038

မာတိကာသို့

ဟိုဘဝဒီဘဝ၊ ဆုမတောင်းပါနဲ့ (အနာထပိဏ်သူဌေးကြီး)

မှတ်ချက်။ အသံတော်တရား ရှာမတွေ့သေးပါ။

ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး မိုးကုတ်မြို့၌

ဟောကြားသောတရားတော်

ဟိုဘဝဒီဘဝ၊ ဆုမတောင်းပါနဲ့

(အနာထပိဏ်သူဌေးကြီး)

(၄-၅-၆၂)

အနာထပိဏ်သူဌေးကြီး

အနာထပိဏ် သူဌေးကြီးဆိုတာ အားလုံးကြားဖူးကြ တယ်၊ ဘုရား၏ကျောင်းဒကာကြီးလို့ မှတ်ထားလိုက်တာပေါ့။ အဲဒီ ဘုရားကျောင်းဒကာကြီးဟာ တစ်နေ့ကို ကျောင်း တစ်ခေါက်, နှစ်ခေါက်, သုံးခေါက်သွားလေ့ရှိတယ်၊ သွားတဲ့အခါ မှာလည်း အလကားမသွားဘူး၊ မနက်သွားလို့ရှိရင် စောစောကြီး သွားလို့ရှိရင် ယာဂုတွေ ဘာတွေဆွဲသွားတယ်၊ ကိုရင်တွေ တွေ့ရင် ကိုရင်တွေ၊ မမာတဲ့ရဟန်းတွေတွေ့ရင် မမာတဲ့ ရဟန်းတွေ လှူဒါန်းရအောင်၊ နေ့လယ်သွားလို့ရှိရင်လည်း ပန်းတို့ ဖယောင်းတိုင်တို့ယူပြီး သွားလေ့ရှိတယ်၊ ညသွား မယ်ဆိုတော့ စတုမဓူတို့ သကာတို့ ပျားရည်တို့ ညမှာ ရဟန်းတော်များသုံးဆောင်ကောင်းတာတွေ ယူပြီးသကာလ သွားလေ့ ရှိတယ်။

ဒီလိုချည်းသွားနေတာ ဦးအောင်ဇံဝေ သုံးဆယ်နဲ့ရှစ်နှစ် လောက်သွားနေတယ်၊ နည်းတဲ့ အလှူအတန်း မဟုတ်ဘူးနော် (မှန်ပါ့)။

ဒါနကောင်းကြောင်းတရား

အဲဒီ အလှူအတန်းတွေ သူ နေ့တိုင်းလိုလိုပဲ လုပ်နေ တယ်။ နေ့တိုင်းလည်း သံဃာငါးရာ အိမ်မှာ ဆွမ်းကျွေးလို့ နေတာပဲ။

နေပင်နေငြားသော်လည်း ဘုရားနဲ့တွေ့ရင် သူ့ကို တရား ဟောတာပဲ၊ ဒကာကြီး ဒကာကြီးလှူတဲ့ ဒါနတွေဟာ ငါဘုရားလည်း လုပ်ခဲ့တာပဲ၊ ငါဘုရားလမ်းစဉ်ကို ဒကာကြီး လိုက်နေတာ ကောင်းတယ် ကောင်းတယ်၊ မောင်အောင်ချီ ဒါမျိုးတွေပဲ ဟောနေတယ် (မှန်ပါ့)။

ရှင်သာရိပုတ္တရာတို့၊ ရှင်မောဂ္ဂလာန်တို့ရဲ့ ကျောင်းကို ဝင်လိုက်ပြန်လည်း ဟာ ဒကာကြီးက ဒါနတွေ လုပ်နေတာ သိပ်ကျေးဇူးများတာပဲ၊ မောင်အောင်မြ,ရေ ဒါနကောင်းကြောင်းဟောပစ်လိုက်တယ် (မှန်ပါ့)။

မမာမကျန်းဖြစ်တယ်

ဒီလိုနဲ့ပဲ အချိန်တွေကုန်ပြီးသကာလ လာခဲ့တယ်၊ နောက်နှစ်ပေါင်းသုံးဆယ့်ရှစ်နှစ်ကျလာတော့ ဦးအောင်ဇံဝေ အနာထပိဏ်သူဌေးကြီး မမာဘူး၊ မမာတော့ သူ့စိတ်မှာလည်း အင်း ဒီဝေဒနာကတော့ဖြင့် ဒီတောင်က တက်နိုင်ပုံမရပါဘူးဆို ပြီး သူ့အခိုင်းအစေတစ်ယောက်ကို ခေါ်ပြီးတော့ ဘုရားဆီလွှတ် လိုက်ပါတယ်၊ ကွာ ဘုရားကိုလျှောက်ပါ၊ အနာထပိဏ် သူဌေးကြီးဖြင့်အတော်ပဲ မမာနေပြီလို့ လျှောက်ခဲ့ပါ၊ နောက် ရှင်သာရိပုတ္တရာတို့ အခန်းကိုလည်း ဝင်လိုက်ကွာ၊ ဝင်ပြီး သကာလ အနာထပိဏ်သူဌေးကြီးဖြင့် မမာဘူးဘုရာ့၊ အိမ်လည်းကြွပေးပါ၊ အဲဒါ ရှင်သာရိပုတ္တရာကိုတော့ အိမ်ကြွဖို့လျှောက်ခဲ့ပါဆိုပြီးသကာလ သင်ကြားလွှတ်လိုက်တော့ သွားတဲ့ပုဂ္ဂိုလ်က သွားတာပေါ့လေ၊ သွားတဲ့အခါကျတော့ ဘုရားဆီဝတ်ချပြီး ခုနင်က ပြောတဲ့အတိုင်း အနာထပိဏ် သူဌေးကြီးမမာကြောင်း လျှောက်ခဲ့တာပဲ၊ ရှင်သာရိပုတ္တရာရဲ့ အခန်းဝင်ပြီးတော့ အရှင်ဘုရားများဘုရား သူဌေးကြီးမမာလို့ အိမ်ကြွပေးပါဦးဆိုတော့ ရှင်သာရိပုတ္တရာက သင်္ကန်းကလေးဘာကလေးပြင်ဝတ်၊ ငါတစ်ယောက်တည်းသွားလို့တော့ မကောင်းပါဘူး၊ ညီတော် အာနန္ဒာကိုလည်း ခေါ်ဦးမှပဲဆိုပြီးညီတော်အာနန္ဒာနဲ့ ရှင်သာရိပုတ္တရာနဲ့နှစ်ပါး အနာထပိဏ် သူဌေးကြီးအိမ်ကို ကြွကြတယ်။

ရှင်သာရိပုတ္တရာကြွလာတယ်

ကြွကြတဲ့အခါကျတော့ “ဒကာကြီး ဘယ့်နှယ်နေ သတုံး” “ဝေဒနာ၊ ဝေဒနာဟာ ရှေ့သာ တိုးပါတယ်ဘုရား နောက်ဆုတ်တယ်လို့ မရှိပါဘူး၊ ခေါင်းကိုက်လိုက်တာလည်း လွန်လို့၊ ဝမ်းထဲက ပူလိုက်တာလည်းလွန်လို့” အမျိုးမျိုး ဥပမာ တွေနဲ့ သူပြောတယ်၊ ရှင်သာရိပုတ္တရာက အကဲခတ်တယ်၊ ဘယ်လိုအကဲခတ်သတုံး ဆိုတော့ ဒီဝေဒနာကဖြင့်သေမည့်ဝေဒနာပဲ၊ သေမည့်ဝေဒနာကို သိမြင် စကားတွေ အားမလျှောနဲ့ ဘာနဲ့ ပြောနေဖို့ရာလည်း ဒီအလုံးတွေဟာ အပိုပါပဲ၊ တရားကိုပြောတာ အကောင်းဆုံးပဲလို့ ဦးအောင်ဇံဝေဆုံးဖြတ်ချက်ချလိုက်တာ (မှန်ပါ့)။

ဘာပြောတာ အကောင်းဆုံးလဲ (တရားပြောတာ အကောင်းဆုံးပါ ဘုရား)၊ တရားပြောတာ အကောင်းဆုံးပဲလို့ဆုံးဖြတ်ချက်ချလိုက်တယ် (မှန်ပါ့)။

မြင်စိတ်ကိုမစွဲလို့ရှိရင်

ဒါနဲ့ ဒကာကြီး ကျုပ် တရားဟောမယ် နားထောင်စမ်း ပါဆိုတော့မှ ဦးအောင်ဇံဝေတို့၊ မောင်အောင်ချီတို့၊ ဦးကြည်တို့ ကို ဘုန်းကြီးသင်ထားတဲ့ တရားကို ဟောတယ် (မှန်ပါ့)။

ပါဠိတော်က ။ “န စက္ခုဝိညာဏံ ဥပါဒိ ယိ ဿာမိ၊ နစ မေ စက္ခုဝိညာဏနိဿိတံ ဝိညာဏံ ဘဝိဿတီတိ ဧဝံဟိ တေ ဂဟပတိ သိက္ခိတဗ္ဗံ”၊

ဒကာကြီးတဲ့၊ မြင်စိတ်ကို မစွဲလို့ရှိရင် မြင်စိတ် ကြောင့် နောက်ခန္ဓာ မလာပါဘူးတဲ့၊ နောက်မြင်စိတ်နဲ့ တွဲမည့် ခန္ဓာမလာဘူးတဲ့၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

မြင်စိတ်ကိုမစွဲရင် (နောက်ခန္ဓာ မလာပါ ဘုရား)။ နောက်ခန္ဓာမြင်စိတ်နဲ့ တွဲလာမည့်ခန္ဓာ လာသေးရဲ့လား (မလာပါ ဘုရား)။

ကြားစိတ်ကိုမခွဲရင်

ကြားစိတ်ကိုမစွဲလို့ရှိရင် ဒကာကြီး တဲ့၊ နောက် ကြားစိတ်နဲ့တကွ ဖြစ်မည့် ခန္ဓာမလာပါဘူးတဲ့ ဆိုတော့ စက္ခုဝိညာဏ်, သောတဝိညာဏ်ပြီးတော့ နံစိတ်ကိုဟောလိုက် တယ်၊ နံစိတ်ကို မစွဲလမ်းလို့ရှိရင်ဖြင့် နံစိတ်နဲ့ ပတ်သက်တဲ့ဝိညာဏ်နောက် မလာပါဘူး၊ စားစိတ်ကို မစွဲလမ်းလို့ရှိရင် စားတဲ့အခါ လျှာပေါ်မှာ စိတ်ကလေးပေါ်တယ်၊ အဲဒီစိတ် ကလေးကို မစွဲလမ်းလို့ရှိရင် စားစိတ်နဲ့ပတ်သက်တဲ့ နောက်ခန္ဓာ ဝိညာဏ်မလာပါဘူး၊ ယားစိတ်, ယံစိတ်, ကောင်းစိတ်တွေလည်း ဒါတွေကို မစွဲလမ်းလို့ရှိရင်လည်း နောက် ယားစိတ်, ယံစိတ်,ကောင်းစိတ်တွေနဲ့ ပတ်သက်တဲ့ ခန္ဓာမလာပါဘူး၊ ခန္ဓာချည်း မလာတာပေါ့လေ နော် (မှန်ပါ့)။

မနောစိတ်ကိုမခွဲရင်

မနောစိတ်တွေကို ဘယ်စိတ်မဆို မစွဲလမ်းလို့ရှိရင်လည်း မနောစိတ်ဆိုတော့ လောဘ, ဒေါသ, မောဟ, အလောဘ, အဒေါသ, အမောဟတွေပေါ့နော် အဲဒါတွေ မစွဲလို့ရှိရင် လည်း ဒကာကြီး တဲ့၊ နောက်မနောဝိညာဏ်တွေနဲ့ ပတ်သက်တဲ့ခန္ဓာ မလာပါဘူးတဲ့ ဒါ အလုပ်တရားကို ဟောနေတာ (မှန်ပါ့)။

အဲဒီတော့ ဒီဒကာ ဒကာမတွေ အလုပ်လုပ်ဖို့ကို ဘုန်းကြီးက အကျယ်တဝင့်ပြောရလိမ့်မယ်၊ ဥပမာမယ်-မြင်စိတ် ကလေးပေါ်တယ်ဆိုရင် မြင်စိတ်မစွဲဘဲနဲ့ မြင်ရတာ ကောင်း တယ်၊ မမြင်ရရင် ကျုပ်က မကျေနပ်ဘူး၊ ရှုပ်ရှုပ်ထွေးထွေး ကြည့်ရမှဖြင့် ဥပါဒါန်လာမယ်နော် (မှန်ပါ့)၊ ဟိုနား-ဒီနားစောင်းကြည့်ရင် ကာယကံပါမယ်၊ မပါပေဘူးလား (ပါ, ပါတယ် ဘုရား)၊ ဒါဖြင့် တဏှာ, ဥပါဒါန်, ကံက မလိုက်လာဘူးလား (လိုက်လာပါတယ် ဘုရား)။

