027

မာတိကာသို့

ယောဂီများအတွက် အလုပ်စဉ်

အသံဖိုင်ခေါင်းစဉ်= အမှောင်(၅)စင်းအလင်း(၅)ချက် အမှတ်(၅)

စာအုပ်ခေါင်စဉ်= ယောဂီများအတွက် အလုပ်စဉ်

မှတ်ချက်။ ။စာအုပ်ပါရက်စွဲနှင့် အသံတော်တရားရက်စွဲ မကိုက်ပါ။

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ် ဆရာတော်ဘုရားကြီး မိုးကုတ်မြို့၌

ဟောကြားတော်မူသော တရားတော်

ယောဂီများအတွက် အလုပ်စဉ်

(၈-၅-၆၁)

ဝိဇ္ဇာ ဥဒပါဒိ ဖြစ်မှ သောတာပတ္တိ မဂ်ရတယ်လို့ ဒကာဒကာမတွေက မှတ်ရမယ် (မှန်ပါ)။ ဝိဇ္ဇာ- ဝိဇ္ဇာသည်၊ ဥဒပါ ဒိ-ဖြစ်ပေါ်လာ၏လို့ – ဓမ္မစကြာမှာ လာသောကြောင့် ဝိဇ္ဇာဖြစ် တယ်ဆိုလို့ရှိရင် အားလုံး ဒကာ – ဒကာမတွေ မှတ်စရာက သြော် – နိဗ္ဗာန်မြင်တာကိုးလို့သာ မှတ်လိုက်ကြပါ (မှန်ပါ)။

ဝိဇ္ဇာဖြစ်တယ်ဆိုတာ နိဗ္ဗာန်မြင်တာ

ဝိဇ္ဇာဖြစ်တယ်ဆိုတာ ဘာပါလိမ့် (နိဗ္ဗာန်မြင်တာ ပါ ဘုရား)။ နိဗ္ဗာန်မြင်တာလို့ မှတ်ထား လိုက်ရင် ရှင်းနေတာ ပဲ (မှန်ပါ)။

အဲဒီဝိဇ္ဇာဖြစ်ဖို့ အရေးဟာက ဒီဝိဇ္ဇာ ပေါ်ဖို့ရာမှာ အဝိဇ္ဇာက အုပ်ချုပ်ဖုံးလွှမ်းနေတာက ဘယ်နှထပ်မှန်းမသိလို့ ရှိရင် ခက်နေမှာစိုးတဲ့အတွက် သူ့အစဉ်အလိုက် ခွဲရမယ်ဆိုတာကို ဒကာ-ဒကာမတွေ သိနှင့်ထားမှ ဪ- ငါသည် တစ်ထပ် ခွာပြီးပြီ၊ နှစ်ထပ်ခွာပြီးပြီ၊ သုံးထပ်ခွာပြီးပြီ၊ လေးထပ်ထဲ ရောက်နေပြီ၊ နီးပေါ့ပဲဆိုတာ နိဗ္ဗာန်သွားတာလဲ သူ့မှတ်တိုင်နဲ့သူ သွားမှသာလျှင် ခရီးပေါက်နိုင်တယ်ဆိုတာ မှတ်ထားကြပါ (မှန်ပါ)။

ကိုစောမောင် ရမ်းသွားလို့ဘယ့်နှယ်တုံး (မရပါ ဘူး)။ သပိတ်ကျင်းက ဒီကိုလာတယ်ဆိုရင် ဒကာ- ဒကာမတို့ သြော်- ဘယ်နှမိုင်ရောက်ပြီ၊ ဘယ်မိုင်ရောက်ပြီ- မိုးကုတ်ကို မိုင်ခြောက်ဆယ် ဝေးတယ် ဆိုတော့ ဘယ်လောက်သာ ကျန်တော့တယ် ဆိုတော့ သွားရတဲ့ ပုဂ္ဂိုလ်ဟာလဲ အားအင် ဗလလဲ ရှိပါတယ်၊ ရောက်မယ် မရောက်ဘူးဆိုတာလဲ ကိုယ့်ဟာကိုယ် ဆုံးဖြတ်ချက်ချနိုင်ကြသလို ဒီမှာလဲ ဒကာ ဒကာမတို့ မဂ်ဉာဏ် တည်းဟူသော ဝိဇ္ဇာပေါ်မှာ အဝိဇ္ဇာ ငါးချက်အုပ်ထားတော့ ပထမ အထပ်ခွာပြီးလို့ရှိရင် လေးထပ်သာ ကျန်တော့သဟ ဒုတိယ အထပ်ပါ ခွာလိုက်လို့ ရှိရင် သုံးထပ်သာ ကျန်တော့သဟ၊ တတိယထပ်ကို ခွာလိုက်ပြန်ရင်လဲ နှစ်ထပ်သာ ကျန်တော့သဟ- ဆိုတော့ ဒကာ ဒကာမတွေ မှန်းခြေရှိတယ်နော် (မှန်ပါ့)

ဝိပဿနာလုပ်ဟယ် လုပ်တယ်ဆိုလို့ လုပ်ပြီး သကာလ နေငြားသော်လည်း ကိုစောမောင် မှန်းခြေမပါလို့ရှိရင် ဘယ်တော့များ ဘာဖြစ်မှာပါလိမ့်မတုံး- ဒီလိုတွေးနေလို့ရှိရင် မလွဲပေ ဘူးလား (လွဲပါတယ် ဘုရား)။ အဲဒီတော့ ဘယ်တော့ ဘာ ဖြစ်မှန်းမသိဘူး၊ ပါရမီဖြစ်အောင်လုပ်ရတာပဲလို့၊ ဟော- ပါရမီ ဘက်သွားပြီး ထိုင်တတ်တယ် (မှန်ပါ)။ ပါရမီဘက် သွားပြီးမထိုင်ပါနဲ့လို့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေကို သတိပေးလိုက် ပါတယ်။

သူ့အထပ် သူကွာလို့ရှိရင် ဒကာ- ဒကာမတို့သည် ဥပမာမယ် ကမ္မဿကတာဉာဏ် ဗုဒ္ဓဘာသာမှာ ရှိပြီးသားပဲ၊ ဒီတော့ ခွာမနေနဲ့တော့ မောင်နိုင် ကွာပြီးသား (မှန်ပါ)။

ဪ- ခန္ဓာကိုယ်ထဲမှာ နာမ်နဲ့ရုပ်ပဲ ရှိတာပဲ သိနေလို့ ရှိရင်လဲ ဒါ နောက်ထပ် ခွာမနေနဲ့တော့ ကိုစောမောင်၊ ဒါဟာ အပိုပဲ (မှန်ပါ)။ နှစ်ထပ် ကွာသွားပြီနော် (မှန်ပါ)။

ပဋိစ္စသမုပ္ပါဒ်သိရင် သုံးထပ်ကွာပြီ

ဒါဖြင့် ခန္ဓာကိုယ်ကြီးဟာ ဘယ်အချိန်မှာ ဘာပဲပေါ် ပေါ် ပဋိစ္စသမုပ္ပါဒ်တွေ ပါကလားလို့ သိနေပြန်လို့ရှိရင်လဲ သုံးထပ်ကွာသွားတာပဲ ဒကာ-ဒကာမတို့၊ ဒါနောက်ထပ် လုပ်နေဖို့ လိုသေးသလား (မလိုပါဘူး ဘုရား)။

အဲဒီတော့ သြော်- သုံးထပ် ကွာပြီးပြီ။ ဖြစ်ပျက်ကို မြင် ပါပြီ။ တပည့်တော်တို့ဖြင့် ဖြစ်တာ ကလေးတွေ၊ ပျက်တာ ကလေးတွေ၊ ခန္ဓာကိုယ်ထဲမှာ ကြည့်လိုက်တဲ့ အခါကျတော့ ရုပ်ရှုတဲ့ ပုဂ္ဂိုလ်ဟာ ရုပ်ဖြစ်ပျက်မြင်တယ်၊ နာမ်ရှုတဲ့ ပုဂ္ဂိုလ်ဟာ နာမ်ဖြစ်ပျက် မြင်တယ်၊ နောက်ဆုံး ပိတ် တစ်နေ့ကျတော့ ခန္ဓာ ကိုယ်ထဲမှာ ဖြစ်ပျက် မြင်တယ် ဆိုလို့ရှိရင်ပဲ လေးထပ်ကွာ နေပြီလို့ မှတ်ရမယ် (မှန်ပါ)။

ဘယ်ကစပြီး လုပ်ရမှာတုံး

ဒါဖြင့် တပည့်တော်တို့သည်ကားလို့ဆိုရင် အခုတရား နာနေတာ ကြာပြီ၊ လုပ်လဲ လုပ်နေပါပြီ၊ တပည့်တော်တို့ ဘယ်က စပြီး လုပ်ရမှာတုံးလို့ မေးလို့ရှိရင် ဒကာ- ဒကာမတွေ ၁-တွေ ၂-တွေ ၃-တွေ လုပ်မနေနဲ့တော့၊ ၄-နံပါတ်ကသာစပြီးလုပ် (မှန်ပါ)။ ဒီ ဒကာ- ဒကာမတွေ ကျတော့ ၄-နံပါတ်ကသာ စပြီး လုပ်ပါလို့ ဘုန်းကြီးများက တိုက်တွန်းတယ်နော် (မှန်ပါ)။

နာမ်နဲ့ရုပ် အထူးခွဲစရာမလို

ဘယ်နှစ်နံပါတ်က စလုပ်ရမလဲ (၄-နံပါတ်က စ လုပ်ရပါမယ်)။ ၄-နံပါတ်က စလုပ်၊ ဖြစ်ပျက်ကသာ စပြီးလုပ် ပါ။ ဟိုဟာတွေက ၁-နံပါတ်ဟာ ခင်ဗျားတို့ မိဘရိုးရာကပင် နားလည်ခဲ့ပါတယ် (မှန်ပါ)။ ဗုဒ္ဓဘာသာ သာ မှန်က မိဘ ရိုးရာက နားလည်ခဲ့တယ် (မှန်ပါ)။ ကမ္မဿကတဉာဏ် ရပြီးသား မနေဘူးလား (နေပါတယ် ဘုရား)။

၂-နံပါတ်ကျတော့ ဆရာဘုန်းကြီးက သွားချင်တာက နာမ်၊ သွားတာက ရုပ်ဟေ့- စားချင်တာက နာမ်၊ စားတာက ရုပ်ဟေ့ဆိုတော့ ဘာပဲ လုပ်ချင်လုပ်ချင် လုပ်ချင်တာ နာမ်၊ လုပ်တာက ရုပ်ချည့် မှတ် လိုက်လို့ရှိရင် ဒါ အထူးခွဲပြီး သကာလနေဖို့ မောင်နိုင်တို့ လိုသေး သလား (မလိုပါဘူး)။ မလိုတော့ ဒီဟာကစပြီး လုပ်မနေနဲ့ ကိုစောမောင်။

ဒါဖြင့် ဘုရား တပည့်တော်တို့ ဘယ်ကစလုပ်ရမှာတုံး ဆိုတော့- ဒကာ-ဒကာမတို့ ဆရာခွာ ပေးတာက သုံးချက် ပြီးပါပြီ (မှန်ပါ)။

ကိုယ်တိုင် ခွာရမှာက တစ်ချက်တည်းပါ (မှန်ပါ)။ ၄-နံပါတ်ကတော့ ကိုယ်တိုင် ခွာရမယ်- (မှန်ပါ)။ ၄-နံပါတ် အဝိဇ္ဇာဖုံးနေတာတော့ဖြင့် မမြင်မြင်အောင် ရှုရလိမ့်မယ် ကိုစော မောင် (မှန်ပါ)။ မမြင်မြင်အောင် ရှုလိုက်လို့ ဖြစ်တာနဲ့ ပျက် တာကလေးတွေ မြင်နေပါပြီ ဆိုလို့ ရှိရင် မလျှော့နဲ့ တော့တဲ့၊ ဒီ ဒကာ ဒကာမတွေ ဖြစ်တာနဲ့ ပျက်တာ ၄-နံပါတ် ရင့်ပြီ ဆိုလို့ရှိရင် ၅-နံပါတ်ဖြစ်တဲ့ ဝိဇ္ဇာ ဥဒပါဒိ- ဖြစ်တော့မယ်။ (ဝါ) သောတာပတ္တိ မဂ်ရတော့မယ် (မှန်ပါ)။ သဘောကျပြီလား (ကျပါပြီ)။ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် သောတာပတ္တိမဂ်ရခြင်း၏ အကြောင်းသည်ကား လို့ ဆိုလို့ရှိရင်ဖြင့် ယနေ့ ထူးထူး လည်လည် ပြောရမှာက ဒကာ ဒကာမတို့၊ ၄-နံပါတ်ရင့်ကျက်ဖို့ အရေးကြီးတယ် (မှန်ပါ)။

၄-နံပါတ် ရင့်ကျက်ဖို့အရေးကြီးတယ်

ဘာပါလိမ့် ဒကာ- ဒကာမတို့ (၄-နံပါတ် ရင့်ကျက်ဖို့ အရေးကြီးပါတယ် ဘုရား)။ ၄-နံပါတ် ရင့်ကျက်ဖို့ အထူး တလည် အရေးကြီးတယ်လို့ မှတ်ပါ (မှန်ပါ)။

၄-နံပါတ် ရင့်ကျက်ဖို့ဆိုတဲ့ ဥစ္စာက ဘယ်လို ရင့်ကျက် တာသိရမှာတုံးလို့ မေးတဲ့ အခါကျလို့ ရှိရင်ဖြင့် ဝါးလုံးနှစ်လုံးကို ရှေးကတော့ မီးခြစ်က မရှိသေးတော့ စာတွေထဲမှာ ဥပမာပြ ထားတာ ပါတယ်နော် (မှန်ပါ)။ ဝါးနှစ်လုံးကို မောင်နိုင်က အားကောင်းကောင်းနဲ့ ဘယ်ဘက်က တစ်လုံး ကိုင်၊ ညာဘက်က တစ်လုံးကိုင်ပြီး တိုက်နိုင် သလောက် တိုက်လို့ရှိရင် ပထမတော့ ဘယ်လိုမှ မီးမထွက်ဘူး (မှန်ပါ)။ ထွက်ပါ့မလား (မထွက် ပါဘူး)။ မထွက်သေးတော့ ဘာထွက် မလဲလို့ မေးတဲ့အခါ ပထမတော့ အအေးဓာတ်က နေပြီး အပူဓာတ်တော့ ကိုစောမောင် ပြောင်းရမယ် (ပြောင်းသွားပါတယ် ဘုရား)။

အပူဓာတ်ပြောင်းလာတဲ့တစ်နေ့ကျလို့ရှိရင် သြော် မီးထွက်ဖို့ နိမိတ်တော့ မသေချာ သေးဘူးလား (သေချာပါတယ် ဘုရား)။

ဒါဖြင့် ပူတာပဲ ဝါးနှစ်လုံးစလုံး ပူနေပြီ။ ပူပေမယ့်လဲ ကိုစံလှတို့ ကြိုးစားပြီး ပွတ်ပါအုံး လို့ ဆိုလို့ ရှိရင် မီးတော့ ထွက်လာမှာပဲ။ မထွက်ပေဘူးလား (ထွက်လာမှာပါ ဘုရား)။ ဒါဖြင့် မီးထွက်မှု၊ မထွက်မှုသည် ဒကာ ဒကာမတို့ ပွတ် သော ပုဂ္ဂိုလ်၏ လုံ့လဝီရိယပေါ်မှာ မှီနေတယ်ဆိုလို့ရှိရင်လဲ လွဲပါ့မလား (မလွဲပါဘူး)။

