အာဠဝကဘီလူး သောတာပန်တည်သောတရားတော်
(၆ – ၁၂ – ၆၀)
အသံဖိုင်ခေါင်းစဉ်= သဒ္ဓါတရားဖြင့် ဩဃမှလွန်မြောက်နိုင်ပုံတရားတော်
စာအုပ်ခေါင်းစဉ်= အာဠဝကဘီလူး သောတာပန်တည်သောတရားတော်
——–
မှတ်ရန်
အာဠဝကဘီလူးအမေး မြတ်စွာဘုရားအဖြေ
‘‘သဒ္ဓါယ တရတိ ဩဃံ၊ အပ္ပမာဒေန အဏ္ဏဝံ၊ ဝီရိယေန ဒုက္ခမစ္စေတိ, ပညာယ ပရိသုဇ္ဈတိ။’’ (သဂါထာဝဂ္ဂသံယုတ်၊၂၁၇)
(အဋ္ဌကထာ-၂၈၉)၌ ‘‘ယသ္မာ သောတာပတ္တိယင်္ဂပဒဋ္ဌာနံ သဒ္ဓိန္ဒြိယံ, တသ္မာ သဒ္ဓါယ တရတိ ဩဃန္တိ ဣမိနာ ပဒေန ဒိဋ္ဌောဃတရဏံ သောတာပတ္တိမဂ္ဂံ သောတာပန္နဉ္စ ပကာသေတိ။’’ ဟုဖွင့် ဆို၏။ သဒ္ဓါတရားသည် သောတာပန်၏နီးစွာသော အကြောင်းဟူသော ၎င်းအဖွင့် နှင့်အညီ ဆရာတော် ဘုရားကြီး ဟောနေခြင်းဖြစ်သည်။)
——–
တရားနာကြတဲ့ ဒကာ-ဒကာမတွေမှာ ဘယ်သူဦးစီးပြီး လာနိုင်ကြတယ်ဆိုတာ ကိုယ့်ဟာကိုယ် ဝေဖန်ကြရတယ်နော် (မှန်ပါ့ ဘုရား)။
ဒါကြောင့် နေ့တိုင်း ဆရာဘုန်းကြီးကလဲ ဆုံးမတယ်။ ဒကာ-ဒကာမ တွေကလဲ လာနိုင်ကြတယ်။ ဘယ့်နှယ်ကြောင့် လာနိုင်ကြပါလိမ့်မတုံး ဆိုလို့ ရှိရင် သဒ္ဓါတရား ကြောင့်လို့ ဖြေရမှာပဲ (မှန်ပါ ဘုရား)။
သဒ္ဓါတရားကြောင့် လာနိုင်ကြတယ်ဆိုတော့ ဒီသဒ္ဓါ တရားသည် ဒကာ-ဒကာမတို့အား ဘယ်လိုများ ရွက်ဆောင် ပါလိမ့်မလဲ၊ ငါတို့ နေ့တိုင်းနာလိုတဲ့ သဒ္ဓါတရားတွေ ပေါ် နေတယ်။ ဒီသဒ္ဓါ တရားသည်ကား ဆိုလို့ ရှိရင်ဖြင့် သဒ္ဓါ တရားဆိုတဲ့ ဝမ်းထဲမှာ ပေါ်တဲ့ ပရမတ်သည် ငါတို့အား ဘယ် လို ရွက်ဆောင် ပါလိမ့်မလဲလို့ ဒကာကြွယ်တို့ မေးစရာ အကြောင်းရှိတယ် (မှန်ပါ့)၊
ဘုရားသခင် ကိုယ်တော်မြတ် ကြီးက “သဒ္ဓါယ တရတိ သြဃံ” တဲ့။ အာဠဝကဘီလူးကို ဟော တယ် (မှန်ပါ့)၊ သဒ္ဓါယ-သဒ္ဓါ တရားဖြင့် (ဝါ) ငါဘုရား ဟောတော်မူတဲ့ တရားကို ယုံကြည်ကိုးစား အားထားသဖြင့်၊ သြယ်-သြဃကို၊ တရတိ ကူးမြောက်နိုင်၏လို့ ဟောတော် မူလိုက်တယ်။ (မှန်ပါ့ ဘုရား)။
ဒကာ-ဒကာမတွေ နေ့တိုင်း တရားနာ လာနိုင်ကြ တာသည်၊ သဒ္ဓါ တရားကြောင့် လာနိုင်ကြတယ် (မှန်ပါ့)၊ ဒီသဒ္ဓါ တရားက ဘာကို ရွက်ဆောင် ပါလိမ့်မလဲလို့ မေးတဲ့ အခါ ကျတော့ ဒိဋ္ဌောဃ ဆိုတဲ့ တရားက ဒိဋ္ဌိ-သြဃပါပဲတဲ့။ ဒိဋ္ဌိတည်းဟူသော ဝဲသြဃကို လွန်မြောက် နိုင်တယ် ဆိုတော့ ဒီသဒ္ဓါတရား တစ်လုံးတည်းနဲ့လဲ ဒကာ-ဒကာမတို့ အပါယ် လေးပါး တံခါးပိတ်ပါတယ် (မှန်ပါ့)၊ ဘာကြောင့် ပိတ်ပါ လိမ့်မတုံး ဆိုတော့ ဒိဋ္ဌိကြောင့် အပါယ် သွားရတာကိုး။ သဒ္ဓါ တရားဆိုတာက ယုံကြည်တာ အဲဒီ ယုံကြည်မှု တရား တစ်လုံးကြောင့် ဒိဋ္ဌောဃဆိုတဲ့ သြဃ သံသရာကြီးကို (ဝါ) အပယ်လေးပါး ရောက်စေတတ်တဲ့ ဒိဋ္ဌိတရားကြီးကို လွန် မြောက် ကျော်သွား နိုင်တယ်ဆိုတာ မှတ်ထားရမယ် (မှန် ပါ့ ဘုရား)။
သြော် ဒါဖြင့် တို့ တရားနာတဲ့ သဒ္ဓါတရား၊ တို့ တရားအားထုတ်တဲ့ သဒ္ဓါတရား၊ တို့တရား နှလုံးသွင်းတဲ့ သဒ္ဓါတရားသည် ဘာမှ ကျေးဇူး ဥပကာရ မရှိဘူးလို့၊ ဒီလို မယူဘဲနဲ့ အပါယ်လေးပါး တံခါးပိတ်တဲ့ သောတာပတ္တိမဂ်ကို ဖြစ်စေ နိုင်တယ်ဆိုတာ ယုံကြည်ရမယ် (မှန်ပါ့)၊ ဒကာဒကာမတွေ သောတာပတ္တိမဂ်ကို ဖြစ်စေနိုင်တယ် ဆိုတာ သေသေ ချာချာ ယုံကြည် ကြပါနော် (မှန်ပါ့ ဘုရား)။
ကိုင်း ဒါဖြင့် ဒီတရားက သဒ္ဓါ ကလေးတစ်လုံးက ဘုရား ကြီးကျယ် လှချည်လားလို့ ဒကာ-ဒကာမတွေက အထင်ရောက်မှာ စိုးသောကြောင့် သေသေချာချာ ရှင်းပြီးပြတော့မှ သဒ္ဓါတရားက “တရတိသြဃံ” ဆိုတဲ့အတိုင်း သဒ္ဓါ တရားဖြင့် သြဃမှ လွန်မြောက် နိုင်၏ ဆိုသဖြင့် ဒကာ ဒကာမတွေကို ဘုန်းကြီးများက အားထုတ် ခိုင်းတယ်၊ ဟေ့ မင်းတို့ စိတ်ကလေးတွေ ဖြစ်ပျက်ရှုကြ၊ ဖြစ်ပျက်ရှုဟေ့ ဆိုတော့ သြော် တို့ကို ဆရာသမားကလဲ တိုက်တွန်းပြော ကြားတယ်၊ ဘုရားသခင် ကိုယ်တော်မြတ်ကြီး ကလဲ စိတ္တာ နုပဿနာ ရယ်လို့ စိတ်ကို ရှုရမယ်လို့ ဟောထားတယ်၊ တို့တော့ဖြင့် ယုံယုံကြည်ကြည် လုပ်မှပဲဆိုတော့ အလုပ်ကို မလုပ် ဖြစ်ကြဘူးလား (လုပ်ဖြစ်ပါတယ် ဘုရား)။
သြော် စိတ်ကလေးတွေ၏ ဖြစ်ပျက်ကို ဒကာဒကာမတွေက ယုံယုံကြည်ကြည်နဲ့ အားထုတ် ဖြစ်ကြတယ်။ ဝေဒနာရှုတဲ့ ပုဂ္ဂိုလ်ကလဲ ဝေဒနာ တရားလေးတွေက ဖြစ်ပျက် ပုံကို ယုံယုံကြည်ကြည်နဲ့ ကြိုးစားပြီး အားထုတ်ကြတာ သဒ္ဓါတရား ပြဋ္ဌာန်းနေတယ်ဆိုတာ ပေါ်လာတယ် (မှန်ပါ့ ဘုရား)။
ဤကဲ့သို့ အားထုတ်တော့ ဒကာ-ဒကာမတို့ ဘယ်တရား ကြောင့် အားထုတ် ဖြစ်ပါလိမ့်မတုံး ဆိုတော့ ဆရာသမား ဟော ကြားချက်ကြောင့် လည်းကောင်း၊ ဘုရား ဟောကြား ချက်ကြောင့် လည်းကောင်း၊ ယုံကြည်ခြင်း ကြောင့် လည်းကောင်း၊ အားထုတ် ဖြစ်ပါတယ် (မှန်ပါ)၊ ယုံကြည်တာ ဘာပါ လိမ့်မလဲလို့ မေး ရင် ဘယ့်နှယ် ပြောကြပါ့မလဲ (သဒ္ဓါတရားပါ ဘုရား)။
အဲဒီ သဒ္ဓါ တရားကြောင့် ခင်ဗျားတို့ပဲ စဉ်းစား ကြည့်ပါ တော့၊ ရှုဖန်များလာတဲ့ အခါကျတော့ ဒီစိတ်ကလေးတွေ၏ ဖြစ်ပုံကလေးတွေ၊ ပျက်ပုံကလေးတွေ ဖျတ်ကနဲ ပေါ်လာပုံ၊ ဖျတ်ကနဲ ပျက်သွားပုံကို ဒကာ-ဒကာမတွေက မမြင်ရဘူးလား (မြင်ရပါတယ် ဘုရား)။
သြော် တရားဟောတဲ့ အတိုင်း ဆရာဘုန်းကြီးက မြင်လိမ့်မယ် ဆိုတဲ့အတိုင်း အားထုတ်ကြတဲ့ အတွက် ဘုန်းကြီး တို့ ဒကာ-ဒကာမတွေမှာ မြင်ရပါတယ် (မှန်ပါ့)၊ ဒါယုံ ကြည်ပြီး အားထုတ်လို့ မြင်တာ မဟုတ်ဘူးလား (ဟုတ်ပါ တယ် ဘုရား)။
ယုံကြည်ပြီး အားထုတ်လို့ သြော် အနိစ္စ ကလေးတွေ မြင်ပြီဘုရာ့၊ ကိုယ့်စိတ် ကလေးတွေ ကိုယ့်သန္တာန်မှာ ပေါ် လိုက် ပျက်လိုက်၊ ပေါ်လိုက် ပျက်လိုက်နဲ့ စားချင်တဲ့ စိတ် ကလေးလဲ ပေါ်လာပြီး တော်တော်ကြာ မရှိပြန်ဘူး။ အိပ်ချင် တဲ့စိတ်ကလေး ပေါ်လာပြီး မရှိပြန်ဘူး၊ သံသယစိတ် ကလေး ပေါ်လာ၊ မရှိပြန်ဘူး၊ ပြန့်လွင့်တဲ့ စိတ်ကလေး ပေါ်လာပြီး မရှိပြန်ဘူးဆိုတာ နောက်က သိသိပေးစမ်းပါ (မှန်ပါ့)။
ထိုကဲ့သို့ သိသိပြီး ဒကာ-ဒကာမတွေက ပေးလိုက်တဲ့ အခါကျတော့ မရှိတာက အနိစ္စ၊ သိတာကမဂ္ဂ ဖြစ်ပါတယ်။
မရှိတာက (အနိစ္စပါ)၊ သိတာက (မဂ္ဂပါ ဘုရား)၊ သြော် ဒါဖြင့် အနိစ္စနဲ့ မဂ္ဂနဲ့ တွဲဖြစ်တာဟာ ဒီအလုပ် ဘယ်သူကြောင့် တွဲဖြစ်ပါလိမ့်မတုံး ဆိုတာ ဒကာ-ဒကာမတွေ စဉ်းစား ကြပေါ့၊ ဘယ်သူ့ကြောင့် တွဲဖြစ် သွားသတုံး (သဒ္ဓါ ကြောင့် ပါ ဘုရား)၊ သဒ္ဓါတရား ယုံယုံကြည်ကြည်နဲ့ ကြိုးစား လိုက်တာနဲ့ တွဲဖြစ်သွားတယ် ဆိုတာ မပေါ်လာ သေးဘူးလား (ပေါ် လာပါတယ် ဘုရား)။
တွဲဖြစ်သွားတော့ ဒီစိတ် ကလေးတွေက ဖြစ်လိုက်ပျက် လိုက် ဖြစ်လိုက်ပျက်လိုက်၊ အိပ်ချင်တဲ့ စိတ်ကလေး ပေါ်လာ လိုက် ပျက်လိုက်၊ သွားချင်တဲ့ စိတ်ကလေး ပေါ်လာလိုက် ပျက်လိုက်၊ သွားချင်တဲ့ စိတ်ကလေး ပေါ်လာလို့ ရှိရင်လဲ ရှုလိုက်တာနဲ့ မရှိပြန်ဘူး။ သွားချင်တဲ့ စိတ်ကလေးဟာ ဖြစ် ပြီး ပျက်သွားတယ်လို့ သိလိုက်ပြန်ပြီ (မှန်ပါ)၊ မိမိ၏ခန္ဓာဆိုတဲ့ ဝိညာဏက္ခန္ဓာသည် ဖြစ်ပျက် ပါကလား၊ ပုဂ္ဂိုလ်သတ္တဝါ မဟုတ်ပါလား၊ ဖြစ်ပြီး ပျက်တဲ့ အနိစ္စတွေ ချည်း ပါကလား လို့ သိမသွား ဘူးလား (သိသွားပါတယ် ဘုရား)။
