007

မာတိကာသို့

ဘုရားဝါဒနှင့် အလုပ်စဉ်

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး မိုးကုတ်မြို့၌

ဟောကြားတော်မူသောတရားတော်

ဘုရားဝါဒနှင့် အလုပ်စဉ်

(၂၆-၂-၆၂)

ဒကာ ဒကာမတွေ ဘုရားသခင် ကိုယ်တော်မြတ်ကြီး အမြင်နဲ့ပြောတာ “ကြောက်စရာ အကောင်းဆုံး ဘယ်သူတုန်း” လို့ မေးတဲ့ အခါကျတော့မှ မနေ့ကလဲ ပြောခဲ့တယ် မောင်နိုင်တို့ကို “သစ္စာမသိတာ ကြောက်စရာ အကောင်းဆုံး” (မှန်ပါ့)။

ဘာကြောက်စရာ အကောင်းဆုံးလဲ (သစ္စာမသိ တာ ကြောက်စရာအကောင်းဆုံးပါ) သစ္စာမသိတာ ကြောက် စရာ အကောင်းဆုံးလို့ သေသေချာချာ မှတ်ထားကြ (မှန်ပါ့)။

ဘာဖြစ်လို့လဲဆိုတော့ သစ္စာမသိတော့ ဦးဘရှင်း မေးလိုက်ရင်ပဲ ရှင်းပါတယ် အခု ဒီဘဝက နောက်လူပြန်ဖြစ် ချင်တဲ့ လူတစ်ယောက်ပဲ အကဲခတ်တာပေါ့ (မှန်ပါ့)။

လူပြန်ဖြစ်ချင်တဲ့ လူတစ်ယောက် အကဲခတ်တော့ လူပြန်ဖြစ်တယ်ဆိုတော့ မောင်နိုင် လူ၏အစ ဇာတိကလာမှာ (မှန်ပါ့ ဘုရား)။

လူ၏အစ (ဇာတကပါ ဘုရား) ဘာသစ္စာတုန်း (ဒုက္ခသစ္စာပါ ဘုရား)။

ဪ ဒါဖြင့် လူပြန်ဖြစ်ချင်တဲ့ ပုဂ္ဂိုလ်ဟာ သစ္စာသိလို့လား မသိလို့လား (မသိလို့ပါ ဘုရား) မသိလို့ ဆိုတဲ့သဘော မပေါ်လာဘူးလား (ပေါ်လာ ပါတယ် ဘုရား)။

ဒါဖြင့် လူပြန်ဖြစ်ချင်တော့ ပဋိသန္ဓေနေချင်သေးလို့ ဆိုရင် ဦးဘရှင်း လွဲသလား (မလွဲပါ) အိုချင်သေးလို့ ဆိုရင် (မလွဲပါ) သေချင်သေးလို့ဆိုရင် (မလွဲပါ) အပါယ် ရောက်ချင်သေးလို့ဆိုရင် (မလွဲပါ ဘုရား)။

ဒါ ဘာကြောင့်ပါလိမ့် မောင်နိုင် အကဲခတ်စမ်း (သစ္စာမသိသေးလို့ပါ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတွေ ဘုရားသခင် ကိုယ်တော် မြတ်ကြီးက သူအစိုးရိမ်ဆုံး သူ့အကြောင့်ကြဆုံးဟာ သစ္စာ မသိမှာကို အစိုးရိမ်ဆုံးပဲ (မှန်ပါ့)။

သစ္စာမသိရင် သံသရာရှည်တယ်၊ သဘောကျပလား (ကျပါပြီ) သစ္စာသိတော့ သံသရာဆုံးတယ်(မှန်ပါ) ကိုဝ သစ္စာမသိတော့ (သံသရာရှည်ပါတယ် ဘုရား)။

ဒါ အခု ဘုန်းကြီးပြောနေတဲ့ ဟိုဘဝ ဒီဘဝ ဆုတောင်းတဲ့ ပုဂ္ဂိုလ်ဟာ ခင်ဗျားတို့ရှေ့တွင်ပဲ ဘုရားဖူး သွားတဲ့အခါ ကြားနေကြမှာပဲ၊ တောင်းလိုက်တဲ့ ဆုတွေကလဲ ဘုရားတန်ခိုးကြီးရှေ့မှာဆိုရင် မောင်နိုင် ပုံလို့ပေါ့ကွာ (မှန်ပါ့)။

ဒါတွေ ကိုဝ ကိုပေါ်တို့က စဉ်းစားစမ်း၊ သူတို့ ဘုံဘဝတွေ တောင်းနေတာ ဘယ့်နှယ်ကြောင့် ပါလိမ့်မတုန်း လို့ ခင်ဗျားတို့ တွေးကြည့်ရင် အခုတော့ ဆရာကောင်း တပည့်ဖြစ်လို့ သိပါပြီ (မှန်ပါ့) ဘာမသိလို့ပါလိမ့် (သစ္စာမသိလို့ပါ ဘုရား)။

ဒါဖြင့် သစ္စာမသိတဲ့သူဟာ ဒုက္ခကို တောင်းယူနေ သလား သုခကို တောင်းယူနေသလား လို့ ခင်ဗျားတို့ပဲ ဝေဖန်ပါတော့ (ဒုက္ခကို တောင်းယူနေပါတယ်) ကိုဝ ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။

ကိုယ်ကိုယ်တိုင် အမှားတွေကိုလဲ ဒကာ ဒကာမတွေ ပြင်ဖြစ်အောင် ပြင်ပါ (မှန်ပါ့) သူတစ်ပါးမှားတာ သိလို့ ရှိရင်လဲ နားထောင်မည့်ပုဂ္ဂိုလ်ဆို ပြင်ပေးပါ (မှန်ပါ့) ဒီသစ္စာမသိမှုဟာ အရုပ်အဆိုးဆုံးဆိုတာ သေချာကြပလား (သေချာပါပြီ ဘုရား)။

သစ္စာမသိတဲ့ပုဂ္ဂိုလ်သည် အရုပ်အဆိုးဆုံးပဲဆိုတော့ သူဇာတိချည့် စ,တောင်းတယ် (မှန်ပါ့) ဇာတိကို သူ ဒုက္ခသစ္စာလို့ကော သိရဲ့လား (မသိပါ ဘုရား)။

နောက်က ဒကာ ဒကာမတွေ သူဇာတိကို ဒုက္ခသစ္စာ လို့ မသိတော့ လူဖြစ်ရပါလို၏။ နတ်ဖြစ်ရပါလို၏ အကြိမ် ကြိမ် ဖြစ်ရပါလို၏ ဆိုတော့ ကဲ သစ္စာသိတဲ့ပုဂ္ဂိုလ် နားနဲ့ ထောင်ကြည့်တော့ ကိုပေါတို့က သြော် ဒုက္ခအကြိမ်ကြိမ် ဖြစ်ရပါလို၏လို့ သူဆိုနေတာကိုး (မှန်ပါ့ ဘုရား) ပေါ်ကြ ပလား (ပေါ်ပါပြီ ဘုရား)။

ဘာတုန်း (ဒုက္ခအကြိမ်ကြိမ် ဖြစ်ရပါလို၏ ဘုရား)။

ဒုက္ခအကြိမ်ကြိမ် ဖြစ်ရပါလို၏ဆိုတော့ ကဲ ဒီအထဲမှာ လူကြီးတွေလဲပါတော့ တောင်းကောင်း မတောင်းကောင်း အကဲခတ်စမ်း (မတောင်းကောင်းပါ ဘုရား) ဒုက္ခဆိုတာ ရှောင်ကွင်းရမည့်အလုပ် (မှန်ပါ့)။

ဒုက္ခဆိုတာ (ရှောင်ကွင်းရမည့် အလုပ်ပါ ဘုရား)။

ရှောင်ကွင်းရမည့် အလုပ်ကို ဒကာ ဒကာမတွေက ဒုက္ခကိုပဲ မရအရ တောင်းယူကြတယ် ဆိုတော့ ကို ဒီထက်လွဲတာ ရှိသေးရဲ့လား (မရှိပါ ဘုရား)။

ဒါကြောင့် ဒါကာဒကာမတွေ အဆိုးဆုံးတရားဟာ ဘယ်တရားပါလိမ့် (သစ္စာမသိမှုပါ ဘုရား)။

ဒါဖြင့် နောက်က ဒကာ ဒကာမတွေ လေးလေး စားစားနဲ့ သေသေချာချာ မှတ်ပါ။ သစ္စာကို ငါမသိ သိအောင် လုပ်မယ်ဆိုတဲ့စိတ်ကိုဖြင့် မွေးဖြစ်အောင် မွေးပါဆိုတာ သတိ ပေးလိုက်ပါတယ် (မှန်ပါ့ ဘုရား)။

ကိုင်း- ဒါဖြင့် သစ္စာမသိရင် ဘာဖြစ်မလဲကွာလို့ မေးတဲ့အခါကျလို့ရှိရင်ဖြင့် ကွာတဲ့ သစ္စာမသိတဲ့ ပုဂ္ဂိုလ်ဟာ အကန်းလမ်းသွားတယ်လို့သာ မှတ်လိုက်ပါတော့ (မှန်ပါ့)။

သစ္စာမသိတဲ့ ပုဂ္ဂိုလ်ဟာ (အကန်းလမ်း သွားပါ တယ် ဘုရား)။

ကန်းလဲကန်းပြန် လမ်းလဲသွားပြန်ဆိုတော့ မြွေနဲ့ တွေ့လဲ မြွေက လာကိုက်မှာမဟုတ်ဘူး၊ သူကတိုးမှာ (မှန်ပါ့) ခလုတ်တွေ တွေ့ပြန်တော့လဲ ခလုတ်က လာတိုက် တာလား၊ သူက တိုးတာလား (သူကတိုးတာပါ ဘုရား)။

ကဲ ရန်သူတွေထဲ သွားပြန်ကော ရန်သူက မလာ တောင် သူက မျက်လုံးမမြင်တော့ အရမ်းသွား မသွားပေဘူးလား (သွားပါတယ် ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် ဘယ်သူ အဆိုးဆုံးတုန်း (သစ္စာမသိတာ အဆိုးဆုံးပါ ဘုရား)။

ခင်ဗျားတို့အိမ်များ သားတွက် သမီးတွက် ပူမည့်ကြံ လို့ရှိရင် ဪ သူတို့အတွက် ခက်တယ်ဆိုလို့ရှိရင် ဒါ သစ္စာမသိလို့သာ မှတ်ပေတော့ (မှန်ပါ့) ကိုယ့်အတွက် ခက်တာတွေးရမယ် (မှန်ပါ့) သူများအတွက် ခက်မနေ ကြပါနဲ့ဆိုတာ ဒကာ ဒကာမတွေ သတိပေးလိုက်တယ် (မှန်ပါ့)။

ဘယ်သူ့အတွက် ခက်ရမလဲ (ကိုယ့်အတွက် ခက်ရပါမယ် ဘုရား)။

ကိုယ့်အတွက် သစ္စာမသိရင် (ခက်ပါတယ် ဘုရား) ခက်တယ်လို့ ဒီလိုအမှန်ယူပါလို့ ဦးဘကလေးတို့ သတိ ပေးလိုက်တယ် (မှန်ပါ့)။။

ဒီသားတွေ သမီးတွေကလဲ မသုံးတတ် မဖြုန်းတတ် မရှာတတ် မှဖွေတတ်နဲ့ သူတို့အတွက် ခက်ပါသေးတယ် လို့သာ ကိုဝတို့ ညည်းလေ့ရှိတယ်နော် (မှန်ပါ့)။

ကိုယ့်အတွက် သစ္စာမသိသေးလို့ ဉာဏ်နဲ့သစ္စာကို ကောင်းကောင်းမွန်မွန် မရှင်းသေးလို့ ခက်သေးတယ်လို့များ ညည်းဘူးကြရဲ့လား (မညည်းဘူးပါ ဘုရား) မောင်နိုင် သိပ်လွဲ နေပြီ (မှန်ပါ့) မလွဲဘူးလား (လွဲပါတယ် ဘုရား)။

အဲဒီတော့ကွာတဲ့ သစ္စာမသိရင် မင်းတို့သည်ကားလို့ ဆိုလို့ရှိရင်ဖြင့် ဟိုပဋိသန္ဓေကိုလဲ ဒုက္ခသစ္စာလဲ သူယူဖြစ်မှာပဲ (မှန်ပါ့) ဒီပဋိသန္ဓေကိုလဲ ဒုက္ခသစ္စာမှန်းမသိလို့ ယူဖြစ်မှာပဲ (မှန်ပါ့) မယူဖြစ်ပေဘူးလား (ယူဖြစ်ပါတယ် ဘုရား)။

အဲဒီပဋိသန္ဓေ ယူမိလို့ရှိရင်ဖြင့် အိုဘေး၊ နာဘေး၊ သေဘေး၊ စိုးရိမ်သောက ဗျာပါဒဘေး၊ အပါယ်ဘေးတွေ လွတ်ပါ့မလား (မလွတ်ပါ ဘုရား)။ – ဘယ့်နှယ်ကြောင့် မလွတ်ပါလိမ့် (သစ္စာမသိလို့ ပါ ဘုရား) သစ္စာမသိလို့ဆိုတာ သဘောပါကြပလား (ပါပါပြီ ဘုရား)။

ဒါဖြင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက တောင် ကြီးတစ်ခုပေါ် တက်သွားတယ်၊ ရဟန်းတစ်ပါး ခေါ်သွား တယ်၊ ရဟန်းတစ်ပါးခေါ်ပြီး တောင်ကြီးပေါ် တက်သွားတဲ့ အခါ ကျတော့ တောင်ထိပ်ရောက်ကြတယ်၊ တောင်ထိပ် ရောက်ပြီးအောက် လှည့်ကြည့်လိုက်တော့ တောင်တစ်ခြမ်းက ပြိုနေတယ်။ အရှင်ဘုရား ဒီချောက်ကြီး သိပ်ကြောက်စရာ ကောင်းပါ ကလားလို့ ရဟန်းက ဘုရားကိုလျှောက်တယ် (မှန်ပါ့)။

ဟာ ရဟန်း ရဟန်း မင်း အမြင်မလွဲ ပါနဲ့ကွာ ဒီတောင်ပေါ်က မင်းခြေချော်လက်ချော် ကျသွားလို့ ရှိရင် တစ်ခါသေပါကွာ မကြောက်ပါနဲ့ သစ္စာမသိလို့ သေရမည့် အမျိုးသာ ကြောက်စမ်းပါ(မှန်ပါ့) အကြိမ် အရေအတွက် မရှိဘူးတဲ့၊ သဘောပါကြပလား (ပါပါပြီ ဘုရား)။

