009

မာတိကာသို့

သောတာပန်ဖြစ်ဖို့ နှစ်ချက်

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး ဟောကြားဆုံးမတော်မူသော

သောတာပန်ဖြစ်ဖို့ နှစ်ချက်

(ဝေဒနာနုပဿနာရှုနည်း)

(၃၁-၁၂-၅၈)

သောတာပန်ဆိုတဲ့ဥစ္စာ ဘာတုံးလို့ မေးလို့ ရှိရင်ဖြင့် “မှန်မှန်ကန်ကန် သမ္မာဒိဋ္ဌိဖြစ်တာ” ကို သောတာပန်လို့ဆိုသည်။

သောတာပန်ဆိုတာ မှန်မှန်ကန်ကန် သမ္မာဒိဋ္ဌိ ဖြစ်ရင် သောတာပန်ပဲလို့ မှတ်ထားရမယ် (မှန်ပါ)။

သောတာပန်ဆိုတာ ဘာပါလိမ့် (မှန်မှန်ကန်ကန် သမ္မာ ဒိဋ္ဌိ ဖြစ်တာပါဘုရား)၊ အဲဒါ ဘုန်းကြီးတို့ ဒကာဒကာမတွေကို ရဟန္တာ နှစ်ပါး သူတို့မေးကြမြန်းကြတော့ သူတို့ကိုယ်တိုင်လည်း ရှင်သာရိ ပုတ္တရာကလည်း ရဟန္တာကြီး၊ ရှင်ကောဋ္ဌိက,ကလည်း ရဟန္တာကြီး၊ ရှင်ကောဋ္ဌိက ရဟန္တာ ဖြစ်သော်လည်း ရှင်သာရိ ပုတ္တရာကို မေးလိုက်တယ်၊ အရှင်ဘုရား သောတာပန် စပြီး သကာလ တည်ချင်လို့ သောတာပန်ဆိုတာ သမ္မာဒိဋ္ဌိ မှန်မှန် ကန်ကန် ဖြစ်ဖို့ရာ သောတာပန် တည်ချင်လို့ ရှိရင်ဖြင့် သောတာပန် ဖြစ်ဖို့ရာ အင်္ဂါ ဘယ်နှစ်ပါး လိုပါသလဲလို့ ဆိုတာ ရှင်ကောဋ္ဌိက, က မေးတယ်၊ မေးသာ မေးတယ်၊ မောင်နိုင်တို့ ကိုဝတို့ ကိုစံလှတို့ မှတ်ရမှာက သိပြီးသားကို မေးတယ်လို့ မှတ်ပါ (မှန်ပါ့)။

သူကိုယ်တိုင် ရဟန္တာကြီး ဖြစ်ပြီးသကာလ လာခဲ့တယ်။ အမေးခံရတဲ့ ပုဂ္ဂိုလ်ကလဲ နောင်လာ နောက်သားတွေကို သောတာပန် အဖြစ်ဟာ ခဲယဉ်းပြီး သကာလ နေတယ်လို့ ထင်မှာစိုးရိမ်တဲ့ အတွက် ရှင်သာရိပုတ္တရာကလဲ အဖြေပေးမှာပဲ (မှန်ပါ့)။

ဒါကြောင့် သောတာပန် တည်ချင်လို့ရှိရင်ဘုရား တဲ့ သမ္မာဒိဋ္ဌိဖြစ်မှ တည်တယ်လို့ ဆိုပါတယ်၊ အဲဒီ သမ္မာဒိဋ္ဌိဖြစ်ခြင်း ၏အကြောင်းကို တပည့်တော်အား အမိန့်ရှိပါလို့ ရှင်ကောဋ္ဌိက,က မေးတယ် (မှန်ပါ့)။

မေးတဲ့အခါ ရှင်သာရိပုတ္တရာက သောတာပန်တည်ဖို့ သမ္မာဒိဋ္ဌိကတော့ကွာ တဲ့၊ မှန်မှန်ကန်ကန် ဖြစ်ဖို့ရာ ကတော့ ကိုယ် နဲ့ လျောက်ပတ်တဲ့ တရားကိုနာမှုတဲ့၊ မိမိနဲ့ လျောက်ပတ်တဲ့ တရားကို နာမှုတဲ့ (မှန်ပါ့)၊ သဘောကျပြီနော် (ကျပါပြီ ဘုရား)။

၁-နံပါတ်က မိမိနဲ့ လျောက်ပတ်တဲ့ တရားကို နာမှု တဲ့၊ လျောက်ပတ်ဆိုတာက တချို့ စိတ်ရှုမှ မဂ်ဖိုလ်ဆိုက်တာ ရှိတယ်။ တချို့က ဝေဒနာရှုမှ မဂ်ဖိုလ်ဆိုက်တာ ရှိတယ်၊ တချို့က ရုပ်ရှုမှ မဂ်ဖိုလ်ဆိုက်တာ ရှိတယ်၊ ဒါကြောင့် ကိုယ်နဲ့ လျောက်ပတ်တဲ့ တရားကို နာမှုက ၁-နံပါတ်၊ တရားမနာဘဲနဲ့တော့ မဖြစ်ဘူးပေါ့ လေ (မှန်ပါ့)။

ဒါဖြင့် မှန်ကန်တဲ့ သမ္မာဒိဋ္ဌိဖြစ်ချင်လို့ရှိရင်ဖြင့် ဘယ်လို များပါလိမ့်၊ ဘယ်လို ဖြည့်စွက်မှ ဘယ်လို အကြောင်းညီညွတ်မှ သောတာပန် ဖြစ်နိုင်ပါ့ မလဲလို့ မေးတဲ့အခါကျတော့ ကိုယ်နဲ့ လျောက်ပတ်တဲ့ တရားကို နာမှုရှိမှလို့ ရှင်သာရိပုတ္တရာက ၁နံပါတ် ဖြေလိုက်တယ် (မှန်ပါ့)။

ဘယ့်နှယ်ဖြေပါလိမ့် (ကိုယ်နဲ့လျောက်ပတ်တဲ့ တရား ကိုနာမှုရှိမှပါ ဘုရား)၊ကိုယ်နဲ့ လျောက်ပတ်တဲ့ တရားနာမှု ဆိုတော့ သတိပဋ္ဌာန် လေးပါး ရှိတယ်၊ တချို့က ဝေဒနာရှုမှ ထင်ရှားတယ်၊ တချို့ကလဲ စိတ်ရှုမှ ထင်ရှားတယ်၊ တချို့ကလဲ သစ္စာရှုမှ ထင်ရှား တယ်၊ တချို့ကလဲ ကာယာနုပဿနာဆိုတဲ့ ရုပ်တစ်ခုခုကို ရှုမှ ထင်ရှားတယ်။

အဲဒီတော့ သူထင်ရှားတာတွေက သူ့စရိုက်နဲ့ သူ လာတာ ဖြစ်ပြီး သကာလ နေတော့ အားလုံး ဒကာဒကာမတွေ သိပြီးသား အတိုင်း ကိုယ်နဲ့ လျောက်ပတ်တဲ့ တရားနာမှုဟာ ၁-နံပါတ် အရေးကြီးတယ် (မှန်ပါ့)၊ ကိုယ့်စရိုက်နဲ့ လျော်တဲ့ တရားနာမှုဟာ ၁-နံပါတ်လို့ မှတ်လိုက်ပါ (မှန်ပါ့)။

ကောင်းပြီ ဒါဖြင့် အရှင်ဘုရား ဒီတစ်ပါးပဲလား တဲ့။ သောတာပန်တည်ချင်လို့ရှိရင် ဒီတရားတစ်ပါး နာတာနဲ့ပဲ ကိစ္စ ပြီးရတော့မှာလားလို့ ရှင်ကောဋ္ဌိက,က ဆက်ပြီး မေးတယ်၊ မပြီးသေးဘူး တဲ့(မှန်ပါ့)။

ကိုယ်နဲ့ လျောက်ပတ်တဲ့တရားနာရုံမျှနဲ့လဲ မပြီးသေးဘူး တဲ့၊ ယောနိသော မနသိကာရ ဆိုတဲ့ နှလုံးသွင်း မှန်မှု ကလေးလဲ ဒုတိယ အချက်ထည့်ပါဦးတဲ့ (မှန်ပါ့)၊ နှလုံးသွင်းမှန်မှုဟာ ဒုတိယ အချက်တဲ့ ဒကာ ဒကာမတို့ (မှန်ပါ့)။

နှလုံးသွင်းမှန်မှုဟာ ဘာပါလိမ့် (ဒုတိယ အချက်ပါ ဘုရား)၊ ကိုယ်နဲ့လျောက်ပတ်တဲ့ တရားနာမှုဟာ (ပထမ အချက် ပါ ဘုရား)၊ ဤနှစ်ချက်သာ ပြည့်စုံဖို့လိုတယ်ကွာ တဲ့၊ ဤ နှစ်ချက် ပြည့်စုံလို့ ရှိရင်ဖြင့် သောတာပန် တည်ဖို့ရာဟာဖြင့် ဤအင်္ဂါ နှစ်ပါးပဲ ရှိပါတယ်လို့ ရှင်သာရိပုတ္တရာက ရှင်ကောဋ္ဌိက ရဲ့ အမေးကို နောင်လာ နောက်သားတွေအတွက် အဖြေနှစ်ခု ပေးခဲ့တာကို ဘုန်းကြီးတို့ ဒကာ ဒကာမတွေက လေးလေးနက်နက် မှတ်ပြီး သကာလ ကိုယ်နဲ့ လျောက်ပတ်တဲ့ တရားနာမှု၊ နှလုံး သွင်း မှန်မှု၊ ဤနှစ်ခုရှိလို့ရှိရင် သောတာပန် အမှန်အကန်မြင်တဲ့ သမ္မာဒိဋ္ဌိ ဖြစ်ပါတယ်ကွာလို့ သေသေချာချာ ဟောတယ် (မှန်ပါ့)။

အဲဒါကြောင့် ဘာပါရမီတွေ၊ ဘာတွေ ဒါလောက်မလိုလှ ဘူးလို့ မှတ်လိုက်စမ်းပါ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ပါရမီ တကယ်လိုတာက လက်ဝဲရံဖြစ်ရပါလို၏၊ လက် ယာရံ ဖြစ်ရပါလို၏ဟုတ်လား (မှန်ပါ့)၊ အသီတိ မဟာ သာဝကကြီး ရှစ်ကျိပ် ဖြစ်ရပါလို၏ အစရှိသည်နဲ့ ဒီလို သောတာ ပန်တည်ရုံမျှမကဘဲနဲ့ ဂုဏ်ထူးကြီးတဲ့ အရာတွေပါ လိုချင်လို့ရှိရင် တော့ဖြင့် အသင်္ချေနှင့် ကမ္ဘာတစ်သိန်းရယ် ကမ္ဘာတစ်သိန်း ကာလရယ် ဆိုတာတွေ ပြုလုပ်ကြရလိမ့်မယ် (မှန်ပါ့)။

ဟာ တပည့်တော်တို့ဖြင့် သံသရာရှည်တာလဲ မကြိုက် ပါဘူး၊ ပါရမီလဲ ဒါလောက် ကြာအောင် မဖြည့်ချင်ပါဘူး၊ နိဗ္ဗာန် ဝင်တဲ့အခါ ကျလို့ရှိရင် ဂုဏ်ထူးနဲ့လဲ မဝင်ချင်တော့ပါဘူး၊ မြန် မြန်ပဲ ခန္ဓာဇာတ်သိမ်း ငြိမ်းရာဖြစ်တဲ့ နိဗ္ဗာန် လိုချင်ပါတယ် ဆိုလို့ ရှိရင်ဖြင့် ဒကာ ဒကာမတို့ ဒီနှစ်ချက်ပဲ (မှန်ပါ့)၊ ကိုဝ အလွယ် သားပဲ (လွယ်ပါတယ် ဘုရား)၊ မောင်နိုင် မလွယ်ဘူးလား (လွယ် ပါတယ် ဘုရား)။

ကိုယ်နဲ့ လျောက်ပတ်တဲ့ တရားကို နာမှု ၁-နံပါတ်၊ သဘောကျပလား (ကျပါပြီ)၊ နှလုံးသွင်း မှန်မှု (၂-နံပါတ် ပါ ဘုရား)၊ ဤ နှစ်ခု ရှိလို့ရှိရင်ဖြင့် ဆုကြီးပန် မဟုတ်ခဲ့လို့ရှိရင် ဒါဟာကွာ သောတာပန် တည်တာပါပဲတဲ့ (မှန်ပါ့)။

ဒကာ ဒကာမတွေ အားတက်စရာသိပ်ကောင်းပါတယ် (ကောင်းပါတယ် ဘုရား)၊ မေးတဲ့ပုဂ္ဂိုလ်က ရှင်ကောဋ္ဌိက ဆိုတဲ့ ရဟန္တာ၊ ဖြေတဲ့ပုဂ္ဂိုလ်က ရှင်သာရိပုတ္တရာ၊ အဲဒါ မဟာဝေဒလ္လသုတ်မှာ (မှန်ပါ့)။

မဟာဝေဒလ္လသုတ် ဆိုတဲ့ဥစ္စာ မူလပဏ္ဏာသ ပါဠိတော်မှာ လာတယ်လို့ မှတ်ပါ (မှန်ပါ့)၊ အဲဒီမှာ သေသေချာချာ ဟော ထားတဲ့အတွက် ရှေးက သူများပြောသံကြားတွေကို အားလုံး ဒကာ ဒကာမ တွေက မှတ်မထားဘဲနဲ့ သောတာပန် တည်ချင်လို့ ရှိရင် ဒီအင်္ဂါနှစ်ချက်သာ ပြည့်စုံဖို့ အရေးကြီး တယ်ဆိုတာကို ယနေ့ ဆုံးဖြတ်ချက် ချပစ်လိုက်ပါ (မှန်ပါ့)။

သောတာပန် တည်ချင်လို့ ရှိရင်ဖြင့် ကိုယ်နဲ့လျောက်ပတ် တဲ့ တရားဆိုတာကို နာမှု (မှန်ပါ့)၊ လျောက်ပတ်တဲ့တရားဆိုတာ က သတိပဋ္ဌာန် လေးပါးထဲက တစ်ပါးပါးပဲ (မှန်ပါ့)၊ကိုယ်နဲ့ လျောက်ပတ် တဲ့ တရားနာမှု ၁-နံပါတ်၊ နှလုံးသွင်းမှန်မှု ၂နံပါတ် (မှန်ပါ့)၊ ဤအင်္ဂါနှစ်ပါးနဲ့ ပြည့်စုံလို့ ရှိရင်ဖြင့် ဆုကြီး ပန် မဟုတ်ခဲ့သော် ဒကာ ဒကာမတို့ ဘယ်အချိန်မဆို ရတယ် လို့ ဆုံးဖြတ်ချက်ချပါ (မှန်ပါ့)။

ဒါဖြင့် မောင်နိုင်ရေ သိပ်ဝေးသေးသလားလို့ မေးရင် (မဝေးပါ ဘုရား)၊ အဲဒီတော့ ဘုန်းကြီးများ ကတော့ဖြင့် ဒကာ ဒကာမတွေကို သတိပဋ္ဌာန်ကို သေသေချာချာ ဟောနေတာပဲ၊ စိတ္တာနုပဿနာလဲ ဟော၊ ဝေဒနာ နုပဿနာလဲ ဟော၊ ကာယာ နုပဿနာလဲ ဟော၊ သစ္စာဆိုတဲ့ ဓမ္မာနုပဿနာတွေလဲ ဟော၊ အဲဒီတော့ ဒီအထဲက တစ်ခုခုတော့ တိုက်မိရတော့မှာ သေချာ တယ် (မှန်ပါ့ ဘုရား)။

ခင်ဗျားတို့ နားထဲမှာ သတိပဋ္ဌာန်လေးပါးထဲက တစ်ပါး ပါးနဲ့ တော့ဖြင့် ကိုယ့်စရိုက်နဲ့ ကိုယ့်အကြိုက်တော့ တွေ့တော့မှာ ပဲ (မှန်ပါ့)။

တွေ့တဲ့အခါကျလို့ရှိရင် ဪ ဒါ ၁-နံပါတ် အောင်မြင် ပြီးကာလ၊ ၂-နံပါတ် နှလုံးသွင်း မှန်မှုကလေး ဒါကို အထူးဂရု စိုက်ပါဆိုတာ ယနေ့ လေးလေးနက်နက်ပဲ ဒကာ ဒကာမတွေကို သိစေချင်လို့ ပြောကြားသည်လို့ မှတ်ရမယ် (မှန်ပါ့ ဘုရား)။

ဒီနှစ်ချက်ကိုဖြင့် မေ့မပစ်လိုက်ကြပါနဲ့ဆိုတာ ဒကာ ဒကာ မတွေကို သတိပေးရတယ် (မှန်ပါ့ ဘုရား)၊ ၁-နံပါတ်က ဘာတဲ့ (ကိုယ်နဲ့ လျောက်ပတ်တဲ့တရားကို နာမှု)၊ သတိပဋ္ဌာန် လေးပါးထဲက တစ်ပါးပါးပေါ့ ဗျာ (မှန်ပါ့ ဘုရား)။

ကိုယ်နဲ့လျောက်ပတ်တာ ကိုယ်ကြိုက်တာ၊ တပည့်တော် ကတော့ ဝေဒနာမှ ထင်ရှား တယ် ဘုရား၊ အဲဒါကြောင့် ဝေဒနာကို တပည့်တော်တို့ အတွေ့ များတယ် ဆိုလို့ရှိရင် အဲဒါ ကိုယ်နဲ့လျောက် ပတ်တဲ့တရားသာ မှတ် (မှန်ပါ့)၊ တပည့်တော်က စိတ်ကိုပဲ အားကြီး ရှုလို့ ၊ မြင်လွယ် ထင်လွယ် ရှိတယ်ဘုရား ဆိုလို့ ရှိရင် ဒကာ ဒကာမတွေ ကိုယ်နဲ့လျောက်ပတ်တာ စိတ်ပဲလို့ မှတ်ပါ(မှန်ပါ့)။

တပည့်တော်ကတော့ ဘုရား ရုပ်တွေ၏ ဓာတ်လေးပါးတို့ ၏ လှုပ်လိုက် ငြိမ်လိုက် ဝါယော ဓာတ်တွေ ဖြစ်တာ ပျက်တာ တွေ ပူလိုက် အေးလိုက်၊ တေဇောဓာတ်တွေ ဖြစ်တာ ပျက်တာ တွေ တပည့်တော်က ဒါပဲ ထင်ရှားတယ်ဆို ရင် အဲဒါ ကိုယ်နဲ့ လျောက်ပတ်တဲ့ တရားလို့ မှတ်ပါ (မှန်ပါ့)။

