035

မာတိကာသို့

သိကြားမင်သောတာပန်တည်သောတရားတော် (ကာယမိမံတရားထိုင်နည်း)

မှတ်ချက်။ အသံတော်တရားသည် အစအဆုံးအသံမကြည်သဖြင့် အသံကြည်သောအလုပ်ပေးအတိုကိုတင်ပေးလိုက်ပါသည်။

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ် ဆရာတော်ဘုရားကြီး

အမရပူရမြို့၌ ဟောကြားတော်မူသော တရားတော်

“သိကြားမင်သောတာပန်တည်သောတရားတော်”

(ကာယမိမံတရားထိုင်နည်း)

(၁၃-၁၁-၆၀)

ဒကာ- ဒကာမတွေ ဝိပဿနာရှုနည်းကို ရှေးဦးစွာ ပြောမယ်- (မှန်လှပါ ဘုရား)၊ ဝိပဿနာရှုနည်းက ရှင်သာရိ ပုတ္တရာကဟောထားတယ်။

ကာယမိမံ သမ္မသထ၊ ပရိဇာနာထ ပုနပ္ပနံ၊

ကာယေသဘာဝံ ဝိဒိတွာန၊ ဒုက္ခဿန္တံ ကရိဿတိ။

ဤကဲ့သို့ ဟောထားတော့ဒကာဒကာမတွေသည် ဘုရားရှေ့မှာဖြစ်စေ၊ ကိုယ့်အိပ်ရာ ထဲမှာ ဖြစ်စေ ထိုင်ပြီး သကာလ မိန်းမဖြင့် ဒူးတုပ်၊ ယောက်ျားဖြင့် တင်ပျဉ်ခွေပြီး သကာလ ထိုင်ချင် သလိုထိုင်၊ အိပ်ချင်သလိုအိပ် ကိစ္စ မရှိပါဘူးတဲ့။ သို့သော် အသက် မှန်မှန်ရှူပြီး သကာလ လေလေး ထွက်တာလဲ သိလို့၊ လေလေး ဝင်တာလဲ သိလို့ ဒီလိုချည်း သိပြီး သကာလ နေရာမှ ပထမ ရှေးဦးစွာတော့ဖြင့် ထွက်တာသိ ဝင်တာသိပဲ လုပ်နေပါ။ ဒီထဲကမှ ဟိုနေရာက အောင့်သလို လာလို့ရှိရင် ထွက်တာသိ ဝင်တာ သိ ဖြုတ်လိုက်ပါ။

ထွက်တာသိ ဝင်တာသိ ဖြုတ်ပစ်လိုက်ပါတော့လို့ သတိပေးလိုက်တယ် (မှန်လှပါ ဘုရား)၊ ထွက်တာသိ ဝင်တာ သိ ဖြုတ်ပြီးအောင့်တဲ့ နေရာ ကလေးကို ဉာဏ်က လှည့်လိုက်၊

သြော်- ဒါဖောက်ပြန်တာပါ လား၊ အင်း-ဖောက်ပြန်လာတာ နဂိုက မအောင့်ဘူး၊ ခုမှဒီနေရာလေးက အောင့်လာတယ်။ အဲဒီဖောက်ပြန်တဲ့ နေရာကလေး ကြည့်လိုက်ပြီဆိုမှဖြင့် ဖောက်ပြန်တာ ကလေးက ပျက်စီးသွားတယ်။

အောင့်တဲ့နေရာဉာဏ်လှည့်လိုက်ပါ

ထွက်တာသိ ဝင်တာသိ လုပ်နေတုံး တစ်နေရာက ဖြစ်လာသတုံး- (အောင့်လာပါတယ် ဘုရား)၊ အောင့်တဲ့ အခါကျတော့ ထွက်တာသိ ဝင်တာသိ ဖြုတ်လိုက်ပါ- (မှန်လှ ပါ ဘုရား)၊ အောင့်တဲ့နေရာကလေးဉာဏ်လှည့် လိုက်ပါ (မှန်လှပါ ဘုရား)၊ ခြေသလုံးကအောင့်ရင် ခြေသလုံး၊ ပေါင်က အောင့်ရင်ပေါင်၊ ခါးကအောင့်ရင်ခါး၊ နောက်ကျောအောင့် လို့ရှိရင်လဲ အောင့် တဲ့နေရာကလေး ဉာဏ်လှည့်လိုက်ပါ။

အဲဒါကလေးက ဘာပါလိမ့်မလဲဆိုတော့ ပင်ကို သဘောမှဖောက်ပြန်လာတာ။ အဲဒီဖောက်ပြန်တဲ့ နေရာကလေးကိုဒကာသစ်၊ ဒကာကြွယ်၊ ဦးလှဘူးတို့က ဉာဏ်လှည့် လိုက်ပြီဆိုမှဖြင့် ဉာဏ်ပေါ်နေတဲ့အတွက် သတ္တဝါသန္တာန်မှာ အောင့်တဲ့ စိတ်ကလေးက ချုပ်သွားပြီး ဉာဏ်စိတ်ကလေးက ပေါ်နေတယ်၊ ဉာဏ်စိတ်ကလေးပေါ်နေတော့ အောင့်တာ လေးက ဖောက်ပြန်ပြီး သကာလ ပျက်စီးသွားတာ တွေ့ပါလိမ့်မယ်။ ဖောက်ပြန်ပြီး ပျက်စီးသွားတာ တွေ့ပါလိမ့်မယ်။

ဤကဲ့သို့ ဖောက်ပြန်ပျက်စီး သွားတာတွေ တွေ့တဲ့ အခါကျတော့ ဒီခန္ဓာကိုယ်ကြီး စိုက်ကြည့်နေလို့ ဖောက်ပြန် ပျက်စီးတာ တွေ့တာလို့မှတ်လိုက်ပါနော် (မှန်လှပါ ဘုရား)။

အဲ့ဒီတော့ဖောက်ပြန်ပျက်စီးတာက အနိစ္စ၊ ဒုက္ခသစ္စာ။ အနိစ္စဆိုလဲ ဟုတ်တာပဲ၊ ဒုက္ခသစ္စာ ဆိုလဲ ဟုတ်တာပဲ၊ သြော် – ဒါကဒုက္ခသစ္စာ၊ ဖောက်ပြန်ပျက်စီးပြီလို့ သိနေတာကလေးက လောကီ မဂ္ဂသစ္စာ၊ ဒါဒီနေရာကလေးက အောင့်တာ ကလေးကပျောက်သွားလို့ ဟိုနေရာက အောင့်တာ ပေါ်လာတယ်။ ဟိုစိတ်ကလေး စားချင်တဲ့စိတ်ကလေး ပေါ်လာတယ်၊

အဲဒါကိုလဲ စားချင်တဲ့ စိတ်ကလေးကိုလဲရှိ၊ မရှိကြည့် ပေးပါ။ ကြည့်လိုက်တဲ့ အခါကျလို့ ရှိရင်ဖြင့် ကြည့်တဲ့ဉာဏ် ပေါ် လာလို့ရှိရင်ဖြင့် သတ္တဝါသန္တာန် နှစ်စိတ်မပေါ်ကောင်းတဲ့ အတွက် စားချင်တဲ့ စိတ်ကလေးက ဒကာကြွယ်၊ ဒကာသစ် တို့ ဖြစ်ပြီး ပျက်သွားတယ် – (မှန်လှပါ ဘုရား)၊ သူလဲခုမှ ဖောက်ပြန်ပြီးလာတာ အခုပဲ ပျက်စီးသွားတယ်၊ အဲဒီတော့ ဖောက်ပြန်ပျက်စီး သွားတာဘာသစ္စာ ခေါ်ကြမလဲ (ဒုက္ခသစ္စာပါ ဘုရား)။

အသိဉာဏ်က မဂ္ဂသစ္စာ

အင်း ဒုက္ခသစ္စာကို ဘုန်းကြီးတို့ ဒကာ၊ ဒကာမ တွေက သိလိုက်တော့ အသိခံရတာက ဒုက္ခသစ္စာ၊ အသိ ဉာဏ်က မဂ္ဂသစ္စာလို့အောက်မေ့ကြပါ (မှန်လှပါ ဘုရား) ဒီလိုချည်းပဲ ခန္ဓာကိုယ်ထဲ လှည့်လိုက်ပြီးသကာလ နေတော့ အသိ ခံတာကဒုက္ခသစ္စာ၊ အသိဉာဏ်က မဂ္ဂသစ္စာဆိုတော့

သြော် ခန္ဓာကိုယ်ထဲမှာ ဒုက္ခသစ္စာရယ် သိနေတဲ့ မဂ္ဂ သစ္စာရယ်။

ဤသစ္စာနှစ်ခုသာ ရှိပြီးသကာလ နေတော့ သမုဒယ သစ္စာဆိုတဲ့ လောဘက ချုပ်ငြိမ်း ရုပ်သိမ်းပြီး သကာလ နေတော့တယ်။ ဒီလောဘ ချုပ်ငြိမ်းနေတော့ လောဘတဏှာ ချုပ်တော့ တဏှာချုပ်တော့ ဥပါဒါန် မချုပ်ဘူးလား (ချုပ်ပါတယ် ဘုရား)။ ဥပါဒါန်ချုပ်တော့ ကံချုပ်တယ်၊ ကံချုပ်တော့ အနာဂတ်ဘဝလာလတ္တံ့ဖြစ်တဲ့ ပဋိသန္ဓေနေမှု၊ အိုမှု သေမှုရော (ချုပ်ပါတယ် ဘုရား)။

ဪ ဒါဘယ့်နှယ်ကြောင့် ချုပ်ပါလိမ့်မလဲလို့ ဒကာကြွယ်၊ ဒကာသစ်တို့၊ ဦးလှဘူးတို့က မေးလို့ရှိရင်ဖြင့် ဖောက်ပြန် ပျက်စီးတာ မြင်နေတဲ့ မဂ်က ချုပ်စေတာ ဆိုတာ သေချာပြီလား (သေချာပါတယ် ဘုရား)။

ဝိပဿနာဆိုတာ ဘာပါလိမ့်

ဒါဖြင့် ဒီခန္ဓာကိုယ်ကြီးကို ဝိပဿနာရှု ဆိုတာ ခန္ဓာကိုယ်စောင့်ကြည့်တဲ့ အလုပ်လို့ မှတ်လိုက်စမ်းပါ(မှန်လှ ပါ ဘုရား)၊ ဝိပဿနာ အလုပ်ဆိုတာ ဘာပါလိမ့် (ခန္ဓာကိုယ် စောင့်ကြည့်တဲ့ အလုပ်ပါ ဘုရား)။

ဒါကြောင့် “ ကာယမိမံ သမ္မသထ ” ဣမံကာယံ၊ ဤခန္ဓာကိုယ်ကြီးကို။ သမ္မသထ၊ စောင့်ကြည့်ပြီး သုံးသပ်စမ်း ပါကွာ၊ ရှင်သာရိပုတ္တရာက မှာရှာတယ်၊ ခန္ဓာကိုယ်ကြီး စောင့် ကြည့်ပြီး သုံးသပ် စမ်းပါ၊ ဆင်ခြင်စမ်းပါ ဆိုတော့ ဖြစ်ပျက်မဂ် မလာပေဘူးလား (လာပါတယ် ဘုရား)။

ပျက်စီး သွားတာ ဖြစ်ပျက်၊ စောင့်ကြည့်တာ – (မဂ်ပါ ဘုရား)။ သြော် – မဂ်ဆိုတာက ဒကာ၊ ဒကာမတို့စောင့် ကြည့်မှ ရတယ်လို့ မှတ်စမ်းပါ (မှန်လှပါ ဘုရား)။

စောင့် မကြည့်ရင် (မရပါ ဘုရား)၊ မရဘူး၊ ရှာရင်တော့ မရဘူး။ စောင့်ကြည့်ရင်တော့ (ရပါတယ် ဘုရား)၊ တောထဲက ကျားတွေက အပြေးတော့ မသန်ပါဘူး တဲ့ အဖမ်းတော့မြန်သလို မိလိန္ဒပဉ္စာက စောင့်ဖမ်းပါလို့လဲ သေသေချာချာ ဟောထားတယ် (မှန်လှပါ ဘုရား)။

ဒါကြောင့် ဘုန်းကြီးတို့ဒကာ- ဒကာမတွေက အိမ် ရောက်လို့ရှိရင် ဘုန်းကြီး ပြောတဲ့ အတိုင်းသာ လုပ်ကြစမ်းပါ။

ခန္ဓာကိုယ်စောင့်ကြည့်နေ၊ ဘာနဲ့စောင့်ရမလဲဆိုတော့ ရှူမှုလေး မှန်မှန်ရှူ ရှိုက်မှုလေး မှန်မှန်ရှိုက်၊ ရှိုက်ရာကမှ အထူး တရားလေး ပေါ်လာလို့ရှိရင် ဪ ဒါဝိပရိဏာမလက္ခဏာ ဒုက္ခသစ္စာ ပါလားလို့ စောင့်ကြည့်လိုက် (မှန်လှပါ ဘုရား)။

နောင်ခန္ဓာမလာတာ နိရောဓသစ္စာ

ဒါဖြင့် “ဝိပရိဏာမလက္ခဏာ ဒုက္ခသစ္စံ” က ဒုက္ခသစ္စာ၊ စောင့်ကြည့်တာလေးက (မဂ္ဂသစ္စာပါ ဘုရား)၊ သေတာက သမုဒယသစ္စာ နောင်ခန္ဓာ မလာတာက နိရောဓသစ္စာ၊ နိရောဓ ဆိုတော့ သြော် တို့သစ္စာ အလုပ် လုပ်နေပါ ကလားဆိုတာ ပေါ်မလာဘူးလား (ပေါ်လာပါတယ် ဘုရား)။

