သေနည်းကောင်းတရားတော်
အသံဖိုင်ခေါင်းစဉ်= ဥဒ္ဓစ္စ ကုက္ကုစ္စနီဝရဏ အာသန္နကံပြောင်းနည်း သေနည်းကောင်း
စာအုပ်ခေါင်းစဉ်= သေနည်းကောင်းတရားတော်
ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
အမရပူရမြို့၌ ဟောကြားဆုံးမတော်မူသော
သေနည်းကောင်းတရားတော်
(၂၁-၁၁-၆၁)
ဥဒ္ဓစ္စဆိုတာ
ဥဒ္ဓစ္စ ကုက္ကုစ္စဆိုတာ မဂ်ဉာဏ် ဖိုလ်ဉာဏ် တားတယ်လို့ မှတ်ရမယ်၊ ဥဒ္ဓစ္စဆိုတာ မသိဘဲ နေမှာစိုးလို့ “ဥဒ္ဓတဿ ဘာဝေါ ဥဒ္ဓစ္စံ” ဆိုတဲ့အတိုင်း ထားရာ မနေဘဲ ပျံ့လွင့်တဲ့ စိတ်ကို ဥဒ္ဓစ္စလို့ ခေါ်တယ် (မှန်ပါ့) ဟိုဘက် ထွက်သွား ဒီဘက်ထွက်သွား အဲဒီထွက်သွားတဲ့ စိတ်ကို ဘာခေါ်ကြမယ် (ဥဒ္ဓစ္စပါ ဘုရား)။ ကောင်းပြီ၊ ဒါဖြင့် ဒါဟာ ဥဒ္ဓစ္စ (မှန်ပါ့)။
ကုက္ကုစ္စဆိုတာ
ကုက္ကုစ္စဆိုတာကတော့ ဒုစရိုက် ပြုပြီးတာကို ပြန်စိုးရိမ် တယ်၊ ငါမှားခဲ့တယ်၊ ကောင်းသော အလုပ်တွေ မလုပ်မိခဲ့တာလဲ ငါမှားခဲ့တယ်။ မကောင်းတဲ့အလုပ်တွေ လုပ်မိတာလဲ ငါမှား ခဲ့တယ် ဆိုပြီး သူ့ဟာသူ စိုးရိမ်တဲ့ သောကကို ကုက္ကုစ္စလို့ မှတ်ထား (မှန်ပါ့)။
ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဒီနှစ်ခုစလုံးကို တွဲ ဟောခြင်းသည် တစ်ခုဖြစ်ရင် တစ်ခု အဖော်ပါလာလို့လို့ မှတ် လိုက်ပါ (မှန်လှပါ) တွဲဟောတာ ဘာဖြစ်လို့ပါလိမ့် (တစ်ခု ဖြစ်ရင် တစ်ခု အဖော်ပါလာလို့ ပါ ဘုရား)။
တစ်ခုဖြစ်ရင် တစ်ခုအဖော်ပါလာတဲ့အတွက်တဲ့၊ ဒီဥစ္စာ တွဲပြီးသကာလ ဟောခြင်းသည် နဂိုကကိုက တွဲဖြစ်တတ်တဲ့ သဘော ရှိလေ သောကြောင့် ကုက္ကုစ္စနဲ့ ဥဒ္ဓစ္စတွဲရပါတယ် (မှန်ပါ့ ဘုရား)။
မိုက်ခဲ့တာတွေ ပြန်မတွေးပါနဲ့
ကောင်းပြီ၊ ဒီလိုမှတ်ထားတော့ မနေ့က ကုက္ကုစ္စကိုပြော ခဲ့တယ် (မှန်ပါ့) ကုက္ကုစ္စဟာ ဥဒ္ဓစ္စထက် ဦးသန်းမောင် အရေး ကြီးတယ်မှတ်လိုက် (မှန်ပါ့ ဘုရား) ခင်ဗျားတို့ဖြစ်စေ ဘုန်းကြီးတို့ ဖြစ်စေ၊ ဟို နောက်က ဒကာမတွေဖြစ်စေ ငယ်ငယ်တုန်း ကတော့ မသိခင်က မိုက်ကြတာပဲ (မှန်ပါ့ ဘုရား) စိတ်လိုက်မာန် ပါ လုပ်ဖူးတာတွေ အကုသိုလ်တွေကလဲ မနည်းလှဘူး (မှန်ပါ့)။
ဒါကို တရားအားထုတ်နေတဲ့ အချိန်မှာ ဖြစ်စေ၊ တရား အားမထုတ်ဘဲနဲ့ အခါမှာဖြစ်စေ ဘယ်အခါကာလမှ ပြန်မတွေး ပါနဲ့ (မှန်ပါ့ ဘုရား) ဖျောက်ပစ်ပါ (မှန်ပါ့)။
တစ်ခု ကုသိုလ်တွေ လုပ်မည့် ဥစ္စာကိုလဲ မလုပ်ရသေး ဘူး၊ ခက်သေးတယ်ဆိုတာ မလာစေနဲ့၊ မလုပ်ဖြစ်ဘူး၊ မလုပ်တော့ ဘူး ဖြတ်ချ (မှန်ပါ့) မပြီးသေးဘူး၊ မပြီးသေးတာဘဲ တော်ပြီ၊ ဖြတ်ချ၊ မပြီးသေးလို့ ခက်သေးတယ် မလာစေနဲ့ (မှန်ပါ့ ဘုရား) မပြီးသေးလို့ ခက်သေးတယ် မလာစေနဲ့ (မှန်လှပါ ဘုရား) မပြီးသေးလို့ခက်သေးတယ် လာရင်ဖြင့် ကုက္ကုစ္စ သွားဖြစ် တယ် (မှန်ပါ့)။
အလွန်ကြောက်စရာကောင်းတဲ့တရားနှစ်ခု
ဒါဖြင့် ဥဒ္ဓစ္စနဲ့ ကုက္ကုစ္စသည် စိတ်ပျံ့လွင့်လို့ ဟိုဟာတွေ ပေါ်လာတယ် (မှန်ပါ့) စိတ်မပျံ့လွင့်တဲ့ ပုဂ္ဂိုလ်မှာ ကုက္ကုစ္စ မပေါ်ဘူး (မှန်ပါ့ ဘုရား) ဒါဖြင့် ဒီတရား နှစ်ခုသည် ဒကာ ဒကာမတွေ အလွန်ကြောက်စရာကောင်းတဲ့ တရားနှစ်ခုလို့ မှတ်ကြပါနော် (မှန်ပါ့ ဘုရား)။
အဲဒီတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဟော လိုက်တယ်၊ ဥဒ္ဓတဿ ဘာဝေါ ဥဒ္ဓစ္စံ-ဟေ့၊ မင်းတို့ ထားရာမနေ တဲ့စိတ် ဥဒ္ဓစ္စမှတ်၊ မကောင်းတာ ပြုပြီးတာကို စိုးရိမ်နေတာလဲ ကုက္ကုစ္စ မှတ်ဟေ့၊ ကောင်းတာကို မပြုလုပ်ရသေးလို့ သောက ရောက်နေတာလဲ ကုက္ကုစ္စဟေ့ (မှန်ပါ့) ရှင်းပြီနော် (ရှင်းပါပြီ)။
သေခါနီးမှာလာတတ်တယ်
အဲဒီတော့ ဒါတွေဟာ လူတိုင်းမှာရှိတတ်တဲ့ တရားလို့ ဦးသန်းမောင်တို့၊ ဦးသံဒိုင်တို့ မှတ်ရမယ် (မှန်ပါ့ ဘုရား)၊ ဘယ်အချိန်မှာ လာတတ်သတုံးလို့ မေးတဲ့အခါ သေခါနီးမှာ အာသန္နကံ အဖြစ်နဲ့ လာတတ်တယ် (မှန်ပါ့ ဘုရား)။
သေခါနီးမှာ (အာသန္နကံ အဖြစ်နဲ့ လာတတ်ပါတယ် ဘုရား) သေခါနီးမှာ အာသန္နကံအဖြစ်နဲ့ လာတတ်တယ်လို့ ဘုန်းကြီးတို့ ဒကာ၊ ဒကာမတွေက မှတ်ထားပါ (မှန်ပါ့ ဘုရား) အဲဒီလို အာသန္နကံ လုပ်ထားတဲ့ ပုဂ္ဂိုလ်ဟာ တစ်သက်လုံး တရား အားထုတ် တစ်သက်လုံး ဒါနတွေပြု၊ သူကဝင်ပြီး အကျိုးပေး လိမ့်မယ် (မှန်ပါ့ ဘုရား) မနစ်နာဘူးလား (နစ်နာပါတယ် ဘုရား)။
မလ္လိကာမိဖုရားကြီး
ယနေ့ ဝတ္ထုထုတ်ကြစို့တဲ့ မလ္လိကာမိဖုရားကြီး ဝတ္ထု (မှန်ပါ့) မလ္လိကာ မိဖုရားကြီးဆိုတာ ဒကာ၊ ဒကာမတွေမှတ်ထားပါ၊ ပသေနဒီ ကောသလမင်းကြီးရဲ့ ခင်ပွန်းမ မိဖုရားကြီးပေါ့ (မှန်ပါ့ ဘုရား)။
သူဟာ ဘယ်သူနဲ့မှမတူတဲ့ အသဒိသ အလှူကြီး လှူဖူး တယ်၊ ဘယ်သူနဲ့မှ မတူဘူး (မှန်ပါ့ ဘုရား) ဘုရားလက်ထက်မှာ အခမ်းအနားဆုံး၊ အကြီးအကျယ်ဆုံး၊ အကြီးအကျယ် ထဲမှာဖြင့် သူ့ထက် ကြီးကျယ်အောင် လှူနိုင်တဲ့အလှူ ရှိကိုမရှိဘူး (မှန်ပါ့ ဘုရား)။
ဒါဖြင့် ဒီ အလှူကြီးဟာ အကျိုးပေးရတော့မယ် လို့ ဦးသန်းမောင်တို့ ဦးသံဒိုင်တို့က အောက်မေ့မှာ (မှန်ပါ့ ဘုရား)။
မဟုတ်တာတွေ လိမ်မိတယ်
မပေးဘူးလို့ ဘုန်းကြီးက မဟောခဲ့ပါဘူး၊ ပေးမှာပါဘဲ ပင်ပေးငြားသော်လဲ သူ့မှာ ကုက္ကုစ္စ ဝင်လာတယ် (မှန်ပါ့) ကုက္ကုစ္စ ဝင်လာတယ်၊ ရှင်ဘုရင်ကို လိမ်ပြစ်ကလေးတစ်ခု၊ မသိ မသာ မိန်းမတို့ကြာနဲ့ လှည့်ပြီး လိမ်လိုက်တယ် (မှန်ပါ့)။
အဲဒီလိမ်ပြစ်ကလေးက ဖြစ်လောက်တာလဲ မဟုတ်ဘူး ဖြစ်လောက်တဲ့ အမှုသွား ကလေးလဲ မဟုက်ဘူး၊ အဲဒီ အသဒိသ ဒါန အလှူကြီး လှူပြီးတော့ သေခါနီးကျတော့ သူက အာသန္နကံ ဖြစ်လာတယ် (မှန်ပါ့) ရှင်ဘုရင်ကို ငါ့နှယ် မဟုတ်တာတွေ လိမ်မိတယ် (မှန်ပါ့) ဒီအချိန်မှ ပေါ်လာတယ် (ပေါ့သေခါနီးမှာ ပေါ်လာတယ် (မှန်ပါ့)။
အသဒိသဒါနအလှူကြီး
ပေါ်လာတော့ အသဒိသဒါန အလှူကြီးက ဆင်လှူ မြင်းလှူ နံ့သာတွေဆိုတာ မပြောပါနဲ့ လှေနဲ့ကို ထည့်လှူတယ် (မှန်ပါ့)၊ ရဟန္တာတစ်ပါး ဆင်တစ်စီး အပျိုတော်တွေ ခြံရံလို့ ယပ်တောင်တွေ ခပ်လို့၊ ဒီအထဲကမှ ကျွေးစရာ မွေးစရာရှိရင် ဘုရင်ချည်းပဲ၊ တိုင်းပြည်နဲ့ ပြိုင်တာ သူက အနိုင်ယူ တာပဲ (မှန်ပါ့)။
ရဟန္တာတွေကို လှူရတာ လယ်မြေကောင်း
ပြီးတော့ လှူတာကလဲ ရဟန္တာချည်းပဲ ဆိုတော့ ဦးသန်း မောင် လယ်ကောင်းတွေပေါ့ဗျာ (မှန်ပါ့) ရဟန္တာဆို တာ “အနုတ္တရံ ပုညက္ခေတ္တံ့ လောကဿ” လို့ဆိုတဲ့အတိုင်း လယ်ကောင်းတွေပဲ (မှန်ပါ့) စိုက်လိုက်တာလဲ မျိုးစေ့ကောင်း တွေပဲ (မှန်ပါ့)။
အင်မတန် အကျိုးပေးဖို့ ကောင်းပါတယ်လို့ မောင်သစ်တို့ ဆုံးဖြတ်ချက်ချရမယ် (မှန်ပါ့ ဘုရား)။
အသဒိသဒါနဆိုသော
ဘုရားတစ်ဆူ တစ်ဆူပေါ်မှ ဒီလိုအလှူမျိုး တစ်လှူ တစ်လှူပဲ လှူနိုင်တယ် (မှန်ပါ့) ဒီပြင် အတုမရှိဘူး၊ ဒါကြောင့် အသဒိသဒါန၊ အသဒိသတွင် အ-ကမြစ်တယ်၊ သဒိသက တူ တယ်၊ မတူအောင် လှူတယ်၊ အင်မတန် ကြီးကျယ်ခမ်းနားတဲ့ အလှူကြီးဆိုရင်လဲ ဦးသန်းမောင် ငြင်းဖို့ မလိုပါဘူး (မှန်ပါ့မလိုပါ ဘုရား)။
အာသန္နကံဆိုတာ
အဲဒါ သေခါနီးကျမှ ရှင်ဘုရင်ကို မုသားကလေး သုံး မိတာကလေးက ဖျတ်ခနဲဝင်လာတယ်၊ ဖျတ်ခနဲ ဝင်လာတော့ သူက အာသန္နကံ ဖြစ်သွားတယ်၊ အာသန္န ကမ္မ အာသန္နကံစုတိနဲ့ နီးတာ၊ ကမ္မကအမှု အာသန္နကမ္မဆိုတဲ့ အာသန္နကံ ကလေးပေါ့ဗျာ (မှန်ပါ့)။
ဒါကလေးက စုတိနဲ့ နီးတော့ စုတိပြီးပဋိသန္ဓေလာရ မယ်။ မဂ်ဖိုလ် မရသေးတဲ့ ပုဂ္ဂိုလ်များမှာ (မှန်ပါ့ ဘုရား)။
အဲဒီ စုတိနဲ့နီးပြီးတော့ စုတိပြီး ပဋိသန္ဓေလာတော့ ပဋိသန္ဓေနဲ့လဲ နီးတယ်လို့ မဆို နိုင်ဘူး လား (ဆိုနိုင်ပါတယ် ဘုရား)။
အေး ဒါကြောင့် သူ့ကိုအာသန္နကံလို့ ဒီနေ့ည ထူးထူးခြားခြား ပြောလိုက်တယ် (မှန်ပါ့)။
အဝီစိကျသွားတယ်
အဲဒီ အာသန္နကံ ကလေးဟာ ဝင်ပြီးတော့ နှောင့်ယှက် လိုက်တာ အသဒိသဒါနကြီးဟာ နေရစ်ရရှာတယ်၊ အဝီစိကျသွား တယ် (မှန်ပါ့ ဘုရား)။
ကဲ အသဒိသဒါနအလှူကြီးဟာ ဦးသန်းမောင် ကယ်နိုင်သေးရဲ့လား (မကယ်နိုင်ပါ ဘုရား) မကယ်နိုင်ဘူး။
ဘာဖြစ်လို့ မကယ်နိုင်တာတုံးဆို ဟိုနဲ့သာနီးတယ်၊ အသဒိသဒါနက အလွန်ကြီးကျယ်တဲ့ ကံဟောင်းကြီးလုပ်ထား တာ ဒါကလေးက သေးသေးကလေး တစ်ခါတည်း ပြစ်မှားတယ် ဘယ့်နှယ် ကြောင့်တုံး ဆိုတော့ သူက အဲဒါ ကုက္ကုစ္စ သဘောနဲ့ ဝင်လာတယ် (မှန်ပါ့ ဘုရား)။
ဒါနကမကယ်သာဘူး
သြော် ငါ့ဒီအပြစ်ကလေး ဒါကလေးကြောင့် ငါခက် တယ်ဆိုပြီး၊ ဒါကလေးကြောင့် ခက်တယ်ဆိုတဲ့ အလုံးကလေး ဝင်လာတယ် (မှန်ပါ့ ဘုရား) ဒါနဲ့ အဝီစိကျတယ်။
