036

မာတိကာသို့

သူဌေးကတော် ဓမ္မဒိန္နာ ကျွတ်တမ်းဝင်သောနေ့

(သက္ကာယဒိဋ္ဌိ)

အသံဖိုင်ခေါင်းစဉ်= ဝိသာခနှင့် ဓမ္မဒိန္နာ အမေးအဖြေ တရားတော်

စာအုပ်ခေါင်းစဉ်= သူဌေးကတော် ဓမ္မဒိန္နာ ကျွတ်တမ်းဝင်သောနေ့

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး အမရပူရမြို့၌

ဟောကြားတော်မူသောတရားတော်

သူဌေးကတော် ဓမ္မဒိန္နာ ကျွတ်တမ်းဝင်သောနေ့

(သက္ကာယဒိဋ္ဌိ)

(၂၉-၁-၅၅)

ဒီနေ့ ဝိသာခသူဌေးနဲ့ ဓမ္မဒိန္ဒာ ခင်ပွန်းမတို့ အမေး အဖြေခန်း သက္ကာယဒိဋ္ဌိ ပြုတ်လို့ ယောက်ျားက အနာဂါမ်၊ မိန်းမက ရဟန္တာဖြစ်ပုံကို ရှင်းပြမယ်။ (မှန်လှပါ ဘုရား)။

မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီးသည် ရာဇ ဂြိုဟ်ပြည် ဝေဠုဝန်ကျောင်း၌ သီတင်းသုံး နေတဲ့ အချိန်မှာ ဝိသာခဆိုတဲ့ သူဌေးက ဓမ္မဒိန္နာဆိုတဲ့ ရဟန္တာထေရ်ရီမကို သက္ကာယဒိဋ္ဌိနဲ့ ပတ်သက်တဲ့ အမေးတွေ မေးပါတယ်။ (မှန်လှပါ ဘုရား)။

ဝိသာခသူဌေးနဲ့ ဓမ္မဒိန္နာ

အဲဒီတော့ ဘယ့်နှယ်ကြောင့် ဒီအမေး ထုတ်ရပါလိမ့် မတုံးလို့ သူတို့ ဇာတ်ထုပ်ကို အစက အနည်းငယ် ပြန်ရလို့ ရှိရင် ဝိသာခ သူဌေးနဲ့ ဓမ္မဒိန္နာ ဆိုတာသည် နဂိုက အကြင် လင်မယား ဖြစ်ခဲ့ပါ တယ်။ (မှန်လှပါ ဘုရား)။

ဝိသာခ သူဌေးက ဘုရားထံ သွားပြီး တရားနာတဲ့ အခါမှာ ဝိသာခ သူဌေးက လူအဖြစ်နဲ့ပဲ သူသောတာပန် တည်တယ်။ (မှန်လှပါ ဘုရား)။

ဝိသာခအနာဂါမ်တည်တယ်

နောက်ဆက်ပြီး တရားနာ ပြန်တဲ့အခါ မှာလဲ အနာဂါမ်တည်တယ်။ (မှန်လှပါ ဘုရား)။

အနာဂါမ် ဆိုတော့ အနာဂါမ်တည်တဲ့ နေ့မှာ သူသည် ကျောင်းတော်က နေပြီး ပြန်လာခဲ့တယ်။ ပြန်လာတဲ့အခါ ကျတော့ ဣန္ဒြေ သိက္ခာတွေက အနာဂါမ်ဆိုတာ ဒကာ ဒကာမတို့လို မှတ်စရာက လူ့ပြည်မှာရှိတဲ့ အာရုံတွေ၊ နတ်ပြည်မှာ ရှိတဲ့ အာရုံတွေကို ဘာမှ မနှစ်သက်တော့ဘူး။ ဒီအာရုံတွေကို မဂ်နဲ့ ပယ်ပြီးသား အနာဂါမ်မိမဂ်နဲ့ ပယ် ပြီးသားဆိုတာ မှတ်ထားကြပါ။ (မှန်လှပါဘုရား။)

ဆီးပြီးကြိုလေ့ရှိတယ်

အဲဒီလိုပြန်လာတော့ ခါတိုင်းလဲ ပြန်လာတာကတော့ ဖြင့် အိမ်ဘက်ကို မျက်စိ မျက်နှာမူပြီး သကာလ ပြန်လာတော့ သူ့ခင်ပွန်းမ ဓမ္မဒိန္ဒာက အပြန်မှာ ဆီးဆီးကြိုလေ့ ရှိတယ်။ ဆီးပြီးကြိုတဲ့ အခါကျလို့ရှိရင် သူတို့တိုက်ရောက်တဲ့ အခါမှာ သူရှေးက ပြန်လာ၊ သူက တိုက်ပေါက် ဆီးကြို၊ လက်ကလေး ဘာလေးဆွဲပြီး သကာလ အိမ်ပေါ် အတူတူ သွားကြ လာကြဆိုတဲ့ သဘောတရား ရှိတယ်။ သောတာပန် တည်တုန်းက နောက် သကဒါဂါမ် တည်တဲ့ အခါလဲ ထိုသဘော ရှိတယ်။ (မှန်လှပါ ဘုရား)။

အနာဂါမ်တည် လာတော့ ဒီက အိမ်ပေါ် ကနေ လှမ်းကြည့်လိုက် ကတည်းက ဒီနေ့ လာပုံ ထူးတယ် ဆိုပြီး – ဓမ္မဒိန္နာက အကဲခတ်တယ်။ (မှန်လှပါ ဘုရား)၊ အကဲ ခတ်ပြီး ထုံးစံ အတိုင်း၊ ဝတ္တရား အတိုင်း ဆင်းပြီး သူကြိုဆိုတဲ့ အခါမှာလဲ၊ လက်တွေ ဘာတွေလှမ်းဆွဲတဲ့အခါမှာလဲ အဆွဲ မခံတော့ဘူး။ (မှန်လှပါ ဘုရား)။

အဆွဲမခံတော့ ဘာကြောင့် ပါလိမ့်မလဲ ဆိုတဲ့ တွေးပုံနဲ့ သာ သူစောင့်ပြီး သကာလ အိမ်ပေါ် ရောက်အောင်သာ လိုက်သွားကြတယ်။ အိမ်ပေါ်ကျတော့လဲ ထမင်းစားဖို့ ပြုဖို့ပြင်ဆင်တဲ့ အခါမှာ တစ်ယောက်တည်းသာ စားတဲ့ အဓိပ္ပာယ်မျိုးနဲ့ သူစားတော့တယ်။ ဒီခင်ပွန်းမကို မခေါ်တော့ဘူး။ (မှန်လှပါ ဘုရား)။

အမူအရာထူးနေပြီ

နောက် ညအိပ်ရာဝင်တဲ့ အခါမှာလဲ ထို့အတူပဲ လွပ်လပ်တဲ့ နေရာမှာသွားပြီး သန့်ရှင်းတဲ့၊ ဖြူစင်တဲ့အဝတ် တွေကို ခင်းပြုပြီး သကာလ အိပ်တော့တယ်။

အဲဒီလိုဖြစ်နေတော့ သူဌေးကတော်ဖြစ်တဲ့ ဓမ္မဒိန္ဒာက သြော် အမူအရာတော့ဖြင့် အတော် ထူးနေပြီ၊ ငါ့အပေါ် မှာ အလိုမကျလို့လား၊ တစ်ပါးသော ပုဂ္ဂိုလ်ကို အလိုမကျ လို့လား။ အလိုမကျမှု တစ်ခုခုရှိလို့ သာလျှင် ဤကဲ့သို့သော နေမှု ထိုင်မှုမျိုးကို အဆင်အပြင် ပြောင်းတာပဲ ဆိုပြီးတော့ သံသယနဲ့ပဲ နေတယ်။ (မှန်လှပါ ဘုရား)။

နောက်တစ်ရက် နှစ်ရက် နေတဲ့အခါလဲ ထိုနည်းအတူ ပဲ တရားဓမ္မ ပြောလိမ့်မယ်၊ ပြေသွားရင် ပြောမှာပဲဆိုတဲ့ အဓိပ္ပာယ်မျိုးနဲ့ စောင့်ဆိုင်းနေတဲ့ အခါမှာလဲ ဘာမှ နှီးနှော ခြင်း၊ ပြောဆိုခြင်း၊ ခင်ပွန်းမနဲ့ မရှိတော့ဘူး။ (မှန်လှပါ ဘုရား)။

အဲဒါသည်လို့ဆိုရင် ကာမရာဂနုသယဆိုတဲ့ ကာမတဏှာကို ပယ်ပြီးသားဖြစ်တဲ့အတွက် ဤကဲ့သို့ အနေအထိုင် ထူးခြားတယ် ဆိုတာ ဒကာ ဒကာမတွေ မှတ်ဖို့ပဲ။ (မှန်လှပါ ဘုရား)။

သောတာပန်အဆင့်

အခု တရားနာနေတဲ့ ဒကာ ဒကာမတွေ မှတ်ဖို့ရာ က သောတာပန် တည်ရုံနဲ့တော့ ငါးပါးအာရုံ ကာမဂုဏ်တွေ သားနဲ့မယားနဲ့ နေတာဟာ နေတာပဲလို့သာ မှတ် ရမယ်။ ထိုအတူ သကဒါဂါမ် တည်ပြန်လဲ ထုံးစံအတိုင်း နေတာပဲလို့ မှတ်ရမယ်။ (မှန်ပါ့)။

အနာဂါမ်တည်မှ သာလျှင် ငါးပါးအာရုံ ကာမဂုဏ် ဆိုတဲ့ ဒီလူ့ပြည်အာရုံ ကာမဂုဏ်တွေနဲ့ ကင်းလွတ် တယ်။ (မှန်လှပါ ဘုရား)။

အဲဒီကဲ့သို့ ထူးခြားမှုကို မှတ်ထားကြပါ။ သောတာပန် ကိုများ တွေ့ရင် ပကတိပုထုဇဉ်နဲ့ သာမန် သွားလာနေထိုင် မှုတွေ သိပ်ထူးခြားမှု မရှိသေးတော့ ကဲ့ရဲ့ မိတတ်ကြတယ်။ အဲဒါမျိုးတွေများ တွေ့ခဲ့ပါလျှင် မကဲ့ရဲ့ ပါနဲ့။ သောတာပန် ဟာ ကာမအာရုံတွေ မပယ်နိုင်သေး ပါဘူး။ ကာမအာရုံတွေ ကို အကုန် မပယ်နိုင်သေးဘူး ဆိုတာ တစ်ထစ်ချ မှတ်ထား ကြပါ။ (မှန်လှပါ ဘုရား)။

ဒီအခန်းထဲဝင်တာ ဘာသဘောတုံး

ဒါနဲ့ပဲ ဓမ္မဒိန္နာက သူ့စိတ်ထဲမှာ အင်မတန် သောကလုံးကြီးဟာ အကြီးအကျယ် ဖြစ်ပြီး သကာလ နေ တော့ နောက်နှစ်ရက် သုံးရက် နေတဲ့အခါ ကျလို့ရှိရင်ဖြင့် တစ်ယောက်တည်း အိပ်နေတဲ့ အိပ်ခန်း ညဝင်တယ်။ ခင်ပွန်းမက လိုက်သွားတဲ့အခါ ယောက်ျား လုပ်တဲ့ပုဂ္ဂိုလ် က မေးတယ်။ ဓမ္မဒိန္နာ အချိန်မတော် ဒီအခန်းထဲဝင်လာ တာ ဘယ်သဘောတုံး။ ဘယ်သဘောမှ မဟုတ်ပါဘူး။ မေးချင် မြန်းချင်လို့ ဝင်ပြီး သကာလ လာခဲ့တယ်ဆိုတဲ့ အဖြေကို ပေးလိုက်တယ်။ (မှန်လှပါ ဘုရား)။

မေးတာပေါ့လို့ ဆိုပြီး သကာလ အမေးခံတော့ ရှေးက နဲ့မတူဘူး၊ အမူအရာ ဟန်ပန်တွေကလဲ အင်မတန် ပြောင်း တယ်။ အကျွန်ုပ်ကိုလဲ အသိအမှတ်ပြုပြီး စကားတို့ ဘာတို့ ပြောဆိုခြင်း မရှိတော့ဘူး။ အဲဒီတော့ ဆိုးတိုင်ပင် ကောင်းတိုင်ပင် အကြင်လင်မယား ဖြစ်ပြီး သကာလ လာခဲ့ တာလဲ အတော်ကြာကြပြီ၊ ဒါ အခုမှ အမူအရာ ထူးတာဟာ ကျုပ်အပေါ်မှာ အပြစ်ရှိလို့လား။ သို့မဟုတ် တစ်ပါးသော ပုဂ္ဂိုလ်နဲ့ပဲ အလိုမကျမှုတွေ ကြုံလို့ ဆုံလို့လား။ သို့မဟုတ် တစ်ပါးသော ပုဂ္ဂိုလ်မှာ ခင်မင် နှစ်သက်တဲ့ စိတ်တွေရှိပြီး သကာလ နေလို့လား စသည်နဲ့ မိန်းမတို့၏ ထုံးစံအတိုင်း အကုန် မေးတော့တာပဲ။ (မှန်လှပါ ဘုရား)။

မပြောကောင်းဘူးဆိုတာသိတယ်

မေးတဲ့ အခါကျတော့ မပြောကောင်းဘူး ဆိုတာတော့ ဝိသာခသူဌေးက သိတယ်။ မပြော ကောင်းလို့ မပြောဘဲ နေလိုက်လို့ရှိရင်လဲ ဓမ္မဒိန္နာဆိုတဲ့ ခင်ပွန်းမသည် နှလုံးကွဲပြီး သကာလ သေပွဲဝင်စရာ သူမြင်တယ်။(မှန်လှပါ ဘုရား)။

ဒါဖြင့် ပြောမှဖြစ်မယ် ဆိုပြီး သကာလ ပြောပါတယ်။ ငါသည် တခြားသော အကြောင်းကိစ္စ ဘာမှမရှိပါဘူး။ သင့်အပေါ်မှာလဲ ဘာအပြစ်မှ မရှိပါဘူး။ ငါသည် တရားထူး တရားမြတ်ကို အနာဂါမ် အဆင့်ထိ တည်ပြီးတော့ လာခဲ့တဲ့ အတွက် ငါးပါးသော အာရုံ ကာမဂုဏ်တွေကို ဘာမှ ပြုံးခြင်း၊ ရွှင်ခြင်း၊ လူ့ပြည် အာရုံတွေကို နှစ်သက်ခြင်း ဆိုတာတွေဟာ မရှိတော့ဘူး။ အဲဒီတော့ သင်မေးလို့ အခု ပြောရလို့ရှိရင်ဖြင့် တရားတော့ ပြောပြီးပြီ၊ သင်သည် ဒီအိမ် မှာ ကုဋေလေးဆယ် ရှိတယ်၊ ငါ့ဘက်ကလဲ ကုဋေလေးဆယ် ပါတယ်၊ ကုဋေရှစ်ဆယ်ကို သင်အုပ်ချုပ်ပြီး သကာလ ဒီအိမ်မှာပဲ နေလိုလဲ နေပါ။ (မှန်လှပါ ဘုရား)၊ ငါ့ကိုလဲ ကျွေးတန်တဲ့ ထမင်းနဲ့ ကျွေးပြီး သကာလ ထားတော့။ ဒီ ပစ္စည်းတွေကို ငါ့ ပစ္စည်းရယ်လို့ အထိမ်းအမှတ် မရှိတော့ပါဘူး ဆိုပြီး စွန့်လွှတ်တယ်။ (မှန်လှပါ ဘုရား)။

အနာဂါမ်တည်လို့ထူးခြားတာ

အနာဂါမ်တည်လာတော့ ထူးခြားတဲ့ အဓိပ္ပာယ်တွေ ပေါ်မလာဘူးလား။ (ပေါ်လာပါတယ်)။

ထူးခြားတဲ့ အဓိပ္ပာယ်တွေ ပေါ်လာတယ်ဆိုတဲ့ ဥစ္စာဟာ အနာဂါမိမဂ်၏ ကျေးဇူး၊ အကာလိကော အခါ မလင့် အကျိုးကိုပေး၏ ဆိုတဲ့ အဓိပ္ပာယ်ဟာ အခါမလင့်ကို ငါးပါးအာရုံကာမဂုဏ် စွန့်လိုက်တဲ့ အတွက် ငါးပါးအာရုံ နဲ့ ပတ်သက်တဲ့ အပူဓာတ်၊ အလောင်ဓာတ်တွေဟာ ရှိသေးရဲ့လား။ (မရှိပါ ဘုရား)၊ ပေါ်တာပေါ့ ဗျာ။ (ပေါ်ပါတယ် ဘုရား)၊ အားလုံး ဒကာ ဒကာမတွေ မထင်ရှားဘူးလား။ (ထင်ရှားပါတယ် ဘုရား)။

အေး ဒါကြောင့် သြော် တို့လဲ ဒီရောက်အောင် ကြိုးစားရမှာပဲ၊ ဒါ အင်မတန် ဟုတ်တဲ့ နည်းလမ်းတွေပဲ၊ ချက်ချင်း အကျိုးပေးပြီး ချက်ချင်း ငါးပါးအာရုံ ကာမဂုဏ်တွေနဲ့ ပတ်သက်တဲ့ အပူဓာတ်၊ အလောင်ဓာတ်တွေဟာ အကုန် ငြိမ်းသတ်နိုင်တဲ့ အနာဂါမိမဂ်ပဲ ဆိုပြီး သကာလ ကိုယ်လဲ အတုယူပြီး ကြိုးစားလို့ရှိရင်ဖြင့် ဖြစ်နိုင်တဲ့ အခြေအနေ လမ်းစဉ်ကရှိနေတာပဲ။ (မှန်လှပါ ဘုရား)။