မီးမထွက်ခင် ပွတ်နေတာနဲ့ တူတယ်

ဒါကြောင့် ၄-နံပါတ်သည် ဒကာ ဒကာမတို့ မီးမထွက် ခင် ပွတ်နေတာနဲ့ တူတယ်နော် (မှန်ပါ)။ ၅-နံပါတ်သည် မီးပွင့်လာတာနဲ့ တူပါတယ် (မှန်ပါတယ်)။ ဒီတော့ ၄-နံပါတ် မပါဘဲနဲ့ ၅-နံပါတ် လိုရာ ခရီးကိုတော့ မရောက်နိုင်ဘူး (မှန် ပါ)။ သဘောကျပြီလား (ကျပါပြီ)။

၄-နံပါတ် မပါဘဲနဲ့ (၅-နံပါတ် လိုရာ ခရီး မရောက်ပါ ဘူး)။ ပူမှ မပူ ပွတ်မှမပွတ်ဘဲနဲ့တော့ မီးထွက်လာနိုင်ပါ့မလား ဆိုတာ ဒကာ ဒကာမတွေပဲ စဉ်းစားပါ (မထွက်နိုင်ပါဘူး ဘုရား)။

ဒါက ဥပမာပြတာ။ ဒီဥပမာကို နာမရူပ ပရိစ္ဆေဒကျမ်း စသည်မှာ ဖော်ပြထားပါတယ် (မှန်ပါ)။ အဲဒီနာမရူပ ပရိစ္ဆေဒ ကျမ်းမှာပဲ ကိုစောမောင် လာပြန်တယ်။

ပရိပက္ကာ ကမေနေဝံ၊ ပရိဘာဝိတ ဘာဝနာ

ပရိစ္စဇန္တိ သင်္ခါရေ၊ ပက္ခန္ဒတိ အသင်္ခတေ လို့

လာပြန် တယ်။ ဧဝံ- ဤသို့။ ကမေန- အစဉ်အားဖြင့်၊ ပရိပက္ကာ – ရင့်အောင်လုပ်ပါတဲ့ (မှန်ပါ)။ ဖြစ်ပျက်ကလေးတွေကို မြင်သည် ထက် မြင်အောင်၊ စိပ်သည်ထက်စိပ်အောင် ကြည့်ပေးပါ(မှန်ပါ)။ သဘောကျပြီလား (ကျပါပြီ)။

ဖြစ်ပျက်ကို စိပ်သည်ထက် စိပ်အောင်လုပ်

ဖြစ်ပျက်ကလေးကို (မြင်သည်ထက်မြင်အောင်လုပ်ပါ မယ် ဘုရား)။ မြင်သည်ထက် မြင်အောင်၊ စိပ်သည်ထက် စိပ်အောင် မောင်နိုင်တို့ အားလုံး တရားနာတဲ့ ဒကာ၊ ဒကာမတွေ ကြည့်ပေး စမ်းပါ (မှန်ပါ)။

ပရိဘာဝိတ ဘာဝနာတဲ့ ဒီဟာကလေးကြည့်ပါများလို့ ပွားများပြီး သကာလ နေရတာ ကိုစောမောင်ကြည့်ပါများလာ လိမ့်မယ် (မှန်ပါ)။ အဲဒီကျလာတော့ မြင်တဲ့ဉာဏ်ကလေး ဟာ ပထမတော့ ဖြစ်ပျက်မြင်လာရာက ပရိစ္စဇန္တီ သင်္ခါရေ-တဲ့။

နောက်ကျတော့ ဖြစ်ပျက်ကလေးတွေကို ဒီဉာဏ်က စွန့်သွား လိမ့်မယ်တဲ့ (မှန်ပါ)။ ရှုနေတဲ့ဉာဏ်က ဖြစ်ပျက်ကို စွန့်လိမ့် မယ် (မှန်ပါ)။ သဘောကျပြီလား (ကျပါပြီ)။

ရှုတဲ့ဉာဏ်က နိဗ္ဗာန်ဘက်ပြေးဝင်တယ်

ရှုတဲ့ဉာဏ်ကဖြစ်ပျက်စွန့်ပြီး သူသည် ဘယ်ဘက်ကို ပြေးဝင်သွားလိမ့်မလဲလို့ မေးဖို့ မလိုဘူးလား (လိုပါတယ်)။

ရှုရင်း ရှုရင်းနဲ့ ဖြစ်ပျက်ကိုလဲ စွန့်ပါရော ကိုစောမောင် ပက္ခန္ဒတိ အသင်္ခတေ- တဲ့။ အသင်္ခတေ= အသင်္ခတဓာတ် နိဗ္ဗာန်မြတ်၌၊ ပက္ခန္ဒတိ= သူဟာ ပြေးဝင်သွား၏တဲ့ (မှန်ပါ)။

ပထမတော့ဖြင့် သူဖြစ်ပျက်ပေါ်မှာပဲ နေပါတယ်တဲ့ ရှုတဲ့ဉာဏ်ကလေးဟာ (မှန် ပါ)။ ရင့်ကျက်တယ် မရင့်ကျက်ဘူးဆိုတာလဲ ဖြစ်ပျက်ပေါ်မှာပဲ ဉာဏ်ကလေးက စိုက်ခနဲ စိုက်ခနဲနဲ့ သွားနေလို့ရှိရင် ဒါဟာရင့်ကျက် နေပြီသာ မှတ်ပါတော့ (မှန်ပါ)။

ဖြစ်ပျက်နဲ့ဉာဏ်နဲ့တည့်နေရင်

ရင့်ကျက်နေတုန်းကို ဘုန်းကြီးတို့က ဒကာ ဒကာမတွေ မှာလိုက်ပါတယ်။ ဒီရင့်ကျက် နေတဲ့ ဥစ္စာ ဖြစ်ပျက်နဲ့ ဉာဏ်နဲ့ ဟာ စိုက်ခနဲ စိုက်ခနဲ တည့်တည့်နေလို့ရှိရင် ကိုစောမောင် ဒီအချိန် မှာ ဘယ်ကိစ္စတွေ မဝင်ဘဲနဲ့သာ လုပ်နေ။ ဖျက်ဆို တစ်ခါတည်း ဖြစ်ပျက် ကလေးကို ရှုနေတဲ့ ဉာဏ်ကလေးဟာ စွန့်သွားတယ် (မှန်ပါ)။ စွန့်သွားပြီး ဘယ်ဘက် ပြေးဝင် သွားသတုံး ဆိုတော့ ပက္ခန္ဒတိ အသင်္ခတေတဲ့။ အသင်္ခတေ အသင်္ခတဓာတ် နိဗ္ဗာန် မြတ်ဘက်သို့၊ ပက္ခန္ဒတိ ပြေးဝင် သွားတယ်တဲ့ (မှန်ပါ)။

ဒီဉာဏ်ကလေးဟာ ပထမတော့ ကိုစောမောင်ရေ ဖြစ်ပျက်ကလေး ဘက်ချည်း လှည့်နေတယ် (မှန်ပါ)။ ဒါကလေး က ဖြစ်ပျက် နှစ်ခုထားပါ။ ဒါက နိဗ္ဗာန်ထားပါ (မှန်ပါ)။ ဒီ အစိမ်း ကလေးက နိဗ္ဗာန်နော် (မှန်ပါ)၊ ဒီက ယောဂီ ပုဂ္ဂိုလ် က ရှုနေတယ် (မှန်ပါ)။

ယောဂီ ပုဂ္ဂိုလ်ကရှုနေတော့ ခန္ဓာကိုယ်ထဲမှာက ဖြစ် လိုက်ပျက်လိုက်၊ ဖြစ်လိုက်ပျက်လိုက် ဒါချည့်တွေ့နေတယ် (မှန်ပါ)။ ဒါက ယောဂီပုဂ္ဂိုလ်၏ ဉာဏ်၊ မောင်နိုင့် ဉာဏ်၊ ကိုစော မောင်တို့၏ ဉာဏ်၊ ဒါက ကိုယ့်ခန္ဓာဖြစ်ပျက် (မှန်ပါ)။

ဒါကိုသာ ကြည့်နေပါ

ပထမတော့ ဒီလိုချည့်ပဲ နေတယ်။ ဒီလိုချည့်ပဲနေတော့ ဒကာ ဒကာမတွေက ဒါတွေဟာ ဖြစ်လိုက်ပျက်လိုက်၊ ဖြစ်လိုက်ပျက်လိုက်နေတာပါကလား ဒါပဲ ဒါသာ ကြည့်နေ ဒီပြင် ဘာမှ မကြည့်နဲ့ မောင်နိုင် (မှန်ပါ)။ အားလုံး ဒကာ ဒကာမတွေ၊ ဒီနေ့တော့ အလုပ်စပြီ နော် (မှန်ပါ)။ ဖြစ်လိုက် ပျက်လိုက်ကိုသာ ကြည့်နေရမယ်၊ ဘယ်ဟာမှ မကြည့်ပါနဲ့ (မှန်ပါ)။

ဉာဏ်က ဘယ်ဟာကိုကြည့်နေရမလဲ (ဖြစ်လိုက်ပျက်လိုက်ကိုသာ ကြည့်နေရမယ်)။

ခန္ဓာကိုယ်ထဲမှာ ရုပ်ကြည့်လဲ ဖြစ်ပျက်တွေ့တာပဲ၊ စိတ်ကြည့်လဲ ဖြစ်ပျက်တွေ့တာပဲ။ ဝေဒနာ ကြည့်လဲ ဖြစ်ပျက်တွေ့တာပဲ။ သစ္စာကြည့်လဲ ဖြစ်ပျက်တွေ့တာ ပဲ။ ဒီပြင်ဘာမှ တွေ့စရာ မရှိဘူး ကိုစောမောင်။ ရှိတာက ဒါပဲ ရှိတာကိုးဗျ (မှန်ပါ)။

ဉာဏ်နဲ့ကြည့်လိုက်တဲ့အခါကျတော့ ဉာဏ်က ရှိတာ တွေ့မှာပဲ၊ မရှိတာ တော့ တွေ့ပါ့ မလား။ (မတွေ့ပါဘူး)။

အဲဒီ တော့ ပရိစ္စဇန္တီ သင်္ခါရေတဲ့။ ဒီဉာဏ်ဟာ ဟောဒီ ဖြစ်ပျက်နှစ်ခု ဟာ သင်္ခါရတရား နှစ်ခု (မှန်ပါ)။ အဲဒါကို စွန့်သွား တယ်။ ဉာဏ်က စွန့်တယ် (မှန်ပါ)။ ပထမတော့ သူဒီဟာနဲ့ ဖြစ်ပျက် နဲ့ တည့်နေတယ်။ ဘယ်ဘက်သွားသတုံး ဆိုတော့ ဒီဘက် စောင်းဝင်သွားတယ်။ ဒီဟာက နိဗ္ဗာန်လို့ ခုနင်ကပြောခဲ့ တယ် (မှန်ပါ)။ ဒါကို စွန့်ပြီး ဒီဘက် ပြေးဝင်သွားတယ်တဲ့။ ဒီဉာဏ်ပဲ (မှန်ပါ)။

နာမရူပ ပရိစ္ဆေဒ ကျမ်းကလာတယ်

ပထမဒီဉာဏ်ဟာ ဖြစ်ပျက်ပေါ်မှာတည့်နေတယ် (မှန်ပါ)။ နောက်ကျတော့ ဒီဉာဏ်ဟာ ဘယ်ဘက် ဝင်သွားသတုံး (နိဗ္ဗာန်ဘက် ဝင်သွားပါတယ်)။ ဖြစ်ပျက် ဆုံးတဲ့ နိဗ္ဗာန် ဘက် ဝင်သွားတယ် (မှန်ပါ)။

ဒါ ပါဠိကို နားထောင်ကြည့် ပရိစ္စဇန္တီ သင်္ခါရေ။ သင်္ခါရေ ခုနင်က ရှုနေတဲ့ သင်္ခါရ နှစ်ခုတို့ကို။ ပရိစ္စဇန္တီ ဆိုတာ စွန့်တယ် (မှန်ပါ)။ ဒီဉာဏ်က စွန့်သွားတယ် (မှန်ပါ)။

ဒကာ ဒကာမတို့ သေသေချာချာမှတ်ကြပါနော် ဉာဏ် က ဘာကို စွန့်သွားသတုံး (သင်္ခါရကို စွန့်သွား ပါတယ်)။ ဖြစ် ပျက် သင်္ခါရကို စွန့်သွားတယ်။ သဘောပါကြပြီလား (ပါပါ ပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ နိဗ္ဗာန်ဟာ အနီးကလေးပါ လား (မှန်ပါ)။ ဒါဟာ နာမရူပ ပရိစ္ဆေဒ ကျမ်းက လာတဲ့ အဓိပ္ပာယ်ကို ယူပြီး ပြောပါတယ် (မှန်ပါ)။

ဒါဖြင့် ဒကာ ဒကာမတွေ ၄-နံပါတ်မှာရှိတဲ့ အဝိဇ္ဇာက ဖြစ်ပျက်ကို ဖုံးထားတာကိုး (မှန်ပါ)။ ဖြစ်ပျက်ဖုံးထားတော့ ဖြစ်ပျက်မြင်တယ်ဆိုရင် ၄-နံပါတ် အဝိဇ္ဇာကွာသွားတယ် (မှန်ပါ)။

ဖြစ်ပျက် မြင်တယ်ဆိုရင် (၄-နံပါတ် အဝိဇ္ဇာမရှိပါ ဘူး)။ ၄-နံပါတ် အဝိဇ္ဇာ မရှိပါဘူး ဆိုတာ သေချာပြီလား (သေ ချာ ပါပြီ)။

အဝိဇ္ဇာဟာ ကြေက်စရာကောင်းတယ်

ဒါဖြင့် မြင်တယ်ဆိုလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ ၄-နံပါတ် အဝိဇ္ဇာဟာ အင်မတန် ကြောက်စရာ ကောင်းတဲ့ အဝိဇ္ဇာ (မှန်ပါ)။ ဒီထဲမှာ ၄-နံပါတ် အဝိဇ္ဇာဟာ မောင်နိုင် သိပ်ကြောက်စရာ ကောင်းပါတယ် (မှန်ပါ)။ အရှိကို အသိနဲ့ မကိုက်အောင် လုပ်ထားတယ် (မှန်ပါ)။ ဒီက ဖြစ်ပျက် အရှိကို ဟောဒီ အသိနဲ့ မကိုက်အောင် အဝိဇ္ဇာက ကြားခို ခိုထား တယ် (မှန်ပါ)။ သဘောကျရဲ့လား (ကျပါတယ် ဘုရား)။

အဝိဇ္ဇာထူလာရင် မမြင်တော့ဘူး

ဘယ်သူက ကြားခိုထားပါလိမ့် (အဝိဇ္ဇာက ကြားခို ထားပါတယ်)။ အဝိဇ္ဇာက ကြားခိုထား လိုက်တော့ ဖြစ်ပျက်နဲ့ ဉာဏ်နဲ့ကြားမှာ ဟောဒီ အဝိဇ္ဇာထုကြီးဟာ သေးတာ မဟုတ် ဘူး (မှန်ပါ)။ တစ်ခါ တလေ မြင်တယ်၊ တစ်ခါ တလေ မမြင် ဘူးဆိုလို့ရှိရင် သူပဲ (မှန်ပါ)။ မြင်တဲ့ အခါကျလို့ ရှိရင် သူပါး တဲ့အချိန်မှာပဲ အဝိဇ္ဇာပါးတဲ့ အချိန်မှာ (မြင်ပါတယ်)။ ထူလာ တဲ့အချိန်မှာ (မမြင်ပါဘူး)။

