034

မာတိကာသို့

ကံသာလျှင်အမိ ကံသာလျှင်အဖ မှားတယ်လို့ မဆိုပါ

အသံဖိုင်ခေါင်းစဉ်= ဒိဋ္ဌိသတ်လျှင်သောတာပန်တည်သည်

(19-1-60)

စာအုပ်ခေါင်းစဉ်= ကံသာလျှင်အမိ ကံသာလျှင်အဖ မှားတယ်လို့ မဆိုပါ

မှတ်ချက်။ ။အသံတော်တရားရက်စွဲနှင့် မတူ။

ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး အမရပူရမြို့၌

ဟောကြားတော်မူသော တရားတော်

ကံသာလျှင်အမိ ကံသာလျှင်အဖ မှားတယ်လို့ မဆိုပါ

(၂၀-၁-၆၀)

ဒကာ ဒကာမတွေ အားလုံးပဲ ဒီပြင် ဒကာ ဒကာမ တွေလဲ ပါလာတော့ ဒီနေ့ သီးသန့် တရားတပုဒ်ကို ဟောလိမ့် မယ်လို့ မှတ်ထားရမယ်နော် (မှန်ပါ) သီးသန့် တရားတပုဒ်က တကာ တကာမတွေမှာ အင်မတန် အဖိုးတန် လိမ့်မယ်ဆိုတာ စောစောစီးစီးက မှတ်ထားပါနော် (မှန်ပါ့)။

ဘာအဖိုးတန်သလဲလို့ မေးတဲ့အခါကျတော့ သတ္တဝါ တွေဟာ ကံအမိ, ကံအဖလို့ ယူထား ကြတာ ရှိပါတယ်၊ ကံအမိ ကံအဖလို့ ယူမထားကြဘူးလား (ယူထားပါတယ် ဘုရား) ဪ ကံသာ လျှင် အမိ ကံသာလျှင် အဖပဲ၊ သွားလေရာရာမှာလဲ ကံက ခေါင်းဆောင်ပြီး နေကြရတာပဲဆိုတဲ့ အယူဟာ တော်တော် စွဲနေတယ်၊ မစွဲကြဘူးလား (စွဲပါတယ် ဘုရား)။

ကောင်းပြီး ဒကာ ဒကာမတွေက ကံအပေါ်မှာ ဘယ်လို အယူရှိပြီး နေသလဲလို့ မေးထုတ်လို့ ရှိယင် လူသွားရာ မှာ အရိပ်ပါသလို လိုက်နေတယ်လို့လဲ ယူကြတယ် (မှန်ပါ့) နွားသွားရာမှာ လှည်းဘီး လိုက်နေသကဲ့သို့လဲ ယူကြတယ် (မှန်ပါ့ ဘုရား)။

ဒီလိုယူတာကို ဘုန်းကြီးတို့က မှားတယ်လို့ မဆိုပါဘူး (မှန်ပါ့) မှန်တယ်လို့ တိုက်ရိုက် အနက်သဘော နီတတ္ထအားဖြင့် ဆိုရမှာလဲ မဟုတ်ဘူး (မှန်ပါ့) ဒကာကြွယ် ဒီလိုအဓိပ္ပာယ် က ရနေတယ် (မှန်ပါ့ ဘုရား)။

ဘယ့်နှယ်ကြောင့်တုန်းလို့ မေးတဲ့အခါ ကံဆိုတာ နာမ် လား ရုပ်လားလို့ မေးလို့ရှိယင် ဒကာ ဒကာမတွေ တရား နားရည်ဝနေကြတော့ စေတနာကံလို့ မပြောကြဘူးလား (ပြောပါတယ်) စေတနာကံ ဆိုတာ နာမ်ပေါ့ဗျာ (မှန်ပါ့) နာမ်တရား ဆိုတာ ကံလုပ်ကတည်းက ချုပ်သွားခဲ့ပါပြီ (မှန်ပါ့)။

နာမ်တရားဟာ ဘာပါလိမ့် (ကံပြုလုပ်ကတည်းက ချုပ်သွားပါပြီ) ကံပြုလုပ် ကတည်းက ချုပ်သွားပြီလို့ မှတ်လိုက် စမ်းပါ၊ ဘယ်ကလာပြီး နောက်က လိုက်နေလိမ့်မလဲ ဆိုတာ ခင်ဗျားတို့ပဲ တွေးကြည့်ပါလား (မှန်ပါ့) ဒီနာမ်တရားက လိုက်နိုင်ပါ့မလား (မလိုက်နိုင်ပါ ဘုရား)။

သို့သော် ဒကာ ဒကာမတွေရဲ့ ဝစီဒွါရက ဘယ့်နှယ်ဖြစ်ပြီး သကာလ နေသတုန်းလို့ မေးတဲ့ အခါကျတော့ အို ကံဆိုတာလူသွားရာ အရိပ်ပါသလို နွားသွားရာမှာ လှည်းဘီး ပါသလို၊ လဲယင် ထူပေးမည့်ပုံ ခလုတ်ကလေး ရှိယင် ရှောင်ပေး မည့်ပုံ ကံက နောက်ကနေပြီး အထည်ဒြပ်အဖြစ်နဲ့ မသေတဲ့ သဘောမျိုးနဲ့ နောက်က လိုက်နေတယ်လို့ ဒကာကြွယ်တို့ ယူထား ကြလိမ့်မယ်လို့ ဘုန်းကြီး အထင်ထဲမှာ ရောက်လာတယ်၊ တချို့ ဒီလိုမယူပေဘူးလား (ယူကြပါတယ် ဘုရား)။

ဒီလို ယူလို့ရှိယင် တကာ တကာမတို့ ကံဟာနောက်က အမြဲလိုက်နေတယ်၊ တခါတည်း နောက်က အမြဲလိုက်ပြီး သကာလ နေတယ်၊ ဒီကံက မလိုက်လဲ ဟိုကံက လိုက်နေတယ်လို့ ယူကြမယ် ဆိုလို့ရှိယင်ဖြင့် ကံအပေါ်မှာ သဿတဒိဋ္ဌိ ပါနေတယ် (မှန်ပါ့ ဘုရား)။

စဉ်းစားပါ စဉ်းစားပါ ဒကာ ဒကာမတို့ ကံအပေါ်မှာ ဘာပါနေပါလိမ့် (သဿတဒိဋ္ဌိ ပါနေပါတယ် ဘုရား)။

ဒီဥစ္စာကို ကိုးကွယ် ဆည်းကပ်ပြီးထားတဲ့ ဆရာသမား ကမှ ဒီအယူကြီးကို ဖြောင့်မပေး တော့ဘူး ဆိုယင် ဒါဟာ သဿတဒိဋ္ဌိဘက် ပြေးပြီဆိုတာ သဿတဒိဋ္ဌိဘက် သက်ဝင်နေ တယ်ဆိုတဲ့ ဥစ္စာ ပြောရတော့မှာပဲ (မှန်ပါ့) မပြောထိုက်ဘူးလား (ပြောထိုက်ပါတယ် ဘုရား)။

ကြပ်ကြပ် စဉ်းစားကြပါ၊ ကြပ်ကြပ် စဉ်းစားကြပါ ဒါကြောင့် ကြပ်ကြပ်စဉ်းစားပါလို့ ဤမျှ လောက် တိုက်တွန်း နှိုး ဆော်မှုကြီးနဲ့ တရားဟော နေရပါလိမ့်မလဲလို့ ဒကာ ဒကာမ တွေက မေးကြလို့ရှိယင် ဒီအယူကို တော်တော်စွဲနေလို့ ဦးဘ အုန်းဆိုသင့်မဆိုသင့် (ဆိုသင့်ပါတယ် ဘုရား)။

ဒီအယူကို တော်တော် စွဲနေတယ်၊ သာမည ပုဂ္ဂိုလ်ဆို လို့ရှိယင်ဖြင့် ဒီကံကိုတော်တော် အသားယူပြီး သကာလ မင်းတို့ ဟေ့ ကံအမိ ကံအဖနဲ့ လူသွားရာပဲ ကံက အရိပ်ပါသလို လိုက် နေပြီး မင်းတို့မှာ ကံခေါင်းဆောင် နေတယ်ကွ အဲဒီဟာပဲ မင်း တို့ ကိုးစားရာ အားထားရာ ရှိတော့တယ်၊ မင်းတို့ နောက်က ဒါဟာ လိုက်နေတယ်ဆိုတော့ ဒကာ ဒကာမတွေပဲ စဉ်းစားကြည့်ပါ၊

“စေတနာဟံ ဘိက္ခဝေ ကမ္မံဝဒါမိ” လို့ဆိုပြီး စေတနာ ကို ကံလို့ ဟောထားတော့ ကံဟာ စင်စစ် နာမ်ဓမ္မကလေး ဖြစ် နေတော့ ကံပြုတုန်းကလဲ ချုပ်ပျောက်သွားတာပဲ ဖြစ်ပျက် ဆို တာလဲ ခင်ဗျားတို့ ငြင်းနေစရာ မလိုတော့ပါဘူး (မှန်ပါ့ ဘုရား) လိုသေးသလား (မလိုပါ ဘုရား)။

ဒီကံဟာ ပြုတုန်းကတည်းက ဘာပါလိမ့် (ချုပ် ပျောက် သွားပါတယ် ဘုရား) ပြုတုန်း ကတည်းက ဖြစ်ပြီးပျက် သွားတဲ့ ဓမ္မဆိုတာ ငြင်းဖို့လို သေးသလား (မလိုပါ ဘုရား)။

လူသွားရာ နောက်က အရိပ်ပါသလို လိုက်နေတယ်လို့ ဒီလိုယူကြမယ်ဆိုလို့ရှိယင် ဪ ငါတို့ဟာ ဒို့ရှုနေတဲ့ ဝိပဿနာ နဲ့ကြည့်တော့ ဒို့ယူထားတဲ့ ကံက အမြဲပါပြီး လိုက်နေ တယ်လို့ ယူထားတဲ့ အယူဟာ ဘယ့်နှယ်များ ဖြစ်နေသတုန်းလို့ တွေးဖို့လဲ အချိန်ရောက်ပြီ (ရောက်ပါပြီ ဘုရား)။

စဉ်းစားပါ စဉ်းစားပါ ဒကာ ဒကာမတို့ ဒီဥစ္စာကို လေးစားစွာနဲ့ မပေါ် ပေါ်အောင် ပြောမလို့ ခင်းနေတယ်လို့ အဓိပ္ပါယ်ဖြင့် ဒကာကြွယ်တို့ ရှင်းလောက်ပါပြီ (ရှင်းပါပြီ ဘုရား) ဒကာသစ်ကော ရှင်းရဲ့ လား (မှန်ပါ့ ဘုရား)။

ဒီကံဟာ နောက်ကလိုက်နေတယ်လို့ ယူကြမလား ဟာ ချုပ်ပျောက်သွားပြီ ကံလုပ်တုန်းကပဲ ချုပ်ပျောက်ခဲ့ပြီလို့ ယူကြ မလား (ကံလုပ်တုန်းကပဲ ချုပ်ပျောက်ခဲ့ပါပြီ ဘုရား)။

ဒါက ဆရာဘုန်းကြီးက တပည့် တကာမတွေလဲ ဖြစ်လို့ သြော် နာမ်ဓမ္မဆိုတာ ဖြစ်ပျက်ပဲဖြစ်ပြီး ပျက်သွားတာပဲ၊ ဝိပဿနာ သမားတွေမို့ ဒီဥစ္စာ အဖြေက မှန်နေတာကိုးဗျ (မှန်ပါ့) သို့သော် လိုက်နေ တယ်လို့ပဲ ယူကြမလားလို့ မေးယင် ဘယ့်နှယ်ဖြေကြမလဲ (မလိုက်ပါ ဘုရား) လိုက်နေတယ် လို့ ယူကြပြန်လို့ ရှိယင်လဲ သဿတဘက် မကူးဘူးလား ကူး သလား (ကူးပါတယ် ဘုရား)။

စဉ်းစားကြည့်ပါ၊ စဉ်းစားကြည့်ပါ၊ ဒကာသစ်တို့ ဒကာ ဦးဘအုန်းတို့ စဉ်းစားကြပါ၊ ဒီအယူဟာ မပြောင်းပေးလို့ရှိယင်တော်တော်ခက်နေတယ် (မှန်ပါ့) ဒကာကြွယ် မခက်ပေ ဘူးလား (ခက်ပါတယ် ဘုရား)။

အဲ့ဒီတော့ ဒီစကားကလေး ခဏ ရပ်ထားလိုက်နော် (မှန်ပါ့) ဒီစကားကလေး ခဏရပ်ပြီးတော့ ပြင်ဖို့ရာကလေးကို ဘုန်းကြီးသည် အကိုးအကား ကလေးတခု ပေးလိုက်မယ်နော် (မှန်ပါ့ ဘုရား)။

ဘုရားသခင် ကိုယ်တော်မြတ်ကြီးက အင်္ဂုတ္တိုရ် ပါဠိတော် မှာ ဟောထားတယ်၊ တိုက်ရိုက် ဟောတာလဲ ရှိတယ်၊ ဆောင်ယူ ဖို့ ဟောထားတာလဲ ရှိတယ်တဲ့ (မှန်ပါ့) တိုက်ရိုက် ယူဖို့ရာ ဟောထား တာလဲ ရှိတယ်နော်၊ ဆောင်ပြီး ယူဖို့ရာကော (ရှိပါတယ် ဘုရား)။

အဲဒါ တိုက်ရိုက်ယူဖို့ တရားကို တိုက်ရိုက်မယူပြန်လို့ ရှိယင်လဲ ဘုရားကို ပြစ်မှားတာပဲ သဘောကျပလား (ကျပါပြီ ဘုရား)။

ဆောင်ယူရမည့်တရားကို သြော် ဒါဟာ ဆောင်ယူရမယ်လို့ မှတ်ထားယင် ကိစ္စမရှိဘူး၊ ဆောင်ယူရ အောင်လို့ ဟောထားတာကို တိုက်ရိုက် ယူပြန်လို့ရှိယင်လဲ ဘုရား ကို စွပ်စွဲတာပဲ (မှန်ပါ့) သဘောကျ ပလား (ကျပါပြီ ဘုရား)။

ဘုရားသခင် ကိုယ်တော်မြတ်ကြီး ဟောထားတာကို တိုက်ရိုက်ယူဖို့ ဟောထားတာကို ဆောင်ယူ လိုက်ပြန်ယင်လဲ ဘယ်သူ့ကို စွပ်စွဲမတုန်း (ဘုရားကို စွပ်စွဲပါတယ်) ဆောင်ယူ ရမည့် တရားကို တိုက်ရိုက် ယူလိုက်ပြန်လို့ရှိယင်ကော (ဘုရားကို စွပ်စွဲပါတယ် ဘုရား)။

ဒါကလေး နှစ်ခုကို သဘောကျထားဖို့ အရေးကြီးပါ တယ် (မှန်ပါ့) ဒါကလေး နှစ်ခု သဘောကျထားဖို့ အရေးကြီးပါ တယ် ဒကာ ဒကာမတို့ (မှန်ပါ့)။

နားကြီးကြီးနဲ့ ထောင်ကြည့်ပါနော် (မှန်ပါ့) ဦးဘအုန်း နားသေးယင် မရဘူးနော် (မှန်ပါ့) နားသေးယင် မရပါဘူးတဲ့ ဒကာ ဒကာမတို့ (မှန်ပါ့) အဲဒီတော့ ဘုရား သခင်ကိုယ်တော်မြတ်ကြီးက ငါဟောထားတဲ့ တရားကို တိုက် ရိုက် ယူရမည့်တရားကို သွယ်ဝိုက်ပြီး ယူလိုက်ပြန်လို့ ရှိယင်လဲ ငါဘုရားကို စွပ်စွဲတာပဲတဲ့၊ သွယ်ဝိုက်ပြီး ဆောင်ယူရမည့် တရားကို တိုက်ရိုက် ယူပြန်ယင်ကော (စွပ်စွဲတာပါပဲ ဘုရား)။

ကောင်းပြီ ဒါဖြင့် ကံဟာ နောက်က အရိပ်ပမာ လိုက်နေတယ် ဆိုတာ ဘုရားကိုယ်တော်တိုင် ဟောထားတာ “ဆာယာဝအနုပါယိနီ” ဆာယာဝ အရိပ်ကဲ့သို့၊ အနုပါယိနီ= အစဉ်တစိုက် လိုက်၍ ဆိုတာ ဆောင်ဟော ထားတာ (မှန်ပါ့)။

