033

မာတိကာသို့

ကိုယ်သာနာ၍ စိတ်မနာစေနဲ့ တရားတော်

အသံဖိုင်ခေါင်းစဉ်= ခန္ဓာကိုယ်ရှိက ကျန်းမာမှုမရှိနိုင်ပုံ နေ့အလုပ်ပေး

စာအုပ်ခေါင်းစဉ်= ကိုယ်သာနာ၍ စိတ်မနာစေနဲ့ တရားတော်

မှတ်ချက်။ ။အသံမကြည်ပါ။

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

အမရပူရမြို့၌ ဟောကြားဆုံးမတော်မူသော

ကိုယ်သာနာ၍ စိတ်မနာစေနဲ့ တရားတော်

(၂၂- ၉- ၆၂)

တေဇောဓာတ်က ပူလောင်၊ ပူလောင်ပြီး အရှိန်ရင့်ကျက် သွားလို့ရှိရင် သူလည်း ဖောက်ပြန် ပျက်စီးတာဘဲ (မှန်ပါ့) ဝါယောဓာတ်က ခိုင်တယ်၊ လှုပ်ရှားတယ်၊ ဒါလည်း သူ့သဘော စွန့် သွားတယ်၊ ခိုင်တာလည်း မရှိတော့ဘူး၊ လှုပ်ရှားတာလည်း မရှိတော့ဘူးဆိုတော့ ဒါ သူလည်း ဖောက်ပြန် ပျက်စီး နေတာဘဲ (မှန်လှပါ ဘုရား)။

တစ်ခါ ဝေဒနာဘက် ကြည့်လိုက်တော့ ဝေဒနာကလေး တွေက သုခရယ်လို့ ပေါ်လာပြန်၊ ပျောက်ပျက် သွားပြန် တာဘဲ။ ဒုက္ခရယ်လို့ ပေါ်လာပြန်လည်း ပျောက်ပျက် သွားတာဘဲ၊ ဥပေက္ခာ ရယ်လို့ အကြောင်း တိုက်ဆိုင်လို့ ပေါ်လာပြန်ရင်လည်း ပျောက်ပျက် သွားတာဘဲ၊ အင်း ဝေဒနာဘက် ကလည်း ပျောက်ပျက် တာဘဲ ရှိတယ် (မှန်ပါ့)။

သညာဘက် ကလည်း သညာ ခြောက်မျိုး ရှိသည့်အနက် က ရူပါရုံမှတ်တဲ့ သညာ ရူပါရုံ မှတ်ပြီး ပျောက်ပျက်သွားတယ် (မှန်လှပါ ဘုရား) သဒ္ဒါရုံမှတ်တဲ့သညာ ဘာသံ, ညာသံ မှတ်တဲ့ သညာလည်း မှတ်ပြီး သကာလ ဖေါက်ပြန် ပျက်စီး သွားတာဘဲ (မှန်ပါ့ ဘုရား)။

ဒါဖြင့်ခန္ဓာငါးပါးစလုံး စိတ်ရယ်, ရုပ်ရယ်, ဖြစ်မှု- ပျက်မှု ချည့်ဘဲ (မှန်ပါ့) ဒါတွေဟာ ဖေါက်ပြန် ပျက်စီးပြီး သကာလ သွားကြတာဘဲ (မှန်ပါ့ ဘုရား)။

ဖေါက်ပြန် ပျက်စီးပြီး သကာလ သွားကြတော့ကို သူတို့ သည် ခိုင်ခန့်တည်တန့်ပြီး သကာလ မာနေတယ်၊ ကျန်းမာ နေတယ်ဆိုတဲ့ ဥစ္စာ မောင်သစ် တစ်ခါမှ ပြောစရာမပါဘူး (မှန်ပါ့) ဖေါက်ပြန် ပျက်စီး နေတုန်း သွားပြီး ကျန်းမာ နေတယ်လို့ ပြောလို့ ဆိုလို့ ရပါ့မလား (မရပါ ဘုရား)။

ဒါဖြင့် ဒီလိုဆိုမှ ရုပ်ဘက်က ကြည့်လိုက်လည်း မကျန်း မာမှု ပျောက်ပျက်မှုနဲ့ လမ်းဆုံးတယ် (မှန်ပါ့) ဝေဒနာ ဘက်က ကြည့်လိုက် ပြန်လည်း ထို့အတူဘဲ၊ မကျန်းမာမှု ပျောက် ပျက်မှုနဲ့ လမ်းဆုံး တယ် (မှန်ပါ့)။

သညာကြည့် လိုက်ပြန်လည်း ထို့အတူဘဲ၊ မှတ်တော့ မှတ်နိုင်တာဘဲ၊ မှတ်ရင်းဘဲ ဖေါက်ပြန် ပျက်စီး သွားတာဘဲ၊ မကျန်း မာမှုနဲ့ ပျက်စီးသွားတယ် (မှန်ပါ့)။

ဒါဖြင့် ခန္ဓာငါးပါးမှာ ပျက်စီးရတယ် ဆိုကတည်းက ကျန်းမာ လို့လား၊ မကျန်းမာမှုနဲ့ ပျက်စီး တာလားလို့ ဆိုတာ မေးစရာ မေးခွန်းပါတယ် (မှန်ပါ့) မကျန်းမာ မှုကြောင့် ပျက်စီး သွားတယ်လို့ မှတ်ရမယ် (မှန်ပါ့)။

ခန္ဓာငါးပါးမှာ အားလုံး ဒကာဒကာမတွေ ဖေါက်ပြန် ပျက်စီး သွားတယ် ဆိုရင် ကျန်းမာမှု ရှိလို့လား၊ မကျန်းမာမှုနဲ့ ပျက်စီးတာလား (မကျန်းမာမှုနဲ့ ပျက်စီးတာပါ ဘုရား)။

မကျန်းမာမှုနဲ့ ပျက်စီးတယ်လို့ ဉာဏ်ကလေး ထိုးထွင်းပြီး သကာလ ပျက်စီးတယ် ဆိုကတည်းက ပျက်စီးဘို့ရာ ဖြစ်-ဒုက္ခ ပါ ပြီး သကာလ လာတော့ ပျက်စီးခြင်း, ဆုံးရှုံးခြင်း ပျောက်ပျက်ခြင်း, ဒါတွေ အကုန် ရောက်ပြီး သကာလ သွားခြင်း သည်ကားလို့ ဆိုလို့ ရှိရင်ဖြင့် ခန္ဓာကိုယ်ထဲမှာ ဘယ်သူ့ ကြည့်လိုက်မှ ကြည့်လိုက် မကျန်းမာမှုနဲ့ ပျောက်ပျက် သွားတာ ချည်းဘဲ(မှန်ပါ့) တိုတို ပြောတော့ ဆင်းရဲမှုနဲ့ ပျောက်ပျက် သွားတာချည်းဘဲ(မှန်ပါ့) မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

ဆင်းရဲမှုနဲ့ ပျောက်ပျက် သွားတာချည်းဘဲ ဆိုတော့ ဒကာ ဒကာမတွေ ဝိပဿနာဉာဏ်နဲ့ ခန္ဓာတင်လိုက်တဲ့ အခါကျတော့ အင်း ပျောက်ပျက်သွားပါလား၊ မကျန်းမာလို့ ပျောက် ပျက်သွား တာကိုး- လို့ ဝိပဿနာဉာဏ်နဲ့ ကြည့်ပေးပါ (မှန်လှပါ ဘုရား)။

မကျန်းမာလို့ ပျောက်ပျက် သွားတာချည်းဘဲ နာတာ ကလေး ပျောက်ပျက် သွားတယ်၊ အင်း, မကျန်းမာမှုကြောင့် ဆုံးရှုံး သွားတယ်၊ ကောင်းတာ ကလေး ပျက်စီးသွားလည်း မကျန်းမာမှုကြောင့် သူဆုံးရှုံး သွားတာဘဲ (မှန်ပါ့) ဘယ်စိတ် လာလာ၊ ဦးဘသန်းတို့၊ ဦးကျော်မောင်တို့ မကျန်းမာမှု ကြောင့်ဘဲ ပျက်စီး သွားတာဘဲ (မှန်ပါ့)။

ဒါကြောင့် ဒီ ပျက်စီးတာတွေက ခဏခဏ ခန္ဓာထဲမှာ အများကြီး၊ ရုပ်ဘက်ကလည်း အများကြီး၊ ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်ဆိုတဲ့ နာမ်ဘက် ကလည်း အများကြီး(မှန်ပါ့) ဒါတွေ ပျက်စီးနေတော့ ဘယ်အချိန် ကျန်းမာ သတုံးလို့ မေးလို့ရှိရင်ဖြင့် ဘယ်အချိန်မှ မကျန်းမာဘူး၊ ဖေါက်ပြန် ပျက်စီးနေတာ ချည်းဘဲ(မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ)။

ဘယ်အချိန် ကျန်းမာ သတုံးမေးရင် ဘယ့်နှယ်ဖြေကြ မလဲ (ဘယ်အချိန်မှ မကျန်းမာပါ ဘုရား) ဘယ်အချိန်မှ မကျန်းမာဘူး၊ ဖေါက်ပြန် ပျက်စီး နေတဲ့အချိန်သာရှိတယ် (မှန်လှပါ ဘုရား)။

အဲဒီတော့ အားလုံး ဒကာဒကာမတွေ ဖေါက်ပြန် ပျက်စီး တာသည် ကျန်းမာမှု ရှိလို့လား။ မကျန်းမာမှု တွေဘဲလား (မကျန်းမာမှု တွေပါ ဘုရား)။

မကျန်းမာမှုတွေဘဲလို့ ဒကာဒကာမတွေက မှတ်ထားဖို့ အရေးကြီးပါတယ် (မှန်ပါ့)။

အဲဒီမကျန်းမာမှုတွေကြောင့် ပေါ်လာလိုက် ပျောက်သွား လိုက်၊ ပေါ်လာလိုက်-ပျောက်သွားလိုက် ဒါဖြင့် ခန္ဓာငါးပါးမှာ ပေါ်-ပျောက် မှတစ်ပါး ဦးသန်းမောင်တို့၊ ဦးကျော်မောင်တို့ ဘာရှိ သေးသတုံး (မရှိပါ ဘုရား)။

မရှိတော့ ဘယ်အချိန်မဆို မကျန်းမာမှုနဲ့ဘဲ အချိန်ကုန် သွားတာဘဲဆိုတဲ့ဥစ္စာ ငြင်းဖို့မလိုတော့ဘူး (မလိုပါ ဘုရား) လိုသေးသလား (မလိုပါ ဘုရား)။

အဲဒီတော့ အရိယာတို့၏ မျက်လုံးနဲ့ ကြည့်လိုက်တဲ့ အခါကျတော့ ဒီခန္ဓာကြီး ကြည့်လိုက်တဲ့ အခါကျတော့ အတူသာ နေရတယ်၊ မကျန်းမာမှုနဲ့ ပျက်စီး နေတာတွေ ချည်း တွေ့နေရတော့ ဒီခန္ဓာကြီးနဲ့ ခွဲလိုက်ရ လို့ရှိရင်ဖြင့် ကျန်းမာမှာဘဲ ဒီလိုလာ တယ်(မှန်ပါ့)။ )

ဒီခန္ဓာကြီးနဲ့ ခွဲခွာ လိုက်ရလို့ ရှိရင်ဖြင့် ကျန်းမာ မှာဘဲဆို တော့ ခန္ဓာရှိမှုကို သူတို့ သဘော ကျနေသလား၊ ခန္ဓာ မရှိမှုကို သဘောကျနေသလား (ခန္ဓာ မရှိမှုကို သဘောကျပါတယ် ဘုရား)။

အဲ ခန္ဓာမရှိမှု သဘောကျနေတာသည် မှတ်ထား လိုက်စမ်းပါ၊ နိဗ္ဗာန်ကို သဘောကျနေတာ (မှန်ပါ့)။

ဘာဖြစ်လို့တုံး ဆိုတော့ ခန္ဓာ ကြည့်လိုက်တော့ ဖေါက်ပြန် ပျက်စီးနေတာ တွေ့ရတယ် (မှန်ပါ့)။

ခန္ဓာ ကြည့်လိုက်တော့ ဘာတွေ တွေ့ကြသလဲ (ဖေါက်ပြန် ပျက်စီးနေတာ တွေ.ရပါတယ် ဘုရား)။

ဖေါက်ပြန် ပျက်စီး တာတွေချည်း တွေ့ပြီး သကာလ နေ တော့ နာမ်, ရုပ်ကြည့်လိုက် ဖေါက်ပြန် ပျက်စီးတာတွေ့လိုက် ပြင်လို့ဖြင့် မရပါဘူး၊ ဝိပါက ဝဋ်ဟေ့ (မှန်ပါ့)။

ဝိပါကက အကျိုးပေးတာ ဝဋ်က ဒါချည်း လှည့်ဖြစ်နေတာ (မှန်ပါ့) ဒါချည်းဖြစ်တယ်၊ ဖေါက်ပြန်လိုက်-ပျက်စီးလိုက်၊ ဖေါက်ပြန်လိုက်-ပျက်စီးလိုက်၊ မောင်ချစ်စိန် ဒီအတိုင်းနေတယ် (မှန်ပါ့)။

ဒီအတိုင်းနေတာ ကြည့်လိုက်တော့ သူတို့ အရိယာပုဂ္ဂိုလ်၊ အရိယာမျက်လုံးနဲ့ ကြည့်လိုက်တော့ ဒီခန္ဓာကြီးနဲ့ နေတာ ပျော်လိမ့်မလား၊ အင်း ဒီခန္ဓာဝန်များ ချပစ်လိုက် ရလို့ရှိရင် ကောင်းလိမ့် မလားဆိုတာ ခင်ဗျားတို့ဘဲ တွေးကြည့်ရင် ပေါ်ပါပြီ (မှန်ပါ့)။

