018

မာတိကာသို့

သစ္စာမြင်မှ နိဗ္ဗာန်ဝင်မည် အလုပ်သင်တရားတော်

အသံဖိုင်ခေါင်းစဉ်= လူ့ဘဝရခိုက်မှာ ဝဋ်သုံးပါးမှလွတ်အောင်ကြိုးစားရန်

စာအုပ်ခေါင်းစဉ်= သစ္စာမြင်မှ နိဗ္ဗာန်ဝင်မည် အလုပ်သင်တရားတော်

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

မိုးကုတ်မြို့၌ ဟောကြားဆုံးမတော်မူသော

သစ္စာမြင်မှ နိဗ္ဗာန်ဝင်မည် အလုပ်သင်တရားတော်

(၄-၆-၆၂)

ဘုန်းကြီးက တရားပြောပေး ဆုံးမပေးနေတယ်ဆိုတဲ့ ဥစ္စာက ဘာပြောသတုံးလို့ ဒကာ ဒကာမတွေက မေးလို့ရှိရင် တရား ပြောနေတယ်၊ တရားပြောနေတယ်ဆိုတာက မှန်တာကို ပြောနေတယ်လို့ ဆုံးဖြတ်ချက်ချပါ (မှန်ပါ့)။

တရားပြောနေတယ်ဆိုတာ ဘာပါလိမ့် (မှန်တာ ကို ပြောတာပါ ဘုရား)။

တရားဆိုတာ မှန်တာ

မှန်တာကို ပြောနေတယ်၊ အဲဒီတော့ ဒီဟာကို ဒကာ ဒကာမတွေက မှန်တာကို ပြောနေတာပဲ၊ တရားဆိုတဲ့ဥစ္စာ မှန်တာပဲ၊ ဒီမှန်တာတွေ ပြောနေတာကို ကိုယ်က မနာယူကြ ဘူး၊ မလိုက်နာကြဘူး၊ မကျင့်ကြဘူး၊ မကြံကြဘူးဆိုရင် ပြောင်းပြန်လှည့်ကြည့်လိုက်တာပေါ့ ဦးဘကလေးတို့ကနော်။ (မှန်ပါ့)။

ဒါ မလိုက်နိုင်ဘူး၊ ဒါမနာနိုင်ဘူး၊ ဒါ မကျင့်နိုင်ဘူး၊ ဒါ မကြံနိုင်ဘူးဆိုရင် မတရားလုပ်နေတယ်၊ အဓိပ္ပာယ် ဒီရောက် တယ် (မှန်ပါ) မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။ –

ဘုန်းကြီးက ဘာပြောနေသတုံး (တရားဟောနေပါ တယ် ဘုရား) တရားဟောနေတယ်၊ ဒါတွေကို နာလဲမနာဘူး၊ သင်လဲမသင်ဘူး၊ ဒီအတိုင်းလဲ မလိုက်နာဘူးဆိုလို့ရှိရင်ဖြင့် ဘာလုပ် နေသတုံး၊ မေးဖို့ရာဟာ သူ့အဖြေကို သူထွက်လာပြီ ဆိုတာ မှတ်ရမှာ (မှန်ပါ့) မမှတ်ရပေဘူးလား (မှတ်ရပါမယ် ဘုရား)။

ဘာလုပ်နေသတုံး (မတရား လုပ်နေပါတယ် ဘုရား) မတရားလုပ်နေတယ် ဆိုတဲ့ဥစ္စာ အထူးတလည် အဖြေပေးဖို့ လိုသေးသလား (မလိုပါ ဘုရား)။

အဲဒါကြောင့် ဒကာဒကာမတွေ ကြပ်ကြပ် ဂရုစိုက်ပြီး သကာလ ဪ တရားပြောနေတာပဲ၊ ဒို့ဟာ မတရား လုပ်နေလို့ မတော်ပါဘူးဆိုတဲ့စိတ်ကို မွေးရမယ် (မှန်ပါ့)၊ မမွေး သင့်ဘူးလား (မွေးသင့်ပါတယ် ဘုရား)။

တရားလည်းနာ၊ အားလည်းထုတ်၊ ဘာကြောင့်တုံးလို့ မေးတဲ့အခါကျလို့ရှိရင်ဖြင့်တဲ့ မတရားနေတယ်ဆိုတော့ ပဋိစ္စ သမုပ္ပါဒ် ဆက်နေတယ်၊ တရားနဲ့ နေတယ်ဆိုတော့ ပဋိစ္စ သမုပ္ပါဒ် ပြတ်နေတယ် (မှန်ပါ့)။

တရားမနာရင် ပဋိစ္စသမုပ္ပါဒ် ဆက်နေတယ်

ဒါနဲ့ ရှင်းကြည့်ပါဦး၊ တရားမနာဘူး၊ တရားနှလုံး မသွင်းဘူးဆိုတော့ ဦးဘကလေး စဉ်းစားကြည့်တာပေါ့ မတရား နေတယ်၊ မတရားနေတယ်ဆိုတော့ ဒကာ ဒကာမ တွေမှာ တိုတိုပြောတော့ ပဋိစ္စသမုပ္ပါဒ် ဆက်နေတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။

ဟာ တရားနာတယ်၊ တရားအားထုတ် နေပါတယ်လို့ဆိုတော့ သြော် ဒုက္ခစက်ကြီး ပဋိစ္စသမုပ္ပါဒ် ဒုက္ခစက်ကြီးလည်နေတာကို ဖြတ်နေတာပါကလား။ မရှင်းကြ ဘူးလား (ရှင်းပါတယ် ဘုရား)။

ဒါဖြင့် “တရား” နဲ့ “မတရား” ကွဲပလား (ကွဲပါပြီ)၊ ကွဲပြီတဲ့၊ ဒါဖြင့် ဒီလိုပြောကြစို့တဲ့၊ အိမ်မှာ ဘာလုပ်ပြီး သကာလ ဒကာ ဒကာမတွေ နေကြသတုံး၊ မတရား လုပ်နေ တယ်ဆိုတာ ဖြေရမယ် (မှန်ပါ့)။

တစ်ခါတလေကျတော့ သားတွေ၊ သမီးတွေနဲ့၊ ဒေါသ သောကတွေနဲ့ အချိန်ကုန်သွားတယ်၊ ကုန်မသွားဘူးလား (ကုန် သွားပါတယ် ဘုရား)။

ဒေါသဆိုတာ သားကလေး၊ သမီးကလေးတွေ ကိုယ်က လိမ္မာယဉ်ကျေးစေချင်တယ်၊ သူတို့က မလိမ္မာ မယဉ် ကျေးတော့ အမေမိဘလုပ်တဲ့ပုဂ္ဂိုလ်, ညီအစ်ကို မောင်နှမ အကြီးအကဲလုပ်တဲ့ ပုဂ္ဂိုလ်များက ဒေါသဖြစ်တယ်၊ မဖြစ်ပေ ဘူးလား၊ (ဖြစ်ပါတယ် ဘုရား)။

ဒေါသဟာ၊ တရားလား၊ မတရားလား

ဒေါသဖြစ်တော့ ဒေါသဟာ တရားလား၊ မတရားလား မေးကြည့်ပါ (မတရားပါ ဘုရား)။

မတရားတာက အခု မတရားတာလည်း တစ်မျိုး၊ နောင်မတရားဖြစ်မှာလည်း တစ်မျိုး မှတ်လို့ရှိရင် မလွဲပါဘူး (မလွဲပါ ဘုရား)

အခု မတရားတာကတော့ ဒေါသနောက်က သောက လိုက်တယ်၊ သောကနောက်က ပရိဒေဝလိုက်တယ်၊ ငိုမှု လိုက်တယ်နော်၊ နောက် ဒုက္ခ, ဒေါမနဿတွေ မလိုက်ဘူးလား (လိုက်ပါတယ် ဘုရား)၊ တော်တော်ကြာကျတော့ အဝိဇ္ဇာ သင်္ခါ ရတွေကော (လိုက်ပါတယ် ဘုရား)။

အဖေ၊ အမေက အပါယ်သွားနေတယ်

ဒါဟာ ဪ အိမ်မှာနေတာ သားတွေ, သမီး တွေအတွက် ကိုယ်ခိုင်းတဲ့အတိုင်း မလိုက်နာ မပြုကြပြီဆိုမှဖြင့် မတရားလုပ်နေတော့ သားသမီးကတော့ ကိစ္စမရှိဘူး၊ အဖေ အမေက အပါယ်သွားနေတယ် (မှန်ပါ့)၊ မသွားသေးဘူးလား (သွားပါတယ် ဘုရား)။

အဝိဇ္ဇာ သင်္ခါရဝိညာဏ်ဆိုတော့ ဝိညာဏ်ဆိုတာ ပဋိသန္ဓေစိတ်ဆိုတာပါ၊ အဲဒီတော့ မတရားနေမိတဲ့အတွက် အပါယ်ရောက်သွားတယ် ရှင်းပလား (ရှင်းပါပြီ)။

တစ်ခါတလေကျတော့လည်း ရောင်းရေးဝယ်ရေးနဲ့ပဲ ပျော်ပြီး သကာလ နေလိုက်တဲ့အခါလည်း ရှိသေးတယ်နော် (မှန်ပါ့)။ ရောင်းရေး၊ ဝယ်ရေးနဲ့ ပျော်လိုက်ပြန် တော့လည်း ပျော်တယ် ဆိုတာ တဏှာပါပဲ၊ ဝမ်းသာတဲ့ လောဘတဏှာပါပဲ။ အဲဒီတဏှာ၊ ဥပါဒါန်၊ ကံတွေနဲ့ အချိန်ကုန်ပြန်တော့လည်း နောက်ဘဝ ဇာတိ၊ ဇရာ၊ မရဏ လာဦးမှာပဲ (မှန်ပါ)။

ဒါ တရားလား၊ မတရားဘူးလား (မတရားပါ ဘုရား)။

ဒါဖြင့် တရားအားမထုတ်ဘူး၊ တရားမနာတဲ့ ပုဂ္ဂိုလ် များမှာဖြင့်တဲ့၊ မတရားဖြစ်ပြီး သကာလ နေတာ၊ ပစ္စုပ္ပန်မှာ မတရား၊ သံသရာမှာ အပါယ်သွားဆိုတဲ့ အဓိပ္ပာယ် ရှင်းသွားပြီ (မှန်ပါ့)၊ မရှင်းဘူး လား (ရှင်းပါတယ် ဘုရား)။

အဲဒါ ဉာဏ်နဲ့ လှည့်ကြည့်တော့မှ ငါသည် ကားလို့ ဆိုလို့ရှိရင် ဘယ်အမျိုးထဲက ပါလိမ့် မတုံး။ ဘယ် အစားထဲက ပါလိမ့်မတုံး၊ ကိုယ့်ကိုယ်ကို သနားလို့ ထမင်းကျွေး နေတာလား၊ ထမင်းကျွေး တာက ဝတ်ဆင်ပြီး သကာလ ကျွေး ငြားသော်လည်း ကိုယ့်ကိုယ်ကို သနားရာ မရောက် ဘူး နော် (မှန်ပါ့)။

ကိုယ့်ကိုယ်ကို သနားတာကတော့ ကိုယ်သွားနေတဲ့ ပဋိစ္စသမုပ္ပါဒ်ကြီးကို ဖြတ်တဲ့ပုဂ္ဂိုလ်မှ ကိုယ့်ကိုယ်ကို သနားတဲ့ ပုဂ္ဂိုလ် (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ)။

ကိုယ့် ပဋိစ္စသမုပ္ပါဒ် ကိုယ်ဖြတ်တဲ့ ပုဂ္ဂိုလ်မှ ဘာပါလိမ့် (သနားတဲ့ပုဂ္ဂိုလ်ပါ ဘုရား)၊ သနားတဲ့ပုဂ္ဂိုလ်ဆိုတာ ရှင်းပါပြီ။

ဒါကြောင့် မတရားတော့ဖြင့် ဒကာ ဒကာမတွေ မနေကြပါနဲ့၊ တရားနဲ့နေပါလို့ဆိုတဲ့ဥစ္စာ အထူးပြောစရာ ဘာမှ မလိုတော့ပါဘူး (မှန်ပါ့)။

ဦးဘကလေး လိုသေးသလား (မလိုပါ ဘုရား)။

အဲဒါကြောင့် အိမ်မှာ ဘာလုပ်နေကြသတုံးလို့ မေးတဲ့ အခါကျလို့ရှိရင်ဖြင့် တပည့်တော်တို့ အရောင်းနဲ့ အဝယ်နဲ့ သားနဲ့ သမီးနဲ့ဆိုတော့ဖြင့် မအားဘူး။

ကဲ မအားတာကတော့ မင်းတို့ကိစ္စမရှိဘူး၊ မအား တာသည်ကားလို့ဆိုရင် တရားဖြစ်နေ တာလား၊ မတရားဖြစ်နေ တာလား၊ ဒါမောင်နိုင် မေးဖို့လိုတယ် (မှန်ပါ့ ဘုရား)။

ကိုပေါ်က ဘယ့်နှယ်ဆိုမလဲ (မတရားဖြစ်နေတာ ပါ ဘုရား)။

မတရားဖြစ်နေတော့ ဒါဖြင့် ဒကာ ဒကာမ တွေ ဘုန်းကြီးက သတိပေးလိုက်တယ်၊ မင်းတို့ မအားတာသည် ဒို့လည်းသိတော့သိတယ်၊ မင်းတို့မအားဘူး ဆိုတာတွေလည်း သိတယ်၊ သို့သော် လည်း မအားတဲ့ အလုပ်ထဲမှာ မအားတာ ဘာတွေတုံးမေးတော့ မတရားတွေက မအားဘဲ ဖြစ်နေ တာ (မှန်ပါ့)၊ ဆိုထိုက်ကြပလား (ဆိုထိုက်ပါတယ် ဘုရား)။

မတရားတွေက (မအားဘဲဖြစ်နေတာပါ ဘုရား)။

မအားဘဲဖြစ်ပြီး သကာလ နေတော့ မတရားတာဟာ ရိုးရိုးမအားတာ မဟုတ်ဘူး၊ ရိုးရိုး မအားတာ မဟုတ်ဘူးတဲ့ ဒကာ ဒကာမတို့နော် (မှန်ပါ့)၊ တစ်ခါတည်း အပါယ်သွား ကြောင်းတွေ ဆည်းပူးနေတဲ့ အဓိပ္ပာယ် သေသေချာချာ ရောက်ပါတယ် (ရောက်ပါတယ် ဘုရား)၊ မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။

မတရားလုပ်နေရင်၊ အရင်းရှုံးလိမ့်မယ်

အေး ဒါတွေ စဉ်းစားတော့မှ ငါတို့သည်ကားလို့ ဆိုရင်ဖြင့်၊ အခု လူ့ဘဝကို တရားကြောင့် ရောက်လာတဲ့ဥစ္စာ၊ ရောက်တဲ့နေရာ မတရားလုပ်နေပြန်ပြီ ဆိုလို့ရှိရင်ဖြင့်၊ အရင်း ရှုံးပါလိမ့်မယ်လို့ ပြောရပါလိမ့်မယ် (မှန်ပါ့)၊ မပြောထိုက် ဘူးလား၊ (ပြောထိုက်ပါတယ် ဘုရား)။

အရင်း ရှုံးပါလိမ့်မယ်လို့ သေသေချာချာ ပြောထိုက်ပါ တယ်၊ သဘောပါကြပလား (ပါ, ပါပြီ ဘုရား)။

