025

မာတိကာသို့

ဖြစ်ပျက်တွေ့ရင် တိဟိတ်လို့ဆုံးဖြတ်

အသံဖိုင်ခေါင်းစဉ်= ဥဒယဗ္ဗယဉာဏ်ရောက်လျှင်ပင်အကျိုးကြီးလှပုံ

စာအုပ်ခေါင်းစဉ်= ဖြစ်ပျက်တွေ့ရင် တိဟိတ်လို့ဆုံးဖြတ်

မှတ်ချက်။ ။အသံမကြည်ပါ။

ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး အမရပူရမြို့၌

ဟောကြားတော်မူသော

ဖြစ်ပျက်တွေ့ရင် တိဟိတ်လို့ဆုံးဖြတ်

(၃-၃-၅၉)

“ငါပြောတဲ့သုံးချက်ဟာ မင်းညီညွတ်အောင်နေလို့ ရှိရင် မဂ်ဖိုလ်ရပါလိမ့်မယ်”လို့ ပြောထားတယ်နော် (မှန်ပါ့ ဘုရား) မာဂဏ္ဍီပရိဗိုဇ်ကို မဂ်ဖိုလ်ရချင်လို့ရှိရင် ဘုရားက သုံးချက်ဟောတယ် (မှန်ပါ့)၁-နံပါတ်က သူတော်ကောင်း ကိုဆည်းကပ်ရမယ်။

၁-နံပါတ်ကဘာပါလိမ့် (သူတော်ကောင်းကို ဆည်း ကပ်ရပါမယ်)။

အဲ မဂ်ဖိုလ်ရချင်လို့ရှိရင် သူတော်ကောင်းဆည်း ကပ်ကြပါလို့ ဘုရားကရှေးဦးစွာ တိုက်တွန်းတယ် (မှန်ပါ့)။ သူတော်ကောင်းဆည်းကပ်ရုံနဲ့၊ အနားကပ်ပြီး သကာလ ကြည်ညိုနေရုံနဲ့လဲ ဒါမပြီးသေးပါဘူး လို့ ဒကာ ဒကာမတွေက မှတ်ရမယ် (မှန်ပါ) တရားကိုနာရဦးမယ်တဲ့ (မှန်ပါ့) သူတော်ကောင်းနား ဆည်းကပ်ပြီး တရားလဲနာရဦးမှာဗျ (မှန်ပါ့) တရားမနာလို့ရှိရင်လဲ ဒကာ ဒကာမတို့ တစ်ထစ်ချမှတ်ပေတော့ မည်သူမျှ သောတာပန် မတည်နိုင် ဘူး (မှန်ပါ့ ဘုရား)။

တရားမနာလို့ ရှိရင်သောတာပန်မတည်နိုင်ပါ

သူတစ်ပါးထံမှတရားမနာဘဲ အလိုလိုကိုယ့်ဉာဏ်နဲ့ ဘု ရား ပစ္စေကဗုဒ္ဓါကလွဲရင် ဘယ်သူမှ သောတာပန် မတည်နိုင်ဘူးလို့ ဆုံးဖြတ်ချက်ချ (မှန်ပါ့) ဘုရားနဲ့ ပစ္စေက ဗုဒ္ဓကလွဲရင်ကျန်တဲ့ ပုဂ္ဂိုလ်များမှာ ဘယ်အခါကာလမှ သောတာပန်မတည်နိုင်ဘူး (မှန်ပါ) မှတ်မိကြပလား (မှတ်မိပါပြီ ဘုရား)။

ဘုရား ပစ္စေကဗုဒ္ဓကိုချန်၊ ကျန်တဲ့ ပုဂ္ဂိုလ်တွေ ဟာဖြင့် တရားမနာဘဲ သောတာပန်တည်တဲ့ ပုဂ္ဂိုလ် မရှိကို မရှိဘူးလို့ဆုံး ဖြတ်ချက်ချ (မှန်ပါ့) သဘောကျပလား (ကျပါပြီ)၊ ဘယ် နှစ်ချက် ရှိသွားပလဲ (နှစ်ချက်ပါ ဘုရား)။

လျော်စွာကျင့်ရမယ် (မှန်ပါ့) လျော်စွာဆိုတဲ့ဥစ္စာ တော်တော်အရေးကြီးတယ်။ ၃-နံပါတ်အချက်ပဲလို့ အားလုံး ဒကာ ဒကာမတွေ မှတ်စမ်းပါ (မှန်ပါ့) ဒကာ ဒကာမတို့ ဒီအချက်ဟာ အလွန်အရေးကြီးတဲ့အချက်လို့ မှတ်ပါ (မှန်ပါ့ ဘုရား)။

တရားနဲ့လျော်အောင်ကျင့်

လျော်စွာအကျင့်ဆိုတာ ဓမ္မာနုဓမ္မ ကိုဆိုသည် (မှန်ပါ့)၊ ဓမ္မာနုဓမ္မဆိုသည်မှာ တရားနဲ့ လျော်အောင် ကျင့်သောအကျင့်ကိုဆိုသည် (မှန်ပါ့)။

တရားနဲ့ လျော်အောင်ဆို အခု ဒကာ ဒကာမတွေ တရားနာနေတာ ဘယ်သူတွေတုံးလို့မေးရင် ဘယ့်နှယ်ဖြေကြ မယ် (ရုပ်နာမ်တွေပါ ဘုရား)။

ဪ ဒါဖြင့် ရုပ်နာမ်တွေဆိုတာ ဒကာ ဒကာမ တွေ သိနေတော့ ရုပ်ကလည်း ဘယ်မှာ လမ်းဆုံးပါလိမ့် မတုံး မေးတော့ ဖြစ်ပျက်၊ နာမ်ကလည်း ဘယ်မှာလမ်းဆုံးသလဲ (ဖြစ်ပျက်ပါပဲ ဘုရား)၊ အဲဒီတရားနှစ်ခုနဲ့ လျော်အောင် ကျင့်ပါတဲ့ (မှန်ပါ့ ဘုရား)။

ဒီတရားနှစ်ခုက လျော်အောင် ဉာဏ်က ဘာလုပ် ရမလဲ (လျော်အောင်ကျင့်ရပါမယ် ဘုရား)။ ရုပ်က ဖြစ်ပျက်ဆိုရင် ဉာဏ်ကလည်း ဖြစ်ပျက်လို့သိရမယ် (မှန်ပါ့)၊ ရုပ်က ဖြစ်ပျက်ဆိုရင် ဉာဏ်က ဘယ်လိုသိရမလဲ (ဖြစ်ပျက် လို့ သိရပါမယ် ဘုရား)။

အဲဒီတော့ တရားနဲ့ မလျော်ဘူးလား (လျော်ပါတယ် ဘုရား) နဂိုအရှိ ဖြစ်ပျက်နဲ့ ဉာဏ်က ဖြစ်ပျက်လို့ သိတာနဲ့တော့ ဦးခင်မောင် လျော်တာပေါ့ (မှန်ပါ့)။

နာမ်ကပြတာကလဲ နာမ်လို့သာ ဆိုရတယ် ကိုယ် ကြည့်လိုက်တဲ့အချိန်ကျတော့ သူကလဲ ဘာပြသတုံး (ဖြစ်ပျက်ပဲပြပါတယ် ဘုရား) ဉာဏ်က ဘယ်လိုမြင်ရမှာတုံး (ဖြစ်ပျက်ကို မြင်ရမှာပါ ဘုရား) အဲဒါ လျော်စွာအကျင့်ဆိုတာ ဒါကို ဆိုတာပဲ ဓမ္မာနုဓမ္မ ဆိုတာ ဒါပါပဲ (မှန်ပါ့)။

ဓမ္မဿ အနုဓမ္မံ ပဋိပဒံ ဆိုတဲ့အတိုင်း တရားနဲ့ လျော်အောင်ကျင့်တဲ့အကျင့်ပဲလို့ ဆိုသောကြောင့် နာမ်က ဖြစ်ပျက်မို့ ကျင့်တဲ့ဉာဏ်ကလဲ ဖြစ်ပျက်လို့ပဲ သူက ဖြစ်ပျက် ပြလို့ သော် ဒါဟာ ဖြစ်ပျက်ပါလားလို့ ဉာဏ်ကလဲ နှလုံးသွင်းပါ တဲ့၊ (မှန်ပါ့)။

ဉာဏ်ကဖြစ်ပျက်လို့ သိပေးပါ

သိပ်ခဲယဉ်းတယ်လို့ ဒကာ ဒကာမတွေ ဝိပဿနာ စခန်းမှာ နောက်မတွန့်ကြပါနဲ့ (မှန်ပါ့) တရားက ဖြစ်ပျက်ပြနေရင် ဉာဏ်က ဘယ်လိုသိရမတုံး (ဖြစ်ပျက်လို့ သိရပါ မယ် ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား) ရုပ်က ဖြစ်ပျက်ဆိုရင်ကော (ဉာဏ်ကဖြစ်ပျက်လို့ သိပေးရပါမယ် ဘုရား)။

အဲ ရုပ်နာမ်ဖြစ်ပျက် ပြလို့ရှိရင် ဉာဏ်က သိပေးလိုက်လို့ရှိရင် ဒါဟာ တရားနဲ့ မလျော်ဘူးလား (လျော် ပါတယ် ဘုရား) ရုပ်နာမ်တရား ဖြစ်ပျက်နဲ့လဲ ဉာဏ်လျော်ပြီ၊ နာမ်တရားဖြစ်ပျက်နဲ့လဲ (ဉာဏ်နဲ့လျော်ပါပြီ ဘုရား) အဲဒါ လျော်စွာအကျင့်ဆိုတဲ့ ၃-နံပါတ်ပဲနော် (မှန်ပါ့)။

ကောင်းပြီ ဒီလိုကျင့်လို့ရှိရင် ဉာဏ်က သိပေး လိုက်လို့ရှိရင် ဒါဟာ တရားနဲ့ မလျော်ဘူးလား (လျော်ပါ တယ် ဘုရား) ရုပ်နာမ်တရား ဖြစ်ပျက်နဲ့လဲ ဉာဏ်လျော်ပြီ နာမ်တရား ဖြစ်ပျက်နဲ့လဲ (ဉာဏ်နဲ့လျော်ပါပြီ ဘုရား) အဲဒါလျော်စွာကျင့်ဆိုတဲ့ ၃-နံပါတ်ပဲနော် (မှန်ပါ့)။

ကောင်းပြီ ဒီလိုကျင့်လို့ရှိရင် မာဂဏီကို ဒီသုံး ချက် ဟောလိုက်တယ်၊ အဲဒါကို မှတ်မိအောင်

သူတော်ဆည်းကပ်၊ မြတ်တရားနာ၊

လျော်စွာအကျင့်၊ မဂ်ဖိုလ်ခွင့်၊ ရလင့်ဧကန်သာ။

ဒကာ ဒကာမတို့ ဒါကလေး နှုတ်ထဲရအောင် ဆောင် ‘ ထားလိုက်ကြပါနော် (မှန်ပါ့)။

အဲဒီ မာဂဏ္ဍီပရိဗိုဇ်ကို၊ မင်းသည် သူတော် ဆည်း ကပ်၊ မြတ်တရားနာ၊ လျော်စွာသာ ကျင့်စမ်းပါတဲ့၊ မဂ်ဖိုလ်ခွင့် ကတော့ ရလင့်ဧကန်ပါတဲ့၊ သုံးချက်တည်း ဟောတော်မူ တာဗျ (မှန်ပါ့)။

ဒီသုံးချက်နဲ့ ညီရင် မဂ်ဖိုလ်ရမယ်

နောက်နှစ်ချက်ကတော့ အဖြေပြတာပါ။ စင်စစ် ကတော့ သူတော်ဆည်းကပ်တစ်ချက်ရယ်၊ မြတ်တရားနာ တစ်ချက်ရယ်၊ လျော်စွာအကျင့် တစ်ချက်၊ ဤသုံးချက်နဲ့ ညီလို့ရှိရင် မဂ်ဖိုလ် အခွင့်အရေးဟာဖြင့် ဧကန်ရမှာပဲ တဲ့ (မှန်ပါ့) မာဂဏ္ဍီကို ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဟောတာ၊ မဇ္ဈိမပဏ္ဏာသ ပါဠိတော် မာဂဏ္ဍိယသုတ်မှာလို့ မှတ်ရမယ် (မှန်ပါ့)။

၁-နံပါတ်က ဘာတဲ့ (သူတော်ဆည်းကပ်ပါ ဘုရား) အဲ သူတော်ကောင်းများ ဆည်းကပ်ပါလို့ ဆိုလိုက် တယ်နော် (မှန်ပါ့)။

၂-နံပါတ်က ဘာတဲ့ (မြတ်တရားနာပါ ဘုရား) တရား ကတော့ မနာရင် မဖြစ်ဘူး တဲ့ ဒကာ ဒကာမတို့ (မှန်ပါ့) ဘယ်နည်းနဲ့မှ တရားမနာရင် မရဘူးဆိုတာ အထင်အရှား ပေါ့ဗျာ (မှန်ပါ့)။

၃-နံပါတ် လျော်စွာအကျင့်ဆိုတာက တရားချည်း နာရုံနာလို့လဲ မပြီးသေးဘူး၊ လျော်စွာ ကျင့်ပုံကို ခုနင်က သေသေချာချာ ပြောခဲ့တယ် (မှန်ပါ့) လျော်စွာကျင့်ဖို့ကလဲ အရေးမကြီးဘူးလား (ကြီးပါတယ် ဘုရား) ဒီသုံးချက်နဲ့သာ ညီပါစေ မဂ်ဖိုလ် အခွင့်အရေးဟာဖြင့် ဧကန်ရပါတယ် (မှန်ပါ့)။

ဒီတော့ ဦးခင်မောင်တို့ ဘယ်နှစ်ချက်လဲ (သုံးချက် တည်းပါ ဘုရား) ဪ ဒါဖြင့် မဂ်ဖိုလ်ရချင်လို့ရှိရင် သူတော်ဆည်းကပ်ပြီး တရားနာလို့ လျော်အောင် ကျင့်လိုက် လို့ရှိရင် ပြီးကြစတမ်းပဲဆိုတဲ့ဥစ္စာ ဒကာ ဒကာမတွေ သေသေ ချာချာ မှတ်ပါတော့ (မှန်ပါ့)။

ပါဠိတော်ဆိုရင် သံသယမရှိနဲ့တော့

ဒါ ဘယ်သူ့ကို ဟောတာပါလိမ့် (မာဂဏ္ဍီကို ဟောတာပါ ဘုရား) ဘယ်ပါဠိတော်ပါလိမ့် (မဇ္ဈိမပဏ္ဏာသ ပါဠိတော်ပါ ဘုရား) ပါဠိတော်ဆိုရင် ဘာမှ သံသယမရှိ နဲ့တော့ ကိုယ်တော်တိုင် ဟောတာ (မှန်ပါ့)။

ကိုယ်တော်တိုင် ဟောတာဆိုတော့ ဘုရားက နှစ်ခွန်း မပြောဘူး၊ တစ်ခွန်းနဲ့ အမှန်ပြောတာ (မှန်ပါ့)။

ဒါဖြင့် ဒီသုံးချက်နဲ့ ညီရင် ရနိုင်တယ်လို့ တစ်ခွန်းတည်း မပြောဘူးလား (ပြောပါတယ် ဘုရား) အဲဒါ တို့လုပ် ကြည့်တဲ့အခါ မရဘူးလို့ မအောက်မေ့နဲ့ ရမှာပဲလို့ ဆုံးဖြတ် ချက်ချပါ (မှန်ပါ့)။

ဘုရားဟာ နှစ်ခွန်းမပြောဘူး (မှန်ပါ့) ဘယ်လို ပြောလေ့ရှိသတုံး (တစ်ခွန်းနဲ့ အမှန် ပြောပါတယ် ဘုရား) အဲဒါဟာ မြတ်စွာဘုရားတို့ ထုံးတမ်းနော် (မှန်ပါ့) ဘယ်ဘုရား မဆို ဘယ်လိုပြောလေ့ရှိသတုံး (တစ်ခွန်းနဲ့ အမှန်ပြောလေ့ ရှိပါတယ် ဘုရား)။