သိသွားတော့ ဒိဋ္ဌိရှိသေးရဲ့လား (မရှိပါ)၊ ငါ့စိတ်ဟုတ် သေးရဲ့ လား (မဟုတ်ပါ)၊ ငါ့ ပစ္စည်းကော (မဟုတ်ပါ)၊ အဲဒီမှာ ငါပြုတ်သွားပြီ၊ ဒိဋ္ဌိ မကိန်းနိုင်တော့ဘူး၊ စိတ်ထဲမှာ အရင်တုန်း ကတော့ ငါ့စိတ်မစမ်းနဲ့ ငါ့စိတ်ဟာ အင်မတန် ကောင်းတယ် အစရှိသည်နဲ့ စိတ်ကို ငါထင်ပြီး သကာလ နေတဲ့ ဒိဋ္ဌိဆိုတဲ့ တရားဟာ ဒကာ-ဒကာမတို့ ဖြစ်ပျက် မြင်တော့ ရှိသေးရဲ့လား (မရှိပါ ဘုရား)။
ဒါဖြင့် ယုံယုံကြည်ကြည်နဲ့ အားထုတ်လိုက်တဲ့ အခါ ကျတော့ ဖြစ်ပျက်မြင်တော့ အရင်တုန်းကတော့ ဖြစ်ပျက်ရယ် လို့မသိဘူး၊ ငါ့စိတ်ပဲ၊ ငါအိပ်ချင်တာပဲ၊ ငါစားချင်တာပဲ၊ ငါ သံသယရှိတာပဲ ငါပြန့်လွင့်နေတယ်၊ ငါ ကုသိုလ်လုပ်နေ တယ်နဲ့ စိတ်ကိုငါချည်း မစွဲဘူးလား (စွဲပါတယ် ဘုရား)။
အခုတော့ ဘုရားဟောတာ ယုံကြည်ပြီး သကာလ ဒကာ-ဒကာမတွေက ကိုယ့်စိတ်ကိုယ် ကြည့်စမ်းပါကွာ၊ မြဲမမြဲ ကြည့်စမ်းပါဆိုတော့ ဒကာ-ဒကာမတို့ မြဲရဲ့ လား (မမြဲပါ ဘုရား)၊ မမြဲတော့ ငါတွေ့ သလား၊ အနိစ္စသာ တွေ့ သလား (အနိစ္စတွေ့ပါတယ်)၊ ငါမတွေ့ဘူး အနိစ္စသာတွေ့ တော့တယ် ဆိုတာ ထင်ရှားတယ်နော် (မှန်ပါ့)၊ ဒါဖြင့် ငါ ပြုတ်မသွားဘူးလား (ပြုတ်ပါတယ်)၊ ငါဆိုတာ ဒိဋ္ဌာ သဝလို့ မှတ်လိုက်စမ်းပါ (မှန်ပါ့ ဘုရား)။
ငါဆိုတာ ဘာပါလိမ့် (ဒိဋ္ဌာသဝပါ ဘုရား)၊ ဒိဋ္ဌာသဝ ဆိုတာ ဒိဋ္ဌိအာသဝပဲ၊ အဲဒီဒိဋ္ဌိ အာသဝ ဆိုတဲ့ တရားကြီးသည်။ ဒကာ – ဒကာမတို့ ယုံယုံကြည်ကြည်နဲ့ အားထုတ် လိုက်တဲ့ အခါကျတော့ အနိစ္စ တွေသာ ဖြစ်ပြီး သကာလ နေတော့ ငါမရှိ ပါလား၊ ငါ့စိတ် ဆိုတာလဲ အပြောသာ ပြောကြတာပဲ၊ စင်စစ် တော့ဖြင့် ဖြစ်ပြီး ပျက်တဲ့ အနိစ္စတွေပဲ တွေ့ နေပါကလား၊ ဤကဲ့သို့ ဒကာ-ဒကာမတွေက အနိစ္စတွေချည်း ယုံယုံကြည် ကြည်နဲ့ ကြည့်လိုက်တော့ ဒကာသစ်တို့ ဒကာကြွယ်တို့ ဘာ တွေတွေ့ နေသလဲ (အနိစ္စတွေ တွေ့ပါတယ် ဘုရား)။
အနိစ္စတွေပဲ တွေ့ နေကြတယ်ဆိုတော့ အနိစ္စတွေ့ကတည်း က နိစ္စဒိဋ္ဌိ ရှိသေးရဲ့လား (မရှိပါ ဘုရား)၊ ခိုင်တယ်၊ မြဲ တယ်ဆိုတဲ့ ဒိဋ္ဌိ ရှိသေးရဲ့လား (မရှိပါ ဘုရား)၊ ဒီဒိဋ္ဌိက အာသဝပါကလား (မှန်ပါ့)၊ ဒိဋ္ဌာသဝကိုးဗျ၊ ငါထင်နေ တာသည် ဒိဋ္ဌာသဝပဲ (မှန်ပါ့ ဘုရား)။
အဲဒီဒိဋ္ဌာသဝကြီးက ဒကာ-ဒကာမတွေ သန္တာန်မှာ ဖြစ်ပျက် မြင်နေတဲ့ အခါ ရှိသေးရဲ့လား (မရှိပါ ဘုရား)၊ ဘယ့်နှယ်ကြောင့် ဒီဒိဋ္ဌိ စင်ပြေး ပါလိမ့်မတုံးလို့၊ ဦးဘအုန်း မေးဖို့မလိုဘူးလား (လိုပါတယ် ဘုရား)၊ ဘုရားက ဟောတော်မူတဲ့တရား၊ ဆရာသမားက ဟောတာကို ယုံယုံကြည် ကြည်နဲ့ အားထုတ် လိုက်တာနဲ့ ဒိဋ္ဌိကွာ ပြေးတာပဲ (မှန်ပါ)၊ ဒါဖြင့် ယုံကြည်လို့ အားထုတ်ရင် ဒိဋ္ဌာသဝ ပြုတ်တယ်လို့ မှတ်ကြ (မှန်ပါ့)။
ဪ ဒါဖြင့် ဒကာ-ဒကာမတွေ သဒ္ဓါတရား ကောင်းကောင်းနဲ့ ဒီအချိန်မှာဖြစ်စေ၊ အိမ်မှာ ဖြစ်စေ ကိုယ့်စိတ် ကလေးကလဲ ထင်နေတဲ့ မူလပေါ်လာတဲ့ စိတ်ကလေးတွေ၊ စိတ်ကလေးတွေ ကြည့်ကြည့်ပေးတဲ့ အခါကျတော့ ပေါ်လာ လိုက် ပျောက်သွားလိုက်၊ ပေါ်လာလိုက် ပျောက်သွားလိုက်၊ ပေါ်လာလိုက် ပျောက် သွားလိုက် ဒါတွေချည်း မတွေ့ပေ ဘူးလား (တွေ့ပါတယ် ဘုရား)။
အဲဒါတွေတွေ့တဲ့ အခါကျလို့ရှိရင်ဖြင့် သြော် စိတ်လဲ မဟုတ်ပါလား၊ အနိစ္စတွေ ပါကလား (မှန်ပါ့)၊ ပေါ်လိုက် ပျောက်လိုက်၊ အနိစ္စတွေ ပါကလားဆိုတာ ရှင်းလင်းပြီးမသွား ဘူးလား (သွားပါတယ်)။
ထိုကဲ့သို့ ရှင်းလင်း သွားတဲ့ ဥစ္စာသည် အနိစ္စမှန်း သိသည် နှင့် တပြိုင်နက်တည်း အနိစ္စစိတ် ဆိုတဲ့ ခိုင်တယ်၊ မြဲတယ် ထင်တာတွေ ဒကာသစ် ရှိသေးရဲ့လား (မရှိပါ ဘုရား)၊ ခိုင်တယ်၊ မြဲတယ် ထင်တာတွေဟာ ဒိဋ္ဌိက ထင်တာကိုးဗျ (မှန်ပါ့)၊ အဲဒီ ဒိဋ္ဌိရှိသေးရဲ့ လား (မရှိပါ ဘုရား)။
သြော် ဒါဖြင့် ဒကာ-ဒကာမတို့ ဒီ ဒိဋ္ဌာသဝဟာ ဘယ့်နှယ်ကြောင့် ဒကာ- ဒကာမတွေ ဝမ်းထဲက နေပြီး ပျောက် ပျက်သွား ပါလိမ့်မလဲလို့ မေးဖို့မလိုဘူးလား (လိုပါတယ် ဘုရား)၊ ဘယ်သူ့ကြောင့် ပါလိမ့်ဗျာ (သဒ္ဓါတရားကြောင့်ပါ ဘုရား)၊ ယုံကြည်တဲ့ သဒ္ဓါတရားနဲ့ အားထုတ် လိုက်တာကိုး (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ယုံကြည်တဲ့ သဒ္ဓါတရားနဲ့ အားထုတ်လိုက်တာနဲ့ ဘယ် အာသဝ စင်သွားပါလိမ့် (ဒိဋ္ဌာသဝ စင်သွား ပါတယ် ဘုရား)၊ ဒါဖြင့် ဒိဋ္ဌာသဝ စင်သွားတော့ကို ဒိဋ္ဌိကြောင့်သာလျှင် ဦးဘအုန်းတို့ အပါယ် ရောက်ရတယ် (မှန်ပါ့)။
ဒကာကြွယ်တို့ ဘယ်သူ့ကြောင့် အပါယ်ရောက်ရသ တုံး (ဒိဋ္ဌိကြောင့် အပါယ် ရောက်ရ ပါတယ်)၊ ဒိဋ္ဌိနဲ့ အပါယ် ရောက်ရတာကို သိနေတော့ ယခုတော့ဖြင့် ယုံယုံကြည်ကြည် နဲ့ ကြိုးစား လိုက်တော့ အနိစ္စသာ တွေ့ တယ်၊ နိစ္စဒိဋ္ဌိ မရှိတော့ ဘူး။ နိစ္စဒိဋ္ဌိ ထင်နေတာတွေ အကုန် ပျောက်တယ် (ပျောက် ပါတယ် ဘုရား)။
အဲဒါတွေ ပျောက်သွားတာ ထောက်ကြည့်တော့မှ သြော် “သဒ္ဓါယ တရတိ သြဃံ” လို့ အာဠဝကကို ဘုရားက ဟော လိုက်တာ သဒ္ဓါတရား တစ်လုံးနဲ့ မင်းယုံယုံကြည်ကြည်နဲ့ အားထုတ် စမ်းပါ။ သြဃမှ လွန်မြောက်နိုင်ပါတယ်၊ သော တာပန် တည်နိုင်ပါတယ်ဆိုတဲ့ ဥစ္စာလဲ ရှင်း မသွားဘူးလား (ရှင်းသွားပါတယ် ဘုရား)။
အဲဒါ အာဠဝကဘီလူး သောတာပန်တည်တာ “သဒ္ဓါယ တရတိ သြဃံ” ဆိုတာ သူ့ကိုဟောတာပဲလို့ မှတ်ရမယ် (မှန်ပါ့)၊ ရှင်းကြပလား၊ (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ဘုန်းကြီးတို့ ဒကာ-ဒကာမတွေ ဆရာဘုန်းကြီး က ဒကာ-ဒကာမတွေ သန္တာန်မှာ ဘယ်စိတ်ပေါ်ပေါ် စိတ်ရယ် လို့ မဟုတ်ပါဘူးနော်၊ အခေါ်သာ စိတ်ပါ၊ ခင်ဗျားတို့ ဉာဏ်နဲ့ ကြည့်တဲ့ အခါကျတော့ အနိစ္စပါ (မှန်ပါ့)။
ခေါ်တော့ ဘာတုန်း (စိတ်ပါ ဘုရား)၊ ဉာဏ်နဲ့ကြည့် လိုက်တော့ (အနိစ္စပါ ဘုရား)၊ ဉာဏ်နဲ့ ကြည့်လိုက်တော့ ဖြစ်ပျက်တဲ့ အနိစ္စ ကလေးတွေချည်း မတွေ့ရဘူးလား (တွေ့ရ ပါတယ် ဘုရား)။
ဒါက ဘုရားဟောတာလဲ ယုံကြည်၊ ဆရာသမား ဟောတာ တွေ အဆင့် ဟောတာလဲ ယုံကြည်တယ်၊ ယုံယုံကြည်ကြည်နဲ့ ကြည့်လိုက်တဲ့ အခါကျတော့ ဘာတွေ တွေ့ကြပါလိမ့်ဗျာ (အနိစ္စတွေ တွေ့ပါတယ် ဘုရား)။
အနိစ္စတွေ့တယ် ဆိုကတည်းက ဒကာသစ်က စဉ်းစား၊ ဒကာကြွယ်က စဉ်းစား၊ ဦးလှဘူးက စဉ်းစားနော် (မှန်ပါ့)၊
အရင်တုန်းက ငါထင်နေတဲ့ ဒိဋ္ဌိ ရှိသေးသလား (မရှိတော့ ပါ ဘုရား)၊ အရင်တုန်းက စိတ်ကို ငါ့စိတ်လို့ ထင်နေတယ် (မှန်ပါ့)၊ အခုဒါတွေ ရှိသေးရဲ့ လား (မရှိပါ ဘုရား)၊ ဒါ ဖြင့် ဘယ်ဩဃ စင်သွားတယ်ဆိုတာ ပေါ်လာရောပေါ့ (ပေါ်လာပါပြီ ဘုရား)။
ဘယ်သြဃပါလိမ့်ဗျာ (ဒိဋ္ဌောဃပါ ဘုရား)၊ ဒိဋ္ဌောဃ တို့ ဒိဋ္ဌာနုသယတို့ဆိုတာ ဒိဋ္ဌိခေါ်တာ၊ ဒိဋ္ဌိချည်းပဲနော် (မှန် ပါ့)၊ အပါယ်ရောက် စေတတ်တာက သူ့ကြောင့်ရောက်ရတာ (မှန်ပါ့)၊ ဒိဋ္ဌိတရား ရှိလို့သာ အပါယ်ရောက်ရတာ၊ အပါယ် ရောက်စေတဲ့ တရားကို စင်အောင် ထုတ်နိုင်တာဖြင့် သဒ္ဓါ တရားပဲ (မှန်ပါ့)။
