010

မာတိကာသို့

မဂ္ဂင်အလုပ်မှတစ်ပါး ကယ်မည့်သူမရှိ

အသံဖိုင်ခေါင်းစဉ်= မဂ်မှတပါးကယ်မည့်သူမရှိနိုင်ပုံ

စာအုပ်ခေါင်းစဉ် =မဂ္ဂင်အလုပ်မှတစ်ပါး ကယ်မည့်သူမရှိ

ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

အမရပူရမြို့၌ ဟောကြားသော တရားတော်

မဂ္ဂင်အလုပ်မှတစ်ပါး ကယ်မည့်သူမရှိ

(၄-၈-၆၁)

လူတွေ တော်တော် ကျပ်တယ်နော် (မှန်ပါ့) ကျောင်းကြီး ပေါ်လဲပြည့်၊ ဒီက တိုက်လဲပြည့်နေပြီ၊ ဘေးလဲ နေစရာမရှိဘူး (မှန်ပါ့ ဘုရား)၊ သည်းခံပြီး သကာလ ဒကာ ဒကာမတွေ ကိုယ့် အရေးရယ်လို့ မှတ်ပြီး သကာလ နာကြတော့နော် (မှန်ပါ့ ဘုရား)။

ငရဲလွတ်ရေးသာ အရေးကြီးတာ

အိုက်တယ်, ပူတယ်, လူငွေ့တွေက ပူတယ်ဆိုတာလဲ သည်းခံကြပေတော့ (မှန်လှပါ) ငရဲနဲ့ စာပြီး သကာလ ဒီဥစ္စာ မဖြစ်လောက်ဘူးဆိုတာ မှတ်ကြပေတော့ (မှန်လှပါ)၊ ငရဲလွက်ရေးသာ အရေးကြီးတာပါ၊ ဒီအိုက်ရေး, ပူရေးကတော့ ဒါလောက် အရေးမကြီးပါဘူး (မှန်ပါ့)။ ကိုယ့်ကိုယ်ကို ကယ်တင်ဖို့လာကြတာ၊ ဒါကြောင့် အားလုံးဒကာ ဒကာမတွေ အခုတရားနာ လာကြတယ်ဆိုတဲ့ဥစ္စာ ဘာကိစ္စတုံး လို့ မေးဖို့မလိုပါ ဘူး၊ ကိုယ့်ကိုယ်ကို ကယ်တင်ဖို့လာကြတာပဲလို့ မှတ်ကြပါနော် (မှန်လှပါ ဘုရား)။

ဘာကိစ္စလာကြတာပါလိမ့် (ကိုယ့်ကိုယ်ကို ကယ်တင်ဖို့ လာကြတာပါ ဘုရား)။

တပည့်တော်တို့က ဘယ်အခြေအနေလဲ ဘယ်လိုများ ဖြစ်နေလို့ ကိုယ့်ကိုယ်ကို ကယ်တင်တာပါလိမ့်မလဲလို့ မေးတဲ့ အခါကျတော့မှ ဒကာ ဒကာမတို့ ယခု အချိန်မှာလဲ ခန္ဓာကိုယ်ကြီးက အိုက်တယ် ပူတယ် ကျင်ကြီး ကျင်ငယ်ကိစ္စတွေနဲ့ ဒုက္ခပေးနေတာပဲ (မှန်လှပါ ဘုရား)။

တရားပွဲပြီးတယ် ဆိုလို့ရှိရင်လဲ အခုဘာပေးမယ် ထင်ကြ သတုံး (ဒုက္ခပဲ ပေးမှာပါ ဘုရား)။

အိမ်ပြန်ရောက်တဲ့အခါကျလို့ရှိရင်လဲ ဘာများ လုပ်ကိုင် ရမတုံးဆို ဒီခန္ဓာကိုယ်ကြီးက ဒုက္ခသစ္စာပဲ (မှန်ပါ့)၊ ဒီအတိုင်း အသက်အတိုင်းနေလို့ စုတေပြန်တော့လဲ စုတိစိတ်ကလေးကလဲ ဒုက္ခသစ္စာ (မှန်ပါ့)၊ နောင် ပဋိသန္ဓေ နေရတာကော ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။

ဪ ဒါဖြင့် ဒကာ ဒကာမတို့ အခုနေရတာလဲ ဒုက္ခ သစ္စာ သေရတာလဲ ဒုက္ခသစ္စာ (မှန်ပါ့) နောက်တစ်ဖန် ပဋိသန္ဓေ နေရတော့ (ဒုက္ခသစ္စာပါပဲ ဘုရား)။

ကယ်တင်ဖို့နည်းကောင်းပြတော်မူပါ

ဪ ဒါကြောင့် တပည့်တော်တို့ဟာ ဒုက္ခသစ္စာ – အဆက်မပြတ် အလုံးစုံစပ်ပြီး သကာလ နေတဲ့ အတွက် တပည့်တော်တို့ ဒုက္ခဖြင့် အရှင်ဘုရား ကယ်တင်ရာ ကယ်တင်ကြောင်း ဖြစ်တဲ့နည်းကောင်း ပြတော်မူပါဆိုပြီး သကာလ လာကြရတယ် (မှန်ပါ့ ဘုရား)။

အဲဒါကြောင့် ပဋိသန္ဓေ နေဘေး၊ အိုဘေး၊ နာဘေး၊ သေဘေးနဲ့စာရင် ယခုနေရတဲ့ အိုက်, ပူလိုက်တဲ့ဘေးဟာ မဖြစ်လောက်ပါဘူး (မှန်လှပါ)။

ဒါကြောင့် ဒကာ ဒကာမတွေ ကျပ်တည်းတယ်, ကျဉ်း မြောင်းတယ်ဆိုတာ နေရာက ကျပ်တည်း ကျဉ်းမြောင်းလို့ မဟုတ်ဘူး (မှန်လှပါ ဘုရား) ကိုယ့်ကိုယ်ကို ကယ်တင်ချင်တဲ့ လူက များလွန်းလို့ ကျပ်တည်းကျဉ်းမြောင်းတာ (မှန်လှပါ)။

ဒါကြောင့် ဒကာ ဒကာမတွေ ဒီအရေးဟာ ဘာမှ မဖြစ်လောက်ဘူး၊ ဒိုငရဲမီးကလေး တစ်ခုတည်းမှာ ဒို့အကြောင်း မညီညွတ်လို့ ကျသွားမယ်ဆိုလို့ရှိရင် ပိုးစုန်းကြူးလောက် ငရဲမီး သည် လှည်းဆယ်စီးတိုက်လောက် ထင်းအစိုတွေကို ကျသည်နဲ့ တစ်ပြိုင်နက်တည်း ပြာဖြစ်နိုင်တယ် ဆိုတာကို ထောက်လိုက်လို့ ရှိရင် ဒီဒုက္ခဟာ ဖြစ်လောက်သေးသလား (မဖြစ်လောက်ပါ ဘုရား)။

ဒုက္ခကိုသည်းခံကြပါ

ဒါကြောင့် အားလုံး ဒကာ ဒကာမတွေ ဒီဒုက္ခကိုဖြင့် သည်းခံကြပါ ဆိုတာ ဆရာဘုန်းကြီးက မေတ္တာရပ်တယ်နော် (မှန်လှပါ ဘုရား)။

နေရာတွေက ကျဉ်းလို့လား ကျယ်လို့လား၊ ဘယ် လောက် ကျယ်ကျယ် ပရိတ်သတ်များ လို့ရှိရင် ဒကာကြွယ် ကျပ်ရတာပဲ (မှန်ပါ့ ဘုရား)။

ဒါကြောင့် သည်းခံကြပါ၊ ကိုယ့်အရေးသာ ကိုယ်အဓိက ထားပြီး သကာလ ဒီတွေ့ရတဲ့ ဒုက္ခကြီးဟာလဲ ပူတယ်, အိုက်တယ် လူတွေကများလို့ ကျပ်တယ်ဆိုတဲ့ ဒုက္ခ၊ ကျင်ကြီး ကျင်ငယ် သွားဖို့မလွယ်ကူတဲ့ ဒုက္ခဟာ ခန္ဓာကလာတယ် (မှန်ပါ့ ဘုရား)။

ဘယ်ကလာပါလိမ့် (ခန္ဓာက လာပါတယ် ဘုရား) ဪ ခန္ဓာရှိတဲ့ ပုဂ္ဂိုလ်၏ ဖြစ်စဉ်ပါလား (မှန်ပါ့) ဘယ်သူ့ ဖြစ်စဉ်ပါလိမ့် (ခန္ဓာရှိတဲ့ပုဂ္ဂိုလ်၏ ဖြစ်စဉ်ပါ ဘုရား)။

ခန္ဓာရှိသူတို့၏ဖြစ်စဉ်

ခန္ဓာရှိတဲ့ပုဂ္ဂိုလ်၏ ဖြစ်စဉ်ဆိုတော့ ဒီခန္ဓာကြီး ဘယ် ထားထား ဒီလိုနေရမှာပဲ (မှန်ပါ့)။

ဒါကြောင့် ဆရာဘုန်းကြီးက ခန္ဓာဇာတ်သိမ်းငြိမ်းရာ ဖြစ်တဲ့ နိဗ္ဗာန်၊ တဏှာသိမ်းပြီး ငြိမ်းရာဖြစ်တဲ့ နိဗ္ဗာန်ကို ဒကာ ဒကာမ တွေအား ကယ်ယူပို့ဆောင်ပြီး သကာလ၊ နိဗ္ဗာန်သောင်ကမ်း လွတ်လပ်တဲ့ နေရာဌာန၊ အေးချမ်းတဲ့နေရာဌာန သန္တိသုခ ဖြစ်တဲ့ နိဗ္ဗာန်ကြီးကိုဖြင့် ဒကာ ဒကာမတွေ ဒီဒုက္ခမြင်သံဖြင့်လဲ အရယူတော့မှာပဲ ဆိုတာ ယနေ့ ဆုံးဖြတ်ချက်ချပါ (မှန်လှပါ)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ ဒီနေ့ပြဖို့ အရေး ဟာက ဒိဋ္ဌိခွာဖို့ အရေးပါပဲ (မှန်လှပါ ဘုရား) သို့ရာတွင် ပြစရာ နေရာနဲ့ ဒီပရိတ်သတ်တွေမြင်ရတဲ့ ပုဂ္ဂိုလ်တွေဟာ သုံးပုံ တစ်ပုံ၊ မမြင်ရတာက သုံးပုံနှစ်ပုံလောက် ဖြစ်နေတယ် (မှန်လှပါ) အဲ့ဒါကြောင့် ပြမည့်အရေးကို နက်ဖြန်ကျမှ ပြမယ်၊ ဒီနေ့တော့ဖြင့် မဂ်က ဒကာ ဒကာမတွေကို ကယ်တင်ပုံ မဂ်မှတစ်ပါး ကိုးစားရာမရှိပုံကို ဒကာကြွယ် သေသေချာချာ မှတ်ရမယ် (မှန်ပါ့ ဘုရား)။

သုဗြဟ္မနတ်သား

ကိုင်း ဒါဖြင့် တရားပဲ ဂရုစိုက်ကြပါ၊ သုဗြဟ္မ နတ်သားဆိုတာ လူ့ပြည်က ကောင်းမှု ကုသိုလ်တွေ လုပ်ပြီး သကာလ သက္ကယဒိဋ္ဌိမပြုတ်ပဲနဲ့ ဦးလှဘူးတို့၊ ဒကာကြွယ်တို့ နတ်ပြည် တက်သွားတယ်နော် (မှန်ပါ့)။

သုဗြဟ္မနတ်သားတဲ့ ဒကာ ဒကာမတို့၊ လူ့ပြည်က ကောင်းမှု ကုသိုလ်တွေကြောင့် နတ်ပြည်ရောက်ရတယ်၊ နတ်ပြည် ရောက်တဲ့ အခါကျတော့ ဒကာ ဒကာမတွေ မှတ်လိုက်တာပေါ့။ သူ့မှာ ကြင်ရာတော်ပေါင်း တစ်ထောင်ရှိတယ် (မှန်ပါ့)။

ကြင်ရာပေါင်းတစ်ထောင် ရှိတယ်ဆိုတော့ ဒကာသစ်ရ အင်မတန်ပျော်ရှာမှာပေါ့ (မှန်ပါ့)။

အဲဒီလိုပျော်တော့ တစ်နေ့သ၌ကျတော့ ဥယျာဉ်ထွက် တယ်၊ ဥယျာဉ်ထွက်တဲ့အခါကျတော့ ပင်လယ်ကသစ်ပင်ကြီး ရှိတယ်၊ အဲဒီပင်လယ်ကသစ်ပင်ကြီးကလဲ ပွင့်လိုက်တာ ဝေဝေ ဆာလို့ (မှန်ပါ့)၊ အဲဒီကသစ်ပင်ပေါ်မှာ နတ်သမီး ငါးရာတွေက ပန်းပွင့်တွေ ဆွတ်ခူးပြီး သကာလ အောက်သို့ ချရပါတယ် (မှန်ပါ့)၊ အောက်က နတ်သမီးငါးရာက အပ်ချည်တွေနဲ့ အပ်နဲ့ သီကုံးပြီး သကာလ နတ်သား ထိုင်နေတဲ့အခါ လည်ပင်းသွားသွားပြီး သကာလ အမွှေး, အကြိုင် လှပမှုတွေနဲ့ ပြင်ဆင်ပြီး သကာလ ပေးကြရတယ် (မှန်ပါ့)။

ဒကာသစ် စည်းစိမ်းရှင်ဆိုရင် မလွဲပါဘူး (မှန်ပါ့)။

အဲဒီ စည်းစိမ်းရှင်ကြီးကား ဆိုလို့ရှိရင် ဒိဋ္ဌိကမပြုတ်ဘဲနဲ့ ဒကာကြွယ် နတ်ပြည်တက်သွားတယ် (မှန်ပါ့) ဒိဋ္ဌိမပြုတ်ဘဲနဲ့ နတ်ဖြစ်ရတယ် (မှန်ပါ့)။

ဒိဋ္ဌိမပြုတ်ပဲနဲ့ နတ်ဖြစ်ပြီး သကာလ နေရတော့ နတ်သား ကလဲ ဒိဋ္ဌိမပြုတ်တဲ့ နတ်သားဆိုတော့ ဒကာသစ် သောတာပန်လို့ ဆိုနိုင်ပါ့မလား (မဆိုနိုင်ပါ ဘုရား)။

နတ်သမီး တစ်ထောင်ကလဲ ထို့အတူပဲ၊ ဒိဋ္ဌိမပြုတ်ဘဲနဲ့ ကုသိုလ်လုပ်လို့ တော့ရပါရဲ့၊ ကုသိုလ်လုပ်လို့ နတ်ပြည်ရောက် တာတော့ ဒကာကြွယ်တို့ ဦးလှဘူးတို့ ငြင်းဖို့ လိုသေးသလား (မလိုပါဘူး)။

စိတ်မချရတဲ့ကုသိုလ်

မလိုပါဘူး မလိုပင် မလိုငြားသော်လည်း သူ့ကုသိုလ်က စိတ်ချရတဲ့ ကုသိုလ်လား၊ အထိမခံ ရွှေပန်းကန် ကုသိုလ်လား ဆိုတာ စဉ်းစားဖို့ ကြုံလာတယ် (မှန်ပါ့) ဘယ်လိုကုသိုလ်ပါလိမ့် (စိတ်မချရတဲ့ ကုသိုလ်ပါ ဘုရား)။

ဒါဖြင့် ကုသိုလ်ကို လုပ်ငြားသော်လဲ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဒိဋ္ဌိပြုတ်တဲ့ ကုသိုလ်မှ သာလျှင် ဒကာသစ်တို့၊ ဒကာကြွယ်တို့၊ ဦးလှဘူးတို့ စိတ်ချရမယ် (မှန်ပါ့) နို့မဟုတ်ရင် စိတ်ချ ရပါ့မလား (မချရပါ ဘုရား)။

အေး ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ ရှေ့နောက် မလွဲကြပါစေနဲ့ဆိုတာ ဒီတရားပွဲက မှာပါတယ် (မှန်ပါ့)။

ဒိဋ္ဌိအရင်ဖြုတ်ပြီးမှ ကုသိုလ်လုပ်ပါ

ဒိဋ္ဌိအရင် ဖြုတ်ပြီးမှ ကုသိုလ်လုပ်လို့ရှိရင် သိပ်ကောင်း ပါတယ် (မှန်ပါ့) တက်သွားလဲ ပြန်မကျဘူးပေါ့ (မှန်ပါ့) သဘောပါကြပလား (ပါ-ပါပြီ ဘုရား)။

ဒါဖြင့် ဒိဋ္ဌိပြုတ်မှုနဲ့ ကုသိုလ်လုပ်မှု ဘယ်ဟာ ရှေ့ထား ရမယ် (ဒိဋ္ဌိပြုတ်မှု ရှေ့ထားရပါမယ် ဘုရား)။

ဒိဋ္ဌိပြုတ်ပြီးမှ ကုသိုလ်လုပ်လိုက်ရလို့ရှိရင် ဒကာကြွယ် တက်သွားရင် ပြန်ကျနိုင် သေးရဲ့လား။ (မကျနိုင်ပါ ဘုရား)။

အခု ဒကာကြွယ်တို့ လုပ်နေကြတာက ပြောင်းပြန်ကြီးပါ (မှန်ပါ့) ဦးလှဘူးတို့ ဘယ့်နှယ်ထင်ကြသလဲ (ပြောင်းပြန် ကြီးပါ) ပြောင်းပြန်ကြီး ဖြစ်နေတယ်ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

သို့သော် မသိသေးလို့ မပြင်သေးတာကို ဘုန်းကြီး များက အပြစ်မဆိုပါဘူး (မှန်ပါ့) သိတဲ့အချိန်ကစပြီး သကာလ ပြင်ဖို့ အလုပ်လုပ်ရတော့မယ်ဆိုတာဖြင့် သတိထားဖို့ အရေးကြုံ လာပြီဆိုတဲ့ဥစ္စာ သေသေချာချာ မှတ်ရမယ် (မှန်ပါ့) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ဥပစ္ဆေဒကကံ