အဲဒီတော့ အခု ဘုရားက မာဂဏ္ဍီကို သူတော်ဆည်း ကပ်၊ မြတ်တရားနာ၊ လျော်စွာအကျင့်၊ ဒီသုံးချက်သာ ညီပါစေ၊ မဂ်ဖိုလ်ရနိုင်ပါတယ်ဆိုတော့ ဒကာ ဒကာမတို့ ကိုယ်တော်ကြီး တစ်ခွန်းတည်း အမှန်ပြောထားတယ် (မှန်ပါ့) အမှန်ပြော တာကို သံသယရှိရှိနဲ့ မကျင့်လိုက်ပါနဲ့ (မှန်ပါ့)။

သံသယရှိရှိနဲ့ မကျင့်ပါနဲ့ ဒကာ ဒကာမတို့၊ ဆုံးဖြတ် ချက်ချပြီး သကာလ ကျင့်ပါ။ သြော် ကိုယ်တော်ကြီး ပြောခဲ့တဲ့အတိုင်း၊ ဒီသုံးချက်ညီရင်ရမယ်လို့ မာဂဏ္ဍီကို သေသေချာချာ ဟောတော့၊ ဒကာ ဒကာမတွေကလဲ ဘယ်လို ဆုံးဖြတ်ချက်ချရမတုံး ဆိုလို့ရှိရင်၊ ဘုရားအပေါ်မှာလဲ သံသယ မရှိနဲ့၊ တရားအပေါ်မှာလဲ သံသယမရှိနဲ့၊ ကိုယ့်အပေါ်မှာလဲ သံသယမရှိနဲ့၊ ကျင့်မြဲသာ ကျင့်ရမှာပဲ (မှန်ပါ့)။

ဟုတ်မှဟုတ်ပါ့မလား မလာစေနဲ့

ဒါဖြင့် ဒကာ ဒကာမတွေကို နှိပ်စက်တာက ရမှရပါ့ မလားဆိုတော့ ဝိစိကိစ္ဆာ (မှန်ပါ့) အဲဒါကလေးဝင်ပြီး နှိပ်စက်လိမ့်မယ်နော် (မှန်ပါ့) ဘုရားဟောတဲ့အတိုင်း ဆရာဘုန်းကြီးပြောတာလဲ မှန်ပါတယ်၊ ကိုယ့်အခြေအနေ က ဟုတ်မှဟုတ်ပါ့မလား၊ ဒါ-မလာစေနဲ့- (မှန်ပါ့)။

ဘယ်လိုများ တွေးတတ်ပါလိမ့် (ကိုယ့်အခြေ အနေက ဟုတ်မှဟုတ်ပါ့မလားလို့ သံသယ ဖြစ်တတ်ပါ တယ်) သံသယ ဝိစိကိစ္ဆာ မဖြစ်ဘူးလားဗျာ (ဖြစ်ပါတယ် ဘုရား)။

အဲဒီတော့ ကိုယ့်အခြေအနေက သံသယ ဝိစိကိစ္ဆာ ဖြစ်တော့ ကိုယ်ကိုယ်တိုင် ဘုရားအပေါ် မှာလဲ မယုံတာ သေချာတယ်၊ ဘုရားအပေါ်မှာကော (မယုံတာ သေချာ ပါတယ် ဘုရား) ကိုယ့်အပေါ် စိတ်မချရတာလဲ (သေချာ ပါတယ် ဘုရား)။

ဒါဖြင့် သူ့ဟာက ဘယ်သူ့အပေါ်မှ စိတ်ချလက်ချ မရှိတဲ့ပုဂ္ဂိုလ် ဘာမှမဖြစ်တော့ဘူး (မှန်လှပါ) ဖြစ်စရာ မြင်သေးရဲ့လား (မမြင်ပါ ဘုရား)။

ဘုရားသခင် ကိုယ်တော်မြတ်ကြီးဟာ ဘယ်လို ပြောလေ့ရှိပါသတုံး (တစ်ခွန်းနဲ့ အမှန်ကိုသာ ပြောပါတယ် ဘုရား) တစ်ခွန်းနဲ့အမှန်ပြောတော့ သူတော်ဆည်းကပ်၊ မြတ်တရားနာ၊ လျော်စွာအကျင့် ဆိုတာ မပြောဘူးလား (ပြောပါတယ် ဘုရား)။

အဲဒီတော့ ဒကာ ဒကာမတွေ ဒို့ သူတော် ကောင်းလဲ ဆည်းကပ်နေတယ်၊ တရားလဲနာ နေတယ်၊ ဒို့မှာ ဘာလိုနေသေးသတုံး ဆိုတော့ လျော်စွာအကျင့်ကလေး လိုလိမ့်မယ်ထင်တယ် (မှန်ပါ့) အဲဒါကလေး ဖြည့်လိုက်ရင် မပြီးသေးဘူးလား (ပြီးပါတယ် ဘုရား)။

ဒါဖြင့်ပြီးမည့်အလုပ်ကလေးကို ဒကာ ဒကာမတို့ ၁ကပြည့်ပြီ၊ ၂-ကပြည့်ပြီ၊ ၃-ကလေး ကျန်နေတဲ့ဥစ္စာကိုဖြင့် ဒီဥစ္စာ ကြိုးစားလိုက်ရင် ပြီးသွားမှာပဲ (မှန်ပါ့)

၁-ရယ်၊ ၂-ရယ်၊ ၃- ရယ်ရှိရာတွင် ခင်ဗျားတို့ အတွက်မှာ ဘာကလေး အရေးကြီးနေပါလိမ့် (၃- အရေးကြီးပါတယ် ဘုရား)။

၃-အရေးကလဲ ဘုန်းကြီးပြောတော့ လွယ်ပါတယ်၊ ရုပ်က ဖြစ်ပျက်ဆိုရင် ဉာဏ်က ဘယ်လို သိရမယ် (ဖြစ်ပျက် လို့ သိရပါမယ်) ဖြစ်ပျက်လို့ ဉာဏ်ကသိပေးရင် ပြီးတာပဲ (မှန်ပါ့) နာမ်က ဖြစ်ပျက်ဆိုရင်ကော (ဉာဏ်ကဖြစ်ပျက်လို့ သိရပါမယ်) ဒီလို သိပေးတော့ မလျော်ဘူးလားဗျာ (လျော်ပါတယ် ဘုရား) ဖြစ်ပျက်ရှိလို့ ဖြစ်ပျက်သိနဲ့ သွားကိုက်တယ် (မှန်ပါ့)။

ဘာနဲ့ဘာ သွားကိုက်ပါလိမ့် (ဖြစ်ပျက်ရှိနဲ့ ဖြစ်ပျက် အသိနဲ့ သွားကိုက်ပါတယ် ဘုရား) ကျေနပ်ကြပလား (ကျေနပ်ပါပြီ ဘုရား)။

ဖြစ်ပျက်ရှိနဲ့ ဖြစ်ပျက်သိတာ ကိုက်လို့ရှိရင်ဖြင့် ဘုရား၏ တပည့်သားဖြစ်တဲ့ ဘုန်းကြီးများကလဲ တာဝန်ယူ နိုင်ပါတယ်၊ ဘာမှခင်ဗျားတို့ သံသယမရှိနဲ့၊ ဒုက္ခဧကန် သိမ်းမယ် (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

နိဗ္ဗာန်ဟာ ဖြစ်ပျက်သိလို့ရှိရင်ဖြင့် ခင်ဗျားတို့ ဆုတောင်းနေစရာတောင် မလိုဘူး၊ သူ့ဟာသူ ရောက်သွားတာပဲ (မှန်ပါ့)။

ဖြစ်ပျက်သိရင် ဆုတောင်းမနေနဲ့တော့

နိဗ္ဗာန်ရောက်ဖို့ ဖြစ်ပျက်သာတွေ့လို့ ဖြစ်ပျက်သိတဲ့ ဒကာ ဒကာမတွေဖြင့် ဘာမှ ဆုတောင်း မနေနဲ့တော့ ရောက်မှာပဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဖြစ်ပျက်သိတဲ့ ဒကာ ဒကာမတွေ (ဘာဆုမှ မတောင်းရပါ ရောက်ပါတယ် ဘုရား) ဖြစ်ပျက်သိရင် ရောက်ရုံရှိတော့တာပဲဗျ၊ ဖြစ်ပျက်သိတာသည် ယထာဘူတ ဉာဏ်ရသွားပြီ (မှန်ပါ ဘုရား)။

ဒီဖြစ်ပျက်လဲ ဆက်ကြည့်တော့ မုန်းမှာပဲ၊ ဒီဖြစ်ပျက် ပဲ နောက်ကို မလိုချင်တာ လာရမှာပဲ (မှန်ပါ့) ဆုတောင်းနေစရာ လိုသေးသလား (မလိုပါ ဘုရား)။

အဲဒီတော့ ဘုရားဟောတာနဲ့ ဘုန်းကြီးတို့ နဂိုစီစဉ် ထားတာနဲ့ ဖြစ်ပျက်မြင်၊ ဖြစ်ပျက်မုန်း၊ ဖြစ်ပျက်ဆုံးအောင် ကြည့်ရင် ရမယ်ဆိုတာနဲ့လဲ ဒကာ ဒကာမတွေ အခု မာဂဏီ ကို ဘုရားဟော တာနဲ့တော့ တစ်ထပ်တည်းပဲ (မှန်ပါ့) တစ်ထပ်တည်း မကျဘူးလား (ကျပါတယ် ဘုရား)။

အဲဒီတော့ ဒကာ ဒကာမတို့မှာ ဘုန်းကြီး စိုးရိမ်တဲ့ အချက်ကော သိပလား (သိပါပြီ ဘုရား) ငါက နေရာမှ ကျပါ့ – မလား (မှန်ပါ့) ဒါကလေးတစ်ခု စိုးရိမ်ရတယ် (မှန်ပါ့)။

ငါက နေရာမှ ကျပါ့မလားဆိုတဲ့ ဒကာ ဒကာမတွေ ဖြစ်ပျက်ကို တွေ့နေတဲ့ပုဂ္ဂိုလ်ဟာ၊ ငါနေရာ ကျပါ့မလားလို့ မဆိုပါနဲ့လို့ မနေ့က ဆုံးဖြတ်ချက် ချလိုက်တယ် (မှန်ပါ့)။

ဖြစ်ပျက်တွေ့ရင်၊ တိဟိတ်လို့ ဆုံးဖြတ်

ဖြစ်ပျက်တွေ့လို့ရှိရင်ဖြင့် တိဟိတ်ပဲလို့ ဆုံးဖြတ်ချက် ချရင်ရပြီ (မှန်ပါ့) ဖြစ်ပျက်တွေ တိဟိတ်မို့ တွေ့တာ (မှန်ပါ့) တခြားသော ပုဂ္ဂိုလ်ဖြစ်ရင် တွေ့ကိုမတွေ့နိုင်ဘူး (မှန်ပါ့) သဘောပါကြပလား (ပါပါပြီ ဘုရား)။

ဒါဖြင့် အခု တရားနာလာကြတဲ့ ဒကာ ဒကာမ တွေဟာ၊ ဪ နိဗ္ဗာန်ရောက်ချင်လို့ရှိရင် ဒီသုံးချက် တည်းပါကလား သူတော်ဆည်းကပ်၊ မြတ်တရားနာ၊ လျော်စွာအကျင့်၊ ဟုတ်ပလား (မှန်ပါ့)။

မဂ်ဖိုလ်အခွင့်၊ ရလင့်ဧကန်သာဆိုတဲ့ဥစ္စာ ကတော့ လင်္ကာပီအောင်လို့သာ ထည့်တာ ဦးခင်မောင်ရေ ဒီသုံးချက် ပါပဲ (မှန်ပါ့) ကျေနပ်ကြပလား (ကျေနပ်ပြီ ဘုရား)။

၁-အချက်က ဘာပါလိမ့် (သူတော်ဆည်းကပ်ပါ ဘုရား) အဲ သူတော်ကောင်းဆီကို ဆည်းကပ်ပါ။ သူ့ဆီမှာ တရားထူးကရှိတာ၊ သူ့မကပ်ရင်လဲမဖြစ်ပေဘူး – (မှန်ပါ့) ကပ်သာ ကပ်နေတယ်၊ ကိုယ်ကတရားတော့မနာဘူး။ ဝေယျာဝစ္စကိုသာပြု နေတာဆိုရင်လဲ မဟုတ်သေးဘူး ဒီဥစ္စာ (မှန်ပါ့)။

ဘာလုပ်ရဦးမတုံး (မြတ်တရား နာရပါဦးမယ်) မြတ် တရားနာဆိုတာက မဂ်ရောက်ကြောင်း၊ ဖိုလ်ရောက်ကြောင်း သစ္စာတရားကိုနာရမယ် (မှန်ပါ့) ဒီပြင်သစ္စာ မဆိုက်တဲ့ တရားလဲမဟုတ်သေးဘူးနော် (မှန်ပါ့)။

ဝိပဿနာအလုပ်တရားကို ဆိုလိုရင်းပါပဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါန၊ သီလကဝေးသောအကြောင်း

အလုပ်တရားကိုနာရမှ (မှန်ပါ့ ဘုရား) ဒီပြင်ဒါန ကထာ၊ သီလကထာတွေမျှကိုသာ နာနေရလို့ ရှိရင်လဲ ဝေးသောအကြောင်းဖြစ်နေတယ် (မှန်ပါ့) နီးနိုင်ပါ့မလား (မနီးသေးပါ ဘုရား)။

မနီးသေးဘူးတဲ့ ဒကာ ဒကာမတို့၊ ဒီတရားကတော့ ဖြင့် အခြေပြုတဲ့ တရားပဲရှိတယ် (မှန်ပါ့) ပြီးဆုံးတဲ့ တရားလို့ တိုက်ရိုက်ဆိုလို့မရသေးဘူး (မှန်ပါ့) အခြေပြု တရားနဲ့ တင်းတိမ်ရောင့်ရဲပြီး သကာလ မနေရပဲနဲ့၊ ပြီးဆုံး အောင် ပို့နိုင်တဲ့ တရားကိုလဲ နာရလိမ့်မယ် (မှန်လှပါ ဘုရား)။

ဦးဘအုန်း ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား) တရားနာနည်းကိုလဲ ခင်ဗျားတို့ကို ဘုန်းကြီးသင်ပေးထား တာလဲ ရှင်းနေပါပြီ (မှန်ပါ့) မရှင်းဘူးလား (ရှင်းပါပြီ ဘုရား)။

ပဋိစ္စသမုပ္ပါဒ်ပြတ်တဲ့တရားနာပါ

ဘယ်တရားကို ခင်ဗျားတို့သည် အရေးတကြီး အလိုရှိအပ်တဲ့တရားလဲဆိုတာကို ခင်ဗျားတို့ကို တစ်နေ့က တရားနာတော့ ဘုန်းကြီးချိန်ခွင်ကလေး မပေးဘူးလား (ပေးပါတယ် ဘုရား) ဘယ်လိုပေးထားသတုံး (ပဋိစ္စသမုပ္ပါဒ် ဖြတ်တဲ့တရား ဖြစ်ရပါ့မယ် ဘုရား)။

အေး ဆက်တဲ့တရားဆိုရင် မဟုတ်သေးဘူး (မှန်ပါ့) ဆက်တဲ့တရားဆိုရင် (မဟုတ်သေးပါ ဘုရား) အဲဒီတော့ တရားနာနည်းလဲ ခင်ဗျားတို့ကို ဆရာဘုန်းကြီးက ပြသထားတဲ့အတွက်၊ မြတ်တရား ဆိုပေမယ့် သြော် ပြတ်တဲ့တရားနာမှပါကလား (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘယ်တရားနာရမလဲ (ပြတ်တဲ့တရား နာရပါ့မယ် ဘုရား) ပြတ်တဲ့တရားဆိုတော့ ဒကာ ဒကာမတို့၊ ရှင်းရှင်း လင်းလင်းနဲ့ ပြောရလို့ရှိရင်ဖြင့်၊ ရုပ်နာမ်က ရှေ့ပိုင်းက ဘယ်လို ပြလေ့ရှိသလဲ (ဖြစ်ပျက်ကိုပြပါတယ်) ရုပ်နာမ်ကဖြင့် ဟေ့ အနိစ္စချည်းပြတာပဲ၊ ဟောတဲ့ ဘုန်းကြီးကဟောပြီ၊ ဒီတရားမျိုးကို နာရမယ် (မှန်ပါ့)။

