039

မာတိကာသို့

ငါသေရင် အပါယ်သွားဦးမှာလား

အသံဖိုင်ခေါင်းစဉ်= ဗရမ်းပတာဘေးမှ ကင်းလွတ်ရေး

စာအုပ်ခေါင်းစဉ်= ငါသေရင် အပါယ်သွားဦးမှာလား

မှတ်ချက်။ ။အသံမကြည်ပါ။

ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး မိုးကုတ်မြို့၌

ဟောကြားတော်မူသော တရားတော်

ငါသေရင် အပါယ်သွားဦးမှာလား

(၁၄-၆-၆၂)

တရားအားထုတ်တဲ့ ပုဂ္ဂိုလ်တွေအတွက် ရှေ့ပိုင်းက နည်းနည်းပြောပေးမယ်၊ အားလဲ အကုန်ထုတ်ကြပါဆိုတာ သတိပေးလိုက်တယ်နော်။

တရားအားထုတ်တဲ့ ပုဂ္ဂိုလ်တွေအတွက် ရှေ့ပိုင်းက သတိပေးလိုက်သည်လို့ မောင်နိုင် မှတ်ရမယ်နော် (မှန်ပါ့) အားလဲထုတ်ကြပါဆိုတာကိုလည်း တိုက်တွန်းတယ် နော်။

ဘာကြောင့် ဘုန်းကြီးက တိုက်တွန်းရပါလိမ့်မလဲလို့ ဘုန်းကြီးတို့ ဒကာဒကာမတွေက မေးကြလို့ရှိရင်ဖြင့် ပုထုဇဉ် အဖြစ်နဲ့ သေလို့ရှိရင်ဖြင့် ကျောင်းဆောက်ထားရား ဘုရားတည်ထားထား၊ ရေကန်တူးထားထား၊ ဝိနိပါတိကဘေး ဆိုတာ မောင်နိုင်မလွတ်ဘူးတဲ့ (မှန်ပါ့ ဘုရား)။

ဗရမ်းပတာကျတဲ့ဘေး

ဝိနိပါတိကဘေးဆိုတာ ဒကာဒကာမတွေက မသိဘဲ နေမှာစိုးလို့ မြန်မာလိုပြန်လိုက်တော့ ဗရမ်းပတာကျတဲ့ ဘေးလို့ ကိုစောမောင် မှတ်စမ်းပါ (မှန်ပါ့) ဒါ ပုထုဇဉ် အဖြစ်နဲ့ သေလို့ရှိရင် ဗရမ်းပတာပဲ (မှန်ပါ့)။

ဗရမ်းပတာဆိုတာသည် နွေအခါမှာ သစ်ပင်တွေ ခြောက်နေတဲ့အခါကျတော့ ကိုစောမောင်တို့ ဦးဘရှင်းတို့ နိုင်တဲ့သစ်ပင်ကလေး အရင်းကနေ ကိုင်လှုပ်လိုက်တာပေါ့။ အရင်းကနေ ကိုင်လှုပ် လိုက်တဲ့ အခါကျတော့ သစ်ရွက်တွေဟာ ကျချင်တဲ့ဆီ ကျတယ် (မှန်ပါ့)။

ဘယ့်နှယ်ကြောင့်တုံးလို့ မေးတဲ့အခါကျလို့ရှိရင်ဖြင့် လှုပ်လိုက်တဲ့အခါ ဗရမ်းပတာကျရမည့် ပင်ကိုသဘော ရှိနေလို့ ကျရတော့တယ်ဆိုတာ ငြင်းဖို့ မလိုတော့ပါဘူး (မလိုပါ ဘုရား)။

ထို့အတူပဲ တဲ့၊ ပုထုဇဉ်အဖြစ်နဲ့ သေရင်တော့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ဗရမ်းပတာဘေးလွတ် လိမ့်မယ်လို့ ငါ-မဟောနိုင်ဘူးတဲ့ (မှန်ပါ့)၊ သဘောပါကြ ပလား (ပါ, ပါပြီ ဘုရား)။

ဒါဖြင့် ပုထုဇဉ်အဖြစ်နဲ့ သေလို့ရှိရင် ဒကာဒကာမ တွေ ကြောက်စရာ၊ လန့်စရာကြီးပါကလား (မှန်ပါ့) မောင်နိုင် ကြောက်စရာကြီးနော် (မှန်ပါ့)။

အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာဒကာမတွေ အထူး ကို ဘာမှ ဆရာဘုန်းကြီးက မမှာပါဘူးတဲ့၊ ရှေ့နောက် ကလေး ခွဲပေးပါဆိုတာ တစ်လုံးပဲမှာတယ် (မှန်ပါ့)။

ရှေ့နောက်ဆိုတာ ဘာပါလိမ့်မတုံးဆိုတော့ ဗရမ်း ပတာ ဘေးလွတ်တာကို ရှေ့ထားပါ (မှန်ပါ့) ပြီးတော့မှ သားရေးသမီးရေး စီးပွားရေးလုပ်ပါဆိုတော့ ဦးဘရှင်း မကောင်းဘူးလား (ကောင်းပါတယ် ဘုရား)။

ဦးဘအုန်းတို့ ကောင်းတယ်နော် (မှန်ပါ့)။

အဲဒီတော့ ဒီလို ရှေ့နောက်ခွဲပေးမည့် ဆရာသမား ဆိုတာလည်း ကိုစောမောင် မလွယ်ဘူး (မလွယ်ပါ ဘုရား)။

မလွယ်ဘူးတဲ့ – အဲဒီမလွယ်တဲ့အထဲမှာ အခု ထိုးထိုး ထွင်းထွင်း ပေါ်ပြီး သကာလ လာပြန်တော့ သြော် ရှေ့နောက်ခွဲလိုက်ပါဦး၊ ဗရမ်းပတာဘေး စိတ်မချရသေးတဲ့ ပုထု ဇဉ်အဖြစ်နဲ့ မသေပါနဲ့၊ သောတာပန်အဖြစ်နဲ့ သေပါလို့ဆိုတာ သတိပေးလိုက်တယ်။

ဒါဖြင့် ဘုရားတပည့်တော်တို့ ပုထုဇဉ်အဖြစ်နဲ့ သေရင် ဗရမ်းပတာဘေးသင့်ပါတယ်၊ ငရဲလည်း ကျချင် ကျသွားမယ်၊ တိရစ္ဆာန်ဘုံလည်း (ကျချင်ကျသွားမယ်) အမှန်ရှိပါ့မလား (မရှိပါ ဘုရား)။

ဧရကပတ္တနဂါးကြီး

ဟို ဧရကပတ္တနဂါးကြီးဟာ ရဟန်းကနေပြီး နဂါးသွားဖြစ်တယ် (မှန်ပါ့) ဗရမ်းပတာ ဘယ်လောက် ကျလိုက်သလဲမောင်နိုင်၊ ရဟန်းကနေပြီး နဂါးကြီးသွားဖြစ် တယ် (မှန်ပါ့)။ ဗရမ်းပတာ ကျသွားတာ မသေချာ ဘူးလား (သေချာပါတယ်)။

ဗြဟ္မာကြီးကဝက်ဖြစ်တယ်

သေချာတယ်တဲ့၊ ဗြဟ္မာကြီးကနေပြီး ဝက်ဖြစ်သွား တာ ဒါတွေလည်း ဘာဘေးပါလိမ့် (ဗရမ်းပတာ ဘေးပါ ဘုရား)။

ကြည့်စမ်းပါဦး – ဒကာဒကာမတို့၊ အထက် ကောင်းကင်မှာ ရောက်နေတဲ့ ဗြဟ္မာကြီးကနေပြီး လူ့ပြည် လာပြီး ကျင်ကြီးစားတဲ့ဝက် ဖြစ်ရတယ်ဆိုတော့ ကိုသောင်း ကောင်းသေးရဲ့ လား (မကောင်းပါ ဘုရား)၊ ဘာဘေးသင့် တာတဲ့ (ဗရမ်းပတာဘေးသင့်ပါတယ် ဘုရား)။

အဲဒါကြောင့် ဗရမ်းပတာဘေး လွတ်ဖို့ ရာကို ဘုန်းကြီးက ရှေ့ထားပါ၊ ပြီးတော့မှ သားရေး၊ သမီးရေး ခင်ဗျားတို့ တည်ထောင်ပြီးသားဖြစ်တော့ မကျွေးမမွေးလည်း မဖြစ်လို့ လုပ်ကြတာပေါ့ (မှန်ပါ့)။

မကန့်ကွက်ပါဘူး ဒကာကြီးလှိုင်ရ (မှန်ပါ့) ကျွေးကြပါ၊ မွေးကြပါ၊ ခင်ဗျားတို့ သားတွေ-သမီးတွေကို ဝ,အောင် လှနေအောင် ကျောင်းကန်ထားပေးပြီး သကာလ လူလားမြောက်အောင် လုပ်ကြပါလို့ဆိုတာ မိဘဝတ္တရားကို ဘုန်းကြီးတို့က ပယ်လို့မဟုတ်ပါဘူး၊ ရှေ့နောက်ကလေးခွဲပါ ဆိုတာကလေး စကားသုံးတာပါ (မှန်ပါ့) သဘောပါ ကြလား (ပါ, ပါပြီ ဘုရား)။

ဘာလုပ်ကြရမယ် (ရှေ့နောက်ခွဲရပါမယ် ဘုရား)။

ရှေ့နောက်ကလေး ခွဲလိုက်ကြပါ၊ ဗရမ်းပတာဘေး လွတ်အောင်၊ လွတ်တာကို ရှေ့ထားပြီးတော့မှ ကျောက် ကုန်သည်ကြီးလုပ်လုပ်၊ ကျောက်ကုန်သည် အလတ် လုပ်လုပ်၊ တွင်းထောင်ထောင်၊ လုပ်ကြတာပေါ့ ဆိုတာတော့ မကန့်ကွက်ပါဘူးနော် (မှန်ပါ့)။

ဘေးလွတ်အောင်ဘယ်လိုလုပ်ရမှာတုံး

ဒါဖြင့် ဗရမ်းပတာဘေးလွတ်အောင် တပည့်တော် တို့ ဘယ်လိုလုပ်ရမှာတုံးဘုရား ဆိုတဲ့ မေးခွန်းထွက် လာတယ် (မှန်ပါ့ ဘုရား) ကိုစောမောင်၊ ဒါပြောတော့ မယ် (မှန်ပါ့)။

ဗရမ်းပတာ ဘေးလွတ်အောင် ခင်ဗျားတို့ကို ပြောပါ မယ်၊ ဗရမ်းပတာဘေး လွတ်အောင် ဆိုတော့ လွယ်ပါတယ် ကွာတဲ့။ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ကိုယ့်ခန္ဓာ ထဲဖြစ်တဲ့ ပဋိစ္စသမုပ္ပါဒ် ကိုယ် ရှင်းနိုင်ရမယ် (မှန်ပါ့)။

ဘာတဲ့တုံး (ကိုယ့်ခန္ဓာထဲဖြစ်တဲ့ ပဋိစ္စသမုပ္ပါဒ် ကိုယ် ရှင်းနိုင်ရပါမယ် ဘုရား)။

အင်မတန်အရေးကြီးပြီး ပြောနေတယ်လို့လည်း မှတ်ပါနော် (မှန်ပါ့) ဗရမ်းပတာဘေးလွတ်အောင် ပြောတော့ မလို့၊ ကိုယ့်ခန္ဓာထဲမှာရှိတဲ့ ပဋိစ္စသမုပ္ပါဒ်ကို၊ ကိုယ် ရှင်းအောင်လုပ်ပါ (မှန်ပါ့ ဘုရား)။

ကိုပေါ်-ဘာတဲ့ (ကိုယ်ခန္ဓာထဲရှိတဲ့ ပဋိစ္စသမု ပ္ပါဒ် ကိုယ်ရှင်းအောင် လုပ်ရပါမယ် ဘုရား)။

ပဋိစ္စသမုပ္ပါဒ်ဆိုတာက စာမှာရှိတာမဟုတ်ဘူးလို့ ဦးဘရှင်းက မှတ်ပါ (မှန်ပါ့) ခန္ဓာထဲမှာရှိတယ်(မှန်ပါ့)။

နောက်က ဒကာဒကာမတွေ ဘယ်မှာရှိသလဲ (ခန္ဓာထဲမှာ ရှိပါတယ် ဘုရား)။

ခန္ဓာထဲမှာ ရှိတယ်ဆိုတဲ့ဥစ္စာ ခန္ဓာထဲမှာ ပေါ်လာ တာက ကြည့်ပါလား တဲ့၊ ဥပမာမယ် ကျောင်းကလေး ဆောက်တယ် ဘုရားကလေး တည်ချင်တယ်၊ ကျောင်း ဆောက်မှ ဒို့နောက်ဘဝကို ဘုံနန်းပေါက်ပြီး သကာလ သွား နေရမှာ၊ မောင်နိုင် ဒီဥစ္စာ စိတ်ကူးမရှိပေဘူးလား (ရှိပါတယ် ဘုရား)။

ကျောင်းဆောက်ရင် ဘုံပေါက်တယ်တဲ့

ကျောင်းဆောက်ရင် ဘုံပေါက်သတဲ့၊ အဲဒီတော့ ဘုံပေါက်အောင် ကျောင်းဆောက်ဦးမှပဲ၊ ဒါမှ ဒို့သွားနေရ မှာဆိုတော့ ဒကာဒကာမတွေကလည်း ဒီအတိုင်းသာ စကားပြောနေတာ၊ သူ ပဋိစ္စသမုပ္ပါဒ် ပေါ်နေတယ်လို့ မသိဘူး (မှန်ပါ့)။

စင်စစ်ကတော့ ပဋိစ္စသမုပ္ပါဒ်ပေါ်နေတာ၊ ဘယ်လို ပေါ်နေသတုံးဆိုတော့ ဦးဘကလေး မှတ်လိုက်ပါ၊ သူဟာ နတ်ပြည်ရောက်ရင် အိုမယ်၊ နာမယ်၊ သေမယ်ဆိုတာ သူ သိသေးရဲ့ လား (မသိပါ ဘုရား)။

မသိတော့ သူသည်မောင်နိုင်-အဝိဇ္ဇာပေါ်နေတယ် (မှန်ပါ့) အဝိဇ္ဇာပေါ်တာနဲ့ပဲ ဒါနကုသိုလ်, သီလကုသိုလ်,ကျောင်းဆောက်တဲ့ ကုသိုလ်လုပ်မှပဲ ဒါမှ နတ်ဖြစ်မှာပဲ ဆိုတော့ မသိလို့ မောင်နိုင်-လှူပြန်တယ် (မှန်ပါ့) မသိ တာက အဝိဇ္ဇာ၊ လှူတဲ့စေတနာက သင်္ခါရ၊ ဒါ ပဋိစ္စသမုပ္ပါဒ် ပေါ်နေတာ၊ မပေါ်သေးဘူးလား (ပေါ်ပါတယ် ဘုရား)။

အဲဒီတော့ သင်္ခါရပစ္စယာ ဆိုတော့ စုတိမနေ သေလွန်သွားတဲ့အခါ ဟိုမှာ နတ်ပဋိသန္ဓေ နတ်ဝိညာဏ် မနေဘူးလား (နေပါတယ် ဘုရား)။

ကဲ ဒါဖြင့် ကျောင်းဆောက်တဲ့ ပုဂ္ဂိုလ်ဟာ ကိုယ့် ပဋိစ္စသမုပ္ပါဒ် ကိုယ်သိလို့လား၊ သူ့ဟာသူ ပြောမိပြော ရာ၊ လုပ်မိလုပ်ရာ လုပ်နေတာလား (လုပ်မိလုပ်ရာ လုပ်နေ တာပါ ဘုရား)။

သူလိုချင်တာက ကြည့်လေ – နတ်ပြည်ကျလို့ရှိရင် နတ်သမီး နတ်သားတွေနဲ့ ပျော်ပျော်ပါးပါးနဲ့ ကိုစောမောင် ပဒေသာပင် ဆွတ်စားပြီး စိတ်ချမ်းသာ လက်ချမ်းသာ နေချင်တဲ့ သဘောသူ့မှာ မပါဘူးလား (ပါ, ပါတယ် ဘုရား) နတ် ဒုက္ခသစ္စာကို လှမ်းမြင်လိုက်သေးရဲ့လား (မမြင်ပါ ဘုရား)။

