ပြီးပြီးသားအကြောင်းရှိကြလို့ ဒီလိုဆရာကောင်းနဲ့ကြုံရတာ
အသံဖိုင်ခေါင်းစဉ်= ဝိသုဒ္ဓိ-၇-ပါး ရထား၇စင်း ဥပမာပြတရားတော်
စာအုပ်ခေါင်းစဉ်= ပြီးပြီးသားအကြောင်းရှိကြလို့ ဒီလိုဆရာကောင်းနဲ့ကြုံရတာ
ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး အမရပူရမြို့၌
ဟောကြားတော်မူသော တရားတော်
ပြီးပြီးသားအကြောင်းရှိကြလို့ ဒီလိုဆရာကောင်းနဲ့ကြုံရတာ
(ဝိသုဒ္ဓိ-၇-ပါး)
(၂၀-၉-၆၁)
ကိုင်း ဒကာ ဒကာမတွေ တရားနှလုံးသွင်းကြ၊ တရားဟောတာ နားကထောင်ပြီး သကာလ ဉာဏ်က ခန္ဓာ ကိုယ်လှည့်ပြီး နာကြလို့ရှိရင်ဖြင့် တရားပွဲအဆုံးမှာ သောတာ ပန် စသည်ဖြစ်ဖို့ရာ အလွယ်ကလေးလို့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဟောထားတယ်(မှန်ပါ့)။
ကျွတ်ရေး၊ လွတ်ရေး၊ အလွယ်လေးနဲ့ ဖြစ်နိုင်တယ်
နားကတော့ ဘုန်းကြီးပြောတာတွေ နာကြပေါ့ ဗျာ။ (မှန်ပါ့)၊ ဉာဏ်က သစ္စာ ပြောနေတယ် ဆိုတာ ကလေးကို ဉာဏ်က ဦးတည်ပြီး သကာလ နေတုန်းကို ဉာဏ် နဲ့ခန္ဓာကိုယ်၏ အနိစ္စ အဖြစ်နဲ့ တွေ့သွားလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ ပါရမီ တွေကလည်း ပြည့်စုံပြီးသားမို့ ဒီနေရာ, ဒီဌာန ရောက်လာတော့ ကျွတ်ရေး၊ လွတ်ရေး အလွယ် ကလေးနဲ့ ဖြစ်နိုင်တယ်ဆိုတဲ့ဥစ္စာ ဒကာကြွယ် မှတ်ထားရလိမ့်မယ်။ (မှန်ပါ့ ဘုရား)။
ပါရမီတွေ၊ ဘာတွေ ဘာမှ စဉ်းစားပြီး သကာလ မနေဘဲနဲ့ ပြည့်စုံပြီးသားဆိုတာကိုလည်း သေသေချာချာ ကိုယ်ကိုယ်တိုင် ဆုံးဖြတ်ချက်ချထားပါ (မှန်ပါ့ ဘုရား)။
ဒကာကြွယ် ပြည့်စုံပြီးသားနော်။ (မှန်ပါ့)၊ ပြည့်စုံ ပြီးသားကို မပြည့်စုံဘူးထင်ရင်လည်း ဒကာသစ် လွဲလိမ့် မယ်။ (မှန်ပါ့)။
ပါရမီတွေကပြည့်စုံပြီးသား
ပြည့်စုံပြီသား၊ မပြည့်စုံဘူးထင်ရင်(လွဲပါတယ် ဘုရား)၊ လွဲလိမ့်မယ်ဆိုတာ ဘုန်းကြီးတို့ ဒကာဒကာမတွေ သေသေချာချာ မှတ်ထားရမယ် ။ (မှန်လှပါ ဘုရား)။
ပြည့်စုံတာကို ဘုန်းကြီး ထောက်ခံချက်ပေးပါ မယ်။ (မှန်ပါ့)၊
ဘုရားသာသနာနဲ့ ကြုံခြင်းလည်း ပြည့်စုံခြင်းတစ်မျိုး (မှန်ပါ့)၊
သစ္စာတရား ဟောတတ်တဲ့ ပုဂ္ဂိုလ်နဲ့တွေ့ခြင်း ဟာလည်း (ပြည့်စုံခြင်း တစ်မျိုးပါ ဘုရား)၊
ထောင်တတ်တဲ့နားနဲ့ ခင်ဗျားတို့ပြည့်စုံခြင်းဟာ လည်း (ပြည့်စုံခြင်း တစ်မျိုးပါ ဘုရား)၊ တစ်မျိုးပဲဆိုတာသေချာတယ် (မှန်ပါ့)။
ထောင်တတ်နဲ့နားရှိပြီး သကာလ ကျင်တဲ့အလုပ်ကို မလုပ်ဘဲ နေပြန်လည်း မဖြစ်လို့ အခုလုပ်ဆဲဖြစ်နေပြန်တော့ လည်း ပါရမီပြည့်လို့လို့မှတ်ပါ ။ (မှန်ပါ့)၊ သဘောကျ ပလား။ (ကျပါပြီ ဘုရား)။
အဲဒါ အင်္ဂုတ္တိုရ်ပါဠိတော်ကြီးမှာ ကိုယ်တော်တိုင် ပါရမီပြည့်-မပြည့် ဆုံးဖြတ်ချက်ချတဲ့နေရာ အခုပြောတဲ့ ငါးချက်ကို သေသေချာချာပြတယ် (မှန်ပါ့)။
ဒါဖြင့် အားလုံး ဒကာ ဒကာမတွေ ကိုယ့်စိတ်ဟာ နောက်ကို မဆုတ်ဘဲနဲ့ ပြည့်စုံပြီးသား ပုဂ္ဂိုလ်ဟာ ဖြင့် နောက်ပြန်လှည့်နေဖို့ မလိုဘူး၊ ပြည့်စုံသည်ထက် ပြည့်စုံ ပြီး ကိစ္စပြီးအောင်သာ ကိုယ်ဂရုစိုက်ဖို့ လိုတော့တယ်ဆိုတာ ဒကာကြွယ်တို့၊ ဦးမာဒင်တို့ ဆုံးဖြတ်ချက်ချပါ။ (မှန်ပါ့)၊ ရှင်းပြီးနော်။ (ရှင်းပါပြီ ဘုရား)။
လျှပ်စစ်ဝင်းခနဲလင်းသလောက်
ပြီးတော့လည်း ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဟောထားတာရှိတယ်ကွာ တဲ့၊ ငါ ဘုရားသခင် ကိုယ်တော်မြတ်ကြီးဟာ မင်းတို့ လောဘ၊ ဒေါသ၊ မောဟတွေ မိုးမှောင်ကျနေတဲ့ အထဲမှာ၊ ခုနစ်ရက် မိုးမှောင်ကျနေတဲ့ အထဲမှာ လျှပ်စစ်ဝင်းခနဲ လင်းသလောက် ငါဘုရားပွင့်တာနဲ့ ချိန်လိုက်လို့ရှိရင် ဆိုလောက်ပါတယ်တဲ့။ (မှန်ပါ့)။
ခုနစ်ရက် မိုးမှောင်နေတဲ့အထဲ လျှပ်စစ်တစ်ခါလင်း တာနဲ့ နှိုင်းချိန်လိုက်လို့ရှိရင် လျှပ်စစ် လင်းတာဟာ ဒကာသစ် တို့ မပြောပ လောက်ဘူး။ (မှန်ပါ)၊ ပြောပလောက်ပါ့မလား ။ (မပြောပလောက်ပါ ဘုရား)။
အဲဒီအထဲ ကြုံလို့ရှိပြန်လို့ရှိရင်လည်း ငါဘုရား သာသနာအလင်းကလေးထဲ ကြုံလို့ရှိရင်လည်း ပါရမီပြည့် သားပဲ။ (မှန်ပါ့)၊ ဆိုတော့ ကျုပ်တို့ စဉ်းစားခန်းရှည်ရှည် ထုတ်မနေပါနဲ့ဆိုတာ သတိ ပေးလိုက်တယ် (မှန်ပါ့)။
စဉ်းစားခန်း (ရှည်ရှည်ထုတ်မနေပါနဲ့ ဘုရား)၊ စဉ်းစားခန်းရှည်ရှည်ထုတ်လေ ဒကာကြွယ်ရေ နောက်ဆုတ်လေပဲ။ (မှန်ပါ)။
စဉ်းစားခန်း ရှည်ရှည်ထုတ်လေ (နောက်ဆုတ် လေပါ ဘုရား)။
အဲဒါတွေကို ဘာမှမယောင်ကြဘဲနဲ့ ဘုန်းကြီးတို့ ဒကာဒကာမတွေ ခုနစ်ရက် ခုနစ်လီ မိုးမှောင် ကျနေတဲ့အထဲ လျှပ်စစ်လင်းသလောက် အထဲမှာ၊ တို့ သာသနာ အလင်းရောင်ထဲမှာ လာကြုံနေတာဖြင့် ဒါ တို့က လုံ့လဝီရိယ ကလေးဖြင့် ပြင်းပြင်းထန်ထန် လိုက်လိုက်လို့ ရှိရင် ကြုံတဲ့ ပုဂ္ဂိုလ်သည် ပြီးပြီးသားကိစ္စ ဖြစ်နိုင်တယ်ဆိုတဲ့ဥစ္စာ ဖြင့် ခင်ဗျားတို့ပဲ ဆုံးဖြတ်ချက်ချပါလို့ ပြောလိုက်တယ် နော်။ (မှန်ပါ့)။
ပြီးပြီးသားအကြောင်းရှိပါတယ်မငိုနဲ့တဲ့
ကြည့်စမ်းပါလား၊ ရှင်အာနန္ဒာဟာ ဘုရားသခင် ကိုယ်တော်မြတ်ကြီး ပရိနိဗ္ဗာန်စံမယ်ဆိုတော့ သူ အင်မတန် ချုံးပွဲချပြီး ငိုတဲ့အချိန်မှာ မင်း ပြီးပြီးသား အကြောင်း ရှိပါတယ်ကွာလို့ ဟောတယ် (မှန်ပါ့)။
ပြီးပြီးသား အကြောင်းရှိပါတယ် ဆိုတော့ သူနဲ့ တွေ့ကတည်းက ပြီးပြီးသားအကြောင်း (မှန်ပါ့)၊ သူ့ သာသနာနဲ့ တွေ့ ရင်ကော (ပြီးပြီးသားအကြောင်းပါ ဘုရား)။
အဲ မင်း မငိုနဲ့ကွဆိုတော့ ပြီးပြီးသား အကြောင်း ရှိလို့ မင်း ငိုစရာအကြောင်း မလိုပါဘူးကွ ဆိုတာ ဘုရားသခင် ကိုယ်တော်မြတ်ကြီး ပြောထားခဲ့တော့ နောက် ကြည့်စမ်း ပါလား၊ ပရိနိဗ္ဗာန်စံပြီး သံဂါယနာတင်ကာနီး ကျတော့ သူသည် ဒကာဒကာမတို့ ပြီးပြီးသား အကြောင်းရှိတဲ့ ပုဂ္ဂိုလ်ပဲ ဆိုပြီး သကာလ ကြိုးစားလိုက်တော့ စကြႍနဲ့ချည်းပဲ ဖြစ်ပျက် ကြိုးစားလိုက်တာ မိုးလင်းကာနီးတောင် ဝီရိယလွန်နေလို့ ဦးမာဒင် မရဘူး။ (မှန်ပါ့)၊ ဝီရိယလွန်နေတဲ့ ဒကာ ဒကာမတို့ မရဘူးနော်။ (မှန်ပါ့ ဘုရား)။
အဲဒီတော့ကို ဝီရိယနဲ့ သမာဓိက မမျှဘဲနဲ့ သမာဓိက နောက်ကျ၊ ဝီရိယ ရှေ့သွား နေပြန် တော့လည်း အမောသာ ဆိုက်၍ နိဗ္ဗာန်ကြီးဟာ ရှင်းရှင်းလေး မမြင်လာဘူး။ (မှန်လှပါ ဘုရား)။
ဒါနဲ့ သူ့စိတ်ထဲမှာတော့ မလျှော့ပါဘူး၊ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ငါ့ကို ပြီးပြီးသား အကြောင်းရှိတယ် လို့ ဟောထားတာပဲ၊ ရမှ ရမှာပဲဆိုပြီးသကာလ သူသည် ကြိုးစား လိုက်ပါတယ် (မှန်ပါ့)။
ကြိုးစားလိုက်တော့ ဝီရိယတွေ ပြင်းထန်နေတာနဲ့ ဒကာသစ် ဝီရိယနဲ့ သမာဓိက မညီပြန်ဘူး။ (မှန်ပါ့)။ မညီပြန်တော့လည်း လမ်းသွားရင်း စကြႍအတွင်း ဒုက္ခချုပ်တဲ့ နိဗ္ဗာန်ကို မမြင်ဘူး။ (မှန်ပါ့)၊ ဒကာကြွယ် ဘာလွန်နေ သလဲ။ (ဝီရိယ လွန်နေပါတယ် ဘုရား)။
ဝီရိယလွန်ပြန်ရင်လည်းမရဘူး
အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာဒကာမတွေလည်း ဝီရိယ လွန်နေပြန်ရင်လည်း မရဘူးလို့ မှတ်ရမယ် ။ (မှန်ပါ့)။
လိုချင်လွန်းအားကြီးလို့ ဝီရိယလွန်ရင် (မရပါ ဘုရား)။
ဒါဖြင့် ဝီရိယနဲ့ သမာဓိကို ခန္ဓာကိုယ် ဖြစ်ပျက် အနိစ္စ ရှိတဲ့ဆီကို သူ မလွန်-ငါ မသာရအောင် ဒကာသစ်ရေ တွဲ လွှတ်ပါ။ (မှန်ပါ့)။ ရိပ်မိပလား ။ (ရိပ်မိပါပြီ ဘုရား)။
အဲဒီလိုဆိုလို့ရှိရင် ဝီရိယကလည်း မလွန်စေနဲ့၊ သမာဓိ ကလည်း မလွန်စေနဲ့ ။ (မှန်ပါ့)၊ သူတို့ကတော့ တွဲတော့ တွဲဖက်ပဲ။ (မှန်ပါ့)၊ တွဲဖက်မှာ တစ်ခုခု လွန်တော့၊ ဝီရိယ လွန်တော့ စိတ်က ရမှာ မဟုတ်ပါဘူးဆိုတဲ့ ဥဒ္ဓစ္စဘက်ပြေး တတ်တယ် ။ (မှန်ပါ ဘုရား)။
သမာဓိလွန်ပြန်ရင် ထိနမိဒ္ဓ
သမာဓိလွန်ပြန်တော့လည်း ထိနမိဒ္ဓိဆိုတဲ့ ငိုက်မျဉ်း တဲ့ဘက် ပြေးတတ်တယ်။ (မှန်ပါ့)၊ ဒါကြောင့် သူတို့ နှစ်ခုညီအောင် ထားပြီး ဒကာဒကာမတွေက သာသနာတွင်းသား ဖြစ်နေရင် ရ, ရမယ်၊ မညီလို့မရတာဘဲဆိုပြီး ညှိပေး။ (မှန်ပါ့)။
ဒကာကြွယ် အခုပြောတဲ့အချက်တွေဟာ အရေးကြီး တယ်နော်။ (မှန်ပါ့)၊ ဘာဖြစ်လို့တုံး ဆိုတော့ လိုချင်လို့ လုပ်ပြန်ပါ သော်လည်း၊ လွန်တာ ကျွံတာရှိနေရင်လည်း ဆရာက ညှိမပေးလို့ရှိရင် ဒကာကြွယ် နည်းမမှန်လို့ မရတာ လည်း ရှိသေးတယ်။ (မှန်ပါ့ ဘုရား)။
အဲဒီတော့ အားလုံးတရားနာလာကြတဲ့ ဒကာဒကာမ တွေ အားလည်း ထုတ်ကြပါ။ (မှန်ပါ့)၊ အားထုတ်ကြတဲ့ အခါ ဝီရိယလည်း မလွန်စေနဲ့ ။ သမာဓိလည်း မလွန် စေနဲ့။ (မှန်ပါ့)၊ သမာဓိလွန်ရင် ငိုက်မျဉ်းတဲ့ဘက် သွားပါတယ်။ (မှန်ပါ့)၊ ဝီရိယလွန်ရင် ဥဒ္ဓစ္စဘက်သွား ပါတယ်။ (မှန်ပါ့)။