မမြင်ပြန်ဘူး ဆိုတော့ သြော် ငါ့မှာ ပါရမီ မရှိလို့လား ဘယ့်နှယ့် ကြောင့်ပါလိမ့် ဆရာဘုန်းကြီး ကလည်း ဖြစ်ပျက် မြင်မှ စတုတ္ထ အဝိဇ္ဇာကွာလို့ ဟောထားတယ် (မှန်ပါ)။ စတုတ္ထ အဝိဇ္ဇာ မကွာလို့ ရှိရင်လဲ ဖြစ်ပျက်ကို မတွေ့ပါဘူးဆိုလို့ ရှိရင်ဖြင့် သူဒီကြားထဲမှာ ခိုပြီသာ မှတ်ပေတော့ (မှန်ပါ)။

ဘယ်သူ ကြားခိုပါလိမ့် ဒကာ ဒကာမတို့ (အဝိဇ္ဇာ ကြားခိုပါတယ်)။ အဝိဇ္ဇာ ကြားခဲ့ပြီ ဆိုတာ သေသေ ချာချာမှတ် ပါနော် (မှန်ပါ)။

အဲဒီ အဝိဇ္ဇာ ကြားခိုနေတော့ ဒကာ ဒကာမတွေက ဘယ်လိုပြင်မလဲလို့ဆိုတာ ပြင်လုံးဟာ မလိုဘူးလား (လိုပါ တယ်)။ ပြင်လုံးက လိုလာတော့ ခင်ဗျားတို့ ဘယ်လိုပြင်မှသာ လျှင် ဒီဥစ္စာ ပျောက်ပါ့ မလဲလို့ မေးဖို့ လိုမလာဘူးလား (လိုပါ တယ် ဘုရား)။

အဝိဇ္ဇာကြားခိုနေလို့

အဲဒီတော့ သူကဖြင့် ကြားတော့ ခိုနေပြီ။ ကြားခိုလို့ အခု ငါထိုင်ရှု နေတာလဲ တော်တော် ကြာပြီ၊ ဖြစ်ပျက်ကိုလဲ မတွေ့ ဘူး။ မတွေ့တာ ပါရမီ မရှိလို့၊ အကြောင်း မသင့်လို့၊ ကိုစောမောင် ဒီလိုချည့် မယူပါနဲ့ (မှန်ပါ)။ ဒီအဝိဇ္ဇာ ကြားခိုနေလို့ (မှန် ပါ)။ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဒါ ဒီဘဝမှာ ခင်ဗျားတို့ကို ဆရာ ဘုန်းကြီးကလဲ အရ ရစေချင်လို့ကို ခရေစေ့ တွင်းကျ ပြောနေတယ်လို့ မှတ်ကြစမ်း ပါ (မှန်ပါ)။ ဒါအလုပ်မှာ အင်မတန် အရေးကြီးတဲ့နေ့ပဲဆို တာ စစ ကတည်းကပဲ အလုပ်ကို စပြောပါတယ် (မှန်ပါ)။

ဒါဖြင့် ၄-နံပါတ်မှာ ဖြစ်ပျက် မမြင်ရင် မောင်နိုင် ဘယ်သူ ကြားခိုသလဲ (အဝိဇ္ဇာ ကြားခို ပါတယ် ဘုရား)။ ဒီတော့ ဖြစ်ပျက် မမြင်အောင်ဖုံးတဲ့ အဝိဇ္ဇာ ဆိုတာ မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။

၃-နံပါတ် ပြန်လုပ်

ဒါဖြင့် ဒကာ ဒကာမတို့၊ သူ့ကို ဖယ်နည်း ရှားနည်း နိဿ ရည်းဟာ မလိုဘူးလား (လိုပါတယ်)။ လိုလာတော့ ဒကာ ဒကာမတို့က ပဋိစ္စသမုပ္ပါဒ်ကို ပြန်ကောက် ကြည့်လိုက်။ ၃-နံပါတ် ကို ပြန်ကောက်ကြည့်လိုက် (မှန်ပါ)။ ၃-နံပါတ် ကောက် လိုက်တော့ကို အခုဖြင့် ထိုင်နေတာ မမြင်ဘူး။ စောင့်ကြည့်နေ တာ မောင်နိုင်မြင်ရဲ့ လား (မမြင်ပါဘူး)။ စောင့်ကြည့် နေတာ မမြင်လို့ရှိရင် သူ့ကို အသာချိတ် ထားပြီး သကာလ ဆရာဘုန်းကြီး ပြောထားတဲ့ ၃-နံပါတ်ကို ပြန်ကောက်လိုက် (မှန်ပါ)။

ပဋိစ္စသမုပ္ပါဒ်ပေါ်တာ ပြန်ကောက်

၃-နံပါတ် ဆိုတာက တခြား မဟုတ်ပါဘူး။ ခန္ဓာထဲမှာ ပဋိစ္စသမုပ္ပါဒ် ပေါ်တာကို ပြန်ကောက် လိုက် (မှန်ပါ)။ သဘောကျပြီလား (ကျပါပြီ)။ ပဋိစ္စသမုပ္ပါဒ် ပေါ်တာကို ပြန်ကောက် လိုက်တော့ ဒကာ ဒကာမတို့ အခု အသစ် ပေါ်တာ ကလေးဟာ မတွေ့ရပေဘူးလား (တွေ့ရပါတယ်)။ တွေ့ရတော့ အဲဒီ အသစ် ပေါ်လာတာ ကလေးဟာဖြင့် ဖြစ်ပြီး ပျက်မလို့ ပေါ်တာပဲ ဆိုပြီး မောင်နိုင်က ရှုပစ်လိုက် (မှန်ပါ)။ ရှုပစ်လိုက်တော့ ဖြစ်ပျက် ပေါ်လာပြီး ၄-နံပါတ် အဝိဇ္ဇာဟာ သွားတာပဲ (သွားပါတယ် ဘုရား)။

ဒါဖြင့် တိုက်ရိုက် ဖယ်မနေနဲ့တော့၊ ၃-နံပါတ်ကို ပြန် ကောက် (မှန်ပါ)။ နားလည်ကြပြီလား (နားလည်ပါပြီ ဘုရား)။ဒါ တော်တော် အရေးကြီးပါတယ် ဒကာ ဒကာမတို့။ အလုပ်သမား အတွက်မှာဖြင့် သြော် ထိုင်နေတာလဲ ကြာလှပြီ ဖြစ်ပျက်လဲ မတွေ့သေးဘူး ဆိုတော့ စတုတ္ထ အဝိဇ္ဇာက စုံကန်ပြီး သကာလ ပိတ်ထားတယ် (မှန်ပါ)။ မပိတ်ဘူးလား ပိတ် သလား (ပိတ်ပါတယ် ဘုရား)။

ဒါဖြင့် ကြပ်ကြပ် သတိထားကြပါ ဒကာ ဒကာမတို့ ဖြစ် ပျက်ရှိလျက်နဲ့ ဖြစ်ပျက် မတွေ့အောင် စတုတ္ထ အဝိဇ္ဇာ ဖုံးဖိထား တယ်ဆိုတာကော ကျေကျေနပ်နပ် သဘောကျပြီလား (ကျပါပြီ။)

ပေပြီးထိုင်လို့တော့ မရဘူး

ဒါဖြင့် ဒီလို ပေပြီးထိုင်လို့တော့ မရတော့ဘူး၊ ပျင်းသာ လာတော့မှာပဲ (မှန်ပါ)။ မလာ ပေဘူးလား (လာပါတယ် ဘုရား)။ ပျင်းသာ လာမှာပဲ၊ ထပြေး ချင်မှာပဲ၊ ပါရမီ မရှိဘူးရယ်လို့ လဲ ခင်ဗျားတို့ ဆင်ခြေ အမျိုးမျိုးနဲ့လဲပြီး ထပြေးချင်လဲပြေး ကြမယ်ဆိုတာ မဖြစ်ပေဘူးလား (ဖြစ်ပါတယ်)။

ထလည်းမပြေးနဲ့

အဲဒီတော့ ဆရာဘုန်းကြီးကပြောတယ်၊ ဒကာ ဒကာမတို့ ထလဲမပြေးနဲ့နော် ပါရမီ မရှိတာကိုလဲ ဆင်ခြေမလဲနဲ့နော်။ ဘာပြန်ကောက်ရမလဲ (၃-နံပါတ် ပြန်ကောက်ရပါမယ်)။၃-နံပါတ်က ဒကာ ဒကာမတွေကို ဟောထားတာပဲ။ အခုပေါ်တဲ့ ပဋိစ္စသမုပ္ပါဒ်ကို မိအောင် ဖမ်းလိုက် (မှန်ပါ)။

ဘာတဲ့တုံး (အခုပေါ်တဲ့ ပဋိစ္စသမုပ္ပါဒ်ကို မိအောင် ဖမ်းရပါမယ်)။ အခုပေါ်တဲ့ ပဋိစ္စ သမုပ္ပါဒ်ကို မိအောင် ဖမ်းလိုက် ဆိုတော့ အခုပေါ်တဲ့စိတ်ကို ဒီဥစ္စာ ဖမ်းနည်းကိုလဲ ဘုန်းကြီး ရှင်းပြပါ့မယ် (မှန်ပါ)။ ဖမ်းနည်းကို ရှင်းပြမယ် ဆိုတော့ စောင့် ပြီးကြည့်နေပါ။ စောင့်ပြီး ကြည့်နေတော့ ဖြစ်ပျက်ကို နည်းနည်း မှ မောင်နိုင်တို့က မတွေ့။ ကိုစောမောင်တို့က မတွေ့ဘူး၊ ဒီလို ဖြစ်နေတတ်တယ် (မှန်ပါ)။

သြော် ငါက တက်လာတာက ၄-နံပါတ် တက်လာတယ်၊ ၄-နံပါတ် တက်လာတော့ ၄-နံပါတ် အဝိဇ္ဇာကို ငါမတွန်းလှန်နိုင်တာ သေချာပြီ။ ဖြစ်ပျက်မတွေ့ရင် မတွန်းလှန်နိုင်လို့ပဲ (မှန်ပါ)။

အဲဒီတော့ သူ့ကို မတွန်းလှန်နိုင်တာကို အသာထား၊ စစ်တိုက် သလိုပေါ့။ ကိုစောမောင် နောက်ဆုတ်တန်လဲ ဆုတ်ရ တယ် (မှန်ပါ)။ အကြောင်း မညီညွတ်ရင် ဘယ့်နှယ်တုံး (နောက်ဆုတ် ရပါတယ်)။ ပြီးမှ ရှေ့တိုး ရမှာကိုးဗျ (မှန်ပါ)။

အဲဒီတော့ နောက်ဆုတ်လိုက် ဒကာ ဒကာမတို့။ နောက်ဆုတ်လိုက်တော့ ကိုင်း ပေါ်ဆဲပဋိစ္စသမုပ္ပါဒ်ကို ရအောင်ရှာမယ်ဆိုပြီး ရှာလိုက် (မှန်ပါ)။ သဘောပါကြပြီလား (ပါပါပြီ ဘုရား)။

ပေါ်ဆဲပဋိစ္စသမုပ္ပါဒ်ကိုရအောင်ပါ

ဘာရှာမယ် (ပေါ်ဆဲ ပဋိစ္စသမုပ္ပါဒ်ကို ရအောင် ရှာကြရ ပါမယ်)။ ပေါ်ဆဲ ပဋိစ္စသမုပ္ပါဒ် ဆိုတော့ ဥပမာမယ် ဒီလိုစိုက် ကြည့်နေတုန်းပဲ ရှူချင်တဲ့ စိတ်ကလေး ပေါ်လာလိမ့်မယ် ကိုစောမောင် (မှန်ပါ)။ ရှိုက်ချင်တဲ့ စိတ်ကလေး (ပေါ်လာပါတယ် ဘုရား)။ အဲဒါကလေးတွေ ဖြစ်ပျက် ပြန်ကောက်လိုက် (မှန်ပါ)။ သဘောကျပြီလား (ကျပါပြီ ဘုရား)။

အဲဒါကလေး ဖြစ်ပျက် ပြန်ကောက် လိုက်တော့မှ အဲဒါ ကလေးပြန်ပြီးတွေ့လိုက်သည်နဲ့ တစ်ပြိုင်နက်တည်း ပဋိစ္စ သမုပ္ပါဒ်အစ တွေ့ပြီပေါ့ (မှန်ပါ)။ မတွေ့သေးဘူးလား (တွေ့ပါပြီ ဘုရား)။

အခုမှပေါ်ပြီး အခုပျောက်တာ

တွေ့လို့ရှိရင်ဖြင့် သြော် သူတခြားလား၊ နဂိုကရှိတာ မဟုတ်လား၊ အခုမှပေါ်ပြီး အခုပျောက်တာပဲလို့ ခင်ဗျားတို့က ဉာဏ်နဲ့ လှည့်လိုက်သည်နဲ့ တစ်ပြိုင်နက်တည်း ပေါ်ဆဲလဲ တွေ့ပါ ရော စတုတ္ထ အဝိဇ္ဇာဟာ အလိုလိုကွာ သွားတယ် (မှန်ပါ)။

ပေါ်ဆဲတွေ့လိုက်ရင် (စတုတ္ထအဝိဇ္ဇာ အလိုလိုကွာ ပါတယ် ဘုရား)။

ဒါရင့်ကျက်အောင် လုပ်ပေတော့

အဲဒီမှာ သဲလွန်စရပြီး စတုတ္ထအဝိဇ္ဇာ ကွာတာ ကလေး ရတဲ့အခါကျလို့ ရှိရင်ဖြင့် ဒကာ ဒကာမတို့ ဖြစ်ပျက်တွေဟာ တစ် ခါတည်း ရှူစိတ်က ပြလိုက်၊ ရှိုက်စိတ်ကပြလိုက်နဲ့နော် (မှန် ပါ)။ အသစ်ပေါ်လာတဲ့စိတ်ကကော (ပြပါတယ် ဘုရား)။ အဲဒီ ကဲ့သို့ပြတဲ့အခါကျတော့ ကိုစောမောင် မပြန်နဲ့တော့၊ သူ့ချည့် လိုက်နေပါ (မှန်ပါ)။ အဲဒါ ရင့်ကျက်အောင်လုပ်ပေတော့ (မှန်ပါ)။

နောက်က ဒကာ ဒကာမတို့ နည်းနည်းနောနော အရေးကြီးတဲ့ စကားမဟုတ်ပါဘူး (မှန်ပါ)။ ပြန်ပြောပါအုံး မယ် အလုပ်သမားတွေမှာ မဂ်နားရောက်ခါနီးမှပြန်ဆင်းသွားမှာ စိုးလို့ (မှန်ပါ)။ မဂ်ကစတုတ္ထလွန်ရင်ရောက်တော့မယ် မဟုတ်လား (မှန်ပါ)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ဘုရားရှေ့မှာဖြစ်စေ ထိုင်၍ စောင့်ပြီး ခန္ဓာကိုယ်ကြည့်နေပါ၊ ခန္ဓာကိုယ်ဖြစ်ပျက်တွေ ကြည့်ရမယ်လို့ ဘုရား ဟောတဲ့အတိုင်း ဆရာဘုန်းကြီးက ဟောတာနဲ့ ဒကာ ဒကာမတွေက စောင့်ကြည့်နေပါ။ ရေးရေးမှ မပေါ်လာဘူးဆိုရင် စတုတ္ထအဝိဇ္ဇာကာပြီ (မှန်ပါ)။