ဘာမသိလို့ သေတဲ့အသေမျိုးလဲ (သစ္စာမသိလို့ သေတဲ့အသေပါ)။

သစ္စာမသိလို့ သေတဲ့အသေမျိုးသာ မင်းကြောက် စမ်းပါဆိုတာ ဘုရားသခင် ကိုယ်တော်မြတ်ကြီးကိုယ်တိုင် သစ္စသံယုတ်မှာ ဟောတယ်လို့ ကိုယ်၊ ကိုဝတို့ မှတ်လိုက် (မှန်ပါ့ ဘုရား)။

ကဲ ဒါဖြင့် ကြောက်စရာ ကောင်းလိုက်တာဆိုတဲ့ ဥစ္စာ ချောက်ကြီးမြင့်လို့ ကျရင် အရိုးတခြား အသားတခြား သွားမှာမြင်လို့ သူကြောက်တာပဲတဲ့၊ ကြောက်ပင်ကြောက်ငြား သော်လဲ ဒါမကြောက်ပါနဲ့၊ တစ်ခါသေပါကွတဲ့၊ မောင်နိုင် မဟောဘူးလား (ဟောပါတယ် ဘုရား)။

သစ္စာမသိဘဲ သေမည့်အသေကဖြင့် (ကြောက် စရာကောင်းပါတယ်) မရေတွက်နိုင်ဘူး (မှန်ပါ့)။

အဲဒါကြောင့် ဒီဘဝကို အားလုံး ဒကာ ဒကာမတွေ အကြောင်းညီညွတ်ပြီးတော့ ကြုံကြဆုံကြပြီး သကာလ ဘုန်းကြီးကလဲ စေတနာကောင်း၊ ခင်ဗျားတို့ကလဲ ကိုယ့်ဇာတ် ကိုယ်သိမ်းအောင် သစ္စာသိအောင်လုပ်မှ (မှန်ပါ့) သဘော ကျပလား (ကျပါပြီ ဘုရား)။

ခင်ဗျားတို့ကလဲ ကိုယ့်ဇာတ် ကိုယ်သိမ်းအောင် (လုပ် ရမှာပါ ဘုရား)။

သစ္စာသိအောင် လုပ်ရမယ်၊ ကိုယ့်ဇာတ်ဆိုတာက ဘာတုန်းဆိုတော့ ယခုရထားတဲ့ ဒုက္ခသစ္စာ (မှန်ပါ့) နောင် လာမှာတွေကကော (ဒုက္ခသစ္စာပါ ဘုရား)။

အဲဒီဇာတ်ကိုဖြင့် ဒကာ ဒကာမတွေ အသိတစ်လုံး ပိုင်ရင် သိမ်းတာပါပဲ (မှန်ပါ့) ရှင်းကြပလား (ရှင်း ပါပြီ)။

ဘာပိုင်ရင်တုန်း (အသိတစ်လုံးပိုင်ရင် သိမ်း ပါတယ် ဘုရား)။

အသိတစ်လုံးပိုင်ရင် သိမ်းတာပါပဲဆိုတာ ဒကာ ဒကာမတို့ ကျေကျေနပ်နပ် သဘောကျပလား (ကျပါပြီ)။

အိမ်မှာများ မောင်နိုင်ရေ သားကလေးအတွက် မလိမ္မာလို့ စိုးရိမ်တယ်၊ သမီးအတွက် မလိမ္မာလို့ စိုးရိမ်တယ် ဆိုရင် ငါမှားပြီဟေ့၊ ကိုယ့်ဟာကိုယ် ဆုံးမကြပါ(မှန်ပါ့)။

ငါမှားပြီ၊ ငါမှားပြီဆိုတဲ့ဥစ္စာ လူကြီးဆိုတော့ကို ကိုဝ သူပြောချင်တာ ပြောတာနော် (မှန်ပါ့)။

ဘယ်သူက မလိမ္မာသေးဘူး၊ ဘယ်သူက ငယ်သေး တယ်လို့ ဆိုပြီးသကာလ ခင်ဗျားတို့ စိုးရိမ်နေကြလို့ရှိရင်ဖြင့် အဲဒါ အလွဲစိုးရိမ်တာလို့ မှတ်လိုက်စမ်းပါ(မှန်ပါ့)။

ကိုယ့်ကိုယ်ကိုယ် စိုးရိမ်ပါ၊ ငါသစ္စာမသိသေးလို့ နိဗ္ဗာန် မျက်မှောက် မပြုနိုင်သေးဘူး၊ ငါ့မှာ ဒုက္ခတွေ ပင်လယ်ဝေအောင် ကျန်သေးတယ်၊ ငါ့အတွက် စိုးရိမ်တယ်ဆိုပြီး ချက်ချင်းပြောင်းပါ (မှန်ပါ့)။

ဘယ်ဘက်လှည့်သတုန်း (ကိုယ့်ဘက် လှည့်ပါတယ် ဘုရား)။ ဘာဖြစ်လို့တုန်း မေးတဲ့ အခါကျတော့ ဘုန်းကြီးတို့ ပြောနေတာပဲ၊ စိုးရိမ်တဲ့ပုဂ္ဂိုလ်က သေကာနီး၊ အစိုးရိမ်ခံရ တဲ့ပုဂ္ဂိုလ်က သေခါဝေးလို့ ပြောတယ် (မှန်ပါ့) မပြော ထိုက်ဘူးလား (ပြောထိုက်ပါတယ် ဘုရား)။။

ကိုဝ ကြီးတဲ့ပုဂ္ဂိုလ်သေကာနီးနော် (မှန်ပါ့) ခင်ဗျားတို့ စိုးရိမ်တဲ့ ကလေးတွေက (သေခါဝေးပါ ဘုရား)။

ဒါဖြင့် သေကာနီးက သေခါဝေးကို စိုးရိမ်တာသည် ဘယ်သူပိုမိုက်သတုန်း (သေကာနီးက ပိုမိုက်ပါတယ်)။

ဒါဖြင့် ခင်ဗျားတို့ ဒီအတိုင်းပြောတော့ မခံချင်ဘူး၊ မင်းက သေကာနီးမှ မိုက်တာလားလို့ဆိုလို့ ရှိရင် မခံချင်ပေဘူး (မှန်ပါ့)။

သေသေချာချာ စဉ်းစားကြည့်လိုက်တဲ့အခါ ကျတော့ ကိုယ်က သစ္စာမသိသေး၊ ဟိုပုဂ္ဂိုလ်တွေ အသာထားပါဦး၊ စားရေး သောက်ရေး၊ နေရေး၊ ထိုင်ရေး၊ ပညာရေး မပြည့်စုံသေးလို့ ပူမယ်၊ ဆွေးမယ် ကြံလို့ရှိရင် ဘုန်းကြီးပြောခဲ့တဲ့ဆီကို လှည့်လိုက် ပါ (မှန်ပါ့)။

မင်း သစ္စာသိအောင်လုပ်နေ၊ မင်းသစ္စာသိမှ မင်းအရေးပြီးမှာ ဟိုဟာတွေအတွက်ကို မင်းစိုးရိမ်မနေနဲ့၊ မင်းအတွက် မင်း စိုးရိမ်ပြီးသကာလ မင်း သစ္စာသိအောင်လုပ်ပါလို့ ကိုယ့် ကိုယ်ကို ပြင်လိုက်စမ်းပါ (မှန်ပါ့)။

ဒါ သားသမီးနဲ့ ရန်တိုက်တာမဟုတ်ပါဘူး။ အမှန်ပြော နေတာ (မှန်ပါ့)။

သားသမီးနဲ့ ရန်တိုက်တာလား ကိုဝ အမှန်ပြောတာ လား (အမှန်ပြောတာပါ ဘုရား)။

ဘာ့ကြောင့် ပြောရပါလိမ့်မလဲလို့ မေးတဲ့အခါကျ တော့မှ ဦးဘရှင်းရေ သေကာနီးက သေခါဝေးအတွက် စိုးရိမ် တယ် (မှန်ပါ့)။

ဘာစိုးရိမ်တာပါလိမ့် (သေကာနီးက သေခါဝေးအတွက် စိုးရိမ်ရပါတယ် ဘုရား)။

အင်း သေကာနီးက သေခါဝေးအတွက် စိုးရိမ် တယ်ဆိုတော့ စည်းကမ်း ကျ မကျ (မကျပါ ဘုရား)။

သေကာနီးက ကိုယ့်အသေလွတ်ဖို့ကိုသာ ဂရုစိုက် ရမယ်(မှန်ပါ့) ဟို သေခါဝေးက ဝေးသေးတာပဲ၊ သူ့ဂရုစိုက် စရာလိုရဲ့ လား (မလိုပါ ဘုရား)။

မလိုဘူးဆိုတော့ အဲ သစ္စဉာဏ်နဲ့ ပြောလိုက်တော့ ခင်ဗျားတို့ ပြောနေတာတွေဟာ ကိုယ် အပိုချည့်ပဲ (မှန်ပါ့)

မောင်နိုင် ပိုသလား မပိုဘူးလား (ပိုပါတယ် ဘုရား) နောက်က ဒကာ ဒကာမတွေ သဘောကျရဲ့လား (ကျပါတယ် ဘုရား)။

ပူမယ်၊ ဆွေးမယ်၊ စိုးရိမ်မယ်၊ ကြောင့်ကြမယ် ကြံတိုင်း ကြံတိုင်း ဟ မင်းက ဘယ်သူ့အတွက် ပူတာတုန်း မွေးတာ ပေါ့ မောင်နိုင်ရ (မှန်ပါ့) ကိုယ့်ကိုယ်ကို မေးပါနော်။ ကိုယ့်ကိုယ်ကို မေးတော့ အဖြေ ဘယ်လိုထွက်လာသတုန်း။ သေကာနီးက သေခါဝေးအတွက် ဒါလောက် ကြောင့်ကြနေဖို့ မလိုဘူး (မှန်ပါ့) သေကာနီးသည်ကားလို့ ဆိုရင် နောင် မသေရတဲ့ နည်းကိုသာလျှင် ငါ သစ္စာသိဖို့အရေးကိုသာလျှင် အလိုကြီး လိုတော့တယ်ဆိုတာ သေသေချာချာမှတ်ပါ (မှန်ပါ့ ဘုရား)။

သူ့ မသိသေးရင် ခင်ဗျားတို့ ကုသိုလ်ပြုရာမှာလဲ အလွဲပဲ၊ သူမသိသေးရင် (မှန်ပါ့)။

ကုသိုလ်ပြုတာလဲ (အလွဲပါ ဘုရား) အကုသိုလ် ဆိုတာတွေ လွဲတယ်လို့ ဆိုစရာမလိုပါဘူး ပင်ကို လွဲနေလို့နော် (မှန်ပါ့ ဘုရား)။

ကုသိုလ်ပြုတာတောင်မှ ဘယ့်နှယ်တဲ့ (အလွဲပါ ဘုရား)။

ဘယ်နှယ့် ကိုဝရော ဘုံဘဝလိုချင်တော့ ဒုက္ခသစ္စာ ဆုတောင်းမယူဘူးလား (ယူပါတယ် ဘုရား)။

ကုသိုလ်လဲပြုတာပဲ ကုသိုလ်မပြုဘဲနဲ့ သူ တောင်း တာလား ကုသိုလ်ပြုပြီးမှ တောင်းတာလား (ကုသိုလ် ပြုပြီးမှ တောင်းတာပါ ဘုရား)။

ဒါဖြင့် ဒီကုသိုလ်ကို ဒကာ ဒကာမတွေက ဒုက္ခရောက် မည့် ကုသိုလ်ကို အကောင်းကုသိုလ် ဆိုကြမလား အဆိုး ကုသိုလ် ဆိုကြမလား (အဆိုးကုသိုလ်ပါ ဘုရား)။။

အဲဒါ ပြင်မိအောင် ပြင်စမ်းပါဆိုတာကို အတင်းပြောတာ ပဲ (မှန်ပါ့) မပြင်မိမှာကို ကိုဝ စိုးရိမ်ထိုက် မစိုးရိမ်ထိုက် (စိုးရိမ်ထိုက်ပါတယ် ဘုရား)။

အင်မတန် စိုးရိမ်ထိုက်တယ် ငွေကုန်ပြီး နောက် ဘဝ လူပန်းမှာ (မှန်ပါ့)။

ငွေကုန်ပြီးတော့ (လူပန်းမှာပါ ဘုရား) လူပန်းမှာ ဆိုလို့ ရှိရင်ဖြင့်တဲ့ နောက်ဘဝ အသေကကော လွတ်ပါ့မလား (မလွတ်ပါ ဘုရား)။

ဒါဖြင့် သူ ငွေထိုးပြီးတော့ စက်ရှင်အမှု အထမြောက် အောင် လုပ်စမ်းပါဆိုတဲ့ ပုဂ္ဂိုလ်နဲ့ တူမတူ (တူပါတယ် ဘုရား)။

သူက စက်ရှင်မှုဖြစ်နေတယ်၊ ငွေလဲသူထိုးတယ်၊ ကျုပ် ကိုလဲ သတ်ဖြစ်အောင် သတ်ပါဆိုတာနဲ့ ဘယ့်နှယ်နေသတုန်း (တူတူပါပဲ ဘုရား)။ –

ဒါဖြင့် အလှူပေးတာက ငွေထိုးတာ (မှန်ပါ့) ဟိုဘဝ သေရတာက စက်ရှင်မှုကို ကိုယ်ကိုယ်တိုင်ကျချင်လို့ တောင်းပန်တာနဲ့ မတူဘူးလား (တူပါတယ် ဘုရား)။

အဲဒါကြောင့် ဒီအရေးဟာ စကားကြီးကြီးပြောတာလား အလုပ်က ဒီအတိုင်းဖြစ်နေသလား အကဲခတ် (အလုပ်က ဒီအတိုင်း ဖြစ်နေပါတယ် ဘုရား)။။

ဒါဖြင့် ဒကာ ဒကာမတို့ ဒီအရေးဟာ သစ္စာမသိလို့ ဖြစ်ပေါ်တဲ့အရေး (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဘာမသိလို့တုန်း (သစ္စာမသိလို့ ဖြစ်ပေါ်တဲ့အရေးပါ ဘုရား)။။