ဥဒ္ဓစ္စဘက်သွားပြန်လည်း မရဘူး၊ ငိုက်မျဉ်းတဲ့ဘက် သွားပြန်ရင်ကော (မရပါ ဘုရား)၊ မရတော့ သူတို့နှစ်ခု ဟာ တစ်ခုခုလွန်ရင် စောင်းတယ်။ (မှန်ပါ့)။
ဝီရိယနဲ့ သမာဓိညီညွတ်ပါစေ
ဒါကြောင့် ဦးမာဒင်တို့လူစုက ဝီရိယနဲ့ သမာဓိကို ညီအောင် နွားနှစ်ကောင် ကြိုးစုံကိုင်ပြီး မောင်းသလို (မှန်ပါ့)၊ တစ်ခါတည်း ဖြစ်ပျက်ရှိတဲ့ဘက်ကိုစုံ၊ သူမသာ ငါမသာ လွှတ်ရမယ် ။ (မှန်ပါ့ ဘုရား)။
ဒကာကြွယ် ရိပ်မိပြီလား။ (ရိပ်မိပါပြီ)၊ ဝီရိယနဲ့ သမာဓိကို သူမသာ ငါမသာ ဖြစ်ပျက်တဲ့ဆီ လွှတ်ပေး ပါ။ (မှန်ပါ့)၊ ရိပ်မိပြီလား ။ (ရိပ်မိပါပြီ ဘုရား)။
အဲဒီတော့ သာသနာတွင်းသား ဖြစ်ပေမယ့်လည်း အညှိကလေး လိုနေပြန်တော့လည်း အချိန်ကြာတတ် တယ်။ (မှန်ပါ့)၊ အခုတော့ ဆရာဘုန်းကြီးက ဟာ ဒကာကြီးဦးမာဒင်၊ ဒကာသစ် အားလုံး ဒကာ ဒကာမတို့ ဝီရိယနဲ့ သမာဓိကို ညီနေအောင် ခန္ဓာဖြစ်ပျက်တဲ့ဆီ လွှတ်ပါ။ (မှန်ပါ့)၊ ဘာဖြစ်လို့တုံး၊ ခင်ဗျားတို့ရှုတဲ့ မဂ္ဂင်ငါးပါးထဲမှာ ဝီရိယနဲ့ သမာဓိက ပါပြီးသားဖြစ်နေ တယ်။ (မှန်ပါ့)။
သဒ္ဓါနဲ့ ပညာညီညွတ်ပါစေ
နောက်တစ်ခါ ညီညွတ်ဖို့ရာက သဒ္ဓါဆိုတဲ့ သဒ္ဓါ တရားရှိလို့ ဒီအလုပ် လုပ်တာ ။ (မှန်ပါ့)၊ သဒ္ဒါနဲ့ပညာ နဲ့ကိုလည်း ဒကာကြွယ်တို့၊ ဦးမာဒင်တို့ ညီနေအောင် လွှတ်ပါ။ (မှန်ပါ့)။
သဒ္ဓါနဲ့ပညာကို (ညီနေအောင် လွှတ်ရပါမယ်)။ ဖြစ်ပျက်ရှိတဲ့ဆီကိုနော်။ (မှန်ပါ့ ဘုရား)၊ သဒ္ဓါပညာ ဘာလုပ်မလဲ။ (ညီအောင် လုပ်ရပါမယ် ဘုရား)။
ညီအောင်လွှတ်လိုက်ပါ၊ သဒ္ဓါလွန်ပြန်တော့လည်း ဒကာဒကာမတို့ သဒ္ဓါလွန်တဲ့ အခါကျလို့ ရှိရင်လည်း ဟိုဘက် ကို သွားတတ်တယ်ဆိုတာ ဆိုးရွားပါတယ်။ (မှန်ပါ့)၊ တဏှာဘက် ပြေးသွား တယ်။ (မှန်ပါ့)၊ ဘုရားကို ကြည်ညိုပါ တယ် ကြည်ညိုပါတယ် ဆိုပြီး ခင်တဲ့ဘက် ပြေးသွား တယ်။ (မှန်ပါ့)၊ ဒါလည်း မကောင်းဘူး။ (မှန်လှပါ)
ပညာ လွန်ပြန်တော့လည်း၊ အတွေးအဆ ပညာက ထက်မြက် ပြန်တော့လည်း ကောက်ကျစ်တဲ့ ဘက် ပြေး တယ်။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ)။
ဒါဖြင့် သဒ္ဓါနဲ့ပညာ ကိုလည်း သဒ္ဓါက ယုံကြည်ကြရ မယ်ဆိုတာ ယုံကြည်မှ (မှန်ပါ့)၊ ပညာကလည်း အင်း ဆိုက်ခနဲ ဆိုက်ခနဲ ဖြစ်ပျက်နဲ့ ကိုက်အောင် လုပ်ပါ။ (မှန်ပါ့)။
အဲဒီတော့ သစ္စာနဲ့ပညာ ညီပြန်လို့ ရှိရင်လည်း ဒကာကြွယ်၊ ဦးမာဒင်တို့လိုက်။ (မှန်ပါ့)။
ဒါဖြင့် ဝီရိယနဲ့ သမာဓိကိုလည်း ညီညွတ်အောင် လွှတ်ပါ၊ သဒ္ဒါနဲ့ပညာကိုလည်း (ညီညွတ် အောင် လွှတ်ရ ပါမယ် ဘုရား)၊ ဘယ်ဟာကို လွှတ်ရမှာပါလိမ့် (ဖြစ်ပျက် ဆီလွှတ်ရမှာပါ ဘုရား)၊ ဒကာသစ် နေရာကျပြီ။ (မှန်ပါ့)။
သဒ္ဓါ၊ ပညာ၊ ဝီရိယ၊ သမာဓိ ညီညွတ်အောင် လုပ်ပါ
ဖြစ်ပျက်ရှိတဲ့ ဆီကို ဦးမာဒင်ရေ ဒီလေးခု စုံလွှတ်ရမယ် (မှန်ပါ့)၊ စုံလွှတ်တဲ့ အခါကျလို့ ရှိရင် ပညာ မလွန်တော့လည်း ကောက်ကျစ်စဉ်းလဲတဲ့ သဘောတရား ဝင်ခွင့်မရဘူး။ (မှန်ပါ့)၊ အဲဒါကြောင့် သဒ္ဓါ၊ ပညာ၊ ဝီရိယ၊ သမာဓိကိုဖြင့် ဣန္ဒြေ္ဒညီညွတ်အောင်လုပ်၊ ဒါပါ ပဲ။ (မှန်ပါ့)။
အဲဒီတော့ ပါရမီ ပြည့်စုံပြီးသားဟာလည်း ညှိပေး မယ့် ဆရာသမား ကင်းပြန်လို့ရှိရင်လည်း ဒကာသစ်ရေ အချိန်နှောင်းသွားတယ်။ (မှန်ပါ့)။
တစ်ခါတည်းခရီးပေါက်ဖို့ပြောနေတာ
အားလုံး ဒကာဒကာမတွေ ဒီနေ့ပြောတဲ့စကားဟာ အလုပ်သမားမှာ တစ်ခါတည်း ခရီးပေါက်ဖို့ ပြောနေတယ် လို့ မှတ်ရမယ် ။ (မှန်လှပါ)၊ အလုပ်သမားမှာ(ခရီး ပေါက်ဖို့ ပြောနေပါတယ် ဘုရား)။
အဲဒီတော့ ဒါ ခရီးဟာ ကန့်လန့်ဖြစ်တာတွေ ဒကာကြွယ် ဖော်ပြနေတယ်။ (မှန်လှ ဘုရား)၊ နိဗ္ဗာန်သွားတဲ့ ခရီးဖော် သူတို့ မဖြောင့်လို့ မဂ္ဂင်လမ်းပေါ် မရောက်ဘဲနေမှာ စိုးလို့ ပြောနေတယ်။ (မှန်ပါ့)၊ သဘောပါကြပလား။ (ပါ-ပါပြီ)။
အဲ သတိတော့ဖြင့် ဒကာ ဒကာမတို့ သေသေ ချာချာမှတ်ပါ၊ သတိကတော့ဖြင့် သူက ဘယ်တော့မှ လွန် တယ် မရှိဘူး၊ သတိက လိုတာသာရှိတယ်။ (မှန်ပါ့)၊ တခြားသော တရားများ ကဲ့သို့ လွန်တယ်လို့ မရှိပါဘူး။ (မှန်ပါ့)။
အဲဒီတော့ သတိတော့ဖြင့် ဒကာကြွယ်တို့၊ ဦးမာဒင် တို့က မလစ်စေနဲ့။ (မှန်ပါ့)၊ မလစ်စေနဲ့ ဆိုတော့ ဖြစ်ပျက် ပေါ်တိုင်း ပေါ်တိုင်း သတိထားမယ်၊ သဒ္ဒါနဲ့ပညာလည်း ညီအောင် လုပ်မယ်၊ ဝီရိယနဲ့ သမာဓိကော (ညီအောင် လုပ်ရပါမယ် ဘုရား)။
ဒါဖြင့် ဒီငါးခုဆိုလို့ရှိရင် မဂ္ဂင်ငါးပါးညီညွတ်သွားလို့ ရှိရင်ကွာတဲ့၊ မင်းတို့ ဣန္ဒြေ္ဒ ညီတဲ့ အတွက် ဘယ်နည်းနဲ့ မှ မရမရှိပါဘူး။ (မှန်ပါ့)၊ ဆိုတော့ ဒကာသစ် သိပ်အား ရှိစရာ ကောင်းပါကလား။ (ကောင်းပါတယ် ဘုရား)။
ဒကာကြွယ် ဒီအတိုင်း ညှိရမှာနော်။ (မှန်ပါ)။ သစ္စာနဲ့ ပညာ ဘာလုပ်ရမလဲ။ (ညီအောင်ညှိ ရပါမယ် ဘုရား)၊ ဝီရိယနဲ့ သမာဓိ (ညီအောင် ညှိရပါ့မယ် ဘုရား)၊ သတိကို ဘယ်တော့မှ မလစ်ရဘူး။ (မှန်ပါ့)၊ ရှင်းပြီနော် (ရှင်းပါပြီ)။
အဲဒီကဲ့သို့ ဘုန်းကြီးတို့ ဒကာဒကာမတွေက သြော် ငါ ပါရမီမရှိလို့ မဟုတ်ပါဘူး၊ ပါရမီက ဆရာဘုန်းကြီး တရားဟောစက ပြောခဲ့ပြီ၊ ပြည့်ပြီးသား ပုဂ္ဂိုလ်တွေ (မှန်ပါ့)၊ ဘယ့်နှယ်ကြောင့် ဖြစ်ပျက်ဆုံးတဲ့ နိဗ္ဗာန်ကြီးကို ငါ မမြင်သေးပါလိမ့်မတုံးလို့ တွေးလုံးထုတ်လို့ရှိရင် ဒီလေးခု တစ်ခုခု လွန်နေပါလိမ့်မယ်။ (မှန်ပါ့)။
ရှင်အာနန္ဒာတစ်ညလုံး အားထုတ်တယ်
အဲဒီတော့ ခုနင်က ရှင်အာနန္ဒာ ပြန်ကောက်လိုက်၊ ရှင်အာနန္ဒာသည် တစ်ညလုံး စကြႍသွားပြီး အားထုတ်တော့ ဦးမာဒင်ရေ ဝီရိယလွန်နေတယ်။ (မှန်ပါ့)၊ သမာဓိက နည်းတယ်။ (မှန်ပါ့ ဘုရား)။
ဒါနဲ့ သူ့စိတ်ထဲ ဪမိုးကလည်း လင်းတော့ မယ်၊ မိုးလင်းလို့ ရှိရင် ပထမသံဂါယနာတင်ပွဲ ရဟန္တာတွေ ပွဲထဲလည်း သွားရတော့မယ်။ (မှန်ပါ့)၊ ငါကလည်း အခု အရဟတ္တဖိုလ် မရောက်သေး၊ ရဟန္တာအဖြစ်သို့ မရောက်သေး၊ သောတာပန်ကတော့ ရှင်ပုဏ္ဏက ဟောထားလို့ တည်ပြီး ပြီ။ (မှန်ပါ့)။
ဘုရားကတော့ ဗျာဒိတ်ထားခဲ့တယ်၊ မင်းမှာ ပြီးပြီး သား အကြောင်းရှိတယ်၊ မငိုနဲ့တဲ့။ (မှန်ပါ့)၊ မင်းငါနဲ့ တွေ့ကတည်းက ပြီးပြီးသားအကြောင်းရှိတယ်ဆိုတာက သေချာနေတယ်။ (မှန်ပါ့)၊ မသေချာဘူးလား။ (သေချာပါတယ် ဘုရား)။
ပြီးပြီးသားအကြောင်းရှိကြလို့ ဒီလိုဆရာကောင်း နဲ့ ကြုံရတာ
အဲ-ဒီဒကာ ဒကာမတွေမှာလည်း ပြီးပြီးသား အကြောင်းကရှိလို့ဒီသာသနာတော်ကြီးနဲ့ ဒီလို ဆရာကောင်း သမားကောင်းနဲ့ ဒီလိုကြုံလာတာ ဒကာသစ်-ရ ဘာမှ လိုလေသေး မရှိဘူး။ (မှန်ပါ့)၊ ခုနင်က ပြောခဲ့တဲ့ အညှိကလေး မတည့်သေးလို့ ကြာနေကြတာ။ (မှန်ပါ့ ဘုရား)၊ သဘော ကျပလား။ (ကျပါပြီ ဘုရား)။
ဘာကလေး မတည့်သေးလို့လဲ (အညှိကလေး မတည့်သေးလို့ပါ ဘုရား)၊ အေးဣန္ဒြေ္ဒ ညှိနှိုင်းမှုကလေး တစ်ခုခုလိုနေသေးလို့ ငါ ဘာဖြစ်ပါလိမ့်မတုံးဆိုတာကို ယနေ့ ဖော်ပြနေတာပဲ။ (မှန်ပါ)။
ငါ ဘာဖြစ်နေပါလိမ့်မတုံး၊ ရက်တွေ ကြာလိုက် တာ၊ ဘယ့်နှယ်များ ဖြစ်နေပါလိမ့်မတုံး လို့ ဒကာကြွယ် က စိတ်ပျက်ချင်လည်း ပျက်လိမ့်မယ်။ (မှန်ပါ့)၊ မညှိတတ် သေး၍ ဖြစ်ပါတယ်။ (မှန်ပါ့)၊ ရှင်းပလား ။ (ရှင်းပါပြီ)၊ အခုညှိတတ်ပလား။ (ညှိတတ်ပါ ပြီ ဘုရား)။
အဲ ဒါကိုလည်း ကြားပေါက် ကြားပေါက် ဦးမာဒင် သတိပေးရတယ်။ (မှန်ပါ့)၊ မပေးရင် တော်ပါ့ မလား ။ (မတော်ပါ ဘုရား)၊ မတော်ဘူး-တဲ့၊ ဒီဥစ္စာ အလုပ်သမားမှာ တစ်ခါတလေ ဝီရိယလွန်နေ တစ်ခါတလေ သမာဓိက လွန်နေတတ်တော့၊ လွန်နေပြန်တော့လည်း ရက်တွေ ပုပ်ပြီးသကာလ ဒကာကြွယ်ရေ-ကန့်လန့်ဖြစ်နေ တယ်။ (မှန်ပါ့)၊ သဘောပါပလား။ (ပါ-ပါပြီ ဘုရား)။
တရားပေါ်၌ ယုံကြည်မှုရှိပါ
အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာဒကာမတွေ သစ္စာ ဆိုတဲ့ တရားပေါ်၌ ယုံကြည်မှု ရှိပြီး ဒီဟာရ, ရမယ်။ (မှန်ပါ့ ဘုရား)၊ “သွာက္ခာတော ဘဂဝတာ ဓမ္မော ” ဘဂဝတော = မြတ်စွာဘုရားသည်။ ဓမ္မော တရားကို။ သွာက္ခာတော = အကောင်းဟောထားတာ။ (မှန်ပါ့)။
ဒီ အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဆိုတာ သူများ ဟောတာ မဟုတ်ဘူး၊ ဘုရားကိုယ်က ကောင်းစွာ ဟောထားတာ။ (မှန်ပါ့)၊ ကောင်းကောင်းထားတဲ့ တရားမို့ တို့က မကောင်းလို့လား၊ ဒီဟာ အနိစ္စ၊ ဒုက္ခ၊ အနတ္တအလုပ်ဟာ၊ မရသေးတာဟာ တို့ တစ်ခုခု လိုလို့ပဲ၊ ဘုရားကတော့ – ကောင်းစွာ ဟောထားတာ၊ အကောင်းဖြစ်ဖို့ ဟောထားတာ၊ နိဗ္ဗာန်ရမှ ရမယ်လို့ ဟောထားတာ။ (မှန်ပါ့)၊ ဒကာသစ် ဒီလိုသွားရမယ်နော်။ (မှန်ပါ့)။