ဒါဖြင့် မမြင်တာက ဘယ်သူတုံး (အဝိဇ္ဇာပါ ဘုရား) မမြင်တော့ ကျောင်းဆောက်ချင်တဲ့ စေတနာနဲ့ ဆောက်လိုက်တယ်ဆိုပါတော့၊ ဆောက်လိုက်တဲ့ စေတနာက မောင်နိုင် သင်္ခါရ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

နတ်ပြည်ဒုက္ခသစ္စာ

နတ်ပြည် ဒုက္ခသစ္စာလို့ မမြင်တာက (အဝိဇ္ဇာ ပါ ဘုရား) ဆောက်လိုက်တာက (သင်္ခါရပါ ဘုရား)။

ဒါကြောင့် ဒီပုဂ္ဂိုလ်သေတဲ့အခါကျတော့ သင်္ခါရ ပစ္စယာ (ဝိညာဏံပါ ဘုရား) ဟော ဝိညာဏံဆိုတော့ ဒကာဒကာမတွေ နတ်ပြည်သွားပြီး နတ်အထည်ကြီး သွားဖြစ်တော့ ပဋိသန္ဓေ ဝိညာဏ်ဖြစ်ရတဲ့အတွက် ဒုက္ခသစ္စာ သွားဖြစ်တယ် (မှန်ပါ့)။

အဲဒါ ကိုစောမောင်တို့က ကိုယ့်ခန္ဓာထဲမှာ ဘယ်သူက လုပ်ပါလိမ့်မလဲ မသိတော့ ပဋိစ္စသမုပ္ပါဒ် မသိ ဘူး (မှန်ပါ့)။

အခု ရှေးဦးစွာ ကျောင်းဆောက်ချင်တယ်၊ ဘုံပေါက်အောင်လို့၊ နတ်သား, နတ်သမီးဖြစ်ချင်လို့ ဆိုတာက မောင်နိုင်က လက်သည်ရှာလိုက်၊ ဘယ်သူပါလိမ့်မတုံး (အဝိဇ္ဇာပါ ဘုရား)။

သူက မသိလို့ (မှန်ပါ့) ဒုက္ခသစ္စာလည်း သူသိ သေးရဲ့လား (မသိပါ ဘုရား)။

ဒါဖြင့် သူက မသိအောင် လုပ်ထားတော့ ဒကာ ဒကာမတွေက ကဲ ဆောက်မှပဲဆိုပြီး ငွေလေးဘာလေး ထုတ်ပြီး စေတနာကောင်းကောင်းနဲ့ ဆောက်လိုက်ကြ တယ် (မှန်ပါ့) ဆောက်လိုက်တဲ့အခါကျတော့ ဆောက် တဲ့စေတနာက သင်္ခါရ၊ မသိတာက (အဝိဇ္ဇာပါ) ရှင်းပြီ နော် (ရှင်းပါပြီ ဘုရား)။

ဆောက်တဲ့စေတနာက (သင်္ခါရပါ ဘုရား) ကိုင်းကျောင်းဆောက်ပြီး ရေစက်ချပါ၊ ချပြီး ပြီးပါပြီဆိုတော့ မှ ဒီပုဂ္ဂိုလ်အသက်တိုင်းနေလို့ သေတဲ့အခါကျတော့ သင်္ခါရ ပစ္စယာ (ဝိညာဏံပါ ဘုရား) ဝိညာဏံဆိုတော့ ပဋိသန္ဓေ ဝိညာဏ်က မလာဘူးလား (လာပါတယ် ဘုရား) ပဋိသန္ဓေဝိညာဏ်လာတော့ ဘာသစ္စာလဲ (ဒုက္ခသစ္စာ ပါ ဘုရား)။

ဒါဖြင့် သူ နဂိုက ကျောင်းဆောက်တာဟာ အဝိဇ္ဇာ စက်ကင်းရဲ့လား (မကင်းပါ ဘုရား)။ ဒါဖြင့် သူ နိဗ္ဗာန် ရပါ့မလား (မရပါ ဘုရား)။

အဝိဇ္ဇာပါနေတယ်

အဝိဇ္ဇာပါနေတယ် မောင်နိုင်ရ၊ အဝိဇ္ဇာပါနေတော့ ရပါ့မလား (မရပါ ဘုရား)။

မရတော့ အဝိဇ္ဇာက ဘာလုပ်သတုံးလို့ မေးလိုက် တဲ့အခါကျတော့ အဝိဇ္ဇာပစ္စယာ (သင်္ခါရာပါ ဘုရား)။ဟောဒီစေတနာကလဲ ကိုစောမောင်က စဉ်းစားပါတော့ အဝိဇ္ဇာအုပ်ချုပ်တဲ့ စေတနာ ဟုတ်-မဟုတ် (ဟုတ်ပါတယ် ဘုရား)။

ဒါဖြင့် အဝိဇ္ဇာ အုပ်ချုပ်တဲ့ စေတနာ ဟုတ်တယ် မဟုတ်တယ်၊ တစ်ခါ ဒီထက် သိချင် ပါသေးတယ် ဘုရား၊ တပည့်တော် ပဋိစ္စသမုပ္ပါဒ်ကို သိချင်ပါသေးတယ် ဆိုတော့ သေသည်၏ အခြားမဲ့၌ ဟိုမှာ ပဋိသန္ဓေဝိညာဏ်မပေါ်ဘူး လား (ပေါ်ပါတယ် ဘုရား) ဘာသစ္စာပေါ်သလဲ (ဒုက္ခ သစ္စာ ပေါ်ပါတယ် ဘုရား)။

ကဲ ဒါဖြင့် သူ့ဒဏ်ချက်ပဲ (မှန်ပါ့) အဝိဇ္ဇာ ၏ ဒဏ်ချက် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘယ်သူ၏ ဒဏ်ချက်ပါလိမ့် (အဝိဇ္ဇာ၏ ဒဏ်ချက်ပါ ဘုရား) အဝိဇ္ဇာဒဏ်ချက်ဆိုတာ ဦးဘရှင်းကောင်းကောင်း ရှင်းပလား (ရှင်းပါပြီ) ကိုပေါတို့ (ရှင်းပါပြီ)။

ဒီလို မသိတဲ့ပုဂ္ဂိုလ်တွေ လုပ်နေတာကို သူ့ ပဋိစ္စ သမုပ္ပါဒ် သူမသိလို့ သူလုပ်နေတယ် (မှန်ပါ့)။

ကဲ ဒီဒကာဒကာမတွေက အခုဘုန်းကြီးများနဲ့ ဆရာဒကာရင်းနေလို့ ယဉ်ကျေးပြီးသား ဖြစ်နေတော့ ကဲ ကျောင်းဆောက်မယ်၊ ဘုရားတည်မယ်၊ သူလုပ်ချင် လည်း လုပ်မှာပေါ့ဗျာ (မှန်ပါ့)။

လုပ်ပင် လုပ်ငြားသော်လည်း ဒကာဒကာမတွေက အင်း ဒီခန္ဓာဝန် – ဒုက္ခဝဋ် – ဒုက္ခသစ္စာကြီးကို ကျွတ် ချင်လွတ်ချင်တယ်ဆိုတော့ ကျွတ်ချင်လွတ်ချင်လို့ ဆောက်ဦး မှပဲ မလာပေဘူးလား (လာပါတယ် ဘုရား)။

ဝိဇ္ဇာနဲ့ စိတ်ကူးတော့ သင်္ခါရမလာပါ

ဒါကျတော့ ကျွတ်ချင်လွတ်ချင်တာက ခန္ဓာကိုယ် ဒုက္ခသစ္စာကြီးကို လက်ရှိ ခန္ဓာကြီးကို ကျွတ်ချင်လွတ်ချင် တယ် ဆိုတော့ နောက် ခန္ဓာလိုချင်သေးသလား (မလို ချင်ပါ ဘုရား)။

အဲဒီကျတော့ စိတ်ကူးကတည်းက သူဝိဇ္ဇာနဲ့ စိတ်ကူး တယ် (မှန်ပါ့)။

ဝိဇ္ဇာနဲ့ စိတ်ကူးတော့ သင်္ခါရလာသေးသလား (မလာပါ ဘုရား) သင်္ခါရမှ မလာဘဲနဲ့ ဝိညာဏ်ကကော (မလာပါ ဘုရား)။

ဒါဖြင့် သင်္ခါရကို ချုပ်စေတယ် (မှန်ပါ့) ဝိညာဏ် ကိုလည်း (ချုပ်စေပါတယ် ဘုရား)။

ကဲ သွားလိုက်ပါတော့၊ ဝိညာဏ်ဟာ ပဋိသန္ဓေ နေရင် အို, နာ, သေပဲ၊ ဘယ့်နှယ်တုံး (ချုပ်ပါတယ် ဘုရား)။

ကဲ မကွာဘူးလား (ကွာပါတယ် ဘုရား) ကျောင်းတော့ ဆောက်တာပဲ (မှန်ပါ့) ကျောင်းတော့ ဆောက်တယ်၊ သူက ဝိဇ္ဇာနဲ့ ဆောက်တာကိုး၊ သဘောပါ ကြလား (ပါ,ပါတယ် ဘုရား)။

ကျောင်းတော့ဆောက်တယ် (ဝိဇ္ဇာနဲ့ ဆောက် ပါတယ် ဘုရား) ဝိဇ္ဇာနဲ့ဆောက်တဲ့အတွက် သူကတော့ နိဗ္ဗာန်ကိုမှန်းတယ်၊ သင်္ခါရမပါတဲ့အတွက် ဝိညာဏ်က မောင်နိုင် လာသေးသလား (မလာပါ ဘုရား) ဝိညာဏ် ပဋိသန္ဓေ မနေတော့ ဇာတိဇရာ မရဏကကော (မလာပါ ဘုရား)။

သစ္စာသိပြီးဆောက်ပါ

မလာတော့ သူကတော့ သစ္စာသိပြီး ဆောက်တဲ့ အတွက် ဝိဇ္ဇာမဂ္ဂင်နဲ့ဆောက်တဲ့အတွက် ဒီမဂ္ဂင်က နိဗ္ဗာန်မှ တစ်ပါး တခြားကို မပို့တော့ဘူး (မှန်ပါ့) ပို့သေးရဲ့ လား (မပို့ပါ ဘုရား)။

ဒါဖြင့် ကျောင်းဆောက်တာချင်းတော့ အတူတူပဲ (မှန်ပါ့) ကိုစောမောင် ဘာထူးသွားသလဲ (သွားတာ ထူးပါတယ် ဘုရား) အဝိဇ္ဇာအုပ်ချုပ်တာနဲ့ ဝိဇ္ဇာအုပ်ချုပ်တာ ကွာသွားတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဝိဇ္ဇာအုပ်ချုပ်တာနဲ့ ဝိဇ္ဇာအုပ်ချုပ်တာ ဦးဘရှင်းသိပ်ခြားနားတယ်(ခြားနားပါတယ် ဘုရား) မောင်နိုင် မခြားနားဘူးလား (ခြားနားပါတယ် ဘုရား)။

အဲဒါကြောင့် ဒကာဒကာမတွေ ဆွမ်းတစ်ဇွန်းနဲ့ ဟင်းတစ်ခွက်ပဲ လှူကြ လှူကြပေါ့ဗျာ၊ ကိုစောမောင် ဝိဇ္ဇာတော့ အုပ်ချုပ်ရလိမ့်မယ် (မှန်ပါ့)။ ဒုက္ခသိမ်းချင် လို့ လှူပါ၏ ဟုတ်လား၊ ဒုက္ခသိမ်းတဲ့ နိဗ္ဗာန်ရောက်ချင် လို့ (လှူပါ၏) ဒုက္ခသစ္စာကြီး ရွံ့လွန်းမုန်းလွန်းလို့ လွတ်လို လို့လှူပါ၏ ဆိုတော့ ဘာနဲ့လှူ သတုံး (ဝိဇ္ဇာနဲ့ လှူပါတယ် ဘုရား)။

ဒါဖြင့် အလှူကော မပါဘူးလား (ပါ, ပါတယ် ဘုရား) သို့သော် သူ့ကျတော့ကို တဲ့ “အဝိဇ္ဇာ နိရောဓာ သင်္ခါ ရ နိရောဓော” သွားဖြစ်တယ် (မှန်ပါ့) အဝိဇ္ဇာချုပ်လို့ (သင်္ခါရ ချုပ်ပါတယ် ဘုရား) သင်္ခါရ ချုပ်သောကြောင့် နောက် ဝိညာဏ်လာသေးရဲ့ လား (မလာပါ ဘုရား)။

ကဲ ဒကာဒကာမတွေ ကျောင်းဆောက်တော့ ကျောင်းတော့ အတူတူပဲ ရကြတာပဲ (မှန်ပါ့) ကိုစော မောင် ဆောက်ပုံကွာသွားတယ် (ကွာသွားပါတယ် ဘုရား) ကဲ ဒကာဒကာမတွေ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ကဲ နောက်ကျတော့ ခန္ဓာကိုယ်ထဲမှာ ဒါ ဘာပါလိမ့်မတုံးဆိုတော့ အင်း ကျောင်းဆောက် တယ်၊ လူ့ပြည် နတ်ပြည်လိုချင်လို့ ဆောက်တယ်ဆိုတော့ အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်တယ် (မှန်ပါ့) တစ်နည်း တဏှာကြောင့် ဥပါဒါန်ကော (ဖြစ်ပါတယ် ဘုရား)။

နတ်ပြည်လိုချင်တဲ့ တဏှာစွဲလမ်းပြီး သကာလ မလုပ် ပေဘူးလား (လုပ်ပါတယ် ဘုရား)။

စွဲလမ်းတာက ဥပါဒါန်-ဥပါဒါန်ကြောင့် တစ်ခါ စဉ်းစားလိုက်ဦးနော် ကာယကံ၊ ဝစီကံနဲ့ လက်သမားတွေငှား ပြောဆို၊ ဒါကကံတွေကိုး – ကိုစောမောင်ရ (မှန်ပါ့) ကာယကံ၊ ဝစီကံ မဟုတ်ဘူးလား(ဟုတ်ပါတယ် ဘုရား)။ ကမ္မဘဝဟုတ်လား (ဟုတ်ပါတယ် ဘုရား)။ ဒါဖြင့် သူက နတ်ပြည်လိုချင်တာက တဏှာ၊ နတ်ပြည် စွဲလမ်းတာ က (ဥပါဒါန်ပါ ဘုရား)။ နတ်ပြည်ရောက်ကြောင်းကို အခုအားထုတ်တာက (ကံပါ ဘုရား) ကဲ ကမ္မဘဝပစ္စယာ စုတေသည်၏ အခြားမဲ့၌ (ဇာတိပါ ဘုရား)။

ဘာသစ္စာလာသတုံး (ဒုက္ခသစ္စာလာပါတယ် ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒီလိုဆိုတော့ မောင်နိုင် ကိုယ့်ပဋိစ္စသမုပ္ပါဒ်က ကိုယ့်နှိပ်စက်တတ်တယ် (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဒကာဒကာမတို့ ဘယ်သူ့ ပဋိစ္စသမုပ္ပါဒ်က ဘယ်သူ့ နှိပ်စက်တတ်သလဲ (ကိုယ့်ပဋိစ္စ သမုပ္ပါဒ်က ကိုယ့်နှိပ်စက် တတ်ပါတယ် ဘုရား) ကိုယ့်ပဋိစ္စသမုပ္ပါဒ်က ကိုယ့်နှိပ်စက် တတ်တယ်ဆိုတာ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

အဲဒါက ဆရာကောင်း သမားကောင်း ခေါင်းဆောင် ကောင်းကလည်း မတွေ့တော့ ကိုစောမောင် ဒီအတိုင်းသွား တယ် (သွားရမှာပါ ဘုရား) မသွားသေးဘူးလား (သွားပါ တယ် ဘုရား)။

ကဲ သိတဲ့ အခါကျတော့ကွာ ဘာမှ မလိုချင်ဘူး ဟေ့ ဟောဒီဒုက္ခဝဋ်မှ ကျွတ်ချင်တာပဲလို့ ဆိုတော့ ဝိဇ္ဇာနဲ့ မဆောက်ဘူးလား (ဆောက်ပါတယ် ဘုရား)။

ဝိဇ္ဇာနဲ့ ဆောက်တဲ့အခါ ကျလို့ရှိရင် ဒကာဒကာမတို့ ဝိဇ္ဇာက အဝိဇ္ဇာချုပ်လို့ သင်္ခါရ ချုပ်ပါတယ် (မှန်ပါ့)၊ သင်္ခါရချုပ်လို့ (ဝိညာဏ်ချုပ်ပါတယ် ဘုရား)။