တပည့်တော်ကတော့ ဘယ်ဟာ ကြည့်လိုက် ကြည့်လိုက် ဝိပရိဏာမ ဖောက်ပြန်တာ ကလေး တွေဟာ ဒုက္ခသစ္စာချည့်ပဲလို့ မြင်နေတယ်၊ ဝေဒနာကြည့်လဲ ဖောက်ပြန်တဲ့ ဒုက္ခသစ္စာလို့ပဲ မြင်တာပဲ၊ လောဘ စိတ်တွေ ကုသိုလ်စိတ်တွေ ကြည့်လိုက်ပြန်လဲ ဖောက်ပြန်တဲ့ ဒုက္ခသစ္စာချည့်ပဲ မြင်တယ်ဆိုရင် သြော် သူက သစ္စာဆိုတဲ့ ဓမ္မာနုပဿနာ သတိပဋ္ဌာန်နဲ့ သူ့စရိုက်နဲ့ ကိုက်လို့ သူ့ဉာဏ်လဲ အထင်များတာကိုး ဆိုပြီး အဲဒါ ကိုယ်နဲ့လျောက်ပတ် တဲ့ တရားလို့ မှတ်လိုက်ပါ (မှန်ပါ့ ဘုရား)။

ဒါနဲ့ ကိုယ်နဲ့ လျောက်ပတ်တဲ့ တရားကတော့ ရှုကြည့်ရင် သိတယ်နော် (မှန်ပါ့)၊ ရှုကြည့်ရင် သိပါတယ် ဒကာ ဒကာမ တို့၊ အဲဒီတော့ ဘုန်းကြီးက ကူညီရမှာက ဘာကို ကူညီရမလဲလို့ မေးတော့ ၂-နံပါတ်ဖြစ်တဲ့ နှလုံးသွင်းမှန်မှုကလေးတော့ ကူညီရလိမ့်မယ် (မှန်ပါ့ ဘုရား)။

နှလုံးသွင်းမှန်မှုဆိုတာ ဒကာ ဒကာမတွေ နှလုံးသွင်းမှုဆို တဲ့ အချက်ကလေးဟာက အင်မတန် အရေးကြီးပါတယ်၊ နှလုံး သွင်းမှုဆိုတာက ဒကာ ဒကာမတို့ ဘာပါလိမ့်မလဲလို့ မေးနေ စရာ မလိုပါဘူး၊ ကိုယ့်စရိုက်နဲ့ တော်တဲ့ တရားဟာ ကိုယ်တွေ့ ပြီ၊ ဥပမာ စိတ်ဖြင့်လဲ စိတ်နဲ့ပဲ ကိုယ့်စရိုက်နဲ့ ကိုယ်နဲ့လျော်တယ်။ ဝေဒနာပဲ ကိုယ်နဲ့လျော်တယ်ဆိုလို့ရှိရင်ဖြင့် အဲဒီ လျော်တဲ့တရား ကို ကိုယ်ကနာထားပြီး ရှုတဲ့အခါကျတော့ နှလုံးသွင်းမှန်မှုဟာ ဘုန်းကြီးတို့ကလဲ ကူညီမယ်၊ ဒကာ ဒကာမတွေကလဲ ဒီနှလုံးသွင်းနဲ့ အရယူပြီး သကာလ တည့်အောင် ဂရုစိုက်ပါ ဆိုတာယနေ့ ပြောရတယ် (မှန်ပါ့ ဘုရား)။

ကဲ ဒါဖြင့် နှလုံးသွင်းမှန်မှုဆိုတာ ဒကာ ဒကာမတို့ တခြား မဟုတ်ပါဘူး၊ အနိစ္စရှုရင် အနိစ္စသိ၍ ဒါနှလုံးသွင်းမှန်ပြီ လို့ မှတ် (မှန်ပါ့ ဘုရား)။

အနိစ္စရှိတဲ့တရားကို အနိစ္စရယ်လို့ တွေ့ရင် (နှလုံးသွင်း မှန်ပါပြီ)၊ ဒုက္ခရှိတဲ့တရား ဒုက္ခ ဖြစ်နေတာကို ဒုက္ခရယ်လို့ တွေ့ ရင် (နှလုံးသွင်း မှန်ပါပြီ ဘုရား)။

အဲ ပုဂ္ဂိုလ်သတ္တဝါတွေ ပျောက်ပြီးသကာလ၊ အနိစ္စရှိ၍ အနိစ္စတွေ့တာပဲလို့ဆိုရင် ဒါ နှလုံးသွင်း မှန်တာပါပဲ (မှန်ပါ့)၊ အနတ္တရှိ၍ အနတ္တတွေ့ရင်ကော (နှလုံးသွင်းမှန်ပါတယ်)၊ အသုဘ ရှိ၍ အသုဘ တွေ့ရင်ကော (နှလုံးသွင်း မှန်ပါတယ် ဘုရား)။

အဲဒီတော့ ဒကာ ဒကာမတွေ နှလုံးသွင်းမှန်မှုကိုလဲ အနိစ္စ ခပ်သန်သန် ရှုလိုက်တဲ့အခါမှာ အနိစ္စရှိ၍အနိစ္စပဲ ဉာဏ်ထဲမှာတွေ့ လို့ရှိရင် ဒါ နှလုံးသွင်းမှန်ပြီလို့ မှတ်လိုက်ပါတော့(မှန်ပါ့ ဘုရား)။

ကိုယ်က ဒုက္ခ အလေ့အကျက်များလို့ ဒီဥစ္စာကလေးဟာ ဖြစ်ဒုက္ခ ပျက်ဒုက္ခလို့ ဆိုပြီး ဒုက္ခကလေးတွေချည်းပဲ ဉာဏ်ထဲ မှာ ဝေဒနာကြည့်လိုက်ပြန် ဝေဒနာမတွေ့ ဒုက္ခတွေ့၊ စိတ်ကြည့် လိုက်ပြန်လဲ စိတ်မတွေ့ ဒုက္ခတွေ့ဆိုလို့ရှိရင်ဖြင့် ဒါ နှလုံးသွင်း မှန်ပြီလို့ပဲ ဒကာ ဒကာမတွေ ဆုံးဖြတ်ချက်ချပါတော့ (မှန်ပါ့)၊ အနတ္တရှိ၍ အနတ္တတွေ့ရင်ကော (နှလုံးသွင်းမှန်ပါတယ် ဘုရား)။

ကိုင်း ဒါဖြင့် နှလုံးသွင်းမှန်ဆိုတာက ဒကာ ဒကာမတို့ အရှိနဲ့အသိ ကိုက်ဖို့ပါပဲလို့ ခဏခဏ ပြောတယ် (မှန်ပါ့)၊ ဘယ် လိုပါလိမ့် (အရှိနဲ့ အသိ ကိုက်ဖို့ပါ ဘုရား)။

အရှိနဲ့ အသိ ကိုက်ဖို့ပါပဲဆိုတာ အရှိနဲ့အသိ ကိုက်သွားလို့ ရှိရင် ခန္ဓာထဲက အနိစ္စရှိ၍ အနိစ္စသိရင် ကိုဝ၊ ကိုစံလှ နှလုံးသွင်း မှန်လို့သာ မှတ်ပေတော့ (မှန်ပါ့)၊ ဒုက္ခရှိ၍ ဒုက္ခသိရင် (နှလုံး သွင်းမှန်ပါတယ်)၊ အနတ္တရှိ၍ အနတ္တသိရင် (နှလုံးသွင်း မှန်ပါ တယ် ဘုရား)။

အဲ ကိုယ်နဲ့ လျော်တဲ့တရားကို တွေ့ပြီးပြီ၊ ငါကတော့ ဖြင့် ဝေဒနာကို ရှုလို့ကောင်းတယ်၊ ငါထိုင်လိုက်လို့ရှိရင် ဝေဒနာ က အရင်ပေါ်တယ်၊ဒါကြောင့် ဝေဒနာဖြစ်ပျက်၊ ခယဝယကိုသာ ငါတွေ့တယ်လို့ ဆိုရင် ဒါဟာ ကိုယ်နဲ့ လျော်တဲ့တရား ဖြစ်လေ သောကြောင့် အဲဒီ ဝေဒနာကလေး တွေ၏ ပျောက်ပျက်မှုတွေကို သြော် ပျောက်ပျက်တတ်တဲ့ တရားမို့ ပျောက်ပျက်တာ တွေချည်း တွေ့နေလို့ရှိရင် ကိုဝ၊ ကိုစံလှ နှလုံးသွင်းမှန်ပြီ (မှန်ပါ့)။

ဒါဖြင့် အင်္ဂါနှစ်ချက်ပေါ့ ဗျာ (မှန်ပါ့)၊ အဲဒီတော့ ပါရမီတွေ ဘာတွေ သိပ်တွေး မနေကြဘဲ ခင်ဗျားတို့ အခု သောတာပန် တည်ချင်ကြတယ်၊ မကြာချင်ပါဘူး ဘုရား၊ ဘာဆုမှလဲ မလိုချင် တော့ပါဘူး၊ လက်ဝဲရံ လက်ယာရံ အသီတိ မဟာသာဝကဆိုတဲ့ ဂုဏ်ထူးဆောင်တွေ မယူချင် တော့ပါဘူး ဆိုလို့ ရှိရင်ဖြင့် ဒကာ ဒကာမတို့ ဂုဏ်နဲ့ နိဗ္ဗာန် မဝင်ချင်ပါဘူး၊ နိဗ္ဗာန် ရောက်တဲ့အခါ နိဗ္ဗာန်သည်ကား ဆိုလို့ရှိရင် “သန္တိ လက္ခဏံ နိရောဓသစ္စံ” ဆိုသည့် အတိုင်း နိဗ္ဗာန်ဟာ ငြိမ်းအေးခြင်း တစ်ခုတည်းပဲ၊ ဘုရားရောက် တဲ့ နိဗ္ဗာန်လဲ ကိုဝ ငြိမ်းအေးခြင်းရတာပဲ (မှန်ပါ့)။

ရှင်သာရိပုတ္တရာ ရှင်မောဂ္ဂလာန်တို့ရတဲ့ နိဗ္ဗာန်ကော (ငြိမ်းအေးခြင်းပါ ဘုရား)၊ အသီတိ ရှစ်ကျိပ်တွေ၊ သာဝကပါရမီ ရိုးရိုး တရားနာရင်းနဲ့ ပြီးသွားတဲ့ ပုဂ္ဂိုလ်တွေ ဒီပုဂ္ဂိုလ်တွေရတဲ့ နိဗ္ဗာန်ကလဲ ဘုရားရတဲ့ နိဗ္ဗာန်ထက် ပိုမိုပြီး သကာလ သေးသိမ် တယ်ဆိုတာ ဒကာ ဒကာမတွေက မမှတ်နဲ့ (မှန်ပါ့)။

နိဗ္ဗာန်ကျတော့ တစ်ခါတည်း သန္တိလက္ခဏာ တစ်ခုသာရှိ ပြီး သကာလနေတဲ့ အတွက် ဘယ်သူ ရောက်တဲ့ နိဗ္ဗာန်သည် အထူး အခြားရယ်လို့ မထားပါဘူး၊ နိဗ္ဗာန်ဆိုတာ ခန္ဓာဇာတ်သိမ်း ငြိမ်းတာချင်း အတူတူ ကိလေသာ ဇာတ်သိမ်း၍ ငြိမ်းတာချင်းကော (အတူတူပါ ဘုရား)။

ဒါဖြင့် ငြိမ်းအေးခြင်းလက္ခဏာ တစ်ခုတည်းပဲ ပေါင်းဆုံ နေတယ်ဆိုတာ ဒကာ ဒကာမတွေက မှတ်ထားလိုက်တော့။ သြော် တို့သည်ကားလို့ဆိုလို့ရှိရင်ဖြင့် ခန္ဓာရှည်လေလေ ဒုက္ခ ရှည် လေလေပဲ မှတ်ပြီး သကာလ၊ ဒီနှစ်ချက်ကိုပဲ ကိုယ်နဲ့လျောက် ပတ်တဲ့ တရားကို နာရပြီးပြီဆိုလို့ရှိရင် ဒကာ ဒကာမတို့ အရင်ပြောတဲ့ အတိုင်း မနက်အားထုတ် ညနေရမှာပဲ၊ ညနေအားထုတ် မနက်ရမှာပဲ၊ ကိလေသာကြား မညှပ်စေနဲ့ ဆိုတာနဲ့ ဖြည့်စွက်ပြီး မှတ်လိုက်တာပေါ့ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဒီလိုဆိုတော့ ဝန်လေးစရာအကြောင်းများ ရှိသေးသလား (မရှိပါ ဘုရား)၊ အဲဒီတော့ တပည့်တော်တို့ ဘုရား ဘယ် အတွက်ကြောင့်များ ချို့နေသတုံးလို့ မေးတဲ့အခါကျလို့ရှိရင်ဖြင့် ဘုန်းကြီးပြောမယ်၊ တရားမနာတဲ့လူမှာတော့ဖြင့် နှစ်ဦးတည်းပဲ တရားမနာဘဲနဲ့ မဂ်ဖိုလ်ရတာ ရှိတယ်လို့ ကိုဝ၊ ကိုစံလှ မှတ် (မှန်ပါ့)။

ပစ္စေကဗုဒ္ဓါနဲ့ ဘုရားပဲ သူများတရားမနာဘဲနဲ့ သောတာ ပန် စ,တည်တယ် (မှန်ပါ့)၊ ကျန်တဲ့ ပုဂ္ဂိုလ် ဟူသရွေ့ ပစ္စေက ဗုဒ္ဓါ နှင့် ဘုရားမှတစ်ပါး ကျန်တဲ့ ပုဂ္ဂိုလ်ဟူသရွေ့ မှာဖြင့် တရားနာ မှပဲ ရတယ် (မှန်ပါ့)။

တရားနာမှပဲ နှလုံးသွင်းမှန်နေမှပဲ ကျန်တဲ့ပုဂ္ဂိုလ်တွေ ရ တယ်ဆိုတော့ ဘယ်သူ့အကိုးအကား ထုတ်လိုက်သတုံးလို့ မေးတော့ တစ်သင်္ချေနဲ့ ကမ္ဘာတစ်သိန်း ရှင်သာရိပုတ္တရာ ပါရမီဖြည့် လာတာ ရဟန္တာဖြစ်ဖို့ပေါ့ ဗျာ (မှန်ပါ့)၊ နည်းသလား ကိုဝ၊ ကိုစံလှရေ (မနည်းပါ ဘုရား)၊ မောင်နိုင် မနည်းဘူးပေါ့ နော် (မှန်ပါ့)။

တစ်သင်္ချေနဲ့ ကမ္ဘာတစ်သိန်းတဲ့၊ တစ်ခါတည်း ဝိပဿနာ တွေလုပ် အမျိုးမျိုးအဖုံဖုံ ပါရမီတွေ ဖြည့်လာလိုက်တာ တစ်သင်္ချေနဲ့ ကမ္ဘာတစ်သိန်းဆိုတော့ ကိုဝ ကျုပ်တို့ဖြင့် စိတ်တောင် မကူးရဲ လောက်အောင်ပဲ (မှန်ပါ့)။

အဲဒီ ပုဂ္ဂိုလ်ကြီးတောင်မှ ရှင်အဿဇိဆိုတဲ့ ရဟန္တာပုဂ္ဂိုလ် က

“ယေဓမ္မာ ဟေတုပ္ပဘဝါ၊ တေသံ ဟေတုံ တထာဂတော အာဟ၊

တေသဉ္စ နိရောဓော၊ ဧဝံ ဝါဒီ မဟာသမဏာ”

ဆိုတဲ့ ဒီဂါထာကလေးမှ မကြားလိုက်ရလို့ရှိရင်ဖြင့် တစ်သင်္ချေနဲ့ ကမ္ဘာ တစ်သိန်းဟာ ကျွတ်တမ်း မဝင်နိုင်ဘူး (မှန်ပါ့)၊ တစ်ခါတည်း သောတာပန်က စ,တည်ပြီး ရဟန္တာ ဖြစ်ဖို့ အကြောင်း မရှိဘူး (မှန်ပါ့)။

ကဲ မောင်နိုင် တရားနာမှု ဘယ်လောက် အရေးကြီးတယ် ဆိုတာ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် တရားနာမှု မရှိဘဲနဲ့ရတာ ဘယ်နှစ်ပါးသာ ရှိသတုံး (နှစ်ပါးသာ ရှိပါတယ် ဘုရား)၊ ဘုရားရယ်၊ ပစ္စေကဗုဒ္ဓါရယ် (မှန်ပါ့)၊ ကျန်တဲ့ပုဂ္ဂိုလ်ဖြင့် တရားနာရမှပဲ၊ ဒါကြောင့် ကိုယ်နဲ့ လျောက်ပတ်တဲ့ တရားနာမှ ၁-နံပါတ်ဆိုတာ ရှင်သာရိပုတ္တရာ က သေသေချာချာ ဟောခဲ့တာပဲနော် (မှန်ပါ့)။

ဒါဖြင့် ရှင်သာရိပုတ္တရာသည် ဒကာဒကာမတို့ တစ်သင်္ချေ နဲ့ ကမ္ဘာတစ်သိန်း ပါရမီဖြည့်ပြီးသား (မှန်ပါ့)၊ ပဉ္စဝဂ္ဂီငါးဦးထဲ က အရှင်အဿဇိဆိုတဲ့ ပုဂ္ဂိုလ်ကြီး လာတဲ့ အခါမှာ သူဟာ တိတ္ထိ အယူဝါဒနဲ့ပဲ မောင်နိုင် ရှိသေးတယ်နော် (မှန်ပါ့)။

သူကလဲ ဆွမ်းခံသွားတာပဲ၊ တိတ္ထိအယူဝါဒနဲ့ပဲ ဆွမ်းခံသွား တာပဲ၊ ဟိုကလဲ ရဟန္တာဖြစ်ပြီးသား ပုဂ္ဂိုလ် ဆွမ်းခံလာတာနဲ့ လမ်းဆုံတဲ့အခါမှာ သူက အရှင်ဘုရားရဲ့ ဆရာ ဘယ်သူတုံး၊ အရှင်ဘုရားကို ဆရာဟောတဲ့တရားများဟာ ဘယ်တရားများ ဟောပါလိမ့်မလဲ မေးတော့ “ယေဓမ္မာ ဟေတုပ္ပဘဝါ”ကို ဟော တာပဲနော် (မှန်ပါ့)။

