှာလည်း ဆိုရင် (ငြီးငွေ့လာအောင် ရှုရပါ မယ်) အေး တက်လိုက် ပါအုံး ဒကာစိန်ရေ (ဖြစ်ဒုက္ခ ပျက်ဒုက္ခထိ အောင် ရှုရပါမယ် ဘုရား)။

တက်ပါအုံး၊ ဒီလောက်နဲ့ မရသေးဘူး တက်ပါအုံး (ဒုက္ခအဆုံး ရောက်အောင် ရှုရပါမယ်) အေး-အဆုံးကျ အောင် ဒုက္ခဆုံး မှသာလျှင် နိဗ္ဗာန်ကိုဗျ (မှန်ပါ့) အဲဒါ မြင် အောင်ရှု၊ သဘော ကျပလား (ကျပါပြီ)။

ဒုက္ခအဆုံးမြင်သည်အထိ

ဒါဖြင့် ဒကာ ဒကာမတို့ ပထမတော့ဖြင့် ဝေဒနာ တွေ့အောင် (မှန်ပါ့) ဒုတိယ ဖြစ်ဒုက္ခ ပျက်ဒုက္ခ တွေ့အောင် (မှန်ပါ့) တတိယ ဒုက္ခဆုံးအောင် ရှုလို့ရှိရင်ဖြင့် ခင်ဗျားတို့ လိုချင်ရင်း ကိစ္စ၊ အကုန်ပြီးပြီ ဆိုတာ သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ မလွယ်ဘူးလား၊ (လွယ်ပါ တယ် ဘုရား) လွယ်တယ်တဲ့၊ အခုတရားကို ချုံးလိုက် ပြန်တော့လည်း ပထမ၊ ဝေဒနာတွေ့အောင်ရှာ (မှန်လှပါ) ဒုတိယ ဝေဒနာတွေကို ဖြစ်ဒုက္ခ ပျက်ဒုက္ခ တွေ့အောင်ရှု (မှန်ပါ) တတိယ ဝေဒနာဆုံး သည့် တိုင်အောင်ရှု (မှန်လှပါ ဘုရား) ဆိုတော့ ယနေ့တရားမှာ သုံးမျိုးထဲနဲ့ စခန်းသတ်ပြီး ဟော ပြန်တယ် (တင်ပါ့ ဘုရား)။

ပထမဘာတွေ့အောင်ရှာမလဲ (ဝေဒနာတွေ့အောင် ရှာရပါမယ်) ရှာတဲ့ ဝေဒနာကို တစ်ခါ ဘယ်အခြေအနေ ရောက်အောင်ရှုရမလဲ (ဖြစ်ဒုက္ခ ပျက်ဒုက္ခတွေ့အောင်ရှု)

အေး-ဖြစ်ဒုက္ခ ပျက်ဒုက္ခ ရအောင်ရှု (မှန်ပါ့) ကောင်းပြီ ဒါနဲ့ မကျေနပ်နဲ့အုံး (မှန်ပါ့) ဒုက္ခ အဆုံးရောက် အောင်ရှုလိုက် ဟုတ်ပလား (ဟုတ်ပါပြီ ဘုရား)။

လွဲလို့မရဘူး၊ ဒကာစိန်ရေ ဂရုစိုက်မှ (တင်ပါ့ ဘုရား) ပထမ တစ်နံပါတ်က ဝေဒနာ တွေ့အောင်ရှာ (မှန်ပါ့) ဒုတိယ နှစ်နံပါတ်က ဖြစ်ဒုက္ခ ပျက်ဒုက္ခ မဖြစ် ဖြစ်အောင်ရှု (တင်ပါ့) တတိယက ဖြစ်ဒုက္ခ ပျက်ဒုက္ခ မတွေ့ရင် ဒုက္ခအဆုံးကို မြင် သည့်တိုင်အောင်ရှု (တင်ပါ့)။

အဲဒီကဲ့သို့ ရှုနိုင်လို့ရှိရင်ဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ သမထ၊ ဝိပဿနာ စုံတဲ့ မဂ္ဂင်ရှစ်ပါး အစုံ ဖြစ်ပြီ (မှန်လှပါ ဘုရား)။ လိုရင်း မဆိုက် သေးဘူးလား (ဆိုက် ပါပြီ ဘုရား) လိုရင်းဆိုက်တော့ ဘာလိုသေးတုံး (မလိုတော့ ပါ ဘုရား)။