ရေးရေးမှမပေါ်လာရင် (စတုတ္ထအဝိဇ္ဇာကာပါပြီ)။ စတုတ္ထအဝိဇ္ဇာ ကွာပြီး ဖုံးဖိနေတယ် ဆိုတာဖြင့် လေးလေးစားစား သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဒါဖြင့် သူကာတဲ့ အချိန်နဲ့ပဲ မင်းက ကာသေးတာပေါ့ ကွာဆိုပြီး သကာလ ဒကာ ဒကာမတွေက ကိုယ့်သန္တာန်မှာ ပေါ် ဆဲ၊ ယခုအသစ်ပေါ်တဲ့ စိတ်ကိုရှာလိုက် (မှန်ပါ)။ ရှာတော့ ဒ့ီပြင်စိတ်လာတာ မလာတာ ရှူစိတ်ရှိုက်စိတ်တော့ လာရမှာ ပဲ (မှန်ပါ)။ ဒီ့ပြင်စိတ် မရှိရင် သူတို့ တစ်ခုခု ရှိနေမှာကိုး (မှန်ပါ)။ ရှူစိတ် ရှိုက်စိတ် လာတော့ ရှူစိတ်ကလေးဟာလဲ ဖြစ် ပျက်ပဲ၊ ရှိုက်စိတ်ကလေး ဟာကော (ဖြစ်ပျက်ပါ ဘုရား)။ နောက်ကျတော့ သူတို့က သဲလွန်စရပြီး ပြလိုက်တော့ နောက် အသစ်ပေါ်မယ့် စိတ်တွေလဲ (ဖြစ်ပျက်ပါပဲ ဘုရား)။

အဲဒီကဲ့သို့ ဒကာ ဒကာမတွေက တတိယပြန်ကောက် ပြီး စတုတ္ထကို အရယူမှ သာလျှင် ဖြစ်တော့မယ်၊ နို့မဟုတ်ရင် ခဲယဉ်း နေမယ် (မှန်ပါ)။ သဘောပါကြရဲ့လား (ပါပါ တယ် ဘုရား)။

ဒကာ ဒကာမတို့ ဒီဥစ္စာ သွက်သွက်ပြောသွားလို့ မပြီး ဘူး ကိုစောမောင် (မှန်ပါ)။ သွက်သွက် ပြောသွားလို့ မပြီး ဘူး၊ သုံးခါလောက်ပြောမှ ဒကာ ဒကာမတို့ ရှင်းရှင်းလင်းလင်း ရှိမယ်ဆိုတဲ့ ဥစ္စာကို သေသေချာချာ သတိထားကြပါ (မှန် ပါ ဘုရား)။

ဖြစ်ပျက်ရေးရေးမှမပေါ်လာရင်

ကိုင်း ဒကာ ဒကာမတွေက ကမ္မဋ္ဌာန်း ကျောင်းပေါ်မှာ သွားထိုင်ထိုင်၊ ဘုရားရှေ့မှာ ထိုင်ထိုင် ဘုန်းကြီးက ဖြစ်ပျက် ရှုရ မယ်လို့ ဆိုထားတယ်၊ ဘုရားက အနိစ္စာဝတ သင်္ခါရာလို့ ဟောထားတယ်၊ ဖြစ်တာနဲ့ ပျက်တာပဲ ရှိတယ်လို့ ဟောထားလို့၊ ပညာ နဲ့လဲ ကြည့်ရမယ်ဆိုလို့ မဂ္ဂင်ငါးပါးနဲ့ ကြည့်ပြီး သကာလ နေလိုက် တာ ရေးရေးမှ မပေါ်ဘူး၊ ဖြစ်ပျက် ရေးရေးမှ မပေါ်လာဘူး တဲ့ (မှန်ပါ)။ သဘောကျပြီလား(ကျပါပြီ)။ မပေါ်လာတဲ့ အချိန်လဲ ရှိအုံးမှာပေါ့ဗျာ (မှန်ပါ)။ မရှိပေဘူးလား (ရှိပါ တယ် ဘုရား)။

ရှိလို့ရှိရင်ဖြင့် ကိုယ့်ကိုယ်ကို ဆုံးဖြတ်ချက် ချလိုက်၊ တစ်ခါတည်း ဒကာ ဒကာမတွေက ဆုံးဖြတ်ချက်ချလိုက်၊ သြော် ၄-နံပါတ်တော့ တက်ကြည့်တာပဲ တက်ကြည့်ငြားသော်လည်း ၄-နံပါတ် အဝိဇ္ဇာကို မကျော်လွန်နိုင်လို့ မခွာနိုင်လို့ မမြင်တာ ဘဲ (မှန်ပါ)။ ပေါ်ကြပြီလား (ပေါ်ပါပြီ)။

၄-နံပါတ် မကျော်နိုင်လို့

၄-နံပါတ်ကို မကျော်နိုင် မခွာနိုင်တာနဲ့ ၄-နံပါတ် ဉာဏ် ကို မပေါ်ဘူး (မှန်ပါ)။ ရှင်းပြီလား (ရှင်းသွားပါပြီ)။

ဒီနေရာမှာ ၄-နံပါတ် ဉာဏ်ဖြစ်သေးရဲ့ လား (မဖြစ် ပါဘူး)။ ဖြစ်ပျက်မှ မမြင်ဘဲနဲ့ ၄-နံပါတ်ဉာဏ်ဖြစ်နိုင်ပါ့မလား (မဖြစ်နိုင်ပါဘူး)။ ဦးဘကလေး ကျေနပ်ပြီလား (ကျေနပ် ပါပြီ ဘုရား)။

ဒီနေ့ နာရတဲ့ ဒကာ ဒကာမတွေ၊ တကယ့် အလုပ် အရေးကြီးတဲ့ အချိန်မှာ အရေးကြီးတဲ့ ရှုနည်းကို ပါရမီ ကိုလဲ မချစေချင်လို့၊ အဝိဇ္ဇာ မဖယ်တတ်လို့ ဖြစ်နေတာကို ပါရမီ ချလိုက်ရင် ကိုစောမောင် လွဲတော့မယ် (လွဲမှာပါ ဘုရား)။ ကိုစံလှ ဘယ့်နှယ်နေမလဲ (လွဲမှာပါ ဘုရား)။ ဦးပြန့်တို့ လွဲလိမ့်မယ်နော် (မှန်ပါ)။

အားလုံး ဒကာ ဒကာမတွေ ဂရုစိုက်နိုင်သလောက် စိုက်ပြီး နားထောင်ပါ။ ဒီနေ့ အလုပ်ဟာက ၄-နံပါတ်ကနေပြီးမှ ၅-ကူးရမှာကိုး (မှန်ပါ)။ တရားအစဉ်အလိုက်နာလာတဲ့ ပုဂ္ဂိုလ်တွေကျတော့ သိပြီနော် (မှန်ပါ)။

၄-သည်ကားလို့ဆိုလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ ဖြစ် ပျက်မြင်မှ ၄-နံပါတ် အဝိဇ္ဇာကွာတယ် (မှန်ပါ)။ ဒီကဖြစ် ပျက်ကို ဒီကဉာဏ်နဲ့မြင်မှ အဝိဇ္ဇာမရှိမယ် (မှန်ပါ)။ မမြင် ပါဘူး၊ ထိုင်သာ နေရတယ်၊ ၅-မိနစ်၊ ၁၀-မိနစ်၊ ၁၅-မိနစ်ရှိပြီ နာရီဝက်တောင် ရှိသွားပြီ မမြင်ပါဘူး ဘုရား ဆိုလို့ ရှိရင် သူကျော် တက်တယ် (မှန်ပါ)။ ၃-နံပါတ်မနိုင်ဘဲနဲ့ ၄-နံပါတ် ကျော် တက်တယ်။ သဘောကျပြီလား (ကျပါပြီ)။

ဘယ်လိုမှတ်ရမလဲ

ကိုပေါ် ဘယ်လိုမှတ်မလဲ (၃-နံပါတ် မနိုင်ဘဲနဲ့ ၄-နံပါတ် ကျော်တက်ပါတယ် ဘုရား)။ ၃-နံပါတ် မနိုင်ဘဲနဲ့ ၄-နံပါတ်ကျော်တက်လို့ သူသည် ဖြစ်ရတာဆိုတော့ ၃-နံပါတ် မနိုင်ဘဲနဲ့ ၄-နံပါတ် ကျော်တက်လို့ သူ့မှာ အချိန်ကုန်သွားတယ် (မှန်ပါ)။

ကိုစောမောင် ဘယ်လိုဆိုပါ့မလဲ (၃-နံပါတ်မနိုင် ဘဲနဲ့ ၄-နံပါတ် ကျော်တက်လို့ အချိန်ကုန် သွားပါတယ် ဘုရား)။

အဲဒါ အပြစ်ရှာလိုက်တော့မှ ၃-နံပါတ်မနိုင်ဘဲနဲ့ ၄-နံပါတ်ကို ခုန်တက်ပါလိမ့်မလဲလို့ မေးတဲ့ အခါကျတော့မှ ကိုစောမောင် ၃-နံပါတ်မှာ ဒိဋ္ဌိမပြုတ်ခဲ့ဘူး (မှန်ပါ)။ ၃-နံပါတ်မှာ ဒိဋ္ဌိက အင်မတန် အရေးကြီးနေတယ် (မှန်ပါ)။ ၃-နံပါတ်မှာ ဒိဋ္ဌိမပြုတ်ခဲ့တာနဲ့ ဒိဋ္ဌိနဲ့ အဖော်ဖြစ်တဲ့ အဝိဇ္ဇာက မောင်နိုင် ဝင်ပြီးကာလိုက်တယ် (မှန်ပါ ဘုရား)။ သဘောကျ ပြီလား (ကျပါပြီ ဘုရား)။

၃-နံပါတ်မှာ ဒိဋ္ဌိပြုတ်မှု ရှေ့သွားရမယ် ဆိုတာလဲ ဆရာ ဘုန်းကြီးက ကြာပါပြီဟောတာ (မှန်ပါ)။ ရက်ပိုင်းတွေ မနည်းပါဘူး ကိုစောမောင် (မှန်ပါ)။ ၃-နံပါတ်ဟာ ပဋိစ္စသမုပ္ပါဒ် ဟာ ဒိဋ္ဌိခွာတာ (မှန်ပါ)။ ဒိဋ္ဌိခွာချင်ရင် ပဋိစ္စသမုပ္ပါဒ်ကြည့် လို့ မောင်နိုင်တို့ မှာမထားဘူးလား (မှာပါတယ်)။

အဲဒီတော့ သူဖြစ်ပျက် မမြင်တာသည် ထိုင်လဲ ထိုင်နေ တယ်၊ မြင်လဲ မမြင်ဘူး။ ရှုလဲရှုပါတယ်၊ မြင်လဲမမြင်ဘူး၊ လာရင် ရှုမယ်လို့ စောင့်နေတယ်၊ မြင်လဲမမြင်ဘူး။ ဒီပုဂ္ဂိုလ် ဘယ်အဝိဇ္ဇာ ကာကွယ်နေတယ်ဆိုတာ သဘောကျပြီလား (ကျပါပြီ)။ဘယ်အဝိဇ္ဇာပါလိမ့် (၄-နံပါတ် အဝိဇ္ဇာပါ)။ ၄-နံပါတ်အဝိဇ္ဇာ က ကာကွယ်နေတယ် (မှန်ပါ)။

၃-နံပါတ်ပြန်ကောက်ရမယ်

အလကား ကျော်တက်လာတယ် မောင်နိုင် (မှန်ပါ)။ အလကား ကျော်တက် လာလို့ ဘာက ကာကွယ်နေတယ် (၄-နံပါတ် အဝိဇ္ဇာ ကာကွယ် နေပါတယ်)။ ၄-နံပါတ် အဝိဇ္ဇာ ကာကွယ် နေတော့ တစ်နေ့လုံး ထိုင်နေသော်လဲ မမြင်နိုင်ဘူး (မှန်ပါ)။ တစ်နေ့လုံး ထိုင်ပါ ဒကာ ဒကာမတို့ ရပါ့မလား (မရပါဘူး)။ မရနိုင်တော့ ဆရာဘုန်းကြီးက ဘယ်လို သင်ပါလိမ့် ဒကာ ဒကာမတို့ (၃-နံပါတ် ပြန်ကောက် ရပါမယ် ဘုရား)။

အလုပ်သမား တွေမှာ သိပ် အရေးကြီး ပါတယ်နော် (မှန်ပါ)။ ဘာပြန်ကောက်ရမလဲ (၃-နံပါတ် ပြန်ကောက်ရ ပါမယ်)။ ၃-နံပါတ် ပြန်ကောက် ရမယ်ဆိုတော့ ၃-နံပါတ်ဆိုတာ ခန္ဓာမှာ ပေါ်တဲ့ ပဋိစ္စသမုပ္ပါဒ်ကို အစမိအောင်လိုက် (မှန်ပါ)။ ဦးဘကလေး ရှင်းသွားပြီလား (ရှင်းပါပြီ)။

မြင်စိတ် ကြားစိတ် မိအောင်လိုက်

ခန္ဓာကိုယ်ပေါ်တဲ့ ပဋိစ္စသမုပ္ပါဒ် အစကို (မိအောင် လိုက်ရပါမယ်)။ မြင်စိတ်ပေါ် မြင်စိတ် မိအောင်လိုက် ကြား စိတ်ပေါ်ရင် (ကြားစိတ် မိအောင် လိုက်ရပါမယ်)။ တွေးစိတ် ပေါ်ရင် (တွေးစိတ် မိအောင် လိုက်ရပါမယ်)။ အဲဒါ မိလိုက် လို့ ရှိရင်တော့ဖြင့် ဒကာ ဒကာမတို့ မိလိုက် သည်နှင့် တစ်ပြိုင် နက် တည်း ဒိဋ္ဌိက ကွာသွားတဲ့ အတွက် ဒီကရှုလိုက်တဲ့ အခါကျတော့ အဝိဇ္ဇာက မရှိတော့ဘူး (မှန်ပါ)။ ရှိသေးရဲ့ လား (မရှိပါဘူး)။ တားသေးရဲ့ လား (မတားပါဘူး)။

ဆင်ခြေတွေ လာတတ်တယ်

အဲဒါဟာ ဒကာ ဒကာမတို့ ဒီလိုတက်နည်း ဆုတ်နည်း ကို မသိရင် ကျုပ်ပါရမီ မရှိဘူး၊ ကျုပ်က ဒုက္ခပ္ပဋိပဒါ ပုဂ္ဂိုလ် ထင်ပါရဲ့၊ ပဒပရမ ပုဂ္ဂိုလ် ထင်ပါရဲ့ ဆိုပြီး သကာလ ဆင်ခြေတွေ ဟာ တစ်ခါတည်း လာတတ်တယ်။ မဂ်ဖိုလ် တားနိုင်တဲ့ ဆင်ခြေ တွေ။ ဆင်ခြေဆိုတာက တိုတိုပြောရင် ပျင်းတာ ဝင်လာတာ (မှန်ပါ)။ ပျင်းတာ ဆိုတာလဲ တရားကိုယ်ကောက်က ကောသဇ္ဇ တရား ဒေါသအနု ဝင်လာ တာပဲ (မှန်ပါ)။ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ပျင်းတာဆိုတာ ဘာပါလိမ့် (ဒေါသအနု ဝင်လာ တာပါ)။ အဲဒီ ဒေါသအနု ဝင်တား လိုက်တော့ ဒေါသဟာ သူ့ ချည်း သက်သက် လာတာ မဟုတ်ဘူး၊ အဝိဇ္ဇာနဲ့ ရောလာတယ် (မှန်ပါ)။ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဘာနဲ့တွဲဝင်သတုံး (အဝိဇ္ဇာနဲ့ တွဲဝင်ပါတယ် ဘုရား)။ အဝိဇ္ဇာနဲ့ တွဲပြီး ဝင်ပါတယ် ဆိုတာ သေချာပြီလား (သေချာပါပြီ)။

အဲဒီလိုနဲ့ပဲ အလုပ်ခွင်က သူရုပ်သိမ်းလိုက်တယ် ဆိုကြ ပါစို့ (မှန်ပါ)။ အပြီးသတ်တော့ သူ့မှာ ၃-နံပါတ် မကျေပွန် လို့ ၄-နံပါတ်လုပ်လို့မရတာ (မှန်ပါ)။ ရှင်းပြီလား (ရှင်းပါ ပြီ ဘုရား)။