အပါယ် ရောက်စေတတ်တဲ့ တရားကို စင်အောင်၊ ပြောင် အောင်၊ နှင်ထုတ်နိုင်တာက ဘယ်သူ့ကြောင့် ပါလိမ့်ဗျာ (သဒ္ဓါတရားကြောင့်ပါ)၊ ဪ ဒါဖြင့် အပါယ်လေးပါး တံခါး ပိတ်ချင်လို့ ရှိရင်ဖြင့် ဘုရား ဟောတာတွေ ယုံယုံကြည် ကြည်နဲ့ ကိုယ့်စိတ်ကလေးတွေကို ကိုယ်ရှု နေကြလို့ ရှိရင်ဖြင့် ဦးလှဘူး ဒိဋ္ဌိရှိသေးရဲ့လား (မရှိပါ ဘုရား)၊ ယုံကြည်မှုနဲ့အား ထုတ်လိုက်တာ ဒိဋ္ဌိစင်ပြေးတယ် (မှန်ပါ့ ဘုရား)။
ယုံကြည်မှုနဲ့ အားထုတ်လိုက်တာ (ဒိဋ္ဌိစင်သွားပါတယ် ဘုရား)၊ ဒိဋ္ဌိစင်ပြေးတယ် ဆိုကတည်းက ဒိဋ္ဌောဃဆိုတဲ့ သြဃသည် ဒကာသစ်တို့၊ ဒကာကြွယ်တို့၊ ဦးလှဘူးတို့ သန္တာန်၌ ရှိသေး သလား (မရှိပါ ဘုရား)။
အဲဒီတော့ကို သဒ္ဓါတရား တစ်လုံးတည်း ကောင်းလိုက်လို့ရှိ ရင်လဲ ဘုရား ဟောတော်မူတာ ယုံယုံကြည်ကြည်က သဒ္ဓါ တရားဗျ (မှန်ပါ့)၊ အဲဒီ သဒ္ဓါတစ်လုံး ကောင်းလိုက်တာနဲ့ ဒကာ-ဒကာမတို့ အပါယ်လေးပါး ကျစေတတ်တဲ့ ဒိဋ္ဌောဃ စင်သွားတယ် (မှန်ပါ့ ဘုရား)။
ယက္ခသံယုတ် ပါဠိတော်မှာ ဒီပါဠိ အတိုင်းလာလို့ ဒိဋ္ဌောဃ တစ်လုံးကိုဖြင့် သဒ္ဓါတစ်လုံးနဲ့ပဲ နိုင်တာပါပဲဆိုကာ ဦးဘ အုန်းတို့ ရိပ်မိပြီ (ရိပ်မိပါပြီ ဘုရား)၊ ဒါဖြင့် ဒကာဒကာမတို့ ဖြစ်ပျက် မြင်အောင်လုပ်တဲ့ ပုဂ္ဂိုလ်များ ယုံကြည် လို့ လုပ်ဖြစ်လို့ ယုံကြည်လို့ တွေ့တာပဲဆိုရင် လွဲမလား (မလွဲပါ ဘုရား)၊ မလွဲတော့ ဖြစ်ပျက်လဲ မြင်ပါရော၊ ငါထင် နေတဲ့ ဒိဋ္ဌိဟာ ငါ့စိတ်လို့ ထင်နေတာလဲ ငါစိတ်မဟုတ်ဘူး၊ အနိစ္စ ဖြစ်သွားတာက မသေချာဘူးလား (သေချာပါတယ် ဘုရား)။
ထိုကဲ့သို့ သေချာတော့ ဘယ်အာသဝ စင်သွားပါလိမ့် (ဒိဋ္ဌာသဝ စင်သွားပါတယ်၊ ဒိဋ္ဌာသဝ စင်တယ်၊ ဒိဋ္ဌောဃ စင် တယ်၊ ဒိဋ္ဌာနုသယ စင်တယ်၊ ဒါတွေဟာ နာမည်သာ ပြောင်းတာ ဒကာသစ် ဒိဋ္ဌိ တစ်လုံးတည်း (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒီဟာတွေ စင်ပြီး သကာလ သွားတာ ဒကာ-ဒကာမတွေပဲ စဉ်းစားပါတော့၊ သတ္တဝါတွေ အပါယ် ရောက်ရတာ ဘယ်သူ့ကြောင့် အပါယ် ရောက်ရတာတုံး (ဒိဋ္ဌိကြောင့် အပါယ် ရောက်ရ တာပါ)၊ ဒိဋ္ဌိကြောင့် အပါယ် ရောက်ရတာဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။
အဲဒါ ဘုရား ဟောတော်မူတာ ယုံကြည်၊ ဆရာပြော တာ ယုံကြည်ပင် ယုံကြည် သော်လည်း ယုံကြည် သလောက် အားမထုတ်၊ ထိုကဲ့သို့ အားမထုတ်တဲ့ ပုဂ္ဂိုလ်ကျ တော့ ဒကာ-ဒကာမတို့ ဘယ်နည်းနဲ့မှ အပါယ်တံခါး မပိတ် ဘူး၊ ဒိဋ္ဌောဃဆိုတဲ့ တရားကလဲ အနိစ္စ မမြင်တော့လဲ ဒကာ သစ် ကျွတ်လွတ်မသွားဘူး ပေါ့ ဗျာ (မှန်ပါ့ ဘုရား)။
ကိုင်း ဒါဖြင့် အားလုံးပဲ ဒကာ-ဒကာမတွေ အပါယ် လေးပါးတံခါး တကယ်တမ်း ပိတ်ချင်ကြလို့ ရှိရင် ငါသေရင် ဘယ်သွား ရမှန်း မသိဘူး၊ အပါယ်လေးပါး ရောက်ချင် သလိုရောက်၊ ဝိနိပါတဘေးများ သင့်နေမှာလားလို့ ဒီလိုတွေးလုံး တွေနဲ့ မနေရအောင် နင်တို့အတွက်နဲ့ ငါအပါယ် သွားရမှာပဲ လို့ အိမ်မှာ သားတွေ၊ သမီးတွေ အပေါ်မှာ ညည်းလုံး ထုတ်တာ တွေကလဲ တချို့ဒကာ-ဒကာမတွေ ကလဲ တစ်ပုံကြီးပဲ (မှန်ပါ့)၊
အဲ ခင်ဗျားတို့ဟာ မမှန်လှသေးဘူး၊ နင်တို့ အတွက်ကြောင့် အပါယ် ဘယ်တော့မှ မရောက်ဘူး၊ ကိုယ့် သန္တာန် ဒိဋ္ဌိ မပယ်နိုင်လို့ အပါယ်ရောက်ရတာ (မှန် ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဒကာကြွယ်တို့ လူစုတွေက ငါတစ်ယောက်တည်း ဆိုရင် အရှင်းကြီးနော်၊ နင်တို့ကြောင့် ငါအပါယ် သွားကြောင်းတွေ ကူညီ နေရသလိုလို ဘာလိုလိုနဲ့ လူကြီး ဟန်ပန်တွေ အတော် သုံးတယ် (မှန်ပါ့) စင်စစ် သူတို့ သန္တာန်ရှိတဲ့ ဒိဋ္ဌိက ကိုယ့်ကို အပါယ် မချနိုင်ပါဘူး၊ ကိုယ့်သန္တာန် ရှိတဲ့ ဒိဋ္ဌိကသာ (အပါယ်ချမှာပါ ဘုရား)။
အဲဒီတော့ ခင်ဗျားတို့က အသုံးအနှုန်းတွေ လွဲပြီး သကာလ ကလေးတွေပေါ်မှာ ငေါက်လား၊ ငန်းလား၊ ခြောက်လား၊ ခြိမ်းလားတွေ မလုပ်ပါနဲ့၊ ကိုယ့်အရေးကိုယ် အဓိကထားပြီး သကာလ ငါနင်တို့ မစွန့်နိုင်တာနဲ့ဘဲ ငါ့ဒိဋ္ဌိ ငါအပယ် သွား ရချည်ရဲ့ ဆိုရင် မှန်တယ် (မှန်ပါတယ်)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)၊ နင်တို့ကြောင့် ငါအပယ် သွားရချည်ရဲ့ ဆိုရင် မမှန် သေးဘူး၊ ဒီဥစ္စာ (မှန်ပါ့)၊ သဘော ကျပလား (ကျပါပြီ)၊ နင်တို့ကို ငါမစွန့်နိုင်တဲ့ ဒိဋ္ဌိကြောင့် ငါအပယ် သွားရချည်ရဲ့ ဆိုရင် ဖြင့် (မှန်ပါတယ် ဘုရား)။
အဲဒီတော့ ဒကာကြွယ်တို့က လူကြီးလုပ်ပြီး အပါးထုတ်ပြီး ကိုယ် အပါယ် သွားတာလဲ လွတ်တာ မဟုတ်ပဲနဲ့ သူတို့အပေါ် အပြစ်တွေ ဖို့တဲ့ဥစ္စာ၊ ဒကာကြွယ် လွဲတယ်နော် (လွဲပါတယ် ဘုရား)၊ သေသေချာချာ စဉ်းစားစမ်းပါ၊ ဒကာ-ဒကာမတို့ အခုပြောတာ ရိပ်မိပလား (ရိပ်မိပါပြီ)၊
သူများကြောင့် အပါယ်သွားရတာလား၊ ကိုယ့်ဒိဋ္ဌိကြောင့်လား (ကိုယ့်ဒိဋ္ဌိ ကြောင့်ပါ ဘုရား)။
အဲဒါ ဒကာကြွယ် အလွဲသုံးစားမသုံးပါနဲ့ (မှန်ပါ့ဘုရား )၊ သုံးဖို့လို သေးသလား (မလိုပါ ဘုရား)၊ သူများဒိဋ္ဌိက ကိုယ့်ကိုယ် အပါယ်ချနိုင်သလား ကိုယ့်သန္တာန်ရှိတဲ့ ဒိဋ္ဌိက ကိုယ့်ကိုယ် အပါယ် ချနိုင် သလား (ကိုယ့်ဒိဋ္ဌိက ကိုယ့် ကိုယ် အပါယ်ချနိုင်ပါတယ် ဘုရား)။
ဒါပဲ နင်တို့ကြောင့် ငါအပါယ် သွားရတော့မယ်လို့ ပြော များနေ လိုက်သေးတယ် ဆိုတော့ ဒကာသစ်တို့ အပါးထုတ်တာ သက်သက်ပဲ၊ ထုတ်ပေမဲ့ ဒယ်အိုးထဲ ရောက်နိုင်တာပဲ (မှန်ပါ့)၊ ဘယ်လိုပဲထုတ်ထုတ် တရားကတော့ အမှန်ပဲစီမံမှာပဲ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ဒကာ-ဒကာမတို့ ကိုယ့်သဒ္ဓါတရား မကောင်းလို့ ကိုယ် အပါယ်ရောက်ရတာ (မှန်ပါ့)၊ ဘယ်လို ဆုံးဖြတ်ချက် ချမလဲ (ကိုယ့်သဒ္ဓါတရား မကောင်းလို့၊ ကိုယ်အပါယ် ရောက်ရတာ ပါ ဘုရား)။
သားတွေ သမီးတွေ ရှုပ်လွန်းလို့ သူတို့ကြောင့် အပါယ် သွားရချည်ရဲ့ စီးပွားရေး ကျပ်တည်း လွန်းလို့ ဒီစီးပွားရေးကြောင့်ပဲ အပါယ်သွား ရချည်ရဲ့ တဲ့ မဟုတ်သေးပါဘူး၊ ဒကာကြွယ်ရဲ့၊ ဒါတွေက ပဓာန မဟုတ်သေးပါဘူး၊ စင်စစ်တော့ ကိုယ့်သန္တာန်ရှိတဲ့ ဘုရားဟောလဲ မယုံကြည်၊ ဆရာ သမား ဟောတာ မယုံကြည်လို့ အားမထုတ်၊ အားမထုတ်လို့ နိစ္စဒိဋ္ဌိက ကပ်နေတယ် (မှန်ပါ့)၊ ကပ်နေတော့ ကိုယ် မယုံ ကြည်မှု ကြောင့် ကိုယ့်ဒိဋ္ဌိ မကွာ၊ ကိုယ့်ဒိဋ္ဌိ မကွာလို့ ကိုယ် အပါယ်သွားတာ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ကိုယ် မယုံကြည် မှုကြောင့် ဘာတုံး (ကိုယ့်ဒိဋ္ဌိ မကွာပါ)၊ ကိုယ့်ဒိဋ္ဌိ မကွာတော့ ကိုယ် ဘာဖြစ်ရသတုံး (အပါယ် သွားရပါတယ် ဘုရား)၊ အဲဒီတော့ သူများကြောင့် ပါသေး သလား (မပါပါ ဘုရား)၊ ဟာ ဒီကရှေ့ ဒကာကြွယ်ရေ ပြင်ဦးဆင်ဦးနော (မှန်ပါ့)၊ ပြင်ဖို့ဆင်ဖို့ လဲ နည်းတွေ ပေးထားပြီးပါပြီ (မှန်ပါ့ ဘုရား)။
