ဒိဋ္ဌိစင်မှ နိဗ္ဗာန်မြင်မည်
ကျေးဇူးတော်ရှင်-အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး အမရပူရမြို့၌
ဟောကြားတော်မူသောတရားတော်
ဒိဋ္ဌိစင်မှ နိဗ္ဗာန်မြင်မည်
(တရားထိုင်သူများအတွက်)
(၈-၉-၆၂)
ဒီခန္ဓာကြီးဟာ ဘာခန္ဓာတုန်းလို့ မေးကြလို့ရှိရင်ဖြင့် အခု တရားနာနေကြတဲ့ ဒကာ၊ ဒကာမတွေ ခန္ဓာကြီးဟာ ဘာ ခန္ဓာကြီးတုန်းလို့ မေးကြလို့ရှိရင် ပဋိစ္စသမုပ္ပါဒ်ခန္ဓာလို့ ဖြေကြ ရလိမ့်မယ်။ (မှန်ပါ့)
ဒီခန္ဓာကြီးဟာ ဘာခန္ဓာတုန်း
ပဋိစ္စသမုပ္ပါဒ် ခန္ဓာလို့ ဖြေကြရမယ်။ (မှန်ပါ့) ဘယ့် နှယ်ကြောင့် ပဋိစ္စသမုပ္ပါဒ်ခန္ဓာလို့ ဖြေကြရမလဲလို့ မေးလို့ ရှိရင်ဖြင့် အကြောင်းကြောင့်ဖြစ်နေတဲ့ အကျိုးတရားတွေ။ (မှန်ပါ့ ဘုရား)။
အကြောင်းကြောင့်ဖြစ်နေတဲ့ အကျိုးတရားတွေ။ ဒီ အကျိုးတရားတစ်ခု ချုပ်သွားလို့ ရှိရင်ဖြင့် နောက် အကျိုးတရား တစ်ခု ပေါ်ပြန်တာပဲလို့ မှတ်ရမယ်နော်။ (မှန်လှပါ)။
အဲဒါအကြောင်းကြောင့်ဖြစ်တဲ့အကျိုးတရားတွေ။ တစ်ခု သောအကြောင်းကြောင့်ဖြစ်လိုက်၊ အကျိုးတရားတစ်ခု ခန္ဓာထဲ ပေါ်လာလိုက်။ အဲဒီ ပေါ်လာတဲ့ဥစ္စာက တစ်ခါ အကြောင်းပြန် ဖြစ်ပြီး နောက် အကျိုးတစ်ခု ဆက်ထားခဲ့တယ်။
အဲဒီ အကျိုးတစ်ခု ချုပ်သွားပြန်လည်း အဲဒီအကျိုး တစ်ခုက အကြောင်းတစ်ခုကို ဆက်ထားခဲ့တယ်ဆိုတော့ ဦးကျော်မောင်တို့၊ ဦးမြမောင်တို့ ပြတ်သေးရဲ့ လား။ (မပြတ်ပါ ဘုရား)။
အကြောင်းအကျိုး ဆက်နေတဲ့ ခန္ဓာကြီး
အဲဒါကြောင့် ဒီခန္ဓာကြီး ဘာခန္ဓာတုန်းလို့ မေးလို့ရှိရင် ဖြင့် အကြောင်းအကျိုးဆက်နေတဲ့ ခန္ဓာကြီး။ (မှန်လှပါ ဘုရား)။
စကားရှည်နေမှာစိုးလို့ ပဋိစ္စသမုပ္ပါဒ် ခန္ဓာကြီးလို့ ပြော လိုက်ပါတယ်။ (မှန်လှပါ) စင်စစ်တော့ အကြောင်းအကျိုး ဆက်နေတဲ့ ခန္ဓာကြီးလို့မှတ်။ (မှန်ပါ့)။
အကြောင်းအကျိုး ဆက်နေတဲ့ ခန္ဓာကြီးကို ခင်ဗျားတို့ မသိကြတော့ကိုတဲ့။ ဪ- မနေ့ကလည်း ငါပဲ၊ ယနေ့လည်း ငါပဲ ဆိုပြီးသကာလ တစ်နေ့သော်လည်း အခုပေါ်လာတာ ငါစွဲပြန်၊ ချုပ်သွားပြီး နောက်တစ်ခါ ပေါ်လာတာလည်း ငါ စွဲ ပြန်၊ ငါက ပေါ်ရာကို စွဲတယ်လို့ ဒီလို မယူဆဘဲနဲ့ မူလဖြစ်ထား တဲ့ဟာ မပျောက်သေးဘူးဆိုပြီး ငါစွဲတဲ့ဟာ ဆိုတော့ ပဋိစ္စသမုပ္ပါဒ် နားမလည်လို့ ဒီ ငါလာတာလို့ မှတ်ရမယ်။ (မှန်လှပါ)
စဉ်းစားကြည့်ပါတဲ့။ အားလုံး ဒကာ၊ ဒကာမတွေ။ ဥပမာမယ် မြင်စိတ်ဖြစ်ပြီးတော့ ချုပ်ပျောက် သွားတယ်၊ ပဋိစ္စ သမုပ္ပါဒ်တရား ချုပ်သွားတယ်၊ ကြားစိတ်တစ်ခု ပေါ်လာတယ်၊ ချုပ်သွားပြန်ပြီ။ နံစိတ် တစ်ခု ပေါ်လာပြန်လည်း ချုပ်သွားပြန်ပြီ။ စားစိတ်တစ်ခု ပေါ်လာပြန်လည်း ချုပ်သွားပြန်ပြီ။ ဒီလို ချည်းပဲ ပေါ်လိုက် ချုပ်လိုက်၊ ပေါ်လိုက် ချုပ်လိုက်နဲ့ ခန္ဓာကိုယ်ထဲမှာ နေတာကိုပင်လျှင် ဒါဟာ ကျုပ်ချည်း ပဲလို့ ယူထားလိုက်တယ်။ (မှန်ပါ့) ငါချည်းပဲလို့ ယူထားလိုက်တာ ပဋိစ္စသမုပ္ပါဒ် နားမလည် တဲ့အတွက် သဿတ ဖြစ်နေပါတယ်။ (မှန်ပါ) ရှင်းပလား။ (ရှင်းပါပြီ)။
ပဋိစ္စသမုပ္ပါဒ် နားမလည်တဲ့အတွက် ဘာဖြစ်နေသလဲ။ (သဿတ ဖြစ်နေပါတယ် ဘုရား) အဲဒါကြောင့် ပဋိစ္စသမုပ္ပါဒ်ကို နေ့တိုင်း လမ်းထွင်ပြီးသကာလ ပြခြင်းသည် ဦးစံဖေတို့၊ ဦးဘသန်းတို့က မှတ်ရမယ်။ ဪ..သဿတ ခွာနေတာပါ ကလား။ (မှန်လှပါ) မဟုတ်ဘူးလား။ (မှန်ပါ့)။
“ဝေဒနာပစ္စယာ တဏှာ” ဆိုတော့ ဝေဒနာ ချုပ်သွားပြီး တဏှာလာတာပဲ။ (မှန်ပါ့) အဲဒီမှာ ဆရာကောင်းသမားကောင်းနဲ့ မှီဝဲတဲ့ ပုဂ္ဂိုလ်ကတော့ ဝေဒနာပစ္စယာပညာ လာတာပဲ။ (မှန်ပါ့)
ဆရာကောင်း သမားကောင်း မမှီဝဲတဲ့ပုဂ္ဂိုလ်က ဝေဒနာ ပစ္စယာ။ (တဏှာပါ) သြော် ဝေဒနာ ချုပ်ပြီး တဏှာလာတာပဲ။ (မှန်လှပါ)။
ဆရာကောင်း တပည့်ကတော့
ဆရာကောင်း သမားကောင်းနဲ့ နည်းနာ, နိဿယ ရတဲ့ ပုဂ္ဂိုလ်များကတော့ ဝေဒနာပစ္စယာ ပညာ။ (မှန်ပါ့) ဝေဒနာ ချုပ်ပြီး ပညာ ပေါ်လိုက်တယ်။ (မှန်ပါ့) ဖြစ်ပျက်ရှုတဲ့ ပညာ ပေါ်လာတယ်။ မပေါ်ဘူးလား။ (ပေါ်ပါတယ် ဘုရား)။
အဲဒီကဲ့သို့ ပေါ်လာတဲ့အခါကျတော့ အကြောင်းနဲ့အကျိုးလို့ မဆိုဘူး။ ဝေဒနာချုပ်လို့ ပညာ ပေါ်နိုင်တာ။ ဝေဒနာချုပ်လို့ ဆရာကောင်းသမားကောင်း မရှိတဲ့ ပုဂ္ဂိုလ်များ တဏှာပေါ်တာ မဆိုနိုင်ဘူးလား။ (ဆိုနိုင်ပါတယ် ဘုရား)။
အဲဒီတော့ကို ဝေဒနာ မချုပ်ဘဲနဲ့ ပညာလည်း မပေါ်နိုင် ဘူး။ တဏှာလည်း မပေါ်နိုင်ဘူး။ (မှန်ပါ့) ပေါ်နိုင်ပါ့မလား။ (မပေါ်နိုင်ပါ ဘုရား)။
မပေါ်နိုင်တော့ကို ဘုန်းကြီးတို့ ဒကာ၊ ဒကာမတွေမှာ တစ်ခါတလေ ဝေဒနာနဲ့ အသက်ရှင်နေတယ်၊ တစ်ခါတလေ ပညာနဲ့ အသက်ရှင်နေတယ်၊ တစ်ခါတလေ တဏှာနဲ့ အသက်ရှင် နေတယ်။ (မှန်ပါ့)။
ဆရာကောင်း သမားကောင်း မှီဝဲတဲ့ပုဂ္ဂိုလ်မှာ တစ်ခါ တလေကျတော့ ဝေဒနာကလေး ပေါ်ပါတယ်။ အင်း ဝေဒနာနဲ့ အသက်ရှင်နေတယ်။ တစ်ခါ ဝေဒနာကို ဖြစ်ပျက်ရှုလိုက် ပြန်တော့ ဖြစ်ပျက်ရှုတဲ့ဉာဏ်နဲ့ အသက်ရှင်နေတယ်။ (မှန်ပါ) ပညာနဲ့ အသက်ရှင်နေတယ်။ (မှန်ပါ့)။
ဟာ ဆရာကောင်း သမားကောင်းကို မမှီဝဲရ၊မဆည်း ကပ်ရ၊ နည်းနာ နိဿယကောင်း မရတဲ့ ပုဂ္ဂိုလ်ကျတော့ကို ဝေဒနာချုပ်သွားပြီး တဏှာနဲ့ အသက်ရှင်နေတယ်။ (မှန်ပါ့) မဟုတ်ဘူးလား။ (ဟုတ်ပါတယ် ဘုရား)။
ဝေဒနာပစ္စယာ ပညာ
အဲဒီတော့ကို “ဝေဒနာပစ္စယာ ပညာ” ဆိုတာ ဆရာကောင်း သမားကောင်း မှီဝဲရမှ ဖြစ်ပါတယ်။ ပဋိစ္စသမုပ္ပါဒ်မှာနော်။ (မှန်ပါ့) ဝေဒနာပစ္စယာတဏှာ ဆိုတာကတော့ ကမ္ဘာနဲ့ မြေစာလို့ မှတ်လိုက်ပါ။ (မှန်ပါ) လူတိုင်းမှာ လှည့်နေတယ်။ (မှန်ပါ့)။
“ဝေဒနာပစ္စယာ တဏှာ” က ကမ္ဘာနဲ့ မြေစာ “ဝေဒနာ ပစ္စယာ ပညာ” ဆိုတာက သာသနာ တွင်းမှာ ဆရာကောင်း သမားကောင်း မှီဝဲမှ ပေါ်တာ။ (မှန်လှပါ) နို့မဟုတ်လို့ ရှိရင်ဖြင့် တပည့်တော် တို့ နောက်တုန်းက ဘယ်လို နေခဲ့ရသတုန်း။ ဝေဒနာပစ္စယာ တဏှာနဲ့ နေခဲ့တယ် ဆိုတော့ ဝေဒနာ ချုပ်သွားပြီ။ သူ့နေရာ ဘယ်သူပေါ်ပါလိမ့်။ (ပညာပါ ဘုရား) ပညာ ပေါ်တယ်။ ဒါ ဆရာကောင်း သမားကောင်း မှီဝဲတဲ့ ပုဂ္ဂိုလ်မှာ။ (မှန်ပါ့)။
ဒီနေရာကလေး နည်းနည်း ရှင်းလိုက်ပါဦးမယ်တဲ့။ ပထမက ဦးမြမောင် ဝေဒနာနဲ့ အသက်ရှင် နေတယ်။ (မှန်လှပါ ဘုရား) ခန္ဓာကိုယ်ကြီးဟာ ဝေဒနာချုပ်သွားတော့ကို ဆရာကောင်း သမားကောင်း မှီဝဲတဲ့ပုဂ္ဂိုလ် ဘာနဲ့ အသက်ရှင်သတုန်း။ (ပညာနဲ့ အသက်ရှင်ပါတယ် ဘုရား) ပညာနဲ့ အသက်ရှင် တယ်။ (မှန်ပါ့)။
သြော်-ဒါဖြင့် အသက်ရှင်တယ်ဆိုတာကို သိတဲ့အခါ ကျတော့ ဝေဒနာပစ္စယာကြောင့် ပညာဖြစ်တယ်။ ပညာနဲ့ အသက်ရှင်ပြီးသကာလ နေတယ်ဆိုတာကို အခုတော့ ကိုယ်ပိုင် ဉာဏ်နဲ့ သိရတော့ကို ပညာနဲ့ အသက်ရှင်မှုကလည်း မလွယ်ပါ ကလား။ (မှန်လှပါ)။
ဆရာကောင်း သမားကောင်း မမှီဝဲရတော့ ဝေဒနာ ပစ္စယာ (တဏှာပါ) ဝေဒနာနဲ့ အသက်ရှင်နေတဲ့ပုဂ္ဂိုလ် ဝေဒနာ ချုပ်သွားတော့ ဦးမြမောင်တစ်ယောက် သေပြီ။ ဦးကျော်မောင် တစ်ယောက် သေပြီ။ ဘာနဲ့ အသက်ရှင်နေသတုန်း။ (တဏှာနဲ့ အသက်ရှင်နေပါတယ် ဘုရား)။
တဏှာ ချုပ်သွားပြန်တော့ ဒီပုဂ္ဂိုလ် ဘာနဲ့ အသက်ရှင် နေသတုန်း။ (ဥပါဒါန်နဲ့ အသက်ရှင် နေပါတယ် ဘုရား) ဥပါဒါန် နဲ့ အသက်ရှင်နေတယ်။ စိတ်တစ်ခုခုနဲ့ အသက်ရှင်ရမှာကိုး။ (မှန်ပါ့) “ဧကစိတ္တသမာယုတ္တာ” ကိုး။ တစ်ခုသောစိတ်နဲ့ အသက် ရှင်ရမှာ ဆိုတာကို ရှင်းပြီး သကာလ နေတော့ ဒါဖြင့် ခင်ဗျားတို့ ဒီလို ဆရာသမားတွေနဲ့ မတွေ့၊ ကိုယ့်အလုပ်ကိုလည်း လုပ်ကောင်းမှန်း မသိတဲ့ ပုဂ္ဂိုလ်မှာ တဏှာနဲ့ အသက်ရှင်လိုက်၊ ဥပါဒါန်နဲ့ အသက်ရှင်လိုက်၊ ကံနဲ့ အသက်ရှင်လိုက်၊ ပြန်လှည့် လိုက်။ (မှန်ပါ့) ပြန်လှည့်တဲ့အခါကျလို့ ရှိရင်ဖြင့် စိတ်နဲ့ အသက်ရှင်လိုက်၊ ဖဿနဲ့ အသက်ရှင်လိုက်၊ ဝေဒနာနဲ့ အသက် ရှင်လိုက်။ (မှန်ပါ)။
ဒီလိုချည်း လှည့်နေတာ သြော်-ဒါကြောင့် ပဋိစ္စသမုပ္ပါဒ် ခန္ဓာကိုယ်ဆိုတာ စိတ်ကနေ လှည့်လိုက်လည်း ကံရောက်၊ ကံကနေ မသေသေး ပြန်လှည့်ပြန် စိတ်ပြန်ရောက်။ (မှန်ပါ့) မရောက်ဘူးလား။ (ရောက်ပါတယ် ဘုရား)။
ရောက်တော့ကို ဒါဖြင့် ခင်ဗျားတို့ ခန္ဓာကိုယ်ဟာ ဘာခန္ဓာကိုယ်တုန်းလို့ မေးတော့ ပဋိစ္စသမုပ္ပါဒ် ခန္ဓာကိုယ်။ (မှန်ပါ့) ဒါတွေ လှည့်ဖြစ်နေတာ။ (မှန်ပါ့) ပေါ်ကြပလား။ (ပေါ်ပါပြီ ဘုရား)။
