015

မာတိကာသို့

အားကိုးထိုက်တာအစစ်ရှာရစ်ကြ

မိုးကုတ်ဝိပဿနာအဖွဲ့ချုပ်၏ အမှာစာ

ကျေးဇူးရှင် အဂ္ဂမဟာပဏ္ဍိတ မိုးကုတ်ဆရာတော်ကြီး သည်၊ နေ့စဉ်နေ့တိုင်း၊ တစ်နေ့လျှင် နှစ်ကြိမ် သုံးကြိမ် တပည့် ဒကာ၊ ဒကာမများအား၊ မြင့်မြတ်သော်၊ ခက်ခဲနက်နဲသော သစ္စာ လေးပါးတရားတော်များကို၊ နားမလည်၊ လည်အောင်၊ မသိလျှင် သိအောင်၊ မြန်မာစကားပြေ သက်သက်ဖြင့်၊ သာမန်လူပြိန်းများ၊ လက်လှမ်းမီအောင် အောက်ခြေထိဆင်း၍ ဟောကြားချီးမြှင့်တော် မူပါသည်။

ဤတရားတော်သည်၊ မိုးကုတ်ဆရာတော်ကြီး၊ ခန္ဓာ ဝန်မချမီ၊

(၁၅-၁၀-၆၂)

ရက်နေ့တွင် နောက်ဆုံးဟောကြားတော်မူခဲ့ သော တရားတော်ဖြစ်ရာ။ ရှေ့ကိုကြိုတင် သိထားနှင့်သကဲ့သို့ ဟောတော်မူသည်မှာ၊ “ တို့ဆရာနဲ့ တို့ဒကာတွေနဲ့၊ ယခုတွေ့ရ ခြင်းဟာ၊ အဆီအနှစ်တွေလည်း ရပြန်ပြီ၊ မကွယ်ခင် မီရုံရှိတဲ့ ပုဂ္ဂိုလ်တွေမို့၊ မြန်မြန်လုပ်လိုက်။ မီရုံရှိတယ်၊ ရထားကထွက်ခါနီး နေပြီ” ဟု ဟောကြားခဲ့ပါသည်။

ဤတရားတော် သည်၊ ဆရာတော်ကြီးဟောကြားတော် မူထားခဲ့သော တရားတော်အားလုံး၏ အဆီအနှစ် တရားသား သက်သက်ဖြစ်သဖြင့်၊ အလေးထားကြပါ။ ထပ်ခါတလဲလဲ ဖတ် ကြပါ။ နားမလည် လည်အောင်ကြိုးစားပြီး ဖတ်ကြပါ။ ကျင့်ကြံအား ထုတ်ကြပါရန် တိုက်တွန်းနှိုးဆော် အပ်ပါသည်။

ဤတရားတော်တွင် သစ္စာတရားတော်များကို ပိုင်းခြား စိတ်ဖြာ ဟောကြားထားပြီး “တရားငါးမျိုးထဲမှ ဘယ်တရားပို့တာ ကြိုက်သလဲ” ဟု အမေးထုတ်၍ တရားငါးမျိုးကို ရှင်းပြတော်မူ ထားပါသည်။

“ဒီနေ့တရားမှာ တရားသားချည့် ဟောနေတယ်” ဆိုပြီး “အားကိုးထိုက်တာ အစစ်၊ ရှာကြဖို့” သစ္စာလေးပါးတရားတော်ကို ဟောကြားရင်း “ဉာဏ်ငါးမျိုး”ကိုပါ နားမလည်လျှင် လည်အောင် အမျိုးမျိုး ဥပမာများဖြင့် ရှင်းလင်းအောင် ဆုံးမတော်မူထားပါသည်။ “ဘုန်းကြီးက သာမညဘုန်းကြီး မဟုတ်ဘူး၊ ခင်ဗျားတို့ကို ဉာဏ် ပေးနေတာ”ဟု ဟောကြားတော်မူပါသည်။

ဤတရားတော်သည် တရားအနှစ်ချုပ်ဖြစ်သည့် အလျောက် ဆရာတော်ကြီးက “ဒီနေ့တရားမှာ တရားသာချည့် ဟောနေ တယ်ဆိုတာ သေသေချာချာ မှတ်စမ်းပါ။ အစစ်တွေရွေးပြီး၊ တရား စပြီးချီ ကတည်းက အင်မတန်သိစေလိုတဲ့ ဆန္ဒနဲ့ မရွေးတတ်မှာစိုးလို့ ရွေးပုံအခြင်းအရာပါ ပြောလိုက်ပါ တယ်” ဟု စိုးရိမ်စိတ်ဖြင့် နောက်ဆုံးဟောကြားခဲ့ပါသေးသည်။

ကျေးဇူးကြီးလှပါသည်။ ဆရာတော်ကြီး၏ ကရုဏာတော် သည် ကြီးမားလှပါသည်။ မဇ္ဈိမပဋိပဒါ အလယ်လမ်းကိုပင် မေ့ မှာစိုး၍ ထပ်၍ ထပ်၍ ရှင်းပြတော်မူပြီး “သာသနာမကွယ်ခင် မြန်မြန်လုပ်ကြ။ အခုအချိန်ရှိသေးလို့၊ ရထားထွက်ခါနီး၊ တက်မိ သေးတယ်”ဟု နောက်ဆုံး ဟောကြားဆုံးမတော်မူသွားပါသည်။

အမြဲဖတ်နေသင့်သော တရားတော်ဖြစ်ပါသည်။ သူတော်ကောင်းရတနာ(၇)ပါးနှင့် ပြည့်စုံကြပါစေ။

၂၂-၁၁-၂၀၀၃

အတွင်းရေးမှူး

ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး အမရပူရမြို့၌

နောက်ဆုံးဟောကြားသောတရားတော်

အားကိုးထိုက်တာအစစ်ရှာရစ်ကြ

(၁၅-၁၀-၆၂)

နာတဲ့ပုဂ္ဂိုလ်ကလည်း ခန္ဓာကြည့်ပြီး နာရမယ်၊ ဟောတဲ့ပုဂ္ဂိုလ်ကလည်း ခန္ဓာကြည့်ပြီး ဟောတဲ့အတွက် ဘာဝနာပွားပြီးဟော ဘာဝနာပွားပြီး နာတဲ့အတွက် အားလုံး ကုန်ပဲ ကျွတ်တမ်း ဝင်ကြမယ်ဆိုတဲ့ဥစ္စာ မနေ့ကဝတ္ထု ဟောခဲ့ တယ်၊ ဦးတင်တို့ ဦးသန်းမောင်တို့ကြားဖူးခဲ့ကြပြီ (မှန်ပါ ဘုရား)။

တရားသာအမိ၊ တရားသာအဖ

အဲ့ဒီတော့ ဘုန်းကြီးက တရားကို ကြိုးစားစေချင်တာ က အခြားကြောင့် မဟုတ်ပါဘူး၊ ဟာ ဦးတင်ကြီးဟာ ဘယ်ကလာသတုံး မပြောတတ်ပါဘူး၊ လူ့ပြည်တော့ ရောက်လာတာပဲ။ ဟာ ဒါဖြင့် တရားကပို့လိုက်တာပဲ။ ခင်ဗျားကို ဦးသန်းမောင်ကြီး ဘယ်ကလာသတုံး (မပြော တတ်ပါဘူး ဘုရား)၊ ခင်ဗျားတို့ ခြေလျင်လာသလား (ခြေလျင်လည်းမလာပါဘူး ဘုရား) လူ့ပြည် ရောက်လာ တာပဲဆိုတော့၊ ခင်ဗျားတို့မှာ တရားပဲအမိ၊ တရားပဲအဖနဲ့ သူစီမံတာ ခံနေကြ ရတော့ သူ့လက်လွတ်လို့ တော်ပါ့မလား (မတော်ပါဘူး) ရှင်းလောက်ပါပြီနော် (မှန်ပါ) ရှင်းလောက်ပါတယ်။

နောက်က သီလရှင်တွေ ဒကာ ဒကာမတွေ ဘယ်က လာသတုံးလို့မေးရင် ကိုယ့်ဟာကိုယ် ဘယ်သူမှ မသိကြဘူး နော် (မှန်ပါ) တရားပို့လို့ရောက်လာတယ်ဆိုတာပဲ ပြောကြရလိမ့်မယ်။ ပြီး

နို့ တရားပို့လို့ရောက်လာတော့လည်း တစ်ခါ စဉ်းစားဦး ပစ္စန္တရာဇ် ဇနပုဒ်တွေများ ရောက်တဲ့ပုဂ္ဂိုလ် လည်း တရားပို့လို့ရောက်တာပဲမင်ဗျားတို့ ပစ္စန္တရာဇ် ဇနပုဒ်ကို မရောက်ဘဲ မြို့ကြီးပြကြီး သူတော်ကောင်း ပေါများ တဲ့နေရာ ရောက်လာကြတယ်၊ ဒါကဘယ်သူပို့လိုက်တာတုံး လို့ ဦးတင်ကြီးမေးရင် ဘယ့်နှယ်ဖြေပါ့မလဲ (တရားပို့လိုက် တာပါ) ဦးသန်းမောင်ကော မွေးတာက ဓမ္ဘီ ကြီးပွားတာက ရန်ကုန်။ ဘသူပို့လိုက်တာတုံးမေးရင် ဘယ်နှယ့်ဖြေပါ့မယ် (တရားပိုတာပါ) တရားပို့လိုက်တာ ကိုယ်ခြေလျင်သွားလို့တော့ ရောက်ကိုမရောက်ဘူး (မှန်ပါ)။

တရားပဲအားကိုးရာရှိတော့တယ်

အဲဒါကြောင့် သြော် တရားပဲ အားကိုးရာရှိ တော့တယ်ဆိုတဲ့ ဥစ္စာလည်း သေသေချာချာမှတ်ပါ (မှန်ပါ)။

ဒကာ ဒကာမတွေ ဘာ အားကိုးကြမယ် (တရားပဲအားကိုးကြပါမယ်)။

ကဲ သက်သေ သာဓက လုံလောက်အောင် ရှင်းပြပါဦးမယ် ဒကာ ဒကာမတွေကိုနော် (မှန် ပါ)။

ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဘုရားဖြစ်လာ တယ်၊ ဘုရားဖြစ်လာတော့ ကြော်ငါ့မှာ အတုမရှိဘုရားတော့ ဖြစ်လာပြီ၊ ငါ့ထက်သာတဲ့ပုဂ္ဂိုလ်ရှိရင်ဖြင့် ရိုသေကိုးကွယ်မယ် ပူဇော်မယ်လို့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက လျှောက် – ပြီး ကြည့်လိုက်တယ်၊ ၃၁- ဘုံထဲမှာ ဦးသန်းမောင် (မှန်ပါ) ငါ့ထက် သီလ သမာဓိ ပညာသာတဲ့ပုဂ္ဂိုလ်ရှိလို့ ရှိရင်ဖြင့် ငါကိုးကွယ်မယ် ဆည်းကပ်မယ်လို့ ကြည့်လိုက်တော့ တစ်ယောက်မျှ မမြင်ဘူး (မှန်ပါ)။

တရားကြောင့်ဘုရားဖြစ်လာတယ်

တစ်ယောက်မျှမမြင်တော့ သူ့ဟာသူပဲ တွေးလိုက်တယ်၊ ငါဘယ့်နှယ်ကြောင့် ဘုရားဖြစ်လာပါ လိမ့်မတုံးလို့ တွေးလိုက်တော့ သြော် တရားကြောင့် ဘုရားဖြစ်လာ တယ်၊ ငါသိခဲ့တဲ့ တရားပဲ အရိုအသေ အလေးအမြတ်ပြုမှ ဖြစ်မယ်တဲ့။ မပေါ်ကြသေးဘူးလား (ပေါ်ပါပြီ)။

ဘုရားတောင် ဘာကို ကိုးကွယ်သတုံး (တရားကို ကိုးကွယ်ပါတယ်)။

သူ့ထက်သာ ပုဂ္ဂိုလ်ရှိရင် သီလသာရင်လည်း သီလသာတဲ့ပုဂ္ဂိုလ်ကို ကိုးကွယ်မယ်၊ သမာဓိသာရင်လည်း သမာဓိသာ တဲ့ပုဂ္ဂိုလ်ကို ကိုးကွယ်မယ်၊ ပညာသာရင်လည်း ပညာသာတဲ့ ပုဂ္ဂိုလ်ကို ကိုးကွယ်မယ်ဆိုပြီး ၃၁-ဘုံမှာ ရှာတယ် ဆိုတော့ ဦးသန်းမောင် ကုန်ရောပေါ့ဗျာ (မှန်ပါ့) ဉာဏ်နဲ့ ကြည့်လိုက်တယ် ၃၁-ဘုံမှာ လူ့ပြည်၊ နတ်ပြည်၊ ဗြဟ္မာပြည် ပေါ့ဗျာ ရှာလို့မတွေ့ဘူး (မှန်ပါ)။

ဒီတွင်မှ ငါသည်ဘယ့်နှယ်ကြောင့် ဘုရားဖြစ်လာပါ လိမ့်မတုံးဆိုတော့ သြော် တရားအား ထုတ်လို့ ဘုရား ဖြစ်လာတာ။ ရှင်းကြပလား (ရှင်းပါပြီ)။

ဘုရားဘာဖြစ်လို့ ဘုရားဖြစ်လာသံတုံး (တရား အားထုတ်လို့ ဘုရားဖြစ်လာတာပါ)၊

ဒါဖြင့် တရားပဲကိုးကွယ်မှပဲဆိုတဲ့စိတ်ဟာပေါ်ပေါက် ပြီးသကာလ တရားပဲကိုးကွယ်ပါတယ်လို့ ဦးအောင်ဇံဝေတို့၊ ဦးသန်းမောင်တို့၊ ဦးတင်တို့မှတ်ရလိမ့်မယ်(မှန်ပါ ဘုရား)။

ဘယ်တရားပို့တာကြိုက်သလဲ

ဒါဖြင့် ခင်ဗျားတို့လဲ ဪ ဒီအတိုင်း နေလို့ တော့မဖြစ်သေးဘူး၊ တရားပို့လို့ရောက်တာ ၊ စုတေမနေ သေလွန်လို့ရှိရင်လည်း တရားပို့တဲ့ဆီသွားရမှာပဲ။ ဒီတရားကို ရွေးပြီး သကာလ ဘယ်တရားပို့တာ ကြိုက်တယ်ဆိုတာ လည်း ဆရာဘုန်းကြီးက ဝေဖန်မယ် (မှန်ပါ)။ ဒါနကုသိုလ်တရားက ပို့တာကြိုက်သလား၊ သီလ ကုသိုလ်ပို့တာကြိုက်သလား၊ သမထကုသိုလ်က ပို့တာကြိုက် သလား၊ ဝိပဿနာကုသိုလ်ပို့တာ ကြိုက်သလား၊ အကုသိုလ် ကပို့တာကြိုက်သလားလို့ မေးတော့ အခုမေးခွန်း ၅-ခု ထွက်လာတယ်။ ဒီတရားတွေကတော့ ပို့မယ့်တရားတွေ အမှန်ပဲ၊ (မှန်ပါ) တရားဘယ်နှစ်မျိုးဝေဖန်လိုက်သတုံး (ငါးမျိုး ဝေဖန်ပါတယ်)။