ဪ ဒါဖြင့် ဝိပဿနာအလုပ်ဆိုတာ အားလုံး တရားနာတဲ့ ဒကာ-ဒကာမတွေ စောင့်ကြည့်တဲ့ အလုပ် (မှန်လှပါ ဘုရား)။

ဝိပဿနာအလုပ် ဆိုတာ ဘာပါလိမ့် (စောင့်ကြည့်တဲ့ အလုပ်ပါ ဘုရား)၊ စောင့်ကြည့်တဲ့ အလုပ် ဆိုတော့ တပည့်တော်တို့ဖြင့် မလုပ်တတ်သေးပါဘူး ဘုရားဆိုရင် စောင့် မကြည့်လို့သာ မှတ်ပေတော့ (မှန်လှပါ ဘုရား)။

သစ္စာလေးပါးအလုပ် လုပ်နေတာ

စောင့်ကြည့်တော့ ခန္ဓာကိုယ်ကြီးက ဟိုနေရာကပြ၊ ဒီနေရာကပြ၊ ဟိုနေရာကပြလိုက်၊ ဒီနေရာကပြလိုက်နဲ့ ပြတဲ့ နေရာ ကိုပဲ စောင့်ကြည့်နေတဲ့ အခါကျလို့ရှိရင် ပြတာက ဒုက္ခသစ္စာ၊ သိတာကမဂ္ဂသစ္စာ၊ သေတာက (သမုဒယ သစ္စာပါ ဘုရား)။

နောင်ခန္ဓာ မလာတာက (နိရောဓသစ္စာပါ ဘုရား)၊ နိရောဓသစ္စာ ဆိုတာ ဪ တို့တစ်တွေ သစ္စာ လေးပါးအလုပ် လုပ်နေပါကလားဆိုတာ မပေါ်လာဘူး လား(ပေါ်လာပါတယ် ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။။

ဒကာကြွယ်ရေ ဒကာကြွယ်တို့လုပ်တော့လဲ စောင့်ကြည့်ရတယ် မဟုတ်လား(မှန်ပါ့ ဘုရား)၊ လိုက် ဖမ်းရင် မိပါ့မလား (မမိပါ ဘုရား)။

အေး ဒါကြောင့် ဘုန်းကြီးတို့ဒကာ၊ ဒကာမတွေ စောင့်ကြည့်လို့ရှိရင် ခန္ဓာကိုယ်ကြီးက ပင်ကိုက အနာ ခန္ဓာ ကိုယ်ကြီးကိုး (မှန်လှပါ ဘုရား)။

အနာတွေပဲ မပြရပေဘူးလား (ပြပါတယ် ဘုရား)၊ အနာခန္ဓာကိုယ်ကြီးမို့ အနာခန္ဓာတွေပြတော့ ဒီအနာ ခန္ဓာတွေကလဲ ဖြစ်လိုက်၊ ပျက်လိုက်၊ ဖြစ်လိုက်၊ ပျက်လိုက်၊ ဖြစ်လိုက်၊ ပျက်လိုက်နဲ့ ပြနေတော့ ဪ ဒီဥစ္စာ ဖြစ်ပျက်က ဒုက္ခသစ္စာ သိတာက မဂ္ဂသစ္စာပါလားဆိုတာ အခု အချိန်မှာ ဉာဏ်ထဲမှာ ပေါ်လာတယ် (မှန်လှပါ ဘုရား)။

ထိုကဲ့သို့ ပေါ်လာတဲ့ အခါကျလို့ရှိရင်ဖြင့် ကိလေသာ ကြားမညှပ်လို့ရှိရင် ဖြစ်ပျက်နဲ့ မဂ်နဲ့ ကြားထဲမှာ ကိလေသာ ကြားမခြားလို့ရှိရင် ခုနစ်ရက်နဲ့ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ် ရပါတယ် (မှန်လှပါ ဘုရား)၊ ဖြစ်ပျက်နဲ့ မဂ်နဲ့ကြားထဲမှာ ကိလေသာ မခိုရင် (ခုနစ်ရက်နဲ့ ရနိုင်ပါတယ် ဘုရား)၊ ဒကာကြွယ် မမြန်လား (မြန်ပါတယ် ဘုရား)။

ဘာကြောင့်သံသရာရည်ရပါလိမ့်

ဘုန်းကြီးက ဟောတာလား၊ ဘုရားသခင် ကိုယ်တော် မြတ်ကြီးက ဟောတာလားလို့ ဆိုတော့ သတိပဋ္ဌာန် ပါဠိတော် မှာ သေသေချာချာ ရှိလေသောကြောင့် ဒကာ၊ ဒကာမတွေ စောင့်ကြည့်တဲ့ အလုပ် မလုပ်ခဲ့သောကြောင့် သံသရာရှည် ရပါတယ်ဆိုတာ သဘောကျပလား (ကျပါတယ် ဘုရား)။

ဪ ဒါဖြင့် ဝိပဿနာဆိုတာ အားစိုက်ရှုရ တာလား၊ ဒကာ၊ ဒကာမတို့ စောင့်စားပြီး ရှုရတာလား (စောင့်စားပြီး ရှုရပါတယ် ဘုရား)၊ သေသေချာချာပြောနေပါ တယ် ဒကာ၊ ဒကာမတို့ (မှန်ပါ့ ဘုရား)၊ လေးလေးစား စားနဲ့ မှတ်စမ်းပါ (မှန်ပါ့ ဘုရား)။

လေးလေးစားစားနဲ့ မှတ်လိုက်တဲ့အခါကျတော့ စောင့်ကြည့်တဲ့ အလုပ်တွေက ခန္ဓာကိုယ်ထဲမှာ ဘာမှ ကြည့် စရာမရှိရင်ဖြင့် သြော် လေကလေးထုတ်တဲ့စိတ် ကလေးလဲ ထုတ်ပြီး ပျက်တာပဲ(မှန်ပါ ဘုရား)။

လေကလေးပြန်သွင်းတဲ့စိတ်ရော (သွင်းပြီး ပျက်ပါတယ် ဘုရား)၊ အဲဒါကလေး ဘယ်ကမှ မရှိတော့ဘူးဆိုရင် သူပြန်ထိုင်လိုက် (မှန်လှပါ ဘုရား)၊ သဘောကျပလား (ကျပါတယ် ဘုရား)။

ဟာ သူ့ပြန်ထိုင်ရင်းမတ္တနဲ့ပဲ ဟိုနေရာက ယား သလို၊ ဒီနေရာကအောင့်သလို၊ ဒီနေရာက ကောင်းသလိုလို လာပြန်လို့ရှိရင် သူ့ဖြုတ်ပစ်လိုက် (မှန်လှပါ ဘုရား)၊ ခုနင်က ယားတဲ့နေရာ အောင့်တဲ့နေရာတွေ လှည့်လည်ပြီး ဪ ဒါတွေဒုက္ခသစ္စာပါလား၊ ဒါတွေ ဒုက္ခသစ္စာပါ လားလို့ ရှုပါ (မှန်လှပါ ဘုရား)။။

ကောင်းတဲ့စိတ်ကလေးလဲ ဖြစ်ပြီးပျက်တော့ ဒုက္ခ ရောက်တာပဲ (မှန်လှပါ ဘုရား)၊ ဆိုးတဲ့ စိတ်ကလေးလဲ ဖြစ်ပြီးပျက်တော့ (ဒုက္ခရောက်ပါတယ် ဘုရား)။ အလယ် အလတ် စိတ်ကလေးလဲ ဖြစ်ပြီးပျက်တော့ (ဒုက္ခရောက်တာပါပဲ ဘုရား)။

အဲဒီဒုက္ခသစ္စာတွေ ချည်းပဲ ပိုင်ပိုင်နိုင်နိုင် ဖြစ်ပျက်က ဒုက္ခသစ္စာ၊ သိတာက မဂ္ဂသစ္စာလို့ ဒကာ၊ ဒကာမတွေ ကြိုးစား နေကြမယ် ဆိုလို့ရှိရင် ကြာတော့ ဒုက္ခသစ္စာ တွေ့တာက ဘုရားက။

“သံခိတ္တေန ပစ္စုပါဒါနက္ခန္ဓာပိ ဒုက္ခာ”လို့ ဟောသော ကြောင့် ခန္ဓာငါးပါးစလုံးပြတဲ့ ဥစ္စာတွေ အနိစ္စလဲမပြ၊ ဒုက္ခလဲမပြ၊ အနတ္တလဲမပြ၊ အသုဘလဲမပြဘဲနဲ့ ဒကာကြွယ်၊ ဒကာသစ်တို့ ဒုက္ခသစ္စာပဲ ပြတယ် (မှန်လှပါ ဘုရား)။

လူ့ဘဝရတာ ဒုက္ခသစ္စာရတာ

အဲဒီကဲ့သို့ ပြလာပြီဆိုမှဖြင့် လူ့ဘဝရတာ ဒုက္ခသစ္စာရတာကိုးလို့ ပေါ်ပေါ်လွင်လွင်ကြီး သိမလာ ပေ ဘူးလား (သိလာပါတယ် ဘုရား)၊ လူ့ဘဝရတာ ဘာ ရတာပါလိမ့် (ဒုက္ခသစ္စာကြီးရတာပါ ဘုရား)၊ ဒုက္ခသစ္စာ ကြီးရတယ် ဆိုတာ မသေချာဘူးလား.(သေချာပါတယ်)။

အဲဒီကဲ့သို့ ဒုက္ခသစ္စာကြီး ရတာကိုပိုင်ပိုင်နိုင်နိုင် သိနေတော့ တစ်ကိုယ်လုံးမှာ ဟိုကယား၊ ဒီကနာ၊ ဒီကအောင့်၊ ဟိုကကိုက်၊ ဒီကခဲ၊ ဟိုကတစ်မျိုးတစ်ဖုံပေါ်၊ ပေါ်လာ တာဟူသရွေ့ ပျောက်တာပဲတွေ့ရ၊ စောင့်ကြည့်တဲ့ပုဂ္ဂိုလ် မတွေ့ရဘူးလား (တွေ့ရပါတယ် ဘုရား)။

ဒါဖြင့် ဝိပဿနာ အလုပ်ဆိုတာ ဘယ်လိုလုပ်ရမှာပါလိမ့်မလဲ လို့မေးရင် ဘယ့်နှယ်ဖြေကြမလဲ (စောင့်ကြည့် ရပါတယ် ဘုရား)၊ စောင့်ကြည့်တာပဲတဲ့၊ အကြည့်ခံရတာက ဒုက္ခသစ္စာ၊ ကြည့်ဉာဏ်က မဂ္ဂသစ္စာ၊ အကြည့်ခံရတာက (ဒုက္ခသစ္စာပါ ဘုရား)။ ကြည့်ဉာဏ်က (မဂ္ဂသစ္စာ ပါဘုရား )။ မဂ္ဂသစ္စာ ဆိုတော့ သြော် မဂ်ဟာဆုတောင်း အလုပ်လား၊ စောင့်ကြည့်တဲ့ ဉာဏ်အလုပ်လား (စောင့် ကြည့်တဲ့ ဉာဏ်အလုပ်ပါ ဘုရား)။

စောင့်ကြည့်တဲ့ ဉာဏ်အလုပ်လို့ ဒကာ၊ ဒကာမတွေ ကအသိကြီး သိလာပြီဆိုမှဖြင့် သြော် ခန္ဓာကိုယ်ကြီးဟာ သုခကြားမညှပ် ဒုက္ခသစ္စာ တရစပ်ပါလားဆိုတာ ပေါ်ပါလိမ့် မယ်(ပေါ်လာပါတယ် ဘုရား)၊ သုခကြားမညှပ် (ဒုက္ခ သစ္စာ တရစပ်ပါ ဘုရား)၊ ဒုက္ခသစ္စာ တရစပ်ပါလားဆိုတာ မပေါ်လာဘူးလား (ပေါ်လာပါတယ် ဘုရား)။

နိဗ္ဗိန္ဒဉာဏ်

ထိုကဲ့သို့ ပေါ်လာတဲ့အခါကျတော့မှ သြော် ဒုက္ခသစ္စာ ကြီးပါလား၊ သုခဆိုတာဘာမှ မပေါ်လာပါလား ဆိုတော့ ဒုက္ခတွေမြင်ပြီး ငြီးငွေ့ လာပါလိမ့်မယ် (မှန်လှပါ ဘုရား)၊ ဒါဖြင့် ဖြစ်ပျက် မြင်တာသည် ယထာဘူတဉာဏ် (မှန်လှပါ ဘုရား)၊ ဖြစ်ပျက် ဒုက္ခသစ္စာကြီး မုန်းလာတာ သည် (နိဗ္ဗိန္ဒဉာဏ်ပါ ဘုရား)၊

ကြာတော့ ဉာဏ်က ထက်ထက်၊ ထက်ထက်၊ ထက် ထက်ပြီး ကြည့်ပါများလာတော့ ဘုန်းကြီးတို့ဒကာ၊ ဒကာမ တွေ၌ တဲ့ ဒီဒုက္ခကြီးနဲ့ဖြင့် မနေချင်ပါဘူးဆိုတာ မနေချင်တဲ့ ဉာဏ် မလာပေဘူးလား (လာပါတယ် ဘုရား)။