အဲဒါ ဆောင်ဟောထားတဲ့ နေယျတ္ထ တရားကို ခင်ဗျား တို့က တကယ်တန်း အထည်ဒြပ်ကြီးနဲ့ လိုက်တယ်လို့ ယူလိုက် လို့ရှိယင် ဘုရား စွပ်စွဲရာ မရောက်ပေဘူးလား (ရောက်ပါ တယ် ဘုရား) တိုက်ရိုက် နီတတ္ထ ဟောထားတဲ့ ဒေသနာကို ဆောင်ဆွဲပြီး ယူလိုက်ပြန်ယင်ကော (စွပ်စွဲရာ ရောက်ပါတယ် ဘုရား)။

အဲဒီမှာ ဒကာ ဒကာမတို့ ခင်ဗျားတို့ စဉ်းစားပြီး သကာလ ဒီကံဟာ အနိစ္စလား နိစ္စလား ကြည့်တုန်းကတည်းက (အနိစ္စပါ ဘုရား) ဒီကံဒြပ်ကြီးက ခင်ဗျားတို့နောက် လိုက်နိုင်ပါ့ မလား (မလိုက်နိုင်ပါ ဘုရား)။

မလိုက်နိုင်တော့ ဒကာ ဒကာမတို့ ကံသည်ကားလို့ ဆိုယင် အနိစ္စ တရားမို့ မလိုက်နိုင်ဘူး (မှန်ပါ့) သို့သော် ဘယ့် နှယ်ကြောင့် “ဆာယာဝ အနုပါယိနီ” အရိပ်ပမာကဲ့သို့လို့ ဘုရား က ဘယ့်နှယ်ကြောင့် ဟောထားပါလိမ့် မတုန်းလို့ မေးတဲ့ အခါကျလို့ရှိယင် ဆောင်ပြီး သကာလ ယူရန် ယုံကြည် သည်ထက် ယုံကြည်အောင် ဟောလိုက်ခြင်းမျှသာ ဖြစ်ပါတယ်၊ စင်စစ်တော့ ဖြင့် ကံဆိုတဲ့ စေတနာ ဒြပ်အထည် ကိုယ်ကြီးက မလိုက်ပါဘူး (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။

ဆောင်ပြီး ဟောတဲ့ ဥစ္စာကို ခင်ဗျားတို့က တကယ်လိုက် , တယ်လို့ တိုက်ရိုက် ယူပစ်လိုက် လို့ရှိယင် မှားပါလိမ့်မယ် (မှန်ပါ့) သဘောပါပဲလား (ပါပါပြီ ဘုရား)။

ဒါဟာ ဒီအထဲတွင် သဘောပါလို့ မဖြစ်သေးဘူး ခင်ဗျား တို့ အလွန် စိုးရိမ်လို့ ပြောနေတဲ့ စကားတခုပဲလို့ ဒကာကြွယ်တို့ ဒကာသစ်တို့ ဒကာအုန်းတို့ မှတ်ကြစမ်းပါ (မှန်ပါ့ ဘုရား) အလွန် စိုးရိမ်လို့ ပြောနေတာ မပြောထိုက်ဘူးလား (ပြော ထိုက်ပါတယ် ဘုရား)။

ဘုရားက ဆောင်ပြီး သကာလ ဟောတာ ကံတွေဟာ – ပြုထားပေမဲ့ အလကား ဖြစ်ကုန်တာပဲလို့ ယူမှာ စိုးတာနဲ့ ပြုထား တဲ့ ကံများဟာ အလကား အချည်းနှီး အလဟဿ မဖြစ်ကြောင်း၊ ကမ္မဿကတဉာဏ်၌ တည်ကြစေရန် မင်းတို့ပြုတဲ့ ကံတွေဟာ လူသွားရာမှာ အရိပ်ပါသလိုပဲ ကံဆိုတာ လိုက်နေ တာပဲလို့ ဆောင်ပြီး ဟောလိုက်တာ (မှန်ပါ့ ဘုရား)။

ကံဒြပ် အထည်ဆိုတဲ့ စေတနာဟာ ပြုတဲ့နေရာမှာပဲ ချုပ်ပျောက်သွားတယ် ဆိုတာ စိတ်တခု စေတသိက်တခု သက် တမ်းက ဥပါဒ်, ဌီ, ဘင်, စတာဖြစ်တယ် ပျက်တယ် ဒါလောက်ပဲ ဒီထက် ပိုမိုရှိသေးရဲ့လား (မရှိပါ ဘုရား) တောက်လျှောက် လိုက်နေတယ်လို့ ဆိုနိုင်ပါ့မလား (မဆို နိုင်ပါ ဘုရား) ဒီလို ဆိုလိုက်လို့ရှိယင်လဲ သဿတဒိဋ္ဌိဘက် ပြေး မပြေး (ပြေးပါတယ် ဘုရား)။

အဲဒါဟာ ဒိဋ္ဌိကို ခွာရာလဲ ရောက်ရော၊ အယူမှန်ကိုလဲ ရောက်စေတော့ဆိုတဲ့ သဘောနဲ့ ဒီဥစ္စာကို စချီ၍ပြောလာတာ၊ ဝတ္ထုထုတ် လာလိမ့်မယ်နော် (မှန်ပါ့ ဘုရား)၊

ဒါဖြင့် ဒကာ ဒကာမတွေ ဘုရားက လူသွားရာ အရိပ် ပါသကဲ့သို့ ကံက နောက်က လိုက်နေတယ်လို့ ဟောတော်မူတာသည်၊ ဆောင်ဟောထားတဲ့ နေယျတ္ထ ဒေသနာတော်နော် (မှန်ပါ့) ခင်ဗျားတို့ကယူတော့ ဘယ်လိုယူသတုန်း (တိုက် ရိုက်ယူနေကြပါတယ်) တိုက်ရိုက် ယူပစ်လိုက်တဲ့ အတွက် ဘုရား ကို စွပ်စွဲရာ မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။

အဲဒါကြောင့်အခုဘုန်းကြီးပြောတဲ့အတိုင်းသာ မှတ်ကြ ပေတော့၊ ပြုခဲ့တဲ့ နေရာမှာပဲ ဒီကံတွေ ဖြစ်လဲ ဖြစ်ပါတယ်၊ ချုပ်လဲ ချုပ်ပါတယ်၊ ခင်ဗျားတို့ နောက်ကတော့ မလိုက်ပါဘူး (မှန်ပါ့) သဘောကျ ပလား (ကျပါပြီ ဘုရား)။

ကံဟာ လိုက်နေတယ် ယူလိုက်လို့ ရှိယင် ကံဟာ နိစ္စဖြစ် သွားလိမ့်မယ်၊ နိစ္စဖြစ်တော့ သဿတဒိဋ္ဌိ ခိုင်တယ် မြဲတယ် ယူတဲ့ ဒိဋ္ဌိဘက် မသွားပေဘူးလား (သွားပါတယ်) ဝိပဿနာ လုပ်ငန်း ထိထိရောက်ရောက် မြင်ဖို့အရေးမှာ အလွန် မစိုးရိမ်ရ ဘူးလား (စိုးရိမ် ရပါတယ် ဘုရား)။

သေသေချာချာ စဉ်းစားပြီး နားထောင်ကြပါ၊ အခုနည်း နည်းတော့ ကွဲသွားပြီနော် (မှန်ပါ့) ဒါဖြင့် လူသွားရာ အရိပ် ပါသကဲ့သို့လည်းကောင်း၊ ကံအမိ ကံအဖက စောင့်ရှောက်ပြီး လဲယင် ထူတော့မည့်ပုံ ဖြစ်နေတော့ ဒီလိုနောက်က လိုက်နေတယ် ဆိုတဲ့ အဓိပ္ပါယ် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဟောတော်မူရတာက ကံကို အဟောသိကံ ဖြစ်တယ်လို့ ယူမှာစိုးလို့ ကမ္မဿကတဉာဏ်၌ တည်စေဖို့ ဟောတာ (မှန်ပါ့ ဘုရား)။

ကမ္မဿကတ ဉာဏ်ကလေးလောက်တောင်မှ မလုပ် မည့် ပုဂ္ဂိုလ် မတည်မည့်ပုဂ္ဂိုလ်ကို ကမ္မဿကတဉာဏ်၌ တည်အောင် ယုံကြည်အောင်ဆိုပြီး သကာလ ထင်ရှားသည်ထက် ထင်ရှားအောင် ဆောင်ပြီး သကာလ ဟောပါတယ်၊ တိုက်ရိုက် မယူလိုက်ပါနဲ့၊ နီတတ္ထ ဒေသနာ တော်မျိုး မဟုတ်ပါဘူး (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဆောင်ဟောတာကို (တိုက်ရိုက် မယူလိုက်ပါနဲ့ပါ ဘုရား) တိုက်ရိုက်ယူလိုက် လို့ရှိယင် ဒကာ ဒကာမတို့ ဒိဋ္ဌိဘက်ပြေး သွားမယ် (မှန်ပါ့) နည်းနည်း သဘောပါလာပြီနော် (မှန်ပါ့)။

ဒီဥစ္စာ ဒကာသစ်တို့ ဒကာကြွယ်တို့ ဦးဘအုန်းတို့ ဒီလို ပြောပေးရမည့် ပုဂ္ဂိုလ်မှာ လွယ်တယ် လို့များ အောက်မေ့ မနေနဲ့ (မှန်ပါ့) မလွယ်ဘူး မလွယ်ဘူး၊ မလွယ်တာက မိဖရိုးရာ အစွဲကြီးကို အတော် ခိုင်မြဲနေတာ၊ အစွဲအလမ်းနာနေတယ် (မှန်ပါ့) မနာဘူးလား (နာပါတယ် ဘုရား)။

ကံက နောက်က လိုက်နေတယ်ဆိုတဲ့ အဓိပ္ပါယ်ဟာ တခါတည်းစွဲထားကြတော့ သေသေ ချာချာ စစ်ကြည့်တော့ ကံဆိုတာ နာမ်ဓမ္မက လိုက်နိုင်ရဲ့လား (မလိုက်နိုင်ပါ ဘုရား) ဘယ်လိုက် နိုင်လိမ့်မတုန်း၊ သူသည်ကားလို့ ဆိုယင် “သဗ္ဗေ သင်္ခါရာ အနိစ္စာ” ထဲကပဲ၊ နာမ်ဓမ္မပဲ မဟုတ်လား (မှန်ပါ့) နာမ်ဓမ္မ ဆိုယင် ဘယ်တရားထဲ သွင်းကြမလဲ (အနိစ္စထဲ၊ သွင်းရပါမယ် ဘုရား)။

အနိစ္စထဲ သွင်းရမယ် ဆိုတော့ အနိစ္စ ရောက်ပြီးတဲ့ တရားက နောက်ကနေပြီး လိုက်နေဦးမယ် ဆိုတဲ့ ဥစ္စာ ဒကာကြွယ်ပဲ စဉ်းစားပါတော့ ဖြစ်နိုင်ပါ့မလား (မဖြစ်နိုင် ပါ ဘုရား)။

အဲဒါတွေ စဉ်းစားလိုက်တော့မှ ဪ ရှင်းလင်း ပေးမည့် ဆရာသမားများ မတွေ့ပဲနဲ့ အဘိဏှသုတ်တော် လာတဲ့ အတိုင်း “ကမ္မဗန္ဓု ကမ္မပဋိဿရဏာ” ဆိုတဲ့အတိုင်း ဆောင်ဟော ထားတဲ့ နေယျတ္ထ ဒေသနာတော်ကို ဒို့က တကယ် လိုက် တယ်လို့ ယူလိုက်လို့ ရှိယင် ဒို့မှာဖြင့် သဿတ ဒိဋ္ဌိဘက် ပြေးပါ ပေါ့လား ဆိုတာ မှတ်ရတော့မယ် (မှန်ပါ့) မမှတ်ထိုက်ဘူးလား (မှတ်လိုက်ပါတယ် ဘုရား)။

ကြပ်ကြပ် စဉ်းစားပြီး နားထောင်ပါ ဒကာ ဒကာမ တွေ ဒါကိုယူတတ်ဖို့ မခက်လို့ရှိယင် ဘုန်းကြီး ထပ်ပြန်တလဲလဲ ဖြေရှင်းမှုနဲ့ ထပ်ပြန်တလဲလဲ တောင်းပန်မှုဟာ မလာပါဘူး (မလာပါ ဘုရား) အခုဟာ က အစွဲအလန်း နာလွန်းလို့ ဒကာ ကြွယ် ထပ်ပြန်တလဲလဲ ပြောနေရတာ (မှန်ပါ့) အစွဲမနာ ဘူးလား (နာပါတယ် ဘုရား)။

အစွဲ အင်မတန် နာနေပြီးတော့ မှားတာကလဲ လွန် တယ် (မှန်ပါ့) မလွန်ဘူးလား (လွန်ပါတယ်) လူ သွားရာ အရိပ်ပါသလို နောက်က လိုက်နေတယ်၊ မဆိုကြဘူး လား (ဆိုပါတယ်) ထင်ကော မထင်ကြဘူးလား (ထင်ပါတယ် ဘုရား)။

ကံဟာ အနိစ္စ တရားပဲ၊ ဖြစ်ပြီး ပျက်သွားတာလဲ (မှန်ပါ့) အနိစ္စ တရားကြီးဟာ နိစ္စဖြစ်ပြီး ထပြီး လိုက်နေတယ်ဆို လို့ရှိယင် ဘယ့်နှယ်လုပ်ကြမလဲ (လွဲပါတယ် ဘုရား) အင်မတန် အမှားတော်ပုံကြီး မကြီးဘူးလား (ကြီးပါတယ် ဘုရား)။

အဲဒါကို တော်တော့ ဆရာပြင်ပေးဖို့ရာ လွယ်မှ မလွယ်ပဲ (မှန်ပါ့) မလွယ်တော့ အခုပြင်တော့ မပေးသေးဘူး၊ အမှားကို ခင်ဗျားတို့ စိတ်ထဲ ရှင်းအောင်လို့ ဖြေရှင်းမှုကလေး ထုတ်တုန်းပဲ ရှိသေးတယ် (မှန်ပါ့) ပြင်မပေး ရသေးပါဘူး (မှန်ပါ့)။

ဪ ဒါဖြင့် ဒို့ရှုနေတဲ့ အနိစ္စနဲ့ဖြင့် ကန့်လန့်တော့ ဖြစ်နေပြီဆိုတာ ခင်ဗျားတို့ သဘောကျ သွားပြီ (ကျပါပြီ ဘုရား) ခင်ဗျားတို့ ရှုနေတာနဲ့တော့ ဘယ့်နှယ် ဖြစ်နေသတုန်း (ကန့်လန့် ဖြစ်နေပါတယ် ဘုရား)။

ကန့်လန့် ဖြစ်နေတယ်၊ သင်္ခါရတရားမှန်က အလုံးစုံပင် အနိစ္စကိုးဗျ (မှန်ပါ့) ဒီကံကျမှ တခါတည်း ခင်ဗျားတို့ ကျုပ်တို့က နိစ္စဆိုပြီး နောက်က လိုက်နေတယ် ယူတော့ ဘယ့်နှယ်ဆိုကြမလဲ (လွဲပါတယ် ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ ဘုန်းကြီး အကိုး အကားကလေးနဲ့ လုံလောက်အောင် ပြောလိုက်တော့ ခုနင်ကလဲ အကိုးအကား တချက်တော့ ထုတ်လိုက်ပါတယ် (မှန်ပါ့) ဘယ်လို ထုတ်လိုက်သတုန်းလို့ မေးတော့ ဆောင်ယူရမည့် ဒေသနာကို ခင်ဗျားတို့ တိုက်ရိုက်ယူလိုက်လို့ မှားနေကြတာ (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။

ခင်ဗျားတို့ ကံ၏ အကျိုးကို ယုံကြည်အောင် ထင်ရှား အောင် ဥပမာဆောင် ဟောလိုက်တာကို ခင်ဗျားတို့ တကယ်ကိုပဲ ကံက နောက်ကနေပြီး လိုက်နေတယ်လို့ ယူလိုက်တော့ လွဲ မသွားဘူးလား (လွဲသွားပါတယ် ဘုရား)။

အဲဒီတော့ ကမ္မဿကတ ဉာဏ်ဖြစ်စေဖို့ ယုံကြည် အောင် ဆောင်ဟောထားတာကို ခင်ဗျားတို့က တကယ့်ကို လိုက်နေတယ်လို့ တိုက်ရိုက် ယူလိုက်တဲ့အတွက် ခင်ဗျားတို့မှာ ကမ္မဝါဒီ ကမ္မဿကတ ဉာဏ်တော့ တည်ပါရဲ့၊ သဿတဒိဋ္ဌိ ဘက် သွားပြီး စူးဝင်သွားတယ်၊ ကမ္မဝါဒီ သဿတဒိဋ္ဌိ သွားပြီး ဖြစ်တယ် (မှန်ပါ့) ဘယ်လိုဖြစ်သွားပါလိမ့် (ကမ္မဝါဒီ သဿတဒိဋ္ဌိ သွားဖြစ်ပါတယ် ဘုရား)။