သမီး တစ်ယောက်ကြောင့် ငါ့မှာတော့ဖြင့် အပါယ်သွားရ တော့မည့်ပုံ၊ အလုပ်တွေ တန်းလန်းနဲ့ မို့ ငါအပါယ်သွားရ တော့မည့်ပုံ၊ အားလုံး ဆွေမျိုး ဉာတကာတွေ ကိစ္စ ရွက်ဆောင် နေရတာနဲ့ ငါတော့ဖြင့် အပါယ် သွားရတော့ မည့်ပုံတော့ ရောက်နေ ပါပြီလို့ ဆိုလို့ရှိရင် လွဲတယ် (မှန်ပါ့)၊ ဘုရားက “သဒ္ဓါယ တရတိ သြဃံ”၊ ဘုရားဟောတဲ့ တရားကို ယုံယုံ ကြည်ကြည် ကြိုးစားကြသဖြင့် သြဃကို လွန်မြောက်နိုင်၏တဲ့ (မှန်ပါ့)၊ သဘောပါကြပလား (ပါပါပြီ ဘုရား)။
ဒါဖြင့် ဒကာသစ် ဒီကရှေ့ကို ငါ့ကြောင့် ငါအပါယ် သွားရပုံ ပေါက်နေပြီ၊ ငါမယုံကြည်တာနဲ့ ငါ အပါယ်သွားရ ပုံရပြီ (မှန်ပါ့)၊ ဦးဘအုန်း ဒီလို ညည်းတတ်ပလား (ညည်းတတ်ပါပြီ ဘုရား)၊ နောက်က ဒကာ-ဒကာမတွေ ညည်းတတ်ကြပလား (ညည်းတတ်ကြပါပြီ)၊ ဟောဒီ လယ်တွေ၊ ယာတွေ၊ ဟောဒီ သူခိုးဓားပြတွေ၊ ဒါတွေ ရှုပ်နေ တာတဲ့၊ ကျုပ်ဖြင့် အပါယ်သွားရပုံ ရနေပြီတဲ့၊ ဒါလဲ မဟုတ် လှသေး ပါဘူး (မှန်ပါ့)။
ဘုရားက “သဒ္ဓါယ တရတိ သြဃံ” လို့ ဟောထားတာပဲ အခု ဘုန်းကြီးပြောတဲ့အတိုင်း ဒကာ-ဒကာမတွေ ယုံယုံကြည် ကြည်နဲ့ ခန္ဓာကိုယ်မှာ စိတ်ကလေးတွေ ပေါ်လာတာ စိတ် ကလေးတွေ ရယ်လို့တောင် မဟုတ်ပါဘူး၊ သေသေချာချာ ဉာဏ်နဲ့ သာကြည့်ပါ၊ ငါ့စိတ်ရယ်လို့ ခေါ်စရာ မရှိပါဘူး၊ ဖြစ် ပြီးပျက်တဲ့ အနိစ္စ ကလေးတွေသာ တွေ့ပါလိမ့်မယ် (မှန် ပါ့ ဘုရား)၊ ဒီတော့ ဘုန်းကြီး ပြောတဲ့ အတိုင်း မတွေ့ပေဘူးလား (တွေ့ပါတယ် ဘုရား)။
ထိုကဲ့သို့ တွေ့တဲ့အခါ ကျလို့ရှိရင် ဒီထဲမှာ ငါဝင်ရှုပ်စရာ ရှိသေးသလား (မရှိပါ ဘုရား)၊ အနိစ္စထဲ ငါဝင်စရာ ပါသေး သလား (မပါပါ ဘုရား)၊ ငါဝင်စရာ မပါတော့ ဒကာဒကာမတွေက ယုံယုံကြည်ကြည်နဲ့ အားထုတ် လိုက်တော့ ဒိဋ္ဌိက ပြုတ်ထွက ်သွားတယ် (မှန်ပါ့ ဘုရား)။ ယုံယုံကြည်ကြည်နဲ့ အားထုတ် လိုက်တော့ (ဒိဋ္ဌိပြုတ် ထွက်သွားပါတယ် ဘုရား)၊ ဒိဋ္ဌိ ပြုတ်ထွက် သွားတော့ ဒိဋ္ဌိကြောင့် အပါယ် ရောက်ရမှာ ဒိဋ္ဌိပြုတ်ပေါ့ပဲ၊ အားလုံး ဒကာဒကာမတွေ အပါယ် သွားစရာရှိသေးရဲ့လား (မရှိပါ ဘုရား)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
ဒါဖြင့် ဒကာ-ဒကာမတို့ ခုနင်က ပြောခဲ့တဲ့ အတိုင်း ငါက မယုံကြည်မှုကြောင့် ငါအလုပ် မလုပ်ဖြစ်၊ ငါအလုပ် မလုပ်ဖြစ်သောကြောင့် ငါအပါယ်သွား၊ ဒါမှစွဲချက်မှန်တယ် (မှန်ပါ့ ဘုရား)။
ငါမယုံကြည် မှုကြောင့် ဘာတုံး (ငါအလုပ် မလုပ်ဖြစ် ဘူးတဲ့)၊ ငါအလုပ် မလုပ်ဖြစ် သောကြောင့် ငါအပါယ် သွားရလေခြင်း၊ ဒီလိုတန်းနေတာပဲ (မှန်ပါ့ ဘုရား)။
ဒါဖြင့် အလုပ်မလုပ်သေးတဲ့ ပုဂ္ဂိုလ်အတွက်မှာဖြင့် ဘုရား က အင်မတန်ကြီးကျယ်တဲ့ မဟာ ကရုဏာ တော်ကြီးနဲ့ သနား ရှာလိမ့်မယ် ဆိုတာလဲ ခင်ဗျားတို့ သံသယ မရှိပါနဲ့တော့ (မှန်ပါ့)၊ ဒီအလုပ်ကလေးမှ မလုပ်ရသေးလဲ ဒိဋ္ဌိက မပြုတ်သေးဘူးဗျ (မှန်ပါ့)၊ ပြုတ်ပါ့မလား (မပြုတ်ပါ ဘုရား)။
ဒါဖြင့် အလုပ် လုပ်ဖြစ်အောင်လဲ ဘယ်သူ့ကို ခေါင်း ဆောင်ပြီး ထားခဲ့တယ် ဆိုတာလဲ ယနေ့တရားမှာ အာဠဝက ဟောတဲ့ နေရာမှာ ပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား)၊ ဘယ်သူ့ကို ခေါင်းဆောင် ထားရမှာပါလိမ့် (သဒ္ဓါတရား ပါ ဘုရား)။
သဒ္ဓါတရားကို ခေါင်းဆောင် ထားလိုက်စမ်းပါဆိုတာ ပေါ် လာပလား (ပေါ်လာပါပြီ)၊ သဒ္ဓါတရား မရှိလို့ရှိရင်လဲ ဘုန်းကြီးက ရှင်းပြပါ့မယ် ဒကာ-ဒကာမတို့၊ သဒ္ဓါတရား ဆိုတာ ဘုရားဟော တော်မူတာ အနိစ္စရှိလို့ အနိစ္စကို ကြပ်ကြပ် ကြည့်ပေး၊ ကြည့်ရင်တွေ့မှာပဲ (မှန်ပါ့ ဘုရား)၊ သဘောကျ ပလား (ကျပါပြီ ဘုရား)။
မယုံရင် ခင်ဗျားတို့ ခန္ဓာကိုယ်မှာ ကြည့်ပါလား မံသံ အသားတဲ့၊ ခန္ဓာကိုယ်မှာ အသားတွေ ရှိတယ်တဲ့ (မှန်ပါ့)၊ အဋ္ဌိ-အရိုးဆိုတော့ အသား အောက်မှာ အရိုး ရှိတယ် မလာဘူးလား (လာပါ တယ်)၊ အဋ္ဌိမိဉ္စံ၊ ရိုးတွင်းခြင်ဆီ ဆိုတော့ အဲဒီအရိုးထဲမှာ ရိုးတွင်းခြင်ဆီ ကလေးတွေ မရှိဘူးလား (ရှိပါတယ်)၊
အဲဒါ ဘုရား ဟောတော်မူတာ လွဲသလား (မလွဲပါ ဘုရား)၊ အသားအောက်မှာ အရိုးရှိတယ်၊ အရိုး ထဲမှာ ရိုးတွင်းခြင်ဆီ ရှိတယ်ဆိုတာ ခင်ဗျားတို့ ဓားနဲ့ဖြတ် ကြည့်၊ ဒီသုံးထပ်တွေ့ရမှာပဲ (မှန်လှပါ ဘုရား)၊ အပေါ်ဆုံးက အရေ ရှိတယ်ဆိုတာလဲ အရေတွေ့ရမှာပဲ (မှန်ပါ့)၊ အရေမှာလဲ အရေထူ၊ အရေပါး ရှိတယ်ဆိုတာလဲ လှီးခေါက် ပြီး ဖြတ်ကြည့်တော့ မတွေ့ရပေဘူးလား (တွေ့ရပါတယ် ဘုရား)။
ဒါဖြင့် အရေထူ အရေပါးအောက်မှာ အသားရှိတယ်၊ အသားအောက်မှာ အရိုးရှိတယ်၊ အရိုးထဲမှာ ရိုးတွင်းခြင်ဆီ ရှိတယ်ဆိုတာ ဓားနဲ့လှီး ကြည့်ရင် ယုံကြည်သလို ခင်ဗျားတို့ ခန္ဓာကိုယ် ထဲမှာ ရှိတဲ့ ဘယ်စိတ် ပေါ်လာတာ ဒါဟာ စိတ်မရှိပါဘူး၊ ဒကာ-ဒကာမတို့၊ စိတ်ဆိုတာ နာမည်ပါပဲ။ ဉာဏ်နဲ့ ကြည့်လိုက်တဲ့အခါ ဖြစ်ပြီးပျက်တဲ့ အနိစ္စတွေပဲ တွေ့ပါ လိမ့်မယ်ဆိုတာ ခင်ဗျားတို့ ဓားနဲ့ လှီးကြည့် သလို ဆက်ဆက် လှီးကြည့်လို့ မှန်သလိုပေါ့ ဗျာ၊ သုံးဆယ့်နှစ် ကောဌာသ အမှန်တွေ့ ရသလို ဒီမှာလဲ ဒကာ-ဒကာမတို့ ဉာဏ်ကလေးနဲ့ သာ စောင့်ပြီး စိုက်ကြည့် နေလိုက်စမ်းပါ၊
ဘယ်စိတ်လာလာ အနိစ္စချည်း တွေ့ပါလိမ့်မယ် ဆိုတာ ဉာဏ် ဓားနဲ့ လှီးပြီး ကြည့်လိုက်ရင် ဘာတွေ့မယ် ထင်ကြသတုံး (အနိစ္စတွေ တွေ့ပါတယ် ဘုရား)၊ အနိစ္စပဲ တွေ့မယ်ဆိုတော့ ပုဂ္ဂိုလ်, သတ္တဝါ, ငါ, သူတစ်ပါး, ယောက်ျား, မိန်းမတွေ တွေ့ သေးရဲ့လား (မတွေ့ပါ ဘုရား)။
ဒါဘယ့်နှယ်ကြောင့် အမှန်တွေ တွေ့ပါလိမ့်မလဲလို့ မေးဖို့မလိုဘူးလား (လိုပါ တယ် ဘုရား)၊ အမှန်တွေ့တာ သမ္မာဒိဋ္ဌိကိုးဗျ (မှန်ပါ့ ဘုရား)
အမှန်တွေ့အောင် ရှာနိုင်တာက (သမ္မာဒိဋ္ဌိပါ ဘုရား)၊ အဲ သမ္မာ ဒိဋ္ဌိ လာကတည်းက ခုနင်က ဒိဋ္ဌောဃဆိုတဲ့ မိစ္ဆာဒိဋ္ဌိ နေနိုင်သေးရဲ့ လား (မနေနိုင်ပါ ဘုရား)၊ မနေနိုင်ကတည်း က ဒကာ-ဒကာမတွေ စဉ်းစားပါလား၊ ဒိဋ္ဌိကြောင့် အပါယ် သွားရတာ (မှန်ပါ့ ဘုရား)။
ခုနင်က သုံးဆယ့်နှစ်ကောဋ္ဌာသ အမှန်တွေချည်း တွေ့ သ လို ဒီမှာ ဝိပဿနာစခန်းမှာလဲ ဘုရားက အနိစ္စသာ ရှိပါတယ် လို့ပြောတာ ယုံယုံကြည်ကြည်နဲ့ ဘုရား ဟောတော်မူတဲ့ အတိုင်း ဆရာဘုန်းကြီး ပြောတာကို ယုံယုံကြည်ကြည်နဲ့ ခင်ဗျားတို့က ကြည့်လိုက်ကြတော့ ဒကာကြွယ်တို့ ဘာတွေ့ ရမတုံး (အနိစ္စ တွေ့ရပါမယ် ဘုရား)။
အနိစ္စတွေ့တယ် ဆိုကတည်းက ခုနင်က ငါ့စိတ်လို့ ထင် နေတဲ့ နိစ္စဒိဋ္ဌိ ရှိသေးရဲ့လား (မရှိပါ ဘုရား)၊ စင်ပြီး မပြေး ဘူးလား (ပြေးပါတယ်)၊ ဒါဖြင့် ဒိဋ္ဌိ ခန္ဓာထဲ မရှိရင် အပါယ်သွားဖို့ ဝတ္တရား (မရှိပါ ဘုရား)၊ ဘယ့်နှယ်ကြောင့် ဒိဋ္ဌိစင်ပေး ပါလိမ့်မတုံး ဆိုလို့ရှိရင်ဖြင့် ယုံကြည်တဲ့ သဒ္ဓါ တရားနဲ့ အမှန်ကြည့်လိုက်လို့ (မှန်ပါ့)၊ ယုံကြည်တဲ့ သဒ္ဓါ တရားနဲ့ အမှန် ကြည့်လိုက်ပြန်တော့ ဘယ်သူ စင်ပြေးသတုံး (ဒိဋ္ဌိစင်ပေးပါတယ်)၊ ဒိဋ္ဌိစင်သွားတော့ ဒိဋ္ဌိဆိုတာ ဘယ်သွားတဲ့ တရားပါလိမ့် (အပါယ်သွားတဲ့ တရားပါ ဘုရား)။