သစ္စာမသိလို့ ဖြစ်ပေါ်တဲ့ အရေးဆိုတဲ့ဥစ္စာ ဦးဘရှင်း ကျေနပ်ပလား (ကျေနပ်ပါပြီ) ဒကာကြီးလှိုင် ပေါ်ပလားဗျာ (ပေါ်ပါပြီ ဘုရား)။

ဒီအရေးဟာ ဘာအရေးပါလိမ့် (သစ္စာမသိလို့ ဖြစ်ပေါ် တဲ့အရေးပါ ဘုရား)။

သစ္စာမသိတော့ စက်ရှင်မှု လွတ်ဖို့ရာတောင်မှ စက်ရှင် မှု ငွေထိုးပြီးသကာလ ကိုယ့်ကိုယ် သတ်ပေးပါလို့ ခိုင်းတာနဲ့ ကိုဝ တူ မတူ (တူပါတယ် ဘုရား)။

နောက်ဘဝ နတ်ဖြစ်ရပါလို၏၊ ဒီသား၊ ဒီသမီးနဲ့ မခွဲရ ပါလို၏ ဆိုလို့ရှိရင် နောက်ဘဝလဲ သေခြင်းဆိုး သေရပါလို၏ ပါ-မပါ (ပါပါတယ် ဘုရား) ပါတယ်ဆိုတာ ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။

ဒါဖြင့် ဒါ ဘာမသိလို့ သူ ဒီအဓိပ္ပာယ်တွေချည့် သဘော ကျနေပါလိမ့်မတုန်းလို့ အကဲခတ်ကြည့်စမ်း (သစ္စာမသိလို့ ပါ ဘုရား)။။

ကဲ ဒါဖြင့် ကိုပေါတို့ ကိုဝတို့ အရေးကြီးဆုံးစကား ပေါ်ပြီ (ပေါ်ပါပြီ ဘုရား) မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။

ဒကာကြီးလှိုင် ပေါ်ပလား(ပေါ်ပါပြီ ဘုရား) တရားနာနေကြတယ် ဆိုငြားသော်လည်း ဘယ်ဟာ အရေးကြီး ပါလိမ့်မတုန်းဆိုတာလဲ ကိုယ့်ဟာကိုယ်လဲ သိကြပါ(မှန်ပါ့)။

သစ္စာသိဖို့ကိုပဲ ဆရာဘုန်းကြီးက အရေးတကြီး ဟော နေတယ် (မှန်ပါ့) သစ္စာသိသည်နဲ့ တစ်ပြိုင်နက်တည်းပဲ နိဗ္ဗာန်ရောက်တာပဲ (မှန်ပါ့)။

သစ္စာမသိသေးတဲ့ အလုပ်ဟူသရွေ့ကိုလဲ ခင်ဗျားတို့ ကပဲ ဆုံးဖြတ်ချက်ချပါတော့၊ နိဗ္ဗာန်ရောက်ပါ့မလား (မရောက်ပါ) မရောက်နိုင်ဘူးဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် ဒကာကြီးလှိုင်ရေ ဒီနေ့ အရေးတကြီး ပြောတာကော သိပလား (သိပါပြီ) ဘာသိရမလဲ(သစ္စာ သိရမယ် ပြောတာပါ) သစ္စာသိရမယ်ဆိုတဲ့ ဥစ္စာ။

ကိုင်း ဒါဖြင့် သစ္စာသိရမယ်ဆိုတော့ သစ္စာရှိတာကို အရင်ပြောရလိမ့်မယ် (မှန်ပါ့)။

ဒကာ ဒကာမတို့ သစ္စာသိအောင်ဆိုတော့ သစ္စာရှိတာကို အရင်ပြောမှ အသိက နောက်က လိုက်ရမယ် (မှန်ပါ့)။

ဒါဖြင့် အရှိပြောမှသာလျှင် အသိနောက်က လိုက်မှာ ဖြစ်လေသောကြောင့် ဒကာ ဒကာမတို့ ယခု ခန္ဓာကြီးဟာဖြင့် (ဒုက္ခသစ္စာပါ ဘုရား)။

ယခု ခန္ဓာကြီးဟာဖြင့် ဒုက္ခသစ္စာပဲ၊ ဒါဖြင့် လုံးပြောလိုက် တော့ မောင်နိုင် ရှင်းမသွားဘူးလား(ရှင်းသွားပါတယ် ဘုရား)။

အဲဒီတော့ ယခုခန္ဓာကြီးဟာ ဒုက္ခသစ္စာဆိုတော့ ခန္ဓာထဲ က ဘာပဲပေါ်လာ ပေါ်လာ မောင်နိုင်က ဘယ်လိုဆုံးဖြတ်ချက် ချမလဲ (ဒုက္ခသစ္စာပါ ဘုရား)။

ဝေဒနာ ပေါ်တာလဲ (ဒုက္ခသစ္စာပါ) စိတ်ပေါ် တာလဲ (ဒုက္ခသစ္စာပါ) ပူတဲ့ အေးတဲ့ ရုပ်တွေ ပေါ်တာလဲ (ဒုက္ခသစ္စာပါ ဘုရား)။။

ဘာဖြစ်လို့တုန်းမေးတော့ ပင်ကိုက ဒုက္ခသစ္စာမို့ ပေါ် ပေါက်တာလဲ ဒုက္ခသစ္စာပဲ ပေါ်ပေါက်ရတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ပင်ကိုက ဒုက္ခသစ္စာမို့ သူ့ထဲ ထူးထူးခြားခြား ပေါ်လာရင် (ဒုက္ခသစ္စာပါပဲ ဘုရား)။

အဲဒါကို ခင်ဗျားတို့က ပထမအပေါင်း သိထားတော့ အပေါင်းသိထားလိုက်တာက ဒကာ ဒကာမတို့ “သစ္စဉာဏ်” ခေါ်ပါတယ် (မှန်ပါ့)။

နောက်စိတ်ကလေးတွေ ပေါ်လာတော့ ဥပမာ ဝေဒနာ နုပဿနာရှုမည့် ပုဂ္ဂိုလ်ဆိုရင် ဝေဒနာတွေပေါ်လို့ စိတ္တာ နုပဿနာရှုမည့် ပုဂ္ဂိုလ်ဆိုရင် စိတ်တွေပေါ်တဲ့အခါ ဉာဏ်ထဲမှာ မဖမ်းမိပေဘူးလား (ဖမ်းမိပါတယ် ဘုရား)။

ဖမ်းမိတာက ဒီဥစ္စာသည် သစ္စာကိုရိုးရိုး အပေါင်း သိမဟုတ်ဘဲနဲ့ ခန္ဓာကိုယ်ထဲမှာ စိတ်ပါ သိရတဲ့အတွက် တဲ့ ဒီဥစ္စာက သြော် သူတို့ နှိပ်စက်နေတာကိုးလို့ သိရတယ် (မှန်ပါ့ ဘုရား)။။

ဒါ ကိစ္စဉာဏ်ကျအောင် တက်သွားတယ် (မှန်ပါ့) အပေါင်းသိတာ “သစ္စဉာဏ်”၊ ဒီထဲပေါ်တဲ့ စိတ်ကလေးတွေ သိတာက (ကိစ္စဉာဏ်ပါ ဘုရား)။ ဒါ သေသေချာချာမှတ်ပါ၊ ဒါ သေသေချာချာမှတ်ပါ ဦးဘရှင်း။

အပေါင်းကြီးဟာ ဘာတဲ့ (သစ္စဉာဏ်ပါ ဘုရား) ဒုက္ခ သစ္စာလို့ မသိဘူးလား (သိပါတယ် ဘုရား)။ အပေါင်းကြီးက (ဒုက္ခသစ္စာလို့ သိပါတယ် ဘုရား)။

ခန္ဓာငါးပါး အပေါင်းကြီး သိတာက (သစ္စဉာဏ် ပါ ဘုရား) သစ္စဉာဏ်။

နောက်က ဒကာ ဒကာမတွေ ပေါ့ပေါ့ဆဆ အေးစက် စက်မနာပါနဲ့နော် မှတ်မှတ်သားသားနဲ့ ဒါချက်ချင်း ကိစ္စ ပြီးမည့် တရားဖြစ်နေလို့ လေးလေးစားစား ပြောနေတယ် (မှန်ပါ့ ဘုရား)။

ခန္ဓာငါးပါးကြီးဟာ အပေါင်းသိတာက ဘာတဲ့တုန်း (သစ္စဉာဏ်ပါ ဘုရား)။

ဒီထဲကနေ ဝေဒနာကလေးတွေ ထိုးကျင်ပြီး သကာလ ထွက်လာတယ်၊ သုခ၊ ဒုက္ခ၊ ဒေါမနဿတွေ ကို မလာဘူးလား (လာပါတယ် ဘုရား) စိတ်ကလေးတွေကလဲ ဘုန်းကြီး ပြောထားတဲ့ ဆယ့်နှစ်မျိုးတို့ ဆယ့်လေးမျိုးတို့ မလာဘူးလား (လာပါတယ် ဘုရား)။

အဲဒါကလေးတွေ လာတိုင်း လာတိုင်း ဉာဏ်နဲ့ တည့်မိတာက သစ္စာသိတဲ့ကိစ္စကြီး (မှန်ပါ့) အရင် က အပေါင်းသိတဲ့သစ္စဉာဏ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဒီလို ပေါ်တိုင်း၊ ပေါ်တိုင်း ဖြစ်ပျက်မှုကို သိတာက ဘာတဲ့ (ကိစ္စဉာဏ်ပါ ဘုရား)။။

ဒါဖြင့် သစ္စဉာဏ်၊ ကိစ္စဉာဏ်၊ သဘောကျပလား (ကျပါပြီ ဘုရား)။

တစ်ခါ သစ္စဉာဏ်နဲ့ ကိစ္စဉာဏ်ပြီးရင် တစ်ခါတည်း မှတ်ကြ ဒကာ ဒကာမတို့ ကတဉာဏ် ဆိုလို့ ရှိရင် သောတာပန် တည်တာပဲ (မှန်ပါ့)။ဒီနေ့ ဉာဏ်သုံးမျိုးနဲ့ တစ်မျိုးဟောတယ်လို့ မှတ်ရမယ် နော် (မှန်ပါ့)။

အပေါင်းသိတာက ခန္ဓာငါးပါးကြီးဟာ ဒကာ ဒကာမတွေ အပေါင်းသိထားတာက ဘာတဲ့ (သစ္စဉာဏ်ပါ ဘုရား)။ သစ္စာတော့မသိဘူးလား (သိပါတယ် ဘုရား) ခန္ဓာ ငါးပါးအပေါင်းဟာ ဘာသစ္စာတဲ့တုန်း (ဒုက္ခသစ္စာပါ) အဲ အပေါင်းသိတာက သစ္စဉာဏ် (မှန်ပါ့)။

တစ်ခါ သတိပဋ္ဌာန်လေးပါးထဲက တစ်ပါးပါးကို ပေါ်တိုင်း ပေါ်တိုင်း ဖြစ်ပျက်ကလေးရှုပြီး သကာလ နေတာ ကတဲ့ ဒကာ ဒကာမတို့ ကိစ္စဉာဏ် (မှန်ပါ့)။

ဒီဖြစ်ပျက်ကို ဒကာ ဒကာမတွေက ဆုံးအောင်လိုက်လို့ ဆုံးသွားလို့ ရှိရင် ကတဉာဏ် (မှန်ပါ့) သဘောပါကြပလား (ပါပါပြီ)။

ခန္ဓာငါးပါး အပေါင်းကြီးသိနေတာ (သစ္စဉာဏ်ပါ ဘုရား)။

ဒီထဲက သတိပဋ္ဌာန်လေးပါးထဲက တစ်ပါးပါး စိတ်ဖြစ် ပျက်ကလေးဟာ ဪ ဒါကလေးတွေ “ဒုက္ခဿ ပိဠနဋ္ဌော သင်္ခတဋ္ဌော” ဆိုတဲ့အတိုင်း သူတို့နှိပ်စက်နေတာပဲ၊ ဒီဖြစ်ပျက် ကလေးဟာ နှိပ်စက်နေတာပဲလို့ သိပြန်တော့ ဘာဉာဏ်တဲ့တုန်း (ကိစ္စဉာဏ် ပါ ဘုရား)။

ဒါဖြင့် ဒီဖြစ်ပျက်ကလေးကို ဒကာ ဒကာမတွေက သိပြီး သကာလနေတော့ ဖြစ်ပျက်တွေဟာ အင်း နှိပ်စက်တဲ့ တရားတွေမို့ နှိပ်စက်နေတာပဲလို့ အမှန်အကန် သိသိ သိသိပြီး သွားတဲ့အခါကျတော့ ဒီဟာတွေဒီခန္ဓာကြီးဖြင့် မလိုချင်တော့ပါ ဘူးဆိုတဲ့ အခါကျတော့ ဖျတ်ခနဲ ချုပ်သွားတယ် (မှန်ပါ့) ချုပ်ပြီးမှ ပေါ်လာတဲ့ဉာဏ်ကို မောင်နိုင် တာဉာဏ်ခေါ်မလဲ (ကတဉာဏ် ပါ ဘုရား)။

ကတဉာဏ်ခေါ်တယ်။ ဟာ ငါ သောတာပန် တည်ပြီလို့ သိတဲ့ဉာဏ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။

ငါ သောတာပန် တည်ပြီလို့ သိတဲ့ဉာဏ် ဘာဉာဏ် ခေါ်ကြမလဲ (ကတဉာဏ် ခေါ်ပါတယ် ဘုရား)။

သုံးခေါက်ပြောမယ်၊ ဒကာ ဒကာမတို့၊ ဒီဉာဏ်တွေ မဟောဖူးသေးလို့နော် (မှန်ပါ့)။

ဒကာ ဒကာမတို့ အလုပ်ကို အတိုနဲ့ တက်တာလို့ မှတ်ပါ (မှန်ပါ့)။ ကိုဝ ဘာနဲ့တက်သလဲ (အတိုနဲ့ တက်တာပါ ဘုရား)။

ဓမ္မာနုပဿနာနဲ့တက်တာ ဦးဘကလေး ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