ကုက္ကုစ္စ ဆိုးပုံများ (မှန်ပါ့) အသဒိသဒါနကြီး မကယ် သာဘူး (မှန်ပါ့) ဘယ်လောက် နစ်နာသလဲ (နစ်နာပါတယ် ဘုရား)။ ဦးသံဒိုင် – ဘာကံတဲ့တုံး (အာသန္နကံပါ ဘုရား) မှတ် ထားပါ၊ နောက်က ဒကာ ဒကာမတွေ ဘယ်သူနှင့် နီးတာတုံးဆိုတော့ သေခါနဲ့ စုတိစိတ်နဲ့နီးတာ (မှန်ပါ့) ပဋိသန္ဓေနဲ့လဲ နီး တယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ) စုတိနဲ့လဲ (နီးပါတယ်) ပဋိသန္ဓေနဲ့လဲ (နီးပါတယ် ဘုရား) ဒါကို ဘာကံခေါ်ကြမလဲ (အာသန္နကံခေါ်ပါတယ်)။
လှူခဲ့ရတာတွေ အကျိုးပေးခွင့်မရ
အာသန္နကံ ဆိုတော့ မှတ်ထားလိုက်ပါ၊ ဘယ်အချိန်လာ တတ်သတုံး ဆိုလို့ရှိရင် သေတော့မယ် စုတိစိတ် ရောက်ခါနီးမှ လာတတ်တယ် (မှန်ပါ့) အင်မတန် ကြောက်စရာ မကောင်း ဘူးလား (ကောင်းပါတယ် ဘုရား)။
အဲဒီ အာသန္နကံ နှိပ်စက်လိုက်တာ တိုင်းပြည်ကြီးပါချီ လှူခဲ့ရတာတွေ အကျိုးပေးခွင့်မရဘူး၊ သူကနေပြီး အရင်ဆုံး အကျိုးပေးချလိုက်တယ်၊ အကျိုးပေးချလိုက်တော့ အဝီစိကျခဲ့ တယ် (မှန်ပါ့) မနာဘူးလား (နာပါတယ် ဘုရား)။
ဒါနဲ့ ရှင်ဘုရင်ကလဲ သူ့မိဖုရားကြီး မြတ်နိုးတာက တစ်ကြောင်း၊ သူကဒါကို အကြံဉာဏ်ပေးလို့ ဒီအလှူပွဲကြီး အထ မြောက်ရတာလဲ တစ်ကြောင်းဆိုတော့ သူ့ခင်ပွန်းမ ကောင်းရာ သုဂတိတော့ ပါသွား ပေါ့လို့ သူက ဆုံးဖြတ်ချက်ချလိုက်တယ် (မှန်ပါ့)။
ပသေနဒီကောသလမင်းကြီး
သူက ဆုံးဖြတ်ချက်ချတာက ကောင်းရာသုဂတိသွား တယ်။ ဒီလို ဆုံးဖြတ် ချက်ချတယ် (မှန်ပါ) ပသေနဒီ ကောသလမင်းကြီးက (မှန်ပါ့)။
သူထင်နေတာကတစ်မျိုး ဟိုဖြစ်နေတာက တစ်မျိုးလို့ ဒကာ ဒကာမတွေ မှတ်လိုက်ပါ (မှန်ပါ့ ဘုရား)။
ဒါနဲ့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက – နေ့တိုင်းလို နန်းတော်သို့ ဆွမ်းခံမလာဘူးဗျ (မှန်ပါ့) ဘုရားကမကြွဘူး (မှန်ပါ့) ကြွရင် သူ့ခင်ပွန်းမ ဘယ်ဘုံ ရောက်နေသတုံး ဘုရာ့ သူကလဲ မေးမှာ (မှန်ပါ့) ဘုရားကလဲ ခင်ဗျားတို့ သိတဲ့ အတိုင်းဘဲ ဝစီကံ နောက်က နေပြီး သကာလ မနောကံကလဲ အမြဲ လိုက်တယ်၊ ဝစီကံကလဲ အမှန်ပြော၊ မနောကံကလဲ အမှန်နှလုံး သွင်း ဉာဏာနုပရိဝတ္တံ့ ဆိုတဲ့အတိုင်း ခင်ဗျားတို့ရတဲ့အတိုင်းတဲ့ “သဗ္ဗံ ဝစီကမ္မံ ဉာဏာနုပရိဝတ္တံ့ ” ဉာဏ်သို့ အစဉ်လိုက်တယ် (မှန်ပါ့) မနောကံကလဲ ဉာဏ်နဲ့ တစ်ခါတည်းလိုက်တယ် (မှန်ပါ့) မနောကံကလဲ အမှန်ပြောတယ်၊ ဉာဏ်ကလဲ အမှန်လိုက်တယ် (မှန်ပါ့)။
အဲဒီတော့ သူ့ဝါဒလဲ ဘုရားဖြစ်တဲ့ဥစ္စာ နိယာမသဘော တွေ သင့်နေတော့ ဖျက်ဆီးလို့ မရပါဘူး၊ ဒါနဲ့ နန်းတော်ထဲ မကြွ ဘဲနေတယ် (မှန်ပါ့) ခုနစ်ရက် မကြွဘဲ နေလိုက်တယ်၊ ခုနစ် ရက်ခံရမှာကိုး အဝီစိမှာ (မှန်လှပါ) အာသန္နကံက အကျိုး ပေးလိုက်တာနော် (မှန်ပါ့)။
မိစ္ဆာဒိဋ္ဌိဖြစ်မှာစိုးလို့ မကြွတာ
အင်း – နန်းတော်ထဲသာ နေ့တိုင်း ဆွမ်းခံကြွမယ် ဆိုလို့ရှိရင် ချက်ချင်း ကောက်မေးမယ်၊ ကောက်မေးရင် အဝီစိမှာလို့ပဲ ပြောရမယ် (မှန်ပါ့) အဝီစိမှာလို့ ပြောလိုက်လို့ရှိရင်လဲ လှူတာ တွေ အလကားပဲဟေ့ လို့ ရှင်ဘုရင်က ဆုံးဖြတ်ချက်ချမယ်။
ကဲ ဒီလောက် လှူခဲ့ရတဲ့အလှူကြီး အဝီစိကျတယ် ဆိုရင် ဒီလောက်လှူတဲ့ အလှူပေးပုဂ္ဂိုလ် အဝီစိကျတယ်ဆိုရင် သူပါ မိစ္ဆာဒိဋ္ဌိဖြစ်တော့မယ် (မှန်ပါ့ ဘုရား) ဒါကြောင့် မကြွဘဲ နေလိုက်တာ။
ကဲ ဦးသန်းမောင် ဘုရားတောင်မကြွဘူး၊ မကြွတာ က ရှင်ဘုရင့် မိစ္ဆာဒိဋ္ဌိဖြစ်မှာစိုးလို့ (မှန်ပါ့ ဘုရား) ဘာဖြစ်လို့တုံး (ရှင်ဘုရင် မိစ္ဆာဒိဋ္ဌိဖြစ်မှာစိုးလို့ပါ ဘုရား) ရှင်ဘုရင် မိစ္ဆာဒိဋ္ဌိ ဖြစ်မှာစိုးလို့ မကြွတာ (မှန်ပါ့)။
ခုနှစ်ရက်စေ့တော့ နတ်ပြည်တက်သွားတယ်
နောက် ခုနစ်ရက် စေ့တဲ့အခါကျတော့ နတ်ပြည် တက်သွားတယ်၊ အဲဒီ နတ်ပြည် တက်သွားတော့ ဘုရားက အဘိညာဉ်နဲ့ ကြည့်လို့ နတ်ပြည်ရောက်သွားတယ်လို့သိတော့မှ နန်းတော်သို့ ကြွတယ်၊ ကောက်မေးလိုက်တာပဲ တစ်ခါတည်း အရှင်ဘုရား တပည့်တော်ရဲ့ မလ္လိကာ မိဖုရားကြီးဟာ ဘယ် ရောက်နေသတုံး ဟာ နတ်ပြည် ရောက်နေပြီ ဒကာကြီး၊ အဲဒီကျမှသွားတယ်၊ ခုနစ်ရက် မသွားဘူး၊ ဒီပြင်နေရာမှာ ဆွမ်းခံ စားရတယ်၊ ဒီနန်းတော်ထဲ ဆွမ်းခံမစားဘူး။
ဘာ့ကြောင့်တုံးဆိုတော့ ရှင်ဘုရင် မိစ္ဆာဒိဋ္ဌိဖြစ်မှာစိုးလို့ (မှန်လှပါ ဘုရား) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
ကုက္ကုစ္စတခြား၊ ဒါနကတခြား
ခင်ဗျားတို့က သိပြီးသားဖြစ်နေတယ်၊ ဟိုဟာက ဟိုဟာ ဒီဟာက ဒီဟာ၊ ဒါတခြားစီလို့ ခင်ဗျားတို့ကမှတ် (မှန်ပါ့ ဘုရား)။
ကုက္ကုစ္စ ကုက္ကုစ္စ တခြား မဟုတ်ဘူးလား (မှန်ပါ့) အသဒိသဒါနက (တခြားပါ ဘုရား)။
သို့သော် သူက ဘာဖြစ်လို့ အရင် အကျိုးပေးပစ်လိုက် သတုံး နတ်ပြည်အကျိုးမပေးနဲ့ဆိုတော့ ကုက္ကုစ္စဖြစ်လို့ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။။
ဘာတဲ့တုံး (ကုက္ကုစ္စဖြစ်လို့ပါ) ကုက္ကုစ္စအာသန္နကံ လာဖြစ်တယ် (မှန်ပါ့) ကုက္ကုစ္စ ဇော စောတာ၊ ကြောက်စရာ မကောင်းဘူးလား (ကောင်းပါတယ် ဘုရား)။
အဲဒီတော့ အခုဘုန်းကြီး ဆုံးမတာ ခင်ဗျားတို့ မှတ်ထား ပါ၊ အကုသိုလ်ဟူသရွေ့ နောက်က ဘယ်လို မိုက်ခဲ့ မိုက်ခဲ့ ပြန်မ တွေး နဲ့ (မှန်ပါ့ ဘုရား) တွေးရင် မိုက်တာပဲ၊ ကုက္ကုစ္စဖြစ်မယ်။
မပြုရသေးတဲ့ ကုသိုလ်ဟူသရွေ့ကိုလဲ ပြန်ပြီး သကာလ ခင်ဗျားတို့ လွမ်းဆွတ် သောက ဗျာပါရ ဖြစ်မနေနဲ့ (မှန်ပါ့) ငါကွာ သူများလို တို့ ဆရာဘုန်းကြီး ရွှေပြား မကပ်ခဲ့ရတာ မကျေ နပ်ဘူးကွ လို့ မလုပ်နဲ့ (မှန်ပါ့) ဘာမှမတွေးနဲ့ (မှန်ပါ့)။
သေရင်ဖြစ်ပျက်ရှုပြီး သေရုံပဲ
အခု လုပ်နေတဲ့ ဆရာဘုန်းကြီး ပေးတဲ့ဖြစ်ပျက်ကိုသာ ခင်ဗျားတို့က သေတဲ့အခါ နှလုံးသွင်း (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ) သေလဲ ဒီဖြစ်ပျက်ကို ရှုပြီးသေရုံပဲ (မှန်ပါ့)။
ဖြစ်ပျက်ရှုပြီး သေလိုက်လို့ရှိရင် သေတဲ့အချိန်မှာပဲ သောတာပန် သကဒါဂါမ်၊ အနာဂါမ် ဖြစ်နိုင်သေးတယ်။
သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်ဖြစ်ပြီးမှ ရှုပြီးသေ လိုက်ဦးမယ်လို့ဆိုရင်သေခါနီးမှာ ရဟန္တာဖြစ်သေးတယ်။
မပြုရသေးတဲ့ကုသိုလ်တွေလဲမတွေးနဲ့
ဒီတော့ ဦးသံဒိုင် ဆရာသမားက အရေးကြီးတာ ဆုံးမ ပြီဆိုတာ မှတ်ရလိမ့်မယ် (မှန်ပါ့ ဘုရား) အရေးကြီးတာကို (ဆုံးမပါပြီ ဘုရား) ပြုပြီး အကုသိုလ်တွေကို တွေးရမှာလား မတွေး ရဘူးလား (မတွေးရပါ ဘုရား) တွေးရင် ကုက္ကုစ္စဖြစ်တာ ပဲ (မှန်ပါ့) မပြုရသေးတဲ့ ကုသိုလ် တွေကို တွေးရင်လဲ (ကုက္ကုစ္စပါ ဘုရား)။
ဒါဖြင့် အားလုံး ဒကာ ဒကာမတွေကပြုပြီးသား အ ကုသိုလ်တွေကိုလဲ တွေးလုံး ဘယ်အခါမှ မထုတ်ပါနဲ့ဆိုတာ တား မြစ်တယ် (မှန်ပါ့) မပြုရသေးတဲ့ ကုသိုလ်တွေကိုလဲ မပြုရ သေးဘူးဆိုတဲ့ ကုက္ကုစ္စသောက မလာပါစေနဲ့ (မှန်လှပါ) ကိုယ် လုပ်မြဲ အလုပ်သာ ပဓာနထားပါ၊ ရှင်းပလား (ရှင်း ပါပြီ) ဘာကို ပဓာနထားရမလဲ (ကိုယ်လုပ်မြဲအလုပ်ကို ပဓာန ထားရ ပါမယ်)။
သာမညဆရာသမား
လုပ်မြဲ အလုပ်ဆိုတာ ကလဲ သာမည ဆရာသမား ကတော့ ဦးသံဒိုင်တို့ကို ဟောလိမ့်မယ်၊ သာမည အသိဉာဏ်ရှိတဲ့ ပုဂ္ဂိုလ်ကတော့ ဦးသန်းမောင်တို့ကို ဟောမှာပဲ မင်းကွာ ရွှေဆံတော်မှာ တန်ဆောင်းသုံးခု လုပ်ထားတယ်၊ အဲဒါ သေခါနီး မှာ မရ-ရအောင် ဖတ်ကွ၊ သူပြောချင် ပြောလိုက် လိမ့်မယ်။ ဒါတွေ ပေါ်အောင် တွေးကွ၊ စာဂါနုဿတိကို သူဟောမယ် (မှန်ပါ့)။
အဲဒါ ဘာဟောတာလဲ (စာဂါနုဿတိပါ ဘုရား) သမထကို ရွေးဟောတယ် (မှန်ပါ့) အနုဿတိ ဆယ်ပါးဆိုတာ သမထပဲ (မှန်ပါ့)။
ဟာ ဒမ္ဘီမှာ သိမ်ကြီးတစ်ခု ဆောက်ထားတယ်၊ မင်း ကုသိုလ် မလွတ်စေနဲ့နော်ဆိုတာ ဦးသန်းမောင် ကြားဖူးချင်လဲ ကြားဖူးလိမ့်မယ် (ကြားဖူးပါတယ် ဘုရား)။
ကြားဖူးပါတယ်၊ သာမညဆရာနဲ့ တွေ့ရင် ဒါဟောလိမ့် မယ်ဆိုတာ သိပြီးသားနော် (မှန်ပါ့)။
ဒါဘာတုံး ဆိုတော့ ကိုယ်စွန့်ထားတာ အောက်မေ့တာ စာဂါနုဿတိခေါ်တယ်။ အဖိုးမတန်လှသေးပါဘူး ရှင်းပလား (ရှင်းပါပြီ)။
အောက်တန်းကျတယ်
ကောင်းပါပြီ ဒါဖြင့် ကာမမှာ အဆောက်အဦတစ်ခု လှူဒါန်းထားတယ်၊ တန်ဆောင်း တစ်ခု လှူဒါန်းထားတယ်၊ ပုပ္ပါးတောင်မှာ တန်ဆောင်းတစ်ခု လှူဒါန်းထားပြန်တယ်၊ ဒါတွေ မပျောက်စေနဲ့နော် သေခါနီး ဒါကိုစွဲကွ၊ ဒီလိုပဲ ဟောကြမှာပဲ (မှန်ပါ့)။
ဘာဟောတာတုံးဆိုတော့ ဦးသံဒိုင်က ဆုံးဖြတ်ချက်ချ (စာဂါနုဿတိ ဟောတာပါ ဘုရား) သမထလား၊ ဝိပဿနာလား (သမထပါ ဘုရား)။