ကဲ ဒါဖြင့် ဒကာ ဒကာမတို့၊ ရှင်အာနန္ဒာသည် ဝီရိယလွန်နေတယ်ဆိုတာ ပေါ်သွားပြီ။ (ပေါ်ပါပြီ ဘုရား)။
ရှင်အာနန္ဒာ ဘာလွန်နေပါလိမ့်။ (ဝီရိယ လွန်နေပါတယ် ဘုရား)၊ ဝီရိယလွန်နေတယ်ဆိုတာ ဘုန်းကြီး တို့ ဒကာဒကာမတွေ မှတ်ထားတော့၊ ကိုင်း-ဝီရိယ ခဏနား ပါဦးမယ်ဆိုပြီး သူ့ စကြႍ သွားနေတဲ့ ဘေးနားမှာ အိပ်ရာ ညောင်စောင်း ကလေး တစ်ခု ရှိနေတယ်နော်။ (မှန်ပါ့ ဘုရား)၊ သို့သော်လည်း သတိကတော့ မလစ်ရဘူး။ (မှန်ပါ့)၊ သတိမလွတ်ဘူး၊ ဒီနေရာ ညောင်စောင်းပေါ် ခဏတော့ ကျောကလေး လှဲလိုက်ဦးမယ် ဆိုပြီးသကာလ လှဲလိုက် တဲ့အခါမှာ ဒကာကြွယ်တို့၊ ဦးမာဒင်တို့ ဝီရိယနဲ့ သမာဓိက ညီပြီး ထွက်သွားတယ်၊ သဒ္ဓါပညာကလည်း ညီထွက်သွား တယ်။ (မှန်ပါ)။
ရှင်အာနန္ဒာရဟန္တာဖြစ်သွားတယ်
အဲဒီမှာ ဝီရိယ လျှော့လိုက်တော့၊ ညီပြီးထွက်သွား တော့ သူ ခုတင်ညောင်စောင်းပေါ်မှာ ခြေထောက်နဲ့ မြေကြီးနဲ့လည်း လွတ်ခါကလေး (မှန်ပါ့)၊ ခေါင်းအုံးနဲ့ ခေါင်းနဲ့လည်း မထိသေးဘူး။ (မှန်ပါ့)၊ အဲဒီကြားမှာ ရဟန္တာဖြစ်သွားတယ်။ (မှန်ပါ ဘုရား)။
ကဲ ဒကာ ဒကာမတို့ ညီညွတ်ပြန်တော့လည်း ခဏကလေး (မှန်ပါ့)၊ ကြည့်လေ၊ သူ ညောင်စောင်းပေါ် တင်ပါးကလေး လွှဲပြီး ထိုင်လိုက်တော့ ခြေထောက်နဲ့ မြေကြီးနဲ့လည်း လွတ်ကာကလေး ရှိသေးတယ်၊ ခေါင်းအုံးနဲ့ ခေါင်းနဲ့က မထိသေးဘူး၊ ဒီကြားထဲမှာ ရဟန္တာ ဖြစ်တယ် ဆိုတော့ ဪ ညီညွတ်တော့လည်း ခဏကလေးပါ ကလား။ (မှန်ပါ့ ဘုရား)။
အခု ဒကာသစ်က စဉ်းစားကြည့်တာပေါ့။ ဒီကြားဆို တာ အချိန်များသလား ။ (မများပါ)၊ ခေါင်းအုံးနဲ့ လှဲအိပ် မယ်ဆိုပြီးတော့ ခြေထောက်လည်း မြေကြီးက မလွတ်၊ ခေါင်းအုံးဆီလည်း မရောက်သေးဘူး။ (မှန်ပါ့)၊ မရောက်ခင် တွင် အာသဝေါ ကုန်သွားတယ်လို့ ဆိုတော့ ဒကာကြွယ်ရေ ညီညွတ်ပြန်တော့လည်း ခဏကလေးပဲဆိုတာ ဦးမာဒင် မှတ်ရမယ် ။ (မှန်ပါ့ ဘုရား)။
ညီညွတ်ပြန်တော့လည်း၊ ခဏလေးပါ
ဘယ်လိုမှတ်ရမယ်။ (ညီညွတ်ပြန်တော့လည်း ခဏကလေးပါ)၊ ညီညွတ်ပြန်တော့လည်း ခဏလေးပဲဆိုတာ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက မှတ်ထားတော့၊ ဪ ဒါကလေးဟာလည်း အရေးကြီးတဲ့ အချက်ကလေး တစ်ခုပါလား ဆိုတာ ဦးမာဒင်တို့ မှတ်ရလိမ့်မယ်။ (မှန်ပါ့)၊ ဒကာ ကြွယ် မှတ်ထိုက် မမှတ်ထိုက်ဗျာ။ (မှတ်ထိုက်ပါတယ် ဘုရား)။
အခု ရှင်အာနန္ဒာမှာ တစ်ညလုံးဟာဖြင့် အမောသာ ဆိုက်ပြီးသကာလ နိဗ္ဗာန်မျက်မှောက် မပြုနိုင်ဘူး။ (မှန်ပါ့)၊ အခုတော့ ဝီရိယကလေး လျှောတဲ့ပြီးသကာလ ဒကာဒကာမတို့ ကဲ ခဏနားပါဦးမယ်၊ ဝီရိယနည်းနည်း လျှော့ပါဦးမယ်ဆိုပြီး လျှော့လိုက်တဲ့အချိန်မှာ နဂိုက သမာဓိ ပညာတွေနဲ့သွားပြီး ညီပြန်တယ်။ (မှန်ပါ့)၊ ရှင်းပလား ။ (ရှင်းပါပြီ ဘုရား)။
ရဟန္တာဖြစ်ပုံ တော်တော်ထူးဆန်းတယ်
အဲဒီကဲ့သို့ ညီလိုက်တဲ့အချိန်ကျတော့ ခြေထောက်နဲ့ မြေကြီးနဲ့လည်း လွတ်ကာစ၊ ခေါင်းအုံးနဲ့ ခေါင်းနဲ့လည်း မထိခင်ကြားမှာ ရဟန္တာဖြစ်တယ်၊ အာသဝေါတွေ ကုန်တယ် ဆိုတော့ ဒကာ ဒကာမတို့ တော်တော်ထူးဆန်းတဲ့ ပုဂ္ဂိုလ် ပဲ။ (မှန်ပါ ဘုရား)။
အဲဒီတော့ ယနေ့ သူ့ကို ရှင်းရှင်းလင်းလင်း ပြောရ သဖြင့် ဘုန်းကြီးတို့ အလုပ်သမားတွေ အတွက်မှာ အလုပ်လုပ်တတ်ငြား သော်လည်း ဣန္ဒြေ္ဒ အညှိက လိုပါသေးကလား။ (မှန်ပါ့)။
ညှိနှိုင်းမှုကလေး (လိုပါတယ် ဘုရား)။ ဒါတွေ လည်း သိရတော့၊ ရှင်အာနန္ဒာကို တစ်ခါ နမူနာ ထုတ်လိုက် ပြန်တော့ ဒကာသစ် ကိုက်သွားတယ်။ (ကိုက်ပါတယ်)၊ သူ နဂိုက ဘယ်သွားနေ တာတုံ။ (ဝီရိယလွန်နေတာပါ ဘုရား)။
အဲ ဝီရိယလွန်ပြီး သကာလ နေတော့ ကိုင်း ခဏနားပါဦးမယ် ဆိုတော့ ဝီရိယကလေးက နည်းနည်း လျှော့မသွားဘူးလား။ (လျှော့သွားပါတယ်)၊ သို့သော် လည်း ဖြစ်ပျက်ကိုတော့ သူ လက်မလွှတ်ဘူး (မှန်ပါ့)၊ ဖြစ်ပျက်ကတော့ လက်မလွှတ်ဘူး ဒကာကြွယ်ရေ။ (မှန်ပါ့ ဘုရား)။
လက်မလွှတ်တော့၊ သတိလည်း အမြဲတမ်းရှိနေ တော့၊ ဖြစ်ပျက် လက်မလွှတ်တော့ ဝီရိယကလေးလည်း သူ လျှော့ပြီးသကာလ ခဏကျောခင်းပါဦးမယ်ဆိုတဲ့ အသွားကလေး၊ ဒီစိတ်ကူးကလေး ပေါ်လိုက်တာ၊ သို့သော် ကမ္မဋ္ဌာန်း မလွတ်ရဘူး။ (မှန်ပါ)၊ ဒီတော့ ခြေထောက်နဲ့ မြေကြီးနဲ့ လည်း လွတ်ကာစ၊ ခေါင်းအုံးနဲ့ ခေါင်းနဲ့လည်း မထိခင်မှာ ရဟန္တာဖြစ်တယ်။ (မှန်ပါ့)။
ဒါဖြင့် ရဟန္တာဖြစ်တဲ့အထဲမှာဖြင့် ရှင်အာနန္ဒာဟာ တော်တော်ဆန်းတဲ့ ပုဂ္ဂိုလ်ပဲ-၊ (မှန်ပါ)၊ မဆိုထိုက်ဘူးလား။ (ဆိုထိုက်ပါတယ် ဘုရား)။
တချို့ ထိုင်ရင်းဖြစ်တယ်ဆိုတော့ အင်း ကြာလှ ပြီ၊ ကြာတဲ့အခါကျတော့ မဂ်ဉာဏ်တွေ အစဉ်အတိုင်း ပေါ်လာလို့ ရတာတွေ တစ်ပုံကြီးပေါ့ဗျာ။ (မှန်ပါ့)၊ သူကတော့ ဒီလိုကို မဟုတ်ဘူး၊ ခပ်ဆန်းဆန်း ဖြစ်နေတော့ ခြေထောက်နဲ့ မြေကြီးလွတ်ကာ၊ ခေါင်းနဲ့ ခေါင်းအုံးနဲ့လည်း မထိမီကြားမှာ ရဟန္တာဖြစ်တယ်လို့ဆိုသဖြင့် ဒကာဒကာမတို့ ဒီကြားထဲမှာ အာသဝေါကုန်သွားတာသည် ခုနင်က ညှိနှိုင်းမှု ညီတဲ့အချိန်ဖြစ်တာပဲ။ (မှန်ပါ့ ဘုရား)။
ညှိနှိုင်းမှုညီတဲ့အချိန်ဖြစ်ပါတယ်
ဘယ်လိုဆိုကြမလဲ။ (ညီတဲ့အချိန်ဖြစ်ပါတယ်)၊ ညှိနှိုင်းမှုညီတဲ့ အချိန်မှာဖြင့် အရေးတကြီး သူ့ကိစ္စပြီးသွား တယ်။ (မှန်ပါ့ ဘုရား)။
ဒကာကြွယ်ရေ၊ ဒါဖြင့် ဒီအရေးဟာ ကြီးသပေါ့ဗျာ (ကြီးပါတယ်)၊ ဒါကြောင့် ဒီနေ့ တရားပွဲ နာကြတဲ့ ဒကာ ဒကာမတွေ ဖြစ်ပျက်ဆီကို သဒ္ဓါပညာ မလွန်အောင် လွှတ်ပါ။ (မှန်ပါ့)၊ ဝီရိယ သမ္မာဓိ ဘယ်သူမှ မလွန်ဘဲနဲ့ ညီညွတ်အောင် လွှတ်ပေးပါ။ (မှန်ပါ့ ဘုရား)။
သတိအမြဲရှိပါစေ
သတိကို ဘယ်အခါကာလမှ မလွတ်ပါစေနဲ့။ (မှန်ပါ့)၊ ဟာ ဘုန်းကြီးက တပည့်တော်တို့ ထိန်းရမှာ တွေက အများကြီး၊ အားထုတ် ရမှာတွေက အများကြီးလို့ ဒီလို မယူပါနဲ့ ။ (မှန်ပါ)၊ သူတို့က ရှုလိုက်ကတည်းက ဖြစ်ပျက်ငါးခု စုံဝင်တယ်။ (မှန်ပါ့ ဘုရား)။
ဒကာသစ်ရေ ရှုလိုက်ကတည်းက ဘာတဲ့တုံး (ငါးခုစလုံး ဝင်တယ်)၊ ငါးခုဟာ တစ်ခါတည်း ဖြစ်ပျက်ရှိတဲ့ဆီ ကို စုံဝင်တာပဲတဲ့၊ သို့သော်လည်း တစ်ခုခု လွန်နေပြန်တော့ လည်း ဖြစ်ပျက်တော့ မြင်ပါရဲ့၊ ဝီရိယ လွန်နေပြန် တော့လည်း ဣန္ဒြေ္ဒမမျှလို့ ဒကာ ဒကာမတို့ မဂ္ဂင်ငါးပါးက ရှစ်ပါး ဖြစ်လာဖို့ အရေးဟာ နှောင့်နှေးနေတယ်။ (မှန်ပါ့)။ ရှင်းပလား ။ (ရှင်းပါပြီ)၊ ရှစ်ပါးဖြစ်မှလည်း နိဗ္ဗာန်ကို တွေ့ ရမှာကိုး။ (မှန်ပါ ဘုရား)။
အဲဒါကြောင့် စုံဝင်ငြားသော်လည်း သူက ရှေ့က သွားမယ်၊ ငါက နောက်က လိုက်မယ် ဆိုတော့ စုံတော့ ဝင်ငြား သော်လည်း ရှေ့နောက်ဆွဲ နေလို့ရှိရင် ဒကာသစ် ဒီဥစ္စာ တစ်ခုခုလွန်လို့။ (မှန်ပါ့)၊ သဘောကျရဲ့လား။ (ကျပါတယ် ဘုရား)။
အဲ ပန်းဆွတ်သလို ဒကာဒကာမတို့ စုံဝင်တဲ့ နွားနှစ်ကောင်စလုံးဟာ ပန်းတိုင်ကို စုံရောက်ပါမှ နေရာကျ မယ်။ (မှန်ပါ့ ဘုရား)။
ကိုယ့်ဟာကိုယ်ချိန်ဖို့အရေးကြီးတယ်
ဒါဖြင့် အားလုံး ဒကာဒကာမတို့ သြော် လုပ်နည်း နိဿရည်း ကလည်း ဆရာမပြ နည်းမကျ ဆိုသလို ပဲ ဒီအရေးဟာလည်း အလုပ်ခွင်မှာ ကိုယ့်ဟာကိုယ် ချိန်ဆဖို့ အရေးဟာ ကြီးပါကလားဆိုတာ ဒကာကြွယ်တို့၊ ဦးမာဒင်တို့ ပေါ်လာတယ်။ (ပေါ်လာပါတယ်)၊ ရှင်းပြီနော်။ (ရှင်းပါပြီ ဘုရား)။
ကောင်းပြီ၊ ဒါ ဘာများ ဟောနေပါလိမ့်မတုံး ဆို တော့ အလုပ်သမားမှ နားလည်တယ်။ (မှန်ပါ့ ဘုရား)။
ဘယ်သူမှ နားလည်သတုံး ။ အလုပ်သမားမှ နားလည်ပါတယ်ဘုရား။
အလုပ်သမား မဟုတ်တဲ့ ပုဂ္ဂိုလ်တွေက ဘုန်းကြီး ပြောနေတာ ဘာပါလိမ့်မတုံးလို့ ဒကာကြွယ် ပြောချင်ပြောကြ မယ်။ (မှန်ပါ့)၊ သူမှ နားမလည်ဘဲကိုး။ (မှန်ပါ့)၊ အဲဒီတော့ နားမလည်တဲ့ ပုဂ္ဂိုလ်တွေ ကလည်း မှတ်သားထား၊ ကိုယ်လုပ်တော့ ဒီမူလိုက်ရလိမ့်မယ်ဆိုတာ မှတ်ထားပေါ့။ (မှန်ပါ့)၊ ရှင်းပြီနော်။ (ရှင်းပါပြီ ဘုရား)။
နှောင့်နှေးနေတာဘာ့ကြောင့်ပါလိမ့်
ကိုင်း ဒါဖြင့် ဒကာဒကာမတို့ ပါရမီက ဘယ်လို စဉ်းစားကြမတုံး၊ ပြည့်ပြီးသား။ (မှန်ပါ့)၊ ပြည့်ပြီးသား နှောင့်နှေးနေတာ ဘာ့ကြောင့်ပါလိမ့်မတုံး။ (မညှိတတ် လို့ပါ ဘုရား)၊ ဣန္ဒြေ မညှိတတ်လို့။
ရှင် အာနန္ဒာ ကြည့်၊ ခုတင်ပေါ် ခဏကလေး တက်လိုက်တာက အကျိုးရှိတယ်။ (မှန်ပါ့)၊ ကဲ ဒကာသစ်မကွာခြားဘူးလား။ (ကွာခြားပါတယ် ဘုရား)။ သဘောပါကြပလား။ (ပါပါတယ် ဘုရား)။
