021

မာတိကာသို့

ကိုယ်နဲ့တော်တဲ့တရားကိုရှာပါ

အသံဖိုင်ခေါင်းစဉ်= နိဗ္ဗာန်ရောက်ကြောင်းသည် ဝိပဿနာဖြစ်ပုံ

စာအုပ်ခေါင်းစဉ်= ကိုယ်နဲ့တော်တဲ့တရားကိုရှာပါ (ဝိပဿနာအားထုတ်နည်း)

ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး အမရပူရမြို့၌

ဟောကြားဆုံးမတော်မူသော

ကိုယ်နဲ့တော်တဲ့တရားကိုရှာပါ

ဝိပဿနာအားထုတ်နည်း

(၁၉-၁၀-၆၁)

ဒကာ ဒကာမတွေ နိဗ္ဗာန်ရောက်ကြောင်း တရားအစစ် ဆိုတဲ့ဥစ္စာ၊ ဘုရားသခင် ကိုယ်တော် မြတ်ကြီး သူကိုယ်တိုင် သူ့ ဟာသူ မေးပြီး သကာလ သူ့ဟာသူဖြေတယ်နော် (မှန်လှပါ ဘုရား)။

နိဗ္ဗာန်ရောက်ကြောင်းတရားကို သူတစ်ပါးက မမေးရ ပါဘူး၊ သူ့ဟာသူမေးပြီး သကာလ သူ့ဟာသူ ဖြေတယ် (မှန်ပါ့ ဘုရား)။

ဒီလိုဆိုလို့ရှိရင်ဖြင့် ဒကာ ဒကာမတွေက စဉ်းစားခန်း ဝင်ရမယ်၊ ဘယ်လို စဉ်းစားခန်း ဝင်ရမတုံးဆိုတော့ နိဗ္ဗာန်ရောက်ကြောင်းတရား ဘယ်သူဖြေမတုံးဟေ့ လို့ ဘုရားက မေးလိုက်လို့ရှိရင်ဖြင့် ဘုရား ဘုရားချင်းမှ ဖြေ နိုင်မှာပေါ့ဗျာ (မှန်ပါ့)။

ဘုရား ဘုရားချင်းမှ ဖြေနိုင်မှာဖြစ်နေတော့ ဘုရား ကလဲ နှစ်ဆူ မပွင့်ကောင်းတော့ သူ့ဟာသူ ဖြေမှပဲ ကိုက်မယ် (မှန်ပါ့ ဘုရား)။

ဘုရားကိုယ်တိုင်မေးပြီးဖြေတယ်

သူ့ဟာသူ ဖြေမှ တော်မယ်ဆိုတဲ့ အဓိပ္ပာယ်က သေသေ ချာချာ သက်ရောက်သွားပြီးတော့၊ သူ့ဟာသူ မေးပြီး သူ့ဟာသူ ဖြေတယ်လို့ဆိုသဖြင့်၊ ဘုရားသည် တို့အများကြီး ယုံကြည် ကိုးစား ထိုက်တဲ့ ဘုရားပါကလား၊ ဘုရားကိုယ်တိုင် မေးပြီး သူတစ်ပါးအဖြေရှာစရာ ဖြေနိုင်မည့်ပုဂ္ဂိုလ်မရှိလို့ သူ့ဟာသူ ဖြေပါလားလို့ဆိုတာ မှတ်ထားရမယ် (မှန်ပါ့)။

ဒါဖြင့် ဒကာ ဒကာမတို့ ဘယ်တရားတုံးလို့ မေးတဲ့ အခါကျမှ သံယုတ်ပါဠိတော်လို့ ဆိုသဖြင့် သြော် ဒါဖြင့် ကိုယ်တော်တိုင်ပြောပြီး သူများမရောတဲ့ တရားပဲဆိုတာ ပါဠိတော် ဆိုသဖြင့် ဒကာကြွယ် သူများမရောတော့ဘူး (မှန်ပါ့)။

အဋ္ဌကထာဆရာတွေ ဘုရားအလိုသိပြီး ပြောတဲ့ဆရာ တွေ သူ့အကြိုက်နဲ့သူ လိုက်ပြီး ပြောတဲ့ဘေးပုဂ္ဂိုလ်၏ စကား တွေ ဘာတွေ မဟုတ်ဘူးလို့ ဆုံးဖြတ်ချက်ချ (မှန်ပါ့)။

သူ့ဟာသူမေးပြီး သူတစ်ပါး ဖြေကွက်မပေးဘဲနဲ့ ဖြေလို့ ရှိရင်လည်း လွဲမှာစိုးတဲ့အတွက် ဖြေကွက်ပေးဖို့ရာလည်း အကြောင်းမရှိဘူး (မှန်ပါ့)။

ကိုယ်တော်တိုင်မေးတယ်

အဲဒါကြောင့် သူ့ဟာသူ ဖြေပါတယ်ဆိုတဲ့ စကား ကို ဒကာ ဒကာမတွေက လေးစားစွာနဲ့၊ ဪ ဒါကို ကိုယ်တော်ကြီး သူ့ဟာသူ မေးပြီး သူ့ဟာသူ ဖြေတာ၊ နိဗ္ဗာန် ရောက်ကြောင်းတရား ဘယ်တရားပါလိမ့်မတုံးလို့ သူ့ဟာသူ မေးလိုက်တယ် (မှန်ပါ့)။

သူ့ဟာသူပဲ အဖြေထုတ်တာထောက်လိုက်လို့ရှိရင်ဖြင့် မတိမ်းမစောင်းတဲ့သဘောပဲ၊ တို့ ဒီအလုပ်ကို သေသေချာချာ လိုက်မှသာလျှင်၊ တို့ အလိုရှိတဲ့ ဒုက္ခခပ်သိမ်း ကင်းငြိမ်းတဲ့ နိဗ္ဗာန် ကြီးကို ဧကန် ဆိုက်ဆိုက်မြိုက်မြိုက် ရောက်မယ်ဆိုတဲ့ ဥစ္စာ ဒကာ ဒကာမတွေ လေးစားစွာနဲ့မှတ်ရမယ် (မှန်ပါ့ ဘုရား)။

ဘယ်တရားသည် နိဗ္ဗာန်ရောက်ပါလိမ့်

ကဲ ဒါဖြင့် ပြောကြပါစို့၊ သူ့ဟာသူ မေးလိုက်တယ် “ကတမော စ ဘိက္ခဝေ အသင်္ခတ ဂါမိမဂ္ဂေါ” ဒါ ဘုရားက မေးလိုက်တယ် (မှန်ပါ့)။

ဒကာ ဒကာမတွေက ပါဠိဖြစ်နေတော့ နားမလည် တော့ အဘယ်တရားသည် နိဗ္ဗာန်သို့ရောက်ကြောင်း ဖြစ်ပါ သတုံးတဲ့ (မှန်ပါ့)။

“ဘယ်သူက မေးပါလိမ့် (ဘုရားကမေးပါတယ် ဘုရား) “အဘယ်တရားသည် နိဗ္ဗာန်သို့ရောက်ကြောင်းဖြစ်ပါ လိမ့်မလဲ” လို့ သူ့ဟာသူ မေးလိုက်တယ် (မှန်ပါ့)။

ကိုယ်တော်တိုင်ဖြေတယ်

မေးပြီး သကာလ မှ သူ့ဟာသူပဲ ဒကာ ဒကာမတို့ ဖြေ လိုက်တယ် (မှန်ပါ့) ဝိပဿနာ တဲ့၊ သူဖြေလိုက်တယ် (မှန်ပါ့) ဝိပဿနာဆိုတာ ပါဠိစကား (မှန်ပါ့)။

ဒါဖြင့် ဘုရားသခင်ကိုယ်တော်မြတ်ကြီးက အဘယ် တရားသည် နိဗ္ဗာန်သို့ရောက်ကြောင်း ဖြစ်ပါလိမ့်မလဲလို့ ဆိုလို့ ရှိရင် ဘုန်းကြီးတို့ ဒကာ ဒကာမတွေက အင်း . ဘုရားဖြေ သလို ဖြေကြလို့ ရှိရင်ဖြင့် ဝိပဿနာပါဘုရားလို့ ဖြေရမယ် (မှန်ပါ) တခြားဖြေစရာမရှိဘူး (မရှိပါ ဘုရား)။

သေသေချာချာ ဪ ဒီအရေးဟာ သာမည အရေး မဟုတ်ပါလား။ ကိုယ်တော်မြတ် ကြီးဟာ စကား နှစ်ခွန်းမပြောဘဲနဲ့ တစ်ခွန်းနဲ့အမှန်ပြောတဲ့ ကိုယ်တော်ကြီး၏ စကားဖြစ်လေ သောကြောင့်၊ တို့ ဒီလမ်းကိုဖြင့် သူပြောတဲ့ အတိုင်း လိုက်မှ တော်မယ်ဆိုတာ ဆုံးဖြတ်ချက်ကို အကြီးဆုံး ချရမယ် (မှန်ပါ့ ဘုရား) အကြီးဆုံးချပါ ဆိုတာကိုလည်း ဘုန်းကြီးက တိုက်တွန်းစရာ မလိုဘူး (မှန်ပါ့)။

ဘုရားသခင်ကိုယ်တော်မြတ်ကြီးသည် သူတစ်ပါး အဖြေမပေးနိုင်တာ သိပြီးသားဖြစ်လို့ သူ့ဟာသူ အဖြေပေး လိုက်တာ (မှန်ပါ့)။

နိဗ္ဗာန်ရောက်ကြောင်းတရားသည်ဝိပဿနာ

မေးပုံက အဘယ်တရားသည် နိဗ္ဗာန်သို့ ရောက် ကြောင်းတရားဖြစ်ပါသလဲလို့ မေးလိုက်တယ် (မှန်ပါ့) ဘုရားက ဘယ့်နှယ်ဖြေပါလိမ့် (ဝိပဿနာဟာ နိဗ္ဗာန် ရောက်ကြောင်းပါ ဘုရား) ဝိပဿနာလို့ ဖြေလိုက်တယ် (မှန်ပါ့)။

သြော် ဒါဖြင့်တို့သိပြီ၊ ဘုရားသခင်ကိုယ်တော်မြတ် ကြီး ဖြေတာလည်း တို့ပါးစပ်ထဲ ရောက်လာပြီ၊ တို့အလုပ် လုပ် ရမှာကဖြင့် ဝိပဿနာအလုပ်ကိုလုပ်ဖို့ပဲ၊ တို့သည်ကားလို့ ဆိုလို့ရှိရင်ဖြင့် ဒုက္ခခပ်သိမ်းငြိမ်းတဲ့နိဗ္ဗာန်ကြီးကို အရယူချင်တဲ့ ပုဂ္ဂိုလ်တွေဖြစ်လေသောကြောင့် တခြားတောင်းစရာ၊ ငဲ့စရာ၊ ရဲ့စရာ၊ စောင်းစရာမရှိဘဲနဲ့ ဝိပဿနာဆိုတဲ့တရားကိုပဲ ဒကာ ဒကာမတို့ အားထုတ်ရတော့မယ် (မှန်ပါ့)။

အဲဒီတွင်မှ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက “အယံ ဝုစ္စတိ ဘိက္ခဝေ အသင်္ခတဂါမိမဂ္ဂေါ တဲ့ အယံ= ဤဆို အပ်ပြီးသော ငါ့အဖြေကို၊ အသင်္ခတဂါမိမဂ္ဂေါ= နိဗ္ဗာန်သို့ ရောက်ကြောင်းတရား အစစ် ဖြစ်၏ဟူ၍၊ ဝုစ္စတိ= ဆိုအပ်၏ ဆိုတော့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးကိုယ်တိုင်ကလည်း သူ့ဟာသူမေးပြီး သူ့ဟာသူဖြေတယ်တဲ့၊ အဲဒီငါဖြေထားတာ လည်း နိဗ္ဗာန်သို့ရောက်ကြောင်းအစစ်လို့ မင်းတို့ သေသေ ချာချာမှတ် (မှန်လှပါ ဘုရား)။

နိဗ္ဗာန်ဆိုတာဘာပါလိမ့်မလဲ

ဒီလိုဆိုတော့ အားလုံး ဒကာ ဒကာမတွေ နိဗ္ဗာန်ဆိုတာ ဘာပါလိမ့်မလဲလို့ မေးတဲ့အခါကျတော့ အိုဘေးမရှိတာ၊ နာဘေးမရှိတာ၊ သေဘေးမရှိတာ၊ သောကဆိုတဲ့ စိုးရိမ်မှုမရှိတာ၊ ဒုက္ခဆိုတဲ့ ကိုယ်၏ ဆင်းရဲခြင်းမရှိတာ၊ ဒေါမနဿဆို တဲ့ စိတ်၏ဆင်းရဲခြင်းမရှိတာ၊ ဥပါယာသဆိုတဲ့ ပြင်းစွာပူပန် ခြင်းတို့၏ သိမ်းတာ (မှန်ပါ့)။

သြော် နိဗ္ဗာန်ဆိုတာ သောက၊ ပရိဒေဝ၊ ဒုက္ခ၊ ဒေါမနဿ စသည်တို့ သိမ်းတာကို နိဗ္ဗာန်လို့ခေါ်တယ်ဆိုတော့ တို့မှာလည်း ဒါတွေက အပြည့်အနှက်ရှိပြီး သကာလ နေသောကြောင့် ဒါတွေ သိမ်းချင်လို့ရှိရင်ဖြင့် နိဗ္ဗာန်ရောက်ကြောင်းကို တို့ကြိုးစားရမယ် (မှန်လှပါ ဘုရား) နိဗ္ဗာန်ရောက်ကြောင်း ဘယ် တရားပါလိမ့် (ဝိပဿနာပါ ဘုရား)။

ဝိပဿနာသည်သာ နိဗ္ဗာန်ရောက်ကြောင်းတရား

အဲ ဝိပဿနာတရားကို ဘုရားက လွဲသွားမှာ စိုးလို့ ဘိက္ခဝေ = ငါ၏ချစ်သား တပည့်များတို့၊ အယံ = ဤ ငါဆိုပြီး တဲ့ နိဗ္ဗာန်ရောက်ကြောင်းဖြစ်တဲ့ အသင်္ခတဂါမိမဂ္ဂေါ ဖြစ်တဲ့ မဂ္ဂင်ရှစ်ပါးကို၊ ဝုစ္စတိ ငါသည် နိဗ္ဗာန်သို့ ရောက်ကြောင်း အစစ်ဖြစ်၏ဟူ၍ ဆိုအပ်၏ (မှန်ပါ့)။

ဪ ဒါဖြင့် ဒကာ ဒကာမတွေ ဘယ်လမ်းလိုက် ရတော်မတုံး၊ ဟိုလမ်းလိုက်ရတော်မလား ဒီလမ်းလိုက်ရ တော်မလားလို့ ဒကာကြွယ်တို့က ဝိစိကိစ္ဆာမလာပါနဲ့တော့ (မှန်ပါ့ ဘုရား)။

အားလုံး ဒကာ ဒကာမတို့ ဟိုလမ်း ဒီလမ်း လိုက်ချင် စရာလိုသေးသလား (မလိုပါ ဘုရား) ဘာပဲလုပ်ရမှာတုံး (ဝိပဿနာပဲ လုပ်ရပါမယ် ဘုရား)။

“အယံ ဝုစ္စတိ ဘိက္ခဝေ အသင်္ခတဂါမိမဂ္ဂေါ” အယံ= ငါဆိုခဲ့တဲ့ ဝိပဿနာအလုပ်ကို၊ အသင်္ခတဂါမိမဂ္ဂေါ= မပြုပြင် ဘဲနဲ့ရှိတဲ့ နိဗ္ဗာန်သို့ရောက်ကြောင်း အစစ်အမှန်ဖြစ်၏ဟူ၍၊ ဝုစ္စတိ =ဆိုအပ်၏တဲ့ (မှန်ပါ့) ဆိုတော့ ဦးမာဒင်တို့ သံသယရှိဖို့လိုသေးသလား (မလိုပါ ဘုရား)။