ဝိညာဏ်ချုပ်တယ်ဆိုတော့ ကဲ ကိုပေါ် မရှင်း သေးဘူးလား (ရှင်းပါတယ် ဘုရား) ကျောင်းတော့ဆောက်တာပဲ (မှန်ပါ့) ကျောင်းတော့ ဆောက်တာပဲဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ရှေ့ဘာဖြစ်မှာတုံး

ကဲ ဒါဖြင့် ဒီကရှေ့တော့ဖြင့် ဘယ်လိုများ အကျိုးပေးမှာတုံး ဒို့သည် ဘာများ ဖြစ်နေသတုံး ဆိုတာကို ရှေ့ဘာဖြစ်မှာတုံးဆိုတာကို တစ်ခါတည်း ဒကာ ဒကာမတွေ နည်းပေးပါတယ် (မှန်ပါ့) ရှေ့ဘာဖြစ်မှာတုံးဆို တဲ့ ဥစ္စာကို တွေးတော့ ရှေ့ကိုတော့ ဘုန်းကြီးတို့ အထူး မပြောလိုတော့ပါဘူး။ ရှေ့ကဟာက အကျိုးဖြစ်နေတယ် (မှန်ပါ့) အခုအကြောင်းကို စဉ်းစားလိုက်ရင် ရှင်းသွားမယ် (မှန်ပါ့)။

အခုအကြောင်းမှာက လိုချင်လို့လုပ်တဲ့ တဏှာ, ဥပါဒါန်, ကံနဲ့ လုပ်ကြရင် ဇာတိ, ဇရာ, မရဏရမယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဝိဇ္ဇာဦးစီးပြီးလုပ်ကြပါ

ဒုက္ခသစ္စာမို့ မလိုချင်တဲ့ဉာဏ်နဲ့ လာမယ်လို့ ဝိဇ္ဇာ ဦးစီးပြီး သကာလ လုပ်ကြမယ် ဆိုလို့ရှိရင် ဒကာဒကာမတို့ သိတဲ့အတိုင်းပဲတဲ့၊ အဝိဇ္ဇာချုပ်လို့ တဏှာချုပ်တယ် (မှန်ပါ့) တဏှာချုပ်လို့ ဥပါဒါန် (ချုပ်သွားပါတယ် ဘုရား) ဥပါဒါန်ချုပ်လို့ (ကံချုပ်သွားပါတယ် ဘုရား)။

ကံ ချုပ်သောကြောင့် ဇာတိ, ဇရာ, မရဏလာ သေးရဲ့လား (မလာပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့်-တပည့်တော်သေရင် ဘာများဖြစ်မှာတုံး ဘုရားလို့ ကိုစောမောင်က မမေးနဲ့တော့ (မှန်ပါ့) ကိုယ့်ခန္ဓာ ထဲဖြစ်တဲ့ ဖြစ်စဉ်သာ အကဲခတ်လိုက် (မှန်ပါ့) ပေါ်ကြ ပလား (ပေါ်ပါပြီ ဘုရား)။ ဘာ အကဲခတ်ရမယ် (ခန္ဓာထဲဖြစ်တဲ့ ဖြစ်စဉ် အကဲခတ်ရမှာပါ ဘုရား)။

ကိုယ့်ဖြစ်စဉ်က ပြောတာသာယုံပါ

ဘယ်ဘုန်းကြီးက ဟောဟော၊ ဘာစာအုပ်က ရေးရေး၊ မယုံနဲ့၊ မင်း နတ်ဖြစ်လိမ့်မယ်, မင်း ဗြဟ္မာဖြစ်လိမ့် မယ်, မင်း နိဗ္ဗာန်ရလိမ့်မယ်ဆိုပေတဲ့ မယုံနဲ့တဲ့ ကိုယ့် ပဋိစ္စသမုပ္ပါဒ်ကို ယုံ (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဘာယုံရမလဲ (ကိုယ့်ပဋိစ္စသမုပ္ပါဒ်ကိုယ်ယုံရမှာပါ ဘုရား)။

နို့ ဟိုဘုန်းကြီးက ဘေးက ပြောနေတာက (မှန်ပါ့)။

ဟိုစာအုပ်ကလေး ဘေးကရေးနေတာ (မှန်ပါ့) အကဲခတ်ရေးနေတာ (မှန်ပါ့)။

အကဲခတ်တာနဲ့ ကိုယ်တိုင်ဖြစ်တာနဲ့ ဘယ်ဟာ အမှန်ယူကြမလဲ (ကိုယ်တိုင်ဖြစ်တာ အမှန်ယူရမှာပါ ဘုရား)။

အဲဒါကြောင့် ခင်ဗျားတို့က စာက-ဒီလိုဆိုတယ်လို့ လုပ်မနေနဲ့ (မှန်ပါ့) ခန္ဓာက ဒီလိုတန်းနေတယ်ဆိုတာ သာ ယူပါ (မှန်ပါ ဘုရား)။

ခန္ဓာက ဒီလိုတန်းနေရင် ဒီလိုဖြစ်မှာပဲ (မှန်ပါ့) ခန္ဓာက ဒီလိုပြတ်သွားရင် (ဒီလိုပြတ်သွားမှာပါ ဘုရား)။

ဒီလို နိဗ္ဗာန်ရမှာပဲဆိုတဲ့ဥစ္စာ ခင်ဗျားတို့ စာအုပ်ကို လည်း မယူနဲ့။ ဘယ်ဆရာတော်က ဟောသွားတယ်ဆိုတာ ကိုလည်း အတည်မပြုနဲ့ ကိုစောမောင် (မှန်ပါ့)။

ကိုယ့်ခန္ဓာထဲမှာရှိတဲ့ ပဋိစ္စသမုပ္ပါဒ်တန်းက ပြတ် အောင် လုပ်ပြန်တော့လည်း ပြတ်တဲ့ဆီရောက်တာပဲ (မှန်ပါ့) ဆက်အောင်လုပ်ပြန်တော့ (ဆက်တဲ့ဆီ ရောက်သွား ပါတယ် ဘုရား)။

နို့ သူများပြောတာ ယုံမလား၊ ကိုယ့်ဖြစ်စဉ် ပြောတာ ယုံကြမလား (ကိုယ်ဖြစ်စဉ်က ပြောတာ ယုံရမှာပါ ဘုရား)။ ကိုင်း အင်မတန် သဘောပါသွားပါ ပြီ (ပါသွားပါပြီ ဘုရား) အင်မတန် သဘော ပါသွားပြီ ဒကာ ဒကာမတို့ (မှန်ပါ ဘုရား)။

ဘေးလွတ်မှာကိုအရင်လုပ်ပါ

အဲဒါကြောင့် ခုနင်ကပြောခဲ့တဲ့စကား ပြန်ကောက် ကြပါစို့နော် ခုနင်က ပြောခဲ့တဲ့စကားက ကဲ ဗရမ်းပတာ ကျမည့် အပါယ်လေးပါး ကျမည့်ဘေးကို ခင်ဗျားတို့က ရှိနေ သေးတော့ကို ဒကာဒကာမတွေ သူ့ကို ဗရမ်းပတာ လွတ်တဲ့ အလုပ်ကို အရင်လုပ်လိုက် (မှန်ပါ့) ပြီးတော့မှ သားရေး သမီးရေး, စီးပွားရေးကို (လုပ်ရပါမယ် ဘုရား)။

လုပ်ပါဆိုတော့ မလုပ်နဲ့ဆိုတာလား၊ ရှေ့နောက် ခွဲလိုက်ဆိုတာလား (ရှေ့နောက် ခွဲလိုက်ဆိုတာပါ ဘုရား) ရှေ့နောက် ခွဲလိုက်လို့ဆိုတာ နောက်က ဒကာ ဒကာမတွေ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဲဒီတော့ ဒါကလေးက ဘာတုံးလို့ မေးတဲ့အခါ ကျတော့ ခုနင်က ကိုယ့်သန္တာန်ဖြစ်လာတဲ့ ဥပမာ ကြားတယ်၊ သားကလေးက အော်လိုက်လို့ ကြားတယ်၊ အင်းကြားလို့ရှိရင် ငါ့မှာ ကြားစိတ်ဖြစ်တယ်၊ ကြားလို့ တစ်ခါခင်ပြန်ပြီ။

တစ်နည်းအားဖြင့်လည်း ကြားတာနဲ့ပဲ ဟိုကအသံက ကျယ်ကျယ်နဲ့ လိမ့်များကျသလား၊ မှောက်လျက် ထိုးကလေး များ လဲနေသလား၊ ထိုင်လျက်များ လဲနေသလား၊ အစရှိသည် နဲ့ဆိုတော့ ကြားပြီး ဒေါသက မလာဘူးလား (လာပါတယ် ဘုရား) ဒေါသလာရင် သောကတွေပါ (လာပါတယ် ဘုရား) အင်း ဒါဟာ ပဋိစ္စသမုပ္ပါဒ်က ကဲ ကြားတယ်၊ ကြားပြီး သကာလ ဒေါသ, သောက, ပရိဒေဝ ဖြစ်တယ်၊ မောင်နိုင် (မှန်ပါ့) ဖြစ်ပြီး သကာလ ဒါသိလို့ဖြစ်တာ လား သိလို့ဖြစ်တာလား (မသိလို့ ဖြစ်တာပါ ဘုရား)။

အဆုံးကပြန်လှည့်တယ်

မသိလို့ဖြစ်တော့ ဒေါသ, သောက, ပရိဒေဝထဲမှာ အဝိဇ္ဇာကပါနေတယ် (ပါပါတယ် ဘုရား)။

ဒါဖြင့် “အဝိဇ္ဇာပစ္စယာ သင်္ခါရာ” ပြန်မလှည့်ဘူးလား (လှည့်ပါတယ် ဘုရား) “သင်္ခါရပစ္စယာ ဝိညာဏံ” ဆိုတော့ အဝိဇ္ဇာအုပ်ချုပ်တဲ့ ဝိညာဏ်ဆိုကတည်းက အပါယ်လေးပါး သော်လည်းကောင်း မရောက်ပေဘူးလား (ရောက်ပါတယ် ဘုရား)။

အဝိဇ္ဇာကအုပ်ချုပ်တာ (မှန်ပါ့) အဆုံးက ပြန်ပတ်တာကိုး ကိုစောမောင်ရ (မှန်ပါ့) ရှင်းရဲ့ လား (ရှင်းပါတယ် ဘုရား) သောကပရိဒေဝကနေပြီး အဝိဇ္ဇာ ပြန်ရောက်သွားတယ် (မှန်ပါ့ ဘုရား)။

သောက, ပရိဒေဝဆိုတာ သောက စိုးရိမ်တယ်ဆိုတဲ့ ဥစ္စာမသိလို့ စိုးရိမ်တာ (မှန်ပါ့ ဘုရား) ပရိဒေဝ ငိုကြွေး တယ် ဆိုတာကော (မသိလို့ ငိုကြွေးတာပါ ဘုရား)။

ဒါဖြင့်လည်း အဲဒီသောက ပရိဒေဝထဲ ရောက်နေ မနေ (ရောက်နေပါတယ် ဘုရား)။

ဒါဖြင့် အဝိဇ္ဇာရောနေကတည်းက အဝိဇ္ဇာပစ္စ ယာ (သင်္ခါရာပါ ဘုရား) သင်္ခါရာဆိုတော့ မောင်နိုင် အဆုံးက နေပြီး သကာလ ကိုစောမောင် အစပြန်မပတ်ဘူးလား (ပတ်ပါတယ် ဘုရား) ပြန်ပတ်တော့ သံသရာလည်မသွား ဘူးလား (လည်သွားပါတယ် ဘုရား)။

အဲဒါ လည်သွားတဲ့အခါကျတော့ ဪ ဒါဟာ ငါသေရင် ဘာဖြစ်ဦးမှာတုံးလို့ သူများ မေးဦးမလား (မေးစရာမလိုတော့ပါ ဘုရား) နောက်က ဒကာဒကာမတွေ (မလိုတော့ပါ ဘုရား)။

ပဋိစ္စသမုပ္ပါဒ်ကပြောတာ

မမေးနဲ့တော့နော် ဘယ်သူက ပြောသတုံး (ခန္ဓာကပြောပါတယ် ဘုရား)။

ဒီလို မဆို နဲ့ ပဋိစ္စ သမုပ္ပါဒ်က ပြောတယ်၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ခန္ဓာကတော့ ခန္ဓာပါပဲ ဟုတ်ပါတယ်၊ ဒါ ပဋိစ္စ သမုပ္ပါဒ် တစ်ခုလုံးဟာ ခန္ဓာချည်းပဲ နော် တဏှာလည်း ခန္ဓာပဲ ဟုတ်လား (မှန်ပါ့) မြင်တဲ့၊ ကြားတဲ့ စိတ်ကလေးလည်း ဝိညာဏက္ခန္ဓာပါပဲ (မှန်ပါ့)။

ကြားပြီး သကာလ ဒေါသဖြစ်တာကလေးဟာလည်း ခန္ဓာပဲ၊ သို့သော် ခန္ဓာသိပြီးသား ထားတဲ့အတွက် ဘယ်သူက အပါယ်သွားသတုံး မေးလို့ရှိရင် ပဋိစ္စသမုပ္ပါဒ်က သူ့ဟာသူ ပို့သွားတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘယ်သူက ပို့သတုံး (ပဋိစ္စသမုပ္ပါဒ်က သူ့ဟာ သူ ပို့ပါတယ် ဘုရား)။

အဲဒီတော့ ပဋိစ္စသမုပ္ပါဒ်က သူ့ဟာသူပို့တော့ ဒကာ ဒကာမတွေက ဘုန်းကြီးက ပေးထားတယ်၊ ဒကာဒကာမတွေ ဒီလိုမနေနဲ့ (မှန်ပါ့) ပဋိစ္စသမုပ္ပါဒ်သိရင်ကို သောတာပန် နဲ့ ကပ်နေပြီ (မှန်ပါ့)။

သောတာပန်နားကပ်နေပြီ

မောင်နိုင် ပဋိစ္စသမုပ္ပါဒ်တစ်ခုဖြစ်လို့ တစ်ခုချုပ်တာ သိနေရင် (သောတာပန်နဲ့ ကပ်နေပါတယ် ဘုရား) သောတာပန်နဲ့ ကပ်နေပြီ၊ ကိုယ့်စိတ်အစဉ်ကို ကိုယ်သိပြီကောဗျ (မှန်ပါ့)။

အရင်ကတော့ ဒီလိုသိရဲ့လား (မသိပါ ဘုရား) မသိတော့ ဘာမှမသိတဲ့ အကန်းဖြစ်နေတယ် (မှန်ပါ့)။

အခုတော့ ပဋိစ္စသမုပ္ပါဒ် ကြားတယ်ဆိုရင် ကြားစိတ်ကလေး ပေါ်တာပဲ၊ ကြားလို့တစ်ခါ ကလေးလဲ တယ်ထင်ပါရဲ့ဆိုပြီး စိုးရိမ်တဲ့ ဒေါသတွေ မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)။

ဒေါသလာရင် ကိုစောမောင် သောက, ပရိဒေဝတွေ က (လာပါတယ် ဘုရား) အဝိဇ္ဇာက (လာပါတယ် ဘုရား) အဝိဇ္ဇာပစ္စယာ (သင်္ခါရာပါ ဘုရား) ဒါ အကုန်မလာဘူးလား (လာပါတယ် ဘုရား)။

အဲဒီလိုလာတော့ ဒီလိုသိထားတော့ ပဋိစ္စသမုပ္ပါဒ် ဒီလိုဖြစ်နေပါလားဆိုတဲ့ ဥစ္စာက သူများ ပြောလား ကိုယ့်အထဲမှာ တစ်ခုပြီးတစ်ခု ဖြစ်နေတာလား (ကိုယ့် အထဲမှာ တစ်ခုပြီးတစ်ခု ဖြစ်နေပါတယ် ဘုရား)။

စဉ်းစားပါ၊ အခုကြားစိတ်ပြီးတော့ တစ်ခါတည်း ဒေါသဖြစ်တဲ့စိတ်ကလေးလာတယ် (လာပါတယ် ဘုရား) ဒေါသစိတ်ကလေးလာပြီး သောကတွေ မလာဘူးလား (လာပါတယ် ဘုရား) သောကလာပြီး ပရိဒေဝတွေ, ဒုက္ခတွေ ဒေါမနဿတွေ (လာပါတယ် ဘုရား) ပြီးတော့ အဝိဇ္ဇာကော (လာပါတယ် ဘုရား)။ လာတော့ ကိုယ့်ဖြစ်စဉ်ကို မသိဘူးလား (သိပါတယ် ဘုရား) အဲဒီ သိတာ ကလေးက ဝိဇ္ဇာ (မှန်ပါ့)။

