ပထမဇော အကျိုးပေးပုံ (မိလက္ခတိဿရဟန်း)
အသံဖိုင်ခေါင်းစဉ်= မသေခင်ဝိပဿနာရှုကြရန် မိလက္ခရဟန်းဥပမာပြ
စာအုပ်ခေါင်းစဉ်= ပထမဇော အကျိုးပေးပုံ (မိလက္ခတိဿရဟန်း)
အသံမကြည်ပါ။
ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး မိုးကုတ်မြို့၌
ဟောကြားတော်မူသော တရား
ပထမဇော အကျိုးပေးပုံ (မိလက္ခတိဿရဟန်း)
(4-3-59)
ဘုရားရှင်ကိုယ်တော်မြတ်ကြီး အတန်တန်မှာတော် မူတဲ့စကားကို ဒကာဒကာမတွေ ထပ်ပြီး သတိပေးရပြန်တယ်။
“ဇာယထ ဘိက္ခဝေ မာပမာဒတ္ထ မာပစ္ဆာ၊
ဝိပွဋိသာရိနော အဟုဝတ္ထ၊ အယံ ဝေါ အမှာကံ အနုသာသနီ။”
လို့ ဘုရားက ၄၅ ဝါ သီတင်းသုံး သွားတော့ အကြိမ် ပေါင်းများစွာ မှာတော်မူတယ်ဆိုတော့ ဒကာဒကာမတို့ ခဏ ခဏ သတိပေးတဲ့သဘောပဲ ဆိုတာတော့ မှတ်မိကြရမှာပဲ (မှန်ပါ့)။
ဒါ ဘာကို သတိပေးတာလဲ ဆိုတော့ ဘိက္ခဝေ = ရဟန်းတို့၊ ဈာယထ = ဝိပဿနာရှုကြတဲ့၊ ဘာလုပ်ခိုင်းတာပါ လိမ့် (ဝိပဿနာ အရှုခိုင်းတာပါ ဘုရား)၊ မာပမာဒတ္ထ မေ့လျော့ပေါ့ဆပြီး မလိုက်ပါနဲ့၊ ဝိပဿနာရှုကြကွ၊ မေ့လျော့ ပေါ့ဆပြီး မနေနဲ့ကွ၊ အရေးကြီးလို့ မှာတာပေါ့ဗျာ (မှန်ပါ့)။
မရှုရင် ဘာဖြစ်မလဲလို့ ဦးဝတို့ ဦးခင်မောင်တို့က – မေးလို့ရှိရင်ဖြင့် ပစ္ဆာ= သေခါနီးအခါ နောက်ကာလမှာ၊ ဝိပ္ပဋိသာရိနော= နိမိတ်ထင်၍ ငါဖြင့်မှားခဲ့လေပြီဟု နှလုံးမသာ မယာခြင်း ရှိကြ ကုန်သည်၊ မာ အဟုဝတ္ထ= မဖြစ်ကြကုန်လင့်။
သွားရာလမ်းမမြင်ဘဲနဲ့ မသေဘူး
သေကြရဦးမည့် ခန္ဓာကြီးရ,ထားကြတယ်၊ ရိုးရိုး သေမယ် မဟုတ်ဘူး၊ ဝိပဿနာ စသည် လွတ်ကင်းနေတဲ့ ပုဂ္ဂိုလ်မှာ ငရဲနိမိတ်တွေ၊ ပြိတ္တာ နိမိတ်တွေ၊ နတ်ပြည် နိမိတ်တွေ စသည် မထင်ဘဲနဲ့ သေကို မသေဘူး၊ စုတိစိတ်ကို မကျနိုင် ဘူး တဲ့၊ ဒကာဒကာမတွေ (မှန်ပါ့)၊ ဂတိနိမိတ် မထင်ခဲ့ ပါလျှင် သွားရာလမ်းကို မမြင်ဘဲနဲ့ မသေဘူးတဲ့ (မှန်ပါ့)။ သဘောကျပလား (ကျပါပြီ ဘုရား)။
ဘယ်လိုပါလိမ့် သေခါနီးမှာ ဂတိနိမိတ်မထင်ရင် (သွားရာလမ်းကို မမြင်ဘဲနဲ့ သေကို မသေပါ ဘုရား)၊ ဂတိနိမိတ် ဆို ရင် သွားရာလမ်းကို မမြင်ဘဲနဲ့ မသေဘူးဆိုတော့ ဦးခင်မောင် ဒါဟာ ကျုပ်တို့ တွေ့ရမည့် ခရီးဆုံးပဲ (မှန်ပါ့)၊ မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား)။
အဲဒါတွေ ဒကာဒကာမတွေ ဘုရား အကြိမ်ကြိမ် မှာ တာကို ဘုန်းကြီးက အထပ်ထပ် ဟောပြ နေတော့ သြော် ဝိပဿနာ အလုပ်ကို မေ့လျော့ပေါ့ဆ နေလို့ မတော်ပါကလား၊ သေခါနီးကျလို့ရှိရင် နှလုံးမသာမယာတာ လာတတ်တယ်လို့ အောက်မေ့နေရမယ် (မှန်ပါ့)။
သေခါနီးမှာ စိတ်မချမ်းသာတာလာလိမ့်မယ်
ဘာလာတတ်ပါလိမ့် (နှလုံးမသာယာတာ လာ တတ်ပါတယ် ဘုရား)၊ နှလုံးမသာယာတာ ဆိုတော့ စာသံ ပေသံပါနေတယ်တဲ့၊ စိတ်မချမ်းသာတာ လာလိမ့်မယ် (မှန်ပါ့)။
အယံ- ဤငါမှာတော်မူတဲ့ စကားသည်၊ ဝေါ တုမှာကံ= သင်ချစ်သားတို့အား၊ အနုသာသနီ-အရေးကြီးလို့ ဆုံးမတဲ့ အချက်အလက်ပေတည်း။ ဒါ အရေးကြီးလို့ ဆုံးမတာ (မှန်ပါ့ ဘုရား)၊ ဒါဖြင့် ဘုရားက အရေးကြီးတယ်ဆိုရင် ကျုပ်တို့က ပေါ့လို့မဖြစ်သေးဘူး (မှန်ပါ့)။
ငရဲသွားမည့်ပုဂ္ဂိုလ်
ကိုင်း- ဒါဖြင့် ဒကာဒကာမတို့ လူတစ်ယောက် စုတိ စိတ်ကျရတော့မယ်ဆိုတော့ သြော်- အသေ မြန်လိုက်တာလို့ အောက်မေ့ မနေပါနဲ့၊ မသေခင် ဖျတ်ခနဲ ခေတ္တကလေးမှာပဲ ဘာတွေ မြင်ရ မလဲလို့ မေးလို့ရှိရင် ဂတိနိမိတ်ထင်တဲ့ ပုဂ္ဂိုလ် ဆိုရင် ငရဲသွားမှာဖြင့် ငရဲအိုးတို့ ငရဲထိန်းတို့ ငရဲမီးလျှံ တို့ကို မြင်လာတယ် (မှန်ပါ့)၊ ကြောက်စရာ မကောင်းဘူးလား (ကောင်းပါတယ် ဘုရား)။
ပြိတ္တာသွားမည့်ပုဂ္ဂိုလ်
ပြိတ္တာဘုံ သွားမှာဖြင့် တောတို့၊ တောင်တို့၊ ချောက် တို့၊ ချိုင်တို့ ဒါတွေမြင်လာတယ်၊ လူ့ပြည် သွားမည့် ပုဂ္ဂိုလ်ဖြစ် ရင် အမိဝမ်းရေတွေ ဘာတွေ မြင်လာတယ် (မှန်ပါ့)။
နတ်ပြည်သွားမည့်ပုဂ္ဂိုလ်ဖြစ်ရင် နတ်သမီး ပဒေသာ ပင်၊ ဥယျာဉ်နေစရာ ထိုင်စရာ တိုက်တာ၊ အိမ်ခန်းတွေ ထင် လာတယ် (မှန်ပါ့ ဘုရား)၊ မထင်ဘဲနဲ့တော့ ဒကာဒကာမ တို့ မသေဘူး (မှန်ပါ့)၊ ဒါဖြင့် ငရဲနိမိတ်တွေထင်လာ တယ်၊ ခွေးနက်ကြီးတွေ ထင်လာတယ်၊ တောင်တွေ၊ ချောက်တွေ ထင်လာတယ်၊ ပင်လယ်ကြီးတွေ ထင်လာတယ်ဆိုလို့ ရှိရင်ဖြင့် ဒါဟာ ငရဲပြိတ္တာ အသူရကာယ် သွားရတော့မယ် ဆိုတာဟာ သားလည်း မတတ်နိုင်ပါဘူး၊ အနားက ဆေးခွက် ကိုင်ပြီးစောင့်ရုံပါပဲ၊ သမီးကလည်း မတတ်နိုင်ဘူး၊ မျက်နှာ ညှိုးငယ်စွာနဲ့ နေရစ်ရုံပဲ၊ ခင်ပွန်းကလည်း အနားကကြည့်ပြီး သကာလ ဒီတောင်က တက်မှာ မဟုတ်ဘူး ဆိုတာ ဒါပဲ သူတွေးလုံးရှိတယ် (မှန်ပါ့)။
ဘေးက ပုဂ္ဂိုလ်တွေ ဘယ်သူမှ မသိဘူး၊ သေမည့် ပုဂ္ဂိုလ်ကဖြင့် အင်း- ငါဖြင့် မှားခြင်းကြီး မှားခဲ့ပြီလို့ နှလုံးမသာယာခြင်းဟာ လာတယ်ဗျ (မှန်ပါ့) ဝိပဿနာ မလုပ်ရင် လာနိုင်တယ်နော် (မှန်ပါ့)။
ဒါဖြင့် ဒကာဒကာမတွေ ဘုရား အကြိမ်ပေါင်း များစွာ မှာတော်မူတဲ့ ဝိပဿနာလုပ်ကြ၊ မလုပ်ရင် သေခါနီးမှာ မင်းတို့ နှလုံးမသာယာတဲ့ စိတ်မချမ်းသာမှုဟာ မုချတွေ့ရလိမ့် မယ်လို့ မှာတော် မူတာ အထူး မလုပ်သင့်ဘူးလား (လုပ် သင့်ပါတယ် ဘုရား) မုချတွေ့ရလိမ့်မယ်လို့ မှာတော်မူတာပဲ။ ပုထုဇဉ် အမိုက်တွေသဘောနဲ့ သေတစ်နေ့ မွေးတစ်နေ့ပဲလို့ ဒီအသုံးမျိုးတွေ မသုံးလိုက်ပါနဲ့၊ တကယ်မြင်လာတော့ ကိုယ်ပဲ မျက်ရည်ကြီးငယ်ကျတာပဲ (မှန်ပါ့)။
ဦးခင်မောင်ရေ အရုပ်မဆိုးဘူးလား (ဆိုးပါတယ် ဘုရား) မောင်သစ်တို့ ဒါတွေကြပ်ကြပ် သတိထားကြပါ (မှန်ပါ့ ဘုရား)။
အားလုံးဒကာ ဒကာမတွေ မသေခင် ဝိပဿနာရှု ကြဖို့ဆိုတာ ၁, နံပါတ်မှတ်နော် (မှန်ပါ့) ကုသိုလ်တရား တွေမှ မရှိခဲ့လို့ရှိရင် အကုသိုလ်တွေ များနေတဲ့ပုဂ္ဂိုလ်၊ အကု သိုလ် အကျိုးပေးမယ့် ပုဂ္ဂိုလ် ဆိုရင် ငရဲ တိရစ္ဆာန်၊ ပြိတ္တာ, အသူရကာယ်နိမိတ်ဟာ မသေခင်က ကိုယ်သွားရမည့် နေရာ မြင်နေရတယ် (မှန်ပါ့) ဘယ်မှာကောင်းနိုင်စရာ မြင်သေးရဲ့လား (မမြင်ပါ ဘုရား)။
အဲဒီမှာ ခင်ဗျားတို့ သြော် ဆရာသမား ကလည်း တိုက်တွန်းရှာတယ်၊ သူတော်ကောင်းတွေ ဟူသရွေ့ ကလည်း လုပ်ကြပါ။ လုပ်ကြပါလို့ တိုက်တွန်း ကြတယ်၊ ကိုယ့်ကိုယ်က ဒါဖြေးဖြေးမှ လုပ်မယ်ဆိုတဲ့ လွှဲရှောင်မှုကြောင့် လည်းကောင်း၊ ကိုယ်ကိုယ်တိုင် သားရေး၊ သမီးရေး၊ စီးပွားရေးကို အရေး မကြီး ရမှာ ကြီးပြီး နေချက်ကြောင့် လည်းကောင်း၊ အဲဒီမှာ နှလုံးမသာယာဘဲနဲ့ ကိုယ်ကျိုး နည်းပေါ့ ဆိုပြီး ဝိညာဏ်ချုပ်ရ တယ် (မှန်ပါ့) ဘယ်လောက်များ နာသတုံး (နာပါတယ် ဘုရား)။
ဘယ်လို ဝိညဏ်ချုပ်ရမှာပါလိမ့် (ကိုယ်ကျိုးနည်း ပေါ့ဆိုပြီး ချုပ်ရမှာပါ) ကိုယ်ကျိုးနည်းပေါ့။ ရှာထားတဲ့ ပစ္စည်း ကလည်းမကယ်နိုင်ဘူး၊ သား, လင်, ခင်ပွန်း, သားသမီးတွေ က အနားမှာရှိပြီး သကာလ နေကြငြား သော်လည်း ဘယ်သူမှ မပြောနိုင် မဆိုနိုင်ဘဲနဲ့ တစ်ခါတည်း ဖျတ်ဆို ဒီကစုတိ၊ ဒကာ ဒကာမတို့ ဒီက စုတိစိတ်ကလေး ဖြစ်တယ်နော် (မှန်ပါ့)။
စုတိစိတ်ဆိုတာ
လူ့ပြည်မှာ တစ်ဘဝရဲ့ နောက်ဆုံးပိတ် စိတ်ကလေး ကို ဘာစိတ်လို့ခေါ်ကြမယ် (စုတိစိတ်ပါ ဘုရား)၊ စုတိပြီးတော့ ဖျတ်ဆို ငရဲသွားမည့် ပုဂ္ဂိုလ်ဖြင့် ငရဲမှာ အကောင် အထည်သွားဖြစ်တယ် (မှန်ပါ့) သူမြင်ထားတဲ့ အတိုင်း ဒီအထဲ ရောက်တယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ဒါဖြင့် -ဒကာဒကာမတို့ ကြာသလား (မကြာပါ ဘုရား) ၁, မှာသေတယ်၊ ၂ မှာ ဒယ်အိုး ရောက်တယ် (မှန်ပါ) ၁, မှာ သေတယ်၊ ၂ မှာ ခွေးဝမ်းထဲ ဝက်ဝမ်းထဲ ရောက်တယ် (မှန်ပါ့) ဘယ်လောက်များ ဆိုးသတုံး (ဆိုးပါတယ် ဘုရား) မမြန်ဘူးလား (မြန်ပါတယ် ဘုရား)။
ဒါခြောက်လှန့်ဟောတဲ့ တရား မဟုတ်ပါဘူးတဲ့၊ ဒကာ ဒကာမတို့ ဖြစ်စဉ်ကိုက်တရား မှတ်ပါ (မှန်ပါ) သတိပေး နေတာပါ၊ တရားကို မဟောသေးပါဘူး (မှန်ပါ)။
ဘုရားကအကြိမ်များစွာသတိပေးတယ်
တရားဟောသေးတာ မဟုတ်ပါဘူး၊ ဒကာ ဒကာမတို့ ဝိပဿနာစတဲ့ ကုသိုလ်တွေ မရှိလို့ရှိရင် မဂ်ဖိုလ်မရသေး လို့ရှိရင် ဤစခန်းနဲ့ ဤလမ်းဟာ မလွဲတမ်း သွားရမယ်ဆိုတာ ခင်ဗျားတို့ကို သတိပေးတာပါ (မှန်ပါ့ ဘုရား) ဘုရားကလည်း အကြိမ်ပေါင်းများစွာ သတိပေးတယ် ဦးခင်မောင် (မှန်ပါ ဘုရား)
ဒါဖြင့် ကျုပ်တို့မှာ ဪ ၁, ဆိုရင် စုတိစိတ် ချုပ်သွားရင် ၂, ဆိုရင် ငရဲသွားမည့် ပုဂ္ဂိုလ်ဖြင့် ငရဲ ရောက် တယ်၊ ပြိတ္တာဘုံ သွားမည့် ပုဂ္ဂိုလ်ဖြစ်ရင် ပြိတ္တာအထည် ကြီးသွားဖြစ်တယ်။ (မှန်ပါ့) ပြိတ္တာ ခန္ဓာကိုယ်ကြီး ချက်ချင်း သွားဖြစ်တယ် (မှန်ပါ့) ဝမ်းထဲ ပဋိသန္ဓေ နေသလို (ဂဗ္ဘသေယျက) မဟုတ်ဘူး၊ အဲဒါတွေ ဘွားခနဲသွားဖြစ်တယ် (မှန်ပါ)။