ဒါ ဘာလုပ်ဖို့တုံး ဒီဥစ္စာ မဟုတ်ဘူး (မှန်ပါ့) အောက်တန်းကျတယ် ဒီဟာ (မှန်ပါ့)။
သေခါနီးမှာ တရားနှလုံးသွင်းပါ
ဘာမှမအောက်မေ့နဲ့ တဲ့၊ ဒီခန္ဓာကိုယ်ကြီးကို ဖြစ်ပျက်ဒုက္ခသစ္စာ အောက်မေ့လို့ရှိရင် သေခါနီးမှာ တရားနာပြီး ခန္ဓာ နှလုံးသွင်းလိုက်လို့ရှိရင် သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ် ကျအောင် တည်တတ်တယ် (မှန်ပါ့ ဘုရား) ဘယ့်နှယ်ကြောင့် တည်ပါလိမ့်မလဲလို့ ခင်ဗျားတို့မေးဖို့ မလိုဘူးလား (လိုပါတယ် ဘုရား)။
ရေနစ်နေတဲ့ လူတစ်ဦး တစ်ယောက်ဟာ ကမ်းနားလဲ မြင် နေရပြီဆိုလို့ရှိရင် အားကုန် ကူးမလား မကူးဘူးလား (ကူး ပါတယ် ဘုရား) ဘာပြုလို့တုံး၊ ကမ်းနားမြင်လို့ ရှင်းပလား (ရှင်းပါပြီ)။။
ထို့အတူပဲတဲ့ ဒီမရဏရေထဲမှာ သူနစ်နေတယ်၊ ငါတော့ မုချသေရတော့မှာပဲ ဆိုတာသိတယ်၊ အဲဒီအချိန်မှာ သိပ်တည် ကြည်တယ်၊ ဒီဖြစ်ပျက် မှတစ်ပါး ငါ့မှာ ကိုးစားစရာမရှိဘူး၊ ဒီလိုကို သူ ဆုံးဖြတ်ချက် ချတယ် (မှန်ပါ့ ဘုရား) အရင် ဝီရိယနဲ့ တူပါ ဦးမလား (မတူပါ ဘုရား)။
ခင်ဗျားတို့က အခုတော့ ညောင်းတယ်ဆို ထချင်ထသွား မှာ မဟုတ်ဘူးလား (မှန်ပါ့) အင်း ကျင်ကြီး စွန့်ချင်တယ်ဆို ရင်တော့ (ထပါတယ် ဘုရား) ကျင်ငယ် စွန့်ချင်တယ် ဆိုရင်ကော (ထပါတယ် ဘုရား) ဧည့်ထူး လာတယ် ဆိုရင်ကော (ထပါတယ် ဘုရား)။
ပြင်းပြသောဝီရိယနှင့်ကြိုးစားပါ
အခုတော့ ဝီရိယက ပျော့တယ် (မှန်ပါ့) ဟိုမှာတော့ ငါမုချဒီတောင်က မလွတ်တော့ဘူး ဆိုတာသိတော့ အားထုတ်ရာ ကျတော့ ဒါမှတစ်ပါး မရှိဘူးဆိုပြီးသကာလ ဝီရိယမှာ ပြင်းပြစွာသော ဝီရိယဖြင့် ကြိုးစားလိုက်ရင်သေခါနီးမှာ ရဟန္တာဖြစ်တယ်၊ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ် ဖြစ်တယ် (မှန်ပါ့ ဘုရား)။ ကဲ မကွာဘူးလား (ကွာပါတယ် ဘုရား)။
အကုသိုလ်အာသန္နကံ
အဲဒီတော့ သေခါနီးမှာ အာသန္နကံ ဖြစ်အောင်လုပ်ပါ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ) ခုနင်က မလ္လိကာ မိဖုရားကြီး အာသန္နကံဖြစ်တာက အကုသိုလ် အာသန္နကံ ဝင်လာတာ (မှန်ပါ့)
ဘုန်းကြီး အခုဆုံးမတာက ဝိပဿနာကုသိုလ် အာသန္နကံဆို ပါတယ် (မှန်ပါ့ ဘုရား)။
ကုသိုလ်အာသန္နကံ
ဒါဖြင့် ဘယ်ဟာ အသုံးချကြမယ် (ကုသိုလ် အာသန္နကံ အသုံးချပါမယ် ဘုရား) ကုသိုလ် အာသန္နကံကို အသုံး ချပါလို့ ခုနင်က သာမည အနုဿတိ ဟောထားတဲ့ စာဂါနုဿ တိ ဟောထားတဲ့ ဆရာသမားဟာ အောက်တန်း အင်မတန်ကျ တယ်လို့ မှတ်ပါ (မှန်လှပါ ဘုရား)။
နိဗ္ဗာန်ရမည့်ဥစ္စာကို ဗြဟ္မာပြည် ပို့နေသော အရှင်သာရိပုတ္တရာ တရား ဟောသွားသလို ဖြစ်နေတယ် (မှန်ပါ့ ဘုရား) မနေ့က ပြောခဲ့တယ် (မှန်ပါ့)။
ဓနဉ္ဇာနီပုဏ္ဏားကြီး
အရှင်သာရိပုတ္တရာ ဓနဉ္ဇာနီပုဏ္ဏားကြီး တရားဟော တာ တရားဟောညံ့တယ်လို့ ဘုရားကအပြစ် တင်တယ်၊ ရဟန္တာ ဖြစ်ရမည့် ပုဂ္ဂိုလ်ဟာ ဗြဟ္မာဖြစ်နေတယ် ရှင်းပလား (ရှင်း
အဲဒီတော့ ဒီအရေးဟာလဲ အခုဦးသန်းမောင်တို့ကိစ္စ ဦးသံဒိုင်တို့ ကိစ္စတွေကလဲ ရှိကြသတဲ့ (မှန်ပါ့) ရှိကြတော့ ဒီအရေးဟာ ဒုက္ခခပ်သိမ်း ငြိမ်းမည့် ဆီတော့ မပို့ဘဲနဲ့ ဒုက္ခရောက်တဲ့ဆီ ပို့လိုက်သလို ဖြစ်နေတယ် (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ)။
ဒုက္ခခပ်သိမ်းငြိမ်းမည်ဆီတော့ (မပို့ဘဲနဲ့) ဒုက္ခ ရောက်မည့်ဆီတော့ (ပို့ပါတယ် ဘုရား) ဒါဖြင့် ဒီဟာထက် နစ်နာတာကော ရှိသေးသလား (မရှိပါ ဘုရား)။
သို့သော် သူ့ဉာဏ်က ဒါမှဆုံးတယ် ပြောတော့ ခင်ဗျားတို့ကလဲ ဆုံးဖြတ်ချက်ချ (မှန်ပါ့) ဉာဏ်သည် လမ်း ခုလပ်မှာ ဆုံးတယ်၊ ရှင်းပလား (ရှင်းပါပြီ) အဆုံးတိုင်အောင် သွားရမှာ ပေါ်ပြီနော် (ပေါ်ပါပြီ)။
ဝိပဿနာကုသိုလ်အာသန္နကံ
အင်း ဘာလုပ်ကြရမယ် (ဖြစ်ပျက် ရှုရပါမယ်) ကုသိုလ်အာသန္နကံ ဆိုပေမယ့် ဟိုကုသိုလ်တွေ မလိုချင်ဘူး (မှန်ပါ) မလိုချင်ဘူး၊ ဟိုကုသိုလ်တွေက စာဂါနုဿတိသွားဦးမှာ ချည်းပဲ (မှန်ပါ့) ဘာလုပ်ရမှာတုံး (ဖြစ်ပျက် ရှုရပါမယ်)။
အေး တစ်ခါတည်းကုသိုလ် အာသန္နကံ အစစ်ဖြစ် အောင် ဝိပဿနာရှုပါ (မှန်ပါ့) အဲဒါရှု သေလိုက်မယ် ဆိုလို့ ရှိရင် သေခါနီးမှာလဲ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်ဖြစ်နိုင် တယ် (မှန်ပါ့) အနာဂါမ်ဖြစ်ပြီးမှ သေခါနီး မှာ ရှုလိုက်ဦးမယ် ဆိုရင် ရဟန္တာဖြစ်ပြီးသေနိုင်တယ် (မှန်ပါ့) ဘာကြောင့် ဝီရိယ ဆန္ဒပြင်းပြတဲ့အချိန်ရောက်လို့ ဆုံးဖြတ်ချက်ချ ပါ (မှန်ပါ့ ဘုရား)။
ဝီရိယဆန္ဒ ဒီအချိန်မှာ ဘယ်သူလျှော့ဦးမယ် ထင်သတုံး (မလျှော့ပါ ဘုရား) မလျှော့ဘူး၊ အားကုန်ပဲ ကြိုးစားကြလိမ့်မယ် ဆိုတာ အားလုံး တရားနာတဲ့ ပရိသတ်တွေက ကိုယ်ဖြစ်ရမည့် ကိစ္စကို လှမ်း ဟောထားတယ် ဆိုရင်လဲ မှန်တာပဲ (မှန်ပါ့)။
ဖြစ်ရမည့်ကိစ္စဆိုတာ လူတိုင်းကိစ္စ (မှန်ပါ့) ဒါ တစ်ယောက်တည်းနဲ့ ဆက်ဆံတာလား၊ အများ ဆက်ဆံတာလား (အများ ဆက်ဆံတာပါ ဘုရား) သေရမှာလား၊ မသေရဘူးလား (သေရမှာပါ ဘုရား)။
ဖဂ္ဂုဏမထေရ်
သေရမှာဆိုတာ သိပြီးသကာလ နေလို့ ဦးသန်းမောင် ဒကာ ဒကာမတွေ အရုပ်ဆိုးမှာစိုးလို့ အကိုးအကား လုံလောက်ပါ တယ်ဆိုတာ ဖဂ္ဂုဏမထေရ် ဝတ္ထုပေါ်ပလား (ပေါ်ပါပြီ)။
ဖတ်ဖူးတယ်မဟုတ်လား (မှန်ပါ့)အဲ ဖဂ္ဂုဏမထေရ် နဂိုက ပုထုဇဉ်၊ နောက်မှ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက
၁။ ငါဘုရားတရားနာရမည်ဖြစ်စေကွ။
၂။ ငါ၏တပည့်သား တရားနာရ မည်ဖြစ်စေကွ။
၃။ ကိုယ်ရသည့်တရား နှလုံးသွင်းသည်ဖြစ်စေကွ။
ဒီသုံးချက် တစ်ချက်ချက်မိလို့ရှိရင် ပုထုဇဉ်တောင်မှ သေခါနီးမှာ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ် ဖြစ်နိုင်တယ်ကွ၊ အင်္ဂုတ္တိုရ်ပါဠိတော်မှာ ဟောတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။။
ဒါဖြင့် ဒီ ဒကာ ဒကာမတွေ ယနေ့ ပေးလိုက်တဲ့ သတိ သည် ကုက္ကုစ္စသတ်တဲ့ သတိနော် (မှန်လှပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ) ဘာသတ်တာတုံး (ကုက္ကုစ္စ သတ်တာပါ ဘုရား) အာသန္နကံ ဖြစ်တတ်တဲ့ ကုက္ကုစ္စကို သတ်ပေးလိုက်တာ (မှန်ပါ) အာသန္နကံ ဖြစ်တတ်တဲ့ ကုက္ကုစ္စကို သတ်ပြီး သကာလတဲ့ မဂ် သွင်းပေးလိုက်တာ (မှန်ပါ့)။
ကဲ ဦးသန်းမောင် ဘယ်လောက် အဖိုးတန်သလဲ (တန်ပါတယ် ဘုရား) အင်မတန် အဖိုးတန်တယ် ဆိုတာ မပေါ်ကြ သေးဘူးလား (ပေါ်ပါပြီ ဘုရား)။
အောက်တန်းဆရာစကားကို မယုံပါနဲ့
အဲဒီတော့ကို မနေ့ကပြောခဲ့တဲ့ အောက်တန်းဆရာ စကားကို ဦးသန်းမောင်တို့ဖြစ်စေ ဦးသံဒိုင်တို့ဖြစ်စေ နောက် က ဒကာဒကာမတွေ ဖြစ်စေ ယုံကိုမယုံနဲ့ နော် (မှန်လှပါ ဘုရား) ယုံကိုမယုံနဲ့ သူတတ်သလောက် ဟောထားတာ (မှန်ပါ့) လမ်း မဆုံးသေးဘူး (မှန်ပါ့)။
ဘာနဲ့တူသတုံးဆိုတော့ ဓနဉ္စာနီ ပုဏ္ဏားကြီး အရှင် သာရိပုတ္တရာ တရားဟောညံ့တာနဲ့ ရဟန္တာဖြစ်မှာကို ဗြဟ္မာ အလုပ် ခိုင်းတာ (မှန်ပါ့) မနာဘူးလား (နာပါတယ် ဘုရား)။
ဗြဟ္မာဆိုတာ အိုဘေး သေဘေးက ကျန်ဦးမယ် (မှန်ပါ့) ကဲ – ဦးသန်းမောင် မနာဘူးလား (နာပါတယ် ဘုရား) ဒါဘယ်သူ ညံ့တာတုံး မေးတော့ ဘယ့်နှယ်ဖြေကြမလဲ (ဆရာညံ့ တာပါ ဘုရား)။ ဒါဖြင့် တစ်ပဲတန်လှူလှူ တစ်မူးတန် လှူလှူသော် ဆရာညံ့လို့ရှိရင်ဖြင့် ဝဋ္ဋဖြစ်မှာပဲ၊ ဆရာကောင်း ဖြစ်ရင် ဝိဝဋ္ဋဖြစ်မှာပဲ (မှန်ပါ့)။ ဒီနေ့ ရှင်းပြပြီ၊ ဒီနေ့ရှင်းပြတာ ပေါ်ကြတယ် မဟုတ်လား (ပေါ်ပါတယ် ဘုရား)။
သစ္စာမြင်ပြီး လှူရင်မဂ္ဂသစ္စာ
အဝိဇ္ဇာကြောင့်ဖြစ်တဲ့ သင်္ခါရကုသိုလ်ဆိုရင် သမုဒယ သစ္စာကွ (မှန်ပါ့) ကဲ-ဦးသံဒိုင် နေရာကျပလား (မှန်ပါ့ ဘုရား)။
အဝိဇ္ဇာချုပ်ပြီး သကာလ လှူတဲ့ အလှူကျတော့ သစ္စာမြင် ပြီး လှူတဲ့ အလှူမျိုးဆိုတော့ ဝိဇ္ဇာနဲ့ လှူတာဖြစ်တော့ မဂ္ဂကွ (မှန်ပါ့ ဘုရား) ဒီနေ့ တော်တော်ရှင်းပြပြီ၊ (မှန်ပါ့) သဘော ပါပလား (ပါ-ပါပြီ)။
ဒါဖြင့် သမုဒယသစ္စာကို ကျုပ်တို့ ဆရာဘုန်းကြီးက မဂ္ဂသစ္စာ ပြောင်းလိုက်တယ် (မှန်ပါ့ ဘုရား) ဒုက္ခသစ္စာကို နိရောဓ ပြောင်းပေးတယ် ဆိုတော့ ဒီအဝိုင်းကြီးလဲ ဟိုကျတော့ အသုံးချပါ၊ ကုက္ကုစ္စသည် ဒကာဒကာမတို့ ကြောက်စရာ မကောင်းဘူးလား (ကောင်းပါတယ် ဘုရား) အင်မတန် ကြောက် စရာ ကောင်းတယ်ဆိုတဲ့ အဓိပ္ပာယ် ယနေ့ ရှင်းသွားပါပြီ (မှန်ပါ့)။ ဘယ်ကံအဖြစ်နဲ့ သူဝင်တိုးလိုက်တာတုံး (အာသန္နကံပါ ဘုရား)။ အာသန္နကံ အဖြစ်နဲ့ ဝင်တိုးလိုက်တယ် ကောင်းပြီ၊ ဒီ အာသန္နကံဆိုတာ ဘယ့်နှယ်ဗျာ ဒကာသစ်တို့ အမြဲမပြတ်ဘဲ သွားသိ စားသိဆိုတဲ့ ဖြစ်ပျက်တွေ သိပြီး တရား အားထုတ် နေတဲ့ ပုဂ္ဂိုလ်ပဲ မဂ်ဉာဏ်ဖိုလ်ဉာဏ်သာ မရသေးတာ ဒါတွေအကျိုး မပေးဘဲနဲ့ ဘယ့်နှယ်ကြောင့် အပါယ်ကျ သွားပါလိမ့်မတုံး မေးတဲ့ အခါကျတော့ အို အာသန္နကံ ဒီလိုပဲဟေ့ ဆိုတာ ဋီကာကျော် က ပြလိုက်တယ်။