ဒါနဲ့ နတ်သားက ဒကာ ဒကာမတို့ ဖျတ်ခနဲဆို ခုနင်က အပေါ်မှာ ပန်းခူးနေတဲ့ နတ်သမီး ငါးရာကို ဥပစ္ဆေဒကကံဆိုတာ ဖြတ်ချလိုက်တယ်(မှန်ပါ့) ဖြတ်ချလိုက်တော့ ငရဲမှာ တစ်ပြုံကြီး ငါးရာစလုံး ရောက်သွားတယ် (မှန်ပါ့)။

ဘယ့်နှယ်ကြောင့် ဒီကံ ဒါလောက် ဖြတ်ပါလိမ့်မလဲလို့ ဒကာသစ်တို့ မေးဖို့မလိုဘူးလား (လိုပါတယ်) ဒိဋ္ဌိ မပြုတ်သေးတော့ ငရဲမျိုးစေ့ပါသွားလို့လို့ မှတ်လိုက်ပါ (မှန်ပါ့ ဘုရား)။

ဘယ်လိုမှတ်ကြမယ် (ငရဲမျိုးစေ့ ပါသွားလို့ပါ ဘုရား) ငရဲမျိုးစေ့ ပါသွားလို့ဆိုတာ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

နတ်သမီးငါးရာငရဲကျတယ်

အေး ဒါကြောင့်ငရဲမျိုးစေ့ပါသွားတော့ ဒကာကြွယ် ပန်းပင်ပေါ် ပန်းခူးရင်း စုတိစိတ် ကျတယ်နော်(မှန်ပါ့) စုတိစိတ်ကျ စုတိပြီး ဖျတ်ဆို ငရဲပဋိသန္ဓေက ပေါ်လာတယ်၊ ငရဲမှာပဲ အကုန် ရောက်ကြရတယ် ဆိုတော့ အင်မတန် မနစ်နာဘူးလား (နစ်နာ ပါတယ် ဘုရား)။

အင်မတန် နစ်နာတော့တယ်ဆိုတာ ဒကာ ဒကာမတွေ မှတ်မိပြီ (မှတ်မိပါပြီ ဘုရား)။

ဪ ကုသိုလ်သည်ကားလို့ဆိုရင် တင်တော့ တင်လိုက်တာပဲ၊ ဘယ့်နှယ်ကြောင့် ဥပစ္ဆေဒကကံတွေက ဖြတ်ချ လိုက်ပါလိမ့်မလဲ၊ ကောင်းသော အကျိုးပေးခြင်းကို မကောင်းသော ကံက ဖြတ်ချပါလိမ့်မလဲလို့ ဒကာသစ်မေးဖို့ မလိုဘူးလား (လိုပါတယ်)၊ ဒိဋ္ဌိမပြုတ်သေးတော့ ဖြတ်နိုင်တယ်(မှန်လှပါ ဘုရား)။

ဘယ်လိုမှတ်ကြမယ် (ဒိဋ္ဌိမပြတ်သေးတော့ ဖြတ်နိုင် ပါတယ် ဘုရား)၊ ဒိဋ္ဌိမပြုတ်သေးတော့ ဖြတ်နိုင်တယ်ဆိုတော့၊ ဪ ဒိဋ္ဌိမပြုတ်တဲ့ ကုသိုလ်အလုပ်ဟာဖြင့် ဒကာကြွယ် စိတ်ချရပါ့မလား (မိတ်မချရပါ) ဦးလှဘူး (စိတ်မချရပါ)၊ နောက်က ဒကာ ဒကာမတွေ (စိတ်မချရပါ ဘုရား)။

စိတ်မချရသေးတော့ ဘုန်းကြီးများ ဒိဋ္ဌိပြုတ်နည်း နိဿ ရည်းကိုဖြင့် အကြီးအကျယ်ပဲ ဒကာ ဒကာမတွေကို ချီးမြှောက် နိုင်သလောက် ချီးမြှောက်မှသာလျှင် တက်သွားပြန်မကျတဲ့ နေရာကို ရောက်ရတော့မယ်ဆိုတာဖြင့် ယနေ့သေသေချာချာ မှတ်ရပါလိမ့်မယ် (မှန်ပါ့)။

ကိုင်း ဒါနဲ့ အခုပန်းခူးနေတဲ့ နတ်သမီးငါးရာကို နတ်သားကအပေါ် မော့ကြည့်တယ်၊ အရင်တော့ သီချင်း တကြော်ကြော်နဲ့ ပန်းတွေကလဲ အောက်ကို ဝေဝေဆာလာအောင် ကျလာတယ်၊ အခုဘယ့်နှယ့်ကြောင့် မကျပါလိမ့်မလဲလို့ ကြည့်လိုက်တော့ နတ်သမီးတွေကလဲ တစ်ယောက်မှမရှိ၊ ပန်းကလဲ တစ်ပွင့်မှမကျ၊ သြော် ဘယ်များသွားလို့ ဘယ်များ ရောက်ကြပါလိမ့်မလဲ သုဗြဟ္မနတ်သားက ဒကာသစ် နတ်မျက်စိ နဲ့ ကြည့်လိုက်တယ် (မှန်ပါ့)။

အဝီစိမှာ ခံနေကြရတယ်

နတ်မျက်စိနဲ့ ကြည့်လိုက်တော့ ဟို အဝီစိမှာ ဒကာ ဒကာမတို့ တအော်အော် တအင်အင်နဲ့ ခံနေကြတဲ့ အဖြစ်ကြီး သွားမြင်တယ် (မှန်ပါ့)။

ဒကာ ဒကာမတို့ ကောင်းစားတာကြာရဲ့လား (မကြာပါ) ဘယ့်နှယ်ကြောင့် ဒီကံကနေ ဖြတ်ပြီး သကာလ နတ်ပြည်ကနေ အပါယ်တိုက်ရိုက် ပို့လိုက်ပါလိမ့်မလဲဆိုတာ ဦးလှဘူး မေးဖို့မလိုဘူးလား (လိုပါတယ်) လိုတယ်ဆိုတာ သဘောကျပြီ (ကျပါပြီ) ဒိဋ္ဌိမပြုတ်ပဲ ဖြစ်သွားလို့-လို့မှတ်လိုက် စမ်းပါ (မှန်ပါ့)။

ဘယ်လိုမှတ်ကြမယ် (ဒိဋ္ဌိမပြုတ်ပဲဖြစ်သွားလို့ပါ ဘုရား) ဪ ဒိဋ္ဌိမပြုတ်တဲ့ အဖြစ်ဟာဖြင့် ဒကာသစ်ရေ အတော်ဆိုးတယ်ဆိုတာ ပေါ်လာတယ် (မှန်ပါ့)။

ဒါဖြင့် ဒိဋ္ဌိပြုတ်ပြီးမှ လုပ်တဲ့ကုသိုလ်မျိုးကျတော့ ငရဲမျိုးစေ့ က ဝမ်းထဲမှာ မပါတဲ့အတွက် ပြန်ကျစရာ ရှိသေးရဲ့လား (မရှိပါ ဘုရား)။

ဒါကြောင့် ဒကာ ဒကာမတို့ ဒိဋ္ဌိပြုတ်မှုနဲ့ ဒါန, သီလ လုပ်မှုတို့ကို ဒိဋ္ဌိပြုတ်မှုကို ဆရာဘုန်းကြီး နည်းပေးပြီး ရှေ့ထားပြီး ဒါန, သီလ အကြီးအကျယ် လုပ်ကြတာပေါ့ (မှန်ပါ့) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ ယခုတွေ့ရတဲ့ဖြစ်ထွေ သုဗြဟ္မနတ်သား၏ နတ်သမီးငါးရာ ဖျတ်ဆို ဥပစ္ဆေဒကကံတွေက ပန်းပင်ပေါ်တွင် ဖြတ်ချလိုက်တာ ဒကာသစ်ရေ ငရဲအိုးထဲ ငါးရာစလုံး ရောက်သွားကြတယ် (မှန်ပါ့ ဘုရား)။

သူတို့လည်း နောက် (၇) ရက်ဆိုရင်

ကိုယ့်အတွက်ရော ကျန်တဲ့ ပန်းကုံးနေတဲ့ နတ်သမီး ငါးရာ အတွက်ပါ စဉ်းစားလိုက်တဲ့ အခါကျတော့ သူတို့လဲ နောက်ခုနှစ်ရက်ဆိုရင် ဒီငရဲပဲ ရောက်ရမှာ မြင်ပြန်တယ် (မှန်ပါ့) ဒကာ ဒကာမတို့နောက် ခုနှစ်ရက်ဆိုရင် ဘယ်ရောက် မတဲ့တုံး (ဒီငရဲပဲ ရောက်ရပါမယ် ဘုရား)။

ဒီငရဲပဲရောက်ဖို့မြင်ပြန်တော့ အင်း ခုနင်က လွန်ပြီးသားအတွက် စိုးရိမ်လို့မှမပြီးသေးဘူး၊ လာလတ္တံ့အတွက်က စိုးရိမ်စရာတွေ ပေါ်နေတယ် (မှန်ပါ့) လာလတ္တံ့က သူတို့ အတွက်ပေါ့ဗျာ (မှန်ပါ့)။

ဒါဖြင့် ဒကာ ဒကာမတို့ လွန်ပြီးသားအတွက် စိုးရိမ်တာလဲ မရှိဘူးလား (ရှိပါတယ်)၊ အရင်နတ်သမီးငါးရာ ငရဲကျ သွားလို့ သူ့စိတ်ထဲ စိုးရိမ်နေတဲ့ လွန်ပြီးသား စိုးရိမ်မှုကလဲ တစ်ခုပေါ့ဗျာ (မှန်ပါ့)။

လာလတ္တံ့ စိုးရိမ်မှုကလဲ သူ့ဟာသူ ပြန်ကြည့်တော့ ခုနှစ်ရက်ရှိတဲ့အခါမှာ ဒီငရဲပဲ အတူတူသွားပြီး သကာလ ခံရတော့မယ် ဆိုတာကိုလဲ နတ်မျက်စိနဲ့ ကြည့်လိုက်တဲ့အခါ မြင်ပြန်တယ်ဆိုတော့ အနာဂတ်အတွက် စိုးရိမ်မှုကလဲ မပေါ် လာဘူးလား (ပေါ်လာပါတယ် ဘုရား)။

ဒကာကြွယ် စိုးရိမ်မှု ဘယ်နှစ်ခု ဖြစ်နေသတုံး (နှစ်ခု ဖြစ်ပါတယ် ဘုရား)။

နှစ်ခုဖြစ်တယ်နော် (မှန်ပါ့) အတိတ်အတွက် စိုးရိမ် မှုက (တစ်ခုပါ)၊ အနာဂတ်အတွက် စိုးရိမ်မှုက (တစ်ခုပါ ဘုရား) နှစ်ခုပဲဆိုတာတွေ့တော့ ဒကာသစ် စိတ်ချမ်းသာစရာ အတွက် ပါသေးရဲ့ လား (မပါ-ပါ ဘုရား)။

အရင်ပျော်လာသရွေ့ဟာ အပျင်းကြီး ပျင်းပြီး သကာလ အကြောက်ကြီး ကြောက်နေရပြီ ဆိုတာဖြင့် ဒကာ ဒကာမတို့ အထင်အရှားဖြစ်သွားပြီ (မှန်ပါ့) မထင်ရှားဘူးလား (ထင်ရှားပါတယ် ဘုရား)။

ဒိဋ္ဌိမပြုတ်တဲ့ ကုသိုလ် စိတ်မချရ

အေး ဒါတွေ စဉ်းစားလိုက်တဲ့အခါကျတော့မှ ဒိဋ္ဌိ မပြုတ်တဲ့ကုသိုလ် လုပ်ရခြင်းသည် ဒကာကြွယ် စိတ်မချရပါလား (မှန်ပါ့ ဘုရား)။

ဒကာ ဒကာမတွေ ဘာဟောပါလိမ့် (ဒိဋ္ဌိမပြုတ်တဲ့ ကုသိုလ်ဟာ စိတ်မချရပါ ဘုရား) ဒိဋ္ဌိမပြုတ်တဲ့ ကုသိုလ် လုပ်တော့ စိတ်မချရဘူးဆိုတာ သေချာကြပလား (သေချာပါပြီ ဘုရား)။

အဲ ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဝတ္ထု ကြောင်းကို ရှည်ရှည်ကြီး ထုတ်ချင်လို့မဟုတ်ဘူးနော် (မှန်ပါ့) ဒိဋ္ဌိဖြုတ်နည်း နိဿရည်းကိုဖြင့် ပိုင်ပိုင်ကြီး အရကြီး ရပါစေတော့ ဆိုတဲ့ စိတ်ထားနဲ့ ဒိဋ္ဌိဖြုတ်နည်း နိဿရည်းကို ဟောမလို့ ဒီဝတ္ထု ရှေ့ပိုင်းကနေပြီး သကာလ ဒကာကြွယ် ထားရခြင်း ဖြစ်ပါတယ် ဆိုတာ သဘောပါပလား (ပါ-ပါပြီ ဘုရား)။

သို့သော် ဒကာ ဒကာမတို့ ဒီနတ်သားမှာ ယခု အတိတ်အတွက်ကပါ သူ့စိတ်ထဲ ဝမ်းထဲမှာ မီးဟုန်းဟုန်းတောက်နေတယ် (တောက်ပါတယ် ဘုရား)။

အနာဂတ်အတွက် သူနဲ့တကွ ကျန်တဲ့ နတ်သမီး ငါးရာအတွက် စဉ်းစားလိုက်ပြန်တော့လည်း မီးဟုန်းဟုန်းတောက်နေတယ် (မှန်ပါ့)၊ သောကပရိဒေဝတွေ သိပ်မများ ဘူးလား (များပါတယ် ဘုရား)။

ဪ ဒါဖြင့် ဒကာ ဒကာမတွေ ငရဲမျိုးစေ့ ဝမ်းထဲမှာ ရှိနေသရွေ့ ကာလပတ်လုံး မည်သည့်နည်းနဲ့မှ စိတ်ချစရာ မရှိဘူးဆိုတာဖြင့် ဒီသုဗြဟ္မနတ်သား ဝတ္ထု ထောက်လိုက်သဖြင့်လဲ ဒကာသစ် သိလောက်ပြီ (သိလောက်ပါပြီ ဘုရား)။

အခု ဒကာ ဒကာမတွေ ဘုန်းကြီးက အင်မတန် ဝမ်းသာပါတယ် တရားလာ နာနိုင်ကြတယ် (မှန်ပါ့) အရောင်း အဝယ်ကလေး ထိုက်တန်သလောက် ကိုယ့်ဟာကလေးနဲ့ကိုယ် ပြည့်စုံကြတယ် ဆိုတာ ဘုန်းကြီးများ အင်မတန် ဝမ်းသာပါတယ် (မှန်ပါ့) သို့သော် ငရဲမျိုးစေ့ အတွက်က စိတ်မချရဘူး (မှန်ပါ့)။

ဘယ်လိုပါလိမ့် (ငရဲမျိုးစေ့အတွက် စိတ်မချရပါ)၊ ဒိဋ္ဌိမပြုတ်သေးတော့ ဒုက္ခဆုံးတဲ့ နိဗ္ဗာန်ကြီး မမြင်ရသေးတော့ ဒိဋ္ဌိမပြုတ်သေးဖြစ်နေတယ် (မှန်ပါ့)။

ချမ်းသာငြားသော်လည်း ငရဲရောက်နိုင်

ဒိဋ္ဌိက မပြတ်သေးဖြစ်ပြီး သကာလ နေတော့ သော် အခု အရောင်းအဝယ် ကောင်းလို့ သိန်း, သန်း, ကုဋေ ဆိုသလို ချမ်းသာကြငြားသော်လည်း နက်ဖြန် ငရဲရောက်နိုင်တာက ရှိနေ တယ် (မှန်ပါ့ ဘုရား) သဘက်ခါ ငရဲရောက်နိုင်တာက (ရှိနေပါတယ် ဘုရား)။

အဲဒီတော့ ဒကာသစ် စိတ်ချလက်ချ၊ ဆရာသမားက နေလို့ကော တော်ပါ့မလား (မတော်ပါ ဘုရား)။

အင်း အသိဉာဏ်ရှိတဲ့ ဒကာ ဒကာမတွေလဲ ကိုယ့်အရေးကိုယ်တွေးလို့ရှိရင်ဖြင့် အေးအေးနေလို့ တော်ပါ့မလား (မတော်ပါ ဘုရား)။

ဒါကြောင့် တရားပွဲတစ်ပွဲလုံး အားလုံး ဒကာ ဒကာမတွေ ငရဲမျိုးစေ့ ဝမ်းထဲမှာ နှင်မထုတ်သရွေ့ မိစ္ဆာဒိဋ္ဌိကို သမ္မာဒိဋ္ဌိနဲ့ နှင်မထုတ်နိုင်သရွေ့ ကာလပတ်လုံးဖြင့် ယနေ့ စကြဝတေးမင်းကြီး ဖြစ်ငြား သော်လည်း နက်ဖြန် အဝီစိကောင်ကြီး ဖြစ်နိုင်တယ် (မှန်လှပါ) စိတ်ချရပါ့မလား (စိတ်မချရပါ ဘုရား)။

ဒိဋ္ဌိခွာနည်းမရအရယူပါ

အဲဒီတော့ ဒကာကြွယ် ဒီတရားကို ဒိဋ္ဌိပယ်နည်း နိဿရည်း ဒိဋ္ဌိခွါနည်း နိဿရည်းကိုဖြင့် မရ-အရယူမကွ၊ လူတွေ ကျပ်လို့ထား၊ ဘယ်လိုပဲ တစ်ယောက်တစ်ယောက် ချွေးဒီးကျနေ စေကာမူ ငရဲလောက် မဆိုးဘူးကွ ဆိုပြီး ယူရလိမ့်မယ်(မှန်ပါ့) မယူရပေဘူးလား (ယူရမှာပါ ဘုရား)။

အေး ဒါ့ကြောင့် ဒကာ ဒကာမတွေ သည်းခံပြီး သကာလ နေကြပေတော့ဆိုတဲ့ဥစ္စာ စောစောကလဲ မေတ္တာရှေ့ ထား ပြောခဲ့တယ် (မှန်ပါ့) သို့သော် အခုရောက်မည့် အရေးနဲ့ စာလိုက်တော့ အခုနေထိုင်ကြတဲ့အရေးဟာ မဖြစ်လောက်ပါဘူး၊ (မဖြစ်လောက်ပါ ဘုရား)။