ဘယ့်နှယ် ပေါ်လိမ့်မယ် ထင်ကြသလဲ (ခန္ဓာဝန်ချ ပစ်ရင် ကောင်းလိမ့်မယ် ဘုရား)။

ခန္ဓာဝန်ချပစ်လို့ရှိရင်ဖြင့်ဦးဘသန်းချက်ချင်းချလို့ရှိရင် ချက်ချင်း သဘောကျတယ် (မှန်ပါ့)။

ကျုပ်တို့-ခင်ဗျားတို့လို နောက်ခန္ဓာ တောင့်တချင် တဲ့ စိတ်ဟာ ဦးဘသန်း လက်ရှိခန္ဓာကို အနာနဲ့ ဖေါက်ပြန် ပျက်စီးနေ တာကို မကြည့်မိလို့ နောက်ခန္ဓာ တောင့်တ-တာ (မှန်ပါ့) ဟုတ်ပလား (ဟုတ်ပါတယ် ဘုရား)။

လက်ရှိခန္ဓာကြီး၏ ဖေါက်ပြန် ပျက်စီး နေတာကို အရိယာ မျက်လုံးတပ်ပြီး မကြည့်တတ်တာနဲ့ နောက်ခန္ဓာ တောင့်တတယ်ဆိုတဲ့ အဓိပ္ပါယ်ဟာ မရောက်ဘူးလား၊ ရောက်သလား (ရောက်ပါတယ် ဘုရား)။

အေး ဒါကြောင့် နောက်ခန္ဓာ တောင်းတတဲ့ ပုဂ္ဂိုလ် များ အရိယာ မျက်လုံး ကလည်း မရှိ၊ အရိယာတို့၏ တပည့်သား မျက်လုံး ကလည်း မရှိ (မှန်ပါ့) အရိယာ မဖြစ်လို့ အရိယာ မျက်လုံး မရှိချင် နေပါစေတော့ မောင်သစ် (မှန်ပါ့) အရိယာ တို့၏ တပည့်သား ဖြစ်တဲ့ မျက်လုံးနဲ့ တပ်ကြည့် ပြန်တော့ လည်း ပေါ်တယ်- ဟေ့ (မှန်ပါ့) အဲ ဝိပဿနာ မျက်လုံးကို ဆိုပါတယ် နော် (မှန်ပါ့)။

ဝိပဿနာ မျက်လုံးကို ဆိုပါတယ်။ အဲဒီ ဝိပဿနာ မျက်လုံးနဲ့ တပ်ကြည့် လိုက်မယ် ဆိုလို့ ရှိရင်လည်း ဖောက်ပြန် ပျက်စီးတာဘဲ ဘယ်တော့ ကျန်းမာတာပါသေးတုံး (မပါပါ ဘုရား)။

ဖေါက်ပြန် ပျက်စီး နေတာ ချည်းဘဲ။ ဘယ်တော့မှ ကျန်းမာတာ မပါဘူးလို့ ဘုန်းကြီးတို့ ဒကာဒကာမတွေမှာ အဲဒီလို ကြည့်နေတဲ့ အချိန်ကျလို့ ရှိရင်ဖြင့် အရိယာတို့၏ တပည့်သား မျက်လုံးနဲ့ တပ်ကြည့်လိုက်တဲ့အခါ အင်း ဒီခန္ဓာကြီးနဲ့ မနေ ရလို့ရှိရင်ဖြင့် ဝဋ်မြစ် ကျွတ်တာဘဲဆိုတဲ့ အသိဉာဏ် ပေါ်မလာ ဘူးလား (ပေါ်လာပါတယ် ဘုရား) ဝဋ်ကောင်ကြီး လုံးလုံးပဲ ဆိုတဲ့ အဓိပ္ပါယ်လည်း သူ့ဉာဏ်ထဲမှာ ရှင်းပေးထားတယ် (မှန်လှပါ ဘုရား)။

ဝဋ်ကောင်ကြီးလုံးလုံး။ အင်း ဒါများ ကျွတ်သွားလို့ ရှိရင်ဖြင့် ချမ်းသာ အစစ်တော့ဖြင့် တွေ့ရမှာဘဲ ဆိုတာ မလာပေ ဘူးလား (လာပါတယ် ဘုရား)။

ဒါဖြင့် ဒီ ခန္ဓာကို အရိယာ ပုဂ္ဂိုလ်များ ခန္ဓာဝန်ကို ချချင် တယ်ဆိုတဲ့ အဓိပ္ပါယ်ဟာ အကုန်ရှင်းသွားပြီ (ရှင်းပါပြီ ဘုရား)။

ခန္ဓာဝန် ချချင်တယ် ဆိုတဲ့ အဓိပ္ပါယ် ဘယ့်နှယ်နေ ကြသလဲ (ရှင်းပါတယ် ဘုရား) ရှင်းသွားပြီ နော် (မှန်ပါ့)။

ဒါဖြင့် အားလုံး ဒကာဒကာမတွေမှာ ဒီ မျက်လုံးရဖို့ရာ တယ် အရေးကြီးပါလား (ကြီးပါတယ် ဘုရား)။

ဒီမျက်လုံးမှ မရလို့ရှိရင် ခန္ဓာဝန် ချုပ်ငြိမ်း ရုတ်သိမ်းတဲ့ နိဗ္ဗာန်ကို သဘောမကျဘူး (မှန်ပါ့) ဒီ မျက်လုံး ရထားတဲ့ ပုဂ္ဂိုလ် ကတော့ နိဗ္ဗာန်ကို သူမတွေ.ရသေး ငြား သော်လဲ မှန်းဆပြီးတော့ အဲဒီရောက်မှ အေးမှာဘဲ- ဆိုတဲ့ စိတ်ကလေးဟာ လာသေး တယ် (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ)။

ဒါဖြင့် ခင်ဗျားတို့ကို အခု- အရိယာ မျက်လုံး တပ်ပြီး သကာလ ဆရာဘုန်းကြီးက ဟေ့ စိတ်ကလေး ဘယ်လို ကြည့်စမ်းပါ၊ ဘယ်လို ကြည့်စမ်းပါဆိုတာ မကျန်းမာပြီး ပျက်စီး တာတွေ မြင်အောင်လို့ မောင်သစ် အကြည့်ခိုင်းတာ (မှန်ပါ့)။

ပေါ်လာတယ် ဆိုကတည်းက တော်တော်ကြာ ခဏ ကလေးနေပြီး ပျက်စီးသွားတာ (မှန်ပါ့) ပေါ်လာလိုက် ပျက်စီးလိုက်၊ ပေါ်လာလိုက်- ပျက်စီးလိုက်၊ ရုပ်ကလေးကြည့် လိုက်ထို့အတူ ဝေဒနာ ကြည့်လိုက် ထို့အတူ စိတ်ကြည့်လိုက် ထို့အတူ ဖေါက်ပြန် ပျက်စီး နေကြတာချည်း မြင်မနေဘူးလား (မြင်နေပါတယ် ဘုရား)။

အဲဒီကဲ့သို့ မြင်တဲ့ အခါကျတော့မှ ဪ ဒါအရိယာ တပည့်သားတို့၏ မျက်လုံးလို့ မှတ်လိုက် စမ်းပါ (မှန်ပါ့)။

အဲဒီ ပုဂ္ဂိုလ်များ ကတော့ဖြင့် ဒီခန္ဓာကြီးနဲ့ ပျော်လိမ့်မယ်၊ ဒီခန္ဓာကြီးကို နောက်ထပ် အဖေါ် လုပ်ချင် လိမ့်မယ်ဆိုတာ မောင်သစ် ရှိပါ့မလား (မရှိပါ ဘုရား)။

ဒါဖြင့် အရိယာ မျက်လုံးဟာ အလွန် အရေးကြီးပါတယ် (မှန်ပါ့) သူမရှိရင် ဒုက္ခသစ် ရှာမှာဘဲ။ သူရှိရင် ဒုက္ခသစ် မရှာတော့ဘူး (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ)။

သူသာ အရိယာ မျက်လုံးသာ မရှိသေးလို့ရှိရင် ဘုံဘဝ တွေ ရောက်ချင်တော့ ဒုက္ခသစ် ရှာမှာဘဲ မဟုတ်ဘူးလား (မှန်ပါ့) အရိယာ မျက်လုံး တပ်ပေး လိုက်တော့ သေသေချာချာ ကိုယ့်ကိုယ်တိုင် မြင်ရတဲ့ အခါကျလို့ ရှိရင်ဖြင့် ခဏခဏ ကိုယ့်မသာ ကိုယ်မြင်ရမယ်။

ကိုယ့်မသာ ကိုယ်မြင်ရဆိုတာ ကိုယ့်ဉာဏ်နဲ့ ကြည့်လိုက် တော့ ကိုယ့်မသာတွေ ကိုယ်မမြင် ရဘူးလား (မြင်ရပါတယ် ဘုရား)။

ဝေဒနာက္ခန္ဓာရှုတဲ့ ဒကာဒကာမတွေကလည်း ဝေဒနာက္ခန္ဓာကြီး ပျက်စီး နေပုံကို ရူပက္ခန္ဓာ ကြည့်တဲ့ ဒကာဒကာမတွေက လည်း ရူပက္ခန္ဓာ ပျက်စီး သွားတော့၊ ကိုယ့်မသာ ကလေးတွေ ကိုယ်မြင်ပြီး သကာလ ခန္ဓာနဲ့ အတူတူ နေရတာဟာ အသုဘနဲ့ အတူတူ နေရတာ၊ဝေဒနာနဲ့ အတူတူ နေရတာဟာ ဒုက္ခနဲ့ အတူတူ နေရတာ၊ အရိယာ မျက်လုံး တပ်ကြည့် လိုက်တော့ ဒါကလေးတွေ ကို ကွင်းကွင်း- ကွက်ကွက် မမြင်ပေဘူးလား (မြင်ပါတယ် ဘုရား)။

အဲဒီကဲ့သို့ ကွင်းကွင်း ကွက်ကွက် မြင်တဲ့ ပုဂ္ဂိုလ်များထဲက ဒီခန္ဓာနဲ့ ကွဲရလို့ ရှိရင် ကောင်းသေး တယ်(မှန်ပါ့) နောက်ခန္ဓာ မရလို့ရှိရင် ဒီထက် ပိုကောင်းတယ် (မှန်ပါ့) ဒီ စိတ်တွေ မလာပေဘူးလား (လာပါတယ် ဘုရား) ဒီခန္ဓာလည်း သာယာတဲ့ စိတ် ရှိသေးရဲ့လား (မရှိပါ ဘုရား) နောက်ခန္ဓာကို တောင်းတတဲ့ စိတ်ကော (မရှိပါ ဘုရား)။

နောက်ခန္ဓာလည်း တောင်းတတဲ့ စိတ်လာမယ် မဟုတ် ပါဘူး(မှန်ပါ့) အဲဒါမျက်လုံး တစ်လုံးက ကျေးဇူး ပြုလိုက်တယ် (မှန်လှပါ ဘုရား)။

ဘယ့်နှယ်ဆိုကြမယ် (မျက်လုံးတစ်လုံးက ကျေးဇူး ပြုလိုက်ပါတယ် ဘုရား)။

မျက်လုံးတစ်လုံးက ကျေးဇူးပြုလိုက်တယ်၊ မျက်လုံးက ဘာမျက်လုံးတုံး ဆိုတော့ အရိယာတို့၏ တပည့်သား မျက်လုံး (မှန်လှပါ ဘုရား)။

သူက အရိယာ မဖြစ်သေးတော့ အရိယာတို့၏ တပည့် သားမျက်လုံးနဲ့ ကိုယ့်ခန္ဓာ ကိုယ် ကြည့်လိုက် တော့မှ မမာပြီး သေနေတာ တွေချည်း မြင်တယ် (မှန်ပါ့)။

ခန္ဓာကိုယ်ထဲမှာ ဘာတွေမြင်တယ် (မမာပြီးသေ နေတာတွေ မြင်ပါတယ် ဘုရား)။

မမာပြီး သေနေ တာတွေချည်း မြင်နေတယ်(မှန်ပါ့) အဲဒီ အမြင် ရောက်အောင် ယောဂီတရား အားထုတ်တဲ့ ပုဂ္ဂိုလ်များ ဪ ပျက်စီး သွားပြန်ပြီ- ပျက်စီး သွားပြန်ပြီဆိုတဲ့ ဉာဏ်ကလေးနဲ့ စိတ်ကလေး ပေါ်လိုက်-ကြည့်လိုက် မရှိပြန်ဘူး။

ဪမမာပြီး ပျက်စီးသွားပြန်ပြီ-ဟုတ်လား(မှန်ပါ့)။

ဘယ်စိတ်လာလာ ပျောက်ပျက်သွားရင် ဘယ့်နှယ်ဆို ကြမယ်(မမာပြီး ပျက်စီး သွားပါတယ် ဘုရား)။

မမာပြီး ပျက်စီးသွားတာတွေဘဲဆိုတဲ့အဓိပ္ပါယ်အတော် ရှင်းပါတယ် (မှန်ပါ့)။

အဲဒီတော့ အဲဒီမျက်လုံးကလေးမရ,ရအောင် လုပ်မှသာ လျှင် လက်ရှိခန္ဓာကိုလည်း မလိုချင်၊ လက်မဲ့ ခန္ဓာကိုလည်း မတောင့်တ (မှန်ပါ) ဒီ ဉာဏ်ပေါ်ရမယ် (မှန်ပါ့)။

