022

မာတိကာသို့

ဝိပဿနာကျင့်စဉ်

အသံဖိုင်ခေါင်းစဉ်= အလုပ်စဉ် ဝိပဿနာ

စာအုပ်ခေါင်းစဉ်= ဝိပဿနာကျင့်စဉ်

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး အမရပူရမြို့၌

ဟောကြားတော်မူခဲ့သောတရားတော်

ဝိပဿနာကျင့်စဉ်

(၃၀-၈-၆၁)

အလုပ်စဉ် ဝိပဿနာတရားကို ယနေ့ထပ်ပြီးသကာလ ဒကာ ဒကာမတွေ နာရလိမ့်မယ်လို့ အောက်မေ့ရမယ်နော် (မှန်ပါ့)။

အလုပ်စဉ် ဝိပဿနာတရား

အလုပ်စဉ်သည် အင်မတန်မှ အရေးကြီးတယ်လို့ မှတ်ကြပါ (မှန်ပါ့) အလုပ်နဲ့မှပဲ လူတစ်ယောက်မှာ ပစ္စည်းရှိတယ်ဆိုတာ အလုပ်အမှီပြုပြီး ရှိတာပဲ။ လူတစ်ယောက်မှာ ဂုဏ်ကျက်သရေ တက်လာတယ်ဆိုတာလည်း သူ့ အလုပ် အမှီပြုပြီး သကာလ တက်လာ တာပဲ (မှန်ပါ့)။

ဘုရားဖြစ်လာတယ်လို့ ဘုရားတည်းဟူသော ဂုဏ် အလုံးစုံသိတဲ့ ကိုယ်တော်မြတ်ကြီးလို့ ဂုဏ်တက်လာတာလည်း ပါရမီဆယ်ပါး အပြားသုံးဆယ်ဆိုတဲ့ အလုပ်ကို အမှီပြုပြီး တက်လာကြတာပဲ (မှန်ပါ့ ဘုရား)။

ဒီ ဒကာ ဒကာမတွေလည်း မအို, မသေ, အမြဲနေတဲ့ နိဗ္ဗာန်ကို ရောက်ချင်တယ်၊ ရချင်တယ် ဆိုလို့ ရှိရင်လည်း အလုပ်က ပို့ရမှာပဲ (မှန်ပါ့ ဘုရား)။

ဒုလ္လဘ တရားတွေ ပြည့်စုံပြီ

ဒါ့ကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ယနေ့ ဟောမည့် အလုပ်စဉ်ကိုဖြင့် သြော်ငါတို့ ဒီအတိုင်းလုပ်လို့ရှိရင် ဒီလို မရ မရောက်မရှိပါလား၊ ရောက်ရမည့် ဝတ္ထုပစ္စည်းတစ်ခု ဆိုသလို ပဲ ငါတို့သည်ကားလို့ ဆိုလို့ရှိရင်ဖြင့် သာသနာတွင်း ကြုံ၊ ဆရာကောင်းသမားကောင်း ကြုံ၊ ထောင်တတ်တဲ့ နားက လည်း ကြုံဆိုတဲ့ ဒုလ္လဘတွေက စုံပြီးသကာလ နေသောကြောင့် ငါတို့ ဖြင့် လုံ့လဝီရိယမလျှော့ဘဲ အားထုတ်ကြမယ်ဆိုလို့ ရှိရင်ဖြင့် မအို, မသေ အမြဲနေတဲ့ နိဗ္ဗာန်ကြီး မရ,မရှိဘူးဆိုတာ ဒကာသစ်တို့ ဒကာကြွယ်တို့ ဆုံးဖြတ်ချက်ချပါ (မှန်ပါ့ ဘုရား)။

အဲဒီတော့ ဒီဟာ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ် ကြီးက အင်္ဂုတ္တိုရ်ပါဠိတော်မှာ သူ ဘယ်လိုဟောလိုက်သတုံး မေးတဲ့အခါကျလို့ရှိရင်ဖြင့် ငါသည်တဲ့ မင်းတို့အား အလုပ်အမှီ ပြုပြီး သကာလ ငါလည်း ဘုရားအဖြစ်သို့ ရောက်လာတယ်။ မင်းတို့သည်ကားလို့ဆိုရင် အလုပ် အမှီပြုပြီး သကာလ အာသဝေါ ကုန်ခမ်း ရဟန္တာဖြစ်ဖို့၊ ဒုက္ခခပ်သိမ်း ငြိမ်းဖို့ဟာ အလုပ်အမှီပြုပြီး သကာလ ဖြစ်ပါတယ်ဆိုတဲ့အကြောင်းကို ဟောချင်တော့ ဒကာ ကြွယ်တို့ မှတ်စရာက မည်သူ တစ်ဦး တစ်ယောက်မှ မတောင်း ပန်ဘူး (မှန်ပါ့ ဘုရား)။

သူတစ်ပါးအကျိုးငှာ ဘုရားဖြစ်လာတယ်

သက်သက် ဒီဥစ္စာ ဒကာ ဒကာမတွေ ဘုရားဖြစ်လာ တယ်ဆိုတာ သူတစ်ပါး အကျိုးပါနော် (မှန်ပါ့)။

သူတစ်ပါးအကျိုးပါတဲ့၊ သူ့ဟာသူ နိဗ္ဗာန်ယူရင် သုမေဓါ လက်ထက်က ရပါတယ်ဆိုတာ သိပြီးသားပါ (မှန်ပါ့)။ သူတစ်ပါးအကျိုးငှာဆိုပြီးသကာလ ငါဘုရားအဖြစ်ကိုယူတာ သူတစ်ပါးအား အလုပ်စဉ် ပြပြီး သကာလ ကယ်တင်တော့မယ်ဆို တဲ့ စိတ်ထားနဲ့ မည်သည့်ရဟန်း မည်သူ့ကို အကြောင်း ပြုပြီး သကာလ ဟောတဲ့တရားမဟုတ်ဘဲနဲ့ ဒကာ ဒကာမတွေအပေါ် သက်သက် ဒီအလုပ်စဉ်နဲ့ ဒီအလုပ် လုပ်လို့ရှိရင် ဒီခရီးနဲ့ ဒီဌာနကိုဖြင့် မရောက် မရှိနိုင်တဲ့ အကြောင်းကို သေသေချာချာ သိစေလို သောကြောင့် ကိုယ်တော်မြတ်ကြီးသည် အလုပ်စဉ် တရားရယ်လို့ ဒကာကြွယ် သတ်သတ်မှတ်ထားပါ (မှန်ပါ့ ဘုရား)။

ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ အလုပ်စဉ် ဟာ ဘယ်လိုလုပ်ရပါလိမ့်မတုံးလို့ မေးနေမှာလဲ စိုးတဲ့အတွက် ဘုရားသခင်ကိုယ်တော်မြတ်ကြီးက အလုပ်စဉ် ဒီအတိုင်းလုပ်ရ ပါတယ်ကွာတဲ့ (မှန်ပါ့ ဘုရား)။

ရတော့ ဘယ်လိုရမှာတုံးလို့ မေးတဲ့အခါ ဒီအကြောင်း ပါဠိတော်မှာ ဘုရားဟောတာက ဒိဋ္ဌဓမ္မပစ္စက္ခမှာ ရ, ရမယ်လို့ သေသေချာချာဟောတယ် (မှန်ပါ့ ဘုရား)။

တစ်ခွန်းနဲ့ အမှန်ပြောတယ်။

ဒိဋ္ဌဓမ္မပစ္စက္ခမှာပဲ ဒကာ ဒကာမတို့ အလိုရှိတဲ့ မအို မသေ အမြဲနေတဲ့ နိဗ္ဗာန်မဒုက္ခခပ်သိမ်း ငြိမ်းတဲ့ နိဗ္ဗာန်၊ ထောင့်ငါးရာ ကိလေသာတို့၏ ချုပ်ရာ ငြိမ်းရာ၊ သိမ်းရာဖြစ်တဲ့ နိဗ္ဗာန်ကို ဒိဋ္ဌဓမ္မ ရလိမ့်မယ်ကွာ၊ ယခု ပစ္စက္ခ ဘဝမှာပဲ ရပါလိမ့်မယ်၊

ပစ္စက္ခ ခဏ မှာပဲ ရပါလိမ့်မယ်ဆိုတဲ့အကြောင်းကို အဒွဇ္ဇဝစနံ ဗုဒ္ဓါနံ ဆိုတဲ့ အတိုင်း ဘုရားသခင်ကိုယ်တော်မြတ်ကြီးသည် နှစ်ခွန်းမပြောဘဲ နဲ့ တစ်ခွန်းနဲ့ အမှန်ပြောတဲ့ ကိုယ်တော် မြတ်ကြီး ဖြစ်လေသောကြောင့် ဒကာ ဒကာမတွေကတော့ သြော်တို့သည် ယခု ဟောဆို ပြောလတ္တံ့ ဖြစ်တဲ့ အလုပ်စဉ် အတိုင်း ငါတို့ လုပ်ရကိုင်ရ လို့ရှိရင်ဖြင့် နှစ်ခွန်းမပြောဘဲနဲ့ တစ်ခွန်း အမှန် ပြောတဲ့ ကိုယ်တော် မြတ်ကြီး၏ စကားဖြစ်လေသောကြောင့် ငါတို့ ဒီအလုပ်စဉ်ကို လုပ်ရလို့ ရှိရင် မရမရှိဘူးဆိုတဲ့ ဝိစိကိစ္ဆာ အကုန်ဖျောက်ပြီး သကာလ မုချဝီရိယစိုက်၍ ရရလိမ့်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ချပြီး သကာလ မှတ်လည်းမှတ်၊ နာလည်းနာ လုပ်လည်း လုပ်ရလိမ့် မယ် (မှန်ပါ့)။

အလုပ်စဉ်ပြတရား

ကိုင်း ဒါဖြင့် ဒီအကြောင်းနဲ့ ဒီအကျိုးကို ဒကာ ဒကာမ တို့ ဘုရားသခင် ကိုယ်တော်မြတ် ကြီးသည် အလုပ်စဉ် ဟောပါတော့မည်ဆိုတဲ့အတိုင်း ဘုန်းကြီးများက ဘုရား၏တပည့်သား ဖြစ်သည့်အတွက် အဲဒီကနည်းတွေ ပါဠိတော် မချို့မယွင်းမူ၍ အလုပ်စဉ်ပြတရားကိုပဲ ဒကာ ဒကာမတွေက သေသေချာချာ မှတ်ရလိမ့်မယ် (မှန်ပါ့ ဘုရား)။

“ဣဓ ဘိက္ခဝေ အရိယသာဝကော ဝေဒနာယပိ အနိစ္စာနုပဿီ ဝိဟရတိ၊ အနိစ္စသညီ အနိစ္စပဋိသံဝေဒီ သတတံ သမိတံ အဗ္ဗောကိဏ္ဏံ စေတသာ အဓိမုစ္စမာနော ပညာယ ပရိယောဂါဟ မာနော သော အာသဝါနံ ခယာ အနာသဝံ စေတော ဝိမုတ္တိံ ပညာ ဝိမုတ္တိံ ဒိဋ္ဌေဝဓမ္မေ ဝိဟရတိ”

ဒါ သူ့ပါဠိတော် အကုန်ပဲ(မှန်ပါ့ ဘုရား)။

ဒါ ကိုယ်တော်မြတ်ကြီး ကိုယ်တော်တိုင်က ဟောတဲ့ ပါဠိတော် ဒကာသစ်တို့ ဒကာကြွယ် တို့က မှတ်လိုက်တာပေါ့ (မှန်ပါ့ ဘုရား)။

အင်္ဂုတ္တိုရ် ပါဠိတော်ဆိုတော့ ပါဠိက ပါဠိတော် တတ်တာ က တစ်ပါးသော သာဝကတွေ ဟောတာ မဟုတ်ဘဲနဲ့ ကိုယ်တော် တိုင်ပြော၊ ကိုယ်တော်တိုင်ဟောတာလို့ ဒကာကြွယ် မှတ်ထား (မှန်ပါ့ ဘုရား)။

သတိပဋ္ဌာန်လေးပါး

ကဲ ဒါဖြင့် ဒကာ ဒကာမတို့ သတိပဋ္ဌာန်လေးပါး ရှိတယ် (မှန်လှပါ) သတိပဋ္ဌာန်လေးပါး ရှိတော့ကို ဒကာ ဒကာမတို့ သတိပဋ္ဌာန်လေးပါးက ကိုယ်ကိုရှုရတာက ကာယာ နုပဿနာ (မှန်ပါ့)။

(၁) ရုပ်တွေရှုရတာက ဘာတဲ့ (ကာယာနုပဿနာပါ ဘုရား)

(၂) ဝေဒနာတွေ ရှုတာက ဝေဒနာနုပဿနာ (မှန်လှပါ)

(၃) စိတ်တွေ ရှုတာက စိတ္တာနုပဿနာ (မှန်ပါ့)

(၄) သစ္စာမြင်အောင် ရှုတာက ဓမ္မာနုပဿနာ (မှန်ပါ့)။

ကောင်းပြီ၊ ဒါဖြင့် သတိပဋ္ဌာန်လေးပါးရှိတယ်၊ ဪ ဒီ သတိပဋ္ဌာန်လေးပါးကို ဒကာ ဒကာမတို့သည် ရှုရတော့မယ် (မှန်ပါ့)။

အလုပ်စဉ်မှာ (၃) မျိုးရှိတယ်

ရှုရတော့မယ်လို့ဆိုတော့ ဒီလိုလည်း ရှေ့ပိုင်းက မှတ်ပါ ဦးတဲ့၊ ဆရာဘုန်းကြီးက အကူအညီ ဘုရားသခင် ကိုယ်တော် မြတ်ကြီး ဟောထားတာတွေက နှစ်ခုလောက် ပေါင်းပြီး ဆက်ပြီး ပြောရလို့ရှိရင် ပိုမိုပြီး သကာလ အဓိပ္ပာယ်မှာ ဒကာ ဒကာမတွေ လေးနက်တာလည်း တစ်ကြောင်း အလုပ်စဉ်မှာ ပိုမိုပြီး သကာလ ခရီးတွင်ကျယ်မှု ရှိတာကလည်း တစ်ကြောင်း ဖြစ်လေသော ကြောင့် ဒကာ ဒကာမတွေ ရှေးဦးစွာ မှတ်ရမှာက

(၁) သတိပဋ္ဌာန်တစ်မျိုးလို့ မှတ်လိုက်စမ်းပါ (မှန်ပါ့ ဘုရား)

(၂) သတိပဋ္ဌာန ဘာဝနာတစ်မျိုးလို့ မှတ်လိုက်စမ်းပါ (မှန်ပါ့ ဘုရား)

(၃) သတိပဋ္ဌာန်၏ လမ်းဆုံးအကျင့်တစ်မျိုးလို့မှတ်လိုက်စမ်းပါ (မှန်ပါ့ ဘုရား)။

ဘယ်နှစ်မျိုးရှိပါလိမ့် (သုံးမျိုးပါ ဘုရား)၊ အေး ဒါကြောင့် ယနေ့ သည် အင်မတန်မှ ဒကာ ဒကာမတွေ အား အိုဘေး၊ နာဘေး၊ သေဘေးတွေနဲ့ ခြံရံနေရတော့ သေရမည့် ခန္ဓာကိုယ်ကြီး ရ ထားလို့ သေရမှာကလည်း အချိန်မရွေးဖြစ်နိုင် တယ် (မှန်ပါ့ ဘုရား)။

ဒါ့ကြောင့် အသေကို ကယ်ယူနိုင်တာ၊ အအိုကို ကယ်ယူ နိုင်တာ၊ အနာကို ကယ်ယူနိုင်တာဖြင့် ဒကာ ဒကာမတို့ ဒီအကျင့် တရားပဲရှိတော့တယ် (မှန်လှပါ ဘုရား)။

ဒီအကျင့်တရားက သတိပဋ္ဌာန်ကို ရှေးဦးစွာကျင့်ပါ (မှန်ပါ့) ပြီးတော့မှ သတိပဋ္ဌာန ဘာဝနာကို ကြိုးစားပြီး သတိ ပဋ္ဌာန် လမ်းဆုံးကို နောက်ဆုံးပိတ် လိုက်ရတာပေါ့ (မှန်ပါ့)

သတိပဋ္ဌာန်

ကိုင်း ဒါဖြင့် ရှေ့ပိုင်းက သတိပဋ္ဌာန် ဟောရတော့မယ် ဆိုတော့ ဝေဒနာတွေ ပေါ်တိုင်း ပေါ်တိုင်း သြော် ဒါတွေ သိသိ သိသိနေလို့ရှိရင်ဖြင့် သတိပဋ္ဌာန်လို့သာ မှတ်လိုက် (မှန်ပါ့ ဘုရား)။

