ဉာဏ်စဉ်က ဘယ်ကလာပါသလဲ
မှတ်ချက်။ စာအုပ်ပါရက်စွဲနှင့် အသံတော်တရားမကိုက်ညီပါ။
ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
အမရပူရမြို့၌ ဟောကြားသော တရားတော်
ဉာဏ်စဉ်က ဘယ်ကလာပါသလဲ
(၂၇-၁၁-၆၀)
သုသိမပရိဗိုဇ် ကြားဖူးကြသလား (ကြားဖူးပါ တယ်ဘုရား၊ တစ်နေ့က ဟောပြီးပါပြီ)၊ ဘယ်ဟောရသေးလို့ လဲ အစေလကဿပသာ ဟောတာ၊ သုသိမ မကြား ရသေးဘူး (မှန်ပါ့)။
ကဲ ဒါဖြင့် စတော့မယ်နော် သူလည်း တစ်မျိုးပဲ သူက နိဒါနဝဂ္ဂသံယုတ်ပါဠိတော် ကလာတယ်၊ သူက သုသိမပရိဗိုဇ် ဆိုတော့ ဘုရားသခင် ကိုယ်တော်မြတ် ကြီးက သီတင်းသုံးပြီး သကာလ နေတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ပွင့်လာတာ မကြာသေးဘူး။
မကြာသေးတာနဲ့ မကြာသေးပေမယ့် ကံရော၊ ဉာဏ်ရော၊ ဝီရိယရော တက်လာတဲ့ ကိုယ်တော်မြတ်ကြီး ဖြစ်နေတော့ ကံကလည်း ထမင်းရည်ချောင်းစီး လှူကြ၊ ပေးကြ၊ ကမ်းကြ တယ်။ ဒါ ကံသဘောကိုး။ ဉာဏ်ကလည်း အတိတ် ပစ္စုပ္ပန် အနာဂါတ် အကုန်သိတဲ့ဉာဏ်လည်း သူ့မှာပါတယ်။ ဝီရိယကလည်း ညဉ့်သုံးယံမှာ တစ်ယံအိပ်ပြီး ကြိုးစားလာတဲ့ ကိုယ်တော် ကံ၊ ဉာဏ်၊ ဝီရိယ မစုံဘူးလား (စုံပါတယ် ဘုရား)။ အင်း-စုံလာတဲ့ကိုယ်တော်ကြီးတက်လာတော့ ဒီသာသနာမှာ လှူကြ၊ တန်းကြ၊ ပေးကြ၊ ကမ်းကြ။ ရှေးက ဘုရားလုပ်တဲ့ တိတ္တိခြောက်ဦးမှာ အကုန်စားရမဲ့၊ သောက်ရမဲ့ ဖြစ်ကုန်ကြ တယ်။
သုသိမပရိဗိုဇ်ကိုရွေးကြတယ်
ဘုရားမပွင့်ခင်က တိတ္ထိဘုရားကြီး ခြောက်ဦးက ရှိသေးတာကိုး။ ဒါနဲ့ ဒီအထဲမှာ သုသိမ ဆိုတဲ့ တိတ္ထိ တစ်ယောက်ကလည်း သူက တိတ္ထိထဲမှာ ဉာဏ်ကောင်း တယ်။ တော်တော် လျင်တဲ့ ပုဂ္ဂိုလ်ပေါ့။ အဲဒီလိုဖြစ်ပြီး သကာလ နေတော့ သုသိမကို တိတ္ထိတွေက အစည်းအဝေး ဖွင့်ပြီး အမျိုးသား ကြီးပွားရေး လုပ်ပါ၊ အမျိုးသား ကြီးပွား ရေး လုပ်ပါဆိုတော့ ဘာလုပ်ရမလဲ၊ ဟာ-မင်းဂေါတမ ဘုရားဆီ သွားပါ၊ သွားပြီး မင်းတရားသင်ရမယ်။ မင်းက ဉာဏ်ကောင်းတယ်။ ဂေါတမဆီ သွား တရားသင်။ သင်ပြီး သည့် အခြားမဲ့၌ တို့ကိုပြန်ပြီး ပို့ချ။ ပို့ချတယ်ဆိုရင် တို့တရား တစ်ဝက်၊ ဂေါတမ တရားတစ်ဝက် ဟောလို့ရှိရင် တို့ဘုန်းတန် ခိုးပါရမီ ပြန်ကြီးလာလိမ့်မယ်လို့ ပြောတယ်။
အဲဒီတော့ သုသိမက ကောင်းပြီ၊ ဒါဖြင့် အမျိုးသား ကြီးပွားရေးဆိုရင် ဆောင်ရွယ်မယ်ဆိုပြီး ဘုရားဆီကို သွားဖို့ စိတ်ကူးကြည့်တယ်။ သို့သော် ဘုရားဆီကို သွားဖို့ဆိုရင် ရှင်သာရိပုတ္တရာ ဆီသွားလို့လည်း နေရာကျမှာ မဟုတ်ပါဘူး။ အရှင်မောဂ္ဂလာန်ဆီ သွားလည်း နေရာကျမှာ မဟုတ်ပါဘူး။ အရှင်အာနန္ဒာဟာ အနီးစပ်ဆုံး ပုဂ္ဂိုလ်ဖြစ်တယ်။ အရှင် အာနန္ဒာဟာ သူတစ်ပါးလည်း သနားတတ်တယ်။ သူ့ဆီကို ဝင်ကပ်မှပဲဆိုပြီး အရှင်အာနန္ဒာဆီ ဝင်ကပ်တယ်။
ရှင်အာနန္ဒာထံရောက်လာတယ်
အရှင်အာနန္ဒာ၊ ဒီဘုရား သာသနာတော်ကို ကြည်ညို လွန်းလို့ ဒီသာသနာတော်မှာပဲ ရှင်ရဟန်း လုပ်ပါရစေလို့ ပြောတယ်။ အရှင်အာနန္ဒာက သုသိမဟာ တိတ္ထိ ခေါင်းဆောင်ထဲမှာ ဒုတိယ ခေါင်းဆောင်လောက် ဖြစ်နေတဲ့ ဥစ္စာကြီး သူက ဒီဘုရား သာသနာတော်မှာ ကြည်ညိုလွန်းလို့ ဘုရား သင်္ကန်းဝတ်ပါရစေဆိုတာ ငါတော့ ဘယ်လိုယုံရမလဲ မသိဘူး။ ဘုရားထံ ခေါ်သွားမှပဲဆိုပြီး ဘုရားထံ ခေါ်သွားတယ်။
သုသိမပရိဗိုဇ်ကို ဘုရားထံ အရှင်အာနန္ဒာက ခေါ်သွားတယ်။ ခေါ်သွားပြီးတော့မှ အရှင်အာနန္ဒာက အရှင်ဘုရား သုသိမပရိဗိုဇ်က တပည့်တော်တို့ သာသနာ တော်ကို ကြည်ညိုလို့ သာသနာဝန်ထမ်း ရှင်ရဟန်း လုပ်ချင် ပါသတဲ့ဟု မြတ်စွာဘုရားအား လျှောက်ထားတယ်။
ရဟန္တာဖြစ်မှာမို့လို့ဘုရားကလက္ခံတယ်
ဘုရားက အနာဂတံသဉာဏ်နဲ့ ကြည့်လိုက်တယ်။ ဒီကောင် အကောင်း ဝင်တာလား၊ အဆိုး ဝင်တာလား ဆိုပြီး ကြည့်လိုက်တယ်။ ကြည့်လိုက်တဲ့အခါကျတော့ ဪ တရားခိုးမလို့ လာတာကိုး ဆိုပြီး သိတယ်။ သို့သော် ခိုးပေမယ့် ခိုးရင်းနဲ့ပဲ သူရဟန္တာ ဖြစ်သွားလိမ့်မယ်လို့ နှစ်ချက် သိတယ်။ တရားခိုးမယ်ဆိုတာလည်း သိတယ်။ ခိုးရင်း ရဟန္တာဖြစ်မယ် ဆိုတာလည်း သိတယ်။
နှစ်ချက်သိတာနဲ့ ကဲ သုသိမကို ရေချိုးပြီး၊ ရဟန်းခံပေးလိုက်စမ်း။ ရဟန်းခံပေးလိုက်တော့ သုသိမ ကတော့ အကြိုက်တွေ့ပြီ။ ငါတော့ ပွိုင့် (Point) တစ်ခုတော့ ကောင်းကောင်း မိတာပဲဆိုပြီး သူ့စိတ်ထဲမှာ ဝမ်းမြောက် ဝမ်းသာဖြစ်ပြီး နေရာ၊ နေရာကနေပြီး သကာလ တောကရဟန်း တွေက သီတင်းကျွတ်တော့ လာကြတယ်။
“ခီဏာဇာတိ၊ ဝုသိတံ ဗြဟ္မစရိယံ၊ ကတံကရဏီယံ နာပရံ ဣတ္ထတ္တာယာတိ ပဇာနာမ” ဆိုပြီး လျှောက်ကြတယ်။
ခီဏာဇာတိ ဆိုတာ တပည့်တော်တို့ ပဋိသန္ဓေတည်တဲ့ ဥစ္စာ ကုန်ခဲ့ပါပြီဘုရား။ ဒုက္ခချုပ်တဲ့ နိဗ္ဗာန် မဂ်လေးတန် ရောက်ခဲ့ပါပြီဘုရား။ ဝုသိတံ ဗြဟ္မစရိယံ = မြတ်သောအကျင့် တို့ကိုလည်း တပည့်တော်တို့ ကျင့်ခဲ့ပါပြီဘုရား။ မဂ်ကိစ္စကိုလည်း ကျင့်ပြီးပါပြီဘုရား။ ကတံ ကရဏီယံ = ပြုဖွယ်ကိစ္စ ဟူသမျှကို တပည့်တော်တို့ ပြုလုပ်ပြီးပါပြီ၊ ဘာမှ တပည့်တော်တို့ လုပ်စရာ မကျန်တော့ပါဘုရား။
သုသိမ၊ တရားစပြီးခိုးပြီ
နာပရံ ဣတ္ထတ္ထာယာတိ ပဇာနာမ = နောက် တစ်ဆယ့်ခြောက်ချက်သော မဂ်ကိစ္စကို တပည့်တော်တို့ လုပ်စရာမရှိတော့ပါ။ (ရဟန္တာတို့ ကျင့်ဝတ် ၁၆-ချက်၊ ရဟန္တာ တို့၏ ပရိယာယ်။)
ဒါနဲ့ သုသိမက ဒီကိုယ်တော်တို့ လာတဲ့နောက်က ချောင်းနားထောင်တယ်။ ဒီအထဲမှာ ဆရာ့လက်ဆုပ် အကောင်း ဆုံး ပွိုင့် (Point)ဟာ ဘယ်သူပါလိမ့်မလဲလို့။ ဒီဥစ္စာဖြင့် အကောင်းဆုံး ပဲလို့ ရဟန္တာတွေကို လျှောက်တဲ့ ပါဠိတော်တော့ နားလည်ပါလိမ့်မယ်။ ဒီလို နားလည်ပြီး သကာလ နေတော့ ဆရာလက်ဆုပ်ပဲ။ ဘုရားကလည်း သာဓုခေါ် လိုက်တယ်။
“ဪ တောနေ တောင်နေရတဲ့ အကျိုး နပ်ပါဘိတယ်ကွာ၊ ဝါတွင်းသုံးလ သွားနေတာ ရဟန္တာ ဖြစ်တယ်လို့ ဖော်သာ မပြောတာကိုး၊ သိပ်ဝမ်းသာ သွားတယ်” ဘုရားကလည်း သာဓု ခေါ်တယ်။ ဆရာလက်ဆုပ်ပဲ။ ဆရာ လက်ဆုပ်ဆိုတာ အကြီးဆုံးပဲ။ အကောင်းဆုံးတရားပဲ။
ဒါနဲ့ ဘုရားက ကိုယ်တော်တွေ – ကဲ အာဂန္တု တွေ သွားကျောင်းပို့ပေါ့။ ဘုရားက သိပ်ကြည်ညိုစရာ ကောင်းတယ်ကွ။ လေးစားစရာ ကောင်းတယ်ကွ ဆိုပြီး ပို့လိုက်တယ်။ ဖြုတ်ဆို ဒီကိုယ်တော်တွေ နောက် သုသိမ လိုက်တယ်။
ရဟန္တာဖြစ်ရင်ကောင်းကင်ပြန်နိုင်တယ်ထင်နေတယ်
ဒီကိုယ်တော်တွေ နောက်ကိုလိုက်ပြီး အရှင်ဘုရားတို့ “ခီဏာဇာတိ၊ ဝုသိတံ ဗြဟ္မစရိယံ၊ ကတံ ကရဏီယံ နာပရံ ဣတ္ထတ္တာယာတိ ပဇာနာမ” လို့ ဘုရားကိုလျှောက်ထား ကြတာကိုး။ ပဋိသန္ဓေ နေတာလည်း ကုန်ပါပြီ လို့ လျှောက်ကြတယ်။ ဒီတော့ အရှင်ဘုရားတို့ ရဟန္တာဖြစ်ကြ ပြီလား။ ကောင်းကင် ပျံနိုင်ရဲ့လား။ မြေလျှိုး နိုင်ရဲ့လား၊ သူတစ်ပါးပြောတာကို ဉာဏ်နဲ့ သိပါရဲ့လားလို့ မေးတဲ့ အခါ သူ မမေးထိုက်ဘူးလား၊ သူက ရဟန္တာဖြစ်တယ်ဆိုရင် ကောင်းကင်ပျံ မြေလျှိုး နိုင်တယ်လို့ မှတ်နေတယ်။
သုက္ခဝိပဿက, က ဒီလိုမှ မဟုတ်ဘဲကိုး။ ယခု လူတွေမှာလည်း ဒီအတိုင်းဖြစ်နေတယ်။ သုက္ခဝိပဿက ဆိုတာ ဈာန်ခြောက်သွေ့တယ်၊ ဈာန်ခြောက်သွေ့တဲ့ ပုဂ္ဂိုလ် ဟာ ရဟန္တာသာ ဖြစ်တယ်၊ ကောင်းကင်ပျံ မြေလျှိုးလို့ မရဘူး။ ဒါနဲ့ ခုနက ရဟန္တာတွေက ဖြေကြတယ်။
“ပညာဝိမုတ္တာ ခေါမယံ အာဝုသော သုသိမ”တဲ့။ အာဝုသော သုသိမာငါ့ရှင် သုသိမ၊ မယံ ငါတို့မှာ၊ (ဝါ) ငါတို့သည် ပညာဝိမုတ္တာ = ပညာနဲ့ ကိလေသာမှ လွတ်ခဲ့ကြကုန်၏။ ပညာနဲ့သာ လွတ်ခဲ့ တယ်။ သမထ မပါဘူးပြောတာ။
အဲ ခင်ဗျားတို့ကို ဟောသလို ပညာနဲ့ လွတ်ဖို့ ရာလို့ မှတ်လိုက်ကြ (တင်ပါ့)၊ သမထ မပါဘူး (တင့် ပါ)၊ နာလည်ပြီလား (တင်ပါ့)၊
စဉ်းစားကြည့်ပါ လားလို့ ဘုန်းကြီးက ပစ္စုပ္ပန် ပဋိစ္စသမုပ္ပါဒ်သိဖို့ ဦးသံဒိုင်တို့၊ ကိုထွန်းရင်တို့ အရေးကြီးတယ်လို့ ပြောတယ်။ ပစ္စုပ္ပန် ပဋိစ္စသမုပ္ပါဒ် ဆိုတာ “စက္ခုံစ ပဋိစ္စ ရူပေစ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏ်” ဆိုတဲ့ဥစ္စာ ဒါ-အတိတ် ပဋိစ္စသမုပ္ပါဒ် ဆိုမလားတဲ့၊ ပစ္စုပ္ပန် ပဋိစ္စသမုပ္ပါဒ်လို့သာ ဆိုရမှာပဲ (မှန်ပါ့)၊ ဒါဆိုတော့ကို ဒါသည် ဝိညာဏ်ကို ရှုရမယ်။ ဘုန်းကြီးက ဒီကနေပြီး မဂ္ဂင်ငါးပါးနဲ့ ရှုခိုင်းတယ်။
သမထကရောပါနေသော
