031

မာတိကာသို့

ယမကမထေရ် သောတာပန်တည်သော တရားတော်

အသံဖိုင်ခေါင်းစဉ်= ယမကရဟန်းဝတ္ထု နေ့အလုပ်ပေးတရားတော်

စာအုပ်ခေါင်းစဉ်= ယမကမထေရ် သောတာပန်တည်သော တရားတော်

မှတ်ချက်။ ။ အသံမကြည်ပါ။

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

ဟောကြားတော်မူသော

ယမကမထေရ် သောတာပန်တည်သော တရားတော်

(၁၁-၉-၆၂)

ကဲ တရားနာကြ၊ ဝိပဿနာ အားထုတ်တဲ့ ပုဂ္ဂိုလ် များဟာ ဘယ်အကျိုးငှာ အားထုတ် တာတုံးလို့ မေးလို့ ရှိရင်ဖြင့် ဒုက္ခဟူသမျှကို ချုပ်ငြိမ်းရအောင်လို့ အားထုတ် တယ်ဆိုတဲ့ ရည်ရွယ်ချက်ဟာ အကောင်းဆုံး ရည်ရွယ် ချက်ပဲ၊ အမှန်လဲ အမှန်ဆုံးပဲလို့ မှတ်ရမယ်။ (မှန်ပါ့)။

ဝိပဿနာ အားထုတ်ကြတာသည် ဒကာ ဒကာမ တို့ ဒုက္ခဟူသမျှ အကုန် ချုပ်ပျောက်ပြီး သကာလ သွား ကြဖို့ အလုပ်ကို ရည်ရွယ်ချက် ထားတာသည် ကောင်းလဲ အကောင်းဆုံးပဲ မှန်လဲ အမှန်ဆုံးပဲလို့ ဆုံးဖြတ်ချက်ချပါ (မှန်လှပါ ဘုရား)။

ဘာ့ကြောင့် အကောင်းလဲ၊ အကောင်းဆုံး အမှန် လဲ၊ အမှန်ဆုံးလဲ ဆိုတော့ နိဗ္ဗာန်ဆိုတာကို ခင်ဗျားတို့ ရှုပ်နေတယ်။ (မှန်ပါ့)။

နိဗ္ဗာန်ဆိုတာကို ဘာမှန်း မသိဘူး၊ နိဗ္ဗာန်ဆိုတာ ငြိမ်းအေးတာပဲ၊ ဒါလောက်ပဲ သိနေတော့ တယ် မရှင်း လှဘူး၊ ကိုယ်ကိုယ်တိုင် တွေ့တာ တဲ့၊ ပဋိသန္ဓေနေခြင်း ဒုက္ခ၊ အိုခြင်း ဒုက္ခ၊ နာခြင်း ဒုက္ခ၊ သေခြင်း ဒုက္ခ၊ မွဲခြင်း ဒုက္ခ၊ ကွဲခြင်း ဒုက္ခတွေနဲ့ အမျိုးမျိုး ကြုံပြီး သကာလ လာရတဲ့ အတွက် ဒီ ဒုက္ခတွေ ဟူသရွေ့ ဘာမှ မရှိဘူး။ (မှန်ပါ့)။

ခန္ဓာကိုယ် အနာပေါက်တဲ့ ဒုက္ခ၊ ကိုးဆယ့်ခြောက် ပါး နှိပ်စက်တဲ့ ဒုက္ခ၊ ဒါတွေ မရှိတာမှ နိဗ္ဗာန် လို့ ဆိုတဲ့ဥစ္စာကို ဒကာ ဒကာမတွေ စောစောစီးစီးသိထား ကြမှ သာလျှင် ဝိပဿနာ အလုပ်ဟာ အဲဒီ ဒုက္ခချုပ်အောင် လုပ်တဲ့ အလုပ်ဟာ ဝိပဿနာ အလုပ်လို့ မှတ်ထားကြ စမ်းပါ။ (မှန်ပါ့)။

ဝိပဿနာအလုပ်ဆိုတာ ဒကာ ဒကာမတို့ မှတ် ထားပါ၊ ဒုက္ခချုပ်တဲ့ အလုပ်ကို လုပ်နေတာ ဝိပဿနာ အလုပ်။ (မှန်ပါ့)၊ ဒုက္ခချုပ်တာကို တိုတိုခေါ်ချင်တော့ နိဗ္ဗာန်၊ ရှည်ရှည်ခေါ်ချင်တော့ နိဗ္ဗာန်ဆိုတာ တခြား မဟုတ်ပါဘူး၊ ဒုက္ခတွေ ဟူသရွေ့ ချုပ်ငြိမ်း ရုပ်သိမ်းတာကို ဆိုပါတယ်။ (မှန်ပါ့)။

အဲဒီတော့ ဒုက္ခချုပ်ငြိမ်း ရုပ်သိမ်းသွားတယ် ဆိုတော့ ဒကာ ဒကာမတွေ မှတ်ဖို့ ရာက လူတစ်ဦး တစ်ယောက် မှာ တစ်ကိုယ်လုံး ကျောက်တွေ ပေါက်နေတယ်လို့ ဆိုကြပါစို့။ (မှန်လှပါ ဘုရား)။

တစ်ကိုယ်လုံး ကျောက်တွေ ပေါက်ပြီး သကာလ နေကြတော့ ရောဂါရှင်မှာ ဘယ်ဟာ အလိုရှိဆုံးတုံးလို့ မေးလို့ ရှိရင်ဖြင့် မစားရချင်နေပါစေ၊ မဝတ်ရချင်နေပါ စေ၊ ဒါပျောက်ရင် ကြိုက်ပါပြီ။ (မှန်ပါ့)၊ ဒါ အလို အရှိဆုံး အချက်ဆိုတာ ပေါ်ကြပလား။ (ပေါ်ပါပြီ)။

ထို့အတူပဲတဲ့၊ အားလုံး ဒကာ ဒကာမတွေမှာ ဒုက္ခဟာ တစ်ကိုယ်လုံးမှာ အနာပြည့် နေအောင်ပေါက် နေတဲ့ ခန္ဓာကိုယ်ကြီးပဲ။ (မှန်ပါ့)၊ ဘယ်နေရာမှ အနာ မလွတ်ဘူး။ (မှန်လှပါ ဘုရား)။

အဲဒီ ဒုက္ခသစ္စာ ခန္ဓာကိုယ်ကြီး ချုပ်သွားတဲ့ ဥစ္စာဟာ နိဗ္ဗာန်လို့ မှတ်ပါ။ (မှန်ပါ့)။

ဒုက္ခသစ္စာ ခန္ဓာကိုယ်ကြီးချုပ်၊ ရုပ်ထဲက ဥပမာ ဒုက္ခတွေ အကုန်ချုပ် သွားတယ်ဆိုတော့ ရုပ်ခန္ဓာ၊ နာမ် ခန္ဓာတွေ ချုပ်သွားတယ်။ (မှန်ပါ့)၊ ရုပ်ခန္ဓာ၊ နာမ်ခန္ဓာ ချုပ်သွားတာကို တိုတိုပြောတော့ နိဗ္ဗာန်လို့ ခေါ် တယ်၊ ရှည်ရှည် ပြောတော့ရုပ်ခန္ဓာ၊ နာမ်ခန္ဓာချုပ်တယ်။ (မှန်ပါ)။

ရုပ်ခန္ဓာ၊ နာမ်ခန္ဓာက ဘယ်အချိန် ဘယ်ကာလမှ မနှိပ်စက်တဲ့ အချိန်၊ အနာမပေါက်တဲ့ အချိန်၊ ရောဂါကင်းတဲ့ အချိန် မရှိပါဘူး။ (မှန်ပါ့)။

အဲဒါ ရုပ်ခန္ဓာ၊ နာမ်ခန္ဓာချုပ်သွားတာ ဘာခေါ်ကြ မယ်။ (နိဗ္ဗာန်ပါ ဘုရား)၊ တိုတိုခေါ်တော့ နိဗ္ဗာန်၊ ရှည်ရှည်ခေါ်တော့ ရုပ်ခန္ဓာ၊ နာမ်ခန္ဓာချုပ်တာ။ (မှန်ပါ့)။

ရှည်ရှည် ခေါ်တော့ (ရုပ်ခန္ဓာ၊ နာမ်ခန္ဓာ ချုပ်တာပါ ဘုရား)၊ ရုပ်ခန္ဓာ၊ နာမ်ခန္ဓာချုပ်တာ နိဗ္ဗာန်လို့ မှတ်ထား လိုက်စမ်းပါနော်။ (မှန်ပါ့)။

ကောင်းပြီ ဒါဖြင့် နိဗ္ဗာန်ဆိုတာ တခြားလား၊ ရုပ်ခန္ဓာ၊ နာမ်ခန္ဓာ ချုပ်တာလား မေးရင် ဘယ့်နှယ်ဖြေ မယ် (ရုပ်ခန္ဓာ၊ နာမ်ခန္ဓာချုပ်တာပါ ဘုရား)။

ရုပ်ခန္ဓာ၊ နာမ်ခန္ဓာချုပ်တာ နိဗ္ဗာန်လို့ မှတ်တော့ အို ကျုပ်တို့ နိဗ္ဗာန်ကြီး ရတာ၊ နာမ်နဲ့ သိနေရတာ၊ နာမ်နဲ့ သွားနေရတာ၊ ဒါမရှိရင် ဘယ့်နှယ် လုပ်မတုံးဆိုတဲ့ စိတ်လဲ ပေါ်ချင်လဲ ပေါ်လာတတ်တယ်။ (မှန်ပါ့)။

ပေါ်ချင်လဲ ပေါ်လာတတ်တယ်၊ ရုပ်နဲ့ သွားလာ နေရတယ်၊ နာမ်နဲ့ သိမှတ်နေရတာ၊ ဒါမှ မရှိလို့ ရှိရင်ဖြင့် ဘယ်လိုများ နေမတုံး ဆိုတော့ အို ဒါကို ဒုက္ခသစ္စာ မသိသေးလို့ ရှိရင်ဖြင့် မချုပ်သေးတဲ့ သဘောနဲ့ မေးတာ ပဲ။ (မှန်ပါ့)၊ ဒါကို ဒုက္ခသစ္စာ သိသွားတဲ့ အခါကျတော့ ဪ ဒီဒုက္ခမရှိလို့ ရှိရင်ဖြင့် အနာပေါက်တဲ့ ပုဂ္ဂိုလ် အနာ ပျောက်တာနဲ့ နေရုံပဲဆိုတာ ပေါ်လာတယ်။ (မှန်ပါ့)။

အနာပေါက်တဲ့ ပုဂ္ဂိုလ်ဟာ (အနာပျောက်တာနဲ့ နေရုံပါပဲ ဘုရား)၊ အဲ အနာ ပျောက်တာနဲ့ နေရုံပဲဆို တော့ ပေါက်တုန်းက နေရတာနဲ့ ပျောက်ပြီးနေရတာနဲ့ ဟာ ထူးခြားပါတယ်။ (မှန်ပါ့ ဘုရား)၊ မထူးခြားဘူး လား။(ထူးခြားပါတယ် ဘုရား)၊ အင်မတန်ထူးခြားပါ တယ်ဆိုတာ ဒကာ ဒကာမတွေ မှတ်ထားပါ။

အဲဒါ နိဗ္ဗာန်ဆိုတာ ခန္ဓာကိုယ် ဒုက္ခသစ္စာကြီး အနာတွေ တစ် ကိုယ်လုံး အပြည့်အနက် ရှိတာ၊ အဲဒါတွေ ချုပ်ပျောက် သွားတာကို နိဗ္ဗာန်လို့ ခေါ်ပါတယ် ဆိုတော့ ဒုက္ခ သစ္စာသိမှ နိဗ္ဗာန်ကို သဘော ကျမယ်။ (မှန်ပါ့)၊ နိဗ္ဗာန်ကို မသိဘဲနဲ့ နေပြန်တော့လဲ ဥစ္ဆေဒဒိဋ္ဌိဖြစ်ပါတယ်။ (မှန်ပါ ဘုရား)။

နိဗ္ဗာန်မသိရင် (ဥစ္ဆေဒဒိဋ္ဌိဖြစ်ပါတယ် ဘုရား)၊ အဲ နိဗ္ဗာန်မသိရင် ဥစ္ဆေဒဒိဋ္ဌိဖြစ်တယ်ဆိုတာ ဒကာ ဒကာမတွေ မှတ်ထားကြပါ။ (မှန်ပါ့)။

နိဗ္ဗာန်ဆိုတာ ရုပ်လဲမရှိဘူး၊ နာမ်လဲ မရှိဘူးဆို ဟာလာဟင်းလင်းကြီး ဖြစ်သွားလိမ့်မယ် (မှန်ပါ့)၊ မဟုတ်ပါဘူးတဲ့၊ ရုပ်နာမ်က ဘာသစ္စာတုံး။ (ဒုက္ခ သစ္စာပါ ဘုရား)၊ ရုပ်နာမ်က ဒုက္ခသစ္စာ ဖြစ်နေတော့ ရုပ်တွေ နာမ်တွေ မလိုချင်တဲ့ ဉာဏ်လာတော့ အကုန်ချုပ် သွားတာပဲ၊ ချုပ်သွားတော့ ဒုက္ခတွေသာ ချုပ်သွားတယ် လို့ မှတ်လိုက်စမ်းပါ။ (မှန်ပါ့ ဘုရား)၊ သုခကဖြင့် တကယ် ကျန်ရစ်တယ်၊ သုခအစား ထိုးလာတယ်လို့ မှတ် လိုက်စမ်းပါ။ (မှန်လှပါ ဘုရား)။

ဒါဖြင့် ဒုက္ခတွေ ချုပ်၍ သုခ ပေါ်လာတာကို ဘာ ခေါ်ကြမယ်။ (နိဗ္ဗာန်လို့ ခေါ်ပါမယ် ဘုရား)၊ နိဗ္ဗန်လို့ ခေါ်တယ်လို့ မှတ်ထားပါ၊ ဒုက္ခတွေကလဲ ချုပ်သွားလိမ့် မယ်။ (မှန်ပါ့ ဘုရား)။

ဒါကြောင့် ဒကာ ဒကာမတွေ တရားဟောရတာ မလွယ်ဘူးဆိုတာ မှတ်ထားစမ်းပါ (မှန်ပါ့)၊ ဘာဖြစ်လို့ မလွယ်ပါလိမ့်မလဲလို့ မေးကြတဲ့ အခါကျတော့မှ၊ ဒုက္ခ မှန်းကို မသိလို့ ခက်နေတာ။ (မှန်ပါ့)။

ဒုက္ခသစ္စာကို (ဒုက္ခမှန်း မသိပါ ဘုရား)၊ အေး ဒါကြောင့် ဒုက္ခသစ္စာသိမှ ချုပ်ချင်တဲ့ နိရောဓသစ္စာကို တောင်းတမှာ။ (မှန်ပါ့)၊ ဒုက္ခသစ္စာကို မသိတဲ့ ပုဂ္ဂိုလ် ဟာ ဒုက္ခချုပ်တဲ့ နိဗ္ဗာန်ကို တောင်းတ ပါတယ် ဆိုငြား သော်လဲ ပြောသံကြားနဲ့ တောင်းတတာလို့ မှတ်လိုက်စမ်း ပါ။ (မှန်ပါ့)၊ တကယ်လိုချင် တကယ်နှစ်သက်တာ ဟုတ်ပါရဲ့လား။ (မဟုတ်ပါ ဘုရား)။

အဲဒါကြောင့် ဒုက္ခသစ္စာသိမှုကိုလဲ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ အရေးတကြီး မှတ်ရလိမ့် မယ်လို့ ဆိုတာ သတိထားပါနော်။ (မှန်ပါ့)။

ကဲ ဒါဖြင့် ပြောကြပါစို့တဲ့၊ ရဟန္တာဆိုတာ ခင်ဗျားတို့ စာထဲမှာ တွေ့ဖူးပါတယ်နော်။ (မှန်ပါ့)၊ ရဟန္တာ သေတော့ ဘယ်များ ကြွသွားသတုံးလို ဦးအောင်ဇံဝေတို့ မေးရလိမ့်မယ်။ (မှန်ပါ့)။

ရဟန္တာသေတော့ ဘယ်များ သွားကြသတုံးလို့ မေးတဲ့ အခါကျတော့ ရဟန္တာကလဲ နဂိုက ရဟန္တာမှ မရှိဘဲ။ (မှန်လှပါ)၊ ရဟန္တာက နဂိုက ရဟန္တာရယ်လို့ မရှိပါဘူး၊ ဖြစ်ပျက် ဒုက္ခသစ္စာ တွေပဲရှိတယ်။ (မှန်ပါ့)၊ မဟုတ်ဘူးလား။ (မှန်ပါ့)၊ အဲဒီတော့ ဘယ်ကြွသွားစရာ လိုသေးသလဲ။ (မလိုပါ ဘုရား)၊ နဂိုက ရဟန္တာမှ မရှိဘဲ။ (မှန်ပါ့)။