(၁) အကုသိုလ်ပို့တာကြိုက်သလား

ငါးမျိုး ဝေဖန်လိုက်တော့ကို မောင်ချစ်စိန်တို့က ဟာ အကုသိုလ် ပို့တဲ့ဆီတော့ တပည့်တော် မသွားချင်ဘူး ကုရား၊ အပါယ်လေးပါးသွားရလိမ့်မယ် အကုသိုလ် တရားကပို့ရင် သူ အပါယ်လေး ပါးပဲ ပို့မှာပဲ (မှန်ပါ) ဒါတော့ ဘယ်သူမှမသွားချင်ဘူး၊ ဦးအောင်ဇံဝေလည်း မသွားချင်ဘူး၊ နောက်က သီလရှင်တွေလည်း သွားချင်ကြရဲ့ လား(မသွားချင်ပါဘူး)။

(၂) ဒါနကုသိုလ်ပို့အကြိုက်သလား

ဒါနကုသိုလ်ပို့လိုက်ပြန်တော့လည်း လူ့ပြည်နဲ့ နတ်ပြည်ကို သူပို့တယ်၊ ပို့ပြန်တော့ အခု ဆရာဘုန်းကြီးဆီမှာ ဆည်းကပ်နေတဲ့ ဒကာ ဒကာမတွေ ဖြစ်လာတော့ ဟိုမှာ အိုဘေး၊ နာဘေး၊ သေဘေးရှိတယ်ဆိုတာ သိပြီးသား ဖြစ်နေ တယ်(မှန်ပါ) အဲ သူပို့တဲ့နေရာလည်း တပည့်တော် တို့ မသွားနိုင်ဘူးဘုရား၊ ဘာဖြစ်လို့တုံး အိုဘေး နာဘေး သေဘေး ကြောက်တယ် မဟုတ်ဘူးလား (မှန်ပါ)။

(၃) သီလကုသိုလ်ပို့ဘာကြိုက်သလား

သီလကုသိုလ်ကလည်း ပို့မှာပဲ လူ့ပြည် နတ်ပြည်ကို၊ ဘယ်လိုပို့ပို့ သူကလည်း အိုဘေး နာဘေး သေဘေးတဲ့ ဆီကို ပို့တာပဲ (မှန်ပါ) ဒါဖြင့် သီလကုသိုလ် ပို့တဲ့ဆီလည်း ဦးသန်းမောင် သွားဖို့တော်ပါ့မလား ဟိုမှာ ဒုက္ခသစ္စာရှိနေ တယ် (မှန်ပါ) ရောက်တဲ့နေရာမှာ ဒုက္ခသစ္စာရှိနေတယ်ဆို တာ ပေါ်ပလား၊ (ပေါ်ပါပြီ) ဒါဖြင့် အဲဒီတော့ သွားချင်ကြရဲ့ လား၊(မသွားချင်ပါဘူး) ဒုက္ခလွတ်ရာသွားမှ ကျုပ်တို့အကြိုက ဖြစ်ရမှာကိုးဗျ (မှန်ပါ)။

(၄) သမထကုသိုလ်ပို့တာကြိုက်သလား

သမထ ကုသိုလ်အားထုတ်ပြီး သကာလ သမထ ကုသိုလ်ပို့ရာ သွားမလားလို့ဆိုတော့ ဦးတင် ဗြဟ္မာပြည် နှစ်ဆယ်သွားရလိမ့်မယ်၊ သွားချင်ကြရဲ့လား (မသွားချင် ပါဘူး) ဟိုမှာလည်း သက်ဆိုး ရှည်နေတာပဲ (မှန်ပါ) ခန္ဓာဝန်ထမ်းပြီးသကာလ အိုဘေး နာဘေး၊ သေဘေး တွေနဲ့ အတူတူ နေရတာ ဖြစ်နေသောကြောင့် သမထ ကုသိုလ်ပို့တဲ့ဆီတော့ ဒို့မသွားဘူး (မှန်ပါ) ဘာကြောင့် တုံး အသက်ရှည်ပြီး ဒုက္ခရောက်နေတာ (မှန်ပါ)၊ ဒုက္ခသစ္စာ ကြီးထမ်းပြီးလည်နေတာကိုး (မှန်ပါ)။

ဒါဖြင့် ယခုပြောခဲ့တဲ့ လေးချက်ကို ဦးတင်လည်း မကြိုက်ဘူး၊ ဦးသန်းမောင်လည်း မကြိုက်ဘူး (မှန်ပါ)။

(၅) ဝိပဿနာကုသိုလ်ပို့တာကြိုက်သလား

ဒါဖြင့် ဝိပဿနာကုသိုလ် ပို့တဲ့နေရာကော မကြိုက် ဘူးလားလို့ ဒီဒကာ ဒကာမတွေ မေးလိုက်လို့ရှိရင် သူက တော့ဖြင့် နိဗ္ဗာန်ပဲပို့မယ်။ ဒုက္ခခပ်သိမ်းငြိမ်းတဲ့ နိဗ္ဗာန်ပဲပို့မယ်။ ရှင်းကြပလား (ရှင်းပါပြီ)။

ဒါဖြင့် ဘယ်ဟာ အကြိုက်ဆုံးလဲ (ဝိပဿနာ ကုသိုလ်ပို့တာ အကြိုက်ဆုံးပါ)။

ဒါကြောင့် ဝိပဿနာဆိုတာ ဘာတုံးလို့ မေးတဲ့အခါ ကျတော့တရားလို့ ဆုံးဖြတ်ချက် ချလိုက်စမ်းပါ (မှန်ပါ)။

ဒါဖြင့် တရားပို့ရာကို ကျုပ်တို့သွားရပါလိမ့်မယ်။ ကဲဒါဖြင့်နောက်တုန်းကတော့ မျက်စိလည်ခဲ့တဲ့အတွက် ဒီဒကာ ဒကာမတွေ အကုသိုလ်ပို့တဲ့ဆီလည်းအပါယ်လေးပါး နေခဲ့ပြီ။ တရားပို့လိုက်တာ (မှန်ပါ)။ ဒါနကုသိုလ်နဲ့ လူ့ပြည် လည်း အကြိမ်ကြိမ်ခံစားခဲ့ကြပြီ။ နောက်ဆုံးပိတ် ကနေ အိုပွဲ နာပွဲ သေပွဲတွေနဲ့ချည်း အကြိမ်ကြိမ်တွေ့ခဲ့တယ်။ ဒါလည်း မဟုတ်သေးဘူး မကောင်းသေး ဘူးဆိုတာ အခုအခါ ရိပ်မိကြ ပြီ။ သီလ ကုသိုလ်ပို့လိုက်တာလည်း လူ့ပြည် နတ်ပြည် ဆိုတော့ ဦးတင်တို့ အကြိမ်ကြိမ်ရောက်ခဲ့ပြန်ခဲ့ရပြီ (မှန်ပါ) ပြန်တယ်ဆိုတာ ဒီအတိုင်း လာနိုင်တာလည်း မဟုတ်ဘူး၊ အိုသေပြီးမှလာခဲ့ရတာ (မှန်ပါ) ဒါကြောင့် ဦးသန်းမောင် ဒါလဲ အဆိုးထဲကပဲ (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ)။

ဒါဖြင့် ခင်ဗျားတို့ ဘယ်တရားပို့တဲ့ဆီကို သွားကြမလဲ လို့မေးတော့ တရားပို့လို့ အခုဒီနေရာ ရောက်လာပြီ၊ နောက်တစ်ခါ ဘယ်တရားပို့တဲ့ဆီကို ခင်ဗျားတို့သွားမတုံးလို့ မေးတဲ့အခါကျတော့ တပည့်တော်တို့ သစ္စာသိပြီဘုရား။ ဒုက္ခ သစ္စာရှိတဲ့ဆီတော့ မသွားချင်ဘူး။ ဒုက္ခသစ္စာမရှိတဲ့ဆီတော့ တပည့်တော်တို့သွားချင်ပါတယ် (မှန်ပါ) ပေါ်ပလား(ပေါ်ပါပြီ)။

ဒါဖြင့်- ဒုက္ခသစ္စာမရှိတဲ့ဆီ တပည့်တော်တို့ သွားချင် ပါတယ်ဆိုသဖြင့် ဝိပဿနာရှုကြ မဂ်ဆိုက်သွားပါလိမ့် မယ် (မှန်ပါ) မဂ်က ပို့လိုက်တဲ့အခါကျလို့ရှိရင် နိဗ္ဗာန်မှ တစ်ပါး ဦးအောင်ဇံဝေ ဘယ်မှ မပို့ဘူး (မှန်ပါ) ဒုက္ခထဲ ပို့သေးရဲ့လား (မပို့ပါဘူး)။

ဒုက္ခလွတ်ရာပို့တာအကြိုက်ဆုံး

ဒါဖြင့်- တရားတွေအများကြီး ရှိပေမယ့်လည်း ဘယ် တရားသည် သစ္စာသိတဲ့ပုဂ္ဂိုလ်၏ ပို့လိုတဲ့တရားထဲမှာ အကြိုက်ဆုံးလဲ မေးလို့ရှိရင် ဦးတင်ဖြေစမ်းပါ (ဒုက္ခလွတ်ရာပို့ တာအကြိုက်ဆုံးပါ) ပေါ်ပြီ (ပေါ်ပါပြီ) မောင်ချစ်စိန် ကော (ပေါ်ပါပြီ ဘုရား) နောက်က သီလရှင်တွေကော (ပေါ်ပါပြီ ဘုရား) ဘယ်သူပို့ရာသွားချင်ကြသလဲ (ဝိပဿနာပို့ ရာသွားချင်ပါတယ် ဘုရား)။

ဝိပဿနာပို့ရာ သွားချင်ကြတယ်ဆိုတာ ဟုတ်တယ် ဝိပဿနာကတော့ ကိလေသာဖြတ် ကံဖြတ်ပြီး ပို့တဲ့ နေရာဖြစ်လေသောကြောင့် ကိလေသာ ဖြတ်တယ်ဆိုတော့ ကိလေသဝဋ်ပြတ်ပြီလို့ ဦးတင်က မှတ်လိုက် (မှန်ပါ) ကံဖြတ်လိုက်တယ်ဆိုကတည်းက ကမ္မဝဋ်ကော (ပြတ်ပါ တယ် ဘုရား) ကမ္မဝဋ်ပဲပြတ်ပေါ့ ဦးသန်းမောင် သူ့ အကျိုးထဲ ဝိပါကဝဋ်လုပ်ချင်လို့ ရသေးရဲလား (မရပါဘူး)။

အဲဒါကြောင့် ဝိပဿနာကတော့ဖြင့် ဒကာ ဒကာမ တို့ဝဋ်သုံးပါးကျွတ်တဲ့ဆီကို ပို့တယ် (မှန်ပါ)။

တရားသားချည်းဟောသောနေ့

ဒီနေ့တရားမှာ တရားသားချည်း ဟောနေတယ်ဆို တာသေသေချာချာ မှတ်စမ်းပါ (မှန်ပါ) အစစ်တွေရွေးပြီး သကာလ တရားစပြီးချီကတည်းက အင်မတန်သိစေလိုတဲ့ ဆန္ဒနဲ့ မရွေးတတ် မှာစိုးလို့ ရွေးပုံအခြင်းအရာ အာဟာရတွေ ပါ ပြောလိုက်ပါတယ် (မှန်ပါ) ကိုယ်လာတာမသိဘဲနဲ့ နေမှာ စိုးလို့ အရမ်းလာခဲ့တယ်ဆိုတာလည်း သိအောင်လို့အရမ်း တရားတွေပို့လိုက်တဲ့ဆီကို ခင်ဗျားတို့ အရမ်းရောက်ချင်သလို ရောက်လာလို့ ရှေးကမရွေးတတ်ဘူး သစ္စာမသိလို့ (မှန်ပါ) သူပို့ရာကို ကျုပ်သွားမယ်ဆိုတဲ့ အဓိပ္ပါယ်ပါ ရောက်နေတယ် (မှန်ပါ) အခုတော့ ကျုပ်တို့ရွေးပြီးသကာလ အပို့ခိုင်း မလို့ (မှန်ပါ) ဒီသဘောဟာ သေးတာမဟုတ်ဘူး (မှန်ပါ)။

ဦးသန်းမောင် တရားပို့လို့ ရောက်တယ်ဆိုတာသိ တော့ တချို့တရားကပို့လိုက်တာ အပါယ်လေးပါးများ – ရောက်သွားတယ် (မှန်ပါ) တချို့တရားကပို့လိုက်တာ နက်ပြည်ရောက်ပြီး ကျွမ်းထိုးမှောက်ခုံအပါယ်ပြန်ကျတယ်၊ တချို့ တရားကပို့လိုက်တာ ဗြဟ္မာပြည်ရောက်ပြီး ကျွမ်းထိုး မှောက်ခုံ အပါယ်ပြန်ကျတယ် (မှန်ပါ)။

ဒီတရားတွေကို ခင်ဗျားတို့ ကိုးစားရာ အားထားရာ အဖြစ်နဲ့လုပ်လို့ တော်ပါ့မလားဆိုတာ ယနေ့ မေးပါတယ် (မတော်ပါဘူး ဘုရား)။

ဒီလိုမတော်ဘူးဆိုတဲ့ အသံကလေးဟာ ဦးတင်၊ ဦးသန်းမောင်၊ ဦးအောင်ဇံဝေ မတော်ဘူးလို့ ခင်ဗျားတို့ပါးစပ် ထဲက ထွက်လာတယ်၊ သစ္စာသိလို့ ထွက်လာတာ (မှန်ပါ့)။

ဘာဖြစ်လို့ထွက်လာတာလဲ (သစ္စာသိလို့ထွက်လာ တာပါ)။

သစ္စာသိလို့ သြော် နတ်ပြည်ဆိုတာလည်း ဒုက္ခ သစ္စာပဲ။ အိုဘေး၊ နာဘေး သေဘေးနဲ့ကိုး၊ သောက ပရိဒေဝ ဒုက္ခဘေးတွေနဲ့ကိုးလို့ မသိဘူးလား (သိပါတယ်)။

နတ်ပြည်သွားချင်သေးသလား

ဒီတော့ သစ္စာသိလို့ ဦးသန်းမောင် နတ်ပြည်သွားချင် သေးသလားဆိုတော့ (မသွားချင် ပါဘူး) ဘာဖြစ်လို့တုံး (အိုနာသေ ရှိပါတယ်) ပထမတော့ ပျော်သလိုလိုနဲ့ နောက်ပျင်းခန်းက လာရလိမ့်မယ် (မှန်ပါ) ပျော်ခန်း ပျင်းခန်း ကရှိသေးတာကို (မှန်ပါ)။

ပထမတော့ ပျော်သလိုလိုနဲ့ နောက်ပျင်းခန်းနဲ့ ဇာတ်သိမ်းရမယ် (မှန်ပါ) ကောင်းကြပါ့မလား (မကောင်းပါ ဘူး ဘုရား)။

အေး ဒါတွေက ဘယ်ပုဂ္ဂိုလ်မှ ရွေးတတ်သတုံး မေးတော့မှ ခင်ဗျားတို့ ရွေးတတ်တယ်၊ ဘုန်းကြီးကပဲအမွှမ်း တင်လိုက်ပါတယ် (မှန်ပါ) ဘာ့ကြောင့် အမွှမ်းတင်လိုက် သတုံးဆိုတော့ ဒီဒကာ ဒကာမတွေ သစ္စာဟောထားတယ် (မှန်ပါ) အိုဘေး နာဘေး သေဘေး မရှိတာက နိဗ္ဗာန်ကိုးဗျ (မှန်ပါ) အိုဘေး နာဘေး သေဘေး ရှိတာက လူ့ပြည် နတ်ပြည် အပါယ်လေးပါးကိုး (မှန်ပါ)။