ဒါဖြင့် တဏှာ, ဥပါဒါန်, ကံက လိုက်လာတော့ ကမ္မ ဘဝပစ္စယာ ဇာတိဆိုတဲ့ နောက်မြင်စိတ်နဲ့ တွဲလာတဲ့ ဇာတိ ခန္ဓာကြီးလာမလား မလာဘူးလား (လာပါတယ် ဘုရား)။ ဇာတိ ခန္ဓာလာရင် ဇရာ, မရဏ, သောက, ပရိဒေဝ ဆိုတာတွေ လွတ်ပါ့မလား (မလွတ်ပါ ဘုရား)။

မြင်စိတ်ကိုအနိစ္စရှုပါ

ဒါကြောင့် မစွဲနဲ့ဆိုတော့ သူကတော့ မစွဲနဲ့ ဟောတယ်၊ ဘုန်းကြီးတို့ကတော့ ဒီဒကာ ဒကာမတွေ နားမလည်မှာစိုးလို့ မစွဲနဲ့ဆိုတာ ဒီအတိုင်းနေဖို့မဟုတ်ဘူး၊ ဒီမြင်စိတ်ကလေးကို အနိစ္စရှုဖို့ပဲ (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

မြင်စိတ်ကလေး အနိစ္စရှုတော့ကို တဏှာ, ဥပါဒါန် ဆိုတဲ့ စွဲတာ လာသေးရဲ့ လား (မလာပါ ဘုရား)။

အဲဒီတော့ ဒီဒကာ ဒကာမတွေမှာ မြင်တယ်ဆိုလို့ ရှိရင် ပဲ တစ်ခါတည်းစိုက်နေတော့တာပဲ၊ စွဲစွဲလမ်းလမ်းကြည့်နေတော့ တာပဲ၊ ဒီနေရာက မမြင်ရင် ဟိုနေရာမှာ ထင်ထင်ရှားရှားမြင်တဲ့ နေရာ သွားတော့တာပဲဆိုတော့ ဒါ တဏှာ, ဥပါဒါန်, ကံ, လိုက်နေတာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဲဒီ တဏှာ, ဥပါဒါန်, ကံလိုက်နေတော့ကို ဇာတိ, ဇရာ, မရဏဟာ မောင်အောင်မြရေ လွတ်ပါ့မလား (မလွတ်ပါ ဘုရား)။

မြင်တယ်၊ လိုချင်တယ်၊ စွဲလမ်းတယ်

ဒါဖြင့် ကြည့်ရုံကလေးနဲ့ပဲလား ဇာတိ, ဇရာ, မရဏ ဖြစ်အောင် ဒီမြင်စိတ်ကလေးဟာ ကျေးဇူးပြုသလားလို့ မေးရင် ဘယ့်နှယ်ဖြေကြမလဲ (ကျေးဇူးပြုပါတယ်) ပြုတာပေါ့။

ဒီမြင်စိတ်ကို ကျုပ်တို့က ဖြစ်ပျက်မှ မရှုနိုင်တော့မြင်တယ်၊ လိုချင်တယ် မလာပေဘူးလား (လာပါတယ်)။ စွဲလမ်းတယ်ကော (လာပါတယ် ဘုရား)။

စွဲလမ်းပြီးသကာလ မမြင်, မြင်အောင် အားထုတ်ဦး မယ်ဆိုတဲ့ စေတနာကံတွေကော (လာပါတယ် ဘုရား)။ လာတော့ ကမ္မဘဝ ပစ္စယာ ဇာတိ, ဇရာ, မရဏတွေက ဘယ့်နှယ်နေပါ့မလဲ (လိုက်ပါမယ် ဘုရား)။

ဒါဘာဖြစ်လို့ ခင်ဗျားတို့ မြင်လျက်မတ္တနဲ့ မြင်မြင်ချင်း အပါယ်ရောက်တဲ့ ကံတွေ ကြိုးစားမိပါလိမ့်မလဲလို့ မေးတဲ့အခါ ကျလို့ရှိရင်ဖြင့် စွဲလမ်းလို့ပဲ၊ တဏှာနဲ့စွဲလမ်း၊ ဥပါဒါန်နဲ့ ပြင်းထန် စွာ စွဲလမ်း၊ သဘောကျပလား (ကျပါပြီ)၊ ကာယကံ ဝစီကံနဲ့ အားထုတ်၊ ဒါ ကမ္မဘဝခေါ် တာပဲ (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

မြင်တဲ့စိတ်ကို ဖြစ်ပျက်

ဒါဖြင့် ဒီမြင်စိတ်ကို ဦးအောင်ဇံဝေ၊ ဘုန်းကြီး ဘယ်လို သင်ထားသလဲ (ဖြစ်ပျက်ရှုရပါမယ်)၊ မြင်တယ်ဆိုရင် မြင်တဲ့ စိတ်ကို ဖြစ်ပျက်ရှု၊ ဖြစ်ပျက်ရှုသည်နဲ့ တစ်ပြိုင်နက်တည်း ခုနင် က မြင်တဲ့စိတ်နောက်က တဏှာလိုက်သလား၊ ဥပါဒါန် လိုက် သလား၊ ဉာဏ်လိုက်သလား (ဉာဏ်လိုက်ပါတယ် ဘုရား)။

ဝိပဿနာဉာဏ်လိုက်တော့ ကံဖြတ်ချလိုက်တယ်၊ တဏှာ, ဥပါဒါန်လဲဖြတ်၊ ကံကော (ဖြတ်ပါတယ်)၊ ကံ ဖြတ်လိုက်တော့ အကျိုးပေးလာပါဦးမလား (မလာပါ)၊ “ကမ္မံ ဝိပါကဿ” ဆိုတဲ့ ဝိပါက်အကျိုးပေးတွေ ဦးအောင်ဇံဝေလာပါဦးမလား (မလာပါ ဘုရား)။

အဲဒါကြောင့် ခင်ဗျားတို့ ဝိပဿနာအလုပ်ဟာ ခုနင်က တရားလည်း နာခဲ့ကြပါပြီ၊ ကံပြတ်အလုပ်ဆိုတာ ကျေနပ်ပလား (ကျေနပ်ပါပြီ)၊ ကံမပြတ်လို့ရှိရင် ဘုရားတောင် မဖြစ်ဘူးလို့ တစ်နေ့က ဟောခဲ့တယ် (မှန်ပါ့)။

ကံမပြတ်ရင် (မဖြစ်ပါ)၊ ဘုရားကို မဖြစ်ဘူး၊ ဝေဿန္တရာမင်းလှူတဲ့ ကံတွေဟာ နည်းသလား၊ ဒီကံတွေ မပြတ်ဘဲတော့ ဘုရားကို မဖြစ်နိုင်ဘူး၊ ကံပြတ်မှ အရိယာဖြစ် နိုင်တယ်လို့ မှတ်ထားကြ (မှန်ပါ့ ဘုရား)။

ကံပြတ်မှအရိယာဖြစ်နိုင်တယ်

ဘယ်လိုမှတ်ကြမယ် (ကံပြတ်မှ အရိယာဖြစ်နိုင်ပါ တယ်)၊ ဒါ့ကြောင့် ဝိပဿနာအလုပ်, မဂ်ဆိုက်အောင် လုပ်တဲ့ အလုပ်သည် ဒကာ ဒကာမတို့ ဒုက္ခသိမ်းတဲ့အလုပ်၊ ဘာကြောင့် တုံး၊ ကံက အကျိုးမပေးနိုင်တော့ဘူး (မှန်ပါ့)၊ သဘော ပါပလား (ပါ,ပါပြီ ဘုရား)။

မောင်အောင်ချီက နားမလည်တော့ ကံကို သိပ်အရေး ကြီးနေတာပဲ၊ ဒီကံကြောင့် ခက်နေတာ၊ မခက်ဘူးလား (ခက်ပါတယ် ဘုရား)။

ဒီကံက နတ်ပြည်အကျိုးပေးလိုက်ပြန်လည်း ဇာတိ, ဇရာ, မရဏက စ,တာပဲ (မှန်ပါ့)၊ ဗြဟ္မာပြည်ကို အကျိုးပေး လိုက်ပြန်ကော (ဇာတိ, ဇရာ, မရဏကစပါတယ်)၊ ဘာသစ္စာတွေချည်း လာနေသလဲ (ဒုက္ခသစ္စာတွေချည်း လာနေပါတယ်)၊ ဒုက္ခသစ္စာချည်းလာနေတာပဲ (မှန်ပါ့ ဘုရား)။

အဲဒါကြောင့် အနာထပိဏ် သူဌေးကြီးကို ရှင်သာရိပုတ္တရာက “နစက္ခုဝိညာဏံ ဥပါဒီ ယိဿာမိ” စက္ခုဝိညာဏ်ကို မစွဲလမ်းသည်ဖြစ်အံ့၊ “နစမေ စက္ခုဝိညာဏနိဿိတံ ဝိညာဏံ ဘဝိဿတိ” စက္ခုဝိညာဏ်ကိုမှီတဲ့ ပဋိသန္ဓေ ဝိညာဏ်မဖြစ်ဘူးတဲ့ ဒါဟောတာပဲ (မှန်ပါ) နောက်ပဋိသန္ဓေ မလာဘူးတဲ့၊ လာပါဦးမလား (မလာပါ)၊ မစွဲမှ မလာမှာ စွဲရင် (လာပါတယ် ဘုရား)။

စွဲရင် လာမှာပဲ၊ မြင်စိတ်ကလေးကို ငါ့ကိုယ်, ငါဟာ ထင်နေရင် မလာပေဘူးလား (လာပါတယ် ဘုရား)။

ငါမြင်တယ်ဆိုတဲ့ ဒိဋ္ဌိတွေပါနေမယ်။ ငါ့မျက်လုံးဆိုပြီး သိမ်းပိုက်မယ်၊ ဒါ-ငါပဲလို့ ထင်လိုက်မယ်ဆိုလို့ရှိရင် ဝိညာဏ်ကို ငါထင်တဲ့အတွက် ဒိဋ္ဌိက လာတယ်။

ဒါကြောင့် ငါ့ကိုယ်, ငါ့ဟာ, ငါ့ဥစ္စာအဖြစ်နဲ့ သိမ်းပိုက် လိုက်လို့ရှိရင် မောင်အောင်မြရေ သွားပြီ(မှန်ပါ့)၊ မသွား သေးဘူးလား (သွားပါပြီ ဘုရား)။

တရားစစ် တရားမှန်ကျတော့ကို ဒါ အမှန်ပြောရတယ် ဆိုတာ နောက်က ဒကာ ဒကာမတွေ သေသေချာချာမှတ်ပါ။

ဒါကြောင့် ခင်ဗျားတို့ မြင်စိတ်ကို ဖြစ်ပျက်ရှုပါလို့ ဖြစ်ပြီး ပျက်တဲ့ ဓမ္မပဲလို့ မြင်အောင်ရှုပါဆိုတော့ မောင်အောင်ချီတို့ မပြောထိုက်ဘူးလား (ပြောထိုက်ပါတယ် ဘုရား)။

သူ့ကို မရှုလိုက်မိတဲ့ အတွက်လည်း မြင်တယ်၊ လိုချင် တယ်၊ စွဲလမ်းတယ်၊ မရ ရအောင် အားထုတ်မယ်၊ မလာဘူးလား (လာပါတယ် ဘုရား)။

မြင်တယ်ဆိုတဲ့ဥစ္စာ မြင်စိတ်၊ လိုချင်တယ်ဆိုတာ မြင်လို့ လိုချင်တာ၊ လိုချင်တာက တဏှာ မဟုတ်ဘူးလား (မှန်ပါ့)၊

စွဲလမ်းတယ်ဆိုတော့ ဘယ့်နှယ်နေသလဲ (ဥပါဒါန်ပါ)၊ မရ ရအောင် အားထုတ်မယ်ဆိုတော့ (ကံပါ)၊ ကံဖြစ်သွားတော့ ကံ မြောက်သွားပြီ၊ ကမ္မဘဝ ပစ္စယာ (ဇာတိပါ ဘုရား)။ အဲ ဇာတိလာတယ်တဲ့၊ အဲဒါ သေမှလာမှာ၊ အခုမလာဘူး (မှန်ပါ့)၊ သို့သော်လည်း ကံတွေစုပြီးသားဖြစ်နေတယ်၊ မဖြစ်သေးဘူးလား (ဖြစ်ပါတယ် ဘုရား)။

နောက်က ဒကာ ဒကာမတွေ ရိပ်မိပလား (မှန်ပါ့ ဘုရား)၊ နောက်က ဒကာ ဒကာမတွေ ဒေါ်မြကြီးတို့ သေသေ ချာချာ မှတ်ကြနော် (မှန်ပါ့ ဘုရား)။