အေး ဒါကြောင့် တစ်ခါတလေ ကျတော့ ဘုရား သခင်ကိုယ်တော်မြတ်ကြီးက ရှင်မောဂ္ဂလာန်ကြီးများ တရား အားထုတ်နေတဲ့အခါ၊ သမာဓိလွန်ပြီး ထိနမိဒ္ဓများလာတဲ့ အခါ အမြန်ကြွသွားပြီး ပြောရတယ်။ (မှန်ပါ့)၊ ဟေ့ ထိနမိဒ္ဓတွေ လွန်နေတယ်၊ ဝီရိယတွေ တင်းပေး ဦးကွ၊ အံမာ ဦးမာဒင်၊ သွားပြောပေး နေရတယ်။ (မှန်ပါ့)၊ အကျိုး စီးပွား အလိုရှိတော်မူတဲ့ ကိုယ်တော်ကြီးကိုဗျ။ (မှန်ပါ့) ကပျာကယာ သွားညှိပေးရတယ်။ (မှန်ပါ့ ဘုရား)။
ဒီလို ညှိပေးရတဲ့ ဝတ္ထုသက်သေသာဓကတွေ ဒကာ ကြွယ် ပြည့်နေတယ်။ (မှန်ပါ့)။
အဲဒါကြောင့် အားလုံး ဒကာဒကာမတွေ ဒီနေ့ အရေးဟာဖြင့် အလုပ်သမားအတွက်မှာ သတိထားရမည့် အချက်တွေချည့် ပြောနေတာပဲဆိုတဲ့ဥစ္စာ ဒကာသစ်
ကောင်းကောင်းပေါ်သွားပြီ။ (မှန်ပါ့)၊ မပေါ်သေးဘူး လား ။ (ပေါ်ပါပြီ ဘုရား)။
အလုပ်သင်နေတဲ့တရား
နောက်က ဒကာဒကာမတွေ ကိုယ့်ကို ကယ်တင် ချင်လို့ရှိရင်လည်း ကိုယ့်ကို သနားကြလို့ ရှိရင်၊ ဒီညှိလုံး ကလေးတွေနဲ့ အလုပ်လုပ်မယ်ဆိုလို့ရှိရင် ကိုယ့်ကိုယ်ကိုယ် သနား လို့ အပါယ်လေးပါး ထဲမှ ဆွဲတင်လိုက်တာပဲ။ (မှန်ပါ့)၊ ဒုက္ခဝဋ်ထဲမှ ဆွဲတင်လိုက်တာပဲ။ (မှန်ပါ့)၊ ဒုက္ခခပ်သိမ်း ငြိမ်းတဲ့ ဆီကို ပို့လိုက်တာပဲ။ (မှန်ပါ့)။
အဲဒါကြောင့် ဒကာကြွယ် လုပ်ဖြစ်အောင်လုပ်ပါ ဆိုတာလည်း တိုက်တွန်းရတယ်။ (မှန်ပါ့)၊ ညှိတတ်ပါစေ ဆိုတာကိုလည်း တိုက်တွန်းရတယ်။ (မှန်ပါ့)၊ ဦးမာဒင် အရေး မကြီးဘူးလား။ (ကြီးပါတယ် ဘုရား)။
ကိုင်း ဒါဖြင့် ဒါက ရှေ့ပိုင်းမှာ အလုပ်သင်နေ တယ်ဆိုတာ ဒကာကြွယ် မှတ်လိုက် ပေတော့။ (မှန်ပါ့)။
ကဲ ဒါဖြင့် ဒကာ ဒကာမတို့ မနေ့က ဝတ္ထု ဆက်ကြစို့။ (မှန်ပါ့)၊ မနေ့က ရှင်သာရိပုတ္တရာနဲ့ ရှင်ပုဏ္ဏ (မှန်ပါ့)၊ ရှင်ပုဏ္ဏက ဦးမာဒင်,ရေ အမေးခံသမား၊ ရှင်သာရိ ပုတ္တရာက အမေးသမား။ (မှန်ပါ) အားလုံးတော့ဖြင့် ဒကာကြွယ်က မှတ်လိုက်၊ ရဟန္တာနှစ်ပါး မေးမြန်းတာ။ (မှန်ပါ့)၊ သဘောကျပလား ။ (ကျပါပြီ)။
အားလုံးကတော့ ဘာတဲ့ ။ (ရဟန္တာနှစ်ပါး မေးမြန်းတာပါ ဘုရား)၊ ဪ သူတို့ မေးနေတာ ကဖြင့် ဒီဘက်အမေး ကိုယ်တော်ကြီး ကလည်း ပညာအရာ ဧတဒဂ် ရ (မှန်ပါ့ ဘုရား)၊ ဟိုကလည်း သူတစ်ပါးချွတ်ဖို့ စရိုက် ဖမ်းတဲ့နေရာမှာ၊ သူတစ်ပါးကို တရားဟော ချွတ်နိုင်တဲ့နေရာ မှာ သူကလည်း ဧတဒဂ်ရပဲ (မှန်ပါ့)၊ ရဟန္တာနှစ်ပါးပဲ။ သူ့ဂုဏ်ထူးနဲ့သူ ရှိကြတယ်။ (မှန်ပါ့)။
နောက်သူတွေလမ်းလွဲမှာစိုးလို့
အဲဒီနှစ်ပါး မေး-ဖြေနေတာသည် ဒကာကြွယ်, ရေ ရောက်ပြီးသား လမ်းကို နှစ်ပါးစလုံး သိပြီးသား။ (မှန်ပါ့)၊ မဂ္ဂင်လမ်းကို နှစ်ပါးစလုံး ရောက်လို့ နိဗ္ဗာန်ကို မြင်ပြီးသား ပုဂ္ဂိုလ်ချည့်ပဲ။ (မှန်ပါ့)၊ ဘယ်အတွက် ကြောင့် ဒီကိုယ်တော် နှစ်ပါးကလည်း ဒီအမေးနဲ့ ဒီအဖြေ လုပ်နေပါ့လိမ့်မတုံး လို့ မေးတဲ့အခါ ကျတော့မှ ဒကာ ဒကာမတို့ နောင်လာနောက်သားများ လမ်းလွဲမှာစိုးလို့။ (မှန်ပါ့)။
ဘယ်လိုပါလိမ့်။ (နောင်လာ နောက်သားများ လမ်းလွဲမှာ စိုးလို့ပါ ဘုရား)၊ ဒကာသစ် ဒါဖြင့် ကျုပ်တို့ အရေးပေါ့ဗျာ။ (မှန်ပါ့)။
ကျုပ်တို့က နောင်လာနောက်သား ဖြစ်နေတော့ ဒကာကြွယ် ကျန်ရစ်တဲ့ပုဂ္ဂိုလ်တွေ၏ ဝိပဿနာအလုပ်၊ ဝါသနာပါသော ပုဂ္ဂိုလ်တွေ၏ အရေး။ (မှန်ပါ့)၊ ကိုယ့် ကိုယ်ကိုယ် သနားတဲ့ ပုဂ္ဂိုလ်၏ (အရေးပါ ဘုရား)၊ ကိုယ့်ကိုယ်ကိုယ် ဒုက္ခပင်လယ်ဝေတဲ့ အထဲမှ ဆွဲထုတ်လိုသော ပုဂ္ဂိုလ်။ (အရေးပါ ဘုရား)၊ အရေးပဲ လို့ဆိုတာ သေသေ ချာချာမှတ်ပေတော့မှ ဦးမာဒင်ရေ၊ အားရှိစရာ ဘယ်လောက် ကောင်းတယ်။ (မှန်လှပါ့)၊ ကိုယ်တော်ကြီးတွေ ကရုဏာ ဟာ နှစ်ပါးစလုံး သေးသလား ။ (မသေးပါ ဘုရား)။
လမ်းမှန်ရစ်ကြပါစေ
အင်မတန်မှ ကျုပ်တို့အပေါ် နောင်လာ နောက်သား တွေဖြင့် တို့အမေး- အဖြေကြည့်ပြီး သကာလ လမ်းမှန်ရစ်ကြ ပါစေဆိုတဲ့ စိတ်ထားသည် ဒကာကြွယ် တယ်ပြင်းပြ ပါလား။ (ပြင်းပြပါတယ် ဘုရား)။
ကိုင်း ဒါဖြင့် ပြောကြပါစို့တဲ့၊ ရှင်သာရိ ပုတ္တရာက အင်မတန် တွေ့ချင်နေတုန်းပဲ တွေ့ရပါတယ် ။ (မှန်ပါ့)၊ တွေ့တော့ ဘယ်နေရာမှာ သွားတွေ့သတုံးဆိုတော့ ဘုရားရှေ့မှာတော့ဖြင့် မတွေ့ရပါဘူး။
ရှင်ပုဏ္ဏ
ပုဏ္ဏက သူဘုရားရှေ့မှာ လျှောက်စရာရှိတာ လျှောက်၊ ဘုရားက ဟောစရာရှိတာ ဟောပြီး သကာလ၊ ဘုရားက ဝမ်းမြောက်ကြောင်းတွေ ပြောပြီး သကာလ သူက အမ္ဗဝနဆိုတဲ့ သုသာန် တောထဲ သွားတဲ့ အခါမှာ ရှင်သာရိ ပုတ္တရာ၏ တပည့်တစ်ပါးက အရှင်ဘုရား အရှင်ဘုရား နေ့တိုင်း တောင့်တနေတဲ့ ရှင်ပုဏ္ဏဟာ ဘုရား အခု အန္ဓဝနတောသို့ သွားပါတယ်။
အို ငါ အင်မတန် တွေ့ချင်နေတာ လိုက်မှပဲ ဆိုပြီး နေကထိုင်ကလေး ကပျာကယာယူတဲ့ပြီး ဒကာကြွယ် နောက်က လိုက်တယ်။ (မှန်လှပါ)။
ဖြစ်ပျက်ဆုံးတဲ့နိဗ္ဗာန်ကို အာရုံပြုနေကြတယ်
နောက်ကလိုက်တော့ ဟိုကိုယ်တော်က ရှေ့ကသွား၊ ဒီကိုယ်တော်က နောက်ကလိုက်။ (မှန်ပါ့ ဘုရား)၊ ဟိုကျတော့ ရှင်ပုဏ္ဏက သစ်ပင်တစ်ပင်ရင်းမှာ ဖလသမာပတ် ဝင်စားနေလိုက်တယ်။ (မှန်ပါ့ ဘုရား)။
ဟာ ဒီအချိန်သွားလို့ မတော်သေးပါလား၊ ငါလည်း ဖလသမာပတ် ဝင်စားနေမှပဲဆိုပြီး ရှင်သာရိပုတ္တရာ က သစ်ပင် တစ်ပင်ရင်းမှာပဲ ဖြစ်ပျက်တွေရှုပြီး ဖြစ်ပျက်ဆုံးတဲ့ နိဗ္ဗာန်ကို အာရုံပြုနေကြတယ် ။ (မှန်ပါ့)၊ သဘောပါပြီနော် ။ (ပါပါပြီ ဘုရား)၊ ဖလသမာပတ်ဆိုတာ ဖြစ်ပျက် ဆုံးတဲ့နိဗ္ဗာန်ကို ဉာဏ်လှည့်နေတာကို မှတ်လိုက်စမ်း။ (မှန်ပါ့)။
ဖလသမာပတ်ဆိုတာ
ဖြစ်ပျက်ဆုံးတဲ့ နိဗ္ဗာန်ကို (ဉာဏ်လှည့်နေတာပါ ဘုရား)၊ အဲဒါ ဘာခေါ်ကြမယ်။ (ဖလသမာပတ်ပါ ( ဘုရား)။
ဪ ဖလသမာပတ်ဆိုတာ ဒါပဲကိုးဆိုတာ ဘယ့်နှယ်ကြောင့်တုံး ဆိုတော့ နိဗ္ဗာန်ကို အမြင်အားဖြင့် ရောက်ရတယ်။ (မှန်ပါ့)၊ ခန္ဓာကိုယ်ကတော့ဖြင့် မချုပ်သေးလို့ ဒကာ ဒကာမတို့ ခန္ဓာက မရောက်သေးဘူးပေါ့ ဗျာ။ (မှန်ပါ့)၊ အမြင်အားဖြင့်တော့ (ရောက်ပါပြီ ဘုရား)။
ရောက်နေတော့ ခန္ဓာရှိလျက်နဲ့ မြင်ရတဲ့ နိဗ္ဗာန်ကို သူတို့ အာရုံပြုနေလို့ ရှိရင်ဖြင့် ဘယ်ဝိတက်မှ မလာတော့ဘူး၊ ဘယ်ကိစ္စတွေမှ အရှုပ်အပွေ မရှိဘူး၊ သပိတ် ဆေးစရာ၊ သင်္ကန်း ခေါက်စရာ ကိစ္စတွေတောင်မှ သူတို့က အလိုမရှိ တော့ဘူး။ (မှန်ပါ့ ဘုရား)။
ရှင်သာရိပုတ္တရာ
အဲဒါနဲ့ ဖလသမာပတ် ဝင်စားနေကြတဲ့ အချိန်မှာ ညနေကျလာတော့ ဟိုပုဂ္ဂိုလ်လည်း ဖလသမာပတ် ဝင်စားရာ မှ ထ,ပြီးလာတဲ့ အချိန်မှာ ရှင်သာရိပုတ္တရာက အနားသွားပြီး သကာလ၊ အလ္လာပ သလ္လာပ ပြောပြီး သကာလ၊ မြတ်စွာ ဘုရားရှင် ကိုယ်တော်မြတ်ကြီးက နည်းယူပြီး သကာလ မည်သူပဲ ကျင့်ကျင့်၊ နိဗ္ဗာန်အကျိုးငှာ ကျင့်တာ မဟုတ်လားလို့ မေးတယ်နော်။ (မှန်ပါ့ ဘုရား)။
သီလစင်ကြယ်အောင်ကျင့်နေတာ
နိဗ္ဗာန်အကျိုးငှာ ကျင့်တာမဟုတ်လားလို့ မေးတဲ့ အခါကျတော့ မဟုတ်သေး ပါဘူးဘုရား တဲ့။ ဒါဖြင့်ကွာ တဲ့၊ ဘုရားက သီလကို အရင် စင်ကြယ်အောင် ကျင့်လို့ ဆိုတော့ အဲဒါကတော့ နိဗ္ဗာန်အကျိုး ငှာ ကျင့်တာ မဟုတ်ဘူးလား တဲ့၊ မဟုတ်သေးပါဘူး ဘုရားလို့ပဲ ဖြေလိုက်တယ်။ (မှန်ပါ့)။
ဒါဖြင့် သီလဝိသုဒ္ဓိ ဖြစ်ခြင်းသည် ဒကာဒကာမတို့ နိဗ္ဗာန်နဲ့ ဝေးနေသေးတယ်ဆိုတဲ့ အဓိပ္ပာယ်ပြတယ် ။ (ပြပါတယ် ဘုရား)၊ ရှင်းပြီးနော်။ (ရှင်းပါပြီ ဘုရား)။
သမာဓိအလုပ်တွေလုပ်နေတာ
ဒါဖြင့် ဘုရားတဲ့၊ သမာဓိ အလုပ်တွေ လုပ်နေတဲ့ ပုဂ္ဂိုလ်တွေကော နိဗ္ဗာန်အကျိုးငှာကျင့်တာ မဟုတ်ဘူးလား လို့ မေးပြန်တော့ မဟုတ်သေးပါဘူးဘုရား တဲ့။ (မှန်ပါ့)။
ဒီလိုနဲ့ ဖြေလိုက်တာ၊ မဂ္ဂါမဂ္ဂဉာဏ ဒဿနဝိသုဒ္ဓိ ရောက်သွားတယ်။ (မှန်ပါ့)၊ မနေ့က ဟောပြီးသားမို့ ဒကာသစ် ချုံးလိုက်ပြီ။ (မှန်ပါ့)။
မဂ်ဆိုက်တဲ့အလုပ်ဟာ နိဗ္ဗာန်အကျိုးငှာ ကျင့်တာလား
ဒီလိုနဲ့ ဉာဏဒဿန ဝိသုဒ္ဓိဆိုတာ ရောက်သွားပြီ၊ ဉာဏဒဿန ဝိသုဒ္ဓိဆိုတာ မဂ်ဆိုက်သွားပြီ။ (မှန်ပါ့)၊ အဲဒီမဂ်ဆိုက်တဲ့ ဉာဏဒဿန ဝိသုဒ္ဓိအလုပ်ဟာ နိဗ္ဗာန် အကျိုးငှာ ကျင့်တာ မဟုတ်ဘူးလား ဆိုတော့ မဟုတ်သေးပါ ဘူး ဘုရား တဲ့။ (မှန်ပါ့)။
ဘုရားထံ ကျင့်ကြတဲ့ ပုဂ္ဂိုလ်တွေ သီလဝိသုဒ္ဓိကျင့် တာ နိဗ္ဗာန်အကျိုးငှာ မဟုတ်ဘူးလား ဆိုတော့ မင်းက မဟုတ်ဘူးတဲ့၊ နောက်ဆုံးပိတ် ဉာဏဒဿန ဝိသုဒ္ဓိဟာလည်း နိဗ္ဗာန်အကျိုးငှာ မဟုတ်ဘူးလား ဆိုတော့ မင်းကမဟုတ်ဘူးလို့ ဖြေတယ် ။ (မှန်ပါ့)။
ဘာလုပ်ဖို့ကျင့်ကြတာတုံး
နို့ ဒါဖြင့် ဘာလုပ်ဖို့ ကျင့်ကြံတာတုံးလို့ မေးတော့ ဥပါဒါန်မစွဲတဲ့ နိဗ္ဗာန် အကျိုးငှာသာ ကျင့်ကြတာ။ (မှန်ပါ့)၊ ရိပ်မိပြီ။ (ရိပ်မိပါပြီ ဘုရား)။
