016

မာတိကာသို့

လောက်လန်းသဖွယ် ဝိညာဉ်တွယ်

အသံဖိုင် ခေါင်းစဉ်= ဒိဋ္ဌိ ဝိစိကိစ္ဆာ ဖြုတ်နည်း အမှတ်(၁)

စာအုပ်ခေါင်းစဉ်= လောက်လန်းသဖွယ် ဝိညာဉ်တွယ်

ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

မိုးကုတ်မြို့၌ ဟောကြားသော တရားတော်

လောက်လန်းသဖွယ် ဝိညာဉ်တွယ်

(24-5-62)

ဘုရားသခင်ကိုယ်တော်မြတ်ကြီး ဟောကြားသည်လို့ ဒကာ ဒကာမတွေက မှတ်ထားရမယ်နော် (မှန်ပါ့ ဘုရား)၊ ဘုန်းကြီး ဟောတယ်လို့ မမှတ်ပါနဲ့ ဘုန်းကြီးကတစ်ဆင့် ပြောတာ မှတ်ကြပါ။

ဒကာ ဒကာမတွေကို ယနေ့ရှင်းပေးရမှာက ဝိညာဏ် ကို ရှင်းပေးမယ်လို့ မှတ်ကြပါ။

ဒကာ ဒကာမတွေမှာ ဒီအယူရှိနေတယ်၊ ဝိညာဏ် ပြောင်းတယ်လို့ အယူရှိကြတယ်၊ ဝိညာဏ်ကလေးဟာ တွယ်စရာမရှိသေးလို့ မချုပ်သေးဘူးတဲ့၊ ဒီလိုလည်း ပြောလေ့ ဆိုလေ့ ရှိကြတယ်၊ ပိုက်ဆံကလေး ထည့်လိုက်မှ ဝိညာဏ် ကလေးဟာ ထွက်သွားတယ်၊ ဝိညာဏ်ဟာ စိတ်ပေါ့ လေနော် (မှန်လှပါ ဘုရား)။

အဲဒီတော့ ဒီဝိညာဏ်ကလေးဟာ ထွက်သွားတယ် လို့ ဆိုသဖြင့် ထွက်သွားတယ်ဆိုတော့ သူက ဒီနေရာ မကောင်းလို့ ဟိုနေရာ ပြောင်းတဲ့ အဓိပ္ပါယ် ရောက်ပါတယ် (မှန်လှပါ ဘုရား)။

ဝိညာဏ်ပြောင်းတယ်လို့ယူရင်

ရောက်တော့ ဒါဟာ ဒကာ ဒကာမတွေက မှတ်လိုက် ပါ၊ သဿတဒိဋ္ဌိ အယူရှိတဲ့ ပုဂ္ဂိုလ်လို့ မှတ်လိုက်ပါ။ (မှန်လှပါ ဘုရား)။

ဘယ်လိုမှတ်မလဲ (သဿတဒိဋ္ဌိ အယူရှိတဲ့ ပုဂ္ဂိုလ်ပါ)။ သဿတဒိဋ္ဌိ အယူရှိတဲ့ ပုဂ္ဂိုလ်လို့ ဒကာ ဒကာမတွေ မှတ်ထားပါ။

ဝိညာဏ် ပြောင်းသွားပြီ၊ ဝိညာဏ်ကလေး ထွက်သွား ပြီလို့ မောင်မြတို့၊ မောင်အောင်ချီတို့၊ ဦးအောင်ဇံဝေတို့ ယူလို့ ရှိရင် ဘာဒိဋ္ဌိတုန်း (သဿတဒိဋ္ဌိပါ) သဿတဒိဋ္ဌိလို့ မှတ်ထားလိုက်စမ်းပါ။

ဝိညာဏ်ကို တချို့ကလည်း အသက်လုပ်ထားတယ်၊ အသက် ထွက်သွားတယ်၊ အခုနေ ဘယ်များ သွားပြီး ထွက်ပါ လိမ့်မတုံး ဆိုတဲ့ဥစ္စာသည် သဿတဒိဋ္ဌိလို့ ဦးအောင်ဇံဝေက မှတ်လိုက် စမ်းပါ (မှန်ပါ့)၊ ဝိညာဏ်၏ အနိစ္စကို သူမရှင်းလို့ ဖြစ်ရတဲ့အဖြစ်။

ဘယ်လိုမှတ်ကြမယ် (ဝိညာဏ်၏ အနိစ္စကို မရှင်းလို့ ဖြစ်ရတဲ့အဖြစ်ပါ ဘုရား)၊ ဝိညာဏ်၏ အနိစ္စကို မရှင်းလို့ ဖြစ်ရတဲ့အဖြစ်လို့ နောက်က ဒကာ ဒကာမတွေ သေသေ ချာချာမှတ်ပါ (မှန်ပါ့ ဘုရား)။

ဝိညာဏ်၏ အနိစ္စမရှင်းလို့ရှိရင် ဦးမြရေ သဿတ ဒိဋ္ဌိပဲ၊ ဗုဒ္ဓဘာသာတွေမှာ ဖြစ်နေတဲ့ သဿတဒိဋ္ဌိ ရှင်းကြ ပလား (ရှင်းပါပြီ ဘုရား) ဘာပါလိမ့် (ဗုဒ္ဓဘာသာတွေမှာ ဖြစ်နေတဲ့ သဿတဒိဋ္ဌိပါ ဘုရား)။

ဘာသာက ဗုဒ္ဓဘာသာ အယူကတော့ ဒိဋ္ဌိအယူ

ဘာသာကတော့ ဗုဒ္ဓဘာသာပဲ (မှန်ပါ့)၊ အယူက တော့ ဒိဋ္ဌိဖြစ်နေသေးတယ် (မှန်ပါ့)။

အယူက ဒိဋ္ဌိဖြစ်ပြီးသကာလ ဖြစ်နေကြတော့ ဒါကြောင့် ဘုန်းကြီးက ဒကာ ဒကာမတွေကို ဝိညာဏ်ဆိုတဲ့ စိတ်ကို အရှုခိုင်းနေတာ၊ အဲဒါ မောင်အောင်ချီတို့၊ လှညွန့်တို့က မှတ်၊ ဝိညာဏ်နဲ့ စိတ်ဟာ အတူတူပဲနော် (မှန်ပါ့)။ စက္ခုဝိညာဏ်ကော စိတ်ပဲ(မှန်ပါ့)။ သောတ ဝိညာဏ် ဆိုတာကော (စိတ်ပါပဲ ဘုရား)၊ မနော ဝိညာဏ်ဆိုတဲ့ လောဘ, ဒေါသ, မောဟတွေကော (စိတ်ပါပဲ ဘုရား)။

အဲဒါ မှတ်ထား လိုက်တော့ မင်းတို့ ရှုထားတဲ့ ပုဂ္ဂိုလ် ကျတော့ ပျက်တာ၊ ဘယ်ပြောင်းစရာ ရှိမလည်းဆိုတာ ပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား)

ရှုတဲ့ ပုဂ္ဂိုလ်ကျတော့ ပြောင်းသေးသလား (မပြောင်း ပါ)။ ဟိုသွား၊ ဒီသွား, သွားနိုင်သေးရဲ့ လား (မသွားနိုင်ပါ ဘုရား)၊ မသွားနိုင်ပါဘူးတဲ့၊ ပြောင်းကိုပြောင်းနိုင်တာ မဟုတ် ပါဘူး။

ကိုင်း ဒါဖြင့် ဆရာဘုန်းကြီးက ဦးအောင်ဇံဝေ လည်း ဝိညာဏ်အရှုခိုင်းတာပဲ (မှန်ပါ့)၊ စက္ခုဝိညာဏ်, သောတဝိညာဏ် မပါဘူးလား (ပါ-ပါတယ် ဘုရား)၊ မနော ဝိညာဏ်ဆိုတဲ့ လောဘ, ဒေါသ, မောဟ၊ အလောဘ, အဒေါသ, အမောဟတွေကော (ပါ-ပါတယ် ဘုရား)၊ ဒါတွေကို အရှုခိုင်းတာ။

ဪ ဘာ့ကြောင့် အရှုခိုင်းနေပါလိမ့်မလဲ ဆိုတော့ ယနေ့တရားမှာ ပေါ်သွားပြီ (ပေါ်သွားပါပြီ ဘုရား)၊ မပေါ်ကြ သေးဘူးလား (ပေါ်ပါပြီ ဘုရား)။

အသက်ထွက်သွားတယ်လို့ယူရင် သဿတဒိဋ္ဌိ

ဝိညာဏ် အပေါ်မှာ နဂိုက ခင်ဗျားတို့ ဝိညာဏ် ပြောင်းတယ်လို့ အယူရှိတယ်၊ အသက်ကလေး ထွက်သွား တယ်လို့ အယူရှိတယ်၊ သဘောကျပလား (ကျပါပြီ ဘုရား) ဘာဒိဋ္ဌိတုံး (သဿတဒိဋ္ဌိပါ ဘုရား)။

ဒါဖြင့် ဝိညာဏ်အပေါ်မှာ သဿတဒိဋ္ဌိရှိတော့ ဪ ဝိညာဏ်ဆိုတာစိတ်၊ စိတ်ပေါ်မှာ ဒိဋ္ဌိအများဆုံး ဆိုတာ ပေါ်သွားပြီ (မှန်ပါ့) မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။

နောက်က ဒကာ ဒကာမတွေ ဘယ်အပေါ်မှာ ဒိဋ္ဌိ များပါလိမ့် (စိတ်ပေါ်မှာ ဒိဋ္ဌိများပါတယ် ဘုရား)။

ကဲ ဒါ့ကြောင့် သောတာပန် တည်ချင်ရင် ဒိဋ္ဌိဖြုတ်ရမယ် ဆိုသောကြောင့် အခုလာသရွေ့ ဒကာ ဒကာမ တွေကို စိတ္တာနုပဿနာ ပေးနေတယ်လို့ မှတ်လိုက်စမ်းပါ (မှန်ပါ့)၊ ကဲ မရှင်းကြ သေးဘူးလား (ရှင်းပါပြီ ဘုရား)။

စိတ္တာနုပဿနာ ပေးနေတယ်၊ စိတ်ဆယ့်နှစ်မျိုးပဲ ပေးတယ်၊ ဘယ်သူလာလာ (မှန်ပါ့)။

စိတ်ပေါ်မှာဒိဋ္ဌိအများဆုံး

ဘာ့ကြောင့် ဦးအောင်ဇံဝေ, ဒါ ပေးနေရပါလိမ့် မလဲဆိုတာတော့ အဓိပ္ပါယ် ရှင်းသွားပြီ (ရှင်းပါပြီ)၊ စိတ်ပေါ် မှာ ဘာများနေသတုံး (ဒိဋ္ဌိ များနေပါတယ် ဘုရား)၊ ပထမ မဂ်လိုချင်ရင် ဘာဖြုတ် ရမှာတုံး (ဒိဋ္ဌိဖြုတ်ရမှာပါ ဘုရား)။

ဒါဖြင့် ပထမမဂ် လိုချင်လို့ရှိရင် ဒိဋ္ဌိဖြုတ်ရမှာ ဖြစ်နေ တော့ ဒိဋ္ဌိခံနေလို့ ရှိရင်ဖြင့် ရပါဦးမလား (မရပါ ဘုရား)။

မရနိုင်တော့ သြော် ဒါကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဝိညာဏ်ပေါ်မှာ ဒိဋ္ဌိအများဆုံး ဟေ့ ဆိုတော့ အခု ရှုခိုင်းနေတာလည်း မောင်အောင်ချီ တို့ လှညွန့်တို့ အရှုခိုင်း ထားတယ်၊ ဦးအောင်ဇံဝေ ရှုနေတယ်၊ ခင်ဗျားတို့ ကိုယ်တိုင် ရှုကြည့်တော့ မျက်လုံးထဲ မြင်တဲ့ ဝိညာဏ် ကလေး ဟာလည်း ပျက်သွားတာပဲ၊ မြင်ပြီး ပျက်တာပဲ (မှန်ပါ့) ကြားတဲ့ သောတဝိညာဏ် ကလေးကကော (ကြားပြီး ပျက်ပါတယ်)၊ ကြားပြီး၊ ပျက်တာပဲ၊ ဘယ်မှာတုံး ပြောင်းစရာရှိရဲ့လား (မရှိပါ ဘုရား)။

ဝမ်းထဲရှိ တဲ့ မနောဝိညာဏ် ကလေးတွေကော (မရှိပါ) လောဘ, ဒေါသ, မောဟ, အလောဘ, အဒေါသ, အမောဟ ကလေးတွေလည်း မင်းတို့ရှုကြ၊ အတွင်းဧည့်သည် လည်း ရှုကြဟေ့ဆိုပြီး အရှုခိုင်းတော့ ပြောင်းနိုင်စရာ ရှိမလား၊ ဒီနေရာမှာ ပေါ်ပြီး ဒီနေရာမှာပဲ ပျက်တာတွေ့ကြပလား။ (ဒီနေရာမှာ ပေါ်ပြီး ဒီနေရာမှာ ပျက်တာ တွေ့ကြပါတယ် ဘုရား)။

ဒီနေရာပေါ် ဒီနေရာပျက်တာ တွေ့ကြတော့ ဪ ဒါဖြင့် အသက်ထွက်သွားပြီ၊ ဝိညာဏ် ချုပ်သွား ပြီ၊ ယခုအခါ ဘယ်များ ရောက်နေပါလိမ့်မလဲ “လောက်လမ်း သဖွယ် ဝိညာဏ်တွယ်” ဆိုတဲ့ ရှေးစကားတွေ ကလည်း ရှိနေတော့ ဟိုမှာ ခိုစရာ မရှိသေးလို့ မောင်မြင့်ဒီက မချုပ် သေးဘူး တောင် ပြောတယ် ဝိညာဏ်က (မှန်ပါ့) ဘယ်လောက် ဆိုးသတုံး (ဆိုးပါတယ်)၊ ပျက်တာ ပါသေးရဲ့လား (မပါပါ ဘုရား)၊ ဒါဖြင့် ဘာဒိဋ္ဌိ ဖြစ်နေသတုံး (သဿတ ဒိဋ္ဌိဖြစ်နေပါတယ် ဘုရား)။

ဘာဘူ သဘောကျပလား (မှန်ပါ့)၊ သဘောကျ အောင် လုပ်ကြစမ်းပါ၊ နောက်က ဒကာ ဒကာမတွေ နား မလည် မရှိပါစေနဲ့၊ ရှေးစကား ပေမယ့် ဦးမြရေ ဒိဋ္ဌိ ဘက်သွားတာ မနည်းပါဘူး (မှန်ပါ့)။