လူ့ဘဝရလာတာက တရားကြောင့် ရလာတာ (မှန်ပါ့)၊ ဒီမှာ လူ့ဘဝရလာတာက တရားကြောင့် ရလာတော့၊ အိမ်ကျတော့ ပျော်လိုက်, ပါးလိုက်, မူးလိုက်, ယစ်လိုက်, အမျိုးမျိုး အဖုံဖုံပေါ့လေ၊ သားနဲ့၊ သမီးနဲ့ အလိုမကျတာလေးရှိလိုက်၊ အလိုကျလို့ ခင်ပြီး သကာလ နေလိုက်၊ ဒါတွေဟာ ကိုယ်က တရားကြောင့် လူဖြစ်လာတဲ့ဥစ္စာကို မတရားနဲ့ အချိန်ကုန်ပြန် တော့ ဪ အရင်းရှုံးတာပေါ့ဟေ့လို့ မှတ်လိုက်ပါ (မှန်ပါ့ ဘုရား)။

ဘယ်လိုမှတ်ကြမယ် (အရင်းရှုံးပါတယ် ဘုရား)၊ အရင်းရှုံးပြီ။

ဒကာ ဒကာမတွေ ဘာဖြစ်ပါလိမ့် (အရင်းရှုံးပါ တယ် ဘုရား)။

ဘယ်လိုအရင်းရှုံးသလဲ

အရင်းရှုံးတယ်ဆိုတဲ့ဥစ္စာ အင်မတန် နာပါတယ်ဆိုတဲ့ ဥစ္စာသဘောကျပလား (ကျပါတယ် ဘုရား)။

အရင်းရှုံးပုံကို ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ပြောလိုက်ပြန်တယ်၊ ဘယ်လို အရင်းရှုံးသလဲကွာလို့ မေးတဲ့ အခါကျတော့ မင်းတို့ဟာကွာ၊ ငါ့လက်သည်းပေါ်တင်ထားတဲ့ မြေမှုန့်ကလေးလိုပဲ၊ ဘုရားလက်သည်းပေါ် တင်ထားတဲ့ မြေမှုန့် ကလေးတွေလိုပဲတဲ့နော် (မှန်ပါ့)။

ဘုရားလက်သည်းပေါ် တင်ထားတဲ့ မြေမှုန့်ကလေး ဟာ တာရှည် တည်နိုင်ပါ့မလား၊ ကိုယ် စဉ်းစားကြည့်စမ်း (မတည်နိုင်ပါ ဘုရား)။

ဘာဖြစ်လို့ မတည်နိုင်သတုံးဆိုတော့ သူကလည်း သေးငယ်တာ တစ်ကြောင်း၊ အောက်က လက်သည်းခွံကလည်း နုတာက တစ်ကြောင်း၊ ချောတာက တစ်ကြောင်၊ နုတဲ့ အပေါ်မှာ သေးငယ်တာကလေး တင်ထားတော့ အထိမခံ ရွှေပန်းကန် ဆိုသည့်ပုံလို ကျသွားမှာပဲ (မှန်ပါ့) မကျပေဘူးလား (ကျပါတယ် ဘုရား)။

အဲဒီတော့ ဒီအပေါ် ရောက်လာတာက ဘုရားလက် ပေါ် ရောက်လာတာကတော့ဖြင့် အကြောင်း ညီညွတ်လို့ ရောက်လာတယ်၊ ဒီအပေါ်ရောက်ဖို့လည်း အတော်မခဲယဉ်း ဘူးလား (ခဲယဉ်းပါတယ် ဘုရား)၊ ကျဖို့ကတော့ မလွယ်ဘူးလား (လွယ်ပါတယ် ဘုရား)။

အဲဒီမှာလည်း လူ့ဘဝရဖို့ရာလည်း အတော် ခဲယဉ်းလို့ လက်သည်းခွံတွေပေါ် ရောက်လာ တာပဲ၊ လက်သည်းခွံပေါ်က ကျသွားမယ် ဆိုလို့ရှိရင်လည်း ပြန်ရောက်ဖို့ မမျှော်လင့်နဲ့တော့၊ ခင်ဗျားတို့ အပါယ်လေးပါးပဲ လှည့်နေကြမယ် (မှန်ပါ့)၊ သဘောပါကြပလား (ပါ, ပါပြီ ဘုရား)။

အဲဒါတွေ သေသေချာချာ စဉ်းစားကြည့်တော့မှ အို တပည့်တော်တို့စားရေး၊ သောက်ရေး၊ နေရေး၊ ထိုင်ရေးဆိုတာ ဘုရား အလကား အလုပ်ပါလား၊ ကိုယ် ဒီကနေပြီး သကာလ အပါယ်လေးပါး လွတ်ဖို့ ဒီလက်သည်းခွံ ပေါ်မှာရှိတဲ့ မြေမှုန့်ကလေးတွေလိုပဲ မကျဘဲနဲ့ သူ့ဇာတ်သိမ်း ပြီး သကာလ၊ ဒုက္ခတွေ သိမ်းတဲ့ဆီရောက်ဖို့ရာ တပည့်တော်တို့ အရေးဟာ အကြီးဆုံး အရေးပါကလားလို့ ဆုံးဖြတ်ချက်ချကြ “ ပါ (မှန်ပါ့)။

ဆုံးဖြတ်ချက် ဘယ်လိုချက်ကြသလဲ (အရေးကြီးဆုံးပါ ဘုရား)။

အဲဒါကြောင့် ပေါ့ပေါ့တန်တန်နဲ့ မနေဘဲနဲ့ သြော် ငါတို့ မတရားသည်ကားလို့ဆိုရင် အိမ်နေရင်ဖြင့် သားရေး၊ သမီးရေး၊ စီးပွားရေးအလုပ်ဟာ မတရားအလုပ်တွေပဲ၊ တရား ကိုဖြင့် ဂရုစိုက်ဦးမှ တော်တော့မယ်၊ တရားကြောင့် လူဖြစ် လာတာ၊ မတရားနဲ့ ငါသည်ကားလို့ဆိုရင် အချိန်ကုန်မယ် ဆိုရင် ဖြင့် ငါလောက် အရင်းရှုံးအောင် ဖြုန်းတဲ့ ပုဂ္ဂိုလ်တော့ မရှိတော့ဘူးဆိုတော့ အမြတ် မထွက်တဲ့အပြင် အရင်းရှုံးတယ် (မှန်ပါ့ ဘုရား)။

ဦးဘကလေး ဘယ့်နှယ်ဆိုမလဲ (အမြတ်မထွက်တဲ့ အပြင် အရင်းရှုံးပါတယ် ဘုရား)။

အမြတ်မထွက်တဲ့ အပြင် အရင်းရှုံးပြီး သကာလ သွားတော့ ဒကာဒကာမတို့ ဒီအရှုံးကလဲ နည်းနည်း အရှုံးလားလို့ မေးတဲ့အခါ လူ့ဘဝ ဘယ်တော့မှ ပြန်မရတဲ့အရှုံး (မှန်ပါ့)။

ကွာ-တဲ့၊ ငါ သူများ ပြောသံကြားနဲ့လဲ ပြောတာမဟုတ် ပါဘူး၊ မင်းတို့အားလုံးကို ငါအကုန် သိပါတယ်၊ ငါ့အမြင်နဲ့ ငါမမြင်တာရယ်လို့ မသိတာရယ်လို့လဲ မရှိပါဘူး၊ အဲဒီအမြင် နဲ့ ပြောပါရစေ ဆိုလို့ရှိရင် မင်းတို့ ခုဘဝကနေပြီး မတရား တွေနဲ့များ အောက်လမ်းကျသွားမယ် ဆိုလို့ရှိရင်ဖြင့်ကွာ တဲ့၊ ဒီလူ့ဘဝ ပြန်မရတော့ဘူး တဲ့ (မှန်ပါ့)။

အဘိုးတန်အောင်သုံးကြစမ်းပါ

ပြန်မရပုံ ငါ ဥပမာ ပြောမယ်တဲ့၊ သံယုတ်ပါဠိတော်ကြီး များမှာ ဦးဘကလေး မှတ်ထား စမ်းပါနော် (မှန်ပါ့)၊ ကိုယ့်ဟာ ကိုယ် အဖိုးတန်အောင် သုံးကြစမ်းပါဆိုတာ သေချာစေချင်လို့ အကူအညီ ပေးနေပါတယ် (မှန်ပါ့)၊ အကူအညီပေးနေ တယ်။

တုံးကြီးတစ်ခုကို နွားထွန်တုံးဆိုတာလည်း မြင်ဖူးကြပါ တယ်နော် (မှန်ပါ့)။

လေးပေါက် မဖောက်ပါနဲ့ ကိုယ်ရဲ့၊ တစ်ပေါက်တည်း ဖောက်ပါနော် (မှန်ပါ့)၊ ဧရာဝတီကနေ မျှောလိုက်စမ်း၊ ဘယ်သူ မှ မဆယ်စေနဲ့နော်၊ ပင်လယ်ထဲ ရောက်သွားမယ် (မှန်ပါ့)။ ပင်လယ်ထဲ ရောက်သွားတော့ အပေါက်ကလေး ကလည်း တစ်ပေါက်တည်းနဲ့ လေတိုက်ရာ တောင်ရောက် မြောက်ရောက် ရောက်ချင်သလို ရောက်ပေါ့ မောင်နိုင်ရာ (မှန်ပါ့) တစ်ပေါက် တည်းနဲ့ သူလေတိုက်ရာ သွားနေမှာပဲ (မှန်ပါ့)။

ထွန်တုံးပေါက်ကြီးနဲ့လေ၊ ထွန်တုံးကြီးက တစ်ပေါက် တည်းပါတယ်နော် (မှန်ပါ့)။

အနှစ်တစ်ရာ တစ်ရာမှပေါ်တဲ့ ပင်လယ်ထဲက လိပ်ကန်း ကြီးကလည်း ရှိတယ်ကွ၊ အနှစ်တစ်ရာမှ တစ်ကြိမ်ပဲ ပေါ်လာ တယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဒီထွန်တုံးကြီးကလည်း လေတိုက်ရာ လှိုင်းရိုက်ရာ သွား မနေရဘူးလား (သွားနေရပါတယ် ဘုရား)။

ထွန်တုံးအပေါက်နှင့် လိပ်ကန်းကြီးဥပမာ

အဲဒီ အပေါက်ကလေးထဲကို တဲ့ မင်းတို့ အနှစ်တစ်ရာမှ တစ်ကြိမ်ပေါ်တဲ့ လိပ်ကန်း၊ လိပ်ကန်းဆိုတာ သွားချင်ရာသွားနေတာ (မှန်ပါ့)။

အဲဒီ သူ့ခေါင်းကလေး ဒီအပေါက်ထဲကို အမောပြေ အသက်ရှုပေါက်လေးနဲ့ အပေါ်တက်ပြီး သကာလ လျှိုပြီးသကာ လ နေဖို့ရာ မောင်နိုင် လွယ်ပါ့မလား (မလွယ်ပါ ဘုရား)။

ထွန်တုံးကလည်း တောင်သွား၊ မြောက်သွား (မှန်ပါ့) လိပ်ကန်းကြီးကလည်း တောင်သွား၊ မြောက်သွား လျှိုမိဖို့ ဘယ့်နှယ် နေပါ့မလဲ (ခဲယဉ်းပါတယ် ဘုရား)။

အဲဒါ ကွာတဲ့၊ ငါ သေသေချာချာ အမြင်နဲ့ပြော တာပါတဲ့၊ အဲဒါက လျှိုမိစရာအကြောင်း လွယ်သေးသကွ (မှန်ပါ့)။။

ထွန်တုံးကလည်း မဆွေး၊ လိပ်ကန်းက တစ်ခါတလေ မှားပြီး လျှိုမိချင် လျှိုမိပါလိမ့်ဦးမယ်၊ မင်းတို့ဒီဘဝကဆင်းသွားလို့ နောက် လူ့ဘဝဆိုတာ ဘယ်တော့မှ မရတော့ဘူးမှတ်ပါ။ (မှန်ပါ့ ဘုရား)။

ဒီတော့ တရားကို လုပ်ပါလို့ပြောတာ ဘုန်းကြီးက တိုက် တွန်းဖို့ မလိုဘူး၊ ဒီဥပမာပဲ ရှင်းလောက်ပါပြီ (မှန်ပါ့)။ သဘောကျပလား (ကျပါပြီ)။

အဲဒီကျတော့ ဒကာ ဒကာမတွေ ငါ့အရေး ဟာ အခု ဆရာဘုန်းကြီးပြောတဲ့အရေးဟာ ငါတို့ ဒီလိုနေလို့ မတော်ပါကလား၊ အလွန်ကြီးတဲ့ အရေးကြီးပါကလား၊ လူ့ဘဝ ပြန်ရဖို့တောင် မလွယ်တော့ဘူး ဆိုလို့ရှိရင်ဖြင့် လူ့ဘဝကမှလည်း နိဗ္ဗာန်သွားနိုင်မှာ (မှန်ပါ့) အပါယ်လေးပါးက သွားနိုင်တယ် လို့ ထုံးစံမရှိဘူး၊ သဘောကျပလား (ကျပါပြီ)။

အဲဒီတော့ အပါယ်လေးပါး ဆိုတာကလည်း ဘုန်းကြီး တို့ အထူးပြောဖို့ ဘုရားသခင် ကိုယ်တော်မြတ်ကြီး အမြင်နဲ့ပဲ ပြောတော့ တိရစ္ဆာန်ဘုံရောက်တော့ နိုင်ရာစား၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

နိုင်ရာစားဆိုတော့ ပါဏာတိပါတကံတွေက နိုင်တဲ့ အကောင်မှာ ရှိမယ်၊ သူ့ ပါဏာတိပါတကံက တိရစ္ဆာန်ဘုံကနေ အပါယ်ပြန်လှည့်သွားတယ် (မှန်ပါ့)၊ ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။

အလွဲသုံးစားနဲ့ ဖြုန်းမပစ်ပါနဲ့

ကဲ ဒါဖြင့် ဒကာ ဒကာမတို့ အခုရထားတဲ့ အရင်း ကလေးကိုဖြင့် အလွဲသုံးစားနဲ့ ဖြုန်းပြီး သကာလ မပစ်ပါနဲ့ဆိုတာ တရားမဟောခင် ဒီအကြောင်းကို သေသေချာချာပြတယ် (မှန်ပါ့)။

ဦးဘကလေး ဖြုန်းထိုက် – မဖြုန်းထိုက် (မဖြုန်းထိုက်ပါ)။ အလကား ဒီခန္ဓာကြီးကိုလေ (မှန်ပါ့)။

တကယ်ရအောင်က မနည်းလုပ်ခဲ့ရတယ်(မှန်ပါ့)၊ အခုရ တဲ့ ဥစ္စာကို တရားကြောင့်ရတာကို မတရားနဲ့ ဖြုန်းပစ်လိုက်မယ် ဆိုလို့ရှိရင်ဖြင့် ကျုပ်တို့ အင်မတန် အသက်စွန့်ပြီး တူးတဲ့ ကျောက် တစ်ပွင့်ရတယ်ဆိုကြပါစို့ ဟင် (မှန်ပါ့)။

ဒါကလေး ပြင်ဘက်ရောက်တဲ့ အခါကျတော့ ကားဝယ် စီးလိုက်၊ မူးလိုက်၊ ရူးလိုက်၊ ဖဲရိုက်ပစ်လိုက်နဲ့ ကုန်သွားတယ်ဆို လို့ရှိရင် မောင်နိုင်တို့က အပြစ်တင်မှာပဲ၊ ဪ အသက်စွန့် ပြီး မိုက်ပါပေကွာ၊ မဆိုဘူးလား ဆိုမလား (ဆိုရမှာပါ ဘုရား)။