ကိုယ်တွေ့ကြုံမည့်အရေးဟာ ဒီထက် အဆပေါင်း ထောင်, သောင်း, သိန်း, သန်းမက ကြီးတော့တယ်ဆိုတာ မပေါ် လာဘူးလား (ပေါ်လာပါတယ် ဘုရား)။

ရဲမျိုးစေ့ပြုတ်ရင်ပြီးတာပဲ

အေး ဒါကြောင့် ပူအိုက်လိုက်တာ၊ ဒါတွေ ဂရုမစိုက် ပါနဲ့ အပေါ်မှာလဲ ပန်ကာတွေနဲ့ ထိုက်တန်သလောက် အအေးတော့ ရတာပဲ (မှန်ပါ့) လူတွေ ကျဉ်းကျပ်တယ် မလှည့်သာ မပတ်သာဘူး၊ ကိစ္စမရှိဘူးပေါ့ ငရဲမျိုးစေ့ ဝမ်းထဲက ပြုတ်ရင် ပြီးတာပဲ (မှန်ပါ့) ဒါကိုသာ စိတ်ထားပြီး သကာလ ဒကာ ဒကာမတို့ လေးစားစွာနဲ့ ဘုန်းကြီးပြောတာ မှတ်ပြီး ဒိဋ္ဌိခွါနည်း နိဿရည်းကိုလဲ မကြာမီဘဲ ပေးပါလိမ့်မယ်ဆိုတာ စိတ်ထဲမှာ မျှော်လင့်ထားပါ (မှန်ပါ့)။

အင်မတန် အဖိုးတန်ပါလိမ့်မယ် ဆိုတာကိုလဲ၊ တစ် သက်နဲ့တစ်ကိုယ်ဖြင့် ငရဲနဲ့သေခန်း၊ ရှင်ခန်း ပြတ်ရမည့်အရေးဟာ ဘယ်တော့မှ ဒို့မကြုံခဲ့တာ ဒီတစ်ခါဖြင့် ဒို့ဉာဏ်စွမ်းနဲ့ ဆရာ အကူအညီနဲ့ဖြင့် အောင်ပွဲယူသွားတော့မှာပဲဆိုတာ စိတ်ချပါ (မှန်ပါ့) သဘောပါကြပလား (ပါ-ပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့် ဆရာကလဲ အစွမ်းကုန် ကူညီ မယ်၊ ခင်ဗျားတို့ကလဲ တကယ့်ဝီရိယနဲ့ ပညာနဲ့သာ ခံယူကြမယ် ဆိုလို့ရှိရင်ဖြင့် ဒကာကြွယ်တို့ ဒကာသစ်တို့ဘာပူစရာရှိသေး သတုံး (မရှိပါ ဘုရား)။

ဒါကြောင့် ကြိုးစားမယ်ဆိုတဲ့ စိတ်ကိုလဲ ဝမ်းထဲမှာပဲ ထားကြပါ မကြိုးစားဘဲနဲ့လဲ မရပေဘူးပေါ့ဗျာ (မှန်ပါ့ ဘုရား)။

အသေစောမှာ စိုးရိမ်ရတယ်

သို့သော် ဘုန်းကြီး စိုးရိမ်တာကလေး တစ်ခုတော့ ပြောချင်သေးတယ် ဒကာကြွယ်ရေ (မှန်ပါ့) အလုပ်လုပ်တာက မကြာသေးတော့ ခန္ဓာကိုယ်ကြီးကလဲ အသေဘက် ပြေးနေတာက ရပ်လို့မရလို့ အသေစောမှာကို စိုးရိမ်ရတယ် (မှန်ပါ့)။

ဘယ်လိုပါလိမ့် (အသေစောမှာကို စိုးရိမ်ရပါတယ် ဘုရား) အသေစောမှာ စိုးရိမ်ရတယ်ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေသည်တဲ့ မင်းအသေဖြင့် အစောမခံနိုင်ဘူးပေါ့ (မှန်ပါ့) ဒိဋ္ဌိပြုတ် တာကို စောစောစီးစီး ပြုတ်စေရမယ် ဆိုတဲ့ စိတ်ကိုဖြင့် ကြီးကြီးကျယ်ကျယ် သန်သန်ထွားထွားနဲ့ မွေးထားပါ ဆိုတဲ့ဥစ္စာ ဒကာကြွယ်တို့ ဦးလှဘူးတို့ကို သတိပေးရတယ် (မှန်ပါ့)။

အင်မတန်အရေးမကြီးဘူးလားဗျာ (ကြီးပါတယ်) အင်မတန်အရေးကြီးတယ်ဆိုတာ ဒကာ ဒကာမတွေ ပေါ်ကြပါပြီ (ပေါ်ကြပါပြီ ဘုရား)။

ကိုင်း ခုနက ပြောခဲ့တဲ့သုဗြဟ္မနတ်သားမှာဖြင့် အတိတ်က သူ့ခင်ပွန်းမ ငါးရာကြောင့်လည်း သောကတွေ မီးဟုန်းဟုန်းတောက်နေတယ် (တောက်နေပါတယ်) အနာဂတ် ခုနှစ်ရက်ရှိရင် သူနဲ့တကွ ကျန်တဲ့ငါးရာလည်း ဒီငရဲအိုးပဲ သွားရတော့မယ်ဆိုတာ တကယ်သိပြီး သကာလ နတ်မျက်စိနဲ့ ကြည့်လိုက်လို့ တကယ်သိနေတဲ့အတွက်လည်း စိတ်အေးပါ့ မလား (မအေးပါ ဘုရား)။

သြော် -ဒါဖြင့် အတိတ်ကြောင့်လည်း ဒုက္ခတွေ ပင်လယ် ဝေနေပြီ (ဝေပါတယ်) အနာဂတ်ကြောလည်း ဒုက္ခပင်လယ် ဝေနေပြီ (မှန်ပါ့)။

အဲဒီတွင်မှ ကျုပ်တို့ ဂေါတမမြတ်စွာဘုရားကလည်း လူ့ပြည်မှာ ပွင့်တုန်းဆိုတော့ ဒကာကြွယ်ရေ အရေးကြုံတော့ ဘုရားတ, တော့တာပဲ (မှန်ပါ့)၊ အရေးကြုံတော့ ဘာဖြစ်ကြသတုံး (ဘုရားတ,ပါတယ် ဘုရား)။

ဘုရားထံသွားကြတယ်

အဲဒီတော့ အရေးကြုံလို့ ကိုင်း-ငါ့မှာ အတိတ်ကြောင့် ဖြစ်တဲ့ သောကမီး, ပရိဒေဝမီး, ငါတို့သွားရမည့် အနာဂတ် အတွက်ဖြစ်တဲ့ သောကမီး, ပရိဒေဝမီးတွေ ဘုရားမှတစ်ပါး ငြိမ်းနိုင်တဲ့ပုဂ္ဂိုလ် ကယ်နိုင်တဲ့ ပုဂ္ဂိုလ်မရှိပါလား ဆိုပြီး နတ်သမီး ငါးရာနဲ့ သူနဲ့ကျန်တဲ့ နတ်သမီးငါးရာနဲ့ သုဗြဟ္မနတ်သားနဲ့ ဘုရားဆီ သွားကြတယ် (မှန်ပါ့ ဘုရား)။

ဒကာ ဒကာမတွေ နတ်သားကြီး ဘယ်ရောက်သွားပလဲ (ဘုရားဆီ ရောက်သွားပါပြီ ဘုရား)။

လွယ်လွယ်ကူကူနဲ့ သွားသလား၊ သူ့ကိစ္စအရေးတကြီးနဲ့ သွားသလား (သူ့ကိစ္စအရေးတကြီးနဲ့ သွားပါတယ်) သူ့ကိစ္စ အရေးတကြီးနဲ့ သွားတယ်ဆိုတာဖြင့် ပေါ်လောက်ပါပြီ (ပေါ်ပါပြီ ဘုရား)။

ဘုရားထံလျှောက်တယ်

သူ့ကိစ္စ အရေးတကြီးနဲ့ သွားတာ ထင်ရှားပြီး သကာလ နေတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးကို လျှောက်လိုက်တယ်။

နိစ္စံ ဥတြသ္တမိဒံ စိတ္တံ၊ နိစ္စံ ဥဗ္ဗိဂ္ဂမိဒံ မနော။

အနုပွန္နေသု ကိစ္ဆေသု၊ အထော ဥပ္ပတိတေသု စ။

သစေ အတ္ထိ အနုတြသ္တံ၊ တံ မေ အက္ခာဟိ ပုစ္ဆိတော။ (သဂါထာဝဂ္ဂသံယုတ်၊ သုဗြဟ္မသုတ်။)

မြန်မာပြန် – မဖြစ်ကုန်သေးသော ဆင်းရဲဒုက္ခတို့၌လည်းကောင်း ထို့ပြင် ဖြစ်ကုန်ပြီးသော ဆင်းရဲဒုက္ခတို့၌လည်းကောင်း အကျွန်ုပ် ၏ ဤစိတ်သည် အမြဲထိတ်၏။ အမြဲလန့်၏၊ မထိတ် လန့်ကြောင်း တရား၊ အကယ်၍ ရှိသည့်ဖြစ်အံ့၊ ထိုမထိတ်လန့်ခြင်းကို မေးအပ်သော အရှင်ဘုရား သည် အကျွန်ုပ်အား ဟောကြားပါလော့။

ဒီဂါထာ သူရွတ်လိုက်တယ်နော် (မှန်ပါ့ ဘုရား)။

ဪ ဒီအဓိပ္ပါယ်က ပါဠိကိုရွတ်နေတော့ ဒကာ ဒကာမတွေ သိမယ်မဟုတ်တော့ အရှင်ဘုရား တပည့်တော်စိတ် ထဲမှာ မီးဟုန်းဟုန်းတောက်နေပါတယ် (မှန်ပါ့) တပည်တော် မနောမှာဖြင့် ဘုရား ပူလောင်လှတဲ့ စိတ်တွေ အင်မတန် များနေပါတယ် (မှန်ပါ့ ဘုရား)။

ဘယ်နှယ့်ကြောင့်တုံးဆိုတော့ ဖြစ်ပြီးသား ကိစ္စတွေ ကြောင့်လည်း တပည့်တော် ပူခြင်း, လောင်ခြင်းဖြစ်ပါတယ် (မှန်ပါ့) ဖြစ်လတ္တံ့ကိစ္စတွေကြောင့်လည်း တပည့်တော်ပူခြင်း လောင်ခြင်း ဖြစ်ပါတယ် (မှန်ပါ့ ဘုရား)။

ဖြစ်လတ္တံ့ကိစ္စ ကယ်တော်မူပါ

ဒါကြောင့် ဒီဖြစ်ပြီးသားကိစ္စ လွန်တာမတတ်နိုင်လို့ရှိရင် ဖြစ်လတ္တံ့ကိစ္စ တပည့်တော်ကို ကယ်မ ယူဆောင်ပြီး သကာလ ပေးတော်မူပါဘုရား ဆိုတော့ လွန်တဲ့ ငါးရာ အတွက်တော့ မတတ်နိုင်ဘူး ပေါ့ဗျာ (မှန်ပါ့)၊ အခု တပည့်တော်နဲ့ တကွ ကျန်တဲ့ ငါးရာနောက်ခုနှစ်ရက် ဒီငရဲ သွားရမှာဖြင့် အရှင်ဘုရား ကယ်ဖြစ်အောင် ကယ်တော်မူပါဘုရားလို့ သွားလျှောက်တယ် (မှန်ပါ့ ဘုရား)။

အဲဒီတွင် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက၊ အင်မတန် ပါရမီဆယ်ပါး အပြားသုံးဆယ်၊ စွန့်ခြင်းကြီးငါးပါး စရိယသုံးပါးတို့နဲ့ ကျင့်ကြံကြိုးကုတ် အားထုတ်လာလို့ ဘုရားအဖြစ်သို့ ရောက်တော်မူတော့ အလုံးစုံသိတဲ့ သဗ္ဗညုတဉာဏ် ရပြီးသား ကိုယ်တော်ကြီးက ဘယ်သူသည် ကယ်နိုင်ပါလိမ့်မလဲလို့ တွေးလိုက်တော့ ငါဘုရားလဲ မကယ်နိုင်ဘူး (မှန်ပါ့)၊ ပေါ်လာပြီ ဒကာ ဒကာမတို့ (မှန်ပါ့ ဘုရား)။

ဘုရားက မကယ်နိုင်ဘူးတဲ့

ဘုရားကို သွားအားကိုးတော့ ဘုရားက ဘယ့်နှယ်တဲ့တုံး (မကယ်နိုင်ပါ) သူ မကယ်နိုင်ဘူးတဲ့ (မှန်ပါ့ ဘုရား)။

ဒကာကြွယ် ဘယ့်နှယ်တဲ့တုံး (သူမကယ်နိုင်ပါဘူးတဲ့) ဘုရားက မကယ်နိုင်ဘူး ဒကာ ဒကာမတို့ (မှန်ပါ့ ဘုရား)။

ကြပ်ကြပ်သတိထားပါ၊ ဒကာ ဒကာမတွေက အရေးရှိ တော့ ဘုရား ဘုရားနဲ့ဆိုပြီး ဘုရားက မကယ်နိုင်ဘူးတဲ့ (မှန်ပါ့ ဘုရား)။

ဘုရားက ကယ်နည်းတော့ ပေးနိုင်တယ်

မကယ်နိုင်တော့ ကိုယ်တော်မြတ်ကြီးကို အားကိုးရတာ ဘာကျေးဇူးရှိသတုံး မေးဖို့မလိုဘူးလား ကယ်နည်းတော့ ပေးနိုင်တယ် ကယ်တော့ (မကယ်နိုင်ပါ) ကယ်နည်းတော့ဖြင့် (ပေးနိုင်ပါတယ် ဘုရား)။

သြော် ဒါဖြင့် အားလုံး ဒကာ ဒကာမတို့ ကယ်နည်း ပေးပါဆိုတော့ သူတရားပေးမှာပဲဆိုတာ ဒကာသစ် သေချာတယ် (သေချာပါတယ် ဘုရား)။

ကယ်နည်းပေးပါဆိုတော့ ဘာပေးမယ် ထင်ကြသလဲ (တရားပေးမှာပါ ဘုရား)။

မှတ်ထားစမ်း၊ မှတ်ထားစမ်း ဒကာ ဒကာမတွေ ဘယ်သူ ကယ်နိုင်တယ်၊ ယူနိုင်တယ်ဆိုတာ ပေါ်ပြီ (ပေါ်ပါပြီ)၊ ဘယ်သူပါလိမ့် (တရားပါ ဘုရား)။

“နိစ္စံ ဥတြသ္တမိဒံ စိတ္တံ၊ နိစ္စံ ဥဗ္ဗိဂ္ဂမိဒံ မနော။

အနုပွန္နေသု ကိစ္ဆေသု၊ အထော ဥပ္ပတိတေသု စ။

သစေ အတ္ထိ အနုတြသ္တံ၊ တံ မေ အက္ခာဟိ ပုစ္ဆိတော။”

နတ်သားကလျှောက်လို့ ဘုရားသခင် ကိုယ်တော်မြတ် ကြီးက –

“နာညတြ ဗောဇ္ဈာတပသာ၊ နာညတြိန္ဒိယသံဝရာ။

နာညတြ သဗ္ဗနိဿဂ္ဂါ၊ သောတ္ထိ ပဿာမိ ပါဏိနံ။” လို့ ဘုရားက ဟောလိုက်တယ် (မှန်ပါ့ ဘုရား)။

ဗောဇ္ဈာတပသာ = မဂ္ဂင် ဗောဇ္ဈင်အကျင့်ကို (ဝါ) ဖြစ်ပျက်ရှုတဲ့အကျင့်ကို။ အညတြ – ကြဉ်ထား၍။ ပါဏိနံ – မင်းတို့ နတ်သားနဲ့ နတ်သမီးတွေအား။ သောတ္ထိ- ချမ်းသာခြင်းကို။ နပဿာမိ -ငါမမြင်ဘူးကွာတဲ့ (မှန်ပါ့) ဖြစ်ပျက်ရှုမှပဲ မင်းတို့ကို ကယ်တင်နိုင်မှာပဲတဲ့ (မှန်ပါ့ ဘုရား)။

ဒကာ ဒကာမတွေ ဘာရှုရမလဲ (ဖြစ်ပျက်ရှုရပါမယ်) ဒါ ဟောရမယ် ဒါဟောရမယ် (မှန်ပါ့ ဘုရား)။

ကြည့်စမ်း ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ငါ ကိုယ်တိုင်တော့ မကယ်နိုင်ဘူးကွတဲ့ (မှန်ပါ့ ဘုရား)။

ဗောဇ္ဈာတပသာ- မဂ္ဂင်, ဗောဇ္ဈင်အကျင့်ကို။ အညတြ – ကြဉ်ထား၍။ ပါဏိနံ- မင်းနဲ့တကွ ငရဲသို့ ရောက်လတ္တံ့သော နတ်သမီးငါးရာတို့အား။ သောတ္ထိ- ချမ်းသာရာကို။ နပဿာမိ- ငါမမြင်ဘူးတဲ့ (မှန်လှပါ ဘုရား)။

မဂ္ဂင်အကျင့်ကျင့်မှ လွတ်မယ်

မဂ္ဂင်အကျင့် မကျင့်ဘဲနဲ့ မင်းဒီကိစ္စကြီး လွတ်လိမ့်မယ်လို့ တာ ငါမမြင်ဘူးတဲ့ (မှန်ပါ့ ဘုရား)။ မဂ္ဂင်အကျင့်ကျင့်လိုက် ရလို့ရှိရင် လွတ်ပါလိမ့်မယ်ကွာတဲ့ (မှန်ပါ့ ဘုရား)။

ဒကာ ဒကာမတွေ ဘာကျင့်လိုက်ရင် လွတ်မယ်တဲ့တုံး (မဂ္ဂင်အကျင့်ကျင့်လိုက်ရင် လွတ်မယ်တဲ့ ဘုရား)။