ယေဓမ္မာ = အကြင် ရုပ်နာမ်ဓမ္မ ဟူမျှသည်၊ ဟေတုပ္ပ ဘဝါ – အကြောင်းကြောင့် ဖြစ်တာချည်းပဲ၊ ဒါဖြင့် သူက ရိပ်မိပြီ၊ ငါ့သန္တာန်မှာရှိတဲ့ ရုပ်နာမ်တွေဟာ အကြောင်းတရား ကြောင့်ဖြစ်တော့ အကြောင်းချုပ်ရင် အကျိုးချုပ်မှာပဲ ဆိုပြီး ခန္ဓာ ဉာဏ် လှည့်လိုက်တယ် (မှန်ပါ့)။

ခန္ဓာဉာဏ် လှည့်လိုက်တော့ တစ်သင်္ချေနဲ့ ကမ္ဘာတစ်သိန်း ဖြည့်ဆည်းပူးတဲ့ ပါရမီကလဲ ဖွင့်ပေးမှာ ကလေး လိုနေသေးတဲ့ အတွက်သာ သူအောင့်အည်း သည်းခံပြီး အညွန့် အညှောက် မပေါက်ဖြစ်ပြီး သကာလနေတော့ အခုလို “ယေဓမ္မာ ဟေတုပ္ပ ဘဝါ” ဆိုတဲ့အတိုင်း ဒီဂါထာ ကလေးကို သေသေချာချာ ဟော လိုက်သဖြင့် အကြောင်းဖြစ်ရင် အကျိုးဖြစ်တယ်၊ အကြောင်းချုပ် ရင် အကျိုး ချုပ်တယ် ဆိုတော့ ဒကာ ဒကာမတို့ အဖြစ်နဲ့အပျက် ကို သူ ဉာဏ်ထဲ ထင်သွားတယ် (မှန်ပါ့)။

အဲဒီတွင် ဖြစ်ပျက်ဉာဏ် ထင်ပြီးသကာလ ဖြစ်ပျက်မုန်း ဖြစ်ပျက်အဆုံးကို နာရင်း မတ္တနဲ့ ခန္ဓာဉာဏ် စိုက်လိုက်တာ ဒီနေ ရာတွင် သောတာပန် တည်တယ် (မှန်ပါ့)၊ သဘောပါပလား (ပါ ပါပြီ ဘုရား)။

ဒါဖြင့် တရားနာမှုနဲ့ သူ နှလုံးသွင်းမှန်မှု ကိုက်သွားတယ် (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

တရားနာမှုရယ်၊ နှလုံးသွင်းမှန်မှုရယ် ကိုက်သွားတဲ့ အတွက် အရှင်ဘုရား ကြွနှင့်တော့ ဘုရား၊ ဘုရားဘယ်မှာ သီတင်းသုံး နေသတုံး မေးတာပဲ၊ ဟာ ဘယ်မှာ သီတင်းသုံး တယ်၊ ဒါဖြင့် တပည့်တော် နောက်က လိုက်ခဲ့ပါမယ် ဘုရား၊ တပည့်တော် မိတ်ဆွေ တစ်ယောက်နဲ့ ကတိ ထားတာ ရှိသေးတယ် ဆိုတော့ အရှင်မောဂ္ဂလာန် အလောင်း ကောလိတ ပရိဗိုဇ်နဲ့ တရား ထူးတွေ့ရင် ပြောကြစတမ်း ဆိုတာ ရှိသေးတာကိုး (မှန်ပါ့)။

အဲဒါကြောင့် သူ့မိတ်ဆွေကို သွားခေါ်ချင်တဲ့ အတွက် ချက် ချင်း လိုက်မသွားတာ၊ နို့မဟုတ်ရင် ချက်ချင်း လိုက်သွားတယ်နော် (မှန်ပါ့)။

ပြီးတော့ သူ့ဆရာကြီး သိဉ္စည်းဆရာကြီးလဲ ရှိသေးတယ်။ အဲဒီမှာ သူ ပရိဗိုဇ်ဖြစ်ပြီး သကာလ နေတော့ ဪ ဆရာကြီးလဲ လွဲနေတယ်၊ တို့ဆရာကြီးတော့ သွားပြီးသကာလ ခေါ်ဦးမှပဲ ဆိုပြီး ဆရာကြီးကိုလဲ ခေါ်ချင်တယ်၊ သူ ကတိထားခဲ့တဲ့ ရှင် မဟာ မောဂ္ဂလာန် အလောင်းကိုလဲ ခေါ်ချင်တဲ့ အတွက် တစ်ခါ တည်း ပါမသွားတာ၊ နို့မဟုတ်ရင် တစ်ခါတည်း လိုက်သွားမှာ (မှန်ပါ့)။

ဒါနဲ့ ရှင်မောဂ္ဂလာန်အလောင်းနဲ့ တွေ့တဲ့အခါမှာလဲ သူ ကဒီတရားပဲ ဟောပြန် တာပဲ၊ ယေဓမ္မာဟေတုပ္ပဘဝါ = အကြောင်း ဖြစ်ရင် အကျိုးဖြစ်တာပဲ ဆိုတာကို သူ ဟောလိုက်တဲ့ အတွက် သူလဲ ထို့အတူပဲ၊ တရားနာလို့ သောတာပန် တည်ပြန်တာပဲ (မှန်ပါ့)။

အဲဒီတော့ ကိုယ်နဲ့ လျောက်ပတ်တဲ့ တရားဆိုတော့ အကြောင်းဖြစ်ရင် အကျိုးဖြစ်တယ်၊ အကြောင်းချုပ်ရင် အကျိုး ချုပ်တယ်ဆိုတော့ ဘယ်တရားမဆို ဒကာ ဒကာမတို့ အဖြစ်နဲ့ အပျက်ပဲ ရှိတယ်ဆိုတာ သိပြီးသားမနေဘူးလား (နေပါတယ် ဘုရား)။

အဲဒီ အဖြစ်နဲ့ အပျက်နဲ့ ဉာဏ်နဲ့ ကိုက်ကိုက်သွားရင် ဒါ ဟာ နှလုံးသွင်းမှန်တော့တာပဲ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဖြစ်ပျက်နဲ့ ဉာဏ်နဲ့ ဟပ်ဟပ်သွားလို့ရှိရင် (နှလုံးသွင်း မှန်ပါတယ် ဘုရား)။

နှလုံးသွင်းမှန်လို့ ရှိရင်ဖြင့် နာထားတဲ့ တရားကလဲ ဒီ အတိုင်း နှလုံးသွင်း လိုက်တော့လဲ ဒီအတိုင်းဆိုရင် ချက်ချင်း သောတာပန် တည်ပါတယ်တဲ့ ဒကာ ဒကာမတို့နော် (မှန်ပါ့ ဘုရား)၊ နာထားတဲ့ တရားကလဲ ဒီအတိုင်းပဲနော်။ (မှန်ပါ့ ဘုရား) နာထားတဲ့ တရားကလဲ ဖြစ်ပျက်ကို နာထားရတယ် ကိုယ့်ဉာဏ် မှာလဲ ဖြစ်ပျက်ပဲ ရှုကြည့်တော့ တွေ့လို့ရှိရင် သောတာပန်တည် မှာ သေချာတယ်လို့ ဆုံးဖြတ်ချက်ချ၊ ဘာမှ သံသယမရှိနဲ့ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

နာထားရတဲ့တရားကလဲ “အနိစ္စာဝတ သင်္ခါရာ” ဆိုတော့ ဘုန်းကြီးတို့ ဟောနေတော့ သင်္ခါရတရား ပျက်သည်ဆိုတော့ အဖြစ်နဲ့ အပျက်ပဲ မနေဘူးလား (နေပါတယ် ဘုရား)၊ ကိုယ် ရှုလိုက်တဲ့ အချိန်မှာပဲ ဒါပဲတွေ့မယ် (မှန်ပါ့)၊ နာတုန်းကလဲ ဒီတရားပဲ နာထားတယ် (မှန်ပါ့)၊ ကိုယ်ရှုလိုက်တဲ့ အခါကော (ဒီတရားပဲ တွေ့ပါတယ် ဘုရား)၊ ဒီတရားပဲ တွေ့တယ်ဆိုရင် ကိုဝ, ကိုစံလှ ကိစ္စပြီးပြီသာ အောက်မေ့ (မှန်ပါ့)။

နာထားတဲ့တရားနဲ့ ကိုယ်နှလုံးသွင်း လိုက်တာနဲ့ ကိုက် ထွက်သွားလို့ရှိရင်ဖြင့် ဂုဏ်ထူးနဲ့ နိဗ္ဗာန် မဝင်ချင်လို့ ရှိရင် ပါရမီ တွေ ဘာတွေ ဒါလောက် မလိုပါဘူး၊ အခုဟာက ပဏ္ဏာသမှာ ဟောတော်မူတာ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)၊ ဒီ အတိုင်းပဲဟောတယ် (မှန်ပါ့)။

ဒါကြောင့် ဒကာ ဒကာမတွေ ဘုရားဟောတဲ့ ကျမ်းဂန် တွေ ကိုယ်တော်တိုင် ဟောတာတွေ ဖြစ်ပြီး သကာလ နေတဲ့ အတွက် ဘုရားထောက်ခံတဲ့ ကျမ်းစာတွေဖြစ်ပြီး သကာလ နေတဲ့ အတွက် တို့သည်ကား လို့ဆိုရင် ပါရမီမှ ရှိရဲ့လား၊ လုပ်နေရတာ ကတော့ လုပ်နေရတာပဲ၊ ဒီဘဝမှာ စ, နေတာများ ဖြစ်လေရော့ သလားဆိုပြီး ကိုယ့်သံသယ၊ ကိုယ့်ကုက္ကုစ္စ ကိုယ့်ကိုယ်တော့ဖြင့် မကန့်ကွက် ပါစေနဲ့ ဆိုတာ လေးလေးနက်နက် တားတယ် (မှန်ပါ့)၊ ဘုန်းကြီးက တားတယ် (မှန်ပါ့)။

သြော် တို့ကလဲ သားနဲ့ သမီးနဲ့ ဆွေနဲ့ မျိုးနဲ့ အိမ်နဲ့ ရာနဲ့ ပျော်လိုက် ပါးလိုက် နေခဲ့ကြရတော့ တို့ကတော့ဖြင့် အခု ဆရာဘုန်းကြီး ပြောသလောက်တော့ မလွယ်ဘူး ထင်တယ်လို့ ဆိုရင် ကိုယ့်ကိုယ်ကို သံသယကုက္ကုစ္စဖြစ်တာ (မှန်ပါ့)၊ မောင် နိုင် သဘောကျပလား (ကျပါပြီ ဘုရား)။

ကိုယ့်ကိုယ်ကို ဘာတုံး (သံသယကုက္ကုစ္စ ဖြစ်တာပါ ဘုရား)၊ ကိုယ့်ကိုယ်ကို သံသယ ကုက္ကုစ္စ ဖြစ်လို့ရှိရင် တရားရ ထိုက်ပါရဲ့သားနဲ့ ကိုဝ၊ ကိုစံလှ ကုက္ကုစ္စက တားလိုက်မယ် (မှန်ပါ့)၊ ဦးခန့်တို့ ရိပ်မိလား (ရိပ်မိပါပြီ ဘုရား)။

အဲဒါကြောင့် ဒကာ ဒကာမတွေကိုလဲ သေသေချာချာ မှာ ပါတယ်၊ ကိုယ့်ကုက္ကုစ္စနဲ့ ကိုယ့်သံသယက ကိုယ့်တားလို့ရှိရင် ဘုန်းကြီးများက တာဝန်မယူဘူး ပေါ့ ဗျာ (မှန်ပါ့)။

အခု ဘုရား ဟောတော်မူတဲ့ အတိုင်း ဘုန်းကြီးပြောသလို ရှင်မဟာကောဋိက, ရှင်သာရိ ပုတ္တရာ အမေး အဖြေမှာလဲ သေသေ ချာချာ လုံလုံ လောက်လောက် နောက် ပေဋကောပဒေသမှာ ရှင် အာနန္ဒာ ဟောထားတာကလဲ ဘုရားက ထောက်ခံချက်ပေးလို့ သေသေချာချာ လုံလောက်တဲ့ အတွက် ကိုယ့်သံသယကို ဖျောက် ဖို့ ကုက္ကုစ္စကို ဖျောက်ပြီး သကာလ ကြိုးစားမြဲ ကြိုးစားလို့ရှိရင် ဖြင့် ဒကာဒကာမတို့ ရရမှာပဲ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် မမှာသင့်ဘူးလား ကိုဝရေ (မှာသင့်ပါတယ်)။

မှာသင့်တယ်၊ ဒကာဒကာမတွေက ဘယ်လိုလာတတ် သတုံးဆိုတော့ ဪ သားနဲ့ မယားနဲ့ ဆွေနဲ့ မျိုးနဲ့ အရောင်းနဲ့ အဝယ်နဲ့ အခင်အမင်တွေကလဲ တန်းလန်း၊ မစွန့်နိုင်တာတွေ ကလဲ တစ်ပြုံကြီး၊ ဒီကြားထဲက နေပြီး သကာလ ဒီနှစ်ချက်နဲ့ ညီအောင် လုပ်လို့ရှိရင်တော့ လုပ်တော့ လုပ်ရမှာပဲ ဖြစ်ဖို့ရာ လွယ်မှ လွယ်ပါ့ မလားဆိုတဲ့ ဝိစိကိစ္ဆာ မလာစေနဲ့ (မှန်ပါ့)၊ သဘော ကျပလား (ကျပါပြီ ဘုရား)။

ပြီးတော့ တို့ကလဲ အကုသိုလ်တွေကလဲ များလိုက်တာ နောက်က နေ ထိုင်ခဲ့တာ မသိမှုတွေက အုပ်ချုပ်ပြီးသကာလ မသိအလုပ်တွေ ပုံနေခဲ့တယ်ဆိုပြီး အဲဒီ ကုက္ကုစ္စလဲ မလာစေနဲ့လာလို့ ရှိရင်ဖြင့် အဲဒီ ဝိစိကိစ္ဆာနဲ့ ကုက္ကုစ္စဆိုတာ တစ်နေ့ က ပြောခဲ့ပါတယ် ဒကာဒကာမတို့ နီဝရဏတရားပဲ (မှန်ပါ့ ဘုရား)။

သူတို့က လာတားတာလား ကိုယ်ကိုယ်တိုင်တွေးဆပြီး ကိုယ့်ဟာကိုယ် တားယူတာလား (ကိုယ့်ဟာကိုယ် တားယူတာပါ ဘုရား)။

အဲ ကိုယ့်အတွေးအဆ ကိုယ်တားတာ ဖြစ်လေသော ကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဒီအရူးဖြင့် မထပါနဲ့ ဆိုတာ သတိပေးလိုက်ပါတယ်၊ ဒီအရူးထခြင်း သည် ကိုယ်နစ်နာ တဲ့ အရူးကိုးဗျာ (မှန်ပါ့)။

ဘာမှ သံသယမရှိပါနဲ့တဲ့၊ ဒကာ ဒကာမတို့ ဘယ် လောက်ပဲမူးလို့ ဘယ်လောက်ပဲ ရူးနေနေ ပဉ္စာနန္တရိယကံမရှိ၊ နိယတမိစ္ဆာဒိဋ္ဌိရှိရင် ဒကာ ဒကာမတွေ ရနိုင်တာပါပဲလို့ ဆိုတာ လဲ တစ်နေ့ကပဲ သေသေချာချာ ပြောပြခဲ့တယ် မဟုတ်လား (မှန်ပါ့ ဘုရား)။

အဲဒီတော့ တို့ဟာ ငယ်ငယ်တုန်းက မသိမလိမ္မာတုန်းက မူးခဲ့ ရူးခဲ့တယ်၊ ဒါတွေ အရေးမယူနဲ့၊ ဒါတွေ ဘာမှမဆိုင်ဘူး၊ ဒါတွေ ဘာမှ မဆိုင်ပါဘူး၊ ရှေးတုန်းက အချို့ဘုရားရှေ့မှာ ဒီ အတိုင်းပဲ မူးနေကြတာပဲ၊ နောက်အခု ပြောတဲ့ နှလုံးသွင်းမှန်ပြီး သကာလ ကိုယ်နဲ့လျော်တဲ့ တရား နှလုံးသွင်းမှန်မှုနဲ့ ကြုံသွားတော့ကို ဒီအမူတွေ အကုန်ပျောက်ပြီး သကာလ ဒါတွေကို မဂ် ဉာဏ် ဖိုလ်ဉာဏ်နဲ့ ဖြတ်ချလိုက်တာပါပဲ ဆိုတာ ဒကာ ဒကာမတွေ အထင်အရှားပဲ (မှန်ပါ)။

သန္တတိအမတ်ကြီးများ တစ်နေ့လုံးမူးနေတာ တစ်နေ့လုံး မူးပြီး နောက်မှ သံဝေဂရပြီး ဘုရားက တရားဟောလိုက်တဲ့ အခါကျတော့ အတိတ်လဲ မတွေးပါနဲ့ ၊ အနာဂတ်လဲ မတွေးပါနဲ့၊ ပစ္စုပ္ပန် အရေးသာ နှလုံးသွင်း မှန်အောင် လုပ်လိုက်စမ်းပါဆိုတော့ တစ်ခါတည်း သောတာပန် ကနေ တက်ပြီးတော့ ရဟန္တာ ဖြစ်တာ ပါပဲ (မှန်ပါ့)။

ကံကြီး မဟုတ်တာတွေကို ခင်ဗျားတို့က အလကားနေရင်း အတွေးထုတ်ပြီး သကာလ ကုက္ကုစ္စ ဖြစ်ခဲ့သော် ကိုယ့်ကုက္ကုစ္စက ကိုယ့်ကိုတားတယ် (မှန်ပါ့)။

ကုက္ကုစ္စတရားကို တစ်နေ့က ဘုန်းကြီးက ဘယ်လိုဟော ခဲ့သတုံး၊ မောင်နိုင်တို့ မှတ်မိပါ လိမ့်မယ်၊ နီဝရဏတရားတဲ့၊ မဟောခဲ့ဘူးလား (ဟောခဲ့ပါတယ် ဘုရား)။