ဒီမှာလည်း ဒကာ ဒကာမတွေလဲတဲ့ အရကြီးရဖို့ရာ အတော်လုပ်လာပြီး သကာလ အဖြုန်းဘက်က သန်လှချည်လား ဆိုတဲ့ ဥစ္စာ ပြောရတော့မယ် (မှန်ပါ့) မပြောရင်တော်ပါ့ မလား (မတော်ပါ ဘုရား)။

အေး ဒါကြောင့် အားလုံး ဒကာ ဒကာမတွေ ညီအစ်ကို မောင်နှမတွေ မတော်ဖူးသည် မည်သည် မရှိဘူး၊ ဒီဘဝမှာလည်း အရင်းအချာတွေ ဖြစ်နေတော့ ဒါအမှန်ပြောရ မယ် (မှန်ပါ့)။

မင်းတို့ အလကား မဖြုန်းနဲ့ဟေ့၊ ငယ်တဲ့ပုဂ္ဂိုလ်ဖြင့်လည်း ခြောက်ပြောရမယ်၊ ကြီးတဲ့ပုဂ္ဂိုလ် ဖြင့်လည်း ချော့ပြောရမယ်၊ ကြမ်းတဲ့ ပုဂ္ဂိုလ်ဖြင့်လည်း သာယာနာပျော်ဖွယ်ရှိအောင် ကိုယ့်ဘက် မပါ-ပါအောင် ဆွဲရမယ်၊ သူက မသိရှာဘူး၊ မသိတော့ ဆွဲရမှာပဲ (မှန်ပါ့) ရိပ်မိကြပလား (ရိပ်မိပါပြီ)။

ဒါဖြင့် ဒီအတိုင်းနေလို့ မတော်တဲ့ အကြောင်းတော့ ကောင်းကောင်း သိပလား (သိပါပြီ ဘုရား)။

တစ်ခါ အဲဒါခဲယဉ်းတာ အသာထားပါဦး၊ ဒီထွက်ရပ် လမ်းတရားဆိုတာက တစ်ခါ ခဲယဉ်းပြန်တယ် ဦးဘကလေး၊ ထွက်ရပ်လမ်းတရားက တစ်ခါ ခဲယဉ်းပြန်တယ် ဒကာ ဒကာမ တို့ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ထွက်ရပ်လမ်းဆိုတာ ဘာပါလိမ့်

ထွက်ရပ်လမ်းဆိုတာက ဝဋ်သုံးပါးမှ ထွက်တဲ့တရား၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ထွက်ရပ်လမ်းဆိုတာ ဘာပါလိမ့် (ဝဋ်သုံးပါးမှ ထွက်တဲ့ တရားပါ ဘုရား)။

အဲဒီတော့ ဝဋ်သုံးပါးမှ ထွက်တဲ့တရားက ဪ ဝဋ်သုံးပါးမှထွက်သွားတယ်ဆိုတာကတော့ နိဗ္ဗာန်သွားတဲ့ တရားကို ဆိုတာ (မှန်ပါ့) တရားပေမယ့်လည်း ဝဋ်သုံးပါးက မထွက်တဲ့ တရားက ရှိသေးတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

သံသရာလည်လမ်းတရား

အင်း ဒါနပြုပြီး သကာလ လူ့ပြည်၊ နတ်ပြည်၊ စုန် ဆန်ခံစားရတဲ့တရားကို ဒကာ ဒကာမတွေက နာနေကြမယ် ဆိုလို့ရှိရင်လည်း ဒီဥစ္စာသည်ကားလို့ဆိုလို့ရှိရင် တရားတော့ တရားပဲ မထွက်ဘူး (မှန်ပါ့)၊ ထွက်ရပ်လမ်းတရား မဟုတ် ဘူး၊ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ)။

ဘာတရားပါလိမ့် (ထွက်ရပ်လမ်းတရားမဟုတ်ပါ ဘုရား) သံသရာလည်လမ်းတရား (မှန်ပါ့)။

လည်လမ်းတရားနဲ့ ဟောမိပြန်လို့ ဒကာ ဒကာမတွေ ဤမျှလောက်နဲ့ တင်းတိမ် နေကြမယ် ဆိုလို့ရှိရင်လည်းတဲ့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ နဂိုကမှ မူးရူးနေအောင် လည်ပြီးသားထဲ နောက်ထပ် အလည်ခိုင်းတာပဲ (မှန်ပါ့)။

ကိုပေါ် ဆို့ထိုက် မဆိုထိုက် (ဆိုထိုက်ပါတယ် ဘုရား)။

အဲဒါကြောင့် ဒကာ ဒကာမတို့ ထွက်ရပ်လမ်း တရား တစ်မျိုး။ ထွက်ရပ်လမ်းမဟုတ်တဲ့ လည်လမ်းတရားတစ်မျိုး ရှိတယ် (မှန်ပါ့)။

ထွက်ရပ်လမ်းတရား

အဲဒီတော့ အခု ဆရာဘုန်းကြီးက သာသနာတွင်းဖြစ် တဲ့ ထွက်ရပ်လမ်းတရား ဟောနေ တယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဝဋ်သုံးပါးမှ ထွက်တဲ့တရား ဟောနေတော့ကို ဒီလမ်း ကို ကိုယ်က ကြိုက်လည်း လိုက်ရုံပဲ၊ မကြိုက်လည်း လိုက်၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ကြိုက်လည်း (လိုက်ရမှာပဲ)၊ မကြိုက်လည်း (လိုက်ရမှာပါ ဘုရား)။

ဘာဖြစ်လို့တုံးဆိုတော့ ကိုယ်မကြိုက်တာက အဝိဇ္ဇာ မျက်လုံး၊ တဏှာ မျက်လုံးတွေ ဖုံးနေသေးလို့ မကြိုက်တာ (မှန်ပါ့)။

ခေါင်းဆောင်ကကောင်းနေတယ်

မကြိုက်ပေမယ့်လည်း ခေါင်းဆောင်ကကောင်းနေတော့ လိုက်သာလိုက်၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ခေါင်းဆောင်က ကောင်းနေတော့ (လိုက်ရမှာပါ ဘုရား) လိုက်ရမှာပဲတဲ့၊ ဘုရားဟောကို တစ်လုံးမှ မလွဲအောင် ဟောပြီး သကာလ နေတော့ လိုက်ရမှာပဲ (မှန်ပါ့)။

ကိုယ်မကြိုက်လည်း လိုက်သာလိုက်၊ ကြိုက်လို့ရှိရင် လည်း သက်သက်လိုက်ရုံပဲ၊ မကြိုက်လို့ရှိရင်လည်း လိုက်ရုံပဲ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကြိုက်လည်းလိုက်၊ မကြိုက်လည်းလိုက်

ကြိုက်လည်း ဘာလုပ်ရမလဲ (လိုက်ရမှာပါ ဘုရား)၊ မကြိုက်လဲ (လိုက်ရမှာပါ ဘုရား)။

မကြိုက်တာက ကိုယ့်အသိဉာဏ် သေးသိမ်မှေးမှိန်နေလို့ မကြိုက်တာ (မှန်ပါ့)။

အဲဒီတော့ ကွာ မျက်စိလည်နေတဲ့ လူတစ် ဦး တစ်ယောက်လိုပဲ လိုက်မှာပဲဆိုတာကိုသာ တစ်ခါတည်း မွေး ထားပါ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့် တရားဟာ ဒကာ ဒကာမတို့ ထွက်ရပ် လမ်းတရား၊ ထွက်ရပ်လမ်းမဟုတ်တဲ့ တရားရယ်လို့ တရား နှစ်မျိုး ရှိတယ်နော် (မှန်ပါ့)။

ကိုင်း ဒါဖြင့် ထွက်ရပ်လမ်းမဟုတ်တဲ့ တရားနဲ့ ထွက်ရပ်လမ်း ဟုတ်တဲ့တရား ရှေ့ပိုင်းမှာ နည်းနည်း ပြောပေး ပါမယ် ဒကာ ဒကာမတို့၊ ပြီးတော့ အလုပ်တရားလည်း ပြောရ မှာပေါ့နော် (မှန်ပါ့)။

ရှင်ဘူမိဇနှင့် ဇယသေနမင်းသား

ကိုင်း ဒါဖြင့် ရှင်ဘူမိဇဆိုတာ ဘုရားလက်ထက်က ရှိတယ်၊ သူ့ဘွဲ့ က ရှင်ဘူမိဇလို့ ခေါ်တယ်။

ဗိမ္ဗိသာရမင်းကြီးရဲ့ သား အဇာတသတ်တို့ရဲ့ညီပေါ့ကွာ၊ ဇယသေနဆိုတဲ့ မင်းသားကလည်း ရှိသေးတယ်၊ ဇယသေနက ရှင်ဘူမိဇကို နေ့တိုင်း ဆွမ်းဝတ်ပြုတယ်။

ဇယသေနဆိုတဲ့ ဗိမ္ဗိသာရမင်းကြီးရဲ့ သားက ရှင်ဘူမိဇ ဆိုတာနဲ့ တူအရီးလည်း တော်ပါတယ် နော် (မှန်ပါ့)၊ ရှင်ဘူမိဇက ဦးကြီးပေါ့လေ၊ သူက တူပေါ့။

အဲဒီလိုတူအရီးလဲ တော်နေတော့ ဆွမ်းဝတ်တည်တယ်။ နေ့တိုင်းပဲတည်တယ် (မှန်ပါ့)။

တစ်နေ့သ၌ကျတော့ ဇယသေနက လျှောက်တယ်၊ အရှင်ဘုရားတဲ့၊ ဒီ အခုလောကကြီးထဲ ဖြစ်နေတာ တပည့်တော် ကြားဖူးသလောက် လျှောက်ပါရစေဆိုတော့။ အေး လျှောက်တာ ပေါ့ကွာတဲ့။

ဆုတွေတောင်းပြီးနေတဲ့ပုဂ္ဂိုလ်

အချို့ပုဂ္ဂိုလ်များ ဘုရား ဆုတွေတောင်းပြီး သကာလ နေတတ်ပါတယ်၊ တောင်းပေမယ့်လည်း မဂ်ဉာဏ်၊ ဖိုလ်ဉာဏ် ရ, ရပါလို၏။ မဂ်ဉာဏ်, ဖိုလ်ဉာဏ် ရ ရပါလို၏ဆုတောင်း တယ် ဦးဘကလေး (မှန်ပါ့)။ မရဘူးဘုရားတဲ့။

ဆုတော့တောင်းသနော်၊ ရတော့ (မရပါ ဘုရား)၊ ဒါက ၁-နံပါတ် (မှန်ပါ့)။

ဆုမတောင်းဘဲလုပ်တဲ့ပုဂ္ဂိုလ်

အချို့ပုဂ္ဂိုလ်ကတော့လည်း မတောင်းပါဘူးတဲ့။ မတောင်းဘဲနဲ့ပဲ သူလုပ်နေတာပဲ၊ အဲဒီ ပုဂ္ဂိုလ်လည်း နိဗ္ဗာန်ကို မရဘူးဘုရားတဲ့၊ အခု လောကကြီးထဲ ဖြစ်နေတာ၊ ဘုရားလက် ထက်က (မှန်ပါ့)။

ဒကာ ဒကာမတို့ သေသေချာချာမှတ်ပါနော်။ ဆုတောင်းပြီး လုပ်ပြန်တော့လည်း ဘာတဲ့ (မရပါ ဘုရား)၊ ဆု မတောင်းဘဲနဲ့ လုပ်ပြန်တော့လည်း (မရပါ ဘုရား)။ နှစ်မျိုး ရှိသွားပြီ (မှန်ပါ့) မှတ်မိကြပြီ (မှတ်မိပါပြီ ဘုရား)။

ဆုတောင်းပြီး လုပ်နေပြန်လည်း နိဗ္ဗာန်ကို (မရပါ ဘုရား)။ ဆုမတောင်းဘဲနဲ့ လုပ်နေပြန်ကော (မရပါ ဘုရား)။

ဒါဖြင့် ဘုရားတဲ့၊ လေးခုပြည့်အောင် လျှောက်ပါရစေ၊ အခု လောကကြီးထဲ လေးခွန်းသော စကား ဖြစ်နေတယ်တဲ့။

ဆုတောင်းချည်တစ်လှည့် မတောင်းချည်တစ်လှည့်လုပ် လည်း နိဗ္ဗာန်မရဘူးတဲ့၊ မတောင်းသည်မဟုတ်၊ တောင်း သယောင်ယောင် လုပ်လည်း မရပါဘူးတဲ့။

အဲဒါ ဒီလေးချက်ကို အရှင်ဘုရား ရှင်းပေးပါ၊ သူက – မေးပုံ သိပ်ကောင်းတယ်နော် (မှန်ပါ့)။ ဆုတောင်း ပြီးလုပ်လဲ (မရပါ ဘုရား) မတောင်းဘဲနဲ့ လုပ်လဲ (မရပါ ဘုရား)၊ မရဘူးတဲ့၊ ကဲ ဟိုနှစ်ချက် အသာထားပါတော့၊ ဒီအထဲ အတွင်းဝင်သွားပါပြီ။

ဒါ အရှင်ဘုရားကတော့ ဘုရားနဲ့ နီးစပ်ပါတယ် ဘုရားတဲ့၊ အရှင်ဘုရား၏ ဆရာဘုရားက ဒီဟာမျိုးကို ဘယ်လို များ ဟောလေ့၊ ပြောလေ့ ရှိပါသတုံးလို့ မေးလိုက်တယ်နော် (မှန်ပါ့)။

ကွာ တဲ့၊ ရှင်ဘူမိဇက ဒီမင်းမေးတဲ့အမေးမျိုးနဲ့ အဖြေတရားတွေ ဟောတာတော့ မရှိဘူးကွတဲ့၊ ငါလည်း မနာ ရသေးဘူး ဆုတောင်းပြီးလုပ်လည်း မရဘဲကိုး (မှန်ပါ့)၊ မတောင်းဘဲ နေလည်း (မရပါ ဘုရား)။

မရဘူးတဲ့၊ ဟိုနှစ်ချက်က ဒီအထဲ အတူတူထားလိုက် တော့နော် (မှန်ပါ့)။

အဲဒါ ငါ ဘုရားဆိုတော့ တရား မနာဖူးသေးဘူးကွာ၊ သို့သော်လည်း ငါတော့ ထင်မြင်ချက်ရပါတယ်၊ မင်းကိုအဖြေ ပေးပါမယ်၊ သဘောကျပလား (ကျပါတယ် ဘုရား)။

နှလုံးသွင်းမမှန်လို့ နိဗ္ဗာန်မရတာ

ငါတော့ဖြင့် ထင်မြင်ချက်ရပါတယ်၊ မင်းကို အဖြေပေး ပါ့မယ်တဲ့၊ ဆုတောင်းပြီး သကာလ သူ လုပ်ငြားသော်လည်း နိဗ္ဗာန်မရဘူးဆိုတဲ့ ဥစ္စာက နှလုံးသွင်း မမှန်ဘူးကွ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဆုတောင်းပြီး လုပ်ငြားသော်လည်း (နှလုံးသွင်း မမှန်ပါ ဘုရား)၊ နှလုံးသွင်း မမှန်လို့ မရဘူး။

ဆုမတောင်းဘဲနဲ့ သူလုပ်နေတာ မရတာလည်း အဲဒါ နှလုံးသွင်းမမှန်လို့ပဲ မင်းမှတ်လိုက်ပါ (မှန်ပါ့)၊ နောက်နှစ်ချက် လည်း အတူတူပေါ့လေ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဆုမတောင်းငြားသော်လည်း နှလုံးသွင်းမမှန်ရင် (မရပါ ဘုရား)။