ကိုင်း ဒီတရား မရှိကတည်းက ခင်ဗျားတို့ အေးအေး ဆေးဆေး လုပ်စားဖို့ပဲ ရှိတော့တယ် (မှန်ပါ့)၊ အပါယ်ကြောက်စရာ ရှိသေးရဲ့ လား (မရှိပါ ဘုရား)။
ကိုင်း ဒါဖြင့် ဒကာ-ဒကာမတို့ “သဒ္ဓါယ တရတိ သြဃံ” ဆိုတဲ့အတိုင်း သဒ္ဓါယ ဘုရား ဟောတော်မူတာ ယုံကြည် ဆရာသမားက ဘုရားကို အတုလိုက်ပြီး ဟောတာ ယုံကြည်သဖြင့် “ဩဃံ -ဒိဋ္ဌောဃ” ဆိုတဲ့ သြဃကြီးကို (ဝါ) အပါယ်လေးပါးကို လှည့်ပို့နေတဲ့ ဒိဋ္ဌိ စေတသိက်ကို၊ တရတိ= လွန်မြောက်နိုင်၏။ (ဝါ) ပယ်ဖျောက်နိုင်၏ (မှန်ပါ့)၊ သဘောပါကြပလား (ပါပါပြီ ဘုရား)။
တရားမများသေးပါဘူး ဦးဘအုန်း များသလား (မများပါ ဘုရား)၊ မများသေးဘူး၊ တစ်လုံး တည်းနဲ့ အပါယ် တံခါးပိတ်တဲ့ တရားကို ပြနေတယ် (မှန်ပါ့ ဘုရား)။ တစ်လုံးတည်းနဲ့ ဘာပါလိမ့် (အပါယ်တံခါး ပိတ်တဲ့ တရားကို ပြနေပါတယ် ဘုရား)။
အပါယ်တံခါးပိတ်တော့ ခင်ဗျားတို့ အိမ်ရောက်လို့ရှိရင် ည ဖြစ်စေ၊ မနက်ဖြစ်စေ ကြိုးစားကြ၊ ဆရာသမားက ခန္ဓာကိုယ် ထဲမှာ စိတ်ကလေးတွေ ပေါ်လာလိမ့်မယ်လို့ ပြောလိုက်တယ် (မှန်ပါ့)၊ စိတ်ဟာ မပေါ်ပါနဲ့ဆိုလို့ မရဘူး၊ ပေါ်မှာပဲ (မှန်ပါ့)၊ ဘာကြောင့်၊ စိတ်မရှိလဲ သေသွားမှာကိုး (မှန်ပါ့ – ဘုရား)၊ အဲ စိတ်မပေါ်ရင် သေသွားမှာ ဆိုတော့ဒီစိတ် ကလေးဟာ ပေါ်ရမှာပဲ၊ အဲဒီ ပေါ်တဲ့ စိတ်ကလေးကို ခင်ဗျားတို့ ဘာပါလိမ့်မတုံးသာ ဦးဘအုန်းတို့ စောင့်စောင့်ကြည့် စမ်း၊ စောင့်ကြည့် တော့ စိတ်ကလေးဟာ ဘာပြောသွားမယ် ထင်သတုံး (အနိစ္စပြောမှာပါ ဘုရား)၊ ကျုပ်ဟာ အနိစ္စ၊ ကျုပ်ဟာ အနိစ္စပါပဲလို့ ပြောသွားပါတယ် (မှန်ပါ့ ဘုရား)။
ပြောသွားကတည်းက သူပြောတာဟုတ်သားပဲလို့ ယုံယုံ ကြည်ကြည်နဲ့ ကြည့်လိုက်တော့ အနိစ္စသာ ရှိတယ်၊ ငါ့စိတ်လဲ မရှိပါဘူး၊ သူ့ စိတ်ကော (မရှိပါဘူး)။
ဒါဖြင့် ငါ့စိတ် သူ့စိတ်ဆိုတဲ့ ဒိဋ္ဌိ ဘယ့်နှယ့်နေသတုံး၊ ဒိဋ္ဌိ ပြုတ်မသွားဘူးလား (ပြုတ်သွား ပါတယ်)၊ ဒိဋ္ဌိပြုတ်သွားတော့ ဒိဋ္ဌိသြဃ ကြီးဟာ ကျုပ်တို့ သန္တာန်မှာ ရှိသေးရဲ့ လား (မရှိပါ ဘုရား)၊ ဒိဋ္ဌိတရားကြောင့် အပါယ်သံသရာကြီး လည် ဖို့ရာ ဖြစ်လေသောကြောင့် ဒိဋ္ဌောဃဆိုတဲ့ ဥစ္စာကြီး ရှိသေး ရဲ့ လား (မရှိပါ ဘုရား)။
ဒါထောက်ကြည့်တော့ ဒီဒိဋ္ဌိတည်း ဟူသော အပါယ်သံသ ရာကြီးမှ ကျုပ်တို့ လွတ်မြောက် သွားတာ ဘယ်တရားကြောင့် လွတ်မြောက်ပါလိမ့်မတုံး (သဒ္ဓါ တရားကြောင့်ပါ)၊ ယုံ ကြည်တဲ့ သဒ္ဓါတရားကြောင့် (မှန်ပါ့)၊ ယုံကြည်ပြီး အား ထုတ်လိုက်တဲ့ သဒ္ဓါတရားကြောင့် လွတ်မြောက် သွားတာ (မှန်ပါ့ ဘုရား)။
ဒီတစ်လုံးတည်းကို ပြောနေတဲ့ ဥစ္စာသည် ဘုရားကိုက ဒီနေရာမှာ တစ်လုံးတည်း ဟောလို့ တစ်လုံးတည်း ပြောနေတာ ဦးဘအုန်းရ (မှန်ပါ့ ဘုရား)။
ကိုင်း ဒါဖြင့် ယုံကြည်ရင် အပါယ်လေးပါးမှ လွတ်နိုင် ပါတယ် (မှန်ပါ့)၊ သဘောပါကြပလား (ပါပါပြီ ဘုရား)။ ယုံယုံကြည်ကြည် ဆိုတာ ဒိပြင်ဟာကို ရမ်းလဲ မယုံနဲ့၊ ဘုန်းကြီး ပြောတဲ့ အတိုင်း ကိုယ့်စိတ်ကလေးတွေကို ကိုယ်ပြန် ကြည့်ရမယ်၊ စိတ်ကလေးတွေကို ကြည့်ပေး၊ ဘုရားက ယုံယုံ ကြည်ကြည်နဲ့ ကြည့်ပေး ကြည့်ပေးတဲ့အခါ စိတ်ကလေး တွေက စိတ်လို့ ပြောမလား၊ အနိစ္စလို့ ပြောမလား (အနိစ္စ လို့ ပြောမှာပါ ဘုရား)။
သြော် ဘုရားက ခန္ဓာကိုယ်ထဲ အနိစ္စရှိတယ်လို့ ဟော ထားတာ၊ တို့က ယုံယုံကြည်ကြည်နဲ့ ကြည့်လိုက်တော့ အနိစ္စ ပဲ တွေ့တော့တယ် (မှန်ပါ့ ဘုရား)၊
ဖြစ်လိုက် ပျက်လိုက်၊ ဖြစ်လိုက်ပျက်လိုက်နဲ့ ဘာတွေ တွေ့ပါလိမ့် (အနိစ္စတွေပဲ တွေ့ပါတယ် ဘုရား)၊ အနိစ္စတွေပဲ တွေ့တယ်ဆိုတာ သဘောကျပလား (ကျပါပြီ ဘုရား)။
အဲ အနိစ္စပဲ တွေ့တဲ့ အခါကျတော့ နိစ္စဒိဋ္ဌိ ရှိသေးရဲ့ လား (မရှိပါ ဘုရား)၊ အရင်တုန်း ကတော့ ခိုင်တယ်၊ မြဲ တယ်ဆိုတဲ့ ဒိဋ္ဌိက စိတ်ပေါ်မှာ ကပ်နေတယ် (မှန်ပါ့)၊ အခု အနိစ္စလို့ စိတ် ကိုယ်တိုင်က ဖွင့်ဟပြီး သကာလ ပြောလိုက်သလို စိတ်တရားက ဖြစ်ပျက်ပြီး ပြလိုက်သဖြင့် ဘုန်းကြီးတို့ ဒကာ-ဒကာမတွေ၌ ငါ့စိတ်ဆိုတဲ့ အထင်ဟာ ဘယ့်နှယ်နေ သတုံး (မရှိပါ ဘုရား)၊ ဒါဖြင့် ဘယ်ဩဃ လွန်မြောက် ပါလိမ့်မတုံး (ဒိဋ္ဌောဃ လွန်မြောက်ပါတယ် ဘုရား)၊ ဒိဋ္ဌောဃ လွန်မြောက် သွားတယ်ဆိုတာ ယုံကြည်ပလား (ယုံကြည်ပါပြီ ဘုရား)။
ဘယ့်နှယ်ကြောင့် ဒိဋ္ဌောဃဆိုတဲ့ အပါယ် သံသရာကြီးမှ အားထုတ်တဲ့ ပုဂ္ဂိုလ်တွေ လွတ်သွား ပါလိမ့်မလဲလို့ လက်သည် အရင်းကျကျ ရှာလိုက်စမ်း၊ ဒကာ-ဒကာမတို့ (သဒ္ဓါ တရားကြောင့်ပါ)၊ တယ်လဲကောင်းတဲ့ သဒ္ဓါတရားပါလား (မှန်ပါ့ ဘုရား)။
ဒါကြောင့် ဒီတရားတစ်ပွဲလုံး မှတ်စရာက၊ “သဒ္ဓါယ ကရတိ သြဃံ၊” သဒ္ဓါယ-ဘုရားဟောတာ ယုံကြည်၊ ဆရာ သမားပြောတာ ယုံကြည်သဖြင့်၊ ဩဃံ-အပါယ် သံသရာ တည်းဟူသော ဒိဋ္ဌောဃကို၊ တရတိ-လွန်မြောက်နိုင်၏၊ ဆိုတော့ ဘုန်းကြီးတို့ ဒကာ-ဒကာမတွေ သြော် နည်းနည်း နောနော ကျေးဇူး မဟုတ်ပါလား၊ အခု နာရီဝက်သာသာ ဟော တဲ့ဥစ္စာ ဒီတစ်လုံးတည်းနဲ့ပဲ ဘုရားဟောတာ ယုံကြည်၊ ဆရာ သမားပြောတာ ယုံကြည်ပြီး ပေါ်တဲ့စိတ် ကြည့်နေပါ (မှန်ပါ့)၊
ပေါ်တဲ့စိတ် ကြည့်နေတော့ စိတ်က ဘာပြောမယ် ဆင်သတုံး (အနိစ္စ ပြောမှာပါ ဘုရား)၊ အနိစ္စပြောလိုက်တယ် ဆိုကတည်းက အနိစ္စက အနိစ္စ၊ သိတာကမဂ္ဂ ဖြစ်သွား တယ် (မှန်ပါ့)၊ အဲဒီမဂ်ကနေပြီး ဒကာအုန်းတို့ ဒိဋ္ဌိပယ် ချလိုက်တယ် (မှန်ပါ့)၊ မချလိုက်ဘူးလား (ချပါတယ် ဘုရား)။
ဒိဋ္ဌိ ပယ်ချလိုက်တော့ အပါယ်လေးပါး သံသရာကြီးကို ဒိဋ္ဌိတည်းဟူသော ရေသောက် မြစ်ကြောင့် ပေါက်နေတဲ့ အပါယ် သံသရာ လေးပါး သဘောကျပလား (ကျပါပြီ)၊ ဒိဋ္ဌိ တည်းဟူသော ရေသောက်မြစ်ကြောင့် ပေါက်နေတဲ့ အပါယ် သံသရာကြီးဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။
ဒိဋ္ဌိတည်းဟူသော ရေသောက်မြစ်ကို ကျုပ်တို့က တူးဆွပြီး မီးရှို့ ပစ်လိုက်သဖြင့် ခုနင်က အပါယ်သံသရာ လေးပါးကြီး ဟာ ရှိသေးသလား (မရှိတော့ပါ ဘုရား)၊ ဘယ်ရေသောက် မြစ် တူးဆွ ပစ်လိုက်ပါလိမ့် (အပါယ် ရေသောက်မြစ် တူး ဆွပစ်လိုက်လို့ပါ ဘုရား)၊ ဘယ်သူနဲ့ တူးလိုက် ပါလိမ့်မတုံး မေးတော့ မဂ်နဲ့ တူးချလိုက်တယ် (မှန်ပါ့)၊ သဘောကျ ပလား (ကျပါပြီ ဘုရား)။
မဂ်က တူးချင်လို့ တူးနိုင်တာလား ဆိုလို့ရှိရင်ဖြင့် သဒ္ဓါတည်း ဟူသောလက်နဲ့ ကိုင်မိလို့ တူးနိုင်တာ (မှန်ပါ့)၊ ဒါဖြင့် သဒ္ဓါသည် လက်နဲ့တူတယ် (မှန်ပါ့)၊ ပညာသည် တူးရွင်း ပေါက်ပြားနဲ့ တူတယ် (မှန်ပါ့)၊ ဒိဋ္ဌိက ရေသောက်မြစ်နဲ့ တူတယ် (မှန်ပါ့)၊ အပါယ်လေးပါးကြီးက ပင်စည်၊ ခက်မ၊ အသီး၊ အပွင့်တွေနဲ့ တူတယ် (မှန်ပါ့ ဘုရား)။
အဲဒီတော့ သဒ္ဓါတည်းဟူသော လက်မပါဘဲနဲ့ ပညာတည်း ဟူသော တူးရွင်းက သူ့ဟာသူ မတူနိုင်ဘူးဗျာ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