ဝေဒနာ ပေါ်တိုင်း ပေါ်တိုင်း သိနေရင် (သတိပဋ္ဌာန်ပါ ဘုရား) သတိပဋ္ဌာန်ဆိုတာ ပေါ်တိုင်း သိတာ သတိပဋ္ဌာန် (မှန်ပါ့)။ ပေါ်တိုင်းသိတာ (သတိပဋ္ဌာန်ပါ ဘုရား) စိတ်တွေ ပေါ်တိုင်း- ပေါ်တိုင်း သိနေရင် (သတိပဌာန်ပါ ဘုရား) သတိ ပဋ္ဌာန်ပဲလို့ ဒကာသစ်တို့ သေသေချာချာ မှတ်ပါ (မှန်ပါ့ ဘုရား)။

ကောင်းပြီ ဒါဖြင့် သတိပဋ္ဌာန်ကဖြင့် ဘုရားတပည့် တော်တို့ ပေါ်တိုင်း ပေါ်တိုင်း သတိထားရင် သတိပဋ္ဌာန် ဖြစ်တာ ပါပဲ ဆိုတာဖြင့် သံသယ မရှိတော့ပါဘူး (မှန်ပါ့)။

သတိပဋ္ဌာန ဘာဝနာ

ကောင်းပြီ ဒါဖြင့် သတိပဋ္ဌာန ဘာဝနာကို ဒကာကြွယ် ပြောဦးမယ် (မှန်ပါ့) သတိပဋ္ဌာန ဘာဝနာ ဆိုတာကတော့ ဝေဒနာတို့၏ ပေါ်တာရော၊ ပျက်တာရော ရှုလို့ရှိရင်ဖြင့် ဖြစ်ပျက် မိလို့ ရှိရင်ဖြင့် စိတ်ကလေး၏ ပေါ်တာရော၊ ပျက်တာရော (ဝါ) ဖြစ်ပျက် မိလို့ရှိရင်ဖြင့် နှစ်ခုစလုံး မိလို့ရှိရင် သတိပဋ္ဌာန ဘာဝနာ ဖြစ်ပြီလို့ မှတ်လိုက်စမ်းပါ (မှန်ပါ့) ထူးခြား မလာဘူးလား (ထူးခြား ပါတယ် ဘုရား)။

ခုနင်ကတော့ ပေါ်တိုင်း – ပေါ်တိုင်း သိရင် သတိ ပဋ္ဌာန် (မှန်ပါ့) ပေါ်တဲ့ တရား ကလေး တွေ၏ ဖြစ်မှု ပျက်မှုကို သိရင် သတိပဋ္ဌာနဘာဝနာ (မှန်ပါ့) သေသေချာချာ မှတ်ပါ ဒကာ ဒကာမတို့ (မှန်ပါ့)။

စိတ်ကလေးတွေ ပေါ်တိုင်း ပေါ်တိုင်း သိရင် ဘာဆိုကြ မယ် (သတိပဋ္ဌာန်ပါ ဘုရား) သတိပဋ္ဌာန်ပဲ ရှိသေးတယ် (မှန်ပါ့ ဘုရား)။

စိတ်ကလေးတွေ ပေါ်တိုင်း ပေါ်တိုင်း သိရင် (သတိ ပဋ္ဌာန်ပါ ဘုရား)။

အဖြစ် အပျက်တွေ သိရမယ်

ဒီပေါ်တဲ့ ဓမ္မကလေးတွေကို တပည့်တော်တို့က သိပုံက ပေါ်လည်းသိ ပျက်လည်းသိ၊ အဖြစ်ရော အပျက်ရောဖြင့် တပည့်တော်တို့ မြင်ပါတယ်ဘုရား ဆိုလို့ရှိရင်ဖြင့် သတိပဋ္ဌာန ဘာဝနာ ဖြစ်ပြီး(မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ပေါ်တိုင်း ပျက်တိုင်း သိလို့ရှိရင်ဖြင့် (သတိပဋ္ဌာန ဘာဝနာပါ ဘုရား) သတိပဌာန ဘာဝနာ ဖြစ်ပြီ (မှန်ပါ့)။

ကောင်းပြီ ဒါဖြင့် သြော် ဒီ ဖြစ်ပျက်သိရင် သတိပဋ္ဌာန ဘာဝနာ ပါကလား (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

သတိပဋ္ဌာန ဘာဝနာ ဆိုတာ ဘာကို မြင်မှပါလိမ့် (ဖြစ် ပျက် မြင်မှပါ ဘုရား) ဖြစ်ပျက် မြင်လို့ ရှိရင်ဖြင့် ဒကာကြွယ်ရေ သတိပဌာနဘာဝနာ ဖြစ်ပြီး (မှန်ပါ့)။

သတိပဋ္ဌာန်လမ်းဆုံး

နောက် တတိယ အချက်ကတော့ သတိပဋ္ဌာန ဘာဝနာ ဂါမိနီ ပဋိပဒါ သတိပဋ္ဌာန ဘာဝနာ၏ ရောက်ရာ ရောက်ကြောင်း နိဗ္ဗာန် ရောက်ကြောင်း အစစ် ဖြစ်တာကတော့ (ဝါ) သတိပဋ္ဌာန်လမ်းဆုံး ဖြစ်တာကတော့ဖြင့် ဒကာ ဒကာမတို့ ဒီဖြစ်ပျက် ကလေးတွေ ဆုံးပြီး သကာလ မိမိသန္တာန်မှာ မဂ္ဂင် ရှစ်ပါး ပေါ်လာလို့ ရှိရင် ဒါဟာ သတိပဋ္ဌာန်လမ်းဆုံးပါပြီ (မှန်ပါ့ ဘုရား)။

မဂ္ဂင်ရှစ်ပါးပြည့်သွားရင်

ဖြစ်ပျက်ကလေး တွေလည်းဆုံး၊ မိမိတို့သန္တာန်မှာလည်း မဂ္ဂင်ငါးပါးက ရှစ်ပါး ပြည့်သွားရင် ဘယ့်နှယ် ဆိုကြမယ် (သတိ ပဋ္ဌာန်လမ်းဆုံးပါ ဘုရား) သတိပဋ္ဌာန်လမ်းဖြင့် ဆုံးပေါ့ (မှန်ပါ့)။ သဘော ကျပလား (ကျပါပြီ ဘုရား)။

ဒါ သေသေချာချာမှတ်ပါ၊ ဒါ အလုပ်စဉ်မို့ ရကော်ဒါ (အသံဖမ်းစက်) ထဲမှာလည်း အမှန်အကန် ဖြစ်အောင်လို့ ဒကာသစ်ရေ အရေးတကြီး ပြောနေတယ် (မှန်ပါ့)။

တစ်ခေါက် ပြန်ပြောပါဦးမယ်၊ သတိပဋ္ဌာန်၊ သတိ ပဌာနဘာဝနာ၊ သတိပဋ္ဌာန်လမ်းဆုံး ဆိုတာ သုံးမျိုးရှိတယ် (မှန်ပါ့ ဘုရား)။

သတိပဋ္ဌာန်ပဲ ဖြစ်ပါသေးတယ်

စိတ်ရှုတဲ့ ပုဂ္ဂိုလ်သည် စိတ်ပေါ်တိုင်း ပေါ်တိုင်း ဘာစိတ် ဘာစိတ် တစ်ခါတည်းပေါ်ပြန်ပြီ ပေါ်ပြန်ပြီလို့ သူက အပျက် မလိုက်ဘဲနဲ့ တစ်ခါတည်း သိမှတ်ပြီး သကာလ နေလို့ရှိရင်ဖြင့် သတိပဋ္ဌာန်ပဲ ဖြစ်ပါသေးတယ် (မှန်ပါ့) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

သတိပဋ္ဌာနဘာဝနာ ဖြစ်ပါပြီ

ဒီတရားလေးတွေကို ဒကာ ဒကာမတွေ ကြိုးစားပြီး သကာလ ကြည့် ဖန်များ လာတော့ ဪပေါ်တာလည်း တွေ့လိုက်၊ ပျက်တာလည်းတွေ့လိုက်၊ ပေါ်လို့ ပျက်တာပဲ၊ ဖြစ်လို့ ပျက်တာ ပဲလို့ ဖြစ်ပျက်နှစ်ခု တွေ့ လိုက်လို့ရှိရင်ဖြင့်တဲ့ သတိပဌာန ဘာဝနာဖြစ်ပါပြီ (မှန်ပါ့ ဘုရား)။

“သမုဒယ ဓမ္မာနုပဿီ ဝါ စိတ္တသ္မိံ ဝိဟရတိ၊ ဝယ ဓမ္မာနုပဿီ ဝါ စိတ္တသ္မိံ ဝိဟရတိ” တဲ့၊

ဝေဒနာမှာလည်း ထို့အတူပဲ၊ ဒီလိုဖြစ်မှုပျက်မှုတွေ့လို့ရှိရင်ဖြင့် ဒကာသစ်တို့ ဘာ ခေါ်ကြမယ် (သတိပဋ္ဌာနဘာဝနာပါ ဘုရား) ဘာဝနာဖြစ်သွား ပြီနော် (မှန်ပါ့)။

ဒါဖြင့် သတိပဋ္ဌာန် အကျင့်ဟာ ဘုရား ဒီလိုပဲ ပွားများ နေရတယ်။ ဘာဝနာဆိုတာ ပွားများရတာ၊ ဘယ်တော့မှ လမ်းဆုံးမှာတုံးလို့ မေးတဲ့အခါကျတော့ ၎င်းအဖြစ်အပျက် ကလေး တွေကလည်း ရှေ့ပိုင်းကချုပ် (မှန်ပါ့) နောက်ကလည်း မဂ္ဂင်ရှစ်ပါးပြည့် (မှန်ပါ့) သတိပဋ္ဌာန ဘာဝနာတုန်းကတော့ ငါးပါး ရှိသေးတာကိုး (မှန်ပါ့)။

နောက်ကျတော့ ဒကာသစ်ရေ၊ ရှေ့ကဖြစ်ပျက်တွေက ဆုံးပြီးသကာလ သွားတော့ ဒီက မဂ္ဂင်ရှစ်ပါးက ရှုနေတာက ဓမ္မနိယာမအတိုင်း မဂ္ဂင်ငါးပါးက ရှစ်ပါးပြည့်စုံသွားတယ် (မှန်ပါ့) ဒီငါးပါး အပေါ် သမ္မာဝါစာ, သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ ဆိုတဲ့ ဒီ သုံးပါးဖြည့်လိုက်တယ် (မှန်ပါ့)။

ဒီသုံးပါးဖြည့်လိုက်တော့ ဒကာ ဒကာမတို့ မဂ္ဂင်ရှစ်ပါး ပြည့်ပြီး(ပြည့်ပါပြီ ဘုရား)။

သတိပဋ္ဌာနဂါမိနီပဋိပဒါ

အဲဒါကျလို့ရှိရင် သတိပဋ္ဌာန်အကျင့်မှာဖြင့် ဒီဟာပြည့်စုံ လို့ရှိရင် ဒီဟာလမ်းဆုံးတော့တာပဲ (မှန်ပါ့ ဘုရား)။

ဒါကြောင့် စာလိုတော့ဖြင့် “သတိပဋ္ဌာနဂါမိနီပဋိပဒါ” (မှန်ပါ့) သတိပဋ္ဌာန်ဘာဝနာမှာတဲ့ သတိပဌာန် ပွားလာတာ ကြာပါပြီ၊ ဂါမိနီ-နိဗ္ဗာန်သို့ ရောက်ပါတော့မယ်၊ ပဋိပဒါအကျင့် (မှန်ပါ) သတိပဋ္ဌာန်တို့၏ လမ်းဆုံးဖြစ်တဲ့ ရောက်ရာ ရောက်ကြောင်း၊ အကျင့်ကဖြင့် ဖြစ်ပျက်တွေဆုံးပြီး မဂ္ဂင်ရှစ်ပါး ပြည့်တာကို ဆိုပါတယ် (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

သံယုတ်ပါဠိတော်၏ ကျင့်စဉ်

ကဲ ဒါဖြင့် ဒီလို လုပ်လိုက်ရလို့ရှိရင်ဖြင့် တို့ သည် သတိပဋ္ဌာန်စ, တည့်ပြီး သတိပဋ္ဌာန ဘာဝနာ ကြိုးစားလို့ သတိပဋ္ဌာန် လမ်းဆုံး ဖြစ်တဲ့ ဖြစ်ပျက် ဒုက္ခသစ္စာကြီး ချုပ်အောင် ရှုနိုင်လို့ မဂ္ဂင်ရှစ်ပါး ပြည့်တယ်ဆို သတိပဋ္ဌာန် ကိစ္စဖြင့် လမ်းဆုံး တော့တာပဲ ဆိုတာ ဒကာကြွယ်တို့ ဒကာသစ်တို့ ဦးမာဒင်တို့ သေသေချာချာ မှတ်ပါ (မှန်ပါ့ ဘုရား)။

ကောင်းပြီ၊ ဒါဖြင့် အခု ဒါက သံယုတ်ပါဠိတော်၏ ကျင့်စဉ်ကို ပြောလိုက်ပါတယ် (မှန်ပါ့)။

အင်္ဂုတ္တိုရ်ပါဠိတော်၏ ကျင့်စဉ်

အင်္ဂုတ္တိုရ်ပါဠိတော်က ခုနင်က ရွတ်လိုက်တဲ့ ပါဠိတော်က တော့ ဒကာကြွယ်ရေ သူက သတိပဋ္ဌာန ဘာဝနာက စ,ပြတယ် (မှန်ပါ့) သတိပဋ္ဌာန ဘာဝနာက စ,ပြတယ် ဒကာ ဒကာမတို့။

“ဣဓ ဘိက္ခဝေ အရိယသာဝကော” ဘိက္ခဝေ-ရဟန်းတို့၊ ဣဓ-ဤ ငါဘုရား သာနာတော်၌၊ အရိယ သာဝကော-ယခုကဲ့သို့ သိ, ကြား, လိမ္မာသော အရိယသာဝကသည်၊ ဝေဒနာယပိ-ဝေဒနာ သုံးပါး ရှိတယ် (မှန်ပါ့) တစ်ပါးပါးကို တစ်ခါတည်း ရှေ့နားမှာ ဒါ-ဝေဒနာတွေ၊ အင်း သုခ ဝေဒနာ, ဒုက္ခဝေဒနာ, ဥပေက္ခာဝေဒနာလို့ ဝေနာချုံးလိုက်တော့ ဒကာကြွယ် သုံးပါးရှိတယ် (မှန်ပါ့ သုံးပါးပါ ဘုရား)။

ဝေဒနာသုံးပါး

ခန္ဓာကိုယ်ထဲမှာ ဝေဒနာသုံးပါးပဲ လှည့်ရှိတယ် (မှန်ပါ့) စိတ်ရှုလို့ ရှိရင်လည်း စိတ်အတိုင်း ပေါ့လေ (မှန်ပါ့) ကဲဒီနေ့ တော့ ဝေဒနာနဲ့ပဲ စခန်းသွားကြပါစို့ ဆိုတော့ သုခဝေဒနာ, ဒုက္ခဝေဒနာ, ဥပေက္ခာဝေဒနာနဲ့ ခန္ဓာကိုယ်ထဲမှာ သုခဝေဒနာက ချမ်းသာတာ (မှန်လှပါ) ဒုက္ခဝေဒနာက ဆင်းရဲတာ (မှန်ပါ့)၊ ဥပေက္ခာ ဝေဒနာက အလတ်စားရှိတာ (မှန်ပါ့)။

အဲဒီလိုကလေး သိထားတော့ သုံးပါးလည်း ပြိုင်မပေါ် ဘူး (မှန်ပါ့) တစ်ပါး တစ်ပါးစီပဲ ပေါ်တယ် (မှန်ပါ့) အဲ တစ်ပါးတစ်ပါးစီ ပေါ်တဲ့အခါကျလို့ရှိရင် သူ့ကို အရိယာ သာဝက ဖြစ်တဲ့ ပုဂ္ဂိုလ်က အခုလို ကြားဖူးနားဝရှိတဲ့ ပုဂ္ဂိုလ်က “အနိစ္စာ နုပဿီ ဝိဟရတိ” ဒါကလေးဟာ ဪ ဝေဒနာမဟုတ်ဘူး၊ သေသေချာချာ ငါရှုကြည့်တယ်၊ ဒါ အနိစ္စပဲလို့ ပညာယ-ပညာ ဖြင့်၊ အနိစ္စာနု ပဿီ-အနိစ္စဟု ရှုလေ့ရှိသည်ဖြစ်၍၊ ဝိဟရတိ ပဝတ္တတိ- ဖြစ်စေပါ (မှန်လှပါ)။

ဪ ဒါကလေးဟာ ဖြစ်ပြီး ပျက်နေတဲ့ အနိစ္စကလေး ပါကလားလို့ ဒကာ ဒကာမတို့ ရှုပေးပါ (မှန်လှပါ)။