လက်ရှိခန္ဓာ (မလိုချင်ပါ ဘုရား) လက်မဲ့ခန္ဓာ (မတောင့်တပါ ဘုရား)။

အဲဒီ မလိုချင်တာနဲ့ မတောင့်တတာ မောင်ချစ်စိန် အဖိုးတန်ပြီ (မှန်ပါ့)။

ဒါ ဝိပဿနာရှုပါ၊ ဝိပဿနာရှုပါလို့ ဒကာဒကာမတွေ ဟော နေတာက လက်ရှိခန္ဓာမလိုချင်၊ နောက်ခန္ဓာ မတောင့် တ၊ လက်ရှိခန္ဓာ ကလည်း ဒုက္ခသစ္စာမို့ လက်မဲ့ခန္ဓာကလည်း တောင့်တမိရင် ဒုက္ခသစ္စာ အနာတွေသာ လာမှာဖြစ်နေသော ကြောင့်၊ ဒီမျက်လုံးမရ, အရယူကြပါဆိုတာ ဘုရားသခင် ကိုယ် တော်မြတ်ကြီးနဲ့တကွ ဆရာသမားများက လေးလေးနက်နက် တိုက်တွန်းပါတယ် (မှန်ပါ့ ဘုရား)။

ဒါကြောင့် ဝိပဿနာရှုပါ၊ ဝိပဿနာရှုပါလို့ ဟောနေ တာဟာ လက်ရှိ ခန္ဓာလည်း မလိုချင်၊ လက်မဲ့ ခန္ဓာလည်း မတောင့် တဖို့အလုပ်တွေ (မှန်ပါ့)။ လက်ရှိခန္ဓာ (မလိုချင်ပါ ဘုရား) လက်မဲ့ခန္ဓာ (မတောင့်တပါ ဘုရား)။

အဲ လက်ရှိခန္ဓာမလိုချင်- လက်မဲ့ခန္ဓာ မတောင့်တ ဖြစ်အောင်လို့ ဝိပဿနာ ကြိုးစားကြ ဆိုတဲ့ ဥစ္စာ မောင်ချစ်စိန် အင်မတန် အဖိုးတန်တဲ့ စကား (မှန်ပါ့ ဘုရား)။

အင်မတန် အဖိုးတန်တယ်၊ လက်ရှိခန္ဓာ မလိုချင်ဆိုတာ လည်း ဒုက္ခသစ္စာ၊ အမြဲတမ်း ဝေဒနာနဲ့ ပျက်စီးနေတာ ဒီနည်းပဲ (မှန်ပါ့) လက်မဲ့ခန္ဓာ မတောင့်တ တာကလည်း ဒီနည်းပဲ လာမှာဘဲ ဆိုတာက ဒီဒုက္ခသစ္စာနဲ့ ဒီဝေဒနာတွေနဲ့ ဒီခဏခဏ အသေကလေးပဲ လာမယ်ဆိုတာက သိပြီးသား ဖြစ်နေတော့ လက်မဲ့ခန္ဓာလည်း တောင့်တပါဦးမလား (မတောင့်တပါ ဘုရား)။

အေး ဒါကြောင့် ဝိပဿနာလုပ်တဲ့ ပုဂ္ဂိုလ်များ ဘယ်အကျိုးငှာတုံး ဆိုတော့ ဒကာဒကာမတွေ ဖြေတတ်ကြ ပလား (ဖြေတတ်ပါပြီ) လက်ရှိခန္ဓာ မလိုချင် လက်မဲ့ ခန္ဓာ မတောင့်တအောင်လို့ လုပ်ကြ တာနော် (မှန်ပါ့ ဘုရား)။

လက်ရှိခန္ဓာ (မလိုချင်အောင်လို့) လက်မဲ့ခန္ဓာ (မတောင့်တအောင်လို့) မတောင့်တအောင်လို့ လုပ်ကြရတာ။

အဲဒီတော့ လုပ်နေလို့ ဖြစ်ပျက်မြင်တယ်၊ မျက်စိမြင် တယ် ဆို ငြား သော်လည်း- အခုတစ်လုံး ပေါ်ဖို့ဘဲ အရေးကြီးတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အခုပြောတဲ့ တစ်လုံးဟာ သိပ် အရေးကြီးတယ် (မှန်ပါ့) လက်ရှိ ခန္ဓာမလိုချင်တဲ့ ဉာဏ်ပေါ်အောင် ဝမ်းထဲကမှတ် (မှန်ပါ့) လက်မဲ့ခန္ဓာ မတောင့်တတဲ့ဉာဏ် ပေါ်လာမှ (မှန်ပါ့) ဒါဝိပဿနာ အစစ်ကိုးဗျ (မှန်ပါ့) သဘောပါကြလား (ပါ-ပါပြီ ဘုရား)။

ဘာ့ကြောင့်တုံးလို့ မေးတဲ့အခါ လက်ရှိခန္ဓာက အမြဲတမ်း အနာပေါက်ပြီး ပျက်စီးတာဘဲ (မှန်ပါ့) လက်မဲ့ ခန္ဓာကလည်း ထို့အတူဘဲ လာရင် အမြဲတမ်း အနာပေါက်ပြီး ပျက်စီးတာဘဲ လာမှာဘဲ (မှန်ပါ့) ဒီပြင် ကောင်းတာ လာစရာ မြင်သေးရဲ့ လား (မမြင်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဲဒီတော့ကို လက်ရှိခန္ဓာ မလိုချင်ဆိုတာက မဂ် (မှန်ပါ့) လက်မဲ့ခန္ဓာ မတောင့်တဆိုတာ မဂ်ကြောင့် တဏှာသေတာ ပြောတာ (မှန်ပါ့ ဘုရား)။

လက်ရှိခန္ဓာ မလိုချင် ဆိုတာက မဂ်ဉာဏ် ပေါ်တာ၊ ဝိပဿနာ မဂ်ဉာဏ် မပေါ်လာဘူးလား (ပေါ်လာပါ တယ် ဘုရား)။

ဒါက လက်ရှိ ခန္ဓာဘာတုံး (မလိုချင်ပါ) နောက်က တဏှာသေပြီး သကာလ နေသောကြောင့် လက်မဲ့ ခန္ဓာလည်း မတောင့်တ တော့ဘူး ဆိုတာလည်း ပဋိစ္စသမုပ္ပါဒ် ကြည့်လိုက်တော့ ရှေ့ကမဂ်၊ နောက်က တဏှာသေတာ ဟောနေတာ (မှန်ပါ့ ဘုရား)။

ပဋိစ္စသမုပ္ပါဒ် ကြည့်ပါ၊ ၁-နံပါတ် ထဲမှာရှိတဲ့ ခန္ဓာငါးပါး တစ်ပါးပါး ဖေါက်ပြန် ပျက်စီးတာ မြင်လို့ ရှိရင်ဖြင့် လက်ရှိ ခန္ဓာ မလိုချင်တဲ့ ဝိပဿနာမဂ် ဉာဏ် မဖြစ်ဘူးလား (ဖြစ်ပါတယ်) လက်မဲ့ခန္ဓာ တောင့်တတဲ့ တဏှာကော လာနိုင်သေးရဲ့လား (မလာနိုင်ပါ ဘုရား)။

ဘာဖြစ်လို့ မလာသလဲ ဆိုတော့ အို ဒီမဂ်က သတ်ထားပြီ (မှန်ပါ့) မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

အဲဒီ မဂ်က သတ်ထားတော့ ဪ ဝိပဿနာ အလုပ် ဟာ တယ်ကျေးဇူး များပါလား၊ လက်ရှိခန္ဓာကိုလည်း အနာပေါက် ရောက်ပြီးသေတဲ့ အတွက်မလိုချင် (မှန်ပါ့) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

လက်မဲ့ခန္ဓာ မတောင့်တတာကလည်း တောင့်တတဲ့ တရားကိုက လက်ရှိခန္ဓာ မလိုချင်တဲ့ ဉာဏ်က သတ်ပစ် လိုက်တယ် (မှန်ပါ့) ၃-နံပါတ်က လာသေးရဲ့လား (မလာပါ) တဏှာ, ဥပါဒါန် လာသေးရဲ့လား (မလာပါ ဘုရား)။

မလာတော့ လက်ရှိခန္ဓာ မလိုချင်၊ လက်မဲ့ခန္ဓာ မတောင့် တတာသည် ဝိပဿနာဉာဏ် (မှန်ပါ့) ဒီကို တက်လာရင် မဂ်ဉာဏ် မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

ဪ ဒါဖြင့် သူမှ အမှန်ဖြစ်တော့မယ် (မှန်ပါ့) ဒါကြောင့် သူ့ကို သမ္မာဒိဋ္ဌိဆိုတဲ့ နာမည် ပေးရတယ် (မှန်ပါ့) သမ္မာက= မှန်ကန်ဟာ၊ ဒိဋ္ဌိက= မြင်တာ (မှန်ပါ့ ဘုရား)။

အမှန်အမြင်ကို ရလာတဲ့ အခါကျတော့ မောင်ချစ်စိန် လက်ရှိခန္ဓာ ဘာတဲ့(မလိုချင်ပါ) လက်မဲ့ ခန္ဓာကကော (မတောင့်တပါ) အင်း ဘယ့်နှယ် ကြောင့်ပါလိမ့်(အမှန် မြင်လို့ပါ ဘုရား)။

အမှန်ဉာဏ် ဆိုတော့ ၂-နဲ့ ၃- ကြားထဲမှာ မဂ်ကလေးဝင် တယ်(မှန်ပါ့) ၂-နဲ့ ၃-ကြားထဲမှာ မဂ်ကလေး ဝင်ပါတယ်။

အဲဒီ မဂ်ကလေးဟာက နှစ်မျိုး ယူနိုင်တယ်(မှန်ပါ့) လက်ရှိ ရှေ့ပိုင်းက ၂-နံပါတ်ကိုတော့ သူမလိုချင်ဘူး၊ ၃-နံပါတ် တောင့်တတဲ့ တဏှာကို သူသတ်တယ် (မှန်ပါ့) သဘောပါ ပလား (ပါ-ပါပြီ ဘုရား)။

ဒါဖြင့် မဂ်ကလေးသည် ရှေ့ပိုင်းကိုလည်း ဒုက္ခသစ္စာ မြင် တယ်၊ နောက်ပိုင်း ကိုလည်း တဏှာ သတ်တယ်၊ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

အဲဒီတော့မဂ်သည် ဒုက္ခကိုလည်းသိ၊ သမုဒယကိုလည်း ပယ်တယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒုက္ခကို (သိပါတယ်) သမုဒယကို (ပယ်ပါ တယ်) အေး ဒါဖြင့် ဝိပဿနာ ရှုနေတဲ့ ပုဂ္ဂိုလ်များ မှာ ဒုက္ခကို ကြည့်- ဒုက္ခ ဖြစ်ကြောင်းကို ပယ်နေတဲ့ အလုပ်ဟာ ဝိပဿနာ လုပ်နေတဲ့ ပုဂ္ဂိုလ်၏ အကျိုးရှိတဲ့ အလုပ်လို့ မှတ်လိုက်စမ်းပါ (မှန်ပါ့ ဘုရား) တော်တော် အရေးကြီးတယ် ဒီဥစ္စာက (မှန်ပါ့ ဘုရား)။

အဲဒီတော့ကို ဘုရားသခင် ကိုယ်တော်မြတ်ကြီးသည် ဘဂ္ဂ တိုင်းကို အလည်သွားတယ်၊ ဘဂ္ဂတိုင်းကို အလည်သွားတော့ သုသုမာရဂိရိ တောင်ခြေရင်းမှာ နကုလမာတာတို့ နကုလပိတာတို့ ဆိုတာ ရှိတယ် (မှန်ပါ့ ဘုရား)။

အဲဒီ ရောက်သွားတဲ့ အခါကျတော့ ဘုရားသခင်ကိုယ် တော်မြတ်ကြီးဟာ အဘိုးကြီး အဖွားကြီး နကုလမာတာနဲ့ နကုလပိတာက ဘုရား ကြွလာတယ် ဆိုရင် ဟာ, သားကြီး ကြွလာပြီ အမေ, အဖေအိုမှာပဲ ရောက်လာတော့ သိပ်တော့ ကောင်းလှတယ် မဟုတ် ဘူး ဆိုပြီးတော့ နှုတ်ဆက် ကြတယ် (မှန်ပါ့) ဒါကြောင့် အကြွမ်းဝင်တဲ့ အထဲမှာ ဧတဒဂ် ရတယ်၊ နကုလမာတာတို့, နကုလပိတာ တို့ နော် (မှန်ပါ့) ဘုရားနဲ့ အကြွမ်းဝင်တဲ့ အထဲမှာ၊ ရောက်လာတယ် ဆိုရင် သားကြီး ခေါ်တာကိုး (မှန်ပါ့ ဘုရား)။

ခေါ်တော့ ခေါ်မှာဘဲတဲ့ ခေါ်ရမှာဘဲ၊ ဘုရားဟာ သူတို့ လင်မယား အိမ်ထောင်ကျလို့ သူတို့ ဝမ်းထဲမှာ ပဋိသန္ဓေ နေပြီးသား ဖြစ်ခဲ့ရတာက တိုက်ရိုက်က ငါးရာတဲ့ (မှန်ပါ့) တိုက်ရိုက်က ဘဝငါးရာ ဖြစ်ခဲ့ရတယ်။

ဒီအဘိုးကြီးနဲ့ ဒီအဖွားကြီးနဲ့ အိမ်ထောင် မကျဘဲ အဘိုး ကြီးက တစ်ပါးသော ဒကာမနဲ့ အိမ်ထောင်ကျလို့ ဘုရားက ပဋိသန္ဓေ နေတာက ဘဝငါးရာ (မှန်ပါ့) ဒီအဖွားကြီးက နကုလပိတာနဲ့ အိမ်ထောင် မကျဘဲနဲ့ တစ်ပါးသော ဒကာနဲ့ အိမ်ထောင်ကျလို့ ဖြစ်ရတဲ့အထဲမှာ ဘုရား ပဋိသန္ဓေ နေတာက ငါးရာ၊ ဘဝပေါင်း ထောင့်ငါးရာ(မှန်ပါ့) အံမာ ကြောက် စရာကြီးပါလား (မှန်ပါ့ ဘုရား)။