ကိုယ့်ဖြစ်စဉ် ကိုယ်သိတာက (ဝိဇ္ဇာပါ ဘုရား) ဝိဇ္ဇာဖြစ်နေတော့ ဒါက အခုဆရာကောင်း သမားကောင်းနဲ့ တွေ့လို့ သော် ကိုယ့်ဖြစ်စဉ်က ဒါကလေးတွေက တစ်ခုပြီးတစ်ခုဖြစ် တစ်ခုချုပ်ပြီး တစ်ခုဖြစ်နေကြတာဆိုတာ မသိဘူးလား (သိပါတယ် ဘုရား)။

ပေါ်တာသိလို့ချုပ်တာသိရင် သောတာပန်အသိ

ဒီလို ကိုယ့်ပဋိစ္စသမုပ္ပါဒ် ကိုယ်သိလို့ ဖြစ်ချုပ်တွေကို အင်း ကြားစိတ်ချုပ်သွားပြန်ပြီ၊ ဟော ဒေါသကလေးပေါ် သူလည်း ချုပ်သွားပြန်ပြီ၊ ပေါ်တာသိရင် ချုပ်တာသိတယ် (မှန်ပါ့)။

ပေါ်တာသိရင် (ချုပ်တာသိပါတယ် ဘုရား)၊ အဲဒါ သောတာပန်သိတာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကိုစောမောင် ပုထုဇဉ်ရိုးရိုးက (မသိပါ ဘုရား) မသိနိုင်ဘူးဆိုတော့ သော် ဒါကလေး ဒို့သိနေလိုက် လို့ရှိရင် ဒို့သန္တာန်ဖြစ်တဲ့ ဒို့ပဋိစ္စသမုပ္ပါဒ်အတန်းကလေးကို ဒို့က သိသိ သိသိပြီး သကာလ နေလိုက်တယ်ဆိုတော့ သိလုံး က နောက်လာမည့် ပဋိစ္စသမုပ္ပါဒ်ကိုဖြတ် မဖြတ် (ဖြတ်သွား ပါတယ် ဘုရား)။

ဖြတ်တယ်ဆိုကတည်းက နောက်လာမည့် ပဋိစ္စ သမုပ္ပါဒ်ဖြတ်မှ ဗရမ်းပတာ မသွားမှာ (မှန်ပါ့)။

ဖြတ်လိုက်တော့ (မသွားရပါ ဘုရား) ဒီ ပဋိစ္စ သမုပ္ပါဒ်ဆက်မှ ဟိုက ဗရမ်းပတာသွားတာ (မှန်ပါ့) အခုတော့ ဗရမ်းပတာ သွားသေးသလား (မသွားပါ ဘုရား) ဗရမ်းပတာကို ဖြတ်ချ လိုက်တယ် (မှန်ပါ့)။

ဗရမ်းပတာ ဖြစ်ကြောင်းတွေကို ဦးဘကလေး ဘာလုပ်လိုက်ပါလိမ့် (ဖြတ်ချလိုက်ပါတယ် ဘုရား)။

ဖြတ်ချလိုက်တော့ ဒါ ဘယ်သူမို့ ဖြတ်နိုင်တာတုံး လို့ မေးတော့ ပဋိစ္စသမုပ္ပါဒ်သိတဲ့ ပုဂ္ဂိုလ်မို့ ဖြတ်နိုင်တာ (မှန်ပါ့) မသိတဲ့ပုဂ္ဂိုလ်က (မဖြတ်နိုင်ပါ ဘုရား)။

ကျုပ်လည်း သားသမီးတွေဖြတ်ပြီဗျာ၊ အင်း သားသမီးသာ သူဖြတ်တာပြောနေတာ သူ့ပဋိစ္စသမုပ္ပါဒ် ဖြတ်တာမှ သူမသိဘဲ (မှန်ပါ့)။

ရမ်းပြီးသာဓုခေါ်ဦးမယ်

ကျုပ်တော့ဖြင့် အရောင်းအဝယ်ကလေး ဖြတ်ပြီဗျာ၊ အင်းတချို့လူကြီးတွေက ဦးဘရှင်းတို့က ရမ်းပြီးသာဓု ခေါ်ချင် ခေါ်လိမ့်ဦးမယ် (မှန်ပါ့)။

သူ့ဟာသူ အရောင်းအဝယ်ဖြတ်တယ် သူ့ပဋိစ္စ သမုပ္ပါဒ်သူဖြတ်တယ်လို့ ပြောရဲ့ လား (မပြောပါ ဘုရား)။

ကျောက်တွေ့ တောင် မဝယ်တာ ပြောနေတာ၊ ကိုစောမောင် သူ့ပဋိစ္စသမုပ္ပါဒ် သူဖြတ်တာ ဟုတ်ကဲ့လား (မဟုတ်ပါ ဘုရား)။

ဒါဖြင့် သူ့ပဋိစ္စသမုပ္ပါဒ် သူဖြတ်တာ မဟုတ်တဲ့ အတွက် ဖြစ်မှု ပျက်မှု, မြင်သေးရဲ့ လား (မမြင်ပါ ဘုရား) အဲ မမြင်လို့ရှိရင် သူဟာ ဝိဇ္ဇာလား၊ အဝိဇ္ဇာလား (အဝိဇ္ဇာပါ ဘုရား) အဝိဇ္ဇာပဲဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။

အဲဒီတော့ ခင်ဗျားတို့က အဲဒီလို အဖြစ်မျိုးကို မယူ ဘဲနဲ့ ကိုယ့်စိတ်စဉ် ကိုယ်ဖြတ်ဖြတ်ပြီး ကြည့်ရမယ် (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ကိုယ့်စိတ်အစဉ်ကို (ကိုယ်ဖြတ်ဖြတ်ပြီး ကြည့်ရ ပါမယ် ဘုရား) ကိုယ့်စိတ်အစဉ်ကို ဖြတ်ဖြတ်ပြီး ကြည့်ပေးစမ်းပါ ဒကာဒကာမတို့ (မှန်ပါ့)။

ကိုယ့်စိတ်စဉ်ကို (ကိုယ်ဖြတ်ဖြတ်ပြီး ကြည့်ရပါမယ် ဘုရား)။

ကိုယ့်စိတ်စဉ်ကို ကိုယ့်ဉာဏ်နဲ့သာ ကြည့်လိုက်တော့ ဉာဏ်အဝန်းကနေ တက်ပြီးသား (မှန်ပါ့)။

ကိုယ့်စိတ်စဉ်ကို ကိုယ့်ဉာဏ်နဲ့ကြည့်လိုက်ရင် (ဖြတ်ဖြတ်ပြီး ကြည့်ရပါမယ် ဘုရား) ကိုယ့်စိတ်အစဉ်ကို ကိုယ့် ဉာဏ်နဲ့သာ ကြည့်လိုက်တော့ ဉာဏ်ဝင်လာရင် ပြတ်ပြီးသား (မှန်ပါ့)။

ကိုယ့်စိတ်အစဉ်ကို ကိုယ့်ဉာဏ်နဲ့ကြည့်လိုက်ရင် (ပြတ်ပြီးသားပါ ဘုရား)။

ပြတ်ပြီးသားဆိုတော့ အဲဒါဟာ တဲ့ ကိုယ့်ပဋိစ္စ သမုပ္ပါဒ် ကိုယ်သိလို့ရှိရင် ဒကာဒကာမတို့ ဖြစ်ပျက်သိတာပဲ (မှန်ပါ့) ဟိုဘက် ဒုက္ခဆုံးတာကော (သိပါတယ် ဘုရား)။

ဟိုဘက် ဒီ ကိုယ့်ဖြစ်စဉ်ကို ကိုယ်သိတယ်ဆိုတဲ့ ဝိဇ္ဇာ ဉာဏ်နဲ့ သိတာပဲ (မှန်ပါ့)။

ဝိဇ္ဇာဉာဏ်နဲ့ သိလိုက်တော့ ဝိဇ္ဇာဉာဏ်က ကြားဝင် လိုက်တော့ ပဋိစ္စသမုပ္ပါဒ် သူ-တန်းချင် သလောက် တန်းလို့ (မရပါ ဘုရား)။

မရတော့ ဟိုဘက်မှတန်းလို့ ရှိရင် ဗရမ်းပတာ ဘေးသင့်တော့မယ် (မှန်ပါ့) အဲဒီ ဗရမ်းပတာဘေးကို ခင်ဗျားတို့ သိလုံးက တားလိုက်တယ် (မှန်ပါ့)။

ဒကာဒကာမတို့ ရိပ်မိပလား (ရိပ်မိပါပြီ) ဘယ်သူက တားလိုက်သလဲ (သိလုံးက တားပါတယ် ဘုရား) သိလုံးဟာက ဝိဇ္ဇာပဲ (မှန်ပါ့)။

အရိယာပုဂ္ဂိုလ်မှ သိနိုင်တယ်

ဝိဇ္ဇာက တားလိုက်တော့ကို ဒါ ပုထုဇဉ် သာမန်မသိဘူးကွ-တဲ့ (မှန်ပါ့) ရှင်းပလား (ရှင်းပါ ပြီ) အရိယာဖြစ်တဲ့ပုဂ္ဂိုလ်မှ သိနိုင်တယ်ဆိုတော့ ဒါကလေး သိ-သိရင်းမတ္တနဲ့ ခင်ဗျားတို့ အရိယာဖြစ်သွားမယ် (မှန်ပါ့) ကိုစောမောင် ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

အခု တစ်ခုပေါ်တယ်ဆိုရင် အခုနောက်ကနေပြီး သိလိုက်ပြန်ပြီဗျာ (မှန်ပါ့)။

အခု တစ်ခုပေါ်လာတယ်ဆိုရင် (နောက်ကနေပြီး သိပါတယ် ဘုရား) နောက်ကနေပြီး သိလိုက်ပြန်တယ် ဆိုတော့ သိသိ သိသိပြီး သကာလ နေတဲ့ သဘောကလေး ဟာက ကိုယ့်ဖြစ်စဉ် ကိုယ်ဖြတ်တဲ့သဘော (မှန်ပါ့) ကိုယ် မသိဘဲ နေလို့ရှိရင် ထုံးစံအတိုင်း တန်းတာပဲ (မှန်ပါ့)။

မသိဘဲနေရင် (ထုံးစံအတိုင်း တန်းပါတယ် ဘုရား)။

ထုံးစံအတိုင်း တန်းသွားတော့ ဟို – ဇာတိ, ဇရာ, မရဏဆိုရင် အပါယ်ဇာတိ၊ အပါယ်ဇရာ၊ အပါယ်မရဏတွေ ဆိုတော့ အပါယ်လေးပါးတွေက မောင်နိုင် လာမှာလား မလာဘူးလား (လာပါတယ် ဘုရား)။

အဲဒါတွေက ဘယ့်နှယ်ကြောင့် လာသလဲ၊ အတန်း ခံလို့လာတာ (မှန်ပါ့)။

နောက်က ဒကာဒကာမတွေ ဘာတဲ့ (အတန်း ခံလို့ လာပါတယ် ဘုရား)။

ပဋိစ္စသမုပ္ပါဒ်ကလည်း မတန်းပါနဲ့ဆိုလို့ရရဲ့ လား (မရပါ ဘုရား)။

ဆရာကောင်း, သမားကောင်းဆီက နည်းမရလို့ ရှိရင်ဖြင့် ခုနင်က မြင်လို့မြင်တဲ့ သဘောကလေးကို သြော် မြင်တဲ့စိတ်ကလေးလည်း ပေါ်လည်းပေါ်တာပဲ၊ ပျက် လည်း ပျက်သွား တာပဲဆိုတဲ့ ဝိဇ္ဇာကလေးက ကြားမထိုးနိုင် ဘူး (မှန်ပါ့) ကြားမထိုးနိုင်တော့ ပဋိစ္စသမုပ္ပါဒ်က ဘယ့်နှယ် ဖြစ်သွားသလဲ (တန်းသွားပါတယ် ဘုရား) တန်းသွားတော့ကို ဗရမ်းပတာဘေးသင့် မသင့် (သင့်ပါ တယ် ဘုရား)

ကိုယ့်ပဋိစ္စသမုပ္ပါဒ်သိရင်ဘေးလွတ်တယ်

ဒါဖြင့် ပဋိစ္စသမုပ္ပါဒ်ကို ကိုယ့်ပဋိစ္စသမုပ္ပါဒ်ကို ကိုယ် သိတဲ့ပုဂ္ဂိုလ်ဟာ ဗရမ်းပတာ ဘေးလွတ်တယ်လို့ ဘုရားက ဟောတယ် (မှန်ပါ့)။

ဒါဖြင့် သောတာပန်တဲ့၊ ဗရမ်းပတာဘေး လွတ်သွား ရင် သောတာန်ကွ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဗရမ်းပတာဘေးလွတ်သွားရင် (သောတာပန်ပါ | ဘုရား)။

“အဝိနိပါတဓမ္မာ နိယတော သမ္ဗောဓိပရာယနော ” သောတာပန်က ဗရမ်းပတာဘေး မရှိဘူးတဲ့၊ အထက် မဂ်သို့လည်း မြဲသွားပြီတဲ့နော် (မှန်ပါ့)။

သမ္ဗောဓိပရာယနော-အထက်မဂ်သို့သာ သူသွား တော့တယ်ဆိုတော့ ကိုစောမောင် ဗရမ်းပတာ ဘေးလွတ် တယ်လို့ ပြောတာ (မှန်ပါ့)။

အဲဒီတော့ တပည့်တော် ရှေ့ထားရမည့် အလုပ်က ကိုယ့်ဖြစ်စဉ်ကလေးကိုယ် သိ-သိနေဖို့ အလုပ်ဟာ ရှေ့ထား ရမည့်အလုပ် (မှန်ပါ့) ပေါ်ပြီ ဒကာဒကာမတို့ (ပေါ်ပါပြီ ဘုရား)။

ကိုယ့်ဖြစ်စဉ်ကလေးကို သိ-သိနေတဲ့ အလုပ်ဟာ (ရှေ့ထားရမည့် အလုပ်ပါ ဘုရား)။

သိတာသည် ဝိဇ္ဇာလား အဝိဇ္ဇာလား (ဝိဇ္ဇာပါ ဘုရား)။

ဒါဖြင့် ပဋိစ္စသမုပ္ပါဒ် သူ ထုံးစံအတိုင်း တန်းနိုင်သေး ရဲ့လား (မတန်းနိုင်ပါ ဘုရား)။

ဘယ့်နှယ်ကြောင့်တဲ့ ကိုစောမောင် (သိ- သိနေလို့ပါ ဘုရား) သိ-သိနေတယ် (မှန်ပါ့) စိတ်ကလေး ပေါ်လာလိုက် သိလိုက် (မှန်ပါ့) ယုတ်စွအဆုံး လောဘ ကလေး ပေါ်လာတာတောင် (သိရပါမယ် ဘုရား)။

သိလိုက်တဲ့အခါကျတော့ အဖြစ်သိတာလား အပျက် သိတာလားလို့ မေးဖို့ မလိုဘူး (မှန်ပါ့) ဘာပြုလို့တုံး ဆိုတော့ သိတဲ့ ဝိဇ္ဇာဉာဏ်, ဝိဇ္ဇာစိတ်လာကတည်းကိုက ခုနင်က သတ္တဝါတစ်ယောက်မှာ တစ်စိတ်နဲ့ အသက်ရှင်နေ တာဆိုတော့ စိတ်သည် အရင်ဟာက ပျက်ပြီးသား ဖြစ်နေတယ် (မှန်ပါ့)။

ဒါဖြင့် အဖြစ်သိရင် (အပျက်သိပါတယ် ဘုရား) အပျက်သိပြီးသား ဖြစ်နေတော့ ဝိဇ္ဇာရှိရင် သောတာပန်ကိုးဗျ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဝိဇ္ဇာရှိရင် (သောတာပန်ပါ ဘုရား) အဲဒီတော့ သူဘယ်သူ့ဟာ သိတာတုံးမေးတော့ ဘယ့်နှယ်ဖြေပါ့မလဲ (ဖြစ်ပျက်သိပါတယ် ဘုရား) မိမိပဋိစ္စသမုပ္ပါဒ် မိမိသိတယ် (မှန်ပါ)။