ဖြစ်ပျက်နေတဲ့ အနိစ္စလို့ ရှုပေးပါ

ဖြစ်ပျက်နေတဲ့ (အနိစ္စကလေးပါ ဘုရား) ဖြစ်ပျက်နေ တဲ့ အနိစ္စကလေးပါလားလို့ ဆိုပြီးသကာလ ရှုပေးပါ (မှန်ပါ့ ဘုရား)။

ဪဒါဖြင့် ဖြစ်ပျက်နေတဲ့ အနိစ္စကလေးပါလားလို့ ဒကာ ဒကာမတွေက ဝေဒနာလို့ မလိုက်နဲ့တော့ (မှန်ပါ့)

ဖြစ်ပျက်နေတဲ့ အနိစ္စကလေးပါကလားလို့ ဒကာကြွယ်တို့ ဒကာသစ်တို့ ရှုပေး (မှန်လှပါ)။

အဲဒီကဲ့သို့ ရှုပြီးသကာလ နေတဲ့အခါမှာလည်း ရှုရင်း ရှုရင်းက “အနိစ္စသညီ” အခုရှုနေတာ သက်သက်နဲ့ ဘာနဲ့ မှ မရောဘူး၊ အနိစ္စလို့ပဲ အမှတ်ထားပြီးသာ ဒကာ ဒကာမတွေ ရှုနေပါ (မှန်ပါ့) အနိစ္စလို့ပဲ အမှတ်ထားပါနော် (မှန်ပါ့)။

အနိစ္စလို့ မှတ်ပေးပါ

ဒကာ ဒကာမတွေ ပထမအနိစ္စလို့ ရှုရမယ်နော် (မှန်ပါ့) ဒီ ငါရှုနေတာက တခြားလား မှတ်တယ်၊ အနိစ္စလို့ပဲ မှတ်ပါ (မှန်လှပါ) ဒါတွေဟာ ဘာမှမဟုတ်ဘူး၊ ဝေဒနာလည်း မဟုတ် ဘူး၊ စိတ်လည်း မဟုတ်ဘူး၊ အနိစ္စသက်သက်ပဲလို့ မှတ်ထား လိုက်ပါ (မှန်ပါ့) ဒါဖြင့် အနိစ္စလို့ရှု၊ အနိစ္စလို့ မှတ်ပေါ့ ဗျာ (မှန်ပါ့ ဘုရား)။

အနိစ္စ ပဋိသံဝေ – ဒီ-ပညာနဲ့ ဪ ဒီဥစ္စာ တစ်ခါတည်း ဒကာ ဒကာမတွေက အနိစ္စလို့ပဲ သိပေးလိုက်ပါ (မှန်ပါ့ ဘုရား)

ဒီတရား ကလေးဟာ ဖြစ်ပြီး ပျက်နေတာ ဘာတရား ကလေးပါလိမ့် (အနိစ္စပါ ဘုရား) အနိစ္စလို့ပဲ သိပေးလိုက်စမ်းပါ (မှန်ပါ့ ဘုရား)။

အနိစ္စလို့ သိပေးပါ

ဪ ဒါဖြင့် ဒကာ ဒကာမတို့ ဘုရားက ဒီဖြစ်ပျက် နေတဲ့ ဓမ္မကလေးကို အနိစ္စလို့ရှုကွတဲ့ (မှန်ပါ့) ဉာဏ်ထဲကလည်း အနိစ္စလို့ပဲမှတ်ကွ(မှန်ပါ့) သိတော့လည်း မင်းတို့ အနိစ္စလို့ပဲ သိထားနော်၊ ဒီလို သတိပေးတယ် (မှန်ပါ့)။

ဒီတရားကလေးဟာ ဘာနဲ့မှ မရောစေနဲ့၊ နိစ္စဒိဋ္ဌိတွေနဲ့ မရောစေနဲ့၊ သုခတွေနဲ့ မရောစေနဲ့၊ သုဘတွေနဲ့ မရောစေနဲ့၊အတ္တတွေနဲ့ မရောစေနဲ့ (မှန်လှပါ ဘုရား)။

ဒကာ ဒကာမတွေ ဒါကလေးဟာ အနိစ္စလို့ရှု၊ အနိစ္စလို့ပဲ မှတ်ထား (မှန်ပါ့) အနိစ္စလို့ပဲ ဉာဏ်နဲ့သိပါ (မှန်ပါ့) ဒါ မလွဲစေနဲ့နော် (မလွဲစေပါ ဘုရား)။

ဝေဒနာ ရှုနေတယ်လို့ မလာနဲ့ (မှန်ပါ့) စိတ်ရှုနေတယ် လို့ မလာနဲ့ (မှန်ပါ့) ဪ ဒါကလေးဟာဖြင့် အနိစ္စလို့ရှုပြီး အနိစ္စလို့မှတ် အနိစ္စလို့ပဲ သိနေပါ ဒကာသစ်ရာ (မှန်ပါ့ ဘုရား)။

ဒီလိုနေပြီးသကာလ ဒကာ ဒကာမတွေက ဒီအတိုင်းသိ ပြီးသကာလ နေကြပါ (မှန်လှပါ ဘုရား)။

အဲဒီတော့ ဘယ့်နှယ်ဖြစ်လာမတုံးလို့ ဆိုလို့ရှိရင် “ပညာယ”- ဝိပဿနာ ပညာဖြင့်၊ “အဓိမုစ္စမာနော”- သြော် ဒီဥစ္စာ အနိစ္စမို့ အနိစ္စဖြစ်တာပဲလို့ ဆုံးဖြတ်ချက် ခင်ဗျားတို့ ကျလာ လိမ့်မယ် (မှန်လှပါ ဘုရား)။

အနိစ္စလို့ ဆုံးဖြတ်ချက်ကျလာလိမ့်မယ်

အင်း အနိစ္စမို့ (အနိစ္စ ဖြစ်တာပါ ဘုရား) အနိစ္စဖြစ်တာ ပဲလို့ ခင်ဗျားတို့ဉာဏ်ထဲမှာ ငါဘုရားဟာ မင်းတို့ကို သေသေ ချာချာဟောပါတယ် တဲ့၊ မင်းတို့ ခုနင်က ပြောခဲ့တဲ့ သုံးချက် အလုပ် လုပ်လိုက်ပြီဆိုရင် အနိစ္စလို့ ဆုံးဖြတ်ချက် မင်းတို့ဉာဏ်ထဲ ကျသွားလိမ့်မယ်တဲ့ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ပြန်ပြောလိုက်ပါမယ်၊ ဒီတရားကလေးဟာ ဖြစ်ပြီး ပျက်နေတဲ့ တရားကလေးကို အနိစ္စလို့ရှု၊ အနိစ္စလို့မှတ်၊ အနိစ္စ လို့ သိဖန် များလာတဲ့အခါကျလို့ရှိရင်ဖြင့် ကိုယ့်ဉာဏ်ထဲမှာ ကိုပဲ ဒကာ ဒကာမတို့ ဆုံးဖြတ်ချက်ကျတယ် (မှန်ပါ့) ဘာမှ မရှိဘူး၊ အနိစ္စသာ ရှိတာပဲဆိုတဲ့ ဆုံးဖြတ်ချက် ဟာ တစ်ခါတည်းကျတယ် (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။

အနိစ္စလို့ ဆုံးဖြတ်ချက် ကျသွားပြီနော် (မှန်ပါ့) ခုနင်က သုံးချက်နဲ့ ကြိုးစားလိုက်တာကိုးဗျ (မှန်ပါ့)

အနိစ္စလို့ရှု၊ အနိစ္စ လို့ မှတ် (မှန်ပါ့) အနိစ္စလို့ သိလိုက်တာနဲ့ပဲ ရှုဖန်များပြီး နောက်ဆုံးပိတ် တက်လာတဲ့ ပညာက ဒကာသစ်ရေတစ်ခါ တည်း ဘာမှမရှိဘူး၊ လောကကြီးထဲမှာဖြင့် အနိစ္စ အစစ်သာ ရှိတယ်လို့ တစ်ခါတည်း ဆုံးဖြတ်ချက်ကျတယ် (မှန်လှပါ ဘုရား)။

အနိစ္စအစစ်သာ ရှိတယ်

အနိစ္စအစစ်သာ ရှိတယ်လို့ ဒကာ ဒကာမတွေ တစ်ခါ တည်း ဆုံးဖြတ်ချက်ကျပါတယ် (မှန်လှပါ) ခုနင်က ဉာဏ်နဲ့ တူသေးရဲ့လား (မတူပါ ဘုရား) ခုနင်ကတော့ အနိစ္စရှိလို့ အနိစ္စ ပဲ ရှုတာ (မှန်ပါ့) အနိစ္စလို့ပဲ မှတ်တုန်းပဲ (မှန်လှပါ ဘုရား) အနိစ္စလို့ပဲ သိတုန်းပဲ(မှန်လှပါ) ကိုယ့်ဉာဏ်က ဆုံးဖြတ်ချက် မချသေးဘူး (မှန်လှပါ)။

နောက် ရှုဖန်များလာတော့ ဘုန်းကြီးတို့ ဒကာ ဒကာမ တွေ သြော် ပညာယ-ဝိပဿနာ ပညာဖြင့်၊ အဓိမုစ္စ မာနော-အနိစ္စပဲ လို့ ဆုံးဖြတ်ချက် ချသည်ဖြစ်၍ ဪ ဒါဖြင့် ခုနင်က သုံးချက်နဲ့ အလုပ်လုပ်ပြီးတဲ့အခါကျတော့ ဒကာသစ်ရေ တကယ့်အနိစ္စပဲလို့ ကိုယ့်ဉာဏ်ထဲမှာ သူများ မပြောဘဲနဲ့ ဆုံးဖြတ်ချက် ချပစ်လိုက်တယ် (မှန်ပါ့)။

သူများမပြောဘဲနဲ့ (ဆုံးဖြတ်ချက်ချပစ်လိုက်ပါတယ်၊ ဘုရား)။

အေး သူများမပြောဘဲနဲ့ ဝိပဿနာ မဂ္ဂင်ငါးပါးနဲ့ သမ္မာ ဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ, သမ္မာဝါယမ, သမ္မာသတိ, သမ္မာသမာဓိ ဆိုတဲ့ မဂ္ဂင်ငါးပါးနဲ့ တစ်ခါတည်း ဆုံးဖြတ်ချက်ချလိုက်တယ် (မှန်ပါ့) အနိစ္စ အစစ်ပဲဆိုတဲ့ ဆုံးဖြတ်ချက်ချတာပဲ (မှန်ပါ့) သဘောကျ ပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ဒီဥစ္စာက “ပညာယ အဓိမုစ္စမာနော”- ဝိပဿနာ ပညာနဲ့ပဲ ဒကာသစ် ဆုံးဖြတ်ချက် ချလိုက်ပြီ (မှန်ပါ့) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

အနိစ္စထဲချည့် ဉာဏ်သက်ဆင်းတယ်

ပညာနဲ့ ဆုံးဖြတ်ချက်ချပြီးတော့ နောက်ကျတော့ ဆုံးဖြတ်ချက်လည်း ချပြီးရော နောက် ရှုတဲ့ ဉာဏ်တွေက ဒကာ ဒကာမတို့ ကိုယ့်ဉာဏ်ဟူသ၍က ဘယ်အထဲမှ မသက်ဆင်းဘဲနဲ့ ဒီအနိစ္စထဲချည့် ဉာဏ်က သက်ဆင်း သွားတော့တာပဲ (မှန်ပါ့)။

ဆုံးဖြတ်ချက်ကလည်း ချပြီးရော ဒကာသစ်ရေ ကိုယ့် ဉာဏ်ကလေ (အနိစ္စထဲ သက်ပါတယ်) အနိစ္စထဲ ချည့် ဉာဏ်က သက်ဆင်းသွားတယ် (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။

ရှုဖန်များလို့ အနိစ္စလို့လည်း ဆုံးဖြတ်ချက်ချပြီးရော နောက်တော့ဖြင့် ခန္ဓာဉာဏ် လှည့်လိုက် သည်နဲ့ တစ်ပြိုင်နက်တည်း အနိစ္စထဲချည့် ဉာဏ်က သက်ဆင်းသွားတယ် (မှန်ပါ) ဘယ်ဘက်မှ မသက်ဆင်းတော့ဘူး (မှန်လှပါ)။

သက်ဆင်းတယ်ဆိုတာ ဒကာ ဒကာမတို့ လူဟာ ရေဆင်းချိုးတယ်ဆိုတော့ ရေထဲ ဆင်းသလိုပေါ့ ဗျာ (မှန်ပါ့) ဉာဏ်ကလည်း ဒကာ ဒကာမတို့ ဆုံးဖြတ်ချက်ချပြီးတဲ့ အချိန်က စပြီး သကာလ ဘာနဲ့မှ မရောဘဲနဲ့ တစ်ခါတည်း ဒကာ ဒကာမ တွေ အနိစ္စဘက်သို့ပဲ သက်ဆင်း သွားပါတယ် (မှန်ပါ့ ဘုရား)။

ပညာယ-ဝိပဿနာပညာဖြင့်၊ ပရိယောဂါဟမာနော = သက်ဆင်းသည်ဖြစ်၍၊ ဝိဟရတိ-ပဝတ္တေတိ- ဒကာ ဒကာမတို့ ဖြစ်စေတော့တာပဲ (မှန်ပါ့ ဘုရား)။

ဪ ဒါဖြင့် ဆုံးဖြတ်ချက်ချပြီးတဲ့ ပုဂ္ဂိုလ် မှန်ရင် ဒီဉာဏ်သည် ဒကာ ဒကာမတို့ နောက်တစ်ဖန် ရှုတဲ့ဉာဏ်သည် အနိစ္စထဲ မှတစ်ပါး ဘယ်မှ ဒီ ဝိပဿနာဉာဏ်က မသက် ဆင်းတော့ဘူး ဆိုတာ သေသေချာချာ မှတ်ပါ (မှန်ပါ့ ဘုရား)။

ဘုရားပေးခဲ့တဲ့ အလုပ်စဉ်

တယ်အဖိုးတန်ပါလား ဒကာ ဒကာမတွေ (တန်ပါတယ်) ကြပ်ကြပ်စဉ်းစား ဒကာ ဒကာမတွေ၊ ဪ ဘုရားကို က အလုပ်စဉ်ပေးခဲ့တာကိုး (မှန်ပါ့)

“ရှေးဦးစွာ အနိစ္စလို့ရှုကွ၊ အနိစ္စလို့မှတ်ကွ၊ အနိစ္စလို့သိကွ၊ ပြီးတော့မှ အနိစ္စလို့ ဆုံးဖြတ် ချက်ချတဲ့ဉာဏ် မင်းလာလိမ့်မယ်” (မှန်ပါ့) လာပြီးသည်၏ အခြားမဲ့၌ မင့်ဉာဏ်သည် နောက်တစ်ခါ ရှုလိုက်လို့ရှိရင် အနိစ္စထဲသာ သက်ဝင်တော့တာပဲ၊ မင့်ဉာဏ် ဘယ်မှ မသွားဘူး (မှန်ပါ့) ဒီလိုကို ဆုံးဖြတ်ချက်ချတယ် (မှန်ပါ့ ဘုရား)။

ဒါကြောင့် ဒကာ ဒကာမတို့ ဒီလိုဉာဏ်ကလေးက ဆုံး ဖြတ်ချက် ချပြီးသည့်နောက် ဒီဉာဏ်သည် ဝိပဿနာဉာဏ်သည် ဒကာ ဒကာမတို့ အနိစ္စထဲသို့ပဲ ဆင်းသက်သွားတော့တယ် (မှန်ပါ့) ရှင်းပြီးနော် (ရှင်းပါပြီ ဘုရား)။

ကောင်းပြီတဲ့၊ အဲဒီတော့ ဒီလိုဆင်းသက်အောင် တပည့် တော်တို့ ဘယ်လိုလုပ်ရမှာတုံး ဘုရားလို့ မေးတဲ့အခါကျတော့မှ ဒကာ ဒကာမတွေ ဒါကလေး နည်းနည်း နားထောင်ပါ။

ငါးမိနစ်၊ ဆယ်မိနစ် အမြဲလုပ်ပါ

သတတံ-(နိစ္စံ) – ဒါကလေးကတော့ဖြင့် အမြဲကလေး လုပ်ပေးပါတဲ့ (မှန်ပါ့) ငါးမိနစ်ဖြင့် ငါးမိနစ် အမြဲလုပ်ပေါ့ ဗျာ (မှန်ပါ့) ဆယ့်မိနစ်ဖြင့်ဆယ်မိနစ် အမြဲလုပ်ပါ၊ နိရန္တရံ- အမြဲ မပြတ်တဲ့၊ နိရန္တရံ က မပြတ် (မှန်ပါ့) သတတံ က နိစ္စ၊ သမိတံ- က နိရန္တရံ လို့ ဖွင့်ထားသောကြောင့် အမြဲ မပြတ် ဒကာ ဒကာမတွေက ငါးမိနစ်၊ ဆယ်မိနစ် ဒီထဲချည့် ဉာဏ်သက် နေပါစေ(မှန်ပါ့ ဘုရား)။