လောက်လမ်းသဖွယ်ဝိညာဉ်တွယ်

“လောက်လမ်းသဖွယ် ဝိညာဉ်တွယ်” ဆိုတဲ့ဥစ္စာက လောက်လမ်းဆိုတာ ဒီဘက်က တွယ်ပြီး သကာလ ထားတယ်၊ ဟိုဘက်က အတွယ် မရသေးခင် ဒီက မလွှတ်သေးဘူး၊ အဲဒီတော့ သူတစ်တန်းတည်း သွားတယ်ဆိုတဲ့ အဓိပ္ပါယ် မရောက် ဘူးလား (ရောက်ပါတယ် ဘုရား) ဘာဒိဋ္ဌိဖြစ်နေသတုံး (သဿတ ဒိဋ္ဌိဖြစ်နေ ပါတယ် ဘုရား)။

အဲဒီတော့ ဝိညာဏ်ဆိုတဲ့ စိတ်ကို ဝိပဿနာမရှုတဲ့ ပုဂ္ဂိုလ်မှာဖြင့် ဒီရှေးပေါရာဏ အယူကြီး တည်း ဟူသော ဒိဋ္ဌိ ဟာဖြင့် ရှိနေမှာပဲလို့ ဦးမြတို့ နယ်လှည့်နေတဲ့ ပုဂ္ဂိုလ်တွေ တွေ့ရပါလိမ့်မယ် (မှန်ပါ့)၊ ဘာဒိဋ္ဌိ ရှိနေတာတုံး (သဿ တ ဒိဋ္ဌိ ရှိနေတာပါ ဘုရား)၊ ဒကာ ဒကာမတွေ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

နှစ်ခုသော အကြောင်းကိုစွဲ၍ ဝိညာဏ်ဖြစ်တယ်

ကိုင်း ဒါဖြင့် ဝိညာဏ်ကို ဘုရားသခင် ကိုယ်တော်မြတ်ကြီး သေသေချာချာ ဟောမယ်ကွာ တဲ့၊

“ဒွယံ ဘိက္ခဝေ ပဋိစ္စ ဝိညာဏံ၊” ဘိက္ခဝေ- ရဟန်းတို့၊ ဒွယံ- နှစ်ခုသော အကြောင်းကို၊ ပဋိစ္စ-စွဲ၍၊ ဝိညာဏံ- ဝိညာဏ်သည်၊ သမ္ဘောတိ- ဖြစ်၏။ ဝိညာဏ်ဆိုတာ နှစ်ခုသော အကြောင်းကြောင့် ဖြစ်တယ်ကွာတဲ့၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

မျက်လုံးဝိညာဏ် လည်း ဘယ်နှစ်ကြောင်းလည်း (နှစ်ကြောင်းပါ)၊ နားဝိညာဏ်ကော (နှစ်ကြောင်း)၊ ကြားစိတ် ကလေးပေါ့လေနော် (မှန်ပါ့)၊ မနောဝိညာဏ်ကော (နှစ်ကြောင်းပါပဲ)၊ နှစ်ကြောင်းပဲ။

“ဒွယံ ဘိက္ခဝေ ပဋိစ္စ ဝိညာဏံ” ဝိညာဏ်ဆိုတာဟာ တဲ့ နှစ်ကြောင်းကြောင့် ဖြစ်တာလို့ မှတ်လိုက်စမ်းပါ (မှန်ပါ့ ဘုရား)။

ကိုင်း ဒါဖြင့် နှစ်ကြောင်းကြောင့် ဖြစ်တာရှင်း -မရှင်း သိရအောင် မျက်လုံးကန်းနေတဲ့ ပုဂ္ဂိုလ်မှာလည်း ဘယ် လိုဖွင့်ဖွင့် မောင်အောင် မြင်ပါ့မလား (မမြင်ပါ ဘုရား)၊ ဟို က အဆင်းဆိုတဲ့ အဖြူ, အနီ, အကြောင်, အကျားက မရှိရင်လည်း မြင်ပါ့မလား (မမြင်ပါ ဘုရား)။

ဒါဖြင့် ဒီအထဲမှာ မျက်လုံး အကြည်ရယ် စက္ခုပသာဒ ဆိုတဲ့ မျက်လုံး အကြည်ရုပ် ကလေးရယ်၊ ဟိုက အဆင်းရယ် တည့်တဲ့အခါကျတော့ မြင်တယ်ဆိုတဲ့ စိတ်ကလေးပေါ်တယ် (မှန်ပါ့ ဘုရား)။

ဒါဖြင့် ဒီက အကြည်ရုပ်ရယ် ဟို ဖြူ၊ နီကြောင်, ကျားဆိုတဲ့ အဆင်းရယ် နှစ်ခုတည့်မှ ကြားထဲမှာ “ဖျတ်’ ခနဲ မြင်စိတ်ကလေး ပေါ်တယ်ဆိုတော့ အကြောင်း ဘယ်နှစ်မျိုး ရှိသတုံး (နှစ်မျိုးပါ ဘုရား)။

အကြောင်းက ဒီအထဲမှာ မျက်လုံးအကြည်ရုပ် တစ် ကြောင်း၊ ဟိုက အဆင်းရုပ် တစ်ကြောင်း (မှန်ပါ့)၊ ဤနှစ် ကြောင်းတည့်တဲ့အခါမှာ ဘာပေါ် သတုံး (မြင်စိတ် ပေါ်ပါ တယ် ဘုရား)။ စက္ခုဝိညာဏ်ဆိုတဲ့ ဝိညာဏ်ကလေး ပေါ်တယ် (ဝါ) မြင်စိတ်ပေါ်တယ်၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

နှစ်ခုသောအကြောင်းကြောင့်ဖြစ်တယ်

ဒါကြောင့် ဘုရားက “ဒွယံ ဘိက္ခဝေ ပဋိစ္စ ဝိညာဏံ” တဲ့ ရှင်းကြပလား (ရှင်းပါပြီ ဘုရား) ဘိက္ခဝေ= ရဟန်းတို့၊ ဒွယံ= နှစ်ခုသော အကြောင်းကို ဆိုတော့ ဒီအတွင်းက အကြည် ရုပ်တစ်ကြောင်း ဟိုအပြင်ဘက်က အဆင်းတစ်ကြောင်း ဆိုတာ၊ ပဋိစ္စ=စွဲ၍၊ သူတို့နှစ်ခု ပေါင်းမိယင် ဝိညာဏံ= မြင်တတ်တဲ့ ဝိညာဏ်, ကြားတတ်တဲ့ ဝိညာဏ်, တွေးတတ် တဲ့ ဝိညာဏ်သည်၊ သမ္ဘောတိ-ဖြစ်၏၊ ဪ “ဒွယံ ဘိက္ခဝေ ပဋိစ္စ ဝိညာဏံ” ကိုး။

ဒါဖြင့် ရှင်းပြစမ်းပါဦး ဘုရားလို့ ဆိုတော့ “ကထဉ္စ ဘိက္ခဝေ ဒွယံ ပဋိစ္စ ဝိညာဏံ၊” ဘယ်လို ဖြစ်တယ် ဆိုတာ ငါ သေသေချာချာ ရှင်းပြပါမယ်ကွာတဲ့၊

ဟော စက္ခုံ စ ဆိုတော့ မျက်လုံးအကြည် ရုပ်ကလေး နော် (မှန်ပါ့)။

“ပဋိစ္စ ရူပေ စ ဥပ္ပဇ္ဇတိ”ဆိုတော့ ဟိုဘက်က ဖြူ နီ, ကြောင်ကျား တစ်ခုခု မရှိပေဘူးလား (ရှိပါတယ် ဘုရား)၊

စက္ခုံ စ= အကြည်ရုပ်ကို လည်းကောင်း၊ ရူပေ စ = အဆင်းရုပ် တို့ကို လည်းကောင်း၊ ပဋိစ္စ= စွဲ၍၊ ဝိညာဏ်-မြင်တတ်တဲ့ ဝိညာဏ် သည်, ကြားတတ်တဲ့ ဝိညာဏ်သည်, တွေးတတ်တဲ့ ဝိညာဏ် သည်၊ ဥပ္ပဇ္ဇတိ= ဖြစ်၏။ ရှင်းပလား (ရှင်းပါပြီ ဘုရား)။ ဒါဖြင့် ဝိညာဏ်ဖြစ်ပုံ သေချာပြီနော် (သေချာပါပြီ ဘုရား)။

အဲဒီတော့ မင်းတို့ကို ငါရေးပေးထားတာက ဆယ့်နှစ် ခုရှိတယ်၊ ဝိညာဏ်ချည်း ဆယ့်နှစ်ခု ရှိတယ်၊ အဲဒီ ဆယ့်နှစ်ခု ဟာ အကြောင်း နှစ်ကြောင်းကြောင့် ဖြစ်တယ်လို့ မှတ်ထား လိုက်စမ်းပါ (မှန်ပါ့ ဘုရား)။

ဆယ့်နှစ်ခုစလုံး မနက်က ရေးပေးထားတာနော်၊ မောင်မြင့် တွေ့တယ် မဟုတ်လား (တွေ့ပါတယ် ဘုရား)၊ အဲဒါ က ဘယ်နှစ်ကြောင်းကြောင့် ဖြစ်သတုံး (နှစ်ကြောင်းကြောင့် ဖြစ်ပါတယ်)၊ တစ်ခုတစ်ခုမှာ နှစ်ကြောင်း နှစ်ကြောင်းကြောင့် ဖြစ်တယ် (မှန်ပါ့ ဘုရား)။

ဦးမြ တစ်ခုတစ်ခုမှာ (နှစ်ကြောင်း နှစ်ကြောင်းကြောင့် ဖြစ်ပါတယ်) နှစ်ကြောင်း နှစ်ကြောင်းကြောင့် ဖြစ်တယ်လို့ သိတော့ ဟောဒီ အထဲမှာလဲ အသံမပါပါဘူး မောင်အောင်ချီ။ ဒီဘက် လက်ထဲမှာလဲ အသံ မပါပါဘူးနော်၊ ဒီလိုရိုက်လိုက်တဲ့ အခါ ဘယ့်နှယ်ကြောင့် အသံဖြစ်သတုံး ဆိုတော့ သူတို့နှစ်ခု ထိခိုက်ခြင်းကြောင့် ပေါ်တဲ့အသံ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါ တယ် ဘုရား)။

နဂိုက ဒီအထဲ အသံပါရဲ့လား (မပါ-ပါ)၊ ညာလက် ထဲကော (မပါ-ပါ)၊ ဘယ်လက်ထဲ (မပါ-ပါ)၊ ရိုက်လိုက်တဲ့ အခါကျတော့ (အသံဖြစ်ပါတယ်)၊ ဒါဖြင့်သူတို့နှစ်ခု ထိခိုက် လို့ ပေါ်လာတာပဲ (မှန်ပါ့ ဘုရား)။

ဒီအတိုင်းပါပဲတဲ့ ဒီက မျက်လုံးအကြည်ရုပ်နဲ့ ဟိုက အဆင်းနဲ့ တည့်နေတဲ့အခါမှာ မြင်တယ် ဆိုတာ ကလေးပေါ် လာတယ် သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် မြင်တယ် ဆိုတာကလေး ပေါ်လာတာဟာ ဒီမျက်လုံး အကြည်ရုပ်နဲ့ အဆင်းနှစ်ခု ထိခိုက်မှ ပေါ်တယ်လို့ ဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။

ဒါဖြင့် သူတို့နှစ်ခုက နည်းနည်းတောင် ရှေးကျတယ်၊ (မှန်ပါ့)၊ မြင်တဲ့စိတ် ပေါ်တာက နောက်ကျတယ် (မှန် ဘုရား)။

သူတို့နှစ်ခုပေါ်နှင့်တာက (ရှေးကျပါတယ်)၊ ဦးမြ မြင် စိတ်ပေါ်တာကော (နောက်ကျပါတယ် ဘုရား)။

ဒါကြောင့် ခင်ဗျားတို့ ညရွတ်တဲ့ အခါကျတော့ ပုရေ ဇာတပစ္စယော = ရှေးဖြစ်၍ ကျေးဇူးပြုတယ် ဆိုတာ သူတို့ နှစ်ခုက ကျေးဇူးပြုတယ်လို့ မြင်စိတ်ကလေး ပေါ်တာပါဆို သူက ပုရေဇာတပစ္စည်း ဖြစ်သွားတယ်၊ ဒီနှစ်ခုစလုံးက (မှန်ပါ့)၊ သဘောကျရဲ့ လား (ကျပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့် ဒီဝိညာဏ် ကလေးဟာ ပေါ်တယ် တဲ့၊ ကဲ ပေါ်တာ ပေါ်ပါစေတော့ ပေါ်တော့ ဒီအထဲက အကြည်ရုပ် ကလေးလည်း ရုပ်ဆိုတော့ မင်းတို့သိပြီးသား သူလည်း အနိစ္စပဲ၊ မနေဘူးလား (နေပါတယ်)၊ ရုပ်ဟာ အနိစ္စပဲ၊ ဒီအဆင်းဟာ ကိုယ့်အဆင်း ကိုယ်ကြည့်တော့လည်း အဆင်းရုပ် ကကော ဘာဆိုကြမယ် (အနိစ္စပါ ဘုရား)။

အနိစ္စနှစ်ခုကြောင့်ဖြစ်တဲ့ဝိညာဏ်

ဟာ ဒါဖြင့် အနိစ္စနှစ်ခုကြောင့်ဖြစ်တဲ့ ဝိညာဏ် အနိစ္စ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

အနိစ္စနှစ်ခု ကြောင့်ဖြစ်တဲ့ (ဝိညာဏ်အနိစ္စပါ) ရှင်းပြီ နော် (ရှင်းပါပြီ ဘုရား)။

အဲဒီတော့ကို ဖြစ်စေတတ်တဲ့ အကြောင်းနှစ်ခုကို ဒီက အကြည်ရုပ်ရယ်, အဆင်းရုပ်ရယ် ဖြစ်စေတဲ့ အကြောင်း နှစ်ခုကိုက အနိစ္စတရား ဖောက်ပြန်တတ်တဲ့ တရား ဟုတ်လား (မှန်ပါ့)။

တစ်ပါးသော သဘောနဲ့ ဖြစ်တတ်တဲ့ တရားဆိုတော့ သူတို့က ဖောက်ပြန်ပျက်စီးတတ်တဲ့ တရားဖြစ်သောကြောင့် ဖြစ်စေတဲ့ အကြောင်းကိုက ဖောက်ပြန်ပျက်စီးတတ်တဲ့ တရား နှစ်ခုဖြစ် သောကြောင့် အကျိုးဖြစ်တဲ့ မြင်စိတ်ကလေး, ကြား စိတ်ကလေး တွေးစိတ် ကလေးဟာ မင်းတို့ ဘယ်လိုဆိုကြ မတုံး (အနိစ္စပါ)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

အကြောင်းနှစ်ခုတို့က အနိစ္စမို့ သူကဖြစ်စေတဲ့ အကျိုး ဝိညာဏ်ကလေးကို ဘယ့်နှယ် ခေါ်ကြမလဲ (အနိစ္စပါ) ရှင်းကြရဲ့လား (ရှင်းပါတယ် ဘုရား)။