ပဋိစ္စသမုပ္ပါဒ် ခန္ဓာကိုယ်
ဘာခန္ဓာကိုယ်တုန်း။ (ပဋိစ္စသမုပ္ပါဒ် ခန္ဓာကိုယ်ပါ ဘုရား) ပဋိစ္စသမုပ္ပါဒ် ခန္ဓာကိုယ်လို့သိတော့ ပထမစိတ်နဲ့ အသက်ရှင် တယ်ဆိုတော့ သော် ပဋိစ္စသမုပ္ပါဒ်နဲ့ အသက်ရှင်တယ်။ စိတ်ချုပ်သွား ပြန်တော့ ဖဿနဲ့ အသက်ရှင်တယ်ဘုရား။ (မှန်ပါ့)။ ဖဿနဲ့အသက်ရှင်တယ်၊ ဖဿခန္ဓာ ဖြစ်ပြန်တယ်။ (မှန်ပါ့)။
ဒါဖြင့် ဖဿချုပ်သွားပြန်တော့ ဝေဒနက္ခန္ဓာနဲ့ အသက်ရှင် တယ်။ ဆရာကောင်း သမားကောင်းနဲ့ မမှီဝဲရပြန်တော့ တဏှာ ခန္ဓာ ဖြစ်တယ်။ (မှန်ပါ့) မဟုတ်ဘူးလား။ (ဟုတ်ပါတယ် ဘုရား)
အဲဒီတော့ ပဋိစ္စသမုပ္ပါဒ်နဲ့ အသက်ရှင်နေတယ်ဆိုရင် လွဲပါ့ မလား။ (မလွဲပါ ဘုရား)။
ကောင်းပြီ။ ဒါဖြင့် အကြောင်းတစ်ခု ချုပ်သွားတဲ့အခါ အကျိုးတစ်ခု မပေါ်ဘူးလား။ (ပေါ်ပါတယ် ဘုရား)။
သြော် ဒီအကျိုးဟာ အလိုလို ပေါ်တာလား၊ အကြောင်း က ကျေးဇူးပြုခဲ့လို့ ပေါ်တာလား။ (အကြောင်းက ကျေးဇူးပြုခဲ့လို့ ပေါ်တာပါ ဘုရား)။
အကြောင်းက ကျေးဇူးပြုခဲ့လို့ ပေါ်တဲ့ ဝေဒနာကြောင့် ပညာပေါ်တယ်။ (မှန်ပါ့) ဝေဒနာကြောင့် တဏှာ ပေါ်တယ်။ ဆရာကောင်းသမားကောင်း မမှီဝဲရတော့လေ။ (မှန်လှပါ ဘုရား)။
ဝေဒနာကြောင့် ဆရာကောင်း သမားကောင်း မှီဝဲရရင် (ပညာ ပေါ်ပါတယ် ဘုရား) အဲ ဒီလူ ပညာနဲ့ အသက်ရှင်တယ်နော်။ (မှန်ပါ့)။
ဆရာကောင်း သမားကောင်း မမှီဝဲရတဲ့ ပုဂ္ဂိုလ်ကျတော့ ဝေဒနာချုပ်သွား၊ ဘာနဲ့ အသက်ရှင် နေသတုန်း။ (တဏှာနဲ့ အသက်ရှင်ပါတယ် ဘုရား)။
တဏှာနဲ့ အသက်ရှင်နေတယ်ဆိုတာ သိတော့ သြော် ဒါဖြင့် အကြောင်းနဲ့ အကျိုးဟာ မပြတ်ပါလားလို့ အကြောင်းကြောင့် အကျိုးဖြစ်နေတာတွေပါလားလို့ ခန္ဓာကြီး မဆိုနိုင် ဘူးလား။ (ဆိုနိုင်ပါတယ် ဘုရား)။
တစ်ခုချုပ်မှ တစ်ခု ပေါ်နိုင်တယ်
အကြောင်းချုပ်သွားရင် အကျိုးပေါ်တာပဲ။ (ပေါ်ပါတယ်) အဲဒီအကျိုးပေါ်တာ သိလိုက်သဖြင့် ကိုယ်အသက်ရှင်နေတာ အကျိုးနဲ့ အသက်ရှင်နေတာ သိလိုက်သဖြင့် တစ်ခုချုပ်မှ တစ်ခုပေါ်နိုင်တာ ကိုးဗျ။ (မှန်ပါ့)။
တစ်ခုချုပ်မှ (တစ်ခု ပေါ်နိုင်ပါတယ် ဘုရား) တစ်ခုချုပ်မှ တစ်ခုပေါ်နိုင်တာကို ဘုန်းကြီးတို့ ဒကာ၊ဒကာမတွေက သိတော့မှ မမြဲပါကလား။ (မှန်ပါ့)။
မမြဲပါဘူး။ တစ်ခုချုပ်မှ တစ်ခု ပေါ်တာကိုးဗျ။ (မှန်ပါ့) အဲဒီ ပေါ်လာတာကလည်း ချုပ်ဦးမှာပဲ။ ချုပ်ပြီးနောက် အသစ် တစ်ခု မပေါ်ပေဘူးလား။ (ပေါ်ပါတယ် ဘုရား)။
ဒါဖြင့် မြဲသေးသလား ဦးမြမောင်။ (မမြဲပါ ဘုရား) အဲဒီလို သိလိုက်တော့ ပဋိစ္စသမုပ္ပါဒ် အကြောင်းချုပ်လို့ အကျိုး ဖြစ်တာ သိလိုက်သဖြင့် သဿတဒိဋ္ဌိ စင်သွားတယ်။ (မှန်ပါ့)။
ပထမဒိဋ္ဌိ
တစ်ခုချုပ်ပြီးမှ တစ်ခုပေါ်လာတာ။ ဒီလို သိလိုက်တော့ ဘာဒိဋ္ဌိစင်သွားသတုန်း။ (သဿတဒိဋ္ဌိ စင်သွားပါတယ် ဘုရား)။
ချုပ်သွားတာလည်း သိတာပဲ။ (မှန်ပါ) ပေါ်လာတာလည်း (သိပါတယ် ဘုရား) အဲဒီတော့ ခိုင်တယ်၊ မြဲတယ်လို့ ယူလို့ ရသေးရဲ့လား။ (မရပါ ဘုရား)။
အဲဒါကြောင့် သဿတဆိုတဲ့ ဥစ္စာတစ်ခုတည်း ခိုင်တယ်။ ယူတဲ့ဥစ္စာ သဿတကိုး။ (မှန်ပါ) အခုတော့ တစ်ခုတည်း ခိုင်တာ ဟုတ်သေးရဲ့ လား။ (မဟုတ်ပါ ဘုရား)။
တစ်ခုချုပ်ပြီး တစ်ခုပေါ်တယ်။ (မှန်ပါ) အဲဒီ ပေါ်တဲ့ တရားကလေး ချုပ်ပြီး နောက်တစ်ခု (ပေါ်လာပါတယ် ဘုရား)။ အဲဒီတော့ ခိုင်တာကို ပါရဲ့လား။ (မပါ,ပါ ဘုရား)။
မခိုင်မြဲတာသိလို့ သဿတဒိဋ္ဌိစင်တယ်
အဲဒီကဲ့သို့ ခိုင်တာ မပါတာကို သိသဖြင့် ခိုင်တာ မရှိဘူး ဆိုတာ သိသဖြင့် ခင်ဗျားတို့ ပဋိစ္စသမုပ္ပါဒ်ကြီးဟာ ဒကာ၊ဒကာမတွေ သဿတဒိဋ္ဌိ စင်သွားတယ်။ (မှန်ပါ) ပေါ် ပလား။ (ပေါ်ပါပြီ) သဿတဒိဋ္ဌိစင်ပုံ သဘောကျပလား။ (ကျပါပြီ ဘုရား)။
သဿတဒိဋ္ဌိ စင်သွားပါပြီတဲ့။ ရှင်းပြီနော်။ (မှန်ပါ) ဒီနေ့ ဒိဋ္ဌိခွာတယ် သောတာပန် တည်အောင်လို့။ (မှန်ပါ) ဒိဋ္ဌိခွာနေတယ်။ ဥပမာမယ် အခု ဝေဒနာချုပ်သွားတော့ ခင်ဗျားတို့ ဘာနဲ့ အသက်ရှင်နေသတုန်း။ (တဏှာနဲ့ အသက်ရှင် နေပါတယ် ဘုရား)။
တဏှာနဲ့ အသက်ရှင်တော့ အင်း ..ဝေဒနာသမား မြရဲ့ လားလို့ မေးရင် ဘယ့်နှယ်ပြောမလဲ။ (မမြဲပါ ဘုရား)။
ကဲ တဏှာနဲ့ အသက်ရှင်နေပြီ။ တဏှာကလည်း ဖြစ်ပြီး ပျက်သွားပြန်တော့ ဘာနဲ့ အသက်ရှင်ရမယ်။ (ဥပါဒါန်နဲ့ အသက်ရှင်ပါမယ် ဘုရား) ဒီတော့ ခင်ဗျားတို့ ခန္ဓာဟာ မြဲသေး ရဲလား။ (မမြဲပါ ဘုရား)။
ဒိဋ္ဌိစင်မှ သောတာပန်တည်မှာ
ဒီလိုသိသဖြင့် မမြဲဘူး-မမြဲဘူး။ ပေါ်လာတာကလေး မမြဲဘူး။ ပေါ်လာတာကလေး မမြဲဘူး။ ပေါ်လာတာကလေး မမြဲဘူးလို့ ခင်ဗျားတို့ သိသဖြင့် ဘာဒိဋ္ဌိစင်သတုန်း။ (သဿတဒိဋ္ဌ စင်ပါတယ် ဘုရား) ပေါ်ပြီ (ပေါ်ပါပြီ ဘုရား) ဒိဋ္ဌိစင်မှ သောတာပန် တည်မှာကိုးဗျ။ (မှန်ပါ)။
ဒိဋ္ဌိစင်မှ နောက်က ဒကာ၊ဒကာမတွေ သောတာပန် တည်မှာ ရှင်းပလား။ (ရှင်းပါပြီ ဘုရား) ဘာ စင်မှတုန်း။ (ဒိဋ္ဌိ စင်မှပါ ဘုရား) ဘာဒိဋ္ဌိစင်သွားသတုန်း။ (သဿတဒိဋ္ဌိ စင်သွားပါ တယ် ဘုရား)။
ဒါ ခင်ဗျားတို့ ဘယ်တော့မှ မရှိတော့ဘူး။ ဒီဥစ္စာ။ (မှန်ပါ ဘုရား) ဒီဘဝမှာ ဘယ်တော့မှ မရှိတော့ဘူး။ ဒီပဋိစ္စ သမုပ္ပါဒ်က သက်သေခံသွားပြီ။ (မှန်ပါ) မခံသေးဘူးလား။ (ခံသွားပါပြီ ဘုရား) ကဲ-တစ်ခါ ဒါကို ရေရေလည်လည် နားလည် ပြီးပါပြီ။ သဿတဒိဋ္ဌိလည်း တပည့်တော်တို့ သန္တာန် ဘယ်တော့မှ မရှိတော့ပါဘူး။ ရုပ်တရားလည်း တစ်ခုချုပ်ပြီး တစ်ခု ဖြစ်တာပဲ။ (မှန်ပါ) နာမ်တရားတွေကော (တစ်ခုချုပ်ပြီး တစ်ခုဖြစ်တာပါ ဘုရား)။
အဲ..တစ်ခုချုပ်ပြီး တစ်ခုဖြစ်လိုက်၊ ဖြစ်တဲ့တရားကလေး ချုပ်ပြီး နောက်တစ်ခါ ဖြစ်လိုက်၊ ဒီလို မနေဘူးလား။ (နေပါတယ် ဘုရား)။
ဒီလိုနေတာ ထောက်ပြသဖြင့် နောက်က ဒကာ၊ဒကာမတွေ ဘာဒိဋ္ဌိ စင်သတုန်း။ (သဿတဒိဋ္ဌိ စင်သွားပါတယ် ဘုရား)။
သဿတဒိဋ္ဌိ စင်သွားတယ်လို့ မှတ်လိုက်စမ်းပါတဲ့။ (မှန်ပါ့) ဒါက ရှင်းပြမှ သဿတဒိဋ္ဌိ စင်တာဗျ။ (မှန်ပါ့) မပြရင် (မစင်ပါ ဘုရား)။
မစင်ဘူးဆိုတော့ ဒီ ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်း ဒေသနာဟာ ကိုယ့်ခန္ဓာဖြစ်စဉ်ဟာ ဒီအတိုင်းပဲလို့ သိသဖြင့် သင်တဲ့ဆရာက လက်ညှိုးညွှန်ပြီး ပြသ, သင်သောအားဖြင့် ဦးဘသန်းရေ သဿတဒိဋ္ဌိဟာ အမြင်ကို စင်သွားတာပဲ။ (မှန်ပါ)။
ဒုတိယဒိဋ္ဌိ
ဘယ့်နှယ်နေသတုန်း။ (သဿတဒိဋ္ဌိဟာ အမြင်စင်သွား ပါတယ် ဘုရား) အမြင်စင်သွားပြီတဲ့။ အမြင်စင်သွားပြီနော်။ (မှန်ပါ့ ဘုရား) ကဲ တစ်ခါ ဥစ္ဆေဒဒိဋ္ဌိစင်အောင် လုပ်ပေးဦးမယ်။ သဿတဒိဋ္ဌိ ကျေနပ်ပြီ။ (မှန်ပါ့)။
ဝေဒနာချုပ်သွားပြီးတော့ကို ဆရာကောင်းသမားကောင်း မမှီဝဲရတဲ့ ပုဂ္ဂိုလ်မှာ နိယာမအားဖြင့် ဘာပေါ်လေ့ရှိသတုန်း။ (တဏှာပေါ်လေ့ ရှိပါတယ်) တဏှာပေါ်လေ့ ရှိတယ်။(မှန်ပါ့ ဘုရား)။
ဪ ဒါဖြင့် ဝေဒနက္ခန္ဓာ ချုပ်သွားပြီး ဘာမှ မပေါ် ဘူးဆိုမှ ဥစ္ဆေဒကိုး။ (မှန်ပါ့) အခုတော့ ဝေဒနာ ချုပ်သွားပြီး သည့်နောက် ဝေဒနာပစ္စယာ ဝေဒနာအကြောင်း ဆက်ပြီးတော့ အကျိုး ပေါ်စေတယ်။ (မှန်ပါ့) တဏှာ ပေါ်လာတယ်။ (မှန်လှ ပါ) မပေါ်လာဘူးလား။ (ပေါ်လာပါတယ် ဘုရား)။
တဏှာပေါ်လာတာ ထောက်လိုက်သဖြင့် ဝေဒနာ အကြောင်း ကင်းရဲ့လား။ (မကင်းပါ ဘုရား) ဝေဒနာ မချုပ်ဘဲ နေရင် တဏှာ ပေါ်ပါ့မလား။ (မပေါ်ပါ ဘုရား)။
မပေါ်ဘူးဆိုတော့ ဝေဒနာ ချုပ်လို့သာ တဏှာ ပေါ်တာ ထောက်လိုက်သဖြင့် တဲ့။ ဝေဒနာက အကြောင်းဆက်ခဲ့တာ ကြောင့် တဏှာတည်းဟူသော အကျိုးတရား ပေါ်တယ်လို့ သိသဖြင့် ဝေဒနာချုပ်ပြီး ဘာမှမပေါ်ဘူး။ ပြတ်သွားတာပဲ။ ဝေဒနာချုပ်ပြီး ပြတ်သွားတာပဲဆိုတဲ့ ဥစ္ဆေဒဒိဋ္ဌိ အယူဟာ မရှိတော့ဘူး။ (မှန်ပါ့) ရှိသေးရဲ့ လား။ (မရှိပါ ဘုရား)။
ကဲ တဏှာချုပ်သွားပြန်ပြီတဲ့။ သူ့သက်တမ်းစေ့လို့။ (မှန်ပါ့) ဘာပေါ်မတုန်း။ (ဥပါဒါန် ပေါ်လာပါတယ် ဘုရား) အလိုလို ပေါ်တာလားတဲ့။ စဉ်းစားကြည့်ပါတဲ့။ တဏှာချုပ်လို့ ပေါ်ရတာလား။ (တဏှာချုပ်လို့ ပေါ်ရတာပါ) တဏှာက ကျေးဇူးပြုခဲ့တယ်။ (မှန်ပါ့) တဏှာ ကျေးဇူးမပြုခဲ့လို့ရှိရင် ဥပါဒါန် (မပေါ်ပါ ဘုရား)။
ဒါဖြင့် တဏှာချုပ်ပြီး ပြတ်သွားတယ်လို့ ယူမလား၊ ဥပါဒါန် ပေါ်သေးတယ်လို့ ယူမလား။ (ဥပါဒါန် ပေါ်သေးတယ် လို့ ယူရပါမယ် ဘုရား)။
ကြောင်းကျိုးဆက်မှန်းသိလို့ ဥစ္ဆေဒဒိဋ္ဌိစင်တယ်
