037

မာတိကာသို့

မာလုကျပုတ္တအား ဟောကြားသည့် အလောင်းသိမ်းတရားတော်

အသံဖိုင်ခေါင်းစဉ်= အာစယဂါမိနော ဓမ္မာနှင့် အပစယဂါမိနော ဓမ္မာ

စာအုပ်ခေါင်းစဉ်= မာလုကျပုတ္တအား ဟောကြားသည့် အလောင်းသိမ်းတရားတော်

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး မိုးကုတ်မြို့

မင်္ဂလာတိုက်၌ ဟောကြားဆုံးမတော်မူသော

မာလုကျပုတ္တအား ဟောကြားသည့်

အလောင်းသိမ်းတရားတော်

(၂၆ – ၅ – ၆၂)

“အာစယဂါမိနော ဓမ္မာ၊ အပစယဂါမိနော ဓမ္မာ’လို့ ဦးမြ နှစ်ခု မှတ်ရမယ်၊ ဒါ ဓမ္မသင်္ဂဏီ ပါဠိတော်လို့ မှတ်ပါ။

“အာစယဂါမိနော ဓမ္မာ၊ အပစယဂါမိနော ဓမ္မာ”တဲ့ မှတ်မိကြပြီလား (မှတ်မိပါပြီ ဘုရား) ဘာတဲ့တုံး ဦးအောင် ဇံဝေ (အာစယဂါမိနော ဓမ္မာ၊ အပစယဂါမိနော ဓမ္မာပါ ဘုရား)

နောက် က ဒကာ ဒကာမတွေ ရွတ်စမ်း ဒီဥစ္စာဘာတဲ့ တုံး (အာစယဂါမိနော ဓမ္မာ၊ အပစယဂါမိနော ဓမ္မာပါ ဘုရား)။

အာစယဂါမိနော စုတိ ပဋိသန္ဓေသို့ ရောက်ကြောင်း ဖြစ်ကုန်သော၊ ဓမ္မာတရားတို့သည်၊ အပစယဂါမိနော စုတိ ပဋိသန္ဓေသို့ ရောက်ကြောင်း မဟုတ်ကုန်သော၊ ဓမ္မာတရားတို့သည် တရား နှစ်မျိုး ရှိတယ်လို့ ဦးမြကြီး မှတ်ထားလိုက်စမ်းပါ (မှန်ပါ့)။

စုတိ ပဋိသန္ဓေ ရောက်ကြောင်း တရားတစ်မျိုး၊ စုတိပဋိသန္ဓေ သို့ မရောက်တဲ့ တရားတစ်မျိုး၊ ဘယ်နှစ်မျိုးရှိသွားသတုန်း (နှစ်မျိုးပါ ဘုရား) မှတ်ထားပါ၊ မှတ်ထားပါ။

အာစယဂါမိနော ဓမ္မာဆိုတဲ့ ၁ နံပါတ်က စုတိ ပဋိသန္ဓေသို့ ရောက်ကြောင်း တရားတဲ့၊ အပစယဂါမိနော ဓမ္မာ ဆိုတာက စုတိ ပဋိသန္ဓေသို့ ရောက်ကြောင်း မဟုတ်တဲ့ တရား၊ ဘယ်နှမျိုး ပါလိမ့် (နှစ်မျိုးပါ ဘုရား) ဦးမြ ဘယ်နှမျိုး ရှိသတုံး (နှစ်မျိုးပါ ဘုရား)။

ဪ ဒါဘာပါလိမ့်မတုန်း မေးတော့မှ ဓမ္မသင်္ဂဏီ ပါဠိ တော်လို့ မှတ်ထားပါ (မှန်ပါ့) စုတိပဋိသန္ဓေသို့ ရောက်ကြောင်း တရားတစ်မျိုး၊ စုတိ ပဋိသန္ဓေသို့ ရောက်ကြောင်း မဟုတ်တဲ့ တရားတစ်မျိုး ဘယ်နှစ်မျိုး ရှိကြသတုန်း (နှစ်မျိုးပါ ဘုရား)။

ဒါသေသေချာချာ မှတ်ထားပါ၊ ဒါဒကာရင်း, ဆရာရင်း ဟောနေတဲ့ တရားလို့လဲ မှတ်ထားပါ၊ ဖျမ်းမျှကြေး, သဘောကျရုံ ကလေး, သဒ္ဓါတရား ဖြစ်ရုံကလေး ဟောနေတဲ့ တရားလို့ ဦးမြကြီး က ဒီလို မှတ်မနေနဲ့ဦး (မှန်ပါ့)။

သဒ္ဓါတရား ပွားအောင် ဟောတဲ့တရားက တစ်မျိုး, အမှန် ဆိုက်အောင်ဟောတဲ့ တရားကတစ်မျိုး, တရား ဘယ်နှစ်မျိုး ရှိသတုန်း (နှစ်မျိုးပါ ဘုရား)။

တချို့ ဒကာ ဒကာမတွေ ကြိုက်နေကြတာက အို တရား နာလိုက်ရတာ သဒ္ဓါကိုပွားတယ် တဲ့၊ ဟာ မဟုတ်သေးဘူး ၊ ဟ၊ ဦးမြ မဟုတ်သေးဘူးလို့ စွဲချက်တင်လိုက်တယ် (မှန်ပါ့)။ ဒါက သဒ္ဓါတရား ပွားဖို့ မဟုတ်ပါဘူး။

စုတိပဋိသန္ဓေသို့ ရောက်ကြောင်း တရားဆိုတာက ဥပမာ နတ်ရွာ ရောက်ကြောင်း တရားကို ဘုန်းကြီးက ဟောလိုက်မယ် ကိုပေါရဲ့ (မှန်ပါ့)။

ဟာ လှူချင်တန်းချင်တဲ့ လူတွေ တစ်ခါတည်း ပြည့်ပုံ လာမှာပဲ၊ သူ စုတိပဋိသန္ဓေ ရောက်မှာ ကိုးဗျ (မှန်ပါ့) မရောက် ပေဘူးလား (ရောက်ပါတယ် ဘုရား)။

အဲဒီလို သဒ္ဓါပွားတဲ့ တရား တစ်မျိုး, ပညာများတဲ့ တရား တစ်မျိုး အဲဒီနှစ်မျိုးမှာ အခုဟာက ပညာများတဲ့ တရားမျိုး (မှန်ပါ့) သဒ္ဓါတရားပွားတဲ့ တရားက စုတိ ပဋိသန္ဓေသို့ ရောက်ကြောင်းတရား (မှန်ပါ့တရား)။

ပညာများတဲ့ တရားက စုတိပဋိသန္ဓေသို့ ရောက်ကြောင်း မဟုတ်တဲ့ တရား (မှန်ပါ့) ဒေါ်အုန်းမေကြီးတို့ တရားကိုက နှစ်မျိုး ပါလား (မှန်ပါ့)။

ကဲ ဦးအောင်ဇံဝေ တရားနာဖို့ မလွယ်ဘူး (မှန်ပါ့) လွယ်သေးရဲ့ လား (မလွယ်ပါ ဘုရား)။

သေသေချာချာ ဒကာ ဒကာမတွေ မှတ်ပါ၊ မောင်အောင်ချီ တို့ လူစုတွေနော် (မှန်ပါ့) စုတိပဋိသန္ဓေ ရောက်စေတတ်တဲ့ တရားက တမျိုး၊ စုတိပဋိသန္ဓေ မရောက်စေတတ်တဲ့ တရားက တစ်မျိုး၊ ဦးမြ ဘယ်နှစ်မျိုးတုန်း (နှစ်မျိုးပါ ဘုရား)။

ဒါ ဓမ္မသင်္ဂဏီ ပါဠိတော်မှာ သေသေချာချာ ဟောထား တယ်၊ ဘယ်မှာ ဟောထားသတုန်း (ဓမ္မသင်္ဂဏီ ပါဠိတော်မှာ ဟောထားပါတယ် ဘုရား) ဘယ်သူ ဟောသတုန်း မေးတော့ ကိုယ် တော်တိုင် ဟောတာပေါ့ (မှန်ပါ့)။

ဒါဖြင့် စုတိပဋိသန္ဓေသို့ ရောက်ကြောင်း တရားကို ခင်ဗျား ကြိုက်နေကြမယ် ဆိုရင်ဖြင့် စုတိဒုက္ခသစ္စာ၊ ပဋိသန္ဓေကကော (ဒုက္ခ သစ္စာပါ ဘုရား)။

အဲဒီရောက်ကြောင်း တရားဆိုရင် ခင်ဗျားတို့ ဒါတွေကြိုက် နေကြမယ် ဆိုရင်ဖြင့် ဒုက္ခသစ္စာကို ကြိုက်နေကြတာ (မှန်ပါ့) ဆိုထိုက် ပလား (ဆိုထိုက်ပါတယ် ဘုရား)။

စုတိပဋိသန္ဓေသို့ ရောက်ကြောင်း မဟုတ်တဲ့တရားကို ကြိုက် ပါမှ နိဗ္ဗာန် ကြိုက်တဲ့တရား (မှန်ပါ့)။

ဒကာ ဒကာမတွေ မခြားနားသေးဘူးလား (ခြားနားပါ တယ် ဘုရား) သြော် တော်တော် ခက်နေ ပါကလား၊ တို့မှာ တရားနာ ရပေမယ့်လဲ တို့ကလဲ ဘာမှ ပြင်ဆင်ထားတာ မဟုတ်ဘူး၊ ထည့်ပေးတာ ယူလာတဲ့ ဈေးဝယ်နဲ့ တူနေမှာ ကြောက်ရသေးတယ် (မှန်ပါ့)။

ဟိုက အစိတ်သား ထည့်ပေး လိုက်တယ်၊ ဒါ အစိတ် ထင်ပြီး ယူသွားတာပဲ၊ ခုနစ်ဆယ့် ငါးကျပ်သား ထည့်ပေးလိုက်လဲ၊ (ယူသွား ပါတယ် ဘုရား)။

စုတိပဋိသန္ဓေသို့ ရောက်ကြောင်း တရားကိုမှ ဒကာ ဒကာမ တွေက သဘောကျရင် ကျနေတာပဲ (မှန်ပါ့) ဦးမြ မခက်ဘူးလား (ခက်ပါတယ် ဘုရား) ဦးအောင်ဇံဝေ (ဒီအတိုင်းပါပဲ ဘုရား)။

ဒါဖြင့် ဒီနေ့ည ဒကာ ဒကာမတွေ ထူးထူးခြားခြား သိရတော့ မယ်ဆိုတဲ့ အဓိပ္ပာယ် ရှင်းရောပေါ့ (ရှင်းပါပြီ ဘုရား)။

အာစယဂါမိနော ဓမ္မာဆိုတာက စုတိပဋိသန္ဓေသို့ ရောက် ကြောင်းတရား၊ အပစယဂါမိနော ဓမ္မာဆိုတာက စုတိပဋိသန္ဓေသို့ ရောက်ကြောင်း မဟုတ်တဲ့တရား၊ ကဲ- မင်းတို့ ဘယ်ဟာ ကြိုက်ကြ သတုန်း၊ (အပစ်ယဂါမိနော ကြိုက်ပါတယ် ဘုရား) ဒါပဲ ကြိုက်ရမယ်၊ နောက်က ဒကာ ဒကာမတွေ ဘာကြိုက်ရမယ် (အပစယာမိ နောကြိုက်ပါတယ် ဘုရား) စုတိပဋိသန္ဓေသို့ ရောက်ကြောင်း မဟုတ် တဲ့တရားကို ကြိုက်ရမယ် (မှန်ပါ့)။

နို့မဟုတ် ဘုရားက ဦးအောင်ဇံဝေ နှစ်မျိုးထား ပြီး ဟောနေစရာ မလိုပါဘူး (မလိုပါ ဘုရား) ဦးမြ လိုသေးသလား (မလိုပါ ဘုရား)။

အဲဒီတော့ တစ်ခုကိုဖြင့် ပယ်။ တစ်ခုကိုဖြင့် ဆောင်၊ ဒီလို ဟောတဲ့တရားလို့ မှတ်ကြစမ်းပါ (မှန်ပါ့)။