ဒါကြောင့် ဒကာ ဒကာမတွေက နမူနာရှိပြီး သကာလ နေတော့ နည်းကောင်း ကလဲ ပေးထားပြန်၊ ကိုယ် လုပ်နေတဲ့ အလုပ်က အတော် ခရီးပေါက်ရောက်ပြီးတော့ နေကြတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်သောကြောင့် တက်မယ်ဆို မရဘူး ဆိုတဲ့စိတ် မရှိဘူး၊ ရရမှာချည်းပဲလို့ ဆုံးဖြတ်ချက်ချပါ။ (မှန်ပါ့ ဘုရား)။

နောက်အိမ်ထောင်ပြုချင်ရင်ပြုပါ

ဒါနဲ့ပဲ ကုဋေရှစ်ဆယ်ကို မင်းပဲသုံး၊ မင်းပဲစွဲ၊ ဘာပဲလုပ်လုပ်၊ ငါ့တော့ဖြင့် ထမင်းတစ်လုတ် အချိန် မှန်မှန် ကျွေးလို့ရှိရင်ဖြင့် တော်ပါပြီဆိုပြီး သကာလ ပြော လိုက်တယ်။ ဒါတွင် မကသေးဘူး၊ နောက်အိမ်ထောင်တို့ ဘာတို့ပြုချင်တယ်ဆိုလို့ ရှိရင်လဲ ထုံးစံအတိုင်း ပြုတာပေါ့၊ အစရှိသည်နဲ့ အစုံပဲ ပြောလိုက်တယ်။ (မှန်ပါ့ ဘုရား)။

ပြောလိုက်တော့ ဓမ္မဒိန္နာကတော့ အလုံးကြီးကျသွား တာပေါ့ လေ။ (မှန်ပါ့)။

အရင်ကတော့ သူ့ အပေါ်မှာ ဘယ်လို ဘာလို စွဲချက်တွေတင်ပြီး သူတွေးလုံးထုတ်တာတွေ အကုန် ပပျောက်ပြီး သြော် တရား၏ ကျေးဇူးပါလား၊ တရားကြောင့်ဖြစ်တဲ့ အမူအရာ တွေပါလား ဆိုတာ ပေါ်လာ တယ်။ (မှန်ပါ့ ဘုရား)။

ယောက်ျား မိန်းမ ရနိုင်တာချည်းပဲ

တရားကြောင့် အမူအရာတွေပေါ်လာတဲ့အခါကျတော့ သူဆက်ပြီးမေးတယ်။ အရှင်သူဌေး ဒီလောကုတ္တရာ တရားဆိုတာဟာ ယောက်ျားများမှပဲ အားထုတ်ကောင်း သလား မိန်းမများပါ အားထုတ် ကောင်းသလား။ ဟာ ဘယ့်နှယ် မေးပါလိမ့်မတုံး ဓမ္မဒိန္ဒာ၊ ယောက်ျား ဖြစ်စေ၊ မိန်းမဖြစ်စေ ယထာဘူတဉာဏ် ကစပြီး တက်မယ် ဆိုရင် ယောက်ျား, မိန်းမရယ်လို့ ဘုရားက မဟောပါဘူး၊ ရနိုင်တာချည်းပဲလို့သာ ဟောပါတယ်။ (မှန်ပါ့ ဘုရား)။

အဲဒီလို ဝိသာခ အနာဂါမ်ပုဂ္ဂိုလ်က ပြောတဲ့အခါ ကျတော့ ဒါဖြင့် မိန်းမများပါ ရနိုင်လို့ရှိရင် သူဘိက္ခုနီမ လုပ်ပြီး သကာလ ဒီအကျင့်ကိုပဲ အားထုတ်ချင်တဲ့စိတ် ပေါ်လာတဲ့အတွက် သူ့ခင်ပွန်းကို တောင်းပန်တယ်။ (မှန်ပါ့ ဘုရား)၊ ဒကာ ဒကာမတွေ ရိပ်မိပါလား။ (ရိပ်မိပါပြီ ဘုရား)။

အနာဂါမ်ဖြစ်တဲ့ ဝိသာခသူဌေးက ဓမ္မဒိန္နာကို မိန်းမပင်ဖြစ်ငြားသော်လဲ ယထာဘူတ ဉာဏ်က စပြီး သကာလ တက်မယ်ဆိုလို့ ရှိရင်ဖြင့် သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ် ရဟန္တာဆိုတာ ဖြစ်နိုင်တာ ချည်း ပါပဲ။ ဘုရားက ယောက်ျား, မိန်းမ မရွေးပါဘူး၊ ဟုတ် တိုင်းမှန်စွာ ကျင့်တဲ့ ဉာဏ်ကို ရလို့ ဉာဏ်စဉ် အတိုင်း တက် သွားကြမယ်ဆိုရင် ဒီကိစ္စ ပြီးကြစတမ်းဆိုတာ ဘုရား ဟောတော် မူပါတယ်။ (မှန်ပါ့ ဘုရား)။

ဘိက္ခုနီမလုပ်ခွင့်ပြုတယ်

ဒါကြောင့် သင်က ဤကဲ့သို့ ပစ္စည်းတွေလဲ မခင် တွယ်ဘဲနဲ့ တရားဓမ္မကိုပဲ ကြိုးစားပြီး သကာလ ဘိက္ခုနီမ လုပ်ချင်ပါတယ် ဆိုလို့ရှိရင်ဖြင့် ငါက အဆင်သင့်ပဲ ခွင့်ပြု တယ်။ ဒါကို မပြော သာလို့သာ အသာနေရတယ်။ လုပ်နိုင်မယ်ဆိုလို့ရှိရင် အထူး ဝမ်းမြောက်ပါတယ် ဆိုတာ ဝိသာခ သူဌေးက ဝမ်းမြောက်ဝမ်းသာ ခွင့်ပြုစကား ပြောကြားလိုက်တယ်။ (မှန်ပါ့ ဘုရား)။

ရွှေထမ်းစင်နဲ့သွားတယ်။

ဒါနဲ့ နံနက်ကျတော့ ရှင်ဘုရင့် နန်းတော်သွားတဲ့ အခါ ရှင်ဘုရင်က ဝိသာခသူဌေး ဒီနေ့လာပုံ တယ်ထူး ပါလား။ ဘယ့်နှယ်ကြောင့် ဒီအချိန်ကြီး ဒီရောက်လာပါ လိမ့်မတုံး။ တခြား မဟုတ်ပါဘူး။ ရွှေထမ်းစင်ကြီး လိုချင် လို့ပါပဲ။ ရွှေထမ်းစင်က ဘာကိစ္စ ရှိလို့ပါလိမ့်မတုံး၊ မေး မြန်းတော့ အကျွန်ုပ်၏ ခင်ပွန်းမ ဓမ္မဒိန္ဒာက ဘိက္ခုနီမ လုပ်ဖို့ရာ သဘောတူတယ်လို့ မနေ့ညက ပြောတဲ့အတွက် ဘိက္ခုနီမ ကျောင်းကို ရွှေထမ်းစင်နဲ့ ထမ်းပြီး သကာလ ပို့ဖို့ ပါပဲဆိုတော့ ရှင်ဘုရင်ကြီးကလဲ ရွှေထမ်းစင်ကြီးပေး လိုက်တယ်။ (မှန်ပါ့)။

ပေးလိုက်တော့ ဆွေတွေမျိုးတွေနဲ့ တစ်ခါတည်း ဘိက္ခုနီမအဖြစ် ဆောင်ရွက်ဖို့ရာ နံ့သာရေတွေနဲ့ ချိုးပြုပြီး သကာလ ဘိက္ခုနီမ ကျောင်းသို့ ရွှေထမ်းစင်နဲ့ ထမ်းပြီး ဆွေတွေမျိုးတွေနဲ့ သိုက်သိုက်ဝန်းဝန်း ပို့ကြတာပေါ့ဗျာ။ (မှန်ပါ့)၊ ဟိုကျတော့ ဘိက္ခုနီမလုပ်တယ်။

ဘိက္ခုနီမ လုပ်ပြန်တော့လဲ တရားဓမ္မ တွေကတော့ နေရာကျပါရဲ့၊ နာရတာလဲ နေရာကျ၊ ပေါင်းသင်း ရတာလဲ နေရာကျပါရဲ့။ သို့သော် ဘုန်းဒဏ်ကို မခံနိုင်ဘဲဖြစ်နေ တယ်။ (မှန်ပါ့)၊ ဘုန်းက ဘာတုံး ဆိုတော့ သူဌေး ကတော် ဆိုတဲ့ မိတ်တွေ ဆွေတွေ မျိုးတွေ အလုံးစုံက တစ်ခါတည်း ကူညီ ထောက်ပံ့ ပေးကြ ကမ်းကြ လှူကြ ဆိုတော့ ဒါတွေ ဧည့်ခံပြီး သကာလ နေရတာနဲ့ တရားကို ပွားများချိန်က မရဘဲ ဖြစ်ပြီး သကာလ နေတယ်။ (မှန်ပါ့ ဘုရား)။

ဓမ္မဒိန္နာ ရဟန္တာဖြစ်တယ်

ဒါနဲ့ပဲ သူ့ဆရာ ဥပဇ္ဈာယ်ဖြစ်သူ ဘိက္ခုနီမကို လျှောက်ပြီး သကာလ တောထဲသွားပြီး တရားအားထုတ် လိုက်တယ်။ တရားအားထုတ်တော့ ပါရမီ ရင့်သန်တဲ့ ပုဂ္ဂိုလ်လဲ ဖြစ်ပြန်၊ ဆန္ဒကလဲ ပြင်းပြပြန် ဆိုတော့၊ တရား ကလဲ နာပြီးသားဖြစ်နေပြန်တော့ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ် ရဟန္တာ ကျအောင် သူဖြစ်လာ တယ်။ (မှန်ပါ့)၊ ပဋိသမ္ဘိဒါပတ္တ အဖြစ်သို့ပါ ရောက်တယ် (မှန်ပါ့ ဘုရား)။

အဲဒါကြောင့် သူသည် ရဟန်းကိစ္စ ပြီးပြီ ဆိုပြီး သကာလ ရာဇဂြိုဟ်ပြည်ပဲ ပြန်လာတယ်။ ပြန်လာတော့ သူ့ ခင်ပွန်းဟောင်းဖြစ်တဲ့ ဝိသာခသူဌေးက တောထဲက ပြန်လာတယ်လို့ကြားတယ်၊ ရက်ကလဲ တိုလိုက်တာ၊ မိန်းမစိတ်မို့ ပထမသာ ဖြုန်းခနဲ ဆံပင်တွေရိတ်ပြီး ကတိုက် ကရိုက် လုပ်ချင်ပြီး သကာလ အခုတော့ဖြင့် ပြန်လှည့် လာတယ် ဆိုကတည်းက သူ့စိတ်ထဲမှာ လူ့ဘောင် များ ပြန်လာဦးမှာလား။ လူထွက်လိုရှိရင်လဲ သူ့ အတွက် စောင့်ရှောက် ရမည့် ဝတ္တရားက တစ်ခါ ရှိနေ ပြန်တော့ စိုးရိမ်မှုနဲ့ပဲ ဓမ္မဒိန္နာ ထေရ်ရီမထံ ဝိသာခသူဌေးက သွား လိုက်တယ်။ (မှန်ပါ့ ဘုရား)။

လူထွက်ချင်လို့များလား

သွားလိုက်တဲ့အခါကျတော့ မေးဖို့ရာ အကြောင်း ကလဲ ပေါ်လာတယ်။ ဘယ်လို ပေါ်လာသတုံး ဆိုတော့ အရှင်မသည် အခု တောထဲ သွားတာလဲ မကြာသေး၊ တရားဓမ္မတွေ ရက်ကလဲ တိုလိုက်တာ၊ ဒါလောက်နဲ့ ပြီးလာတယ်လို့လဲ သူ့စိတ်ထဲက မထင်။ (မှန်ပါ့ ဘုရား)၊ မထင်တော့ လူထွက်ချင်လားလို့ မေးရမှာကလဲ ပညာရှိ သဘောမှာ မသက်ရောက်ဘူး။ ဒီလိုမေးလဲ မကောင်းဘူး။ (မှန်ပါ့ ဘုရား)။

ဝိသာခက ပုစ္ဆာတွေမေးတယ်

အဲဒီတော့ ပုစ္ဆာမေးမှပဲ ပုစ္ဆာထဲက နေပြီး သကာလ သူ့အကြောင်း တွေးယူမှ သာလျှင် လိုရင်း ကျတော့မယ် ဆိုပြီး ပုစ္ဆာ မေးတယ်။ (မှန်ပါ့ ဘုရား)၊ အမေးခံရတဲ့ ပုဂ္ဂိုလ်က ဓမ္မဒိန္နာထေရ်ရီမ ရဟန္တာနော်။ (မှန်ပါ့)၊ မေးတဲ့ပုဂ္ဂိုလ်က အနာဂါမ်ဆိုတော့ အောက်တစ်ဆင့် ကျသပေါ့ဗျ။ (မှန်ပါ့)။

သက္ကာယဆိုတာ ဘာတုံး။

ဒါနဲ့ လူထွက်ချင်လို့လားလို့ မေးဖို့ရာ မမေးချင် တာနဲ့ဘဲ ပုစ္ဆာ မေးတယ်။ အရှင်ဓမ္မဒိန္ဒာ သက္ကာယ သက္ကာယ ဆိုတာ ဘာတုံး၊ သက္ကာယ ဆိုတဲ့ဥစ္စာ ဘယ် အဓိပ္ပာယ်ကို သက္ကာယလို့ ခေါ်ပါသတုံး။ ဘယ်တရား ကို သက္ကာယလို့ ခေါ်ပါသတုံး မေးလိုက်တယ်။ (မှန်ပါ့ ဘုရား)။

စာတတ် ပေတတ် ရဟန္တာ

မေးလိုက်တော့ ဟိုက ပဋိသမ္ဘိဒါပတ္တ ရဟန္တာ ဆိုတော့ စာတတ် ပေတတ် ရဟန္တာနော်။ (မှန်ပါ့)။

ရဟန္တာဖြစ်ရင် စာတွေ တတ်လာတယ်။ ပါရမီ ဆုတောင်းနဲ့ ပြည့်လာတာလို့ မှတ်ကြပါ။ (မှန်ပါ့ ဘုရား)။

အဲဒီကဲ့သို့ မေးလိုက်တဲ့ အခါကျတော့ ဒါယကာ ဝိသာခသူဌေး သက္ကာယ သက္ကာယဆိုတာ ပဉ္စုပါဒါနက္ခန္ဓာ ဥပါဒါနက္ခန္ဓာ ငါးပါးကို ဆိုတာပါ။ လောကီ ခန္ဓာငါးပါးကို ဆိုတာပါလို့ ဖြေလိုက်တယ်။ (မှန်ပါ့ ဘုရား)။

အဲဒီတော့ ဒကာ ဒကာမတွေက ဒီအထဲ မှတ်စရာက သြော် တို့ခန္ဓာငါးပါးဟာ လောကီခန္ဓာ ငါးပါးပါ ကလား။ ဒါကို သက္ကာယလို့ ခေါ်တာ ပါကလားလို့ ဆိုတာ ခင်ဗျားတို့က အသားယူပြီး မှတ်ထားပါ။ (မှန်ပါ့)။

ဪ ဒါဖြင့် အခုတရားနာနေတဲ့ ဒကာ ဒကာမ တွေရဲ့ ခန္ဓာကိုယ် ရုပ်နာမ်ကြီးဟာ ဘာပါလိမ့်မလဲလို့ မေးရင် သက္ကာယပဲလို့ ဖြေရမယ်။ (မှန်ပါ့)၊ သဘောကျ ပလား။ (ကျပါပြီ)၊ ဥပါဒါန်တို့၏ အာရုံဖြစ်တဲ့ (လောကီ ခန္ဓာငါးပါးသည် သက္ကာယ မည်တယ်လို့ ဆုံးဖြတ်ချက် ချကြပါ။ (မှန်ပါ့)။

သက္ကာယဖြစ်ကြောင်းက ဘယ်သူလဲ

ဆက်လက်ပြီး သကာလ တစ်ခါမေးပြန်တယ်။ အရှင် ဓမ္မဒိန္ဒာ၊ သက္ကာယ ဖြစ်ကြောင်းက ဘယ်သူပါလိမ့် မလဲလို့ ဝိသာခ သူဌေးက မေးလိုက်တဲ့ အခါကျတော့ “ယာယံ တဏှာ ပေါနောဗ္ဗဝိကာ နန္ဒိရာဂ သဟဂတာ တတြ တတြာဘိနန္ဒိနီ” ဆိုတဲ့အတိုင်း တဏှာပဲလို့ အရှင်ဓမ္မဒိန္ဒာ ထေရ်ရီမက ဖြေလိုက်တယ် (မှန်ပါ့)၊ တဏှာဟာ သက္ကာယဖြစ်ကြောင်းပဲ။ (မှန်ပါ့ ဘုရား)။