ဥပါဒါန်မစွဲတဲ့ (နိဗ္ဗာန်အကျိုးငှာ ကျင့်ကြတာပါ ဘုရား)၊ အဲ နိဗ္ဗာန်ဆိုတာ ဥပါဒါန်ချုပ်မှရောက် တယ်။ (မှန်ပါ့)။
နိဗ္ဗာန်ဆိုတာ (ဥပါဒါန်ချုပ်မှ ရောက်ပါတယ် ဘုရား)၊ အေး ဒါကြောင့် ဘုရားသခင် ကိုယ်တော်မြတ် ကြီး ရှိတုန်းက ဟောထားတာတွေ၊ ဒကာကြွယ်တို့ မှတ်မိပါ လိမ့်မယ်နော်။ (မှန်ပါ့ ဘုရား)။
ဤခန္ဓာစွန့်ပြီး နောက်ခန္ဓာ ဥပါဒါန်မစွဲရင် ခန္ဓာမရ ဘူးတဲ့။ (မှန်ပါ့)၊ နိဗ္ဗာန်ရောက်တာ ဟောတာပဲ။ (မှန်ပါ့)။
ဤခန္ဓာစွန့်ပြီး နောက်ခန္ဓာဥပါဒါန်ပြုတ်ရင် ဘာတဲ့ ဗျာ။ (နိဗ္ဗာန်ရတာပါ ဘုရား)၊ နိဗ္ဗာန်ရတာပဲဆိုတာ ပေါ်ကြပလား။ (ပေါ်ပါပြီ ဘုရား)။
အေး ဒါ့ကြောင့် ဥပါဒါန်ပြုတ်ဖို့ အရေးဟာ လည်း ကျုပ်တို့ ဒါကြောင့် ပဋိစ္စသမုပ္ပါဒ်ကို ဦးမာဒင် ခဏ ခဏပြရတယ်။ (မှန်ပါ့)၊ ဟ တဏှာ ချုပ်အောင် လုပ်ပါဟဆိုတာ ဥပါဒါန်က ချုပ်မသွားဘူးလား ။ (ချုပ်သွားပါတယ် ဘုရား)။
ဥပါဒါန် ခိုင်းတာကို ကံကလုပ်ရတာ
အဲ ချုပ်တော့ နောက်ခန္ဓာဆိုတာ ဥပါဒါန်က လုပ်တာကိုး။ (မှန်ပါ့)၊ ဥပါဒါန်မရှိရင် ကံက သူ့ချည်း သက်သက် ငါ့ဟာငါ လုပ်မယ်လို့ ဖြစ်သေးရဲ့လား။ (မဖြစ်ပါ ဘုရား)၊ ဥပါဒါန် လက်ညှိုး ညွှန်ရာကို ဒကာကြွယ် ကံကလုပ်ရတာ။ (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။
ခင်ဗျားတို့ကတော့ ကံကောင်းလို့ လူဖြစ်တယ်၊ ကံ မကောင်းလို့ ခွေးဖြစ်တယ်၊ ကံကချည်း လုပ်တယ် ထင်နေ တယ်၊ မဟုတ်ပါဘူး၊ ဥပါဒါန် လက်ညှိုး ညွှန်ရာကို ကံက လုပ်ရတာ။ (မှန်ပါ့)၊ သဘောပါပလား။ (ပါပါပြီ ဘုရား)။
ဘယ်သူက လက်ညှိုးညွှန်ရာ ကံလုပ်သတုံး။ (ဥပါဒါန် လက်ညှိုးညွှန်ရာ ကံက လုပ်ပါတယ် ဘုရား)။ ဒါဖြင့် ဘယ်သူက ဆရာ၊ ဘယ်သူက တပည့် ပါလိမ့်။ (ဥပါဒါန်က ဆရာ၊ ကံက တပည့်ပါ ဘုရား)။
ဒါဖြင့် ဥပါဒါန်က ပြဋ္ဌာန်းတယ်၊ ကံက မပြဋ္ဌာန်း၊ (မှန်ပါ့)၊ ဥပါဒါန် ချုပ်တဲ့ ပုဂ္ဂိုလ်မှာ ကံလုပ်စရာ အကွက် ပေါ်သေးရဲ့ လား။ (မပေါ်ပါ ဘုရား)။
ဥပါဒါန်ချုပ်ရာသည်နိဗ္ဗာန်
အဲဒါကြောင့် ဥပါဒါန် ချုပ်ရာကို နိဗ္ဗာန်လို့ ရှင်ပုဏ္ဏက ဖြေလိုက်တယ်။ (မှန်ပါ့)။
မြတ်စွာဘုရားထံ ကျင့်တဲ့ အကျင့်ဟူသ၍ သည်ကား လို့ဆိုရင်ဖြင့်တဲ့ ဒကာ ဒကာမတို့၊ သီလသည်ကားလို့ ဆိုလို့ ရှိရင်ဖြင့်တဲ့ နိဗ္ဗာန် အကျိုးငှာ မဟုတ်ဘူးတဲ့။ (မှန်ပါ့ ဘုရား)။
နို့ ဘယ်အကျိုးငှာ အားလုံးကျင့်နေကြတာ ဆို အို ဥပါဒါန်ချုပ်၍ နိဗ္ဗာန်အကျိုးငှါ ကျင့်နေ ကြတာ။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ ဘုရား)။
ဒါနဲ့ ရှင်သာရိပုတ္တရာက မင်းဟာ ရှင်းပါဦးကွာလို့ ပြောတဲ့ အခါကျတော့ တပည့်တော် ရှင်းရပါမယ်တဲ့၊ ဥပမာ မယ် သီလဝိသုဒ္ဓိဆိုတာ သီလစင်ကြယ် အောင်လုပ်နေတဲ့ ပုဂ္ဂိုလ်တွေ ရှိကြတယ်။ (မှန်ပါ့)။
နိဗ္ဗာန်အကျိုးငှာဆိုရင်
အဲဒီ သီလစင်ကြယ် အောင်လုပ်တဲ့ ပုဂ္ဂိုလ်တွေကို နိဗ္ဗာန်လို့ ဆိုကြမယ် ဆိုလို့ရှိရင်လည်း ပုထုဇန်ဟာ နိဗ္ဗာန်ရောက်နေမှာပဲ။ (မှန်ပါ)၊ သဘောကျပလား။ (ကျပါပြီ ဘုရား)။
သမထလုပ်နေတဲ့ ပုဂ္ဂိုလ်လည်း တိုတိုသွားကြစို့၊ နိဗ္ဗာန်ရောက်နေတယ်လို့ မဆိုရပေဘူးလား ။ (ဆိုရမည့် အဓိပ္ပာယ် ရောက်နေပါတယ် ဘုရား)။
အဲဒါကြောင့် မဂ်ဉာဏ်ရနေတဲ့ ပုဂ္ဂိုလ်တောင်မှ နိဗ္ဗာန် ရောက်နေတယ်လို့ မဆိုပါဦးတဲ့၊ မဂ်ဉာဏ်တောင်မှ ဦးမာဒင် သေသေချာချာမှတ်ပါ၊ ဖြစ်ပျက် သင်္ခတတရားပါ (မှန်ပါ ဘုရား)။
မဂ်ဉာဏ်ဟာ (ဖြစ်ပျက် သင်္ခတ တရားပါ)၊ ဖြစ်ပျက် သင်္ခတ ဖြစ်ပါတယ်တဲ့၊ ဖြစ်ပြီး ပျက်နေတော့ ဒကာ ဒကာမတို့ မဂ်ဉာဏ် ဖြစ်အောင်လည်း အတော်ပြုပြင် မနေရဘူးလား (ပြုပြင် ရပါတယ်၊ ပြီးတော့လည်း ဖြစ်ပျက် မသွားဘူးလား (သွားပါတယ်)၊ ဖိုလ်ဉာဏ် ဖြစ်အောင်ကော မပြုပြင်ရဘူးလား။ (ပြုပြင်ရပါတယ်)၊ ပြီးတော့ ဘာတဲ့။ (ဖြစ်ပျက်သွားပါတယ်)။
ဒါဖြင့် သင်္ခတ တရားတွေ ဆိုတော့ အသင်္ခတ နိဗ္ဗာန် အတွက်နဲ့ သူ မဆိုင်ဘူး။ (မဆိုင်ပါ)၊ ဒါဖြင့် နိဗ္ဗာန်ဆိုလို့ တော်ပါ့မလား ။ (မတော်ပါ ဘုရား)။
ဒါဖြင့် ကွာတဲ့- ဘယ်အကျိုးငှာ ကျင့်တာတုံးဆိုလို့ ရှိရင်ဖြင့် ဥပါဒါန် ချုပ်တဲ့ နိဗ္ဗာန် အကျိုးငှာလို့ တပည့်တော်က ဖြေပါတယ်တဲ့။ (မှန်ပါ)၊ သဘောကျပါလား။ (ကျပါတယ် ဘုရား)။
ဥပါဒါန်ချုပ်တဲ့၊ နိဗ္ဗာန်အကျိုးငှာ ကျင့်တာ
ဘယ်အကျိုးငှာ ကျင့်တာတုံး၊ သီလဝိသုဒ္ဓိအကျိုးငှာ လည်း မဟုတ်ဘူး၊ ဥပါဒါန်ချုပ်တဲ့ နိဗ္ဗာန်အကျိုးငှာ ကျင့်တာ ပါလို့ တပည့်တော်က ဖြေပါတယ်တဲ့။ (မှန်ပါ့)။
ဒါဖြင့် ဟုတ်ပြီဟေ့ မင်းဟာက နို့မဟုတ်လို့ ရှိရင် ပုထုဇန်တွေလည်း နိဗ္ဗာန် ရောက်ကုန်မှာပဲ ဆိုလို့ရှိရင်၊ သမထ အလုပ် လုပ်နေတာ နိဗ္ဗာန်ပဲ ဆိုလို့ရှိရင် လွဲကုန်လိမ့် မယ်ဟေ့ ။ (မှန်ပါ့ ဘုရား)၊ ရှင်သာရိပုတ္တရာက သဘောကျတယ်။ (မှန်ပါ့ ဘုရား)။
ဒါဖြင့် မင်းဟာကွာတဲ့၊ ဒါတွေ အလကားပဲလားတဲ့။ သီလ ဖြူစင်အောင် လုပ်နေတာလည်း နိဗ္ဗာန်နဲ့ မဆိုင်သေး ဘူး၊ အလကားပဲလား လို့ဆိုတော့ အလကားတော့ မဟုတ်ပါ ဘူး ဘုရားတဲ့ ။ (မှန်ပါ)။
တစ်ခုနဲ့တစ်ခုတော့ ကျေးဇူးပြုတယ်။
ဒကာ ဒကာမတို့ အလကားတော့ မဟုတ်ဘူး တဲ့။ (မှန်ပါ့)၊ အလကားမဟုတ်ပုံကလေး ဒကာ ဒကာမတွေက ရှင်းဖို့ အရေးကြီးတယ်။ (မှန်ပါ့)။
အလကား မဟုတ်ပုံကလေးဆိုတော့ကိုတဲ့ ဒကာ ဒကာမတို့ သီလကို ဖြူစင်အောင်ကျင့်တဲ့ ပုဂ္ဂိုလ်သည် ဪ ငါသည်ကားလို့ ဆိုရင်၊ သီလဖြူစင်လို့ရှိရင် သမာဓိအလုပ် လုပ်မယ်ဆိုတဲ့ စိတ်ထား ရှိတယ်တဲ့။ (မှန်ပါ့)။
ဒါဖြင့် သီလဝိသုဒ္ဓိ သီလဖြူစင်မှ သမာဓိအလုပ်လုပ် လို့ရတယ်။ (မှန်ပါ့)၊ ဒီတော့ တစ်ခုနဲ့ တစ်ခု ကျေးဇူး မပြုဘူးလား။ (ပြုပါတယ်)၊ နိဗ္ဗာန်တော့ ပါသလား (မပါပါ)၊ အဲ- ဒါလောက် ကျေးဇူး ရှိတာဘုရား။ (မှန်ပါ့)၊ ရိပ်မိပလား။ (ရိပ်မိပါပြီ ဘုရား)။
သီလက သမာဓိ ကျေးဇူးပြုတာဘုရား၊ နိဗ္ဗာန် မဟုတ်သေးဘူးတဲ့။ (မှန်ပါ့ ဘုရား)၊ ဒကာကြွယ် ပေါ်ပြီနော်။ (ပေါ်ပါပြီ ဘုရား)။
ဒါဖြင့် သီလဝိသုဒ္ဓိဟာ စိတ္တဝိသုဒ္ဓိ အကျိုးငှာပေါ့ ဗျာ။ (မှန်ပါ့)၊ စိတ္တဝိသုဒ္ဓိဟာ ဒကာ ဒကာမတို့ ရုပ်နာမ် ခွဲတဲ့ သမ္မာဒိဋ္ဌိအကျိုးငှာ (မှန်ပါ့)၊ ရုပ်နာမ်ခွဲတဲ့အခါ သမ္မာဒိဋ္ဌိရှိတဲ့ ရုပ်နာမ်ခွဲတဲ့အခါ ရှင်းရှင်း လင်းလင်း ဖြစ်ပါ တယ်။ (မှန်ပါ့)။
ဒါဖြင့် စိတ္တဝိသုဒ္ဓိကလည်း ဒိဋ္ဌိဝိသုဒ္ဓိ အကျိုးငှာ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ ဘုရား)။
တစ်ခါ ဒိဋ္ဌိဝိသုဒ္ဓိဆိုတာ ဒကာဒကာမတွေက မရှင်းဘဲနေမှာ စိုးလို့ နာမ်ရုပ်ခွဲတာ ဒိဋ္ဌိဝိသုဒ္ဓိပါပဲ။ (မှန်ပါ)။
ကဲ ဒိဋ္ဌိဝိသုဒ္ဓိက ဘယ်ကျေးဇူ းပြုသတုံးဆိုတော့ ကင်္ခါဝိတရဏ ဝိသုဒ္ဓိဆိုတဲ့ ပုဂ္ဂိုလ်သတ္တဝါမရှိ အကြောင်း အကျိုးသာ ရှိတယ်ဆိုတဲ့ နားလည်မှုကို ဒိဋ္ဌိ စင်ကြယ်ပြီးတဲ့ ပုဂ္ဂိုလ်မှာ အကြားအမြင်နဲ့ စင်ကြယ်ပြီးတဲ့ ပုဂ္ဂိုလ်မှ ယုံမှားခြင်း ဖျောက်နိုင်တယ်။ (မှန်ပါ့)၊ သဘောကျပလား ။ (ကျပါပြီ)။
အကြားအမြင် စင်ကြယ်ပြီးသား ပုဂ္ဂိုလ်မှ။ (ယုံမှားခြင်း ဖျောက်နိုင်ပါတယ်)၊ ဟော လေးခုပြီး သွားပြီ၊ မပြီးသေးဘူးလား။ (ပြီးပါပြီ ဘုရား)။
ကောင်းပြီးတဲ့၊ ဒါဖြင့် ကင်္ခါဝိတရဏ ဝိသုဒ္ဓိရှိတဲ့ ပုဂ္ဂိုလ်မှာ ယုံမှားခြင်းကင်းတော့မှ ဖြစ်ပျက်တွေ ကျင့်တယ်၊ ကျင့်တော့ အရောင်အဆင်း အလင်းတွေ၊ ခန္ဓာကိုယ်ထဲက ပီတိ ကလေးတွေ ဖျတ်ခနဲ ဖျတ်ခနဲ လာတတ်တယ်။ (မှန်ပါ့)၊ အဲဒါကို မဂ်ထင်နေမှာ စိုးလို့ မဂ္ဂါမဂ္ဂ ဉာဏဒဿန ဝိသုဒ္ဓိကို ဟောတယ်။ (မှန်ပါ့)၊ ဒါက ယုံမှားခြင်း ကင်းတဲ့ ပုဂ္ဂိုလ်မှလည်း ဒီမဂ္ဂါမဂ္ဂဉာဏ ဒဿနဝိသုဒ္ဓိက ဖြစ်နိုင်တာ ကိုး။ (မှန်ပါ့)။
နိဗ္ဗာန်တော့ တိုက်ရိုက်မဟုတ်ဘူး
ဒီလိုတော့ ကျေးဇူးများတယ် ဘုရား တဲ့၊ နိဗ္ဗာန် တော့ တိုက်ရိုက် မဟုတ်ဘူးတဲ့။ (မှန်ပါ့)၊ သဘောပါပ လား။ (ပါပါပြီ ဘုရား)။
ကောင်းပြီ၊ ဒါဖြင့် မဂ္ဂါ မဂ္ဂဉာဏ ဒဿနဝိသုဒ္ဓိက လည်း ဘယ်များ ကျေးဇူးပြုသတုံးကွ ဆိုတော့ အို တပည့်တော်တို့ ဘင်္ဂ ဘယ၊ အာဒီနဝ၊ နိဗ္ဗန္ဒဆိုတဲ့ ပဋိပဒါ ဉာဏဒဿန ဝိသုဒ္ဓိကို သွားပြီး သူက ကျေးဇူးပြုတယ်ဘုရား၊ နိဗ္ဗာန်တော့ မရောက်သေးဘူးတဲ့။ (မှန်ပါ့ ဘုရား)။