ကောင်းပြီ ဒါဖြင့် ဒီကံချုပ်သွားပြီဘုရား နောက်ကလဲ မလိုက်တော့ဘူး လူသေကောင် နောက်ကမလိုက်တော့ဘူး ဆို လို့ရှိယင် တပည့်တော်တို့ ဘယ်လိုများ ယူရမှာတုန်းလို့ ဒကာ သစ်တို့ ဒကာကြွယ်တို့ ဒကာအုန်းတို့က မေးဖို့ အခွင့်ကြုံလာပါ တယ် (မှန်ပါ့) မကြုံသေးဘူးလား (ကြုံပါတယ် ဘုရား) ကြုံနေတော့ အဖြေပေးပါမယ် ဒကာ ဒကာမတို့ သေသေချာချာ မှတ်ပါ (မှန်ပါ့)။

အဖြေ ပေးပါ့မယ် ဆိုတဲ့ဥစ္စာက ဥပမာမယ် ဒီကနေပြီး သကာလ ဒါနကံ ကလေး တခု လုပ်လိုက်တယ်၊ စေတနာကံ ကလေးတခု လုပ်လိုက်တယ်၊ ဖြတ်ဆို ချုပ်သွားတာပဲ၊ ကံပြုပြီး ချုပ်သွားတာပဲ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

အဲဒီတော့ ကံဟာကံပြုပြီး ချုပ်သွားပြီးတော့ ခင်ဗျားတို့ က လူ့ဘဝရအောင် လုပ်ထားခဲ့တော့ ဟိုဘဝတွေမှာ လူရုပ် လူနာမ်ကလေး မပေါ်ပေဘူးလား (ပေါ်ပါတယ် ဘုရား)။

ဪ ဒါဖြင့် လူရုပ်လူနာမ်ကလေးတော့ ပေါ်လာ တယ် ကံကတော့ ချုပ်သွားတာ အမှန်ပဲ ဆိုတော့ ဒီမှာ လုပ်တုန်း ကလဲ နာမ်ရုပ်နဲ့ လုပ်လို့ အကျိုးတရားမှာလဲ နာမ်ရုပ် ပေါ်တယ် (မှန်ပါ့) အလားတူ နာမ်ရုပ်ပေါ်တယ်၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ကောင်းပြီ နာမ်ရုပ်က အကြောင်းတခု လုပ်လိုက်တဲ့ အတွက် အလားတူ နာမ်ရုပ်တခု ပေါ်တယ် (မှန်ပါ့) ကံက လိုက်တာ ဟုတ်သေးရဲ့လား (မဟုတ်ပါ ဘုရား) လိုက်ယင် ဘာဒိဋ္ဌိလို့ ဆိုကြမလဲ (သဿတဒိဋ္ဌိပါ ဘုရား)။

ဒါဖြင့် အလားတူ ပေါ်တယ်ဆိုတော့ အလားတူဆို တာ ဒီကဟာ မဟုတ်ဘူးဆိုတော့ ရှင်းမသွားဘူးလား (ရှင်းပါတယ် ဘုရား) ဒီလို သဘောကျ အောင်ယူပါ (မှန်ပါ့)ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘယ်လို ယူရမယ် (အလားတူ နာမ်ရုပ် ပေါ်ပါ တယ် ဘုရား) အလားတူဆိုတာ ဒီကံတွေ လုပ်တုန်းကလဲ နာမ် ရုပ်နဲ့ လုပ်ကြတာပဲ၊ သဘောကျပလား (ကျပါပြီ) ဟိုမှာ အကျိုး ပေါ်လာတာလဲ ဘာပေါ်လာသလဲ (နာမ်ရုပ်ပေါ် လာပါတယ် ဘုရား)။

နာမ်ရုပ်ပေါ်လာတော့ အဲဒီဘဝမှာ ပေါ်တဲ့ နာမ်ရုပ် အသစ်ပဲ မဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား) အကြောင်းအကျိုးကော မဆက်ဘူးလား (ဆက်ပါတယ်) ဒီက နာမ်ရုပ်က အကြောင်းကြောင့် ဟိုက ရုပ်နာမ်အကျိုး ပေါ်တယ် (မှန်ပါ့ ဘုရား)။

ပေါ်တော့ ပေါ်တယ်၊ ဘယ်လို ပေါ်သတုန်း၊ ဒီက နာမ် ရုပ်လိုက်သလားလို့ မေးတော့ (မဟုတ်ပါ ဘုရား) ဒီက နာမ်ရုပ်ကလဲ မလိုက်ဘူး၊ ဟိုမှာလဲ နာမ်ရုပ်တခု အသစ်ထပ်မံ ပြီး ပေါ်တယ်၊ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား) ဒီနာမ်ရုပ်ချုပ် နောက် နာမ်ရုပ်ပေါ်၊ သဘောကျပလား (ကျပါပြီ ဘုရား)။

အဲဒီတော့ ပဋ္ဌာန်း ပါဠိတော် အနန္တရပစ္စယ နိဒ္ဒေသမှာ ခင်ဗျားတို့ သွားကြည့်လိုက်တော့ ပိုပြီးရှင်းတယ် (မှန်ပါ့) “အနန္တရနိရုဒ္ဓါ စိတ္တစေတသိကာဓမ္မာ ပစ္စုပ္ပန္နာနံ စိတ္တစေတသိကာနံ ဓမ္မာနံ အနန္တရ ပစ္စယေန ပစ္စယော” တဲ့ (မှန်ပါ့)၊ အနန္တရ နိရုဒ္ဓါ၊ အယင်ဖြစ်နှင့်ပြီး၍ ချုပ်ကုန်သော၊ အယင်လဲ ဖြစ်တယ်တဲ့၊ ချုပ်လဲ ချုပ်သွားတယ်တဲ့ (မှန်ပါ့) ခင်ဗျားတို့ ပြုတဲ့ ကုသိုလ် စေတနာတွေဟာ အယင်လဲ မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား) ချုပ်ကော (ချုပ်ပါတယ် ဘုရား)။

ပဋ္ဋုပ္ပန္နာနံ၊ မိမိတို့ အတူလိုက်၍ ဖြစ်ကုန်သောတဲ့ နောက်ပေါ်တယ် ဆိုတာ အတူလာပြီး ပေါ်တာတဲ့ (မှန်ပါ့) သဘောကျပလား (ကျပါပြီ) ဟိုဘဝမှာ ပေါ်တယ် ဆိုတာ မျိုးက အတူ လိုက်ပြီး ပေါ်တာကို ဆိုတာ၊ အတူ ပေါ်တာ၊ အလား တူ ပေါ်တာကို ဆိုတာပါတဲ့ (မှန်ပါ့ ဘုရား)။

ရှေ့စိတ်က လိုက်လာတာကို ဆိုတာ မဟုတ်ပါဘူး၊ နောက်ဘဝမှာ အသစ် ထပ်မံပြီးတော့ ရုပ်နဲ့နာမ် ဖြစ်ကြတာပါ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား) ဒါက ပဋ္ဌာန်း ပါဠိတော်ကြီးနဲ့ စပ်ယှဉ်ပြီး ပြောတာ (မှန်ပါ့)။

ဒါဖြင့် ဒီမှာလဲ ဒီလို အဓိပ္ပါယ် ပေါ်အောင် နည်းမှီပြီးယူ ပေါ့၊ နိရုဒ္ဓါသဒ္ဒါ ပါနေတော့ အနန္တရ နိရုဒ္ဓါ= ပြုခဲ့စဉ်က ချုပ်ပြီး ကုန်သော၊ စိတ္တစေတသိကာဓမ္မာ= စိတ်၊ စေတသိတ်တရားတို့ သည်၊ ပဋုပ္ပန္နာနံ= အလားတူ ထပ်မံ ပေါ်ပေါက်ကြကုန်သော၊ စိတ္တစေတသိကာနံ ဓမ္မာနံ၊ စိတ်စေတသိက် တရားတို့အား။ အနန္တရပစ္စယေန၊ အနန္တရပစ္စည်းဖြင့်။ ပစ္စယော- ဥပကာရကော၊ ကျေးဇူးပြုတတ်သည်။ ဟောတိ၊ ဖြစ်၏။

အဲဒီကဲ့သို့ ဟောထား တဲ့ နေရာမှာ ရှေ့စိတ်တွေဟာ ချုပ်ပါတယ်လို့ ဟောထားတာ (မှန်ပါ့) သဘောပါကြပလား (ပါ-ပါပြီ ဘုရား)။

ဒီမှာတော့ နာနာက္ခဏိက ကမ္မပစ္စည်းအရာ ဖြစ်လေ တော့ ရှေ့ဘဝကပြုခဲ့စဉ်က ကံစေတနာ တွေဟာ ချုပ်ခဲ့ပြီ၊ သူ၏ အကျိုး အတွက် နောက်ဘဝမှာ ရုပ်သစ်၊ နာမ်သစ် ထပ်ပေါ် တယ်လို့ ယူကြပါ (မှန်ပါ့) သဘော ပါကြပလား (ပါ ပါပြီ ဘုရား)။

ကဲ ဒကာသစ် ချုပ်မချုပ် (ချုပ်ပါတယ် ဘုရား) ချုပ်ပြီးတော့ ဟိုဘက်မှာ အလားတူ မပေါ်ဘူးလား (ပေါ် ပါတယ် ဘုရား) အလားတူ ပေါ်တယ်ဆိုတော့ နောက်ကလိုက် ၊ နေတယ် ဆိုတဲ့ သဘော ရှိသေးရဲ့လား (မရှိပါ ဘုရား)။

အဲ အကြောင်းနဲ့ အကျိုးတော့ အစပ်သား၊ လိုက် တော့ မလိုက်ဘူး (မှန်ပါ့) လိုက်ယင် ဘာဒိဋ္ဌိ ဖြစ်သွား မလဲ (သဿတဒိဋ္ဌိ ဖြစ်သွားပါတယ်) ဒကာကြွယ် ဒါဟာ အယူအဆ မလွယ်ပါလား (မလွယ်ပါ ဘုရား) ဉာဏ်ပါ ပလား (ပါ-ပါပြီ ဘုရား)။

ကောင်းပြီ၊ ဒါဖြင့် ဒကာ ဒကာမတို့ ဒီလိုဆိုလို့ရှိယင် ဖြင့် တပည့်တော်တို့ဖြင့် ဘုရား ရှင်းသွားပါပေါ့လို့ ဒကာကြွယ် တို့ ဒကာသစ်တို့ ဦးဘအုန်းတို့ ခေါင်းဆောင်တွေ တာဝန်ခံနိုင် ကြပလား (ခံနိုင်ပါပြီ ဘုရား)။

အဲဒီက အကြောင်းတရားကလဲ ဘာတုန်းဖြစ်လဲဖြစ် တယ်၊ ချုပ်လဲ ချုပ်တယ် (မှန်ပါ့) ဒီအကြောင်းတရား ချုပ်ပြီး သကာလ ဟိုဘက်မှာ ဘာပေါ်သတုန်းဆိုတော့၊ ဒီအကြောင်း တရားကြောင့် ဒီအကြောင်း တရားနဲ့ အလားတူစိတ် စေတသိတ် အကျိုးတရား ထပ်မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)။

ဒါဖြင့် ဒီအကြောင်း ကံစေတနာဆိုတဲ့ အထည်ဒြပ်ကြီး က လိုက်လို့ ပေါ်လာတာလား ဆိုတော့ မလိုက်ဘူး (မှန်ပါ့) အကြောင်းတရားက ဒီနေရာမှာပဲ ဖြစ်ပြီး ချုပ်သွားတာပဲ (မှန်ပါ့ ဘုရား)။

အကြောင်းတရား မကင်းလို့ အလားတူ (အကျိုးတရား သာ ပေါ်ပါတယ် ဘုရား) ဒီလို ယူလိုက်တော့ လူသွားရာ အရိပ် ပါသလိုဆိုတဲ့ ဒိဋ္ဌိမျိုး ဖြစ်သေးရဲ့လား (မဖြစ်ပါ ဘုရား) နွားသွားရာ နောက် လှည်းဘီး ပါသလိုကော (မဖြစ်ပါ ဘုရား)။

မဖြစ်တော့ဘူး ဆိုတော့ အကျိုးမပေးတော့ဘူး လို့လဲ မဟောဘူး၊ အကျိုးလဲ ပေးပါတယ် (မှန်ပါ့) လိုက်တယ်လို့ မဟောဘူး (မှန်ပါ့) ဒီလိုယူမှ အယူတည့်မတ် သွားတယ်ဆိုတာ သဘောကျပလား (ကျပါပြီ ဘုရား) ဒါဟာ တော်တော် အရေးကြီးတယ် (မှန်ပါ့ ဘုရား)။

ဒကာကြွယ်၊ ဒါကိုမမြင်ပဲ သေသွားတဲ့ပုဂ္ဂိုလ်များကျ တော့ ဒိဋ္ဌိနဲ့ သေသွားလေရဲ့ ဆိုယင် (မလွဲပါ ဘုရား) ဘာ ဒိဋ္ဌိပါလိမ့် (သဿတဒိဋ္ဌိပါ ဘုရား) သဿတဒိဋ္ဌိ ပါမသွား ဘူးလား (ပါသွား ပါတယ် ဘုရား)။

ကိုင်း ဒါဖြင့် ဒီအဓိပ္ပါယ်ကို ရှေ့ပိုင်းက ရှင်းပေး သဖြင့် ဒကာ ဒကာမတွေမှာ အခု တရားနာတဲ့ စေတနာကံ တွေ မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား) ရှေ့တလုံး တိုး လိုက်ယင်ပဲ အယင် တရားနာတဲ့ စေတနာကံတွေ မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား)။

ရှေ့တလုံးတိုး လိုက်ယင်လဲ အရင်တရားနာတဲ့ စေတနာကံဟာ နောက်စေတနာကံ ပေါ်လာတော့ အရင်ဖြစ်တဲ့ စေတနာ ကံရှိသေးရဲ့လား (မရှိပါ ဘုရား) သူက ဘယ့်နှယ် လုပ်ပြီး လိုက်မတုန်း ချုပ်သွားပေါ့ပဲ (မှန်ပါ့ ဘုရား)။

ဒါဖြင့် အကျိုးမပေးတော့ဘူးလား ဆိုတော့ တရားနာတဲ့ နာမ်ရုပ် စေတနာကြောင့် ဥပမာမယ် နိဗ္ဗာန် ရအောင်အားထုတ် ကြမယ်ဆိုလို့ ရှိယင်ဖြင့် ဟိုမှာ မဂ်ဉာဏ်ကလေး တခုတော့ ပေါ် ဦးမှာပဲ (မှန်ပါ့) ဒီနာမ်ရုပ်က လိုက်သလားလို့ မေးပြန်တော့ (မလိုက်ပါ ဘုရား)။

ဒီက နာမ်ရုပ်ကလဲ မလိုက်ဘူး၊ ဟိုမှာ ဒီနာမ်နဲ့ အလား တူပေါ်တာ (မှန်ပါ့) အဲဒါတွေ ထောက်ကြည့်လိုက်တော့မှ ဪ မလိုက်ပါလား၊ အလားတူ ပေါ်မှုကို ဟောတာပါ လားဆိုတော့ ကိုက်မနေဘူးလား (ကိုက်နေပါတယ် ဘုရား)။

အဲဒီကဲ့သို့ ယူလိုက်တော့လဲ ဒကာ ဒကာမတို့ နေယျတ္ထ ဒေသနာတော်ကို ဆောင်ပြီး ယူလိုက်တော့ တည့်မတ် သွားတယ် (မှန်ပါ့) ဒကာသစ်တို့ ဦးဘအုန်းတို့ ယူတတ်ကြပါ လား (ယူတတ်ပါပြီ ဘုရား) ဒီကပြုတဲ့ နာမ်ရုပ်ဟာ ဒီနေရာ တွင်ချုပ်၊ နိဗ္ဗာန် မရောက်သေးလို့ ရှိယင် နာမ်ရုပ် အသစ်တော့ (ပေါ်ရမှာပါ ဘုရား)။

