029

မာတိကာသို့

သူဌေးသား ကာလ တရားနာနည်း

အသံဖိုင်ခေါင်းစဉ်= တရားနာနည်း နိဿယျည်း

စာအုပ်ခေါင်းစဉ်= သူဌေးသား ကာလ တရားနာနည်း

သူဌေးသား ကာလ တရားနာနည်း

(၉-၃-၆၁)

နားက ဘုန်းကြီးပြောတာကို နာပါလို့ သတိပေးလိုက်တယ် နော် ဉာဏ်က ခန္ဓာကိုယ် လှည့်ကြပါလို့၊ ထပ်ပြီး သတိပေး လိုက်ရပြန်တယ်နော် (မှန်ပါ့)။

တရားကတော့ ဒကာ၊ ဒကာမတွေ နားကထောင်ရမှာပဲ။ ဉာဏ်ကတော့ဖြင့် (ခန္ဓာလှည့် ရပါမယ်)၊ ဉာဏ်ကတော့ဖြင့် ခန္ဓာလှည့်ရလိမ့်မယ်၊ ဘာကြောင့်တုန်းလို့ ဆိုလို့ရှိရင် နားကတော့ ဖြင့် ထောင်တတ်ရုံပဲရှိပါတယ်။ နားက ကြားတတ်တဲ့သတ္တိ မှတ်တတ်တဲ့သတ္တိ ဒါလောက်ပဲ ရှိပါတယ်တဲ့။ ခန္ဓာထဲ ဘာဖြစ် နေတယ်ဆိုတဲ့ မြင်တတ်တဲ့သတ္တိကတော့ ဉာဏ်ကမှ မြင်တတ်တဲ့ သတ္တိရှိတယ်လို့ မှတ်ထားပါ နော် (မှန်ပါ့ ဘုရား)။

အဲ့ဒီတော့ “ဒေသနာဉာဏာနုသာရေန ဉာဏံပေသေန္တဿ ဉာဏုတ္တရဿဟောတိ”

ဘုရားသခင် ကိုယ်တော်မြတ်ကြီး တရားဟောတဲ့ အခါကျတော့ တရားပွဲအဆုံးမှာ ဦးခင်မောင်တို့ ကျွတ်တမ်းဝင်ကြတယ်လို့ မပါ,ပါလားဗျာ (ပါ,ပါတယ် ဘုရား)။

အဲဒါ ဘယ်လိုများနာလို့ ပါသွားပါလိမ့်မတုန်းလို့ ဘုန်း ကြီးတို့ ဒကာ၊ ဒကာမတွေက မေးလို့ရှိရင်ဖြင့် ဦးဝ ဒီဟာ နားထောင်ကြည့်ပါနော် (မှန်ပါ့)။

ဒေသနာဉာဏာနုသာရေန၊ ဘုရားဟောတော်မူတဲ့ ဒေသနာ ဉာဏ်ကို အစဉ်လျှောက်သဖြင့် ဉာဏံ ပေသေန္တဿ၊ နားကတော့ တရားနာတာပါပဲ၊ ဉာဏ်ကတော့ ခန္ဓာကိုယ်ထဲ လွှတ်ပေးရမယ် (မှန်ပါ့)၊ ဉာဏ်က ဘယ်လွှတ်ပေးရမယ် (ခန္ဓာကိုယ်ထဲ လွှတ် ပေးရပါမယ်)၊ဉာဏ်က ခန္ဓာကိုယ်ထဲ လွှတ်ပေးကြပါလို့ ခင်ဗျား တို့ ခန္ဓာကိုယ်ထဲ လွှတ်ပေးကြပါလို့ ခင်ဗျားတို့ကို သတိပေးလိုက် တယ် (မှန်လှပါ ဘုရား)။

အဲဒီလို ဖြစ်လာတဲ့အခါကျတော့မှ နားက နာပြီး သကာလ ဘုန်းကြီးဟောတဲ့တရား၊ ဘုရားဟောတော်မူတဲ့ တရားတွေ နားကနာပြီး သကာလ ဉာဏ်က ခန္ဓာကိုယ်ထဲမှာ လွှတ်ပေးပါ (မှန်ပါ့ ဘုရား)၊ ဒါကြောင့် ဒေသနာဉာဏာနုသာရေန၊ ဟောတဲ့ ဒေသနာဉာဏ်ကို အစဉ် လျှောက်သဖြင့်။ ဉာဏံ၊ ဉာဏ်ကို၊ ပေသေန္တဿ၊ ခန္ဓာကိုယ်ထဲမှာလွှတ်သော ပုဂ္ဂိုလ်အား ခန္ဓာကိုယ်ထဲ ဉာဏ်ကလေး လှည့်ပါနော် (မှန်ပါ့ ဘုရား)။

ဘာဖြစ်သွားမတုန်းဆိုတော့ ဉာဏုတ္တရဿ ဟောတိ၊ အမြတ် ဆုံး မဂ်ဉာဏ် ဖြစ်သွား လိမ့်မကွာ (မှန်ပါ့)၊အမြတ်ဆုံး မဂ်ဉာဏ် ဖြစ်သွားတဲ့ အခါကျတော့ တရားနာရင်း ကိုယ့်ဟာကိုယ် သောတာပန် ဖြစ်သွားမယ် (မှန်ပါ့ ဘုရား)။

ဦးခင်မောင်ရေ တယ်အဖိုးတန်ပါကလား (အဖိုးတန်ပါတယ် ဘုရား) အားလုံး ဒကာ၊ ဒကာမတွေ ဘုရားလက်ထက်က တရားနာနည်းနော် (မှန်ပါ့)၊ ဘုရားလက်ထက်က တရားနာနည်း ဦးဝတို့ ဂရုစိုက်ပါ။

ဒေသနာဉာဏာနုသာရေန၊ မြတ်စွာဘုရား ဟောတော်မူတဲ့ ဒေသနာ ဉာဏ်တွေကို နားကထောင်ပြီး သကာလ သြော် ဒီလိုဟောနေပါကလား၊ ခန္ဓာကိုယ်ကြီး အကြောင်း ဒီလို ဟောနေပါလား လို့ နားက ထောင်ရမယ်နော် (မှန်ပါ့ ဘုရား)။

နားကထောင်ပြီး သကာလ ဉာဏ်ပေသေန္တဿ၊ ဉာဏံ၊ မိမိသန္တာန်ပါတဲ့ ဉာဏ်ကလေးကို။ ပေဿန္တဿ၊ ခန္ဓာကိုယ်ထဲမှာ လွှတ်လိုက်စမ်းပါ (မှန်ပါ့ ဘုရား)။

ဒါဖြင့် နားက တရားကိုနာ၊ ဉာဏ်က ခန္ဓာကိုယ်လှည့် (မှန်ပါ့)။ နားက ဘာတဲ့ (တရားနာ ရပါမယ်)။ ဉာဏ်က ဘာတဲ့ (ခန္ဓာကိုယ် လှည့်ရပါမယ်)။ ခန္ဓာကိုယ်လှည့် (မှန်ပါ့ ဘုရား)။

ဒကာ, ဒကာမတွေ၊ ဒါ ဘယ့်နှယ်ကြောင့် ဒီလောက် အရေးတကြီး ပြောနေပါလိမ့်မတုန်းလို့ မေးတဲ့ အခါကျတော့ ဒီအချိန်မှာ သမာဓိပညာတွေကလဲ ကောင်းတဲ့အချိန် ဖြစ်နေတော့ တရား နာရင်းနဲ့လဲ ဘုရား လက်ထက်က ဘယ်သူ သောတာပန် တည်တယ်၊ ဘယ်သူ သကဒါဂါမ်၊ ဘယ်သူ အနာဂါမ်၊ နန္ဒ တို့များ ဟောလိုက်ရတာ ရဟန္တာကျအောင် တည်တာတွေ ရှိ ပြီး သကာလ နေတာ ဘယ့်နှယ်ကြောင့် ပါလိမ့်မတုန်း မေးမှာစိုး တဲ့အတွက် သြော်-သူတို့ တရားနာတာက နားက တရားကို နာပါတယ်။ ဉာဏ်က ခန္ဓာကိုယ်ထဲမှာ လွှတ်လိုက်သောကြောင့် (မှန်ပါ့ ဘုရား)၊ ဉာဏ်က ခန္ဓာကိုယ်ထဲမှာ အရှုခိုင်းလိုက် သောကြောင့် ဉာဏ်ထက်ပြီး သကာလ ထက်တဲ့ မဂ်ဉာဏ် ပေါ်လာ တယ်လို့ ပြောတာပါ (မှန်ပါ့ ဘုရား)။

ဒါဖြင့် ဒကာ, ဒကာမတို့၊ ဒီတရားနာနည်းအတိုင်း ဘုန်း ကြီးတို့ ဒကာ, ဒကာမတွေလဲ ဒီအတိုင်း နာကြရလိမ့်နော် (မှန်ပါတယ် ဘုရား)၊ ဘယ်ဆရာတော်ဟောလို့ ဘယ်လိုပဲ နာနာ၊ ဘယ်မှာပဲနာနာ သြော်- နားက တရားနာရမယ်၊ ဉာဏ်က ခန္ဓာကိုယ်ထဲ စေလွှတ်ရမယ် (မှန်ပါ့)၊ ဦးခင်မောင် ဉာဏ်က ဘာတဲ့ (ခန္ဓာကိုယ်ထဲ စေလွှတ်ရပါမယ် ဘုရား)။

စေလွှတ်ဖန်များလာတော့ ဉာဏ်ထက်လာလိမ့်မယ် (မှန်ပါ့)၊ အဲဒီ ဉာဏ်ထက်လာလို့ရှိရင်ဖြင့် ဒကာ, ဒကာမတွေ အဲဒီထက်တဲ့ ဉာဏ်က ပယ်ထိုက်တဲ့ သောတာပတ္တိ၊ မဂ်ဉာဏ်က ပယ်လိုက်တဲ့ ဒိဋ္ဌိဝိစိကိစ္ဆာ သီလဗ္ဗတပရာမာသဆိုတဲ့ တရားတွေဟာ ပယ်ပြီးသား ဖြစ်သွားတယ် (မှန်ပါ့)။

သြော်-ဒါဖြင့် ဘုန်းကြီးတို့ ဒကာ၊ ဒကာမတွေ တရားနာနည်း နိဿရည်းကို အခု ဆရာဘုန်းကြီးက ပေးလိုက်ပြန်တော့ တရားနာရင်းကို ကိစ္စပြီးနိုင်တဲ့ သဘောတွေလဲ အဋ္ဌကထာ ဆရာက ရေးထားတဲ့အတွက် ဦးခင်မောင် ဒီနာနည်းကို လက် မလွှတ်ပါနဲ့(မှန်ပါ့)၊ ဒကာသစ်-ဘာတဲ့တုန်း (ဒီနာနည်း လက် မလွှတ်ပါနဲ့)၊ ဦးဇံရင်တို့ နာနည်းပေမယ့် အရေးကြီး တယ်နော် (ကြီးပါတယ် ဘုရား)။

နာနည်းပေမယ့် ဒကာ, ဒကာမတို့၊ အရေးကြီးတယ်ဆိုတာ သေသေချာချာ မှတ်ကြပါ (မှန်ပါ့)၊ တရားနာတာ ဘုန်းကြီးက ပြောတယ်၊ ကုသိုလ်ဖြစ်ရုံကလေး မနာလိုက်ပါနဲ့ (မှန်ပါ့)၊ ပဋိစ္စသမုပ္ပာဒ် ပြတ်သည့်တိုင်အောင် နာလိုက်ပါ (မှန်ပါ့)၊ ဦးခင်မောင် ဘယ်လို မှာသတုန်း (ပဋိစ္စသမုပ္ပာဒ် ပြတ်သည့် တိုင်အောင် နာလိုက်ပါ ဘုရား)။

ပဋိစ္စသမုပ္ပာဒ် ပြတ်သည့်တိုင်အောင် နာလိုက်ပါဆိုတော့ နောက် အလုပ်နဲ့လဲပြပါလိမ့်မယ် ဒကာ, ဒကာမတို့၊ ပဋိစ္စသမုပ္ပာဒ် ပြတ်ဆိုတဲ့ဥစ္စာက ပဋိစ္စသမုပ္ပာဒ်က “ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ”ဆိုတာ ဦးခင်မောင် မပြတ် တာ (မှန်ပါ့-မပြတ်တာပါ) မပြတ်တဲ့ ပါဠိတော်နော် (မှန်ပါ့)။

“ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ နိရောဓော ဟောတိ”ဆိုတာက ပြတ်လို့ နိဗ္ဗာန်ရောက်တာ ပြောတာ (မှန်ပါ့)၊ အဲဒါကြောင့် ဒကာ ဒကာမတွေ နားက ဘာလုပ်ကြမယ် (နာရမယ် ဘုရား)၊ နားကဖြင့် တရားပဲ၊ ဘုန်းကြီးဟောတဲ့ ဝိပဿနာတရားပဲ နာရမှာပဲ (မှန်ပါ့)။

သို့သော် နာရုံကလေးနဲ့ ပြီးသလားလို့ မေးတဲ့အခါကျတော့ ဓမ္မဿဝန ကုသိုလ်ကလေးနဲ့ ဒကာ, ဒကာမတွေ နိဗ္ဗာန်မရောက် နိုင်သေးတော့ ကိုယ့်ပဋိစ္စသမုပ္ပာဒ်ကို ကိုယ်ဖြတ်တော့ကို ဉာဏ်က ခန္ဓာထဲ လွှတ်လိုက်တော့ ဉာဏ်က ဝေဒနာရှုတဲ့ပုဂ္ဂိုလ်ဟာ ဝေဒနာကို ဖြစ်ပျက်ရှုလိုက်၊ စိတ်ကြိုက်တဲ့ ပုဂ္ဂိုလ်ဟာ စိတ်ကို ဖြစ်ပျက်ရှုပြီး သကာလ နာနေလိုက်တဲ့ အခါကျတော့ ဟော ဦးခင်မောင်တို့၊ ဦးဝတို့ ပဋိစ္စသမုပ္ပာဒ် ပြတ်ပါရောလားဗျာ (ပြတ်ပါတယ် ဘုရား)။

အဲဒါ ဉာဏ်က ခန္ဓာကိုယ်ထဲမှာ စေလွှတ်လိုက်တဲ့ အတွက် နော် (မှန်ပါ့)၊ ဉာဏ်က စေလွှတ်လိုက်တော့ ဝိပဿနာဉာဏ်က ကိုယ့်ပဋိစ္စသမုပ္ပာဒ်ကို ဖြတ်ထားလိုက်တော့ နောက် ပဋိစ္စသမုပ္ပာဒ် ဖြတ်တဲ့ ဝိပဿနာဉာဏ်က ရင့်ကျက်လာ ပြန်တော့ ဉာဏ်ကလဲ ဒီခန္ဓာကိုယ်ထဲ လွှတ်လိုက်လို့ ရင့်ကျက်လာ ပြန်တော့လဲ ဉာဏုတ္တ ရဿ၊ ဉာဏ်သည်တဲ့။ ဥတ္တရဿ၊ အထူးသဖြင့် မြင်လာတယ် (မှန်ပါ့)၊ ကြီးကျယ်လာတယ်၊ ထက်မြက်လာတယ်ဆိုတာပါပဲ (မှန်ပါ့)။

အဲဒီဉာဏ်တွေ ထက်မြက်လာပြီဆိုတော့ ဒကာ, ဒကာမတို့၊ ခုနက ဖြစ်ပျက်တွေ မမြင်ဘဲနဲ့ နိဗ္ဗာန်ကိုမြင်တဲ့ ဉာဏ်မြတ်ကြီး တစ်ခု ဖြစ်လာတယ်လို့ ဆိုတဲ့ဥစ္စာ ဦးခင်မောင်တို့၊ ဒကာဝတို့ မှတ်မိပလား (မှတ်မိပါပြီ ဘုရား)၊ ဒါဖြင့် ပထမဉာဏ်နဲ့ ခန္ဓာကိုယ်ထဲ လွှတ်တော့ကို မရင့်သေးဘူးပေါ့ ဗျာ (မှန်ပါ့)၊ လွှတ်ဖန်များလာတော့ ဘယ့်နှယ်ဆိုကြမလဲ (ရင့်လာပါတယ် ဘုရား)။