ခန္ဓာကြီးဘယ်သူ တည်ထောင်ပါလိမ့်

အဲဒီတော့ ဘုန်းကြီးတို့ ဟောနေတာ ဒကာ ဒကာမတွေ ဒီမှာ ရဟန္တာ အရှင်မက အနာဂါမ်ကို အဖြေ ထုတ်နေတာ ထောက်သဖြင့် သြော် တို့ခန္ဓာ ငါးပါးကြီး ဘယ်သူ တည်ထောင် ပါလိမ့်မလဲ ဆိုတဲ့ဥစ္စာ ဘုံဘဝ တပ်နှစ် သက်တတ်တဲ့ တဏှာပဲလို့ ဒီက ဒကာ ဒကာမတွေကလဲ ဆုံးဖြတ်ချက် ချပါ။ (မှန်ပါ့ ဘုရား)။

ခန္ဓာကိုယ် တည်ထောင်တာ ဘယ်သူပါလိမ့်ဗျာ။ (တဏှာပါ ဘုရား)။

သက္ကာယချုပ်ရာ ဘယ်ဟာပါလိမ့်

ဒါဖြင့် သက္ကာယ ချုပ်ရာ ဘယ်ဟာပါလိမ့်မလဲလို့ ဝိသာခ သူဌေးက မေးလိုက်ပြန်တော့ သက္ကာယ ချုပ်ရာ ဆိုတာ “တဿာယေဝ တဏှာယ အသေသဝိရာဂ နိရောဓော စာဂေါ ပဋိနိဿဂ္ဂါ မုတ္တိ အနာလယော” – ဆိုတဲ့အတိုင်း တဏှာတို့၏ ချုပ်ရာ၊ သေရာ ငြိမ်းရာဖြစ်တဲ့ နိဗ္ဗာန်ဟာ သက္ကာယတို့၏ ချုပ်ရာပဲ။ (မှန်ပါ့ ဘုရား)၊ အဲဒီအတွက် ကျတော့ ရုပ်နာမ် ပါသေးရဲ့ လား။ (မပါ,ပါ ဘုရား)၊ မပါဘူး၊ ရုပ်နာမ်ပါရင် ဖောက်ပြန် ပျက်စီးတဲ့ ဒုက္ခသစ္စာကြီး လိုက်သွားဦးမှာပေါ့။ (မှန်ပါ့ ဘုရား)။

ဒါကြောင့် နိဗ္ဗာန်မှာ ဒုက္ခမရှိ၊ ချမ်းသာသာ ရှိတယ် ဆိုတာ ဒကာ ဒကာမတွေကို ဟောပြီးသား ဖြစ်တဲ့ အတွက် ချမ်းသာ အလိုရှိတဲ့ ပုဂ္ဂိုလ်ဖြင့် ချမ်းသာရှိတဲ့ဆီကို ရောက် အောင် သွားနည်းနဲ့ သွားဖို့ပါပဲ။ (မှန်ပါ့ ဘုရား)။

သုံးချက်ရှိသွားပြီနော် (မှန်ပါ့ ဘုရား)။

သက္ကာယတို့၏ ချုပ်ကြောင်းအကျင့်

ဒါနဲ့ ဝိသာခါ သူဌေးက ဆက်လက် မေးတယ်။ သက္ကာယတို့၏ ချုပ်ရာ ချုပ်ကြောင်း အကျင့်ကို အမိန့်ရှိပါ ဦးဆိုတော့ မဂ္ဂင်ရှစ်ပါးပဲ။ မဂ္ဂင်ရှစ်ပါးကို ကျင့်ကြံကြိုးကုတ် ပွားများ အားထုတ်လိုက်လို့ ရှိရင် သက္ကာယဖြစ်ကြောင်း သမုဒယသေလို့ အကြောင်းသေ သောကြောင့် အကျိုးရုပ် နာမ်တွေ ချုပ်ပြီး သကာလ သက္ကာယဒိဋ္ဌိ တို့၏ ချုပ်ရာ နိဗ္ဗာန် ရောက်တော့တာပဲ။ (မှန်ပါ့ ဘုရား)၊ မဂ္ဂင်ရှစ်ပါးသာ ပွားများရင် ရောက်ပါတယ်လို့ ရဟန္တာ ထေရ်ရီမက ဖြေ လိုက်တယ်။ (မှန်ပါ့ ဘုရား)။

ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ အခု ကြိုးစားနေတာ ဘာပါလိမ့်မတုံးလို့ တွေးမနေနဲ့တော့၊ မဂ္ဂင် ပွားများ နေကြတာ (မှန်ပါ့ ဘုရား)၊ ဒါကြောင့် သက္ကာယတို့၏ချုပ်ရာ နိဗ္ဗာန် ဆိုတာကြီးကို ခင်ဗျားတို့ ပွားများမှုသည် ရောက်အောင် ပို့သည့် ပွားများမှုလို့ ဆုံးဖြတ် ချက်ချပါ (မှန်ပါ့)။

တယ်အဖိုးတန်တယ်။ (တန်ပါတယ် ဘုရား)၊ အနာဂါမ်ကမေးလို့ ရဟန္တာ ပုဂ္ဂိုလ်က ဖြေတာ ဒကာ သိုက်ရေ။ (မှန်ပါ့ ဘုရား)၊ မှားစရာ မှောက်စရာ တစ်လုံး မှ မပါဘူး။ (မှန်ပါ့ ဘုရား)၊ မပါဘူး-မပါဘူး၊ နောက်ဆုံးပိတ် ဘုရားဆီ သူတို့ ဆုံကြပါလိမ့်ဦးမယ်။ ဝိသာခသူဌေး ရောက်လာ ပါလိမ့်ဦးမယ်။ ရောက်တဲ့အခါတော့ ဘုရားက ထောက်ခံချက် ပေးပါလိမ့်ဦးမယ်။ (မှန်ပါ့ ဘုရား)။

မဂ္ဂင်ပွားများနေတဲ့ပုဂ္ဂိုလ်တွေ

ဒါနဲ့ ဒကာ ဒကာမတွေ ခင်ဗျားတို့ လုပ်နေတဲ့ အလုပ်စဉ်ဟာ သက္ကာယ ချုပ်အောင် လုပ်နေတဲ့ အလုပ်စဉ် ပါကလား။ (မှန်ပါ့)၊ သက္ကာယ ဖြစ်ကြောင်းလဲ ချုပ်မယ်၊ သက္ကာယလဲ ချုပ်မယ်။ (မှန်ပါ့)၊ မဂ္ဂင် ပွားများနေတဲ့ ပုဂ္ဂိုလ်တွေသည် သက္ကာယချုပ်လို့ သက္ကာယ ဖြစ်ကြောင်းလဲ ချုပ်လို့ သက္ကာယတွေ၏ ဘာမျှ မရှိအောင် ချုပ်တဲ့ နိဗ္ဗာန် ကြီးကို ဒကာ ဒကာမတွေ၏ မဂ္ဂင်ရှစ်ပါးသည် ပွားများတဲ့ ပုဂ္ဂိုလ်တိုင်း မှာပဲ မရောက်မရှိဘူး။ ရောက်ရမှာပဲ။ (မှန်ပါ့ ဘုရား)၊ သဘောကျပါလား။ (ကျပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတွေ ပွားများနေတဲ့အလုပ်ဟာ သက္ကာယချုပ်ကြောင်း အကျင့်ကို ကျင့်နေကြတာပေါ့။ (မှန်ပါ့ ဘုရား)၊ ဪ ဒီ ဒကာ ဒကာမတွေ ဘာများ လုပ်နေကြပါလိမ့်မတုံး ဆိုတာ သံသယ မရှိပါနဲ့။ သက္ကာယ တို့ ချုပ်ရာ ချုပ်ကြောင်း အကျင့်ကို ကျင့်နေကြတာ။ (မှန်ပါ့ ဘုရား)၊ သဘောကျပါလား။ (ကျပါပြီ ဘုရား)၊ သက္ကာယဆိုတဲ့ ရုပ်နာမ်တို့၏ ချုပ်ရာ ချုပ်ကြောင်း အကျင့် ကို ကျင့်နေကြတာပဲလို့ ကိုယ့်ကိုယ်ကိုလဲ ဆုံးဖြတ်ချက် ချပါ။(မှန်ပါ့ ဘုရား)၊ ရှင်းပါလား (ရှင်းပါပြီ ဘုရား)။

ယုံယုံကြည်ကြည်နဲ့ လုပ်ပါ။

အေး ဒါကြောင့် ဒကာ ဒကာမတွေ လုပ်နေတဲ့ အလုပ်သည်ကား လို့ဆိုရင် တကယ့် သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာဖြစ်နိုင်တဲ့ အလုပ်ဖြစ်ပြီး သကာလ နေသောကြောင့် သြော် ဒုက္ခသိမ်း၍ ငြိမ်းတဲ့ အလုပ်ဟာ တို့မဂ္ဂင် ရှစ်ပါး ပွားများနေတဲ့ ရုပ်နာမ် ဖြစ်ပျက်ပေါ်မှာ ပွားများနေတဲ့ အလုပ်ပါလားလို့ ဆိုပြီး ယုံယုံကြည်ကြည်နဲ့ ကြိုးကြိုးစားစား လုပ်ပါ။ (မှန်ပါ့ ဘုရား)။

ဒီလမ်းပေါ်ရောက်နေကြပြီ

ယုံယုံကြည်ကြည်နဲ့ ကြိုးစား လုပ်ပြီ ဆိုမှဖြင့် ဒီလမ်း ပေါ် ရောက်နေတဲ့ ဥစ္စာ ဒီမြို့ကိုတော့ ဆိုက်မှာပဲ။ (မှန်ပါ့ ဘုရား)၊ ဒီလမ်းပေါ် ရောက်နေတယ်ဆိုတာက သေချာနေတာ၊ ဒီမြို့ဟာ ဖြည်းဖြည်းဖြစ်စေ၊ မြန်မြန်ဖြစ်စေ ဒကာသိုက် ရောက်မှာပဲ။ (မှန်ပါ့ ဘုရား)။

အဲဒီတော့ ဘာမှ သံသယမရှိနဲ့၊ မဂ္ဂင် အလုပ်ကို ပွားများပြီး သွားကြပေါ့တော့ ဆိုတာဖြင့် ခင်ဗျားတို့ လမ်းပေါ် တင်ပေး ထားတာပေါ့၊ ဆရာဘုန်းကြီးက ဟင်။ (မှန်ပါ့)၊ လမ်းပေါ်တင်ပေး ထားတော့ကို ဒီလမ်းပေါ် ရောက်အောင်ပဲ ဆရာဘုန်းကြီးက တင်ထားတော့ ဒကာ ဒကာမတွေက ဒီလမ်းအတိုင်း ကိုယ့်ဉာဏ်နဲ့ ကိုယ်လျှောက် ကြပေတော့။ (မှန်ပါ့ ဘုရား)၊ ဘာလို့တုံးဆိုတော့ မမှားနိုင်တဲ့ လမ်းပဲ ဖြစ်တယ်။ ရောက်ရာဌာနကြီးက အထင် အရှားရှိတယ်။ (မှန်ပါ့ ဘုရား)။

ရဲရဲတင်းတင်းလုပ်ကြပါ

ဒါဖြင့် လမ်းလဲမမှား၊ ရောက်ရာဌာနကလဲ သေချာ ဆိုတော့ ကျုပ်တို့မှာ ရဲရဲတင်းတင်းနဲ့ လုံ့လ ဝီရိယထား လို့၊ သတိပညာတွေနဲ့ပွားလို့ လုပ်ကြမယ် ဆိုလို့ရှိရင်ဖြင့် ဒီလမ်းသည် “ဧကာယနော ယံဘိက္ခဝေ မဂ္ဂေါ”။ (မှန်ပါ့ ဘုရား)၊

ဘိက္ခဝေ-ရဟန်းတို့။ အယံ မဂ္ဂေါ- ဤမဂ္ဂင် လမ်းမတော်ကြီးသည်။ ဧကာယနော-တစ်ကြောင်းတည်း နဲ့ နိဗ္ဗာန်ရောက်၏။ ဤကဲ့သို့ သတိပဋ္ဌာန် ပါဠိတော်မှာ ကိုယ်တော်တိုင် ဟောပြီး သကာလ ထားတာကို ဒကာ ဒကာမတွေ အထပ်ထပ် ကြားရသဖြင့်လဲ သံသယ မရှိမှုလို့ ရဲရဲတင်းတင်း လုပ်ပါ။ (မှန်ပါ့ ဘုရား)။

အဲဒီတော့ တပည့်တော် မြင်ပါရဲ့ ဖြစ်ပျက်ကလေး တွေကို၊ မြင်ရတာ နှေးပါတယ် ဘုရား၊ တပည့်တော်တို့ နိဗ္ဗိန္ဒဉာဏ်ဆိုတာလဲ တယ်ပြီး မတက်သေးပါဘူး၊ ဒုက္ခ အဆုံးလဲ မမြင်ရသေးပါဘူး ဆိုသဖြင့် ဒါ လမ်းလျှောက် တာသည် နှေးနေသေးလို့ပဲ။ (မှန်ပါ့)၊ လမ်းလျှောက် တတ်တဲ့ ပုဂ္ဂိုလ်ဖြင့်လဲ မြန်မြန် ရောက်ဖို့ပါပဲ။ (မှန်ပါ့ ဘုရား)။

အဲဒါကတော့ ဘယ်ပါရမီမှ မချပါနဲ့။ တို့မှာ ပါရမီ မရှိဘူးလား၊ ရှိရဲ့လားဆိုတဲ့ တွေးလုံးတွေကို ဒကာ ဒကာမတွေက အရမ်းတွေးပြီး သကာလ အလုပ် နောက် ဆုတ်မည့် တွေးလုံး မလာပါနဲ့။ (မှန်ပါ့ ဘုရား)၊ သေသေချာချာ ဒီလမ်းပေါ် ရောက်လို့ ရှိရင်ဖြင့် ဒီခရီးပေါက်ပြီး သကာလ ဒီနေရာ ရောက်ရမယ် ဆိုတာ ဓမ္မဒိန္ဒာ ထေရ်ရီမ အဖြေကို မြင်သဖြင့် လည်းကောင်း၊ ဘုရားသခင် ကိုယ်တော် မြတ်ကြီးသည် သတိပဋ္ဌာန် ပါဠိတော်၌ ကိုယ်တော်တိုင် ဟော သဖြင့် လည်းကောင်း၊ ကျုပ်တို့ ယုံယုံ ကြည်ကြည် စိတ်ချနိုင်တဲ့ အချက်အလက် သက်သေ သာဓက တွေကဖြင့် ဘာမှမလိုတော့ဘူး.။ (မလိုပါဘူး ဘုရား)၊ ရှင်းကြပါလား။ (ရှင်းပါပြီ ဘုရား)။

လုပ်ဖြစ်အောင်လုပ်ကြပါ

ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ နိုးနိုး ကြားကြားနဲ့ ကြိုးကြိုး စားစား လုပ်ဖြစ်အောင် လုပ်ဆိုတာ အထူးပဲ တိုက်တွန်းရသည်။ (မှန်ပါ့ ဘုရား)၊ ဒါက ဒကာ ဒကာမတွေ အတွက် ပြောတာ နော်။ (မှန်ပါ့ ဘုရား)။

နောက်တစ်ခါ ဝိသာခသူဌေးက တွေးလိုက်တယ်၊ ဪ သစ္စာလေးပါး တော့ ဖြေတာပဲ၊ သက္ကာယက ဒုက္ခသစ္စာကိုး။ သက္ကာယ ဖြစ်ကြောင်းက သမုဒယသစ္စာ၊ သက္ကာယ ချုပ်ရာက နိရောဓသစ္စာ။ (မှန်ပါ့ ဘုရား)၊ သက္ကာယ ချုပ်ကြောင်း အကျင့်က (မဂ္ဂသစ္စာပါ)။

သြော် သစ္စာလေးပါး တော့ဖြင့် ဓမ္မဒိန္နာ ဖြေနိုင်တယ်။ သို့သော်လဲ စာနဲ့ ကြည့်ပြီး ဖြေတာ မျိုးလား။ ရထားတဲ့ သဘောနဲ့ ဖြေတာလား။ ပင်ကိုယ် ဉာဏ်သဘောနဲ့ ဖြေတာ လားဆိုတာ သူ့စိတ်ထဲမှာ တယ်ပြီး မဝေဖန် နိုင်သေးဘူး။ (မှန်ပါ့)၊ ဖြေပုံတော့ မှန်တာ အမှန်ပဲ။ ဒီလမ်းရောက် ခဲ့ပါကောဗျာ။ (မှန်ပါ)၊ သူကလဲ သစ္စာလေးပါးကတည်း က ဒီလမ်းကို မြင်ခဲ့ထင်ခဲ့တဲ့ ပုဂ္ဂိုလ် ဖြစ်နေတော့ ဖြေပုံတော့ သဘောကျရဲ့၊ စာဖြေ ဖြေနေသလား၊ ဉာဏ်ဖြေ ဖြေနေ သလား ဆိုတာ သူမဝေဖန်နိုင်ဘူး (မှန်ပါ့ ဘုရား)။