ပေါ်တဲ့အခါ ကျလို့ရှိယင်ဖြင့် ဒီက လိုက်လို့ ပေါ်တာ လား၊ အလားတူပေါ်တာလား (အလားတူ ပေါ်တာပါ ဘုရား) အလားတူ ဆိုတော့ ဒီအကြောင်းလဲ ကင်းပါရဲ့လား (မကင်းပါ ဘုရား) ဒီက နာမ်ရုပ် ကကော လိုက်သေးသလား (နာမ်ရုပ်ကတော့ မလိုက်ပါ ဘုရား)။

ဒါဖြင့် လိုက်လဲမလိုက် အကြောင်းလဲမကင်း အလားတူ ထပ်ပေါ်တာကို အနန္တရပစ္စည်း နာနာက္ခဏိက ကမ္မပစ္စည်းမျိုး ဟောထားသဖြင့် ဒကာ ဒကာမတို့ ကျေကျေ နပ်နပ်နဲ့ပဲ သဿတဒိဋ္ဌိ ပြုတ်ပါပေါ့ (မှန်ပါ့) သဘောကျပလား (ကျပါ ပြီ) ဘာပြုတ် သွားသတုန်း (သဿတ ဒိဋ္ဌိ ပြုတ်သွားပါ တယ် ဘုရား)။

အဲဒီတော့ ခင်ဗျားတို့အဘိဏှ သုတ်တော်မှာလဲဟော တယ်

“ကမ္မဿကောမှီ ကမ္မဒါယာဒေါ ကမ္မယောနိ ကမ္မဗန္ဓု ကမ္မပဋိဿရေဏာ၊ ယံ ကမ္မံ ကရိဿန္တိ ကလျာဏံဝါ ပါပကံဝါ တဿ ဒါယာဒေါ ဘဝိဿာမိ”

ဆိုတဲ့အတိုင်း, ကံအမိ ကံအဖ ဆိုတာ ခင်ဗျားတို့က နောက်ကနေပြီး ကံကတခါတည်း တပါ တည်း လိုက်နေပြီး မလဲမကွဲရအောင် စောင့်ရှောက်နေတဲ့ သဘောမျိုး နတ်မ, တယ် ယုံကြည် နေကြ သလို ပေါ့ဗျာ။ နတ်အမြဲ လိုက်ပြီး မ, နေတယ် ထင်သလို ဒကာအုန်း ကံကလဲ ထပ်ချပ် မကွာ လိုက်နေတယ်လို့ ထင်နေကြတယ် (မှန်ပါ့) အဲ့ဒီလို ထင်ယင် မလွဲပေဘူး (လွဲပါတယ် ဘုရား)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ အခု ကျေကျေ နပ်နပ် သဘောကျပလား (ကျပါပြီ) ဒီက အကြောင်းလုပ် ထားတဲ့ စေတနာကံဟာ အဟောသိကံ အကျိုးမပေးပဲ၊ အလကား ဖြစ်ပါသလား (အလားတူ ပေါ်အောင် အကျိုးပေးပါတယ် ဘုရား) ကံက နောက်က တောက်လျှောက်ကော လိုက်နေသလား (မလိုက်ပါ ဘုရား) ကံပြုတဲ့ နေရာမှာ ချုပ်တယ် (မှန်ပါ့)။

ဘယ်လိုပါလိမ့် (ကံပြုတဲ့နေရာမှာ ချုပ်ပါတယ် ဘုရား) ပြုတဲ့နေရာမှာပဲ ချုပ်တယ်၊ လိုက်တော့ မလိုက်တော့ ဘူးဆိုတာ ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား) အဲဒါ သဘောကျ ထားတော့မှ သူနဲ့ ပတ်သက်တဲ့ ဝတ္ထုကို ထုတ်ကြပေတော့ (မှန်ပါ့) သူနဲ့ ပတ်သက်တဲ့ဝတ္ထုကို ထုတ်တော့မယ် ဒကာကြွယ် (မှန်ပါ့ ဘုရား)။

သာဝတ္ထိပြည် ပုဗ္ဗာရုံကျောင်းမှာ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက တရားဟောနေတော့ ရဟန်းတပါးက လာပြီး တရားနာတယ်၊ တရားပွဲမှာ သူက သင်္ကန်းကလေး လက် ကတော့ထိုးပြီး သကာလ အရှင်ဘုရား တပည့်တော် ပုစ္ဆာ ကလေး တခု လျှောက်ပါရစေ ဘုရားလို့ လျှောက်တယ်၊ ခန္ဓဝဂ္ဂ သံယုတ်မှာ ဒီအကြောင်း ဝတ္ထု ထုတ်လာတယ်နော် (မှန်ပါ့)။

သူမေးတာကလေး ရှေးဦးစွာ ရှေ့ပိုင်းမှာ နည်းနည်း ကလေးတော့ ပြောပါ့မယ်၊ နောက်အဓိပ္ပါယ် ကတော့ နောက်ဆုံးပိတ်မှ လာပါမယ်နော် (မှန်ပါ့ ဘုရား)။

အရှင်ဘုရား တပည့်တော် ပုစ္ဆာကလေးတခု မေးပရစေဆိုပြီးတော့ အေး မေးတာပေါ့ကွာ၊ သို့သော်လဲ မင်း နေရာမှာ မင်းထိုင်ပြီး မေးလို့ဆိုပြီး ဘုရားက သူ့နေရာမှာ သူ့ ကို ပြန်ထိုင်ခိုင်းပြီး မေးလျှောက်စေတယ် (မှန်ပါ့ ဘုရား)။

ဥပါဒါနက္ခန္ဓာ ငါးပါးဆိုတာ တပည့်တော်အား အမိန့် ရှိတော်မူပါဘုရားဆိုတော့ ဘုရားက မင်းတို့ အခုတရားနာ နေတဲ့ ခန္ဓာငါးပါးဟာ ရူပက္ခန္ဓာ၊ ဝေဒနာက္ခန္ဓာ၊ သညာက္ခန္ဓာ၊ သင်္ခါရ က္ခန္ဓာ၊ ဝိညာဏက္ခန္ဓာ ဆိုတဲ့ ဥစ္စာ ဥပါဒါနက္ခန္ဓာပဲလို့ ဟောလိုက် ပါတယ် (မှန်ပါ့) ဒါတော့ သိပြီးသား ထားကြပါတော့ (မှန်ပါ့ ဘုရား)။

ဒကာ ဒကာမတွေရဲ့ ခန္ဓာငါးပါးဟာ ဘာခန္ဓာတုန်း (ဥပါဒါနက္ခန္ဓာပါ ဘုရား) ဥပါဒါနက္ခန္ဓာ ဆိုတာ ဥပါဒါန၏ အာရုံဖြစ်တဲ့ခန္ဓာ (မှန်ပါ့) ဥပါဒါန် ဆိုတာ စွဲလန်းတာ ကိုယ့်ခန္ဓာကလေး ကိုယ်စွဲလန်း တယ်၊ မစွဲလန်းဘူးလား (စွဲလန်းပါတယ် ဘုရား)။

စွဲလန်းတယ် စွဲလန်းတယ်ဆိုတာ သိအောင် ပြောပါ မယ်၊ မနေ့ကပဲ ပြောခဲ့ပါ သေးတယ်၊ “အဟံ အဝေရော ဟောမိ” ငါခန္ဓာကိုယ်သည် ဘေးအတန်တန် ရန်အထပ်ထပ်မှ ကင်းလွတ် ရပါလို၏ လို့၊ မလာဘူးလား (လာပါတယ်) ဘယ်သူက စွဲတာတုန်း (ကိုယ့်ခန္ဓာ ကိုယ်ကို စွဲလန်းပါတယ်) ကိုယ့်ခန္ဓာကိုယ် ခင်မင်လွန်းလို့၊ စွဲလန်းလွန်းလို့၊ သဘောကျ ပလား (ကျပါပြီ ဘုရား)။

ဪ ရောက်ရာ ဘဝမှာဖြင့် ဒီခန္ဓာကြီး ဆင်းရဲနဲ့ အမွဲဖြင့်ကင်းပါရစေ၊ အင်း ဘယ်သူ့ကို စွဲတာပါလိမ့် (ကိုယ့်ခန္ဓာ ကိုယ်စွဲတာပါ ဘုရား) ဒါ့ကြောင့် ဒီခန္ဓာငါးပါးကို စွဲလန်းတဲ့ ခန္ဓာ ဖြစ်လေ သောကြောင့် ပါဠိလို သုံးတော့ ဥပါဒါန က္ခန္ဓာလို့ မှတ်ထားကြပါ (မှန်ပါ့) သဘောကျပြီနော် (ကျပါပြီ ဘုရား)။

ဥပါဒါနက္ခန္ဓာ၊ ဥပါဒါနက္ခန္ဓာဆိုတော့ ခင်ဗျားတို့က တခြား မှတ်နေဦးမယ်၊ ကိုယ့်ခန္ဓာ ငါးပါးကြီးကို ကိုယ့်တဏှာက ခင်မင် နေသောကြောင့် သူ့ကို ဘာခန္ဓာ ခေါ်ကြမယ် (ဥပါဒါ နက္ခန္ဓာပါ ဘုရား) စွဲလန်းနေတဲ့ ခန္ဓာပေါ့ဗျာ (မှန်ပါ့)။

မစွဲလန်းတယ်၊ စွဲလန်းတယ်ကို အခုအားလုံး တကာ တကာမတွေပဲ ဘုန်းကြီး အမေးထုတ် လိုက်ပါတယ်၊ ဒီခန္ဓာကြီး နေမကောင်းမှာများ အင်မတန် စိုးရိမ်နေကြတယ်၊ ဘာဖြစ်လို့ တုန်း၊ စွဲလမ်းလွန်းလို့ (မှန်ပါ့) ခင်လို့ပေါ့ဗျာ၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒီခန္ဓာကြီးကို ခလုတ်ထိ ဆူးညိမှာကော (စိုးရိမ် ပါတယ် ဘုရား) ဘယ့်နှယ်ကြောင့် ပါလိမ့် (ခင်လွန်းလို့ပါ ဘုရား) ခင်လွန်း စွဲလန်းလွန်းလို့ (မှန်ပါ့) ဒါဖြင့် ဒီခန္ဓာကြီး ကို နာမည်ပေးကြယင် ဘယ့်နှယ်ပေးကြမလဲ (ဥပါဒါန က္ခန္ဓာပါ ဘုရား) စွဲလမ်းသော ခန္ဓာပေါ့ (မှန်ပါ့)။

ဒကာကြွယ်တို့ ညောင်းတယ် ညာတယ် ဆိုလို့ရှိယင် အနှိပ်သည်ကလေးများ ခေါ်ပြီး အနှိပ်ခံကြသေး သလား မေး လိုက်တယ် (ခံပါတယ် ဘုရား) ခံရတယ်နော်၊ ဘယ့်နှယ်ကြောင့် တုန်း မေးတဲ့ အခါကျတော့ သူ့ကို ခင်လွန်းလို့ သူမညောင်းပါ စေနဲ့၊ သူမနာပါစေနဲ့ သူမဖောက်ပြန်ပါစေနဲ့လို့ စွဲလမ်းလွန်းလို့ အနှိပ်သည်ကို ပိုက်ဆံပေးပြီး ခံရတယ် (မှန်ပါ့) ဒါဖြင့် ဒီခန္ဓာကို ဘာခန္ဓာခေါ်ကြမယ် (ဥပါဒါနက္ခန္ဓာပါ ဘုရား)။

အခု တယောက်နဲ့တယောက် ငါ့ကိုမထိနဲ့ ဘယ် လောက်များ စွဲလန်းလို့တုန်း၊ မစွဲလန်း ဘူးလား (စွဲလန်းပါတယ် ဘုရား) ငါ့ကို မျက်စောင်း မထိုးနဲ့ဆိုတာ ဒီခန္ဓာကြီး မျက်စောင်း ထိုးတာကို ခံနိုင်ကြရဲ့လား (မခံနိုင်ပါ ဘုရား)။

ဘာဖြစ်လို့တုန်းဗျ (စွဲလန်းလို့ပါ ဘုရား) ဒါဖြင့် သူ့ကို ဘယ်လို နာမည်ပေးကြမလဲ (ဥပါဒါနက္ခန္ဓာပါ ဘုရား) ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။

ဪ ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ အခု – တရားနာ လာကြတဲ့ ရုပ်တွေ၊ တရားကောင်းတာကို ခံစားတဲ့ ဝေဒနာ၊ တရားမှတ်နေတဲ့ သညာ တရားနာဖို့ရာ တိုက်တွန်းတဲ့ စေတနာ၊ တရားနာတဲ့ စိတ်ဆိုတဲ့ အခုခန္ဓာငါးပါးနဲ့ တရားနာ နေကြတယ် (မှန်ပါ့ ဘုရား)။

ဒီခန္ဓာငါးပါးကို ဒကာ ဒကာမတို့ အိုက်တယ် ဆိုလို့ ရှိယင်ဖြင့် ယပ်တောင် ကလေးနဲ့ ပူဇော်ကြပြီ၊ မဟုတ်ဘူးလား (မှန်ပါ့) နေရာကလေး ပြင်ပေးလိုက်ပြီ၊ ဒီခန္ဓာငါးပါးကြီးကို ခလုတ်မထိ ဆူးမငြိပါစေနဲ့ အန္တရာယ် ကင်းလို့ ဘေးရှင်းအောင် အမျိုးမျိုး ပြုပြင် ပေးကြတယ် (မှန်ပါ့)။

အဲ့ဒါကြောင့် သူ့ကို ဘာခန္ဓာခေါ်ကြမလဲ (ဥပါဒါ နက္ခန္ဓာပါ ဘုရား) မြန်မာလို ပြန်လိုက်တော့ ချစ်ခင်စွဲလန်းတဲ့ ခန္ဓာ (မှန်ပါ့) သဘောကျပလား (ကျပါပြီ) ပါဠိလို သုံးတော့ ဥပါဒါန က္ခန္ဓာ၊ မြန်မာလို သုံးလိုက်တော့ အလွန်ချစ်ခင် စွဲလန်းတဲ့ခန္ဓာ (မှန်ပါ့ ဘုရား)။

အဲဒါကို ဥပါဒါနက္ခန္ဓာ ဆိုတာ ဘယ်ဟာကို ခေါ်ပါ သတုန်းလို့ ခုနင်က ရဟန်းက မေးလျှောက်တဲ့ အခါကျတော့ မင်းတို့ ခန္ဓာငါးပါးကို ခေါ်တယ် ဆိုတော့ အဓိပ္ပါယ် မပေါ်သေးပဲ ဖြစ်နေသေးတယ် (မှန်ပါ့ ဘုရား)။

အဲဒီတွင်မှ ရဟန်းက ဆက်ပြီးတော့ အရှင်ဘုရား ဒီခန္ဓာ ငါးပါးကို စွဲလန်းတဲ့ ဥပါဒါနက္ခန္ဓာ ဆိုတာ ကျေနပ်ပါပြီ၊ ဥပါဒါန်နဲ့ ခန္ဓာဟာ အတူတူပဲလား၊ တခြားစီလားတဲ့၊ လက်ပြီး မေးတယ် (မှန်ပါ့ ဘုရား) ဥပါဒါန်က တခြားလား၊ ခန္ဓာက တခြားလားဆိုတော့ ဒီလို မဆိုနဲ့၊ တခြားလဲ မဆိုနဲ့၊ အတူတူလဲ မဆိုနဲ့ တဲ့ (မှန်ပါ့)။

ဥပါဒါန် ဆိုတာ ဝမ်းထဲမှာ ရှိတဲ့တဏှာကို ဆိုတာ၊ ခန္ဓာ ဆိုတာ ကျန်တဲ့ ရုပ်ဝေဒနာ၊ သညာ သင်္ခါရ ဝိညာဏ်ကို ဆိုတာ၊ တဏှာက ဒီခန္ဓာ စွဲလန်းနေလို့ ရှိယင်ဖြင့် ဥပါဒါနက္ခန္ဓာမဖြစ်ပေ ဘူးလား (ဖြစ်ပါတယ်) ဒါဖြင့် ဥပါဒါန်ကတခြား ခန္ဓာက တခြား စွဲလန်းနေခြင်းကြောင့်၊ ဥပါဒါနက္ခန္ဓာလို့ ပေါင်းလိုက်တယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဥပါဒါန်က တဏှာနော် (မှန်ပါ့) ခန္ဓာက ခန္ဓာငါး ပါးကို ခေါ်တယ်နော် (မှန်ပါ့) ရှင်းသွားပလား (ရှင်း ပါပြီ ဘုရား) ကောင်းပါပြီဘုရား၊ ဒီပြင်ကို တပည့်တော် လျှောက် ပရစေ ဆိုပြီးတော့ တကာ တကာမတို့ သက္ကာယဒိဋ္ဌိကို သူ လျှောက်တယ် (မှန်ပါ့) သက္ကာယ ဒိဋ္ဌိ ဆိုတာ ဘာကိုခေါ်ပါ သတုန်း ဆိုတော့ ရုပ်တရားကြီးကို ငါထင်တဲ့ ပုဂ္ဂိုလ်ဟာ သက္ကာယဒိဋ္ဌိ၊ ဝေဒနာကို ငါထင်တဲ့ ပုဂ္ဂိုလ်ဟာ (သက္ကာယ ဒိဋ္ဌိပါ ဘုရား)။