ဒီတရားမျိုးနာတော့ ခင်ဗျားတို့က ဘယ်လိုလုပ်ရ မတုံးဆိုတော့၊ ဟောတဲ့ဆရာသမားကတော့ ရုပ်နာမ်ကတော့ အနိစ္စချည်းပဲ၊ ဒုက္ခသစ္စာချည်းပဲ ဟောလို့ရှိရင်၊ ဒါဟာ ပဋိစ္စ သမုပ္ပါဒ် ပြတ်တဲ့တရား အမှန်ပဲ (မှန်ပါ့) မပြတ်ဘူးလား (ပြတ်ပါတယ် ဘုရား)။

ပြီးတော့ ခင်ဗျားတို့က ဒီတရားနာရုံနဲ့ မပြီးတော့ကို ၃-နံပါတ်က ဘာတဲ့တုံး (လျော်စွာကျင့်ရပါ့မယ်) အေး လျော်စွာအကျင့်ဆိုတော့ ဒီကဖြစ်ပျက်ဆိုရင် ဉာဏ်က (ဖြစ်ပျက်လို့ သိရပါ့မယ် ဘုရား) ဖြစ်ပျက်ကိုမြင်ရမယ် (မှန်ပါ့) မြင်ရင်ပဲ ခင်ဗျားတို့က မဂ္ဂင်ငါးပါးနဲ့ မြင်တာဗျ (မှန်ပါ့)။

ဖြစ်ပျက်မြင်ရင် ဘာပါလိမ့်

မြင်ရင် ဘာပါလိမ့် (မဂ္ဂင်ငါးပါးနဲ့ မြင်တာပါ) ဒါဖြင့် မဂ်ရမှရပါ့မလားဆိုဖို့ လိုသေးသလား (မလိုပါ ဘုရား) မြင်တာကိုက ဘာဖြစ်နေသတုံး (မဂ္ဂင်ငါးပါး ဖြစ်နေပါတယ်) မြင်တာကိုက မဂ္ဂင်ဖြစ်နေ တော့ ဦးဘတင် သံသယရှိဖို့ လိုသေးသလား (မလိုပါ ဘုရား) လျော်စွာအကျင့် ဆိုကတည်း ကိုက အကျင့် ဆိုတာက ဒါက လျော်စွာ၊ ဒါက ကျင့်တာ (မှန်ပါ့ ဘုရား)။

ဒီဘက်က (လျော်စွာပါ) ဒါနဲ့ လျော်အောင်၊ ဒါက ဘာလုပ်ရမလဲ (ကျင့်ရပါမယ် ဘုရား) ကျင့်တဲ့အခါကျတော့ ကျင့်တဲ့တရားဟာ ဘယ်နှစ်ပါးတုံးမေးလိုက်ရင် (ငါးပါးပါ ဘုရား) ဒီကတည်းက ငါးပါးဟာ မဂ္ဂင်ပဲ မဟုတ်လား (မှန်လှ ပါ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ကျင့်နေရင်းမတ္တနဲ့ မဂ္ဂင်တောင် ဆိုက်နေတဲ့ ဒကာ ဒကာမတွေ ဖြစ်နေတော့ ဒကာ ဒကာမတွေ ရထားတဲ့သံပေါက်နဲ့ သွားကိုက်တယ် (မှန်ပါ့)။

ပုဗ္ဗဘာဂမဂ်ရနေတာ

လျော်စွာအကျင့်မဂ်ဖိုလ်က အခွင့်ဆိုတော့ ဒါဟာ မဂ်ဖိုလ်တွေပဲ (မှန်ပါ့ ဘုရား) ရလင့်ဧကန်သာ ဆိုတာက လုပ်နေကတည်းက ပုဗ္ဗဘာဂမဂ်ကို ရနေတာ (မှန်ပါ့) ဦးဘတင် ဆုတောင်း နေရသေးသလား (မတောင်းရပါ ဘုရား) – ရနေတဲ့ပုဂ္ဂိုလ်က ဆုတောင်းနေသေးလို့ ရှိရင်ဖြင့် ဒီပုဂ္ဂိုလ်ဟာလဲ ရတာကို ရမှန်းမသိလို့ တောင်းတာပဲ (မှန်ပါ့)။

ဘယ်နှယ့်ဆိုကြမလဲ (ရတာကိုရမှန်းမသိလို့ တောင်း တာပါ ဘုရား) အဲ ရမှန်းမသိလို့ သူကတောင်းတာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘယ်လိုပုဂ္ဂိုလ်က တောင်းတာပါလိမ့် (ရမှန်း မသိတဲ့ ပုဂ္ဂိုလ်က တောင်းတာပါ) ရမှန်းမသိတဲ့ပုဂ္ဂိုလ်က တောင်းတာဆိုတာသည် အလုပ်မလုပ်တဲ့ပုဂ္ဂိုလ်က တောင်း တာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘယ်သူကတောင်းတာပါလိမ့် (အလုပ်မလုပ်တဲ့ ပုဂ္ဂိုလ်က တောင်းတာပါ ဘုရား) အလုပ် မလုပ်တဲ့ပုဂ္ဂိုလ်က တောင်းလို့ရှိရင် ဘယ်ပုဂ္ဂိုလ်ထဲသွင်းမတုံး (ရမှန်းမသိတဲ့ ပုဂ္ဂိုလ်ထဲ သွင်းရပါမယ် ဘုရား)။

ဘာဖြစ်လို့တုံးဆိုတော့ သူ့မှာရနေပါလျက်သားနဲ့ ထပ်တောင်းနေတယ် (မှန်ပါ့) သူ့မှာရတာက ဘယ်နှစ် ပါးရသတုံး (ငါးပါးရပါတယ် ဘုရား) ငါးပါးရနေတဲ့ အထဲ ကနေပြီး တပည့်တော်မဂ်ရ, ရပါလို၏၊ ဖိုလ်ရ, ရပါလို၏ လို့ တောင်းဖို့မလိုပါဘူး အလုပ်သာ ဆက်လက်ပြီး လုပ်ဖို့ရှိတော့တာပဲ (မှန်ပါ့)။

မဂ်စစ်ပေါ်အောင်သာ ဂရုစိုက်လုပ်

ဦးခင်မောင်တို့ အလုပ် လုပ်ရင်းမဂ်ဖိုလ်ရ ရပါလို၏ လို့ ဆုတောင်းကြဖူး သေးသလား (မတောင်းရပါ ဘုရား) တောင်းမနေနဲ့တော့ မဂ်စစ်ပေါ်အောင်သာ ဂရုစိုက်လုပ် (မှန်ပါ့) သဘောပါလား (ပါ,ပါပြီ ဘုရား)။

အလုပ်မလုပ်တဲ့ ပုဂ္ဂိုလ်က မောင်းတာကျတော့လဲ ဒကာ ဒကာမတို့ သူမရသေးလို့ တောင်းတာ (မှန်ပါ့) မရသေး လို့တောင်းပေမယ့်လဲ ဒါက တောင်းလို့ရတဲ့ ပစ္စည်းလား၊ လုပ်ယူမှရတဲ့ ပစ္စည်းလား၊ ဝေဖန်ဦး (လုပ်ယူလို့လဲ ဦးခင် မောင် ဒီဥစ္စာ လူသိရုံပဲရှိမယ် (မှန်ပါ့) နို့ ခင်ဗျားတို့က လူသိအောင် ကျယ်ကျယ်ကလေး တောင်းယူသလား (တောင်းပါတယ် ဘုရား)။

လုပ်ယူမှရတဲ့ ပစ္စည်းတောင်းမယူပါနဲ့

ဒါဖြင့် ဒကာ ဒကာမတို့ ဘယ်လိုဆုံးဖြတ်ချက်ချကြ မတုံးလို့ မေးလို့ရှိရင် လုပ်ယူမှရတဲ့ ပစ္စည်းကို တောင်းမယူ ပါနဲ့ လုပ်ယူပါလို့ သတိပေးလိုက်တယ် (မှန်ပါ့)။

ဘယ်လို သတိပေးပါလိမ့် (လုပ်ယူမှ ရတဲ့ပစ္စည်းကို တောင်းမယူချင်ပါနဲ့တော့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါကြောင့် ဘုန်းကြီးတို့ ဦးခင်မောင်တို့ကို ခဏခဏ မဟောဘူးလား၊ တောင်းယူတဲ့ပစ္စည်းဟာ လူ့ပြည်၊ နတ်ပြည် ဘဝသမ္ပတ္တိတွေပေါ့ (မှန်ပါ့) မပြောဘူးလား (ပြောပါ တယ် ဘုရား)။

လုပ်ယူရမှာက ဗြဟ္မာပြည်နဲ့ နိဗ္ဗာန်

လုပ်ယူရမှာက ဗြဟ္မာပြည်နဲ့ နိဗ္ဗာန် (မှန်ပါ့) ဗြဟ္မာ ပြည်ဆိုတော့လဲ သမထတော့ လုပ်ရဦးမှာ (မှန်ပါ့) နိဗ္ဗာန် ဆိုတော့ ဝိပဿနာ လုပ်ရမယ် မလုပ်ရပေဘူးလား (မှန်ပါ့ လုပ်ရပါတယ်) အဲဒါ ခွဲခြားမသိဘဲနဲ့ တတောင်းတည်း တောင်းရုံတောင်းနေတော့ နားပူရုံပဲရှိမှာပဲ (မှန်ပါ့)။

ခင်ဗျားတို့က ဘုရားပုထိုးကို သွားတိုင်း သွားတိုင်း တောင်းလေ့ရှိကြသလား (ရှိပါတယ် ဘုရား) တောင်းရုံနဲ့ ရမည့်ပစ္စည်းဖြင့် တောင်းယူကြပေါ့ဗျာ (မှန်ပါ့) လုပ်ယူရမည့် ပစ္စည်း တောင်းယူလို့ဖြင့် မရနိုင်တဲ့ဥစ္စာ လေကုန်ရုံ ရှိမှာပေါ့ (မှန်ပါ့) မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတွေ သူတော် ဆည်းကပ်ဆိုတာ ၁-နံပါတ်၊ မြတ်တရားနာက (၂-နံပါတ်ပါ ဘုရား) လျော်စွာအကျင့်က (၃-နံပါတ်ပါ) အရေးအကြီးဆုံး ဘယ်ဟာတုံး (၃-နံပါတ်ပါ ဘုရား)။

လျော်စွာကျင့်ရမယ်

၃-နံပါတ်သည် ဒကာ ဒကာမတို့ အလွန်အရေးကြီး တယ်လို့ မှတ်ကြပါ (မှန်ပါ့) လျော်စွာ အကျင့်ဆိုတာ ခင်ဗျား တို့ မဂ်မရသေးတဲ့ ပုဂ္ဂိုလ်ဟာ ဘာဖြစ်လို့ မရသေးတာ တုံးလို့ မေးလို့ရှိရင်ဖြင့် မလျော်သေးလို့သာ မှတ်ပါ (မှန်ပါ့)။

ဦးဘတင် ဘယ်လို ဆုံးဖြတ်ချက်ချမလဲ (မလျော် သေးလို့ မဂ်မရသေးတာပါ ဘုရား) လျော်စွာ ကျင့်ရမှာကို ဘယ့်နှယ်ဖြစ်နေသတုံး (မလျော်စွာ ကျင့်နေပါတယ် ဘုရား)။

ဪ ဒါဖြင့် ဒကာ ဒကာမတို့ ဖြစ်ပျက်နဲ့ မဂ်နဲ့ မတည့်ဘူး (မှန်ပါ့) ဒါဖြင့် လျော်ပါ့မလား (မလျော်ပါ ဘုရား) အဲ ဖြစ်ပျက်နဲ့မဂ်နဲ့ တည့်လို့ရှိရင်ဖြင့် ဒကာ ဒကာမတွေ ဒီကဘာတုံး (မဂ်ပါ ဘုရား) ဒီလိုတည့်နေရင် လျော်တာပဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဖြစ်ပျက်နဲ့မဂ်နဲ့ လျော်ဖို့အရေးဟာ ဒကာ ဒကာမတို့ကိုယ်တိုင် လုပ်ရမည့်အရေး (မှန်ပါ့) ကျေနပ်ကြရဲ့ လား (ကျေနပ်ပါတယ် ဘုရား)။

ဦးဘအုန်းရေ ဒီနေ့ပြောတဲ့ဥစ္စာ လိုရင်းတွေ နော် (မှန်ပါ့) လိုရင်းတွေ၊ လိုရင်းတွေ ဒကာ ဒကာမတွေ သတိထားကြပါ။

ဒုက္ခကို လက်စသတ်ပေးနေတာ

ဒီ အခုပြောနေတဲ့ နာရီပိုင်းကလေးမှာ ဒါဟာ ဆရာသမားက ဘာတွေများ ဆုံးဖြတ်ချက် ချနေပါလိမ့်မတုံး၊ ခင်ဗျားတို့၏ ဒုက္ခကို လက်စသတ်ပေးနေတာလို့ လဲ ဆုံးဖြတ်ချက်ချ (မှန်ပါ့)။

ဘယ့်နှယ်ဆိုကြမလဲ (ဒုက္ခ လက်စသတ်ပေးနေတာပါ ဘုရား) ဟာ-ဒါဖြင့် အလွန် အရေးကြီးတာပေါ့ ဘုရားလို့ ခင်ဗျားတို့ ဝန်ခံဖို့ကောင်းတယ် (မှန်ပါ့)။

ကိုင်း ဒုက္ခလက်စသတ် ပေးနေတယ်ဆိုတော့ ခင်ဗျားတို့က မပြောဖြစ်နေမှာလဲ စိုးရတယ် (မှန်ပါ့) သတ်တယ် မသတ်တယ် ရှင်းပြမယ်ပေါ့ဗျာ (မှန်ပါ့)။

ဒုက္ခလက်စသတ်ပေးနေတယ်ဆိုတာ ဦးခင်မောင် ယုံကြည်ပလား (ယုံကြည်ပါပြီ ဘုရား) ဖြစ်ပျက်နဲ့မဂ်နဲ့ ကိုက်နေ တဲ့ အခါကျလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ ဖြစ်ပျက်ကို မသိတဲ့ အဝိဇ္ဇာ လာသေးရဲ့လား (မလာပါ ဘုရား)။

အဝိဇ္ဇာမလာတော့ဘူး ဒကာ ဒကာမတို့ အဝိဇ္ဇာ မလာတော့ သူနောက်က သင်္ခါရ (မလာပါ ဘုရား) သူ့နောက်က ပဋိစ္စသမုပ္ပါဒ် ဒုက္ခက္ခန္ဓဿကျအောင် (မလာပါ ဘုရား)။

ဘာဖြစ်သွားတာတုံး (ချုပ်သွားတာပါ ဘုရား) ချုပ် သွားတော့ ဪ ဒါဟာ သံသရာစခန်း သတ်တာပဲ (မှန်ပါ့) အဝိဇ္ဇာက သံသရာအစကိုးဗျ၊ (မှန်ပါ) ဒုက္ခက္ခန္ဓဿ အဆုံး (မှန်ပါ့) ပဋိစ္စသမုပ္ပါဒ်ကြီး ပေါ်လာသေးရဲ့ လား (မပေါ်လာပါ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ ခန္ဓာအသစ်အကုန်ဖြစ်တာပဲ (မှန်ပါ့) ခန္ဓာအဟောင်း အကြောင်းတရားတွေ ချုပ်သွား တယ် (မှန်ပါ့) ခန္ဓာအသစ်ဆိုတာ အကျိုးတရား ဖြစ်တယ် (မှန်ပါ့)။

ခန္ဓာအဟောင်းထဲမှာရှိတဲ့ အကြောင်းတရားတွေလဲ ချုပ်တယ်။ ခန္ဓာသစ် လာမည့် အကျိုးတရား ကော (ချုပ်ပါ တယ် ဘုရား)။

ဒါနှစ်လုံးကိုလဲ ဦးဘတင် အရေးကြီးစွာ မှတ်ရမယ် (မှန်ပါ့) မဂ်လိုက်တာ ခန္ဓာသစ် အကြောင်းလဲ ချုပ်တယ်၊ ခန္ဓာသစ်ကို ဖြစ်စေမည့် အကြောင်းလဲ (ချုပ်ပါတယ်) ခန္ဓာ သစ်ကို ဖြစ်စေမည့်အကြောင်း ချုပ်ခြင်းကြောင့် ဒကာ ဒကာမတို့ ခန္ဓာသစ် မလာတော့ဘူး (မှန်ပါ့) လာပါ့မလား (မလာပါ ဘုရား)။