အဲဒီတော့ ဒီပါဠိတော်ကြီးကိုပဲ ကိုယ်တိုင်အခုဟော သလိုပဲ၊ ဒကာ ဒကာမတွေ ကြားနာပြီး သကာလ နေရတော့ နိဗ္ဗာန်ရောက်ကြောင်းတရား ဘယ်တရားပါလိမ့်မတုံးလို့ မေးလို့ ရှိရင်ဖြင့် “အသင်္ခတဂါမိမဂ္ဂေါ” ဟာ ဘယ်တရားတုံးလို့ မေးတော့၊ ဝိပဿနာလို့ ဘုရားက သူ့ဟာသူ အဖြေထုတ်လိုက် တယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ မအိုမသေ အမြဲနေတဲ့ နိဗ္ဗာန်၊ ဒုက္ခခပ်သိမ်းကင်းငြိမ်းတဲ့နိဗ္ဗာန်၊ ထောင့်ငါးရာ ကိလေသာတို့၏ ချုပ်ရာသိမ်းရာဖြစ်တဲ့ နိဗ္ဗာန်ကြီးကို ရောက်ကြောင်းတရား အားထုတ်ချင် ပါတယ်ဆိုတဲ့ ဥစ္စာသည် ဒကာ ဒကာမတို့ ဘာ အားထုတ်ကြမတုံး (ဝိပဿနာ အားထုတ်ရပါမယ် ဘုရား)။

ဝိပဿနာပဲအားထုတ်ရမယ်

ဝိပဿနာပဲအားထုတ်ရမယ်ဆိုတော့ ဒကာ ဒကာမတို့ အင်မတန် အားကိုးထိုက်တဲ့ ကိုယ်တော်ကြီး၊ ကျုပ်တို့ အရေး ကြုံလို့ရှိရင်လည်း ဘုရားကယ်တော်မူပါ၊ တရားကယ်တော်မူပါ၊ ဘုရားဆိုတာ ကျုပ်တို့၏ အားကိုးရာ အားထားရာအစစ် ဖြစ်ပြီး သကာလ သူ့ပဲယုံကြည်ကြ (မှန်ပါ့)။

သူ့ယုံကြည်ကြတော့ သူပြောတာလိုက်နာရင် သူ့ယုံ ကြည်တာပဲ (မှန်ပါ့)။

အဲဒီတော့ သူပြောတာကို ယနေ့ကစပြီး သကာလ ငါတို့သည် ဝိပဿနာဆိုတာ နိဗ္ဗာန်ရောက်ကြောင်းအစစ်ဖြစ် တယ်ဆိုပြီး သကာလ ကျုပ်တို့ ဝိပဿနာရှုရလိမ့်မယ် (မှန်ပါ့)။

ကျုပ်တို့ ဘာလုပ်ရမလဲ (ဝိပဿနာရှုရမှာပါ ဘုရား) ဝိပဿနာရှုရလိမ့်မယ်လို့ ဒကာ ဒကာမတွေ သေသေ ချာချာမှတ်ပါ (မှန်ပါ့)။

ဝိပဿနာရှုရတော့မယ် ဆိုပြန်တော့လည်း ဒကာ ဒကာမတို့ ဝိပဿနာဆိုတာ ရှုတော့ရှုရတဲ့ တရားပဲ၊ ဘယ်နေရာ ရှုရမှာတုံးလို့ မေးဖို့မလိုဘူးလား (လိုပါတယ် ဘုရား)။

ဘယ်နေရာမှာရမှာတုံး

ဘယ်နေရာမှာ ရှုရမှာတုံးလို့ မေးတဲ့အခါကျလို့ရှိရင် ဝိပဿနာသည် ခန္ဓာအပေါ်မှာရှုပါ (မှန်ပါ့)။

ဘယ်အပေါ်ရှုကြမလဲ (ခန္ဓာအပေါ်မှာ ရှုရပါ မယ် ဘုရား)။ ဪ ဝိပဿနာရှုဆိုတော့ ဝိပဿနာ ရှုတာသည် နိဗ္ဗာန်ရောက်ကြောင်းတရားဆိုရင် အမှန်တော့ဖြစ်ပြီ၊ ဘယ် အပေါ်မှာ ရှုရမှာတုံး လို့ တရားတစ်ပွဲလုံးမေးတော့ ဘယ့်နှယ်ဖြေကြမတုံး (ခန္ဓာအပေါ်မှာရှုရမှာပါ ဘုရား) ခန္ဓာအပေါ်မှာရှုရမယ် (မှန်ပါ့ ဘုရား) ဒကာ ဒကာမတို့ ခန္ဓာပေါ်မှာရှုရမှာပဲ (မှန်ပါ့ ဘုရား)။

ဒါဖြင့် ဝိပဿနာသည်ကားလို့ ဆိုလို့ရှိရင် ခန္ဓာ ရှုရုံပဲဆိုတော့ ခန္ဓာပေါ် ဒီဝိပဿနာ ရှုစရာရှိတယ် ဆိုတာကို တစ်ထစ်ချမှတ်လိုက် (မှန်ပါ့)။

ခန္ဓာပေါ်မှာရှုရမယ်

ဝိပဿနာရှုစရာဌာနသည် ဘယ်နေရာမှာ ပါလိမ့်မလဲ လို့ ဒကာ ဒကာမတွေက စစ်တမ်း ထုတ်ရင် ခန္ဓာပေါ်မှာပဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဝိပဿနာရှုရမှာ ဘယ်အပေါ်မှာပါလိမ့် (ခန္ဓ ပေါ်မှာပါ ဘုရား) ခန္ဓာပေါ်မှာ ရှုရမယ်နော် (မှန်ပါ့)။

ခန္ဓာပေါ်မှာ ရှုရတဲ့အခါကျတော့ ခန္ဓာဆိုတာ ဘုရာ တပည့်တော်တို့ ကြားဖူးတာ ငါးပါးပါပဲ (မှန်ပါ့)။

ဒကာ ဒကာမတွေက တစ်ခါ ကိုယ်သိသလောက် ကလေးကိုတော့ဖြင့် ဆင်ခြေဆင်လက် ကလေးတော့ တက် ကြမှာပေါ့ဗျာ (မှန်ပါ့) ကိုယ်သိသလောက်က ခန္ဓာငါးပါး ရှိတယ်လို့ သိထားတယ် (မှန်ပါ့ ဘုရား)။

ငါးပါးရှိတယ်လို့ သိထားတော့ ဒကာ ဒကာမတွေက မေးလိမ့်မယ် ခန္ဓာပေါ်ရှုဆိုတာ ဟုတ်ပြီဘုရား၊ ခန္ဓာငါးပါးရှိ တယ် ငါးပါးမှာ ဘယ်အပေါ်မှာ ရှုရမှာတုံးဆိုတဲ့ မေးခွန်းဟာ လည်း မမေးလို့လည်း မကောင်းဘူး (မှန်ပါ့) မေးလည်း မေးထိုက်တယ်ဆိုတဲ့ သဘောလည်း သက်ရောက်ပါတယ် (မှန်ပါ့ ဘုရား)။

ခန္ဓာကိုလေးပုံ ပုံပါ

အဲဒီတော့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ခန္ဓာ ပေါ်ရှုဆိုငြားသော်လည်းကွာတဲ့ ငါ ခန္ဓာကို လေးပုံ-ပုံ ထားပါတယ် (မှန်ပါ့) သေသေချာချာ မှတ်ပါ (မှန်ပါ့)။

ခန္ဓာပေါ်ရှုဆိုတော့ ခန္ဓာက ငါးပါးဖြစ်နေတော့ ခန္ဓာ လေးပုံ-ပုံလိုက်တယ်လို့ ပြောပြန်တယ် (မှန်ပါ့ ဘုရား)။

ခန္ဓာ ဘယ်နှပုံ-ပုံလိုက်ပါလိမ့် (လေးပုံ-ပုံလိုက်ပါ တယ် ဘုရား)။

ဪ ခန္ဓာကို လေးပုံ-ပုံလိုက်တယ် (မှန်ပါ့) ဒကာ ဒကာမတို့ အခုထွက်လာတဲ့ စကားအစီအစဉ်တွေဟာ ဦးမာဒင် အလွန်ဖြောင့်တန်းပြီး လာတာတွေနော် (မှန်ပါ့ ဘုရား)။

ခန္ဓာပေါ်ရှုဆိုတော့ ခန္ဓာက ငါးပါးဖြစ်နေတော့ ဘုရား သခင်ကိုယ်တော်မြတ်ကြီးက မင်းတို့ ခန္ဓာငါးပါးရှိတယ်ဆိုငြား သော်လည်း ကွာ၊ ငါလေးပုံ-ပုံထားတယ်လို့ ဖြေပြန်တယ် (မှန်ပါ့ ဘုရား)။

သတိပဋ္ဌာန်လေးပါး

လေးပုံ-ပုံထားတယ်လို့ ဖြေတာက တခြားမဟုတ်ပါဘူး၊ ကာယာနုပဿနာသတိပဋ္ဌာန်၊ ဝေဒနာနုပဿနာ သတိပဋ္ဌာန်၊ စိတ္တာနုပဿနာ သတိပဋ္ဌာန်၊ ဓမ္မာနုပဿနာ သတိပဋ္ဌာန်း (မှန်ပါ့) သဘောကျပလား (ကျပါပြီ) ဘယ်နှပုံ ပုံလိုက် ပါလိမ့် . (လေးပုံ-ပုံပါတယ် ဘုရား)။

အေ လေးပုံ-ပုံ ဆိုငြားသော်လည်းကွာ တဲ့၊ ခန္ဓာကို လေးပုံ-ပုံပြီး တစ်ပုံပုံကို ရှု (မှန်ပါ့) ပေါ်သွားပြီ (ပေါ်သွားပါပြီ ဘုရား)။

ခန္ဓာလေးပုံ-ပုံလိုက်တော့ (တစ်ပုံပုံရှုရမှာပါ ဘုရား) လေးပုံ-ပုံပြီး တစ်ပုံပုံကိုရှု (မှန်ပါ့) သဘောကျပလား (ကျသွားပါပြီ ဘုရား)။

တစ်ပုံတည်းကိုရှုပါ

တစ်ပုံရှုတော့ကို ဘာဖြစ်မတုံးဆိုတော့ “ဧကာယနော အယံ ဘိက္ခဝေ မဂ္ဂေါ” ဘုရားကပဲ ဆက်ဟောတယ် (မှန်ပါ့ ဘုရား) ဘိက္ခဝေ = ရဟန်းတို့၊ အယံ မဂ္ဂေါ= ဤဝိပဿနာ ရှုတယ်ဆိုတဲ့မဂ္ဂင်တရားသည်။ ဧကာယနော-တစ်ပုံတည်းရှုတာ နဲ့ တစ်ကြောင်းတည်းနဲ့ နိဗ္ဗာန်ရောက်၏ (မှန်ပါ့ ဘုရား)။

တစ်ပုံပိုင်ပိုင်ရှုရင် ရောက်ပါတယ်ကွာတဲ့ (မှန်ပါ့) ဆိုတော့ ဒကာ ဒကာမတွေ ဗျာများစရာရှိသေးသလား . (မရှိပါ) သဘောပါကြပလား (ပါ ပါပြီ ဘုရား)။

သြော် လေးပုံ-ပုံပြီး သကာလ တစ်ပုံကိုရှုရင်လည်း နိဗ္ဗာန်ရောက်တယ် (ရောက်ပါတယ် ဘုရား)။

တစ်ပုံပုံရှုရင် (နိဗ္ဗာန်ရောက်ပါတယ်) နည်းပေး နေလို့ ဒကာကြွယ်တို့ ဒကာသစ်တို့ အားလုံး ဦးဗထွေးတို့ ဦးသန်းမောင်တို့ မျှော် ဝိပဿနာဆိုတာ ခန္ဓာရှုရမယ် ခန္ဓာက ငါးပါးရှိတော့ လေးပုံ-ပုံပြီး တစ်ပုံရှုရတယ် (မှန်ပါ့ ဘုရား)။

ဘယ်လိုမြင်အောင်ရှုမှာတုံး

ကောင်းပြီ ဒါဖြင့် တစ်ပုံပုံပါပြီ၊ တစ်ပုံကို ဘယ်လိုမြင် အောင်ရှုမှ ဝိပဿနာဖြစ်မှာတုံး (မှန်ပါ) စာမေးပွဲ မေးသလိုပဲ ခင်ဗျားတို့ကိုပြောနေတာပဲ (မှန်ပါ့ ဘုရား)။

လေးပုံရှိတဲ့အနက်က တစ်ပုံပုံကို ရှုရမယ်ဆိုလို့ ရှုပါပြီ၊ တပည့်တော်တို့ ဝေဒနာဖြင့် ဝေဒနာနုပဿနာ ကိုပဲ ရှုပါပြီ၊ စိတ်ကြိုက်လို့ရှိရင်လည်း စိတ်ကိုပဲရှုပါ၊ ဘယ့်နှယ်ကြောင့် ဒီလေးပုံကို ပြောရပါလိမ့်မလဲလို့ မေးခွန်းကော ထွက်မလာဘူးလား (ထွက်လာပါတယ် ဘုရား)။

ငါးပါးကို လေးပုံပုံပြီး တစ်ပုံပုံကို ရှုဆိုတာ ဘယ့်နှယ် ကြောင့် လေးပုံထဲက ဘယ်သူ့ အတွက် တွေက ဘာဖြစ်လို့ ဒီဥစ္စာ သည်ကားလို့ဆိုလို့ရှိရင်ဖြင့် လေးပုံ-ပုံပြီး သကာလ ထားရပါလိမ့် မလဲဆိုတဲ့ မေးခွန်းဟာလည်း ခင်ဗျားတို့ပဲ မေးသင့်တယ် (မှန်ပါ့) မမေးသင့်ဘူးလား (မေးသင့်ပါတယ် ဘုရား)။

မေးသင့်တော့ ဘုန်းကြီးကပဲ အဖြေထွက်ပေးပါ့မယ် ဘုရားဟောတာတွေကို (မှန်ပါ့ ဘုရား)။

ကာယာနုပဿနာ

ကွာ တဲ့၊ ဉာဏ်ဖျင်းဖျင်းနဲ့ ကိလေသာထူပြောတဲ့ ပုဂ္ဂိုလ်များ ဉာဏ်ကလည်းညံ့မယ်၊ ကိလေသာကလည်း ထူပြောလို့ရှိရင် (ကာယာနုပဿနာ ရှုရပါမယ် ဘုရား)။

ဝေဒနာနုပဿနာ

ဉာဏ်ထက်ထက်နဲ့ ကိလေသာထူပြောမယ်ဆိုလို့ရှိရင် ဖြင့် ဉာဏ်ကတော့ထက်တယ်၊ ကိလေသာကတော့ ထူပြော နေတဲ့ပုဂ္ဂိုလ်ဆိုလို့ရှိရင် ဝေဒနာရှုကွတဲ့ (မှန်ပါ့ ဘုရား)။

ဒိဋ္ဌိများများနဲ့ ဉာဏ်ကနုနုဆိုလို့ရှိရင် စိတ်ရှုကွတဲ့ (မှန်ပါ့ ဘုရား)။

ဓမ္မာနုပဿနာ

ဉာဏ်ကထက်ထက်နဲ့ ကိလေသာပါးတဲ့ ပုဂ္ဂိုလ် သစ္စာ ရှုပေး (မှန်ပါ့ ဘုရား)။

ဪ ဒါကြောင့် ဘုရားသခင်ကိုယ်တော်မြတ်ကြီး က စရိုက်အတွက် လေးပုံ-ပုံပြန်တယ် (မှန်ပါ့ ဘုရား)။

ဒကာကြွယ်မှတ်မိပလား (မှတ်မိပါပြီ) ဘယ့်နှယ် ကြောင့် လေးပုံဖြစ်သွားပါလိမ့် (စရိုက် အတွက်ပါ ဘုရား)။