အဲဒီတော့ ဓမ္မငါးမျိုးရှိတဲ့အနက်က အကုသိုလ်ပို့ရာ လည်းတပည့်တော်တို့ မသွားဘူးဘုရား အပါယ်လေးပါးမို့ (မှန်ပါ) ဒါနကုသိုလ် သီလကုသိုလ် ပို့ရာလည်း တပည့်တော် တို့ မသွားဘူးဘုရား။ လှူတော့ လှူပါမယ်၊ လှူပေမယ့်အလှူ ပို့တဲ့ဆီတော့မသွားဘူး၊ ဟုတ်ပလား(မှန်ပါ) သူကတော့ပို့မှာ ပဲ မသွားဘူး၊ ကျုပ် ဒါနကုသိုလ်ကို ဒုက္ခသစ္စာလိုချင်လို့ပြုတာ မဟုတ်ဘူးဆိုတော့ သွားသေးရဲ့လား (မသွားပါဘူး)။

အဲဒီတော့ သစ္စာသိထားမှ ဒါနကလည်း လမ်းဆုံးပို့ တယ် သီလကကော (လမ်းဆုံးပို့ပါတယ်) လမ်းဆုံးဆိုတာ နိဗ္ဗာန်ပဲ (မှန်ပါ) သမထကလဲ (လမ်းဆုံးပို့ပါတယ်)။

ဝိပဿနာကတော့ ခင်ဗျားတို့က ပို့ပါလို့မဆိုနဲ့တော့ သူကကိလေသာဖြတ် ကံဖြတ် အကျိုးပေးဖြတ်ကိုး (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ)။

ဒါဖြင့် သူကတော့ ကိလေသာဝဋ် ကမ္မဝဋ် ဖြတ်လိုက် တဲ့အတွက် ဝဋ်ကျွတ်တဲ့ နေရာပို့မှာပဲ ဆိုတာ ဦးသန်းမောင် မှတ်လိုက် (မှန်ပါ)။

အားကိုးထိုက်တာအစစ် ရှာရစ်ကြ

ဒါဖြင့် ဒို့ဆရာဘုန်းကြီးသည် ဒို့အကျိုးကို အများကြီး အလိုရှိတဲ့အတွက် ဘာအရေးတကြီး ပြောနေသတုံးဆိုတဲ့ အခါကျတော့ “အားကိုးထိုက်တာအစစ် ရှာကြ” ဆိုတာ ပြောတာပါပဲ (မှန်ပါ) ဦးတင်ပေါ်ပလား (ပေါ်ပါပြီ)။ ဘယ်လို ပေါ် ညတုံး (အားကိုးထိုက်တာအစစ် ရှာရပါမယ်)။

ဒီရှာနည်း နိဿရည်းကိုလည်း ဒကာ ဒကာမတွေ စဉ်းစားပါဦး၊ သစ္စာမသိတဲ့ပုဂ္ဂိုလ်ဟာ ဘာမှ သူမရှာတတ်ဘူး၊ ဖြစ်သည့် အကြောင်း အကောင်းချည်းပဲ ပြောတာပဲ (မှန်ပါ့)။

သစ္စာမသိတဲ့ပုဂ္ဂိုလ်ဟာ ဘယ်လိုသုံးလေ့ရှိသတုံး (ဖြစ်သ၍ အကြောင်းအကောင်းချည်းပါပဲ) ရွေးတတ်လို့ပြော တာလား၊ မရွေးတတ်လို့ ပြောတာလား (မရွေးတတ်လို့ပါ ဘုရား)။

ဒါဖြင့် ယနေ့ည ဒီ ဆရာဘုန်းကြီးက ခင်ဗျားတို့ကို ကလေးလေးဖြစ်ပြီး သကာလ နေငြား သော်လည်း လူကြီး စိတ်သွင်းတဲ့နေ့ (မှန်ပါ) မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ်)။

နဂိုကတော့ဖြင့် ဖြစ်သည့် အကြောင်း အကောင်း ချည်းပဲ၊ ဦးသန်းမောင်တို့လည်း သုံးမှာပဲ၊ ဦးတင်တို့လည်း သုံးမှာပဲ (မှန်ပါ) မဟုတ်ဘူး ဖြစ်သ၍ အကြောင်း အကောင်းချည်းပဲဆိုတာ ကိုယ်ကလည်း ကြိုက်တာရွေးဦးမှ ပေါ့၊ သူလုပ်သလို ခံတော့မလား၊ ဘုန်းကြီးကမမေးရပေဘူး လား (မှန်ပါ) ဖြစ်သ၍အကြောင်း အကောင်းချည်းပဲဆိုတာ သူလုပ်သ၍ခံတယ်ဆိုတဲ့ အဓိပ္ပါယ် မရောက်ပေဘူးလား (ရောက်ပါတယ်)။

ငါသစ္စာသိပြီ၊ အကောင်းကိုရွေးတတ်ပြီ

အခုဟာက မင်းတို့လုပ်သလို မခံဘူးကွ၊ ငါသစ္စာသိ ထားပြီ၊ အပို့ကောင်းကိုရှာမယ်ဆိုတော့ အတော်ထင်ရှားသွား ပြီ (မှန်ပါ) မထင်ရှားသေးဘူးလား (ထင်ရှားပါပြီ) အပို့ ကောင်းကို ရွေးလိုက်ပါ (မှန်ပါ)။

ဦးအောင်ဇံဝေ ပေါ်ပြီ (မှန်ပါ) ပေါ်ပြီ၊ အပို့ကောင်း ကိုရွေးတတ်တယ်ဆိုကတည်းက ဦးသန်းမောင်ဘာဖြစ်လို့ ရွေးတတ်တာတုံး (သစ္စာသိလို့ပါ) ဘယ်လောက်ကျေးဇူးများ လကုံး မောင်ချစ်စိန် (မှန်ပါကျေးဇူးများပါတယ်)။

ဒါဖြင့် ဒကာ ဒကာမတွေ ပြောနေကြတဲ့ စကားဟာ ဘုန်းကြီးတို့ နည်းနည်း အသိဉာဏ်ပေါတဲ့ ပုဂ္ဂိုလ်ကတော့ ဖြစ်သမျှအကြောင်း အကောင်းချည်းပဲဘုရား၊ ကံစီမံသလိုပဲ။ အို ဒီလိုမလုပ်ပါနဲ့၊ ဘုန်းကြီးတို့က ကန့်ကွက်တယ် (မှန်ပါ) ဉာဏ်စီမံသလိုလုပ်ပါလား။ ဝိပဿနာဆိုတာ ဉာဏ်ပဲ မဟုတ်လား (မှန်ပါ) ဉာဏ်မှ ဖြစ်ပျက်မြင်တာ (မှန်ပါ)။

ဘုန်းကြီးကသာမညဘုန်းကြီး မဟုတ်ဘူး

ကံစီမံသလို ခံရမှာပဲဆိုပြီး ဦးသန်းမောင် ကံကိုချည်း လွှဲချတဲ့အသုံး မသုံးနဲ့ (မှန်ပါ) ဘုန်းကြီးက သာမညဘုန်းကြီး မဟုတ်ဘူး။ ခင်ဗျားတို့ကို ဉာဏ်ပေးနေတာ။ ဉာဏ်စီမံရာကို သွားပါ (မှန်ပါ) ကံစီမံရာက ၃၁-ဘုံ။ ဉာဏ်စီမံရာက ၃၁-ဘုံ ပြင်ဘက် ၃၁-ဘုံမှလွတ်ရာ (မှန်ပါ) ပေါ်ပလား (ပေါ်ပါပြီ)။ ကံစီမံရာက (၃၁-ဘုံအတွင်းပါ)၊ ဉာဏ်စီမံရာက (၃၁-ဘုံမှလွတ်ကင်းရာပါ)၊ ၃၁-ဘုံက ဒုက္ခသစ္စာ၊ ၃၁-ဘုံ အပြင်ဘက်ထွက်မှ နိရောဓသစ္စာ (မှန်ပါ)၊ ပေါ်ပလား (ပေါ်ပါပြီ။)

ဒါဖြင့် ဦးအောင်ဇံဝေ ဘယ်သူစီမံရာလိုက်မယ် (ဉာဏ်စီမံရာ လိုက်ပါမယ်)။

(၁) ကမ္မဿကတဉာဏ်

ဉာဏ်ကလဲ တစ်ခါခွဲကြစို့၊ ဉာဏ်ကဘယ်လိုခွဲရ မတုံးလို့မေးတဲ့အခါကျတော့မှ ဦးတင် တရားသားကြီး ပြောရတဲ့အတွက် မှတ်မယ်သာ စိတ်ကူးပေတော့ (မှန်ပါ) ဉာဏ်စီမံသလို သွားမယ်ဆိုတော့ ကမ္မဿကတဉာဏ်က တစ်မျိုး၊ ကောင်းတာလုပ် ကောင်းကျိုးပေးတယ်လို့သိတဲ့ ဉာဏ်ကလေး လောက်ကိုလည်း သူစီမံတာကို ဦးသန်းမောင် ကမလိုက်နဲ့ (မှန်ပါ)ကောင်းတာလုပ်ရင် ကောင်းကျိုးပေး တယ်ဆိုတာ ကမ္မဿကတဉာဏ် (မှန်ပါ)မလိုက်နဲ့ပြုတ်ကျ တယ်။ သုဂတိတော့ ပို့လိုက်တာပဲ။ ပို့ပေမယ့်လည်း သူကဒိဋ္ဌိ တန်းလန်းပါသွားတယ်၊ ငါလုပ်လို့ငါရတယ်ဆိုတဲ့ ဒိဋ္ဌိက မပါဘူးလား (ပါပါတယ်)။

ဒီတော့ ကမ္မဿကတဉာဏ် ပို့ရာကိုလည်း ဦးတင် က မလိုက်နဲ့၊ ဒီငြိပါသွားတယ်၊ ဆွဲပြီးတော့ ပြန်ချမှာပဲ။ ပို့လည်းပို့တယ်၊ အောက်ကိုလည်း ဆွဲချလိုက်တယ် (မှန်ပါ) ဒီတော့ ကောင်းသေးရဲ့လား (မကောင်းပါဘူး) ပေါ်ကြ ပလား (ပေါ်ပါပြီ)။

ဟာ ဒါဖြင့် ကမ္မဿကတဉာဏ်ပို့ရာ တပည့် တော်မလိုက်ဘူးဆိုတော့ ဘာဖြစ်လို့ဆိုတော့ အို ပြန်ရောက်ဦးမှာဘုရား၊ ဒိဋ္ဌိတန်းလန်းနဲ့ တက်သွားတာ (မှန်ပါ)။

မြားမှန်ထားတဲ့ငှက်ဥပမာ

ဦးသန်းမောင်တို့ ဦးတင်တို့ကို ဦးတင်တော့ မကြားရသေးဘူး၊ ဦးသန်းမောင်တော့ ပြောပြီးပြီ (မှန်ပါ) ငှက်တစ်ကောင် ငှက်ကအင်မတန်ကြီးတယ်၊ ဒီကျောင်းလောက်ရှိတဲ့ ငှက်ကြီးထားပါတော့၊ အဆိပ်လူးတဲ့ မြား ကလေးနဲ့ ပစ်လိုက်တဲ့အခါကျတော့ အဆိပ်လူးတဲ့ မြား ကလေးက သေးသေးကလေး၊ အဖျားဆိုတော့ ချွန်ချွန် ကလေး သာပြီးသေးတာပေါ့ (မှန်ပါ) အဲဒါကလေးနဲ့မှန်တယ် တဲ့။ မှန်ပေမယ့် ငှက်ကကြီးတော့ အဆိပ်က ဖြုန်းခနဲမပြန့် ဘူး (မှန်ပါ) မပြန့်တော့ ပျံတက်သွားတာပဲ။ အဆိပ်မပြန့်ခင် သာပျံနိုင်တာ (မှန်ပါ) အဆိပ်ပြန့်တော့ ဘယ့်နှယ်တုံး (မပျံနိုင် ပါဘူး) ဖြုန်းခနဲပြန်ကျတယ်။

အဲ ကမ္မဿကတဉာဏ်က ဒိဋ္ဌိအဆိပ်မပြန့်ခင် ပျံတတ်တာ (မှန်ပါ) ဒိဋ္ဌိအဆိပ် ပြန့်သွားတဲ့အခါကျတော့ ဝုန်းဆို ထိုးကျတာပဲ (မှန်ပါ) ပေါ်ပလား (ပေါ်ပါပြီ)။

ဒါဖြင့် ကမ္မဿကတဉာဏ်လောက်ကို ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ငါလှူတယ် ငါရတယ်ဆိုတဲ့ တစ်လုံးလောက်ကို အားထားလောက်ပြီဆိုတဲ့စိတ်ကို ယနေ့ဖြုတ်ပစ် ပါ (မှန်ပါ ဘုရား) အဆိပ်မပြန့်ခင် တက်တာပေါ့။ အဆိပ်ပြန့် ရင် ဒီငှက်ကြီးဘာဖြစ်လာမလဲ (ပြန်ကျလာပါမယ်)။

ဒီမှာလည်း ကုသိုလ်ကံအရှိန် မကုန်ခင် အထက် တက်တာ။ ဒိဋ္ဌိအဆိပ်ပြန့်သည်နဲ့ တစ်ပြိုင်နက်တည်း ပြန်ကျ မယ်(မှန်ပါ)၊ ရှင်းပလား(ရှင်းပါပြီ)။

ဒီဉာဏ်က ဒိဋ္ဌိမပယ်နိုင်ဘူး

ဒါဖြင့် ကမ္မဿကတဉာဏ်က ဒိဋ္ဌိအဆိပ်ကိုမပယ်နိုင် ရှင်းပလား (ရှင်းပါပြီ) ဒီတစ်လုံးဟာ သေပျော်တဲ့တရားလို့ မှတ်လိုက်စမ်းပါ။ နည်းနည်းနောနော မဟုတ်ပါဘူး။ အားလုံး လည်း အများ အားဖြင့်က သူ့ကို အရေးတကြီးပြောနေပါ တယ်၊ ဦးသန်းမောင် သူ့ကိုသာအရေးတကြီးပြောနေကြ ပါတယ်၊ မင်းတို့ကွာ ဒီဘဝလည်း ကျန်းမာ၊ ချမ်းသာ၊ နောက်ဘဝလည်း ကျန်းမာ၊ ချမ်းသာမှာပဲ၊ မင်းလုပ်ထားတာ တွေက နည်းတာမှမဟုတ်ဘဲ၊ မင်းရမှာပေါ့။ မပြောပေဘူး လား (ပြောပါတယ်) ဒါဘာ ပြောတာတုံးဆိုတော့ ဒိဋ္ဌိဦးစီး တယ် (မှန်ပါ)၊ ကိုယ်ကလည်း မယုံဘူးလားဆိုတော့ ကိုယ် လုပ်ကိုယ်ရတယ်ဆိုတော့ ဒိဋ္ဌိက မပါဘူးလား ပါသလား (ပါပါတယ်) ပါတော့ ဒါဟာ ကမ္မဿကတဉာဏ် ဟာဒိဋ္ဌိပါ တယ် (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ)။

ကမ္မဿကတဉာဏ်ဟာ ဒိဋ္ဌိပါတယ်ဆိုတော့ ဒီကံစီ မံတာကိုလည်း မလိုက်ဘူးကွ ရှင်းပလား (ရှင်းပါပြီ) ဒါဆရာကောင်း တွေ့မှ ဒီအဓိပ္ပါယ်ကလဲ ပေါ်တာနော် (မှန်ပါ) ဦးသန်းမောင် နို့မဟုတ် ပေါ်ပါ့မလား (မပေါ်ပါဘူး)။