နွားပျို နွားအို ဥပမာ
ဘယ်လို ပြလိုက်သတုံး မေးတဲ့အခါကျတော့ နွားခြံကြီး တစ်ခြံရှိတယ် တဲ့၊ ညနေကျတော့ နွားတွေ မောင်းသွင်း လိုက်တယ်၊ နွားကျောင်းသားကတော့ သူအိမ်ပြန်ရမှာ အခစား ကျောင်းတယ် (မှန်ပါ) ဒီတော့ ဦးသန်းမောင် နွားတွေကို အတင်း ရိုက်သွင်းတယ် သူအိမ်ပြန်ဖို့ အရေးကြီးတာကိုး (မှန်ပါ့ ဘုရား)။
အတင်းရိုက်သွင်းတော့ ပျိုတဲ့ နွားကတော့ ပြေးနိုင် တာပေါ့ ခြံထဲရောက်အောင် မဟုတ်ဘူးလား (မှန်ပါ့) အိုတဲ့ နွားကတော့ နဂိုကမှ အိုနေ ရတဲ့အထဲမှာ ဦးသံဒိုင် ဘယ်နည်း နဲ့မှ မသွားနိုင်ဘူး။ မှန်မှန်ပဲ သွားမှာပဲနော် (မှန်ပါ့)။
မှန်မှန်ပဲ သွားရတော့ နွားခြံကလဲ နွားအပြည့်ရှိတဲ့ ခြံဆိုတော့ အင်း နွားအိုကြီးတွေဟာ ဝင်ပေါက်ဝ အိပ်ရမှာပဲ (မှန်ပါ့ ဘုရား) ဒီပြင် နွားတွေကျတော့ , အရိုက်သန်လို့ ကြောက်တာနဲ့ပဲ ခြံလယ်ရောက် ခြံဘေးရောက် ပေါ့ဗျာ (မှန်ပါ့) ဝင်ပေါက်ဝနားတော့ သူတို့မရှိပါဘူး (မှန်ပါ့)။
ခြံပေါက်ဝမှာနွားအိုတွေ
နွားအိုကြီးတွေက ဘယ်ရောက်နေသလဲ (ခြံပေါက်ဝနား မှာပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ) ဘာပြုလို့ ဝင်ပေါက်ဝအိပ် ရသတုံးဆိုတော့ သူများနဲ့ မတူလို့ (မှန်ပါ့) မဟုတ်ဘူးလား (မှန်ပါ့) သူက ပျိုမှ မပျိုတော့ဘဲ အိုသွားပြီ (မှန်ပါ)။
သို့သော် မနက်ကျတော့ နွားတွေကို ထုတ်တော့မယ် ဆိုတော့ ဘယ်သူအရင်ထွက်မတုံး ဆိုတဲ့အမေး မေးကြည့်စမ်း၊ ဘယ်သူက အရင်ထွက်မလဲ (နွားအိုကြီးတွေက အရင်ထွက်မှာ ပါ ဘုရား)။
ဘာဖြစ်လို့တုံး ခြုံပေါက်ဝနဲ့ နီးလို့ ရှင်းပလား (ရှင်းပါပြီ) ဘာဖြစ်လို့ အရင်ထွက်ရမှာလဲ (အပေါက်ဝ ရောက်နေလို့ပါ ဘုရား) သဘောပါပလား (ပါပါပြီ)။
ထို့အတူပဲ ကုက္ကုစ္စက သေပေါက်ဝနဲ့ သွားနီးတယ် (မှန်ပါ့ ဘုရား) ဒါကြောင့် အရင် အကျိုးပေး ပစ်လိုက်တယ် (မှန်ပါ့) နွားအိုကြီး အရင်ထွက်သလို မနက်ကျတော့ နွားအိုကြီး ထွက်ရ သလိုပဲ (မှန်ပါ့)။
အာသန္နကံသည် သေပေါက်ဝနဲ့နီးတယ်
သူကလဲ သေပေါက်ဝနဲ့ နီးတော့ သူကအရင် အကျိုး ပေးတယ် (မှန်ပါ့) ကဲ-ဘယ်လောက် ကြောက်စရာ ကောင်းသလဲ (ကောင်းပါတယ် ဘုရား)။။
ဥပမာနဲ့ကော သဘောကျပလား (ကျပါတယ် ဘုရား) နွားအိုကြီးတွေ ဘယ့်နှယ်ကြောင့် မနက်စောစော အရင်အပြင် ထွက်ပါလိမ့် (ခြံပေါက်ဝနဲ့ နီးလို့ပါ ဘုရား)။
သူကနီးတယ်၊ သူတို့က ထွက်ပြီးမှ ဟိုနွားပျိုတွေက ထွက်နိုင်မှာကိုး (မှန်ပါ့ ဘုရား) သူတို့က ပိတ်ပြီး အိပ်နေတာကိုး (မှန်ပါ့) သဘောပါပလား (ပါပါပြီ)။
ဒါဖြင့် အာသန္နကံသည် ဘာအဝ၌ နေသတုံး (ခြံပေါက် ဝ၌ နေပါတယ် ဘုရား) အဲ သေပေါက် သေဝလို့ ပြင်လိုက် (မှန်ပါ့ ဘုရား) သူက သေပေါက် သေဝနဲ့နီးတယ် (မှန်ပါ့) ရှင်း ပလား (ရှင်းပါပြီ)။
အရင်လုပ်ထားတဲ့ကံက အာစိဏ္ဏကံ
ဒါဖြင့် အကျိုးပေးတော့ ဘယ်သူက အကျိုးပေးမလဲ (သူက အကျိုးပေးပါမယ်) သူက အကျိုးပေးမယ် နွားအိုကြီး အရင်ထွက်သလိုပဲ (မှန်ပါ့) သူက အရင်အကျိုးပေးမယ်။ ရှင်းပလား (ရှင်းပါပြီ) ခင်ဗျားတို့ လုပ်ထားတဲ့ အာစိဏ္ဏကံတွေက အကျိုးမပေးနိုင်ဘူး။ နောက်ကျော ရောက် နေတယ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ) ဘယ်ရောက်နေသလဲ (နောက်ကျော ရောက်နေပါ တယ်)။
ခြံနောက်ကျော ရောက်နေတယ် (မှန်ပါ့) အဲဒါ ဘာ့ကြောင့် ရောက်ရပါသတုံး ဆိုလို့ရှိရင် ခင်ဗျားတို့ကတဲ့ ဆရာ သမားကောင်းကို မကိုးကွယ်ရ မဆည်းကပ်ရ အသွန်အသင် အဆုံးအမ မလိုက်နာရတော့ ကုက္ကုစ္စ မလာစေနဲ့ဆိုတာ လာပစ် လိုက်တာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။
ကုက္ကုစ္စ မလာကောင်းဘူး၊ မလာကောင်းတာ ခင်ဗျားတို့ က ဘာတုံး (လာစေပါတယ် ဘုရား) လာတော့ သူက သေဝ နဲ့ သွားနီးတယ် (မှန်ပါ့) မနီးဘူးလား (နီးပါတယ် ဘုရား)။
ခြံပေါက်ဝနဲ့နီးတာ မလာနဲ့
နီးတော့ကိုတဲ့ သူကပဲ အကျိုးပေးပစ်လိုက်တယ် (မှန်ပါ့) သူက အရင်ထွက်ပြီး အကျိုးပေး ပစ်လိုက်တယ် (မှန်ပါ့) မဆိုးရွားဘူးလား (ဆိုးရွားပါတယ် ဘုရား) တော်တော် ရှင်းပလား (ရှင်းပါပြီ ဘုရား) သူ့ဥပမာနဲ့ သူ့ဥပမေယျနဲ့ သူ့အာသန္နကံ ဖြစ်ပုံနဲ့ ဆိုတော့ ဦးသံဒိုင် ချောနေပြီ (မှန်ပါ့) မချောသေးဘူးလား (ချောပါတယ် ဘုရား)။
အဲဒါ ခင်ဗျားတို့ကို ဒကာရင်း ဆရာရင်းတွေမို့ ဘုန်းကြီး က ဆုံးမတယ်၊ ခြံပေါက်ဝနဲ့နီးတာ မလာပါစေနဲ့ (မှန်ပါ့ ဘုရား)။
မဟုတ်ဘူးလား (မှန်ပါ့) လာချင်လို့ရှိရင် ခင်ဗျား တို့ အာစိဏ္ဏကံ လုပ်ထားတဲ့ ဖြစ်ပျက် ဝိပဿနာရှုလိုက် လာပါ လိမ့်မယ် (မှန်ပါ့)။
ကောင်းတဲ့အာစိဏ္ဏကံကို အာသန္နကံဖြစ်အောင်လုပ်ပါ
လာပြန်တော့ အာစိဏ္ဏကံက အဲဒီအချိန်မှာ သေပေါက် သေဝကျအောင် ရှုနေလို့ရှိရင် သူက အာသန္နကံအဖြစ်နဲ့ အမှု ထမ်းမယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။
နဂိုကလဲ အာစိဏ္ဏကံ သေသည့်တိုင်အောင်လဲ ဒါ ကလေး ရှုနေတော့မယ်ဆိုတော့ သူက ဘာလာဖြစ်ပြန်သလဲ (အာသန္နကံလာပါတယ် ဘုရား) ရှင်းပလား (ရှင်းပါပြီ)။
ဒါဖြင့် အာစိဏ္ဏကံသည်ပင်လျှင် (ဝါ) မပြတ်လေ့ကျင့် ထားတဲ့အလုပ်သည်ပင်လျှင် (ဝါ) မပြတ်ရှုထားတဲ့ အလုပ်သည် ပင်လျှင် သေခါနီးလဲရှုပါ (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ)။
ဝေဒနာလာ ဝေဒနာရှုပေါ့ (မှန်ပါ့) အဲဒီကဲ့သို့ ရှုလိုက် တဲ့အခါကျတော့ ဒီကံဟာ ဘာကံဆိုကြ မတုံးလို့ မေးရင် ဘယ် နှယ်ဆိုကြမတုံး (အာသန္နကံပါ ဘုရား)။
ဘာအကျိုးပေးမှာတုံး
နဂိုကလဲ အာစိဏ္ဏကံ၊ ယခုလာပြီး အမှုထမ်းပြန်တော့ အာသန္နကံဆိုတော့ သူက အရင် အကျိုးပေး လိမ့်မယ်၊ အကျိုး ပေးတဲ့ အခါကျတော့ ဘာအကျိုးပေးမတုံး၊ ခုနင်ကလိုပဲ သော တာပန်၊ သကဒါဂါမ်၊ အနာဂါမ်ဆိုတဲ့ နိဗ္ဗာန်မြင်တဲ့ ဉာဏ်တွေ အကျိုးပေးမယ် (မှန်ပါ့)။
မသေမည့်သူတစ်ယောက်မှမပါလို့
ဒါကြောင့် ဒီအရေးကို မနေ့က ဥပမာတစ်မျိုး ဝတ္ထု တစ်မျိုး ယနေ့ ဥပမာတစ်မျိုး ဝတ္ထုတစ်မျိုး (မှန်ပါ့) ဘာဖြစ်လို့ ဒီလောက် ထပ်ဟောရပါလိမ့်မတုံး ဆိုတော့ အရေးကြီးလွန်းလို့ ခင်ဗျားတို့က မသေမည့်သူက တစ်ယောက်မှမပါလို့ (မှန်ပါ့ ဘုရား) သဘောပါပလား (ပါပါပြီ) သေခါနီးမှာလဲ သူက လာတတ်လွန်းလို့ မကောင်းတဲ့ အာသန္နကံက မလာတတ် ဘူးလား (လာတတ်ပါတယ် ဘုရား)။
မကောင်းတဲ့ အာသန္နကံက လာတတ်ခြင်းကြောင့် ကောင်းတဲ့ အာစိဏ္ဏကံကို အာသန္နကံ ဖြစ်အောင် လုပ်ပါလို့ တိုက်တွန်း လိုက်တယ် (မှန်ပါ့ ဘုရား)။
ကောင်းတဲ့ အာစိဏ္ဏကံကို အာသန္နကံဖြစ်အောင် လုပ်ရမယ်ဆိုတော့ ရပုံကို ဘုန်းကြီး သင်ပါ့မယ် (မှန်ပါ့)။
အဖေကမုဆိုး သားကရဟန္တာ
သူ့သားက ရဟန်း၊ ဒကာကြီးက မုဆိုး (မှန်ပါ့) သူ့အဖေက မုဆိုး၊ မုဆိုးဖြစ်ပြီး သကာလ နေတော့ ဒကာကြီး ကျုပ်ကလဲရဟန်း ခင်ဗျားကလဲ မုဆိုးဆိုတော့ အချိုးတော့ မကျ တာအမှန်ပဲ၊ ခင်ဗျားဒီအလုပ် မလုပ်ပါနဲ့ ကျုပ်ပဲ ဆွမ်းခံပြီး ကျွေးပါ့မယ်၊ ခင်ဗျား ဒီအလုပ်တော့ မလုပ်ပါနဲ့ တားတယ် (မှန်ပါ့)။
ဝါသနာကလဲ ထုံတယ်၊ ဖျက်လို့မရဘူး မုဆိုးပဲ လုပ်စားတယ်၊ နည်းနည်းကလေး အသက်အရွယ်ကြီးလာတော့ သေခါနီးမှ ကျောင်းရောက်လာတယ်၊ မုဆိုး အလုပ် မလုပ်နိုင် တဲ့အခါကျတော့ ကျောင်းရောက်လာတယ်၊ ကျောင်းရောက်လာတော့လဲ သေဖို့ ရောက်လာတာ။
ခွေးနက်ကြီးတွေလာဆွဲနေပြီ
ဒါနဲ့ အိပ်ရာ ညောင်စောင်း ကလေးပေါ်မှာ ဝေဒနာ ခံရပြီး သကာလ နေတယ်။ သူ့သားက အရှင်သောဏလို့ ခေါ် တယ်၊ မသေခင် သူ့ဟာက အာသန္နကံ ရောက်နေတယ်၊ မြင်နေ ရပြီ၊ သောဏ ခွေးနက်ကြီးတွေ လာဆွဲနေပြီ ချောက်လှန့် ပေးစမ်းပါတဲ့ မသေခင်က မြင်နေရတယ် (မှန်ပါ့) အာသန္နကံ၊ နှိပ်စက်တာ (မှန်ပါ့)။
သူငယ်ငယ်က နဂိုကလုပ်ထားတာတွေက ကုက္ကုစ္စ သဘောနဲ့ သူက ငါမုဆိုးဆိုပြီး ငါအကုသိုလ် အလုပ်တွေ သိပ် များတာပဲ၊ များတယ်လို့ ထင်တဲ့ အာသန္နကံက လာနေတော့ ခွေးနက်ကြီးတွေ လာဆွဲနေတယ် သောဏရဲ့ မောင်းပေးစမ်း ပါ၊ ဟိုငရဲမီးတွေ မြင်နေတယ်၊ အဲဒါ ကာကွယ် ပေးပါဦး (မှန်ပါ့)။
ငရဲဘုံသွားဖို့သေချာနေပြီ