ဒါပေါ်တိုင်း ပေါ်တိုင်းဖြစ်ပျက်ရှု

ဒါဖြင့် မစွဲလမ်းရဘူးဆိုတာဟာ စာကတော့ မစွဲလမ်းရ ဘူးဆိုတာခင်ဗျားတို့ စာသွားကြည့်လို့သိမှာမဟုတ်ဘူး၊ မစွဲလမ်း ရဆိုတာ တခြားမဟုတ်ပါဘူးတဲ့၊ ဒါကလေးပေါ်တိုင်း ပေါ်တိုင်း “သမုဒယဓမ္မာနုပဿီ ဝါ ဝယဓမ္မာနုပဿီ ဝါ” ဆိုတဲ့ ဖြစ်မှုနဲ့ – ပျက်မှုရူပါ(မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဦးအောင်ချီတို့နောက်က တဏှာ၊ ဥပါဒါန်, ကံ ဘယ့်နှယ်နေသတုံး (ရှုရင်တော့ မလာပါ ဘုရား)၊ ရှုရင်တော့ မလာတော့ဘူး (မှန်ပါ)၊ မရှုရင်တော့ တန်းသွားမှာပဲ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဲဒါ အခုပြောတာကို သေသေချာချာမှတ်ပါ။ နောက်က ဒကာ ဒကာမတွေကလဲ ဪ ဒီအတန်းကြီးဟာက မရှုဘဲနေရင်တန်းမှာကတော့ မင်းတို့ ထုံးစံအတိုင်းတန်းသွား တာ၊ မယုံရင် ကျောက်ကလေးတစ်ပွင့်ကို ကြည့်ပါ။ သူ့မှာလဲ အစပ်လိုနေတယ်၊ မြင်ပြီ၊ အစပ်လိုတဲ့ ပုဂ္ဂိုလ်ကျတော့ လိုချင်ပြီ။ မလာပေဘူးလား (လာပါတယ် ဘုရား)၊ လိုချင်ရုံတွင် ရပ်သလား၊ စွဲလမ်းမှုပါသေးသလား (ပါပါတယ် ဘုရား)။

အစပ်ကလေး ပြည့်စေချင်တယ်ဆိုပြီး စွဲလမ်းတာလာ တယ်၊ မရ ရအောင်ဆစ်တော့မယ်၊ မရ ရအောင်ဆစ်တော့ ဝစီကံနဲ့ ဆစ်တယ်၊ မဟုတ်ဘူးလား (မှန်ပါ)၊ ဆစ်တော့ ဒါဘာဖြစ်သွားသတုံး ကမ္မဘဝဖြစ်သွားပါတယ်၊ ကံဖြစ်သွားပြီ။

မရ ရအောင် ဆစ်တော့ ဝစီကံ မပါသေးဘူးလား၊ စကားပြောလာတယ် (မှန်ပါ)၊ အဲဒါ ဘာဆိုကြမယ် (ကမ္မဘဝပါ)၊ ကမ္မဘဝကံပဲဆိုတာ ရိပ်မိပလား (မှန်ပါ)။

အဲဒီတော့ ကမ္မဘဝ လာလို့ရှိရင်ဖြင့် မောင်အောင်မြက ဇာတိကို ရှောင်ကွင်းချင်လို့ မရတော့ဘူး (မှန်ပါ)၊ ရပါ့ မလား (မရပါ ဘုရား)။

မစွဲလမ်းနဲ့ဆိုတာ ရှုပါလို့ပြောတာ

အဲဒါကြောင့် မြင်စိတ်ကလေး ပေါ်လာလည်း ဒကာကြီး မစွဲလမ်းပါနဲ့ ဆိုတာ ရှုပါလို့ပြောတာ၊ စာကတော့ ဒီလိုမလာဘူး၊ မစွဲလမ်းနဲ့ပဲလာတယ်၊ သို့သော် ရှုရမှာ၊ ရိပ်မိပလား (ရိပ်မိ ပါပြီ ဘုရား)။

ဒါဖြင့် ကြားစိတ်ကလေးပေါ်လာလဲ (ဖြစ်ပျက်ရှုရ ပါမယ် ဘုရား)၊ နံစိတ်ကလေး ပေါ်လာရင်ကော (ဖြစ်ပျက် ရှုရပါမယ်)၊ ဖြစ်ပျက်ရှုရပါမယ်၊ ဒါအလုပ်သင်နေတာနော် (မှန်ပါ့)။

စားစိတ်ကလေး လျှာပေါ်မှာ ပေါ်လာတယ် (ဖြစ်ပျက်ရှုပါမယ်)၊ ကိုယ်ပေါ်မှာ ယားစိတ်, ယံစိတ်၊ကောင်းစိတ်ပေါ်ရင်ကော (ဖြစ်ပျက်ရှုရပါမယ် ဘုရား)။

ဝမ်းထဲမှာ လိုချင်တဲ့စိတ် ပေါ်လာရင်ကော (ဖြစ်ပျက်ရှုရပါမယ်)၊ ဒေါသလေးပေါ်လာရင် (ဖြစ်ပျက်ရှု ရပါမယ်)၊ သံသယကလေးပေါ်လာရင် (ဖြစ်ပျက်ရှုပါမယ်)၊ သံသယဆိုတာ မောဟပဲ၊ စိတ်ကလေး ပျံ့လွင့်သွားရင်ကော (ဖြစ်ပျက်ရှုရပါမယ်)၊ ဖြစ်ပျက်ပဲရှုပေး။

အကုသိုလ်ကလေး ဒီနေရာမှာ ပြုချင်လိုက်တာလို့ ကြားပေါက်ကလေး အလုပ်လုပ်နေရင်း ပေါ်လာရင် ရှုသာပစ်၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဆွမ်းကလေးကျွေးချင်တယ်

ဆွမ်းကလေး ကျွေးချင်တယ် ကိုယ့်ဆရာသမားရောက် လို့၊ ဥပမာ လှညွှန့်တို့ပေါ်လာတယ်၊ ရှုပစ်၊ နောက်မှ ချက်၊ ဒီအချိန်မှာ ရှုနေ၊ သဘောကျပလား (ကျပါပြီ ဘုရား)။

နို့မဟုတ် ကုသိုလ် နောက်ကလိုက်ပြီးသကာလသူသည် ကားလို့ ဆိုလို့ရှိရင်ဖြင့် ဒို့ဆရာသမားပဲ၊ ကြုံတုန်းကို မပြုလိုက်ရ ဘယ့်နှယ်လုပ်မလဲဆိုတာတွေ လာကုန်ပြီ၊ ရှုပ်ကုန်ပြီ၊ မရှုပ်ဘူးလား (ရှုပ်ပါတယ် ဘုရား)။

တဏှာ, ဥပါဒါန်, ကံတွေ ဘယ့်နှယ်နေကြသလဲ (လိုက်လာပါတယ်)၊ လိုက်လာတယ်ဆိုတော့ သြော် ဒါဖြင့် ကုသိုလ်စိတ်လဲ ရှုရမယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ခင်ဗျားတို့က ကုသိုလ်စိတ်ကလေးဆိုပြီး မှိန်းမနေလိုက် ပါနဲ့၊ ဘာလုပ်ကြမယ် (ဖြစ်ပျက် ရှုရပါမယ်)၊ ရှုပစ်ရမယ်။

ဘာဖြစ်လို့ ရှုပစ်ရမလဲ၊ ကုသိုလ်စိတ်ကလေးပဲ ဘုရား အကောင်းပဲဆိုတော့ အို အလုပ် သမားတွေ အတွက်မှာတော့ သူ့ကို အကောင်းထဲ ထည့်လို့မရဘူး (မရပါ ဘုရား)။

ဒီကံက သူအကျိုးပေးပစ်လိုက်လို့ရှိရင်လဲ ကမ္မံ ဝိပါဿ ဆိုတဲ့ ဒုက္ခသစ္စာ လာဦးမှာပဲ (မှန်ပါ့)၊ မလာပေဘူးလား (လာပါတယ် ဘုရား)။

အဲဒီတော့ သူ့ကို ဘာလုပ်ပစ်ကြမယ် (ဖြစ်ပျက်ရှု ရပါမယ်)၊ ကုသိုလ်စိတ်လဲ ရှုပစ် (မှန်ပါ့ ဘုရား)၊ မဟုတ်ဘူးလား (မှန်ပါ့ ဘုရား)။

ဘယ်ကုသိုလ်တော့ မရှုရသတုံး မေးတဲ့အခါကျတော့မှ မဂ်ကုသိုလ်တော့ မရှူရဘူး၊ ဒီ ကာမာဝစရကုသိုလ်တော့ ရှုပစ်ရ မယ် (မှန်ပါ့)၊ ဘုရားကလဲ ဟောတယ်နော် (မှန်ပါ့ ဘုရား)။

ဘုရားက “ဝီတရာဂစိတ္တံ ဝီတရာဂစိတ္တန္တိ ပဇာနာတိ” ကုသိုလ်စိတ်လဲ ရှုပစ်တဲ့၊ ဒါ သေသေချာချာ ဟောတာပဲ (မှန်လှပါ ဘုရား)။

ရာဂကင်းတဲ့စိတ်

ဝီတရာဂစိတ်ဆိုတာ ရာဂကင်းတဲ့စိတ်ကွ တဲ့၊ ကုသိုလ်စိတ်တို့ဟာနော် (မှန်ပါ့)၊ ဒါတွေဟာ ဘာလုပ် ရမယ် (ရှုရပါမယ်)၊ ပဇာနတိ = သိအောင် လုပ်ရမယ်ကွ (ဝါ) ရှုရမယ်၊ “သမုဒယဓမ္မာနုပဿီဝါ ဝယဓမ္မာနုပဿီဝါ”။ ရှုရမယ်။

အဲဒီတော့ ရှေးတုန်းက မောင်အောင်ချီတို့ နားလည် ထားတာက ကုသိုလ်ဆိုတာပွားပေါ့၊ ဒါပဲ နားလည်တယ်၊ ကုသိုလ်ဆိုတာ ပွားရမယ်ကွတဲ့ (မှန်ပါ့)။

ဒါကို ပွားရမယ်ဆိုတာမဟုတ်ဘူး၊ မဂ်ကို ပွားရမယ်ဆို တာ (မှန်ပါ့)၊ ဟိုဟာက ပွားလိုက်ရင် စာဂါနုဿတိ သမထ ဘက်လှည့်သွားတယ်၊ ဒီဟာကို ဖြစ်ပျက်ရှုလိုက်ရင်ဖြင့် ဝိပဿနာဘက်လှည့်သွားတယ် (မှန်ပါ့)။

ဘယ်ဟာကအဖိုးတန်သတုံး

ဒါဖြင့် သမထနဲ့ ဝိပဿနာ ဘယ်ဟာက အဖိုးတန် သတုံး (ဝိပဿနာက အဖိုးတန်ပါတယ်၊ အဲဒီတော့ နင်တို့ကြားဖူးကြတာက နောက်က ဒကာဒကာမတွေကဟေ့ နင်တို့ ကုသိုလ်ကလေးမပျောက်စေနဲ့၊ ခဏ ခဏ ဒါကလေး မြင်တိုင်း မြင်တိုင်း ဝမ်းမြောက်နေဟ (မှန်ပါ့ ဘုရား)။

အင်း ပြောချင်တာက ပြောထားတာက (မှန်ပါ့)၊ သူက ဘာပြောတာတုံး မေးတော့မှ မင်းတို့ သေသေချာချာမှတ်ပါ၊ စာဂါနုဿတိ ပြောတာ (မှန်ပါ့)၊ စာဂါက စွန့်ကြဲတာ၊ အနုဿတိက အောက်မေ့တာ၊ စာဂါနုဿတိ ဟောထားတာ (မှန်ပါ့ ဘုရား)။

သမထလား ဝိပဿနာလား

အဲဒီတော့ နောက်က ဒကာဒကာမတွေက စာဂါနုဿ တိဟာ သမထလား ဝိပဿနာလား ခွဲလိုက် (သမထပါ)၊ သမထဖြင့် သွားရောပေါ့ကွ၊ နတ်ပြည်, ဗြဟ္မာပြည် သွားဦးမှာပေါ့။ မသွားပေဘူးလား (သွားပါတယ်)၊ သေသွားတော့ ဘာသစ္စာတွေဖြစ်မလဲ (ဒုက္ခသစ္စာတွေ ဖြစ်ပါမယ် ဘုရား)။

အဲဒါကြောင့် သူသိသလောက် သူပြောတာကို သူလဲမကဲ့ရဲ့ပါနဲ့ ပြောတဲ့ပုဂ္ဂိုလ်ကိုနော် (မှန်ပါ့)၊ သူ သမထလောက်နားလည်လို့ သမထ ပြောထားတာ (မှန်ပါ့)၊ တကယ်အထွတ်အထိပ်ရောက်ပလားလို့ မေးလို့ရှိရင် ဘယ့်နှယ် ဖြေကြမလဲ (မရောက်သေးပါ ဘုရား)။