မဂ်စစ်ပေါ်မယ်

မနေချင်တဲ့ ဉာဏ်လာတဲ့ အခါကျတော့ ခုနင်က ဒုက္ခ တွေ အကုန်ပျောက်သွား ပါလိမ့်မယ် (မှန်လှပါ ဘုရား)။ မနေချင်တဲ့ ဉာဏ်လာတော့ ဘာတွေပျောက်သလဲ၊ (ဒုက္ခ တွေပျောက်ပါတယ် ဘုရား)၊ ဒါဖြင့် ဒုက္ခပျောက်၍ ဒုက္ခ ဆုံးတာက နိရောဓသစ္စာ၊ ဒုက္ခအဆုံးသိတာက (မဂ္ဂသစ္စာပါ ဘုရား)။

မဂ္ဂသစ္စာဆိုတော့ မဂ်စစ်ပေါ်လာလိမ့်မယ်၊ (မှန်ပါ့ ဘုရား)၊ ဒုက္ခပျောက်ရင် မဂ်စစ်ပေါ်လိမ့်မယ်၊ ဒုက္ခတွေ့ရင် ဝိပဿနာမဂ်ပေါ်လိမ့်မယ် (မှန်လှပါ ဘုရား)။ ဒုက္ခတွေ့ ရင် (ဝိပဿနာမဂ် ပေါ်လာ လိမ့်မယ် ဘုရား)။

ဒုက္ခတွေ မရှိဘူးဘုရား၊ ရှုစရာကို မရှိဘူးဘုရား ဆိုရင်ဖြင့် ဘာပေါ်လာမလဲ (မဂ်စစ် ပေါ်လာ လိမ့်မယ် ဘုရား)၊ မဂ်စစ် ပေါ်လာလို့ ဒုက္ခ မရှိတာက နိရောဓသစ္စာ (မှန်လှပါ ဘုရား)၊ မဂ်စစ် ပေါ်လာလို့ ဒုက္ခ မရှိတာက နိရောဓသစ္စာ (မှန်လှပါ ဘုရား)။ မရှိမှန်း သိတာက (မဂ္ဂသစ္စာ ပါ ဘုရား)။

အဲဒီကျအောင် စောင့်ကြည့်ရင်း မတ္တနဲ့ ဆုံးသွား အောင်လိုက်လိုက်လို့ရှိရင်ဖြင့် “ဒုက္ခဿအန္တံ ကရိဿတိ” ဒုက္ခဿ၊ ဒုက္ခ၏၊ အန္တံ- အဆုံးကို၊ ကရိဿတိ- မဂ်ဉာဏ်က မျက်မှောက် ပြုလိမ့်လဲ့လို့ ရှင်သာရိပုတ္တရာ ကလဲဟော၊ ဘုရားကလဲ ဟောသည် ဖြစ်လေသောကြောင့် ဘုန်းကြီးတို့ ဒကာ၊ ဒကာမတွေ ယနေ့ကစပြီး စောင့်ကြည့်တဲ့ အလုပ်လုပ်စမ်းပါ (မှန်လှပါ ဘုရား)၊

ဖြစ်ပျက်တွေ လာသရွေ့ကို စောင့်သာကြည့်ပါလို့ သတိပေးလိုက်တယ်(မှန်လှပါ ဘုရား)၊ ဖြစ်ပျက်တွေ လာ သရွေ့ကို (စောင့်သာ ကြည့်ရပါမယ် ဘုရား)၊ စောင့်ကြည့်ပါ။ ဒီပြင်ဘာမှ မလုပ်ပါနဲ့ စောင့်ကြည့်တော့ ကြာတော့ ဖြစ်ပျက်တွေ ဒကာကြွယ်တို့၊ ဦးလှဘူးတို့ စိပ်လာလိမ့်မယ် (မှန်လှပါ ဘုရား)။

စိပ်လာပြီ ဆိုမှဖြင့် စိပ်ပေမယ့် မပျင်းနဲ့၊ သြော် အသေတယ်များပါကလား၊ ဪ ဒုက္ခတွေ တယ်များ ပါလား၊ ဪ ဒုက္ခတွေ တယ်များပါလားလို့ သူက ဘယ်လောက်ပဲများများ ကိုယ်က ဒုက္ခတွေ များတယ်လို့သာ မြင်အောင်ကြည့်နေ (မှန်လှပါ ဘုရား)၊ ကြာတော့ သြော် ဖြစ်လာတာကလဲ ဒုက္ခ၊ ပျက်သွားတာကလဲ ဒုက္ခ၊ အဲဒီကဲ့သို့ ဒုက္ခကို အဖြစ်လဲ မသာယာ၊ အပျက်လဲမသာယာ၊ အဖြစ်ရော (မသာယာပါ ဘုရား)၊ အပျက်ရော (မသာယာပါ ဘုရား)။

မသာယာပါဘူးတဲ့၊ ထိုကဲ့သို့ မသာယာတဲ့အခါကျ တော့ ဖြစ်ပျက်ကို သာယာတဲ့ တဏှာကလဲ ချုပ်ပါရော ဖြစ်ပျက်လဲ ချုပ်တာပဲ (မှန်လှပါ ဘုရား)၊ သာယာတဲ့ ဒိဋ္ဌိ လဲချုပ်ပါရော (ဖြစ်ပျက်လဲ ချုပ်တာပါ ဘုရား)၊ ဖြစ်ပျက် လဲချုပ်သွားတယ် ဆိုတော့ ဖြစ်ပျက် ချုပ်တာ နိဗ္ဗာန်၊ ချုပ်မှန်း သိတာ မဂ်ဉာဏ်၊ ဖြစ်ပျက် ချုပ်တာက (နိဗ္ဗာန်ပါ ဘုရား)။ ချုပ်မှန်းသိပြီဆိုတာက (မဂ်ဉာဏ်ပါ ဘုရား)။

ဪ ဒါဖြင့် ဒကာကြွယ်တို့၊ ဒကာသစ်တို့ နိဗ္ဗာန် ဝေးသေးလား နီးသလား (နီးပါတယ် ဘုရား)၊ နီးလျက်နဲ့ မရောက်တာ-ဘာကြောင့်ပါလိမ့်မလဲလို့ မေးတော့ စောင့်ကြည့်တဲ့အလုပ်လဲ မလုပ်ဘူး (မှန်လှ ပါ ဘုရား)၊ စောင့်ကြည့်တဲ့ အလုပ်ကို (မလုပ်ပါ ဘုရား)။

တဏှာက ငရဲအိုးဖန်တီးနေသော

ဒါကြောင့် ခင်ဗျားတို့သည် သံသရာထဲမှာ ငရဲအိုး တွေကလဲ ငရဲမီးတွေ တောက်ပြီး တပွက်ပွက် ဆူနေတာဟာ ဒီခန္ဓာကြီးကို ခင်တွယ်တဲ့ တဏှာလောဘက မချုပ်တာနဲ့ပဲတဲ့။ ဒကာ၊ ဒကာမတို့ တဏှာကနေပြီး ငရဲအိုးကိုဖန်တီးနေတယ်။ (မှန်လှပါ ဘုရား)။

ဒိဋ္ဌိကနေပြီး ငရဲအိုးဖန်တီးနေတာ (မှန်လှပါ ဘုရား)၊ ဒါကြောင့် ခင်ဗျားတို့ကတော့ တရားနာလျက် ဒုက္ခ ကမချုပ်တော့ကို နောက်တဏှာက ကျန်မနေဘူးလား (ကျန်နေပါတယ် ဘုရား)။

နောက်တဏှာ ကျန်တော့ တဏှာက ဘယ်ခန္ဓာလုပ် ရပါမလဲဆိုပြီး အချိုးကျသူကစီမံနေတယ် (မှန်လှပါ ဘုရား)၊ အချိုးကျစီမံပြီးသကာလ နေတော့ တဏှာက ငရဲသွားတဲ့ တဏှာလဲရှိတယ်၊ သုဂတိသွားတဲ့တဏှာလဲရှိ တယ် (မှန်လှပါ ဘုရား)။

အဲဒီကဲ့သို့ တဏှာကအမျိုးမျိုး အဖုံဖုံ စုတိစီမံလိုက် ငရဲအိုးတွေ စီမံလိုက်ဆိုတာ တဏှာ မချုပ်လို့ဖြစ်ရတာ (မှန်ပါ ဘုရား)၊ ဒိဋ္ဌိမချုပ်လို့ (ဖြစ်ရတာပါ ဘုရား)။

ဝိစိကိစ္ဆာ မချုပ်လို့ (ဖြစ်ရတာပါ ဘုရား)၊ အခု တော့ဖြင့်ဒကာ၊ ဒကာမတွေ စောင့်ကြည့် ဖြစ်ပျက်မြင်ရင် ယထာဘူတဉာဏ်၊ ဖြစ်ပျက် မုန်းရင် (နိဗ္ဗန္ဒဉာဏ်ပါ ဘုရား)။။

ဖြစ်ပျက်တွေများ ရှုရင်းမတ္တနဲ့ ဖြစ်ဒုက္ခ ပျက်ဒုက္ခမှ တပါးဘာမှ မရှိဘူးလို့၊ လိုချင်စရာ ရချင်စရာ ဘာမှမရှိဘူး လို့ခန္ဓာကို ဆုံးဖြတ်ချက် ချလို့ရှိရင်လဲ အဲဒါ ဒုက္ခသစ္စာ ပိုင်းခြားသိတာပဲ (မှန်လှပါ ဘုရား)။။

ထိုကဲ့သို့ပိုင်းခြားသိလိုက်တဲ့ အခါကျလို့ရှိရင် ဒုက္ခ တွေဒကာကြွယ် ဘာဖြစ်သွားသလဲ (ချုပ်သွားပါတယ် ဘုရား)၊ ဒုက္ခတွေဆုံးသွားတယ် (မှန်လှပါ ဘုရား)။

ဒုက္ခဆုံးတာ ဘာခေါ်ကြမယ်(နိဗ္ဗာန်ပါ ဘုရား)၊ ဆုံးပေါ့လို့သိတာက (မဂ်ဉာဏ်ပါ ဘုရား)။

နိဗ္ဗာန်သည် ခန္ဓာအဆုံးမှာ ရှိတယ်

ဪ ဒါဖြင့်ဘုန်းကြီးတို့ဒကာ ဒကာမတွေ နိဗ္ဗာန်သည် ခန္ဓာအဆုံး ရှိတယ်ဆိုတာ ယနေ့ တစ်ထစ်ချမှတ် ဖို့ (မှန်ပါ့ ဘုရား)။

နိဗ္ဗာန်သည် အထက်မှာရှိသလား၊ အောက်မှာရှိ သလား၊ ဘေးမှာရှိသလားလို့မေးရင် ဘယ့်နှယ်ဖြေကြမလဲ (ခန္ဓာအဆုံးမှာ ရှိပါတယ် ဘုရား)။

ငရဲမီးငြိမ်း၍ ငရဲအိုးသိမ်းပါတယ်

အဲ ခန္ဓာဆိုတာ ဖြစ်ပျက်ပဲ (မှန်လှပါ ဘုရား) အဲဒီဖြစ်ပျက် အဆုံးမှာ နိဗ္ဗာန်ရှိတယ်ဆိုတာ ယနေ့ညကစပြီး ဘုန်းကြီးတို့ဒကာ ဒကာမတွေ ကြိုးစားလို့ရှိရင်ဖြင့်တဲ့ အပါယ်လေးပါး တံခါးတွေတင် မဟုတ်ပါဘူး၊ ငရဲမီးငြိမ်း၍ ငရဲအိုး သိမ်းပါတယ်ဆိုတာကို ကိုယ့်ဉာဏ်က မဂ်ဉာဏ်ကနေ သိမ်း လိုက်တယ်လို့ ဆုံးဖြတ်ချက်ချလိုက် (မှန်လှပါ ဘုရား)။

ဘယ်သူက သိမ်းတာပါမ့် (မဂ်ဉာဏ်က သိမ်းကာပါ ဘုရား)၊ ဒကာကြွယ် ရှင်းပြီလား (ရှင်းပါပြီ ဘုရား)၊ သဘောပါပလား (ပါပါတယ် ဘုရား)။ ဒါက အလုပ်စဉ်ကလေး ရှေ့ပိုင်းက ပြတာပါ။

သိကြားမင်း သောတာပန်တည်တဲ့ တရား

ဟောရမယ့်တရားက ဒကာ၊ ဒကာမတွေ သေသေချာချာ မှတ်ပါ။ သိကြားမင်း သောတာပန်တည်တဲ့ တရားကိုဟောလိမ့်မယ် (မှန်လှပါ ဘုရား) သိကြားမင်းဘယ်လိုရှုလို့ သောတာပန် တည်သွား တယ် ဆိုတဲ့ဥစ္စာ၊ အပါယ်လေးပါး တံခါးပိတ်သွားတယ်ဆိုတဲ့ဥစ္စာ၊ ဒကာကြွယ်တို့၊ ဒကာသစ်တို့၊ ဦးလှဘူးတို့ အားလုံးသိရမယ်နော်–