သညာကို ငါထင်တယ် (သက္ကာယ ဒိဋ္ဌိပါ) သင်္ခါရ ကို ငါထင်ယင် (သက္ကာယဒိဋ္ဌိပါ) စိတ်ကို ငါထင်ယင် (သက္ကာယဒိဋ္ဌိပါ ဘုရား) ခန္ဓာငါးပါးကို တပါးပါး ငါထင်ယင် (သက္ကာယဒိဋ္ဌိပါ) ရှင်းပြီနော် (မှန်ပါ့ ဘုရား)။

ဒါဖြင့် သက္ကာယဒိဋ္ဌိ ပြုတ်တာကို ဟောပါဦးလို့ ဒီရဟန်း က ဆက်မေးတယ် (မှန်ပါ့) သက္ကာယ ဒိဋ္ဌိ ပြုတ်တာကတော့ ရုပ်တရားကြီးကို ရုပ်တရားကြီး ရုပ်တရားပဲ၊ ငါမဟုတ်ဘူးလို့ ထင်ယင် သက္ကာယဒိဋ္ဌိ ပြုတ်တယ် (မှန်ပါ့) ဝေဒနာကို ဝေဒနာလို့ သိနေလို့ရှိယင် ငါမဟုတ်ဘူးလို့ သိနေလို့ရှိယင် ဘာတုန်း (သက္ကာယဒိဋ္ဌိ ပြုတ်ပါမယ် ဘုရား)။

စေတနာကို စေတနာပဲ ငါမဟုတ်ဘူးလို့ သိနေယင် (သက္ကာယဒိဋ္ဌိ ပြုတ်ပါမယ်) အဲဒီ ခန္ဓာငါးပါးကို အသီးသီးခန္ဓာ ငါးပါးလို့ သိနေယင်၊ ခန္ဓာငါးပါးဟာ ငါမဟုတ်ဘူး၊ ခန္ဓာတွေပဲ လို့ သိနေယင် သက္ကာယဒိဋ္ဌိ ပြုတ်ပါတယ် (မှန်ပါ့ ဘုရား)။

ဒါဖြင့် သက္ကာယဒိဋ္ဌိပြုတ်တာ ရှင်းပြီနော် (မှန်ပါ့ ဘုရား) ဒီတရားတွေအပေါ် သက္ကာယဒိဋ္ဌိ မရှိတော့ကို ရုပ်တရား ဟာလဲ ငါ့ကိုယ်, ငါ့ဟာ, ငါ့ဥစ္စာ မဟုတ်ပါဘူး၊ အနတ္တပါ (မှန်ပါ့) ဝေဒနာကော (အနတ္တ) သညာကော (အနတ္တပါ) သင်္ခါရကော (အနတ္တပါ) ဝိဉာဏ်ကော (အနတ္တပါ ဘုရား) ဒါဖြင့် ခန္ဓာငါးပါး စလုံးဟာ ဘာပါလိမ့် (အနတ္တပါ ဘုရား)။

ဤကဲ့သို့ ဘုရားက သက္ကာယဒိဋ္ဌိ ဖြုတ်ပြီးသကာလ၊ ရုပ်တရားလဲ ဖြစ်ပျက်တဲ့အနတ္တ (မှန်ပါ့) ဝေဒနာတရားက လဲ (ဖြစ်ပျက်တဲ့ အနတ္တပါ ဘုရား) သညာတရားလဲ (ဖြစ်ပျက်တဲ့အနတ္တပါ ဘုရား) သင်္ခါရဆိုတဲ့ ဝေဒနာတရားလဲ (ဖြစ်ပျက်တဲ့ အနတ္တပါ ဘုရား) စိတ်ဆိုတဲ့တရားလဲ (ဖြစ်ပျက် တဲ့ အနတ္တပါ ဘုရား) ဖြစ်ပြီး ပျက်တာကြောင့် အနတ္တပဲ (မှန်ပါ့)။

အဲဒီ အနတ္တတွေချည့် ဘုရားက ဟောနေတော့ ဒကာကြွယ်တို့၊ ဒကာသစ်တို့ ခုနင်က အလွဲကံပဲ ရောက်လာပြီး (မှန်ပါ့) ဒကာအုန်း သေသေချာချာ သတိထားပြီး နားထောင်နော် (မှန်ပါ့) ဒီလို အနတ္တလို့ ဟောတော့ ဒီအထဲမှာ ငါးရာ ထဲမှ ရဟန်းတပါးက ဖောက်လာတယ် ဒကာကြွယ် (မှန်ပါ့)။

ဪ ကြည့်စမ်းပါဦး၊ မိမိရှိတဲ့ ခန္ဓာငါးပါးဟာ အကုန် အနတ္တ ဆိုလို့ရှိယင် ဘာကို အားကိုး ရတော့ မတုန်းတဲ့၊ ဖောက်လာပြီ၊ ဖောက်လာပြီ (မှန်ပါ့ ဘုရား)။

ခန္ဓာငါးပါးဟာ အကုန် အနတ္တတွေချည့် ဘုရားက ဟောလိုက်ပြီတဲ့၊ မိမိခန္ဓာလဲ အနတ္တ၊ ဆိုင်ရာ ဆိုင်ရာတွေလဲ အနတ္တ၊ အကုန်အနတ္တတွေဖြစ်နေတော့ အနတ္တဆိုတာ ကိုးစား ရာ, အားထားရာ မရှိတာ အနတ္တကိုးဗျ (မှန်ပါ့ ဘုရား)။

ကိုးစားအားထား မခံတာကို ဘာခေါ်ကြမယ် (အနတ္တပါ ဘုရား) အလုံးစုံ အနတ္တတွေ ဖြစ်ကုန် ပြီ ဆိုပြီး သကာလ ဘယ်ဟာကိုများ အားကိုး ရပါ့မလဲ၊ ဖောက် လာတာဗျ၊ ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။

ဘုရားက ခန္ဓာငါးပါးကို အနတ္တလို့ မဟောလိုက်ဘူး လား (ဟောပါတယ် ဘုရား) ရဟန်းက ဘယ်လိုဖောက် လာသတုန်း (ဘယ်ဟာ အားကိုးရပါ့မလဲတဲ့ ဘုရား) အားကိုးစရာ မရှိတော့ဘူး ဆိုတော့ ဒကာ ဒကာမတို့ အနတ္တ ဟောလိုက်တာနဲ့များ သူ့မှာတော့ အားကိုး ပြုတ်သွားတယ် (မှန်ပါ့)။

ဒါဖြင့် သူဟာ နဂိုရ်တုန်းက ခန္ဓာငါးပါးကြီး အားကိုးနေ တဲ့ ပုဂ္ဂိုလ် ဆိုထိုက် မဆိုထိုက် (ဆိုထိုက်ပါတယ် ဘုရား) ဒီမှာ ပေါ်လာတယ် (မှန်ပါ့) နဂိုရ်က သူဟာ ခန္ဓာငါးပါး အား ကိုးနေတဲ့ ပုဂ္ဂိုလ်ဆိုတာ မသေချာဘူးလား (သေချာပါ တယ် ဘုရား)။

ဘုရားက ရုပ်လဲ အနတ္တ၊ ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ်လဲ အနတ္တလို့ ဟောလိုက်တဲ့ အခါကျတော့ ရဟန်းတပါး က ဪ ခန္ဓာငါးပါး ရှိတာ အကုန် အနတ္တပဲ၊ ဘယ်သူမှ မပိုင်၊ ဘယ်သူမှ မဆိုင်ဘူး၊ အကုန့် အနတ္တ ချည့်ပဲလို့ ဘယ်သူမှ မပိုင်ဘူး၊ ဘယ်သူမှ မဆိုင်ဘူး၊ အကုန်အနတ္တ ချည့်ပဲလို့ စွဲလိုက် သဖြင့် သူ့ဟာသူ ရှုလိုက်တဲ့အခါ အနတ္တတွေသာ ရှိပြီး သကာလ ဘာများ အားကိုး ရပါ့မလဲ ဆိုပြီး အားကိုး ရှာတယ် (မှန်ပါ့)။

ဒကာ ဒကာမတို့ ကြပ်ကြပ် စဉ်းစားပါ၊ ခင်ဗျားတို့လဲ ဗွေဖောက်နိုင်တဲ့ နေရာလို့ မှတ်လိုက် စမ်းပါ (မှန်ပါ့ ဘုရား) ခင်ဗျားတို့ကော (ဗွေဖောက်နိုင်တဲ့ နေရာပါ ဘုရား) ဗွေဖောက် နိုင်တဲ့ နေရာ၊ အလုံးစုံ အကုန် အနတ္တတွေ ဖြစ်နေတော့ ဘယ်ဟာ အားကိုး ရပါမလဲ ဆိုတာ ခင်ဗျားတို့လဲ ဒီရဟန်းလို လာမယ်ဆို ယင်လာနိုင်တယ် (မှန်ပါ့) မလာနိုင်ဘူးလား (လာနိုင် ပါတယ် ဘုရား)။

ကြပ်ကြပ် စဉ်းစားပါ၊ ဒီဥစ္စာ တော်တော်အရေးကြီးလို့ ပြောနေတယ်လို့ မှတ်လိုက်စမ်းပါ၊ ဒကာကြွယ် ဂရုစိုက်နော် (မှန်ပါ့) ခန္ဓာငါးပါးကို ဘုရားက ဘယ့်နှယ် ဟောလိုက်သတုန်း (အနတ္တလို့ ဟောပါတယ် ဘုရား)။

ဒီတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဒီတရားပွဲ ထဲမှာဖြင့် အဝိဇ္ဇာ အုပ်ချုပ်ပြီး၊ တဏှာ ဦးစီးပြီး ခန္ဓာကိုယ် အနတ္တ ဖြစ်တော့ ဘာ အားကိုးရပါမလဲ ဆိုတဲ့ ဥပါဒါန်သမား တယောက် ဒီထဲမှာ ပါနေပါပေါ့လားတဲ့ (မှန်ပါ့ ဘုရား)။

ဘာတယောက် ပါလာသတုန်း (ဥပါဒါန်သမား တယောက်ပါလာ ပါတယ်) နဂိုရ်ခန္ဓာ စွဲလန်း နေတဲ့ ဥပါဒါနက္ခန္ဓာ ဆိုတာ မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား) ခန္ဓာဟာ အနတ္တတရားချည့် ဆိုသဖြင့် ဘာကို အားကိုးရပါ့မလဲ ဆိုပြီး သကာလ သူ့မှာ အားကိုးရာမဲ့ဖြစ်ပြီး သကာလ သွားရတဲ့ ရဟန်း တပါး ပါလာတာကို ဘုရား သိတော်မူ တယ်နော် (မှန်ပါ့) အဲဒီတွင်မှ ဘုရားသခင် ကိုယ်တော် မြတ်ကြီးက ဒီအထဲမှာဖြင့်

“အဝိဒွါ အဝိဇ္ဇာဂတော တဏှာဓိပတေယျန

စေတဿာ၊ ဗုဒ္ဓသာသနံ အဘိဓာဝိတဗ္ဗံ မညေ” ဆိုပြီး ဟောလိုက်တယ်။

သြော် ငါဘုရား ဟောဒါတွေကို ခုန်ကျော်သွားပါ ပေါ့လား (မှန်ပါ့) ငါက အကုန် အနတ္တ ဟောတော့ သူ-ဘာ ကိုးရပါမလဲ ဆိုပြီး သကာလ အားကိုးရာရှာ နေတဲ့ ရဟန်းတပါး ဖြစ်ပေါ်လာပြီ ဆိုပြီး ဘုရားက တရားဟောရင်း ဒီပုဂ္ဂိုလ်ကို သွားပြီး မြင်ပါတယ် (မှန်ပါ့)။

အဲဒီတော့ ကိုးမိကိုးရာ ကိုးလိုက်ကြတယ် (မှန်ပါ့ ဘုရား)။

အနတ္တကတာနိ၊ ငါမဟုတ်သဖြင့် ပြုအပ်ကုန်သော။ ကမ္မာနိ၊ ကံတို့ ဆိုတော့ ဒီနေရာမှာ အနတ္တမဟုတ်တာ ကံပဲ ကျန်တော့တယ်တဲ့ (မှန်ပါ့) ကံပဲ ငါ့ဥစ္စာ ရှိတော့တာပဲတဲ့၊ တခါတည်း ဒိဋ္ဌိဘက် ပြေးသွားတယ် (မှန်ပါ့)။

ဘယ်ဘက်ပြေးသွားသတုန်း (ဒိဋ္ဌိဘက် ပြေးသွားပါတယ် ဘုရား) ကံပဲ ငါ့ဥစ္စာ ရှိတော့တယ်၊ ကျန်တာတွေ အကုန် အနတ္တပဲတဲ့၊ ဟော ကံကို ငါ့ဥစ္စာလို့ ယူထားတယ် (မှန်ပါ့) သဘောပါပလား (ပါ-ပါပြီ ဘုရား)။

ခင်ဗျားတို့ကလဲ ကံကို ဘာယူထားကြသတုန်း (ငါ့ဥစ္စာလို့ ယူထားပါတယ် ဘုရား) “ကမ္မယောနိ ကမ္မဗန္ဓု၊ ကမ္မ ပဋိသရဏာ ကမ္မဒါယာဒါ” ဆိုပြီးတော့ ကမ္မဿကတဉာဏ်၌ တည်ဖို့ လောက်ဟောတာကို ကံကို ငါ့ဥစ္စာလို့ ယူမထားကြဘူးလား (ယူထားပါတယ် ဘုရား)။

ကိုင်း ဒကာ ဒကာမတို့ ခုနင်က ရဟန်းကလဲ ခန္ဓာငါးပါး အနတ္တတွေ ဖြစ်လို့ ဘာမှ အားကိုးစရာ မရှိတော့တဲ့ ကံပဲ၊ ငါ့ဥစ္စာ လုပ်ဖို့ရှိတော့တာပဲတဲ့ (မှန်ပါ့)။

အဲဒီတွင်မှ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက “အဝိဒွါ အဝိဇ္ဇာဂတော တဏှာဓိပတေယျန စေတသာ”တဲ့ အဝိဒွါ၊ အသိအလိမ္မာနည်းသတဲ့။ အဝိဇ္ဇာဂတော၊ အဝိဇ္ဇာများ သတဲ့။ တဏှာ ဓိပတေယျန စေတဿာ၊ တဏှာကြီးမှူးသော စိတ်ဖြစ်တဲ့၊ ဗုဒ္ဓသာသာသနံ၊ ငါဘုရား၏ အဆုံးအမကို။ အဘိဓာဝိတဗ္ဗံ၊ ခုန်ကျော်သွားပြီတဲ့ (မှန်ပါ့) ငါဘုရား၏ တရားတော်ကို လွန်သွားပြီတဲ့ (မှန်ပါ့) ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။

သူဘာအားကိုး လိုက်သတုန်း (ကံပဲ အားကိုးပါ တယ် ဘုရား) ကံကို ခုနင်က ပြောသလို အရိပ်ပါသလို လိုက်နေတယ် ဆိုတဲ့ အဓိပ္ပါယ် မျိုးယူပြီး သူအားမကိုး လိုက်ဘူးလား (အားကိုးပါတယ် ဘုရား)။

အားကိုးလိုက်တော့ အဲဒါကို ဘုရားက အဝိဇ္ဇာအား ကြီးတဲ့ ပုဂ္ဂိုလ်၊ တဏှာ ကြီးစိုးနေလို့ အားကိုး နေတာပေါ့တဲ့ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

သူ့မှ အားမကိုးလို့ရှိယင်ဖြင့် ခင်ဗျားတို့ သုံးဆယ့်တဘုံ အပြင်ဘက် ရောက်သွားမှာ စိုးလွန်းလို့ (မှန်ပါ့) အဲဒီရောက် မှာစိုးလို့ ကံကိုပဲ အားကိုး ချလိုက်တယ် (မှန်ပါ့) ကံပေါ်ကြ ပလား (ပေါ်ပါပြီ ဘုရား)။