ဥပါဒါန်နဲ့ခန္ဓာဟာ တခြားစီလား

မဝေဖန်နိုင်တော့ ဆက်မေးဦးမှာပဲ၊ ဒါမှ ပိုပိုရှင်းမယ် ဆိုတဲ့ သဘောမျိုးနဲ့ ဆက်မေးလိုက်တယ်။ ကိုထွန်းအောင် ရေ (မှန်ပါ့)၊ ဆက်မေးလိုက်တဲ့ အခါကျတော့ ခုနင်တုန်း က ပြောခဲ့တဲ့ စကားထဲမှာ ပဉ္စပါဒါနက္ခန္ဓာဆိုတဲ့ ဥပါဒါ နက္ခန္ဓာသည် သက္ကာယလို့ အရှင်ဓမ္မဒိန္နာ ထေရ်ရီမက ဖြေခဲ့တော့ ဥပါဒါန်နဲ့ ခန္ဓာဟာ တခြားစီလား၊ သို့မဟုတ် အတူတူပဲလား၊ မေးလိုက်တယ်။ ဥပါဒါန်နဲ့ ခန္ဓာဟာ ပေါ့ ဗျာ။ (မှန်ပါ့ ဘုရား)။

နဂိုက စာလို ရေးထားတော့ ဥပါဒါနက္ခန္ဓာလို့ ရေး ထားတယ်။ (မှန်ပါ့)၊ အခုခွဲပြီး သူက မေးလိုက်တယ်။ ဥပါဒါန်ဆိုတဲ့တရားနဲ့ ခန္ဓာဆိုတဲ့ တရားသည် အတူတူပဲလား အရှင်ဓမ္မဒိန္နာ။ သို့မဟုတ် တခြားစီပဲလား တဲ့။ ဓမ္မဒိန္နာထေရ်ရီမက ဖြေလိုက်ပြန်တယ်။ (မှန်ပါ့ ဘုရား)။

တခြားစီဖြေလို့မရဘူး

ဥပါဒါန်ဆိုတာက ကာမုပါဒါန်၊ ဒိဋ္ဌုပါဒါန်၊ သီလဗ္ဗတုပါဒါန်၊ အတ္တဝါဒုပါဒါန်ဆိုတော့ ဥပါဒါန် လေးပါးရှိပါတယ်။ ခန္ဓာက လောကီ ခန္ဓာငါးပါး ရှိပါတယ်။ အဲဒီတော့ သူတို့ဟာ တခြားစီ ဖြေလို့လဲ မရဘူး။ အတူတူ ဖြေလို့လဲ မဟုတ်ဘူး။ (မှန်ပါ့)၊ ခန္ဓာငါးပါးကို ဥပါဒါန်ဆိုတဲ့ တရားနဲ့ နှစ်သက်ပြီး သကာလ နေခဲ့လို့ ရှိရင်ဖြင့် ဒါဟာ ဥပါဒါနက္ခန္ဓာဖြစ်တာပဲ။ (မှန်ပါ့)၊ မနှစ်သက်ခဲ့လို့ ရှိရင်ဖြင့် ဥပါဒါနက္ခန္ဓာ မဖြစ်ဘူး။ ဒီလို ဖြေလိုက်တယ်။ (မှန်ပါ့ ဘုရား)။

တယ်ထူးခြားပါလား။ (ထူးခြားပါတယ် ဘုရား)။ တယ်ထူးခြား ပါလား ဆိုတာ ဒကာ ဒကာမတွေ ဘုန်းကြီး ရှင်းပြမယ်။ မိမိ ခန္ဓာကိုယ်ကြီးကို နဂိုက ခြင်ကိုက်လဲ မခံနိုင်ဘူး။ အညောင်း အညာလဲ မခံနိုင်ဘူး။ ဝေဒေနာတွေ ပေါ်တာလဲ သည်းမခံနိုင်။ ကိုယ့်ခန္ဓာဖြင့် ခလုတ်မထိ ဆူးမငြိ ပါစေနဲ့ ဆိုတာ ပရိတ်တွေ မေတ္တာတွေနဲ့ ဆောင် ထားပြီး သကာလ သူ့ကို ဒါလောက် ခင်ပါတယ်။ (မှန်ပါ့)။

ခန္ဓာငါးပါး အပေါ်ခင်တာ တော့ဖြင့် ပြောစရာမရှိ လောက်ပါဘူး။ (မှန်ပါ့)၊ အမွေးတစ်ပင် ကျွတ်တောင် မခံနိုင်ဘူး ဆိုတဲ့ အဓိပ္ပာယ် မျိုးတောင်မှ တစ်ခါတစ်ခါ သုံးလိုက်သေးတယ်။ (မှန်ပါ့ ဘုရား)၊ ကိုယ့်ခန္ဓာ ငါးပါး ကို ကိုယ်မခင် ဘူးလားဗျာ။ (ခင်ပါတယ် ဘုရား)၊ အဲဒီ ခန္ဓာငါ ပါးကို ခင်တဲ့ ဥစ္စာကတော့ တဏှာပဲ။ အဲဒီတဏှာ ကြီးရင့်လာတဲ့ အခါကျတော့ ဥပါဒါန် ဖြစ်ပါတယ်။ (မှန်ပါ့ ဘုရား)၊ ဒုက္ခကိုသာ ပေးနေတဲ့ ခန္ဓာကြီး ဖြစ်လေ သောကြောင့် သူ့အပေါ်မှာ ခင်စရာ မင်စရာ တစ်ကွက် တစ်စက်မှ မရှိဘူးလို့ ဆိုတဲ့ ဉာဏ်ပေါ်လာတဲ့ အခါကျလို့ ရှိရင်ဖြင့် ဒကာ ဒကာမတို့ ဥပါဒါနက္ခန္ဓာ မဟုတ်တော့ ဘူး။ (မှန်ပါ့)။

စွဲလမ်းတဲ့ခန္ဓာ မဟုတ်တော့ဘူး

စွဲလမ်းတဲ့ခန္ဓာ ဟုတ်သေးရဲ့ လား။ (မဟုတ်ပါဘူး ဘုရား)၊ ဒီခန္ဓာကြီး ဘယ်တော့ချရပါ့မတုံး၊ ဘယ်တော့ စွန့်ရပါ့မတုံး ဆိုပြီး သကာလ ကိုယ့်စိတ်ထဲမှာ ခန္ဓာစွန့်ချင် တဲ့သဘောသာ ပါတယ်။ ခန္ဓာ ခင်တဲ့ သဘော နည်းနည်း ပါသေးရဲ့ လား။ (မပါ-ပါ ဘုရား)၊ အဲဒီကဲ့သို့ ခန္ဓာ ပေါ်မှာ ခင်တဲ့ဆန္ဒ မရှိလို့ရှိရင်ဖြင့် ဥပါဒါနက္ခန္ဓာ မဟုတ်တော့ဘူး။ (မှန်ပါ့)၊ ခင်တဲ့ ဥပါဒါန်၊ စွဲလမ်းတဲ့ ဥပါဒါန် ရှိနေသေးလို့ ရှိရင်ဖြင့် ဒါ ဥပါဒါနက္ခန္ဓာလို့ ဆိုရမှာပဲ။ (မှန်ပါ့)၊ သဘောကျပါလား။ (ကျပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဒကာ ဒကာမတို့ အလုပ်လုပ် နေတဲ့ အခါကျတော့ ပထမရှေးဦးစွာ ဖြစ်ပျက် ကို မြင်အောင်ကြိုးစားပါလို့ ဆရာဘုန်းကြီးက ဝေဒနာ တွေတွေ့၊ ဝေဒနာတွေ့ တွေ့ပြီး ဖြစ်ပျက် မြင်အောင် ကြိုးစားပါ ဆိုပြီး သကာလ ခိုင်းထားတယ်။ (မှန်ပါ့)၊

ကိုယ့်ခန္ဓာ မဟုတ်ကြောင်း သိအောင်လို့

ထိုကဲ့သို့ ခိုင်းတာသည် အခြားကြောင့် ခိုင်းတာ မဟုတ်ဘူးတဲ့။ ကိုယ့်ခန္ဓာ မဟုတ်ကြောင်း ကောင်းကောင်း သိအောင်လို့၊ ခင်တဲ့စိတ်သည် စွဲလမ်းတဲ့ စိတ်သည် ပျက်ပြယ် သွားအောင်လို့ ဟောရခြင်း ဖြစ်တယ်။ (မှန်ပါ ဘုရား)၊ သဘောကျ ပါလား။ (ကျပါပြီ ဘုရား)။

အဲဒါကြောင့် နိဗ္ဗာန် ရောက်ကြောင်း တရားကောင် အစစ်ကို ကြားချင်ကြလို့ ရှိရင်ဖြင့် ဒီခန္ဓာ ပေါ်မှာ ခင်မှ စွဲလမ်းမှု သေရင် ရောက်တော့တာပဲလို့သာ ဆုံးဖြတ်ချက်ချပါ။ (မှန်ပါ ဘုရား)။

ဒီခန္ဓာပေါ်မှာ ခင်မှု၊ စွဲလမ်းမှု ချုပ်ငြိမ်း သွားရင် ဘာတုံး (နိဗ္ဗာန် ရောက်ပါတယ် ဘုရား)၊ နိဗ္ဗာန် ရောက် တာပဲ။ ခန္ဓာ ရှိနေတုန်းပဲ ရောက်နေတာပဲ။ ခန္ဓာ မရှိတဲ့အခါလဲ ရောက် တာပဲ။ (မှန်ပါ့ ဘုရား)၊ သဘောကျပါလား။ (ကျပါပြီ ဘုရား)။

ခန္ဓာဖြစ်ပျက် ပွားများကြစမ်းပါ

ဒုက္ခခပ်သိမ်း ငြိမ်းရာလဲ ဖြစ်တဲ့ နိဗ္ဗာန်၊ ထောင့်ငါးရာ ကိလေသာတို့၏ ရုပ်သိမ်းရာ ဖြစ်တဲ့ နိဗ္ဗာန် သည်ကားလို့ ဆိုရင် ဒကာ ဒကာမတို့ ဒီခန္ဓာ စွဲလမ်းနေတဲ့ ပုဂ္ဂိုလ်၊ ခင်နေတဲ့ ပုဂ္ဂိုလ် မရောက်ဘူး။ (မှန်ပါ့) ခန္ဓာမခင်တော့ ပါဘူး၊ မစွဲလမ်းတော့ပါဘူး ဆိုတာဖြင့် ဒကာသိုက် ဧကန်ရောက်၊ တကယ် ရောက်မယ်။ ဘာမှ သံသယမရှိနဲ့။ (မှန်ပါ့ ဘုရား)။

အဲဒီတော့ ဒကာ ဒကာမတွေကို ဘုန်းကြီးက သင်ထားတယ်၊ ပွားများကြစမ်းပါ။ ခန္ဓာဖြစ်ပျက် ပွားများ ကြစမ်းဆိုတာ သြော် ဥပါဒါနက္ခန္ဓာ မဖြစ်အောင် လုပ်နေ တာကိုး။ (မှန်ပါ့)၊ စွဲလမ်းတဲ့ ခန္ဓာ မဖြစ် အောင်လို့၊ ဘုန်းကြီးက မဂ္ဂင်နဲ့ ပွားများပါလို့ ခိုင်းနေတာကိုး ဆိုတာလဲ ယနေ့ ရှင်းရှင်း လင်းလင်း မှတ်ပါ။ (မှန်ပါ့ ဘုရား)။

ပွားများပါ၊ ပွားများပါ ဆိုတာသည် ဒကာ ဒကာမတို့ ရိပ်မိပါလား။ (ရိပ်မိပါတယ် ဘုရား)၊ ဘယ်အကျိုးငှာ ဘာပါလိမ့်ဗျာ။ (ဥပါဒါနက္ခန္ဓာ မဖြစ်အောင် လို့ပါ)၊ ခန္ဓာကိုယ် စွဲလမ်းတာက ဥပါဒါန်။ အဲဒီ စွဲလမ်းမှုကြီး အကုန် ချုပ်ငြိမ်း ရုပ်သိမ်းအောင်လို့။ (မှန်ပါ့)၊ စွဲလမ်းစရာ မရှိတဲ့ဥစ္စာကို စွဲလမ်းပြီး သကာလ နေသောကြောင့် မစွဲလမ်း ရအောင်လို့ ဉာဏ်သွင်း ပေးလိုက်တာ။ (မှန်ပါ့)၊ ဉာဏ် သွင်း ပေးလိုက်တဲ့ အခါကျတော့ စွဲလမ်းတဲ့ တဏှာဥပါဒါန် က ချုပ်တယ်။ (မှန်ပါ့)၊ ချုပ်တဲ့ အခါကျတော့ ခန္ဓာကြီး ရှိပြီး သကာလ နေငြား သော်လဲ ခန္ဓာစွဲလမ်းတဲ့ တဏှာ ဥပါဒါန်ချုပ်တဲ့ အတွက် သဥပါဒိသေသ နိဗ္ဗာန် ဆိုတာရောက်ပါတယ်။ (မှန်ပါ့ ဘုရား)။

မစွဲလမ်းလို့ နိဗ္ဗာန်ရောက်နေတာ

ဘုရားသခင်သည် ဗောဓိပင်နဲ့ ရွှေပလ္လင်ပေါ်မှာ ငါ နိဗ္ဗာန် ရောက်တယ်၊ နိဗ္ဗာန် ရတယ် ပြောတာဟာ ခန္ဓာရှိသေးသားပဲ။ (မှန်ပါ့)၊ သို့သော် ဒီခန္ဓာကို သူမစွဲလမ်းဘူး။ (မှန်ပါ့)၊ စွဲလမ်း သေးရဲ့လား။ (မစွဲလမ်းပါ ဘုရား)၊ မစွဲလမ်းတဲ့အတွက် နိဗ္ဗာန် ရောက်နေတာပဲ၊ အာရုံပြုသော အားဖြင့် မြင်နေတာပဲ ဆိုတာ အားလုံး ဒကာ ဒကာမတွေက ဆုံးဖြတ်ချက်ချလိုက်။ (မှန်ပါ့ ဘုရား)၊ ရှင်းပါလား။ (ရှင်းပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် ဥပါဒါန်နဲ့ခန္ဓာနဲ့ဟာ စွဲလမ်းရင်ဖြင့် ဥပါဒါနက္ခန္ဓာဖြစ်မှာပဲ။ (မှန်ပါ့)၊ မစွဲလမ်းရင် (ဥပါဒါနက္ခန္ဓာ မဟုတ်ပါ ဘုရား)။

အေး ဒါကြောင့် ဥပါဒါန်နဲ့ ခန္ဓာဟာ တခြားစီ လား အတူတူပဲလား ဆိုတော့ တခြားစီလဲ မဟုတ်ဘူး၊ အတူတူလဲ မဟုတ်ဘူး၊ စွဲလမ်းလို့ ရှိရင်ဖြင့် ခန္ဓာနဲ့ ဥပါဒါ နက္ခန္ဓာနဲ့ဟာ ခန္ဓာက အာရုံ စွဲလမ်းတဲ့ ဥပါဒါန်က အာရမ္မဏိက ဖြစ်နေတာပဲ။ (မှန်ပါ့)၊ နောက် ဥပါဒါန်ကို မဂ်ဉာဏ်နဲ့ ဖြတ်တောက် ချလိုက်တဲ့ အခါကျတော့၊ စွဲလမ်းတဲ့ တဏှာ သေတဲ့ အခါကျတော့ ဥပါဒါနက္ခန္ဓာ မဖြစ်တော့ ဘူး။ (မှန်ပါ့)၊ အနုပါဒါနက္ခန္ဓာ ဖြစ်တော့တယ်။ (မှန်ပါ့)၊ သဘောကျပါလား။( ကျပါပြီ ဘုရား)။

ဘယ်တော့ ဘာကိစ္စပြီးမှာလဲ

ဒါဖြင့် ဒကာ ဒကာမတွေ အားထုတ်တဲ့အခါ ကျတော့ တို့ ဘယ်အခြေအနေ ရောက်မှ ကိစ္စပြီးပါလိမ့် မတုံး လို့ မေးတဲ့ အခါကျတော့၊ အားထုတ်စဉ် အတိုင်း အားထုတ်လို့ ခန္ဓာပေါ်မှာ ဘာမှ မငဲ့ကွက်ဘဲနဲ့ သက်သက် ဒုက္ခသစ္စာ နှိပ်စက်တဲ့ ခန္ဓာကြီးပဲ။ မင်းကိုဖြင့် ခင်တွယ်နေလို့ အပိုပဲဆိုတဲ့ မဂ်ဉာဏ်တွေ ဝင်လာလို့ ရှိရင် ဒါဟာ ခန္ဓာပင် ရှိငြား သော်လဲ ဥပါဒါနက္ခန္ဓာ မဟုတ်တော့ဘူး။ (မဟုတ် ပါဘူး ဘုရား)၊

စွဲလမ်းတဲ့ခန္ဓာ မဟုတ်တော့ဘူး၊ မစွဲလမ်းတဲ့ ခန္ဓာ (မှန်ပါ့ ဘုရား)၊ ထုံးစံရထားတဲ့ ခန္ဓာသာ ဖြစ်တော့ တယ်။ သူ့ အတွက် ကြောင့်ကြစိုက်ဖို့ ခန္ဓာ မဟုတ်တော့ ဘူး။ (မဟုတ်ပါ ဘုရား)၊ သူ့ အတွက် စိုးရိမ်စရာ ဗျာပါရကပ်တဲ့ ခန္ဓာကော (မဟုတ်ပါ ဘုရား)။