အဲဒီတော့ ဒါဖြင့် ဒကာ ဒကာမတို့ ဉာဏ်သုံးဆင့်တော့ ဖြင့် ဆရာဘုန်းကြီးက ဟောထားပြီ၊ ကဲ ဘုရား တပည့်တော်တို့ အပေါင်းသိတဲ့ဉာဏ်က သစ္စဉာဏ်၊ ဒီထဲက ဖြစ်ပျက်တဲ့ ဉာဏ်က ကိစ္စဉာဏ်၊ ဖြစ်ပျက်အဆုံးကို သိတဲ့ဉာဏ်က ကတ ဉာဏ်ဆိုတာတော့ဖြင့် ယုံမှားသံသယ မရှိဘဲနဲ့ ရှင်းလိုက်ပါပြီ (မှန်ပါ့)။။

ဒါဖြင့် လိုရင်းကို ပြောပါတော့မယ်၊ ဉာဏ်သုံးဆင့်ကို ဒကာ ဒကာမတွေ ကိစ္စဉာဏ်ဟာ အလုပ်လုပ်ရမည့် ဉာဏ်(မှန်ပါ့)။

သစ္စဉာဏ်က သိရမည့်ဉာဏ် (မှန်ပါ့ ဘုရား)။ ကိစ္စဉာဏ်က (အလုပ်လုပ်ရမည့် ဉာဏ်ပါ ဘုရား)။ ကတဉာဏ်က ဝမ်းမြောက်ရမည့်ဉာဏ် (မှန်ပါ့)။

ဒါ သေသေချာချာမှတ်ပါ၊ သစ္စဉာဏ်က (သိ ရမည့် ဉာဏ်ပါ) ကိစ္စဉာဏ်က (အလုပ်လုပ်ရမည့် ဉာဏ်ပါ ဘုရား)။ ကတဉာဏ်က (ဝမ်းမြောက်ရမည့်ဉာဏ်ပါ ဘုရား)။ ဝမ်းမြောက်ရမည့် ဉာဏ်ဆိုတာ ကိစ္စပြီးပြီလို့ သိတာ (မှန်ပါ့ ဘုရား)။

ကိစ္စပြီးပြီလို့ သိတဲ့ပုဂ္ဂိုလ်ဟာ ဘယ်ကိစ္စပြီးပြီးသွားပြီဟေ့ ဆိုတဲ့ ဝမ်းမြောက်မှု မလာဘူးလား (လာပါတယ်)။

အဲဒီတော့ ဝမ်းမြောက်ရမည့် ဉာဏ်က ဘာဉာဏ်တဲ့ (ကတဉာဏ်ပါ ဘုရား) ကတဉာဏ်ဆိုတာ သေချာပလား (သေချာပါပြီ)။

ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ သေသေချာချာ ဒါ ဘယ်မှာလာပါလိမ့်မတုန်းလို့ ကိုဝတို့က မေးလို့ ရှိရင်ဖြင့် ဓမ္မစကြာမှာ လာတယ်လို့မှတ် (မှန်ပါ့ ဘုရား)။

ဘုရားတိုင်းမစွန့်တဲ့ ဓမ္မစကြာမှာ လာတယ်လို့မှတ်ပါ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘုရားတိုင်း မစွန့်တဲ့ (ဓမ္မစကြာမှာ လာပါတယ်) ဓမ္မစကြာမှာ လာတယ်ဆိုတော့ သူ့ဟောလိုက်တော့ ကောဏ္ဍ ညနဲ့တကွ ဗြဟ္မာအပေါင်း ရှစ်သောင်းလေးထောင်တွေ အကုန် ကျွတ်ကြတယ် (မှန်ပါ့)။

အကုန်လုံးတစ်ခါတည်း မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ရကုန်ကြ တယ် ဆိုတော့ ဒါ အရေးကြီးဆုံးပဲဆိုတာ ကိုဝ မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။ – ကိုင်း ဒါဖြင့် တစ်ခေါက်ပြန်ပြောတယ်၊ သစ္စဉာဏ် က ဒကာ ဒကာမတို့ သိရမည့်ဉာဏ် မပါဘူးလား (ပါ ပါတယ် ဘုရား)။

အေး ဒါကြောင့် နောက်က ဒကာ ဒကာမတွေ ခန္ဓာကိုယ်က အစိုးမရဘဲနဲ့ အလုပ်လုပ်ပြီး ဟောတဲ့ပုဂ္ဂိုလ်ကလဲ သူ့ခန္ဓာက အနတ္တ၊ နာတဲ့ပုဂ္ဂိုလ်တွေကလဲ အနတ္တ၊ အနတ္တ အနတ္တချင်း ကိုဝ ယိုင်းပင်းကူညီနေတာ (မှန်ပါ့) ဖျက်မပစ်ပါ နဲ့ ဆိုတာ ကိုလဲ သေသေချာချာ သတိပေးလိုက်ပါတယ်၊ ရှင်း ပလား (ရှင်းပါပြီ ဘုရား)။။

ကဲ ဒါဖြင့် ကိစ္စဉာဏ် ပြောပါတော့မယ်တဲ့ သူ့ဝတ္ထု ထုတ်လိုက်ဦးမယ် ဒကာ ဒကာမတို့။

ကုရုတိုင်းမှာ ဘုရားသခင်ကိုယ်တော်မြတ်ကြီး သီတင်း သုံးပါတယ်တဲ့၊ အဲဒီမှာ ကပိလဝတ်ပြည် ဆိုတာရှိတယ် ရှိပြီး သကာလ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဆွမ်းခံ သွားမလို့ ဆိုပြီး စောလှပါသေးတယ် ဆိုပြီးသကာလ ခဏနေပြီး သကာလ နောက်မှပဲ ကဲ အချိန်ရောက်ပြီဆိုပြီး သွားလိုက်တယ် ကပိလဝတ်ပြည်ထဲ တစ်ပါးတည်းပဲကြွတယ် (မှန်ပါ့)။

ကြွပြီးသကာလ ဆွမ်းတွေဘာတွေခံယူပြီး သကာလ တစ်ခုသောတောထဲ ဥသျှစ်ပင်အောက်မှာ သူသွားပြီး ဆွမ်းဘုဉ်း ပေးပြီး သကာလ နေ့သန့်စဉ် ဒီနေရာမှာပဲ ဖလသမာပတ်ဝင်စား တော့မယ်ဆိုပြီး သကာလ ကိုယ်တော်မြတ်ကြီး သီတင်းသုံးနေ တယ် (မှန်ပါ့)။

သီတင်းသုံးပြီး သကာလနေတော့ ဒဏ္ဍပါဏိဆိုတဲ့ ပုဂ္ဂိုလ်က ရွှေတုတ်ကောက်ကြီးနဲ့ ဘုရားလဲဝတ်မချဘူး၊ သစ်ပင်အောက်လာပြီးတော့ တုတ်ကောက်ကို မေးထောက်ပြီး သကာလ သြော် ရှင်ကြီး ဂေါတမ ဒီရောက်နေသကိုးလို့ သူက နှုတ် ဆက်တယ်။

ရှင်ကြီးဂေါတမ အယူပြောစမ်းပါ၊ ဝါဒလဲပြောစမ်းပါ၊ ရှင်ကြီးဂေါတမယူတဲ့အယူလဲ ပြောစမ်းပါ၊ သူများကို ပေးတဲ့ ဝါဒကိုလဲ သိချင်ပါတယ်၊ ဒါမေးတာပဲနော် (မှန်ပါ့)။

မေးတဲ့အခါကျတော့ ဘုရားကရိပ်မိတယ်၊ သူက ဒေဝဒတ်နဲ့ အမျိုးလဲတော်တယ်၊ အမျိုးတော်ပြီး သူက ကျွတ်တမ်းဝင်မှာလဲ မဟုတ်ဘူးတဲ့ ဘုရားက သိသော်လဲ ငါ့ဝါဒ ရှိတာတော့ အကုန်ပြောလိုက်မှပဲ ပြီးတော့ ဘုရားကိုလဲ စိတ်ဆိုးနေတဲ့ပုဂ္ဂိုလ်။

ဒေဝဒတ်ကိုလဲ သံဃာအပေါင်းက ကြဉ်ထားလို့ တစ်ကြောင်း၊ ဒေဝဒတ်ကို တရားဟောတိုင်း ဟောတိုင်း အပါယ် သွားရမည့်ပုဂ္ဂိုလ်ပဲ၊ ဘယ်သူကယ်လို့မှ မရတော့ဘူး၊ သူက သံဃာသင်းခွဲ သွေးစိမ်းတည်အောင် လုပ်ထားတာကိုး (မှန်ပါ့) အဲဒါတွေ ဟောတာလဲ သူကမကြိုက်ဘူး။

ပြီးတော့ ဒီရာဟုလာကလေးကို အတင်းသင်္ကန်းဝတ် ပေးတာလဲ သူက မကြိုက်ဘူး၊ မကြိုက်တာကို စကြဝတေးမင်းလောင်းကို တစ်ခါတည်း စကြဝတေးရတနာတွေ ဖျက်ပစ်တဲ့ ပုဂ္ဂိုလ်ဆိုပြီး သူက လောကီသမား ဖြစ်နေတာကိုး (မှန်ပါ့)။

အဲဒီလို မကြိုက်တာနဲ့ တွေ့လို့သာ စကားပြောလိုက်ရ တယ်၊ ရှင်ကြီးဂေါတမ ဘယ်အယူရှိသတုန်း ရှင်ကြီး ဂေါတမ ဝါဒက ဘယ်လိုဝါဒလဲတဲ့။

ငါ့ ဝါဒကကွာ တဲ့၊ ဘယ်သူနဲ့မှ ရန်မဖြစ်တဲ့ ဝါဒ၊ ရှင်းပလား (ရှင်းပါပြီ)။

သူ့ဝါဒက ဘာတဲ့(ဘယ်သူနဲ့မှ ရန်မဖြစ်တဲ့ ဝါဒပါ)။

ဒါဖြင့် ဘုရားသခင်ကိုယ်တော်မြတ်ကြီး၏ ဝါဒစစ် ဝါဒမှန်ကဖြင့် ဘယ်သူနဲ့မှ ရန်မဖြစ်တဲ့ ဝါဒလို့ ကို မှတ်ထား လိုက်စမ်းပါ(မှန်ပါ့ ဘုရား)။

ကိုပေါ်(ဘယ်သူနဲ့မှ ရန်မဖြစ်တဲ့ဝါဒပါ) နောက် က ဒကာ ဒကာမတွေ (ဘယ်သူနဲ့မှ ရန်မဖြစ်တဲ့ဝါဒပါ ဘုရား)။

နို့ ဘယ်သူနဲ့မှ ရန်မဖြစ်တဲ့ ဝါဒဆိုပြီးသကာလ ဘေးက ဘုရားမှာ ရန်သူတွေ ပေါလှချည့်ကလား၊ တိတ္ထိတွေကလဲ တစ်ပုံကြီး၊ ဒေဝဒတ်တို့လို အဇာတသတ်တို့လိုဟာတွေ ရန်သူ တွေက ပေါလိုက်တာ မာရ်နတ်ကြီးကလဲ စစ်လာတိုက်တာ မောင်နိုင် ဟင် (မှန်ပါ့)။။

သူတစ်ပါးနဲ့ ရန်မဖြစ်ဘူးဆိုပြီး သကာလ ရန်ဖြစ်ရမည့် ပုဂ္ဂိုလ်တွေနဲ့လဲ ခဏခဏရန်ပွဲ မတွေ့ဘူးလား (တွေ့ပါ တယ် ဘုရား)။

သို့သော်လဲတဲ့ ဘုရားသခင် ဝါဒကတော့ ဘယ်သူနဲ့မှ ရန်မဖြစ်တဲ့ဝါဒလို့ မှတ်လိုက်စမ်းပါ (မှန်ပါ့) ဒီဝါဒကို မကြိုက်တဲ့ လူက လာပြီးစစ်တိုက်တာ (မှန်ပါ့) ဝါဒကတော့ အမှန်ပဲ (မှန်ပါ့)။

သူက ဘယ်လို ဟောလေ့ရှိသတုန်း၊ သူတစ်ပါးက ဒါရှေးဘုရားတွေက ဒုက္ခသစ္စာလို့ ရှေးပညာရှိဘုရားတွေက ဒုက္ခ သစ္စာပဲ ဟောလို့ရှိရင် သူဒုက္ခသစ္စာပဲ ပိုမဟောဘူး (မှန်ပါ့)။

ဒီ ဒုက္ခသစ္စာမှာလဲဟေ့ သစ္စာသိမှု သစ္စဉာဏ်၊ ဖြစ်ပျက်သိမှု ကိစ္စဉာဏ်၊ ဖြစ်ပျက်တွေ ဆုံးသွားရင် ကတဉာဏ် ပဲဆိုတာလဲ ရှေးဘုရားတွေလဲ ဒီလိုပဲဟောတယ် (မှန်ပါ့) သူကော (ဒီလိုပဲ ဟောပါတယ် ဘုရား)။

အဲဒီတော့ ပညာရှိနဲ့တော့ ရန်သူဖြစ်တယ်လို့ ရှိရဲ့လား (မရှိပါ ဘုရား)။

မကြိုက်တဲ့ပုဂ္ဂိုလ်က ဒီဟာ နားမလည်တဲ့ ပုဂ္ဂိုလ်ကတော့ သူ့ကို ရန်ဖြစ်တယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။ ၊ ဒါဖြင့် ဘုရားသည် သူကရန်ဖြစ်တာလား၊ တစ်ပါးသော ပုဂ္ဂိုလ်က လာရန်ဖြစ်တာလား၊ (တစ်ပါးသော ပုဂ္ဂိုလ်က လာရန် ဖြစ်တာပါ ဘုရား)။။

ဒါကြောင့် သူ့ဝါဒကတော့ ရန်မဖြစ်ပါဘူးတဲ့၊ ပညာရှိ တွေ အကုန်လက်ခံနိုင်တဲ့ ဝါဒပါ (မှန်ပါ့) ပညာမဲ့တွေက သူ့ကို ဘယ်တုန်းကမှ မကြားဖူးဘူး ဆိုပြီးသကာလတဲ့ တိုက်ကြတာတော့ ငါမတတ်နိုင်ဘူးတဲ့ (မှန်ပါ့)။

ဘုရားဝါဒရှင်းကြပလား (ရှင်းပါပြီ ဘုရား) ဘာတဲ့တုန်း (သူတစ်ပါးနဲ့ ရန်မဖြစ်တဲ့ ဝါဒပါ ဘုရား)။