ငါသေရင် အပါယ်မသွားဘူး

မိမိသိတော့ ဒီ သိလုံးသည် ဗရမ်းပတာဘေးကို ဖြတ်ပစ်တယ် (မှန်ပါ့) ဟိုဘက် တဏှာ, ဥပါဒါန် ကံ, ဇာတိ, ဇရာ, မရဏ ပေးသေးရဲ့ လား (မပေးပါ ဘုရား)။

ဒါဖြင့် ကိုယ့်ဟာကိုယ် ဆုံးဖြတ်ချက် ချပါလား ငါသေရင် အပါယ် မသွားဘူးကွ၊ ငါ ဖြတ်ထားတယ် (မှန်ပါ့)။

ဘယ်သူ့ မေးရဦးမလဲ (ကိုယ့်ဟာကိုယ် မေးရပါမယ် ဘုရား) ကိုယ့်ဟာကိုယ်မေးကွ ရှင်းကြပလား (ရှင်းပါပြီ)

ဒကာဒကာမတွေ ဒီနေ့ ဝတ္ထုသက်သေမပါဘဲနဲ့ ခင်ဗျားတို့ကို ဟောနေတယ်လို့မှတ်ပါ (မှန်ပါ့) လိုရင်းကို ပြောနေတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။

ဒါဖြင့် တပည့်တော်တို့ ရှေ့ထားရမည့်အလုပ် (သိပြီ ဘုရား) ကိုယ့်စိတ်ကိုယ် သိနေဖို့ပါကလား (မှန်ပါ့) ဝေဒနာဖြစ် ကိုယ့်ဝေဒနာ ကိုယ်သိနေဖို့ပါကလား(မှန်ပါ့)။

ဒါဖြင့် သိတယ်ဆိုလို့ရှိရင် အဝိဇ္ဇာလား၊ ဝိဇ္ဇာလား (ဝိဇ္ဇာပါ ဘုရား)။

ဝိဇ္ဇာသည် တန်းနေကျ ပဋိစ္စသမုပ္ပါဒ်ကို ဘာလုပ် ပါလိမ့် (ဖြတ်ပစ်ပါတယ် ဘုရား)။

ဒါဖြင့် တန်းရင်သာ ဗရမ်းပတာ ဘေးသင့်တာ (မှန်ပါ့) မတန်းရင် (မသင့်ပါ ဘုရား)။

ဒါဖြင့် ငါသေ-အပါယ်သွားမှာလား – မသွားဘူး လားဆိုတာက ဒကာဒကာမတွေ သံသယ-ကုက္ကုစ္စ ဖြစ်နေတဲ့ ပုဂ္ဂိုလ်က ဘယ်လို ပုဂ္ဂိုလ်တုံး လို့ မေးတဲ့အခါကျတော့ မဖြတ်တတ်တဲ့ ပုဂ္ဂိုလ်က ပြောနေတာ (မှန်ပါ့) မသိတဲ့ ပုဂ္ဂိုလ်က (ပြောနေတာပါ ဘုရား)။

ကိုယ့်စိတ်ကိုမသိတဲ့ ပုဂ္ဂိုလ်က ပြောနေတာဆိုတာ ရိပ်မိပလား (ရိပ်မိပါပြီ) ဒါဖြင့် ခင်ဗျားတို့ အလကား မနေကြပါနဲ့၊ စိတ္တာနုပဿနာ ရှုရင်လည်း စိတ်ပေါ်တိုင်း – သိနေပါ (မှန်ပါ့) ဝေဒနာ နုပဿနာရှုလည်း ဝေဒနာပေါ် တိုင်း (သိရပါ မယ် ဘုရား)၊ သိနေလိုက်တဲ့ အခါကျလို့ရှိရင် “ဝေဒနာပစ္စယာ တဏှာ၊ တဏှာပစ္စယာ ဥပါဒါနံ” လာသေး ရဲ့ လား (မလာပါ ဘုရား) “ဝေဒနာ ပစ္စယာ ပညာဝိဇ္ဇာ” မလာဘူးလား (လာပါတယ် ဘုရား)။

အဲဒီလိုလာတော့ ဟိုဘက်ဗရမ်းပတာဘေးတွေ ဘယ့်နှယ်ဖြစ်ကုန်သလဲ (ပြတ်ကုန်ပါတယ် ဘုရား) ပြတ်သွားတယ် (မှန်ပါ့ ဘုရား)။

ကိုယ်တိုင်ဖြတ်လို့ လွတ်သွားတာ

ပြတ်သွားတာပေါ့ ကိုစောမောင် သင့်စရာ (မရှိတော့ပါ ဘုရား)။

ဒါသူများ မေးရတာလားတဲ့ ကိုယ့်ကိုယ်တိုင်ဖြတ် လိုက်လို့ လွတ်သွားတာလား (ကိုယ့် ကိုယ်တိုင် ဖြတ်လိုက် လို့လွတ်သွားတာပါ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့က အင်း သက်ကြီးအိုမတွေ မေးဦးမှပဲ ကျုပ်တော့ဖြင့် ကျုပ်သေရင် ဘယ်များသွားမတုံး၊ သူများသွားမေးနေရင် မှားလိမ့်မယ်ကွာ (မှန်ပါ့)။

ဒကာဒကာမတွေ ဘာတဲ့ (သူများ သွားမေးနေ ရင် မှားလိမ့်မယ် ဘုရား) မှားမယ်၊ နို့ သူများ သဘောနဲ့မှ သွားတာမဟုတ်ဘဲ၊ ကိုယ့်ခန္ဓာ ပဋိစ္စသမုပ္ပါဒ်က ကိုယ့်ပို့တာ ကိုး (မှန်ပါ့) အဲဒါ သူများသွားမေးနေတော့ ဘယ့်နှယ်ဆို မလဲ (မှားပါတယ် ဘုရား)။

ဒါဖြင့် မသွားချင်ပါဘုရား၊ တပည့်တော်ဖြင့် သောတာပန်အဖြစ်နဲ့ပဲ အပါယ်လေးပါး လွတ်ချင်ပါတယ် ဆိုတော့ အင်း ကိုယ့်စိတ်ပေါ်တိုင်းပေါ်တိုင်း၊ ဝေဒနာ ပေါ်တိုင်းပေါ်တိုင်း သိပေးလိုက်တာပေါ့ (မှန်ပါ့) သိတော့ အသိရင့်ကျက်လာလို့ ရှိရင်ဖြင့် ဒါ သောတာပန် တည်သွားတာပဲ (မှန်ပါ့) သောတာပန်တည်ဆိုတာ သည် အသိရင့်ကျက်လာတာကိုဆိုတာ (မှန်ပါ့) တကယ်သဘောကျကြပလား (ကျပါတယ် ဘုရား)။

အသိစင်ကြယ်သွားလို့ရှိရင် သောပန်တည်တယ်

ဒါဖြင့် ယနေ့ တရားမှာ ဘာဟောပါလိမ့်မတုံးလို့ မေးတဲ့အခါကျတော့ ဒီသိလုံးကို ရှေ့ထားပြီးသိလို့ အသိ စင်ကြယ်သွားလို့ရှိရင် သောတာပန်တည်ပါတယ် (မှန်ပါ့)။

ကိုစောမောင် အသိစင်ကြယ်သွားရင် (သောတာပန် တည်ပါတယ် ဘုရား)။

အသိစင်ကြယ်သွားတယ်ဆိုတော့ ဖြစ်တိုင်းဖြစ်တိုင်း စိတ်ကလေးတွေပေါ်တိုင်းပေါ်တိုင်း ကိုယ်ကသိ-သိပြီး ပျက်တာကလေးတွေ ပျက်တာကလေးတွေ သိသိ သိသိနေတော့ ကြာတော့ ဒီစိတ်တွေ မလာဘဲနဲ့ ကိုစောမောင် နိဗ္ဗာန် ပေါ်လာမှာပဲ (မှန်ပါ့) အသိစင်ကြယ်သွားပြီ (မှန်ပါ့)

အရင်တော့ ဖြစ်ပျက်ဒုက္ခကို သူ-လှည့်နေတယ် (မှန်ပါ့) နောက်ကျတော့ လှည့်သေးရဲ့လား (မလှည့်ပါ ဘုရား) ဖြစ်ပျက်မရှိတဲ့ဘက် သူလှည့်သွားတယ် (လှည့်သွား ပါတယ် ဘုရား) လှည့်သွားတော့ သောတာပန် တည်ပစ် လိုက်တယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။

အသိကမကုန်သေးတော့ဆုံးအောင်လိုက်

သောတာပန်တည်တာသည် နှစ်မျိုးတည်းရှိတယ်၊ ပထမဖြစ်ပျက်ဘက်လှည့်နိုင်အောင် ပဋိစ္စသမုပ္ပါဒ်ကို ခင်ဗျားတို့က အင်း အခုကြားစိတ်ကလေး ပျက်သွားပြီ လို့ နောက်ကသိလိုက်တော့ ဟို ဗရမ်းပတာဘေးက စောစော ကြီးက လွတ်နေပြီ (မှန်ပါ့) သို့သော်လည်း အသိက မကုန်သေးတော့ အသိဆုံးအောင် လိုက်ရမယ် (မှန်ပါ့)။

ဖြစ်ပျက်ဆုံးအောင် (လိုက်ရပါမယ် ဘုရား) လိုက်လိုက်တဲ့အခါကျတော့ ဖြစ်ပျက် ဆုံးသွားပြီဘုရား တပည့်တော်ဖြင့် ဆုံးသွားအောင်လိုက် လိုက်တဲ့အခါကျတော့ ဆုံးတာပေါ့ဗျာ ဆုံးတော့ နိဗ္ဗာန်မတွေ့ဘူးလား (တွေ့ပါတယ် ဘုရား) ဆုံးရာဟာ နိဗ္ဗာန်ပဲ၊ ဝင်းဝင်းလား၊ ဝါဝါလား၊ မြို့လား လို့ အောက်မေ့မနေနဲ့ (မှန်ပါ့)။

ဆုံးသွားတာ ဘာခေါ်ကြမယ် (နိဗ္ဗာန်ပါ ဘုရား)။

အဲဒီနိဗ္ဗာန်လည်း ခုနင်က ဖြတ်တဲ့တရားကပဲ သိတဲ့ တရားကပဲ မြင်လိုက်တာ (မှန်ပါ့)။

ဗရမ်းပတာဘေးလုံးလုံးလွတ်ပြီ

အဲဒီမြင်လိုက်သည်နဲ့ တစ်ပြိုင်နက်တည်း ခင်ဗျားတို့ ဗရမ်းပတာဘေး လုံးလုံးလွတ်ပြီ (မှန်ပါ့)။

ဖြစ်ပျက်ရှုနေတုန်းကလည်း လွတ်နေပြီ (မှန်ပါ့) သို့သော် အမြစ်မပြတ်ဘူး ဖြစ်ပျက်အဆုံး မြင်လိုက် သည်နဲ့ တစ်ပြိုင်နက်တည်း မောင်နိုင် (အမြစ်ပြတ် သွားပါတယ် ဘုရား) ဗရမ်းပတာဘေး ဘယ့်နှယ်နေ သလဲ (လွတ်သွားပါတယ် ဘုရား)။

ကဲ ဒါဖြင့် ဗရမ်းပတာဘေးသင့်အောင်လည်း ကိုယ့်သန္တာန်ဖြစ်တဲ့ ပဋိစ္စသမုပ္ပါဒ်တန်းကပဲ (မှန်ပါ့) ဗရမ်းပတာဘေး လွတ်အောင်လည်း ကိုယ့်သန္တာန်မှာဖြစ်တဲ့ ပဋိစ္စသမုပ္ပါဒ်ကို ကိုယ့်ဉာဏ်နဲ့ အသိလိုက်တာပဲဆိုတော့ အင်မတန် ရှင်းသွားပြီ (ရှင်းပါပြီ) သဘောကျပလား (ကျပါပြီ ဘုရား)။

အဲဒါ ဘုန်းကြီးက ဒီတရားကို ဟောရတာက ဒကာ ဒကာမတွေ ဒီအသိကလေးက ရှေ့ထားပြီးတော့မှ ခင်ဗျားတို့ သားရေး၊ သမီးရေး၊ စီးပွားရေး လုပ်လိုက်တော့ ဒါကို သိဖို့ ရာလည်း ကိုစောမောင် အခုဆရာနည်းပေးထားတော့ သိပြီ (မှန်ပါ့)။

ဥပမာ ပြောလိုက်ပါတယ် ဒကာဒကာမတို့ ဟိုက နေပြီး သကာလ ရေနံမီးမွှေး နေတယ် ဆိုပါတော့၊ နှာခေါင်းထဲ နံတယ်ဆိုတော့ နံစိတ်ပေါ်လာပြီ၊ နံစိတ်ပေါ်တယ်လို့ ခင်ဗျား တို့က အင်း နံစိတ်ကလေးဟာလည်း နှာခေါင်းထဲပေါ်ပြီလို့ ဟုတ်လား သိပေးလိုက်တာပေါ့ (မှန်ပါ့) သိပေးလိုက်

တော့ အဖြစ်တင် သိတာလား ကိုစောမောင် အပျက်ပါလား (အပျက်ပါသိတာပါ ဘုရား) ဘာဖြစ်လို့တုံး၊ နှစ်စိတ်မှ မပြိုင်ကောင်းပဲ (မှန်ပါ့) အဲဒီတော့ ပျက်ပြီးမှ ဟိုက အသိပေါ် တာ (မှန်ပါ့) သဘော ကျပလား (ကျပါပြီ ဘုရား)။

အဲဒီတော့ နံလိုက်တာ၊ ဘယ်သူ ဘယ်ဝါ့ သားသမီး က လူမမာရှိမှန်းမသိဘဲနဲ့ လုပ်နေတာဆိုတာ လာသေးရဲ့ လား (မလာပါ ဘုရား) ဒါဖြင့် ပြတ်သွားပြီ (မှန်ပါ့)။

နို့မဟုတ်ရင် နှာခေါင်ပေါက်ကနေပြီး သူ-ဒေါသတွေ သောကတွေနဲ့ မတန်းပေဘူးလား (တန်းပါတယ် ဘုရား)။

ငါသေရင် အပါယ်သွားဦးမှာလား

အဲဒီတော့ ငါသေရင် အပါယ်သွားဦးမှာလားဆိုတဲ့ ဥစ္စာတန်းရင် သွားမယ် (သွားပါမယ် ဘုရား) ပြတ်ရင် (မသွား ပါ ဘုရား)။

အဲဒီတော့ ကဲ ကိုပေါ် ဘယ့်သူ့မေးမတုံး (ကိုယ့် ကိုယ်ကို မေးရပါမယ် ဘုရား) ကိုယ့်ကိုယ်ကို ကိုယ့်ပဋိစ္စ သမုပ္ပါဒ် ကိုယ်ပြတ်မပြတ်မေး (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဲဒါ ဆရာဘုန်းကြီးက ဒါကို အကြီးအကျယ်သင် နေတယ်ဆိုတာ ဒကာဒကာမတွေက မှတ်စမ်းပါ (မှန်ပါ့)။

နို့မဟုတ်ရင် ခင်ဗျားတို့က ကျုပ်ကတော့ နားမလည် လို့ ပြောစမ်းပါဗျာ၊ ကျုပ်ဟာ ကောင်းရာသွားမှာလား၊ ကျုပ် ဟာ စိတ်ကောင်းကောင်းတော့ ထားပါတယ်၊ ကျုပ်သေလို့ ရှိရင် စိတ်ချရပါ့မလား၊ ကိုစောမောင်က ခေါင်းဖြူစွယ်ကျိုး တွေကို ရှေ့ကျကျနဲ့ စာအုပ်ကလေး ကိုင်နေတဲ့လူကို မေးချင် မေးလိမ့်မယ် (မှန်ပါ့) မေးရင် လွဲလိမ့်မယ် (မှန်ပါ့)။

ဦးဘရှင်း မေးရင် (လွဲပါတယ် ဘုရား) သူက ခင်ဗျားတို့ စိတ်စဉ်တန်းတာကို သူသိ မသိ (မသိပါ ဘုရား)။