ဒါဖြင့် ခန္ဓာသစ်အကြောင်းလဲ ဦးဘတင် ဘာဖြစ် သွားသတုံး (ချုပ်သွားပါတယ်) လာမည့် ခန္ဓာအသစ် နောက် ထပ်တစ်ခုကော (ချုပ်ပါတယ် ဘုရား) အကြောင်းချုပ်တော့ အကျိုးက ဘယ့်နှယ်တုံး (ချုပ်ပါတယ် ဘုရား)။

မဂ်ဆိုတာ သမ္မာဒိဋ္ဌိ

အကြောင်းချုပ်တော့ အကျိုးချုပ်တယ်ဆိုတော့ စဉ်းစားပါ တဲ့၊ သေသေချာချာ ချင်ဗျားတို့ စဉ်းစားရင် ပေါ်ပါတယ်၊ ဒီနာမ်ကလေးက ဖြစ်ပျက်၊ ဒီကနေပြီး ဖြစ်ပျက်ကို လျော်အောင် ကျင့်လိုက်တော့ ပျော်တာကမဂ် (မှန်ပါ့) မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

မဂ်ဆိုတော့ သမ္မာဒိဋ္ဌိ ဒီထဲမှာ ပါမနေဘူးလား (ပါနေပါတယ် ဘုရား) သမ္မာဒိဋ္ဌိ ဆိုတော့ ဝိဇ္ဇာလား အဝိဇ္ဇာ လား (ဝိဇ္ဇာပါ ဘုရား) ဝိဇ္ဇာဖြစ်သောကြောင့် အဝိဇ္ဇာက ချုပ်တယ် (မှန်ပါ့) ဒီဘက် လာလတ္တံ့ ဝိညာဏ်တွေက (ချုပ်ပါတယ် ဘုရား)။

ပဋိသန္ဓေဝိညာဏ်တွေချုပ်တယ်

ပဋိသန္ဓေဝိညာဏ်တွေ ချုပ်ပါတယ်ဆိုတော့ ဦးဘတင်တို့၊ ဦးခင်မောင်တို့က စဉ်းစား၊ အကြောင်းနှစ်ခု ချုပ်လို့ အကျိုးတစ်ခုက ဒီဘက်လာသေးရဲ့ လား (မလာပါ ဘုရား)။

အဝိဇ္ဇာနဲ့ သင်္ခါရ အကြောင်းနှစ်ခု (မှန်ပါ့) ဝိညာဏ် က (အကျိုးတစ်ခုပါ ဘုရား) ဝိညာဏ်မှ မလာဘဲနဲ့ ဟိုဘက် ကနာမ်ရုပ်တွေက အမြစ်ပေါက်စရာ ရှိသေးရဲ့လား (မရှိပါ ဘုရား) ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။

ဒါဖြင့် လျော်စွာကျင့်တဲ့အလုပ်သည် သံသရာစခန်း သတ်ပါလား (မှန်ပါ့) ဒါဟာ သံသရာ အစလဲ ပျောက်ကရော (မှန်ပါ) ဒီဘက်သံသရာကြီးထဲမှာ အရှက်တကွဲ အကျိုးနည်း ဖြစ်ရမှာကြီး လာမှာကော (မလာတော့ပါ ဘုရား) ဘာဖြစ်လို့ တုံး၊ ဒီအကြောင်းနှစ်ခု ချုပ်လို့ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါလောက်သိရင်သေပျော်ပြီ

ဦးခင်မောင် ဒါလောက်သိရင်လဲ သေပျော်ပြီဗျ (မှန်ပါ့) လျော်စွာအကျင့် တစ်လုံးသည် သိပ်မှန်ပါကလား (မှန်ပါ့) ဒီကဖြတ်ဆိုရင် ဒီက ဘယ်လိုသိရမလဲ (မဂ်ဝင်ရ ပါ့မယ်) ဖြစ်ပျက်လို့ပဲ သိရမယ် (မှန်ပါ့) အဲဒီလို သိတာ ဘာခေါ်ကြမလဲ (လျော်စွာကျင့်ပါတယ်) ဒါဖြင့် မလျော်ဘူးလား (လျော်ပါတယ် ဘုရား)။

ဒီကဖြစ်ပျက်နဲ့ဒီက အသိကလည်း ဖြစ်ပျက်လို့သိ ပေး ဉာဏ်က (မှန်ပါ) မလျော်ဘူးလား (လျော်ပါတယ်) လျော်ရင်ဖြင့် မဂ်ဖြစ်ပြီ၊ မဂ်ဖြစ်ရင်ဖြင့် အဝိဇ္ဇာလား ဝိဇ္ဇာလား (ဝိဇ္ဇာပါ ဘုရား)။

ဝိဇ္ဇာလာတော့ အဝိဇ္ဇာက ချုပ်ရမယ် (မှန်ပါ့) အဝိဇ္ဇာ ချုပ်တော့ သင်္ခါရက (ချုပ်ရပါ့မယ်) ချုပ်တော့ အကြောင်း နှစ်ခုက ချုပ်တယ် (မှန်ပါ့) ဒီဘက်က ပဋိသန္ဓေ ဝိညာဏ် လာသေးရဲ့ လား (မလာပါ ဘုရား) မလာတော့ အကျိုးလဲ ချုပ်ပြန်တာပဲ (မှန်ပါ)။

ဒါဖြင့် သံသရာစခန်း သတ်-မသတ် (သတ်ပါ တယ် ဘုရား) သံသရာ့အကျိုးကော (သတ်ပါတယ် ဘုရား)။

သြော် ဒါဖြင့် လျော်စွာအကျင့်ဆိုတဲ့တစ်လုံး သည်ကားလို့ ဆိုရင်ဖြင့် ဒိဋ္ဌဓမ္မနိဗ္ဗာန်ရတဲ့ တရားပါလား (မှန်ပါ့) ဦးဘတင် ဘယ့်နှယ်ဆိုမလဲ (ဒိဋ္ဌဓမ္မ နိဗ္ဗာန်ရတဲ့ တရားပါ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကျင့်ကြည့်ပါ။ တစ်ခါကျင့်ရင် သံသရာကိုဆက်မည့် နှစ်ခုပြတ်တယ် (မှန်ပါ့)၊ နှစ်ခါ ကျင့်ရင်လည်း နှစ်ခါ ပြတ်တာပဲ (မှန်ပါ့)၊ သုံးခါကျင့်ရင်လည်း (သုံးခါပြတ် ပါတယ်)။ နောက်မဂ္ဂင်ရှစ်ပါး ပြည့်သွားတဲ့အခါ လုံးလုံးပြတ် တယ် (မှန်ပါ့)၊ မပြတ်ပေဘူးလား (ပြတ်ပါတယ် ဘုရား)။

ဒါဖြင့် အားလုံး ဒကာ ဒကာမတွေ လုပ်ထိုက် မလုပ် ထိုက် (လုပ်ထိုက်ပါတယ် ဘုရား)၊ အဲဒီတော့ လုပ်ထိုက် တာကလေးကို ဒကာ ဒကာမတွေသည် ထမင်းမစားရတာ အရေးမကြီးဘူး လုပ်ထိုက်တာကို မလုပ်ဖြစ်မှာ အရေးကြီး တယ် (မှန်လှပါ)။

ဘာဖြစ်လို့တုံး ထမင်းမစားရတော့ ထမင်းက စားဖူး ပါပြီလို့ပြောလိုက် ဟုတ်လား (မှန်ပါ့)။ ဘယ်လောက် စားဖူးပြီးတုံးမေးမယ် (မရေမတွက်နိုင်ပါ ဘုရား)၊ အဲဒါကျတော့ ထမင်း မချက်ရ သေးလို့ လုပ်မနေပါနဲ့ (မှန်ပါ့)၊ စားဖူးတာကြီးကို ခင်ဗျားတို့က အသားယူပြီး ပြောမနေပါနဲ့ (မှန်ပါ ဘုရား)။

ဧည့်သည်ကို ယိုးမယ်ဖွဲ့ပြီး ဧည့်သည်ကြောင့်လို့ လည်း ပရိယာယ်မရှာပါနဲ့ (မှန်ပါ့)၊ ကိုယ်ကတော့ မစား ဘဲလုပ်မယ်ဆိုလုပ်နိုင်တယ်၊ ဧည့်သည်က ရောက်နေလို့ ဒီလို လည်း ဆင်ခြေမလဲနဲ့ (မှန်ပါ့)၊ ထမင်းအတွက် ဆင်ခြေ ကအလွန်ပေါ့ဗျ၊ ကိုယ်စားချင်တာလည်း ဧည့်သည်နဲ့ ပြောချင်ပြော (မှန်ပါ့ ဘုရား)။

တစ်မျိုးက ကလေးလိုလွှဲချလိုချ၊ ဒီလိုကောမနေဘူး လား (နေပါတယ်)၊ အဲဒီလို ဆင်ခြေတွေ ချနေလိုက်ခြင်းကြောင့် သံသရာဆက်နေပါတယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါတယ် ဘုရား)။

ချေးထူသရွေ့ဟာ ဒုက္ခရောက်ဖို့သာမှတ်

အဲ ခင်ဗျားတို့ ချေးထူသရွေ့ဟာဖြင့် ဒုက္ခ ရောက်ဖို့ချည်းသာမှတ်ပေတော့ (မှန်ပါ့)၊ ကဲ ချေးထူ တာများ ကောင်းသေးရဲ့ လား (မကောင်းပါ ဘုရား)၊ မကောင်းလည်း ခင်ဗျားတို့က ချေးကလေး ဆေးပါဆိုရင် (မဆေးချင်ပါ)၊ အတော်ခက်နေပါကလား (မှန်ပါ ဘုရား)။

ဒကာ ဒကာမတွေ အသက်အရွယ်ကြီးတော့ ချေး မဆေးချင်ဆိုတဲ့ဥစ္စာ အသက်အရွယ် ကြီးတော့ ဘာဝတ်ပေးပေး မထူးပါဘူး၊ ရေမချိုးချင်ဘူး၊ ဘာဝတ်ဝတ် တော်ရောပေါ့။ အကုန်တော်အောင်ချည်း ဖြစ်သွားတယ် (မှန်ပါ့)။ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ငယ်ငယ်တုန်းကတော့ သင့်သလိုနေခဲ့တယ်၊ ကြီး တော့ (တော်အောင်ဖြစ်သွားပါတယ်)၊ ငယ်ငယ်တုန်းက သင့်သလိုငယ်ငယ်တုန်းကလည်း မဟန်ဘူး (မှန်ပါ့)၊ ကြီးတော့ တော်အောင်နေတော့ကော (မဟန်ပါဘူး)၊ အရွယ်သုံးပါး ဘယ်အချိန်ဟန်ခဲ့သတုံးမေးရင် (ဘယ် အချိန်မှ မဟန်ခဲ့ပါ ဘုရား)။

ဪ- ဘယ်အချိန်မှမဟန်ခဲ့လို့ရှိရင်ဖြင့် နောက် ဘယ်လိုများတို့ဖြစ်မှာတုံးလို့ တွေးစရာ လိုသေးသလား (မလိုပါ ဘုရား)၊ ကဲ ဦးခင်မောင်ရေ မြတ်တရားနာ လျော်စွာအကျင့် ဆိုတဲ့ သံသရာပြတ်တဲ့ သံပေါက်ကလေးပဲ ဆိုတာ ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။

ဒါဖြင့် အားလုံး ဒကာ ဒကာမတွေ တို့ မဂ်မရ၊ ဖိုလ် မရဖြစ်နေတာဘာတုံးဆိုတဲ့ လက်သည်ပေါ်လာပြီ (ပေါ် ပါပြီ)၊ သူတော်လည်း မဆည်းကပ်ခဲ့ဘူး၊ ဒါလည်း ချို့ချင်ချို့ မယ် (ချို့မှာပါ ဘုရား)၊ မြတ်တရားနာဆိုတဲ့ တရားကတော့ (ချို့ပါတယ် ဘုရား)၊ ချို့ချင်ချို့မယ်၊ နောက်ဆုံး ပိတ် ၃-နံပါတ်ကျတော့ ချို့မယ်ပဲဆိုတော့ (မှန်ပါ)၊ အားကြီးချို့တဲ့ဥစ္စာက ဘာပါလိမ့် (လျှော်စွာအကျင့်ပါ ဘုရား)။

လျော်စွာအကျင့် ဆိုတဲ့ဥစ္စာက ဒါကပြီးတဲ့အလုပ် မဟုတ်လားဗျာ (မှန်ပါ့)၊ လျော်စွာအကျင့် ဆိုတဲ့ဥစ္စာက ဒကာ ဒကာမတို့ လျော်စွာနော်ဒီဘက်က (အကျင့်ပါ)၊ ဒီက ဘယ်လိုပြလေ့ရှိသတုံး (ဖြစ်ပျက်ကိုပြလေ့ရှိပါ တယ်)၊ ဒီအကျင့်က (ဖြစ်ပျက်လို့သိရပါမယ်)၊ ဖြစ်ပျက် လို့သိလိုက်ရင် ပြီးနေတာပဲ ဒကာ ဒကာမတို့ ဘာမှသံသယ ရှိမနေနဲ့ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒီသုံးခုသာ ညီအောင်လုပ်ပါ

ကဲ ဦးခင်မောင် ကျေနပ်ပလား (ကျေနပ် ပါပြီ)၊ ဒါ ဘယ်သူ့ဟောတာတဲ့ဗျာ (မာဂဏ္ဍီကို ဟောတာ ပါ)၊ ဘယ်သူကဟောတာတုံး (ဘုရားကဟောတာပါ)၊ မင်း မဂ်ဖိုလ်ရချင်လို့ရှိရင် ဒီသုံးခုသာ ညီအောင်လုပ်ပါလို့ မပြောဘူးလား (ပြောပါတယ် ဘုရား)။

သံသယရှိနေရင် ဒုက္ခရောက်ဖို့ပဲ

အဲဒီတော့ ဒကာ ဒကာမတွေ ဘုရားဟောဖြစ်နေ တာကြောင့်လည်း တစ်ခွန်းနဲ့အမှန်ပြောတဲ့ ကိုယ်တော်ကြီး ကိုလည်း ခင်ဗျားတို့ သံသယရှိနေလို့ရှိရင် ခင်ဗျားတို့ ဒုက္ခ ရောက်ဖို့ပဲ (မှန်ပါ့)၊ ကိုယ့်ကိုယ်ကို သံသယရှိနေရင်လည်း (ဒုက္ခရောက်ဖို့ပါ)၊ ဒုက္ခရောက်ဖို့ပဲဆိုတော့ ဒကာ ဒကာမတွေ ကိုယ့်ဒုက္ခတော့ ကိုယ်မရှာတာကောင်းတယ် ထင်တယ် (မှန်ပါ့)၊ ရှာဖို့များသင့်ကြရဲ့လား (မသင့် ပါ) မသင့်ဘူး၊ မသင့်ဘူး ဒကာ ဒကာမတို့ ပေါ့တော့တော့ လုပ်မနေပါနဲ့ ဟုတ်လား (မှန်ပါ့)။

ခင်ဗျားတို့ မန္တလေးလာလို့ ဘုန်းကြီးဆီရောက်မှ ထမင်းစားလို့ တစ်လုတ်သွပ်ရတာနဲ့ ခေါက်ဆွဲစားလို့ တစ်ဇွန်းဝင်တာရှိသေး၊ သေရတာကရှိတော့ စောနေတယ် (မှန်ပါ့)၊ မစောကြဘူးလား (စောပါတယ် ဘုရား)။

ညတုန်းက လည်ပတ်နေတယ်၊ မနက်ကျတော့သေ တယ်၊ ဒီလိုဟာတွေကလည်း မမြန်လား (မြန်ပါတယ် ဘုရား)၊ အဲဒီတော့ ကိုယ့်အတွက်တော့ ဗေဒင် မေးထားတော့ ဘယ်လို များမေးထား သတုံး (သေလိမ့်မယ်လို့ ဟောထား ပါတယ်)၊ အင်း သေမယ်ဆိုတာတော့ သေသေချာချာ ပဲ (မှန်ပါ ဘုရား)။