သမထက ရောသာပါနေတာ၊ သူ့သီးသန့်အားထုတ် ရမှာမဟုတ်ဘူး။ သူလည်း ဖြစ်ပျက် ရှုတယ်။ နောက် သူ့နောက်မှ လာတာတွေကို အင်း ဖဿဖြစ်ပျက် ရှုတယ်။ ဝေဒနာ ဖြစ်ပျက် ရှုတယ်။ တဏှာ ဖြစ်ပျက်ရှုတယ်။ ဥပါဒါန်ဖြစ်ပျက် ရှုတယ်။ ကံ ဖြစ်ပျက်ရှုတယ်။ ကျုပ်တို့ ဒီအစီအစဉ်အတိုင်း မရှုဘူးလား (ရူပါတယ် ဘုရား)။
တစ်ခုတစ်ခု ရှုရှုသွားကြတယ်။ သမထ ပါသေး သလားမေးတော့ ဘယ့်နှယ်ဆိုမလဲ (မပါ,ပါ) မပါဘူးသာ ဆိုတယ် အကျုံးဝင်နေတယ်လို့ ဦးသံဒိုင် မှတ်ရ မယ် (မှန်လှပါ)၊ သတိ၊ သမာဓိ၊ ဝီရိယတို့က သမထ မဂ္ဂင်သုံးပါး။ သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပက ပညာမဂ္ဂင် နှစ်ပါးဆိုတော့ မဂ္ဂင်ငါးပါး။ ဒါက ပညာမဂ္ဂင် သူ့နောက်လိုက် မဂ္ဂင်။ ဒါကြောင့် ဦးသံဒိုင်တို့ ဘုန်းကြီး ဟောနေတဲ့ တရားက ဪ သမထနဲ့ ဝိပဿနာကွဲလွဲတဲ့တရား (တင်ပါ့)၊ ဖြစ်ပျက်ရှုတဲ့တရား။ သမထနဲ့ ဝိပဿနာကွဲလွဲ တဲ့တရား (တင်ပါ့) ဖြစ်ပျက်ရှုတဲ့တရား သမထနဲ့ ဝိပဿနာကွဲလွဲတဲ့ တရားလို့ ဦးသံဒိုင်နဲ့ မောင်ထွန်းရင်က မှတ်ရမယ် (မှန်ပါ့)၊ သေသေချာချာလည်း မှတ်ပေါ့ဗျာ။ ဒီလိုနဲ့ သူတို့က ဒါတွေ ရှုပြီး သကာလ ဒါတွေ ဖြစ်ပျက်ရှုမြင်လို့၊ ဒါတွေ ဖြစ်ပျက် မုန်းလို့၊ ဒီဖြစ်ပျက်တွေဆုံးလို့ ရဟန္တာ ဖြစ်လာကြတယ်။ အဲ့ မဂ္ဂင်ရှစ်ပါး ပြည့်ပြီးတော့ ဖြစ်လာ တယ်။
ဒီပုဂ္ဂိုလ်တွေကို သူက ကောင်းကင် ပျံနိုင်သလား။ မြေလျှိုး နိုင်သလား၊ သူတစ်ပါးပြောတာ သိရဲ့လား။ ရေထဲသွားနိုင်ရဲ့လား၊ ရေထဲ ငုပ်ချည်ပေါ်ချည် လုပ်နိုင် ရဲ့လား၊ မြေထဲကိုလျှိုပြီး သကာလ သွားနိုင်ရဲ့လား။ သူမေးတာက သမထလမ်းကို မေးတာ။
ဟို ပုဂ္ဂိုလ် တွေက “ပညာဝိမုတ္တာ ခေါ မယံ-အာဝုသော သုသိမ”။ အာဝုသော သုသိမ-ငါ့ရှင်သုသိမ၊ မယံ =ငါတို့သည်။ ပညာဝိမုတ္တာ ဘေး ပညာဦးစီးပြီးတော့ ကိလေသာမှ လွတ်ခဲ့တယ်။ ဒီနောက်မှ ကိလေသာတွေ မလွတ်ဘူးလား (တင်ပါ့ ဘုရား)၊ လွတ်တယ် မဟုတ်လား (လွတ်ပါတယ် ဘုရား)။
ပညာလမ်းကတက်ကြတာ
ပညာဦးစီးပြီးသကာလ လွတ်ခဲ့တယ်လို့ ပြောတော့ သူက နားမလည်ဘူး။ တိတ္ထိဘက်က ကူးလာ တော့ သမာဓိလမ်း ဘယ်နားလည်မလဲ။ ပညာစခန်း သမာဓိစခန်း သူနားမလည်ဘူး။ နားလည်သေးရဲ့ လား (မလည်ပါ ဘုရား)၊ မလည်တဲ့ အတွက် အရှင်ဘုရားတို့ ဟောတာ ကျဉ်းလွန်းပါတယ်တဲ့၊ ပညာနဲ့ ကိလေသာမှ လွတ်လာ တယ်ဆိုတာကို တပည့်တော် နားမလည်ဘူး၊ အကျယ်ပြော စမ်းပါ။ အကျယ်လည်း ပြောစရာမရှိဘူး။ ရှိရဲ့လား (မရှိပါ ဘုရား)၊ သူတို့က ပညာနဲ့ ကိလေသာမှ လွတ်လာ တယ်။ ပညာနဲ့ ကိလေသာမှ လွတ်ကင်းပြီး ရဟန္တာဖြစ်လာ တယ်။
(အလုပ်ကိစ္စပါ)၊ အလုပ်ကိစ္စ။ ဒါနဲ့ အရှင်ဘုရားတို့ ပညာနဲ့ ကိလေသာမှ လွတ်လာတယ် ဆိုတော့ တပည့်တော် ကို အကျယ်ပြောစမ်းပါဆိုတော့ တို့-ဘာမှ မပြောတတ်ဘူး၊ ပညာနဲ့ ကိလေသာမှ လွတ်လာတယ်လို့ထား။ တို့အလုပ်ကတော့ ဒီအလုပ်စဉ်ဒါပဲဆိုတော့၊ ပညာနဲ့ ကိလေသာ လွတ်ပြီး သကာလ လာတဲ့ပုဂ္ဂိုလ်တွေ ဖြစ်လေ သောကြောင့် ကိုထွန်းရင်ရဲ့၊ ကောင်းကင်ပျံ မြေလျှိုးများ ပါဦးမလား (မပါ,ပါ ဘုရား)၊ မြေလျှိုး မပါဘူး။ မြေလျှိုး လုပ်ချင်ရင် အဘိညာဉ်ရအောင် လုပ်ရဦးမယ်။ ဒါ-တစ်လမ်းပဲ။
အဘိညာဉ်ကလောကီလမ်း
အဘိညာဉ်စခန်းဟာ လောကီလမ်းပဲ (တင်ပါ့) အဲ ဒီတော့ ခင်ဗျားတို့ကို သင်ပေးနေတာ ဟိုကျလုပ်ဖို့၊ ဒီကြားမှာလည်း နှလုံးသွင်းဖို့ သင်ပေးနေတာ။ ပညာနဲ့ ကိလေသာမှ လွတ်အောင် လုပ်ရမယ်။ သဘောကျသလား (ကျပါတယ်)၊ ပညာနဲ့ ကိလေသာ လွတ်အောင်ဆိုတော့ သူခေါင်းဆောင်တယ်၊ သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပက ခေါင်းဆောင်တယ်။ ဒါတွေက နောက်လိုက် ဖြစ်နေတယ်။ သမထမှ သွားတော့မယ်ဆိုရင် ဒါဖြုတ်ထားပြီး ဒါခေါင်းဆောင်တင်ရမယ် (တင်ပါ့)၊ ဒါ-ခေါင်းဆောင်တင် ရမယ်။ သမထ လေးဆယ်ထဲက တစ်ပါးပါး ရှုရမယ်။ ဖြစ်ပျက် မရှုနိုင်ဘူး (မရှုနိုင်ပါ ဘုရား)။
အဲဒီလမ်းက တက်လို့ရှိရင်တော့ အဲဒီလမ်းကမှ တစ်ခါ ဝိပဿနာ ပြန်ကူး၊ ကူးပြီး သကာလမှ သွားတဲ့ ပုဂ္ဂိုလ် ကျတော့ ကောင်းကင်ပျံ, မြေလျှိုး,သူတစ်ပါးစိတ်အကြံ အကုန်သိပေါ့ဗျာဆိုတော့ သူတို့က ပညာလမ်းက တက်တာ ဆိုတော့ မသိဘူးလို့ ပြောတာရော သဘောကျရဲ့လား (ကျပါတယ် ဘုရား)။
ကောင်းကင်ပျံတာနဲ့တခြားဆီ
ပညာလမ်းက တက်တာဆိုတော့ ကောင်းကင်ပျံ မြေလျှိုးနိုင်သလား, ဘာလားဆိုတာ မင်းမေးနေတာကို တို့ မလိုဘူး။ ပညာလမ်းက တက်လာပြီး ကိလေသာ လွတ်ရ တာဖြစ်တယ်။ ဒါပဲ အဖြေပေးတယ်။ သဘောပေါက်လား။
ဒါဖြင့် တို့ဆရာဘုန်းကြီးသင်နေတာက အသက် တမ်း တိုတိုထဲမှာ သမထ မပါဘဲနဲ့ ပညာခေါင်းဆောင်ပြီး သင်နေတယ်ဆိုတာ မှတ်ဖို့ပဲဆိုတော့ ကိုယ့်အတွက်လည်း ပါသွားတယ် မဟုတ်လား (ပါသွားပြီ)၊ ကောင်းပြီ၊ ဒါနဲ့ သုသိမကတော့ မကျေနပ်ဘူး။ အရှင်ဘုရားတို့ သူက ရဟန္တာ ဖြစ်တယ်ဆိုတာ တပည့်တော်က ကောင်းကင်ပျံ မြေလျှိုး တယ်လို့ မှတ်တယ်။
ဝေဘူဆရာတော် ကောင်းကင်မပျံနိုင်ဘူး
ယခု ဝေဘူဆရာတော်ကို တချို့က ကောင်းကင် ပျံတယ်။ မြေလျှိုးတယ်လို့ ပြောနေတယ်။ ဝေဘူဆရာတော် က တာဝန်မခံဘူး။ ဟုတ်လည်း မဟုတ်ဘူးကိုး၊ အဲဒီလို ဖြစ်နေတော့ ခေတ်က ရဟန္တာဆိုရင် ကောင်းကင်ပျံမြေလျှိုး တယ်ချည်း မှတ်နေတာကိုး။ ဒါတွေကို နားမလည်ကြဘူး။
ဒါနဲ့ သူမကျေနပ်ဘူး။ မကျေနပ်တော့ ဟိုရဟန္တာတွေကလည်း တို့ပညာနဲ့ ကိလေသာမှ လွတ်လာ တယ်။ မတတ်နိုင်ဘူး။ မင်းဟာ နားလည်ချင်လည်း နားလည်၊ နားမလည်ချင်လည်း နေတော့ မတတ်နိုင်ဘူး။ ပညာနဲ့ ကိလေသာမှ လွတ်ခဲ့တယ်ဆိုတော့ ခင်ဗျားတို့ လမ်းဟာလည်း ဒါနဲ့လွတ်မှာပဲလို့ အောက်မေ့ပြီး အားထုတ် ပါ။ တိုက်တွန်းတာလည်း ပါသွားပြီ (တင်ပါ့)၊ ဒါနဲ့ သုသိမက မကျေနပ်ဘူး။ မကျေနပ်တော့ ကဲ ဒီကိုယ်တော်တွေကို မေးရတာ ဟန်မကျပါဘူး။ သူ့ဆရာဆီ သွားမေးမှ သူက ခိုးဖို့လာတာကိုး (တရားခိုးဖို့)၊ တရားခိုးဖို့ လာတာ၊ တရားခိုးဖို့လာတော့ သူက ဘုရားဆီ သွားလျှောက်မယ်ဆိုပြီး ဘုရားဆီကို ပြေးတယ်။
သုသိမ၊ ဘုရားထံလျှောက်တယ်
အရှင်ဘုရား ဟို ကိုယ်တော်တွေ သွားမေး တယ်၊ ကောင်းကင်ပျံနိုင်ရဲ့လား၊ မြေလျှိုးနိုင်ရဲ့ လား၊ အမျိုးမျိုးအဖုံဖုံ သူတစ်ပါးရဲ့ စိတ်ကို သိပါရဲ့လား၊ အမျိုးမျိုး အဖုံဖုံတော့ မေးပါတယ်။ မေးပင် မေးငြားသော်လည်း ဘာမှ အဖြေမထွက်ဘူး။ ပညာနဲ့ ကိလေသာမှ လွတ်လာတယ်လို့ ဖြေတယ်။ ဒီတစ်လုံးတည်းပဲ အဖြေပေးတယ်။
သို့သော် တပည့်တော်က နားမလည်လို့ အရှင်ဘုရား ဆီကို လာလျှောက်တယ်ဆိုတော့ ဘုရားက ဖြေလိုက်တယ်။
“ပုဗ္ဗခေါ သုသိမ ဓမ္မဋ္ဌိတိ ဉာဏံ ဟောတိ၊ ပစ္ဆာနိဗ္ဗာနေ ဉာဏံ” လို့ ၊ သုသိမ= သုသိမ ပုဗ္ဗေခေါ= ရှေးဦးစွာ ကာလ၊ ဓမ္မဋ္ဌိတိဉာဏံ= ဝိပဿနာ ရှေ့သွားရှေ့ရွက် ရှိရ သည်။ ဟောတိ= ဖြစ်၏။ ပစ္ဆာ= နောက်မှ။ နိဗ္ဗာနေ= နိဗ္ဗာန်၌၊ ဉာဏံ= သိတဲ့မဂ်ဉာဏ်သည်။ ဟောတိ = ဖြစ်၏။ ရှေ့က ဝိပဿနာဉာဏ်၊ နောက်က မဂ်ဉာဏ်ကွ လို့ ဖြေလိုက် တယ်။ သဘောကျပြီလား (ကျပါပြီ)။
ရှေ့ကဝိပဿနာဉာဏ် နောက်ကမဂ်ဉာဏ်
ရှေ့က ဝိပဿနာဉာဏ်၊ နောက်က ရှစ်ပါးလိုက် တယ် (မှန်ပါ့)၊ ဆိုတော့ ဘုရားကလည်း ဒါပဲဖြေတာပဲ။ ပါဠိတော် မှာနော်။ ပါဠိတော်ဆိုတော့ ဘယ်သူမှ စောဒက တက်လို့ မရတော့ဘူး (တင်ပါ့)၊ သုသိမက ဘုရားဆီ လာမေး ပြန်တော့လည်း ရှေ့က ဝိပဿနာဉာဏ်၊ နောက်ကမဂ်ဉာဏ် ဆိုပြီး ဒီလိုပဲဖြေတယ်။ သမထ မပါဘူး၊ ပါသေးရဲ့ လား (မပါ ပါ ဘုရား)၊ မပါဘူး။ သမထမပါဘူး။
အရှင်ဘုရား – အရှင်ဘုရားဖြေတာလည်း ကျဉ်းပါ သေးတယ်။ တပည့်တော်တို့ နားမလည်ပါဘူး။ နားလည်ချင်လည် မလည်ချင်နေ၊ ဘုရားက (မှန်ပါ့)၊ ခင်ဗျားတို့ လောကီ အပြောဆိုရင် ဘောက်ဆန် တယ်ပြောမှာပေါ့။ ဘုကျတယ်လို့ ပြောမှာပေါ့ (မှန်ပါ့)။ ရှေ့က ဝိပဿနာဉာဏ်၊ နောက်ကမဂ်ဉာဏ်၊ ဒါပဲလုပ်ရမယ် လို့ ဟောတယ်ဆိုတော့ ရှေ့က ဝိပဿနာဉာဏ်၊ နောက်က မဂ်ဉာဏ်ဆိုရင် ရဟန္တာကိစ္စ ပြီးတာပဲ။ ခင်ဗျားတို့ တိုက်တွန်း တယ်။ မသေမချင်း မှတ်ထားကြ (တင်ပါ့ ဘုရား)။
ရှေ့က ဝိပဿနာဉာဏ် ဖြစ်ရင် နောက်ကမဂ်ဉာဏ် ဖြစ်မယ်၊ ဒါ-ဖြစ်တာပဲ။ ဝိပဿနာ ဉာဏ်ငါးပါး ဒါဘုန်းကြီး ရှင်းပေးလိုက်တယ်။ မဂ်ဉာဏ်က နောက်ကလာ တာ ရှစ်ပါး။ ဒါပဲ (မှန်ပါ့)၊ ဘုရားတပည့်တော် သုသိမက ဘုရားဖြေတာကို မကျေနပ်ဘူး။ နားမလည်တဲ့လူ ဖြေရ တာ ကိုထွန်းရင် ဟိုဘက်က ဒကာတွေ အားကြီးခက်တယ်။ နားမလည်တဲ့လူ ဖြေရတာ (တင်ပါ့)။
ဓမ္မဋ္ဌိတိဉာဏ်ဆိုတာ ဝိပဿနာဉာဏ်