ရဟန္တာမှ မရှိတော့ ရဟန္တာများ ပရိနိဗ္ဗာန်စံတဲ့ အခါကျတော့ ဘယ်ကြွ သွားပါလိမ့် မလဲဆိုတဲ့ မေးခွန်းကို မေးနေစရာမလိုဘူး။ (မလိုပါ ဘုရား)၊ လိုသေးသလား။ (မလိုပါ ဘုရား)။

ဘာ့ကြောင့် မလိုပါ လိမ့်မတုံးလို့ ဦးမြမောင်တို့က မေးမယ်၊ ဦးကျော်မောင်တို့က မေးမယ်၊ ဘယ့်နှယ် ကြမလဲ။ (ရဟန္တာ မရှိလို့ပါ ဘုရား)၊ နဂိုကမှ ရဟန္တာ မရှိဘဲ။ (မှန်ပါ)၊ မှတ်ထား လိုက်တော့၊ ရဟန္တာ မရှိရင် ဘာရှိသတုံး၊ အို ဒုက္ခသစ္စာ တရားရှိတယ်။ (မှန်ပါ့)၊ မရှိဘူးလား။ (ရှိပါတယ် ဘုရား)။

မသေခင်က ဘာရသတုံး မေးရင် ဘယ့်နှယ် ဖြေကြ မလဲ။ (ဒုက္ခသစ္စာ တရားပဲ ရှိပါတယ် ဘုရား)။

ဒါဖြင့် တေဇောဓာတ် လောင်တော့၊ ဒုက္ခသစ္စာတွေ အကုန် ချုပ်ငြိမ်း ရုပ်သိမ်းသွားတဲ့ အခါကျတော့ သူ သုခဖြစ်သွားပြီ၊ ဒုက္ခချုပ်လို့ သုခချမ်းသာနဲ့ နေပေါ့ ဆိုတာတော့ ခင်ဗျားတို့က ဆုံးဖြတ်ချက် ချရမယ်။(မှန်ပါ)။

ဒုက္ခ ချုပ်သွားပြီး သုခနဲ့ နေပေါ့ဆိုတာသာ ဆုံးဖြတ် ချက်ချပါလို့ သတိပေး လိုက်တယ်။ (မှန်ပါ့)၊ ရှင်းပြီးနော်။ (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် နိဗ္ဗာန်ဆိုတာ ဒုက္ခချုပ်ပြီး သကာလ သုခကို နိဗ္ဗာန် ခေါ်တယ်။ (မှန်ပါ့)၊ ဒုက္ခချုပ်ပြီး သကာလ (သုခကို နိဗ္ဗာန် ခေါ်ပါတယ် ဘုရား)၊ သုခကို နိဗ္ဗာန်လို့ ခေါ်တယ်လို့ ဒကာ ဒကာမတွေက မှတ်ထားလိုက်တော့မှ ဪ နိဗ္ဗာန်ဆိုတာ တခြားလား မှတ်တယ်။ တို့ ခန္ဓာချုပ်ရင် ခန္ဓာက ဒုက္ခသစ္စာ၊ ဒီဒုက္ခသစ္စာ ချုပ် သွားတာကို နိဗ္ဗာန်ခေါ်တာကိုး။ (မှန်ပါ့)၊ပေါ်ပလား။ (ပေါ်ပါပြီ ဘုရား)။

ဒီဒုက္ခသစ္စာ ချုပ်သွားတာကို (နိဗ္ဗာန်လို့ ခေါ်ပါတယ် ဘုရား)၊ မယုံရင်တော့ ဒကာ ဒကာမတွေ အလုပ် လုပ်ကြည့်တာပေါ့၊ တပည့်တော် နားမလည် သေးဘူး။ နားမလည်သေးရင် ဘုန်းကြီး ပေးတဲ့ နည်းနဲ့ အလုပ် လုပ် ကြည့်၊ ဒုက္ခချုပ်သွားတဲ့ အခါ မြင်ရလိမ့်မယ်။ (မှန်ပါ့)၊ ကိုယ်တိုင် ခံစားရလိမ့်မယ်။ (မှန်ပါ့)။

ဒါဖြင့် အလုပ်ကိုသာ လုပ်လို့၊ ဦးမြမောင်တို့ အခု အားလုံး တရား နာကြတဲ့၊ အားထုတ်နေကြတဲ့ ဒကာဒကာမ တွေကို တိုက်တွန်းရတယ်။ (မှန်ပါ့)၊ တိုက်တွန်းရတယ်။

ကိုင်း ဒါဖြင့် ပြောကြပါစို့တဲ့၊ သာဝတ္ထိပြည် မှာအရှင်သာရိပုတ္တရာ သီတင်း သုံးနေတယ်။ အရှင်သာရိ ပုတ္တရာ သီတင်း သုံးနေတော့ ယမက, ဆိုတဲ့ ရဟန်းရှိပါ တယ်၊ ယမက, ဆိုတဲ့ ရဟန်းက ဘုရားဆီ သွားပြီး တရား နာတယ်၊ ဘုရားဆီသွား တရားနာတော့၊ သူ ဘယ်တရား နာရသတုံး ဆိုတော့ ဇာတ်ပေါင်းကို သူ သွားနာရတယ်။ မဟော်သဓာ၊ ဝိဓူရပညာရှိ၊ သေနကပညာရှိ၊ မဟာ ဇနက မင်းကြီး ဖြစ်ခဲ့ဖူးပြီး ဝေဿန္တရာကနေ တုသိတာ နတ်ပြည်၊ တုသိတာ နတ်ပြည်ကမှ ငါ ဆင်းပြီး ဘုရား ဖြစ်လာတယ်၊ သူက ဒီတရားနာရတာကိုး။ (မှန်ပါ)။

ယမက ဘုရားဟောတော်မူသော ဒီတရား နာရ ပါတယ်။ (မှန်ပါ့)၊ ဒီတရား နာရတော့ ဪ သူ့ စိတ်ထဲ ယမက,က ဖောက်ပြန်တယ်၊ ရုပ်နာမ်ဟာ ရုပ်သာ လဲသွားတယ်၊ ရုပ်နဲ့ နာမ်သာ လဲသွားတယ်၊ နာမ်ထဲက ဝိညာဏ် ကတော့ ဟိုဘုံပြောင်း ဒီဘုံပြောင်း ပြောင်းနေတာကိုး။ (မှန်ပါ့)၊ သူက ဒီလို ယူပစ်လိုက်တယ်။

မောင်သစ် ဝိညာဏ် ကတော့ ဘာတဲ့ (ဟိုဘုံ ပြောင်း ဒီဘုံပြောင်း ပါသတဲ့ ဘုရား)၊ ဟိုဘုံပြောင်း ဒီဘုံ ပြောင်းပြီး သွားတာပဲကိုး ဒါကြောင့် ဘုရားဖြစ်လာ တာ ဝီရိယက ဘုရား ဖြစ်လာတာ၊ ဝိညာဏ် ကလေးကတော့ ဒီဝိညာဏ်ကလေး ပဲကိုး။ (မှန်ပါ့)၊ ဒီလိုဆိုတော့ “ဝိညာဏံ အတ္တတော သမနုပဿတိ”သွားဖြစ်တယ်။ (မှန်ပါ့)။

ဝိညာဏ်=ဝိညာဏ်ကို၊ အတ္တတော-ငါဟူ၍၊ (ဝါ)ခိုင်၏ဟူ၍ သမနုပဿတိ-ရှု၏။ (မှန်ပါ့)၊ သက္ကာယဒိဋ္ဌိ ဖြစ်သွားပြီ။ (ဖြစ်သွားပါပြီ ဘုရား)။

အဲဒီ သက္ကာယဒိဋ္ဌိ သွားပြီ သကာလ ဖြစ်နေတော့ , သူက ဘုရား တရားဟောတဲ့ဆီက ပြန်ပြီး သကာလ လာတော့ ဪ ပရိနိဗ္ဗာန် စံတယ် ဆိုတာကတော့ဖြင့် ၂ ဒီဝိညာဏ် ချုပ်သွားတာ၊ ဘာမှ မရှိတာကို ဆိုတာကိုး။(မှန်ပါ့)၊ အားလုံးသော ပုဂ္ဂိုလ်တို့ ဝိညာဏ် ကလေးဟာ ဟိုခန္ဓာထဲ ဝင်အောင်း၊ ဒီခန္ဓာထဲ ဝင်အောင်း နေတာကိုး၊ နောက် ပရိနိဗ္ဗာန် စံတယ် ဆိုတာကတော့ ဒီဝိညာဏ် ကလေး ချုပ်ပြီး ဘာမှ မရှိတာ ဆိုတာပဲ။ (မှန်ပါ့)၊ ဒီလို နှစ်ချက်ကို ယူတာ။ (မှန်ပါ့)။

နှစ်ချက် ယူတယ်၊ သဿတရော, ဥစ္ဆေဒရော ယူတယ်။ (မှန်ပါ့)၊ နောက်က ဒကာ ဒကာမတွေ ဘယ်လို ယူသတုံး။ (နှစ်ချက် ယူပါတယ် ဘုရား)၊ သဿတရော, ဥစ္ဆေဒရော ယူလိုက်တယ်နော်။(မှန်ပါ့)၊

ဝိညာဏ်ကလေးဟာ ဟိုဘုံပြောင်း ဒီဘုံပြောင်းဆိုရင် ဘာတုံး။ (သဿတဒိဋ္ဌိ ပါ ဘုရား)၊နောက် ရဟန္တာဖြစ် သွားပြီးသည့် အခြားမဲ့၌တော့ ဝိညာဏ်ရော ဘာရော အကုန်ချုပ် သွားတာပဲ၊ ဘာမှ မဖြစ်တော့ဘူး ဆိုတော့ ဘာယူ လိုက်သတုံး။ (ဥစ္ဆေဒ ယူပါတယ် ဘုရား)၊ သူက ဒီနှစ်ခုစလုံးယူတယ်။ (မှန်ပါ့)။

နိဗ္ဗာန်မရောက်ခင် သဿတဒိဋ္ဌိ (မှန်ပါ့)၊ နိဗ္ဗာန် ကိုတော့ သူက ဥစ္ဆေဒဒိဋ္ဌိ (မှန်ပါ)၊ နိဗ္ဗာန် မရောက် ခင်တော့ (သဿတဒိဋ္ဌိပါ ဘုရား)၊ နိဗ္ဗာန် ရောက်သွားတဲ့ အခါကျတော့ (ဥစ္ဆေဒဒိဋ္ဌိပါ ဘုရား)။

ဟာ.. ဦးကျော်မောင်တို့ ယမက ဆိုတဲ့ ရဟန်း ဟာ မလွယ်ပါဘူး။ (မှန်ပါ ဘုရား)၊ ရှင်တုန်းက သဿတ၊ သေတော့ ဥစ္ဆေဒ ယူလိုက်တယ်။ (မှန်ပါ့)၊ အင်မတန် မဆိုးရွားဘူးလား။(ဆိုးရွားပါတယ် ဘုရား)။

အဲဒီတော့ ဒီဒိဋ္ဌိရှိနေလို့ ရှိရင်ဖြင့် မဂ်ဉာဏ်, ဖိုလ် ဉာဏ်, ရနိုင်ကြပါ့ မလား။ (မရနိုင်ပါ ဘုရား)၊ မရနိုင်ဘူး။

ဒီ ဒိဋ္ဌိရှိနေရင် မဂ်ဉာဏ်,ဖိုလ်ဉာဏ် မရနိုင်ဘူးတဲ့၊ ဒိဋ္ဌိဟာ မဂ်ဉာဏ်, ဖိုလ်ဉာဏ် တားမြစ်တဲ့ တရာလို့ ဦးအောင်ဇံဝေတို့ မှတ်ထားပါ။(မှန်ပါ့ ဘုရား)၊သက္ကာယ ဒိဋ္ဌိဖြစ်ဖြစ်၊ သဿတ ဒိဋ္ဌိဖြစ်ဖြစ်၊ သက္ကာယဒိဋ္ဌိက ပြားလာတဲ့ သဿတဒိဋ္ဌိ၊ သက္ကာယဒိဋ္ဌိက ပြားလာတဲ့ ဥစ္ဆေဒဒိဋ္ဌိ၊ သဘောကျပလား။ (မှန်ပါ့ ဘုရား)။

ဒါဖြင့် သက္ကာယဒိဋ္ဌိက ကြီးကျယ်လာရင် သဿတ ဒိဋ္ဌိပဲ။(မှန်ပါ့)၊ သက္ကာယဒိဋ္ဌိ ကြီးကျယ် လာရင် ဥစ္ဆေဒ (မှန်ပါ့ ဥစ္ဆေဒပါ ဘုရား)၊ ဒိဋ္ဌိဖြစ်တယ်လို့ မှတ်ထားစမ်းပါ။

ဝိညာဏ်ကလေး တစ်ခုတည်း သွားနေတယ်၊ ဘုံ ဘဝတွေ လှည့်ပတ် ပြေးနေတယ် ဆိုရင် ဘာဒိဋ္ဌိတုံး။ (သက္ကာယဒိဋ္ဌိ ပါ ဘုရား)။

နောက်ကျတော့ သူရဟန္တာဖြစ်ပြီး သကာလ ဝိညာဏ် ပါ ချုပ်ပြီး ဟိုဘက် ဘာမှ မလည်နိုင် မသွားနိုင်တော့ ဘူးဆိုတာက (ဥစ္ဆေဒဒိဋ္ဌိပါဘုရာ )။

အဲ ယမက မထေရ် ဒိဋ္ဌိအယူရှိတယ်။ (မှန်ပါ့ ဘုရား)၊ အဲဒီတော့ ဒီ ဒိဋ္ဌိအယူနဲ့ သူ ယူပြီး သကာလ လာခဲ့တယ်၊ နောက်ကျတော့ ရဟန်းတွေ၊ သူနဲ့တွေ့တဲ့ မိတ်ဆွေ တွေကျတော့ သူ ပြောတယ်။ (မှန်ပါ့)။

ဘုရား ဟောတော်မူတာ သူသိပြီတဲ့၊ဘုရား ဟောတာ သူ သိပါတယ်တဲ့၊ ရဟန္တာများ သေရင် ဘာမှ မဖြစ်တာ နိဗ္ဗာန်ခေါ်တာပဲတဲ့။ (မှန်ပါ့)။

ရဟန္တာများ သေသွားရင် နောက် ဘာမှ မဖြစ်တာကို (နိဗ္ဗာန် ခေါ်ပါတယ်တဲ့ ဘုရား)၊ ဘာမှ မဖြစ်ဘူးဆိုတော့ ရုပ်လဲ မပေါ်ဘူး၊ နာမ်လဲ မပေါ်ဘူး၊ ချမ်းသာ သုခလဲ မပေါ်ဘူး၊ ဘာမှ မရှိတာကို သူက နိဗ္ဗာန်ယူ နေတယ်၊ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် သူ ဘာဒိဋ္ဌိ အားကြီးစွဲလိုက်သလဲ။ (ဥစ္ဆေဒဒိဋ္ဌိ အားကြီးစွဲလိုက်ပါတယ်)၊ ဥစ္ဆေဒဒိဋ္ဌိ အားကြီး စွဲလိုက်တယ်လို့ ဒကာ ဒကာမတွေ မှတ်ထားပါနော်။ (မှန်ပါ့)။

ဒါနဲ့ ဘေးက ရဟန်းတွေက ပြောကြတယ်။ ရှင်ယမက ဘုရား ဟောတော်မူတာ ဒီလို မဟုတ်ပါဘူး၊ မင်းဟာ ဥစ္ဆေဒဒိဋ္ဌိကြီးပါကွ၊ ရဟန္တာ သေရင် ဘာမှ မဖြစ်တော့ဘူး ယူခဲ့ရင် မင့်ဟာ ဘယ်ဟုတ် ရမတုံးကွ ဆိုတော့ ရဟန္တာလဲ မရှိဘဲနဲ့ မင့်ဟာက သေတယ်လဲ ယူလိုက်သေးတယ်၊ သဿတနဲ့ (မှန်ပါ့)၊ နောက် ရဟန္တာ သေတော့လဲ ဘာမှ မဖြစ်တော့ဘူးလို့ ယူလိုက် သေးတယ် ဆိုတာလဲ ဥစ္ဆေဒပဲ။ (မှန်ပါ့)။

ဒိဋ္ဌိနှစ်ခုနဲ့ မင်းနေတဲ့ ဥစ္စာကွာ ဘုရားလဲ ဒီလို မဟောပါဘူး၊ ဘုရားဟာ မကောင်းသဖြင့် ဒီလို ဟော တယ်လို့ မင်းက မစွပ်စွဲလိုက်ပါနဲ့လို့ ဘေးက ရဟန်းတွေက ပြောကြတယ်။(မှန်ပါ့)။