ဒါဖြင့် အားလုံး ဒကာ ဒကာမတွေ ခင်ဗျားတို့ စဉ်းစား ကြည့်ပါတဲ့၊ ဤဆွမ်း ဤကွမ်းကြောင့် တပည့်တော် လူ့ပြည် နတ်ပြည် အကြိမ်ကြိမ်ခံစားပြီး သကာလ၊ အဆုံးစွန်သောဘဝ၌ နိဗ္ဗာန်ရ, ရပါလို၏ လို့ဆိုတော့၊ လူ့ပြည်၊ နတ်ပြည်၊ ဗြဟ္မာပြည် အကြိမ်ကြိမ်ခံစားပြီး သကာလ မှ နိဗ္ဗာန်ရ ရပါလို၏ ဆိုတော့ကို သူဆုတော့ မတောင်းဘူးလား (တောင်းပါတယ် ဘုရား)။

တောင်းပင် တောင်းငြားသော်လည်း လူ့ပြည်၊ နတ်ပြည်၊ ဗြဟ္မာပြည် ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။

အဲ ဒုက္ခသစ္စာတွေ ကုန်တော့မှ ဒုက္ခသစ္စာကို အလုံးစုံ အကုန် တပည့်တော်တို့ ခံစားပါရစေဦး၊ နောက်မှ နိဗ္ဗာန်ယူပါရ စေဆိုတော့ သူ့နှလုံးသွင်းဟာ မှန် – မမှန် (မမှန်ပါ ဘုရား)၊ ဆုတောင်း မိလို့လည်း မရပါဘူးတဲ့ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိ ပါပြီ ဘုရား)။

ဆုတောင်းပြီး လုပ်ငြားသော်လည်း (မရပါ ဘုရား)၊ သူက ဒုက္ခသစ္စာအကြိုက်က ပါနေတာကိုး (မှန်ပါ့)။

အဲဒီတော့ သူ့နှလုံးသွင်းမှန်သေးရဲ့ လား (မမှန်ပါ ဘုရား)။

ဒုက္ခသစ္စာဆိုတာ မကြိုက်ရဘူးလား ဒကာ ဒကာမတို့ ဒုက္ခသစ္စာဆိုတာ ဒုက္ခသစ္စာမှန်း သိပြီး သကာလ သူ့ကို ရွံ့မုန်းရ မယ် (မှန်ပါ့)။

အခုတော့ ရွံ့မုန်းတာ ပါသေးရဲ့လား (မပါ ပါ ဘုရား)။

ဒါဖြင့် နှလုံးသွင်းမမှန်ဘူးတဲ့၊ ဒါကြောင့် ဆုတောင်းပြီး လုပ်လည်း မင်းတို့မရပါဘူးတဲ့၊ ရိပ်မိပလား၊ (ရိပ်မိပါပြီ ဘုရား)။

ဆုမတောင်းဘဲနဲ့ ဒီအတိုင်းနေပြီး သကာလ လည်း ခန္ဓာကို နှလုံးမသွင်းဘဲနဲ့ တခြားနှလုံးသွင်း နေပြန်လို့ရှိရင်လည်း ရပါ့မလား (မရပါ ဘုရား)။

နိဗ္ဗာန်ရဖို့ ဘယ်အပေါ်မှာ မှီနေသတုံး

ဒါဖြင့် ဒကာ ဒကာမတို့ နိဗ္ဗာန်ရဖို့ အရေးဟာ ဘယ် အပေါ်မှာ မှီနေသတုံးမေးတော့ နှလုံးသွင်းမှန်မှု အပေါ်မှာ မှီနေ တယ် (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

နိဗ္ဗာန်ရဖို့အရေးဟာ (နှလုံးသွင်းမှန်မှု အပေါ်မှာ တည်နေပါတယ် ဘုရား)။

နှလုံးသွင်းမှန်မှုအပေါ်မှာ တည်နေတယ်၊ ဦးဘကလေး ရိပ်မိပလား (မှန်ပါ့)။

နိဗ္ဗာန်ရဖို့အရေးဟာ (နှလုံးသွင်းမှန်မှုအပေါ်မှာ မူတည် ပါတယ် ဘုရား)။

အဲဒီတော့ နိဗ္ဗာန်ရဖို့အရေးဟာ ဆုတောင်း အရေး မဟုတ်ဘူး၊ နှလုံးသွင်းမှန်ရင် ရရမယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

နှလုံးသွင်းမှန်ရင် (ရ, ရပါမယ် ဘုရား)။

ဒကာ ဒကာမတွေ နိဗ္ဗာန်ရချင်ရင် ဘာလုပ်ရမလဲ(နှလုံး သွင်းမှန်ရပါမယ် ဘုရား)။

ဆရာသမားအပေါ်မှာ သိပ်မှီတယ်

နှလုံးသွင်းမှန်ရမယ်ဆိုတော့ ပင်ကိုယ်ကတော့ ဘယ်သူမှ မှန်မယ်မဟုတ်ပါဘူးနော် (မှန်ပါ့)၊ ဆရာသမား အကူ အညီနဲ့ ပေးလို့ရှိရင် နှလုံးသွင်းမှန်လာမှာပဲ (မှန်ပါ့)။

ပင်ကိုယ်ကတော့ဖြင့် ဘယ်သူမှ မှန်မှာ မဟုတ်ပါဘူး တဲ့၊ ဆရာသမား အကူအညီရရင်တော့ ဘာဖြစ်မယ် ထင်ကြ သလဲ (မှန်ပါမယ် ဘုရား) နှလုံးသွင်း မှန်လာမယ်။

အဲဒီတော့ကိုတဲ့ နှလုံးသွင်းမှန်ဖို့ အရေးသည်ကားဆိုလို့ ရှိရင် ဆရားသမားအပေါ်မှာ သိပ်မှီတယ်ဆိုတာကိုလည်း ဒကာ ဒကာမတွေ မှတ်ထားကြပါ။

ကဲ ဒါဖြင့် နှလုံးသွင်း မှန်လို့ရှိရင်ဖြင့် ဒကာ ဒကာမ တို့ ဆုမတောင်းလည်းရပါတယ်၊ တောင်းလည်း (ရပါတယ်)၊ နှလုံးသွင်းမှားနေလို့ရှိရင်ဖြင့် ဆုတောင်းလည်း (မရပါ)၊ ဆုမတောင်းလည်း (မရပါ)၊ မရဘူးဆိုတော့ဖြင့် သြော် ဒါဖြင့် အအို-အနာ-အသေဇာတ်သိမ်းတဲ့ အရေးမှာဖြင့် ကိုယ့်နှလုံးသွင်း မှန်ဖို့ အရေးကြီးပါလား၊ မှတ်မိကြပလား (မှတ်မိပါပြီ)၊ ဆုတောင်းလည်း နှလုံးသွင်းမှား ရင်တော့ဖြင့် (မရပါ ဘုရား)။ ဆုမတောင်းဘဲနဲ့ လုပ်နေလည်း (မရပါ ဘုရား)၊ နှလုံးသွင်းမှား ရင် မရဘူးဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။

အဲဒါကြောင့် ဒကာ ဒကာမတို့ ခင်ဗျားတို့ နှလုံးသွင်း မှန်မှုကလေးဟာ အလွန် အရေးကြီးတယ် ဆိုတာ ပေါ်လာကြ ပလား (ပေါ်လာပါပြီ ဘုရား)။

ဘုရားထံသွားလျှောက်တယ်

ဒါနဲ့ ဒါကလေး နည်းနည်းဆက်ပြီး နားထောင်ပါဦး၊ အရှင်ဘုရားတဲ့၊ ဇယသေန – က အရှင်ဘုရား၊ ဘုရားနဲ့တွေ့တဲ့ အခါ မေးပါဦးဆိုတဲ့ ဒီဥစ္စာကိုဆိုတော့၊ အေးကွာ ငါလည်း မေးပါဦးမယ်၊ ငါ့အဖြေကတော့ ဒါပဲဟေ့ ဆိုပြီး သကာလ ထွက်သွားတယ်၊ ထွက်သွားပြီး ဘုရားဆီသွားလျှောက်တယ်။

ဇယသေနက ဒီလို ဒီလိုမေးပါတယ်ဘုရား၊ ဆုတောင်း ပြီးလုပ်လည်း နိဗ္ဗာန်မရဘူး၊ ဆုမတောင်းဘဲနဲ့လုပ်လည်း နိဗ္ဗာန် မရဘူး၊ ဆုတောင်းချည်တစ်လှည့်၊ မတောင်းချည်တစ်လှည့်နဲ့ လုပ်လည်း နိဗ္ဗာန်မရဘူး၊ မတောင်းသည်မဟုတ်၊ တောင်း သယောင်ယောင်နဲ့ လုပ်လည်း နိဗ္ဗာန်မရပါဘုရား ဆိုတော့ ကို တပည့်တော်ဟာ နှလုံးသွင်းမှားမှုလို့ ဖြေလိုက်ပါတယ်။

ဆီဆုံထဲ သဲထည့်ကြိတ်ရင်

ကွာတဲ့ ဒီလိုလုပ်ပါ၊ ငါ ဥပမာပြပါမယ်တဲ့၊ မင်းတို့ ကို ဘုရားရဲ့ဥပမာကိုရှင်းပြမယ်၊ ဒကာ ဒကာမတို့ ဆီဆုံထဲမှာနော်၊ သဲတွေထည့်ပြီး သကာလ နွားနဲ့ပဲ လှည့်ကြိတ်ကြိတ်၊ စက် နဲ့ပဲကြိတ်ကြိတ်၊ မောင်နိုင် ဆီထွက်စေသတည်းလို့ ဆုတောင်း (မထွက်ပါ ဘုရား)၊ မထွက်စေ သတည်းလို့ ဆုတောင်း ရင်လည်း (မထွက်ပါ ဘုရား)။

ဘာဖြစ်လို့လဲ (မမှန်လို့ပါ ဘုရား)၊ မမှန်လို့၊ ထွက် ကြောင်းမမှန်လို့ (မှန်ပါ့)၊ သဘောကျ ပလား (ကျပါ ပြီ ဘုရား)။

ဒါကတော့ သူ့အကြောင်း မမှန်တော့ မထွက်ဘူးပေါ့ ဗျာ (မှန်ပါ့)၊ ဒီမှာလည်း ဒကာ ဒကာမတွေက နှလုံးသွင်း မမှန်လို့ရှိရင် နိဗ္ဗာန်ရ ရပါလို၏ဆိုလည်း မရပါဘူး (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

နှလုံးသွင်း မမှန်လို့ရှိရင်ဖြင့် (မရပါ ဘုရား)၊ ဘယ် နည်းနှင့်မှမရဘူးဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။

နှလုံးသွင်း မမှန်လို့ရှိရင်ဖြင့် နိဗ္ဗာန်ရ ရပါလို၏ဆိုလည်း မရဘူး၊ ဟုတ်လား၊ နိဗ္ဗာန် ရောက်ကြောင်း အလုပ်ကို လုပ်နေ ပြန်လည်း (မရပါ ဘုရား)၊ နှလုံးသွင်းက မမှန်ဘူး တဲ့။

ကဲ သဲတွေထည့်ကြိတ်ပြီး ဆီထွက်စေသတည်းဆို လည်း မထွက်ပါဘူး (မှန်ပါ့)၊ မထွက်စေ သတည်း ဆိုလည်း (မထွက်ပါ ဘုရား)၊ မထွက်ပါဘူးတဲ့၊ သူအမျိုးမမှန်ဘူးတဲ့ (မှန်ပါ့)၊ ရိပ်မိ ပလား (ရိပ်မိပါပြီ ဘုရား)။

ရွံ့တွေထည့်ပြီး ဆီဆုံထဲကြိတ်ကွာ ထွက်ပါ့မလား (မထွက်ပါ ဘုရား)

ကဲ ဒါဖြင့် နှမ်းတွေကို တစ်ခါတည်းရေဆေးပြီး သကာလ ဒကာဒကာမတွေ ဆီဆုံထဲထည့်၊ ထွက်စေသ တည်းဆိုလဲ (ထွက်ပါတယ် ဘုရား)၊ မထွက်စေသတည်းဆိုလဲ (ထွက်ပါတယ် ဘုရား)၊ ဘာဖြစ်လို့ အမျိုးမှန်လို့ (မှန်ပါ့)။

ဒီမှာလည်း နိဗ္ဗာန်ရချင်လို့ ရှိရင် ခင်ဗျားတို့ ဘာမှ ဒီပြင်ဟာစိတ်ကူးမနေနဲ့၊ ခန္ဓာကိုယ်ပေါ်မှာ နှလုံးသွင်းမှန်လို့ ရှိရင်ဖြင့် ရ, ရပါလိုဆိုလဲရမှာပဲ မဟုတ်လား (မှန်ပါ့)၊ မရ ရပါလို၏ဆိုလဲ (ရမှာပါ ဘုရား)၊ ရမှာပါ။

ဒါဖြင့် ခန္ဓာပေါ်မှာ နှလုံးသွင်းမှန်မှုဆိုတဲ့ အရေးဟာ အင်မတန်ကြီးတဲ့ အရေးဆိုတာ ပေါ်ကြပလား (ပေါ်လာ ပါပြီ)။

ပေါ်ပါပြီတဲ့၊ ဒါဖြင့် ဒကာဒကာမတို့ ရှင်းပေးပါ တော့မယ်ဆိုတော့ နှလုံးသွင်းမှန်မှုကလေး ရှင်းမယ်နော် (မှန်ပါ့ ဘုရား)။

ကိုင်း ဒကာဒကာမတို့ နှလုံးသွင်းမှန်မှု ဆိုတာတော့ဖြင့် ဒကာဒကာမတို့ အလုပ်ထိုင်မှပဲ နှလုံးသွင်း မှန်လာတယ် (မှန်ပါ့)၊ အလုပ်မထိုင်ဘဲနဲ့ သားရေး, သမီးရေး စီးပွားရေးကြားထဲမှာတော့ နှလုံးသွင်းမှန်မှု မလာဘူး (မှန်ပါ့)။

ကဲ ဒါဖြင့် ဒကာဒကာမတွေက ပထမရှေးဦးစွာ အိမ်မှာလုပ်လုပ်၊ ကျောင်းမှာပဲ လာလုပ်ကြလုပ်ကြပေါ့ဗျာ၊ ခင်ဗျားတို့ အကုန်လုပ်နေကြတာပဲ၊ သိပြီးသားတွေပဲ။

ရှေးဦးစွာ သမာဓိတည်အောင်လုပ်

ရှေးဦးစွာ လေကလေးထွက်တာသိ ဝင်တာသိပြီး သမာဓိတည်အောင် နည်းနည်းကလေး ၁၅-မိနစ်၊ မိနစ် ၂၀ လောက်လုပ်ကြည့်လိုက်နော် (မှန်ပါ့)၊ မလုပ်သေးတဲ့ ပုဂ္ဂိုလ်အတွက် ပြောတာပါ (မှန်ပါ့)၊ လုပ်ပြီးသား ဖြစ်ပျက် စတွေ့တဲ့ ပုဂ္ဂိုလ်မျိုး ဒါကစ, နေဖို့ မလိုပါဘူး (မှန်ပါ့)။

မလုပ်သေးတဲ့ ပုဂ္ဂိုလ်ကျတော့ ထိုင်ပြီး သကာလ၊ လေကလေး ထွက်လာလဲ ဒီနားမှာ တိုက်သွားတာကလေး ထွက်ပြန်ပြီလို့ သိလိုက်ရင် ပြီးတာပဲ၊ ဝင်လာပြန်လဲ ဝင်ပြီလို့ သိလိုက်ရင် (ပြီးပါတယ် ဘုရား)။