ဗေဒင်ဆရာကရေးလိုက်တာ အသက် ၁၂၀ ရှည်စေ သော်တဲ့၊ ဇာတာခွင်များဖတ်ကြည့်တော့ အဲဒီလိုမရေးဘူး လား (ရေးပါတယ် ဘုရား)၊ ဒီထက်ပိုရင်တော့ မင်းမနေ ရတော့ဘူး၊ မင်းသေရတော့မယ်ဆိုတဲ့ အဓိပ္ပါယ်ပါမနေဘူး လား (ပါနေပါတယ်)၊ ဒီထက်ပိုလို့တော့ မင်း အသက် မရှည်နိုင်တော့ဘူး၊ ဒါ အင်မတန်ကံကောင်းဦးမှ ငါက ခြွင်း ချက်နဲ့ရေးတာ (မှန်ပါ့)၊ ဒီအဓိပ္ပါယ်ကော မပြီးဘူးလား (ပြီးနေပါတယ် ဘုရား)။

စိတ်တစ်ခုဟာတစ်သက်လို့မှတ်

အဲဒီတော့ ၁၂ဝ ဆိုတာကလည်း ဒကာ ဒကာမတို့ အသက် ၁၂ဝ ဆိုပေမယ့် စိတ်တစ်ခုဟာ တစ်သက်လို့မှတ် ပါ (မှန်ပါ့)၊ စိတ်တစ်ခုကို ဘာဆိုကြမယ် (တစ်သက် ပါ ဘုရား)၊ ခင်ဗျားတို့က စိတ်တစ်သက်ဆိုတော့ ဦးခင်မောင် ၁၂၀ ကျော်ကုန်ပြီ (မှန်ပါ့)၊ ဦးဘအုန်း (ကျော်ကုန် ပါပြီ ဘုရား)။

ခင်ဗျားတို့က တွက်ကိုမတွက်လို့ပါ (မှန်ပါ့)၊ တွက်ကြည့်ရင် ဘယ့်နှယ်နေကြမလဲ (ကျော်ကုန်ပါပြီ ဘုရား)၊ ဟာ ဇာတာတွေလွန်ကုန်ပြီ ခင်ဗျားတို့ဥစ္စာ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ) ဒါဖြင့် အချိန်ပိုင်း ကျန်တော့တယ် (မှန်ပါ့)။

အချိန်ပိုင်းကျန်တဲ့လူဟာ အသက်၁၂ဝရှည်စေ သတည်း ဆိုတော့၊ ဗေဒင်ဆရာ ရေးတာ ကတော့ ခင်ဗျားတို့ သင်္ခါရဓမ္မသဘောနဲ့ ရေးတာမဟုတ်ဘူး၊ နားထောင် ကောင်းအောင် မြှောက်ရေးတာ (မှန်ပါ့) ရက်ပေါင်း ၃၆၅ မှာတစ်နှစ်၊ အဲဒီနှစ်ပေါင်း ၁၂၀-ရှည်စေသတည်းဆိုလိုတာ (မှန်ပါ့) သို့သော် သူ့ဟာကအသက်မပါရင်တော့ ဘုန်းကြီး မပြောပါဘူး။ ဒီစကားကိုအခုတော့ သူကဘာပါနေသတုံး (အသက်ပိုင်းခြား ပါနေပါတယ်) အသက်ဆိုတာက စိတ် ကလေးတစ်ခုဟာ အသက်တစ်ခု (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

စိတ်ကလဲ ဒကာ ဒကာမတို့ စိတ်ကလေးတစ်ခါ ဖြစ်တယ်ဆိုရင်၊ ရှူတဲ့လေကလေး တစ်ခါဖြစ်တာပဲ (မှန်ပါ့) စိတ်ကလေးတစ်ခါချုပ်ရင်ကော (ရှူတဲ့စိတ်ကလေး တစ်ခါ ချူပ်ပါတယ်) သူကလဲ တစ်သက်ပဲ (မှန်ပါ့) ဒါဖြင့်တစ်နာရီမှာ ခင်ဗျားတို့ ရှူလေရှိုက်လေ ၃၆ဝ ပျက်တယ် (မှန်ပါ ဘုရား)။

တစ်နာရီ ဘယ်လောက်ပါလိမ့် (၃၆ဝ-ပါ) နှစ်နာရီ ကျတော့ (၇၂၀-ပါ) ခင်ဗျားတို့ဟာ ဇာတာရေး ထက် ကျော်ကုန်ပြီဗျ (မှန်ပါ့ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့်ခင်ဗျားတို့သည် ဘယ်လိုများဆုံးဖြတ်ချက်ချကြ မတုံး၊ ပုဏ္ဏားပေးတဲ့ ဆုထက်တောင် တို့ ကလွန်ကုန်ပြီ (သိပ်မကြာတော့ပါ ဘုရား) အချိန်ပိုင်းပဲ လို့တော့တယ် (မှန်ပါ့ ဘုရား) သူကတော့ မသိရှာလို့ စင်စစ်၁၂၀ ရှည်စေ သတည်းဆိုတဲ့ဥစ္စာ၊ နှစ်ပေါင်း၁၂၀ရှည်စေသတည်း ဆိုရင်လဲ တော်သေးတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ) အခုတော့ ရေးထားတာ ဘယ့်နှယ် ရေးထားသတုံး (အသက် ၁၂ဝလို့ ရေးထားပါတယ်) သွားပြီ ခင်ဗျားတို့လဲ (မှန်ပါ ဘုရား)။

ခင်ဗျားက သေစေသတည်းက တစ်ခါတည်း မင်းကိုကွာ အသက် ၁၂၀ ပြည့်လို့ရှိရင် သေစေသတည်း ဆိုရင် ပုခက်ထဲမရောက်ခင် သေရမလို ဖြစ်နေတယ် (မှန်ပါ့ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ) ရုပ်သက်နဲ့ နာမ်သက်ကိုးဗျ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ပုဏ္ဏာ စကားလမ်းဆုံးနေတယ်

ခင်ဗျားတို့ အသက်က ဘာတုံး (ရုပ်သက်, နာမ် သက်ပါ) အဲ ရုပ်သက်၊ နာမ်သက်ပဲ ရှိတာကိုး (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ) ဒါဖြင့် ခင်ဗျားတို့ကို ဗေဒင်ဆရာ ရေးတာက နှစ်တွေဘာတွေ ပါရဲ့ လား (မပါ,ပါ) အဲ-ရုပ်သက်, နာမ်သက်လို့ ဘုရားဟောထားပါလျက်နဲ့ ခင်ဗျားတို့က ပုဏ္ဏားစကား လမ်းဆုံးနေလို့ ခက်နေတာ (မှန်ပါ့) သဘော ပါပလား (ပါ ပါပြီ ဘုရား)။

ဒါဖြင့် ဦးကြီးတို့များ ဘယ့်နှယ်နေသတုံး (သေခါနီး ပါပြီ ဘုရား) ဒီထဲမှာကော သေမှာချည်းပဲ မပါဘူးလား (ပါပါတယ်) ၁၂၀-ကျော်ပလား-မကျော်သေးဘူးလား (ကျော်ပါပြီ ဘုရား) အသက်ဆိုတာ ဘာခေါ်ပါလိမ့် (ရုပ်ဇီဝိတနဲ့ နာမ်ဇီဝိတပါ) အဲ ရုပ်ဇီဝိတကိုအသက် ခေါ်တယ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

အသက်ဆိုတာ ရုပ်ဇီဝိတနဲ့နာမ်ဇီဝိတ

အသက်ဆိုတာ ဒီပြင်ဟာမှတ်မနေနဲ့၊ ခင်ဗျားတို့ သိမှာမဟုတ်ဘူး၊ အသက်ဆိုတာဟာ ဦးခင်မောင်တို့ သေသေချာချာရေးမှတ်ပါ၊ ရုပ်ဇီဝိတနဲ့ နာမ်ဇီဝိတကိုခေါ် တယ်၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ရုပ်ဇီဝိတဆိုတာ ဇီဝိတရုပ်ကလေးတစ်ခု၊ နာမ်ဇီဝိတလေး နာမ်ကလေးတစ်ခုပေါ့ဗျာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ) ဇီဝိတရုပ်နဲ့ဇီဝိတလို့အမည်ရတဲ့ နာမ်သဘောကလေးတစ်ခု အဲဒါကို အသက် ခေါ်တာပဲ (မှန်ပါ့)ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

အသက်ဆိုတာ ဘာပါလိမ့် (ရုပ်ဇီဝိတနဲ့၊ နာမ် ဇီဝိတကိုခေါ်ပါတယ် ဘုရား) အဲ ဇီဝိတဆိုတာ သူတို့မှ အစစ်ကိုး၊ (မှန်ပါ့) ဒီပြင်ဟာတွေက အပိုတွေ၊ သူတို့မှ အသက်အစစ် (မှန်ပါ့ ဘုရား)။

ကိုင်း ဒါဖြင့် ၁၂ဝကျော်ကြပလား (ကျော် ပါပြီ) ဦးဘအုန်း မကျော်သေးဘူးလား (ကျော်ပါပြီ) ကျော်နေပြီ ဒကာ ဒကာမတို့ဒါဖြင့် ဇာတာအသက်လွန်ကုန်ပြီ၊ ဘယ့် နှယ်များ လုပ်ကြမတုံး၊ တရားတစ်ပွဲလုံး ခက်နေတာ အခုဟာ က (မှန်ပါ့) ကဲ ဒီကရှေ့ကို ခင်ဗျာတို့ဇာတာက ဒီလိုဆို ထားတယ်၊ ဒီလိုဆိုထားရင်ကျော်သွားပြီ ကိုယ့်ဟာကိုယ် ဆုံးဖြတ်ချက်ချပါ (မှန်ပါ ဘုရား)။

ဥပမာ ဦးဝခေါ်သောပုဂ္ဂိုလ်သည်အသက် ၁၂ဝရှည်စေသတည်း၊ သူ့နေ့သား နံသားကလေးနဲ့ ကိုက်ပြီး နာ မည်ကလေးတော့ ပေးလိုက်မှာပေါ့ဗျာ၊ အဲဒီနာမည်ရှိတဲ့ ပုဂ္ဂိုလ်ဘာတုံး (အသက်၁၂ဝ ရှည်စေသတည်း) ဟော အသက်တဲ့ဗျ၊ အသက်ဆိုတာ ရုပ်အသက်ပဲ၊ နာမ်ကော (အသက်ပါ ဘုရား)။

ရုပ်တစ်ကြိမ်ဖြစ်တာအသက်တစ်ခု

ဒါဖြင့် ရုပ်သက်၊ နာမ်သက်ပဲရှိတော့ ရုပ်ကလေး တစ်ကြိမ်ဖြစ်တာ အသက်တစ်ခု (မှန်ပါ့)၊ နာမ်ကလေး တစ်ကြိမ်ဖြစ်တာ (အသက်တစ်ခုပါ)၊ ဒါဖြင့် ဒါမျိုးတွေ ဟာ အကြိမ်ပေါင်း ဘယ်လောက်ရှိမယ်ထင်ကြသတုံး (မရေတွက်နိုင်ပါ)၊ ၁၂ဝ ကျော်လောက်ပလား (ကျော် ပါပြီ ဘုရား)။

သွားပြီပေါ့၊ ဒကာ ဒကာမတို့ နေစရာမရှိတော့ဘူး (မှန်ပါ့)၊ အဟုတ်သဘော ပါပလား (ပါပါပြီ ဘုရား)။ အဟုတ်သဘောပါလို့ရှိရင် ဘုန်းကြီးပြောတာကို အမှန်ယူ ဟိုပုဏ္ဏားတွေရေးတာကို အမှန်မယူနဲ့ (မှန်ပါ့)၊ ရိပ်မိ ပလား (ရိပ်မိပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့၊ ခင်ဗျားတို့ အသက်ကလေးကြွင်းနေတာကလေးဟာ၊ အခု တရားအား ထုတ်နိုင်ဖို့ တရားထူးရနိုင်ဖို့ ကြွင်းနေတာလို့ မှတ်လိုက် (မှန်ပါ့)။

ဘယ်လိုမှတ်ကြမယ် (တရားအားထုတ်ဖို့၊ တရားထူးရနိုင်ဖို့ ကြွင်းနေတာပါ)၊ တရားထူး တရားမြတ်၊ မဂ်ဖိုလ်အစစ်ထိအောင်ရနိုင်ဖို့ ကြွင်းနေတဲ့ အသက်ကလေး (မှန်ပါ့)၊ အဲဒါကလေးထဲတော့ အလွဲသုံးစားမလုပ်နဲ့ (မှန်ပါ့ ဘုရား)။

ဘယ်လိုမှာပါလိမ့် (ဒီအထဲကတော့ အလွဲသုံး စားမလုပ်ပါနဲ့)၊ အသက်က ကုန်ချင်နေပြီဗျ။ ကံကြွင်းကလေး နည်းနည်းဆက်ထားတာ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)၊ အခုဟာ အပိုကလေးမဟုတ်လား (မှန်ပါ့ ဘုရား)။

အပိုကလေး ဖြုန်းကြဦးမလို့လား (မဖြုန်းပါ ဘုရား)၊ ဟုတ်ကြရဲ့လားခင်ဗျားတို့ဟာ၊ အပိုဖြုန်းမှာစိုးရိမ် စရာ ကောင်း မကောင် (ကောင်းပါတယ် ဘုရား)၊ အခု ဟာက ၁၂၀ ထက်ဘယ့်နှယ်နေကြသတုံး (အများကြီး ကျော်နေပါပြီ ဘုရား)။

အများကြီးကျော်နေပြီဆိုသဖြင့် ဒကာ ဒကာမကို အပိုကလေးဟာ ကံကပေးထားတယ်ဆိုရင် လွဲပါ့မလား (မလွဲပါ ဘုရား)၊ ဪ ဒါကလေးဟာ နေခွင့်ကလေး နည်းနည်းကျန်သေးတယ်လို့ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါ တယ် ဘုရား)၊ အဲ့ဒါကလေးကိုဖြင့် သားရေး၊ သမီးရေး၊ စီးပွားရေးနဲ့ အချိန်မဖြုန်းလိုက်ပါနဲ့၊ အသက်လွန်ကုန်ပြီ (မှန်ပါ့)၊ အခုမှပဲ ခင်ဗျားတို့လည်းရိပ်မိတာ (မှန်ပါ့)၊ ဇာတာထဲ ဘာပါသတုံး (အသက် ၁၂၀ ရှည်စေသတည်း) အသက်ပါသေးတယ်ဗျ (ပါပါတယ် ဘုရား)။

အနှစ် ၁၂၀ ရှည်စေသတည်းလို့ ပါသလား၊ အသက် ၁၂၀ ရှည်စေသတည်းလို့ ပါသလား (အသက် ၁၂၀ ရှည်စေသတည်းလို့ ပါ ပါတယ် ဘုရား)၊ ဒါဖြင့် အနှစ် ၁၂၀ ဆိုရင်တော့ တော်သေးတာ ပေါ့ မောင်သစ်တို့ (မှန်ပါ့)၊ သဘောပါပ (ပါ ပါပြီ ဘုရား)။

ကိုမြရွှေ ခင်ဗျားဇာတာကြည့်ပြီး၊ အိမ်ပြန်ကြည့်ဦး၊ ပြန်ကြည့်ရင်ဖြင့် သေသေချာချာပေါ်မယ် (မှန်ပါ့)၊ ဒကာ ဒကာမတွေ အိမ်ကျတော့ ပြန်ကြည့်ကြဦးနော် (နှစ်လို့များဖြစ်နေမလားလို့လား)၊ မဖြစ်ဘူးဗျ၊ ဘယ်ဇာတာ ကြည့်ကြည့် ခင်ဗျားတို့ဟာက (မှန်ပါ့)။

ဦးဝတို့ ရှေ့မီနောက်မီ မေးကြည့်တာပေါ့ဗျ (အတူတူပါပဲ၊ ဘယ်ဇာတာ ကြည့်ကြည့် အသက်ချည်းပါပဲ ဘုရား)၊ ဟုတ်ပြီ ဒါဖြင့် ထောက်ခံချက်ရပြီ (မှန်ပါ့)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ တရားအားထုတ် နိုင်တဲ့ တရားထူးကလေးရဖို့ အသက်ကြွင်း နေတယ်လို့ ဆုံး ဖြတ်ချက်ချ (မှန်ပါ့)။