စရိုက်ကွာတဲ့ မင်းတို့ ပုထုဇဉ်တွေမှာ တစ်ချို့က တဏှာများတဲ့ပုဂ္ဂိုလ်ရှိတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ) တဏှာများတဲ့ပုဂ္ဂိုလ်ရှိတယ်၊ တဏှာများပြီး ဉာဏ်ထက်ချင်လည်း ထက်နေတယ် (မှန်ပါ့)။

တချို့ကတော့ တဏှာများပြီး ဉာဏ်တုံးတာလည်းရှိ တယ် (မှန်ပါ့) တချို့က ဉာဏ်တုံးပြီး သကာလ တဏှာပါးတာ လည်း ရှိတယ် (မှန်ပါ့ ဘုရား)။

တချို့က ဉာဏ်လည်းထက် တဏှာလည်း ပါးတာ ရှိတယ် (မှန်ပါ့) ပုဂ္ဂိုလ်လေးမျိုးရှိလို့ ငါသည် လေးမျိုး ပုံလိုက်ပါတယ်တဲ့ (မှန်ပါ့) ဆိုတော့ အဖြေမှန်သွားတယ် (မှန်ပါတယ်) သဘောကျပလား (ကျပါပြီ ဘုရား)။

သြော် အဖြေမှန်သွားပြီလို့ မှတ်ကြနော် – (မှန်ပါ့ ဘုရား) အဲဒီတော့ ဘေးက ဝိပဿနာကို ဆင်ပြင်ပေးရမည့် ပုဂ္ဂိုလ်က ရမ်းပြီး သကာလ မင်းတို့လာလို့ရှိရင် ရှူကြ, ရှိုက်ကြ ဟေ့ (မှန်ပါ့ ဘုရား)။

ဒါနဲ့မရဘူး (မှန်ပါ့) ဒါနဲ့မရဘူး၊ သူ့စရိုက်ကို မရွေးတော့ဘဲနဲ့ ရမ်းပေးတဲ့ ဝိပဿနာ ဆရာလို့မှတ် (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒီလိုရမ်းနေလို့ရှိရင် သူ့အကြိုက်နဲ့၊ သူ့ဉာဏ်နဲ့၊ သူ့ ကိလေသာနဲ့၊ သူ့စရိုက်နဲ့မကိုက်တဲ့ ကမ္မဋ္ဌာန်း ပေးပြန်လည်း ဒကာသစ် ရပါ့မလား (မရပါ ဘုရား)။

အကယ်၍ ရတယ်ထားတောင်မှ အချိန်တွေ သိပ်ကြာ သွားမယ် (မှန်ပါ့) မတော် အသေက စောသွားလို့ရှိရင် ကမ္မဋ္ဌာန်း နောက်ကျပြီး မဂ်ဉာဏ်, ဖိုလ်ဉာဏ် မဆိုက်ပဲဖြစ်ရ မယ် (မှန်ပါ့ ဘုရား)။

စရိုက်က မတူကြဘူး

အဲဒါကြောင့် ဒကာ ဒကာမတွေ ကမ္မဋ္ဌာန်းဆရာ လုပ်ဖို့အရေးဟာလည်း မလွယ်သေးဘူးလို့ မှတ်ထားရမယ် (မှန်ပါ့ ဘုရား) သတိပဋ္ဌာန်လေးပါး တစ်ခါတည်း နိဗ္ဗာန် ရောက်တာတော့မှန်ရဲ့ (မှန်ပါ့) သို့သော် ရှုဉာဏ်နဲ့ ကိလေသာက ဒကာ ဒကာမတွေမှာ ဉာဏ်ထက်တဲ့ပုဂ္ဂိုလ်ရှိ မယ် (မှန်ပါ့) ဉာဏ်နုံတဲ့ ပုဂ္ဂိုလ်ကော (ရှိမှာပါ ဘုရား)။

ကိလေသာထူတဲ့ ပုဂ္ဂိုလ်ကော (ရှိမှာပါ) ကိလေသာ အသင့်အတင့်ပါးတဲ့ ပုဂ္ဂိုလ်ကော (ရှိမှာပါ) အဲဒါတွေနဲ့ တစ်ခါလိုက်ပြီး သကာလ ဝေဖန်ပါဦး (မှန်ပါ ဘုရား) ဝေဖန်ပြီး သကာလ မှ ဒီကမ္မဋ္ဌာန်းကို သူတို့ကို ပေးပါလို့ဆိုပြီး သကာလ လေးပုံဟာ ဘယ့်နှယ်ကြောင့် လေးပုံဖြစ်လာ သတုံးလို့ မေးတော့မှ ဦးမာဒင်တို့ ဦးသန်းမောင်တို့ စရိုက်ကြောင့်ပါ (မှန်ပါ့) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ဘာ့ကြောင့်တုံး (စရိုက်ကြောင့်ပါ ဘုရား) စရိုက် က မတူကြလို့ (မှန်ပါ့) ဘယ်နှပုံ ခွဲလိုက်ရသလဲ (လေးပုံ ခွဲလိုက်ရပါတယ်) ရှင်းသွားပြီလား (ရှင်းပါပြီ ဘုရား)။

ရှင်းသွားပြီတဲ့၊ ဒါဟာ ဒကာ ဒကာမတို့ အစက စပြီးရှင်းပေးတာပဲ (မှန်ပါ့)။

ကိုယ့်ဟာကိုယ်သိတယ်

အစက စပြီး ရှင်းပေးတာ ခင်ဗျားတို့ ရီကော်တာထဲမှာ ဒီဟာကိုဖွင့်ကြည့်လိုက်၊ ကိုယ်ဟာ ဘယ်စရိုက်အားကြီးတယ် ဆိုတာကို ကိုယ့်ဟာ ကိုယ်သိ (မှန်ပါ့)။

ကိုယ့်ဟာကိုယ်သိတဲ့အခါကျတော့မှ ဆရာ ဘုန်းကြီးက ဒီလိုဟောတယ်၊ ဘုရားဟောတဲ့ အတိုင်း၊ တို့ ဘယ်ကမ္မဋ္ဌာန်း ဆိုတဲ့ဥစ္စာကို ကိုယ်ကိုယ်တိုင် ဆုံးဖြတ်ချက်ချ နိုင်ပါတယ် (မှန်ပါ့) သူများမေးစရာလိုသေးသလား (မလို ပါ ဘုရား)။

ကိုယ်ကိုယ်တိုင် ဆုံးဖြတ်ချက်ချနိုင်တယ်ဆိုတဲ့ ဥစ္စာကို လည်း ငါးပါးကို လေးပါးလုပ်ပြီး ဟောလိုက်တာ ထောက်လိုက် သဖြင့် လည်း ဆုံးဖြတ်ချက်ချဖို့ ဟောထားတဲ့တရားလို့ မှတ်ပါ (မှန်ပါ့ ဘုရား)။

ကောင်းပြီ ဒါဖြင့် လေးပါးဟာဘုရားတပည့်တော် တို့ ကိုယ့်စရိုက်နဲ့ ကိုယ်ကြိုက်တာပဲ ဝေဒနာပဲရှုပါတယ်၊ တပည့်တော်တို့ တဏှာများများနဲ့ ဉာဏ်ထက်တဲ့ပုဂ္ဂိုလ်တွေမို့ ဝေဒနာ ရှုပါတယ် (မှန်ပါ့)။

စိတ္တာနုပဿနာ

ဒိဋ္ဌိများများ ကိလေသာပါးရှားတဲ့ပုဂ္ဂိုလ် ဒိဋ္ဌိစရိုက်ရှိပြီး သကာလ နေတဲ့ပုဂ္ဂိုလ်ကျတော့ စိတ္တာနုပဿနာ တပည့်တော်တို့ ရှုပါတယ်ဆိုပြီး ကိုယ့်စရိုက်နဲ့ ကိုယ်ရွေးပြီး ဒကာသစ် ရှုလိုက် တာပေါ့ (မှန်ပါ့)။

ရှုလိုက်တဲ့အခါကျတော့ ဝေဒနာရှု၊ စိတ်ရှု၊ ကိုယ့်စရိုက် နဲ့ ကိုယ်ကြိုက်တာရှု (မှန်ပါ့) ရှုတဲ့အထဲက ရှုတော့ ဘယ်လို မြင်မှ အမြင်မှန်တုံး (မှန်ပါ)။

ဒီအမေးကလည်း ထွက်ရဦးမယ် (မှန်ပါ့) ဒီအမေးဟာ မထွက်သင့်ဘူးလား (ထွက်သင့်ပါတယ် ဘုရား)။

ဘယ်လိုမြင်မှ အမြင်မှန်ပါလိမ့်

ဘယ်လိုမြင်မှ အမြင်မှန်ပါလိမ့်မလဲဘုရားဆိုတာ ဦးမာဒင်တို့၊ ဦးဗထွေးတို့၊ ဦးသန်းမောင်တို့ မေးသင့်တယ် (မေးသင့်ပါတယ်) မမေးသင့်ဘူးလား (မေးသင့်ပါတယ် ဘုရား)။

ကိုယ်လုပ်သာနေရတယ်၊ ဒီကမ္မဋ္ဌာန်းနဲ့ ကိုယ်နဲ့ သင့်မသင့်ကို ကြည့်လိုက်တော့၊ ဒီအမြင် ကလေးက သူ့အမြင်က မှန်နေမှသာလျှင်၊ ဪ ဒီကမ္မဋ္ဌာန်းနဲ့ ငါနဲ့တည့်တယ် ဆိုတာလည်း၊ အားတက်သရောဖြစ်ပြီး သကာလ ထွက်ရပ်လမ်း ပေါက်မည့် တရားဟာ၊ ဪ ဒီတရားပါလား ဆိုတာ ကိုယ့်ဟာကိုယ်လည်း အားတက်ပြီး၊ ကိုယ့်ဟာကိုလည်း ဆုံးဖြတ် ချက်ချပြီး သကာလ၊ ဒကာ ဒကာမတို့ အရောက်သွားချင်တဲ့ စိတ်ကလည်း ပြင်းထန်လာတယ် (မှန်ပါ့ ဘုရား) ဦးသန်းမောင် ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် ရမ်းပေးနေတဲ့ ပုဂ္ဂိုလ်တွေ အတွက်ဆိုရင်ဖြင့် ဒီဥစ္စာအင်း နစ်နာမသွားဘူးလား (မှန်လှပါ) မနစ် နာပေဘူးလား (နစ်နာပါတယ် ဘုရား)။

အေး ဒါကြောင့် အခု “အမ်ဘီဘီအက်စ်” တွေဆို တဲ့ ဆရာဝန်တွေ ဘယ်လိုပင် အောင်ငြားသော်လည်း တချို့ သူနိုင်ရာ၊ သူနိုင်ရာကလေးကုကြတာ၊ ခင်ဗျားတို့ ချိန်ကြည့်ကြတော့ (မှန်ပါ့) ကျောင်းတက်တုန်းကတော့ အကုန်သင် ခဲ့တာပဲ (မှန်လှပါ ဘုရား)။

ကျောင်းတက်တုန်းကတော့ အကုန်သင် ရတာပဲ။ တစ်တန်းတည်းသင်ရတာ (မှန်ပါ့) သို့သော်လည်း လူမမာကုတဲ့နေရာစွမ်းရာ၊ စွမ်းရာ ဆိုတော့ ဦးမာဒင် တခြား စီပေါ့ဗျာ (မှန်ပါ့) တစ်မျိုး တစ်ဖုံစီကော သူတို့နားလည် မှုမှာ ပိုမိုကြရဲ့လား (မပိုမိုပါ ဘုရား)။

ဒီအတိုင်းပါပဲတဲ့၊ ဒီမှာ ဝိပဿနာရှုလိုက်တဲ့အခါကျလို့ ရှိရင် အမြင်မှန်ဟာ ကိုယ့်စရိုက်နဲ့ တော်တဲ့ဟာကျတော့ အမြင် မှန်ဟာ မြန်မြန်ပေါ်လာတယ် (မှန်ပါ့)။

ကိုယ့်စရိုက်နဲ့တော်တဲ့ဟာကျတော့ (အမြင်မှန်ဟာ မြန်မြန်ပေါ်လာတယ် ဘုရား)။

ဒီလိုမြင်မှအမြင်မှန်

အမြင်မှန် အမြန်ပေါ်လာတယ်ဆိုတော့ အမြင်မှန်ဟာ ဘယ်ဟာတုံးလို့ မေးတဲ့အခါကျတော့၊ ဝေဒနာရှုပြန်ရင် ဝေဒနာကိုမတွေ့ဘဲနဲ့ ဝေဒနာတို့၏ ဖြစ်မှုပျက်မှုတွေ့ရမယ် (မှန်ပါ့) စိတ်ကိုရှုပြန်လည်း စိတ်ကိုပဓာနထားပြီး မတွေ့ဘဲနဲ့ စိတ်၏ဖြစ်မှုပျက်မှုတွေ့ရမယ် (မှန်ပါ့)။

ဒါကိုရှုကြပါ (မှန်ပါ့) ရှုကြည့်တော့ သြော် ဝေဒနာ ရှုခိုင်းပေမယ့် ဘုရားတပည့်တော်ဖြင့် ဖြစ်မှုပျက်မှုပဲ ဉာဏ်ထဲမှာထင်တယ် (မှန်ပါ့)။

ကိုယ်နဲ့ကိုက်တဲ့တရား

စိတ်အရှုခိုင်းပြန်လည်း ဖြစ်မှုပျက်မှုပဲ ထင်ပါတယ် ဘုရား၊ ရုပ်အရှုခိုင်းပြန်လည်း ဖြစ်မှုပျက်မှုသာ ထင်ပါတယ် ဆိုတော့၊ ဖြစ်မှု ပျက်မှုထင်ရင် ကိုယ့်စရိုက်နဲ့ကိုက်တဲ့ တရားလို့ မှတ်လိုက် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဖြစ်မှုပျက်မှုမြန်မြန်ထင်လာရင် ဘယ့်နှယ်ဆိုကြမလဲ (ကိုယ့်စရိုက်နဲ့ ကိုက်တဲ့တရားပါ ဘုရား)။

ကိုယ့်စရိုက်နဲ့ ကိုက်တဲ့တရားလို့ဆိုတော့၊ ဒီလိုလည်း ဝေဖန်စရာတွေဟာ ဝိပဿနာ အလုပ်မှာလည်း ဆရာကောင်း လိုပါကလားဆိုတာ ဒကာကြွယ် ဒါအားလုံးမှာ စစ်ဆေးဖို့ ဘုရားဟောတော် မူတာလို့ မှတ်ရမယ် (မှန်ပါ့) ရမ်းပြီးလုပ်လို့ ဖြစ်ပါ့မလာ (မဖြစ်ပါ ဘုရား)။

အနိစ္စရမ်းစိပ်တယ်

ဒါကြောင့် ဘုန်းကြီးတို့ ရှေးက မပေါ်ခင်တုန်း က ဒီဝိပဿနာ ဒါလောက်ဘုန်းကြီးများ မနိုးကြား ခင်တုန်းက ဆိုရင် စိပ်လိုက်တဲ့ အနိစ္စဟာ ကျုပ်ဘယ်နှစ်ပတ် ရတယ် (မှန်ပါ့) ကျုပ်ဘယ်နှစ်ပတ် ရတယ်နဲ့ ဘယ်စရိုက်နဲ့မှ သူတို့ စစ်ဆေးတာ မဟုတ်ဘူး သက်သက် အနိစ္စ ရမ်းစိပ်တာပဲ (မှန်ပါ့) ဘာမှလည်း မမြင်ဘူး (မှန်ပါ့) ဘာမှလည်း မမြင်ဘူး ဒုက္ခချုပ်တဲ့နိဗ္ဗာန် မင်းမြင်ရဲ့ လား မမြင်ပါ ဘူး (မှန်ပါ့) ကုသိုလ်ဖြစ်စိပ်တယ် (မှန်ပါ့ ဘုရား)။