ဪ ဒါဖြင့် ဝိညာဏ်ဟာ ပြောင်းနိုင်တယ် ရွှေ့ နိုင်တယ်လို့ဆိုတဲ့ သဘောဟာက ဦးမြ ရှင်းသွား ပါပြီ (ရှင်းပါ ပြီ)၊ သူ့ကိုဖြစ်စေတဲ့ အကြောင်းနှစ်ခုကိုက ဘာတဲ့ (အနိစ္စပါ) ဒါဖြင့် ဖြစ်စေတဲ့ အကျိုး ဝိညာဏ်ကလေးကို ဘယ်လို ခေါ်ကြ မယ် (အနိစ္စပါ ဘုရား)။

ဖြစ်စေတဲ့အကြောင်း အနိစ္စ၊ ဖြစ်တဲ့ဝိညာဏ် အနိစ္စ

“ယောပိ ဟေတု ယောပိ ပစ္စယော ဝိညာဏဿ ဥပ္ပါဒါယ၊ သောပိ အနိစ္စာ”

ဖြစ်စေတဲ့ အကြောင်းကိုက အနိစ္စ မို့ ဖြစ်တဲ့ ဝိညာဏ်ကလေး ဘယ့်နှစ်ခေါ်ကြမလဲ (အနိစ္စ ပါ ဘုရား)။

ဒါကြောင့် ဘုန်းကြီးက ရှင်းအောင် ပြောစမ်း ပါရစေ တော့ ဒကာ ဒကာမတွေ ရှင်းသည်ထက် ရှင်းအောင် ပြော ရလို့ရှိရင်ဖြင့် မောင်အောင်ချီ အမေဟာ အနိစ္စ၊ အဖေဟာ ကော (အနိစ္စပါ ဘုရား)၊ မင်းကို အမေ-အဖေ အနိစ္စက မွေး တော့ကို မောင်အောင်ချီ တစ်ကိုယ်လုံးထဲ ဘာတွေများ ရှိသတုံး မေးရင် (အနိစ္စပါပဲ ဘုရား)။

ဦးမြ အနိစ္စ ရှိမှာပဲ၊ဘာဖြစ်လို့တုံး ဖြစ်စေတဲ့ အမေအဖေကိုက (အနိစ္စပါ)၊ သားကျမှ နိစ္စ ဖြစ်ချင်လို့ (မရပါ)။ ဒီအတိုင်း ပါပဲ၊ ပိုရှင်း မသွားဘူးလား (ရှင်းသွားပါတယ် ဘုရား)။

အဲဒီတော့ ကျုပ်မှ ဖြစ်ရလေခြင်းလို့ ဆိုကြမလားတဲ့၊ အနိစ္စမျိုးမို့ အနိစ္စဖြစ်တယ် လို့ဆိုကြ မလား (အနိစ္စမျိုးမို့ အနိစ္စ ဖြစ်ပါတယ်)၊ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

အနိစ္စမျိုးမို့ အနိစ္စ ဖြစ်တယ်ဆိုတာ ဒကာ ဒကာမတွေ က ရှင်းပလား (ရှင်းပါပြီ)၊ ကျုပ်ဖြင့် မျက်လုံးအောက်များ ဒီလိုဖြစ်သွားမှာ ကြောက်လိုက်တာလို့များ ကြောက်မနေနဲ့ အနိစ္စမျိုးက လာရင် အနိစ္စ လာမှာပဲ (မှန်ပါ့ ဘုရား)။

ဘယ့်နှယ်တုံး (အနိစ္စ အမျိုးက လာရင် အနိစ္စလာမှာ ပါပဲ)၊ အနိစ္စပဲ လာလိမ့်မယ်ဆိုတာ မှတ်ထား လိုက်စမ်းပါ။

အနိစ္စကို လိုချင်သေးရင်၊ ငိုရဦးမယ်

ဒါကြောင့် ခင်ဗျားတို့ အနိစ္စ မမုန်းဘဲနဲ့ အနိစ္စ မရွံ့ ဘဲနဲ့ အနိစ္စကို လိုချင်နေ သရွေ့ကာလ ပတ်လုံး ငိုရဦးမယ်, ရင် ထုရ ဦးမယ် ဆိုတာ ဦးမြ ဟောပြီ (မှန်ပါ့)၊ မဟောသင့် ဘူးလား (ဟောသင့်ပါတယ် ဘုရား)။

အနိစ္စ မမုန်း, အနိစ္စကို မလိုချင်တဲ့ဉာဏ် မရသေး သရွေ့ ကာလပတ်လုံး ခန္ဓာတွေဖြစ်ပြီး အနိစ္စတွေရ နေမှာပဲ (မှန်ပါ့ ဘုရား)၊ အနိစ္စတွေ ရနေတုန်း ငိုကြ ယိုကြတဲ့ ကိစ္စတွေရပ်စဲ ပါ့မလား (မရပ်စဲပါ ဘုရား)။

ဒါဖြင့် ဒီ ဒကာ ဒကာမတွေမှာ အနိစ္စက နေပြီး မောင်မြင့် နိစ္စဘက်ကို ကူးချင်တဲ့ ဉာဏ်လာမှ သာလျင် ခင်ဗျားတို့သောက, ပရိဒေဝ, ဒုက္ခ, ဒေါမနဿ ချုပ်မယ် (မှန်ပါ့)၊ ဦးမြရှင်းပလား (ရှင်းပါပြီ ဘုရား)။

အနိစ္စက နေပြီး နိစ္စဘက်ကူးတဲ့ ဉာဏ်လာမှသာလျှင် သောက, ပရိဒေဝ, ဒုက္ခ, ဒေါမနဿ ဘာတုံး (ချုပ်ပါတယ်)၊ ချုပ်မယ် ငြိမ်းမယ်ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

အဲဒီတော့ မင်းတို့ အခု လွမ်းမနေကြနဲ့ ဆိုတာ ပြော လိုက်ပါတယ်၊ ကိုယ့်သားမယား, ကိုယ့်သားသမီး ကလေးတွေ ချစ်လိုက်တာ, ခင်လိုက်တာ လွန်လို့၊ ဖြုန်းခနဲများ မတော် တဆ ဖြစ်သွားမှာများ ကျုပ်ဖြင့် မတွေးရက်ပါဘူး။

အို ဒီလိုလုပ်မနေနဲ့ မောင်အောင်ချီရ၊ မောင်မြင့် ဒီလိုလုပ်မနေနဲ့ မင်းတို့က ဘာတုံး (အနိစ္စပါ)၊ မင်းတို့၏ ခင်ပွန်းမ တွေကော (အနိစ္စပါ)၊ သူတို့က မွေးလာတာကလေး ဟာ ဘာကလေးတွေ မွေးမယ်ထင်ကြသတုံး (အနိစ္စပါ ဘုရား)။

ဒါကြောင့် မျက်လုံးအောက်များ မမြင်ပါရစေနဲ့ မမြင် ပါရစေနဲ့လို့ လုပ်မနေစမ်းပါနဲ့၊ ရိပ်မိပလား (ရိပ်မိပါပြီ)၊ ဘာ့ကြောင့်တုံးလို့ မေးတဲ့အခါကျတော့ မပေါ်ကြသေးဘူး လား (ပေါ်ပါပြီ) ဘာတုံး (အနိစ္စပါ)၊ အနိစ္စအမေ, အဖေက မွေးလာတော့ ဘာကလေး မွေးလာသတုံး (အနိစ္စကလေး မွေးလာပါတယ် ဘုရား)။

ဒါဖြင့် သူတို့အလျင်ဦးလို့ရှိရင်လည်း အနိစ္စအလျင် ကျမှာပေါ့။ မျက်လုံးကများဖြင့် ဦးမြကြီးက မတွေ့ချင်ပါဘူးလို့ ညည်းချင် သေးသလား (မညည်းပါ ဘုရား)၊ မညည်းဘူး ရှင်း ပြီနော် (ရှင်းပါပြီ ဘုရား)။

အဲဒီတော့ ဒကာ ဒကာမတွေက သေခြင်းသေရင် ကိုယ်အလျင် သေပါရစေများ လာလိုက် သေးတယ်၊ အံမာ ဘယ့်နှယ် မပြောကြဘူးလား (ပြောပါတယ် ဘုရား)။

သေခြင်းသေရင်၊ ကိုယ်အရင်သေပါရစေ

သေခြင်းသေရင် ဘာတဲ့ ကိုယ်အလျင်သေပါရစေ၊ သူတို့ လူလား မမြောက်တဲ့ လူကလေးတွေ ကဖြင့် လူ့ပြည် အကြောင်း ကောင်းကောင်း သိအောင် နေရစ်ပါစေတဲ့၊ လောကွတ် သိပ်ချော်ပါလား (မှန်ပါ့ ဘုရား)၊ ဦးမြ သိပ်လော ကွတ်ချောတာ။

အဲဒါ အခုပြောခဲ့တဲ့ “ဒွယံ ဘိက္ခဝေ ပဋိစ္စ ဝိညာဏံ” ကို သူနားမလည်လို့ (မှန်ပါ့)၊ ဒွယံ= နှစ်ပါးသော အကြောင်း ကို ပဋိစ္စ= စွဲ၍၊ ဝိညာဏံ =ဝိညာဏ်သည်၊ ဟောတိ- ဖြစ် ၏။ ဟုတ်လား (မှန်ပါ့)။

အဲဒီတော့ ဒီအကြည် ရုပ်ကလေးကလည်း ဝိညာဏ် ကို ဖြစ်စေတာပဲ၊ အဆင်းရုပ်ကကော (ဝိညာဏ်ဖြစ်စေတာ ပါပဲ ဘုရား)၊ သူတို့ကိုက အနိစ္စတရား။

ဖြစ်စေတဲ့ အကြောင်းနှစ်ခုကို ဘာဆိုကြမယ်(အနိစ္စ တရားပါ)၊ ဒါဖြင့် ဖြစ်ပေါ်လာတဲ့ အကျိုးကို ဘာဆိုကြမယ် (အနိစ္စတရားပါ ဘုရား)။

ဒါဖြင့် ဒီ ဒကာ ဒကာမတွေမှာ ခင်ဗျားတို့ သန္တာန် ဆိုတဲ့ ဝိညာဏ်တွေ ဟူသရွေ့ဟာဖြင့် အကြောင်း နှစ်ကြောင်းကြောင့် ဖြစ်သောကြောင့် သူတို့ကို ဘာခေါ်ကြမယ် (အနိစ္စပါ)။

ဒါဖြင့် အနိစ္စ အကြောင်းကြောင့်ဖြစ်စေ အနိစ္စပဲ ပေါ်လာမှာပဲ၊ အနိစ္စ ရမှာပဲလို့ မသိကြဘူးလား (သိပါတယ် ဘုရား)။

ဒါကလေး ဟောလိုက်ရတာ ဘုန်းကြီး ဒီနေ့ သိပ် ဝမ်းသာပါတယ်၊ ဘာဖြစ်လို့ အရှင်ဘုရား ဒါဟောတာ ဝမ်းသာပါလိမ့်မတုံး ဆိုတော့ မြင်စိတ်ကလေး ဘယ်နှစ်ကြောင်းကြောင့် ဖြစ်သတုံး (နှစ်ကြောင်းကြောင့် ဖြစ်ပါတယ် ဘုရား)။

အင်း သိကြား, ဗြဟ္မာ, ဘုရားလာပြီး ဖန်ဆင်း တာ ဟုတ်သေးရဲ့လား (မဟုတ်ပါ)၊ ဒီအထဲက ဝိစိကိစ္ဆာ စင်သွားပြီ (မှန်ပါ့)။

ဝိစိကိစ္ဆာ ဘယ့်နှယ်တုံး (စင်သွားပါပြီ ဘုရား)။ သံသယရှိသေးရဲ့ လား (မရှိတော့ပါ ဘုရား)။

မြင်စိတ်၊ ဘယ်ကလာပါလိမ့်

ဒီ မြင်စိတ်ကလေးဟာ ဘယ်ကများ လာပါလိမ့် (ဒီ နှစ်ကြောင်းကြောင့် ဖြစ်ပါတယ် ဘုရား) ဒီနှစ်ကြောင်းက လုပ် လိုက်တယ် (မှန်ပါ့)။

ကောင်းပြီ ဒါဖြင့် နှစ်ကြောင်းက လုပ်တာသိသဖြင့် ဘယ်က လာပါလိမ့်မလဲဆိုတဲ့ ဝိစိကိစ္ဆာ သံသယ ကလေး ရှိသေးရဲ့ လား (မရှိပါ) မရှိရင် ဒါဖြင့် မင်းတို့ နေရာကျပြီ၊ ဝိစိကိစ္ဆာသေပြီ (မှန်ပါ့)။

ဒါကလေးဟာ အကြောင်းက ဖြစ်စေတဲ့ ဝိညာဏ် ကလေးဆိုတော့ အကြောင်းကိုက အနိစ္စမို့ ဝိညာဏ်ကလေး ဟာလည်း ဘယ့်နှယ်ကြမလဲ (အနိစ္စပါ ဘုရား)။

ဒါ သိလိုက်တဲ့ အခါကျတော့ ခိုင်မြဲတာ ရှိသေးရဲ့ လား (မရှိပါ ဘုရား)၊ ဒီကျတော့ ဒိဋ္ဌိပြုတ်တယ် (မှန်ပါ့)။

အကြောင်းနှစ်ခု သိတုန်းက ဝိစိကိစ္ဆာပြုတ်တယ် (မှန်ပါ့)၊ သူ ပျက်တာပဲလို့ သိလိုက်တော့ ဒိဋ္ဌိပြုတ်တယ်။

အကြောင်းနှစ်ခု သိတုန်းက (ဝိစိကိစ္ဆာပြုတ်ပါတယ် ဘုရား)။ အကြောင်းနှစ်ခုကိုက အနိစ္စမို့ သူက ဖြစ်စေတဲ့ အကျိုးတရား ဝိညာဏ်ကလေး ဟာလည်း အနိစ္စပဲလို့ သိ လိုက်တော့ ဘာပြုတ် သွားသတုံး (ဒိဋ္ဌိပြုတ် သွားပါတယ် ဘုရား)။

ကိုင်း ဒကာ ဒကာမတွေ ဒိဋ္ဌိဝိစိကိစ္ဆာပြုတ်နည်း ကို ဟောချင်လို့ဘုရား ဒီပါဠိတော် ထုတ်လာတာ (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ကဲ မောင်မြင့်တို့ ကျေနပ်ပလားကွ (ကျေနပ်ပါ ပြီ ဘုရား)၊ မင်း မြင်စိတ်ကလေး ပေါ်တာ ဘယ်နှစ်ကြောင်းတုံး (နှစ်ကြောင်းပါ) အဆင်းလည်းရှိလို့ မျက်လုံးကို အကြည်ရုပ်လည်း ရှိလို့ (မှန်ပါ့)။