နို့ မသိတဲ့လူ သွားမေးတာကိုး (မှန်ပါ့) မသိတဲ့လူ သွားမေးတော့ ရမ်းပြောလိုက်မှာပဲ၊ ရမ်းပြောပြီး သကာလ မောင်နိုင်က ထိတ်ချင်ထိတ်၊ လန့်ချင်လန့်ဆိုတော့ ဘယ့်နှယ် တုံးကွ အလကား ထိတ်ပြီး အလကားလန့်တာ (မှန်ပါ့)။

တစ်ခါ ဝမ်းမြောက်ပြန်ပြီတဲ့ မင်းတော့ ကိစ္စမရှိပါ ဘူးကွာလို့ ဟိုက ရမ်းပြောလိုက်ပြန်ပြီ၊ ကိုယ့်ပဋိစ္စသမုပ္ပါဒ်က တန်းနေတယ် ကိုစောမောင် (မှန်ပါ့)။ သူပြောတာနဲ့ ခင်ဗျားတို့က ဝမ်းမြောက် နေချင်လို့ရှိရင် ဝမ်းမြောက်မှား (မှားပါတယ် ဘုရား)။ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

ဒါဖြင့် ကိုယ့်ကိုယ်ကိုမေး (မှန်ပါ့) ပေါ်ကြ ပလား (ပေါ်ပါပြီ ဘုရား)။

ဘယ့်နှယ်တုံး (ကိုယ့်ကိုယ်ကို မေးရမှာပါ ဘုရား)။

အဲဒါ ဘယ်မှာ ဝတ္ထုလာသတုံးလို့ မေးတဲ့အခါ ကျတော့မှ သာတာပတ္တိမဂ္ဂ သံယုတ်မှာ လာတယ် (မှန်ပါ့) ကိုစောမောင် သေသေချာချာမှတ် (မှန်ပါ့)။

အုတ်တိုက်တွေပေါတဲ့ရွာ

သောတာပတ္တိမဂ္ဂသံယုတ်မှာ ဘယ်လိုလာသတုံး ဆိုတော့ ဘုရားက အုတ်တိုက်တွေပေါတဲ့ ရွာတစ်ရွာမှာ ဒေသ စာရီလှည့်သွားတယ် (မှန်ပါ့) တစ်ခါတည်း ဘုရားဖို့ လည်း ဟိုက အုတ်တိုက်ပဲ တည်ထားတယ် (မှန်ပါ့)။

အဲဒီပဲ သွားပြီးနေလိုက်တော့ ဘုရားက သုံးနှစ်မှ တစ်ကြိမ် လေးနှစ်တစ်ကြိမ်ဆိုသလို ဒီနယ်ရောက်တော့ ဟိုမှာ သေနှင့်တာတွေက မနည်းဘူး (မှန်ပါ့)။

ဒီအရင်ကလည်း ဘုရား ရောက်ပြီးပြီ၊ သို့သော် ဟိုလှည့် ဒီလှည့် လှည့်နေရတာနဲ့ မောင်နိုင် ရောက်နိုင်ပါ့ မလား (မရောက်နိုင်ပါ ဘုရား)။

မရောက်နိုင်ဘူး၊ ဟိုလှည့်ချွတ်ရ၊ ဒီလှည့်ချွတ်ရနဲ့ ဆိုတော့ ဘုရားဟာ ပျာပျာသလဲ လုပ်နေရတာပဲ၊ အသက် တမ်းတိုတော်မူတဲ့ ဘုရားကိုး (မှန်ပါ့)။

ဒါနဲ့ ရှင်အာနန္ဒာလည်း ပါသွားတော့ အဲဒီ အုတ်တိုက်တွေပေါတဲ့ ရွာက လျှောက်ကြတာပေါ့ ဟော ဘယ်သူဖြင့် သေပြီဘုရား ဆိုပြီး ရှင်အာနန္ဒာကို ဝိုင်းလျှောက်ကြတယ်၊ အရှင်ဘုရားတို့ အရင်တစ်ပတ် လာတုန်းက တွေ့ရတယ်ဘုရား အခုတော့ သေတာတွေ ဘယ်သူ ဘယ်သူ ဘုရား ဆိုပြီး နာမည်တွေနဲ့ပေါ့ဗျာ (မှန်ပါ့)။

ဒါနဲ့ ရှင်အာနန္ဒာကလည်း သူက သေစာရင်းယူပြီး ဘုရားဆီ သွားပြန်တယ် (မှန်ပါ့) ဘုရားဆီသွားတော့ အရှင်ဘုရားဘယ်သူဖြင့် သေပြီတဲ့ဘုရား၊ သူဘယ်များ လားပါလိမ့်၊ ဘယ်ဂတိလားပါလိမ့်တဲ့ (မှန်ပါ့) သို့သော် သာမညလူတွေတော့ မဟုတ်ဘူးပေါ့ ကိုစောမောင် (မှန်ပါ့)။

ဟာ သူကတော့ကွာတဲ့၊ သောတာပန်တည် သွားတော့ အခု စတုမဟာရာဇ် နတ်ပြည်မှာပဲ ဖြစ်နေတယ် ကွ၊ နောက်တစ်ခါဆက်မေးပြန်တယ်၊ ကြာတော့ မဖြေနိုင် ဘူးပေါ့ ကိုစောမောင် အသေကများနေပေါ့ (မှန်ပါ့) သူတော့ အပါယ်သွားတယ်ကွ၊ သူတော့ ဗြဟ္မာပြည် သွားပြီပေါ့ အနာဂါမ်တည်သွားလို့၊ ဒီလိုဖြေရတာတွေက ဦးဘရှင်း အားပါ့မလား (မအားပါ ဘုရား)။

မအားတော့ ညီတော် အာနန္ဒာ မင်းက ငါ့ကို နှိပ်စက် တာပဲ၊ ဘယ်လူသေတိုင်း ငါ့လာ မေးတယ်၊ နည်းတဲ့လူတွေ လည်း မဟုတ်ဘူး၊ ဟိုမြို့ကျလည်း မင်း ဒါမေးလို့ပြီးမှာ မဟုတ်ဘူး၊ ဟိုမြို့ကျတော့လဲ သေနှင့်မှာတွေက နည်းသလာ ဗျ (မနည်းပါ ဘုရား) ဒေသစာရီလှည့်တာကိုး (မှန်ပါ့)။

အသေစိတ်ချရတာ ရှေ့ထားပါ

အဲဒီတော့ကွာ တဲ့၊ သူ့ဟာသူ ရှေ့ထားပြီး သကာလ အသေစိတ်ချရတာ ရှေ့ထားပြီး သကာလ အသေစိတ်မချရတာ နောက်မှ လုပ်တဲ့ ပုဂ္ဂိုလ်တွေကျတော့ ငါရှင်းပြပါမယ်တဲ့ သဘောပါ လား (ပါ, ပါတယ် ဘုရား)။

အသေစိတ်ချရတာ ရှေ့ထားပြီးတော့ အသေစိတ် မချရတာ နောက်ထားလုပ်တဲ့ ပုဂ္ဂိုလ်တွေ အတွက် ငါရှင်းပြမယ်တဲ့ ဆိုတော့ သူတို့ဟာသူတို့ သိတယ်ကွာ တဲ့ သူတို့ ပဋိစ္စသမုပ္ပါဒ် သူတို့ ဖြတ်နိုင်တယ် မဖြတ်နိုင်ဘူး ဆိုတာ သူတို့သိတယ်တဲ့ (မှန်ပါ့)။

အဲဒီတော့ သူတို့သိတော့ကိုတဲ့ မျှော် ငါအခုပဋိစ္စ သမုပ္ပါဒ်ဖြတ်လိုက်တယ်၊ ဥပမာမယ် ဝေဒနာကလေး ရှုလိုက် တယ်၊ တဏှာကနေ ပြတ်သွားတယ် ဆိုကြပါစို့။

မောင်နိုင် ဝေဒနာဖြစ်ပျက်ရှုလိုက်တော့ တဏှာက ‘ဝေဒနာ့ နောက်ကနေပြီး သကာလ မဂ်က မလိုက်ဘူးလား (လိုက်ပါတယ် ဘုရား) ဝိဇ္ဇာမဂ်ကလေ (လိုက်ပါတယ် ဘုရား) လိုက်တော့ တဏှာလာသေးရဲ့ လား (မလာပါ ဘုရား)။

အင်း တဏှာမလာတော့ တဏှာက ပြိတ္တာဘုံ သွားမည့်ဥစ္စာ သွားသေးရဲ့ လား (မသွားပါ ဘုရား)။

မသွားလို့ရှိရင် မဂ်ပဲ ပို့ရုံကျန်တော့တယ်၊ တဏှာက မရှိတော့ဘူး (မှန်ပါ့) တဏှာက မရှိတော့ မဂ်ကပို့ရုံရှိတော့ တယ်ဆိုတော့ မဂ်က အောက်မဂ်ဖြစ်လို့ရှိရင်လည်း အပါယ် လေးပါး မပို့ဘဲနဲ့ အပါယ်လေးပါး တံခါးကိုပိတ်ပြီး သကာလ သုဂတိ ပို့လိုက်ရုံပဲ (မှန်ပါ့)။

တဏှာက ပြိတ္တာဘုံပို့မယ်

ဒီတော့ ဒါခင်ဗျားတို့ပဲ စဉ်းစားကြည့်ပါ၊ တရားနာတဲ့ ဒကာဒကာမတွေပဲ စဉ်းစားကြည့်ပါ။ အင်း ဒီဥစ္စာ တဏှာကဖြင့်လည်း ပြိတ္တာဘုံပို့မယ် (မှန်ပါ့) မဂ်ကဖြင့်လည်း သုဂတိနိဗ္ဗာန်ပို့မယ် (မှန်ပါ့) ဘယ်သူက ပြောနေတာတုံး ဒီ ပဋိစ္စသမုပ္ပါဒ်က ပြောနေတာ (မှန်ပါ့)။

ဆက်တဲ့ ပဋိစ္စသမုပ္ပါဒ်က တဏှာနဲ့ ဆက်လိုက်လို့ ရှိရင် ကိုစောမောင် သူ ပြိတ္တာဘုံသွားမယ်လို့ တဏှာက ပြောနေတယ်။ မပြောဘူးလား (ပြောပါတယ် ဘုရား)။

အင်း တဏှာမလာတော့ဘူးဘုရား၊ တပည့် တော် ဝေဒနာဖြစ်ပျက် ရှုလိုက်လို့ ဝေဒနာနောက်က ဝိဇ္ဇာ မဂ်ပဲလာတယ်ဆိုတော့ မဂ်က ပို့မှာပေါ့ (မှန်ပါ့) ဘယ့် သူကပို့ရမှာတုံး (မဂ်ကပို့ရမှာပါ ဘုရား) ခြေလျင်သွား လို့ရရဲ့လား (မရပါ ဘုရား)။

မဂ်ကသုဂတိနှင့် နိဗ္ဗာန်ပို့မှာ

အဲဒါ မဂ်ကပို့တယ်ဆိုတော့ အောက်မဂ်တည်တယ် ဆိုရင်လည်း သုဂတိပို့မှာပဲ (မှန်ပါ့) အထက်မဂ်တည် ရင်လည်း နိဗ္ဗာန်ကျအောင် (ပို့မှာပါ ဘုရား) မပို့ပေဘူးလား (ပို့ပါတယ် ဘုရား)။

ဒါ သူများမေးရမှာလား ညီတော်အာနန္ဒာ ရ တဲ့သူ့ဟာသူ သိပြီးသားပဲဆိုတော့ ငါဘုရား မင်း မနှိပ်စက်ပါနဲ့ဆိုတာ မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။

ကဲ ဒါဖြင့် ဒကာဒကာမတို့ ကိုယ့်ဟာကိုယ်သာ မေးကြနော် (မှန်ပါ့) ကိုယ့်ဟာကိုယ် မေးတတ်အောင် လေးကိုလည်း ကိုစောမောင် အတော်သင်ပေးရတယ် (မှန်ပါ့)။

ကိုယ့်သန္တာန် ပဋိစ္စသမုပ္ပါဒ်အတန်းကိုမှ ကိုယ် မမြင် လို့ရှိရင်လည်း ဦးဘရှင်း ဘယ့်နှယ့်လုပ်မေးမှာတုံး (မမေးနိုင်ပါ ဘုရား)။

ဒီပဋိစ္စသမုပ္ပါဒ်တန်းလည်း ကိုယ့်စိတ်အစဉ်တွေ ကိုယ်သိထားတော့မှ ငါသေရင် အပါယ်သွားမှာ ဆိုတာလည်း မဖြတ်လို့ သူ့ဟာသူသိပြီ (မှန်ပါ့) ဖြတ်တဲ့ ပုဂ္ဂိုလ်က ငါဖြင့် မသွားတော့ဘူးဆိုတာကော (သိပါပြီ ဘုရား)။

အဲဒါက ခုလိုဆရာသမားနဲ့ ဝိပဿနာလုပ်ထားတဲ့ ပုဂ္ဂိုလ်မှ ဖြတ်တာကိုး (မှန်ပါ့)။

ဒီ့ပြင် ပုဂ္ဂိုလ်က ဒီအဖြစ်လာရဲ့လား (မလာပါ ဘုရား)။

အလွန့်အလွန်အရေးကြီးတယ်လို့မှတ်ပါ

ဒကာကြီးလှိုင် ခင်ဗျား ဒီဥစ္စာ မသေလို့ ကြားရတာ နော် (မှန်ပါ့) မသေလို့ကြားရတာ၊ ဒီဥစ္စာက တော်တော် အရေးကြီးရုံမကပါဘူး၊ အလွန့်အလွန် အရေးကြီးတယ်လို့ မှတ်ပါ၊ (မှန်ပါ့) သူများကို အမေးလွတ် အခုဖော်ပြောနေတာ (မှန်ပါ့) ဒကာဒကာမတွေ သူများ အမေးလွတ်ပလား (လွတ်ပါပြီ ဘုရား)။

မောင်နိုင် သူများမေးရင် မှားမနော် (မှားပါမယ် ဘုရား)၊ စာအုပ်သွားကြည့်ရင်ကော (မှားပါတယ် ဘုရား)။

တပည့်တော်ဟာ နိဗ္ဗာန်သွားမှာလား သုဂတိ နတ်ပြည်သွားမှာလား အပါယ်သွားမှာလား ကိုယ့်ဟာကိုယ် ဘာမှ မဆုံးဖြင့်နိုင်လို့ ကိုယ်ကလည်း ဘာမှအခုလို ကိုယ့်စိတ်စဉ်တန်းတာကို ကိုယ်က ဖြတ်တတ် တဲ့သဘော, ဆက်တဲ့သဘော ဒီသဘောကို မသိဘဲကိုးဗျ (မှန်ပါ့)။ မသိတော့ သူများချည့်သွား အားကိုးနေ တယ် (မှန်ပါ့)။

ဒကာဒကာမတွေ ဘယ်သူ့သွား အားကိုးသလဲ (သူများသွား အားကိုးပါတယ် ဘုရား)။

သူများအားကိုးလိုက်တော့ သူများက ခင်ဗျားတို့ သန္တာန်မှာ သိသလား (မသိပါ ဘုရား) စိတ်ကလေးတွေ ဖြစ်တာလေ ကိုစောမောင် စိတ်တွေ တန်းနေတာ တစ်ခုချုပ်ပြီး တစ်ခု ဖြစ်နေတာ သူသိရဲ့လား (မသိပါ ဘုရား)။

တဏှာ၊ ဥပါဒါန်၊ ကံကပို့တာ

မသိတော့ သူဘယ်လိုပြောလိုက်မယ်ထင်သတုံး၊ မင်းအနေအထိုင်ကတော့ ကောင်းသဟေ့ မင်းကလဲ ဥပုသ်သီတင်းကလေးနဲ့၊ ဟာ မင်းမပူနဲ့ကွာ မင်းတော့ သုဂတိသွားမှာပဲဆိုတော့ ဟိုမှာ ဥပုသ်သီတင်းနဲ့ပေမယ့် တဏှာ, ဥပါဒါန်, ကံကတန်းနေရင် ဘယ့်နှယ်လုပ်မလဲ (မှန်ပါ့)။

ကိုပေါ် (မပို့နိုင်ပါ ဘုရား) ဘယ်သူက ပို့မတုံး ဒီဥပုသ်သီတင်းက ဘာဆိုင်သတုံးဗျ ဝမ်းထဲတန်း တဲ့ တဏှာ, ဥပါဒါန်က ပို့ရမှာ (မှန်ပါ့) တဏှာ, ဥပါဒါန် ကံတို့က ပို့ရမှာမဟုတ်ဘူးလား (မှန်ပါ့)။