ဒီလို ဉာဏ်သက်နေလို့ ရှိရင်ဖြင့်တဲ့၊ ဒကာ ဒကာမတွေ ဒီလိုဉာဏ်သက်ပြီးသကာလ အနိစ္စ ထဲမှာချည့် ဉာဏ်ကသက်ဝင်ဆင်းပြီး သကာလ နေတယ်၊ မပြတ်သက်ဝင် ဆင်းနေပြီဆိုရင်ဖြင့် ဒကာ ဒကာမတို့ အမေသေလို့ ကြေးနန်းလာလာ၊ အဖေသေလို့ ကြေးနန်းလာလာ မလျှော့လိုက်နဲ့ (မှန်ပါ့) မလျှော့ပါနဲ့တဲ့ ဒကာ ဒကာမတွေ မလျှော့ပါနဲ့တဲ့၊ အာသဝေါကုန်တော့မလို့ကိုးဗျ (မှန်ပါ့ ဘုရား)။

မလျှော့ပါနဲ့ မပြတ်လုပ်နေပါ

မလျှော့ပါနဲ့တဲ့ ဒကာ ဒကာမတို့နော် (မှန်ပါ့) မပြတ်ဘဲ လုပ်နေပါ (မှန်ပါ့ ဘုရား)။

ဘာဖြစ်လို့ ဆရာဘုန်းကြီးက ဒီဟာပြောရသလဲ၊ ဘုရားက ဒီဟာ ဟောရသလဲလို့ ဒကာ ဒကာမတွေက မေးလို့ ရှိရင်ဖြင့် ဒီနေရာမှာ ကိလေသာ ကြားခိုရင် ပျက်လိမ့်မယ် (မှန်ပါ့ ဘုရား)။

ဒီနေရာမှာ (ကိလေသာ ကြားခိုရင် ပျက်လာလိမ့်မယ်) ဒကာ ဒကာမတို့ ကိလေသာ ကြားခိုတာလည်း သိပ်ကြောက် စရာကောင်းပါလား (ကောင်းပါတယ်) သူက ချက်ကောင်းမှ ကြားခိုတတ်တယ် ဆိုတာကိုလည်း ဒကာကြွယ်၊ ဒကာသစ် မှတ် စမ်းပါ (မှန်ပါ့) ချက်ကောင်းမှ ဘာတုန်း (ကြားခိုတတ်ပါ တယ် ဘုရား)။

ချက်ကောင်းမှ ကြားခိုမယ်ဆိုတာ ကိုယ်ကမပြတ်လုပ် မယ် ကဲ ဘုရားကလည်း ဟောထားတယ်၊ ဉာဏ်က ဒီထဲချည့် စိုက်ခနဲ စိုက်ခနဲ သက်ဆင်းသွားပြီ အနိစ္စတွေချည့်ပဲ သက်ဆင်းသွားပြီ၊ အဲဒါ မပြတ်စေနဲ့လို့ ဘုရားကလည်းဟောတယ်၊ ဒီဟော တဲ့ အချိန်ကျမှ ဒကာ ဒကာမတွေမှာ အကြောင်းထူး ကိစ္စထူးဆိုတဲ့ ဟာတွေ ပေါ်တတ်တယ်နော် (ပေါ်တတ်ပါတယ် ဘုရား)။

အခြားကိစ္စ မလာစေနဲ့

အဲဒီ ပေါ်လို့ရှိရင်ဖြင့် ဒါ စောစောကပဲ ဆရာဘုန်းကြီးက ဖြစ်တတ်တဲ့အကြောင်းမို့ သတိပေးထားလိုက်တယ် (မှန်ပါ့) မရောစေနဲ့ (မှန်ပါ့) မလာစေနဲ့ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

“နိစ္စံ သမိတံ နိရန္တရံ အဗ္ဗောကိဏ္ဏံ” ဘုရားက ဟော တယ်၊ “အဗ္ဗောကိဏ္ဏံ- အညေဟိ အသမ္မိဿံ” လို့ အဋ္ဌကထာ ဆရာက ဖွင့်လိုက်တယ် (မှန်ပါ့) အညေဟိ- တစ်ပါးကုန်သော တရားတို့နှင့်၊ အသမ္မိဿံ- မရောပါစေနဲ့တဲ့ (မှန်ပါ့ ဘုရား)။

တစ်ခါတည်း ဉာဏ်ကလေး စိုက်စိုက် စိုက်စိုက်နေတဲ့ အခါ အမြဲမပြတ်သာ လုပ်နေတဲ့၊ တစ်ပါးသော တရားတွေ ရောကို မရောစေနဲ့တဲ့ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဘာကိစ္စ ညာကိစ္စ မရောစေနဲ့

တစ်ပါးသော တရားတွေ (မရောရပါ) ဘာကိစ္စ ညာကိစ္စတွေ တွေးလုံး လာတယ်၊ မရောစေနဲ့ (မှန်ပါ့) မရောစေ နဲ့ ဒကာ ဒကာမတို့ ဘေးက ပုဂ္ဂိုလ်တွေလည်း သတိပေးထား (မှန်ပါ့ ဘုရား)။

ဘယ်အကြောင်းမျိုးနဲ့မှ လာပြီးသကာလ ငါတရားအား ထုတ်နေတဲ့အချိန်ဖြင့် မလာပါနဲ့ ငါအချိန်စေ့တော့ ထလာလိမ့် မပေါ့။ အဲဒီအချိန်ကျမှ ပြောတာပေါ့ (မှန်ပါ့) ဘယ်လောက် အရေး ကြီးကြီးကွာ ဆိုတဲ့ ဥစ္စာ ပိတ်ထား (မှန်ပါ့) မလာဘူး လာခဲ့သော်ပေါ့ဗျာ (မှန်ပါ့ ဘုရား)။

ကဲ ဒါဖြင့် ငါ နာရီဝက် အလုပ်ထိုင်မဟေ့ ဆိုတော့ ခုနင်က ဉာဏ်ကလေးက အနိစ္စထဲချည့် သက်ဝင်နေတယ် ဆိုပါတော့ ဒကာသစ်ရာ (မှန်ပါ့) အဲဒီလို သက်ဝင်နေတဲ့အချိန် ဒကာ ဒကာမတို့ ကိုယ့်မိတ်ဆွေ သင်္ဂဟ ဆွေမျိုးဉာတကာ ဧည့်ကြီး စောင်ကြီးပေါ့ဗျာ (မှန်ပါ့) ဧည့်လေး စောင်လေး ကတော့ ငဲ့သေး တယ်၊ ဧည့်ကြီး စောင်ကြီးကတော့ တယ်မငဲ့ချင်ဘူး (မှန်ပါ့ ဘုရား)။

စောစောက သတိပေးထား

အဲဒီလို လာပြီဆိုမှဖြင့် ဒကာ ဒကာမတွေက အစောကြီး ကတည်းက သတိပေးထား (မှန်ပါ့) ဒီတရားထိုင်တာ ငါတစ် နာရီကြာမယ်, နာရီဝက်ကြာမယ်, နာရီငါးမတ်ကြာမယ် ဒီအချိန် ဖြင့်ကွာ ကိုယ့်မိတ်ဆွေ သင်္ဂဟတွေ ဆိုင်းထား လိုက်တာပေါ့ (မှန်ပါ့) ဘာ့ကြောင့်တုံးလို့ မေးတဲ့ အခါကျတော့ ဒကာ ဒကာမတို့ အလွန် ကြောက်စရာ ကောင်းလို့ (မှန်ပါ့ ဘုရား)။

အလွန်ကြောက်စရာကောင်းလို့ဆိုတာ သဘောကျ ပလား (ကျပါပြီ) အလွန် ဘယ်လို ကြောက်စရာ ကောင်းပါလိမ့် မတုံးဆိုတော့ တစ်နေ့က ပြောခဲ့တယ် ဒကာသစ်တို့ မှတ်မိပြီး (မှန်ပါ့) သေယျ ဆိုတဲ့ ဒကာဟာ ဒါနကထာ, သီလကထာ, သမထတွေ ဟောနေတုန်းက သူကောင်းကောင်း နာတယ် (မှန်ပါ့ ဘုရား) ဝိပဿနာကို တကယ် အလုပ်ပေးတော့မည့် အချိန်ကို ဒကာ ဒကာမတို့ ဟောမည်ကြံတော့မှ အိမ်က ကိစ္စရှိလို့ လာခေါ်သွားတယ် (မှန်ပါ့) ကဿပ ဘုရားက ဟောလျက်ကိုး (မှန်ပါ့) သူက အိမ်က ကိစ္စရှိလို့ ဆိုပြီး အိမ်သား တစ်ယောက်က လာခေါ် သွားတော့ လိုက်သွားတယ် (မှန်ပါ့ ဘုရား)။

သေယျဖြင့် ရှုံးပဟေ့

လိုက်သွားရတော့ ဒကာ ဒကာမတို့ သေယျလဲသွား ပါရော သေယျဖြင့် ရှုံးပဟေ့ (မှန်ပါ့) ဘုရားကိုက ပြောတော့တာပဲ (မှန်ပါ့) သေယျ ရှုံးပြီတဲ့ (မှန်ပါ့ ဘုရား)။

ကြည့် ဒကာ ဒကာမတို့ တစ်ပါးသောတရား ဝင်လာလို့ (မှန်ပါ့ ဘုရား)။

ဘာဝင်လာလို့တုံး (တစ်ပါးသောတရား ဝင်လာပါတယ် ဘုရား)။

“အညေဟိ အသမ္မိဿံ” ကိုး၊ အညေဟိ- တစ်ပါး သော တရားတို့နှင့်၊ အသမ္မိဿံ-မရော စေနဲ့တဲ့ (မှန်ပါ့) အခုတော့ အိမ်ကိစ္စနဲ့ ဝင်ရောလိုက်တယ် (မှန်ပါ့ ဘုရား) ရော လိုက်တော့ ဒီသေယျ လိုက်ပြေးရတယ် (မှန်ပါ့) လိုက်ပြေးတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက သေယျ ရှုံးပေါ့တဲ့ (မှန်ပါ့ ဘုရား)။

ခဏဆိုင်းလိုက်လို့ရှိရင် သူ ဒီဘဝမှာ တစ်ခါတည်း အရိယာဖြစ်ရမယ် (မှန်ပါ့ ဘုရား)။

ခဏဆိုင်းလိုက်ရင် အရိယာဖြစ်မှာ

ခဏလေး ဆိုင်းလိုက်ရင် ဘာဖြစ်မလဲ (အရိယာဖြစ်ပါ မယ် ဘုရား)။

ကိုင်း ဒကာ ဒကာမတို့ ဒါဟာ တစ်ပါးသော တရား ရောလိုက်တဲ့ဖြစ်ခြင်း ဘယ်လောက် နာသတုံး (နာပါတယ် ဘုရား)။

တစ်ပါးသော တရားရောလိုက်တဲ့ဥစ္စာ ဒကာသစ် ဘယ်လောက် နာသတုံး (အများကြီး နာပါတယ် ဘုရား)။

နစ်နာပုံကလေး ဒကာ ဒကာမတွေ နည်းနည်းကလေး သံဝေဂလည်းရအောင် ဟုတ်လည်း ဟုတ်၊ မှန်လည်းမှန်၊ နစ်နာ ချက်ပြင်းထန်တာလည်း သိရအောင် သာဓက တစ်ခု ပြမယ်၊ သေယျ သည်တဲ့ ကျုပ်တို့ ဂေါတမဘုရား လက်ထက်ကျမှ လာ ကျွတ်တယ် (မှန်ပါ့)။

ဒါဖြင့် သေယျ အသားတွေ, အရိုးတွေကို စုပုံပြီး သကာလ မပျက်မစီးဘဲနဲ့ ထားလို့ရှိရင် ဆယ့်သုံးမိုင်တက်ရမယ် (မှန်လှပါ ဘုရား)။

သေယျဟာ အရိုးတွေ၊ အသားတွေ ပုံထားလို့ရှိရင် ဆယ့် သုံးမိုင်ထုလောက် သူအိုပွဲ, နာပွဲ, သေပွဲ ထပ်ခင်းရတယ် (မှန်ပါ့) တစ်ပါးသော တရားတွေ ရောလိုက်တာ တစ်ချက်တည်း နာချက် ဘယ်လောက် ပြင်းသတုံး (ပြင်းပါတယ် ဘုရား)။

အဲဒါကြောင့် ဘုန်းကြီးက စကားအပြောကြီးလို့ မဟုတ် ပါဘူး၊ အမေသေတဲ့ ကြေးနန်း လာတောင် ဒကာကြွယ် မပြလေနဲ့ (မှန်လှပါ)၊ အဖေသေတဲ့ ကြေးနန်းလာတောင် (မပြလေနဲ့) မပြလေနဲ့၊ ဒီဥစ္စာ နောက်လည်းသိရမှာပဲ ဘာထူးသတုံး (မှန်ပါ့) ကိစ္စပြီးမှ သိရတော့ သာမကောင်း ဘူးလား (ကောင်းပါတယ် ဘုရား)။

အသားအရိုးတွေ (၁၃) မိုင်

အခု သေယျမှာ ကြည့်စမ်း ဒကာ ဒကာမတို့ အိမ်ကကိစ္စ ရှိလို့ လိုက်ခေါ်တဲ့အတွက် ဘယ်လောက် နစ်နာသွားသတုံး ဆိုတော့ သူ့အသား၊ အရိုးတွေ ဆယ့်သုံးမိုင် တက်ရတယ် (မှန်ပါ့) ဒါအသေကို မတွက်နိုင်တော့ဘူး၊ မိုင်နဲ့ပဲ တိုင်းပြရတယ် (မှန်ပါ့) ဘယ်လောက် နစ်နာသွားတယ် ဆိုတာ ပေါ်ပလား (ပေါ်ပါပြီ ဘုရား) ဒါ တစ်ပါးသောတရား ရောပစ်လိုက်တာ (မှန်ပါ့ ဘုရား)။

ဘာ ရောပစ်လိုက်တာတုံး (တစ်ပါးသောတရား ရော ပစ်လိုက်တာပါ ဘုရား)။

ဝိပဿနာ အလုပ်ထဲမှာ ဒကာ ဒကာမတို့ တစ်ပါးသော ကိစ္စတစ်ခု ဝင်ရှုပ်တယ်၊ ဝင်ရှုပ် လိုက်တဲ့ အတွက် ဦးမာဒင် အနာ ကြီးနာသွားတယ် (နာပါတယ် ဘုရား) နည်းနည်း နာတာလား များများကြီး နာတာလား (များများကြီး နာပါတယ် ဘုရား)။

ဘုရားကလည်း ပြောလိုက်သားပဲ၊ သေယျကွာ-တဲ့ ခဏကလေး ဆိုင်းလိုက်လို့ ရှိရင် အရိယာ ဖြစ်ရှာတော့မယ်တဲ့ (မှန်ပါ့) အခုတော့ဖြင့် ရှုံးပေါ့ ဟေ့ တဲ့ (မှန်ပါ့)။

ကဲ ဘုရားကိုက ရှုံးပေါ့လို့ ပြောကတည်းကိုက ဒကာ ကြွယ်ရေအင်မတန် မနစ်နာဘူးလား (နစ်နာပါတယ် ဘုရား)။

အနိစ္စမှတစ်ပါး ဘာမှမဟုတ်ဘူး

အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ ကိုယ့် ဉာဏ်ကလေးက အနိစ္စထဲမှာပဲ သက်ဆင်းနေတဲ့ အချိန်များ ခင်ဗျားတို့ လာပါလိမ့်မယ် (မှန်ပါ့) အနိစ္စ ရှုကြတာကိုးဗျ (မှန်ပါ့) အနိစ္စလို့မှတ်ပြီး အနိစ္စလို့လည်း သိနေပြီ(မှန်ပါ့) ဉာဏ်ကလည်း ဒါ အနိစ္စမှတစ်ပါး ဘာမှ မဟုတ်ဘူးလို့လဲ ဆုံးဖြတ်ချက်ချပြီးပြီ (မှန်ပါ့) ရှုလိုက်တဲ့ ဉာဏ်ကလည်း အနိစ္စ ထဲမှာချည့် ပြေးဝင်နေတယ် (မှန်ပါ့)။

ရှုလိုက်တဲ့ဉာဏ်ကလဲ (အနိစ္စထဲမှာချည့် ပြေးဝင်နေပါ တယ် ဘုရား)။

အနိစ္စထဲချည့် ပြေးဝင်နေတဲ့အခါ ဘုရားက အမြဲမပြတ် ကလေးကွာ ဒီအချိန် ၁၀-မိနစ် ၁၅-မိနစ် ဆိုသလို တစ်ပါးသော တရားမဝင်ဘဲနဲ့ မင်းတို့ ကြိုးစားလိုက်စမ်းပါတဲ့ (မှန်ပါ့)။