ဒီတရားကတော့ ဘုရားသာသနာ အတွင်းမှာ ပေါ်တဲ့ ဝိပဿနာဉာဏ်နဲ့ မဂ်ဉာဏ်ဆိုတာ သူတို့က သာသနာပဗျာ၊ အရင်ကတည်းက ဘုရားလုပ်နေတဲ့လူတွေ၊ ဒီအကြောင်းလည်း ကောင်းကောင်းကို နားမလည်တော့၊ နားမလည်သူ ဆိုတော့ ကဲ-မင်းနားလည်ချင်လည်း လည်။ နားမလည်ချင်နေ။ ဘုရားက ရှေးဦးစွာ ဝိပဿနာဉာဏ် အားထုတ် ရမယ်။ ဓမ္မဋ္ဌိတိ ဉာဏ်ဟာ ဝိပဿနာဉာဏ်၊ နောက်က မဂ်ဉာဏ်လိုက်ရမယ်။ ဒီတော့ ခင်ဗျားတို့ တာဝန် ဟာလည်း ဘုန်းကြီးက အမွေပေးလိုက်တယ်။ ဝိပဿနာ ဉာဏ်ကို ရှေ့ထားသာလုပ်၊ မဂ်ဉာဏ် သူ့ဘာသာသူ နောက်က လိုက်လာလိမ့်မယ်။ အဲဒါ အားလုံးပေါ့လေ။
ရှေ့က ဝိပဿနာဉာဏ်လုပ်။ ခင်ဗျားတို့ တာဝန်က ဝိပဿနာဉာဏ်တာဝန်၊ သဘောကျသလား။ မဂ်ရပါစေ ဆိုပြီး ဆုတောင်းလို့မရဘူး။ ဝိပဿနာဉာဏ် မပါဘဲနဲ့လည်း မဂ်ဉာဏ် တက်လာလိမ့်မယ်လို့လည်း ကိုထွန်းရင် သိပ် မအောက်မေ့နဲ့၊ မတက်နိုင်ဘူး။ တေဘုမ္မက သင်္ခါရကိုမှ အာရုံမပြုဘဲနဲ့ နိဗ္ဗာန်ကို အာရုံပြုဖို့ အတော်ခဲယဉ်းတယ် (တင်ပါ့)။
တေဘုမ္မက သင်္ခါရဆိုတာက ဒါတွေဟာ သင်္ခါရတွေ ပဲ။ ဒီသင်္ခါရတွေကို ဖြစ်ပျက်မမြင်ဘဲနဲ့၊ ဒုက္ခသစ္စာကို မပိုင်းခြားဘဲနဲ့ နောက်ကမဂ်ဉာဏ်က လိုက်ပါ့မလား (မလိုက်ပါ ဘုရား)၊ မလိုက်တော့ဘူး။ ဘုရားဟောတော်မူတာ ကို ကျေနပ်ပြီလား (ကျေနပ်ပါတယ် ဘုရား)၊ ရှေ့က ဝိပဿနာဉာဏ်၊ နောက်က မဂ်ဉာဏ်။
“ပုဗ္ဗေ ခေါ သုသိမ၊ ဓမ္မဋ္ဌိတိဉာဏံ ဓမ္မဋ္ဌိတိဉာဏန္တိ”
ဓမ္မဋ္ဌိတိဉာဏ်ဆို တာ ဝိပဿနာဉာဏ်ပဲ (ဓမ္မဋ္ဌိတိနဲ့ ယထာဘူတနဲ့ အတူတူပဲလား ဘုရား)၊ အင်း အတူတူပဲ။ ဝိပဿနာဉာဏ်ပဲဗျ။ ဦးသံဒိုင် အတူတူပဲ။ အချို့နေရာမှာ ဒီအတိုင်းဟောတယ်၊ သုသိမ ဓမ္မဋ္ဌိတိဉာဏန္တိ ဝိပဿနာဉာဏ် ဆိုလိုက်ကြပါစို့။ နိဗ္ဗာနေဉာဏန္တိ မဂ္ဂဉာဏံ၊ ရှင်းသွားပြီ လား (ရှင်းပါပြီ)၊ ဒီလိုသုံးလိုက်တော့ ဘုရားက မင်းနားလည်ချင်လည် မလည်ချင်နေကွ။ သုသိမ ဒီရဟန်းတွေ ဖြစ်လာတာကတော့၊ မင်းမေးခဲ့တဲ့ ရဟန်းတွေ ဖြစ်လာတာကတော့ ဝိပဿနာဉာဏ်ကို ရှေ့ထားပြီး နောက်က မဂ်လိုက်ပြီး ရဟန္တာဖြစ်ကြတာပဲ။
ဘုရားကတရားဟောပြီ
နောက် အရှင်ဘုရား ဟောတာကိုလည်း တပည့် တော် မကျေနပ်ဘူး တဲ့။ ကဲ မကျေနပ်လို့ ရှိရင် မကျေနပ် ကျေနပ်အောင်တော့ ပြရမယ်ဆိုပြီး သူ့ကို ရဟန္တာ ဖြစ်အောင် ဟောတော့မယ်။ သူ့ ရဟံန္တာဖြစ်အောင် ဟောတော့မယ်ဆိုတော့ ခင်ဗျားတို့ နားလည်ပြီးထားရမယ် ပစ္စုပ္ပန်ပဋိစ္စသမုပ္ပါဒ်ကို ဘုရားကပြတယ် ဒီတရားပဲ။
မင်းကွာ အခု ပစ္စုပ္ပန် ပဋိစ္စသမုပ္ပါဒ်ပေါ်ပြီ။ ပစ္စုပ္ပန် ပဋိစ္စသမုပ္ပါဒ် ပေါ်ပြီတဲ့။ “စက္ခုံစ ပဋိစ္စ ရူပေစ ဥပ္ပဇ္ဇတိ၊ စက္ခုဝိညာဏံ” ပေါ်ပြီကွ။ အခုဒါကလေးဟာ နိစ္စလား အနိစ္စလားလို့ ပြန်မေးတယ်၊ ဒါကလေးဟာ ဘယ်သူ မေးမေး အနိစ္စပဲလို့ ဖြေရမှာ (တင်ပါ့)၊ ဖြစ်ပြီးပျက်တဲ့ ဥစ္စာကို အနိစ္စလို့ ဖြေရုံပဲ ရှိမှာပဲ။ ဒါကလေးဟာ သုခလား ဒုက္ခလားလို့ တစ်ခါမေးစမ်း၊ ဦးသံဒိုင်တို့ ဘယ့်နှယ် ဖြေမ လဲ (ဒုက္ခပါ ဘုရား)၊ ဒုက္ခလို့ လူတိုင်းဖြေတယ်။ ဒါကလေးဟာ အတ္တလား-အနတ္တလားလို့ မေးရင်ရော (အနတ္တပါ ဘုရား)၊ အနတ္တဖြေလိုက်တယ်။
ကဲ ဒါရှိပါစေကွဆိုပြီး ဖဿကလေး လာလိမ့် ဦးမယ်ကွ။ ဖဿကလေးဟာ နိစ္စလား – အနိစ္စလား လို့ မေးပြန်တယ်၊ အနိစ္စဖြေရမယ် (အနိစ္စပါ ဘုရား)၊ သုခလား- ဒုက္ခလားမေးရင်ရော (ဒုက္ခပါ ဘုရား)၊ အတ္တ လား-အနတ္တလားမေးရင် အနတ္တပဲလို့ လူတိုင်းပြောမယ်။ ဖဿ ပစ္စယာ ဝေဒနာကလေး ကြည့်လိုက်ပြန်တော့၊ ဒါတွေ က ချုပ်သွားကုန်တော့ ဝေဒနာကလေး ဉာဏ်အောက် ရောက်လာတယ်။
ဝေဒနာကလေးဟာ နိစ္စလား-အနိစ္စလား မေးလိုက် တော့ (အနိစ္စပါ ဘုရား)၊ သုခလား-ဒုက္ခလား မေးလိုက်ရင်ရော (ဒုက္ခပါ ဘုရား)၊ အတ္တလား-အနတ္တလား မေးလိုက်တော့ (အနတ္တပါ ဘုရား)၊ ဒီအတိုင်းဖြေရမယ်။ ဝေဒနာနောက်က လိုက်လာတဲ့ တဏှာကလေးဟာရော ပစ္စုပ္ပန်ပဲ မဟုတ်ဘူးလား (ဟုတ်ပါတယ်)၊ ဒါကို ဒီဉာဏ်နဲ့ကြည့်ပေး။ ဒီဉာဏ်နဲ့ ကြည့်ပြီးတော့ နိစ္စလား အနိစ္စလား အနိစ္စပဲ။ သုခလား-ဒုက္ခလား ဒုက္ခပဲ။ အတ္တလား-အနတ္တလား အနတ္တပဲ။
ငါ့ကိုယ်ငါ့ဟာ စွဲသေးသလား
ဒါ ဟောရင်း-ဟောရင်းနဲ့ ကဲကွာ ဒီဥစ္စာ မင်း-ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာလို့ရော “ဧတံ မမ ဧသောဟမသ္မိ ဧသော မေ အတ္တာ” လို့ မင်းစွဲနိုင်သေးသလား။ ဝေဒနာ ကလေးတစ်လုံးကို မေးလိုက်တယ်။ မစွဲနိုင်ပါဘုရား။ ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာမဟုတ်ပါဘူး။ ဒါဟာ ဘာသစ္စာတုံးကွ (ဒုက္ခသစ္စာပါ)၊ ဒုက္ခသစ္စာပါလို့ ဖြေလိုက်တယ်။ ဒါ သစ္စာ ပိုင်းခြားတယ် (တင်ပါ့)၊ သစ္စာပိုင်းခြားတော့ သူက လည်း ဉာဏ်ထက်တဲ့ ပုဂ္ဂိုလ်ဖြစ်တော့ မဂ်ငါးပါးကနေပြီး သကာလ မဂ်ရှစ်ပါး ဒုက္ခသစ္စာ ပိုင်းခြားတော့ ခန္ဓာကြီးကြည့်၊ ဒီဘက်က ပစ္စုပ္ပန် ပဋိစ္စသမုပ္ပါဒ် အကုန်ပျောက်တယ် (တင်ပါ့ ဘုရား)။
ပစ္စုပ္ပန် ပဋိစ္စသမုပ္ပါဒ်ကို ခင်ဗျားတို့ ခန္ဓာကိုယ် တစ်ကိုယ်လုံး ယခုလည်း ရှိနေတာကို ပစ္စုပ္ပန် ပဋိစ္စသမုပ္ပါဒ် လို့ မှတ်ပါ (တင်ပါ့ ဘုရား)၊ ကိုယ်ခန္ဓာကြီး ဘဝနဲ့ဟာ (မှန်ပါ့ ဘုရား)၊ ကိုယ့်ခန္ဓာအိမ်က ပါတဲ့ခန္ဓာကြီးမှ မဟုတ်ဘဲကိုး (မှန်ပါ့, မဟုတ်ပါ ဘုရား)၊ ဒီရောက်မှ ခန္ဓာ။ ဒီရောက်မှ ခန္ဓာတောင်မှ အခုရှိတဲ့ခန္ဓာ၊ သဘောကျပြီလား (ကျပါတယ်)။
သုသီမ၊ ရဟန္တာဖြစ်ပြီ
အဲဒီဟာ ဆိုက်လိုက်တော့ သူရဟန္တာဖြစ်သွားတယ်။ သစ္စာနဲ့ ပိုင်းခြားရှုဆိုပြီး ဟောချ လိုက်တာ၊ ဟောချလိုက်တော့ ဟောရင်းနဲ့ ခန္ဓာဉာဏ်လှည့်တယ်။ သူ၏ ခန္ဓာဉာဏ် လှည့်တော့ သူသည် ရဟန္တာဖြစ်သွားတော့ ဘုရားက မေးလိုက်တယ်။ သိပြီ ကိုယ့်ဟာကိုယ် ရဟန္တာဖြစ်လာတော့ သူသည် ပစ္စဝေက္ခဏာဉာဏ်တွေရော၊ ဘာတွေရော သူသိပြီ (တင်ပါ့ ဘုရား)။
သုသိမ၊ မင်းကောင်းကင်ပျံနိုင်သလား
မင်း-ကောင်းကင် ပျံနိုင်သလားလို့ မေးတယ်၊ (ကောင်းကင် ဘယ်ပျံနိုင်မလဲ)၊ မင်း ကောင်းကင်ပျံနိုင်ရဲ့လားကွ တဲ့။ မင်းမြေလျှိုနိုင်ရဲ့လားကွ။ မင်း သူတစ်ပါး စိတ်ကို သိရဲ့လားကွတဲ့။ မသိပါဘူး တဲ့။ တပည့်တော် မှားကုန်ပြီ (မှန်ပါ့)၊ တပည့်တော် ကောင်းကောင်းမှား ကုန်ပြီ။
တပည့်တော်အပြစ်ကို တပည့်တော် ဝန်ခံပါရ စေ တပည့်တော် ရိုးရိုးဝင်လာတဲ့လူ မဟုတ်ဘူး၊ တရား ခိုးမလို့ လာတဲ့ ပုဂ္ဂိုလ်ပါပဲ။ တရားခိုးမလို့ဘဲ၊ ခိုးပြီးတော့မှ တိတ္ထိတွေကို ဝါဒဖြန့်ဖို့တရား။ ကွာ တဲ့ မင်းအပြစ် မင်းသိလို့ရှိရင်လည်း ပြီးတာပါပဲ တဲ့။ အေးမင်းကို ငါ မှာချင်တာကတော့ ငါဘုရား သာသနာတော်မှာ သမထကို အဓိကထားတာမဟုတ်ဘူးကွ ဖြေချလိုက်တယ်။ ဒါကို သေသေချာချာမှတ်ပါ (တင်ပါ့)။
သမထကြောင့် နိဗ္ဗာန်မရောက်ဘူး
ငါဘုရား သာသနာတော်မှာ ငါ-သမထကို အဓိက ထားတာ မဟုတ်ဘူး။ ဝိပဿနာကို အဓိကထားတယ်။ သဘောကျသလား (ကျပါတယ်)၊ ငါဘုရား သာသနာတော်မှာ သမထကြောင့် နိဗ္ဗာန်မရောက်ဘူး တဲ့။ ပေါ်ကြ ပြီးလား (မှန်ပါ့)၊ ဝိပဿနာကြောင့်သာ နိဗ္ဗာန်ရောက်တာ။
ဒါကြောင့် ဟိုကိုယ်တော်တွေ ဖြေတာ သမထမပါဘဲ ဈာန်ခြောက်ပြီး သကာလ ရဟန္တာဖြစ်သွားတယ်။ မင်းရော အခုသိပြီလား။ သိရင် သူလည်း ရဟန္တာဖြစ်ပြီ။ မင်းရော အခု ကောင်းကင်ပျံမြေလျှို, သူတစ်ပါးစိတ်ကို သိရဲ့လား။ မသိပါဘုရား။ ဒီကျတော့ သူ ပျော့ဆင်းသွားပြီ။ သူ ရဟန္တာ ဖြစ်သွားပြီ။ အဲဒီတွင်မှ ငါဘုရား သာသနာမှာ သမထကိုသာ အဓိကထား ဟောတာ မဟုတ်ဘူးကွ။ ဝိပဿနာသာလျှင် သာသနာအတွင်း တရားကွ။ သမထဆိုတာ ဘယ်အခါမဆို ကမ္ဘာပျက်ပေမဲ့ရှိတယ်။ ကျေနပ်ပြီလား သမထက ကမ္ဘာပျက်တိုင်းရှိတယ် (တင်ပါ့ ဘုရား)။
တရားခိုးတာအပြစ်မရှိဘူး
အဲဒီလိုဟောလိုက်တော့မှ သူကျေနပ်သွားပြီးတော့ တပည့်တော် ရိုးရိုးနဲ့ ဒီသာသနာတော် ဝင်လာတဲ့ ပုဂ္ဂိုလ် တစ်ယောက် မဟုတ်ပါဘုရား။ တရားခိုးမလို့ ဝင်လာ တာပါ။ တပည့်တော် အပြစ်ကို တပည့်တော် တောင်းပန်ပါ တယ် (တင်ပါ့)၊ အေး-မင်းအပြစ်ကို မင်းသိလို့တောင်းပန်လို့ ရှိရင်လည်း တို့ဘုရား၏ ထုံးတမ်းမှာ မင်းဟာ ဘာမှ အပြစ်မရှိတဲ့ ပုဂ္ဂိုလ်ထဲ မင်းရောက်သွားပြီ (တင်ပါ့)၊ အပြစ်ရှိနေရင် ရဟန္တာဘယ်ဖြစ်မလဲ။ ဖြစ်နိုင်ပါ့မလား အပြစ်ရှိရင် တရားခိုးတာ အပြစ်မရှိဘူး တဲ့။ ရှင်းပြီလား (ရှင်းပါပြီ)။