ဒါဖြင့် ဒကာ ဒကာမတို့ ဘာလှူလို့ ဘာဖြစ်တယ်၊ လူ့စည်းစိမ် နတ်စည်းစိမ် အကြိမ်ကြိမ် ခံစားရတယ် ဆိုတာ စုတိပဋိသန္ဓေ ရောက်မရောက် (ရောက်ပါတယ် ဘုရား) ဒါဖြင့် စုတိပဋိသန္ဓေ ရောက်ကြောင်း တရားသူက၊ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အပစယဂါမိနောက နိဗ္ဗာန်သို့ ရောက်ကြောင်းတရား ရှင်း ပလား (ရှင်းပါပြီ) စုတိပဋိသန္ဓေ ပါသေးလား (မပါ- ပါ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ သိအောင် ရှင်းအောင်, လင်းအောင် ပြော ကြပါစို့ဆိုတော့ အာစယဂါမိနော ဓမ္မာက ဒုက္ခဖြစ်ကြောင်းတရား၊ (မှန်ပါ့) အပစယဂါမိနောဓမ္မာက ဒုက္ခချုပ်ကြောင်းတရား (မှန်ပါ့) မကွာဘူးလား၊ (ကွာပါတယ် ဘုရား)။

ဒကာ ဒကာမတို့ တရားသား မဖော်သေးပါဘူး ဪ တရား နှစ်မျိုး ရှိတယ်လို့ မှတ်ထား လိုက်စမ်းပါ (မှန်ပါ့) တရားသား မဖော်ရသေးပါဘူး၊ တရားနှစ်မျိုး ရှိတယ်ဆိုတာကို ကိုယ်တို့ သိနှင့်ဖို့ အရေးကြီး ပါတယ် (မှန်ပါ့)။

စုတိပဋိသန္ဓေသို့ ရောက်ကြောင်းတစ်မျိုး၊ နိဗ္ဗာန်ရောက် ကြောင်းတစ်မျိုး၊ ဘယ်နှစ်မျိုး ရှိကြသတုန်း၊ (နှစ်မျိုးပါ ဘုရား) နှစ်မျိုး ရှိတယ်လို့ မောင်အောင်ချီတို့ မောင်မြင့်တို့ မှတ်စမ်း ပါကွာ(မှန်ပါ့)။

အဲဒီတော့ကို ဒီ ဒကာ ဒကာမတွေ တရားကို မနာတတ် တော့ဘူး၊ ဆရာကတဲ့ ခပ်ဖျင်းဖျင်း, လမ်းကလဲ မပြတတ်ဆိုလို့ရှိရင် ကျောင်းဆောက်ရင် ဘုံပေါက်၊ ဘုံပေါက် သွားနေမယ်၊ ဟင် ဟိုသွားပြီး ပဋိသန္ဓေ နေဦးမယ်ပြောတာပဲ (မှန်ပါ့) ဟိုသွားသေ ဦးမယ်ကော (ပြောပါတယ် ဘုရား)။

ဒါဘာတရားခေါ်ကြမလဲ၊ စုတိပဋိသန္ဓေသို့ ရောက်ကြောင်း တရား (မှန်ပါ့) ဦးမြကြီး ရှင်းပလား (ရှင်းပါပြီ ဘုရား)။

စုတိပဋိသန္ဓေသို့ ရောက်ကြောင်း မဟုတ်တဲ့ တရား ဆိုတဲ့ ဥစ္စာလဲရှိတယ်၊ အဲဒီတော့ ဒုက္ခရောက်တဲ့ တရား, ဒုက္ခလွတ်တဲ့ တရား၊ ဘယ်နှစ်မျိုး ရှိကြသလဲ (နှစ်မျိုးပါ ဘုရား)။

ဒုက္ခရောက်တဲ့တရား ဒုက္ခလွတ်တဲ့တရားဆိုတော့ ဒါ- ဒီနေ့ ညမှာ – အတော် အရေးကြီး ပါလားဆိုတာကို ခင်ဗျားတို့ သေသေချာချာ မှတ်ကြစမ်းပါ (မှန်ပါ့)။

“အာစယဂါမိနော ဓမ္မာ” ဆိုတာ ဒီလိုကွတဲ့၊ အုတ်များဟာ အုတ်တိုက် တည်တယ်ဆိုတော့ တစ်ချပ်ပေါ် တစ်ချပ်ဆင့် တစ်ချပ် ပေါ် တစ်ချပ်ဆင့် တည်ရတယ်၊ မတည်ကြဘူးလား (တည်ကြရ ပါတယ် ဘုရား) အဲ- စုတိပဋိသန္ဓေသို့ ရောက်ကြောင်း တရားကတော့ တစ်ခန္ဓာပေါ် တစ်ခန္ဓာဆင့်ပြီး အလောင်းထပ်တဲ့ တရားကွတဲ့ (မှန်ပါ့ ဘုရား)။

ဟာ- ဦးမြ သွားပြီး (မှန်ပါ့) မသွားသေး ဘူးလား (သွားပါပြီ ဘုရား) ဘာထပ်တဲ့ တရားတုန်း (အလောင်း ထပ်တဲ့တရား ပါ ဘုရား)။

အံမာလေး – နာအောင်ပြောတော့ ဒီရောက်လာတယ် (မှန်ပါ့) တစ်လောင်းပေါ် တစ်လောင်း ထပ်တဲ့တရား တစ်လောင်း ပေါ် တစ်လောင်းထပ်တဲ့ တရားကို အာစယဂါမိနော ဓမ္မာ-(မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကိုပေါ်ရေ ဟောရမည့် ဘုန်းကြီးကိုက ခင်ဗျားတို့ကို အတော်ပြင် ရလိမ့်မယ် ဆိုတဲ့ဥစ္စာ ရင်လေးစရာ ပြောနေတဲ့ အဓိပ္ပာယ်မျိုး မောင်အောင်ချီတို့ ရောက်သွားတယ် (မှန်ပါ့) မရောက်ဘူးလား (ရောက်ပါတယ် ဘုရား) ဦးမြ သေသေချာချာ ရောက်နေပြီ (မှန်ပါ့ ဘုရား)။

ဒကာ ဒကာမတို့ အလောင်းသိမ်းတဲ့ တရား, အလောင်းထပ် တဲ့တရား ဘယ်နှစ်မျိုးတုန်း (နှစ်မျိုးပါ ဘုရား) အာစယဂါမိနော ဓမ္မာဆိုတာက ဘာတဲ့ (အလောင်းထပ်တဲ့ တရားပါ ဘုရား) တစ်လောင်းပေါ် တစ်လောင်း ထပ်မြှုပ်တယ်၊ (မှန်ပါ့ ဘုရား)။

ဦးမြကြီး တစ်လောင်းပေါ် တစ်လောင်း (ထပ်ပြီးမြှုပ်ပါတယ် ဘုရား) ထပ်မြှုပ်တဲ့တရားကို ဘယ်တရား ခေါ်ကြမလဲ (အာစယဂါမိနော ဓမ္မာပါ ဘုရား)။

အလောင်းသိမ်းတဲ့တရားတော့ “အပစယဂါမိနာ ဓမ္မာ” တဲ့ ခြားနားလိုက်တာ ဟင် (မှန်ပါ့ ဘုရား)။

အလောင်းသိမ်းတဲ့ တရားကျတော့ (အပစယဂါမိနော ဓမ္မာပါ ဘုရား) အပစယဂါမိနော ဓမ္မာလို့ ဟောထားတော့ သြော် ဘုရားသခင်ကိုယ် တော်မြတ်ကြီးဟာ တယ်လဲ ကရုဏာတော် ကြီးပါကလား၊ အလောင်းထပ်မှာတော့ဖြင့် စိုးရိမ်ရှာတယ်၊ အလောင်း သိမ်းလို့ရှိရင်လဲ သူဝမ်းမြောက် တော်မူတယ်၊ သဘောပါပလား (ပါ-ပါပြီ ဘုရား)။

အလောင်းထပ်မှာတော့ (စိုးရိမ်ပါတယ် ဘုရား) စိုးရိမ် ရှာတယ်နော်၊ (မှန်ပါ့) အလောင်းသိမ်း မှာကျတော့ (ဝမ်းသာပါတယ် ဘုရား) ဒါဖြင့် ဘုရား ဝမ်းသာတဲ့တရား, ဘုရား နည်းပြတဲ့ တရားလို့ နှစ်မျိုး မှတ်ကြ (မှန်ပါ့ ဘုရား)။

ဦးမြ နှစ်မျိုးမှတ်စမ်း (မှန်ပါ့) ဘုရားနည်းပြတဲ့ တရား တစ်မျိုး၊ ဒီလမ်းလိုက်ရင် ဒီလို ဖြစ်လိမ့်မယ် ပြောတာ ကတော့ ဒါန, သီလတွေနဲ့ နိဗ္ဗိန္ဒ မပါဘဲနဲ့ လှူခဲ့တန်းခဲ့လို့ ရှိရင် အဲဒါ အလောင်းထပ် တယ်ကွ၊ သဘောကျပလား (မှန်ပါ့ ဘုရား)။

ဒါန,သီလတွေ ဒုက္ခမမြင်ဘဲနဲ့ လှူကြ, ပေးကြ, ကမ်းကြလို့ ရှိရင် အလောင်း ထပ်တယ်ကွ ဆိုတာလဲ ဘုရားဟောမှ သိရမှာပဲ (မှန်ပါ့)။ ဟာ သစ္စာသိပြီး လုပ်လို့ရှိရင်လဲ အလောင်းသိမ်းတယ် ကွ ဆိုတာလဲ သူပြောမှ သိရမှာပဲ (မှန်ပါ့ ဘုရား)။

အဲဒီတော့ သူပြောတာက သူမကြိုက်တဲ့ တရားတစ်မျိုး။ သူ ကြိုက်တဲ့ တရားတစ်မျိုးလို့ ဆိုတာ ဒကာ ဒကာမတွေ ကြိုက်နေတာ က သူမကြိုက်တဲ့ တရား ကြိုက်နေတာ (မှန်ပါ့ ဘုရား) သူကြိုက် တဲ့ တရားကိုတော့ (မကြိုက်ပါ ဘုရား)။

မကြိုက်ဘူးဆိုတော့ ဘုရား၏ စိတ်ထားကိုလဲ မဝေဘန်တဲ့ အဓိပ္ပာယ် ရောက်တယ် (မှန်ပါ့) ရမ်းနာတဲ့ အဓိပ္ပာယ်ကော (ရောက်ပါတယ် ဘုရား)။

ပယ်ရမည့် တရားကိုတော့ မင်းတို့က သိမ်းတယ်၊ သိမ်းရမည့် တရားကိုတော့ ပယ်တယ် (မှန်ပါ့) ဆိုတော့ ဈေးဝယ်မတတ် သလို ဖြစ်နေတယ် (မှန်ပါ့) ဦးမြ ဘယ့်နှယ် ဖြစ်နေသတုန်း၊ (ဈေးဝယ် မတတ်သလို ဖြစ်နေပါတယ်)။

ဒကာ ဒကာမတွေ ဘယ်လောက် အရေးကြီးတယ်ဆိုတာ တရားချီး ကတည်းက ခင်ဗျားတို့ သိလောက်ပါပြီ၊ မသိသေးဘူးလား (သိပါပြီ) အလောင်းထပ်တဲ့ တရားဟာ ဘုရားကြိုက်တဲ့ တရား လား၊ ဘုရားပယ်တဲ့တရားလား (ဘုရားပယ်တဲ့ တရားပါ ဘုရား)။

ဟာ ခင်ဗျားတို့က ဘုရားပယ်တဲ့ တရားကိုတော့၊ (ကြိုက်ပါတယ် ဘုရား) ဘုရား စက်ဆုပ်တော်မူတဲ့ တရားကိုတော့ လူ စည်းစိမ်, နတ်စည်းစိမ် အကြိမ်ကြိမ် ခံစားရပါလို၏နဲ့ ဘုရား ရှေ့သွား ပြီး ကန့်လန့် လုပ်လိုက်ဦးမကွ၊ ဘာတဲ့တုန်း ဦးမြရ – မပြောတတ်ပါ ဘုရား အရူးထ နေကြတာ၊ မောင်အောင်ချီတို့ , မောင်မြင့်တို့ကော သဘောကျရဲ့လား (ကျပါတယ် ဘုရား)။