နို့မဟုတ်လို့ရှိရင် ဦးအောင်ဇံဝေတို့လည်း ထို့အတူပဲ၊ မင်းတို့လုပ်ထားလို့ရှိရင်ကွာ မင်းတို့ ရမှာပေါ့လို့ပြော လိုက်လို့ရှိရင် ကိုယ်ကလည်း ငါလုပ်လို့ ရတယ် ယူမှာပဲ။ မယူဘူးလား (ယူပါတယ် ဘုရား) ယူရင် ဒိဋ္ဌိပါ မပါ (ပါ ပါတယ်) ပါလို့ရှိရင်ဖြင့် ကုသိုလ်ကလည်းပို့လိုက်မှာပဲ။ ဒိဋ္ဌိကလည်း လိုက်သွားမယ်၊ ငှက်ကြီးလိုပဲနော် (မှန်ပါ) အဆိပ်မပြန့်ခင် လန့်ပျံအဖြစ်နဲ့တော့ တက်သွားပါ သေးတယ်၊ အဆိပ်ပြန့်တော့ လန့်ပျံပျံနိုင်သေးရဲ့လား (မပျံနိုင်ပါဘူး)။

ဒါဖြင့်ကမ္မဿကတဉာဏ်လောက်ဟာ လန့်ပြီးပျံ တက်တယ် (မှန်ပါ) နောက်ဆုံးပိတ် အဆိပ်ပြန့်တော့ ပြန်ကျတယ်၊ အပါယ်လေးပါးပဲ ပြန်ကျတယ် (မှန်ပါ) ဘယ်လောက် အားကိုးလောက်ကဲ့ လားလို့ မေးရင် ဘယ်နှယ် ပြောကြမလဲ (အားမကိုးလောက် ပါဘူး) ရှင်းပလား(ရှင်းပါပြီ)။

ဉာဏ်ကိုအဆီထုတ်ပြီး ရွေးပြန်တယ်

ဒီနေ့ညတရားမှာ ခုနင်က ဓမ္မတွေရွေးတယ်နော် (မှန်ပါ) ဓမ္မထဲကမှ တစ်ခါ ဉာဏ်အဆီ ထုတ်ပြီးတော့ ရွေးပြန် ပါတယ်ဆိုတော့ ဒါနည်းတဲ့အသုံးအနှုန်းမဟုတ်ဘူး (မှန်ပါ) ဉာဏ်ငွေကိုစစ်တာ (မှန်ပါ)။

ဒါဖြင့် ဒီဉာဏ်အားမကိုးလို့ရှိရင်ဖြင့် ဟာ- တပည့်တော်တို့ ကမ္မဿကတဉာဏ်လောက်ဖြင့် တပည့်တော်တို့ အားမကိုးလောက်ဘူးဆိုတာ အခု ဆရာသမားပြောလို့ ရှင်း ပါပြီ၊ ဒိဋ္ဌိတန်းလန်းနဲ့ မို့ဆိုတော့ ယုံကြည်ပါပြီနော် (မှန်ပါ)။

ဘယ်ဉာဏ်အားကိုးရမှာလဲ

ဒါဖြင့် ဘယ်ဉာဏ်အားကိုးရမှာပါလိမ့် ဦးသန်းမောင်က စောဒကတက်ပေါ့၊ ဦးအောင်ဇံဝေ က စောဒကတက်ပေါ့ (မှန်ပါ) ဘယ်ဉာဏ်အားကိုးရမှာတုံး ဆိုတော့မှ ဟော-နာမရူပ ပရိစ္ဆေဒဉာဏ် ဆိုတာရှိတယ်၊ ဒုတိယဉာဏ် တက်လာပြီ (မှန်ပါ) ခုနက ကမ္မဿကတတင် အခုဟာက နာမရူပ (မှန်ပါ) နာမ်နဲ့ရုပ်ကို ခွဲသိတဲ့ဉာဏ်ကို အားကိုး (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ)။

ဘာအားကိုးရမလဲ (နာမ်နဲ့ ရုပ်ကို သိတဲ့ ဉာဏ် အားကိုးရပါတယ်)။

(၂) နာမ်နဲ့ရုပ်ကိုသိတဲ့ဉာဏ်

နာမ်နဲ့ရုပ်ကိုသိတဲ့ဉာဏ် အားကိုးလိုက်ပြန်တော့ လည်း သွားချင်တာကနာမ်၊ သွားတာကရုပ်၊ စားချင်တာက နာမ်၊ စားတာကရုပ်၊ အိပ်ချင်တဲ့သဘောကလေးကနာမ်ဆိုတော့ နာမ်ရုပ်ကော ကွဲနေတယ် (မှန်ပါ) နာမ်ရုပ်ကွဲတဲ့ဉာဏ် ရပေမယ့်လည်း ဒီဉာဏ်ကလေးကိုဘုန်းကြီးက ခုနင်ကဉာဏ် ထက်တော့သာပေပြီ။ သို့သော် အစစ်အားမကိုးနဲ့ဦး ကန့်ကွက်ပြန်တယ် (မှန်ပါ)။

ဘာဖြစ်လို့ အစစ်အားမကိုးရသေးသလဲ၊ တစ်ဘဝ တွင် စူဠသောတာပန်သွားဖြစ်တယ်၊ တစ်ဘဝနှစ်ဘဝသာ အပါယ်လွတ်တာ၊ နောက်ဘဝတွေကျတော့ (မလွတ်နိုင်သေး ပါဘူး)။

ခဏသာအပါယ်လွတ်တယ်

မလွတ်နိုင်သေးတော့ ဟာ ဒါဖြင့် နာမရူပ ပရိစ္ဆေဒဉာဏ်လောက်နဲ့လည်း ဦးတင် အားမကိုးနဲ့ဦး (မှန်ပါ) ခဏတစ်ဖြုတ် အပါယ်လွတ်တာပဲရှိသေးတယ်၊ မဟုတ် ဘူးလား (ဟုတ်ပါတယ်) စူဠသောတာပန် ဖြစ်သွားတာကိုးဗျ (မှန်ပါ)။

အဲဒီတော့ မသိခင်တုန်းကဆိုတော့ ဒီဒကာ ဒကာမ တွေမှာ စူဠသောတာပန်လောက်ဆိုရင် ကျုပ်ကျေနပ်ပြီ၊ ပြောချင် ပြောတာ (မှန်ပါ) မပြောကြဘူးလား (ပြောကြပါ တယ်) စူဠသောတာပန် လောက်ဆိုရင် ကျုပ်ကျေနပ်ပြီ။ ဒီခေတ်မှာ ဦးအောင်ဇံဝေတို့ ကြားဖူးမှာပဲ၊ ခဏအပါယ် လွတ်တာ ကလေးနဲ့ သူကျေနပ်တယ်၊ နောက်ဘဝတွေ သူမမြင်လို့ ပြောတဲ့စကားပဲလို့ ဦးတင် ဆုံးဖြတ်ချက်ချ (မှန်ပါ)။

ဒါဖြင့် ဒီဉာဏ်ပဲ ခုနကဉာဏ်ထက်တော့သာရဲ့၊ သို့သော် ဒုတိယဉာဏ်ဟာ တကယ်အားကိုး လောက်ပလား လို့ မေးတော့ ကမ္မဿကတဉာဏ်ထက်တော့ နာမရူပ ဉာဏ်ကသာပါရဲ့၊ သာပင်သာငြား သော်လည်း အသာကြီး ကျုပ်တို့အလိုကျ မဖြစ်သေးဘူး (မှန်ပါ) ဖြစ်ပလား (မဖြစ်သေးပါဘူး)။

(၃) ပဋိစ္စသမုပ္ပါဒ်သိတဲ့ဉာဏ်

မဖြစ်သေးတော့ ဘယ်ဉာဏ်အားကိုးလောက်သလဲ။ ပစ္စယပရိဂ္ဂဟဉာဏ် အားကိုး လောက်တယ်၊ ပစ္စယပရိဂ္ဂဟ ဉာဏ်ဆိုတာက ပဋိစ္စသမုပ္ပါဒ်သိတဲ့ဉာဏ်ပဲ (မှန်ပါ) ပဋိစ္စသမုပ္ပါဒ် သိတဲ့ဉာဏ်က အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်တယ်၊ သင်္ခါရကြောင့် ဝိညာဏ်ဖြစ်တယ်။ ဪ သံသရာကြီး ထဲ မှာ ဒီလိုဖြစ်လိုက် ဒီလိုနေကြတာပဲ သူ့အကြောင်းနဲ့ သူ့အကျိုးနဲ့ ဖြစ်နေတာပဲ ပုဂ္ဂိုလ်သတ္တဝါတော့ မရှိဘူး၊ အကြောင်းအကျိုးတွေပဲ ရှိတယ် ဆိုတာကော မသိဘူးလား (သိပါတယ်)။

သူလဲခဏအပါယ်လွတ်တယ်

ဒါကလည်း ခုနက စူဠသောတာပန်စခန်းထဲကပဲ သူရှိနေသေးသောကြောင့် ဦးတင်တို့ ဦးသန်းမောင်တို့ ပဋိစ္စသမုပ္ပါဒ် နားလည်ရုံနဲ့လည်း သေပျော်ပေါ့လို့ မဆိုလိုက် ပါနဲ့ ခဏတစ်ဖြုတ် အပါယ်လွတ်တာ (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ)။

ဒါဖြင့် ဘယ်နှဉာဏ်တုံး ဆရာဘုန်းကြီး သင်လာတာ (သုံးဉာဏ်ပါ) သုံးဉာဏ်ရှိသွားတော့ ကြပ်ကြပ် အရေး တကြီးမှတ်ကြပါ ဒကာ ဒကာမတွေ။ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

(၄) ဖြစ်ပျက်သိတဲ့ဉာဏ် ဝိပဿနာဉာဏ်

ဒါဖြင့် ဖြစ်ပျက်သိတဲ့ ဉာဏ်ကို တပည့်တော်တို့ , အားကိုးလောက်တယ်၊ လက္ခဏာသိတဲ့ ဉာဏ်ပေါ့ (မှန်ပါ့) လက္ခဏာရေးသုံးပါးသိတဲ့ဉာဏ် ရှင်းပလား (ရှင်းပါပြီ)။

လက္ခဏာရေးသုံးပါး သိတဲ့ဉာဏ် အားကိုးတော့မယ် ဆိုတော့ ၄-နံပါတ် ရောက်မလာဘူးလား (ရောက်လာပါ တယ်) ၄-နံပါတ် ရောက်လာတယ် လက္ခဏာရေးသုံးပါး သိတဲ့ ဉာဏ်ပဲ၊ တပည့်တော်တို့ အားကိုးတော့မယ့် ဝိပဿနာဉာဏ်ပဲ။

ဟာ ဒကာ ဦးသန်းမောင်၊ ဦးတင် ဒါလောက် နဲ့လည်း မတင်းတိမ်နဲ့ဦးနော် (မှန်ပါ) ပြောလိုက်ပြန် တယ် ဘာ့ကြောင့် ပြောလိုက်ပြန်သတုံးဆိုတော့ ဒုတိယဘဝ သူက ပဋိသန္ဓေနေမယ်၊ ပဋိသန္ဓေနေရင် ဇာတိဒုက္ခ ဇရာဒုက္ခ မရဏ ဒုက္ခ မလာပေဘူးလား (လာပါတယ်) ပြီးတော့မှ သူက အထက် ကူးမယ်ဆိုတော့ တစ်ဘဝနာသွားမယ် (မှန်ပါ) မနာဘူးလား (နာပါတယ်)။

သူများနဲ့စာရင်တော့ ကောင်းပါတယ်

တစ်ဘဝ နာသွားပြန်တော့လည်း သြော် အနာလွတ် ကြိုက်တဲ့ဥစ္စာ တစ်ဘဝနာတယ် ဆိုလို့ရှိရင် သူများနဲ့ စာရင်တော့ ကောင်း၏၊ မဟုတ်ဘူးလား (မှန်ပါ) ခုနင်က အောက်ကဟာ တွေနဲ့ စာရင်တော့ (ကောင်းပါတယ်) ပေါ်ကြပလား (ပေါ်ပါပြီ)။

တကယ် အကောင်းစစ်လားလို့၊ သစ္စာသိတဲ့ပုဂ္ဂိုလ်၏ အကောင်းစစ်လားလို့ မေးတော့ (မဟုတ်သေးပါဘူး) တစ်ဘဝ ဇာတိ ဇရာ မရဏ ရှိတယ်၊ တစ်နေ့က ဥပုသ်နေ့က ဟောခဲ့တယ် (မှန်ပါ)။

အကောင်းစစ်ကိုကြိုက်ပါ

ကဲ ဒါဖြင့် ဒီဉာဏ်ကို ဦးအောင်ဇံဝေတို့ ဦးသန်းမောင်တို့က ကြိုက်ပလား (မကျေနပ်သင့် သေးပါ ဘူး) ဘာကြောင့် မကျေနပ်သင့်သတုံးလို့ မေးတဲ့အခါ ကျတော့ တစ်ဘဝ ဇာတိ ဇရာမရဏနဲ့ နေရတယ်ဆိုရင် တစ်ဘဝ ဒုက္ခ ရောက်တာပဲ (မှန်ပါ)။

ဦးတင် ဘာတုံး (တစ်ဘဝ ဒုက္ခရောက်ပါတယ်) တစ်ဘဝ ဒုက္ခရောက်တာပဲဆိုတာ မောင်ချစ်စိန် ပေါ်ပလား (ပေါ်ပါပြီ) ပေါ်တော့ စင်းလုံးချော အကောင်းကိုကြိုက်ပါ တယ် (မှန်ပါ)။

ဘယ့်နှယ်တုံး (စင်းလုံးချောအကောင်းကို ကြိုက်ပါ တယ်) အကောင်းစစ်ကိုကြိုက်ပါ (မှန်ပါ)။

အကောင်းစစ်ကို ကြိုက်လို့ရှိရင်ဖြင့် ဦးသန်းမောင်၊ ဦးတင် ဒုက္ခချုပ်အောင် လုပ်လိုက် (မှန်ပါ ဘုရား) သဘောကျ ပလား (ကျပါပြီ ဘုရား) ဒုက္ခတွေ ဟူသ၍ ချုပ်အောင်လုပ် လိုက် (မှန်ပါ့)။

ဒုက္ခတွေ အကုန်ချုပ်အောင် လုပ်လိုက်

ဒုက္ခတွေဟူသ၍ ဘာတုံး (ချုပ်အောင်လုပ်ရပါ မယ်)။ ချုပ်အောင်လုပ်၊ တစ်ခါချုပ်နဲ့လည်း မကျေနပ်နဲ့၊ နှစ်ခါချုပ်နဲ့လည်း မကျေနပ်နဲ့၊ လေးခါလောက် ချုပ်အောင် လုပ်ပစ်လိုက် (မှန်ပါ) ဒီဘဝက သေ၊ ဟိုဘဝ မအို မသေ အမြဲနေတဲ့နိဗ္ဗာန်ရောက်ပြီ (မှန်ပါ) ပဋိသန္ဓေလည်း မနေတော့ဘူး၊ နေသေးသလား (မနေပါဘူး)။

မနေတော့ ဒုက္ခလေးခါလောက် ချုပ်ပြီးတဲ့ပုဂ္ဂိုလ်၊ မြင်ပြီးတဲ့ ပုဂ္ဂိုလ်ကျတော့ မောင်ချစ်စိန် အကောင်းဆုံးဉာဏ် ပဲ (မှန်ပါ) မဂ်လေးပါးကို ဆိုလိုက်ပါတယ် ရှင်းပလား (ရှင်းပါပြီ) ပေါ်ကြပလား (ပေါ်ပါပြီ)။