ပြောပေမယ့် ဘုရားဟောတော်မူတာ ဒီအတိုင်းပဲတဲ့၊ သူတော့ ဒီအယူ မစွန့်နိုင်ဘူးတဲ့၊ သဘော ကျပလား။ (ကျပါပြီ)၊ စွန့်သေးရဲ့လား။ (မစွန့်ပါ ဘုရား)။

ဒီအယူ မစွန့် တော့ဘူးတဲ့၊ ဒကာ ဒကာမတို့ ဘာ ဒိဋ္ဌိယူထားသတုံး (သဿတဒိဋ္ဌိနဲ့ ဥစ္ဆေဒဒိဋ္ဌိ နှစ်ခုယူ ထားပါတယ် ဘုရား)၊ နှစ်ခုစလုံး ယူတယ်၊ ရှင်တုန်းကို (သဿတဒိဋ္ဌိ ယူပါတယ် ဘုရား)၊ ရဟန္တာ သေတော့ကို (ဥစ္ဆေဒဒိဋ္ဌိ ယူပါတယ် ဘုရား)။

အဲဒီတော့ကို ပဋိစ္စသမုပ္ပါဒ် ကြည့်ကြတဲ့၊ ဒကာ ဒကာမတွေ ရှင်းပေးမယ်၊ ဥပမာမယ် ဒီဥစ္စာဟာ ရဟန္တာ လဲ ဒီခန္ဓာငါးပါး ရှိတာပဲ ဦးမြမောင်ရ။ (မှန်ပါ့)။

ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာ ခန္ဓာ ငါးပါး ရှိတာပဲနော်။(မှန်ပါ့)၊ ပုထုဇဉ်လဲ ဒါပဲ ရှိတာပဲ။ (မှန်ပါ့)၊ ဒီအထဲမှာ ကိလေသာ အောင်းတာနဲ့ မအောင်းတာပဲ ကွာတယ်။ (မှန်ပါ့)။

ဒီခန္ဓာကတော့ (ဒီခန္ဓာ အတိုင်း ရှိပါတယ်)၊ ရှိတာ ပဲတဲ့၊ ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာ ဆိုတဲ့ ခန္ဓာငါးပါး ကတော့ ရှိနေတယ်။ (မှန်ပါ့)။

အဲဒီတော့ အားထုတ် လိုက်တဲ့ အခါကျလို့ ရှိရင်ဖြင့် တဲ့၊ ကဲ မိမိတို့ ခန္ဓာကြီးကိုပဲ ဖြစ်ပျက် ရှုပြီး သကာလ အနိစ္စ, ဒုက္ခ, အနတ္တရှုပြီး သကာလ နေတဲ့ အခါကျတော့ ကို အနိစ္စ,ဒုက္ခ, အနတ္တတွေပဲ ရှုပါ များလာတော့ မုန်းတီးတဲ့ ဉာဏ်တွေ ပေါ်ပေါက်လာတယ်၊ နောက် အနိစ္စ,ဒုက္ခ အနတ္တမှန်း သိတော့ကို ဪ ဒီခန္ဓာကြီးတော့ မလိုချင်တော့ ပါဘူး ဆိုတဲ့မဂ်ဉာဏ် ဒီနေရာ ပေါ်လာတယ်နော် (မှန်ပါ့)။

ပေါ်လာတော့ ဒုတိယ အကွက် တစ်ကွက်လုံး မပျောက်ဘူးလား။ (ပျောက်ပါ တယ်)၊ ခန္ဓာငါးပါး ဒုတိယ အကွက်ကြီးဟာလေ့- (ပျောက်သွား ပါတယ်)၊ ခန္ဓာ ငါးပါး ဒုတိယ အကွက်ကြီးဟာ ပျောက်သွား ပါတယ်။ ဒကာဒကာမတို့ နံပါတ်ကော ထိုးထားကြနော်။(မှန်ပါ့)။

ပျောက်သွားတဲ့ အခါကျတော့ကို နဂိုကလဲ ခန္ဓာ ငါးပါး ဒုက္ခသစ္စာ တရား။ (မှန်ပါ့)၊ နောက် ခန္ဓာငါးပါး မရှိတဲ့ နိရောဓသစ္စာ (မှန်ပါ့ ဘုရား)၊ မဆို ထိုက်ဘူးလား။ (ဆိုထိုက်ပါတယ် ဘုရား)။

ရှုတုန်းကတော့၊ မချုပ်ခင်တုန်းကတော့ ဒုက္ခသစ္စာ ကို မဂ္ဂသစ္စာနဲ့ မြင်နေတယ်။ (မှန်ပါ့)၊ မမြင်ဘူးလား။(မြင်ပါတယ်)၊ နောက် မုန်းတယ် မလိုချင်တော့ ဘူးဆိုတော့ ဒုက္ခသစ္စာတွေ ရှိသေးရဲ့လား။ (မရှိပါ ဘုရား)၊ မရှိတဲ့အခါ ဒီဟာလေး ဆိုင်းဘုတ် ပြင်လိုက်တာ ဘာသစ္စာတုံး။ (နိရောဓသစ္စာ ပါ ဘုရား)။

ဒါဖြင့် ဒုက္ခဟုတ်လား (မှန်ပါ့)၊ နောက်ကျလာ တဲ့အခါ အားထုတ်ပါများလို့ အင်း ဒီဒုက္ခ မလိုချင်တဲ့ ပုဂ္ဂိုလ်ကျတော့ ဒီနေရာပဲ နိရောဓ (မှန်ပါ့)၊ မဆိုနိုင် ဘူးလား။(ဆိုနိုင်ပါတယ် ဘုရား)။

၂-နံပါတ်က ဒုက္ခ (မှန်ပါ့)၊ အားထုတ်တဲ့အခါ ကျတော့၊ ခရီး ပေါက်သွားတဲ့အခါကျတော့ ၂-နံပါတ်ပဲ ဘာဆိုကြမယ်။ (နိရောဓပါ)၊ နိရောဓ။ အဲဒီတော့ နဂိုက ဒုက္ခကို မလိုချင်တဲ့ ပုဂ္ဂိုလ်ကျတော့ ဒီခန္ဓာ ချုပ်သွားတော့ကို နိရောဓ ဖြစ်သွားတယ်၊ ဘာနိရောဓတုံးလို့ မေးတဲ့ အခါကျတော့ ပထမ စကားနဲ့ တွဲလိုက်တာပေါ့၊ ဒုက္ခနိရောဓ (မှန်ပါ့)၊ ပေါ်ပလား။ (ပေါ်ပါပြီ ဘုရား)။

ပထမစကားနဲ့ တွဲလိုက် ဘာတဲ့တုံး။ (ဒုက္ခ နိရောဓပါ ဘုရား)၊ ဒုက္ခသာ ချုပ်တာ သူ့ဟာက၊ သဘောကျပလား။ (မှန်ပါ့)၊ဒုက္ခသာ ချုပ်တာ၊ ကျန်တာ မချုပ်ဘူး။ (မှန်ပါ့)၊ ဘယ့်နှယ်ဆိုကြမယ် (ဒုက္ခ နိရောဓပါ)၊ ဒုက္ခနိရောဓ ဆိုတော့ ဒုက္ခကဆင်းရဲတာ။ (မှန်ပါ့)၊ ဆင်းရဲတာသာ ချုပ်သွားတာတဲ့၊ ချမ်းသာတာ ကျန်နေတယ်။ (မှန်ပါ့)၊ ပေါ်ပလား။ (ပေါ်ပါပြီ ဘုရား)။

ဆင်းရဲတာသာ (ချုပ်သွားပါတယ်)၊ ချမ်းသာ တာက (ကျန်ရစ်ခဲ့ ပါတယ်)၊ ဒါ ဘာခေါ်ကြမလဲ။ (ဒုက္ခနိရောဓပါ)၊ ဒုက္ခနိရောဓကို မြန်မာလို တိုတိုခေါ် တော့ ဘယ်လို ခေါ်ကြမလဲ။ (နိဗ္ဗာန်ပါ ဘုရား)။

ကဲ ဒါဖြင့် အခု ဒီနေ့ ပြောတဲ့ စကားကို ဦးကျော် မောင်တို့၊ ဦးစံဖေတို့ သေသေချာချာမှတ်ပါ။(မှန်ပါ့)၊ ပထမ ဒါတွေ ဖြစ်ပျက်-ဖြစ်ပျက်-ဖြစ်ပျက် ရှုနေတော့ ဒုက္ခပဲ မမြင်ဘူးလား။ (မြင်ပါတယ် ဘုရား)။ နောက်တော့ ဦးမြမောင်တို့ ဦးကျော်မောင်တို့ က ဒါကြီးဟာ ဖြစ်ပျက်မြင်လို့ မုန်းလာပြီ၊ ဒုက္ခသစ္စာလို့ ပိုင်ပိုင်နိုင်နိုင် သိပြီ ဆိုတော့ လိုချင်သေးရဲ့လား။ (မလိုတော့ပါ ဘုရား)။

ဒါဖြင့် မလိုချင်တော့ ဒါတွေက ရှိသေးရဲ့လား။ (မရှိတော့ပါ ဘုရား)၊ ဒုတိယအကွက်မှာ ခန္ဓာငါးပါး ရှိသေးရဲ့ လား။ (မရှိတော့ပါ ဘုရား)။

မရှိတော့ကို အရင်တုန်းက ဒီအကွက်ဟာ ဘာ အကွတ်တုံး။ (ဒုက္ခသစ္စာ အကွက်ပါ)၊ ဒုက္ခအကွက်၊ မဟုတ်ဘူးလား။ (မှန်ပါ့)၊ မရှိတော့ သူ့ကို ဘာကွက် လို့ ဆိုကြမလဲ။(နိရောဓကွက်ပါ)၊ ဘာနိရောဓတုံး။ (ဒုက္ခနိရောဓပါ ဘုရား)။

ဪ ဒါဖြင့် နိဗ္ဗာန်ဆိုတာ ဒုက္ခ ချုပ်တာ သက်သက်ပဲ။ (မှန်ပါ့)၊ ပေါ်ကြပလား၊ နောက်က ဒကာ ဒကာမတွေ။ (ပေါ်ပါပြီ)၊ နိဗ္ဗာန်ဆိုတာ ဘာ သက်သက် ပါလိမ့်။(ဒုက္ခချုပ်တာ သက်သက်ပါ ဘုရား)။

ဒုက္ခချုပ်တာ သက်သက်ပဲ။ (မှန်ပါ့)၊ ဒုက္ခချုပ်တာ သက်သက်ဆိုတော့ သုခချုပ်ပါတယ်လို့ ပါရဲ့လား။ (မပါပါ)၊ သြော် နိဗ္ဗာန်ဆိုတာက ဒုက္ခချုပ်တာ သက်သက် ပဲ၊ ချမ်းသာကတော့ ကျန်ရစ် နေတာ အမှန်ပဲ။(မှန်ပါ့)၊ ဘယ့်နှယ်ဆိုကြမလဲ။ (ဒုက္ခချုပ်တာ သက်သက်ပါ)၊ ချမ်းသာကတော့ (ကျန်ရစ်ခဲ့ပါတယ် ဘုရား)။

ချမ်းသာတာ ကျန်ရစ်တော့ ချမ်းသာ ဆိုတာ အဲဒီ ချမ်းသာကို ချမ်းသာလို့ မခေါ်တော့ဘူး ကျုပ်တို့က (မှန်ပါ့)၊ ဒုက္ခနိရောဓသစ္စာ၊ (မှန်ပါ့)၊ ဘယ့်နှယ် ခေါ်ကြမယ်။ (ဒုက္ခနိရောဓ သစ္စာပါ ဘုရား)။

ဒုက္ခ နိရောဓ သစ္စာဆိုတာ ဒုက္ခချုပ်တဲ့ သစ္စာ။ (မှန်ပါ့)၊ ပေါ်ပလား။ (ပေါ့ပါပြီ)၊ ဒါဖြင့် ချုပ်တာက ဘာပါလိမ့်။(ဒုက္ခပါ ဘုရား)၊ ဒုက္ခနော်။ (မှန်ပါ့)၊ ချုပ်တာက ဒုက္ခချုပ် သွားတော့ ဒီအကွက်ကို ဦးမြမောင် တို့၊ ဦးကျော်မောင်တို့ နာမည်ဆိုင်းဘုတ်ဆွဲလိုက်စမ်း။ (ဒုက္ခနိရောဓပါ)၊ ဒုက္ခနိရောဓ ဖြစ်မသွားဘူးလား။(သွားပါတယ် ဘုရား)၊ နဂိုက ဘာကွက်တုံးဗျ။(ဒုက္ခ ကွက်ပါ ဘုရား)။

ဒုက္ခကွက်၊ နောက်ကျတော့ အားထုတ်တဲ့ ပုဂ္ဂိုလ် တွေက မလိုချင်လို့ မရတဲ့အခါကျတော့ ဘယ့်နှယ် ဆိုမလဲ။ (ဒုက္ခနိရောဓ ဖြစ်သွားပါတယ် ဘုရား)။

ဒါဖြင့် နိဗ္ဗာန်ဆိုတာ ဘာတုံးလို့ မေးလို့ရှိရင် ဒကာ ဒကာမတွေ ဘယ့်နှယ် ဖြေကြမတုံး။(ဒုက္ခချုပ် ငြိမ်းတာပါ)၊ ဒုက္ခနိရောဓပဲ။ (မှန်ပါ့)၊ ဒုက္ခချုပ် ဆိုတာ နိဗ္ဗာန်ပဲ၊ မပေါ်သေးဘူးလား။ (ပေါ်ပါပြီ ဘုရား)။

ဒီအကွက်ထဲ ကျမှ ပေါ်တာ။ (မှန်ပါ့)၊ ဒီအကွက် က နဂိုက ရှုနေတုန်းကတော့ ဖြစ်ပျက်-ဖြစ်ပျက်-ဖြစ် ပျက်နဲ့ ရှုနေတုန်းကတော့ ဦးအောင်ဇံဝေကြီး ဘာရှုနေတာပါလိမ့်။ (ဒုက္ခရှုနေတာပါ ဘုရား)။

နောက်ကျတဲ့ အခါကျတော့ ဒီဒုက္ခ မလိုချင်၊ ဒီဒုက္ခ မုန်း၊ ဒီဒုက္ခတွေကိုဖြင့် သစ္စာမှန်း ပိုင်ပိုင်နိုင်နိုင် သိသွား တဲ့အခါကျတော့ ချုပ်မသွားဘူးလား။ (ချုပ်သွားပါ တယ်)၊ ချုပ်သွားတော့ ဒီအကွက်ကို ဘာကွက်ဆိုကြ မလဲ။ (ဒုက္ခနိရောဓ ကွက်ပါ)၊ ဒုက္ခနိရောဓ အကွက်။ (မှန်ပါ့)၊ ပေါ်ပလား။(ပေါ်ပါပြီ ဘုရား)။

ဒုက္ခနိရောဓသည် မြန်မာလိုခေါ်ရင် နိဗ္ဗာန်။ (နိဗ္ဗာန်ပါ)၊ ဟုတ်လား။ (မှန်ပါ့ ဘုရား)။

အဲဒီတော့ကို ဒုက္ခ ချုပ်သွားတဲ့ ပုဂ္ဂိုလ်မှ ဒုက္ခနိရောဓ ဖြစ်တယ်။ (မှန်ပါ့)၊ ဒုက္ခချုပ်တဲ့ ပုဂ္ဂိုလ်မှ (ဒုက္ခနိရောဓ ဖြစ်ပါတယ် ဘုရား)။

ဒါလဲ ဘယ်လို ပုဂ္ဂိုလ်မှ ချုပ်ပါလိမ့် မတုံးဆိုတော့ ဒုက္ခသစ္စာလို့ သိဦးမှ (မှန်ပါ့)၊ သိတဲ့ အပြင်လဲ မလို ချင်ဦး -(မှန်ပါ့)၊ မလိုချင်မှ ဘာဖြစ်သွားသတုံး။ (ချုပ်မှာပါ)၊ ချုပ်သွားတော့ ဒီအကွက်ဟာ ဘာကွက်ဖြစ် သွားသတုံး။ (ဒုက္ခနိရောဓ ဖြစ်သွားပါတယ်)၊ ဒုက္ခ နိရောဓကွက် ဖြစ်သွားတယ် ဆိုတာ ကျေနပ်ပလား။ (ကျေနပ်ပါပြီ ဘုရား)။

ဒါဖြင့် “ဒုက္ခနိရောဓော နိဗ္ဗာနံ”။(မှန်ပါ့)၊ ပေါ် ပလား။ (ပေါ်ပါပြီ)၊ ဘာတဲ့တုံး။ (ဒုက္ခနိရောဓော နိဗ္ဗာနံ ပါ ဘုရား)။