ဘုရားရှေ့သွားပြီး ကိုယ်က အကြိမ်ကြိမ် ခံစားပြီး၍ဆိုတော့ မောင်မြင့် အလောင်း မထပ်ဘူးလား၊ ထပ်မလား (ထပ်သွားတာပါ ဘုရား) အကြိမ်ကြိမ် ခံစားရင်း အကြိမ်ကြိမ် သေမှာပဲ (မှန်ပါ့ ဘုရား)။

ဒါဖြင့် အလောင်းထပ်တဲ့ တရားဟာ ဘုရားစက်ဆုပ်တော် မူတဲ့တရားလား၊ ဝမ်းမြောက် တော်မူတဲ့ တရားလား – (စက်ဆုပ်တော် မူတဲ့တရားပါ ဘုရား) အဲ အရှင်ဘုရား စက်ဆုပ်တာကို တပည့်တော်တို့ကို ဆုပေးစမ်းပါဘုရာ့ ပြည့်အောင် (မှန်ပါ့) ဘယ့်နှယ် လုပ် တာတုန်း ဦးမြရဲ့ ရှင်းစမ်းပါဦး ခင်ဗျားဟာ (ကန့်လန့်လုပ်တာ ပါ ဘုရား) ဦးအောင်ဇံဝေကြီးကော ရှင်းတတ်ပလား (အရူးထ,တာပါ ဘုရား) အရူးထတာ၊ အဲ ခင်ဗျားတို့ တည့်ပြီ။

အရူးထတယ်ဆိုတာ ဦးမြက မှတ်လိုက် မမှားဘူးဗျ၊ ဝိပ္ပလ္လာသကြောင့် တောင်းတာကိုး (မှန်ပါ့) ရှင်းပလား (ရှင်းပါ ပြီ ဘုရား) ဝိပ္ပလ္လာသဆိုတာ သညာဝိပ္ပလ္လာသ, စိတ္တဝိပ္ပလ္လာသ, ဒိဋ္ဌိ ဝိပ္ပလ္လာသ ဆိုတော့ အရူးပဲ မဟုတ်လား (မှန်ပါ့ ဘုရား)။

အဲဒါ ဘုရားရှေ့သွားပြီး အရူးထတာလို့မှတ်လိုက်စမ်းပါ (မှန်ပါ) မောင်အောင်ချီ ဘယ့်နှယ် မှတ်မလဲ (ဘုရားရှေ့သွား ပြီး အရူးထ နေပါတယ် ဘုရား)။

ဟာ မင်းတို့ဟာ မင်းတို့ အိမ်နောက် ဖေးသွားပြီး အရူး ထရင် ဘာကိစ္စ ရှိသတုန်းကွ၊ (မှန်ပါ့) ဦးမြကြီးဟင်၊ (မှန်ပါ့) ပန်းတွေ နဲ့ တစ်ကယ့် ကြည်ညိုဘွယ်ရှိတဲ့ ကိုယ်တော်ကြီးရှေ့မှာ သွားပြီး မောင်မြင့်တို့က အရူးထရင် တော်ပါ့မလား။ (မတော်ပါ ဘုရား) အရူး အရူးနေရာ မနေဘူးလို့ ပြောရမှာလား မပြောရဘူးလား (ပြောရမှာပါ ဘုရား)။

နောက်က ဒကာ ဒကာမတွေ အရူး-အရူးနေရာမှာ နေမှ သင့်တယ်နော် (မှန်ပါ့) အခုဟာ ဘယ်မှာတုန်း အရူးက ဧည့် ခန်းလာ ရူးလို့ တော်ပါ့မလား (မတော်ပါ ဘုရား)။

ဒါ ဘုန်းကြီးက စကားကြီးတာလား ဦးအောင်ဇံဝေရ ခင်ဗျားတို့ ရူးချက်က သန်တာလား (ရူးချက်က သန်တာပါ ဘုရား)။

ရူးချက်သန်တယ်၊ အံမာလေး ဦးမြရ ဒီလိုဆရာသမား ကောင်းနဲ့ မတွေ့ရှိရင် အာစယဂါမိနော ဓမ္မာ ကြိုက်တဲ့လူတွေလည်း ခင်ဗျားတို့ ရာခိုင်နှုန်း တွက်ကြည့်စမ်း အများကြီး ရှိလိမ့်မယ်ထင်တယ် (ရှိပါတယ် ဘုရား)။

အပစယဂါမိနော ဓမ္မာ ကြိုက်တဲ့လူက အတော်နည်းလိမ့်မယ် လို့ဆိုရင် လွဲပါ့မလား (မလွဲပါ ဘုရား)။

ဘုရားစက်ဆုပ်တဲ့ တရားကြိုက်တဲ့ လူနဲ့ ဘုရားနှစ်သက်တဲ့ တရားကြိုက်တဲ့လူနဲ့ တရား တစ်ပွဲလုံး ဆုံးဖြတ်ချက် ချစမ်း ဘယ်သူက များပါ့မတုန်း (ဘုရား စက်ဆုပ်တဲ့တရား ကြိုက်တဲ့ လူက များပါ တယ် ဘုရား)။

အင် ဒါဖြင့် တရားမနာတတ်သေးဘူး ဆိုရမှာလား ဦးမြ၊ နာတတ်ပြီလို့ ဆိုရမှာလား (မနာတတ် သေးဘူးလို့ ဆိုရမှာပါ ဘုရား)။

ကဲ တရားနာဖို့ မောင်မြင့် ဘယ်လောက် ခဲယဉ်းတယ် ဆိုတာ မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။

သေသေချာချာ တွေးမှကွ (မှန်ပါ့) နိဗ္ဗာန် မရမီ စပ်ကြား ဒီသား, ဒီသမီး, ဒီမြေး, ဒီမြစ်နဲ့ အတူတူနေ၊ သူက အတူတူနေတာ မြင်တာကိုးကွ၊ အတူတူသေမှ မထည့်တော့ဘဲ (မှန်ပါ့ ဘုရား)။

အတူတူနေရင်တော့ (အတူတူသေရမှာပါ ဘုရား) အတူတူ သေရမှာပဲ၊ အတူတူပူရမှာပဲ၊ အတူတူ ဆွေးရမှာပဲ၊ ဦးမြ ဟုတ်ပါရဲ့ လား (ဟုတ်ပါတယ် ဘုရား)။

အဲဒါအတူတူ နေတစ်လုံးဖုံးလိုက်တာနဲ့ အတူတူ သေပျောက် သွားတယ် (မှန်ပါ့) မဆိုးဝါး ဘူးလား (ဆိုးဝါး ပါတယ် ဘုရား) ပေါ်ကြပလား နောက်က ဒကာ ဒကာမတွေ (ပေါ်ပါပြီ ဘုရား)။

အေး ဒါကြောင့် ခင်ဗျားတို့ အရူး အရူးနေရာနဲ့ ရူးပါလို့ ဆရာဘုန်းကြီးက ပြောတာ ဦးမြ စကားကြီးသလား (မကြီးပါ ဘုရား) အရူး-အရူးနေရာနဲ့ နောက်ဖေးချောင် သွားရူးပါဟုတ်လား (မှန်ပါ့)။

ပန်းတွေ တင်ထားတဲ့ ဘုရားရှေ့မှာ ကြည်ညိုဖွယ်ဆောင် ထားတဲ့ ဘုရားရှေ့မှာ သွားပြီး သကာလ လက်အုပ်ချီ ရူး-ရူးတာ ကတော့ ဦးမြ ဆိုးတယ် (မှန်ပါ့ မသင့်မလျော်ပါ ဘုရား) မသင့် မလျော် ဘူးဆိုတာ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် အာစယဂါမိနော ဓမ္မာတာ စုတိပဋိသန္ဓေ သို့ရောက်ကြောင်း တရားနော် (မှန်ပါ့) အပစဂါမိနာဓမ္မာဆို တာက စုတိပဋိသန္ဓေကို ဖျက်ချပြီး သကာလ နိဗ္ဗာန်သို့ ရောက်ကြောင်း တရား၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့် အာစယဂါမိနော ဓမ္မာ ဘာပါလိမ့်မတုံး လို့မေးတဲ့ အခါကျတော့ အကုသိုလ် စိတ်တွေလဲ အာစယဂါမိနော ဓမ္မာပဲ (မှန်ပါ့) ဘုံဘဝ တောင်းတ လုပ်တဲ့ ကုသိုလ်တွေ ဟူသ၍ လည်း (အာစယဂါမိနော ဓမ္မာပါ ဘုရား) စုတိပဋိသန္ဓေပဲ ပြန်ရတယ် (မှန်ပါ့)။

မောင်မြင့်စုတိ ဘာသစ္စာတုန်း (ဒုက္ခသစ္စာပါ ဘုရား) ပဋိသန္ဓေကော (ဒုက္ခသစ္စာပါ ဘုရား) ဒါဖြင့် မင်းတို့လုပ်တဲ့ ကုသိုလ်တွေဘဝ လိုချင်ကြလို့ရှိရင်ဖြင့် ဒုက္ခပေးပါလို့ သွားတောင်းတာ (မှန်ပါ့)။

နောက်က ဒကာ ဒကာမတွေ ဘယ်လိုတုန်း (ဒုက္ခပေးပါ လို့ သွားတောင်းတာပါ ဘုရား)။

ဒုက္ခပေးပါလို့ သွားတောင်းတော့ ဟိုဒင်းလို ဖြစ်နေပြီထင် တယ်-ဦးမြရ ပုဏ္ဏားမိုက်လို ဟင် (မှန်ပါ့) သူ့မှာ နွားက တစ်ကောင်တည်း ရှိတာနဲ့ ရှင်ဘုရင်ဆီ သွားတောင်းတယ်၊ နွားတစ်ကောင် သွားတောင်းတယ်၊ ရှင်ဘုရင်ဆီကျတော့ ကြောက်တာ, လန့်တာနဲ့ အရှင်မင်းကြီး အကျွန်ုပ်မှာ နွားတစ်ကောင် ရှိတယ်၊ အဲဒါ သိမ်းတော်မူပါတဲ့၊ ဂွကျ သွားတာပေါ့ကွ၊ မကျသေးဘူးလား ကျသလား (ကျပါတယ် ဘုရား)။

နဂိုရ်က နွားတစ်ကောင် ရှိတာကိုး၊ အသင် ရှင်ဘုရင့်ဆီသွား တောင်း တစ်ကောင်ရလို့ရှိရင် တစ်စုံ ဖြစ်မယ်၊ တစ်စုံ ရှိရင် ခိုင်းလို့ စေလို့ ထွန်လို့ ထယ်လို့ ဖြစ်မယ်လို့ ဆိုပြီး သူ့သားက လွှတ်လိုက် တာ ဟိုကျတော့ အရှင်မင်းကြီး အကျွန်ုပ်မှာ နွားတစ်ကောင် ရှိတယ်၊ တစ်ကောင် သိမ်းတော်မူပါ ဆိုတော့ ဘယ်မှာတုန်းကွ အရင်ဆုံး နေပါပြီ(မှန်ပါ့) ဦးမြ ဘယ့်နှယ်နေသတုန်း(အရင်း ဆုံးပါတယ် ဘုရား)။

ဒီမှာလဲ စုတိပဋိသန္ဓေ ပြန်တောင်းလို့ရှိရင် ဘယ့်နှယ်ဆိုကြ မတုန်း (အရင်းရှုံးပါတယ် ဘုရား)။

ဒုက္ခရှိလျက်နှင့် ဘာတောင်းတာတုန်း (ဒုက္ခတောင်းတာပါ ဘုရား) ဒါဖြင့် ဒုက္ခရှိလျက်နဲ့ ဒုက္ခ တောင်းတော့ကို ဒီဒုက္ခ မကျေနပ် လို့ ဟို-ဒုက္ခကို တစ်ချက် ရိုက်တဲ့ ဥစ္စာ မကျေနပ်လို့ နှစ်ချက် ရိုက်သတ် ပါဆိုတာနဲ့ကော (အတူတူပါ ဘုရား)။