အထွတ်အထိပ်တော့ မရောက်ဘူး၊ ကိလေသာ မပြတ်ဘူး (မှန်ပါ့)၊ ကိလေသာပြတ်ရင် ဗြဟ္မာအကျိုးပေး ဖို့ မလိုဘူး (မှန်ပါ့)၊ မဟုတ်ဘူးလား (မှန်ပါ့)၊ ဗြဟ္မာဘုံ ကို သစ္စာသိထားတဲ့ ပုဂ္ဂိုလ်ကလဲ ဗြဟ္မာအဖြစ်, ဖြစ်ချင် သေးရဲ့လား (မဖြစ်ချင်ပါ ဘုရား)၊ ဗြဟ္မာဟာ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။

ဒါဖြင့် ကိုယ့်မှာလဲ ဒုက္ခရှိလျက်နဲ့တော့ နောက်ဒုက္ခ သစ္စာကို တောင့်တနေဖို့ မလိုပါဘူး (မှန်ပါ့)၊ လိုသေးရဲ့လား (မလိုပါ ဘုရား)။

အဲဒါကြောင့် ကုသိုလ်စိတ်ကလေးဟာလဲ ခင်ဗျားတို့ ဘာလုပ်ကြမယ် (ဖြစ်ပျက်ရှုရပါမယ် ဘုရား)။

အေး ဘုရားကလဲ ဟောထားတယ်၊

“ဝီတရာဂ စိတ္တံ ဝီတရာဂစိတ္တန္တိ ပဇာနာတိ” ရာဂကင်းတဲ့ စိတ်ဆိုတာ ကုသိုလ်ဆိုတာပေါ့၊ အဲဒါလဲ ဖြစ်ပျက်ရှုမော့၊ ပဇာနာတိ လုပ်ဟေ့၊ မပါဘူးလား (ပါ, ပါတယ် ဘုရား)။

သာမညကုသိုလ်တွေတော့ ရှုသာပစ်ပါ

အဲဒါတွေကြောင့် ဒကာ ဒကာမတွေ အရင်းအချာတွေ မို့ ပြောနေတော့ မောင်အောင်ချီတို့ မင်းတို့ကလဲ ငါနဲ့ဝေးချင်လဲ ဝေးနေတော့ ဒီ သာမညကုသိုလ်တွေတော့ ရှုသာပစ်ပါ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

သာမညကုသိုလ်တွေတော့ (ရှုပစ်ရပါမယ် ဘုရား)၊ ရှုသာပစ်ပါ၊ မရှုလို့ရှိရင် မတော်ပါဘူးဆိုတာ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ကဲ ဒါဖြင့် ဒီကုသိုလ်ကို သာယာနေပြန်လို့ရှိရင် တဏှာက နောက်ကလိုက်တယ် (မှန်ပါ့)၊ မလိုက်ဘူးလား (လိုက်ပါတယ် ဘုရား)၊ တဏှာလိုက်ရင် (ဥပါဒါန်က လိုက်ပါမယ် ဘုရား)၊ ဥပါဒါန်လိုက်ရင် ကံလိုက်မယ်၊ ကမ္မဘဝ ပစ္စယာ ဇာတိကော (လိုက်ပါတယ် ဘုရား)။

လိုက်မယ်ဆိုတော့ ဒီနေ့ ဒီတစ်လုံးကို မှန်မှန်ကန်ကန် ကလေးသိလိုက်ရတယ်၊ အားလုံး ဒကာ ဒကာမတွေ အတော်ကျေးဇူးများတယ် (မှန်ပါ့)။

မင်းတို့က ပွားနေရမယ်လို့ နဂိုက သိကြတယ် မဟုတ် ဘူးလား (မှန်ပါ့)၊ ရှုပစ်ရမယ်လို့ ပြောရဲ့ လား (မပြောပါ)၊ အို ကုသိုလ်ဆိုတာ မြင်တိုင်း မြင်အောင် လုပ်ပေါ့၊ မြင်တိုင်း ကုသိုလ်တွေက အရင်လှူထားသလိုပဲ ရတာပဲ၊ ရတာကို ဆရာဘုန်းကြီးက မရဘူးလို့ မဟောပါဘူး၊ ရတယ် ကုသိုလ်ပဲရပြန်တယ် (မှန်ပါ့)။

အဖြူကံကို ဘုရားမကြိုက်ဘူး

ကုသိုလ်ရပြန်လို့ရှိရင် အကျိုးပေးတာ (ရပါတယ်)၊ အကျိုးပေးလို့ရှိရင် သူ့အကျိုးပေးတာ ကာမာဝစရကုသိုလ် ဖြစ်သောကြောင့် ခုနင်က အဖြူကံသွားဖြစ်နေတယ် (မှန်ပါ့)၊ အဖြူကံက အဖြူအကျိုးပေးလိုက်တော့ နတ်ရွာသုဂတိရောက်သွားတယ် (မှန်ပါ့)၊ ဘာသစ္စာတုံး (ဒုက္ခသစ္စာ ပါ ဘုရား)။

အဲဒီအဖြူကံဟာ ဘုရားမကြိုက်ဘူး (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့် ထွက်ရပ်လမ်းသမားတွေ ကျတော့ အဖြူကံလဲ မောင်အောင်ချီက ဘာလုပ် ပစ်ရမလဲ (ဖြစ်ပျက်ရှု ရပါမယ် ဘုရား)၊ ဖြစ်ပျက်ရှုပစ်၊ မရှုရင် တဏှာ, ဥပါဒါန်, ကံလိုက်ဦးမှာပဲ (မှန်ပါ့)၊ မလိုက်ပေဘူးလား (လိုက်ပါတယ် ဘုရား)။

လိုက်မှာပဲ၊ လှူတဲ့အခါလဲ လှူလိုက်တာပေါ့။ ဝိပဿနာ လုပ်တဲ့အခါကျတော့ သူ့ကို လက်ခံ မနေနဲ့၊ ပေါ်ရာရှုရမယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါလောက်နဲ့တင်းတိမ်မနေနဲ့

လှူတဲ့အခါလဲ လှူတာပေါ့။ မလှူမတန်းနဲ့လို့ ဒီလိုဟော တာ မဟုတ်ပါဘူး၊ ဒါလောက်နဲ့ တင်းတိမ်မနေနဲ့ (မှန်ပါ့ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)၊ ဒါလောက်နဲ့ တင်းတိမ်နေရင် ခင်ဗျားတို့ သွားလိမ့်မယ်၊ မသွားပေဘူးလား (သွားပါတယ် ဘုရား)။

အေး ဒါကိုတော့ ကုသိုလ်ပေမယ့်လဲ အင်း ဘုရားသခင် ကိုယ်တော်မြတ်ကြီးဟာ ကုသိုလ်, အကုသိုလ်စွန့် တယ်၊ ကုသလာကုသလံ ဇဟံ-ဆိုတာ ခင်ဗျားတို့ နမက္ကာရ ရမှာပေါ့။ မရဘူးလား (ရပါတယ် ဘုရား)။

ကုသိုလ် အကုသိုလ် စွန့်လို့ဘုရားဖြစ်လာတာ

“ကုသလာကုသလံ ဇဟံ” ဆိုတဲ့ အဓိပ္ပါယ်က ကုသိုလ်လဲ စွန့် အကုသိုလ်လဲစွန့်လို့ ဘုရားဖြစ်လာတာ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ကုသိုလ်က အကျိုးပေးနေလဲ နတ်ရွာသုဂတိ လှည့်ဦး မှာပဲ (မှန်ပါ့)၊ အကုသိုလ်က အကျိုးပေးနေလဲ အပါယ်လှည့်သွားဦးမှာပဲ၊ စွန့်လိုက်တော့လို့ မဂ်ဉာဏ်နဲ့ စွန့်ပစ် လိုက်တော့ အကျိုးပေးနိုင်သေးရဲ့ လား (မပေးနိုင်ပါ ဘုရား)၊ မပေးတော့ဘူး၊ နိဗ္ဗာန်ပဲ အကျိုးပေးတော့တယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ကုသိုလ်စိတ်ကလေးပေါ်လာလဲ ဘာလုပ်ကြ မယ် (ဖြစ်ပျက်ရှုရပါမယ် ဘုရား)။

ဒါဖြင့် နေရာကျပြီတဲ့။ ဒါက အလောဘကို ဟောပါ တယ်၊ တစ်ခါ အဒေါသဆိုတာ မေတ္တာနော် (မှန်ပါ့)။

အဒေါသဆိုတာ မေတ္တာ၊ အဒေါသလဲ ရှုရမယ်လို့ ဘုန်းကြီးသင်ထားတယ်မဟုတ်လား (မှန်ပါ့)၊ အဲဒါ မေတ္တာပဲ မှတ်လိုက်၊ အဒေါသဆိုတာ မေတ္တာပါပဲတဲ့၊ အဒေါသ ကို မြန်မာလိုပြန်လိုက်တော့ ခင်ဗျားတို့ နားလည်မှုနဲ့ ပြန်လိုက်တော့ မေတ္တာပဲ။

မေတ္တာစိတ်ပေါ်လာရင်

တရားအားထုတ်နေရင်း မေတ္တာစိတ်ကလေး ပေါ်လာ ရင်လဲ ဘာလုပ်ရမလဲ (ရှုရပါမယ် ဘုရား)၊ နို့မဟုတ်ရင် သမထသွားဖြစ်မယ် (မှန်ပါ့)၊ မဖြစ်ပေဘူးလား (ဖြစ်ပါတယ်)၊ သမထ သွားဖြစ်လို့ ရှိရင် ဗြဟ္မာ အကျိုးပေး ပစ်လိုက်မယ်၊ အကျိုးပေး ပစ်လိုက်လို့ရှိရင် ဘာသစ္စာရမလဲ (ဒုက္ခသစ္စာ ရပါမယ် ဘုရား)။

အဲဒါကြောင့် ဝိပဿနာကျလာလို့ရှိရင် ဟိုဟာတွေ ခြေကန်ရတယ် (မှန်ပါ့)၊ ဒါလောက်မှ ဝိပဿနာမှ မလုပ်တတ်တဲ့ ပုဂ္ဂိုလ်ကျတော့လဲ ကာမာဝစရကုသိုလ်လုပ်ဟေ့ ဟောရမှာပဲ မေတ္တာပို့ဟေ့၊ မဟောရပေဘူးလား (ဟောရမှာပါ ဘုရား)၊ ဘာဖြစ်လို့တုံးဆိုတော့ သူ့အရည် အချင်းက ဒါလောက်ပဲ ဉာဏ်မီတော့ ဒါလောက်နဲ့ဆွဲရတယ် (မှန်ပါ့)။

ဒုက္ခဖြစ်ကြောင်း၊ ဖြစ်ပျက်ရှု

အခု ခင်ဗျားတို့ အရည်အချင်းက ဒီအရည်အချင်း မဟုတ်ပါဘူး၊ ဒုက္ခသိမ်းတဲ့ နိဗ္ဗာန်ရောက်ချင်တယ်၊ ဒါဖြင့် ဒုက္ခဖြစ်ကြောင်းကို ဖြစ်ပျက်ရှုရမှာပဲ (မှန်ပါ့)၊ မရှုရပေ ဘူးလား (ရှုရမှာပါ ဘုရား)။

ဒါဖြင့် အလောဘလာလဲ ဘာလုပ်ရမလဲ (ဖြစ်ပျက်ရှုရပါမယ် ဘုရား)၊ အဒေါသမေတ္တာ လာရင်လဲ (ဖြစ်ပျက်ရှုရမှာပါပဲ ဘုရား)။

ဘုရားက ဟောရဲ့ လားလို့ မေးတဲ့အခါကျတော့ “ဝီတဒေါသစိတ္တံ ဝီတဒေါသစိတ္တန္တိ ပဇာနာတိ” ဒေါသကင်းတဲ့ စိတ်ကိုလဲ ရှုရမှာပဲတဲ့၊ ဒေါသကင်းတဲ့ စိတ်ဟာ ကုသိုလ်ပဲ၊ ဒေါသမှ မပါတော့ဘဲ၊ မေတ္တာပို့နေတာ ဒေါသပါသေးရဲ့ လား (မပါ, ပါ ဘုရား)၊ မပါရင် ရှုသာရှု၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

မေတ္တာပို့တာရှည်မနေနဲ့ဦး

အဲဒါ ဟို လှညွှန့်ကြီးတို့က မေတ္တာပို့များ ရှည်မနေနဲ့ ဦး၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)၊ ဘာလုပ်ရမတုံး ဝိပဿနာ ထက်သန်ရမယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဥပမာ-လမ်းမှာ ကလေးကလေး တစ်ယောက်က ငိုနေ တယ်။ အမေကလဲပစ်သွားတယ်၊ သူကလဲ ရှုက်ကြီးငင်ကြီးနဲ့ တက်လောက်အောင်ငိုနေတယ်၊ သနားလိုက်တာဆိုရင် သနား တဲ့စိတ် မြန်မြန်ရှု၊ ဟုတ်လား (မှန်ပါ့)။