အဲဒီတော့ ဘုန်းကြီးတို့ ဒကာဒကာမတွေ ကိုယ်သွားရ မည့် လမ်းကလည်း မြင်ပြန်၊ ဖြစ်တာကလည်း ချက်ချင်းဖြစ် ရမှာဆိုတော့ ဒီပုဂ္ဂိုလ် မသေခင်ကလေး ဝမ်းနည်းမလား၊ မနည်း ဘူးလား (နည်းပါတယ် ဘုရား)။
ဪ ဘုရားစကား နားမထောင်ခဲ့တာ၊ ဆရာ သမားစကား နားမထောင်ခဲ့တာ ကိုယ်ကျိုး နည်းပြီ ဆိုပြီး မျက်ရည်ဟာ မျက်လုံး နှစ်ဖက်က နေပြီး သူအိပ်နေတဲ့၊ မမာ နေတဲ့ ခေါင်းအုံး ပေါ်မှာ စီးကျတယ် (မှန်ပါ့)။
ဘယ့်နှယ်ကြောင့် စီးကျသတုံး ဆိုတော့ ဒီသွားရမည့် လမ်းကို မြင်နေလို့ (မှန်ပါ့) ဘယ်သူက ကယ်နိုင်သေး သတုံး (မကယ်နိုင်ပါ ဘုရား)။
စိန်တွေ၊ ရွှေတွေ၊ မြတွေ၊ တိုက်တွေ၊ ကားတွေက ဘာများ အကူအညီ ပေးသေးသတုံး (ဘာမှမပေးပါ ဘုရား) ဒါဖြင့်ဒီက စုတိပြီးတော့ ဒီက ပဋိသန္ဓေလာမယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ပဋိသန္ဓေလာတယ် ဆိုတော့ ဦးခင်မောင်ရေ၊ ပေါ့လို့ တော့မတော်တော့ဘူး (မတော်ပါ ဘုရား)။
ဖြစ်စဉ်ကိုက်သတိပေးနေတာ
အားလုံး ဒကာ ဒကာမတွေ ဒီနေ့ လေးလေးနက် နက်နဲ့ ဖြစ်စဉ်ကိုက် သတိပေးနေဆိုတဲ့ ဥစ္စာ မှတ်ကြ စမ်းပါ (မှန်ပါ့) ဖြစ်စဉ်ကိုက် သတိပေး နေတယ်ဆိုတာ မှတ်ကြစမ်းပါ၊ အခု နေကြ ထိုင်ကြတာ ပေါ့သလောက် သေခါနီးမှာ ဒုက္ခရောက်မယ် (မှန်ပါ့)။
အခုပေါ့သလောက် ဘာဖြစ်မယ် (သေခါနီးဒုက္ခ ရောက်ပါမယ် ဘုရား)။
အရပ်ပြောစကားကိုနားမထောင်နဲ့
အဲဒါကြောင့် ဘယ်သူပြောတာမှ နားမထောင်နဲ့၊ ဘုရားဟောတာ ကိုသာ နားထောင်ပေါ့၊ ဘုရားဟောကို ယူပြီးပြောတဲ့ ဆရာသမားတွေ စကားကိုသာ နားထောင်ကြပါ။ ဒါနှစ်ခုသာ ခင်ဗျားတို့ အဓိက ထားကြပါ (မှန်ပါ့)၊ အရပ်ပြော စကားတွေကို နားထဲမှာ မသွင်းပါနဲ့ (မှန်ပါ့)။
မင်းတို့ ဒီအလုပ် လုပ်တာကို တို့က မလုပ်နဲ့ မဆိုဘူး၊ ကောင်းတော့ ကောင်းတာပဲ၊ ကောင်းငြား သော်လည်း ကိုယ့်မှာ သားနဲ့၊ သမီးနဲ့၊ ဆွေနဲ့၊ မျိုးနဲ့ဆိုပြီး လှည့် လှည့်သွားတယ် (မှန်ပါ့) မလှည့်ဘူးလား (လှည့်ပါတယ် ဘုရား)။ အဲဒီလှည့်တာကို မလှည့်ပါနဲ့ (မှန်ပါ့)။
လှည့်တဲ့ ပုဂ္ဂိုလ်ဟာလည်း ဒီတရားမျိုး မနာဘူးလို့ သူ့စိတ်သည် အမျိုးမျိုး ဖောက်ပြန်တာလို့ မှတ်ကြရမယ် (မှန်ပါ့) ဘာမှကိုးစားရာ အားထားရာ မရှိဘူး၊ သူပြောတာ တွေဟာ ကိုယ့်နောက်ပါလို့ သိရဲလား (မသိပါ ဘုရား) မသေ ခင်က ကိုယ့်အမြင်ကကော ဒကာ ဒကာမတို့ အင်မတန်မှ ဆိုးဝါးတဲ့ အမြင်ကြီး မမြင်ရဘူးလား (မြင်ရပါတယ် ဘုရား)။
အဲဒီမှာ တစ်ခါတည်း ခန္ဓာကိုယ်ကလည်း အကြော တွေ ဘာတွေဆွဲ တွန့်လိမ်ပြီး မျက်ရည်တွေ ကလည်းကျ၊ မျက်နှာတွေ ကလည်း ညှိုးမလာဘူးလား (လာပါတယ် ဘုရား)။
အဲဒါ ညှိုးချင်လို့ ညှိရတယ် ထင်သလား၊ ဘေးကလူ ကိုလည်း မပြောနိုင်၊ သူ့အမြင်ကလည်း အဲဒီသွားရမှာမြင်နေလို့ ကိုယ်ကျိုးတော့ လှလှကြီး နည်းပေါ့ ဆိုပြီး မှိုင်တွေ ချပစ် လိုက်တာပဲ (မှန်ပါ့) ဘယ်လောက်များ ကြောက်စရာ ကောင်းသတုံး (ကောင်းပါတယ် ဘုရား)။
မလုပ်ရင်မဖြစ်တဲ့ အလုပ်ဟာ ဝိပဿနာ
ဒါဖြင့် ဘယ်လို စဉ်းစားကြမလဲ (ဝိပဿနာလုပ် ပါ့မယ် ဘုရား) ဝိပဿနာ အလုပ်ကိုတော့ လုပ်မှပဲ (မှန်ပါ့) ဝိပဿနာ အလုပ်ကို လုပ်မှပဲလို့ ဦးဘတင်တို့ သေသေချာချာ မှတ်ရမယ် (မှန်ပါ့) မလုပ်ရင် မဖြစ်တဲ့ အလုပ်ဟာ ဒါအပါ အဝင်ပဲ (မှန်ပါ့)။ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
မလုပ်ရင်မဖြစ်တဲ့အလုပ်ဟာ (ဒါအပါအဝင်ပါ ဘုရား) ဘယ်သူပါလိမ့် (ဝိပဿနာပါ ဘုရား) ဦးဘအုန်း ပျော့လို့ တော်ပါ့မလား (မတော်ပါ ဘုရား)။
ပျော့လို့ လျော့လို့ဖြင့် ဒကာဒကာမတို့ လုံးဝမတော်ဘူး ဆိုတာ သေသေချာချာ မှတ်ပါ (မှန်ပါ့) သေစမ်းလိုက် ချင်သေးတယ်တော့ မလုပ်နဲ့နော် (မှန်ပါ) မကယ်နိုင်တဲ့ နေရာ ရောက်သွား မယ် (မှန်ပါ့)။
သေစမ်း လိုက်ချင်သေးတယ် ဆိုတာဖြင့် ကိုယ်ကိုယ် တိုင် ကယ်မည့်သူ၊ ယူမည့်သူ မရောက်ခင် သွားလိုက်ဦးမယ် ဆိုတဲ့ စကားနဲ့လည်း အတူတူ ဖြစ်ပါလိမ့်မယ် (မှန်ပါ့) ဘယ်လောက် ကြောက်စရာ ကောင်းသတုံး (ကောင်းပါ တယ် ဘုရား)။
ဒါလူတိုင်း အလုပ်နဲ့နော် (မှန်ပါ့) ဒါဖြင့် သေခါ နီးမှာ သွားရာ မမြင်ဘဲနဲ့ နိဗ္ဗာန်မရသေးတဲ့ ပုဂ္ဂိုလ်မှာ ဘယ်တော့မှ မသေဘူးလို့ မှတ်ပါ (မှန်ပါ့)။
ဒါဖြင့် ဒကာ ဒကာမတို့ အမေကကော အားကိုးရ မလား (မကိုးရပါ ဘုရား) အဖေကကော (အားကိုးမရပါ ဘုရား) ရှာထားတဲ့ ပစ္စည်းတွေ (အားကိုးမရပါ ဘုရား) အဲဒါတွေ အားကိုးမရဘူး ဆိုတော့ ဘာပဲ အားကိုးစရာ ရှိသတုံး (ဝိပဿနာပဲ အားကိုးစရာ ရှိပါတယ် ဘုရား)။
အဲ ဝိပဿနာရှုလိုက်တော့ ကိုယ့်သန္တာန်မှာ မဂ္ဂင်ကလေးက ရောက်လာတယ် (ရောက်လာ ပါတယ်) အဲဒီ မဂ္ဂင်ဟာ ကိုယ့်အားကိုးရာ အစစ်ပဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဦးခင်မောင်ရေ ကြွားခဲ့သရွေ့၊ မော်ခဲ့သရွေ့၊ အဲဒီမှာ ဗိုင်းဗိုင်းလဲတာပဲ (မှန်ပါ) ဘယ်လောက်များ ကြောက်စရာ ကောင်းသတုံး (ကောင်းပါတယ် ဘုရား)။
အင်မတန် ကြောက်စရာ ကောင်းလွန်းလို့ ဘုရား သခင် ကိုယ်တော်မြတ်ကြီးသည် အကြိမ်ပေါင်း များစွာ မှာတဲ့ စကားတော်သည်ကား လို့ဆိုရင် သာမည အရေးကြီးလို့ ဒီအမှာကို မှာသည်လို့ မအောက်မေ့ကြပါနဲ့၊ အလွန် အရေးကြီးလို့ မှာတယ်ဆိုတာ ဒကာ ဒကာမတွေက အောက်မေ့ရမယ် (မှန်ပါ့)။
ကိုင်း- ဒကာ ဒကာမတွေ ဘုရားမှာတော်မူတာ မသေခင်က ဘာလုပ်ကြမတဲ့တုံး (ဝိပဿနာ ရှုကြရပါ့ မယ် ဘုရား) မလုပ်ခဲ့သော် သေခါနီးမှာ စိတ်ပျက်ရလိမ့်မယ် (မှန်ပါ့) ကိုယ်ကျိုးနည်းပြီ ဆိုတဲ့စိတ် ပေါ် ရလိမ့်မယ် (မှန်ပါ့) အဲဒီအချိန် ကျတော့ ကယ်လို့ ယူလို့ ရသေးရဲ့ လား (မရပါ ဘုရား)။
အဲဒါကြောင့် ဒကာ ဒကာမတွေ ကတော့ ပြောကြမှာ ပဲတဲ့၊ အမြင်ကလေး ကြည့်ပြီး သကာလ အခုမှတွေ့တဲ့ ဧည့်သည်တွေကို အရေးတကြီး ထားပြီး ပြောနေကြမှာပဲ (မှန်ပါ့)။
အခုမှတွေ့တဲ့ ဧည့်သည် ဆိုတာ ဆွေမျိုး ဉာတကာ တွေဟာ အခုမှတွေ့တဲ့ ဧည့်သည်တွေပဲ (မှန်ပါ့) သား တွေ သမီးတွေကကော (အခုမှတွေ့တဲ့ ဧည့်သည်တွေ ပါ ဘုရား)။
အဲဒီ ဧည့်သည်တွေ အရေးတကြီး ထားပြီး ဧည့်သည် တွေ တွေ့နေတာနဲ့ပဲ ဝိပဿနာအလုပ် မလုပ်ဖြစ်ဘူး (မှန်ပါ့) အဲဒီလိုဖြစ်ပြီး သကာလ နေတော့ အရေးမကြီးရမှာကို အရေး ကြီးပြီး အမိုက်ခံပြီး အရူးခံပြီး သကာလ နေတဲ့ အနေမျိုး တွေဟာ ဒကာ ဒကာမတွေမှာ နာရီနဲ့ တွက်ကြည့်ရင် သိပ်များ နေတယ် (မှန်ပါ့) မများကြဘူးလား (များပါတယ် ဘုရား) အခု ပြုံးသလောက် မဲ့ရမယ် ဆိုတာလည်း သေချာ တယ်, (မှန်ပါ့)။
ဘယ်လိုပါလိမ့် (အခု ပြုံး သလောက်လည်း မဲ့ရ မှာပါ ဘုရား) အခုလည်း ပြုံးတယ် သာ ဆိုရတာပါ ဒကာ ဒကာမတို့ စားဖို့ရှာ၊ ဝတ်ဖို့ရှာ၊ နေဖို့ရှာ၊ သားပူ၊ သမီးပူ၊ ဆွေပူ၊ မျိုးပူနဲ့ဆိုရင် ဦးခင်မောင်တို့ ပြုံးချိန် ဆိုလည်း နည်းပါ လိမ့်မယ် (နည်းပါတယ် ဘုရား) နည်းပြီး သကာလ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက မေ့လုံး များနေတယ် (မှန်ပါ့) မများကြဘူးလား (များပါတယ် ဘုရား) ဘာများနေ ကြသတုံး (ဝိပဿနာကို မေ့လုံး များနေပါတယ် ဘုရား)။
ခန္ဓာရှိလျက် ခန္ဓာမေ့နေတယ်
ဝိပဿနာ အလုပ်ကို မေ့နေတယ်ဆိုတော့ ခန္ဓာကို စိုက်ရှု ရမည့်ဥစ္စာ ခန္ဓာရှိလျက်နဲ့ ခန္ဓာမေ့နေတာ (မှန်ပါ့)။ ဘယ်လို ဆိုကြပါမယ် (ခန္ဓာရှိလျက်နဲ့ ခန္ဓာမေ့နေတာပါ ဘုရား)။
သြော်- ဖြစ်မှ ဖြစ်ရလေဗျာ၊ ခန္ဓာရှိလျက်နဲ့ ခန္ဓာမေ့နေ တယ် ဆိုတဲ့ အဓိပ္ပာယ်က အတော် ကြောက်စရာ ကောင်းပါ ကလား (မှန်ပါ့) ဒါဖြင့် ဒကာ ဒကာမတို့ ခန္ဓာမရှိလို့ရှိ ရင်လည်း တော်သေးရဲ့ ခန္ဓာကြီးက အမျိုးမျိုးအဖုံဖုံ ဖောက် ပြန် ပျက်စီးပြီး ပြနေပါလျက်သားနဲ့ ဒီဟာ အမေ့ကြီး မေ့နေ တယ် ဆိုတဲ့ဥစ္စာ တခြားအာရုံ တွေပေါ်မှာ ဆွေပေါ် မျိုးပေါ် စီးပွားရေးပေါ်မှာ အရေးကြီးနေလို့ ကိုယ့် ခန္ဓာကြီး သွားရာ လမ်းခရီး အဖြောင့်ကို မလုပ်ဖြစ်တာပေါ့ (မှန်ပါ့) သိပ် ကြောက်စရာ ကောင်းပါ ကလား (ကောင်းပါတယ် ဘုရား)။
ဦးခင်မောင်ရေ ဒါဟာ အမိုက်ပိုနေတာ သေချာတယ် (မှန်လှပါ ဘုရား) နောက်က ဒကာ ဒကာမတွေ ဘာဖြစ်ကြမယ်ထင်သတုံး (အမိုက်ပိုတာ ပါ ဘုရား)။
အမိုက်ပိုပြီး သကာလ နေတာ သေချာတယ် ဆိုတော့ အခု ဒကာ ဒကာမတွေ နေကြ ထိုင်ကြတာ ကြည့်လိုက်လို့ ရှိရင်ဖြင့် တစ်နေ့ သော်လည်း မအားဘူး၊ နောက်တစ်နေ့ သော်လည်း မအားဘူးတဲ့ (မှန်ပါ့)။