ဒကာကြွယ် ဘာတဲ့တုံးဗျ (တစ်ပါးသော တရား မဝင်ဘဲနဲ့ ကြိုးစားရမှာပါ ဘုရား)။

အားလုံး ဒကာ ဒကာမတွေ တော်တော်အရေးကြီးတယ် နော် (ကြီးပါတယ် ဘုရား) တစ်ပါးသော တရားဆိုတာ ဘာကိစ္စ ကလေးမှ မဝင်စေနဲ့ (မှန်ပါ့) မတိုင်ပင် မပြီးလို့ ဆိုတာကလေးတောင်မှ ဒီအချိန်တော့ မလာစေနဲ့ (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။

တိုးတိုးပြောပါရစေ မကြာပါဘူးတဲ့

သူနဲ့တွေ့မှ ပြီးမှာပါ ဒါကလေးတော့ဖြင့် ကျုပ်တွေ့ပါ ရစေ သွားပြီး တိုးတိုးပြောပါရစေ မကြာပါဘူး ဆိုတာတောင် မလာစေနဲ့ (မှန်လှပါ)။

သူလာတာ ဒါလောက် အဖိုးမတန်ဘူး၊ ကိုယ့်အရိုး ဆယ့်သုံးမိုင် တက်ရမှာက နစ်နာတယ် (မှန်ပါ့) သဘောပါက ပလား (ပါ-ပါပြီ ဘုရား)။

အင်မတန် ဆိုးဝါးလွန်းလို့ ဒီဥစ္စာ အမှာကြီး မှာနေတယ် ဆိုတာ ဒကာသစ် ရိပ်မိပြီ (ရိပ်မိပါပြီ) တယ်နစ်နာပါလား (နစ်နာပါတယ် ဘုရား) တစ်ခါလေး အောင့်လိုက်ရင် ပြီးသွား မှာနော် (မှန်ပါ့)။

တစ်ခါကလေး အောင့်ရင် ပြီးသွားမှာကို ဒကာ ဒကာမ တွေ အဲဒါကြောင့် လုံး-ညှာလုံး ဟူသ၍ သည် ဒကာ ဒကာမတို့ ကိလေသာရန်သူလို့ မှတ်လိုက် (မှန်ပါ့)။

ကိလေသာရန်သူတွေ

ငဲ့လုံး – ညှာလုံး ဟူသ၍ (ကိလေသာရန်သူပါ ဘုရား) မကင်းတရား ကလေးကြောင့် ဆိုရင်ကော (ကိလေသာ ရန်သူပါ ဘုရား) အဲဒါလည်း-တဏှာပဲ (မှန်ပါ့) ငဲ့တာကော (တဏှာ ပါ ဘုရား) ညှာတာကော (တဏှာပါ ဘုရား) ညှာတာလည်း အတူတူပဲ၊ ခင်လို့ညှာတာပဲ (မှန်ပါ့)။

အဲဒါတွေ ဟူသ၍ကတော့ ဘုန်းကြီးတို့ ဒကာ ဒကာမ တွေ တစ်ထစ်ချသာ မှတ်ပေတော့၊ အနိစ္စထဲမှာ စိုက်ခနဲ, စိုက်ခန်း ဉာဏ်ကဝင်နေတဲ့ အချိန်မှာဖြင့် ဒီဟာတွေ ကြားမခိုပါစေနဲ့ (မှန်ပါ့ ဘုရား)။

ဒကာကြွယ် ဘယ့်နှယ်တုန်း (ကြားမခိုပါ စေနဲ့ပါ ဘုရား) နောက်က ဒကာ ဒကာမတွေ ဘာအရေးကြီးပါလိမ့် (ကြားမခိုပါ စေနဲ့ပါ ဘုရား)။

ကြားမခိုဖို့ သိပ်အရေးကြီးတယ်ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

တော်တော့ကို အရေးကြီးတယ်နော် (မှန်ပါ့) သေယျ ကြားခိုလိုက်တာ သူ့အသား, အရိုး ဘယ်နှစ်မိုင် တက်ရသတုံး (ဆယ့်သုံးမိုင် တက်ရပါတယ် ဘုရား)။

အံမာလေး ဒကာ ဒကာမတို့ ဒါလောက်သေရဲပါ့မလား (မသေရဲပါ ဘုရား) ဒါလောက် အရိုးတွေ ဖြစ်ရဲပါ့ မလား (မဖြစ်ရဲပါ ဘုရား) အဲဒါ ကိလေသာတွေ ကြားတစ်ချက် ခိုလိုက်တာ ဦးမာဒင် သွားတာပဲ (မှန်ပါ့ သွားပါတယ် ဘုရား) သိပ် မနစ်နာဘူးလား (နစ်နာပါတယ် ဘုရား) ဒကာကြွယ် သိပ်နစ် နာလွန်းတယ် (နစ်နာပါတယ် ဘုရား)။

ခေတ္တအောင့်ရင် ဘာဖြစ်မှာတုံး

အဲဒီတော့ကို ဒါကလေး ခေတ္တဆယ်မိနစ် ဆယ့်ငါးမိနစ်, နာရီဝက် တစ်နာရီ အောင့်ရကော ဒကာသစ် ဘာဖြစ်မှာတုံး (ဘာမှမဖြစ်ပါ ဘုရား) နောက်ကျတော့လည်း သိရမှာပေါ့ (သိရမှာပါ ဘုရား)။

မသိရရင်လည်း ကျုပ်တို့ကိစ္စ ပြီးနေလို့ ရှိရင်လည်း သူ့ဟာ သိရလည်း မထူးပါဘူး (မှန်လှပါ) မသိရရင်လည်း (မထူးပါ ဘုရား) ကျုပ်တို့ ကိစ္စပြီးမှုကသာ အရေးကြီးပါတယ် (မှန်ပါ့)။

ကျုပ်တို့ ကိစ္စပြီးမှုသည် ဒီအခုပြောလာတဲ့ ကိစ္စမျိုးကို ဒုက္ခပေးနေတဲ့ ကိစ္စမျိုးကို ကျုပ်တို့က သိမ်းနေတာ (မှန်ပါ့)

အဲဒါ ကျုပ်တို့က လက်ခံမိမယ်ဆိုတော့ ဒကာသစ် ငါးပါးမှောက် မယ် (မှောက်ပါတယ် ဘုရား) မမှောက်ပေဘူးလား (မှောက်ပါ တယ် ဘုရား)။

အေး ဒါကြောင့် ဒကာ ဒကာမတို့ ခင်ဗျားတို့ကတော့ ဖြင့် အပြောယဉ်သလောက် ဒကာ ဒကာမတို့အဖြစ်က ဆိုးတယ် (ဆိုးပါတယ် ဘုရား)။

အပြောကတော့ (ယဉ်ပါတယ် ဘုရား) မကင်းတရား ကလေးရှိလို့ မကောင်းတတ်လို့ ဘုရား(မှန်ပါ့)။

မကင်းတရားကလေး မကောင်းတက်လို့ သူကလည်း ဂုဏ်ရှိ သိရ်ရှိ ဖြစ်နေတော့ မလွဲ သာလို့ (မှန်လှပါ)။

အံမာ ဒကာသစ် ဒီအသုံး ဒီအနှုန်းတွေက အသုံးအနှုံး ယဉ်သလောက် နစ်နာမှုနဲ့စာတော့ ကာမိရဲ့ လား (မကာမိပါ ဘုရား) အလိုမြေကြီး ဆယ့်သုံးမိုင်တက်ရမယ် ကိုယ့်အသား အရိုးတွေက ဆိုတော့ ကာမိရဲ့ လား (မကာမိပါ ဘုရား) ခင်ဗျား တို့ ပြောရတာကကော၊ အရသာ ကော ပါးစပ်ထဲ ဒါလောက် ရှိရဲ့လား (မရှိပါ ဘုရား)။

ငဲ့လုံး ညှာလုံးတွေက သိပ်များတယ်

ဟိုပုဂ္ဂိုလ်တွေကလည်း ကျုပ်တို့ကို ဒါလောက်ကျေးဇူး ယုတ်အောင် လုပ်တယ်လို့လည်း မသိသေးတော့ ခင်ဗျားတို့က လည်း ငဲ့လုံးညှာလုံးတွေကလည်း သိပ်များတယ် (များပါတယ် ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ဒါတွေ ဘာလုပ်ရမှာတုံး ဘုရားသခင် ကိုယ်တော်မြတ်ကြီးက “အညေဟိ အသမ္မိဿံ”ကွ၊ တစ်ပါးသော တရားတွေနဲ့ ခုနင်က ငဲ့လုံးညှာလုံးတွေနဲ့ မရောစေပါနဲ့ကွ တဲ့ (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။

ဘာနဲ့ မရောစေနဲ့တဲ့လဲ (ငဲ့လုံးညှာလုံးတွေနဲ့ မရော စေနဲ့) အေး ငဲ့လုံးညှာလုံးတွေနဲ့ ကိစ္စကလေးတွေ၊ ဒကာကြွယ် ဒီအထဲမှာ မရောစေနဲ့ (မှန်ပါ့) သဘောကျပလား (ကျပါပြီး ဘုရား)။

ဒါတွေကို ရောလိုက်လို့ရှိရင် ကိုယ့်အသား၊ အရိုးက ဆယ့်သုံးမိုင်တက်ရမယ် (မှန်ပါ့) ဒကာ ဒကာမတို့ ငဲ့လုံးနဲ့ ဖြစ်ထွနဲ့ ဘယ်သူက ကြီးကျယ်ပြီး အရုပ်ဆိုးသတုံး (ဖြစ်ထွေ က အရုပ်ဆိုး ပါတယ် ဘုရား)

အနစ်နာခံပြီး မမိုက်လိုက်ကြပါနဲ့

ဖြစ်ထွေက ကြီးကြီးကျယ်ကျယ် အရုပ်ဆိုးတယ် (မှန်ပါ့)

ဒါ့ကြောင့် ဦးလှဘူးတို့သည်ကားလို့ ဆိုလို့ရှိရင်ဖြင့် ဒီ သာသနာ, ဒီအခါမှာ ဒီအချိန် ကလေးကိုဖြင့် ဒကာ ဒကာမတို့ အနစ်နာခံပြီး မမိုက်လိုက်ပါနဲ့ဆိုတဲ့ဥစ္စာ ဒကာကြွယ် ပြောသင့် မပြောသင့် (ပြောသင့်ပါတယ် ဘုရား)။

အနစ်နာခံပြီး မမိုက်လိုက်ကြပါနဲ့ ဆိုတဲ့ဥစ္စာဖြင့် အလိုရှိ တဲ့ ပုဂ္ဂိုလ်မှန်က ဦးမာဒင် အကြီးအကျယ် ပြောရမယ် (ပြောရမှာ ပါ ဘုရား)။

အလိုရှိတဲ့ ပုဂ္ဂိုလ်မှန်က (အကြီးအကျယ် ပြောရမှာပါ ဘုရား) အကြီးအကျယ် ပြောရမယ် ဆိုတာ သဘောကျပလား (ကျပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ ကိလေသာဆိုတဲ့ဥစ္စာ ဟာ ကန့်ကွက်လာတာ (မှန်ပါ့) ငဲ့လုံးဟာလည်း ဘာတုံး ကိလေသာ (မှန်ပါ့) ညှာလုံးကလေးဟာကော (ကိလေသာပါ ဘုရား) ဘာလုပ်လာကြတာတုံး (ကန့်ကွက်လာကြတာပါ ဘုရား)။

ကြည့်စမ်း ဒကာ ဒကာမတို့ ဘယ်လောက်ထိအောင် ကန့်ကွက်မှာတုံးဆိုတော့ ဘုရား တစ်ဆူကြား နှစ်ဆူကြား ကန့် ကွက်မယ် (မှန်ပါ့) အံမာလေး လွန်လှချည့်လား (လွန်ပါ တယ် ဘုရား)။

ဒကာ ဒကာမတို့ ကန့်ကွက်တာ နည်းနည်းလေး များများ လား (များများပါ ဘုရား)။

ဘုရားတစ်ဆူ တစ်ဆူဆိုတာက မြေကြီး တစ်ယူဇနာ တက်ရတယ် (မှန်ပါ့) မြေကြီး တစ်ယူဇနာတက်မှ ဘုရားတစ်ဆူ ပွင့်တာ၊ သုညကမ္ဘာချန်ထား၊ ဘုရားဆက်ပွင့်တဲ့ ကမ္ဘာတောင် မြေကြီးက ဆယ့်သုံးမိုင် တက်ရပါတယ် (မှန်ပါ့) ပျမ်းမျှကြေး ပျမ်းမျှကြေး (မှန်ပါ့) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

အဲဒါလောက်ကျအောင် ကျုပ်တို့ အသား၊ အရိုးတွေက မြေဖြစ်ပြီးတော့မှ ကျုပ်တို့ ကျွတ်တမ်းဝင်ရမယ်ဆိုတော့ တချို့လဲ ချော်သွားတော့မှာပဲ (မှန်ပါ့) ဝင်စရာနဲ့ ချော်သွားစရာ ဘယ်က များသလဲ (ချော်သွားစရာက များပါတယ် ဘုရား)။

အပြောယဉ်သလောက် အရုပ်ဆိုးတယ်

ကဲ ဒကာသစ်ရေ ဒါဖြင့် ဒီငဲ့လုံး ညှာလုံးကလေးဟာ အပြောယဉ်သလောက် အရုပ်ဆိုးမှာ ကြီးကျယ်လွန်းတယ် (မှန်ပါ့ ဘုရား)။

အပြောကတော့ဖြင့် (ယဉ်ပါတယ် ဘုရား) အို မကောင်းတတ်လို့ ကျုပ်ထလိုက်တာ (မှန်ပါ့) မလွှဲသာလို့ဗျ တဲ့ (မှန်ပါ့) ဟုတ်ပေလိမ့်မယ်လို့ သူများလိုက်တာများ ခင်ဗျား တို့က ပြုံးမနေပါနဲ့ (မှန်ပါ့)။

ကိုယ်သေရမည့် ဘဝအသား အရိုးနဲ့စာလိုက်တော့ ပြုံးစရာ လား မဲ့စရာလား (မဲ့စရာပါ ဘုရား)။

ဒကာကြွယ်သိပ်နစ်နာလွန်းပါတယ် (နစ်နာလွန်း တယ် ဘုရား)။

ဒကာ ဒကာမတို့ ဒီစကားဟာ အရေးကြီးလို့ ပြောနေ – တယ်နော် (မှန်ပါ့)။

ကြပ်ကြပ် ဝီရိယစိုက်စမ်းပါ

ဒါဖြင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးကလည်း အမြဲ မပြတ်ကွာတဲ့ ဆယ်မိနစ် ငါးမိနစ် အမြဲမပြတ် ဉာဏ်ကလေးက အနိစ္စထဲချည့် သက်ဝင် သက်ဝင်နေလို့ရှိရင်ဖြင့် တစ်ပါးသော တရားကလေး မရောဖို့ရာ မင်း-ကြပ်ကြပ် ဝီရိယ စိုက်စမ်းပါတဲ့ (မှန်ပါ့)။

တစ်ပါးသော တရားမရောရအောင် (ကြပ်ကြပ်ဝီရိယ စိုက်ရပါမယ် ဘုရား)။

ဒါ ဘုရားက ဟောတာပါ ဒကာကြွယ် ဘုန်းကြီးက ပြောတာမဟုတ်ပါဘူး (မှန်ပါ့) “အဗ္ဗောကိဏ္ဏံ” ကို “အညေဟိ အသမ္မိဿံ”တဲ့ (မှန်ပါ့) အဗ္ဗောကိဏ္ဏံ- တစ်ပါးသောတရား တစ်ပါးသော ကိစ္စကလေးတွေနဲ့ မရောမူ၍၊ ဒကာ ဒကာမတို့ ဉာဏ်ကလေးက စိုက်စိုက်-စိုက်စိုက်ပြီး ဖြစ်ပျက်ထဲ ရောက်နေ တဲ့အခါမှာ တစ်ပါးသော ကိလေသာရန်သူတွေ ဘာတဲ့ (မရော ရပါ ဘုရား)။

မရောစေနဲ့တဲ့၊ အားလုံး ဒကာ ဒကာမတွေ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ကိုင်း-ဘုရား တပည့်တော်တို့ကလည်း လူတွေဘုရာ လူဆိုတာ ငဲ့ရတာနဲ့ ညှာရတာနဲ့ ရှေ့ရေးကြည့်ပြီး သကာလ ပြောရတာနဲ့၊ မုန်းသွားမှာ စိုးရိမ်ရတာနဲ့၊ တပည့်တော်တို့အတွက် ကလည်း အရှင်ဘုရားတို့ပြောသလို လွယ်လှတယ်မဟုတ်ဘူးလို့ ဒကာကြွယ်တို့ ဒကာသစ် တို့ကလည်း ဆင်ခြေက လဲချင်လဲ လိုက်မယ် (မှန်ပါ့) မလဲပေဘူးလား (လဲပါတယ် ဘုရား)။