(၅) မဂ်ဉာဏ်ဟာအကောင်းဆုံး

ဒါဖြင့် ဘုန်းကြီးတို့ ဒကာဒကာမတွေ ဒီနေ့ ဉာဏ်စဉ် ရွေးလိုက်တာ အရင်တုန်းက ဓမ္မတွေရွေးခဲ့တယ် ဓမ္မ ငါးမျိုး (မှန်ပါ) အခု ဓမ္မငါးမျိုးထဲကမှ ခွဲထုတ်ပြီးသကာလ ဝိပဿနာ ဓမ္မ မဂ်ဓမ္မကို ကြိုက်ပါတယ် ဆိုငြားသော်လည်း ဒီဓမ္မတွေကို တစ်ခါ အဆင့်ဆင့် အယုတ်အမြတ် ရွေးလိုက် တဲ့အခါကျတော့ မောင်ချစ်စိန် မဂ်ဉာဏ်ဟာ အကောင်း ဆုံးပဲ (မှန်ပါ) ပေါ်ကြပလား (ပေါ်ပါပြီ)။ ( ဒါဖြင့် မဂ်ဉာဏ်မှတစ်ပါး ကျုပ်တို့သည် အားကိုးရာ မရှိဆိုတာကိုတော့ ဒုက္ခဟူသ၍ လွတ်အောင်လုပ်လို့ (မှန်ပါ) သူမှတစ်ပါး အားကိုးရာရှိသေးသလား (မရှိပါဘူး)။

ဝိပဿနာဉာဏ်က တစ်ဘဝနာမယ်

အဲဒါကြောင့် ဒီကိုလာပြီး အားထုတ်နေတဲ့ ဒကာ ဒကာမတွေ ဒါကိုကြိုးစားကြပါ၊ ကိုယ်ခန္ဓာ ကြီးက ဖြစ်ပျက် ဒုက္ခသစ္စာ၊ ဒုက္ခသစ္စာချုပ်အောင် မောင်ချစ်စိန်တို့ ကြိုးစားနိုင် သမျှ ကြိုးစားရမယ် (မှန်ပါ) ဦးတင်တို့က ကြိုးစားနိုင် သလောက် ကြိုးစားရမယ် မဟုတ်ဘူးလား (မှန်ပါ) မဆုံးရင် ဝိပဿနာဉာဏ်ဆိုရင် တစ်ဘဝနာမယ် (မှန်ပါ) အပါယ်တော့ မကျတော့ပါဘူး၊ ဆုံးရင် တစ်ဘဝကို မနာတော့ဘူး (မှန်ပါ) တစ်ခါတည်းနဲ့ ကိစ္စပြီးသွားမယ်ဆိုတော့ကို အကျေနပ်ကြီး ကျေနပ်ဖို့ မကောင်းဘူးလား (ကောင်းပါ တယ်)။

တစ်သက်နဲ့တစ်ကိုယ်မကြားဖူးသောတရား

ကိုင်း ဒါဖြင့် အတော်အရေးကြီးတဲ့အချက်ကို အတော်အရေးကြီးသလို ပြောနေပါလား ဆိုတာကော ဦးတင်တို့ ဦးသန်းမောင်တို့ ပေါ်ပလား (ပေါ်ပါပြီ) တစ်သက် နဲ့ တစ်ကိုယ် မကြားဖူးဘူးပေါ့ (မှန်ပါ မကြားဖူးပါဘူး) ဒီလောက် ဝေဖန်တာ မကြားဖူးဘူး။

ဦးအောင်ဇံဝေ ကိုင်း ဒီလောက် ဝေဖန်တာ ဆိုတော့ အတော်မခဲယဉ်းဘူးလား (ခဲယဉ်း ပါတယ်) ကုသိုလ်တစ်မျိုး တည်းထားပြီး ပြောနေတာလို့၊ ဉာဏ်တစ်မျိုး တည်းထားပြီး ပြောနေကြတော့ ကုသိုလ်နဲ့ဉာဏ်ကို အတူတူ ပြောနေတယ် ဆိုတာလည်း သဘောပါကြပါတော့။ ကမ္မဿ ကတဉာဏ်လောက်လည်း အားမကိုးပါနဲ့ဦး (မှန်ပါ) နာမရူပါ ပရိစ္ဆေဒဉာဏ်လောက်လည်း အားမကိုးပါနဲ့ဦး၊ ပစ္စယ ပရိဂ္ဂဟဉာဏ် ပဋိစ္စသမုပ္ပါဒ်နားလည်ရုံနဲ့လည်း အားကိုး လောက်ပြီလို့ မဆိုပါနဲ့ဦး။ လက္ခဏာရေးသုံးပါး သိရုံနဲ့လည်း ဟာ တော်လောက်ပါပြီ၊ သိရုံနဲ့လည်း ငါသေပါတော့ မယ်ဆိုပြီး ဒါလောက်နဲ့လည်း မနေပါနဲ့၊ တစ်ဘဝ နစ်နာမှာ စိုးသေးတယ် ဦးအောင်ဇံဝေ ပေါ်လာကြပလား(ပေါ်လာပါပြီ)။

ဆရာဘုန်းကြီးအကူအညီနဲ့ကြိုးစားပါ

ဒါဖြင့် – ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ခန္ဓာ ဇာတ်သိမ်း ငြိမ်းရာရောက်တဲ့ မဂ်ဉာဏ်လေး ကိုသာလျှင် ကျုပ်တို့အကြီးဆုံးအားကိုးထိုက်တဲ့တရားလို့ဆိုပြီး သကာလ ဒါကိုပဲ ကိုယ့်စွမ်းရည်နဲ့ ဆရာဘုန်းကြီးအကူနဲ့ နှစ်ဖက်ညှပ်ပြီး ကြိုးစားပါ (မှန်ပါ) ဆရာဘုန်းကြီးက မသိတာပြောပေးမယ် ပေါ့လေ ခင်ဗျားတို့က ကိုယ်ပိုင် ဉာဏ်နဲ့ ကိုယ့်ခန္ဓာ ကြည့် ပေါ့ဗျာ (မှန်ပါ) အဲ ကိုယ်ပိုင်ဉာဏ်နဲ့ ကိုယ့်ခန္ဓာကြည့်ပြီး ဆရာဘုန်းကြီးက အကူအညီပေး လိုက်မယ် ဆိုလို့ရှိရင် ဦးတင် ဘာပူစရာ ရှိသတုံး (မရှိပါ ဘုရား)။

ဦးသန်းမောင်လည်းကြီးပြီ၊ ဦးအောင်ဇံဝေလည်း ကြီးပြီ ဦးတင်လည်းကြီးပြီ၊ ဘုန်းကြီးတို့လည်း ကြီးပြီ၊ နောင်ကို သာသနာနဲ့ တွေ့ကြုံဖို့ ခဲယဉ်းတယ်လို့ ဆုံးဖြတ်ချက်ချပြီး လုပ်တော့ (မှန်ပါ) နောင်ကို ဒီသာသနာမရှိတော့ဘူး၊ ကွယ်တော့မယ်။

သာသနာမကွယ်ခင်မြန်မြန်လုပ်ကြ

နို့ ဘယ့်နှယ်ကြောင့် သာသနာကွယ်တာတုံး ဘုရားဆိုတော့ အို ကွယ်ချိန်ရောက်တော့ ဒီကျမ်းစာ တွေ ဒီအလုပ်တွေဟာ ကွယ်တာပေါ့ (မှန်ပါ) သာသနာ တွင်းမှာပင် မလုပ်တာတွေက များနေပြီ (မှန်ပါ) အဲဒီတော့ ဪ ဒို့ ဆရာတွေနဲ့ ဒို့ဒကာ ဒကာမတွေနဲ့ ယခု တွေ့ရခြင်းဟာ အဆီ အနှစ်တွေလည်း ရပြန်ပြီ။ မကွယ်ခင် မီရုံရှိတဲ့ပုဂ္ဂိုလ်တွေမို့ မြန်မြန်လုပ်လိုက် (မှန်ပါ) မီရုံရှိတယ် ရထားက ထွက်ခါနီးနေပြီ (မှန်ပါ) သဘောပါပလား (ပါ ပါပြီ)။

မယုံရင် စဉ်းစားကြည့်ပါ၊ ကဲ – ဦးသန်းမောင်တို့ ဦးတင်တို့ ခင်ဗျားတို့ လောကီမျက်လုံး ကျယ်တဲ့ ပုဂ္ဂိုလ်တွေပဲ၊ မိစ္ဆာ အယူဝါဒတွေ လွှမ်းမိုးလာရင် ကြောက်ရတယ်၊ (မှန်ပါ) မိစ္ဆာ အယူဝါဒ တွေမှာ သဿတဒိဋ္ဌိတွေနဲ့၊ အချို့ ဥစ္ဆေဒဒိဋ္ဌိတွေနဲ့ (မှန်ပါ) ဘယ့်နှယ်လုပ်မလဲ နာမရူပဆိုတဲ့ ဒုတိယဉာဏ် တောင် ရှိသေးရဲ့ လား (မရှိပါ ဘုရား)။

ဒါတွေကမလာဘူးလို့ ခင်ဗျားတို့က ဆိုမလား လာမယ် ရွယ်နေတယ်လို့ ထင်ကြသလား လာမယ်လို့ ရွယ်နေကြတယ် (မှန်ပါ) ဒါဖြင့် မီရုံရှိတယ်ဆိုတာ မှားသေး သလား (မမှားပါဘူး) ပေါ်ကြပလား (ပေါ်ပါပြီ)။

ဒါက ဒကာရင်း ဆရာရင်းတွေမို့ တကယ်တမ်း အဖိုး တန်တာကိုပြောလို့ သိရှိနိုင်တာ (မှန်ပါ) ရှင်းကြပလား (ရှင်းပါပြီ)။

ဥစ္ဆေဒဒိဋ္ဌိဆိုတာက သေရင်ပြီးရောပေါ့။ နောက်ဘာ မှ မဖြစ်တော့ဘူး (မှန်ပါ) သဿတဒိဋ္ဌိ ကတော့ တန်ခိုးရှင် ဣဒ္ဓိရှင်က ဖန်ဆင်းထားတယ်ဆိုတော့ တန်ခိုးရှင်က သဿတ ဖြစ်မနေဘူးလား (မှန်ပါ) သဿတကများပါ တယ် ပေါ် ပလား (ပေါ်ပါပြီ)။

အဲဒီ သဿတ, ဥစ္ဆေဒတွေ လွှမ်းမိုးလာလို့ရှိရင်ဖြင့် ခင်ဗျားတို့ မပါရင်ရှိရမယ် သားတွေ မြေးတွေကျတော့ ပါသွား မှာပဲ။ မပါပေဘူးလား (ပါပါတယ် ဘုရား)။

အချိန်ရှိသေးလို့ ရထားမီသေးတယ်

အဲဒီတော့ ခင်ဗျားတို့ ကျုပ်တို့ဟာ အခုအချိန်ရှိ သေးလို့ ရထားထွက်ခါနီး တက်မိသေးတယ် ဆိုတာဟာ ဘုန်းကြီးအသား ပြောနေတယ်လို့ ဦးသန်းမောင်က မယူလိုက်နဲ့ (မယူ ပါဘူး) ပေါ်ကြ ပလား (ပေါ်ပါပြီ)

အဲ – ဘာဒိဋ္ဌိ ဘာဒိဋ္ဌိတဲ့တုံး (သဿတဒိဋ္ဌိနဲ့ ဥစ္ဆေဒ ၊ ဒိဋ္ဌိပါ)

အဲ – ဘုန်းကြီးတို့ကလည်း သဿတဒိဋ္ဌိနဲ့ ဥစ္ဆေဒဒိဋ္ဌိ အလယ်က သွားရမယ် ကျုပ်တို့တရားက လည်း (မှန်ပါ)။

ကျုပ်တို့တရားက ဘယ်ကသွားရမလဲ (ကြားကသွား ရမှာပါ)။

အဲ – သဿတဥစ္ဆေဒ လွှမ်းမိုးလာရင် ဒီအလယ် လမ်း ကလေးဟာ မပျောက်ပေဘူးလား၊ ပျောက်မလား (ပျောက်မှာ ပါ ဘုရား) ဒီဘက်က သဿတလမ်း၊ ဒီဘက်က ဥစ္ဆေဒလမ်း လိုက်ရင် လိုက်ပေါ့ဗျာ (မှန်ပါ) ကျုပ်တို့ကလည်း ဘုရားက ဟောထားတာက အလယ်လမ်းဆိုတော့ ဦးသန်းမောင်က သဘောကျပလား (ကျပါပြီ) အဲဒီ လမ်းလျှောက်စရာမများ ဘူးလား၊ များသလား (များပါတယ် ဘုရား)။

ဉာဏ်အမြင်နဲ့ကြည့်ပြီး မြန်မြန်သာလုပ်

များနေတော့ ခင်ဗျားတို့ကို အသားယူ ချီးမြှောက်ပြီး သကာလ မြန်မြန်လုပ်စေချင်လို့ တိုက်တွန်းတယ်လို့ မယူဘဲနဲ့ ဉာဏ်အမြင်နဲ့ ကြည့်ပြီးတော့ မြန်မြန်သာလုပ်ပေတော့ (မှန်ပါ) ရှင်းကြပလား (ရှင်းပါပြီ)။

ဘယ်လိုလုပ်ကြမလဲ (ဉာဏ်နဲ့ကြည့်ပြီး မြန်မြန် လုပ်ရ ပါမယ်) ဉာဏ်နဲ့ကြည့်ပြီးတော့ မြန်မြန်လုပ်ပါ၊ လုပ်လို့ရှိရင်ဖြင့် မဇ္ဈိမပဋိပဒါ အလယ်လမ်း ရောက်ပါလိမ့်မယ် (မှန်ပါ့)။

မဇ္ဈိမပဋိပဒါအလယ်လမ်းကို ရှင်းပြလိုက်ဦးမယ်။ အလယ်ဆိုတာက ဦးအောင်ဇံဝေကဖြစ်စေ၊ ဦးသန်းမောင်က ဖြစ်စေ နာကျင်တဲ့ ဝေဒနာလေးဖြစ်တယ်၊ ဖြစ်ပြီး ပျက်သွား တယ်ဆိုတော့ ဖြစ်ပြီးပျက်တာ သူနှစ်ချက်သိတယ် (မှန်ပါ) ဖြစ်လည်း ဖြစ်တယ်၊ ပျက်လည်း(ပျက်ပါတယ်)။

ဖြစ်တာသိကတည်းကိုက ဥစ္ဆေဒဒိဋ္ဌိစင်ပြီ (မှန်ပါ) ဥစ္ဆေဒ ဆိုတာ ပျက်သွားတယ်လို့ယူတာ သူက ဖြစ်တာ သိကတည်းကိုက အားလုံး (ဥစ္ဆေဒဒိဋ္ဌိ စင်ပါတယ်) ပျက်တာ သိကတည်းက ခိုင်မြဲသေးရဲ့လား (မခိုင်မြဲပါဘူး) ဒါကြောင့် ဖြစ်ပျက်နှစ်လုံး သိလိုက်ရင် ဒါ အလယ်လမ်း ရောက်ပြီ အောက်မေ့တော့ (မှန်ပါ) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဖြစ်ပျက်သိရင် (အလယ်လမ်း ရောက်ပါတယ်) ဖြစ်တာသိရင် ဘယ်ဒိဋ္ဌိစင်သတုံး (ဥစ္ဆေဒဒိဋ္ဌိ စင်ပါ တယ်) ဖြစ်တာ သူ့အကြောင်းကြောင့် သူဖြစ်တယ်ဆို ကတည်းကိုက အကြောင်း ရှိလို့ရှိရင် ဖြစ်နေမှာပဲ ဆိုတော့ ပြတ်သွားမှာပဲဆိုတဲ့ အယူဟာ ရှိသေးရဲ့လား (မရှိပါဘူး) ဖြစ်တဲ့တရား ကလေးဟာ ပျက်သွား တယ်လို့ ကိုယ့်ဉာဏ်ထဲ မှာ မြင်လိုက်လို့ရှိရင် ခိုင်တယ် မြဲတယ် လို့ ယူဆသေးရဲ့ လား (မယူပါဘူး) မယူရင် သဿတဒိဋ္ဌိ လွတ်နေပြီ (မှန်ပါ)။