“ဒုက္ခနိရောဓော နိဗ္ဗာနံ” လို့ ဒကာ ဒကာမတွေ ကိုယ့်အတွက် ကိုယ်ကြည့်ပြီးတော့ မှတ်လိုက် စမ်းပါ။ (မှန်ပါ့)၊ ကဲ နိဗ္ဗာန်ဖြင့် ယနေ့ ဘယ့်နှယ်နေသလဲ။ (ပေါ်ပါပြီ)၊ ပေါ်ပြီ။ (မှန်ပါ့ ဘုရား)။

ရှုတုန်းက ဘာတွေရှုနေသတုံး။(ဒုက္ခတွေ ရှုနေရ ပါတယ်)၊ နောက်ကျတော့ကို ကုန်ဆုံးသွားတဲ့ အခါကျတော့ ဉာဏ်က ဘာကို ရှုနေရသတုံး မေးရင် ဘယ့်နှယ် ဖြေကြမလဲ။ (ဒုက္ခနိရောဓပါ ဘုရား)။

ဒုက္ခနိရောကို မြင်,ရှု နေရတယ်။(မှန်ပါ့)၊ ဒုက္ခ နိရောဓက နိဗ္ဗာန်၊ ရှုနေတဲ့ဉာဏ်က မဂ်ဉာဏ်,ဖိုလ် ဉာဏ်၊ မဆိုနိုင်ဘူးလား။ (ဆိုနိုင်ပါတယ် ဘုရား)။

ဪ ဒါဖြင့် နိဗ္ဗာန်ဆိုတာ ဒုက္ခကို ဒုက္ခနိရောဓ ဖြစ်အောင် လုပ်ဖို့ပဲ။ (မှန်ပါ)၊ ဦးကျော်မောင် နိဗ္ဗာန် ဆိုတာ ဘာပါလိမ့်။(ဒုက္ခကို ဒုက္ခနိရောဓ ဖြစ်အောင် လုပ်တာပါ ဘုရား)။

ဒါဖြင့် ဝိပဿနာ ရှုနေတုန်းတော့ ဘာတွေချည်းတွေ့ မယ်ထင်သတုံး။(ဒုက္ခတွေချည်း တွေ့ပါမယ် ဘုရား)။

နောက်ဝိပဿနာ ကိစ္စပြီးတဲ့ အခါကျတော့ ဘာတွေ တွေ့မလဲ။(ဒုက္ခနိရောဓ တွေ့ပါမယ် ဘုရား)၊ဒုက္ခနိရောဓ ပဲ တွေ့မယ်ဆိုတာ သေသေချာချာ မှတ်ပါ။ (မှန်ပါ့)၊

ဪ ဒါဖြင့် နိဗ္ဗာန်ရှာတဲ့ ပုဂ္ဂိုလ်များ ဒုက္ခမတွေ့သေးတဲ့ ပုဂ္ဂိုလ်ဟာ နိဗ္ဗာန်ဖြင့် ရှာဖို့ရာ အစတောင်မှ မလာသေးပါ ဘူး။ (မှန်ပါ့ ဘုရား)။

ဒုက္ခမှ မတွေ့သေးတဲ့ ပုဂ္ဂိုလ် နိဗ္ဗာန်အစ (မလာသေးပါ)၊ မလာသေးပါဘူး၊ မတွေ့ သေးပါဘူးလို့ ဦးမြ မောင်တို့ မှတ်လိုက်စမ်းပါ။ (မှန်ပါ့ ဘုရား)။

ကဲ ဒါဖြင့် ကျုပ်တို့ တရားပွဲမှာ အခု ဪ နိဗ္ဗာန် ရ,ရပါလို၏၊ နိဗ္ဗာန် ရ,ရပါလို၏နဲ့ မောင်သစ်တို့ ဘုရားထဲ ကျောင်းထဲမှာလဲ ရှုပ်နေတာပဲ ဦးအောင်ဇံဝေ ကြီး။ (မှန်ပါ့)၊ ဒုက္ခလဲ သူ တွေ့အောင် မရှာဘူး။ (မှန်ပါ့)၊ ရှာရဲ့ လား။ (မရှာပါ ဘုရား)။

အဲဒီတော့ ဒုက္ခနိရောဓ ဘယ့်နှယ်လုပ်ပါ့မလဲ။ (မဖြစ်နိုင်ပါ ဘုရား)၊ တွေ့ကိုမတွေ့ဘူး။ (မှန်ပါ့ ဘုရား)။

ကိုင်း ခင်ဗျားတို့ကတော့ ရှေးတုန်းက ဉာဏ်နဲ့၊ ရှေးတုန်းက မျက်လုံးနဲ့၊ ရှေးတုန်းက ကြားဖူးတာနဲ့ ဦးမြမောင်တို့၊ ဦးကျော်မောင်တို့ ပြောပါတယ်၊ ဟို ဒကာမကြီး တွေ၊ ဟိုဘုရား ရှိခိုးနေတဲ့ ဒကာကြီးတွေ၊ ဒကာမကြီးတွေ၊ အဘိုးကြီးတွေ၊ အမိအရွယ်၊ အဖအရွယ်ကြီးတွေ နိဗ္ဗာန် နဲ့ နီးကြ ပလား၊ ဘာဖြစ်လို့တုံး၊ နိဗ္ဗာန်ချည်း ဆုတောင်း နေတာကိုး၊ လှူလဲ နိဗ္ဗာန်ဆုတောင်း၊ ပေးလဲ နိဗ္ဗာန် ဆုတောင်းနေတာပဲ။(မှန်ပါ့)၊ ဒုက္ခတွေ့ပလားလို့ အဲဒီ အဘိုးကြီးတွေ သွားမေးရင် ဘယ့်နှယ် ဖြေကြမလဲ။ (မတွေ့သေးပါ)၊ ဒါဖြင့် သူ နီးပလား။ အဝေးကြီး ကျန်သေးတယ်။(အဝေးကြီး ကျန်ပါသေးတယ် ဘုရား)။

ဒုက္ခတွေ့တဲ့ ပုဂ္ဂိုလ်မှာ ဒုက္ခမြင်လို့ ဒုက္ခ မလိုချင်မှ ဒုက္ခနိရောဓက လာမှကိုးဗျ။(မှန်ပါ့)၊ ဒုက္ခ မတွေ့သေးတဲ့ ပုဂ္ဂိုလ်က ဒုက္ခချုပ်ရာ နိဗ္ဗာန်ကြီး လိုချင်ပါတယ်လို့ ပြောနေတာဟာ ခင်ဗျားတို့ ကျုပ်တို့ ပြောကြပါစို့ ဆိုလို့ ရှိရင်ဖြင့် လမ်းမှာ ခွေးသေကောင်ပုပ် တစ်ခုရှိတယ်၊ ခွေးသေကောင်ပုပ်က တစ်ခုရှိပြီး သကာလ နေတော့ ခွေးသေကောင်ပုပ်ကို သွားတဲ့ ပုဂ္ဂိုလ်က တွေ့တယ်၊ အဲဒီတွေ့ တဲ့ ပုဂ္ဂိုလ်က ဟာ မြန်မြန် သွားမှပဲ၊ ဒီအနံ့ လွတ်အောင်။ (မှန်ပါ့)၊ မသွားဘူးလား။(သွားပါတယ် ဘုရား)။

ဘာဖြစ်လို့ သူ မြန်မြန်သွားသတုံး။ (အပုပ်နံ့ တွေ့မှာစိုးလို့ပါ)၊ ဟိုက ခွေးသေကောင်ပုပ် ဆိုတဲ့ ဒုက္ခသစ္စာမှ မတွေ့ သေးတဲ့ ပုဂ္ဂိုလ်က နိဗ္ဗာန် မြန်မြန် သွားတဲ့ အလုပ်- လုပ်နိုင်ပါ့မလား။ (မလုပ်နိုင်ပါ)၊ သွားပါ့ မလား။ (မသွားပါ ဘုရား)၊ သွားတဲ့ အလုပ်- လုပ်ပါ့ မလား။(မလုပ်ပါ)၊ သွားကော သွားချင်တဲ့စိတ် ပေါ် ပါ့မလား။ (မပေါ်ပါ ဘုရား)။

အဲ ဒုက္ခသစ္စာမှ မသိဘဲ၊ နိဗ္ဗာန် လိုချင်တဲ့ ပုဂ္ဂိုလ်ကဖြင့် ခွေးသေကောင်ပုပ် မတွေ့ သေးတဲ့ ပုဂ္ဂိုလ် မြန်မြန် မသွားသလိုပဲ သာမှတ်။ (မှန်ပါ့)၊ ရောက်ကို မရောက်ဘူး၊ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် နိဗ္ဗာန်ရောက်ချင်ကြတဲ့ ဒုက္ခခပ်သိမ်းငြိမ်း တဲ့ နိဗ္ဗာန် ရောက်ချင်ကြ၊ ရချင်ကြတဲ့ ပုဂ္ဂိုလ် မှန်သရွေ့ ဒုက္ခ ဟောတတ်တဲ့ ဆရာနဲ့ ဒုက္ခတွေ့အောင် ကိုယ်ကိုယ် တိုင် ဉာဏ်နဲ့ ရှာမှသာလျှင် နိဗ္ဗာန် တွေ့မယ်။(မှန်ပါ့)၊ မဟုတ်ဘူးလား။ (မှန်ပါ့ ဘုရား)။

ခွေးသေကောင် ပုပ်တွေ့မှ မြန်မြန် ပြေးမှကိုး လွတ် ရာကို။ (မှန်ပါ့)၊ ခွေးသေကောင် ပုပ်တွေ့ မှ ခွေးသေကောင်ပုပ် အနံ့လွတ်ရာ (ပြေးမှာပါ ဘုရား)၊ တွေ့မှမတွေ့ သေးတဲ့ပုဂ္ဂိုလ်က။ (မပြေးပါ ဘုရား)၊ မှန်မှန် နေမှာ ပဲ။ (မှန်ပါ့)၊ သဘောပါကြပလား။(ပါ-ပါပြီ ဘုရား)။

ဒါဖြင့် ဦးကျော်မောင်တို့၊ ဦးမြမောင်တို့၊ ဦးအောင် ဇံဝေတို့၊ ဦးစံဖေတို့ ဘုန်းကြီး ပြောတာ ဟုတ်တယ်။ (မှန်ပါ့)၊ ဒုက္ခမတွေ့ သေးတဲ့ ပုဂ္ဂိုလ် နိဗ္ဗာန်တော့ မရဘူးဟေ့။ (မှန်ပါ့ ဘုရား)။

ဘယ့်နှယ်ဆိုကြမလဲ။(ဒုက္ခမတွေ့သေးတဲ့ ပုဂ္ဂိုလ် ဟာ နိဗ္ဗာန် မရပါ ဘုရား)။

ဒုက္ခက သား၊ သမီးပူ, ဆွေမျိုးပူ ဆိုတာ မဟုတ် ပါဘူး။ (မှန်ပါ့)၊ ခန္ဓာထဲမှာ ဖျတ်ဖျတ်-ဖျတ်ဖျတ် နဲ့ ဒုက္ခ ရောက်နေရာတွေ မတွေ့သေးတဲ့ ပုဂ္ဂိုလ်ဟာ နိဗ္ဗာန် မတွေ့သေးပါဘူး။ (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။

ခန္ဓာထဲမှာ ဖျတ်ဖျတ်- ဖျတ်ဖျတ်နဲ့ ဒုက္ခရောက် နေတာတွေ တွေ့နေတဲ့ ပုဂ္ဂိုလ်မှသာ ဟာ ငါ့ခန္ဓာ ကြီးဟာ အကောင်း မှတ်တယ်၊ အဆိုး ချည်းပါလား၊ ခန္ဓာ ကြီးဟာ အကောင်း မှတ်တယ်၊ အဆိုးချည်း ပါလား၊ သူ့ မရတဲ့နည်း နာနာလုပ်မှပဲ ဆိုပြီးတော့ လုပ်ကြတာကိုး။ (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် နိဗ္ဗာန် ဆိုတာသည် ဒုက္ခချုပ်ငြိမ်း ရုပ်သိမ်းတာ ဒုက္ခနိရောဓော ဆိုတဲ့ဥစ္စာမှ နိဗ္ဗာန်မှတ်ပါ။ (မှန်ပါ့ ဘုရား)။

ဒုက္ခချုပ်ငြိမ်း ရုပ်သိမ်းတဲ့ ဒုက္ခနိရောဓော သာ ဘာ ခေါ်ကြမယ်။ (နိဗ္ဗာန် ခေါ်ပါတယ်)၊ ရှင်းကြပလား။ (ရှင်းပါပြီ ဘုရား)။ 😉

အေး ဒီအတိုင်းမှတ် ထားတော့မှ ဪ နိဗ္ဗာန်ဆိုတာ မြို့ကြီးလား- ပြကြီးလား၊ သေသေချာချာ စဉ်းစား လိုက် တော့မှ ဪ ဒုက္ခချုပ်ရာ နိဗ္ဗာန်ပါလား။(မှန်ပါ့ ဘုရား)။

ဘယ့်နှယ် ဆိုကြမယ်။(ဒုက္ခချုပ်ရာ နိဗ္ဗာန်ပါ)၊ ဒါဖြင့် ဒုတိယ အကွက်ဟာ နဂိုက ဘာသစ္စာနဲ့ ရှိသတုံး။ (ဒုက္ခသစ္စာနဲ့ ရှိပါတယ် ဘုရား)။

အဲဒါ ခင်ဗျားတို့က ရှုပါများ၊ ပွားပါများ၊ မလိုချင် တာများတော့ ချုပ်သွားတော့ကို ဒီအကွက်ပဲ ဆိုင်းဘုတ် ပြန်ဆွဲပါတဲ့၊ အရင်တုန်းက ဒုက္ခသစ္စာ အကွက်နော်။ (မှန်ပါ့)၊ အခု ဘာအကွက်လို့ ဆိုမတုံး။(ဒုက္ခနိရောဓော အကွက်ပါ ဘုရား)။

ဒုက္ခနိရောဓောကွက် ဖြစ်သွားတော့ကို ဘယ့်နှယ် ကြောင့် ဒီအကွက်ကို ဒုက္ခနိရောဓောကွက် ဖြစ်ပါလိမ့် မတုံးဆိုတော့ အို သူ့ဉာဏ်က ပထမဒုက္ခ တွေ့တယ်ကွ၊ နောက် ဒုက္ခမလိုချင်တော့ ဒုက္ခတွေကသူ့ ရှေ့ တွင် ချုပ်သွား တယ်။ (မှန်ပါ့ ဘုရား)။

သူ့ဉာဏ်အောက်တွင် ချုပ်သွားတယ်။ (မှန်ပါ့)၊ ချုပ်သွားတော့ ဒီအကွက်ဟာ ဘာကွက် ဖြစ်သတုံး။ (ဒုက္ခနိရောဓောကွက် ဖြစ်ပါတယ် ဘုရား)။

အဲ ဒါဖြင့် ဝိပဿနာလုပ်တဲ့ ပုဂ္ဂိုလ်များ ဒုက္ခ ရှုနေဖို့ပဲ အရေးကြီးတာပဲ။(မှန်ပါ့)၊ နောက် ဒုက္ခချုပ် သွားရင် ဒီနေရာမှာပဲ နိရောဓပေါ်လာမှာပဲ။ (မှန်ပါ့)၊ ဆိုနိုင်ပလား။ (ဆိုနိုင်ပါတယ် ဘုရား)။

သေသေချာချာ မှတ်ကြစမ်းပါ၊ ဒီဟာ အင်မတန် အရေးကြီးတဲ့ စကားပါ။ (မှန်ပါ့)၊ တရားကတော့ အထက်တန်း အင်မတန် ကျနေပြီလို့ မှတ်ပါ။ (မှန်ပါ့)၊ အထက်တန်းကတော့ လမ်းကုန် နေပြီ- (မှန်ပါ့)၊ ဒီထက် သွားစရာ ရှိသေးရဲ့လား။ (မရှိပါ ဘုရား)။

အဲဒီတော့ အခု အောက်တန်းစ, ဟောတာကဖြင့် ဪ ဒုတိယ အကွက်ဟာဖြင့် ဒုက္ခသစ္စာ ကွက်ပဲလို့ သိဖို့ပဲ။(မှန်ပါ့)၊ အဲဒါကို ဒုက္ခ သစ္စာကွက်ပဲလို့ သိဖို့ ရာက ဒီအကွက်သည် စာအုပ်ထဲမှာ ရှိတဲ့ အကွက်လား ခန္ဓာတစ်ခုလုံးလား။ (ခန္ဓာ တစ်ခုလုံးပါ ဘုရား)။

အဲ ခန္ဓာကိုရှု (မှန်ပါ့)၊ ခန္ဓာထဲက ဝေဒနာ ကြိုက် ဝေဒနာရှု၊ စိတ်ကြိုက် စိတ်ရှု၊ ရုပ်ကြိုက် ရုပ်ရှု ပေါ့ ဗျာ (မှန်ပါ့ ဘုရား)။