ဟိုက ငရဲမီးတွေ ဆိုကတည်းက သွားရမှာ သေချာနေပြီ ဆိုကြပါစို့၊ ခွေးနက်ကြီးတွေ ဆိုကတည်း ကလဲ ငရဲဘုံသွားဖို့ သေချာနေပြီ (မှန်ပါ့)။
သေချာနေတော့ သားကလဲ လိမ္မာရေးခြားရှိတဲ့သား ဖြစ်နေတော့ ငါကဲ့သို့ သားကောင်း ရတနာ ရှိပါလျက်သားနဲ့ ဒီဒကာကြီး အပါယ် သွားရမယ်ဆိုရင် မတော်သေး ပါဘူးလို့ သူစိတ်ထဲ အောက်မေ့တယ် (မှန်ပါ့)။
ဒီပန်းတွေဘုရားလှူပါ၏
ဒါနဲ့ သူ ကိုရင်တွေကို ပန်းတွေ အချိုးခိုင်းလိုက်တယ် သူမြင်လောက်တဲ့နေရာမှာ သူ့အပေါ် ကနေ ဝဲပြီး ဒကာကြီး ဒီပန်း တွေ ဘုရား ရည်မှန်းပြီးတော့ ပူဇော်စမ်းဗျာ၊ ကျုပ်တို့ အလွယ် တကူ ရတာ ခင်ဗျား ပူဇော်စမ်း၊ ဘုရားလှူစမ်းပါ ခင်ဗျား သဘောနဲ့ လှူပါ။
ဒါနဲ့ ဒီပန်းတွေ လှူပါ၏ပေါ့လေ (မှန်ပါ့) ဘုရား လှူပါ၏။ သူက အာသန္နကံ ဝင်ဖြစ်တယ်၊ လှူတဲ့ကုသိုလ် အာသန္န ကံဝင်ဖြစ်တယ် (မှန်ပါ့)။
နတ်သမီးနိမိတ်တွေလာထင်တယ်
ဝင်ဖြစ်တော့ နိမိတ်က ပြောင်းဖြစ်တယ်၊ သောဏ မင့် အမေတွေ လာကုန်ပြီ၊ ငါ့ကို လာပြီး သကာလ ပြောနေကြတယ် ဆိုတော့ နတ်သမီးကလေးတွေက လာတယ်၊ နတ်သမီး နိမိတ်တွေ လာထင်တယ် (မှန်ပါ့)။
အဲဒီတွင်မှ သားလုပ်တဲ့ပုဂ္ဂိုလ်က နိမိတ် ကောင်းပြီဆိုပြီးတော့ သေခွင့် ပြုလိုက်တာပေါ့လေ (မှန်ပါ့) ဟိုကလဲ သေချိန် ရောက်နေပြီ။
အာသန္နကံပြောင်းလို့ရတယ်
အာသန္နကံ ပြောင်းလို့ရတယ်လို့ မှတ်ရမယ် (မှန်လှပါ) ရှင်းပလား (ရှင်းပါပြီ) ဒါဖြင့် ကုက္ကုစ္စ ပြောင်းမရ ဘူးလား ရသလား (ရပါတယ် ဘုရား) ရှင်းပြီနော် (ရှင်းပါပြီ)။
ကောင်းပြီ ဒါဖြင့် အာသန္နကံဟာ ဒကာဒကာမတွေ ယနေ့ အထူးပြောလိုတာက သြော် ခပ်ဝေးဝေးကလဲ ပေါ် တတ်သကိုးလို့ မှတ်လိုက်ပါ (မှန်ပါ့ ဘုရား) ဘယ်လိုမှတ်ကြ မယ် (ခပ်ဝေးဝေးကလဲ ပေါ်တတ်ပါတယ်) ခပ်ဝေးဝေး ဆိုတာ သေမှာနဲ့ ဝေးတုန်းကလဲ ပေါ်တတ်ပါတယ် (မှန်ပါ့)။
သို့သော် အာသန္နကံတော့ အာသန္နကံပဲ သူ့အတွက်က နိမိတ်တွေက ဝင်လာတယ် (မှန်ပါ့) သူပြီး ရင်လဲ စုတိစိတ်ကျ တတ်တာ များတယ် (မှန်ပါ့ ဘုရား) သို့သော် ပြောင်းရတဲ့ကိစ္စလဲ ရှိသေးတယ် (မှန်ပါ့)။
သေခါနီးမှာ မိတ်ဆွေကောင်း အရေးကြီးတယ်
ဒါ့ကြောင့် ခင်ဗျားတို့ ဆရာကောင်း သမားကောင်း မိတ်ဆွေကောင်း သေခါနီးမှာ အရေးကြီး တယ်ဆိုတာ ဒါပြော တာ (မှန်ပါ့ ဘုရား) ပြောင်းပေးတတ်တဲ့လူရှိဖို့ ပြောတာ ရှင်းပလား (ရှင်းပါပြီ)။
အဲဒီတော့ ခင်ဗျားတို့တော့ ဦးသန်းမောင်ကလဲ ဘယ်သေမှန်း မသိဘူး၊ ဘုန်းကြီးကလဲ ဘယ်သေမယ် မသိဘူး ဦးသံဒိုင်ကလဲ ဘယ်သေမယ် မသိဘူး၊ ဒကာဒကာမတွေကလဲ ဘယ်သေမှန်း မသိဘူး (မှန်လှပါ) တစ်ယောက်နဲ့ တစ်ယောက်တွေ့ဖို့ရာက အလွန်ကြုံကြိုက်ခဲတာပဲ (မှန်ပါ့)။
ကိုယ့်ဟာကိုယ် ပြောင်းလို့ရတယ်
အဲဒီတော့ အခုပြောင်းနည်းကို ဘာလုပ်ပေးရသတုံး ဆိုတာ ရိပ်မိပလား (ရိပ်မိပါပြီ) – ကိုယ့်ဟာကိုယ် ပြောင်းယူကြ မ (မှန်ပါ့ ဘုရား) ဘယ့်နှယ်တုံး (ကိုယ့်ဟာကိုယ်ပြောင်းယူကြ)။
ကိုယ့်ဟာကိုယ်ပြောင်းဆိုတာ အခု ဆရာသမားသင် ထားတဲ့ ခန္ဓာကိုယ်ကို ဖြစ်ပျက် ရှုပြီးပြောင်း (မှန်ပါ့) ဒီပြင် ဟာမပြောင်းနဲ့ (မှန်ပါ့) ဒီပြင်ဟာ လှူထားတဲ့ စာဂါနုဿတိတွေ လျှောက်ပြောင်း မနေနဲ့ ပြောင်းရင် အောက်တန်းတရား သွားပြီး ဖြစ်လိမ့်မယ် (မှန်ပါ့ ဘုရား) ရှင်းပြီနော် (မှန်ပါ့)။
ဒါဖြင့် ကုက္ကုစ္စ သိမ်းဆည်းတတ် ပလားလို့ မေးလိမ့်မယ် (သိမ်းဆည်းတတ်ပါပြီ) မကောင်းတဲ့ ကုက္ကုစ္စဖြင့် မတွေ့ဘူးကွ ဆိုတဲ့ဥစ္စာ တွေးလုံးဘယ်အခါကာလမှ မတွေးစေနဲ့။
တိဿရဟန်းကြီး
ဒါတော်တော် အရေးကြီးတဲ့ တရားလို့ ခင်ဗျားတို့က အောက်မေ့၊ အလွန် အရေးကြီးတဲ့ တရား (မှန်ပါ့) သေပေါက် သို့ ဝင်ချိန်မှ လာတာ (မှန်ပါ့) မကောင်းတဲ့ကံက သေပေါက် သေဝနီးမှ လာတာကြည့်၊ တစ်ဝတ္ထုပြဦးမယ်၊ ဘုရားနဲ့အတူတူ နေတဲ့ တိဿရဟန်း တစ်ပါးရှိတယ်၊ ဘုရားကျောင်းပေါ်မှာ ဇေတဝန်ကျောင်းမှာနေတယ်။
သူ့နှမက ဖျင်သင်္ကန်း အချောကလေး လာလှူတယ် (မှန်ပါ) ဘုရားလက်ထက်ကတော့ ဒီလိုစက်မှု ခေတ်မှ မဟုတ်ဘဲ လက်မှုခေတ်တွေ ကိုးဗျ (မှန်ပါ့) စက်မှုခေတ် မဟုတ် ဘူး၊ လက်မှုခေတ် ဖြစ်နေတော့ ချောချောကလေး ရက်နိုင်တယ် ဆိုရင်ပဲ အတော့ကို တော်နေတာ (မှန်ပါ့)။
သင်္ကန်းစွဲပြီး စုတိကျတယ်
အဲဒီတွင် ဒီသင်္ကန်းတော့ မနက်ကျမှ ရုံမယ် ငါ့နှမက သဒ္ဓါတရားနဲ့ လှူထားတယ်၊ ချောလဲ ချောတယ်၊ မနက်ဆွမ်းခံ သွားရင်ရုံမယ်၊ ဒါကလေး သူစွဲနေတယ်။
ညကျတော့ အစာမကျေတဲ့ ဝေဒနာ ဖြစ်လာပြီး မနက် မိုးမလင်းသေးဘူး၊ အဲဒီဝေဒနာနဲ့ သေသွားရှာတယ်။ ဒီသင်္ကန်း ကလေး ငါမရုံရဘူးဆိုတဲ့ အာသန္နကံ လာဖြစ်တယ်၊ အာသန္နကံ ကုက္ကုစ္စ (မှန်ပါ့) ဖြတ်ဆို သင်္ကန်းစွဲပြီး စုတိစိတ်ကျတယ် ဦးသန်းမောင် သင်္ကန်းပေါ်မှာပဲ သန်းကြီး သွားဖြစ်တယ် (မှန်ပါ့) ပေါ်ပလား (ပေါ်ပါပြီ)။
အာသန္နကံနှိပ်စက်တာ သင်္ကန်းပေါ် ဘာများဖြစ်သလဲ (သန်းကြီးသွားဖြစ်တယ်)။
သန်းကြီးဖြစ်တယ်
သန်းကြီး သွားဖြစ်တယ်၊ ဒီသန်းကြီးက သူ့စိတ်ထဲ အောက်မေ့တယ်၊ ဒီသင်္ကန်းကြီး ငါ့ဟာ ငါ့ဟာပေါ့ဗျာ၊ ဒါကလေး သူစိတ်စွဲပြီး သင်္ကန်းပေါ် လျှောက်ပြေးနေတယ် ဝူး ဝူး ဝူး– -ဝူးနဲ့ (မှန်ပါ့)။
ဘုရားကတော့ ဒိဗ္ဗသောတ နားနဲ့ ထောင်လိုက်တော့ သန်းကြီး ဝူး-ဝူး-ဝူး-ဝူး ပြေးနေတာ ကြားတယ်၊ ခင်ဗျားတို့ ကျုပ်တို့တော့ ဘယ်ကြားမလဲ (မှန်ပါ့) ဘုရားက ဇေတဝန်ကျောင်းက ကြားနေတယ် (မှန်ပါ့)။
သင်္ကန်းပေါ်လျှောက်ပြေးနေတယ်
ဘာသံပါလိမ့်မလဲ နားထောင်တော့ သြော်-တိဿ သန်းဖြစ်နေပေါ့။ ဒါကြောင့်မို့ သူ့သင်္ကန်း ပေါ် လျှောက်ပြေးနေတာကိုး (မှန်ပါ့) ကဲ ရိပ်မိပလား (ရိပ်မိပါပြီ) တိဿ ဘာဖြစ်သတုံး (သန်းဖြစ်နေပါတယ်)။
သန်းဖြစ်နေတော့ ရဟန်းတွေကလဲ တိဿကြီးတော့ သေပြီကွ၊ သူ့သင်္ကန်းကလေး ဒို့မဲချ ယူရလိမ့်မယ် (မှန်ပါ့) ဘယ်သူ့မှလဲ မပေးခဲ့ဘဲကိုး၊ မပေးခဲ့တော့ သံဃိက သွားဖြစ် နေတယ်၊ သံဃိက သွားဖြစ်တော့ မဲကျရာ ကိုယ်တော်က ယူရ မယ် (မှန်ပါ့)။
သူ့အလောင်းကို သုသာန်ပို့ပြီး ကျန်တဲ့ပစ္စည်း မဲချယူ ရတယ် (မှန်ပါ့) ဘယ်သူ့မှ မအပ်ခဲ့ရင် ဒီလိုလုပ်ရမယ် (မှန်ပါ့)။
အဲဒီလိုဖြစ်ပြီး နေတော့ ရဟန်းတွေ ပြောသံကြားတော့ သူက သင်္ကန်းပေါ် လျှောက်နေပြီး ငါ့သင်္ကန်း ငါ့သင်္ကန်းနဲ့ လုပ်နေတာပဲ (မှန်ပါ့ ဘုရား)။
အဲဒီတွင် ဘုရားက အင်း-တိဿကတော့ ရဟန်းတွေ ပြစ်မှားပြီး အဝီစိ သွားဦးတော့မှာပဲ၊ ဒီအကောင်ခက်တယ်။
ဘုရားကရဟန်းတွေခေါ်လိုက်တယ်
ဒီတွင်မှ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ရဟန်းတွေ ခေါ်လိုက်တယ်၊ ဟေ့ မင်းတို့ မတသန္တက၊ မတ က သေတာ ၊သန္တက က ဥစ္စာပစ္စည်း၊ သေတဲ့ပုဂ္ဂိုလ်၏ ပစ္စည်း ရဟန်းတွေ ဆိုင်တယ် ဆိုတာ ငါခွင့်ပြုထားတာပဲ ဟုတ်တော့လဲ ဟုတ်တယ် သို့သော်ကွာ၊ ခုနစ်ရက်ဆိုင်းပါဦး၊ ခုနစ်ရက်ရှိမှ မင်းတို့မဲချယူ တာပေါ့၊ သန်းအသက်က ခုနစ်ရက်ဆိုတာ အဲဒီကလာတာ (မှန်ပါ့ ဘုရား)။
သူသေတော့မယ်၊ ခုနစ်ရက်အပြင် သူအသက်က ရှည်တာမဟုတ်ဘူး (မှန်ပါ့) ပေါ်ပလား (ပေါ်ပါပြီ) သန်း အသက်ဘယ်နှစ်ရက်တုံး (ခုနစ်ရက်ပါ ဘုရား)။
သန်း၏အသက် (၇) ရက်
ခုနစ်ရက်ရှည်မှာ ခေါင်းပေါ်တော့ မတုပ်ကြပါနဲ့ ဗျာ ခုနစ်ရက်ရှည်မှာ သူ့ဟာက၊ ဒီထက်လဲ ပိုမနေနိုင်ပါဘူး (မှန်ပါ့) အဲဒါ ခေါင်းပေါ် ခုနစ်ရက်အတွင်းပဲ စုတိ စိတ်ကျအောင်တော့ မလုပ်ပါနဲ့တော့ ရိပ်မိပလား (ရိပ်မိပါပြီ) သန်းအသက် ဘယ်နှစ် ရက်တဲ့ (ခုနစ်ရက်ပါ ဘုရား)။
ခုနစ်ရက်အတွင်းကိုပဲ ခင်ဗျားတို့က ယားလိုက်တာနဲ့ ဟိုက တုပ် ဒီကတုပ်နဲ့ သူ့ခမျာများ ဒုက္ခရောက်ကုန်ပြီ၊ အဲ – ခုနစ်ရက်စေ့မှ ဝေတော့မှ သူသန်းဘဝက ကျွတ်သွားတယ် (မှန်ပါ့) သန်းဘဝက ကျွတ်ပြီး သကာလ တိုင်အောင် သံဃာများ က ဆိုင်းတယ်၊ နို့မဟုတ်လျှင် သံဃာ ပြစ်မှားလို့ အပါယ်တစ်ခါ ထိုးကျဦးမှာ (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ) ဒါဟာ အာသန္နကံ ကုက္ကုစ္စ နှိပ်စက်တာ (မှန်ပါ့ ဘုရား) အဲ – ဒီတွင်မှ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက
အယသာဝ မလံ သမုဋ္ဌာယ၊
တတုဋ္ဌာယ တမေဝ ခါဒတိ။
ဧဝံ အတိဓောနစာရိနံ၊
သာနိ ကမ္မာနိ နယန္တိ ဒုဂ္ဂတိံ။ (ဓမ္မပဒအဋ္ဌကထာ၊ ဒု – ၂၁၉က)
သံကိုသံချေးက ဖျက်ပါတယ်