ဘယ်လောက် သိမ်မွေ့တဲ့ ယူနည်းပဲ ဆိုတာ ခင်ဗျားတို့ ဒီလို ဟောပေးမည့် သူမရှိဘူး ဆိုယင်ဖြင့် ဒကာသစ်တို့၊ ဒကာ ကြွယ်တို့ ဒကာအုန်းတို့ သွားပြီဗျ (မှန်ပါ့) တသက်တကိုယ် ပြင်ပေးတာနော် (မှန်ပါ့) ခင်ဗျားတို့ မပြင်ဘူးပါဘူး ဒီဥစ္စာ (မှန်ပါ့ မပြင်ဘူးပါ ဘုရား) အတော် မခဲယဉ်း ဘူးလားဗျာ (ခဲယဉ်းပါတယ် ဘုရား)။

ကဲ ဒါဖြင့် တကာ တကာမတို့ ခုနင်က ရဟန်းကို ဘုရားက အပြစ်တင် လိုက်တာကော သဘော ကျပလား (ကျပါ ပြီ ဘုရား) အဝိဒွါ တဲ့ အတော်မသိတဲ့ ပုဂ္ဂိုလ်ဟေ့တဲ့ (မှန်ပါ့) ဘာမှ အားကိုး စရာ မရှိတော့ဘူး၊ ကံပဲ အားကိုးစရာ ရှိတော့တယ်၊ ကံပဲ ငါ့ဥစ္စာ လုပ်စရာ ရှိတော့တယ်လို့ သူက ယူပစ် လိုက်တာကိုး ဗျ (မှန်ပါ့ ဘုရား)။

ယူပစ်လိုက်တော့ ဘုရားက “အဝိဒါ အဝိဇ္ဇာဂတော (ပ) မညေ၊” ဆိုပြီး သကာလ ဘုရားက ကဲ့ရဲ့တော်မူတယ် (မှန်ပါ့) အဝိဇ္ဇာ အားကြီးတဲ့ ပုဂ္ဂိုလ်ဟာ တဏှာ မစွန့်နိုင်တာနဲ့ ကံကို အားကိုးချ လိုက်တယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဘဝတဏှာကို (မစွန့်နိုင်တာနဲ့) ဘာကိုအားကိုးလိုက် သတုန်း (ကံကို အားကိုးလိုက်ပါ့တယ်) ကံကိုပဲ ငါ့ဥစ္စာ ရှိတော့ တယ်လို့ ယူပစ် လိုက်တယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ကိုင်း ဒကာ ဒကာမတို့ ဒီအဓိပ္ပါယ်ဟာ သေး သေးသိမ်သိမ်လို့ ဒကာကြွယ်တို့ မယူလိုက်ပါနဲ့ (မှန်ပါ့) ဟိုမှာ ဘုရားက တရား ဟောရင်းကို ဗွေဖောက်လာတာ (မှန်ပါ့) မဖေါက်ဘူးလား (ဖေါက်လာ ပါတယ် ဘုရား)။

ဘုရားက ဘယ်နှယ့်ဟောသတုန်း၊ ရုပ်အနတ္တ, ဝေဒနာ အနတ္တ သညာအနတ္တ, သင်္ခါရအနတ္တ, ဝိညာဏံ အနတ္တလို့၊ အနတ္တ တွေ အကုန် ဟောလိုက်တော့ တခါတည်း သူ့စိတ်ထဲမှာ “အနတ္တ ကတာနိ- အနတ္တသည် ပြုအပ် ကုန်သော၊ ကမ္မာနိ- ကံတို့သည်၊ ကမ္မတ္တာနံ- ကံသာလျှင် ငါ့ဥစ္စာ ရှိသည် အဖြစ်သို့၊ ဖုသန္တိ- ရောက်ကုန်၏” (မှန်ပါ့ ဘုရား)။

ကံဟာ အနတ္တမဟုတ်တော့ဘူးတဲ့ (မှန်ပါ့) ကံပဲ ငါ့ဥစ္စာ တခုရှိတော့တယ်၊ ကျန်တာတွေဟာ အနတ္တချည့်ပဲတဲ့ (မှန်ပါ့) ဘယ်လောက်များ ဆိုးသွားသတုန်း (ဆိုးပါတယ် ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။

ကံပဲ မိမိဥစ္စာရှိတော့တယ်ဆိုတော့ ဒီဥစ္စာကလေးပဲ သူစွဲထားတော့မယ်ဆိုယင် ကိုင်ထား တော့မယ်၊ ဒါကလေးတော့ မပျောက်နိုင်တဲ့ ပစ္စည်းဆိုပြီး သဿတဒိဋ္ဌိ စွဲထားတယ် (မှန်ပါ့) မစွဲဘူးလား စွဲသလား (စွဲပါတယ် ဘုရား)။

ဒကာ ဒကာမတို့ ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား) ဒါဖြင့် ဒကာ ဒကာမတို့ ခုနင်က ဆရာ ဘုန်းကြီး ပြောခဲ့တဲ့ အဓိပ္ပါယ် ခင်ဗျားတို့ ကောင်းကောင်းရှင်းရ မယ် (ရှင်းပါတယ် ဘုရား) ကံဟာ ပြုခဲ့တဲ့ နေရာမှာ ချုပ်တာ ပဲ မဟုတ်လား (ချုပ်ပါတယ် ဘုရား)။

နိဗ္ဗာန် မရသေးခဲ့လို့ အကျိုးပေးခဲ့လို့ရှိယင် အလားတူ တော့ မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား) ကံဒြပ်ကြီး ကတော့ လိုက်ပါရဲ့လား (မလိုက်ပါ ဘုရား) ဒီကံဟာ စင်စစ် အထည်ကြီးတော့ မလိုက်ဘူးပေါ့ဗျာ (မှန်ပါ့) သတ္တိကလေးတော့ အကျိုးပေး မှာပေါ့ဗျာ (မှန်ပါ့) ဒီကံကတော့ ဒီနေရာ မှာ ပြုတဲ့နေရာမှာ မချုပ်ဘူးလား (ချုပ်ပါတယ်) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဲဒီတော့ ကံလဲ အနတ္တပဲဆိုတာ သဘောကျပလား (ကျပါပြီ) ကံဟာ အနတ္တပဲ ဆိုတော့ ခုနင်က ရဟန်းကတော့ ဒီလိုယူရဲ့လား (မယူပါ ဘုရား) သူကတော့ ကံကိုပဲ ငါ့ဥစ္စာ ဆိုပြီး ဆုတ်ထား ရတော့မှာပဲတဲ့၊ ကျန်တာတွေဟာ အနတ္တချည့် အကုန်ဖြစ်ကုန်ပြီတဲ့ (မှန်ပါ့) သဘောကျပလား (ကျပါပြီ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဲဒီတော့ ဒီရဟန်းဟာ ကံကိုအနတ္တသဘော သူယူ သေးရဲ့လား (မယူပါ ဘုရား) ကံကို အတ္တသဘော မယူဘူးလား (ယူပါတယ် ဘုရား) ဒီမှာလဲ ဒကာ ဒကာမတွေ ကံကတော့ဖြင့် နောက်က အမြဲလိုက် နေတယ် လို့တော့ ခင်ဗျားတို့လဲ ဘယ် သဘောရောက်သတုန်း (ကံကို အတ္တ သဘောယူရာ ရောက်နေပါတယ်) သေချာပလား (သေချာပါတယ် ဘုရား)။

အတ္တဆိုတာ ခိုင်တယ် မြဲတယ်ပေါ့ဗျာ (မှန်ပါ့) ဒီလိုမယူထားဘူးလား (ယူထားပါတယ် ဘုရား) “သဗ္ဗေ ဓမ္မာ အနတ္တာ” နဲ့တော့ ဒကာကြွယ် ဘယ့်နှယ်နေသတုန်း (ဆန့် ကျင်ဘက်ဖြစ်ပါတယ် ဘုရား) သဘောပါပလား (ပါပါပြီ ဘုရား)။

အဲဒီတော့ ခုနင်က ရဟန်းဖောက်ပုံနဲ့ ခင်ဗျားတို့ ယူ ထားပုံနဲ့ဟာ တန်းမနေဘူးလား (တန်းနေပါတယ် ဘုရား) အဲဒါကြောင့် ကမ္မဝါဒီ သဿတဒိဋ္ဌိ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ကမ္မဝါဒီ သဿတဒိဋ္ဌိ ဖြစ်နေတော့ ဒကာ ဒကာမ တွေ ကံ-ကံ၏ အကျိုး ယုံကြည်တာ လူ့ပြည်၊ နတ်ပြည်၊ ဗြဟ္မာ ပြည်တော့ အကျိုးပေး ပါတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဒီကံအကျိုးပေးတာကို ခင်ဗျားတို့က သဘောကျနေ ယင်ဖြင့် နိဗ္ဗာန်တော့ ဘယ့်နှယ်တုန်း (မရနိုင်သေးပါ ဘုရား) ကံကိုတော့ ယုံကြည်နေတာကိုးဗျ (မှန်ပါ) အဲဒါကြောင့် ကမ္မဿတကဉာဏ် ဆိုတဲ့ဥစ္စာ အနုစားဉာဏ် သစ္စအနုလောမိ က ဉာဏ်မှ အထက်ဉာဏ်လို့ မှတ်လိုက်စမ်းပါ (မှန်ပါ့)။

ကမ္မဿကတဉာဏ်ဆိုတဲ့ဥစ္စာက သာသနာပလဲ ရှိတာ ပဲ (မှန်ပါ့) သာသနာပမှာ ဝေလာမ ပုဏ္ဏားကြီး တို့ဟာ ထမင်းရေ ချောင်းစီးလှူတာပေါ့၊ အမျိုးမျိုး အဖုံဖုံ လှူနေတာပဲ၊ ကမ္မဿကတ ဉာဏ်နဲ့ လုပ်နေတာ ကျုပ်တို့ ဘုရားအလောင်းတော်ပါပဲ၊ ဝေလာမ ပုဏ္ဏားဆိုတာ (မှန်ပါ) သစ္စအနုလောမိက ဉာဏ်ရောက်အောင် တက်ပါ (မှန်ပါ့) သဘောကျ ပလား (ကျပါပြီ ဘုရား)။

ဘယ်ဉာဏ်ရောက်အောင် တက်ရမတုန်း (သစ္စ အနုလောမိက ဉာဏ်ရောက်အောင် တက်ရပါမယ်) သစ္စ အနုလောမိကဉာဏ် ဆိုတာကတော့ ဘယ်တရား လာတာ ခင်ဗျား တို့ ဖြစ်ပြီး ပျက်တဲ့ ဒုက္ခသစ္စာ မြင်အောင်ရှုနိုင်မှ သစ္စအနုလောမိက ဉာဏ်ဖြစ်ပါတယ် (မှန်ပါ)

ဖြစ်ပျက် ဝိပဿနာရှုနိုင်မှ ဘာဉာဏ်ဖြစ်သတုန်း (သစ္စအနုလောမိက ဉာဏ်ဖြစ်ပါတယ်) ကောင်းတာလုပ် ယင် ကောင်း ကျိုးပေးတယ်လို့ ယုံကြည်တာ လောက်တော့ ကမ္မဿ ကတဉာဏ် (မှန်ပါ့) အဲဒါ ဝိပဿနာ မှာလဲရှိတာပါပဲ (မှန်ပါ့)။

သာသနာတွင်းမှာ ဆိုလို့ရှိယင် ဘယ်ဉာဏ်ရဖို့ အရေး ကြီးသတုန်း (သစ္စအနုလောမိက ဉာဏ်ရဖို့ အရေး ကြီးပါ တယ်) သစ္စအနုလောမိက ဉာဏ်ရဖို့ အရေးကြီးတယ် ဆိုတော့ ခင်ဗျားတို့ကို ဆရာဘုန်းကြီးက သင်ထားတာ အရှိသားပဲ။ ရုပ်ဖြစ်ဖြစ် နာမ်ဖြစ်ဖြစ်၊ စိတ်ဖြစ်ဖြစ်၊ ဝေဒနာဖြစ်ဖြစ်၊ ဖြစ်ပျက် မြင်ယင် သစ္စာနဲ့ လျော်ပြီ (မှန်ပါ့ ဘုရား)။

သစ္စက သစ္စာ၊ အနုလောမိက က လျော်တာ (မှန်ပါ့) သစ္စာနဲ့လျော်တဲ့ ဉာဏ်ရမှ နောက် ကိစ္စဉာဏ်ကို တက် နိုင်တော့မပေါ့ (မှန်ပါ့) နို့မဟုတ်ယင် တက်နိုင်ပါ့မလား (မတက်နိုင်ပါ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ခင်ဗျားတို့ အခုဖြစ်ပျက်ရှု နေတဲ့ဉာဏ်ကို ဘာဉာဏ်လို့ ခေါ်ကြမလဲ (သစ္စအနုလောမိက ဉာဏ်ပါ ဘုရား) သစ္စာ အနုလောမိကဉာဏ် ဆိုတော့ ခင်ဗျားတို့ နိဗ္ဗာန် ရောက်နိုင်တဲ့ ဉာဏ်အစစ် (မှန်ပါ့) သဘောပါပလား (ပါပါပြီ ဘုရား)။

ဘာဉာဏ်ပါလိမ့်ဗျာ (သစ္စအနုလောမိကဉာဏ် ပါ ဘုရား) သစ္စအနုလောမိက ဉာဏ်သည် နိဗ္ဗာန် ရောက်မည် အစစ်နော် (မှန်ပါ့) သာသနာ အတွင်းမှသာ ရှိတယ်နော် (မှန်ပါ့) သာသနာပမှာ ကမ္မဿကတဉာဏ်ကတော့ (ရှိပါ တယ် ဘုရား)။

ကမ္မဿကတဉာဏ်က ဘာတုန်းလို့ မေးတဲ့အခါ ကမ္မဿကတ ဉာဏ်ဟာ ခင်ဗျားတို့မှာလဲ အကုန်ရှိကြပါတယ် (ရှိပါတယ် ဘုရား) ရှိပင် ရှိငြားသော်လဲ ငါလုပ်မှ ငါရဆိုတဲ့ အတ္တဒိဋ္ဌိပြုတ် မပြုတ်ဘူး (မပြုတ်ပါ ဘုရား)။

မပြုတ်၊ ငါလုပ်ယင် ငါရတယ်လို့ မယူဘူးလား (ယူပါတယ် ဘုရား) ငါပြုတ်ကဲ့လား (မပြုတ်ပါ) မပြုတ်ယင် ဘာဒိဋ္ဌိလဲ (အတ္တဒိဋ္ဌိပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

သဿတဖြေလို့ မရဘူး၊ ငါလုပ်ရင် ငါရတယ် ဆိုတော့ အတ္တဒိဋ္ဌိခံနေတယ် (မှန်ပါ့) ဘာဒိဋ္ဌိ တဲ့တုန်း (အတ္တဒိဋ္ဌိပါ ဘုရား) သဘောပါပလား (ပါပါပြီ ဘုရား)။

အဲဒီတော့ ကမ္မဿကတဉာဏ်က ဒကာအုန်းတို့၊ ဒကာသစ်တို့ အတ္တဒိဋ္ဌိ ပြုတ်ပါရဲ့လား (မပြုတ်ပါ ဘုရား) မပြုတ်ဘူး၊ ငါလုပ်ရင် ငါရတယ်၊ အတ္တဒိဋ္ဌိ ပါမပါ (ပါ ပါတယ် ဘုရား) အဲ ကမ္မဿကတ ဉာဏ် နိဗ္ဗာန် တိုက်ရိုက် မသွားနိုင်တာက ဒီအတ္တဒိဋ္ဌိက ကန့်ကွက်တာ (မှန်ပါ့) သဘောပါပလား (ပါပါပြီ ဘုရား)။

ကမ္မသဿကတ ဉာဏ်ဟာ နိဗ္ဗာန်ကို ဘာနဲ့ ကန့်ကွက် တာတုန်း (အတ္တဒိဋ္ဌိနဲ့ ကန့်ကွက်ပါတယ် ဘုရား)။

ဒိဋ္ဌိရှိတဲ့ ပုဂ္ဂိုလ်သည် “ကိဉ္စိ သင်္ခါရံ နိစ္စတော ပဿတော အနုလောမိက ခန္တိယာ သမန္နာ ဂတော ဘဝိဿတီတိ နေတံ ဋ္ဌာနံ ဝိဇ္ဇတိ”

အတ္တဒိဋ္ဌိ ရှိနေလို့ရှိယင်ဖြင့် သစ္စအနုလောမိကဉာဏ် ဘယ်တော့မှ မရပါဘူးတဲ့ (မှန်ပါ့) သစ္စာနုလောမိက ဉာဏ် မရယင် ဘယ်တော့မှ မဂ်ဉာဏ် မရဘူးလို့ မဟောဘူးလား (ဟောပါတယ် ဘုရား)။