ရှုလိုက်တဲ့ အခါကျတော့ ဒုက္ခသစ္စာကွက်နဲ့ ဉာဏ်နဲ့ တည့်နေတယ်။ (မှန်ပါ့)၊ မတည့် ပေဘူးလား။ (တည့်နေပါတယ် ဘုရား)။

ဒုက္ခသစ္စာကွက်နဲ့ (ဉာဏ်နဲ့ တည့်နေပါတယ်)၊ ဉာဏ်နဲ့တည့်ပြီး သကာလ နေတော့ ဪ ဒုက္ခသစ္စာ၊ ဪ ဒုက္ခသစ္စာလို့ မဂ္ဂသစ္စာနဲ့ ပွားများပြီးနေရမယ်။ (မှန်ပါ့ ဘုရား)။

ပွားများပြီးနေတဲ့ အခါကျတော့မှ ဒီဒုက္ခတွေ သေသေချာချာ သိလာတော့ မသိခင်တုန်းက ပျော်သလို ပါးသလိုနဲ့ နော်။ (မှန်ပါ့)၊ နောက် ဒုက္ခ အကြီးအကျယ် သိလာတော့ စွန့်ချင်တဲ့ ဉာဏ်ရှုရင်း မတ္တနဲ့ မလာ ဘူးလား။ (လာပါတယ် ဘုရား)၊ လာတယ်၊ လာတော့ အထမြောက်အောင် လာတော့ကို ဒီဒုက္ခတွေ ဘာဖြစ်သွားမယ် ထင်သတုံး။ (ချုပ်သွားမှာပါ ဘုရား)။

ချုပ်သွားတော့ ဒီအကွက်ကို ဦးမြမောင်က ဆိုင်း ဘုတ်ဆွဲ (ဒုက္ခနိရောဓောပါ ဘုရား)၊ ဒုက္ခနိရောဓဆွဲ (မှန်ပါ)။

ဦးကျော်မောင် (မှန်ပါ့)၊ နောက်က ဒကာ ဒကာမတွေ ၂-နံပါတ်ကွက် ဘာကွက် ဖြစ်သွားသတဲ့။ (ဒုက္ခနိရောဓကွက် ဖြစ်ပါတယ် ဘုရား)။

ဒုက္ခနိရောဓကွက် ဖြစ်သွားတယ် ဆိုတော့ ဘယ်လို ပုဂ္ဂိုလ်မျိုးမှ ဒုက္ခနိရောဓကွက်ကို အမည်နာမ ပြောင်းသွားပါ လိမ့်မတုံး ဆိုတော့ ဒုက္ခမှန်း သိတဲ့ ပုဂ္ဂိုလ်မှ ဒုက္ခ နိရောဓကွက် ဖြစ်နိုင်တယ်။ (မှန်ပါ့)၊ ဒုက္ခမှန်း မသိနိုင်တဲ့ ပုဂ္ဂိုလ်ဟာ (မဖြစ်နိုင်ပါ ဘုရား)။

ဦးအောင်ဇံဝေ ဒါ ဓမ္မတွေလဲ ပြောရလိမ့်မယ် နော်။ (မှန်ပါ့)၊ ဒီအကွက်ကို ဖြစ်ပျက်ရှု ရမှာကိုးဗျ။ (မှန်ပါ့)၊ ဒီအကွက်တွေလဲ တစ်ခုခု ဖြစ်ပျက်ရှု ရမှာ။ (မှန်ပါ့)။

ကဲ နေရာကျပလား။ (ကျပါပြီ)၊ အဲဒီတော့ ခုနင်က ယမက ပြန်ဆက်ကြစို့တဲ့၊ ယမက ပြန်ဆက်တော့ ယမက,က ရဟန္တာ သေရင် ဘာမှ မဖြစ်တော့ဘူး၊ ပြတ်သွားတာပဲ ဆိုတော့ ဥစ္ဆေဒဒိဋ္ဌိ ယူထားတယ်။ (မှန်ပါ့)။

ခင်ဗျားတို့က ဒီအကွက် ချုပ်သွားတော့ကို ဪ ဒုက္ခသာ ချုပ်သွားတာ၊ ဒုက္ခနိရောဓ အကွက်သာ ဖြစ်သွားတာ၊ ဒုက္ခချုပ်တဲ့ အကွက်သာ ဆိုရမယ်၊ မရှိဘူးလို့ ဆိုလို့ မရဘူး။ (မှန်လှပါ ဘုရား)။

ယမက,ကတော့ ဒီအကွက် ဘယ့်နှယ် ဆိုထားတယ်။ (မရှိဘူးလို့ ဆိုထားပါတယ်)၊ ခင်ဗျားတို့ က ဘယ့်နှယ် ဆိုမယ်။(ဒုက္ခ ချုပ်သွားတာ ဆိုရပါမယ် ဘုရား)။

ဒုက္ခချုပ်သွားတဲ့ သဘောတော့ရှိတယ်။ (မှန်ပါ့)၊ မဆိုနိုင်ဘူးလား။ (ဆိုနိုင်ပါတယ် ဘုရား)၊ ခင်ဗျားတို့က အရှိသဘော (မှန်ပါ့)၊ ယမက,က (မရှိသဘောပါ ဘုရား)။

မရှိသဘော ဆိုတော့ ကွာသွားပါပေါ့လား၊ ဒါ တို့က နိဗ္ဗာန်သိလို့ ယမက,က နိဗ္ဗာန်မသိလို့ ဥစ္ဆေဒ ဒိဋ္ဌိ ဖြစ်တာပါလား။ (မှန်ပါ့)။

ခင်ဗျားတို့ က နိဗ္ဗာန်သိလို့ ဥစ္ဆေဒဒိဋ္ဌိ ကွာသွား ပါလားဆိုတာ ပေါ်လာတယ်။ (မှန်ပါ့)၊ မပေါ်လာ ဘူးလား။ (ပေါ်လာပါတယ် ဘုရား)။

ဒါ အခုနင်က အကွက်ကလေး ရှင်းထားလို့ဗျ။ (မှန်ပါ့)၊ ရှင်းထား လိုက်တော့မှ ယမက ဇာတ်ထုပ်နဲ့ ဟပ်ပြီး ဟောလိုက်တော့ ဦးဘသန်း ပေါ်လာတယ်။ (မှန်ပါ့)၊ မပေါ်လာဘူးလား။ (ပေါ်လာပါတယ် ဘုရား)။

ယမက, ကတော့ ဒါကို ရဟန္တာ သေရင် ဘာမှ မဖြစ်တော့ဘူး ဆိုတော့ ရဟန္တာ အသာထား ပါတော့ ဒီခန္ဓာငါးပါး ချုပ်သွားပြီး ဘာမှ မဖြစ်တော့ဘူး ဆိုတော့ ဒီမှာ ဟာလာ ဟင်းလင်းကြီး သူ ယူတယ်။ (မှန်ပါ့)။

ကျုပ်တို့က ဒီလိုမယူဘူး၊ ဒီ ဒုက္ခတွေ ချုပ်သွားတဲ့ သဘောသာ (မှန်ပါ့)၊ မဟုတ်ဘူးလား၊ ဒီဒုက္ခတွေသာ မရှိတဲ့ သဘော၊ သုခရှိတဲ့ သဘော ကျုပ်တို့က ယူတယ်။ (မှန်ပါ့)။ မယူဘူးလား။ (ယူပါတယ် ဘုရား)။

ကျုပ်တို့က ဒုက္ခသာ ချုပ်သွားတဲ့ သဘော၊ သုခက ပေါ်လာတဲ့ သဘော၊ ကျုပ်တို့က နှစ်မျိုး ယူတယ်။ (မှန်ပါ့)၊

ဒုက္ခကတော့ (ချုပ်သွားပါတယ် ဘုရား)၊ ဒီနေရာ အစားထိုးတာတော့ (သုခ ထိုးပါတယ် ဘုရား)၊ နို့ ကျုပ်တို့က ပြတ်သေးရဲ့လား။ (မပြတ်ပါ ဘုရား)။

သူကတော့ ဒုက္ခ ချုပ်သွားပြီး ဘာမှ မဖြစ်တော့ဘူး ဆိုတော့ သုခ မပေါ်လာတော့ဘူး ပြောတာ။(မှန်ပါ့)၊ သူက ဘာဒိဋ္ဌိတုံး။ (ဥစ္ဆေဒဒိဋ္ဌိပါ ဘုရား)။

ခင်ဗျားတို့က ယနေ့ နာရီဝက် ကျော်ကျော် တရား နာရတဲ့အတွက် သြော် တို့ ဥစ္ဆေဒဒိဋ္ဌိ မရှိဘူး။ (မှန်ပါ့)၊ ဒီဒုက္ခချုပ်၊ ဒီနေရာမှာ ဒုက္ခသာ ချုပ်သွားတယ်။ သုခနိဗ္ဗာန် ပေါ်လာတာပဲ။ (မှန်ပါ့)။

ဒုတိယကွက်မှာ ဒုက္ခသာ ချုပ်သွားတယ်၊ ဘာပေါ် သတုံး။ (သုခနိဗ္ဗာန် ပေါ်ပါတယ် ဘုရား)၊ သုခနိဗ္ဗာန် ပေါ်တယ်ဆိုတာ မသေချာဘူးလား။ (သေချာပါတယ် ဘုရား)။

ဒါဖြင့် ယမကနဲ့ ခင်ဗျားတို့နဲ့ အင်မတန် ကွာခြား တယ်။ (မှန်ပါ့)၊ မကွာဘူးလား။ (ကွာပါတယ် ဘုရား)၊ သူက ဘာဒိဋ္ဌိ ယူလိုက်သတုံး။ (ဥစ္ဆေဒဒိဋ္ဌိ ယူထား ပါတယ်)၊ ခင်ဗျားတို့က ဥစ္ဆေဒဒိဋ္ဌိ လွတ်တယ်။ (မှန်ပါ့)။

ဪ ဒုက္ခရှုလို့ ဒုက္ခတွေ ဆုံးသွားလို့ ရှိရင်၊ ဒုက္ခတွေ မရှိလို့ ရှိရင် ဒီနေရာမှာ ဒုက္ခနိရောဓ နိဗ္ဗာန် ပေါ်တာပဲကိုး။ (မှန်ပါ့)၊ မဆိုနိုင်ဘူးလား။ (ဆိုနိုင် ပါတယ် ဘုရား)၊ ဒုက္ခနိရောဓ နိဗ္ဗာန် မပေါ်ဘူးလား။ (ပေါ်ပါတယ် ဘုရား)၊ သဘောပါကြပလား။ (ပါ- ပါတယ် ဘုရား)။

ကောင်းပြီ ဒါ ယမကထက် ခင်ဗျားတို့ ထူးခြား တာ ပေါ်နေပြီနော်။ (ပေါ်ပါပြီ ဘုရား)၊ ကဲ ဥစ္ဆေဒ ဒိဋ္ဌိ ရှိသေးလား ခင်ဗျားတို့ (မရှိပါ ဘုရား)၊ ဒုက္ခချုပ် သွားရင် ဒီနေရာ ဘာပေါ်မယ်။ (သုခနိဗ္ဗာန် ပေါ်ပါမယ် ဘုရား)။

သုခနိဗ္ဗာန် ပေါ်မယ်၊ဒါ သူနဂိုတုန်းက ဒုက္ခသစ္စာကိုး ဗျ။ (မှန်ပါ့)၊ ဒါတွေမှ မရှိတော့ဘူး ဆိုတော့ ဒုက္ခ မရှိတဲ့ သဘောနဲ့ ကျုပ်တို့ နေရုံပဲ။ (မှန်ပါ့)၊ မဆို နိုင်ဘူးလား။ (ဆိုနိုင်ပါတယ် ဘုရား)။

ကောင်းပြီ ဒီလို ရှင်းထားတော့ ယမက,က ဘုရား ဟောတော်မူတာ သူ သိပါပြီ၊ ရဟန္တာ သေရင် ဘာမှ မဖြစ်တော့ဘူးလို့ ဥစ္ဆေဒဒိဋ္ဌိ ယူလိုက်တယ်။ (မှန်ပါ့)။

ယူလိုက်တော့ ရဟန်းတွေက မင်း ဒီအယူ မယူ နဲ့ကွ၊ ဒီအယူဟာ မဟုတ်ပါဘူး၊ ဘုရားလဲ ဒီလို မဟောပါဘူး၊ ဒုက္ခချုပ် သုခပေါ်တယ်လို့သာ ဟောပါတယ်။ (မှန်ပါ့)။

ဟာ.. မဟုတ်ဘူး။ (မှန်ပါ့ ဘုရား)၊ ရဟန္တာ သေရင် သေပြီးသည်၏ အခြားမဲ့၌ ဘာမှ မဖြစ်တော့ ဘူးဆိုတော့ တစ်ခါတည်း ရဟန္တာလဲ ယူလိုက်သေးတယ်။ ဥစ္ဆေဒဒိဋ္ဌိ ယူလိုက်သေးတယ် ဆိုတော့ အင်မတန် ဆိုးရွားတဲ့ အဓိပ္ပာယ် မရောက်ဘူးလား။ (ရောက်ပါတယ် ဘုရား)။

ကောင်းပြီး ဒါနဲ့ ရဟန်းတွေက သူတို့ ဟောလို့ ပြောလို့ ယမကကို မနိုင်တော့ဘူး။ (မှန်ပါ့)၊ မနိုင်တော့ ရှင်သာရိပုတ္တရာကို သွားလျှောက်ကြတယ်။ အရှင်ဘုရား ယမကတော့ ဒီလို မိစ္ဆာအယူ ယူနေပြီ၊ အဲဒါ အရှင်ဘုရား ချီးမြှောက် ထောက်ပံ့ဦးမှ တော်မယ် ဆိုတော့ ရှင်သာရိပုတ္တရာကြီးက အေးကွာ ကဲ ငါ ကယ်တင် ပါမယ်၊ တာဝန်ခံ လိုက်တယ်။ (မှန်လှပါ ဘုရား)။

ညနေကျတော့ ရင်သာရိပုတ္တရာက သင်းပိုင် ကလေး ပြင်ဆင် ဝတ်ပြီး သကာလ ယမကနေတဲ့ ကျောင်းသွားတယ်၊ ယမက နေတဲ့ ကျောင်းသွားပြီး သကာလ ဟေ့ ယမက မင်းရဟန္တာ သေရင် ဘာမှ မဖြစ်ဘူး၊ ဘုရား ဟောတော်မူတာ ငါ သိပါတယ်။ ရဟန္တာ သေရင် ဘာမှမဖြစ်ဘူးလို့ မင်း ယူထားတဲ့ အယူ ဟာ မင်း ဟုတ်ပါသလားတဲ့၊ ဟုတ်ပါတယ် ဘုရား၊ သူက ဥစ္ဆေဒဒိဋ္ဌိပဲ၊ ရဟန္တာသေရင် ဘာမှ မဖြစ်ဘူး။ (မှန်လှပါ ဘုရား)။

ဒါနဲ့ ဘာမှ မဖြစ်ဘူးလို့ မင်းက ဒီအတိုင်း ယူထား တော့ကွာတဲ့ ဒါဖြင့် ဟိုရဟန်းတွေက လျှောက်တင်တဲ့ အတိုင်း ရှင်သာရိပုတ္တရာကလဲ ကိုယ်တိုင် လာမေးတော့ မောင်သစ် တစ်တန်းတည်း မနေဘူးလား။ (နေပါ တယ် ဘုရား)။

ဘုရား ဟောတော်မူတာ သူ သိပါရဲ့၊ ရဟန္တာသေ – ရင် ဘာမှ မဖြစ်ဘူးဆိုတော့ သူ ဥစ္ဆေဒဒိဋ္ဌိ ယူထားတော့ကို ရဟန္တာကစ,ပြီး ဖြစ်ရမယ်၊ သူမှာ (မှန်ပါ့ ဘုရား)။

ရှင်သာရိပုတ္တရာက ဟေ့ ယမက၊ ခန္ဓာ ဘယ်နှစ် ပါး ရှိသတုံးကွ၊ ငါးပါး ရှိပါတယ်ဘုရား တဲ့၊ အဲဒီ ငါးပါး ရှိတော့ကွာ၊ ကဲ သတိပဋ္ဌာန် လေးပါးနဲ့ပဲ တစ်ခုခု နဲ့ ရှုတော့၊ ကဲ ရုပ်တရားကလေး လက်ကိုင် ထားပါဦး၊ ရုပ်တရား ကလေးဟာ အနိစ္စလား၊ နိစ္စလား မေ၊တော့ ခင်ဗျားတို့ ဘယ့်နှယ် ဖြေမလဲ။ (အနိစ္စပါ ဘုရား)။