အလုပ်ထိုင်တယ်ဆိုတာ

ဒါဖြင့် အလုပ်ထိုင်တယ် အလုပ်ထိုင်တယ် ဆိုတာ ဖြစ်ပျက်က စတွေ့ရင် ဖြစ်ပျက်ကစပြီး ထိုင်ကြပါ (မှန်ပါ)။ ဒကာ ဒကာမတို့ သတိပေးပုံကော သဘောကျရဲ့ လား(ကျပါတယ်)။ အလုပ် ထိုင်တယ် ဆိုလို့ရှိရင် ဖြစ်ပျက်က စရမှာတော့ အလုပ်က အမှန်ပဲ (မှန်ပါ)။ သို့သော် ထိုင်စောင့်ပြီး ကြည့်နေ ငြားသော်လည်း ဖြစ်ပျက်ကို မတွေ့ဘူး။ ဘယ်အဝိဇ္ဇာ ဖုံးနေသတုံး (၄-နံပါတ် အဝိဇ္ဇာ ဖုံးနေပါတယ် ဘုရား)။

ဒါဖြင့် ၄-နံပါတ် အဝိဇ္ဇာက သူမလျှော့တမ်း ဖုံးနေ တယ်။ မလျှော့တမ်းဖုံးနေတော့ ရှုတဲ့ဉာဏ်နဲ့ သူနဲ့အားက မမျှဘူး (မှန်ပါ)။ မျှသေးရဲ့ လား (မမျှပါဘူး)။ မမျှတော့ မိမိက ဉာဏ်စဉ် ခုန်တက်လာတဲ့ သဘောသတ္တိ ရှိသကိုး ဆိုပြီး ဆရာဘုန်းကြီး နည်းပေးတဲ့ ၃-နံပါတ် ပြန်လှည့် လိုက် (မှန်ပါ)။ ၃-နံပါတ် ပြန်လှည့်လိုက်တော့ ပဋိစ္စသမုပ္ပါဒ်အစကို တွေ့လိမ့်မယ် (မှန်ပါ ဘုရား)။

ဘာတွေ့မလဲ (ပဋိစ္စသမုပ္ပါဒ် အစလာတွေ့မှာပါ) အစလာတွေ့တော့ ဘယ်စိတ် ကလေး ပေါ်ပြီ၊ စားချင်တဲ့စိတ် ပေါ်ပြီ၊ အိပ်ချင်တဲ့စိတ် ပေါ်ပြီ၊ ပျံ့လွင့်တဲ့ စိတ်ပေါ်ပြီ စသည် ဖြင့် မလာဘူးလား (လာပါတယ်)။ လာတာလဲသိရော ဒကာ ဒကာမတို့ ဖျတ်ဆို လာတာသိတဲ့ စိတ်ကလေးကို ရှိ မရှိ ဖြစ်ပျက် သာရှုချလိုက် (မှန်ပါ)။ ရှုချလိုက်တော့ကို ဒိဋ္ဌိကွာပြီးသားဖြစ် လေသောကြောင့် ရှုလို့ဖြစ်ပါတယ်။ (မှန်ပါ)။ ရှုလို့ဖြစ်တော့ ဒီပုဂ္ဂိုလ်ဟာ ၄-နံပါတ်တက်သွားပြီ (မှန်ပါ)။ မတက်ဘူးလား (တက်ပါတယ် ဘုရား)။

၃-နံပါတ် ဖမ်းလိုက်တာနဲ့ ၄-နံပါတ် ထိအောင် တစ်ခါတည်း မတက်နိုင်ဘူးလား (တက် နိုင်ပါတယ်)။ တက်နိုင်တော့ ၄-နံပါတ် အဝိဇ္ဇာက နာရီများစွာ ထိုင်နေတုန်းက သူဖွင့်မပေးဘူး။ အခု ၃-နံပါတ်ကနေပြီး အရှိန် နဲ့တက်လာတော့ ကိုစောမောင်မရဘူးလား (ရပါတယ်)။ သဘောကျပြီလား (ကျပါပြီ)။

ကောင်းပြီ မော်တော်ကားများ မောင်းတဲ့အခါကျတော့ ပြန်ဆုတ်ပြီးတော့မှ ဂီယာ ပြောင်းတက် ရသလို တက်ရတာ (မှန်ပါ)။ သဘောကျပြီလား (ကျပါပြီ)။ ဒီလို မတက်လို့ရှိရင် တစ်နေ့လုံး ထိုင်နေပေမယ့် မရဘဲ ဖြစ်နေတတ်တယ်။ ကိုယ် ရိပ်မိပြီလား (ရိပ်မိပါပြီ)။

ဖြစ်ပျက်မတွေ့ဘူးဆိုရင်

အဲဒါ အားလုံး အလုပ်သမား ဟူသရွေ့မှာဖြင့် ယနေ့ ခရေစေ့တွင်းကျပြောနေတဲ့အတွက် ထိုင်နေတာဖြင့် ကြာပေါ့၊ ဖြစ်ပျက်မတွေ့ဘူးဆိုရင် ဘယ်ဟာ ပြန်လှည့်ကြမယ် (၃-နံပါတ် ပြန်လှည့် ရပါမယ်)။ ရှင်းကြပြီနော် (ရှင်းပါပြီ ဘုရား)။ ၃-နံပါတ်ဆိုတာ ဘာပါလိမ့် ကိုစောမောင် (ပဋိစ္စသမုပ္ပါဒ် ပေါ်တာ သိရပါမယ်)။ အဲ မိမိသန္တာန်မှာ ပေါ်တဲ့ ပဋိစ္စသမုပ္ပါဒ် မိအောင် ဖမ်းပါ (မှန်ပါ)။ ဦးဘကလေး ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

ပေါ်ဆဲပဋိစ္စသမုပ္ပါဒ်ဆိုတာ

အဲ ပေါ်ဆဲ ပဋိစ္စသမုပ္ပါဒ် ဆိုတော့ စားချင်တဲ့ စိတ်က လေးပေါ်ရင်လဲ စားချင်တဲ့စိတ်ဟာ ပဋိစ္စသမုပ္ပါဒ် အစပဲ (မှန်ပါ)။ အိပ်ချင်တဲ့ စိတ်ကလေး ပေါ်လာရင် (အိပ်ချင်တဲ့ စိတ်ဟာ ပဋိစ္စသမုပ္ပါဒ် အစပါ)။ ကြားတဲ့ စိတ်ကလေးပေါ်လာ ရင် (ကြားတဲ့စိတ်ဟာ ပဋိစ္စသမုပ္ပါဒ် အစပါ ဘုရား)။ အဲဒီ ကြားတဲ့ စိတ်ကလေးကိုပဲ ပုဂ္ဂိုလ် သတ္တဝါ မဟုတ်ဘူး ကြားစိတ် ပဲ။ ကြားစိတ် ကလေး ပေါ်တာပဲ ဆိုကတည်းက ပုဂ္ဂိုလ် သတ္တဝါ ဟုတ်သေးရဲ့လား။ (မဟုတ်ပါဘူး ဘုရား)။ အဲဒါ ကြားစိတ် ကလေးဟာ ပုဂ္ဂိုလ်သတ္တဝါသာ မဟုတ်တာလား၊ ဒီပြင် ဘာရှိ သေးသတုံး ဆက်ကြည့် လိုက်တော့ ပျောက်သွားတယ်။ မတွေ့ ပေဘူးလား (တွေ့ပါတယ်)။ ပျောက်သွားတာ တွေ့တော့ အဖြစ် တွေ့ပြီးသား ပုဂ္ဂိုလ်ဖြစ်နေတော့ ကိုစောမောင် အပျောက်လဲ တွေ့သွားတယ် (မှန်ပါ)။

အဲဒီတော့ သြော် ၃-နံပါတ်ပြန်ကောက်လိုက်တာနဲ့ ၄-နံပါတ်ဉာဏ်ပေါ်လာတယ်။ (မှန်ပါ)။ ရှင်းပြီလား (ရှင်းပါပြီ)။ ၄-နံပါတ်ဉာဏ်ပေါ်လာတော့ ဒီအတိုင်းပဲ ကဲ တစ်ခုတွေ့ပြီဆိုမှ ဖြင့် ဒကာ ဒကာမတွေ မတွေ့တာ မရှိပါဘူး ဆက်ပြီးတွေ့တော့ တာပဲ (မှန်ပါ ဘုရား)။ တစ်ခါတည်း ဖြစ်ပျက်တွေဟာ စိပ်ပြီး မြင်လာတော့တာပဲ (မှန်ပါ)။ ရှင်းပြီလား (ရှင်းပါပြီ)။

ဖြစ်ပျက်တွေ စိပ်လာလို့ရှိရင် ၄-နံပါတ် အဝိဇ္ဇာမရှိလို့ စိပ်တာလို့ မှတ်လိုက် (မှန်ပါ)။

ဖြစ်ပျက်တွေ စိပ်လာစိပ်လာရင် (၄-နံပါတ် အဝိဇ္ဇာ မရှိလို့စိပ်တာပါ)။ သေချာကြပြီလား (သေချာပါပြီ)။

အဲဒီတော့ သူ့ကိုတော့ဖြင့် တပည့်တော်တို့ ရှုရတော့မှာ ပဲ ၄-နံပါတ် အဝိဇ္ဇာတွေ ကွာသွားလို့ တပည့်တော်တို့ ဖြစ်ပျက်တွေ ရှင်းရှင်း လင်းလင်း မြင်တော့တာပဲ၊ ကိုစောမောင် နေရာ ကျပြီ (မှန်ပါ)။ အဲဒီ ၄-နံပါတ်ကနေပြီး သကာလ ၅-နံပါတ် ကို သွားပြီး မတက်ပါနဲ့ (မှန်ပါ)။

၄-နံပါတ်က ဘာပါလိမ့်

၄-နံပါတ်က (၅-နံပါတ်ကို သွားမတက်နဲ့)။ မတက်ပါနဲ့ ဒကာ ဒကာမတို့။ ၄-နံပါတ်ဟာ ၄-နံပါတ်တွင်နေ (မှန်ပါ)။ ၄-နံပါတ် ဆိုတာ ဘာပါလိမ့် ဖြစ်ပျက်နဲ့ မဂ်နဲ့ ကိုက်တာကို ဆိုပါတယ် (မှန်ပါ)။

ဖြစ်ပျက်နဲ့ (မဂ်နဲ့ကိုက်တာကို ဆိုတာပါ)။ အဲ ဖြစ်ပျက်နဲ့ ရှုတဲ့ မဂ်နဲ့ မကိုက်လား (ကိုက်ပါတယ်)။ ဝိပဿနာ မဂ်ဆိုတာ ငါးခု။ ဒကာ ဒကာမတို့ သေချာပြီ (မှန်ပါ)။

ဖြစ်ပျက်နဲ့ မဂ်နဲ့ ကိုက်တယ်ဆိုတော့ ဘယ်နှစ်ခုပါလိမ့် (ငါးခုပါ ဘုရား)။

အဲဒီတော့ သြော် ၄-နံပါတ်တော့ဖြင့် နေရာကျပြီဟ၊ ၃-နံပါတ်က ပြန်တက်လိုက်လို့ ၄-နံပါတ်ဖြင့် ပိုင်ပိုင်နိုင်နိုင်မြင် ပြီလို့ ကိုယ့်ဉာဏ်ထဲမှာလဲ ကိုစောမောင် လာချင်တဲ့ အခါလဲ လာလိမ့်မယ် (မှန်ပါ)။ မလာပေ ဘူးလား (လာပါတယ်)။ ဖြစ်ပျက်တွေ စိပ်လာလို့ရှိရင် ၄-နံပါတ်ပိုင် တာပဲ ဒကာ ဒကာမတို့ (မှန်ပါ)။ ၄-နံပါတ် အဝိဇ္ဇာကွာ လို့ သာလျှင် ဖြစ် ပျက် သည် အစိပ်ကြီး စိပ်ပြီး တွေ့ရတာပဲ (မှန်ပါ)။ သဘောကျပြီလား (ကျပါပြီ)။

၅-နံပါတ်နီးပြီဆိုတဲ့ စိတ်မလာစေနဲ့

မှတ်ချက်။ (ယခုအချက်ကို အထူးသတိထားမှတ်ပါ)

အဲဒီတော့ ဒီမှာကိုယ်က သြော် ၅-နံပါတ် နီးပြီ ဆိုတဲ့ စိတ်မလာစေနဲ့ (မှန်ပါ)။ ဒကာ ဒကာမတို့ သဘောကျပြီလား (ကျပါပြီ)။ သြော် ငါရတော့မှာပဲ ဆိုတဲ့ စိတ် မလာစေ နဲ့ (မှန်ပါ)။ တရားက နာထားတော့ ရတော့မှာပဲ ဆိုတော့ ကပ်နေတာလဲ သေချာသားပဲ (မှန်ပါ)။

အဲဒီမှာ ငါရတော့မှာပဲ အခု ၄-နံပါတ် ဖြစ်ပျက်တွေဖြင့် စိပ်ပြီး သကာလ နေတော့ ငါသည် ရတော့မှာပဲလို့ ကိုစောမောင် ဒီစိတ်မျိုးလဲ ပေါ်ချင် ပေါ်အုံးမယ် (ပေါ်ပါလိမ့်မယ် ဘုရား)။ ပေါ်တတ် တယ်နော် (မှန်ပါ)။

ပေါ်သည်နဲ့ တစ်ပြိုင်နက် တည်း ဒကာ ဒကာမတို့ အဝိဇ္ဇာ ပြန်ဝင်လာတယ် (မှန်ပါ)။ ရှင်းပြီလား (ရှင်းပါပြီ)။ အဝိဇ္ဇာပြန် ဝင်လာတယ်၊ ပြန်ဝင်လာ သည်နဲ့ တစ်ပြိုင်နက်တည်း ခုနင်က ဖြစ်ပျက်ဟာ မောင်နိုင် ကျဲသွားပြန်တာပဲ (မှန်ပါ)။ ရရမှာပဲလို့ ဆိုရင် ကျဲပြီသာ အောက် မေ့တော့ (မှန်ပါ)။

ဒကာ ဒကာမတွေ သဘောပါပြီလား (ပါပါပြီ ဘုရား)။ ဒီထဲမှာ ရောဝင်တဲ့ တဏှာကောင် ပါလာ တတ်တယ်၊ (မှန်ပါ)။ အဲဒီအချိန်မှာ တဏှာမှ မပယ်နိုင်သေးဘဲ (မှန်ပါ)။ ရှင်းပြီလား (ရှင်းပါပြီ)။

ရတော့မှာပဲထင်ရင် ပြုတ်ကျတာပဲ

အဲဒီမှာ ရတော့မှာပဲ။ ဖြစ်ပျက်တွေစိပ်လာပြီ ရ တော့မှာပဲထင်ပါရဲ့ ဆိုရင်တော့ ပြုတ်ကျတာပဲ ကိုစောမောင် သဘောကျပြီလား (ကျပါပြီ)။