ရင့်လာတော့ မဂ်ဉာဏ်ဖြစ်ပြီး သကာလ ပဋိစ္စသမုပ္ပာဒ်ကြီး ဘယ့်နှယ်နေပါလိမ့်-(ပြတ်ပါတယ် ဘုရား)၊ ဟ-ပဋိစ္စသမုပ္ပာဒ် ပြတ်တယ်ဆိုတော့ စာလို ပဋိစ္စသမုပ္ပာဒ် ခန္ဓာအလိုတော့ ဒကာ ဒကာမတို့ ဒုက္ခပြတ်တာပါကလား (မှန်ပါ့)။

ခန္ဓာအလိုတော့ ဘာတဲ့ (ဒုက္ခပြတ်တာပါ ဘုရား)၊ ခန္ဒာ အလိုတော့ ဒုက္ခဖြတ်တာ သိတော့ ဒုက္ခနိရောဓော နိဗ္ဗာနံ(မှန်ပါ့)၊ သဘောကျပလား(ကျပါပြီ)၊ “ဒုက္ခဿ အန္တံ ကရိဿတိ” ဒုက္ခဿ၊ ဒုက္ခ၏၊ အန္တံ၊ အဆုံးကို။ ကရိဿတိ၊ ထက်တဲ့ဉာဏ်က မျက်မှောက်ပြုနိုင်၏လို့ သံယုတ် ပါဠိတော်ကြီး အရုဏဝတီသုတ် မှာ ဟောထားတော့ သြော်-ဉာဏ်ထက်လာလို့ ရှိရင်ဖြင့် ဒုက္ခ အဆုံးမြင်တဲ့ ဉာဏ်လာတော့ ဒုက္ခကို မရှိတော့ ပါကလား ဆိုတာ ဒကာဝတို့၊ ဦးခင်မောင်တို့ ပေါ်လာကြပြီနော်-(ပေါ်လာပါပြီ ဘုရား)။

ဒါကြောင့် ဘုန်းကြီးတို့ ဒကာ, ဒကာမတွေတရားလဲနာကြပါ၊ ဘယ်မှာမဆို တရားနာကြပါ၊ နာပြီး သကာလ နာနည်းတော့ဖြင့် ဒီနည်းမပြောင်းပါနဲ့လို့ သတိပေးလိုက်ပါတယ်-(မှန်ပါ့)၊ နားက ဘာတဲ့-(တရားနာရမယ်)၊ ဉာဏ်က (ခန္ဓာကိုယ် လှည့်ရပါမယ်)၊ လှည့်ဖန်များတော့ ဉာဏ်ဘာဖြစ်သလဲ (ထက်ပါတယ် ဘုရား)၊ ထက်လာလို့ရှိရင်ဖြင့် ဒီဉာဏ်သည် နိဗ္ဗာန်မျက်မှောက်ပြုပြီ၊ (မှန်ပါ့) နိဗ္ဗာန်မျက်မှောက်ပြုရင် ခန္ဓာ ပဋိစ္စသမုပ္ပာဒ် ဘယ့် နှယ်နေသလဲ (ပြတ်ပါတယ်)၊ ဒါဖြင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီး ဟောတဲ့အတိုင်း

“ယဒါ ဟဝေ ပါတုဘဝန္တိ ဓမ္မာ၊

အာတာပိနော ဈာယတော ဗြာဟ္မဿ။

အထဿ သင်္ခါ ဝပယန္တိ သဗ္ဗာ၊

ယတော ခယံ ပစ္စယာနံ အဝေဒီ” တဲ့။

သြော် အကြောင်းတရားတွေ ချုပ်သွားတာဖြင့် သိလိုက်ပါ ပြီဆိုတော့ ဒုက္ခအကြောင်းတွေ ချုပ်မသွားသေးဘူးလား (ချုပ်ပါ တယ်)၊ အဲဒုက္ခချုပ်တာ ဘာခေါ်ကြမယ်-(နိဗ္ဗာန်ပါ ဘုရား)၊ ဪ ဒါဖြင့် ဒကာ, ဒကာမတို့၊ နားက ဘုန်းကြီးတရားကို နာပါ၊ ဉာဏ်က ခန္ဓာကိုယ်ထဲလှည့်ပါ၊ လှည့်ဖန်များ၍ ဉာဏ်ထက် လာလို့ရှိရင် ဒုက္ခအဆုံး မြင်ပါတယ် (မှန်ပါ့)။

သေသေချာချာမှတ်ပါ ဒကာ, ဒကာမတို့၊ အင်မတန်ကြားရ ကြုံရခဲတယ်၊ ကုသိုလ် ဖြစ်ရုံကလေး မနာလိုက်ပါနဲ့ ဆိုတာကလေးဟာ ကုသိုလ်ဖြစ်ရင်ပဲ ဘုန်းကြီးတို့က အများကြီး ကျေနပ်ပါပြီ။ အခုတော့ဖြင့် ဉာဏ်တွေကလဲ ထက်လာတဲ့ ပုဂ္ဂိုလ်တွေ ဆရာ ဘုန်းကြီးကလဲ နည်းပေးပြီး သကာလ ဘုရားကလဲ နည်းပေး ထားပြီးရှိပြန်တော့ ပျော်တို့သည် သံသရာ မရှည်ပါနဲ့တော့ဆိုပြီး သကာလ သံသရာပြတ်ချင်တော့ နားက တရားကိုနာ၊ ဉာဏ်က ခန္ဓာကိုယ်လွှတ် (မှန်ပါ့)။

နားက(တရားနာ)၊ ဉာဏ်ကတော့- (ခန္ဓာကိုယ်လွှတ်ရပါ မယ်)၊ အဲ ခန္ဓာကိုယ်ကြည့်လိုက်၊ ကြည့်ဖန်များရင် ဒီဉာဏ် ဘာဖြစ်မယ် (ထက်မြက်လာပါတယ် ဘုရား)၊ အဲ ထက်မြက်လာ လိမ့်မယ်၊ မလာပေဘူးလား (လာပါတယ် ဘုရား)။

အဲဒီကဲ့သို့ ထက်မြက်လာသည်နဲ့ တစ်ပြိုင်နက်တည်း ဘုန်းကြီးတို့ ဒကာ, ဒကာမတွေ “ဉာဏုတ္တရဿ ဟောတိ”ဆိုတဲ့ အတိုင်း ဉာဏ်ထက်မြက်လာပါရော၊ ဒုက္ခချုပ်တဲ့နိဗ္ဗာန် မြင်ရပါပြီ ဘုရား)၊ အဲဒီတော့ အထူးတလည် အားထုတ်စရာ ရှိသေးသလား၊ ဒီနေရာမှာပဲ ကိုယ့်ပါရမီ ကိုယ့်ဉာဏ်စွမ်းအလိုက် ကိစ္စမပြီးနိုင်ပေဘူးလား (ပြီးပါတယ် ဘုရား)။

အဲ ဒါကြောင့် ဘယ်နေရာပဲပြီးပြီး အလွယ်နဲ့ ပြီးလဲ အကောင်းဆုံးပါပဲ။ ပြီးဖို့ရာအရေးသာ ကျုပ်တို့ ကြီးပါတယ်(မှန်ပါ့ ဘုရား)၊ မောင်မြတို့ သဘောကျပလား (ကျပါပြီ)၊ နားက ဘာလုပ်ကြ မတုန်းဟေ့ (နားက ထောင်ရပါမယ် ဘုရား)။

နားက ခန္ဓာငါးပါး ဘုန်းကြီးဟောတဲ့ ဝေဒနာဖြစ်ပျက်၊ စိတ်ဖြစ်ပျက်၊ ရုပ်ဖြစ်ပျက်တွေ သူဟောနေတာ နာတာပေါ့ ဗျာ (မှန်ပါ့ ဘုရား)၊ ဉာဏ်က မကြားဘူး ဒကာ, ဒကာမတို့ရဲ့ ကြားတာက နားက ကြားတာ(မှန်ပါ့)။

နားက ကြားတဲ့တရားတွေကို ဉာဏ်နဲ့ ခန္ဓာကိုယ်ထဲ လွှတ်ကြည့်ရမယ် (မှန်ပါ့)၊ ဪ ကြားတဲ့အတိုင်း ကြားတာက ဖြစ်ပျက်တွေ ခန္ဓာကိုယ်ထဲမှာ သဗ္ဗေသင်္ခါရာ အနိစ္စရယ်၊ အနိစ္စာဝတ သင်္ခါရာတွေသာ ရှိတယ်ဆိုတဲ့ဥစ္စာ နားက ကြားတောင်မှ ဉာဏ်က တကယ်ရှိ, မရှိ ခန္ဓာကိုယ်ထဲမှာ ဝေဖန်လာတယ် (မှန်ပါ့-ဝေဖန်ပါတယ် ဘုရား)။

ဝေဖန်လိုက်တဲ့အခါကျတော့ ဉာဏ်နဲ့ တွေ့သွားလိမ့်မယ် (မှန်ပါ့)၊ ဘယ်လိုပါလိမ့် (ဉာဏ်နဲ့ တွေ့သွားပါလိမ့်မယ်)၊ ဉာဏ်နဲ့တွေ့သွားတဲ့အခါ ဟာ ဒါဖြင့် ဖြစ်ပျက်နဲ့ ဝိပဿနာမဂ်နဲ့ ကိုက်ပါပေါ့လားဆိုပြီး ကြိုးစားပြီး သကာလ ဒကာ, ဒကာမတွေ ထိုင်ရင်း ရှုလိုက်တာပေါ့ဗျာ (မှန်ပါ့)။

ရှုလိုက်တော့ ဒီဉာဏ်သည် ရှုဖန်များလာတော့ ခန္ဓာက ပထမတော့ ဖြစ်ပျက်တွေ့တာ နည်းတယ်နော်-(မှန်ပါ့)၊ နောက်ကျတော့ ဖြစ်ပျက်တွေက တစ်စပ်တည်းဖြစ်ပြီး မလာပေ ဘူးလား (လာပါတယ် ဘုရား)။

အဲဒီကဲ့သို့လာတဲ့အခါကျတော့ဖြင့် ဦးခင်မောင်တို့ ဒကာဝတို့ ဉာဏ်ထက်လို့ မှတ်ပေတော့ (မှန်ပါ့)၊ ဉာဏ်ထက်တော့ ဒီဉာဏ် သည်ကားလို့ ဆိုလို့ရှိရင် ဒကာ, ဒကာမတို့ ဒီထက် ပိုထက်တဲ့ အခါကျတော့ ဒါတွေ ဒုက္ခသစ္စာပဲလို့ ပိုင်းခြားချလိုက်တော့ ဒုက္ခတွေ ချုပ်မသွားဘူးလား (ချုပ်သွားပါတယ် ဘုရား)၊ ဒုက္ခတွေ ချုပ်သွားလို့ရှိရင်ဖြင့် တဏှာချုပ်လို့ ဒုက္ခချုပ်တာပဲ(မှန်ပါ့)၊ ဒိဋ္ဌိချုပ်လို့ (ဒုက္ခချုပ်တာပါ ဘုရား)၊ ဝိစိကိစ္ဆာချုပ်လို့ (ဒုက္ခချုပ်တာပါ ဘုရား)၊ အဲ ဒုက္ခချုပ်တဲ့ ခုနက “နိဗ္ဗာနံ မဂ္ဂဿ နိဗ္ဗာနံ ဖလဿ အာရမ္မဏ ပစ္စယေန ပစ္စယော” ဆိုတဲ့ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ် ပေါ်လာတယ် (မှန်ပါ့)၊ မပေါ်လာပေဘူးလား (ပေါ်လာပါတယ် ဘုရား)။

အဲဒါကြောင့် အင်မတန် ကံကောင်းအကြောင်းသင့်ပြီး သကာလ နေတဲ့အခါ တရားနာနည်း နိဿရည်းကိုလဲ ဒကာ ဒကာမတွေက အမှန်အကန်ရပြန်တော့၊ တို့သည်ကားလို့ ဆိုလို့ ရှိရင် ဆရာဘုန်းကြီးမေးလဲ ဖြေမကွ၊ သဘောကျပလား (ကျပါပြီ)၊ ဉာဏ်နဲ့လဲ ခန္ဓာကိုယ်မေးတဲ့အခါ လှည့်နေမယ်ကွ (မှန်ပါ့)၊ လှည့်ဖန်များရင် ဉာဏ်ဘာဖြစ်မလဲ (ထက်လာမယ်)၊ ထက်လာလို့ရှိရင် ခန္ဓာပဋိစ္စသမုပ္ပာဒ် ဘာဖြစ်မလဲ (ပြတ်ပါတယ် ဘုရား)၊ ပြတ်မယ်ဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။

ဒါကြောင့် ယနေ့ ထူးထူးလည်လည်ပဲ ဒီဒကာ, ဒကာမတွေ တရားနာနည်း နိဿရည်း ပြောရပါတယ် ဆိုတာကော သဘော ကျပလား (ကျပါပြီ)၊ ကောင်းပြီ၊ ဒီဥစ္စာ ဘယ်မှာလာပါလိမ့်မလဲ လို့ မေးတဲ့အခါကျတော့မှ ဒကာ, ဒကာမတို့၊ အနာထပိဏ် သူဌေးကြီးရဲ့ သား “ကာလ”ဆိုတာ ကြားဖူးတဲ့ ပုဂ္ဂိုလ်လဲ ကြားဖူး ကြပါပြီ ဦးခင်မောင် (မှန်ပါ့)၊ အနာထပိဏ် သူဌေးကြီးရဲ့ သား ဘယ်သူပါလိမ့် (ကာလ,ပါ ဘုရား)။

အေး ကာလဆိုတဲ့သား ရှိတယ်နော်၊ ဒါကလေး နည်းနည်း နားထောင်ပါဦး၊ ပြီးတော့မှ သုသိမကို ပြောတာပေါ့ (မှန်ပါ့)၊ ဒကာ, ဒကာမတို့၊ အနာထပိဏ်သူဌေးကြီးရဲ့သား ဘယ်သူပါလိမ့် (ကာလ,ပါ ဘုရား)။

အေး ကာလ, ကာလနော် (မှန်ပါ့)၊ အနာထပိဏ်သူဌေးကြီး ကတော့ သောတာပန် တည်ပြီး သကာလ နေတော့တယ် ဦးခင်မောင်ရေ (မှန်လှပါ ဘုရား)၊ သူ့သားက တေလေဖြစ်နေ တယ် (မှန်လှပါ ဘုရား)၊ သူက သောတာပန်၊ သားက ဘာတုန်း (တေလေပါ ဘုရား)။

အင်း အဖေက သောတာပန်၊ သားက တေလေဖြစ်နေတော့ အဖေလုပ်တဲ့ ပုဂ္ဂိုလ်ဆိုတော့ ရင်သွေးဖြစ်တဲ့ သားကို ဘယ်နည်းနဲ့မှ အပါယ်သွားတာ မကြည့်နိုင်ဘူး (မှန်ပါ့)။

အပါယ်သွားတာ မကြည့်နိုင်တာနဲ့ကွာ ကာလတို့များ မိုက်လိုက်တာ၊ တစ်နေ့မှာ ငါ့မှာ သံဃာငါးရာ နေ့တိုင်း ဖျာထွေခင်း၊ ယာဂုတွေကပ်၊ ဆွမ်းချိန်ဆွမ်းကပ်လို့ ဒီလောက် သာသနာတော်ကြီး ငါ ချီးမြှောက်ပြီး သကာလ နေတာ ကူဖော် လောင်ဖော်မရ၊ တရားနာဖော်မရ၊ နေ့တိုင်း အနုမောဒနာ ပြုတာလဲ ဒီအိမ်ပေါ်မှာ၊ ဒီတိုက်ပေါ်မှာ၊ ဒါလဲ အနုမောဒနာ ပြုဖော်မရဘူး။

ငါ့ရှေ့တွင် ဒီအကောင် အပါယ်သွားတာတော့ ငါသည် အဖဖြစ်ပြီး မေတ္တာကရုဏာတွေက များလွန်းလို့ သူ့ကိုဖြင့် မကြည့်နိုင်ဘူးဆိုပြီး သကာလ လောကကြီး၌ ငွေနှင့် ဖြားယောင်း လို့ရှိရင်ဖြင့် မရတဲ့ပုဂ္ဂိုလ်တော့ ရှားပါတယ် ဆိုပြီး သကာလ ဦးဝရေ ငွေနဲ့ဖြားယောင်း တယ်နော် (မှန်လှပါ့ ဘုရား)၊ ဘာနဲ့ ဖြားယောင်းသလဲ (ငွေနဲ့ဖြားယောင်းပါတယ် ဘုရား)။