တရားထူးရဖို့ မြန်မြန်လုပ်

ဒါဖြင့် ကြွင်းတဲ့အထဲက ဘာလုပ်ရမယ် (တရား ထူးရဖို့လုပ်ရပါ့မယ်)၊ မြန်မြန်လုပ်၊ ကြွင်းတာကလေး ဖြုန်း မပစ်လိုက်ပါနဲ့ (မှန်ပါ့)၊ ကြွင်းတာကလေးမှ ဖြုန်းခဲ့လို့ ရှိရင်ဖြင့် ဟို ၁၂၀တုန်း ကလည်း ကျင့်ချိန်မရဘူး (မှန်ပါ့)၊ အခုကြွင်းတဲ့အထဲက တစ်ခါဖြုန်းဦးမယ်ဆိုရင်တော့ ကိုယ့်ဒုက္ခ ကိုယ်ရှာကြတော့မှာပဲ (မှန်ပါ့)၊ ဒီအဓိပ္ပာယ် မသက်ရောက်ဘူးလား (သက်ရောက် ပါတယ် ဘုရား)၊ ကိုင်း ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။

ဦးခင်မောင် နက်ဖြန်ကျတော့ ဇာတာကိုများ ပြင်ရေး မထားနဲ့နော် (မှန်ပါ့)၊ ပြင်ရေးထားလည်း အသိသာကြီးပါ။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ဘုရားဟောတော် မူတာ ဘယ်နှစ်ချက်ပါလိမ့် (သုံးချက်ပါ ဘုရား)၊ မာဂဏီ ကိုဟောတဲ့သုံးချက်ကို အခုဘုန်းကြီးမူတည်လိုက်ပါပြီ (မှန်ပါ့)။

ဒါဖြင့် တပည့်တော်တို့ ဖြစ်ပျက်နဲ့အမြင် မဂ်နဲ့ကိုက်ရမယ် ဆိုတာ ဘယ်လောက် ကြာကြာ ထွက် နေရမှာလဲ၊ ဒီဂရီ degree ကို မေးကြပေတော့၊ ခင်ဗျားတို့က (မှန်ပါ့)၊ ဒီဂရီ degree အချိန်ကို မမေးသင့်ဘူးလား (မေးသင့်ပါတယ် ဘုရား)။

တစ်ခါတည်း မသေမချင်းလုပ်နေရမှာလား ဘုရား၊ ဒီ ဖြစ်ပျက်နဲ့ မဂ်နဲ့သာ မသေမချင်း လုပ်ရမှာဖြင့်လည်း တပည့်တော်တို့ တော်တော်ဝန်လေးတယ်၊ ခင်ဗျားတို့က လျှောက် စရာရှိတယ် (ရှိပါတယ် ဘုရား)၊ ဒါဖြင့် ဘုန်းကြီးက ဘုရားဟောတော်မူတဲ့အတိုင်း ဆုံးဖြတ်ချက်ချပေးပါ့မယ်။

ဖြစ်ပျက် ဒီက မြင်ပေးတာက မဂ်၊ သဘောကျပလား (ကျပါပြီ ဘုရား)၊ အဲဒီမဂ်ကို နှစ်သက်သည့် တိုင်အောင် ဒါကို မြင်ရတဲ့အတွက် ဝမ်းသာနှစ်သက်တဲ့သဘော ပေါ်သည့်တိုင်အောင် ကြည့်ရင် တော်ပြီ (မှန်ပါ့)။

ဝမ်းသာခြင်း၊ နှစ်သက်ခြင်းဖြစ်ရင် နေရာကျပြီ

ဒီဖြစ်ပျက်ကို မဂ်က ဘယ်အချိန်လောက်ရယ်လို့ မဆိုနဲ့တော့ ဝမ်းသာလာတဲ့တစ်နေ့ သြော် ငါသည် အမှန်ဖြစ်သောကြောင့် ကိုယ့်စိတ်ထဲမှာ ပီတိပါမောဇ္ဇ-ဆိုတဲ့ ဝမ်းသာခြင်း၊ နှစ်သက်ခြင်းဖြစ်ရင် နေရာကျပြီ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား) အဲဒါ ဖြစ်ပျက်မှု ကုန်တာပဲ (မှန်ပါ့)။

ဖြစ်ပျက်ကို ဘယ်အခြေအနေကျအောင် ကြည့်ရ မှာတုံး (ဝမ်းသာတဲ့ အခြေအနေကျအောင် ကြည့်ရမှာပါ)

(မှတ်ချက်။ ။ ပီတိပဿဒ္ဓိစသော ဥပက္ကိလေသတရားများသည် ဥဒယဗ္ဗယ ဉာဏ် ရင့်သန် အားကောင်း၍ လာသောအခါ တစ်မျိုး မဟုတ်ပဲ တစ်မျိုး ပေါ်ချေ သည်။ ၎င်းတရား ဆယ်ပါးမှာ ဥဒယဗ္ဗယဉာဏ် ရင့်သန်မှ ပေါ်တတ်သည်ဖြစ်ရာ ထိုဥဒယဗ္ဗယဉာဏ် ရောက်အောင်မျှပင် အားမထုတ် ကြဘဲ လျော့ရဲရဲနှင့် ပျင်းရိလွှမ်းမိုး နေကြသော ယောဂီများ ရှိနေကြသည်ကို သိတော်မူသဖြင့် ၎င်းတို့အား ရည်ရွယ်ပြီး ဥဒယဗ္ဗယဉာဏ် ရင့်သန်အားကောင်း လာသည် အထိ ပီတိပါမောဇ္ဇ ပေါ်လာသည်အထိ အောက် အဆင့် အနေအစားအားဖြင့် ၎င်းဉာဏ်ထိ ကြိုးစား အားထုတ် ပွားများကြရန် ရည်သန်၍၊ ဓမ္မပဒပါဠိတော်ကို ကိုးကား၍ ဟောကြားဆုံးမတော်မူခြင်း ဖြစ်သည်။ ၎င်းဖြစ်ပျက်မုန်းလာသည် အထိ ၎င်းနောက် ဖြစ်ပျက် ဆုံးသည်အထိ အဆင့်ဆင့်အားဖြင့် ဟောတော်မူခြင်းဖြစ်သည် ကို စာဖတ်ပရိတ်သတ်များ သတိ ချပ်စေလိုသည်။)

(ဝမ်းသာနှစ်သက်လာတဲ့ အခြေအနေကျအောင် ကြည့်ရ မှာပါ) ဝမ်းသာနှစ်သက်လာတဲ့ အခြေအနေရောက်အောင် ကြည့်လိုက်လို့ရှိရင်ဖြင့် ဒါနိဗ္ဗာန်ရောက်မည့် အခြေအနေ ကပ်သွားတာပဲ (မှန်ပါ့) ဖြစ်ပျက်ကြည့်ဖို့ ဆုံးဖြတ်ချက် ချပေးတာ (မှန်ပါ့)။

ဒီအရေးဟာ ဘုရားရှင်ကိုယ်တော်မြတ်ကြီး ဟောလို့ သာ ဦးဘတင် ဆုံးဖြတ်ချက်ချရဲတာနော် (မှန်ပါ့) နို့မဟုတ် ချရဲပါ့မလား (မချရဲပါ ဘုရား)။

ဘယ်လောက်ကြာအောင် ကြည့်ရမှာတုံး

ဖြစ်ပျက်ကို တပည့်တော်တို့ ဘယ်လောက် ကြည့်ရ မှာတုံး၊ မသေမချင်း ကြည့်ရမှာလား ဆိုတော့ ခင်ဗျားတို့ ဝမ်းသာနှစ်သက်သည့်တိုင်အောင် (မှန်ပါ့) ဒါကလေးမြင် ရတာ ဝမ်းသာတယ်၊ ဒါကလေး မြင်ရတာ နှစ်သက်တယ် ဆိုတဲ့ ဒီမဂ်က နှစ်သက်တာ၊ ဝမ်းသာတာ များလာအောင် ကြည့်ပေးပါ (မှန်ပါ့) အဲဒါ နှစ်သက် ဝမ်းသာများလာလို့ ရှိရင်ဖြင့် ဒီဖြစ်ပျက်ကြည့်ချိန်ကုန်တာပဲ (မှန်ပါ့) သဘောကျ ပလား (ကျပါပြီ ဘုရား)။

ဘယ်အခြေအနေကျအောင် ကြည့်ရမလဲ (နှစ်သက် ဝမ်းသာတဲ့ အခြေအနေကျအောင် ကြည့်ရပါမယ်) ဒီအထဲမှာ ခေါင်းဆောင်ကသာ မဂ်ငါးမျိုး၊ ဒီပြင် ပီတိသောမနဿ ဝေဒနာတွေ ကတော့ သဟဇာတအဖြစ်နဲ့ အများကြီးရှိတယ်၊ ခေါင်းဆောင်ပြလို့သာ မဂ္ဂင်ငါးပါးလို့ ပြတာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ခေါင်းဆောင်က ငါးပါး၊ အခြံအရံတွေက (အများ ကြီးရှိပါတယ်၊ သူ့ရဲ့ ဖြစ်ဖော်ဖြစ်ဖက် သဟဇာတတွေ ဦးခင်မောင် ဘယ်နည်းမလဲ (အများကြီးပါ ဘုရား)။

ဖြစ်ပျက်ကို ဝမ်းသာသည့်တိုင်အောင်ကြည့်ပေး

အဲ ဖြစ်ပျက်ကို ဝမ်းသာနှစ်သက်သည့်တိုင် အောင် ဝမ်းသာနှစ်သက်ဆိုတဲ့ စကားပြော လိုက်တာ (မှန်ပါ့)၊ စင်စစ် ခင်ဗျားတို့ ကြည့်လိုက်လို့ ကိုယ့်ဟာကိုယ် ဝမ်းသာလာတဲ့ အခြေအနေ၊ စိတ်တွေကြည်ရွှင်လာတဲ့ အခြေ အနေရောက်အောင်ကြည့်ပေးရင် ဒါပြီးတာပဲ (မှန်ပါ့)။ သဘောကျပလား (ကျပါပြီ ဘုရား)။

ကောင်းပြီး တဲ့၊ ဒါဖြင့် ဒကာ ဒကာမတို့ သြော် သူ့မှာလည်း အချိန်ရှိသားပဲဘုရား လို့ဆိုရုံပဲ (မှန်ပါ့)၊ သဘောပါကြပလား (ပါ ပါပြီ ဘုရား)။

ဘယ်အခြေအနေကျအောင် ကြည့်ရမလဲ (ဝမ်းသာတဲ့အခြေအနေ ကျအောင် ကြည့်ရပါ့မယ်)၊ ကြည့်နေပါ။ စိတ်ကြည်ရွှင်လာအောင်ကြည့်နေပါ။ သူက ဖြစ်ပျက်ပြနေ ရင်ကြည့်၊ မကြည်ရွှင်လည်း ကြည့်သာနေ၊ နောက်ကျတော့ သူ ထုံးစံအတိုင်း သြော်- ဒါဟာမမြင်စဖူး အမြင်ထူးပြီး သကာလ နေရာကျလိုက်တာဆိုပြီး ကိုယ်ဝမ်းသာတဲ့စိတ်တွေ ဒီအထဲမှာ ပေါ်လာလိမ့်မယ် (မှန်ပါ့)၊ ခုနင်က ငါးပါးနဲ့ တွဲပေါ်မယ် ရှင်းပလား (ရှင်းပါပြီ ဘုရား)။

တွဲပေါ်လို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ ဒီဥစ္စာဖြစ်ပျက် ကြည့်မှုဆုံးတာပဲ၊ ဖြစ်ပျက်မြင်ရတာ ဆုံးသွားတာပဲ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဪ ဖြစ်ပျက်ကြည့်ရမှာကလည်း ဒီဂရီပါဝါ degree power သေးသလားဆိုတာ ဦးခင်မောင် ရှင်းလာတယ်နော် (မှန်ပါ့၊ ရှင်းပါတယ် ဘုရား)။

အဲဒါ ဘယ်မှာ လာသတုံးဆိုတော့ ဓမ္မပဒပါဠိတော် မှာလာသည်လို့ မှတ်ကြရမယ် ဒကာ ဒကာမတို့၊ ဓမ္မပဒပါဠိ တော်ဆိုတာ ဘုရားဟောတာနော် (မှန်ပါ့)။

“ယတော ယတော သမ္မသတိ၊ ခန္ဓာနံ ဥဒယဗ္ဗယံ။

လဘတိ ပီတိပါမောဇ္ဇံ၊ အမတံတံ ဝိဇာနတံ။”

ယတော ယတော၊ အကြင်အခါ ကာလ၌၊ သမ္မ သတိ၊ ဒါကလေးကို ဖြစ်ပျက်လို့ သုံးသပ်နေတဲ့ (မှန်ပါ့)၊ ခန္ဓာနံ၊ ခန္ဓာတို့၏၊ ဥဒယဗ္ဗယံ၊ ဖြစ်ပျက်မှုကို၊ သမ္မသတိ၊ သုံးသပ်နေပါ၏။ လဘတိ ပီတိပါမောဇ္ဇံ ဆိုတာကတော့ ကြည့်ရင်းမတ္တနဲ့ ပီတိပါမောဇ္ဇကို ရလာပါလိမ့်မယ်တဲ့ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြစ်ပျက်မဆုံးသေးတဲ့ပုဂ္ဂိုလ်ကို ဟောတာ

ကြည့်ရင်းမတ္တနဲ့ ဘာပေါ်လာမလဲ (ပီတိ ပါမောဇ္ဇ ပေါ်လာပါမယ် ဘုရား)၊ ပီတိပါမောဇ္ဇ ဖြစ်လာလိမ့်မယ်၊ အဲဒါဟာ “အမတံတံ ဝိဇာနတံ” တဲ့၊ အသိဉာဏ်ရှိတဲ့ ပုဂ္ဂိုလ် အပေါင်းမှာဖြင့် အခုကိုပဲ သူ့စိတ်ထဲမှာ နိဗ္ဗာန်ချမ်းသာမြင်ရ သလောက် ဝမ်းသာတာပဲတဲ့ (မှန်ပါ့)။ –

ဖြစ်ပျက်ကို ဒါလောက်ထိအောင်ကြည့်လို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ အဖိုးတန်ပြီလို့ ဆုံးဖြတ်ချက်ချပါ (မှန်ပါ့)၊ သဘော ကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ဦးခင်မောင် ဘယ်အခြေအနေ ရောက်အောင် ကြည့်ရမှာပါလိမ့် (ဝမ်းသာစိတ် ပေါ်လာသည့် တိုင်အောင် ကြည့်ရမှာပါ)၊ အဲ ကြည့်သာကြည့်နေ၊ ဒါဖြစ်ပျက်မဆုံး သေးတဲ့ ပုဂ္ဂိုလ်ကိုဟောတာနော် (မှန်ပါ့)၊ ဖြစ်ပျက်ဆုံး သွားတဲ့ပုဂ္ဂိုလ်ကျတော့ သူ မလာဘူး (မှန်ပါ့)။

ဖြစ်ပျက်ဆုံးသွားတဲ့ပုဂ္ဂိုလ်ကျတော့ တစ်မျိုးဟောရ မယ်၊ ဒါက တစ်စတစ်စ စပြီး အားထုတ်တဲ့ ပုဂ္ဂိုလ်မှာ ပြောတာ (မှန်ပါ့)၊ ဒါ သေသေချာချာမှတ်ပါ (မှန်ပါ့)။

စပြီးအားထုတ်တဲ့ပုဂ္ဂိုလ်ကိုဟောတာ

ဘယ်ပုဂ္ဂိုလ်ပါလိမ့် (စပြီး အားထုတ်တဲ့ပုဂ္ဂိုလ် ပါ ဘုရား)၊ စပြီး အားထုတ်တဲ့ပုဂ္ဂိုလ် အခုမှဆရာသမားနဲ့တွေ့ ပြီး သကာလ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်လိုချင်လို့ အားထုတ်တဲ့ ပုဂ္ဂိုလ်မှာ ဖြစ်ပျက်ကိုမြင်တာသည် ဝမ်းမြောက်နှစ်သက်ကျ အောင် မြင်မှသာလျှင် ကိုယ်သည် ဖြစ်ပျက်ကြည့်စရာ ဒါပဲ ကိုး၊ ဒါလောက်ထိအောင်ကြည့်ရင် ခရီးတော်တော်ပေါက် တာပဲကိုး မှတ်လိုက်တော့ (မှန်ပါ့)၊ နေရာကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် မြတ်စွာဘုရားဟောတော်မူတဲ့ တရား တွေဟာ အချိန်အဆတွေ ဦးဘအုန်းတို့ အကုန်ပါတာပဲ (မှန်ပါ့)၊ မပါဘူးလား (ပါ ပါတယ် ဘုရား)၊ အဲဒါ စုံစုံလင်လင် ဦးဘတင် ဒီဥစ္စာ မဟောနိုင်ဘူးပေါ့ဗျာ (မှန်ပါ့)။