မှန်နှင့်အရိပ်ဥပမာ

လောကီ ဥပမာဆိုတော့ မှန်လည်းရှိလို့ လူလည်း ရှိလို့ အရိပ်ပေါ်တာပဲ (မှန်ပါ့)၊ မဟုတ်ဘူးလား၊ ရှေ့ကလည်း လူရပ်လို့ ဟိုကလည်း မှန်ရှိလို့သာ ကြားထဲမှာ အရိပ်ပေါ်တာ မဟုတ်လား (မှန်ပါ့)၊ ဒီနှစ်ကြောင်း မရှိဘဲနဲ့ ဒီအရိပ်ဘယ့် နှယ်လုပ် ပေါ်မလဲ (မပေါ်နိုင်ပါ ဘုရား)။

ဒီမှာလည်း အရိပ်နဲ့ဟာ စိတ်နဲ့တူတယ် (မှန်ပါ့)၊ ဟို က အဆင်းတည်း ဟူသော မှန်နဲ့ ဒီက မျက်လုံးအကြည်ရုပ် တည်းဟူသော ရုပ်နဲ့ သွားတည့်တဲ့ အခါ မြင်စိတ်ဆိုတဲ့ စိတ် ကလေးဟာ အရိပ် ပေါ်သွားတာပဲ (မှန်ပါ့)၊ ရှင်းပလား (ရှင်း ပါပြီ ဘုရား)။

ဒါဖြင့် မင်းတို့ မြင်စိတ်ကလေး ဘယ်သူ့ကြောင့် ပေါ် သတုံး (နှစ်ကြောင်းကြောင့် ပေါ်ပါတယ်)၊ ကြားစိတ် ကလေး (နှစ်ကြောင်းကြောင့်ပါ ဘုရား)။

ကဲသွားကြပါတော့ကွာ အပြင်ဧည့်သည် ငါး ယောက်ဟာ (အကြောင်း နှစ်ကြောင်းကြောင့်ပါ ဘုရား)၊

အတွင်းဧည့်သည်ငါးယောက် (အကြောင်းနှစ်ကြောင်း ကြောင့်ပါ ဘုရား)၊

အိမ်သည်နှစ်ယောက် (အကြောင်း နှစ်ကြောင်းကြောင့် ပေါ်ပါတယ်)၊ အကြောင်းနှစ်ကြောင်း ကြောင့် ပေါ်တာပဲ မင်းတို့ ရေးထားတယ် (မှန်ပါ့)။

ဒါတွေသိရင် ဝိစိကိစ္ဆာသေတယ်

ဒီလိုသိတော့ ဪ မြင်စိတ်ကလေးတွေဟာ ဒီ နှစ်ကြောင်းချည်းပဲ၊ ကြားစိတ်လည်း နှစ်ကြောင်း၊ အကုန် အတွင်းဧည့်သည်၊ အပြင်ဧည့်သည်၊ အိမ်သည် မောင်မြင့် ဘယ့်နှယ်ကြောင်း ကြောင့် ပေါ်သလဲ (နှစ်ကြောင်းကြောင့် ပေါ်ပါတယ်)၊ သူ့ဟာသူ နှစ်ကြောင်းချည်းပဲ လာတယ် (မှန်ပါ့)။

ဒါ သိလိုက်သဖြင့် မောင်အောင်ချီ ဘာသေသွား သတုံး (ဝိစိကိစ္ဆာသေပါတယ် ဘုရား)၊ ဘယ်က လာပါလိမ့် မတုံးဆိုတဲ့ဥစ္စာ ရှိသေးရဲ့ လား (မရှိပါ ဘုရား)။

ဘယ်က လာပါလိမ့်မတုံးဆိုတာ ဝိစိကိစ္ဆာပါ၊ ဒါရှိ သေးရဲ့ လား (မရှိပါ)၊ ဝိစိကိစ္ဆာရှိလို့ ရှိရင် ဝိစိကိစ္ဆာဟာ မောဟ မှတ်လိုက်ပါ (မှန်ပါ့)။

ဝိစိကိစ္ဆာဘာတုံး (မောဟပါ ဘုရား)၊ မင်းတို့အထဲ မောဟစိတ်ပဲ၊ အဲဒီမောဟ ဆိုလို့ရှိရင် အဝိဇ္ဇာပဲ၊ သဘောကျ ပလား (ကျပါပြီ ဘုရား)။

အဲဒီတော့ အဝိဇ္ဇာပစ္စယာ (သင်္ခါရာပါ ဘုရား)၊ သင်္ခါရပစ္စယာ (ဝိညာဏံပါ ဘုရား)၊ ဟော မင်းတို့ ဝိစိကိစ္ဆာ ရှိရင်ပဲ ပဋိစ္စသမုပ္ပါဒ် တန်းသွားပြီး မတန်သေးဘူးလား (တန်းပါတယ် ဘုရား)၊ ကဲ ဦးမြ ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။

ဝိစိကိစ္ဆာဟာ မောဟမဟုတ်လား (မှန်ပါ့)၊ မောဟပဲ မောဟဆိုတော့ ဒီဟာကလေးက ဘယ့်နှယ်ကြောင့် ဖြစ်ပါ လိမ့်မတုံးလို့ ဝမ်းထဲမှာ ကြံစိတ်ကလေး ဘယ့်နှယ့်ကြောင့် ဖြစ်ပါလိမ့်မတုံး၊ ကျုပ်တွေလည်း မတွေးဘဲနဲ့ အစရှိသည်နဲ့ ဒကာ ဒကာမတွေမှာ ပြောချင် ပြောတတ်တယ် (မှန်ပါ့) မပြောဘူးလား (ပြေပါတယ်)၊ အဲဒါ ဘယ်သူကလာတယ် ထင်သတုံး၊ ဝိစိကိစ္ဆာကလာတယ်၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဝိစိကိစ္ဆာဟာ လောဘလား, ဒေါသလား, မောဟ လား (မောဟပါ ဘုရား)၊ ဒါဖြင့် မောဟဆိုရင် အဝိဇ္ဇာပဲ၊ အဝိဇ္ဇာပစ္စယာ (သင်္ခါရာပါ ဘုရား)၊ သင်္ခါရပစ္စယာ (ဝိညာဏံ ပါ ဘုရား)။

ကဲ ဦးအောင်ဇံဝေ ဝိစိကိစ္ဆာ သေးသေးလား။ ဟိုဘက် ဝိညာဏ်ကျအောင် သွားသလား (ဝိညာဏ်ကျအောင် သွားပါတယ် ဘုရား)၊ ဦးမြကြီး ကဲ သေးသေးဆို မလား, ကြီးကြီးဆိုမလား (ကြီးကြီးပါ ဘုရား)။

ဒါကြောင့် ဘုရားက ဝိစိကိစ္ဆာကြောက်တယ် ဟော တာပေါ့နော်(မှန်ပါ့)၊ အပါယ်ရောက်အောင် ပို့လိုက်တယ်၊ ပဋိသန္ဓေ ဝိညာဏ်, အပါယ်ဝိညာဏ် ပေါ်လာပါတယ်ဆိုတာ ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့် ယနေ့အပါယ်သွားမည့် ဝိစိကိစ္ဆာ မောဟရှိသေးရဲ့လား (မရှိတော့ပါ)၊ ဒါဖြင့် မင်းတို့ကြားစိတ် ကလေး ဘယ်နှစ်ကြောင်းကြောင့် ပေါ် သတုံး (နှစ်ကြောင်းကြောင့် ပေါ်ပါတယ် ဘုရား)။

ဝိစိကိစ္ဆာသေရင်အဝိဇ္ဇာချုပ်တယ်

နားထဲက အကြည်ရုပ်ရယ်, ဟိုက အသံရယ်တိုက်ပြီး တော့မှ ကြားတယ်ဆိုတာ ပေါ်လာတာ (မှန်ပါ့) ဒီနှစ်ကြောင်းကြောင့် ပေါ်လာတယ် ဆိုတော့ ဘာသေသွားသတုံး (ဝိစိကိစ္ဆာ သေပါတယ် ဘုရား)၊ ဒါဖြင့် အဝိဇ္ဇာချုပ်တယ်၊ သဘောကျပလား (ကျပါပြီ ဘုရား)။

အဝိဇ္ဇာချုပ်ကတည်းက သင်္ခါရ လာနိုင်သေးရဲ့ လား (မလာနိုင်ပါ ဘုရား)၊ သင်္ခါရ မလာနိုင် ကတည်းက နောက် ပဋိ သန္ဓေဝိညာဏ်ကော (မလာနိုင်ပါ ဘုရား)၊ ဒီလိုပါကလား ဆိုတာ ကျေနပ် သွားပလား (ကျေနပ်သွားပါပြီ ဘုရား)။

ဘယ်လောက် အဖိုးတန် သွားသတုံး တဲ့၊ နာရင်း နဲ့အပါယ်မသွားဘူးတဲ့ ဒီဥစ္စာ (မှန်ပါ့)။

ဦးမြ နာရင်းနဲ့ (အပါယ်မသွားပါ)၊ အဝိဇ္ဇာချုပ်သွား တော့ကိုး၊ မောဟ, အဝိဇ္ဇာချုပ်သွားတယ် (မှန်ပါ့)။

ကဲ တစ်ခါ ဒါကလေး ကြည့်လိုက်ပြန်တော့ အကြောင်း နှစ်ကြောင်းက အနိစ္စက မွေးတဲ့ ဝိညာဏ်ကလေး ဟာလည်း မောင်မြင့် သူ့ကို ဘာဆိုမလဲ (အနိစ္စပါ ဘုရား)။

အင်း မင်းတို့ ရှုလိုက်တယ်ဆို ပျက်သွားတာပဲ နော် (မှန်ပါ့)၊ အနိစ္စပဲ ဖြစ်ထိုက်ကဲ့လား မဖြစ်ထိုက် ဘူးလား (ဖြစ်ထိုက်ပါတယ် ဘုရား)၊ သူ့အမေ, အဖေက ဘာတုံး (အနိစ္စပါ ဘုရား)၊ ဒါဖြင့် မွေးလာတဲ့ ဝိညာဏ်ကလေးကော (အနိစ္စပါ ဘုရား)။

ဪ ဒါဖြင့် အနိစ္စမြင်လိုက်ပါပြီ၊ သဘော လည်းကျပါပြီ၊ ကြားပြီး ပျက်သွားတာပဲ၊ နံပြီး ပျက်သွားတာပဲ သိသဖြင့် ခိုင်တယ်, မြဲတယ်ဆိုတဲ့ ခုနင်က ပြောခဲ့တဲ့ ကူးပြောင်း သေးတယ်ဆိုတဲ့ သဿတဒိဋ္ဌိ ဦးမြ ရှိသေးရဲ့ လား (မရှိပါ)၊ ပေါ်ပြီ (ပေါ်ပါပြီ ဘုရား)။

ဒီနှစ်ခုပြုတ်ရင် အပါယ်မရောက်ဘူး

ပေါ်ပြီ ဒကာ ဒကာမတို့၊ ကဲ အပျက် မြင်လိုက်တော့ ဒိဋ္ဌိဝင်သွားတယ် (မှန်ပါ့)၊ ဖြစ်ကြောင်းကို သိလိုက်တဲ့အခါကျတော့ ဝိစိကိစ္ဆာစင်ပါတယ် (မှန်ပါ့)။ ဒါဖြင့် ဒိဋ္ဌိဝိစိကိစ္ဆာ ပြုတ်ပါပေါ့လို့ မောင်မြင့် မှတ်စမ်းကွာ (မှန်ပါ့)။

အကြောင်းနှစ်ကြောင်းသိတော့ ဘာပြုတ်သွားသတုံး (ဝိစိကိစ္ဆာ ပြုတ်ပါတယ် ဘုရား)။

ဒါကလေးဟာ မွေးလာတဲ့အမေ, အဖေကိုက အနိစ္စ တွေမို့ ဒါကလေးဟာ ပျက်သွား တာပဲဆိုတော့ ခိုင်တာမြဲတာ ဟုတ်သေးရဲ့ လား (မဟုတ်ပါ ဘုရား)၊ ဒါဖြင့် ဒိဋ္ဌိကော (ပြုတ်ပါတယ် ဘုရား)။

ဒါဖြင့် အကြောင်းနှစ်ကြောင်း သိတုန်းက ဝိစိကိစ္ဆာ ပြုတ်၊ ပျက်ရမှာပဲလို့ သိသဖြင့် တစ်နည်း ပျက်တာ မြင်သဖြင့် ဒိဋ္ဌိပြုတ်ဆိုတော့ ဒိဋ္ဌိနဲ့ ဝိစိကိစ္ဆာ ပြုတ်တယ် (မှန်ပါ့)၊ သဘော ကျပလား (ကျပါပြီ ဘုရား)။

ဘာပြုတ်သွားသတုံး (ဒိဋ္ဌိနဲ့ ဝိစိကိစ္ဆာ ပြုတ်သွား ပါတယ်)၊ ဒိဋ္ဌိနဲ့ ဝိစိကိစ္ဆာ ပြုတ်သွားတယ် ဆိုတာ ကျေနပ် ပလား (ကျေနပ်ပါပြီ ဘုရား)။

ဒါနဲ့ ဒီနေရာ မင်းတို့လဲပြီး သေလိုက်၊ အပါယ် တော့ မရောက်ဘူး၊ ဒီနှစ်ခုပြုတ်ရင် အပါယ်တော့ မရောက် ဘူး ဒါလောက် အဖိုးတန်ပါတယ် (မှန်ပါ့ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါကြောင့် “ဗုဒ္ဓသာသနေ လဒ္ဓဿာသော လဒ္ဓပတိဋ္ဌိကော စူဠသောတာပန္နော နာမ ဟောတိ” အစရှိသည်နဲ့ ဆိုတာ ဒါကိုဆိုတာ (မှန်ပါ့)၊ သို့သော် ပြောတဲ့ပုဂ္ဂိုလ်က အခု ဘုန်းကြီးတို့ ပြောသလို မရှင်းဘူး၊ အခု ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကြားစိတ်ကလေး ဘယ်နှစ်ကြောင်း ကြောင့် ဖြစ်သ တုံး (နှစ်ကြောင်းကြောင့် ပါ ဘုရား)၊ နံစိတ်ကလေး (နှစ်ကြောင်းကြောင့် ဖြစ်ပါတယ် ဘုရား)၊ နံစိတ်ကလေးဟာ အနံ့ရယ် ဒီကအကြည် ကလေးနဲ့၊ လူသေတော့ ဒီအကြည် ချုပ်သွားတော့ ရှိသေးရဲ့ လား (မရှိပါ ဘုရား)။