ငွေနဲ့ဖြားယောင်းရ ပြန်တယ်၊ ကာလ,ရေ အနာထပိဏ် သူဌေးကြီးက ခေါ်လိုက်တယ်၊ လာစမ်းပါဦးကွာ၊ မင်းကွာ ဘုရားကျောင်းတော်မှာ ငါ ကျောင်းဒါယကာလဲ ဖြစ်နေတယ်။

အဲဒီဘုရားကျောင်းမှာ မင်းနဲ့လဲ အင်မတန်အကျွမ်းဝင်တဲ့ သံဃာတွေဟာ အကုန်ရှိနေတာပဲ၊ တစ်နေ့တလေများ ကျောင်း သွားပြီး ဥပုသ်စောင့်လို့ ရှိရင်ကွာ အဖလုပ်တဲ့ပုဂ္ဂိုလ်က မုန့်ဖိုးတစ်ရာ ပေး မယ် (မှန်လှပါ ဘုရား)၊ ဘယ်လောက်ပေးပါ လိမ့် (တစ်ရာပါ ဘုရား)။

အဟုတ်လားလို့၊ တစ်ရာဆိုပေမယ့် ရှေးငွေကတော့ ဦးခင်မောင် အဖိုးတန်တယ်နော်-(မှန်ပါ့ ဘုရား)၊ အခု တစ်ရာမျိုးနဲ့ သွားမတွက်နဲ့၊ ရှေးငွေက အဖိုးတန်တယ်လို့ မှတ်ထားပါ (မှန်ပါ့ ဘုရား)။

အဲဒီကဲ့သို့ တစ်ရာပေးမယ်ဆိုတော့ အဟုတ်လားလို့မေးတယ်၊ ဟုတ်ပါတယ်ကွ၊ ငါက ဘယ်လိမ်လိမ့်မတုန်း၊ သောတာပန်က ဘယ်လိမ်လိမ့်မတုန်း ဦးခင်မောင်-(မှန်လှပါ ဘုရား)၊ ဦးဝ လိမ်ပါ့မလား-(မလိမ်ပါ ဘုရား)။

အဲ-မလိမ်တာနဲ့ ငါမလိမ်ပါဘူးကွ၊ မင်း တစ်နေ့တည်း ဥပုသ်စောင့်၊ ပြန်လာလို့ရှိရင် သေသေချာချာ ငွေတစ်ရာပေးပါမယ် ဆိုတော့ ကဲ-ကောင်းပြီ၊ ကျုပ် ဥပုသ် သွားစောင့်မယ် ဆိုပြီး သကာလ ဘုရားကျောင်းတော် အနာထပိဏ် သူဌေးဆောက်တဲ့ ကျောင်းမှာပဲ သွားလိုက်တယ်၊ သွားပြီး သကာလ ဥပုသ်စောင့် သလိုလို ဘာလိုလိုနဲ့ ဒကာဝ,ရေ-ကျောင်းမှာ အိပ်ပြီး ပြန်ခဲ့တာပေါ့ (မှန်လှပါ ဘုရား)။

သူက ငွေတစ်ရာ လိုချင်လို့ သွားတာကိုး- (မှန်လှပါ)၊ ငွေတစ်ရာ လိုချင်လို့ သွားတာဖြစ်ပြီး သကာလ နေတော့ သူသည် ငွေရဖို့ပဲ ဒကာသစ်တို့ အရေးကြီးနေတယ် (မှန်လှပါ ဘုရား)။

သီလဆောက်တည်ဖို့ အရေး ဟုတ်ပါရဲ့ လား-(မဟုတ်ပါ ဘုရား)၊ ငွေရဖို့အရေးက သူ့ အရေးပေါ့ဗျာ (မှန်လှပါ ဘုရား)။

အဲဒီလိုနဲ့ပဲ သူသွားပြီး ဆောက်တည်ပြီး သကာလ တစ်ည အိပ်တယ် ကျောင်းမှာ၊ မနက်ကျတော့ ဘုရားနဲ့တကွ သံဃာငါးရာ ကလဲ အိမ်ကြွလာတဲ့အခါ သူက နောက်ကနေပြီး လိုက်လာတာ ပေါ့ ဗျာ (မှန်ပါ့ ဘုရား)။

အဖလုပ်တဲ့ပုဂ္ဂိုလ်က အိမ်ပြတင်းပေါက်က နေပြီး ထွက်ပြီး ကြည့်လိုက်တယ်၊ သြော် ငါ့သားဖြင့် ညစာတောင် မစားဘဲနဲ့ ဥပုသ်စောင့်လာတဲ့ ဥစ္စာ သူ့အစေခံတွေကို ယာဂုတို့၊ ဘာတို့ ပြင်ထားကြပါကွာ

ကာလ,ဟာ ဥပုသ်စောင့်လာတယ်ဟေ့လို့ ဆိုပြီး သကာလ ဘုရားနဲ့တကွ အိမ်ပေါ်တက်လာပြီး သကာလ ဘုရားကို ဆွမ်းတွေ ဘာတွေ၊ ယာဂုတွေကပ်၊ သံဃာတော်တွေ ကပ်၊ ကာလ,ကလဲ အစေခံတွေ ပြောထားလို့ သူလဲ ဆာလာတယ်ကွ၊ မင်းတို့က မြန်မြန်ပြင်ပြီး ဆင်ပြီး ကျွေးကြ၊ မွေးကြကွ ဆိုတော့ ဦးခင်မောင် ဘုရားနဲ့ သံဃာတွေကတော့ ဘုဉ်းပေးနေပြီ၊ ကာလ,က ဇွန်းတောင် မကိုင်ဘူးတဲ့၊ ယာဂုသောက်ဖို့ (မှန်လှပါ ဘုရား)။

ဘာဖြစ်လို မကိုင်သတုန်း မေးတဲ့အခါကျတော့ ငွေမရရင် မသောက်ဘူးကွ တဲ့၊ ရိပ်မိပလား (ရိပ်မိပါပြီ)၊ ဘာဖြစ်တာပါလိမ့်- (ငွေမရလို့ မသောက်တာပါ)၊ ငွေမရ မသောက်ဘူး ဆိုတော့ ဒကာသစ် သေချာပြီဗျ (မှန်ပါ့)၊ ဘယ်လို သေချာသတုန်း (ငွေမရ မသောက်ပါ)၊ ငွေမရရင် မသောက်ဘူးဆိုတော့ ဦးခင်မောင် အခက်ကြီးပါလားဗျာ ဟင် (မှန်ပါ့ ဘုရား)။

အဲဒီလိုဖြစ်ပြီး သကာလ နေတော့ အနာထပိဏ် သူဌေးကြီး ကလည်း ဆွမ်းတွေ၊ ဆန်ပြုတ်တွေ အမျိုးမျိုး အဖုံဖုံ ကြိုက်တတ်ရာ ရာတွေမှာ သူ့မှာ သူဌေးဖြစ်လို့ အကုန် အစုံအလင် ကပ်ပြီး သကာလ သူ့သားဆီ လာရှာတာပေါ့။ သမုဒယကတော့ ဒကာ, ဒကာမတို့၊ သောတာပန်ပေမယ့် ဒိဋ္ဌိ ဝိစိကိစ္ဆာသာ ပယ်သေးတာကိုး (မှန်လှပါ)။

သမုဒယ ၃-ပိုင်း ၁-ပိုင်းသာဆိုတော့ ၄-ပိုင်း ၃-ပိုင်းက ကျန်သေးတယ် (မှန်ပါ့ ဘုရား)။

ကဲ ဒါနဲ့ သူ့သားဆီလာတယ်၊ ဟေ့ ကာလ၊ မင်း မနေ့ညက ဥပုသ်စောင့်တယ်၊ ထမင်းကလည်း ဆာလှမှာပေါ့။ ယာဂုကို သောက်ပါလား၊ ဟာ မသောက်ဘူးဗျာ။

ဟ ဘယ့်နှယ်ကြောင့် မသောက်တာတုန်း တဲ့၊ အို ငွေ တစ်ရာပေးမယ်ဆိုတဲ့ဥစ္စာ ငွေတစ်ရာရမှ သောက်မယ်၊ အံမာလေး ဗျာ ယာဂုသောက်ဖို့ကို ငွေတစ်ရာ ပေးရဦးမယ်တဲ့ (မှန်လှပါ ဘုရား)။

ဒကာ,ဒကာမတို့ လွယ်ရဲ့ လား (မလွယ်ပါ ဘုရား)၊ သဒ္ဓါ ဆိုတာ ပါရဲ့ လား (မပါ-ပါ ဘုရား)။၊ အဲဒီတော့ သဒ္ဓါဆိုတာ မပါဘဲဖြစ်ပြီး သကာလ နေတော့ အဖေလုပ်တဲ့ ပုဂ္ဂိုလ်ဆိုတော့ ဦးခင်မောင် ကြည့်မနေနိုင်ဘူးပေါ့ (မှန်ပါ့ ဘုရား)။

ဒါနဲ့ ငွေတစ်ရာယူပြီး ဒီနားချတော့မှ၊ သူ့ကို ပေးတော့မှ ဒကာ,ဒကာမတို့ ခုနကပြောတဲ့ ယာဂုကို သောက်ပါတယ် (မှန်ပါ့ ဘုရား)။

ဒါဖြင့် တကယ် သဒ္ဒါတရား ပါရဲ့ လားမေးရင် ဘယ့်နှယ် ပြောမလဲ-(မပါပါ ဘုရား)၊ မပါ-ပါဘူး၊ သို့သြော် အဖေလုပ်တဲ့ ပုဂ္ဂိုလ်မို့ ယဉ်းသွင်းရတဲ့ အဓိပ္ပာယ်ပေါ့ဗျာ (မှန်ပါ့ ဘုရား)။

ခင်ဗျားတို့ သားသမီးတွေလည်း ဒီလိုပဲ၊ ဟ သံဃာတော်တွေ ဝတ်ချကြဟ၊ ဟ ဆွမ်း-ကွမ်း ကပ်ပါဟ၊ ဟ ကျောင်းသွား ဘာကလေးပို့ပါဟ အစရှိသည်နဲ့ ဒီလို ယဉ်းသွင်းရှာတာပဲ။

ဒါနဲ့ ငွေတစ်ရာရတော့မှ ယာဂုသောက်ပြီး သကာလ ဒီနား မလာပါဘူး။ သူ့ဟာသူ ငွေတစ်ရာ သုံးဖြုန်းပြီး သကာလ ဦးခင်မောင် ကုန်တာပဲ (မှန်လှပါ ဘုရား)။

ဒါနဲ့ ငွေတစ်ရာနဲ့ ကျောင်းတော့ တစ်ခေါက်သွားဖော် ရပြီကွ တော်ပြီ၊ ဒီအကောင် နောက် ၄-၅ ရက်နေတဲ့အခါကျတော့ ကာလ- လာပါဦးကွ၊ ငွေနဲ့ဖြားယောင်းလို့ရမှန်း သိပြီ၊ ကျောင်း သွားလို့ပေါ့ ဗျာ (မှန်ပါ့)။

ကျောင်းသွားတယ်ဆိုကတည်းက နည်းနည်းတော့ အဖိုးတန် လာပြီ (မှန်ပါ့ ဘုရား)။

ဒါနဲ့ ကာလရေ (မှန်လှပါ ဘုရား)။ဒီတစ်ခါတော့ကွာ တစ်ထောင်လော့ ဈေးတက်သွားတယ်၊ ဒီတစ်ခါကျတော့ ကျောင်းသွားပြီး တရားကလေး တစ်ပုဒ်တည်းမှတ်၊ မှတ်လို့ရှိရင် တစ်ထောင် ပေးမယ်ကွတဲ့ (မှန်လှပါ ဘုရား)။

ဟုတ်ပါ့မလားတဲ့ တဲ့၊ အို မင်းနှယ် အရင်တစ်ရာတုန်းက သေချာပြီးသားပဲ၊ မင်း ဟုတ်ပါ့မလားလို့ မမေးနဲ့တော့၊ သွားသာ သွား၊ တရားတစ်ပုဒ်တည်း မှတ်မိလို့ရှိရင် တစ်ထောင်၊ ဂါထာ ၄-ပါဒရှိတဲ့အနက်က ရှစ်လုံးလောက် မှတ်မိရင်ပဲ သူက တစ်ထောင် ပေးတော့မယ် (မှန်ပါ့ ဘုရား)။

အဲ ဒါနဲ့ အရင်ငွေတွေကလည်း သူဟာ ရ,တာသိနေတာနဲ့ ဒီတစ်ခါတော့ သွားမှပဲ၊ ငွေတစ်ထောင် ဆိုတော့ နည်းတာမဟုတ်ဘူး ဆိုပြီး သကာလ ဒကာ,ဒကာမတို့၊ ငွေတစ်ထောင်ပေးပြီး ကျောင်းတော်သွား၍ တရားနာခိုင်း လိုက်တယ်၊ ဥပုသ် စောင့်ပြီး တရားနာခဲ့ကွတဲ့။

ဒီတော့ ဘုရားတရားကို နာရှာတာပဲ၊ နားက နာလိုက်၊ ဉာဏ်က ခန္ဓာကိုယ်ထဲ မလွှတ်တော့ ပျောက်ပျောက်သွားတယ် (မှန်လှပါ ဘုရား)။

နားကတော့-(နာပါတယ် ဘုရား)၊ ဉာဏ်က ခန္ဓာကိုယ်ထဲ မလွှတ်တော့ (ပျောက်ပျောက် သွားတယ်)၊ မဖြစ်သေးပါဘူး၊ ငါ့မှာ မှတ်မိမှ တစ်ထောင်ရမှာ ခွကျနေတာက ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။

ဘယ်လိုမှ တစ်ထောင်ရမှာတုန်း (မှတ်မိမှ တစ်ထောင် ရမှာပါ)၊ မှတ်မိမှ တစ်ထောင်ရမှာ ဖြစ်နေတော့ ဒကာ,ဒကာမတို့ ဒီအတိုင်း မှတ်မိလို့တော့ မဖြစ်တော့ဘူး နားကတွင် မှတ်လို့တော့ မဖြစ်ဘူး၊ ခန္ဓာထဲမှတ်မှ ရမှာ ပေါ်လာတယ် (မှန်ပါ့)။

ဒကာ,ဒကာမတို့ ဘယ်လိုမှတ်ရမှာတုန်း ခန္ဓာထဲမှတ်မှ ရမှာပါ ဘုရား)။

အေး-ခင်ဗျားတို့လည်း ကာလအမျိုးတွေမို့ ဟောနေရတယ် နော်-ရိပ်မိကြပလား (မှန်လှပါ ဘုရား)။

ခင်ဗျားတို့လည်း တော်တော်ကြာ အိမ်ကျတော့ ဘုန်းကြီး ဘာဟောလိုက်ပါလိမ့်၊ အို-ခလုတ်တိုက်တာနဲ့ မေ့လိုမေ့၊ စိတ်ရှုပ်တာနဲ့ မေ့လိုမေ့၊ ဒကာ,ဒကာမတို့၊ ကိုယ်နဲ့ကာလနဲ့ အတူတူပဲ မကျဘူးလား (ကျပါတယ် ဘုရား)။

အဲဒါကြောင့်-တဲ့၊ ဒီလိုလဲ မဖြစ်ကြပါစေနဲ့ဆိုပြီး သကာလ ခုနက စကတည်းက

“ဒေသနာ ဉာဏာနုဿရေန ဉာဏံ ပေသေန္တဿ ဉာဏုတ္တရဿ ဟောတိ”ဆိုပြီး

သကာလ ဒီအဋ္ဌကထာပါဠိကို ဦးခင်မောင်ရေ ကိုးကားပြီး ဒီဝတ္ထု ထုတ်ခဲ့ရတယ်နော် (မှန်ပါ့ ဘုရား)။

ဒါနဲ့ ဘုရားက သဗ္ဗေ သင်္ခါရာ အနိစ္စတွေ ဟောလိုက်။ သဗ္ဗေ သင်္ခါရာ ဒုက္ခတွေ ဟောလိုက်၊ ကာလ နားကတော့ ကြားပါရဲ့၊ ဘယ်ဟာ အနိစ္စ၊ ဘယ်ဟာ ဒုက္ခရယ်လို့ သူ မသိဘူး (မှန်ပါ့ ဘုရား)။