အဲဒီလိုဟာတွေကို ဦးမာဒင်တို့ ရိပ်မိပြီ (ရိပ်မိ ပါတယ် ဘုရား) ဪ ဆရာ့အပေါ်မှာ တာဝန်ရှိတာ လည်းသူမသိရှာဘူး (မှန်လှပါ ဘုရား)။

ကုသိုလ်တော့ရပါတယ်

ကုသိုလ်ရတာ တစ်ခုလောက်သာ သိတယ် (မှန်ပါ့) ကုသိုလ်မရဘူးလို့ မဟောဘူး၊ နိဗ္ဗာန်မရဘူးလို့ဟော တယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဝိပဿနာ လုပ်နေတဲ့ပုဂ္ဂိုလ်များ ကိုယ့်စရိုက်နဲ့ မတော် တာ လုပ်နေပြန်လို့ရှိရင်လည်း ကုသိုလ်တော့ (ရပါတယ် ဘုရား) နိဗ္ဗာန်တော့ (မရပါ ဘုရား)။

ဒါလည်း သိပ်လိုပါကလား (လိုပါတယ်) ဒါ- သိပ် လိုပါကလားဆိုတဲ့ ဒီဥစ္စာ ရှေ့နေဝတ်လုံ များ စစ်သလို စစ်ကြော နေတာ (မှန်ပါ့)။

ဒါ သိပ်အရေးကြီးတဲ့ စကားလို့ အဖိုးတန်တဲ့နားမှာဖြင့် ” ဪ ဒီဥစ္စာ မလုပ်ခင် စဉ်းစားရမည့် အလုပ်တွေပါလား (မှန်ပါ့)။

နို့မဟုတ်ရင် လကုန် နှစ်ဖြုန်းပြီး သကာလ အသေစော တတ်တယ် (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါ ပြီ ဘုရား)။

ရှင်သာရိပုတ္တရာ

ဒါကြောင့် ဘုန်းကြီးတို့ရှင်းပြီးတော့ ပြပါတယ် ဒကာကြွယ် ရှင်သာရိပုတ္တရာဟာ ပညာအရာမှာဖြင့် ဘုရားအောက်မှာ သူ့ထက်ကြီးမရှိပါဘူး (မှန်ပါ့)။

ပန်းထိမ်သည်ကို သုံးလ ကမ္မဋ္ဌာန်းပေးကြည့်တယ်၊ အသုဘကမ္မဋ္ဌာန်း ပေးကြည့်တယ် (မှန်ပါ့ ဘုရား) ရရဲ့လား (မရပါ ဘုရား)။

ဒီပုဂ္ဂိုလ် ငါချွတ်လို့ မရပါဘူးဆိုပြီး ဝါတွင်းသုံးလပတ် လုံး ပထမလ, သွားမေးတယ်၊ ဘာမှ ဖြစ်-ပျက် မမြင်ဘူး (မှန်ပါ့) ဒုတိယလသွားမေးတယ် ဖြစ်ပျက်မမြင်ဘူး (မှန်လှ ပါ ဘုရား) ခက်ပေါ့ကွာ၊ ဒါကိုထပ်လုပ်ပါကွာတဲ့၊ ပန်းထိမ်သည် ကို သူကသင်နေတာ-(မှန်ပါ့) တတိယလ သီတင်းကျွတ်ခါနီး သွားမေးတယ် ဘာမှမမြင်ဘူး (မှန်ပါ့)။

စရိုက်နဲ့မတော်လို့

ဟာ ခက်ပြီကော၊ တရားကအမှန်ပဲ၊ တရားတော့ မှန်တာပေါ့၊ သူ့စရိုက်နဲ့က မတော်ပဲကိုး (မှန်ပါ့)။

တရားကတော့ ဘယ်မှာမမှန်တာရှိမလဲ (မှန်ပါ့) သူ့စရိုက်နဲ့ (မလျော်ပါ ဘုရား)။

သူ့စရိုက်ကြိုက် တရားက မဟုတ်တော့ လုပ်သာနေရ – တယ် ဦးသန်းမောင် ဘာမှမထင်လာဘူး (မှန်ပါ့)။

ဒါနဲ့ သီတင်းကျွတ်တော့ဘုရားဆီခေါ်သွားပြီး ဒီပုဂ္ဂိုလ် ဟာ ဘုရားချွတ်မှရမှာ သူချွတ်လို့ရမှာ မဟုတ်ဘူး ဆိုတော့ ဒကာကြွယ်က ကြားထဲက ပုဏ္ဏားတိုင်လုပ်ပါ (မှန်ပါ့)။

ဘယ့်နှယ်ကြောင့် ဒီကိုယ်တော်ကလေး ဘာဖြစ်နေပါ လိမ့်မတုံး၊ ငယ်ငယ်က ရဟန်းဖြစ် လာတဲ့ ကိုယ်တော်ကလေးပဲ။ ကိုယ်တော်ကလေး အားထုတ်တာ ညံ့လို့လား၊ ဆရာမှားနေ လို့လားဆိုတဲ့ ဥစ္စာကိုလည်း စဉ်းစားကြည့်ပါ (မှန်လှပါ ဘုရား) ဘယ့်နှယ်ခင်ဗျားတို့ ဆုံးဖြတ် ချက်ချမလဲ (ဆရာမှားနေ လို့ပါ ဘုရား)။

ဟာ-ခင်ဗျားတို့ ရှင်သာရိပုတ္တရာကြီးကို သွားမလုပ်ပါနဲ့ အင်မတန် အရေးကြီးတဲ့ ကိုယ်တော်ကြီး၊ တကယ့်ကို ပညာ အရာမှာ ငါ့အောက် သူတစ်ယောက်သာ ရှိတယ်ကွလို့ ဘုရား ကတောင် ဗျာဒိတ်ပေးထားသေးတာ ဒကာကြွယ်တို့ရာ ရှင်သာရိပုတ္တရာ မှားနေလို့ဆိုတော့ သူ့ကိုစွပ်စွဲရာ မရောက် ပေဘူးလား (ရောက်ပါတယ် ဘုရား)။

ဒါ စွပ်သာစွပ်စွဲပါတယ် တဲ့ ဘယ်သူ ဖြစ် ဖြစ် ဒကာ ဒကာမတို့ “ဣန္ဒိယပရော ပရိယတ္တိဉာဏ်” ဆိုတာက ဘုရားမှာသာရတယ် (မှန်ပါ) အောက်ပုဂ္ဂိုလ်တွေမရဘူး (မရပါ ဘုရား) ဒါ့ကြောင့် စရိုက်ဖမ်းလွဲနေတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

“ဣန္ဒိယပရောပရိယတ္တိ ဉာဏ်” ဣန္ဒြေ္ဒ ရင့် -မရင့် ဟုတ်လား (မှန်ပါ့)။ အဲဒါကို မသိတော့ လည်းတဲ့ ဒကာ ဒကာမတို့ ဘယ်လို ရဟန္တာကြီးဖြစ်လို့ ဘယ်လိုပေးပေး၊ ဒကာ ဒကာမတို့ မရနိုင်ဘူး ဆိုတဲ့ အဓိပ္ပာယ်လည်း ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒီပြင် စကားစပ်မိလို့ ပြောပါဦးမယ်၊ ဒကာ ဒကာမတို့ ဒါ ဗဟုသုတချည့် ရှေ့ပိုင်းက ပြောနေတာ၊ အလုပ်ခွင်ကို တန်းပေးချင်လို့ ပြောနေတယ်လို့ မှတ်ပါ (မှန်ပါ့)။

ရဟန္တာတွေပြေးရတယ်

မိလိန္ဒမင်းကြီး မေးတော့ ဦးမာဒင် ရဟန္တာတွေ ပြေးရ တယ် (မှန်ပါ့ ဘုရား) မိလိန္ဒမင်းကြီး မေးတော့ ရဟန္တာတွေ ဘာတုံး (ပြေးရပါတယ် ဘုရား)။

ဟာ ဘာဖြစ်လို့ ပြေးရတာတုံး၊ ရဟန္တာဆိုတဲ့ဥစ္စာ ကိလေသာကုန်ပေါ့ပဲ၊ မေးတာကို ဒေါက်ခနဲ ဒက်ခနဲဖြေ ပါတော့လားဆိုတဲ့ဥစ္စာ ခင်ဗျားတို့ ပြောစရာကြီး တစ်ခုပေါ်လာတယ် (ပေါ်ပါတယ် ဘုရား)။

မဖြေနိုင်လို့ ဗြဟ္မာပြည်သွားပြီး တောင်းပန်ရတယ် (မှန်ပါ့) ဗြဟ္မာပြည်ကနေပြီး စုတေစိတ်ချပြီး လူ့ပြည်လာပြီးတော့ကို ပညာသင်ပါ၊ ပညာသင်ပြီးတော့ မိလိန္ဒမင်းကြီးကို အဖြေထုတ်ပါဆိုတဲ့ ဥစ္စာကို ရဟန္တာတွေကိုယ်က သွားတောင်း ပန်ရတယ်၊ သူတို့မဖြေနိုင်လို့ (မှန်ပါ့)။

ရဟန္တာဆိုတာ သူ့အရေးသာပြီးတာ

ဪ ဒါဖြင့် ရဟန္တာဆိုရင် ခင်ဗျားတို့က အလုံးစုံ အကုန်ပြီးတယ်တဲ့၊ သူ့အရေးသာ သူပြီးတာလို့မှတ်၊ သူများ အရေး အကုန်ပြီးတယ်လို့မဆိုနဲ့ (မှန်လှပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ရဟန္တာဆိုတာ (သူ့အရေးသာ သူပြီးပါတယ်) သူများအရေးပြီးဖို့ရာကျတော့ သူ့မှာ မပါလာ သေးဘူး (မှန်ပါ့) သဘောပါပလား (ပါ-ပါပြီ ဘုရား)။

ဘုရားမှာသာ သူ့အရေးလည်းပြီး သူများအရေးလည်း ပြီးအောင်ဆွဲနိုင်တယ် (မှန်ပါ့) ကျန်တာတွေ ကတော့ အကုန် မဆွဲနိုင်ဘူး ဆိုတာ မှတ်လိုက်ပါတော့ (မှန်ပါ့)။

ဒီပြင်လူ မဆိုထားပါနဲ့ ဦးမာဒင်၊ ရှင်းရှင်းပဲ မှတ်လိုက်။ စမ်းပါ (မှန်ပါ) သစ္စာမသိဘဲနဲ့ နိဗ္ဗာန်မြင်ပါ့မလား (မမြင်ပါ ဘုရား)။

ပစ္စေကဗုဒ္ဓါတွေ

ဒါဖြင့် ဘုရားမပွင့်ရင် ဘုရားငယ်တွေဆိုတာ ပစ္စေကဗုဒ္ဓ မြတ်စွာဘုရားတွေနော် (မှန်ပါ့) နိဗ္ဗာန်တော့ သူတို့ရောက်ကြတယ် (မှန်ပါ့) သူများကို ဟောစမ်းပါဆိုတော့ မဟောနိုင်ဘူး (မှန်ပါ့) ကဲ ဒကာကြွယ် သူများကို ဟောပါဆိုတော့ (မဟောနိုင်ပါ ဘုရား)။

သူပေးတဲ့ဆုကြည့်ပါ၊ ခင်ဗျားတို့က ဆွမ်းလှူတော့ “ဣစ္ဆိတံ ပတ္ထိတံ တုယှံ ခိပ္ပမေဝ သမိဇ္ဈတု” မင်းအလိုရှိတာ ပြည့်စေတဲ့- (မှန်ပါ့) ဒီပြင် မပေးကြဘူး၊ ဒါပဲပေးတယ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

သူဟာ သစ္စာသိပါတယ်တဲ့၊ သူတစ်ပါးဟောဖို့ မရဘူး (မှန်ပါ့)။

သူတစ်ပါးမချွတ်နိုင်ဘူး

အဲဒီတော့ ဒကာ ဒကာမတို့ ရဟန္တာထက် ပစ္စေကဗုဒ္ဓါ က သာပါတယ် (မှန်ပါ့) အဲဒါ သူတစ်ပါးကို မချွတ်နိုင် ဘူး (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

အဲဒီတော့ ခင်ဗျားတို့မှာတော့ အခုကော ဘုရားပွင့်တဲ့ ခေတ်အခါနဲ့ တွေ့ကြုံရလို့ ဘုရားက သစ္စာတွေ ဟောထားလို့ ဘုန်းကြီးများက တစ်ဆင့် သစ္စာတွေ ဟောရပါတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဲဒီတော့ ပစ္စေကဗုဒ္ဓါတို့ ခေတ်ထက် သာနေတဲ့အခါ လို့မှတ်ပါ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကဲ ဒါဖြင့် ဒကာ ဒကာမတို့ ကိုယ့်အရည်အချင်း လည်း ကိုယ်သိကြပြီ (မှန်ပါ့)။ ကိုယ့်အပျင်း ကလေးလည်း မဖက်ဖို့၊ ဒါကလေးက လည်း တောင်းပန်ရတယ် (မှန်ပါ့) ဒါကလေးကတော့ မတောင်းပန်လို့မဖြစ်ဘူး (မှန်ပါ့)။

အရည်အချင်းကပြည့်စုံကြပြီ

ကိုယ့်အရည်အချင်းကတော့ ဘယ့်နှယ်တုံး၊ ပါရမီမျိုးစုံ စုံပါပေါ့လားဆိုရင် မလွဲဘူး (မလွဲပါ ဘုရား) ကိုယ့်အရည် အချင်းက ပြည့်စုံရဲ့၊ ကိုယ့်အပျင်းမဖက်ရင် ဒကာကြွယ် ရ-ရ မယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ကိုယ့်အရည်အချင်းကတော့ ဒကာသစ် ဘယ့်နှယ် တုံး (ပြည့်စုံပါတယ် ဘုရား) ကိုယ့်အပျင်းကလေးက (မဖက်ပါနဲ့ ဘုရား) မဖက်ဖို့ (မှန်ပါ့) ဒါကလေးတော့ တောင်းပန် ရတယ် (မှန်ပါ့) မတောင်းပန် သင့်ဘူးလား (တောင်းပန်သင့်ပါတယ် ဘုရား)။

အပျင်းမဖက်ပါနဲ့

ဘယ်လိုပင် အရည်အချင်း ပြည့်စုံငြားသော်လည်း အပျင်းကလေးဖက်လာတဲ့အခါကျတော့ ဒကာ ဒကာမတို့ ပျင်းတယ်ဆိုတာသည် ပဋိစ္စသမုပ္ပါဒ်တန်းမလို့ ထွက်လာတာ (မှန်ပါ့)။

ကြည့်ပါ၊ ပျင်းလာတယ်ဆိုတာသည် ဆုတ်နစ်တဲ့ ဒေါသ (မှန်ပါ့)၊ ဒေါသနောက်ကနေပြီး သကာလ သောက လိုက်တာတယ် (မှန်ပါ့) သောကနောက်ကနေပြီး ပရိဒေဝ လိုက်လာတယ် (မှန်ပါ့) ဒုက္ခဒေါမနဿ လိုက် လာတယ်၊ ဥပါယာသ လိုက်လာတယ် (လိုက်ပါတယ်) သူတို့လိုက်တာ သူတို့ဟာ သူတို့ချည့် သက်သက်နေသလားဆို တော့ အဝိဇ္ဇာနဲ့ တွဲနေတယ် (မှန်ပါ့)။

ဘာနဲ့ တွဲနေသလဲ (အဝိဇ္ဇာနဲ့တွဲနေပါတယ် ဘုရား)။

ကိုင်း တရားဆက်ပြီးနာကြ (မှန်ပါ့) ဒကာ ဒကာမတို့ စရိုက်တွေကြောင့် သတိပဋ္ဌာန် လေးပါး ဖြစ်ရတယ် (မှန်ပါ့) သတိပဋ္ဌာန်လေးပါးကို ကိုယ့်စရိုက်နဲ့ ကိုယ်ကြည့်လို့ ကိုယ့်စရိုက်နဲ့ တော်တဲ့တရားကို ကြည့်လိုက်တဲ့အခါ မြင်လို့ရှိ ရင်ဖြင့် ကိုယ့်စရိုက်နဲ့ လျော်တဲ့တရားလို့ ကိုယ့်ဟာကိုယ် ဘယ်လိုဆုံးဖြတ်ချက်ချမလဲလို့ အမေးထုတ်ရမယ် (မှန်ပါ့)။