ခန္ဓာရှိလျက်နဲ့ရတဲ့နိဗ္ဗာန်

အဲဒီလို ဖြစ်အောင်လို့ ဒကာသိုက်နဲ့တကွ ကိုထွန်းအောင် တို့က ဒီခန္ဓာပင် ရှိငြား သော်လဲ မစွဲလမ်းဘဲနဲ့ တဏှာဥပါဒါန် ချုပ်သွားမယ် ဆိုရင် ဒါဟာ ခန္ဓာ ရှိသော်ငြားလဲ ဒီပုဂ္ဂိုလ် နိဗ္ဗာန်ကို မျက်မှောက် ပြုနေတာ။ (မှန်ပါ့)၊ နိဗ္ဗာန်ရတာပဲ။ ခန္ဓာရှိလျက်နဲ့ ရနေတဲ့နိဗ္ဗာန် (မှန်ပါ့) အဲဒီလို ဆုံးဖြတ်ချက် ချလိုက်စမ်းပါ။ (မှန်ပါ့ ဘုရား)။

ကောင်းပြီ ဒါဖြင့် ဥပါဒါနက္ခန္ဓာ ရှင်းသွားပြီး နော်။ (ရှင်းပါပြီ)။ ဒါနဲ့ ဝိသာခသူဌေးက ဆုံးဖြတ်တော့ ကောင်း ကောင်းတော့ မချသေးဘူး။(မှန်ပါ)၊ သူ့ခင်ပွန်းမဟောင်း ဓမ္မဒိန္နာဟာ လူထွက်ချင်လို့ ပြန်လာတာလား ဆိုတာ တွေးနေတယ်။ သူ မေးတဲ့ အတိုင်း ဖြေလိုက်တာတွေ အပြင် တကယ့် ပညာရှိသဘော၊ အရိယာသဘော သက်ရောက်နေပြီ။ ဒီတော့ မေးတဲ့ လက်စနဲ့ ဆက်မေးဦးမယ်။ အကုန်အစင် သိရအောင် ဆိုပြီး ဆက်မေးတယ်။ (မှန်ပါ့ ဘုရား)။

သက္ကာယဒိဋ္ဌိ ဆိုတာ ရှင်းပြစမ်းပါ

အရှင်မ ဓမ္မဒိန္ဒာ သက္ကာယဒိဋ္ဌိ- သက္ကာယဒိဋ္ဌိ ဆိုတာကို ရှင်းပြစမ်းပါတဲ့။ (မှန်ပါ့)၊ ဟာ သက္ကာယ ဒိဋ္ဌိ၊ သက္ကာယဒိဋ္ဌိ ဆိုတာ တခြား မဟုတ်ပါဘူး၊ သက္ကာယ ဒိဋ္ဌိဆိုတဲ့ ဥစ္စာက ရုပ်ကို ငါထင်၊ ဝေဒနာကို ငါထင်၊ သညာကို ငါထင်၊ သင်္ခါရကို ငါထင်၊ စိတ်ကို ငါထင်၊ အဲဒီလို ကြားဖူးနားဝလဲ မရှိ၊ အရိယာတို့ကို ဆည်းကပ်တဲ့ ပုဂ္ဂိုလ်လဲ မဟုတ်၊ ဆရာကောင်း သမားကောင်းဆီမှာ သုတ မယဉာဏ်နဲ့ ကြားဖူးနားဝလဲ မရှိဘဲ ပုဂ္ဂိုလ်ကတော့ ရုပ်ဟာ ငါပဲ၊ ဝေဒနာဟာ ငါပဲ၊ သညာဟာ ငါပဲထင်တယ်။ (မှန်ပါ့)၊ ငါ မှတ်ထားတာ ငါ ကောင်းစားတယ်၊ ငါ့ခန္ဓာ၊ ငါ့စိတ်ဆိုပြီး သကာလ ရုပ်ကို ငါ၊ ဝေဒနာကို ငါ၊ သညာကို ငါ၊ သင်္ခါရကို ငါ၊ ဝိညာဏ်ကို ငါစွဲလို့ ရှိရင်ဖြင့် အဲဒါ သက္ကာယဒိဋ္ဌိပါပဲ။ (မှန်ပါ့)၊ သဘောကျ ကြပါလား။ (ကျပါပြီ ဘုရား)။

သက္ကာယဒိဋ္ဌိဆိုတာ ခန္ဓာငါးပါးကို ငါထင်လို့ ရှိရင် (သက္ကာယ ဒိဋ္ဌိပါ ဘုရား)။

ခန္ဓာငါးပါး ငါထင်ရင် သက္ကာယဒိဋ္ဌိ

ခန္ဓာငါးပါးကို ငါထင်တဲ့ ဒကာ ဒကာမတွေ မှန်လို့ရှိရင် ဒါ သက္ကာယ ဒိဋ္ဌိချည်း ဆုံးဖြတ်ချက်ချ။ (မှန်ပါ)၊ သဘောကျပါလား။ (ကျပါပြီ ဘုရား)။

အဲဒီတော့ သက္ကာယဒိဋ္ဌိက ဘာတုံးလို့ မေးတဲ့အခါ ကျလို့ရှိရင်ဖြင့်၊ ရုပ်ကို ငါထင်တယ် ဆိုလို့ ရှိရင်ဖြင့် ဒကာ ဒကာမတွေ နဂိုကလဲ ဟောပြီးသားလဲ ဖြစ်ပြီး သကာလ နေတော့ ရုပ်နဲ့ ငါနဲ့ဟာ တစ်သားတည်း မနေဘူးလား။ (နေပါတယ် ဘုရား)။

ရုပ်ဟာ ငါပဲ ရုပ်သည် ပင်လျှင် ငါပဲ။ ဝေဒနာသည် ပင်လျှင် (ငါပဲ)၊ သညာသည်ပင်လျှင် (ငါပဲ)၊ သင်္ခါရ သည်ပင်လျှင် (ငါပဲ)၊ စိတ်သည်ပင်လျှင် (ငါပဲ)၊ အကုန် ငါ လုပ်ထားတယ်။ (မှန်ပါ့ ဘုရား)။

အဲဒီလို ငါလုပ်ထားလို့ ရှိရင်ဖြင့် ဒကာ ဒကာမတွေ ဓမ္မဒိန္နာ ဝိသာခ အမေးအဖြေထဲမှာ ဘုန်းကြီးက ဖြည့်စွက် ပြောရလို့ ရှိရင်ဖြင့် အဲဒါ ဥစ္ဆေဒဒိဋ္ဌိ (မှန်ပါ့ ဘုရား)။

ရုပ်ကို ငါထင်၊ ဝေဒနာကို ငါထင်၊ သညာကို ငါထင်၊ သင်္ခါရကို ငါထင်၊ ဝိညာဏ်ကို ငါထင်ရင်

ဘာတဲ့ (ဥစ္ဆေဒဒိဋ္ဌိပါ ဘုရား)၊ သက္ကာယဒိဋ္ဌိတော့ သက္ကာယဒိဋ္ဌိပဲ။ သက္ကာယဒိဋ္ဌိထဲမှာမှ သက္ကာယဒိဋ္ဌိက ကျေးဇူးပြု လိုက်တဲ့ အတွက် ဥစ္ဆေဒဒိဋ္ဌိ ကျအောင် ဖြစ်သွား တယ်။ (မှန်ပါ့ ဘုရား)။

ဥစ္ဆေဒဒိဋ္ဌိဘက်ကူးသွားတယ်

ဘယ့်နှယ်ကြောင့် ဥစ္ဆေဒဒိဋ္ဌိဘက် ကူးသွားရသတုံး လို့ ဒကာသိုက် မေးခွန်း ထုတ်လိုက်လို့ ရှိရင်ဖြင့် ရုပ်သေရင် ပျောက်တယ် ဆိုတော့ ဘာမှမရှိ၊ အကုန်ပျောက်သွားတဲ့ အဓိပ္ပာယ် မရောက် ဘူးလား။ (ရောက်ပါတယ် ဘုရား)၊ နောက် ဘာဖြစ်သေးတယ် ဆိုတဲ့ အဓိပ္ပာယ် လာသေး သလား။ (မလာပါ ဘုရား)၊ အဲဒါကြောင့် ပြတ်သွားတဲ့ သဘော ယူလိုက် သောကြောင့် သူဟာ ဥစ္ဆေဒဒိဋ္ဌိ (မှန်ပါ့ ဘုရား)။

ဒါကြောင့် ဥပမာကို အရင်တုန်းက ဟောခဲ့ပါတယ် ဒကာ ဒကာမတွေ မီးနဲ့ အရောင် မကွဲတဲ့ ပုဂ္ဂိုလ်ဖြစ်နေ တယ်။ (မှန်ပါ့)၊ မီးသေရင် အရောင် ချုပ်တာပဲ ဆိုတော့ မီးက ပူတာ၊ အရောင်က လင်းတာ မဟုတ်လား ဒကာ ဒကာမတို့။ (မှန်ပါ့)၊ အဲဒါ သူက တစ်သားတည်း ယူထားတယ်။ မီးနဲ့ အရောင် အတူတူပဲ လို့သာ ယူထား တယ်။ (မှန်ပါ့)၊ ဘာကြောင့် ယူသတုံး ဆိုလို့ရှိရင်ဖြင့် မီးသေရင် အရောင်သေတာပဲ။ မီးသေရင် အရောင် သေတာပဲ ဆိုလို့ ရှိရင်ဖြင့် ရုပ်သေရင် ငါ သေတာပဲယူလိုက် တယ်။ (မှန်ပါ)၊သဘောကျပါလား။ (ကျပါပြီ ဘုရား)၊ အဲဒီကဲ့သို့ ယူလိုက်တော့ ဘာဒိဋ္ဌိထဲ သက်ဝင် သွားသတဲ့။ (ဥစ္ဆေဒဒိဋ္ဌိထဲ သက်ဝင်သွားပါတယ် ဘုရား)။

ဒါက ဒကာ ဒကာမတွေ နားလည်မှုအတွက် ကြားဖြတ် တရား ထည့်ပေးခြင်း ဖြစ်တယ်။ (မှန်ပါ့ ဘုရား)။

ငါထင်ရင် သက္ကာယဒိဋ္ဌိ

ကောင်းပြီ၊ ဒါဖြင့် ရုပ်ကို ငါထင်ရင် သက္ကာယဒိဋ္ဌိပဲ။ ဒီသက္ကာယဒိဋ္ဌိကိုပင် ဥစ္ဆေဒဒိဋ္ဌိ လုပ်တယ်။ ဒကာသိုက် ရှင်းပါလား။ (ရှင်းပါပြီ ဘုရား)။

“ရူပံ အတ္တတော သမပဿတိ ရူပဝန္တဝါ” စသည် ဖြင့် ဆိုတဲ့ ဥစ္စာလဲ ရှိသေးတယ်။ ဘယ်လို ရှိသတုံး ဆိုတော့ ဝေဒနာနဲ့ပဲ သွားကြပါစို့။ ဝေဒနာကို ငါထင်လဲ သက္ကာယ ဒိဋ္ဌိ။ (မှန်ပါ့)၊ ဝေဒနာနဲ့ ငါနဲ့ သည်ကားလို့ ဆိုရင် ရောနေလို့ ရှိရင် ဝေဒနာလဲ ချုပ်ရော ငါလဲ ပြတ်တာပါပဲ လို့ဆိုလို့ရှိရင် ဥစ္ဆေဒဒိဋ္ဌိဘက် သေသေချာချာ ပြေးတော့တာပဲ။ (မှန်ပါ့ ဘုရား)။

ဒါကြောင့် ဒကာ ဒကာမတွေကို ဘုန်းကြီးတို့က သင်ထားတော့ ဝေဒနာရှုတဲ့ ဒကာ ဒကာမတွေက ဝေဒနာဟာ သုခဝေဒနာ၊ ဒုက္ခဝေဒနာ၊ ဥပေက္ခာဝေဒနာ ရယ်လို့ ဝေဒနာ သုံးမျိုးရှိတဲ့ အနက်က ဒကာ ဒကာမတွေ ဉာဏ်ထဲ ထည့်ပြီး ပေးလိုက်ပြီ ဆိုမှဖြင့် ဉာဏ်နဲ့ ဝေဒနာနဲ့ ထည့်လိုက်ပြီ ဆိုမှဖြင့် ဖျတ်ခနဲ ဖြစ်ပျက် သွားတာ မြင်လိုက် တယ်။ (မှန်ပါ့ ဘုရား)၊ မမြင်လိုက် ဘူးလားဗျာ။ (မြင်ပါတယ် ဘုရား)။

ငါမပိုင်၊ ငါမဆိုင်လို့ပျက်တာ

အဲဒါ ငါမပိုင် ငါမဆိုင်လို့ ပျက်တာ မသေချာဘူး လား။ (သေချာပါတယ်)၊ အဲဒီတော့ ဝေဒနာကို ငါလို့ယူ သေးရဲ့ လား။ (မယူပါ ဘုရား)၊ မယူတော့ဘူး၊ အနတ္တလို့ ယူလိုက်တယ်။ (မှန်ပါ့)၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တလို့ ယူလိုက်တယ်။ (မှန်ပါ့)။

ဒကာသိုက်ရေ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ကျတော့ သက္ကာယဒိဋ္ဌိဖြစ်သေးရဲ့ လား။ (မဖြစ်ပါ ဘုရား)၊ ဥစ္ဆေဒဒိဋ္ဌိရော ဖြစ်သေးရဲ့ လား။ (မဖြစ်ပါ ဘုရား)၊ ဟော ဒိဋ္ဌိစင်သွားတယ်။ (မှန်ပါ့ ဘုရား)။

ဒါကြောင့် ဖြစ်ပျက် ရှုတဲ့ ဒကာ ဒကာမတွေ ဝေဒနာ ဖြစ်ပျက်ရှုရင် တစ်ခါတည်း ရှေ့နားတွင်ဖြစ် ရှေ့နားတွင် ပျက်သွားတာ ဖြစ်လိုက်တော့ ဝေဒနာသည် ငါမပိုင် ငါမဆိုင်တဲ့ အဓိပ္ပာယ် ရှင်းမသွားဘူးလား။ (ရှင်းသွားပါတယ်)၊ ဝေဒနာကို ငါ့လို့ဆိုလို့ ရသေးရဲ့လား။ (မရပါ ဘုရား)။

အေး အရင်တုန်း ကတော့ ငါ နာတယ်၊ ငါ ကောင်းတယ်၊ ငါ အလတ်စား ရှိတယ်လို့ ဝေဒနာကို ငါထင် ထင်နေလိုက်သေးတယ်။ (မှန်ပါ့ ဘုရား)၊ အခုတော့ ထင်သေးရဲ့လား။ (မထင်ပါ ဘုရား)၊ ဉာဏ်နဲ့ ရှုလိုက်တဲ့ အချိန် ကျတော့ ဒကာသိုက်ရေ ပျက်ပျက် သွားတာတွေ၊ ပျောက်ပျောက် သွားတာတွေ မမြင် ရဘူးလား။ (မြင်ရပါ တယ် ဘုရား)။

အဲဒါကြောင့် ဒီလိုဝေဒနာ ပျက်ပျောက်သွား တာ ဖြစ်တဲ့ ဒကာ ဒကာမတွေ မှန်လို့ရှိရင်ဖြင့် သက္ကာယဒိဋ္ဌိ ပြုတ်နေတယ်။ ဪ ဒါဟာ ငါ မဟုတ်ဘူး၊ အတ္တ မဟုတ်ဘူး၊ အနတ္တပါလား ဆိုတဲ့ ဥစ္စာက မပြောဘဲနဲ့ ပြီးနေတယ်။ (မှန်ပါ့ ဘုရား)။

အနတ္တလို့ မပြောရပါဘူး၊ ရှေ့တွင် ပျောက်တာ မြင်လိုက်တော့ မပိုင်ဆိုင်လို့ ပျောက်တာပဲ ဆိုတာ ခင်ဗျား တို့ သိပြီးသား ဖြစ်ပါလိမ့်မယ်။ (မှန်ပါ့)။

အဲဒီတော့ မပိုင်ဆိုင်တာ ဘာခေါ်ကြမယ် (အနတ္တပါ ဘုရား)၊ ဪ ဒါဖြင့် ဝေဒနာဟာ အတ္တလား အနတ္တလားမေးရင် ဘယ့်နှယ်ပြောကြပါ့မယ်။ (အနတ္တ ပါ ဘုရား)။

ဒိဋ္ဌိရှိမှ အပါယ်သွားတာ

ဝိပဿနာ ရှုနေတဲ့ ဒကာ ဒကာမတွေကတော့ သက္ကာယဒိဋ္ဌိ ပြုတ်ပြီး သကာလ ဉာဏ်ထဲမှာ ရှုခိုက်မှာ တစ်ခါတည်း ပြုတ်နေတာပဲ။ (မှန်ပါ့ ဘုရား)။

ကိုင်း သက္ကာယဒိဋ္ဌိပြုတ်တော့ ခုနင်က ဥစ္ဆေဒဒိဋ္ဌိ တွေ၊ သဿတဒိဋ္ဌိတွေ လာသေးတယ်လား။ (မလာပါ ဘုရား)၊ ဒါဖြင့် ဒိဋ္ဌိရှိမှ အပါယ် သွားရတာ ဒကာသိုက် ရေ (မှန်ပါ့)၊ ဒိဋ္ဌိမရှိတော့ အပါယ် မသွားရပါဘူး။