ဒါနဲ့ မဖြစ်ပါဘူးဆိုပြီး သကာလ မောင်မြရေ ခန္ဓာကိုယ်ထဲ လှည့်လိုက်တယ်၊ ခန္ဓာကိုယ်ထဲ လှည့်လိုက်တော့ ခန္ဓာကိုယ်က ဖျတ်ဖျတ်-ဖျတ်ဖျတ်နဲ့ ပျက်စီးနေတာကလေး မြင်တော့ သြော် ဒါအနိစ္စပါလား သြော် ဒါ-ဒုက္ခပါကလား- ဒါအနတ္တပဲ ဆိုတော့ သြော်-အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဟောတာ ဒိပြင် ဘာမှ မဟောတော့ဘူး (မှန်ပါ့)။

ဒီလို သူနာတာပေါ့ဗျာ (မှန်ပါ့ ဘုရား)၊ ဘယ်ကြည့်နာပါလိမ့် (ခန္ဓာကြည့် နာပါတယ် ဘုရား)။

ခန္ဓာကြည့်နာရင်းနဲ့ ဒကာ,ဒကာမတို့ ဉာဏ်က ခုနက ပြောသလို “ဉာဏုတ္တရဿ ဟောတိ” ဆိုတဲ့အတိုင်း ဉာဏ်က အလွန်ကြီးကျယ် မြင့်မြတ်တဲ့ ဉာဏ်ကြီး ဖြစ်လာတယ် (မှန်ပါ့ ဘုရား)။

ဉာဏ်ကြီး ဖြစ်ပြီး သကာလ ဦးခင်မောင်-နာရင်း မတ္တ ခန္ဓာ ကိုယ်ထဲ ဉာဏ်လွှတ်လိုက်တာ သောတာပန် တည်သွားတယ် (မှန်ပါ့ ဘုရား)။

ဒကာ,ဒကာမတို့၊ ဘာဖြစ်သွားသလဲ (သောတာပန် တည် သွားပါတယ် ဘုရား)၊ အဲဒါ ဓမ္မပဒမှာ လာပါတယ် ဒကာ, ဒကာမတို့နော် ဒါ-ဘယ့်နှယ်ကြောင့်တုန်း နာနည်းမှန်လို့ပေါ့ (မှန်ပါ့ ဘုရား)။

ဒီမှာလည်း ဘုန်းကြီးတို့ အမိအဖ ဆွေမျိုးဉာတကာ ညီအစ်ကို မောင်နှမတွေ ဖြစ်နေတော့ နာနည်းမှန်ဖို့ကလည်း အရေးကြီးသေးတယ် (မှန်ပါ့ ဘုရား)။

ဦးဝရေ-ဘယ့်နှယ်တုန်း (နာနည်းမှန်ဖို့ အရေးကြီးပါတယ် ဘုရား)၊ အားလုံး ဒကာ, ဒကာမတွေ သေသေချာချာ မှတ်ပါ ကာလ တရားနာနည်းကို အခုပြောတာ (မှန်ပါ့)၊ ဘယ်သူ့ တရားနာနည်းပါလိမ့် (ကာလ တရားနာနည်းပါ ဘုရား)။ အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ, ဒကာမတွေလည်း သြော် နားက တရားနာရပါကလား၊ နာတဲ့တရားကို ဉာဏ်က ခန္ဓာထဲမှာ စေလွှတ်ရမယ် (မှန်ပါ့)။

ထိုသို့ လွှတ်လိုက်တဲ့အခါကျတော့ နားကနာတဲ့ မှတ်သားမှုနဲ့ ဉာဏ်အမြင်နဲ့ သွားကိုက်ရမယ် (မှန်ပါ့ ဘုရား)။

ဦးခင်မောင်ရေ နားက (နားက မှတ်သားမှုနဲ့ ဉာဏ်အမြင်နဲ့ သွားကိုက်ရပါမယ် ဘုရား)၊ ဘာ့ကြောင့်တုန်းဆိုတော့ နားက ပဉ္စဒွါရ ဖြစ်နေတော့ နိဗ္ဗာန် မရောက်နိုင်ဘူး (မှန်လှပါ)။

ဉာဏ်ကတော့ မနောဒွါရဖြစ်ပြီး သကာလ နေတော့ ဒကာ, ဒကာမတို့ ပဋိစ္စသမုပ္ပာဒ်ပြတ်တဲ့ မဂ်ဉာဏ် ဖြစ်နိုင်တယ် (မှန်ပါ့ ဘုရား)။ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဲဒီတော့ သြော်-ဒီတရားဟာ ခုနက သုသိမ ဟောသလို နာနည်း ဟောတာ အတော် အရေးကြီးပါကလားဆိုတာ ခင်ဗျားတို့ တစ်ပွဲလုံး မှတ်ပါ (မှန်လှပါ ဘုရား)။ အရေးမကြီးဘူးလား (ကြီးပါတယ် ဘုရား)။

နို့ မဟုတ်လို့ရှိရင်ဖြင့် ဘုန်းကြီးတို့ ဒကာ,ဒကာမတွေဟာ သြော်-တရားကို ဘုန်းကြီးက ပြောလည်း ပြောရှာတယ် ကောင်း လည်း ကောင်းပါတယ်၊ ကျင့်ဖို့လည်း ကောင်းပါတယ်၊ ကျုပ် တို့က မလုပ်နိုင်ဘူး၊ ဒါနဲ့ ပြန်ပြေးတာပဲ (မှန်ပါ့ ဘုရား)။

တရားက ကောင်းလည်း ကောင်းပါတယ်၊ မှန်လည်းမှန်ပါပေတယ်၊ ကိုယ်က မတတ်နိုင်တာက ခက်တယ်၊ ဒါနဲ့ အားမထုတ်ဘူး၊ ပြန်တာပဲ သူကတော့ (မှန်ပါ့)။ ခန္ဓာမှ မဟုတ်ဘဲကိုးဗျ (မှန်ပါ့ ဘုရား)။

အခုတော့ဖြင့် ဒကာဒကာမတွေက ကြွေးကို မထားပါနဲ့တော့ ဆိုတာ ပေါ်လာကြပလား (ပေါ်လာပါပြီ ဘုရား)၊ တရားနာရင်း နားကဘာတုန်း (နားက နားထောင်ရပါမယ်)၊ အဲဉာဏ်က ဘယ်လွှတ်ပါလိမ့် (ခန္ဓာလွှတ်ပါတယ် ဘုရား)။ အဲ အလုပ်ပါ သွားပြီ၊ အလုပ်ပါသွားပြီ (မှန်ပါ့)။

ဒကာ,ဒကာမတို့၊ အိမ်ကျမှ ခလုတ်တိုက်ပြီး ဘုန်းကြီးတရား အဖြုန်းတီတော့ မခံနိုင်ဘူး ခင်ဗျားတို့ (မှန်ပါ့)၊ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။

လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ကာလပတ်လုံး ဆည်းပူးလို့ရတဲ့ ဉာဏ်တော်ကြီးနဲ့ ဟောထားတဲ့ တရားကို သားရေး၊ သမီးရေး၊ စီးပွားရေးကြောင့် ခလုတ်တိုက်တာနဲ့ ပျောက်ရမယ်ဆိုတော့ ဦးခင်မောင် အင်မတန် မနာဘူးလားဗျာ (နာပါတယ် ဘုရား)။

အဲဒီတော့ အကြွေးတော့ မပေးနိုင်ဘူး၊ လက်ငင်းပဲ ယူကြ ပေတော့ (မှန်ပါ့ ဘုရား)၊ ရိပ်မိပလား (ရိပ်မိပါပြီ)၊ ဘာတဲ့တုန်း (အကြွေးတော့ မပေးနိုင်ဘူး၊ လက်ငင်းပဲ ယူရပါမယ်)၊ လက်ငင်းကို ယူသွားမှ ဒကာ,ဒကာမတို့၊ လက်ငင်း ဆိုတာက နားက ဘာလုပ်ရမယ် (နာရပါမယ်)၊ ဉာဏ်က ခန္ဓာကိုယ်ထဲကို (လွှတ်ရပါမယ် ဘုရား)။

လွှတ်ဖန်များရင် ဘာဖြစ်မယ် (ထက်ပါတယ် ဘုရား)၊ အဲ တစ်နာရီအတွင်း လွှတ်လိုက်ရတဲ့ ဉာဏ်သည် တဲ့၊ အများကြီး ထက်လိမ့်မယ်ဆိုတာ ဦးခင်မောင် ပေါ်လာရောပေါ့ ဗျာ-(ပေါ်ပါ တယ် ဘုရား)၊ မပေါ်လာပေဘူးလား- (ပေါ်လာပါတယ် ဘုရား)။

နို့မဟုတ်လို့ရှိရင်တော့ ခင်ဗျားတို့က စနေ၊ အင်္ဂါတွေက သိပ်ရွှေ့တယ်၊ ဘယ်နေ့ကျမှ၊ ရက်ကလည်း မကောင်းသေးဘူး၊ ပြဿဒါးက စ,နေတယ်၊ ဘယ်နေ့ကျမှ၊ တရားအားထုတ်တာ တောင် ပြဿဒါး ရွေးနေလို့ မဖြစ်ပါဘူး (မှန်လှပါ ဘုရား)။

တချို့ ဒကာ,ဒကာမတွေက အခုတော့ အလကားနေဦးမယ်။ တန်ခူးလလောက်မှ အို ဖြစ်မှ ဖြစ်ရပလေ (မှန်ပါ့)၊ တန်ခူးလ သင်္ကြန်ကျတာနဲ့ ခင်ဗျားတို့က သင်္ကြန် မကျခင် သေနိုင်တဲ့ဥစ္စာ၊ ဒါလည်း ကြည့်တာမဟုတ်ဘူး၊ သင်္ကြန်စောင့်ချင် စောင့်နေတာ(မှန်ပါ့ ဘုရား)၊ အင်မတန် မဆိုးရွားဘူးလား (ဆိုးရွားပါတယ် ဘုရား)။

အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ,ဒကာမတွေမှာ သဿတ ဒိဋ္ဌိကလည်း ရှိတယ် ဦးခင်မောင် (မှန်ပါ့ ဘုရား)၊ သင်္ကြန်ကျအောင် ကိုယ့်ခန္ဓာကိုယ်ကြီး ခိုင်တယ်၊ မြဲတယ်လို့ မယူလိုက်ဘူး လား (ယူလိုက်ပါတယ် ဘုရား)၊ အဲဒါ ဘာဒိဋ္ဌိပါလိမ့် (သဿတဒိဋ္ဌိပါ ဘုရား)။

သြော် ခင်ဗျားတို့ ပြောတာတော့ ဝမ်းသာရမလိုလိုနဲ့ ဝမ်းထဲက ဒိဋ္ဌိကလည်း အပါယ်ချနေပါကလား (မှန်ပါ့ ဘုရား)။

သြော် တပည့်တော်တို့ သင်္ကြန်ကျရင် ဘုရာ့၊ ဟော သင်္ကြန်သုံးရက်၊ အစွန်းကလေးနဲ့ ထည့်လိုက်ဦးမယ်၊ အကြို ရက်နဲ့ (မှန်လှပါ ဘုရား)၊ နောက်ကျတဲ့ အခါကျတော့ သိကြားမင်း ကောင်းကင်တက်သွားတဲ့ နောက်တောင်မှ လိုက်ပို့ ရတဲ့ တစ်ရက်နဲ့ ဘယ်နှစ်ရက် ကျသွားသလဲ၊ ငါးရက် (မှန်ပါ့)။

အဲဒီကျရင်တော့ သေသေချာချာ ကြိုးစားမယ်၊ ဆိုင်တွေ ဘာတွေ ပိတ်ပြီး သကာလ ဦးခင်မောင် မလာဘူးလား (လာပါတယ် ဘုရား)။

သင်္ကြန်ကလည်း အဝေးကြီး ကျန်သေးတယ်၊ အဝေးကြီး ကျန်သေးတယ် (မှန်ပါ့)၊ မကျန်ဘူးလား ဒကာ,ဒကာမတို့(ကျန်ပါတယ် ဘုရား)။

ခန္ဓာကိုယ်ကြီးက အဲဒီကျအောင်ပဲ ဆိုင်ပါတယ်၊ တည်တံ့ ပါမယ်လို့ တာဝန်ခံ ပေးထားသလား (မပေးထားပါ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့အထင်နဲ့ ခန္ဓာဖြစ်စဉ်နဲ့ တခြားစီ (တခြားစီ ပါ ဘုရား)၊ ခင်ဗျားတို့အထင်နဲ့ (ခန္ဓာဖြစ်စဉ်နဲ့ တခြားစီပါ ဘုရား)။

အဲဒါ တခြားစီကိုလည်း မရိပ်မိတော့ ထင်ရာ ပြောနေတာပဲ (မှန်ပါ့ ဘုရား)၊ ဦးခင်မောင်ကြီးတို့ ပြောမိသလား (ပြောမိပါ တယ် ဘုရား)၊ ဟာ ခင်ဗျားတို့က စပြောရင် တစ်ပွဲလုံးပဲဗျာ၊ ဒီအတိုင်း ကျနေတာပဲ (မှန်ပါ့)။

အဲဒါကြောင့် ဒကာ,ဒကာမတွေ ဒီအပြောတွေဟာ ဘယ်က လာသလဲဆိုတာ ရိပ်မိပလား (ရိပ်မိပါပြီ၊ သဿတဒိဋ္ဌိက လာပါတယ် ဘုရား)။

အေး သဿတဒိဋ္ဌိက သင်္ကြန်ရက် ကျအောင် ဒီခန္ဓာကိုယ် ကြီးဟာ ခိုင်တယ်၊ မြဲတယ်၊ တည်တံ့တယ်ဆိုတဲ့ ဒိဋ္ဌိပါ, မပါ (ပါ-ပါတယ် ဘုရား)၊ ပါတော့ ဒါ ဘာဒိဋ္ဌိ ဆိုကြမလဲ (သဿတ ဒိဋ္ဌိပါ ဘုရား)။

သြော် ခင်ဗျားတို့ မသိတဲ့၊ ဒကာ,ဒကာမတွေ မသိတဲ့ အခေါ်ကြီး ခေါ်လိုက်ကြတာ၊ သြော် ငါ့မြေးကလေးတွေ တော်လိုက်ကြတာ၊ သင်္ကြန်တွင်း ကြိုးစားမလို့တဲ့ (မှန်ပါ့)။

ဦးခင်မောင် ဒီလိုပဲ သာဓုခေါ်ချင်လဲ ရမ်းခေါ်ချင် ခေါ်မိလိမ့် မယ် (မှန်ပါ့ ဘုရား)၊ သူပြောနေတာက ဘာဒိဋ္ဌိလဲ (သဿတ ဒိဋ္ဌိပါ)၊ ဟာ-သူ့ ဒိဋ္ဌိ သာဓုခေါ်မိရာ ရောက်နေတယ်-(မှန်ပါ့)၊ သူ့ ဒိဋ္ဌိက အပါယ်သွားမည့် ဒိဋ္ဌိ၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

အဲဒါကြောင့် ခင်ဗျားတို့ မှန်းခြေဟူသရွေ့ဟာ သဿတဒိဋ္ဌိက လာတာ-(မှန်ပါ့ ဘုရား)၊ မောင်မြ ဘယ်က လာသတုန်း-(သဿတ ဒိဋ္ဌိက လာပါတယ် ဘုရား)၊ ပေါ်ပလားကွ (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် ရက်ရွှေ့ နေတဲ့ ပုဂ္ဂိုလ်များ ဘာဒိဋ္ဌိနဲ့ ရွှေ့သလဲ (သဿတဒိဋ္ဌိနဲ့ ရွေ့ ပါတယ်)၊ ဒါဖြင့် ဘယ်အလုပ်ကလေးမှ ဆိုတာကော (သဿတဒိဋ္ဌိပါ ဘုရား)၊ အင်း ဟင် ဘယ်သူ ကလေး ကျန်းမာ လာမှ ဆိုတာကော- (သဿတဒိဋ္ဌိပါ ဘုရား)၊ ဘယ်အလုပ်ကလေး စာရင်းချုပ်ပြီးမှ ဆိုတာကော (သဿတ ဒိဋ္ဌိပါပဲ ဘုရား)။