အိပ်ပြန်တော့လည်း နက်ဖြန် လုပ်စရာ ကြံစည်ပြီး အိပ်ကြရတယ် (မှန်ပါ့) နောက်ပြန် လုပ်စရာ ပြီးလို့ အိပ် ကြတာဟုတ်ကြရဲ့လား (မဟုတ်ပါ ဘုရား)။
ဪ ဒါဖြင့် ဒကာ ဒကာမတွေသည်ကားလို့ ဆိုလို့ရှိရင်ဖြင့်လည်း မဟုတ်ဘူးတဲ့ (မှန်ပါ့) အနေကောင်းတဲ့ အလုပ်လား ဆိုတော့လည်း မအားဘူးတဲ့ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
အသေကောင်းတဲ့ အလုပ်လား ဆိုတော့ ဝိပဿနာ မဟုတ်တဲ့အတွက် အသေကောင်းတဲ့ အလုပ်လည်း မဟုတ် ဘူး (မှန်ပါ့) အနေကောင်းတဲ့ အလုပ်လားလို့ မေးပြန် တော့လည်း မအားမလပ် နေရတယ် (မှန်ပါ့)။
အနေမကောင်း၊ အသေမကောင်း၊
ဒါဖြင့် ဘယ့်နှယ်ဆိုကြမလဲ (အနေမကောင်း၊ အသေလည်း မကောင်းပါ ဘုရား) အသေကောင်းတဲ့ အလုပ်၊ – အနေကောင်းတဲ့ အလုပ်ကို မဟုတ်ဘူး (မှန်ပါ့)။
အခုနေတာဟာ အသေကောင်းတဲ့ အလုပ်လားဆို တော့ ဝိပဿနာ မလုပ်ဖြစ်တော့ အသေကောင်းတဲ့ အလုပ် မဟုတ်ပြန်ဘူး (မှန်ပါ့)။
အနေကောင်းတဲ့ အလုပ်လားလို့ မေးပြန်တော့လည်း ဒကာ ဒကာမတွေ အမောဆိုက်ပြီး သကာလ ဟိုအလုပ်လည်း ပြီးတတ်တယ် မဟုတ်ဘူး၊ ဒီအလုပ်လည်း လုပ်ဆဲ (မှန်ပါ့) သားရေး၊ သမီးရေး၊ စီးပွားရေး တွေက မရှုပ်ကြဘူး လား (ရှုပ်ပါတယ် ဘုရား) ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမ တွေမှာ ဘာများ ဖြစ်နေကြ သတုံး မေးလို့ရှိရင်ဖြင့် အသေကောင်းတဲ့ အလုပ်လည်း တပည့်တော်တို့ လုပ်မနေမိပါ ဘုရား၊ အနေကောင်းတဲ့ အလုပ်လည်း တပည့်တော်တို့ လုပ်မနေမိ ပါဘူး (မှန်ပါ့) ဘယ်မှာတုံး၊ ဝတ်ရေး, စားရေးနဲ့ ရှုပ်နေ တာပဲ (မှန်ပါ့) မဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား)။
တစ်နေ့ သော်လည်း ဘာလုပ်သလဲ၊ လက် ဖက် ခြောက် ကုန်သည်က လက်ဖက်ခြောက် ရောင်းမှာပဲ (မှန်ပါ့) လက်ဖက်စို ကုန်သည်ကကော (လက်ဖက်စို ရောင်းမှာပါ ဘုရား) ရွှေဆိုင် ငွေဆိုင် ကလည်း (ရွှေ၊ ငွေ ရောင်းမှာပါ ဘုရား) အားရဲ့လား (မအားပါ ဘုရား)။
မအားတာသည် ဒကာ ဒကာမတို့ အနေကောင်းတဲ့ အလုပ်ကလည်း အနေကောင်းဆိုတာ အားပါရဲ့လား (မအားပါ ဘုရား) အသေကောင်း အလုပ်ကော လုပ်ဖြစ်ပါရဲ့လား (မလုပ်ဖြစ်ပါ ဘုရား)။
သြော်- ဒါဖြင့် ဒကာ ဒကာမတွေ လူ့ပြည်လာတာ သည် အနေကောင်း နေမလို့ လာတာလည်း မဟုတ်ဘူး၊ အသေကောင်း သေမလို့ လာတာကော (မဟုတ်ပါ ဘုရား) ရှုံးလိုက်တဲ့ ဖြစ်တွေ ဒကာ ဒကာမတို့ သေသေချာချာ စာရင်းကိုက် ကြည့်တော့မှ ဦးခင်မောင် (ရှုံးပါတယ် ဘုရား) ဒကာ ဒကာမတွေ ကိုယ့်အရှုံး ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
အသေကောင်း အလုပ်လည်း မလုပ်ဖြစ်ဘူးတဲ့၊ အနေ ကောင်းတော့လည်း နေရပါရဲ့ လား (မနေရပါ ဘုရား) နံနက် မိုးလင်းလာလို့ ရှိရင်ဖြင့် ဆိုင်ရာ ဆိုင်ရာ ပြောရ ဆိုရ သွားရ လာရ စိတ်မော ကိုယ်မော မရှိကြဘူးလား (ရှိ ပါတယ် ဘုရား)။
ဟိုကြည့် ဒီကြည့်ရ၊ ဟိုဟာ စီမံရ၊ ဒီဟာ စီမံရ ဒါတွေကလည်း အားလပ်ခွင့်များ ရသေးရဲ့လား (မရပါ ဘုရား) မတော် လက်ဖက်ရည်လေး တစ်ခွက် ဖြောင့်ဖြောင့် သောက်ဖို့ မရပါဘူး (မရပါ ဘုရား) ထမင်း ကလေးတောင်မှ နှစ်ထပ်ကို တစ်ထပ် ပေါင်းစား ရတဲ့အခါ ပါသေးတယ် (မှန်ပါ့) မပါကြဘူးလား (ပါ, ပါတယ် ဘုရား)။
အဲဒီတော့ ဒီဥစ္စာသည်ကား လို့ဆိုရင် အနေကော သူတို့သည် ကောင်းပါရဲ့လား (မကောင်းပါ ဘုရား) အသေကောင်းတဲ့ အလုပ်ကော လုပ်ဖြစ်ပါရဲ့လား (မလုပ်ဖြစ် ပါ ဘုရား)။
ဪ ဒါဖြင့် ဒကာ ဒကာမတို့ လူ့ပြည်တက် လာတာ အရှုံးခံမလို့ တက်လာတဲ့ အခြေအနေကို ကိုယ့် ရည်ရွယ်ချက်ကဖြင့် ဒီအတိုင်း ဆိုက်နေတာပဲ ဆိုရင်ဖြင့် ငြင်းဖို့ လိုသေးသလား (မလိုပါ ဘုရား)။
အသေကောင်းတဲ့ အလုပ်ကိုလုပ်ပါ
ဒါဖြင့် ဒီက ရှေ့ပြောင်းကြပါဦး ပြင်ကြပါဦးဆိုတာ ဦးဘတင်တို့ကို သတိပေးရတယ် (မှန်ပါ့) အနေ ကောင်းကလေး နေပြီး သကာလ အသေကောင်း ကလေး သေတဲ့ အလုပ်ကို လုပ်စမ်းပါဦး အနေကောင်း နေစရာအလုပ်၊ အသေကောင်းတဲ့ အလုပ် ဆိုတာကို လုပ်စမ်းပါဦး၊ အနေကောင်း နေစရာ အလုပ်ကလေးတွေ အားလပ်ခွင့်ယူပါဦး (မှန်ပါ့)။
အသေကောင်းတဲ့ အလုပ်ဆိုတာက အလုပ်အားလပ် ခွင့်ရှိမှ အသေကောင်းတဲ့ အဖြစ်တဲ့၊ ဝိပဿနာအလုပ်ကို လုပ်ဖြစ်မှာ (မှန်ပါ့) အနေကောင်းမှ မနေရတဲ့ပုဂ္ဂိုလ်က အသေကောင်းကိုဖြင့် ဘယ့်နှယ်လုပ်ပြီး လုပ်ဖြစ်ပါ့မတုံး (မလုပ်ဖြစ်ပါ ဘုရား)။
ဦးဘအုန်းရေ ဒီဥစ္စာတွေဖြင့် အနေကောင်းကလေး နေရအောင်လည်း လုပ်ကြစမ်းပါဦး၊ သွားလာပြီး သကာလ ပြောဆိုနေရတဲ့ အလုပ်ကလည်း ပတ်ဝန်းကျင် အခြေအနေနဲ့ ကြည့်လိုက်တဲ့ အခါကျတော့ ရှုပ်ပွနေကြတာပဲ (မှန်ပါ့)။
အဲဒီတော့ အနေကောင်းကော ဟုတ်ပါရဲ့ လား (မဟုတ်ပါ ဘုရား) အနေကောင်းမှ မနေရတဲ့ ပုဂ္ဂိုလ်ဟာ အသေကောင်း အလုပ် လုပ်ဖြစ်ဖို့ရာ အတော်ခဲယဉ်းတယ် (ခဲယဉ်းပါတယ် ဘုရား) မခဲယဉ်းကြ ဘူးလား (ခဲယဉ်းပါ တယ် ဘုရား) ရှိတဲ့ ပုဂ္ဂိုလ်လည်း ရှိလို့မအားဘူး (မှန်ပါ့) မရှိတဲ့ ပုဂ္ဂိုလ်လည်း မရှိလို့မအားဘူး (မှန်ပါ့)။
အပါယ်ပြန်ဖို့ ရိက္ခာစုနေတာ
ဪ ဒါဖြင့် ဒကာ ဒကာမတို့ လူ့ပြည်လာ တာသည် ဘာလုပ်ကြမတုံး မေးလို့ရှိရင်ဖြင့် အနေကောင်း မနေရဘဲနဲ့ အသေကောင်း မသေရအောင် တပည့်တော်တို့ ဘုရား၊ မိဘရပ်ထံနဲ့ တူတဲ့ အပါယ်လေးပါး ပြန်ရအောင် ရိက္ခာစုလာတာပဲ (မှန်ပါ့)။
ဘယ်လို ဆုံးဖြတ်ချက် ချကြမလဲ (ရိက္ခာစုလာ တာပါ ဘုရား)။ ဒါနစ်နာအောင် ပြောတယ်လို့ အောက်မေ့မနေပါနဲ့ (မထင်ပါ ဘုရား)၊ ခင်ဗျားတို့ ဖြစ်တဲ့စိတ်ကို ပြောရလို့ရှိရင် တစ်နေ့တည်း မြင်တဲ့စိတ်ပဲ မရေတွက်နိုင်ဘူး၊ အပါယ် သွားမည့် စိတ်တွေ (မှန်ပါ) ရေတွက်နိုင်ပါ့မလား (မရေတွက်နိုင်ပါ ဘုရား)။
မျက်စိတစ်မှိတ်မှာ ကုဋေတစ်သိန်းတောင် ဖြစ်တာပဲ .(မှန်ပါ)၊ ကုဋေတစ်သိန်းထဲက အကုသိုလ်ဇောကတော့ ကုဋေငါးထောင် လောက်တော့ မပါပေဘူးလား (ပါ, ပါတယ် ဘုရား)။
အဲ ကုဋေငါးထောင်လောက်ဖြစ်တဲ့ အကုသိုလ် စိတ်တွေဟာ တစ်ခါတစ်ခါ အပါယ်ငရဲမှာ ခံရမယ် ဆိုရင် ဒီစိတ်ပေါင်း ဘယ်လောက် ချွတ်ယွင်းချက် ရှိနေသတုံး ငါးထောင်လျော့လျော့လောက် ကျန်နေတယ် (မှန်ပါ့)။
နှစ်စိတ်လောက် အကုသိုလ်ဖြစ်လိုက်မယ်ဆိုတော့ ခုနင်က ကုဋေငါးထောင် ထပ်လာဦးမယ် (မှန်ပါ့) ဒါကြောင့် လွတ်ရက် ရှိနိုင်သေးရဲ့လား (မရှိပါ ဘုရား)။
အဲဒီတော့ လွတ်ရက်မရှိတဲ့ နေရာဌာန ရောက်ဖို့ တပည့်တော်တို့ ရိက္ခာစု လာတယ်ဆိုတာ နာအောင်ပြောတာ မဟုတ်ပါဘူး (မှန်ပါ့) ဦးဇံရင် နာအောင်ပြောတာလား ဖြစ်စဉ်ကိုက်ပြောတာလား (ဖြစ်စဉ်ကိုက် ပြောတာပါ ဘုရား)။
အဲဒီတော့ အခုပြုံးသလောက် ဟိုမှာ မဲ့ရမည်ဆိုတဲ့ ဥစ္စာ သဘောကျပလား (ကျပါပြီ ဘုရား)။
ပြီးတော့ ကံကလည်း ပြုလိုက်တဲ့ ကံကြောင့် ဒီကစုတိ ပြီး ဟိုမှာ ပဋိသန္ဓေဆိုတော့ ဟိုမှာ အရှင်သွား ဖြစ်တယ်။ (မှန်ပါ့) ဓားတွေ လှံတွေနဲ့ ငရဲထိန်းတွေက ခုတ်လိုက် ထစ် လိုက်ပေမယ့် သေသွားသလား ဆိုတော့လည်း အပြီးသေသွားတာ မဟုတ်ဘူး (မှန်ပါ့)၊ သေသွားလို့ ငါးကြော်တဲ့ အခါ အသေကောင်ကြီး အကြော်ခံနေရ သော်လည်း အသေကောင်ကြီး ကြော်နေတာ သူ့မှာ နာတော့တာမှ မဟုတ်ဘဲ ကိစ္စမရှိဘူး (မှန်ပါ့)၊ သူက ဒီလိုမသေဘူး ဒကာဒကာမ တို့ အရှင်ခံနေရတာ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဒါဖြင့် အရှင်ခံရမည့် အလုပ်က နှစ်အရေအတွက်ရှိ ရဲ့ လားလို့မေးတော့ နှစ် အရေ အတွက်တော့ ဘုရားမဟော ဘူး၊ မိမိလုပ်ထားတဲ့ ကံပေါ်မှာ တည်တယ် (မှန်ပါ့) ဒီကံကုန် ရင် ကုန်မယ်၊ ဒီကံမကုန်ရင် (မကုန်ပါ ဘုရား) ဘယ့်နှယ်လုပ် မလဲ ဦးဇံရင်တို့၊ ကံကလည်း ကုန်စရာများ ရှိသေးရဲ့ လား (မရှိပါ ဘုရား) မျက်စိတစ်မှိတ် ငါးထောင်လောက်၊ မျက်စိ နှစ်မှိတ် သုံးမှိတ်လောက် ဆိုတော့ မျက်စိ မှိတ်ပေါင်းက ဘယ်လောက်ပါလိမ့် (မရေမတွက်နိုင်ပါ ဘုရား)။
အကုသိုလ်ကြွေးက လည်ပင်းမကတော့ဘူး
အဲ မျက်စိ တစ်မှိတ်တောင် အကုသိုလ်စိတ်တွေ က ဒါလောက်တောင် များများဖြစ်တယ် ဆိုတော့ ဒကာ ဒကာမတွေမှာ ကြွေးလည်ပင်း မကပါဘူး၊ လူကိုမြုပ်နေပြီ (မှန်ပါ့) အကြွေးလည်ပင်း က သေးရဲ့လား (မကပါ ဘုရား)။ ဘယ့်နှယ်ဆိုကြမလဲ (လူကို မြုပ်နေပါတယ် ဘုရား)။