အဲဒီ အနိစ္စ ဖြစ်တဲ့တရား၊ ဒုက္ခလား၊ သုခလား မေးရင် (ဒုက္ခပါ)၊ ရဟန္တာ ပျောက်အောင် လုပ်နေ တာ။ (မှန်ပါ့ ဘုရား)၊ မောင်သစ် ဘာလုပ် နေတာ လဲ။ (ရဟန္တာ ပျောက်အောင် လုပ်နေတာပါ ဘုရား)။

အဲဒီ အနိစ္စ, ဒုက္ခဖြစ်တဲ့ တရားဟာ ငါ့ကိုယ်, ငါ့ဟာ, ငါ,ဥစ္စာလို့ ဆိုနိုင်ရဲ့လား။ (မဆိုနိုင်ပါ)၊ ရဟန္တာ ပျောက်သွားပြီ။ (မှန်ပါ့ ဘုရား)။

ဝေဒနာ တရားကလေးဟာ အနိစ္စလား၊ နိစ္စလား မေးတော့ကော။ (အနိစ္စပါ)၊ အဲဒီ အနိစ္စ ဖြစ်တဲ့ တရားဟာ ဒုက္ခလား၊ သုခလာ မေးရင် (ဒုက္ခပါ)၊ အဲဒီ – အနိစ္စ, ဒုက္ခ ဖြစ်တဲ့ တရားကို ငါ့ ကိုယ်, ငါ့ဟာ, ငါ့ဥစ္စာ ဆိုနိုင်ရဲ့လား။ (မဆိုနိုင်ပါ)၊ ဒါဖြင့် အနတ္တပေါ့။ (မှန်ပါ့ ဘုရား)။

ဒီလိုချည် ခန္ဓာငါးပါး မေးလိုက်တယ်၊ ခန္ဓာငါးပါး မေးပြီး သကာလ မင်းကွာ တဲ့၊ ဒီလိုဆိုလို့ ရှိရင်၊ ဒီ အတိုင်း ရှုလို့ ရှိရင် မင်းဟာ အနိစ္စ, ဒုက္ခ, အနတ္တ ရှုနေရင် ကြာတော့ မုန်းလာပါလိမ့်မယ်တဲ့။ (မှန်ပါ့)၊ ရှုကွာ၊ ရှေ့တွင်ပေါ့ဗျာ။ (မှန်ပါ့)၊ ဟောလဲဟော၊ ရှုလဲ အရှုခိုင်း၊ ဒီတော့ မုန်းလာပြီး သူ ဖျတ်ဆို ဒီဒုက္ခတွေ ဆုံးသွားတယ်။ (မှန်ပါ့ ဘုရား)။

ဟောရင်းမတ္တနဲ့ ခန္ဓာကိုယ် ကြည့်ပြီး ရှုလိုက်တော့ ဦးကျော်မောင် ဆုံးသွားတယ်။ (မှန်ပါ့)၊ ဆုံးသွားတော့ သောတာပန် တည်သွားပြီ။ (မှန်ပါ့ ဘုရား)။

ဒါကြောင့် ခင်ဗျားတို့ပဲ ဒီဥစ္စာ ဆုံးအောင်လိုက်လို့ ရှိရင်ဖြင့် ဖြစ်ပျက်မြင်ဖို့ ဒုတိယအကွက် ဖြစ်ပျက် မြင်အောင် ရှုပါ (မှန်ပါ့)၊ ဖြစ်ပျက်ဆိုတာ အနိစ္စ, ဒုက္ခ, အနတ္တ သုံးခုပေါင်းထားတယ်။ (မှန်ပါ့)၊ ၎င်းဖြစ်ပျက် မုန်းအောင် လုပ်ပါ၊ မုန်းအောင် လုပ်ပါ ဆိုတော့မှ ရှုပါများရင် မုန်းရမှာပဲ။ (မှန်ပါ့)၊ ၎င်းဖြစ်ပျက်ကို ဒုက္ခသစ္စာလို့ သိပြီး မုန်းအောင် ကြိုးစားလိုက်ပါ၊ သောတာပန် ချက်ချင်း တည်ပါတယ်။ (မှန်ပါ့ ဘုရား)။

အဲဒီမှာ ယမကမှာ ဒီအတိုင်း မေးပြီး အနိစ္စ, ဒုက္ခ, အနတ္တတွေနဲ့ ခန္ဓာကိုယ် မေးတဲ့ပြီး ခန္ဓာကိုယ် မုန်းအောင် ရှု၊ နောက်ကျတော့ သူ မလိုချင်တဲ့ ဉာဏ်နဲ့ ဒုတိယ ကွက် ဆုံးသွားတယ်။ (မှန်ပါ့)၊ ခန္ဓာကြီး ဆုံးသွားတယ်။ (မှန်ပါ့)၊ ဆုံးသွားပြီ၊ ရှင်သာရိ ပုတ္တရာက သိပြီ၊ ငါ့လူ သောတာပန် တည်ပြီတဲ့။ (မှန်ပါ့ ဘုရား)။

ငါ့လူ သောတာပန် တည်ပြီလို့ သိတော့ကို၊ အဲဒီ တော့ သူ သောတာပန် တည်ပြီလို့ ရှင်သာရိပုတ္တရာ သိတာ၊ အသာကလေး ခဏချိတ်ထားပါ၊ ခင်ဗျာ တို့ ဒီအတိုင်း လုပ်လဲ တည်ရမှာပဲ။ (မှန်ပါ့ ဘုရား)။

ဒီဥစ္စာ ဖြစ်ပျက်-ဖြစ်ပျက်နဲ့ သာ ရှုနေ၊ ရှုပါများ ရင် ဘာဖြစ်လာမယ် ထင်သတုံး။ (ဖြစ်ပျက် မုန်းလာ ပါတယ်)၊ မုန်းပါများရင် ဘာဖြစ်မယ်ထင်သတုံး။ (ဆုံးသွားပါမယ်)၊ ဆုံးသွားလို့ ရှိရင်ဖြင့် ဘာတွေ ဆုံးသွားတာတုံး မေးရင် ဘယ့်နှယ် ဖြေမယ်။ (ဒုက္ခတွေ ဆုံးတာပါ ဘုရား)။

ဒုက္ခတွေ ဆုံးတော့ နဂိုက ဒုက္ခတွေရှိတယ်၊ အခု တော့ ဒုက္ခနိရောဓ ဖြစ်သွားပြီ။ (မှန်ပါ့ ဘုရား)။

ဒုက္ခ ရှိတုန်းက ဒုက္ခပေါ့။ (မှန်ပါ့)၊ ဒုက္ခ ရှိတုန်းက ဒုက္ခသစ္စာ။ (မှန်ပါ့)၊ ဒုက္ခ မရှိတော့ ဒုက္ခ နိရောဓသစ္စာ။ (မှန်ပါ့)၊ ပေါ်ကြပလား။ (ပေါ်ပါပြီ ဘုရား)။

ဒုက္ခရှိတုန်းက (ဒုက္ခသစ္စာပါ)၊ ဒုက္ခမရှိတော့ (ဒုက္ခနိရောဓသစ္စာပါ ဘုရား)။

ဒီအကွက်တွင် ပြောင်းရမယ်၊ ဒုတိယ အကွက်တွင် ပြောင်းရမယ်။ (မှန်ပါ့)၊ နိဗ္ဗာန် တခြား ရှာမနေနဲ့။ (မှန်ပါ့)၊ အင်မတန် အဖိုးတန်တဲ့ စကားနော်။ (မှန်ပါ့ ဘုရား)။

နိဗ္ဗာန် တခြား ရှာမနေနဲ့၊ ဒုတိယ အကွက်ကို ဒုက္ခ ဖြစ်အောင်၊ ကိုယ်တိုင် သိအောင်လုပ်။ (မှန်ပါ့)၊ သူကတော့ ဖြစ်နေတာပဲ၊ ကိုယ့်ဉာဏ်က မဖြစ်မှာစိုးလို့ ပြော နေတာ။ (မှန်ပါ့ဘုရာ)။

အဲဒီတော့ ခင်ဗျားတို့က ကိုယ့်ဉာဏ်က ဖြစ်သွား တဲ့အခါကျတော့ ဒီဒုက္ခတွေ အကုန် ချုပ်သွားရင် ဒီအကွက်ဟာ ဘာကွက်ဖြစ်မလဲ။ (ဒုက္ခနိရောဓ ကွက်ပါ)၊ နဂိုက ဘာကွက်တုံး။ (ဒုက္ခသစ္စာ ကွက်ပါ)၊ ဒုက္ခသစ္စာ ကွက်၊ နောက်ကျတော့ နာမည် ပေးလိုက် စမ်း။ (ဒုက္ခ နိရောဓ သစ္စာပါ ဘုရား)။

အဲ ဒီ အကွက်ပဲ၊ ဒါ ဒီအကွက်တွင် ရှုရုံပဲ။ (မှန်)၊ ရှုရင်း မတ္တနဲ့ ဒုက္ခသစ္စာကွက်က ဒုက္ခနိရောဓ သစ္စာကွက်ဖြစ်မယ်။ (မှန်ပါ့ ဘုရား)။

ဒုက္ခသစ္စာကွက်က ဘာဖြစ်မယ် (ဒုက္ခနိရောဓ သစ္စာကွက် ဖြစ်ပါမယ်)၊ ရွှေ့ရဦးမှာလား။ (မရွှေ့ ရပါ)၊ မတွေ့ရဘူး၊ တစ်ထိုင်တည်းနဲ့ ရမယ် (မှန်ပါ့)၊ ကဲ ဦးမြမောင် ကျေနပ်ပလား။ (ကျေနပ်ပါပြီ ဘုရား)။

နိဗ္ဗာန်ဟာ ဟို ဘုရားဖူး၊ ဒီဘုရားဖူးပြီး တောင် ကြီးတွေ တက်ပြီးတော့ ဘုရားရှာဖူးနေရတာ မဟုတ် ပါဘူး (မှန်ပါ့)၊ ဟုတ်သေးရဲ့ လား။ (မဟုတ်ပါ ဘုရား)။

မဟုတ်ပါဘူးတဲ့၊ ဒီဥစ္စာဟာ၊ ဒီဒုတိယ ကွက်ဟာ ဒုက္ခသစ္စာဖွဲ့ လို့ ပြီးရမယ်။ (မှန်ပါ့)၊ ခန္ဓာကြီး ဟာလေ။ (မှန်ပါ့)၊ အကွက်ထဲမှာပဲ ဒုက္ခသစ္စာ ချုပ်အောင် လုပ်ရမယ်။ (မှန်ပါ့)၊ ဒီအကွက် ဒုက္ခသစ္စာ ချုပ်တော့ ဒုက္ခနိရောဓသစ္စာဖြစ်ရမယ်။ (မှန်ပါ့ဘုရာ )။

ဒါဖြင့် ဒုက္ခသစ္စာက ဒုက္ခနိရောဓသစ္စာ, ဖြစ်အောင် ရှုနိုင်လို့ ရှိရင် နိဗ္ဗာန် ရောက်တာပဲ။ (မှန်ပါ့)၊ ဘယ့်နှယ် ဆိုကြမယ်။ (ဒုက္ခသစ္စာကွက်က ဒုက္ခနိရောဓသစ္စာ ကွက် ဖြစ်အောင် ရှုနိုင်ရင် နိဗ္ဗာန် ရောက်ပါမယ် ဘုရား)။

ဒါ နိဗ္ဗာန် တွေ့တာပဲ၊ ရောက်တာပဲ။ (မှန်ပါ ဘုရား)၊ ရှင်းကြပလား။ (ရှင်းပါပြီ)၊ အင်မတန် ကောင်း တဲ့စကား။ (မှန်ပါ့)၊ နေရာ ရွှေ့ ရသေးရဲ့ လား။ (မရွှေ့ ရပါ)၊ မ ရွှေ့ရပါဘူး။

ကဲ ဒါဖြင့် ရှင်းပါပြီတဲ့၊ ရှင်သာရိပုတ္တရာ ဒီလို ဟောလိုက်တော့ ဒီအကွက်ကို ဒုက္ခနိရောဓ သစ္စာကွက် ဖြစ်အောင် ဟောလိုက်တော့ ယမကဟာ သောတာပန် တည်တယ်။ (မှန်ပါ ဘုရား)။

ဒါနဲ့ ယမကကို သူကမေးပြန်တာပေါ့လေ၊ ဟေ့ ယမက မင်းရှုနေတဲ့ ရုပ်ဖြစ်ပျက်ကို ရဟန္တာ ခေါ်မလားလို့ မေးပြန်တယ်။ (မှန်ပါ့)၊ ဟာ မခေါ်ပါဘုရား။ ဒီကျတော့ ပြောင်းပြန် ဖြစ်သွားပြီ။ (မှန်ပါ့ ဘုရား)။

ရုပ်ကို ရဟန္တာ ခေါ်မလားလို့ ဆိုတော့ မခေါ်နိုင် ပါဘုရားတဲ့၊ ဝေဒနာကာကွ၊ ဝေဒနာလဲ မခေါ်ပါဘူး တဲ့၊ သညာ,သင်္ခါရ ဝိညာဏ ကော၊ သူတို့လဲ မခေါ်နိုင်ပါဘုရား တဲ့။

နို ရဟန္တာမှ မရှိဘဲ။ (မှန်ပါ့)၊ ရှိရဲ့ လား။ (မရှိပါ)၊ မရှိပါဘူး တဲ့၊ ဒါဖြင့် ကွာနေတဲ့ ခန္ဓာငါးပါး အပေါ်၌ ခေါ်မလားတဲ့ ခန္ဓာငါးပါး ဆိုကတည်းက ခေါ်စရာ ရှိသေးရဲ့ လား။ (မရှိပါ)၊ ခန္ဓာငါးပါးပဲ ရှိမှာ ပဲ။ (မှန်ပါ့ ဘုရား)။

ဒါဖြင့် ရုပ်တရား ကြဉ်ပြီး သကာလ ရဟန္တာရှိသေး သလားလို့ မေးပြန်တယ်၊ ဘယ့်နှယ် ဖြေကြမလဲ။ (မရှိပါ ဘုရား)၊ ဝေဒနာကြဉ်ပြီး သကာလ ကျန်တာ ရဟန္တာလို့ ဆိုနိုင်ကြမလား။ (မဆိုနိုင်ပါ ဘုရား)၊ ဒါဖြင့် ရုပ်, ဝေဒနာ သညာ, သင်္ခါရ, ဝိညာဏ် ငါးပါး ပေါင်းထားတာကို ရဟန္တာ ဆိုမလားကွ၊ ဘယ့်နှယ်ဖြေကြမလဲ။ (မဆိုနိုင်ပါ ဘုရား)၊ ဒီလိုလဲ မဆိုနိုင်ဘူး။

ဒါဖြင့် ရုပ် မဟုတ်တာ၊ ဝေဒနာ မဟုတ်တာ၊ သညာ မဟုတ်တာ၊ သင်္ခါရ မဟုတ်တာ၊ ဝိညာဏ် မဟုတ်တာ၊ ခန္ဓာငါးပါး မဟုတ်တာ ရဟန္တာ ခေါ်မလား မေးပြန်တော့ (မခေါ်နိုင်ပါ ဘုရား)။

ဒါဖြင့် မင်းဟာ ဘယ်ဟာ ရဟန္တာ ခေါ်တာတုံး၊ ရဟန္တာမှ မရှိဘဲနဲ့၊ ရဟန္တာ သေရင် ပြတ်တယ် ဆိုတဲ့ ဥစ္စာ မင်းဟာ ဘာတုံး၊ ရှင်သာရိပုတ္တရာက တရားသူကြီးက စစ်တာပေါ့။ (မှန်ပါ့)။

တပည့်တော်ဘုရား တဲ့၊ နဂိုက ဥစ္ဆေဒဒိဋ္ဌိ ရှိနေ တုန်းက ပြောဆိုတဲ့ စကားတွေပါ။ (မှန်ပါ)၊ အခုတော့ အရှင်ဘုရားက ရုပ်ဟာ အနိစ္စလား နိစ္စလား မေးတော့ တပည့်တော်က အနိစ္စ မြင်တော့ အနိစ္စပါ ဘုရား၊ အဲဒီအနိစ္စ ဖြစ်တဲ့ တရားဟာ ဒုက္ခလား၊ သုခလားလို့ မေးပြန်တော့ ဒုက္ခပါဘုရား ဆိုပြီးတော့ တပည့်တော်က မြင်တဲ့ အတိုင်း ဖြေတယ်။

အဲဒီ အနိစ္စ, ဒုက္ခဖြစ်တဲ့ တရားတွေဟာ ငါ့ကိုယ်, ငါ့ဟာ, ငါ့ဥစ္စာ ဆိုနိုင်ရဲ့လားလို့ မေးတော့ တပည့်တော် က မဆိုနိုင်ပါဘူး ဆိုတော့၊ မဆိုနိုင်တဲ့ ဉာဏ်ရောက် လာတော့ အရှင်ဘုရားတည်း ဟူသော ဆရာကောင်း၊ မိတ်ဆွေကောင်းနဲ့ တွေ့ရတဲ့အတွက် တဲ့၊ တပည့်တော်မှာ ရဟန္တသေရင် ဘာမှ မဖြစ်တော့ဘူး ဆိုတဲ့ ဥစ္ဆေဒ ဒိဋ္ဌိ အယူမရှိ ပါဘူးတဲ့။ (မှန်ပါ့)။

