005

မာတိကာသို့

ဖြစ်ပျက်မြင်တုန်း နိဗ္ဗာန်အတုဝင်တတ်တယ်

အသံဖိုင်ခေါင်းစဉ်= မဂ်တု(၁၀)ပါးတရားတော်

စာအုပ်ခေါင်းစဉ်=ဖြစ်ပျက်မြင်တုန်း နိဗ္ဗာန်အတုဝင်တတ်တယ်

ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး မိုးကုတ်မြို့၌

ဟောကြားတော်မူသော တရားတော်

ဖြစ်ပျက်မြင်တုန်း နိဗ္ဗာန်အတုဝင်တတ်တယ်

(တရားထိုင်သူများအတွက်)
(19-6-62)

ဒကာဒကာမတွေ သတိပေးတရား ဆိုသလိုဘဲပြော ရမယ်နော်၊ ဒကာကြီးလှိုင်- သတိပေးတရား ပြောမယ်နော် (မှန်လှပါ)။

သတိပေးတရားဆိုတာက ကိုယ့်ကိုယ်ကို စစ်ဆေးဖို့ ပါဘဲဆိုတာ မှတ်ထားရမယ်နော် (မှန်ပါ့)၊ ကိုယ့်ကိုယ်ကို စစ်ဆေးဖို့ဆိုတဲ့ဥစ္စာ ဘာပါလိမ့်မတုံး ဆိုတော့ ရှင်မဟာ ကဿပကြီးက ဘုရားသခင် ကိုယ်တော်မြတ်ကြီးကို မေးတယ် လို့ ကိုညွန့်တို့ မောင်နိုင်တို့ မှတ်ရမယ် (မှန်ပါ့)။

မှတ်ချက်။ နိဒါနဝဂ္ဂ ကဿပသံယုတ်၊ သဒ္ဓမ္မ ပဋိရူပကသုတ်ကြည့်ပါ။

အရှင်ဘုရား တဲ့ သိက္ခာပုဒ်တွေ နည်းတုန်းက ရဟန္တာတွေသိပ်ဖြစ်တာဘဲ တဲ့။

သိက္ခာပုဒ်နည်းတုန်းက နှစ်ရာ့နှစ်ဆယ် ခုနစ်သွယ် မပြည့်ခင်တုန်းကတော့ ရဟန္တာ သိပ်ဖြစ်ကြတယ်။

နောက်- အရှင်ဘုရားက သိက္ခာပုဒ်တွေ ပေါ်တိုင်း ပေါ်တိုင်း တိုးလိုက်တော့ နှစ်ရာ့နှစ်ဆယ်-ခုနစ်သွယ်တောင် ဖြစ်သွားတော့ ရဟန္တာအဖြစ် နည်းသွားတယ်ဘုရား၊ အဲဒါ ဘာကြောင့် ပါလိမ့် မတုံးလို့ ဘုရားကိုမေးတာ မောင်နိုင် (မှန်ပါ့)။

သိက္ခာပုဒ်နည်းတုန်းကတော့ ဘာတဲ့ (ရဟန္တာ အဖြစ်များပါတယ် ဘုရား)၊ သိက္ခာပုဒ်လည်း များလာပါရော (ရဟန္တာအဖြစ် နည်းပါတယ် ဘုရား)၊ ရဟန္တာအဖြစ် နည်းသွား တယ်ဆိုတော့ ကိုညွန့်တို့ အားလုံး မေးစရာအကြောင်း ပေါ်လာတယ် (မှန်ပါ့ ဘုရား)။

သိက္ခာပုဒ်များလို့ ရဟန္တာအဖြစ်နည်းခြင်းပါလား ဘုရား

သိက္ခာပုဒ်နည်းတုန်းကတော့ဖြင့် တဲ့၊ ရဟန္တာတွေ ဖြစ်လိုက်ကြတာ နည်းတာတွေ မဟုတ်ပါဘူး တဲ့၊ အခု သိက္ခာပုဒ်တွေလည်း အရှင်ဘုရားက တိုးကာ တိုးကာ လုပ်လိုက်တဲ့အခါ သိက္ခာပုဒ်တွေက သိပ်များ၊ အဲဒီများသွားတဲ့ အခါကျမှ ရဟန္တာအဖြစ်နည်းသွားတော့ ဒါ ဘယ် အကြောင်းကြောင့်ပါ လိမ့်မလဲ လို့ မောင်နိုင်တို့ ကိုညွန့်တို့ မေးပြီ (မှန်ပါ)။