တရားခိုးတာ အပြစ်မရှိဘူး တဲ့။ အဲဒီတော့ ခင်ဗျားတို့ကို သင်လွှတ်တာဟာ ရှေ့က ဝိပဿနာဉာဏ်ကို အားထုတ်ပါ။ နောက်က မဂ်ဉာဏ်လိုက်ပါလိမ့်မယ်။ ဒါကို ဘုန်းကြီးက အကိုးအကားနဲ့ ဖော်ပြလိုက်တာပဲ။ ရှင်းပြီလား (တင်ပါ့ ဘုရား)။
ဝိပဿနာမဂ်ကပွားရမယ်
ရှေ့က ဝိပဿနာဉာဏ်ကို အားထုတ် (နောက် ကမဂ်ဉာဏ်လိုက်ပါလိမ့်မယ် ဘုရား)၊ နောက်က မဂ်ဉာဏ်က သူ့အလိုလိုလာလိမ့်မယ်။ ဝိပဿနာ ရင့်ကျက်လာပြီဆိုရင် မဂ်ဉာဏ် မလိုက်ပါနဲ့ဆိုလို့ ရရဲ့လား (မရပါ ဘုရား)၊ ဒါဖြင့် မဂ်ဉာဏ် အလုပ်ဟာ ဆုတောင်းအလုပ်လား၊ ဝိပဿနာ ဘာဝေတဗ္ဗကိစ္စ အလုပ်နဲ့ရမယ့် အလုပ်လား ဆိုတာကို ခင်ဗျားတို့ ဆုံးဖြတ်ချက်ချရမယ် (တင်ပါ့)၊
ပွားရမယ့် အလုပ်ဆိုတော့ ခင်ဗျားတို့ဟာ ဆရာ ကောင်း တပည့်တွေ ဖြစ်နေတော့ ခင်ဗျားတို့က လောကုတ္တရာမဂ် ပွားရမှာလား၊ လောကီမဂ်ပွားရမှာ လား ဆိုတာကို ဝေဖန် ကြည့်လိုက် (လောကုတ္တရာ မဂ်ကို မပွားရပါ ဘုရား)၊ လောကုတ္တရာမဂ်ကို မပွားရဘူး။ လောကီ မဂ်ကိုပွားရမယ်။ လောကုတ္တရာမဂ်က တစ်ကြိမ်သာကျ တယ်။ နှစ်ကြိမ်တော့ မကျဘူး (တင်ပါ့)၊ ကျကောင်းရဲ့လား။ (မကျကောင်းပါ)၊ သကဒါဂါမိမဂ်လည်း တစ်ကြိမ်ပဲ (တစ်ကြိမ်ပါ ဘုရား)။
လောကုတ္တရာမဂ်ကတစ်ကြိမ်ပဲ
သူ့ရှေ့မဂ်တွေကတော့ အင်္ဂါငါးပါးရှိတဲ့ မဂ်တွေ ကတော့ အကြိမ်ပေါင်းများစွာကျတယ်။ လောကုတ္တရာ မဂ်ကျတော့ တစ်ကြိမ်ပဲဆိုတယ်။ သဂြိုဟ်ကလည်း ခင်ဗျား တို့ သင်ထားတော့ “မဂ္ဂါဘိညာ သကိံမတာ” မဂ္ဂါ ဘိညာ= မဂ်ဇော အဘိညာဉ် ဇောတို့ကို။ သကိံ= တစ်ကြိမ်ဟူ၍။ မတာ= သိအပ်ကုန်၏။ အကြိမ်ကြိမ်ပွားရတာ ဟုတ်ရဲ့လား (မဟုတ်ပါ)၊ ဘယ်မဂ်ကို ပွားရသလဲ (လောကီမဂ်ပွားရပါမယ်)၊ လောကီမဂ်ပွားရမယ်။ အဲဒါ ကလေး ရှင်းထားတယ်။
အဲဒီတော့ လောကီမဂ်က ခင်ဗျားတို့ ပွားရမယ်။ လောကုတ္တရာမဂ်ကတော့ ပွားဖို့မလိုဘူး။ တစ်ကြိမ်ပြီးလျှင် နောက်-နှစ်ကြိမ်မစောနိုင်ဘူး။ စောနိုင်သေးရဲ့ လား (မစောနိုင်ပါ ဘုရား)။
အဘိညာဉ်ဇော၊ မဂ်ဇောများက တစ်ကြိမ်သာ စော နိုင်တယ်။ ဒီမှာ ဆရာကောင်းတွေ ဖြစ်ပြီး သကာလနေတော့။ မဂ်ဆိုတာ ပွားယူရမယ်ကွ။ ရမ်းချလိုက်တယ် (မှန်ပါ့)၊ ဘယ်မဂ်ကို မဂ်လို့ခွဲပြီး မသိပြန်လို့ရှိရင်လည်း ကိုယ်ကျိုး နည်းပြီနော် (တင်ပါ့) အခုတော့သိပြီ။ ဘယ်မဂ်ကို ပွားရမယ်၊ ဘယ်မဂ်ကတော့ မပွားဘဲနဲ့ ပေါ်လာမယ် (လောကီမဂ်ကို ပွားရမယ်)၊ လောကုတ္တရာမဂ်ကတော့ သူ့အရှိန်နဲ့သူ ပေါ်လာမယ်။ သဘောကျသလား (မှန်ပါ့)။
ဝါးနှစ်လုံးပွတ်တဲ့ဥပမာ
အဲဒီတော့ ဝါးနှစ်လုံးပွတ်တဲ့ အခါကျလို့ရှိရင်ဖြင့် မီးထွက်ပြီးသည်နောက် ကျုပ်တို့က ပွတ်ဖို့ လိုသေးရဲ့ လား (မလိုပါ ဘုရား)၊ မီးပူအောင်ပွတ်တာက (တပည့် တော်တို့တာဝန်)၊ အများကြီးကြာကြာ ပွတ်ရမယ်နော်။ ဝါး နှစ်လုံးပွတ်တဲ့အခါ ပူအောင် ပွတ်တာကတော့ ကြာတယ်။ မီးထွက်တော့ ပွတ်ဖို့လိုသေးသလား (မလိုပါ ဘုရား)၊ အဲ လောကုတ္တရာမဂ်နဲ့ မီးထွက်တာနဲ့ တူတယ်။
လောကီမဂ်နဲ့ ပွတ်တာနဲ့ (တူပါတယ်)၊ ဒါဖြင့် ဘာဝေတဗ္ဗ ကိစ္စဆိုတာ ဘယ်ကိစ္စကို ဆိုတာလဲ (လောကီမဂ်ကိစ္စပါ ဘုရား)၊ အဲဒါ သေသေချာချာ မှတ်ထားကြ (တင်ပါ့)။ လောကုတ္တရာမဂ်ကို ပွားဖို့မလိုဘူး (တင်ပါ့)၊ လောကီ မဂ်ရင့်လာလို့ရှိရင် လောကုတ္တရာမဂ် အလိုလို ပေါ်လာ တယ် (တင်ပါ့)၊ ရှင်းပြီလား။
လောကီမဂ်သာပွားရမှာ
ဒါဖြင့် “မဂ္ဂံဘာဝနာတိ သမယေန အဘိသမေတိ” လို့ ဘုရားက ဟောထားတယ်။ မဂ္ဂံ-မဂ်ကို၊ ဘာဝနာတိ သမယေန အဘိသမေတိ-ဆင်ခြင်ပွားများမှ ရနိုင်တယ်ဆို တဲ့ဟာ ခင်ဗျားတို့ တစ်လုံးတည်း ယူထားလိုက်မှာကို ကျုပ် စိုးရိမ်တယ် (မှန်ပါ့)၊ တစ်လုံးတည်း မယူနဲ့၊ လောကီ မဂ်ကိုဆိုတာ။ လောကုတ္တရာမဂ်ကို ဆိုတာမဟုတ်ဘူး (တင်ပါ့)၊ ရှင်းပြီလား (ရှင်းပါပြီ)၊ ပေါ်ပြီလား၊ မပေါ်ဘူးလား (ပေါ်ပါပြီ ဘုရား)။
ပဋိသမ္ဘိဒါမဂ်က ဒီအတိုင်းဆိုတယ် (တင်ပါ့)၊ ဘာဝေတဗ္ဗကိစ္စဆိုတာ ဒီမဂ်ကွ၊ ဒီမဂ်ဆိုစရာမလိုပါဘူး၊ ဒီမဂ်က သစ္စာလေးချက် တစ်ပြိုင်နက်လာတယ်။ တစ်ပြိုင် နက် မြင်ပြီး ဒီမဂ်ပြီးတာပဲ။ သူက သစ္စာလေးပါးမမြင်တဲ့ မဂ်ကိုသာ ပွားနေရတာ (တင်ပါ့)၊ ရှင်းပြီလား။ ဒါက သစ္စာလေးပါးမြင်တဲ့ရှစ်ပါး။ နောက်က ဒီငါးပါးက သစ္စာလေးပါး -မမြင်တဲ့မဂ် တစ်ပါးတည်း ရှိနေတာပဲ။ ဟိုကတော့ လေးပါး တစ်ပြိုင်နက်ပြီးတယ်။ ပေါ်ပြီလား ကိုထွန်းရင် (ပေါ်ပါ ပြီ ဘုရား)။
ဘာမဂ်ကို ပွားရမလဲ
ဒါဖြင့် ဘာမဂ်ကိုပွားရမလဲ (လောကီမဂ်ကို ပွားရပါမယ်)။ လောကီမဂ်ပွားရမယ်။ လောကီမဂ်က ဘယ် နှစ်ပါးရှိသလဲ (ငါးပါး)၊ ငါးပါးရှိတယ်။ သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ၊ သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိ ဒါပဲ ရှိတယ်။ သီလမပါဘူး။ သီလမပါဘူးလို့ တစ်နေ့ကပဲ ရှင်းပြီး ခဲ့ပါပြီ။ သဘောကျသလား (ကျပါတယ် ဘုရား)။
အဲဒီတော့ သီလမပါတာ မပါရင်နေပါစေ၊ သီလ ဘာလို့မပါသတုံး ဆိုတော့ ဝင်လိုက် ထွက်လိုက်နဲ့ မမြဲ ဘူး။ ဝိရတီဆိုတာ အနိယတ စေတသိက်။ ခင်ဗျားသဂြိုဟ် သင်ဖူးသားပဲ။ မြဲရဲ့လား (မမြဲပါ ဘုရား)၊ မမြဲတော့ သူ့ကို သီလမမြဲသေးတော့ ပုထုဇဉ်စိတ်။ သီလမြဲရင် သူကအရိယာ ဖြစ်သွားတယ်။ မဖြစ်ပေဘူးလား (ဖြစ်ပါတယ်)၊ သီလ မမြဲသေးရင် (ပုထုဇဉ်စိတ်ပါ ဘုရား)၊ သီလမြဲရင် (အရိယာပါ ဘုရား)၊ သီလမြဲရင် အရိယာစိတ်။ ပုထုဇဉ်မှာ မဂ်သီလမှမရဘဲ။ သဘောကျသလား (တင်ပါ့)၊
ကောင်းပြီ ဒီဒကာတွေမှာ ယခု အစိတ်အပိုင်း ကလေးတွေချည်း ပြောလွှတ်တယ်ဆိုတာ သဘောကျပြီ လား (ကျပါတယ် ဘုရား)၊ လောကီမဂ်တော့ ပွားရမယ်။ လောကုတ္တရာမဂ်ကိုတော့ မပွားနဲ့မပွားရဘူး။ သူ့ဘာသာသူ ပေါ်လာလိမ့်မယ်။ ဒါက ရင့်ရင်ရင့်သလို ပေါ်လာလိမ့်မယ်။ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့်ကောင်းပြီ ဒါဘယ်သူ့ ဟောသတုံး ဆိုတော့ သုသိမပရိဗိုဇ်ကိုဟောတာ၊ သုသိမပရိဗိုဇ် မဟောခင်တုန်းက ရဟန္တာတွေ တက်လာတာ ဒီဟာနဲ့ပဲ ကူးသွားတာပဲ။ လောကီမဂ်ကနေပြီး လောကုတ္တရာမဂ်ကို ကူးသွား – တယ်။ ကောင်းပြီ ဒါဖြင့် ရှင်းသည်ထက်ရှင်းအောင် ရှင်းပေး ပါဦးဘုရား လို့ မေးဖို့မလိုဘူးလား (လိုပါတယ်)၊ ရှင်းပေး ပါမယ်။ ဦးသံဒိုင် ပဋ္ဌာန်းတို့ ဘာတို့ သူများပြောသံဆိုသံ ဖြစ်စေ၊ ကိုယ့်ကိုယ်တိုင်ဖြစ်စေ အနည်းအကျဉ်း ကြားဖူးလိမ့် မယ်။ အနန္တရပစ္စည်းဆိုတာ မလာဘူးလား (လာပါ တယ်)၊ အခြားမရှိဘူးဆိုတာ ဒီကြားနဲ့ဒီကြား အခြားမရှိဘူးကွာ (မရှိပါ)၊ မရှိဘူး။ ဘယ်ရှိမလဲ ဘယ်စိတ်မှ အခြားမရှိဘူး။
ဝိပဿနာမဂ်ရင့်လာရင်
ဝိပဿနာမဂ်သာ ရင့်လာလို့ရှိရင် ဟောဒီ လောကုတ္တရာ မဂ်ကို သူက အနန္တရပစ္စည်း ဆက်သွားပြီး သူ့ကျေးဇူးပြုတယ်၊ ခြားသေးသလား ဒီကြားထဲတွေ့ရာတွေ ဘာတွေ လာသေးလား (မလာပါ)၊ ဒီပြင်ဘဝင်တွေ ဘာတွေတောင် မလာပါဘူးကွ။ ပရိကံ ဥပစာ အနုလုံဂေါတြဘူ မဂ် ဆိုတော့၊ ပရိကံ ဥပစာ အနုလုံမှာ ဖြစ်ပျက် အာရုံပြုတယ် (တင်ပါ့)၊ မဟုတ်ဘူးလား (မှန်ပါ့)။
လောကုတ္တရာမဂ်ကို ကျေးဇူးပြုတယ်
အဲဒီတော့ အနန္တရပစ္စည်းဆိုတော့ကို သဘောကျ သလား (မှန်ပါ့)၊ အခြားမရှိဘူး။ မဂ်၊ လောကုတ္တရာမဂ်ကို ကျေးဇူးပြုလိုက်တယ်။ ဒါမှတ်ထားလိုက် ပြီးတာပဲ။ ဪ ဝိပဿနာမဂ်ကို အားထုတ်နေရင် ဝိပဿနာမဂ်က သူ ချုပ်သွားတဲ့ တစ်နေ့ လောကုတ္တရာမဂ်ကလာပြီး ကျေးဇူးပြု မှာပဲ ဆိုတာ စွဲစွဲမြဲမြဲ မှတ်ထား။ ဒါကြောင့် သူဟာ အနန္တရ ပစ္စည်း။
အနန္တရပစ္စည်းသာကြိုးစားပါ
သူက အနန္တရပစ္စည်း၏ ပစ္စယုပ္ပန်ရှင်းပြီလား (ရှင်းပါပြီ)၊ အေး ကဲ-ဒါဖြင့် ဒါက သံယုတ်အဋ္ဌကထာမှာ သေသေချာချာလာတယ်လို့ မှတ်လိုက်ပါ။ ဝိပဿနာက အနန္တရပစ္စည်း မဂ္ဂင်ရှစ်ပါးက အနန္တရပစ္စည်း၏ ပစ္စယုပ္ပန်။ ဝိပဿနာမဂ်ငါးပါးက အနန္တရပစ္စည်း။ နောက်မဂ္ဂင်ရှစ်ပါး က ပွတ်ရင်းနဲ့ ပေါ်လာမှာက အနန္တရပစ္စည်း၏ ပစ္စယုပ္ပန်။ အဲဒီတော့ အခြားမရှိဘူး။ အခြားမရှိဘူး ဆိုတော့ ရှေးဦးစွာ ဓမ္မဋ္ဌိတိဉာဏံ ဖြစ်တာပဲ။ နောက်မှ မဂ်ဉာဏ်ဆိုတော့ ဒါပဲ။ ဒါဘုရားဟောတာနဲ့ ကိုက်မသွားဘူးလား (မှန်ပါ့)၊ ဘုန်းကြီးတို့ကတော့ အစုန်အဆန် ခင်ဗျားတို့ကို လိုလေသေး မရှိအောင် သင်ပါ့မယ် (တင်ပါ့)၊ သဘောကျပြီ လား (တင်ပါ့)။