ဒီဥပမာ ကလေးကို တိဿ အကြောင်းပြုပြီး ဟောတော် မူတယ် (မှန်ပါ့) သံကို သံချေးက ဖျက်ပါတယ်ကွာ-တဲ့။ မဟုတ်ဘူးလား (မှန်ပါ့) အယသာ – သံမှ၊ မလံ အညစ်အကြေး သည် သံချေးသည်၊ သမုဋ္ဌာယ= ထ၍လည်းကောင်း၊ တတု ဋ္ဌာယ = ထိုထိုအရပ်မှ ထ၍လည်းကောင်း၊ တမေဝ = ထိုသံကို သာလျှင်၊ ခါဒတိဣဝ= ပြန်စားသကဲ့သို့၊ သံချေးက သံကို ပြန်စားလိုက်တယ် (မှန်ပါ့) ဧဝံတထာ= ထို့အတူ ၊ အတိဓောန စာရိနံ = အာမိသအမွေ- အမွေရတဲ့အမွေဖြစ်စေ၊ ဘုရားပေးတဲ့ အမွေဖြစ်စေ လောဘနဲ့ စားသောက် သုံးဆောင်လို့ရှိရင်ဖြင့် တဲ့၊ သူက ပြန်ပြီး သကာလ သံချေး လုပ်ပြီးတော့ ဒီပုဂ္ဂိုလ်ကိုပဲ အပါယ်ရောက်အောင် နှိပ်စက်တယ် (မှန်ပါ့)။
အမွေလုတဲ့ပုဂ္ဂိုလ်တွေ
ခင်ဗျားတို့ အမွေလုတဲ့ ပုဂ္ဂိုလ်များ အခုဟောရပြီ (မှန် ပါ) ရတဲ့အမွေက ကိုယ့်နှိပ်စက်မယ်ကွ (မှန်ပါ့) သံချေးက သံကို နှိပ်စက်မယ်တဲ့၊ သဘောပါပလား (ပါပါတယ်)။ ဒီကိုယ်တော်မှာ သူ့သင်္ကန်းက သူ့ကိုနှိပ်စက်လို့ သန်းဖြစ်ရတယ် (မှန်ပါ့ ဘုရား) ဘယ်သူက နှိပ်စက်တာတုံး (သူ့သင်္ကန်းက သူ့ နှိပ်စက်တာပါ ဘုရား)။ –
အဲဒီတော့ ခင်ဗျားတို့ကို ဆုံးမလိုက်တယ်၊ ဒီအဝတ် ကလေးတော့ မဝတ်သေးဘူးကွ အကြောင်းရှိမှ ဝတ်မယ်ဆိုပြီး သေတ္တာထဲ သိမ်းထားလိုက်တယ် အကြောင်း မရှိခင် သေသွားလို့ ရှိရင် ဒီအဝတ်ကလေး မဝတ်ရသေးလို့ရှိရင် သန်းဖြစ်ဦးမှာပဲ (မှန်ပါ့ ဘုရား) ကြောက်စရာကြီးဗျ၊ ရိပ်မိပလား (ရိပ်မိပါပြီ)။
ကိုယ့်ပစ္စည်းက ကိုယ့်ကိုနှိပ်စက်တယ်
ဒါဖြင့် ကိုယ့်ပစ္စည်း ကိုယ့်ကိုယ်နှိပ်စက်တယ် (မှန် လှပါ) ဒါကြောင့် ဘုရားသခင် ကိုယ်တော် မြတ်ကြီးက လူမိုက် ပစ္စည်း ရှိတာတော့ကွာ အလွန်ကြောက်စရာ ကောင်းပါတယ် (မှန် ပါ့) ဘယ်လို ဟောလိုက်သတုံး (လူမိုက်ပစ္စည်းရှိတာ အလွန် ကြောက်စရာ ကောင်းပါတယ်)။
လူမိုက်ပစ္စည်းရှိတာ သိပ်ကြောက်စရာကောင်းတယ်ကွ -တဲ့ မရှိဘဲနေတာက တော်လိမ့် ဦးမယ်တဲ့၊ သူ့ဆီ ရှိလို့ရှိရင်ဖြင့် တဲ့။ သူ့မြွေက သူ့ကိုက်လိမ့်မယ်တဲ့၊ (မှန်လှပါ) သူ့မြွေက (သူ့ ကိုက်ပါလိမ့်မယ်) အဲ ဒီအတိုင်းပဲ တဲ့။
ဟနန္တိဘောဂါဒုမ္မေဓံ၊
နောစ ပါရဂဝေသိနော။
သောဂ တဏှာယ ဒုမ္မေဓော၊
ဟန္တိအညေဝ အတ္တနံ။
ဒါလဲ ဓမ္မပဒမှာ ဘုရားဟောတာပဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။
အလုပ်ထဲသွင်းကြစို့ရဲ့
ကောင်းပြီ၊ ဒါဖြင့် ဘုန်းကြီးတို့ ဒကာဒကာမတွေမှာ ကုက္ကုစ္စနဲ့ပတ်သက်ပြီး ယခုပြောလိုက်တဲ့ ဝတ္ထုတွေလဲ တော်တော် များသွားပြီ (မှန်ပါ့ ဘုရား)။
ဒါဖြင့် အလုပ်ထဲသွင်းကြစို့ရဲ့ (မှန်ပါ့ ဘုရား) ဦးသန်းမောင်က ဖြစ်စေ၊ ဦးသံဒိုင်က ဖြစ်စေ၊ မောင်သစ်က ဖြစ်စေ၊ မတွေးကောင်းတာ ကလေးတွေ ငယ်ငယ်တုန်းက ပုရွက်ဆိတ် ကလေးတွေ ပွတ်ချေခဲ့တာ ကလေးတွေ အင်း ဟင် သားကောင်ကလေးတွေ သားရေခွကလေးနဲ့ ပစ်ခဲ့တာ ကလေးတွေ၊ ကလေးတုန်းက ကစားချင်သလို ကစားတာကိုးဗျ၊ ငယ်ငယ် တုန်းကလေ (မှန်ပါ့ ဘုရား)။
အကုသိုလ် အဟောင်းတွေ ပြန်မတွေးနဲ့
ဒါတွေဟာ ဘာမှမဖြစ်လောက်ဘူး (မှန်ပါ့) မိုက်တုန်းက ဒီလို လုပ်ခဲ့တယ်ဆိုတာ မလာဘူးလား (လာပါ တယ် ဘုရား) ကိုယ်လုပ်နေလဲ ဖြစ်ပျက်သာ တည့်အောင်လုပ်ပေး ဘာမှမတွေးနဲ့ တွေးရင် ကုက္ကုစ္စဖြစ်တယ် (မှန်ပါ့ ဘုရား) ကုက္ကုစ္စ ဖြစ်ရင် အပါယ်ချမယ် (မှန်ပါ့)။
ဒါဖြင့် ခင်ဗျားတို့ သည် အဲဒီဥစ္စာ အဟောင်းက အသစ်ပြန်ဖြစ်ပြီး သကာလ ခင်ဗျားတို့ လောင်တဲ့ မီးပဲ (မှန် လှပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား) အဟောင်းက (အသစ် ပြန်ဖြစ်ပြီး လောင်တဲ့မီးပါ ဘုရား)။
အဟောင်းက အသစ်ဖြစ်ပြီး ခင်ဗျား ပြန်နှိပ်စက်တယ်။ (မှန်ပါ့ ဘုရား) သဘောပါပြီလား (ပါပါပြီ ဘုရား) ဒါဖြင့် အဟောင်းဖြစ်တဲ့ အကုသိုလ်တွေကို မတွေးပါနဲ့ (မတွေး ပါ ဘုရား) ဘယ်သူဖြစ်ဖြစ် ငယ်ရွယ်ကလေးက လိမ္မာလာတဲ့လူ ဆိုတာတော့ ရှာမှရှားပါတယ်။ (မှန်ပါ့) မူးခဲ့တယ် မိုက်ခဲ့တယ်။ ရူးခဲ့တယ်၊ လိမ်ခဲ့တယ်၊ ကောက်ခဲ့တယ်၊ ကျစ်ခဲ့တယ်၊ အမေမိဘ ညှဉ်းဆဲခဲ့တယ် ရှိတာချည်းပဲ (မှန်ပါ့)။
မတွေးရဘူး ဒါတွေမတွေးနဲ့ (မှန်ပါ့) အခု ပစ္စုပ္ပန် ခန္ဓာကိုယ်သာတွေး၊ ပစ္စုပ္ပန်ခန္ဓာ ဘာဖြစ်နေသတုံးလို့ ဒုက္ခသစ္စာ သာတွေး (မှန်လှပါ ဘုရား) တွေးလိုက်ရင် ဟိုဟာတွေ အကုန်ပျောက်သွားတယ် (မှန်ပါ့) အကျိုးပေးခွင့်မရဘူး (မှန်ပါ့)။
အဟောင်းကအသစ်ဖြစ်ပြီး ကိုယ့်ပြန်နှိပ်စက်
နို့မဟုတ်ရင် အဟောင်းက အသစ်ပြန်ဖြစ်ပြီး ကိုယ့်ပဲ ပြန်နှိပ်စက်တယ် (မှန်ပါ့ ဘုရား) ရှင်းပြီနော် (ရှင်းပါပြီ) ဒါဖြင့် ဒီအထဲမေးလိုက်ပါတယ်၊ အဟောင်း အကုသိုလ်မရှိတဲ့ ပုဂ္ဂိုလ် များ ပို့ကြရဲ့လား မေးရင် ဘယ့်နှယ်ဖြေမလဲ (မပါပါ ဘုရား) တွေး လိုက်ရင် ဘာဖြစ်မယ်ထင်ကြသလဲ (ကုက္ကုစ္စဖြစ်ပါမယ်)။
အသစ်ပြန်ဖြစ်မယ် (မှန်ပါ) အသစ်ပြန်ဖြစ်ပြီး သူက ဇောပြန်စောသွားမယ် (မှန်ပါ့ ဘုရား) ရှင်းပြီနော် (ရှင်းပါပြီ)။
သူက ဇောပြန်စောတော့ ကျုပ်တို့ ကြောက်စရာမ ကောင်းဘူးလား (ကောင်းပါတယ် ဘုရား) သူ့ဇောက ပထမ ဇောက ဒိဋ္ဌဓမ္မဝေဒနိယကံ မဟုတ်ဘူးလား (မှန်ပါ့) အလယ်ဇော ငါးချက်က အပရာပရိယ ဝေဒနိယကံ၊ သတ္တမဇော က ဥပပဇ္ဇ ဝေဒနိယကံ ဆိုပြီး အံမာ သူက ကံသုံးမျိုးခွဲပြီး ခင်ဗျား တို့ကို အကျိုးပေးမလို့ (မှန်ပါ့)။
အခုပေါ်တဲ့စိတ်ရဲ့ ဖြစ်ပျက်ကို နောက်ဉာဏ်နဲ့ရှု
ခင်ဗျားတို့အတွေးလွဲလို့ (မှန်ပါ့) မတွေးကောင်းတာ တွေးတဲ့အတွက် အဖြစ်ဆိုးကြုံရတယ် (မှန်ပါ့ ဘုရား) ဘယ့်နှယ်ပါလိမ့် (မတွေးကောင်းတာ တွေးလို့ အဖြစ်ဆိုးကြံရပါ တယ် ဘုရား) မတွေးကောင်းတာ တွေးလို့ အဖြစ်ဆိုး ကြုံရတယ် ဆိုသဖြင့် အကယ်၍ ပေါ်လာလို့ရှိရင် အဲဒါကိုလည်း အခုပေါ် တဲ့စိတ်ရဲ့ ဖြစ်ပျက်ကို နောက်ဉာဏ်နဲ့ရှုပါ (မှန်ပါ့ ဘုရား)။
ပေါ်လာရင် (ဖြစ်ပျက်ရှုပါ) ဖြစ်ပျက်ရှုရမယ်၊ ဘယ်သူ့ ရှုမရလဲ (ပေါ်လာတဲ့စိတ်ကို ရှုရပါမယ်) ခုနင်က တွေးစိတ် ကလေးရှု၊ ကုက္ကုစ္စကလေးကို ဘာလုပ်ရမလဲ (ဖြစ်ပျက်ရှုရပါမယ်) ဖြစ်ပျက်ရှုလိုက်တော့ သူသည် ကုက္ကုစ္စလား အနိစ္စလား (အနိစ္စပါ ဘုရား)။
သူက အနိစ္စ၊ ရှုတာကမဂ္ဂ
ဟ သူက အနိစ္စဆိုရင် ရှုတာ မဂ္ဂဖြစ်ရမယ် (မှန်ပါ့) အဲဒီတော့ကို သူ့ကို အနိစ္စဘက်ကို ပြောင်းဖြစ်အောင် ပြောင်းပါ (မှန်ပါ့ ဘုရား) သဘောပါပလား (ပါပါပြီ)။
မလ္လိကာတို့ ဒီလိုမပြောင်းနိုင်လို့ အဝီစိ ကျတယ် (မှန်ပါ့) တိဿရဟန်းကြီး ဒီလိုမပြောင်းနိုင်လို့ (သန်းဖြစ်ရတယ်)။ အဲ သန်းဖြစ်ရတယ်၊ တိရစ္ဆာန်ဖြစ်သွားတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။
ဒါဟာအရေးကြီးတဲ့ အဆုံးအမတွေ
ကောင်းပြီ-တဲ့၊ ဒါဖြင့် ဘုန်းကြီးတို့ ဒကာဒကာမတွေကို ယနေ့အရေးကြီးတဲ့ အဆုံးအမတွေကို ဆုံးမနေရတယ်ဆိုတာ ဦးသံဒိုင် ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။
ကုက္ကုစ္စကို မတွေ့ရဘူးလား တွေ့ရမှာလား (တွေ့ရမှာ ပါ ဘုရား) တွေ့ရမှာတဲ့ တွေ့ရမှာ။ အဲဒီတော့ တွေ့လို့ရှိရင်ဖြင့် သူပေါ်ချင်လည်း ပေါ်လာလိမ့်မယ်။ (မှန်ပါ) ပေါ်လာလို့ရှိရင်လဲ မပေါ်အောင် နေမယ်၊ အလုပ်ကို ဆက်လုပ်နေရင် မပေါ်ပါဘူး။
ဟာ ဒီဥစ္စာ အလုပ် ဆက်မလုပ်ဖြစ်လို့ သူက ကြားခု တယ်ဆိုရင်လဲ ကြားခုတာ ဖြစ်ပျက် ရှုတာပေါ့ (မှန်ပါ့) ကြားခုတဲ့ ကုက္ကုစ္စကို (ဖြစ်ပျက်ရှုပါမယ် ဘုရား)။ –
ဖြစ်ပျက်ရှုလိုက်လို့ ရှိရင်ဖြင့် သူက အနိစ္စဟုတ်လား (မှန်ပါ့) ဖြစ်ပျက်ရှုတာက (မဂ္ဂပါ ဘုရား) မဂ္ဂဆိုတော့ အာသန္နကံ သည်ကား ဆိုလို့ရှိရင်ဖြင့် တဲ့၊ သူက အာသန္နကံ ဇောစောမလို့ လာတဲ့ဥစ္စာ ကျုပ်တို့က သူ့ကို အနိစ္စသဘော လုပ်ပစ်လိုက်တာ (မှန်ပါ့ ဘုရား) ဘာဇော လုပ်ပစ်လိုက်သလဲ (အနိစ္စဇောလုပ်ပစ်လိုက်ပါတယ်) အနိစ္စဇော လုပ်ပစ်လိုက်တဲ့ အခါကျတော့ ကျုပ်တို့မှာ သူ့ကြောင့် သူ့နောက်ကနေပြီး မဂ် ပြန်စောတယ် (မှန်ပါ့ ဘုရား) ရှင်းရဲ့လား (ရှင်းပါ တယ်) သူက အနိစ္စရှုတဲ့ ဇောက မဂ္ဂ (မှန်ပါ့)။
တွေးလုံးကလေးက အနိစ္စ ရှုတဲ့ဇောကမဂ္ဂ
သူက (အနိစ္စပါ ဘုရား) အေး ခုနင်က မကောင်းတဲ့ တွေးလုံးကလေးက အနိစ္စပဲ၊ ကျုပ်က နောက်ရှုတဲ့ ဇောက (မဂ္ဂ ပါ ဘုရား)။ ဒီလိုဆိုတော့ သေပေါက်သေဝနဲ့ တစ်ခါ ဘယ်သူက နီးသွား ပြန်သတုံး ဆိုတော့ မဂ္ဂက နီးသွားတယ် (မှန်ပါ့) သူက နီးသေးရဲ့လား (မနီးပါ ဘုရား)။
ဒါကလေးကိုလဲ သေသေချာချာမှတ်ပါ (မှန်ပါ့) သူက ငါအာသန္နကံ လုပ်မယ်ဆိုပြီး လာတယ် (မှန်ပါ့ ဘုရား)။