အဖြေ ထုတ်လိုက်ပြီ။ (မှန်ပါ့)၊ မောင်သစ် အဖြေ ထုတ်လိုက်ပြီ။ (မှန်ပါ့)၊ နောက်က ဒကာ ဒကာမတွေ ရဟန္တာ ရှိသေးရဲ့လား။ (မရှိပါ ဘုရား)။

ဒါနဲ့ နေပါဦးကွာ တဲ့။ ယမက မင်းကို ငါ တစ်ခု ပြောပါရစေဦး၊ မင်းက ကျော်ကျော်ကြားကြား ရူးပေမယ့်၊ ဒိဋ္ဌိရူး ရူးပေမယ့် မင်းက လူသိနတ်ကြား ရူးတာ။ (မှန်ပါ့)၊ မင်း ဒိဋ္ဌိဖြစ်နေတယ် ဆိုတာ ဟို ရဟန်းတွေလဲသိ၊ ဒီရဟန်းတွေလဲသိ၊ အဲဒီတော့ မင်း ငါ့ဆီက ပြန်သွားတဲ့ အခါ ဟို ရဟန်းတွေက ရဟန္တာ သေရင် ဘယ်သွားသတုံးလို့ မေးဦးမှာကွ မင်းကို (မှန်ပါ့ ဘုရား)။

ရဟန္တာ သေရင် ဘယ်သွား သတုံး၊ ပြတ်သွား သလား ဘာမှ မဖြစ်တော့ဘူးလား ဆိုတာ မင်းကို မေးဦး မှာကွ တဲ့၊ ဟို ရဟန်းတွေက မေးရင် မင်း ဘယ့်နှယ် ဖြေမတုံး တဲ့ ဆိုတော့ သူ နိဗ္ဗာန် ဖြေလိမ့်မယ်။ သိလား။ (မှန်ပါ့)။

အားလုံး ဒကာ ဒကာမတွေ ဘာမှာတုံး။ (နိဗ္ဗာန် ဖြေမှာပါ ဘုရား)၊ နိဗ္ဗာန် ဖြေလိမ့်မယ် ဆိုတော့ ကဲ ကွာ တဲ့၊ မင်းကို ရဟန္တာ သေရင် ဘယ်သွားတဲ့ လို့ မေးလို့ ရှိရင် မင်း ဘယ့်နှယ် ဖြေမတုံး မေးတော့ တပည့်တော်ကတော့ ခန္ဓာငါးပါး ရှိတာ ဖြေပြီးသား ဖြစ်နေတော့ ခန္ဓာငါးပါးဟာ အနိစ္စတရား ပဲ။ (မှန်လှ ပါ ဘုရား)၊ ၎င်း အနိစ္စ တရားဟာ ဒုက္ခ အစစ်ပဲ၊ ဒုက္ခမြင်သွားပြီ။ (မှန်ပါ့)။

ဒုတိယ အကွက်မှာ အနိစ္စ အစစ်တွေ မရှိလား။ (ရှိပါတယ် ဘုရား)၊ အဲဒီ အနိစ္စ တရားဟာ ဒုက္ခလား၊ သုခလား။ (ဒုက္ခပါ ဘုရား)။

အဲဒီ ဒုက္ခတွေ ချုပ်သွားပြီ၊ ဆုံးသွားပြီလို့ ဒုတိယ အကွက် တပည့်တော်ဆိုမယ် (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါပြီ)။

အနိစ္စဖြစ်တဲ့ ဒုတိယအကွက်။ (မှန်ပါ့)၊ အဲဒါ ဒုက္ခအကွက်ကော မဖြစ်နိုင်ဘူးလား။ (ဖြစ်နိုင်ပါတယ် ဘုရား)။

အဲဒီအနိစ္စ၊ အဲဒီ ဒုက္ခတွေ ကုန်သွားပြီးဆုံးသွား လို့ တပည့်တော် ရဟန္တာ သေရင် ဒုက္ခဆုံး သွားပြီး လို့ ဖြေမယ်။ (မှန်လှပါ ဘုရား)။

ခင်ဗျားတို့ကော နိဗ္ဗာန်ပေါ်ပလား။ (ပေါ်ပါပြီ)၊ နိဗ္ဗာန်ဆိုတာ ဘာပါလိမ့် (ဒုက္ခဆုံး သွားတာပါ ဘုရား)၊ အဲ မင်းကို ဘေးက ရဟန်းတွေက မင်းက လူသိ နတ်ကြား ဒိဋ္ဌိရူးထားတဲ့ ပုဂ္ဂိုလ်ဖြစ်နေတော့ ရဟန္တာ သေရင် ဘယ်သွား သတုံး မေးတော့ တပည့်တော်ဟာ အကြင်တရားသည် အနိစ္စ၊ ထိုတရား သည် ဒုက္ခ၊ ထိုဒုက္ခ တရားသည် ကုန်ပြီ၊ ဆုံးသွားပြီလို့ တပည့်တော် ဖြေ မှာပဲတဲ့၊ ရဟန္တာရယ်လို့ မဖြေတော့ဘူး။ (မှန်ပါ့)၊ ရိပ်မိပလား။ (ရိပ်မိပါပြီ)။

ဒါဖြင့် နိဗ္ဗာန်ဆိုတာ ဘာပါလိမ့်မတုံး။ (ဒုက္ခ ဆုံးတာပါ)၊ ဒုက္ခဆုံးတာဟာ ဘာခေါ်ကြမယ်။ (နိဗ္ဗာန်လို့ ခေါ်ပါတယ်)၊ အဲ ဒါဖြင့် ပါဠိလို သုံးတော့ ဦးမြမောင်က သုံး၊ “ဒုက္ခနိရောဓော နိဗ္ဗာနံ”။ (မှန်ပါ့)။

ရွတ်ကြစမ်း။ (“ဒုက္ခနိရောဓော နိဗ္ဗာနံ” ပါ ဘုရား)၊ ဒုက္ခနိရောဓော= ဒုက္ခဆုံးခြင်းသည် (ဝါ) ဒုက္ခ ချုပ်ပျောက်ခြင်းသည်၊ နိဗ္ဗာနံ= နိဗ္ဗာန်မည်၏ တဲ့ (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါပြီ)။

ဒုက္ခတွေ ဆုံးသွားကြတာ ဘာခေါ်ကြမယ် (ဒုက္ခနိရောဓော နိဗ္ဗာနံပါ ဘုရား)၊ “ဒုက္ခနိရောဓော နိဗ္ဗာနံ” -လို့ ဖြေရမယ်နော်။ (မှန်ပါ့)။

ကိုင်း ဒါဖြင့် ယမကဟာ ရဟန္တာ သေရင် ပြတ် သွားတယ်ဆိုတဲ့ အယူရှိတာတောင်မှ သောတာပန်တည် တော့ ဒုက္ခဆုံးရင် နိဗ္ဗာန်ပါလို့ ဘေးက ရဟန်းတွေက မေးရင် ဖြေမှာပါပဲတဲ့၊ ရဟန္တာလဲ မရှိပါဘူးတဲ့။ (မှန်ပါ့)၊ ဒုက္ခဆုံးသွားတယ်။

ရဟန္တာသေရင် ဘယ်သွားသတုံး မေးလို့ ရှိရင် ကဲ သမုတိနယ်က မေးလို့ ရှိရင် မေးပါစေတော့၊ ၎င်း ရူပက္ခန္ဓာ ဝေဒနာတွေ သင်္ခါရတွေက အနိစ္စ၊ ၎င်းအနိစ္စ သည် ဒုက္ခပဲ၊ ၎င်းဒုက္ခတွေ ဆုံးသွားသည် မှတစ်ပါး တပည့်တော် ဖြေစရာ မရှိပါဘူးတဲ့။ (မှန်ပါ)၊ ရဟန္တာ သေလို့ ရှိရင် ဒုက္ခ ဆုံးတာပဲ။ (မှန်ပါ)၊ ပေါ်ကြ ပလား။ (ပေါ်ပါပြီ)။

အဲဒီတော့ ခင်ဗျားတို့လဲ အခု ဆရာဘုန်းကြီးဆီ နည်းခံပြီး သကာလ လုပ်နေတော့ ပထမဒုက္ခ တွေ့အောင် ရှာ။ (မှန်ပါ့)၊ ဖြစ်ပျက် တွေ့အောင်ရှု။ (မှန်ပါ့)။

ဖြစ်ပျက်တွေ့ရင် ဦးအောင်ဇံဝေ ဘာတွေ့ သတုံး၊ ဒုက္ခတွေ့တယ်။ (မှန်ပါ့)၊ ဦးမြမောင်က (ဒုက္ခတွေ့ ပါတယ် ဘုရား)၊ နောက်က ဒကာ ဒကာမတွေ။ (ဒုက္ခတွေ့ ပါတယ် ဘုရား)။

ဖြစ်ပျက်တွေ့ရင် ဒုက္ခတွေ့ပြီ နော်။ (မှန်ပါ့)၊ အဲဒီ ဒုက္ခတွေ့ရင် မပေါ့နဲ့တော့၊ ဆုံး အောင် လိုက် ကြပေတေ့၊ အင်း ဒုက္ခတွေ တွေ့နေပြီ၊ ဒုက္ခတွေ တွေ့နေပြီဆိုပြီး ဒုက္ခချည့် ရှုနေ။ (မှန်ပါ့)၊ ဒါ ဒုက္ခ သစ္စာပဲ၊ ဒါ ဒုက္ခသစ္စာပဲလို့ ရှုပေးပါ။ (မှန်ပါ့)၊ ဒါ အလုပ်သင်နေ တယ်လို့ မှတ်ပါ။ (မှန်ပါ့)။

စိတ်ကလေးကို ၁၃ ခုရှိတယ်လို့ ခင်ဗျားတို့ စာရွက်ကလေး: ဝေထားတယ်။ (မှန်ပါ့)၊ အဲဒီစိတ် ကလေးတွေဟာ ဖြစ်လိုက်, ပျက်လိုက်, ဖြစ်လိုက်, ပျက်လိုက်၊ ဘာသစ္စာတုံး။ (ဒုက္ခသစ္စာပါ ဘုရား)။

အဲ ဒုက္ခသစ္စာ ကလေးတွေကို ဒီအတိုင်းချည်း ရှု။ (မှန်ပါ့)၊ ရှုပါများလာတော့ ဦးမြမောင်တို့ ဘာ ဖြစ်လာမယ်ထင်သတုံး။ (မုန်းလာမှာပါ ဘုရား)။

ကိုယ့်အသေ ကိုယ်မုန်း လာတာပေါ့။ (မှန်ပါ့ ဘုရား)၊ ကိုယ့်စိတ်ကလေးတွေနဲ့ အသက်ရှင် နေတာ၊ ကိုယ့်စိတ်ကလေး သေတော့ ကိုယ့်ဟာကိုယ် မုန်ဆိုတဲ့ အဓိပ္ပာယ် မရောက်ဘူးလား။ (ရောက်ပါတယ် ဘုရား)။

မုန်းလာပြီး မုန်းလာတဲ့ အခါကျတော့ မုန်းရုံတင် လားတဲ့ ဒါကြီးနဲ့ မနေချင်၊ ဒါကြီးကို မရချင်ဆိုတာ လာမှာလား။ (လာမှာပါ ဘုရား)။

အဲ လာတဲ့ အခါကျတော့ အမှန်လဲ လာပါရော၊ ဒုတိယကွက်မှာရှိတဲ့ တစ်ပါးချုပ်တာနဲ့ ငါးပါးပါ သွားတယ်။ (မှန်လှပါ ဘုရား)။

စိတ်တစ်ပါး ချုပ်တာနဲ့ ဘာတုံး။ (ခန္ဓာငါးပါး ချုပ်ပါတယ် ဘုရား)၊ ငါးပါးစလုံး ပါသွား တယ်နော်။ (မှန်ပါ့)။

နဂိုက ရုပ်နာမ် ရှိတာကိုး၊ ရုပ်လဲရင် နာမ်လဲတာ ပဲ။ (မှန်ပါ့)၊ နာမ်လဲရင်။ (ရုပ်လဲတာပါပဲ ဘုရား)။ အဲဒီ အတိုင်းသာ မှတ်ပါလို့ သာ ရှင်သာရိပတ္တရာကြီးက ဟောထားပါတယ်။ (မှန်ပါ့)။

ရုပ်ရှုရင် နာမ်ပါတာ ပါပဲ၊ နာမ်ရှုရင် ရုပ်ပါလာတာပဲ ဆိုတော့ လဲသွားတယ် ဆိုကတည်းက နှစ်ခုစလုံး ရှိသေး ရဲ့ လား။ (မရှိပါ ဘုရား)၊ ရုပ်ကော နာမ်ကော ရှိသေးရဲ့လား။ (မရှိပါ ဘုရား)။

အဲဒါကြောင့် မလိုချင်တဲ့ အခါကျတော့ ဒုတိယ အကွက်မှာ ဝိညာဏ်, နာမ်ရုပ် သဠာယတန၊ ဖဿ ဝေဒနာတွေ အကုန် ပျောက်ရမယ်။ (မှန်ပါ့)၊ မပျောက် သေးဘူးလား။ (ပျောက်ပါတယ် ဘုရား)။

ပျောက်တော့ ဪ ဒီနေရာမှာ ဘာသစ္စာတွေ ချုပ်သွားသတဲ့။ (ဒုက္ခသစ္စာတွေ ချုပ်သွား ပါတယ် ဘုရား)။ ဒုက္ခသစ္စာတွေ ချုပ်သွားတော့ ဒီအကွက်ကို ဦးမြမောင်တို့၊ ဦးဘသန်းတို့က ဆိုင်းဘုတ် ဆွဲပါလားဗျ။ (မှန်ပါ့)၊ ဘယ့်နှယ်ဆွဲမလဲ။ (ဒုက္ခနိရောဓောပါ)၊

ဒုက္ခနိရောဓကွက်။ (မှန်ပါ့)၊ ဒုက္ခနိရောဓ အကွက်နော်။ (မှန်ပါ့ ဘုရား)။

ဘယ့်နှယ်ဆိုကြမယ်။ (ဒုက္ခနိရောဓကွက်ပါ)၊ နဂိုက ဘာကွက်တုံးဗျ။ (ဒုက္ခသစ္စာကွက်ပါ ဘုရား)။

နဂိုက ဒုက္ခသစ္စာကွက် ဆိုတော့ ဪ ခင်ဗျား တို့က မလိုချင်လို့ ချုပ်သွားတော့ ခန္ဓာတွေ ချုပ်သွားတဲ့ အခါကျတော့ ဒုက္ခနိရောဓ သစ္စာကွက်။ (မှန်ပါ့)၊ မဆိုနိုင်ဘူးလား။ (ဆိုနိုင်ပါတယ် ဘုရား)။

ဘယ့်နှယ် ဆိုကြမယ်။ (ဒုက္ခနိရောဓ သစ္စာကွက် ပါ ဘုရား)၊ ဒုက္ခ နိရောဓ သစ္စာကွက်လို့ ဆိုရင် လွဲနိုင်ပါ မလား။ (မလွဲနိုင်ပါ ဘုရား)။

ဒါဖြင့် နိဗ္ဗာန်ဟာ နဂိုက ဒုက္ခသစ္စာတွေ့တဲ့ နေရာမှာ နိရောဓသစ္စာ တွေ့ရမယ်။ (မှန်ပါ့)၊ ပေါ်ပလား (ပေါ်ပါပြီ)၊ ဒုက္ခသစ္စာ တွေ့တဲ့နေရာ မှာ (နိရောဓသစ္စာ တွေ့ရမှာပါ ဘုရား)။

ဪ တို့ရှာတာ လွဲနေပေါ့။ (မှန်ပါ့)၊ တောင်ပေါ်တက် ရှာလိုရှာ။ (မှန်ပါ့)၊ အောက် ဓာတ် တော်တိုက်ထဲ ဝင်ဖူးလိုဖူး။ (မှန်ပါ့)၊ ဟို စွယ်တော် သွားပြီး သီဟိုဠ် သွားရှာလို့ ရှာ၊ နိဗ္ဗာန် ရှာကြတာ။ (မှန်ပါ့)။

နိဗ္ဗာန် ရှာကြတာ လွဲနေတယ်။ (မှန်ပါ့)၊ ဒီ ဒုတိယ အကွက်ထဲ ရှာရမယ်။ (မှန်ပါ့)၊ ပေါ်ပလား။ (ပေါ် ပါပြီ)။