လဲလိမ့်မယ်တဲ့၊ ကောင်းပြီ ဒီဆင်ခြေသည်ကားလို့ ဆိုလို့ရှိရင်ဖြင့် ဘယ်သူက လဲတာတုံးလို့ မေးလို့ရှိရင်ဖြင့် ကိလေသာက လဲတာ (မှန်ပါ့)။

ဘယ်သူက လဲတာပါလိမ့် (ကိလေသာက လဲတာပါ ဘုရား)။

ဪ ဒါဖြင့် ကိလေသာက လဲတာကို ဒကာ ဒကာမ တွေက သိလို့ရှိရင်ဖြင့် သူ ကန့်ကွက် တာပဲ (မှန်ပါ့) သဘောကျ ပလား (ကျပါပြီ ဘုရား)။

ကိစ္စသည် မဂ်ကို ကန့်ကွက်သည်

အဲဒီကိစ္စကလေးတွေဟာ ဒကာ ဒကာမတွေက မှတ် လိုက် ဝိသုဒ္ဓိမဂ် အဋ္ဌကထာဆရာက ပလိဗောဓော မင်းတို့ ငဲ့လုံး ကိစ္စဟာ၊ မဂ္ဂါဓိဂမဿ- မဂ်ကိုရခြင်းကို နီဝရဏံ-တစ်နည်းနည်းနဲ့ ကန့်ကွက်တာပဲ (မှန်ပါ့) ဒကာ ဒကာမတွေ ကိစ္စ ကလေးဟာ မဂ်ကို ကန့်ကွက်တာ (မှန်ပါ့)။

ဒကာ ဒကာမတွေမှာ ရှိတဲ့ ကိစ္စကလေး ဉာဏ်ကလေးက ဖြစ်ပျက်နဲ့ တိုက်ဆိုင်-တိုက်ဆိုင်ပြီး နေတုန်းမှာ ကိစ္စထူးကလေး လာလို့ လက်တို့ခေါ်ခေါ် တံခါးခေါက်ခေါက် ဒီဟာ လာလို့ရှိ ရင်ဖြင့် သြော် မဂ်တား ဖိုလ်တား လာပြီလို့ ဆုံးဖြတ်ချက်ချ (မှန်ပါ့)။

ဘယ်လိုမှတ်ကြမယ် (မဂ်တားဖိုလ်တား လာပါပြီ ဘုရား)။

မဂ်တား ဖိုလ်တား လာပြီ

“ပလိဗောဓော မဂ္ဂါဓိဂမဿ နီဝရဏံ” ပလိဗောဓော- ခင်ဗျားတို့ သန္တာန်၌ ကိစ္စကလေးတွေ ကိုယ့်ဝမ်းထဲက ပေါ်လာ တဲ့ ကိစ္စဖြစ်စေ၊ သူတစ်ပါးက ကိစ္စတစ်ခုနဲ့လာ၍ ကိုယ့်အနှောင့် အယှက်ပေးသည်ဖြစ်စေ အဲဒါ မဂ်တား ဖိုလ်တားလာတယ်လို့ ဆုံးဖြတ်ချက်ချကြ (မှန်ပါ့ ဘုရား)။

ကိုယ့်ဝမ်းထဲက ကိစ္စ ပေါ်လာရင်လည်း (မဂ်တား ဖိုလ်တားပါ ဘုရား)။

သူတစ်ပါးက လာပြီး မလွှဲသာသည့်ကိစ္စမို့ ခင်ဗျား တရားအားထုတ်နေတယ်ဆိုတာ သိပါတယ်၊ သို့သော်လည်း မလွှဲသာတဲ့ကိစ္စ ကျုပ်မပြောရင်လည်း ကျုပ်အပေါ် အဆိုးကျမှာ စိုးလို့ ကျုပ်လာပြောရပါတယ်ဆိုတဲ့ ကိစ္စမျိုးဟာလည်း ဘာတုံး (မဂ်တား ဖိုလ်တားပါ ဘုရား) သဘောပါကြပလား (ပါပါပြီ ဘုရား)။

တော်တော်အရေးကြီးတယ် (ကြီးပါတယ် ဘုရား) ခင်ဗျားတို့က ဒီနေရာမှာ၊ ဟိုပုဂ္ဂိုလ်က ကိုယ့်လက်အောက်က လည်းဖြစ်မယ် ကိုယ်နဲ့ ရင်းနှီးတဲ့ ပုဂ္ဂိုလ်ကလည်း ဖြစ်ချင် ဖြစ်မယ်ဆိုတော့ မပြောရင် မပြီးတဲ့ကိစ္စမို့ အရင်ပြောရမည့်ကိစ္စမို့ ဒါနောက် ကျုပ်အပေါ် အပြစ်ကြီးယူမှာစိုးလို့တဲ့ ဘာပဲ ဆင်ခြေ လဲလဲ ယောဂီပုဂ္ဂိုလ်မှာဖြင့် မဂ်တား ဖိုလ်တားသာမှတ် (မှန်ပါ့ ဘုရား)။

ယောဂီပုဂ္ဂိုလ်မှာတော့ (မဂ်တား ဖိုလ်တားပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ ဒီဟာ သြော် လာ လည်းလာတတ်တဲ့တရား၊ ဒီကိစ္စ မျိုးဟာ (မှန်ပါ့) ဘယ့်နှယ်တုံး (လာတတ်ပါတယ် ဘုရား)။

အင်း လာတတ်တော့ တစ်ခါ ဘုန်းကြီးက နည်းပေး လိုက်တယ်၊ ဒကာ ဒကာမတို့ လာရင်မကြောက်ပါနဲ့ (မှန်ပါ့ ဘုရား)။

လာရင် မကြောက်ပါနဲ့တဲ့၊ လာရင်မကြောက်ပါနဲ့ ဆိုတော့ သူကတော့ဖြင့် မဂ်တား ဖိုလ်တားဖို့ လာတာပဲ (မှန်ပါ့) ဘုန်းကြီးက မကြောက်ပါနဲ့လို့ဆိုပြီး တစ်ခါ ဒကာ ဒကာမတွေ သင်ပြတာက “ဧဟိပဿိကော” မှတ်လိုက်ရမယ် (မှန်ပါ့ ဘုရား)။

ဥပမာမယ် ကိုယ့်စိတ်ထဲမှာပဲ မြင်တော့မြင်နေတာပဲ ထ, ချင်တဲ့စိတ်ကလေး ပေါ်လာတယ် (မှန်ပါ့) ကိုယ်ကတော့ ဖြစ် ပျက်ထဲမှာ ဉာဏ်ကတော့ စိုက်နေတယ် (မှန်ပါ့)။

အဲဒီ စိုက်နေတော့ အချိန်ကလေးက ကြာသွားတော့ ဒကာသစ်ရေ ထ,ချင်တဲ့စိတ်ကလေး ပေါ်လာတယ် (မှန်ပါ့ ဘုရား)။

ပျင်းတဲ့စိတ်ကို ဖြစ်ပျက်ရှု

ထ,ချင်တယ်ဆိုတာ ပျင်းတဲ့စိတ်ကလေး (မှန်ပါ့) ပျင်းတဲ့စိတ်ဆိုတော့ ဒေါသအနုစား (မှန်ပါ့ ဘုရား)။

ပျင်းတဲ့စိတ်ဆိုတာ ဘာပါလိမ့် (ဒေါသ အနုစားပါ ဘုရား) သူများက တုတ်နဲ့ ဓားနဲ့ခုတ်တာ မဟုတ်ဘူး (မှန်ပါ့)

သူ့ဟာသူ စိတ်ထဲမှာ မမွေ့လျော်တာ (မှန်ပါ့) မမွေ့လျော်တာ ဆိုတော့ ဒေါသအနုစား (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ) အဲဒီစိတ်ကလေး လာတာတောင် သူ့ကိုဖြစ်ပျက်ရှုပါ (မှန်ပါ့ ဘုရား)။

သူ့ကို ဘာလုပ်ရမလဲ (ဖြစ်ပျက်ရှုရပါမယ်) သူက မသိ တဲ့ ပုဂ္ဂိုလ်မှာတော့ တားမလို့ လာတာပဲ (မှန်ပါ့) အခု ဆရာ ဘုန်းကြီး နည်းပေးလိုက်တော့ ဧဟိ လာခဲ့ပါ။ ပဿ-ရှုပါ (မှန်ပါ့ ဘုရား)။

သူက ရှုစရာအဖြစ်နဲ့ ကျုပ်ကိုလည်း အနိစ္စရှုပါဦး (မှန်ပါ့ ဘုရား)။

ဘာတဲ့တုံး (ကျုပ်ကိုလည်း အနိစ္စရှုပါဦးတဲ့) အဲ ကျုပ် ကိုလည်း အနိစ္စရှုပါဦးလို့ သူက ခေါ်လာတာ ခင်ဗျားတို့က တစ်ခါတည်း နည်းနည်းကလေး အချိန်ကြာသွားပြီ စိတ်ကလေး ကလည်း သိပ်မဝင်စားတော့ဘူး ဆိုရင်တော့ ဒေါသလာတယ် ဆိုလို့ရှိရင် ဒကာ ဒကာမတွေ စဉ်းစားတာပေါ့၊ ဒေါသနောက်က ဒေါသသောက, ပရိဒေဝ မလာပေဘူးလား (လာပါတယ်) ဒါတွေဟာ မသိလို့လာတာဖြစ်သောကြောင့် အဝိဇ္ဇာ သင်္ခါရဆိုပြီး သကာလ အနာဂတ်ဘဝ တန်းထွက်တယ် (တန်းထွက်ပါ တယ်) ဘယ်လောက် ကြောက်စရာ ကောင်းသတုံး (ကောင်းပါတယ်) ဒကာ ဒကာမတွေ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ကဲဒါဖြင့် ပဋိစ္စသမုပ္ပာဒ် စ,မယ်လို့ လာတာကို၊ အစ ကို ကျုပ်တို့က ဖြစ်ပျက်ရှုလိုက် (မှန်ပါ့ ဘုရား)။

ပဋိစ္စသမုပ္ပာဒ် စမယ်လို့ လာတာ (အစကို ဖြစ်ပျက်ရှုရ ပါမယ် ဘုရား) ဒီအစ ဘာလုပ် ကြရမယ် (ဖြစ်ပျက်ရှုရပါမယ် ဘုရား)။

ဘုရားက ဥပဝါဏကို ဟောတာ

ဖြစ်ပျက်ရှု လိုက်တော့ အရှင်ဘုရား ရှုကောင်းရဲ့လားလို့ မေးမနေနဲ့တဲ့၊ ဥပဝါဏကို ဘုရားကဟောတာ (မှန်ပါ့ ဘုရား) အင်္ဂုတ္တိုရ်မှာပဲ ဟောပါတယ် (မှန်ပါ့ ဘုရား)။

ဥပဝါဏက “သန္ဒိဋ္ဌိကော အကာလိကော ဧဟိပဿိကော သြပနေယျိကော” ပြောစမ်းပါ ဘုရား၊ တပည့်တော် အဲဒါမသိလို့ ပါတဲ့၊ ဟ မင့်သန္တာန် လောဘ ပေါ်လာရင် မင်းမသိဘူးလား၊ အဲဒါ မင်းသိလို့ရှိရင် သန္ဒိဋ္ဌိကော ပေါ့ကွာတဲ့ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

အဲသူပေါ်လာလို့ရှိရင်ဖြင့် လောဘပေါ်လာရင် အကာ လိကော၊ အခါမလင့် အကျိုး ပေးတော့မယ်၊ ဒုက္ခဘက် ဆွဲတော့ မှာပဲကွတဲ့ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ကိလေသာလာတိုင်း ဖြစ်ပျက်ရှုပေး

အဲဒီတော့ ဒကာ ဒကာမတွေ ဒါတွေက ဟောပြီးသား ဖြစ်ပြီး သကာလ သိပြီးသား ဖြစ်နေကြတဲ့ အတွက် ကြားထိုးတဲ့ ကိလေသာ လာတိုင်း လာတိုင်း ဖြစ်ပျက်ရှုပေး (မှန်ပါ့ ဘုရား)။

ကြားထိုးတဲ့ ကိလေသာ လာတိုင်း လာတိုင်း (ဖြစ် ပျက်ရှုရပါမယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ အရင်တုန်းကလည်း ဖြစ်ပျက် ထဲမှာပဲ ဉာဏ်ကသက်နေတယ် (မှန်ပါ့ ဘုရား) အဖျက်လာတဲ့ ဓမ္မကလည်း ဘုန်းကြီးက သင်ထား၊ ဘုရားက ဟောထားပြန်တော့ ဧဟိ-လာခဲ့၊ ပဿ-ကျုပ်ကိုရှုပါဦး (မှန်ပါ့) သူလာတာ က သူ့ရှုပါဦးလို့ အပြောလာတာ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

သူလာတာက ဘယ်အကျိုးငှာ လာတာတုံး (သူ့ရှုပါ ဦးလို့ အပြောလာတာပါ ဘုရား)။

အဲဒီတင် ကျုပ်တို့က အရှုခံလာတဲ့ တရားကို ဒကာ ဒကာမတွေက မသိလိုက်တော့ သူကနေပြီးသကာလ ငါ့မှမရှုဘဲ ဆိုပြီး ပဋိစ္စသမုပ္ပာဒ် တန်းသွားတယ် (မှန်ပါ့) မတန်းပေဘူးလား (တန်းပါတယ် ဘုရား)။

ဒေါသ အနုကလေး လာတော့ ဒေါသနောက်က သောက လိုက်မယ် (မှန်ပါ့) သောက နောက်က ပရိဒေဝလိုက်မယ် (မှန်ပါ့) ဥပါယာသလိုက်မယ် (မှန်ပါ့) အဲလိုက်လာလို့ရှိရင် ဒါ မသိတဲ့ ပုဂ္ဂိုလ်ဖြစ် သောကြောင့် အဝိဇ္ဇာပစ္စယာ (သင်္ခါရာပါ ဘုရား)။

သင်္ခါရာ ဆိုတော့ ဟိုဘက်ဘဝမှာ တစ်ခါတည်း ဒုက္ခ သစ္စာ သွားပေါ်တယ် (မှန်ပါ့) ဒုက္ခသစ္စာ မပေါ်သေးဘူးလား (ပေါ်ပါတယ် ဘုရား)။

အဲဒါ ဧဟိပဿိကောကို ဒကာ ဒကာမတွေ သဘော မကျမှုကြောင့် သံသရာဆက်ရတယ် (မှန်ပါ့) ဒါဖြင့် မဂ်တား တယ်ဆိုတာ ပေါ်သွားပြီ (ပေါ်ပါပြီ) မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။

တစ်ခါတည်း ခင်ဗျားတို့ကသာ မရှုရင် တားတာပဲ (မှန်ပါ့) နှစ်ဘဝ ဆက်သွားတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

နှစ်ဘဝဆိုတာ အနည်းပြတာပါ ဒကာ ဒကာမတို့၊ ရှေ့ ကို ဘယ်လောက် ဆက်မယ် ဆိုတာ မပြောတတ်သေးပါဘူး ဒကာသစ်ရာ (မှန်ပါ့ ဘုရား)။

ကိုင်းဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေသည် ကြားထိုးလာခဲ့သော် ဘာလုပ်ရမလဲ (ဖြစ်ပျက်ရှု ရပါမယ်) အင်း ဘယ်ပါဠိတော်က ဟောပါလိမ့် (ဧဟိပဿိကောပါ) ဧဟိ- လာခဲ့ပါ၊ ပဿ- ရှုပါလို့ ပြောနေတယ် (မှန်ပါ့ ဘုရား)။

သူ့ကိုမရှုရင် သံသရာဆက်မယ်

ဧဟိက (လာခဲ့ပါ) ပဿက (ရူပါ ဘုရား) အဲသူက ရှုပါလို့ပြောတာ ခင်ဗျားတို့က သူ့ကို မရှုလို့ ရှိရင်ဖြင့် ကျုပ်ဝတ္တရား အတိုင်း ခင်ဗျားတို့သံသရာဆက်မယ် (မှန်ပါ့) အပါယ်ပို့မယ် (မှန်ပါ့) မဂ်ဉာဏ်, ဖိုလ်ဉာဏ်တားမယ် (မှန်ပါ့ ဘုရား)။

ကဲဒါ ခင်ဗျားတို့က အသုံးမချတတ်တာနဲ့ သူထင်ရာ စီမံသွားတယ်ဆိုတာ ပေါ်ပြီ (ပေါ်ပါပြီ ဘုရား)။