ဦးမြ ဒါငြင်းချင် သေးသလား ခင်ဗျားတို့ (ငြင်းစရာ မလို ပါ ဘုရား) ငြင်းစရာ မလိုပါဘူးဆိုတာ နောက်က ဒကာ ဒကာမတွေ ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။

ကဲ မောင်အောင်ချီတို့ မောင်မြင့်တို့ မဆိုးဘူးလားကွာ (ဆိုးပါတယ် ဘုရား) ဒါကြောင့် တကယ်တမ်းသိတဲ့ ဆရာသမားကို ကိုသောင်ကြီး ရှာထိုက် မရှာထိုက် (ရှာလိုက်ပါတယ် ဘုရား) ဦးအောင်ဇံဝေ (ရှာလိုက်ပါတယ် ဘုရား) မရှာရင်သွားပြီ (မှန်ပါ့) မရှာရင် သွားပြီး ဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။

အေး ဒါကြောင့် ဦးမြတို့ ဒီလာပြီး ကြုံတဲ့ဥစ္စာခင်ဗျား အင်မတန် ကြီးကျယ်တဲ့ အကြုံကြီးပဲ ဆိုရင်ကော လွဲပါမလား (မလွဲ ပါ ဘုရား)။

ကိုင်း ဒါဖြင့် ပြောကြပါစို့၊ ကုသိုလ်စိတ်ရယ်၊ အကုသိုလ်စိတ် ရယ်, ကုသိုလ်စိတ်ပေမယ့် ခင်ဗျားတို့ပြုတဲ့ ဘုံဘဝ တောင်းတတဲ့ ကုသိုလ်စိတ်၊ မကောင်းတဲ့ အကုသိုလ်စိတ် ဒါနှစ်ခုဟာ မောင်မြင့်က မှတ်လိုက်စမ်း စုတိပဋိသန္ဓေသို့ ရောက်ကြောင်းချည့်မှတ်လိုက် (မှန်ပါ့)။

ဘုံဘဝ တောင်းတတဲ့ ကုသိုလ် ဟူသရွေ့ ဘာရောက်ကြောင်း တုန်း (ဘုံဘဝ ရောက်ကြောင်းပါ ဘုရား) စုတိပဋိသန္ဓေထည့် ပါ (စုတိပဋိသန္ဓေသို့ ရောက်ကြောင်းပါ ဘုရား)။

စုတိပဋိသန္ဓေ ရောက်ကြောင်း ဆိုတော့ စုတိဒုက္ခသစ္စာ, ပဋိသန္ဓေ ဒုက္ခသစ္စာ ဆိုတော့ ဒုက္ခရောက်ကြောင်း (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အပစယဂါမိနော ဓမ္မာ ဆိုတာကတော့ စုတိပဋိသန္ဓေသို့ ရောက်ကြောင်း မဟုတ်တဲ့ တရား ဆိုတော့ ဘယ်ဟာကို ခင်ဗျားတို့ ကိုးကွယ်ထိုက်, ဆည်းကပ်ထိုက်တဲ့ လုပ်ထိုက်တယ် ဆိုတာ ပေါ်လာ တယ် (မှန်ပါ့) ဘယ်ဟာ ပေါ်လာသတုန်း (စုတိပဋိသန္ဓေ သို့ ရောက်ကြောင်း မဟုတ်တဲ့ တရားပါ ဘုရား)။

စုတိပဋိသန္ဓေ ရောက်ကြောင်း မဟုတ်တဲ့ တရားကို ကိုးကွယ် ဆည်းကပ် သိမ်းလိုက်ပါ (မှန်ပါ့) ဘာတူ သေသေချာချာနော် (မှန်ပါ့)။

ကိုင်း ဒါဖြင့် ပြောပြီးတဲ့ မင်းတို့ လုပ်နေတဲ့ မဂ်စိတ်တွေ ကတော့ စုတိပဋိသန္ဓေသို့ ရောက်ကြောင်း မဟုတ်တဲ့ တရား (မှန်ပါ့) ရှင်းပလား(ရှင်းပါပြီ ဘုရား)။

မင်းတို့လုပ်နေတဲ့ အကုသိုလ်နဲ့ ဘုံတွေ, ဘဝတွေ လိုချင်တဲ့ ကုသိုလ်တွေ ကတော့ ဘာတဲ့ (စုတိ ပဋိသန္ဓေသို့ ရောက်ကြောင်း တရား ပါ ဘုရား)။

စုတိပဋိသန္ဓေသို့ ရောက်ကြောင်းဖြစ်တဲ့ တရားလို့ဆိုတော့ သြော် တရားသား ပေါ်လာပြီ ဦးမြရေ- (မှန်ပါ့) မပေါ်သေးဘူး လား (ပေါ်ပါပြီ ဘုရား)။

ပေါ်ပြီတဲ့၊ ဒါဖြင့် အုတ်တိုက် တည်နေတဲ့ တရားကတော့ ဆင့်ဆင့်- ဆင့်ဆင့်တည် သွားတယ် နော် (မှန်ပါ) အုတ်တိုက် ဖျက်ချတဲ့ တရားလဲရှိတယ် အုတ်တိုက် တည်တဲ့ တရားလဲရှိတယ် (မှန်ပါ့)။

အာစယဂါမိနော ဓမ္မာဆိုတာ အုတ်တွေ တစ်ချပ် တစ်ချပ် စီစီ သွားသလို အသေပေါ် အသေထပ်တဲ့ တရားက အာစယဂါမိ တရား၊ အသေကို ရုပ်သိမ်းတဲ့တရားက အပစယဂါမိတရား။ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဘုရားတပည့်တော်တို့ အာစယဂါမိတော့ မကြိုက်ပါ ဘုရား၊ အပစယဂါမိ တရားသာ ကြိုက်ပါတော့တယ် ဆိုတော့ မြန်မာ လို မင်းတို့ မှတ်စရာက စုတိပဋိသန္ဓေ ရောက်ကြောင်း တရားတော့ မကြိုက်ဘူး ဖြစ်မှာဘဲ (မှန်ပါ့) ဟုတ်လား (မှန်ပါ့ ဘုရား)။

စုတိပဋိသန္ဓေ သိမ်းပြီး နိဗ္ဗာန် ရောက်ကြောင်း တရားတော့ (ကြိုက်ပါတယ် ဘုရား) ဒါကလေးဟာ လိုရင်းပါပဲ ဦးမြတို့ ပေါ်ကြ ပလား (ပေါ်ပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့် ဘယ့်နှယ် လုပ်ရမှာတုန်း တပည့်တော် တို့ ဒါဖြင့် ဘုရား စုတိပဋိသန္ဓေသို့ ရောက်ကြောင်း တရားတော့ မှို ပေါက်နေပြီ ဘုရာ့၊ မဆိုနိုင်ဘူးလား – (ဆိုနိုင်ပါတယ် ဘုရား) သားနဲ့ မယားနဲ့ အရောင်းနဲ့ အဝယ်နဲ့ဟာ စုတိပဋိသန္ဓေသို့ ရောက်ကြောင်း တွေပေါ့ဗျာ (မှန်ပါ့) မဟုတ်ဘူးလား (မှန်ပါ့ ဘုရား)။

မသိခင်တုန်းက လှူဒါန်း ပေးကမ်း တာတွေလဲ ဦးမြကြီး ဆုံး ဖြတ်ချက်ချစမ်း (စုတိပဋိသန္ဓေသို့ ရောက်ကြောင်းပါ ဘုရား) ဦးအောင်ဇံဝေ သေချာပလား (သေချာပါပြီ ဘုရား)။

ဒါဖြင့် စုတိပဋိသန္ဓေသို့ ရောက်ကြောင်း တရားတော့ ခင်ဗျား တို့က မှိုပေါက်နေပြီ ဆိုတော့ အုတ်တိုက်တော့ တည်ထားကြပြီ အလောင်းချင်းထပ်တဲ့ အုတ်တိုက်တော့ (မှန်ပါ့) မဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား)။

အလောင်းသိမ်းတဲ့ အလုပ်တော့ မလုပ်တတ် သေးဘူးဆိုလို့ ရှိရင်ဖြင့် ထပ်လို့ပဲ ဆုံးနိုင်စရာ မြင်သေးရဲ့လား (မမြင်ပါ ဘုရား) ဒေါ်အုန်းမေကြီး မြင်သေးရဲ့ လား- (မမြင်ပါ ဘုရား)။

ဒါဖြင့် ဘယ်အလုပ်နဲ့ တပည့်တော်တို့ ဘယ်လိုလုပ်မှ စုတိ ပဋိသန္ဓေသို့ ရောက်ကြောင်း မဟုတ်တဲ့ တရားဖြစ်ရမှာလဲ၊ မောင်မြင့်တို့ မေးဖို့လိုတယ် (မှန်ပါ့) မလိုဘူးလား (လိုပါ တယ် ဘုရား)။

အခု အရှင်ဘုရားဟောထားတာလဲ တပည့်တော်တို့ ရှင်းပြီ ဘုရား၊ စုတိပဋိသန္ဓေသို့ ရောက်ကြောင်း တရားလဲသိပြီ ဘုရာ့၊ အကု သိုလ် လုပ်နေတာလဲ အပါယ်စုတိ အပါယ်ပဋိသန္ဓေတွေ ဒုက္ခတွေ ရောက်တော့မှပဲ ဆိုတာ သိပြီဘုရာ့၊ မသိခင်တုန်းက ပေါများချင်လို့ နောက်ဘဝ ကောင်းစား ချင်လို့ လှူတဲ့ အလှူတွေလဲ တပည့်တော်တို့ စုတိပဋိသန္ဓေသို့ ရောက်ကြောင်း ဆိုတာ မောင်အောင်ချီ သိပလား (မှန်ပါ့) ဒါဖြင့် အမှားဟာဖြင့် ကျွံခဲ့ပြီ၊ ဦးမြပြင်ဖို့ လိုတော့တာ ပဲ (မှန်ပါ့)။

အမှားကတော့ (ကျွံခဲ့ပါပြီ ဘုရား) ပြင်ဖို့ပဲ- (လိုပါတယ် ဘုရား) လိုတော့တယ် ဆိုတာဖြင့် ဒါ သေသေချာချာ မှတ်ပေတော့နော် (မှန်ပါ့)။

ဒါဖြင့် ပြင်ပုံ, ပြင်နည်းပဲဘုရား အမိန့်ရှိပါတော့ တပည့်တော် တို့ မှားချက်ကဖြင့် ပြင်းထန် လှချီရဲ့၊ မှားတာလဲ ခုနင်က အရှင် ဘုရားပြောလို့ ရိပ်မိပါပြီ၊ တချို့ဟာ ဘုရားရှေ့သွား မှားတယ်၊ တချို့ ဟာကော ထာကလေးနဲ့ မှားတယ်၊ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါ တယ် ဘုရား) တချို့က ကျောက်ကုန်သည် ဆိုတော့ ထာကလေးနဲ့ မှားနေတယ်၊ ဟင် (မှန်ပါ့) ရလိုမှုတွေနဲ့ ဝယ်ချမ်း စစ်ဆေးကြ, လုပ်ကြ၊ ဒါ စုတိပဋိသန္ဓေသို့ ရောက်ကြောင်း ဟုတ်ပါရဲ့ လား (ဟုတ်ပါတယ် ဘုရား)။

တချို့ကျတော့လဲ ထာကလေးနဲ့ မမှားဘူးလား မောင်မြင့်ရ ဘုရားရှေ့သွားမှားတာလဲ ရှိသေးတယ် (မှန်ပါ့) မရှိဘူးလား (ရှိပါတယ် ဘုရား)။

ဘုရားရှေ့သွားပြီ ဒီသား, ဒီသမီး, ဒီမြေး, ဒီမြစ်နဲ့ ဒီပန်းလှူ ရတဲ့အတွက် ဘယ်အခါကာလမှ မခွဲဘဲနဲ့ နေပရစေ- ရောက်ရာဘဝ မှာဆိုတော့ သွားပြီကွ စုတိပဋိသန္ဓေနဲ့ သွားပြီ၊ မပါသေးဘူးလား (ပါ-ပါတယ် ဘုရား)။