ဪ ဒါဖြင့် အားလုံး ဒကာ ဒကာမတွေ တော်သေး ရဲ့ဟေ့ (မှန်ပါ့) တော်သေးရဲ့ ဒို့ဆရာဘုန်းကြီးကလဲ မဂ္ဂင်အကျင့်ကိုပဲ နေ့တိုင်းပြုပြီး သကာလ နေတော့ ကယ်မည့်ယူမည့် သူ ဝမ်းထဲမှာ အရှိသားပဲ (မှန်ပါ့) ဆိုတော့ အင်မတန် ဝမ်းသာစရာ ကောင်းပါတယ် (ကောင်းပါတယ် ဘုရား)။

ဒကာကြွယ် ဒါဘုရားက ဟောတာနော် (မှန်လှပါ ဘုရား)။

ဗောဇ္ဈာတပသာ- ဗောဇ္ဈင်မဂ္ဂင်အကျင့်ကို။ အညတြ = ကြဉ်ထား၍။ ဗောဇ္ဈင်မဂ္ဂင်မှတစ်ပါးကွာ (မှန်ပါ့)။ ပါဏိနံ – မင်းတို့ ရောက်လတ္တံ့ဖြစ်တဲ့ မင်းနဲ့တကွ နတ်သမီးငါးရာဆိုတဲ့ သတ္တဝါတို့အား။ သောတ္ထိ – ချမ်းသာမည့်နည်းအစစ်ကို။ နပဿာမိ = မမြင်ဘူးကွာတဲ့ (မှန်ပါ့ ဘုရား)။

မဂ္ဂင်အကျင့်မှ လွတ်မှာပဲကွတဲ့(မှန်ပါ့) နို့မဟုတ်ရင်ဖြင့် မလွယ်ဘူးကွတဲ့ (မှန်ပါ့ ဘုရား)။

ကဲ ဘုရားက သူကိုယ်တိုင် ကယ်တင်သလား ဒီအကျင့် ကျင့်လို့ ပြောသလား (ဒီအကျင့် ကျင့်လို့ပြောပါ တယ် ဘုရား)။

ဒီအကျင့်ကို ကျင့်လို့ ပြောတာကို ထောက်လိုက်သဖြင့် ဒီဆရာဘုန်းကြီးက ဒီဒကာ ဒကာမတွေအား မဂ္ဂင်အကျင့်ကိုပဲ ကျင့်နည်းနဲ့တကွ နိဿရည်းကိုပဲ ပေးတော့မယ် (မှန်ပါ့ ဘုရား)။

မဂ္ဂင်အကျင့်မှတစ်ပါး ကိုးစားရာမရှိ

ဪ ဒီပေးတဲ့ နည်းသည်ကားဆိုရင် ဒိဋ္ဌိသတ်တဲ့ နည်းပါလားဆိုလို့ရှိရင်လဲ လွဲစရာရှိသေးရဲ့ လား (မရှိပါ ဘုရား)။

ဒါကြောင့် ဒကာ ဒကာမတို့ မဂ္ဂင်အကျင့်မှတစ်ပါး ကိုးစားရာ၊ အားထားရာမရှိလို့ ယနေ့ ဆုံးဖြတ်ချက်ချ (မှန်ပါ့ ဘုရား)။

မဂ္ဂင်အကျင့်မှတစ်ပါး (ကိုးစားရာ၊ အားထားရာမရှိပါ) ကိုးစားရာ အားထားရာမရှိလို့ ယနေ့ဆုံးဖြတ်ချက်ချလိုက်စမ်းပါ (မှန်ပါ့ ဘုရား)။

ဘုန်းကြီးပြောတာလား၊ ဘု ရားကဟောတာလား ဆိုတာ အကဲခတ်ကြည့် (ဘုရားကဟောတာပါ ဘုရား)။

ခုနင်က နတ်သမီးတွေက ခင်ဗျားတို့လောက် မကပါဘူး၊ တစ်ခါတည်းရွှေအိမ်တွေ, ရွှေနန်းတွေနဲ့ ဟင် (မှန်ပါ့)၊ စိန်တွေ, ရွှေတွေတွဲလောင်းနဲ့ ဖျတ်ဆို ဥပစ္ဆေဒက ကံက ဖြတ်လိုက်တာ ငရဲအကုန်ရောက်တယ် (မှန်လှပါ ဘုရား)။ ရွှေတွေ, စိန်တွေ ခင်ဗျားတို့က ရှာနေကြတယ်၊ ကာကွယ်လို့ ရရဲ့လား (မရပါ ဘုရား)၊ အခု ကာကွယ် မည့်တရားက ဘုရားက ဘာပြောပါလိမ့် (မဂ္ဂင်အကျင့်ပါ ဘုရား) မဂ္ဂင်အကျင့် ကျင့်မှ (မှန်ပါ့)။

ဒကာ ဒကာမတို့ ဘာဟောလိုက်ပါလိမ့် (မဂ္ဂင်အကျင့် ကျင့်မှပါ ဘုရား) မဂ္ဂင်မှတစ်ပါး မင်းတို့ကို ကယ်တင်မည့်တရား ငါမမြင်ဘူးဆိုတာ တန်းကုန်ပြီ (ကုန်ပါပြီ ဘုရား)၊ သဘောပါကြပလား (ပါ-ပါပြီ ဘုရား)။

မဂ္ဂင်မှတစ်ပါးကယ်တင်မည့်တရားမမြင်

မဂ္ဂင်မှတစ်ပါးမင်းတို့ကို ကယ်တင်မည့်တရား (မမြင် ပါ ဘုရား)။ ငါမမြင်ဘူးလို့ သေသေချာချာဟောရှာတယ် (မှန်ပါ့)၊ သဘောပါကြပလား (ပါ-ပါပြီ ဘုရား)။

ဒါဖြင့် ဘုန်းကြီးတို့ ဒကာ, ဒကာမတွေလည်း နေ့တိုင်း ရောင်းဝယ်ဖောက်ကားသွားလာ၊ သား, လင်, ခင်ပွန်း၊ ညီအစ်ကို မောင်နှမ နေကြတော့ နေတိုင်း ပဋိစ္စသမုပ္ပါဒ်တွေ က ဒကာကြွယ်ရေ မများလားဗျာ (များပါတယ် ဘုရား)။

မြင်ရင်ခင်တာပဲ ခင်ဗျားတို့က (မှန်ပါ့)၊ ခင်ရင်စွဲလန်းမှု (လာပါတယ် ဘုရား)၊ စွဲလန်းလို့ရှိရင် ရရာရကြောင်း အားမထုတ်ဘူးလား (ထုတ်ပါတယ် ဘုရား) ဟော တဏှာ, ဥပါဒါန်၊ ကံ ဒါတွေ ဘယ်သွားမှာတွေပါလိမ့် (အပါယ် သွားမှာပါ ဘုရား)။

အဲဒါဘာကျင့်မှ လုံလောက်မယ်ထင်သလဲ (မဂ္ဂင်ကျင့်မှ လုံလောက်ပါမယ် ဘုရား)။

ဪ ဒို့လည်း သုဗြဟ္မနတ်သားလိုပဲဟ လုပ်ထားတဲ့ အကုသိုလ်တွေကဖြင့် အပါယ်သွားဖို့ သေချာနေ ကြပြီ (မှန်လှပါ ဘုရား)။

ဒကာကြွယ် သေချာပလား (သေချာပါပြီ ဘုရား)၊ မျက်စိပေါက်ဖွင့်လိုက်ရင်ပဲ တဏှာ, ဥပါဒါန်၊ ကံ (မှန်ပါ့)၊ နား ပေါက်ဖွင့်လိုက်ရင်လည်း (တဏှာ, ဥပါဒါန်၊ ကံပါ ဘုရား) နှာခေါင်းပေါက် ဖွင့်လိုက်ရင် လည်း (တဏှာ, ဥပါဒါန်, ကံ ပါ ဘုရား) ဒီကံတွေက ဘယ်သွားမှာတွေတုံး (အပါယ်သွားမှာပါ ဘုရား)။

ဪ ဘုန်းကြီးတို့ ဒကာ, ဒကာမတွေမှာလည်း သုဗြဟ္မနတ်သားလိုပဲ မကြာဘူး သေရင်သွားကြရလိမ့်မယ် (မှန်ပါ့ ဘုရား)၊ မသွားရပေဘူးလား (သွားရမှာပါ ဘုရား)။

ဒါဖြင့် ဘုရားသခင်ကိုယ်တော်မြတ်ကြီးကို သုဗြဟ္မနတ်သားနဲ့တကွ နတ်သမီးငါးရာတို့က သွားပြီးလျှောက် ထားတဲ့အခါကျလို့ရှိရင်ဖြင့် ဗောဇ္ဈင်မဂ္ဂင်အကျင့်မကျင့်ဘဲနဲ့ ဖြင့် မင်းတို့ကိုကယ်နိုင် ယူနိုင်တဲ့သူမရှိဘူးတဲ့ (မှန်ပါ့)၊ အကျင့်ဘဲ မဟောဘူးလား (ဟောပါတယ် ဘုရား)။

ဗောဇ္ဈာတပသာ = ဗောဇ္ဈင်မဂ္ဂင်အကျင့်ကို။ အညတြ- ကြဉ်ထား၍။ သောတ္ထိ – မင်းတို့ချမ်းသာမှုကို။ နပဿာမိ – ငါမမြင်ဘူး တဲ့ (မှန်ပါ့)။

ဘာအားကိုးကြမယ်

ဒကာ ဒကာမတွေ ဒီအကျင့် ကျင့်မှလို့ဆိုပါလား (မှန်ပါ့) ဒကာကြွယ် မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။

နောက်က ဒကာ ဒကာမတွေပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)၊ ဘာအားကိုးကြမယ် (မဂ္ဂင်အကျင့်ကို အားကိုး ကြရပါမယ် ဘုရား)၊ မဂ္ဂင်အကျင့်ကိုပဲ အားကိုးရတော့မယ် ဆိုတာဖြင့် မသေချာသေးဘူးလား (သေချာပါပြီ ဘုရား)။

သို့သြော် အခုဒို့မှာ မဂ္ဂင်မှ တစ်ပါးဖြင့် ကယ်မည့် ယူမည့်သူမရှိပါကလား၊ ဒို့လုပ်ထားတဲ့ အကုသိုလ်တွေကဖြင့် မျက်လုံးဖွင့်လိုက်လို့ရှိရင် မြင်တယ်၊ လိုချင်တယ်၊ စွဲလန်းတယ်၊ အားထုတ်မယ် ဆိုတဲ့တဏှာ, ဥပါဒါန်၊ ကံတွေလာနေတယ် (မှန်ပါ့ ဘုရား)။

နားကလေးထောင်လိုက်တယ် ဆိုလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ ကြားတယ်၊ လိုချင်တယ်၊ စွဲလန်းတယ်၊ ( အားထုတ်မယ် မလာဘူးလား (လာပါတယ် ဘုရား)။

နှာခေါင်းပေါက်ကို ဖွင့်လိုက်လို့ရှိရင်ဖြင့် နှာခေါင်းက နေပြီး ပန်းကလေး, ရေမွှေးကလေးက အစရှူလိုက်လို့ရှိရင်ဖြင့် ရှူတယ်ဆိုတဲ့ စိတ်ကလေးလည်း မလာဘူးလား (လာပါ တယ် ဘုရား)၊ ကြိုက်တယ်ဆိုတဲ့ တဏှာ (လာပါတယ် ဘုရား) စွဲလန်းတယ်ဆိုတဲ့ ဥပါဒါန် (လာပါတယ် ဘုရား)၊ ဒါကလေး မရ၊ ရအောင် ကြိုးစားမယ်ဆိုတဲ့ ကံကော (လာပါတယ် ဘုရား)။

ဪ ခင်ဗျားတို့ ဒွါရခြောက်ပေါက်ကနေပြီး သကာလ ကံမြောက်ပြီး သကာလ နေတော့ ဒကာကြွယ် ငရဲချည်း ရောက်မယ် (ရောက်မှာပါ ဘုရား)။

နက်ဖန်ငရဲရောက်နိုင်ကြတယ်

ဒီဒကာ ဒကာမတွေ ဒီအတိုင်း မဂ္ဂင်အလုပ်ကို မလုပ် တော့ပါဘူးဆိုရင်ဖြင့် အားလုံး ဒကာ ဒကာမတွေ ခင်ဗျားတို့ ကယ်မည့် ယူမည့်သူများ ရှိသေးရဲ့လား (မရှိပါ ဘုရား)။

အခု လူ့ပြည်၊ ဒီနေ့ လူ့ပြည်နော် (မှန်ပါ့)၊ နက်ဖြန် ငရဲရောက်နိုင်ကြတယ် (မှန်ပါ့)။

ဒကာကြွယ် ဒီနေ့ ဘာပါလိမ့် (လူ့ပြည်ပါ ဘုရား)။ နက်ဖြန်သေရင် ဘာဖြစ်မယ် (ငရဲရောက်ပါမယ် ဘုရား)။

ဪ ခင်ဗျားတို့နှယ် သုဗြဟ္မ နတ်သားနဲ့တကွ ကျန်ငါးရာတို့ အသွားလိုပဲ (မှန်ပါ့)၊ ဖြစ်စဉ်နည်းကဖြင့် ဆိုးလှချည့်လားဆိုတာ ပေါ်နေတယ် (ပေါ်ပါတယ် ဘုရား)။

အင်း ဖြစ်စဉ်က ဘယ်လိုပါလိမ့် (ဆိုးပါတယ် ဘုရား)၊ အင်မတန်ဆိုးရွားတယ်ဆိုတာ သေချာကြပလား (သေချာပါပြီ ဘုရား)။

မဂ္ဂင်ပဲအားကိုးရတော့မယ်

အဲဒါကြောင့် ဘာပဲအားကိုးကြမယ် (မဂ္ဂင်ပဲအားကိုး ကြပါမယ် ဘုရား)၊ မဂ္ဂင်ပဲ အားကိုးရတော့မယ် (မှန်ပါ့ ဘုရား)။

ဒကာသစ်ရေ ဘု ရားကလည်း အစွမ်းကုန် ကယ်တင်တာဖြင့် မဂ္ဂင်ပဲကွလို့ ပြောရှာတယ် (မှန်ပါ့)၊ ဗောဇ္ဈင်မဂ္ဂင်ပဲကွလို့ပြောရှာတဲ့အတွက် ကြိုးစားရမှာပဲလို့ ဗောဇ္ဈင်ဆိုတာက စင်စစ်တော့ မဂ္ဂင်ပဲလို့ မှတ်လိုက်ပါ (မှန်ပါ့ ဘုရား)၊ ဖြစ်ပျက် မဂ်ကိုက်အောင် လုပ်တာဟာ မင်းတို့ ကယ်တင်မည့် အရေး (မှန်လှပါ ဘုရား)။

ဖြစ်ပျက်မဂ် ကိုက်အောင် လုပ်တာဟာ ဘာပါလိမ့် (တပည့်တော်တို့ ကယ်တင်မည့်အရေးပါ ဘုရား) ကယ်တင်မည့် အရေးဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။

အခု သိန်းတစ်ရာက် ကယ်နိုင်ပါ့မလား (မကယ် နိုင်ပါ ဘုရား)၊ ဆွေမျိုးပေါင်း ထောင်သောင်း ကကော (မကယ် နိုင်ပါ ဘုရား)၊ တိုက်ပေါင်း ထောင်သောင်းကကော (မကယ် နိုင်ပါ ဘုရား) အင်း ဒကာ ဒကာမတို့ ကိုယ့်မဂ္ဂင် ကိုယ်အားကိုး ရတော့မယ်ဆိုတဲ့ အဖြစ်ကတော့ဖြင့် သေချာပါပြီ (သေချာပါပြီ ဘုရား)။

ဒါ့ကြောင့် ဘုန်းကြီးတို့ အမိအဖ ဆွေမျိုးဉာတကာတွေ ကို ဘယ်လိုကျေးဇူးဆပ်ရပါ့မလဲလို့ ရှာတဲ့အခါ၊ ဘုရားက မင်း ဒကာ ဒကာမတွေကို မင်းအမေ မိဘဆွေမျိုး ဉာဟကာတွေကို ဗောဇ္ဈင်အလုပ် လုပ်ပစေကွ၊ အဲဒါကယ်တင်တာပဲလို့ ဘုရား သခင်ကိုယ်တော်မြတ်ကြီးက ညီတော် အာနန္ဒာများ မှာတဲ့အခါ ပါသေးတယ် (မှန်ပါ့ ဘုရား) သဘောပါကြပလား (ပါ-ပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဘာလုပ်ကြရမယ် (မဂ္ဂင်အလုပ် လုပ်ကြရပါမယ် ဘုရား)။

သြော် မဂ္ဂင်အလုပ်ဖြင့် ကိုးစားရာ၊ အားထားရာ သိကြပြီနော် (မှန်ပါ့)။

တရားကိုဝမ်းထဲရောက်အောင်ကြိုးစားကြပါ

ဒါတရားကို ရှေးဦးစွာမှတ်ပါ (မှန်ပါ့)၊ ပြီးတော့ လုပ်နည်းနိဿရည်းတို့ ဘုန်းကြီးက တန်းလန်း မထားပါဘူး ဒကာ ဒကာမတို့ “အဇ္ဇေဝ သုဝေဝ” ခန္ဓာကိုယ်ကြီးကို အကြွေး ထားဟောနေလို့ရှိရင် ဘုန်းကြီးသည် ဆိုးရွားရာ ရောက်တော့ မပေါ့ (မှန်ပါ့)၊ တစ်ခါတည်း ခင်ဗျားတို့ကိုလည်း နည်းပေးပြီး တစ်ခါတည်း ကယ်ယူမည့်တရားကို ဝမ်းထဲအရောက်သာ ကြိုး စားကြပါ (မှန်ပါ့ ဘုရား) သဘောပါကြပလား (ပါ-ပါပြီ ဘုရား)။