ခင်ဗျားတို့က အသုံးချလိုက်တော့ ဧဟိ-လာခဲ့ပါ၊ ပဿရှုပါလို့ ခုနင်က ပျင်းတဲ့ ဒေါသနု ကလေးကလည်း ခေါ်နေ တယ် (မှန်ပါ့) ခေါ်နေတော့ ဒကာ ဒကာမတွေ ဘာတွေ့ မတုံး ရှုလိုက် စမ်း (ဖြစ်ပျက်တွေ့ ပါတယ် ဘုရား)။

ဖြစ်ပျက်ပဲ၊ နဂိုက ရှုနေတုန်းကလည်း ဓမ္မတွေတုန်းက လည်း ဘာထဲ ဉာဏ်ရောက် နေသတုံး (ဖြစ်ပျက်ထဲ ဉာဏ်ရောက် နေပါတယ် ဘုရား)။

ဒါဖြင့် အခု ဖျက်တဲ့တရားကို ကျုပ်တို့က အသုံးချလိုက် ပြန်တော့ ဉာဏ်က ဘယ်အထဲပဲ ရောက်ပြန်သတုံး (ဖြစ်ပျက် ထဲပဲ ရောက်ပါတယ် ဘုရား)။

အဲဒီလိုဉာဏ်ရောက်ရမယ် (မှန်ပါ့) အဲဒီလို ဉာဏ် ရောက်သွားလို့ရှိရင်ဖြင့်တဲ့ ဒကာ ဒကာမတို့ ပူစရာရှိသေးရဲ့ လား (မရှိပါ ဘုရား)။

အသုံးချတတ်ရင် ဆေး

ဒါဖြင့် ဒကာ ဒကာမတို့ အသုံးချတတ်လို့ရှိရင်လည်း ဆေးပါပဲ (မှန်ပါ့) အသုံးမချတတ်လို့ရှိရင်လည်း ပျင်းတဲ့စိတ် ကလေးဟာ ဘေးသင့်သွားတာပဲ (မှန်ပါ့) သံသရာဘေး သင့်ပါ တယ် (မှန်ပါ့ ဘုရား)။

ဘာဘေးသင့်ပါလိမ့် (သံသရာဘေး သင့်ပါတယ်) ဒကာသစ်ရေ ဆရာကောင်း သမားကောင်း သိပ်လိုပါလား (လိုပါတယ်) ဒကာကြွယ် ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

နို့မဟုတ်လို့ရှိရင်ဖြင့် သြော် ကုသိုလ်ကံများက မကောင်း တော့ အဖျက်က တယ်များတယ် (မှန်ပါ့) အင်း မဟုတ်တာ ညည်းလုံးထုတ်ပြီ (မှန်ပါ့) တရားကလေးက အဟုတ်ကို မြင် နေပြီ၊ အနိစ္စထဲ ဉာဏ်ကလေးက သက်သက်ပြီးရောက်နေတုံး အနိစ္စနဲ့ ဉာဏ်နဲ့ကို တစ်ခါတည်း ဆိုက်ခနဲ၊ ဆိုက်ခနဲ ဖြစ်တုန်း တစ်ခါတည်း ကိစ္စကလေးက ဘုရား ပေါ်လာလိုက်တာ (မှန်ပါ့ ဘုရား) ကျင့်ကြီးစွန့်ချင်တဲ့ ကိစ္စ, ကျင်ငယ်စွန့်ချင်တဲ့ ကိစ္စ၊ မလွှဲသာတဲ့ ကိစ္စကြောင့် အဲဒီ ကျင်ကြီးကျင်ငယ် စွန့်တယ်ဆိုတာ နာတာ အောင့်တာပဲ၊ အဲဒီနာတဲ့, အောင့်တဲ့ဆီ ဖြစ်ပျက်ရှုချ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

နာတာအောင့်တာကိုလည်း (ဖြစ်ပျက်ရှုရပါမယ် ဘုရား) ဆိုတော့ အရင်တုန်းကလည်း ဖြစ်ပျက်ထဲ ဉာဏ်ရောက်တာပဲ (မှန်ပါ့) အခု အဖျက်တရားတွေကိုလည်း အပျက်တရားလို့ ကျုပ်တို့က မထားတော့ဘူး (မထားပါဘူး)။

ဧဟိပဿိကောနဲ့ လာတာရှုမယ်ဆိုတဲ့ လာပါရှုပါလို့ ခေါ်တဲ့ဆီကို ကျုပ်တို့က လာလိုက်ရှုလိုက် အလုပ်ကို လုပ်လိုက် တဲ့အတွက်တဲ့ ဒကာသစ်ရေ ခုနင်က ကြားထဲမှာ ကိလေသာ ခိုသေးရဲ့ လား (မခိုပါ ဘုရား)။

ဒီဘဝ ဒီခဏရမယ်

အဗ္ဗောကိဏ္ဏံ အညေဟိ အသမ္မိဿံ- ဆိုတဲ့အတိုင်း တစ်ပါးသောတရားနဲ့ မရောရင် မင်းရမယ်၊ ဒီဘဝ ရမယ်၊ ဒီခဏ ရမယ်လို့ ဘုရားက တာဝန်ခံတာကိုးဗျ(မှန်ပါ့)။

အဲဒီတော့ ဘုရားက ဝန်ခံတဲ့အတိုင်း ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ပြောရတာက နားမလည်တော့ မလုပ်တတ်တော့ ဪ ကိလေသာမာရ်နတ်ကလည်း တယ်ဆိုးသကိုး ဘုရား ဖြစ်, မာရ်နတ်ဖျက်ဆိုတာ ယုံပြီ (မှန်ပါ့) ယုံသာယုံတယ် နစ်နာလိုက်တာ လွန်နေပြီ(မှန်လှပါ ဘုရား)။

ခင်ဗျားတို့က ယုံတာကလေးတစ်ခုပဲ အမှတ်အသား တစ်ခု ရလိုက်တယ် (မှန်ပါ) သေသေချာချာတော့ဖြင့် ဒကာကွယ် နစ်နာလိုက်တာက မြေကြီးဆယ့်သုံးမိုင်တက်ရမယ် (မှန်ပါ့) ကိုယ့်အသား, အရိုးတွေကလေ (မှန်ပါ့)။

ဘယ်လောက် ကြောက်စရာကောင်းတယ်ဆိုတာ ဒကာ ဒကာမတွေ မြင်ကြပလား (မြင်ပါပြီ ဘုရား) ဒါဖြင့် ဘာကို အသုံးချမယ်ဆိုတာ ဧဟိပဿိကော (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဘာကိုအသုံးချမယ် (ဧဟိပဿိကောပါ ဘုရား) ဧဟိက ဘာတုံး (လာခဲ့ပါ) ပဿက(ရှုပါ) ဪပဿက ရှုပါဆိုတော့ ခင်ဗျားတို့ ကြားထိုးတဲ့ တရားကိုက ခင်ဗျား ဟိုနေရာမှာ မရှုနဲ့ တော့ ဟိုနေရာမှာ ဘယ်သူမှမရှိဘူး (မှန်ပါ့) ကျုပ်သာ ရှိတယ်၊ ကျုပ်ကိုသာရှု (မှန်ပါ့)။

အဲဒီတော့ ခင်ဗျားတို့က ဒီလိုဆရာကောင်း သမား ကောင်းက နည်းပေးပြီးသကာလ မထားတော့ မရှိတဲ့ဆီ ရှုနေဦး မှာပဲ (မှန်ပါ့) မရှိတဲ့ဆီ ရှုနေလို့ရှိရင်လည်း အနိစ္စဉာဏ်နဲ့ သက် ရောက်သေးရဲ့လား (မသက်ရောက်ပါ ဘုရား)။

ကဲ ဒါဖြင့် ရှိတဲ့ဆီ ရှုရင်တော့ ဒကာသစ် သက်ရောက် မယ် (သက်ရောက်ပါတယ် ဘုရား) အနိစ္စဉာဏ်နဲ့ သက်ဆင်းသွားတယ်ဆိုတာ ပေါ်ပလား (ပေါ်ပါပြီ)။

ဒါဖြင့် ဒကာကြွယ်ရေ, ဧဟိပဿိကောဟာ ကျုပ်တို့ ချက်ကောင်းသုံးရမှာပေါ့ (မှန်ပါ့)။

ဧဟိပဿိကော ဘယ်အချိန် သုံးမှာပါလိမ့် (ချက် – ကောင်း သုံးရမှာပါ ဘုရား)။

ချက်ကောင်း သုံးရမယ်ဆိုတာ

ချက်ကောင်းလို့ ဆိုတဲ့ဥစ္စာက ကိုယ်က ရှေးဦးစွာ ဖြစ်ပျက်နဲ့ မဂ်နဲ့ ဒကာသစ်ရေ ကိုက်ကိုက်နေတယ် (မှန်ပါ့) ကိုက်နေတုန်းမှ ကိစ္စကလေးက ပေါ်လာတယ် (မှန်ပါ့) ဒီနေရာက ယား, ဒီနေရာက နာ, ဟိုနေရာက ကျင်ကြီးစွန့်ချင် ဒီနေရာက ကျင်ငယ် စွန့်ချင် ဟုတ်လား (မှန်ပါ့) ဟိုနေရာက ယားတယ်၊ အဲဒါတွေ သွားပြီး ဖျောက်ဖျက်ပြီးမနေနဲ့ ဒကာသစ်

ဘာလုပ်မလဲ (ဖြစ်ပျက်ရှုရပါမယ်) သူ့ကိုဖြစ်ပျက်ရှု(မှန်ပါ့)။

ကျုပ်တို့က ဖြစ်ပျက်ရှုရမှာလည်း သူကခေါ်လို့ရှုရမှာ လား (သူကခေါ်လို့ ရှုရမှာပါ) သူကခေါ်လို့ ရှုရမည့်ဥစ္စာ ကျုပ် တို့က မရှုဘဲထားရင် သူက ပဋိစ္စသမုပ္ပာဒ် တန်းမယ် (မှန်လှပါ ဘုရား)။

သူက ဘာလုပ်မယ်ထင်ကြသတုံး (ပဋိစ္စသမုပ္ပာဒ် တန်းမှာပါ ဘုရား) အခုတန်းပြပြီ၊ ပျင်းတဲ့စိတ်ကလေးလာလို့ ပျင်းတဲ့စိတ်ကို မရှုမိဘူးဆိုရင်ဖြင့်တဲ့၊ ဒေါသ, သောက, ပရိဒေဝ, အဝိဇ္ဇာ, သင်္ခါရ မသွားဘူးလား”(သွားပါတယ် ဘုရား)

သင်္ခါရပစ္စယာ ဝိညာဏံကော (တန်းပါတယ် ဘုရား) ဟင်ဒကာသစ် နှစ်ဘဝဆက်တယ် (မှန်ပါ့) မဂ်ဉာဏ်, ဖိုလ်ဉာဏ်ရသလား ဘဝဆက်ပေးလိုက်သလား (ဘဝဆက် ပေးလိုက်ပါတယ် ဘုရား)။

ဟာဘဝ ဆက်ပေးလိုက်လို့ရှိရင်ဖြင့် နောက် ဒီလို ဆရာကောင်းသမားကောင်းတွေနဲ့ တွေ့ဖို့လည်း ဝေးသွားပြီ (ဝေးသွားပါပြီ ဘုရား) ဒီက ဒါဖြင့် ဒကာ ဒကာမတွေ ဘဝပေါင်း များစွာသာ ခင်ဗျားတို့ အို, နာ, သေနဲ့ အဖော်လုပ်ကြပေတော့ (လုပ်ရမှာပါ ဘုရား) မနစ်နာဘူးလား (နစ်နာပါတယ် ဘုရား)။

တစ်ပါးသော တရား မရောက်စေနဲ့

အဲဒါကြောင့် ဒကာကွယ် ဒီအရေးဟာ အင်မတန် မှာရ ပါတယ် (မှန်ပါ့) ဘုရားသခင်ကိုယ်တော်မြတ်ကြီးကလည်း “နိစ္စံ နိရန္တရံ အဗ္ဗောကိဏ္ဏံ”(မှန်ပါ့) နိစ္စံ = အမြဲ၊ နိရန္တရံ= မပြတ်စေနဲ့ကွတဲ့ (မှန်ပါ) အဗ္ဗောကိဏ္ဏံ= ဒီအချိန်ကလေး တစ်ပါးသောတရား မရောစေနဲ့ကွတဲ့ (မှန်ပါ့) သဘောကျ ပလား (ကျပါပြီ)။

အနိစ္စထဲမှာ ဉာဏ်ကလေးက ထိုးထိုးပြီးသကာလ သက် ပင်နေတဲ့အချိန်မှာ တစ်ပါးသောတရား ဘာတဲ့ (မရောစေရပါ ဘုရား)။

ကဲ ရောပြီ ဦးမာဒင်တို့ ဒကာကြွယ်တို့ ရောပြီ (မှန်ပါ့) ရောတာကို ဘာလုပ်ပစ်မလဲ (ဖြစ်ပျက်ရှုရပါမယ် ဘုရား)။

ဪ ဒီလိုဆိုတော့ သူသည်ကား လို့ဆိုရင် အဖျက် သဘောလား၊ အကူအညီသဘောလား (အကူအညီသဘောပါ ဘုရား)။

ဪ ဒါကတော့ ဆရာသမား နည်းပေးလို့ရတာ (မှန်ပါ့) ဘုရားကလည်း ဟောခဲ့လို့ (မှန်ပါ့) ဆရာသမားက ထွင်ပေးတဲ့နည်းလား၊ ဘုရားကိုက ထားခဲ့တာလား (ဘုရားကိုက ထားခဲ့တာပါ ဘုရား)။

ဘုရားကိုက ထားခဲ့တာဖြစ်နေတော့ ဒကာသစ်ရေ ကျုပ်တို့မှာဖြင့် အကူအညီအများကြီးရတယ် (ရပါတယ် ဘုရား)။

ရှေ့ က ကျုပ်တို့ စိတ်တွေက ဘယ်လိုဖြစ်နေသတုံး၊ တရားက အရေးကောင်း ဒိန်းဒေါင်းကဖျက်တယ် (မှန်ပါ့) အင်း အဖျက်ချည့်ယူပစ်တယ် (မှန်ပါ့)။

သူ့ကိုပဲ မိတ်ဆွေဖွဲ့လိုက်ပါ

အရေးကောင်း ဒိန်းဒေါင်းကဖျက်တယ် အစရှိသည်နဲ့ ဒကာ ဒကာမတွေက ဒကာကြွယ်တို့က ဒီဥစ္စာ နှုတ်ကိုတက်လို့ (မှန်ပါ့) အခုဟာကတော့ အရေးကောင်း ဒိန်းဒေါင်းကိုပဲ သူ ဖျက်လာတာကို ကျုပ်တို့က သူ့ကိုပဲ မိတ်ဆွေဖွဲ့ လိုက်ပါ (မှန်လှပါ) သဘောကျပလား (ကျပါပြီ ဘုရား)။

သူ့ကို ဘာလုပ်ရမယ် (မိတ်ဆွေဖွဲ့ ရပါမယ် ဘုရား) မိတ်ဆွေဖွဲ့ လိုက်ပြီဆိုမှဖြင့် ဒကာ ဒကာမတို့ သူက ဘယ်လိုရော သွားသတုံးမေးတော့ အရင်ရှုတဲ့ အနိစ္စနဲ့ သူကလည်း အနိစ္စနဲ့ အနိစ္စချင်း တန်းတူတယ် (မှန်ပါ့)။

အနိစ္စချင်း တန်းတူသွားတော့ ကျုပ်တို့ကလည်း ရှုတဲ့ ဉာဏ်ကလည်း ပြတ်သေးရဲ့ လား (မပြတ်ပါ ဘုရား)။

အရင်တုန်းကလည်း အနိစ္စထဲပဲ သက်ရောက်တယ် (သက်ရောက်ပါတယ် ဘုရား) အနိစ္စထဲပဲ ဉာဏ်သက်ဆင်းပါ တယ် (မှန်ပါ့) ယခုလာပြီးသကာလ အစားထိုးတဲ့ ‘တရားကို လည်း ကျုပ်တို့က ဖြစ်ပျက်ရှုလိုက်တော့ အနိစ္စထဲမှာပဲ ဉာဏ် သက်ဆင်းပါတယ် (မှန်လှပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အနိစ္စထဲကို ဉာဏ်သက်ဆင်းတော့ကို ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ ကိလေသာကြားခိုတဲ့ အဓိပ္ပာယ်ရသေးရဲ့