ကိုယ့်စရိုက်နဲ့လျှော်တဲ့တရား

ဖြစ်မှုပျက်မှုတွေကို ဉာဏ်မြင်ခဲ့သည်ရှိသော် သြော် ရှုနေတဲ့ပုဂ္ဂိုလ်ဟာ ဝေဒနာရှုတဲ့ ပုဂ္ဂိုလ်ဟာ ဝေဒနာနဲ့ ငါသည် စရိုက် သေသေချာချာ တိုက်တိုက်ဆိုင်ဆိုင် ညီညွတ်တာပဲဆိုတာ ဆုံးဖြတ်ချက်ချ (မှန်လှပါ ဘုရား)။

စိတ်ရှုလို့ ဖြစ်မှုပျက်မှုဆိုတဲ့ အနိစ္စကို ဉာဏ်မြင်ခဲ့သော် ခပ်မြန်မြန်မြင်ခဲ့သော် အားလုံး ဒကာ ဒကာမတွေ ဒါ ကိုယ့်စရိုက်နဲ့လျော်တဲ့ တရားလို့မှတ်ပါ (မှန်ပါ့) သဘော ကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ဒကာဒကာမတို့ အမြင်မှန်ဆိုသည် ဝေဒနာရှု လို့ ဝေဒနာမတွေ့ဘဲနဲ့ အဖြစ်အပျက် တွေ့ပါတယ် (မှန်ပါ့) စိတ်ရှုတဲ့အခါလည်း စိတ်မတွေ့ဘဲနဲ့ (ဖြစ်ပျက် တွေ့ပါတယ် ဘုရား)။

ဘာဖြစ်လို့ စိတ်ရှုပါဆိုပြီး ဖြစ်ပျက်ဘက် ကူးပြီး သကာလ ဉာဏ်အတွေ့ ပြောင်းရပါသတုံးလို့ မေးခွန်းထုတ်ဖို့ လိုတယ် (လိုပါတယ် ဘုရား)။

ဘုရားက ဟောရှာတယ် (မှန်ပါ့) ဘုရားက ဟော ရှာတယ် မင်းတို့ဘာပဲရှုရှု “သမုဒယဓမ္မာနုပဿီ ဝါ ဝေဒနာသု ဝိဟာရတိ၊ ဝယဓမ္မာနုပဿီ ဝါ ဝေဒနာသုဝိဟရတိ” မင်းတို့ ဘယ်လိုပဲ ဝေဒနာရှုရှု သမုဒယနဲ့ ဝယ မြင်မှ ပြီးတယ် (မှန်ပါ့ ဘုရား)။

ဖြစ်ပျက်မှုမြင်ပြီးတယ်

ဒါ သူ့ပါဠိတော်ပဲ (မှန်ပါ့) ဖြစ်မှုပျက်မှုတွေ့မှ ပြီးတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ထို့အတူပဲတဲ့ စိတ်ရှုတဲ့ပုဂ္ဂိုလ်လည်းတဲ့ စိတ်တွေ့နေလို့ ရှိရင် မဟုတ်သေးဘူး (မှန်ပါ့) လုံးလုံးမဟုတ်တာလားဆိုတော့ လုံးလုံးမဟုတ်တာတော့ မဟုတ်ပါဘူး။ ဉာဏ် အောက်ကျတယ် (မှန်ပါ့ ဘုရား)။

နာမပရိစ္ဆေဒဉာဏ်ဖြစ်သွားတယ် (မှန်ပါ့ ဘုရား) ဥဒယဗ္ဗယဆိုတဲ့ ဝိပဿနာဉာဏ်မဖြစ်ဘူး (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘာတွေ့မှ ဝိပဿနာဉာဏ် ဖြစ်လာသတုံး ဆိုတော့ “သမုဒယဓမ္မာနုပဿီ ပါ စိတ္တသ္မိံ ဝိဟရတိ” စိတ်ရှုပေမယ့် ဖြစ်မှုမြင်မှ ဟေ့-တဲ့ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

“ဝယဓမ္မာနုပဿီ ဝါ စိတ္တသ္မိံ ဝိဟရတိ” ဒကာ ဒကာမ တို့ အပျက်ကိုမြင်တဲ့ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

သြော် ဒါဖြင့် တို့အလုပ်သည်ကားလို့ ဆိုလို့ရှိရင် ဖြင့် တို့စရိုက်နဲ့ တည့်မတည့်ဟာဖြင့်၊ ရှုစရာမရှိလို့ရှိရင်ဖြင့် ဝေဒနာကို နာမည်တပ်ပြီး ပြောလိုက်ရပါတယ်၊ အမြင်မှာ ဖြစ်ပျက်ပါပဲ (မှန်ပါ့)။

အမြင်တွေ့ရမှာကတော့ (ဖြစ်ပျက်ပါ) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့် ဒီလိုသိတဲ့အခါကျလို့ရှိရင်ဖြင့် တို့သည်ကားလို့ဆိုရင်ဖြင့် အဲဒီ အချိန်ကစပြီး သကာလ “အယံ ဝုစ္စတိ ဘိက္ခဝေ အသင်္ခတဂါမိမဂ္ဂေါ”။

ဖြစ်ပျက်တွေ့ရင်မပူနဲ့တော့

ဘိက္ခဝေ = ရဟန်းတို့။ အယံ =ဤဖြစ်ပျက် မြင်တဲ့ ပုဂ္ဂိုလ်ကို။ အသင်္ခတဂါမိမဂ္ဂေါ= မသေရာမှန် ပြည်နိဗ္ဗာန်သို့ ရောက်ကြောင်းအဖြစ်သို့ လမ်းပေါ်တက်မိသည်မည်၏ဟူ၍၊ ဝုစ္စတိ = ဆိုအပ်၏ (မှန်ပါ့ ဘုရား)။

ဘာမှမပူနဲ့တော့ (မှန်ပါ့) ဖြစ်ပျက်တွေ့နေလို့ရှိ ရင်ဖြင့် ဘာမှမပူနဲ့တော့ (မှန်ပါ့) မသေရာမှန် ပြည်နိဗ္ဗာန် ဆိုတဲ့ အသင်္ခတဓာတ်၊ အသင်္ခတဆိုတာ နိဗ္ဗာန်နော် (မှန်ပါ့) ဂါမိမဂ္ဂေါ ဆိုတာ ရောက်ကြောင်း (မှန်ပါ့)။

အဲ မသေရာမှန် ပြည်နိဗ္ဗာန်သို့ ရောက်ကြောင်း ဟာဖြင့် ကိုယ့်ကိုယ်ကို ဒကာ ဒကာမတွေက ဆုံးဖြတ်ချက် ချချင်လို့ရှိရင် ငါရောက်မည့်ပုဂ္ဂိုလ်လား၊ မရောက်မည့် ပုဂ္ဂိုလ် လားဆိုတာကို ဘာနဲ့မှ ဒီဂရီမထိုးဘဲနဲ့ ခန္ဓာထဲ စိတ်ရှုလို့ စိတ် ဖြစ်ပျက်တွေ့တဲ့ပုဂ္ဂိုလ် (မှန်ပါ့ ဘုရား)။

ငါနိဗ္ဗာန်ရောက်မည့်ပုဂ္ဂိုလ်အစစ်

ရုပ်ရှုလို့ ရုပ်ဖြစ်ပျက်တွေ့တဲ့ပုဂ္ဂိုလ် – (မှန်ပါ့)၊ ရုပ်ကလေးတွေ မရှိဘူး-မရှိဘူး၊ ခုနင်က ရုပ်ကလေး အခုမရှိ ဘူး၊ ခုနင်က နာမ်ကလေး အခုမရှိဘူး၊ ခုနင်က ဝေဒနာကလေး အခုမရှိဘူး၊ ခုနင်က စိတ်ကလေး အခုမရှိဘူး (မှန်ပါ့ ဘုရား)။

အဲဒီ မရှိမှုကလေးကို ရှိရာက မရှိမှုကလေး သိမှုကို တွေ့လို့ရှိရင် ငါနိဗ္ဗာန်ရောက်မည့် ပုဂ္ဂိုလ်အစစ်လို့ ဆုံးဖြတ်ချက် ချ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် နိဗ္ဗာန်ရောက်မည့် ပုဂ္ဂိုလ်အစစ်ကိုလည်း ခင်ဗျားတို့ ဘုရားဟော ပါဠိတော်နဲ့ ယနေ့ ဝေဖန်ပေးပါတယ် (မှန်ပါ့) ဝေဖန်ပေးလိုက်တော့ကို မရှိတာတွေ့မှ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ရှိရာကမရှိတာတွေ့မှ အနိစ္စ

ဝေဒနာရှုပြန်လဲ (မရှိတာတွေ့မှပါ ဘုရား)။ စိတ်ရှု ပြန်လဲ (မရှိတာတွေ့မှပါ ဘုရား)။

ဒါလဲ သူလုံးဝမရှိတာက မရှိတာမဟုတ် (မှန်ပါ့) ရှိရာက မရှိတာတွေ့ရမယ် (မှန်ပါ ဘုရား)။

ဦးသန်းမောင် မှတ်မိပလား (မှတ်မိပါပြီ) ရှိရာက (မရှိတာတွေ့ရပါမယ် ဘုရား)။

နဂိုက ဒီနေရာမှာ ဒီပစ္စည်းလေးရှိတယ် (မှန်ပါ့) အခု သွားကြည့်တော့ မရှိဘူး (မှန်ပါ့) သြော် မရှိဘူးဆိုပြီး ရှိရာက မရှိတာသိမှ အနိစ္စ (မှန်ပါ့ ဘုရား)။

ရှိရာက (မရှိတာသိမှ အနိစ္စပါ ဘုရား) အဲ ရှိရာက မရှိတာသိမှသာလျှင် အနိစ္စလည်းဆို, အနတ္တလက္ခဏာ လည်းဆို (မှန်ပါ့ ဘုရား) သိတာဟာ အနိစ္စဉာဏ်လည်း ဖြစ်သွားပါတယ် (မှန်ပါ ဘုရား)။

ဒါဖြင့် ဝိပဿနာရှုတဲ့ ပုဂ္ဂိုလ်များ ကိုယ့်အခြေအနေကို ကိုယ် အကဲခတ်ချင်တယ်၊ ငါ ဒီဘဝ နိဗ္ဗာန်ရောက်လား မရောက်ဘူးလားလို့ ကိုယ့်ဟာကိုယ် စောဒနာပြီး သကာလ ကိုယ့်ဟာကိုယ် စစ်ဆေးဖို့ရာလည်း ဆရာဘုန်းကြီးက နည်းပေး လိုက်တာ၊ ရှိရာက မရှိတာကိုသိတဲ့ ပုဂ္ဂိုလ်ဆိုလို့ရှိရင် ဒီဘဝရောက်နိုင်တဲ့ ပုဂ္ဂိုလ်ပဲ (မှန်ပါ့) ပေါ်ပလား ဒကာကြွယ် (ပေါ်ပါပြီ ဘုရား)။

ဒီဘဝနိဗ္ဗာန်ရောက်နိုင်တဲ့ပုဂ္ဂိုလ်

ရှိရာက မရှိတာကိုတွေ့အောင် ဖမ်းနိုင်တဲ့ပုဂ္ဂိုလ်ဟာ ဘာတုံး (ဒီဘဝ နိဗ္ဗာန်ရောက်နိုင်တဲ့ ပုဂ္ဂိုလ်ပါ ဘုရား)။

ဒီဘဝ နိဗ္ဗာန်ရောက်နိုင်တဲ့ပုဂ္ဂိုလ်ပဲဆိုရင် ဗေဒင်သွားမေး မနေနဲ့၊ သူကအမှန် (မှန်ပါ့ ဘုရား)။ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ရှိရာက (မရှိတာတွေ့ပါတယ်) ရှိရာက မရှိတာ တွေ့တယ် (မှန်ပါ့) အဲဒါတွေ့လို့ရှိရင် အစကလေး တွေ့လို့ ရှိရင်လည်း တစ်ကိုယ်လုံးက “သဗ္ဗေ သင်္ခါရာ အနိစ္စ” လို့ဆိုသော ကြောင့် တောက်လျှောက်တန်းတွေ့တယ် (မှန်ပါ့ ဘုရား)။

ဟိုနေရာက ဖျတ်ဖျတ်၊ ဒီနေရာက ဖျတ်ဖျတ်နဲ့ တွေ့တာပဲ (မှန်ပါ့) တွေ့လို့ရှိရင် လိုက်ပေတော့ (မှန်ပါ့ ဘုရား)။

တွေ့လိုရှိရင် ဒကာ-ဒကာမတို့ ဝိပဿနာနည်းပေးပြီ (မှန်ပါ့) ကိုယ့်ပါရမီစုံလို့ ငါနိဗ္ဗာန် ရောက်မည့် ပုဂ္ဂိုလ်ဆိုတာ ကိုယ့်ဟာကိုယ် ဆုံးဖြတ်ချက်ချပြီးသည့်နောက်ကို တွေ့ စလည်းပြုပါရော ဒကာသစ်ရေ အကုန်လျှောက်လိုက် (မှန်ပါ့ ဘုရား)။

အကုန်လျှောက် လိုက်တဲ့ အခါကျတော့ ဒကာ ဒကာမတွေ့ ယောက်ျားပျောက်၊ မိန်းမပျောက်၊ ပုဂ္ဂိုလ်ပျောက်၊ သတ္တဝါပျောက် (မှန်ပါ့ ဘုရား)။

ဝိပဿနာဉာဏ်က ဒိဋ္ဌိသတ်တယ်

ဒါ ပျောက်ချင်လို့ ပျောက်တာလားလို့မေးတော့မှ ခုနင်က ရှုတဲ့ ဝိပဿနာက ဒိဋ္ဌိသတ်ပစ် လိုက်တယ် (မှန်ပါ့ ဘုရား)။

ရှုတဲ့ဝိပဿနာက (ဒိဋ္ဌိသတ်ပါတယ်) ဒိဋ္ဌိသတ်ပစ် လိုက်တာနဲ့ပဲ ဪ ဖြစ်ပြီးပျက်တဲ့ ဓမ္မတွေ အစုပါ လား (မှန်ပါ့ ဘုရား)။

ဖြစ်ပြီးပျက်တဲ့ဓမ္မတွေ အစုပါကလားလို့ဆိုပြီး သကာလ၊ ဒီဉာဏ်က ဖြစ်ပြီးပျက်တဲ့ဓမ္မတွေပဲ မြင်နေတော့ ယောက်ျား လည်းမတွေ့၊ မိန်းမလည်းမတွေ့၊ ငါလည်းမတွေ့၊ သူလည်း မတွေ့ ဖြစ်ပျက်မှုတွေသာ တွေ့နေတော့မှ ဪ ဝိပဿနာဉာဏ်သည် ဒိဋ္ဌိ သတ်နေတာပါကလားဆိုတာ ပေါ်လာတယ် (ပေါ်ပါပြီ ဘုရား)။

ဘာသတ်နေတာတုံး (ဒိဋ္ဌိသတ်နေတာပါ) ဒိဋ္ဌိ သတ်နေတာဆိုတာ သေချာပြီ (သေချာပါပြီ ဘုရား)။

အဲဒီတော့ ခင်ဗျားတို့ ဒိဋ္ဌိသတ်-ဒိဋ္ဌိ သတ်ဆိုတဲ့ ဥစ္စာသည် ဒကာ ဒကာမတို့ ကိုယ့်အမြင်နဲ့ ကိုယ့်ဉာဏ်ထဲက သတ်ရမှာ (မှန်ပါ့ ဘုရား)။