နီဝရဏတရား ဆိုတာက သူများလုပ်တဲ့ နီဝရဏတရား လားလို့ မေးတဲ့အခါ ကိုယ့်ဟာကိုယ် သတ်စေဆိုတဲ့ နီဝရဏ။ မောင်နိုင် သူများလုပ်တာလား (မဟုတ်ပါ ဘုရား)၊ ကိုယ့် ဟာကိုယ်သတ်စေ (မှန်ပါ့)၊ ကိုယ့်အတွေးက ကိုယ့်နှိပ်စက်တာ သဘောကျပလား (ကျပါပြီ ဘုရား)။

ဥပမာမယ် ဒကာ ဒကာမတွေပေါ့ လေ သားက နေရာ မကျ၊ သမီးကနေရာမကျလို့ အမေလုပ်တဲ့ ပုဂ္ဂိုလ်၊ အဖေလုပ်တဲ့ ပုဂ္ဂိုလ်က အိပ်ရာထဲတွင် ဟိုက သားသမီးတွေကတော့ အိပ်နေ ကြတာပဲ၊ ဒီနားမှာလဲ သားက အိပ်နေ သမီးကလဲ အိပ်နေ ကိုယ် ကတော့ တွေးလုံးထုတ်ပြီး မျက်ရည် ကျတာတော့ မတတ်နိုင်ဘူး (မှန်ပါ့ ဘုရား)၊ သူတို့က လုပ်တာလို့ ဆိုလို့ရရဲ့ လား (မရပါ ဘုရား)။

သူတို့ နှစ်ယောက်ဟာ သားကလဲ အိပ်နေ၊ သမီးကလဲ အိပ်နေတယ်၊ ကိုယ့်ဟာကို အမေက တွေးလုံးထုတ်ပြီးသကာလ သံသယ ကုက္ကုစ္စဖြစ်နေတာတော့ ဒါ ဘယ်သူမှ မတတ်နိုင်ဘူး (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

အဲဒီတော့ ဒကာ ဒကာမတွေ ယနေ့မှာတဲ့ဥစ္စာ လေးလေး နက်နက် မှတ်ကြပါဆိုတာ နှစ်ချက်တည်း ပြောတဲ့အတွက် မမှတ် စရာလဲ မရှိပါဘူးနော် (မှန်ပါ့)။

၁-နံပါတ်က ဘာပါလိမ့် (ကိုယ်နဲ့လျောက်ပတ်တဲ့ တရား နာရပါမယ်)၊

၂-နံပါတ်က ဘာပါလိမ့် (နှလုံးသွင်း မှန်ဖို့ပါ ဘုရား)။

အဲ လျောက်ပတ်တဲ့တရားနာတာနဲ့ နာတဲ့တရားနဲ့ ကိုယ် ရှုလိုက်တဲ့အခါ မှာ တစ်ထပ်တည်း ဖြစ်သွားလို့ ရှိရင် မောင်နိုင် ပြီးတာပဲ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

အဲဒီတော့ ဘာပါရမီ လိုသေးသလဲလို့ မေးဖို့လိုသေး သလား (မလိုပါ ဘုရား)၊ မလိုရင် ဒီနှစ်ချက် ပြည့်စုံရင် သမ္မာ ဒိဋ္ဌိဖြစ်တော့တာပဲဆိုတာ ရှင်သာရိပုတ္တရာက ဖြေတယ်၊ ဖြေတဲ့ ပုဂ္ဂိုလ်ကလဲ တရားနာမှုဆိုတာ သူကိုယ်တိုင်နာခဲ့လို့ သောတာ ပန်တည်တာ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

အဲဒီလိုနာလို့ ရှင်အဿဇိ ဟောတဲ့အတိုင်း ခန္ဓာထဲမှာ နှလုံး သွင်းကလဲ ဖြစ်ပျက်နဲ့ မဂ်နဲ့ဟာ ကိုက်မသွားဘူးလား (ကိုက် သွားပါတယ် ဘုရား)။

အဲဒီလို တွေ့သွားတော့ သူကိုယ်တိုင်လဲ ဒီတရားကို နာရ တယ်၊ သူကိုယ်တိုင်လဲ နှလုံးသွင်းမှန်နဲ့ နှလုံးသွင်းလိုက်တယ်။ ဒါကြောင့် သူကိုယ်တိုင်ပဲ သောတာပန်တည်တယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ အင်မတန်မှလဲ ကျမ်းကြီးကျမ်း ဂန် ဘုရားသခင် ကိုယ်တော်မြတ်ကြီး ဟောတာကိုလဲ ပြောပြန်၊ ရှင်သာရိပုတ္တရာ ကိုယ်တွေ့ကိုလဲ ပြောပြန်၊ ဘုရားသခင် ကိုယ်တော်မြတ် ကြီးကလဲ သာရိပုတ္တရာ၊ မောဂ္ဂလာန်တို့တောင်မှကွာ ရှင်အဿဇိနဲ့မတွေ့၊ ဘုရားနဲ့ မတွေ့ခဲ့သည် ရှိသော် တစ်သင်္ချေနဲ့ ကမ္ဘာတစ်သိန်း ကာလပတ်လုံး လက်ဝဲရံ လက်ယာရံဖြစ်ဖို့ ဆုတောင်းပြီးသား လုပ်ခဲ့တဲ့ အလုပ်တွေဟာ ကျွတ်တမ်းမဝင်သေး ဘဲ ဖြစ်နေဦးမှာ တရားမနာရင် (မှန်ပါ့)။

ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ ဤ နှစ် ချက်ကိုဖြင့် မသေမချင်း မှတ်ဖို့ပါပဲ (မှန်ပါ့)၊ မသေမချင်းမှတ်ပြီး သကာလ သြော် သောတာပန်ဟာ ပြောသံကြားဖူးတာက ဒါန အစ၊ သီလအလယ်၊ သမထဝိပဿနာအဆုံးလို့ ဒီလိုက ဆိုထား တယ်၊ ဒါတွေက ဆုကြီးပန်တွေ ဆိုပါတယ် (မှန်ပါ့ ဘုရား)။

အခု နိဗ္ဗာန်ရလို့ အခုယူမည့် ပုဂ္ဂိုလ် ကိုဝ၊ ကိုစံလှ မလို ပါဘူး (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)၊ ဘာမှ မလိုလှ ဘူး၊ ဒီနှစ်ခုပဲ လိုတာကိုဖြင့် လေးလေးနက်နက် မှတ်ဖို့ပါပဲ (မှန်ပါ့)။

ဟာ ဘုန်းကြီးက ခိုင်လုံအောင် ပြောနေတာလို့ ဒီလို အယူမရှိပါနဲ့၊ သေသေချာချာ ရှင်သာရိပုတ္တရာနဲ့ ရှင်ကောဋ္ဌိက အမေးအဖြေကိုလဲ ထောက်ပြသဖြင့် လည်းကောင်း၊ သာရိပုတ္တရာ မောဂ္ဂလာန်တို့တောင် တရားမနာလို့ရှိရင် တစ်သင်္ချေနဲ့ ကမ္ဘာတစ်သိန်း ပါရမီဖြည့်ပြီးသားပင် ကျွတ်တမ်း မဝင်နိုင်သေးဘူး၊ ကိုယ်နဲ့ လျောက်ပတ်တဲ့ တရား နှလုံးသွင်းမှန်မှု ရှိလို့ ရှိရင် ရပါ တယ်ဆိုတဲ့ အကြောင်းကို ပေဋကောပဒေသ ပါဠိတော်မှာ ဟော ထားတဲ့အတွက် သံသယရှိစရာ မောင်နိုင်တို့၊ ကိုစံလှတို့ လိုသေး သလား (မလိုပါ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ခုနင်က ဘုန်းကြီးပြောတဲ့အချက် ကလေးဟာ ဒကာ ဒကာမတို့ အပေါ်၌ အရေးမကြီးဘူးလား (ကြီးပါတယ် ဘုရား)။

ငါတို့က နေခဲ့ထိုင်ခဲ့တာ နေရာမကျဘူး၊ ဒီလို မလာနဲ့ ဘာမှ ကိစ္စမရှိဘူး၊ သဘောကျပလား (ကျပါပြီ)၊ ငါတို့က စာ မတတ်ဘူး၊ ဒီလိုလဲ မလာစေနဲ့ (မှန်ပါ့)။

ဘုန်းကြီးပြောတဲ့ ဝေဒနာကို နားလည်ရင်၊ စိတ်ကို နား လည်ရင်၊ ရုပ်ကိုနားလည်ရင်၊ သစ္စာကို နားလည်ရင် ဒါ စာတွေ ပါပဲ (မှန်ပါ့)၊ နားလည်ထားတာက စာတတ်နေတာပဲ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

နားလည်ထားတာ ဘာပါလိမ့် (စာတတ်နေတာပါ ဘုရား)။

အဲဒီတော့ ငါတို့က စာမတတ်ဘူးလို့ ခင်ဗျားတို့ပြောနေ တာက ကိုယ်စာတတ်ထားတာမှ စာတတ်တယ်လို့ ကို မသိတဲ့ အဓိပ္ပာယ်ကော မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။

ခင်ဗျားတို့ သဂြိုဟ်စာအုပ်ကြီး ပြာချပြီးမျိုးမှ စာတတ်လို့ ထင်နေရင်တော့ ခက်တယ် (မှန်ပါ့)၊ ဒီလို မဟုတ်ပါဘူး ဒကာ ဒကာမတို့ သေသေချာချာသာ ခန္ဓာထဲမှာ တရားနာကတည်းက တရားနာတယ်ဆိုတာ အဲဒါ စာတတ်သွားတာပဲ (မှန်ပါ့)။

တရားနာလို့ရှိရင်ဖြင့် သြော် ဒါ ဝေဒနာပဲ၊ ဒါ ဖြစ်ပျက် ပဲ၊ ဒါစိတ်ပဲ၊ စိတ်ဟာလဲ ခယဝယ ဆိုတဲ့ ဖြစ်ပျက်မှာ လမ်းဆုံး တာပဲ၊ ဒုက္ခသစ္စာဆိုတာလဲ ခဏခဏ ဖောက်ပြန် ပျက်စီးတာပဲ၊ ရုပ်ဆိုတာလဲ ပျက်စီးတာ ရုပ်ခေါ်တာပဲ ဆိုတော့ ဒါတွေဟာ ခင်ဗျားတို့ စာတတ်နေတာတွေပေါ့ ဗျာ (မှန်ပါ့ ဘုရား)။

တရားနာတာဟာလဲ စာသင်ပြီးသကာလနေတာ စာ တတ်ပြီးသားဆိုတာလဲ ကိုယ့်ဟာကိုယ် မသိရဘူးလား (သိရ ပါတယ် ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ကို ဟို နမောတဿ က စ၍ မင်းတို့ ဘုရားရှိခိုး စ,စမ်းပါဆိုတော့ ဩကာသ မပါတာနဲ့ ခင်ဗျားတို့က ဘုရားရှိခိုး မဟုတ်ဘူး ထင်နေရင်လဲ ခက်ကြလိမ့်မယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဩကာသမပါဘဲနဲ့ ဘုရားရှိခိုးကို ကျုပ်ဖြင့်မခိုးရသေးဘူး လို့ ထင်နေတာ၊ ဩကာသဆိုတာ ဘုရားရှိခိုးပါရစေ အခွင့်တောင်းတာ ခိုးသေးတာ မဟုတ်ဘူး(မှန်ပါ့)၊ ခိုးလာတဲ့အခါတော့ ဣတိပိသောကျမှ ခိုးတဲ့ဥစ္စာပဲ၊ ဩကာသ မပါလို့ ဘုရားရှိခိုး မဖြစ်ဘူးဆိုလို့တော့ မဖြစ်ဘူး (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒါ ခင်ဗျားတို့ ချို့ယွင်းချက်တွေ ပြောသံကြား လူကြီး မိဘတစ်ဆင့်ကြားတွေနဲ့ လမ်းဆုံး နေမှာစိုးလို့ အမြစ်အရင်းဖော် ပြီး ပြောပါတယ်ဆိုတာကိုလဲ သေသေချာချာမှတ်ပါ (မှန်ပါ့)၊ ပြောသံကြားနဲ့ လမ်းဆုံးမှာ သိပ်ကြောက်စရာ ကောင်းလွန်းလို့ ပါ (မှန်ပါ့)၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ သောတာပန် တည်ချင်လို့ ဂုဏ်ထူးဆောင် နိဗ္ဗာန်မဝင်ချင်ခဲ့သော် အပါယ်လေးပါးတံခါး ပိတ်ပြီး ခန္ဓာဇာတ်သိမ်းငြိမ်းတဲ့၊ ဒုက္ခခပ်သိမ်းငြိမ်းတဲ့ နိဗ္ဗာန်ကို သာ လိုချင်ရင် ဘယ်နှစ်ချက်ပါလိမ့် (နှစ်ချက်ပါ ဘုရား)၊ ဘာပါလိမ့် (ကိုယ်နဲ့ လျောက်ပတ်တဲ့တရားကို နာရမယ်၊ နှလုံးသွင်း မှန်ရပါမယ် ဘုရား)။

ဒီနှစ်ခုရှိရင် ဒကာ ဒကာမတို့ သမ္မာဒိဋ္ဌိဖြစ်တာပဲ (မှန် ပါ့)၊ သမ္မာဒိဋ္ဌိ မဂ္ဂင်ဖြစ်ပြီ ဆိုတော့ သမ္မာဒိဋ္ဌိ ပုဗ္ဗင်္ဂမာလို့ မဟာ စတ္တာလီသကသုတ်မှာ သမ္မာဒိဋ္ဌိက ရှေ့ပြေးပါကွာ တဲ့၊ ကျန် တာတွေက သူ့နောက်လိုက်သာ မှတ်လိုက်ပါတဲ့ ဆိုတာ ဟော တဲ့နေရာမှာလဲ ရှိနေလို့ သမ္မာဒိဋ္ဌိတစ်လုံး ကိုင်လိုက်သဖြင့် မဂ္ဂင် ရှစ်ပါး၏ ခေါင်းဆောင်လို့ မှတ်လိုက်ကြပါ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

မောင်နိုင် ကြိုးစားဖို့အရေး တို့အရေးပါကွာ (မှန်ပါ့)၊ ဒီ နှစ်ချက်ညီဖို့ အရေးသည် တစ်ချက်ဟာ ဒကာ ဒကာမတို့ ဘုန်း ကြီးက ကူညီထားတယ်၊ နောက်တစ်ချက် နှလုံးသွင်းမှန်မှု ကလေးကို ခင်ဗျားတို့ ခန္ဓာကိုယ်ဉာဏ်နဲ့သာ တည့်အောင် တည့် ပေးလိုက်ပါ၊ တည့်ပေးလိုက်တဲ့အခါကျလို့ရှိရင် အပျက်နဲ့ မဂ် နဲ့သာ ကိုက်သွားရင် ကို ဘာလိုသေးသတုံး (မလိုပါ ဘုရား)၊ မလိုတော့ဘူးဆိုတာ သေချာပလား (သေချာပါပြီ)။

အဲဒါကြောင့် ပါရမီတွေ ဘာတွေဆိုတဲ့ ဥစ္စာ ပါရမီဆိုတာ တစ်စတစ်စ ဖြည့်ရတယ်ကွ၊ ဟုတ်တယ်တဲ့ ဂုဏ်ထူးဆောင် အဖြစ်နဲ့ နိဗ္ဗာန်ဝင်ချင်ရင် ဘာလုပ်ရမလဲ (ပါရမီဖြည့်ရမယ် ဘုရား)၊ နိဗ္ဗာန်ရရင် ပြီးတာပဲ၊ နိဗ္ဗာန်ဟာ တစ်မျိုးတည်းရှိတာပဲ၊ ရတဲ့နည်းနဲ့ ယူမယ်ဆိုလို့ရှိရင်ဖြင့် သိပ်မလိုလှပါဘူး (မှန်ပါ့)၊ လိုသေးသလား (မလိုပါ ဘုရား)။

တို့က စာမတတ်၊ ပေမတတ်နဲ့လို့ ကော ဆိုချင်သေး သလား (မဆို ချင်ပါ ဘုရား)၊ တရားနာတာဟာ ဘာဖြစ်နေတာ တုံး (စာတတ်နေတာပါ)၊ ခန္ဓာပေါ်မှာ မှတ်တာဟာ စာတတ် အစစ်ပါ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)၊ စာအုပ်ထဲ ဖတ်နေတာက လိုရင်းမဟုတ်ပါဘူး (မှန်ပါ့ ဘုရား)။

ပေါဋ္ဌိလ မထေရ်ကြီးဟာ ပိဋကတ်သုံးပုံဆောင်ပြီး စာအုပ် ထဲ တတ်တဲ့ အတတ်မျိုး လောက် ဖြစ် နေလို့ ဘုရားဆီ လာတိုင်း တုစ္ဆပေါဋ္ဌိလ၊ မောဃပေါဋ္ဌိလလို့ အခေါ်ခံရပါတယ်၊ မဟုတ်ဘူးလား (မှန်ပါ့ ဘုရား)။

အဲဒီတော့ သူဟောတဲ့နေရာမှာ အားမထုတ်လို့ရှိရင် ဘယ် နည်းနဲ့မှ မင်း မဂ်ပညာမရဘူး၊ ခန္ဓာကိုယ် ကြည့်ပြီး အားထုတ်မှ ရမယ်၊ အားမထုတ်လို့ရှိရင် မဂ်ပညာ ဘယ်နည်းနဲ့မှ မရဘူးလို့သူ့ ကိုပဲ ဟောတာပဲ (မှန်ပါ့ ဘုရား)။

ပိဋိကတ် သုံးပုံဆောင်ကြီးကို ဟောတာပဲ (မှန်ပါ့ ဘုရား)။ ပိဋိကတ် သုံးပုံဆောင်ချည်း ဘဝများစွာဖြစ်ခဲ့တယ် သူဟာ (မှန်ပါ့)၊ ဒါကြောင့် ခန္ဓာကိုယ်ထဲ ယောနိသော မနသိကာရနဲ့ နှလုံးမသွင်းလို့ရှိရင် မင်းရထားတာတွေ အကုန်ဟာ အမှတ်သညာသာ ဖြစ်တယ်၊ ပညာမဖြစ်ဘူးလို့ သေသေချာချာ ဟောတာပဲ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ တို့အတွက်မှာဖြင့် သံသယကိုလဲ ရှင်းပေးတာ ဒီဆရာပဲဆိုတာ ကိုဝ ကျေနပ်ပလား (ကျေနပ်ပါပြီ)၊ သူပြောသူပြော စကားတွေ နားမယောင်ပါနဲ့ ၊ ဖျက်ပစ်ပါဆိုတာကော ဒီဆရာက သေသေချာချာ ပြောနေတာပဲ (မှန်ပါ့)၊ ပြီးတော့ ရှင်မဟာကောဋ္ဌိကနဲ့ ရှင်သာရိပုတ္တရာ တို့ကိုယ်တိုင် တရားနာပြီး ကိုယ်တိုင် နှလုံးသွင်းခြင်းကြောင့် သူတို့ကိုယ်တိုင်ရပြီး သူတို့ ဖြစ်စဉ် အမှန် ပြောတာကိုလဲ ခင်ဗျားတို့ကို ဆရာဘုန်းကြီးက မူလ ပဏ္ဏာသပါဠိတော် ထုတ်ပြောပြီ (မှန်ပါ့ ဘုရား)။