ဪ ခင်ဗျားတို့မှာ သဿတဒိဋ္ဌိက အတော် ကြောက်စရာ ကောင်းနေပါကလား (မှန်လှပါ ဘုရား)။

သြော် ရက်ရွှေ့တာဟူသရွေ့ ဘယ်သူပါလိမ့်-(သဿတ ဒိဋ္ဌိပါ ဘုရား)။

ကဲ နောက်ကို ရွှေ့ဝံ့ရင်ရွှေ့ဗျာ၊ အဲဒါ အပါယ်သွားတဲ့ ဒိဋ္ဌိသာ မှတ်ပေရော့ ရိပ်မိပလား (ရိပ်မိပါပြီ)၊ သဿတဒိဋ္ဌိဟာ ဘယ်လောက် ကြောက်စရာ ကောင်းတယ်ဆိုတာ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

အဲဒီဝတ္ထုကို မဟုတ်ပါဘူး၊ အလွန်ရှည်နေမှာ စိုးလို့နော် (မှန်ပါ့ ဘုရား)၊ ရှည်နေမှာ စိုးလို့ ကာလဝတ္ထုကိုပဲ ဆုံးအောင် နည်းနည်း ပြောလိုက်ပါဦးမယ်။

ကာလဟာ ဒကာ,ဒကာမတို့ နားကတော့ တရားနာတာပဲ နော်-(မှန်ပါ့)၊ နာရင်း နာရင်းနဲ့ နားက နာရုံနဲ့ ပျောက်ပျောက် သွားတယ်-(မှန်ပါ့)။

ဒါနဲ့ မရပါဘူး၊ ခန္ဓာကိုယ်ပေါ်မှာ မှတ်မှပါပဲ ဆိုပြီး သကာလ မမှတ်ဘူးလား(မှတ်ပါတယ် ဘုရား)၊ မှတ်ရင်း မတ္တဉာဏ် ခန္ဓာကိုယ်ထဲ လွှတ်လိုက်တော့ မောင်မြရေ-ဒကာသစ်တို့ နေရာကျ မသွား ဘူးလား- (ကျသွားပါတယ် ဘုရား)။

ဉာဏ် ဘယ့်နှယ် ဖြစ်သွားလဲ (ထက်မြက်သွားပါတယ်)၊ ထက်မြက်သွားတဲ့အခါကျတော့ ဉာဏ်ထက်တယ်ဆိုတာ မဂ်ဆိုက် သွားတာ-(မှန်လှပါ)၊ မဂ်ဆိုက်သွားတော့ သောတာပန်တည် သွားတယ် (မှန်ပါ့ ဘုရား)။

ဒကာ,ဒကာမတို့၊ တေလေ သောတာပန် တည်သွားတာ မြင်လိုက်ရဲ့ လား(မှန်ပါ့ ဘုရား)၊ ဘယ်နှယ်ကြောင့် တည်ပါလိမ့် မတုန်း-ဉာဏ် ခန္ဓာကိုယ်လွှတ်လို့-(မှန်ပါ့ ဘုရား)၊ ဘယ့်နှယ်ကြောင့်တုန်း (ဉာဏ်ခန္ဓာကိုယ် လွှတ်လို့ပါ ဘုရား)။

အဲဒါကြောင့် ဒကာ,ဒကာမတို့၊ ဒီအထဲနာတဲ့ပုဂ္ဂိုလ်အပြင် ဘက်က နာတဲ့ပုဂ္ဂိုလ်တွေ ဉာဏ်ကဖြင့် ခန္ဓာကိုယ်လွှတ်ပါ ဆိုတာကိုဖြင့် လေးစားစွာနဲ့ပဲ ခင်ဗျားတို့ အကျိုးကြည့်ပြီး သကာလ ကာလဝတ္ထု သက်သေ သာဓက လုံလောက် သောကြောင့်ပဲ တိုက်တွန်းပါတယ် -(မှန်ပါ့ ဘုရား)၊ မတိုက်တွန်းသင့် ဘူးလား-(တိုက်တွန်းသင့်ပါတယ် ဘုရား)။

နို့မဟုတ်လို့ရှိရင် ခင်ဗျားတို့ ရှေးနာနည်းနဲ့ ဆိုလို့ရှိရင်ဖြင့် လမ်း ခလုတ်တိုက်တောင် မခံပါဘူး၊ ဦးခင်မောင် ခံသေးရဲ့ လား (မခံပါ ဘုရား)၊ အဲဒီလောက်ထိအောင်ပဲ၊ အရုပ်ဆိုးတော့ ကောင်း နိုင်သေးရဲ့ လား- (မကောင်းနိုင်ပါ ဘုရား)။

ကိုင်း ဒါဖြင့် ဒကာ,ဒကာမတို့၊ ကိုယ့်အရေးကို ခင်ဗျားတို့ ဖြုန်းတီးပစ်တာကော မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)၊ အဖိုးတန်တဲ့ ဓမ္မရတနာတွေကို ခလုတ်တိုက်တာနဲ့ ဖျောက်ဖျက် လွှတ်လိုက်လို့ရှိရင်လဲ ခင်ဗျားတို့သည်တဲ့ အဖိုးတန် မသုံးတတ် ဘူးဆိုတဲ့ အဓိပ္ပာယ်လည်း ရောက်ပါတယ်(မှန်ပါ့)၊ မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။

အေး ဒီလိုလဲမဖြစ်ကြပါစေနဲ့ ဆိုတာလည်း အားလုံးပဲ တောင်းပန်ရပြန်တယ်- (မှန်ပါ့)၊ ပေါ်ကြပလား-(ပေါ်ပါပြီ ဘုရား)၊ ဒါနဲ့ ဦးခင်မောင် ကာလ ဘာဖြစ်သွားသတုန်း (သောတာပန် တည်သွားပါတယ် ဘုရား)။

အင်း ဘယ့်နှယ်ကြောင့် ဖြစ်သွားပါလိမ့် (ခန္ဓာကိုယ် ဉာဏ်စိုက်လို့ပါ ဘုရား)၊ ခန္ဓာထဲ ဉာဏ်လွှတ်လိုက်တာနဲ့ (မှန်ပါ့)၊ ဉာဏ်ထက်ပြီး သကာလ ဘာဖြစ်သွားသလဲ (သောတာပန် ဖြစ်သွားပါတယ် ဘုရား)၊ သောတာပန် တည်သွားတယ်၊ ဒါနဲ့ ဒကာ,ဒကာမတို့၊ ကာလ တရားနာနည်း သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါနဲ့ပဲ မနက်မိုးလင်းရင် သောတာပန်တည်ပြီး ညက သူ ကောင်းကောင်း မွန်မွန်အိပ်လို့ တရားဓမ္မတွေ နှလုံးသွင်းလို့ ဒီလိုနေပြီး မနက်ကျလာတဲ့ အခါကျတော့ သံဃာတော်ငါးရာ ဘုရားက ရှေ့ကနေပြီး သကာလ အနာထပိဏ် သူဌေးကြီးအိမ်ပဲ ထုံးစံအတိုင်း ဦးခင်မောင် ဦးဝ ကြွလာခဲ့တယ် (မှန်လှပါ ဘုရား)။

ကြွလာတော့ အဖေလုပ်တဲ့ပုဂ္ဂိုလ်ကတော့ ကရုဏာမကင်းဘဲ ကိုး (မှန်ပါ့)၊ အပြင်ဘက် ပြတင်းပေါက်ကို ထွက်ကြည့်တယ်။ ဘုရားလည်း ပါလာပြီ သံဃာငါးရာလည်း ကြွတယ် ငါ့သား ကာလကလည်း နောက်က ပါလာတယ်၊ သူ့သား ကာလ အရေးတကြီး ထားကြည့်တာပါ (မှန်လှပါ ဘုရား)၊ ရိပ်မိပလား (ရိပ်မိပါတယ် ဘုရား)။

သူ့သား ကာလ အရေးတကြီးထားပြီး ကြည့်လိုက်တော့ အို ကာလ အရင်နဲ့ မတူပါကလား၊ အရင်တုန်းကတော့ ငွေရတော့မှာပဲဆိုပြီး ပြုံးကာ ရွှင်ကာနဲ့ လာခဲ့တယ်၊ အခုအခါ ဖြင့် ကာလဟာ ဣန္ဒြေ သိပ်ကောင်းပါလား၊ စက္ခုလဲ အောက်ချလို့၊ နေပုံ-ထိုင်ပုံလည်း သပ်သပ်ရပ်ရပ်၊ ကာလ ကတော့ဖြင့် နေရာ ကျလာပြီထင်တယ်၊ သူ့အဖေက အကဲခတ်တယ် (မှန်လှပါ ဘုရား)။

ဒါနဲ့ သူ့ စိတ်ထဲ ကာလက ပူလာတာက ဒကာ,ဒကာမတို့၊ ဒိပြင် ဘာမှ မပူဘူး၊ အိမ်ကျလို့ရှိရင် ကာလ၊ ရော့ ငွေ တစ်ထောင်ယူတော့ဆိုပြီး လူသိနတ်ကြားပေးမှာ စိုးရိမ်တယ်။ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

အရင်တုန်းကတော့ ယာဂုတောင် မသောက်တဲ့လူ- (မှန်ပါ့)၊ ဦးခင်မောင်ရေ အခု ပြောင်းသွားလိုက်တာ ရိပ်မိပလား (ရိပ်မိ ပါပြီ ဘုရား)။

ဘယ့်နှယ် ပြောင်းသွားသတုန်းဗျ (လူသိ နတ်ကြား ပေးမှာ ကို ကြောက်ပါတယ်)၊ ပစ္စည်း ပေးမှာကို ကြောက်တယ် (မှန်ပါ့)။

ပစ္စည်း ပေးမှာကို၊ အို ငါ့ကို ငွေတစ်ထောင်ယူချင်လို့ ကာလ တရား သွားအားထုတ်နေတယ် ဆိုလို့ရှိရင် ကိုယ်ကျိုးဖြင့် နည်းပေါ့ (မှန်ပါ့ ဘုရား)။

ဒါနဲ့ သူ့စိတ်ထဲမှာဖြင့် ဒိုပြင်ဟာ ဒါလောက် မပူဘူး။ ဒကာ, ဒကာမတို့၊ ကာလ ငွေယူတော့မလား ဆိုတဲ့ အသံကြားရမှာ သိပ်ကြောက်တယ် (မှန်ပါ့)။

ဦးဝ,ရေ မထူးဘူးလားဗျာ (ထူးပါတယ် ဘုရား)၊ ဒိဋ္ဌိ ဝိစိကိစ္ဆာ ကလေး ပယ်လိုက်ကာ ရှိသေးတယ်၊ ဟီရိဩတ္တပ္ပတွေ ကပ်လာတယ် (မှန်ပါ့ ဘုရား)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဒိဋ္ဌိဝိစိကိစ္ဆာကလေး ပယ်လိုက်ကာ ရှိသေးတယ်၊ ဘာကပ်လာ သတုန်း-(ဟီရိဩတ္တပ္ပ ကပ်လာပါတယ် ဘုရား)၊ ဟီရိဆိုတာ ရှက်တယ်၊ ဩတ္တပ္ပဆိုတာ သူများကြားသွားမှာ လန့်တယ် (မှန်ပါ့)၊ သူ့ဟာသူရှက်၊ သူ့ဟာသူလန့်ပြီး သကာလ ဒကာ, ဒကာမတို့ နေတယ်ဆိုတာကော ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ဒါနဲ့ သူအရေးကြီးဆုံး ကြောက်လန့်နေတာ ပေါ်ကြပြီ နော် (မှန်ပါ့)၊ အိမ်ပေါ်အတက်မှာ သူ့ အဖေ အနာထပိဏ် သူဌေးကြီးက ကာလ ငွေတစ်ထောင် ယူတော့မလားကွ၊ ဒါ မေးလိုက်မှာ စိုးတယ်၊ အဖေဆိုတော့လည်း မေးချင် မေးလိုက်မှာ (မှန်လှပါ ဘုရား)၊ အရင်တုန်းက ယာဂု မသောက်ခဲ့တာ ကလေးက ရှိနေတယ် (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

အရင်တုန်းက သူ ငွေမရတော့၊ ဘာတဲ့- (ယာဂုမသောက်ပါ ဘုရား)၊ အေး ယာဂုတောင် မသောက်ဘဲ ဖြစ်ပြီး သကာလ နေတော့ ဒီတစ်ခါတော့ဖြင့် အဖေကပဲ လောကွတ်များများ ထားပုံ ရနေတော့ ကာလ စားလဲစားကွ၊ ငွေတစ်ထောင် ယူချင် ယူကွ လို့ အရင်မူ သူပျက်ထားတာ ကလေးကို ပြန်ပြီးတော့ လောကွတ် လုပ်လိုက်လို့ရှိရင် သူ အရှက်ဆုံးပဲတဲ့ (မှန်ပါ့)။ ဒကာ,ဒကာမတို့၊ ငွေရမှာ ဘာဖြစ်သလဲ (ရှက်ပါတယ် ဘုရား)၊ ငွေရမှာ ရှက်နေတယ်ဆိုတာ ဘာဖြစ်လို့ ရှက်တာတုန်း ဗျာ (သောတာပန် တည်လို့ပါ ဘုရား)၊ သောတာပန်တည်လို့၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ ငွေလိုက်ရှာနေတဲ့ ပုဂ္ဂိုလ်များ မရှက်ပါဘူး၊ ဘာဖြစ်လို့တုန်း၊ သောတာပန် မတည်သေးဘူး၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)၊ ကဲ ခင်ဗျားတို့ မရှက်တာလည်း ရှိပါစေတော့၊ နောက်တော့ ရှက်ပါလိမ့်မယ်၊ ကြိုးစား (မှန်ပါ့ ဘုရား)။

ကြိုးစားရင် ဘာဖြစ်လာမယ် ထင်သတုန်း (သောတာပန် တည်ပါမယ်)၊ ရှက်လာမယ်၊ ကြောက်လာမယ်ဆိုတာ သဘောကျ ပလား (ကျပါပြီ ဘုရား)။

ဒါကြောင့် အဝတ်တွေ ဖုံးလွှမ်းပြီး သကာလ နေတာ ဟီရိဩတ္တပ္ပ ရှိတယ်လို့ ဆိုတာ မဟုတ်ဘူး (မှန်ပါ့ ဘုရား)၊ သူတော်ကောင်း အလုပ်တွေ၊ သူတော်ကောင်း မကြိုက်တဲ့ ပြောသံ ဆိုသံတွေ၊ ကိုယ်က ပြောမိ,ဆိုမိမှာ သိပ်ကြောက်တယ်(မှန်ပါ့ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဝတ်တွေ ဖုံးတယ်၊ အုပ်တယ်ဆိုတာ လှချင်၊ ပချင်လို့ အုပ်တာ၊ ဟီရိဩတ္တပ္ပမှ ဒီဟာ မဟုတ်ဘဲ၊ ဒကာ,ဒကာမတို့(မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ)။

ဒါဖြင့် ဒကာ,ဒကာမတို့၊ သောတာပန် တည်မှ ခင်ဗျားတို့ အကြောက်၊ အရှက် ဇာတ်သိမ်းမယ် (မှန်ပါ့)၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ကဲ ဒါဖြင့် ကာလကလည်း နောက်က လိုက်လာ၊ ဘုရား ကလည်း ရှေ့က ကြွလာ၊ အဖေလုပ်တဲ့ ပုဂ္ဂိုလ်ကလည်း ကာလ ငွေပေးချင်လို့ မျှော်နေတာနဲ့ဆိုတော့ ဦးခင်မောင် ကာလနဲ့ သူ့ အဖေ ကန့်လန့်ဖြစ်ပြီး (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

အရင်တုန်းကတော့ မပေးလို့ ကန့်လန့် (မှန်ပါ့)၊ အခုဟာတော့ ပေးမှာကြောင့် (ကန့်လန့်ပါ ဘုရား)၊ ဘယ့်နှယ် မထူးခြားဘူးလားဗျာ (ထူးခြားပါတယ် ဘုရား)၊ အခုတော့ ကာလ,က ပေးမှာပဲ စိုးရိမ်နေတယ်ဆိုတာ ပေါ်ကြပလား (ပေါ်လာပါပြီ ဘုရား)။