သံသရာ ကျင်လည် ရတယ်ဆိုတာ ဒကာဒကာမတို့ ရိပ်မိ ပလား (ရိပ်မိပါပြီ) ကြည့်စမ်း ဘုရားအလောင်းဟာ ဒီပြင် အမေမိဘ သူ မထည့် သေးဘူး (မှန်ပါ့) ဒီ အဘိုးကြီးနဲ့ ဒီ အဖွားကြီးမှာပဲ တိုက်ရိုက်က ငါးရာ၊ သွယ်ဝိုက်သော နည်းက တစ်ထောင် (မှန်ပါ့) ဘယ်လောက်ရှိသတုံး (တစ်ထောင့် ငါးရာပါ ဘုရား)။

အဲဒီက အရှိန် ပါလာတယ် (မှန်ပါ့) အဲဒီက အရှိန်ပါ လာပြီး သကာလ ဘုရား ကြွလာတယ်ဆို၊ သားကြီးက အမေ, မိဘတွေ အိုမှပဲ ရောက်လာတယ် အစရှိသည်နဲ့ နှုတ်ဆက် ကြတယ် (မှန်ပါ့)။

သံသရာ၊ သံသရာ ဆိုတာ မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။

ဘယ်လောက်များ မောင်ချစ်စိန် ရှည်ခဲ့တယ်ဆိုတဲ့ အကြောင်းဟာ မင်းတို့က အခုမှတွေ.တာ၊ အခုမှဘဲ အသစ် လုပ်နေလို့ တိုနေတာ။ အဝိဇ္ဇာက ဖုံးထားတော့ နောက်ကြောင်းတွေ မမြင်ဘူး (မှန်ပါ့ ဘုရား)။

ဒီမှာ ဘုရားအလောင်း ကြည့်ပါလား၊ နု-စဉ် အခါတုန်းက၊ ဒီ အဘိုးကြီးနဲ့ အဖွားကြီး တိုက်ရိုက် အိမ်ထောင်ကျလို့ ဘဝ ပေါင်း ငါးရာ ဆိုတော့ နည်းသလား (မနည်းပါ ဘုရား) ဒါ, ဘဝပေါင်း ငါးရာ နေခဲ့ရပြီး၊ ဘဝပေါင်း ငါးရာသေခဲ့တာဘဲ (မှန်ပါ့)။

ဒီလိုချည်းဘဲ တစ်ပါးသော ဒကာမနဲ့ အိမ်ထောင်ကျလို့ ဘုရားအလောင်း ကလည်း ဒီထဲ ပဋိသန္ဓေ နေတာကလည်း ငါးရာ ဆိုတော့ ဒါလည်း ငါးရာနေလို့ ငါးရာ သေတာဘဲ (မှန်ပါ့) မဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား)။

ဒီအဖွားကြီးက တစ်ပါးသော ဒကာကြီးနဲ့ အိမ်ထောင် ကျလို့ ဘုရားအလောင်းက ဒီအထဲ ပဋိသန္ဓေ နေတာလည်း ငါးရာ ဆိုပြန်တော့လည်း အင်း ငါးရာ နေလို့ ငါးရာ သေတာဘဲ (မှန်လှပါ ဘုရား) မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

ဘယ်လောက်များ ကြောက်စရာ ကောင်းသတုံး။ (ကောင်းပါတယ် ဘုရား) အလောင်း ချင်းကို သူတို့နဲ့ ထပ်နေတယ် (မှန်လှပါ ဘုရား) ဒီပြင် အမေ-အဖေထည့်လို့ မရသေးဘူး (မှန်ပါ့ ဘုရား)။

ဒီမှာ စဉ်းစားကြည့်ပါလား၊ ဟိမဝန္တာတောမှာ သစ်ပင် တွေက မောင်သစ် နေ ကြည့်လို့ မမြင်နိုင်ဘူး (မှန်ပါ့) သစ်ပင် တွေဟာ နေရိပ်ထဲနေတဲ့ သစ်ပင်တွေပဲ (မှန်ပါ့) အဲဒါတွေ အကုန်လှဲ၊ တောတစ်တောလုံး လှဲပြီး သကာလ လေးသစ်လောက် လေးသစ်လောက် တစ်ခါတည်း အချပ်ကလေး တွေလုပ်၊ ဤကား အမေ၊ ဤကား အမေ၏- အမေ၊ ဒါ- ငါ့အမေ၊ ငါ့အမေ၏ အမေ အဖေ၊ တောထဲက သစ်တွေဟူသ၍ အကုန် ကုန်တယ်၊ အမည် မကုန်ဘူး(မှန်ပါ့)။

သံသရာ ဘယ်လောက် ရှည်ခဲ့တယ်ဆိုတာ သိကြပလား (သိပါပြီ ဘုရား)။

ဒါ အမိဝမ်းခေါင်း ထဲမှာ တစ်နေ့က ပြောခဲ့တဲ့ ကျင်ကြီးကျင်ငယ် ကြားထဲမှာ ဘယ်လောက် အောင်းခဲ့ရတယ် ဆိုတာဖြင့် ပြောဖို့ မလိုတော့ဘူး (မလိုတော့ပါ ဘုရား)။

အဲဒါ ပျင်းဖို့၊ မုန်းဖို့၊ ငြီးငွေ့ဖို့ ဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။

ဒါကြောင့် ပြောင်ချော်ချော် လုပ်နေရင် ဖြစ်ကို မဖြစ်ဘူး (မှန်ပါ့) မပေါ်ကြသေးဘူးလား (ပေါ်ပါပြီ)။

ပြောင်ချော်ချော်နဲ့ တော်အောင်နဲ့ အခုဟာကလေးအခု မှတ်ပြီးတော့ နောက်ကြောင်း တွေလည်း ဘာမှ ပြန်မှ မကြည့်ဘဲနဲ့ နဂိုကကို အင်း တစ်ဘဝတွင်ဘဲ အစရှိသည်နဲ့ ဘယ်ဟုတ် လိမ့်မတုံး၊ ဘဝပေါင်းက စုံနေတာဘဲ (မှန်ပါ့)။

ဒါကြောင့် လူတစ်ယောက် တစ်ယောက် သေတိုင်း မျက်ရည်ကျခဲ့ရတာ သမုဒ္ဒရာရေ လေးစင်း ရေလောက် ဆိုတော့ မသိတဲ့ ပုဂ္ဂိုလ်ကတော့ ကြီးမယ် မကဘူးလို့ ဘုရားဟောတာ (မှန်ပါ့) မကဘူးလို့ ဟောတာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။

ကဲဒါဖြင့် ဘဂ္ဂတိုင်း နကုလမာတာ နကုလပိတာတို့ ဆီ ဘုရားသခင် ကိုယ်တော်မြတ်ကြီး ကြွသွားတဲ့ အခါကျတော့ အဘိုးကြီးတွေ အဖွားကြီးတွေက ခုနှစ်ဆယ်ကျော်စီ ရှိနေကြတော့ သားကြီးက အခုမှ ကြွလာတယ်၊ တရားတွေကို နာချင်တယ်၊ နာချင်ပေမဲ့ တရားရှည်ကြီးနဲ့ အလုပ်ရှည်ကြီး လုပ်နေမယ် ဆိုလို့ ရှိရင်လည်း သေမှာက ဦးသွားလိမ့်မယ် (မှန်ပါ့) ဒါကြောင့် သားကြီးက တရားတိုတိုနဲ့ မိမိနဲ့ အဘိုးကြီး အဖွားကြီးနဲ့ ချက်ချင်း ကိစ္စ ပြီးမည့် တရား သူ့အသက်တမ်းနဲ့ လိုက်ပြီး သကာလ တိုတို ဟောပါတဲ့ (မှန်ပါ့) သူက ပွင့်ပွင့်လင်းလင်း လျှောက်တယ် (မှန်ပါ့) ပွင့်ပွင့်လင်းလင်း လျှောက်တယ်။

ဒကာကြီး- ဒကာကြီးတို့ ကလည်း အသက်အရွယ်က လည်း ကြီးပြီ ဆိုတာ ဟုတ်တယ်၊ အသက် အရွယ်ကြီးတဲ့ ပုဂ္ဂိုလ်များ မှာ အသက်အရွယ်ကြီးလို့ မမာဘူးလို့ ဒီလိုမအောက်မေ့ပါနဲ့ ငယ်တဲ့ ပုဂ္ဂိုလ်လည်း အတူတူပါဘဲ (မှန်ပါ့) သူလည်း ဖေါက်ပြန် ပျက်စီးနေတာဘဲ (မှန်ပါ့)။

အဲဒီတော့ ဘယ်သူက ကျန်းမာလို့ ဘယ်သူက ချမ်းသာ တယ် ဆိုတာကို ဒကာကြီး ထည့် မပြောနေနဲ့တဲ့ (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။

သူက အသက် အရွယ်ကြီးပြီလို့ ပြောတာကိုး (မှန်ပါ့) အသက်အရွယ် ကြီးပြီတဲ့၊ အဘိုးကြီး အဖွားကြီးတွေ အသက် အရွယ်ကြီးတော့ တရားရှည်ရှည် ဟောနေ လို့တော့ မဖြစ်ဘူး။

ကျင့်ရမည့် တရားဟာ သူနဲ့လိုက်မှာ မဟုတ်ဘူး။ တိုတိုနဲ့ မိတဲ့ တရားသာသူတို့ပေးပါ။ ရောဂါတွေကလည်း များကုန်ပြီ၊ ခါးတွေ ကိုင်း၊ အရေ တွန့်လိမ်၊ ဒီလို ဖြစ်နေတော့ အဘိုးကြီး အဖွားကြီးတွေ ကြီးကုန်ပြီ ဆိုတော့ သူတို့ဟာ သူတို့ မကျန်းမာတာ တွေးတယ် (မှန်ပါ့) မကျန်းမာလို့ တရားတိုတို ရပါရစေ။ တိုတိုပဲ နာပါရစေ။ ဒီလိုပြောပြီး သကာလ နေတာပါဘဲ (မှန်ပါ့)။

ဒါကြောင့် ဘုရားက ဟောတယ်။

“ ယောဟိ ဂဟပတိ ဣမံကာယံ ပရိဟရန္တော မုဟုတ္တမ္ပိ အာရောဂျံ ပဋိဇာနေယျ၊ ကိမညတြ ဗာလျာ” (ခန္ဓဝဂ္ဂသံယုတ်၊ နကုလပိတုသုတ္တံ)

ဒီခန္ဓာကိုယ် ဆောင်နေတဲ့ ပုဂ္ဂိုလ်၊ ခန္ဓာကိုယ် ထမ်း ရွက် နေကြတဲ့ ပုဂ္ဂိုလ်များဟာ ဘယ် အချိန်မှ ဒကာကြီး မကျန်းမာဘူး တဲ့ (မှန်ပါ့) မသိတဲ့ လူမိုက် ချန်လှပ် ရှုသိတဲ့ ပုဂ္ဂိုလ်အတွက်မှာ ဘယ်အချိန်မှ မကင်း ပါဘူးတဲ့၊ ဖေါက်ပြန် ပျက်စီး နေတယ်လို့ ဆိုတာသာ ဒကာကြီး မှတ်ထားပါတဲ့ (မှန်ပါ့)။

မသိတဲ့ လူမိုက်တော့ ချန်လှပ်ပါ (မှန်ပါ့) ဘယ် အချိန်မှ မကင်းဘူး (မှန်ပါ့)။

ကဲ ပြောကြစမ်းပါ ဒကဒကာမတို့ နာတာ၊ ကျင်တာ၊ ကိုက်တာ၊ ခဲတာ၊ မကျန်းမာ တယ်လို့ ဆိုတာ မဟုတ်ဘူး တဲ့ (မှန်ပါ့) ဘယ်အချိန်မှ ရုပ်ကလည်းမခိုင် (မှန်ပါ့) နာမ်ကကော (မခိုင်ပါ ဘုရား) နို့ ဘယ်အချိန် ကျန်းမာသတုံး (ဘယ်အချိန်မှ မကျန်းမာပါ ဘုရား)။

ဘယ်အချိန်မှမကျန်းမာဘူးတဲ့။ အဲဒီတော့ကိုယ့်ကိုယ်ကို ကျန်းမာတယ်၊ ချမ်းသာတယ်လို့ ထင်ကြတဲ့ ပုဂ္ဂိုလ်များဟာ လူမိုက်တဲ့ (မှန်ပါ့) လူမိုက်ကိုချန်လှပ်၊ အရိယာ မျက်လုံးတပ် ပြီး သကာလ အမှန်ကို မြင်ကြလို့ရှိရင် ဘယ်အချိန်မှ မကျန်းမာ ပါဘူးတဲ့ (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် ကျန်းမာတယ်လို့ ထင်နေတဲ့ ပုဂ္ဂိုလ် အတွက်မှာဖြင့် လူမိုက်ထဲပါတယ် (မှန်ပါ့) လူမိုက်ထဲ ပါသွားတယ်တဲ့။ ဘာ့ကြောင့်တုံး ဆိုတော့ အရိယာ မျက်လုံး မတပ်သေးဘဲနဲ့ အကန်း မျက်လုံးနဲ့ ပြောနေတာ (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဘာမျက်လုံးနဲ့ ပြောနေတာလဲ (အကန်း မျက်လုံးနဲ့ ပြောနေတာပါ ဘုရား)။

အကန်းမျက်လုံးနဲ့ ပြောနေတာ ဖြစ်ပြီး သကာလ နေတော့ ကိုတဲ့ ဒကာဒကာမတို့ အခုတစ်ခါ အရိယာ မျက်လုံး ကလေးတော့ မရရအောင်တော့ ကြိုးစားလိုက်၊ ဘာကြောင့်တုံး အကန်း ကလေးမွေး, အကန်းကလေး သေသွားတယ်ဆိုတဲ့ မသာဟာ အတော် အရုပ်ဆိုးတယ် (မှန်ပါ့)။