ကိုစံလှ ဒီအကြောင်း ကောင်းကောင်း နားထောင်ပါ။ ဦးပြန့်တို့ ကောင်းကောင်း နားထောင်ပါ။ ဒီအနားမှာ ပြုတ်ကျ တဲ့ လူတွေက ဘုန်းကြီးတို့က တရားပေး နေတဲ့ ပုဂ္ဂိုလ် ဆိုတော့ ဒီကချည့်ပြုတ်ကျတာ များကြတာပါပဲ (မှန်ပါ)။ ရတော့မှာပဲ ထင်ပါရဲ့ ဆိုရင် ဖြစ်ပျက် မြင်မှု ကျဲသွားပြီ။ ကျဲသွားရင် ပြုတ်ကျ ပြီ (မှန်ပါ)။ ကိုစောမောင် သဘောကျပြီလား (ကျပါပြီ ဘုရား)။ ငါရတော့မှာပဲ ထင်ပါရဲ့နဲ့ ပြုတ်ကျတယ်ဆိုတာ ဖြစ် ပျက်ကျဲသွားတော့ အဝိဇ္ဇာ တဏှာစတဲ့ တခြား ကြားထိုး တရား ဝင်လာတယ်။ အဲဒီကြားထိုး တရားက ဖြုတ်ချပစ်လိုက်တယ် (မှန်ပါ)။

အဝိဇ္ဇာနှင့်တဏှာကြားခိုရင်

ကြည့်စမ်း ဒကာ ဒကာမတို့၊ ဖြစ်ပျက် စိပ်တာတောင် ဖြစ်ပျက်တွေ ကျဲသွားတယ်နော် (မှန်ပါ)။ ဘယ့်နှယ် အဝိဇ္ဇာ တဏှာတို့ ရောပြီး ကြားခို ပစ်လိုက်တယ် (မှန်ပါ)။ သဘောကျ ပြီလား (ကျပါပြီ)။

အဝိဇ္ဇာနဲ့ တဏှာနဲ့ ကြားခိုသွားတဲ့အတွက် ကိုစော မောင် ပြန်ရှင်းပြရအုံးမယ်၊ ကိုစောမောင် ဒုံရင်း ပြန်သွားပြီ (မှန်ပါ)။ မသွားဘူးလား (သွားပါတယ်)။ ဦးဘကလေး ကောင်းကောင်းသဘောကျရဲ့လား (ကျပါတယ် ဘုရား)။

ဒကာ ဒကာမတို့ ဒီအရေးဟာ မသေးပါဘူး။ လက် တွေ့ သဘောပေါက်အောင် ပြရမှာနော် (မှန်ပါ)။ ကိုစော မောင် နိဗ္ဗာန်ရလိမ့်မယ် ပြောနေရုံနဲ့ ကိစ္စပြီးတာ မဟုတ်ပါဘူး။ နိဗ္ဗာန်ရဖို့ ရှုနည်းကို သေသေချာချာ ဒီနေရာမှာ ဒီခလုတ် တွေ့လိမ့်မယ်၊ ဒီခလုတ်တွေ့ရင် ဒီလို ရှင်းပါ၊ ဒီလို ပြောပေးမယ့် ဆရာ မရှိဘူး ဆိုရင်တော့ အတော် ခဲယဉ်းနေတယ် ဆိုတာ မှတ်ထားပါ (မှန်ပါ)။ သဘောပါကြပြီလား (ပါပါပြီ)။

ရချင်တဲ့စိတ်ကလေး

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ရချင်တဲ့ စိတ်ကလေး ဟာလဲ နိကန္တိလို့ ခေါ်ပါတယ်။ နိကန္တိဆိုတာ နှစ်သက်တဲ့ တဏှာ ကလေးပါ။ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။ တဏှာ ဆိုတာ အဝိဇ္ဇာနဲ့ တွဲဝင်တယ်။ တစ်ခါတည်း ဒကာ ဒကာမတို့ ၄-နံပါတ် ခရီးပေါက်ခါနီးမှ ၄-နံပါတ်က ၅-နံပါတ်သို့ ကူးတော့ မယ်လို့ နီးတော့မှပဲ ၄-နံပါတ် အဝိဇ္ဇာက အချိန် ရောက်လာပြီ ကိုစောမောင် ပြန်ဝင်ပြီးတားပါတယ် (မှန်ပါ)။ သဘောကျ ပြီလား (ကျပါပြီ)။

ပြန်ဝင်တားလိုက်ပြီနော်။ တားလိုက်တော့ ဒကာ ဒကာမတို့ ၄-နံပါတ် အဝိဇ္ဇာက ပြန်ဖုံးမြဲ ဖုံးနေတော့ ခုနင်ကလို ပဲ ၃-ကိုပြန်ရမလို ဖြစ်နေတယ် (မှန်ပါ)။ ရလိုတဲ့ ဒကာ ဒကာမတို့၊ ရောက်တော့မှာပဲ ရတော့မှာပဲဆိုတဲ့ ကိလေသာ ကြားခို လိုက်တာ။ ရှင်းကြပြီလား (ရှင်းပါပြီ)။

ဘယ်သူကြားခိုတာတုံး (ကိလေသာ ကြားခဲ့တာပါ ဘုရား)။ ကဲ ကိုစောမောင်၊ ကိလေသာ ကြားခိုတာလောက် ကြောက်စရာ ကောင်းတာ ရှိရဲ့လား (မရှိပါဘူး)။

ဒါဖြင့် တပည့်တော်တို့ ဘယ်လို လုပ်ရမှာတုံး ဘုရား၊ ဖြစ်ပျက်စိပ်ရင် ဆိုတော့ အို ဖြစ်ပျက် စိပ်သလောက် ဉာဏ်က သာ လိုက်နေပါ (မှန်ပါ)။ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဖြစ်ပျက် စိပ်သလောက် ဉာဏ်ကလိုက်နေပါ

ဖြစ်ပျက် စိပ်သလောက် (ဉာဏ်က လိုက်နေရပါမယ် ဘုရား)။ ဉာဏ်က လိုက်နေပါတယ်။ ဘယ်မှမသွားနဲ့။ ဘာမှလဲ မတွေးပါနဲ့။ ဘယ်ဟာ ရချင်တယ်။ ဘယ်ဟာ စားချင်တယ်၊ နီးပြီ စသည်နဲ့ ဒါတွေ မလာစေနဲ့ (မှန်ပါ)။ ကိုစောမောင် နီးပြီဆို တာတောင် မလာစေနဲ့နော် (မှန်ပါ)။ ဦးမူ ရိပ်မိရဲ့လား (ရိပ်မိပါတယ်)။ ပြုတ်ကျမှာ စိုးလို့နော် (မှန်ပါ)။ ပြုတ်ကျမှာ စိုးလို့။ နို့မဟုတ်ရင်ဖြင့် ဒါလောက် မပြောပါဘူး ဒကာ ဒကာမတို့။

ကိုင်း ဒါဖြင့် ဖြစ်ပျက် စိပ်နေတယ် ဆိုရင် ဖြစ်ပျက်နဲ့ မဂ် နဲ့သာ အချိန်ရသလောက် ကိုစောမောင် ဘာလုပ်ရမတုံး (ကိုက်အောင် လုပ်ရပါမယ်)။ အချိန်ရသလောက် နေလိုက်ပေါ့ဗျာ (မှန် ပါ)။

ဘယ်စိတ်မှ မဝင်စေနဲ့နော်

ဖြစ်ပျက်နဲ့ မဂ်နဲ့ ကိုက်နေလို့ရှိရင် အချိန်ရသလောက် (နေရမှာပါ ဘုရား)။ ဘယ်စိတ်မှတော့ မဝင်စေနဲ့နော် (မှန် ပါ)။ ရချင်တဲ့စိတ်နဲ့ သောတာပန်တည်တော့မှာပဲ နိဗ္ဗာန်ရတော့မှာပဲ ဒါတွေ မလာစေနဲ့။ ဦးမူမလာစေနဲ့ (မှန်ပါ)။ မလာစေနဲ့နော် ဒကာ ဒကာမတို့။

ဒီနေရာကလေးဟာ အောက်ပြန်ဆင်း တတ်တဲ့ နေရာကလေးမို့ ကိုစောမောင် သတိထား ပြောနေပါ တယ် (မှန်ပါ ဘုရား)။

အောက်ပြန်ဆင်းတတ်တဲ့ နေရာမို့ ပြောရတာ။ ဒီထဲမှာ တရားနာနေကြတဲ့ ဒကာ ဒကာမတွေက အကုန် နည်းယူပြီး အလုပ်လုပ်နေကြတဲ့ ဒကာ ဒကာမတွေဖြစ်လို့ သြော် ဒီကနေ ပြီး သကာလ ကျွမ်းထိုးမှောက်ခုံ ပြန်ကျလို့ရှိရင် တော်တော်ကြာ ကျတော့ အတက်ခက်နေမှာ စိုးလို့ ကိုစောမောင် ဒါလောက် ဂရုစိုက်ပြီး ပြောနေရတယ် (မှန်ပါ)။

ဒီဉာဏ်ရင့်စမ်းပါစေ

ဒါဖြင့် ဘယ်လို နေရမှာတုံးဆိုတဲ့ စကားကိုပဲ အဖြေ ထွက်ကြပါစို့ (မှန်ပါ)။ ဒကာ ဒကာမတို့၊ သူက ဖြစ်ပျက်က ပြတယ်၊ ပြသလောက် ကျုပ်တို့က လိုက်နေဖို့ပဲ (မှန်ပါ)။ ဒါကြောင့် ပရိပက္ကာ ကမေနေဝံ – ရင့်ကျက်လာတဲ့ အခါတဲ့ (မှန်ပါ)။ ဒီဉာဏ် ရင့်ချင် သလောက် ရင့်စမ်းပါစေ၊ ဒီဖြစ် ပျက်တွေမြင်တဲ့ ဉာဏ်ဟာ (မှန်ပါ)။ သဘောကျကြပြီလား(ကျပါပြီ)။

ဘယ်လိုနေရမလဲ (ရင့်ချင်သလောက် ရင့်စမ်းပါ စေ)။ ကိုစံလှ ဒီဥစ္စာ သိပ်အရေးကြီး တယ်နော်။ နာမရူပ ပရိစ္ဆေဒကျမ်းကလာတဲ့ စကားကို သေသေချာချာ ပြောနေပါ တယ် (မှန်ပါ)။

ဒါဖြင့် စတုတ္ထ အဝိဇ္ဇာ ကွာပြီးတဲ့ ပုဂ္ဂိုလ်များဟာ ဖြစ် ပျက်နဲ့ မဂ်နဲ့ ကိုက်နေပြီ ဆိုတော့ ရတော့မှာပဲဆိုတဲ့ စိတ်မဝင် ဘဲနဲ့၊ ဘယ်ဟာမှ ကိလေသာ ကြားအထိုးမခံဘဲနဲ့ နေလိုက်စမ်း ပါလို့ ပြောတာပါပဲ (မှန်ပါ)။ သဘောပါကြပြီလား (ပါပါပြီ)။

ကိလေသာကြားမထိုးစေနဲ့နော် (မှန်ပါ)။ အဲဒီတော့ ကြားမထိုး လေလေ ဒီဉာဏ် ဘာဖြစ်လေလေတုံး (ရင့်လေလေပါ ဘုရား)။ ကိုစောမောင် ရင့်နေပြီနော်။ စတုတ္ထဉာဏ် ရင့်လာပြီနော် (မှန်ပါ)။

အမြင်များလေလေ ဉာဏ်ရင့်လေလေ

အဲ ရင့်လာတဲ့ တစ်နေ့ကျတော့ ခင်ဗျားတို့က ရင့်ချင် လို့ ရင့်ရတာလား၊ အမြင်များလို့ ရင့်တာလား (အမြင်များ လို့ ရင့်တာပါ)။ ဒါဖြင့် ဧဝံ- ဤသို့၊ ကမေန- အစဉ်အတိုင်း၊ ပရိပက္ကာ- ရင့်ကျက်လာသည် ရှိသော်တဲ့။ ဒီဉာဏ် ကလေးဟာ အစဉ်အတိုင်းဟာ ရင့်ကျက်လာတာပဲ (မှန်ပါ)။ အမြင်များလေလေ ဘာဖြစ်လေလေလဲ (ရင့်လေလေပါ ဘုရား)။

ပရိဘာဝိတ ဘာဝနာပဲ ပွားသာနေပါ။ ဒါဖြစ်ပျက်ပဲ ဒါဖြစ်ပျက်ပဲ၊ ဒါအနိစ္စပဲ ပွားသာနေပါတဲ့ ဘာမှပြင် စိတ်မဝင်စေပါနဲ့ ကိုစောမောင် (မှန်ပါ)။ ဘာလုပ်နေရမတုံး (ပွားနေရ ပါမယ်)။

နောက်ကျတော့ ဘယ့်နှယ်ဖြစ်မတုံး မေးဖို့မလိုဘူး လား (လိုပါတယ် ဘုရား)။ ဒီဉာဏ်က ဒကာ ဒကာမတို့ ဟောဒါကို စွန့်ပါတယ် (မှန်ပါ)။ ဒါ စွန့်တယ် ဆိုတော့ ဒါဟာ ဘာပါလိမ့် ဒကာ ဒကာမတို့ (ဖြစ်ပျက်ပါ ဘုရား)။

ဖြစ်ပျက်စွန့်ပြီး နိဗ္ဗာန်ဘက်ပြေးသွားတယ်

စွန့်ပြီးတော့ ပက္ခန္တရိ အသင်္ခတေ-ဆိုတော့ သူက ဒီဘက် ပြေးသွားတယ်၊ နိဗ္ဗာန်ဘက် ပြေးသွားတယ် (မှန်ပါ)။ ဖြစ်ပျက် စွန့်ပြီး ရင့်တာနဲ့ ဒီဘက် ပြေးသွားတယ် (မှန်ပါ)။

မောင်နိုင် ဆုတောင်းလို့ ရတာလား၊ ရင့်တာနဲ့ ဟိုဘက် ပြေးတာလား (ရင့်တာနဲ့ ဟိုဘက် ပြေးတာပါ)။ ရှုလို့ ရင့်တာနဲ့ပဲ ဖြစ်ပျက် ဆုံးတဲ့ နိဗ္ဗာန်ဘက် ပြေးသွားတယ် (မှန်ပါ)။ သဘောပါ ကြပြီလား (ပါပါပြီ)။

ဒါဖြင့် ဒကာ ဒကာမတို့ ရင့်ဖို့ရာ အရေးဟာ ကျုပ်တို့ အရေး (မှန်ပါ)။ နိဗ္ဗာန်ရဖို့ အရေးဟာက သူရင့်ရင် သူ့ဟာ သူ ကူးလိမ့်မယ် (မှန်ပါ)။ သဘောပါကြပြီလား (ပါပါပြီ)။

သူ့ဟာသူ ကူးလိမ့်မယ်

သူရင့်ရင် (သူ့ဟာသူ ကူးမှာပါ)။ သူ့ဟာသူ ကူးလိမ့် မယ်ဆိုတာ အလုပ်သမားတွေ အတွက်မှာဖြင့် အထူးအရေး တကြီး မှတ်လိုက်စမ်းပါ (မှန်ပါ)။ သဘောပါကြပြီလား (ပါပါပြီ)။

ရင့်ဖိုရာကဖြင့် ကျုပ်တို့တာဝန် (မှန်ပါ)။ နိဗ္ဗာန်ရဖို့ ရာကတော့ နိဗ္ဗာန်ဘက် ကူးဖို့ရာတော့ ဉာဏ်၏ တာဝန် (မှန်ပါ)။ ဒီဉာဏ်ကပဲ ဒကာ ဒကာမတို့ နိဗ္ဗာန်ဘက်ကို ကူးသွားမှာပဲ (မှန်ပါ)။

ဖြစ်ပျက်ဆုံး ပြီးတော့ ဘယ်ဘက် ကူးသွားမလဲ (နိဗ္ဗာန်ဘက် ကူးသွားပါမယ်)။ အဲ ဖြစ်ပျက်ဆုံးတဲ့ နိဗ္ဗာန်။ တေသံ ဝူပ သမော သုခေါ- ဖြစ်ပျက်မရှိတဲ့ ချမ်းသာတဲ့ဘက်သို့ ဒီဉာဏ်ဟာ ကူးပါလိမ့်မယ် (မှန်ပါ)။ ဒါဖြင့် သူ ဘယ်အချိန်ကျမှ ကူးမှာတုံး ဆိုတော့ သူ့ဟာသူ ရင့်မှ သူကူးမယ် (မှန်ပါ)။