သို့သော်လဲ အစီအစဉ်လေးနဲ့တကွ၊ ဒကာ၊ ဒကာမတို့တတွေ သိရရင် ပိုပြီးကောင်းတဲ့ အတွက် သိကြားသည် ဘုရား မဖြစ်ခင်က ဖြစ်တဲ့သိကြားလို့ မှတ်ထား၊ ဘုရား မဖြစ်ခင်ကဖြစ်တဲ့ သိကြားဆိုတော့ သူ့မှာ သံသယတွေက တစ်ပုံကြီးပဲ၊ ဝိစိကိစ္ဆာတွေ တစ်ပုံကြီးပဲ ဖြစ်ပြီးနေတဲ့ အတွက် မေးစရာတွေက ကောင်းကင်ပျံနိုင်တဲ့ ရသေ့တွေလဲရှိပါတယ်၊

သမထသမားတွေ အကုန်ရှိပါတယ်တဲ့။ သူလျှောက်မေးလို့ရှိရင်၊ ဝိစိကိစ္ဆာ၊ သံသယတွေ ဖြေပျောက်နိုင်တဲ့ ပုဂ္ဂိုလ်၊ တစ်ဦးတစ်ယောက်မှ မရှိဘူး။

ဒါနဲ့ ဘုရားပွင့်တယ်ဆိုတာနဲ့ ဘုရားကလဲ ဂူကြီးတစ်ခုထဲမှာ သီတင်းသုံးနေထိုင်တဲ့အခါ ဘုရားဆီ အရောင်အဝါနဲ့တကွ ဆင်းပြီး သကာလ လာလျှောက် ပါတယ်။

အရှင်ဘုရား၊ တပည့်တော် သာသနာတွင်း မကြုံခဲ့တဲ့ သိကြားဖြစ်ပါ တယ်။ အခုမှ အရှင်ဘုရားတည်း ဟူသော ပုဂ္ဂိုလ် ထူးထူးထည်ထည်၊ ပေါ်ပေါက်လာတာနဲ့ တပည့်တော် သံသယ ကလေး ဖြေရှင်းပေးပါဘုရားလို့ လျှောက်တဲ့အခါကြတော့၊ ဒကာကြီး မေးချင်ရာမေး ဖြေမယ်ဆိုတော့ ဘုရားဆိုတော့ ရဲတင်းဒါပေါ့ မေးချင်တာ မေးမယ် (မှန်ပါ့ ဘုရား)။

ဘုရားက ခွင့်ပြုပေးလိုက်တဲ့အခါကြတော့ သိကြားက လူတွေရော၊ နတ်တွေရော၊ ဗြဟ္မာတွေရောဘုရား။ ကိုယ့်ကိုယ် ကျန်းမာချင်လို့၊ ချမ်းသာချင်လို့ ကိုယ့်ကိုယ် မေတ္တာပို့လိုက်ကြတာလဲ မနည်းလှဘူး၊ မပို့ကြဘူးလား (ပို့ကြပါတယ် ဘုရား)။

‘‘အဟံ အဝေရော ဟောမိ’’ – အဗျာပဇ္ဇာဟောမိနဲ့ အဟံ အကျွန်ုပ်သည်၊ အဝေရာ ရန်မရှိသည်၊ ဟောမိ = ဖြစ်ရပါလို၏နဲ့ အဗျာပဇ္ဈာ ကြောင့်ကြမှုမရှိသည်၊ ဟောမိဖြစ်ရပါလို၏နဲ့ မပို့ကြဘူးလား (ပို့ကြပါတယ် ဘုရား)။

ဘေးမကင်းတာဘာကြောင့်လဲ

အဲဒီကဲ့သို့ ကိုယ့်ကိုယ်ကိုလဲ မေတ္တာပို့ကြပါတယ်ဘုရား၊ ကျန်းမာရေးတွေလဲ ဒီဓာတ်စာ၊ ဒီအစာမှစားမယ်၊ ဒီအစာမတည့်ဘူး၊ မစားဘူးဆိုပြီး ကျန်းမာရေးတွေလဲ ရှောင်ကြပါတယ်၊ မကျန်းမာမယ့် အစားအစာတွေလဲ ရှောင်ကြပါတယ်၊ ထိုကဲ့သို့ ကိုယ့်ကိုယ်မေတ္တာပို့၊ ကျန်းမာရေးတွေ လိုက်စားပြီး သကာလ နေငြားသော်လဲ ဘေးအတန်တန်၊ ရန်အထပ်ထပ်တွေ မကင်းဒါ၊ ဘာကြောင့်ပါလိမ့်မလဲ ဘုရား။

မေးခွန်း သိပ်ကောင်းတယ်၊ (ကောင်းပါတယ် ဘုရား) ကျန်းမာရေးတွေ လိုက်စားပါ လျက်သားနဲ့၊ ကိုယ့်ကိုယ်ကို မေတ္တာ တွေထူးခြားပြီး ပို့ပါလျက်သားနဲ့၊ သူတစ်ပါး ကျန်းမာပါစေ ဆိုတာ ပို့ပါလျက်သားနဲ့ကိုယ့်မှာ သူများက မျက်စောင်းထိုး၊ ဟိုက ကဲ့ရဲ၊ ဒီကအတင်းဆို၊ ဟိုကနေပြီး အရောင်းအဝယ် ငွေအားနဲ့ဖိလိုက်၊ အမျိုးမျိုးအဖုံဖုံ အန္တရာယ်တွေရန်က ဒကာကြွယ် မတွေ့ကြရဘူးလား (တွေ့ကြရပါတယ် ဘုရား)။

အဲဒါ အန္တရာယ်မကင်း၊ ဘေးမကင်းရှိပြီး သကာလ နေတာပြောပါ တယ် ဘုရား၊ တပည့်တော်ဖြင့် ဘုရားမပွင့်မှီက ဖြစ်တဲ့ သိကြားဖြစ်နေ သောကြောင့် ပြေလည်အောင်လဲ ဘယ်ပုဂ္ဂိုလ်မှ မဖြေကြပါဘူး၊ ဒါတပည့်တော်ဖြင့် အရှင်းကြီးရှင်းပြီး၊ အလင်းကြီး လင်းချင်ပါတယ် ဆိုတဲ့အကြောင်း ဒကာကြွယ် မလျှောက်ဘူးလား (လျှောက်ပါတယ် ဘုရား)။

ဒကာကြီး သေသေချာချာမှတ်၊ ဘုရားက သေသေချာချာ မှတ်ပါတဲ့၊ ဒကာကြီး သဏ္ဍာန်မှာ ဣဿာ၊ မစ္ဆရိယရှိလို့၊ ဘယ်လိုပင် မေတ္တာပို့၊ ဘယ်လိုပင် ကျန်းမာရေး လိုက်စားငြား သော်လဲ၊ အန္တရာယ် မကင်း၊ ဘေးမရှင်းဘူး၊ (မှန်လှပါ ဘုရား) ဘာရှိနေလို့လဲ (ဣဿာ၊ မစ္ဆရိယ ရှိနေလို့ပါ ဘုရား)။

ဣဿာ၊ မစ္ဆရိယ

ကိုင်း ဒကာ၊ ဒကာမတို့ လက်သယ်တွေ့ပြီ၊ (တွေ့ပါပြီ ဘုရား) ဒကာကြွယ် လက်သယ် (တွေ့ပါပြီ ဘုရား) အားလုံးတရားနာတဲ့ ပုဂ္ဂိုလ်တွေ၊ အန္တရာယ်မကင်း ဘေးမရှင်းတဲ့ လက်သယ် တွေ့ ကြပြီလား၊ ဘာပါလိမ့်မလဲ (ဣဿာ၊ မစ္ဆရိယပါ ဘုရား)။

အဲဒီဣဿာနဲ့ မစ္ဆရိယကို မဂ်လေးပါးရှိတဲ့ အနက်က တစ်ပါးပါးကို ကိုယ်ထိုက်တန် သလောက် အားထုတ်ပါ။ အလုံးဝနေတဲ့ သရက်သီးကို အပေါ်ရံက တစ်ထပ်လှီးလို့ရှိရင် သုံးထပ် ကျန်မှာပေါ့။ (မှန်လှပါ ဘုရား) နောက်နှစ်ထပ်လှီး၊ နောက်သုံးထပ်လှီး၊ လေးထပ် လှီးတော့၊ သရက်သီး အသားတွေ ကုန်သွားပေဘူးလား (ကုန်သွား ပါတယ် ဘုရား)။

ဒီလိုပဲတဲ့၊ ပထမမဂ်နဲ့ သူနဲ့ဆိုင်ရာတွေ လှီးရမယ် (မှန်ပါ့) လှီးလို့ရှိရင် သူနဲ့ဆိုင်တဲ့ အန္တရာယ်တွေ မကင်းပေဘူးလား (ကင်းပါ တယ် ဘုရား) အဲဒီတော့ ဒကာ၊ ဒကာမတွေ အန္တရာယ်ကင်းလို့ ဘေးရှင်းချင်ရင်၊ ဣဿာမစ္ဆရိယ ပါးအောင် နည်းအောင် လုပ်ရလိမ့်မယ် (မှန်လှပါ ဘုရား)။

ကဲ-သိကြားက အန္တရာယ်မကင်း၊ ဘေးမရှင်တာ၊ ဘာ ကြောင့်တုံးလို့ မေးတော့၊ သိကြားက မေးတော့၊ ဘုရားက ဘယ်လို ဖြေလိုက်ပါလိမ့်၊ (ဣဿာ မစ္ဆရိယ ကြောင့်ပါ ဘုရား)

ဣဿာတွေ၊ မစ္ဆရိယတွေရှိနေလို့ အန္တရာယ်မကင်း၊ ဘေးမရှင်းဘူးဆိုတာ ဘုရားက အဖြေထုတ်လိုက်တယ်၊ ဒကာကြွယ်သဘောကျပလား (ကျပါတယ် ဘုရား)။

ကိုင်းဒါဖြင့် ဘုန်းကြီးကလဲ ရှင်းပြပါမယ်တဲ့၊ ဒကာ၊ ဒကာမတို့ ဣဿာဆိုတာ၊ သူတစ်ပါးကို ငြူစူတာ၊ (မှန်ပါ့) မစ္ဆရိယဆိုတာ၊ ကိုယ့်ပစ္စည်းကို လျှို့ဝှက်တာ၊ ဣဿ ဆိုတာ ဘာပါလိမ့်၊ (သူတစ်ပါး ကိုငြူစူတာ)၊

ဥပမာ၊ ဒကာကြွယ်ရ ဘန်ကောက် ရောင်းတယ်ဆိုကြပါစို့၊ သူများက အပြိုင်ပေါ်လာလို့ ရောင်းလို့ရှိရင် အဲကွာ ဈေးဖျက်တယ်ဟေ့ – မလာဘူးလား (လာပါတယ် ဘုရား)။

ဒါဘယ်လိုဆိုကြမလဲ၊ ဣဿပေါ့ဗျာ၊ နဲနဲမငြူစူမိဘူးလား၊ (ငြူစူပါတယ် ဘုရား) အဲဒီတော့ ဟို ကငွေမတောင့်တော့၊ သူဟာဖြုတ်ပစ်ရရှာတယ် (မှန်လှပါ) ကွာ – ဒီလိုလူတွေကြောင့် ခက်ဒါဘဲဟေ့၊ ဒီအသံကလေးများမထွက်ဖူးဘူးလား၊ (ထွက်ဖူး ပါတယ်) ဒါဘာသံပါလိမ့်ဗျာ (ဣဿပါ ဘုရား)

ဪ ဒါဖြင့် ဒကာကြွယ် အန္တရာယ်မကင်းနိုင်ဘူး၊ ကင်းပါ့မလား၊ (မကင်းပါ)။

ညမေတ္တာပို့၊ ကိုယ့်ကိုယ်တော့ မပို့ဘူးလား (ပို့ပါတယ်) ပို့လျက်သားနဲ့ ဘာကြောင့် ဒကာကြွယ်ရေ – သူတစ်ပါး ငြူစူမှု၊ စောင်းမြောင်းမှု၊ ချုပ်ချယ်မှု ခံကြရပါလိမ့်မတုံး မေးလို့ ရှိယင်၊ အဖြေဘယ်နဲ့ ဖြေမလဲ၊ (ဣဿရှိလို့ပါ ဘုရား) ရှင်းကြပလား၊ ဒါဖြင့် ဣဿရှိနေတဲ့ပုဂ္ဂိုလ် အန္တရာယ် ကင်းလို့ဘေးရှင်းဘို့အကြောင်းရှိ နိုင်ရဲ့လား (မရှိနိုင်ပါ ဘုရား)။

ကာလိကလား၊ အကာလိကလား

ဒါပေမယ့် ဘုန်းကြီးက ဒကာ ဒကာမတွေ သတိပေးချင် ပါတယ် (မှန်လှ ပါ) “ကာလိကလား၊ အကာလိကလား” လို့ မေးခွန်း လေးထုတ်ချင်ပါတယ် (မှန်လှပါ)

အကာလိကော = အခါမလင့် အကျိုးပေး၏၊ ဘုရားက မလာဘူးလား (လာပါတယ်) ဟော အခုငြူစူလိုက်၊ ဒကာကြွယ်၊ အဲဒီပုဂ္ဂိုလ် မျက်စောင်းထိုးလိုက်၊ ကိုယ့်ပစ္စည်းကိုယ်ရောင်းတာ၊ ဒီအဘိုးကြီးက ဘာဆိုင်တာမှတ်လို့ကွာ၊ ဆိုတာ၊ ချက်ချင်း ဟိုကပြန်အော်တယ် (မှန်လှပါ ဘုရား) မအော် ဘူးလား၊ အော်သလား (အော်ပါတယ် ဘုရား)။