ထွက်တိုင်းသို့ ဝင်တိုင်းသိ

ဒီလိုချည်းထွက်တိုင်းသိ ဝင်တိုင်းသိ၊ ထွက်တိုင်းသိ ဝင်တိုင်းသိဆိုတော့ စိတ်ဟာ သမာဓိဟာ ဘယ်မှမပြေးတော့ဘူး၊ တစ်သိတည်း သိနေတာပဲ (မှန်ပါ့ ဘုရား)။

ဒါဖြင့် ဒီစိတ်ကို ကိုယ်နိုင်ပြီလို့ ဆိုရင်ဖြင့် သူခါတိုင်း တောင်ပြေး မြောက်ပြေး ပြေးတယ်၊ အခု ပြေးသေးရဲ့ လား၊ (မပြေးပါ ဘုရား)။

ထွက်သက် ဝင်သက် ချည်တိုင်မှာ သတိတည်းဟူ သော ကြိုးနဲ့ ချည်ထားပြီးပြီ၊ ဒီစိတ်ကို၊ ဝမ်းထဲကစိတ်ကို ချည်ထားပြီးပြီ (မှန်ပါ့)။

အဲဒါ သူနဲ့ သူ့သမာဓိနဲ့ တွဲမနေဘူးလား (တွဲနေပါတယ် ဘုရား)၊ အဲ တွဲနေတဲ့အခါကျတော့ အဲဒီလိုတည်ပြီး နေတဲ့ အခါကျတော့မှ တော်တော်ကလေး တည်ဖော်ရပြီ ဆိုလို့ ရှိရင်၊ သူ့ကို အသာကလေးထားပြီး ရှူးမြဲတိုင်း ရှူး၊ ရှိုက်မြဲ တိုင်း ရှိုက်သိနေတာပေါ့(မှန်ပါ့ ဘုရား)။

ထူးထူးခြားခြားဘာပေါ်သတုံး

သိရာကနေပြီးတော့ ခန္ဓာကိုယ်ထဲမှာ ပူလာသလား၊ အေးလာသလား၊ လှုပ်လာသလား၊ ရွလာသလား၊ ထူးထူး ခြားခြား ဘာပေါ် သတုံးဆိုတာကို ခင်ဗျားတို့ သမာဓိ တည်လာတော့ ခန္ဓာကိုယ်က ပြောလိမ့်မယ်၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဘယ်သူက ပြောမယ်ထင်သတုံး (ခန္ဓာကိုယ်က ပြောမှာ ပါ ဘုရား)။

ခန္ဓာကိုယ်က ပြောလိမ့်မယ်

ခန္ဓာကိုယ်က ပြောလိမ့်မယ်၊ ယားတယ်၊ နာတယ်၊ ကိုက်တယ်၊ ကျဉ်တယ်၊ ညောင်းတယ် ဒီလို လည်းပြောချင် ပြောလိမ့်မယ်၊ ပူတယ်၊ အေးတယ်၊ လှုပ်တယ်၊ ငြိမ်တယ် – ဒါလဲပြောချင်ပြောလိမ့်မယ်၊ သမာဓိရှိတော့ ဘယ်ဟာက ပြောပြော မသိပေဘူးလား (သိပါတယ် ဘုရား)၊ သမာဓိ မရှိတဲ့ ပုဂ္ဂိုလ်ကျတော့ ဘယ်ဟာက ပြောပြော (မသိပါ ဘုရား)။

လောကီဥပမာနဲ့ ဘုန်းကြီး နည်းနည်းယှဉ်ပြရင် , ခင်ဗျားတို့ ရှင်းပါတယ်၊ ညလူခြေတိတ်နေတဲ့ အချိန်ကျတော့ ဟောဒီတိုက် တော်တော်မြင့် ပါတယ်၊ ၁၈-ပေလောက် မြင့်ပါတယ်၊ အဲဒီပေါ်ကနေပြီး သကာလ အိမ်မြှောင်ငယ် ကလေးကျလာတာတောင် အောက်မှာ ဘယ်သူမှမရှိတဲ့ အချိန်မှာ ကြားနိုင်တယ်၊ မကြားနိုင်ဘူးလား (ကြားနိုင်ပါတယ် ဘုရား)။

ခုလို လူများတဲ့အချိန်ကျတော့ အိမ်မြှောင်ကျတာ သိပါ့မလား (မသိပါ ဘုရား)၊ ဘာဖြစ်လို့တုံး ဟိုက စက်သံကလဲ ရှုပ်နေတယ်၊ နောက်ပြီး ဒီက လူသံတွေကလဲ ရှုပ်နေတယ်၊ (မှန်ပါ့)၊ မငြိမ်မဆိမ် ရင်တော့ တော်ကြာကျတော့ ပြင်းထန်တဲ့ အသံတောင်ကြားရရဲ့လား (မကြားရပါဘူး ဘုရား)။

အဲ ထိုနည်းအတူပဲ စိတ်ငြိမ်ငြိမ်ခိုင်တဲ့ ဒီနေရာမှာ သမာဓိလေး တည်တည် ဒီနေရာက ဘယ်မှ မပြေးဘူးဆိုတဲ့ အချိန်ကျတော့ ခန္ဓာကိုယ်ထဲက ဟိုက လှုပ်တာလဲသိတာပဲ၊ ဒီက ပူတာလဲ သိတာပဲ၊ အေးတာလဲ သိတာပဲ ဟုတ်လား ယားတာလဲ သိတာပဲ၊ နာတာလဲ သိတာပဲ၊ ကောင်းတာ လဲ သိတာပဲ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဲဒီလို သိလာလို့ ရှိရင်ဖြင့် သမာဓိအားကြီးတဲ့ ပုဂ္ဂိုလ် ကျတော့ ခန္ဓာကိုယ်က ပြောတာဟူသ၍ အကုန်မသိဘူးလား (သိပါတယ် ဘုရား)။

အဲဒီလို သိလာတာသည် ခန္ဓာ၏ ပင်ကိုယ်သဘော လား၊ အခုမှ သမာဓိရလို့ သူပြောတာတွေ အကုန်သိတာလား လို့ မေးလို့ရှိရင် ဘယ်နှယ့်ဖြေကြမယ် (ခန္ဓာ၏ သဘောပါ ဘုရား)။

ခန္ဓာ၏ သဘောတွေ (မှန်ပါ့)၊ ဘယ်သူက ပြော သတုံး (ခန္ဓာက ပြောပါတယ် ဘုရား)၊ ခန္ဓာ၏သဘော ခန္ဓာက ပြောတယ် (မှန်ပါ့)၊ ခန္ဓာကြီးက သူ့သဘောက ဒီလိုပဲဆိုတာ ဘယ်သူပြော သတုံး (ခန္ဓာကပြောတာပါ ဘုရား)။

အလုပ်သင်နေတယ်လို့ အောက်မေ့စမ်းပါ

ဪ ခန္ဓာက ပြောတယ်ဆိုတော့ ဒါဒီနေ့ည အလုပ်သင်နေတယ်လို့ အောက်မေ့စမ်းပါ (မှန်ပါ့ ဘုရား)။

ခန္ဓာက ပြောတယ်ဆိုတော့၊ ဪ ခန္ဓာသည် ကားလို့ ဆိုလို့ရှိရင် သူ့သဘောကဖြင့်၊ ဟိုနေရာ တစ်မျိုး, ဒီနေရာ တစ်ဖုံပါကလားဆိုတာ မပေါ်လာဘူးလား (ပေါ်လာပါ တယ် ဘုရား)။

အင်း အရင်သမာဓိ မရခင်တုန်းကတော့၊ စိတ်မတည်ခင် တုန်းကတော့ ဖောက်ပြန်နေငြားသော်လည်း ဘယ်လိုမှ မသိဘူး၊ (မှန်ပါ့)၊ သိရဲ့လား (မသိပါ ဘုရား)။

အခုတော့ သမာဓိကလေး ၁၅-မိနစ်၊ မိနစ် ၂၀ ဖမ်းပြီး တော့မှ ဖမ်းနေရင်းမတ္တနဲ့ ခန္ဓာက ဖောက်ပြန်နေတာတွေ ကြည့်လိုက်တော့ မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)။

ဘယ့်နှယ်ကြောင့် ဒီဖောက်ပြန်တာသည် ခန္ဓာထဲက ထူးခြားတာတွေ၊ နာတာတွေ၊ ကိုက်တာ တွေ၊ ကောင်းတာတွေ စိတ်အမျိုးမျိုးပေါ်တာတွေ သိလာပါလိမ့်မတုံး မေးလို့ရှိရင် မောင်နိုင် ဘယ့်နှယ်ဖြေပါ့မလဲ (သမာဓိ ရလို့ပါ ဘုရား)။

ဒါကြောင့် ဘုရားက “သမာဟိတော ယထာဘူတံ ပဇာနာတိ” သမာဓိသုတ်တွေ နည်းတာတွေမဟုတ်ဘူး၊ သံယုတ်တို့ အင်္ဂုတ္တိုရ်တို့မှာနော် (မှန်ပါ့)။

သမာဟိတော-သမာဓိရှိသော ပုဂ္ဂိုလ်အား၊ ယထာ ဘူတံ-ဟုတ်တိုင်းမှန်စွာ၊ ပဇာနာတိ-ခန္ဓာအပေါ်၌ သိ၏။ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

သမာဓိတရားရှိတဲ့ ပုဂ္ဂိုလ် ခန္ဓာအပေါ်၌ ဘာတွေ သိသလဲ (ဟုတ်တိုင်းမှန်စွာ သိပါတယ် ဘုရား)။

ဟုတ်တိုင်းမှန်စွာ သိတယ်ဆိုတာ

ဟုတ်တိုင်းမှန်စွာ သိတယ်ဆိုတော့ ဘယ်လိုဟုတ်ပြီး ဘယ်လိုမှန်တာ သိပါလိမ့်မတုံးလို့ မေးတဲ့အခါကျတော့၊ ခန္ဓာက ယားတယ်လို့ပြောလို့ရှိရင် ကျုပ်ဟာ ဝေဒနာက္ခန္ဓာပဲလို့ ပြောတာ (မှန်ပါ့)၊ နာတယ်လို့ပြောလဲ ဝေဒနာက္ခန္ဓာ လို့ပြောတာ၊ ကောင်းတယ်လို့ ပြောပြန်တော့ကော (ဝေဒနာက္ခန္ဓာလို့ ပြောတာပါ)။

ဝေဒနာက္ခန္ဓာလို့ ပြောတာပဲ၊ အလတ်စားကလေး ရှိတယ်လို့ ပြောပြန်တော့ကော (ဝေဒနာက္ခန္ဓာလို့ ပြောပါတယ် ဘုရား)။

ဒါဖြင့် ဘယ်သူက ပြောသတုံး (ခန္ဓာက ပြောပါ တယ် ဘုရား)။

သြော် ခန္ဓာကပြောတာကိုး၊ ခန္ဓာထဲက ဝေဒနာ အမျိုးမျိုး ပေါ်နေပါကလားလို့ကော မသိဘူးလား (သိပါတယ် ဘုရား)၊ စိတ်တွေအမျိုးမျိုး ပေါ်နေတယ် (သိပါတယ် ဘုရား)။ ရုပ်တွေက ပူလိုက်၊ အေးလိုက်၊ လှုပ်လိုက်၊ ငြိမ်လိုက်ကော (သိပါတယ် ဘုရား)။

ဘယ့်နှယ်ကြောင့် သိပါလိမ့် မတုံးမေးတော့ (သမာဓိတည်လို့ပါ ဘုရား)။

ဒါဖြင့် ပါဠိတော်နဲ့ ကိုက်သလား (ကိုက်ပါတယ် ဘုရား)၊ သမာဟိတော တည်ကြည်ပြီးသော ပုဂ္ဂိုလ်အား၊ ယထာဘူတံ ဟုတ်တိုင်းမှန်စွာ၊ ပဇာနာတိ = ခန္ဓာက ပြောတာ သိ၏။ မသိသေးဘူးလား (သိပါတယ် ဘုရား)။

ခန္ဓာက အမျိုးမျိုးပြောနေတယ်

ဒီတော့ အိမ်ရောက် စမ်းကြည့်ပါ ဒကာဒကာမတို့နော် (မှန်ပါ့)၊ စမ်းကြည့်တဲ့အခါကျတော့ ခန္ဓာက ဒီလို ဒီလိုပြောနေပါကလား၊ တော်တော်ကြာ ဒီကနာ၊ ဟိုကကိုက်၊ (ဒီကကိုက်၊ ဟိုစိတ်ကလေး တွေ သီးသန့် ပေါ်လာလိုက်၊ ဟို အရုပ်တွေက ပူလိုက် – အေးလိုက်၊ တုန်လိုက်လှုပ်လိုက်၊ ဟာ ပိန်လိုက် ဖောင်းလိုက်၊ အမျိုးမျိုးအဖုံဖုံ ခန္ဓာက ပြောနေတယ်၊ မပြောဘူးလား (ပြောပါတယ် ဘုရား)။

အဲဒါ ဘယ်သူကပြောတာတုံး ဒကာဒကာမတို့ (ခန္ဓာက ပြောတာပါ ဘုရား)၊ ခန္ဓာက ပြောတာဆိုတာ သေချာ ပလား (သေချာပါပြီ ဘုရား)။

ခန္ဓာဆိုတာဖေါက်ပြန်ပျက်စီးတာ

ခန္ဓာက ပြောတာ သေချာတော့ကို ဘုန်းကြီးတို့ ဒကာ ဒကာမတွေက ဪ ဒီဥစ္စာ၊ ခန္ဓာဆိုတာ နဂိုက ဒို့ဘုရားက ဟောထားတာက ဖောက်ပြန်ပျက်စီးတာကို ဟောတယ် (မှန်ပါ့)၊ ဒီခန္ဓာဆိုတာ ဖောက်ပြန်ပျက်စီးတာ (မှန်ပါ့)။

ခန္ဓာဆိုတာ (ဖောက်ပြန် ပျက်စီးပါတယ် ဘုရား)။

အဲဒီတော့ အခု အသစ်ပေါ်လာတာကလေးဟာ နဂိုက ပင်ကိုယ်သဘောစွန့်ပြီး ပေါ်လာတာ (မှန်ပါ့)၊ ဒါဖြင့် သူ့ကို ဖောက်ပြန်တယ်လို့ မဆိုရဘူးလား (ဆိုရပါတယ် ဘုရား)။

အဲဒီဖောက်ပြန်တာကလေးပဲ သမာဓိရှိတဲ့ပုဂ္ဂိုလ်က ကြည့်လိုက်ပြန်တော့ ဖောက်ပြန်တာ ကလေး ပျောက်သွားတယ် (ပျောက်သွားတယ် ဘုရား) မပျောက်ဘူးလား (ပျောက်သွား ပါတယ် ဘုရား)။

ဒါဖြင့် ဖောက်ပြန်တာက ပေါ်လာတာ၊ ပျက်စီးတာက – ပျောက်တာ (မှန်ပါ့)။

ဖောက်ပြန်တာက (ပေါ်လာတာပါ ဘုရား)၊ ပျက်စီးတာ က (ပျောက်တာပါ ဘုရား)။ ‘, ပျောက်သွားတော့ သော် ဖြစ်လိုက် ပျက်လိုက်ပဲ ပြန်ရောက်တယ် (မှန်ပါ့)။

ဘာပြန်ရောက်သလဲ (ဖြစ်လိုက်, ပျက်လိုက်ပဲ ပြန်ရောက်ပါတယ် ဘုရား)။

ဖြစ်လိုက်, ပျက်လိုက် ပြန်ရောက်တော့ သြော် ခန္ဓာကိုယ်ထဲမှာ အဖြစ်နဲ့ အပျက်သာရှိပါကလား၊ မတွေ့ကြ သေးဘူးလား (တွေ့ပါတယ် ဘုရား)။