“ပေဋကောပဒေသ” ပါဠိတော် လာတာကိုလဲ ထုတ်ပြော တဲ့အတွက် ခင်ဗျားတို့က ဘာမှ မသိတဲ့လူက သူများ ပြောသံကြားနဲ့ ဆင်ခြေလဲပြီး ကိုယ့်သံသယနဲ့ ကိုယ့်ကုက္ကုစ္စက ကိုယ့်ကို မနှိပ်စက်ပါ စေနဲ့ဆိုတာ လေးလေး နက်နက် တားတယ် (မှန်ပါ့)၊ မတားထိုက်ဘူးလား (တားထိုက်ပါတယ်)၊ သဘောပါပြီနော် (ပါပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ဟောကြပါစို့တဲ့၊ ခင် ဗျားတို့ကိုယ်နဲ့ လျောက်ပတ်တဲ့ တရားကဖြင့် ပါရတော့မှာပဲ (မှန်ပါ့)၊ တရားဆိုတာလဲ နောက်ဆုံးပိတ်မှာ ဒကာ ဒကာမတို့ မှတ်လိုက် ပိဋကတ်သုံးပုံကို ကို အကျဉ်းချုံးလိုက်တယ်(မှန်ပါ့)၊ ပိဋကတ်သုံးပုံကို အကျဉ်းချုံးလိုက်ရင်ဖြင့် ဖြစ်ပျက်ပဲ ရှိတယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ပိဋကတ်သုံးပုံကို အကျဉ်းချုံးလိုက်ရင် (ဖြစ်ပျက်ရှိပါ တယ်)၊ အဲ အနိစ္စပဲရှိတယ်၊ ဒုက္ခပဲရှိတယ်၊ အနတ္တပဲရှိတယ်။ အနိစ္စလဲ ဖြစ်ပျက်ပဲ၊ ဒုက္ခလဲ ဖြစ်ပျက်ပဲ၊ အနတ္တလဲ ဖြစ်ပျက်ပဲ။

အဲဒီတော့ ပိဋကတ်သုံးပုံကို အကျဉ်းချုံးပြီး သကာလ စာ တွေ့ သင်တာ ဘယ်ကမ်း ဘယ်သောင် ဘယ်ဆိပ်ကမ်း ဆိုက်ချင် လို့လဲမေးရင် အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဆိုက်ချင်လို့ သင်ကြတာ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါကြောင့် ပိဋကတ်သုံးပုံ ချုံးလိုက်တော့ ဘယ်မှာ လမ်း ဆုံးသွားပါလိမ့် (ဖြစ်ပျက်မှာ လမ်းဆုံးပါတယ်)၊ ဖြစ်ပျက်ဆိုတဲ့ အနိစ္စ၊ ဒုက္ခ၊ အနတ္တမှာ လမ်းမဆုံးဘူးလား (ဆုံးပါတယ်)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

အဲဒီ ဖြစ်ပျက်ဟာလဲတဲ့ ဘယ်မှာ လမ်းဆုံးမလဲဆိုတော့ မပျက်တဲ့ဆီမှာ လမ်းဆုံးတယ် (မှန်ပါ့)၊ ဖြစ်ပျက် ဟာ ပိဋကတ် သုံးပုံ၏ အဆုံးက ဖြစ်ပျက်၊ ဖြစ်ပျက်၏အဆုံး နိဗ္ဗာန်ဆိုတဲ့ ဘယ် သူလုပ်လို့မှ မဖြစ်၊ ဘယ်သူဖျက်လို့ မပျက်တဲ့ နိဗ္ဗာန်မှာ သွားပြီးလမ်းဆုံးတယ် (မှန်ပါ့)၊ ဒါကော သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါလဲ အခုပြောတဲ့စကားနှစ်ခွန်းပဲ ရှိပါသေးတယ်၊ ဒကာ ဒကာမတွေ အရေးမကြီးတာကို ကို တစ်ချက်မှ မပါဘူး (မှန်ပါ့)၊ ပိဋကတ်သုံးပုံကို အကျဉ်းချုံးလိုက်ရင် ဘာတွေ့သလဲ (ဖြစ်ပျက်ပါ ဘုရား)။

ပိဋကတ်သုံးပုံ၏ အဆီအနှစ် ထုတ်လိုက်တော့ ဖြစ်ပျက်ပဲ တွေ့ရတယ်(မှန်ပါ့)၊ အဲဒီ ဖြစ်ပျက်ကို တစ်ခါ ဖြစ်ပျက် သည်ကား ဆိုလို့ရှိရင် ဘယ်မှာ စခန်းသတ်မှာတုံးလို့ မေးလို့ ရှိရင် မဖြစ် မပျက်တဲ့ဆီမှာ ဘာတုံး (စခန်းသတ်ပါမယ်)၊ မဖြစ်မပျက်တဲ့ ဆီဆိုတာ ဘယ်သူလုပ်လို့မှ မဖြစ်တာက နိဗ္ဗာန်ပဲ (မှန်ပါ့)၊ ဘယ်သူဖျက်လို့မှ မပျက်တာ (နိဗ္ဗာန်ပါ ဘုရား)။

အဲ မဖြစ်မပျက်တဲ့ နိဗ္ဗာန်မှာ လမ်းဆုံးတယ်ဆိုသဖြင့် ဪ တို့သည် ဖြစ်ပျက် မြင်ကတည်းက ပိဋကတ်သုံးပုံ တို့အထဲရောက်ပြီဟ (မှန်ပါ့)၊ ဆိုနိုင်ကြပလား (ဆိုနိုင်ပါတယ် ဘုရား)။

ဖြစ်ပျက်မြင်ကတည်းက (ပိဋကတ်သုံးပုံ တို့အထဲ ရောက်ပါပြီ ဘုရား)။

ဒါဖြင့် ပိဋကတ်သုံးပုံ ရောက်လာလို့ရှိရင် အဲဒီ ပိဋကတ် သုံးပုံကို ဒကာ ဒကာမတွေက အဆုံးလိုက်,လိုက်၊ ဖြစ်ပျက် အဆုံးလိုက်လိုက် (မှန်ပါ့)၊ အဆုံးလိုက်တဲ့ အခါကျတော့ အခု ဖြစ်ပျက် ကတော့ အကြောင်းဖြစ်လို့ အကျိုးဖြစ်ရရှာတယ်၊ အကြောင်းပျက်လို့ (အကျိုးပျက် ရပါတယ် ဘုရား)။

သြော် အခုဟာကတော့ဖြင့် အကြောင်းအကျိုးဆက်ပြီး သကာလ ဖြစ်ပျက်ဖြစ်ရတာ၊ နိဗ္ဗာန်ဆိုတဲ့ တရားက ဘယ်အကြောင်းကမှ တည်ထောင်တာ မဟုတ်သောကြောင့်လဲ ဘယ် သူ့ကြောင့် မဖြစ်တဲ့တရားဟာ ဘယ်သူက သွားဖျက်လို့ ကော (မရပါ ဘုရား)။

အဲဒါကြောင့် ဖြစ်ပျက်က မဖြစ်မပျက်တဲ့ဆီ ရောက် ကြောင်း ကြိုးစားပါဆိုတဲ့ဥစ္စာကိုလဲ ပိဋကတ်သုံးပုံ တတ်ပြီးသား ပုဂ္ဂိုလ်တွေကို အဲဒီ အရောက်သွားပါ ဆိုတာကိုလဲ တိုက်တွန်းရ ပြန်တယ် (မှန်ပါ့)၊ သဘောပါပလား (ပါပါပြီ ဘုရား)၊ အင်မတန် အရေးကြီးတဲ့ အချက်တွေ ဆိုတာ ပေါ်ပလား (ပေါ်လာပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ မူလတရားကို ပြန်ပြီး သကာလ ကျုပ်တို့ အလုပ်ခွင်ထဲ သွင်းကြပါစို့ ဆိုတော့ သိကြား မင်းနဲ့ မြတ်စွာဘုရားနဲ့ မေးကြ ဖြေကြတာတွေဟာ ဒကာ ဒကာ မတွေ လိုရင်းတွေ ပြောနေတဲ့အတွက် အဲဒါ မပါသေးဘူးပေါ့ဗျာ (မှန်ပါ့)။

သိကြားမင်းက “ကိတ္တာဝတာနုခေါ ဘန္တေ ဘိက္ခု တဏှာ သင်္ခယ ဝိမုတ္တော ဟောတိ” စသည်ဖြင့် ပါဠိကလေးနဲ့ မေးလိုက် တယ်၊ နိဗ္ဗာန်ကို အမြန်ဆုံးရောက်နိုင်တဲ့ တဏှာကုန်တဲ့တရား ကို ဟောပါ ဘုရားတဲ့၊ နိဗ္ဗာန်ဟာ တဏှာကုန်မှ ရောက်ကြမှာကိုး (မှန်ပါ့)။

အဲဒီတော့ နိဗ္ဗာန်ကို အမြန်ရောက်တဲ့ တရား၊ တဏှာချုပ် တဲ့တရားကို တပည့်တော်အား ဟောပါ ဘုရားတဲ့၊ စင်စစ် အဲဒီ တဏှာချုပ်တဲ့ နေရာဆိုတာ “ခယဝယ” ကို လွန်ပါပြီတဲ့။ သဘောကျပလား (ကျပါပြီ ဘုရား)။

တဏှာချုပ်တဲ့နေရာမှာ ခယဝယ သဘောရှိသေးရဲ့လား (မရှိပါ ဘုရား)၊ အဲ တဏှာချုပ်တဲ့ နေရာမှာ ခယဝယဆိုတဲ့ သဘော မရှိဘူး၊ ခယဝယကတော့ ကျုပ်တို့ သင်္ခါရနယ်မှာသာ ရှိတယ် (မှန်ပါ့)။

သင်္ခတကျတော့ ခယဝယရှိသေးရဲ့ လား (မရှိပါ ဘုရား)၊ မရှိတော့ပါဘူး ဒကာ ဒကာမတို့၊ နိစ္စဓူဝသာ ရှိပါတော့တယ်၊ ခယဝယ မရှိဘူး (မှန်ပါ့)။

အစ္စန္တနိဋ္ဌော တဲ့၊ စင်စစ် ခယဝယကို လွန်ခဲ့တဲ့ နိဗ္ဗာန် အစ္စန္တော – ယောဂက္ခေမီ တဲ့၊ စင်စစ် ယောဂလေးပါးကို ကုန် စေနိုင်တယ်ဆိုတော့ အာသဝနဲ့ ယောဂအတူတူပါပဲ (မှန်ပါ့ ဘုရား)။

စင်စစ် မြတ်သောအကျင့် မြဲတာ၊ မြတ်သောအကျင့် မြဲ ဆိုတာ မဂ္ဂင်ရှစ်ပါး ခန္ဓာကိုယ်ထဲ ရောက်မှ ကျုပ်တို့မှာ တရားဟာ မြဲတယ်နော် (မှန်ပါ့)။

နို့မဟုတ်လို့ မဂ္ဂင်ရှစ်ပါး မရောက်သေးလို့ ရှိရင် ဒီဘဝ မှာ ဥပမာမယ် ၁၅-နှစ်၊ ၁၆-နှစ်မှာ ဗုဒ္ဓဘာသာ ဒါပေမယ့် အနှစ် ၂၀ လောက်မှာ ဘာသာခြား ဖြစ်သွားနိုင် သေးတယ်၊ မဂ္ဂင် ရှစ်ပါး ဝမ်းထဲမရောက်သေးလို့ ရှိရင် (မှန်ပါ့)။

ဒါကြောင့် အစ္စန္တ ဗြဟ္မစာရီ တဲ့၊ စင်စစ် တကယ်တမ်း ခန္ဓာကိုယ်ထဲမှာ ဒီတရားမြဲတာ အဲဒါကိုလဲ သူလိုချင်ပါတယ် တဲ့ (မှန်ပါ့)။

သေဋ္ဌော ဒေဝမနုဿာနံ-တဲ့၊ နတ် လူတို့ထက် မြတ်တဲ့ တရားဆိုတာလဲ ဒကာ ဒကာမတွေကို နိဗ္ဗာန်လို့ မှတ်ထားလိုက် ပါ (မှန်ပါ)။

နတ်တို့ထက် အဆပေါင်းများစွာ မြတ်တဲ့နိဗ္ဗာန်ကို တပည့် တော် အမြန်လိုချင်ပါတယ်ဘုရား၊ တဏှာကုန်ပြီး သကာလတဲ့ (မှန်ပါ့)။

ဘုရားသခင် ကိုယ်တော်မြတ်ကြီးက “သဗ္ဗေ ဓမ္မာ နာလံ အဘိနိဝေသာယ”လို့ ဟောလိုက်တယ်၊ အလုံးစုံ ခန္ဓာ အာယတန ဓာတ်တို့ ရှိကြပါတယ်၊ အဲဒါတွေကို တဏှာ၊ မာန၊ ဒိဋ္ဌိ မစွဲလမ်း လို့ ရှိရင်ရပါတယ်တဲ့၊ သဘောကျပလား (ကျပါပြီ ဘုရား)၊ ခန္ဓာ အာယတန ဓာတ်တွေကို တစ်ခုခု ရှုထားပေါ့ လေနော် (မှန်ပါ့)၊ အဲဒါ တဏှာ၊ မာန၊ ဒိဋ္ဌိ နောက်ကမလိုက်ရင် (ရပါတယ် ဘုရား)။

အဲဒီ ရတာတွေဟာ အများသဘော ဟောတာတဲ့၊ သေသေ ချာချာ ပြောရမယ်ဆိုလို့ရှိရင် ဝေဒနာသုံးပါးသာ လှည့်ရှုပါ ဒီမှာ နိဂုံးချုပ်တာပဲ (မှန်ပါ့)။

ဒကာ ဒကာမတွေ သိကြားမင်းကို ဘယ်ဟာကို အရှုခိုင်း ပါလိမ့် (ဝေဒနာသုံးပါးကို အရှုခိုင်း ပါတယ် ဘုရား)။

ယံ ကိဉ္စိ ဝေဒနာနံ ဝေဒဟတိ၊ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခ မသုခံ ဝါ။

သောတာသု အနိစ္စာနုပဿီ ဝိဟရတိ၊ ဝိရာဂါ နုပဿံ ဝိဟရတိ၊ နိရောဓာနုပဿီ ဝိဟရတိ၊ ပဋိနိဿဂ္ဂါ နုပဿီ ဝိဟရတိ။

ဒီတရားတွေကိုသာ ဒီဝေဒနာသုံးမျိုးကိုသာ လှည့်ရှုပြီး သကာလနေလို့ရှိရင် တောင့်တတဲ့ တဏှာ သေသွားပါတယ်၊

တောင့်တတဲ့ တဏှာသေလို့ရှိရင် “န စ ကိဉ္စိ လောကေ ဥပါဒိ ယတိ တဲ့၊ တဏှာသေရင် ဥပါဒါန် မလာဘူးကွ တဲ့ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

န စ ကိဉ္စိ လောကေ ဥပါဒိယတိ = တစ်စုံတစ်ခုသော တရားမှ စွဲလမ်းခြင်းမရှိပါဘူး၊ အဲဒီကျတော့ “ခီဏာ ဇာတိ ဝုသိ တံ ဗြဟ္မစရိယံ” ဆိုတာ သေသေချာချာ ဖြစ်ပါတယ်လို့ ဝေဒနာ သုံးပါးသာ လှည့်ပြီး ရှုပါလို့ သိကြားမင်းကို ဟောပြန်တယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

အဲဒီတော့ သိကြားမင်းမေးတာ တဏှာ အမြန်ကုန်ပြီး ခယဝယ လွန်တဲ့ဆီ ရောက်ချင်တယ်ကိုး သူက (မှန်ပါ့)။

ကိုင်း ဒါဖြင့် အလွယ်ကလေးပါပဲ၊ ဝေဒနာသုံးပါးကို ပထမဦးစွာ ဝေဒနာသုံးပါး ရှိတယ်တဲ့၊ ဒကာ ဒကာမတွေ နေ့တိုင်းလဲ ဟောနေလို့ သိပါတယ်နော် (မှန်ပါ့)။

ဝေဒနာသုံးပါးကို ပထမရှေးဦးစွာ ဉာတပရိညာနဲ့ သိ အောင်လုပ်ပါ၊ နောက် တီရဏပရိညာနဲ့ ပွားပါ၊ နောက် ပဟာန ပရိညာ ဆိုတဲ့မဂ် ပေါ်အောင်လုပ်ပါ (မှန်ပါ့)။

ဒါ သိကြားမင်းကို ဒကာ ဒကာမတို့ ဟောတယ်ဆိုတဲ့ ဥစ္စာ သဘောကျပလား (ကျပါပြီ ဘုရား)။

ဝေဒနာသုံးပါးကို သိမှု အရင်ရှိပစေ၊ နောက် ပွားမှု လုပ်ပါ၊ သဘောကျပလား (ကျပါပြီ)၊ နောက်ကျတော့ကို ပယ်မှု၊ ဝေဒနာ နဲ့ ပတ်သက်တဲ့ တဏှာကို အမြစ်နဲ့ တကွ ပယ်မှုလုပ်ပါတဲ့ (မှန်ပါ့)၊ ဒါဖြင့် သိမှု၊ ပွားမှု၊ ပယ်မှုပေါ့ ဗျာ (မှန်ပါ့)။

ဝေဒနာသုံးပါးကို ရှေးဦးစွာတော့ဖြင့် ဘာလုပ်ရမတဲ့ (သိမှု လုပ်ရပါမယ်)၊ ဒုတိယအမှုက (ပွားမှုပါ)၊ တတိယအမှုက (ပယ် မှုပါ ဘုရား)။