ဒါဖြင့် တဏှာချုပ်သွားရင် ဘာမှ မဖြစ်တော့ဘူးဆိုတဲ့ ဥစ္ဆေဒဒိဋ္ဌိ အဓိပ္ပါယ်မျိုးကော ယူသေးရဲ့ လား။ (မယူပါ ဘုရား) ဒါဖြင့် ဘယ်ဒိဋ္ဌိစင်သွားသတုန်း။ (ဥစ္ဆေဒဒိဋ္ဌိ စင်သွားပါတယ်) ဥစ္ဆေဒဒိဋ္ဌိ စင်သွားတယ်နော်။ (မှန်ပါ)။
ဒါဖြင့် အခု တရားနာတာ ၁၅-မိနစ် ရှိသွားပြီ။ ဒိဋ္ဌိ ဘယ်နှစ်မျိုး စင်လဲ။ (နှစ်မျိုး စင်ပါပြီ ဘုရား) နှစ်မျိုး စင်သွားပြီ။
နှစ်မျိုးစင်ပြီနော်။ (မှန်ပါ) မှတ်ထားပါတဲ့။ ဒိဋ္ဌိနှစ်မျိုး စင်သွားပြီ။ နောက်နှစ်မျိုး စင်အောင် လုပ်ရဦးမယ်။ (မှန်လှပါ ဘုရား)။
ဒါ မစင်ဘဲနဲ့ ခင်ဗျားတို့ ယောက်ျား လေးယောက်၊ ငါးယောက်၊ ခြောက်ယောက်ရှိတယ်။ ဒါမစင်ဘဲနဲ့ ဖြစ်ပျက် ဖြစ်ပျက်ဆိုပြီး ဉာဏ်ထဲမှာ မြင်နေဦး။ ဝမ်းထဲမှာ ဒီဒိဋ္ဌိက မရှင်းလို့ရှိရင် ဘယ်လိုမှ နိဗ္ဗာန် မရဘူး။ (မှန်ပါ)
ဒါတွေက ရှင်းနေမှ။ (မှန်ပါ့) ကိုယ့်ဝမ်းထဲမှာ ကိုယ်ရှင်းနေမှ ရတာ။ (မှန်ပါ့) နို့မဟုတ်လို့ရှိရင် ဘယ်တော့မှ ဒုက္ခသိမ်းတဲ့ နိဗ္ဗာန် မရဘူး။ (မှန်ပါ့)။
ဒါဖြင့် ဒီဟာ အသိနဲ့ စင်ပြီး အားထုတ်ရမယ်ဆိုတဲ့ တစ်နေ့က ပြောခဲ့တဲ့ ရှေ့ပိုင်းမှာ အသိဉာဏ်နဲ့ ရှင်းလင်းပြီးမှ နောက်ပိုင်းက အားထုတ်ပါဆိုတာ ဦးမြမောင်တို့၊ ဦးကျော်မောင် တို့ မှာထားတယ်။ (မှန်ပါ)။
ညောင်းရုံပဲရှိမယ်
ရမ်းပြီး ခင်ဗျားတို့က ယောဂီရိပ်သာသွားပြီး ဆရာက ဒါ အားထုတ်ဆိုလို့ ထုတ်နေတာပဲ ဆိုတော့ သူက ဒါတွေ ရှင်းပေးပြီး မထားဘဲနဲ့ အားထုတ်လို့ရှိရင် ခင်ဗျားတို့ ညောင်းရုံပဲ ရှိမယ်။ (မှန်ပါ) နိဗ္ဗာန်တော့ မရဘူး။ (မှန်လှပါ ဘုရား)။
နိဗ္ဗာန်တော့ မရဘူး။ ဘာပြုလို့တုန်း။ အမြင် မစင်ကြယ်လို့။ (မှန်ပါ) ဘာပြုလို့တုန်း။ (အမြင် မစင်ကြယ်လို့ပါ ဘုရား)။
ဘယ့်နှယ်ကြောင့် အမြင်မစင်ကြယ်သတုန်းဆိုတော့ ဒိဋ္ဌိက ကပ်တယ်။ (မှန်ပါ) ဒိဋ္ဌိက ကပ်တော့ ဝိစိကိစ္ဆာ ဝင်တယ်။ ဘယ့်နှယ်ကြောင့် ဒါ တစ်ခုပြီးတစ်ခု ပေါ်ပါလိမ့်မတုန်းလို့။ ဟော ဝိစိကိစ္ဆာ ကလည်း ပေါ်လာတယ်။ (မှန်ပါ)။
ဒိဋ္ဌိဝိစိကိစ္ဆာတို့ ချက်ချင်း ဝင်မလာဘူးလား။ (ဝင်လာပါ တယ်ဘရာ) ဝင်လာတော့ အမြင်မစင်ကြယ် ဘဲနဲ့ ဖြစ်ပျက်ကို အားထုတ်နေလို့ ရှိရင်ဖြင့် အာပေါက်အောင် အားထုတ် မရပါဘူး။ (မှန်ပါ့)။
အမြင်စင်ကြယ်မှု ရှေ့ထား
အမြင်စင်ကြယ်မှု ရှေ့ထားရပါတယ်။ ဒါ့ကြောင့် ဘုရားက ဉာတပရိညာ ရှေ့ထားပေါ့တဲ့။ ပြီးတော့မှ တီရဏပရိညာ ပွားများမှု နောက်မှ လုပ်ဖော့တဲ့။ (မှန်ပါ့) မမှာဘူးလား။ (မှာပါတယ် ဘုရား) ပရိညာသုံးပါး အင်္ဂုတ္တိုရ်ပါဠိတော်မှာလာ ပါတယ်။ (မှန်ပါ)။
တတိယဒိဋ္ဌိ
ကဲ တတိယဒိဋ္ဌိ ဖြုတ်ဦးမယ်။ တတိယဒိဋ္ဌိက တစ်ခုသော တရားချုပ်ပြီးသကာလ အချို့ဖြစ်တယ်။ အချို့မဖြစ်ဘူးလို့ ယူတဲ့ တစ်ပိုင်းကြောင် သဿတဒိဋ္ဌိ ရှိသေးတယ်။ (မှန်ပါ့) တစ်ခုသော တရားချုပ်ပြီး၊ တစ်ခုသော အကြောင်းတရား ချုပ်ပြီး တစ်ခုသော အကျိုးတရားဟာ ဖြစ်တဲ့အခါလည်း ဖြစ်တယ်။ မဖြစ်တဲ့အခါ လည်း မဖြစ်ဘူးလို့ ယူတဲ့ ဥစ္စာလည်း ရှိသေးတယ်။ (မှန်လှပါ) အဲဒါက ဧကစ္စသဿတဒိဋ္ဌိတဲ့ ဦးဘသန်းကြီး သေသေချာချာ မှတ်ပါ။ (မှန်ပါ့)
တစ်ခုသော တရား ချုပ်သွားပြီးသည့်နောက် တစ်ခုသော တရားဟာ ဖြစ်တဲ့အခါလည်း ဖြစ်တယ်။ မဖြစ်တဲ့အခါလည်း မဖြစ်ဘူး။ (မှန်လှပါ) ဒီလိုယူတဲ့ အယူဟာတဲ့ ဧကစ္စသဿတ ဒိဋ္ဌိတဲ့။ ပါဠိလို၊ မြန်မာလိုတော့ တစ်ပိုင်းကြောင့် သဿတဒိဋ္ဌိ။ (မှန်ပါ ဘုရား)။
တချို့ဖြစ်တယ်၊ တချို့မဖြစ်ဘူး။ (မှန်ပါ့) တစ်ပိုင်း ကြောင့် သဿတဒိဋ္ဌိ။ (မှန်ပါ့)ရှင်းပလား။ (ရှင်းပါပြီ)။
တစ်ခုသောအကြောင်းတရားချုပ်ပြီး တစ်ခုသော အကျိုး တရားဟာ ဖြစ်တာလည်း ရှိတယ်၊ မဖြစ်တာလည်း ရှိတယ်လို့ ယူတဲ့အယူ။ ဘာ အယူတဲ့တုန်း။ (တစ်ပိုင်းကြောင့် သဿတ ဒိဋ္ဌိပါ ဘုရား)။
တစ်ပိုင်းကြောင့် သဿတဒိဋ္ဌိအယူ တစ်ဝက်ဖြစ်တယ်။ တချို့ ဖြစ်တယ်။ တချို့ကျတော့ မဖြစ်ဘူးလို့ ယူလို့ ရှိရင် တစ်ပိုင်းကြောင့် သဿတဒိဋ္ဌိလို့ မှတ်ပါ။(မှန်ပါ့)။
ဒီလို ဒီ ဒိဋ္ဌိရှိနေလည်း မဂ်ဉာဏ် ဖိုလ်ဉာဏ်ကို အာ ပေါက်အောင် အားထုတ်၊ ဖြစ်ပျက်တွေကို မြင်ချင်တိုင်းမြင် နိဗ္ဗာန် မရ။ (မှန်လှပါ)ဧကစ္စသဿတဒိဋ္ဌိ ခံပါတယ်။ (မှန်လှပါ) သဘောပါ ပလား။ (ပါ,ပါပြီ) ရှင်းပလား။ (ရှင်းပါပြီ) ဒိဋ္ဌိ ဘယ်နှစ်မျိုး ပြီးသွားပလဲ။ (သုံးမျိုး ပြီးသွားပါပြီ) ဒိဋ္ဌိလေးမျိုးတော့ ခွာပေးရမယ်။ (မှန်ပါ) ခွာပြီးမှ ခင်ဗျားတို့ သေသေချာချာ အားထုတ်ရမယ်နော်။ (မှန်ပါ့)။
စတုတ္ထဒိဋ္ဌိ
စတုတ္ထ အမရာဝိက္ခေပဒိဋ္ဌိဆိုတာကတော့ မဖြစ်သည်လည်း မဟုတ်၊ ဖြစ်သည်လည်း မဟုတ်၊ သူက ဒီလို ယူတယ်။ (မှန်လှပါ ဘုရား)။
တစ်ခုသော အကြောင်းတရား ချုပ်ပြီးသကာလ တစ်ခု သောအကျိုးတရား မဖြစ်သည်လည်း မဟုတ်ဘူး၊ ဖြစ်တယ်လို့ လည်း သူ မဆိုလိုဘူးတဲ့။ (မှန်ပါ့) ဘာ ကောက်ရမှာတုန်း ဒီဥစ္စာ။ ဒီလိုလည်း ယူတာ ရှိသေးတယ်။ (မှန်ပါ့) မဖြစ်ဘူး လို့လည်း သူ မဆိုလိုဘူး။ ဖြစ်တယ်လို့ လည်း သူ မဆိုလိုဘူး။ အဲဒါ အမရာဝိက္ခေပဒိဋ္ဌိပဲနော်။ (မှန်လှပါ ဘုရား)။
ဒီဒိဋ္ဌိက ဘယ်လိုပုဂ္ဂိုလ်မှာ ရှိတာတုန်းဆိုတော့ ဆရာ လုပ်ပြီး နားမလည်တာနဲ့ မုသားဖြစ်မှာ ကြောက်လို့ သုံးတာ။ (မှန်ပါ့ ဘုရား) မဖြစ်ဘူးလို့ သူ မဆိုလိုဘူး။ ဖြစ်တယ်လို့လည်း သူ မဆိုလိုတော့ ဘာကောက်ကြမလဲ။ ဘာမှ မကောက်တတ်ဘူး မဟုတ်လား။ (မှန်ပါ့) အဲဒါ အမရာဝိက္ခေပဒိဋ္ဌိ။ (မှန်လှပါ) ရှင်းပလား။ (ရှင်းပါပြီ)။
မဖြစ်ဘူးလို့လည်း သူ မဆိုဘူး။ ဖြစ်တယ်လို့ ကော။ (မဆိုပါ ဘုရား) အဲဒီလို ယူထားတယ်။ တစ်ခုသော အကြောင်း တရား ချုပ်သွားတယ်၊ တစ်ခုသော အကျိုးတရား ပေါ်တယ်ဆိုတဲ့ ဥစ္စာ ဖြစ်တယ်။ ပေါ်တယ်လို့ လည်း သူ မဆိုလိုဘူး။ မပေါ် ဘူးလို့လည်း သူ မဆိုလိုဘူး။ ဒီလို ယူတဲ့အယူလည်းရှိသေးတယ်။ အဲဒါကို အမရာဝိက္ခေပဒိဋ္ဌ ခေါ်ပါတယ်။ (မှန်ပါ့)။
အဲဒီ ဒိဋ္ဌိလေးမျိုး တစ်ခုခု ရှိနေခဲ့ရင် ခင်ဗျားတို့ ဝမ်းထဲမှာ မရှင်းဘဲနဲ့ ရှိနေခဲ့သော် ဟုတ်လား၊ အာပေါက်အောင် အားထုတ်ပါ။ ခန္ဓာကိုယ် ဖြစ်ပျက် မြင်ချင်တိုင်း မြင်ပါ။ ဘယ်နည်းနှင့်မှ ဒုက္ခဆုံးတဲ့ နိဗ္ဗာန် မရောက်ပါဘူး။ (မှန်ပါ့) ဘာဖြစ်လို့တုန်း။ ဒိဋ္ဌိလေးမျိုး တစ်မျိုးမျိုး ခံနေလို့။ (မှန်ပါ့)။
ပထမမဂ်က “ဒိဋ္ဌိနိရောဓော နိဗ္ဗာနံ” ကိုးဗျ။ ပထမမဂ်က ဘယ်ဒိဋ္ဌိမှ မကျန်မှ နိဗ္ဗာန် ရောက်မှာ။ ဒိဋ္ဌိတစ်ခုခု ကျန်ရင် (မရောက်ပါ ဘုရား) ဒါဖြင့် ဒိဋ္ဌိခွာမှုနဲ့ ဝိပဿနာရှုမှု ဘယ်သူ့ ရှေ့ထား ရမှာတုန်း။ (ဒိဋ္ဌိခွာမှု ရှေ့ထားရမှာပါ ဘုရား)။
နောက်က ဒကာ၊ဒကာမတွေ၊ ဒါ သေသေချာချာ အရေးကြီးပါတယ်။ ရောက်လာလို့ ရှိရင်ဖြင့် ဘယ် ကမ္မဋ္ဌာန်း တိုက်မဆို များသောအားဖြင့် အားထုတ်ကွာ။ တို့နည်းက ဒါပဲ။ ခုပြောတာတွေကို ရှင်းမပေးဘူး။ (မှန်ပါ့) ဒါတွေကို ရှင်းမပေး လို့ရှိရင် ရက်သာကုန်လို့ ပြန်ခဲ့ရတယ် ဟုတ်လား။ (မှန်လှပါ)။
ဖြစ်ပျက်တွေ့ပေမယ့် နိဗ္ဗာန် မရ
တွေ့တော့ တွေ့တယ်ဟေ့၊ ဖြစ်ပျက်ကလေးတွေတော့ တွေ့ တော့တွေ့တယ်။ တွေ့ပေမယ့် မင်း နိဗ္ဗာန် မရဘူး။ ဘာ့ကြောင့်တုန်း ဒိဋ္ဌိလေးမျိုး တစ်မျိုးမျိုးခံနေတယ်။ (မှန်လှပါ) ဘာ့ကြောင့် ခံရသတုန်း။ ပဋိစ္စသမုပ္ပါဒ် နားမလည်လို့။ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။
ဘာဖြစ်လို့တုန်း။ (ပဋိစ္စသမုပ္ပါဒ် နားမလည်လို့ပါ ဘုရား)။ နားမလည်တော့ ဒိဋ္ဌိခံမနေဘူးလား။ (မှန်ပါ့) အခုတော့ ခင်ဗျား တို့ ဒိဋ္ဌိခံသေးရဲ့ လား။ (မခံတော့ပါ ဘုရား)။
မခံတော့ဘူးတဲ့။ တစ်ခုသော အကြောင်းတရား ချုပ်သွား တယ်။ တစ်ခုသော အကြောင်း တရား ဖြစ်ရတာပဲ။ (မှန်ပါ့)။
ချုပ်တာ မြင်သဖြင့် သဿတဒိဋ္ဌိ ရှိသေးရဲ့လား။ (မရှိ တော့ပါ) နောက် ဖြစ်တာမြင်သဖြင့် ဥစ္ဆေဒဒိဋ္ဌိ ရှိသေးရဲ့လား။ (မရှိပါ ဘုရား)။
တစ်ပိုင်းကြောင်ကော ရှိသေးရဲ့လား။ (မရှိတော့ပါ ဘုရား) မဖြစ်သည် မဟုတ်၊ ဖြစ်တယ်လို့လည်း မဆိုလို ဆိုတာမျိုးလည်း ရှိသေးရဲ့လား။ (မရှိပါ ဘုရား)။
အဲဒါ ခင်ဗျားတို့ ယနေ့ နာရတဲ့အတွက် ဒိဋ္ဌိ ပြုတ် သွားသဖြင့် ဒိဋ္ဌုပါဒါန်ပါ ပြုတ်သွားတယ်။ (မှန်ပါ့)။ ဒိဋ္ဌိရှိမှ ဒိဋ္ဌုပါဒါန် ဖြစ်တယ်။ တဏှာရှိမှ တဏုပါဒါန်ဖြစ်တယ် ဟုတ်လား။ (မှန်ပါ့)။