အလယ်လမ်းကြောင်းရောက်ပြီ

ဒါဖြင့် ခင်ဗျားတို့ ဖြစ်ပျက်မြင်ခြင်းသည် ဒိဋ္ဌိနှစ်ပါး မလွတ်ဘူးလား (လွတ်ပါတယ်) ဒါဖြင့် သဿတဒိဋ္ဌိ ကော ယူသေးလား (မယူပါဘူး) ဥစ္ဆေဒဒိဋ္ဌိကော (မယူပါဘူး) မယူတော့ ဖြစ်မှု ပျက်မှု နှစ်ခုရှိတယ်လို့ ယူလိုက်ကတည်း ကိုက အလယ်လမ်းကြောင်း ရောက်ပြီတဲ့ (မှန်ပါ)။

ဥစ္ဆေဒက အခုဖြစ်ပြီးနောက် ဘယ်တော့မှ မဖြစ်တာ ကို ယူတယ် (မှန်ပါ)။

အခုဟာကတော့ အကြောင်းဖြစ်ရင် အကျိုး ဖြစ်နေ ဦးမှာပဲ လို့ မယူပေဘူးလား (ယူပါတယ်) ဒီတော့ ဒါ့ပြတ်ရဲ့လား (မပြတ်ပါဘူး) အဲဒါ ဥစ္ဆေဒဒိဋ္ဌိ မစင်ပေ ဘူးလား (စင်ပါတယ်)။

ဖြစ်ပင်ဖြစ်ငြားသော်လည်း ဖြစ်ပြီး ပျက်တာကို သိနေပြန်တော့ ဖြစ်တဲ့တရားဟာ ခိုင်တယ် မြဲတယ်လို့ ယူသေးရဲ့လား (မယူပါဘူး) မယူကတည်းက သဿတ ဘယ့်နှယ်နေသတုံး (စင်ပါတယ်)။

ဒီတော့ ဖြစ်ပျက်နှစ်ခုကို မိလို့ရှိရင် အလယ်လမ်း ရောက်ပြီလို့ ဆုံးဖြတ်ချက်ချ (မှန်ပါ) ပေါ်ကြပလား (ပေါ်ပါပြီ)။

ကဲ ယနေ့ ဒီတွင် တော်ကြဦးစို့။

သာဓု သာဓု သာဓု။

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

မန္တလေးမြို့၌ ဟောကြားတော်မူသောတရားတော်

ဝိပဿနာ အားထုတ်နည်း

(၃၁-၃-၆၁)

ဝိပဿနာရှုနည်းကို ရှေးဦးစွာဟောမယ်၊ တရားအား ထုတ်တော့မယ်ဆိုလို့ရှိရင်ဖြင့် ၊

ကာယမိမံ သမ္မသထတဲ့၊ ဣမံကာယံ = ဤခန္ဓာကိုယ် ကြီးကို၊ သမ္မသထ စောင့်ပြီးသုံးသပ်ပါကွာတဲ့၊

ခန္ဓာကိုယ်ကိုစောင့်ကြည့်နေပါ

ခန္ဓာကိုယ်ကြီးကို ဒကာဒကာမတွေက မျက်လုံးလေး မှိတ်၊ ယောက်ျားဖြင့်တင်ပျဉ်ခွေ၊ မိန်းမဖြင့် ဒူးလေးတုပ်ပြီး ခန္ဓာကိုယ် စောင့်ကြည့်နေပါနော်။ ဘယ်လောက်စောင့်ကြည့်ရမှာလဲလို့ မေးတဲ့အခါမှာ၊ ရှင်သာရိပုတ္တရာရွတ်တဲ့ ဂါထာနော် ဣမံ ကာယံ =ဤ ခန္ဓာ ကိုယ်ကြီးကို သမ္မသထ = စောင့်ပြီး သုံးသပ်စမ်းပါကွာ၊ ဦးဘအေး ဘာလုပ်ရမလဲ (စောင့်ကြည့်ရမှာပါ) စောင့်ပြီး ကြည့်နေစောင့် ပြီးကြည့်တဲ့။

ဤကဲ့သို့ ဟောထားတော့ ဒကာဒကာမတွေ၊ ဘုရား ရှေ့မှာဖြစ်စေ၊ ကိုယ့်အိပ်ရာထဲမှာဖြစ်စေ၊ ထိုင်ပြီးသကာလ၊ ယောက်ျားဖြင့်တင်ပျဉ်ခွေ၊ မိန်းမဖြင့် ဒူးလေးတုပ်ပြီး ခန္ဓာကိုယ် စောင့်ကြည့် နေရမယ်နော်။

ထွက်တာသိ၊ ဝင်တာသိ

မစောင့်ချင်ရင်လည်း ဒီလိုလုပ်ဗျာ၊ အသက်ကလေး မှန်မှန် ရှူပြီး၊ လေလေးထွက် တာလည်းသိလို့ လေလေးဝင် တာလည်း သိလို့ချည်း၊ သိနေပြီးစောင့်နေတာပေါ့ဗျာ။

ဘယ်လောက်စောင့် ရမှာတုံးလို့ မေးတဲ့အခါကျ တော့မှ ရှင်သာရိပုတ္တရာက၊ ပရိဇာနာထပုနပ္ပနံ။ ပရိဇာနာထ = အဖန်တလဲလဲစောင့်ကြည့်ကွာတဲ့။

ဒကာဒကာမတို့ ဘာတဲ့တုံး (စောင့်ကြည့် ရပါ့မယ် ဘုရား) စောင့်နေလို့ ရှိရင်ဖြင့် ခန္ဓာကိုယ်ကို အဖန်တလဲလဲ စောင့်နေပြီဆိုမှဖြင့် ခန္ဓာကိုယ်က သူ့သဘော သူပြောလာပါလိမ့်မယ်။

တိုက်မြွေနဲ့၊ ပကတိမြွေ

ဒကာဒကာမတွေ သုံးနေတဲ့စကားအရှိသားပဲ အို တိုက်မြွေနဲ့ပကတိမြွေနဲ့၊ တိုက်မြွေဆိုတာက စုန်း ပယောဂတွေ တိုက်တဲ့မြွေပေါ့ဗျာ၊

ပကတိ မြွေအမေ မြွေအဖေက မွေးတဲ့မြွေလည်း ရှိတာပေါ့ ဦးခင်မောင် မြွေနှစ်မျိုးမရှိဘူးလား ရှိပါတယ်။

အဲတော့ ခင်ဗျားတို့ပြောနေတဲ့စကားက မြွေမှန်ရင် တွင်းဝင်ဖြောင့်မှာပေါ့ကွာလို့ မပြောကြဘူးလား (ပြောကြပါ တယ်) မြွေမှန်ရင် (တွင်းဝင်ဖြောင့်ပါတယ် ဘုရား)။

အင်းတိုက်မြွေဖြင့် မဖြောင့်ဘူးပြောတာ။ တိုက်မြွေ ဖြင့် မဖြောင့်ဘူးပြောတာ သဘောကျပလား (ကျပါပြီ ဘုရား)။

အဲဒီမှာလည်း ဒီအတိုင်းပဲ ဒကာဒကာမတို့ ခန္ဓာ ကိုယ်ကြီးက အနိစ္စခန္ဓာကိုယ်မို့ သူသည် အဖန်တလဲလဲ စောင့်ကြည့်နေပြီ ဆိုမှဖြင့် သူ့သဘောသူပြောတော့မယ် (မှန်ပါ့ ဘုရား) ခန္ဓာက ဘာပြောတော့မယ် (သူ့သဘော သူပြောမှာပါ ဘုရား)။

ခန္ဓာကဘာတွေပြောသတုံး

သူ့သဘောသူက တိုက်မြွေမှမဟုတ်ပဲ၊ ဒကာဒကာမတို့ အမှန်မြွေဖြစ်နေတော့ ကျုပ်ဟာ အနိစ္စပါ၊ ကျုပ်ဟာဒုက္ခ ပါ၊ ကျုပ်ဟာ အနတ္တ ပါ၊ ကျုပ်ဟာ အသုဘပါလို့၊ ခန္ဓာငါးပါးထဲ က ထူးထူးချွန်ချွန် ပြောပါလိမ့်မယ် မပြောပေဘူးလား (ပြောပါတယ် ဘုရား)။

အဲတော့ ဒကာဒကာမတို့ ဘုရားကလည်းဟော ခန္ဓာ ကလည်း ပြောဆိုတော့ အခုန ဆုံးမထားတာနဲ့ သွားမကိုက် ဘူးလား (ကိုက်ပါတယ် ဘုရား)

ဘုရားကလည်း ဒီခန္ဓာကိုယ်ကြီးက “သဗ္ဗေသင်္ခါရာ အနိစ္စာ၊ သဗ္ဗေသင်္ခါရာဒုက္ခာ၊ သဗ္ဗေဓမ္မာ အနတ္တာ” ဆိုတာနဲ့သွား မကိုက်ဘူးလား (ကိုက်ပါတယ် ဘုရား) ကိုယ်ကလည်း စောင့်ကြည့် နေတာနဲ့ သွားကြုံတယ်။

မြွေမှန်လို့တွင်းဝင်ဖြောင့်တယ်

ဒါအလုပ်သင်နေတာနော် ဒကာဒကာမတို့ (မှန်ပါ့) စောင့်ကြည့်နေတာနဲ့ သွားကြုံတဲ့ အခါကျတော့ ဒကာသစ်တို့ မောင်မြတို့ ခန္ဓာကိုယ်ကြီးက ဘာပြောမယ် ထင်သလဲ (အနိစ္စ၊ ဒုက္ခ၊ အနတ္တ ပြောပါတယ်)

သြော်-မြွေမှန်လို့ တွင်းဝင်ဖြောင့်ဆိုသလို ဒကာ ဒကာမတို့ အနိစ္စရှိလို့ အနိစ္စပြောပြီ (မှန်လှပါ ဘုရား)။

အနိစ္စဆိုတာ ဘာတုံး

အနိစ္စဆိုတာ ဘာတုံးဆိုတော့ ခန္ဓာကိုယ်ထဲက အသစ် ပေါ်လာတာဟူသရွေ့ဟာ ဒကာဒကာမတို့ အနိစ္စပဲ အသစ် ပေါ်ပြီး ပျောက်သွားတာဟူသရွေ့ (အနိစ္စပါ ဘုရား)။

နဂိုကမရှိဘူး စောင့်ကြည့်နေတုန်းမှာ ဒီအသစ် ကလေး ပေါ်လာပြီး အဲဒီအသစ်ကလေး ပျောက်သွားတာ ဘာခေါ်ကြမယ် (အနိစ္စပါ ဘုရား)။

အခုတင်ကဘုရား၊ ယားလာလိုက်တာ လက်မောင်း ကလေးမှာ အခုတင်ကလေး ယားလာ လိုက်တာဆိုတော့ အနိစ္စ ပေါ်လာပြီ ဒီယားတဲ့နေရာမှာ ပျောက်သွားလို့ရှိရင် ဪ ဒီဥစ္စာ သူ့သဘောသူ ပြောတာကိုးလို့ မဆို နိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)၊ ဦးခင်မောင် ဒီလိုလုပ်ရမှာနော် (မှန်လှပါ ဘုရား)။

အခုမှပေါ်ပြီးအခုမှပျောက်တယ်

ထိုင်နေရင်းမတ္တနဲ့မှ စိတ်ကလေးက တောင်ပြေး မြောက်ပြေး ပြေးသွားတော့ အင်း နဂိုက ပြေးတဲ့စိတ် ရှိသလား၊ ဒီပြေး တဲ့ စိတ်ခန္ဓာကိုယ်ထဲပေါ်ပြီး ခန္ဓာကိုယ်ထဲ ပျောက်တာလား (ခုမှပေါ်ပြီး ခုမှပျောက်တာပါ ဘုရား)။

အခုမှပေါ်ပြီး အခုမှပျောက်တာ သေချာပလား (သေချာပါပြီ) ဪ- မြွေမှန်လို့ တွင်းဝင် ဖြောင့်ဆိုတဲ့အတိုင်း ဦးခင်မောင်ရေ ပြုပြန်ပြီ အနိစ္စပဲ (မှန်ပါ့) ဒကာဝ၊ မပြ သေးဘူး လား (ပြပါတယ် ဘုရား)။

အဲဒီလာပြတဲ့အခါ သော်-ဒါတွေဟာ စိတ်ရှုတဲ့ပုဂ္ဂိုလ် ဟာ စိတ်ကလေးတွေဟာ အခုပေါ် အခုပျောက်၊ အခုပေါ် အခုပျောက်ဆိုတာတွေဟာ ဘယ်သူပေါ်၍ ဘယ်သူပျောက် တာလဲဆိုတော့ ဒကာဒကာမတွေက မှတ်လိုက်တာပေါ့ ခန္ဓာ ပေါ်၍ ခန္ဓာပျောက်တာ (မှန်ပါ့ ဘုရား) ဘယ်လိုဆို ကြမယ် (ခန္ဓာ ပေါ်၍ခန္ဓာပျောက်တာပါ)။

ခန္ဓာပေါ်၍ ခန္ဓာပျောက်တာ

ဒါဖြင့် ခန္ဓာပေါ်၍ ခန္ဓာပျောက်တာဆိုတော့ ပျော် ကိုယ်ခန္ဓာကြီးဟာ ပေါ်လိုက် ပျောက်လိုက်ဆိုတော့ “ဟုတွာ အဘာဝဋ္ဌေန အနိစ္စံ။”

ဟုတွာ = မမြင်ရာအရပ်ကပေါ်လာပြီး၊ မမျှော်လင့် တဲ့ နေရာက ပေါ်လာတယ် (မှန်ပါ့) ဟုတွာ = မမျှော်လင့်တဲ့ နေရာက ပေါ်လာ၍ အဘာဝဋ္ဌေန = ဒီပေါ်တဲ့နေရာ၌ ပျောက်သွားခြင်းသည်ပင်လျှင် အနိစ္စ = အနိစ္စပဲ။

မမျှော်လင့်တဲ့နေရာက ပေါ်လာတယ်။ ပေါ်တဲ့ နေရာမှာ ဘာဖြစ်သွားသလဲ၊ (ပျောက်သွား ပါတယ်) အဲဒါ ဘာခေါ်ကြမလဲ (အနိစ္စပါ ဘုရား)။

ဒီဥစ္စာဒကာဒကာမတို့ ဒီနေရာယား၍ ဒီနေရာ ပေါ်ပြီး နေရာပျောက်ရင် ဘာဆိုကြမလဲ (အနိစ္စပါ ဘုရား) ဒီနေရာမှာနာ၍ ဒီနေရာမှာ ပျောက်ရင်ကော (အနိစ္စပါ ဘုရား) ဒီနေရာမှာကြား၍ ဒီနေရာမှာ ပျောက်သွားရင်ကော (အနိစ္စပါ ဘုရား)။

ဒီနေရာနံ၍ ဒီနေရာမှာ ပျောက်သွားရင် ဘာခေါ်ကြ မယ် (အနိစ္စပါ ဘုရား)။ ဪ ဒါဖြင့် ဒီနေရာ မမျှော်လင့်တဲ့နေရာကပေါ်လာ၍ ဒီနေရာပျောက်သွားရင်ကော (အနိစ္စပါ)။