မြန်မြန် မရှုလိုက်လို့ရှိရင် ဘာဖြစ်မတုံး ဆိုလို့ရှိရင် သူ့ အမေနှယ် ပစ်မှပစ်ရက်ပါပေတယ်၊ အင်း ကိုယ်ကလဲ မကျေနပ်တဲ့ ဒေါသထွက်လာတယ် (မှန်ပါ့)၊ ဒီအတိုင်း ပစ်ထားလို့ရှိရင် ဒီကလေး ကလေးဟာ သေခြင်းဆိုး သေတော့မှာပဲ၊ ဟော သောက, က ဖြစ်လာပြီ(မှန်ပါ့)၊ မလိုက်ဘူးလား (လိုက်ပါတယ် ဘုရား)။

ဒါဖြင့် ပထမသနားသလိုလိုနဲ့ နောက်ကျတော့ ဒေါသ, သောက, ပရိဒေဝတွေမလိုက်ဘူးလား (လိုက်ပါတယ် ဘုရား)၊ အဲ လိုက်တော့ အဝိဇ္ဇာပါ-မပါ(ပါ, ပါတယ် ဘုရား)၊ ဒါဖြင့် အဝိဇ္ဇာ ပစ္စယာ သင်္ခါရာ ပြန်လှည့်မှာပဲ။ မလှည့်ဘူးလား (လှည့်ပါတယ် ဘုရား)။

မိန်းမတွေလျှာရှည်တတ်တယ်

အဲဒါ နင်တို့မိန်းမတွေမှာ ဒီဟာ လျှာရှည်တတ်တယ် နော် (မှန်ပါ့)၊ မရှည်တတ်ဘူးလား (ရှည်ပါတယ် ဘုရား)။

ဒီလျှာရှည်ကို ဘာလုပ်မတုံး ဖြတ်ပစ်ရမယ် (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ခင်ဗျားတို့က မိန်းမကလဲ များများပဲ၊ လျှာကလဲ သိပ်ရှည် တယ်နော်၊ မရှည်ပါနဲ့ လျှာရှည် တာဟာ ပဋိစ္စသမုပ္ပါဒ် ရှည်ထွက် သွားတယ် (မှန်ပါ့)၊ လျှာရှည်တယ် ဆိုတာ အမြင်ပြောတာ၊ ဟို ဓမ္မတွေ ရှည်ထွက် သွားတော့ အများကြီး မသွားဘူးလား (သွားပါတယ် ဘုရား)။

ဓမ္မတွေရှည်ထွက်သွားတာ

ဒါဖြင့် လျှာရှည်တာလား အုန်းကြည်၊ ဓမ္မတွေ ရှည် ထွက်သွားတာလား (ဓမ္မတွေ ရှည်ထွက် သွားတာပါ ဘုရား)။ ပဋိစ္စသမုပ္ပါဒ်ရှည်သွားတာ (မှန်ပါ့)၊ ကောင်းသေးရဲ့ လား (မကောင်းပါ ဘုရား)။

ပဋိစ္စသမုပ္ပါဒ် တစ်ခုလုံးကလဲ ပေါ်သရွေ့ဟာ “ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ” ဒုက္ခသစ္စာ ချည်း ပေါ် သွားတာပဲ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒုက္ခသစ္စာချည်း ပေါ်သွားတာကို လျှာရှည်တတ် လို့ ရှိရင်ဖြင့် သြော် ဒုက္ခတန်း တာပဲ (မှန်ပါ့)၊ ပစ္စုပ္ပန် ဒုက္ခလဲ တန်းတာပဲ (မှန်ပါ့)၊ အနာဂတ်ဒုက္ခတော မလာပေ ဘူးလား (လာပါတယ် ဘုရား)။ ( ဒါဖြင့် လျှာရှည်တဲ့အပြစ်ဟာ သေးသေးပဲလား ကြီးကြီး ပဲလားဆိုတာ အကဲခတ်ကြ (ကြီးကြီး အပြစ်သင့်ပါတယ်)၊ ဒါဖြင့် လျှာမရှည်နဲ့(မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)၊ ဒါ ကြောင့် မိန်မတွေက လျှာရှည်ရင် ယောက်ျားတွေက အော်ထုတ်တာကော ရိပ်မိပလား (ရိပ်မိပါပြီ)၊ မင်းဟာ ရှည်ပဲ ရှည်လွန်းလှတယ်၊ ပြီးလဲ ပြီးရောပေါ့။

ဟိုမှာ ပဋိစ္စသမုပ္ပါဒ် ယောက်ျားကလဲ ဖြတ်တော့ ဖြတ်ပေးတာပဲ၊ သို့သော် ဒေါသနဲ့ ဖြတ်တယ်၊ ဉာဏ်နဲ့ ဖြတ်တာ မဟုတ်ဘူး၊ ဟိုကလဲ ရှည်မြဲ ရှည်နေတာပဲ၊ ဒယ်အိုး မရောက်ရင်ကို မရပ်ချင်ဘူး သူက (မှန်ပါ့)။

အပါယ်ဒယ်အိုး မရောက်ရင် ဘယ့်နှယ်တုံး (မရပ်ချင်ပါ ဘုရား)၊ မရပ်ချင်ဘူး။

ရှူစိတ်၊ ရှိုက်စိတ်တောင်ဖြစ်ပျက်ရှု

အဘွားကြီးတွေ နားလည်ရဲ့လား (လည်ပါတယ် ဘုရား)၊ ကဲ ဒါဖြင့် အခုပြောခဲ့တာတွေ ကုသိုလ်လာလည်း ရှုရုံပဲနော် (မှန်ပါ့ ဘုရား)၊ မေတ္တာလာလည်း (ရှုရုံပါပဲ ဘုရား)၊ ရှုရုံပဲ ယုတ်စွအဆုံး ဘုန်းကြီး သင်ထားတာက ရှူစိတ်၊ ရှိုက်စိတ်တောင် ဘာလုပ်ရမတုံး (ဖြစ်ပျက်ရှုရပါမယ် ဘုရား)။

ရှုရမယ်၊ ရှူစိတ်လာလည်း သူလာချင်လာတာလည်း လာချင်တာလာမှာပဲ၊ မောမော ပန်းပန်း ရှူရင် ဒေါသစိတ်နဲ့ ရှူချင် ရှူမယ် (မှန်ပါ့)၊ ငါဖြင့် ဟေ့ သက်ပြင်းကြီးချပြီး ရှူတဲ့ အခါကျတော့ စားတောင် မစားချင်ဘူး၊ အင်း ဒေါသနဲ့ရှူတာ (မှန်ပါ့ ဘုရား)။

တစ်ခါတလေကျတော့လည်း ရှူလို့ကောင်း ရှိုက်လို့ ကောင်းနဲ့ ကိုယ်မြိန်နေတဲ့ အခါကျတော့ လည်း လောဘနဲ့ ရှူနေတာ (မှန်ပါ့)၊ မဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား)။

အဲဒီတော့ သူတို့လဲ ပဋိစ္စသမုပ္ပါဒ် ဆက်မှာလား မဆက် တော့ဘူးလား (ဆက်မှာပါ)၊ ဆက်မှာ ဖြစ်တော့ ရှူစိတ်လဲ ဘာလုပ်ရမလဲ (ဖြစ်ပျက်ရှုရပါမယ်)၊ ရှိုက်စိတ်ကိုကော (ဖြစ်ပျက်ရှု ရပါမယ် ဘုရား)။

စိတ် (၁၂)မျိုးဖြစ်ပျက်ရှု

ဖြစ်ပျက်ရှုဆိုတော့ ရှူစိတ် ရှိုက်စိတ်ကို အမြဲရှု၊ ကျန်တဲ့ ခုနင်က ပြောခဲ့တဲ့မြင်စိတ်, ကြားစိတ်, နံစိတ်, စားစိတ်, ယားယံ, နာစိတ်, လောဘစိတ်, ဒေါသစိတ်, မောဟစိတ်, အလောဘစိတ်, အဒေါသစိတ် ဆိုတဲ့ အားလုံး ဆယ့်နှစ်မျိုး ပေါ့ဗျာ (မှန်ပါ့)။

ဆယ့်နှစ်မျိုး ရှိတဲ့ အနက်က နှစ်မျိုးကို အမြဲသာရှု၊ ကျန်တာကို ပေါ်မှရှု (မှန်ပါ့)၊ သူကတော့ အမြဲတမ်း သက်စောမို့(မှန်ပါ့)၊ “အဿာသပဿာသာ ကာယသင်္ခါရော” ကိုး၊ ဘုရားက ဟောတာ (မှန်ပါ့)၊ အဿာသ ပဿာသာ= ထွက်သက် ဝင်သက်တို့သည်၊ ကာယသင်္ခါရော = ကိုယ်ကို ပြုပြင် နေတာကွတဲ့ ဆိုတော့ သက်စောင့် သွားဖြစ်တယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

လူများသေတယ်-မသေတယ် ဂွမ်းကလေးထားကြည့်၊ ထွက်စိတ်ကလေး ရှိသေးသလား၊ ဝင်စိတ်ကလေး ရှိသေး သလားဆိုတာ ဒီကနေ လှမ်းသိတယ်၊ လေကနေပြီး သကာလ လေကို စိတ်က လုပ်ထားတာ (မှန်ပါ့)၊ လေကို စိတ်လုပ်တဲ့ အခါကျတော့ လေစမ်းတာလား၊ စိတ်စမ်းတာလား (စိတ်စမ်းတာပါ ဘုရား)။

လေကတော့ ခန္ဓာကိုယ်ထဲမှာရှိလျက်ပေါ့။ စိတ်မရှိလို့ ရှိရင်သေတာပဲ (မှန်ပါ့)၊ သဘောကျ ပလား (ကျပါပြီ ဘုရား)။

လေကတော့ သေမလို့ ရောင်ဖောလာတာ လေတွေ ပေါ့ဗျ(မှန်ပါ့)၊ စိတ်မရှိတော့ သေတာပဲ (မှန်ပါ့ ဘုရား)။

ဒါကြောင့် ထွက်လေ ဝင်လေ အားထုတ်တဲ့ စိတ်ကိုလဲ “အဿာသ ပဿာသာ ကာယ သင်္ခါရော” လို့ ဘုရားကဟော ထားသောကြောင့် ယမိုက်ကျမ်းမှာ (မှန်ပါ့)၊ ရှုရမှာပဲ (မှန်ပါ့ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ)၊ ကဲ ရှုတတ်ကြပလား (ရှုတတ်ပါပြီ ဘုရား)။

အမြဲတမ်း ရှုရမှာက နှစ်ခု

ဒါဖြင့် အမြဲတမ်း ရှုရမှာက နှစ်ခု၊ ယာယီရှုရမှာက ဆယ်ခုနော် (မှန်ပါ့)၊ မျက်စိ, နား, နှာခေါင်း, လျှာ, ကိုယ်၊လောဘ, ဒေါသ, မောဟ, အလောဘ, အဒေါသ, ဟော ဆယ်ခု၊ သဘောကျပလား (ကျပါပြီ)၊ ဒီဆယ်ခုက ပေါ်မှ ရှုပါ၊ အမြဲတမ်း ရှုရမှာက (နှစ်ခုပါ)၊ ပေါင်းလိုက်တော့ ဆယ့်နှစ်ခု (မှန်ပါ့)။

ဟို မုံရွာက ဒကာမကြီး ဒါကအလုပ်ပေးနေတာ၊ နားလည်ရဲ့လား (နားလည်ပါတယ်)၊ အေး ဒါအလုပ် – ပေးနေတာ (မှန်ပါ့)၊ သူက မုံရွာကတောင် လိုက်လာခဲ့ရတယ်၊ လွယ်တာ မဟုတ်ဘူးကွ (မှန်ပါ့ ဘုရား)။

ဟိုမှာတော့ တရားနာနေရတယ်၊ ဘုန်းကြီး ဟောတဲ့တိတ်ခွေကို၊ ဘုန်းကြီးကိုတော့ မတွေ့ဖူးဘူး သူ (မှန်ပါ့ ဘုရား)။

ကိုင်း ဒါဖြင့် ဒါကို ဘယ်သူတွေ ဟောပါသတုံးလို့ မေးတော့ အနာထပိဏ် သူဌေးကြီးကို ရှင်သာရိပုတ္တရာက ဟောနေတာ (မှန်ပါ့)၊ ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။

ဒါ မစွဲလမ်းလို့ရှိရင်ဖြင့် နောက်ခန္ဓာ မလာပါဘူးဆိုတာ ဖြစ်ပျက်ရှုတဲ့ ပုဂ္ဂိုလ် နောက်ခန္ဓာ မလာဘူးလို့ ပြောတာ (မှန်ပါ့ ဘုရား)။