နိဗ္ဗာန်အကျိုးတော့ မဟုတ်သေးဘူးတဲ့။ (မှန်ပါ့)၊ တစ်ခုချင်း ကျေးဇူးပြုသွားတာပါတဲ့၊ ရှင်းပလား ။ (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ပဋိပဒါ ဉာဏဒဿန ဝိသုဒ္ဓိကလည်း ဉာဏ် စဉ်တွေ တက်ပြီးသကာလ နေငြား သော်လည်း နိဗ္ဗာန်ကို – မြင်လည်း မမြင် ရသေးဘူး၊ ရောက်လည်း မရောက်သေး ဘူး ။ (မှန်ပါ့ ဘုရား)။
နောက်ကျလာတဲ့ အခါကျတော့ မဂ်ဉာဏ်ဆိုတာ ပေါ်လာနေတယ်နော်၊ ဉာဏဒဿန ဝိသုဒ္ဓိဆိုတာ ဉာဏ် စင်ကြယ်သွားပြီး။ (မှန်ပါ့)၊ ဉာဏ်စင်ကြယ် သွားတဲ့ တရား အဲဒါ နိဗ္ဗာန်လားလို့ မေးတော့ သူကလည်း ဖြစ်ပျက် ပဲ ရှိနေတယ်။ (မှန်ပါ့ ဘုရား)။
ဝိသုဒ္ဓိ (၇) ပါး သည် နိဗ္ဗာန်လား
ဒါဖြင့် ဒကာ ဒကာမတို့ ဝိသုဒ္ဓိ ခုနစ်ပါးသည် နိဗ္ဗာန် လား မေးရင် ဘယ့်နှယ်ဖြေကြမလဲ။ (မဟုတ်ပါ)၊ နိဗ္ဗာန် ကို အဆင့်အားဖြင့် ကူညီပြီး ကျေးဇူးပြုကြောင်းတရား ။ (မှန်ပါ့)။
အဆင့်ဆင့်အားဖြင့် (ကူညီပြီး ကျေးဇူးပြုကြောင်း တရားပါ ဘုရား)။
ကျေးဇူးပြုကြောင်း တရားဆိုတာ ၁-က ၂-ကိုပေါ့ ဗျာ ။ (မှန်ပါ့)၊ ၂-က ၃-ကို၊ ၃-က (၄-ကိုပါ)၊ ၄က (၅-ကိုပါ)၊ ၅-က (၆-ကိုပါ)။ ၆-က (၇-ကိုပါ ဘုရား)။
အဲ အဲဒီကနေမှ ဆက်မှသာလျှင် ဟိုဘက် နိဗ္ဗာန် ကိုးဗျ။ (မှန်ပါ့ ဘုရား)။
နိဗ္ဗာန်ကိုအဆင့်ဆင့်ကျေးဇူးပြုတဲ့တရား
ဒါနဲ့ ရှင်သာရိပုတ္တရာက သဘောကျ သွားတယ်။ အင်း မင်းကလည်း ဉာဏ်ထက်ပါပေကွာ၊ ဒါတွေ နိဗ္ဗာန် မဟုတ်ဘူးဆိုတာ၊ တို့ ဘုရားဆီ ကျင့်တော့လည်း ဒီအကျင့် တွေ ကျင့်ရတာပဲကွတဲ့၊ တို့ ဒါတွေကို နဂိုက နိဗ္ဗာန် ရောက်ကြောင်း အကျင့်လို့ ထင်တော့ ထင်ခဲ့တယ်၊ စင်စစ် တော့ဖြင့် နိဗ္ဗာန်ကို အဆင့်ဆင့် ကျေးဇူးပြုတဲ့ တရား၊ နိဗ္ဗာန် မဟုတ်ဘူးဆိုတာ ရှင်းပြီကွာတဲ့ ။ (မှန်ပါ့)၊ ရှင်သာရိ ပုတ္တရာက တာဝန်ခံတယ်။ (မှန်ပါ့ ဘုရား)။
သို့သော်လည်း ဘုရားတဲ့၊ အရှင်ဘုရား ရှင်းသည် ထက်ရှင်းအောင် “ဥပမာယ ပိဓေ ကစ္စေ ဝိညူ ပုရိသာ ဘာသူ တဿ အတ္ထံ အာဇာနန္တိ” တပည့်တော် ဥပမာ ကလေးတစ်ခု ဆောင်ပြလို့ရှိရင် အရှင်ဘုရားပိုပြီး ရှင်းမယ်တဲ့။ (မှန်ပါ့)။
ဥပမာ ဆောင်ပြရင် (ပိုရှင်းမှာပါ)၊ ပိုရှင်းမယ်တဲ့ အဲဒါကြောင့် အရှင်ဘုရားသည် ဥပမာ ကလေး တစ်ခု နားထောင်စမ်းပါတဲ့၊ ရှင်ပုဏ္ဏက ပြောပြီ။ (မှန်ပါ ဘုရား)။
သာဝတ္ထိပြည်မှာ ပဿနဒီ ကောသမင်းကြီး ရှိတယ် တဲ့၊ ကိစ္စတစ်ခု ရှိတာနဲ့ သာကေတကို သွားတယ်တဲ့၊ သူ့အမျိုး သူ့အဆွေတွေရှိတဲ့ သာကေတမြို့သွားတယ်။ (မှန်ပါ့ ဘုရား)။
သာဝတ္ထိပြည်က၊ သာကေတမြို့ကိုသွားတယ်
အဲဒီတော့ ဒီသာကေတမြို့ ကလည်းတဲ့ ခုနစ်ယူဇနာ ဝေးတယ်လို့ ထားပါတဲ့။ (မှန်ပါ့)၊ အဲဒါ ရှေးက မော်တော်ကား ခေတ်၊ လေယာဉ်ပျံ ခေတ်ကလည်း မဟုတ်တော့ သူက ပြောရှာတယ်၊ မြင်းရထား တစ်ခုကို စီးတယ်၊ သာဝတ္ထိပြည်ကနေ စီးသွားတော့ တစ်ယူဇနာ ပြည့်တဲ့အခါ ဒီမြင်းက မသွားနိုင်၊ မလာနိုင်တော့ ဟိုဘက်က မြင်းလှည်း ကနေပြီး ဆက်ပြီး ကြိုရတယ်၊ ဒီလိုပဲ ခုနစ်ဆက် ပြည့်အောင် ကြိုရတယ် ဆိုကြပါစို့။ (မှန်ပါ့ ဘုရား)။
အဲဒီတော့ ခုနစ်ဆက် ကြိုကြိုပြီး မြင်းလှည်းတွေ ပြောင်းပြောင်း- ပြောင်းပြောင်း စီးသွားတော့ ဒကာသစ် ခုနစ် ခုမြောက် လှည်းက ဆင်းလိုက်တော့ သာကေတ မရောက် ဘူးလား ။ (ရောက်ပါတယ် ဘုရား)။
တစ်ယူဇနာမှာတစ်ခါလဲတယ်
အဲဒီတော့ကို မြင်းရထား ခုနစ်စင်းနဲ့ တစ်ယူဇနာမှာ တစ်ခါလဲ၊ တစ်ယူဇနာမှာ တစ်ခါလဲ ဆိုတော့ ခုနစ် ယူဇနာ ကျတော့ ခုနစ်ခါလဲ ရတယ်။ (မှန်ပါ့)၊ ခုနစ်ခါလဲလို့ ဆင်းတော့မှ သာကေတ ဆိုတဲ့ သူ့ဆွေမျိုးရှိတဲ့ နေရာ ရောက် ပါတယ်။ (မှန်ပါ့ ဘုရား)။
အဲဒီတော့ ဆွေမျိုးတွေက မေးကြတယ်ဘုရားတဲ့၊ အရှင်မင်းကြီး အခုရထားနဲ့ပဲ ရောက်လာ သလားလို့ မေးကြ တယ် (မှန်ပါ့)၊ မေးကြတော့ သူ အမှန် ဖြေရလို့ ရှိရင်ဖြင့် ဪ သာဝတ္ထိပြည်က ထွက်တဲ့အခါမှာ တစ်ယူဇနာ မြင်းလှည်း တစ်ခါစီးခဲ့ရပါတယ်၊ နောက် ဆင်းရပါတယ်။ (မှန်ပါ့ ဘုရား)၊ နောက် တစ်ယူဇနာ တစ်လှည်း စီးရပါတယ်၊ နောက် ဆင်းရပါတယ်လို့ သူ ခုနစ်ခါ ဖြေမှာပဲတဲ့။ (မှန်ပါ့)၊ ရိပ်မိပလား။ (ရိပ်မိပါပြီ ဘုရား)။
ဒီအတိုင်းပါပဲတဲ့ ဒကာကြွယ်ရ၊ သီလဝိသုဒ္ဓိက ဆင်းပြီး စိတ္တဝိသုဒ္ဓိ တက်ရမှာပဲ။ (မှန်ပါ့)၊ စိတ္တဝိသုဒ္ဓိ ဆင်းပြီး ဒိဋ္ဌိဝိသုဒ္ဓိ တက်ဖို့ပဲ။ (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။
ဒိဋ္ဌိဝိသုဒ္ဓိ ရထားပေါ် စီးပြီး သကာလ ကင်္ခါဝိတရဏ ဝိသုဒ္ဓိ ရထားတက်ဖို့ပါပဲ။ (မှန်ပါ့)၊ ကဲ ဒကာကြွယ် ရိပ်မိပလား။ (ရိပ်မိပါပြီ ဘုရား)။
ဒါဖြင့် ဒီဘက်က ဉာဏဒဿနဝိသုဒ္ဓိက ဆင်းတဲ့ အခါကျတော့မှ သူ့သာကေတမြို့နဲ့တူတဲ့ နိဗ္ဗာန်ရောက်ပါ တယ်။ (မှန်ပါ့ ဘုရား)။
အဆင့်ဆင့်ပို့လို့ရောက်လာတာ
အဲဒီတော့ သာကေတမြို့ ရောက်တဲ့အခါ ဆွေတွေ မျိုးတွေက မေးကြတယ်၊ အရှင်မင်းကြီး ဒီရထားနဲ့ပဲ ဒီရထား နဲ့ပဲ ရောက်လာသလားလို့မေးရင် ဒီရထားနဲ့တော့ ရောက်လာတာ မဟုတ်ပါဘူးတဲ့၊ အဆင့်ဆင့် ပို့လို့ ရောက်လာတာ။ (မှန်ပါ့ ဘုရား)။
ဘယ်လိုမှတ်ကြမယ်။ (အဆင့်ဆင့်ပို့လို့ ရောက် လာတာပါ)၊ သဘောပါကြပလား။ (ပါပါပြီ)၊ ဘယ်လိုနဲ့ ရောက်လာကြသတုံး။ (အဆင့်ဆင့် ပို့လိုက်လို့ပါ ဘုရား)။
ဒါဖြင့် ဒီရထားတွေသည် ဒကာဒကာမတို့ ခုနင်က သာကေတပြည်နဲ့ တူတဲ့ နိဗ္ဗာန်ကို ရောက်ဖို့ရာ သည်ကားလို့ ဆိုရင် သူတို့က အဆင့်ဆင့် ကျေးဇူးပြုမှုသာ ရှိတယ်၊ နိဗ္ဗာန် မဟုတ်ဘူး။ (မှန်ပါ့ ဘုရား)။
အဆင့်ဆင့် (ကျေးဇူးပြုမှုသာ ရှိပါတယ်၊ နိဗ္ဗာန် မဟုတ်ပါ ဘုရား)။
နိဗ္ဗာန်တော့ မဟုတ်ဘူး။ (မှန်ပါ့)၊ နိဗ္ဗာန်က သာကေတနဲ့တူတယ်၊ ဒါတွေဟာ ဝိသုဒ္ဓိခုနစ်ပါးက ဦးမာဒင် ရထားခုနစ်စင်းနဲ့ တူတယ်၊ (မှန်ပါ့)၊ ပဿနဒီကောသလ မင်းကြီးဟာ ဒကာ ဒကာမတို့ ယောဂီပုဂ္ဂိုလ်နဲ့ တူပါတယ် (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
သာကေတမြို့က ဘာနဲ့ တူပါလိမ့်။ (နိဗ္ဗာန်နဲ့ တူပါတယ်)၊ ဝိသုဒ္ဓိခုနစ်ပါးက (ရထား ခုနစ်စင်းနဲ့ တူပါ တယ် ဘုရား)။
ရထားခုနစ်စင်းကို ပြောင်းစီးတဲ့ ပဿနဒီကောသ လ မင်းကြီးနဲ့ ဘာနဲ့ တူသလဲ။ (ယောဂီပုဂ္ဂိုလ်နဲ့ တူပါတယ်)၊ အလုပ်လုပ်တဲ့ ယောဂီတွေနဲ့ တူပါတယ်။ (မှန်ပါ့)၊ ဒကာကြွယ် ရိပ်မိပလား ။ (ရိပ်မိပါပြီ ဘုရား)။
ကိုင်း ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ အတွက် နည်းနည်းကလေး စကားထည့် ပေးရတော့ မယ်။ (မှန်ပါ့)။
အခု ဘုန်းကြီးက ဟောတော့ ဒကာ ဒကာမတွေ ခန္ဓာကိုယ်ကြည့်ပြီး သကာလ ဖြစ်မှုပျက်မှု တွေကို နှလုံးသွင်း ပါ မပြောဘူးလား ။ (ပြောပါတယ် ဘုရား)။
ဖြစ်မှု ပျက်မှု နှလုံးသွင်းပါဆိုတော့ သြော် ငါတို့ သည် ဘယ်ရထား ရောက်ပြီဆိုတာ သိရအောင် ဆိုတော့ ဒကာဒကာမတို့ သိကလည်း ခင်ဗျားတို့ စီစဉ်ပြီးသားမို့ သီလရထား ကလည်း ဆင်းခဲ့ပြီ။ (မှန်ပါ့)၊ သမာဓိက လည်း ဒီအထဲ အလုပ်ခွင်ပါသွားလို့ သမာဓိကိစ္စကလည်း ပြီးခဲ့ပြီ။ (မှန်ပါ့ ဘုရား)။
ဒိဋ္ဌိဝိသုဒ္ဓိဆိုတာ ဆရာသမားက ရုပ်နာမ်သာရှိတယ် ဆိုပြီး သကာလ ရုပ်နာမ်တွေ ခွဲပေးခဲ့ ကတည်းက ဒိဋ္ဌိဝိသုဒ္ဓိ ရထားကလည်း ခင်ဗျားတို့ ဆင်းခဲ့ပါပြီ။ (မှန်ပါ့)၊ သဘောကျပလား ။ (ကျပါပြီ ဘုရား)။
ကင်္ခါဝိတရဏ ဝိသုဒ္ဓိဆိုတာ နေ့တိုင်း ပဋိစ္စသမုပ္ပါဒ် ပြနေတော့ ခန္ဓာကိုယ်မှာ ယောက်ျား၊ မိန်းမရယ်လို့ မရှိပါဘူး၊ အကြောင်းနဲ့ အကျိုးတွေသာ ရှိပါတယ်ဆိုတော့ ဒီရထားကလည်း လေးခုမြောက် ရထားကလည်း ဆင်းခဲ့ ပြီ။ (မှန်ပါ့)။
ငါးခုမြောက်ရထားဆိုတာ
တစ်ခါ ငါးခုမြောက် ရထားဆိုတာ ဖြစ်ပျက်ရှုနေပြန် တော့လည်း ဒကာဒကာမတို့ ဒါငါးခုမြောက် ရထားပေါ် မှာ ရောက်နေတာ ။ (မှန်ပါ့)။
ကဲ ရထား ဘယ်နှစ်စင်းပြီးသွားပလဲ။ (ငါးစင်းပြီးသွားပါပြီ ဘုရား)၊ အံမာလေး ဦးမာဒင်-ဒါဖြင့် နှစ်စင်းကျန်တော့တယ်။ (မှန်ပါ့)။
ဒကာကြွယ် ဘယ်နှစ်စင်းကျန်သေးသလဲ။ (နှစ် စင်းကျန်ပါတော့တယ် ဘုရား)၊ နှစ်စင်း တောင်မှလည်း အပြည့်အစုံ ဒကာဒကာမတို့ ဟိုရောက်သည့် တိုင်အောင် မလိုတော့ဘူး တဲ့၊ ခန္ဓာကိုယ် ရွံ့မုန်းငြီးငွေ့လာတယ် ဆိုလို့ရှိရင်ပဲ ခြောက်ခုမြောက် အစင်းပေါ်လည်း သူရောက် နေပါပြီ။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ)၊ နောက်ဖြစ်ပျက်များ အဆုံးမြင်လိုက်လို့ ရှိရင် ခုနစ်ခုမြောက် ရထားပေါ် ရောက်တယ်။ (မှန်ပါ့)။
ဖြစ်ပျက်အဆုံးမြင်လိုက်ရင် (ခုနစ်ခုမြောက် ရထားပေါ် ရောက်ပါတယ် ဘုရား)။