ဒါနဲ့ အဖေလုပ်တဲ့ ပုဂ္ဂိုလ်ကတော့ ပြောထားတာပေါ့လေ။ ကာလ လာပြီကွ၊ မင်းတို့အစေခံတွေ သေသေချာချာ ကာလကို လိုတာ ထုတ်ပေး၊ လိုတာ၊ ငါ့သားဟာ အင်မတန်မှ တရားမှတ်လာ လိမ့်မယ်ကွ၊ ဒီနေ့ အင်မတန် နေရာကျနေပြီ၊ အရင်လာပုံနဲ့တော့ မူတော့ အတော်ခြားနားတယ်၊ ပျားရိပျာယာတွေ မဟုတ်တော့ဘူး ဆိုပြီး သကာလ ဘုရားနဲ့ သူ့ အဖေ၊ ဒကာကြီး ဦးခင်မောင် သွားပြီး စကားပြောတယ် (မှန်ပါ့)၊ ထူးထူးခြားခြား လာတယ်ဘုရား၊ အင်း -ဒီကလည်း သောတာပန် ကိုးဗျ-(မှန်ပါ့)၊ ကာလ ထူးခြားလာတယ်ဘုရာ့။

ဘယ့်နှယ်ထူးသတုန်း ဒကာကြီးရ၊ ပြောစမ်းပါဦး၊ အရင် တုန်းကတော့ဘုရာ့- ကာလ သည်ကားလို့ ဆိုလို့ရှိရင်ဖြင့် ငွေတစ်ရာ ပေးပြီး မင်းသည်ကား ကျောင်းသွားပြီး တစ်ရက် ဥပုသ်စောင့် တစ်ရာပေးပါမယ် ဆိုပြီး ပြန်လာတဲ့ အခါကျတော့ ယာဂုတွေ၊ ဘာတွေ တိုက်တဲ့အခါ သောက်ကို မသောက်ဘူးဘုရာ့၊ ဘာလို့ မသောက်တုန်း မေးတော့ ငွေတစ်ရာမပေးလို့ ကျုပ် မသောက်ဘူး၊ အခုတော့ သူ့ဟာသူ မြိန်ရေရှက်ရေ သောက်ပြီး သကာလ နေလိုက်တာ ငွေအကြောင်း စကားကို မပြောတော့ဘူး (မှန်ပါ့)။

ဟာ ဒကာကြီး ဘာပြောမတုန်း၊ မပြောတော့ဘူးဆိုပြီး ဂါထာတစ်ခု ဘုရားက သောတာပန် တည်ရင် ဒီစိတ်ပေါ်တယ် ဆိုတဲ့ ဂါထာ ရွတ်ပြလိုက်တယ် (မှန်ပါ့ ဘုရား)၊ ဒကာ,ဒကာမတွေ သေသေချာချာ မှတ်ရလိမ့်မယ်-(မှန်ပါ့)၊ သေသေချာချာ မှတ်ရလိမ့်မယ် ဒကာ, ဒကာမတို့ (မှန်ပါ့)။

“ပထဗျာ ဧကရဇ္ဇေန၊ သဂ္ဂဿ ဂမနေနဝါ။

သဗ္ဗေလောကာ ဓိပဇ္ဇေန၊ သောတာပတ္တိဖလံ ဝရံ။”

ပထဗျာ၊ မြေတစ်ပြင်လုံးကို အစိုးရတဲ့ လေးကျွန်းသနင်း စကြာမင်း ဖြစ်တဲ့၊ အဖြစ်ဆိုတဲ့ အကျိုးပေးတွေ ရှိတယ်တဲ့ (မှန်ပါ့)၊ လေးကျွန်းသနင်း စကြာမင်းအဖြစ်ဟာ အဲဒါ တော်တော် မြတ်တယ်လို့ ထားတာပဲ၊ အခု သူရ,ထားတဲ့ သောတာပတ္တိဖိုလ် လောက် မမြတ်ဘူး ဒကာကြီးရ တဲ့၊ ငွေတစ်ထောင် လောက်တော့ မကြုံလောက်တော့ဘူး တဲ့-(မှန်ပါ့ ဘုရား)။

လေးကျွန်းသနင်း စကြာမင်း စည်းစိမ်ပေးတော့ မယူတော့ ဘူးတဲ့ (မှန်ပါ့ ဘုရား)၊ အဲဒါထက် မြတ်နေတယ် (မှန်ပါ့ ဘုရား)။

ဒကာ,ဒကာမတို့၊ လေးကျွန်းသနင်း စကြာမင်း စည်းစိမ်ကြီး ဟာ ဘာတဲ့ (မမြတ်ပါ ဘုရား)၊ အဲ သောတာပတ္တိမဂ်၊ သောတာပတ္တိဖိုလ်က မြတ်နေတယ် (မှန်ပါ့ ဘုရား)။

သဂ္ဂဿ ဂမနေနဝါ၊ နတ်ပြည်ရောက်သည်ထက်လည်း၊ နတ်ပြည်က အင်မတန် ချမ်းသာ၊ အင်မတန် ကျန်းမာ၊ ပဒေသာပင် ဆွတ်စား၊ အဲ့ဒီဟာတွေပေးလည်း ဒကာကြီးတဲ့၊ မယူတော့ဘူးတဲ့၊ သူ့ သောတာပတ္တိဖိုလ်လောက် မမြတ်ဘူး (မှန်ပါ့ ဘုရား)၊ နတ်စည်းစိမ်ပေးလည်း မယူတော့ဘူးတဲ့ (မှန်ပါ့)။

သဗ္ဗလောကာဓိပစ္စေတဲ့၊ အို လောကကြီး တစ်ခုလုံး အကုန် အစိုးရတဲ့ စည်းစိမ်တွေ မင်းယူတော့၊ ပေးလည်း သူ့သောတာပတ္တိမဂ်၊ သောတာပတ္တိဖိုလ်လောက် သူ သဘောမကျ တော့ဘူးတဲ့ (မှန်ပါ့ ဘုရား)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

သူကသာ မြတ်တော့တယ် ဒကာကြီးလို့ ဟောလိုက်ပါတယ်။ ဒီတော့ ငွေတစ်ထောင်ဟာ ပျောက်မသွားဘူးလား-(ပျောက်သွား ပါတယ်)၊ ဘာများ အသုံးကျသေးသလဲ (ဘာမှအသုံးမကျပါ ဘုရား)၊ ဘာမှအသုံးမကျဘူးတာ ပေါ်လာပလား (ပေါ်လာပါပြီ။)

အဲဒီတော့ ဒကာ,ဒကာမတို့၊ ပထဗျာ ဧကရဇ္ဇေန၊ မြေတစ်ပြင် လုံး အစိုးရတဲ့ စကြာမင်း စည်းစိမ်ထက်လည်း သောတာပတ္တိမဂ်က မြတ်တယ် (မှန်ပါ့)၊ စကြာဝတေးမင်းက အခု စကြဝတေးမင်း နက်ဖြန် ဒယ်အိုးထဲ ရောက်နိုင်တယ် (မှန်ပါ့)။

ဒီနေ့ စကြဝတေးမင်း နက်ဖြန် ဒယ်အိုးထဲ မရောက်နိုင်ဘူး လား ရောက်နိုင်ပါတယ်)၊ ဘာတုန်း၊ သူ့မှာ ငါးပါးသီလ ရှိသေးတယ်-(မှန်ပါ့)၊ နိစ္စသီလ ရပလား-(မရသေးပါ ဘုရား)၊ မရသေးပါဘူး၊ အနိစ္စသီလ ရှိပါသေးတယ် ဦးခင်မောင် (မှန်လှပါ ဘုရား)။

အဲဒီ စည်းစိမ်ထက်လည်း အများကြီး သာပါတယ်ဆိုတာ ပေါ်ကြပလား-(ပေါ်ပါပြီ)၊ သဂ္ဂဿဂမနေနဝါ တဲ့၊ နတ်ရွာသုဂတိ ဗြဟ္မာပြည် ရောက်ရသည်ထက်လည်း ဘာတုန်း (မြတ်ပါတယ် ဘုရား)။

ဟိုဟာတွေက နတ်ပြည်ကနေပြီး နတ်သမီးငါးရာနဲ့ ဒယ်အိုး ထဲ ထိုးကျတယ်-(မှန်ပါ့)၊ မကျဘူးလား-(ကျပါတယ် ဘုရား)၊ ဗြဟ္မာကြီးတွေကကော ဒကာ, ဒကာမတို့၊ ဝက်ဖြစ်ရတာတွေကော မရှိဘူးလား (ရှိပါတယ် ဘုရား)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

သောတာပတ္တိမဂ် ရှုပြီးသား ပုဂ္ဂိုလ်က ဒီကမ်းနဲ့ ဒီလမ်းကို အကုန်ရှောင်ပြီးသား ရှားပြီးသား ဖြစ်ပါတယ် (မှန်ပါ့ ဘုရား)။

အဲဒီတော့ ဘာအားငယ်စရာ ရှိသလဲ(မရှိပါ ဘုရား)၊ ဟိုဟာ တွေထက် သာတယ်ဆိုတာကော ဒကာ,ဒကာမတို့၊ (သာပါတယ် ဘုရား)၊ ထင်ရှားနေပြီဆိုတာ အားလုံး ဒကာဝတို့၊ ဦးခင်မောင်တို့၊ သေချာပလား (သေချာပါပြီ ဘုရား)။

ယုတ်စွအဆုံး အလုံးစုံ လောက တစ်ခုလုံးကို တစ်ဦးတည်း မင်းပြုပြီးနေတဲ့ စည်းစိမ် ထက်လည်း အခု သောတာပတ္တိမဂ်၊ သောတာပတ္တိဖိုလ်က သာတယ် ဒကာကြီးတဲ့၊ ဒါကြောင့် ကာလဟာ ငွေမတောင်းတော့ဘူးတဲ့ (မှန်ပါ့ ဘုရား)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒါက ဒကာ,ဒကာမတို့၊ ဗဟုသုတလည်း ဖြစ်စေတော့၊ တရားနာနည်းလည်း ကိုက်စေတော့ ဆိုပြီး အချိန် တော်တော် ကုန်သွားတယ် (မှန်ပါ့ ဘုရား)၊ သို့သော် အဖိုးတော့ တန်သပေါ့ ဗျာ-(မှန်ပါ့)၊ အဖိုးမတန်ဘူးလား (တန်ပါတယ် ဘုရား)။

အင်မတန် တန်ပါတယ်တဲ့၊ တရားနာတဲ့ နိဿရည်းမှာ ကာလနည်းကို လိုက်ရမယ်-(မှန်ပါ့ ဘုရား)၊ အားလုံး တစ်ပွဲလုံး ဘယ်နည်း လိုက်ကြမယ် (ကာလနည်းကို လိုက်ကြရပါမယ် ဘုရား)။

ကဲ ဒါဖြင့် ပြောစမ်းပါဦး၊ နားက ဘာလုပ်ကြမယ် (တရား နာရပါမယ်)၊ နားက တရားနာမယ်၊ ဉာဏ်က (ခန္ဓာကိုယ် လှည့်ရပါမယ် ဘုရား)။

လှည့်ဖန်များရင် ဘာဖြစ်မယ် (ဉာဏ်ထက်လာပါတယ် ဘုရား)၊ ဉာဏ်ထက်လာပြီး သောတာပန် တည်မယ် (မှန်ပါ့ ဘုရား)၊ ကဲ ကာလ ဒီအတိုင်း တည်တယ်-(မှန်ပါ့)၊ ပေါ်ကြ ပလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် ဘုန်းကြီးတို့ ဒကာ,ဒကာမတွေ ယနေ့ကစပြီး သကာလ ဘုန်းကြီးကလည်း ပြောနေတယ်၊ ဒကာ,ဒကာမတွေက လည်း ကြိုးကြိုးစားစားပဲ၊ ကိုယ့်အရေး ကိုယ်သိပြီး သကာလ နာကြတော့၊ ကိုင်း (မှန်လှပါ ဘုရား)။ ဒီနည်းပဲ လုပ်ကြစို့ရဲ့ – (မှန်လှပါ ဘုရား)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ကာလနည်းပဲ (လုပ်ကြစို့ရဲ)၊ ကာလနည်းပဲ လုပ်ကြစို့ ဆိုတော့ ဒီထဲရောက်တယ်ဆိုလည်း ငြိမ်ငြိမ်နေ၊ ကာလလိုနေ (မှန်ပါ့ ဘုရား)၊ ခင်ဗျားတို့ သိပ်ပြီးတော့ စကားတွေ ပြောမနဲ့၊ ရိပ်မိပလား-(ရိပ်မိပါပြီ ဘုရား)။

သိပ်ပြီးတော့ စကားတွေ ပြောမနေနဲ့၊ အချိန်စောစောလာဖို့ လုပ်၊ အေးအေးချမ်းချမ်း ရှိတယ်ဆိုလည်း ဒီအတိုင်းပဲ၊ ကာလလိုပဲ ခန္ဓာထဲသာ ဉာဏ်လွှတ်ထား-(မှန်ပါ့ ဘုရား)။

ဟောထားတဲ့ တရားတွေ ခန္ဓာထဲ ဉာဏ်လွှတ်ထားတာပေါ့ ဗျာ–(မှန်လှပါ)၊ တရားကတော့ စုံပြီမဟုတ်လား (စုံပါပြီ ဘုရား)။

အဲ ဉာဏ်လွှတ်တာကလေး လိုနေသေးလို့ သောတာပန် မတည်သေးတာ(မှန်လှပါ ဘုရား)၊ ဉာဏ်သာ လွှတ်ပြီးလို့ရှိရင် ဒကာ,ဒကာမတို့ ဘာမှ မပူနဲ့တော့ (မှန်ပါ့)၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ကိုင်း-ဒါဖြင့် ဒကာ,ဒကာမတို့၊ သုသိမပရိဗိုဇ် ဆက်ကြပါစို့။ ဒကာ,ဒကာမတို့၊ အချိန်က နည်းသွားပြီ (မှန်ပါ့ ဘုရား)။

ဦးခင်မောင်ရေ-မနေ့က သုသိမပရိဗိုဇ်က ရဟန္တာကြီးတွေ ဖြေတာ ကျေနပ်ရဲ့ လား-(မကျေနပ်ပါ ဘုရား)၊ ရဟန္တာကြီးတွေ တို့ပညာနဲ့ ကိလေသာမှ လွတ်သွားတယ်ကွတဲ့ (မှန်ပါ့)။

ပညာနဲ့ ကိလေသာမှ လွတ်သွားတယ်ဆိုတော့ ဒကာ,ဒကာမ တို့၊ စာသုံးဖြစ်နေတယ်(မှန်ပါ့)၊ ပညာနဲ့ဖြစ်ပျက် အားထုတ် လိုက်တာနဲ့ ဖြစ်ပျက် အဆုံးရောက်တဲ့ ဖြစ်ပျက်မြင်တဲ့ ရဟန္တာ အဖြစ် ရောက်ခဲ့ပါတယ်ကွာ-(မှန်ပါ့ ဘုရား)၊ ပညာနဲ့ ဖြစ်ပျက် အဆုံး မြင်ခဲ့ပါတယ်-(မှန်ပါ့ ဘုရား)၊ ပညာနဲ့ (ဖြစ်ပျက်အဆုံး မြင်ခဲ့ပါတယ် ဘုရား)။

အဲ ပညာနဲ့ ဖြစ်ပျက်အဆုံးမြင်ခဲ့ပါတယ် ဆိုသဖြင့် သမထ မပါဘူးဆိုတာ သဘောကျပလား (ကျပါပြီ)၊ ကိုင်း-ဒါနဲ့ ဒီရဟန္တာကြီးတွေ ပြောတာကို ဦးဝ,ရေ သုသိမပရိဗိုဇ်က တရားသူခိုးက ကျေနပ်ပါရဲ့လား (မကျေနပ်ပါ ဘုရား)။

မကျေနပ်တော့ အရှင်ဘုရားတို့၊ တပည့်တော်ကို ကျေနပ်အောင် မပြောဘူး ဆိုပြီးသကလ ကိုယ်တော်တွေက သူ၏စရိုက် ကိုလည်း သိပြီးသားနော်- (မှန်ပါ့)၊ သူဟာ ဘယ်လိုပြောလို့မှ နားလည်မယ် ပုဂ္ဂိုလ် မဟုတ်ဘူး၊ ဘုရားဆီ သွားမှာပဲ (မှန်ပါ့)။