လား (မရပါ ဘုရား) သော်တယ်အဖိုးတန်ပါလား (တန်ပါ တယ် ဘုရား)။

ကိလေသာကြားခိုတဲ့ အဓိပ္ပာယ်မရလို့ရှိရင် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဒကာသစ် ဟောတယ် (မှန်ပါ့) မင်းတို့ ကွာတဲ့ ကိလေသာ ကြားမခိုလို့ရှိရင်ဖြင့် သော-ထို ခုနင်က အနိစ္စလို့ရှု၊ အနိစ္စလို့မှတ်။ အနိစ္စလို့ သိတဲ့ပုဂ္ဂိုလ်သည် အာသဝါ နံ – အာသဝေါတရားတို့ ၏၊ ခယာ- ကုန် ခြင်းကြောင့်၊ အနာသဝံ- အာသဝေါမရှိသောနိဗ္ဗာန် (မှန်ပါ့) အာသဝေါ မရှိ

တော့ နိဗ္ဗာန်ပဲမဟုတ်လား (မှန်ပါ့) အာသဝေါ၏ အာရုံမပြုနိုင် တာ ဘယ်သူပါလိမ့် (နိဗ္ဗာန်ပါ ဘုရား) အဲ စေတောဝိမုတ္တိံ -သမာဓိပြဋ္ဌာန်းသော အရဟတ္တဖိုလ်သို့၊ ပညာဝိမုတ္တိံ- ပညာ ပြဋ္ဌာန်းသော အရဟတ္တဖိုလ်သို့၊ ဒိဋ္ဌေဝဓမ္မေ (ပစ္စက္ခဓမ္မေ)- ယခု

ပစ္စက္ခခဏ၌၊ သယံ – ကိုယ်တိုင်။ အဘိညာယ-သိ၍၊ သိစ္ဆိကတွာ-မျက်မှောက်ပြု၍၊ ဥပသမ္ပဇ္ဇ-ကပ်ရောက်၍၊ ဝိဟရတိ-မင်းတို့ မုချနေရ၏တဲ့ (မှန်လှပါ ဘုရား)။

ကဲ ဒကာ ဒကာမတို့ ကြားမခိုရင် ရတယ် (ရပါတယ် ဘုရား) ဒါက ဒကာကြွယ် ဘုရားဟောနော် (မှန်ပါ့ ဘုရား) ဘုန်းကြီးက စကားနားလည်မှုကိုသာ ဖြည့်စွက်တယ်၊ အဓိပ္ပာယ် ကတော့ ဘုရားဟော (မှန်လှပါ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။

ဉာဏ်မထက်တဲ့ပုဂ္ဂိုလ် ဒီဘဝ

ဒါဖြင့် ကိလေသာ ကြားမခိုလို့ရှိရင်ဖြင့် ခုနစ်ရက်တောင် မပြောဘူး ဘုရားက (မှန်ပါ့) ဒီခဏမှာ ရမယ်ကွ၊ ဒီဘဝမှာ ရမယ်ကွ- ဒါပဲ (မှန်ပါ့) ထက်တဲ့ပုဂ္ဂိုလ် ဒီခဏ၊ မထက်တဲ့ ပုဂ္ဂိုလ် ဒီဘ၀ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဉာဏ်ထက်တဲ့ပုဂ္ဂိုလ် ဒီခဏ

ထက်တဲ့ပုဂ္ဂိုလ် (ဒီခဏမှာပါ ဘုရား) မထက်တဲ့ပုဂ္ဂိုလ် (ဒီဘဝမှာပါ့ ဘုရား)။

ဒီဘဝဆိုတော့ ဒကာ ဦးလှဘူးတို့ အားငယ်စရာပါသေး လား (မပါပါ ဘုရား) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် အာသဝေါတရား ကုန်ပုံလေး၊ ခုနင်က အာသဝေါ တရားဆက်သွားတယ်နော် (မှန်ပါ့) အခုတော့ အာသဝေါ တရား ကုန်ပုံကလေးဆိုတော့ ဒကာ ဒကာမတွေ ဖြစ်ပျက်ထဲမှာ ဒီက မဂ္ဂင်ငါးပါးက ဉာဏ်ကချည့် သက်နေတယ် (မှန်ပါ့) ဉာဏ်ကချည့်သက်နေတော့ ဒါက ခန္ဓာ (မှန်ပါ့) ခန္ဓာထဲမှာ ခန္ဓာ က ဖြစ်ပျက်၊ ဉာဏ်က ဒီဘက်ချည့် သက်ဝင်နေတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ) ဉာဏ်က ဝေဒနာထဲချည့် သက်ဝင်နေတယ်ထားပါ (မှန်ပါ့)။

ဒီထဲမှာ ဒကာ ဒကာမတွေက ကိစ္စကလေး ကျင်ကြီးစွန့် ချင်တယ်၊ ကျင်ငယ်စွန့်ချင်တယ်ဆိုတဲ့ ကိစ္စတွေ နာကျင်တဲ့ကိစ္စတွေ မလာဘူးလား (လာပါတယ် ဘုရား)။

နာတာ၊ ကျင်တာ ဖြစ်ပျက်ရှုပါ

လာတော့ ဒီဟာကို အနိစ္စဆိုပြီး နာတာ၊ ကျင်တာ ကလေးကို ဖြစ်ပျက်ရှုပါ (မှန်ပါ့) သဘောကျပလား (ကျပါပြီ) ခုနင် တုန်းကတော့ မနာ၊ မကျင်တဲ့ အနိစ္စရှု(မှန်ပါ့) အခုတော့ ဘာပါလိမ့် (နာတာ၊ ကျင်တာ ဖြစ်ပျက်ရှုရပါမယ် ဘုရား)။

နာတာ၊ ကျင်တာကလေး ဖြစ်ပျက်ရှုတယ် (မှန်ပါ့ ဘုရား) ပျင်းလာရင် ပျင်းတဲ့ဓမ္မကလေး ဘာလုပ်ကြမယ် (ဖြစ်

ပျက် ရှုရပါမယ် ဘုရား)။

ဖြစ်ပျက်ရှုလိုက်တော့ အရင်တုန်းကလည်း ဖြစ်ပျက်ပဲ (မှန်ပါ့) အခုရှုတော့လည်း (ဖြစ်ပျက်ပါပဲ)’ဪတစ်ပါး

သောတရား ရောသေးသလား (မရောပါ ဘုရား)။

ဒီကြားထဲ ဘာမှမရောဘူး (မရောပါ ဘုရား) ဒါလည်း ဖြစ်ပျက် မဂ်၊ နောက်ဆက်လာတာတွေကော (ဖြစ်ပျက်မဂ်ပါ ဘုရား)။

ဖြစ်ပျက်မဂ်ဆို ဒကာကြွယ်တို့ ဦးမာဒင်တို့ ရောသေးသလား (မရောပါ ဘုရား)။

ဟာမရောလို့ရှိရင်ကွာတဲ့၊ “သော အာသဝါနံ ခယာ” တဲ့ ဒကာ ဒကာမတို့ ဒီဥစ္စာ မရောကတည်းကကွာ တဲ့ ဝေဒနာ ပစ္စယာ တဏှာဆိုတဲ့ ကာမာသဝ, ဘဝါသဝ လာသေးရဲ့ လား (မလာပါ ဘုရား) ဖြစ်ပျက်မြင်တော့ ဒိဋ္ဌာသဝကော (မလာပါ ဘုရား)။

အာသဝတွေ ချုပ်သွားတယ်

ဖြစ်ပျက် မြင်ကတည်းက ငါ-ငါ့ဥစ္စာ ဟုတ်သေးရဲ့လား (မဟုတ်ပါ ဘုရား) အင်း ဖြစ်ပျက်မြင်တာသည် သိလို့လား မသိလို့လား (သိလို့ပါ ဘုရား) အင်း သိလို့ဖြစ်တဲ့အတွက် မသိတဲ့ အဝိဇ္ဇာသဝကလည်း ချုပ်တယ် (မှန်ပါ့ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဒီကနေ ကာမာသဝ, ဘဝါသဝ, ဒိဋ္ဌာသဝ, အဝိဇ္ဇာသဝတွေ ချုပ်သွားတယ် (ချုပ်သွားပါတယ် ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါ ဘယ့်နှယ်ကြောင့် ချုပ်ပါလိမ့်မတုံးလို့ မေးတဲ့အခါ ကျတော့ အနိစ္စချင်း ဉာဏ်ကဆက်သွားလို့ (မှန်ပါ့ ဘုရား) ပထမရှုနေတဲ့ အနိစ္စထဲမှာလည်း ဒီဉာဏ်ကသက်တယ် (သက် ပါတယ် ဘုရား)။

နောက် ကြားထိုးအနိစ္စထဲမှာလည်း (ဒီဉာဏ်က သက်ပါတယ်) ဒီဉာဏ်က ပြန်သက်တာပဲ (မှန်ပါ့) ဒီအထဲပဲ ပြန်ဝင်တယ် (ဝင်ပါတယ် ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။

အနိစ္စဆုံးတော့ နိစ္စနိဗ္ဗာန်

အဲဒါကြောင့်တဲ့ မင်းတို့သည်ကားလို့ ဆိုလို့ရှိရင်ဖြင့် ဒီ အနိစ္စထဲမှာ သက်သွားတော့ အနိစ္စမုန်းသွားပြီ(မှန်ပါ့)

နောက်တော့ ဒီအနိစ္စကြီးဟာ မဆုံးပေဘူးလား (ဆုံးပါတယ် ဘုရား) ဆုံးသည်နှင့် တစ်ပြိုင်နက်တည်း ဒီဘက်ကနိဗ္ဗာန်တွေ့ တယ် (မှန်ပါ့) အနိစ္စဆုံးတော့ နိစ္စနိဗ္ဗာန် (မှန်ပါ့)။

နိစ္စနိဗ္ဗာန်လည်း တွေ့ပါရော လေးခါ လောက်တွေ့ရင် ဒီအာသဝေါတရား အကုန်ကုန်တယ် (မှန်ပါ့) ပထမတစ်ခါတွေ့ ရင် ဒိဋ္ဌာသဝ ကုန်ပါတယ် (မှန်ပါ့) ကာမာသဝ လေးပိုင်းတစ် ပိုင်း ကုန်ပါတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

((မှတ်ချက်။ ကာမာသဝ လေးပိုင်းတစ်ပိုင်းကုန်သည် ဆိုသည်မှာ အပါယ်ကျစေတတ်တဲ့ ကာမာသဝကုန်ခြင်းကို ဆိုလိုသည်။))

နေ့ညမရွေး အနိစ္စလို့

အင်း ဒီလိုနဲ့ပဲ ဒကာ ဒကာမတို့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးကဖြင့် နေ့မရွေး၊ ညမရွေး မင်းတို့သည်ကား လို့ဆိုရင်ဖြင့် အနိစ္စလို့ရှု (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား) အနိစ္စလို့မှတ်၊ အနိစ္စလို့ (သိရပါမယ် ဘုရား) သဘော

ကျပလား (ကျပါပြီ ဘုရား)။

အဲဒီမှာ ကိလေသာ ကြားမခိုဘဲနဲ့ ဒီသုံးခု ညီကြပါမူ ကား၊ ဒီဘဝ ဒီခဏမှာ အာသဝေါကုန်တယ် (မှန်ပါ့ ဘုရား)။

နောက်ပိုင်းက ဘာတဲ့တုံး (အာသဝေါ ကုန်ပါတယ် ဘုရား) လာနေကြ အာသဝေါ တွေ လာနိုင်သေးရဲ့ လား (မလာ နိုင်ပါ ဘုရား)။

ဒါဖြင့် အာသဝေါ ကုန်ရပါလို၏ဆိုလို့ ကုန်တာလား၊ ဒကာ ဒကာမတို့ ဖြစ်ပျက်နဲ့ မဂ်နဲ့ ကြားထဲ ကိလေသာမခိုလို့

ကုန်တာလား (ဖြစ်ပျက်နဲ့ မဂ်နဲ့ ကြားထဲ ကိလေသာမခိုလို့ ကုန်တာပါ ဘုရား)။

ဖြစ်ပျက်နဲ့ မဂ်နဲ့ ကြားထဲ ကိလေသာ ကြားခိုသေးရဲ့ လား (မခိုပါ ဘုရား)။

ဒါဖြင့် ခိုလာပြန်လို့ရှိရင်လည်း ဘာလုပ်ကြမတုံး (ဖြစ်ပျက်ရှုရပါမယ် ဘုရား) အခိုလာတာလား၊ အရှုခံလာတာ

လား (အရှုခံလာတာပါ ဘုရား)။

ညအားထုတ်ရင် မနက်ရတယ်

အဲဒီလို လုပ်ကြမယ်ဆိုရင်ဖြင့် ဒကာ ဒကာမတို့ ည,အားထုတ်ရင် မနက်ရမယ် (မှန်ပါ့) အခု ဥပမာမယ် ၇ နာရီနဲ့ ၅ မိနစ်မှာ အားထုတ်တယ်၊ ၇ နာရီနဲ့ ၁၀ မိနစ်လည်း သူရနိုင် တယ် (မှန်ပါ့) အားငယ်စရာ ရှိသေးရဲ့လား (မရှိပါ ဘုရား)။

အဲဒီတော့ တိဟိတ်တွေ ဒွိဟိတ်တွေ ရွေးမနေနဲ့ ခင်ဗျား တို့ ဒီသာသနာနဲ့ကြုံဟုတ်လား (မှန်ပါ့)။ ဒီတရားမျိုး သစ္စာတရားမျိုး နာနိုင်ကြမယ်၊ ဒီ-ဖြစ်ပျက် မြင်တယ်ဆိုရင် တိဟိတ်သာမှတ် (မှန်ပါ့) ရမှာပဲ (မှန်ပါ့) ဘာမှအားငယ်စရာ လိုသေးရဲ့လား (မလိုပါ ဘုရား)။

ဒါမှ အားမထုတ်ကြတော့ဘူးလို့ ဒကာ ဒကာမတွေ ဆိုမယ်ဆိုလို့ရှိရင်ဖြင့်၊ ပျင်းကြမယ်ဆိုရင်ဖြင့် ခန္ဓာကိုယ်နဲ့ ဒယ်အိုး ထဲ ဆပ်ရလိမ့် (မှန်ပါ့)။

ဘာနဲ့ဆပ်ကြမှာလဲ (ခန္ဓာကိုယ်နဲ့ ဒယ်အိုးထဲဆပ်ကြ ရမှာပါ ဘုရား) ဘယ်လောက်ကြာကြာ ဆပ်ရမှာတုံး (မရေတွက် နိုင်ပါ ဘုရား)။

မရေတွက်နိုင်တဲ့ဥစ္စာ ဆပ်ရမယ် (မှန်ပါ့) ဒါ့ကြောင့် ဒကာ ဒကာမတွေ ဉာဏ်နဲ့ အဲဒါတွေကို ချေမှုန်းပစ်ပါ (မှန်ပါ့

ဘုရား)။

ကိလေသာကို ဉာဏ်နဲ့ ချေမှုန်းပစ်ပါ

ဉာဏ်နဲ့ ကိလေသာတွေကို ဘာလုပ်ပစ်ရမလဲ (ချေမှုန်း ပစ်ရပါမယ် ဘုရား)။

ဟာဒါဖြင့် ကိလေသာ ချေမှုန်းတော့ ကံတွေက ကိလေ သဝဋ်ရှိမှ ကမ္မဝဋ် ရှိတယ် (မှန်ပါ့)။

ကိလေသာ ချေမှုန်းတော့ ကံတွေဘာဖြစ်သွားသတုံး (ပြတ်ပါတယ်) ကံပြတ်ပေါ့ ဟိုခန္ဓာနဲ့ အချေးဆပ်ရမည့် အပါယ်ထဲမှာ ဒကာ ဒကာမတို့ ဝိပါကဝဋ်ကြီးက လာဦးမှာလား (မလာပါ ဘုရား)။

ဒါကြောင့် ဒီ အာသဝဆိုတဲ့ ကိလေသာတွေကို ခင်ဗျား တို့ ဉာဏ်နဲ့ဆပ်ပစ်လိုက်တဲ့အတွက် ဖျက်ပစ်လိုက်တဲ့အတွက် ခင်ဗျားတို့ ကိလေသဝဋ် ကျွတ်ပါတံယ် (မှန်ပါ့ ကျွတ်ပါတယ် ဘုရား) ကိလေသဝဋ် ကျွတ်တဲ့ပုဂ္ဂိုလ်ဟာ ကမ္မဝဋ် လာမြဲဓမ္မတာ ရှိသေးရဲ့လား (မရှိပါ ဘုရား)။ ဝိပါကဝဋ် ဖြစ်မြဲဓမ္မတာ (မရှိပါ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ကိုယ့်ရှိတဲ့ ဝဋ်ကို ကိုယ်ကျွတ်ရ တဲ့ အလုပ်ကိုဖြင့် မည်သူတစ်ဦးတစ်ယောက်မှ ငဲ့မနေဘဲနဲ့ ကိုယ့် အရေးကိုယ်ကြည့်ပြီး ဒီအတိုင်း ကြိုးစားရမယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကိုင်း ယနေ့ ဒီတွင် တော်ကြဦးစို့။

သာဓု သာဓု သာဓု။
 
မာတိကာသို့