ဒါတွင်မကဘူး ဒကာကြီး တဲ့၊ ရှေ့ကို ဆက်ဟော တယ်၊ ဦးအောင်ဇံဝေ ဒါ မနေ့က မပါဘူး၊ ဒီနေ့ ထည့်လိုက် တယ် (မှန်ပါ့ ဘုရား)။

ဟိုဘဝလည်းမစွဲလိုက်ပါနဲ့

ဟိုဘဝလည်း မကောင်းဘူး၊ ဟိုဘဝလည်း မစွဲလိုက်ပါနဲ့၊ ငါသေရင် နတ်ဖြစ်လိမ့်မယ်လို့ မစွဲလိုက်ပါနဲ့၊ ငါသေရင် ဗြဟ္မာ ဖြစ်လိမ့်မယ်လို့ နောက်ဘဝလည်း မစွဲလိုက်ပါနဲ့၊ စွဲလို့ရှိရင် စွဲတဲ့ နေရာမှာ ဒုက္ခ ရောက်ပါလိမ့်မယ် (မှန်ပါ့)၊ ကဲ သဘော ပါကြရဲ့လား (ပါ,ပါတယ် ဘုရား)။

ကျုပ်တော့ နောက်ဘဝ ကောင်းမှာပါ၊ အင်း ဘေး ကနေပြီး မီးရှို့ပေးတဲ့လူက တစ်ပုံကြီးပဲ မသိတော့ (မှန်ပါ့)။ နောက်ဘဝတော့ ကျုပ်ကောင်းစားမှာ။

ဒီကတော့ ဟိုဘဝတောင် မစွဲပါနဲ့၊ စွဲလို့ရှိရင် ဟိုဘဝ လာနေမှာစိုးလို့(မှန်ပါ့)၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဟို ဘဝ ဒီဘဝ တောင့် တကောင်း, မတောင့်တကောင်း စဉ်းစားကြည့်စမ်း (မတောင့်တ ကောင်းပါ ဘုရား)၊ မတောင့်တ ကောင်းကြောင်း အခုရှင်သာရိပုတ္တရာ ဟောနေပြီ (မှန်ပါ့)။

ဟိုဘ၀ ဒီဘ၀ မတောင့်တပါနဲ့

ဒကာကြီး ဟိုဘ၀ ဒီဘဝတောင် မတောင့်တနဲ့ မစွဲနဲ့၊ စွဲရင် သွားဖြစ်လိမ့်မယ်၊ ကဲ မောင်အောင်မြ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့်ကွာ ဆွမ်းတော်ပွဲ, ကွမ်းတော်ပွဲ, ဖယောင်းတိုင် မီးတွေနဲ့ ဟိုဘဝ, ဒီဘဝတွေများ စုန်ချည် ဆန်ချည်နဲ့များ လုပ်နေလိုက်တဲ့ ဥစ္စာ မြစ်ထဲမှာ စုန်ချည် ဆန်ချည် ဆိုရင် ကြည့်မကောင်း ပါဘူး (မှန်ပါ့)၊ ကောင်းကြရဲ့လား (မကောင်းပါ ဘုရား)၊ စုန်တဲ့လူ မောတာရှိတာပဲ၊ မဟုတ်ဘူးလား (မှန်ပါ့)၊ ဒိပြင် ဘာများရှိသေးသတုံး (မရှိပါ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့အထဲ စုန်ချည်ဆန်ချည်များ ပါသေး သလား (မပါ, ပါ)၊ စုန်ချည် ဆန်ချည် မပါတော့ဘူး (မှန်ပါ့)။

စုန်ချည်ဆန်ချည်ဆိုတာက အမောဆိုက်တာ၊ ပဋိသန္ဓေ စုတိ၊ စုတိပြီး ပဋိသန္ဓေလှည့်တယ်၊ ရှင်းပလား (ရှင်းပါပြီ)၊ စုတိကလဲ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။

စုတိကနေပြီး ဆန်သွားပြန်ပြီ ပဋိသန္ဓေနေပြန်တော့ ကော (ဒုက္ခသစ္စာပါ ဘုရား)၊ ပြန်ပြီး သကာလ စုန်ပြန်ပြီ စုတိဘက်ကို (ဒုက္ခသစ္စာပါ)၊ ဘယ်ဟာကြိုက်သတုံး (ဘယ်ဟာမှ မကြိုက်ပါ ဘုရား)။

စုန်ချည်၊ ဆန်ချည်တွေနဲ့ ခက်နေတယ်

ဒါဖြင့် မင်းတို့ ဘယ်သူကများ သင်ထားတာတုံး စုန်ချည် ဆန်ချည်တွေနဲ့ အတော်ခက်နေတာ လှညွန့်တို့များ ဟင် (မှန်ပါ့)၊ မခက်ဘူးလား (ခက်ပါတယ် ဘုရား)။

နောက်က ဒကာ ဒကာမတွေက စုန်ချည်ဆန်ချည် ကော ရှေးက တောင်းဖူး သေးသလား (တောင်းဖူးပါတယ်)။ မတောင်းနဲ့၊ တောင်းတာတွေလဲ အကုန် အခု ဝိပဿနာနဲ့ ဖျက်ချ (မှန်ပါ့ ဘုရား)။

ဒကာကြီး ဟိုဘဝလဲ မစွဲပါနဲ့၊ ဒီဘဝလဲ မစွဲပါနဲ့၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ဟိုဘဝ ဒီဘဝကို တောင့်တကောင်း မတောင့်တကောင်း ဝိပဿနာသမားများမှာ ပေါ်ပလား (ပေါ်ပါပြီ)၊ မသိတဲ့လူ တောင်းတာတော့ ဘုန်းကြီးတို့ အပြစ် မဆိုပါဘူး၊ သူက ဒါလောက် သိလို့ ကမ္မဿကတ ဉာဏ်လောက် သိလို့ကိုး၊ ဒါကတော့ ကံပြတ်ကိုးဗျ (မှန်ပါ့)။

ဦးအောင်ဇံဝေ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)၊ ဒါကဘာတုံး (ကံပြတ်ပါ ဘုရား)။

ဟိုဟာတွေကတော့ ကံကနေ အကျိုးပေးဆက်တာ၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

လက်ရှိဒုက္ခဝဋ်ကျွတ်ရပါလို၏

ဒါဖြင့် ဘာပဲလှူလှူ၊ ဘာပဲတန်းတန်း ဘာလုပ်ကြမတုံး လို့ မေးလို့ရှိရင်ဖြင့် တဲ့၊ လက်ရှိ ဒုက္ခဝဋ်မှ ကျွတ်ရပါလို၏ သာလုပ်ကြ (မှန်ပါ့)၊ လက်ရှိဒုက္ခဝဋ်မှ (ကျွတ်ရပါလို ၏ ဘုရား)။

ဒါဖြင့် ခန္ဓာဆုံး နိဗ္ဗာန်ကိုး (မှန်ပါ့)၊ ဘယ်ဘဝမှ မလိုချင်တဲ့ဥစ္စာ တဏှာကလဲ မဆုံးဘူးလား (ဆုံးပါတယ် ဘုရား)။

ဒါဖြင့် ခန္ဓာဆုံး နိဗ္ဗာန်၊ တဏှာဆုံး နိဗ္ဗာန် ဆိုတာတွေဟာ ဒီဆုတောင်းတွေ ရပ်စဲရမယ် (မှန်ပါ့)၊ တောင်းပါတဲ့ ဒုက္ခ ဝဋ်မှ ကျွတ်ရပါလို၏လို့ တောင်းလိုက်တာပေါ့၊ အာသဝေါကုန် ရပါလို၏လို့ တောင်းလိုက်တာပေါ့။ မဟုတ်ဘူးလား (မှန် ပါ့ ဘုရား)။

သို့သော်လည်း အဲဒီကောင်းတာလည်း မကောင်း သေးပါဘူး၊ မျက်မြင်ဒုက္ခသိပြီး တောင်းရင် သာကောင်းတယ် (မှန်ပါ့ ဘုရား)။

မျက်မြင် ဖြစ်ပျက်တွေပဲ၊ ဖြစ်ပျက် ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။

အဲဒီဒုက္ခကို သိ၊ ဒီ မရပ်မနား သေနေရတဲ့ ဒုက္ခဝဋ်ကြီး မှ လွတ်ရပါလို၏၊ အဲဒါမှ ရန်သူ လိုက်လို့ ပြေးသလိုပေါ့ဗျာ (မှန်ပါ့)၊ ရန်သူ လိုက်တော့ သာမည ပြေးသလား၊ အားကုန် ပြေးသလား (အားကုန် ပြေးပါတယ် ဘုရား)။

ဒီမှာလည်း တကယ်ဒုက္ခမြင်တော့ တကယ့်ကို နိဗ္ဗာန်ကို လိုချင်တဲ့ဆန္ဒ ပြင်းပြလာတယ် (မှန်ပါ့)၊ ရှင်းပလာ (ရှင်းပါပြီ ဘုရား)။

ဟိုဘ၀ ဒီဘဝဆုမတောင်းကောင်းဘူး

ဒါဖြင့်အရှင်သာရိပုတ္တရာက ဟိုဘဝ, ဒီဘဝတောင် မစွဲပါနဲ့ ဒကာကြီးလို့ ဟောလိုက်တယ် (မှန်ပါ့)၊ ကဲ ဟိုဘဝ, ဒီဘဝ ဆုတောင်းကောင်း, မတောင်းကောင်း (မတောင်းကောင်းပါ)၊ တောင်းရင် ဘာဖြစ်မယ် ထင်ကြသတုံး (ဒုက္ခဖြစ်ပါမယ်)၊ ဒုက္ခသစ္စာရမယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

တောင်းရင် ဘာရမယ် (ဒုက္ခသစ္စာရပါမယ်)၊ ဒုက္ခ သစ္စာဖြင့်ကွာ တောင်းမယူပါနဲ့ လက်ရှိနဲ့ ကျေနပ်ပါတော့၊ အခု တောင်းနေတဲ့ ခန္ဓာကြီးဟာ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။

ဪ ခက်လိုက်တဲ့ဖြစ်ခြင်း ဒီဒုက္ခသစ္စာကြီး ရှိလျက်နဲ့ အသစ် ဒုက္ခသစ္စာ လိုချင်သေးတယ် ဆို တော့ မောင်အောင်ချီ စုံလုံးကန်းကွ (မှန်ပါ့)။

မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား)၊ လက်ရှိ မမြင်တာက တစ်ဖက်ကန်း၊ လာလတ္တံ့ ဒုက္ခမသိတာက (တစ်ဖက်ကန်းပါ)၊ ဘယ်လောက် ကန်းသွားသတုံး (နှစ်ဖက်ကန်းပါတယ် ဘုရား)၊ စုံလုံးကန်း ဖြစ်သွားတယ် ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဆရာမှား နဲ့တွေ့မှာကြောက်စရာ ကောင်းတယ်

အတော်ကြောက်စရာ ကောင်းတယ်၊ ဒါကြောင့် ဆရာ မှားနဲ့ တွေ့မှာလောက် ကြောက်စရာ ကောင်းတာ ရှာမတွေ့ဘူး မောင်အောင်မြ (မှန်ပါ့)။

တောင်းကွ တောင်းမှ ပြည့်တော့မပေါ့။ အံမာ လေး နောက်ကနေပြီး တုတ်နဲ့ရိုက်ပြီး အတောင်းခိုင်း တာလဲ ရှိသေးတယ်၊ ဆုတောင်းတဲ့ ဥစ္စာလဲ ဒုက္ခသစ္စာလို့ သူက မကွဲဘူး၊ ဒုက္ခသစ္စာ ယူတာပါလို့ မကွဲဘူး၊ ကဲ ဆရာမှားတာ ဘယ်လောက် ကြောက်စရာ ကောင်းသတုံး (ကောင်းပါ တယ် ဘုရား)။

ဦးအောင်ဇံဝေ ဆရာမှားတာ (ကြောက်စရာ ကောင်းပါတယ် ဘုရား)။

ရာဟုလာအလောင်း ဆရာမှားနဲ့တွေ့

ဟို ရာဟုလာ အလောင်းဟာ ဆရာရသေ့မှားနဲ့ – တွေ့လိုက်တာ နဂါးကြီး သွားဖြစ်တယ် (မှန်ပါ့)၊ ရာဟုလာ ရာဟုလာ (မှန်ပါ့ ဘုရား)။

နဂါးကြီး သွားဖြစ်ရတယ် ဆိုတော့ လူစင်စစ်ကနေပြီး စုတေတော့ နဂါးကြီး သွားဖြစ်ရတယ် ဆိုတော့ သူ့ဆရာ ရသေ့ အလို (မှန်ပါ့)၊ သူက ရသေ့ ကိုးကွယ်ထားတာကိုး (မှန်ပါ့)။