ဪ ဒါဖြင့် တို့ သာကေတဆိုတဲ့ နိဗ္ဗာန်တော့ ရောက်တော့မှာပဲ။ (မှန်ပါ့)၊ တည်းတည်း လိုကြတော့ တယ်။ (မှန်ပါ့ ဘုရား)။
ဒကာကြွယ်ဘယ်လောက် လိုတော့သလဲ။ (တည်းတည်းကလေး လိုပါတော့တယ် ဘုရား)။
ကိုယ့်အလုပ်နဲ့ကိုယ်ချိန်ပါ
နောက်က ဒကာဒကာမတွေ ကိုယ့်အလုပ်နဲ့ ကိုယ် ချိန်ပါ။ (မှန်ပါ့)၊ ဖြစ်ပျက် မြင်တယ် ဆိုရင် နောက်ဆုံးမြောက် သုံးစင်း ပေါ်ရောက်ပြီ-။ (မှန်ပါ)၊ ဖြစ်ပျက်မုန်းတယ် “ဆိုရင် ဒကာဒကာမတို့ နောက်ဆုံး နှစ်စင်းပေါ် ရောက်ပြီ (မှန်ပါ့)။
အလုပ်သမားတွေ အတွက်မှာဖြင့် ဒီနေ့ဥစ္စာ ကိုယ်စီး ပြီးသား ရထားတွေကို ကိုယ်ဆင်းပြီး သကာလ ရောက်ခါနီး ရထားတွေပေါ် တက်နိုင်တယ် ဆိုတာ ယနေ့ ရှင်းသွားပြီ ။ (မှန်ပါ့)။
အခု ဘုန်းကြီးတို့ ဒကာဒကာမတွေ၊ တချို့ ဒကာ ဒကာမတွေမှာ ခြောက်စင်း မြောက်တောင် တက်ပြီး စီးနေ တာရှိပြီ။ (မှန်ပါ့)၊ တချို့ကျတော့လည်း ဒကာဒကာမ တို့ ငါးစင်းမြောက်လောက်ပဲ ရှိချင်ရှိကြမယ်။ (မှန်ပါ့)၊ ဘာမှ မလုပ်တဲ့ ပုဂ္ဂိုလ်ဖြင့် သာကေတဆိုတဲ့ နိဗ္ဗာန်နဲ့ ဘယ်အခါမှ မနီးလို့ အဝေးကြီးပါပဲ။ (မှန်ပါ့)၊ ပေါ်ကြ ပလား ။ (ပေါ်ပါပြီ။)
ဘာမှမလုပ်တဲ့ ပုဂ္ဂိုလ်ကျတော့ ရထားခုနစ်စင်း တစ်စင်းမှ မစီးတဲ့ ပုဂ္ဂိုလ်တွေ အတွက်မှာဖြင့် နိဗ္ဗာန်တည်း ဟူသော သာကေတနဲ့ ဒကာကြွယ် ဘယ်လောက်ဝေး သတုံး ။ (အဝေးကြီးပါ ဘုရား)၊ ပေါ်ကြပလား ။ (ပေါ်ပါပြီ ဘုရား)။
ဒါဖြင့် မလုပ်ဘဲနဲ့ဖြင့် မရဘူး ။ (မရပါ ဘုရား)၊ သူ့ရထားနဲ့ သူ့ရထားနဲ့ ဆင်းကာ၊ တက်ကာ၊ ဆင်းကာ၊ တက်ကာ၊ သွားမှရတဲ့ အဓိပ္ပာယ်ကို ရှင်ပုဏ္ဏက ရှင်သာရိ ပုတ္တရာကို ဖြေပြတာ၊ ဦးမာဒင် ကောင်းကောင်း ရိပ်မိပြီ။ (မှန်ပါ့)၊ ဒကာကြွယ် ဘယ့်နှယ်နေသတုံး။ (ရိပ်မိပါပြီ ဘုရား)။
ကဲ ဒါဖြင့် ဒကာသစ်, ရေ သူ့နေရာနဲ့သူ တက်စီးပြီး သူ့နေရာနဲ့သူကျတော့ ဟိုရထား ပြောင်းစီး လိုက်၊ ရှေ့ရထားပြောင်း ပြောင်းစီးသွား။ (မှန်ပါ့)။
ဒီတရားဟောတာ ဘယ်အကျိုးငှာတုံး
အဲဒီတော့ ယနေ့ ဒီတရားကို ဆရာဘုန်းကြီးက လေးလေးနက်နက်နဲ့ တစ်ခါ ဟောပြော ပြနေတာ၊ ဘယ် အကျိုးငှာတုံး မေးတော့ ကိုယ်ဘယ်ရထား ရောက်နေတယ် ဆိုတာ သိအောင်လို့ (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။
ဘာတုံး။ (ကိုယ် ဘယ်ရထားရောက်နေတယ် ဆိုတာ သိအောင်လို့ပါ ဘုရား)။
အဲဒီတော့ ရထားခုနစ်စင်းပို့မှ သာကေတနဲ့တူတဲ့ နိဗ္ဗာန်ရောက်မှာ၊ ကိုယ်က ဟာ ငါးခုမြောက် ရထားပေါ် မှာ ရောက်ပြီး ခြောက်ခုမြောက် ရထားပေါ်ရောက်ပြီဆိုလို့ ရှိရင် အနီးကလေး ကျန်တော့ တယ်၊ အနီးကလေး ကျန်တော့တယ်ဆိုတဲ့ ဝမ်းသာလုံးကြီးဟာ ဒကာကြွယ်, ရေ နည်းလှမယ် မဟုတ်ပါဘူး။ (မနည်းပါ ဘုရား) နည်းပါ့မလား ။ (မနည်းပါ ဘုရား)။
အဲဒါကြောင့် ဒကာဒကာမတို့ ဖြစ်ပျက် မြင်လို့ရှိရင် ဖြင့် ငါးခုမြောက် ရထားပေါ် ရောက်ပါပြီ။ (မှန်ပါ့)၊ ဖြစ်ပျက် မုန်းရင် ခြောက်ခုမြောက် ရထားပေါ် ရောက်ပါ ပြီ ။ (မှန်ပါ့)။
ဖြစ်ပျက်တွေ ဉာဏ်ထဲမှာ ကြည့်ရင်းမတ္တနဲ့ မလိုချင်လို့ ဆုံးသွားလို့ရှိရင်ဖြင့် ခုနစ်ခုမြောက် ရထားပေါ်ရောက်လို့ ဆင်းတောင် ဆင်းပါပြီ။ (မှန်ပါ့)၊ ရိပ်မိပလား ။ (ရိပ်မိပါပြီ)။
အဲဒီတော့ ဒကာကြွယ်ရေ ကိုယ့်ရထား ကိုယ် ကြည့်ပြီး နီးပြီဆိုတာ သိတယ်နော်။ (မှန်ပါ့)။
ကိုယ်စီးတဲ့ရထား ကိုယ်ကြည့်ပြီး (နီးပြီဆိုတာ သိပါတယ် ဘုရား)။
နို့ – မဟုတ်ရင် နိဗ္ဗာန်ဆိုတာ သူများက အဝေးကြီး လို့ ဟောတယ်။ (မှန်ပါ့)၊ မင်းတို့ အိမ်ထောင်သည်တွေ၊ သားနဲ့၊ သမီးနဲ့၊ တို့လို့ တန်းလန်းတွေနဲ့၊ သားဝတ်၊ လင်ဝတ် တွေနဲ့ မင်းတို့သည်ကား ဝေးပါသေးတယ်ကွာ။ (မှန်ပါ့)။
ဟ ဝေးတာသာ သူ ပြောနေတာ၊ လုပ်ကြည့်တဲ့ ပုဂ္ဂိုလ်မှာ ဘယ်ရထားကို စီးမိတယ် ဆိုတာ သိတော့ လုပ်ကြည့် တဲ့ ပုဂ္ဂိုလ်က ဒကာ ဒကာမတို့ ကိုယ့်အကြောင်း ကိုယ်သိပြီး သကာလ ဝေးတယ် ဆိုတဲ့ ပုဂ္ဂိုလ်ဟာ ဒီရထား ခုနစ်စင်း ဥပမာ-ရှင်သာရိပုတ္တရာက အမေးသမား၊ ရှင်ပုဏ္ဏက အဖြေသမား၊ ဒါတွေကို မလေ့လာလို့၊ ဝိသုဒ္ဓိ ခုနစ်ပါး မလေ့လာလို့ ပြောတာကိုး ဆိုတာ ပေါ်လာတယ်။ (ပေါ်လာပါတယ် ဘုရား)။
ဒကာကြွယ် တယ်အဖိုးတန် ပါကလား။ (တန်ပါ တယ် ဘုရား)၊ ဒကာ ဒကာမတို့ ဒီနေ့ တရားသည်ကား လို့ဆိုလို့ ရှိရင်ဖြင့် ကိုယ်နီးတာ၊ ဝေးတာကို ကိုယ်ကိုယ်တိုင် ရထားက ပြပါတယ်။ (မှန်ပါ့)။
ကိုယ်နီးတာ၊ ဝေးတာကို (ကိုယ်ကိုယ်တိုင် ရထားက ပြပါတယ် ဘုရား)၊ အဲ ကိုယ်စီးနေတဲ့ ရထား က ပြောနေတယ်။ (မှန်ပါ့)၊ ဖြစ်ပျက်မြင်ရင် ၅-နံပါတ် ရထား၊ ဒကာဒကာမတို့ စီးမိပြီနော်။ (မှန်ပါ့)။
ဖြစ်ပျက် မုန်းလို့ရှိရင် ၅-နံပါတ်ရထားက ဆင်းပြီး ၆-နံပါတ် ရထားပေါ် ရောက်နေပြီ။ (မှန်ပါ့)၊ သဘောကျပလား ။ (ကျပါပြီ ဘုရား)။
ဖြစ်ပျက်မုန်းရင် ၆-နံပါတ် ရထားပေါ်ရောက်ပြီ
ဒါဖြင့် ဖြစ်ပျက်မုန်းတော့ ၆-နံပါတ် ရထားရဲ့ အပေါ်ရောက်နေပြီ ဆိုတော့ ဒကာသစ်ရေ နောက် ရထားဘယ်နှစ်စင်း, ကျန်သေးသတဲ့။ (တစ်စင်း ကျန်ပါတော့တယ် ဘုရား)။
ဪ ဦးမာဒင် တစ်စင်းတည်း ကျန်တော့ တယ်။ (မှန်ပါ့)၊ ဒါဖြင့် အဝေးကြီး ဆိုမလား၊ အနီး ကလေး ဆိုကြမလား ။ (အနီးကလေးပါ ဘုရား)။
အဲဒါကြောင့် ဘုန်းကြီးတို့ လက်ထက်မှာဖြင့် ဒကာ ကြွယ်ရေ နိဗ္ဗာန် အဝေးကြီးဆိုတာ မလုပ်တဲ့ ပုဂ္ဂိုလ် အတွက်တော့ မှန်ပေလိမ့်မယ်။ (မှန်ပါ့ ဘုရား)၊ လုပ်နေ တဲ့ ပုဂ္ဂိုလ်ကျတော့ အခု ရှင်ပုဏ္ဏနဲ့ ရှင်သာရိပုတ္တရာ အမေးအဖြေ လုပ်တာ ထောက်လိုက်သဖြင့် ဒကာသစ်, ရေ ကိုယ်စီးတဲ့ ရထားနဲ့ ကိုယ်ဆုံးဖြတ်ချက်ချ (မှန်ပါ့)။
နီးတာ၊ ဝေးတာ ဘယ်လို ဆုံးဖြတ်ချက်ချမလဲ။ (ကိုယ်စီးတဲ့ ရထားနဲ့ ကိုယ်ဆုံးဖြတ်ချက် ချရပါမယ် ဘုရား)။
ဥပမာမယ် သီလ ဆောက်တည်နေတယ် ဆိုရင် သီလ ဖြူစင်ရင် ပထမရထားတက်ပြီ ။ (မှန်ပါ့)။
ဒီအထဲက နေပြီး ငါသည် အာနာပါနကလေး လုပ်လိုက်ဦးမယ်၊ သမာဓိကလေးတည်အောင် လုပ်လိုက်ပါဦး မယ်ဆိုရင် ပထမရထားက ဆင်းပြီး ဒုတိယရထား တက်မိ ပြီ။ (မှန်ပါ့)။
ဒီကနေပြီး သကာလ ဆရာကောင်း၊ သမားကောင်း ဆီ ရုပ်နာမ်ခွဲတာတွေ နာလိုက်ရတော့ ဒုတိယရထားက ဆင်းပြီး တတိယရထားတက်ပြီ။ (မှန်ပါ့)။
နောက် ဒီဆရာသမားက ပဋိစ္စသမုပ္ပါဒ် အကြောင်း အကျိုးသာ ရှိတယ်၊ ခန္ဓာကိုယ်မှာလို့ သိပြန်တော့လည်း စတုတ္ထမြောက် ရထားတက်တယ်။ (မှန်ပါ့)၊ သဘောကျ ပလား ။ (ကျပါပြီ ဘုရား)။
နောက်ကျတော့ ဒီတွင် မနေနဲ့ကွာ၊ မင်းတို့ ဒါတွေက သိမှုတွေက၊ ရှုမှု လုပ်ပါဦး ဆိုတော့ ဖြစ်ပျက်တွေ မြင်လာ တယ်။ (မှန်ပါ့)၊ ပဉ္စမမြောက် ရထားတက်တယ်။ (မှန်ပါ့)။
နောက်ကျလာ တော့လည်း ဦးမာဒင်တို့၊ ဒကာကြွယ် တို့ မြင်ရုံတွင် မနေဘဲ ခင်ဗျားတို့ ခန္ဓာကိုယ်ကြီး ခင်ဗျားတို့ ကိုယ်တိုင် မုန်းလာလိမ့်မယ်။ (မှန်ပါ့)။
မုန်းလာရင်ပဲ ဒကာဒကာမတွေက ဘယ်ရထား တက်ပြီတုံး။ (ခြောက်စင်းမြောက် ရထားပါ)၊ ခြောက်စင်းမြောက် ရထားတက်ပြီ ။ (မှန်ပါ့)။
ကဲ ဒကာကြွယ်က ဆုံးဖြတ်ချက်က၊ ရထားက ခုနစ်စင်းမှာ ခြောက်ခုပေါ်တောင် တက်မိမှ နိဗ္ဗာန်နဲ့ နီးသလား၊ ဝေးသလားလို့ မေးဖို့ အတော် ရှင်းနေတယ်။ (ရှင်းပါတယ်)၊ ဒကာသစ် ဘယ်လို ဆုံးဖြတ်ချက်ချမလဲ။ (နီးပါတယ် ဘုရား)၊ ခုနစ်ခုမြောက် ရထားပေါ် တက်မိပြီး ဆင်းရင် နိဗ္ဗာန်ကိုး။ (မှန်ပါ့ ဘုရား)။
ဒီတော့ ဖြစ်ပျက်တွေ မုန်းတော့ ဆရာဘုန်းကြီးက သတိပေးတယ်။ (မှန်ပါ့ ဘုရား)၊ ဒကာကြွယ်တို့၊ ဦးမာဒင်တို့ မုန်းတာမှ လူတောင် ထွက်ပြေးချင်တယ်။ (မှန်ပါ့)။
အဆုံးမြင်လိုက်တယ်ဆိုရင်
ဒီဟာ မရှိချင် လိုက်တာ လွန်လို့။ (မှန်ပါ့)၊ စိတ် တွေ ဘာတွေများ ညှိုးငယ် လာတယ်။ (မှန်ပါ့)၊ ပေရှုပါ။ ပေရှုပါ၊ စူးစူးစိုက်စိုက် ပေရှုပါလို့ ခိုင်းလိုက်တော့ မုန်းရာက နေပြီး ဒါတွေ ဒုက္ခသစ္စာမြင်ပြီး ဆုံးသွားတယ်လို့ အဆုံး မြင်လိုက်တယ် ဆိုရင် ဒကာသစ်, ရေ ခုနစ်ခုမြောက် ရထားပေါ်တက်ပြီ။ (မှန်ပါ့)၊ သဘောကျပလား ။ (ကျပါပြီ ဘုရား)။
အဲဒါ တက်ပြီးတယ်ဆိုကတည်းက နောက်ကျတော့ မဂ်ပေါ်တက်ပြီး သကာလ ဒကာ ဒကာမတွေက ကိုင်းအားလပ်တဲ့ အခါ ဖြစ်ပျက် ရှုဦးမယ်ဆိုပြီး ရှုလိုက်တော့မဂ် မလာဘဲနဲ့ တစ်ခါတည်း နိဗ္ဗာန်ပေါ်လာတာပဲ (မှန်ပါ့)။
ကိုယ့်ဉာဏ်ထဲက နိဗ္ဗာန်ကြီး မြင်နေလို့ (မှန်ပါ့)၊ အဲဒီကျတော့ သာကေတ ရောက်သွားပြီ (မှန်ပါ့)။ ခုနှစ်ခု ကတောင်ဆင်းလိုက်ပြီး (မှန်ပါ့)၊ ရိပ်မိပလား ဒကာသစ် (ရိပ်မိပါပြီ ဘုရား)။