ဘာကို ကိုးကွယ်ကြ မလဲ

အဲဒီတော့ ဒကာ ဒကာမတို့ ဘာကို ကိုးကွယ်ကြ မလဲဆိုတာ ပြန်လုပ်လိုက် မေ့သွားမှာ စိုးလို့ပါ (တရားကိုး ကွယ်ရမယ် ဘုရား) တရား ကိုးကွယ် ရမယ်ဆိုတာသည် လက် အုပ်ချီနေရမှာလား၊ ပွားများ နေရမှာလား (ပွားများနေရမှာ ပါ ဘုရား)။

လက်အုပ်ချီနေရင်သမထ

တရားပဲကိုးကွယ်ပါ၏လို့ လက်အုပ်ချီနေတာသည် သမထ (မှန်ပါ့) ပွားများနေရင် (ဝိပဿနာ) ဒါလဲ ခွဲသိအုံး (မှန်ပါ့) ဘုရား ဟောကြား ညွှန်ပြတဲ့ တရားတွေကို ပွားများပြီး နေခဲ့သော် ကိုးကွယ် နေတာပဲ (ဝိပဿနာပါ ဘုရား) သမထ နဲ့ ဝိပဿနာကော ကွဲပလား (ကွဲပါပြီ ဘုရား)။

ပွားများနေတာမှ ဝိပဿနာ

ကဲ ဒါဖြင့် ဘုရားနား လက်အုပ် ချီနေတာ၊ ဗုဒ္ဓါနုဿတိ ကိုဗျ၊ သမထ တရား အားထုတ်နေတာ ဖြစ်ပျက်တွေ မြင်အောင် အားထုတ် နေတယ်ဆိုလို့ ရှိရင် ဘာတုံး (ဝိပဿနာ ပါ ဘုရား)။

သမထချည်း သက်သက်ဆိုရင် နီဝရဏငုပ်တယ်လို့ မှတ်လိုက်ပါ (မှန်ပါ့) နီဝရဏ သေအောင် လုပ်တာက ဘာပါ လိမ့် (ဝိပဿနာပါ ဘုရား) ဒါကြောင့် ဒကာ ဒကာမတို့ ဗြဟ္မာ တွေပေမယ့်လည်း လူ့ပြည်ဆင်းပြီး အပါယ်သို့ ရောက်အောင် ကျသေးတယ်ဆိုတာ သဘောကျပလား (ကျပါပြီ ဘုရား)။

ငုတ်တဲ့ အနာကြီးက ဗြဟ္မာပြည် ပါသွားတော့၊ အဲဒီ အနာကြီးလည်း ကြွပါရော၊ ဗြဟ္မာ စုတေစိတ် ကျတယ်၊ တစ်ခါ တည်း လူ့ပြည် ဆင်းပြီး၊ လူ့ပြည်ကနေ အပါယ်သွားတယ်၊ ဝက်တွေ တောင် ဖြစ်လိုက်သေးတယ် (မှန်လှပါ ဘုရား) ဒါကြောင့် သမထချည်း သက်သက် လုပ်မယ် ဆိုရင်ဖြင့် လမ်း မဆုံးဘူးဆိုတာ ပေါ်ကြပလား (ပေါ်လာပါပြီ ဘုရား)။

ရေယူလာရင်ရေခွက်ပါပြီးသား

ကိုင်း-ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဘယ်လို လုပ်ကြမယ် (ဝိပဿနာ လုပ်ရပါမယ် ဘုရား) ဝိပဿနာရှုရင် သမထ ဘာဖြစ်သွားသလဲ (ပါပြီးသား ဖြစ်ပါတယ် ဘုရား) အတွင်းဝင်သွားပြီ (မှန်ပါ့) ရေယူခဲ့လို့ဆိုလို့ ရှိရင်ဖြင့် ခွက် ပါသလားလို့ မေးရင်၊ အရူး (မှန်ပါ့) ရေယူခဲ့ပါ ဆိုရင် ဘာနဲ့ ယူခဲ့ရမလဲ (ခွက်နဲ့ ယူရပါမယ် ဘုရား)။

အဲဒီမှာလည်း ဝိပဿနာ ရှုနေတယ် ဆိုလို့ ရှိရင်ဖြင့် ဒကာ ဒကာမတို့ ခွက်နဲ့တူတဲ့ သမထ ပါလာတယ် (မှန်လှပါ ဘုရား) အထူးရှုနေဖို့ လိုသေးသလား (မလိုပါဘူး ဘုရား)။

အေး – ဒါကြောင့် ဒီလမ်းကို ကြိုးစားပါ သာသနာ တွင်းသားဖြစ်အောင်လုပ် ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။

ကဲ – ယနေ့ ဒီတွင်တော်ကြဦးစို့။

သာဓု သာဓု သာဓု။

မာတိကာသို့