ဒါ ကိုယ်ပါနေတဲ့ ပါးစပ်ထဲကဟာကို ငါ-ဘာလုပ်နေ တယ်လို့ကို မသိဘူး (မှန်ပါ့) ဦးမြကြီး ကိုယ့်ပါးစပ်ကို ကိုယ် သိသေးရဲ့လား (မသိပါ ဘုရား)။

အံမာလေး ကြောက်စရာကြီး ပါလား။ ခေါင်းဖြူဖြူနဲ့ အသက်ကြီးတဲ့ ဒကာ ဒကာမတွေလဲ ကြပ်ကြပ် သတိထားစမ်းပါ၊ မှား ချက် ပြင်းထန် လွန်းလို့ဆိုတဲ့ ဥစ္စာတော်တော် ရှင်းရှင်းပဲ အခုပြောထား ပြီ နာရီဝက် ရှိသွားပြီနော် (မှန်ပါ့) ဒါလဲရှင်းရှင်းကို ပြော နေတာ။

ကိုင်း ဒါဖြင့် ဒီလိုလုပ်ကြပါစို့ စုတိပဋိသန္ဓေသို့ရောက် ကြောင်းတရားတော့ မှိုပေါက်နေလို့ တပည့်တော်တို့ကို ရောက်ကြောင်း တရား မဟုတ်တာကို ပြောပါတော့၊ ဒါမင်းတို့ တောင်းပန်ဖို့ ရှိတယ် (မှန်ပါ့)။

စုတိပဋိသန္ဓေသို့ ရောက်ကြောင်း မဟုတ်တဲ့ တရားကို ပြော ပါတော့ ဆိုတော့မှ ဦးမြ, ရေ ပြောပြီနော် (မှန်ပါ့)ပြောတော့မှ ဒါ ဘယ်ကလာတာတုန်းဆိုတော့ ဓမ္မသင်္ဂဏီက လာတယ်နော် အခုပြောခဲ့တဲ့ ပါဠိတော်ဟာ (မှန်ပါ့) ဓမ္မသင်္ဂဏီနဲ့ သံယုတ်နဲ့ တွဲဟောရမယ် (မှန်ပါ့)။

ဦးနေဖူး ဓမ္မသင်္ဂဏီနဲ့ သံယုတ်နဲ့တွဲဟောရမယ် (မှန်ပါ့) သဠာယတန သံယုတ်ကျတော့ ဘုရားသခင် ကိုယ်တော်မြတ် ကြီးက မင်းကွာ စုတိပဋိသန္ဓေသို့ ရောက်ကြောင်း တရား မဖြစ်ချင်လို့ ရှိရင် လွယ်ပါတယ်ကွာ၊ တစ်ခါမှ မမြင်ဘူးတဲ့ ရှေးကလဲ မမြင်ဖူး-ဘူး အခုလဲ မမြင်ဖူးဘူး။

ရှေးကလဲ မမြင်ဖူးဘူးနော် တစ်ခုသော ပစ္စည်း (မှန်ပါ့) အခုကော မြင်ဆဲကော (မဟုတ်ပါ ဘုရား) မြင်ဆဲလဲ မဟုတ်ဘူး (မှန်ပါ့) ရှေးကလဲ မမြင်ဖူးဘူး၊ အခုလဲ မြင်ဆဲလဲ မဟုတ်ဘူးဆိုတော့ အဲဒီ ပစ္စည်းတစ်ခုကို ကျုပ်ရချင်တယ်လို့ ဘယ်သူပြောမလဲတဲ့၊ (ဘယ်သူမှ မပြောပါ ဘုရား)။

ရှေးကလဲ မမြင်ဖူးဘူး၊ အခုံကော (မြင်ဆဲ မဟုတ်ပါ ဘုရား) အခုလဲ မမြင်ရသေးဘူး၊ သဘောကျပလား (ကျပါပြီ ဘုရား) အဲဒါကျုပ် ကြည့်ချင်လိုက်တာလို့ ဘယ်သူပြောမတုန်း (ဘယ်သူမှ မပြောပါ ဘုရား)။

ကြည့်ချင် လိုက်တာဆိုတော့ ဦးအောင်ဇံဝေက တွေးလိုက်၊ ကြည့်ချင်လိုက်တာ ဆိုတဲ့ ဥစ္စာသည် တဏှာသံ ထွက်တယ် (မှန်ပါ့) မဟုတ်ဘူးလား (မှန်ပါ့)။

အခုတော့ ရှေးကလဲ မမြင်ဖူးဘူး၊ အခုလဲ မြင်ဆဲမဟုတ် ဘူးဆိုတော့ ကြည့်ချင် လိုက်တာ ဆိုတဲ့ စကားဟာ မောင်မြင့်လာ မလား မလာဘူးလား (မလာပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

မလာဘူးနော် (မှန်ပါ့) ဒါဖြင့် တွေ့ချင်တဲ့တဏှာ, မြင် ချင်တဲ့တဏှာ ကြားချင်တဲ့ တဏှာ လာပါ့မလား (မလာပါ ဘုရား) ဘာဖြစ်လို့တုန်း- ရှေးကလဲ မမြင်ဖူး မကြားဖူးလို့ မစားဘူး လို့ (မှန်ပါ့ ဘုရား) အခုလဲ မြင်ဆဲ, ကြားဆဲ ဆိုကာမရှိလို့ (မှန်ပါ့)။

အဲဒီပစ္စည်းမျိုးကို ရချင်လိုက်တာ လို့ ပြောတဲ့ ပုဂ္ဂိုလ် ဒီအထဲ တစ်ယောက်မှ ပါမှာမဟုတ်ဘူး (မပါပါ ဘုရား) ပါသေးရဲ့ လား (မပါပါ ဘုရား) ဦးမြရှင်းပြီ၊ မရှင်းသေးဘူးလား (ရှင်းပါပြီ ဘုရား)။

ရှေးကလဲ မမြင်ဘူး၊ မတွေ့ဘူး, မကြားဘူးလား၊ အခုမြင် ကြားတွေ့ဆိုတာ မောင်မြင့် လက်ရှိလဲ မဟုတ်ဘူး (မှန်ပါ့) အဲဒီ ပစ္စည်းမျိုးကို ကျုပ်ရချင် လိုက်တာလို့ ရချင်တဲ့ တဏှာလာရဲ့ လား မလာဘူးလား (မလာပါ ဘုရား) မလာရင် ဥပါဒါန်ကော (မလာပါ ဘုရား) ဥပါဒါန်မလာလို့ ရှိရင် အားထုတ်တဲ့ကံကော (မလာပါ ဘုရား)။

ကောင်းပြီ ၊ ဒါဖြင့် ဦးမြတရားသား နည်းနည်းပေါ်လာ တယ်၊ တရားသား နည်းနည်း ပေါ်လာ တယ် (မှန်ပါ့)။

ဒကာ ဒကာမတို့ အဘိဓမ္မာတရားကို ဟောရတော့ ဦးအောင်ဇံဝေ မလွယ်ဘူးနော် (မလွယ်ပါ ဘုရား) မလွယ်ဘူး သေသေချာချာ ဉာဏ်နားနဲ့ ထောင်မှ ခင်ဗျားတို့ အမှားကို အကုန်ပြင် နေတာ ဖြစ်နေသောကြောင့် ဉာဏ်နားနဲ့ ကြီးကြီးကျယ်ကျယ်ကို ထောင်မှ သူကကိုက်မှာ (မှန်ပါ့ ဘုရား)။

မောင်အောင်ချီ ဉာဏ်နားနဲ့ ကြီးကြီးကျယ်ကျယ် ထောင်နော် (မှန်ပါ့) ဝမ်းသာစရာ မပါဘူး၊ ဒုက္ခသိမ်းတာပဲ ဟောမှာပဲ (မှန်ပါ့ ဘုရား)။

ဝမ်းသာစရာတော့ မပါ-ပါဘူး၊ ဒုက္ခသိမ်းစရာတော့ (ဟောမှာပါ ဘုရား) ဒုက္ခသိမ်းတော့ပါမယ် (မှန်ပါ့ ဘုရား)။

ကဲ ဒါဖြင့် ရှေးက မမြင်ဖူး- မကြာဖူးတဲ့ ပစ္စည်း၊ ယခုလဲ မြင်ကြားဆိုတာ အခုလဲ မရှိပါဘူး၊ အဲဒီပစ္စည်းမျိုးကို အားလုံး တရား တစ်ပွဲလုံးက မြင်ချင်တယ်, ကြားချင်တယ်, စားချင်တယ်, တွေ့ချင် တယ်လို့ လာမလား (မလာပါ ဘုရား) ဘာ့ကြောင့်တုန်းဆိုတော့ ရှေးကလဲ မမြင်, မကြား, မတွေ့၊ အခုလဲ မြင်ဆဲ, တွေ့ဆဲ, ကြားဆဲ ဦးမြဟုတ်ပါရဲ့လား (မဟုတ်ပါ ဘုရား) သဘောပါပလား (ပါ-ပါပြီ ဘုရား)။

အဲဒီတော့ တဏှာ လာသေးရဲ့ လား (မလာပါ ဘုရား) တဏှာ မလာရင် (ဥပါဒါန် မလာပါ ဘုရား) ဥပါဒါန် မလာရင် (ကံ-မလာပါ ဘုရား)။

ဒါဖြင့် ကံလာရင် ဟိုဘက်ပဋိသန္ဓေပေါ်မယ်၊ ပဋိသန္ဓေ ပေါ်ရင် မောင်မြင့်စုတိကော (ပေါ်မှာပါ ဘုရား) ပဋိသန္ဓေနေ ရင် သေမှာပဲ (မှန်ပါ့ ဘုရား)။

ဒါဖြင့် စုတိပဋိသန္ဓေသို့ ရောက်ကြောင်း တရားဟာ အခု ပဋိစ္စသမုပ္ပါဒ်နဲ့ ပြောလိုက်တော့မှ တဏှာ, ဥပါဒါန်လဲ စုတိပဋိသန္ဓေ သို့ ရောက်ကြောင်း၊ ကံလဲ ရောက်ကြောင်း (မှန်ပါ့) ပေါ်ပလား (ပေါ်သွားပါပြီ ဘုရား)။

တဏှာ, ဥပါဒါန်လဲ (စုတိပဋိသန္ဓေသို့ ရောက်ကြောင်းပါ ဘုရား) ကံကော (စုတိပဋိသန္ဓေသို့ ရောက်ကြောင်းပါ ဘုရား)။

ဪ စုတိပဋိသန္ဓေသို့ ရောက်ကြောင်းတရား အခုပဋိစ္စ သမုပ္ပါဒ်နဲ့ သေသေချာချာ ထောက်ပြ လိုက်တော့မှ ဦးမြရေ ပိုရှင်း တယ် (မှန်ပါ့ ဘုရား)။

ဘယ်ကံတုန်း ဘုရာ့၊ အို ဘယ်ကံရယ်လို့ မဟောပါဘူး၊ ကံဟူသရွေ့ဟာ ဒီလိုပါပဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘယ်ကံရယ်လို့ ဘုန်းကြီးက ကုသိုလ်ကံ အကုသိုလ်ကံရယ် လို့ မဟောတော့ပါဘူး မောင်မြင့်ရ (မှန်ပါ့) စုတိပဋိသန္ဓေသို့ ရောက်ကြောင်း ချည့် မှတ်လိုက်ပါ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဲဒါ ဒကာ ဒကာမတွေက ဆင်ခြေလဲပြီး သကာလ ကျုပ်တော့ ကံကောင်းကလေး လုပ်နေတယ်လို့ အံမာလေး ဆင်ခြေ လဲ မနေနဲ့ ပုတိတော့ လာဦးမှာပဲ ပဋိသန္ဓေကော (လာမှာပါ ဘုရား)။

ဒါကြောင့် နေ့လယ်က မောင်မြင့်တို့ မောင်အောင်ချီတို့ ကံ ပြတ်အရေးကြီးတယ်ဆိုတာ ခင်ဗျားတို့ အရေးတကြီး မပြောထိုက်ဘူးလား (ပြောလိုက်ပါတယ် ဘုရား) ကံမပြတ်ရင် နိဗ္ဗာန် ရောက်ပါ့ မလား (မရောက်ပါ ဘုရား)။