ဦးဘသန်း ဘယ့်နှယ်တုံး (အကန်းကလေးမွေး, အကန်းကလေးသေသွားတဲ့ မသာဟာ အတော် အရုပ်ဆိုးပါတယ် ဘုရား)။

သို့သော် ဒီလိုလူကပဲများတယ်(မှန်ပါ့) မများ ဘူးလား (များပါတယ်) ဒါဖြင့် နောက်ဘဝ ကျတော့လည်း တိရစ္ဆာန် ဖြစ်တော့ အထူး ပြောစရာ လိုသေး သလား(မလိုပါ) ငရဲကျပြန်တော့ အထူး ပြောစရာ လိုသေးသလား (မလိုပါ ဘုရား)။

မလိုတော့ဘူး၊ သွားချင်ရာသွား ရောက်ချင်ရာရောက် နေတာဘဲ(မှန်ပါ့) အကန်းပါ ရောက်ချင်တာ ရောက်နေ တာဘဲ ဆိုတဲ့ အဖြေ မှတစ်ပါး အခြားပေးစရာ လိုသေးသလား (မလိုပါ) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

အဲဒါကြောင့် ခင်ဗျားတို့ ကိုယ့်ကိုယ်ကို အကန်းကလေး ဟုတ်တယ် မဟုတ်တယ်ကို ခန္ဓာထဲမှာ ဝေဒနာကလေး ကြည့် လိုက်လည်း ဖေါက်ပြန် ပျက်စီးတာ မြင်မှ မကန်းတယ် (မှန်ပါ) စိတ်ကလေး ကြည့်ပြန်လဲ (ဖေါက်ပြန် ပျက်စီးတာမြင်မှ မကန်းပါ ဘုရား) မကန်းတယ်။

နို့မဟုတ်လို့ ရှိရင်ဖြင့် ဘာကြီး ပြောလို့ ဘာကြီးဆိုဆို ဘယ်စာအုပ်ကြီးတွေ ကြည့်ကြည့် ဘယ်ဆရာတော်ကိုပဲ ဆည်းကပ်, ဆည်းကပ် မောင်သစ်ရေ ကန်းတာဘဲ (မှန်ပါ့)။

ကိုယ့်ခန္ဓာထဲမှာ ဖေါက်ပြန် ပျက်စီးနေတာ ဝေဒနာ ကလေးဟာ ပေါ်လာလိုက်ပြီးမရှိတာ သိမှ၊ စိတ်ကလေး ပေါ်လာ လိုက်, မရှိတာသိမှ၊ ဒါမှသာလျှင် မောင်ချစ်စိန်ရဲ့ မျက်စိ နှစ်ကွင်း အလင်း ရတယ် ဆိုတဲ့ အဓိပ္ပါယ် ပေါ်လာတယ် (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

မျက်စိနှစ်ကွင်း အလင်းရဆိုတဲ့ စကားဟာလည်း ဒကာ ဒကာမတို့ အင်မတန် အရေးကြီးတဲ့ စကားပါ၊ ဉာဏ် မျက်လုံးမြင်မှ မျက်လုံးကိုး (မှန်ပါ့)။

ဥပမာ ဒီပြင်ဟာ မကြည့်ပါနဲ့ တဲ့ မောင်သစ် တို့ မောင်ချစ်စိန်တို့၊ အထည်ကို မပြီးခင်က သိထားတာနဲ့။ ပြီးမှ သိတာက ပကတိမျက်လုံး (မှန်ပါ့)။

မပြီးခင်က ဒီအဆင်နဲ့ ဒီအသွေးနဲ့ ဒီလိုဆင်ပြီး သကာလ ဒီလို အရောင် ထွက်လိမ့်မယ်၊ ဒီလိုအကွက် ထွက်လာလိမ့်မယ်၊ ဒီလို အဆင်ကိုက်ပြီး သကာလ ဒီအ ဖိုးနဲ့ ဒီလို ရောင်းနိုင်တယ် ဆိုတာ ဉာဏ်မျက်လုံးက အကုန် မြင်သွားတာဘဲ (မှန်ပါ့) မကွာဘူးလား (ကွာပါတယ် ဘုရား)။

ဉာဏ်မျက်လုံးနဲ့ ပကတိ မျက်လုံးဟာ ပကတိမျက်လုံးက ပြီးမှ သိတယ်(မှန်ပါ့) ဉာဏ်မျက်လုံးက မလုပ်ခင်က အကုန် ပေါ်ထားတယ်(မှန်ပါ့) အပြီးအစီး သိထားတယ်(မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဲဒီတော့ ဉာဏ်မျက်လုံးနဲ့ ပကတိမျက်လုံးဟာ ကွာတယ် ဆိုတာကော မပေါ်လာဘူးလား (ပေါ်လာပါတယ် ဘုရား)။

အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာဒကာမတွေ ကိုယ့်ခန္ဓာ ကြည့်လိုက်တဲ့အခါ ဉာဏ်မျက်လုံး ဟုတ်တယ် မဟုတ်တယ် ဖေါက်ပြန်ပျက်စီးနေတာ တွေမှ ဉာဏ်မျက်လုံး (မှန်ပါ့) ဖေါက်ပြန်ပျက်စီး နေတာ မမြင်သမျှ ကာလပတ်လုံး ဒီဥစ္စာသည် ကားလို့ ဆိုလို့ရှိရင် ထိုးထွင်းသိ မျက်လုံး မဟုတ် သေးဘူးလို့ မှတ်လိုက် စမ်းပါ (မှန်ပါ့ ဘုရား) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ထိုးထွင်းသိ မျက်လုံးက ခန္ဓာပင်ကိုရှိကို သိမှကိုး (မှန်ပါ့) ဘယ်လိုပါလိမ့် (ခန္ဓာကိုယ် ပင်ကိုရှိကို သိပါ ဘုရား)။

ခန္ဓာပင်ကိုယ်ရှိကို သိမှ ထိုးထွင်းသိ မျက်လုံးဆိုတာ မောင်ချစ်စိန်ပေါ်ပြီကွ(မှန်ပါ့) နို့မဟုတ် လို့ရှိရင်ဖြင့် သူများ ပြောသံကြား မျက်လုံးနဲ့ သူများက အနီဆိုလို့ နီရတာပေါ့ (မှန်ပါ့) သူများက အဝါဆိုလို့ (ဝါရပါတယ်) ပြောသံကြားနဲ့ ဝါရတယ် (မှန်ပါ့)။

ရှေးလူကြီးတွေက ဒီဟာ အဝါဆိုထားတာနဲ့ ဒါကလေး မြင်လို့ရှိရင် ဟော ဟောဒါအဝါတဲ့ ဆိုတော့ ကိုယ့်မျက် လုံးကို ဟုတ်သေးရဲ့လား (မဟုတ်ပါ) မဟုတ်ဘူးတဲ့။ တစ်ဆင့်ကြား မျက်လုံး ဖြစ်နေတယ် (မှန်ပါ့) ရှင်းမနေဘူး လား (ရှင်းပါတယ် ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

အဲဒါကြောင့် “ ယောဟိ ဂဟပတိ” ဂဟပတိ=ဒကာကြီး နကုလပိတာ၊ ယော= အကြင်ပုဂ္ဂိုလ်သည်၊ ဣမံကာယံ =ဤခန္ဓာ ကိုယ်ကြီးကို၊ ပရိဟရန္တော= ဆောင်ထမ်း နေရတဲ့ ပုဂ္ဂိုလ်ဟာတဲ့ ခန္ဓာကိုယ်ကြီး ထမ်းရွက်နေရတဲ့ ပုဂ္ဂိုလ်၊ မုဟုတ္တမ္ပိ= ခဏကလေး၊ အာရောဂျံ= အနာကင်းသည် ဖြစ်ငြားအံ့ တဲ့၊ ကိံ အညတြ ဗာလျာ=လူမိုက်ကို ချန်လှပ်ပြီး သကာလ ကျန်တဲ့ ပုဂ္ဂိုလ်အား ပြောကို မပြောဘူးတဲ့ (မှန်ပါ့) လူမိုက်သာ ပြောတာတဲ့ (မှန်ပါ့)။

ကျန်းမာတယ်, ကျန်းမာတယ် ဆိုတာ လူမိုက်သာ ပြော တာတဲ့၊ လူလိမ်မာက အရိယာ မျက်လုံး တပ်ကြည့် လိုက်တဲ့ အခါ ဘယ်အချိန်မှ မကျန်းမာပါဘူး ဆိုတဲ့ဥစ္စာ တစ်ခါတည်း ပေါ်လာတယ် (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဘယ်အချိန်မှ မကျန်းမာဘူး ဆိုတာ မြင်မှ အရိယာ တပည့်တို့၏ မျက်လုံးနော်(မှန်ပါ့) ဘယ်အချိန်မှ မကျန်းမာတာ မြင်မှ (အရိယာ တပည့်တို့၏ မျက်လုံးပါ ဘုရား)။

အေး အရိယာတပည့်မျက်လုံး၊ ကိုယ်က အရိယာ မဖြစ်ခင် (မှန်ပါ့) ဖြစ်သွားတဲ့အချိန်မှာ အရိယာတို့၏ မျက်လုံး၊ ဒီအချိန်မှာ ဝိပဿနာ လုပ်နေတုန်းတော့ အရိယာတို့၏ တပည့်မျက်လုံး (မှန်ပါ့) မဆိုနိုင်ဘူးလား (ဆိုနိုင်ပါ တယ် ဘုရား)။

ဒါဖြင့် မောင်ချစ်စိန် အမြင်မှားနဲ့ အမြင်မှန် တယ်ခြားနားတယ် (မှန်ပါ့) ခြားနားသွားပြီးတဲ့။

ပြီးတော့မှ သူက တရားဟောပါ ခိုင်းလို့ တရားတိုတို ဟောပါဆိုလို့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက အရိယာ မျက် လုံးရှိတဲ့ ပုဂ္ဂိုလ်၏ မြင်ပုံကို ဟောပြတယ် (မှန်ပါ)။

ကိုင်း ဘုရားတဲ့ ဘယ်လို ရှုရမှာတုံး, ဆိုတော့ ဒကာကြီးတဲ့ ဒီ ကိုယ်တစ်ကိုယ်လုံးမှာ သေသေချာချာ ကြည့်လိုက်တော့ ခန္ဓာကိုယ် တစ်ကိုယ်လုံး ကတော့ အနာချည်း ဖြစ်နေတယ်တဲ့. (မှန်ပါ့) အနာပေါက်ပြီး ပျောက်ပျက် သွားတယ် (မှန်ပါ့) အနာပေါက်ပြီး ပျက်စီး သွားတယ် (မှန်ပါ့) အနာပေါက်ပြီး (ပျက်စီးသွားပါတယ် ဘုရား)။

ပျက်စီး သွားလိုက်တော့ ကိုတဲ့ ခန္ဓာကိုယ် တစ်ကိုယ်လုံး ဟာလည်း ခန္ဓာငါးပါးလုံးဟာ အနာပေါက်ပြီး ပျက်စီး တာချည်းဘဲ (မှန်ပါ့ ဘုရား) အဲဒီတော့ ခန္ဓာကိုယ် တစ်ကိုယ်လုံးဟာတော့ ဖြင့်တဲ့၊ အနာပေါက်နေတာဘဲ၊ ပျက်စီးနေတာဘဲနော် (မှန်ပါ့)။

အဲဒါတွေ ဉာဏ်နဲ့ ကြည့်ပြီး သကာလ တဲ့ ပင်ကိုက အနာ ပေါက်ပြီးနေတော့ ကိုယ်နာ နေတယ်(မှန်ပါ့) ကိုယ်နာပေမဲ့ စိတ်ကတော့ မနာစေနဲ့တဲ့ (မှန်ပါ့)။

ကိုယ်ကတော့ အနာပေါက်နေတယ်၊ ကိုယ်ခန္ဓာ ငါးပါးစလုံးဟာ အနာပေါက်ပြီး သကာလ ပျက်စီး ဆုံးရှုံး နေငြားသော် လည်း ရှုတဲ့ စိတ်ကတော့ ကိုတဲ့ ပင်ကို အတိုင်းထားပါတဲ့ (မှန်ပါ့ ဘုရား) ကိုယ်နာပေမဲ့ (စိတ်မနာစေနဲ့ပါ ဘုရား)။

ဒကာကြီး တဲ့ ခန္ဓာ ထမ်းဆောင်နေတဲ့ ပုဂ္ဂိုလ်မှာ ဘယ်တော့မှ မကျန်းမမာဘူးဆိုတာ ဒကာကြီး မှတ်ထားပါတဲ့ (မှန်ပါ့)။

လူမိုက်ကို ချန်လှပ်ပါ၊ ခန္ဓာကိုယ် ဉာဏ်မျက်လုံးတပ်ပြီး သကာလ ကြည့်တဲ့ ပုဂ္ဂိုလ် အတွက်မှာဖြင့် ဘယ်အချိန်မှာ ကျန်းမာ နေတယ်လို့ ဘယ်အချိန်မှ မရှိပါဘူးတဲ့(မှန်ပါ့) သဘောကျ ပလား။ (ကျပါပြီ)။

ဒါ့ကြောင့်တဲ့ ဒကာကြီး သိစရာ တစ်ခုကို နည်းပေး လိုက်မယ်တဲ့၊ ဝိပဿနာရှုတာ (မှန်ပါ့)။

“ အာတုရ ကာယဿ မေ သတော စိတ္တံ အနာတုရံ ဘဝိဿတီတိ ဧဝံ ဟိ တေ ဂဟပတိ သိက္ခိတဗ္ဗံ ” တဲ့။

ကျင့်စဉ် ကလေးပါ ဘုရားက ထည့်ပေးလိုက်တယ် (မှန်ပါ့ ဘုရား) ဘဝပေါင်း ထောင့်ငါးရာ မအေမိဘ ကျေးဇူးဆပ်တဲ့ တရား (မှန်ပါ့)။