လူကိုမြုပ်နေတော့ ဒကာ ဒကာမတို့ ဒီအတိုင်းသာ ဆိုလို့ရှိရင် ဒီပုဂ္ဂိုလ် သေခါနီးမှာ ကိုယ်ကျိုး နည်းပြီ ဆိုတဲ့ ဟိုဘက် ဒီဘက် ခေါင်းအုံးပေါ် မျက်ရည်စီးကျတဲ့ အလုပ်သာ ဖြစ်ရမယ် (မှန်ပါ့) ဒီနိမိတ်က ဒီသွားရာ လမ်းခရီးကို မြင်ရ မယ် (မှန်ပါ့) အမေလည်း မပြောနိုင်ဘူး၊ အဖေလည်း မပြော နိုင်ဘူး၊ သူ့ဟာသူ မြင်ပြီး “ဖျတ်” ဆို ဒီစုတိစိတ်ဖြစ်တယ်၊ “ဖျတ်”ဆို ဟိုမှာ သွားရောက်တယ် (မှန်ပါ့ ဘုရား) ကြာရဲ့ လား (မကြာပါ ဘုရား)။
ကိုင်း ဒကာ ဒကာမတို့ ဘုရားမှာတော်မူတာ မလုပ်သင့်ဘူးလား (လုပ်သင့်ပါတယ် ဘုရား) သေခါနီးမှ စိတ်နှလုံး မသာယာတဲ့ ဖြစ်တွေကြီးနဲ့ ညှိုးငယ်တဲ့ မျက်နှာတွေ နဲ့ မသေလိုက်ပါနဲ့ ဒီအချိန်မှာ ကိုယ်တိုင် တွေ့ရလိမ့်မယ်ဆို တဲ့ဥစ္စာ ဒကာ ဒကာမတွေ လေးလေးနက်နက် စဉ်းစားဖို့ အချိန် ရောက်လာပါပြီ (မှန်ပါ့ ဘုရား) မရောက်သေးဘူးလား (ရောက်ပါပြီ ဘုရား)။ အားလုံးပဲ အားလုံးပဲ၊ အမေ မိဘ ညီအစ်ကို မောင်နှမ မတော်ဘူးတာ ဘယ်သူမှ မရှိ သလောက်ပါပဲ (မှန်ပါ့ ဘုရား) ဒါဟာ သက်သက် လေးလေး နက်နက် သတိပေးနေတာပဲ (မှန်ပါ့)။
ဘုရားဟောတော်မူလို့ သတိပေးတာပဲ ဒကာ ဒကာမတို့ (မှန်ပါ့) ဖြစ်စဉ်လည်း ကြည့်ကြပါ သေသေချာချာ ကိုက်ပါတယ်၊ ဘာမှ သံသယမရှိပါနဲ့၊ စုတိပြီး ပဋိသန္ဓေလာ တာပဲ (မှန်ပါ့) သူက အနန္တရ ပစ္စည်း၊ သူက အနန္တရပစ္စည်း၏ ပစ္စယုပ္ပန်ကိုး (မှန်ပါ့ ဘုရား) ဘာမှ သံသယရှိဖို့ လိုသေး သလား (မလိုပါ ဘုရား)။
အနန္တရပစ္စယော= အခြားမရှိမူ၍ ကျေးဇူးပြု တတ်သော တရားသည် လည်းကောင်း ဆိုတော့ သူလည်း စုတိစိတ် လည်း ချုပ်ပါရော ဒီပဋိသန္ဓေက ချက်ချင်းလာတယ် (မှန်ပါ့) ချက်ချင်းဖြစ်တယ် ဆိုတော့ ကြားထဲမှာ အခြားများ ရှိသေးရဲ့လား (မရှိပါ ဘုရား)။
မဂ်အလုပ်သာကယ်နိုင်တယ်
အဲဒီတော့ ခင်ဗျားတို့ ဘာမှ တွေးမနေနဲ့တော့ ဒီက ပြန်လို့ရှိရင်ဖြင့် ဒီမှာလာတဲ့ အခါမှာ ဖြစ်စေ၊ ဒီကပြန်တဲ့အခါ – မှာဖြစ်စေ ကိုင်း တို့ကို ဆရာသမားက လေးလေး နက်နက်နဲ့ ပြောတာပဲ အကြောင်း ဖြစ်စဉ်ကလည်း မှန်တာ တကြောင်း၊ ဘုရား ကိုယ်တိုင်ကလည်း အရေးတကြီးမှာခဲ့တာ တကြောင်းဖြစ်လို့ မဂ်အလုပ်ပဲ လုပ်မယ်လို့ ဆုံးဖြတ်ချက်ချ ကြပါ (မှန်ပါ့ ဘုရား) မဂ်အလုပ်ဆိုတာ ဖြစ်ပျက်ရှုတာ (မှန်ပါ့)။
မဂ်အလုပ် လုပ်လိုက်လို့ရှိရင် ခုနင်က မျက်စိ တစ်မှိတ် ကုဋေ ငါးထောင်ကျော် ဇောစိတ်တွေက ဖြစ်ပျက်နေတော့ ဇောစိတ်တွေကို ရေတွက်နိုင်ရဲ့ လား (မရေတွက်နိုင် ပါ ဘုရား) အဲဒီအထဲမှာ မဂ်စစ် တစ်ခါပေါ်ရင် အပါယ်သွား ရမည့် အကုသိုလ်ကံတွေ အကုန်လုံး အဟောသိကံ ဖြစ်တယ် (မှန်ပါ) ဘာမှ ကြောက်စရာမရှိဘူး (မှန်လှပါ ဘုရား)။
ဒါဖြင့် ဝိပဿနာအလုပ်၊ မဂ်အလုပ်သာ ကယ်တင် နိုင်တာပေါ့ ဒီပြင်ဟာကတော့ ယာယီပဲ ကယ်နိုင်တယ်နော် (မှန်လှပါ ဘုရား) မဂ်ကတော့ဖြင့် အမြဲကယ်နိုင်တယ် အကုသိုလ်ကံတွေ အဟောသိကံ ဖြစ်အောင် ကယ်နိုင်တယ် (မှန်လှပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အဲဒီတော့ သိန်းပေါင်းများစွာ ကြွေးတင်နေတာကို ဆားတစ်လျက်နဲ့ ကျေပါ့မယ်လို့ ကြွေးရှင်တွေက ပြောနေပါ လျက်သားနဲ့ ဆားကလေး တစ်လျက်မှ သွားပြီး မပေးချင်တာ လည်း ခင်ဗျားတို့ ဖျင်းလွန်းတယ် (မှန်ပါ့)၊ မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား)။
သိန်းပေါင်းများစွာ ကြွေးတင် နေတာကို ဆားတစ် လျက်နဲ့ ကျေပါ့မယ်လို့ ကြွေးရှင်က ပြောနေတာတောင် မာန် ခံနေရင်တော့ ခက်တယ် (မှန်ပါ့)၊ မခက်ဘူးလား (ခက်ပါတယ် ဘုရား)။
အဲဒီတော့ ခင်ဗျားတို့မှာ အကုသိုလ် ကြွေးပေါင်း ဘယ်လောက် ရှိသတုံး (မရေမတွက် နိုင်ပါ ဘုရား)၊ မဂ် တစ်ကြိမ်တည်း ပေါ်ပါတဲ့ ပျောက်ပါတယ် (မှန်ပါ့)။
ဒါဖြင့် ဒီမဂ်တစ်ကြိမ်တည်း ပေါ်ဖို့ အလုပ်ကလေးကို ခင်ဗျားတို့ ဈေးကိုင်ပြီး သကာလ ဘာဖြစ်လို့ နေသတုံးလို့ မေး လို့ရှိရင်ဖြင့် ကြွေးနည်းလို့ နေတာလား၊ ခင်ဗျားတို့က မသိ မလိမ္မာမှု ကြောင့် ဒါလောက်ကလေးမှ အောက်ကျနောက်ကျ ခံပြီး ဆားတစ်လျက်မှ မပေးချင်လို့လား တောင် မေးဖို့ လိုလာ တယ် (မှန်ပါ့)၊ မလိုဘူးလား (လိုပါတယ် ဘုရား)။
တစ်စတစ်စလို့ မသုံးပါနဲ့
အဲဒီတော့ ဒီမဂ်ကလေးကလည်းပဲ ကယ်မည့် ယူ မည့်သူရှိတဲ့ ဥစ္စာကို ကြိုးစား အားထားမှု ကလေးဖြင့် ဒီတစ်စ, တစ်စ ရအောင်တော့ လုပ်ရမှာပဲ ဆိုတာမျိုး ဒီတစ်စတစ်စကို မသုံးပါနဲ့၊ ကြွေးပိ လာလိမ့်မယ် (မှန်ပါ့)၊ တစ်စတစ်စ မသုံးပါနဲ့ ဦးဝတို့ (မှန်ပါ့ ဘုရား)။
တစ်စ တစ်စ ဆိုတာ ခင်ဗျားတို့ လုပ်ထားတဲ့ ဒီက တစ်စတစ်စပေါ်မှာ ဟိုက အစပေါင်း များစွာက လာလာဖုံး တယ် (မှန်ပါ့)၊ မဖုံးဘူးလား (ဖုံးပါတယ် ဘုရား)။
အဲဒါတွေ ထောက်ကြည့်တော့မှ ဦးခင်မောင်ရေ။ မလုပ်ဖြစ်တဲ့ အလုပ်ဟာ ကိုယ့်ကိုယ် ကယ်တင်မည့် အလုပ်ကို ပြောတာ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
မလုပ်မဖြစ်တဲ့ အလုပ်က ဘာပါလိမ့် (ကိုယ့်ကိုယ် ကိုကယ်တင်မည့် အလုပ်ပါ ဘုရား)၊ အဲ- ကိုယ့်ကယ်တင်မည့် အလုပ်မို့ မလုပ်မဖြစ်တဲ့အလုပ်ထဲသွင်းပါလို့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ သတိပေးလိုက်ပါတယ် (မှန်ပါ့)၊ မပေးသင့်ဘူးလား (ပေးသင့်ပါတယ် ဘုရား)။
နို့မဟုတ်လို့ ရှိရင်တော့ဗျာ သားကြား၊ သမီးကြား၊ ဆွေကြား၊ မျိုးကြားထဲက နေပြီးတော့ အပါယ်လေးပါးသွား ရမှာ (မှန်ပါ့)၊ ဘယ်သူက ကယ်တင်နိုင်သေးသတုံး (မကယ်နိုင်ပါ ဘုရား)။
ဘယ်သူမှ မကယ်နိုင်ဘူး ဆိုတာ မကယ်နိုင်ခြင်း၏ အကြောင်းကို ခုနင်က သိန်းပေါင်းများစွာ အကုသိုလ်တွေက ဆက်ဆက် ဆက်ပြီးလာမှာပဲ (မှန်ပါ့)၊ တစ်ခါကျရင် ပေါ် စရာများ ရှိသေးရဲ့လား (မရှိနိုင်ပါ ဘုရား)။
ကိုင်း- ဒါဖြင့် ဒကာဒကာမတို့ ဒါဟာ ခင်ဗျားတို့ နောက်ဆုံးပိတ် ဒီဥစ္စာဖြင့် အရေးကြီးတဲ့ အချက်မို့ သြော် ဒါမှတစ်ပါး ကိုးစားစရာ အားထားစရာ တို့မှာမရှိတော့ဘူး (မှန်ပါ့)၊ ဒါကလေး တစ်ခုပဲ ကယ်မည့်သူ ယူမည့်သူ ရှိတယ် ဆိုသဖြင့် ဦးဘတင် ဒီပြင်ဟာ အားကိုးမရှာနဲ့တော့ (မှန်ပါ့)။
ဦးခင်မောင် ဘာပဲ အားကိုး ရှာရမှာတုံး (ဝိပဿ နာပဲ အားကိုးရှာရပါမယ်)၊ ဝိပဿနာမဂ်ပဲ (မှန်ပါ့)၊ ဝိပဿနာမဂ်ကနေပြီး လောကုတ္တရာမဂ်ကို တက်ဖြစ်အောင်သာ အားလုံး ဒကာဒကာမတွေ ကြိုးစားပါ၊ ဒီပြင်ဟာတွေက မလုပ်မဖြစ်တာ မဟုတ်ဘူးနော် (မှန်ပါ့)။
ဒီဟာကတော့ မလုပ်ရင် မဖြစ်ကို မဖြစ်တာလို့ မှတ် ပါ .(မှန်ပါ့)၊ မလုပ်မဖြစ်ဆိုတာ ရှင်းရှင်းလင်းလင်း ပြော ရရင် ကြွေးများလွန်းလို့ ကြွေးဆပ်တဲ့ အလုပ်ကို မလုပ် မဖြစ်တာ (မှန်ပါ့)။
ကြွေးဆပ်တဲ့အလုပ်
ကြွေးက ဘယ်လောက် များသတုံး (မရေမတွက် နိုင်အောင် များတယ်၊ အဲဒါ ဘာနဲ့ဆပ်ရမတုံး (ဝိပဿနာမဂ်, လောကုတ္တရာမဂ်နဲ့ ဆပ်ရပါ့မယ်)၊ လောကုတ္တရာမဂ်ပေါ့ဗျာ၊ မဂ်နဲ့ ဆပ်ရမယ် ဆိုကြပါစို့ (မှန်ပါ့)၊ သဘောကျပြီလား (ကျပါ ပြီ ဘုရား)။
ကြွေးပေါင်းကလည်း ရေတွက်နိုင်ကြရဲ့လား (မရေတွက် နိုင်ပါ ဘုရား)၊ ဆားတစ်လျက်နဲ့ ကျေမည့်အလုပ် ကို မလုပ်ဖြစ်ဘူး ဆိုရင်ဖြင့် သူ့ထက်မိုက် သူ့ထက်ညံ့ ကတော့ . (မရှိပါ ဘုရား)။
မရှိတော့ဘူးဆိုတာ မသိတုန်းကတော့ မသိသလိုနေ ခဲ့တာက ဒီလို သစ္စာတရားကို မနာရလို့ ရှိပါစေတော့၊ အခုတော့ဖြင့် ဒီအလုပ်ဟာ သြော်- အဟုတ် ကယ်တင်နိုင်တဲ့ အလုပ်ပဲ ဆိုတဲ့ ဥစ္စာ ဒကာဒကာမတွေ ကောင်းကောင်းရှင်းပြ ပါတယ် (မှန်ပါ့)။
အကုန်အဟောသိကံဖြစ်တယ်
ဘယ်လောက်ပဲ မိုက်ခဲ့ မိုက်ခဲ့၊ ဘယ်လောက်ပဲ တေခဲ့ တေခဲ့ ဒီမဂ်သာရရင် အကုန် အဟောသိကံ ဖြစ်တာပဲ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
ဝိပဿနာ အလုပ်သာ ခင်ဗျားတို့ လုပ်လို့ရှိရင်ဖြင့် ပဉ္စင်္ဂီက မဂ်ဆိုတဲ့ ဝိပဿနာမဂ် ငါးပါး ရတယ်၊ နောက် ကြိုး စား လိုက်တော့ ဒုက္ခအဆုံး မြင်တော့ ရှစ်ပါးရတယ် (မှန်ပါ့) အဲဒီရှစ်ပါး လည်း ရပါရော သွားရော၊ ဟိုဟာတွေ အကုန် အဟောသိကံ ဖြစ်တာပဲ (မှန်ပါ့) ဒီဘဝ လုပ်ထား တာတွေသာ အဟောသိကံ ဖြစ်တယ်လို့ မထင်ပါနဲ့၊ နောက်က စောင့်နေတာတွေတောင် အဟောသိကံ ဖြစ်တယ် (မှန်ပါ့)။
ဘယ်လို ဆုံးဖြတ်ချက်ချမလဲ (နောက်က စောင့်နေတာတွေတောင် အကုန် အဟောသိကံ ဖြစ်ပါတယ် ဘုရား) ဒီဘဝ မိုက်ထားတာတွေလည်း (အကုန်အဟော သိကံဖြစ်ပါတယ် ဘုရား) ဒါဖြင့် ဆားတစ်လျက်နဲ့ ကျေတာ ကျနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။
ကိုင်း အားလုံး ဒကာ ဒကာမတို့ သြော် ဘုရားသည် အကြိမ်ပေါင်းများစွာ မှာတော်မူတယ်ဆို တာ ကျုပ်တို့ ခင်ဗျားတို့ အပေါ်မှာဖြင့် ရာဟုလာသား ကဲ့သို့ သနားတယ်၊ ရာဟုလာ ကျွတ်တမ်း ဝင်လိမ့်မယ် ဆိုတာ မြင်တော်မူပြီးသားပဲ (မှန်ပါ့ ဘုရား)။