သဒ္ဓါဟာ ဘာနဲ့တူသတုံး (လက်နဲ့တူပါတယ်)၊ ပညာ ဟာ တူးရွင်းနဲ့ တူတယ်၊ သဘောကျ ပလား (ကျပါပြီ)။ သဒ္ဓါတည်း ဟူသောလက်နဲ့ ပညာတည်းဟူသော တူးရွင်းကို ကိုင်ပြီးတဲ့ သကာလ ဒိဋ္ဌိရေသောက်မြစ် တူးလိုက်တော့ မရဘူးလား (ရပါတယ်)၊ အဲ ဒိဋ္ဌိရေသောက်မြစ်လဲ တူးလိုက် ပါရော အပါယ် လေးပါး တည်းဟူသော ပင်စည်ခက်မ ကြီးတွေ တစ်ခါတည်း ဒကာသစ် ပြုတ်ပြုတ်ပြုန်း ကျုပ်တို့ အတွက် ရှိသေးရဲ့လား (မရှိပါ ဘုရား)။
ဒါဖြင့် အပါယ်လေးပါး ရေသောက်မြစ်ကို တူးနိုင်တာက ဖြင့် “သဒ္ဓါယ တရတိ သြဃံ”တဲ့၊ သဒ္ဓါတရားရှိပြီး ပညာနဲ့ အားထုတ် လိုက်တဲ့အတွက် ဒကာ-ဒကာမတို့ လိုရာခရီးကြီး အပြီးကြီး ပြီးသွားတော့ တယ်ဆိုတာ ယုံကြည်ပလား (ယုံကြည်ပါပြီ ဘုရား)။
အခုတော့ ဒကာ-ဒကာမတွေ စိုးရိမ်နေတာက သြော် ငါသေရင် အပါယ်များ ရောက်ချည် မလား၊ ဒီသား ဒီသမီးတွေနဲ့တော့ အပါယ်များ ရောက်သွားရင် မခက်ဘူးလား (မှန်ပါ့)၊ ခင်ဗျားတို့ တွေးချက်က သိပ်လွဲတယ် (လွဲပါ တယ် ဘုရား)။
ဒကာသစ်တို့က တော်တော်ဆိုးတဲ့ လူတွေ၊ ဒီသား၊ဒီသမီး၊ ဒီပစ္စည်းတွေနဲ့ တပည့်တော်တို့ဖြင့် သေတောင်မှ အပါယ်တော့ လွတ်မယ် မထင်ဘူးတဲ့၊ ဟာ ဒီသား -ဒီသမီး ဒီပစ္စည်း တွေနဲ့ ဘာမှမဆိုင်ဘူး၊ ဝမ်းထဲမှာ ဒိဋ္ဌိ မဖြိုနိုင်တာနဲ့ သဒ္ဓါတည်း ဟူသော လက်နဲ့ ပညာ တည်းဟူသော တူးရွင်း၊ ပေါက်ပြား ကိုင်ပြီး ဒိဋ္ဌိရေသောက်မြစ် မတူးနိုင်မှ အပါယ် သွားရမှာ (မှန်ပါ့ ဘုရား)၊ ဒီသား ဒီသမီး ဒီပစ္စည်းကြောင့် သွားတာ မဟုတ်ပါဘူး (မှန်ပါ့)၊ သဘောပါကြပလား (ပါပါပြီ ဘုရား)။
ဒါဖြင့် ဒကာ-ဒကာမတို့ အိပ်လဲ မနေကြပါနဲ့ အရောင်း အဝယ်ကလေးလဲ လောမနေကြပါနဲ့၊ ဒိဋ္ဌိရေသောက်မြစ် တူး ပြီး သကာလ အပါယ်သံသရာကြီး ချုပ်ငြိမ်းရုပ်သိမ်းတဲ့ အလုပ် ကို အရင် လုပ်ပါဦး၊ ပြီးတော့မှ ခင်ဗျားတို့ သားရေး၊ သမီး ရေး၊ စီးပွားရေးကို နောက်ထား လုပ်ပါ ဆိုတာများ ဒကာကြွယ် ဒီဥစ္စာ နားထောင်ဖို့ သိပ်ကောင်းပါတယ် (မှန်ပါ့ ဘုရား)၊ ကဲ ပါဠိတော်ကော ရိပ်မိပလား (ရိပ်မိပါပြီ)၊
“သဒ္ဓါယ တရတိ သြဃံ”၊ သဒ္ဓါယ = ယုံကြည်တဲ့ သဒ္ဓါတရားဖြင့်၊ သြဃ = ဒိဋ္ဌောဃကို တရတိ=လွန်မြောက်နိုင်၏။ သဘောပါ ကြပလား (ပါပါပြီ ဘုရား)။
ဒါဖြင့် ဒီတရားနဲ့ပဲ ဒကာသစ်ရေ သေပျော်ပြီ (မှန်ပါ့)၊ ဖြစ်ပျက် မြင်အောင် ဘယ်သူ့ကို အဓိက ထားရမယ် (သဒ္ဓါကို ထားရပါမယ်)၊ သဒ္ဓါတရား အဓိကထားတော့ သဒ္ဓါတည်း ဟူသောလက်နဲ့ ပညာတည်း ဟူသော သံတူရွင်း ကိုင်လိုက်လို့ ရှိရင်ဖြင့် ဒိဋ္ဌိရေသောက်မြစ်ဟာ တူးနိုင်တော့တာပါပဲ (မှန်ပါ့)။
ဒါကြောင့် အဋ္ဌကထာ ဆရာများက ပြတာက ဓားဟာ ဘယ်လို ပင်ထက်အောင် သွေးထား သော်ငြားလည်း ကိုင်ပြီး ခုတ်မဲ့သူ မရှိရင် ဒကာသစ် ဘယ်အပင် ပြတ်ပါ့မလဲ (ဘယ်အပင်မှ မပြတ်ပါ ဘုရား)၊ ဓားမထက်လို့လား၊ ကိုင်ခုတ် မည့်သူ မရှိလို့လား (ကိုင်ခုတ်မည့်သူ မရှိလို့ပါ)၊ သဘော ပါကြပလား (ပါပါပြီ ဘုရား)။
ဒီမှာ ခုတ်တဲ့ ပညာတွေ ဒကာ-ဒကာမတွေ ထိုက်တန် သလောက် ရှိငြား သော်လည်း သဒ္ဓါတည်း ဟူသော လက်နဲ့ ကိုင် မခုတ်လို့ ရှိရင်လည်း ဒိဋ္ဌိတည်းဟူသော ရေသောက်မြစ် က ပြတ်ပါ့မလား (မပြတ်ပါ ဘုရား)၊ ရှင်းပလား (ရှင်း ပါပြီ ဘုရား)။
ဪ ဒါဖြင့် ဓားတောင်မှ သွေးလို့ ဘယ်လောက် ထက်ထက် ဒကာကြွယ်ရေ၊ ချထားရင် ဘာမှမပြတ်ပါဘူး (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)၊ လက်နဲ့ယူပြီး ခုတ်လို့ရှိရင် ဘယ်အပင် ခုတ်ခုတ် ပြတ်ရမှာပဲ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
ဒါဖြင့် ဒီအထဲမှာ ဘယ်သူ အရေးကြီးနေတယ်ဆိုတာ ပေါ်ရောပေါ့ (ပေါ်ပါပြီ ဘုရား)၊ ဘယ်သူ အရေးကြီးပါလိမ့် (သဒ္ဓါ အရေးကြီးပါတယ် ဘုရား)။
ဒါကြောင့် ဘုရားက ဒီနေရာမှာ “သဒ္ဓါယ တရတိ သြဃံ”လို့ – ဟောတော်မူတယ်၊ သဒ္ဓါယ = ယုံကြည်ကိုးစားသော သဒ္ဓါ တရားဖြင့် (ဝါ) ဖြစ်ပျက်ရှိတာ၊ ဖြစ်ပျက်ရှိတယ်လို့ ယုံယုံ ကြည်ကြည်ဖြင့် ရှိသဖြင့် ဩဃ = ဒိဋ္ဌောဃကို (ဝါ) အပါယ် သံသရာကြီးကို တရတိ = လွန်မြောက် နိုင်ပါတယ် ကွာတဲ့ (မှန်ပါ့) ဆိုတော့ ဒကာ-ဒကာမတို့ ဒီဥစ္စာ နှစ်ခွန်း သော စကားကိုပြောတဲ့ ဘုရားမဟုတ်ပါဘူး (မှန်ပါ့ ဘုရား)။
တစ်ခွန်းတည်းနဲ့ အမှန်ကို ပြောတတ်တဲ့ မြတ်စွာဘုရားပါ (မှန်ပါ့)၊ တစ်ခွန်းကလဲ အမှန်ကို ပြောသလား၊ မမှန်တာကို ပြောသလား (မှန်တာကို ပြောပါတယ်)၊ မှန် တာပြောတာလဲ အကျိုးရှိတာ ပြောသလား၊ အကျိုး မရှိတာပြောသလား (အကျိုးရှိတာ ပြောပါတယ် ဘုရား)။
ဒါဖြင့် မှန်တာလဲ ပြောပြန်၊ တစ်ခွန်းတည်းလဲ ပြောပြန်၊ ဒီစကား တစ်လုံးတည်းမှာ အရေးကြီးကြောင်းကို သေသေ ချာချာ တစ်ခွန်းနဲ့ အမှန် အကျိုးရှိတာကို ပြောနေတာ (မှန်ပါ့)။
ဒါဖြင့် “သဒ္ဓါယ တရတိ သြဃံ” ဆိုတာ ကောင်းကောင်း ကျေနပ်ကြပလား (ကျေနပ်ပါပြီ ဘုရား)၊ သဒ္ဓါ တရားသာ ကောင်းကြပါစေ ဆိုတော့ တလွဲတွေမှာ ကောင်းဖို့ မလိုပါဘူး၊ ကိုယ့်ကိုယ်ကို လှဖို့, ပဖို့, ကောင်းဖို့ မလိုပါဘူး၊ ကိုယ့်ဒုက္ခ သိမ်းဖို့ နေရာမှာ ကောင်းဖို့ လိုပါတယ် (မှန်ပါ့ ဘုရား)။
နတ်ပြည် ရောက်ရုံလောက်သာ မျှော်ကိုးပြီး ပေးကမ်း ဒါန်းနေလို့ ရှိရင် အဲဒီသဒ္ဓါသည်လည်း အကောင်းကြီး မဟုတ် သေးဘူး (မှန်ပါ့)၊ ဗြဟ္မာပြည် ရောက်ဖို့လောက် ကောင်း နေတဲ့ သဒ္ဓါမျိုး လောက်ဆိုတာ မဟုတ်သေးပါဘူး၊ အပါယ် လေးပါး ပိတ်ဖို့ရာ သဒ္ဓါ ကောင်းလိုက်စမ်းပါ၊ ဒိဋ္ဌိပြုတ်ဖို့ရာ သဒ္ဓါကောင်း လိုက်စမ်းပါ (မှန်ပါ့)။
ဘာဟောပါလိမ့် (အပါယ်လေးပါး၊ ပိတ်ဖို့ရာ သဒ္ဓါ ကောင်းဖို့ ဟောပါတယ် ဘုရား)၊ နတ်ပြည် ရောက်သွားလဲ တော်တော်ကြာ အပါယ် ခုန်ချ ရဦးမယ် ဆိုတော့ ဒကာ သစ် အလကားပါ (မှန်ပါ့)၊ ဗြဟ္မာပြည် ရောက်ပါလိမ့်မယ် ရောက်ပြီး အပါယ် ပြန်ဆင်းရ လိမ့်ဦးမယ်ဆိုတော့ ကောင်းတာမှ မဟုတ်သေးဘဲ (မှန်ပါ့)၊
ဒါကြောင့် အဲဒီသဒ္ဓါတွေ အသာ ချိတ်ထားပြီး သကာလ အပါယ်လေးပါး တံခါးပိတ်ဖို့ သဒ္ဓါကောင်းပြီး သုံးကြစမ်းပါဆိုတာ တိုက်တွန်းရပြန်တယ် (မှန်ပါ့)၊ မတိုက်တွန်းဘူး လား၊ (တိုက်တွန်း သင့်ပါတယ်)၊ သဘောပါကြပလား (ပါပါပြီ ဘုရား)။
မှတ်ချက်။ ။မြတ်စွာဘုရား၏ အဖြေ ‘‘သဒ္ဓါယ တရတိ ဩဃံ၊ အပ္ပမာဒေန အဏ္ဏဝံ၊
ဝီရိယေန ဒုက္ခမစ္စေတိ, ပညာယ ပရိသုဇ္ဈတိ။(သဂါထာဝဂ္ဂသံယုတ်၊၂၁၇)
(အဋ္ဌကထာ၌ ‘‘ယသ္မာ သောတာပတ္တိယင်္ဂပဒဋ္ဌာနံ သဒ္ဓိန္ဒြိယံ, တသ္မာ သဒ္ဓါယ တရတိ ဩဃန္တိ ဣမိနာ ပဒေန ဒိဋ္ဌောဃတရဏံ သောတာပတ္တိမဂ္ဂံ သောတာပန္နဉ္စ ပကာသေတိ။’’ ဟုဖွင့်ဆို၏။ ၎င်းအဖွင့်နှင့်အညီ ဆရာတော်ဘုရားကြီး ဟောနေခြင်းဖြစ်သည်။)
ဒါဖြင့် တရားတစ်ပွဲလုံး အခုနာရီ သုံးမတ်ရှိသွားပြီ၊ ဒကာ -ဒကာမတို့၊ ဘယ်နှစ်လုံး ဟောပါလိမ့်၊ (တစ်လုံးတည်းပါ ဘုရား)၊ တစ်လုံးတည်းမှာ ဘုရားက တစ်ခွန်းတည်း သုံး တယ်၊ အကျိုးရှိတာ သုံးတယ်၊ အမှန်ကိုသုံးတယ် (မှန် ပါ့ ဘုရား)။