အဲ အနံ့နှာခေါင်း အကြည်ရုပ်ကလေးနဲ့ သွားပြီး တိုက်တဲ့ အခါကျတော့ မွှေးတယ်ဆိုတာ သိစိတ်ကလေး ပေါ်လာတယ် (မှန်ပါ့)၊ နံတယ်ဆိုတဲ့ သိစိတ်ကလေးပေါ်လာ တယ် (မှန်ပါ့ ဘုရား)။

ဒါဖြင့် အကြောင်း သိတော့ ဘာပြုတ်သလဲ (ဝိစိကိစ္ဆာ ပြုတ်ပါတယ် ဘုရား)၊ အင်း ဒါကလေးဟာ ဖြစ်ပေါ်ပြီး ပျက်တာပဲလို့ သိလိုက်သဖြင့် (ဒိဋ္ဌိပြုတ်ပါတယ် ဘုရား)။

အဲ ဒိဋ္ဌိဝိစိကိစ္ဆာ ပြုတ်ရင် မင်းတို့ကနေ အပါယ် တော့ မကျဘူး (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် ဦးမြကြီး မေးရမယ်၊ ဦးအောင်ဇံဝေ တို့ မေးရတော့မယ်၊ ဝိညာဏ် ပြောင်းစရာ ရှိသေး သလား မေးတော့ ဘယ့်နှယ်ဖြေပါ့မလဲ (မရှိပါ ဘုရား)၊ ဒီနေရာဖြစ် ဒီနေရာပျက်တာပဲ (မှန်ပါ့)၊ နှာခေါင်းထဲဖြစ်တဲ့ ဝိညာဏ်သည် ဘာတုံး (နှာခေါင်းထဲမှာပဲ ပျက်ပါတယ် ဘုရား)။

လျှာပေါ် အလယ်မှာ ဖြစ်တဲ့ ဝိညာဏ်သည် (လျှာပေါ်မှာ ပျက်ပါတယ် ဘုရား)၊ အေး ဒါကြောင့် စားစိတ်ကလေး ဟာလည်း လျှာပေါ်-ပေါ်-လျှာပေါ်ပျက် မောင်အောင်ချီ ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။

ယားစိတ်ကလေး၊ ဒီနေရာဖြစ် ဒီနေရာပျောက်တယ်

ယားစိတ်ကလေးဟာ ယားတဲ့နေရာက ရွှေ့ပြီးများ ယားသေးသလား (မယားပါ ဘုရား)၊ ဒီနေရာ ယားပြီးတော့ (ဒီနေရာ ပျက်သွားပါတယ် ဘုရား)၊ အဲ ကိုယ်မှာ ဖြစ်တဲ့ ဝိညာဏ် ကလေးဟာ လည်း ဒီနေရာယားပြီး ဒီနေရာ ပျောက်သွားတာပဲ။

ဒါဖြင့် သြော် “လောက်လမ်းသဖွယ် ဝိညာဏ် တွယ်” ဆိုတာများ မင်းတို့ ပြုတ်ပလား (ပြုတ်ပါပြီ ဘုရား)၊ တွယ်နိုင်သေးရဲ့လား (မတွယ်နိုင်ပါ ဘုရား)၊ ဒီနေရာ ဖြစ်တာပဲ ကွ၊ ဒီနေရာတွင် ချုပ်ရမှာပဲ၊ တခြားသွားနိုင်သေးရဲ့လား (မသွားနိုင်ပါ ဘုရား)။

အသက်ထွက်သွားပြီဆိုတဲ့အယူ

ဒါဖြင့် ဝိညာဏ်ကို အသက်လို့ ခေါ်ကြတယ်။ အသက် ထွက်သွားပြီဆိုတဲ့အယူ- ယူသေးရဲ့ လား (မယူတော့ ပါ ဘုရား)။

နောက်က ဒကာ ဒကာမတွေ မယူကြပါနဲ့၊ ယူရင် ခင်ဗျားတို့ သဿတဒိဋ္ဌိ ဖြစ်နေတယ် (မယူပါ)။

ဒါသည် “ဒွယံ ဘိက္ခဝေ ပဋိစ္စ ဝိညာဏံ” ဆိုတဲ့ဥစ္စာ နားမလည်လို့ရှိရင် ငါဘုရား မှတစ်ပါး လည်း ဟောမည့်သူ လည်းမရှိဘူးတဲ့၊ ဒီဟာ နားမလည်ဘဲနဲ့လဲ ငါသည် ဒီ- “ဒွယံ ပဋိစ္စ ဝိညာဏံ” ကို မသိဘဲနဲ့ နိဗ္ဗာန်ရောက်ခဲ့ တယ်ဆိုတာလဲ မယုံနဲ့ကွ ဘုရားက (မှန်ပါ့)၊ ငါဘုရားမှ တစ်ပါးလည်း ဒါဟောမည့်သူ မရှိဘူးတဲ့ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

မှတ်ချက်။ ။(သဠာယတနဝဂ္ဂသံယုတ်။ ဆန္နဝဂ်၊ ပထမဒွယနှင့် ဒုတိယ ဒွယသုတ်ကြည့်။)

ဒါမပါဘဲနဲ့ ဒီအသိတွေ မသိပါဘဲနဲ့ ဒီအရှုတွေ မပါဘဲနဲ့ ငါနိဗ္ဗာန်ရောက်ခဲ့တယ်ဆိုတာလည်း ရယ်စရာ မှတ်လိုက်ပါတဲ့၊ ဘုရားက သေသေချာချာ တာဝန်ခံတယ် (မှန်ပါ့)၊ ဒါလောက် အဖိုးတန်တဲ့ သုတ်ပဲ (မှန်ပါ့)၊ ဒါ သဠာယတန သံယုတ် ပါဠိတော်လို့ ဦးမြမှတ်လိုက်စမ်းပါ (မှန်ပါ့)။

ဘာပါဠိတော်တုံး (သဠာယတန သံယုတ်ပါဠိတော် ပါ)၊ ကြည့်လေ-တာဝန်ခံကြည့်ပါ ဒီနှစ်ခုကို စွဲပြီး ဝိညာဏ် ဖြစ်တယ်ဆိုတာ ငါဘုရားမှတစ်ပါးလည်း ဟောမည့်သူ မရှိ ဘူးတဲ့ သူတာဝန်ခံ လိုက်တယ် (မှန်ပါ့)။

ဒီသုတ်ကို ဖြစ်တာကိုလဲ သဘောမကျ, ပျက်တာကို လည်း သဘောမကျဘဲနဲ့ အခုပြောခဲ့တဲ့ နှစ်ခုသော တရားကြောင့် ဝိညာဏ်ဖြစ်တယ်ဆိုတဲ့ ဒီသုတ်မျိုးကို သိပြီး သကာလရှုပြီး သကာလ ကျုပ်ဖြင့် ဒီသုတ်မျိုးကို ဒီလိုနှလုံး မသွင်းခဲ့ပါဘူး ဒီလိုနဲ့ နိဗ္ဗာန်ရောက်ခဲ့တယ်ဆိုရင်လည်း ရယ်စရာ စကားကွတဲ့။

မယုံနဲ့တဲ့၊ တာဝန်ခံလိုက်ပြီ ဘုရားက (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဦးနေဖူးကြီး အိပ်နေလို့ မရဘူး၊ သဘောကျပလား (ကျပါပြီ ဘုရား)၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ဘုရားမှတစ်ပါး ဟောမည့်သူမရှိ

ဘယ်လောက် တာဝန်ခံသတုံး၊ တာဝန် ဘယ်နှစ် ချက်တုံးဆိုတာ မောင်အောင်ချီ သိပြီလားကွ (သိပါပြီ) ငါ ဘုရားမှတစ်ပါးလည်း အဲခုဟာကို ဟောမည့်သူ မရှိဘူးတဲ့၊ ဒွယံဘိက္ခဝေ ပဋိစ္စ ဝိညာဏ် ကိုတဲ့ နှစ်ပါးသော အကြောင်းကြောင့် ဝိညာဏ်ဖြစ်တယ်ဆိုတာ ငါဘုရားမှတစ်ပါးလည်း ဟောမည့်သူ မရှိဘူးတဲ့ (မှန်ပါ့ ဘုရား)။

ဒီဟာမပါဘဲနဲ့ ကျုပ်နိဗ္ဗာန် ရောက်ခဲ့တယ်လို့ တစ်ယောက်သော ပုဂ္ဂိုလ်က ပြောလို့ရှိရင်လည်း ရယ်စရာ သာမှတ်တဲ့၊ မရောက်ဘူးတဲ့ (မှန်ပါ့)၊ ကဲ ဘယ်လောက် အဖိုးတန်တယ်ဆိုတာ ဒကာ ဒကာမတွေ မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။

အဲဒါ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဒို့ဆရာ ဘုန်းကြီးက တရား ဟောနေတယ်လို့သာ သာမည ကလေးနဲ့ ယူလိုက်လို့ရှိရင်ဖြင့် မောင်မြင့်တို့ လွဲမှာပဲ (မှန်ပါ့ ဘုရား)။

သာမည မဟုတ်ပါဘူးတဲ့ ဒီဥစ္စာ သာမည မဟုတ်ပါ ဘူး၊ ခင်ဗျားတို့ အခု ဒီအထဲမှာ နှစ်ကြောင်း သိတော့ ဝိစိကိစ္ဆာ စင်တယ်၊ အင်း- ဒါကလေးဟာ အမေ,အဖေကို က နှစ်ကြောင်းက အနိစ္စမို့ အနိစ္စဖြစ်တယ်လို့ ခင်ဗျားတို့ သိလိုက် တဲ့ အသိကလေးဟာလည်း အပါယ်မလားတဲ့ အသိပဲ (မှန်ပါ့)၊ ဘယ်လောက်အဖိုးတန်သတုံး (တန်ပါတယ် ဘုရား)။

ဒါ တရားကို ရိုးရိုး ဟောနေတာလားတဲ့၊ တကယ် တမ်း ခင်ဗျားတို့ကို အပါယ်တံခါး ပိတ်ပေးနေတာလား မေးရင် ဘယ့်နှယ်ဖြေကြမလဲ (အပါယ်တံခါး ပိတ်ပေး နေတာပါ ဘုရား)။

ဒါနတရားကိုလွမ်းအောင် ဟောတတ်ပါတယ်

ဘုန်းကြီး ဒါနကရား ဟာတတ်ပါတယ်၊ သီလ တရားတွေကိုလည်း လွမ်းနေအောင် ဟောတတ်ပါတယ်။ အပါယ်တံခါးက မပိတ်လို့ မဟောချင်ဘူးဦးမြ (မှန်ပါ့ ဘုရား)။

ဘာဖြစ်လို့တုံး ဆိုတော့ သံသရာဆက်တယ် (မှန်ပါ့) သံသရာဆက်ပြီး သကာလ နေတော့ သံသရာထဲမှာ အပါယ် က ပါပြီးသား ဖြစ်နေတယ် (မှန်ပါ့)၊ မပါဘူးလား (ပါပါ တယ် ဘုရား)။

အောက်သံသရာကိုးဗျ (မှန်ပါ့)၊ အဲဒီတော့ အဲ့ဒီကို မရောက်နိုင်ဘူးလား ရောက်နိုင်သလား (ရောက်နိုင်ပါတယ်)။ သုဂတိရောက်လိုက်, အပါယ်ရောက်လိုက်နဲ့၊ ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။

အပါယ်တံခါးမပိတ်လို့မဟောချင်ဘူး

ဒါ့ကြောင့် ဒီတရားတွေကတော့ဖြင့် ဒကာ ဒကာမ တွေ ဒိဋ္ဌိလည်းမပြုတ်ဘူး, ဝိစိကိစ္ဆာလည်း မပြုတ်ဘူး၊ ဒါန သီလတရားက (မှန်ပါ့)၊ ပြုတ်ကို မပြုတ်နိုင်ဘူး၊ ဦးမြ စဉ်းစား စမ်း ပြုတ်နိုင်ပါ့မလား (မပြုတ်နိုင်ပါ)၊ မပြုတ်ရင် အပါယ် တံခါး ပိတ်နိုင်ပါ့မလား (မပိတ်နိုင်ပါ ဘုရား)။

အဲဒီတော့ ခင်ဗျားတို့ ကောင်းတယ်ထင်တဲ့ နားနု ကလေးနဲ့ ဥစ္စာကို သေသေချာချာ ဖျောက်ပစ်ပါတဲ့၊ မဟုတ်သေးဘူး၊ လိုသေးတယ်သာ ဆုံးဖြတ်ချက်ချ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒိဋ္ဌိမပြုတ်တဲ့တရားဆိုရင် လိုသေးတယ်

ပြီးတော့ခင်ဗျားတို့ချင်းကိုလည်း ဘုန်းကြီးက သတိပေးလိုက်ပါတယ်၊ ဪ သူတို့ ဘယ်အလှူက ဟောသွားတယ်၊ ဘယ်စာအုပ်က ရေးတယ်၊ ဘယ်ဆရာတော်က ပြောသွားတယ်ဆိုပြီး သူတို့ပြောတာကို ခင်ဗျားတို့က နားထောင်ကြည့်၊ နားထောင်ကြည့်လိုက်တဲ့ အခါကျတော့ ဒိဋ္ဌိမပြုတ် ဝိစိကိစ္ဆာ မပြုတ်တဲ့ တရားကို သူတို့ပြောနေလို့ ရှိရင် လိုသေးတယ်သာ ဆုံးဖြတ်ချက်ချ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘယ်လိုဆုံးဖြတ်ချက်ချမလဲ (လိုသေးပါတယ်) လိုသေးတယ်၊ နာတဲ့ပုဂ္ဂိုလ် သူသဘော ကျနေတာကော, (လိုပါသေးတယ်)၊ ဟောတဲ့ ပုဂ္ဂိုလ်ဟောနေတာကော (လိုပါသေးတယ်)၊ လိုသေးတယ်လို့ ဆုံးဖြတ်ချက်ချပါ (မှန်ပါ့)၊ သဘောကျကြပလား (ကျပါပြီ ဘုရား)။

အဲဒါ ခင်ဗျားတို့ အခု မလိုတာနဲ့ တွေ့ပေလို့ တော်တော်သေးတယ် (မှန်ပါ့) တချို့ လိုသေးနဲ့ပဲ မောင်မြင့် သေသွားတာပဲ (မှန်ပါ့) မသေဘူးလား (သေပါတယ် ဘုရား)။

ကောင်းလိုက်တာ ဒါနတရားလူ့ပြည်, နတ်ပြည် ဗြဟ္မာပြည် အကျိုးပေးကလည်း သန်လိုက်တာ၊ သိပ်တောင်းတာပဲ၊ အင်း သံသရာမှာ သေချင်သေးလို့ပဲ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒိဋ္ဌိ, ဝိစိကိစ္ဆာနဲ့ ဘာဆိုင်သတုံးဗျ၊ ဒိဋ္ဌိဝိစိကိစ္ဆာ ပြုတ်ခန်းပါရဲ့ လား (မပါ-ပါ) မပါသေးရင် ငရဲမျိုးစေ့ နှစ်ခုက – ကျန်လျက်ပဲ သူ့မှာ (မှန်ပါ့)၊ အဖွားကြီးတွေ သဘောကျပလား (ကျပါပြီ ဘုရား)။