အဲဒီတော့ သုသိမ နားလည် လဲလည်တော့ မလည်ချင် လဲ နေတော့၊ တို့ဖြင့် ပညာနဲ့ ဝိပဿနာရှုပြီး သကာလ ကိလေသာ ချုပ်ငြိမ်း ရုပ်သိမ်းတဲ့ နိဗ္ဗာန် မြင်ပါတယ်ကွာ (မှန်လှပါ)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ပညာနဲ့ ဖြစ်ပျက်ရှုပြီး သကာလ ဖြစ်ပျက်အဆုံးဖြစ်တဲ့ ကိလေသာ ချုပ်ငြိမ်း၊ရုပ်သိမ်းတဲ့ နိဗ္ဗာန်ကြီး ငါတို့ မြင်ပြီး သကာလ ရောက်ခဲ့၊ ရခဲ့ကြတဲ့ ပုဂ္ဂိုလ်တွေပါကွာ မင်းသိချင်လဲသိ မသိချင်လဲနေ ဒါပဲ (မှန်လှပါ ဘုရား)၊ သဘောပါပလား (ပါ-ပါပြီ ဘုရား)။

ငါတို့မှ ဈာန်မပါ,ပါဘူးကွ၊ ဈာန်ခြောက်ပြီး သကာလ ဝိပဿနာနဲ့ ကိလေသာမှ လွတ်တဲ့ နိဗ္ဗာန် မြင်ရပါတယ်(မှန်ပါ့)၊ ဈာန်မပါဘူးလို့ သေသေချာချာဖြေတာပဲ (မှန်ပါ့ ဘုရား)။

အဲဒီတော့ ဈာန်မပါဘူး ဆိုငြားသော်လည်း ဒကာ,ဒကာမတို့ မဂ္ဂင်ငါးပါးကို ဘုန်းကြီး နည်းနည်း ရှင်းပြလိုက်တော့ သေချာပါ တယ်နော်-(မှန်ပါ့)၊ သမ္မာဒိဋ္ဌိ, သမ္မာသင်္ကပ္ပ-ပညာမဂ္ဂင်(မှန်ပါ့)၊ ဝီရိယ-သတိ သမာဓိက သမာဓိမဂ္ဂင်-(မှန်လှပါ ဘုရား)။

သို့သော် တွဲဖက်အဖြစ်သာ ပါ,ပါတယ်တဲ့၊ သူတို့ မပြဋ္ဌာန်း ပါဘူး၊ ဖြစ်ပျက်ရှုတဲ့အခါမှာ-(မှန်ပါ့)၊ သမ္မာဒိဋ္ဌိနဲ့ သမ္မာသင်္ကပ္ပ ကသာ ပြဋ္ဌာန်းတယ် (မှန်ပါ့ ဘုရား)။

ဒီသုံးခု မပြဋ္ဌာန်းဘဲနဲ့ ဖြစ်ဖော်ဖြစ်ဘက်မို့ ပါတာပါတဲ့(မှန်ပါ့)၊ ကောင်းကင်ပျံ မြေလျှိုးတဲ့ဈာန် မဟုတ်ပါဘူး-(မှန်ပါ့)၊ သမာဓိ တည်ကာမျှ ဥပစာရ သမာဓိလောက်နဲ့ဖြစ်ပါတယ်၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဘုန်းကြီးတို့ ဒကာ,ဒကာမတွေ ရှုသာရှုပါ ရပါတယ် (မှန်ပါ့)၊ အခု သေချာပြီ မဟုတ်လား (သေချာပါပြီ ဘုရား)။

ဒါနဲ့ သုသိမသည် ဒကာ,ဒကာမတို့ ဒီကိုယ်တော်တွေ ဖြေလိုက်တာလည်း ဦးခင်မောင် မှန်လိုက်တာနော်-(မှန်ပါ့)၊ မှန်ပင် မှန်ငြားသော်လည်း ကျေနပ်မှု သူ့မှာ ရပါရဲ့ လား(မရပါ ဘုရား)။

မရတော့ ဘုရားဆီ သွားလိုက်တယ် ဒကာ,ဒကာမတို့၊ ဘုရားဆီ သွားတဲ့အခါကျတော့ အရှင်ဘုရား အရှင်ဘုရားဆီက “ခိဏာ ဇာတိ ဝုသိတံ ဗြဟ္မစရိယံ ကတံကရဏီယံ နာပရံ ဣတ္ထတ္တာယာတိ။” လို့လျှောက်သွားကြတဲ့ တပည့်တော်တို့ ပဋိသန္ဓေနေမှု ကုန်ပါပြီဘုရား၊ လုပ်စရာကိစ္စတွေလည်း ဘာမှ မရှိတော့ဘူးလို့ လျှောက်သွားကြတဲ့ ပုဂ္ဂိုလ်တွေကို တပည့်တော် လိုက်ပြီး မေးပါတယ်ဘုရား၊ အရှင်ဘုရားတို့ ရဟန္တာဖြစ်တယ်ဆို ရင် ကောင်းကင် ပျံနိုင်ရဲ့လား၊ မြေလျှိုးနိုင်ပါရဲ့ လား အစရှိသည် ဖြင့် တပည့်တော် မေးတဲ့အခါကျတော့ သူတို့က ပညာနဲ့ ကိလေသာမှ လွတ်လာတာလို့ ဖြေတော့ တပည့်တော်လည်း မကျေနပ်ဘူး ဘုရား၊ ရဟန္တာဖြစ်ရင် သူက ကောင်းကင်ပျံနိုင်ရ မယ်၊ မြေလျှိုးနိုင်ရမယ် အောက်မေ့ထားတာကိုး (မှန်ပါ့)။

ဒါနဲ့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဟောရှာတယ်။ ဟေ့ သုသိမ “ပုဗ္ဗခေါ သုသိမ ဓမ္မဋ္ဌိတိဉာဏံ ဟောတိ၊ ပစ္ဆာ နိဗ္ဗာနေဉာဏံ။” ဆိုပြီး မနေ့က ပြောတာကိုပဲ ထပ်ပြောရတယ် (မှန်လှပါ ဘုရား)။

နောက်ပိုင်းက မဂ္ဂင်ရှစ်ပါးပေါ့ ဗျာ (မှန်ပါ့)၊ ရှေ့ပိုင်းက မဂ္ဂင် ဘယ်နှစ်ပါးတုန်း (ငါးပါးပါ ဘုရား)၊ အဲ ပုဗ္ဗေ ခေါ် သုသိမ ဓမ္မဋ္ဌိတိဉာဏံ။ ပုဗ္ဗေ၊ ရှေ့ပိုင်းက။ ဓမ္မဋ္ဌိတိဉာဏံ၊ ဝိပဿနာဉာဏ်နဲ့ ဖြစ်ပျက်ကို မြင်သည်။ ဟောတိ၊ ဖြစ်၏။ ရှေ့က ဝိပဿနာဉာဏ် ဖြစ်ပျက်ကို မြင်တာပဲ (မှန်လှပါ ဘုရား)။

ပစ္ဆာနိဗ္ဗာနေ ဉာဏံ တဲ့၊ ဝိပဿနာဉာဏ် ချုပ်သွားပြီး သကာလ ဒီဘက်က ဖြစ်ပျက် မရှိတဲ့ နိဗ္ဗာန် မြင်တာပဲ(မှန်ပါ)။ မဂ်ဉာဏ်နဲ့ နိဗ္ဗာန်မြင်တယ် (မှန်ပါ့)၊ ရှေ့ဘဏ်က ဖြစ်ပျက် မြင်တယ် (မှန်ပါ့)။ နောက်ဉာဏ်က (နိဗ္ဗာန်မြင်ပါ တယ် ဘုရား)။

အဲ ခင်ဗျားတို့ အားထုတ်ကြည့်၊ တစ်ပွဲလုံး အားထုတ်ကြည့်။ ဒကာ,ဒကာမတို့၊ တစ်ပွဲလုံး အားထုတ်ကြည့်ပါ၊ ရှေ့ပိုင်းကသာ ဆိုရင် ဖြစ်ပျက်ပဲ မြင်တယ် (မှန်ပါ့ ဘုရား)။

ဟာ တပည့်တော်တို့ ဖြစ်ပျက်ပဲ ရှိသေးတယ်ဆိုရင် မပူနဲ့တော့ (မှန်ပါ့)။

ဖြစ်ပျက်ပဲ ရှိသေးတယ်ဘုရား။ ဖြစ်မှု ပျက်မှု ကလေးတွေ ခန္ဓာကိုယ် ယားတာကြည့်လိုက် မရှိတာပဲ တွေ့ပါတယ်၊ စိတ် ကလေးတွေ ပေါ်လာတာလည်း စားချင်တဲ့ စိတ်ကလေး ပေါ်လာတယ်၊ ပြန်တွေးလိုက်တယ် မရှိဘူးဆိုတာ သိပါတယ်၊ အို ဒါ ဖြစ်ပျက်မြင်ပြီဆိုတာ အောက်မေ့ (မှန်ပါ့ ဘုရား)။

ဒေါသကလေး ဖြစ်လာတယ်။ ဒါကလေး ရှိ/မရှိ ကြည့် လိုက်စမ်း-ဦးခင်မောင် (မရှိပါ ဘုရား)၊ တွေးစိတ် ပေါ်လာရင် ရှိသေးရဲ့ လား (မရှိပါ ဘုရား)၊ မရှိတော့ မရှိတာက အနိစ္စ၊ သိတာက မဂ္ဂဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)၊ အဲ ဝိပဿနာဉာဏ် လာလို့ရှိရင်လည်း သူ့နောက်က ဘာဉာဏ် လာမလဲ၊ မဂ်ဉာဏ် လာပါမယ် အနီးကလေး (မှန်ပါ့)။

ဒကာ,ဒကာမတို့၊ ဝေးသလား (မဝေးပါ ဘုရား)၊ ဒီစားပွဲပေါ် မှာပဲ ကြည့်ပါ၊ ငါးခု (မှန်ပါ့)၊ ငါးခုနဲ့ ရှစ်ခုဆိုတော့ ဒကာ, ဒကာမတွေ သိတဲ့အတိုင်း ငါးခု ဆုံးလို့ရှိရင် ငါးခု ရင့်ကျက်ရင် ဘာဖြစ်မယ် (ရှစ်ခုဖြစ်ပါမယ် ဘုရား)။

ရှစ်ခုဖြစ်လို့ရှိရင် သောတာပတ္တိမဂ်-(မှန်ပါ့ ဘုရား)၊ ရှစ်ခုဖြစ် လို့ရှိရင် (သောတာပတ္တိမဂ်ပါ ဘုရား)။

အဲ ငါးခုရင့်ရင် ရှစ်ခုဖြစ်ရမယ် (မှန်ပါ့ ဘုရား)၊ ငါးခုရင့်ဖို့ က ခင်ဗျားတို့ တာဝန်-(မှန်ပါ့)၊ ရှစ်ခုပေါ်မှုသည်ကားလို့ ဆို ရင် အနန္တရပစ္စည်း (မှန်ပါ့ ဘုရား)။

အနန္တ ရ၏ သတ္တိ (မှန်ပါ့)၊ အနန္တရပစ္စယော၊ အခြားမရှိမူ၍ ကျေးဇူးပြုတယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)၊ သူနဲ့ သူ အခြားရှိသေးရဲ့လား (မရှိပါ ဘုရား)၊ မရှိတော့ပါဘူးဆိုတာ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် သူရင့်ဖို့ရာသာ၊ အရေးကြီးတယ်-(မှန်ပါ့)၊ နောက်ဆုံး ပိတ်ရင့်တဲ့ ဝိပဿနာမဂ်နဲ့ သောတာပတ္တိမဂ်ဟာ၊ အနန္တရပစ္စည်း ပါ (မှန်ပါ့)။

သူက အနန္တရပစ္စည်း၊ ဦးခင်မောင်ဦးဝ-ဒီဘက်က အနန္တ ရ ပစ္စည်း၏ ပစ္စယုပ္ပန်ဆိုတော့ အကြောင်းနဲ့ အကျိုး (မှန်ပါ့)၊အနန္တရပစ္စယော၊ အခြားမရှိမူ၍ ကျေးဇူးပြုတယ် (မှန်ပါ့)။ အနန္တရပစ္စယော ဘာတဲ့ (အခြားမရှိမူ၍ ကျေးဇူးပြုပါ တယ်)။

အဲဒီဉာဏ်ရင့်လာလို့ရှိရင် ဒီဉာဏ်ပေါ်လာတော့ ကြားထဲမှ ကိလေသာများ ခြားသေးသလား (မခြားပါ ဘုရား)။

ဘာမှ မခြားဘူးတဲ့၊ သံယုတ်အဋ္ဌကထာကလည်း သေသေချာ ချာ ဖွင့်တယ် ဒီဥစ္စာ၊ ဝိပဿနာဟာ အနန္တရပစ္စည်းပဲတဲ့၊ မဂ် ဉာဏ်ဟာ အနန္တရပစ္စည်း၏ ပစ္စယုပ္ပန် အကျိုးတရားပဲတဲ့ ဆိုတော့ မောင်ထွန်းလှိုင်တို့ အားငယ်စရာ ရှိရဲ့လား (မရှိပါ ဘုရား)၊ အင်မတန် ကျေးဇူးများပြီ (များပါပြီ ဘုရား)။

အဲဒီတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဟောလိုက် တယ်၊ မင်းက ဟို ရဟန္တာတွေ ပြောတာ မင်း မကျေနပ်ဘူး ဆိုတော့ ငါ့ကို လာမေးတော့လည်း ငါ ပြောရမှာပေါ့ကွာ ဆိုပြီး ဘုရားက ပြောလိုက်တယ်။

သုသိမ၊ ရှေ့ပိုင်းက ဝိပဿနာဉာဏ်၊ နောက်ပိုင်းက မဂ် ဉာဏ်ကွ ဖြေလိုက်ပြီ (မှန်ပါ့)၊ ဘာတဲ့တုန်း (ရှေ့ပိုင်းက ဝိပဿနာဉာဏ်)၊ နောက်ပိုင်းက (မဂ်ဉာဏ်ပါ ဘုရား)။

အဲ ဒါပဲကွတဲ့၊ ဟို ကိုယ်တော်တွေ ဖြေတာလည်း ဒါပဲ (မှန်ပါ့)၊ ဒကာ,ဒကာမတို့၊ ကောင်းကောင်း ကျေနပ်ပလား (ကျေနပ်ပါပြီ)၊ ရှေ့ပိုင်းက ဘာတုန်း (ဝိပဿနာဉာဏ်ပါ)၊ နောက်ပိုင်းက (မဂ်ဉာဏ်ပါ ဘုရား)။

အဲ ဝိပဿနာဉာဏ်က ဖြစ်ပျက်ကို မြင် တယ်၊ မဂ်ဉာဏ်က နိဗ္ဗာန်ကို မြင်တယ် (မှန်လှပါ ဘုရား)၊ မြင်ပုံချင်း သွားပြီး မထူးဘူးလား (ထူးပါတယ် ဘုရား)၊ အဲဒီတော့ ဖြစ်ပျက်မြင်ရင်ပဲ ခင်ဗျားတို့ ဘာပူစရာ ရှိတော့သတုန်း (မရှိပါ ဘုရား)။

ရင့်လာလို့ရှိရင်ဖြင့် အပျက်မြင် အပျက်မုန်း၊ မလာဘူးလား(လာပါတယ် ဘုရား)၊ ဒီအပျက်တွေဟာ ဒုက္ခသစ္စာတွေပါကလား ဆိုရင် ဆုံးတော့မှာပဲ (မှန်ပါ့ ဘုရား)၊ မဆုံးပေဘူးလား (ဆုံးပါတယ် ဘုရား)။

ဆုံးသွားလို့ ဒါ ဘာခေါ်ကြမယ် (နိဗ္ဗာန်ပါ ဘုရား)၊ နိဗ္ဗာန်ပဲ ဆိုတော့ နိဗ္ဗာနံမဂ္ဂဿ သွားဖြစ်ပြီ (မှန်ပါ့ ဘုရား)၊မဖြစ် သေးဘူးလား (ဖြစ်ပါတယ် ဘုရား)။

ဒါလည်း တပည့်တော် နားမလည်ဘူးတဲ့-(မှန်ပါ့)၊ ဘယ်သူ ကပါလိမ့်-(သုသိမ,ကပါ)၊ ဒါလည်း နားမလည်ဘူးဘုရား တဲ့၊ ကဲ မောင်မြ မခက်လားကွာ-(ခက်ပါတယ် ဘုရား)၊ ဦးစံရင် ဒါလည်း နားမလည်ဘူးတဲ့၊ ကိုမြရွှေ-(မှန်ပါ့ ဘုရား)၊ မခက်ဘူးလားဗျာ (ခက်ပါတယ် ဘုရား)။