အဲဒီ သုံးလက်နဲ့ လုပ်လို့ရှိရင် ရှေးဦးစွာ ပရိဇာနာတိနဲ့ အရင်လုပ်ပါတဲ့၊ သဘောကျပလား (ကျပါပြီ ဘုရား)၊ ရှေးဦးစွာ ပိုင်းခြားပြီး သကာလ သိဖို့ အရင် လုပ်စမ်းပါတဲ့၊ ဝေဒနာသုံးပါး ခွဲခြားပြီး သကာလ သိဖို့ အရင်လုပ်စမ်းပါတဲ့ (မှန်ပါ့)။

နောက်ကျတဲ့ အခါကျလို့ ရှိရင်ဖြင့် ပွားများတဲ့ အလုပ် ဒုတိယ လုပ်လိုက်စမ်းပါတဲ့၊ ပွားများတဲ့ အလုပ် ဒုတိယ လုပ်စမ်း ပါတဲ့၊ ပွားများတဲ့အလုပ် လုပ်ရင်း မတ္တနဲ့ နောက် ပယ်မှုအလုပ် ဖြစ်လာ မှာပဲတဲ့ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် သိမှု၊ ပယ်မှု၊ ပွားမှုပေါ့လေ (မှန်ပါ့)၊ ဘယ်သူက ဘယ်သူ့ကို ဟောတယ်ဆိုတာ မောင်နိုင် ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)၊ ဘုရားက သိကြားကို ဟောတယ် (မှန်ပါ့)။

အဲဒီတော့ ဘုရားက သိကြားဟောတာကို ထင်ထင်ရှားရှား သိနေတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ၁-နံပါတ်က စ,ပြောမယ်၊ သိမှုက စ,ပြောမယ် (မှန်ပါ့)၊ သိမှုဟာ သိမှုပဲလို့ ဒကာ ဒကာမတွေ မှတ်ကြပါ၊ သိမှုနဲ့ ပွားမှုနဲ့ မရောစေနဲ့(မှန်ပါ့)။

သိမှုဆိုတာကတော့ ကို သေသေချာချာမှတ် ကိုစံလှ သေသေချာချာမှတ် (မှန်ပါ့)၊ ချမ်းသာတယ်လို့ ပေါ်လာရင် ဪ ဒါ သုခဝေဒနာကိုးလို့ သိရင်တော်ပြီ (မှန်ပါ့)၊ ဒါ သိမှုပဲ (မှန်ပါ့)၊ ဆင်းရဲတာကလေး ပေါ်လာရင် မောင်နိုင် (ဒုက္ခ ဝေဒနာလို့ သိရင် သိမှုပါ ဘုရား)၊ ဆင်းရဲချမ်းသာ ကင်းတာ ကလေး တစ်ခုပေါ်လာရင် (ဥပေက္ခာဝေဒနာလို့ သိရင် သိမှုပါ ဘုရား)။

အဲ ကိုယ့်သန္တာန်မှာ တစ်ခါတလေ ဆင်းရဲတာလာ မယ် ကိုဝ (မှန်ပါ့)၊ တစ်ခါတလေ ကျတော့ ချမ်းသာတာကော (လာမှာပါ ဘုရား)၊ တစ်ခါတလေ ချမ်းသာဆင်းရဲ ကင်းပြီး ကိုယ့် သဘောကလေး နေတဲ့အခါ ကော (လာမှာပါ ဘုရား)။

အဲဒီတော့ ဒီလာတဲ့ဥစ္စာကို ချမ်းသာတာလာရင် ဪ ဒါ သုခဝေဒနာပဲလို့ သိထားရမယ် (မှန်ပါ့)၊ ဆင်းရဲတာလာ ရင် (ဒုက္ခဝေဒနာလို့ သိထားရပါမယ် ဘုရား)၊ ချမ်းသာ ဆင်း ရဲ ကင်းတာ ကလေး လာရင်ကော (ဥပေက္ခာ ဝေဒနာလို့ သိရပါ မယ် ဘုရား)။

အဲဒါကတော့ ငါ ဘုရားသခင် ကိုယ်တော်မြတ်ကြီး ဟော တာက သိမှုကိုဟောတဲ့ ဝေဒနာ သိမှုကို ဟောတာ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် သိမှုမှာဖြင့် ဒကာ ဒကာမတွေ တစ်နေ့ကလဲ တစ်ခါ ပြောလို့ သုခဝေဒနာဆိုရင် ကိုယ်ပေါ်မှာလဲ သုခ ချမ်းသာ ကလေး မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)၊ ဝမ်းထဲမှာ ဝမ်းမြောက်တဲ့ သုခကလေး (ပေါ်ပါတယ် ဘုရား)။

သြော် သုခက နှစ်နေရာ ပေါ်တယ် ဆိုတော့ ပေါ်တဲ့ နေရာတိုင်း နေရာတိုင်း သိပေးပါ၊ ဪ ဒါဟာ ကိုယ်ပေါ် မှာ ပေါ်တဲ့သုခ၊ ဒါက ဝမ်းထဲမှာ ပေါ်တဲ့ သုခ၊ ဒီလိုတော့ သိ, သိပေးပါ (မှန်ပါ့ ဘုရား)၊ ဒါက ကျင့်တာ မဟုတ်သေးဘူးတဲ့။ ဉာတ – သိမှုပဲ ရှိသေးတယ် (မှန်ပါ့)။

ကောင်းပြီ ဒုက္ခကလေး ပေါ်လာပြန်တော့လဲ ကိုယ် ပေါ်မှာပဲ နာတယ်၊ ကိုက်တယ်၊ ခဲတယ်၊ ကျဉ်တယ်ဆိုတဲ့ ဆင်းရဲ လုံးကလေးမလာဘူးလား (လာပါတယ် ဘုရား)၊ဒါလာရင် ဒုက္ခ ဝေဒနာလို့ သိပေး (မှန်ပါ့)၊ ဝမ်းထဲလဲ မခံချင်တဲ့ စိတ်ကလေး မလာပေဘူးလား (လာပါတယ် ဘုရား)၊ မခံချင်တော့ ဝမ်းထဲ လဲ ဒုက္ခပေါ်တယ်လို့ မှတ်လိုက်ပေါ့ (မှန်ပါ့ ဘုရား)။

ဒါဖြင့် သုခကလဲ နှစ်နေရာ၊ ဒုက္ခကကော (နှစ်နေရာပါ ဘုရား)၊ ဥပေက္ခာကျတော့ ဒကာ ဒကာမတွေ သိထားတော့ မျက်လုံးထဲ မြင်ကာမျှမတ္တ ဥပေက္ခာ၊ နားက ကြားကာမျှ မတ္တ (ဥပေက္ခာပါ ဘုရား)၊ ကြားကာမျှမတ္တ စိတ်ကလေးတွေ ဝေဒနာ ကလေးတွေပေါ့လေ၊ စိတ်နဲ့ ဝေဒနာနဲ့ တွဲလျက်ကြီး (မှန်ပါ့ ဘုရား)၊ နှာခေါင်းထဲမှာ နံကာမျှမတ္တလေး (ဥပေက္ခာ ဝေဒနာပါ ဘုရား)၊ လျှာပေါ်မှာ စားကာမျှမတ္တစိတ်ကလေး (ဥပေက္ခာပါ ဘုရား)၊ ဝမ်းထဲမှာလဲ ဒကာ ဒကာမတွေ ဥပေက္ခာ ဘယ်လိုများ ပေါ်ပါလိမ့်မတုံး ဆိုလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ စဉ်းစားကြည့် လေ၊ အားလုံးသော ပုဂ္ဂိုလ်တွေကို ဘယ်သူရှိသေးသလား၊ ဘယ် ဝါ ရှိသေးသလား စဉ်းစားတဲ့အခါ ရှိသေးတယ်၊ မရှိတော့ သူ မသိပေဘူးလား (သိပါတယ် ဘုရား)၊ ရှိ မရှိတာ သူသိချင်တာနဲ့ သူ့အတွက်ကို ခင်ဗျားတို့က သူ့အတွက်ကြောင့် စိတ်ဆင်းရဲတာတော့ မဟုတ်ဘူး (မှန်ပါ့ ဘုရား)။

သူ့အတွက်ကြောင့် ဝမ်းမြောက်တာကော (မဟုတ်ပါ ဘုရား)၊ ရှိမှ ရှိသေးသလား တွေးလိုက်တဲ့အခါ သြော် ရှိသေး သားပဲ (မှန်ပါ့)၊ ရှိသေးသားပဲ ဆိုတဲ့ဥစ္စာ အဲဒီ ရှိသေးသားပဲဟာ ဥပေက္ခာပဲ (မှန်ပါ့)၊ ဒါ ဝမ်းသာ ဝမ်းနည်းပါသေး သလား (မပါ,ပါ ဘုရား)၊ မပါဘူး၊ ရှိမရှိတွေးတာကိုး (မှန်ပါ့)၊သဘောကျပလား (မှန်ပါ့)။

အိမ်မှာရှိတဲ့ ပစ္စည်းတွေလဲ ရှိမရှိတွေးကြည့်၊ ဒါ ဘာပါ လိမ့် (ဥပေက္ခာပါ ဘုရား)။

ဥပေက္ခာပဲဆိုတာ ဒကာ ဒကာမတွေ ရှိ မရှိ တွေးတော သည်ကားလို့ ဆိုရင်ဖြင့် လိုချင်လို့ တွေးတဲ့ သဘောမျိုးလဲမဟုတ် ဘူး (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ကြောင့်ကြလို့ တွေးတဲ့သဘောမျိုးလဲ မဟုတ်ဘူး (မဟုတ်ပါ ဘုရား)၊ ဒီဥစ္စာဟာ ရှိသေး မရှိသေး သိချင်တာ တစ်ခု ရှိတာပဲ (မှန်ပါ့)၊ အဲဒါကျတော့ ဘယ့်နှယ်ဆိုပါ့မလဲ (ဥပေက္ခာ ပါ ဘုရား)။

အဲဒီ တွေးလုံးကလေးတွေ ဥပေက္ခာလို့ မှတ်ထားလိုက် တော့ ဝမ်းထဲလဲ ဥပေက္ခာ ပေါ်တယ် ဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။

အဲ လမ်းများသွားတော့ သာပြီး ထင်ရှားသေးတယ် ဒကာ ဒကာမတို့၊ သစ်ပင်တွေများ မြင်သွားလိုက်တာ မြင်ကာမျှ မတ္တ ဥပေက္ခာတွေကော (မှန်ပါ့)၊ ဘာပင် ညာပင်လို့ ကော မသိ ဘူးလား (သိပါတယ် ဘုရား)၊ အဲ သိကာမျှမတ္တတွေလဲ ဥပေက္ခာလို့ မှတ် (မှန်ပါ့)။

ဒီသိခြင်းကြောင့် ခင်ဗျားတို့ အိမ်ယူချင်တဲ့ လောဘကော ပါရဲ့လား (မပါပါ ဘုရား)၊ ဒီသစ်ပင် မြင်ရတာ ကျုပ်ဖြင့် စိတ်ကို ပျက်သွားတာပဲကော လာရဲ့ လား (မလာပါ ဘုရား)။

အဲ ဒါဖြင့် မြင်တယ်၊ သိတယ်ဆိုတာ မြင်ကာမျှ မတ္တ သိကာမျှ မတ္တ ကလေးဟာ ဥပေက္ခာချည်း မှတ်ထားပါဆိုတော့ ၁-နံပါတ်အတွက်ဟာ အောင်မြင်ပြီလို့မှတ်ပါ (မှန်ပါ့)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

၁-နံပါတ်က ဘာတုံး (အောင်မြင်သွားပါပြီ)၊ ဝေဒနာပေါ် တိုင်း ပေါ်တိုင်း သိလို့ရှိရင်ဖြင့် ဉာတပရိညာစခန်းဖြင့် အောင် မြင်ပါပြီ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ကဲ ဒါဖြင့် ဒကာ ဒကာမတို့ သိမှုပြီးတော့ ဘာတဲ့ (ပွားမှုပါ ဘုရား)။

ဘုရားက သိကြားကို ဟောနေတဲ့ အတွက် ဒကာ ဒကာမ တို့ ၁-နံပါတ်ဖြင့် ဘုန်းကြီးတို့ ပြောလို့ ပဲ နှစ်ရက် သုံးရက်လဲ ရှိပါပြီ၊ ရှင်းလောက်ပါပြီနော် (မှန်ပါ့)။

ကဲ ဒါဖြင့် ဒကာ ဒကာမတို့ ပွားမှုအလုပ် လုပ်ကြပါစို့ (မှန်ပါ့)၊ ဉာတပရိညာ ပြီးရင် တီရဏပရိညာ၊ တီရဏပရိညာ ဆိုတာကတော့ ဝေဒနာမတွေ့ ရဘူး (မှန်ပါ့)၊ ဉာတပရိညာက ဝေဒနာတွေ့ရမယ် (မှန်ပါ့)၊ ပွားတဲ့အချိန်ကျတော့ မတွေ့ရပါ ဘုရား။

ပွားတဲ့အချိန်ကျတော့ ဘာဖြစ်လို့ မတွေ့ရသတုံးဆိုတော့ ပွားတယ်ဆိုတာက ဒကာ ဒကာမတွေ နေ့တိုင်းပြောနေတဲ့ မဂ္ဂင် ငါးပါး (မှန်ပါ့)။

ပွားတယ်ဆိုတာ ဘာနဲ့ပွားသတုံး (မဂ္ဂင်ငါးပါးနဲ့ ပွားပါ တယ် ဘုရား)၊ မဂ္ဂင်ငါးပါးနဲ့ ပွားတယ်၊ ကိုဝတို့ ကိုစံလှတို့ ရိပ်မိ ပလား (ရိပ်မိပါပြီ ဘုရား)။

အဲဒီတော့ ပွားတဲ့အချိန်နဲ့ သိတဲ့အချိန်ဟာ တခြားစီလို့ မှတ်ပါ (မှန်ပါ့)၊ ပွားတဲ့အချိန် သည်ကားလို့ ဆိုရင် ခုနင်က ဉာတ ပရိညာကို သေသေချာချာ ရှင်းရှင်းလင်းလင်း ပြောလို့ ရှိရင် ဒကာ ဒကာမတို့ ဉာတပရိညာဟာ ဘာပါလိမ့်မတုံးဆို တော့ ဉာတပရိညာဟာ ခင်ဗျားတို့ တရားနာလို့ စာတတ်တာပဲ ရှိသေးတယ်၊ သိမှုပဲ (မှန်ပါ့)။

တရားနာလို့ စာတတ်တာ ဉာတပရိညာလို့ မှတ်လိုက်ပါ (မှန်ပါ့)၊ ပွားမှုအလုပ်သည်ကား နှလုံးသွင်းမှန်တော့မည်မှတ် (မှန်ပါ့)။

ပွားမှုအလုပ်က ဘာတုံး (နှလုံးသွင်းမှန်ပါတယ် ဘုရား)၊ ဒါဖြင့် သိမှုသည် ဒကာ ဒကာမတို့ တရားနာမှုပါပဲ၊ တရားနာ လို့ ပဲ သိကြတာပေါ့ ဗျာ (မှန်ပါ့)၊ တရားမနာရင် သိပါ့ မလား (မသိပါ ဘုရား)။

အဲဒါကြောင့် သိမှုအလုပ်နဲ့ တစ်ထပ်တည်းသွားပြီ (မှန် ပါ့)၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့် ရှေ့ဆက်လက်ပြီးသကာလ သွား တော့ ပွားမှုအလုပ်ဆိုပါတော့ ခုနင်က ကိုဝတို့၊ ကိုစံလှတို့ ဝေဒနာ မတွေ့ပေဘူးလား (တွေ့ပါတယ် ဘုရား)၊ ပွားတဲ့အခါကျတော့ တစ်ခုက တစ်ခု ပွားရတော့မှာကိုး (မှန်ပါ့)၊ ဒီတစ်ခုကို တစ်ခုနဲ့ ပွားရမယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ရှေ့တစ်ခုကို နောက်က ပွားမှုတစ်ခု မလိုက်ရဘူးလား (လိုက်ရပါတယ် ဘုရား)၊ ပွားမှုနဲ့ ရှုမှု အတူတူပဲနော် (မှန်ပါ့)၊ သို့ သော် တီရဏပရိညာဟာ ဘာဝေတဗ္ဗကိစ္စဆိုလို့ ပွားမှုနဲ့ သုံး တာပါ၊ စင်စစ်တော့ ရှုမှုပါပဲ (မှန်ပါ့)၊ သဘောပါကြပလား (ပါပါပြီ ဘုရား)၊ ပွားမှုနဲ့ ရှုမှုဟာ အတူတူပဲလို့ ဆုံးဖြတ်ချက် ချပါ (မှန်ပါ့)။

ကောင်းပြီ ဒါဖြင့် ခန္ဓာထဲမှာ နှစ်စိတ်ပြိုင်မပေါ်နိုင်လို့ နှစ်ဝေဒနာ ပြိုင်မပေါ်ဘူးဆိုတာလဲ သဘောကျပါ (မှန်ပါ့)၊ အရှုခံ ကလဲ ဝေဒနာ၊ ရှုဉာဏ်ကလဲ (ဝေဒနာပါ ဘုရား)၊ ဝေဒနာဟာ ဒီမှာလဲ ရှိတာပဲ၊ သဘောကျပလား (ကျပါပြီ ဘုရား)။

အဲဒီတော့ ဘယ်မှာ ဒီဥစ္စာ ဝေဒနာမပြိုင်ဘူးလို့ ဟောခဲ့ သတုံးဆိုတော့ ရှင်သာရိပုတ္တရာရဲ့ တူ ဒီဃနခကို ဝေဒနာမပြုင်နိုင် ပုံကို သေသေချာချာ ဘုရားကိုယ်တော်တိုင် ဖွင့်ဟောတော်မူခဲ့ တယ် (မှန်ပါ့)။

ရှေးက ဝက်ကြီးတူးထားတဲ့ သူကရခတဆိုတဲ့ ဂူကြီးထဲ မှာ ရှင်သာရိပုတ္တရာကလဲ မောင်နိုင်ရေ ရှင်အဿဇိဆီမှာ သောတာပန်တည်ပြီး ဘုရားဆီ ရောက်သွားတယ် (မှန်ပါ့)၊ ဘုရား ဆီ ရောက်သွားတဲ့ အခါကျတော့ ဘုရားက အဲဒီဂူကြီးထဲ နေ့လယ် အေးပါတယ် ဆိုပြီး သကာလ သွားနေတော့ ရှင်သာရိပုတ္တရာက နောက်က ယပ်ကလေးခတ်ပြီး နေတယ်၊ ဒီဃနခဆိုတဲ့ ပုဂ္ဂိုလ်က ရှင်သာရိပုတ္တရာရဲ့ တူ (မှန်ပါ့)။