ဒါဖြင့် ကြိုးစားကြပါစို့ ဆိုတဲ့ အဓိပ္ပာယ်ကို ဘုန်းကြီးကဖြင့် လေးစားစွာနဲ့ပဲ ကယ်တင် ချင်တဲ့စိတ် ပြင်းပြ သောကြောင့်၊ ခင်ဗျားတို့ကလည်း ကိုယ့်ကိုယ်ကို သနားသော အားဖြင့်လည်း၊ ဒီအကျင့်ကို ကျင့်ပါတော့မယ်ဆိုတာ တရား တစ်ပွဲလုံး ဆုံးဖြတ်ချက်ချပါ (မှန်လှပါ) ချနိုင်ကြရဲ့လား (ချနိုင် ပါတယ် ဘုရား)။

ကိုယ့်ကိုယ်ကို သနားရင် ဘာလုပ်ရမယ် (မဂ္ဂင်အကျင့် ကျင့်ရပါမယ် ဘုရား)၊ ဒီဆုံးဖြတ်ချက် ချပြီး မဂ္ဂင်အလုပ် လုပ်ရင် လိမ့်မယ်ဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။

ကောင်းပြီ ဒါက ပထမပါဒသာ ဟောလိုက် သေးတယ် (မှန်ပါ့)။

သီလကလေးလည်းလုံခြုံပါစေ

“နာညတြိန္ဒိယသံဝရာ” ဣန္ဒိယသံဝရာ= ဣန္ဒြေစောင့် ရှောက်ခြင်းတည်းဟူသော သီလအလုပ်ကို။ အညတြ = ကြဉ် ထား၍။ သောတ္ထိ = ချမ်းသာခြင်းကို။ နပဿာမိ= ငါမမြင်ဘူး ကွ တဲ့။

ဘုရားက ဟောပြန်တယ် (မှန်ပါ့) သီလကလေးလည်း လုံခြုံပါစေကွ-တဲ့ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

သဗ္ဗနိဿဂ္ဂါ= ကိလေသာတို့၏ ကုန်ရာနိဗ္ဗာန်မှ (ဝါ) နိဗ္ဗာန်ကို။ အညတြ= ကြဉ်ထား၍၊ ပါဏိနံ= သတ္တဝါတို့ အား။ သောတ္ထိ= ချမ်းသာခြင်းကို။ နပဿာမိ= ငါမမြင်ဘူးကွ။

နိဗ္ဗာန်မြင်မှ ငရဲတွေလွတ်မှာ

မင်းသည် ဖြစ်ပျက်အဆုံးဖြစ်တဲ့ နိဗ္ဗာန်မြင်မှ မင်းမြင် ထားတဲ့ ဘေးတွေ၊ ငရဲတွေ လွတ်မှာကွ (မှန်လှပါ)။

ဒကာ ဒကာမတို့ အကြွေးဟောနေတာလား၊ သူမြင်ပြီး သားကို ဘုရားက ကယ်တင်မည့်တရား ဟောတာလားဆိုတာ စဉ်းစားစမ်း (ကယ်တင်မည့်တရား ဟောတာပါ ဘုရား)။

သူက ခုနှစ်ရက်စေ့ရင် ဘယ်သွားမှာပါလိမ့် (ငရဲသွား မှာပါ ဘုရား)၊ သူ့ဟာသူတော့ အကုန်သိတယ် မဟုတ်လား (သိပါတယ် ဘုရား) ရှေ့ကသွားနှင့်တာတွေကော (သိပါတယ် ဘုရား) သူတို့သွားရမှာကော (သိပါတယ် ဘုရား)။

အဲဒါကို ကယ်တင်နိုင်တဲ့တရားကဖြင့် မဂ္ဂင်အလုပ်, လုပ်ပြီး သကာလ ဒုက္ခချုပ်တဲ့ နိဗ္ဗာန်မြင်ရင် လွတ်ပေါ့လို့ ဆုံး ဖြတ်ချက်ချ (မှန်ပါ့ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ သွားရာလမ်းခရီး သေချာပြီး သားတောင်မှ ပယ်ဖျောက်နိုင်တဲ့ စွမ်းရည် သတ္တိရှိတဲ့ မဂ်ကို ဒကာ ဒကာမတို့ ဘယ့် အတွက်ကြောင့် မလုပ်ထိုက်ဘဲ ရှိရမလဲ (မှန်လှပါ)၊ မသိသေးခင် မလုပ်သေးတာပေါ့။ သိတဲ့တစ်နေ့ အဖိုးတန်တဲ့ အလုပ် ဖြစ်လေ သောကြောင့် မရ အရ ယူမယ် ဆိုတဲ့ စိတ်ကို မွေးကြစမ်းပါ (မှန်လှပါ ဘုရား)။

မရ, အရယူမယ်ဆိုတဲ့စိတ်

မရ အရယူမယ်ဆိုတဲ့စိတ်ကို ဘာလုပ်ရမလဲ (မွေးရပါမယ် ဘုရား)၊ မွေးရမယ်ဆိုတာ သေချာကြပလား (သေချာပါပြီ ဘုရား)။

အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဒကာ, ကြွယ်ရေ တော်တော် အရေးကြီးတဲ့တရား ပြောနေပါ လားဆိုတာ ပေါ်ပြီ (ပေါ်ပါပြီ ဘုရား)။

သုဗြဟ္မ နတ်သားနဲ့တကွ ကျန်နတ်သမီးငါးရာဟာ နောက်ခုနစ်ရက်ရှိရင် ဒကာသစ် ဘယ်သွားမှာပါလိမ့် (ငရဲသွားမှာပါ ဘုရား)၊ သူများက ပြောတာလား၊ သူတို့ကိုယ်တိုင် နတ်မျက်စိနဲ့ ကြည့်ပြီးသိတာလား (သူတို့ကိုယ်တိုင် နတ်မျက်စိ နဲ့ ကြည့်ပြီးသိတာပါ ဘုရား)။

ဒကာကြွယ်တို့ စက်ရှင်ဒီဂရီ (Section Degree) (မှန်လှပါ) အပါယ်ကျရမည့် ဒီဂရီ သေချာပြီးသား ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

အဲဒါတောင်မှ ဒကာ ဒကာမတို့ လွတ်ပါသေးတယ် (မှန်ပါ့) ဒါဖြင့် လွတ်တဲ့ နိဿရည်းကိုသာ ဆရာဘုန်းကြီးပေးဖို့ လိုတော့တယ် (မှန်လှပါ ဘုရား)။

ဘုရားကတော့ဖြင့် ဒကာ ဒကာမတို့ ဗောဇ္ဈင်မဂ္ဂင် အကျင့်ကို ကျင့်ရင် လွတ်ပါတယ်ကွ တဲ့ (မှန်ပါ့)၊ နိဗ္ဗာန် မြင်ရင် လွတ်ပါတယ်ကွတဲ့ (မှန်ပါ့)ဆိုတော့ စကားမို့ ထပ်ပြောနေတာ၊ စင်စစ် မဂ္ဂင်အကျင့်ကို ကျင့်လိုက်လို့ရှိရင်ဖြင့် ဒုက္ခမြင် နိဗ္ဗာန်ဆိုတာ လာတာပဲ (မှန်ပါ့) လာရင် မလွတ်သေး ဘူးလား (လွတ်ပါတယ် ဘုရား)။

ဘယ့်နှယ်ကြောင့် လွတ်ပါလိမ့်မတုံးလို့ မေးတဲ့အခါက တော့မှ၊ ဒကာ ဒကာမတို့ သုဗြဟ္မ နတ်သားနဲ့တကွ မသွား သေးတဲ့ နတ်သမီးငါးရာ၊ ဝမ်းထဲမှာရှိတဲ့ ငရဲမျိုးစေ့ကို မဂ်နဲ့ရှို့ပစ်လိုက်တဲ့ အတွက် မဂ်မီးနဲ့ရှို့ပစ်လိုက်တဲ့အတွက် လွတ်သွား တယ် (မှန်လှပါ ဘုရား)။

ဒါဖြင့် ငရဲမျိုးစေ့မရှိတဲ့ ပုဂ္ဂိုလ်မှာကြောက်စရာမရှိဘူး (မှန်ပါ) ငရဲမျိုးစေ့ရှိတဲ့ ပုဂ္ဂိုလ်မှသာလျှင် ကြောက်စရာ ရှိတော့တယ်ဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ အသက်ကြီးတဲ့ ပုဂ္ဂိုလ်က လည်း ကြီးသလောက် မြန်မြန်ကြိုးစား (မှန်ပါ့ ဘုရား) ငယ်တဲ့ ပုဂ္ဂိုလ်ကလည်း အဇ္ဇွေဝလား-သုဝေဝလား မသိဘူး၊ ခန္ဓာကိုယ် က စိတ်မချရတော့ရင် (မှန်ပါ့) သူ့အတွက်ကလည်း နှေးနှေး ပဲလား၊မြန်မြန်ပဲလား (မြန်မြန်ပါ ဘုရား) ဒါဖြင့် သူ့အတွက် ကလည်း မြန်မြန် လုပ်ရမယ်ဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ မဂ်ရဖို့အရေး (မှန်ပါ့) ဘယ်လိုဆိုကြမယ် (မဂ်ရဖို့အရေးဟာ ကိုယ့်အရေးပါ ဘုရား)။

နည်းပေးဖို့အရေးကဆရာ့အရေး

နည်းပေးဖို့အရေး ဆရာ့အရေး (မှန်ပါ့)၊ နည်းပေး ဖို့ အရေးက (ဆရာ့အရေးပါ ဘုရား) ရအောင် လုပ်ဖို့အရေးက (ကိုယ့်အရေးပါ ဘုရား) နည်းပေးဖို့အရေးက (ဆရာ့အရေးပါ ဘုရား)။

ကိုယ့်အရေးက ဘာပါလိမ့် (ရအောင်လုပ်ဖို့ အရေးပါ ဘုရား)၊ ရအောင်လုပ်ဖို့အရေးက ဘာတုံး (ကိုယ့်အရေးပါ ဘုရား)။

ဒါဖြင့် ကိုယ့်အရေး သူ့အရေးဖြင့် ဒကာကြွယ် သိပလား (သိပါပြီ ဘုရား)၊ ဒကာ ဒကာမတို့ ကိုယ့်အရေး သူ့အရေး သိကြပလား (သိပါပြီ ဘုရား)။

ခင်ဗျားတို့သားနဲ့ သမီးနဲ့ ဆွေနဲ့မျိုးနဲ့ ပစ္စည်းဥစ္စာရတနာ တွေနဲ့ ထိုက်တန်သလောက် အကျိုးပေး နေကြတာတွေ ဘုန်းကြီးတို့ ဝမ်းမသာလို့ မဟုတ်ပါဘူး (မှန်ပါ့)၊ ဘယ်လိုပင် ဝမ်းသာနေ ငြားသော်လည်း နက်ဖြန်အပါယ်သွားမှာ မြင်တော့ ယနေ့စိန်တွေ သီးနေအောင် ဝတ်ငြားသော်လည်း ဘုန်းကြီး တို့က မပြီးနိုင်ဘူး (မှန်ပါ့) ပြုံးနိုင်ပါ့မလား (မပြုံးနိုင် ပါ ဘုရား)။

ဘယ့်နှယ်ကြောင့် ဒီဆရာဘုန်းကြီးက ဒို့ စိန်တွေ သီးနေအောင် ဝတ်တဲ့ဥစ္စာ မပြုံးနိုင်ပါ လိမ့်မတုံးဆိုတော့ ဝမ်း ထဲ ငရဲမျိုးစေ့ကို ဒီစိန်တွေက ကယ်မှာမဟုတ်ဘူး၊ ငရဲမျိုးစေ့က ဆွဲချသွားရင် ဒို့ဒကာ ဒကာမတွေ ကိုယ်ကျိုးနည်းချည်ရဲ့ ဆိုတာ သိလို့ (မှန်ပါ့) ဒါကြောင့် မပြုံးနိုင်သေးဘူး (မှန်ပါ့) ရှင်း ပလား (ရှင်းပါပြီ ဘုရား)။

မဂ္ဂင်အလုပ်လုပ်ပြီးမှပြုံးလိုက်စမ်းပါ

ခင်ဗျားတို့ ကိုယ်တိုင်ကော ပြုံးချိန် ရောက်ပလား (မရောက်သေးပါ ဘုရား) ဟာ မဂ္ဂင်အလုပ် လုပ်ပြီးမှ ပြုံးလိုက်စမ်းပါ (မှန်ပါ့ ဘုရား)။

ဘယ်အလုပ် လုပ်ပြီးမှတုံး (မဂ္ဂင်အလုပ် လုပ်ပြီး မှ ပြုံးရမှာပါ ဘုရား)။

ကိုင်း ဘုရားကဖြင့် သုဗြဟ္မနတ်သားနှင့်တကွ ကျန်နတ်သမီးငါးရာ တို့ကို မဂ္ဂင် အလုပ် မှတစ်ပါး မင်းတို့ကို ကယ်မည့် ယူမည့်သူ မရှိဘူးကွ လို့ဆိုတော့ ဘုရားက ငါ ကယ်မည် ပြောတာလား၊ မဂ္ဂင်အလုပ် မှတစ်ပါး ကယ်မည့်, ယူ မည့်သူ မရှိဘူးလို့ ပြောတာလား (မဂ္ဂင်အလုပ် မှတစ်ပါး ကယ်မည့် ယူမည့်သူ မရှိဘူးလို့ ပြောတာပါ ဘုရား) သေချာ ပလား (သေချာပါပြီ ဘုရား)၊ သဘောပါကြပလား (ပါ-ပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ မဂ္ဂင်အလုပ်ပဲ ပြောကြပါစို့ (မှန်ပါ့) မဂ္ဂင်အလုပ်ပဲ ပြကြပါစို့၊ မဂ္ဂင်အလုပ်ပဲ ပြောကြပါစို့ဆိုတော့ လွယ်ကူပါတယ်၊ ဒကာ ဒကာမတို့ အင်မတန် လွယ်ကူပါတယ် (မှန်လှပါ ဘုရား)။

အင်မတန်လွယ်ကူတာကို ခင်ဗျားတို့သည်ကားလို့ ဆိုလို့ရှိရင်ဖြင့် ဒီအလုပ်ဟာ မလွယ်ဘူးလို့ ဆိုလို့ရှိရင်ဖြင့် ခင်ဗျားတို့ ပျင်းလို့ ဖျင်းလို့ လို့ မှတ်ပေတော့ (မှန်ပါ ဘုရား)။

ကိုယ့်ကိုယ်ကိုလည်း မသနားလို့ လို့ မှတ်ကြပေ တော့ (မှန်ပါ့ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ကိုယ့်ကိုယ်ကိုမှ မသနားတဲ့ ပုဂ္ဂိုလ်ဟာဖြင့် လောကမှာဖြင့် လူလို့မှဆိုစရာ ထည့်စရာ အကွက်ဟာ ရှိသေးရဲ့လား (မရှိပါဘူး ဘုရား)။

ကိုင်း ဒါကြောင့် စပ်မိလို့ မဂ္ဂင်အလုပ်ကလေး မဟောခင် ဘုရားသခင် ကိုယ်တော် မြတ်ကြီးကို ကောသလ မင်းကြီး လျှောက်ပုံကလေး ဒကာသစ် မှတ်လိုက်စမ်းပါ (မှန်ပါ့) ကောသလ သံယုတ်မှာ လာတယ် (မှန်ပါ့)၊ အခုလာတာက သဂါထာဝဂ္ဂသံယုတ်ကဟာကို ဟောနေတယ် (မှန်ပါ့)၊ ကောသလ သံယုတ်ကို ဦးလှဘူး နည်းနည်းနားထောင် (မှန်ပါ့ ဘုရား)။

ကောသလမင်းကြီးကလျှောက်တယ်

ဒကာ ဒကာမတွေ ကောသလမင်းကြီးက ဘုရားကို သွားလျှောက်တယ်၊ အရှင်ဘုရား လူတွေဟာ ကိုယ်စား ဖို့, ကိုယ်ဝတ်ဖို့, ကိုယ်ကားဝယ်ဖို့ဆိုပြီး သကာလ ကိုယ့်ကိုယ်ကို – သနားလို့ မုသားပြောတယ် လိမ်လည်ကောက်ကျစ်ပြီး ပစ္စည်း ရှာကြတယ် (မှန်ပါ့)၊ လိမ်လည် ကောက်ကျစ်ပြီး သကာလ ရှာကြ၊ မုသားတွေ သုံးကြ၊ ပရိယာယ် မာယာတွေနဲ့ ဖုံးကြဖိကြ (မှန်ပါ့ ဘုရား)။

စီးပွားရေးအတွက်နဲ့ သူတို့ ကိုယ့်ကိုယ်ကို သနားလို့ ရှာကြတယ်လို့ဆိုကြတာပဲ၊ အဲဒါသနားရာ ရောက်ပါသလားလို့ မေးလိုက်တယ် (မှန်ပါ့ ဘုရား)။

စီးပွားရေးအတွက်နဲ့ ပရိယာယ် မာယာတွေနဲ့ ရောင်းကြ ဝယ်ကြတာ မရှိဘူးလားဗျာ (ရှိပါတယ်)၊ ကိုယ့်ကိုယ် ကို သနားတယ်လို့ကော မထင်ကြဘူးလား (ထင်ကြပါတယ်)၊ ကိုယ့်ကိုယ် ကျွေးဖို့၊ မွေးဖို့လို့ မထင်ကြဘူးလား (ထင်ကြ ပါတယ် ဘုရား)။

အဲဒါကိုယ့်ကိုယ်ကို သနားတဲ့အဖြစ် ရောက်ပါရဲ့လား ဘုရား၊ တပည့်တော်ဖြင့် ရောက်မယ် မထင်ဘူးတဲ့ (မှန်ပါ့ ဘုရား)။

အေး ဟေ့ ဒကာကြီးတွေးတဲ့ အတိုင်းပဲ ကိုယ့်ကိုယ်ကို သနားတဲ့ ပုဂ္ဂိုလ်ဟာ လိမ်လည် ကောက်ကျစ် ပရိယာယ် မာယာတွေနဲ့ ရောင်းမှုဝယ်မှုကို လုပ်နေကြမယ် ဆိုလို့ရှိရင် အဲဒါ ကိုယ့်ကိုယ်ကို သနားငြားသော်လည်း သနားရာ မရောက်ဘူးကွတဲ့ (မှန်ပါ့)။ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကဲ ဒကာ ဒကာမတွေ စီးပွားရှာတာကတော့ ကိုယ့်ကိုယ်ကို သနားလို့ လို့တော့ဆိုကြတာပဲ (မှန်ပါ့)၊ ဆိုပင် ဆိုကြငြားသော်လည်း သနားရာ ရောက်ပါရဲ့ လား (မရောက်ပါ ဘုရား)။