ဘယ်ပုဂ္ဂိုလ်နဲ့မှ ရန်မဖြစ်တဲ့ ဝါဒဟာဘုရားဝါဒ (မှန်ပါ့) ဒကာကြီးလှိုင် ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။ ဘယ်ပုဂ္ဂိုလ်နဲ့မှ ရန်မဖြစ်တဲ့ ဝါဒဟာ (ဘုရား ဝါဒပါ ဘုရား) ဘုရားဝါဒလို့ မှတ်ကြစမ်းပါ (မှန်ပါ့)။

အဲဒီတော့ကို ခင်ဗျားတို့ အထဲမှာလဲ ဪ ရှေး ရှေး အင်မတန်ကျသွားတဲ့ ပုဂ္ဂိုလ်နဲ့ဆို ကိုဝ အတော်ခက်တယ် နော် (မှန်ပါ့)။

မင်းတို့ဟာကွာ ဝိပဿနာအလုပ် ဝိပဿနာ အလုပ်နဲ့ တို့ အနိစ္စ၊ ဒုက္ခ၊ အနတ္တ ပုတီးစိပ်နေတာလဲ ဒီအတိုင်းပါပဲကွလို့ ဆိုလို့ရှိရင် သူ့ဟာ မြင်စိတ်မဟုတ်ဘူး၊ ရလို့ စိပ်နေတဲ့ စိတ်နဲ့ ကျုပ်တို့က ပုတီးမပါဘဲနဲ့ ဉာဏ်နဲ့ စိပ်နေတဲ့ စိတ်နဲ့ ကိုဝ ဘယ်ဟာက မှန်ပါ့မလဲ( ဉာဏ်နဲ့ စိပ်နေတာက မှန်ပါတယ် ဘုရား)။

မင်းတို့လက်ထက်မှာကွာ ကိုင်ရတာနဲ့ ပြုရတာနဲ့ ရှုရတာနဲ့ ပွားရတာနဲ့ ဒို့ဒီလိုလာခဲ့တာပါပဲ၊ တို့ဆရာကြီးတွေလဲ ဒီလိုပဲဆိုလို့ရှိရင် အဲဒီလူနဲ့ ခင်ဗျားတို့ ရန်ဖြစ်လိမ့် မယ် (မှန်ပါ့) မဖြစ်ရပေဘူးလား (ဖြစ်ရပါတယ် ဘုရား)။

သို့သြော် ခင်ဗျားတို့က ဖြစ်တာလား သူတို့ က မကြိုက်လို့ ဖြစ်ရတာလား (သူတို့က မကြိုက်လို့ ဖြစ် ရတာပါ ဘုရား)။။

အဲဒီလိုပဲတဲ့ ဘုရားသခင်ကိုယ်တော်မြတ်ကြီး ဝါဒဟာလဲ ဘယ်သူနဲ့မှ ရန်မဖြစ်တဲ့ဝါဒ ပညာရှိလက်ခံတဲ့ဝါဒ၊ ဘုရား အစဉ်အဆက်သုံးတဲ့ ဝါဒဟာ ငါ့ဝါဒပဲ၊ သို့သော် ဒါမကြားဘူးတဲ့ ပုဂ္ဂိုလ်၊ မသိဘူးတဲ့ ပုဂ္ဂိုလ်တွေကဖြင့် ဒါ ရန်ဖြစ်မှာပဲကွာ ငါ့ဝါဒကတော့ ဘယ်သူနဲ့မှ ရန်မဖြစ်တဲ့ဝါဒ၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။။

ဘုရားဝါဒဟာ ဘာပါလိမ့် (ဘယ်သူနဲ့မှ ရန်မဖြစ် တဲ့ဝါဒပါ ဘုရား) ဘယ်သူနဲ့မှ ရန်မဖြစ်တဲ့ဝါဒလို့ မှတ်လိုက်စမ်း ပါနော် (မှန်ပါ့)။။

ဒါတွင်မကသေးဘူးကွ၊ ငါသည်တဲ့ သံသယဝိစိကိစ္ဆာ ကင်းပြီးသကာလ အလုံးစုံအပေါ်မှာတဲ့ တဏှာဖြတ်တဲ့ ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်လို့လဲ မင်း မှတ်ပါတဲ့ ဒဏ္ဍပါဏိကို ဘုရားက ပြောနေတယ် (မှန်ပါ့)။

အလုံးစုံသံသယကင်းပြီး သကာလ တဏှာဖြတ်တဲ့ အလုပ်ဟာ ငါ့အလုပ်လို့ မှတ်ပါတဲ့ (မှန်ပါ့) သဘောကျ ပလား (ကျပါပြီ ဘုရား)။

ဘယ်သူနဲ့မှ ရန်မဖြစ်တာက သူ့ဝါဒ (မှန်ပါ့) သူ့အလုပ်က သံသယဝိစိကိစ္ဆာကင်းပြီး တဏှာဖြတ်တဲ့ အလုပ်ဟာဖြင့် ဒါ သူ့လုပ်ငန်းစဉ် (မှန်ပါ့)။

ဝါဒက ဘာတဲ့တုန်း (ဘယ်သူနဲ့မှ ရန်မဖြစ်တဲ့ဝါဒပါ) ဘယ်သူနဲ့မှ မဆန့်ကျင်တဲ့ ဝါဒဖြင့် ဒါ သူ့ဝါဒ (မှန် ပါ) အလုပ်စဉ် ပြောစမ်းပါဆိုတော့ သံသယမရှိဘဲနဲ့ တဏှာဖြတ် တဲ့အလုပ် (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

အဲဒါ ပြောပြီးသကာလ ဒဏ္ဍပါဏိကလဲ မောင်နိုင်ရ နားထောင်ပြီး ပြန်သွားတာပါပဲ (မှန်ပါ့)။

ဪ ဒီဝါဒကိုး၊ ဒီအကျင့်ကိုး ဆိုပြီးသကာလ ဒီလို ဟောလေ့ရှိသကိုး ဆိုပြီးသကာလ ပြန်သွားတာပါပဲ (မှန်ပါ့)။

ပြန်သွားတော့ ကျောင်းပြန်ရောက်လာတဲ့အခါ ရဟန်း တစ်ပါးက အရှင်ဘုရား ဒီနေ့ ဘယ်ကြွပါသတုန်းဘုရာ့ ငါဘယ်ကြွတယ်ကွာ ဘာနဲ့ တွေ့ပါသတုန်းဘုရာ့ ဒဏ္ဍပါဏိနဲ့ တွေ့သကွာ။

ဘာပြောခဲ့ပါသတုန်း “ငါ့ဝါဒနဲ့ အလုပ်စဉ်”ပြောခဲ့ တယ်ဟေ့ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဘာပြောခဲ့သတုန်း (ဝါဒနဲ့ အလုပ်စဉ် ပြောခဲ့ ပါတယ် ဘုရား)။

ဝါဒနဲ့ အလုပ်စဉ် ပြောခဲ့တယ်ဆိုတဲ့ဥစ္စာ ပြောတော့ ဒါဖြင့် ဘုရားတပည့်တော်များ သိပါရစေတဲ့။ ဪ ငါ့ဝါဒဟာကွာ ဘယ်သူနဲ့မှ ရန်မဖြစ် တဲ့ဝါဒ သံသယမရှိဘဲနဲ့ ကိလေသာသတ်တဲ့ အလုပ်စဉ်က (မှန်ပါ့)။

ဘယ်သူနဲ့မှ ရန်မဖြစ်တာ ငါ့ဝါဒ သံသယတွေ သတ်ပြီး သကာလ ကိလေသာဖယ်ရှားတဲ့ အလုပ်ဟာ ငါ့အလုပ်စဉ်ကွ ဆိုတော့ ဦးဘရှင်း ဒီရဟန်းကလဲ ဗဟုသုတနည်းတော့ ဒီလောက်ကလေးနဲ့ သိနားလည်ပါ့မလား (မလည်ပါ)။

မလည်ဘူးနော် (မှန်ပါ့) မလည်တော့ ဘုရား သခင်ကိုယ်တော်မြတ်ကြီးကလဲ ဒါကလေးပြောခဲ့ပြီး ကိုယ်ကျောင်းခန်းထဲကြွသွားတယ် (မှန်ပါ) အရှင်ဘုရား ဒါကလေး ဆက်ပြောပါဦးလို့ လိုက်တောင်းပန်လို့လဲ ရပါ့မလား (မရပါ ဘုရား)။

မရတော့ တရားနာတဲ့ရဟန်းကော၊ ဘေးက အပေါင်း အဖော်တွေကော သူတို့ စိတ်ကူးကြတယ်၊ ဪ ဘုရားက လဲ တရားကို တိုတိုဟောသွားတယ်၊ အကျယ်မဟောဘဲနဲ့ အကျဉ်းပဲဟောသွားတယ်၊ ဝါဒလဲပြောသွားတယ်၊ အလုပ်စဉ်လဲ ပြောသွားတယ်၊ ဘယ်သူ့ မေးရမတုန်းလို့ သူတို့ လိုက်ရှာတော့ အရှင်မဟာကစ္စည်းကို သူတို့ သတိရတယ် (မှန်ပါ့)။

အရှင်မဟာကစ္စည်းက ဘုရားအကျဉ်းဟောတာကို သူချဲ့နိုင်တဲ့သတ္တိရှိတယ်၊ ဘုရားကလဲ သူ့ကိုချီးမွမ်းတယ် (မှန်ပါ့) ဒီတော့ သူ့ဆီသွားကြစို့ ဆိုပြီး အရှင်မဟာကစ္စည်းဆီ သွားကြတယ် (မှန်ပါ့)။

သွားကြပြီး အရှင်မဟာကစ္စည်းထံ လျှောက်တယ်။ အရှင်ဘုရား ဒဏ္ဍပါဏိကို ဟောခဲ့တဲ့တရား တပည့်တော် တို့ကို ဟောတာလဲ အင်မတန်မှ ကျဉ်းနေပါတယ်။

ဘာတုန်းကွ ဘယ်လိုဟောသတုန်း ဘုရားက တဲ့။။

သူ့ဝါဒက ဘယ်သူနဲ့မှ မဆန့်ကျင်တဲ့ဝါဒလို့ ဟောပါ တယ်၊ သူ့မှာသံသယမရှိဘဲနဲ့ ကိလေသာကို သတ်တဲ့အလုပ်ဟာ သူ့အလုပ်ပါလို့ ဟောတယ်။ အဲဒါ တပည့်တော်တို့က ကျဉ်းလွန်း လို့ ဘာမှနားမလည်ဘူး ဆိုတော့ ဖြစ်ပျက်ရှုပါ ဘယ်လိုလုပ်ပါ ဆိုတာ ဦးဘရှင်းပါသေးသလား (မပါပါ ဘုရား)။

မပါတော့ ရှေးကလဲနားမလည်ဘူး (မှန်ပါ့) ဒကာကြီးလှိုင် ရှေးကလဲ နားမလည်ဘူး (မှန်ပါ)။

သြော် မင်းတို့ကလဲကွာ အနှစ်ရှိတဲ့ သစ်ပင်ဆီက အနှစ်မရှိတဲ့ သစ်ပင်ဆီလာပြီး အနှစ်တောင်းသလို ဖြစ်နေပါပေါ့ လားလို့ အရှင်မဟာကစ္စည်းက ပြောလိုက်တယ် (မှန်ပါ့)။

ဘုရားက အနှစ်ရှိတာကိုး (မှန်ပါ့) သူတို့က ဘုရားနှင့် စာတော့ အနှစ်က ဒီလောက်ပြည့်စုံတာ မဟုတ်တော့ မဟုတ်ပါဘူးတဲ့၊ အနှစ်ရှိတဲ့ဆီက အနှစ်မရှိတဲ့ဆီကို လာပြီးသ ကာလ တရားတောင်းတယ်လို့ ဒီလို အယုံမရှိပါနဲ့ အရှင်ဘုရားကို ဘုရားကလဲ ချီးမွမ်းပါတယ်။ ဘုရားအကျဉ်း ဟောထားလို့ရှိရင် အရှင်ဘုရား ချဲ့နိုင်တယ်ဆိုတဲ့ဥစ္စာ သတင်းက အင်မတန် မွှေးပါတယ်။ ဒါကြောင့် တပည့်တော်များ လာရပါ တယ်ဆိုတော့ မင်းတို့ နာချင်သလား တဲ့၊ တကယ်နာ ချင်ပါတယ် ဆိုတော့ ဒါဖြင့် ငါ သစ္စာဟောမယ်ဆိုပြီး သစ္စာဟောတာပဲ (မှန်ပါ့)။

ကဲ ဒကာ ဒကာမတို့ သူဟောတဲ့သစ္စာ ဒီလိုမှတ် ကြပေတော့နော် (မှန်ပါ့) ခင်ဗျားတို့ကို အလုပ်စဉ်ပေးတော့ မယ်။

အလုပ်စဉ်ပေးတော့မယ်ဆိုတော့ ဒကာ ဒကာမတို့ မြင်စိတ်ကလေး ပေါ်တယ်တဲ့နော် (မှန်ပါ့)။ အဆင်းကြည့်တော့ မြင်စိတ်ကလေး မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား) လူသေမှာ ပေါ်သလား၊ လူရှင်မှာ ပေါ်သလား(လူရှင်မှာ ပေါ်ပါတယ် ဘုရား)။။

ဪ ဒါဖြင့် လူရှင်ဖြင့် မျက်လုံးရုပ်ကလေးကလဲ ပသာဒရုပ်ကလေးကလဲ ကြည်သေးလို့ ဟိုဘက်က အဆင်း ကလဲရှိလို့ပေါ့ မောင်နိုင်ရာ (မှန်ပါ့)။

ဒါဖြင့် ဒီမျက်လုံးအကြည်ရုပ်နဲ့ ဟိုကအဆင်းနဲ့ နှစ်ခု တိုက်တဲ့အခါကျတော့ ကြားထဲမှာ မျက်လုံးအကြည်ပေါ်မှာ မြင်တဲ့စိတ်ကလေး ဖျတ်ခနဲပေါ်တယ် (မှန်ပါ့) မပေါ်ဘူး လား (ပေါ်ပါတယ် ဘုရား) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် အဆင်းနဲ့ မျက်လုံးအကြည်နဲ့ ပေါင်းပြီးတော့ ကြားထဲမှာ အလယ်မှာ ဘာပေါ်သတုန်း (မြင်စိတ်ပေါ်ပါ တယ် ဘုရား)။။

မြင်စိတ်ပေါ်တယ်ဆိုတာ ဘုန်းကြီး ခဏခဏ ဟော တယ် (မှန်ပါ့) “စက္ခုံစ ပဋိစ္စ ရူပေစ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ” ဆိုတဲ့ ဥစ္စာ ပေါ်သွားပြီဆိုကြပါစို့ (မှန်ပါ့)။