ကိုယ့်အမြင်ကိုက ခန္ဓာကိုယ်ထဲကြည့်လိုက်တယ်၊၊ ဝေဒနာကြည့်လိုက်ပြန်လည်း ဖြစ်မှုပျက်မှုပဲ တွေ့တယ် (မှန်ပါ့) စိတ်ကြည့်လိုက်ပြန်လည်း (ဖြစ်မှုပျက်မှုပဲ တွေ့ပါတယ် ဘုရား)။

ဖြစ်မှုပျက်မှုတွေ့နေတော့ ဝေဒနာလည်း ငါရယ်လို့ မထင်တော့ဘူး (မှန်ပါ့) အရင်တုန်းကတော့ ငါနာတယ် (မှန်ပါ့) ငါကောင်းစားတယ် (မှန်ပါ့) အင်း ဝေဒနာကို ငါချည့်လုပ်နေကြတယ်၊ မဟုတ်ဘူးလား (မှန်ပါ့)။

ဝေဒနာ ငါချည့်လုပ်နေတော့ ငါ့ဟာငါ မရှိ-မရှားကွာ ဘယ်သူ့အရေးစိုက်ရမှာတုံးဆိုတော့ ဥပေက္ခာ ဝေဒနာငါလုပ် နေတာ (မှန်ပါ့)။

သုခဝေဒနာငါလုပ်တယ်

ငါချမ်းသာတာ ဘယ်သူနဲ့ ဘာဆိုင်ရမှာတုံးကွဆိုတော့ သုခဝေဒနာ ငါလုပ်တယ် (မှန်ပါ့) မလုပ်ဘူးလား (လုပ်ပါတယ် ဘုရား)။

ငါ့ဟာငါ ဆင်းရဲနေတာကွ ဘယ်သူ့ဆီတောင်းစား မှာမှတ်လို့၊ ဒုက္ခဝေဒနာကို ငါ့လုပ်ပြန်တယ် (မှန်ပါ့) ခင်ဗျားတို့ ငါတွေကလဲ တယ်ပေါပါကလား (မှန်ပါ့)။

ငါဘယ်နှစ်ငါရှိပြီလဲ (မရေတွက်နိုင်ပါ) သုံးငါထား ပါတော့ .(မှန်ပါ့)။

ဒုက္ခဝေဒနာငါလုပ်တယ်

သုံးငါထားပါတော့ ဦးလှဘူးရ (မှန်ပါ့) ငါဆင်းရဲ နေလို့ ဘယ်သူ့ဆီမှ ဆားတစ်လျက် မတောင်းပါဘူး၊ ဒါ ဒုက္ခ ဝေဒနာကို ငါလုပ်တယ် (မှန်ပါ့ ဘုရား) မဟုတ် ဘူးလား (ဟုတ်ပါတယ် ဘုရား)။

ငါ့ကံနဲ့ငါချမ်းသာတဲ့ဥစ္စာကွာ ဘယ်သူ့ ဂရုစိုက် စရာ လိုသေးသတုံး၊ ဒါက ဘာက ငါလုပ်တာတုံး (သုခဝေဒနာကို ငါလုပ်ပါတယ် ဘုရား)။

ငါကမရှိမရှားကွ၊ အဲဒါကြောင့် ဘယ်သူ့လက်အောက် မှ ငါမကျသေးပါဘူးဆိုတော့ ဥပေက္ခာဝေဒနာ ငါလုပ် တယ် (မှန်ပါ့) ဒီသုံးငါလုပ်နေတယ် (မှန်ပါ့)။

ဘယ်ဝေဒနာဖြစ်ဖြစ်၊ ဖြစ်ပြီးပျက်တယ်

အဲဒါ ခင်ဗျားတို့ဟာ ဝိပဿနာမရှုရင် ဝေဒနာသုံးပါး ငါလုပ်နေတာပဲ (လုပ်ပါတယ်) ဝိပဿနာ ရှုလိုက်တော့ ဘယ်ဝေဒနာကြည့်လိုက် ကြည့်လိုက် ဖြစ်ပြီးပျက်သွားတာပဲ (မှန်ပါ့ ဘုရား)။

သုခကိုကြည့်လိုက်ပြန်လဲ (ဖြစ်ပြီးပျက်သွားပါ တယ်) ဒုက္ခ ကြည့်လိုက်ပြန်လဲ (ဖြစ်ပြီပျက်သွားတယ်) ဥပေက္ခာကြည့် လိုက်ပြန်လဲ (ဖြစ်ပြီး ပျက်သွားပါတယ် ဘုရား)။

ဖြစ်ပြီးပျက်သွားတာကလေးတွေ မြင်လိုက်တော့ သြော် ဝိပဿနာဆိုတာသည် ဒကာ ဒကာမတို့ ဒိဋ္ဌိသတ် တာပါကလား (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ရှုရင်းသေရင်အပါယ်မကျ

ဝိပဿနာဆိုတာ ဘာတုံး (ဒိဋ္ဌိသတ်တာပါ) သြော် ဒကာ ဒကာမတို့ ဝိပဿနာဟာ ဒိဋ္ဌိသတ်တာဆို တာ သိသွားတော့မှ ဝိပဿနာရှုရင်း သေရင် အပါယ်မကျဘူး ဆိုတာ ဪ ဒိဋ္ဌိမရှိလို့မကျတာကိုး (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဝိပဿနာရှုရင်း သေသွားရင် (အပါယ်မကျပါ) ဘာ ဖြစ်လို့မကျတာတုံး (ဒိဋ္ဌိမရှိလို့ပါ) ခင်ဗျားတို့ ကုသိုလ်ရလို့ မကျတာထင်နေတယ် (မှန်ပါ့) လွဲလိုက်တဲ့ ဖြစ်ခြင်း (မှန်ပါ့) ကုသိုလ်ရလို့ မကျတာ မဟုတ်ဘူး(မှန်ပါ့)။

ဒကာသစ် ဘာကြောင့်တုံး (ဒိဋ္ဌိမရှိလို့ မကျတာပါ ဘုရား) ဒိဋ္ဌိသတ်လို့ (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကုသိုလ်ရလို့ဆိုရင်မလာခဲ့နဲ့

ဒါဖြင့် ဝိပဿနာအလုပ်ဟာ ကုသိုလ်ရလို့ သွားလုပ်ဦး မယ်ဆိုရင် ခင်ဗျားတို့ ဒီတော့ မလာခဲ့ကြနဲ့ (မှန်ပါ့)။

ဝိပဿနာသွားလုပ်ချေဦးမယ် ကုသိုလ်တော့ ဖြစ်တယ်. .(မှန်ပါ့) အလကားပဲ ဒီဥစ္စာ (မှန်ပါ့) အလကား၊ အလကား ပဲတဲ့၊ ဒကာ ဒကာမတို့ ရိပ်မိကြပလား (ရိပ်မိပါပြီ)။

ဝိပဿနာဆိုတာ ဖြစ်ပျက်မြင်လို့ရှိရင် ဘာသေသတုံး (ဒိဋ္ဌိသေပါတယ်) အမြစ်နဲ့တကွတော့ မသေသေးဘူးပေါ့ဗျာ (မှန်ပါ ဘုရား)။

အနုသယဒိဋ္ဌိတော့ကျန်တယ်

ပရိယုဋ္ဌာနဆိုတဲ့ ထကြွ သောင်းကျန်တဲ့ ဒိဋ္ဌိတော့ ဒကာ ဒကာမတို့ ပြုတ်သွားတယ် (မှန်ပါ့) အနုသယဆိုတဲ့ ဝမ်းထဲက ဒိဋ္ဌိတော့ ကျန်သေးတယ် (မှန်ပါ့) ကျန်ချင် ကျန်ပါစေကိစ္စမရှိဘူး (မှန်ပါ့)။ .

ကျန်ချင်ကျန်ပစေ ဘုန်းကြီးများက တာဝန်ခံပါတယ် ကိစ္စမရှိဘူး (မှန်ပါ့) ဒါဟာ ခင်ဗျားတို့ သူသည် မဂ်စစ် မဟုတ်သေးဘူး၊ ဝိပဿနာမဂ်မို့ ဒိဋ္ဌိကိုဒါလောက်ပဲ သတ်နိုင်တာ (မှန်ပါ့) တကယ့် လောကုတ္တရာမဂ်ဆိုလို့ရှိရင် အမြစ်နဲ့တကွ ပြတ်ပါတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

လောကုတ္တရာမဂ်က အမြစ်ပြတ်တယ်

လောကုတ္တရာ မဂ်ဆိုရင် (အမြစ်နဲ့တကွ ပြတ်ပါတယ်) အမြစ်နဲ့တကွ ပြတ်တယ် (မှန်ပါ့) ဝိပဿနာမဂ်ကတော့ အမြစ်နဲ့တကွ မပြတ်ဘူး၊ မိုးကျရင် ပေါက်ဦးမှာပဲ .(မှန်ပါ့) မိုးကျရင် ပေါက်ဦးမှာပဲ ဝိပဿနာမဂ် သတ်ထားတာက (မှန်ပါ့)။

ဟို ကျုပ်တို့ မုန်ညင်းမြက်ကလေးတွေလိုပေါ့။ အပေါ်ကနေ တူရွင်းပေါက်ပြားကလေးနဲ့ ထိုးလိုက်တော့ မြက်မရှိဘူးထင်ရတယ် (မှန်ပါ့)။

အင်း နည်းနည်းကလေး မိုးကလေးလာတော့ (ပေါက်ပါတယ် ဘုရား)။

အဲ ဝိပဿနာက နှင်းမိုးမလာခင် ပြောင်ချော နေတာနဲ့ တူတယ် (မှန်ပါ့) ဥကိုတူးထားတာ မဟုတ်သေး ဘူး(မှန်ပါ့) လောကုတ္တရာမဂ်ကမှ ဥတူးရမှာ (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အံမာလေး အတော်ရှင်းရတယ် ဦးမာဒင်ရေ၊ အလုပ်စခန်း ပြောတော့မယ်ဆိုတော့ မလွယ်ဘူးနော် (မှန်လှပါ ဘုရား)၊

ကိုင်း ဒါဖြင့် ဒကာဒကာမတို့ ရှုပါပြီတဲ့၊ ရှုတော့ မရှိတာကလေးတွေ တွေ့တယ် (မှန်ပါ့ ဘုရား) မရှိတာ ကလေးတွေချည့် တွေ့တယ်၊ ရှိရာက မရှိတာကလေးတွေ (တွေ့ပါတယ် ဘုရား)။

နိဗ္ဗာန်ရောက်မည့် ပုဂ္ဂိုလ်ထဲ မိမိပါတယ်

တွေ့တော့ ဒါဖြင့် မိမိစရိုက်နဲ့ နိဗ္ဗာန်ရောက် မည့် ပုဂ္ဂိုလ်ထဲတော့ မိမိအပါအဝင်ဖြစ်ပြီ (မှန်ပါ့)။

ဘာ့ကြောင့်တုံး ဘုရားက “ကတမောစ ဘိက္ခဝေ အသင်္ခတဂါမိမဂ္ဂေါ’ အဘယ် တရားသည် နိဗ္ဗာန်သို့ ရောက်ကြောင်း ဖြစ်ပါလိမ့်မလဲတဲ့ .(မှန်ပါ့)။

ဝိပဿနာလို့ ဖြေတော့ ကိုယ်က ဝိပဿနာ လုပ်တော့ ဝိပဿနာဉာဏ်က ရနေတယ် (မှန်ပါ့) မရှိတာသိတာက ဝိပဿနာဉာဏ်ကိုး (မှန်ပါ့)။

မရှိတာသိတာက (ဝိပဿနာဉာဏ်ပါ ဘုရား)။

ဝိပဿနာဉာဏ် ရပြီးနေကတည်းက ဒကာသစ် ကိုယ့်ဟာကိုယ် ဘယ်လိုဆုံးဖြတ်ချက်ချမလဲ၊ နိဗ္ဗာန်ရောက်မည့် ပုဂ္ဂိုလ်ပဲ (မှန်ပါ့)။

ဒကာ-ဒကာမတွေ ဘယ်လိုပါလိမ့် (နိဗ္ဗာန်ရောက် မည့် ပုဂ္ဂိုလ်ပါ ဘုရား) နိဗ္ဗာန်ရောက်မည့် ပုဂ္ဂိုလ်ပဲလို့ ကိုယ့်ဟာ ကိုယ် ဆုံးဖြတ်ချက်ချလိုက် (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ပါရမီပြည့်စုံပြီးသားတွေ

အဲဒီတော့ ခင်ဗျားတို့ ပါရမီရှိ- မရှိကို အပျက်မြင်တာကို တွေ့လိုက်လို့ရှိရင်ဖြင့် ပါရမီဆိုတဲ့ဥစ္စာ ပြည့်စုံပြီးသား ဆိုတဲ့ ဥစ္စာ ပေါ်လာတယ် (မှန်ပါ့)။

ပါရမီဆိုတာ (ပြည့်စုံပြီးသားပါ ဘုရား) ပြည့်စုံပြီးသား ဆိုတာ ပေါ်ပြီး သကာလ လာတယ် ဆိုတာဖြင့် ရှင်းလောက်ပါပြီ (မှန်ပါ့ ဘုရား)။

ကဲ ဒကာကြွယ် နေရာကျပလား (ကျပါပြီ) ဒါနဲ့ပဲတဲ့ ဝိပဿနာဆိုတာ နိဗ္ဗာန်သို့ ရောက်ကြောင်းမဂ်လို့ ဘုရားကလည်း သံယုတ်ပါဠိတော်ကြီးမှာ သေသေချာချာ ဟောနေတော့ ဟုတ်သားပဲ၊ သောတာပန်ဖြစ်ချင်ရင် ဒိဋ္ဌိ သတ်ဖို့ အလုပ်ပဲရှိတယ် (မှန်ပါ့ ဘုရား)။

အခုကြည့်စမ်း၊ အပျက်မြင်လိုက်ကတည်းက ငါလည်း မဟုတ် ငါ့ဥစ္စာလည်းမဟုတ်ဆိုတာ ခင်ဗျားတို့ ဉာဏ်ထဲ ဆုံးဖြတ် ချက် ကျပါပြီ (ကျပါပြီ ဘုရား)။

ဝေဒနာရှုတဲ့ ပုဂ္ဂိုလ်ဖြစ်ရင် အပျက်မြင်လိုက်ကတည်း က ငါရော၊ ငါ့ဥစ္စာရော ဟုတ်သေးရဲ့ လား (မဟုတ်ပါ ဘုရား) သုခဝေဒနာရော ငါ ငါ့ဥစ္စာ ဟုတ်ရဲ့လား (မဟုတ်ပါ ဘုရား)။

ဥပေက္ခာဝေဒနာရော (ငါ-ငါ့ဥစ္စာမဟုတ်ပါ) အပြောကျန်ချင် ကျန်မယ်ပေါ့လေ၊ ထင်ချက်ကတော့ မရှိပါဘူး (မရှိပါ ဘုရား)။

ငါဟာ သာမညပုဂ္ဂိုလ်မဟုတ်ဘူး

ဒီလိုဆိုလို့ရှိရင်ပဲ အားလုံး ဒကာဒကာမတွေ ဆုံးဖြတ် ချက်ချလိုက် (မှန်ပါ့) သြော် ငါဟာ သာမညပုဂ္ဂိုလ် မဟုတ်ဘူး၊ နောက်ဆုံးပိတ်ဘဝ ရောက်ပါပေါ့လားလို့ ဆုံးဖြတ် ချက်ချ(မှန်ပါ့) သံသရာခရီးသည် အမြုပ်သမား အမျော သမားတော့ မဟုတ်ဘူးပေါ့ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား) အဆန်သမားသက်သက်ဖြစ်ပြီပေါ့ (မှန်ပါ့)။

အမြုပ်သမား၊ အမျိုသမားတော့ (မဟုတ်ပါ ဘုရား) အဆန်သမားသက်သက် ဖြစ်ပြီ (မှန်ပါ့ ဘုရား) အဆန်သမား သက်သက် ဖြစ်ပြီလို့ ဦးသန်းမောင်တို့ ဆုံးဖြတ် ချက်ချ (မှန်ပါ့)။