ကျုပ်တို့ ကျွတ်တမ်း မဝင်မည့် လူတွေ သူနဲ့ မတွေ့နိုင် တဲ့သတ္တဝါတွေ အတွက် ထားပစ်ခဲ့တဲ့ အမွေ၊ ထားပစ်ခဲ့တဲ့ မှာတမ်း (မှန်ပါ့)။
အဲဒါတွေ သေသေချာချာ ထောက်ကြည့်တော့မှ ဪ တို့အတွက် ပြောတဲ့စကားကို တို့က နားမှာ မထား တော့ဘူး ဆိုရင်ဖြင့် တို့ထက် မိုက်တာ၊ တို့ထက် ပေတာတော့ ဖြင့် မရှိတော့ဘူး ဆိုတဲ့ဥစ္စာ စဉ်းစားကြပါ (မှန်ပါ့)။
ကဲ ကယ်မည့်တရား ကလေးတွေ့ပလား (တွေ့ပါပြီ)။ ဆားတစ်လျက်နဲ့ ကျေတယ်နော် (မှန်ပါ့) ဆား တစ်လျက်ဆိုတာ မဂ်တစ်ချက်ပေါ်ရင် ကျေတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ဘယ်လောက်ကြီး အကုသိုလ်ကံတွေ ဖြစ်ဖြစ် ဘာဖြစ်ရမတုံး (အဟောသိကံ ဖြစ်ရပါမယ်) အဟောသိ ကံ ဖြစ်ရပါမယ် ဆိုတာ ဒကာ ဒကာမတွေကို ဝတ္ထုသာဓက ထုတ်၍ သတိတစ်ခု ပေးလိုက်ပါဦးမယ် (မှန်ပါ့)။
မိလက္ခတိဿ ရဟန်း ဆိုတာရှိတယ်၊ ဒါ ဝတ္ထု သက်သေ လုံလောက်အောင် ထုတ်ပြပါ့မယ်၊ ပေါ့နေမှာကို ဘုန်းကြီးက အင်မတန် စိုးရိမ်လို့ပါ (မှန်ပါ့)။
မိလက္ခတိဿရဟန်း
မိလက္ခတိဿ ရဟန်းဆိုတာက ဦးခင်မောင်တို့ ဦးဝ တို့ မှတ်စရာက သူ လူ့ဘဝတုန်းက မုဆိုးကိုဗျ (မှန်ပါ့)၊ တောထဲမှ ာသွားတယ်ဆိုရင် ကျော့ကွင်းတွေ ဘာတွေကို များစွာ ယူသွားပြီး သားတွေ ဘာတွေ သမင်တွေကို ထောင် ဖမ်း၊ လက်နက်တွေနဲ့ သတ်၊ အမျိုးမျိုး အဖုံဖုံ သူ့အလုပ်ဟာ ဒါနဲ့ အသက်မွေး နေတယ် (မှန်ပါ့)၊ တစ်သက်လုံးတော့ မုဆိုးအလုပ်နဲ့ အသက်မွေး နေတယ်၊ ဒကာဒကာမတို့ (မှန်ပါ့)၊ အဲဒီတော့ ကုသိုလ်လို့များ ပါသေးရဲ့ လား (မပါ, ပါ ဘုရား)။
တစ်နေ့သ၌ ကျတော့ သူ တောမုဆိုး လုပ်လာရတာ အသက်ရှည် လာတော့ ဒကာဒကာမတွေ စောစောစီးစီး သိစေချင်တာက အကုသိုလ် အလုပ်လည်း အကုသိုလ် စိတ်ဟာ ခုနစ်ခါ ခုနစ်ခါ ဇောခုနစ်ကြိမ် ဖြစ်တယ်နော် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
ဇောခုနစ်ကြိမ်
အဲဒီတော့ ဇောခုနစ်ကြိမ် ပေါင်းဟာ ရေတွက်နိုင်ပါ့ မလား (မရေတွက်နိုင်ပါ ဘုရား)၊ မရေတွက်နိုင်တော့ ၁, ၂, ၃, ၄, ၅,၆, ၇ ဟုတ်လား၊ အကုသိုလ် တစ်ခါ လုပ်တယ်ဆို ရင် ဇောဟာ ခုနစ်ကြိမ် ဖြစ်တယ် (မှန်ပါ့)။
ဟောဒီမှာကြည့် ဒီပထမဇော နံပါတ် ၁, မနေဘူး လား (နေပါတယ်)၊ ဒီ ၁, နံပါတ်မှာရှိတဲ့ ပထမဇောက ဒီဘဝ အကျိုး ပေးမယ်တဲ့၊ ဒီအထဲမှာပါတဲ့ စေတနာက ဒီဘဝမှာ အကျိုးပေးရမယ် (မှန်ပါ့)။
ဟောဒီ ဒုတိယဇောမှ ဆဋ္ဌေဇာ တိုင်အောင် အလယ် ငါးဇောက တတိယဘဝမှ နိဗ္ဗာန် မရမချင်း လိုက်ပြီး အကျိုး ပေးမယ် (မှန်ပါ့)၊ ၁, နံပါတ်က ဘယ်ဘဝမှာ အကျိုးပေး မယ် (ဒီဘဝမှာပဲ အကျိုးပေးပါမယ်)၊ ၇, နံပါတ်မြောက် ကကော (ဒုတိယဘဝမှာ အကျိုးပေးပါတယ်)၊ အလယ် ငါးခုကကော (နိဗ္ဗာန် ရသည့် တိုင်အောင် အကျိုးပေးပါ မယ်)၊ နိဗ္ဗာန် မရမချင်း အကျိုးပေးတယ်၊ တတိယ ဘဝကစ လိုက်တာ (မှန်ပါ ဘုရား)၊သြော် – ဒီအလယ် ဇောတွေက လိုက်နေ ကြတာကိုး (မှန်ပါ့)။
ဒကာဒကာမတို့ ဒါဖြင့် ခင်ဗျားတို့မှာ နှုတ်ခမ်း ကလေးစူရင်လည်း ဒီခုနစ်ကြိမ်လာတာပဲ (မှန်ပါ့)၊ ဖိနပ် ကလေး ဆောင့်နင်း ရင်ကော (ခုနစ်ကြိမ် လာပါတယ် ဘုရား)၊ ကျုပ်စိတ်ထဲမှာ မကောင်းဘူး ဆိုရင်ကော (ခုနစ်ကြိမ်လာ ပါတယ် ဘုရား)၊ ဟော ဒါဖြင့် ခုနစ်ကြိမ် လာတော့ ဒီပထမ အကြိမ်ဖြစ်တဲ့ ဇောက ဘယ်အချိန် အကျိုးပေးတာတုံး (ယခုဘဝတွင်ပေးပါတယ်)။ ဒီသတ္တမ အကြိမ် ကတော့ (ဒုတိယဘဝ အကျိုးပေး ပါတယ်)၊ အလယ်ငါးခု ကကော (တတိယဘဝမှစ၍ နိဗ္ဗာန် မရမချင်း အကျိုးပေး ပါတယ် ဘုရား)။
အဲ- တတိယ ဘဝမှစ, တယ် ဟုတ်လား။ နိဗ္ဗာန် မရမီ စပ်ကြားမှာ သူ အဟောသိကံ မဖြစ်ဘဲနဲ့ အကျိုးပေး လိုက်နေ မှာပဲ (မှန်ပါ့)၊ ကဲ- မောင်သစ် ရိပ်မိပလား (ရိပ်မိ ပါပြီ ဘုရား)။
ဒါဖြင့် ဒကာဒကာမတို့ ခုနင်က ပြောခဲ့တဲ့ မိလက္ခ မုဆိုးမှာ ဒီ ပထမဇောပေါင်း ဘယ်လောက်ရှိမယ် ထင်သတုံး (မရေတွက် နိုင်ပါ ဘုရား)၊ ဒါဖြင့် ဒီပထမဇောတွေက ဒီဘဝ အကျိုးပေး နိုင်တယ် (မှန်ပါ့)၊ ဒီဘဝတွင်ကို သူက ပေးလိမ့်မယ်၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ပထမဇော အကျိုးပေးပုံ
ကဲ-ဒါဖြင့် ဒီဘဝ အကျိုးပေးပုံကို ဦးခင်မောင်တို့ ဦးဝတို့ ထုတ်ကြရမှာပေါ့ (မှန်ပါ့)၊ သူဟာ တစ်ခါတည်း တောမုဆိုး လုပ်ပြီး သကာလ သားကောင်တွေကို သတ်ဖြတ် စားသောက် ရောင်းချ၊ ဒါနဲ့ သားတွေ မယားတွေကို ကျွေး၊ ဒီလိုနဲ့ချည်းပဲ အချိန်ကုန်ပြီး သကာလ လာတာ တစ်နေ့သ၌ ကျတော့ သူကျော့ကွင်းတွေနဲ့ တောထဲသွား၊ ရတဲ့သား ကောင်ကို နေရာမှာပဲ သတ်ဖြတ် ကင်ပြု စားတော့ ရေဆာ လောင်မွတ်သိပ် ပါတယ် (မှန်ပါ)၊ ရေဆာလာတာနဲ့ ကျောင်းတစ်ကျောင်း သွားတွေ့တယ်၊ ကျောင်းတစ်ကျောင်း သွားတွေ့တော့ ရဟန်းတော်တစ်ပါးက သင်္ကန်း ချုပ်နေတယ်။ ရေအိုး မြင်တာနဲ့ သူကလည်း ရေအိုးစင်ဆီကို ဦးခင်မောင် ဝင်တာပေါ့ဗျာ (မှန်ပါ)။
ရေအိုးစင် ဆိုတော့ ရေကို ရဟန်း ဆီမှာ မတောင်း တော့ဘူး၊ ရေအိုးစင်ဆိုတာ လူတိုင်း သောက်နိုင်တယ် ဆိုတာ သူသိတာနဲ့ ရေခပ် လိုက်တော့တာပဲ၊ ရေအပြည့် ထည့်ထားတဲ့ ရေအိုးဟာ ဒကာဒကာမတို့ ရေမရှိတော့ဘဲ ချောက် ချောက် ချောက်ချောက် မြည်နေတယ် (မှန်ပါ့)၊ ရေ အပြည့် ထည့်ထား တာကို ချောက်ချောက် မြည်နေတယ် (မှန်ပါ့)၊ ဘာဖြစ်လို့တုံး ရေပျောက် သွားတယ် (မှန်ပါ့)။
ဒါ ဘယ်သူခပ်လို့ ပျောက်သွားတာတုံး (မုဆိုးခပ် လို့ပျောက်တာပါ)၊ ရေရှိလျက်နဲ့ ရေပျောက် နေတာနော် (မှန်ပါ့)။
ဦးခင်မောင် ဒါဟာ ဘယ်ဇော သတ္တိထင်သတုံး (ပထမဇော သတ္တိပါ ဘုရား)၊ ဟောဒီ ဘဝတွင်ပင် အကျိုးပေး တာနော် (မှန်ပါ့)၊ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
ဒါကြောင့်- ဒီပထမဇော အကြောင်းကို ဦးခင်မောင် တို့အား ရှေ့ပိုင်းက ရှင်းလင်းပြခဲ့တယ် (မှန်ပါ့)၊ ကဲ-ပထမဇောက ယခုဘဝနော် (မှန်ပါ့)၊ ခုနစ်ရက်၊ ခုနစ်လ၊ ခုနစ်နှစ်အတွင်း အကျိုးပေးတာ ဒီဇောက (မှန်ပါ့)၊ တစ်ခါလုပ်လို့ ရှိရင် ခုနစ်ရက်၊ ခုနစ်လ၊ ခုနစ်နှစ်အတွင်း သူက အကျိုးပေး နိုင်တာပဲ (မှန်ပါ့)၊ ဦးခင်မောင် ဒီဟာ ဗဟုသုတလည်း ဖြစ်ကရော လိုရင်းလည်း ခင်ဗျားတို့ ပေါ့နေ တာကိုလည်း မပေါ့အောင်လို့ ဒီအဓိပ္ပာယ် ပြောနေတာ (မှန်လှပါ)၊ ပေါ့နေတာ ဒီအဓိပ္ပာယ် သိတော့ မပေါ့ နိုင်တော့ဘူး။
ကိုင်း- ဒါဖြင့် ဒကာဒကာမတို့ ရေအိုးဟာ ချောက် ချောက် ချောက်ချောက် မြည်ပါတယ် ဆိုကတည်းက ရေ ပျောက်လို့ပဲ (မှန်ပါ့)၊ ရေရှိရင် မြည်ပါ့မလား (မမြည် ပါ ဘုရား)၊ ရေခပ်တယ် ဆိုရင် ရေတင်ပါလာမှာပေါ့၊ ရေအိုးဟာ ဘာမြည်စရာ ရှိသေးသလဲ (မရှိပါ ဘုရား)။
ရဟန်းတွေကို အပြစ်တင်တယ်
အဲဒီတွင် သူ့စိတ်ထဲမှာ ဦးဝတို့ ဖြစ်လာတယ်၊ သြော် ငါသွားခပ်တဲ့ ရေအိုးမှာ ရေလည်းမရှိဘူး၊ ရဟန်းကလည်း ဒီအနားမှာ သင်္ကန်းချုပ် နေတယ်၊ ဒီမုဆိုးကပဲ အပြစ်တင် လိုက်သေးတယ် ဒကာဒကာမတို့၊ ရဟန်းတွေဟာ သူတစ်ပါး တွေလှူတာ၊ ပေးတာ၊ ကမ်းတာတွေ စားပြီး ကိုယ့် ကျောင်းမှာ သေနာသနဝတ် ဆိုတဲ့ ရေကလေး တောင်မှ ပြည့်အောင်မခပ် ဘူးတဲ့၊ သူကပဲ မြည်ကာ တွန်ကာနဲ့ နေလိုက် သေးတယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)၊ ရေပျောက်တာက သူ့ကြောင့် ပျောက်တာ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အဲဒါနဲ့ ရဟန်းက ကြားရော ရဟန်းကလည်း ရဟန္တာ ဒကာဒကာမတို့ ညံ့တာ မဟုတ်ဘူး (မှန်ပါ့)၊ ရဟန်းက ကြားတော့ ဘယ့်နှယ် ဒကာပါလိမ့်မတုံး၊ ငါမနက်ကပဲ ရေအိုးတွေ ရေအပြည့် အကုန်ထည့်ထားပါ လျက်သားနဲ့ သူခပ်တော့ ရေအိုးက မြည်နေတယ်၊ ရေလည်း သူ့မှာ သောက်ရှာ ရတာ မဟုတ်ဘူး (မှန်ပါ့)၊ ငါ့ကိုတောင် အပြစ်တင်ပြီး သကာလ နေသေးတယ်၊ ငါသွားကြည့်ဦးမယ် ဆိုပြီး သွားပြီး ကြည့်လိုက် တော့ ရေအပြည့်ပဲ ရှိတယ် (မှန်ပါ့)။
ရဟန်းခပ်ပေးမှ ရေသောက်လို့ရတယ်
ဒကာဒကာမတို့ ဘယ်ဇော အကျိုးပေးတာတုံး (ပထမဇော အကျိုးပေးတာပါ)၊ ဟာ- မောင်သစ်တို့ သိပ်ကြောက်စရာ ကောင်းပါလားဟေ့ (မှန်ပါ့)၊ ပထမဇော အကျိုးပေးတယ် ဆိုတော့ ဒီဘဝတွင်ပင် ဒကာဒကာမတို့ အကျိုးပေးတာ ငြင်းစရာများ လိုသေးသလား (မလိုပါ ဘုရား)။
ကောင်းပြီ၊ ဒါနဲ့ ရဟန်းက ထကြည့်ပြီးတော့ ရေ အပြည့်ပဲရှိတယ် (မှန်ပါ့)၊ ဒါနဲ့ သူ့ကိုမေးတယ်၊ ဒကာ လာ ပါဦး၊ ဘာကိစ္စတုံး၊ ရေသောက်ချင်တာပဲ မဟုတ်လား မေးတော့၊ ရေသောက် ချင်ပါတယ် ဆိုတော့ ရဟန်းက ခပ်ပေး တော့လည်း သူ ဝ,အောင်ပဲ သောက်ရတယ် (မှန်ပါ)၊ သူသာခပ်ရင်တော့ မရတော့ဘူး (မှန်ပါ့)။