ဒါဖြင့် သူကာလိကလား၊ အကာလိကလား (အကာလိက ပါ ဘုရား)

ကိုင်း ဒါဖြင့် မေတ္တာတွေပို့ပင်ပို့ငြား သော်လဲ၊ ဣဿက ဝင်ပြီးသကာလ၊ ကိုယ်က ဣဿ ရှိမိတဲ့အတွက် ဟိုက အကာလိက ဆိုပြီး၊ အခါမလင့်အကျိုးပေးတယ်၊ ငါ့ပစ္စည်း ငါရောင်းတာ ဘာဖြစ် သလဲကွ၊ ငါမွဲတာ သူမွဲတာမှတ်လို့၊ ငါအပူ၊ သူ့အပူ မဟုတ်ပါဘူးကွ၊ မပြောတောင် ဝမ်းထဲက ဒီအတိုင်းမရှိပေဘူးလား (ရှိပါတယ်) ရှိတော့ သူ့ငြူစူမှုဟာ၊ ကိုယ့်ဆီမခံရဘူးလား (ခံရပါတယ် ဘုရား) ဒါဘယ်သူ ကြောင့်ပါလိမ့် (ဣဿကြောင့်ပါ ဘုရား)။

ဝိပဿနာဉာဏ်ထဲ သွင်းကြပါစို့

ဒါကြောင့် ဒကာဒကာမတို့၊ ဣဿပေါ်လာလို့ ရှိရင် ဣဿကို ဝိပဿနာဉာဏ်ထဲ သွင်းကြပါစို့ – (မှန်လှပါ) ဣဿ ဘယ်အထဲသွင်းရမယ် (ဝိပဿနာဉာဏ်ထဲသွင်းရမယ်) ဝိပဿနာ ဉာဏ်ထဲသွင်းရလိမ့်မယ် ဒကာ၊ ဒကာမတို့ (မှန်လှပါ)။

ဣဿာ ဘယ်ကလာသတုံး

ဣဿ ဘယ်ကလာသတုံးဆိုတော့ အလိုမကျမှုကလာတယ် (မှန်လှပါ) ဣဿဘယ်က လာသတုံး (အလိုမကျမှုကလာတယ်)

အလိုမကျမှုဟာက၊ ဒေါသ မဟုတ်လား (မှန်လှပါ) ဒါကြောင့် ဒေါသကလေးကို ဒကာကြွယ်က ဖြစ်ပျက်ရှု၊ (မှန်လှပါ) ဒကာသစ် တို့ကကော (ဖြစ်ပျက်ရှုရပါမယ်) ဖြစ်ပျက်ရှု လိုက်တဲ့ အခါကျတော့ ဒေါသကဖြစ်ပျက်၊ ရှုတာက မဂ်ဆိုတော့၊ ဒကာဒကာမတို့၊ ဒေါသဟာ ဒေါသတွင်ရပ်ပြီးသကာလ၊ ဣဿာ၊ မစ္ဆရိယတွေဘက် လှည့်သေး ရဲ့ လား (မလှည့်ပါ ဘုရား) ဘာဖြစ်လို့လဲဆိုတော့ သူက အနိစ္စ ရောက်သွားတယ် (မှန်လှပါ)။

ဒါဖြင့် ကျုပ်တို့သည် နဂိုလ်က သူဘေးအန္တရာယ်ပေးမလို့ လာ၊ ကျုပ်တို့ကိုဖြင့် မဂ်ပေး သွားတယ် ဆိုရင် လွဲပါ့မလား (မလွဲပါ ဘုရား) ဒါဖြင့် သုံးတတ်ရင်ဆေး၊ မသုံးတတ်ရင်ဘေး ဆိုတာ၊ ဒီနေရာမှာ သုံးတတ်တာကြောင့်မို့ (မှန်လှပါ ဘုရား)။

ဒေါသမီး ကလေးပေါ်လာရင် ဘာလုပ်ရမယ် (ဖြစ်ပျက်ရှုရ ပါမယ်) ဒေါသမီးက ဖြစ်ပျက်၊ ရှုတာက (မဂ်) မဂ်ဖြစ်သွားတဲ့အခါ ကြတော့၊ ဒကာ ဒကာမတွေ ဒီဣဿ ကလေးက ဒေါသဣဿ ကလေးက၊ အပါယ်ချနိုင်သေးရဲ့ လား (မချနိုင်ပါ ဘုရား)။

ဪ ဒါဖြင့် မကောင်းတဲ့တရားပေးမယ့်၊ ကျုပ်တို့က ဉာဏ်နဲ့အုပ်ပြီး ဖြစ်ပျက်ရှုလိုက်တဲ့ အခါကြတော့၊ မဂ်ဉာဏ်ပေးတယ် ဆိုဒါ ဒကာကြွယ်တို့ ဒကာသစ်တို့ ကျေကျေနပ်နပ် သဘော ကျရမယ် (ကျပါတယ် ဘုရား)။

ဒါကြောင့် ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ‘‘သဒေါသစိတ္တံ့၊ သဒေါသစိတ္တန္တိ ပဇာနာတိ၊’’ – သဒေါသစိတ္တံ ဣဿဆိုတဲ့ ဒေါသနှင့် တကွဖြစ်တဲ့စိတ်ကို၊ သဒေါသစိတ္တန္တိ ဖြစ်ပျက်တဲ့ တရားဟူ၍၊ ပဇာနာတိ မင်းတို့သည်ကား ရှုဖြစ်အောင် ရှုပါကွ (မှန်လှပါ) မဟောဘူးလား (ဟောပါတယ် ဘုရား) တယ်လဲ သတိ ထားတယ်ဆိုတာကော ပေါ်ကြပလား (ပေါ်ပါတယ် ဘုရား)။

ငါမျက်မုန်းကျိုးသကွာ၊ ဟ – ဖြစ်ပျက်ပါလား၊ ဆိုပြီး နှလုံးပိုက်မိဖို့ဟာ အတော် ခက်တယ်နော်၊ (ခက်ပါတယ် ဘုရား) ဒါကို မိအောင်ဖမ်းရလိမ့်မယ်နော်၊ (မှန်ပါ) ဒကာသစ်တို့ ဘာလုပ်ရမယ် (မိအောင်ဖမ်းရမယ်) မိအောင်ဖမ်းရလိမ့်မယ်နော် (မှန်လှပါ)။

ဣဿက ဖြစ်ပျက်၊ ရှုတာက မဂ်

အင်း ဒါဖြင့် ဣဿက ဖြစ်ပျက်၊ ရှုတာက (မဂ်ပါ ဘုရား) မဂ်ဆိုတော့ ဒကာဒကာမတို့ ဣဿက၊ ဒေါသ၊ ဒေါသနောက်က မဂ်ကနေပြီး ဖြတ်လိုက်တယ်။ မဖြတ်ရင် ဒေါသနောက်က၊ သောက လာပြီး သကာလ ဒီအတိုင်းဆို ခက်သေးသကွာဆိုပြီး စိုးရိမ်စရာ မလာဘူးလား (လာပါတယ်)။

ပရိဝေဒ ဆိုဒါ၊ ငါ့သား၊ ငါ့ သမီး၊ ငါ့ငွေဝင်မမှန်ရင် ခက်ရချိသေးရဲ့ဆိုတဲ့ မျက်ရည် ကလေးတွေရော မလာဘူးလား (လာပါတယ်) ဒုက္ခဆိုတဲ့၊ ကိုယ်၏ဆင်းရဲခြင်း၊ အိပ်မပျော် တာတွေကော မလာဘူးလား (လာပါတယ်) စိတ်၏ဆင်းရဲခြင်း တောင်တွေး၊ မြောက်တွေး တွေးတာတွေရော (လာပါတယ် ဘုရား) ဥပယာသ ကောမလာဘူးလား (လာပါတယ်)။

အဲဒါဖြစ်ပျက်နဲ့မဂ်ကို ဒကာဒကာမတွေ မရှုလိုက်လို့ (မှန်ပါ့) ဒါဖြင့် ဒေါသ၊ ဣဿလေး လာရင် ဘာလုပ်ကြမယ် (ဖြစ်ပျက်ရှုရ ပါမယ်) ဖြစ်ပျက်ရှုလိုက်လို့ရှိရင်၊ သောက၊ ပရိဒေဝ၊ ဒုက္ခ၊ ဒေါမနဿ၊ ဥပယာသ၊ အဝိဇ္ဇာဆိုတဲ့ ပဋိစ္စသမုပ္ပာဒ်၊ အနာဂတ်အကြောင်းတွေ၊ ဘာဖြစ်သွားသလဲ (ချုပ်သွားပါတယ်) ချုပ်သွားပါတယ်ဆိုတာ သေချာပြီလား (သေချာပါတယ်)။

ဒါဖြင့် ဒကာ၊ ဒကာမတွေကျ ကိုယ်အပါယ်ကျမှာတော့ ကြောက်တယ်ဆိုတော့ ဖြစ်ပျက်တော့ မရှုဘူးဆိုရင် အပါယ်ကျကြောင်းတွေက တန်းသွားပါတယ်၊ (မှန်လှပါ ဘုရား) တန်းသွားတော့ ကယ်မယ့်လူ၊ ယူမယ့်လူ၊ ရှိသေးရဲ့လား (မရှိပါ ဘုရား)။

ဒါဖြင့် ဘုရားသခင်ကိုယ်တော်မြတ်ကြီးကလဲ သဒေါသစိတ္တံ့၊ သဒေါသ စိတ္တန္တိပဇာနာတိ၊ ဆိုဒါ ဒေါသစိတ် ဖြစ်ပျက်ရှုလိုက်၊ ဒေါသနုလေး၊ ဖြစ်ပျက်ရှုလိုက်ရင်၊ ဣဿတို့ မစ္ဆရိယတို့ဟာ ရောချုပ်တယ် ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ လုပ် ဖြစ်အောင်လုပ်ပါ ဆိုဒါ၊ အန္တရာယ်လဲ ကင်းစေချင်တယ်၊ နိဗ္ဗာန် လဲရောက်စေချင်လို့ အရှုခိုင်းပါတယ် (မှန်လှပါ ဘုရား)။

နောက်က ဒကာ ဒကာမတွေ အန္တရာယ်ကော (ကင်းချင် ပါတယ်) မကင်းချင်ဘူးလား (ကင်းချင်ပါတယ်) နိဗ္ဗာန်ကော (ရောက်ချင်ပါတယ်) ဒါဖြင့် ဣဿလာတိုင်း လာတိုင်း ဘာလုပ်ရမလဲ (ဖြစ်ပျက်ရှုရပါမယ်)။

အကြံတူ၊ ရန်သူဆိုတာ

ဒါဖြင့် အကြံတူ၊ ရန်သူဖြစ်နေကြတာ၊ ဘယ်သူ့သတ္တိ ထင်ကြသလဲ (ဣဿရဲ့ သတ္တိပါ ဘုရား)၊ ကုန်တူရင် ရန်သူဆိုတာကော (ဣဿပါ ဘုရား) ရောင်းကွက်တူ ရန်သူဆိုတာကော (ဣဿ ပါ ဘုရား)။

ဟာ-ဒကာကြွယ်၊ အားလုံးသော အရောင်းအဝယ်သမားတွေ သေလို့ရှိရင်ဖြင့် အပါယ်သွား ကြတယ်၊ လက်သည်းပေါ် တင်တဲ့ မြေမှုန့်လောက်သာ သုဂတိသွားတာရှိတယ်ကွ၊ ကျန်တာတွေ မြေမှုန့်နဲ့အမျှ၊ လူတွေအကုန် အပါယ်သွားတယ်ဆိုတာ၊ အယုံကြီး ယုံပြီလား (ယုံပါပြီ ဘုရား) ဒီနေရာ အသိထားဖို့ပဲလို့ ဘုန်းကြီးက သတိပေးလိုက်ပါတယ် (မှန်ပါ့ ဘုရား) ဒီနေရာ အမှန် သတိမထားဘူး လားဟေ့ (ထားပါတယ် ဘုရား)။

ဒါဖြင့် ဣဿ လာတိုင်းလာတိုင်း၊ ငြူစူမယ်၊ ကြံတိုင်းကြံတိုင်း ဘာလုပ်ရမလဲ၊ (ဖြစ်ပျက်ရှု ရပါမယ် ဘုရား) ဖြစ်ပျက်ရှုပေးပါ။ ဖြစ်ပျက်ရှုလို့ရှိရင် ဣဿဒေါသဘဲနော် (မှန်ပါ့) သောက၊ ပရိဒေဝ၊ ဒုက္ခ၊ ဒေါမနဿ၊ ဥပဃာသ၊ အဝိဇ္ဇာတွေ ဘာဖြစ်သွားပါလိမ့်၊ (ချုပ်သွားပါတယ်) ဪ ချုပ်သွားတော့ သူ့ကြောင့် သံသရာ စခန်းသတ်ရတယ် ဆိုရင်လွဲပါ့မလား (မလွဲပါ ဘုရား)။

ဒါကြောင့် ဒကာ ဒကာမတို့ကို ဘုန်းကြီးက ဆုံးမတယ်၊ (၁) နံပါတ် တရားကို အမြဲ နှလုံးသွင်း နေရင် ဣဿဆိုတဲ့တရားဝင်ခွင့် ရပါ့မလား (မရပါ ဘုရား) ဒါကြောင့် ဣဿလာရင် ဣဿ ဖြစ်ပျက်ရှု၊ ဣဿမလာရင်ရှိရင်းစွဲ ဝိပဿနာတွေကို လက်မလွတ်စေနဲ့ (မှန်လှပါ ဘုရား) သဘောပါပြီလား (ပါ ပါပြီ ဘုရား)။