ငါ့ဦးကြီးလဲ ရှင်ကြီးဂေါတမနောက် လိုက်သွားတာ ဘာ များ ဖြစ်တယ်လို့ မသိရဘူး၊ ဘာသံမှလဲ မကြားဘူး၊ သတင်း မေးပြီးလိုက်ဦးမှ တော်မယ်ဆိုပြီး လိုက်လာတာ အဲဒီဂူကြီးထဲ မှာ ရှင်သာရိပုတ္တရာက ယပ်ခတ်ပြီး ဘုရားကထိုင်ပြီး သီတင်း သုံးနေတာကို တွေ့တယ်။ တွေ့တဲ့အချိန် ကျတော့ သူ့ကို ဒီပြင် တရားကို မင်း မရှုပါနဲ့ကွာ၊ ဒီဃနခ ဆိုပြီး သကာလ ဝေဒနာကို လှည့် ဟောတယ်၊ ဒီဃနခကို ဝေဒနာတရား ဟောတာပဲ (မှန်ပါ့ တ ရား)။

ဝေဒနာဟာကွာ မင်းမှတ်ထားဆိုပြီး ဒီဘက်မှာ အရှုခံ ဝေဒနာ ရှိနေလို့ရှိရင် ရှုဉာဏ်ဝေဒနာ မပေါ်ဘူးတဲ့ (မှန်ပါ့)၊ သဘောကျပလား (ပါပြီ ဘုရား)။

အရှုခံဝေဒနာ ချုပ်သွားရင်ကော (ရှုဉာဏ်ဝေဒနာ ပေါ် ပါတယ်)၊ သဘောကျပလား (ကျပါပြီ ဘုရား)၊ အရှုခံ ဝေဒနာ မချုပ်သေးရင် (ရှုဉာဏ်ဝေဒနာ မပေါ်နိုင်ပါဘူး ဘုရား)၊ ဝေဒနာဟာ တစ်ခု တစ်ခုသာ ပေါ်တယ်၊ သု ခပေါ်ရင် ဒုက္ခမပေါ်ဘူး။ ဒုက္ခပေါ်ရင် သုခမပေါ်ဘူး၊ သဘော ကျပလား (ကျပါပြီ ဘုရား)။

အဲဒီတော့ ဒကာ ဒကာမတို့ ဒီက ဒုက္ခပေါ်နေတယ်၊ ဒီက သုခနဲ့ ရှုရမှာ ဖြစ်နေတော့ သုခနဲ့ ဒုက္ခ ပြိုင်ကောင်းရဲ့လား (မပြိုင်ကောင်းပါ ဘုရား)။

မဂ်ဆိုတာ သုခချည်း မှတ်ပါ (မှန်ပါ့)၊ မဂ်သောမနဿတွေ နော် (မှန်ပါ့)၊ အဲဒီတော့ ဒီက ဒုက္ခဝေဒနာကို ရှုရမယ်ဆိုတော့ ဒုက္ခနဲ့ သုခ ပြိုင်ပေါ်နိုင်ပါ့မလား (မပေါ်နိုင်ပါ ဘုရား)၊ မပေါ် နိုင်တာကိုလဲ ဒီဃနခကို ဘုရားက သေသေချာချာ ဟောတယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

နောက်တော့ သဘောနဲ့ တကွ အသေးစိတ် ဘုန်းကြီးရှင်း ပြပါ့မယ် (မှန်ပါ့)၊ အဲဒီကဲ့သို့ ဟောရင်းမတ္တနဲ့ ဝေဒနာတွေ ရှိပြီး သကာလ ပွားများတဲ့ အချိန်ကျတော့ ဝေဒနာမတွေ့ စေနဲ့ ခယဝယ ဆိုတဲ့ ဖြစ်ပျက်တွေ့ ပစေ (မှန်ပါ့)။

ပွားများတဲ့အချိန် ဘာတွေ့မလဲ (ခယဝယတွေ့ရပါမယ်)၊ အဲ အပျက်ကို တွေ့ရမယ်နော် (မှန်ပါ့)၊ ဘာကြောင့်တုံး ဆိုတော့ ဒီက ဒုက္ခဆိုတော့ ဒီကရှုတာက သုခဖြစ်နေတော့ သုခနဲ့ ဒုက္ခ ပြိုင်ကောင်းရဲ့လား (မပြိုင်ကောင်းပါ ဘုရား)။

ဒါဖြင့် တစ်ခုချုပ်ပြီးမှ တစ်ခုဖြစ်ရမယ် ဆိုတော့ ဒီတစ်ခုက ခယဝယ ဖြစ်ရမယ် (မှန်ပါ့)၊ ဒါက ခယဝယမြင်တဲ့ တရား ဖြစ်ရမယ် (မှန်ပါ့)၊ သဘောပါကြပလား (ပါပါပြီ ဘုရား)။

ဒါဖြင့် ရှေ့က ခယဝယ၊ နောက် (ခယဝယမြင်တဲ့ဉာဏ် ပါ ဘုရား)၊ အဲ ခယဝယမြင်တဲ့ ဉာဏ်ဆို မဂ္ဂင်မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား)၊ သဘောပါကြပလား (ပါပါပြီ ဘုရား)၊ ဝေဒနာ မပြိုင်တာကော သေချာပလား (သေချာပါပြီ ဘုရား)။

ဒါဖြင့် ပွားများတဲ့အချိန် ဝေဒနာမတွေ့ စေနဲ့လို့ အတိ အလင်း ဆုံးဖြတ်ချက် ချပေးလိုက်တယ် (မှန်ပါ့)၊ ပွားများတဲ့ အချိန်မှာ (ဝေဒနာ မတွေ့ရပါ ဘုရား)၊ ဘာ တွေ့ ရမတုံး (ခယဝယ တွေ့ရမှာပါ ဘုရား)။

အဲ ခယဝယတွေ့ရမယ်၊ ခယ-က ကုန်တာ၊ ဝယ-က ပျက်တာ၊ ဝါစာသိလိဋ္ဌ စကား ချောအောင် တွဲခေါ်တာ၊ စင်စစ် ပျောက်ပြီးသားကို တွေ့ရမယ်၊ ပျောက်ပြီလို့ သိရမယ်၊ ဒီကပျက် ပြီလို့ သိရမယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ကောင်းပြီး ဤကဲ့သို့ ဒကာ ဒကာမတွေသန္တာန်၌ ဒီကဲ့ သို့ အသိသည်ကား လို့ ဆိုလို့ရှိရင်ဖြင့် ဝေဒနာ တွေ့တာလား၊ ဝေဒနာတို့၏ ပျောက်ပျက်မှုကို တွေ့တာလား (ပျောက်ပျက်မှုကို တွေ့တာပါ)၊ အဲ ပျောက်ပျက်မှု တွေကို တွေ့တယ်ဆိုတော့ ဒီက ပျောက်ပျက်မှု၊ ဒီကသိမှု (မှန်ပါ့)၊ သဘော ကျပလား (ကျပါပြီ ဘုရား)။

ရှေ့ပိုင်းက ဘာတုံး (ပျောက်ပျက်မှုပါ)၊ နောက်ပိုင်းက (သိမှုပါ)၊ ဒါဖြင့် ဟေ့ ဒီအသိ မင်းဘာသိ နေတာတုံးလို့ သူ့ကို နာမည် တပ်မေးစမ်း၊ မင်း ဝေဒနာသိတာလား၊ ဘာသိတာတုံး (ပျောက်ပျက်တာ သိတာပါ ဘုရား)။

ပျောက်ပျက်တာ သူသိတယ်၊ ဉာတပရိညာတုန်း ကတော့ ဝေဒနာသိတယ် (မှန်ပါ့)၊ ပွားများတဲ့ အချိန်ကျတော့ (ပျောက် ပျက်တာ သိပါတယ် ဘုရား)။

အဲဒါကြောင့် ပရိညာသုံးပါ အင်္ဂုတ္တိုရ်မှာ သေသေချာချာ ဟောတယ် (မှန်ပါ့)၊ သဘောပါကြပလား (ပါပါပြီ ဘုရား)။

အဲဒီတော့ ဝိပဿနာမှာ ဤမျှလောက် ခြားခြားနားနား သိရှိထားလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ ဘယ်နည်းနဲ့မှ မပေါက် ရောက် မရှိဘူးဆိုတာဖြင့် ဆုံးဖြတ်ချက်ချပါ (မှန်ပါ့)။

ပေါက်ရောက်လိမ့်မယ်လို့ တရားကိုလဲ ဆက်နာ၊ သူ့ မနာလို့ရှိရင် မဖြစ်ဘူး (မှန်ပါ့)၊ တရားလဲ ဆက်နာ၊ လုပ်လဲလုပ် သဘောကျပလား (ကျပါပြီ ဘုရား)။

တရားလဲနာ၊ လုပ်လဲလုပ်ရမယ်ဆိုတာ ကိုဝ ခုနင်က ပါဠိတော်မှာ မပါခဲ့သေးဘူးလား (ပါပါတယ် ဘုရား)၊ အေး မဟာဝေဒလ္လသုတ်မှာ သေသေချာချာ ဟောပါတယ်(မှန်ပါ့ ဘုရား)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ပွားများတဲ့အချိန်မှာ ဝေဒနာနှစ်ခု ပြိုင်သလား၊ မပြိုင်ဘူးလား (မပြိုင်ပါ ဘုရား)၊ သူ သည်ကားလို့ဆိုရင် ဘာနဲ့ ပြိုင်နေပါသတုံးဆို ရင် အပျက်နဲ့ မဂ်နဲ့သာ ပြိုင်တယ် (မှန်ပါ့ ဘုရား)၊ သဘောကျပလား (ကျပါ ပြီ ဘုရား)။

ဒီဟာ အပျက်ဆိုတာလဲ ပျက်ဆဲမတွေ့ဘူးနော်၊ ပျက်ပြီးနဲ့ မဂ်နဲ့ သွားတွေ့တယ် (မှန်ပါ့)။

ဘာနဲ့ သွားတွေ့ပါလိမ့် (ပျက်ပြီးနဲ့ မင်းနဲ့ သွားတွေ့ပါ တယ် ဘုရား)၊ အဲ ပျက်ပြီးနဲ့ မဂ်နဲ့ သွားတွေ့တဲ့အခါကျလို့ရှိ ရင်ဖြင့် ဒကာ ဒကာမတို့ပျက်ပြီးက အနိစ္စဆိုလဲ ဟုတ်တာပဲ။ ဒုက္ခဆိုလဲ (ဟုတ်ပါတယ် ဘုရား)၊ အနတ္တဆိုလဲ (ဟုတ်ပါတယ် ဘုရား)။

ဟာ ဒါဖြင့် ဒကာ ဒကာမတို့ နှလုံးသွင်းမှန် (မှန်ပါ့)၊ ဒီက အခုမဂ်နဲ့ နှလုံးသွင်းကိုး (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

မဂ္ဂင်ငါးပါးက ဘာပါလိမ့် (နှလုံးသွင်းပါ ဘုရား)၊ နှလုံး သွင်းပဲ တဲ့၊ သူ နှလုံးသွင်းလိုက်တာ အပျက်ရှိလို့ အပျက်ပဲ နှလုံးသွင်းမိတယ်၊ အပျောက်ရှိလို့ အပျောက်ပဲ နှလုံးသွင်းမိတယ် (မှန်ပါ့)၊ နှလုံးသွင်း မမှန်ဘူးလား (မှန်ပါတယ် ဘုရား)။

အဲ မှန်ရင် ဒကာ ဒကာမတို့ ခုနင်က ဝေဒနာကိုလဲ ဟော ထားတယ်၊ ဉာတပရိညာနဲ့ ဟောထားတယ်၊ ဝေဒနာရှိမှန်းကိုလဲ ခင်ဗျားတို့သိတယ် (မှန်ပါ့)။

နှလုံးသွင်းလိုက်တဲ့ အခါကျတော့ ဝေဒနာတို့၏ အပျက်နဲ့ မဂ်နဲ့လဲ အပျက်ရှိလို့ အပျက်သိနဲ့ သွားပြီးကိုက်တဲ့အခါကျလို့ ရှိရင်ဖြင့် ဒါဟာ သောတာပန် တည်ရမယ် ဆိုတဲ့ဥစ္စာ ဘာမှ ငြင်းနေဖို့ မလိုတော့ဘူး (မှန်ပါ့)၊ လိုသေးရဲ့ လား (မလိုပါ ဘုရား)။

အင်မတန် အဖိုးတန်သွားပြီ ဒကာ ဒကာမတို့ (မှန်ပါ့)၊ အင်မတန် အဖိုးတန် သွားပြီဆိုတဲ့ ဥစ္စာဖြင့် လေးလေးနက်နက် ပဲ မှတ်သားရလိမ့်မယ် (မှန်ပါ့)၊ မောင်နိုင် သဘောကျပလား (ကျပါပြီ ဘုရား)။

ကဲ ဒါဖြင့် တီရဏပရိညာ ပွားများရမည် ဆိုသဖြင့် ဒကာ ဒကာမတို့ အပျက်နဲ့မဂ်နဲ့ ကိုက်အောင်သာ လျှောက်လုပ်ပြနေပါ (မှန်ပါ့)၊ ဝေဒနာသုံးပါးကဖြင့် အပျက်တွေချည်း မပြပေဘူးလား (ပြပါတယ် ဘုရား)။

အပျက်တွေ ပြတိုင်းပြတိုင်း ဒကာ ဒကာမတွေက ဒီက နှလုံးသွင်းကလဲ အပျက်ကိုပဲ သိသိပေးစမ်း (မှန်ပါ့)၊ သဘောကျ ပလား (ကျပါပြီ ဘုရား)။

ဘယ်လိုလုပ်ရမတုံး (အပျက်ကို သိမှသိပေးရပါမယ် ဘုရား)၊ အပျက်ကိုပဲ ဒကာ ဒကာမတို့ သိ,သိပေးပြီးလိုက်တဲ့ အခါကျလို့ ရှိရင်ဖြင့် အပျက်မဂ်၊ အပျက်မဂ်ဆိုပြီး သွားလိုက်စမ်းပါ (မှန်ပါ့)၊ အဲဒါ နှလုံးသွင်း ဘယ့်နှယ်နေသတုံး (မှန်ပါ တယ် ဘုရား)။

မှန်ပြီ တဲ့၊ အပျက်ရှိလို့ အပျက်သိတယ်၊ အပျက်ရှိနဲ့ အပျက်သိတာ သွားကိုက်တယ် (မှန်ပါ့)၊ မကိုက်ဘူးလား (ကိုက်ပါတယ် ဘုရား)၊ ဒါဖြင့် ဒါကို ဘယ့်နှယ်ဆိုကြမယ် (နှလုံးသွင်း မှန်ပါ ဘုရား)။

ဟာ ဒါဖြင့် တရားနာလို့လဲ ဝေဒနာမှန်း သိခဲ့ပြီ၊ မဟုတ် ဘူးလား (မှန်ပါ့)၊ တရားနာလို့လဲ ဝေဒနာမှန်း သိခဲ့ပြီ၊ ဝေဒနာ ဟာ ကိုယ့်စရိုက်နဲ့ ပျော်တယ်ထားပါ တော့ လျော်တဲ့ပုဂ္ဂိုလ်မှာ နော် (မှန်ပါ့)၊ နှလုံးသွင်းကကော (မှန်ပါတယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ကိုယ်နဲ့လျောက်ပတ်တဲ့ တရား လဲ နာမှု၊ နှလုံးသွင်းကလဲ အပျက်ရှိလို့ အပျက်သိမှုဆိုလို့ရှိရင် ဒီပုဂ္ဂိုလ် သောတာပန်တည်ရမယ် သဘောကျပလား (ကျပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ သိကြားမင်းကို အခု ပွားများရမယ်ဆိုတဲ့ဥစ္စာကော မဟောဘူးလား (ဟောပါတယ် ဘုရား)။

ကိုင်း အခု ပွားများလိုက်တဲ့အခါကျတော့ ဝေဒနာသုံး ပါးပဲ တွေ့နေသလား၊ အပျက်တွေချည်းပဲ တွေ့နေသလား (အပျက်တွေချည်းပဲ တွေ့နေပါတယ် ဘုရား)။

အပျက်တွေချည်း တွေ့နေလို့ရှိရင် ဒကာ ဒကာမတို့ ရိုးရိုး ပြောကြပါစို့ဆိုရင် အပျက်တွေ့ လို့ရှိရင် ဉာဏ် ၃ ဉာဏ် တစ်ခါ တည်း ဝင်လာတယ်နော် (မှန်ပါ)။

အပျက်တွေ့လို့ရှိရင် သမ္မသနဉာဏ်လဲ ဝင်တာပဲ၊ ဥဒယဗ္ဗ ယဉာဏ်လဲ ဝင်တာပဲ၊ အပျက်တွေ့ ပေါ့ ၊ ဘင်္ဂဉာဏ်လဲ ဝင်နေတာ ပဲ (မှန်ပါ့)။

ဒါကြောင့် ဒီသုံးခုကိုပေါင်းပြီးသကာလ ဘုရားက အဲဒါ ယထာဘူတဉာဏ် ရတာပါပဲတဲ့ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

အပျက်နဲ့ မဂ်နဲ့ တွေ့လို့ ရှိရင် ဘာဉာဏ်ရသလဲ (ယထာ ဘူတဉာဏ် ရပါတယ် ဘုရား)၊ အဲဒီ ယထာဘူတဉာဏ်ကို ဖြန့် လိုက်လို့ရှိရင် ဆိုင်းဘုတ်ဆွဲချင်လို့ရှိရင် သမ္မသနဉာဏ်ဆိုတာ လဲ သူပဲ (မှန်ပါ့)၊ ဥဒယဗ္ဗယဉာဏ်ဆိုတာလဲ (သူပါပဲ)၊ ဘင်္ဂ ဉာဏ်ဆိုတာကော (သူပါပဲ ဘုရား)။

အဲ ဘင်္ဂဉာဏ်ထဲမှာ ကျန်တာတွေ အကုန်ဝင်လာတယ် ဆိုသဖြင့် အဲဒီသုံးခုကို ပေါင်းခေါ်လိုက်လို့ ရှိရင် ယထာဘူတ ဉာဏ်လို့ ခေါ်လိုက် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဉာဏ်သုံးခု ပေါင်းခေါ်လိုက်တော့ ဘာတဲ့ (ယထာဘူတ ဉာဏ်ပါ ဘုရား)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)၊ အဲဒါကြောင့် သမ္မသနဉာဏ်ဆိုတာလဲ အပျက်သုံးသပ်တာပါပဲ၊ ဥဒယဗ္ဗဆို တာ အဖြစ်နဲ့ အပျက်ဆိုတာလဲ ဒါပဲကွ၊ နောက်ဆုံးပိတ် တစ်နေ့ ကျတော့ အပျက်ချည်း မြင်ပါတယ် ဆိုတာ သေသေချာချာ မှန်တာ နာမ်ရုပ်တရားမှာ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