အဲဒီတော့ ဝိပဿနာ ဉာဏ်က ဘယ်နှစ်ဉာဏ်ရှိ သတုံး လုပ်မနေနဲ့တဲ့။ ဝိပဿနာ ဒီဉာဏ်တစ်ခုပဲတဲ့။ ဒီငါး – ပါးကိုပဲရှု။ ဖြစ်ပျက်မြင်လို့ရှိရင် ဥဒယဗ္ဗယ။ အပျက်မြင်လို့ ရှိရင် ဘင်္ဂ၊ ဘေးတွေ ထင်လာရင် ဘယ။ ဟုတ်လား အပြစ်တွေ မြင်လာရင် အာဒီနဝ။ ငြီးငွေ့လာရင် နိဗ္ဗိန္ဒ ဒီငါးပါးပဲ ပြောတာ မဟုတ်ဘူးလား (တင်ပါ့ ဘုရား)။
အနန္တရပစ္စယုပ္ပန်က၊ ဓမ္မနိယာမအတိုင်းလာမယ်
ဒီငါးပါးလုပ်၊ ဒီငါးမျိုးကို နာမည်အမျိုးမျိုးပေးနေ တာ။ ရှင်းပြီလား (တင်ပါ့)၊ ယုတ်စွအဆုံး ဘုန်းကြီး ပြောမယ်၊ ပရိကံ ဥပစာ အနုလုံဆိုတာတွေလည်း ဒီငါးပါးပဲ။ ဂေါတြဘူ ဆိုတာတောင် ဒီငါးပါးရှိသေးတယ်၊ ရှစ်ပါး မပြည့်သေးဘူး။ ပြီးတော့မှ ဂေါတြဘူဆိုတော့မှ မဂ်ဆိုတဲ့ ဝီထိမှာ မလာဘူးလား (လာပါတယ်)၊ အင်း လာတော့မှ ရှစ်ပါး သွားပြည့်တယ်။ အဲဒီတော့ သူတို့က အနန္တရပစ္စည်းတွေ ဆိုတာ သေချာပြီလား (မှန်ပါ့)၊ အဲဒီအနန္တရပစ္စည်းသာ ခင်ဗျားတို့က ကြိုးစားပါ။ အနန္တရပစ္စယုပ္ပန်ဟာ သူ့ဓမ္မနိယာမ အတိုင်း လာမယ် (တင်ပါ့ ဘုရား)။
ဉာဏ်စဉ်ဘယ်သူကလုပ်တာလဲ
ခင်ဗျားတို့ ဆုတောင်းနေဖို့မလိုဘူး။ ပေါ်ပြီလား။ ဒါသေသေချာချာမှတ်။ နို့မို့ ဉာဏ်စဉ် ဘယ်သူကလုပ်တာလဲ ဉာဏ်စဉ်ဒီငါးပါးကလုပ်တာပဲ။ ဖြစ်ပျက်မြင်တဲ့ ဉာဏ်က လည်း ဒီငါးပါးကလုပ်တာပဲ။ ဒီဖြစ်ပျက်ကို တစ်ခါအပျက် ချည်း မြင်နေတဲ့ဉာဏ်ကရော-(ဒီငါးပါး)၊ မဟုတ်ဘူးလား။ ဥဒယဗ္ဗယ၊ ဘင်္ဂ၊ ဘယဘေးတွေမြင်တာရော (ဒီငါးပါး ပဲ)၊ ဒီငါးပါးပဲနော်။ အာဒီနဝ အပြစ်တွေ မြင်နေတာရော- (ဒီငါးပါးပါ) အေး-ဒီငါးပါးပဲဆိုတော့ ကျုပ်တို့က ဒီက နေ ထိုင်ကြ။ ဟိုဉာဏ်စဉ်က ပြောင်းလာတယ်လို့ ခင်ဗျားတို့ က သွားမထင်နဲ့။ ကျုပ် တို့သန္တာန်မှာ ဒီငါးပါးထက် ပိုမပေါ် ဘူး ဆိုတော့ ဘုန်းကြီးက ပြောတာက လိုရင်းကို ကိုင်ပြော လိုက်တာ။ ဟိုဉာဏ်စဉ်သမားက ဒါကနေ ကိုင်ပြောတာ မဟုတ်ဘူး။ ပြောပုံချင်း တစ်မျိုးစီဖြစ်နေတယ်။ သဘောပါရဲ့လား။
အမြင်သာပြောင်းသွားတာ ဖြစ်စဉ်ကငါးပါးပဲ
ဉာဏ်စဉ်သမားက ဒါပြောတာမဟုတ်ဘူး။ သီးခြားပိုထူးတယ်လို့ပြောတာ။ ဒီဉာဏ်ထူး တာဟာ ငါးပါး ထက် ပိုသေးသလား။ ခင်ဗျားတို့က ဒီကနေ ထိုင်စောင့်နေ။ ဘယ့်နှယ့်တုံး၊ သဘောပါရဲ့ လား။ ဖြစ်ပျက်မြင်တာလည်း ဒီငါးပါးကမြင်တာပဲ။ ဖြစ်ပျက်မုန်းတာရော (ဒီငါးပါးပဲ)၊ အင်း ဒါဖြင့် ဖြစ်ပျက်ကို လျစ်လျူရှုနေရင်ရော (ဒီငါးပါးပဲ)၊ အဲဒီတော့ ဒီငါးပါးမထူးဘူး ဆိုကတည်းက ဪ ဒီငါးပါးဟာ အမြင်သာပြောင်းသွားတာ ဖြစ်စဉ် က ငါးပါးပဲ။
ဒီကနေထိုင်ကြည့်။ ဟိုဉာဏ်စဉ်တွေ မရောနဲ့။ သူ့ဟာသူ အမြင်တွေကပြောင်းတာနဲ့ ကျုပ်တို့က မြင်တတ်တဲ့ ဓမ္မက ပြောင်းလို့ရှိရင်လည်း ဉာဏ်ပြောင်းတယ်ခေါ် ရရဲ့။ အခု ဒီဉာဏ်က ပြောင်းရဲ့လား (မပြောင်းပါ ဘုရား)၊ မပြောင်းနိုင်တော့ သူ့ကို အမှန်ထားပါ။ သဘောပါကြရဲ့လား (ပါ,ပါတယ် ဘုရား)။
ဘုရားကသုသိမကိုနှစ်ဉာဏ်ပဲဟောတယ်
ဒါ အင်မတန် အရေးကြီးတဲ့စခန်း ခင်ဗျားတို့ ဉာဏ်ထဲမှာ ရှုပ်နေမှာကို ဘုန်းကြီးက ပူပန်ပြီး သိပ်စိုးရိမ် တယ်။ သိပ်စိုးရိမ်တာက တခြားမဟုတ်ပါဘူး။ ဉာဏ်ပြောင်း သွားတော့ကို ဒီဉာဏ်တွေ ပင်လျှင် ခြောက်ပါးဖြစ်လာတယ်။ ရှစ်ပါးဖြစ်လာတယ်လို့ ထင်မှာသိပ်စိုးရိမ်တယ်။ ရှစ်ပါး ဘယ်တော့မှ မဖြစ်ဘူး။ ဒါကြောင့် သုသိမကို ရှေးဦးစွာ ဝိပဿရှု နောက်မဂ်ဉာဏ်ကွ လို့ဆိုတော့ နှစ်ဉာဏ်ပဲ သွားချတယ်။ အဲဒီကျတော့ ဘယ်နှစ်ဉာဏ်ဟောသလဲ (နှစ်ဉာဏ်ပဲ ဟောပါတယ်)၊ နှစ်ဉာဏ်ပဲဟောတယ်။
အနတ္တလက္ခဏသုတ်မှာသုံးဉာဏ်ပဲဟောတယ်
တစ်ခါ အနတ္တလက္ခဏာသုတ် ကျတော့ ယထာဘူတဉာဏ်၊ နိဗ္ဗန္ဒဉာဏ်၊ မဂ်ဉာဏ်လို့ သုံးဉာဏ်ဟော တယ်။ သဘောကျပြီလား။ သုသိမပရိဗိုဇ်ဟောတဲ့ နေရာကျတော့ နှစ်ဉာဏ်ပဲ ဟောတယ်။ ရှေ့က ဝိပဿနာဉာဏ် ဟိုဉာဏ်တွေအကုန် ပေါင်းပစ်တယ်။ ဥဒယဗ္ဗယ၊ ဘင်္ဂ၊ ဘ၊ ယ၊ အာဒီနဝ၊ နိဗ္ဗိန္ဒ၊ မုဉ္စိတုကမျတာဉာဏ်၊ ဟောဒါကျအောင် ဂေါတြဘူကျအောင် အကုန်ပေါင်းပစ်ကယ်။ သဘောကျ ပြီလား (တင်ပါ့)၊ ဘာဖြစ်လို့ ပေါင်းသတုံးဆိုတော့ ခင်ဗျားတို့ ဉာဏ်ထဲမှာ ရှင်းပြီး ယူသွားစမ်းပါ၊ ငါးပါးက မတက်လို့ပေါ်ပြီလား (မှန်ပါ့)၊ ဒီငါးပါးထက် တက်သေး သလား (မတက်ပါ ဘုရား)။
ဉာဏ်မပြောင်းဘူးအမြင်သာပြောင်းတာ
ဒီငါးပါးတက်လာလည်း ဉာဏ်ပြောင်းတယ်ဆို မယ်။ ငါးပါးမတက်သရွေ့ ကာလပတ်လုံး ဉာဏ်ပြောင်း ဆိုမလား အမြင်ပြောင်းဆိုမလား (မပြောင်းပါ) အေး ဉာဏ်မပြောင်းဘူး။ အမြင်သာ ပြောင်းတယ်။ အမြင်ကတော့ ဖြစ်ပျက်ချည်းမြင်တဲ့ဉာဏ်၊ အပျက်ချည်း မြင်တဲ့ဉာဏ် ရှင်းပြီလား – (ရှင်းပါပြီ)၊ ငြီးငွေ့လာရင် ငြီးငွေ့ တယ်။ ဘာပဲငြီးငွေ့၊ ဘာပဲမြင်မြင် သင်္ခါရမြင်တာသာ တစ်လုံးတည်း ထိုင်လိုက် (တင်ပါ့)၊ ရှင်းပြီလား (တင်ပါ့)၊ သင်္ခါရမှတစ်ပါး ဘာမြင်သေးသလဲ။ ဘာမှမမြင်လို့ ရှိရင်ဖြင့် မဂ္ဂင်ကို ဘယ်နှစ်ပါးနဲ့ မြင်နေတာလဲဆိုရင် (ငါးပါးနဲ့မြင်ပါတယ်)၊ အင်း ငါးပါးနဲ့ မြင်နေတာကို ဆုံးဖြတ်ချက်ချလိုက်လို့ရှိရင်ဖြင့် ခင်ဗျားတို့ကလုပ်ရမှာ မဟုတ်ဘူး တဲ့။ ဓမ္မက သူ့ဟာသူပြောမယ်။ ရှင်းပြီလား (တင်ပါ့ ဘုရား)။
ရှစ်ပါးမဖြစ်သ၍ ဉာဏ်မဆုံးဘူး
အဲဒီတော့ ငါဘယ်နှစ်ဉာဏ်ရပြီလို့ သွားပြီး မယူ လိုက်နဲ့တဲ့နော် ဘယ်နှစ်ဉာဏ်မှမရဘူး။ ဒီငါးပါး ရတယ် လို့ယူပါ (မှန်ပါ့)၊ ဒီဟာမရသေးသရွေ့ ဉာဏ်မဆုံးသေး ဘူးလို့ မှတ်လိုက်ပါ (တင်ပါ့)၊ ပေါ်ပြီလား။ ဒီငါးပါးက ရှစ်ပါး မဖြစ်သရွေ့ ဉာဏ်ဆုံးပြီလား (မဆုံးပါ)၊ မဆုံးဘူး။ မဆုံးသေးပါဘူး တဲ့။ ဉာဏ်ဆုံးက ဒီရှစ်ပါးမှာ လာဆုံးမယ် (တင်ပါ့)၊ သောတာပတ္တိမဂ်လည်း ရှစ်ပါး။ သကဒါဂါမိ မဂ်လည်း ရှစ်ပါး။ အနာဂါမိ မဂ်လည်း ရှစ်ပါး။ အရဟတ္တ မဂ်လည်း ရှစ်ပါးပဲ။ ပိုသေးသလား (မပိုပါ ဘုရား)၊ မပိုပါဘူး တဲ့။ ကဲ-ဒါဖြင့် သြော် ဉာဏ်စဉ်ဆိုတာသည် ဒီဉာဏ်က စဉ်တာလား, အာရုံပြောင်းတာလား (အာရုံပြောင်းတာ ပါ)၊ ဒီလိုယူရမယ်။
ဉာဏ်စဉ်တော့ငါးပါးပဲရှိတယ်
အဲဒါ မကွဲပြားတော့ ကိုယ့်ဉာဏ် တက်လာတယ်လို့ ဒီလိုထင်ပစ်လိုက်တယ်။ ဉာဏ်မတက်ပါဘူး။ ဉာဏ်ငါးပါး ထက် ဘယ်သူမှ မပိုဘူး။ ဘုရားလည်း ဒါပဲ။ ဒီဉာဏ်က ဒီဉာဏ်တက်တာလည်း ငါးပါးကရှစ်ပါး တက်တာပဲ။ အရှင်သာရိပုတ္တရာလည်း ငါးပါးက ရှစ်ပါးတက်တာပဲ။ အဲဒီတော့ အခု လောကကြီး ပြောဆိုနေကြတာက ဉာဏ်စဉ် ဘယ်လောက် ရောက်ပြီလဲဆိုတော့ ဘုန်းကြီးများက ဟ ဉာဏ်စဉ်တော့ ငါးပါးပဲ ရှိသေးတယ်။ သဘောပါပြီလား။
အဲဒီတော့ ဉာဏ်ကစဉ်လာတော့ အမြင်သာ သူ့ဟာ က ရှေ့က အာရုံက ပြောင်းပြောင်း သွားတယ်။ ဖြစ်ပျက်အာရုံ က အပျက်ချည်းပြချင်နေတယ်။ ဒါ သူတက်သွားတာ ကို ဉာဏ်က တက်တက်မသွားဘူးလား (တင်ပါ့ ဘုရား)၊ တက်မသွားပေမယ့်လည်း တက်လို့ဉာဏ်တစ်ခု ပိုတိုးလာ သလားလို့မေးတော့ ဒီငါးပါးပဲ (တင်ပါ့)၊ ကျေနပ်ပြီ လား (ကျေနပ်ပါပြီ)၊ အဲဒါ ကျုပ် လုပ်သာလုပ်နေတာ ဗျာ၊ ဉာဏ်ကို မတက်သေးပါဘူးလို့ ခင်ဗျားတို့ ဒီလိုမထင် လိုက်ပါနဲ့ တဲ့။
ဉာဏ်ကိုမတက်သေးဘူးမလုပ်နဲ့
ဆရာဘုန်းကြီးကို ကျုပ် ရန်ကုန်မှ မန္တလေးကို သွားပြီး ဆရာဘုန်းကြီးဆီ ဆည်းကပ်တာလည်း ဉာဏ်ကို မတက်သေးပါဘူး။ ကိုထွန်းရင်လည်း ဆိုချင်ဆိုမယ်၊ ဟိုကျတော့ သူ့တရားကလည်း မှန်ပါတယ်၊ အဟောလည်း ကောင်းတယ်၊ ဘုရားဟောတော်မူတဲ့ ပါဠိတော်ကို ကိုးကား ပြီး သကာလ အမျိုးမျိုး၊ ပြပါတယ်။ ဉာဏ်ကို မတက်သေး ဘူး မလုပ်နဲ့။ ငါဘုရားသေသေချာချာဟောမယ် တဲ့၊ ဘုရားက ထုတ်ပြတယ်။
ဉာဏ်တက်တယ် မတက်တယ်ဆိုတာ
မင်းဉာဏ်တက်တယ်၊ မတက်တယ်ဆိုတဲ့ဥစ္စာ – ကွာ တဲ့။ ငါရှင်းပြမယ် (တင်ပါ့)၊ လက်သမားမှာ တစ်ဖက်က ဆောက်ကိုင်တယ်။ တစ်ဖက်က လက်ရိုက် ကိုင်ထားတယ်၊ ကိုင်ပြီးတော့ နေ့တိုင်း ကြေးခွေတွေ ဘာတွေ ထွင်းကြတာပေါ့ဗျာ။ ထွင်းကြတော့ လက်ရိုက်မှာ လက်မရာ၊ လက်လေးချောင်းရာတွေ မထင်ပေဘူးလား (တင်ပါ့ ဘုရား)၊ တစ်နေ့ ဘယ်လောက်စားသွားလို့ ထင်တာတုံး ဆိုတာ ပြောလို့ရရဲ့ လား (မရပါ ဘုရား)၊ စားတော့လည်း စားတာပဲ။ လက်ချောင်းရာ လက်မရာတွေကတော့ ထင်တာပဲ (တင်ပါ့ ဘုရား)၊ မထင်ဘူးလား (ထင်ပါတယ်)။
ကိလေသာကိုတော့ စားနေတာပဲ။ ဘယ်နေ့ ပညာတက်တယ်လို့တော့ဖြင့် ငါမပြောဘူးကွ၊ ကိလေသာ ခေါင်းပါးတာတော့ဖြင့် အမှန်ပဲ။ ဝါသိဇဋသုတ် ဆိုပြီးတော့ သံယုတ်ပါဠိတော် မှာပါတယ်။ ဝါသိဇဋသုတ်ဆိုတာ လက်သမား များကိုင်တဲ့ လက်ရိုက်ရိုးကွ။ ရိုက်သာရိုက် လက်ချောင်းရာ လက်မရာကတော့ဖြင့် ဒီပဲကွပ်ရိုးကို စားလိမ့်မယ်။ ခင်ဗျား ကိလေသာကြီးကို ဒီမဂ်က စားလိမ့်မယ်ပြောတာ (တင်ပါ့)၊ ရှင်းပြီလား (ရှင်းပါပြီ)၊ ငါဉာဏ်မတက်သေး ဘူး။ ငါ ဉာဏ်မတက်သေးဘူးလို့ ဒီလိုမယူနဲ့၊ သူ့ဟာသူ တရားက အပေါက်ပိတ်လာတယ်။ ရှင်းပြီလား (ရှင်းပါ ပြီ ဘုရား)။