မြင်စိတ်ကလေး မပေါ်ဘူးလား (ပေါ်ပါပြီ ဘုရား) စက္ခု ဝိညာဏံဆိုတာ မြင်စိတ်ပါပဲ။။

အဲဒီတော့ ဒကာ ဒကာမတွေ ဘယ်အခါမြင်မြင် ပျော် ဒီနှစ်ကြောင်းကြောင့် မြင်စိတ်ကလေး ပေါ်တာလို့ မှတ်လိုက်တာပေါ့ (မှန်ပါ့)။

အဲဒီမြင်တော့ကိုတဲ့၊ ဒါထားပါဦးကွာတဲ့ မြင်ပြီးသကာလ ဘာလုပ်ကြသတုန်းဆိုတော့ မြင်ပြီးသကာလ တွေ့တယ်ကွာတဲ့ ဖဿ ဖြစ်ပါတယ်၊ မတွေ့ဘူးလား (တွေ့ပါတယ် ဘုရား)။

ကျုပ်မျက်လုံးထဲတွေ့တယ်လို့ မပြောဘူးလား (ပြောပါတယ် ဘုရား) ဖဿပစ္စယာ ဝေဒနာ လာပါတယ်ကွာတဲ့နော် (မှန်ပါ့)။ ဖဿပစ္စယာ (ဝေဒနာလာပါတယ် ဘုရား)။

ခုနက တိဏ္ဏ သင်္ဂတိဖဿာ၊ ဖဿပစ္စယာ (ဝေ ဒနာပါ ဘုရား)။ ဝေဒနာလာပြီးသကာလ ဝေဒနာတင် ခံစားတာမဟုတ် ဘူးမှတ်သေးတယ်ကွာတဲ့ ဒါကလေးဟာ နီလာပဲ၊ ဒါကလေးဟာ ကောင်းတယ်ဆိုတဲ့ ဒီကျောက်ကလေးဟာ ကောင်းတယ်ဆိုတဲ့ ဝေဒနာက အရင်လာတယ် (မှန်ပါ) ပြီးတော့မှ အနီကောင်း ကလေးဟေ့၊ အပြောကောင်းကလေးဟေ့ ဆိုတဲ့ သညာနောက်က လိုက်လာတယ် (မှန်ပါ့) လိုက်မလာဘူးလား၊ (လိုက်လာပါ တယ် ဘုရား)။

အဲဒီလို လိုက်လာပြီးတော့ ဒကာ ဒကာမတွေ အင်း ဘယ်လိုတက်ရမယ်၊ ချွန်းဘယ်ဘက် ထားရမယ် ဟုတ်လား အစရှိသည်နဲ့ အမျိုးမျိုးအဖုံဖုံ မကြံကြဘူးလား (ကြံပါတယ် ဘုရား)။

သြော် ဒါဖြင့် ဒကာ ဒကာမတို့ မြင်ပြီးတော့ တွေ့ တယ်၊ တွေ့ပြီးခံစားတယ်၊ ခံစားပြီးသကာလ မှတ်တယ်၊ မှတ်ပြီး သကာလ ကြံတာကိုး (မှန်ပါ့) မလာဘူးလား (လာပါ တယ် ဘုရား)။

ဒါကလေး မှတ်ထားလိုက်စမ်းပါ ဒကာ ဒကာမတို့။ အဆင်းနဲ့ မျက်လုံးအကြည်နဲ့ တိုက်ပြီးတော့ ကျောက်ကလေးမြင်စိတ် မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား) အဆင်းဟာ ကျောက်ပဲနော်။

အဲဒီအဆင်းပေါ်လာပြီး သူတို့သုံးခု ပေါင်းမိတဲ့အခါ ဖဿမလာဘူးလား (လာပါတယ် ဘုရား) တွေ့ထိတဲ့ ဖဿ လာပါတယ်၊ ဒါကလေးဖြင့် တွေ့ပြီ ကျောက်ကလေးတွေ့ပြီ ဆိုတာ လာပါတယ် (မှန်ပါ့)။။

လာပြီးသကာလ ကောင်းလိုက်တာပေါ့ မကောင်းရင်လဲ မကောင်းဘူးပေါ့ဆိုတဲ့ ဝေဒနာမလာဘူးလား (လာပါတယ် ဘုရား)။

ဝေဒနာလာပြီးသကာလ ဒီဥစ္စာကလေးကိုဖြင့်တဲ့၊ သညာကလဲ မှတ်ပါတယ်၊ မမှတ်သေးဘူးလား (မှတ်ပါတယ် ဘုရား)။

ခံစားတဲ့ ဝေဒနာကို ဒါ အနီကောင်းကလေးလို့ မှတ်၊ အပြာကောင်းကလေးလို့ မှတ်တဲ့သဘော မလာဘူးလား (လာပါတယ် ဘုရား)။

ပြီးတော့မှ ဒါကလေး ထောင်ကြည့်ပြီး သကာလ ကြံလုံး လာတယ်ကွာတဲ့ (မှန်ပါ့) မလာလား(လာပါတယ် ဘုရား)။

ကြံလုံးလာပါတယ်တဲ့၊ ကြံပြီးသကာလ အကြံတည့်တဲ့ အခါကျတော့မှ တဏှာ၊ မာန၊ ဒိဋ္ဌိလာတယ် (မှန်ပါ့)။ မောင်နိုင်အကြံတည့်သွားတော့ (တဏှာ၊ မာန၊ ဒိဋ္ဌိ လာပါတယ်) မကြံဘဲနဲ့ ဝယ်တဲ့ပုဂ္ဂိုလ်များရှိပါ့မလား (မရှိပါ ဘုရား)။

အဲဒါ ကျောက်ကုန်သည် ဟောနေတယ်လို့ မယူနဲ့၊ ဘုရားဟောစဉ် (မှန်ပါ့)။

ပထမဦးစွာ ကျောက်ကလေးနဲ့ မျက်လုံးအကြည်နဲ့ တွေ့တဲ့အခါ ကျောက်ကို မြင်တဲ့စိတ်ကလေး ပေါ်တယ်၊ မြင်ပြီး တွေ့တယ်၊ ပြီးတော့ ခံစားတယ်၊ ခံစားပြီးတော့ မှတ်တယ်၊ မှတ်ပြီးသကာလ ကြံလုံးမထုတ်ဘူးလား (ထုတ်ပါတယ်)။

ကြံလုံးထုတ်ပြီးတော့မှ ဝယ်မယ်-မဝယ်မယ်ဆိုတဲ့ ဝယ်ချင်တဲ့စိတ် တဏှာရင်ထဲ လာလိမ့်မယ်၊ ဒါကလေး ငါကြိုက် တယ် ဆိုတော့ ဒိဋ္ဌိကော (လာပါတယ်) သဘောကျပလား (မှန်ပါ့)။

အဲဒီတော့ ဒီကျောက်မျိုးဟာ ငါပဲဝယ်နိုင်တယ် ဆိုတဲ့ မာနကကော (လာပါတယ် ဘုရား)။

ဒါဖြင့် တဏှာ၊ မာန၊ ဒိဋ္ဌိ တစ်ခုခုတော့ မလိုက်ပေဘူး လား (လိုက်ပါတယ် ဘုရား)။

ဒါဖြင့် တဏှာ၊ မာန၊ ဒိဋ္ဌိလိုက်လာတော့ တဏှာပစ္စယာ ဥပါဒါနံ၊ ဥပါဒါနပစ္စယာ ကမ္မဘဝေါ၊ ကမ္မဘဝပစ္စယာဇာတိ ပဋိစ္စသမုပ္ပါဒ် မတန်သေးဘူးလား (တန်းပါတယ် ဘုရား)။

အဲဒီတော့ကို ပထမ ဒကာ ဒကာမတွေ ဒီလိုမှတ်ရမယ်တဲ့၊ ဒီကျအောင် တန်းသွားတော့ ကျုပ်တို့ သည် ပစ္စုပ္ပန်ဘဝက အနာဂတ်ဘဝကျအောင်ပဲ အကျိုးအကြောင်း မဆက်ဘူးလား (ဆက်ပါတယ် ဘုရား) ကောင်းသေးရဲ့လား (မကောင်းပါ ဘုရား)။

မကောင်းတော့ဘူး ပပဉ္စလိုက်လာပြီ (မှန်ပါ့) ပပဉ္စ လိုက်လာတော့ ကောင်းသေးရဲ့လား (မကောင်းပါ ဘုရား)။ –

ကြံပြီးတော့ ဘာလိုက်သတုန်း မောင်နိုင် (ပပဉ္စ လိုက်ပါတယ် ဘုရား) တဏှာ၊ မာန၊ ဒိဋ္ဌိဆိုတဲ့ ပပဉ္စမလိုက်ဘူးလား (လိုက်ပါတယ် ဘုရား)။ – အကြံသာတည့်သွားလို့ ရှိရင် တဏှာကဝင်မယ်။ မလာဘူးလား(လာပါတယ် ဘုရား)။

ဒိဋ္ဌိကလဲ ဒါကလေးဟာတော့ ငါ့မှာ အစပ်ရှိတယ် ငါ့အစပ်နဲ့ အတော်ပဲဆိုတဲ့ ငါကလေးဟာလဲ သွင်းလာတယ် (မှန်ပါ့) ဒိဋ္ဌိကော မလာဘူးလား (လာပါတယ် ဘုရား)။

မာနကလဲ ဒီဥစ္စာတော့ ဒီအဖိုးတော့ဖြင့် သူများမမီ အောင် ပေးမှပဲ ရမှာပဲဆိုပြီး မာနကလေး နည်းနည်းကလေး ကူပေးလိုက်တယ် (မှန်ပါ့) တစ်ခုခုတော့ လာရမယ်ဗျာ မလာပေဘူးလား (လာပါတယ်)

တဏှာ၊ မာန၊ ဒိဋ္ဌိ တစ်ခုခု မလာဘူးလား (လာပါတယ် ဘုရား)။ ဒါဖြင့် ကြံပြီးမှလာတာ ရှင်းပလား (ရှင်းပါပြီ)။ အဲဒီလိုဆိုလို့ရှိရင် မောင်နိုင် သံသရာ မဆက်ပေဘူးလား ဆက်သလား (ဆက်ပါတယ် ဘုရား)။ ဆက်သွားပြီဆိုတာ ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။

အဲဒီတော့ကွာ တဲ့၊ ငါက တဏှာဖြတ်တဲ့ ဝါဒ ဆိုသောကြောင့်တဲ့ မင်းတို့ကို ငါသစ္စာပြောမယ်တဲ့၊ ဟော အဆင်းရုပ်ကလေး ကျောက်အဆင်း ရုပ်ကလေးဟာလဲ ဒုက္ခ သစ္စာပဲ၊ သဘောကျပလား (ကျပါပြီ ဘုရား)။။

မြင်စိတ်ကလေးဟာကော (ဒုက္ခသစ္စာပါပဲ)၊ အကြည်ရုပ်ကလေးဟာကော (ဒုက္ခသစ္စာပါပဲ)။ အဲဒါ ကြိုက်ရာတစ်ခုကို ဒကာ ဒကာမတွေကတဲ့ ပပဉ္စ မလာခင်ဖြစ်ပျက်ရှုပါ (မှန်ပါ့)။ (ပပဉ္စ မလာခင် ဖြစ်ပျက်ရှုရပါမယ် ဘုရား)။

ဒါဖြင့် ဖြစ်ပျက်ရှုလိုက်တော့ကိုတဲ့ ပပဉ္စ မသိမ်းဘူးလား (သိမ်းသွားပါတယ် ဘုရား)။

ပပဉ္စ သိမ်းတယ်နော် (မှန်ပါ့) ပပဉ္စ သိမ်းတယ် ဆိုတော့ တဏှာသိမ်း၊ မာနသိမ်း၊ ဒိဋ္ဌိသိမ်း မကျဘူးလား (ကျပါတယ် ဘုရား)။

ဒါဖြင့် သူတို့ သုံးခုကမှ သံသရာချဲ့တာကို ကျုပ်တို့က ဒီမြင်စိတ်ကလေး ကြိုက်လို့ မြင်စိတ် ဖြစ်ပျက်ရှုလိုက်တယ်။ အဆင်းကြိုက်လို့ အဆင်း ဖြစ်ပျက်ရှုလိုက်တယ်၊ တည့်တာ ရှုပေါ့ဗျာ (မှန်ပါ့)။

အဆင်းရှုလို့ရှိရင် ကာယာနုပဿနာ၊ မြင်စိတ် ရှုလို့ရှိ ရင် စိတ္တာနုပဿနာ အကြည်ရုပ်ကလေး ရှုလို့ရှိရင်လဲ ကာယာ နုပဿနာ သတိပဋ္ဌာန် ရုပ်ရှုတာပဲ (မှန်ပါ့) ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။

အဲဒါတစ်ခုခုကို ဒကာ ဒကာမတွေက ဘုန်းကြီးကတော့ ဒီနှစ်မှာ စိတ္တာနုပဿနာကို မှန်မှန်ကြီး ပြောနေတဲ့အတွက် စိတ်သာရှု (မှန်ပါ) မြင်စိတ် ဖြစ်ပျက်ရှုလိုက်တော့ တဏှာ မာန ဒိဋ္ဌိ ဘယ့်နှယ်နေသလဲ (မလာပါ ဘုရား) မလာ တာတော့ မသေချာဘူးလား (သေချာပါတယ် ဘုရား)။

အဲဒီတော့ တဏှာ၊ မာန၊ ဒိဋ္ဌိမလာတော့ ဪ ငါသည် နောက်ဘာများ ဘယ့်နှယ်ဟာများ ဖြစ်ဦးမှာပါလိမ့် မတုန်းဆိုတဲ့ ဝိစိကိစ္ဆာ လာသေးသလား (မလာပါ ဘုရား)။

ဟော ဝိစိကိစ္ဆာသတ်တယ်၊ ဝိစိကိစ္ဆာ မသတ် ဘူးလား (သတ်ပါတယ် ဘုရား)။

ပပဉ္စမှ မလာဘဲ ကိုဝရ ဝိစိကိစ္ဆာ လာသေးရဲ့လား (မလာပါ ဘုရား)။။

ငါ နောက်ဘဝ ဘာများ ဖြစ်ပါလိမ့်မတုန်း အို ဒီမြင်စိတ်ကလေးဟာ ဖြစ်ပျက်ဒုက္ခသစ္စာ၊ ရှုတာက မဂ္ဂသစ္စာလို့ ခင်ဗျားတို့သန္တာန် ပေါ်လာသရွေ့ ဒုက္ခသစ္စာကိုး (မှန်ပါ့)