ဒိဋ္ဌိရှိမှ ဒိဋ္ဌုပါဒါန်ဖြစ်ပါတယ်။ တဏှာရှိမှ တဏုပါဒါန် ဖြစ်ပါတယ်။ တဏှာနဲ့ ဒိဋ္ဌိဟာ တွဲလျက်ပါလို့ ဘုန်းကြီးတို့ ဒကာ၊ ဒကာမတွေက ရှင်းရှင်းလင်းလင်း မှတ်ထားပါ။ (မှန်ပါ့) သဘောကျပလား။ (ကျပါပြီ ဘုရား)။
သာဝတ္ထိပြည် ဇေတဝန်ကျောင်းမှာ
ကိုင်း ဝတ္ထုထုတ်တော့မယ်။ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီး သာဝတ္ထိပြည် ဇေတဝန်ကျောင်းမှာ သီတင်း သုံးပြီးသကာလ နေတယ်။ ဝစ္ဆပုဏ္ဏားက လာတယ်။ ခန္ဓဝဂ္ဂသံယုတ် ပါဠိတော် ရာဓသံယုတ်မှာ။ (မှန်ပါ့)။
ဝစ္ဆပုဏ္ဏားက လာတယ်။ လာပြီးသကာလ သူနှုတ်ဆက် လိုက်တယ်။ အရှင်ဘုရား ရှေးရက်တွေလည်း ကုန်ပြီနော်၊ အခု ဟာက အသစ်ရက်တွေပဲ။ (မှန်ပါ့) သူတို့ ရှေးက နှုတ်ဆက် နည်းပဲ။ (မှန်ပါ)။
ရှေးက ရက်တွေကလည်း ကုန်သွားပြီ။ အခု အရှင်ဘုရားနဲ့ တွေ့ရတာ အသစ်ရက်ပဲ။ ဒီနေ့မှ ပေါ်လာတဲ့ ရက်ပေါ့ ဗျာ။ (မှန်ပါ့ ဘုရား)။
ရှေးက ရက်တွေ လွန်ကုန်ပြီ။ အခုတွေ့ရတဲ့ ရက်ဟာ တွေ့တဲ့ရက်လို့ပဲ အရှင်ဘုရားနဲ့ တပည့်တော် မှတ်ဖို့ပဲ။ ဒါရှေးက နှုတ်ဆက်တာ။ (မှန်ပါ့)။
ရှေးရက်တွေလည်း လွန်ကုန်ပြီ။ ဒီရက်မှာ လာဆုံကြ တာပဲ။ ဒါ ရှေးက နှုတ်ဆက်နည်းဆိုတာ သံဝေဂ ပါနေတယ်။ (မှန်လှပါ ဘုရား)။
ခင်ဗျားတို့ အခုနှုတ်ဆက်နည်းကတော့ ကျန်းမာပါရဲ့ လား၊ ချမ်းသာပါရဲ့လား။ ဒါလောက်သာ မေးလေ့ရှိတယ်။ (မှန်လှပါ ဘုရား)။
သူတို့ကတော့ ဒီလို မဟုတ်ဘူး။ ရှေးက ရက်တွေ ကုန်ပြီနော်။ အခုရက် တွေ့ကြတာပဲ။ သူတို့ ဒီလို နှုတ်ဆက်လေ့ ရှိတယ်။ (မှန်ပါ့)။
ဟိုသူတို့ ဟာက မှန်တယ်။ (မှန်ပါ) သူတို့ဟာက မှန်တယ်။ ရှေးကရက်တွေလည်း လွန်ကုန်ပြီ။ အခုရက် တွေ့ကြ တာပဲ ဆိုတော့ ရှေးရုပ်နာမ်တွေ ကုန်ပြီ။ အခု ရုပ်နာမ်နဲ့ စကားပြောကြစို့ဆိုတဲ့ အဓိပ္ပါယ်မျိုး။ (မှန်ပါ)ရောက်ပလား။ (ရောက်ပါတယ် ဘုရား)။
ဝစ္ဆပုဏ္ဏားက မေးတယ်
အဲဒီကဲ့သို့ နှုတ်ဆက်ပြီးသကာလ ရှင်ကြီးဂေါတမတဲ့။ ကျုပ်တို့ ကတော့ ပုဏ္ဏားလူမျိုး ဖြစ်ပြီး သကာလနေတော့ အမျိုးမျိုးသော တိတ္ထိဆရာကြီးတွေနဲ့ လည်း ဆက်ဆံရတယ်။ အရှင်ဘုရားနဲ့လည်း ဆက်ဆံရတယ်။ ဆက်ဆံရတဲ့အခါကျတော့ စကားကြားရတယ်ပေါ့ လေ။(မှန်ပါ)။
ပုရာဏကဿပတို့ ကသူတို့ အထဲက ဒကာတစ်ယောက် သေသွားတဲ့အခါကျတော့ ဟ ဘယ်ဘုံမှာ ပဋိသန္ဓေ နေပြီ တာဝတိ’သာဖြင့် တာဝတိံသာ ရောက်သွားပြီ၊ သူတို့ ဆရာကြီး တွေ သွားမေးရင် ပြောတာပဲ။ (မှန်ပါ့) တာဝတိံသာ သွားပြီး ပဋိသန္ဓေ နေတယ်။
မက္ခလိတို့ သွားမေးလိုက်ပြန်တော့ သူတို့ တပည့်ထဲက တော်တော် ထူးထူးချွန်ချွန် ဒကာ သေသွားတယ်ဆိုလို့ ရှိရင် ဟာ ပထမဈာန် ဗြဟ္မာ ဖြစ်သွားပြီကွ။ (မှန်ပါ့)။
တိတ္ထိကြီးတွေ ဖြေတာကတော့
သူတို့ တိတ္ထိကြီးခြောက်ယောက်ကတော့ သူတို့ ဒကာတွေ သေလို့ ရှိရင်ဖြင့် သွားမေးကြတာ ပေါ့လေ။ သူ့အမျိုးတွေ ဘာတွေက။ (မှန်ပါ့) အဲဒီအတိုင်းပဲ ရောက်ရာဋ္ဌာန ဖြေကြတယ်။ (မှန်ပါ့)။
ဖြေကြတာ တပည့်တော်များလည်း ဒီဘုံတွေက ရှိတာ လည်း သိရတော့ ဪ ဒီဘုံတွေ- ရောက်သွားတယ်။ ဒီဘုံတွေ ရောက်သွားတယ်ဆိုတော့ တပည့်တော်တို့ဟာ ကျေနပ်ထိုက်တဲ့ ပုဂ္ဂိုလ်ဖြင့်လည်း ကျေနပ်ရသေးရဲ့။ မကျေနပ်တဲ့ ပုဂ္ဂိုလ်ဖြင့်လည်း မကျေနပ်ရဘူး ဆိုတော့ ရောက်ရာဋ္ဌာန သိရသေးတယ်။
ရှင်ကြီးဂေါတမအထဲက သေသွားတဲ့အခါကျတော့ ရှင်ကြီး ဂေါတမကို သွား သွား မေးကြတယ်တဲ့။ တစ်ခြားသော ရှင်ကြီးဂေါတမရဲ့ ဒကာ၊ဒကာမတွေက။ (မှန်ပါ့)။
မြတ်စွာဘုရား ဖြေတာကတော့
မေးတော့ ရှင်ကြီးဂေါတမက ဘယ်လို ဖြေလိုက်သတုန်း ဆိုတော့ ။
“အစ္ဆေ စ္ဆိ တဏံှ၊ ဝိဝတ္တယိ သံယောဇနံ၊
သမ္မာ မာနာဘိသမယာ၊ အန္တ မကာသိ ဒုက္ခဿ။”
ဒီလိုချည်းဖြေတယ်။ တဏှာကုန်ပြီကွ၊ ဥပါဒါန် ကုန်ပြီကွ။ (မှန်ပါ့) ဟုတ်လား။ မာနကိုလည်း လွန်မြောက်သောကြောင့် ဒုက္ခအဆုံး ရောက်သွားပြီလို့ ရှင်ကြီးဂေါတမ ဖြေလေ့ရှိတယ်တဲ့။ ဒကာတွေ သေတဲ့အခါ။ (မှန်ပါ့)။
ဒိဋ္ဌိလွတ်၊ ဒိဋ္ဌိရှင်းပြီးသကာလ လာတော့။ (မှန်ပါ့) သူ နိဗ္ဗာန်မေးနေတာ။ (မှန်ပါ့) အဲဒီတော့ကိုတဲ့ ရှင်ကြီးဂေါတမ ပြောတာက တဏှာကုန်၊ အစ္ဆိတဏှာ၊ ဝိဝတ္တယိသံယောဇနံ၊ သံယောဇဉ်တွေလည်း လွန်သွားပြီတဲ့။ သမ္မာမာနာဘိသမယာ၊ မာနကိုလည်း ထိုးထွင်း၍ သိသွား သောကြောင့် မာနကိုလည်း ပယ်သွားပြီ။ အန္တ မကာသိ ဒုက္ခဿတဲ့။ ဒုက္ခအဆုံး ရောက်သွား ပြီတဲ့။ ဒီလိုဖြေလိုက်တော့ ကျုပ်တို့က နားမလည်ဘူး။ ဘယ်ဘုံ ရောက်တယ်ဆိုမှ နားလည်မှာကိုး။ (မှန်ပါ့)။
ဘယ်ဘုံ ရောက်တယ်ဆိုမှ နားလည်မှာ။ အခု ပြောလိုက် တော့ ဒုက္ခဆုံးသွားပြီပေါ့။။ (မှန်ပါ့) ဒါကြောင့် ဒီစကားကို ဘုန်းကြီးတိုက ကိုယ်တော်မြတ်ကြီး ဟောထားတော့ ဒီဒကာ၊ အခု တရားအား ထုတ်တာ။ ကဲ ဒုက္ခအဆုံး မြင်ပလားဆိုတာ မေးရတယ်။ (မှန်ပါ့)။
ဖြစ်ပျက်က ဒုက္ခသစ္စာ မဟုတ်လား။ (မှန်လှပါ) အဲ ဒုက္ခသစ္စာ မြင်နေတုန်းမို့ ဒါ တရားမပြီးသေးဘူး။ (မှန်လှပါ) ဒီဖြစ်ပျက်တွေ ဒုက္ခသစ္စာတွေ မုန်းနေတယ်။ ရှုလို့ မုန်းလာပြီဘုရား။ ဒီဖြစ်ပျက်တွေကို တရားမပြီးသေးဘူး။
ဟာ ဖြစ်ပျက်တွေ ရှေ့တွင် ဖျတ်ခနဲ ချုပ်သွားပြီဘုရား ဆိုတော့ ဖြစ်ပျက်ဟာ ဒုက္ခသစ္စာ၊ ဒုက္ခတွေ ဆုံးသွားပြီ။ (မှန်လှပါ ဘုရား)။
ဒုက္ခအဆုံးမြင်မှ ကိစ္စပြီးတယ်
အဲဒီကျမှ ဘုန်းကြီးတို့က ဟာ ဦးမြမောင် ပြန်တော့လေ ဗျာ၊ ခင်ဗျားကိစ္စ မရှိတော့ဘူး။ (မှန်ပါ့) ဦးကျော်မောင် ပြန်တော့ ဗျာ၊ ဒုက္ခအဆုံး မြင်သွားပြီပေါ့။ အားထုတ်ရင်းမတ္တနဲ့။ (မှန်ပါ့) ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။
ဒီပါဠိတော်တွေက လာတာ။ ဒီပါဠိတော်တွေက ခုနင်က ပြောတဲ့ ဘုရားရွတ်လိုက်တဲ့ ပါဠိတွေ။ (မှန်ပါ့) အစ္ဆ စ္ဆိ တဏှာ၊ တဏှာသေပြီ။ ဝိဝတ္တယိသံယောဇနံ ဒိဋ္ဌိသံယောဇဉ်လည်း သေပြီဟုတ်လား။ (မှန်ပါ့) သမ္မာမာနာဘိ သမယာတဲ့။ သူ့မာနကို လွန်မြောက်ခြင်းကြောင့်။ အန္တ မကာသိဒုက္ခဿ၊ ဒုက္ခအဆုံး ရောက်သွားပြီတဲ့။ (မှန်ပါ့)။
ပထမ ဒုက္ခအဆုံး ရောက်တာပေါ့ဗျာ။ ခင်ဗျားတို့ ကျုပ်တို့ အားထုတ်တာကတော့ (မှန်ပါ့) နောက် ဆက်အားထုတ်မှ ဒုတိယဒုက္ခ အဆုံးပေါ့။ (မှန်ပါ့)။
အဲဒီတော့ မောင်သစ် ပုဏ္ဏားမေးပုံကို ကြပ်ကြပ် နားထောင်ပါ။ နိဗ္ဗာန်ကို မေးတယ်။ ဘုရားကလည်း နိဗ္ဗာန်ပဲ ဖြေတယ်။ (မှန်ပါ့)။
သူကတော့ နိဗ္ဗာန်မေးတယ်လို့ မဟုတ်ဘူး။ ဟိုတိတ္ထိတွေ ပြောတာ သူ သဘောကျတယ်။ ဒီဒကာသေသွားလို့ ဘယ်ဘုံ ရောက်သွားတယ်၊ ဘယ်ဘုံရောက်သွားတယ်ဆိုတော့ နောက်က အားလုံး ဒကာ၊ဒကာမတွေက စဉ်းစားလုံး ထုတ်ရမယ်။ ဘယ် ဘုံရောက်သွားလို့ ရှိရင်ဖြင့် တဏှာ၊ ဥပါဒါန်၊ ကံ၊ ဇာတိပဲ။ (မှန်ပါ့) မဟုတ်ဘူးလား။ (ဟုတ်ပါတယ် ဘုရား)။
ဘယ်ဘုံရောက်ရောက် တဏှာ၊ ဥပါဒါန်၊ ကံ၊ ဇာတိပဲ။ ခင်ဗျားတို့ ပဋိစ္စသမုပ္ပါဒ် ကြည့်။ (မှန်ပါ့) ဟိုဘက်က တဏှာ မရှိဘူးလား သူ့မှာ။ (ရှိပါတယ်) ဥပါဒါန်ကော။ (ရှိပါတယ်) ကံကော။ (ရှိပါတယ် ဘုရား)။
ကံကနေ ကုန်ပြီးတော့ စုတိ မရပေဘူးလား။ (မှန်ပါ့) အဲ စုတိတော့ မြားကလေးက ပြတယ် စုတိ။ တိတ္ထိတွေ ဖြေတာက ဇာတိရတယ်လို့ ဖြေနေတာ။ (မှန်ပါ့ ဘုရား)။
ဘယ်ဘုံရောက်တယ်။ ဘယ်ဘုံရောက်တယ်၊ ဘယ်သူ ဘာဖြစ်သွားတယ်ဆိုတော့ ဒုက္ခသစ္စာရတယ်လို့ ဖြေနေတာ။ (မှန်ပါ့) ဘုရားကတော့ ဒုက္ခအဆုံး ရောက်သွားတယ်လို့ ဖြေ တာ။ (မှန်ပါ) တစ်ခြားစီပဲ။ ပေါ်ပလား။ (ပေါ်ပါပြီ ဘုရား)။
တိတ္ထိကြီးခြောက်ယောက် ဖြေတာကတော့ ဘယ်သူ သေတာဟာ ဘယ်ဘုံရောက်သွားတယ်၊ ဘာဖြစ်နေတယ်ဆိုတော့ ဇာတိ သူတို့ ဖြေနေတာ။ (မှန်ပါ့ ဘုရား)။
ဇာတိ ဘာသစ္စာတုန်း။ (ဒုက္ခသစ္စာပါ) အဲ ဇာတိဒုက္ခ သစ္စာကို ဒုက္ခသစ္စာရောက်တာကို သူတို့က အကောင်းမှတ်ပြီး ဖြေနေတာ။ (မှန်ပါ့) သူတို့ မြင်တာကတော့ ဒါလောက်ပဲ မြင်တယ်။ ဒုက္ခဆုံးတဲ့ နေရာ မမြင်ဘူး။ (မှန်ပါ့) ပေါ်ကြပလား။ (ပေါ်ပါပြီ ဘုရား)။
ဒုက္ခအဆုံးရောက်သွားပြီလို့ဖြေတာ နားမလည်ဘူးတဲ့
ကောင်းပြီ၊ အဲဒီတော့ ပုဏ္ဏားက ရှင်ကြီးဂေါတမတဲ့။ ဟိုတိတ္ထိကြီးခြောက်ယောက် ဖြေတာ ကတော့ သူတို့ ဒကာထဲ သေတာရှိလို့ သွားမေးလို့ ရှိရင်ဖြင့် ဘယ်ဘုံမှာ ပဋိသန္ဓေနေပြီကွ။ ဘယ်ဘုံမှာ ပဋိသန္ဓေနေပြီကွ။ အကုန်ဖြေကြတာကို ကျုပ်တို့ နားလည်တယ်။ (မှန်ပါ့) နားလည် တယ်တဲ့ သူတို့ မှာ။