စုံစုံလင်လင်တွေ့တဲ့ပုဂ္ဂိုလ်ကျတော့ ဓမ္မပဒပါဠိတော်မှာ သေသေချာချာရှိနေတယ် (မှန်ပါ့)၊ “ယတော သဘော သမ္မသတိ ခန္ဓာနံ ဥဒယဗ္ဗယံ လဘတိ ပီတိပါမောဇ္ဇံ အမတံတံ ဝိဇာနတံ၊”

အသိအလိမ္မာပညာရှိတဲ့ပုဂ္ဂိုလ်အား အမြိုက်နိဗ္ဗာန်ကဲ့သို့ ခံစားရ၏တဲ့ (မှန်ပါ့)၊ တစ်ခါတည်း အမြိုက်နိဗ္ဗာန်မြင်သကဲ့ သို့ ဝမ်းသာနေတာပဲ၊ ဖြစ်ပျက်ကလေးမြင်နေရတာ, (မှန်ပါ့)။

အဲဒါ ဖြစ်ပျက်မြင်တာဖြင့် ဒီအခြေအနေကျအောင် မြင်လို့ရှိရင်ဖြင့် ခင်ဗျားတို့နောက် ဖြစ်ပျက်မုန်းလိုက်တော့မှာ ပဲ (မှန်ပါ့)။

ဖြစ်ပျက်မြင်ပါများရင် မုန်းလာမယ်

ဖြစ်ပျက်မြင်ပါများတော့ ဝမ်းသာတာချုပ်ပြီး မုန်းလာ တာပဲ (မှန်ပါ့)၊ သူ့ကိစ္စမြင်တဲ့ကိစ္စက ဝမ်းသာသည်ထိ ရောက်အောင်ဆိုရင်ပြီးတာပဲ (မှန်ပါ့)၊ သဘောကျ ပလား (ကျပါပြီ ဘုရား)။

နောက်ကျတော့ ဘာတက်လာမယ်ထင်သတုံး (မုန်းဉာဏ်တက်လာပါမယ် ဘုရား)၊ နောက်ထပ်ပြီး ကြည့် လိုက်တဲ့အခါကျတော့ အပျက်တွေမြင် နောက်တော့ မုန်းတာ လာမှာပဲ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဖြစ်ပျက်ဆုံးတာလာရင် ရှစ်ပါးပြည့်သွားပြီ

မုန်းတာလာပြီးရင် ဘာလာမယ် ထင်သတုံး (ဆုံးတာ လာမှာပါ ဘုရား) ဆုံးတာလာရင်ဖြင့် ရှစ်ပါးပြည့်သွားမှာ (မှန်ပါ့)။

အဲ ပြည့်တယ် ဆိုလို့ရှိရင် ဒကာ ဒကာမတို့ အပါယ်လေးပါး တံခါးပိတ်တယ်ဆိုတာက အထူးပြောနေဖို့ လိုသေးသလား (မလိုပါ ဘုရား) ကိုယ်က သွားပြီးပိတ်တာ လား ဒီမဂ်က ပိတ်တာလား (ဒီမဂ်က ပိတ်တာပါ ဘုရား)။

ဒါဖြင့် တံခါးပိတ်ပေးမည့် တရားရှိပါလျက်သားနဲ့ ခင်ဗျားတို့က သူ့ကို ကိုယ်ပိုင်ဖြင့် ချန်မထားဘူး ဆိုလို့ရှိရင် ဖြင့် သူကပိတ်ပေးမယ်တော့ မဟုတ်တော့ဘူး၊ (မှန်ပါ့) ပိတ် ပေးပါမလား (မပိတ်ပါ ဘုရား)။

အပါယ်တံခါးကို ဘယ်ကနေပိတ်ရသတုံး (လူ့ပြည် ကနေ ပိတ်ရပါတယ် ဘုရား) လူ့ပြည်ကနေပိတ်ရတယ်၊ လူ့ပြည်က မဂ်နဲ့နေပြီး ပိတ်ရတယ် (မှန်ပါ့)။

တံခါးဘယ်ကနေ ဖွင့်ရသတုံး (လူ့ပြည်စတဲ့ ဌာန တွေက ဖွင့်ရပါတယ် ဘုရား) ဟာ ဒါဖြင့် ဖွင့်တတ်ရင် ပိတ်တတ်ရမယ် ခင်ဗျားတို့ (မှန်ပါ့)။

ဘယ့်နှယ်ဆိုကြမတုံး (ဖွင့်တတ်ရင် ပိတ်တတ် ရပါမယ် ဘုရား) အခုတော့ ဒကာ ဒကာမတွေ တံခါးဖွင့် တတ်တယ် မင်းတုတ်ကျတော့ ကျုပ် မထိုးတတ်အောင် ဖြစ်နေတယ် (မှန်ပါ့) ခွကျတာပေါ့ဗျ ဟင် (မှန်ပါ)။

တံခါးတော့ ပိတ်တတ်တယ်၊ မင်းတုတ်ကျတော့ မမှီဘူးတဲ့၊ အဲဒီကျတော့ ခွကျနေတာပေါ့၊ ဒကာ ဒကာမတွေ ပိတ်တတ်လို့ရှိရင် ဘာလုပ်ရမတုံး (ဖွင့်တတ်ရပါမယ် ဘုရား) ဖွင့်တတ်ရမယ်ဆိုတာ သဘောကျပလား (ကျပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ အပါယ် လေးပါး တံခါးကို ဒီကနေ ပိတ်လို့ရတယ် (မှန်ပါ) ဖွင့်ရင်ကော ဘယ်ကနေ ဖွင့်မလဲ (ဒီကနေ ဖွင့်ပါတယ် ဘုရား) ဒီကနေပြီးတော့လဲ ဖွင့်တယ်ဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား) သြော် လူ့ပြည်မှာ မကောင်းမှု လုပ်လို့ အပါယ်သွားတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

တံခါးဖွင့်တတ်ရင် ပိတ်တတ်ရမယ်

ဘာကြောင့်ပါလိမ့်ဗျ (မကောင်းမှုလုပ်လို့ အပါယ် သွားရပါတယ် ဘုရား) မကောင်းမှုလုပ်လို့ အပါယ်သွားရ တယ်ဆိုတော့ လူ့ပြည်ကနေပြီး အပါယ်တံခါးကို ဖွင့်ထား တာကိုး (မှန်ပါ့ ဘုရား) မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား) ပိတ်ပြန်တော့ကော (လူ့ပြည်ကနေ အပါယ်တံခါး ပိတ်ပါတယ် ဘုရား) လူ့ပြည်ကနေ အပါယ်တံခါး ပိတ်တယ် ဆိုတော့ ဖွင့်တတ်ရင်ဘာတဲ့ (ပိတ်တတ်ရပါမယ် ဘုရား)။

ဖွင့်တတ်ရင် ပိတ်တတ်ရမယ်ဆိုတာဟာ အပိုပြောတဲ့ စကားလား စည်းကမ်းကျလား (စည်းကမ်း ကျပါတယ် ဘုရား)။

ဒီတော့ ခင်ဗျားတို့က နေပုံထိုင်ပုံ စည်းကမ်း မကျဘူး၊ ဖွင့်သာနေတယ်၊ ပိတ်ပါဆိုတော့ (မပိတ်တတ် ပါ ဘုရား) စည်းကမ်းကျရဲ့လား (မကျပါ ဘုရား)။

ကိုင်း ဒါဖြင့် ခင်ဗျားတို့သည် လိုသေးတယ် ဆိုတဲ့အပြစ်ကိုတော့ တင်ရမယ် (မှန်ပါ့) ဦးဘတင် တင်ထိုက် – မတင်ထိုက် (တင်ထိုက်ပါတယ် ဘုရား)။

ဦးခင်မောင် ပိတ်တော့မပိတ်တတ်ဘူးဆိုတော့ ကလေးတစ်ယောက်ဟာ တံခါးတော့ သွားဖွင့်တယ်၊ ပိတ်တော့ မပိတ်တတ်ဘူးဆိုတော့ လူကြီးက မင်း-ဖွင့်တော့ ဖွင့်တတ်တယ်၊ ပိတ်တော့မပိတ်တတ်ဘူးလားဆိုပြီး အမေ မိဘက သူ့ကိုထိပ်ခေါက် ခေါင်းပုတ် စသည်နဲ့ ဒီလိုကော မရှိဘူးလား (ရှိပါတယ် ဘုရား) ဘာဖြစ်လို့တုံး (ဖွင့်တော့ ဖွင့်တတ်တယ် ပိတ်တော့ မပိတ်တတ်လို့ပါ ဘုရား) နို့ ခင်ဗျားတို့က ဘယ်လိုလုပ်သင့်သတုံး ဒီအတိုင်းပဲ မလုပ်သင့် ဘူးလား (လုပ်သင့်ပါတယ် ဘုရား)။

အဲ ခင်ဗျားတို့က ဒါပေမယ့်လဲ ပိတ်နိုင်ပေမယ့် လဲ ပိတ်ချင်မှ ပိတ်ဦးမှာ၊ အရိုက်ခံပြီး မိုက်ချင် မိုက်နေဦး မှာ (မှန်လှပါ) မဆိုးရွားဘူးလား (ဆိုးရွားပါတယ ် ဘုရား)။

ကိုင်း- ဒါလောက် ဆိုးရွားလွန်းတော့လဲ ခင်ဗျားတို့ မကောင်းတော့ဘူးဆိုတာ ပေါ်ပလား (ပေါ်လာပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဖြစ်ပျက်ကို ဘယ်လောက် ကြာကြာ စိတ်ထဲမှာ ဘယ်လိုပေါ် သည့်တိုင်အောင် ရှုရမှာတုံး (ဝမ်းသာသည့်တိုင်အောင် ရှုရပါမယ် ဘုရား)။

အဲ ဝမ်းသာပြီး သကာလ ကြက်သီးမွေးညင်း တွေ ထပြီး အရောင်တွေ ထွက်လာ လောက်အောင် တစ်ခုခုတော့ လာမယ်ဗျာ (မှန်ပါ့)။

ခန္ဓာကိုယ်က အရောင်ထွက်ချင်ထွက်မယ်

ဝမ်းသာတာက လာရင်လဲလာမယ်၊ ခန္ဓာကိုယ်က အရောင်ထွက်ချင်လဲ ထွက်မယ် (မှန်ပါ့) အဲဒီအခြေ အနေ ရောက်လို့ရှိရင်ဖြင့် ဖြစ်ပျက်ဟာ အတော်အောင်မြင် နေတဲ့ ဥဒယဗ္ဗယဉာဏ်ပဲလို့ ဆုံးဖြတ်ချက်ချ (မှန်ပါ)

ဦးဘအုန်းရေ ဒါ မနေ့က ဒီဂရီ degree မထည့်ရ လို့ ဒီနေ့ ဒီဂရီ degree အချိန်အဆ ထည့်ပေးနေတာ (မှန်ပါ့) ဒါ သုံးချက်ရှိပြီနော် ဒီတရားစစ်ချည်းဟောနေတာ မာဂဏ္ဍီ ဆက်မဟော နိုင်သေးဘူး၊ မာဂဏ္ဍိ တရားရတဲ့ဥစ္စာ ဒီသုံးခုသာ မူတည်ထားတယ် (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

(မှတ်ချက်။ ။ဩဘာသပီတိစသည် ထွက်လာရင် ဝိပဿနာနုပက္ကိလေသ မှန်သော်လည်း ဥဒယဗ္ဗယဉာဏ် အထက်တန်းကျရှိလာပုံကို ရည်ရွယ်၍ မိန့်ခြင်းဖြစ်သည်။)

ကဲ ဒါဖြင့် ဒကာ ဒကာမတို့ ဒီဖြစ်ပျက်ကိုမြင်တဲ့ အခြေအနေဟာ တပည့်တော် မသေမချင်း လုပ်ရမည့် တရားမျိုးပဲလို့ ဘယ်တော့မှ ခင်ဗျားတို့ လက်မှိုင်မချလိုက် နဲ့ (မှန်ပါ့ ဘုရား)။

ဦးဝတို့ ဖြစ်ပျက်ဟာ တစ်သက်လုံး လုပ်နေ ရမှာပဲ၊ လောကုတ္တရာ ဆိုတဲ့ဥစ္စာ မနေမနား မီးပွတ်သော ယောက်ျားကဲ့သို့ အရင်ဟော ထားခဲ့တာတွေ ရှိတယ် (ရှိပါ တယ် ဘုရား) မီးပွတ်သော ယောက်ျားဟာ မီးမထွက်မချင်း ဘာတုံး (ပွတ်ရမှာပါ ဘုရား)။

ဒီမှာတော့ ဖြစ်ပျက်ကို လိုရင်း ဟောလိုရင်းကတော့ ပါဠိတော်ကရှိနေမယ်၊ ဖြစ်ပျက်ကို မြင်တာဟာ ဘယ်အခြေ အနေရောက်လို့ရှိရင် ဖြစ်ပျက်ဟာ အတော်ခရီးရောက်ပြီလို့ ဆိုတာ ဆုံးဖြတ်ချက် ချနိုင်ကြသတုံး (နှစ်သက်ဝမ်းမြောက် မှု စသည် ဖြစ်မှပါ ဘုရား)။

လှေခါးတစ်ထစ်၊ အောင်သွားပြီ

ဝမ်းသာလာမယ်၊ နှစ်သက်လာမယ် ဉာဏ်ထဲမှာ ဆိုရင်ဖြင့်သြော် ဒါကာဖြစ်ပျက် အတော် ခရီးရောက် ပဟေ့ ဆိုတာလှေကား တစ်ထစ်အောင်သွားတာပဲ (အောင် ပါတယ် ဘုရား) လှေကားက သုံးထစ်ထားရမှာကိုးဗျ (မှန်ပါ)။

ဘယ်နှစ်ထစ်ကျန်တော့သလဲ (နှစ်ထစ်ကျန်တော့တယ်) နှစ်ထစ်ပဲကျန်တော့တယ်၊ ဖြစ်ပျက်ကအတော်ခရီး ရောက်သွားပြီ၊ ဖြစ်ပျက်မြင်သွားပြီဆိုကြပါစို့ (မှန်ပါ့)။

အဲ ဟိုဘက်ကျတော့ ခင်ဗျားတို့ ဒီဥစ္စာကို ဆက်သာရှုလိုက်တော့ အဖြစ်အပျက်စုံတွဲပြီး မတွေ့တော့ ဘူး၊ အပျက်တင်ပဲ တွေ့ချင်တွေ့မယ်၊ မုန်းစရာရင်လဲ တွေ့ မယ်၊ အပြစ်တွေ့ရင် တွေ့မယ် (မှန်ပါ့ ဘုရား) အဲ ဖြစ်ပျက်ရှုဖို့ကိစ္စ (ဥဒယဗ္ဗယ) ပြီးစီးတယ်ဆိုတာ အလုပ်က သက်သေခံတယ် (မှန်ပါ့) အာရုံ သက်သေခံတယ် (မှန်ပါ့)။

ဦးခင်မောင် ဘယ်သူက သက်သေခံသလဲ (အာရုံက သက်သေခံပါတယ် ဘုရား) ဒါဖြင့် ဖြစ်ပျက်ကဖြင့် ပီတိ ပါမောဇ္ဇတို့ ဖြစ်လာရင် အတော်ခရီးရောက်တာပဲ ဆိုတာ သဘောကျပလား (သဘောကျပါပြီ ဘုရား)။

အဲဒါဟာ ခင်ဗျားတို့ ပထမနိဗ္ဗာန်ရဖို့ နယ်ထဲရောက် နေတယ်လို့ ဆုံးဖြတ်ချက်ချရင် ချနိုင်တယ်၊ ဒီပီတိပါမောဇ္ဇ လာရင် (မှန်ပါ) ပထမနိဗ္ဗာန် အမတံတံ ဝိဇာနတံ ကိုးဗျ (မှန်ပါ့)။