ကျုပ်တို့က ဟင် မင်း အာသန္နကံ လုပ်တာ မခံနိုင် ဘူး ဒို့ အာသန္နကံက မဂ္ဂဖြစ်အောင် လုပ်မယ် (မှန်ပါ့) ဆိုပြီး သကာလ သူ့ကို ဖြစ်ပျက်ရှုလိုက်တော့ ကျုပ်တို့က မဂ်ဇောစော တယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
မဂ်ဇောစောတဲ့အတွက် တဲ့၊ မဂ်ဇောက အခု သုဂတိနေလို့ရှိရင်လဲ နိဗ္ဗာန်ဆောင်မှာပဲ (မှန်ပါ့) ပေါ်ပလား (ပေါ်ပါပြီ)။
အခု ကျုပ်တို့ သုဂတိနေတယ် (မှန်ပါ့) မဂ်ဇောစောရင် ဘယ်ဆောင်မလဲ , (နိဗ္ဗာန်ဆောင် ပါတယ်)။
အာသန္နကံ၊ လဲလှယ်တဲ့နည်း
ဒါ အာသန္နကံ လဲလှယ်တဲ့နည်းကို ဟောတယ် (မှန် ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ) ဘာဟောသတုံး (အာသန္နကံ လဲလှည်တဲ့နည်းပါ ဘုရား)။
ဟို အာသန္နကံနဲ့ဆိုရင် သွားပြီ ခင်ဗျားတို့ (မှန်ပါ့ ဘုရား) အခု မဂ်အာသန္နကံနဲ့ဆိုတော့ မသွားဘူး (မသွားပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ဦးသန်းမောင် ဘယ်ကံကြိုက်သတုံး၊ အကုသိုလ် အာသန္နကံကြိုက်သလား မဂ် အာသန္နကံ ကြိုက်သလား (မဂ် အာသန္နကံ ကြိုက်ပါတယ် ဘုရား)။
သတိထား ဝီရိယစိုက် ပညာနဲ့ရှု
မဂ် အာသန္နကံ ကြိုက်လို့ရှိရင်ဖြင့် အာသန္နကံသည် သူဝင်လာလို့ရှိရင် ကျုပ်တို့က သတိထား ဝီရိယစိုက် ပညာနဲ့ရှု (မှန်ပါ့ ဘုရား) သတိထား ဝီရိယစိုက် (ပညာနဲ့ရှုရပါ့မယ် ဘုရား) ပညာနဲ့ ရှုလိုက်တော့ ကျုပ်တို့က မဂ်ဇောလာဖြစ်တယ် (မှန်ပါ့ ဘုရား)။
ဒါကြောင့် သေပေါက် သေဝနဲ့ ဘယ်သူနီးသတုံး ဆို တော့ ကုက္ကုစ္စက နီးသလား၊ မဂ်ဇောက နီးသလား (မဂ်ဇော ကနီးပါတယ် ဘုရား)။
မဂ်ဇောကနီးရင် သူကအရင်အကျိုးပေးမယ် (မှန်ပါ့) ဒီလိုဆိုတော့ ကြောက်စရာ မရှိတော့ဘူး (မှန်ပါ။)
အခုပြောတဲ့ ဥစ္စာတွေသည် ဝတ္ထုနဲ့လဲ ကိုက်၊ အလုပ် ပြောင်းနည်းကိုလဲ နည်းပေးတဲ့အတွက် မောစ်သစ် သေသေချချာ မှတ်ရမယ် (မှန်ပါ့ ဘုရား)။
အရေးကြုံရင် အသံဖွင့်နာပါ
အရေးကြုံရင် အသံဖမ်းထား ဒါဖွင့်ကြည့်ရမယ် (မှန်ပါ့ ဘုရား)။ အရေးကြံရင် ဒါဖွင့်ကြည့်လုက် ဦးသန်းမောင် (မှန်ပါ့)။
သြော် ငါဘယ်လိုပြောင်းရမတုံး ငါ့ဆရာ ဘုန်းကြီးက ဒီလို ဟောထားတာပဲ က (မှန်ပါ့)။
ဒီလိုပြောင်းလိုက်မယ်ဆိုတော့ ဝိပဿနာလဲ ရှုဖြစ်တယ် အပြောင်းကောင်းလဲ ဖြစ်သွားတယ် (မှန်ပါ့ ဘုရား)။
ဝိပဿနာကော (ရှုဖြစ်ပါတယ်) အပြောင်းကောင်းကော (ဖြစ်ပါတယ်ဘုရား) ကိုင်း ဒါဖြင့် ခင်ဗျားတို့ အသေကောင်း သင်လွှတ်လိုက်တယ်လို့ အောက်မေ့ပါ (မှန်ပါ) ဘာသင်လွှတ်လိုက်သလဲ (အသေ သင်လွှတ်ပါတယ် ဘုရား) အသေကောင်း သင်လွှတ်လိုက်တယ် ဆိုတော့
ဦးစန်းမောင် ကမ်းကုန်ပြီ (မှန်ပါ့ ဘုရား)။
အသေတတ်ရင် သုဂတိနဲ့နိဗ္ဗာန်
ကမ်းကုန်နေပြီတဲ့ သေတော့ သေကြရမှာချည်းပဲ (မှန်ပါ ဘုရား)သို့သော် မသေတတ်လို့ ရှိရင်လဲ အပါယ်သွားမှာပဲ (မှန်ပါ့) သေတတ်လို့ရှိရင်လဲ သုဂတိနဲ့ နိဗ္ဗာန် အစွမ်းရှိသလောက် ပေါ့ဗျာ သွားကြမှာပဲ (မှန်ပါ့) ဟာ ကိုယ်က အင်မတန်အရှုပြင်းထန်လို့ ရှိရင်လဲ နိဗ္ဗာန် ရောက်မှာပဲ (မှန်ပါ့)
ဒါဖြင့် အာသန္နကံ ပြောင်းတတ်ပလားလို့ မေးလိမ့်မယ် (ပြောင်းတတ်ပါပြီ) ဒါဘယ်ဟာ ထောက်ပြီး ဆရာဘုန်းကြီးက ပြောပါလိမ့်မတုံးလို့ မေးတော့ ခုနင်က ပြောခဲ့တဲ့ ရဟန်းရဲ့အဖေ
ကြီး ပြောင်းခဲ့လို့ (မှန်ပါ) သေချာပလား (သေချာပါပြီ)။
ဒါဖြင့် အာသန္နကံလဲ ပြောင်းရတယ် (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ) ဘယ်လိုတုံး (အာသန္နကံလဲ ပြောင်းရ ပါတယ်) ဆရာကောင်း သမားကောင်းနဲ့ ဒါဒီလို ပြောင်းမယ်ဆိုလို့
ရှိရင် အာသန္ဒကံ သေခါနီးမှပေါ့ ဘယ့်နှယ် ပြောင်းရမလဲ ဖြစ်ချင်ဖြစ်မယ်။(မှန်ပါ့ ဘုရား)
ရှင်သောဏ၏ဖခင်မုဆိုးကြီး
အခုဟာ ပြောင်းရတဲ့ဝတ္ထုကို ထုတ်မေးလိုက်တယ်။ (မှန်ပါ) ပြောင်းရတဲ့ဝတ္ထု (ထုတ်ပေးပါတယ် ဘုရား) သေချာပြီ မဟုတ်လား။ (သေချာပါတယ် ဘုရား) သောဏ အဖေလေ (မှန်ပါ) သောဏအဖေ မုဆိုးကြီးဝတ္ထု၊ မုဆိုးကြီးမှာ အာသန္နကံက မိစ္ဆာဖြစ်တဲ့ ခွေးနက်ကြီးတို့၊ ငရဲမီးတို့ မထင်ဘူးလား (ထင်ပါတယ် ဘုရား) အဲဒါ နတ်သမီး ထင်အောင် ပြောင်းတယ် (မှန်ပါ့)
ဒါဖြင့် အာသန္နကံ ပြောင်းလို့ရ, မရ (ရပါတယ် ဘုရား)
အဲဒီတော့ ခင်ဗျားတို့ ဘယ်သူပြောတာမှ မယုံနဲ့၊ ဒီဝတ္ထုဟာလည်း စာမှာ သေသေချာချာ ပါတယ် (မှန်ပါ) သေသေချာချာ ပါတဲ့ အတွက် သြော် အာသန္နကံလဲ ပြောင်းလို့ ရသေးသကိုးလို့
မှတ်ထား (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ)။
အာသန္နကံပြောင်းနည်း
အဒီတော့ကို ပြောင်းတဲ့နည်း ကတော့ဖြင့် အဲဒီကံကိုပဲ ဖြစ်ပျက် ရှုရင် ပြောင်းပြီးသား ဖြစ်ပါတယ် (မှန်ပါ ဘုရား)
မကောင်းတဲ့ အာသန္နကံလာရင် ကံဆိုတာ ဝမ်းထဲမှာ ကံဇော စောတာ (မှန်ပါ) အဲဒါကို ဉာဏ်ဇောနဲ့ ကြည့်လိုက် ပြောင်းပြီးသားဖြစ်တယ် (မှန်ပါ့)
ကံဇောကို ဉာဏ်ဇောနဲ့ ကြည့်လိုက်ရင် (ပြောင်းပြီးသား ဖြစ်ပါတယ်)။
ပြောင်းပြီးသား ဖြစ်သွားတယ် ဆိုတော့ သြော် အာသန္နကံ ပေမယ့်လည်း သူ့နောက်ကို လာနိုင်တဲ့ ကံရှိသေးသကိုး၊ မဂ်ဇောတွေ ရှိသေးတယ် ဆိုတာကို ယနေ့ ထူးထူးခြားခြား မှတ်
(မှန်ပါ ဘုရား) သဘောပါပလား (ပါပါပြီ။)
သေနည်းကောင်းသင်နေတာ
ဒါဖြင့် ပြောင်းတတ်လွဲတတ်ဖြစ်လေ သောကြောင့် နီဝရဏလား နိဗ္ဗာန်ပို့တဲ့ တရားလား (နိဗ္ဗာန်ပို့တဲ့ တရားပါ ဘုရား) အသုံးမချတတ်လို့ရှိရင် နီဝရဏ (မှန်ပါ့) ကုက္ကစ္စ နီဝရဏ (မှန်ပါ့) အသုံးချတတ်လို့ ရှိရင်ဖြင့် ကုက္ကုစ္စ ကို ဖြစ်ပျတ်ရှု တဲ့အတွက် သူက အနိစ္စ ဖြစ်လို့ မဂ္ဂကျေးဇူး ပြုတယ် ဆိုတော့ ဦးသံဒိုင်တို့ ဒါ တာဝန်ခံနိုင်ပါမလား (မှန်ပါ့ ဘုရား) ယုံကော ယုံကြည်ရဲ့လား (ယုံကြည် ပါတယ် ဘုရား)။
ယုံကြည်လို့ရှိရင် ဒီအတိုင်းဖြေပါ (မှန်ပါ ဘုရား) ဒါဖြင့် ဒီနေ့ည ဘာသင်ပါလိမ့်မတုံး မေးတော့ ကုက္ကုစ္စနဲ့ နိဗ္ဗာန်ရောက်အောင် ပို့တာသင်တယ် (မှန်ပါ့) မဟုတ်ဘူးလား (မှန်ပါ့)
တစ်နည်းအားဖြင့်လဲ အသေသင်တယ်, (မှန်ပါ့) ဘယ့်နှယ်ဖြေမလဲ (အသေသင်ပါတယ် ဘုရား)
အနေသ်တာထက် အရေးကြီးတယ်
ဒီအသေသင်ဖို့ရာက အရေးဟာလဲ အနေသင် တာထက် အရေးကြီးသေးတယ်မှတ်ပါ။ (မှန်ပါ) မကြီးဘူးလား (ကြီး ပါတယ် ဘုရား)။ အနေသင်တာထက် အသေသင်တာက အရေးကြီးပါတယ် ဘာကြောင့်ကြီးသတုံး ဆိုတော့ သူက ဟိုဘက်ဂတိ အသွား နီးနေပြီ (မှန်ပါ) မနီးဘူးလား (နီးပါတယ် ဘုရား)။
သူဘယ်လိုသေပါလိမ့်
ဒါ့ကြောင့် ဖဂ္ဂုဏဝတ္ထုကို မပြတ် မပြတ်ကြည့်ပေး (မှန်ပါ့) သြော် သူ ဘယ်လိုသေပါလိမ့် မတုံး ဆိုတဲ့ ဥစ္စာ အကုန်ပါလာတာပဲ (မှန်ပါ့)။
ဟင် – သူတရားနာပြီး သေသလား သူ့ဟာသူ ဆင်ခြင်သေသလားဆိုတော့ ကိုယ်ရထားတဲ့ ဝိပဿနာမဂ် ကိုယ့် ဟာကိုယ် ဆင်ခြင်သေတယ် (မှန်ပါ့ ဘုရား)။
အရှင်ဖဂ္ဂုဏသေတာ ပြုံးလို့ရွှင်လို့
ဆင်ခြင်သေတော့ အရှင်အာနန္ဒာ က ဘုရားသွား လျှောက်တယ်၊ အရှင်ဖဂ္ဂုဏသေတာ ပြုံးလို့ရွှင်လို့ ဘုရား (မှန်ပါ့)။ ဣန္ဒြေတွေ သိပ်ကြည်လင်ဟယ်၊ စက္ခု သောတ ဃာန ဇိဝှာတွေ
(မှန်ပါ့ ဘုရား) မချို့ဘူး ဘုရား တဲ့။
အို-ငါဘုရား တရားလဲ နာရမယ်ကွ၊ သို့မဟုတ် ငါဘုရား တပည့်သား တရားလဲ နာရမယ်၊ သူ့ဟာသူရင်လဲ ဆင်ခြင် သေမယ်ဆိုရင် ဒီဥစ္စာ ပူထုဇဉ်သေဦးကွ။ သောတာပန်-သကဒါဂါမ်
အနာဂါမ် အဖြစ်နဲ့ အောက်သံယောဇဉ် ပယ်နိုင်တယ်ကွ (မှန်ပါ ဘုရား) ဘုရားက တာဝန်ခံထားတယ် (မှန်လှပါ)။
ဒါကြောင့် ဒီဒကာ ဒကာမတွေ သြော် ဆရာသမား သည်ကားလို့ ဆိုလို့ရှိရင် မတွေ့မှာ သင်တာလား၊ တွေ့မှာ သင်တာလား (တွေ့မှာ သင်တာပါ ဘုရား)။
တွေ့မှာသင်တာတဲ့၊ ဒီလိုသင်ပေးမည့်ဆရာ မရှိလို့ရှိရင်ဖြင့် ဦးသန်းမောင်တို့၊ ဦးသံဒိုင်တို့ မှတ်ပေရော သူထင်ရာနဲ့ သူဇောနဲ့ သူ့ ကုက္ကုစ္စနဲ့ အကုန် အပါယ်သွားတာပဲ့ (မှန်လှပါ ဘုရား)
ကြောက်စရာ သိပ်ကောင်းတာပဲ (ကောင်းပါတယ် ဘုရား) ရှင်းပလား (ရှင်းပါပြီ။)
ဉာဏ်ပေးတဲ့ဆရာဟာ အကောင်းဆုံး
အဲဒါက လူကြီးလူငယ်မရွေးနဲ့ ဉာဏ်ပေးတဲ့ဆရာဟာ အကောင်းဆုံး မဟုတ်ဘူးလား (မှန်လှပါ ဘုရား)။
အဲ-ခုနင်ကပြောခဲ့တဲ့ စကားထဲမှာလဲ အောက်တန်းကို ပေးပြန်တော့လဲ တရားဟောညံ့လို့ ဟာလာဟင်းလင်း ဖြစ်ဖြစ် နေရတယ် (မှန်ပါ) ဒါလဲ ထိန်းပေးရတယ်၊ သဘောပါပလား
(ပါပါတယ်။)
အောက်တန်းတရား ဟောလိုက်ပြန်တော့လဲ အထက်တန်း လွတ်လွတ် သွားတယ် (မှန်ပါ) မလွတ်ဘူးလား (လွတ်ပါတယ်ဘုရား) သမထ ဟောလိုက်ပြန်တော့ ဝိပဿနာက ဘာဖြစ်သွားသလဲ (လွတ်သွားတယ် ဘုရား)။