အခုတော့ ရှင်ကြီးဂေါတမ ဖြေတာက အင်း.. အစ်သစ္ဆိတဏံ၊ တဏှာ ပြတ်သွားပြီလို့ ဖြေလိုက်တယ်။ ဝိဝတ္တယိသံယောဇနံ-သံယောဇဉ်တွေလည်း မရှိတော့ဘူး။ လွန်မြောက်သွားပြီလို့ ဖြေလိုက်တယ်တဲ့။ အန္တ မကာသိဒုက္ခဿဒုက္ခအဆုံးကိုလည်း ရောက်သွားပြီလို့ ဖြေတော့ ကျုပ်တို့ နားမလည်ဘူးတဲ့။ ဒီဥစ္စာတွေ။ (မှန်လှပါ ဘုရား)။
ဒုက္ခအဆုံး ဆိုတာ နိဗ္ဗာန်
ဟုတ်လည်းဟုတ်တာပဲဟင် ။ (မှန်ပါ့) နားလည်စရာ ကော ရှိရဲ့လား။ (မရှိပါ) နားလည်စရာ လည်း မရှိတော့ မောင်ချစ်စိန်က မင်းတို့ တော့ ဪ ဒုက္ခအဆုံး ရောက်သွား တယ်ဆိုတာ ဒုက္ခအဆုံး ဆိုတာ နိဗ္ဗာန်ပဲကိုး။ (မှန်ပါ့) မဟုတ် ဘူးလား။ (ဟုတ်ပါတယ် ဘုရား) နိဗ္ဗာန်မျက်မှောက်ပြု သွားတယ် မဆိုနိုင်ဘူးလား။ (ဆိုနိုင်ပါတယ် ဘုရား)။
အဲဒါဘယ်ဘုံရောက်တယ်ဆိုတဲ့ဥစ္စာ မကြားရလို့ ပုဏ္ဏားက မကျေနပ်ဘူး။ (မှန်ပါ့)။ ဟိုကတော့ ဇာတိဖြေထားတယ်။
သူကိုယ်တိုင်ကတော့ ပဋိစ္စသမုပ္ပါဒ် နားလည်ပြီးသား ပုဂ္ဂိုလ် ကတော့နော်။ (မှန်ပါ့) လူ့ဘုံဇာတိ၊ နတ်ဘုံဇာတိ၊ ဗြဟ္မာဘုံဇာတိ သူ ဖြေမထားဘူးလား။ (ဖြေထားပါတယ် ဘုရား)။
သူ့အကွက်ကြည့်လိုက်၊ ဘာသစ္စာတုန်း။ (ဒုက္ခသစ္စာပါ) အဲ ဒုက္ခသစ္စာ၊ ဒုက္ခရောက်သွားပြီလို့ သူကဖြေတာ။ (မှန်ပါ့) သူက ပဋိစ္စသမုပ္ပါဒ် နားမလည်လို့ ဒါ သုခ ထင်နေတာ။ (မှန်ပါ့) ပြီးတော့ နိဗ္ဗာန်လည်း ထင်နေတယ်ဆိုတော့ အင်မတန် မဆိုးရွားဘူးလား။ (ဆိုးရွားပါတယ် ဘုရား)။
အဲဒီတော့ ခင်ဗျားတို့လည်း နဂိုက ဒိဋ္ဌိတွေပဲ။ (မှန်ပါ့) ဘာ့ကြောင့်တုန်းဆိုတော့ ဒီလို ဆရာကောင်း သမားကောင်း မကြုံသေးခင်ကတော့ မင်းတို့သေရင်တော့၊ ကျုပ်သေရင်တော့ နတ်ပြည်တော့ စိတ်ချရပါပြီဗျာ။ ဖြေချင်နေတာ မဟုတ် ဘူးလား။ (မှန်ပါ့) တာဝတိံသာတို့၊ ဘုရားလောင်းများနေတဲ့ တုသိတာပြည်တော့ ကျုပ် ရောက်မှာပဲ။
တုသိတာပြည်ဟာ ကြည့် ဘယ်အကွက်ပါလိမ့်။ ၄နံပါတ်။ (ဒုက္ခသစ္စာပါ ဘုရား)။
ဒုက္ခသစ္စာ ၄-နံပါတ်ဆိုတာ သဘောကျပလား။ (ကျပါပြီ) နောက် ပဋိသန္ဓေနေတာဟူသရွေ့ ဒုက္ခသစ္စာချည်းမှတ် ဦးမြမောင်။ (မှန်ပါ) ၄-နံပါတ်ချည်းပဲ။ သဘောကျပလား။ (ကျပါပြီ) ဘယ်ဘုံ ရောက်ရောက် ၄-က ထွက်သေးရဲ့လား။ (မထွက်ပါ) ဘာသစ္စာတုန်း။ (ဒုက္ခသစ္စာပါ ဘုရား)။
အဲ-ဒါတွေ ဖြေတာဗျ။ စတုမဟာရာဇ်၊ တာဝတိံသာ ယာမာ၊ တုသိတာ၊ နိမ္မာရတိ၊ ပရနိမ္မိတ ဝသဝတ္တီ၊ အပါယ် ၄-ဘုံ၊ ၃၁-ဘုံဟာ ဒါပေါ့ ဗျ။ ပဋိသန္ဓေနေတဲ့ ဘုံဟူသရွေ့ဆိုတာ ပဋိသန္ဓေမနေတဲ့ ဘုံမှ မရှိပဲကိုး။ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)
အဲဒီတော့ ဒီ ၄-နံပါတ်ကြီး ရောက်နေတော့ ဦးမြမောင်က ဘယ်သူဘယ်ဘုံ ဘာဖြစ်သလဲ ဆိုတော့ ဘာသစ္စာရသတုန်း။ (ဒုက္ခသစ္စာ ရပါတယ် ဘုရား)။
အဲဒါ ခင်ဗျားတို့လည်း နဂိုက ဒုက္ခသစ္စာ အတော်ကြိုက်တဲ့ လူတွေ။ (မှန်ပါ့ ဘုရား)။
ဟာ ဦးမြမောင်တို့ ကျောင်းဒကာ၊ ဘုရားဒကာ သား တွေလည်း ရှင်ပြုလို့၊ ခင်ဗျားတို့ ချင်း မသိတဲ့လူက ဘယ့်နှယ် တုန်း။ ငယ်ငယ်ရွယ်ရွယ်နဲ့ပဲ အကြောင်းညီညွတ်သပေါ့။ မင်းတော့ သုဂတိပါပဲကွာလို့ သာဆိုတာ တွေ့တယ်။ (မှန်ပါ) သစ္စာနဲ့ ကြည့်လိုက်တော့ ဘာသစ္စာတုန်း။ (ဒုက္ခသစ္စာပါ ဘုရား)။
အဲဒီတော့ ခင်ဗျားတို့ ကလည်း သဘောကျချင်ကျနေ တာဟင် (ကျပါတယ်) နောက်ကတော့ သေသေချာချာ ကျတယ်။ (မှန်ပါ့) ဆရာဘုန်းကြီးကလည်း ယပ်တောင်ကြီးနဲ့ ရှေ့ကနေပြီး သကာလ ဒါပဲ ဟောတယ်။ ဒါပဲ ဟောတယ်။ ခင်ဗျားတို့ကို။ မင်းတို့ ကွာ၊ လူ့ပြည်၊ နတ်ပြည် အကြိမ်ကြိမ် ခံစားရမှာပါပဲ။ နောက်ဆုံးပိတ်မှ နိဗ္ဗာန်ဝင်မှာ အစရှိသည်နဲ့ ဦးမြမောင် ဒီလို ဟောရတာတွေကော မကြားရဘူးလား။ (ဒီလိုပဲ ဟောပါတယ် ဘုရား)။
ဒီလိုပဲ ဟောတော့ ဒီထဲချည်း တွန်းထည့်နေတယ်။ (မှန်ပါ့) ဘယ်အကွက်တုန်း။ (နံပါတ်-၄ပါ ဘုရား) နံပါတ်၄ ထဲချည်း တွန်းထည့်တယ်။ (မှန်ပါ့) ဒါ့ကြောင့်မို့ မင်းကံက၊ မင်းက ကံ, ကံ၏အကျိုး ယုံကြည်ပြီး မင်းလုပ်တာလို့ဆိုတော့ ဒီလိုကိုးဗျ။ (မှန်ပါ့) ၃-နံပါတ် ထိုးထားတယ် ဟုတ်လား။ (မှန်ပါ့ ဘုရား)။
ကံ, ကံ၏အကျိုးကို ယုံကြည်ပြီးသကာလ မင်းက လုပ်လိုက်တော့ကွာတဲ့။ မင်းအကျိုးဟာ ပေးမှာပေါ့တဲ့။ ဒီမှာ ဒါလူ့ပြည်၊ နတ်ပြည်၊ ဗြဟ္မာပြည်ပဲ။ ဘာသစ္စာတုန်း။ (ဒုက္ခသစ္စာပါ ဘုရား)။
သစ္စာသိသွားတော့ လူ့ပြည်၊ နတ်ပြည် မကြိုက်ဘူး
ကဲ အခုတော့ သေသေချာချာ ကြိုက်သေးရဲ့လား။ (မကြိုက်ပါ) သစ္စာသိသွားတော့ မကြိုက်ဘူး။ (မှန်ပါ့) သစ္စာ မသိရင် ဒါကြိုက်တယ်။
ဒါကြောင့် သစ္စာမသိတဲ့ပုဂ္ဂိုလ် သံသရာ ရှည်တယ်။သစ္စာသိတဲ့ပုဂ္ဂိုလ်။(သံသရာ တိုပါတယ်) သံသရာ တိုတယ်ဆိုတာ ဒီအကွက်က ပြနေတယ်။ (မှန်ပါ့ ဘုရား)။
ခင်ဗျားတို့ အားလုံး ရေစက်ချနေတာလည်း ဒီ ကံ,ကံ၏ အကျိုးကို ယုံကြည်ပါကုန်သည်ဖြစ်၍ ဒါ ချနေတာပဲ။ (မှန်ပါ့) ခင်ဗျားတို့ ကံ,ကံ၏အကျိုး ယုံကြည်ရဲ့လား မောင်မြမောင်ရလို့ မေးချင် မေးဦးမှာ။ (မှန်ပါ) ယုံကြည်ပါတယ်ဘုရား။ ဟာယုံကြည်ရင် မင်းအကျိုးပေးမယ်ဆိုတာ ဒါ-ပြောနေ တာ။ (မှန်ပါ့) ၃-ယုံကြည်ရင် ၄-ရမယ် ပြောတာ။ (မှန်ပါ့ ဘုရား)။
၃-က ဘာသစ္စာတုန်း။ (သမုဒယသစ္စာပါ) ၃-ရပြန် တော့လည်း သမုဒယသစ္စာ။ ၄-ရလိမ့်မယ် ပြောပြန်တော့လည်း (ဒုက္ခသစ္စာပါ) အဲ-ခင်ဗျား ကိုယ်ကျိုး နည်းပြီ။ ကိုယ်ကျိုးမှ လှလှကြီး နည်းတာ။ နည်းနည်းနောနော နည်းတာ မဟုတ်ဘူး။ ပေါ်ကြပလား။ (ပေါ်ပါပြီ ဘုရား)။
ဘယ်လောက် ကြောက်စရာကောင်းသတုန်း။ ကဲ-ဦးမြ မောင် ခင်ဗျား အလာကောင်းလို့ တော်သေးတာလို့ ပြောရတယ်။ (မှန်ပါ့ ဘုရား)။
ဦးဘသန်းကြီး (မှန်လှပါ)နို့ မဟုတ်လို့ရှိရင် ကံ, ကံ၏ အကျိုး ယုံကြည်ပါကုန်သည်ဖြစ်၍ ဆိုတာ လူတိုင်းပြောနေတဲ့ စကား။ (မှန်ပါ) ဒီဟာပဲ။
မင်း ယုံကြည်စမ်းနော်။ ယုံကြည်ပါတယ်ဘုရား ဆိုတာ ဒီက လိုက်ရသေးတာ ရင်းနှီးတဲ့ ဆရာကျတော့ (မှန်လှပါ) ဒါမှ မင့်အကျိုးပေးမှာဆိုတော့ ဒီ သွားတာကိုးဗျ။ (မှန်ပါ့) မဟုတ်ဘူးလား။ (မှန်ပါ့) ဒီသွားတော့ ဘာသစ္စာတုန်း။ (ဒုက္ခသစ္စာပါ ဘုရား) ဒီယုံကြည်ခဲ့တုန်းက ဘာသစ္စာတုန်း။ (သမုဒယ သစ္စာပါ ဘုရား)။
ဒါ ခင်ဗျား ဒီလိုက တစ်ခါမှ မသိဘူးတော့ သော်ငါဒီအလုပ် လုပ်ရတာ ကောင်းလေခြင်း၊ ဒီရောက်လို့ရှိရင်လည်း
ကောင်းလေခြင်းလို့ နဂိုက မှတ်နေတာ။ (မှန်ပါ့) မခက်ဘူးလား။ (မှန်ပါ့) ဟာ ဒါကြောင့် ဆရာကောင်း လိုတယ်ဆိုတာ ရိပ်မိပလား။ (ရိပ်မိပါပြီ)။
အကွက်နဲ့ပြမှ ဟိုဟာ သမုဒယသစ္စာ ဖြစ်နေတယ်။ (မှန်ပါ့ ဘုရား) ရမှာက၊ (ဒုက္ခသစ္စာပါ ဘုရား) လုပ်ခဲ့တာက (သမုဒယသစ္စာပါ ဘုရား)။
တကယ့်သစ္စာကို နားမလည်ကြဘူး
ကိုင်း-ဘယ်မှာတုန်း။ ဒကာ၊ဒကာမတို့။ နောက်က ဒကာ၊ ဒကာမတို့၊ မြန်မာလူမျိုး ဖြစ်ပြီး သကာလ တကယ့်သစ္စာကို နာမလည်ဘဲ ဖြစ်နေတယ်။ (မှန်ပါ့) ဒါကိုလည်း သမုဒယ သစ္စာလို့ ဦးမြမောင်က ဒီအတိုင်း သိရဲ့လား။ (မသိပါ ဘုရား)။
မသိတော့ ဒါလည်း ယုံကြည်မှပဲပေါ့နော်။ နောက်က ဒကာမတို့ လည်း ဟေ့ မင်းလည်း ဒီအချိန်ဟာ စေတနာ ကောင်းကောင်းထား၍ဆိုတာ ဒီကံကို ကောင်းကောင်းထား၍ ပြောတာ။ (မှန်ပါ့ ဘုရား) ဒါပြောနေတာပဲ။ (မှန်လှပါ ဘုရား)။
မင်းက ယုံယုံကြည်ကြည် လုပ်ကွ။ ကြိုးကြိုးစားစား လုပ်၊ ဒါမှ အကျိုးပေးတော့မပေါ့။ (မှန်ပါ) ဒီမှာကိုးဗျ။(မှန်ပါ့ ဒုက္ခသစ္စာပါ ဘုရား)။
အေး-ဒုက္ခသစ္စာပဲ။ ဒီဥစ္စာကလည်း တော်တော်များနဲ့ ဆိုရင်လည်း မရဘူး။ (မှန်ပါ့) ဘာဖြစ်လို့တုန်း။ အကြိုက် မှားကြီးကို အကောင်းပြင်လိုက်တဲ့အခါကျတော့ ကလေးလေး က ကျင်ကြီးယိုတဲ့ အခါကျတော့ ကလေးလေးက မသိသေး ဘူး။သူ့ကျင်ကြီး ကလေး သူ့လက်နဲ့ ကစားနေတယ်။ (မှန်ပါ့)။
လက်နဲ့ကစားနေတော့ ကျင်ကြီးက ဝမ်းထဲက ထွက်စ ဆိုတော့ ခပ်နွေးနွေးကိုး(မှန်ပါ့) ခပ်နွေးနွေး ဆိုတော့ ကလေး ဆိုတော့ မသိလို့ ကစားနေတယ်။ ကျင်ကြီး ကစားနေတယ်။ သူ့ကျင်ကြီး သူ ကစားနေတယ်။ (မှန်ပါ့)။
အမေ မိဘက မိုက်လိုက်တာ ကလေး ဘာမှ မသိဘူး။ ကျင်ကြီးတွေနဲ့ ကစားနေတယ်ဆိုပြီး လက်တွေ ဘာတွေ ဆေးပေးတယ်။ မငိုဘူးလား။ (ငိုပါတယ် ဘုရား) ဘာဖြစ်လို့ ငိုတာလဲ။ (မသိလို့ပါ ဘုရား) သူ ကစားတာ ဘာတုန်း။ (ကျင်ကြီးပါ ဘုရား)။