ဖြစ်ပျက်ဟာ ဘာသစ္စာတုန်း (ဒုက္ခသစ္စာပါ) ဒါဖြင့် ကိစ္စဉာဏ်နဲ့ ရှုလိုက် (မှန်ပါ့)။ ၊ ကိစ္စဉာဏ်နဲ့ ပွားပေးလိုက်၊ မြင်စိတ် ပေါ်တိုင်းပေါ်တိုင်း ရှု၊ ကြားစိတ်ပေါ်တိုင်းပေါ်တိုင်း (ရှုရပါမယ်) အဲ တစ်နေ့က သင်တဲ့အတိုင်းပေါ့ဗျာ (မှန်ပါ့)။

အဲဒါတွေ ရှုပေးလိုက်တော့ ဘာဉာဏ်နဲ့ ရှုနေတာတုန်း မောင်နိုင်(ကိစ္စဉာဏ်နဲ့ ရှုနေတာပါ) ကိစ္စဉာဏ်နဲ့ရှုနေတယ် သဘောပါပလား (ပါပါပြီ ဘုရား)။

ကိစ္စဉာဏ်နဲ့ ရှုပြီးနေလိုက်တော့ ခုနက ကြံလုံးတို့ ပပဉ္စ တို့ ဦးဘရှင်း လာသေးသလား (မလာပါ ဘုရား)။

မလာတော့ ငါ့ဝါဒဟာ တဏှာဖြတ်တဲ့ဝါဒဆိုတာကော သေချာပလား (သေချာပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဒီတဏှာသည် အခုဖြစ်ပျက်ရှု လိုက်ပါတယ်၊ စိတ်ကလေး ဖြစ်ပျက်ရှုလိုက်တော့ ခုနက တဏှာ လဲမလာ၊ မာနလဲမလာ၊ ဒိဋ္ဌိလဲမလာဆိုတော့ ကိုဝ ဒါသေချာ သွားပြီ (မှန်ပါ့) ပပဉ္စမပြတ်ဘူးလား (ပြတ်ပါတယ် ဘုရား)။

ပပဉ္စ ပြတ်တယ်ဆိုရင် ပဋိစ္စသမုပ္ပါဒ်ကော (ပြတ်ပါ တယ်) ဒီပပဉ္စချဲ့လို့ ပဋိစ္စသမုပ္ပါဒ် ဖြစ်ရတယ်၊ (မှန်ပါ့) သေသေ ချာချာမှတ်စမ်းပါ ပဋိစ္စသမုပ္ပဒ် ရှည်တန်းထွက်လာသည် ဘယ်သူကတန်းအောင်လုပ်တာတုန်း (ပပဉ္စက လုပ်တာပါ ဘုရား)။

တဏှာ၊ မာန၊ ဒိဋ္ဌိ ဤသုံးခုက တန်းအောင်လုပ်တာ၊ နှစ်ဘဝဆက်အောင် မောင်နိုင် မလုပ်ဘူးလား (လုပ်ပါတယ် ဘုရား)။

ဘဝများစွာဆက်အောင် ဘယ်သူကလုပ်ပါလိမ့် (တဏှာ၊ မာန၊ ဒိဋ္ဌိက လုပ်ပါတယ် ဘုရား)။

အေး ပပဉ္စက လုပ်တယ် ချုံးခေါ်တော့ ပပဉ္စ။ ရှင်းပလား (မှန်ပါ့) အခုလာသေးရဲ့လား (မလာပါ ဘုရား)။ ( မလာတော့ကိုတဲ့ ဒကာ ဒကာမတွေ ဒီတဏှာ၊ ဒီမာန ဒီဒိဋ္ဌိဟာတဲ့ ဘယ်နားမှာ သေပါလိမ့်မတုန်းလို့ မေးဖို့ မလိုဘူးလား (လိုပါတယ် ဘုရား)။။

ဟော ဒကာ ဒကာမတို့ ကျုပ်တို့က ကိစ္စဉာဏ်နဲ့ ဖြစ်ပျက်ဆိုတဲ့ မြင်စိတ်ကလေးကို ဖြစ်ပျက်ရှုလိုက်တော့ အဲဒီ နေရာနားမှာ မဂ်က သတ်ပစ်လိုက်တယ် (မှန်ပါ့)။

မြင်စိတ်တည်းဟူသော ချည်တိုင်နားမှာ မဂ်က ဒီတဏှာ မာနဒိဋ္ဌိ သတ်ပစ်လိုက်တယ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိ ပါပြီ ဘုရား)။

မြင်စိတ်တည်းဟူသော ချည်တိုင်နားမှာ (မဂ်က သတ်ပစ်လိုက်ပါတယ်) မဂ်က သတ်လိုက်တယ်၊ ဘယ်သူ့ သတ်လိုက်ပါလိမ့်(တဏှာ၊ မာန၊ ဒိဋ္ဌိ သတ်လိုက်ပါတယ် ဘုရား)။

အဲဒါကြောင့် ဒကာ ဒကာမတွေ ခင်ဗျားတို့ စိတ်ခြေရင်း မှာ တဏှာ၊ မာန၊ ဒိဋ္ဌိသေရတယ် (မှန်ပါ့) ဘယ်သူက သေအောင် လုပ်ပါလိမ့်မတုန်းလို့ မေးတဲ့အခါကျတော့မှ ဒကာ ဒကာမတွေ မှတ်ထားလိုက်စမ်းပါတဲ့၊ ဘယ်သူက သေအောင် လုပ်သတုန်းဆိုတော့ (ကိစ္စဉာဏ်က သတ်ပစ်လိုက်ပါတယ် ဘုရား)။

ဖြစ်ပျက်ကိုသိတဲ့ ကိစ္စဉာဏ်က ဘာတုန်း သတ်ပစ်လိုက် ပါတယ် (မှန်ပါ့ ဘုရား)။

အဲ-ဖြစ်ပျက်သိတဲ့ ကိစ္စဉာဏ်က သတ်လိုက်တယ်၊ ရှင်း ပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ကြားစိတ်ကလေးလာလဲ ခုနက ပပဉ္စ မလာရ အောင် ကြားစိတ်ကလေး ဘာလုပ်ရမလဲ (ဖြစ်ပျက်ရှု ရပါမယ် ဘုရား)။။

ဖြစ်ပျက်ရှုတော့ ဘာဉာဏ်ရသလဲ (ကိစ္စဉာဏ် ရပါတယ်) ကိစ္စဉာဏ်ရတယ်နော် (မှန်ပါ့)။

ကိစ္စဉာဏ်ရတယ်တဲ့၊ ကိစ္စဉာဏ်ဆိုတာ ဪ ဘာဉာဏ်ပါလိမ့်မတုန်း ဆိုလို့ရှိရင်ဖြင့် ပီဠနဋ္ဌော၊ သင်္ခတဋ္ဌော၊သန္တာပဋ္ဌော၊ ဝိပရိဏာမဋ္ဌော၊ ဝိပရိဏာမဋ္ဌော ဆိုတာ ဖောက်ပြန်ပြီး ပျက်စီးသွားတာပဲကိုး လို့ မသိလိုက် ဘူးလား (သိလိုက်ပါတယ် ဘုရား)။

မြင်စိတ်ကလေးဟာလေ (မှန်ပါ့) ကြားစိတ်ကလေး ကော (ဒီအတိုင်း ပျက်စီးပါတယ်) ဒီအတိုင်းပဲ ဖော်ပြန်ပျက်စီး တာပဲ (မှန်ပါ့) ဒါ ကိစ္စဉာဏ်ပဲ (မှန်ပါ့)။

မဖောက်ပြန်ဘဲနဲ့ ပျက်စီတာ ဟုတ်ရဲ့လား (မဟုတ်ပါ ဘုရား) ဖြစ်လဲဖြစ်တယ် ဖြစ်ပြီးလဲ ချုပ်သွားတယ် (မှန်ပါ့) မချုပ်ဘူးလား (ချုပ်သွားပါတယ် ဘုရား)။

အဲဒီတော့ ဖောက်ပြန်ပျက်စီးတဲ့ ဒါကလေး သိလိုက်တဲ့ အတွက် ကိုဝ ဘယ်ဉာဏ် ရသတုန်း (ကိစ္စဉာဏ် ရပါတယ် ဘုရား)။

ကြည့် ဟို ပါဠိတော်သွားကြည့်လိုက်။ ပိဠနဋ္ဌော သင်္ခတဋ္ဌော၊ သန္တာပန္နော၊ ဝိပရိဏာမဋ္ဌော ကိစ္စမှာ လာတယ် (မှန်ပါ့) မလာဘူးလား (လာပါတယ် ဘုရား) ဝိပရိဏာမ ဖောက်ပြန် မသွားဘူးလား (ဖောက်ပြန်ပါတယ် ဘုရား)။

ဒါဖြင့် ဖောက်ပြန်သွားတာကို ဉာဏ်ကမသိလိုက်ဘူး ၊ လား (သိလိုက်ပါတယ် ဘုရား)။

အင်း ခုနက အရှင်ကလေး၊ အခု အသေဖြစ်ပြီ၊ မရှိဘူး။ (မှန်ပါ့) ကိုင်း ကျေနပ်ပြီ (ကျေနပ်ပါပြီ ဘုရား)။

ဒါဖြင့် ဒါဘာဘဏ်နဲ့ ကြည့်လိုက်တာပါလိမ့် (ကိစ္စဉာဏ် နဲ့ ကြည့်လိုက်တာပါ ဘုရား)။

ဒါဖြင့် ကိစ္စဉာဏ်နဲ့ ခင်ဗျားတို့ စိတ်တွေ လာတိုင်း လာတိုင်း မြင်စိတ်လာလာ ကြားစိတ်လာလာ ဝမ်းထဲလောဘစိတ် လာလာ ဒေါသစိတ်လာလာ မောဟ စိတ် လာလာ မောင်နိုင်က ကိစ္စဉာဏ်နဲ့ရှု (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။

ဪ ဖောက်ပြန်တာက ဘာသစ္စာ (ဒုက္ခ သစ္စာပါ ဘုရား) အဲ ဖောက်ပြန်တာ သိတာက ဘာပါလိမ့် (ကိစ္စဉာဏ်ပါ ဘုရား) ကိစ္စဉာဏ်ဆိုတဲ့ မဂ္ဂသစ္စာ(မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ကိစ္စဉာဏ်ဆိုတဲ့ (မဂ္ဂသစ္စာပါ ဘုရား) မဂ္ဂသစ္စာ ဆိုတော့ ဒကာ ဒကာမတွေ ပပဉ္စ သေမသေ (သေပါတယ် ဘုရား) ဒါဖြင့် ပပဉ္စသေတာသည် ဒကာ ဒကာမတို့ ပပဉ္စဆိုတာက သူ့နာမည် ရင်းက ပပဉ္စလို့ပြောတာဟာ ကိုဝ ချဲ့လို့ပြောတာ (မှန်ပါ့)။

ဘာတွေ ချဲ့သတုန်း မေးတဲ့အခါ တဏှာလာရင်လဲ ဥပါဒါန်၊ ကံ၊ ဇာတိ၊ ဇရာ၊ မရဏ ချဲ့မှာပဲ (မှန်ပါ့) မာနလာ ရင်လဲ မာန ကာမုပါဒါန်နဲ့ တစ်ခါတည်း ကံနဲ့ မလာပေဘူးလား (လာပါတယ် ဘုရား) ဇာတိ၊ ဇရာ၊ မရဏ ကျအောင် မချဲ့ပေဘူးလား (ချဲ့ပါတယ် ဘုရား)။

ဒိဋ္ဌိကလဲ ဒိဋ္ဌိ ဒိဋ္ဌပါဒါန် ဒိဋ္ဌိအုပ်ချုပ်တဲ့ ကံနဲ့ စပြီး သကာလ ကမ္မဘဝပစ္စယာ ဇာတိ၊ ဇရာ၊ မရဏ မချဲ့ပေဘူးလား (ချဲ့ပါတယ် ဘုရား)။

အင်း ဒါဟာ သူတို့ ပပဉ္စဟာ ပဋိစ္စသမုပ္ပါဒ် သုံးမျိုး မထွက်ဘူးလား (ထွက်ပါတယ် ဘုရား)။

အဲဒီ ပဋိစ္စသမုပ္ပါဒ်သုံးမျိုးကို မဂ္ဂသစ္စာက မောင်နိုင် ဖြတ် မဖြတ် (ဖြတ်ပါတယ် ဘုရား)။

ဒါဖြင့် ငါ့ဝါဒသည် တဏှာဖြတ်တဲ့ဝါဒ ဆိုတာမမှန်သေး လား (မှန်ပါတယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတွေ ဒီလိုဖြတ်တဲ့ဝါဒကို ခင်ဗျား တို့က လိုက်မယ်ဆိုတော့ ပပဉ္စ သေ မသေ (သေပါတယ် ဘုရား)။

ဒါဖြင့် ပပဉ္စ သေတယ်ဆိုတာသည် ပဋိစ္စသမုပ္ပါဒ် ပြတ် တာ (မှန်ပါ့)။ ဒကာ ဒကာမတို့ ပပဉ္စ သေတာသည် ဘာခေါ်မယ် (ပဋိစ္စသမုပ္ပာဒ် ပြတ်တာပါ ဘုရား)။

ပဋိစ္စသမုပ္ပာဒ် ပြတ်တာပဲဆိုတော့ ဘယ်သူ့ ပဋိစ္စ သမုပ္ပာဒ် ပြတ်တာပါလိမ့် (ကိုယ့်ပဋိစ္စသမုပ္ပာဒ် ပြတ်တာပါ ဘုရား)။။

ကိစ္စဉာဏ်ရတဲ့ ပုဂ္ဂိုလ်၏ ပဋိစ္စသမုပ္ပာဒ်ပြတ်တယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။ ဘယ်ပုဂ္ဂိုလ်မှာ ပြတ်ပါလိမ့် (ကိစ္စဉာဏ်ရတဲ့ ပုဂ္ဂိုလ် မှာ ပြတ်ပါတယ် ဘုရား)။