ကိလေသာ ကုန်မကုန်သာရွေးပါ
ဒါဖြင့် ခင်ဗျားလုပ်သာလုပ် ကိလေသာ ကတော့ ပါးရမယ်။ ပါးသွားလို့ရှိရင်ဖြင့် အပ္ပရဇက္ခ ပုဂ္ဂိုလ် ဖြစ်လာလို့ရှိရင်ဖြင့် ပါးသွားရင် ဒီမဂ်ကို ကူးမယ်။ မပါးသေး ရင် ကူးကို မကူးဘူး။ သူက ရိုက်သမား ကိလေသာ အရိုးက ကုန်သမား။ သဘောကျပြီလား (တင်ပါ့)၊ မဂ္ဂင်ငါးပါးက ရိုက်။ ကိလေသာ အရိုးကလည်း ပါးရမယ် ရှင်းပြီလား။
ဒါဖြင့် မဂ်ရထိုက်တဲ့ပုဂ္ဂိုလ်၊ မရထိုက်တဲ့ပုဂ္ဂိုလ် ဒီလိုရွေးမနေ နဲ့။ ကိလေသာကုန်၊ မကုန်သာ ခင်ဗျားတို့ ကျုပ်တို့က ရွေးဖို့ သာလိုတယ် (တင်ပါ့)၊ ကိလေသာကုန်၊ မကုန်ရွေးဖို့ပဲ။ ကုန်သွားရင် ရမှာပဲ၊ ကိလေသာတွေကြောင့် မရတာကိုး ဗျ။ တခြားနည်းကြောင့်တော့ ဘာမှ ခင်ဗျားတို့ စဉ်းစား မနေနဲ့။
ဘုရားကတော့ နှစ်ဉာဏ်နှင့် သုံးဉာဏ်ပဲဟောတယ်
ကဲ ဒါ ရှင်းသွားပြီလား (တင်ပါ့)၊ ကောင်းပြီ – ဒါဖြင့် ဒီသုသိမပရိဗိုဇ်သုတ်၊ သံယုတ်ပါဠိတော် အလိုဖြင့် ဉာဏ်ဘယ်နှစ်ဉာဏ် ဘုရားဟောသလဲ၊ နှစ်ဉာဏ်ပဲ ဟော တယ် (နှစ်ဉာဏ်ပါ)၊ အနတ္တလက္ခဏသုတ် အလိုတော့ (သုံးဉာဏ်)၊ သုံးဉာဏ်၊ သုံးဉာဏ် ဟောတယ်နော်။ ပဋိ သမ္ဘိဒါမဂ်အလိုတော့ဖြင့် တစ်ဆယ့်ခြောက်ဉာဏ်လောက် ဟောချင်ဟော လိမ့်မယ်။ ဟောပင်ဟောငြားသော်လည်း တဲ့၊ တစ်ဆယ့်ခြောက်ဉာဏ် ဟောထားသော်လည်း ဒီဉာဏ်နဲ့ ဒီဉာဏ်၊ ဒီဉာဏ်, ဒီဉာဏ် တစ်ခုတည်းကို တစ်ဆယ့်ငါး ဉာဏ်လောက် လုပ်ပြီး ဒီတစ်ဉာဏ်ထည့် လိုက်တာပဲ (မှန်ပါ့)။ တစ်ဆယ့်ခြောက်ခုဆိုပြီး အဲဒါကတော့ ခင်ဗျားတို့က အထူးတလည် တယ်များပါ့လား၊ ဒီဉာဏ်တွေတက်ရမှာ ငါမောမှ မောရချည်ရဲ့ ဒီလိုလည်း အားမလျှော့လိုက်နဲ့။ ဒီဉာဏ် တစ်ဉာဏ်တည်း လုပ်ရမယ်လို့မှတ် (တင်ပါ့)၊ သဘောပါပြီလား။
မိုးကြိုးပစ်တာထက်နာလိမ့်မယ်
ဒီတစ်ဉာဏ်တည်း ကျန်တော့တယ်။ သူ့ဟာသူ အမြင်ပြောင်းလိမ့်မယ်၊ အမြင်ပြောင်းတာကို ဉာဏ်ပြောင်း တာလို့ ယူထားတာ (တင်ပါ့)၊ ဉာဏ်က ပြောင်းသလား၊ အမြင်ကပြောင်းတာလား (အမြင်က ပြောင်းတာပါ)။ အမြင်က ပြောင်းတာကို ဉာဏ်ပြောင်းတာလို့ ယူထားရင် ခင်ဗျားတို့ မိုးကြိုးပစ်တာထက် နာလိမ့်မယ်။ မနာပေဘူးလား (နာပါတယ်)၊ သဘောပါသလား (တင်ပါ့)။ အဲဒီတော့ ဆရာကောင်း သမားကောင်း နည်းနာကောင်း ပေးတဲ့ပုဂ္ဂိုလ်က သြော်-ကျုပ်ဉာဏ် မတက်သေးဘူးဆိုပြီး နောက်ဆုတ်မှာ စိုးရိမ်လို့ ပြောလိုက်တဲ့စကား။ ဉာဏ်မတက် သေးဘူးလို့ ခင်ဗျားတို့ ထင်ချင်ထင်မှာ၊ မထင်ဘူးလား။
ထင်တော့ ဉာဏ်မတက်ဘူးလား။ ဉာဏ်တက် ပါတယ်။ လုပ်သာလုပ် လက်ရိုက်ထုတ် စားသွားသလို ရိုက်သာနေ မစားပေဘူးလား (စားပါတယ်)၊ အဲ စားတဲ့အခါ ကိလေသာ ပါးတယ်ဆိုကတည်းက ဉာဏ်တက် လို့ပေါ့ဗျ (တင်ပါ့)၊ ကိလေသာ ပါးတာဟာ ဘာလဲ (ဉာဏ်တက်တာပါ)၊ ကိလေသာကို ဉာဏ်ကမှသာနိုင်တာ၊ သုတ်သင်နိုင်တာကိုးဗျ၊ ဒီပြင်ဟာက သုတ်သင်နိုင်တာ ရှိရဲ့လား (မရှိပါ)၊ မရှိတော့ ဒီဉာဏ်က သုတ်သင် သွားလို့ ကိလေသာပါးတာ။ အပျက်ချည်းမြင်နေသေးတာပဲ။ ဒီဉာဏ်ကမြင်နေသေးတာပဲ၊ ကိလေသာက ပါးတယ်။ မဟုတ်ဘူးလား။ အပျက်ချည်းမြင်နေလည်း ကိလေသာ ကတော့ ပါးမှာပဲ။ မဟုတ်ဘူးလား။ အပျက်ချည်း လျစ်လျူရှု နေလည်း ကိလေသာကပါးတာပဲ။ ငြီးငွေ့ နေလည်းပါးတာပဲ။ သဘောကျပြီလား။ တစ်ဖန်ပြန်ရှုနေလည်း ပဋိသင်္ခါဉာဏ်နဲ့ ပြန်ရှုနေလည်း ကိလေသာပါးတာပဲ။
ဝိပဿနာဉာဏ်ကအလုပ်မလုပ်ရင်ပြန်ဆင်းတယ်
အဲဒီပြောတဲ့ ဉာဏ်စဉ်တွေက မဂ်ဉာဏ် မရောက် သေးသမျှကာလပတ်လုံး ပြန်ဆင်းတဲ့ ဉာဏ်တွေလို့ မှတ်။ ဒါကြောင့် တစ်ဉာဏ်တည်းလို့ယူ၊ ဝိပဿနာဉာဏ်ကတော့ အခုပစ်ထား။ အခုပြန်ဆင်း သွားတာပဲ။ ခင်ဗျားတို့ သမ္မသန၊ ဥဒယဗ္ဗယ၊ ဘင်္ဂ၊ ဘယ၊ အာဒီနဝ၊ နိဗ္ဗိဒါ မုဉ္စိတုကမျတာ၊ ပဋိသင်္ခါ၊ သင်္ခါရုပေက္ခာ၊ အနုလောမ အကုန်ပြန်ဆင်း (တင်ပါ့)၊ အကုန်ပြန်ဆင်းတယ်။ ဘာဖြစ်လို့ ပြန်ဆင်းသလဲ မေးတော့ အမြင်သာ ပြောင်းတာကိုး။ သူကမှ မပြောင်းဘဲ။ သူကလည်း လောကီမဂ်ပဲ။ ဘယ်နှယ့်ဆိုကြမလဲ (လောကီမဂ်)၊ လောကီ မဂ် ပြန်ဆင်းတယ်။ မဆင်းပေဘူးလား။ (ဆင်းပါတယ်)၊ အဲဒီတော့ ခင်ဗျားတို့က မဆင်းချင်ပါဘူး။ အထက် မဂ် တက်ချင်ပါတယ်၊ အထက်မဂ် တက်ချင်ပါတယ်ဆိုရင် ဟိုက အမြင်ပြောင်းပေမယ့်၊ သူဘာ ပြောင်းနေနေ ကိုယ့်အလုပ် သာ မပြောင်းနဲ့။ ကိုယ့်အလုပ်က သင်္ခါရတွေ ပြောင်းနေတာ ကို ကြည့်နေ (တင်ပါ့ ဘုရား)။
အာရုံနှင့် အာရမ္မဏိက
ကိုယ့်အလုပ်ပဲကြည့်။ သင်္ခါရတွေ ပြောင်းနေတာကိုပဲ ကြည့်နေ။ စိုက်သာကြည့်နေ။ သင်္ခါရ ပျက်ပုံတွေကိုသာ စိုက်ကြည့်နော်။ ပစ္စုပ္ပန် ပဋိစ္စသမုပ္ပါဒ်ကိုသာ စိုက် ကြည့်။ စိုက်ကြည့်နေ သူဟာသူရင့်ပြီး တစ်ခါတည်းဖြတ် ဆို ဒီဉာဏ်ချုပ်သွားပြီး ဒီဉာဏ် အစားထိုးလာမယ်။ ရှင်းပြီလား (တင်ပါ့)၊ ဒါဖြင့် ဉာဏ်စဉ်ဆိုတဲ့ ဥစ္စာသည် အာရုံ က စဉ်တဲ့ဥစ္စာကိုဆိုတာ။ အာရမ္မဏိက,က စဉ်တာကို မဆို ရဘူး။ သဘောကျရဲ့လား (ကျပါပြီ)၊ အာရုံကတော့ အမျိုးမျိုး မပြောင်းဘူးလား။ အာရမ္မဏိကကတော့ ငါးပါးထက် ပိုသေးသလား (မပိုပါ ဘုရား)။
အာရုံကဘာပြပြ ရှုမြဲရှုနေ
အဲဒါ မှတ်ထားလိုက်ရင် ရှင်းသွားမယ်။ တော်တော် ကျေနပ်ပြီလား (တင်ပါ့)၊ ကောင်းပြီ၊ ဒါဖြင့် အခု သုသိမ ပရိဗိုဇ်ကို ယနေ့ ရှင်းလင်းပြောသဖြင့် တို့ ဒီနှစ်ဉာဏ်နဲ့ လုံနေရင်ရတယ်လို့ ခင်ဗျားတို့ နှစ်ယောက်က ဆုံးဖြတ်ချက်ချ။ အားလုံးက ဆုံးဖြတ်ချက်ချကြ (တင်ပါ့)၊ ဒီနှစ်ဉာဏ်နဲ့ပဲ ဝိပဿနာမှာ အာရုံက ဘာပြနေနေ ကျုပ်တို့က ရှုမြဲရှုနေ။ အာရုံက ဘာပြနေနေ ကျုပ်တို့က ရှုမြဲ ရှုနေ။ သဘောကျပြီလား (ကျပါပြီ ဘုရား)။
သူရာမုခနှင့် သုပ္ပဗုဒ္ဓ
ဘာဖြစ်လို့လဲဆိုတော့ ဥပမာပုံတရားနာရင်း သုရာ မုခတို့ သုရာမုခဆိုတာ သေသောက်သမား ပေါ့ဗျာ။ တရား နာသွားတယ်၊ တရားနာသွားတော့ ဖျတ်ဆို သောတာပန် တည်လိုက်တယ်။ ဝိပဿနာဉာဏ်နဲ့ မဂ်ဉာဏ်ပဲ လာတယ်။ နို့ ဉာဏ်စဉ်ကို သူသိပါ့မလား (မသိပါ ဘုရား)၊ မသိဘူး၊ မသိဘူးနော်။
ရှေ့က ဝိပဿနာဉာဏ်လာပြီး မဂ်ဉာဏ်တက်သွား တယ်။ မဟုတ်ဘူးလား၊ သုပ္ပဗုဒ္ဓအနူကြီး တောင်းစားရင်း သွားရင်းနဲ့ပဲ သူ သောတာပန်တည်ခဲ့တယ်။ ဉာဏ်စဉ်သိပါ့ မလား (မသိပါ ဘုရား)၊ မသိဘူးတဲ့။
ဉာဏ်စဉ်ကဘယ်ကပေါ်လာသလဲ
နို့ ဉာဏ်စဉ်က ဘယ်ကပေါ်လာသလဲ၊ အို အရှင်သာရိပုတ္တရာက သူက ပညာအရာ ဧတဒဂ်ရလို့၊ မှတ် တမ်းများတဲ့ လူမို့ (တင်ပါ့)၊ သဘောကျပြီလား၊ မှတ်တမ်းများတဲ့လူက ရေးထားတာလို့မှတ်ပါ။ ဘယ်သူမှ ဉာဏ်စဉ်မသိဘူး၊ ရှင်းပြီလား (ရှင်းပါပြီ)၊ အေး-အဲဒီ တော့ ကျုပ်တို့က ဘာရယ်လို့ မဟုတ်ဘူး တဲ့၊ ကျုပ်တို့မှာ ဪ ဉာဏ်စဉ်ဆိုတဲ့ဥစ္စာဟာ သူကထူးတာမဟုတ်ပါ လား၊ အာရုံက အပြထူးတာပါလားလို့ ခင်ဗျားတို့မှတ်ပါ (တင်ပါ့ ဘုရား)။
အာရုံက ဖြစ်ပျက်ကလေး ပြချင်ပြမယ်။ အပျက်ရော (ပြပါတယ်)၊ ဥဒယဗ္ဗယ၊ ဘင်္ဂ၊ ဘယ၊ အာဒီနဝအဖြစ်ရော (ပြပါတယ်)၊ သူက ပြချင်တာပါ။ ဖြစ်ပျက် ပဲ (တင်ပါ့)၊ ပြချင်တာပြ၊ ပြချင်တာပြ၊ သူကတော့ဖြင့် ဖြစ်ပျက်မှုမှတစ်ပါး ပိုပြစရာရှိသလား (မရှိပါ ဘုရား)၊ မရှိပါဘူး။ သူက ပြတာပဲကလား၊ ငါ့ကို သူကပြတော့ မုန်းတယ်။ မုန်းတော့ ရွံတယ်။ ရွံတော့မလိုချင် ဘူး။ ဒါပဲရှိတာပဲ သဘောပါပြီလား၊ မလိုချင်, မလိုချင်တာက ဘာတုံး-ဒုက္ခ သစ္စာမှန်းသိလို့ မလိုချင်ဘူး။ မလိုချင်လို့ရှိရင် ဒုက္ခသစ္စာ ချုပ်သွားပြီးတော့ နိရောဓသစ္စာ ပေါ်လာတယ်။
ဘုရားက ဘယ်နှစ်ဉာဏ်ဟောသတုံး
ကောင်းပြီ ဒါဖြင့် ဦးသံဒိုင်မေးပြီ သုသိမ ပရဗိုဇ် ကို ဘုရားက ဘယ်နှစ်ဉာဏ်ဟောသတုံး (နှစ်ဉာဏ် ဟောပါတယ်)၊ နှစ်ဉာဏ်ဟောတယ်။ ပဉ္စဝဂ္ဂီငါးဦးကျတော့ အနတ္တလက္ခဏသုတ်မှာ ဘယ်နှစ်ဉာဏ်ဟောသတုံး (သုံးဉာဏ်ဟောပါတယ်)၊ သုံးဉာဏ်ဟောပါတယ်၊ ဒါ-မှတ်ထားလိုက်ပါ။
ဉာဏ်စဉ် (၁၆) ပါး ဘယ်ကလာသလဲ