ခင်ဗျားတို့ သာဓုခေါ်နေတဲ့ အသွားမျိုး သည်ကားလို့ ဆိုရင် ဒီသာဓုကိုပဲ ကြောက်စရာကြီး (မှန်ပါ့ ဘုရား)။

ဦးမြ သာဓုဟာ ဘယ့်နှယ်တုံး (ကြောက်စရာ ကြီးပါ)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

“ဒွယံ ဘိက္ခဝေ ပဋိစ္စ ဝိညာဏံ” ကိုး၊ ဒွယံ – နှစ် ပါးသော အကြောင်းကို၊ ပဋိစ္စ= စွဲ၍၊ ဝိညာဏံ= ဝိညာဏ်သည်၊ သမ္ဘောတိ= ဖြစ်၏၊ နှစ်ကြောင်းကြောင့် ဖြစ်တာချည်းပဲ ဆုံးဖြတ် ချက်ချလိုက်စမ်းပါ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် နှစ်ကြောင်းကြောင့် ဖြစ်တယ်ဆိုတော့ နား ဝိညာဏ်ပေါ်လည်း နှစ်ကြောင်း၊ မျက်လုံးဝိညာဏ် ပေါ်လည်း (နှစ်ကြောင်းပါ ဘုရား)၊ ကဲ-ဒါဖြင့် ကိုယ်ဝိညာဏ်ပေါ်ကော (နှစ်ကြောင်းပါ ဘုရား)။

ကိုယ်ဝိညာဏ် ပေါ်တာ နှစ်ကြောင်းဆိုတာ လူက လည်း အရှင်ဖြစ်နေတော့ ဟောဒီမှာ ကာယပသာဒတဲ့ ကိုယ် ဆီကြည့်၊ ဟောဒီက ယင်ကောင်ကလေးက လာနားတော့ဟော ယားဆိုတဲ့ စိတ်ကလေး ဒီကြားထဲပေါ်လာတယ် (မှန်ပါ့) မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)။

ဒါဖြင့် ဘယ်နှစ်ကြောင်းကြောင့် ပေါ်သတုံး၊ ယားတာကလေး (နှစ်ကြောင်းကြောင့်ပါ)၊ တစ်ခါနာတာ ကလေးဟာကော (နှစ်ကြောင်းကြောင့်ပါ)၊ အောက်ကလည်း အကြည်ရုပ်နဲ့နေတယ်၊ မသေသေးတဲ့ရုပ်၊ ရုပ်ရှင်ရှိနေတယ် (မှန်ပါ့ ဘုရား)။

အပေါ်ကလည်း ယင်ကောင်ကလည်း နားတယ်၊ အလယ်မှာ ယားတာကလေး ပေါ်တယ်၊ မပေါ်ဘူးလား (ပေါ်ပါတယ်)။ နာတာကလေးပေါ်တယ်ဆိုတော့ မောင်မြင့် ဘယ်နှစ်ကြောင်းတုံး (နှစ်ကြောင်းပါ)၊ ဒါဖြင့် ကိုယ်မှာလည်း နှစ်ကြောင်းကြောင့် ပေါ်တာပဲ။

ဝမ်းထဲမှာ ဝတ္ထုရုပ်နှင့် အာရုံရှိတယ်

ဝမ်းထဲကျတော့ လောဘ, ဒေါသ, မောဟ, အလော ဘ, အဒေါသ၊ အမောဟ တွေကော ဆိုတော့ ဝမ်းထဲမှာလည်း ဝတ္ထုရုပ်ရှိတာပဲ၊ ဟိုကလည်း အာရုံရှိတာပဲ၊ သူတို့နှစ်ခု တိုက်ပြီးသကာလ ဒီအထဲမှာ လွမ်းတဲ့စိတ်ကလေး ဆွေးတဲ့ စိတ်ကလေး ခင်တဲ့စိတ်ကလေး မင်တဲ့စိတ်ကလေးကော မလာဘူးလား (လာပါတယ်) ဒါလည်း ဘယ်နှစ်ကြောင်းတုံး (နှစ်ကြောင်းပါ ဘုရား)။

ဒါဖြင့် “ဒွယံ ဘိက္ခဝေ ပဋိစ္စ ဝိညာဏံ” ဆိုတဲ့ ပါဠိ ကလေးတစ်လုံးဟာ ဦးမြ ကျေနပ်ကဲ့လား (ကျေနပ်ပါတယ် ဘုရား)။

ဒါဖြင့် “ဒွယံ” သိလိုက်သဖြင့် ဝိစိကိစ္ဆာသေတယ်။ “ဝိညာဏံ” သိလိုက်သဖြင့် ဒိဋ္ဌိသေတယ် (မှန်ပါ့)၊ သဘောကျ ပလား (ကျပါပြီ ဘုရား)။

“ဒွယံ ဘိက္ခဝေ ပဋိစ္စ ဝိညာဏံ” ကိုး၊ ဒွယံ နှစ်ခု သော အကြောင်း သိလိုက်သဖြင့် ဘာသေကြသတုံး (ဝိစိကိစ္ဆာ သေပါတယ် ဘုရား)။

ဝိညာဏံ သိလိုက်တော့ (ဒိဋ္ဌိသေပါတယ် ဘုရား)၊ ဒိဋ္ဌိသေတယ်၊ ဝိညာဏံ ဆိုတဲ့ဥစ္စာ အလကား ကြောင့်ဖြစ်တာ မဟုတ်ဘူး၊ ဒီ ဝိညာဏ် ကလေးသည် ကားလို့ ဆိုရင် အမေ အဖေ။ ဒွယ အမေ, အဖေက အနိစ္စမို့ သူ့ကို အနိစ္စကလေး မွေးလာတာ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

အနိစ္စ နှစ်ခုက မွေးဖွားလို့ အနိစ္စလေး တစ်ခု ပေါ်ပေါက်တယ်၊ မသိရဘူးလား (သိရပါတယ်)၊ အနိစ္စ နှစ်ခုပေါင်းပြီး မွေးဖွားတာ ကလေးဟာ အနိစ္စတစ်ခု မပေါ် လာဘူးလား (ပေါ်လာ ပါတယ်) ဒါ အနိစ္စလည်း သိပြီးသား ကျမသွားဘူးလား (ကျပါတယ် ဘုရား)။

အဲဒီတော့ အနိစ္စသိတော့ ဘာသေသတုံး (ဒိဋ္ဌိ သေပါတယ် ဘုရား)၊ နှစ်ကြောင်း သိလိုက်တော့ (ဝိစိကိစ္ဆာ သေပါတယ် ဘုရား)။

ကဲ ဒါဖြင့် မင်းတို့ရှုတဲ့အခါ ဒါတွေးမနေနဲ့တော့ ဪ ပျက်သွားပြီ ပျက်သွားပြီ သိဖို့က အရေးကြီး တော့ ဒါက ဆရာတာဝန်၊ ဆရာရှင်းပေးပြီး၊ ခင်ဗျားတို့က ရှုရုံပဲ၊ ဖြစ်ပေါ်သွားတာ မရှိတော့ဘူးလို့ မောင်မြင့်တို့ မောင်အောင်ချီတို့ ဒါပဲရှုရမယ် (မှန်ပါ့)။

ဒီနှစ်ကြောင်းကြောင့် ဖြစ်တယ်ဆိုတာ သိပြီးသား မနေဘူးလား (နေပါတယ် ဘုရား)၊ အနိစ္စကမွေးလို့ အနိစ္စ ရောက်သွား တာကော သံသယ ရှိသေးသလား (မရှိပါ ဘုရား)၊ ဒါဖြင့် သံသယ မရှိဘဲနဲ့ ရှုရမယ် (မှန်ပါ့)။

ဒါဖြင့် ဝိစိကိစ္ဆာခံပြီး ရှုရင်လည်း မဂ်ဉာဏ်, ဖိုလ် ဉာဏ် မရနိုင်ဘူး (မှန်ပါ့)၊ ဒိဋ္ဌိခံနေရင်လည်း (မရနိုင်ပါ ဘုရား)၊ အခုတော့ ဒိဋ္ဌိဝိစိကိစ္ဆာ စင်ပြီး အရှုခိုင်းတာ (မှန်ပါ့)၊ မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် မောင်အောင်ချီ ပျက်ထိုက်ကဲ့လား၊ မပျက် ထိုက်ဘူးလား မြင်စိတ်ကလေးဟာ (ပျက်ထိုက်ပါတယ် ဘုရား)၊ ဘာဖြစ်လို့ ပျက်ထိုက်သတုံး ဆိုတော့ သူ့အဖေ အမေက ဘာတုံး (အနိစ္စပါ ဘုရား)။

ဒါဖြင့် သူဘာဖြစ်ရမတုံး (အနိစ္စပဲ ဖြစ်ရပါမယ် ဘုရား)၊ ဒါကြောင့် ဖြစ်ပြီး ပျက်တာကိုး ဆိုတော့ မသေချာ သေးဘူးလား (သေချာပါပြီ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဪ ဒါဖြင့်မောင်မြင့် ရဲရဲတင်းတင်း ရှုရဲ ပလား (ရှုရဲပါပြီ ဘုရား)၊ ရှုရင်း သံသယ လာသေး သလား (မလာပါ ဘုရား)။

ဒိဋ္ဌိကော (မလာပါ ဘုရား)၊ မလာတော့ဘူး ဆိုတော့ ဒါဖြင့် ဒိဋ္ဌိဝိစိကိစ္ဆာ ပြုတ်ပြီးသားပုဂ္ဂိုလ်၊ သညာနဲ့ပြုတ်ပြီးသား ပုဂ္ဂိုလ်မှာ ပညာနဲ့ အရှုခိုင်းလိုက်တယ် (မှန်ပါ့)။

ဦးနေဖူး သေသေချာချာ မှတ်စမ်းပါ၊ သညာနဲ့ ပြုတ်ပြီးသား ပုဂ္ဂိုလ်ကို ပညာနဲ့ အရှုခိုင်းတယ်၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် သညာနဲ့ပြုတ်တာက အပါယ်လေးပါး တစ်ဘဝ ပိတ်တယ်၊ ပညာနဲ့ ရှူလိုက်လို့ ပြုတ်သွားတာကတော့ ဖြင့် အမြစ်နဲ့တကွ ပြုတ်သောကြောင့် ဘယ်တော့မှ အပါယ်လေးပါး မရောက်ဘူး (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

သညာပြုတ်နှင့်ပညာပြုတ်

ဒါဖြင့် သညာပြုတ်, ပညာပြုတ် ဆိုတာကော ယနေ့ ခြားနားပလား (ခြားနားပါပြီ ဘုရား)၊ ဟောလို့ နားလည်ပြီး ရဲရဲတင်းတင်း သိထားတာက ဘာပြုတ်တုံး (သညာပြုတ်ပါ တယ် ဘုရား)။

ရှုလိုက်တဲ့အခါကျတော့ဖြင့် တစ်ခါတည်း ဒါကလေး တွေဟာဖြစ်ပြီး ပျက်တာပဲ၊ အနိစ္စ၊ သံသယ မရှိပါဘူး၊ ခိုင် တယ်၊ မြဲတယ် လို့လည်း မယူတော့ပါဘူး၊ ကိုယ့်ရှေ့တွင် ပျက်နေတာပဲလို့ ဆိုပြီး အပျက်တွေမြင်၊ အပျက်တွေမုန်း၊ ဒီအပျက်တွေ ဒုက္ခသစ္စာလို့ သိပြီး ဆုံးသွားလို့ ရှိရင် ပညာနဲ့ ပြုတ်တာ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် သညာနဲ့ ပြုတ်လို့ရှိရင် မှတ်လိုက်၊ သညာ ဆိုတာ မှတ်တာ၊ ဆရာဟောတာ, ပြောတာ ကို မှတ်ပြီး ပြုတ်တာ၊ အဲဒီအပြုတ်က အပါယ်ကို တစ်ဘဝ ပိတ်တယ်။ ဒီဘဝက သေရင် အပါယ် မသွားဘူး (မှန်ပါ့)၊ ပညာနဲ့ ပြုတ်တာကတော့ ဘယ်တော့မှ မသွားအောင် ပိတ်တယ်၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ အင်မတန်အရေးကြီးတဲ့ “ဒွယံဘိက္ခဝေ ပဋိစ္စ ဝိညာဏံ”တဲ့ စကား ကလေးဟာ အင်မတန် အရေးမကြီးဘူးလား (ကြီးပါတယ် ဘုရား)။

ဘာတုံးဆိုတော့ “စက္ခုံ စ ပဋိစ္စ ရူပေ စ ဥပ္ပဇ္ဇတိ စက္ခု ဝိညာဏံ” နော် (မှန်ပါ့) စက္ခုပသာဒ ရုပ်နဲ့ ရူပါရုံနဲ့ ပေါင်းပြီးတော့ မြင်စိတ် ပေါ်ပါတယ် ပြောတာပဲ (မှန်ပါ့)။

အဲဒီတော့ ဒီစက္ခုပသာဒရုပ် ကလေးဟာလည်း ဘာတုံးဆိုတော့ “စက္ခု အနိစ္စံ ဝိပရိဏာမိ အညထာဘာဝိ” တဲ့ သူကလည်း စက္ခုကိုက ဖောက်ပြန်ပျက်စီးတတ်တဲ့ သဘော ပဲတဲ့ (မှန်ပါ့ ဘုရား)။

ရူပ-ကတော့တဲ့၊ အို ရူပကလည်း “အနိစ္စာ ဝိပရိဏာမိနော အညာထာဘာဝိနော”-ပဲတဲ့၊ သူကလည်း ပျက်စီးတာပဲတဲ့။

“ဣစ္စေတံ ဒွယံ ပဋိစ္စ ဝိညာဏံ” တဲ့ သူတို့နှစ်ခု ပေါင်းတဲ့ ဝိညာဏံ ဟာ “အနိစ္စံ ဝိပရိဏာမိ, အညထာဘာဝိ” သူလည်း အနိစ္စပဲတဲ့၊ အကြောင်းက အနိစ္စမို့ ဘယ့်နှယ်ခေါ် ကြမလဲ (အကျိုး အနိစ္စပါပဲ ဘုရား)၊ အကျိုးအနိစ္စ ပေါ်၌ ဦးမြ ယနေ့ မရှင်းသေးဘူးလား (ရှင်းပါပြီ ဘုရား)။