ဘယ်အကွက်ထဲ ရှာရမလဲ။ (ဒုတိယအကွက်ထဲ မှာပါ)၊ ဒုတိယ အကွက်ထဲ ရှာတော့ ရှေးဦးစွာ ဘာတွေ့ သလဲ။ (ဒုက္ခ တွေ့ပါတယ် ဘုရား)၊ ဒုက္ခသစ္စာ တွေ့ တယ်။ (မှန်ပါ့)၊ နောက် ဒုက္ခသစ္စာ တွေချည့် တွေ့ နေတော့ ဒီအကွက်ထဲက ဒုက္ခသစ္စာတွေ ဖယ်ဖယ် ဖယ်ဖယ်ပြီး ဉာဏ်နဲ့ တက်လိုက်တော့ ဒုက္ခသစ္စာတွေ ကုန်သွားတယ်။ (မှန်ပါ့)၊ နောက် ဒီအကွက်ထဲ ဒုက္ခ ဟူသရွေ့ ရှာမတွေ့ တော့ ဘာကွက်ဖြစ်သွားသတုံး (ဒုက္ခနိရောဓ သစ္စာကွက်ပါ ဘုရား)။

ဒုက္ခနိရောဓ သစ္စာကွက် မဖြစ်ဘူးလား။ (ဖြစ်ပါတယ် ဘုရား)၊ ဪ ဒီနေရာတွင် ကပ်ရှာ ရမှာ ပါကလား။ (မှန်ပါ့)၊ ခန္ဓာထဲကပ်ရှာရမှာ။ (မှန်ပါ့)၊ ခန္ဓာထဲ ရှေးဦးစွာ ဒုက္ခသစ္စာ တွေ့ ရမယ်။ (မှန်ပါ့)၊ပေါ်ပြီ (ပေါ်ပါပြီ ဘုရား)။

နောက်ကျတော့ ဒီခန္ဓာထဲမှာပဲ ဒုက္ခသစ္စာ တွေတွေ့၊ ဒုက္ခသစ္စာတွေ မုန်းလာတော့ ဒုက္ခသစ္စာတွေဖြင့် မလိုချင်ဘူး ဆိုတာလဲ ဒီခန္ဓာထဲက ဉာဏ်ကပဲ မလိုချင်တော့ ဒီခန္ဓာကြီး ပျောက်သွား တာပဲဗျ။ (မှန်ပါ)။

ဒီခန္ဓာကြီး ပျောက်သွားပြီး သကာလ ဉာဏ်ကလေး ပဲ ကျန်နေရစ်တော့ ဒီဉာဏ်ကလေးဟာ ဘယ်သူနဲ့ နေရစ်သတုံးလို့ မေးတော့ ဒုက္ခနိရောဓ သစ္စာနဲ့ နေရစ် တယ်။ (မှန်ပါ့)။

နဂိုတုန်းက ဒုက္ခနဲ့ နေတဲ့ဉာဏ်။ (မှန်ပါ့)၊ နောက် ကျတော့ ဒုက္ခချုပ် သွားတော့ သူ ဘာနဲ့ နေရစ်သလဲ။ (ဒုက္ခနိရောဓသစ္စာနဲ့ နေရစ်ပါတယ် ဘုရား)။

ဒုက္ခနိရောဓသစ္စာနဲ့ နေရစ်တယ်ဆိုတော့ ဒုက္ခ နိရောဓသစ္စာက နိဗ္ဗာန်။ (မှန်ပါ့)၊ ဉာဏ်ကလေးက မဂ်ဉာဏ် ဆိုတော့ “နိဗ္ဗာနံ မဂ္ဂဿ” ဟုတ်လား။ (မှန်ပါ့)၊ “နိဗ္ဗာနံ ဖလဿ အာရမ္မဏ ပစ္စယေန ပစ္စယော”၊ နိဗ္ဗာန်နဲ့ မဂ်ပဲ ကျန်ရစ် ရမယ်ကွ၊ နိဗ္ဗာန်နဲ့ ဖိုလ်ပဲ ကျန်ရစ် ရမယ်ကွ ဆိုတဲ့ ဥစ္စာ ကိုက်သွားတာပဲ။ (မှန်ပါ့)၊ မပေါ်သေးဘူးလား။ (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် ယမက ဖြေတုန်း ကတော့ ဒီအတိုင်းဖြေ တယ်၊ ဒီတရားတွေဟာ အနိစ္စပါ ဘုရား၊ သူက ဒုက္ခပါ ဘုရား၊ ဒီဒုက္ခတွေ ဆုံးသွားပါတယ်လို့ ဒီအကွက် ဖြေတာပဲ။ (မှန်ပါ့)၊ မဖြေဘူးလား။ (ဖြေပါတယ် ဘုရား)။

ဒီအကွက် ဖြေတော့ကို ရဟန္တာ သေတယ် ဆိုတဲ့ ဥစ္စာ တခြား မဟုတ်ပါဘုရား၊ ဒီဒုက္ခတွေ မရှိတာပါပဲ။ (မှန်ပါ့)၊ ဒုက္ခတွေ မရှိတော့ ဘာတွေ ပေါ်လာသတုံး။ (သုခတွေ ပေါ်လာပါတယ်)၊ သုခပေါ်တော့ ဆိုင်းဘုတ်ဆွဲလိုက်။ (ဒုက္ခနိရောဓော နိဗ္ဗာနံ)။

ဒုက္ခနိရောဓ အသစ် ပေါ်လာတယ် နော် နိဗ္ဗာန်ပဲ။ (မှန်ပါ့ ဘုရား)၊ ဒုက္ခနိရောဓ အသစ်က ပေါ်မလာဘူးလား။ (ပေါ်လာပါတယ် ဘုရား)။

နဂိုက ဒီနေရာ ဘာပါလိမ့်။ (ဒုက္ခသစ္စာပါ ဘုရား)၊ အင်း မလိုချင်တဲ့ အချိန်ကျတော့ ဘယ့်နှယ် ဆိုကြမလဲ။ (ဒုက္ခနိရောဓ သစ္စာပါ ဘုရား)။

ဪ ဒါဖြင့် ဒီနေရာမှာတွင် ဒုက္ခချုပ်တယ်။ ဒီနေရာမှာ နိဗ္ဗာန်ပေါ်တယ်။ (မှန်ပါ့)၊ ဒီနေရာမှာ ဒုက္ခချုပ်ပြီး (ဒီနေရာမှာပဲ နိဗ္ဗာန် ပေါ်ပါတယ် ဘုရား)။

ဒါဖြင့် နိဗ္ဗာန်ကို စ,ရှာရမှာက ကိုအုန်းကြီးတို့ မိုးကုတ်ဆီမှာ ဖြစ်စေ၊ ဟို ကျောက်စိမ်းတွင်းမှာ ဖြစ်စေ ကျောက်ကောင်း လိုချင်တော့ အပေါ်က ကျောက်မဟုတ် တာတွေ အကုန် ဖယ်ပစ်ရတယ်။ (မှန်ပါ့)၊ မဖယ်ရဘူးလား။ (ဖယ်ရပါတယ် ဘုရား)။ ပြီးတော့မှ ကျောက်ကောင်းကို ရှာယူရတယ်။ (မှန်ပါ့)၊ မယူရဘူးလား။ (ယူရပါတယ ် ဘုရား)။

ဒီမှာလဲ ခင်ဗျားတို့ နိဗ္ဗာန် လိုချင်တဲ့ ပုဂ္ဂိုလ်ဟာ အပေါ်က ဒုက္ခသစ္စာကို ဖယ်ဦးမှ ရမှာ။ (မှန်ပါ့)၊ ဖယ်လို့ ကုန်သွားတဲ့ အခါကျတော့ ဘယ်သစ္စာတွေ့ မလဲ။ (နိရောဓသစ္စာ တွေ့ပါမယ် ဘုရား)၊ ဒုက္ခနိရောဓ က မတွေ့ပေဘူးလား။ (တွေ့ပါတယ် ဘုရား)။

ဒါဖြင့် ပထမ ခင်ဗျားတို့ အလုပ်- လုပ်နေတာ အပေါ်က ကျောက် မဟုတ်တာတွေ ဖယ် နေတာ။ (မှန်ပါ့)၊ နောက် ရတာက ကျောက်စစ် ဆိုသလို ခင်ဗျားတို့ ဝိပဿနာ လုပ်နေတာက ဒုက္ခသစ္စာကို ဖယ် နေတာ။ (မှန်ပါ့)၊ ဒုက္ခသစ္စာ တွေပဲတူး၊ ဒုက္ခသစ္စာတွေပဲ ဆွပြီး သကာလ ဒီအတိုင်း နေကြတာနော်။ (မှန်လှပါ ဘုရား)။

နောက် ဒုက္ခသစ္စာတွေပဲ တူးလို့ ဆွလို့ ဖယ်နိုင် သရွေ့ ဖယ်ပြီး ကုန်နိုင် သရွေ့ ကုန်သွားတဲ့ အခါကျတော့ ဘာတွေ့မလဲ။ (ဒုက္ခနိရောဓ သစ္စာတွေ့ပါမယ် ဘုရား)။

အင်း ဒီ တွင်းထဲမှာပဲ ကျောက်တွေ ဖယ်ရတယ်။ (မှန်ပါ့)၊ ဘာဖြစ်လို့ တုံး၊ ကျောက်မဟုတ် တာတွေ။ (မှန်ပါ)၊ ဒီတွင်းကပဲ ကျောက်ကောင်း ရတယ်။ (မှန်ပါ့)။

ဘယ့်နှယ်ဆိုကြမလဲ။ (ဒီအတိုင်းပါပဲ ဘုရား)၊ ဒီအတိုင်းပဲ၊ ဒီတွင်းထဲကပဲ ရှေးဦးစွာ ကျောက်ကောင်း လိုချင်လို့ ကျောက် မဟုတ်တာတွေ (ဖယ်ရတယ်)၊ နောက် ဒီတွင်းထဲကပဲ ဘာဖြစ်သတုံး။ (ကျောက်ကောင်း ရပါတယ် ဘုရား)။

ဒီတွင်းထဲ လိုက်ရမယ်။ (မှန်ပါ့)၊ ဒီပြင်ဟာ လိုက်ဖို့ မလိုဘူး။ (မှန်ပါ့)၊ လိုသေးရဲ့လား။ (မလို ပါ ဘုရား)။

ဒါဖြင့် ရှုတဲ့ အခါမှာလဲ ဒုတိယ အကွက်ပဲ ခင်ဗျား တို့ မဂ်နဲ့ရှု။ (မှန်ပါ့)၊ ဆုံးအောင် သာရှု၊ ဒုတိယ အကွက်ပဲ နိရောဓကွက် ဖြစ်ရမယ်။ (မှန်ပါ့)။

ပထမတော့ ဒုတိယ အကွက်ဟာ ဒုက္ခကွက်။ (မှန်ပါ့)၊ နောက်ကျလို့ ရှုပါများ လာတော့ မောင်သစ်ရေ ဘာဖြစ်မလဲ။ (ဒုက္ခနိရောဓ သစ္စာကွက်ပါ)၊ ဒါဖြင့် မိုးကုတ် ကျောက် တူးတာနဲ့ မတူဘူးလား။ (တူပါ တယ် ဘုရား)။

အပေါ်က ကျောက် မဟုတ်တာတွေ ဖယ်ထုတ်နေရ တာလဲ ဒီတိုင်းပဲ။ (မှန်ပါ့ ဘုရား)၊ ကျောက်ကောင်း ရတာကော (ဒီတွင်းပါပဲ ဘုရား)။

ဒီတွင်းပဲဆိုတော့ ဪ အပေါ်က မကောင်း တာတွေ မဖယ်ဘဲနဲ့ ကောင်းတာတော့ မတွေ့နိုင်ပါ ဘူး။ (မှန်ပါ့)၊ ဒီမှာလဲ ဒုက္ခသစ္စာ မဖယ်ဘဲနဲ့တော့ ဒုက္ခနိရောဓသစ္စာ ဘွားခနဲတော့ ပေါ်မလာနိုင်ဘူး။ (မှန်ပါ)။

ဒါဖြင့် ဝိပဿနာ လုပ်နေတာသည် ဒုက္ခသစ္စာဖယ် နေတာ။ (မှန်ပါ့)၊ ဟုတ်လား။ (မှန်ပါ့)၊ နောက် ကျတော့ ဝိပဿနာ အဆုံးသို့ ရောက်သွားတဲ့ အခါကျတော့ နိရောဓသစ္စာ ပေါ်လာတာပဲ။ (မှန်ပါ့)၊ သဘောပါကြ ပလား။ (ပါ-ပါပြီ ဘုရား)။

ဒါဖြင့် တို့ အလုပ်ဟာ ဖြစ်ပျက် မြင်အောင် ရှုဖို့ပဲ။ ဖြစ်ပျက် မုန်းအောင် ရှုဖို့ ပဲ၊ ဟုတ်လား။ (မှန်ပါ့)။

နောက် ဖြစ်ပျက် အဆုံးမြင်အောင် ရှုဖို့ ပဲဆိုတော့ ဖြစ်ပျက်ဆုံးတာသည် ဒုက္ခဆုံးတာပဲ။ (မှန်ပါ့)၊ ဟုတ်လား။ (မှန်ပါ့)။

ဒါဖြင့် “ဖြစ်ပျက်သမျှ၊ သင်္ခါရ ဒုက္ခသစ္စာမှတ်” ဆိုတာ မကိုက်ဘူးလား။ (ကိုက်ပါတယ်)၊ ဘာဖြစ်လို့တုံး၊ ဖြစ်ပျက်မှုကို ငါကောင် ထင်နေရင် သမုဒယ သစ္စာ၊ ဒါတွေ ငါတွေပဲ ထင်နေရင် သမုဒယသစ္စာ။ (မှန်ပါ့)၊ ဟုတ်လား။ (မှန်ပါ့)။

“ရုပ်နာမ်အားလုံး၊ ဖြစ်ပျက်သုဉ်း၊ ချုပ်ဆုံး နိဗ္ဗာန် မှတ်”လို့၊ ဒီအထဲ ဖြစ်ပျက်တွေ ဆုံးသွားရင် ဘာဆို မတုံး။ (နိဗ္ဗာန်ပါ)၊ နိဗ္ဗာန် တဲ့။

“ချုပ်ဆုံးမှုတွင်၊ ဉာဏ်သက်ဝင်”တဲ့၊ ဒီဉာဏ် ကလေးက ဒီချုပ်ဆုံးမှုထဲ ဝင်လာလို့ ရှိရင်ဖြင့် သိမြင် မဂ်ဟု မှတ်တဲ့၊ ဒီဉာဏ် ကလေးဟာ မဂ်ဉာဏ်လို့ သာ သေသေချာချာ မှတ်။ (မှန်ပါ့)၊ ရှင်းပလား။ (ရှင်း ပါပြီ ဘုရား)။

ကဲ ဒါဖြင့် နိဗ္ဗာန် ရှာချင် ဘယ်အကွက်ထဲ ရှာ ရမယ်။ (၂-ကွက်ထဲ ရှာရမှာပါ)၊ ၂-ကွက်ထဲမှာ၊ ရှေးဦးစွာ ၂-ကွက်ထဲမှာ ဘွားခနဲ အရင် တွေ့မလား၊ ဘယ်လို လုပ်မတုံး။ (ဒုက္ခသစ္စာကိုပဲ အရင် တွေ့ပါ မယ် ဘုရား)။

ဒုက္ခသစ္စာကို ဉာဏ်နဲ့ ယထာဘူတဉာဏ်နဲ့ မြင်လဲ မြင်ရဦးမယ်။ (မှန်ပါ့)၊ နောက် နိဗ္ဗိန္ဒဉာဏ်နဲ့ မုန်းလဲ မုန်းရမယ်။ (မှန်ပါ့)၊ အဲဒီတော့ မြင်တဲ့ဉာဏ်၊ မုန်းတဲ့ဉာဏ်နဲ့ ဖယ်ထုတ်လိုက်တဲ့ အခါကျတော့မှ ကျောက်ကောင်း ထွက်လာသလို နိရောဓ သစ္စာ ဆိုတဲ့ နိဗ္ဗာန်ဟာ ပေါ်လာ လိမ့်မယ် ဆိုတာ သဘောပါပလား။ (ပါ- ပါပြီ ဘုရား)။

ဒါကြောင့် ဒီ ဒကာ ဒကာမတွေကို စာရွက်ထဲ ပါတဲ့အတိုင်း တစ်ယောက် တစ်ယောက်လဲ ပြောပြပါ။ ဖြစ်ပျက် ရှုဖို့။ (မှန်ပါ့)၊ ဒုတိယအကွက် ရှုနေတာ၊ ဘယ်အကွက်မှ ရှုတာ မဟုတ်ဘူး (မှန်ပါ့)၊ သဘော ပါပလား။ (ပါ-ပါပြီ ဘုရား)။

ကဲ ယနေ့ ဒီတွင် တော်ကြဦးစို့။

သာဓု သာဓု သာဓု။

မာတိကာသို့