ဦးဘကလေး ဘာတွေတွေ့သလဲ (အဖြစ်အပျက်တွေ တွေ့ပါတယ် ဘုရား)။

ခန္ဓာကိုယ်ထဲ ဖြစ်မှုနဲ့ ပျက်မှုပဲ ရှိတယ် (မှန်ပါ့)၊ အိမ်ကျ လို့ ရှိရင်တစ်ခါတည်း သမာဓိကလေး ၁၅ မိနစ်လောက် ဖမ်းပြီးတော့ ခန္ဓာစောင့်ကြည့်နေကြ၊ စောင့်ကြည့်နေတဲ့ အခါကျတော့ ခန္ဓာကဖောက်ပြန်တာနဲ့ ပျက်စီးတာကို သူပြောလိမ့်မယ် (မှန်ပါ့)။

ဝေဒနာကလေး ပေါ်လာရင် ဖောက်ပြန်တာ (မှန်ပါ့)၊ နဂိုက မရှိဘဲကိုးဗျ၊ အခုမှ ဖောက်ပြန်လာတာ။

သုခပေါ်လဲ ဖောက်ပြန်လာတာပဲ၊ သုခကလေး ပျောက်သွားတော့ (ဖောက်ပြန်တာ)၊ ပျက်စီးတာ၊ ပျောက်တော့ ပျက်စီးတာ ကိုပေါ်ရ၊ (မှန်ပါ့)၊ ပေါ်လာတော့ (ဖောက်ပြန်တာပါ ဘုရား)။

ပေါ်လာတာက ပင်ကိုသဘောထဲကမှ ထူးခြား ပေါ်လာတာ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ထူးခြားပေါ်တာက ဘာတုံး (ဖောက်ပြန်တာ ပါ ဘုရား)။

ဖောက်ပြန်တာကလေးပဲ စိုက်ကြည့်တော့ (ပျက်စီး ပါတယ် ဘုရား)၊ ပျက်စီးတာမြင်တော့ သော် ခန္ဓာကိုယ် ထဲမှာ ဖောက်ပြန်ပျက်စီးတာသာ ရှိပါကလား (မှန်ပါ့)။

ဘယ်လို ဆိုကြမယ် (ဖောက်ပြန်ပျက်စီးတာသာ ရှိပါတယ် ဘုရား)၊ ဖောက်ပြန်ပျက်စီးတာသာ ရှိတယ်ဆိုတာ ရှိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဟောဒီကျတော့မှ ဪ ခန္ဓာထဲမှာ ဖောက်ပြန် တာနဲ့ ပျက်စီးတာပဲရှိတယ်၊ အသစ် ပေါ်လာတာက ဖောက်ပြန် တာ၊ ပေါ်လာတာကလေး ပျောက်သွားတာက ပျက်စီးတာ (မှန်ပါ့၊ ပျက်စီးတာပါ ဘုရား)။ သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ဖောက်ပြန်ပျက်စီးတာကလေးချည့်တွေ့နေ တော့ ဪ ယောက်ျားလဲမဟုတ်ဘူး၊ မိန်းမလဲ မဟုတ်ဘူး၊ ဒိဋ္ဌိတွေ ဘာတွေ ခွာစရာမလိုတော့ဘူး၊ ဖောက်ပြန် ပျက်စီးတာပဲ တွေ့နေတယ်၊ ဒီအခါကျတော့ မျက်နှာကလေးကလည်း မပေါ်လာဘူး၊ ဆံပင်တွေလဲ မပေါ်လာဘူး၊ ကိုယ့်ဟာ ကိုယ် ဉာဏ်ကလေးနဲ့ ကြည့်နေတော့၊ ဖောက်ပြန်တာနဲ့ ပျက်စီးတာ တွေ့နေတော့၊ ယောက်ျားမိန်းမ အလိုလိုပျောက်နေတယ် (မှန်ပါ့)၊ မပျောက်ဘူးလား (ပျောက်ပါတယ် ဘုရား)။

ဖောက်ပြန်ပျက်စီးတာကလေးသာ ကြည့်နေစမ်း ဒကာဒကာမတို့ ဘာတွေ ပျောက်သွားတုံး (ယောက်ျား မိန်းမ ပျောက်သွားပါတယ် ဘုရား)။

ဉာဏ်ထဲဘာတွေပေါ်နေသတုံး

ယောက်ျား၊ မိန်းမ၊ သားတွေ၊ သမီးတွေ၊ ဆွေတွေ၊ မျိုးတွေ (ပျောက်သွားပါတယ် ဘုရား) ကိုယ့်ခန္ဓာမှာလည်း ငါလည်းပျောက်၊ သူလည်းပျောက်၊ လက်လည်းပျောက်၊ ခြေလည်းပျောက်၊ ဒါတွေပျောက်၊ အကုန်ပျောက်၊ ဉာဏ်ထဲ ဘာတွေပေါ်နေသတုံး (ဖောက်ပြန်ပျက်စီးတာပဲပေါ်ပါတယ် ဘုရား)။

အင်း အသစ်ပေါ်လာတာရယ်၊ ပျက်စီးသွား တာရယ်၊ ယားတာကလေး ကြည့်လိုက် ပြန်လည်း ပေါ်လိုက် ပျောက်လိုက်၊ နာတာကလေး ကြည့်လိုက်ပြန်တော့လည်း ပေါ်လိုက် ပျောက်လိုက်၊ ခံသာတာလေးလာပြန်တော့လည်း (ပေါ်လိုက် ပျောက်လိုက်ပါ ဘုရား)။

စိတ်အမျိုးမျိုးပေါ်ပြန်ကော (ပေါ်လိုက် ပျောက်လိုက် ပါ ဘုရား) ရုပ်တွေက ပူလိုက် အေးလိုက် တာကော (ပေါ်လိုက် ပျောက်လိုက်ပါ ဘုရား)။ အပူကလေး ပေါ်လာလိုက်၊ အပူက လေး ပျောက်သွား လိုက်၊ အအေးကလေး ပေါ်လာလိုက်၊ (အအေးကလေး ပျောက်သွားလိုက်ပါ ဘုရား)။

သြော် ခန္ဓာကိုယ်ထဲမှာ ဘယ်မှာ ယောက်ျား၊ မိန်းမဆိုတာက အရပ်ကပြောတာပါကလား၊ ဒို့အမေ အဖေ သင်ထားလိုက်တဲ့ အသွားပါကလား၊ သေသေချာချာ သမာဓိ တည့်တည့်နဲ့ ဉာဏ်မျက်လုံးနဲ့ မျက်လုံးမှိတ်လိုက်တဲ့ အခါကျတော့ ဉာဏ်မျက်လုံးက လာပွင့်တယ်၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဉာဏ်မျက်လုံးဖွင့်ကြည့်

ပကတိမျက်လုံးပိတ်ပြီး သကာလ ငါးဒွါရပိတ်ပြီး သကာ လ မနောဒွါရဆိုတဲ့ ဉာဏ်မျက်လုံး ဖွင့်ကြည့်လိုက်တဲ့ အခါကျတော့ ဒကာ၊ ဒကာမတွေ ဘာတွေ တွေ့နေသလဲ (ဖောက်ပြန် ပျက်စီးတာတွေ တွေ့နေပါတယ် ဘုရား)။

အဲ ဖောက်ပြန်ပျက်စီးတာတွေချည်း တွေ့နေမယ် ပေါ်လာရင် ဖောက်ပြန်ပြီး ပေါ်လာတာကလေး မရှိပြန်ရင် (ပျက်စီးသွားပါတယ် ဘုရား)။

အဲ ဒီလိုချည်း ဒကာ၊ ဒကာမတွေက ငါးမိနစ် လောက် ကြည့်ကြည့်၊ ဆယ်မိနစ်လောက် ကြည့်ကြည့်၊ ကြည့်ချင်သလောက်ကြည့်၊ ကြာတော့ ခန္ဓာထဲမှာ ဖောက်ပြန် ပျက်စီးမှုမှတစ်ပါး၊ ယောက်ျား လည်းမရှိဘူး၊ မိန်းမလည်းမရှိဘူး၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဖောက်ပြန်ပျက်စီးတာတွေချည်းတွေ့တယ်

ငါလည်းမရှိဘူး၊ သူလည်းမရှိဘူး၊ သေသေချာချာ ဉာဏ်နဲ့ကြည့်တော့ ဘာတွေတွေ့သလဲ (ဖောက်ပြန် ပျက်စီး တာတွေ တွေ့ပါတယ် ဘုရား)။

ဖောက်ပြန်ပျက်စီးတာပဲ တွေ့ပြီး သကာလ နေတော့ ဪ ဝိပရိဏာမလက္ခဏံ ဒုက္ခသစ္စာ (မှန်ပါ့)၊ ဒကာ ဒကာမတို့ ဝိပရိဏာမလက္ခဏံ (ဒုက္ခသစ္စာပါ ဘုရား)။

ဝိပရိဏာမလက္ခဏံ – ပင်ကိုသဘောကို စွန့်စွန့် သွားခြင်းသည်၊ ဒုက္ခသစ္စာ – ဒုက္ခသစ္စာမည်၏ ဆိုသဖြင့် ဖောက် ပြန်တာဟာလဲ ပင်ကိုအနေသဘောကို စွန့်တာပဲ (မှန်ပါ့) ပျက်စီးသွားတာလဲ (ပင်ကိုသဘောကို စွန့်တာပါပဲ ဘုရား)။

ဒါဖြင့် ဖောက်ပြန်တာလဲ ဥပမာ သရက်သီးဟာ ပုတ် လာတယ်ဆိုတော့ ဖောက်ပြန်တာ၊ သူ အမှည့်သဘော စွန့် တာ သဘောကျပလား (ကျပါပြီ)၊ ဒါဖြင့် ဖောက်ပြန်တာလည်း ပင်ကိုသဘော စွန့်တာပဲ (မှန်ပါ့)၊ ပျက်စီးတာကော (ပင်ကို သဘောစွန့်တာပါပဲ ဘုရား)။

ဒါဖြင့် ခန္ဓာကိုယ်ထဲမှာကြည့်တော့ ဖောက်ပြန်ပျက်စီး တာချည်း တွေ့နေတော့၊ သြော် ဖောက်ပြန်ပျက်စီးတာ ဘာတွေပါလိမ့် မတုံးဆိုတော့ ဒုက္ခသစ္စာတွေပါကလားလို့ မှတ် လိုက်၊ (မှန်ပါ့)၊ ဖောက်ပြန်ပျက်စီးတာ ဘာတွေပါလိမ့် (ဒုက္ခ သစ္စာတွေပါ ဘုရား)၊ ထိုင်တတ်ကြပလား (ထိုင်တတ်ပါပြီ ဘုရား)၊ ထိုင်ပြီး သကာလ သမာဓိကလေး ၁၀-မိနစ်၊ ၁၅-မိနစ် ဖမ်းတဲ့ပြီး ခန္ဓာကပေါ်ရာကို ရှုလိုက်တဲ့အခါကျတော့ ဘာတွေတွေမယ် ထင်သလဲ (ဖောက်ပြန်ပျက်စီးတာတွေ တွေ့ပါတယ် ဘုရား)။

ရုပ်ရယ်၊ နာမ်ရယ် ရွေးမနေနဲ့တော့

ပေါ်လာတာက ဖောက်ပြန်တာ၊ ပေါ်လာတာက လေး ပျောက်သွားတာက (ပျက်စီးတာပါ ဘုရား)၊ အဲ့ဒီကဲ့သို့ တွေ့ပြီ ဆိုမှဖြင့် ရုပ်ရယ်၊ နာမ်ရယ် ရွေးမနေနဲ့တော့ ဒီကျတော့ (မှန်ပါ့)။ ရုပ်ရယ်၊ နာမ်ရယ် ရွေးမနေနဲ့တော့ ဖောက်ပြန်ပျက်စီးတဲ့ သစ္စာနဲ့ရှုနေတော့ ဖောက်ပြန်ပျက်စီးတာပဲ တွေ့တာပါပဲ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)၊ ဖောက်ပြန် ပျက်စီးတာပဲ တွေ့နေတော့ ဪ ယောက်ျားတွေ ဖြုတ်ဖို့ကော လိုသေးသလား (မလိုပါ ဘုရား)၊ ဒါ မိန်းမပဲလို့ ထင်တဲ့ အထင်ကော (မလိုပါ ဘုရား)။

မလိုတော့ဘူး အလိုလိုပြုတ်သွားတယ် (မှန်ပါ့)၊ ငါ တွေကော (ပြုတ်သွားပါတယ်)၊ သူတွေကော (ပြုတ်သွား ပါတယ် ဘုရား)၊ ဘယ်ကလာတာတွေလဲ ပြုတ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။

ပေါ်လာပြီးပျက်တဲ့ဓမ္မတွေ

ဘယ်ကလာပါလိမ့်မတုံး မဟုတ်ဘူး၊ ပေါ်လာပြီးပျက် တဲ့ ဓမ္မတွေပဲ။ ဒီအတိုင်းသာရှုရင် အကြောင်းဖြစ်၍ အကျိုးဖြစ် တာပဲ၊ အကြောင်းပျက်၍ အကျိုးပျက်တာပဲ ဆိုတာကလေးလဲ တစ်ခါတည်း ပါသွားတယ် (မှန်ပါ့)၊ အဲဒီတော့ ဖောက်ပြန်ပျက် စီးတာကလေးကို ဒကာ၊ဒကာမတွေ စောင့်ကြည့်စေချင်တယ်နော် (မှန်ပါ့)၊ ဘာကြည့်ရမယ် (ဖောက်ပြန်ပျက်စီး တာကလေးကို စောင့်ကြည့်ရပါမယ် ဘုရား)၊ ဖောက်ပြန်ပျက်စီး တာကလေးကို သမာဓိရှေးဦးစွာ တည်အောင်လုပ်ပြီး စောင့် ကြည့်တော့ ဖောက်ပြန်ပျက်စီးတာဟာ ခြေထောက်တွေ့မလား (ခြေထောက်ပေါ်မှာ ဖောက်ပြန် ပျက်စီးတာတွေ့မှာပါ ဘုရား)။

ဓမ္မာနုပဿနာသတိပဋ္ဌာန်

ကိုယ် တွေ့မလား၊ ဖောက်ပြန်ပျက်စီးတာ တွေ့မလား (ဖောက်ပြန်ပျက်စီးတာ တွေ့မှာပါ ဘုရား)၊ မျက်စိ၊ နား၊ နှာခေါင်းတွေမလား၊ ဖောက်ပြန်ပျက်စီးတာ တွေ့မလား (ဖောက် ပြန်ပျက်စီးတာတွေ့မှာပါ ဘုရား)၊ အဲ ဖောက်ပြန်ပျက်စီး တာတွေချည်းတွေတော့ ဒါတွေက ဓမ္မာနုပဿနာ သတိပဋ္ဌာန် တဲ့၊ သစ္စာမြင်တဲ့ ဓမ္မာနုပဿနာ သတိပဋ္ဌာန် ရိပ်မိပလား (ရိပ်မိပါပြီ)။

ဘာပါလိမ့် (သစ္စာမြင်တဲ့ ဓမ္မာနုပဿနာသတိ ပဋ္ဌာန်ပါ ဘုရား)၊ အဲ့ဒီကဲ့သို့ ဓမ္မာနုပဿနာ သတိပဋ္ဌာန်နဲ့ ဒီအတိုင်း ခန္ဓာကိုယ်ကြီး စောင့်ကြည့်နေတော့ ဖောက်ပြန်ပျက် စီးတာက ဒုက္ခသစ္စာ၊ မြင်တာက မဂ္ဂသစ္စာ (မှန်ပါ့)။