ဟာ သူ့ဟာသူ ဖြစ်ပြီး သူ့ဟာသူ ပျက်တယ်လို့ ဒီလို မယူလိုက်နဲ့ သူ့ဟာသူ ဖြစ်ပြီးတော့ သူ့ဟာသူ ပျက်တယ်လို့ ယူလိုက်ခြင်းသည် ဒိဋ္ဌိရှိတယ်၊ သူ့ဟာသူ ဖြစ်တဲ့ တရား လောကကြီးထဲမှာ ရှိရဲ့လား (မရှိပါ)၊ အကြောင်း တိုက် ဆိုင်လို့ ဖြစ်တာသာရှိတယ် (မှန်ပါ့ ဘုရား)။

သူ့သဘောနဲ့သူ ဖြစ်ပြီးပျက်တယ် ဒီလိုမယူရဘူး

အဲဒီတော့ တချို့ ဒကာ ဒကာမတွေမှာ ဟောထား တာက သူ့သဘောနဲ့သူဖြစ်ပြီး သူ့သဘောနဲ့ သူပျက်တာကို ဒါအနတ္တ ယူထားတယ်၊ မဟုတ်ဘူး ဒီလိုမယူရဘူး၊

မောင်အောင်ချီ သေသေချာချာမှတ်၊ အနတ္တ အမေမွေးလို့ အနတ္တ၊ ဒါမှကိုက်တယ် (မှန်ပါ့ ဘုရား)။

ဦးမြ ဒါကို သဘောပါ လိုက်ကဲ့လား (ပါ-ပါတယ်)၊ အခုအားလုံး ဟောနေကြတာက များသော အားဖြင့် သူ့ သဘောနဲ့သူ ဖြစ်တာ၊ ကိုယ့်သဘော မဟုတ်ဘူး၊ ဒါကြောင့် သူ့သဘောနဲ့သူ ပျက်တာပဲ ဆိုတော့ အကြောင်းပါသေးရဲ့ လား (မပါပါ)၊ မပါရင် အဟေတုကဒိဋ္ဌိ ဘက်သွားတယ် (မှန်ပါ့ ဘုရား)။

မပါရင် (အဟေတုက ဒိဋ္ဌိဘက် သွားပါတယ်)၊ ရှင်း ပလား (ရှင်းပါပြီ ဘုရား)။

အခုတော့ဖြင့် အကြောင်းကိုက အနတ္တမို့ အကျိုးပေး တာလည်း (အနတ္တပါပဲ)၊ အကြောင်းကိုက အနိစ္စမို့ (အကျိုးလဲ အနိစ္စပါပဲ) အကြောင်းကိုက ဒုက္ခမို့ (အကျိုးလဲ ဒုက္ခပါပဲ ဘုရား)။

ဒီလိုမြင်မှ အမှန်ရောက်ပါတယ်၊ နို့မဟုတ်ရင် ရောက်ကို မရောက်ပါဘူး ဆိုတော့ အင်မတန် သဘောပါတဲ့ တရားဆိုတာ ရှင်းသွားပြီ (ရှင်းပါပြီ)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

အဲ့ဒီတော့ကို မင်းတို့မှာ ယနေ့ ဒီတရားမြတ်ကြီးကို နာလိုက်ရတဲ့အတွက် နောင် အားထုတ်တဲ့ အခါမှာ မဂ်ဖိုလ်ကို တားမြစ်မည့် တရားနှစ်ခု မရှိတော့ဘူး၊ ဒိဋ္ဌိကလည်း ပြုတ်သွားပြီ၊ ကျန်သေး သလား (မကျန်ပါ ဘုရား)၊ ဝိစိကိစ္ဆာ ကကော (ပြုတ်သွားပါပြီ ဘုရား)၊ တားစရာ ရှိသေးရဲ့လား (မရှိ ပါ ဘုရား)၊ ရှိရင်တော့ တားမယ်လေ (မှန်ပါ့ ဘုရား)။

ရဲရဲတင်းတင်းကြိုးစားပါ။ ရပါတယ်

အဲဒီတော့ မောင်မြင့်တို့၊ မောင်အောင်ချီတို့၊ ဦးမြတို့၊ ဦးအောင်ဇံဝေတို့ ရဲရဲတင်းတင်း ကြိုးစားပါ (မှန်ပါ့)၊ ရပါတယ် သူတို့နှစ်ခု တစ်ခုခု ခံနေရင် မရဘဲကိုး (မှန်ပါ့) သဘော ပါပလား (ပါပါပြီ ဘုရား)။

နိဗ္ဗာန် ရှိလေသလား မရှိလေဘူးလား ဆိုတဲ့ ဥစ္စာ ဘာထင်ကြသတုံး ဝိစိကိစ္ဆာ (မှန်ပါ့)၊ အဲဒါပါနေရင် ဘယ်လို အားထုတ်ထုတ် မရဘူး (မှန်ပါ) သဘောပါပလား (ပါပါ ပြီ ဘုရား)။

ဒီဟာကလေးဟာ ဘယ်ကများ ဖြစ်လာပါလိမ့်မတုံး ဒို့ကို ဆရာက ဆယ့်နှစ်ခု ရေးပေး ထားတယ်၊ ဒါကလေး ရှုရမတဲ့၊ ဘယ်ဟာ ဖြစ်လာပါလိမ့်မတုံး၊ မင်းတို့ ဝိစိကိစ္ဆာ ရှိနေရင် အာပေါက်အောင် အားထုတ် မဂ်ဉာဏ်ဖိုလ်ဉာဏ် မရဘူး၊ (မှန်ပါ့ ဘုရား)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

အနိစ္စက မွေးလို့ အနိစ္စ ရောက်သွားတာကို သဘော ကျလို့ရှိရင်ဖြင့် ဒိဋ္ဌိကကော မပြုတ်သေး ဘူးလား (ပြုတ်ပါပြီ ဘုရား)။

ရဲရဲတင်းတင်း အဲဒီဝိစိကိစ္ဆာနဲ့ ဒိဋ္ဌိကို သညာနဲ့ဖြုတ်ပြီး သည့်နောက်မှ အားထုတ်လို့ရှိရင် ပညာနဲ့ မပြုတ်မရှိဘူး (မှန်ပါ့ ဘုရား)၊ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့် နေရာကျပါပြီတဲ့၊ ဒီလိုနေရာ ကျတယ်ဆိုတော့ တပည့်တော်တို့ အင်မတန် အဖိုးတန်သွားတဲ့ ပုဂ္ဂိုလ်အဖြစ်သို့ ယနေ့ ရောက်သွားပြီ၊ နာရုံနဲ့ အပါယ်ဘဝပိတ်တယ်၊ ရှုလိုက်လို့ တကယ် ပြုတ်သွားလို့ ရှိရင် တပည့်တော်ဖြင့် အပါယ်လေးပါးနဲ့ အိုးစားကွဲပြီး ဘယ်တော့ မှ မရောက်တော့ဘူး ဆိုတာ ဦးမြ ဆုံးဖြတ်ချက်ချပါ (မှန်ပါ့) ချနိုင်ကြပလား (ချနိုင်ပါတယ် ဘုရား)။

ရဲရဲတင်းတင်းချပါ၊ မောင်မြင့် ရဲရဲတင်းတင်း ချပါ။ ဘာမှ မကြောက်နဲ့၊ ဦးအောင်ဇံဝေ ဘာမှ မကြောက်နဲ့ (မှန်ပါ့ ဘုရား)။

ကောင်းပြီ ဒါဖြင့် ဒီလိုမသိတဲ့ ပုဂ္ဂိုလ်မှာတဲ့ ဘုရားလက်ထက်က ဝတ္ထုထုတ်ပြီး အခု ဒီအကြောင်း နှစ်ခု ကို မသိလို့ အကျိုးအနိစ္စ ရောက်တာလည်း မသိလို့ဆိုတော့ သူ ဒိဋ္ဌိဝိစိကိစ္ဆာ ပြုတ်သေးရဲ့ လား (မပြုတ်ပါ ဘုရား)။

အဲဒီတော့ ဘုရားလက်ထက်က သာတိ ဆိုတဲ့ ရဟန်း ရှိတယ် (မှန်ပါ့)၊ သူ့နာမည်က ဘာတဲ့ကွ (သာတိပါ ဘုရား)။

သာတိဆိုတဲ့ရဟန်း တရားနာတယ်

သာတိက ဘုရားဆီသွားပြီး တရားနာတယ်၊ တရား နာတော့ ဘုရားသခင် ကိုယ်တော်မြတ် ကြီးက ဟောလိုက် တယ်၊ ငါ စမွေယျနဂါးမင်း ဖြစ်ခဲ့ဖူးပြီကွ၊ နောက် ဘူရိဒတ် ဖြစ်တယ်ကွ နောက် ဝိဓူရ ဖြစ်တယ်ကွ ဆက်ဆက် ပြီး ဟောသွားတယ်။

သူ ဗွေဖောက်တယ်၊ ဒါဖြင့် ဘူရိဒတ်က နေပြီး သကာလ စမွေယျလို့ ဝိညာဏ် ပြောင်းတယ်၊ ယူပြီ-ယူပြီ ဝိညာဏ်ပြောင်းသွားပြီတဲ့။

ဘူရိဒတ်ကနေပြီး ဝိဓူရကျတော့ အင်း ဘူရိ ဒတ် သေပြီး ဝိညာဏ် ကလေး ဝိဓူရလုပ်ပြန် တာပဲ၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် သူ ဘယ်လို ယူလိုက်ပါလိမ့် (သဿတဒိဋ္ဌိ ယူပါတယ် ဘုရား)၊ ဝိညာဏ်ကို ပြောင်းတယ်လို့ ယူလိုက် တယ် (မှန်ပါ့)၊ ဘာဒိဋ္ဌိတုံး (သဿတဒိဋ္ဌိပါ ဘုရား)။

ကဲ ဘုရားတရား နာရင်း ဇာတ်ကြီး ဆယ်ဖွဲ့ ဟောတာနဲ့ သူဘာဒိဋ္ဌိ ဖြစ်သွားသတုံး (သဿတဒိဋ္ဌိ ဖြစ်သွား ပါတယ် ဘုရား)၊ ကဲ ဘုရားလက်ထက်ကနော် (မှန်ပါ့)။

ဪဒို့ဘုရားလည်း ဆက်ပြီး သွားတာကိုးလို့ ” ထင်မနေ ကြနဲ့ဦး ခင်ဗျားတို့၊ ဒါ သဿတဒိဋ္ဌိမှတ် (မှန်ပါ့)။

ကိုင်း ဒါဖြင့် ဒီလို သာတိက ဖြစ်ပြီး သကာလ နေတော့ သူတရားပွဲက ပြန်လာတယ်၊ ဇာတ်ပေါင်း တရားကြီး ဟောပြီး ပြန်လာခဲ့တယ်၊ တစ်နေ့ကလိုပဲ လာပြန်တာပဲ၊ ဪ ဒါဖြင့် လူသာသေတယ် ဝိညာဏ်က မသေဘူး ကိုယ်တော်တို့၊ သူက ဝါဒဖြန့်ပြီ ရဟန်းတွေကို (မှန်ပါ့)။

လူသာသေတယ်၊ ဝိညာဏ်မသေဘူးတဲ့

လူသာသေသတဲ့ ဘာတုံး (ဝိညာဏ်မသေပါ ဘုရား)၊ ဝိညာဏ်မသေဘူးတဲ့ဆိုတော့ ဘာဒိဋ္ဌိ ဖြစ်သွားသတုံး (သဿတဒိဋ္ဌိ ဖြစ်သွားပါတယ် ဘုရား)၊ အဲ သဿတဒိဋ္ဌိ ဖြစ်သွားတယ်။

ကဲ ဦးမြ၊ ဦးအောင်ဇံဝေ ဖြစ်ထိုက် မဖြစ်ထိုက် (ဖြစ်ထိုက်ပါတယ် ဘုရား) ဖြစ်ထိုက်တယ်၊ ခင်ဗျားတို့လည်း ဖြစ်ခဲ့တယ် (မှန်ပါ့)။

ဪ ဘဝပြောင်းသွားတာပဲ၊ အံမာ ခင်ဗျားတို့ ဖြစ်နေတာ ခင်ဗျားတို့က မရိပ်မိဘူး (မှန်ပါ့)။

ဘဝပြောင်းတယ်၊ ဘဝကူးတယ်

ဦးမြကြီးတို့ ဘဝပြောင်းသွားပလား၊ မပြောင်းဘူး လား (ပြောင်းပါတယ် ဘုရား)၊ ဘာပြောင်း တာတုံး၊ ဘဝ ပြောင်းတာဟာ လူက ပြောင်းတာလား၊ ဒီဝိညာဏ်ကလေး ပြောင်းတာ ဆိုတာဗျ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ)၊ ဘဝ ကူးတယ်ဆိုတာလည်း ဒီကနေ ဟိုကူးတယ်ဆိုတာပဲ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဲဒီဘဝပြောင်း ဘဝကူးတွေဟာ ခင်ဗျားတို့ သာတိ ရဲ့ အသွားတွေပဲ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘယ်သူ့ အသွားတွေပါလိမ့် (သာတိ အသွားတွေပါ ဘု ရား)၊ သာတိ အသွားတွေ ဆိုတော့ ဘာဒိဋ္ဌိပါလိမ့် (သဿတ ဒိဋ္ဌိပါ ဘုရား)။

မြန်မာပြည်မှာ ဒီအယူမျိုးများတယ်

ကဲ ဒါဖြင့် ဦးအောင်ဇံဝေတို့ပဲ လူကြီးတွေပဲ။ ဦးမြတို့ပဲ လူကြီးတွေပဲ ဆုံးဖြတ်ချက်ချ၊ မြန်မာပြည်မှာ ဒီအယူ ရှိ-မရှိ (ရှိပါတယ် ဘုရား)၊ အများကြီး ရှိတယ်၊ အများကြီးရှိတော့ ဘာဒိဋ္ဌိတွေလဲ (သဿတဒိဋ္ဌိပါ ဘုရား)။

သွားပြီ ဘာလှူလှူ ကုသိုလ်တော့ ရပါရဲ့၊ နိဗ္ဗာန် မရဘူး ဒီလူတွေ (မှန်ပါ့)။

ကုသိုလ်တော့ (ရပါတယ် ဘုရား)၊ နိဗ္ဗာန်တော့ (မရ နိုင်ပါ ဘုရား)၊ ဘာဖြစ်လို့တုံး၊ ဒီအတိုင်း သူစွန့်မှ မစွန့်ဘဲ (မှန်ပါ့ ဘုရား)၊ ဘယ်လောက် ကြောက်စရာ ကောင်းတယ် ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