ဘာဖြစ်လို့ ဆုံးဖြတ်ချက် အချခိုင်းရသတုံးဆိုတော့ မဂ္ဂင်ဆိုတာ အထက်သာဆန်တယ် (မှန်ပါ့) အပါယ် လေးပါး အောက်စုန်တယ်လို့ မရှိဘူး (မရှိပါ ဘုရား) အဝီစိ အစရှိသော အောက်မြုပ်တယ်လို့လဲ (မရှိပါ ဘုရား)။

ငါသည် အဆန်သမားသက်သက် ဖြစ်ပြီ

သြော် ဒါဖြင့် ငါသည် အမျိုသမား၊ အမြုပ်သမား တော့ မဟုတ်ဘူး၊ အဆန်သမားသက်သက် ဖြစ်ပြီလို့ ကိုယ့်ဟာ ကိုယ် ဆုံးဖြတ်ချက်ချ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဆန်နိုင်တဲ့ မဂ္ဂင်ဖောင်တော့ ရထားပြီ (ရထား ပါပြီ ဘုရား) သို့သော် အပျင်းမဖက်ပါနဲ့၊ အထက်ဆန် ရတယ်ဆိုတာ အောက်စုန်ရသလောက်တော့ မလွယ်ဘူး (မှန်ပါ့)။

ဘယ်လိုဆုံးဖြတ်ချက်ချရမလဲ (အထက်ဆန်ရတာ အောက်စုန်ရသလောက်တော့ မလွယ်ပါ ဘုရား)။

ဒါလဲ သိပြီးသားပေမယ့် ဖော်ပြရသေးတယ် ဆရာ ဘုန်းကြီးက (မှန်ပါ့) ဘာဖြစ်လို့တုံး လူကြီးတွေမို့ပါ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဘာဖြစ်လို့တုံး (လူကြီးတွေမို့ပါ ဘုရား) လူကြီးတွေ မို့ ဖော်ပြောနေရတယ်၊ ခင်ဗျားတို့လည်း ရှက်ဖို့ ကောင်းပါတယ် (မှန်ပါ့) ရှက်ဖို့ကောင်းပါတယ် တဲ့။ သို့သော်လည်း မရှက်တတ်ရင်လည်း မတတ်သာဘူးပေါ့ဗျာ။

သဒ္ဓါနဲ့ ဝီရိယပိုပေးရတယ်

ကဲ ဒါဖြင့် ဒကာဒကာမတို့ အဆန်သမားဆိုတာ ဒီထက် ဝီရိယပိုပေးရတယ် (မှန်ပါ့) ဒီထက် သမာဓိကော (ပိုပေးရပါတယ် ဘုရား) ဒီထက် သဒ္ဓါကော (ပိုပေးရပါ တယ် ဘုရား) ဒီထက် ပညာကော (ပိုပေးရပါတယ် ဘုရား) အဲဒီတော့ ဣန္ဒြေ္ဒကို ရင့်အောင်လုပ်ပေး (မှန်ပါ့)။

ဘုရားက “ဣန္ဒိယပရောပရိယတ္တိဉာဏ်” ဆိုတဲ့ဥစ္စာ လုပ်ပါများမှ ရင့်သတဲ့ (မှန်ပါ့)။

“ဣန္ဒိယပရောပရိယတ္တိဉာဏ်” ဆိုတဲ့ဥစ္စာ (လုပ်ပါ များမှ ရင့်ပါတယ် ဘုရား)။

သဒ္ဓါလဲ လုပ်ပါများတော့ သဒ္ဓဟာ သဒ္ဓိန္ဒြေ သဒ္ဓါဗိုလ် ဖြစ်တယ် (မှန်ပါ့) ရှေးဦးစွာတော့ သဒ္ဓါရိုးရိုးကို (မှန်ပါ့) နောက်ကျတော့ သဒ္ဓိန္ဒြေ ဖြစ်လာတယ် (မှန်ပါ့) အစိုးရတဲ့ သဘောဖြစ် လာတယ် (မှန်ပါ့ ဘုရား) နောက်ကျတော့ ဗိုလ်ကိုစွဲသွားတယ် (မှန်ပါ့) လုပ်ပါ များတော့ ထက်လာတယ် (မှန်ပါ့)။

ဝီရိယကလည်း ဝီရိယရိုးရိုးတစ်မျိုး၊ ဝီရိယိန္ဒြေတစ်မျိုး၊ ဝီရိယဗိုလ်တစ်မျိုး (မှန်ပါ့) ဒါ ဘယ့်နှယ်ကြောင့် ဒီလို နာမည်တွေ ပြောင်းပါလိမ့်မတုံးမေးတော့ ဘယ့်နှယ် ဖြေကြမလဲ (လုပ်ပါများလို့ပါ ဘုရား)။

လုပ်ပါများလို့ အဆင့်အတန်းတက်တယ်

လုပ်ပါများလို့ ဒကာဒကာမတို့၊ အလုပ်စဉ်လည်း များလို့ အဆင့်အတန်းတက်သွားတာပါ (မှန်ပါ့)။

ဘယ်လိုဆုံးဖြတ်ချက်ချမလဲ (အလုပ်စဉ် များလို့ အဆင့်အတန်း တက်သွားတာပါ ဘုရား)။

အဲဒီတော့ ငါ မဂ္ဂင်ဖောင်တော့ စီးမိနေပြီကွ ဆိုငြား သော်လည်း၊ အဆင့်အတန်း ပိုမီပြီး သကာလ အရင်လှော်တာ တစ်ချက်ဆိုရင်၊ နောက်လှော်တာ တစ်စက္ကန့်ကို နှစ်ချက်လောက်၊ သုံးချက်လောက် ပြင်းထန်အောင်တော့ လုပ်ရမှာပဲ ဗျာ (မှန်ပါ့) မလုပ်ရင် တော်ပါ့မလား (မတော်ပါ ဘုရား) မတော်မျောသွားရင် ခက်ရချည့်ရဲ့ (မှန်လှပါ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

မျောရင်တော့ဖြင့် ခင်ဗျားတို့ ငါးပါးအာရုံကာမဂုဏ်ထဲ ရောက်မယ် (မှန်ပါ့) မရောက်ပေဘူးလား (ရောက် ပါတယ် ဘုရား)။

ဒီကနေ မျောလိုက်၊ ရန်ကုန်ကျရင် ငါးပါးအာရုံ ကာမဂုဏ်ထဲ မျောလိုက် (မှန်ပါ့) မျောပြီး သကာလ ဝဲထဲ မျောပါများတော့ သစ်ရွက်ကလေးဟာ ဦးမာဒင် ဘယ်လိုနေ သလဲ (မြုပ်ပါတယ် ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

အတော် ကြောက်စရာကောင်းတယ် (ကောင်းပါ တယ်ဘု ရား) လည်လို့ ရှိ ရင် မြုပ်တော့မလို့ သာမှတ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် မျောမှုကြောင့် လည်မှုတွေ့၊ လည်မှုကြောင့် မြုပ်မှုတွေ့တယ် (မှန်ပါ့) ဒါကိုလဲ စိုးရိမ်ရတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကဲ ဒါဖြင့် ဒကာဒကာမတို့ ဉာဏ်တက်ပေးလိုက် မယ် (မှန်ပါ့) ဖြစ်ပျက်ကလေးတွေ မြင်လာတဲ့ အခါ ကျတော့ သဒ္ဓါကလဲ အရင်သဒ္ဓါနဲ့ မတူဘူး (မှန်ပါ့)။

ဣန္ဒြေ္ဒဆိုတာ အစိုးရတယ်

ဘုရားဟောတော်မူတာ မှန်လိုက်တာ၊ အနိစ္စရှိလို့ အနိစ္စသိရတာ ဟုတ်လိုက်တာ (မှန်ပါ့ ဘုရား) သဒ္ဓါက တက်လာတော့ သဒ္ဓိန္ဒြေ ဖြစ်လာတယ် (မှန်ပါ့) သဒ္ဓိန္ဒြေ ဆိုတာ သဒ္ဓါလဲ ဖြစ်တယ်၊ ဣန္ဒြေ္ဒဆိုတာ အစိုးရတယ် (မှန်ပါ့)။

ဒီပြင် တရားတွေ ဝင်မယ်ဆိုရင် သူက သားကိစ္စ၊ သမီးကိစ္စ၊ ဆွေကိစ္စ၊ မျိုးကိစ္စတွေ ဝင်မယ်ဆိုရင် ဣန္ဒြေ္ဒက ဟေ့ မလာခဲ့နဲ့. (မှန်ပါ့) သူက ဣန္ဒြေ္ဒက တားနေတယ် (မှန်ပါ့ဘူကြီး သဘောကျပလား (ကျပါပြီ ဘုရား)။

ဣန္ဒြေ္ဒက တားတယ်၊ အဲဒါကြောင့် ဘုန်းကြီးတို့ ဆီမှာ တရားအားထုတ်တဲ့ ဒကာဒကာမတွေ အိမ်လည်းမပြန်တော့ဘူး မသွားလည်း မသွားချင်တော့ဘူး၊ ဒီဟာနဲ့ပဲ နေချင်တယ် ဆိုသူ ခက်နေတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ) သဒ္ဓါက သဒ္ဓိန္ဒြေ ဖြစ်နေတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

နောက်ကျတော့ သဒ္ဓိန္ဒြေ တောင်မှ မကတော့ဘူး၊ သဒ္ဓါက ဗိုလ်ဖြစ်လာတဲ့နေ့ကျတော့ နိဗ္ဗာန်မြင်တယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဲဒီတော့ ဒကာဒကာမတွေကို ဒီဥစ္စာသည် ပွတ်နိုင်မှ ပြောင်တဲ့ဝတ္ထုပစ္စည်းမျိုးလို (မှန်ပါ့) ဒီမှာလဲ ကြိုးစားနိုင် သလောက် ကြိုးစားလို့ရှိရင်ဖြင့် ငါး ခရီးမှ ပေါက်ပါ့မလား ဆိုတာ ဒါ ဘာမှမစိုးရိမ်နဲ့ (မှန်ပါ့)။

အားစိုက်ပါများတော့ ဣန္ဒြေ္ဒထိုက်တယ်

ဘာမှ တွေးမနေနဲ့ ဒကာဒကာမတို့ ဝီရိယကလေး တစ်ခုပဲ အားစိုက် (မှန်ပါ့) စိုက်ပါများ လာတော့ ဝီရိယက ဣန္ဒြေ္ဒထိုက်တယ် (မှန်ပါ့) ဣန္ဒြေ္ဒဆိုတာ သူတစ်ပါး တရားတွေ လာမယ်ဆိုရင် ဟေ့ မလာခဲ့နဲ့၊ သူက ကန့်ကွက်တယ် (မှန်ပါ့ ဘုရား)။

နောက် ဗိုလ်ထိုက်လာတဲ့အခါကျတော့ ဒီပြင်တရား တွေက အဖျက်တွေက လာငြား သော်လည်း အနားကို မသီရဲဘူး (မှန်ပါ့) တရားကစောင့်သွားတယ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် တရားစောင့်လို့ တရားက စောင့်တယ်ဆိုတာ ကော ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

တပည့်တော်တို့က ဘုရား လုပ်တော့ လုပ်နေတာ ဘုရာ့၊ အဖျက်တွေက တယ်များတယ် (မှန်ပါ့)။

အို သဒ္ဓါရိုးရိုးနဲ့ လုပ်နေတာကိုး ခင်ဗျားက ဣန္ဒြေ္ဒ မှ မထွက်သေးဘဲ (မှန်ပါ့) ဣန္ဒြေ္ဒမထိုက်တော့ ခင်ဗျားတို့ က ဖျင်းလို့ လာကြတာပဲ (မှန်ပါ့) ဒါပြောရမှာပဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒကာကြွယ် ဒါဖြင့် ကိုယ့်အဖျင်း လူထဲ ထုတ်ပြော မနေ စမ်းပါနဲ့ (မှန်လှပါ ဘုရား) တော်ပါ့မလား (မတော်ပါ ဘုရား)။

ကဲ ဒါဖြင့် ဒီလိုလုပ်ကြပါ၊ ဘုရားသခင် ကိုယ်တော် မြတ်ကြီးနဲ့ တွေ့တော့ ခင်ဗျားတို့က ရှေးဦးစွာ မေတ္တေယျ ဘုရားသခင်နဲ့တွေ့ပြီး ကျွတ်တမ်းဝင်ရပါလို၏လို့ တောင်းတဲ့ ပုဂ္ဂိုလ်တွေလဲ တစ်ပုံကြီးပေါ့ဗျာ (မှန်ပါ့) မသိကြဘဲကိုး (မှန်ပါ့ ဘုရား)။

သဒ္ဓါသုံးဆင့်တက်ရမယ်

မသိကြတော့ ကိုယ်ကသဒ္ဓါရိုးရိုးကလေးနဲ့ အားထုတ် တယ် (မှန်ပါ့) သဒ္ဓါရိုးရိုးကလေးနဲ့ အားထုတ်ထားတော့ သဒ္ဓါက တက်စရာက သဒ္ဓိနြေဆိုတာ တက်ရဦးမယ် (မှန်ပါ့) တစ်ဆင့် တက်ရဦးမယ် (မှန်ပါ့) ပြီးတော့ သဒ္ဓါက ဗိုလ်ကျအောင် တစ်ဆင့်တက်ရဦးမယ် (မှန်ပါ့) ဘယ်နှစ်ဆင့် ရှိပြီလဲ (သုံးဆင့်ရှိပါပြီ ဘုရား) သဒ္ဓါတစ်ဆင့်၊ ဣန္ဒြေ္ဒထိုက်အောင်က (တစ်ဆင့်ပါ ဘုရား) ဗိုလ်ထိုက်အောင်က (တစ်ဆင့်ပါ ဘုရား) သုံးဆင့်မရှိဘူးလား (မှန်ပါ့)။

ဘုရားနဲ့တွေ့ရပါလို၏

အဲဒီတော့ ကိုယ်က တစ်ဆင့်လောက်နဲ့ပဲ ဘုရားနဲ့ တွေ့တယ် ထားပါတော့၊ ဘုရားနဲ့ လက်ဦးစွာ တွေ့ရပါလို၏ ဆိုပြီး တွေ့တယ် (မှန်ပါ့) ကိုယ်က သဒ္ဓါကလေးနဲ့ သွားတွေ့ တယ် (မှန်ပါ့) ဣန္ဒြေ္ဒက မထွက်သေးဘူး (မှန်ပါ့) ဗိုလ်ကကော (မထိုက်သေးပါ ဘုရား)။

မထိုက်သေးတော့ ဘုရားက မရင့်သေးဘူးဆိုပြီး သူ့အနားကို မကပ်ဘူး (မှန်ပါ့) ဣန္ဒြေ္ဒမထွက်သေးဘူးတဲ့ (မှန်ပါ့) ဗိုလ်ကော (မထိုက်သေးပါ ဘုရား)။

မထိုက်သေးတော့ ဣန္ဒြေ္ဒမရင့်သေးဘူးဆိုတာ ဒါကို ဆိုတာ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

အဲဒါ ခင်ဗျားတို့ ဆုတောင်းတော့ မပြည့်ဘူးလို့ မဆို နိုင်ဘူးပေါ့ဗျာ (မှန်ပါ့) ဘုရားနဲ့ တွေ့ရပါလို၏ ဆိုလည်း ပန်းတစ်ပွင့်နဲ့လည်း သူတွေ့ချင်တွေ့လိုက်မှာပဲ (မှန်ပါ့)။

သို့သော်လည်း ငါတွေ့ပဲ အောက်မေ့ ဒီက မရင့်လို့ ရှိရင် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

မရင့်သေးရင်တွေ့လည်းမကျွတ်ဘူး

မရင့်လို့ရှိရင်ဖြင့် တွေ့လည်း မကျွတ်ဘူး (မှန်ပါ့) မှတ်မိကြပလား (မှတ်မိပါပြီ ဘုရား)။