ကဲ ဒါဖြင့် ဒကာ ဒကာမတို့ စုတိပဋိသန္ဓေသို့ ရောက် ကြောင်းတရား တွေ့ပြီနော် (မှန်ပါ့) တဏှာ, ဥပါဒါန်ဟာ ဘာ တရားပါလိမ့် (စုတိပဋိသန္ဓေသို့ ရောက်ကြောင်းတရားပါ ဘုရား)ကံ ၊ တရားကော ဘယ့်နှယ်ဆိုကြမလဲ (စုတိပဋိသန္ဓေသို့ ရောက်ကြောင်း တရားပါ ဘုရား)။

ကမ္မဘဝပစ္စယာ ဇာတိကိုး၊ ဘုန်းကြီးက ဆောင်ဟောနေတာ လား ဦးမြကြီးတို့ ဦးအောင်ဇံဝေတို့ (မဟုတ်ပါ ဘုရား) ဓမ္မနိယာ မလား (ဓမ္မနိယာမပါ ဘုရား)။

ဓမ္မနိယာမအတိုင်း ဟောနေတာဖြစ်တော့ကိုဟာ- ဘုန်းကြီး က စကားတတ်လို့ပဲ ဒကာ ဒကာမတွေကို အမျိုးမျိုး ဟောနေတယ်လို့ ဒီလိုမဆိုနဲ့တော့ (မှန်ပါ့) ကမ္မဘဝပစ္စယာ ဇာတိပဲ (မှန်ပါ့)

ဇာတိပစ္စယာ ဇရာမရဏဆိုတော့ ဟိုဘက်က အသေလဲ ပါလာတာ ပဲ (မှန်ပါ့) မပါသေး ဘူးလား (ပါ-ပါတယ် ဘုရား) ပါတော့ ငြင်းဖို့လိုသေးသလား (မလိုပါ ဘုရား)

ဒါဖြင့် စုတိပဋိသန္ဓေသို့ ရောက်ကြောင်းတရား လက်သည် တွေ့ပြီ (မှန်ပါ့) တဏှာ, ဥပါဒါန်ရယ်, ကံရယ် (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။ ၊ ဘာတွေ့သလဲ- (တဏှာ, ဥပါဒါန်နဲ့ ကံတွေ့ပါတယ် ဘုရား) တဏှာ, ဥပါဒါန်ရယ်ကံရယ် (မှန်ပါ့) မပေါ်သေးဘူးလား (ပေါ် ( ပါပြီ ဘုရား)။

တိုတိုပြောတော့ တဏှာ, ဥပါဒါန်ဖြစ်တဲ့ တရားနှစ်ခုရယ်, ကံတစ်ခုရယ် ဆိုတော့ ကိလေသာဝဋ်နဲ့ ကမ္မဝဋ် ဆိုရုံပါပဲ(မှန်ပါ့) ‘ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

ကောင်းပြီ- ဒါဖြင့် ဘယ်ကံတုန်းလို့ မောင်အောင်ချီတို့ မေးရင် ဘယ့်နှယ် ဆိုပါ့မယ် (အပါယ်ချတဲ့ ကံပါ ဘုရား) ဘယ်ကံ ဖြစ်ဖြစ် ဒီကံက ကောင်းတယ်၊ ဒီကံက မကောင်းဘူး၊ မကောင်းတဲ့ ကံကလဲ စုတိပဋိသန္ဓေတော့ ပေးတာပဲ (မှန်ပါ့) ၊ ကောင်းတဲ့ ကံကကော (စုတိပဋိသန္ဓေ ပေးတာပါပဲ ဘုရား)။

ဒါဖြင့် ဒုက္ခသစ္စာနဲ့ ဝေဘန်လိုက်တဲ့ အခါကျတော့ ဒုက္ခပေး တာချည့်ပဲ(မှန်ပါ့) ဆိုနိုင်ကြပလား (ဆိုနိုင်ပါတယ် ဘုရား)။

အဲ ဆိုနိုင်ကြတော့ကိုတဲ့ ဒါ အာစယဂါမိနောဓမ္မာ စုတိပဋိသန္ဓေသို့ ရောက်ကြောင်း တရားဆိုတာ သူပဲ (မှန်ပါ့ ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

မောင်မြင့်တို့ ရှင်းပလားကွ (ရှင်းပါပြီ ဘုရား) ကိုင်း ဒါဖြင့် စုတိပဋိသန္ဓေသို့ ရောက်ကြောင်း တရားဆိုတဲ့ ဥစ္စာ အခုရှင်း သွားတော့ စုတိပဋိသန္ဓေသို့ ရောက်ကြောင်း တရား မဟုတ်တာ ကတော့ ဒကာ ဒကာမတို့ ခင်ဗျားတို့ စိတ်ကလေးကို ခင်ဗျားတို့ ရှေးကကော မြင်ဖူးရဲ့လားလို့မေးရင် ဘယ့်နှယ်ပြောကြမလဲ (မမြင်ဖူးပါ ဘုရား) အခုလဲ မြင်ဆဲလားလို့ မေးလို့ရှိရင် (မမြင်ပါ ဘုရား)။

သို့သော် ဆရာဘုန်းကြီးက အခု ဆယ့်နှစ်ခု နည်းပေး ထားတယ်၊ တစ်စိတ်ကလေးစီ ပေါ်နေတာ (မှန်ပါ့) မပေါ်ဘူး လား (ပေါ်ပါတယ် ဘုရား)။

ဦးမြ ဘယ်နှစ်ခုပေးထားသတုန်း (ဆယ့်နှစ်ခု ပေးထားပါ တယ် ဘုရား) အဲဒါ ရှေးကံမြင်ဖူးရဲ့ လား မေးရင် ဘယ့်နှယ် ဖြေကြ မလဲ (မမြင်ဖူးပါ ဘုရား) အခုလဲ မြင်ဆဲလားမေးရင် (မဟုတ်ပါ ဘုရား)။

အဲဒါကလေးကို ဆရာဘုန်းကြီးက ကွာ လာတဲ့အခါကျ လို့ရှိရင်ဖြင့် သူတို့ သဘောကို လမ်းဆုံး လိုက်ကြည့်စမ်းပါလို့ ဆရာ ဘုန်းကြီးက ဟောတယ်၊ လမ်းဆုံး လိုက်ကြည့်တော့ မောင်အောင်ချီ တို့ မောင်မြင့်တို့က ဘာသွားတွေ့သတုန်း (အပျက်တွေ့ပါ တယ် ဘုရား) မရှိတာဘဲ တွေ့တယ် (မှန်ပါ့) ဟင် ဖြစ်ပြီး ပျက်တဲ့ မရှိတာဘဲ တွေ့တယ် (မှန်ပါ့ ဘုရား)။

ရှိတာတွေ့ သလား မရှိတာတွေ့သလား (မရှိတာတွေ့ပါတယ် ဘုရား) သြော် အဲဒီ မရှိတာ ကလေးကို မင်းတို့က စားချင်တယ်, သောက်ချင်တယ်, ဝတ်ချင်တယ်လို့ ပါသေးသလား မပါပါ ဘုရား) မရှိတာကလေး ကြည့်ရတော့ စိတ်ပျက်တယ်လို့ကော လာသေးသလား (မလာပါ ဘုရား)။

ဒါဖြင့် မရှိတာကလေး မြင်လိုက်တဲ့ ပုဂ္ဂိုလ်ဟာတဲ့ တဏှာ ဥပါဒါန်လဲ မောင်မြင့် လာသေး သလား (မလာပါ ဘုရား) စိတ် ပျက်တဲ့ ဒေါသ, သောကကော (မလာပါ ဘုရား) မသိမမြင်တဲ့ အဝိဇ္ဇာကော (မလာပါ ဘုရား)။

ဒါဖြင့် သူ့ကို ရှေးကလဲ မမြင်ဖူး၊ အခုလဲ မြင်ဆဲ မဟုတ်ဘူးနော် (မှန်ပါ့) အခုလဲ မြင်ဆဲ မဟုတ်တဲ့ တရားကို ဘုန်းကြီးက အကြည့်ခိုင်းလိုက်တော့ကို သူ့ကို မြင်လဲမမြင်ရဘူး၊ ဖြစ်ပေါ် သွားတာ လဲ အမှန်သား၊ ပျက်သွား တာလဲ အမှန်သား၊ ကြည့်လိုက်တော့လဲ မရှိတာဘဲ တွေ့တယ် (မှန်ပါ့ ဘုရား)။

ဘယ့်နှယ်တုန်း ကြည့်လိုက်တော့ ဘာတွေ့သတုန်း (မရှိတာ ဘဲ တွေ့ပါတယ် ဘုရား)။

ဘာဖြစ်လို့တုန်း၊ ဆိုတော့ မြင်ဆဲလဲမဟုတ်ဘူးဆိုတော့ ဒီ အမြင်ခံတဲ့စိတ်နဲ့ မြင်တဲ့စိတ်နဲ့ ပြိုင်နိုင်ပါ့မလား (မပြိုင်နိုင်ပါ ဘုရား)။

ဒါကြောင့် မြင်ဆဲလဲမဟုတ်ဘူး (မှန်ပါ့) ရှေးကမြင်ဖူး ရဲ့လားဆိုတော့ အို-ချုပ်သွားတာကြီး ခင်ဗျားတို့က မြင်ပါတယ် ဆိုတော့ အပို ပြောတာပေါ့ (မှန်ပါ့) ရှေးကကော မြင်ဖူးကြရဲ့လား (မမြင်ပါ ဘုရား)။

ဒါဖြင့် ဒီတရားကို ရှုလိုက်တဲ့ ပုဂ္ဂိုလ်များ ကျတော့ မြင်ဘူးလဲ မဟုတ်, မြင်ဆဲလဲ မဟုတ် သောကြောင့် ခင်ဗျားတို့မှာ သြော် မရှိတာ ဘဲ သိလိုက်တယ် ဆိုတော့ တဏှာ, ဥပါဒါန် လာသေး ရဲ့လား (မလာပါ ဘုရား)။

မလာလို့ ရှိရင်ဖြင့် ဝိဇ္ဇာလာမယ် (မှန်ပါ) မဆိုနိုင်ဘူး လား (ဆိုနိုင်ပါတယ် ဘုရား) မဂ်ပညာ လာတယ်။ ဦးမြကျေနပ် ပလား (ကျေနပ်ပါပြီ ဘုရား)။

ရှေးကတော့ မြင်ဖူးတာကို သူရှုတာ ဟုတ်သေးရဲ့ လား (မဟုတ်ပါ ဘုရား) မြင်ဆဲ ရှုတာကော (မဟုတ်ပါ ဘုရား) မြင်ဆဲ လဲ နှစ်ခု မပြိုင်နိုင်ဘူး၊ ပြိုင်နိုင်ကြရဲ့လား (မပြိုင်နိုင်ပါ ဘုရား) မပြိုင်နိုင်တော့ သူ- မရှိတာဘဲ သိလိုက်တယ် (မှန်ပါ့)။

ဒါကြောင့် မင်းတို့ည, ရှုတဲ့အခါ မရှိတာ သိရင် တော်ပြီ (မှန်ပါ့) မျက်လုံး စိတ်ကလေး ပေါ်သွားတာ မရှိတာသိရမယ် နားထဲပေါ်သွားရင် (မရှိတာ သိရပါမယ် ဘုရား)။

မရှိတာသိလိုက်လို့ရှိရင်ဖြင့် မရှိတာသိတဲ့ပုဂ္ဂိုလ်ဟာ ဒီမရှိတာကလေးကို လိုချင်တယ်၊ ရချင်တယ် လာသေးရဲ့ လား(မလာ ပါ ဘုရား) မလာရင် တဏှာ ဥပါဒါန် ချုပ်တယ် (မှန်ပါ့) တဏှာ ဥပါဒါန် ချုပ်ရင် ကံချုပ်တယ် (မှန်ပါ့)။