ဒါဖြင့် ကိုယ့်ကိုယ်ကို သနားလို့ ကိုယ့်ကိုယ်ကို ကယ်တင်ချင်တဲ့ တရားကို ဘာလုပ်မလဲလို့ မေးတဲ့ အခါကျတော့မှ မဂ္ဂင်အလုပ်မှ ကယ်တင်နိုင်တဲ့အလုပ် (မှန်ပါ့)၊ ဒကာ ဒကာမတွေ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဘယ်တရားမှ ကယ်တင်နိုင်တဲ့အလုပ်ပါလိမ့် (မဂ္ဂင် တရားမှ ကယ်တင်နိုင်တဲ့အလုပ်ပါ) မဂ္ဂင်အလုပ်မှ ကယ်တင် နိုင်တဲ့အလုပ် (မှန်ပါ ဘုရား)။

ကိုင်း ဒါဖြင့် မဂ္ဂင်အလုပ်သည် ဘယ်ကဲ့သို့ ကယ်တင်တယ်ဆိုရင် ခုနင်က သုဗြဟ္မနတ်သား ထောက်ကြ ပေတော့နော် (မှန်ပါ့ ဘုရား)။

ကဲ သုဗြဟ္မနတ်သားကဖြင့် ခုနှစ်ရက်ရှိတဲ့အခါ၊ သူနဲ့တကွ ကျန်တဲ့နတ်သမီးငါးရာတို့ပါ အပါယ်သွားရမှာ သေချာပြီး သကာလ နေတာနဲ့၊ ကိုင်း တပည့်တော်တို့ ကိုးစားရာအတိတ် အပူလည်း ငြိမ်းတော်မူပါဘုရား၊ အနာဂတ် အပူတွေလည်း ငြိမ်းတော်မူပါဘုရား၊ အပါယ်တံခါး လည်း ပိတ်ပေးတော်မူပါ ဘုရားလို့ သွားလျှောက်တဲ့အခါ ကျတော့မှ၊ မဂ္ဂင်အကျင့် မကျင့်ဘဲနဲ့ဖြင့် မရနိုင်ဘူးပေါ့ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘာတဲ့တုံး (မဂ္ဂင်အကျင့် မကျင့်ဘဲနဲ့ မရနိုင်ပါ)၊ မဂ္ဂင် အကျင့် မကျင့်ဘဲနဲ့တော့ မရနိုင်ဘူးကွ ဆိုတော့ ဒကာကြွယ်ရေ ဘုရားဟာ အကောင်းဆုံးနဲ့ အကယ်တင်နိုင်ဆုံးကို ဟောတော့ မယ်ဆိုတာ မပေါ်ဘူးလား (ပေါ်ပါပြီ)၊ ဘာပါလိမ့်ဗျာ (အကောင်းဆုံးနဲ့ အကယ်တင်နိုင်ဆုံးကို ဟောပါတယ် ဘုရား)။

ကိုင်း ဒကာ ဒကာမတို့ ဘုန်းကြီးကလည်း ထိုနည်းအတူပဲ အကောင်းဆုံးနဲ့ ကယ်တင် နိုင်ဆုံး အလုပ်ကို ဒကာ ဒကာမတွေ သေသေချာချာ ခင်ဗျားတို့ ပေးကမ်း ပါတော့မယ် ဆိုတာ ကိုလည်း ဉာဏ်နားနဲ့ သာ ခံယူကြပေ တော့ဆိုတဲ့ ဥစ္စာဖြင့် လေးစားစွာနဲ့ ပြောပြန်တယ်(မှန်ပါ့ ဘုရား)။

ကဲ မဂ္ဂင်အလုပ် စ,တော့မယ် ဒကာ ဒကာမတို့ နော် (မှန်ပါ့)၊ ဘာစ,မှာပါလိမ့် (မဂ္ဂင်အလုပ် စ, မှာပါ ဘုရား)။

မဂ္ဂင်အလုပ် ဆရာကနည်းပေးတဲ့အရေး (မှန်ပါ့)၊ ဒကာ ဒကာမတို့က ကျင့်ကြံ ကြိုးကုတ်တဲ့ အရေး (မှန်ပါ့ ဘုရား)။

ကိုယ့်ကိုယ်ကယ်တင်ဖို့ကကိုယ့်အရေး

နည်းပေးတဲ့အရေးက ဆရာ့အရေး (မှန်ပါ့)၊ ကိုယ့်ကိုယ် ကယ်တင်တဲ့ အရေးက ကိုယ့်အရေး (မှန်ပါ့)၊ ကိုယ်ပွားများ ရမည့်အရေးပေါ့ (မှန်ပါ ဘုရား)။

ဒါကြောင့် ဒကာ ဒကာမတွေ သားကိစ္စကြောင့် မလုပ်နိုင်ဘူး။ သမီးကိစ္စကြောင့် မလုပ်နိုင်ဘူး၊ စီးပွားရေးရှုပ်ပွေ နေလို့ မလုပ်နိုင်ဘူး၊ ခေတ်ကာလတွေကြောင့် တပည့်တော် တို့မှာ စုဆောင်းရတဲ့ အရေးကြောင့် မလုပ်နိုင်ဘူးလို့ မရှိလိုက် ပါနဲ့ (မှန်ပါ့)၊ ဘာမှ မရှိကြပါနဲ့၊ ကိုယ့်ကိုယ်ကို ကယ်တင်တဲ့ မဂ္ဂင်အရေးသည် သာလျှင် ကိုယ့်အရေးဆိုတာ ဒကာကြွယ် တိုက်တွန်းရတယ် (မှန်ပါ့ ဘုရား)။

ဦးလှဘူး တိုက်တွန်းသင့် မတိုက်တွန်းသင့် (တိုက်တွန်းသင့်ပါတယ်)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ကိုင်း ဒကာ ဒကာမတို့ ဒီနေ့ ဟာပြရမှာလဲ မပြနိုင်တဲ့ အခြေအနေ ရောက်နေတယ် (မှန်ပါ့)၊ အကုန်လဲ မြင်ကြရမှာ မဟုတ်တော့ ဘုန်းကြီးက အားလုံးကို သိစေချင်၊ အားလုံးကို ကျင့်စေချင်တော့ သြော် ဒီအရေးသည်ကား လို့ ဆိုလို့ရှိရင်ဖြင့် အားလုံးနဲ့ဆိုင်တဲ့ အရေးဖြစ်နေတော့ အားလုံးပဲ ရစေချင်တာ၊ နေရာတွေက အသီးသီးကွဲပြီး သကာလ နေတော့ မရနိုင်ပဲ ဒကာကြွယ် ဖြစ်နေတယ် (မှန်ပါ ဘုရား)။

သြော် နက်ဖြန် ကြုံကြိုက်တယ်၊ ဒီနေ့ မလာနိုင် တဲ့ ပုဂ္ဂိုလ်၊ မမြင်ရသေးတဲ့ပုဂ္ဂိုလ် နက်ဖြန် သေသေချာချာ လာကြ (မှန်ပါ့)၊ ပြနိုင်တဲ့ နေရာကျတော့ တစ်နေရာထဲ ကျတော့ ပြလို့ရတယ် (မှန်ပါ ဘုရား)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတွေ အခုနှုတ်နဲ့ ပြနိုင် သရွေ့ ပြပါ့မယ် (မှန်ပါ့)၊ နှုတ်နဲ့ပြ နိုင်သရွေ့ ပြပါလိမ့်မယ် (မှန်ပါ့ ဘုရား)။

ရှေးဦးစွာ မှတ်ရမှာက ဒကာ ဒကာမတို့ ကိုယ့်ခန္ဓာကိုယ် ကြီးဟာရှိတယ် (မှန်ပါ့)၊ ရုပ်နဲ့နာမ် ရှိတယ် (မှန်ပါ့)၊ ရုပ် ဆိုတာ ဒကာ ဒကာမတို့ နာမ်ကစောင့်နေတယ် (မှန်ပါ့)၊ ရုပ်ဇီဝိတ, နာမ်ဇီဝိတရယ်လို့ ရှိကြပါတယ် (မှန်ပါ့ ဘုရား)။

စိတ္တာနုပဿနာ

အဲဒီတော့ကို နာမ်တရားပဲ စိတ္တာနုပဿနာပဲ ဘုန်းကြီး ယနေ့ရှင်းအောင် ပြောမယ် (မှန်ပါ့ ဘုရား)။

ဒကာ ဒကာမတို့ ကိုယ့်ကိုယ်မှာ မှည့်ရှိတယ်၊ တင်းတိပ် ရှိတယ်၊ နှုတ်ခမ်းမှာ အနာပေါက် နေတယ်၊ ဘယ်နေရာ ဝက်ခြံ၊ ဘယ်နေရာမှာ တင်းတိပ်၊ ဘယ်နေရာမှာ မှည့်ကလေးရှိတယ်ဆို တာ သိချင်တော့ ဒကာ ဒကာမတို့ မှန်ကလေးရှေ့က ထားကြည့်တော့ မသိကြလားဗျာ (သိပါတယ် ဘုရား)။

အင်း ဘယ်သူကပြောပါလိမ့် (မှန်ကပြောပါ တယ်)၊ မှန်က ပြောတယ်။

ဘာဖြစ်လို့တုံး ကိုယ့်ကိုယ်နဲ့ မှန်နဲ့ ဟပ်လိုက်တဲ့အခါ မှန်က မပြောဘူးလား (ပြောပါတယ် ဘုရား)၊ မသေချာဘူးလား (သေချာပါတယ် ဘုရား)။

ထို့အတူပဲတဲ့၊ ခင်ဗျားတို့ သန္တာန်ဖြစ်တဲ့ စိတ်ကလေးတွေ ခင်ဗျားတို့ဉာဏ်နဲ့ ကြည့်လို့ရှိရင်ဖြင့် ဘာစိတ်ဖြစ်တယ်၊ ဘာစိတ် ဖြစ်တယ် ဘာစိတ်ဖြစ်တယ် ဆိုတာ မသိပေဘူးလား (သိပါ တယ် ဘုရား)။

ကိုယ့်စိတ်ကို ကိုယ့်ဉာဏ်နဲ့ကြည့်

ခင်ဗျားတို့သန္တာန်ဖြစ်တဲ့စိတ် ခင်ဗျားတို့ နောက်ကဉာဏ် နဲ့ ဉာဏ်နဲ့မှန်ထောင်ကြည့်တဲ့အခါ ခုနင်က လောဘစိတ်ဖြစ် တယ်၊ ခုနင်က ဒေါသစိတ်ဖြစ်တယ်၊ ခုနင်က ဣဿာစိတ်ဖြစ် တယ်၊ ခုနင်က မစ္ဆရိယစိတ်ဖြစ်တယ်၊ ခုနင်က ထိနမိဒ္ဓဆိုတဲ့ အိပ်ချင်စိတ်ဖြစ်တယ်၊ ခုနင်က စိတ်ဟာ ပျံ့လွင့်တဲ့စိတ်ဖြစ် တယ်၊ ခုနင်က စိတ်ဟာ ဝိစိကိစ္ဆာဖြစ်တယ်ဆိုတာ ဉာဏ်မှန်ပေါ် တင်ကြည့် လိုက်ရင် မသိပေဘူးလား (သိပါတယ် ဘုရား)။

အဲ ထိုကဲ့သို့ သိမှာဖြစ်လေသောကြောင့် ရှင်သာရိ ပုတ္တရာက ဟောရှာတယ်၊ သူများစိတ် အကဲခတ်ရတာ မှားသည် ရှိ၊ မှန်သည်ရှိတဲ့ (မှန်ပါ့)။

သူများစိတ်အကဲခတ်ရတာ ဘာတဲ့ (မှားသည်ရှိ မှန် သည်ရှိပါ ဘုရား)။

ကိုယ့်ဖြစ်ပြီးသားစိတ်ကို ကိုယ်အကဲခတ်ရတာကတော့ မှားသေးရဲ့ လား (မမှားပါ ဘုရား)၊ ဒါဖြင့် ကိုယ့်ဖြစ်ပြီးသား စိတ်ကို ကိုယ်ရှုပါ (မှန်ပါ့)။

ထမင်းစားချင်တဲ့စိတ်

ကဲ ဒါဖြင့် ထမင်းစားချင်တဲ့ လောဘကလေး ပေါ် လာတယ် (မှန်ပါ့)၊ မစားနဲ့ဦး (မှန်ပါ့)၊ ထမင်းစားချင် တယ်၊ ထမင်းဆာတဲ့ လောဘစိတ်ကလေး ပေါ်လာတယ် ဒကာ ဒကာမတို့နော် (မှန်ပါ့)။

ထမင်းစားချင်တဲ့ လောဘစိတ်ကလေးပေါ်လာတော့ ဘုန်းကြီးက နောက်ကနေပြီး ဒကာ ဒကာမတို့ အဲဒီစိတ်ကလေး ကို တွေးစမ်း၊ ရှိ မရှိ တွေးစမ်းလို့ ခိုင်းလိုက်တာ (မှန်ပါ့)၊ ဘယ့်နှယ် တွေးကြမလဲ (မရှိတော့ပါ ဘုရား)။

ဒါဖြင့် မရှိတာက အနိစ္စ၊ မရှိမှန်း သိတာက မဂ္ဂ (မှန်ပါ့)၊ မရှိတာက (အနိစ္စပါ ဘုရား)၊ မရှိမှန်းသိတာက (မဂ္ဂပါ)၊ အဲဒီမဂ်ဟာ ခင်ဗျားတို့ ကယ်တင်မည့်မဂ် (မှန်ပါ့)။

ဒီမဂ်ဟာ ဘာတုံး (ကယ်တင်မည့်မဂ်ပါ)၊ မရှိတာ က (အနိစ္စပါ)၊ မရှိမှန်းသိတာက (မဂ္ဂပါ)၊ အဲဒီမဂ် ဘာ ပါလိမ့် (ကယ်တင်မည့်မဂ်ပါ ဘုရား)။

အဲ “နာညတြ ဗောဇ္ဈာတပသာ”၊ ဗောဇ္ဈာတပသာ =ဗောဇ္ဈင်မဂ္ဂင် အကျင့်ကို။ အညတြ= ကြဉ်ထား၍။ ပါဏိနံ= မင်းနှင့်တကွ နတ်သမီးငါးရာတို့အား။ သောတ္ထိ =အပါယ်လေးပါးမှ လွတ်တဲ့ ချမ်းသာရာကို။ နပဿာမိ =ငါမမြင်ဘူးကွတဲ့ (မှန်ပါ့)။

ဒီမဂ္ဂင်အလုပ် လုပ်ရင်သာ ငါမြင်တယ် (မှန်ပါ့)၊ ရှင်း ပလား (ရှင်းပါပြီ)၊ မဂ္ဂင်အလုပ် မလုပ်ရင် (မမြင်ပါ ဘုရား)၊ မမြင်ဘူးဆိုတာ ဘုရားကပဲ သေသေချာချာ မဟောဘူးလား (ဟောပါတယ် ဘုရား)။

ကိုင်း ဒကာ ဒကာမတို့ ထမင်းစားချင်တဲ့စိတ် ကလေးပေါ်လာတော့ စားပလား မစားသေးဘူးလား (မစားသေးပါ ဘုရား)၊ မစားသေးဘူး၊ စားချင်တာကလေး ပေါ်ရှိ သေးတယ် (မှန်ပါ့)။

အဲဒီစိတ်ကလေးကို ရှိ-မရှိ နောက်ကနေ အကဲခတ်စမ်း (မရှိတော့ပါ ဘုရား)၊ မရှိတာက (အနိစ္စပါ ဘုရား)၊ သိ တာက (မဂ္ဂပါ ဘုရား)။

မဂ္ဂဆိုလည်း ဟုတ်တယ်

အဲ မဂ္ဂဆိုလည်း ဟုတ်တယ်၊ ဗောဇ္ဈင်္ဂဆိုလည်း ဟုတ်တာပဲ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဒီတရားကလေးဟာက စားချင် တယ်ဆိုတဲ့စိတ်ကလေးကို စားချင်တဲ့ စိတ်ကလေးမြင်တာလား၊ စားချင်တဲ့ စိတ်ကလေး၏ ဖြစ်ပျက်မှုကို မြင်တာလား (စားချင်တဲ့ စိတ်ကလေး၏ ဖြစ်ပျက်မှုမြင်တာပါ)၊ ပေါ်ကြပလား ဒကာ ကြွယ် (ပေါ်ပါပြီ ဘုရား)။

စားချင်တဲ့စိတ်ကလေးကို မြင်တာလား၊ ဖြစ်ပျက်မှုမြင်တာလား (ဖြစ်ပျက်မှု မြင်တာပါ ဘုရား)။

ဒါဖြင့် ဖြစ်ပျက် ဘာခေါ်ကြမယ် (အနိစ္စပါ ဘုရား)၊ ဖြစ်ပျက်အနိစ္စ၊ အနိစ္စမှန်း သြော် အနိစ္စရောက်ပြီလို့ သိတာ က (မဂ္ဂပါ ဘုရား)၊ အဲဒါက ကယ်တင်မည့်တရား (မှန် လှပါ ဘုရား)။

မဂ္ဂင်က ဘာပါလိမ့် (ကယ်တင်မည့်တရားပါ ဘုရား)၊ ကယ်တင်မည့်တရားဆိုတာ ပေါ်ကြပလား (ပေါ် ပါပြီ ဘုရား)။

ကယ်တင်ပုံကိုနားထောင်ပါ

ကောင်းပြီ၊ ဘယ်လိုများ ကယ်တင်လိုက်ပါလိမ့်မတုံး ဘုရားလို့ မေးဖို့ မလိုဘူးလား (လိုပါတယ် ဘုရား)။

ကယ်တင်ပုံကလေးကို ဒကာ ဒကာမတို့ နာရီလေး နည်း နည်းကျန်တော့တယ်၊ ဂရုစိုက် နားထောင်လိုက်စမ်းပါ (မှန်လှပါ ဘုရား)။