အပါယ်တော့စိတ်ချရတယ်

ဒါကြောင့် ခင်ဗျားတို့ ရှုနေရင်းမတ္တနဲ့သာ သေစမ်းပါ၊ သောတာပန် မတည်ဘဲနဲ့ပဲ ရှိပါစေတော့၊ အပါယ်တော့ စိတ်ချရတယ်။ (မှန်ပါ့)၊ အပါယ် မရောက်ဘူး။ ရှုရင်းမတ္တနဲ့ပဲ ဪ ဒီဥစ္စာသည်ကားလို့ ဆိုရင်ဖြင့် ဥပမာ မမာနေတယ်။ မမာနေတယ်ဆိုတာ ဒုက္ခဝေဒနာပဲ။ အဲဒီ ဒုက္ခဝေဒနာကလေး ဉာဏ်နဲ့ ကြည့်-ကြည့်-ကြည့်-ကြည့်ပြီး အနတ္တဆိုတာ ဪ ခဏ-ခဏ အနာကလေးဟာ လျော့လိုက် တိုးလာလိုက်နဲ့။ လျော့လိုက် တိုးလာလိုက် ဆိုတာ အနာကလေး ပျက်ပြီး သကာလ အနာကြီး ပေါ်ပေါက် တော့တာပဲ။ (မှန်ပါ့)၊ အနာကြီး ပျက်သွားပြန်တော့ အနာကလေး လှည့်လာ ပြန်ရော မဟုတ်လား (မှန်ပါ့)။

သုဂတိသေ တယ်။

အဲဒီလို ဒုက္ခ ဝေဒနာ ကလေးတွေဟာ ဖြစ်လိုက် အစားထိုးလိုက်။ ပျက်လိုက်၊ အစားထိုးလိုက်၊ ပျက်လိုက်၊ အစားထိုးလိုက်လို့ ကျုပ်တို့က မြင်အောင်ရှုနိုင်တဲ့ ဒကာ ဒကာမတွေ ဖြစ်ခဲ့လို့ရှိရင်ဖြင့် ရှုရင်းမတ္တနဲ့ သက္ကာယဒိဋ္ဌိ က ပြုတ်တယ်။ (မှန်ပါ့)၊ ပြုတ်နေတဲ့အတွက် ဒီဝေဒနာ နဲ့ပဲ စုတိစိတ် ကျသွား ဦးတော့ သုဂတိ သေချာတယ်။ (မှန်ပါ့)၊ အပါယ် ဒုဂ္ဂတိတော့ မရောက်ဘူး။ ဒါ စူဠသောတာပန် ဟောလိုက်တာ။ (မှန်ပါ့)၊ ရိပ်မိကြ ပလား။ (ရိပ်မိပါပြီ ဘုရား)။

ဪ ဒါဖြင့် တို့ရှုနေတဲ့ အလုပ်သည်ကား လို့ရှိရင် ဖြင့် တယ်လဲပဲ အဖိုးတန်ပါလား ဆိုတဲ့ဥစ္စာ ပေါ်ပါပြီ။ (ပေါ်ပါပြီ ဘုရား)၊ ရှင်းကြပါလား။ (ရှင်းပါပြီ ဘုရား)။

သောတာပန်အစစ်

အကယ်၍ ဝေဒနာတွေ ငြိမ်းအောင် ချုပ်အောင် ရှုနိုင်မယ် ဆိုလို့ရှိရင် သောတာပန် အစစ် ဖြစ်သွားသောကြောင့်လဲ သုဂတိကို သောတာပန် အဖြစ်နဲ့ပဲ ရောက် တယ်။ (မှန်ပါ့)၊ ခုနင်တုန်းက အဖြစ်ကတော့ ပုထုဇဉ် အဖြစ်နဲ့ ရောက်တာ။ (မှန်ပါ့)၊ ပုထုဇဉ်အဖြစ်နဲ့ ရောက်လဲ ဒုတိယဘဝ သောတာပန် တည်တာပဲ။ (မှန်ပါ့ ဘုရား)။

ဟာ ချုပ်အောင် ငြိမ်းအောင် ရှုကြမယ်ဆိုလို့ ရှိရင်လဲ ဒကာ ဒကာမတို့ ဒီဘဝပဲ သောတာပန် တည်ပြီး သကာလ သုဂတိမှာ သွားကြပေတော့။ (မှန်ပါ့)၊ဟာ ကိုယ့်ဖြစ်ပျက်နဲ့ကိုယ် ဆက်လက်ပြီး လုပ်နေကြ ဦးမယ်ဆိုရင်လဲ ရဟန္တာဖြစ်သွားကြမှာပဲ။ (မှန်ပါ့ ဘုရား)။

အလုပ်တရားကို ကြိုးစားပါ

ဒကာသိုက် အင်မတန် အဖိုးတန်တယ်။ (တန်ပါ တယ် ဘုရား)၊ ဒါကြောင့် အလုပ်တရားကို ကြိုးစားပါ။ အလုပ်တရားကို ကြိုးစားပါ ဆိုတဲ့ ဥစ္စာကိုဖြင့် အထူးပဲ နေ့တိုင်း နေ့တိုင်း တိုက်တွန်း ရတယ်။ (မှန်ပါ့)၊ ဒါ မတိုက်တွန်းလို့ ရှိရင်ဖြင့် ဒကာ ဒကာမတို့ အပါယ်တံခါး ကြီးက နောက်က ဟင်းလင်းကြီး ပွင့်နေတယ်။ (မှန်ပါ့ ဘုရား)။

ဘုန်းကြီးအတွက်လဲ ပွင့်လျက်။ ဒကာသိုက်တို့ အတွက်ကကော (ပွင့်လျက်ပါ ဘုရား)၊ ပွင့်လျက် ဖြစ်နေတော့ ဒီဟာကို ပိတ်ချင်တော့ ဖွင့်တာက ဘယ်ကနေ ဖွင့်သတုံးဆိုတော့ လူ့ပြည်မှာ သက္ကာယဒိဋ္ဌိ ရှိနေလို့ သက္ကာယဒိဋ္ဌိ ဖွင့် ထားတာ (မှန်ပါ့)၊ သဘောကျ ပါလား။ (ကျပါပြီ ဘုရား)။

အပါယ်တံခါးဘယ်သူဖွင့်လဲ

အပါယ်တံခါး ဘယ်သူ ဖွင့်ထားပါလိမ့်။ (သက္ကာယဒိဋ္ဌိက ဖွင့်ထားပါတယ်)၊ အဲ ဝေဒနာကို ငါထင်တာတွေက သူတို့ကဖွင့်တာ။ (မှန်ပါ့)။

ဟာ ဒါ ငါမဟုတ်ပါဘူး။ အနတ္တပါပဲလို့ ကျုပ် တို့က ရှုလိုက်တဲ့အခါ ဖျတ်ခနဲ ဖျတ်ခနဲ ပျောက်ပျက်တာ ကလေး မြင်လိုက်တော့ ငါမဟုတ်ဘူး ဆိုတာ သိသွား တယ်။ (မှန်ပါ့)၊ အနတ္တတရား ဆိုတာ သိသွားတယ်။ (မှန်ပါ့)၊ ထိုကဲ့သို့ သိတော့လဲ ဒီကနေ ပိတ်တာပဲ။ (မှန်ပါ့)၊ ဒီက အနတ္တမြင်၊ ဟိုက အပါယ်တံခါးက ဂျောင်းခနဲဆို ကျုပ်တို့အတွက် ပိတ်တယ်။ ရှင်းပါလား။ (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဖွင့်တာလဲ သက္ကာယဒိဋ္ဌိဖွင့်တာ။ (မှန်ပါ့)၊ သက္ကာယဒိဋ္ဌိ ချုပ်အောင် လုပ်တဲ့ ဒကာ ဒကာမတွေ အတွက်တော့ ဒီကနေပြီး သက္ကာယဒိဋ္ဌိချုပ်တဲ့ ဝိပဿနာဉာဏ် မဂ်ဉာဏ်ကပဲ မပိတ်လိုက်ဘူးလား။ (ပိတ်လိုက်ပါတယ် ဘုရား)။

ဒါကြောင့် ဒကာ ဒကာမတွေ အပါယ်ကို ရိက္ခာ စုတယ် ဆိုတာကလဲ ဒီကပဲ။ (မှန်ပါ့)၊ အပါယ်မသွား ချင်လို့ နိဗ္ဗာန် သွားချင်ပြန်လဲ ဒီကနေပြီး စု ဟုတ်လား (မှန်ပါ့)၊

သက္ကာယဒိဋ္ဌိ များများစု၊ ဒကာ ဒကာမ၊ အပါယ်တံခါး ပွင့်နေတာပဲ။ (မှန်ပါ့)၊ သက္ကာယဒိဋ္ဌိ ချုပ်အောင် လုပ်နေတဲ့ ဒကာ ဒကာမတွေဖြင့် အပါယ်တံခါ ပိတ်နေတာပဲ။ (မှန်ပါ့)၊ သဘောကျပါလား။ (ကျပါ ဘုရား)။

ဒါကြောင့် အပါယ်တံခါး ပိတ်တဲ့ စက်ရုံက ကိုထွန်းအောင်တို့ မှတ်စရာ၊ ဦးလှဖူးတို့မှတ်စရာက လူ့ပြည်မှာကိုး။ (မှန်ပါ့)၊ အပါယ်တံခါး ဖွင့်တာလဲ လူ့ပြည်ကနေ ဖွင့်တယ်။ အပါယ်တံခါး ပိတ်တာကော (လူ့ပြည်ကနေ ပိတ်ပါတယ် ဘုရား)၊ လူ့ပြည်က နေပြီး သကာလ အနတ္တရှုပြီး ပိတ်လိုက်လဲ လုံသွားတာပဲ။ (လုံပါတယ် ဘုရား)၊ ဒါဖြင့် ဒကာသိုက်က အားငယ်စရာ ဘာရှိသတုံး။(မရှိပါ ဘုရား)။

လူ့ပြည်က ဗဟိုဌာန

လူ့ပြည်က ဗဟိုဌာနမို့ ဘုရားဟာ နတ်ပြည် မပွင့် ဘူးဗျ။ (မှန်ပါ့)၊ အပါယ်တံခါး ပိတ်ချင်လဲ ဒီကနေ ပိတ်ပေးမှာပဲ။ (မှန်ပါ့)၊ နိဗ္ဗာန်တံခါး ဖွင့်ပေးချင်ကော (ဒီကနေ ဖွင့်ပေးမှာပါပဲ)၊ ဒီကနေ ဖွင့်ပေးမှာပဲ ဆိုတော့ သြော် လူ့ပြည်မှာ ဘုရားပွင့်တဲ့ အဓိပ္ပာယ်လဲ ဒီကမှ ဖွင့်နိုင်တယ်။ ပိတ်နိုင်တယ် ဆိုတဲ့ အဓိပ္ပာယ်ရင်းကို သိပြီးသား ဖြစ်သောကြောင့် ဘုရားဟာ လူ့ပြည်မှာသာ ပွင့်ရသည်၊ နိယာမတရား။ (မှန်ပါ့)။

လူ့ပြည်ကမှ ပိတ်နိုင်တယ်

အမြဲတမ်း ဘုရားပွင့်နိုင်ပုံ မသေချာဘူးလား။ (သေချာပါတယ်)၊ ဒီကမှ အပါယ်တံခါး ပိတ်နိုင်တယ်။ ဒီကမှ အပါယ်တံခါး ဖွင့်နိုင်တယ်။ ပိတ်ချင်လဲ ဒီကပဲ။ ပွင့်ချင်ကော (ဒီကပါ ဘုရား)။

အဲဒါကြောင့် အခု ဆရာကောင်း သမားကောင်း ကြုံတဲ့ ဒကာ ဒကာမတွေ ကျလာပြီ ဆိုမှဖြင့် သြော် တို့သည်ကား ဆိုလို့ရှိရင် နဂိုက ဟင်းလင်းကြီး ပွင့်နေ တာ၊ ယခု ဝိပဿနာ ရှုလိုက်လို့ အနတ္တ တစ်လုံး ဝေဒနာ အနတ္တတွေ မြင်လိုက်လို့ ရှိရင်လဲ ငါပြုတ်ပြီး ငါမဟုတ် ဆိုတာ ရောက်သွားတယ်။ (မှန်ပါ့)၊ နဂိုက ငါထင်ထား တာကိုးဗျ။ (မှန်ပါ့)၊ အဲဒါ ငါပြုတ်ပြီး ငါ မဟုတ် ပါလား။ (မှန်ပါ့)၊ အနတ္တတွေ ပါလား၊ ဤကဲ့သို့ ဉာဏ်ထဲ လဲ ရောက်ပါရော အပါယ်တံခါးဟာ လုံးလုံး ပိတ်ပါရော။ (မှန်ပါ့)၊ ရိပ်မိပါလား (ရိပ်မိပါပြီ ဘုရား)။

အဲဒါကြောင့် ဒကာ ဒကာမတွေ ကြိုးစားပါ ကြိုးစား ပါဆိုတာသည်ကားလို့ ဆိုလို့ရှိရင်ဖြင့် တံခါးဖွင့်နေတဲ့ ပုဂ္ဂိုလ်ဟာ ကိုယ့်အတွက် စောင့်နေတယ် ဆိုတာမှက်။ (မှန်ပါ့)၊ တံခါးပိတ်ပြီ ဆိုလို့ရှိရင် သွားစရာ အပါယ်မရှိတော့ ဘူးဆိုတာ မှတ်ကြပါ။ (မှန်ပါ့ ဘုရား)။

ဒါကြောင့် ဒါတွေကိုတော့ဖြင့် အခုလိုလဲ တရားနာ၊ အခုလိုလဲပွားများမှ သိရတယ်၊ နို့မဟုတ်လို့ ရှိရင် ကိုယ်ပြု ထားတဲ့ ဒါနကလေး၊ ကိုယ်ဆောက် တည်ထားတဲ့ သီလ ကလေး အားကိုးပြီး တို့ အပါယ်တံခါး ပိတ်နေတယ် ဆိုတာ သက္ကာယဒိဋ္ဌိ ရှိနေတော့ ဘယ်က လာပိတ်မှာတုံး။ (မှန်ပါ့)၊ ပွင့်လျက် ဟင်းလင်းပေါ့။ (မှန်ပါ့)၊ ရိပ်မိ ပါလား။ (ရိပ်မိပါပြီ ဘုရား)။

မလ္လိကာ မိဖုရားကြီး

မလ္လိကာ မိဖုရားကြီး ကြည့်ပါလား အသဒိသဒါန ဘယ်သူနဲ့မှ မတူဘဲ အလှူဒါနကြီးပေးပြီး အပါယ်တံခါး က ပွင့်နေတော့ ရောက်သွား ရှာရသေးတယ်။ (မှန်ပါ့)။

အဲဒါတွေ ထောက်ထားပြီး သကာလ ကြည့်လိုက် တော့မှ သြော် သက္ကာယဒိဋ္ဌိ ပြုတ်မှ သာလျှင် အပါယ် တံခါး ပိတ်ပါလား ဆိုတာ ယနေ့ ထူးထူးခြားခြား မှတ်ရ မှာပဲ။ (မှန်ပါ့)၊ သဘောကျပါလား။ (ကျပါပြီ)၊ မလ္လိကာတို့ ထောက်လိုက်တော့ ဒကာသိုက် မသေချာဘူးလား။ (သေချာပါတယ်)၊ သူသည် ဒီဒါနနဲ့သာ အပါယ်တံခါး ပိတ်နိုင်ပါတယ် ဆိုရင် သူရောက်စရာရှိသေး ရဲ့ လား။ (မရှိပါ ဘုရား)။

အေး ဒါကြောင့် အကူအညီ အထောက်အပံ့ပေးတဲ့ တရားတွေပဲ ဆိုတာလဲ ဆုံးဖြတ်ချက် ချရမယ်။ (မှန်ပါ့ ဘုရား)။

ရင်အေးပြီး မနေလိုက်ပါနဲ့

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ သက္ကာယဒိဋ္ဌိ ရှိသရွေ့ ကာလပတ်လုံးဖြင့် ရင်အေးပြီး သကာလ မနေလိုက်ပါနဲ့ဦး ဆိုတဲ့ ဥစ္စာ ဘုန်းကြီးက ပြောရတယ်။(မှန်ပါ့ ဘုရား)။

ဒါ အနတ္တ ကျကျနန ပေါက်ပြီး အနတ္တဆုံးသည့် တိုင်အောင် လိုက်ဖြစ်အောင် လိုက်ကြပါ ဆိုတာ ကိုယ့်တံခါး ကိုယ်ပိတ်ပြီး သကာလ ကိုယ်မသွားရအောင်လို့ ကိုယ့် အလုပ် ကိုယ်လုပ်တာ ပါဆိုတာ သေချာသွားပြီ။ (မှန်ပါ့)၊ မသေချာဘူးလား။ (သေချာပါတယ် ဘုရား)။

ကိုထွန်းအောင်ရေ အင်မတန် အဖိုးတန်တယ် နော်။ (တန်ပါတယ် ဘုရား)၊ အဲဒီ သက္ကာယဒိဋ္ဌိ ဘယ် နှစ်ပါးရှိသတုံးလို့ မေးတဲ့အခါ ရုပ်မှာလဲ လေးပါး၊ ဝေဒနာမှာ လေးပါး၊ သညာမှာ လေးပါး၊ သင်္ခါရမှာ လေးပါး၊ ဝိညာဏ်မှာ လေးပါးဆိုပြီး သက္ကာယဒိဋ္ဌိ နှစ်ဆယ် ပေါ့ဗျာ။ (မှန်ပါ့)၊ အဲဒါတွေ မေးမြန်းပြီး သကာလ ဝိသာခ သူဌေးကမေး ဓမ္မဒိန္ဒာကဖြေလို့ သူကလဲ ကျေကျေနပ်နပ် ရှိပါတယ်။ (မှန်ပါ့)။