အားလုံး ဒကာ ဒကာမတွေ နိဗ္ဗာန်ဝေးတယ် နီးတယ်ဆိုတာ ကိုယ့်ဉာဏ်နဲ့ကိုယ် တိုင်းတတ် ပလား။ (တိုင်းတတ်ပါပြီ ဘုရား)၊ ဒါဖြင့် ဒကာကြွယ်,ရေ နိဗ္ဗာန် အဝေးကြီးဆိုတဲ့ စကား တွေဟာ အလုပ်ပေါ်မှာ မပါလို့ ပဲ။ (မှန်ပါ့ ဘုရား)။
ဘယ်လိုဆုံးဖြတ်ချက်ချမလဲ။ (အလုပ်မပါလို့ ပါ ဘုရား)၊ အလုပ်မပါဘဲနဲ့ သူ့ဟာသူ ရမ်းပြောနေတဲ့ အဓိပ္ပာယ်။ (မှန်ပါ့ ဘုရား)။
ပေတံမပါဘဲနဲ့ ဘယ်နစ်ပေရှိတယ်၊ ဘယ်လောက် ဝေးပါတယ်လို့ ပြောသလိုပေါ့ဗျာ။ (မှန်ပါ့)၊ ဟို နဂိုက တိုင်းထားလို့ ရှိရင် နိဗ္ဗာန်သည်ကား လို့ဆိုရင် ပေပေါင်း ဘယ်လောက် ဝေးတယ်လို့ ဆိုလို့ရှိရင်ဖြင့် မတိုင်းဘဲနဲ့ အဝေးကြီးလို့ ပြောတာနဲ့ တိုင်းပြီးသား ပုဂ္ဂိုလ်က ခုနစ်ပေလောက်ပဲ ဝေးတယ်ဆိုတာနဲ့ ဆိုတော့ ခုနစ်ပေ သမားက မူမှန်ထားရမယ်။ (မှန်ပါ့ ဘုရား)၊ သဘော ကျပလား။ (ကျပါပြီ ဘုရား)။
ဝိသုဒ္ဓိခုနှစ်ပါးကို မူတည်ထားရမယ်
အဲဒီလိုပဲ ဒီ ဝိသုဒ္ဓိ ခုနစ်ပါးကို ဦးမာဒင်တို့က မူတည် ထားရမယ်။ (မှန်ပါ့)၊ ဖြစ်ပျက်မြင်ရင် ငါးခုမြောက် ရထားကို (တက်ပါပြီ ဘုရား)၊ ဖြစ်ပျက်မုန်းရင် (ခြောက်ခုမြောက် ရထားတက်ပါပြီ)၊ ဖြစ်ပျက် ဆုံးသွားပြီ (ခုနစ်ခုမြောက် ရထားတက် ပါတယ် ဘုရား)၊ ကဲ ဒါဖြင့် သာကေတ ဆိုတဲ့ နိဗ္ဗာန် တစ်ခါတည်း ဆင်းရုံပဲ ကျန်တော့ တယ်။ (မှန်ပါ့)။
ဒကာကြွယ် ဘယ့်နှယ် နေတုံးဗျာ၊ အနီးအဝေး ချိန်တတ်ကြပလား။ (ချိန်တတ်ပါပြီ ဘုရား)။
ဪ ဒါဖြင့် နိဗ္ဗာန်သည်ကားလို့ ဆိုလို့ရှိရင်ဖြင့် ရထားနဲ့ ရေတွက်ကြည့်လိုက်တဲ့ အခါကျတော့မှ သြော် လုပ်ကြည့်လို့ ရှိရင်ဖြင့် ကိုယ်ရောက်ရာ ရထား၊ ကိုယ်စီးနိုင်တဲ့ ရထား၊ ကိုယ်စီးနေတဲ့ ရထားသည် နီးတယ်၊ ဝေးတယ်ဆိုတာ ခုနင်ကပြောတဲ့ ဝိသုဒ္ဓိနဲ့ ဝေဖန်လိုက်တော့မှ ဦးမာဒင်, ရေ နီးတာ၊ ဝေးတာ ပေါ်လာတယ် (မှန်ပါ့)။
နို့- မဟုတ်လို့ရှိရင် ပါရမီကို ချလိုချ၊ ကံကမကောင်း တာကို ချလို၊ ရောဂါထူလို့ ချလိုချနဲ့ ဒကာကြွယ်, ရေ ခင်ဗျားတို့ ဆင်ခြေက များလွန်းတယ်။ (မှန်ပါ့ ဘုရား)။
အခုတော့ ရထားပေါ်တက်မိတာနဲ့ ဆုံးဖြတ်ချက် ချလိုက်တော့ ဆင်ခြင်စရာ ပါသေးသလား ။ (မပါပါ ဘုရား)။
အဲ ဆင်ခြေဆိုတာ ကိလေသာက ဝင်တာ။ (မှန်ပါ့)။ ဒီလို အတိုင်းအထွာနဲ့ တကွ ခရေစေ့ တွင်းကျ မသိသေးလို့ ဆင်ခြေဝင်တာ။ (မှန်ပါ့ ဘုရား)။
အခုတော့ အတိုင်းအထွာနဲ့ တကွ ဒကာသစ်တို့၊ ဦးမာဒင်တို့ သိရတော့ ဟ နီးပြီ၊ ဟ နီးပြီဆိုတဲ့ ဥစ္စာကို မာမာခန့်ခန့်ကြီး ပြောနိုင်တယ်။ (မှန်ပါ့)၊ မပြောနိုင်ဘူးလား။ (ပြောနိုင်ပါတယ် ဘုရား)။
ဖြစ်ပျက်မြင်လို့ရှိရင် ဒကာသစ် ဘယ်နှနံပါတ် တက်မိသလဲ။ (၅-နံပါတ် တက်မိပါတယ် ဘုရား)၊ ၅နံပါတ် တက်မိပါတယ် ဆိုကတည်းက ၁-၂-၃-၄ ဒါတွေကို ကျုပ်တို့ ကျော်လာပြီ။ (မှန်ပါ့)၊ အဲဒီရထားတွေက ဆင်းခဲ့ပြီ၊ ၅-ပေါ် ရောက်နေပြီ။ (မှန်ပါ့)။
တစ်ခါ ဖြစ်ပျက်ကို မြင်ရုံတွင်မကဘူး၊ ဘုရား တပည့် တော် မုန်းတယ်၊ ရွံတယ်၊ ငြီးငွေ့တယ် ဆိုလို့ရှိရင် ဘယ့်နှယ် ဆိုကြမလဲ။ (၆-ပေါ်ရောက်ပါတယ် ဘုရား)။
အင်း ရထား ခုနစ်စင်း စီးသွားရမယ့်ခရီး ၆နံပါတ် တက်မိလို့ရှိရင်ဖြင့်၊ နောက်တစ်စင်း စီးမိလို့ ရှိရင်ဖြင့် ရောက်တော့မှာပဲ။ (မှန်ပါ့)။
ဦးမာဒင် နောက်တစ်စင်းတက်မိရင် (ရောက် တော့မှာပါ ဘုရား)။
အလုပ်အပေါ်မှာမှီတယ်
အဲဒီတော့ နိဗ္ဗာန် နီးသလား၊ ဝေးသလား ဆိုတာသည် ဘယ်သူ့အပေါ်မှာ မှီတယ်ဆိုတာ ရထား ခုနစ်စင်းနဲ့ တူတဲ့ အလုပ်ပေါ်မှာ မှီပါတယ်။ (မှန်ပါ့ ဘုရား)။
ဒကာကြွယ် ဘယ်ပေါ်မှာ မှီပါလိမ့်။ (အလုပ် ပေါ်မှာ မှီပါတယ် ဘုရား)။ အလုပ်ပေါ်မှာ မှီတယ်ဆိုတာ သေချာပလား။ (သေချာပါပြီ ဘုရား)။
ဒါဖြင့် ဘုရား ဟောထားတယ်၊ “ယဿာ ဧသောဒိသံ ယာနံ ဣတ္တိယာ ပုရိသဿဝါ၊ ဧတေန ယာနေန နိဗ္ဗာနဿေဝ သန္တိကေ ” ဆိုတာ ဒီယာဉ် ဟောတာပဲ။ (မှန်ပါ့)။ ဒါဟာ ယာဉ်ရထားတွေပဲ ဒကာ ဒကာမတို့ ။ (မှန်ပါ့)။ ရိပ်မိပလား ။ (ရိပ်မိပါပြီ ဘုရား)။
ဒီယာဉ်ရထားတွေရှိလို့ စီးနင်းနိုင်တဲ့ ပုဂ္ဂိုလ်ဟာ၊ စီးနိုင်တဲ့ အလုပ် လုပ်တဲ့ပုဂ္ဂိုလ်ဟာ အနီးကလေး ကွတဲ့။ (မှန်ပါ့)၊ သဘောကျပလား ။ (ကျပါပြီ ဘုရား)။
ကဲ ဒါဖြင့် ဒကာဒကာမတို့ စဉ်းစားကြည့်ပါတဲ့၊ ၅-နံပါတ်ဆိုတဲ့ မဂ္ဂင်ငါးပါး၊ မဂ္ဂင်ငါးပါးနဲ့ ပြည့်စုံနေပြီ။ (မှန်ပါ့)၊ ဖြစ်ပျက် မြင်တယ်ဗျ။ (မှန်ပါ့)၊ ၆-နံပါတ် ဆိုလို့ရှိရင် ဖြစ်ပျက် မုန်းတယ် ဆိုလို့ ရှိရင်လည်း မဂ္ဂင်ငါးပါး ပဲ ။ (မှန်ပါ့)၊ ဖြစ်ပျက် အဆုံးမြင်တယ် ဆိုတော့ ရှစ်ပါး ။ (မှန်ပါ)၊ သဘောကျပလား ။ (ကျပါပြီ ဘုရား)။
ကိုင်း ဒါဖြင့် ဒကာဒကာမတို့ ပထမယာဉ်၊ ဒုတိယယာဉ် ငါးခုယာဉ်ကနေပြီး ခြောက်ခု ယာဉ်တက်ရတာ ပဲ။ (မှန်ပါ့ ဘုရား)။
ဒီခုနစ်ခုယာဉ် တက်ပြီးလည်း ဒီအပေါ်နေလို့ မဖြစ်ပါ ဘူး၊ ဒကာကြွယ် ဆင်းရုံပါပဲ။ (မှန်ပါ့)၊ ဆင်းရင် သာကေတနဲ့တူတဲ့ ဒကာသစ် နိဗ္ဗာန်ပဲ။ (မှန်ပါ ဘုရား)။
ဒါဖြင့် ဒီယာဉ်ပေါ် စီးနေတဲ့ ပုဂ္ဂိုလ်က၊ ယာဉ်ရထား တွေပေါ် စီးနေတဲ့ ပုဂ္ဂိုလ်က ဝေးလေ ရော့လား၊ နီးလေရော့ လား၊ တို့ဖြင့် မောင်းလာတာ ကြာလှပြီလို့ ဒီအဓိပ္ပာယ်မရဘူး လား။ (မှန်ပါ့ ဘုရား)။
ဪ ဒီရထားပေါ်က ဆင်းလိုက်ရင် ဒုတိယ ရထားတက်မိပြီဆိုတာ ကိုယ်တိုင် ဆုံးဖြတ် ချက်ချ။ (မှန်ပါ့)၊ ဒုတိယရထားက ဆင်းပြီး တတိယရထား တက်မိပြီ ဆိုတာကော (ကိုယ်တိုင် ဆုံးဖြတ်ချက် ချရပါမယ် ဘုရား)။
တတိယကဆင်းပြီး စတုတ္ထ တက်မိပြီ ဆိုတာကော (ကိုယ်တိုင် ဆုံးဖြတ်ချက်ချ ရပါမယ် ဘုရား)၊ စတုတ္ထကဆင်းပြီး ပဉ္စ မတက်မိပြီဆိုတာကော (ကိုယ်တိုင် ဆုံးဖြတ်ချက် ချရပါ မယ်)၊ ကိုယ်တိုင် ဆုံးဖြတ်ချက်ချတော့ နီးပလား ဒကာ ဒကာမတို့ လို့မေးရင် ဘယ့်နှယ်ဖြေမလဲ။ (နီးပါပြီ ဘုရား)။
နီးပြီးတဲ့ ရှေ့ ရထား ဘယ်နှစ်စင်းသာ ရှိတော့ သတုံး။ (နှစ်စင်းသာ ရှိပါတော့မယ်)၊ နှစ်စင်း ကျန်တော့ တယ်။ (မှန်ပါ့ ဘုရား)။
နှစ်စင်းကျန်တော့တယ်
ဟာ ဒါဖြင့် ကြိုးစားလိုက်-ကြိုးစားလိုက် ဆိုပြီး သကာလ ဒကာဒကာမတို့ မုန်းအောင် ရှုလိုက်စမ်း ပါလို့၊ ဖြစ်ပျက်မြင်ရုံနဲ့ မပြီးသေးလို့ ဖြစ်ပျက် မုန်းသည့် တိုင်အောင် ဒကာသစ် ကြိုးစား လိုက်စမ်းပါ ဆိုတော့ ဘယ်ပေါ် ရောက်သွားသတဲ့။ (၆-နံပါတ်ပေါ် ရောက်သွားပါတယ် ဘုရား)။
ဟာ ခင်ဗျားတို့ ၆-နံပါတ်ပေါ်ရောက်သွားရင် မုန်းနေပြီ၊ မုန်းတဲ့ ပုဂ္ဂိုလ်ဟာ မလိုချင်တာ နီးပလား၊ မနီးသေး ဘူးလား။ (နီးပါပြီ)၊ ဖြစ်ပျက် မုန်းတဲ့ ပုဂ္ဂိုလ်ဟာ ဖြစ်ပျက် မလိုချင်ဖို့ ဦးမာဒင် အနီးကလေးပါ။ (မှန်ပါ့)။ ဒကာကြွယ် ဘယ့်နှယ်တုံး။ (နီးပါတယ် ဘုရား)။
မုန်းတဲ့ပုဂ္ဂိုလ်ဟာ မလိုချင်ပါဘူး ဆိုတော့ ဒီခင်ပွန်းမနဲ့ ပေါင်းနေတာ အကျင့် ကလည်းတန်၊ အရုပ်က လည်းဆိုး၊ ဝေယျာဝစ္စကလည်း မပြုတတ်၊ မုန်းနေတာ ကြာတော့ကို သူနဲ့ကွာဖို့ ရှင်းဖို့ရာ အရေးဟာ ဝေးသေးသလား မေးရင် ဘယ့်နှယ်ပြောကြမလဲ။ (မဝေးပါ)၊ သဘော ပါပလား ။ (ပါပါပြီ ဘုရား)။
ကွာဖို့ ရှင်းဖို့ရာ အရေးဟာ (အနီးကလေးပါ)၊ အနီးကလေးပါပဲတဲ့၊ အခု အကြောင်းတစ်ခု ပေါ်လာရင် ကွာမည် ရှင်းမည်ဆိုတဲ့ စကားသည် ဒကာဒကာမတို့ မြန်မြန် ကြီး ထွက်မည့်စကား။ (မှန်ပါ့)၊ ရှင်းပလား ။ (ရှင်းပါပြီ ဘုရား)။
ဒီမှာလည်း မုန်းလာလို့ ရှိရင် မလိုချင်တဲ့ဥစ္စာ ဖြစ်ပျက် မုန်းလို့ရှိရင် ဖြစ်ပျက် မလိုချင်ဆိုတဲ့ မဂ်ဉာဏ်ဟာ ခဏ ကလေး လာတယ် ။ (မှန်ပါ့ ဘုရား)။
ဒါဖြင့် တစွေ့ ခုန်ပဲ ကျန်တော့တယ်။ (မှန်ပါ့)၊ ဒကာသစ် ဘယ့်နှယ်ဆိုပါ့မလဲ။ (တစ်စွေ့ ခုန်ပဲ ကျန်ပါတော့ တယ ် ဘုရား)။
ဆင်းရင်နိဗ္ဗာန်ရောက်တာပဲ
ဒါဖြင့် ဒကာ ဒကာမတို့ တစ်စွေ့ ခုန်ဖြင့် ကဲ မုန်းတာ ပေရှု နေလိုက်လို့ ရှိရင် မလိုချင်တဲ့ဉာဏ် တက်မိတော့ ၇-နံပါတ် ရထားပေါ် မရောက်ပေဘူးလား။ (ရောက်ပါတယ်)၊ ဖျတ်ဆို ၇-ဆိုတော့ သောတာပတ္တိ မဂ်ဉာဏ် ပေါ်လာပြီး သောတာပတ္တိဖိုလ် ရောက်သွားတော့ ဆင်းတာပဲ။ (မှန်ပါ့)၊ ဆင်းရင် နိဗ္ဗာန်ရောက်တာပဲ။ (မှန်ပါ့)၊ ရှင်းကြပလား ။ (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် နိဗ္ဗာန် နီးသလား ဝေးသလား။ (နီးပါတယ် ဘုရား)၊ ဒို့တော့ဖြင့် ဘယ်ရထားပေါ် ရောက်ပြီ ဆိုတာတော့ ကိုယ့်ဟာကိုယ် စစ်ဆေးကြ။ (မှန်ပါ့)၊ ရှင်းပြီနော်။ (ရှင်းပါပြီ ဘုရား)။
ကိုင်း ယနေ့ ဒီတွင် တော်ကြဦးစို့။
သာဓု သာဓု သာဓု။