ဝိပဿနာ လွတ်လွတ်သွားတယ်၊ မနာဘူးလား (နာပါတယ်ဘုရား) နာတယ် ဆိုတော့ ကျုပ်တို့မှာ နှစ်ခါပန်း ဖြစ်နေမယ် အရှင်သာရိပုတ္တရာ နှစ်ခါပန်းတာလဲ အောက်တန်းတရား သွား
ဟောမိလို့ (မှန်ပါ့ ဘုရား)။
အဲဒါ မင်း အထက်တန်းတရား မဟောမိဘူး ဆိုပြီး ဘုရားက အပြစ်တင်လိုက်တော့မှ နှစ်ခါ ဟောရတယ်၊ လူ့ပြည် တစ်ခါ ဟောရတယ်၊ ဗြဟ္မာပြည်တစ်ခါ ဟောရတယ် (မှန်ပါ့ ဘုရား) မနာဘူးလား (နာပါတယ် ဘုရား)။
အောက်တန်းဆရာကိုးကွယ်ရင်အပြစ်ကြီးတယ်
အဲဒါတွေ ထောက်ကြည့်တဲ့ အခါကျတော့မှ သြော် တရားဟောညံလို့ အောက်တန်းဆရာ ကိုးကွယ် ဆည်းကပ်မှုသည် အပြစ်အတော်ကြီးတာပဲ ဆိုတာ ပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား) ဘယ့်နှယ်ဖြစ် ကြသလဲ (အပြစ် အတော်ကြီးတယ် ဆိုတာ ပေါ်လာပါတယ်) အပြစ်ကြီး သင့်တယ် (မှန်ပါ့) ဘာဖြစ်သွားသလဲ (အပြစ်ကြီးသင့်ပါတယ် ဘုရား) အပြစ်ကြီးသင့်တယ် ဆိုတာ မှတ်တော့ ကဲ ဒါဖြင့် ပျံ့လွင့်တဲ့စိတ်လာလို့ရှိရင် အဖျက်လို့ မမှတ်ပါနဲ့ (မှန်ပါ ဘုရား)။
ဘယ်လိုကြောင့်တုံး ဆရာဘုန်းကြီးက ဒါကုက္ကုစ္စက နေပြီး ဥဒ္ဓစ္စတော ကူလိုက်ပြီ (မှန်ပါ့)။
ပျံ့လွင့်တဲ့စိတ်ဆိုတာ ဒီလိုမှတ်ပါ၊ မျက်လုံးဟာ ဟိုဘက် ကနေတဲ့ ဓာတ်ပုံ ကြည့်တယ်၊ မျက်လုံးက သွားကြည့်တာလား ဒီကနေပြီး ကြည့်တာလား (ဒီကနေ ကြည့်တာပါ ဘုရာ)။
သူက သွားတာမဟုတ်ဘူး (မှန်ပါ့ ဘုရား) မျက်လုံးက မသွားပါဘူး မျက်လုံးက ရုပ်ကြီး (မှန်ပါ့ ဘုရား) သူ့ပေါ်မှာ ရှိတဲ့ နာမ်ကကော သွားတာလား မသွားဘူးလား (မသွားပါ ဘုရား)။
မြင်ရုပ်ပေါ်မှာ မြင်စိတ်ကလေး သွားပေါ်တယ်
မသွားပါဘူးတဲ့ သူဟာ မျက်လုံးရုပ်က ပုရေဇာတ မြင်စိတ်ကလေးက ပစ္ဆာဇာတ ဆိုတော့ စက္ခုံစ ပဋိစ္စ ရူပေစ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ စက္ခုပသာဒရုပ်ကို အမှီပြုပြီးတော့ စက္ခုဝိညာဏ်
ဖြစ်တယ် ဆိုတာ သူက ပုရေဇာတပစ္စည်း မြင်စိတ်ကလေးက ပုရေဇာတပစ္စည်း၏ ပစ္စယုပ္ပန်ဆိုတော့ တွဲနေတယ်၊ မတွဲဘူးလား (တွဲပါတယ် ဘုရား) မြင်ရုပ်ပေါ်မှာ မြင်စိတ်ကလေး သွားပေါ်တယ် (မှန်ပါ) မြင်ရုပ်ပေါ်မှာ (မြင်စိတ်ကလေး သွားပေါ်ပါတယ် ဘုရား)။
စက္ခုပေါ်မှာ မြင်စိတ်ကလေး သွားပေါ်တော့ သြော် ဒါဟာ ဒီကနေပြီး နာမ်ရော ရုပ်ရောတော့ မသွားဘူး၊ ဒီကနေ နေပြီးတော့ ချိန်တာပဲ ရှိတယ် (မှန်ပါဘုရား)
ဟိုဘက်မှာ ဘာရှိတယ်၊ဟိုဘက်မှာဘာရှိတယ်ဆိုတဲ့ ချိန်တာပဲ
ရှိတယ် သွားရဲ့လား (မသွားနိုင်ပါ ဘုရား)။
စိတ်ကမပြေးရှာပါဘူး
မသွားနိုင်တော့ စိတ်တွေ တယ်ပြေးသကိုး၊ ခင်ဗျားတို့ အသုံးလေ (မှန်ပါ) ဒီစိတ်ကပဲ ဟိုရောက်သွား သလိုလို (မှန်ပါ) ဟင် ဟိုဘက်ရောက်သလိုလို၊ ဆိုင်ရောက်သွား သလိုလို၊ သားမယားများဆီ ရောက်သွား သလိုလို (မှန်ပါ) ခင်ဗျားတို့ အထင် (မှန်ပါ့ ဘုရား) စိတ်က တယ်ပြေး တာကိုး ရန်ကုန်များ ရောက်သွားလိုက်သေး (မှန်ပါ့)။
မပြေးရှာပါဘူး၊ ဒီကကို မသွားနိုင်ရှာဘူး၊ မှန်ချိန်တာ ဝေးဝေးချိန်တာ တစ်ခုပဲရှိတယ် (မှန်ပါ) ဘယ်လို ဆိုကြမယ် (မှန်ချိန်တာ ဝေးဝေးချိန်တာပါ ဘုရား) ဝေးဝေးချိန်တာကို သွားတယ် ထင်နေလို့ ခက်နေတာ (မှန်ပါ့ ဘုရား)။
ဒါ ဘာဟောချင်လို့လဲ ဒီဥစ္စာ ပုရေဇာတပစ္စည်း ကိုင်လာပါလိမ့်မတုံး မေးတော့မှ စိတ်တွေဟာ ပြေးလွန်းလို့ ဖမ်းရခက်တယ် ဆိုတာ အဝေးကြီး ပြေးတယ်၊ ခင်ဗျားတို့ စိတ်တွေကို ခင်ဗျားတို့က ထင်နေတယ် (မှန်ပါ) ပြေးကို မပြေးဘူးဗျ၊ ပြေးရဲ့လား (မပြေးပါဘူး ဘုရား)။
ဟဒယဝတ္ထုမှာပဲ ပေါ်တယ်
ဒီတော့ ကုက္ကုစ္စ ဘယ်ပေါ်သတုံး၊ ဥဒ္ဓစ္စ ဘယ်ပေါ်သတုံး၊ ဟဒယဝတ္ထုပေါ်မှာ ပေါ်တယ် (မှန်ပါ) ဒါဖြင့် ဟဒယဝတ္ထု ပေါ်က သူဘယ်မှ မပြေးဘူး (မှန်ပါ) သူအာရုံပြုတာသာ အဝေးကြီး သွားချင် သွားမယ် (မှန်ပါ့ ဘုရား)။
အဲဒီတော့ သူကိုရန်သူလို ပြန်စိုက်ကြည်ရင် သူ့တွေ့ လိမ့်မယ် ဟိုသွားကြည့်မနေနဲ့ (မှန်ပါ့) ဘာဖြစ်လို့တုံး မပြေးနိုင်တဲ့တရားမို့ ဒီပေါ်ဖြစ် ဒီပေါ်ပျက်မှာပဲ (မှန်ပါ့ ဘုရား)။
မြင်းလိုပြေးတယ်လို့ထင်နေတယ်
ဒါဖြင့် စိတ်က တယ်ပြေး ဆိုတာ ခင်ဗျားတို့ ထင်လို့ပါ၊ စိတ်ကို ကမ္ဘာကြီးများ သုံးလေး ပတ်လောက် ပတ်လိုက်တယ် လို့ထင်လိုက်တယ်၊ မဟုတ်ဘူးလား (မှန်ပါဘုရား) သူက မြင်းလို
ပြေးတယ်လို့ ထင်နေတယ် (မှန်ပါ့)။
မဟုတ်ပါဘူးတဲ့ ဒီဥစ္စာ ပုရေဇာတ ပစ္စုယုပ္ပန်ပဲတဲ့ ဘုရားက သဘောကျသလား (ကျပါပြီ)။
“စက္ခုစ ပဋိစ္စ ရူပေစ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ’’ ဆိုတော့ ကြည့်စမ်းပါလား တဲ့ စက္ခုပသာဒရုပ် အပေါ်မှာ စက္ခုဝိညာဏ် ပေါ်တယ် (မှန်ပါ) ပြေးနိုင်ရဲ့လား (မပြေးနိုင်ပါ ဘုရား)။
‘‘မနဉ္စ ပဋိစ္စ ဓမ္မေစ ဥပ္ပဇ္ဇတိ မနောဝိညာဏံ’’ ဆိုပြီး ဟိုမှာလည်း ဒီအပေါ်မှာပေါ် တာ သူမပြေးဘူး ပြေးရဲ့လား (မပြေးပါ ဘုရား)။
အဲဒီတော့ ခင်ဗျားတို့ဟာတွေ ဘဝင် အကြည်ပေါ်မှာ ပေါ်တာ ဘဝင်အကြည်ပေါ် စိုက်လိုက်လို့ ရှိရင်ဖြင့် သူက ဘယ်လို အဝီစိမှန် ချိန်နေဦး မင်း ဒီအပေါ် မှာဖြစ်ပြီး၊ ဒီအပေါ်မှာ
ပျက်တယ် ဉာဏ်က ဒီလိုလှည့်လိုက်၊
ဒါ ဥဒ္ဓစ္စ ရှုုပြီးသား သွားဖြစ်တယ် (မှန်ပါ့ဘုရား) ရှင်းပလား (ရှင်းပါပြီ။
ပြေးရာလိုက်မရှုနဲ့၊ ရှိရာကိုရှုပါ
ဒါဖြင့် ပြေးရာ လိုက်ရှုရမှာလား ရှိရာ ရှုရမှာလား (ရှိရာရှုရမှာပါ ဘုရား) ရှိရာမှာ ရှုရမယ် ဆိုတော့ သူအာရုံပြုရာကို မရှုနဲ့ (မှန်ပါ) ရှိရာကို (ရှုရပါမယ် ဘုရား) ရှိရာကို ရှုတော့ သူဘယ်ပေါ်မှာ ပေါ်သတုံး ဥဒ္ဓစ္စဟာ (ဟဒယဝတ္ထု ပေါ်မှာ ပေါ်ပါတယ်) သဘောကျပလား (ကျပါပြီ)။
ဒါဖြင့်ရင် လဲ စိုက်ရှုတော့ သြော် မင်းဟာ ဒီဥဒ္ဓစ္စကိုး၊ ဒါကြောင့် မင်းမှန်ချိန်တာ အဝေးကြီး ချိန်တာပဲ၊ ရန်ကုန်ချိန်တယ်၊ စစ်ကိုင်းဘက် ချိန်တယ်၊ မင်းချိန်ပေမယ့်လည်း မင်းဖြစ်ရာ တို့က ရှုမယ် ဆိုပြီး သကာလ သူ့ရှုလိုက်တော့ ဟဒယ ဝတ္ထုပေါ် ဉာဏ်လှည့် လာတယ် (မှန်ပါ ဘုရား) ဟဒယဝတ္ထု
ပေါ် ဉာဏ်လှည့်လို့ ရှိရင် ဒီအပေါ်မှာ ဖြစ်ပြီး ဒီအပေါ်မှာ ပျက်တယ်။
ဥဒ္ဓစ္စသည် မဂ်ကို ကျေးဇူးပြုသွားတယ်
ဒါဖြင့် ဒီအပေါ်မှာ ဉာဏ်လှည့်ပြီး ဖြစ်ပျက်ရှုလိုက်တော့ ဥဒ္ဓစ္စသည် နီဝရဏလား မဂ်ကို ကျေးဇူးပြုသလား (မဂ်ကို ကျေးဇူးပြုပါတယ် ဘုရား)။
ဒါဖြင့် စကား ဒါလောက်ချီပြီး ပြောနေတာက ခင်ဗျားတို့ နားလည်မှုက စိတ်က တယ်ပြေးတယ် ဆိုပြီးတော့ ဒီဘက်ကို ထွက်ပြေးတယ်လို့ ထင်တာကိုးဗျ (မှန်လှပါ) ထွက်ပြေးတယ် ထင်ရင် သဿတဒိဋ္ဌိ (မှန်ပါ) ဘယ့်နှယ် ဖြေမလဲ (သဿတဒိဋ္ဌိပါ ဘုရား) အဲ ခင်ဗျားတို့ အထင် တွေဟာ
သဿတဒိဋ္ဌိ (မှန်ပါ့)။
သူက ဒီပေါ် ကနေပြီး ပြေးရှာတယ် ဆိုတော့ မသေ တော့ဘူး (မှန်ပါ) ဘာဒိဋ္ဌိ ဖြစ်နေသလဲ (သဿတဒိဋ္ဌိ ဖြစ်နေပါတယ်)။
ခင်ဗျားတို့ အသက်ထွက်သွားပြီ ဆိုတာနဲ့ အတူတူ ဖြစ်နေတယ် (မှန်ပါ့ ဘုရား) ဘာနဲ့ အတူတူ ဖြစ်နေသလဲ (အသက်ထွက်သွားပြီနဲ့ အတူတူ ဖြစ်နေပါတယ်) အသက် ထွက်သွားတာဟာ ဘာဒိဋ္ဌိလဲ (သဿတဒိဋ္ဌိပါ ဘုရား)။ အဲဒါနဲ့အတူ ဖြစ်နေတယ် (မှန်ပါ ဘုရား)။
ခင်ဗျားတို့ စိတ်ပေါ်မှာ ယူထားတာလေ (မှန်ပါ့ ဘုရား)။ အဲဒါ ပြေပျောက်ပလား (ပြေပျောက်ပါပြီ ဘုရား)။
ဥဒ္ဓစ္စလာရင် ဖြစ်ပျက်ရှုလိုက်ပါ နိဗ္ဗာန်ပို့ပေးမယ်
အဲ့ဒီတော့ ဥဒ္ဓစ္စလာရင် ဘယ်မှာခင်ဗျားတို့ ဉာဏ်က လှည့်မလဲ (ဟဒယဝတ္ထုပေါ် လှည့်ပါမယ်) သူပေါ်ရာ လှည့် လိုက် (မှန်ပါ့) သူက ဟဒယဝတ္ထုပေါ် ဉာဏ်လှည့်ပြီး သြော် ဒီနေရာဖြစ်ပြီး ဒီနေရာ ပျက်တယ် ဆိုပြီး ဒကာ ဒကာမတွေက ရှုလိုက်လို့ ရှိရင်ဖြင့် ဥဒ္ဓစ္စသည် နီဝရဏလား နိယျာနလား (နိယျာနပါ ဘုရား)။
နီဝရဏဆိုတာ ကန့်ကွက်တာ၊ နိယျာန ဆိုတာ သူက ထုတ်ဆောင် ပေးတာ (မှန်ပါ့ဘုရား) နိဗ္ဗာန်လဲ ပို့ပေးမယ် (မှန်ပါ)။
ဒါဖြင့် နီဝရဏနဲ့ နိယျာနနဲ့ ကွဲပလား ကွဲပါပြီ (မှန်ပါ့) အသုံးမချတတ်တဲ့ ပုဂ္ဂိုလ်မှာ နီဝရဏ (မှန်ပါ) တားမြစ်တယ် (မှန်ပါ့) အသုံးချတတ်တဲ့ ပုဂ္ဂိုလ်မှာ (နိယျာနပါ ဘုရား) နိယျာနက ထုတ်ဆောင်တယ် သူက မင်း သုဂတိဘဝကနေ ပြီးတော့ ကဲ နိဗ္ဗာန် သွားတော့ကွာလို့ သူကတောင် ထုတ်ဆောင် လိုက်သေးတယ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါ ပြီ) သဘောပါပလား (ပါပါပြီ)။
ကဲအချိန်စေ့ပြီ။ ယနေ့ည တော်ကြဦးစို့။
သာဓု သာဓု သာဓု။