မစ္ဆရိယ ဆိုတာ

ကောင်းပြီ ဒါဖြင့် မစ္ဆရိယ ဆိုတာက၊ ဒကာကြွယ်တို့ မနေ့ကလဲ ပြောခဲ့ပါတယ်၊ မစ္ဆရိယ ဆိုတာက ဒီကုန်ကလေး၊ ဈေးတက်မယ် ထင်လို့ ရှိရင်၊ ဝှက်ပြီဗျ၊ (မှန်လှပါ ဘုရား)၊ ဒီကုန်လေး ဈေးတက်မယ် ထင်ရင် (ဝှက်ပြီ)

ဘယ်နှယ့်ကြောင့် ဝှက်တာလဲ ဆိုလို့ရှိရင်၊ လူနိုင်ယူသွား မှာစိုးလို့ (မှန်လှပါ ဘုရား) ဘယ်လိုကြောင့်ပါလိမ့် (လူနိုင်ယူသွား မှာစိုးလို့ပါ) သူပေးချင်တဲ့သဘောလား၊ မပေးချင်တဲ့ သဘောလား (မပေးချင်တဲ့သဘောပါ) မပေးချင်ရင် မစ္ဆရိယပေါ့ ဒကာကြွယ်ရ (မှန်လှပါ) ဒကာသစ်ဘာဆိုကြမယ် (မစ္ဆရိယပါ) သဘောကျပလား (ကျပါပြီ)။

ကိုင်း ဒါဖြင့် မစ္ဆရိယဆိုတာ လူနိုင်ကိုလာပြီး အတင်းအဓမ္မ ဆွဲကာ ငင်မှာစိုးလို့၊ အဝေးကြီး ထားပြီး၊ အဝတ်နဲ့ ဖုံးဝှက်လိုဝှက်၊ ဘီဒိုထဲမှာ၊ အထုတ်နဲ့ဝှက်လိုဝှက်၊ ဒါတွေဟာ ဘယ်သဘော တွေ ထင်ကြသလဲ (မစ္ဆရိယသဘောပါ) မစ္ဆရိယသဘောတွေ။

ကွာ – မစ္ဆရိယများ ခင်ဗျားတို့က ကျေးဇူးတင်လိုက်သေး တယ်၊ တနေ့က လူနိုင် လာတယ်ကွ၊ ဒါကလေး ဝှက်မိလို့ ဒီနေ့ဒီဈေး ကလေးကမြင့်လာလို့၊ ဒါကလေးစားရတယ်ဆိုတာ၊ မစ္ဆရိယက ကျွေးတယ်လို့ထင်နေတယ် (မှန်ပါ့)။

စင်စစ်တော့ မစ္ဆရိယက ရန်သူခေါ်တာ၊ (မှန်ပါ့) ဟိုပုဂ္ဂိုလ်က ငါသွားတဲ့ အခါကြတော့ ဒီအခြေအနေ သေတ္တာထဲမှာ မြင်ခဲ့သား၊ အပြောအဆို ခက်လို့သာ ပြန်ခဲ့ရတယ်၊ ငါတော့ ဖောက်သယ် ပျက်အောင် လုပ်ပြီကွ၊ ငါမကျေဘူးကွနော်ဆိုတဲ့ ရန်သူဟာပေါ် မလာဘလား (ပေါ်လာပါတယ် ဘုရား)။

ဘယ်သူ့ကြောင့် ရန်သူပေါ်လာသလဲ

ဒါဘယ်သူ့ကြောင့် ရန်သူပေါ်လာသလဲ (မစ္ဆရိယကြောင့် ပါ ဘုရား) အဲဒါဖြင့် ဒကာ၊ ဒကာမတို့ ဘုရားသခင် ကိုယ်တော်မြတ် ကြီးက ဟောလိုက်တာက ကိုယ့်ကိုယ်မေတ္တာလဲပို့ပါရဲ့၊ ကျန်းမာရေး လဲလိုက်စားပါရဲ့၊ ဘယ့်နှယ်ကြောင့် အန္တရာယ်မကင်း၊ ဘေးမရှင်း ဖြစ်ရပါလိမ့်မလဲလို့၊ သိကြားကမေးတော့၊ ဘုရားက ဘယ့်နှယ်ဖြေ လိုက်သလဲ (ဣဿာ၊ မစ္ဆရိယကြောင့်ပါ ဘုရား)။

ဒါဖြင့် ဘုန်းကြီးတို့ ဒကာ၊ ဒကာမတွေ ယနေ့ကစပြီး သကာလ ဤတရားနှစ်ခုလာတိုင်း လာတိုင်းတဲ့ ဣဿလာလဲ ဖြစ်ပျက်ရှု၊ မစ္ဆရိယဆိုဒါလဲ ဝန်တိုတဲ့ သဘော၊ အဲဒါလာလဲ (ဖြစ်ပျက်ရှု)။

မစ္ဆရိယက ကိုယ့်စည်းစိမ်လျှို့ဝှက်တာ (မှန်ပါ့) လျှို့ဝှက်တော့ ကိုယ့်စည်းစိမ် မပေးချင် တာပဲ၊ လောဘက သိမ်းဆည်းတာ (မှန်ပါ့)။

ဒါဖြင့် ဣဿလာတော့ ဒေါသ၊ မစ္ဆရိယလာတော့ လောက (မှန်ပါ့) ဒါဖြင့် လောဘလာလဲ ဘာလုပ်ရမယ် (ဖြစ်ပျက်ရှုရမယ်) ဒေါသလာလဲ (ဖြစ်ပျက် ရှုရပါမယ်) ဖြစ်ပျက်သာရှုပေးပါ၊ ဒကာ ဒကာမတို့ နေရာကျပါလိမ့်မယ်ဆိုတာ သဘောပါပလား (ပါ ပါပြီ ဘုရား) ကိုင်း ဒကာကြွယ် ကျေနပ်ပလား (ကျေနပ်ပါပြီ) ဒါရှေ့က မနာရသေးတဲ့ ပုဂ္ဂိုလ်များအတွက် ဟောပါတယ် (မှန်လှပါ ဘုရား)။

တချို့ဒကာကြွယ်ရေ ဒကာသစ်တို့ အိမ်ကိုတောင်လာပြီး မီးရှို့တယ်၊ (မှန်ပါ့) ဒါလောက် ဣဿ၊ မစ္ဆရိယများဒါကွာ၊ ငါလူမိုက် ပိုက်ဆံပေးပြီး ခိုင်းလိုက်အုံးမယ် (မှန်ပါ့) ဣဿ၊ မစ္ဆရိယ သဘောနဲ့ လူမိုက် ပိုက်ဆံပေးခိုင်းလို့၊ မီးရှို့ခံရတာ ဒါမျိုးမကြားဖူးဘူးလား (ကြားဘူးပါတယ်)။

အဲဒီတော့ အိမ်ရှင်က ဘယ်လိုပြောလိုက်သတုံးဆိုတော့ ကျုပ်တော့ ကံမကောင်း အကြောင်း မသင့်တော့ ခံရတာပဲ၊ အမယ် လေး ကံပေါ်ချတယ်၊ (မှန်လှပါ ဘုရား) ရှို့ဒါက ဘယ်သူက ရှို့ဒါပါ လိမ့် (ဣဿာ၊ မစ္ဆရိယကပါ ဘုရား)၊ ရှို့တာက ဣဿမစ္ဆရိယရှို့တာ၊ ဒကာကြွယ်တို့က ဘယ်အပေါ်လွှဲချပါလိမ့် (ကံပေါ်ချပါတယ်)။

ကံများခေချင်တော့ဗျာ၊ ကျုပ်တို့အိမ်မှာ မတရားသဖြင့် လာပြီး၊ မီးရှို့တယ်၊ မတရားသဖြင့် လာပြီး၊ အိမ်ဖျက်တာ၊ မတရား သဖြင့်လာပြီး အိမ်ပုလိပ် အရှာခိုင်းတယ်။

အင်း ဒကာ ဒကာမတွေ ကံခေလို့လား၊ ဣဿမစ္ဆရိယ ကြောင့်လား၊ (ဣဿမစ္ဆရိယ ကြောင့်ပါ ဘုရား)၊ အဲဒီမှာ ဘုန်းကြီးတို့ ဒကာ၊ ဒကာမတွေ အစွဲမလွဲစေပါနဲ့ (မှန်ပါ) ကံခေလို့လား၊ ဣဿ မစ္ဆရိယက အကာလိကောဆိုပြီး အခါမလင့် အကျိုးပေးတာလား (အခါမလင့် အကျိုးပေးတာပါ) သဘောပါကြပလား၊ (ပါ ပါတယ် ဘုရား)။

အခါမလင့် အကျိုးပေးတယ်

ဣဿာ မစ္ဆရိယအခါမလင့် အကျိုးပေးတယ်ဆိုတာ ဒကာ ဒကာမတွေ ရှင်းပြပါအုံးမယ်၊ ဇောခုနစ်ကြိမ် ဣဿဆိုတဲ့ ဒေါသောကလဲ (၇)ကြိမ် (မှန်ပါ့) မစ္ဆရိယဆိုတဲ့ လောဘဇောကလဲ (၇ ကြိမ်ပါ ဘုရား) ပထမဇောထဲပါတဲ့ စေတနာဟာ (၇) ရက်၊ (၇)လ၊ အတွင်းအကျိုးပေးရမယ် (မှန်လှပါ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား) ပထမဇောထဲပါတဲ့ စေတနာဟာ (၇ ရက်၊ ၇လအတွင်း အကျိုးပေးရမယ်)။

ဒါဖြင့် ဒကာဒကာမတို့ အကာလိကော မှန်၊ မမှန် (မှန်ပါတယ် ဘုရား) ဒါဖြင့် ကံမကောင်း အကြောင်းမသင့်လို့လားတဲ့၊ ဣဿမစ္ဆရိယ အကာလိကာလုပ်တာလား (ဣဿာ မစ္ဆရိယ အကာလိကော လုပ်တာပါ ဘုရား)။

အို – ဒီတစ်လုံးနားလည်ရတာကို ဒကာဒကာမတွေ သေပျော်ပြီလို့ မှတ်လိုက်စမ်းပါ (မှန်လှပါ ဘုရား)။

ကမ္မဝါဒီဒိဋ္ဌိ

ရှေးကကံပေါ်ချည်း ချနေတယ် (မှန်လှပါ) အခုတော့ ကံအလုပ်ဆိုမလား ဣဿ မစ္ဆရိယ အလုပ်ကများသလား (ဣဿ မစ္ဆရိယအလုပ်က များပါတယ် ဘုရား) ဒါဖြင့် ဒကာ ဒကာမတို့ မစွဲကောင်းတာ စွဲတဲ့အတွက် ကံမဟုတ်ပါပဲနဲ့၊ ကံအလုပ်ကို စွဲလိုက် တဲ့အတွက် ကမ္မဝါဒီဒိဋ္ဌိ (မှန်လှပါ ဘုရား) ဘယ်အထဲ ရောက်သလဲ (ကမ္မဝါဒိဋ္ဌိထဲ ရောက်ပါတယ် ဘုရား)။

ဒါဖြင့် ဒိဋ္ဌိဖြင့် အပါယ်လွတ်ပါ့မလား (မလွတ်ပါ ဘုရား) ကဲ ဘယ်လောက်ကြောက်စရာ ကောင်းသလဲ (ကြောက်စရာကောင်း ပါတယ် ဘုရား) ခင်ဗျားတို့အိမ်လဲ၊ မီးရှို့ခံရသေးတယ်၊ ဒိဋ္ဌိစွဲချက် မှားလို့လဲ အပါယ်ရောက်ရသေးတယ်၊ နာလိုက်တဲ့ဖြစ်ခြင်း၊ ဒကာ ကြွယ်ရေ (မှန်လှပါ) မနာဘူးလား (နာပါတယ်)။

ဣဿမစ္ဆရိယကြောင့် ရှေးဦးစွာ ဘာခံရတယ် (အိမ်မီးရှို့ ခံရတယ်) အိမ်မီးရှို့ခံရတာ၊ ကံပေါ်စွဲလိုက်သေးတယ်၊ ကံမကောင်းလို့ ဖြစ်ရလေခြင်းလို့ စွဲလိုက်တဲ့အတွက် ဘယ်ရောက် သွားသလဲ (ဒိဋ္ဌိ ဖြစ်သွားပါတယ်) ဒိဋ္ဌိဖြစ်သွားတော့၊ ဒိဋ္ဌိဆိုတာ အပါယ်လေးပါး သွားတဲ့နေရာ (မှန်ပါ့) သဘောကျပလား၊ (ကျပါတယ် ဘုရား) ဒါကြောင့် ကမ္မဝါဒီ ဒိဋ္ဌိ ကိုလည်း ယနေ့ပယ်လိုက်ပါတယ်။ ဘာပါယ်ပါလိမ့် (ကမ္မဝါဒီ ဒိဋ္ဌိကို ပါယ်ပါတယ်)။