နို့ ဟိုဆယ်ပါး တစ်ဆယ့်ခြောက်ပါးတွေ က ဘယ်ကလာသလဲ၊ အို အရှင်သာရိပုတ္တရာက သူ့ဟာသူ ဉာဏ်ထက်လို့ သူ့ဟာသူ မှတ်တမ်း ရေးထားတာ။ အဲဒီ မှတ်တမ်း နောက်ကို ကျုပ်တို့က လိုက်နေလို့ မဖြစ်ဘူး။ ပေါ်ပြီလား (ကိုယ်တော်ကြီးက အနည်းနည်း ရေးတယ်)၊ သူက ဒီနေရာကျတော့ ဟိုမှာ ဆိုင်းဘုတ်၊ ဘာဆိုင်းဘုတ်နဲ့ ဆိုင်တွေ့ခဲ့တယ်။ ဟိုနေရာ ကျတော့ ဘာဆိုင်းဘုတ်နဲ့ ဆိုင် တွေ့ခဲ့တယ်။ ဟိုနေရာကျတော့ ဘာဆိုင်းဘုတ်နဲ့ ဆိုင်တွေ့ခဲ့ တယ်။ ဆိုင်းဘုတ်တိုင်း နုတ် (note) လုပ်သွားတယ်၊ ဆိုင်းဘုတ် – တိုင်း နုတ် (note) လုပ်သွားတယ် (မှန်ပါ့)။
ဘုရားအောက်တစ်ယောက်ပဲ
ဉာဏ်ကျယ်တဲ့လူဆိုတော့ ဉာဏ်ကျယ်လို့ လုပ်နေ တာ (ကရုဏာကလည်း တယ်ပြီး ကြီးမားတယ် ဘုရား)၊ – ဟာ ကရုဏာတော်ကတော့ ဘုရားအောက် တစ်ယောက်ပဲ (တင်ပါ့)၊ ဘုရားအောက် တစ်ယောက် ပဲ (သမင်လိုက်တာ မမိလို့ သမင်လည်း သူ့တာပဲ)။ ဟာ ဒီလိုမဟုတ်ဘူး။ သူကငါတော့ ဒီလိုမြင်ခဲ့တယ်။
သို့သော် ငါ့နောက်တော့ မလိုက်ကြနဲ့လို့ မှာခဲ့ သေးတယ်- (သြော် သြော်)၊ အင်း ငါ့နောက်တော့ မလိုက်နဲ့တဲ့၊ ငါလိုလူက ငါတစ်ယောက်ရှိတာလို့ ပြောတယ်။
ရှင်သာရိပုတ္တရာဘာကြောင့် ကြာသလဲ
ဉာဏ်ငယ်တဲ့ အရှင်မောဂ္ဂလာန်က ခုနှစ်ရက်နဲ့ ရတယ်။ ဉာဏ်ကြီးတဲ့ အရှင်သာရိပုတ္တရာက ခုနှစ်ရက်နဲ့ မရဘူး။ ဘာကြောင့် ကြာသွားသတုံးဆိုတဲ့ မေးခွန်းက ထွက်လာတယ်။ ခုနကလို နုတ် (note)တွေများနေလို့ ရှင်းပြီလား မှတ်တမ်း များနေလို့။ ဥပမာ ပြောကြစို့ကွာ တောင်ကြီး တက်သလိုပဲ။ ပတ်တက်တယ်၊ ဟိုဘက်ကတက်လည်း ရတာ ပဲ။ ဒီဘက်ကတက်လည်းရတာပဲ၊ လေးဘက်လှည့်တက် တယ်၊ ရတာချင်း အတူတူ နောက်ဆုံးနေ့မှ သူကတက်တယ်။ အရှင်မောဂ္ဂလာန်က ဒီလိုမဟုတ်ဘူး၊ ဒီလမ်းက တက်ရမယ်ဆိုတော့ ဒီလမ်းကပဲ ထိုးတက်လို့ သူကအရင်ရောက်သွားတယ်။
ရှင်မောဂ္ဂလာန်က (၇) ရက်စောတယ်
သူက သုံးဘက်လှည့်မတက်ဘူး၊ ပေါ်ပြီလား (ပေါ်ပါပြီ)၊ အဲဒါနဲ့ တက်တယ်၊ သူက ထောက်မိတာကို မလွှတ်တော့ဘူး၊ အရှင်မောဂ္ဂလာန်က ထောက်မိတာကို မလွှတ်တော့ဘူး၊ ဖြစ်ပျက်မြင် ပြီးရော၊ ဖြစ်ပျက်ချည်း ရှုသွား မယ်ဆိုပြီး ရှုတော့ တစ်ခါတည်း အရဟတ္တမဂ် ထိအောင် ရောက်သွားတယ်၊ သူက ရဟန္တာဖြစ်တာ ခုနှစ်ရက်စောတယ်။
ဟိုဉာဏ်ကြီးတဲ့လူကတော့ အင်း သင်္ခါရုပေက္ခာ ဉာဏ်ရောက်မှ သူကပြန်ဆင်းချင် ဆင်းလိုက်သေးတယ်။ ပြန်ဆင်းပြီးအစကပြန်စ၊ အစကပြန်တက်ဦး၊ ဒီလိုသူက ဉာဏ်ဝေဖန်နေတာနဲ့ ကြာသွားတယ်။ ပေါ်ပြီလား (ပေါ်ပါပြီ)၊ အဲဒီတော့ နှစ်ဉာဏ်တည်းနဲ့ တက်သွားတော့ကို မြန်လိုက်တာ။
ပဉ္စဝဂ္ဂီတို့ကဉာဏ်သုံးပါးနဲ့တက်တယ်
ပဉ္စဝဂ္ဂီတို့ကျတော့ သုံးပါးနဲ့ တက်သွားတော့ကို လွယ်လိုက်တာ ပဉ္စဝဂ္ဂီတို့ကျတော့ ကြည့်ပါလားကွ ပထမရက်မှာ ကောဏ္ဍည သောတာပန် တည်တယ်၊ နောက် တစ်ရက်စီ သောတာပန် မတည်ကြဘူးလား၊ နောက်ခြောက် ရက်မြောက်ကျတော့ ငါးပါးစလုံးပင် ရဟန္တာ အကုန်ဖြစ်ကြ တယ်၊ ခြောက်ရက်နဲ့ သွားတယ်။ သူက (၁၅) ရက်ခြားတယ်။ မရှင်းသေးဘူးလား။
ဉာဏ်ကြီးတဲ့လူ ခုတွင်က ဉာဏ်စဉ် ဟပ်နေလို့ (၁၀) ရက်ပိုကြာတယ်၊ ပေါ်ပြီလား။ အရှင်မောဂ္ဂလာန် ကတော့ သူ့လိုပဲ သောတာပန် ဖြစ်တဲ့အခါကျတော့ အရှင် သာရိပုတ္တရာက ရှေးနည်းနည်းလေး ကျတယ်၊ အရှင်သာရိ ပုတ္တရာဟောတဲ့ တရားမှာ အရှင်မောဂ္ဂလာန်က နာရလို့ ဆက်ပြီး သောတာပန် တည်တယ်၊ နောက်တစ်ခါ ရဟန္တာ ဖြစ်ကြစို့ ဆိုတဲ့အခါကျတော့ သူက ဉာဏ်ဝေဖန်နေတယ်၊ ဟိုက ခုနှစ်ရက်နဲ့ ထိုးတက်တယ်။
အရှင်မောဂ္ဂလာန်ကတော့ ထောက်မိထောက်ရာ ဒီလမ်းနဲ့ တက်မယ်ဆိုပြီး ဒီလမ်းကပဲတက်တယ်။ လမ်း, ဝေဖန်ပြီး ရှာတက်မနေတော့ဘူး။ အရှင်သာရိပုတ္တရာက ဒီလမ်းက တက်လို့ရတယ်, မတက်ဘူး။ ဟိုလမ်းကတက်မယ်။ စင်စစ်တော့ ဟိုလမ်းက တက်လည်းရတာပဲ၊ မတက်သေးဘူး။ လှည့်နေတာပဲ။ သူက နောက်ဆုံးပတ်မှာ ထိုးတက်တော့၊ လေးလမ်းမှာ၊ လေးလမ်းစေ့မှ နောက်ဆုံးပိတ်ကျမှ ထိုးတက် တယ်။ သူက သိလျက်သားနဲ့ တက်တယ်။ မကွာဘူးလား (ကွာပါတယ်)။
တွေ့တဲ့လမ်းကသာတက်ပါ
အဲဒါခင်ဗျားတို့က အရှင်သာရိပုတ္တရာလား၊ အရှင် မောဂ္ဂလာန့်လားဆိုတာ ကိုယ့်ဟာကိုယ် ဝေဖန်ပြီးသကာလ တွေ့တဲ့လမ်းကသာ ထိုးတက်၊ တက်တာသာ ပဓာနပဲ။ တောင်ရောက်တော့ သူလည်းတောင်ထိပ်ပဲ၊ ကိုယ်လည်း တောင်ထိပ်ပဲ၊ ထူးတာမဟုတ်ဘူး (မှန်ပါ့)၊ မြန်မြန် ရောက် အေးတာပဲ သဘောကျပြီလား။
ရှင်သာရိပုတ္တရာက ငါလိုလူတစ်ယောက်ပဲတဲ့
ကဲ ဒါဖြင့် ပြီးတော့ မှာခဲ့သေးတယ်၊ ခင်ဗျားတို့ သတိထားဖို့က ဉာဏ် (၁၆) ပါးတွေကိုနော်။ ငါ့လို ဟိုလမ်း ကတက်ရ၊ ဒီလမ်းကတက်ရ ဉာဏ်အမြင်နဲ့ဟာ ငါတစ်ယောက်သာ ရှိတယ်။ ငါလိုလူ တစ်ယောက်မှ မရှိဘူး၊ ကျန်တဲ့ လူတွေ အရှင်မောဂ္ဂလာန် တက်သလိုတက်၊ တွေ့တဲ့လမ်းကပဲ တက်သွား။ သဘောပါလား။ ငါလိုလူက ငါတစ်ယောက်ပဲ၊ အခုဟာ မှတ်တမ်းတင်ရအောင် လုပ်တဲ့လူပဲ၊ သဘောကျပြီလား၊ မှတ်တမ်းတင်ရအောင် လုပ်တဲ့လူ ဆိုတော့ မှတ်တမ်းများများကို ပြနိုင်တဲ့လူဟာ လောကမှာ လည်း ခင်ဗျားတို့ သိတဲ့အတိုင်းပဲ၊ လက်ဝဲရံ၊ လက်ယာရံ ဆိုတဲ့ ဂုဏ်ထူးကြီးနဲ့ဆိုတော့ ဉာဏ်ကျယ်ပါပေရဲ့ ဆိုတဲ့ မှတ်တမ်းကို ရအောင်လုပ်ရတယ်။
ဒီပြင်လူလိုက်ဖို့မလိုဘူး
ပြီးတော့ ငါလိုလူဟာ ငါတစ်ယောက်ပဲရှိတယ်လို့ ပြောခဲ့သေးတယ်။ ဒီပြင်လူ လိုက်ဖို့ မလိုဘူးဆိုတော့ ခင်ဗျား တို့ နှစ်ဉာဏ်နဲ့ တက်ချင်တက်၊ သုံးဉာဏ်နဲ့ တက်ချင်တက်။ ဒီဟာတွေတော့ဖြင့် မှတ်တမ်းတွေ လုပ်မနေနဲ့တော့။ ရှင်းပြီ လား။ ခင်ဗျားတို့ ရှုရမှာက (ဖြစ်ပျက်တစ်ခုတည်းရှု)။
ဒီပြင် ဘာမှမရှိဘူး။ အပျက်ချည်း မြင်နေတော့ သြော် ဖြစ်လို့ပျက်တာ။ မုန်းတာလည်း ခဏ, ခဏ ဖြစ်ပျက် နေလို့ မုန်းတာပဲ မဟုတ်ဘူးလား။ သဘောကျပြီလား၊ ကိုင်း ဖြစ်ပျက်တွေချည်း ပြရမယ်၊ ကဲ-မင်းတို့ လျစ်လျူ ရှုနေဦးမယ်ဆိုပြီး အဖြစ်အပျက်တွေကို လျစ်လျူရှုနေတယ်။ ဒါကြောင့် အရှင်မဟာကောဋ္ဌိကနဲ့ အရှင်သာရိပုတ္တရာနဲ့ အမေးအဖြေလုပ်တယ်။
နောင်လာနောက်သားများအတွက်
အရှင်မဟာ ကောဋ္ဌိက,က မေးတယ်၊ သောတာပန် တည်ချင်တဲ့ ပုဂ္ဂိုလ်ဟာ ဘာလုပ်ရမတုံးလို့ အရှင်မဟာကောဋ္ဌိက, က မေးလိုက်တယ်။ အရှင်သာရိပုတ္တရာကိုပဲ မေးလိုက်တယ်၊ နောင်လာ နောက်သားများ အတွက် ရဟန္တာ နှစ်ပါးမေးတယ်။ အရှင်မဟာကောဋ္ဌိက, ကလည်း ရဟန္တာနော်၊ အရှင်သာရိပုတ္တရာ ကလည်း ရဟန္တာနော်၊ ရဟန္တာ ဖြစ်ပြီးမှ သူတို့ အမေးအဖြေ လုပ်ကြတာပဲ၊ ရဟန္တာဖြစ်ပြီး ကိုယ်တက်လာတဲ့လမ်းက လူတိုင်းသိပြီးသား၊ ဘာမေးနေ စရာ လိုလို့တုံးလို့ ခင်ဗျားတို့က စောဒကတက် သိရမယ် (တင်ပါ့)၊ မဟုတ်ဘူး တဲ့။
သောတာပန်တည်ချင် ဘယ်ကစရမှာတုံး
နောင်လာနောက်သားများ အလုပ်ခွင် ပြချင်လို့ သဘောကျပြီလား (ကျပါပြီ)၊ ဘာပြချင်လို့ လဲ။ နောင်လာနောက်သားများကို အလုပ်ခွင် မမှားရအောင် ပြချင်လို့ဆိုတော့ ရှင်မဟာကောဋ္ဌိက, က မေးလိုက်တယ်။
အရှင်ဘုရား သောတာပန် တည်ချင်ရင် ဘယ်ကစ လုပ်ရ မတုံး။ အို-ဥဒယဗ္ဗယက စ,လုပ်ပေါ့ကွ၊ အရှင်သာရိပုတ္တရာက ဖြေလိုက်တယ်၊ ဒီက စ,လုပ်ပြီး ဖြစ်ပျက်မြင်လို့ရှိရင် ဖြစ်ပျက် မုန်း၊ ဖြစ်ပျက်ဆုံးလို့ရှိရင် ဒါဟာ သောတာပန်တည်တာပေါ့ကွာ။ နေစမ်းပါဦးဘုရား။
နို့ သကဒါဂါမ် တည်ချင်တော့ ဘယ်ကစ,ပြီး ဘယ်ကထူးပြီး ဘာလုပ်ရမှာတုံးမေးတယ်။ မမေးသင့်ဘူးလား (မေးသင့်ပါတယ် ဘုရား)။
သကဒါဂါမ်တည်ချင်တော့ဘာလုပ်ရမလဲ
သကဒါဂါမ် တည်ချင်တော့ ဘာလုပ်ရမလဲ၊ အို မင်းဖြစ်ပျက်က စ,ကွ။ ဒီက စ,တယ်ဆိုတော့ သူမပြီးနေ သေးဘူးလား။ ဒါနဲ့ နောင်လာ နောက်သားတွေအတွက် မေးတာကိုးဗျ။ အနာဂါမ် တည်ချင်ရင်တော့ရော ဘယ်ကစရ မလဲ၊ ဒီဖြစ်ပျက်က စ,ရမယ်။ ရှင်းပြီလား (ရှင်းပါတယ် ဘုရား)၊ ရဟန္တာ ဖြစ်ချင်ရင်ရော ဘယ်ကစ,ရမလဲ။ ဒီဖြစ်ပျက် ကပဲ စ,ကွ။ သူဟာ ဒီကနေပြီး စ,ခိုင်းနေတာပဲ။
ဆရာလည်းမများနဲ့တော့ဖြစ်ပျက်ကစလုပ်
အဲဒါကြောင့် ခင်ဗျားတို့ ဆရာလည်း မများနဲ့တော့၊ ဉာဏ်လည်း မများနဲ့တော့ ဖြစ်ပျက်က စ,လုပ်ရောက်ရမယ်။ သဘောပါပြီလား၊ ဆရာလည်း မများနဲ့၊ ဉာဏ်လည်း မများနဲ့ (မများပါ ဘုရား)။
မင်း ဒီအတိုင်းသာ တက်တော့၊ ကျမ်းမျိုးစုံကို စုံနေပြီ။ မစုံသေးဘူးလား (စုံပါပြီ)၊ အရှင်ပေါဋ္ဌိလလည်း ဟောပြီးပြီ၊ အရှင်မဟာကောဋ္ဌိကနဲ့ အရှင်သာရိပုတ္တရာ အမေး အဖြေလည်း ဟောပြီးပြီ၊ အရှင်သာရိပုတ္တရာနဲ့ အရှင်မောဂ္ဂလာန် တက်ပုံကလေး ထူးခြားပုံ ပြပြီးပြီဆိုတော့ ဒီနှစ်ထဲ မှာ နည်းတာမဟုတ်ဘူး။