ဒီဉာဏ်က ဖြစ်ပျက်ကို အမြင်များလို့ အမြင်ရင့်ပါမှ ဖြစ်ပျက် မရှိတဲ့ဘက်ကူးမယ် (မှန်ပါ)။ နာမရူပ ပရိစ္ဆေဒအဋ္ဌကထာ မှာလာတာ မောင်နိုင် သဘောကျပြီလား (ကျပါပြီ)။

ဒကာ ဒကာမတွေဖြစ်ပျက်မြင်တဲ့ ဉာဏ်ရင့်ပါမှ ဖြစ် ပျက်ဆုံးတဲ့ နိဗ္ဗာန်ကို (ကူးမှာပါ ဘုရား)။

အဲဒါ နောက်က ဒကာ ဒကာမတွေ သာမညနားနဲ့ ယနေ့ မထောင်ပါနဲ့ အင်မတန် အရေးကြီးတယ် (မှန်ပါ)။ နား လည်ကြရဲ့လား (နားလည်ပါတယ် ဘုရား)။

ဒီနေ့ စကားပြောတာ အင်မတန် များသွားပြီနော် ကိုစောမောင် (မှန်ပါ)။ ပြီးတော့လဲ အချက်အလက် ပွိုင့် ကလေးတွေချည့် ပြောနေတယ် ဆိုတာကိုလဲ သတိထားပါ။

ဖြစ် ပျက်တွေ မြင်လို့ အမြင် စိပ်နေပြီ ဆိုလို့ ရှိရင်ဖြင့် ငါစိပ်နေပြီ ဆိုတာလဲ မလာစေနဲ့ ငါနီးပြီ ဆိုတာကော (မလာစေနဲ့) လာရင် စတုတ္ထအဝိဇ္ဇာ ပြန်အုပ်လိမ့်အုံးမယ် (မှန်ပါ)။ စတုတ္ထ အဝိဇ္ဇာ ပြန်အုပ်သွားတဲ့ အတွက် တတိယ ပြန်စရမယ်။ ပဋိစ္စသမုပ္ပါဒ် ပြန်ကောက်ရမယ် (မှန်ပါ)။ မကောက်ရပေဘူးလား (ကောက်ရပါတယ်)။ ဒါအလုပ်ကြီး လုပ်လာပြီးမှ အောက် ပြန်ဆင်း ရတဲ့ ဖြစ်တွေဟာ တယ်နာပါတယ် (နာပါတယ် ဘုရား)။ မနာဘူးလား ဒကာ ဒကာမတို့ (နာပါတယ် ဘုရား)။

ဖြစ်ပျက်နဲ့မဂ်နဲ့ ကိုက်နေပါစေ

ဒါဖြင့် တပည့်တော်တို့ ဘုရား လုပ်နည်း ကျကျနနပြော ပါဆိုတော့မှ နာမရူပ ပရိစ္ဆေဒ အဋ္ဌကထာ လာတာကို မှတ်ထား ကြဖို့ ပြောပါတယ် (မှန်ပါ)။ ပရိပက္ကာ ကမေနေဝံ-တဲ့ အစဉ် အတိုင်းသာ ဉာဏ်ရင့်ကျက်စမ်းပါစေ (မှန်ပါ)။ လိုချင် ရချင် စေတဲ့ နိကန္တိ ပယောဂတွေ ဝင်ပြီး မရှုပ်ပါစေနဲ့။ ဒီဖြစ်ပျက်နဲ့ မဂ်နဲ့ပဲ ရင့်ကျက် နေပါစေတဲ့ (မှန်ပါ)။ သဘောကျပြီလား (ကျပါပြီ)။ ရင့်ကျက်ပါစေ ဆိုတော့ စာသံ ပါနေတယ် ရှေးသံ ပါနေတယ်။ ဖြစ်ပျက်နဲ့ မဂ်နဲ့သာ အများကြီး ကိုက်နေပေစေ (မှန်ပါ)။ သဘောပါပြီလား (ပါပါပြီ)။

သူ့ဟာသူ နိဗ္ဗာန်ဘက် ကူးပါတယ်

ဘာနဲ့ ဘာကိုက်နေရမလဲ (ဖြစ်ပျက်နဲ့မဂ်နဲ့ ကိုက် နေစေရပါမယ်)။ အများကြီး ကိုက်နေပြီး ကြားဘာမှ မခိုလို့ ရှိရင်ဖြင့် ဒကာ ဒကာမတွေ ဒီကဖြစ်ပျက်ကို မြင်ရတာ အစွမ်းကုန်ရင့်တဲ့ တစ်နေ့ သူ့ဟာသူ နိဗ္ဗာန်ဘက် ကူးပါတယ် (မှန် ပါ)။ သဘောကျပြီလား (ကျပါပြီ)။

ဘာရင့်မှကူးမှာလဲ

ဒီဉာဏ်သည် ရှုနေတဲ့ ဉာဏ်သည် သူ့ဟာသူ ကူးသွား မယ် (မှန်ပါ)။ ဘာရင့်မှ ကူးမလဲ ဆိုလို့ရှိရင် ဖြစ်ပျက်မြင်မှု ရင့်ကျက်မှ ဖြစ်ပျက် မမြင်တဲ့ဘက် ကူးမယ် (မှန်ပါ) ကိုယ့်ဟာ ကိုယ် ကူးချင်လို့တော့ (မရပါဘူး)။

ဒါကြောင့် ဘုန်းကြီးက သတိပေးလိုက်တယ် ဒကာ ဒကာမတို့၊ ကိုယ်ရချင်လို့ မရဘူး၊ ရချင်ရင်တော့ဖြင့် ကျွမ်းထိုး မှောက်ခုံ အောက်ကျ သွားလိမ့်မယ် (မှန်ပါ)။ ဘယ်လောက် ထိအောင် ကျမှာတုံး ဆိုရင်ဖြင့် ၅-ရောက်ရမှာ ကပ်နေမှ ၃-သို့ ပြန်ဆင်းသွားမယ် (မှန်ပါ)။ သဘောကျပြီလား (ကျပါပြီ)။

၅-ရောက်မှာ မသေချာဘူးလား (သေချာပါတယ်)။ သေချာမှ ဘယ်ပြန်ဆင်းသတုံး (၃-ပြန်ဆင်းပါတယ်)။ အဲ ၃-ပြန်ဆင်းသွားတဲ့ ပုဂ္ဂိုလ်များမှာ ၃-ကို ပြန်လိုက်ရတော့မယ် ပြန်လုပ်ရတော့မယ်ဆိုတာလဲ ဘုန်းကြီးစောစောက ပြောခဲ့ပါတယ် (မှန်ပါ)။ မပြောခဲ့ဘူးလား (ပြောခဲ့ပါတယ်)။

ကိုင်း ဒါတွေ သေသေချာချာ သိတော့မှ ဒကာ ဒကာမ တို့ ၄-နံပါတ်လောက် အရေးကြီး တာများ ရှိသေးရဲ့ လား (မရှိပါဘူး)။

ဒုက္ခအမြင်များမှ ဉာဏ်လာတယ်

အားလုံးတရားတစ်ပွဲလုံး ဒကာ ဒကာမတို့ ခဲခဲယဉ်း ယဉ်းနဲ့ လာခဲ့ကြရတာ မိုးလေဝသနဲ့ လမ်းပန်းနဲ့ အမျိုးမျိုး အဖုံဖုံ ဒုက္ခတွေ ခံပြီးလာခဲ့ရတာ။ ဒီ ဒုက္ခသိမ်းချင်လို့ ဒုက္ခ သိမ်းနည်းကို လာရှာကြတာ (မှန်ပါ)။ ဒုက္ခသိမ်းနည်း လာရှာတဲ့ အခါကျ လို့ရှိရင်ဖြင့် ဒုက္ခ အမြင်များမှ ဒကာ ဒကာမတို့ ဒုက္ခ သိမ်းချင်တဲ့ ဉာဏ်ဟာ လာတယ် (မှန်ပါ)။ ဒုက္ခ အမြင်မများရင် (ဒုက္ခ သိမ်းချင်တဲ့ ဉာဏ်မလာပါဘူး ဘုရား)။

ကျုပ်ဖြင့် ဒုက္ခမျိုးစုံပြီ၊ ဒုက္ခဖြင့် ကြောက်ပါပေါ့ ဆိုတော့ ဒုက္ခ မလိုချင်တော့ဘူး ပြောလိုက်တာ (မှန်ပါ)။ သဘောကျ ပြီလား (ကျပါပြီ)။

ဝိပဿနာဉာဏ် ရင့်ကျက်ဖို့လိုတယ်

ဒီမှာလဲ ဖြစ်ပျက် အမြင်များလေလေ ဒကာ ဒကာမတို့ ဝိပဿနာဉာဏ်က ရင့်ကျက် လေလေပဲ (မှန်ပါ)။ ရှင်းပြီလား (ရှင်းပါပြီ)။

ဖြစ်ပျက်အမြင်များလေလေ (ဝိပဿနာဉာဏ် ရင့် ကျက်လေလေပါ ဘုရား)။

အဲဒီတော့ သူရင့်ကျက်ဖို့ရာအလုပ်ကို ကျုပ်တို့ ဂရုစိုက် နေရမယ် (မှန်ပါ)။ နိဗ္ဗာန်ရောက်တဲ့ မဂ်ရဖို့ကို ကျုပ်တို့က ကြောင့်ကြစိုက် နေဖို့ မလိုလှပါ၊ ဖြစ်ပျက်ဉာဏ် ရင့်ဖို့ကိုသာ ဂရု စိုက် နေရမယ် (မှန်ပါ)။

ဓါးသာသွေးနေပါ

ဓားသွေးတာဟာ ကျုပ်တို့ သွေးနေဖို့ပဲရှိတယ်။ ထက် မြက်လာဖို့က သူ့တာဝန်ပါ (မှန်ပါ)။ ကျုပ်တို့က ရေနဲ့ ကျောက်နဲ့ ဓားကို ကိုင်ပြီး သွေးနေဖို့ပဲ ရှိတယ်။ ထက်ပါစေလို့ သွားပြီး ဆုတောင်း နေစရာ မလိုပါဘူး (မှန်ပါ)။ သွေးမြဲတိုင်း သာ ဂရုစိုက်သွေးနေပါ၊ သူ့ဟာသူ ထက်ပါလိမ့်မယ် (မှန်ပါ)။ သဘောကျပြီလား (ကျပါပြီ)။

ဒါဖြင့် ဒကာ ဒကာမတို့ ကိုထက်ပါစေလို့ ကြားဝင် လိုက်လို့ရှိရင် ဓားနဲ့ထက်ပါစေနဲ့ ဘာဆိုင်တာမှတ်လို့ (မဆိုင် ပါဘူး ဘုရား)။ သွေးမှုနဲ့သာဆိုင်တယ် (မှန်ပါ)။ ထက်ပါစေဆို တဲ့ စိတ်ထား အာသီသနဲ့ ဘာဆိုင်သတုံး (ဘာမှမဆိုင်ပါဘူး)။ အားထုတ်မှုနဲ့တော့ (ဆိုင်ပါတယ် ဘုရား)။

အဲ နိဗ္ဗာန် ဆိုတာလဲ ဒကာ ဒကာမတို့ ဆုတောင်းရုံ တောင်းနေတာနဲ့တော့ သိပ်မဆိုင် လှသေးဘူး (မှန်ပါ)။ တကယ်တမ်း အားထုတ်မှုနဲ့ သွားဆိုင်တယ် (မှန်ပါ)။ ပေါ် ပြီလား (ပေါ်ပါပြီ)။

ဝါးနှစ်လုံးသာ ပွတ်ပေးပါ

အဲဒါကြောင့် နာမရူပ ပရိစ္ဆေဒကျမ်းမှာ လာပြန်တယ် နော်။ ဘယ်လိုလာပြန်လဲဆိုတာတော့ ဝါးနှစ်လုံး ပွတ်တာပေါ့။ မီးထွက်ပါစေ ဆုတောင်းနေလို့တော့ မရဘူး၊ ပွတ်တဲ့လုံ့လ ဝီရိ ယသာ မလျှော့ဖို့ အရေးကြီးတယ်တဲ့ (မှန်ပါ)။ သဘောကျပြီလား (ကျပါပြီ)။

ပွတ်တဲ့ လုံ့လဝီရိယသာ မလျှော့တမ်းနဲ့ ထုံးစံအတိုင်း ပွတ်ပွတ်ပြီးနေတော့ ပွတ်လေ ပူလေလေ၊ ပူလေလေ မီးထွက်က ဘယ့်နှယ်တုံး (နီးလေလေပါ ဘုရား)။ ကိုင်း ဒါဖြင့် မီးထွက် လောက်အောင် ပူလို့ ရှိရင်ဖြင့် မီးမထွက်ပါနဲ့ ဆိုလို့ကော (မရပါဘူး)။

ဒီမှာလဲ ဒကာ ဒကာမတို့ နိဗ္ဗာန် မြင်လောက်အောင် ဖြစ်ပျက် ရင့်လို့ရှိရင် နိဗ္ဗာန်ဘက် ကူးမယ် (မှန်ပါ)။ နိဗ္ဗာန်မြင် လောက်အောင် မရင့်သေးရင် (မကူးပါဘူး)။

အပါယ်လေးပါးပြတ်အောင် ဟောနေတာ

တော်တော်ရှင်းပြီ။ ဒကာ ဒကာမတို့ တော်တော်ရှင်း ရဲ့ လား (ရှင်းပါတယ်)။ အလုပ်သမား အတွက် ဟောနေ တယ် ဒကာ ဒကာမတို့၊ သံသရာထဲ ကောင်းအောင် ဟောနေ တာ မဟုတ်ဘူး၊ အပါယ်လေးပါးနဲ့ သေခန်း ရှင်ခန်း ပြတ်အောင် ဟောနေတာ (မှန်ပါ)။ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ဝါးနှစ်လုံးပွတ်နေတဲ့ ပုဂ္ဂိုလ်ဟာ မီးထွက်ဖို့ရာ ကိုယ့်တာဝန်လား ပွတ်တာက ကိုယ့်တာဝန်လား (ပွတ်တာက ကိုယ့်တာဝန်ပါ)။ မီးကတော့ဖြင့် ပွတ်တဲ့ ပုဂ္ဂိုလ်၏ လုံ့လ ပယောဂ အားကောင်းရင် ကောင်းသလောက် မြန်မြန် ထွက်မယ်(မှန်ပါ)။ ကိုယ့်တာဝန်က မီးထွက်ပါစေလို့ ဆုတောင်းနေရုံနဲ့တော့ ထွက်မယ်မဟုတ်ဘူး (မှန်ပါ)။ ကိုယ့်တာဝန်က ပွတ် ဖို့အလုပ်သည် (ကိုယ့်တာဝန်ပါ)။ ရှင်းပြီလား (မှန်ပါ)။

ဒီမှာလဲ ဝိပဿနာ ဖြစ်ပျက်ကို ကိုယ့်ဟာကိုယ် ခင်ဗျား တို့က နီးပြီထင်ပါရဲ့၊ ရလှပြီ ထင်ပါရဲ့ ဒါတွေဟာ ကိုယ့်တာဝန် မဟုတ်ဘူး (မှန်ပါ)။ ရှင်းပြီနော် (မှန်ပါ)။

ကိုယ့်တာဝန်ကဘာပါလိမ့်

ကောင်းပြီတဲ့၊ ဒါဖြင့် ကိုယ့်တာဝန်က ဘာပါလိမ့်မတုံး ဆိုတော့ ဖြစ်ပျက်နဲ့မဂ်နဲ့ ကိုက်နေဖို့ရာ ကိုယ့်တာဝန် (မှန်ပါ)။ မောင်နိုင် ရှင်းပြီလား (ရှင်းပါပြီ)။