အဲဒီတော့ ဟိုလူပြောတာက မင်း ဥပုသ်စောင့်တာ က ဥပုသ်တွေ တယ်များတာပဲကွ၊ မင်းတော့ကွာ စိတ်ချ ပါ ကိုစောမောင်က ဒါပြုံးလိုက်လိမ့်မယ် (မှန်ပါ့) နောက်က ဒကာ ဒကာမတွေ ကကော (ပြုံးမှာပါ ဘုရား)။

ပြုံးလွဲကြီးပါကလား (မှန်ပါ့) ဘာဖြစ်လို့တုံး (တခြားစီပါ ဘုရား)။

တခြားစီပဲ၊ သူ မသိတဲ့လူက ပြောထားတာ ခင်ဗျား တို့က ရမ်းပြီး ယုံနေလို့ (မှန်ပါ့)။

ဘယ်လိုဆိုကြမလဲ (ရမ်းယုံလို့ပါ ဘုရား) ပြောတဲ့လူက ဘာတုံး (မသိတဲ့လူပါ ဘုရား) ခင်ဗျားတို့ စိတ်စဉ်တန်းတာ သူမြင်ရသလား (မမြင်ပါ ဘုရား)။

ဒါဖြင့် မမြင်ရတဲ့လူပြောတာ ခင်ဗျားတို့က လမ်းဆုံး နေမယ်ဆို အို သူတို့က သက်ကြီး အိုမလို့ ခင်ဗျားတို့က ကိုင်ပေါက်ချင်သေးသလား၊ သွားမပေါက်နဲ့၊ သက်ကြီးအိုမ ပေမယ့် ဘာမှမဆိုင်ဘူး (မှန်ပါ့)။

ခင်ဗျားတို့ စိတ်တန်းနေတဲ့အတိုင်းသာ မူမှန် (မှန်ပါ့) ခင်ဗျားတို့ စိတ်ပြတ်ရင်လည်း မူမှန် (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

အဲဒီတော့ ဘုရားက ညီတော်အာနန္ဒာ လူသေတိုင်း ငါ့ကို မေးနေမယ်ဆိုလို့ရှိရင် သူတို့ဟာ သူတို့သိပါတယ်ကွ တဲ့ (မှန်ပါ့) ကဲ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ဒကာဒကာမတို့ ဘာတဲ့ (သူတို့ဟာ သူတို့ သိပါတယ် ဘုရား)။

ကဲ အခုတရားနာနေကြတဲ့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ အများကြီးပါပဲ၊ ကဲ ကိုယ့်ဟာကိုယ် အခုသိပြီ အင်း မြင်တယ်၊ လိုချင်တယ်ဟုတ်လား (မှန်ပါ့) မြင်တာကို ရှုလိုက် လို့ရှိရင်လည်း လိုချင်တာ မလာပါဘူး (မလာပါ ဘုရား) လိုချင်တာ ရှုလိုက်လို့ ရှိရင်လည်း မောင်နိုင် ဥပါဒါန် လာသေးရဲ့လား (မလာပါ ဘုရား) စွဲလမ်းတာ ရှုလိုက်ပြန်ရင်ကော ကံလာသေးရဲ့ လား (မလာပါ ဘုရား)။

ဘာကိစ္စရှိသတုံး (မှန်ပါ့) ကံလာနေတယ်၊ ဥပမာမယ် ကိုစောမောင် သူသေမှ မသေသေးတော့ ဒီကံက အကျိုးပေးနိုင်ရဲ့လား (မပေးနိုင်ပါ ဘုရား)။

မပေးနိုင်ရင် ဒီကံကိုပဲ ဖြစ်ပျက်ရှုပေးလိုက် မဟုတ်တဲ့ ကံကို (မှန်ပါ့) မရဘူးလား (ရပါတယ် ဘုရား)။

အဲဒီတော့ ကံနောက်ကပြတ်သွားတော့လည်း ဇာတိ လာနိုင်သေးရဲ့ လား (မလာနိုင်ပါ ဘုရား) ဪ ဒါ ဘယ်သူက ပြောတာတုံး ကိုစောမောင်ရဲ့ (ပဋိစ္စသမုပ္ပါဒ် က ပြောတာပါ ဘုရား)။

ကိုယ်လုပ်တဲ့ ပဋိစ္စသမုပ္ပါဒ်ကို ကိုယ်ဖြတ်တဲ့ဉာဏ်က ပြောတာ (မှန်ပါ့) မဖြတ်ရင်လည်း ကိုယ့်ဟာကိုယ် သိတယ် (သိပါတယ် ဘုရား) ဖြတ်ရင်ကော (သိပါတယ် ဘုရား)။

ငါသေရင်ဘယ်သွားမှာတုံး

ဒါဖြင့် ငါသေရင် ဘယ်သွားမှာတုံး၊ ငါ့မှာ ကုသိုလ် တွေလည်း လုပ်ထားတာ မနည်းဘူး၊ အကုသိုလ်တွေလည်း လုပ်ထားတာ မနည်းဘူး၊ ဘယ်သွားမှာတုံးဆိုတဲ့ဥစ္စာ ဘာမှ မမေးနဲ့၊ ကိုယ်ဖြတ်ထားလို့ရှိရင်ဖြင့် ဖြတ်တဲ့ဉာဏ်ကိုသာ အားကိုး (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘာတုံး (ဖြတ်တဲ့ဉာဏ်အားကိုးရပါမယ် ဘုရား) ဖြတ်တဲ့ဉာဏ်အားကိုး (မှန်ပါ့)။ | ဒီဉာဏ်က ဖြတ်လိုက်တယ်ဆိုတော့ ဟိုဘက်ကို | ဗရမ်းပတာဘေး သင့်သေးရဲ့လား (မသင့်ပါ ဘုရား) ဗရမ်းပတာဘေး မသင့်ဘူးဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။

အဲဒီတော့ ဘယ်သူ-သူတော်ကောင်းတယ်ဆိုတာ ကိုယ့်ကိုယ်ကိုအသိဆုံး (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ)။

ပုတီးကိုင်ပေမဲ့ မဟုတ်သေးဘူး

ဘယ်သူ-သူတော်ကောင်း လုပ်နေတယ်၊ ပုတီးကြီး ကိုင်နေပေမယ့် မဟုတ်သေးဘူးနော် (မှန်ပါ့) ကိုစောမောင် တစ်တောင်လောက် ပုတီးကြီး လည်ပင်း စွပ်ပြီး သကာလ လမ်းလျှောက်ပြီး သွားနေပေမယ့်လည်း ဟုတ်ပလား (မဟုတ်သေးပါဘု ရား) ဝမ်းထဲက မနောဒွါရက ပဋိစ္စသမုပ္ပါဒ် တန်းနေရင် ဘယ့်နှယ်လုပ်ကြ မလဲ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား) ဒါဖြင့် သူက ဥပုသ်နေ့ ကျရင် စာဖတ်ပဟေ့-ကျုပ်တို့ ရှမ်းစာ ဖတ်သလိုပေါ့ဗျာ (မှန်ပါ့)။

အကဲခတ်ရင်လွဲမယ်

စာဖတ်နေတော့ သူ့အသံသူ သာယာနေလို့ရှိရင် အသံကြားလို့ သာယာတယ်၊ သာယာရင် စွဲလမ်းမယ်၊ စွဲလမ်း ရင် အားထုတ်မယ်ဆိုတဲ့ ဝစီကံတွေနဲ့ ကိုစောမောင် ဘယ့်နှယ်တုံး (မှန်ပါ့ တန်းပါတယ် ဘုရား) မတန်သေးဘူးလား (တန်းပါတယ် ဘုရား)။

ဒါဖြင့်ဒီလူတော့ အပါယ်မသွားဘူးလို့ ခင်ဗျားတို့က ဘေးကနေ အကဲခတ်မလား (မခတ်နိုင်ပါ ဘုရား)။

ဦးဘရှင်း အကဲခတ်ရင် လွဲမယ် (မှန်ပါ့) မလွဲ ပေဘူးလား (လွဲပါတယ် ဘုရား)။

အဲဒီတော့ ကိုယ့်စိတ်စဉ်ဘယ်စိတ်လာလာ၊ နောက် က ဉာဏ်ကလေးနဲ့ ဖြတ်လိုက်လို့ရှိရင် ဒီစိတ်ဟာ ရှေ့တန်း နိုင်သေးရဲ့လား (မတန်းနိုင်ပါ ဘုရား)။

မတန်းနိုင်တော့ ဒကာဒကာမတို့ ဗရမ်းပတာ ဘေးလွတ်မလွတ် (လွတ်ပါတယ် ဘုရား)။

ဒါဖြင့် ဘယ့်သူ့မေးကြမတုံး (ကိုယ့် ပဋိစ္စ သမုပ္ပါဒ် ကိုယ် မေးရပါမယ် ဘုရား)။

ကိုယ့်ပဋိစ္စသမုပ္ပါဒ်ကို ငါ ဖြတ်မိသလား၊ မဖြတ်မိ ဘူးလား ဒါမေးရုံပဲ (မှန်ပါ့)။

မဖြတ်မိရင် ဗရမ်းပတာဘေးသင့်မှာပဲ

မောင်နိုင် မဖြတ်မိရင် ငါ ဗရမ်းပတာဘေး သင့်မှာ ပဲ (မှန်ပါ့) ဖြတ်မိရင် (ဗရမ်းပတာဘေး မသင့်ပါ ဘုရား)။

ဗရမ်းပတာဘေးလွတ်မယ်ဆိုတော့ သော် ဒါ ကိုယ့်ဟာကိုယ် ဆုံးဖြတ်ချက် ချရတာပါလား (မှန်ပါ့)။

ဒကာဒကာမတို့ ဘယ့်နှယ်ဆိုကြမယ် (ကိုယ့် ဟာကိုယ် ဆုံးဖြတ်ချက် ချရပါမယ် ဘုရား)။

အဲဒီတော့ ကိုယ့်ဟာကိုယ် ဆုံးဖြတ်ချက် ချနိုင်တာ ဟာ သောတာပန်မှဟေ့ (မှန်ပါ့)။

လာပြီ မောင်နိုင်၊ ကိုယ့်ဟာကိုယ် ဆုံးဖြတ်ချက် ချနိုင် တာ (သောတာပန်ပါ ဘုရား) သူက ဖြစ်ပျက်မြင်လို့ ဆုံးဖြတ်ချက်ချနိုင်တာကိုး (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ)။

ဖြစ်ပျက်မြင် ဖြစ်ပျက်ဆုံးတော့ သူ ဆုံးဖြတ်ချက် မချ နိုင်ဘူးလား (ချနိုင်ပါတယ် ဘုရား)။

ဟာ ဒါဖြင့် ခင်ဗျားတို့သည် အင်မတန် အဖိုး တန်တဲ့ ဒကာဒကာမတွေထဲ ပါဝင်သွားပါပြီ (မှန်ပါ့)။

နောက်တော့ တပည့်တော်တို့ ကိုယ့်သန္တာန် ပဋိစ္စ သမုပ္ပါဒ်နဲ့ အသက်ရှင်နေတာ ဖြစ်နေတော့ ပဋိစ္စသမုပ္ပါဒ် ဆိုတဲ့ စိတ်အစဉ်ပေါ်တိုင်း-ပေါ်တိုင်း နားခေါင်းပေါက်က ပေါ်တဲ့ ပဋိစ္စသမုပ္ပါဒ်ကော (ရှိပါတယ် ဘုရား) ဒါဖြင့် ပဋိစ္စသမုပ္ပါဒ် ခြောက်မျိုးပေါ့ မောင်နိုင်ရ (မှန်ပါ့)။

နားပေါက်ကပေါ်တာ (တစ်မျိုးပါ ဘုရား) မျက်လုံးပေါက်ကပေါ်တာ (တစ်မျိုးပါ ဘုရား) နှာခေါင်းပေါက်ကပေါ်တာ (တစ်မျိုးပါ ဘုရား) လျှာပေါက်က ပေါ်တာ (တစ်မျိုးပါ ဘုရား) ကိုယ်ပေါက်ကပေါ်တာ(တစ်မျိုးပါ ဘုရား) ဝမ်းထဲ မနောပေါက်ကပေါ်တာ (တစ်မျိုး ပါ ဘုရား)။

ဖြစ်ပျက်ရှုတာဖြတ်လိုက်တာ

အဲဒီခြောက်မျိုးကို ခင်ဗျားတို့က လာတိုင်းလာတိုင်း ဖြစ်ပျက်ရှုပြီး၊ ဖြစ်ပျက်ရှုဆိုတာ ဖြတ်လိုက်တာပဲ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဖြတ်လိုက်တော့ကို သူ့ပဋိစ္စသမုပ္ပါဒ်သည် ဗရမ်း ပတာဘေးဆီ သွားမလို့ လာတာကို ကျုပ်တို့က သွားခွင့် ကျခွင့် ပေးသေးသလား (မပေးပါ ဘုရား)။

အင်း ဘယ်သူက မပေးသတုံး (ပဋိစ္စ သမုပ္ပါဒ် ဖြတ်ချလိုက်လို့ပါ ဘုရား) ပဋိစ္စသမုပ္ပါဒ်ကို ကျုပ်တို့ ဝိဇ္ဇာနဲ့ ဖြတ်ချလိုက်တယ် (မှန်ပါ့) သိလုံးကလေးနဲ့ ဖြတ်ဖြတ် ဖြတ်ဖြတ်ပြီး ချလိုက်တော့ ဦးဘအုန်းကြီး သူများမေးစရာ လိုသေးသလား (မလိုတော့ပါ ဘုရား)။

ဟာ ဒီတစ်ခါတော့ ကျွံသွားပြီ၊ ဟုတ်လား (မှန်ပါ့) ကျွံသွားလည်း မကြောက်ပါနဲ့၊ ဒီတစ်ခါတော့ လွတ်သွားတယ်ဘုရား၊ မဖြတ်မိဘူး ဟုတ်လား၊ မကြောက် ပါနဲ့တဲ့ မောင်နိုင်နော် (မှန်ပါ့)။

လစ်ချင်လစ်ပါစေ၊ မလစ်ရင်သာကောင်းတယ်

ကိုယ် အသက်ရှင်နေသေးလို့ ရှိရင်ဖြင့် နောက် တစ်ခါ ပြန်ပွားပေါ့ (မှန်ပါ့) ပြန်ပွားတဲ့ အခါ ကျလို့ရှိရင် ဒီလိုပဲ လစ်တာတွေတော့ ဘယ်နည်းမတုံးဗျာ (မှန်ပါ့)။

လစ်ချင်လစ်ပစေ၊ မလစ်ရင်သာ ကောင်းတယ်။(မှန်ပါ့)။

သို့သော်လည်း တဲ့၊ ခင်ဗျားတို့ ပထမ ရှေးဦးစွာ တော့ဖြင့် မလစ်တဲ့အလုပ်ကို အရင် လုပ်ပစ်လိုက်လို့ရှိရင် နောက်မှလစ်တာ အရေးမကြီးဘူး (မှန်ပါ့)။

တစ်ခါ မဂ်စစ် ဆိုက်သွားတော့ ဖြတ်တဲ့မဂ်က အစစ် ဖြစ်သွားတဲ့အခါကျတော့ နောက်ဟာတွေ လစ်ချင်လစ် (မှန်ပါ့) ဝိသာခါတို့ လစ်တာပေါ့ဗျာ (မှန်ပါ့)။

ခုနစ်နှစ်က နေပြီး သကာလ သောတာပန် တည်တယ်၊ နောက် သူ့ခင်ပွန်းသည်နဲ့ အိမ်ထောင်ကျတော့ ကိုစောမောင် သားရေး၊ သမီးရေး၊ စီးပွားရေးတွေက မလစ်ပေဘူးလား (လစ်ပါတယ် ဘုရား)။

လစ်ပေမယ့်လည်း ဟိုဟာက ရှေးကျတဲ့အတွက် သူ ဗရမ်းပတာ ဘေးသင့်သေးရဲ့ လား (မသင့်ပါ ဘုရား)။

ဒါဖြင့် ရှေ့ နောက် ခွဲတာ ကိုစောမောင် မှားသလား၊ မှန်သလား (မမှားပါ ဘုရား)။

ရှေ့နောက်လွဲနေတယ်

အခု ခင်ဗျားတို့ဖြစ်နေတဲ့ ဥစ္စာက ရှေ့နောက် လွဲနေတယ်၊ (လွဲပါတယ် ဘုရား) ဦးဘရှင်းတို့ ဖြစ်စဉ်က (လွဲပါတယ် ဘုရား)။