ခန္ဓာကလည်းပြောပါတယ်

ဒါတွေဟာ အနိစ္စပဲဆိုတာ စောင့်ကြည့်တဲ့ ပုဂ္ဂိုလ်မှာ ခန္ဓာကပြောပါလိမ့်မယ် (မှန်ပါ့) စောင့်ကြည့်တဲ့ ပုဂ္ဂိုလ်မှာ (ခန္ဓာ က ပြောပါတယ် ဘုရား)။

ဪ ခန္ဓာက ပြောတဲ့အခါကျလို့ရှိရင် ဒကာ ဒကာမတွေက သော် – နဂိုက ဘုရားကလည်း ဟောတယ် အနိစ္စလို့ဟောတယ် အခု ခန္ဓာကလည်း အခုပြောပေါ့ဆိုပြီး ဆုံးဖြတ် ချက်ချလိုက်တော့ မှန်ပဟ။

ဘုရားကလည်း ဟောထားတယ်

ဘုရားကလည်း ဟောပါတယ် သဗ္ဗေသင်္ခါရာအနိစ္စ၊ မမေ့နဲ့ပေါ့ဗျာ သဗ္ဗေသင်္ခါရ ဒုက္ခလို့ ဘုရားကလည်း မပြောဘူးလား (ပြောပါတယ်) သဗ္ဗေ ဓမ္မာ အနတ္တလို့ ဘုရားက မပြောဘူးလား (ပြောပါတယ် ဘုရား)။

ဘုရားကလည်း ဟောထားတယ် ခန္ဓာကိုယ် စောင့် ကြည့်တဲ့အခါကျတော့လည်း မမျှော်လင့်တဲ့ နေရာက ပေါ်လာပြီး ဒီနေရာချုပ်ပျောက်သွားတာလေးမြင်လိုက်တော့ ဘုရားကဟော ခန္ဓာက ပြောသောကြောင့် ဒီတရားဖြင့် မှန်ပလာ့လို့ ဆုံးဖြတ်ချက်ချ (မှန်လှပါ ဘုရား)။

ဘုရားကဟော (ခန္ဓာက ပြောပါတယ် ဘုရား)။ ဒီတရားမှန်ပြီလို့ ဆုံးဖြတ်ချက်ချပါ၊ (မှန်ပါ့)။

ဘုရားကဟော (ခန္ဓာကပြောပါ ဘုရား)၊ ဒီတရား ဘယ်နှယ်ဆိုကြမလဲ (မှန်ပါပြီ ဘုရား) ဒီတရား အမြင်မှန်ပြီလို့ မှတ်ထားလိုက်ပါ။

ဒီတရားဟာ အမှန်တရားလို့ ဆုံးဖြတ်ချက်ချ

ဘုရားကဟော ခန္ဓာကပြောတာ ဒကာဒကာမတွေ က ဒီတရားဟာ အမှန်ပဲလို့ ဆုံးဖြတ်ချက်ချလိုက်တော့ အမှန်ပဲလို့ ဆုံးဖြတ်ချက်ချတာသည် သမ္မာဒိဋ္ဌိ၊ မဂ်ဝင်လာ ဒါစကား ပြောနေတယ်လို့ မအောက်မေ့ပါနဲ့၊ ၊ အလုပ်ခွင် ဝင်ပြီးသကာလ မဂ်ဝင်လာတာ သိအောင်လို့ ပြောလိုက်ပါ တယ်။

ဘုရားကဟော၊ ခန္ဓာကပြောတာကို ကိုယ်က ဟုတ်ပြီလို့ ဆုံးဖြတ်ချက်ချရင် ဟုတ်ပြီဆိုတာဘာပါလိမ့် (သမ္မာဒိဋ္ဌိပါ ဘုရား) သမ္မာဒိဋ္ဌိ ဒါဖြင့် မဂ္ဂင်ပေါ့ဗျာ (တင်ပါ့) သဘောကျပလား (ကျပါပြီ)။

သေသေချာချာမှတ်ပါ ဒကာဒကာမတို့ ဒီဥစ္စာ ကြံလုံး၊ တွေးလုံးလို့ အောက်မေ့မနေပါနဲ့ ခင်ဗျားတို့ နဂိုက အရူးပျောက်လို့ ဒီဥစ္စာ အမှန်မြင်တယ်ဆိုတာကို သေချာလာ အောင်လို့ ရှင်းရှင်းလင်းလင်းကြီး ပြောနေပါတယ်ဆိုတာကို ကော သဘောကျပလား (ကျပါပြီ)။

ဘုရားက “သဗ္ဗေ သင်္ခါရာ အနိစ္စ၊ သဗ္ဗေ သင်္ခါရာ ဒုက္ခ၊ သဗ္ဗေ ဓမ္မာ အနတ္တ” လို့ ဟောထားတယ်၊ ခန္ဓာကိုယ် တစ်ကိုယ် လုံး အနိစ္စဒုက္ခအနတ္တသာရှိတယ်လို့ မဟောဘူးလား (ဟောပါတယ်) ဘုရားကဟောပြီ။

ဘုရားကဟောတော့ ကျုပ်တို့က စောင့်ကြည့် ဘုရား က ဟောတော့ ကျုပ်တို့က ဘယ်လိုပါလိမ့် (စောင့်ကြည့် ရပါမယ် ဘုရား) ကြပ်ကြပ်သတိထားနော် ဒီနေ့အလုပ်သင် နေတဲ့ တရားနော် (တင်ပါ့)။

ပုတီးစိပ်နေရမည့်တရားမဟုတ်ဘူး။

ဒကာဒကာမတွေ ကြပ်ကြပ်သတိထားပါ။ အလုပ် သင်နေတဲ့တရားနော် ပုတီးစိပ် နေရမည့်တရား မဟုတ်ဘူး၊ စောင့် ကြည့်နေရမည့်တရား။ ဦးခင်မောင် (မှန်ပါ့)။

ပုတီးစိပ်နေတာကတော့ ဟိုကအနိစ္စရောက်တယ်၊ ကိုယ်က ပုတီးတစ်လုံးချချင်မှ ချဖြစ်တယ်၊ ပုတီးချတဲ့အထဲမှာ လည်း အနိစ္စက ပါချင်မှပါတယ်၊ သဘောပါပြီလား (ပါပါပြီ)။

အဲတော့ ဘုရားက အနိစ္စ၊ ဒုက္ခ၊ အနတ္တလို့ ခန္ဓာကြီး မဟောဘူးလား (ဟောပါတယ်) ကိုယ်ကဘာလုပ်ရမှာ လည်း (စောင့်ကြည့်ရမှာပါ)။ စောင့်ကြည့်နေတော့ ခန္ဓာက၊ မမျှော်လင့်တဲ့ နေရာက ပေါ်လာပြီးသကာလ၊ ဖျတ်ခနဲ ဖျတ်ခနဲ ပျောက်သွားတယ် (မှန်လှပါ ဘုရား)။

မဂ္ဂင်ငါးပါးနဲ့မြင်တာ

ဖျတ်ခနဲ ဖျတ်ခနဲ ပျောက်သွားတော့ သော် ဒါဘယ်သူက ပြောတာပါလိမ့် (ခန္ဓာက ပြောတာပါ ဘုရား) ယုံကြပလား (ယုံပါပြီ ဘုရား) အမှန်ကော မြင်ပလား (မြင်ပါပြီ ဘုရား)။

အဲဒါဘာဆိုမတုံး (သမ္မာဒိဋ္ဌိပါ ဘုရား) အဲဒီ သမ္မာဒိဋ္ဌိကို မဂ္ဂင်ငါးပါးနဲ့မြင်တာလို့ မှတ်လိုက်စမ်းပါ (မှန်ပါ့) ဒကာ ဒကာမတွေ ဘယ်လိုမှတ်ကြမယ်။ (မဂ္ဂင်ငါးပါးနဲ့ မြင်တာပါ ဘုရား) ကိုင်း – ဒကာဒကာမတို့ သေချာကြပလား (သေချာပါပြီ ဘုရား)။

ဉာဏ်တွေ့တရားဖြစ်အောင်လုပ်ပါ

အလွန်အရေးကြီးနေပြီ ဦးခင်မောင်ရေ ဒါက လက်တွေ့တရားတွေတဲ့ ဒကာဒကာမတို့ ခင်ဗျားတို့မှာ ဉာဏ်တွေ တရားတွေဖြစ်အောင်လုပ်ပါ။ သေသေချာချာ ရှင်သာရိ ပုတ္တရာကြီးက ဟောရှာလို့ “မိလိန္ဒပဉ္စာ” ထဲမှာလည်း ပါပါ တယ်

‘ကာယမိမံ သမ္မသထ၊ ပရိဇာနာထ ပုနပ္နံ

ကာယေသဘာဝံဒိသွာန ဒုက္ခဿန္တံ ကရိဿထ”

မင်းဒီလိုသာ မြင်စမ်းပါစေကွာ၊ ဒုက္ခဆုံးပါလိမ့် မယ် (မှန်ပါ့) ကိုင်း- ဒကာဒကာမတို့ ဘုရားကလည်း ဘာဟောသလဲ၊ အနိစ္စပဲဟောတာပဲ၊ ဘုရားက အနိစ္စ၊ ဒုက္ခ၊ အနတ္တဟာသည် (မှန်ပါ့) ဘုရားကဘာဟောသလဲ (အနိစ္စ ဒုက္ခအနတ္တဟောပါတယ်)။

ဘယ်သူ့ဟောတာလည်း ကိုယ့်ဟာကိုယ်ဟောတယ်လို့ ထားပါစေ၊ သူ့အမြင် သူဟောတယ်ပဲ ထားလိုက်ပါ။ ကိုယ့် အမြင်နဲ့ မကိုက်သေးလို့ရှိရင် ထားလိုက်ပါ၊ ဦးခင်မောင် ဘာတုံး (ကိုယ့်အမြင်နဲ့ မကိုက်သေးရင် ထားလိုက်ပါ)။

ကိုယ့်အမြင်နဲ့ မကိုက်သေးရင် စောင့်ကြည့်ပါ

ကိုင်းဒါဖြင့်- ကိုယ့်အမြင်နဲ့မကိုက်သေးရင် စောင့် ကြည့် (တင်ပါ့) စောင့်ကြည့်တော့ လက်ကလေး ကယား၊ ခြေကလေးက,ယား၊ ဒကာဒကာမတို့ ထိုင်စ,က ပေါ်လာတာလား၊ အခုမှပေါ်တာလား (အခုမှ ပေါ်တာပါ ဘုရား)။

ယားဒါက ယားတဲ့နေရာမှာ ပျောက်သွားတယ်၊ ဒကာ ဒကာမတို့၊ ဟုတွာ = မမျှော်လင့်တဲ့ နေရာက ဖြစ်ပေါ် လာ၍၊ အဘာဝဋ္ဌေန – ဤနေရာ၌ ပျောက်သွားခြင်းသည် ပင်လျှင် အနိစ္စံ = အနိစ္စပဲ (မှန်ပါ့ ဘုရား)။

ဒကာဒကာမတို့ မျှော်လင့်တဲ့နေရာက ပေါ်လာတာ လား၊ မမျှော်လင့်တဲ့ နေရာက ပေါ်လာတာလား? (မမျှော် လင့်တဲ့နေရာက ပေါ်လာတာပါ ဘုရား) တစ်ခါတလေ ကျောက ပေါ်ချင်ပေါ်တယ်၊ တစ်ခါကလေရင်က ပေါ်ချင် ပေါ်တယ် (မှန်ပါ့)။

ပေါ်လာပြီး၊ ပျောက်သွားတာအနိစ္စ

တစ်ခါတလေနံဘေးကပေါ်ချင်ပေါ်တယ်၊ ခြေဖဝါး က ပေါ်ချင်ပေါ်တယ်၊ ခြေသလုံးက ပေါ်ချင်ပေါ်ဆိုတော့ ခင်ဗျားတို့ မျှော်လင့်တဲ့နေရာက ပေါ်လာတာမဟုတ်ဘူး (မှန်ပါ့)။

မမျှော်လင့်တဲ့နေရာကဘာလည်း (ပေါ်ပါတယ်) အဲ-ပေါ်ပြီးတော့ မမျှော်လင့်တဲ့နေရာမှာပဲ ဘာဖြစ်သွားပါ လိမ့် (ပျောက်သွားပါတယ်) ဪ ဒါဖြင့် အဲဒါ ဘာခေါ်ပါလိမ့် (အနိစ္စပါ ဘုရား)။

မြင်ကြရဲ့လားဆိုတော့ စောင့်ကြည့်တဲ့ပုဂ္ဂိုလ်က တော့မြင်တယ်၊ စောင့်ကြည့်နေတဲ့ ပုဂ္ဂိုလ်ကတော့ (မြင်ပါတယ်) -မြင်တာဘာတွေကြည့်ပါလိမ့်? “သမ္မာ ပဿတီတိ သမ္မာဒိဋ္ဌိ” သမ္မာ=မှန်ကန်၊ ပဿတိ = မြင်၏ ဣတိတသ္မာ – ထို့ ကြောင့် သမ္မာဒိဋ္ဌိဆိုတဲ့အတိုင်း မိစ္ဆာဒိဋ္ဌိ ပယ်ပြီး သကာလ သမ္မာဒိဋ္ဌိကို သမ္မာဒိဋ္ဌိဉာဏ်ရောက်လာတာ၊ သမ္မာဒိဋ္ဌိဖြစ်လာတဲ့ အဖြစ်ဟာ တယ်အဖိုးတန် ပါလား ဆိုတာ ပေါ်လာတော့တယ်၊ မပေါ်လာသေးဘူးလား (ပေါ်ပါတယ် ဘုရား)။

အဲဒါတန်ခူးလကလည်းနီးပြီ၊ ဥပုသ်ကလည်း စောင့် ကြတော့မှာ ဧကန်လူတိုင်းဆိုသလိုပဲ ဖြစ်ကြတော့ ဒကာ ဒကာမတို့ တစ်နေရာမှာထိုင်ပြီး တစ်နေရာကိုစောင့်ပြီး ကြည့်လိုက်ကြပါ ဆိုတဲ့ဥစ္စာပြောရတာ၊ ဒါဟောရတာနော်။

ကိုင်း-ဒါဖြင့် ဒါက ခန္ဓာငါးပါး၊ ခင်ဗျားတို့ထိုင်နေတဲ့ ခန္ဓာငါးပါးနော် – ဦးခင်မောင် အလုပ်ကလည်း သင်ရသေး တယ်နော် မသင်ရင်မကောင်းဘူးဗျ။

အဲ့တော့ ဒီခန္ဓာငါးပါးကြီးနဲ့ ဒကာဒကာမတွေက အင်း တန်ခူးလအကြို စောင့်ချင်လည်း စောင့်မယ်၊ အကျနေ့မှ စောင့်ချင်လည်း စောင့်မယ်၊ အချို့မအားသေးလို့ နောက်ဆုံး နေ့မှ ပိတ်စောင့်ချင် လည်းစောင့်မယ်၊ ခင်ဗျားတို့ အကြောင်း လည်း မပြောတတ်ဘူးပေါ့၊ ခင်ဗျားတို့ အကြောင်းကတော့ လျှော့ဈေးက သိပ်များတယ်။

ကိုင်းဒါဖြင့် – ဒကာဒကာမတို့စောင့်ပြီးသကာလ ဟောဒီကနေစောင့်ကြည့်ပါ ဝမ်းထဲက စောင့်ရမှာပါ၊ စောင့်ရ တာကတော့ ဒါကတော့ ပုံစံမို့လို့ရပါတယ်။

စောင့်ကြည့်နေတာကမဂ္ဂင်ငါးပါး

စောင့်ကြည့်နေတာက မဂ္ဂင်ငါးပါး၊ သတိထား၊ ဝီရိယ စိုက်ပြီး ပညာနဲ့ကြည့်၊ သမာဓိနဲ့ တည်နေတယ်ဆိုတာ ဝီရိယက မလျှော့တော့ စောင့်ကြည့်နေတာငါးပါးနဲ့ ကြည့်နေတာ။