အဲ-ခင်ဗျားတို့လည်း အခု ကျင်ကြီးနဲ့ ကစားတာကို ခင်ဗျားတို့ လက်ဆေးပေးပေးမယ်ဆို ငိုချင်များ ငိုနေဦးမလား ဟင်။ (အခုတော့ မငိုပါ ဘုရား) အခုတော့ မငိုတော့ဘူးလား။
တစ်ချို့နေရာ ငိုတုန်းဗျ။ (မှန်ပါ့) တစ်ချို့နေရာ ငိုတုန်း ကံပယ်တယ် ဘာတယ်နဲ့။ (မှန်ပါ့) တစ်ချို့နေရာမှာ ဒီဟာ နားမလည်ဘူးဗျ။ ပဋိစ္စသမုပ္ပါဒ် နားမလည်ရှာဘူး။ မကျပ်ဘူး လား။ ကဲ-(ကျပ်ပါတယ် ဘုရား) ပဋိစ္စသမုပ္ပါဒ် နားမလည်တော့ သိပ်ခဲယဉ်းနေတာ။ (မှန်ပါ့)။
ကျင်ကြီး ကစားတဲ့ ကလေးက ငိုသလို ဖြစ်တတ်တယ်။ မသိတဲ့ပုဂ္ဂိုလ်က မသိတဲ့အတိုင်းကို သူ သိတာကလေး စွန့်လိုက် ရမယ်ဆိုတော့ အတော်ခက်သွားတယ်။ အခုတော့ ပုံစံနဲ့ အကြောင်း အကျိုးနဲ့ ပြလိုက်လို့သာ ရှင်းသွားပါပြီ မဟုတ်ဘူးလား။ (မှန်ပါ့) ဟိုတုန်းက ခင်ဗျားတို့ ထုံးစံအတိုင်း ကတော့ ကြားဖူးနားဝနဲ့ ပြီးနေတာပဲ။ မဟုတ်ဘူးလား။ (မှန်ပါ)။
အခုတော့ ဘုံဘဝ လိုချင်တာကလည်း တဏှာ၊ စွဲလမ်း တာက ဥပါဒါန်။ နောက်ဘဝ ကောင်းစား အောင် လုပ်မှပဲ။ (မှန်ပါ့ ဘုရား) နောက်ဘဝ ကောင်းစားအောင် လုပ်ဦးမှပဲ ဆိုသည်ကား လုပ်လိုက်တော့ သေသည်၏ အခြားမဲ့၌ ဟောဒီ အကြောင်းအကျိုး ဆက်ပါတယ်။ ဒီမြားက ဇာတိပြပါ။ (မှန်ပါ့) ဒါ နတ်ဇာတိ၊ စကြဝတေးဇာတိ၊ ဗြဟ္မာဇာတိက ရချင်တာရ ဒုက္ခသစ္စာပဲ။ (မှန်ပါ့) မဟုတ်ဘူး လား။ (မှန်ပါ့ ဘုရား)။
ဘုရားကလည်း ဇာတိပိဒုက္ခသစ်ဆေိုတော့ ဘယ်သူ့ ရွေးနေသေးသတုန်း။ (မရွေးပါ ဘုရား) ရွေးသေးလား။ (မရွေးပါ ဘုရား)။
ဒါဖြင့် အဲဒါကြောင့် ဒီပါဠိတော်က ဒီလိုထွက်လာလို့ ဒါရေးရတာ မဟုတ်လား (မှန်ပါ့) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
ကဲ-ဒါဖြင့် ဒီအတိုင်းသာ နေလို့ ရှိရင် ဦးမြမောင် မြန်မာပြည် တစ်ပြည်လုံးဟာ တဏှာ၊ ဥပါဒါန်၊ ကံ၊ ဇာတိ သမားချည်းများမှာပဲ။ (ဒီအတိုင်းပါပဲ ဘုရား) ဒီအတိုင်းပဲ။ သမုဒယ သစ္စာလုပ်ပြီး ဒုက္ခသစ္စာ ရမှာပဲ။ (မှန်ပါ့) ဝဋ်ထွက် သေးရဲ့လား။(မထွက်ပါ ဘုရား) မထွက်ရင် လည်မှာပဲ။ မလည် သေးဘူး လား။ (လည်မှာပါ ဘုရား) ကဲရှင်းကြပလား။ (ရှင်းပါ ပြီ ဘုရား)။
အဲဒီတော့ကိုတဲ့ တိတ္ထိတွေက မေးလိုက်တာက သူ သေသွားတယ်။ ဟောဒီပုဂ္ဂိုလ် သေသွားတယ်။ (မှန်ပါ) တတိယကွက် အားထုတ်တဲ့ ပုဂ္ဂိုလ် သေသွားတော့ စတုတ္ထကွက် ရောက်တယ်ချည်း ဖြေတာပဲ။ ဘယ်ဘုံဖြစ်ဖြစ် ဟုတ်လား။ (မှန်လှပါ ဘုရား)။
ဘယ်အကွက်ချည်း ဖြေသတုန်း။ (စတုတ္ထအကွက်ချည်း ဖြေပါတယ် ဘုရား) အဲဒီတော့ ဘုရားကတော့ ဒီလို မဖြေဘူး။ အစ္ဆ စ္ဆိတဏှာ-ဟောဒီ တဏှာ မရှိဘူးကွတဲ့။ (မှန်ပါ့)။
သူ့တပည့်ထဲက သေသွားတဲ့အခါ ရဟန္တာတွေဖြစ်ပြီး သေတဲ့လူဖြစ်စေ၊ ဘုန်းကြီးဖြစ်စေ ပေါ့လေ။ (မှန်ပါ့) အစ္ဆ စ္ဆိတဏှာ၊ ဝိဝတ္တယိ သံယောဇနံ တဲ့။ ဒီသံယောဇဉ်တွေတဲ့နော်။ (မှန်ပါ) သူတို့သေကတည်းက ဒါ သေပြီဆိုတာ မသေချာသေးဘူးလား။ (သေချာပါတယ် ဘုရား) အန္တမကာသိဒုက္ခဿ တဲ့။ ဟောဒီဒုက္ခ တွေ မလာဘူးကွတဲ့။ ဒုက္ခတွေ ဆုံးသွားပြီတဲ့။ ၄-နံပါတ် ဆုံးသွားပြီတဲ့။ (မှန်ပါ့)။
ဘုရားကတော့ ဒါဖြေတာ။ (မှန်ပါ့) ဒါဖြေတော့ သမုဒယ ချုပ်၍ ဒုက္ခသိမ်းတယ်လို့ ဖြေတာ။ (မှန်ပါ့) သဘောကျပလား။ (ကျပါပြီ) ၃-နံပါတ်သိမ်း၍ ၄-နံပါတ် မပေါ်တော့ဘူး။ (မှန်ပါ့)။
သမုဒယချုပ်၍ ဒုက္ခသိမ်းတယ်ဆိုတာ
သမုဒယချုပ်၍ ဒုက္ခသိမ်းတယ်လို့ဆိုတော့ နိဗ္ဗာန်ကို ဖြေနေတာ။ (မှန်ပါ့)ရှင်းပလား။ (ရှင်းပါပြီ) အဲဒါ ပုဏ္ဏားက သဘောမကျဘူး။ ဒါတော့ နားမလည်ဘူးတဲ့။ (မှန်ပါ့) ဟိုတိတ္ထိကြီးတွေ ဖြေတာတော့ နားလည်တယ်။ ဘယ်သူဟာ ဘယ်ဘုံ သွားဖြစ်ပြီ။ ငါ့တပည့်တွေဆိုတော့ ဒီကနေ ဒါဖြစ်တယ် ဟောနေတာ။ ဒါ ပြတ်တယ် ဟောတာလား၊ ဒါဖြစ်တယ် ဟောတာလား။ (ဖြစ်တယ် ဟောတာပါ ဘုရား)။
ဖြစ်တယ်ဟောနေရတော့ သူက ဒါတော့ နားလည်ထား တယ်။ ကျေနပ်နေတယ်။ သဘောပါပလား။ (ပါ,ပါပြီ ဘုရား)
ကဲ- ရှေးကတည်းက ဖြစ်နေတာဗျ။ ဘုရားလက်ထက် ကတည်းက။(မှန်ပါ့) ကဲ-ဦးမြမောင်တို့၊ ဦးကျော်မောင်တို့ အခု စင်စစ်ပြောတော့ အတော်ခက်သွားတယ်နော်။ (မှန်ပါ) မခက်ဘူးလား။ (ခက်ပါတယ် ဘုရား) ခက်သွားတယ်တဲ့။
ကိုင်း-ဒါဖြင့် နေရာကျပါပြီ။ ပုဏ္ဏားက နားမလည်ဘူးတဲ့။ ရှင်ကြီးဂေါတမ ပြောတာတော့ အစ္ဆ စ္ဆိ။ (မှန်ပါ) အန္တမ ကာသိဒုက္ခဿ၊ တဏှာ သေပြီ၊ ဥပါဒါန် ပြုတ်ပြီ၊ ဒုက္ခဆုံးပြီ။ ဘယ်သွားမှန်းလည်း မသိဘူးတဲ့။
ဘယ်သွားမှန်း မသိဘူးတဲ့။ အဲဒီတော့ ကျုပ်တို့ နား မလည်ဘူးတဲ့ ဒီဥစ္စာ။ (မှန်ပါ့)။
ခင်ဗျားတို့ကတော့ နားလည်တယ်။ သမုဒယ သိမ်း၍ ဒုက္ခ ချုပ်သွားပြီဆိုတာ နိဗ္ဗာန် အေးငြိမ်းသွားပြီ၊ ငြိမ်းအေးတဲ့ နိဗ္ဗာန် ရောက်ပြီ။ (မှန်ပါ့)။
ခင်ဗျားတို့ က သိတယ်။ (မှန်ပါ့) ဒါက ဆရာကောင်း သမားကောင်း မှီဝဲထားလို့ ကိုးဗျ။ (မှန်ပါ့) ပဋိစ္စသမုပ္ပါဒ် တတိယအကွက်ကော ရှိသေးရဲ့လား။ (မရှိပါ ဘုရား) စတုတ္ထ အကွက်ကော။ (မရှိပါ ဘုရား) ဒါဖြင့် တဏှာငြိမ်း နိဗ္ဗာန်၊ခန္ဓာသိမ်း နိဗ္ဗာန်နဲ့ မကိုက်ဘူးလား။ (ကိုက်ပါတယ် ဘုရား)။
ဒီက တဏှာသိမ်းတယ်၊ ဒီက ခန္ဓာသိမ်းတယ် မကိုက်ဘူး လား။ (ကိုက်ပါတယ်) ရှင်းကြပလား နောက်က ဒကာ၊ ဒကာမတွေ။ (မှန်ပါ)။
ဒီလိုဖြေထားတော့ ပုဏ္ဏားက သူနားမလည်ဘူးဆိုတာကော ဦးကျော်မောင်တို့၊ ဦးမြမောင်တို့ မလည်သင့်ဘူးလား (မှန်ပါ့) မလည်သင့်ဘူးလား။
ခင်ဗျားတို့လည်း အခု အရိပ်အမြွက် ဆရာဘုန်းကြီး ဟောထားလို့သာ နားလည်တာ။ (မှန်ပါ့) ဘုရားက ဒီအတိုင်း ဟောမှာပဲ။ ဟောတော့ (မှန်ပါ့)။
နိဗ္ဗာန်ရသွားတဲ့ ပုဂ္ဂိုလ်က မောင်သစ် ဒါ ဟောမှာပဲ (မှန်လှပါ) အစ္ဆ စ္ဆိ(ပ) အန္တ မကာ ဒုက္ခဿ ဒုက္ခဆုံးသွားပြီကွ၊ ဒါပဲဖြေတာပဲ။
ဒီလိုဆိုတော့ ပုဏ္ဏားကို ဘယ်သွားတယ်လို့ မဖြေဘဲကိုးဗျ။ (မှန်ပါ့) မဖြေတော့ ပုဏ္ဏားက ကျေနပ်ကဲ့လား (မကျေနပ်ပါ ဘုရား) ဘုရားဖြေတာ ကျေနပ်ကဲ့လား (မကျေနပ်ပါ ဘုရား)။
ဘုရားက ဒုက္ခဆုံးသွားပြီ၊ တဏှာကုန်လို့ ဒုက္ခဆုံးသွားပြီ၊ ရှင်းပလား။ (ရှင်းပါပြီ) ဘုရားက ဘယ်လိုဖြေသတုံး (တဏှာ ကုန်လို့ ဒုက္ခ ဆုံးသွားပါပြီ ဘုရား)။
အဲ-တဏှာကုန်လို့ ဒုက္ခဆုံးသွားပြီကွာလို့ဆိုတော့ သူက ဘယ်သွားတယ်ဆိုမှ ကြိုက်တော့ သွားစရာရှိဦးမှ သူကလဲ ကြိုက်တာကိုး (မှန်ပါ့)။
ရှင်ကြီးဂေါတမတဲ့၊ ဒါ ကျုပ် နားမလည်ဘူးတဲ့။ ဘယ်သွားတယ်လို့ လည်း မပါ၊ တဏှာကုန်၍ ဒုက္ခသိမ်းသွားတယ်။ ဒုက္ခ ဆုံးသွားတယ်။ ဒီလိုသာပြောတော့ ကျုပ်တို့မှာ နားမလည်ဘဲ ဖြစ်နေပါ တယ်တဲ့ (မှန်ပါ)။
အေး-မင်း နားမလည်ဘူးဆိုတာ ဟုတ်တယ်တဲ့။ မင်းတို့ ဆိုရင် သံသယကို ရှိထိုက်တယ်တဲ့ (မှန်ပါ) သံသယကို ရှိထိုက်တယ်တဲ့ ။
သစ္စာမသိတော့ နိဗ္ဗာန်ကို မသိဘူး
ဘာဖြစ်လို့ တုံးဆိုတော့ တဏှာကိုလဲ သမုဒယသစ္စာလို့ မသိဘူး။ (မှန်ပါ့) တဏှာနဲ့ ပတ်သက်ပြီး ဖြစ်ရမည့်အကျိုးပေး ဒုက္ခသစ္စာကော သူ သိသေးရဲ့ လား(မသိပါ)။ မသိတော့ သစ္စာ မသိတော့ သူ ဟိုဟာ နိဗ္ဗာန်လဲ မသိတော့ဘူး။ သစ္စာမှ မသိဘဲကိုး။ (မှန်ပါ) သမုဒယသစ္စာလဲ မသိ၊၊ ဒုက္ခသစ္စာလဲ မသိတော့ နိရောဓသစ္စာ ဘယ်နှယ့်တုန်း (မသိပါဘူး ဘုရား)။
ဒါကြောင့် မင်း သံသယရှိတယ်ဆိုတာ ငါယုံတယ်တဲ့။ (မှန်ပါ) ငါ ယုံတယ်တဲ့။ သံသယ ရှိသင့်တယ်တဲ့၊ ပေါ်ကြ ပလား (ပေါ်ပါပြီ ဘုရား)။
ခင်ဗျားတို့ လဲ ရှိမှာပဲ (မှန်ပါ) ဘုန်းကြီးကတော့ ဟော ပြန်ပြီ ဟုတ်လား ဒုက္ခဆုံးပလားချည်း မေးနေတယ်။ မောင်သစ် နားမလည်တဲ့လူ ဒီအတိုင်းလာမှာပဲ (မှန်ပါ)။
မင်း ရှုနေတာ ဒုက္ခဆုံးပလား။ ဘုန်းကြီးတို့ကတော့ ဒါပဲ မေးလိုက်တယ်။ (မှန်ပါ) ဘယ့်နှယ် နဂိုက ကုသိုလ်ရအောင် လုပ်နေတာ။ ဝိပဿနာကုသိုလ်နဲ့ နတ်ရွာသုဂတိ သွားချင်လို့ ဆိုတော့ ကိုယ်က ဥပါဒါန်သမား ဖြစ်နေတယ်။ (မှန်ပါ) ဒီက ဥပါဒါန် အချုပ်ခိုင်းနေတာ။ (မှန်ပါ) အဲဒီတော့ ဒီမှာ ကန့်လန့် ဖြစ်နေတာ (မှန်ပါ) ဥပါဒါန်တွေက ဘာသစ္စာတုံး (သမုဒယ သစ္စာပါ ဘုရား)။
သမုဒယသစ္စာချုပ်မှ နိဗ္ဗာန်
အဲ-သမုဒယသစ္စာချုပ်မှ နိဗ္ဗာန်ရောက်မှာကိုးဗျ။ (မှန်ပါ) သူမချုပ်ဘဲနဲ့ (မရောက်နိုင်ပါ ဘုရား)။