အဲဒါတွေ ဟောထားတဲ့အတွက် ဒီကမ္မဿကတ ဉာဏ်က အတ္တဒိဋ္ဌိမပြုတ်မှန်း သေချာပလား (သေချာပါပြီ ဘုရား) ဒကာကြွယ်ဘာတဲ့တုန်း (ကမ္မဿကတဉာဏ်က အတ္တဒိဋ္ဌိမပြုတ်မှန်း သေချာ ပါတယ် ဘုရား) ဒါဖြင့် ဒိဋ္ဌိ ခံနေတယ် ပေါ့ဗျာ (မှန်ပါ့ ဘုရား)။

သစ္စအနုလောမိက ဉာဏ်ဆိုတဲ့ ဥစ္စာကတော့ ဖြစ်ပျက် မြင်တဲ့ ဉာဏ်ဟာ သစ္စအနုလောမိက ဉာဏ် (မှန်ပါ့) သြော် ဒီဥစ္စာတွေဟာ ငါ့ကိုယ်, ငါဟာ, ငါ့ဥစ္စာ မဟုတ်လို့ ပျက် နေတာပဲ ဆိုတော့ သစ္စာနဲ့ မလျှော်ဘူးလား (လျှော်ပါတယ် ဘုရား)။

အဲဒီဉာဏ်နဲ့ဖြင့် နိဗ္ဗာန်ကို သေသေချာချာ ရောက်မယ် တဲ့ (မှန်ပါ့) အတ္တဒိဋ္ဌိပါသေးရဲ့ လား (မပါပါ) မပါတော့ ခင်ဗျားတို့ ဖြစ်ပျက်သိတဲ့ဉာဏ်က သစ္စာနဲ့လျော်သောကြောင့် သစ္စာထဲမှာလဲ နိဗ္ဗာန် ပါနေတယ် ဆိုတာ သေချာပလား (သေချာပါတယ် ဘုရား)။

အဲဒါကြောင့် သူကတော့ နိဗ္ဗာန် ရောက်နိုင်တယ် (မှန်ပါ့) ကမ္မဿကတ ဉာဏ်ကတော့ သုဂတိ သွားဖို့လောက် သေချာပါတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကမ္မဿကတဉာဏ်က ဘယ်သွားဖို့သေချာသတုန်း (သုဂတိသွားဖို့ သေချာပါတယ် ဘုရား) ဘယ့်နှယ့်ကြောင့် နိဗ္ဗာန်ရောက်အောင် မသွားပါလိမ့်မတုန်း ဆိုတော့ ခင်ဗျားတို့ ပဲ အဖြေ ထွက်နေပြီ (အတ္တဒိဋ္ဌိ မကွာလို့ပါ ဘုရား) အတ္တဒိဋ္ဌိ ကပ်နေတယ် (မှန်ပါ့ ဘုရား)။

အတ္တဒိဋ္ဌိက ကွာရဲ့ လား (မကွာပါ ဘုရား) ငါလုပ် ယင် ငါရတယ်ဆိုတဲ့ အတ္တဒိဋ္ဌိပြုတ်ပါရဲ့ လား (မပြုတ်ပါ ဘုရား) ဒိဋ္ဌိဆိုတာ သောတာပတ္တိမဂ် ကိုတောင် ကန့်ကွက်သေး တယ်၊ ဒီပြင် မဂ်ကို ရနိုင်ပါ့မလား (မရနိုင်ပါ) သေချာ ပလား (သေချာပါပြီ ဘုရား)။

ဒါဖြင့် ဘယ်ဉာဏ်ကို ခင်ဗျားတို့ ကျုပ်တို့ အရေး တကြီး ကြိုးစားရမယ် ဆိုတာ မပေါ်သေး ဘူးလား (ပေါ် ပါပြီ) ဘယ်လိုပေါ်လာသတုန်း (သစ္စအနုလောမိက ဉာဏ် ကို ရအောင် ကြိုးစား ရပါမယ်) ဖြစ်ပျက် ကြိုးစားရမယ် ပြောတာ ပဲ (မှန်ပါ့ ဘုရား)။

ဒကာကြွယ် ဘာကြိုးစားရမယ်ပြောတုန်း (ဖြစ် ပျက်ကြိုးစားရမယ် ပြောတာပါ) အဲဒီတော့ ကမ္မဿကတဉာဏ် လဲ လုပ်တော့လုပ်ပေါ့ဗျာ (မှန်ပါ့) ဝဋ်ကို တောင့်တပြီး မလုပ်ပါနဲ့၊ ဝဋ်ကျွတ်ရာကို ရည်မှန်းပြီး လုပ်ပါလို့ သတိပေးလိုက် ပါတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

သို့သော်လဲ အမြဲတမ်း သတိထားရမှာက သစ္စာနုလောမိက ဉာဏ်ကို လုပ်ရမယ် (မှန်ပါ့) ကဲ သစ္စာနဲ့ လျော်တယ်၊ မလျော်တယ် ခင်ဗျားတို့ အလုပ်တရား ပြပါတော့မယ် (မှန်ပါ့) အလုပ်တရား ပြရမှာက သစ္စာနဲ့လျော်တဲ့ အလုပ်တရား ပြမယ် (မှန်ပါ့ ဘုရား)။

သစ္စာနဲ့လျော်တဲ့ အလုပ်တရား

ကိုင်း ဒါဖြင့် စောစောစီးစီး ခင်ဗျားတို့ စဉ်းစားပစ် လိုက် ခန္ဓာကိုယ်ထဲမှာနော် (မှန်ပါ့) “သံခိတ္တေန ပဉ္စပါဒါနက္ခန္ဓာပိ ဒုက္ခာ” ခင်ဗျားတို့ အခု ပြောနေတဲ့ ခန္ဓာကြီး ဘာသစ္စာ တဲ့တုန်း (ဒုက္ခသစ္စာပါ ဘုရား)။

သို့သော် ခင်ဗျားတို့ ခန္ဓာငါးပါးထဲက တပါးပါး ဒုက္ခ သစ္စာ တွေ့ယင် ကျန်တာတွေ အတူတူ ပေါ့ဗျာ၊ မဟုတ်ဘူးလား၊ (မှန်ပါ့) တပါးပါး ဒုက္ခသစ္စာတွေ့ယင် ကျန်တာတွေ ထူးသေးရဲ့လား (မထူးပါ ဘုရား)။

တကာ တကာမတို့ အခုလက်အုပ်ချီပြီး တရားနာကြ ရတယ်။ တကာမတွေလဲ ဒူးတုပ် တရားနာ ကြတယ်၊ ယောက်ျား တွေလဲ ဒူးတုပ် တရားနာ ရတယ်၊ ကြင်တာ, ကိုက်တာ, ခဲတာ တွေ မလာဘူးလား (လာပါတယ် ဘုရား)။

အောက်က ကြမ်းကလဲ အမာနဲ့ အပေါ်က ဖိအားကလဲ ကြီးပါဘိနဲ့ ဒီကြားထဲမှာ ဒုက္ခဝေဒနာ ကလေးတွေက “ကာယဉ္စ ပဋိစ္စ ဖောဋ္ဌေဗ္ဗစ ဥပ္ပဇ္ဇတိ ကာယတိညာဏံ” ဆိုတဲ့ ဒုက္ခသဟ ဂုတ် ကာယဝိညာဏ် ကလေးတွေဟာ အနှံ့ပေါ်နေတာပဲ (ပေါ်ပါတယ် ဘုရား)။

ဒါက ကြမ်းပေါ်မှာ ပေါ်တာလား၊ ခင်ဗျားတို့၏ ရုပ်ကလာပ်ပေါ်မှာ ပေါ်တာလား (ရုပ်ကလာပ် ပေါ်မှာ ပေါ်တာပါ ဘုရား) ရုပ်ကလာပ် ပေါ်မှာ ပေါ်လာတယ် ဆိုတာ မသေချာဘူးလား (သေချာ ပါတယ်) ဒါဟာ ဝေဒနာက္ခန္ဓာ ကလေးကော ဟုတ်ပါရဲ့လား (ဟုတ်ပါတယ် ဘုရား) ဒုက္ခဝေဒနာက္ခန္ဓာ ကလေးပေါ့ဗျာ (မှန်ပါ့)။

ဒုက္ခ ဝေဒနာက္ခန္ဓာ ကလေးဟာလဲ ဒကာ ဒကာမတို့ ပေါ်လာပြီး သကာလ ဖြတ်ဆို တကာ တကာမတွေက နာတယ် ဆိုပြီး ပြင်လိုက်တယ်၊ ပြင်လိုက်တော့ ဒုက္ခဝေဒနာ ကလေးဟာ ဝေဒနာက္ခန္ဓာ ချုပ်ကလေး ချုပ်သွားတယ်၊ အနာပေါက် နေတဲ့ ဒကာသစ် တစ်ယောက် သေသွားတာပဲ၊ ခုနင်က အချိန်က ဝေဒနာက္ခန္ဓာ ဒကာသစ်ကိုး (မှန်ပါ့)။

ဒုက္ခဝေဒနာက္ခန္ဓာ ဒကာသစ် (မှန်ပါ့) အခု ဘယ် သူတုန်း ဆိုတော့ အနာပျောက်နေတဲ့ ဒကာသစ်၊ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

အနာပျောက်နေတာက တကယ့်ကို မရှိတာလား ဆိုတော့ မဟုတ်ဘူး၊ သုခဝေဒနာနဲ့ နေတဲ့ဒကာသစ် (မှန်ပါ့) သုခဝေဒနာနဲ့နေတဲ့ ဒကာကြွယ် (မှန်ပါ) သုခဝေဒနာနဲ့ နေတဲ့ ဦးဘအုန်း၊ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါ တယ် ဘုရား) အနာကတော့ မပျောက်ဘူးပေါ့ဗျာ၊ ဝေဒနာ ပြောင်းတယ် (မှန်ပါ့ ဘုရား)။

ဘယ့်နှယ်ဆိုကြမလဲ (ဝေဒနာပြောင်းပါတယ် ဘုရား) အနာတော့ မပျောက်ပါဘူး၊ ဝေဒနာ ပြောင်းတာပဲ မနေ ဘူးလား (မှန်ပါ့ ဘုရား)။

ဒါဖြင့် အရင်ဟာ တစ်ယောက် ဒုက္ခရောက်သွားပြီ ဆိုတာ၊ ဘုန်းကြီးက ပြောဖို့လိုသေးသလား (မလိုပါ ဘုရား) ဒုက္ခဝေဒနာ ဒကာသစ် တစ်ယောက် ရှာလို့ တွေ့သေးရဲ့လား (မတွေ့ပါ ဘုရား) သြော် ဒါဖြင့် ဒုက္ခသစ္စာမို့ ဒုက္ခရောက် သွားတာပဲ (မှန်ပါ့)။

ဘယ့်နှယ်ဆိုကြမလဲ (ဒုက္ခသစ္စာမို့ ဒုက္ခရောက် သွားတာပါ ဘုရား) ဒုက္ခသစ္စာမို့ ဒုက္ခရောက် သွားတာပေါ့။ တယောက်ပင်လဲပေါ့ မလဲသေး ဘူးလား (လဲပါပြီ ဘုရား) အစပျောက် မသွားသေး ဘူးလား (ပျောက်သွားပါပြီ ဘုရား)။

အဲဒီအခါကျတော့ ဒီလိုပြလိုက်တဲ့အခါကျတော့ သြော် ဒုက္ခသစ္စာနဲ့ လျော်တဲ့ဉာဏ် ဝမ်းထဲမှာ ပေါ်လာတယ် (မှန်ပါ) ခန္ဓာက ဒုက္ခသစ္စာ တရားပဲ၊ ဪ ဒုက္ခသစ္စာ ပါကလား ဒုက္ခရောက် နေပါပေါ့ လို့ သိတဲ့ လျော်တဲ့ ဉာဏ် ကလေးက ဝမ်းထဲ ရောက်မလာဘူးလား (ရောက်လာပါ တယ် ဘုရား)။

ဒါဖြင့် သစ္စအနုလောမိက ဉာဏ်ဆိုတော့ ခန္ဓာက ဒုက္ခသစ္စာ သူကလျော်တဲ့ ဉာဏ် (မှန်ပါ့) ခန္ဓာက (သစ္စာပါ) ဝမ်းထဲမှာ ပေါ်နေတဲ့ ဉာဏ်က (လျော်တဲ့ဉာဏ်ပါ) ဖြစ် တာနဲ့ကို လျော်နေတဲ့ဉာဏ် (မှန်ပါ) ဒါကြောင့် ခန္ဓာကြီး ကလဲ ဒုက္ခသစ္စာ၊ ဝမ်းထဲက သိတာကလဲ ဒုက္ခသစ္စာလို့ပဲ သိတော့ လျော်တဲ့ ဉာဏ်ရတယ်၊ ဒါကြောင့် သစ္စအနုလော မိက ဉာဏ် (မှန်ပါ့) သဘောပါပလား (ပါပါပြီ ဘုရား)။

သစ္စအနုလောမိကဉာဏ် ဆိုတော့ ခင်ဗျားတို့ ရှုပ်နေ မှာ စိုးလို့၊ ခင်ဗျားတို့ ခန္ဓာကြီး ဖြစ်ပျက်က ဘာသစ္စာတုန်း (ဒုက္ခသစ္စာပါ) အဲဒါ ဒကာသစ်က ကြည့်လိုက်၊ ဒကာအုန်းက ကြည့်လိုက်ပြီ ဆိုမှဖြင့် ဟိုကလဲ သစ္စာပြတယ်၊ ဒီကလဲ သစ္စာသိတဲ့ ဉာဏ်က ဝမ်းထဲမှာ မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ပြတာ ဒုက္ခသစ္စာ၊ သိတာ ကလဲ ဒုက္ခသစ္စာ သိတဲ့ဉာဏ်၊ ဪ သစ္စာပြလို့ သစ္စာ သိတဲ့ ဉာဏ်ပေါ်တာပဲ (မှန်ပါ့) အဲဒါဟာ သစ္စာနဲ့ လျော်တဲ့ ဉာဏ် (မှန်ပါ့) ဒီဉာဏ်က သာသနာတွင်းမှာ ရတယ်၊ သာသနာပမှာ မရနိုင်ဘူး (မှန်ပါ့) သာသနာပမှာက ကမ္မဿကတ ဉာဏ်က အကောင်းဆုံး ဖြစ်နေတယ် (မှန်ပါ့)။ ဒကာကြွယ် ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ကောင်းပြီ ကမ္မဿကတဉာဏ်ကို ခုနင်ကပြောခဲ့ပြီ၊ သူက ဒိဋ္ဌိ မကွာဘူးနော် (မှန်ပါ့) အခုဟာကတော့ ဒိဋ္ဌိပါ သေးရဲ့ လား (မပါ- ပါ ဘုရား) ခုနင်တုန်းက ပြောခဲ့တဲ့ ဒုက္ခ ဝေဒနာ ဒကာသစ် တစ်ယောက် ရှာလို့ တွေ့သေးရဲ့လား (မတွေ့ပါ ဘုရား) တစ်ယောက်လုံး ပျောက်သွားတယ် ဆိုယင် လွဲပါ့မလား (မလွဲပါ ဘုရား)။

အဲဒီတော့ ဘာသစ္စာ ဖြစ်သွားသတုန်း (ဒုက္ခသစ္စာ ဖြစ်သွားပါတယ်) ဒုက္ခသစ္စာ ဖြစ်သွား တယ်လို့ ဉာဏ်က သိလိုက်တဲ့ အခါကျတော့ ဒီဉာဏ်သည် သစ္စာသိတဲ့ဉာဏ် ဟုတ် ပါရဲ့ လား (ဟုတ်ပါတယ်) ဒါဖြင့် သစ္စာနဲ့ လျော်အောင် သိတဲ့ဉာဏ် (မှန်ပါ့ ဘုရား)။

ဒါဖြင့် ဦးဘအုန်းတို့က ဘယ်လို ဆုံးဖြတ်ချက်ချမလဲ၊ ဒီဉာဏ်ကို ဘာဉာဏ်ခေါ်ပါ့မလဲ (သစ္စအနုလောမိက ဉာဏ်ပါ ဘုရား)။ သစ္စာနဲ့လျော်အောင် သိတဲ့ဉာဏ်မို့၊ သစ္စအနုလောမိက ဉာဏ် (မှန်ပါ့) ခန္ဓာကလဲ သစ္စာပဲ ပြတယ်၊ ဉာဏ် ကလဲ ဒီလိုပဲ သိလိုက်တယ် (မှန်ပါ့)။