ခင်ဗျားတို့သာ အခု ဆရာဘုန်းကြီးက ခေါင်းဆောင်ပြီး သကာလ ပြလိုက်တဲ့အတွက် သြော် တို့အလုပ်က ဝိပဿနာ အလုပ်၊ တို့က ဖြစ်ပျက်မြင်ဖို့အလုပ်က တို့အလုပ် (မှန်ပါ့ ဘုရား)၊ ရှင်းပလား-(ရှင်းပါပြီ)၊ မဂ်လာဖို့အလုပ်က မဂ်အလုပ်-(မှန်ပါ့ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဖြစ်ပျက်မြင်ဖို့ အလုပ်က (တပည့်တော်တို့ အလုပ်ပါ ဘုရား)၊ မဂ်လာဖို့အလုပ်က-(မဂ်အလုပ်ပါ ဘုရား)၊ မဂ်အလုပ် ပါတဲ့၊ မဂ်က ပေါ်ပါစေလို့ ပေါ်တာမဟုတ်ဘူး၊ သူရင့်လာရင် သူ့ဟာသူ ပေါ်တာ (မှန်ပါ့ ဘုရား)။

ဒါကြောင့် ဒကာ,ဒကာမတို့၊ ဝါးနှစ်လုံးပွတ်တာ ပူဖို့သာ ပွတ်တဲ့ပုဂ္ဂိုလ်၏ အလုပ်-(မှန်ပါ့)၊ ပူလှမက ပူရင် မီးထွက်လာတဲ့ ဥစ္စာက ဝါးအလုပ်(မှန်ပါ့ ဘုရား)၊ ရှင်းပလား-(ရှင်းပါပြီ ဘုရား)။

ပထမပူအောင် လုပ်ရတာက ပွတ်သောပုဂ္ဂိုလ်၏ အလုပ်၊ သဘောကျပလား-(ကျပါပြီ)၊ အဲ ပူလှ,မက ပူတဲ့အခါကျတော့ မီးထွက်လာသည် ဒကာ,ဒကာမတို့၊ ပွတ်တဲ့ ပုဂ္ဂိုလ်၏ စွမ်းရည် သတ္တိ ကင်းပါရဲ့လား (မကင်းပါ ဘုရား)။

ဒါဖြင့် ကျုပ်တို့ ပူအောင် မပွတ်သေးရင်ဖြင့် မီးမထွက်သေး ဘူး (မှန်ပါ့)၊ ဒါဖြင့် ဖြိုင်ဖြိုင် မရှုသေးရင် မဂ်မီး မထွက်သေး ဘူး-(မှန်ပါ့)၊ ဖြိုင်ဖြိုင်ရှုရင် (မဂ်မီး ထွက်ပါတယ် ဘုရား)၊ သဘောပါပလား (ပါ-ပါပြီ ဘုရား)၊ ဒါဖြင့် ခန္ဓာထဲသာ ဉာဏ် လွှတ်ပါဆိုတာ အင်မတန် အရေးကြီးတဲ့ စကားပါကလားဆို တာ ပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား)၊ ပေါ်လာဘူး လား (ပေါ်လာပါတယ် ဘုရား)။

ကောင်းပြီ ဒါဖြင့် ဒကာ,ဒကာမတို့၊ ဘုရားကလည်း ရှေ့ပိုင်းက “ပုဗ္ဗေ ခေါ သုသိမ ဓမ္မဌိတိ ဉာဏံ ဟောတိ၊ ပစ္ဆာ နိဗ္ဗာနေဉာဏံ” -(မှန်ပါ့)၊ “ဓမ္မဋ္ဌိတိဉာဏန္တိ ဝိပဿနာ ဉာဏံ၊ တံ ပဌမတရံ ဥပ္ပဇ္ဇတိ”အဋ္ဌကထာ ဆရာက ဒါ ပထမ သူ အရင်ဖြစ်တာပဲကွ၊ ပစ္ဆာ နိဗ္ဗာန ဝိပဿနာယ အာစိဏ္ဏန္တေ ဝိပဿနာ ရင့်ကျက်လာလို့ရှိရင်ကွာတဲ့ မဂ်ဉာဏ် ပေါ်လာတယ် တဲ့ (မှန်ပါ့ ဘုရား)။

သူရင့်ကျက်လာရင် ပေါ်လာတာတဲ့-(မှန်ပါ့)၊ တံဒုတိယံ ဥပ္ပဇ္ဇတိတဲ့၊ မဂ်ဉာဏ်ကတော့ ဒုတိယမှ ဖြစ်မယ်တဲ့၊ သူ ရင့် ကျက်ရင် ဖြစ်တာပဲတဲ့-(မှန်ပါ့ ဘုရား)၊ ရှင်းပလား- (ရှင်းပါပြီ ဘုရား)၊

ဒါဖြင့် ခင်ဗျားတို့အလုပ်က မီးထိုးဖို့ အလုပ်ပဲ၊ ဟင်း အိုးတွေ ဘာတွေ နူးနူးနပ်နပ်ရှိအောင် မီးထိုးဖို့အလုပ်ဟာ ခင်ဗျားတို့အလုပ် (မှန်ပါ့ ဘုရား)။

နူးနူးနပ်နပ်ဖြစ်ဖို့ အလုပ်သည်ကားလို့ ဆိုလို့ရှိရင် ဒကာ, ဒကာမတို့ သူ့ဟာသူ ရေနွေးက လုပ်သွားမှာပဲ (မှန်ပါ့ ဘုရား)၊ မီးသာ ခင်ဗျားတို့က အဖန်ဖန်ထိုးဖို့ပဲ-(မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)၊ ဒီလို ဟောပြန်တော့လည်း နားမလည်ဘူးလို့ သုသိမက ဖြစ်နေပြန်တော့ ဦးခင်မောင် အတော် ခက်နေတယ်(မှန်လှပါ)၊ ကဲ သုသိမ၊ မင်းနားလည်ချင်လည်း လည်။ မလည်ချင်လည်း နေတော့ လာရပြန်တာပဲ (မှန်လှပါ ဘုရား)။

ငါဘုရား သာသနာတော်မှာကွာ တဲ့၊ “နာယံသုသိမ မဂ္ဂါ ဝါ ဖလံဝါ သမာဓိ နိသံသော” မဂ်ဖိုလ်ရတာဟာ သမာဓိအကျိုးလဲ မဟုတ်ပါဘူးကွာ (မှန်လှပါ ဘုရား)၊ သဘောကျပလား- (မှန်လှ ပါ ဘုရား)၊ သမာဓိကြောင့် ပြီးတယ်လို့လဲ မယူလိုက်ပါနဲ့ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

သမာဓိကြောင့် ဖြစ်တယ်၊ သမာဓိ၏ အကျိုး၊ သမာဓိကြောင့် ပြီးဆုံးတယ်လို့ ဒီလို မယူလိုက်ပါနဲ့တဲ့ (မှန်ပါ့)၊ “ဝိပဿနာ ပနေသာနိသံသော” တဲ့၊ အဋ္ဌကထာ ဆရာက၊ ဝိပဿနာ၏ အကျိုးဆက်ကြောင့် သာလျှင်တဲ့၊ နိဗ္ဗာန် ရတာပါတဲ့ (မှန်ပါ့ ဘုရား)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)၊ဘယ်သူ့ကြောင့် နိဗ္ဗာန်ရသလဲ (ဝိပဿနာ၏ အကျိုးဆက်ကြောင့်ပါ ဘုရား)။

ဝိပဿနာကြောင့် နိဗ္ဗာန်ရတာကွ တဲ့၊ မဂ်ဖိုလ်ဆိုတဲ့ဥစ္စာ သမာဓိ၏ စွမ်းရည်သတ္တိလဲ မဟုတ်ဘူး၊ သမာဓိကြောင့် ဖြစ် တယ်လို့လဲ မင်း ယူကိုမယူနဲ့ကွတဲ့ (မှန်ပါ့)၊ ဝိပဿနာကြောင့် ဖြစ်တယ်လို့ မင်း သေသေချာချာယူ (မှန်ပါ့ ဘုရား)၊ ဆိုတော့ ဒီလိုပြောတာလဲ ဘုရားက ရှင်းမပြောဘူးလား (ပြောပါတယ် ဘုရား)။

မဂ်ဉာဏ်၊ ဖိုလ်ဉာဏ် ရတယ်ဆိုတာ ဘယ့်နှယ်ကြောင့်လဲ (ဝိပဿနာကြောင့်ပါ)၊ ဝိပဿနာဉာဏ်ကြောင့်ရတာ၊ ဟောဒီ မဂ်ဉာဏ်သာ ဝိပဿနာကြောင့် ရတယ် (မှန်ပါ့)။

နောက်က မဂ္ဂင်ရှစ်ပါးဟာ ရှေ့က ဝိပဿနာဉာဏ်ကြောင့် ရတာ (မှန်ပါ့)၊ ဒီပြင်နည်းကြောင့် ရတယ်လို့ ဘယ်တော့မှ မယူနဲ့ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)။

အဲဒီတော့ ဘုန်းကြီးတို့ ဒကာ,ဒကာမတွေ တိုက်တွန်းရတယ်။ ဒီဉာဏ် အားထုတ်ရင် ဒီဉာဏ်ရမယ် (မှန်ပါ့ ဘုရား)။

ဒီဉာဏ်ရလို့ရှိရင် ခင်ဗျားတို့ ဘဝများစွာက မိုက်လာတဲ့ အကုသိုလ်တွေက အခု အပါယ်ပို့မလို့၊ ရှေးဘဝတွေက ပါလာတာ တစ်ပုံကြီးနော် (မှန်ပါ့)၊ ဒီဘဝ မသိလို့ မိုက်ထားတာတွေ၊ အပါယ်သွားဖို့ တွေကော (တစ်ပုံကြီးပါ ဘုရား)၊ အဲဒါတွေကို ဒီဉာဏ်တွေက အကုန် မီးရှို့ ပစ်လိုက်တယ် (မှန်ပါ့ ဘုရား)၊အဲဒီ အကုသိုလ်တွေ အကုန် မီးရှို့ပစ်လိုက်တယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

အဲဒီတော့ ကြွေးရှိတဲ့ ပုဂ္ဂိုလ်ဟာ အေးအေးမနေပါနဲ့၊ ဒီ ဉာဏ်ရအောင်လုပ်ပါ (မှန်ပါ့ ဘုရား)၊ ဒီဉာဏ်ရအောင် လုပ်ပါ ဆိုတာ ဒီဉာဏ်ကို ကြိုးစား၊ ဒီဉာဏ်ကြိုးစားလို့ ထက်သန်ရင် ဒုတိယဉာဏ်ဟာ (အလိုလို ရပါတယ် ဘုရား)၊ မရ-မရှိပါဘူးဆိုတာ သဘောကျပလား (ကျပါပြီ)၊ သေသေချာချာ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် ဒကာ,ဒကာမတို့၊ ဘယ်ဉာဏ်ကို ရှေ့ထားပြီး အား ထုတ်ရမလဲ (ဝိပဿနာဉာဏ်ကို ရှေ့ထားပြီး အားထုတ်ရပါ မယ်)၊ အဲ ခင်ဗျားတို့ ရှေးဦးစွာ ဖြစ်ပျက်သာ မြင်အောင်ကြည့် (မှန်ပါ့)၊ ယားလာရင် ယားတာကလေးဟာ ရှိသေးသလား၊ မရှိဘူးလားကြည့်စမ်း (မရှိပါ ဘုရား)။

မရှိတာ ဘာခေါ်မယ် (အနိစ္စပါ ဘုရား)၊ သိတာက ဘာခေါ် မယ် (မဂ္ဂပါ ဘုရား)၊ ဟော-သိတာ မဂ္ဂဆိုတာ ဒီငါးခုပေါ်တာ (မှန်ပါ့)၊ ခင်ဗျားတို့ ဒီငါးခုပေါ်ပြီ (မှန်ပါ့)။

ဦးခင်မောင်-ဒီငါးခု ပေါ်လာတဲ့ဥစ္စာ သာသနာတွင်း တရား လို့၊ သဘောကျပလား (ကျပါပြီ ဘုရား)၊ ကဲ ဒကာ,ဒကာမတို့၊ စားချင်တဲ့ စိတ်ကလေး ပေါ်လာတယ်၊ ဆာလိုက်တာဆိုတော့ အို-ဆာတာကလေးပဲ ဒကာ,ဒကာမတို့၊ ရှိ-မရှိ ကြည့်ပါဦး (မှန်ပါ့)၊ မရှိဘူး မဟုတ်လား (မှန်ပါ့)။ –

ဒါဖြင့် ဆာတာကလေးက အနိစ္စ၊ တွေးလုံးကလေးက(မဂ္ဂပါ ဘုရား)၊ ဟော ဒီဉာဏ်ရတယ်၊ မရဘူးလား (ရပါတယ် ဘုရား)၊ ဝိပဿနာဉာဏ်ပဲ ပြန်ပြန်ရတယ်-(မှန်ပါ့)၊ ဒါဖြင့် ဒီဉာဏ်ကို ရဖန်များလို့ ရင့်လာလို့ ရှိရင် ဒကာ, ဒကာမတို့၊ ဒီဉာဏ် အလိုလိုပေါ်မယ် -(မှန်ပါ့ ဘုရား)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

အဲဒီတော့ ဒကာ,ဒကာမတို့ တာဝန်က ၁ မှာတာဝန်ရှိတယ်၊ ၂-ဟာ အလိုလိုပေါ်မယ်-(မှန်ပါ့)။

၁-ကြိုးစားရင် (၂-ဟာ အလိုလိုပေါ်ပါမယ်)၊ ၂-အလိုလို ပေါ်မယ်ဆိုတာ မသေချာဘူးလား-(သေချာပါတယ်)၊ အဲဒီတော့ ဒကာ,ဒကာမတို့ တာဝန်က ၁-မှာ တာဝန်ရှိတယ်၊ ၂-ဟာ အလိုလို ပေါ်မယ် (မှန်ပါ့ ဘုရား)။

၁-ကြိုးစားရင် (၂-ဟာ အလိုလို ပေါ်ပါတယ် ဘုရား)၊၂- အလိုလိုပေါ်မယ်ဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)၊ အဲဒီတော့ အားငယ်စရာရှိရဲ့လား (မရှိပါ ဘုရား) ဒကာ,ဒကာမတို့၊ ဒီသုသိမပရိဗိုဇ်သည် ဘုရားကိုက ၁-နဲ့ ဟောလိမ့်ဦးမယ် သူ့ကို-(မှန်ပါ့)၊ ၁-ဉာဏ်အလျင် မေးပြီး ပြ ဦးမယ်၊ ပြတဲ့အခါ ၂-ဉာဏ် သူ့ဟာသူ ပေါ်ဦးမယ်-(မှန်ပါ့ ဘုရား)၊ ခိုးရင်းမတ္တနဲ့ကို ပေါ်ဦးမယ် (မှန်ပါ့)။

အဲဒီဥစ္စာ သေချာတော့ တရားသူခိုးတောင် မဂ်ရသေးတာပဲ။ တို့ဟာ တရားလိုချင်လို့၊ တရားလိုချင်လို့ ရအောင်လုပ်တဲ့ ပုဂ္ဂိုလ် ဘယ်မှာ မရဘဲ ရှိမလဲ (မှန်ပါ့)။

ခိုးတဲ့လူတောင် ရဟန္တာဖြစ်သေးတယ်၊ တကယ်လိုချင်တဲ့လူ ဒကာ,ဒကာမတို့ ကိုယ့်ကိစ္စ၊ ကိုယ့်ဉာဏ်နဲ့ စေလွှတ်ရင် မပြီးဘဲ ရှိပါ့မလား (မရှိပါ ဘုရား)၊ သဘောကျပလား (ကျပါပြီ)။

အဲဒီတော့ သုသိမ တစ်နေ့က ကတည်းက တာဝန်ခံခဲ့တယ်။ သူတည်ပုံ ပြောမယ်လို့ ဆိုတာက ကာလ,ဝတ္ထုကို ပြောချင်တာနဲ့ ဦးခင်မောင်ရဲ့ အချိန်ကုန်သွားတယ် (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ကဲ ယနေ့ ဒီတွင် တော်ကြဦးစို့။

သာဓု သာဓု သာဓု။

 
မာတိကာသို့