ခင်ဗျားတို့လည်း စကားစပ်မိလို့ ထည့်ပြီး ဆုံးမရမှာပဲ၊ ငွေတွင်း နက်တယ် ဘုရာ့၊ ငွေတွင်း နက်တယ် စသည်နဲ့ သုံးစွဲ လာကြတယ် (မှန်ပါ့)၊ ငွေပျောက် လာပြီ၊ ဘယ်သူက အကျိုးပေးတယ် ဆိုတာ ရိပ်မိကြပလား (ရိပ်မိပါပြီ၊ ပထမဇောကပါ ဘုရား)။
အစာရေစာတွေ ရှားပါး ခေါင်းပါး လာကြတယ်၊ ဘယ် ဇော သတ္တိပါလိမ့် (ပထမဇောပါ ဘုရား)၊ ပြီးတော့ ခင်ဗျား တို့ပါးစပ်က ဘယ့်နှယ်များ ညည်းသတုံး (ငွေတွင်းနက် တယ်လို့ ညည်းပါတယ် ဘုရား)။
ငွေတွင်း နက်တယ်၊ ရွှေတွင်း နက်တယ် ဖြစ်လာကြ တယ် (မှန်ပါ့)၊ အခု ကမ္ဘာလောကကြီးမှာ မဖြစ်သေးဘူးလား (ဖြစ်ပါတယ်)၊ ဖြစ်တန် သလောက် ဖြစ်နေပြီ ဆိုတာ သဘောကျကြပလား (ကျပါပြီ ဘုရား)၊ ဒါ ဘယ်ဇော သတ္တိပါလိမ့် (ပထမဇော သတ္တိပါ ဘုရား)။
အဲဒါ ကိုယ်တိုင် စဉ်းစားကြည့်ပါ၊ တို့ဟာ ဘယ်လိုများ နေကြရ ထိုင်ကြရသတုံး၊ ဟိုကမ္ဘာစစ်ကြီး မဖြစ်မီက နေခဲ့ကြရ ထိုင်ခဲ့ကြရတာနဲ့ အခု ကမ္ဘာစစ်ကြီး ပြီးမှ နေကြရ ထိုင်ကြရ တာနဲ့ ရှေ့အနာဂတ် စစ်မက် အချိန်တွေ နေရ ထိုင်ရမှာနဲ့ အမျိုးမျိုး ချိန်ကြည့်ကြတာပေါ့ဗျာ (မှန်ပါ့)၊ ချိန်တဲ့အခါ ကျလို့ရှိရင်ဖြင့် ရှားပါးလာတာဟာ ပိုပိုလာပါလိမ့်မယ်၊ တစ်ကမ္ဘာလုံးမှာ (မှန်ပါ)၊ မပိုဘူးလား (ပိုပါတယ် ဘုရား)။
အဲဒါ ဘာတွေတုံးဆိုတော့ ပစ္စည်းကတော့ သူ့ရာသီ နဲ့၊ သူ့ဝတ္ထုနဲ့ ပေါ်လျက်ဖြစ်လျက်ပဲ၊ သို့သော် ကိုယ့်လက် ထဲ မရောက်တာက သေချာနေတယ် (မှန်ပါ့)၊ မသေချာ ဘူးလား (သေချာပါတယ် ဘုရား)။
ဘယ်သူ့ သတ္တိပါလိမ့် (ပထမဇောပါ ဘုရား)၊ ဘာ ပထမဇော ပါလိမ့် (အကုသိုလ် ပထမဇောပါ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ဒကာဒကာမတို့ ဒီပထမဇော တွေကလည်း အကျိုးပေးနေတာ အထင်အရှား ဖြစ်နေ တော့ ကမ္ဘာလောက ကြီးမှာလည်း မိုးကလည်း ခေါင်လိုက်တာ မဟုတ်လား၊ မရွာ သင့်တဲ့ အချိန်ရွာ၊ ရွာသင့်တဲ့ အချိန် မရွာဘဲနဲ့ တိုတို ပြောမယ် ဆိုလို့ ရှိရင် ဒကာဒကာမတို့ အခုလို အခါမျိုးမှာ မြေကြီးဟာ အောက်မှာ မြေဩဇာ ရောက်သွားတယ် (မှန်ပါ့)။
စိုက်တဲ့သစ်ပင် အသီးအနှံ စသည်တို့ ဖွံ့ဖွံ့ ဖြိုးဖြိုး မလာနိုင်ဘူး (မှန်ပါ့)၊ မြေဩဇာ အောက်ရောက် သွားတော့ ဘယ်လိုပင် အပေါ်က ဖြူးငြား သော်လည်း သူ့ပင်ကိုယ် လောက်တော့ ကောင်းပါ့မလား (မကောင်းပါ ဘုရား)။
အဲဒါ ခုနင်ကပြောခဲ့တဲ့ ပထမ ဇောတွေကနေပြီး အကျိုးပေး ချလိုက်တာ၊ မကောင်းကျိုးပေါ့ဗျာ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
မြန်မြန်လုပ်မှ တော်တော့မယ်
အဲဒါတွေ ထောက်ကြည့်တော့မှ ဪ- မြန်မြန်လုပ် မှတော်တော့မယ် ဆိုတာ မပေါ်လာ သေးဘူးလား (ပေါ်လာပါပြီ ဘုရား)။
ဒါဖြင့် ခုနင်က မုဆိုးဟာ ရဟန်းခပ်ပေးတော့ ရေ သောက်ရတယ်၊ သူကိုယ်တိုင် ခပ်တော့ ရေအိုးး ချောက်ချောက် မြည်ပါတယ် ဆိုတာ ထောက်သဖြင့်လည်း ဘုန်းကြီးတို့ ဒကာ ဒကာမတွေဟာ တို့ဖြစ်စဉ်နဲ့လည်း ခပ်ဆင်ဆင် ပါကလားလို့ တွေးကြပါတော့ (မှန်ပါ့)။
နောက်ကျတော့ လုံးလုံး တူချင် တူပါလိမ့်မယ်၊ အခု တော့ ဆင်ရုံပဲ ရှိသေးတယ် (မှန်ပါ့)၊ လုံးလုံး တူရင်တော့ ဖြင့် ခင်ဗျားတို့ ဒုက္ခ ရောက်တော့မယ် (မှန်ပါ့)၊ သဘော ကျပလား (ကျပါပြီ ဘုရား)။
အခုတော့ ဘယ့်နှယ် နေသတုံး (ဆင်ရုံပဲရှိပါ သေးတယ်)၊ နောက် ချွတ်စွပ်တူက (တူနိုင် ပါသေးတယ် ဘုရား)၊ လာနိုင်တယ်၊ မိုးသာ သုံးနှစ်လောက် ခေါင်လိုက်မယ် ဆို ဒါဟာအကုန် အကုန် သွားတော့မှာပဲ (မှန်ပါ့)၊ မသွား ပေဘူးလား (သွားပါတယ် ဘုရား)။
ကောင်းပြီ ဒါဖြင့် ဒကာဒကာမတို့ ပထမဇောသတ္တိ သိကြပလား (သိပါပြီ ဘုရား)၊ ကောင်းပြီ၊ ပထမဇော သတ္တိသိကြပြီ။
လူပြိတ္တာဖြစ်နေပြီ၊
ခုနင်က ဝတ္ထု ပြန်ဆက်ကြစို့၊ ဒါနဲ့ ရဟန်းက လူ ပြိတ္တာ ဖြစ်နေပါပေါ့လားလို့ ပြောလိုက်တော့ သတိရပြီး ဪ- ငါ့အကုသိုလ်တွေဟာ အင်မတန်ကြီး နေပါပေါ့လား လို့ ချက်ချင်း သံဝေဂရတယ် (မှန်ပါ့)။
သူ့ အကုသိုလ် အင်မတန်ကြီး နေပြီ ဆိုတာ ကြည့် ပါလား၊ လက်တွေ့ပဲမဟုတ်လား (မှန်ပါ့)၊ ရဟန်းခပ် တိုက်တဲ့အခါ သူ ဝ,အောင် သောက်ရတယ်၊ သူကိုယ်တိုင် ခပ်လို့ရှိရင် ဘယ်အိုးခပ်လို့မှ ရတော့မှာ မဟုတ်တော့ဘူး (မှန်ပါ့)။
ဒကာ ဒကာမတို့ ဒါဟာ အသက် သေပလား၊ မသေခင်က ပြနေတာလား (မသေခင်က ပြနေတာပါ ဘုရား) အဲ မသေခင်က ပြတော့ သေခါနီး ကျတော့ ဒီနိမိတ်တွေ လာမှာလား၊ မလာဘူးလား (လာမှာပါ ဘုရား)။
အဲဒါကြောင့် ခုနင်က ဘုရားဟောတဲ့ ပါဠိတော်ကို ကိုသစ်တို့ကို သတိပေးရတာ (မှန်ပါ့) အခုမသေခင် ဘဲ ဦးခင်မောင် သေသေချာချာ ပေါ်မနေဘူးလား (ပေါ်နေပါတယ် ဘုရား)။
သင်္ကန်းဝတ်ပါရစေ
ကိုင်း ဒါနဲ့ပဲ သူ့စိတ်ထဲမှာ သံဝေဂရတယ်၊ မသေ ခင်ကပင် ငါဟာ လူပြိတ္တာ ဖြစ်နေပါပေါ့လား (မှန်ပါ့) လူပြိတ္တာ ဖြစ်နေပြီ၊ စားရမဲ့ သောက်ရမဲ့ တောင် ဖြစ်နေပါ ပေါ့လား၊ ရေအိုးထဲက ရေတောင် ပျောက်ပါပေါ့လား ဆိုပြီး တပည့်တော်ဘုရား သင်္ကန်း ဝတ်ပါရစေ ဆိုပြီး သူက တောင်းပန်တယ် (မှန်ပါ့)။
အေး- ဒကာ ဝတ်တာပေါ့ကွာတဲ့၊ သနားတာ ကိုး- (မှန်ပါ့) ဝတ်တာပေါ့ကွာ ဆိုပြီး ကျောင်းမှာရှိတဲ့ သင်္ကန်း ကလေး ဘာကလေး ထုတ်ပြီး သူ့ကို အဝတ်ခိုင်းတယ်၊ အဝတ် ခိုင်းပြီးတော့ တရားဓမ္မကို ထိုက်တန် သလောက် ပေးထားငြား သော်လည်း သူ မရှုနိုင်ဘူး၊ သူ့စိတ်ထဲမှာ ခုနင်က ကျော့ကွင်းတွေ၊ ခုတ်တဲ့ဓားတွေ၊ ဒါတွေချည့်လာ ထင်နေ တယ် (မှန်ပါ့ ဘုရား)။
ဝိပဿနာရှုတဲ့ အခါမှာလဲ ရှုလို့မရဘဲ မဟုတ်တာ တွေ လာထင်နေတယ်။ ကောင်းသေး ရဲ့လား ဒကာ ဒကာမ တို့ (မကောင်းပါ ဘုရား)။
ခင်ဗျားတို့ ဝိပဿနာရှုတဲ့ အခါလည်း သတိထားရ သေးတယ်၊ သားကလေးများ လာပြီးထင်၊ သမီးကလေးများ လာပြီးထင်နဲ့ ပြိတ္တာဖြစ်မလို့ ဆိုတာ သေချာနေကြပါဦးမယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဘာများ လာထင်တတ်သတုံးဗျာ- (သားသမီးများ လာပြီး ထင်တတ်ပါတယ် ဘုရား)။ အင်း-သူတို့အတွက် ခက် သေးတယ်ဆိုတဲ့ အဓိပ္ပါယ် ပါနေကြမယ်နော် (မှန်ပါ့)။
သူလုပ်ခဲ့တဲ့ နိမိတ်တွေ လာထင်တယ်
ဦးခင်မောင်- အရုပ်ဆိုးတဲ့ ဥစ္စာတော့ မပေါ်မှနော် (မှန်ပါ့) သူမှာတော့ ဘာတွေ လာထင်သတုံး ဆိုတော့ ကျော့ကွင်းတွေ၊ ဓားတွေစတဲ့ သူလုပ်ခဲ့တဲ့ နိမိတ်တွေလာ ထင်တယ် (မှန်ပါ့)။
သူလုပ်ခဲ့တဲ့ ဖြစ်စဉ်တွေ လာထင်နေတော့ ဆရာ ရဟန်းကို သွားပြီး လျှောက်တယ်၊ ဘယ့်နှယ် ဖြစ်တာတုံး မေးတော့ သူ့အဖြစ်တွေ လျှောက်တယ် (မှန်ပါ့)။
ရဟန္တာကြီး သွားလျှောက်တယ် အရှင်ဘုရား တပည့် တော်တော့ တပည့်တော် အကြောင်းနဲ့ တပည့်တော် ရှိပါစေတော့။
ကျော့ကွင်းတွေ၊ ဓားတွေချည့် ပေါ်နေတယ်
ရဟန္တာကြီးက ဘယ့်နှယ် ဖြစ်တာတုံးလို့ မေးတော့ ဒီလို ဒီလိုပဲ ဘုရား၊ အရှင်ဘုရားကတော့ ဖြစ်ပျက် အရှုခိုင်း တာပဲ၊ တပည့်တော် ဖြစ်စဉ် ကတော့ ကျော့ကွင်းတွေ၊ ဓားတွေ၊ လှံတွေ ဒါတွေချည်းပဲ၊ ကိုယ်လုပ်ခဲ့ တာတွေချည့် ပြန်ပေါ် နေတယ်။
လူထွက်ချင်တယ်
သြော် ဒကာကြီး လူထွက်ချင်သကိုး၊ အေး ဒါဖြင့် လူထွက်ချင် လို့ရှိရင် မထွက်ရဘူး လို့တော့ မဆိုလိုပါဘူး။ ကဲကဲ သာသနာ မပျော်လို့ လူထွက်ချင်ရင် ဒဏ်ထမ်းတဲ့ အနေနဲ့ လက်နဲ့ လုပ်ရမည့် အလုပ် တစ်ခုခုကို လုပ်ခိုင်းတော့ မိလက္ခ ကိုရင်ကြီးက ရေသဖန်းသားစတဲ့ စိုနေတဲ့ အသားအကိုင်း အခက်တွေခုတ်ပြီး အပုံကြီး ပုံပေးလိုက်တယ်၊ ဒဏ်ကြေအောင် ပေါ့လေ၊ လူထွက်ခါနီး ခိုင်းတဲ့ သဘောလေ (မှန်ပါ့)။
သဖန်းသားတွေ ဆိုတာ ကတော့ ဦးခင်မောင်တို့ မြင်ဖူးမှာပေါ့၊ ခုတ်လိုက်တယ် ဆိုလို့ရှိရင် အစေးထွက်တာပဲ။
သဖန်းသားတွေ မီးရှို့ခိုင်းတယ်
ဒီနေရာ ပုံကွာ၊ ပုံတဲ့ အခါကျတော့ မနက်က အခုတ်ခိုင်း တာ၊ ညနေကျတော့ တစ်ပုံကြီးလောက် ဖြစ်နေတာပေါ့ဗျာ (မှန်ပါ့)။
သွားကွာ၊ ဟောဒီ မီးခတ်ကျောက်နဲ့ မီးခွက် သွားယူစမ်း၊ အဲဒါကို မီးရှို့ဆိုပြီး လေးဘက်လှည့် အရှို့ခိုင်းတယ်၊ ဘယ့်နှယ် လုပ် လောင်မလဲဗျာ (မလောင်ပါ ဘုရား)။ လောင်စရာကော အကြောင်း ရှိသေးရဲ့လား (မရှိပါ ဘုရား)၊ သဖန်းသား ဆိုတာ နဂို၌ကိုက အစေးထွက်နေတာ (မှန်ပါ့)၊ မီးခြစ်လေး၊ မီးခတ်ကလေးနဲ့ ရှို့လို့ ဘယ့်နှယ်လုပ် လောင်မလဲဗျာ (မလောင်ပါ ဘုရား)။
မြေကြီး နှစ်ခြမ်းခွဲပြတယ်