ဒါဖြင့် သစ္စအနုလောမိက ဉာဏ်ကတော့ ဒီလိုဆရာ သမားနဲ့လဲ တွေ့ပါမှ၊ သာသနာတွင်းလဲ ကြုံပါမှ ရနိုင်တယ်၊ နို့မဟုတ် လို့ရှိယင် ဒီဉာဏ် ဘယ်တော့မှ မရဘူး (မှန်ပါ့) ကမ္မဿကတ ဉာဏ်ကတော့ အချိန်မရွေး ရတယ်လို့ အောက်မေ့ လိုက်စမ်းပါ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ကမ္မဿကတဉာဏ်ကတော့ လမ်းတွေ့ခဲ့တဲ့ ခဲကလေး၊ ကျောက်ခဲကလေးတစ်ခု သူများကို တိုးမိမှာ နင်းမိမှာ စိုးတာနဲ့ ဘေးဖယ်ပစ်ခဲ့တယ် ကိုယ်လဲ ကောင်းကောင်းသွားရ၊ သူတို့လဲ ကောင်းကောင်း သွားရပါစေ ဆိုတော့ ကိုယ်လဲ ပါတယ် ကိုယ်ဆို တာက အတ္တဒိဋ္ဌိလဲ ပါတယ်၊ သူတို့ဆိုလဲ သက္ကာယဒိဋ္ဌိကော (ပါ ပါတယ် ဘုရား)။

အဲဒါတွေတော့ ဒိဋ္ဌိပြုတ်ပါရဲ့လား (မပြုတ်ပါ – ဘုရား) မပြုတ်တာက ငါလဲ ကုသိုလ်ရရော ကျန်တဲ့ ပုဂ္ဂိုလ်တွေလဲ ချမ်းသာစေတော့ဆိုတော့ ပုဂ္ဂိုလ်ပါတယ်, (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

အဲဒါကြောင့် ဒကာ ဒကာမတို့ သာသနာပမှာလဲ ရနိုင်တယ် ဆိုတာ ရှင်းပလား (ရှင်းပါပြီ ဘုရား) တကာ တကာမတို့ ဘယ်ဉာဏ်က သာသနာတွင်းမှာတုန်း (သစ္စာ အနုလောမိက ဉာဏ်ပါ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ ဝေဒနာ ကလေးတွေကို ကြည့်ပါ။ ခုနင်က ပြောသလို ဒုက္ခဝေဒနာ ဒကာသစ် တစ်ယောက်တော့ ပျက်စီးသွားပြီ၊ အခု ဒီနေရာမှာ ချမ်းသာတယ် ဆိုပြီး သကာလ ပြင်ပြီး ထိုင်လိုက် တော့ ပြင်စ မှာတော့ သုခဝေဒနာပဲ ဒကာသစ် (မှန်ပါ့ ဘုရား)။

နောက်ကျတော့ နည်းနည်းကလေး ကြာသွား ပြန် တော့ ဒုက္ခဝေဒနာ တစ်ခု မပေါ်ဘူးလား (ပေါ်ပါတယ်) ဒါဟာ ခုနင်က ပေါ်တဲ့၊ သုခဝေဒနာ ဒကာသစ်၊ ရှိ-မရှိ (မရှိပါ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ခုနင်က ပထမတုန်းကတော့ သုခဝေဒနာ ပေါ်သလိုလို၊ ပျောက်သွား၊ အဲဒီသုခဝေဒနာ ပေါ်ချိန်က ဒကာသစ်တယောက် အခု ဒုက္ခဝေဒနာ ပေါ်တော့ ရှိသေးရဲ့လား (မရှိပါ ဘုရား) သူတို့လဲ ဘယ်ရောက် သွား သတုန်းလို့ မေးတဲ့အခါ ဖြစ်ပြီး ပျက်သွားလေရဲ့ (မှန်ပါ့)။

သုခဝေဒနာ ဒကာသစ် တယောက် ဘာတုန်း (ဖြစ် ပြီး ပျက်သွားပါတယ်) ရှာတွေ့သေးရဲ့ လား (မတွေ့ပါ ဘုရား) ရှာမတွေ့လို့ရှိယင် ဒီဥစ္စာ ရှာမတွေ့တဲ့ ဒုက္ခပဲ (မှန်ပါ့) ရှာ မတွေ့အောင် ဒုက္ခရောက်သွားတယ် ဆိုယင် လွဲပါ့မလား (မလွဲပါ ဘုရား)။

ဒါဖြင့် ရှာမတွေ့အောင် ဒုက္ခရောက်သွားတော့ သြော် ခုနင်က ဆင်းရဲတာကလေးဟာ ဒုက္ခသစ္စာ (မှန်ပါ့) အခု ချမ်းသာတာ ပျောက်တာလဲ (ဒုက္ခသစ္စာပါပဲ) နောက်တခါ ဆင်းရဲတာ ပေါ်ပြန်တော့ (ဒုက္ခသစ္စာ ပါပဲ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့မှာ သုခလဲ ဖြစ်ပျက်ပဲ၊ ဒုက္ခလဲ (ဖြစ်ပျက်ပါပဲ) ဥပေက္ခာကော (ဖြစ်ပျက်ပါပဲ) ဖြစ်ပျက်ပဲ ဆိုလို့ရှိယင် ရှာမတွေ့တာချည့် ခန္ဓာထဲ လှည့်နေတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ခန္ဓာကိုယ်ထဲ ဘာလှည့်နေသဟုန်း (ရှာမတွေ့ တာချည်းလှည့်နေ ပါတယ်) ရှာမတွေ့တာ ချည်း လှည့်ပြီး သကာလ နေတော့ ဟာ တကာ တကာမတွေ ဘာသစ္စာ တွေပါလိမ့် (ဒုက္ခသစ္စာတွေပါ ဘုရား) စဉ်းစားကြည့်လိုက်တော့ ဒုက္ခလား၊ ရှာမတွေ့တာလား၊ စဉ်းစားလိုက်တော့ ရှာမတွေ့တဲ့ ဒုက္ခပဲ (မှန်ပါ့) ချမ်းသာတဲ့သုခလား၊ ရှာမ တွေ့အောင် ပျောက်တာလား (ရှာမတွေ့အောင် ပျောက်တာပါ ဘုရား) ဒါဖြင့် ဒုက္ခပဲ (မှန်ပါ့ ဘုရား)။

သုခလား၊ ရှာမတွေ့အောင် ပျောက်သွားတာလား (ရှာမတွေ့အောင် ပျောက်သွားတာပါ) ရှာမတွေ့အောင်ပျောက်သွားတော့ သူ့ကို ဘယ်အထဲသွင်းမယ် (ဒုက္ခထဲ သွင်းပါမယ် ဘုရား) ဒါဖြင့် “ယံကိဉ္စိ ဝေဒယိတဓမ္မံ၊ သဗ္ဗန္တံ ဒုက္ခံ” လို့ဖြစ်တဲ့ ဝေဒနာသုံးပါးရော ဒုက္ခချည်းပဲတဲ့ ဆိုတော့ လွဲသေး ရဲ့လား (မလွဲပါ ဘုရား)။

ဝေဒနာ သုံးမျိုးစလုံး ဘာပါလိမ့် (ဒုက္ခသစ္စာပါ) ဒုက္ခသစ္စာ မှတပါး ဘာပါသေးသတုန်း (ဘာမှ မပါပါ ဘုရား) သုခ ကြည့်လိုက်စမ်း ဒီကာသစ်ရေ၊ ပျောက်ပျက်တာ တွေ့တာပဲ၊ ဒုက္ခကြည့်လိုက် ပြန်လဲ (ပျောက်ပျက်တာ တွေ့ တာပါပဲ ဘုရား) ဥပေက္ခာ ကြည့်လိုက်ပြန်လဲ (ပျောက်ပျက် တာပဲ တွေ့တာပါပဲ ဘုရား)။

ပျောက်ပျက်တာတွေချည်း တွေ့နေတော့ ဒကာအုန်း တို့ ဒကာကြွယ်တို့ ဖြစ်ခြင်း ပျောက်ခြင်းမှ တပါး ဘာရှိသေးသတုန်း (ဘာမှမရှိပါ ဘုရား) ဒါဖြင့် သူ့ကို ဘာသစ္စာ ခေါ်မတုန်း (ဒုက္ခသစ္စာပါ) သိလိုက်တာက ဉာဏ်မနေဘူးလား (နေပါတယ် ဘုရား) ပြတာက ခန္ဓာက ပြတာ၊ သိတာက (ဉာဏ်က သိပါတယ် ဘုရား) ဒါဖြင့် အပြနဲ့ မသိ မလျော်ဘူးလား (လျော်ပါတယ် ဘုရား)။

ပြတာလဲဒုက္ခပြတယ်၊ သိတာကလဲ ဘယ်လိုသိသတုန်း (ဒုက္ခသိပါတယ်) ဒုက္ခလို့ သိတယ် ဆိုတော့ လျော်ပါပေတယ် (မှန်ပါ့) အပြနဲ့ အသိနဲ့ လျော်လို့ရှိယင် လျော်တယ်လို့ ဆိုရတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ နာမည်ကလေး ရှာပေးလိုက် (သစ္စ အနုလောမိက ဉာဏ်ပါ ဘုရား) သစ္စာနဲ့ လျော်တဲ့ဉာဏ်၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် သစ္စာနဲ့ လျော်တဲ့ဉာဏ်ဟာ တကာ တကာမ တွေ ဘယ်အချိန် စဉ်းစား စဉ်းစား သူပေါ်နိုင်ရမယ် (မှန်ပါ့) သုခဝေဒနာတွေလဲ ဖြစ်ပြီး ပျက်တဲ့ ဒုက္ခရောက်တာလဲ၊ တွေ့တာ ပဲ (မှန်ပါ့) ဒုက္ခဝေဒနာ ကြည့်ပြန်တော့လဲ ဒုက္ခဝေဒနာ ရယ်လို့ အထူးရှာမတွေ့ဘူး၊ ပျက်တာပဲ တွေ့တယ်၊ ပျောက်ပျက် တဲ့ ဒုက္ခပဲ တွေ့တယ် (မှန်ပါ့)။

ပြောင်းပြန် ပြန်ပြီးသိတာ မဟုတ်ဘူး

ဥပေက္ခာကလေး ကြည့်လိုက်ပြန်လဲ ဘာတွေ့သတုန်း (ပျောက်ပျက်တာပဲ တွေ့ပါတယ်) ပျောက်ပျက်တဲ့ ဒုက္ခပဲ လို့ ဉာဏ်ထဲ မတွေ့ဘူးလား (တွေ့ပါတယ်) ပျောက်ပျက် တာ ဒုက္ခသစ္စာ၊ သိတာသည်ကားလို့ ဆိုယင်ဖြင့် ခုနင်က ပျောက်ပျက်တာကို သိတာဟာ အလျော်အားဖြင့် သိတယ်၊ ပြောင်းပြန် ပြန်ပြီးသိတာ မဟုတ်ဘူး (မှန်ပါ့) သဘောကျ ပလား (ကျပါပြီ ဘုရား)။

ဘယ်လို သိတာပါလိမ့် (အလျော်အားဖြင့် သိပါတယ်) အလျော်အားဖြင့် သိတာ၊ ပြောင်းပြန် ပြန်ပြီး သိလို့ မဖြစ်ဘူး (မှန်ပါ) အခုဟာက ဘယ်လိုသိတာပါလိမ့် (အပျော်အားဖြင့် သိတာပါ ဘုရား) ဘာနဲ့ လျော်သတုန်း ဆိုလို့ ရှိယင် ခန္ဓာက ပြတဲ့သစ္စာနဲ့ ဉာဏ်ကသိတာနဲ့ ပျော်တယ် (မှန်ပါ့) ခန္ဓာကပြတာလဲ ဒုက္ခသစ္စာ၊ ဉာဏ်က သိတာလဲ ဒုက္ခ လို့ပဲ သိတယ်၊ ဒါဖြင့် သစ္စအနုလောမိကဉာဏ် (မှန်ပါ့)။

ဒီဉာဏ်နဲ့ချည့် ကြိုးစားနေကြမယ်ဆိုယင်ဖြင့် စက တည်းက သစ္စာသိတော့ သစ္စာ ဘယ်နှစ်ပါး သိသတုန်းလို့ မေးဖို့ မလိုဘူးလား (လိုပါတယ်) သစ္စာ လာတာက ဒကာ ဒကာမတို့ ဒုက္ခသစ္စာ ရှိနေတယ် (မှန်ပါ့ ဘုရား) ဒုက္ခသစ္စာ မရှိယင် ဒီနေရာမှာ ဘာသစ္စာလာရမလဲ (နိရောဓသစ္စာပါ) နိရောဓ သစ္စာ လာရမယ်၊ နိရောဓ သဘောပေါ်ရမယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဒုက္ခသစ္စာကို အခုကြည့်ခိုင်းတာ (မှန်ပါ့) ဒုက္ခသစ္စာ မရှိယင် ဒီနေရာမှာ ဘာလာမယ် ထင်သတုန်း (နိရောဓ သစ္စာပါ ဘုရား) ဒါဖြင့် ဒကာ ဒကာမတို့ ဒီဒုက္ခသစ္စာကြီးကို သာ လျော်အောင် ကြည့်ကြည့် ကြည့်ကြည့်နေတော့ ဒီဒုက္ခ သစ္စာကြီးကို မုန်းလာမယ်၊ ဒီဒုက္ခသစ္စာကြီးနဲ့ လွတ်ချင်လာ တယ် (မှန်ပါ့)။

ဒီဉာဏ်တွေ အကုန်တက်လာမှာပဲ (မှန်ပါ့) ဒီ ဒုက္ခသစ္စာကြီးနဲ့ နေပဲ မနေချင်ပါဘူး၊ မလာပေဘူးလား (လာပါတယ် ဘုရား)။

ဒုက္ခနဲ့ လျော်တဲ့ဉာဏ်၊ နိဗ္ဗာန်နဲ့လျော်တဲ့ ဉာဏ်

အဲဒီလို လာတဲ့အခါကျတော့ တခါတည်း ခုနင်က ဒုက္ခ သစ္စာဆိုတဲ့ ခန္ဓာကြီးဟာ ပျောက်ပျက် သွားတယ် (မှန်ပါ) ပျောက်ပျက် သွားတာ တကာ တကာမတို့ ဒုက္ခသစ္စာ ချုပ်သွား တယ် (မှန်ပါ့) ဒုက္ခသစ္စာ ချုပ်သွားတော့ ခုနင်က ကြည့်နေ တဲ့ ဉာဏ်ကလေးက ဖြစ်ပျက် ဖြစ်ပျက်နဲ့ ကြည့်နေတဲ့ ဉာဏ်ဟာ အယင်တော့ ဒုက္ခကို ကြည့်နေတဲ့ဉာဏ် (မှန်ပါ့)။

အခုတော့ ဒုက္ခချုပ်တာကို မြင်တဲ့ဉာဏ် ဖြစ်သွားပြီ (မှန်ပါ့) ဒုက္ခချုပ်တာသည် နိဗ္ဗာန်၊ ချုပ်ပြီလို့ သူကသိ ပြန်တော့ ချုပ်တာနဲ့ လျှော်တဲ့ ဉာဏ် ပေါ်လာတယ် (မှန်ပါ့ ဘုရား) ခုနင်တုန်း ကတော့ ဒုက္ခနဲ့ လျော်တဲ့ဉာဏ် ပေါ်လာတယ် (မှန်ပါ့ ဘုရား) နောက် ဒုက္ခချုပ်သွားတော့ နိဗ္ဗာန်နဲ့လျော်တဲ့ ဉာဏ် ပေါ်လာတယ် (မှန်ပါ့)။

သေသေချာချာမှတ်ပါ၊ ဒီစကား အင်မတန်အရေးကြီး နေတယ် (မှန်ပါ) ဒုက္ခကို ကြည့်နေတုန်း ကတော့ ဒုက္ခနဲ့လျော်တဲ့ ဉာဏ်ပေါ်လာတယ် (မှန်ပါ့) ဒုက္ခချုပ်သွားတော့ ဘာဉာဏ်တုန်း (နိဗ္ဗာန်နဲ့ လျော်တဲ့ ဉာဏ်ပါ ဘုရား) ရှင်းကြ ပလား (ရှင်းပါပြီ ဘုရား)။

ကဲ ယနေ့ဒီတွင်တော်ကြဦးစို့။

သာဓု သာဓု သာဓု။

မာတိကာသို့