အာတုရကာယဿ မေ သတော=ခန္ဓာကိုယ် ကတော့ ကျင်နာ ဖေါက်ပြန် ပျက်စီး နေပါတယ်တဲ့၊ မိမိကြည့်နေ တဲ့စိတ်ကတော့ ပင်ကို သဘောထား ကလေးထားပါ(မှန်ပါ့)။

သူကတော့ ဖေါက်ပြန် ပျက်စီးနေတာဘဲ၊ ဝေဒနာက လည်း ဖေါက်ပြန် ပျက်စီး နေတာဘဲ၊ ရုပ်ကြည့် လိုက်ပြန်လဲ (ဖေါက်ပြန် ပျက်စီးနေတာပါဘဲ) သူကတော့ဖြင့် ခန္ဓာကိုယ်ကတော့ အမြဲတမ်း ဖေါက်ပြန် ပျက်စီးပြီး နေတာဘဲ (မှန်ပါ့) ရှုနေတဲ့ ယောဂီစိတ်ကတော့ ပင်ကို သဘော အတိုင်းထားပါ (မှန်ပါ့ ဘုရား) ရှုနေတဲ့ ယောဂီစိတ်က (ပင်ကိုသဘော အတိုင်း ထားရပါမယ် ဘုရား) ပင်ကို သဘောအတိုင်း ထားပါတဲ့။ မဖေါက်ပြန်နဲ့ (မှန်ပါ့) သူကတော့ ဖေါက်ပြန်မှာဘဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။

ခန္ဓာကတော့ ဘယ်အချိန် ကြည့်ကြည့် (ဖေါက်ပြန် မှာပါဘဲ ဘုရား) အနာပေါက်ပြီး သူက ပျောက်ပျက် နေမှာဘဲ (မှန်ပါ့) အနာပေါက်ပြီး သကာလ သေပွဲဝင် နေမှာဘဲ (မှန်ပါ့) အဲဒီ ရှုနေတဲ့ ပုဂ္ဂိုလ်က ဉာဏ်နဲ့ ကြည့်နေတဲ့ ပုဂ္ဂိုလ်က ဪ ဒါသူ့သဘောဘဲ၊ ဒါ သူ့သဘောဘဲလို့ သိနေရမယ် (မှန်ပါ့) သူ့အတွက် သောက ပရိဒေဝ မလာစေနဲ့ (မှန်ပါ့) ဟုတ်လား (မှန်ပါ့)။

သောကပရိဒေဝဆိုတာ သောက=စိုးရိမ်ခြင်း၊ ပရိဒေဝ= ငိုကြွေးခြင်း၊ ဒုက္ခ- ဆင်းရဲခြင်း၊ ဒေါမနဿ-က နှလုံးမသာယာ ခြင်း၊ ဥပါယာသ-က ပြင်းပြင်းထန်ထန် ပင်ပန်းခြင်း၊ ဒီငါးခု မလာစေနဲ့ (မှန်ပါ့) ပင်ကို သဘောအတိုင်း ရှိပစေ (မှန်ပါ့)။

ဒါ အလုပ်သင် နေတယ်လို့၊ ဘုရားကိုက ဘဝပေါင်း ထောင့်ငါးရာ သူ့အမိအဘ တော်ခဲ့တဲ့ ဒကာကြီးကို အလုပ်သင် နေတာလို့ မှတ်လိုက်စမ်းပါ (မှန်ပါ့)။

အလုပ်သင်တရား ဆိုတာ သေသေချာချာ မှတ်ပါ (မှန်ပါ့) အလုပ်သင်တရားဆိုတာ ခန္ဓာကတော့ဖြင့် သူအမြဲတမ်း ကျင်နာပြီး ပျက်စီး နေမှာဘဲ(မှန်ပါ့) ရှုဉာဏ်က ဘာမှမလုပ် နဲ့ဪ သူ့သဘောဘဲ၊ သူ့သဘောဘဲလို့သာ သိပေး။(မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။

ခန္ဓာ့ သဘောဘဲ၊ တစ်ခုသော ဝေဒနာ ဖေါက်ပြန် ပျက်စီးနေပြန်ပြီ၊ ရှုတဲ့ဉာဏ်က ဘယ့်နှယ့် ဆိုမယ် (ခန္ဓာ့ သဘောပါ ဘုရား) ခန္ဓာ့ သဘောဘဲ၊ ခန္ဓာ့သဘော၊ ခန္ဓာထဲမှာ ဘယ်အချိန် မဆို ပျက်စီး နေတာဘဲ (မှန်ပါ့) ဖေါက်ပြန်ပျက် စီးနေတာဘဲ ခန္ဓာ့ သဘောဘဲ၊ ခန္ဓာ့ သဘောဘဲလို့ ဒီလို သိနေရ မယ် (မှန်ပါ့)။

ဒီလိုမသိလို့ရှိရင် မဖြစ်ဘူးတဲ့၊ဒီလို မသိလို့ရှိရင် ဖြစ်ချင် ရာဖြစ်မယ် (မှန်ပါ့) ဒါဖြင့် အခ ယောဂီ ပုဂ္ဂိုလ်တွေ ခန္ဓာ ကြည့်တဲ့ အခါမှာ ဥပေက္ခာ သဘောနဲ့ ကြည့်ပါလို့ ပြောလိုက်တယ် (မှန်ပါ) ဥပေက္ခာသဘောနဲ့ (ကြည့်ပါ) ဝိပဿနုပေက္ခာ လို့သာ မှတ်လိုက် (မှန်ပါ့) ဝိပဿနာလည်း ဟုတ်တယ်။ ဥပေက္ခာလည်း ဟုတ်တယ်(မှန်ပါ့)။

ခန္ဓာကတော့ ဖေါက်ပြန် ပျက်စီး နေမှာဘဲ၊ ဝေဒနာကြည့် တော့ နာလိုက် ပျက်စီးလိုက်၊ ချမ်းသာလိုက် ပျက်စီးလိုက်၊ အလယ်အလတ် ဖြစ်လိုက် ပျက်စီးလိုက်၊ ဒီလိုဘဲ မနေဘူးလား (နေပါတယ် ဘုရား)။

နေတာ ကိုယ်က သွားပြန်ပြီ၊ ခက်ပါတယ်၊ မလာစေနဲ့၊ (မှန်ပါ့) ခက်ပါတယ် မလာစေနဲ့၊ ကိုယ့်ဟာကိုယ် တစ်ခါ တည်း ဥပေက္ခာ သဘောနဲ့ ခန္ဓာသဘောဟာ ဒီလိုကိုး (မှန်ပါ့ ဘုရား) ခန္ဓာသဘောက ဒီလိုကိုး ဆိုတဲ့ဥစ္စာ၊ ဒါ ဝိပဿနာ ရှုနေတာလို့ မှတ်လိုက်စမ်းပါ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ခန္ဓာ့သဘော ဒီလိုကိုး၊ ခန္ဓာ့သဘော ဒီလိုကိုး ဆိုတာ ဘာတုံး (ဝိပဿနာ ရှုနေတာပါ ဘုရား)။

အဲဒီ ဝိပဿနာသည် ဝိပဿနုပေက္ခာ ဆိုတာလည်း ဟုတ်ပါတယ်၊ ဝိပဿနာလည်း ဟုတ်တယ်တဲ့ (မှန်ပါ့) ဥပေက္ခာလည်း ဟုတ်ပါတယ်တဲ့။

သူ့သဘော သူဆောင်နေတာ ကျုပ်နဲ့ ဘာမှ မဆိုင်တဲ့ သဘောမျိုး ရှိနေတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

သူ့သဘော သူဆောင်တာကို ကျုပ်နဲ့ ဘာမှမဆိုင်တဲ့ သဘောမျိုး (ရှိနေပါတယ် ဘုရား)။

ငါးဟာ ရေထဲမှာ ငုပ်လိုက်-ပေါ်လိုက် ငုပ်လိုက်ပေါ်သွားတာ သိနေတော့ ဪ ငါးဆိုတာ ငုပ်တတ်- ပေါ်တတ်တာ ကိုးလို့ (မှန်ပါ့) ဒါကို ကြည့်နေပေမဲ့ သူ့အတွက် ရေနစ်လိမ့်မယ်။

ရေပေါ်- ပေါ်လာလို့ သားကောင်တွေက သူ့ကို စားသွား လိမ့်မယ်လို့ ခင်ဗျားတို့က ဒါတွေ ရောထွေး မနေနဲ့၊ မဟုတ်ဘူးလား (မှန်ပါ့) ဒါတွေ ရောထွေးမနေပါနဲ့၊ အင်း. သူ့သဘောက ဒီလို ငုပ်တတ်- ပေါ်တတ်လို့ ငုပ်တတ်-ပေါ်တတ်တဲ့ အလုပ် – လုပ်နေတာဘဲ(မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒီမှာလည်း ခန္ဓာ တွေက ဖေါက်ပြန် ပျက်စီးတာကို ဖေါက်ပြန် ပျက်စီးတဲ့အလုပ်-လုပ်နေ တာဘဲလို့ ဉာဏ်နဲ့ ဒီအတိုင်း သာ ကြည့်နေပါ (မှန်ပါ့)။

ခင်ဗျားတို့က ဒီအထဲ လာကွတ်လည်း မပိုပါနဲ့၊ ဟုတ်လား (မှန်ပါ့) ဒေါမနဿလည်း မဖြစ်ပါနဲ့ (မှန်ပါ့) သူ့သဘောဟာ ဒီလိုဘဲ ဆိုပြီး ဝိပဿနုပေက္ခာ ဉာဏ်လို့ မှတ်လိုက် အားလုံး ယောဂီ ပုဂ္ဂိုလ်တွေ ကြည့်နေပါ (မှန်ပါ့)။

ကြည့်တတ်ပလား (ကြည့်တတ်ပါပြီ) ဒါဘာဉာဏ် တုံးဆိုတော့ ဝိပဿနုပေက္ခာဉာဏ်လို့ မှတ်လိုက်တာပေါ့. (မှန်လှပါ ဘုရား)။

ဘာဉာဏ်တဲ့ (ဝိပဿနုပေက္ခာ ဉာဏ်ပါ ဘုရား)။

ဝိပဿနုပေက္ခာ ဉာဏ်လို့ မှတ်လိုက်၊ ဝိပဿနာလည်း ဟုတ်တယ်တဲ့၊ တစ်တန်း တည်း ထားလို့ သူ့သဘော ဟာ ဒီလိုဘဲ ဆိုပြီး တုန်လှုပ်ချောက်ခြား ခြင်းမရှိတဲ့ အတွက် ဒီဉာဏ်ကို ဥပေက္ခာလို့လည်း ဆိုနိုင်တယ် (မှန်ပါ့)။

ရှုခြင်းကြောင့် ဝိပဿနာ၊ တုန်လှုပ် ချောက်ခြားခြင်း မရှိသောကြောင့် ဥပေက္ခာ (မှန်ပါ့)။

ရှုခြင်းကြောင့် (ဝိပဿနာပါ ဘုရား) ဝိပဿနာ (မှန်ပါ့) တုန်လှုပ် ချောက်ခြားခြင်း မရှိသော ကြောင့် (ဥပေက္ခာပါ) ဥပေက္ခာဆိုတော့ ပေါင်းလိုက်တော့ ဝိပဿနု ပေက္ခာ (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

အဲဒီ, ဝိပဿနုပေက္ခာ ဉာဏ်နဲ့ ဘုန်းကြီးတို့ ဒကာဒကာမ တွေက ကြည့်ပြီး သကာလ နေလို့ ရှိရင်ဖြင့်တဲ့၊ ဖျတ်ဆို တစ်နေ့က ဟောခဲ့တဲ့ သင်္ခါရုပေက္ခာဉာဏ် ထိုးတက်တာဘဲ (မှန်ပါ့) သင်္ခါရပေက္ခာဉာဏ် ထိုးတက်ပြီး နောက်မဂ်ဉာဏ် ပေါ်တယ် (မှန်ပါ့) ဉာဏ်ကတော့ဖြင့် အဟုတ် လုပ်ရင် ခဏပဲ (မှန်ပါ့ ဘုရား)။

ဒါနဲ့ ဒကာသစ် သူ့ကို “ကိုယ်သာနာ၍၊ စိတ်မနာစေနဲ့” ဒါဟောလိုက်တယ် (မှန်ပါ့)။

ကိုယ်သာနာ၍ စိတ်မနာစေနဲ့ ဆိုတာ ကိုယ်ကတော့ ခဏ ခဏ အနာပေါက်ပြီး ပျက်စီး နေမှာဘဲ (မှန်ပါ့) နာမ်တည်း ဟူသော စိတ်ကလည်း ပျက်စီးနေမှာဘဲ၊ ရုပ်တည်းဟူသော ကိုယ်ကလည်း ပျက်စီး နေမှာဘဲ (မှန်ပါ့) စိတ်က မနာစေနဲ့ ဆိုတာ ဉာဏ်က တစ်ခါတည်း ဥပက္ခာထား လိုက်စမ်းပါ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဉာဏ်က ဥပေက္ခာ ထားလိုက်စမ်းပါ၊ ဪ သူ့ သဘောက ဒီလိုကိုး၊ သူ့သဘောက ဒီလိုကိုး ဆိုပြီး ကိုယ်က ဒီအတိုင်းသာ ရှုနေစမ်းပါတဲ့၊ ဒီအတိုင်း ရှုနေလို့ ဆိုရင်ဖြင့် ဝိပဿနုပေက္ခာ ဉာဏ်ရင့်မယ် (မှန်ပါ့) ဝိပဿနုပေက္ခာ ဉာဏ်ရင့်မယ်၊ သင်္ခါရုပေက္ခာ ဉာဏ်တက် သွားမယ်၊ သင်္ခါရုပေက္ခာ ဉာဏ်လည်း ရင့်လာပါရော မဂ်ဉာဏ် ပေါ်လာတာဘဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒီဒကာကြီးတွေ ဘဝပေါင်း ထောင့်ငါးရာ နို့ချို တိုက်ပြီး ပြုစုခဲ့တဲ့ အမေမိဘတွေ တရားဟောတာ ဒါပါဘဲ (မှန်ပါ့)။