မရောက်နိုင်တာကြောင့် ဒုက္ခ သိမ်းပလား။ ဒုက္ခသိမ်းပလား ဆိုတာ ဒီ-ဒုက္ခသိမ်းတာဟာ ဒိဋ္ဌိနဲ့ ဒိဌပါဒါန် သိမ်းလို့ ဒုက္ခသိမ်းတာ ပထမ နိဗ္ဗာန်မှာ (မှန်ပါ) ပေါ်ကြပလား (ပေါ်ပါပြီ) အေး-ဒီအတိုင်း မှတ်ကြပါ။
ကဲ-ဒါနဲ့ ပုဏ္ဏားက သံသယ ရှိတယ်တဲ့။ အရှင်ဘုရား ဒုက္ခဆုံးသွားပြီးတဲ့ဥစ္စာ ဘယ်သွားတယ်လို့ ပါတာလဲ မဟုတ် ဘူးတဲ့၊ သူကသွားတာ သဘောကျနေတာကိုး (မှန်ပါ)။
ရှေးဆရာတွေကလဲ ဘယ့်နှယ်ဟောထားသတုံး။ (သွားတဲ့ အကြောင်း ဟောထားပါတယ် ဘုရား) ဘယ်ဘုံရောက်သွားပြီ၊ ဘယ်ဌာနရောက်သွားပြီ (မှန်ပါ)။
ဘယ်ဘုံ၊ ဘယ်ဌာနရောက်ရောက် ဦးမြမောင်က စဉ်းစား ပါ။ ဒါ သုံးဆယ့်တစ်ဘုံပဲ။ (မှန်ပါ) ဘာသစ္စာတုံး။ (ဒုက္ခသစ္စာ ပါ ဘုရား)။
အဲဒီတော့ ဘုရားက ဒုက္ခချုပ်သွားတဲ့ ပုဂ္ဂိုလ် ဒီထဲတော့ မထည့်နိုင်ဘူး။ သူက ဒုက္ခသိမ်း သွားပြီကွာလို့ ဖြေရုံပဲ၊ (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒုက္ခသိမ်းတာ နိဗ္ဗာန်ပေါ့ဗျာ (မှန်ပါ) အဲ-နေရာကျ ပလားဟေ့၊ (ကျပါပြီ ဘုရား) ဒါနဲ့ ဝစ္ဆပုဏ္ဏားက ရှင်ကြီး ဂေါတမတဲ့ ဆင်ခြေလဲတယ်လို့ လဲ မအောက်မေ့နဲ့တဲ့၊ ကျုပ် မေးချင် သေးတယ်တဲ့၊ ရှင်ကြီးဂေါတမ ပြောတာ ကျုပ် နားမလည်ဘူးတဲ့၊ (မှန်ပါ) ငါက ဒုက္ခ သိမ်းသွားပြီလို့ ငါပြောတယ်တဲ့ ဘုရားက၊ ဒါ သူ နားမလည်ဘူးတဲ့။
ပြီးတော့ကွာ တဲ့။ မင်း – နည်းနည်း နားထောင်ဦးတဲ့၊ မင်းက ဘယ်ဘုံသွားတယ်၊ ဘယ်သွားတယ်ဆိုတဲ့ဥစ္စာ သဘော ကျတဲ့ဥစ္စာ ဥပါဒါန်ရှိတဲ့ပုဂ္ဂိုလ်မှ သွားတာကွတဲ့။ (မှန်ပါ့ ဘုရား)။
ဥပါဒါန်မရှိတဲ့ပုဂ္ဂိုလ်၊ သွားရာဌာနမရှိ
ဘုရားက နောက်ထပ် ဖြေပြန်တယ်။ (မှန်ပါ) ဥပါဒါန် မရှိတဲ့ပုဂ္ဂိုလ်မှာ သွားရာဌာန မရှိဘူးတဲ့။ (မှန်ပါ့) ဥပါဒါန်ရှိနေလို့ သွားကြတာ၊ သဘောကျပလား။ (ကျပါပြီ ဘုရား)။
ဒီလိုဆိုတော့ ဒါ ဘုရားက နောက်ထပ် ဖြေတာနော်။ (မှန်ပါ့) ခုနင်က ဖြေတာက ပါဠိလို ဒုက္ခဆုံးသွားပြီးလို့ ဖြေလိုက်တယ် (မှန်ပါ)။
ဥပါဒါန်ရှိမှ ဟိုဘုံဒီဘုံသွားတာ
သွားတဲ့ပုဂ္ဂိုလ်က ဘယ်လိုပုဂ္ဂိုလ်တုံးလို့ ပုဏ္ဏားက ဆင်ခြေလဲလိုက်တဲ့အခါကျတော့ ဥပါဒါန်ရှိတဲ့ပုဂ္ဂိုလ်မှ ဟိုဘုံ ဒီဘုံသွားတာ (မှန်ပါ့) ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။
ဘယ်လိုပုဂ္ဂိုလ်မှ သွားတာပါလိမ့်-(ဥပါဒါန်ရှိတဲ့ပုဂ္ဂိုလ်မှ သွားတာပါ ဘုရား) အေး-ဥပါဒါန်ရှိတယ်ဆိုတာ တဏှာနဲ့ ဥပါဒါန်ဟာ အနုနဲ့ အရင့်ပဲ၊ အတူတူပဲ (မှန်ပါ)။
ဒါနဲ့ ပုဏ္ဏားက ဥပါဒါန်ကို ဘုရားက ဖြေပြန်တော့ သူက ဥပါဒါန်ကို အစွန်းနင်းပြီး တက်တယ်၊ မေးပြန်တယ်။ (မှန်လှပါ ဘုရား)။
မီးပွား စင်တာမျိုးမှာ ဥပါဒါန် ရှိသလား
ဒါဖြင့် ရှင်ကြီးဂေါတမတဲ့၊ ကျုပ် ဥပမာတစ်ခု ပြောမယ်တဲ့။ မီးတစ်ခု ဖိုထားတယ်တဲ့၊ မီးတစ်ခု ဖိုထားတဲ့အခါကျတော့ မီးပွားကလေး စင်ပြီးတော့ ဟိုဘက်သွားတယ် (မှန်ပါ)။
မီးပွားကလေးတစ်ခု စင်ပြီးတော့ ဟိုဘက် ထွက်သွား တယ်တဲ့။ အဲဒီတော့ မီးကလေး မပါဘဲနဲ့ သူဟာက မီးပုံထဲ ကနေပြီး သီးသန့်ထွက်သွားတဲ့ အဓိပ္ပါယ်ပေါ့လေ (မှန်ပါ)။
မီးပွားကလေးများ စင်သွားတဲ့အခါ ရှိပါသေးတယ်။ (ရှိပါတယ် ဘုရား) အဲဒါများကျတော့ ရှင်ကြီးဂေါတမ ဘာ ဥပါဒါန်များ ရှိသေးသတုံးတဲ့၊ ဟိုဘုံ ကူးသွားတဲ့သဘော သူက ကပ်မေးတယ်။ (မှန်ပါ)။
ဟိုဘုံ ကူးသွားတယ်ဆိုရင် မီးပွား စင်သလိုပေါ့ လေ။ (မှန်ပါ) အဲဒါ ဘာဥပါဒါန်များ ရှိသေးသတုံးတဲ့။
အို-မင်း မီးပွားဟာတဲ့ သူ့ဟာသူ စင်တယ်လို့ မင်း ထင်နေတယ်၊ လေက ဆောင်သွားတာတဲ့၊ (မှန်ပါ) လေ တည်းဟူသော ဥပါဒါန် ပါတယ်ကွတဲ့၊
ဒါကြောင့် ဟိုမှာသွားပြီး ဒုက္ခရောက်တယ်။ ဟိုမှာသွားပြီး လောင်ရရှာတယ်တဲ့။ ဟိုမှာ လောင်ပြီး သွားကျွမ်းတယ်တဲ့။ (မှန်ပါ့) သဘောကျပလား(ကျပါပြီ ဘုရား)။
လေဟာ ဥပါဒါန်ပဲ
သြော်-ဒါဖြင့် လေဟာ ဥပါဒါန်ပဲကိုး၊ ထို့အတူပဲ ဟိုဘုံ ဒီဘုံသွားတဲ့ပုဂ္ဂိုလ်ဟာ ဥပါဒါန်ရှိလို့ ဟိုသွားပြီး ဒုက္ခ ရောက်ရတာ (မှန်ပါ ဘုရား)။
အဲ-ပုဏ္ဏားက သဘောကျတယ်၊ ငါပေးလိုက်တဲ့ ဥပမာ ပဲပြန်မိနေတာပဲတဲ့၊ သူပေးတဲ့ ဥပမာလဲ ညံ့တာမဟုတ် ဘူးဗျ (မှန်ပါ့) မီးပုံကြီးက ရှိတယ်တဲ့၊ မီးပုံကြီးထဲက မီးပွားကလေးတစ်ခု စင်သွားတယ်တဲ့၊ မီးပုံကြီးက ဒီနားတင် လောင်တယ် ဆိုရင်တော့ ဒုက္ခ ဟုတ်ပါတယ်တဲ့၊ ဒုက္ခရောက် နေတာ၊ အခု မီးပွားကလေးတစ်ခုက စင်ပြီး ထွက်သွားတော့ ဒီမီးပုံက ဘယ်နှယ်ဆိုမတုံး။
ဟိုကူးကြတာလဲ ဒီလိုပဲ။ ဒီလို ကူးတာပဲ၊ လေတည်း ဟူသော ဥပါဒါန် ပါသွားတယ်ကွ။ ဒါကြောင့် မီးပွားကလေး ဟိုသွား ကျွမ်းရတာ (မှန်ပါ့ ဘုရား)။
ထို့အတူ ဘုံဘဝသွားတဲ့ ပုဂ္ဂိုလ်တွေလဲ ဒီဥပါဒါန်၊ ဟိုပါသွားတာ (မှန်ပါ)၊ ဥပါဒါန်၏ သတ္တိ ပါသွားတယ်၊ ဒါကြောင့် ဟိုမှာသွားပြီး လောင်ကျွမ်းရပြန်တယ်။ ဒုက္ခသစ္စာ ဖြစ်ပါတယ်။ (မှန်ပါ) ဒီကနေ လွင့်သွားတာကိုး၊ သဘောကျ ပလား (ကျပါပြီ ဘုရား)။
တတိယက စတုတ္ထဆီ လွင့်သွားတဲ့အတွက် စတုတ္ထမှာ ဒုက္ခရောက်တယ် (မှန်ပါ့) ဒါဖြင့် သူ ဥပါဒါန် ဘုရားက အဖြေပေးလိုက်တဲ့ဥစ္စာ သဘောကျပလား (ကျပါတယ် ဘုရား)။
ပထမ ဘုရားက ဖြေတာက ဥပါဒါန်ရှိတဲ့ ပုဂ္ဂိုလ်ဟာ ဟိုဘုံဒီဘုံ သွားတာပဲကွ၊ ဥပါဒါန်ရှိတဲ့ ပုဂ္ဂိုလ် မသွားဘူလား (မှန်ပါ့) မီးပွား ဥပမာနဲ့ ဖြေလိုက်ပါတယ်နော် (မှန်ပါ့) ပုဏ္ဏားက အမေးထုတ် တော့ ဘုရားက အဖြေ မပေးဘူးလား။ (ပေးပါတယ် ဘုရား)။
လေ ဥပါဒါန် ရှိတယ်ဆိုတော့ လေက ဆောင်သွားတယ်။ ဒါကြောင့် ဟိုသွား ကျွမ်းရတယ်။ (မှန်ပါ့) မရှင်းသေးဘူးလား (ရှင်းပါတယ် ဘုရား)။
တတိယမေးခွန်း
ဒါနဲ့ သူ တတိယအချက် ကောက်မေးပြန်တယ်။ ကဲရှင်ကြီးဂေါတမတဲ့ တစ်ယောက်သော ပုဂ္ဂိုလ်ဟာတဲ့ ဒီဘဝလဲ သူ့ခန္ဓာ မစွဲဘူးတဲ့။ (မှန်ပါ့) ရ,ထားတဲ့ ခန္ဓာကြီးလဲ သူ မစွဲဘူးတဲ့၊ နောက်ခန္ဓာလဲ မတောင်းဘဲနဲ့ သေသွားတယ်။ နောက်ခန္ဓာလဲ မဖြစ်ချင်ဘဲနဲ့ သေသွားတယ်။ အဲဒါ ရှင်ကြီး ဂေါတမ ဘယ့်နှယ်လုပ်မတုံးတဲ့ မေးပြန်တယ်။
ဒီခန္ဓာလဲ မစွဲဘူး၊ နောက်ခန္ဓာလဲ မရချင်ဘူး
ဒီခန္ဓာလဲ သူ မစွဲပါဘူးတဲ့။ (မှန်ပါ) ဒီခန္ဓာလဲ မလိုချင်ဘူး။ ဒီခန္ဓာလဲ သဘောမကျဘူး။ ဟိုဘက် သတ္တဝါခန္ဓာကိုလဲ သူ မရချင်ဘူးတဲ့၊ (မှန်ပါ့) အဲဒီပုဂ္ဂိုလ်ကျတော့ ရှင်ကြီးဂေါတမ ဘာသွားဖြစ်တယ်လို့ ဆိုမတုံးတဲ့။
အဲဒါလဲကွာတဲ့၊ တဏှာ, ဥပါဒါန်ပဲတဲ့၊ တဏှာ, ဥပါဒါန် ပဲတဲ့၊ ပြတ်ခြင်းကို အလိုရှိတဲ့ ဥစ္ဆေဒဒိဋ္ဌိကွတဲ့ (မှန်ပါ့ ဘုရား) နိဗ္ဗာန်မှ သဘောမကျဘဲကိုး၊ ဥစ္ဆေဒဒိဋ္ဌိ သွားဖြစ်နေတယ်။ (မှန်ပါ) ခုနင်က ပြောတာ သဘောပါလား။ (ပါ,ပါပြီ ဘုရား)။
ဥစ္ဆေဒဒိဋ္ဌိ သွားဖြစ်တယ်
ဥစ္ဆေဒဒိဋ္ဌိ သွားဖြစ်တယ်။ သေရင်ပြီးရော ဆိုတာနဲ့ အတူတူပဲတဲ့။ သေရင် ဘာမှ မဖြစ်ဘူး (မှန်ပါ ဘုရား)။
ဒီဘဝ ဒီခန္ဓာလဲ သူ့ခန္ဓာလဲ သူမခင်ပါဘူး။ ဟိုဘဝလဲ မလိုချင်တဲ့ ပုဂ္ဂိုလ် ဘယ်သွားသတုံးတဲ့။ အဲဒီလို ပုဂ္ဂိုလ်ကျတော့ ရှင်ကြီးဂေါတမ ဘယ့်နှယ်ဆိုမတုံး တဲ့။
အဲဒါ ဥပါဒါန်ကွ တဲ့၊ တဏှာပဲတဲ့ (မှန်ပါ့) ဘာတုံး ဆိုတော့ ပြတ်ခြင်းကို အလိုရှိတယ်။ (မှန်ပါ့) နိဗ္ဗာန်က ပြတ်တာ လားတဲ့၊ အခု စုတိ အခု နိဗ္ဗာန်ဆိုတော့ ပြတ်သေးရဲ့ လား။ (မပြတ်ပါ ဘုရား)။
သူက ပြတ်ခြင်းကို အလိုရှိတယ်
သူက ပြတ်ခြင်းကို အလိုရှိနေတာ ဥစ္ဆေဒဒိဋ္ဌိ သွားဖြစ် မနေဘူးလား (ဖြစ်ပါတယ်) သဘောပါပလား (ပါ,ပါပြီ ဘုရား)။
သူက ပြတ်ခြင်းအလိုရှိတော့ ဘာဖြစ်နေသလဲ (ဥစ္ဆေဒ ဒိဋ္ဌိ သွားဖြစ်ပါတယ် ဘုရား)။
ဥစ္ဆေဒဒိဋ္ဌိ သွားဖြစ်နေတော့ကို တစ်ယောက်သော ပုဂ္ဂိုလ်ဟာတဲ့ ပြန်ပြောပါတယ်။ ဒီဘဝမှာလဲ သူ မခင်တွယ်ဘူးတဲ့။ ဒီသတ္တဝါဟာ နောက်ဘဝလဲ ဘာမှ မဖြစ်ချင်ဘူး ဆိုတဲ့ပုဂ္ဂိုလ် ကျတော့ ရှင်ကြီးဂေါတမ ဘယ်နှယ့်ပြောမလဲတဲ့၊ မေးတာပဲ။ ကတ်ကတ်သတ်သတ် မေးတယ်၊ (မှန်ပါ့) ဟုတ်လား။ (မှန်ပါ ဘုရား)။
ဝိဘဝတဏှာဆိုတာ ဒါပဲ
အဲဒါဟာ.. တဲ့ တဏှာပဲကွ၊ ဥစ္ဆေဒဒိဋ္ဌိ နှစ်သက်တဲ့ ဝိဘဝတဏှာဆိုတာ ဒါပဲတဲ့ (မှန်ပါ့) ကာမတဏှာ, ဘဝတဏှာ, ဝိဘဝတဏှာလို့ ၃-မျိုးရှိတယ်။ (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဘာတဏှာတဲ့တုံး-(ဝိဘဝတဏှာပါ) ဘဝပြတ်ခြင်းကိုသာ အလိုရှိတယ်။နိဗ္ဗာန် မပါဘူး။ သူ့အထဲမှာ (မှန်ပါ့) ပါသေး ရဲ့လား။ (မပါ,ပါ) အဲဒီတော့ သူ့ကို ဘာတဏှာ ဆိုကြမလဲ (ဝိဘဝတဏှာပါ ဘုရား)။