စူဠသောတာပန်မကတော့ဘူး

ပညာနဲ့ နှစ်သက်နေတဲ့ ပုဂ္ဂိုလ်အား အမတံတံ၊ နိဗ္ဗာန်သည်၊ ဟောတိ၊ ဖြစ်၏တဲ့၊ ဓမ္မပဒပါဠိတော် လာတာနော် (မှန်ပါ့) ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။

ပထမနိဗ္ဗာန်မြင်ရအောင်ဖြင့် ဒကာ ဒကာမတွေ မကြိုးစားသင့်ဘူးလား (ကြိုးစားသင့်ပါတယ် ဘုရား) ပထမ နိဗ္ဗာန်နား ရောက်လို့ရှိရင် ဒကာ ဒကာမတို့ ဘယ်နည်းနဲ့မှ မစိုးရိမ်နဲ့တော့၊ စူဠသောတာပန် မကတော့ဘူး၊ မဟာသော တာပန်နားပင် ကပ်နေပြီ (ကပ်နေပြီ ဘုရား) အဲဒီတော့ အပါယ်တံခါး ဘယ့်နှယ်နေသတုံး (ပိတ်ခါနီးပါပြီ ဘုရား) ဒါလောက် ထိအောင် မလုပ်သင့်ဘူးလား (လုပ်သင့်ပါ တယ် ဘုရား)။

(မှတ်ချက်။ ။ဖြစ်ပျက်ကိုမြင်သည့် ဥဒယဗ္ဗယဉာဏ် မရောက်ခင် ကင်္ခါဝိတရဏဝိသုဒ္ဓိ ရောက်လျှင်ပင် စူဠသောတာပန်ဖြစ်ပြီဟု ဖွင့်ပြသော ဝိသုဒ္ဓိမဂ် အဋ္ဌကထာကို သတိပြုကြပါလျှင် ဤအခန်းတွေ ၌ ဟောကြားချက် ဆရာတော်ဘုရားကြီး၏ စကားရပ်ကို ရိပ်မိကြပါလိမ့်မည်။ စူဠ နှင့် မဟာသောတာပန် စပ်ကြား အခြေအနေကာလ ဟောနေသည်ဟု သဘော ပေါက်လာပါ မည်။)

ဒါဆိုရင် တိဟိတ်သေချာတယ်

ဒါဖြင့် ဒီဖြစ်ပျက်ကလေးကို ရှုရှု ရှူရှုနေပါ၊ ရုပ် ဖြစ်ပျက်ကြိုက်တဲ့လူ ရုပ်ရှု၊ နာမ်ဖြစ်ပျက် ကြိုက်တဲ့လူက (နာမ်ရှုရပါမယ် ဘုရား) ထိုကဲ့သို့ ရှုနေပြီဆိုလို့ရှိရင်ဖြင့် ဝမ်းသာ တဲ့၊ ဩဘာသပီတိ ပဿဒ္ဓိ စသည်တို့ပေါ့ဗျာ (မှန်ပါ့) တစ်ခုခုလာတယ်ဆိုကတည်းက တိဟိတ်မှန်းလဲ သေချာတယ် (မှန်ပါ ဘုရား)။

ဖြစ်ပျက်ဟာ ဒါလောက်ကျအောင် မြင်လို့ရှိရင်ဖြင့် ဖြစ်ပျက်ကိစ္စ အတော် ခရီးရောက်နေပြီ ဆိုတာလဲ (ဥဒယဗ္ဗယဉာဏ်) ဦးခင်မောင် သေချာတယ် (သေချာပါတယ် ဘုရား)။

ဒါဖြင့် ဦးစံရင်တို့ ဒီအချက်ဖြင့် ပိုင်အောင်လုပ် (မှန်ပါ့) နောက်က ဒကာ ဒကာမတွေကော (ပိုင်အောင် လုပ်ရမှာပါ ဘုရား) ဝမ်းသာနှစ်သက်တွေ ပေါ်လာသည့် တိုင်အောင်လုပ်ပါ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

အကယ်၍ ဝမ်းသာနှစ်သက်မလာလို့ ရှိရင်လဲ တပည့်တော် ဒါကိုကြည့်နေရတာ ဘုရား၊ ဝမ်းသာတယ်လဲ မဟုတ်ဘူး၊ ဝမ်းနည်းတယ်လဲ မဟုတ်ဘူး၊ တပည့်တော် ခန္ဓာကိုယ်ထဲမှာတော့ ခန္ဓာကိုယ် အရောင်အဆင်း အလင်းတွေကသာ ထွက်နေတာပဲဆိုလို့ရှိရင်လဲ၊ ဖြစ်ပျက်ရှုတဲ့ ကိစ္စဟာ ဒါလောက်ထွက်လာတယ်ဆိုလို့ရှိရင်၊ ဒကာ ဒကာမတွေ ဒါအတော် ခရီးရောက်နေတဲ့ကိစ္စပဲ။ ဒါလဲတစ်မျိုးပဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ပထမနိဗ္ဗာန်နားရောက်တယ်

အဲဒါ ပထမ နိဗ္ဗာန်နား ရောက်တယ်လို့တောင် ဆိုနိုင်တယ် (မှန်ပါ့) ဘယ်လိုဆိုကြမယ် (ပထမနိဗ္ဗာန်နား ရောက်နေပါတယ်) အဲ ဖြစ်ပျက်မြင်လို့ ဝမ်းသာနှစ်သက် အရောင်ထွက်ခဲ့သော်၊ တစ်ခုခုဖြစ်ပျက်ခဲ့သော် ဘယ်လိုဆို ကြပါမယ် (ပထမ နိဗ္ဗာန်နား ရောက်ပါတယ် ဘုရား)။

ကြက်သီးကလေး ဘာကလေး ထ,လာလို့ရှိရင်လဲ ပထမ နိဗ္ဗာန်နားရောက်တယ်လို့ပဲ ဆုံးဖြတ်ချက်ချ (မှန်ပါ့ ဘုရား) ခုဒ္ဒကာပီတိ၊ ခဏိကာပီတိ စသည်တွေက ရှိသေးတာ ကိုးဗျ (မှန်ပါ့)။

အဲဒီတော့ ကြက်သီးကလေး ဘာကလေး ထ, လာ ရင်လဲ ဘာပါလိမ့် (ပထမနိဗ္ဗာန်နား ရောက်တာပါပဲ ဘုရား) အလကား ဒီအခန်းထဲနေရတာ တစ်ယောက်တည်း ကြောက် လို့ ကြက်သီးထ,တာဆိုတာ မဟုတ်ဘူး (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား) ဘယ်လိုဟာ မြင်မှတုံး (ဖြစ်ပျက် မြင်မှပါ) ဖြစ်ပျက်မြင်ပြီး ကြက်သီးထ,လာမှ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ခင်ဗျားတို့အတွက်ကလဲ ဖေးရ မ,ရတာတွေကလဲ နည်းတာမဟုတ်ဘူး (မှန်ပါ့) ကြက်သီးထပြီ ဆိုပြီး ဖြစ်ပျက် ကိုရပ်ပြီးပစ်လိုက်မှာပဲ စိုးရသေးတာကိုး၊ ဖြစ်ပျက်လဲ မြင်တာ မဟုတ်ဘဲနဲ့ ကြက်သီးထ, လို့ ရပ်ပစ်မှာ စိုးရသေးတာကိုး (မှန်လှပါ ဘုရား)။

ကိုင်း ဒါဖြင့် ဒါဟာ ၁-နံပါတ်ကို ပြီးမြောက် ကြောင်း ဆုံးဖြတ်ချက်ချတဲ့နေ့ပဲလို့ အားလုံး မှတ်မိကြပလား (မှတ်မိကြပါပြီ ဘုရား)။

ဒါဖြင့် ဖြစ်ပျက်မတွေ့သေးလို့ရှိရင် တွေ့အောင်လုပ် တွေ့ခဲ့လို့ရှိရင် ပထမနိဗ္ဗာန်နား ရောက်အောင် ဘယ်အခြေ အနေ ရောက်လို့ရှိရင် တို့နိဗ္ဗာန်နား ရောက်မလဲ ဆိုတာကော သိကြပလား (သိကြပါပြီ ဘုရား) ဘယ်အခြေအနေ ရောက်မှလဲ (ဖြစ်ပျက်မြင်ပြီး နှစ်သက်ဝမ်းမြောက် စသည်တွေ ဖြစ်ပေါ်လာမှပါ ဘုရား)။

အဲ ပီတိတို့ ပဿဒ္ဓိတို့ နှစ်သက်မှု, ချမ်းသာမှု အရောင်တောက်မှု တစ်ခုခုပေါ့ဗျာ အားလုံးတော့ မလာဘူး (မှန်ပါ) တစ်ခုခုကလေး ကြက်သီး မွှေးညင်းကလေးထ, မှုစသည်ပေါ့ (မှန်ပါ ဘုရား)။

အဲဒါတွေလာလို့ ခန္ဓာကိုယ်ကြွသွားတယ်လို့ထင်မှု၊ အဲဒီလို တစ်ခုခုပေါ်လာလို့ရှိရင်ဖြင့် ဘာပဲပေါ်လာလာ ဖြစ်ပျက်စခန်း အတော်ခရီးရောက်ပြီ၊ ဖြစ်တာနဲ့ ပျက်တာ တွဲမြင်ရမည့် စခန်းပြီးပြီလို့ (ဥဒယဗ္ဗယဉာဏ်) ဆုံးဖြတ်ချက်ချ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဘာစခန်းပြီးတာပါလိမ့် (ဖြစ်ပျက်စခန်း ပြီးတာပါ ဘုရား) အဲဒါ ပထမနိဗ္ဗာန်နား ရောက်တာပါပဲ (မှန်ပါ့) အခုပြောခဲ့တာတွေ တစ်ခုခုပေါ်ရင် ဘယ့်နှယ်ဆိုကြမလဲ (ပထမနိဗ္ဗာန်နား ရောက်ပါတယ် ဘုရား)။

ဘုန်းကြီးကမှာတယ်ဆက်ပြီးလုပ်ပါ

ပထမနိဗ္ဗာန်နားရောက်သော ပုဂ္ဂိုလ်သည် မဟာ သောတာပန် အခြေအနေနား ရောက်သော ကြောင့် သူသည် အပါယ်လေးပါးတံခါးပိတ်တာ တစ်ဘဝတောင် မလာနိုင်ဘူး၊ စူဠသောတာပန် မကတော့ဘဲ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား) ဒါလောက်တက်လာလို့ရှိရင်လဲ ဒီယောဂီပုဂ္ဂိုလ်ကို ဘုန်းကြီးက မှာတယ်။ ထပြီး မပစ်ပါနဲ့ ထပြီးမပစ်ပါနဲ့ ဒကာ ဒကာမတို့ ဆက်လက်ပြီး ဝီရိယ သမာဓိ ကောင်းကောင်းထားပြီး လုပ်ပါ၊ နောက် ၂မိနစ်၊ ၃မိနစ်ခန့် သည်လောက် ဆက်လက်ပြီး တက်သွားမယ်ဆိုရင် ခင်ဗျားတို့ ပထမနိဗ္ဗာန် ရောက်တော့မယ် အစစ်ရတော့မယ် (မှန်ပါ့)။

၂-မိနစ်၊ ၃-မိနစ်ဆိုရင် ရနိုင်ပါလိမ့်မယ် (မှန်ပါ့) ဦးဘတင် ရနိုင်ပါတယ်နော် (ရနိုင်ပါတယ် ဘုရား)။

ဘာဖြစ်လို့တုံးဆိုတော့ ဒီမှာကိုကတည်းက အရောင် အဆင်း အလင်းတွေနဲ့တကွ ခန္ဓာကိုယ်ထဲမှာ နှစ်သက်မှု ဝမ်းမြောက်မှု ဖြစ်ထားတာက ပထမအထစ်မှာ သေသေ ချာချာ အောင်ကြောင်းကို သက်သေခံနေတာကိုး (မှန်ပါ)။

အပျက်တွေကိုမုန်းလာလိမ့်မယ်

အဲဒီတော့ ဒီကြက်သီးမွေးညင်း ထတာနဲ့ပဲ ပထမ နိဗ္ဗာန်ရောက်ပြီဆိုပြီး သကာလ ဝမ်းသာပြီး ရပ်မပစ်လိုက် နဲ့ (မှန်ပါ့) လာမှာကတော့ လာမှာပဲ ရပ်မပစ်ပါနဲ့လို့ သတိ ပေးလိုက်တယ် (မှန်ပါ) ရပ်မပစ်ဘဲနဲ့ ဆက်ရှုပါ ဆက်ရှုတော့ သူအပျက်တွေချည်းရင်လဲ မြင်ပါလိမ့်မယ် (ဘင်္ဂဉာဏ်) အဖြစ်နဲ့ အပျက်တော့တွဲပြီး မမြင်တော့ဘူး၊ အပျက်တွေ ချည်း မြင်လာလိမ့်မယ် (မှန်ပါ့) အပျက်တွေကို မုန်းလာလိမ့်မယ် (မှန်ပါ ဘုရား) အဲ မုန်းရာကနေပြီးတော့ ဒကာ ဒကာမတွေ နိဗ္ဗိန္ဒဉာဏ်တွေ မတက်ပေဘူးလား (တက်ပါတယ် ဘုရား) တက်လာလိမ့်မယ် မလျှော့နဲ့ဦး ညည်းငွေ့လို့ ရှုကို မရှုချင်တော့ဘူး ဆိုငြားသော်လဲ ရှုသာရှု သဘော ကျပလား (ကျပါပြီ ဘုရား)။

ရှုကို မရှုချင်တဲ့ နိဗ္ဗိန္ဒက လာဦးမှာကိုး (မှန်ပါ့) အဲဒီတော့ကို ရှုကို မရှုချင်ပေမယ့်လဲ ဦးခင်မောင် ပေပြီးရှု (မှန်ပါ့ ဘုရား) ပေရှုလိုက်တဲ့ အခါကျလို့ရှိရင်ဖြင့် ဒါကြီးဖြင့် မရချင်တော့ဘူးဆိုတာ လာမှာပဲ (ဝိရာဂဉာဏ်) မရချင်တော့ဘူးဆိုတာ လာလို့ရှိရင် ဒီက ရုပ်နာမ်နှစ်ခုဟာ ဘာဖြစ်သွားမယ်ထင်သတုံး (ဆုံးသွားမှာပါ ဘုရား) ဆုံးသွားတဲ့အခါကျတော့ ရုပ်ကလဲ ဒုက္ခသစ္စာ နာမ်ကလဲ ဒုက္ခသစ္စာ ဆုံးသွားတော့ ဒုက္ခဆုံးသွားတာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒုက္ခအဆုံးက နိဗ္ဗာန်

ဒုက္ခဆုံးသွားတော့ ဒီက မဂ္ဂင်ရှစ်ပါးကလဲ ဒီကဆုံးတဲ့ အချိန်ပြည့်တဲ့အခါမှာ သူဘယ်သူနဲ့ ကွဲနေသတုံးလို့ ဦးခင်မောင်မေးရင် ဘယ့်နှယ်ပြောပါ့မယ် ဒုက္ခအဆုံးနဲ့ တွဲ နေတယ်၊ ဒုက္ခအဆုံးက ဘာပါလိမ့် (နိဗ္ဗာန်ပါ ဘုရား)။

အဲ ဒုက္ခအဆုံးနိဗ္ဗာန်နဲ့တွဲနေတာက မဂ်ဉာဏ် (မှန်ပါ့) ဒုက္ခအဆုံးက နိဗ္ဗာန် (မှန်ပါ့) ဒုက္ခအဆုံးကို ကိုယ်တိုင်မြင်နေရတာက (မဂ်ဉာဏ်ပါ ဘုရား)။

အဲ မဂ်ဉာဏ်ဆိုဆို၊ ဖိုလ်ဉာဏ်ဆိုဆို၊ ပစ္စဝေက္ခဏာ ဉာဏ်ပဲဆိုဆို၊ သူကတော့ ၁-၂-၃ ခဏကလေးပဲ ရောက် သွားမှာပဲ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ကိုင်း ယနေ့ ဒီတွင် တော်ကြဦးစို့။

သာဓု သာဓု သာဓု။

မာတိကာသို့