အဲ တစ်ခွန်းတည်းနဲ့ အမှန်အကျိုးရှိတာကို သုံးတော့ သဒ္ဓါ ကောင်းလို့ ရှိရင်ဖြင့် အောက် သံသရာကို ခင်ဗျားတို့ လွန်မြောက် နိုင်ပါတယ် (မှန်ပါ့)၊ သဒ္ဓါကောင်းလို့ရှိရင် (အောက်သံသရာကို ခင်ဗျားတို့ လွန်မြောက်နိုင်ပါတယ်)၊
တယ်လဲအဖိုးတန်ပါကလား (အဖိုးတန်ပါတယ်)၊ ဘုရားတစ် ဆူတစ်ဆူ ပွင့်တော်မူမှ ဒီစကား တစ်လုံးတစ်လုံး ကလေး အဖိုးတန်ပြီး ထွက်ထွက်၊ ထွက်ထွက်လာတယ်နော် (မှန်ပါ့)။
ခင်ဗျားတို့ ဗလစ်ဗလစ်နဲ့ ဈေးထဲ ပြောနေတဲ့ အသားတွေက အလုံး တစ်ရာပြောလို့ တစ်လုံးမှ အသုံးချစရာ မပါတာတွေ ရှိသေး၊ မရှိဘူးလား (ရှိပါတယ် ဘုရား)၊ ကျန်းမာပါရဲ့လား၊ မမြင်ရတာ ကြာပြီ၊ မျှော်ရတာလဲ ကြာပြီ၊ ငယ်ငယ်တုန်းက ဟာတွေ ကျုပ်တို့ အောက်မေ့တိုင်း အိပ်ရာဝင်ရင် ခင်ဗျားပဲ သတိရနေတယ်၊ အပိုချည်းပဲ၊ ဘာမှမဟုတ်ဘူး၊ ဒီဥစ္စာတွေ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
ဘုရားက တစ်လုံးတည်းနဲ့ ဒီအသုံးမျိုး ဟုတ်ပါရဲ့လား (မဟုတ်ပါ ဘုရား)၊ တစ်ခွန်းတည်းနဲ့ ပြောတယ်၊ မှန်တာကို ပြောတယ်၊ အကျိုးရှိတာကို ပြောတယ် (မှန်ပါ့)၊ ခင်ဗျားတို့ ကတော့ အခွန်းတစ်ရာ ပြောလဲ မှန်တဲ့ တစ်လုံးပါဖို့ အတော် ခဲယဉ်းတယ် (မှန်ပါ့)၊ အကျိုး ဆိုတာတော့ မတွက်နဲ့တော့၊ လုံးဝမလာ (မှန်ပါ့)၊ ဘယ်လောက် ဆိုးနေသတုံး (ဆိုး ပါတယ် ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ပြီးတော့ ခင်ဗျားတို့ ချင်း လက်ခုပ် တီးသေးတယ်၊ သူက အပြောအဆို ကောင်းတယ်လို့များ လက်ခုပ် တီးသေးတယ် ဟိုလူက နောက်ဆိုရင် ဒီထက် ဘဝင်မြင့်တော့မှာပဲ၊ ဘေးက ဒါလောက် လက်ခုပ်တီးရင် (မှန်ပါ့)၊ မဆိုးရွားဘူးလား (ဆိုးရွားပါတယ် ဘုရား)။
အဲဒီတော့ ဘုရားကို အတုခိုးဖို့ ကောင်းတယ် ဆိုတာ ပေါ် လာပလား (ပေါ်လာပါပြီ)၊ ဘုရားက ဘယ်နှစ်ခွန်း သုံးသတုံး (တစ်ခွန်းပဲ သုံးပါတယ်)၊ အကျိုးရှိ-မရှိကော (ရှိပါတယ်)။ အကျိုးရှိတာကို တစ်လုံးတည်း သုံးလိုက်တယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)၊ မှားသလား- မှန်သလား (မှန် ပါတယ် ဘုရား)။
ဒါဖြင့် တစ်ခွန်းတည်း သုံးပြီး သကာလ – မှန်တာကို အဓိက ထားပြီး အကျိုးရှိတာလို့ သုံးလိုက်ပါတယ် (မှန်ပါ့)၊ စကားများရဲ့ လား (မများပါ ဘုရား)၊
ကဲ ဒါဖြင့် ဒကာကွယ်ရေ “သဒ္ဓါယ တရတိ သြဃံ”၊ ဆိုတော့ သဒ္ဓါ တစ်လုံး ကောင်းကောင်း ယုံယုံကြည်ကြည်နဲ့ ဒီယောဂီ တွေ အလုံးစုံအကုန် အားထုတ်ကြမယ်ဆိုရင် သောတာပတ္တိမဂ် မုချ ရနိုင် ပါတယ်လို့ ဒီတရားမှာသုံးပါ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
နောက်စကားတစ်လုံးက အာဠဝကပဲ ဟောလိုက်ပါတယ် “အပ္ပမာဒေန အဏ္ဏဝံ” အပ္ပမာဒေန= သတိတရားဖြင့်၊ ဟောဒါ -ကျတော့ သတိကို လက်ကိုင်ထားပြီး (မှန်ပါ့)၊ အဏ္ဏဝံ= အပြင်ကျယ်စွာ သံသရာ ပင်လယ်ကြီးကို၊ တရတိ= လွန်မြောက် နိုင်ပါ၏ (မှန်ပါ့)၊
သတိကလေး တစ်လုံးကို မင်းတို့ သုံးလိုက်မယ် ဆိုလို့ရှိရင် ခုနင်ကတော့ ဒိဋ္ဌောဃ တစ်ခုတည်း ပြခဲ့တယ်၊ အခုတော့ သြဃလေးပါးမှ အကုန်လွန်မြောက်နိုင် တယ်တဲ့ (မှန်ပါ့)။
ဒကာ-ဒကာမတို့ သတိတစ်လုံး သုံးလိုက်ပြန်တော့ (သြဃလေး ပါးမှ လွန်မြောက် နိုင်ပါတယ် ဘုရား)။
ခုနင်က သဒ္ဓါထက် သူက ကြီးသပေါ့၊ မကြီးဘူးလား (ကြီးပါတယ် ဘုရား)၊ သတိကလေး တစ်လုံး သုံးလိုက်မယ်ဆို ရင် သြဃလေးပါးမှ လွန်မြောက်နိုင်တယ် ဆိုတဲ့ ဥစ္စာ ကျေ နပ်ပလား (ကျေနပ်ပါပြီ ဘုရား)။
သို့သော် အကျယ်တဝင့် ချဲ့ထွင်ပြီး သကာလ ဆရာ ဘုန်းကြီး ပြောပါဦးမယ်၊ သတိကလေး တစ်လုံးကို သုံးလိုက် လို့ရှိရင် သြဃလေးပါးမှ လွန်မြောက် နိုင်တယ်ဆိုတော့ ဒကာ -ဒကာမတို့ “ဣဒံ မေ ပုညံ အာသ ဝက္ခယံ ဝဟံဟောတု” အာသဝေါတရား ကုန်ရပါလို၏လို့ ခင်ဗျားတို့ မဆိုကြဘူး လား (ဆိုပါတယ်)၊ အဲဒီအာသဝေါမှ လေးပါးစလုံး ကုန်ပါ တယ် (မှန်ပါ့)။
သတိတစ်လုံး လက်ကိုင်ထားရင် (အာသဝေါတရား လေးပါးစလုံး ကုန်ပါတယ်)၊ ဒကာကြွယ် သိပ်အဖိုးတန်ပါ ကလား (မှန်ပါ့)၊ ဒါကြောင့် ဒကာ- ဒကာမတွေ ဘယ်စိတ် ပေါ်လာလာ ခင်ဗျားတို့ သတိထားပေးစမ်း (မှန်ပါ့)၊ ဟောဒါ အိပ်ချင်တဲ့စိတ် ပေါ်လာပြီ၊ ဟော ကျင်ကြီး စွန့်ချင်တဲ့စိတ်၊ ဟော ကျင်ငယ်စွန့်ချင်တဲ့စိတ် ပေါ်ပြီ၊ ဟော ဒါကလေးက ပျက်သွားပြီ၊ ပျက်သွားပြီလို့ သတိထားလိုက်တော့ မသိပေဘူးလား (သိပါတယ် ဘုရား)။
သိလိုက်တဲ့ အခါကျလို့ ရှိရင်ဖြင့် ဟော သုခဝေဒနာ ပေါ်လာပြီ၊ ဒုက္ခဝေဒနာ ပေါ်လာပြီ၊ ဥပေက္ခာ ဝေဒနာ ပေါ်လာပြီလို့ သတိထားတော့ မသိဘူးလား (သိပါတယ်)၊ သိတော့ အပျက် ကလေးတွေ ကို မတွေ့ရဘူးလား (တွေ့ပါ တယ်)၊ ပေါ်တာ သိရင် ပျက်တာ တွေ့တာကိုးဗျ (မှန်ပါ့)၊ မီးထွန်းထာတွေ့လို့ ရှိရင် မီးငြိမ်းတာ ခင်ဗျားတို့ တွေ့ရမယ်၊စောင့်ကြည့်ပါ (မှန်ပါ့)။
မီးထွန်းထာတွေ့ရင် စောင့်ကြည့်တဲ့ပုဂ္ဂိုလ် ဘယ့်နှယ်တုံး (မီးငြိမ်းတာ တွေ့ရပါမယ်)၊ ဒါဖြင့် ပေါ်တာ တွေ့မယ်။ ပျက်တာကော (တွေ့ရပါမယ် ဘုရား)၊ အဲ သတိ ကလေးနဲ့ သာ စောင့်နေ စမ်းပါနော် (မှန်ပါ့)၊ ဘယ်စိတ် ပေါ်ပေါ် သတိကလေးနဲ့ သာ စောင့်နေလို့ရှိရင် ဒကာ-ဒကာမ တို့ လောဘ စိတ်ကလေး လာတယ် ဆိုရင် လောဘစိတ်ကလေး စောင့်ကြည့်စမ်း၊ ဒကာသစ် (မှန်ပါ့)၊ အပျက်ကလေး မပျက်ပေဘူးလား (ပျက်ပါတယ် ဘုရား)။
လောဘစိတ်ကလေး ပျက်သွားတော့ လောဘ တဏှာ၊ သူပျက်သွားပေါ့၊ ပျက်တာ ကျုပ်တို့က သိတဲ့ မဂ်ကနောက်က၊ လိုက်မလာဘူးလား (လာပါတယ်)၊ လာတော့ ကာမုပါဒါန် လာသေးသလား (မလာပါ ဘုရား)၊ ဟော ကာမောဃတွေ လွတ်သွားပြီ (မှန်ပါ့)။
ကဲ ဒါဖြင့် ကာမာသဝ လွတ်သွားပြီ၊ “အပ္ပမာဒေန အဏ္ဏဝံ” တဲ့ သတိတရား ကလေး ထားလို့ ရှိရင် အပြင် ကျယ်စွာ သံသရာကြီးကို ဆိုရင် သြဃ ပင်လယ်ကြီး လွန်မြောက်နိုင် တယ်ဆိုသဖြင့် အခု ကာမောဃ ပင်လယ်ကြီးဟာ လွန်မြောက်သွားတာပဲ (မှန်ပါ့)၊ သဘောကျပလား (ကျပါ ပြီ ဘုရား)။
ကိုင်း ဒီခန္ဓာကိုယ်ကြီးမှာ ရုပ်ဘက်ကနေပြီး ကြည့် လိုက် ပြန်တော့လဲ ဖြစ်တာနဲ့ ပျက်တာပဲ တွေ့တာပဲ ဆိုတော့ ဘယ်ဘဝ လိုချင်သေးသတုံး (မလိုချင်ပါ ဘုရား)၊ ဟာ ဒါဖြင့် ဘဝလိုချင်တဲ့၊ ဘဝေါဃ သံသရာကြီးကော မဂ်က ဖျက်ချလိုက်တာ၊ ဘဝသံသရာကြီးထဲ လည်စရာ ရှိသေးရဲ့လား (မရှိပါ ဘုရား)။
ဒါဖြင့် သတိ တစ်လုံးကို စိတ်မှာ ထားထား၊ ဝေဒနာပေါ် မှာထားထား၊ ရုပ်ပေါ်မှာ ထားထား၊ ဒကာ- ဒကာမတို့ ဒီခန္ဓာ မျိုး ဘယ်ဟာမှ မလိုချင်တော့ဘူးဆိုတော့ ဘယ်ဘဝလိုချင် သေးသတုံး (ဘယ်ဘဝမှ မလိုချင်ပါ ဘုရား)။
ဒါဖြင့် ဘယ်ဘဝမှ မလိုချင်တော့ ကာမဘုံရော (မလို ချင်ပါ ဘုရား)၊ ရူပဘုံ၊ အရူပဘုံရော (မလိုချင်ပါ ဘုရား)၊ အပါယ် သံသရာ ကြီးရော (မလိုချင်ပါ ဘုရား)၊ မလိုချင်တာတွေ အကုန်ပါ မသွားဘူးလား (ပါသွားပါတယ် ဘုရား)။