ဦးခင်မောင် ဘယ်နှစ်ပါးနဲ့စောင့်ပါလိမ့် (ငါးပါး ၊ နဲ့ စောင့်တာပါ ဘုရား)’ ဒကာဝ ဘယ်လောက်နဲ့ စောင့်ပါ လိမ့် (ငါးပါးနဲ့ပါ ဘုရား)။

သူတို့က ငါးပါးနဲ့စောင့်တယ်ဆိုတော့ အရှင်ဘုရား အရင်လိုများ ဖြစ်နေသလားလို့ မပေးပါနဲ့တဲ့ သတိ သမာဓိဆိုတာ ဒကာဒကာမတို့ သတိပဋ္ဌာန်ပါဠိတော်ကြီးမှာ လည်းလာပြီးသား ဖြစ်နေတဲ့အတွက်

“ဂစ္ဆန္တာဝါ ဂစ္ဆာမီ”တိ ပဇာနာတိ၊”

လာတော့ ကိုယ်ကစောင့်တဲ့သဘောလေးနဲ့ အရင် ဖြစ်နှင့်တယ်လို့ ဒီလိုမယူပါနဲ့။

စိတ်ထဲက ဘယ်ဟာပေါ်လာလာ၊ ငါဖြင့် နောက်က လိုက်ဖြစ်အောင်လိုက်မယ်ဆိုတာပါပဲ၊ ဘယ်ဟာပေါ်လာ လာပေါ့ဗျာ (မှန်ပါ့) နောက်ကအသိလိုက်မယ်ဆိုရင်ဖြင့် ဒါဘာဆိုမလဲ (စောင့်တာ ပါ) အဲဒါစောင့်တာပဲ ဆိုတာ ပေါ်လာပလား ပေါ်လာပါပြီ။

စာဆိုလွဲသွားမှာစိုးလို့၊ ဒကာဒကာမတွေ အယူအဆ တွေ လွဲသွားမှာစိုးလို့။ စောင့်နေတယ် ဆိုတော့ ဒီငါးပါးက အရင် ဖြစ်နှင့်နေတယ် (မှန်ပါ့) ခန္ဓာရဲ့ ဖြစ်ပျက်က နောက်မှာ ပြနေတယ်။ ဒီလိုယူမှာစိုးတဲ့အတွက် ပြောရတယ်။

စောင့်ကြည့်တယ်ဆိုတာက

ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ဒီလိုမယူနဲ့တဲ့ အစောင့်ဆိုတာ ဒီလိုယူလို့မရဘူး ဘာတုံးဆိုတော့ ဂစ္ဆန္တာ ဝါ၊ “ဂစ္ဆာမီ”တိ ပဇာနာတိ၊ သွားတာကို သွားမှန်းသိရမယ် ဆိုတော့၊ သွားတာက ရှေ့ပိုင်းက သိရမှာကနောက်က၊ သဘောကျပလား (ကျပါပြီ ဘုရား)။

အဲတော့ ဆရာသင်တာသာ ဒကာဒကာမတွေက မှတ်ထားပေတော့ အင်း – ရှေ့က တစ်ခုခုပြထားလို့ရှိရင် နောက်က အမြဲတန်းမိအောင် ဖမ်းမဟဲ့ဆိုတာ ဒါ စောင့် ကြည့်တာပဲ (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။

ကောင်းပြီ၊ ဒါလောက်ဆိုရင်လည်း ရှင်းလောက်ပါပြီ ခန္ဓာ ကြီးက ဒကာဒကာမတွေထိုင်ကြပြီ ဘုရားရှေ့မှာဖြစ်စေ၊ အိမ်မှာ ဖြစ်စေ၊ ထိုင်ပြီးသကာလနေတုန်း ခန္ဓာကိုယ်ကြီးက ဒကာသစ်ရေး၊ ပြောလိမ့်မယ်နော် (မှန်ပါ့) ပြောလိမ့်မယ်၊ ပြောလိမ့်မယ်။

တရားအားထုတ်ချင်တဲ့စိတ်

ရှေးဦးစွာဘာပြောမလဲဆိုတော့ ဪ ဆရာဘုန်ကြီး ကလည်း မှာရှာတယ် တို့ကို ကယ်တင်တဲ့ ဘုန်းကြီးက မှာရှာတယ်။

တရားအားထုတ်ချင်တယ်လို့ ဒီစိတ်ကလေးတော့ မပေါ် ပေဘူးလား (ပေါ်ပါတယ်)၊ တရားအားထုတ်လို့ မှာလိုက်တယ်၊ မှာလိုက်တယ်ဆိုပြီး တရားအားထုတ်ချင်တဲ့ စိတ်ကလေး ဒကာ ဒကာမတွေ သန္တာန်မလာဘူးလား (လာပါတယ်)။

လာလို့ရှိရင် သူရှေးဦးစွာပေါ်လာတာပဲ တရား အားထုတ်ချင်တဲ့ စိတ်ကလေးဝမ်းထဲမှာ ပေါ်မလာဘူး လား(ပေါ်လာပါတယ် ဘုရား)။

ပေါ်လာသည်နှင့် တစ်ပြိုင်နက်တည်း၊ စောင့်ပြီးသကာလ နောက်ကတစ်ခုသာပေါ်ရင် လိုက် မဟဲ့ဆိုတာက ခုနက အားထုတ်ချင်တဲ့စိတ်ကလေးက ရှိမရှိ အကဲခတ်လိုက် (မရှိပါ ဘုရား)။

ဒါဖြင့်-အားထုတ်ချင်တဲ့စိတ်ကဘာတုံး (အနိစ္စ ပါ ဘုရား) အနိစ္စစောင့်ကြည့်နေတာက ဘာပါလိမ့် (မဂ္ဂပါ ဘုရား) နောက်လိုက်တာကလည်း မဂ္ဂင်ပဲ၊ နောက်က လိုက်တာလည်း (မဂ္ဂပါ ဘုရား) သဘောပါကြပလား (ပါပါပြီ ဘုရား)။

သြော် ဒါဖြင့် ဒီလိုလိုက်တဲ့အခါကျတော့ တရားကို ရှာရသေးသလား အားထုတ်ချင် တဲ့စိတ်ကလေးကိုက ရှေးဦး စွာ ဘာပြောလဲ (အနိစ္စပါ) အားထုတ်ချင်တဲ့ စိတ်ကလေးက ဘယ်လိုလာပြောပါလိမ့် (အနိစ္စလို့ပြောပါ တယ်)။

အနိစ္စလို့သူကလာပြောတော့ ကျုပ်တို့က နောက် ကနေပြီး မဂ္ဂနဲ့သိအောင် ဖမ်းလိုက် (မှန်ပါ့)။

သူက အနိစ္စလို့ပြောတော့ (နောက်က မဂ္ဂနဲ့ လိုက်ရပါမယ် ဘုရား) ကျုပ်တို့က မဂ္ဂနဲ့ မိအောင်ဖမ်းလိုက်တဲ့ အခါကျတော့ သတိထား၊ ဝီရိယစိုက်၊ ပညာနဲ့ရှုဆိုတော့ စောင့်နေတဲ့ ပုဂ္ဂိုလ်မို့ ဦးခင်မောင် ပေါ်လာတာပေါ့။

ဒါဖြင့် -တရားအားထုတ်ချင်တဲ့ စိတ်ကလေးဟာ ဖြစ်ပျက်၊ စောင့်ပြီးမိအောင်ဖမ်းတာက (မဂ်ပါ ဘုရား) မဂ္ဂဖြစ်ပြီး သကာလနေတော့ ဒီကစမိပြီဆိုရင်ဖြင့် ဒကာ ဒကာမတွေ မလျှော့နဲ့တော့၊ ဆရာဘုန်းကြီးကရှူတဲ့စိတ် လည်းရှု၊ ရှိုက်တဲ့စိတ်လည်း ရှုတယ်ဆိုရင် ပထမတစ်ချက်မိ ပြီးရင် နောက် အကုန်မိမှာပဲ (မှန်ပါ့)။

ပထမတစ်ချက်အဖမ်းခက်တယ်

ပထမတစ်ချက်မိပြီးရင် နောက်အကုန်မိမှာပဲ။ အဲ ပထမတစ်ချက်မှာ အဖမ်းခက်နေတယ်။

အဲတော့ ယနေ့သင်လိုက်တာသည် ဒကာဒကာမတို့ ကို သင်လိုက်ပါသတုံးဆိုတော့ ပထမတစ်ချက်မှာ ရှာမရမှာ စိုးလို့သင်လိုက်တာ၊ ပထမတစ်ချက်မှာ (ရှာမရမှာစိုးလို့ သင်လိုက်တာပါ ဘုရား)။

ရှာမရမှာစိုးလို့ သင်လိုက်ပါတယ်ဆိုတာ ဦးခင်မောင် သဘောကျပလား (ကျပါပြီ ဘုရား) ဘာလေးပေါ်လာမယ် ထင်သတုံး တရားအားထုတ်ချင်တဲ့ စိတ်ပါဘုရား။

တရားအားထုတ်ချင်တဲ့စိတ်ကလေးပေါ်လာတော့ ဒကာဒကာမတို့ စဉ်းစားကြည့်၊ နဂိုကုရှိတာလား အခုမှ ဒီနေရာ ပေါ်လာတာလား (အခုမှပေါ်လာတာပါ)။

အခုမှပေါ်လာတဲ့နေရာမှာ ဟုတွာ အဘာဝဋ္ဌေန အနိစ္စံ ဆိုတော့ ဒါလေးဟာ ပျောက်မသွားပေဘူးလား (ပျောက် သွားပါတယ်) အဲဒါလေးက စရှု၊ အဲဒါလေး စောင့်ကြည့်ပြီး မဂ္ဂင်ငါးပါးနဲ့ရှုလိုက်၊ ရှုလိုက်တော့ တရား အားထုတ်ချင်တဲ့စိတ်က အနိစ္စ၊ မရှိမှန်းသိတာက (မဂ္ဂပါ ဘုရား)။

မဂ္ဂဆိုတော့ ဒကာဝ ငါးချက်ပါသွားပြီ (မှန်ပါ့) ဝိပဿနာ မဂ္ဂင်ငါးချက်ပါသွားပြီ။ မပါသေးဘူးလား (ပါသွားပါတယ် ဘုရား)။

ခန္ဓာနဲ့ ဉာဏ်နဲ့တည့်သွားပြီး ခန္ဓာက ဝိညာဏက္ခန္ဓာ၊ ရှုဆိုတာ ဝိညာဏက္ခန္ဓာ၊ အဲဒါနဲ့ ဉာဏ်နဲ့တည့်မသွားဘူးလား (တည့်သွားပါတယ်)။

ခန္ဓာကအနိစ္စ ပြရင် အနိစ္စလို့သိပါ

ဒါဖြင့် ခန္ဓာနဲ့ဉာဏ်နဲ့တည့်တော့ ပျော် ခန္ဓာက အနိစ္စလို့ပြောတော့ ဉာဏ်ကလည်း အနိစ္စလို့ ခေါင်းညိတ် လိုက် (မှန်ပါ့) အနိစ္စပါလားလို့ခေါင်းညိတ်လိုက် (မှန်ပါ့ ဘုရား)။

အဲဒီလို ခေါင်းညိတ်လိုက်တော့ ဘုရားကလည်း ဟော ခန္ဓာကလည်းပြောတော့ ဒီအထဲမှာ ဒကာဒကာမတွေ သမ္မာဒိဋ္ဌိ ဆိုတော့ သမ္မာဒိဋ္ဌိတင်ဖြစ်တယ်လို့ မအောက်မေ့နဲ့ ဒကာ ဒကာမတွေ အဖော်နှင့်တကွ မဂ္ဂင်ငါးပါးပါဖြစ်တယ်၊ ကျန်တဲ့လှေးပါးပါဖြစ်တယ်၊ သဘောကျပလား (ကျပါပြီ)။

အဲဒါ ဝိပဿနာ မဂ်ရပြီလို့ အောက်မေ့တော့ သဘောကျပလား (ကျပါပြီ) ဘာရပါလိမ့် (မဂ်ရပါတယ် ဘုရား) ဝိပဿနာမဂ်ရပြီလို့ အောက်မေ့ပါဒကာဒကာမတို့ (မှန်လှပါ ဘုရား)။

ယနေ့ တရားဟာ ဦးခင်မောင်တို့ ဒကာဝတို့၊ နားကြီး ကြီးနဲ့ ထောင်ကြည့်မှ သြော်-ဒီဥစ္စာ ဒီအလုပ်မသင်ရင် မဖြစ်ပါလားဆိုတာ ပေါ်လာတော့တယ်၊ မသင်ရင် (မဖြစ်ပါ ဘုရား)။

ထိုင်ကြပါဆို့ ထိုင်မှာပဲ၊ ထိုင်ပြီးသကာလ ဘာမှ မတွေ့ ပါဘူးဆိုပြီး ပြန်လာမှာပဲ။

အခုတော့ မတွေ့စရာရှိသေးလား၊ ထိုင်ချင်တဲ့စိတ်ကို ရှုလိုက် ထိုင်ချင်တဲ့ စိတ်ကို ရှုပြီးနေစမ်းပါ၊ မရှိ တာ ဘာခေါ်မလဲ (အနိစ္စပါဘု ရား) သိတာ ဘာခေါ်မလဲ (မဂ္ဂပါ ဘုရား)။

သစ္စာလေးပါးတန်းပြီးသိတယ်

အဲ မရှိတာက အနိစ္စ၊ ရှုတာက မဂ္ဂ၊ သေတာက သမုဒယ၊ ဒါဒီအတိုင်း သွားရမှာပဲ (မှန်ပါ့) ဒီကမဂ် ဆိုတော့ ငါ့စိတ်ဆိုတဲ့ ဒိဋ္ဌိလာသေးရဲ့ လား (မလာပါ ဘုရား)။

ဒါကြောင့် မရှိတာက (အနိစ္စ)၊ မရှိတာက အနိစ္စ၊ သိတာက (မဂ္ဂ) သေတာက (သမုဒယ) အေး ရမှာက နိရောဓ၊ (မှန်ပါ့) ရမှာက ဒီဒိဋ္ဌိဖြုတ်တယ်ဆို ပထမ နိဗ္ဗာန်ရမှာပဲ။

ဆရာဘုန်းကြီးက အကြီးဆုံးလက်ဆောင်ပေးနေသော

ကိုင်းမရှိတာက (အနိစ္စ)၊ သိတာက (မဂ္ဂ)၊ သေတာက- (သမုဒယ) အေး ရမှာက (နိရောဓပါ ဘုရား) အခုတော့ တန်းနေတာပဲ၊ ဒကာဒကာမတို့က မလုပ်ကြလို့ သာမရတာ၊ ဦးခင်မောင်ရေ ရှင်းပလား (ရှင်းပါပြီ ဘုရား) နောက်က ဒကာဒကာမတွေ ရှင်းကြရဲ့လား (ရှင်းပါပြီ ဘုရား)။

သြော်- ဒါဖြင့်- အကြီးဆုံးသောလက်ဆောင် ဆရာ ဘုန်းကြီးက ပေးနေတာ ငါတို့ မယူတတ် လို့ရှိရင်ဖြင့် ငါတို့ ဆင်းရဲခြင်းနဲ့ အမွဲပဲ ကျန်ရစ်တော့မယ်ဆိုတာ ဆုံးဖြတ်ချက်ချ (မှန်လှပါ ဘုရား)။

ယနေ့ ဒီတွင်တော်ကြဦးစို့။

သာဓု သာဓု သာဓု။

 
မာတိကာသို့