မစ္ဆရိယဆိုဒါလောဘ၊ ကိုယ့်ပစ္စည်း လျှို့ဝှက်တာကိုးဗျ။ (မှန်ပါ့) ကိုယ်မှာလဲ၊ လက်ကောက် ကလေး ဝတ်ထားအုံးတော့၊ ဒကာ ဒကာမတွေ အင်္ကျီထဲ သွင်းလိုက်၊ မတော် မင်္ဂလာဆောင် ဝတ်ချင်လို့ ငှားရင် ခက်ချည်ရဲ့ (မှန်ပါ့) မငှားလဲ မကောင်းဘူး (မှန်ပါ့) တစ်ခါထဲ ဝှက်လိုက်တဲ့ အတွက် ကိုယ့်ဟာကိုယ်ဝှက်ပြီး သကာလ ဝှက်တာက မစ္ဆရိယ။

ဟိုတလောက ရှိပါလျက်သားနဲ့ အခုမမြင်ခဲ့ဘူး ကျုပ်ကို မငှားချင်လို့ သက်သက်ပဲ ဆိုပြီး သကာလ ဟိုကအန္တရာယ်တွေ မပြုချင်ပေဘူးလား (ပြုချင်ပါ တယ် ဘုရား) အဲဒါ ဘယ်သူ့ကြောင့် ဒီအန္တရာယ်တွေ ပေါ်လာပါလိမ့်လို့ ဒကာ၊ ဒကာမတွေက တွေးစမ်း (ဣဿ မစ္ဆရိယကြောင့်ပါ ဘုရား)။

ဒါဖြင့် အကာလိကော ဟုတ်၊ မဟုတ် (ဟုတ်ပါတယ် ဘုရား) ကံမကောင်းလို့ ဖြစ်ရ တာလား၊ မစ္ဆရိယကြောင့် ဖြစ်ရတာလား (မစ္ဆရိယကြောင့် ဖြစ်ရတာပါ ဘုရား) မစ္ဆရိယဆိုဒါ တရားကိုယ် ကောက်လိုက်တဲ့ အခါကြတော့၊ ဒကာ၊ ဒကာမ တို့ သူ့အပေါ် မကျေနပ်တဲ့ ဒေါသလဲပါတယ် (ပါပါတယ်) သူမပေးချင်တဲ့ လောဘ လဲ (ပါ ပါတယ်)၊ သဘောပါပလား (ပါ ပါပြီ ဘုရား)။

အဲဒါကြောင့် ဒကာ၊ ဒကာမတွေ ဣဿလာ ဘာလုပ်ကြမယ် (ဖြစ်ပျက်ရှု ရပါတယ်) သံသရာ မပြတ်ဘူးလား (ပြတ်ပါတယ်) မစ္ဆရိယ လာရင်ကော (ဖြစ်ပျက်ရှုရပါမယ် ဘုရား) သံသရာမပြတ် ဘူးလား (ပြတ်ပါတယ် ဘုရား)။

သံသရာပြတ်ချင်ရင်

အေး အဲဒီသံသရာပြတ်ချင်လို့ရှိရင်ဖြင့် ခင်ဗျားတို့ကို တရားတစ်လုံး အထူးပဲ ပြောလိုက် ပါမယ်၊ ရှုစရာမရှိဘူးလို့ ဒကာ ဒကာမတွေ တရားတစ်ပွဲလုံးက မဆိုလိုက်ပါနဲ့ (မှန်လှပါ) ဣဿပေါ်လာ ဒါလဲ၊ ဧဟိပဿိကော လို့ မှတ်လိုက်ပါ (မှန်လှပါ) မစ္ဆရိယပေါ်လာတာကော (ဧဟိပဿိကောပါ ဘုရား) ဧဟိကလာခဲ့ ပဿကငါ့ကိုယ်ရှုပါ (မှန်ပါ့)။

ဧဟိပဿိကော

ဣဿက ငါ့ကိုရှုပါခိုင်းတာ (မှန်လှပါ) မစ္ဆရိယကော (ငါ့ကို ရှုပါခိုင်းပါ တယ် ဘုရား) ဧဟိလာခဲ့၊ ပဿရှုပါလို့၊ သူတို့ အရှုခိုင်းတာ၊

ခင်ဗျားတို့က မရှုဘူး ဆိုရင်၊ ငါတို့က ပဋိစ္စသမုပ္ပာဒ် ကျေးဇူးပြုလိုက် မယ်ဆိုပြီးသကာလ ဒေါသကလဲ သောက၊ ပရိဒေဝ၊ ဒုက္ခ၊ ဒေါမ နဿ၊ အဝိဇ္ဇာ၊ သင်္ခါရကျအောင် မလုပ်လိုက်ဘူးလား (လုပ်လိုက်ပါ တယ် ဘုရား)။

ကိုင်း ဒါဖြင့် ဘုန်းကြီးတို့ ဒကာ၊ ဒကာမတွေ စဉ်းစားကြ ပါတော့၊ ဧဟိ ပဿိကော၊ မလုပ်မိလို့၊ သူတို့ကထင်သလို ရမ်းလို့၊ ကျုပ်တို့သံသရာ၊ အပါယ်ငရဲထဲမှာ အမြုပ်ကြီးချုပ်၊ အမျောကြီး မျောရတယ် (မှန်လှပါ ဘုရား)။

ဒကာကြွယ်တို့က၊ ဧဟိပဿိကော၊ သြပနေယိုကာနဲ့ ဘုရားရှေ့မှာ ရွတ်နေတာ (မှန်လှပါ) ဘုရားရှေ့မှာသာ ရွတ်နေတာ၊ လုပ်ရမယ့်အလုပ်လို့ သိရဲ့လား (မသိပါ ဘုရား)

ခင်ဗျားတို့က သောက်ဆေး၊ လိမ်းဆေးလုပ်နေတာကိုး (မှန်လှပါ ဘုရား) ဘယ်နှယ် လုပ်နေပါလိမ့်၊ (သောက်ဆေး၊ လိမ်းဆေး လုပ်နေတာပါ ဘုရား) ဘယ်တော့ ဒီဝေဒနာ ပျောက်ပါ့မလဲ (မပျောက်ပါ ဘုရား)။

ဒီကရှေ့ သောက်ဆေး၊ သောက်ဆေးလုပ်စမ်းပါ (မှန်ပါ့) ဣဿလာလဲ ဘာလုပ်ရမလဲ (ဖြစ်ပျက်ရှုရပါမယ်) ဣဿက ဧဟိလာခဲ့၊ ပဿရှုပါ၊ သောက်ဆေးလုပ်ပါကွ ဝမ်းထဲရောက်အောင် လုပ်ပါ (မှန်ပါ့) ဝမ်းထဲမဂ်ပေါ် အောင်လုပ်ပါလို့ သူကမပြောဘူးလား (ပြောပါတယ်) သူကပြောဒါ ခင်ဗျားတို့က လိမ်းဆေးလုပ်ပြီး လျှောက်သာရွတ်နေတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဒကာကြွယ် ဝမ်းထဲရောက်မှ ပျောက်တဲ့ဆေး၊ လိမ်းဆေးလုပ် နေတော့၊ ခရီးပေါက်ပါ့မလား (မပေါက်ပါဘူး ဘုရား) ဒီကရှေ့ ဒကာ ဒကာမတို့ ဘယ်တရား ပေါ်ပေါ်၊ ပေါ်တဲ့တရား ဧဟိလာခဲ့ပါ။ ပဿရှုပါလို့ခေါ်တဲ့တရားချည်း မှတ်လိုက် (မှန်ပါ့) သဘောပါပလား (ပါပါပြီ ဘုရား)။

ဘုရားကလောဘစိတ်လဲရှုပါ၊ ဒေါသစိတ်လဲရှုပါ၊ ကုသိုလ် စိတ်လဲ (ရှုပါ) ဘယ်က မရှုနဲ့လို့ပါ သေးလား (မပါပါ ဘုရား) သို့သော် ခင်ဗျားတို့က ကုသိုလ်တော့ ရှုကောင်းတယ် အောက်မေ့နေတယ်၊ အကုသိုလ်တွေကြတော့ မရှူကောင်းဘူး ထင်နေတယ် (မှန်ပါ့) အကုန်ရှု၊ အကုန်ရှု (မှန်ပါ့)။

ရှုတဲ့ အခါကြတော့ ဖြစ်ပျက်က အနိစ္စ၊ ရှုဒါက မဂ္ဂ၊ သေတာက သမုဒယ၊ ရတာက နိရောဓ (မှန်ပါ့) သဘောပါပလား (ပါ ပါပြီ ဘုရား) လုပ်ကြစမ်းပါ ဒကာ ဒကာမတို့။

ဘုန်းကြီးကလဲ အသက်ကြီးပြီ (မှန်ပါ့) ဒကာ ဒကာမ – တွေကလဲ (အသက်ကြီးပြီ) ဪ သေခါနီးချင်း ကယ်နေကြတာ (မှန်ပါ့)။

သေခါနီးချင်းကယ်နေကြတာ

ဘယ်လိုဆိုကြမယ်၊ (သေခါနီးချင်းကယ်နေကြတာ) တာရှည် တော့ ကယ်နိုင်ကြမယ် မဟုတ်ပါဘူး (မှန်ပါ့) ယူတဲ့ပုဂ္ဂိုလ်ကလဲ ယူနိုင်ပါ့မလား၊ (မယူနိုင် ပါ ဘုရား) ပေးတဲ့ပုဂ္ဂိုလ်ကလဲ ပေးနိုင် ပါ့မလား (မပေးနိုင်ပါ ဘုရား)။

ဒါဖြင့် ဒီနေ့အချိန် အကောင်းဆုံး (မှန်ပါ့) ဘယ်လိုဆုံးဖြတ် ချက်ချမလဲ (ယနေ့အချိန် အကောင်းဆုံးပါ ဘုရား) ယနေ့ပေးတယ်၊ ယနေ့ယူတယ် ဆိုတာ အကောင်းဆုံးပဲ။

နက်ဖန် ဒီဆရာရှိချင်မှရှိမယ်၊ နက်ဖန်ဒီ ဒကာဒကာမတွေ ကော (ရှိချင်မှရှိမှာပါ ဘုရား) ရှိချင်မှ ရှိမယ်၊ သမုတိသစ္စာနယ်ကတော့ မရှိနိုင်ဘူး၊ (မှန်ပါ့) ဖြစ်နိုင်ပါတယ်ဆိုတာ သဘော ကျပလား (ကျပါပြီ ဘုရား)။

သိကြားက ဆက်မေးတယ်၊ ကောင်းပါပြီဘုရား၊ ရှင်းသွားပါပြီ တဲ့၊ လူတွေဟာ အန္တရာယ်မကင်း ဘေးမရှင်းတာ ဣဿာ မစ္ဆရိယ ဝမ်းထဲမှာ ဝိပဿနာဉာဏ်နဲ့ မရှုလို့ အန္တရာယ် မကင်းဒါကို တပည့်တော် သေသေချာချာသိပါပြီတဲ့၊

အဲဒီ ဣဿာ မစ္ဆရိယ အကြောင်းမဲ့လာသလား ဘုရား၊ အကြောင်းကြောင့် လာသလား ဘုရားလို့ ပဋိစ္စသမုပ္ပာဒ်ကောက ်မေးတယ် (မှန်လှပါ)။

ဘာကောက်မေးသလဲ (ပဋိစ္စသမုပ္ပာဒ်ကောက်မေးပါတယ် ဘုရား) ပဋိစ္စသမုပ္ပာဒ် ကောက်မေးတဲ့ အခါကြတော့ သိကြား သေသေ ချာချာမှတ်ကွ၊ ဣဿမစ္ဆရိယ အကြောင်း ရှိတယ်ကွ၊ ချစ်ခြင်း၊ မုန်းခြင်းကလာတာ (မှန်လှပါ) ဘယ်ကလာပါလမ့် (ချစ်ခြင်း၊ မုန်းခြင်းက လာတာပါ ဘုရား)။

ချစ်ခြင်း၊ မုန်းခြင်းက လာတာ

ဣဿမစ္ဆရိယ ဘယ်ကလာပါလိမ့် (ချစ်ခြင်း၊ မုန်းခြင်းကလာ တာပါ ဘုရား)၊ ဒကာကြွယ် နေရာကြပြီး တစ်သက်မှတစ်ခါနာရတဲ့ တရားဖြစ်နေလို့ မမေ့ပါနဲ့ (မှန်လှပါ) ကျုပ်မကောင်းတဲ့ စိတ်တွေ ဘယ်ကလာမှန်း မသိဘူးဗျာ၊ နောက် အဲဒီအညည်းမျိုးမညည်းနဲ့ (မှန်ပါ့) ဒါချစ်ခြင်း မုန်းခြင်းကလာတာ (မှန်ပါ့)။

အရှင်ဘုရား၊ ချစ်ခြင်းမုန်းခြင်းက လာတယ်ဆိုတော့ အရှင် ဘုရားက ခပ်ကျဉ်းကျဉ်း ပေးတော့၊ တပည့်တော်ကလဲ ပုထုဇဉ် သိကြား ဖြစ်နေတော့ ရှင်းပေးပါအုံးဆိုတော့ ဒကာကြွယ် ရှင်းပေး လိုက်ပါတယ် (မှန်ပါ့ ဘုရား)။

ချစ်တဲ့ပုဂ္ဂိုလ် ဒကာကြွယ် သမီးကလေး ချစ်တယ် ဆိုကြပါစို့၊ ဖုံးတဲ့ သုံးတဲ့ ပုဂ္ဂိုလ်တွေ၊ ဆင်ယင်ပြီး ဝတ်တဲ့ ပုဂ္ဂိုလ်တွေနဲ့ ဒကာကြွယ်သမီးနဲ့ပေါင်းတယ် (မှန်ပါ့ ဘုရား) ဒကာကြွယ် ကျေနပ်ပါ့ မလား (မကျေနပ်ပါ ဘုရား) ဘာပြုလို့ မကျေနပ်ပါလိမ့်မတုံးလို့ မေးတဲ့အခါ၊ သမီးချစ်လို့ ပျက်သွားမှာစိုးလို့၊ (မှန်လှပါ ဘုရား)။