မလောင်တော့ လာလျှောက်တယ်။ အရှင်ဘုရား တပည့်တော် ရှို့တာ မလောင်ဘူး။ အေး-မလောင်တာ မင်းမှတ်ထား။ မလောင်မှန်း သိလျက်နဲ့ အရှို့ခိုင်းတာ၊ ဒါနဲ့ ရဟန္တာဖြစ် တဲ့သူက ဒကာ၊ ဒီအနားရပ်၊ ဘုန်းကြီး အနားရပ် ဆိုပြီး သကာလ ကြည့်ဆိုပြီး မြေကြီးကို တန်ခိုးနဲ့ နှစ်ခြမ်း ခွဲလိုက်တယ်။
ငရဲသားတွေကို မြင်ရတယ်
အောက်မှာ ငရဲတွေပြတယ်။ ဒကာ ဒကာမတို့ ရိပ်မိ ပြီလား (ရိပ်မိပါပြီ)။ သူမြင်လောက်အောင် ပြတယ်၊ တန်ခိုး နဲ့ပြလိုက်တယ်။
ကြည့်၊ မြင်အောင်ကြည့်ဆိုပြီး မြေကြီး နှစ်ခြမ်းခွဲပြီး ပြလိုက်တော့ သူ့အမျိုးတွေရော၊ သူ့အဆွေတွေရော၊ သူ့ မိတ်သင်္ဂဟတွေရော မတွေ့ရဘူးလား (တွေ့ရပါတယ် ဘုရား)။ ငရဲထဲမှာ အော်ပြီး ခံနေကြရတယ်။
ငရဲမီးကလေး သွားယူတယ်
ဒကာမြင်ပြီလား (မြင်ပါပြီ ဘုရား)၊ မြင်ပြီးပြီ၊ သိပြီ ရဟန်းက (မှန်ပါ့)၊ တန်ခိုးနဲ့ပဲ သွားပြီး၊ ဆင်းပြီး၊ ငရဲသွားပြီး သကာလ၊ ပိုးစုန်းကြူးလောက် ငရဲမီးကလေးကို မီးထဲက သွားနှိုက်လိုက်တယ်၊ နောက်ညှပ်ပြီး သကာလ ယူလာတယ်၊ ယူတာလည်း သူအမြင်သားပဲ ငရဲသားတွေကိုလည်း သူအမြင်သားပဲ။ ဟိုမှာခံနေရတဲ့ သူ့အမျိုး၊ သူ့အဆွေတွေကော သူအမြင်သားပဲ။
သဖန်းသားတွေထဲ ပစ်ချတယ်
အဲဒီ မီးကလေးကို သူ လှည်းငါးစီး တိုက်လောက် ပုံထား တဲ့ သဖန်းသားတွေထဲမှာ ထည့်လိုက်ပါရော၊ သူ့ရှေ့မှာ (မှန်ပါ့)၊ ကျသည်နှင့် တစ်ပြိုင်နက် အကုန်ပြာကျတယ်၊ ငရဲမီးတွေ ဘယ်လောက်ပြင်းသလဲ (မှန်ပါ့)၊ ရောက်သည်နှင့် တစ်ပြိုင်နက် ဟိုဟာတွေ ပြာကျတာပဲ (မှန်ပါ့ ဘုရား)။
သဖန်းသားတွေ ပြာကျတယ်
ရောက်သည်နှင့် တစ်ပြိုင်နက် ဟိုဟာတွေ ပြာကျ ဒါပဲ။ ဘယ်လောက် ပြင်းသလဲဆိုတာ (မှန်ပါ့)၊ ပြာကျပြီ။
အဲဒီတော့မှ ဟို ခုနက လူထွက်ချင်တဲ့ လူက လန့် သွားတယ်၊ ဟိုမှာလည်း ငရဲကိုလည်း ကိုယ်ကိုယ်တိုင် မြင်ရ၊ ငရဲမီး ပြင်းထန်ပုံကော (တွေ့ရပါတယ် ဘုရား)။ ကိုယ်တိုင် တွေ့ရပြီ။
သူတစ်နေ့လုံး ရှို့နေတဲ့ သဖန်းသားပုံကြီး မလောင် တာကို ငရဲမီးကလေး ကျသည်နဲ့ တစ်ပြိုင်နက် တည်း အကုန် ပြာကျသွားတယ်။
အရိုးကြေကြေ အရေခမ်းခမ်း လုပ်ပါ့မယ်
ဒါဖြင့် ဘုရား၊ တပည့်တော်ဖြင့် ခက်တော့တာပဲ၊ အင်း မင်းကို ဒါကြောင့်ပြောတာ၊ ငရဲမီး ဆိုတာ အင်မတန် ပြင်းတယ်။ မင်းလည်း ကိုယ်တွေ့၊ မင်းသွားရမယ့် လမ်းလည်း ဒီအတိုင်း မြင်ပြီ၊ ငရဲမီး ပြင်းတာကို ငါယူပြ ပြီးပြီ၊ မင်းဘယ့်နှယ် လုပ်မလဲ၊ တပည့်တော် အရိုးကြေကြေ အရေခမ်းခမ်း လုပ် ပါ့မယ်။
စိတ်ပြောင်းသွားပြီ
စိတ်ပြောင်းပြန်ပြီ ဒကာ ဒကာမတို့၊ ဘာဖြစ်လို့ ပြောင်းပြန် သလဲဆိုတာ မေးလို့ရှိရင် ဟိုမှာ ရေခမ်းတာသာ ကြည့်တော့၊ ဘယ့်နှယ်တုံး၊ ခင်ဗျားတို့လည်း ချောက်ချောက်၊ ချောက်ချောက် မမြည် သေးဘူးလား၊ သေတ္တာ ဖွင့်လိုက်ရင် (မြည်ကုန်ပါပြီ ဘုရား)၊ အေး သေချာပြီ မဟုတ်လား (သေချာပါပြီ)။
ရှေ့ကိုဖြင့် ဒီအတိုင်း နေရင် ငရဲခန်းတွေနဲ့ လွတ်နိုင်ဦး မှလား (မလွတ်နိုင်ပါ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဦးဘအုန်း- ရှေ့ဘာအခန်း ရှိတော့သလဲ (ငရဲအခန်းပဲ ရှိပါတော့တယ် ဘုရား)၊ ငရဲအခန်းပဲ ရှိတော့တယ် ဆိုတာ အားလုံး ဒကာ ဒကာမတွေ ဒါဟာ သေသေချာချာ ရှင်းပြ နေတာနော် (မှန်ပါ့)။
ဒါနဲ့ သူ့စိတ်ထဲမှာ ကိုင်း ဒီခန္ဓာကြီးတော့ ငဲ့နေလို့ မဖြစ်တော့ဘူးဆိုပြီး သကာလ တရား အားထုတ်မှု ဖြစ်ပျက်ပဲ ကြိုးစားပါတော့မယ်လို့ သူဟာ ရဟန္တာ ဆီမှာ တာဝန်ခံလိုက် တယ် (မှန်ပါ့)၊ ရဟန္တာကလည်း ဂါထာကလေးတစ်ခု ရွတ်လိုက်တယ်။
“ဥဋ္ဌာနမတော သတီမတော၊ သုစိကမ္မဿ
နိသမ္မကာရိနော။ သညတဿ ဓမ္မဇီဝိနော၊
အပ္ပမတ္တဿ ယသောဘိဝဍ္ဍတိ။”
မြန်မာပြန် – ထကြွလုံ့လရှိသူ သတိရှိသူ စင်ကြယ်သော ကံသုံးပါး ရှိသူ စူးစမ်း၍ ပြုလေ့ရှိသူ ဣန္ဒြေကို စောင့်စည်းသူ တရားသဖြင့် အသက်မွေးသူ မမေ့မလျော့သူအား အခြွေအရံ အကျော်စော သည်တိုးပွား၏။
ဒီဂါထာရဲ့ အဓိပ္ပာယ်က လုံ့လဝီရိယရှိလို့ရှိရင် သတိထား ဝီရိယစိုက်၊ ပညာနဲ့ ရှုရင် ရနိုင်တယ် ဆိုတဲ့ဂါထာပဲ (မှန်ပါ့)၊ သတိထား၊ ဝီရိယစိုက်၊ ပညာနဲ့ရှုရမယ်၊ ဖြစ်ပျက်ကိုတွေ့ရမယ် (မှန်ပါ့)၊ ဆိုကြစမ်းပါ ဒကာ ဒကာမတို့။
သတိထား၊ ဝီရိယစိုက်၊ ပညာနဲ့ရှု .။
အဲဒါဆိုရင် ဖြစ်ပျက်တွေ့မယ် (မှန်ပါ့)၊ ဖြစ်ပျက် တွေ့ရင် မပူနဲ့တော့၊ ဖြစ်ပျက်တွေ့ရင်ပဲ နေရာကျပြီ၊ မဂ်ဆီသို့ ဦးတည်နေပြီ၊ ဖြစ်ပျက်တွေ့တယ် ဆိုကတည်းက မဂ္ဂင်ငါးပါး ပေါ်လို့တွေ့တာ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
သတိထား၊ ဝီရိယစိုက်၊ ပညာနဲ့ရှု
ဖြစ်ပျက် တွေ့တယ် ဆိုကတည်းက (မဂ္ဂင်ငါးပါးပေါ် လို့တွေ့တာပါ ဘုရား) ဒါဖြင့် မဂ္ဂင်ငါးပါးပေါ် အောင် ခင်ဗျားတို့ ဘယ့်နှယ် လုပ်ကြမလဲ (ဖြစ်ပျက်ရှု ရပါမယ် ဘုရား) ဖြစ်ပျက် ပေါ်အောင် သတိထား၊ ဝီရိယစိုက်၊ ပညာနဲ့ရှု (မှန်ပါ့) သတိထား ဆိုကတည်းက သတိမဂ္ဂင်ပါ မနေဘူးလား (ပါ, ပါတယ် ဘုရား) မပါသေးဘူးလား (ပါ, ပါတယ် ဘုရား)။
သတိထားတော့ သတိနဲ့၊ သမာဓိနဲ့က ခွဲလို့ မရတော့ သမာဓိမဂ္ဂင်လည်း ပါနေတယ် (ပါ,ပါတယ် ဘုရား) ဝီရိယစိုက် ဆိုတော့ သမာဓိ မဂ္ဂင်ထဲက သူခေါင်းဆောင် မနေဘူးလား (နေပါတယ် ဘုရား) ပညာနဲ့ရှု ဆိုတော့ ပညာမဂ္ဂင်နှစ်ပါး မပါ ဘူးလား (ပါ, ပါတယ် ဘုရား)။
ပညာဟာ သမ္မာဒိဋ္ဌိဆိုတော့ သမ္မာသင်္ကပ္ပတွဲလျက် ဝင်လာတယ် (မှန်ပါ့) ဒါကြောင့် သတိထား၊ ဝီရိယစိုက်၊ ပညာနဲ့ရှု ဆိုရင် မဂ္ဂင်ငါးပါးပါတယ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
အဲ ဖြစ်ပေါ်လာတဲ့တရားကလေး ခန္ဓာကြည့်ပြီး သတိထားလိုက်လို့ရှိရင်ဖြင့် ဝီရိယစိုက်ပြီး ကြည့်လို့ရှိရင် ပညာတစ်ခါတည်း ဖြစ်ပျက်မြင်လာတာပဲ (မှန်ပါ့ ဘုရား)။ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အဲဒီ ဂါထာကလေးကို သူကြားရတော့ ဪ ငါလိုပုဂ္ဂိုလ်ကို ဒီသုံးချက် အလုပ်ခိုင်းတာကိုးလို့ သူသိတယ် (မှန်ပါ့ ဘုရား) ကိုင်း ဒီသုံးချက်တော့ဖြင့် လက်လွတ် မခံဘူး၊ သတိလည်း ထားမယ်၊ ဝီရိယလည်း စိုက်မယ်၊ ပညာနဲ့ လည်းရှုမယ် ခန္ဓာကိုဆိုပြီး သူပေါ်လာတယ် (မှန်ပါ့)။
ပေါ်လာတော့ ငရဲကို သွားရမှာလည်း ကိုယ်ကိုယ်တိုင် နားလည်ပြီးသား၊ ငရဲမီး ပူပုံကိုလည်း အကုန်သိပြီ (မှန်ပါ့) ငရဲမီး ပူတာဟာ ဒကာ ဒကာမတို့ မြင်ပြီးပြီ မဟုတ်လား (မြင်ပြီးပါပြီ ဘုရား)။
မအိပ်မနေ အလုပ်လုပ်တယ်
အဲဒါတွေ မြင်တော့ ထိနမိဒ္ဓဆိုတာ အိပ်ချင်တယ်၊ ငိုက်မျဉ်းတယ်၊ မအိပ်မနေ လုပ်နေ တော့မယ်ဆိုပြီး ခေါင်း ပေါ်မှာ တစ်ခါတည်း ကောက်ရိုး ကရွတ်ခွေကြီးတွေကို ရေဆွတ်ပြီး စည်းထားတယ်၊ အေးတော့ မအိပ်ဘူး၊ ခေါင်းပေါ် ကလည်း ရေတစ်စက်စက်ကျတော့ မျက်တောင် စင်းနိုင်သေး ရဲ့လား (မစင်းနိုင်ပါ ဘုရား)။
မစင်းနိုင်တော့ဘူး၊ မျက်လုံးက တစ်ခါတည်း ကျယ် နေတော့တာပဲ (မှန်ပါ့) ကရွတ်ခွေ ကိုလည်း ရေစိမ်ပြီးမှလည်း ခေါင်းပေါ် ထင်ထားတာ သဘောကျပလား (ကျပါပြီ ဘုရား)။
အောက်ကလည်း ခြေထောက်ကို အဝတ်စိုတွေနဲ့ ပတ်ထားတယ် စည်းထားတယ်၊ အဲဒီလို လုပ်ပြီးတော့မှ ဦးခင်မောင် ခုနင်ကပြောတဲ့ သတိထား၊ ဝီရိယစိုက်၊ ပညာနဲ့ ရှုတယ်၊ ဒီတော့ အိပ်ဖြစ်သေးရဲ့ လား (မအိပ်ဖြစ်တော့ပါ ဘုရား)။ သူဘာဖြစ်လို့ မအိပ်ဖြစ်တာတုံး ဆိုတော့ သူကိုယ်တိုင် ငရဲလည်းသိပြီ၊ ငရဲမီးထက်ပုံကော (မြင်ရပါပြီ ဘုရား)။
သူကိုယ်တိုင် မြင်ရတော့ ဒကာဒကာမတို့ ဒီအလုပ် ကို ကရွတ်ခွေကြီး ခေါင်းပေါ်မှာ စွပ်ထားတာလည်း မအိပ် ချင်အောင်ပဲ (မှန်ပါ့)။
ခြေထောက်ကို အဝတ် ရေဆွတ်ပြီး ပတ်ထားတာ ကော (မအိပ်ချင်အောင် လို့ပါပဲ ဘုရား) ပြီးတော့ သူက စကြႍသွားတယ်။ စကြႍသွားရင်း တရားကို ကြိုးစားတယ်။
စကြႍနဲ့ ကြိုးစား နေတော့ ဒကာ ဒကာမတွေ ထင်ရှား သားပဲ၊ လမ်းမှာ ခြေဖဝါးချတယ် ဆိုရင် ဒုက္ခဝေဒနာ ပေါ်တာ ပဲ (မှန်ပါ့) ဒီဘက်ချတော့ကော (ဒုက္ခဝေဒနာ ပေါ်တာပါပဲ) ပေါ်တာကလေးကို သူပျက်တယ်၊ ပျက်တယ် ကြည့်မှာပဲ (မှန်ပါ့)။
ခြေထောက်နဲ့မြေနဲ့ ထိတယ်ဆိုရင် ထိရာမှာ မပေါ် ပေဘူးလား (ပေါ်မှာပါ ဘုရား) ဝေဒနာတော့ ပေါ်ရ မယ် (မှန်ပါ့) ပေါ်တာ ဘာလုပ်သတုံး (ဖြစ်ပျက်ရှုရပါ တယ် ဘုရား) သတိထား၊ ဝီရိယစိုက်၊ ပညာနဲ့ကြည့်နေတာ (မှန်ပါ့)။
သတိထားတော့ ပေါ်တာ သိတာပေါ့ (မှန်ပါ့) ဝီရိယ စိုက်ကြည့်လိုက်တဲ့ အခါကျတော့ ဪ ဒါဟာ ဒုက္ခဝေဒနာ ကလေးပဲဆိုတာ မသေချာဘူးလား (သေချာပါ တယ် ဘုရား) ပညာနဲ့ ကြည့်လိုက် တဲ့အခါ ပျက်သွားပြီ၊ မလာ ပေဘူးလား (လာပါတယ် ဘုရား)။