ခန္ဓာကိုယ်က ဖေါက်ပြန် ပျက်စီးငြား သော်လည်း စိတ်က တော့ ဖေါက်ပြန် ပျက်စီးတဲ့နောက် မလိုက်ဘဲနဲ့ လျစ်လျူရှုတဲ့ ဉာဏ်နဲ့ ကြည့်လိုက် စမ်းပါတဲ့ (မှန်ပါ့) ဒါပြောတာဘဲ (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ကောင်းပြီ ဒါနဲ့ ဘုရားကလည်း ဒါပဲဟောသွားတယ်။ ကြွသွားတယ်၊ ကြွသွားတော့ ဒကာကြီး အင်မတန် ဝမ်းသာတယ် (မှန်ပါ့) သူ့တရားနာရတာ “ကိုယ်သာနာ၍ စိတ်မနာစေနဲ့” တဲ့။

ကိုယ်တွေကတော့ နာမကာယ ရူပကာယတွေကတော့ ကိုယ်တွေပဲ၊ အဲဒါတွေကတော့ ဖေါက်ပြန် ပျက်စီး နေမှာဘဲ။ စိတ်က တစ်သမတ်တည်း ထားတဲ့၊ ဪ သူ့သဘော သူဆောင်တာ ဒီလိုကိုး ဒီလိုကိုး ဒီလို ရှုရမတဲ့ ဆိုတာ သူက ဒါလောက်ဘဲ မှတ်တတ်တယ် (မှန်ပါ့)။

အသက်အရွယ်ကလည်း ကြီးတော့ ခုနစ်ဆယ်ကျော်တွေ ဖြစ်နေတော့ တရားကလည်း နှစ်လုံးတည်း ဟောတယ်၊ ကိုယ်သာ နာ၍ စိတ်မနာစေနဲ့ ဒကာကြီး၊ ဒါလောက်ဘဲ ဟောထားတယ် (မှန်ပါ့)။

ဒါနဲ့ ဘုရားလည်း ကြွသွားရော ရှင်သာရိပုတ္တရာကလည်း အဲဒီမှာ မနီး-မဝေးမှာ ရောက်နေ တယ် (မှန်ပါ့)။

ဒါနဲ့ နကုလပိတာ ဒကာကြီးက အင်း.ရှင်သာရိပုတ္တ ရာ ရောက်နေရင်ဖြင့် သွားဦးမှဘဲ ကိုယ်လည်း ဒီနေ့ အင်မတန် ဆုကြီး လာဘ်ကြီး ရတဲ့နေ့ပဲ။ သွားဦးမှဘဲ ဆိုပြီး သကာလ သွားတယ်။

သွားတော့ ရှင်သာရိပုတ္တရာက ဆီးပြီး နှုတ်ဆက်တယ်။ ဒကာကြီး မျက်နှာတွေ- ဘာတွေ တယ်ကြည်လင် ရွှင်လန်းလာပါလား၊ ဒီနေ့ သားတော်ကြီးက တရားထူး တရားမြတ်တွေ အမေ အဖေများ ချီးမြှင့်လိုက်တယ် ထင်တယ်၊ ကျုပ် တို့လည်း မနာရဘူးလားဗျာ ဒီတရားတွေကို။

ဟာ အရှင်ဘုရား ဒီနေ့ အင်မတန်ထူးတဲ့ နေ့ပဲ။ တပည့်တော် သားကြီးက တရားဟောတဲ့နေ့၊ တရားထူး တရားမြတ် ပေးတဲ့နေ့၊ တပည့်တော် သိပ်ဝမ်းမြောက်ပြီး နေတယ်။

ဒါဖြင့်ဗျာ ကျုပ် ဟောစမ်းပါတဲ့ ရှင်သာရိပုတ္တရာက အနားက နေပြီး သူပြောပြန် တာပေါ့လေ (မှန်ပါ့)။

အရှင်ဘုရားတဲ့၊ ခန္ဓာကိုယ် ဆောင်နေတဲ့ ပုဂ္ဂိုလ်ဟူ သ၍မှာ ဘယ်အခါ ကာလမှ ရောဂါ မကင်းဘူးတဲ့ ဘုရာ့။ (လူမိုက်သာ ရောဂါကင်းတယ်လို့ ပြောနေတာဘဲ။ ဒါပဌမဟော တယ် (မှန်ပါ့)။

ကိုယ်သာနာ၍ စိတ်မနာစေနဲ့လို့ ဟောတယ်။

ဟာ တယ်ကောင်းတဲ့တရားပဲ ခင်ဗျားဟာ၊ တရား ထူး တရားမြတ် တွေ ခင်ဗျား ရလာတာ၊ ကျုပ်ရှင်း ပြစမ်းပါဦး ဗျ ကိုယ်သာနာ၍ စိတ်မနာစေနဲ့ဆိုတဲ့ အဓိပ္ပါယ်ကလေးဖြင့်။

အို တပည့်တော်က သူ့တရားတိုတို နာခဲ့ရတယ်။ တိုတိုပဲ ဒါပဲ ပြောတတ်တယ်၊ အရှင်ဘုရား အားကိုးပြီး သကာလ အကျယ်ချဲ့ပြီး ဟောဘို့ တပည့်တော် အရှင်ဘုရားဆီ လာခဲ့တာပါ။

ကဲဗျာ ဒါဖြင့် ကျုပ်က အကျယ်ချဲ့ပါ့မယ်၊ ကဲ ဒကာကြီး နားထောင်ဗျ၊ ကျုပ် အကျယ်ချဲ့မယ်၊ အရိယာ မျက်လုံး မရှိတဲ့ ပုဂ္ဂိုလ်က ခန္ဓာကိုယ်ကို ရူပက္ခန္ဓာကိုလည်း ငါငါ့ဥစ္စာ ထင်မှာဘဲ (မှန်ပါ့) ဝေဒနာက္ခန္ဓာ ကိုလည်း ငါ ငါ့ဥစ္စာ ထင်နေတာဘဲတဲ့ အရိယာ မျက်လုံး မရှိတဲ့ ပုဂ္ဂိုလ်က (မှန်ပါ့) ခန္ဓာငါးပါး စလုံးငါ, ငါ့ဥစ္စာ ထင်နေတယ်တဲ့၊ အဲဒီတော့ ငါ, ငါ့ဥစ္စာ ထင်တော့ ခန္ဓာငါးပါး တစ်ပါးပါးက ပျက်သွားတဲ့ အခါကျတော့ ဟာ ငါ့ကိုယ်ကျိုး နည်းပြီ ဆိုတော့ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿက လိုက်လာတယ် (မှန်ပါ့) ငါ့ဥစ္စာ ထင်နေတဲ့အတွက် (မှန်ပါ့)။

ခန္ဓာငါးပါးကို ငါ, ငါ့ဥစ္စာ ထင်နေတဲ့ အတွက် ဒကာ ဒကာမတွေ ခန္ဓာငါးပါးက ဖေါက်ပြန် ပျက်စီးတော့ ဘာဖြစ်သွားသတဲ့ (သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဖြစ်ပါတယ် ဘုရား) နောက်က လိုက်တယ် (မှန်ပါ့)။

အဲဒါ ကိုယ်နာပြီး စိတ်နာတယ် (မှန်ပါ့) ကိုယ်ကတော့ လည်း နာလို့ ပျက်စီးတာဘဲ မဟုတ်လား (မှန်ပါ့) စိတ် ကလည်း နောက်က လိုက်မနာဘူးလား (နာပါတယ် ဘုရား)။

အဲဒါ ဒကာကြီး မှတ်ထားတဲ့ ခန္ဓာငါးပါးကို ငါ့ကိုယ် ငါ့ဟာ ငါ့ဥစ္စာ ထင်နေတဲ့၊ အရိယာတို့၏ မျက်လုံး မရတဲ့ ပုဂ္ဂိုလ် များတော့၊ ခန္ဓာငါးပါးကို ငါ့ကိုယ်ငါ့ဟာ ငါ့ဥစ္စာ ထင်နေတော့၊ ဒကာကြီး ခန္ဓာငါးပါးက ဖေါက်ပြန် ပျက်စီး သွားတဲ့ အခါကျတော့ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ တွေက အဲဒါ ကိုယ်နာ စိတ်နာကြီး ရတယ် (မှန်ပါ့) အရှင်သာရိပုတ္တရာ ကချဲ့ ဟောတယ်။ (မှန်ပါ့)

ကိုယ်သာ နာ၍ စိတ်မနာ စေနဲ့လို့ ခင်ဗျား သားတော်ကြီးက ဟောတာကတော့ ကိုယ်က တော့ဖြင့် ခန္ဓာငါးပါး ကတော့ဖြင့်တဲ့ ပင်ကို ဖေါက်ပြန် ပျက်စီးတတ်တဲ့သဘောမို့ ဖေါက်ပြန် ပျက်စီး နေမှာဘဲ(မှန်ပါ့) ဪ သူ့သဘောဘဲ၊ သူ့သဘောဘဲ လို့ကြည့် နေတဲ့ ပုဂ္ဂိုလ် ကတော့ မနာဘူးဗျတဲ့ စိတ်က (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

သူ့သဘောဘဲ သူ့သဘောဘဲ၊ ဒါ ခန္ဓာ၏ သဘော၊ ခန္ဓာ၏ ဖြစ်စဉ်၊ ခန္ဓာ၏ ထုံးတမ်း၊ ခန္ဓာ၏ ဓမ္မတာ ဆိုပြီး သကာလ ထိုင်ကြည့် နေတဲ့ ပုဂ္ဂိုလ်က ရေစီးနေတာ ထိုင်ကြည့် နေတော့ ရေဆိုတာ မြစ်ညာက စီးနေတာဘဲ၊ ရေတွေ ကုန်ပါပေါ့လား လို့ ပြောဖို့ မလိုဘူး၊ အောက်မှာ ရေတွေဟာ စီးကုန် ပါပေါ့လားလို့ ပြောဖို့ မလိုဘူး၊ တစ်ခါတည်း သူ့သဘောဟာ အထက်က ရေဟာ အောက်စီးမြဲ စီးနေတာဘဲ ဆိုသလို ဒီခန္ဓာကိုယ်ကြီးဟာ လည်း ဖေါက်ပြန် ပျက်စီးပြီး သကာလ နေတဲ့ဥစ္စာ ပင်ကို သဘောပဲ၊ သူ့ပင်ကိုယ် သဘောပဲ၊ ဖေါက်ပြန် ပျက်စီးတိုင်းသာ ကြည့်နေပါ (မှန်ပါ့)။

အဲဒီတော့ ကြည့်နေတဲ့ အခါကျတော့ ခုနင်က သင်္ခါရ တရားကို ဥပေက္ခာ ရှုနေတော့၊ ဝိပဿနာ ရှုနေတော့ ဝိပဿနုပေက္ခာပဲ လာဖြစ်တယ်တဲ့၊ ဥပေက္ခာဉာဏ်နဲ့ ကြည့်နေတာ (မှန်ပါ့)။

အဲဒီတော့ ဥပေက္ခာဉာဏ်နဲ့ ကြည့်နေမှန်း သိတော့ နောက်က သောက ပရိဒေ၀ ဒုက္ခ ဒေါမနဿ လိုက်သေးရဲ့လား (မလိုက်ပါ့ ဘုရား)။

မလိုက်တော့ ကိုယ်သာနာ၍ (စိတ်မနာပါ ဘုရား) အဲ အရိယာ မျက်လုံးမရှိတဲ့ ပုဂ္ဂိုလ် ကတော့ ကိုယ်နာ စိတ်နာတဲ့ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။

အရိယာ မျက်လုံး အရိယာတို့၏ တပည့်သား ဖြစ်တဲ့ မျက်လုံး တပ်ကြည့်တဲ့ ပုဂ္ဂိုလ်များ ကတော့၊ ကိုယ်က တော့ဖြင့် ထုံးစံအတိုင်း လူတိုင်း နာသလို နာတာပဲနော် (မှန်ပါ့) စိတ်ကတော့ နာသေး သလား (မနာပါ ဘုရား)။

အဲဒါကြောင့် စိတ်ကတော့ မနာဘူးတဲ့၊ ကိုယ်ကတော့ဖြင့် ဘုရား ခန္ဓာကိုယ် ကစပြီး အနာတွေနဲ့ ဖေါက်ပြန် ပျက်စီး နေတာဘဲ (မှန်ပါ့) သဘောကျပလား (ကျ ပါပြီ) ကိုယ်ခန္ဓာက မဖေါက်ပြန် မပျက်စီးဘူးလို့ ရှိသေးသလား (မရှိပါ ဘုရား) သဘောပါကြပလား (ပါပါပြီ)။

သို့သော် နောက်ကနေပြီး ဒကာဒကာမတွေက အင်း ကိုယ်ကျိုးနည်းပြီး၊ ဒါကလေး ပျောက် သွားတာ ခက်ပြီဆိုတော့ တကယ့်ကို နားဝေး သွားပါတယ် ဆိုလို့ရှိရင် ဒီဝေဒနာ ဒီတောင်ကမှ တက်ပါ့မလားဆိုတာက သောက ပရိဒေဝ လာပြီ (မှန်ပါ့) မဟုတ်ဘူးလား (မှန်ပါ့)။

အဲဒါ ဖေါက်ပြန် ပျက်စီးမှု မြင်လို့လား မမြင်လို့လား (မမြင်လို့ပါ ဘုရား) မမြင်ဘူး၊ သို့သော် ချမ်းသာတယ် ဆိုရင် မိုးထိအောင် မော်ချင် မိုက်ချင်တဲ့ စိတ်တွေက (မှန်ပါ့) သုခ ဝေဒနာကြောင့် မာန်မာနတွေ မလာဘူးလား (လာပါတယ် ဘုရား)။