ဝိဘဝတဏှာ ဆိုတာကိုတဲ့ ဥစ္ဆေဒဒိဋ္ဌိလို့ မှတ်လိုက်ပါ။ (မှန်ပါ့) ဝိဘဝတဏှာကို ဘယ်လိုမှတ်ကြမယ် (ဥစ္ဆေဒဒိဋ္ဌိ ပါ ဘုရား)။
ဒိဋ္ဌိရှင်းမပေးရင် နိဗ္ဗာန် မရနိုင်
ကဲ-ဒါဖြင့် ဒိဋ္ဌိမရှင်းဘဲနဲ့ ခင်ဗျားတို့ နိဗ္ဗာန်ရောက်ဖို့ မခက်ဘူးလား။ (ခက်ပါတယ်) ဟင်-ဒိဋ္ဌိကို ရှင်းပေးတဲ့ ဆရာ ရှေ့ပိုင်းက ရှင်းမပေးဘဲနဲ့ ခင်ဗျားတို့ ဘယ်လိုပဲ ခန္ဓာငါးပါး ဖြစ်ပျက်တရားတွေ ကြိုးစားငြားသော်လည်း နိဗ္ဗာန် မရနိုင်ပါဘူး ဆိုတာပေါ်ပြီ (ပေါ်ပါပြီ ဘုရား)။
အခုပြောတာတွေ မောင်သစ် ရှင်းလို့ရှိရင် သော်ငါလုပ်တော့ လုပ်နေတာပဲ၊ ငါ သေရင် ဘာဖြစ်ဦးမှာတုံး။ မဖြစ်တော့ဘူးလား ဆိုတဲ့အသွား (မှန်ပါ့) နိဗ္ဗာန် သူ သဘော မကျလို့ ပြောတဲ့စကားတွေ ထွက်မလာဘူးလား (ထွက်လာပါ တယ် ဘုရား)။
ငါလုပ်တော့ ဝိပဿနာအလုပ်ကို လုပ်နေတာပဲ။ ငါသေသွားလို့ရှိရင် ဘာဖြစ်ဦးမှာတုံး။ ဘယ့်နှယ်ဖြစ်မှာပါလိမ့်။ ကဲ-ဦးကျော်မောင် ဒါတွေ လာမလား, မလာဘူးလား။ (လာမှာပါ ဘုရား)။
လာလို့ရှိရင် ဒါတွေ ဝမ်းထဲမှာ ဘာတွေတုံး..(ဒိဋ္ဌိတွေ ပါ ဘုရား) ဒိဋ္ဌိတွေ ဖြစ်နေတော့ ဒီဒိဋ္ဌိ ရှိလျက်နဲ့ အားထုတ်နေရင် ဘယ်ကလာရမှာတုံး။ (မှန်ပါ့) ဒိဋ္ဌိခွာနေတဲ့ မဂ်ကိုးဗျ (မှန်ပါ့ ဘုရား)။
အဲဒီတော့ ဝိပဿနာမဂ်သာ ပေါ်နိုင်မယ်တဲ့။ လောကုတ္တရာ မဂ် ဒိဋ္ဌိပယ်တဲ့ မဂ်တော့ မပေါ်နိုင်ဘူး။ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဝိပဿနာမဂ်တော့ ဖြစ်ပျက်တော့ မြင်ချင်မြင်မယ်တဲ့။ (မှန်ပါ့) ခုနင် ဒိဋ္ဌိကို အမြစ်နဲ့တကွ ဖြတ်နိုင်တဲ့ လောကုတ္တရာမဂ်၊ သောတာပတ္တိမဂ် မပေါ်နိုင်ဘူး။ (မှန်ပါ့)။
ဒီ ဒိဋ္ဌိ ငါသေ ဘာဖြစ်မှာပါလိမ့်မတုံး လုပ်တော့လုပ်နေ တာပဲ။ ဘာမှ ဖြစ်တော့မယ် မထင်ပါဘူး၊ ဆိုတဲ့ ဥစ္ဆေဒဘက် သူလဲသွားတယ်။ (မှန်ပါ့) ဘာဖြစ်ဦးမှာပါလိမ့်မလဲဆိုတဲ့ အမရာဝိက္ခေပဘက် လဲချင်လဲနေတာ (မှန်ပါ့) မလဲဘူးလား (လဲပါတယ် ဘုရား)။
အဲဒါ ဒါဖြင့် အင်မတန် ကျပ်နေတယ်၊ နိဗ္ဗာန် သဘော မကျလို့ ဖြစ်နေတာ၊ ဒါကြောင့် ဒီနေ့ နိဗ္ဗာန် သဘောကျအောင် ဟောနေတာ (မှန်ပါ့) သဘောကျပလား။ (ကျပါပြီ)။
ကိုင်း ဒါနဲ့ ဒကာ၊ဒကာမတွေ အခု မှတ်ရမှာက ခုနင်က သူဥစ္ဆေဒဒိဋ္ဌိနဲ့ မေးလိုက်တယ်။ အဲဒါလဲ ဘုရားက တဏှာ ဥပါဒါန်ပဲကွတဲ့။ ဝိဘဝတဏှာ၊ ဥပါဒါန်တွေပဲ(မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။
အဲဒီတော့ ဝိဘဝတဏှာ ဥပါဒါန် ရှိနေလဲ နိဗ္ဗာန် ရောက်ပါ့မလား (မရောက်နိုင်ပါ ဘုရား)။
မရောက်နိုင်တော့ ခင်ဗျားတို့ကျတော့ကို ရှုပါတဲ့၊ ဒုတိယ အကွက်ကို ရှုပါ(မှန်ပါ့)။
ဒုတိယအကွက် ဝိပဿနာရှုပါ
ဒုတိယအကွက် စိတ္တာနုပဿနာကို ရှုပါ။ ဝေဒနာကြိုက်ရင် ဝေဒနာရှုပါ ပေါ့ လေ (မှန်ပါ့)၊ သို့သော် ခင်ဗျားတို့ ဝေဒနာနဲ့ မတည့်သေးရင် စိတ်ပေးရမှာပဲ၊ စိတ်နဲ့ မတည့်သေး ရုပ် ပေးရမှာပေါ့ ဗျာ၊ (မှန်ပါ) အဲဒါ အရှုခိုင်းတာပဲတဲ့။ ရေးပေးတဲ့ ၁၃-ချက်ကို ရှုလို့ အကြောင်းညီညွတ်ရင်လည်း ရှုကြ။ ရောက်တာပဲ (မှန်ပါ့)။
အဲဒီရှုလိုက်တဲ့အခါကျတော့ ဒီမှာ မဂ်ပေါ်မှာပဲ ဦးမြမောင် (မှန်ပါ့) မပေါ်ပေဘူးလား။ (ပေါ်ပါတယ် ဘုရား) ပေါ်ရင် ဒီ ဒုတိယအဆက်ဟာ ပြတ်မပြတ် (ပြတ်ပါတယ် ဘုရား) ပြတ်လို့ ရှိရင်ဖြင့် တဏှာ ဥပါဒါန် ရှိသေးရဲ့လား။ (မရှိတော့ပါ ဘုရား)။
တဏှာဥပါဒါန် မရှိရင် သမုဒယချုပ်တယ်
တဏှာ ဥပါဒါန် မရှိလို့ရှိရင် သမုဒယ ချုပ်တယ်။ (မှန်ပါ) သမုဒယ ချုပ်ရင်, ဒုက္ခသိမ်းတယ် ဟုတ်လား။ (မှန်ပါ့ ဘုရား) သမုဒယသိမ်းလဲ အပူဓာတ်ငြိမ်းတာပဲ (မှန်လှပါ ဘုရား)။
ဒါက မီး၊ ဒါက လောင်စာ (မှန်ပါ) ဒါက တတိယ အကွက်က မီး၊ စတုတ္ထကွက်က လောင်စာ (မှန်ပါ) အဲဒီတော့ လောင်စာ (မှန်ပါ့) အဲဒီတော့ လောင်စာသိမ်း၍ မီးငြိမ်းတာ (မှန်ပါ)။
ဘာခေါ်မတုံး (လောင်စာသိမ်း၍ မီးငြိမ်းတာပါ ဘုရား) လောင်စာသိမ်း၍ မီးငြိမ်းတာ ဘာခေါ်မလဲ (နိဗ္ဗာန်ပါ ဘုရား) နိဗ္ဗာန်ခေါ်တော့ ဒီတရားဟာ တဲ့ ဟောဒီလောင်စာတွေ သိမ်းတာ သူ မြင်ပါတယ်တဲ့၊ ဒုက္ခဆုံးသွားတဲ့အခါကျတော့ (မှန်ပါ့) ဒါတွေ ဒုက္ခသစ္စာတွေ မဟုတ်လား (မှန်ပါ့)။
ဒါတွေ ခင်ဗျားတို့ ဉာဏ်ထဲ မမြင်တော့ဘူးဆိုတော့ သော်- ဒါ-အသေတွေ မရှိတဲ့ နေရာတွေ ပါလား။ ဒုက္ခသိမ်းတဲ့ နေရာပါကလားလို့ မလာသေးဘူးလား (လာမှာပါ ဘုရား) လာတော့ ဒုက္ခသိမ်းတဲ့ နေရာ ဒုက္ခငြိမ်းတဲ့ဉာဏ် ဒီဟာ မလာသေးဘူးလား (လာမှာပါ ဘုရား)။
လာကတည်းက ဒီမီးကော ရှိသေးရဲ့လား (မရှိတော့ပါ ဘုရား၊ ဒီလောင်စာကော (မရှိတော့ပါ ဘုရား) မရှိလို့ရှိရင်ဖြင့် ဒီမဂ် အားထုတ်နေတဲ့ပုဂ္ဂိုလ်ဟာ အင်း-လောင်စာသိမ်း၍ မီးငြိမ်း တဲ့ဆီ ရောက်ရမယ်။(မှန်ပါ့) သဘောကျပလား (ကျပါပြီ)။
တဏှာ ဥပါဒါန်မရှိ ခန္ဓာမရှိတဲ့ နေရာကို(ရောက်ရမှာပါ ဘုရား) ရောက်ရမယ်ဆိုတော့ သော်-ဒီပုဂ္ဂိုလ်ဟာ လောင်စာ သိမ်း၍ မီးငြိမ်းနေရာ ရောက်သွားတယ်လို့ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား) လောင်စာနဲ့ မီးနဲ့ လောင်နေသရွေ့ ကာလပတ်လုံးဟာ ဒုက္ခရောက်နေတယ် (မှန်ပါ့) လောင်စာနဲ့ မီးနဲ့ လောင်နေတာသည် (ဒုက္ခရောက်နေတာပါ ဘုရား) ခင်ဗျား တို့ မှာ ဝမ်းထဲက တဏှာနဲ့ ခန္ဓာကြီး အလောင်ခံလျက် ဒါ နေ့တိုင်းနေ့တိုင်းပဲ။ (မှန်ပါ့) ကိလေသာ မီးတွေက ခန္ဓာကြီး မလောင်ဘူးလား (လောင်ပါတယ် ဘုရား) ဘယ်တော့ လောင်စာ သိမ်း၍ မီးငြိမ်းတဲ့ရက် ပါရဲ့လား၊ (မပါ,ပါ ဘုရား) အဲဒီတော့ ဒီမဂ်အလုပ် လုပ်လိုက်တဲ့အခါကျတော့ ဒီဘက်က မီးလဲသေ (မှန်ပါ့) ဒီဘက်က လောင်စာတွေကော (သိမ်းပါတယ် ဘုရား) ဒီဘက်က ခန္ဓာကြီးကော ရှိသေးရဲ့ လား။ (မရှိတော့ပါ ဘုရား)။
မရှိတော့ကိုတဲ့ လောင်စာသိမ်းတဲ့ မီးငြိမ်းတဲ့ နေရာကြီး သူ မမြင်ရပေဘူးလား (မြင်ရပါတယ် ဘုရား) အဲ-အခု ပထမ မဂ်ရရင် မြင်ရမယ်။ ဒုတိယမဂ်ရရင် မြင်ရမယ်။ တတိယမဂ်ရရင် မြင်ရမယ်။ စတုတ္ထမဂ်ရပြီး သေခဲ့လို့ရှိရင် မီးငြိမ်းတဲ့အဖြစ်ကို ကိုယ်ကိုယ်တိုင် သိရမယ်။ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အဲဒီတော့ ဒါတွေ ချုပ်မှ ခင်ဗျားတို့ လောင်စာသိမ်း၍ မီးငြိမ်းတဲ့ အဖြစ်ကို ရမယ် (မှန်ပါ့) ဥပါဒါန် မချုပ်သရွေ့ ကာလပတ်လုံး (မရနိုင်ပါ ဘုရား) မရနိုင်ဘူးဆိုတာ သေချာပလား (သေချာပါပြီ)။
လောင်စာနဲ့ မီးသိမ်းတာ နိဗ္ဗာန်
ဒါဖြင့် ခင်ဗျားတို့ ဖြစ်ပျက်မဂ် ဖြစ်ပျက်မဂ် ကိုက်အောင် လုပ် ဒီဘက်က ဥပါဒါန်တွေ ချုပ်နေတာပဲ(မှန်ပါ့) မချုပ်ပါနဲ့ ဆိုလို့ ရသေးရဲ့ လား။ (မရပါ ဘုရား) အဲဒီတော့ ဝစ္ဆက ဒီနိဗ္ဗာန် နားမလည်လို့ သူ မေးရှာတာ (မှန်ပါ့) အခုတော့ ခင်ဗျားတို့ က ဥပါဒါန် မရှိလို့ ရှိရင်ဖြင့် ခန္ဓာ ရှိသေးရဲ့လား။ (မရှိပါ ဘုရား)။
အဲ-ခင်ဗျားတို့က ဥပါဒါန်ချုပ်အောင် လုပ်တဲ့အတွက် ခန္ဓာ မရှိဘူး။ ခန္ဓာ ဒုက္ခသစ္စာလည်း မရှိဘူး၊ ဥပါဒါန် သမုဒယသစ္စာလဲ မရှိဘူးဆိုတော့ လောင်စာနဲ့ မီးသိမ်းတာဟာ နိဗ္ဗာန် (မှန်ပါ့) ခင်ဗျားတို့ သဘောကျဖို့ ရာကနော်(မှန်ပါ့)။
အဲဒီလို သဘောကျထားတော့ ခုနင်က ပုဏ္ဏား မေးတာ တွေဟာ သြော်-သူသည် သမုဒယသစ္စာ လဲ နားမလည်၊ ဒုက္ခ သစ္စာလဲ နားမလည်လို့ မေးနေတာကိုး ဆိုတာကော သေချာ ပလား (သေချာပါပြီ ဘုရား)။
ဒီအလုပ်မှတစ်ပါး ကယ်မည့်လူမရှိ
ဒါဖြင့် ဘုရားက အစ္ဆ စ္ဆိ တဏှံ ဆိုတော့ တဏှာပြတ်ပြီ (မှန်ပါ့) ဝိဝတ္တယိ သံယောဇနံ ဆိုတော့ ဒါတွေ သံယောဇဉ် အဖြစ်နဲ့ကော မပြတ်ဘူးလား။ (ပြတ်ပါတယ် ဘုရား) သမ္မာမာနဘိ သမယာ၊ အန္တ မကာသုဒုက္ခဿ၊ ဒုက္ခလဲ ဆုံးပြီလို့ ဒါဖြေလိုက် တယ်။ (မှန်ပါ့) သွားစရာလမ်း ရှိသေးရဲ့လား။ (မရှိပါ ဘုရား)။ သဘောပါပလား (ပါ,ပါပြီ ဘုရား)။
ဒါဖြင့် ဒီအလုပ်မှတစ်ပါး ကယ်မည့်လူ ယူမည့်လူ ရှိသေးရဲ့ လား။ (မရှိပါ ဘုရား) မရှိရင် ဒီအလုပ် ဖိလုပ်ရမယ် (မှန်ပါ့)။
တရားထူးလို့ရှိရင် လျှောက်နိုင်တယ်တဲ့
တရားထူးလို့ရှိရင် ဒီဒကာ၊ဒကာမတွေ ၁-ချက်ခွဲမှာ လျှောက်နိုင်တယ်၊ ဘယ်သူမဆို (မှန်ပါ) ပြီးတော့မှ တရား ဟောမယ်နော် (မှန်ပါ့)။
ကဲ ယနေ့ ဒီတွင် တော်ကြဦးစို့။
သာဓု သာဓု သာဓု။