အဲဒါကြောင့် ဒီဉာဏ်ကို ပေါင်းခေါ်ရင် ဘယ့်နှယ်ခေါ် မယ် (ယထာဘူတဉာဏ်ပါ) ဖြန့်ခေါ်ရင် သမ္မသန၊ ဥဒယဗ္ဗယ၊ ဘင်္ဂ လို့ ခေါ် (မှန်ပါ့)။

အဲ ခင်ဗျားတို့ကတော့ အပျက်မြင်လို့ရှိရင် ယထာဘူတ ဉာဏ်တစ်လုံးတည်း မှတ်လိုက်လဲ ပြီးတာပဲ (မှန်ပါ့)၊ သဘော ကျပလား (ကျပါပြီ ဘုရား)၊ ပေါင်းတာနဲ့ စိတ်တာကတော့ မထူး ပါဘူး၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် ဒကာဒကာမတို့ ဒီလို အပျက်ချည်းမြင်နေ ရာက နေပြီး သကာလ ဒကာဒကာမတွေက ရှုဖန် မများပေဘူးလား (များပါတယ် ဘုရား)၊ သူက တီရဏပရိညာကိုး ပွားရမှာ ကိုး (မှန်ပါ့)။

တီရဏပရိညာ ဆိုတော့ ပွားမှုများများ လုပ်ရမယ်ဆိုတဲ့ အလုပ်ကတော့ ကိုဝတို့၊ ကိုစံလှတို့ လျှော့လို့ရပါ့မလား (မရ ပါ ဘုရား)၊ ပွားများရမယ် သူ့ဘာဝေတဗ္ဗကိစ္စကိုး (မှန်ပါ့)။

အဲဒီလို ပွားများတဲ့အခါကျလို့ရှိရင် ဒကာ ဒကာမတွေ သည်ကားလို့ဆိုလို့ရှိရင်ဖြင့် ဒီဟာကြီးကို သြော် အပျက်ချည်း မြင်နေရတော့ အိမ်ရှေ့ မသာတွေချည်း ထမ်းသွားတော့ မကြည့် ချင်သလို ဒီမှာလဲ အပျက်ချည်းမြင်နေရတော့ ကြည့်ချင်သေးရဲ့ လား (မကြည့်ချင်ပါ ဘုရား)၊ မကြည့် ချင်တော့ ဘုန်းကြီးက အရင်ပြောတယ်၊ နိဗ္ဗိန္ဒဉာဏ်လို့ မပြောဘူးလား (ပြောပါတယ် ဘုရား)။

မကြည့်ချင်အောင် မုန်းလာတာ ဘာတုံး (နိဗ္ဗိန္ဒဉာဏ်ပါ ဘုရား)။

အဲ နိဗ္ဗိန္ဒဉာဏ်ထဲမှာ ဒကာဒကာမတို့ အာဒီနဝတို့ အကုန်ပါသွားတာပဲ၊ ဘင်္ဂပြီးတော့ ဘယ မရှိတော့ဘူးလား (ရှိပါ တယ် ဘုရား)၊ အာဒီနဝ မရှိဘူးလား (ရှိပါတယ် ဘုရား)၊ နိဗ္ဗိန္ဒ (ရှိပါတယ် ဘုရား)၊ ဒီအထဲမှာ သုံးဉာဏ် ပါသွားတာပဲ (မှန်ပါ့)၊ နိဗ္ဗန္ဒထဲ ဝင်လာတာပဲ၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ဘယအာဒီနဝဟာလဲ နိဗ္ဗန္ဒထဲ အကုန်ဝင်တာပဲလို့ မှတ်လိုက် (မှန်ပါ့)၊ ဒါကြောင့် ဖြစ်ပျက်မြင် ဖြစ်ပျက်မုန်းဆို ပြီး ဆရာဘုန်းကြီးက ချုံးထားတယ် ဆိုတာကော တရားသဘောနဲ့ ကိုက်အောင်လို့ ချုံးထားလိုက်တယ် (မှန်ပါ့ ဘုရား)၊ သဘော ကျပလား (ကျပါပြီ ဘုရား)။

ဟိုဉာဏ်စဉ်တွေ မပြောတော့ဘူးတဲ့၊ ဘာဖြစ်လို့ မပြော သတုံးဆိုတော့ ယထာဘူတဉာဏ်ထဲ ဉာဏ်သုံးဉာဏ်ဝင်လာပြီ၊ နိဗ္ဗန္ဒဉာဏ်ထဲလဲ သူနဲ့တကွ သုံးဉာဏ် မဖြစ်သေးဘူးလား (ဖြစ် ပါတယ် ဘုရား)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် ဒကာဒကာမတို့ အပျက်နဲ့မဂ်နဲ့ ကိုက်ကိုက် သွားတာဖြင့် ဒါ ဘာဝေတဗ္ဗ အလုပ်ပဲ ဆိုတာဖြင့် ရှင်းလင်းမသွား သေးဘူးလား (သွားပါတယ် ဘုရား)။

ကောင်းပြီ သို့သော်လဲ မုန်းပေမယ့် ဆရာဘုန်းကြီးက အို ခင်ဗျားတို့ အပျက်ကလေးတွေ မုန်းတယ်၊ မုန်းပေမယ့်လဲ ဒကာဒကာမတို့ ရှုမြဲတိုင်းရှု၊ မုန်းနေလို့လဲ ခင်ဗျားတို့ မပြီးဘူး၊ ဒီခန္ဓာက ပြနေမှာပဲ (မှန်ပါ့)၊ ဉာဏ်နဲ့ သာ ထည့်ထား မုန်းတဲ့ ပုဂ္ဂိုလ်လဲ မပြပေဘူးလား (ပြပါတယ် ဘုရား)။

ဒါဖြင့် ဒကာဒကာမတို့ မုန်းလျက်နဲ့ ပေရှုနေရတဲ့အချိန် ကော မပါဘူးလား (ပါပါတယ် ဘုရား)၊ အဲ တချို့က မုန်းတယ် ဆိုပြီး သကာလ အလုပ်လုပ်တဲ့ ပုဂ္ဂိုလ်တွေက မရှုချင်ဘူးဆိုပြီး ထပြေးရင် ခုနင်က သမ္မသန၊ ဥဒယဗ္ဗယ၊ ဘင်္ဂပြန်စနေရလိမ့် မယ် (မှန်ပါ့)၊ ယထာဘူတဉာဏ်ပြန်ပြီး စရလိမ့်မယ် (မှန်ပါ့)။

ဒါကြောင့် အလုပ်လုပ်တဲ့ ပုဂ္ဂိုလ်များဖြင့် ပြန်စရတဲ့အခြေ အနေကျအောင် ခင်ဗျားတို့ တစ်ခါတည်းနဲ့ပြီးရမှာ နှစ်ခါသုံးခါ ဖြင့် အပင်ပန်းမခံပါနဲ့၊ မုန်းပေမယ့်လဲ ဆိုက်ဆိုက်မြိုက်မြိုက် ပေသာရှုနေ (မှန်ပါ့)။

အပျက်ကလေးကိုနော် (မှန်ပါ့)၊ မုန်းပေမယ့်လဲ ဘယ်လို မှာပါလိမ့် (ပေရှုရပါမယ်)၊ ပေရှု ဆိုက်ဆိုက်မြိုက်မြိုက်သာ ရှုနေ ဉာဏ်တက်ချင်လို့ မုန်းတာကိုး ကိုဝ၊ ကိုစံလှတို့ (မှန်ပါ့ ဘုရား)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဉာဏ်တက်ချင်လို့ မုန်းတာကို ကျုပ်တို့က မုန်းတာနဲ့ ပဲ ပျင်းလာပြီ ပြုလာပြီဆိုလို့ရှိရင် ဉာဏ်ပြန်ကျပြီး ကောသဇ္ဇတွေ ဘာတွေ ဝင်လာလို့ ရှိရင် ဉာဏ်ပြန်ကျပြီး သမ္မသန ပြန်ရောက် မယ် (မှန်ပါ့)၊ ယထာဘူတဉာဏ် ပြန်ဆင်းသွားတယ် (မှန်ပါ့)၊ မနာဘူးလား (နာပါတယ် ဘုရား)။

အင်မတန် နစ်နာပါတယ်တဲ့၊ အဲဒါကြောင့် ပြန်ပြီး သကာ လ မဆင်းပါနဲ့ ဆိုတာကိုလဲ အလုပ်လုပ်မည့် ပုဂ္ဂိုလ်တွေမို့ သေ သေချာချာ မှာရတယ် (မှန်ပါ့)၊ သဘောပါကြပလား (ပါပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် မုန်းလျက်နဲ့ ပေရှုတော့ကို မုန်းတဲ့အထဲက ပဲ ဒကာဒကာမတို့ လွတ်ချင်တာတွေ၊ လွတ်ချင်တာတွေဆို ကတည်းက မောင်နိုင်က စဉ်းစားကြည့်ပါ၊ ဪ ဘာမှ လွတ် ချင်တာတုံးဆို တော့ မလိုချင်တဲ့ မဂ်ဉာဏ်ထဲ သူဝင်တော့မယ် (မှန်ပါ့)၊ မဝင်ပါနဲ့ဆိုလို့ ရပါဦးမလား (မရပါ ဘုရား)။

မုန်းလာတဲ့ပုဂ္ဂိုလ်ဟာ မုဉ္စိတုကမျတာဉာဏ်ဆိုတာ ဉာဏ် စဉ်အတိုင်း တက်ရမယ်ဆိုရင် ဒီအတိုင်း မလာဘူးလား (လာပါ တယ် ဘုရား)၊ လွတ်ချင်လာတယ်ဆိုတော့ ဒါကို လိုချင်တဲ့ သဘော ပါသေးရဲ့ လား (မပါပါ ဘုရား)။

ဒါ့ကြောင့် မုဉ္စိတုကမျတာဉာဏ်၊ ပဋိသင်္ခါဉာဏ်၊ သင်္ခါ ရုပေက္ခာဉာဏ်၊ အနုလောမ ဉာဏ်တွေဟာ မဂ်ဉာဏ်ကို ကျေးဇူး ပြုသောကြောင့် မလိုချင်တဲ့ဉာဏ်ကြီးပဲလို့ မှတ်လိုက် (မှန်ပါ့ ဘုရား)၊ မဂ်ဉာဏ်ထဲ အကုန် ဝင်သွားတာပဲ (မှန်ပါ့)၊ သဘော ကျပလား (ကျ ပြီ ဘုရား)။

ဒါကြောင့် ယထာဘူတဉာဏ်၊ နိဗ္ဗန္ဒဉာဏ်၊ မလိုချင်တဲ့ မဂ်ဉာဏ်ဆိုရင် ပြီးတာပဲ (မှန်ပါ့)၊ သဘောကျပလား (ကျပါ ပြီ ဘုရား)၊ အကုန်ဝင်တယ်ဆိုတာ သဘောပါပလား (ပါပါပြီ ဘုရား)။

ကဲ ဒါကြောင့် ဒီဒကာဒကာမတွေမှာ အားလုံးတော့ဖြင့် သုံးဉာဏ်နဲ့သာ တက်လိုက်ဆိုတဲ့ ဟိုဉာဏ်တွေ အတွင်းဝင်တယ် လို့ မှတ်လိုက်တာပေါ့ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ကဲ ဒါဖြင့် သုံးဉာဏ်မူတည်လိုက်တော့ ၁-နံပါတ်က ယထာဘူတဉာဏ်၊ ၂-နံပါတ်က (နိဗ္ဗန္ဒဉာဏ်ပါ)၊ ၃-နံပါတ်က (မဂ်ဉာဏ်ပါ ဘုရား)၊ မဂ်ဉာဏ်ဆိုတာ ဒကာဒကာမတွေ မသေချာဘူးလား (သေချာပါတယ် ဘုရား)။

ကိုင်း ဒါဖြင့် ဒီနေ့ ဉာဏ်စဉ်ကိုလဲ တိုးပြီးသကာလ ဪ ဒီအထဲ ဒီအထဲ ဒါတွေ ဝင်တယ် ဆိုတာကိုလဲ သိသွား တော့ ကျေကျေနပ်နပ်ပဲ ဉာဏ်သုံးဉာဏ်သာလုပ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ပွားများရမယ်ဆိုတဲ့နေရာမှာ ဒကာဒကာမတို့ ပွား များသည့်ကိစ္စ ပြီးလို့ရှိရင်ဖြင့် ပယ်မှု ကိစ္စဆိုတာ မလာရ ပေဘူးလား (လာရပါတယ် ဘုရား)။

ပယ်မှုကိစ္စ ဆိုတာကတော့ မနေ့က ပြောခဲ့ပြီ၊ ဒကာဒကာမ တွေ ဝိပဿနာ ဉာဏ် ဟူသရွေ့ဟာ မဂ်ဉာဏ် မလာသေးသရွေ့ ယထာဘူတဉာဏ်၊ နိဗ္ဗန္ဒဉာဏ်တို့ဟာ တဏှာသာစွန့်တယ်၊ နိဗ္ဗာန် မမြင်ပါဘူးလို့ မနေ့က မပြောဘူးလား (ပြောပါတယ် ဘုရား)။

ပယ်မှုဉာဏ် လာတဲ့အခါကျတော့ ခန္ဓာလဲစွန့်၊ တဏှာလဲ စွန့် ၊ နိဗ္ဗာန်လဲမြင် (မှန်ပါ့)၊ အဲ ပယ်မှုဉာဏ်ကျမှ ရမယ် (မှန်ပါ့ ဘုရား)။

ဒါဖြင့် ဒီဖြစ်ပျက်တွေ၊ ခယဝယတွေ ဒကာဒကာမတွေ ဆုံးအောင်သာ လိုက်ကြပေတော့ (မှန်ပါ့)၊ မလိုက်သင့်ဘူးလား (လိုက်သင့်ပါတယ် ဘုရား)။

အဲ ဆုံးအောင်လိုက် လိုက်တဲ့အခါကျလို့ရှိရင်ဖြင့် ခယ ဝယ အဆုံးဆိုတာ ခယဝယဆိုတာ ကုန်တာပျောက်တာ၊ ကုန် တာပျောက်တာ ဆုံးသွားတဲ့အခါကျလို့ရှိရင်ဖြင့် ဒကာ ဒကာမ တို့ မကုန် မပျောက် တာတော့ တွေ့ရမှာပဲ (မှန်ပါ့)၊ မကုန် မပျောက်တာ ဘာခေါ်ကြမလဲ (နိဗ္ဗာန်ပါ ဘုရား)။

အဲ နိဗ္ဗာန်ကျတော့မှ ခန္ဓာလဲ လုံးလုံးပယ်တယ်၊ သဘော ကျပလား (ကျပါပြီ ဘုရား)၊ တဏှာကော (လုံးလုံးပယ်ပါတယ် ဘုရား)။

သောတာပန်နဲ့ ပတ်သက်တဲ့ ဒိဋ္ဌိတဏှာတွေ လုံးလုံးပယ် ချလိုက်တယ် (မှန်ပါ့)၊ နိဗ္ဗာန်ကော (မြင်ပါတယ် ဘုရား)၊ အဲဒါ ကျတော့ ပဟာနပရိညာ သဘောကျပလား (ကျပါပြီ ဘုရား)။

ဟိုဟာတွေက တဒင်္ဂပယ်လို့ ပဟာနပရိညာထဲ မသွင်း ဘူး၊ တီရဏပရိညာသာ ဟောလိုက်တယ် (မှန်ပါ့)၊ ဒီဖြစ်ပျက်တွေ ဆုံးသွားတဲ့ အခါကျတော့ ခန္ဓာလဲ ပယ်တယ်၊ တဏှာကော (ပယ်ပါတယ် ဘုရား)၊ နိဗ္ဗာန်ကော (မြင်ပါတယ် ဘုရား)၊ နောက် ထပ် လာသေးသလား ပယ်ပြီးသားတွေ (မလာပါ ဘုရား)၊ အဲဒါကျတော့ ပဟာနပရိညာလို့ ဆိုလိုက်ပါတယ် (မှန်ပါ့)။

ဒါဖြင့် ဆုံးအောင်လိုက်လို့ရှိရင် ပဟာန ပရိညာဖြစ်မယ် (မှန်ပါ့)၊ ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)၊ အဲဒီမှာ သောတာ ပန် တည်တယ်၊ သောတာပတ္တိမဂ်ပြီးရင် သောတာပတ္တိဖိုလ် လာ တာပါပဲ၊ မဂ်ပုဂ္ဂိုလ်, ဖိုလ်ပုဂ္ဂိုလ် မဖြစ်ချင်ပါဘူး ဆိုလို့ရသေးရဲ့ လား (မရပါ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ နိဂုံးချုပ်တော့မယ်၊ အစက ပြန် ပြီး နည်းနည်းပြောလိုက်ပါတယ်တဲ့၊ သောတာပန်တည်ချင်ရင် ဘယ်နှစ်ချက် အရေးတကြီး လုပ်ရမလဲ (နှစ်ချက် အရေးတကြီး လုပ်ရပါမယ် ဘုရား)။

၁-နံပါတ်က ကိုယ်နဲ့လျောက်ပတ်တဲ့တရားကို (နာရပါ မယ်)၊ ၂-နံပါတ်က (နှလုံးသွင်း မှန်ရပါမယ်)၊ ဤနှစ်ခုနဲ့ ပြည့်စုံ ရင် ဘာဖြစ်ရမလဲ (သောတာပန် ဖြစ်ရပါမယ် ဘုရား)။

သောတာပန် တည်ရမယ်ဆိုတာ ဘုရားကလဲဟော၊ ရှင် သာရိပုတ္တရာကလဲ ဟော၊ ရှင်အာနန္ဒာကလဲ ဟော၊ သုံးပါးလုံး ဟောတဲ့အတွက် သံသယ ကင်းရှင်းစွာနဲ့ ကြိုးစားကြပါ (မှန်ပါ့ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကဲ ယနေ့ ဒီတွင် တော်ကြဦးစို့။

သာဓု သာဓု သာဓု။

 
မာတိကာသို့