ဒီမရှိတာကလေးကို ပင်လျှင် ကျုပ်စိတ် ပျက်လိုက်တာ၊ မရှိ မရှိနေတဲ့ ဥစ္စာကလေး စိတ်ပျက် လိုက်တာလို့ကော လာသေးရဲ့ လား (မလာပါ ဘုရား) ဒါဖြင့် ဒေါသ, သောကဆိုတဲ့ ပဋိစ္စသမုပ္ပါဒ်ကော လာသေးရဲ့ လား (မလာပါ ဘုရား)။

မရှိတာကလေးကို ကျုပ်ဖြင့် မှန်မှန်သိပြီလို့ဆိုသဖြင့် မသိတာ လား သိတာလား (သိတာပါ ဘုရား) သိတာဖြင့် ဝိဇ္ဇာပဲ (မှန်ပါ့) အဝိဇ္ဇာချုပ်ပြီ (မှန်ပါ့) မချုပ်သေးဘူးလား (ချုပ်သွားပြီ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် မင်းတို့ကို ပေးထားတဲ့ တရားဟာ စုတိပဋိသန္ဓေကို ဖျက်ချနေတဲ့ တရားပါလား (မှန်ပါ့) စုတိပဋိသန္ဓေ ရောက်ကြောင်းဖြစ်တဲ့ တဏှာ, ဥပါဒါန်ကော လာသေးရဲ့လား (မလာ ပါ ဘုရား) ကံကော (မလာပါ ဘုရား)။

ဒါဖြင့် စုတိပဋိသန္ဓေ ရောက်ကြောင်း ဖြစ်တဲ့ခန္ဓာကိုယ် အလောင်းထပ်တဲ့ တရားတွေကို ကျုပ်တို့က ဖယ်ထုတ်နေတာ (မှန်ပါ့)။

ဘာပါလိမ့်(ခန္ဓာကိုယ် အလောင်းထပ်တဲ့ တရားတွေ ဖယ်ထုတ်နေပါတယ် ဘုရား) ခန္ဓာကိုယ် အလောင်းထပ်တဲ့ တရားကို ဖယ်ထုတ်နေတဲ့ တရားဆိုတော့ နိဗ္ဗာန် ရောက်ကြောင်း တရားဟုတ် – မဟုတ် (ဟုတ်ပါတယ် ဘုရား)။

ဦးနေဖူးကြီး တွေ့ပြီ၊ ဒါဖြင့် မတွေ့သေးဘူးလား (တွေ့ပါပြီ ဘုရား) ဦးမြကြီး ကောင်းမကောင်း မတွေ့သေးဘူးလား (တွေ့ပါ ပြီ ဘုရား)။

ဒကာ ဒကာမတို့ ဒါက သံယုတ်ပါဠိတော် ကြည့်ပြောနေ တယ်၊ ဟိုပါဠိတော်နှစ်ခုက ဓမ္မသင်္ဂဏီ ပါဠိတော် (မှန်ပါ့) အခု ဥပမာနဲ့ တကွပြတာက သံယုတ်ပါဠိတော် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကဲ ဒါဖြင့်မောင်မြင့်တို့ မောင်အောင်ချီတို့က အားထုတ် နေဆဲ ပုဂ္ဂိုလ်တွေမို့ ကြားစိတ် ကလေးပေါ်တယ်၊ ရှေးက ဒီစိတ်မျိုး ဒီနေရာမှာ ပေါ်ဘူးရဲ့လား (မပေါ်ဘူးပါ ဘုရား)။

အခုလဲ မင်းတို့ရှုနေတော့ ပေါ်ဆဲ ဟုတ်ကဲ့လား (မဟုတ် ပါ ဘုရား) မရှိတာ သိလိုက် တာပဲရှိတယ် (မှန်ပါ့)။ အဲဒီမရှိတာ ကလေးကို မင်းတို့က သာယာသေးသူလား (မသာယာပါ ဘုရား) ပြစ်မှား သေးလား (မပြစ်မှားပါ ဘုရား)။

ဟာ ဒါဖြင့် မင်းတို့ သာယာရင်လဲ တဏှာ, ဥပါဒါန်, ကံဆိုတဲ့ စုတိပဋိသန္ဓေရောက်ကြောင်း တရားလာမယ်ဟေ့ (မှန်ပါ့) ဆိုနိုင်မလား (ဆိုနိုင်ပါတယ် ဘုရား)။

မသာယာလို့ရှိရင် စိတ်ပျက်လို့ရှိရင်လဲ ပြစ်မှားလို့ ရှိရင်လဲ ဒေါသ, သောက, ပရိဒေဝ လာမယ်ဟေ့ (မှန်ပါ့) စုတိပဋိသန္ဓေ ရောက်ကြောင်းပဲ လာဦးမယ် (မှန်ပါ့) ဦးမြကြီး မလာပေဘူးလား (လာပါတယ် ဘုရား)။

အခုခင်ဗျားတို့က မရှိတာသိ, မရှိတာသိ, မရှိတာသိ ဆိုတော့ မောင်အောင်ချီတို့က အင်း စုတိပဋိသန္ဓေသို့ ရောက်ကြောင်း တရားလာသေးရဲ့လား (မလာပါ ဘုရား)။

သေသေချာချာ မှတ်ပါနော် ၊ စုတိပဋိသန္ဓေသို့ ရောက် ကြောင်း တရား လာသေးရဲ့ လား (မလာပါ ဘုရား) မလာလို့ရှိရင် ဖြင့် အလောင်းတွေ ရုပ်သိမ်းတဲ့ တရားဆိုရင် ဦးအောင်ဇံဝေက ငြင်း ချင်သေးသလား (မငြင်းချင်ပါ ဘုရား) နောက်လာမည့် အလောင်းတွေကို ဘာတုန်း (ရုပ်သိမ်းပါတယ် ဘုရား) အကုန်ရုပ်သိမ်းတယ် (မှန်ပါ့)။

ဒါဖြင့် အသုဘဇာတ်, မသာဇာတ်ကို သိမ်းတဲ့တရား (မှန်ပါ့) မင်းတို့လုပ်နေတဲ့ တရားဟာ ဘာတရားပါလိမ့် (အသုဘဇာတ်, မသာဇာတ်သိမ်းတဲ့ တရားပါ ဘုရား)။

ခင်ဗျားတို့ တစ်ခါတစ်ခါညည်းကြတယ် မြို့ထဲရွာထဲမှာ ဒကာ ဒကာမတွေက မသာ ဖိတ်စာတွေက လာလိုက်တာ စိတ်များပျက်ပါပေါ့၊ မလာဘူးလား (လာပါတယ် ဘုရား)။

မသာဖိတ်စာတွေက မနည်းပါဘူး ဟိုကလာ, ဒီကလာနဲ့ စိတ်များ ပျက်ပါပေါ့ ဆိုတော့ မသာဆိုရင် စိတ်ကို ပျက်နေတာ (မှန်ပါ့) စိတ်ပျက်ပေမယ့် မသာ မသိမ်း တတ်ဘူး သူ (မှန်ပါ့ ဘုရား)။

ကိုယ့်မသာ သိမ်းတတ်လို့ရှိရင် သူများမသာ လိုက်ဖို့ လိုသေး သလား (မလိုပါ ဘုရား) အခုတော့ ကိုယ့်မသာ မသိမ်းတတ်တာ နဲ့ သူများ မသာတွေကျမှ ခင်ဗျားတို့ စိတ်ပျက် နေရ တယ်(မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် မောင်မြင့် ဘာမသာ အရင်သိမ်းရမှာတုန်း (ကိုယ့် မသာ အရင်သိမ်းရမှာပါ ဘုရား) ကိုယ့်မသာ အရင်သိမ်းရမယ်ဆိုတော့ ကိုယ့်ခန္ဓာကိုယ်ကြီးက အသုဘကိုး (မှန်ပါ့)။

နောက်က ဒကာ ဒကာမတွေ ဘယ်သူ့မသာ အရင်သိမ်းရ မတုန်း (ကိုယ့်မသာ အရင်သိမ်း ရပါမယ် ဘုရား)။

ကိုယ့်မသာ ကိုယ့်အသုဘကြီးကို အရင်သိမ်းမှသာလျှင် မောင်အောင်ချီ ဒီပြင်အသုဘတွေ သိမ်းပြီးသားဖြစ်မှာကိုး (မှန်ပါ့)။

ကိုယ့်အသုဘမရှိလို့ရှိရင်ဖြင့် ခင်ဗျားတို့ လိုက်နေကတည်း က ဪ သူ့အသုဘ မလိုက်လို့ ရှိရင် ကိုယ့်ကိစ္စရှိ ဘယ့်နှယ် လုပ်မတုန်း၊ ဟာ လှည့်လာတာပဲ (မှန်ပါ့) ဦးမြ ဘယ့်နှယ်တုန်း မလှည့်ဘူးလား လှည့်သလား (လှည့်ပါတယ် ဘုရား)။

သြော် ဒါကြောင့် မသာ ပို့တယ်ဆိုတာ ရိပ်မိပြီ ဒကာ ဒကာမတို့၊ ရိပ်မိကြပလား (မှန်ပါ့ ဘုရား) မသာပို့တာများ ခင်ဗျားတို့ ခုမှ ရိပ်မိတယ်ထင်တယ် (မှန်ပါ့)။

ကိုယ့်မသာ ရှိနေတော့ ဒကာ ဒကာမတွေက ဒါကလေးတော့ သွားလိုက်ဦးမှ ကောင်းတယ်၊ မလာဘူးလား (လာပါတယ် ဘုရား) ဘယ့်နှယ် ကြောင့်တုန်းဆိုတော့ စပ်နေကြတယ်၊ နောင်ကိုယ့်အရေး ကြုံတော့လဲ ဒါမှ ဝိုင်းဖော်ရမှာပေါ့ (မှန်ပါ့ ဘုရား)။

ဟာ ဒါဖြင့် ဒကာ ဒကာမတွေ ခင်ဗျားတို့ဟာ လက်ဖက် ကမ်းသလိုဖြစ်နေပြီ၊ သူ့လက်လာလို့ ကိုယ့်လက်လာအောင် လုပ်နေ ကြတာပဲ (မှန်ပါ) မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

ဒါကိုပင်လျှင် ဒကာ ဒကာမတွေကို စုတိပဋိသန္ဓေသို့ရောက် ကြောင်း မောင်မြင့် ထပ်လုပ် နေမယ်ဆို လို့ရှိရင် ဟိုမသာကြောင့် စိတ် ပျက်၊ ကိုယ့်မသာ မလာမှာစိုးလို့ စိုးရိမ်၊ ဒါနဲ့ အချိန် ကုန်နေမှာပဲ (မှန်ပါ့ ဘုရား)။

ဟိုမသာအတွက်လဲ သွားရပါများတော့ စိတ်ပျက်တယ်၊ မဟုတ်ဘူးလား (မှန်ပါ့) သို့သော် ကိုယ့်မသာ အတွက်ကလဲ စိုးရိမ်တယ်၊ ကိုယ့်မသာလဲ လူမစည်, သူမစည် ဖြစ်မှာလဲ ဦးမြ စိုးရိမ် သေးတာကိုးဗျ(မှန်ပါ့)။

ဒါဖြင့် ခင်ဗျားတို့ ဇာတ်ထုတ်ကြီးကဖြင့် ကြောက်စရာ ဇာတ်ထုတ်ကြီးပါလား. မျက်စိက လည်လိုက်တာ လွန်နေပြီ (မှန်ပါ့) မလည်ဘူးလား (လည်ပါတယ် ဘုရား) ရှင်းကြရဲ့လား နောက်က ဒကာ ဒကာမတွေ (ရှင်းပါတယ် ဘုရား)။

ပြောကတည်းက ခင်ဗျားတို့ဟာက သူ့လက်လာမှ ကိုယ့် လက်လာတော့မပေါ့၊ ဟော့ မောင်မြင့် ဒီအပြောမျိုး မရှိဘူးလား ကွ(ရှိပါတယ် ဘုရား)။