သဿတဒိဋ္ဌိအယူ

ကိုင်း ဒါဖြင့် သာတိကို ဘေးက ရဟန်းတွေက ပြောကြတယ်၊ သာတိ ဝိညာဏ် ပြောင်းတယ် လို့ မင်းက ယူတယ်၊ ဝိညာဏ် ပြောင်းတယ်ဆိုတော့ သဿတ ဒိဋ္ဌိ ကိုးကွာ သူဟာသေမှ မသေဘဲ နော် (မှန်ပါ့) သေမှ မသေဘဲ အကုန်ပြောင်းနေတာပဲ၊ ဒီဘဝက ဟိုဘဝပြောင်း ဟိုဘဝက ဒီဘဝ ပြောင်း၊ ပြောင်းတယ် ဆိုကတည်းက ဒီတစ်ခု ကလေးဟာက ခိုင်မြဲတဲ့ အဓိပ္ပါယ် ပါ-မပါ (ပါ-ပါတယ် ဘုရား) ပြောင်းတယ် ဆိုတာလေ (မှန်ပါ့)။

ပြောင်းလိုက်ပြီ ဆိုတော့ ကျောက်ကလေး လက် ပြောင်း လိုက်တယ် ဆိုတော့ ဒါ သဿတ ဒိဋ္ဌိပေါ့ကွ၊ ကျောက်ကလေး ကိုယ့်လက်ထဲ မထားချင်လို့ လက်ပြောင်း လိုက်ပြီ ထုတ်ပစ်လိုက်ပြီ ဆိုတော့ ဒါ ကျောက်ကလေး ဟာ ကြားထဲမှာ ပြတ်သွားတဲ့ အဓိပ္ပါယ်လား ဟိုဘက် ကူးသွားတဲ့ အဓိပ္ပါယ်လား (ကူးသွားတဲ့ အဓိပ္ပါယ်ပါ ဘုရား)၊ ဘာဒိဋ္ဌိဆိုကြမလဲ (သဿတဒိဋ္ဌိပါ ဘုရား)၊ အဲ ကျောက်ပြောင်း သလို ပြောင်းတာ ယူထားတာ ဒီဝိညာဏ်ကို ဝိညာဏ်ကို (မှန်ပါ့)။

ကျောက်ပြောင်းတာကို ဘုန်းကြီး အပြစ်ဆိုတာ မဟုတ်ပါဘူး။ ဝိညာဏ်ကို ဒီလိုယူထားတော့ ဘာဒိဋ္ဌိ ဖြစ်နေ သတုံး (သဿတဒိဋ္ဌိ ဖြစ်နေပါတယ် ဘုရား)။

ဝိညာဏ်က မင်းတို့ သိထားတာက အနိစ္စက မွေးလို့ အနိစ္စပဲ ဘယ်မှ မပြောင်းနိုင်ဘူး (မှန်ပါ့)၊ ပြောင်းနိုင် သေးရဲ့လား (မပြောင်းနိုင်ပါ ဘုရား)၊ ဘယ်သူက မွေးတာတုံး (အနိစ္စကမွေးတာပါ ဘုရား)၊ အနိစ္စကမွေးတော့ သူလဲဘာတုံး (အနိစ္စပါ ဘုရား)၊ ပြောင်းနိုင်ရဲ့ လား (မပြောင်းနိုင်ပါ ဘုရား)။

မပြောင်းနိုင်တာကို ကျောက်ပြောင်း သလို ပြောင်း တယ် ယူပစ်လိုက်တယ် (မှန်ပါ့ ဘုရား)၊ မယူဘူးလား (ယူပါတယ် ဘုရား)။

ဘဝပြောင်း သွားရှာပြီ၊ ဘယ့်နှယ်တုံး သုံးကြသလား မသုံးကြဘူးလား (သုံးပါတယ် ဘုရား)။

ဘယ်က ရထားသတုံး ခင်ဗျားတို့ ဒီဒိဋ္ဌိဥစ္စာ၊ မပြော တတ်ပါဘူး၊ ရှေးလူကြီးတွေ ပြောတာနဲ့ နောက်ရောင်ခံပြောတာ၊ (မှန်ပါ့) ပြောင်းနိုင်တဲ့ သတ္တိရှိ မရှိ (မရှိပါ ဘုရား)။

မရှိပါဘူးတဲ့၊ တစ်နည်းအားဖြင့် ဝိညာဏ်ကလေးဟာ ဘယ်သူ့ကို စောင့်နေတယ်၊ ခုထက်ထိ မထွက်သေးဘူး၊ ဘာဒိဋ္ဌိတုံး သူဟာ (သဿတဒိဋ္ဌိပါ ဘုရား)။

ဒါကော မရှိဘူးလား (ရှိပါတယ်)၊ ရှိနေတာပဲဆိုတော့ ဆိုင်းဘုတ်ကတော့ ဗုဒ္ဓဘာသာနော်၊ အယူက သဿတဒိဋ္ဌိ (မှန်ပါ့ ဘုရား)။

ဆိုင်းဘုတ်ကတော့ ဗုဒ္ဓဘာသာ

ဆိုင်းဘုတ်က (ဗုဒ္ဓဘာသာပါ) အယူက (သဿတ ဒိဋ္ဌိပါ)၊ ဒါနဲ့ ဘုရားသခင် ကိုယ်တော်မြတ် ကြီးကို ရဟန်းတွေ က သာတိကို ပြောလို့ ဆိုလို့မရတော့ ဘုရားကို သွားလျှောက်တယ်၊ အရှင်ဘုရား သာတိ တစ်ယောက်တော့ သဿတဒိဋ္ဌိအယူ ယူနေပြီဘုရာ့၊ အရှင်ဘုရား၊ တရား နာတာနဲ့ ဗွေဖောက်ပြီ၊ အဲဒါကြောင့် သာတိကို ဆုံးမပါဦး ဘုရား။

ကဲ ဒါဖြင့် ခေါ်ချေကွာ ငါ့အမိန့်နဲ့ သာတိကို ဆိုပြီး သကာလ အခေါ်ခိုင်း လိုက်တယ်၊ ခေါ်လိုက်တော့ သာတိ ရောက်လာတယ်။

သာတိ- ဘာတုံးကွ မင်းဟာ ဘယ့်နှယ်ဖြစ်နေသတုံး အရှင်ဘုရား မဟောသဓာလည်း ဒီဝိညာဏ်ပါပဲဘုရာ့၊ မဟောသဓာက နေပြီး ဝိဓူရဖြစ်သွားတော့ ဒီဝိညာဏ်ကလေး ပြောင်းသွားတာ ဘုရာ့၊ ဒီကနေပြီး သိဒ္ဓတ္ထ ဖြစ်လာတော့ ဝိညာဏ်ကလေး ပြောင်းသွားတာ၊ တပည့်တော် ဒီလိုယူထား ပါတယ်။

သာတိအယူဟာ သာသနာတော်ရဲ့ မီးပွား

နို့ မင်းပြောတဲ့ ဝိညာဏ်ကို သေသေချာချာ ရှင်းပါဦးကွ၊ အို ဒီဝိညာဏ်က ဘုရားကောင်းတာ, မကောင်းတာ ခံစားတာ ဒီဝိညာဏ်ကလေးချည်းပဲ၊ ဝိညာဏ် က နိစ္စပေါ့ဗျာ၊ ကောင်း မကောင်း ခံစားတာ ဝိညာဏ်ပဲတဲ့။

ဒီတွင်မှ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက “ဥသ္မိ ကတော” ဆိုပြီးသကာလ ဪ ငါဘုရား သာသနာတော်မှာ မီးပွားကလေး တစ်ခု ရောက်လာတယ်၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒိဋ္ဌိမီးပွား ရောက်လာတယ် (မှန်ပါ့)၊ ကဲ ဘယ် လောက် အပြစ်ကြီးတယ်ဆိုတာ မောင်မြင့်တို့ မောင်အောင်ချီ တို့ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

အင်မတန် ဖြူစင်နေတဲ့ သာသနာတော်ထဲမှာ မီးပွား တစ်ခု ပေါ်လာတာပဲဟေ့၊ ဒါလောက် ကြောက်စရာ ကောင်းတယ် ဆိုတာ ဒကာ ဒကာမတွေ ရှင်းလောက်ပါပြီ (မှန်ပါ့ ဘုရား)။

ဒီတရား မနာရရင်၊ ဘဝကူးတဲ့ အယူရှိနေမှာ

အဲဒါ ခင်ဗျားတို့ ဘုန်းကြီး ကိုယ့်ကိုယ်ကို ချီးမြှောက် ပြောတယ်လို့ မယူနဲ့၊ ဒီတရားမျိုးကို မနာရလို့ စိတ် ရှင်းရှင်း လင်းလင်း ပြောမပေးလို့ရှိရင် သေသည်တိုင်အောင် ဝိညာဏ် ရှိတယ်တဲ့ ခင်ဗျားတို့ ဦးမြ ရှိ-မရှိ (ရှိပါတယ် ဘုရား)။

ရှိတယ်နော် (မှန်ပါ့) ဘဝကူးကော (ရှိပါတယ်) ဘဝပြောင်းကော (ရှိပါတယ်) ဒါဘာ သဘော မကျလို့တုံး ဆိုတော့ ဒီသုတ်ကို မနာရလို့ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဝိညာဏ်က ဒီနေရာမှာပဲချုပ်တယ်

ဒါဖြင့် မောင်အောင်ချီတို့ မောင်မြင့်တို့ ဝိညာဏ် ပြောင်းနိုင်ရဲ့လားဟေ့ (မပြောင်းနိုင်ပါ)၊ ဒီနေရာဖြစ် ဒီနေရာ ချုပ်တယ် ဘယ်မှာ ပြောင်းစရာ ရှိသေးသတုံး (မရှိပါ ဘုရား)။

သူ့ကို ဖြစ်စေတဲ့ အကြောင်းကိုက အနိစ္စကွာ၊ သူက ကော (အနိစ္စပါပဲ) ဘယ်ပြောင်းစရာ ရှိသေးသတုံး၊ ဒီနေရာ ဖြစ် ဒီနေရာပျောက်ရမှာပဲ။

ဟိုဘဝမှာ ဝိညာဏ် အသစ်ပေါ်တာ

နောက်တစ်ခါ ဟိုဘဝမှာ ပေါ်တဲ့ ဝိညာဏ်ကလည်း ဟိုဘဝကျမှ အသစ်ပေါ်တာ (မှန်ပါ့) သဘောကျပလား (ကျပါပြီ) ဒီက ပါသွားတာ ဟုတ်ကဲ့လား (မဟုတ်ပါ)၊ ဒီက ပါသွားတယ်ဆိုရင် ဘာဒိဋ္ဌိတုံး (သဿတဒိဋ္ဌိပါ)၊ ဟိုကျမှ သူအကြောင်း တိုက်ဆိုင်လို့ ပေါ်လာတယ် ဆိုတာကော ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။

ဟိုကျမှ သူ့မျက်လုံးက ဖွင့်လိုက်ပြန်တော့ မျက်လုံး ဝိညာဏ်ပေါ်မှာပဲ၊ မနောနဲ့ ဖွင့်လိုက်ရင် (မနောဝိညာဏ် ပေါ်ပါတယ်)၊ မနောဝိညာဏ် ပေါ်မှာပဲဆိုတော့ အသစ် အသစ်ချည်းပဲဆိုတာ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ ဒီနေ့ည တရား မဆုံးငြားသော်လည်း နာရီ စေ့ငြား သော်လည်း ဒိဋ္ဌိ ဝိစိကိစ္ဆာ ပြုတ်ပလား (ပြုတ်ပါပြီ ဘုရား)။

မင်းတို့ သန္တာန်မှာ ဆယ့်နှစ်ခုရေးထားတဲ့ ဝိညာဏ် နော် (မှန်ပါ့)၊ မြင်စိတ်ကလေး ဆိုရင် စက္ခုဝိညာဏ်နော်၊ မနောဝိညာဏ် အတွင်း ဧည့်သည်၊ ပြီးတော့ အိမ်သည် နှစ်ခု ဆိုတာလည်း မြဲတာ မဟုတ်ဘူး သူတို့လည်း ပျက်တာပဲနော် (မှန်ပါ့ ဘုရား)။

အဲဒါလည်း မနောဝိညာဏ်ထဲ ထည့်လိုက်၊ ဝိညာဏ် ဟူသရွေ့ သည် အကြောင်းကြောင့်ပေါ် အကြောင်းကြောင့် ဖြစ်တယ် (မှန်ပါ့ ဘုရား)။

အကြောင်းအနိစ္စမို့ အနိစ္စဖြစ်တယ်

ပြီးတော့ ဒီအတိုင်း မြဲသလား ချုပ်သလား (ချုပ်ပါ တယ်)၊ နှစ်ကြောင်းကြောင့် ဖြစ်တယ်လို့ သိလိုက်တော့ ဘာစင်သတုံး (ဝိစိကိစ္ဆာစင်ပါတယ်) သူ့ဟာက နှစ်ကြောင်း ကိုက အနိစ္စမို့ အနိစ္စ ဖြစ်တယ်လို့ သိလိုက်တော့ ဘာစင် သတုံး (ဒိဋ္ဌိစင်ပါတယ်) ဒါဖြင့် ဒိဋ္ဌိဝိစိကိစ္ဆာ စင်သွားပြီ၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဲဒီတော့ သာတိလို ဖြစ်သေးရဲ့ လား (မဖြစ်ပါ)၊ သာတိလို မဖြစ်တော့ဘူးတဲ့၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

အဲဒီတော့ မင်းတို့သည်ကားလို့ ဆိုရင် ရဲရဲတင်းတင်း ရှုဖို့ ဒီနေ့ည ပေးလိုက်တဲ့ တရားပဲ (မှန်ပါ့) ဒကာ ဒကာမတို့ ဘယ့်နှယ်ဆိုကြမလဲ (ရဲရဲတင်းတင်း ရှုဖို့ပါ ဘုရား)။

ရဲရဲတင်းတင်း ရှုပေး ဘာဖြစ်လို့တုံး၊ သံသယ ကင်းပြီ ဒီလမ်းသွားပြီး ဒီရောက်တယ် ဆိုတာ ဘာမှ အန္တရာယ် မရှိဘူး ဆိုရင်ဖြင့် ဘယ်သူကော ကြောက်တဲ့ ရွံ့တဲ့ စိတ်လာသေး သလား (မလာပါ ဘုရား)၊ ရဲရဲတင်းတင်း မသွားပေဘူးလား (သွားပါတယ် ဘုရား)။

ရဲရဲတင်းတင်းသာ ဖြစ်ပျက်ဆီလွှတ်

ထို့အတူပဲတဲ့ မင်းတို့ ကြောက်တော့ မနေနဲ့၊ ရဲရဲ တင်းတင်းသာ ဖြစ်ပျက်ဆီကို လွှတ်တော့ မင်းတို့ကို တားမည့်လူ မရှိတော့ဘူး (မှန်ပါ့) သဘောကျပလား (ကျပါပြီ)၊ သဘောပါပြီနော် (မှန်ပါ့ ဘုရား)။

ကဲ ယနေ့ ဒီတွင် တော်ကြဦးစို့။

သာဓု သာဓု သာဓု။

 
မာတိကာသို့