ဟောချစ်ခြင်းကြောင့် ဟိုပုဂ္ဂိုလ်လာတာ ကျေနပ်ရဲ့လား (မကျေနပ်ပါ ဘုရား) မကျေနပ်တော့ ဣဿဖြစ်တယ် (မှန်ပါ့) ချစ်ခြင်းကြောင့် ဣဿဖြစ်တယ်၊ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ဒါလူကြီးစကားလားဗျာ၊ ဒကာ ဒကာမတို့၊ ဒါလူကြီး အပါယ်သွားနေတာလား (လူကြီး အပါယ် သွားနေတာ) ဒါလူကြီး အပါယ်သွားနေတာကို၊ လျှော့ဈေးမလုပ်ပါနဲ့၊ လျှော့ဈေးမလုပ်ပါနဲ့ (မှန်လှပါ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ချစ်တဲ့စိတ်ကလေးလဲ လောဘစိတ်ပဲ မြန်မြန် ဖြစ်ပျက်ရှု (မှန်လှပါ ဘုရား) မရှုမိရင် ဣဿလာတော့မယ် (မှန်လှပါ) အဲဒါက သတိပဌာန် ပါဠိတော်ထဲမှာလဲ ပါပြီးသားဖြစ် နေတယ်၊ သိကြားမင်း မေးတဲ့အထဲမှာလဲ ဖြေထားလို့၊ ရှင်းလင်းပြီး သားဖြစ် သောကြောင့် ချစ်ခြင်းကြောင့် ဣဿဖြစ်တယ်၊ သဘောကျ ပလား (ကျပါပြီ ဘုရား)။

ဒကာ ဒကာမတို့ကလဲ ဘုရားရှေ့သွားပြီး ဆုတောင်းလိုက် ကြတာ၊ အပါယ်လေးပါး မလှမ်းမိရေး (မှန်ပါ့) အင်း သွားမယ့်တရား တွေကလဲ ဝမ်းထဲအပြည့်အစုံနဲ့ ကောင်းနိုင်သေးရဲ့ လား (မကောင်း နိုင်ပါ ဘုရား) အဲဒါကြောင့် လူတစ်သိန်းသေလို့ နတ်ရွာသုဂတိ၊ တစ်ယောက် မရောက်ဘူးကွ၊ ညီတော် အာနန္ဒာရလို့၊ ဘုရားက သစ္စာသံယုတ်မှာဟောတယ် (မှန်လှပါ ဘုရား) ဟောတယ်နော် (ဟောပါတယ်) ပေါ်ပလား (ပေါ်ပါပြီ)။

ဒီဣဿနဲ့ ဒီမစ္ဆရိယ ရထားတော့ ဒကာ ဒကာမတို့ ရေလဲနဲ့သုံးနေကြတယ် (မှန်လှပါ) ဒကာကြယ် ဘာနဲ့သုံးရလဲ (ရေလဲ နဲ့ သုံးရပါတယ် ဘုရား) ဣဿ လာပြန်တော့ ဣဿရေလဲနဲ့ သုံးရပြန်ပြီ၊ မစ္ဆရိယ လာပြန်တော့၊ မစ္ဆရိယ၊ ရေလဲနဲ့ သုံးနေရ၊ ဒီလိုမှမလုပ်လို့ရှိရင်လဲ ကုန်သည် အဖြစ်မှာစိုးရတယ်၊ (မှန်လှပါ) ဘယ်နှယ်ဖြစ်နေလဲ၊ (ကုန်သည်အဖြစ်မှာစိုးရတယ်)။

ဒါဖြင့် မအပ်နဲ့၊ အပါယ်သွားကြပါ၊ ရှုပ်မနေပါနဲ့တော့ (မှန်လှပါ ဘုရား) ဒီအဓိပ္ပာယ်ဟာ သေချာမနေဘူးလား (သေချာ နေပါတယ်) အင်မတန်ဆိုးဝါးလွန်းလို့ ဟောပါတယ်ဆိုတာ သတိ ပေးပါတယ် (မှန်လှပါ ဘုရား)။

ဒါဖြင့် ဣဿလာလို့ရှိရင် ဘယ်ကလာသတုံး (ချစ်ခြင်း မုန်းခြင်းကလာ ပါတယ် ဘုရား) ကဲဒကာသစ်ရေ ဣဿဆိုတာ ချစ်ခြင်းကြောင့်လာတယ်၊ မစ္ဆရိယက မုန်းခြင်းကြောင့်လာတယ်၊ (မှန်လှပါ ဘုရား) ဒကာဒကာမတို့ စဉ်းစားကြပါတဲ့၊ မုန်းတဲ့ပုဂ္ဂိုလ် ကြောင့် မစ္ဆရိယလာတယ် ခင်တဲ့ ပုဂ္ဂိုလ်ကြောင့် (ဣဿလာပါတယ်)

ဒါဖြင့် ဒကာကြွယ်ရေ ခင်တဲ့ လောဘစိတ်လာတိုင်းလာတိုင်း ဖြစ်ပျက်ရှုရင် ဣဿ သေပါတယ်၊ မုန်းတဲ့ဒေါသစိတ် လာတိုင်း လာတိုင်း ဖြစ်ပျက်ရှုရင် (မစ္ဆရိယသေပါတယ် ဘုရား) မစ္ဆရိယ သေပါတယ်ဆိုတော့ ပဋိစ္စသမုပ္ပာဒ်နည်းနဲ့ ရှင်းပြပါမယ် (မှန်ပါ့)။

ပဋိစ္စသမုပ္ပာဒ်နည်း

လောဘစိတ်လာတိုင်းလာတိုင်းရှုရင်၊ ပဋိစ္စသမုပ္ပာဒ် အလယ်ကပြတ်တယ် (မှန်ပါ့) တဏှာ ချုပ်တော့ ဥပါဒါန်ကော (ချုပ်ပါတယ်) ကံကော (ချုပ်ပါ တယ်) ဇာတိ၊ ဇရာ၊ မရဏကော (ချုပ်ပါတယ် ဘုရား) ဟော ပဋိစ္စသမုပ္ပာဒ်၊ အဝိဇ္ဇာက ပြတ်သလား၊ အလယ်တဏှာကနေ ပြတ်သလား (တဏှာကနေ ပြတ်ပါတယ်)၊ အဲလောဘရှုရင် ပဋိစ္စသမုပ္ပာဒ် အလယ်က ပြတ်တယ်လို့ မှတ်လိုက် စမ်းပါ (မှန်ပါ့)။

ကိုင်း မုန်းခြင်းကြောင့် မစ္ဆရိယလာတယ်ဆိုတော့ မုန်းတာက ဒေါသ၊ မနေဘူးလား (နေပါတယ် ဘုရား) အဲဒီ ဒေါသ ဖြစ်ပျက်ရှု လိုက်လို့ရှိရင်၊ သောက၊ ပရိဒေဝ၊ ဒုက္ခ၊ ဒေါမနဿ၊ ဥပါယာသ မချုပ်ပေဘူးလား (ချုပ်ပါတယ် ဘုရား)၊ ပဋိစ္စသမုပ္ပာဒ် အဆုံးက ပြတ်တယ်၊ (ပြတ်ပါတယ် ဘုရား) ပဋိစ္စသမုပ္ပာဒ်အဆုံးက ပြတ်ရင် အဝိဇ္ဇာ ပစ္စယာသင်္ခါရာနိုင်သေးရဲ့လား (မစနိုင်ပါ ဘုရား)။

အဲဒါတွေ သေသေချာချာ သိပြီးသကာလထားတော့မှ ပဋိစ္စသမုပ္ပာဒ် ပြတ်တာသည် နိဗ္ဗာန်ရောက်တာလို့ မှတ်လိုက် (မှန်ပါ့ ဘုရား) ပဋိစ္စသမုပ္ပာဒ် ဖြတ်တာသည် (နိဗ္ဗာန်ရောက်တာပါ ဘုရား)။

အဲဒါကြောင့် ဒကာ ဒကာမတို့ ဘုရားသခင်ကိုယ်တော် မြတ်ကြီးက သရာဂ စိတ္တံ၊ သရာဂစိတ္တန္တိ ပဇာနာတိ၊ လုပ်ဖြစ်အောင် လုပ်ပေါ့နော်၊ မလုပ်ရင် ဣဿလာလိမ့်မယ် (မှန်ပါ့) မလုပ်ရင် ဘာလာမလဲ (ဣသာလာလိမ့်မယ်) ဘယ်လောက်ကြောက်စရာ ကောင်းသလဲ (ကြောက်စရာကောင်းပါတယ် ဘုရား)။

ဒကာကြွယ်ရေ ဘုရားက သိကြားကို ဒီတရားတွေ အရှုခိုင်းပြီးသကာလ၊ ဒီတရားပွဲထဲမှာပဲ၊ သိကြား သောတာပန် တည်ပါလိမ့်မယ်၊ (မှန်ပါ့) ဒီတရားပွဲထဲမှာပဲ၊ သောတာပန်သိကြား သေပြီး၊ သိကြားပြန်ဖြစ်မယ်၊ ဒီတရားပွဲထဲမှာ သိကြားနဲ့ ဘုရားပဲ သိတယ် (မှန်ပါ့ ဘုရား)။

ဒီအထဲ သေသွားတာလဲ ဘုရားပဲသိတယ်၊ သေပြီးသိကြား ပြန်ဖြစ်တာလဲ ဘုရားပဲသိတယ် (မှန်ပါ့) ဘုရားနဲ့ သိကြားနှစ်ယောက် ထဲသိတယ် (မှန်ပါ့) ဒါကြောင့် ဒီတရားကို အင်မတန် အဘိုးတန်တဲ့ ဝိပဿနာဉာဏ်ကိုလည်း ဆရာဘုန်းကြီးက ဝိပဿနာလွတ်တဲ့ ဉာဏ်မရှိအောင်လို့ အခုထည့်ပေးတယ်၊ (မှန်လှပါ ဘုရား)။

ဝိပဿနာလွတ်တဲ့ တရား မရှိဘူး

ပင်ရင်းအကြောင်းအကျိုးဆက်တာကတော့ဖြင့် သုတ်မဟာ ပါဠိတော်မှာ လာတာအမှန်ပါပဲ ဝိပဿနာဉာဏ် ဆက်ပေးတာ ကတော့ ဆရာဘုန်းကြီးက ဝိပဿနာလွတ်တဲ့ တရား မရှိဘူး၊ ဝိပဿနာရှုမှ ဣဿသေမယ်ဆိုတာလဲခင်ဗျား တို့အထင်အရှားပါပဲ။

ဒါဖြင့် ချစ်ခြင်းကို ရှုရင်ဘာသေမယ် (ဣဿသေပါတယ် ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား) ဒါဖြင့် ချစ်တဲ့စိတ်ကလေး ပေါ်လာရင် (ဖြစ်ပျက်ရှုရပါမယ် ဘုရား)

ခင်တဲ့စိတ်ကလေး ပေါ်လာရင် (ဖြစ်ပျက်ရှုရပါတယ် ဘုရား)။ အဲဖြစ်ပျက်ရှုပါဆိုတဲ့ ဥစ္စာ သဘောကျပလား (ကျပါပြီ)။

အဲဒီကဲ့သို့ ဖြစ်ပျက်ရှုလိုက်တဲ့ အခါကျတော့ ဣဿ လောဘကလဲသေ၊ မစ္ဆရိယ ဒေါသလဲသေ၊ ဒီအလုပ်သည် ထွက်ရပ်လမ်းဖြစ်တဲ့ အလုပ်ပဲဟ ပဋိစ္စသမုပ္ပာဒ်မပြတ် လား (ပြတ်ပါတယ်)

ဪ တဏှာသေတော့ ဥပါဒါန်ကကော (သေပါ တယ် ဘုရား) ဥပါဒါန်သေတော့ ကံကကော (သေပါတယ် ဘုရား) ကံသေတော့၊ နောက်ဘဝဆိုတဲ့၊ အနာဂတ်ဘဝဆိုတဲ့ ဇာတိ၊ ဇရာ၊ မရဏတွေ က လာသေးရဲ့လား (မလာပါ ဘုရား) သေချာပလား (သေချာပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ချစ်ခြင်းကြောင့် ဘာလာ (ဣဿလာပါတယ် ဘုရား) ဣဿလာပါတယ် (မှန်ပါ့) မုန်းခြင်း ကြောင့် မစ္ဆရိယလာပါတယ် (မှန်ပါ့)။

ဒီအကြောင်း အကျိုးတွေ ဘုရားသခင်က ဆက်ဆက် ဆက်ဆက်ပြီး သကာလ ဟောလိမ့်မယ်နော် (မှန်ပါ့) တစ်ရက်ထဲနဲ့ အကုန်ပေးပါဆိုလို့ မရဘူး၊ နာရီကလဲစေ့နေပြီ (မှန်ပါ့) နက်ဖန်မှ ဆက်ဟောမယ်၊

ကဲ ယနေ့ဒီတွင် တော်ကြဦးစို့၊

သာဓု သာဓု သာဓု။

မာတိကာသို့