ဘာဖြစ်လို့တုံး သားရေး၊ သမီးရေး၊ စီးပွားရေး ရှေ့ထားတယ်၊ ဟုတ်လား (မှန်ပါ့) အသေစိတ်ချတာ ကို (နောက်ထားပါတယ် ဘုရား)။

နောက်ထားနေတော့ကို လွဲနေတော့ အခုမှီတဲ့ ဒကာဒကာမတွေကျတော့ အခု အသက်ရှင်နေတာ ဟူသ၍တော့ မှီသေးတယ် မှတ်လိုက်ပါ (မှန်ပါ့)။

အသက်ရှင်နေတဲ့ ဒကာဒကာမတွေ (မှီပါတယ် ဘုရား) မှီသေးတယ်၊ ကိုယ့်ပဋိစ္စ သမုပ္ပါဒ် ဆိုတာ ခြောက်မျိုးပဲ ရှိတယ် (မှန်ပါ့)။

ပဋိစ္စသမုပ္ပါဒ် ဘယ်နှစ်မျိုး ရှိသလဲ (ခြောက်မျိုး ရှိပါတယ် ဘုရား)။

မျက်လုံးပေါက်ကလာတာ တစ်မျိုး (မှန်ပါ့) သဘောကျပလား (ကျပါပြီ) နားပေါက်က (တစ်မျိုးပါ ဘုရား) နှာခေါင်းပေါက်က (တစ်မျိုးပါ ဘုရား)။

အဲဒီ လာတိုင်းလာတိုင်း သူလာမယ်ဆိုရင်လည်း ဒီပြင်များများ မလာပါဘူး၊ မောင်နိုင်ရ မြင်တယ် ဟုတ်လား (မှန်ပါ့) အဲ မြင်လို့ရှိရင်ဖြင့် လှူချင်တယ်၊ တန်းချင် တယ်၊ ပေးချင်တယ်၊ ကမ်းချင်တယ်လည်း လာမှာပဲ (မှန်ပါ့)။

မြင်တော့ ဝယ်ချင်တယ်၊ ဝယ်ပြီး စွဲလမ်းတယ်၊ စွဲလမ်းပြီး လှူမည့်စေတနာ လာချင်လာတယ် (မှန်ပါ့)။

လာချင်လာ မလာချင်နေ၊ ဒီဥစ္စာ ခင်ဗျားတို့ ဒီမြင် စိတ်ကိုပဲ ဖြတ်ချင်ဖြတ်ချလိုက် (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။

ပြီးတော့မှ လိုချင်စိတ်ကကော (ဖြတ်ချရပါမယ် ဘုရား)။ ဖြတ်ချင်ဖြတ်၊ အင်း အင်း လှူတဲ့ စိတ်ကိုပဲ ဖြတ်ပျက်ရှုချင်ရှု (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား) ဟိုဘက်ဆက်သေးရဲ့ လား (မဆက်ပါ ဘုရား)။

မဆက်တော့ဘူးဆိုတော့ ငါသည်ကားလို့ဆိုရင်ဖြင့် သုဂတိဘေးတောင် သင့်သေးရဲ့ လား (မသင့်ပါ ဘုရား)။

သုဂတိလဲ သုဂတိဆိုင်ရာနဲ့တော့ ဒုက္ခသစ္စာလာမှာ မို့ ကိုစောမောင်ဘေးပေါ့ဗျ (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။

အဲဒါတောင် ကန့်ကွက်နိုင်ပါတယ်ဆိုတော့ မကုန် သေးဘူးလား (ကုန်ပါပြီ ဘုရား)။

ဒါဖြင့် ဒကာဒကာမတွေ ဒကာဒကာမတွေ သန္တာန် မှာ ပဋိစ္စသမုပ္ပါဒ် ဘယ်နှစ်မျိုးရှိသလဲ (ခြောက်မျိုးရှိပါတယ် ဘုရား) ပစ္စုပ္ပန်မှာ တွေ့ရမှာပေါ့ဗျာ (မှန်ပါ့) ဟို စာကြီး သွားကြည့်မနေနဲ့ (မှန်ပါ့) ကိုယ့်သန္တာန် ခြောက်မျိုးပေါ်တိုင်း ပေါ်တိုင်းသာ သိပေး (မှန်ပါ့)။

ဒကာကြီးလှိုင် ကိုယ့်သန္တာန် ဘယ်နှစ်မျိုး ပေါ်သလဲ (ခြောက်ပါ ဘုရား) ဒွါရ ခြောက်ပေါက် ကိုးဗျ (မှန်ပါ့) ခြောက်မျိုးပဲပေါ်မယ် ကိုစောမောင်၊ ဒီပြင်အပို ပေါ်နိုင်ပါ့မလား (မပေါ်နိုင်ပါ ဘုရား)။

မပေါ်နိုင်တော့ ပေါ်တဲ့စိတ်ကလေးတွေကို ရှေ့ဟာ မမိလိုက်ရင် နောက်ဟာမိအောင် လုပ်တာပေါ့ (မှန်ပါ့) နောက်ဟာ မမိလိုက်လို့ရှိရင် ဒီနောက်ဟာမိအောင် လုပ်တာ ပေါ့ (မှန်ပါ့) လုပ်လိုက်ပြန်လို့ရှိရင်လည်း ပြီးမသွား ဘူးလား (ပြီးသွားပါတယ် ဘုရား)။

ပြီးသွားတော့ကို သူ့ထုံးစံကတော့ဖြင့် ကုသိုလ်ကံဖြင့် လဲ “ကမ္မဘဝ ပစ္စယာ ဇာတိ” ဆိုပြီး သုဂတိ သွားဦးမှာပဲ နတ်ပြည်ကို (မှန်ပါ့)။

အကုသိုလ်ကံဖြင့်လဲ “ ကမ္မဘဝ ပစ္စယာ ဇာတိ”ဆို ပြီးအပါယ်လေးပါးလားဦးမှာပဲ (လားဦးမှာပါ ဘုရား)။

ဒုဂ္ဂတိတော့ဖြတ်ဖြစ်အောင်ဖြတ်ပါ

အဲဒီလားမှာတွေကို၊ သုဂတိသွားမှာတွေကို မဖြတ် ချင်နေ၊ ဒုဂ္ဂတိ သွားမှာတွေကျတော့ ဖြတ်ဖြစ်အောင် ဖြတ် လိုက်လို့ရှိရင် မရှင်းဘူးလား (ရှင်းသွားပါတယ် ဘုရား)။

သုဂတိသွားတာကို ဖြတ်ခိုင်းတာကတော့ နိဗ္ဗာန် အစစ်ကို မြန်မြန်ကြီးရအောင် (မှန်ပါ့) ဒုဂ္ဂတိသွားတာကို အဖြတ်ခိုင်းတာကတော့ အပါယ်လေးပါး တားချလိုက်တာ (မှန်ပါ့ တားချ လိုက်တာပါ ဘုရား) ရိပ်မိကြပလား (ရိပ်မိ ပါပြီ ဘုရား)။

ဒါဖြင့် နိဗ္ဗာန်လိုချင်တဲ့ ပုဂ္ဂိုလ်မှန်လို့ရှိရင် ဒုဂ္ဂတိသွား တဲ့ကံကိုလည်းဖြတ်ရမယ်၊ သုဂတိသွားတဲ့ကံကိုကော (ဖြတ်ရပါမယ် ဘုရား) ဖြတ်ရမှာပဲ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

သို့သော် ခင်ဗျားတို့ကို အကြီးအကျယ် အခုသတိပေး ချင်တာက ဒုဂ္ဂတိသွားမည့်ကံကို အရင်ဖြတ်ဖို့ အရေးကြီး တယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဘယ်ဟာ အရေးကြီးပါလိမ့် (ဒုဂ္ဂတိသွားမည့် ကံကိုအရင်ဖြတ်ရပါမယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတွေကို ယနေ့မှန်ကလေးပေး လိုက်ပါတယ် (မှန်ပါ့)။

ဘာပေးလိုက်သလဲ (မှန်ကလေးပေးလိုက်ပါတယ် ဘုရား)။ မှန်ပေးလိုက်တယ်တဲ့ မှန်ပေးလိုက်တော့ကို ကိုယ့်ဖြစ်စဉ်ကိုကိုယ်ကြည့်ပါ (မှန်ပါ့)။

ကိုယ့်ဖြစ်စဉ် ကိုယ့်ဉာဏ်နဲ့ကြည့်လိုက်တော့ ဟာ ဖြစ်စဉ်တွေက ဘယ်သူ ဘယ်သူပါလားဆိုတာ ပေါ် မလာဘူးလား (ပေါ်လာပါတယ် ဘုရား)။

ပေါ်လာတဲ့အခါကျတော့ ဟင် ခုနင်က ဖြစ် သွားတဲ့တရားကတော့ဖြင့် အပါယ်သွားမှာလား၊ နောက်ဖြစ် တဲ့တရားကတော့ဖြင့် ဖြစ်ပျက်တွေသိပြီး သကာလ နေတော့ နိဗ္ဗာန်သွားမှာပါလားဆိုတာ မသိဘူးလား (သိပါတယ် ဘုရား)။

အဲဒီတော့ ကိုယ့်ဟာကိုယ် သိပြီးသားပါ (မှန်ပါ့) သူများမေးရင် လွဲပါလိမ့်မယ် (လွဲပါတယ် ဘုရား) စာအုပ်ကြည့်ရင် (လွဲပါတယ် ဘုရား)။

စာအုပ်က လူများစုအတွက် ရေးထားတာ (မှန်ပါ့) ကိုယ်တစ်ယောက်အတွက်ကတော့ ကိုယ် အသိဆုံး (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ)။

ကိုယ့်တစ်ယောက်အတွက်ကတော့ (ကိုယ် အသိဆုံးပါ ဘုရား)။

ကိုယ်အသိဆုံးဆိုတော့ ဦးဘရှင်း ဒီနေ့တရားဟာ အတော်ကျေနပ်ဖို့ကောင်းပြီ (မှန်ပါ့)။

ဘာ့ကြောင့် ဒီနေ့တရားကို ဘုန်းကြီးဒီနေ့ စ,ဟောရ ပါလိမ့်မလဲလို့ ကိုစောမောင်က မေးတော့ ရှင်အာနန္ဒာက အုတ်တိုက်ပေါတဲ့ရွာကို သွားတယ်မဟုတ်လား (မှန်ပါ့)။

ဘယ်သူသေ ဘယ်သွားသတုံး၊ ဘယ်သူသေ ဘယ်ရောက်သတုံးဆိုပြီး မောင်နိုင်မေးလို့ ဘုရားကကွာတဲ့ ငါ့ကိုမညှဉ်းဆဲပါနဲ့တဲ့၊ သဘောပါပလား (ပါ, ပါပြီ)။

ငါ့မညှဉ်းဆဲပါနဲ့၊ သူတို့ဆရာကောင်းတပည့်မှန်လို့ရှိ ရင် သူတို့ ပဋိစ္စသမုပ္ပါဒ်ကို သူတို့ ဖြတ်တာ လည်း သိတယ်ကွာ၊ ဆက်တာလည်း သိတယ်၊ ပြတ်တာလည်း သိတယ် (မှန်ပါ့)။

ဆက်တာသိရင် သုဂတိလည်း သူ့ဟာသူ ဆုံးဖြတ် ချက်ချမှာပဲဟုတ်လား (မှန်ပါ့) အပါယ်ဆက်မိလို့ရှိရင်လဲ အပါယ်ရောက်လိမ့်မယ်လို့ သူဟာသူသိတယ်၊ သဘောကျ ပလား (ကျပါပြီ ဘုရား)။

ဖြတ်တဲ့ပုဂ္ဂိုလ်ဖြင့်လည်း သူ့ဟာသူ သုဂတိကို သွားလိမ့် မယ်၊ နိဗ္ဗာန်ကို သွားလိမ့်မယ်လို့ သူ့ဟာသူ သိပါ တယ်ကွာ တဲ့။ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)

သောတာပန်မျိုးစေ့

အဲဒီလို သိတာက ဘယ်လိုပုဂ္ဂိုလ်မှ သိသတုံးလို့ မေးတဲ့အခါကျတော့ သောတာပန် တည်ပြီးသား ပုဂ္ဂိုလ်မှ ပိုသိ တယ် (မှန်ပါ့) ခင်ဗျားတို့က အခု သောတာပန် မျိုးစေ့တွေမို့ လာတိုင်းသိအောင် လုပ်နေတယ် (မှန်ပါ့) ကြာတော့ အသိဆုံးရင် သောတာပန်အသိရောက်တာပဲ (မှန်ပါ့)။

သောတာပန်လည်း ဒီအစဉ်သိတာပဲ (မှန်ပါ့) ခင်ဗျားတို့ကော (ဒီအစဉ်ပဲ သိတာပါပဲ ဘုရား)။

အဲဒီအစဉ်သိတော့ ဒီအစဉ်သိတာ ဆုံးသွားတဲ့ တစ်နေ့ကျတော့ ဥပမာ သိလုံးကလေး တွေက ဖြစ်ပျက်, ဖြစ်ပျက်၊ ဖြစ်ပျက် ဖြစ်ပျက်ဆိုတဲ့ ဖြစ်ပျက်ကလေးတွေပဲ သိနေတာကိုးဗျ(မှန်ပါ့) အဲဒီ သိလုံးကလေးတွေ ဆုံးသွားတော့ ဘာခေါ်ကြမယ် (နိဗ္ဗာန်ပါ ဘုရား)။

နိဗ္ဗာန်ဆိုတော့ နောက်သိတဲ့အသိကျတော့ တကယ် မဂ်စစ်အသိ (မှန်ပါ့) အရင်သိနေတာကတော့ ဝိပဿနာမဂ်နဲ့သိနေတာ (မှန်ပါ့)။

သောတာပန်အသိ

နောက်ဆုံးပြီးမှသိတဲ့အသိကတော့ (မဂ်စစ်သိပါ ဘုရား) မဂ်စစ်နဲ့ သိတဲ့အသိ ဖြစ်နေတော့ အဲဒါကတော့ သောတာပန်အသိ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အရင်သိတာကတော့ အခု ဆရာပေးထားတဲ့ နည်းနဲ့ သိတာကတော့ သောတာပန်မျိုးစေ့အသိ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

စူဠသောတာပန် အသိ

ဒါဖြင့် အရင်ခုလို ရှုခိုင်းနေတဲ့အသိက စူဠသော တာပန်အသိ (မှန်ပါ့) ဟုတ်လား နောက် နိဗ္ဗာန် တည်းဟူသောအဆုံးကို မြင်ပြီးမှ သိတဲ့အသိကတော့ မဟာ သောတာပန် အသိ (မှန်ပါ့) ရှင်းကြပလား (ရှင်းပါ ရီ ဘုရား)။

အသိ ဘယ်နှစ်မျိုးဟောလိုက်ပါလိမ့် (နှစ်မျိုးဟောပါ တယ် ဘုရား)။

ကဲ အခုသိနေတာကတော့ တပည့်တော်တို့ စိတ်ကလေးဟာ ဘုရား ဖြစ်ပြီး ပျက်နေတာပဲလို့ သိနေ ပြီဆိုတော့ သူ့ ပဋိစ္စသမုပ္ပါဒ် သူဖြတ်နေတာ (မှန်ပါ့) ဒီအသိကတော့ စူဠသောတာပန်အသိ။

စူဠဆိုတာ အငယ်ပေါ့ဗျာ(မှန်ပါ့) ကိုစောမောင် တစ်ဘဝ အပါယ်မလားဘူး၊ ဒီအသိကလည်း သေးတာ၊ မဟုတ်ဘူး (မှန်ပါ့)။

သောတာပန် ဧကန်ဖြစ်မယ်

ဒီအသိနဲ့ သေသွားလို့ရှိရင် သုဂတိရောက်မယ်၊ သုဂတိရောက်ရင် မဟာသောတာပန် ဧကန်ဖြစ်ရမယ် (မှန်ပါ့)။

သူကလည်း ညံ့တာ မဟုတ်ဘူး။ သို့သော် ခင်ဗျား တို့က အကြွေးမထားပါနဲ့ ဟုတ်လား၊ အသိဆုံးအောင် လိုက် လိုက်ပါ (မှန်ပါ့) မကောင်းကြဘူးလား (ကောင်း ပါတယ် ဘုရား) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ကဲ ယနေ့ ဒီတွင် ကြဦးစို့။

သာဓု သာဓု သာဓု။

မာတိကာသို့