ဖောက်ပြန်ပျက်စီးတာက (ဒုက္ခသစ္စာပါ ဘုရား)၊ မြင်တာ က (မဂ္ဂသစ္စာပါ ဘုရား)။

ဪ ဒကာ၊ ဒကာမတို့ သန္တာန်မှာ မဂ်မျက်လုံးနဲ့ ကြည့်လိုက်၊ မဂ်မျက်လုံးနဲ့ကြည့်လိုက်၊ သဘောကျပလား (ကျပါပြီ ဘုရား) ဘာမျက်လုံးနဲ့ ကြည့်ရမလဲ (မဂ်မျက်လုံးနဲ့ ကြည့်ရပါမယ် ဘုရား)။

မဂ်မျက်လုံးနဲ့ကြည့်လိုက်တဲ့အခါကျတော့ ဘာတွေ တွေပါလိမ့် (ဖောက်ပြန်ပျက်စီးတာတွေ တွေ့ပါတယ် ဘုရား)။

ဪ ဒါဖြင့် ပင်ကိုကလည်း ခန္ဓာကိုယ်ကြီးက ဖောက်ပြန်တာနဲ့ ပျက်စီးတာနဲ့ ပျက်စီးတာပဲရှိတယ်၊ “ဝိပရိ ဏာမလက္ခဏံ ဒုက္ခသစ္စံ” ကိုး၊ (မှန်ပါ့ ဘုရား)။

ဖောက်ပြန်ပျက်စီးတာရှိတော့ ဖောက်ပြန်ပျက်စီး တာတွေ့လို့ရှိရင်ဖြင့် ဒီမျက်လုံးဟာ နှလုံးသွင်းမှန်ပလား မှားသေးသလား မေးကြည့် (မှန်ပါတယ် ဘုရား)။

နှလုံးသွင်းတည့်သွားပြီ (မှန်ပါ)။

အဲ့ဒီကဲ့သို့ တည့်သွားတဲ့အခါကျတော့ ဪ ဖောက်ပြန်ပျက်စီးတာသာ အစစ်ပါကလား လို့သိတော့ ခန္ဓာ ကိုယ်ထဲမှာ ဖောက်ပြန်ပျက်စီးတာက ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)၊ ဖောက်ပြန် ပျက်စီးတယ်လို့ သိနေတဲ့ သဘောကလေးက (မဂ္ဂသစ္စာပါ ဘုရား)။

အဲဒီမှာ မဂ်မျက်လုံးကလေးနဲ့ ဒကာ၊ ဒကာမတွေက ကြည့်ကြည့် ကြည့်ကြည့် ကြည့်ကြည့်ပြီး သကာလ နေတော့ ဖောက် ပြန်ပျက်စီးတာက ဒုက္ခသစ္စာသာ သွားတွေ့တာပဲ (မှန်ပါ့)။

ဒုက္ခသစ္စာအစိုင်အခဲကြီး

နောက်တော့ ဒီဒုက္ခသစ္စာကြီးဟာ ဒကာ၊ ဒကာမတို့ မြင်ရင်း မြင်ရင်းနဲ့ပဲ ဪ မိမိခန္ဓာရယ်လို့ ပြောသာ ပြော နေရတာပါကလား၊ ဒုက္ခသစ္စာ အစိုင်အခဲကြီး၊ ဒုက္ခသစ္စာတွေ ချည်းအကုန်ရှိနေတာကိုး၊ ဒါတွေ မတွေ့ပေဘူးလား (တွေ့ပါတယ် ဘုရား)။

တွေ့တဲ့အခါကျလို့ရှိရင် ဒီအချိန်မှာပဲ ဒကာ၊ ဒကာမ တွေက စဉ်းစားကြည့်တော့ ဖောက်ပြန် ပျက်စီးတာကလေးကို မြင်မနေဘူးလား (မြင်ပါတယ် ဘုရား)။

မြင်နေတဲ့အခါ မြင်တာကလေးက မဂ်ကလေးဖြစ်နေ တယ်၊ မြင်တာ မဂ်မျက်လုံးကလေး၊ သမ္မာဒိဋ္ဌိမျက်လုံးကလေး သဘောကျပလား (ကျပါပြီ ဘုရား)။

တစ်နည်း၊ ဝိဇ္ဇာမျက်လုံးကလေးဆိုရင်လည်း ဟုတ် တယ် (မှန်ပါ့)၊ အမှန်သိတာကိုး (မှန်ပါ့)။

ဝိဇ္ဖာမျက်လုံးလည်းဟုတ်တယ်နော် (မှန်ပါ့)၊ သမ္မာဒိဋ္ဌိမျက်လုံးကော (ဟုတ်ပါတယ်)၊ ဉာဏ်မျက်လုံးကော (ဟုတ်ပါတယ်)၊ ဝိဇ္ဇာကလေးကော (ဟုတ်ပါ တယ် ဘုရား)။

အဲဒီတော့ ဒါတွေဟာ ဘုရားက ပရိယာယ်နဲ့သာ ဟောနေတာ၊ စင်စစ်တော့ ဉာဏ်မျက်လုံးတစ်လုံးတည်းပဲနော် (မှန်ပါ့ ဘုရား)။

အဲဒီကဲ့သို့ နှလုံးသွင်းမှန်မှန်နဲ့ ဒကာဒကာမတွေက ကြည့်ပြီး သကာလ နေတော့ ဖောက်ပြန်ပျက်စီးတာပဲ မြင်ပြီး ဒီပြင်ယောက်ျား၊ မိန်းမတွေခွာဖို့လည်း မလိုတော့ဘူး၊ လိုသေး သလား (မလိုပါ ဘုရား)။

ရှိတာတော့ ဘာတွေတွေ့သလဲ (ဖောက်ပြန်ပျက် စီးတာတွေ့ပါတယ် ဘုရား)

အဲဒီတော့ ဖောက်ပြန်ပျက်စီးတာ ဒုက္ခသစ္စာ၊ တွေ့တဲ့ ဉာဏ်ကလေးက (မဂ္ဂသစ္စာပါ ဘုရား)၊ မဂ္ဂသစ္စာကလေး ရနေတော့ ဆုတောင်းလို့ရတာလား၊ ဒကာ ဒကာမတို့ နှလုံး သွင်းမှန်လို့ရတာလား (နှလုံးသွင်းမှန်လို့ ရတာပါ ဘုရား)။

အဲဒါကြောင့် ဒါကျတော့ကို တဲ့၊ ဆုမတောင်းနဲ့ တော့ ဒကာ ဒကာမတို့၊ ဒီမျက်လုံးကလေး ရပြီးတဲ့နောက် နိဗ္ဗာန်မြင်တဲ့မျက်လုံးရတော့မယ် (မှန်ပါ့)၊ အခုဟာ ဒုက္ခ မြင်တဲ့မျက်လုံးရပြီ၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဒုက္ခမြင်တဲ့မျက်လုံး (ရပါပြီ ဘုရား)၊ ခန္ဓာကိုယ်မှာ ဒုက္ခသစ္စာ ပဲဆိုတဲ့ မျက်လုံးကဖြင့် (ရပါပြီ ဘုရား)၊ ရပြီတဲ့။

ကောင်းပြီ၊ ဒီရတဲ့မျက်လုံးကလေးဟာ နဂိုက ယောက်ျား မိန်းမထင်နေတာ ဒုက္ခသစ္စာလို့ ဘယ်တော့မှ မအောက်မေ့ဘူး (မှန်ပါ့)။

အခုတော့ဖြင့် ဖြစ်ဒုက္ခ၊ ပျက်ဒုက္ခတွေ ထင်ရှားပြီး သကာလ နေတဲ့အတွက်

“ဒုက္ခမေဝ ဥပ္ပဇ္ဇမာနံ ဥပ္ပဇ္ဇတိ၊ ဒုက္ခံ နိရုဇ္ဇမာနံ နိရုဇ္ဇတိ”လို့ ဘုရားကဟောထားတော့ ဒုက္ခဖြစ်၍ ဒုက္ခပျက်တာတွေမြင်တော့ ဒုက္ခသစ္စာသာရှိတယ် ဆိုတာ ပေါ်မလာဘူးလား (ပေါ်လာပါတယ် ဘုရား)။

ထိုကဲ့သို့ ပေါ်လာတဲ့အခါကျတော့ ဖြစ်ပျက်က ဒုက္ခ သစ္စာ၊ မြင်တာကလေးက (မဂ္ဂသစ္စာပါ ဘုရား)။

စောင့်ကြည့်တဲ့အခါကျတော့ ဒီအတိုင်းမမြင်ရဘူး လား (မြင်ရပါတယ် ဘုရား)၊ သမာဓိရှိပြီးကြည့်လိုက်တဲ့ အခါကျတော့ (မြင်ပါတယ် ဘုရား)။

မိမိနဲ့ဒုက္ခသစ္စာကွဲသွားပြီ

အင်း သူတစ်ပါးသွားကြည့်နေရတာလားတဲ့၊ နဂို က မိမိထင်နေတာ ကြည့်ရတာ လား (မိမိထင်နေတာ ကြည့်ရတာပါ ဘုရား)၊ မိမိလား၊ ဒုက္ခသစ္စာလား (ဒုက္ခ သစ္စာပါ ဘုရား)။

မိမိနဲ့ဒုက္ခသစ္စာ အခုကွဲသွားပြီ (မှန်ပါ့)၊ ဦးဘ ကလေးဘယ့်နှယ်တုံး (ကွဲသွားပါပြီ ဘုရား)။

မိမိကိုယ်ထင်နေတဲ့ဥစ္စာ ဘယ်ဟုတ်ရမတုံး၊ မိမိကိုယ် – က ဖောက်ပြန် ပျက်စီးတာ တွေချည်း ပြနေတော့ မိမိကိုယ်ကို မဟုတ်တော့ဘူး (မှန်ပါ့)၊ ဘာဖြစ်နေသတုံး (ဒုက္ခ သစ္စာပါ ဘုရား)၊ ဒုက္ခသစ္စာ သက်သက်ဖြစ်နေတယ်ဆိုတာ ပေါ် ပလား (ပေါ်ပါပြီ ဘုရား)။

မိမိကိုယ်ဟုတ်သေးရဲ့လား (မဟုတ်ပါ ဘုရား) ဒါဖြင့် မိမိကိုယ်မဟုတ်တဲ့ ဒုက္ခသစ္စာတွေပဲဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။

မိမိအလိုဆန္ဒ လုံးဝမပါ

ဒီဖောက်ပြန်ပျက်စီးနေတဲ့ သဘောကလေးတွေက လည်း ပေါ်လိုက် ပျောက်လိုက်၊ ပေါ်လိုက် ပျောက်လိုက်၊ ပေါ်လိုက် ပျောက်လိုက်နဲ့ နေပြန်တော့လည်း အင်း သူ့ သဘောပဲ၊ မိမိအလိုဆန္ဒ ဒီအထဲမှာ လုံးဝမပါ၊ တားလို့ဆီးလို့ မရတဲ့သဘောတွေပဲဆိုတာတွေက ရောက်မလာပေဘူးလား (ရောက်လာပါတယ် ဘုရား)။

အဲဒီမှာ အနိစ္စတွေလည်း အတွင်းဝင်သွားပြီ၊ ဒုက္ခတွေ ကော (အတွင်းဝင်သွားပါပြီ)၊ အနတ္တတွေကော (ဝင် ပါတယ် ဘုရား)၊ အဲဒီလိုမှတ်ကြပေတော့၊ ဖောက်ပြန်ပျက်စီး တာတစ်ခုလုံးဟာ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။

အဲဒီ အနိစ္စဆိုတာလည်း ဒီဒုက္ခသစ္စာထဲ ဝင်သွားတာပဲ (မှန်ပါ့)၊ ဒုက္ခဆိုတာကော (ဒုက္ခသစ္စာထဲ ဝင်သွားပါတယ် ဘုရား) အနတ္တဆိုတာကော (ဒုက္ခသစ္စာထဲ ဝင်သွားပါတယ် ဘုရား)။

အဲဒီတော့ ယနေ့ည ဒကာ ဒကာမတွေ အခုသင်ပေး နေတာက ခင်ဗျားတို့အနိစ္စ, ဒုက္ခ, အနတ္တ လုပ်မနေနဲ့တော့၊ နောက်ဆုံးပိတ်သစ္စာမြင်မှ နိဗ္ဗာန်ဝင်တာ၊ ဖောက်ပြန်ပျက်စီး တာမြင်လို့ရှိရင် အနိစ္စဟာ ဒီအထဲဝင်သွားပြီ၊ သစ္စာထဲဝင်သွား ပြီ (မှန်ပါ့)။

ဒုက္ခသစ္စာထဲ (ဝင်သွားပါပြီ)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဒီမှာ ရှင်သာရိပုတ္တရာကပြောထားတာ ဒကာ ဒကာမတွေ ရှင်းရှင်းကြည့်လိုက်က သိသားပဲ၊ ဥပမာမယ်- ဆင်ကြီးက ဘုန်းကြီးတို့ ကျောင်းအဆင်းက နေပြီး သကာလ ဟိုဘက်ကျအောင် ဆင်းသွားတယ်ဆိုတော့ မောင်နိုင်ရ (မှန်ပါ့)၊ ခြေရာ တွေက ထင်မနေဘူးလား (ထင်ပါတယ် ဘုရား)။

ဆင်ခြေရာဥပမာ

နောက်တစ်ခါ ခွေးတွေက နောက်က လိုက်သွားတဲ့ အခါ ဆင်ခြေရာ အုပ်မိအောင် နင်းနိုင်တဲ့သတ္တဝါ နောက်ထပ် လာစရာမြင်သေးရဲ့လား (မမြင်ပါ ဘုရား)၊ ဆင်ခြေရာ ထဲသာ ဝင်ကြရမှာပဲ (မှန်ပါ့)။

ဆင်ခြေရာထဲ ထောက်ထောက်ပြီးတော့ သူတို့လိုချင် တဲ့ ခရီးကို အပြီးတိုင်သွားကြရမယ် (မှန်ပါ့)၊ ဆင်ခြေရာ ထဲပဲ ဝင်ကြရမယ် (မှန်ပါ့)၊ ဆင်ခြေရာထက် ကြီးတာက ရှိသေး ရဲ့လား (မရှိပါ ဘုရား)။

အဲ ထို့အတူပဲတဲ့ ဖောက်ပြန်ပျက်စီးတာ တစ်ခု မြင်လိုက်လို့ရှိရင် သူက ဆင်ခြေရာပဲတဲ့၊ အနိစ္စလည်း ဒီအထဲ ထောက်ရတာပဲတဲ့ (မှန်ပါ့)၊ ဒုက္ခကကော (ဒီအထဲ ထောက်ရပါတယ်)၊ အနတ္တကကော (ဒီအထဲထောက်ရပါတယ် ဘုရား)၊ အသုဘကကော (ဒီအထဲ ထောက်ရပါတယ် ဘုရား)။

သြော် ဒါဖြင့် ဖောက်ပြန်ပျက်စီးတာကလေး တစ်လုံး တည်း ဒကာ ဒကာမတွေ ပိုင်ပိုင်နိုင်နိုင် ကလေးကြည့်နေ (မှန်ပါ့)။ သမာဓိရရနဲ့ ကြည့်နေတော့ သွာ ဖောက်ပြန် ပျက်စီးနေတာပဲ၊ ဖောက်ပြန် ပျက်စီးနေတာပဲဆိုတော့ ဖောက်ပြန်တာက ဖြစ်တာနော် (မှန်ပါ့)၊ ပျက်စီးတာက ပျက်တာ (မှန်ပါ့)။

တစ်ကိုယ်လုံးမှာ ဖြစ်ပျက်ပဲရှိတယ်

တစ်ကိုယ်လုံးမှာ ဖြစ်, ပျက်ပဲရှိတယ်ဆိုတာ ပြန်ဝင် လာတာပဲ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ)။