ခုနက ဖြစ်ပျက်ကို ဝိပရိဏာမကိစ္စလို့ သိလိုက်တာကိုး (မှန်ပါ့)။

ဪ ကိုယ့်ခန္ဓာထဲ ဘယ်စိတ်တွေဖြစ်ဖြစ် ဖောက် ပြန်တဲ့ ကိစ္စပဲရှိသကိုး ဆိုတာ ဉာဏ်ကလေးနဲ့ မသိဘူးလား , (သိပါတယ် ဘုရား) အဲဒီတော့ ဒီဉာဏ် ဘာဉာဏ်ခေါ်ကြမယ် (ကိစ္စဉာဏ်ပါ ဘုရား)။

အဲဒီ ကိစ္စဉာဏ်နဲ့ ဒကာ ဒကာမတွေက ဘယ်စိတ်ပေါ် လာလာ ဖောက်ပြန်ပျက်စီးပြန်ပြီ၊ ဘယ်စိတ်ပေါ်လာလာ ဖောက်ပြန်ပျက်စီးပြန်ပြီလို့ သိတဲ့ဉာဏ်က ဘာဉာဏ်တုန်း (ကိစ္စဉာဏ်ပါ ဘုရား)။

ရှေ့က ဖောက်ပြန်ပျက်စီးတာက ဒုက္ခသစ္စာ၊ သိတဲ့ဉာဏ် က (မဂ္ဂသစ္စာပါ ဘုရား) မဂ္ဂသစ္စာ ကိစ္စဉာဏ်၊ သဘောပါပလား (ပါပါပြီ)။

အဲဒီလိုချည့် ဒကာ ဒကာမတွေက ရှုလိုက်တဲ့အခါကျလို့ ရှိရင်ဖြင့် ပပဉ္စတွေ မချုပ်ဘူးလား (ချုပ်ပါတယ် ဘုရား)။

ဒါဖြင့် ပပဉ္စဆိုတာ ဘာပါလိမ့်မတုန်း မေးတဲ့အခါ ကျတော့ သံသရာကို အိုဘေး၊ နာဘေး၊ သေဘေးတွေ ပွားအောင် အပါယ်ဘေးတွေ မရောက်ရောက်အောင်ပို့တဲ့ တရားလို့ ဆိုလို့ ရှိရင် လွဲပါ့မလား (မလွဲပါ ဘုရား) ဒါဖြင့် ပပဉ္စချုပ် မချုပ် (ချုပ်ပါတယ် ဘုရား)။

ဒါဖြင့် ဘုရားကဟောပြန်တယ် ကိုဝ သေသေ ချာချာ မှတ်စမ်း (မှန်ပါ့) ငါဘုရားသည်ကားလို့ ဆိုလို့ရှိ ရင်ဖြင့် “ပပဉ္စနိရောဓော နိဗ္ဗာနံ” လို့ ငါဟောတယ်ကွာတဲ့ (မှန်ပါ့)။

မောင်နိုင် ဘာတဲ့ (ပပဉ္စနိရောဓော နိဗ္ဗာနံပါ ဘုရား)။ နောက်က ဒကာ ဒကာမတွေ ဘာတဲ့(ပပဉ္စနိရော နိဗ္ဗာနံပါ ဘုရား)။

ငါဟာ နိပ္ပပဉ္စကွ တဲ့၊ နိပ္ပပဉ္စဆိုတာ ငါဟာတဲ့ ဒီသုံးခု ချုပ်သွားလို့ရှိရင် အဲဒီချုပ်နေတဲ့နေရာ နိဗ္ဗာန်လို့ ငါဟောတယ် (မှန်ပါ့)။

ဒကာ ဒကာမတို့ ခုနက ပပဉ္စမလာတော့ နိပ္ပပဉ္စဖြစ်တာ ပေါ့ (မှန်ပါ့) နိပ္ပပဉ္စဆိုတဲ့ဥစ္စာ ငါ စာလိုသုံးတာပါကွာတဲ့ နိဗ္ဗာန်ကိုဆိုတာပါ (မှန်ပါ့)။

ကိုဝ ဘာတဲ့ (နိဗ္ဗာန်ကိုဆိုတာပါ) နိပ္ပပဉ္စ ဆိုတော့ ပပဉ္စရှိနေရင် ပပဉ္စ (မှန်ပါ့) ပပဉ္စမရှိလို့ရှိရင် နိပ္ပပဉ္စ (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။

နိပ္ပပဉ္စဆိုတာ ဘာပါလိမ့် (နိဗ္ဗာန်ပါ ဘုရား) နိဗ္ဗာန် ပဲတဲ့၊ ပပဉ္စမရှိတာကို ဆိုတယ် (မှန်ပါ့)။ ပပဉ္စ မရှိတာကို ဒကာ ဒကာမတွေက ဘာခေါ်ကြမယ် (နိဗ္ဗာန်လို့ ခေါ်ပါတယ် ဘုရား)။။

ဒါဖြင့် နိဗ္ဗာန်ကို ဒကာ ဒကာမတွေသည် ဆုတောင်းလို့ ရတာလား ကိစ္စဉာဏ်ကြောင့် ရတာလား (ကိစ္စဉာဏ်ကြောင့် ရတာပါ ဘုရား) ကဲ ပပဉ္စချုပ်တာ ဒကာ ဒကာမတွေပေါ်ကြ ပလား (ပေါ်ပါပြီ ဘုရား) ဘယ်သူ့ကြောင့် ရပါလိမ့် (ကိစ္စ ဉာဏ်ကြောင့် ရတာပါ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ စိတ်တွေလာတိုင်း လာတိုင်း ဘယ်စိတ် လာလာ ခင်ဗျားတို့ စိတ္တာနုပဿနာ ရှုပေးလိုက်တာပေါ့ (မှန်ပါ့)။

ရှုတော့ အရှုခံရတာ ဒုက္ခသစ္စာ မောင်နိုင် (မှန်ပါ့) ရှုတဲ့ဉာဏ်က ကိစ္စဉာဏ် မဂ္ဂသစ္စာ (မှန်ပါ့) မဖြစ်သေးဘူးလား (ဖြစ်ပါပြီ) သေတာက နိပ္ပပဉ္စ၊ ပပဉ္စမလာတော့ဘူး (မှန်ပါ့)။

ဒါဖြင့် ပပဉ္စနိရောဓော နိဗ္ဗာနံလို့ ဆိုချင်လဲဆို၊ နိပ္ပပဉ္စာ တိ နိဗ္ဗာနံလို့လဲ ဆိုချင်လဲဆိုပါတဲ့၊ သဘောကျပလား (ကျပါပြီ ဘုရား)။

နိပ္ပပဉ္စဆိုတဲ့ ပပဉ္စမလာသောကြောင့်လဲ ဘာခေါ်ကြ မလဲ (နိဗ္ဗာန်ပါ ဘုရား)။ ဒါဖြင့် နိဗ္ဗာန်သည် ကိုပေါတို့ ကိုဝတို့ စဉ်းစားတဲ့ နိဗ္ဗာန်သည်ကားလို့ဆိုရင် ဒကာ ဒကာမတို့ သြော် အလုပ်လုပ်တဲ့ ပုဂ္ဂိုလ်၏ ပစ္စည်းတစ်ခုပါကလား (မှန်ပါ့)။

ဘယ်လိုဆိုကြမယ် (အလုပ်လုပ်တဲ့ ပုဂ္ဂိုလ်၏ ပစ္စည်း တစ်ခုပါ ဘုရား)။

အလုပ်လုပ်တဲ့ပုဂ္ဂိုလ်၏ ပစ္စည်းတစ်ခုပါ ပါးစပ်နဲ့ လိုချင် တဲ့ ပုဂ္ဂိုလ်၏ ပစ္စည်းတစ်ခု မဟုတ်ဘူး (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဘယ်သူက ပေးလို့ရတဲ့ ပစ္စည်းတစ်ခုလဲ (မဟုတ်ပါ ဘုရား) သူများပေးလို့ရတဲ့ ပစ္စည်းလဲမဟုတ်ဘူး (မဟုတ် ပါ ဘုရား) သဘောပါလား (ပါပါပြီ ဘုရား)။။

ကိုင်း ဒါဖြင့် တရားနာလို့ရတဲ့ ပစ္စည်းကော (မဟုတ်ပါ ဘုရား) အလုပ်လုပ်လို့ရတယ် (မှန်ပါ့) သဘောကျပလား (ကျပါတယ် ဘုရား)။

ဘုရားပေးလို့ရတဲ့ ပစ္စည်းကော(မဟုတ်ပါ ဘုရား) မဟုတ်ပါဘူးတဲ့၊ ဘုရားက နည်းပေးတာပဲရှိတယ်၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် အမျှပေးဝေလို့ရတဲ့ ပစ္စည်းကော (မဟုတ် ပါ ဘုရား)။

ခင်ဗျားတို့ အမျှါ အမျှဆိုတော့ တစ်ဝက်ပေး တာတွေ ဒါန၊ သီလကျတော့ ရပါတယ် (မှန်ပါ့)။

ဒကာကြီးလှိုင် ရတယ်နော် (ရပါတယ်) ဒီဟာကျတော့ ဘယ့်နှယ်တုန်း (မရပါ) ပပဉ္စ ချုပ်အောင်ဆိုတော့ ကိုယ့်ကိစ္စ ဉာဏ်နဲ့ ကိုယ်လုပ်ရလိမ့်မယ် (မှန်ပါ့)။ ဒကာ ဒကာမတို့ ဘယ်လိုလုပ်ရမှာတုန်း (ကိုယ့်ကိစ္စ ဉာဏ်နဲ့ ကိုယ်လုပ်ရပါမယ် ကိုယ့်ကိစ္စဉာဏ်နဲ့ ကိုယ်လုပ်တော့ ခုနက ပပဉ္စတွေ ဘယ့်နှယ်နေသတုန်း (ချုပ်ပါတယ် ဘုရား)။

ဒါဖြင့် ပပဉ္စနိရောဓောကို ဘယ့်နှယ်ဆိုမလဲ (နိဗ္ဗာနံပါ) နိပ္ပန္နောတိ နိဗ္ဗာနံ (မှန်ပါ့)။ဒါဖြင့် နိဗ္ဗာန်ဟာ အင်း ဘာပါလိမ့်မတုန်း မေးတဲ့ အခါ ပပဉ္စ မလာတာ နိဗ္ဗာန်ပဲ (မှန်ပါ့) ဒကာကြီးလှိုင် ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် အနီးလား အဝေးလားတဲ့၊ ရှုတဲ့နောက်မှာ သူချုပ်တာပဲ (မှန်ပါ့) ရှုတဲ့ ကိစ္စဉာဏ်လဲ လာရော သူလဲ မချုပ် ဘူးလား (ချုပ်ပါတယ် ဘုရား)။

နောက်ကျတော့ ခင်ဗျားတို့ရှုတဲ့ ဝိပရိဏာမ ကိစ္စတွေ ကို ရှုလို့မရတော့ဘူး၊ ဝိပရိဏာမ ကိစ္စတွေကို မောင်နိုင် မမြင် တော့ဘူးဆိုရင် ကတဉာဏ် သွားဖြစ်တယ် (မှန်ပါ့)။

ဝိပရိဏာမ ကိစ္စတွေကို မမြင်တော့ဘူးတဲ့ ဒကာတို့ ရှေ့မှာ ဖြစ်ပျက်ဖြစ်ပျက်ဆိုတာတွေ မမြင်တော့ဘူး၊ ဘယ်စိတ်မှလဲ မလာတော့ဘူး၊ ဖြစ်ပျက်တွေလဲ မတွေ့တော့ဘူးဆိုတော့ ဒါသည် နိဗ္ဗာန်ပေါ်မလာဘူးလား (ပေါ်လာပါတယ် ဘုရား)။

ဒါဖြင့် နိဗ္ဗာန်ပေါ်လာတဲ့ အခါကျတော့ နိဗ္ဗာန်မြင်တဲ့ ဉာဏ် ဘာဉာဏ်ခေါ်ကြမယ် (ကတဉာဏ်ပါ ဘုရား) ရှင်းကြ ပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ခန္ဓာငါးပါးအပေါင်းသိတဲ့ ဉာဏ်က (သစ္စ ဉာဏ်ပါ ဘုရား)။။

ဖြစ်ပျက်ကလေးတွေ သိတဲ့ဉာဏ်က (ကိစ္စဉာဏ်ပါ) ကိစ္စ ဉာဏ်။။

ဖြစ်ပျက်တွေ ဆုံးအောင်ပဲ ဒကာ ဒကာမတွေ လိုက်ပြီး ရှုလိုက်တဲ့အခါကျတော့ ဟို ပပဉ္စကလဲ ချုပ်၊ ရှေ့ကလဲ ဒုက္ခမရှိတာ မသိရဘူးလား (သိရပါတယ်) ဒါကို ဘာဉာဏ်ခေါ်ကြမယ် (ကတဉာဏ်ပါ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ ဒီဉာဏ်နဲ့ တက်လဲ ဝိပဿနာ မှာ ရပါတယ် (မှန်ပါ့)။

ဘယ်သူ တက်သတုန်းလို့ မေးတဲ့အခါကျတော့ ပဉ္စဝဂ္ဂီ ငါးဦးနဲ့ ဗြဟ္မာပေါင်း ရှစ်သောင်းလေးထောင် ဒီဉာဏ်သုံးဉာဏ် နဲ့ တက်တယ် (မှန်ပါ့) မောင်နိုင်-ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ပဉ္စဝဂ္ဂီငါးဦးထဲ တစ်ပါးပဲ ဒီဥစ္စာ အရင်ဆုံးတက်တယ်နော် (မှန်ပါ့) ဗြဟ္မာက ရှစ်သောင်းလေးထောင် ဒီဉာဏ် သုံးခု နဲ့ တက်တယ် (မှန်ပါ့) သဘောပါကြပလား (ပါပါပြီ ဘုရား)။

ပထမ သစ္စဉာဏ်ကို သူသိလိုက်တယ် (မှန်ပါ့) နောက် ကိစ္စဉာဏ်နဲ့ ပွားလိုက်တယ်။ ပွားတာမှ ကိုဝ၊ သိပ် ကြာတာ မဟုတ်ဘူးနော် တရားနာရင်း ပွားသွားတာ (မှန်ပါ့)။

ဒကာ ဒကာမတို့ ဘယ်လို ပွားသတုန်း (တရားနာရင်း ပွားတာပါ ဘုရား)။

ကဲ ယနေ့ ဒီတွင် တော်ကြဦးစို့။

သာဓု သာဓု သာဓု။

မာတိကာသို့