ရသေ့က နေ့လယ်ကျရင် နဂါးပြည်သွားပြီး သူက အိပ်တယ်၊ တန်ခိုး ရှိတာကိုး၊ လောကီ ဈာန်ရတဲ့ ရသေ့ကိုး (မှန်လှပါ ဘုရား)။

အရှင်ဘုရား နေ့လယ်ဘယ်ကြွနေသတုံး၊ ဟာ ဘူမိန္ဒရ နဂါးမင်းကြီး နေရာ အင်မတန် ကောင်းလွန်းလို့ အဲဒီသွားပြီး နေ့သန့်စင် အိပ်တယ်ကွာ။

တကယ် ကောင်းတာလား ဘုရာ့၊ အို ရွှေနန်းဗိမာန် ပဒေသာပင် စုံနေတာပဲ၊ ကောင်းတယ်လို့ သူက တာဝန်ခံ လိုက်တယ် (မှန်ပါ့)။

သေတော့နဂါးကြီးသွားဖြစ်တယ်

ဟို ရာဟုလာ အလောင်းကလေးက ဒါကို ညွတ်လိုက်တာပေါ့၊ သေတော့ နဂါးကြီး သွားဖြစ်တယ် (မှန်ပါ့)။

ဒါဘာမှားတာ ထင်သတုံး (ဆရာမှားတာပါ ဘုရား)၊ အဲ ခင်ဗျားတို့လဲ ဘုံဘဝတောင်းလို့ရှိရင် ဒါမှားပြီ အောက်မေ့ပေတော့ (မှန်ပါ့)၊ ဆရာမှားပဲ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကိုင်း ဒါနဲ့ပဲ အခုပြောခဲ့ပါပြီတဲ့၊ တောင်းချင်တဲ့ စိတ်ကလေးများလာရင် တောင်းတဲ့ တဏှာဖြစ်ပျက်ရှု (မှန်ပါ့ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

တောင်းတဲ့ တဏှာကလေးများ နှုတ်တက်လို့ လာလိုက် ရင်လေ (ဖြစ်ပျက်ရှုရပါမယ် ဘုရား)၊ ဖြစ်ပျက်ရှုပြီး ချလိုက် တော့ တဏှာက ဥပါဒါန်သွားသေးရဲ့ လား (မသွားပါ ဘုရား)။

ဒါဖြင့် ကံပြတ်သွားပြီ၊ ဒီလိုဖြစ်ပျက်ရှုတဲ့ ပုဂ္ဂိုလ်ကျတော့ ကံပြတ်တယ် (မှန်ပါ့)၊ ကံမှ မရှိဘဲနဲ့ အကျိုးပေး ချင်လို့ကော (မဖြစ်နိုင်ပါ ဘုရား)၊ မဖြစ်နိုင်ဘူးဆိုတာ သေချာကြ ပလား (သေချာပါပြီ ဘုရား)။

ဪ အင်မတန် အရေးကြီးပါကလားဆိုတာ ဦးအောင်ဇံဝေ ခင်ဗျား ခုနစ်ဆယ်နီးပါးမှ ဒါကို လာတွေ့ ရတယ်၊ တော်သေးတာပေါ့ (မှန်ပါ့)၊ နို့မဟုတ်ရင် ရန်ကုန် ဘုရား ကြီး တက်ပြီး ခင်ဗျားတို့က ဝယ်ချင်တာဝယ် ခြမ်းချင်တာခြမ်းပြီး ရှည်လိုက်တာ တောင်းလိုက်တဲ့ဆုက ဟင် မရှည်ခဲ့ဘူးလား (ရှည်ပါတယ် ဘုရား)၊ ရှည်မှားကြီး၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ရှည်ပြီးတော့မှ ဒုက္ခရောက်မှာ (မှန်ပါ့)၊ တောင်းရ တာလဲ မလွယ်လှဘူး၊ ရမှာကလဲ ဒုက္ခသစ္စာ (မှန်ပါ့ ဘုရား)၊ ဆိုတော့ မောင်အောင်ချီ အမြတ် ထွက်သေးသလား (မထွက်ပါ ဘုရား)၊ ရှင်းကြ ပလား (ရှင်းပါပြီ ဘုရား)။

ဟိုဘ၀ ဒီဘဝမတောင်းပါနဲ့

အခု ရှင်သာရိပုတ္တရာက ဘာမတောင်းရဘူးတဲ့တုံး၊ ဟို ဘဝ ဒီဘဝတောင် (မတောင်းရပါ ဘုရား)၊ မတောင်းပါနဲ့မစွဲပါနဲ့ ဒကာကြီးဆိုတော့ ဟိုဘဝ-ဒီဘဝမစွဲပါနဲ့ဆိုတာ တစ်ခါတည်း ရဟန္တာ ဖြစ်အောင် သူဟောနေတာ (မှန်ပါ့)။ ဘဝဆုံးရင် နိဗ္ဗာန်ကိုးကွ၊ “ဘဝနိရောဓော နိဗ္ဗာနံ” ကိုး (မှန်ပါ့)၊ “ဘဝနိရောဓော နိဗ္ဗာနံ” လို့ သံယုတ် အဌကထာ ကြီးများမှာ လာနေတော့ သူက နိဗ္ဗာန် ရောက်အောင် ဟောချလိုက်တာ၊ ရဟန္တာ ဖြစ်အောင် ဟောချလိုက်တာ (မှန်ပါ့)။

မြင်ဖူး၊ ကြားဖူးတာတွေ မစွဲနဲ့

ယုတ်စွအဆုံး ဒကာကြီးတဲ့၊ ဟိုဘဝ-ဒီဘဝ မတောင်းနဲ့ တဲ့၊ မြင်ဖူးကြားဖူးလို့ သူများ ပြောသံ ကြားတွေကိုလည်း ခင်ဗျား တို့က မစွဲနဲ့တဲ့၊ သူများက နတ်ပြည် ကောင်းတယ်၊ ဗြဟ္မာပြည်

ကောင်းတယ်၊ ဘယ်လို ကောင်းတယ်၊ ညာလို ကောင်းတယ်၊ အဲဒါတောင် မစွဲနဲ့တဲ့၊ အကုန် ပယ်ချတယ် (မှန်ပါ့)၊

ဒိဌ၊ သုတ, မုတ, ဝိညာတ တွေတောင် မစွဲနဲ့ ဒကာကြီးလို့ သေသေ ချာချာ ဟောတယ် (မှန်ပါ့)၊ သဘောပါပြီလား (ပါ, ပါပြီ ဘုရား)။

စွဲရင်ဘာဖြစ်မယ်ထင်သတုံး၊ ဟိုပဋိသန္ဓေကို သွားသွား နေမယ်၊ စွဲရာကို ပဋိသန္ဓေ မနေပေ ဘူးလား (နေပါတယ်)၊ ကဲ ဘယ်လောက်ကြောက်စရာ ကောင်းသတုံး (ကောင်းပါတယ်)။

ဒါကြောင့် ငါဘုရားသခင် ကိုယ်တော်မြတ်ကြီးကွာ တဲ့၊ သာရိပုတ္တရာ-သတ္တဝါ တစ်ဦး တစ်ယောက်မှာ အပြစ် အကြီးဆုံး သင့်တာ ငါပြောမယ်ကွတဲ့၊ ဥပရိပဏ္ဏာသ မှာပဲ လာတယ်၊ သတ္တဝါ တစ်ဦး တစ်ယောက်မှာ အပြစ် အကြီးဆုံး သင့်တာ ငါပြောမယ်တဲ့၊ ဒီဘဝက စုတေပြီး နောက်ဘဝ ပဋိ သန္ဓေ နေတာဟာ အပြစ် အကြီးဆုံး သင့်တာပဲ (မှန်ပါ့)။

အပြစ်အကြီးဆုံးသင့်တာ

ဘာတဲ့တုံး (ဒီဘဝကစုတေပြီး နောက်ဘဝ ပဋိသန္ဓေ နေတာဟာ အပြစ်အကြီးဆုံး သင့်တာပါ ဘုရား)။

ဘာဖြစ်လို့တုံးလို့ မေးတဲ့အခါ စုတိက ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ)၊ ဒါဟာ ဒီဘဝသေတာနော် (မှန်ပါ့)။

နောက်ရတာက ပဋိသန္ဓေ၊ ပဋိသန္ဓေကဘာသစ္စာတုံး (ဒုက္ခသစ္စာပါ)၊ ဒါဖြင့် ဒုက္ခပြီး ဒုက္ခ ဆက်ရတာ အပြစ် အကြီးဆုံး သင့်တာပေါ့ (မှန်ပါ့)၊ မသင့်ဘူးလား (သင့်ပါတယ် ဘုရား)။

ဒီဒုက္ခကြီး လွတ်သွားတယ်ဆိုရင် အပြစ်သင့်သေးရဲ့ လား (မသင့်တော့ပါ ဘုရား)၊ ဒီဒုက္ခပြီး ဟိုဒုက္ခ ရတယ် ဆိုရင် (အပြစ်သင့်ပါတယ် ဘုရား)။

ဟိုဘ၀ ဒီဘဝမလိုချင်နဲ့

အဲဒီဥစ္စာကိုလဲ ဘုရားသခင် ကိုယ်တော်မြတ်ကြီး ဟောတဲ့အတွက် ဟိုဘဝ, ဒီဘဝမတောင်းနဲ့ ဒကာကြီးရ၊ မလို ချင်နဲ့ ဆိုတဲ့ စကားဟာလဲ ရှင်သာရိပုတ္တရာ ကလဲ တိုက်ရိုက် ဟောတယ် (မှန်ပါ့)၊ ဘုရားကလဲ တိုက်ရိုက် ဟောတယ်၊ ဒါက ဆန္ဒသုတ်မှာ (မှန်ပါ့)၊ အခုဟာကတော့ အနာထပိဏ္ဍိ ကောဝါဒ သုတ်မှာ ဟောတယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒီနေ့တရားမှာ အသားတွေ ချည်းပဲ ဆိုတော့ ဦးအောင်ဇံ ဝေ မှတ်ရမယ် (မှန်ပါ့ ဘုရား)၊ သဘော ပါကြပလား (ပါ, ပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့် နိဗ္ဗာန်ရောက်တရားပဲပါတယ်။ ဘဝလည်စရာပါသေးရဲ့ လား (မပါ, ပါ ဘုရား)။

သူဌေးကြီးမျက်ရည်ကျတယ်

ဒီလိုဟောလိုက်တော့ အနာထပိဏ်သူဌေးကြီး မျက်ရည် ကျတယ်၊ မျက်ရည်ကျတော့ ရှင်အာနန္ဒာက သောတာပန်ပဲ ရှိသေးတာကိုး၊ သူက အကဲခတ် လွဲကုန်တယ်၊ ဒကာကြီး ဒကာကြီးမှာ ချမ်းသာတဲ့ ပစ္စည်းတွေရော, သားသမီးတွေရော ဒါတွေ စွန့်ရမှာ ကြောက်လို့ မျက်ရည်ကျတာ ထင်ပါရဲ့ တဲ့။

အရှင်ဘုရား ဒီလိုတော့ မပြောနဲ့၊ တပည့်တော် ဒါတွေ မစွဲပါဘူး၊ သောတာပန်ကြီးပဲ၊ ဒါတွေ မစွဲဘူးဘုရား၊ ဒါကို အရှင်ဘုရား အကဲခတ်မလွဲပါနဲ့၊ တပည့်တော် မျက်ရည်ကျ တာ ဒီနိဗ္ဗာန်ပေါက်တရား ဘုရားနဲ့ နှစ်ပေါင်း များစွာ အရှင်ဘုရား တို့နဲ့လည်း နေခဲ့တယ်၊ ဘယ်ဟာမှ မစွဲနဲ့ ဆိုတဲ့ ဥစ္စာကို တပည့်တော် မနာရဖူးဘူးတဲ့ (မှန်ပါ့)။

အခုမှ နာရတော့ ဒါမှ ရဟန္တာဖြစ်တဲ့တရားဆိုတာ တပည့်တော်က ရိပ်မိတော့ သြော် ငါ့မှာ နှစ်ပေါင်း များစွာ ဒီဆရာသမားတွေ ကိုးကွယ်ပါလျက်သားနဲ့ ဒါလောက် မွန်မြတ် တဲ့တရားကို မနာခဲ့ဖူးဘူး၊ ဒါ ဝမ်းနည်းလို့ ငိုတာပါ၊ သဘော ပါပြီလား (ပါ, ပါပြီ ဘုရား)။

မင်းတို့ ကံကောင်းတယ် ဆိုတာ မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။

ဒီတရားမျိုးကို ဟောရစ်ပါ

ကဲ ဒါနဲ့ အနာထပိဏ် သူဌေးကြီးလည်း ဝိညာဉ်မချုပ် သေးတော့ စကားပြောတာပေါ့လေ နော် (မှန်ပါ့)။