နောက် ဒကာ ဒကာမတွေ ကိုယ့်တာဝန်က ဘာပါလိမ့် (ဖြစ်ပျက်နဲ့မဂ်နဲ့ ကိုက်နေဖို့ရာ ကိုယ့်တာဝန်ပါ)။ ဖြစ်ပျက်နဲ့ မဂ်နဲ့ကိုက် နေဖို့ရာ ကိုယ့်တာဝန် (မှန်ပါ)။

ဒကာ ဒကာမတို့ ကိုက်ပါများရင် ရှုတဲ့ဉာဏ် ဘာဖြစ် မယ်ထင်သတုံး (ရင့်ကျက် လာပါတယ်)။ ရင့်ကျက်လာလို့ ရှိရင်ဖြင့် ဒကာ ဒကာမတို့ မဂ်ဉာဏ်တည်း ဟူသော တရား ထွက်လာရမယ် (မှန်ပါ)။ နိဗ္ဗာန်တည်း ဟူသော မီးဟာကော (ထွက်ရပါမယ်)။ အဲဒါ ကိုယ်က ထွက်စေချင်လို့လား၊ ရင့်ကျက်လို့ ဖြစ်လာတာလား (ရင့်ကျက်လို့ ဖြစ်လာတာပါ)။

ဘယ်အချိန်ရမှာတုံး

ဒါဖြင့် ဘယ်အချိန်ရင့် ပါလိမ့်မတုံးလို့ မေးတဲ့ အခါကျ တော့ ရှုနေတဲ့ ဉာဏ်ကလေးဟာ ဒကာ ဒကာမတို့ ဟောဒီ ဖြစ်ပျက်ကို ရှောင်ပြီး သကာလ ဖြစ်ပျက် ရှာမတွေ့ဘဲနဲ့ ဒီ နိဗ္ဗာန် ဘက်တည့် သွားလို့ ရှိရင်ဖြင့် ဒကာ ဒကာမတို့ ရင့်လို့ကူးတာပဲ (မှန်ပါ)။ မရင့်သေးတဲ့ ပုဂ္ဂိုလ် (မကူးသေးပါဘူး)။

မကူးသေးဘူးဆိုသဖြင့် အော် ဒကာ ဒကာမတို့ ပဉ္စမ အဝိဇ္ဇာဟာ ရင့်မှကွာတယ်၊ ကွာမှ ကူးတယ် (မှန်ပါ)။ သဘော ကျပြီလား (ကျပါပြီ။

ပဉ္စမ အဝိဇ္ဇာဟာ (ရင့်မှကွာပါတယ်)။ ရင့်မှ ကွာ တယ်၊ ကွာမှ ဘာတုံး (ကူးပါတယ် ဘုရား)။ အဲ ဖြစ်ပျက် ဘက်ကနေပြီး ဖြစ်ပျက်မရှိတဲ့ဘက် ကူးသွားတယ် (မှန်ပါ)။ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ပရိပက္ကာကမေနေဝံ၊ ပရိဘာ ဝိတ ဘာဝနာ။ ပရိစ္စဇန္တီ သင်္ခါရေ ဆိုတော့ ဒါက သင်္ခါရ တရား။ ဖြစ်လိုက် ပျက်လိုက်၊ ဖြစ်လိုက် ပျက်လိုက်ဟာ သင်္ခါရ တရား ချည့်မှတ် (မှန်ပါ)။ အဲဒါ စွန့်သွားတယ် (မှန်ပါ)။

ပွတ်စရာတန်းကုန်မှ မီးထွက်တာ

မောင်နိုင် ဘယ်သူက စွန့်သတုံး (ဉာဏ်က စွန့်ပါတယ်)။ အဲဒီဉာဏ်က စွန့်သွားပြီတဲ့ ဖြစ်ပျက်ကို သူမလှည့်တော့ဘူး (မှန်ပါ)။ ဘယ်ဘက်ပြေးသွားပါလိမ့် (နိဗ္ဗာန်ဘက် ပြေးသွားပါ တယ် ဘုရား)။ ဖြစ်ပျက် မရှိတဲ့ဘက်ကို ပြေးသွားတယ်၊ သဘော ကျပြီလား (ကျပါပြီ ဘုရား)။

ဖြစ်ပျက် မရှိတဲ့ဘက် သူပြေးသွားတာက ဘာဖြစ်လို့ ပြေးသွားပါလိမ့်မတုံး ဆိုတော့ ပွတ်စရာ တန်းကုန်လို့ မီးထွက် တာ (မှန်ပါ)။ သဘောပါကြပြီလား (ပါပါပြီ)။

ဒါဖြင့် ဒကာ ဒကာမတို့ မီးထွက်ရန် ကိုယ့်အရေး မဟုတ်။ ပွတ်စရာ တန်းကုန်အောင်သာ (ကိုယ့်အရေးပါ ဘုရား)။

ဒါဖြင့် ကိုယ့်အရေး သူ့အရေး ဆိုတာ နှစ်ရေး ရှိပါ တယ် (မှန်ပါ)။ ကိုယ့်အရေးက ၄-နံပါတ် အဝိဇ္ဇာ ရှင်းရှင်း ကြီးကွာဖို့ ဖြစ်ပျက်တွေ စိပ်ဖို့ပဲ အရေးကြီးတယ် (မှန်ပါ)။

ကိုယ့်အရေးကဘာပါလိမ့်

ကိုယ့်အရေးက ဘာပါလိမ့် (ဖြစ်ပျက် စိပ်ဖို့ အရေး ပါ)။ ဖြစ်ပျက် စိပ်ဖို့ပဲ။ ဖြစ်ပျက်နဲ့ မဂ်နဲ့ ကိုက်ဖို့ပဲ (မှန်ပါ)။ ကိုက်နေလို့ရှိရင်ဖြင့် ဒကာ ဒကာမတွေ ဘယ်စိတ်မှ ကြားမခို စေနဲ့နော် (မှန်ပါ)။

ဘယ်စိတ်မှ ကြားမခိုဘဲနေလို့ ဖြစ်ပျက် မြင်ရတာဖြင့် တန်းကုန်ပြီး ရင့်နိုင်သမျှ ရင့်ပြီ ဆိုလို့ရှိရင်ဖြင့် ဒီဉာဏ်ဟာ ဖြစ်ပျက်ဘက် မလှည့်တော့ဘူး၊ ဖြစ်ပျက် မရှိတဲ့ ဘက် လှည့်သွား တယ် (မှန်ပါ)။ ရှုနေတဲ့ ဉာဏ်နော် (မှန် ပါ)။ နဂိုက သူဖြစ်ပျက် ရှိနေတဲ့ဘက် လှည့်တယ်။ ဉာဏ်ရင့်လာတော့ ဘယ်ဘက် လှည့်သတုံး (ဖြစ်ပျက် မရှိတဲ့ဘက် လှည့် သွားပါတယ် ဘုရား)။

ဉာဏ်ရင့်လို့ ဉာဏ်ကလှည့်သွားတာ

ဖြစ်ပျက်မရှိတဲ့ဘက် လှည့်သွားတယ် ဆိုတော့ ခန္ဓာ ကိုယ်ထဲမှာ ဖြစ်ပျက် မရှိလို့ သူ လှည့်ရ တာလားလို့ မေးတဲ့ အခါ ကျတော့ မဟုတ်ပါဘူးတဲ့၊ ဉာဏ်ရင့်လို့ လှည့်တာ ခန္ဓာကိုယ်ရှိ နေရင်တော့ သဗ္ဗေ သင်္ခါရာ အနိစ္စာ ရှိတာပဲ (မှန်ပါ)။ သို့သော် ဉာဏ်ကိုက လှည့်သွားတာ (မှန်ပါ)။ ရှင်းပြီလား (ရှင်းသွားပါပြီ ဘုရား)။

ဘယ်သူက လှည့်သွားတာတုံး (ဉာဏ်က လှည့်သွား တာပါ)။ ဘယ့်နှယ်ကြောင့် ဒီဉာဏ် လှည့်ပါလိမ့် မတုံး ဆိုတော့ အရင့်ဆုံးရင့်လို့ မီးထွက်တာ (မှန်ပါ)။

မီးထွက်အောင်ပူလို့ မီးထွက်တာ

ဘယ်လို မှတ်ကြမယ် (အရင့်ဆုံး ရင့်တာနဲ့ မီးထွက် တာပါ)။ ပွတ်နိုင်သရွေ့ ပွတ်တာနဲ့ မီးထွက်အောင် ပူလို့ မီးထွက် တာ (မှန်ပါ)။ မီးမထွက် လောက်အောင် ပူနေရုံ ဆိုရင် မီး ကို မထွက်သေးဘူး။ ပူတာပဲ ရှိတယ်။ သဘောပါကြပြီလား (ပါပါပြီ ဘုရား)။

ဒါဖြင့် မီးထွက် လောက်အောင် ပူတဲ့ အပူ၊ မီးမထွက် သေးတဲ့ အပူရယ်လို့ ဝါးမှာ နှစ်မျိုး ရှိတယ်၊ ဝါးနှစ်လုံး ပွတ်တဲ့ အခါမှာ (မှန်ပါ)။ မီးမထွက်တဲ့ အပူသည် ပူသာ နေတာပဲ ဒကာ ဒကာမတို့ မီးထွက် လောက်အောင် မပူသေးလို့ဘဲ (မှန်ပါ)။ ရှင်းပြီလား (ရှင်းပါပြီ)။

ဒီမှာလဲ ဖြစ်ပျက်တွေ မြင်တော့ မြင်နေသေးတာပဲ။ ဘာများဖြစ်လို့ မရသေးပါလိမ့် ဆိုတော့ ဘာမှမဖြစ်ဘူး ဒကာ ဒကာမတို့ မီးထွက် လောက်အောင် မပူသေးလို့ဘဲ (မှန်ပါ)။

ဘယ်လိုမှတ်ကြမယ် (မီးထွက် လောက်အောင် မပူ သေးလို့ပါ ဘုရား)။

မီးထွက်လောက်အောင် မပူသေးသလိုဘဲ ဒီမှာလဲ ဟို ဘက်ကူး လောက်အောင် မရင့်သေးဘူး (မှန်ပါ)။ နိဗ္ဗာန်ဘက် ကူးလောက်အောင် မရင့်သေးလို့ မကူးတာကို ခင်ဗျားတို့ ဆက်သာရှု (မှန်ပါ)။ သဘောကျကြပြီလား (ကျပါပြီ ဘုရား)။

ဖြစ်ပျက်မရှိတဲ့ နိဗ္ဗာန်

ခင်ဗျားတို့အလုပ်က ဆက်ရှုနေတဲ့ အလုပ်သည် ရင့်မှုကို ခင်ဗျားတို့ ကြိုးစား နေပါတယ် (မှန်ပါ)။ ရင့်လာတဲ့ အခါကျတော့ ခင်ဗျားတို့က ဘာမှ ပယောဂ မစိုက်ပါနဲ့၊ သူ့ဟာသူ ကူး ပါတယ် (မှန်ပါ)။ ဘယ်ဘက် ကူးသွားသတုံး (နိဗ္ဗာန်ဘက် ကူးပါတယ်)။ ဖြစ်ပျက် မရှိတဲ့ နိဗ္ဗာန်ဘက် မကူး ပေဘူးလား (ကူးပါတယ်)။

အလုပ်မှီပြီး နိဗ္ဗာန်တွေ့ရတာ

ဪ ဒါဖြင့် နိဗ္ဗာန်ရ၊ နိဗ္ဗာန်မြင်ရ၊ နိဗ္ဗာန်ကို တွေ့ရ တယ် ဆိုတဲ့ ဥစ္စာသည် ဒကာ ဒကာမတို့ အလုပ်ကို မှီပြီး တွေ့ ရတာပါကလား (မှန်ပါ)။

ဘယ့်နှယ်တုံး ဒကာ ဒကာမတို့ (အလုပ်မှီပြီး တွေ့ ရတာပါ ဘုရား)။ ဒကာ ဒကာမတို့ အလုပ် ရင့်မှု ပေါ်မှာ မှီပြီး ကူးတာ (မှန်ပါ)။ အလုပ် မရင့်ရင် မကူးဘူး (မှန်ပါ)။ အလုပ်ရင့်ရင် (ကူးပါတယ်)။

အဲဒီလို တစ်ခါကူးပြီး ပြန်တော့လဲ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ အထူးပဲ သတိပေး ပါတယ် (မှန်ပါ)။ ကူးပြီးတဲ့ ပုဂ္ဂိုလ် ကျပြန်တော့လဲ ခင်ဗျားတို့ ဘာမှ ပူစရာ မရှိတော့ဘူး၊ ဖြစ် ပျက်ကိုသာ ဆက်လက် ရှုလိုက်။ တစ်ချီ ဉာဏ်ထက်သူများ ဖြစ်ပျက် ကလေး တွေ့တယ် ဆိုရုံနဲ့ ကူးသွားတာပဲ (မှန်ပါ) ရင့် ပြီးသား ဖြစ်နေတယ် (မှန်ပါ)။

အဲဒီ ကျတော့ ရင့်ပြီးသား ဖြစ်နေလို့ ဒကာ ဒကာမတို့ သိပ်ပြီး အားစိုက် ရသေးလား (မစိုက် ရပါဘူး)။

ဒါကတော့ ဘယ့်နှယ် ကြောင့်တုံး ဆိုတော့ အရှိန်ရ အောင် ပူပြီးသား မီးက ကိုစောမောင် ဘယ်အခါမဆို မီးတောက် ထွက်နေမှာပဲ (မှန်ပါ)။ သဘောကျပြီလား (ကျပါပြီ)။

အရှိန်ရအောင် ပူပြီးသား မီးတွေ

အရှိန်ရအောင် ပူပြီးသား မီးကတော့ (ဘယ်အခါ မဆို မီးတောက် ထွက်ရမှာပဲ)။ ဘယ်အခါမဆို မီးတောက်ထွက် ရမယ်ဆိုတဲ့ အသွားပေါ့ဗျာ (မှန်ပါ)။ ဒိဋ္ဌိ ဝိစိကိစ္ဆာ ကို အမြဲ တမ်း ပယ်ပြီးသား ဖြစ်သွားပြီ။ တစ်ခါကူးပြီးတဲ့ ပုဂ္ဂိုလ်ဟာ ၄-ပိုင်း ၁ပိုင်း အဝိဇ္ဇာကော (ပယ်ပြီးသားပါ)။ တဏှာကော (၄-ပိုင်း ၁ပိုင်း ပယ်ပြီးသားပါ)။ အဲဒီတော့ သူ့မှာတော့ တာရှည် အုံးမှာလား ဖြစ်ပျက် မြင်လိုက်၊ ကူးလိုက် ဖြစ်ပျက်မြင်လိုက် ကူးလိုက် ဒီလိုချည့် မနေပေဘူးလား (နေပါတယ်)။

အဲဒါကျတော့ မဂ်ရပြီးသား ဉာဏ်နဲ့လုပ်နေတယ် ဆိုတာကော ရှင်းပြီးလား (ရှင်းပါပြီ)။

ဒါဖြင့် ယနေ့တရားမှာ ဒကာ ဒကာမတို့ တော်တော် ရှင်းရဲ့ လား (ရှင်းပါတယ်)။ အလုပ်စဉ် ရှင်းရဲ့လား (ရှင်းပါတယ်)။

ကဲ အလုပ်စဉ်ရှင်းရင် မနက်ဖြန်မှ ဆက်ကြစို့။ တော်ကြ အုံးစို့။

သာဓု သာဓု သာဓု။

 
မာတိကာသို့