နောက်ကျတော့ သူ မေးပြန်တယ်၊ ဘာမေးပြန်သတုံး ဆိုတော့ သက္ကာယ ချုပ်အောင်ဟာ ဘယ်လိုလုပ်မှ ချုပ်မှာတုံး၊ ဒီဒိဋ္ဌိတွေ ချုပ်အောင် ဘာနဲ့လုပ်မှ ချုပ်မှာတုံး ဆိုတော့ ဒါယကာ ဝိသာခ သူဌေး မဂ္ဂင်ရှစ်ပါး ပွားများတဲ့။ (မှန်ပါ့)။

မဂ္ဂင်ရှစ်ပါး ပွားများပါ

သက္ကာယဒိဋ္ဌိချုပ်ချင်တယ်၊ သိမ်းချင်တယ်၊ အပါယ် တံခါးပိတ်ချင်ပါတယ်ဆို ဘာလုပ်ရမတုံး။ (မဂ္ဂင်ရှစ်ပါး ပွားများရပါမယ်)၊ အေး မဂ္ဂင်ရှစ်ပါးကို ရုပ်နာမ်ပေါ် ကြည့်ပြီး ပွားများ (မှန်ပါ့)၊ ပါးစပ်က အော်နေလို့တော့ မဖြစ်ဘူး။ (မှန်ပါ့)၊ ရုပ်နာမ်ပေါ်ကြည့်ပြီး သကာလ သြော် ရုပ်နာမ်ကလေးတွေ၏ မခိုင်တာ၊ အစိုးမရတာ၊ မပိုင်တာ၊ မဆိုင်တာတွေ၊ ငါ, ငါ့ဥစ္စာ မဟုတ်တာတွေ ခင်ဗျားတို့ ဉာဏ်နဲ့ ကြည့်ပြီး သကာလ နေတာသည် ပွားများ မှုပါပဲ။ (မှန်ပါ့)၊ ရိပ်မိပါလား။ (ရိပ်မိပါပြီ ဘုရား)။

ပါးစပ်ကဆိုရုံ မဟုတ်ဘူးနော် (မှန်ပါ့)၊ ပါးစပ်က ဆိုတာက ရထားတဲ့စာ မမေ့မှုသာ ဖြစ်တယ်။ ဉာဏ်နဲ့ မြင်ပြီး သကာလ ထပ်ပြန် တလဲလဲ မြင်တဲ့ အမြင်ကို ပွားများမှုကို ဆိုလိုသည်။ (မှန်ပါ့)၊ ကိုထွန်းအောင် ကျေနပ်ပါလား။ (ကျေနပ်ပါပြီ ဘုရား)။

မဂ္ဂင်ရှစ်ပါး ဆိုတာ

ဒါဖြင့် မဂ္ဂင်ရှစ်ပါးကို ဘယ်လိုများ ဝေဖန်ပါသလဲလို့ ဆိုပြီး သကာလ ဝိသာခသူဌေးက မေးပြန်တော့ ဓမ္မဒိန္ဒာက – ဖြေရှာတာ ပေါ့ဗျာ။ (မှန်ပါ့)၊ မဂ္ဂင်ရှစ်ပါးမှာလဲ ဒကာကြီး သီလမဂ္ဂင်သုံးပါး၊ သမာဓိမဂ္ဂင်သုံးပါး၊ ပညာမဂ္ဂင်နှစ်ပါး ရှိတယ်။ မဂ္ဂင်ကို အဲဒီလို ဝေဖန်ရပါတယ်။ (မှန်ပါ့)။

သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝဆိုတာ သီလမဂ္ဂင် ဒကာကြီး။ သမ္မာဝါယမ၊ သမ္မာသတိ၊ သမ္မာသမာဓိဆိုတဲ့ သုံးခုက သမာဓိမဂ္ဂင်။ သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပက ပညာမဂ္ဂင် (မှန်ပါ့)၊ အဲဒီလို ဝေဖန်ပြီး ပြလိုက်တော့ ဒါဖြင့် မဂ္ဂင်ရှစ်ပါး ပွားများနေတဲ့ ပုဂ္ဂိုလ် မှာ သီလ၊ သမာဓိ၊ ပညာ မဂ္ဂင် စုံနေတယ်။ (မှန်ပါ့)။

တစ်ချက်ခုတ် သုံးချက်ပြတ်

ဒါကြောင့် ဒကာ ဒကာမတွေ အချိန်ရတိုင်း ပွားများလို့ရှိရင် သီလဆောက်တည်ပြီးသား၊ သမာဓိ တည်ထောင်ပြီးသား၊ ပညာနဲ့ ရှုပြီးသား ဆိုတဲ့ အဓိပ္ပာယ် ဟာ ဒကာသိုက်ရေ တစ်ချက်ခုတ် သုံးချက်ပြက် ဖြစ်သွား တယ်။ (မှန်ပါ့)၊ ခင်ဗျားတို့ ပွားများနေတဲ့ အချိန်မှာ သီလလဲ လုံနေတယ်။ (လုံပါတယ်)၊ သမာဓိကလဲ တည်လို့ မြင်တာပေါ့ ဗျာ၊ မတည်ရင် ဖြစ်ပျက် မြင်ပါ့ မလား။ (မမြင်ပါ ဘုရား)၊ မြင်တာက ပညာထည့်လိုက် တော့ ဟုတ်လား။ (မှန်ပါ့)၊ သီလက လုံခြုံပြီးသား၊ သမာဓိက တည်ကြည်ပြီးသား၊ ဖြစ်ပျက်မြင်တာက ပညာ ဆိုတော့ သီလ၊ သမာဓိ၊ ပညာဆိုတဲ့ မဂ္ဂင်ရှစ်ပါးက စုံသွားတယ်။ (စုံပါတယ် ဘုရား)၊ သဘောကျပါ သလား။ (ကျပါပြီ ဘုရား)။

နိဗ္ဗာန်ကိုသွားတယ်

အဲဒီကဲ့သို့ မဂ္ဂင်ရှစ်ပါးစုံပြီး သကာလ သွားတဲ့အခါ ကျတော့ ခင်ဗျားတို့သည် မဂ္ဂင်ရှစ်ပါးလို့ ဆိုရင် “ကိလေသေ မာရေန္တော နိဗ္ဗာနံ ဂစ္ဆတီတိ မဂ္ဂေါ” ဆိုတဲ့ ကိလေသာ သတ်ပြီး နိဗ္ဗာန် အရပ်သို့ သွားတတ်တဲ့ တရားပါလား ဆိုတဲ့ဥစ္စာ ဆုံးဖြတ်ချက် ချလိုက်။ (မှန်ပါ့)။

အဲဒီလို မဂ္ဂင်ရှစ်ပါး အမေး အဖြေတွေ လုပ်ပြီး သကာလ ရှေ့ဆက်ပြီး သကာလ မေးပြန်တယ် တဲ့ ဘယ် လိုများ မေးပြန်သတုံး ဆိုတော့ အရှင်မ ဓမ္မဒိန္နာ ဝေဒနာ ဘယ်နှစ်မျိုး ရှိသတုံးဆိုပြီး ကျုပ်တို့ ဟောနေ့ကျဆီ ရောက်လာတာပဲ (မှန်ပါ့)၊ ဝေဒနာဟာ သုခ ဝေဒနာ၊ ဒုက္ခဝေဒနာ၊ ဥပေက္ခာဝေဒနာ ဒါပဲရှိတယ်။ (မှန်ပါ့)။

ဝေဒနာကို ဘယ်လိုရှုရမှာတုံး

ကောင်းပြီ၊ ဒါဖြင့် ဝေဒနာကို ဘယ်လို ရှုရမှာတုံး၊ ဒုက္ခဝေဒနာကို ဘယ်လို ရှုရမှာတုံး၊ ဥပေက္ခာဝေဒနာကို ဘယ်လို ရှုရမှာတုံး ဆိုတော့ သုခဝေဒနာဆိုတာ ဖြစ်တုန်းတော့ ချမ်းသာသလိုပဲ၊ ပျက်တော့ ဒုက္ခပါပဲ။ (မှန်ပါ့)၊ ဒုက္ခဝေဒနာက ဖြစ်တုန်း ဆင်းရဲပြီး ရှုတဲ့ ပုဂ္ဂိုလ်မှာ ချမ်းသာ ပါတယ်။ ဥပေက္ခာ ဝေဒနာဆိုတာ ဉာဏ်ရှိတဲ့ ပုဂ္ဂိုလ် သုခသဘောတောင် ရောက်ပါတယ်။ (မှန်ပါ့)၊ သဘော ကျပါလား။ (ကျပါပြီ ဘုရား)။

အဲဒီလို ရှုလိုက်ပါ ဆိုတော့ သုခဝေဒနာတော့ ခင်ဗျားတို့က ဖြစ်ပျက် ရှုရုံပဲ။ ဒုက္ခ ဝေဒနာကော (ဖြစ်ပျက်ရှုရုံ ပါ ဘုရား)၊ ဥပေက္ခာ ဝေဒနာကော (ဖြစ်ပျက်ရှုရုံပါ ဘုရား)။

ဒါကို ရှုလိုက်ပါတဲ့၊ ဖြစ်ပြီးပျက်တဲ့ တရားပါပဲ။ လမ်းဆုံးပါပဲ။ (မှန်ပါ့)၊ ဒီလို ဓမ္မဒိန္နာ ထေရ်ရီမက ဖြေပြီးသည်၏ အခြားမဲ့၌ အရှင်မ အရှင်မ ဖြေတာ အင်မတန် ကောင်းပါတယ်၊ တကယ့် နိဗ္ဗာန် ရောက်ကြောင်း အစစ်တွေ ချည်း ဖြေပြီး သကာလ နေတော့ ရှေ့ဆက်လက်ပြီး မေးလက် စ,နဲ့ မေးပါရစေဦး ဆိုပြီး ဝိသာခ သူဌေးက မေးရှာတယ်။ (မှန်ပါ့)။

ဝေဒနာရှုတော့ ဘာတွေ သေသတုံး

အဲဒီ သုခဝေနာ ရှုတော့ ဘယ် အနုသယ သေသတုံး၊ ဒုက္ခဝေနာ ရှုတော့ ဘယ် အနုသယ သေသတုံး၊ ဥပေက္ခာ ဝေနာရှုတဲ့အခါ ဘယ် အနုသယ သေသတုံး မေးတော့ သုခဝေဒနာရှုရင် လောဘ သေတာပေါ့၊ ကာမရာဂနုသယ သေတာပေါ့။ (မှန်ပါ့)၊ ဒုက္ခဝေဒနာရှုတော့ ဒေါသ ပဋိဃာနုသယ သေတာပေါ့။ ဥပေက္ခာ ဝေဒနာရှုတော့ မောဟ အဝိဇ္ဇာနုသယ သေတာပေါ့။ (မှန်ပါ့)၊

ဒါတွေကို အခု ဘုန်းကြီးတို့က ဒကာ ဒကာမတွေကို ဖောက်သည် ချပြီးတော့ ပေးနေတာ ရိပ်မိပါလား။ (ရိပ်မိပါပြီ)၊ ဒါဟာ ပဋိသမ္ဘိဒါပတ္တ ရဟန္တာ ထေရ်ရီမက ဖြေတာ။ (မှန်ပါ့)၊ ဒီတော့ ဒီတရားဟာ တယ်ပြီးခိုင်လုံတဲ့ တရား ပါကလား (မှန်ပါ့)၊ ကြိုးစားရင် အဟုတ်ကိုခရီးပေါက် မယ့်တရားပါပဲ ဆိုပြီး ခင်ဗျားတို့ ကိုယ်တိုင်ကြိုးစား လို့လဲထိုက်တန်သလောက် မပေါက်လားဗျား။ (ပေါက်ပါ တယ် ဘုရား)၊ အဲဒါ ဒီဝတ္ထုတွေလာတာ။ (မှန်ပါ့)၊ ရိပ်မိပါလား။ (ရိပ်မိပါ ဘုရား)။

ဝေဒနာမရှုရင်ဘာလာသလဲ

သုခဝေဒနာ မရှုလို့ရှိရင် သုခဝေဒနာ ပစ္စယာ တဏှာ လို့ ဘုန်းကြီးက ဟောတယ်။ (မှန်ပါ့)၊ ဒုက္ခဝေဒနာ မရှုရင် ဒုက္ခဝေဒနာ ပစ္စယာ ဒေါသော (မှန်ပါ့)၊ ဥပေက္ခာဝေဒနာ မရှုရင် ဥပေက္ခာ ဝေဒနာပစ္စယာ မောဟော မလာဘူးလား။ (လာပါတယ် ဘုရား)။

အဲဒါ ရှုလိုက်တဲ့အခါ သုခတွေ့ သုခရှု။ ဒုက္ခတွေ့ တော့ကော (ဒုက္ခရှုရပါတယ်)၊ ဥပေက္ခာ တွေ့ တော့ကော (ဥပေက္ခာ ရှုရပါတယ်)၊ ရှုလိုက်တဲ့အခါကျတော့ ဖြစ်ပျက် ချည်းတော့ ပြီးတော့ နေတယ် ဆိုတာ လောဘရော၊ ဒေါသရော၊ မောဟရော ကျုပ်တို့က တွေ့တိုင်း ရှုနေပေါ့၊ ဒီသုံးခုလာ နိုင်သေးရဲ့ လား။ (မလာနိုင်ပါ ဘုရား)၊ မလာ နိုင်တော့ လောဘ၊ ဒေါသ၊ မောဟတို့၏ ချုပ်ရာ ငြိမ်းရာ နိဗ္ဗာန် ဆိုတာ ရောက်မှ ရောက်ပါ့မလား ဆိုတာ သူတို့ သိမ်းရင် ရောက်တာပေါ့။ (မှန်ပါ့)၊ သူတို့ သိမ်းရင် ရောက် တာပဲ ဆိုတာ ကျေနပ်ပါလား (ကျေနပ်ပါပြီ ဘုရား)။

အတွင်းရန်သူ သတ်တဲ့ အလုပ်

ဒါဖြင့် ကျုပ်တို့ လုပ်နေတဲ့ အလုပ်သည်ကား ဆိုရင်ဖြင့် အတွင်းရန်သူ သတ်တဲ့အလုပ်ပါလား။ (မှန်ပါ့ ဘုရား)။

ကျုပ်တို့အတွင်းမှာ ရန်သူရှိနေတယ်။ လောဘ၊ ဒေါသ၊ မောဟဟာ ကျုပ်တို့ရန်သူပဲ။ (မှန်ပါ့)၊ အဲဒါ ဝေဒနာပေါ်တိုင်း ရှုနေတဲ့ ပုဂ္ဂိုလ်ကတော့ အတွင်းရန်သူ သတ်ပြီး သကာလ နေတဲ့ ပုဂ္ဂိုလ်တွေလို့ မဆိုနိုင်ဘူးလား။(ဆိုနိုင်ပါတယ်)။

ဒါဖြင့် ဒကာ ဒကာမတို့ အပြင်ရန်နဲ့ အတွင်းရန် ဘယ်ဟာ သာပြီး ကြောက်စရာ ကောင်းသတုံး။ (အတွင်းရန်က ကြောက်စရာ ကောင်းပါတယ်)။

အဲဒီတော့ အတွင်းရန် သက်နည်း နိဿရည်းကို ဆရာဘုန်းကြီးက ပေးပြီး သကာလ နေပြန်တော့လဲ သြော် တို့မှာဖြင့် အန္တရာယ်ကင်းလို့ ဘေးရှင်းဆိုတာ ဒီလိုမှပဲ အတွင်းရန် ရှင်းမှာပါ ကလား။ (မှန်ပါ့)၊ သဘောကျပါလား။ (ကျပါပြီ ဘုရား)။

အန္တရာယ်ကင်းလို့ ဘေးရှင်းတာ ဒကာသိုက် ပေါ်ပါ လား။ (ပေါ်ပါပြီ)၊ အတွင်းရန် ကြောက်စရာ အကောင်းဆုံး ဟာ အတွင်း ရန်ဟာ ဝေဒနာမရှုလို့ လာတာကိုးဗျ။ (မှန်ပါ့)၊ ဝေဒနာရှုရင် (မလာပါ ဘုရား)။

လောဘ၊ ဒေါသ၊ မောဟ သေတယ်

အဲဒီတော့ သုခဝေဒနာရှုရင် လောဘ သေတယ်၊ ဒုက္ခဝေဒနာ ရှုလိုက်ရင် ဒေါသသေတယ်၊ ဥပေက္ခာဝေဒနာ ပေါ်တိုင်း ရှုလိုက်ရင် (မောဟ သေပါတယ်)။