စားချင်တာက တဏှာ (မှန်ပါ့)၊ စားချင်တယ်ဆိုရင် ဖြင့် မစားရ မနေနိုင်ဘူးဆိုတာက ဥပါဒါန် (မှန်ပါ့)၊ ကျုပ်ဖြင့် ထမင်းအိုးရှိတဲ့နေရာ သွားပါတော့မယ်ဆိုတဲ့ ကာယကံ၊ ဝစီကံ မလာဘူးလား (လာပါတယ်)၊ ထမင်းဆိုင်ရှိရာ ပြေးပါတော့ မယ်ဆိုတဲ့ ကာယကံ၊ ဝစီကံကော (လာပါတယ် ဘုရား)။

ကြည့်စမ်း၊ ဒကာ ဒကာမတို့ စားချင်တဲ့စိတ်ကလေး တဏှာကနေပြီး တဏှာက ဖြစ်ပျက်၊ ရှုတာက မဂ် ဆိုတော့ ဥပါ ဒါန်လာသေးရဲ့လား (မလာပါ ဘုရား)၊ ကံကော (မလာ ပါ ဘုရား)။

အပါယ်သွားမည့်ကံဖြတ်တယ်

ဒါဖြင့် အပါယ်သွားမည့်ကံ ဘယ့်နှယ်နေသတုံး (ပြတ်ပါတယ် ဘုရား)၊ ကဲ ဘယ်သူက ဖြတ်လိုက်ပါလိမ့် (မဂ်က ဖြတ်ပါတယ် ဘုရား)။

ဪ ဒါကြောင့် ဘုရားက နာညတြ ဗောဇ္ဈာတပသာ (မှန်ပါ့)၊ ဗောဇ္ဈာတပသာ ဖြစ်ပျက်ကိုမြင်သော မဂ္ဂင် အကျင့်ကို ဗောဇ္ဈင်အကျင့်ကို၊ အညတြ – ကြဉ်ထား၍ (ဝါ) ပဋိစ္စသမုပ္ပါဒ်ပြတ်တဲ့မဂ္ဂင်ကို။ အညတြ – ကြဉ်ထား၍။ ပါဏိနံ= မင်းတို့လို သတ္တဝါအပေါင်းတို့အား။ သောတ္ထိ= ချမ်းသာရာဖြစ်တဲ့ နိဗ္ဗာန်ကိုရောက်လိမ့်မည်ဟု။ နပဿာမိ= ငါမမြင်ဘူးတဲ့ (မှန် ပါ့ ဘုရား)။

မဂ္ဂင်အကျင့် ကျင့်ရင် မြင်သပေါ့ဗျာ (မှန်ပါ့)၊ မဂ္ဂင် အကျင့် မကျင့်လို့ရှိရင် (မမြင်ပါ ဘုရား)။

ကိုင်း ဒကာ ဒကာမတို့ ပဋိစ္စသမုပ္ပါဒ် ပြတ်မပြတ် စဉ်းစားစမ်း (ပြတ်ပါတယ် ဘုရား)။

စားချင်တဲ့စိတ်ရှိ မရှိ အကဲခတ်စမ်း

စားချင်တဲ့စိတ်ကလေးဟာ တဏှာနော် (မှန်ပါ့)၊ အဲဒါကလေးပေါ်လာတာ ဒကာ ဒကာမတွေက ရှိမရှိ အကဲခတ် စမ်း (မရှိတော့ပါ ဘုရား)၊ မရှိတာက (အနိစ္စပါ)၊ သိတာ က (မဂ္ဂပါ ဘုရား)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဆေးလိပ်ကလေး သောက်ချင်တယ်ဗျာ၊ ဘာစိတ်ပါလိမ့် လောဘစိတ် (မှန်ပါ့) အဲဒါကလေး ရှိ၊ မရှိ အကဲခတ်စမ်း (မရှိပါ ဘုရား)၊ မရှိတာက (အနိစ္စပါ ဘုရား)၊ မရှိမှန်းသိတာက (မဂ္ဂပါ ဘုရား)၊ ဒီမဂ်က ခင်ဗျားတို့ကို ဘာလုပ်မယ် (ကယ်တင်ပါတယ် ဘုရား)၊ အပါယ်သွားစေတဲ့ ကံတွေလာသေးရဲ့ လား (မလာပါ ဘုရား)။

ဒီဟာကလေးကလည်း တစ်ခါ စဉ်းစားလိုက်တဲ့ အခါကျတော့ ခုနင်က ဆေးလိပ် သောက်ချင်တဲ့ စိတ်ကလေးဟာ ငါ သောက်ချင်တယ်ဆိုတဲ့ ဒိဋ္ဌိကလေးကော ရှိသေးရဲ့လား (မရှိပါ ဘုရား)၊ ဖြစ်ပျက်မြင်လိုက်ကတည်းက ဒိဋ္ဌိ မကွာသေးဘူးလား (ကွာပါပြီ ဘုရား)။

ဒါဖြင့် ဖြစ်ပျက်က နိစ္စနိမိတ်ကို ကင်းစေနိုင်တယ်ဆို တော့ နိစ္စဒိဋ္ဌိကို ခွာပစ်လိုက်တယ် (မှန်ပါ့)၊ သဘောကျ ပလား (ကျပါပြီ ဘုရား)။

သက္ကာယဒိဋ္ဌိပြုတ်တယ်

နိစ္စဒိဋ္ဌိကို (ခွာပစ်လိုက်ပါတယ် ဘုရား)၊ ဒါဖြင့် သက္ကာယဒိဋ္ဌိ မပြုတ်သေးဘူးလား (ပြုတ်ပါပြီ ဘုရား)။

ဒါဖြင့် ဖြစ်ပျက်က အနိစ္စ၊ သိတာက (မဂ္ဂပါ ဘုရား)၊ သေတာက ဥပါဒါန်တို့၊ ကံတို့ မသေဘူးလား (သေပါတယ် ဘုရား)။

သေတာက ဘာပါလိမ့် (ဥပါဒါန်တို့၊ ကံတို့ သေပါ တယ် ဘုရား) ဥပါဒါန်တို့၊ ကံတို့ သေတယ်ဆိုတာ သဘောကျ ပလား (ကျပါပြီ ဘုရား)။

အဲ ဥပါဒါန်၊ ကံသေတော့ ကံကြောင့် သွားရမည့်အပါယ်ကိုး ဒကာသစ်ရ (မှန်ပါ့)၊ သွားရသေးရဲ လား (မသွားရပါ ဘုရား)၊ ဥပါဒါန်ကော ရှိသေးရဲ့ လား (မရှိပါ ဘုရား)။

ဥပါဒါန်ရှိမှသာလျှင် နောင်ဘဝ ပဋိသန္ဓေ နေတယ် (မှန်ပါ့)၊ ကံရှိမှသာလျှင် နောင်ဘဝ ပဋိသန္ဓေ နေတယ် (မှန်ပါ့)၊ အခုတော့ ဒီလိုနေသေးရဲ့လား (မနေပါ ဘုရား)။

အဲ ဘယ့်နှယ်ကြောင့် မနေပါလိမ့်မတုံး မေးတဲ့ အခါကျတော့ ဖြစ်ပျက်ကို ဒကာ ဒကာမတွေက ဖြစ်ပြီး ပျက်တာ မြင်လိုက်တော့ သြော် နဂိုက ငါစားချင်တာဆိုတဲ့ ဒိဋ္ဌိဟာ ဖြစ်ပျက်ကို မြင်လိုက်တော့ အဲဒီ တွဲနေတဲ့ ဒိဋ္ဌိကလေးဟာ ရှိသေး ရဲ့လား (မရှိပါ)၊ သေသေချာချာ သဘောပါကြရဲ့လား (ပါပါတယ် ဘုရား)။

ဒါ ဒိဋ္ဌိသတ်နေတာနော် (မှန်ပါ့)၊ ဒိဋ္ဌိသတ်တယ်။ နောက်က ဥပါဒါန်ကံသတ်တယ် (မှန်ပါ့)၊ ရှေ့ပိုင်းက ဘာသတ်သတုံး (ဒိဋ္ဌိသတ်ပါတယ်)၊ နောက်ပိုင်းက ဘာသတ် သတုံး (ဥပါဒါန်၊ ကံ သတ်ပါတယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဆေးလိပ်သောက်ချင်တဲ့ စိတ်ကလေးကိုလည်း အကဲခတ်ပါ (မရှိတော့ပါ)၊ မရှိတာ (အနိစ္စပါ ဘုရား)၊ မရှိမှန်းသိတာက (မဂ္ဂပါ)၊ သဘောပါ ပလား (ပါ ပါပြီ ဘုရား)။

ဒါဖြင့် မရှိတာကလေးဟာ အနိစ္စဆိုသဖြင့် နိစ္စဒိဋ္ဌိ ဆိုတဲ့ သက္ကာယဒိဋ္ဌိ ရှိသေးရဲ့လား (မရှိပါ)၊ ဟော ဒိဋ္ဌိ ပြုတ်ပြီ (မှန်ပါ့)။

ဒိဋ္ဌိပြုတ်ရင် အပါယ်ငရဲမျိုးစေ့မရှိ

ဖြစ်ပျက်ရှုလိုက်တာနဲ့ ဘာပြုတ်သွားသတုံး (ဒိဋ္ဌိ ပြုတ်သွားပါတယ်)၊ ဒိဋ္ဌိပြုတ်ရင် အပါယ်ငရဲမျိုးစေ့ ဝမ်းထဲရှိသေး ရဲ့ လား (မရှိပါ ဘုရား)။

ဪ တယ်အဖိုးတန်ပါလား ဒကာ ဒကာမတို့ (တန်ပါတယ်)၊ အင်မတန် အဖိုးတန် တယ်ဆိုတာ ပေါ်ကြ ပလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ စိတ်ပေါ်တိုင်း ပေါ်တိုင်း ဖြစ်ပျက်ရှု နေကြမယ်ဆိုရင် ဒိဋ္ဌိသတ်နေတာပဲ (မှန်ပါ့)။

ခင်ဗျားတို့စိတ်ပေါ်တိုင်း ပေါ်တိုင်း ဖြစ်ပျက်ရှုနေရင် (ဒိဋ္ဌိသတ်နေတာပါ)၊ ဒိဋ္ဌိသတ်နေတယ် ဆိုတာ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဖြစ်ပျက်က ဘာတုံး (အနိစ္စပါ)၊ ဒိဋ္ဌိသေတဲ့ အနိစ္စ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)၊ ရှုတာက (မဂ္ဂပါ ဘုရား)။

ဒီမဂ်က တစ်ခါဒိဋ္ဌိသာသတ်သလား၊ ဒိဋ္ဌိတဏှာသာ သတ်သလား၊ ဒကာသစ်ရေ ဥပါဒါန်၊ ကံပါ သတ်သလား (ဥပါဒါန်, ကံပါသတ်ပါတယ် ဘုရား)၊ ဥပါဒါန်, ကံပါသတ်တယ် ဆိုတာ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် ဖြစ်ပျက်ကို အနိစ္စမြင်လိုက်ရင်ပဲ နိစ္စဒိဋ္ဌိသေပါပြီ (မှန်ပါ့)၊ ဖြစ်ပျက်အနိစ္စ မြင်လိုက်ရင် (နိစ္စဒိဋ္ဌိ သေပါပြီ) နိစ္စဒိဋ္ဌိ သေပြီဆိုတာ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဝိပဿနာမဂ်ပင်ဖြစ်လင့် ကစား ဒိဋ္ဌိမသေဘူးလား (သေပါတယ်)၊ တဒင်္ဂ သေတယ် ဆိုတာ မှတ်လိုက်ပါ (မှန်ပါ့)၊ တဒင်္ဂဆိုတာ ခဏပေါ့ဗျာ (မှန်ပါ့ ဘုရား)၊ မသေဘူးလား (သေပါတယ် ဘုရား)။

ဒိဋ္ဌိခဏသေတယ်

ဒါဖြင့် ဒိဋ္ဌိတဒင်္ဂသေတယ်၊ ဝိပဿနာ သမ္မာဒိဋ္ဌိက သတ် လိုက်တာ ဒိဋ္ဌိက တဒင်္ဂသေပြီ ဆိုတော့ကော ထင်ရှားပလား (ထင်ရှားပါပြီ)၊ ဥပါဒါန်၊ ကံကော တဒင်္ဂ မသေဘူးလား (သေပါတယ် ဘုရား)။

ဟာ တဒင်္ဂဖြင့်သေပြီဘုရား တပည့်တော်တို့ ငရဲမျိုးစေ့တစ်ခုတော့ဖြင့် သတ်နိုင်တဲ့ နည်းလမ်း ရပါပြီလို့ ဒကာကြွယ် ဆိုရင်လွဲပါ့မလား (မလွဲပါ ဘုရား)။

ကိုင်း ဒါလောက်တောင် ဆိုးရွားယုတ်မာတဲ့ ဒိဋ္ဌိ ငါအစပျောက်ပဲ သတ်ပါတော့မယ်လို့ ကြိမ်းဝါးလိုက်ပါ (မှန်လှပါ)၊ ဒါက တဒင်္ဂဝိပဿနာနည်းနဲ့ သတ်တာ (မှန်ပါ့)။

ဘယ်စိတ်ပေါ်ပေါ် ဖြစ်ပျက်မြင်ရင် တဒင်္ဂဝိပဿနာမဂ်နဲ့ သတ်လိုက်တယ်လို့ ဆုံးဖြတ်ချက်ချပါ (မှန်ပါ့)။

အဲဒီဖြစ်ပျက်တွေကို ဒကာ ဒကာမတွေက အမြဲတမ်း ရှုပေး (မှန်ပါ့)၊ ဘယ်စိတ်လာလာ ဖြစ်ပျက်ရှုနော် (မှန်ပါ့)၊ လောဘလာကော (ရူပေးရပါမယ်)၊ ဒေါသလာရင် (ဖြစ်ပျက် ရှုရမှာပါပဲ ဘုရား)၊ ယုတ်စွအဆုံးဗျာ ကုသိုလ်စိတ် က လေးလာတာတောင် (ဖြစ်ပျက် ရှုရမှာပါ)၊ မေတ္တာပို့တဲ့ စိတ်ကလေး လာတာတောင် (ဖြစ်ပျက် ရှုရပါမယ် ဘုရား)။

အကုန်ဖြစ်ပျက်ရှုပါ

ဖြစ်ပျက်ရှုပေး၊ အကုန်ရှုပါ ဒကာ ဒကာတို့၊ မရှုရင် မတော်လို့ပါနော် (မှန်လှပါ)။

ရှုပေးတဲ့ နောက်ဆုံးပိတ် ဘာမှမရှိတောင်မှ လေကို ထွက်အောင် အားထုတ်တဲ့ စိတ်ကလေး ဘာလုပ်ရမတုံး (ဖြစ် ပျက်ရှုရပါမယ်)၊ လေကို ပြန်ရှိုက်တဲ့ စိတ်ကလေးကော (ဖြစ် ပျက်ရှု ရပါမယ်)၊ ဖြစ်ပျက် ရှုရမယ်ဆိုတာ သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ဘယ်စိတ်ပေါ်ပေါ် ဘာလုပ်ကြမယ် (ဖြစ် ပျက်ရှုရပါမယ် ဘုရား)။

ဒါက ဝိပဿနာမဂ်နဲ့ဖြတ်ပုံ

ဒါဖြင့် ဖြစ်ပျက်က ဘာတုံး (အနိစ္စပါ)၊ အနိစ္စဆို ကတည်းက နိစ္စဒိဋ္ဌိရှိသေးရဲ့ လား (မရှိပါ ဘုရား)၊ ရှုတာက (မဂ္ဂပါ ဘုရား)။

မဂ္ဂဆိုသဖြင့် ဥပါဒါန်၊ ကံ မပြတ်သေးဘူးလား (ပြတ်ပါတယ်)၊ ကံပြတ်ရင် သွားစရာ ရှိသေးရဲ့လား (မရှိပါ)၊ ဒါက ဝိပဿနာမဂ်နဲ့ဖြတ်ပုံ (မှန်ပါ့)။

ဒီနေ့တော့ အားလုံး ဒကာ ဒကာမတွေက လာနိုင်ကြ၊ ပြုနိုင်ကြတယ် (မှန်ပါ့)၊ နက်ဖြန် ကျတော့ ခင်ဗျားတို့ တဏှာ ဒိဋ္ဌိက ဆွဲတာနဲ့ မလာနိုင်တဲ့ပုဂ္ဂိုလ်တွေက အင်မတန် များကြတယ် (မှန်ပါ့ ဘုရား)။

အဲဒီတော့ မလာနိုင်တဲ့ ပုဂ္ဂိုလ်အတွက်မှာလည်း ခင်ဗျား တို့ဆက်ပြီးရှုပါ (မှန်ပါ ဘုရား)။

ဘယ်စိတ်လာလာ ဖြစ်ပျက်ရှု

အဲဒီ ဖြစ်ပျက်ကလေးတွေ ပေါ်တိုင်း ပေါ်တိုင်း ရှုပြီး သကာလ ဘယ်စိတ်လာလာ ဖြစ်ပျက်ရှုနော် (မှန်ပါ့ ဘုရား)။

ဖြစ်ပျက်ကလေးတွေ ရှုရတာ တပည့်တော်တို့ မုန်း တောင် နေပြီဘုရား (မှန်ပါ့)၊ ဖြစ်ပျက်ကလေးတွေ မြင်ရတာ မုန်းတဲ့ဉာဏ်တောင် လာနေပြီ (မှန်ပါ့)၊ လာလာ မလာလာ ဒကာ ဒကာမတွေ ရှုမြဲရှုပါ (မှန်ပါ့)။

ဖြစ်ပျက်မုန်းတာက နိဗ္ဗိန္ဒဉာဏ်

နောက်ဆုံးပိတ် ငရဲမျိုးစေ့အမြစ်နဲ့တကွ ပြတ်ရအောင် ဆိုတော့ ဒီဖြစ်ပျက်တွေကို ဒကာ ဒကာမတွေက အခု နှစ်ဉာဏ် ပြီးသွားပြီနော် (မှန်ပါ့)၊ ဖြစ်ပျက်မြင်တာက ယထာဘူတ ဉာဏ် (မှန်ပါ့)၊ ဖြစ်ပျက် မုန်းတာက ( နိဗ္ဗိန္ဒဉာဏ်ပါ ဘုရား)။