သူ့လက်လာမှ ကိုယ့်လက်လာမှာတဲ့၊ သူ့မသာပို့မှကိုယ့်မသာ ပို့မှာဆိုတဲ့စကားနဲ့ ဘာထူးသေးတုန်း (မထူးပါ ဘုရား) ဒါဖြင့် ကိုယ့်မသာ သိမ်းလိုက်၊ သူများ မသာ အတွက် စိတ်ပျက်စရာ (မလိုပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် သူများ မသာ မသေပါစေနဲ့ ဆုတောင်းလို့ မဖြစ်ဘူး (မှန်ပါ့) ကိုယ်မသေရအောင် လုပ်တဲ့အလုပ်သာ အရေးကြီးတယ် (မှန်ပါ့)။

ဦးမြ တရားသား ပေါ်လာပြီ ဟင် (မှန်ပါ့) တရားသား ပေါ်လာပြီ ဒကာ ဒကာမတို့ သူများ မသာတွေ လိုက်ပို့နေရတာ စိတ် ပျက်နေရတာ ခင်ဗျားတို့ အပိုပဲ (မှန်ပါ့) ကိုယ့်မသာ မသိမ်း တတ်သ၍ ပို့နေရမှာပဲ (မှန်ပါ့) ဘယ့်နှယ်တုန်း (ကိုယ့်မသာ မသိမ်းတတ်သ၍ ပို့နေရမှာပါပဲ ဘုရား)။

အံမာလေး ဘုန်းကြီး အတော် ပြောတယ်လို့ကို၊ ကိုယ် ကလဲ အောက်မေ့ချင် အောက်မေ့ နေဦးမှာ၊ ခင်ဗျားတို့ လွဲနေလို့ ဖော်ပြော နေရတာ (မှန်ပါ့)။

ဟေ တို့အရပ်က လူတွေ ဒီလိုနေလို့ မဖြစ်ဘူးဟေ့ တို့အရပ် ကိစ္စရှိတော့ ခက်လိမ့်မယ်ဆိုတာ မသာ ပြောနေတာ သူ့ဟာ က (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဘာပြောနေကြသတုန်း (မသာပြောနေကြတာပါ ဘုရား) တို့မှာ အရပ်ကိစ္စ ရှိတော့ မခက်ဘူး လားကွာ၊ အစရှိသည်နဲ့ ဦးမြရေ ဒါပဲဗျ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒီရွာထဲ အသင်း အပင်း ကလေးတွေ ဖွဲ့ကြတာလဲ ဘာ့ ကြောင့်ပါလိမ့် (မသာကြောင့်ပါ ဘုရား) အံမာလေး ကြောက်စရာကြီးပါလား။

ဒါဖြင့် ဒီရွာထဲ မသာမရှိချင်ဘူးလို့ ဆိုလို့ရှိရင်တော့ဖြင့် ခင်ဗျားတို့ ကိုယ့်မသာ ရှိနေရင် အသင်း အပင်းဖွဲ့နေရဦးမှာပဲဟင် (မှန်ပါ့)။

ကိုင်း ဒါဖြင့် ဒီလိုလုပ်ကြပါစို့ ဆိုတော့ သူများ မသာကို စိတ်ပျက်ချင် လို့ရှိရင်ဖြင့် စိတ်ပျက်တာ ဇာတ်သိမ်းချင်ရင် ကိုယ် မသာသိမ်း (မှန်ပါ့)။

ဘာတဲ့တုန်း (ကိုယ့်မသာ အရင်သိမ်းရမှာပါ ဘုရား) သူများ မသာ စိတ်ပျက်ရင် မောင်မြင့် ဘာလုပ်မတုန်းကွ (ကိုယ့်မသာ သိမ်းရမှာပါ ဘုရား) ကိုယ့်အသုဘကြီး သိမ်းလိုက် (မှန်ပါ့) ဦးမြ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် သိမ်းနည်းဟာ တဲ့ မင်းတို့သန္တာန်မှာ ဒီစိတ် ကလေးတွေ ဘယ်စိတ် ပေါ်ပေါ် ဆယ့်နှစ်ချက် ရှိပါတယ်၊ အဲဒီဆယ့် နှစ်ချက်ဟာ ရှေးကလဲ မမြင်ဖူးဘူး၊ မြင်ဖူးကြရဲ့လား (မမြင်ဘူး ပါ ဘုရား)။

အခုကော မြင်ဆဲဟုတ်ပါရဲ့လား (မဟုတ်ပါ ဘုရား) အဲဂါ ကလေးသာ ရှုနေလို့ရှိရင် သာယာတဲ့ တဏှာမလာဘူးကွ တဲ့ (မှန်ပါ့) ပြစ်မှားတဲ့ဒေါသ (မလာပါ ဘုရား) မိုက်မဲတဲ့ အဝိဇ္ဇာ (မလာပါ ဘုရား)။

ဒါဖြင့် တို့လုပ်နေတဲ့အလုပ်ဟာ မသာသိမ်းတဲ့အလုပ်ပါလား (မှန်ပါ့) ဘယ်သူ့ မသာ သိမ်းတာတုန်း (ကိုယ့်မသာသိမ်းတဲ့ အလုပ်ပါ ဘုရား)။

ကိုယ့်မသာ သိမ်းတဲ့ တစ်နေ့ကျ လို့ရှိရင် သူများ မသာကော အဖိတ်ခံရသေးရဲ့လား (မခံရပါ ဘုရား) အသင်းအဖွဲ့ကိုကော (မလိုပါ ဘုရား) မလိုတော့ဘူး ဆိုတာ ပေါ်ကြပလား(ပေါ်ပါပြီ ဘုရား)။

ဒါ ဘယ်မှာ ဟောသလဲလို့ ဦးမြကြီးမေးတော့မှ သံယုတ်ပါဠိတော်မှာ ဟောတယ်နော်- (မှန်ပါ့) ခင်ဗျားတို့ ကြားတော့ ကြားဖူးတယ်တဲ့၊ ဒါ မာလုကျပုတ္တ ဟောနေတာ (မှန်ပါ့ ဘုရား) ရိပ်မိကြပလား (မှန်ပါ့ ဘုရား)။

မာလုကျပုတ္တ ဆိုတာက အသက် (၇၀) လောက်ရှိမှ ဘုရားဆီ တရားတောင်းတာ သင်္ကန်း ဝတ်ပြီးတော့ (မှန်ပါ့) မာလုကျပုတ္တ က အရှင်ဘုရား တပည့်တော်ကို တိုတိုတရားကလေး သနား စမ်းပါ၊ အသက်က ကြီးပြီဘုရာ့ တိုတိုတရားမှ ကိုက်မယ်၊ အသက်နဲ့ ၊ တရားနဲ့ဟာ တရားရှည်ကြီး ဆိုလို့ရှိရင်လဲ တပည့်တော်တို့ ဘာမှ ကျင့်နိုင်မှာ မဟုတ်ဘူး အသေက စောမှာပဲတဲ့။

မင်းက အသက်လဲ ကြီးသေးတယ် တရားတိုလဲ တောင်းသေး တယ်ဆိုတော့ လူငယ်တွေ အတွက် ဘယ်လိုစကား ပြောရမှာတုန်း ကွ ဘုရားကတောင် ပြောသေးတယ် (မှန်ပါ့)။

အသက်လဲကြီးသေးတယ်၊ တရားကိုလဲ တောင်းတယ်ဆိုလို့ ရှိရင်ဖြင့် တဲ့ လူငယ်တွေကျတော့ ငါ- ဘယ့်နှယ်လုပ်ရမှာ တုန်း၊ ဘယ်လိုလုပ်ပြောရမှာတုန်း-တဲ့။

အို အရှင်ဘုရား၊ တပည့်တော် အိုလဲအိုလို့ တပည့် တော်ရှိတဲ့ တပည့်တော်ခန္ဓာနဲ့ တပည့်တော် ချိန်တောင်းတာပဲ။ သို့သော် တပည့်တော် ရအောင် အားထုတ်မယ် ဆိုတော့ကွာတဲ့ ရှေး ကလဲ မမြင်ဖူးဘူး၊ အခုလဲ မြင်ဆဲ မဟုတ်တာကို မင်းသည် ကားလို့ ဆိုရင် သာယာ, ပြစ်မှား လာရဲ့လားလို့ မေးတာပဲ (မှန်ပါ့) ဦးမြ ဖြေစမ်း၊ သာယာ, ပြစ်မှား ဘယ်နှယ့်တုန်း (မရှိပါ ဘုရား)။

သာယာတာက လောဘနော် (မှန်ပါ့) ပဋိစ္စသမုပ္ပါဒ် အလည်က စ,တယ်၊ ပြစ်မှားတာက ဒေါသ ပဋိစ္စသမုပ္ပါဒ် အဆုံးက စ,တယ်၊ မသိတာက အဝိဇ္ဇာ၊ ပဋိစ္စသမုပ္ပါဒ် အစက စ,တယ် (မှန်ပါ့) ဒီတော့ သာယာ, ပြစ်မှား, မသိတာ လာသေးရဲ့လား , (မလာပါ ဘုရား)။

ဒါဖြင့် မင်းတို့ အခုပေါ်နေတဲ့စိတ်ကလေးကို မင်းတို့ ရှုလိုက်လို့ရှိရင်ဖြင့် ရှေးကလဲ ဒီစိတ်ဟာ မပေါ်ဖူးဘူး၊ စိတ်ဆိုတာ ဒီတစ်ခါ ပေါ်ပြီး နောက်ဘယ်တော့မှ ဒီစိတ် မလာတော့ဘူး၊ လာသေးရဲ့ လား (မလာပါ ဘုရား)။

“မနံ ဒိသွာ” ဆိုတဲ့အတိုင်းပဲ၊ ဒါ ပါဠိတော်မှာလဲ ရှိပါ တယ်၊ ဒီ မာလုကျပုတ္တ သုတ်မှာ၊ “သတိမုဋ္ဌာ ပိယံ နိမိတ္တံ မနသိကရောတော” လို့ ဆိုထား တာပါပဲ တဲ့၊ ဒါ့ကြောင့် ‘ဝိဝဋ္ဋ စေတော ဝေဒေတိ” တဲ့၊ မင်းတို့ မဂ်နဲ့သာ ခံစားပါကွာ တဲ့။ ဖြစ်ပျက်နဲ့မဂ်သာ ခံစားပါတဲ့၊ တဏှာနဲ့ မခံစားပါနဲ့တဲ့ (မှန်ပါ့) ရိပ်မိ ၊ ပလား (ရိပ်မိပါပြီ ဘုရား)။

ဖြစ်ပျက်ကို ဘာနဲ့ခံစားရမလဲ (မဂ်နဲ့ခံစားရပါမယ် ဘုရား) မဂ်နဲ့ ခံစားလဲ ဝေဒနာ ပါတာကိုးဗျ (မှန်ပါ့) ဝေဒနာ စိတ်တစ်ခုယုတ် ကိုးဆယ်မှာ ယှဉ်တယ် ဆိုတော့ မဂ်မှာ ဝေဒနာပါတယ်။

အဲဒီတော့ ဖြစ်ပျက်မြင်တဲ့ မဂ်နဲ့သာ ခံစားပြီး နေကြလို့ ရှိရင် ကွာ တဲ့ အလောင်းထပ်တဲ့ ဇာတ်ကို အကုန်သိမ်းပါတယ် တဲ့၊ ဒါ မာလုကျပုတ္တ ဟောနေတာ၊

မဂ်ဖြစ်လို့ရှိရင် ဟိုဘဝများစွာက မိုက်ခဲ့တာတွေ အကျိုးမပေး ရတာတွေ့ကော (မကျန်ပါ ဘုရား) ယခုငယ်စဉ်ကာလ မသိ မလိမ်မာလို့ မိုက်ထား တာတွေကော (မကျန်ပါ ဘုရား) ဒီမဂ်မလာသေးရင် မိုက်လတ္တံ့ တွေကော (မကျန်ပါ ဘုရား)။

အဲဒါကြောင့် မဂ်သည်ကား လို့ ဆိုလို့ရှိရင် မင်းတို့ သေသေချာချာ အားကိုးထိုက်တဲ့ တရားပဲဆိုတာ ယနေ့ည ဆုံးဖြတ် ချက်ချ (မှန်ပါ့) ချထိုက်ပလား (ချထိုက်ပါပြီ ဘုရား)။

ကဲ ယနေ့ ဒီတွင် တော်ကြဦးစို့။

သာဓု သာဓု သာဓု။

မာတိကာသို့