ဒီတော့ ခေါင်းဆောင် ကိလေသာတွေပဲ သေပေါ့၊ နောက်လိုက် ထောင့်ငါးရာ ကိလေသာတွေ ဗိုင်းဗိုင်းမလဲ ပေဘူးလား။ (လဲပါတယ်)၊ ထိုကဲ့သို့ ဗိုင်းဗိုင်းလဲတဲ့ အလုပ်သည်ကားလို့ ဆိုလို့ရှိရင်ဖြင့် လုပ်ထိုက်တယ် ဆိုပြီး သကာလ ဒကာ ဒကာမတွေက ကြိုးစားလိုက် လို့ရှိရင်ဖြင့် နိဗ္ဗာန် ဆိုတာဟာ ဝေဒနာရှုတဲ့ ပုဂ္ဂိုလ် အမြန်ဆုံးရောက် မှာပဲ။ (မှန်ပါ့)၊ အဲဒီလို အမြန်ဆုံး ရောက်ရမှာ ဖြစ်ပြီး သကာလ နေတာမို့ ဝိသာခသူဌေးက မေးလို့ ဓမ္မဒိန္နာ ထေရ်ရီမက ဖြေပြန်တော့လဲ ဝေဒနာနဲ့ ဖြေလိုက်တာပဲ၊ ရှင်းမနေ ဘူးလား (ရှင်းပါတယ်)။

ဝေဒနာသုံးပါးသာ လှည့်ပြီးရှုပါ

အဲဒီကဲ့သို့ ဝေဒနာနဲ့ပဲ ခင်ဗျားတို့လဲ ကမ္မဋ္ဌာန်းကို ထွေထွေရာရာ များများရှာပြီး သကာလ မနေဘဲနဲ့ ဝေဒနာ သုံးပါးသာ လှည့်ရှုပြီး သကာလ နေကြလို့ ရှိရင်ဖြင့် ခင်ဗျား တို့ တောင်းနေတဲ့ ဆုဟာ ပြည့်ပြီးသား ဖြစ်ပါတယ်။ (မှန်ပါ့)၊ နို့မဟုတ်ရင် ပြည့်ပါ့မလား။ (မပြည့်ပါ ဘုရား)၊ ဒါဖြင့် အင်မတန် အဖိုးတန်ကြောင်း ကောင်းကောင်း သိပြီလား။ (သိပါပြီ ဘုရား)။

ကိုင်း ဝေဒနာတွေ၊ ကိလေသာ လာပုံနဲ့တကွ ကိလေသာ ပြတ်ပုံတွေ ဝိသာခသူဌေးက မေးလို့ ဓမ္မဒိန္နာ ထေရ်ရီမက ဖြေလိုက်တယ်၊ မဂ္ဂင်တရားကို သီလ၊ သမာဓိ၊ ပညာနဲ့ ဝေဖန်ပြီး ဖြေလိုက် တာတွေ အများကြီးပဲ မဟုတ်လား။ (မှန်ပါ့ ဘုရား)။

နိဗ္ဗာန်ပေါက်ရောက်တဲ့တရား

အဲဒီတော့ ဝိသာခသူဌေးက တွေးတယ်၊ သာသနာ တော် မပျော်လို့ ပြန်လာတာတော့ မဟုတ်ဘူး၊ သူ့ထက် ထက်နေပေါ့ပဲ။ (မှန်ပါ့)၊ ပဋိသမ္ဘိဒါပတ္တ ရဟန္တာ ဖြေတာပဲ။ ဒါ အင်မတန် အဖိုးတန်တဲ့ တရား၊ နိဗ္ဗာန် ပေါက်ရောက်တဲ့ တရားကို ဖြေတာ ဖြစ်ပါတယ်ဆိုပြီး သကာလ သူ့စိတ်ထဲမှာ အင်မတန် ကျေနပ်နေတယ်။ (မှန်ပါ့ ဘုရား)။

ဒီမှာ မေးပုံက သစ္စာလေးပါးက စ,မေးလိုက် သပေါ့ ဗျာ။ (မှန်ပါ့)၊ သစ္စာလေးပါး ဆိုတာ ဒကာသိုက်တို့ မှတ်ရမှာက လူတိုင်း ဖြေနိုင်တဲ့ အလုပ် မဟုတ်ဘူး။ (မှန်ပါ့)၊ သဘောကျပါလား။ (ကျပါပြီ ဘုရား)၊ လူတိုင်း နဲ့ သစ္စာလေးပါး ဆိုရင်တော့ ဘယ်လိုပင် ရထားထား အမှန်တော့ မဖြေနိုင်ဘူး။ (မှန်ပါ့)၊ ဒီမှာ ပဋိသမ္ဘိဒါ ပတ္တ ရဟန္တာလဲ ဖြစ်ပြီး သကာလ နေတော့ သူစမ်းလိုက် ကတည်းက သစ္စာကနေ စမ်းတာ။ (မှန်ပါ့)၊

သက္ကာယဆိုတာ ဒုက္ခသစ္စာ၊ သက္ကာယ ဖြစ်ကြောင်းက သမုဒယသစ္စာ၊ သက္ကာယ ချုပ်ရာက နိရောဓသစ္စာ၊ သက္ကာယ ချုပ်ရာချုပ်ကြောင်း အကျင့်က မဂ္ဂသစ္စာ။ (မှန်ပါ့)။

အဲဒီ သစ္စာလေးပါးကစပြီး မေးလာတော့ ဝေဒနာ မှာလဲ ဝေဒနာသုံးပါး မရှုရင် ဘယ်လို ရှုရင် ဘယ်လို ကျအောင်လဲ ဝိသာခသူဌေးက မေးလို့ ဓမ္မဒိန္ဒာက တစ်လုံး မကျန် အမှန်ချည်း ဖြေပြီး သကာလ သွားတယ် ဆိုတာလဲ ခင်ဗျားတို့ သိကြပြီ။ (မှန်ပါ့ ဘုရား)။

အဲဒီလို အဖိုးတန်ပြီး သကာလ နေတော့ ဝိသာခသူဌေး က သူ့စိတ်ထဲမှာ အတော်လေး ကျေနပ် သွားတယ်။ (မှန်ပါ့)၊ အတော်ကလေး ကျေနပ်ပြီး သကာလ နေတော့ အရှင်မကို လူထွက် ချင်လို့လား ဆိုတဲ့ မေးခွန်းကို မေးစရာ မလိုတော့ဘူး။ (မှန်ပါ့)၊ ပညာနဲ့ပဲ စမ်းလိုက်တော့တာ ပဲ။ (မှန်ပါ့)၊ စမ်းလိုက် ကတည်းက ဟိုက အာသဝေါ ကုန်တဲ့ အဓိပ္ပာယ် ချည်းဖြေနေပြီး။ (မှန်ပါ့ ဘုရား)။

ဝိသာခသူဌေးက ဝတ်ချတယ်

အာသဝေါကုန်တဲ့ အဓိပ္ပာယ်ချည်း ဖြေနေတော့ ဒကာ သိုက်ရေ ရှင်းလင်းနေပြီ။ လူထွက် ချင်လို့ မဟုတ်ဘူး ဆိုတာ မပေါ်သေးဘူးလားဗျာ။ (ပေါ်ပါပြီ ဘုရား)၊ အဲဒီတော့ ရှင်ဓမ္မဒိန္ဒာ အလွန် ကျေးဇူး များပါတယ် ဆိုပြီး ဝိသာခသူဌေးက လက်ယာရစ် လှည့်ပြီး ဝတ်ချရသေး တယ်။ (မှန်ပါ့)၊ ဝတ်ချပြီးတော့မှ သူနဲ့ လိုက်လာတဲ့ ဥပသကာ ငါးရာတွေဟာ ဓမ္မဒိန္နာဆီက နေပြီး ဘုရားဆီ သွားကြတယ်။

ဘုရားဆီရောက်တယ်

ဘုရားဆီ ရောက်တော့ ဓမ္မဒိန္နာ ထေရ်ရီမနဲ့ အမေး အဖြေ လုပ်တာကို ဝိသာခသူဌေးက လျှောက်တော့ ငါ၏ သမီး ဖြေတာတွေဟာ အင်မတန် မှန်ပါတယ်။ အင်မတန် ဟုတ်ပါတယ်။ အင်မတန်မှ သစ္စာဆိုက်တဲ့ တရားတွေ ဖြစ်ပါတယ်။ အကယ်၍ သူ့ဆီမှာ မမေးဘဲ ငါ့ဆီမှာ မေးလို့ ရှိရင်လဲ ဒီအတိုင်း ဖြေမှာပဲလို့ ဘုရားက ထောက်ခံ ချက်ပေးပြီး။ (မှန်ပါ့)၊ ဒီအတိုင်း ဖြေမှာပဲ မထူးပါဘူး ဆိုတော့ ဒီတရားသည် ဘာလဲဆိုရင် ဒကာသိုက်ရေ ဘုရားသခင် ကိုယ်တော်မြတ်ကြီး ထောက်ခံချက် ရထားတဲ့ တရား (မှန်ပါ့)၊ အနာဂါမ်ကမေးလို့ ရဟန္တာထေရ်ရီမ က ဖြေတဲ့ဘုရား (မှန်ပါ့)။

ဘုရားက ထောက်ခံချက်ပေးတယ်

ဘုရားသခင် ကိုယ်တော်မြတ်ကြီးကလဲ မှန်ကန်ကြောင်းကို ထောက်ခံချက် ပေးတဲ့တရား။ (မှန်ပါ့)။

ဒါကြောင့် ဝေဒနာကနေ ရှုပြီး သကာလ သွားကြလို့ ရှိရင် ဝေဒနာ တွေ့တာသည် ၁-နံပါတ် ဟုတ်လား။ (မှန်ပါ့)၊ ဝေဒနာ ဖြစ်ပျက် ရှုတာက ၂-နံပါတ် ထားပါတော့။ (မှန်ပါ့)၊ ဝေဒနာ မုန်းလာတာ ၃-နံပါတ်လောက် ထားတော့ ဝေဒနာတွေကို တစ်ခါတည်း ဆုံးအောင်ပဲ ငါတို့သည် လိုက်ပါတော့မယ် ဆိုပြီး သကာလ ဖြစ်ပျက်ဆုံးအောင် လိုက်လို့ ရှိရင်ဖြင့် မဖြစ်မပျက်တာတွေ တွေ့ရမှာပဲ။ မတွေ့ရပေ ဘူးလား။ (တွေ့ ရပါတယ်)၊ တွေ့ရမှာ သေချာတယ် မဟုတ်လား။ (မှန်ပါ့ ဘုရား)။

ဖြစ်ပျက်ဆုံးတာ ဒုက္ခဆုံးတာ

အဲဒီတော့ ဒကာ ဒကာမတွေ ဉာဏ်သည်ကားလို့ ဆိုရင် ဖြစ်ပျက် ဆုံးတာသည် ဒုက္ခ ဆုံးတာသာ မှတ်ပါတော့။ (မှန်ပါ)။

ဖြစ်ပျက်ဆုံးတာဟာ ဘာဆုံးတာပါလိမ့်။ (ဒုက္ခ ဆုံးတာပါ ဘုရား)၊ ဟာ ဒါဖြင့် ဒုက္ခဆုံးတဲ့ဆီ ခင်ဗျားတို့ ဉာဏ် မရောက်ပေ ဘူးလား။ (ရောက်ပါတယ် ဘုရား)။

အဲ ဒါဟာ ဘယ်ကနေလိုက်လို့ ဒုက္ခ ဆုံးတာပါလိမ့် မတုံးဆိုတော့ ဝေဒနာ ဖြစ်ပျက်ကနေ လိုက်လို့ပေါ့။ (မှန်ပါ့)၊ ဝေဒနာဖြစ်ပျက်ကနေ ကိုင်လိုက်တဲ့ အခါကျတော့ ဝေဒနာအဆုံး (ဝါ) ဒုက္ခအဆုံးကို ခင်ဗျားတို့ ကိုယ်တိုင် ကိုယ်ပိုင်ဉာဏ်နဲ့ပဲ တွေ့ကြရမယ်။ (တွေ့ရပါမယ် ဘုရား)၊ ဒကာသိုက် မတွေ့ရပေဘူးလား။ (တွေ့ ရပါတယ် ဘုရား)။

နိရောဓသစ္စာ

တွေ့ရတဲ့ အခါကျတော့ ဆုံးသွားတာက ဒုက္ခသစ္စာ၊ ဆုံးတဲ့နေရာ ကလေးတွေ ရတာက နိရောဓသစ္စာ၊ သူဆုံးချင် လို့ ဆုံးတာ မဟုတ်ပါဘူး၊ သက္ကာယ ဖြစ်ကြောင်း သမုဒယ သစ္စာချုပ်လို့ ဖြစ်ပျက် ချုပ်ရရှာတာ။ (မှန်ပါ့)၊ သမုဒယသာ မချုပ်လို့ရှိရင် ဖြစ်ပျက်ချုပ်ပါ့မလား။ (မချုပ်ပါ ဘုရား)၊ အဲဒီတော့ သမုဒယနဲ့ဒုက္ခသည် အတွဲလိုက်ချုပ် ရတယ်ဆိုတာကော သဘောကျပါလား (ကျပါပြီ ဘုရား)။

ဘာကျန်ရစ်ပါလိမ့်

အဲဒီတော့ ကျုပ်တို့မှာ ဘာကျန်ရစ် ပါလိမ့်မတုံးလို့ မေးတဲ့ အခါကျတော့ သက္ကာယချုပ်တဲ့ နေရာရယ်၊ သက္ကာယ ချုပ်တဲ့ နေရာ မြင်တဲ့ မဂ္ဂင်ရယ်၊ ဒကာသိုက် ဒါပဲ မကျန် ရစ်ဘူးလား။ (ကျန်ရစ်ပါတယ် ဘုရား)။

ဖြစ်ပျက်ကချည်းပြန်စရမယ်

အဲဒီကဲ့သို့ ကျန်တဲ့အခါ ဒါသည် “နိဗ္ဗာနံ မဂ္ဂဿ” ဆိုတဲ့အတိုင်း နိဗ္ဗာန်က မဂ်ကို ကျေးဇူးပြုတာ မထင်ရှား ဘူးလား။ (ထင်ရှားပါတယ်)၊ အဲ မဂ်ပြီးတော့လဲ ဖိုလ်လာ တော့တာပဲ။ (မှန်ပါ့)၊ သဘော ကျပါလား။ (ကျပါပြီ)၊ အဲဒီဖိုလ် လာရင် သောတာပန် တည်တာပဲ။ (မှန်ပါ့)၊ ဟာ မရပ်မနား ဆက်ပြီး သကာလ တည်ချင်ရင် ဒီဖြစ်ပျက်က စ,ဦးမယ်ဆို သကဒါဂါမ် တည်တာပဲ။ ဒီမဂ်တွေ အစီအစဉ် အတိုင်း လာမှာပဲ။ (မှန်ပါ့)၊ သကဒါဂါမိမဂ် အစဉ်အတိုင်း လာမယ်။ (မှန်ပါ့)။

ရဟန္တာဖြစ်ချင်ရင်

သကဒါဂါမ် တည်ပြီးသား ပုဂ္ဂိုလ်က နောက် ဖြစ်ပျက် ကပဲ ပြန်စ,ပါဦးမယ် ဆိုရင် အနာဂါမိမဂ် ရမှာပဲ။ (မှန်ပါ့)၊ ဟာ ငါ ဒါနဲ့ တင်းမတိမ် သေးပါဘူး၊ ဖြစ်ပျက်က ပြန်စ, ပါဦးမယ် ဆိုလို့ ရှိရင်ဖြင့် အရဟတ္တမဂ်၊ အရဟတ္တဖိုလ် ရပြီး ရဟန္တာ ဖြစ်မှာပဲ။ (မှန်ပါ့)၊ ဒီဖြစ်ပျက်ကချည့် ပြန်စ, ရမှာပဲ။ (မှန်ပါ့)၊ ရိပ်မိကြပါလား။(ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတွေသည် ဒီတစ်လမ်းတည်း တစ်ကျိုးတည်းက နေပြီး သကာလ နိဗ္ဗာန်ရှိတဲ့ဆီ အပေါက် အရောက် သွားမယ် ဆိုရင်ဖြင့် ဘယ်ဆုတောင်းမှ စောင့်ပြီ သကာလ မနေဘဲနဲ့ ဉာဏ်နဲ့သာသွား။ (မှန်ပါ့) သဘောကျပါလား။ (ကျပါပြီ ဘုရား)။

မဂ်ဉာဏ်နဲ့သာသွားပါ

ဘယ်အရာနဲ့ သွားရမှာတုံး။ (ဉာဏ်နဲ့သွားရမှာ ပါ ဘုရား)၊ ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ မဂ်ဉာဏ်နဲ သွားလို့ရှိရင် မရောက် မရှိဘူးဆိုတာ ရိပ်မိပါလား။ (ရိပ်မိပါပြီ ဘုရား)။

ဒါကြောင့် “နိဗ္ဗာနံ ဂစ္ဆတီတိ မဂ္ဂေါ”။ မဂ္ဂေါ- မဂ္ဂင် ရှစ်ပါးသည်။ နိဗ္ဗာနံ- နိဗ္ဗာန်သို့။ ဂစ္ဆတိ-သွား၏ ဆိုတော့ မဂ္ဂင်ရှစ်ပါးသာ ခန္ဓာထဲမှာ ရှိရင်ဖြင့် နိဗ္ဗာန် ရောက်သွား မည့် တရား ဝမ်းထဲမှာ ရှိသောကြောင့် မရောက် မရှိပါဘူး။ ဆုတောင်းစရာပင် မလိုတော့ပါဘူး။ (မှန်ပါ့) သဘောကျပါလား။ (ကျပါပြီ ဘုရား)။

ကိုင်း ယနေ့ ဒီတွင် တော်ကြစို့။

သာဓု သာဓု သာဓု။

မာတိကာသို့