အရှင်ဘုရားတို့တဲ့ တပည့်တော်တော့ ဒီဝေဒနာက မပျောက်ပါဘူး တဲ့၊ သေမှာပါပဲတဲ့၊ အရှင်ဘုရားတို့ ဒီတရား မျိုးကို ဒကာ ဒကာမတွေအား ဟောရစ်ပါ တဲ့၊ မှာရှာတယ်၊ ဒို့အတွက် ပေါ့ကွာ၊ မှာရှာတယ် (မှန်ပါ့)။

ဒါနဲ့ ရှင်သာရိပုတ္တရာက ပြောလိုက်တယ်၊ ဒီတရားဟာ ဒကာကြီး မဟောချင်လို့ မဟုတ်ဘူး၊ ဟောရမည့် တရားပါပဲ တဲ့၊ သို့သော်လဲ လူတွေမှာ ဆိုတော့ သားစွဲလမ်း သမီးစွဲလမ်း, ပစ္စည်းစွဲလမ်း ဆိုတော့ တရားက နက်ပြီး သကာလ သူတို့က အမိုက်ထူ နေတယ် (မှန်ပါ့)။

တရားကတော့ ကောင်းတယ်ပေါ့လေ၊ သူတို့မှာ မထောင်နိုင်တဲ့ နားရှိနေလိမ့်မယ် တဲ့၊ ဒါ ရှင်သာရိပုတ္တရာ က ဟောလိုက်တယ် (မှန်ပါ့)။

ထောင်တတ်တဲ့နားရှိကြပါတယ်

ဒါနဲ့ အနာထပိဏ် သူဌေးကြီးက တက်လာတယ်၊ အရှင် ဘုရား လူမှာလည်း ထောင်တတ်တဲ့ နားရှိတဲ့ ပုဂ္ဂိုလ်တွေ အများကြီး ရှိပါတယ်၊ မထောင်တတ်တဲ့ နားချည်း အကုန် မဟုတ် ပါဘူး၊ သဘော ပါပြီလား (ပါ,ပါပြီ ဘုရား)။

မင်းတို့အခု ထောင်တတ်ပလား (ထောင်တတ်ပါပြီ ဘုရား)၊ အို ငါဈေးထဲ သွားဟောမယ် ဆိုတော့ ဈေးနေ့မှာ ဈေးထဲ သွားဟောမယ်၊ ဘယ်သူမှ မထောင်တတ်ပါဘူး (မှန်ပါ့ ဘုရား)၊ ထောင်တတ် ပါ့မလား (မထောင်တတ်ပါ ဘုရား)၊

သရက်သီးသည်ကလဲ သရက်သီး ရောင်းချင် နေမှာပဲ (မှန်ပါ့)၊ ငါးပိ, ငါးခြောက်သည်ကလဲ ငါးပိ, ငါးခြောက်ပဲ ရောင်းချင်နေမှာပဲ၊ အဲဒီလိုဆိုတော့လဲ ဟုတ်ပါတယ်။

ပုဂ္ဂိုလ်ရွေးပြီးဟောပါဦး

အခုလို ထောင်တတ်တဲ့နားရှိတဲ့ ပုဂ္ဂိုလ်မှာ ဒီတရားမျိုး မနာရရင် အရှင်ဘုရား သံသရာမှာ သွားရောပေါ့။

အဲဒါကြောင့် တပည့်တော်တော့ သေရမှာ မထူးပါဘူး၊ အရှင်ဘုရားတို့ ပုဂ္ဂိုလ်ရွေးပြီး သကာလ ဟောပါဦး၊ တောင်း ခံတယ် (မှန်ပါ့)၊ ကဲ ရိပ်မိလား (ရိပ်မိပါပြီ ဘုရား)။

ကဲ အရေး မကြီးဘူးလား (ကြီးပါတယ် ဘုရား)၊ အရေးကြီးတယ်၊ ခုနင်က စကားမှာ အကဲခတ် ကြည့်မှ ပေါ်တယ်၊ ဟိုဘ၀ ဒီဘဝ တောင်းဆိုတာ ခင်ဗျားတို့ သူများ ပြောထားတာပါ (မှန်ပါ့ ဘုရား)၊ သူများ ပြောထားတော့ ခင်ဗျားတို့ကလည်း နင်းတောင်းတာပဲ၊ ဘာရယ်လို့ မဟုတ်ဘူး၊ မတောင်း ဘူးလား ကဲ (တောင်းပါတယ် ဘုရား)။

တောင်းတော့ ဘာသစ္စာရသတုံး အခု (ဒုက္ခသစ္စာ ရပါတယ် ဘုရား)၊ ကဲ တောင်းကောင်း-မတောင်းကောင်း အကဲခတ်ပါဦး (မတောင်းကောင်းပါ ဘုရား)၊ ဒုက္ခသစ္စာ ရှိပြီးသား နောက်ထပ် လိုချင်တာ တော်ပါ့မလား (မတော်ပါ ဘုရား)၊ အဲဒီမှာ အများကြီး ကျွံနေတယ် (မှန်ပါ့)။

နောက်က နားလည်ကြရဲ့လား (လည်ပါတယ် ဘုရား)၊ အေး ဒါ သေသေချာချာ မှတ်ပါ။

တုသိတာနတ်ပြည်

ဒါနဲ့ အနာထပိဏ် သူဌေးကြီး ရှုပြီး သကာလ သူ – ဘယ်ဟာမှ မစွဲဘဲနဲ့ သေသွားတယ်နော်၊ သေသွားတော့ တုသိတာ နတ်ပြည်မှာ သူရွှေတုံးကြီး ခန္ဓာပေါ့ဗျာ သွားဖြစ်တယ်၊ ဖြစ်မှာပဲ သူကတော့ အထက်မဂ်မှ မရလိုက်ဘဲကိုးဗျ (မှန်ပါ့)၊ အထက်မဂ် မရလိုက်လို့ သွားဖြစ်ရတယ်၊ အကျိုးပေး လိုက်ရသေး တာပေါ့ဗျာ (မှန်ပါ့)။

အဲဒီတွင်မှ သူ့ခန္ဓာကြီး သူကြည့်လိုက်တယ်၊ သူပိုင်ဆိုင် တဲ့ ဥယျာဉ်ဗိမာန် ပဒေသာပင်တွေ ဘုံနန်းတွေ ကြည့်လိုက်တယ်၊ အိုလူမိုက်တို့၏ ပျော်စရာကြီး ပါကလား (မှန်ပါ့)။

ကောင်းတော့ အကောင်းချည်းပေါ့ကွာ၊ လူမိုက်ဖြင့် ပျော်လိမ့်မယ် (မှန်ပါ့)၊ ဒါ သူကိုယ်တိုင် သတိရတယ် (မှန်ပါ့)။

ဘုရားထံဆင်းလာတယ်

ဒါနဲ့ လူ့ပြည် ပြန်ဆင်းမှပဲ ဆိုပြီး ညနေ စုတေပြီး ညနေပဲ ဘုရားဆီ ပြန်ဆင်းလာတယ် (မှန်ပါ့)၊ ပြန်ဆင်းပြီးတော့ သူလျှောက်တာပဲ။

“ကမ္မံ ဝိဇ္ဇာစ ဓမ္မောစ၊ သီလံ ဇီဝိတ မုတ္တမံ။

ဧတေန မစ္စာ သုဇ္ဈန္တိ၊ န ဂေါတ္တေန ဓနေနဝါ။”

ဆိုပြီး ဘုရားကို လာလျှောက်တယ် (မှန်ပါ့ ဘုရား)။

အဓိပ္ပါယ်က အရှင်ဘုရား တဲ့၊

(၁) ပစ္စည်းပေါသဖြင့်လည်း နိဗ္ဗာန် မရောက်နိုင်ပါဘူးတဲ့ (မှန်ပါ့)။

(၂) အမျိုးအနွယ်ကောင်းသဖြင့်လဲ (မရောက်နိုင်ပါ ဘုရား)။

(၃) မဂ္ဂင်မှပဲ နိဗ္ဗာန်ရောက်မှာပါဘုရားလို့ လာလျှောက်တယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ပစ္စည်းပေါသဖြင့်လဲ (နိဗ္ဗာန်မရောက်နိုင်ပါ)၊ နင်တို့တစ်တွေလဲ အုန်းကြည်တို့ တစ်တွေလဲ သူတို့တော့ နိဗ္ဗာန် ကပ်နေပြီ ဘယ်မှာ နည်းတာတွေမှ မဟုတ်ဘဲ ပစ္စည်းနဲ့ လှူဒါန်း ထားတာတွေပုံလို့၊ ကျုပ်တို့တော့ ဘာမှ မလှူနိုင် မတန်းနိုင်လို့ အင်း သာဓုပဲ ခေါ်နေရတာပဲ၊ အံမာ ဒီလိုများ မျက်ရည်ခံ ထိုးနေ လိုက်သေးတယ်၊ မထိုးဘူးလား (ထိုးပါ တယ် ဘုရား)။

ပစ္စည်းပေါသဖြင့်လဲ နိဗ္ဗာန်မရောက်နိုင်

အခု သေသေချာချာ အနာထပိဏ် သူဌေးကြီး ပြောတာ ကတော့ ပစ္စည်းပေါသဖြင့်လဲ နိဗ္ဗာန် မရောက်နိုင်ပါဘူးတဲ့။ မဟုတ်ဘူးလား (မှန်ပါ့)၊ အမျိုးအနွယ် ကောင်းသဖြင့်ကော (နိဗ္ဗာန် မရောက်နိုင်ပါ)၊ မဂ္ဂင် လုပ်ရင်ဖြင့် (ရောက်နိုင် ပါတယ် ဘုရား)။

ဒါကို သူလာလျှောက်တာ (မှန်ပါ့)၊ လာလျှောက် တော့မှ ဘုရားသခင် ကိုယ်တော်မြတ်ကြီးကို သူ-အရောင် အဆင်းအလင်းတွေနဲ့ လာလျှောက်တော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက နားထောင် လိုက်တယ်၊ ဘာမှ မှားတယ် လို့ မပြောလိုက်ဘူး (မှန်ပါ့)၊ ဘုရား သဘောတူ လိုက်တယ်၊

ဪ ဒါတရားစစ်ပဲဆိုတော့ သူပြောတာ အမှန်ချည်းပဲ ဆိုပြီး နားထောင်နေတယ်၊ အဖြေတွေ ဘာတွေ မပေးတော့ဘူး။

ဒါနဲ့ မနက်မိုးလင်းတော့ ရှင်အာနန္ဒာကို မြတ်စွာဘုရား က ညကအရောင်အဆင်း အလင်းတွေနဲ့ နတ်သား တစ်ယောက် လာတယ်ကွလို့ မိန့်တော်မူတော့ ရှင်အာနန္ဒာက အရှင်ဘုရား၊ အနာထပိဏ် သူဌေးကြီး မဟုတ်လား ဘုရားဟု လျှောက်ရာ ဘုရားက အာနန္ဒာ သင်တယ်ပြီး အကဲခတ် ကောင်းပါကလားလို့ မိန့်တော်မူတယ်။

နတ်သားက ဘာတွေများ ပြောသွားသေးသတုံး၊ အမျိုး အနွယ် ကောင်းသဖြင့်လဲ နိဗ္ဗာန် မရောက်နိုင်ဘူး၊ ပစ္စည်းပေါ သဖြင့်လဲ နိဗ္ဗာန် မရောက်နိုင်ဘူး ပြောသွားတယ်ကွ၊ ဒါကြောင့် ငါက သဘောတူ လိုက်တယ် ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဖြစ်ပျက်ရှုမှ မဂ်လာမယ်

ဒါဖြင့် ဒကာ ဒကာမတွေ ဘာလုပ်ကြရမှာတုံး (မဂ္ဂင် လုပ်ရမှာပါ)၊ မဂ္ဂင်အလုပ် ဆိုတာ ဖြစ်ပျက်မဂ်၊ ဖြစ်ပျက် ရှုရင်တော့ မဂ်လာမယ် (မှန်ပါ့)၊ ဖြစ်ပျက် မရှုရင်တော့ (မဂ်မလာပါ ဘုရား)။

အနိစ္စ မရှုရင် မဂ်မလာဘူး (မှန်ပါ့)၊ ဒုက္ခ မရှုရင် မဂ်ကမလာဘူး၊ အနတ္တ မရှုရင် (မဂ်မလာပါ)၊ မဂ်က မလာဘူး၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

အဲဒါကြောင့်ပဲ ဒါပဲ အားကိုးဖို့ရာ စိတ်ကို အနာထပိဏ် သူဌေးကြီးကလဲ လျှောက်ထားတယ်၊ ဘုရားကလဲ ဆိတ်ဆိတ် နေပြီး သဘောတူ လိုက်တယ် (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါပြီ)၊ ပေါ်ကြတယ်နော် (ပေါ်ပါတယ် ဘုရား)။

ကဲ ယနေ့ ဒီတွင် တော်ကြဦးစို့။

သာဓု သာဓု သာဓု။

မာတိကာသို့