ဒါကြောင့်ဟို ပဏ္ဏာသတွေက ပဏ္ဏာသ အဋ္ဌကထာ တွေ၊ ဋီကာတွေက၊ ဪ-ဖြစ်, ပျက်ဟာကွာ တခြား အောက်မေ့မနေပါနဲ့၊ ဒုက္ခသစ္စာပါတဲ့၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဖြစ်ပျက်ဟာ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)၊ အေး အဲဒီတော့ ဖြစ်ပျက်ရှုနေတာ ဒုက္ခသစ္စာရှုနေတာလို့ မှတ်လိုက် (မှန်ပါ့)။

ဖြစ်ပျက်ရှုနေတာ (ဒုက္ခသစ္စာ ရှုနေတာပါ ဘုရား)။ ဒုက္ခသစ္စာရှုနေတာ၊ အဲဒီကဲ့သို့ရှုတော့ အရှုခံတာက ဒုက္ခသစ္စာ၊ ရှုဉာဏ်က မဂ္ဂသစ္စာသွားဖြစ်တယ် (မှန်ပါ့)၊ မဖြစ်သေးဘူးလား (ဖြစ်ပါတယ် ဘုရား)။

အဲဒီတော့ အင်း ဒကာ ဒကာမတို့ အခုရှုနေတဲ့ သဘောကလေးကို ခင်တဲ့စိတ်ကလေး, စွဲလမ်းတဲ့ စိတ်ကလေး ဟုတ်လား၊ အားထုတ်ပြီးတော့ ဒါမျိုးဖြစ်ပျက်ရချင်လို့ အားထုတ်ဦးမယ်ဆိုတဲ့ တဏှာ၊ ဥပါဒါန်၊ ကံတွေ လာသေးရဲ့ လား (မလာပါ ဘုရား)။

ကာမဂုဏ်ခံစားတာတွေ မလာတော့ဘူး

ဖြစ်, ပျက်ကလေး ရှုနေရတဲ့အတွက် “ကာမသုခလ္လိ ကာ နုယောဂ” ဆိုတဲ့ တဏှာ, ဥပါဒါန်, ကံတွေလည်း ကာမ ဂုဏ်ခံစားတဲ့ တဏှာ, ဥပါဒါန်ကံတွေကော လာသေးရဲ့ လား (မလာပါ ဘုရား)၊ မလာတော့ဘူးနော်၊ သဘောကျ ပလား (ကျပါပြီ ဘုရား)။

စိတ်၏ဆင်းရဲခြင်း၊ ကိုယ်၏ဆင်းရဲခြင်းဆိုတဲ့ဒုက္ခ တွေကော (မလာပါ ဘုရား)။

အင်း ဒီဟာက ဘာဖြစ်နေတာတုံးဆိုတော့ သော်ဒါဖြင့် ဆင်းရဲတဲ့လမ်းလည်းမဟုတ်ဘူး၊ ကာမဂုဏ်ချမ်းသာ ခံစားတဲ့လမ်းလည်းမဟုတ်ဘူး၊ အလယ်လမ်းပါလား လို့ မှတ် လိုက်တာပေါ့ (မှန်ပါ့)။

စိတ်ဆင်းရဲ ကိုယ်ဆင်းရဲတဲ့လမ်းကော ဟုတ်ကဲ့လား (မဟုတ်ပါ ဘုရား)။

အလယ်လမ်းကို ရောက်သွားတယ်

စိတ်သာယာ, ကိုယ်သာယာတဲ့ လမ်းဆိုလို့ရှိရင်လည်း ဒကာ ဒကာမတွေက ကာမသုခလ္လိကာနုယောဂ လမ်းဖြစ် သွားတယ်၊ တဏှာလမ်းဖြစ်တယ် (မှန်ပါ)၊ ဟိုဘက်က လည်း ဒေါသလမ်းဖြစ်နေတယ် (မှန်ပါ့)၊ တဏှာလမ်း ဒေါသလမ်း၏အလယ်ကိုရောက်သွားတယ် (မှန်ပါ့)။

ဒါဖြင့် အလယ်လမ်းကိုရောက်နေတယ် (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

အလယ်လမ်းက ဘုရားဖြစ်တာကိုး သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်တွေကော (အလယ်လမ်း ပါပဲ ဘုရား)။

အဲဒီလိုဖောက်ပြန်ပျက်စီးတာကိုမြင်တဲ့ ဉာဏ် ကလေးကနေပြီး သကာလ သွားမှ အလယ်လမ်း ကိုရောက် တယ်၊ ဒီဉာဏ်ဟာ အလယ်လမ်းပဲဆိုတာ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ကောင်းပြီ၊ ဒါဖြင့် ဒကာ ဒကာမတို့ ဒီနေ့ကစပြီး စမ်းကြည့်တာပေါ့၊ ကိုယ်တတ်အားသရွေ့ စမ်းကြတော့ ရင့် လာလိမ့်မယ်နော် (မှန်ပါ့ ဘုရား)၊ ရင့်လာတော့ အခု အဲဒီအချိန်ကလေးမှာ တစ်ချက်တည်း ကိုယ်ပေါ်က ဖြစ်ဖြစ် ပေါ့လေ၊ ဖောက်ပြန်ပျက်စီးတာကလေးကို ဉာဏ်နဲ့တည့်ပြီး မြင်လိုက်တယ်ဆိုလိုက်ပါတော့။ အဲဒီတစ်ချက်ဟာ မောင်နိုင် အလွန်အရေးကြီးတယ် (မှန်ပါ့)။

ဒီအချက်ဟာ အလွန်အရေးကြီးတယ်တဲ့၊ ဒီတစ်ချက် ဟာ ဘယ့်နှယ်ကြောင့် ဒီလောက် အရေးတကြီး မွန်မြတ် တယ်လို့ဆိုရပါလိမ့်မတုံးဆိုတော့ ခုနင်က တဏှာ, ဥပါဒါန် ကံတွေကော လာသေးသလား (မလာပါ ဘုရား)။ ဟာ ဒါဖြင့် ပပဉ္စချုပ်ပြီ (မှန်ပါ့)။

ဒေါသ သောက ပရိဒေဝတွေကော (မလာပါ ဘုရား)။

အင်း ဒါဖြင့် ဒကာ ဒကာမတို့ ကာမသုခလ္လိ ကာနုယောဂလမ်းလည်းမရှိဘူး (မှန်ပါ့)၊ အတ္တကိလမထာနုယောဂ လမ်းကော (မရှိပါ ဘုရား)။

အလယ်လမ်းကမှ နိဗ္ဗာန်သွားလို့ရတယ်

ဟ- အလယ်လမ်းပေါ် သေသေချာချာရောက်တော့ အလယ်လမ်းကနေမှ နိဗ္ဗာန်သွား လို့ရတယ် (မှန်ပါ့)။

ဘယ်ကမှ နိဗ္ဗာန်သွားလို့ရသလဲ (အလယ်လမ်း ကမှ နိဗ္ဗာန်သွားလို့ရပါတယ် ဘုရား)၊ အလယ်လမ်းကနေမှ နိဗ္ဗာန်သွားလို့ရတယ်ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် ကိုယ့်ခန္ဓာကို နဂိုက ကိုယ့်ခန္ဓာလို့ ထင်နေ တာမဟုတ်တော့ပါဘူး၊ ဒုက္ခသစ္စာ သက်သက် ပါပဲလို့ ဆုံး ဖြတ်ချက်ချ (မှန်ပါ့ ဘုရား)၊ မချရပေဘူးလား (ချရပါ တယ် ဘုရား)၊ မျက်လုံးမှိတ်ပြီးကြည့်နော် (မှန်ပါ့)၊ မျက် လုံးမှိတ်ပြီးကြည့်တော့ ဟိုနေရာက ဖောက်ပြန်၊ ဒီနေရာက ဖောက်ပြန်၊ ဟိုနေရာကပျက်စီး၊ ဒီနေရာက ပျက်စီးတာတွေ မတွေ့ဘူးလား (တွေ့ပါတယ် ဘုရား)။

အဲ ဖောက်ပြန်ပျက်စီးတဲ့ဥစ္စာ ဘာသစ္စာ (ဒုက္ခသစ္စာပါ ဘုရား)၊ မြင်တာက (မဂ္ဂသစ္စာပါ ဘုရား)။

ဒါဖြင့် ကာမဂုဏ်ခံစားတဲ့လမ်းကော ပြတ်သွား တယ် (ပြတ်ပါတယ် ဘုရား)၊ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲ လမ်းကော (ပြတ်ပါတယ် ဘုရား)၊ ဒါဖြင့် ဘယ်လမ်း ရောက်သွားသလဲ (အလယ်လမ်း ရောက်ပါတယ် ဘုရား)၊ ဒီလိုရှုနေတာလည်း အလယ်လမ်းရောက်တာပဲ။ ရိပ်မိပလား (ရိပ်မိပါပြီ)၊ အင်း ရှုဖန်များလာတဲ့အခါ ဖောက်ပြန် ပျက်စီးတာတွေ မြင်ရတဲ့အခါကျတော့ စိတ်ထဲမှာ ငြီးငွေ့တော့ မုန်းလာတယ်၊ ဘာဖြစ်လို့မုန်းသတုံးလို့ မေးတဲ့ အခါကျတော့မှ ဖောက်ပြန် ပျက်စီး တာကြီး ရ,ထားလို့ မုန်းတာ (မှန်ပါ့)။

ဘယ့်နှယ်ကြောင့်မုန်းသတုံး (ဖောက်ပြန်ပျက်စီး တာကြီး ရ,ထားလို့ မုန်းတာပါ ဘုရား)၊ နဂိုတုန်းကတော့ အရတော်လေစွလို့ ထင်နေတယ် (မှန်ပါ့)၊ အခုတော့ ဉာဏ်မျက်လုံးကို ဆရာဘုန်းကြီးက တပ်ပေးလိုက်တဲ့အတွက် ဖောက်ပြန်ပျက်စီးတာပဲ၊ သေသေချာချာရတာ မထင်ရှားဘူး လား (ထင်ရှားပါတယ် ဘုရား)။

မြင်ဖန်များရင် ဉာဏ်တက်လာမယ်

ထင်ရှားတော့ သြော် အရမတော်ဘူး၊ ဒီဥစ္စာ ကြီးဟာ တကယ်ရွံစရာ မုန်းစရာကြီး ရ,ထားတယ်ဆိုတဲ့ ဉာဏ်ဟာ ဖောက်ပြန်ပျက်စီးတာ မြင်ဖန်များရင် ဉာဏ်တက် လိမ့်မယ် (မှန်ပါ့)၊ ရွံမုန်းတဲ့ဉာဏ် မတက်ပေဘူးလား (တက်ပါတယ် ဘုရား)။

ကြာတော့ တက်ရုံသာမက ရှုရင်းမတ္တနဲ့ မုန်းရုံတင် မကဘဲနဲ့ ဪ ဒါကြီးနဲ့ဖြင့် မနေချင်ပါဘူး၊ ရလည်း မရချင်ပါဘူးဆိုတာလည်း ဉာဏ်တက်လာဦးမှာပဲ (မှန်ပါ့)၊ ဉာဏ်မတက် ပေဘူးလား (တက်ပါတယ် ဘုရား)၊ တက်သည် နဲ့တစ်ပြိုင်နက်တည်း ခုနင်က ဖောက်ပြန် ပျက်စီးတာတွေ အကုန်ပျောက်သွားတယ် (မှန်ပါ့)၊ ခန္ဓာ ပျောက်တယ် (မှန်ပါ့)၊ ဖောက်ပြန် ပျက်စီးတာ ပျောက်တယ်ဆိုတော့ ခန္ဓာ ပျောက်တာပဲ (မှန်ပါ့)၊ မပျောက်ပေဘူးလား (ပျောက်ပါ တယ် ဘုရား)။

မဖောက်ပြန်တဲ့နီရောဓသစ္စာ

အဲဒီ ပျောက်သွားတဲ့အခါကျတော့မှ သြော် ဖောက်ပြန်ပျက်စီးမှုသည် ဒုက္ခသစ္စာ၊ အခု ဖောက်ပြန်ပျက် စီးမှုပျောက်သွားလို့ မိမိဉာဏ်ကလေးနဲ့ အခုမြင်ရတဲ့နေရာ က မဖောက်ပြန်တဲ့ နေရာက နိရောဓသစ္စာ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)၊ မဖောက်ပြန်တဲ့နေရာက (နိရောဓ သစ္စာ ပါ ဘုရား)။

အဲဒီမှာ နိဗ္ဗာန်ဘက်ကူးတယ်၊ ခုနင်က ဉာဏ်ကမြင်၊ တယ် (မှန်ပါ့)၊ အရင်တုန်းကတော့ ဖောက်ပြန်ပျက်စီးတဲ့ ဘက်နေတယ် (မှန်ပါ့)၊ နောက်တော့ ဒီ ဖောက် ပြန်ပျက်စီးတာကြီး မလိုချင်တော့လို့ ဖောက်ပြန်ပျက်စီးတာ ဟာ ပျောက်ထွက်သွားတယ် (မှန်ပါ့)၊ မဖောက်ပြန်ဘဲနဲ့ ခိုင်မြဲတာကြီးလာပေါ်တယ်၊ နိဗ္ဗာန်လာပေါ်တယ်ဆိုကြပါစို့ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

နိဗ္ဗာန်လာပေါ်တယ်

နိဗ္ဗာန်လာပေါ်တော့ ဘယ်လိုပေါ်သတုံးဆိုတော့ ဓာတ်ရှင်များပြသလိုပဲမှတ်လိုက်တာပေါ့၊ အရင်တုန်းကတော့ ပိတ်ကားကြီးပေါ်မှာ အရုပ်တွေ ရှုပ်နေတယ် (မှန်ပါ့)၊ နောက် ဓာတ်ရှင် သိမ်းတော့ ပိတ်ဖြူကြီးပေါ်လာတယ် (မှန်ပါ့)၊ မပေါ်လာဘူးလား (ပေါ်လာပါတယ် ဘုရား)၊ မသိခင်က ရှုပ်ယှက်ခတ်နေတယ်၊ သိမ်းလိုက် တဲ့အခါကျတော့ ရှင်းသွားတယ် (မှန်ပါ့)။

ဒီမှာလည်း ထိုနည်းအတူပဲတဲ့၊ ပထမတုန်းက သမာဓိနဲ့ ရှုနေတုန်းကတော့ ရှုပ်ယှက်ခတ်တွေ ရှုနေရတယ်၊ ဖောက်ပြန် ပျက်စီးတာတွေ ရှုနေရတယ် (မှန်ပါ့)၊ နောက် ဒါတွေ မလိုချင်တော့ပါဘူး၊ ဒါတွေမရချင်တော့ပါဘူး ရွံပါတယ်၊ မုန်းပါတယ်ဆိုတဲ့ ဉာဏ်တွေတက်ပြီး မလိုချင်ဘူးဆိုတော့ ခုနင်က ပိတ်ကားမြင်ရသလို တစ်ခါတည်း ရှင်းထွက်သွားတာ ပဲ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါ ပြီ ဘုရား)

အလုပ်သင်ပေးနေတာ

ဒါ “အလုပ်သင်” ပေးနေတယ်လို့ ယနေ့မှတ်ပါ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)၊ မနေ့က တရားကိုဆက် ဖို့ပဲ၊ ခင်ဗျားတို့အလုပ်ကလေးသင်ချင်တာနဲ့ တရားကို ခဏ ဖြတ်ထား တယ်နော် (မှန်ပါ့)။

ကဲ ယနေ့ ဒီတွင် တော်ကြဦးစို့။

သာဓု သာဓု သာဓု။

 
မာတိကာသို့