အဲဒါမျိုးတွေလည်း ဖေါက်ပြန် ပျက်စီးတာ သူသိသေးရဲ့ လား (မသိပါ ဘုရား) အဲ မသိတဲ့ အခါကျတော့ အဲဒီ သုခကလေးက ပျောက်သွားတဲ့ အခါကျတော့၊ မွဲတေ သွားတဲ့အခါ ကျတော့ ကိုယ်ကျိုး နည်းပြီတဲ့ (မှန်ပါ့) ဒုက္ခ ဒေါမနဿတွေ နောက်က မလိုက်ဘူးလား (လိုက်ပါတယ် ဘုရား)။

အဲဒါတွေကတော့ ကိုယ်နာ စိတ်နာတယ် (မှန်ပါ့) ကိုယ်ဆိုတာ ဒီကိုယ်ကြီးကို ဆိုတာ မဟုတ်ဘူး (မှန်ပါ့) ခန္ဓာငါး ပါးစလုံးကို ဆိုတာ(မှန်ပါ့) သဘော ကျပလား (ကျပါပြီ)။

ခန္ဓာက အပေါင်း အစုကြီးကို ဆိုပါတယ် (မှန်ပါ့ ဘုရား) အပေါင်းအစု ကြီးကို၊ တစ်ခု တစ်ခုစီ ကိုလည်း ကိုယ်ဆို နိုင်ပါတယ်၊ ဒါကြောင့် နာမကာယ ရူပကာယလို့ ဘုရားက ဟောလိုက်တယ် (မှန်ပါ့) နာမကာယ- နာမ်အပေါင်း အစုကို ဆိုပါတယ် (မှန်ပါ့) ရူပကာယ -ရုပ် အပေါင်းအစုကို ဆိုပါတယ် (မှန်ပါ့)။

ဒါကြောင့် ကိုယ်နာ၍ စိတ်မနာ စေနဲ့လို့ ဟောလိုက်တော့ ဒကာဒကာမတွေ အရိယာ မျက်လုံးရှိမှ ကိုယ်သာ နာ၍ စိတ်မနာမှာ (မှန်ပါ့) အရိယာ မျက်လုံးမရှိတဲ့ ပုဂ္ဂိုလ် ကတော့ ကိုယ်နာရင် (စိတ်နာပါတယ် ဘုရား)။

စိတ်နာလို့ ရှိရင်ဖြင့် တဲ့ ခန္ဓာငါးပါး တစ်ခုခုထဲက နာတယ်၊ ပျက်စီးတယ်၊ ဖေါက်ပြန်တယ်၊ အနိစ္စသဘော ပြောနေ တယ်၊ ဒုက္ခ ဒေါမနဿ လာပြီ (မှန်ပါ့) ကိုယ်က အနိစ္စဖြစ်ရင် သူက မျက်ရည် ကျပြီ (မှန်ပါ့)။

ကိုယ်က အနိစ္စ ပြောရင် သူက ဥပေက္ခာ ထားနိုင်မှ တရား မှန် ကိုး (မှန်ပါ့) အနိစ္စလို့ မြင်တော့ ကိုယ်က ဥပေက္ခာ သဘောနဲ့ မောင်ချစ်စိန် ထားပါမှ တရားမှန်ကိုး (မှန်ပါ့ ဘုရား) နို့မဟုတ် မှန်နိုင် ပါ့မလား (မမှန်နိုင်ပါ ဘုရား) သဘောပါကြလား (ပါ ပါပြီ)။

ဒါဖြင့် ဒီလိုဆိုတော့ ဒုက္ခ ဒေါမနဿ မချုပ်ဘူးလား (ချုပ်ပါတယ် ဘုရား)။

ကဲ ဒါဖြင့် ၂-နံပါတ် အကွက်ထဲမှာ ရှိတာတွေဟာ သူက နာမည့် တရားချည့်ပဲ၊ ဖေါက်ပြန် ပျက်စီးမည့် တရားချည်းပဲ (မှန်ပါ့ ဘုရား)။

ပဋိစ္စသမုပ္ပါဒ် ၂-နံပါတ်ထဲမှာ ရှိတဲ့ ခန္ဓာငါးပါးဟာ ဘာတဲ့ တုံး (ဖေါက်ပြန် ပျက်စီးမည့် တရား ချည့်ပါ ဘုရား) ဖေါက်ပြန် ပျက်စီးမည့် တရားချည်း မှတ်လိုက်စမ်းပါ (မှန်ပါ့)။

အဲဒါကို ကြားက နေပြီး မဂ်ဉာဏ် ကလေးသွင်းပြီး သကာလ ကြည့်စမ်းပါ (မှန်ပါ့) ကြည့်တဲ့ အခါကျတော့ နောက်က ဒုက္ခဒေါမနဿ လိုက်သေးရဲ့လား (မလိုက်ပါ) သောက ပရိဒေဝကော (မလိုက်ပါ) တဏှာ ဥပါဒါန် ကံကော (မလိုက်ပါ) မလိုက်ပါဘူးတဲ့ (မှန်ပါ့)။

အဲဒီတော့ ၂- အကွက်က ဘယ်လိုပင် ဖေါက်ပြန် ပျက်စီး နေငြား သော်လည်း ၃-နံပါတ်ဆိုတဲ့ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ တဏှာ ဥပါဒါန် ကမ္မဘဝ, အဝိဇ္ဇာ သင်္ခါရ ဆိုတဲ့ပဋိစ္စသမုပ္ပါဒ် သုံးမျိုး ၃ – နံပါတ်မှာ လာသေးရဲ့လား (မလာပါ ဘုရား)။

ဘာ့ကြောင့်တုံး ကိုယ်သာနာ၍ (စိတ်မနာလို့ပါ ဘုရား) စိတ်မနာဘူး ဆိုတာ ကလည်း မဂ်စိတ်က နာတဲ့စိတ် မဟုတ်ဘူး(မှန်ပါ့) ဖြစ်ပျက်ရှုတဲ့ စိတ်ကိုးဗျ (မှန်ပါ့)။

ဖြစ်ပျက်ရှုတဲ့ စိတ်ဆိုတာ နာစိတ်လား အမှန်သိတဲ့ စိတ်လား (အမှန်သိတဲ့ စိတ်ပါ) အဲဒါ အရိယာ တို့၏ တပည့် သား မျက်လုံးနဲ့ ကြည့်တဲ့ ပုဂ္ဂိုလ်မှ အမှန်သိတဲ့ မျက်လုံးက ပေါ်တာ (မှန်ပါ့)။

နို့မဟုတ် ဘာမှမသိတဲ့ ပုဂ္ဂိုလ်ကတော့ ပျက်စီးရင် ၃ – နံပါတ်က ငိုပွဲ ဆင်တာဘဲ(မှန်ပါ့) ၂-နံပါတ်က ပျက်စီး ရင်(၃ – နံပါတ်က ငိုပွဲ ဆင်ပါတယ် ဘုရား)။

အင်း၂ -နံပါတ်က တစ်ခါ သုခကလေး ပေါ်လာရင် ၃ -နံပါတ်က ပြုံးတဲ့တဏှာ ဥပါဒါန် လာတာဘဲ (လာပါတယ် ဘုရား)။

တစ်ခါတလေများ အလုပ်ကိစ္စတွေက များတော့ ၂ -နံ ပါတ်က ဘာဖြစ်နေနေ သူက မသိချင် ယောင်နေတော့ အဝိဇ္ဇာ သင်္ခါရ လာပြန်တာဘဲ(မှန်ပါ့) မလာဘူးလား (လာပါ တယ် ဘုရား)။

ဒါဖြင့် ၃ – နံပါတ်မှာ မောင်ချစ်စိန် ပဋိစ္စသမုပ္ပါဒ်၏ တဏှာ ဥပါဒါန် ကံတွင် လာတာ မဟုတ်ဘူး၊ သောက ပရိဒေဝ လည်း လာတာဘဲ (မှန်ပါ့) အဝိဇ္ဇာ သင်္ခါရကော (လာပါ တယ်) လာတော့ ပဋိစ္စသမုပ္ပါဒ် သုံးမျိုး လာတယ် (မှန်ပါ့)။

အစက, လာတဲ့ ပဋိစ္စသမုပ္ပါဒ်လည်း လာတယ်။ အလယ်က ဖေါက်တဲ့ ပဋိစ္စသမုပ္ပါဒ်ကော (လာပါတယ်) အဆုံးက, နေပြန်ပတ်တဲ့ ပဋိစ္စသမုပ္ပါဒ်ကော (လာပါတယ် ဘုရား)။

လာတော့ မောင်သစ်ရေ ဒါဟာ ကိုယ်နာလို့ စိတ်နာ တာဟာ ဒီ ပဋိစ္စသမုပ္ပါဒ်တွေပဲ (မှန်ပါ့)။

ဒီသုံးခုစလုံး လွတ်သွားရင် ကိုယ်သာနာ၍ စိတ်မနာဘူး (မှန်ပါ့) သဘောကျပလား (ကျ ပါပြီ ဘုရား)။

သုံးခုစလုံး လွတ်သွားရင် (ကိုယ်သာနာ၍ စိတ် မနာပါ) အဲဒီကျတော့ ကိုယ်သာနာ၍ စိတ်မနာလို့မှတ် (မှန်ပါ့) သုံးခုထဲက တစ်ခုခုလာရင် (ကိုယ်နာပြီး စိတ်နာပါတယ် ဘုရား)။

သုံးခုစလုံး မလာဘူးဆိုရင် (ကိုယ်သာနာ၍ စိတ် မနာပါ ဘုရား) ကိုယ်နာပြီး သကာလ စိတ်က မနာသော ကြောင့် သူတော့ဖြင့် ပဋိစ္စသမုပ္ပါဒ် သုံးမျိုး ချုပ်သောကြောင့် ဒကာ ဒကာမတို့ ပဋိစ္စသမုပ္ပါဒ် သုံးမျိုး ချုပ်တယ် ဆိုရင် ဒါနိဗ္ဗာန်ပဲ (မှန်ပါ) ဒုက္ခက္ခန္ဓဿ နိရောဓောပဲ (မှန်ပါ့)။

ပဋိစ္စသမုပ္ပါဒ် အစ သုံးမျိုး ချုပ် ကတည်း ကိုက ဟိုဘက်မှ ဘာလာစရာ ရှိသေးသလဲ (မရှိပါ) ဇာတိ ဇရာ မရဏတွေလာဦးမှာလား (မလာပါ ဘုရား)။

အစတွေ အဝိဇ္ဇာကစ, ချုပ်လည်း မောင်ချစ်စိန် အချုပ် ဘဲ(မှန်ပါ့ ဘုရား) တဏှာက စ, ချုပ်လည်း (အချုပ်ပါ ဘဲ ဘုရား) အချုပ်ဘဲ။

ဒေါသက စ, ချုပ်ပြန်တော့ အဝိဇ္ဇာ သင်္ခါရ ဆိုတဲ့ ပဋိစ္စသမုပ္ပါဒ် ပြန်ပတ် သေးရဲ့လား (မပတ်ပါ ဘုရား)။

အဲဒါ သုံးမျိုးစလုံး ချုပ်တာသည် ကိုယ်သာနာ၍ စိတ် မနာဘူး (မှန်ပါ့)။

သုံးမျိုး တစ်ခုခု ပေါ်လာရင် (ကိုယ်နာ, စိတ်နာပါ ဘုရား) ကိုယ်နာ, စိတ်နာဆိုတဲ့ သဘောဟာ ဒါဟောနေတာ (မှန်လှပါ ဘုရား)။

ဒီဥစ္စာ အရင်တုန်းက ဟောပါတယ်၊ ဒါလောက် စိပ်စိပ် မပြောဘူး (မှန်ပါ့) အခုတော့ သေချာကြပလား (သေချာပါပြီ ဘုရား)။

ကိုယ်နာ, စိတ်နာဆိုရင် ပဋိစ္စသမုပ္ပါဒ် ဘယ်နှစ်မျိုး လာသတုံး (သုံးမျိုး လာပါတယ် ဘုရား)။

အဲ, ကိုယ်နာ, စိတ်မနာဆိုရင် ပဋိစ္စသမုပ္ပါဒ် သုံးမျိုး စလုံး ပြတ်တယ်၊ မပြတ်ဘူလား (ပြတ် ပါတယ်) ဖြစ်ပျက်-မဂ်, ဖြစ်ပျက်-မဂ်ပဲ ရှိတော့တယ် (မှန်ပါ့) သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ လာသေးရဲ့ လား (မလာပါ ဘုရား) တဏှာ ဥပါဒါန် ကံ (မလာပါ ဘုရား) အဝိဇ္ဇာ သင်္ခါရ (မလာပါ ဘုရား)။

မလာတော့ ကိုယ်သာနာ၍ (စိတ်မနာပါ) စိတ်မနာ ဘူးဆိုတဲ့ ဥစ္စာ ဝိပဿနာ ဉာဏ်နဲ့ ရှုမှ ကိုယ်သာ နာ၍ စိတ်မနာတာ (မှန်ပါ) ဝိပဿနာ မရှုတဲ့ ပုဂ္ဂိုလ်မှာ ဒီသုံးမျိုး တစ်ခုခု လာမယ် (မှန်ပါ့)။

တစ်နည်း အားဖြင့်တော့ သုံးမျိုးစလုံး သော်လည်းကောင်း လာမယ်(မှန်ပါ့) လာလို့ရှိရင်ဖြင့် ဒါ အပါယ် သွားဘို့ချည်း ဘဲ မှတ်ပါ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကဲ ယနေ့ ဒီတွင် တော်ကြဦးစို့။

သာဓု သာဓု သာဓု။

မာတိကာသို့