အဲဒါ ခင်ဗျားတို့ ဒီအတိုင်း စကြႍသွားပြီး လုပ်လည်းရ တာပဲ၊ ခန္ဓာကိုယ်၌ ထိုင်နေရင်း လုပ်ရင်ကော (ရပါတယ် ဘုရား)။
အနာဂါမ်တည်တယ်
ဒါနဲ့ အဲဒီ မိလက္ခရဟန်းဟာ ဒီအတိုင်းလုပ်လိုက်တာ မိုးလင်းတော့ ဦးခင်မောင် သောတာပန်တင် မကဘူး၊ အနာဂါမ်ထိ အောင်တည်တယ် (မှန်ပါ့) အနာဂါမ်တည်တော့ တစ်သက်လုံး မုဆိုးလုပ်လာတဲ့ ဟာတွေ အကုန် အဟောသိကံ ဖြစ်တယ် (မှန်ပါ့) ဆားတစ်လျက်နဲ့ ကျေတာပဲဗျာ (မှန်ပါ့) တစ်သက်လုံး လုပ်လာတာတွေဟာ အခုမဂ်တစ်ချက်တည်း နဲ့ပဲ နေရာကျ သွားတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ဒါဖြင့် ဦးခင်မောင်၊ ငရဲသေချာပြီးသား ပုဂ္ဂိုလ်တောင် ကယ်တင်တာပဲ (မှန်ပါ့) သဘောကျပလား (ကျပါပြီ) ငရဲမီးပူပုံကို သဖန်းသား အစိုတွေ မီးရှို့ပြတယ် (မှန်ပါ့) ဒကာ ဒကာမတို့ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
အဲဒီတော့ ဒီလမ်းနဲ့ ဒီစခန်းကို သေချာသလောက်ရှိ တဲ့ပုဂ္ဂိုလ်တောင်မှ ဦးဘတင် ကယ်တင် နိုင်တယ် (မှန်ပါ့)။
အဲဒီတော့ ဘုန်းကြီးဟော နေတဲ့ တရားဟာ ကယ်ယူ မည့်တရားဖြစ်လေသောကြောင့် ခင်ဗျားတို့က ကယ်ယူမှုကို ကိုယ်ပိုင်ရှိအောင်လုပ်ပါ (မှန်ပါ့) မလုပ်ထိုက်ဘူးလား (လုပ်ထိုက်ပါတယ် ဘုရား)။
ဘာကိုယ်ပိုင် ရှိဖို့ အရေးကြီးသလဲ (ကယ်ယူမှုတရားပါ ဘုရား)။ ကယ်ယူမှု တရား ဆိုတာလည်း ရိပ်မိပြီ မဟုတ်လား (မှန်ပါ့) သတိထား၊ ဝီရိယစိုက်၊ ပညာနဲ့ရှု၊ အဲဒီ ပထမငါးပါး၊ ဖြစ်မယ်၊ နောက်တော့ ရင့်ကျက်လာရင် ရှစ်ပါးလာပြီးဖြစ် မယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
သတိမဂ္ဂင်၊ သမာဓိမဂ္ဂင်၊ ဝီရိယမဂ္ဂင်၊ ပညာမဂ္ဂင်တို့ နဲ့ ရှုတာဗျ (မှန်ပါ့) ဦးဇံရင်တို့ ဒါဟာ ခဲယဉ်း စရာရှိရဲ့လား (မရှိပါ ဘုရား)။
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ဒီပုဂ္ဂိုလ်သည် ကားလို့ဆိုရင်ဖြင့် အနာဂါမ် တည်တယ်ဆိုတာ သာမန်အနေနဲ့ ကြည့်ရင် ဒီပုဂ္ဂိုလ်မျိုး တည်နိုင်စရာ တောင်မရှိဘူး၊ သို့သော် သူ့မှာ လုံ့လဝီရိယ ပိုလာတယ်၊ မပိုဘူးလား (ပိုပါ တယ် ဘုရား)။
မအိပ်ဖြစ်အောင်လည်း ခေါင်းပေါ်မှာ အအေးကြီး စွပ်ထားတယ်၊ ခြေထောက် နှစ်ဖက်မှာ လည်း ဂုန်အိတ်တွေ ရေဆွတ်ပြီး ပတ်ထားတယ်ဆိုတော့ ဒီဒုက္ခဟာ ငရဲထက်တော့ မဆိုးတော့ဘူး၊ ဒါဟာ အင်မတန် သက်သာသေးတာ ဗျ (မှန်ပါ့) ငရဲကျ သွားမယ်ဆိုတော့ သက်သာခွင့် ပါသေးရဲ့ လား (မပါ, ပါ ဘုရား) အဲဒါကို ထောက်ဆပြီး ဒီဥစ္စာကို ရဲရဲတင်းတင်း လုပ်ရဲတာ (မှန်ပါ့) မလုပ်ရဲဘူးလား (လုပ်ရဲပါတယ် ဘုရား)။
ကယ်ချိန်ရှိသေးတယ်
အဲဒီတော့ ခင်ဗျားတို့မှာ ဒါလောက်တောင် မရှိသေး ပါဘူး၊ ဒါလုပ်မယ် ဆိုလို့ရှိရင် အခု ကယ်ချိန် ယူချိန်ကလေး ရသေးတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား) ကျန်တာကတော့ အချိန်ကလေးပဲ ကျန်တော့တယ် (မှန်ပါ့ ဘုရား) ဦးခင်မောင် ဘာကျန်သေးသတုံး (အချိန်ပိုင်း ပဲကျန်ပါ သေးတယ်) အဲဒီအချိန်လွန်သွားလို့ ကယ်မည့် ယူ မည့်မဂ်ကလေး သတိထား၊ ဝီရိယစိုက်၊ ပညာနဲ့ရှုဆိုတာ ကလေး မပေါ်လာ တော့ပါဘူး ဆိုရင်ဖြင့် အဲဒါ ခေါင်းအုံးပေါ် မှာ မျက်ရည်ကျပြီး သေမယ်လို့ စိတ်ကူးပေတော့ (မှန်ပါ့)။
ခေါင်းအုံးပေါ် မျက်ရည်ကျပြီး သေတဲ့ပုဂ္ဂိုလ် မှန်လို့ ရှိရင် အများအားဖြင့် မြင်လို့ ဝမ်းနည်းလို့ ဖြစ်တာ (မှန်ပါ့) စိတ်မချမ်းသာလို့ဖြစ်တာ (မှန်လှပါ)။
အကြောတွေ တောင်ဆွဲမြောက်ဆွဲလို့ရှိရင် ဒကာ ဒကာမတွေ ဒါဟာ ရုန်းကန် နေတာများ ပါလိမ့်မယ်၊ မသွား ချင်လို့၊ သို့သော်လည်း နေရမယ် မဟုတ်ပါဘူး (မှန်ပါ့)။ နေရပါ့မလား (မနေရပါ ဘုရား)။
အဲဒါမျိုး တွေကလည်း ခင်ဗျားတို့ လူမမာ သေခါနီး များ သွားကြည့်ရင် အမျိုးမျိုး အဖုံဖုံ တွေ့ရပါ လိမ့်မယ် (မှန်ပါ့)။
အဲဒါ ဘာတုံးဆိုတော့ ဒီလိုသစ္စာ ဆိုက်တဲ့ တရားမျိုး ကို မကြားဖူးဘူး (မှန်ပါ) မသေခင် ဝိပဿနာရှုမှ သေခါ နီးမှ နှလုံးမသာယာမှု မပေါ်စေနဲ့ ဆိုတာ မြတ်စွာဘုရားက စကားနှစ်လုံး မဟောဘူးလား (ဟောပါတယ် ဘုရား)။
မသေခင်က ဝိပဿနာ
မသေခင်က ဘာတဲ့ (ဝိပဿနာရှု) သေခါနီး မှ (နှလုံးမသာယာ မဖြစ်ပါနဲ့) နှလုံး မသာယာခြင်း မဖြစ် ကြပါနဲ့လို့ မမှာဘူးလား (မှာပါတယ် ဘုရား) အဲဒါ ငါ ဘုရား၏ အဆုံးအမပဲတဲ့ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
အဲဒီ ဘုရား အဆုံးအမကို မှတ်ထားလိုက်လို့ ရှိရင်ဖြင့် ဒါဟာ ဘုရားက ၄၅ ဝါ သီးတင်း သုံးတော်မူတယ်၊ ၄၅ ကြိမ် မကပါဘူး၊ အကြိမ်များစွာ မှာသွားတော်မူတာ (မှန်ပါ့)။ ကဲ ဘယ်လောက် အရေးကြီးလို့ မှာတာတုံး (အလွန် အရေးကြီးလို့ပါ ဘုရား)။
အဲဒါ ခင်ဗျားတို့ ယုံယုံကြည်ကြည်နဲ့ လေးလေး စားစားဆိုတာလည်း ခုနင်က ဝတ္ထု ထောက်လိုက် သဖြင့်လည်း ဒီ ပထမဇောတွေက ဒီဘဝတွင်ပင် အကျိုးပေးပုံလည်း မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။
ပေါ်တော့ ခင်ဗျားတို့သည် သြော် တို့ကို ဆရာ သမားက ဒါလောက် လေးလေးနက်နက် သတိပေးပါလျက် သားနဲ့ မိုက်တွင်းနက်နေဖို့တော့ အချိန်မဟုတ်တော့ဘူး (မှန်လှပါ ဘုရား) ဆုံးဖြတ်ချက်ချထိုက် မချထိုက် (ချထိုက်ပါတယ် ဘုရား)။
ဒီပုဂ္ဂိုလ် ရဟန္တာဖြစ်လာတော့မှ အလွန်ဝမ်းသာ တယ် (မှန်ပါ့)။
အလ္လံ ပလာလပုဉ္ဇာဟံ၊သီသေနာဒါယ စင်္ကမိံ။
ပတ္တောသ္မိ တတိယံ ဌာနံ၊ ဧတ္ထ မေ နတ္ထိ သံသယော။
ဂါထာကို ရွတ်ဆိုဥဒါန်းကျူးတယ်၊ ဪ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီး တရားတော်ဟာ အဟုတ်ကယ်နိုင်တာကို ဆိုတာ သူ့စိတ်ထဲမှာ သံသယမရှိ ယုံကြည်တယ် (မှန်ပါ့ ဘုရား)။
ကောက်ရိုး ကရွတ်ခွေ စွပ်ပြီး သကာလ ခြေထောက် မှာလည်း အဝတ်ရေဆွတ်ပြီး ပတ်ပြီး သကာလ အားထုတ် လိုက်တာ အနာဂါမ်အဖြစ်သို့ ရောက်လာတဲ့အတွက် ဟိုဟာ တွေ အကုန် အဟောသိကံ ဖြစ်ပါပေါ့လား ဆိုပြီး ဝမ်းသာလာ တယ် (မှန်ပါ့) သူ့ဟာသူရွတ်တဲ့ဂါထာ (မှန်ပါ့)။
ဒါဖြင့် ဒကာ ဒကာမတို့ ဒီပုဂ္ဂိုလ် လောက်တောင် ခင်ဗျားတို့ ဆိုးတဲ့လူ ဒီအထဲမှာ ပါကိုမပါဘူး (မပါပါ ဘုရား) သူ့မှာ ငရဲမီးပူပုံလည်း ကိုယ်တိုင်မြင်ရပြီ (မှန်ပါ့)။
ကိုယ်တိုင် လုပ်ထားတဲ့ အလုပ်က တစ်ခုမှ မကောင်း ခဲ့ဘူးဆိုတာကော (သိပါပြီ ဘုရား) မထင်ရှားဘူးလား (ထင်ရှားပါတယ် ဘုရား)။
ဘာကိုအားကိုးရမှာတုံး
အဲဒါကြောင့် ခင်ဗျားတို့ ဘာပဲ အားကိုးစရာရှိ သတုံး ဆိုတော့ သတိထား, ဝီရိယစိုက်, ပညာနဲ့ရှု, ဒါ ကလေးကို လက်မလွတ်စေနဲ့ (မှန်ပါ့)။
ခန္ဓာအပေါ်၌ ဘယ်လိုထားရမယ် (သတိထား ဝီရိယစိုက်, ပညာနဲ့ရှု ရပါမယ်) သဘော ကျပလား (ကျ ပါပြီ ဘုရား) အဲ ရှုလိုက်ပြီဆိုမှဖြင့် ရုပ်က ဖြစ်ပျက်ပြလည်း အဲဒါ သတိထား၊ ဝီရိယစိုက်၊ ပညာနဲ့ရှုတဲ့၊ မဂ္ဂင်ဟာ ရုပ်က ဖြစ်ပျက် ပြရင် ဒီသုံးခုတစ်ပြိုင်နက် ဉာဏ်ထဲ ရောက်လာတာ ပဲ (မှန်ပါ့)။
နာမ်ကဖြစ်ပျက်ပြလည်း ဒီသုံးခု (တစ်ပြိုင်နက် ဉာဏ်ထဲ ရောက်လာပါတယ်) သုံးခုသာ ဆိုတယ် ငါးခုရောက် တယ် (မှန်ပါ့) သူ့အတွဲနဲ့သူ ရောက်လာတော့ ဒကာ ဒကာမတွေ ပူစရာရှိသေးရဲ့လား (မရှိပါ ဘုရား)။
အဲဒီကဲ့သို့ ဖြစ်ပျက်တွေ မြင်ပြီး သကာလ ထုံးစံ အတိုင်း ဖြစ်ပျက်မုန်း အောင်ရှုပြီး, ဒီဖြစ်ပျက် ဆုံးလို့ရှိရင် သောတာပန် တည်တာပဲ၊ နောက်တစ်ခါ ဖြစ်ပျက်မြင်၊ ဖြစ်ပျက်မုန်း၊ ဖြစ်ပျက်ဆုံး ပြန်ရင်လည်း ဦးခင်မောင် သကဒါဂါမ်ပဲ (မှန်ပါ့) နောက်တစ်ခါ ဖြစ်ပျက်မြင်၊ ဖြစ်ပျက် မုန်း ဖြစ်ပျက်ဆုံး ပြန်ရင်ကော (အနာဂါမ်ပါ ဘုရား) ဒါကြာတာမျိုးလား (မကြာပါ ဘုရား)။
အဲဒီတော့ မကြာနိုင်တဲ့ အလုပ်မျိုးကို ခင်ဗျားတို့ အမြန် လုပ်ထားလိုက်လို့ရှိရင် ခုနင်က ပြောတဲ့ အဟောသိကံ ဖြစ်စရာ တွေဟာ ဖြစ်သွားမှာပဲ (မှန်ပါ့) တားလို့ဆီးလို့ ရသေးရဲ့ လား (မရပါ ဘုရား)။
ဝိပဿနာသာအားကိုးရာ
ဒါဖြင့် ဘယ့်နှယ် လုပ်ကြမတုံး (ဝိပဿနာ ရှုရ ပါမယ် ဘုရား) ဝိပဿနာရှု၊ ကြိုက်တာရှု၊ ရုပ်ကြိုက်တဲ့ ပုဂ္ဂိုလ် က ရုပ်သာရှု၊ စိတ်ကြိုက်ရင် (စိတ်ရှုရပါမယ် ဘုရား) ဝေဒနာကြိုက်တဲ့ပုဂ္ဂိုလ်က (ဝေဒနာရှုရပါမယ် ဘုရား) ရှုချင်တာ ရှုပါ ဦးခင်မောင် တစ်ခုမြင်လို့ရှိရင် အကုန်မြင်တာ ပဲ (မှန်ပါ့) သို့သော် ကိုယ့်ဝါသနာ အလိုက် ကိုယ်ကြိုက် တာရှု (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ကိုင်း ယနေ့ ဒီတွင် တော်ကြဦးစို့။
သာဓု သာဓု သာဓု။