ကျုပ်-ဒီဥစ္စာကို တရားပွဲကြီး ချဟောရင် တစ်လလောက် ဟောယူရလိမ့်မယ် (တင်ပါ့ ဘုရား)။ မဟောရပေဘူးလား (ဟောရပါတယ် ဘုရား)။ ဟောရလိမ့်မယ်။ ဒီဥစ္စာ နည်းတာမှ မဟုတ်ဘဲ၊ ဟိုမှာ အသေးစိတ် အကျယ်ချဲ့ပြီး သကာလ တက်ပုံ, တက်နည်းနဲ့ တကွ ပြောရမှာပေါ့။
ဗာဟုကိစ္စကြောင့်မဂ်ဖိုလ်တားနိုင်တယ်
ခင်ဗျားတို့က တရားလည်း လိုချင်သေးတယ်။ ပြန် မယ့်ရက်ကလည်း ပါပြီးသား လူတွေဆိုတော့ အတော်ခက် တယ်၊ အတော်ခွကျတဲ့လူတွေ ဖြစ်နေတယ်။ ဒီလာတာ ဝဋ်ကျွတ်ချင်လို့ လာတာမဟုတ်လား (ဟုတ်ပါတယ်)၊ အမယ်လေး အတော် လျှော့ဈေးနိုင်တဲ့လူပါလား၊ တစ်ဝက် ကျွတ်လောက်ပြီ။ အဲဒီတော့ကို တဲ့။ ဒီလိုလုပ်ကြပါတဲ့။ ခင်ဗျားတို့ချည်း လျှောက်နေလို့ မပြီးသေးဘူး ဘုန်းကြီးတို့ လူအကြောင်းလည်း နားလည်ပါတယ်။ လူဆိုတာ “ဃရာဝါသော ဗဟုကိစ္စော” ဆိုတဲ့ အတိုင်း အင်မတန် ကိစ္စများ ပါတယ်။ ဒီဗဟုကိစ္စကြောင့် မဂ်တား ဖိုလ်တား ဖြစ်နိုင်တယ် (မှန်ပါ့)၊ သဘောကျပြီလား။
ဗဟုကိစ္စသည် ဘာတုံး၊ ကိစ္စသည် ကိလေသာ ၏ ကိစ္စ (အင်မတန် ဟုတ်ပါတယ် ဘုရား)၊ ကိလေသာ၏ ကိစ္စသည် မဂ်တားမြစ်သည်၊ သဘောကျပြီလား။
အဲဒီတော့ မဂ်ကို တားမြစ်နေတာကို ခင်ဗျားတို့က တားမြစ်တဲ့ ဘက်ကနေပြီး ရှေ့နေလိုက်တယ်၊ တားမြစ်ရတာ ကောင်း နိုးနိုး။ တားမြစ်တာ တားမြစ်သင့်တယ်ဆိုပြီး ကိလေသာ ဘက်က ရှေ့နေလိုက်တယ်။ ဉာဏ်ဘက်က ရှေ့နေမလိုက် ဘူး။ တစ်ခါတလေတော့ ပါဠိနဲ့တောင် တစ်ဖက်က ရှေ့နေ လိုက်သေးတယ်။ ကိုယ့်ဘက်က ကိလေသာဘက်က အထောက်အခံရအောင်။
အင်း ရူးပုံ ခင်ဗျားတို့ ပြောလို့ မဖြစ်ပါဘူး။ ရူးပုံများတော့ ပဋာစာရီဟာ တစ်ခါတည်း ကိလေသာရူး ရူးတုန်းက အဝတ်ကိုမကပ်ဘူး၊ နောက်မဂ် မရမီကလေးမှာပဲ အဝတ်ကပ်တယ်။ ခင်ဗျားတို့က အရှက်မရှိ တဲ့ စကားတွေကို သိပ်သုံးတာပဲ၊ ရိပ်မိပြီလား။ အဝတ်မကပ်တဲ့ စကားတွေကို ခင်ဗျားတို့က သိပ်သုံးတယ်။
ကဲ ဒါကြောင့် အဝိဇ္ဇာရှိနေလို့ရှိရင် ဟီရိဩတ္တပ္ပ မရှိဘူး ဘုရားဟောတာကို ကြိုက်ကြရဲ့လား (ကြိုက်ပါ တယ်)။ အဝိဇ္ဇာ ချုပ်သွားလို့ ရှိရင် ဟီရိဩတ္တပ္ပလည်း ကပ်လာတယ်ကွ (တင်ပါ့)၊ ဘယ်ပါဠိတော်မှာ ပါသလဲ။ အဝိဇ္ဇာ ရှိနေလို့ရှိရင် ဟီရိဩတ္တပ္ပဆိုတာ ဘယ်တော့မှ မလာ ဘူး။ ဟီရိဩတ္တပ္ပဆိုတဲ့တရား မလာဘူး တဲ့။
အဟိရိက နဲ့ အနောတ္တပ္ပသာ လာနေတယ်။ မရှက်မကြောက် မလန့် တာတွေလာနေတယ် (မှန်ပါ့)၊ သဘောပါပြီနော် (ပါ,ပါတယ် ဘုရား)။ ကောင်းပြီ ဒါဖြင့် ဒီနေ့ ပြောရတာ ဘုန်းကြီးများလည်း အဖိုးတန်တယ်၊ ခင်ဗျားတို့ ဉာဏ်ထဲမှာ လည်း အမျိုးမျိုး ရှင်းသွားလိမ့်မယ် (တင်ပါ့)၊ မရှင်းဘူးလား (ရှင်းပါတယ် ဘုရား)။
(၁၆) ဉာဏ်က ရှင်သာရိပုတ္တရာရဲ့ မှတ်တမ်း
အခုဒီမှာ ဘယ်နှစ်ဉာဏ်ဟောသလဲ (နှစ်ဉာဏ် ဟောပါတယ်ဘု ရား)။ အနတ္တလက္ခဏာသုတ် (သုံးဉာဏ်)၊ အရှင်သာရိပုတ္တရာ မှတ်တမ်းကျတော့ ၁၅, ၁၆, ၁၀, ၁၆ မဟုတ်ဘူးလား။ အဲဒီတော့ အရှင်သာရိ ပုတ္တရာက ဘယ်လိုမှာခဲ့သတုံး၊ ငါလိုလူ ငါတစ်ယောက်ပဲ ရှိတယ်လို့ ပြောတယ်၊ ဒီပြင်လူ မလိုက်နဲ့လို့ ပြောတယ်။ ငါလိုလူဟာ ငါတစ်ယောက်တည်းပဲ ရှိတယ်။ ဒီပြင်လူ မလိုက် နဲ့တဲ့၊ လိုက်ရင်မှားလိမ့်မယ်၊ သူ့ဉာဏ်မျိုးလည်း မဟုတ်ဘူး။ သူ့ဆုတောင်းမျိုးလည်း မဟုတ်ဘဲနဲ့ ခင်ဗျားတို့က လိုက်နေ လို့ရှိရင် မောရုံပဲ ရှိမယ်၊ မောပြီးတော့ အချိန်ကြာသွားမယ်၊ ကြာသွားပြီး သကာလ သူ့ဆုတောင်းမျိုး မဟုတ်တော့ ရမှာ လည်း မဟုတ်ဘူးလို့ မဆိုနိုင်ဘူးလား။ အဲဒါကြောင့် နှစ်ဉာဏ်နဲ့ တက်တက်၊ သုံးဉာဏ်နဲ့ တက်တက် တောင်ထိပ် ရောက်တာသာ ပဓာနပဲကွ လိုရင်းပဲကွ။
တောင်ထိပ်ရောက်တာသာ ပဓာနု၊
သဘောပါသလား။ ဒီအတိုင်းသာ တက်တဲ့ နှစ်ဉာဏ်သုံးဉာဏ်နဲ့ဆိုရင် မတိုလွန်းဘူးလား တိုတို၊ မတိုတို တောင်ထိပ်ရောက်မှုသာ ပဓာနပဲ။ ဟုတ်ပြီလား (ဟုတ်ပါတယ်)၊ နိဗ္ဗာန်တည်း ဟူသော တောင်ထိပ် ရောက်မှုသာ (ပဓာန)၊ ပဓာန ပေါ်ပြီနော်။
ရှင်သာရိပုတ္တရာက ငါ့နောက်ဘယ်သူမှ မလိုက်နဲ့တနဲ့တဲ့
ကောင်းပြီ၊ ဒါဖြင့် အရှင်သာရိပုတ္တရာက ဘယ်လိုမှာခဲ့သတုံး ကိုထွန်းရင် (ငါလိုလူ ငါတစ်ယောက်ပဲ ရှိတယ်)၊ ငါလိုလူ ငါတစ်ယောက်ပဲ ရှိတာမှာ ခင်ဗျားတို့က သူနဲ့တူအောင် လုပ်လို့တော့ မဖြစ်ဘူး။ ငါတစ်ယောက် ရှိတယ် လို့ ပြောလျက်သားနဲ့ ခင်ဗျားတို့က တူချင်လို့တော့ ဖြစ်ပါ့ မလား (မဖြစ်ပါ ဘုရား)၊ ဘုရားတစ်ဆူမှာ တစ်ယောက် ရှိတယ်။ မောနေယျတို့၊ လက်ဝဲရံတို့ လက်ယာရံတို့ဆိုတာ ဘုရားတစ်ဆူမှာ တစ်ယောက်စီ ရှိတာကိုး။ အဲဒီဘက် လိုက် မနေနဲ့၊ မလိုက်ရစ်နဲ့လို့ မှာပစ်ခဲ့တယ်။ သဘောပါသလား။
ဘုရားဟောတဲ့အတိုင်း နှစ်ဉာဏ်၊ သုံးဉာဏ်နဲ့ တက်ပါ
အရှင်သာရိပုတ္တရာ ဘယ့်နှယ်မှာသလဲ (သူ့နောက် မလိုက်နဲ့တဲ့)၊ ငါလိုလူတော့ ငါ့ဉာဏ် အတိုင်းတော့ မလိုက်နဲ့၊ ငါလိုလူက ငါတစ်ယောက်သာ ရှိတယ်။ မင်းတို့တော့ မြတ်စွာ ဘုရား ဟောတော်မူခဲ့အတိုင်းပဲ နှစ်ဉာဏ်နဲ့ တက်တက်၊ သုံးဉာဏ်နဲ့တက်တက်၊ ကျုပ်တို့က ဉာဏ်ထိုင်းတဲ့ အတွက် မှတ်တမ်း မဆောင်နိုင်ဘူး။ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။ ဖြစ်ပျက် ဥဒယဗ္ဗယ, သင်္ခါရုပေက္ခာဉာဏ်, အနုလောမဉာဏ် ဂေါတြဘူ, မဂ်ဉာဏ် ဖိုလ်ဉာဏ်, ပစ္စဝေက္ခဏာဉာဏ် သူက ဒါတွေအကုန် “နုတ်” (note) တွေလုပ်သွားတယ်။
ချွေးကျပြီးအချိန်ကုန်မှာစိုးလို့
အဲဒီတော့ ငါလို နုတ် (note) တွေလုပ်တဲ့ ပုဂ္ဂိုလ်ဟာ ငါတစ်ယောက်ရှိတယ်။ ဒီပြင်သူသည် နုတ် (note) တွေနဲ့ မဖြစ်ဘူး။ ပေါ်ပြီလား ဒီဟာကို မြင်လို့ပြောတာ။ ကျုပ်က ဒီလိုလုပ် နေမှာစိုးလို့ ချွေးဒီးဒီးကျပြီး အချိန်ကုန်သွားမှာ စိုးလို့။ ဒါက တော်တော့ ဆရာသင်ပေးလို့လည်း မရဘူးဆိုတော့ အခု အရှင်သာရိပုတ္တရာနဲ့ အရှင်မောဂ္ဂလာန် ပြောတဲ့ဝတ္ထု ပြောလိုက်လို့ ခင်ဗျားတို့ ရှင်းသွားတာပေါ့။ ငါလိုလူ ငါ တစ်ယောက်သာရှိတယ်။ ငါ့နောက် ဘယ်သူမှ မလိုက်နဲ့။ အရှင်မောဂ္ဂလာန်ကတော့ ဒီဖြစ်ပျက်ထောက်မိရာကနေပြီး တက်သွားတယ် (တင်ပါ့)၊ ငါကတော့ ပြန်ဆင်းပြီး ဟိုလှည့်တယ် (လှည့်ပါတယ်)၊ မလှည့်ဘူးလား။
ဘာမှရှည်မနေနဲ့ရှည်နေရင်ကြာနေမယ်
အဲဒီတော့ ကွာ၊ အရှင်သာရိပုတ္တရာ သွားတဲ့ နိဗ္ဗာန်၊ အရှင်မောဂ္ဂလာန် သွားတဲ့နိဗ္ဗာန်၊ သူရာမုခတို့လို သေသောက်ကျူးသွားတဲ့ နိဗ္ဗာန် ထူးသေးသလားလို့ မေးလိုက်တယ်။ နိဗ္ဗာန်ကျတော့ (မထူးပါ)၊ မဂ်ဝင်ရင် ဘာထူးတာမှတ်လို့။ သူရာမုခ သေသောက်ကျူးက သွားတဲ့ နိဗ္ဗာန်က လည်း ဒီနိဗ္ဗာန်ပဲ၊ ဒုက္ခခပ်သိမ်းငြိမ်းတာပဲ (မှန်ပါ့)၊ ဘုရားသွားတဲ့ နိဗ္ဗာန်ရော (ဒုက္ခခပ်သိမ်း ငြိမ်းတာပါ၊ အတူတူပါပဲ ဘုရား)။
တူတူပဲဆိုတော့ ခင်ဗျားတို့က လောကီဂုဏ် ငဲ့နေ တာဖြင့် အတူတူဖြစ်ချင်မှ ဖြစ်မယ်။ ဟိုရောက်ပုံ ရောက်တဲ့ နေရာမှာ ဘယ်သူမှ မထူးဘူး။ ထူးသေးသလား (မထူးပါ)၊ အဲဒါကြောင့် ခင်ဗျားတို့ သာဝက ပါရမီဉာဏ်သွားလိုက်၊ ဘာမှရှည်မနေနဲ့၊ ရှည်နေရင် ခန္ဓာဝန် ထမ်းပြီးတော့ ဒုက္ခ ရောက်မယ်။ မရောက်ပေဘူးလား၊ အေး ဒါဖြင့် တရား သိမ်းတော့မယ်၊ တစ်နာရီပြည့်ပြီ။
ရှင်သာရိပုတ္တရာက (၁၆) ဉာဏ်ဟောတယ်
ဘယ်နှစ်ဉာဏ် ဟောသတုံး (နှစ်ဉာဏ်)၊ အနတ္တ လက္ခဏာသုတ်မှာ ဘယ်နှစ်ဉာဏ် ဟောသတုံး (သုံးဉာဏ်ပါ)၊ သုံးဉာဏ်ဟောတယ်။ အရှင်သာရိပုတ္တရာ ဟောတဲ့ ပဋိသမ္ဘိဒါမဂ် ကျတော့ ဆယ့်ခြောက်ဉာဏ်ဟော တယ် (ဆယ့်ခြောက်ဉာဏ်ပါ)၊ သူက ငါလိုလူ ငါ တစ်ယောက်ပဲရှိတယ်၊ ငါ့နောက်မလိုက်နဲ့တဲ့။ အရှင်သာရိ ပုတ္တရာက ပြောတယ် (မှန်ပါ့)။
ဘုရားကဉာဏ်စဉ်ဟောမနေတော့ဘူး
ဆိုတော့ ဒါမလိုက်နဲ့၊ ဒါကိုလိုက်။ ဒါအများသွားတဲ့ လမ်းပဲ။ ခုနက ဘုရားသွားတဲ့လမ်း ဒီလမ်းပဲ။ အခုန ရဟန်း ပေါင်း ငါးရာသွားတာလည်း-ဒီလမ်းပဲ။ ပဉ္စဝဂ္ဂီရဟန်းတွေသွား တာလဲ ဒီလမ်းပဲ။ နောက်နေရာတိုင်း ဟောတာက ဉာဏ်စဉ် ကို ဘုရားဟောမနေတော့ဘူး။
ဉာဏ်စဉ်မပါပဲနဲ့ နိဗ္ဗာန်ကိုကူးသွားတယ်
အေး အနိစ္စရှု “သဗ္ဗေသင်္ခါရာ အနိစ္စာတိ၊ ယဒါ ပညာယ ပဿတိ” ဆိုတော့ ဒါနဲ့ ရဟန်းငါးရာ ကျွတ်တယ်၊ ဒီတော့ ဉာဏ်စဉ်ပါသေးသလား (မပါ,ပါ)၊ မပါတော့ ဘူး။ အနိစ္စကနေပြီး အနိစ္စဆုံးတဲ့ဉာဏ်ကို ကူးသွားတယ်။ ဒုက္ခကနေပြီး ဒုက္ခကင်းတဲ့ နိဗ္ဗာန်ကို ကူးသွားတယ်။ အနတ္တ ကနေပြီး အနတ္တဆုံးတဲ့ နိဗ္ဗာန်ကို ကူးသွားတယ်။ ရှင်းပြီလား (ရှင်းပါပြီ)၊ အဲဒါကြောင့် ခင်ဗျားတို့ လျှာရှည်မနေနဲ့၊ လျှာရှည်နေရင် ကြာနေမယ်။