ကဲ ရှေ့တစ်ဆင့်တက်လိုက်ဦး ဒကာ ဒကာမတို့ နော် (မှန်ပါ့)၊ ရှေ့တစ်ဆင့် တက်လိုက်တဲ့ အခါကျတော့ ဖြစ် ပျက်ကလေးတွေကို ဒကာ ဒကာမတွေ ဉာဏ်တက်ပေး (မှန်လှပါ ဘုရား)။

ဒါ ဒုက္ခသစ္စာသိတာ

မုန်းပြီးသည်နောက်ကို မလျှော့နဲ့ (မှန်ပါ့)၊ ဒါဖြစ်ဒုက္ခ ပျက်ဒုက္ခဆိုတာ ဒါပဲ (မှန်ပါ့)၊ နောက်ကျတော့ ဉာဏ်ပြောင်းပေးလိုက် (မှန်ပါ့)၊ ဖြစ်ဒုက္ခ၊ ပျက်ဒုက္ခဆို တာ (ဒါပါပဲ ဘုရား)၊ ဒါ ဒုက္ခသစ္စာသိတာ (မှန်ပါ့)။

ဖြစ်ပျက်တွင်သိတာလား၊ ဒုက္ခကိုသိတာလား (ဒုက္ခ ကို သိတာပါ)၊ အင်း ဖြစ်ရတာလည်း ဘာပါလိမ့် (ဒုက္ခ ပါ)၊ ပျက်ရတာလည်း (ဒုက္ခပါ ဘုရား)။

အဲဒီ ဒုက္ခကလေးတွေချည်းသိတော့ ဪ ခန္ဓာ ကိုယ်ထဲမှာ လျှောက်ပြီးကြည့်လိုက်တာ ဒုက္ခတွေချည်း တွေ့ပါလား (မှန်ပါ့)၊ ဒုက္ခချည်း တွေ့ပါလားလို့ မလာပေဘူးလား (လာပါတယ် ဘုရား)။

အဲ ဒုက္ခက ဒုက္ခသစ္စာ၊ တွေ့တာက မဂ္ဂသစ္စာ (မှန်ပါ့)၊ ဒုက္ခက (ဒုက္ခသစ္စာပါ ဘုရား)၊ တွေ့တာက (မဂ္ဂ သစ္စာပါ ဘုရား)။

ဒုက္ခအစစ်ဆိုတာ ဒါပဲကိုး

ဒီလိုချည်းပဲ တွေ့နိုင်တဲ့အခါကျလို့ရှိရင် မလျှော့နဲ့နော် ဒကာ ဒကာမတို့ (မှန်ပါ့)၊ မလျှော့ပဲနဲ့ ဪ ဒုက္ခအစစ် ဆိုတာ ဒါပဲကိုး (မှန်ပါ့)၊ ဖြစ်တာလည်း ဒုက္ခ၊ ပျက်တာလည်း ဒုက္ခလို့ ပိုင်ပိုင်နိုင်နိုင် သိအောင်လုပ် (မှန်ပါ့)။

ပိုင်ပိုင်နိုင်နိုင် သိအောင်လုပ်လိုက်တဲ့အခါကျတော့ ဒကာ ဒကာမတွေက စိတ်ရှုနေငြား သော်လည်း စိတ်နဲ့ရုပ်နဲ့ သဟဇာတ (မှန်ပါ့)၊ “သဟဇာတ” ဆိုတာ “တကွ” ဖြစ်တာ (မှန်ပါ့)၊ စိတ်ချုပ်ရင် ရုပ်ချုပ်သွားမယ် (မှန်ပါ့)၊ ရိပ်မိ ပလား (ရိပ်မိပါပြီ ဘုရား)။

စိတ်ချုပ်ရင် (ရုပ်ချုပ်ပါမယ် ဘုရား)၊ ရုပ်ချုပ်သွားတာ ပဲဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။

အဲဒီတော့ ဒီစိတ်တွေ ဒီဒုက္ခသစ္စာကြီးဖြင့် ဖြစ်ဒုက္ခ၊ ပျက် ဒုက္ခကြီးဖြင့် သြော် မရချင် တော့ဘူး၊ စိတ်ထဲမှာ ရင့်လာပြီ (မှန်လှပါ ဘုရား)၊ ရှုတဲ့ဉာဏ် မရင့်သေးဘူးလား (ရင့် ပါတယ် ဘုရား)။

ဖြစ်ပျက်ရှာမတွေ့တော့ဘူး

ထိုကဲ့သို့ ရှုတဲ့ဉာဏ် ရင့်လာလို့ရှိရင်ဖြင့် ခင်ဗျားတို့ ဖြစ် ပျက်ကို ရှာမတွေ့တော့ဘူး (မှန်လှပါ)။

ဘာရှာမတွေ့သတုံး (ဖြစ်ပျက် ရှာမတွေ့ပါ ဘုရား)၊ ဒုက္ခလည်း ပိုင်းခြားပြီးပါရော၊ ပိုင်ပိုင်နိုင်နိုင် သိပါရော ဒကာ ဒကာမတို့ ဖြစ်ပျက် ရှာတွေ့သေးရဲ့ လား (မတွေ့ပါ ဘုရား)၊ အဲဒါ ဖြစ်ပျက်ဆုံးတာ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)၊ ဖြစ်ပျက်ဆုံးတာသည် ဒုက္ခဆုံးတာ (မှန်ပါ့)။

ဖြစ်ပျက်ဆုံးတာသည် ဒုက္ခဆုံးတာ

ဖြစ်ပျက်ဆုံးတာသည် ဘာပါလိမ့် (ဒုက္ခဆုံးတာပါ ဘုရား)၊ ဟာ ဒုက္ခဆုံးတာ ဘာခေါ်ကြမယ် (နိဗ္ဗာန်ပါ ဘုရား)။

အဲဒီ ဒုက္ခလည်း ဆုံးပါရော၊ သြော် ဆုံးပေါ့၊ ဆုံး ပေါ့၊ ဒုက္ခတွေ ဆုံးပေါ့ဆိုပြီး သကာလ ခင်ဗျားတို့ ကြည့်သာနေ၊ ကြည့်နေတဲ့အခါကျလို့ရှိရင်ဖြင့် ဒုက္ခဆုံးတာက နိဗ္ဗာန်၊ ကြည့်နေ တာက ပစ္စဝေက္ခဏာဉာဏ် (မှန်ပါ့)။

ဒုက္ခဆုံးတာက နိဗ္ဗာန်

ဒုက္ခဆုံးတာက (နိဗ္ဗာန်ပါ ဘုရား)၊ ကြည့်နေတာက (ပစ္စဝေက္ခဏာဉာဏ်ပါ ဘုရား)။

အဲဒီဉာဏ်ရတော့ ဪ မဂ်ဉာဏ်လည်းပြီးပြီ၊ ဖိုလ် ဉာဏ်လည်းပြီးပြီ၊ ပစ္စဝေက္ခဏာ ဉာဏ်လည်း ပြီးပြီဆိုတော့ ဒိဋ္ဌိ ပြုတ်ရင် ဝိစိကိစ္ဆာ အထူးပြုတ်စရာမလို၊ ဒိဋ္ဌိနဲ့ ဝိစိကိစ္ဆာ တွဲပြုတ်သွားတယ် (မှန်ပါ့)။

သုဗြဟ္မနတ်သား သောတာပန်တည်တယ်

အဲဒီလို ပြုတ်သွားတော့ ခုနင်က သုဗြဟ္မနတ်သားမှာ လည်း ဒီအတိုင်းလုပ်လို့ ဒကာ ဒကာမတို့ သွားရမည့်လမ်း သေချာပြီးသားတောင် နတ်သမီးငါးရာနဲ့ သုဗြဟ္မနတ်သား သော တာပန်တည်တယ်၊ မဂ်က ကယ်တင်လိုက်တာ (မှန်လှပါ ဘုရား)။

သွားရမှာ သေချာသလား မသေချာဘူးလား (သေ ချာပါတယ် ဘုရား)၊ သူများပြောတာလား၊ သူတို့ကိုယ်တိုင်မြင်ပြီး သားလား (သူတို့ကိုယ်တိုင်မြင်ပြီးသားပါ ဘုရား)၊ အဲဒါကြောင့် ကယ်တင်နိုင် တယ်ဆိုတာ သေချာပလား (သေချာ ပါပြီ ဘုရား)။

ဒီမှာလည်း ဒကာ ဒကာမတို့ ခင်ဗျားတို့ ဖြစ်ဒုက္ခ၊ ပျက်ဒုက္ခကို ပိုင်ပိုင်နိုင်နိုင် သိပြီး သကာလ တစ်ခါတည်းဆုံးအောင် သာလိုက်ပစ်လိုက် (မှန်ပါ့)၊ ဒါကြီးနဲ့ မနေချင်တော့ဘူး ဆိုရင် မဆုံး ပေဘူးလား (ဆုံးပါတယ် ဘုရား)၊ ဆုံးတာသည် ဘာခေါ် ကြမယ် (နိဗ္ဗာန်ပါ ဘုရား)၊ ဆုံးတာကို မြင်တာသည် (မဂ် ဉာဏ်ပါ ဘုရား)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

အဲဒီမဂ်ဉာဏ်သည် ဒိဋ္ဌိဝိစိကိစ္ဆာဆိုတဲ့ ငရဲမျိုးစေ့ကို အကုန် သတ်နိုင်တဲ့ဉာဏ် ဖြစ်လေ သောကြောင့် ဒကာ ဒကာမတို့ မဂ္ဂင်မှ တစ်ပါး ကယ်မည့် ယူမည့်သူမရှိဘူးဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ ဘာရှုကြမလဲလို့ မေးရင် ဘယ့်နှယ် ဖြေကြမလဲ (ဖြစ်ပျက်ရှုရပါမယ် ဘုရား)၊ ကိုယ့်စိတ်ထဲ ပေါ်တိုင်း ပေါ်တိုင်း ဘာတုံး (ဖြစ်ပျက် ရှုရပါမယ် ဘုရား)။

ဘာစိတ်ပေါ်ပေါ် ပုထုဇဉ်ဟာ ပုထုဇဉ်စိတ်ပဲပေါ်မယ် (မှန်ပါ့)၊ တခြားစိတ်ကို ရှုစရာလည်း မရှိပါဘူးဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။

ဒါဖြင့် ပုထုဇဉ်စိတ်ပေါ်တိုင်း ပေါ်တိုင်း ဘာလုပ်ရမလဲ (ဖြစ်ပျက်ရှုရပါမယ် ဘုရား)၊ ဒါဖြင့် ပုထုဇဉ်စိတ်က ဖြစ်ပျက်၊ ရှုတာက (မဂ်ပါ ဘုရား)။

ပုထုဇဉ်စိတ်ပေါ်တိုင်း ပေါ်တိုင်း ပုထုဇဉ်စိတ်က (ဖြစ်ပျက်ပါ ဘုရား)၊ ရှုတာက (မဂ်ပါ ဘုရား)၊ သဘောကျ ပလား (ကျပါပြီ ဘုရား)၊ သေတာက ဒိဋ္ဌိ၊ တဏှာ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

နတ်သမီးငါးရာလည်း သောတာပန်တည်တယ်

ဒါဖြင့် သုဗြဟ္မနတ်သားနဲ့ နတ်သမီးငါးရာ ဒီအတိုင်း ရှု လိုက်တာနဲ့၊ ဒကာ ဒကာမတို့ ဘုရားက ဒါမှတစ်ပါး အားကိုးရာ မရှိဘူးကွဆိုပြီး ရှုလိုက်တာနဲ့၊ သွားရမည့်ငရဲ သေချာပြီးသားကို မဂ်က ကယ်တင်လိုက်တာနဲ့ နတ်သမီး ငါးရာလည်း သောတာပန် တည်တယ်၊ နတ်သားလည်း သောတာပန် တည်တယ်၊ သွား ရသေးရဲ့ လား (မသွားရပါ ဘုရား)။

ဒကာသိုက်တို့၊ ဒကာသစ်တို့ သေသေချာချာ စဉ်းစား၊ သေချာပြီးသား ကယ်တင်နိုင်တာလည်း မဂ္ဂင်ပဲ (မှန်ပါ့)။

ဒကာကြွယ် ဘာပါလိမ့် (ငရဲ သေချာပြီးသား ကယ် တင်နိုင်တာ မဂ္ဂင်ပါ ဘုရား)။

သေချာပြီးသားတောင် ကယ်တင်နိုင်တယ်ဆိုတော့ ဒီ ဒကာ ဒကာမတွေ မသေချာ သေးပါဘူး (မှန်ပါ)၊ သွားရမှာတော့ ခင်ဗျားတို့ မဂ္ဂင်အလုပ် မလုပ်ရင်တော့ သွားရမှာပဲ (မှန်ပါ့ ဘုရား)။

ကိုယ့်ကိုယ်ကို သနားရင် ကယ်တင်ကြ

အဲဒါကြောင့် ကိုယ့်ကိုယ်ကို သနားရင် ကယ်တင်ကြပါ (မှန်လှပါ)၊ ဘယ့်နှယ်လဲ ကိုယ့်ကိုယ်ကို သနားရင် (ကယ်တင်ကြပါ ဘုရား)။

ဟာ ဘုန်းကြီးပြောတော့ အလွယ်ကလေး၊ ကိုယ် လုပ်တော့ ခက်တယ်ဘုရား ဖြည်းဖြည်းမှ လုပ်တော့မယ် ဆိုတော့ ဖြည်းဖြည်းမှ ကယ်တင်တော့မယ် အဓိပ္ပါယ်ရတယ် (မှန်ပါ့)၊ သဘောကျ ပလား (ကျပါပြီ ဘုရား)။

ဖြည်းဖြည်းမှ ကယ်တင်တော့ အသေကစောတော့ အပါယ်ရောက် မသွားပေဘူးလား (ရောက်ပါတယ် ဘုရား)။ အဲဒီတော့ ကယ်တင်တဲ့ ဉာဏ်ကလေးက အပါယ်ကျတော့ ပေါ် ပါဦးမလား (မပေါ်ပါ ဘုရား)။

အဲဒါကြောင့် ဒကာ ဒကာမတို့ ကိုယ့်စိတ်ကိုယ် ရှုပါ (မှန်ပါ့ ဘုရား)၊ ဝိပဿနာဆိုတာ ဘာပါလိမ့် (ကိုယ့် စိတ်ကိုယ်ရှုတာပါ ဘုရား)။

ရှေ့စိတ်ကို နောက်စိတ်နဲ့ရှုစမ်းပါ

ကိုယ့်စိတ် ၁ နံပါတ်ကို ၂ နံပါတ်နဲ့ရှု (မှန်ပါ့ ဘုရား)၊ ၁ နံပါတ်က ဖြစ်ပျက်၊ ၂ နံပါတ်က မဂ် (မှန်ပါ့)၊ ရှေ့စိတ် ကို နောက်စိတ်နဲ့ရှုစမ်းပါ (မှန်ပါ့)၊ သေချာပလား (သေ ချာပါပြီ ဘုရား)။

ရှေ့စိတ်ကို (နောက်စိတ်နဲ့ ရှုရပါမယ် ဘုရား)၊ အဲ ရှေ့စိတ်က ဖြစ်ပျက်၊ နောက်စိတ်က မဂ်ပဲ (မှန်ပါ့)။

ရှေ့စိတ်က (ဖြစ်ပျက်ပါ ဘုရား)၊ နောက်စိတ်က (မဂ်ပါ ဘုရား)။

အဲဒီ မဂ်ရလို့ရှိရင်ဖြင့် ဒုက္ခအဆုံးပါမြင်အောင် ရှုပေတော့ (မှန်လှပါ)၊ ဖြစ်ပျက်က ဒုက္ခသစ္စာ၊ ဖြစ်ပျက်ဆုံးတာက ဘာ ဆိုကြမယ် (နိရောဓသစ္စာပါ ဘုရား)၊ နိရောဓသစ္စာ ဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။

အဲဒါမြင်အောင်သာ လိုက်လို့ရှိရင်ဖြင့် နိရောဓသစ္စာနဲ့ မဂ္ဂသစ္စာက ခင်ဗျားတို့ကို ရှေးကပြုထားတဲ့ အကုသိုလ်တွေကို လည်း သူတို့က ဖြတ်ပေးလိုက်တယ် (မှန်ပါ့)၊ ယခု မသိ မလိမ္မာလို့ ဒီဘဝမိုက်မဲ ထားတာတွေကော (ဖြတ်ပေးပါတယ် ဘုရား)၊ အနာဂတ် မိုက်လတ္တံ့ တွေကော (ဖြတ်ပါတယ် ဘုရား)။

အဲဒါကြောင့် ခင်ဗျားတို့ နောက်က မိုက်ပြစ်တွေကို လည်း ဖြေဖျောက်နိုင်တာ မဂ္ဂင် (မှန်ပါ့)၊ မိုက်ဆဲတွေ ဖြေ ဖျောက်နိုင်တာလည်း (မဂ္ဂင်ပါ ဘုရား)၊ မိုက်လတ္တံ့ တွေ ဖြေဖျောက် ကယ်ယူ နိုင်တာလည်း (မဂ္ဂင်ပါ ဘုရား)။

မဂ္ဂင်အလုပ်မှတစ်ပါး အားကိုးစရာမရှိ

အဲဒီတော့ အမိုက်သုံးမျိုးကို ခင်ဗျားတို့ ကယ်ယူပို့ဆောင် နိုင်တာကတော့ဖြင့် မဂ္ဂင်ပဲရှိ သောကြောင့် မဂ္ဂင်အလုပ်မှတစ်ပါး အားကိုးစရာမရှိဘူးဆိုတာ သေသေချာချာမှတ်ပြီး၊ ကိုယ့်စိတ် ကိုယ်ရှုပါ (မှန်ပါ့ ဘုရား)။

ကိုင်း ယနေ့ ဒီတွင် တော်ကြဦးစို့။

သာဓု သာဓု သာဓု။

 
မာတိကာသို့