ဒါဖြင့် ဒီကာမောဃ- ဘဝေါဃ၊ ဒိဋ္ဌောဃ၊ အဝိဇ္ဇောဃ ဆိုတဲ့ သြဃလေးပါး စလုံးကို ဒကာ-ဒကာမတွေ သတိ တစ်လုံးထားတဲ့ ပုဂ္ဂိုလ်ဟာ လေးခုစလုံးကို လွန်မြောက် နိုင်တယ် (မှန်ပါ့ ဘုရား)။
ဒါဖြင့် ဘယ်တရားပေါ်လာလာ ခင်ဗျားတို့ သတိကလေး ထားနော် (မှန်ပါ့)၊ သတိပဋ္ဌာန် ဆိုတဲ့အတိုင်း ပညာက နေပက်ကအလိုလို လိုက်လာတယ် (မှန်ပါ့)၊ သဘောကျပလား . (ကျပါပြီ ဘုရား)။
သတိကလေး ထားလိုက်ရင် (ပညာက အလိုလိုလိုက် ပါတယ် ဘုရား)။
ပညာနောက်က အလိုလို လိုက်လာတော့ ဒကာ-ဒကာမတွေ သိတဲ့အတိုင်း ဘယ်စိတ် ပေါ်လာလာ သတိကလေး ထားလိုက် တဲ့ အခါကျတော့ သတိက ရှေ့က ဒါကလေး ကြည့်စမ်းလို့ သတိက လက်ညှိုး ညွှန်ပြပါတယ် (မှန်ပါ့)၊ ပညာနောက်က သွားကြည့်လိုက်တဲ့ အခါကျတော့ ဖြစ်တာနဲ့ ပျက်တာ သွားတွေ့တယ် (မှန်ပါ့)၊ သတိက သတိထား ဖေါ်တော့ ရပါတယ်၊ ဖြစ်ပျက် ကျတော့ ပညာက တွေ့တယ် (မှန်ပါ့ ဘုရား)။
သတိကတော့ ဟောဒါကလေး ကြည့်ပါလို့ လက်ညှိုး ထိုး ပြပေါ့ ဗျာ (မှန်ပါ့)၊ တစ်နေရာသို့ ခင်ဗျားတို့ မရောက်ဖူး တဲ့ ပုဂ္ဂိုလ်ကို ရောက်ဖူးတဲ့ ပုဂ္ဂိုလ်က ဟောဒါကလေး သတိ ထားစမ်းပါ၊ ဒီဟာကလေး သတိထားစမ်းပါလို့ မပြောကြဘူး လား (ပြောပါတယ်)၊ နောက်က ပုဂ္ဂိုလ်ကလဲ သတိထား တော့ ချောတယ်၊ လှတယ်၊ အရုပ် ဆိုးတယ်၊ ပျက်စီး နေတယ်။ ဟောင်း နွမ်း နေတယ်လို့ မသိဘူးလား (သိပါတယ် ဘုရား)၊ အဲ ရှေ့ကသွားတဲ့ ပုဂ္ဂိုလ်နဲ့ သတိနဲ့ တူတယ်၊ နောက် စိစစ်တဲ့ ပုဂ္ဂိုလ်နဲ့ ပညာနဲ့တူတယ် (မှန်ပါ့ ဘုရား)။
သတိကလေး ရှေ့ထားလို့ ရှိရင်လဲ ပညာတရား နောက် လိုက်လာတဲ့အတွက် သတိက ခေါင်းဆောင် ဖြစ်နေ လေသောကြောင့် သတိတရားနဲ့ ဘယ်စိတ်ပေါ်ပေါ် သတိထားလို့ ရှိရင် ပညာက ဖြစ်ပျက် ချည်းတွေ့မှာပဲ (မှန်ပါ့)၊ မတွေ့ပေဘူး လား (တွေ့ပါတယ် ဘုရား)၊ အဲဒီလို တွေ့ လိုက်တဲ့အခါ ကျလို့ရှိရင် ဖြင့် အာသဝေါတရား လေးပါး ကုန်နိုင်ပါတယ် (မှန်ပါ့ ဘုရား)။
ဘယ့်နှယ်တုံး (အာသဝေါတရား လေးပါး ကုန်ပါတယ် ဘုရား)။
ဒါဖြင့် ဒကာ-ဒကာမတို့ ဘယ်အခါမှ ငါတို့ သတိလွတ် ပြီးမနေဘူး၊ ဘယ်စိတ်ပေါ်လာလာ ပေါ်ပြီလို့ သတိထားလို့ ရှိရင် ပညာက နောက်က စစ်ဆေးတဲ့ သဘောနဲ့ မလိုက်ပေဘူးလား (လိုက်ပါတယ်)၊ အဲ သတိက ရှေ့ထား၊ ပညာက – စစ်ဆေးလိုက်တဲ့ အခါကျတော့ သတိက ပေါ်တာသိ၊ ပညာက အနိစ္စသိ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
သတိကတော့ ပေါ်တာပဲ သတိထားမိတယ် (မှန်ပါ့)၊ ပညာက ဘယ်လို သိပါလိမ့် (အနိစ္စ သိပါတယ် ဘုရား)၊ အနိစ္စ ဆိုတဲ့ ဖြစ်ပျက်တွေ မသိပေဘူးလား (သိပါတယ်)၊ အဲဒီကဲ့သို့ သိတဲ့ အခါကျလို့ ရှိရင်ဖြင့် သတိခေါင်းဆောင်လို့ သိတာပါပဲ (မှန်ပါ့ ဘုရား)။
ဘယ်လိုကြောင့် သိတာပါလိမ့် (သတိခေါင်းဆောင်လို့ သိတာပါ ဘုရား)၊ သတိခေါင်းဆောင်လို့ သိတာ ဖြစ်နေသောကြောင့် သတိပဋ္ဌာနလို့ မဟောဘူးလား (ဟောပါတယ်)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
ဒါဖြင့် သတိတစ်လုံးကို ခင်ဗျားတို့ သုံးကြလို့ ရှိရင်လဲတဲ့ ဒကာ-ဒကာမတို့ သြဃ လေးပါးစလုံး လွတ်နိုင်ပါတယ် ဆိုတော့ သုံးဆယ့်တစ်ဘုံကို မလည်တော့ပါဘူးပြောလိုက်တာ (မှန်ပါ့ ဘုရား)။
သုံးဆယ့်တစ်ဘုံကို (မလည်တော့ပါ ဘုရား)။
ပါဠိတော်က “အပ္ပမာဒေန အဏ္ဏဝံ၊” အပ္ပမာဒေန=မမေ့ မလျော့ သတိထားခြင်းဖြင့်၊ အဏ္ဏဝံ= အပြင်ကျယ်စွာ သံသရာ ပင်လယ်ကြီးကို ဆိုတော့ ဘယ်ပင်လယ် ကျန်သေးသတုံး (မ ကျန်ပါ ဘုရား)၊ တရတိ – ကူးမြောက်နိုင်၏ဆိုတော့ သြဃလေးပါး သံသရာကြီးထဲမှလည်း အကုန် လွန်မြောက် နိုင်တယ် ဆိုသဖြင့် ဘယ်စိတ် ပေါ်လာလာ သတိထားပြီး ပညာနဲ့ ရှုပေး ပါ (မှန်ပါ့)၊
သတိထားပြီး ပညာနဲ့ ရှုပေးလိုက်လို့ရှိရင်ဖြင့် ခင်ဗျားတို့ ကာမဘုံလဲ လည်စရာ ရှိသေးသလား (မရှိပါ ဘုရား)၊ ရူပဘုံ, အရူပဘုံရော (လည်စရာမရှိပါ ဘုရား)၊ သြော် ဒီလို လည်စရာ မရှိတော့ ဘယ်သူ ခေါင်းဆောင်လို့ ပါလိမ့်မတုံး (သတိခေါင်းဆောင်လို့ပါ)၊ သတိ ခေါင်းဆောင်လို့ ဆိုတာ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
ဒါဖြင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက အာဠဝက ဟောလိုက် တာက “အပ္ပမာဒေန အဏ္ဏဝံ၊” ဆိုတဲ့အတိုင်း အပ္ပမာဒေန -ဖြစ်ပျက်ကို သတိထားသဖြင့် ပေါ်တဲ့စိတ်ကို သတိထား သဖြင့်လည်း၊ အဏ္ဏဝံ- အပြင်ကျယ်စွာ သံသရာ ပင်လယ်ကြီး ကို၊ တရတိ-ကူးမြောက်နိုင်၏ (မှန်ပါ့ ဘုရား)၊ သဘောကျ ပလား (ကျပါပြီ ဘုရား)။
ဒါဖြင့် ဒကာ-ဒကာမတို့သည်၊ သြော် သတိတရားဟာ ဘယ်တော့မှ ပိုတယ်လို့မရှိဘူး၊ လိုတယ်သာ ရှိနေတယ် ဆိုပြီး သတိထားပြီး သကာလ မိမိခန္ဓာကိုယ်ထဲ ပေါ်လာသမျှ ကို ပညာနဲ့ ဖြစ်ပျက်ရှုပါ (မှန်ပါ့ ဘုရား)။
အဲဒီသတိထားပြီး ပညာနဲ့ ဖြစ်ပျက်တွေ ရှုလိုက်ပြီ ဆိုမှဖြင့် အပြင်ကျယ်စွာ သံသရာ ပင်လယ်ကြီးကို ဘယ်တော့မဆို ကျုပ်တို့ မြုပ်တာ၊ မျောတာနဲ့ သာ အချိန်ကုန် ခဲ့ရပါတယ်။ ဘယ်အခါကာလမှ ပင်လယ်နဲ့ ကျုပ်တို့သည် ကင်းပြီးနေခဲ့ ရတဲ့အခါမရှိဘူး (မှန်ပါ့ ဘုရား)၊
ကာမဘုံကလဲ ကာမ ပင်လယ်ထဲ မျောနေပါတယ်၊ ရူပဘုံရော (ရူပဘုံပင်လယ်ထဲ မျောနေ ပါတယ်)၊ အရူပဘုံ သွားပြန်တော့ကော (အရူပ ဘုံပင်လယ်ထဲ မျောနေပါတယ်)၊ ဘယ်ပင်လယ်မဆို ကျုပ် တို့မျောတာနဲ့၊ မြုပ်တာနဲ့ အချိန်ကုန်ခဲ့တာ၊ ဘယ်တော့မှ လွန်မြောက်သွားခဲ့တယ်လို့ ရှိခဲ့ရဲ့လား (မရှိခဲ့ပါ ဘုရား)၊ အဲဒါ သတိပဋ္ဌာန် ကင်းခဲ့လို့ဆိုတာကော ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဒါဖြင့် ဒကာ-ဒကာမတို့ အခုပြောတဲ့ ပါဠိတော်အတိုင်း “အပ္ပမာဒေန အဏ္ဏဝံ” ဆိုတဲ့အတိုင်း အပ္ပမာဒေန -ဖြစ်ပေါ်တဲ့ တရားကို သတိထားသဖြင့်၊ အဏ္ဏဝါ- အပြင်ကျယ်စွာ သံသရာ ပင်လယ်ကြီးကို၊ တရတိ-လွန်မြောက် နိုင်ပါ၏လို့ သေသေ ချာချာ ဟောတယ် (မှန်ပါ့ ဘုရား)။
ဒါဖြင့် တရားနိဂုံးချုပ်ကြစို့၊ သဒ္ဓါတရားနဲ့ တုန်းကတော့ အပါယ် သံသရာကြီး လွန်မြောက် ခဲ့တယ်၊ သတိတရားနဲ့ ကျတော့ အပါယ် သံသရာရော၊ အထက် သံသရာရော လွန်မြောက်တယ် (မှန်ပါ့)၊ ဒါဖြင့် သဒ္ဓါ, သတိ နှစ်ခုကို ခင်ဗျားတို့ အရေးတကြီး သုံးရလိမ့်မယ် (မှန်ပါ့ ဘုရား)။
ဒါဖြင့် ဘုရား ဟောတာ ယုံကြည်၊ ဆရာသမား ပြောတာ ယုံကြည်ပြီး သကာလ လာတိုင်း စောင့်ကြည့်ပါ (မှန်ပါ့)၊ သတိထား စောင့်ကြည့်လို့ ရှိရင်ဖြင့် အောက်သံသရာရော ကြွင်းတဲ့ သံသရာတွေရော အလုံးစုံ အကုန် လွန်မြောက်ပြီး သကာလ ခင်ဗျားတို့သည် ဤမှာဘယ်ကမ်း တည်းဟူသော ပင်လယ်မှ ဘေးဥပဒ်ရှိသော ဤမှာဘက်ကမ်းမှ၊ ဟိုမှာ ဘက်ကမ်း တည်းဟူသော ဘေးကင်းရာသို့ ခင်ဗျားတို့ သဒ္ဓါ, သတိနဲ့ပဲ ကူးမြောက်ပြီး သကာလ နိဗ္ဗာန်သို့ ရောက်ပါလိမ့် မယ်ဆိုတာ ဒီတရားနှစ်ခု လက်ကိုင် ထားရ လိမ့်မယ် (မှန် ပါ့)၊ ယုံကြည်ကြပလား (ယုံကြည်ပါပြီ ဘုရား)။