မရင့်လို့ရှိရင် (တွေ့လည်းမကျွတ်ပါ) တွေ့လည်း မကျွတ်ဘူးဆိုတာ သေသေချာချာမှတ်ပါ (မှန်ပါ) ဘာကြောင့်တုံးလို့ မေးတဲ့အခါကျတော့မှ ဒကာဒကာမတို့ သဒ္ဓါရိုးရိုးသာ ရှိသေးတယ် (မှန်ပါ့) ဣန္ဒြေ္ဒက မထိုက်သေးဘူး (မှန်ပါ့) ဗိုလ်က မဖြစ်သေးဘူး (မှန်ပါ့) အဲဒီဖြစ်ကာနီးမှ ဘုရားက လာတာ (မှန်ပါ့ ဘုရား)။

ခင်ဗျားတို့အတွက် ဘုန်းကြီးတို့လို တစ်ခါတည်း ကကြီး ခ,ကွေးကစပြီး ပြမှာမဟုတ်ဘူး (မှန်ပါ့ ဘုရား) ဒီလိုသာ ပြရရင် ဘုရားက တစ်ယောက်ပြတာနဲ့ ဘုရားက ပရိနိဗ္ဗာန် စံမှာနဲ့ အတော်ဖြစ်နေတယ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိ ပါပြီ ဘုရား)။

ကိုယ့်ဟာကိုယ်ရင့်အောင်လုပ်

ခင်ဗျားတို့ သိပ်မျှော်မနေနဲ့ (မှန်ပါ) မြန်မြန် ကိုယ့်ဟာကိုယ်ရင့်အောင်လုပ်ထား (မှန်ပါ့) သဘောကျ ပလား (ကျပါပြီ ဘုရား)။

ကဲ ရင့်တဲ့အဆုံး ကျပြန်တော့လည်း ဘုရားလိုသေး သလား မေးပြန်တော့လည်း. (မလိုတော့ပါ) မလိုတော့ပါဘူး၊ ဘုရားရှိတဲ့အခါသာ ရင့်ခါနီးလာတာ (မှန်ပါ ဘုရား)။

ဘုရားမရှိတဲ့အခါကျတော့ ကိုယ့်ဟာကိုရင့်ပြီး ကိုယ့် ဟာကိုယ် အားထုတ်ရမှာပဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဲဒီတော့ ဒကာဒကာမတွေ ပြောရတဲ့စကားကလည်း ဦးမာဒင်ရေ နည်းတာတွေ မဟုတ်ဘူး (မှန်ပါ့) မနည်းဘူး မနည်းဘူး၊ သင်ရတာကတစ်မျိုး၊ သိပါစေတော့လို့ ပြောရ တာကတစ်မျိုး (မှန်ပါ့) ခင်ဗျားတို့ကလည်း အလွယ်ကလိုချင်နဲ့ ကိုယ်ကလည်းဘာမဟုတ်နဲ့ ခက်လိုက်တာက. (မှန်ပါ ဘုရား)။

ကဲ ဒကာကြွယ် ဒါဖြင့် ခင်ဗျားတို့ အခုလုပ်လို့ရှိ ရင်လည်း သဒ္ဓါသည် ဣန္ဒြေ္ဒထိုက်အောင်လုပ်ပါ (မှန်ပါ့ ဘုရား)။

ဘုရားရှိရှိမရှိရှိရတယ်

ဣန္ဒြေ္ဒထိုက်ပြီး ဘာထိုက်အောင်လုပ်ရမလဲ (ဗိုလ်ထိုက်အောင် လုပ်ရပါမယ်) မရမရှိဘူး၊ ဒီလိုသာ ထိုက်အောင်လုပ်၊ အကုန်ရ (မှန်ပါ့) ဘုရားရှိရှိ-မရှိရှိ ရတယ် (မှန်ပါ့) ရှင်း ပလား (ရှင်းပါပြီ ဘုရား)။

ဘုရားရှိလည်း ဒီကိလေသာသတ်တာပဲ (မှန်ပါ့) ဘုရားမရှိတော့ကော (ကိလေသာ သတ်တာပါ ဘုရား) ကိလေသာသတ်တဲ့အလုပ် လုပ်တာပဲ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဘုရားမရှိသော်လည်း ဒီကိလေသာ ပဋိစ္စသမုပ္ပာဒ် ပြတ်အောင် လုပ်ဖို့ပဲ (မှန်ပါ့) ဘုရားရှိလည်း (ကိလေသာ ပဋိစ္စသမုပ္ပာဒ် ပြတ်ဖို့ပါပဲ ဘုရား)။

သီဟိုဠ်ကျွန်းမှာကျွတ်တာတွေ

ဒါကြောင့် ဘုရားရှိတုန်းကျွတ်တာနဲ့ ဘုရားမရှိမှကျွတ် ကာနဲ့ ဘုရားမရှိတဲ့နောက်မှာ သီဟိုဠ်ကျွန်းမှာ ကျွတ်လိုက်တာ တွေ (မှန်ပါ့ ဘုရား)။

ဓမ္မာသောကမင်းလက်ထက်မှာ

အိန္ဒိယထဲမှာ ဓမ္မာသောက လက်ထက်မှာ ကျွတ်လိုက် တာတွေ စပါးလှန်းလို့တောင်မရအောင် ကောင်းကင်မှာ ရဟန္တာတွေ (မှန်ပါ့ ဘုရား)။

ဒါတွေဘယ့်နှယ်ကြောင့် ကျွတ်ပါလိမ့် ဒကာသစ်ရေ ဘုရားမရှိဘဲနဲ့ ကျွတ်တာ (မှန်ပါ့) ဣန္ဒြေ္ဒရင့်လို့ ကျွတ်တာ (မှန်ပါ့) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ဘာဖြစ်လို့ပါလိမ့် (ဣန္ဒြေ္ဒရင့်လို့ ကျွတ်တာပါ) နို့ ခင်ဗျားတို့ ဣန္ဒြေ္ဒရင့်တယ်ဆိုတာ သူများက လုပ်ပေးရ တာလား . ကိုယ့်ဟာကိုယ် ဝီရိယတိုးတိုး – တိုးတိုးသွားရ တာလား (ကိုယ့်ဟာကိုယ် ဝီရိယတိုးသွားတာပါ) ဒါဖြင့် ဘုရားနဲ့ မဆိုင်ဘူးခင်ဗျားတို့ (မှန်ပါ့ ဘုရား)။

အစ, နည်းပေးမှာ ဘုရားနည်းကိုယူ (မှန်ပါ့) နောက် အလုပ်ခွင် ခရီးပေါက်မှုမှာ ကိုယ့်တာဝန်လုပ် (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် ဒကာသစ်ရေ ဘုန်းကြီးကတော့ဖြင့် ဘုရား ဒေသနာတော်တွေ ဘုရားမရှိသည့်နောက် ဒါတွေ ဆရာတွေပဲ ကွလို့ ဘုရားကဟောတော်မူခဲ့လို့ ဘုရားဟောသလို ဟောနေ ရတာ (မှန်ပါ့ ဘုရား)။

ခင်ဗျားတို့က ဣန္ဒြေ္ဒရင့်ဖို့ကျတော့ ဟောလို့ ရင့်မှာလား လုပ်မှ ရင့်မှာလား (လုပ်မှရင့်မှာပါ) ဒကာကြွယ်, ရေ သဘောပါပလား (ပါပါပြီ ဘုရား)။

ဘယ်လိုမှ ရင့်မှာတုံး (လုပ်မှ ရင့်မှာပါ) ဒါဖြင့် ဒီလိုလုပ်ပါ ခင်ဗျားတို့ သဒ္ဓါသည်၊ သဒ္ဓါတရားသည်ပေါ့ဗျာ (မှန်ပါ့) ရိုးရိုးနဲ့မလုပ်နဲ့ ဣန္ဒြေ္ဒထိုက်အောင်လုပ်ပါ (မှန်ပါ့)။

ဣန္ဒြေထိုက်အောင် လုပ်ပါဆိုတော့ သူက ဣန္ဒြေ္ဒ ဆိုတာ ကြီးစိုးတယ် (မှန်ပါ့) အလုပ်လုပ် နေတဲ့ အထဲမှာ မဂ္ဂင်ထဲမှာ သူကကြီးစိုးတယ် (မှန်ပါ့) ကြီးစိုးလာတော့ ဒီပြင် ဘေးက ကိစ္စ၊ ဝိစ္စတွေကို သူက အကုန်ဖယ်ထုတ်တယ် (မှန်ပါ့)။

သဒ္ဓိန္ဒြေ ထိုက်ပြီဆိုရင်

ဒါဖြင့် သူက ဖယ်ထုတ်တယ် ဆိုကတည်းက ဘာထိုက် ပြီဆိုတာ ခင်ဗျားတို့ ရိပ်မိပြီ၊ သဒ္ဓိန္ဒြေ ထိုက်ပြီ (မှန်ပါ့) ရိပ်မိ ပလား (ရိပ်မိပါပြီ ဘုရား)။ )

သဒ္ဓိန္ဒြေ ထိုက်ပြီဆိုလို့ရှိရင် အို နေရာကျပြီ၊ တော်တော့ကိစ္စတွေကို ငါပယ်နိုင်ပြီ – (မှန်ပါ့) သူတက်လာ တယ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဗိုလ်ထိုက်ပြီဆိုရင်

ကဲ ဒါလောက်နဲ့လည်း မရသေးဘူးတဲ့၊ တို့ဆရာ ဘုန်းကြီးကလည်း ဟောတယ်၊ ဘုရားဟောတော်မူတာနဲ့၊ ဗိုလ် ထိုက်အောင် လုပ်ရဦးမယ် (မှန်ပါ့)။

ဗိုလ်ထိုက်အောင် လုပ်ရဦးမယ်ဆိုတော့ ပိုမိုပြီး သကာလ ဖြစ်ပျက်တွေကို အရင်ထက် မြင်အောင် ကြည့်တာ ပေါ့ဗျာ (မှန်ပါ့) မနေမနားကလေး ကြည့်ပေးလိုက်ပါ (မှန်ပါ့)။

ကြည့်ပေးလိုက်တဲ့ အခါကျလို့ရှိရင်ဖြင့် ဘုရားအပေါ်၌ ယုံကြည်မှု၊ တရားဆိုတဲ့ သစ္စာအပေါ်၌ ယုံကြည်မှုတွေ မလာ ဘူးလား (လာပါတယ် ဘုရား)။

ဒုက္ခသစ္စာတွေ ပျောက်သွားတယ်

အဲ သူက ဧကန်ဒုက္ခသစ္စာပဲလို့ သဒ္ဓိန္ဒြေက ဆုံးဖြတ် ချက်ချလိုက်တယ် (မှန်ပါ့) ချသည်နဲ့ တစ်ပြိုင်နက်တည်း သူလဲ ဆုံးဖြတ်ချက်ချလိုက်ရော ဒုက္ခသစ္စာတွေ ပျောက်သွား တယ် (မှန်ပါ့) ဟိုဘက်က နိဗ္ဗာန်တစ်ခါတည်းပေါ်တာပဲ (ပေါ်ပါတယ်) ဒုက္ခက နိဗ္ဗာန်ဖုံးထားတယ် (မှန်ပါ့ ဘုရား)။

ကဲ သူလည်း ဗိုလ်ဖြစ်ပါရော ဧကန် ဒုက္ခသစ္စာပဲ လို့လဲ သဒ္ဓိန္ဒြေက ဆုံးဖြတ်ချက်ချပါရော ဒကာဒကာမတို့ ဒုက္ခသစ္စာ တွေ ဘာဖြစ်သွားသတုံး (ပျောက်သွားပါတယ် ဘုရား)။

နိဗ္ဗာန်ပေါ်လာတယ်

ဘာပေါ်လာသတုံး (နိဗ္ဗာန်ပေါ်လာပါတယ်) ဟော နိရောဓသစ္စာပေါ်လာတယ် (မှန်ပါ့) သူ ဗိုလ်ဖြစ်လာရင် ပေါ်တော့တာပဲ (မှန်ပါ့ ဘုရား)။

ဟ ဒါဖြင့် တို့ တည်းတည်း ကျန်ပါတော့လား (မှန်ပါ့) ဆုံးဖြတ်ချက်ချပလား (ချပါပြီ ဘုရား)။

ဦးမာဒင် ဘယ်လိုဆုံးဖြတ်ချက်ချသလဲ (တည်း တည်း ကျန်ပါတော့တယ်) ဟာ တည်းတည်းဖြင့် ပြီးအောင်လုပ်မယ် (မှန်ပါ့)။

ဒကာကြွယ် ဘယ့်နှယ်ဆုံးဖြတ်မလဲ (တည်းတည်း ဖြင့် ပြီးအောင်လုပ်ရပါမယ် ဘုရား)။

တို့တည်းတည်းလေးကျန်တော့တယ်

တည်းတည်းကလေး ကျန်တော့တယ်ကွ၊ မင်းဟာ ရှေ့တစ်ခုန်လောက်သာ ကျန်တော့တယ် ဆိုတော့ ဒကာသစ် ဘယ့်နှယ် လုပ်မယ် (ပြီးအောင်လုပ်ပါမယ်) အားကုန် ထုတ်လိုက်ပါလားဗျ (မှန်ပါ့) အားကုန် ထုတ်လိုက်ရင် မရောက်ပေဘူးလား (ရောက်ပါတယ် ဘုရား)။

အဲဒါကြောင့် ယနေ့ဟောတဲ့ တရားမှာဖြင့် တိုက်တွန်း လုံးကိုလည်း ခင်ဗျားတို့က ပါတယ်လို့ ထင်လိမ့်မယ်။ မဟုတ်ဘူး ခင်ဗျားတို့ ဉာဏ်ရင့်တာကို ပြောတာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

သဒ္ဓါက သဒ္ဓါရိုးရိုး တစ်မျိုး၊ ဣန္ဒြေ္ဒထိုက်တဲ့သဒ္ဓါက (တစ်မျိုးပါ) ဗိုလ်ထိုက်တဲ့ သဒ္ဓါက (တစ်မျိုးပါ ဘုရား)။

ပညာကလည်းသုံးမျိုး

ပညာကလဲ ပညာရိုးရိုးတစ်မျိုး . (မှန်ပါ့) ဣန္ဒြေထိုက် တဲ့ ပညာ (တစ်မျိုးပါ) ဗိုလ်ထိုက်တဲ့ပညာ (တစ်မျိုး ပါ) အဲဒါတွေက တစ်ပြိုင်နက် တက်လို့ရှိရင် ရတယ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် နိဗ္ဗာန်ဝေးသလား၊ နီးသလား (နီးပါတယ် ဘုရား)။

မရင့်သေးလို့ မရသေးတာ

နီးလျက်နဲ့ ကျုပ်တို့ ဘာဖြစ်လို့ မရသေးပါလိမ့်မတုံး ဆိုတော့ မရင့်သေးလို့ (မှန်ပါ့) မရင့်တာက ဖျင်းလို့ ပျင်းလို့ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

မရင့်တာက ဘယ်လိုပါလိမ့် (ဖျင်းလို့ ပျင်းလို့ပါ ဘုရား) အဲဒါဖြင့် အဖျင်းနဲ့အပျင်း ထုတ်လိုက်ရင် (ရပါတယ်) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ရင့်ရင်ကိစ္စပြီးပေါ့လို့ ဆုံးဖြတ်

ဒါဖြင့် အဖျင်းနဲ့ အပျင်းဖြုတ်ပစ်လို့ရှိရင် ဣန္ဒြေ္ဒထိုက်ပြီး ဗိုလ်အဖြစ်သို့ ရောက်ပါလိမ့်မယ် (မှန်ပါ့) ရောက်သည်နဲ့ တစ်ပြိုင်နက်တည်း ကိစ္စပြီးပေါ့လို့ ဆုံးဖြတ်ချက်ချ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကဲ ယနေ့ဒီတွင် တော်ကြဦးစို့။

သာဓု သာဓု သာဓု။

 
မာတိကာသို့