ဒီတရား ဟောရတာက ဒကာဒကာမတွေမှာ အလုပ်တွေကလည်း လုပ်ပြီး သကာလ နေသောကြောင့် ကိုယ့် အလုပ်ကို ကိုယ်စစ်ဆေးနိုင်အောင်ဆိုပြီး သကာလ ဒီပါဠိတော် ထုတ်လာတာ ဒကာကြီးလှိုင် (မှန်ပါ့)။

ဒီတွင် ဘုရားကဖြေလိုက်တယ်ကွာ တဲ့ သဒ္ဓမ္မ ပဋိရူပက ဆိုတာရှိတယ်ကွာ တဲ့၊ တရားတုတွေ ပေါ်လာ လို့ရှိရင်လည်း တရားတုတွေ ပေါ်လာတဲ့အတွက် ရဟန္တာ အဖြစ်နည်းတယ် တဲ့။

ဒကာကြီးလှိုင်- ရိပ်မိပလား (ရိပ်မိပါပြီ)၊ ဘာတဲ့ တုံး (တရားတုတွေပေါ်လို့ပါ ဘုရား)။

တရားအတုတွေပေါ်လာတဲ့အတွက် ရဟန္တာအဖြစ် နည်းတယ် တဲ့ ရှင်းပလား (ရှင်းပါပြီ)၊ ဘာတဲ့တုံး (တရားအတုတွေ ပေါ်လာတဲ့အတွက် ရဟန္တာ အဖြစ်နည်းပါ တယ် ဘုရား)။

နောက်က ဒကာဒကာမတွေ တစ်ခါမှမဟောဘူး သေးတော့ “ဒီဥစ္စာကို ကိုယ်လုပ်ထားတဲ့ ဥစ္စာနဲ့ ပြင်စရာရှိ ပြင်ဖို့၊ တိုးစရာရှိ တိုးဖို့ကို ဆရာဘုန်းကြီးက သတိပေးတာလို့ ဆိုတာ ဒကာကြီးလှိုင်-မှတ်ရမယ် (မှန်ပါ့)။

အလုပ် မလုပ်တဲ့ပုဂ္ဂိုလ်ကို ဒီတရားဟောဖို့ မလိုပါ ဘူး၊ အလုပ် လုပ်နေတဲ့ ပုဂ္ဂိုလ်ကျတော့ ပြောရ လိမ့်မယ်တဲ့၊ အဲဒီတော့ ဒီဖြစ်ပျက်ကို မြင်လာတယ်၊ အလုပ် လုပ်နေတဲ့ ပုဂ္ဂိုလ်မှာ တရားတုက ဖြစ်ပျက်မြင်တုန်း ဝင်နှောင့်ယှက် တယ်၊ မောင်နိုင်- မှတ်ထား (မှန်ပါ့)၊ တရားတုက (ဖြစ်ပျက် မြင်တုန်း ဝင်နှောင့်ယှက် ပါတယ် ဘုရား)၊ ဖြစ်ပျက် မြင်တုန်း ဝင်နှောင့်ယှက်တယ်တဲ့၊ အတု ဝင်လာတယ် (မှန်ပါ့)၊ အလုပ်ထဲဝင်လာတာ။

နောက်က ဒကာဒကာမတွေ ဥဒယဗ္ဗယဉာဏ်မှာ ဝင်လာတယ်၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဖြစ်ပျက် မြင်တာက ဥဒယဗ္ဗယဉာဏ် မဟုတ်လား (မှန်ပါ့)၊ အဲဒီမြင်နေတုန်းမှာ တဲ့၊ အဓိဂမပဋိရူပက ဆိုတာ ဝင်တတ်တယ်ကွာ တဲ့၊ အတုဝင်တတ်တယ်၊ နိဗ္ဗာန်အတု ဝင်တတ်တယ် ပြောတာ (မှန်ပါ့)။

ဖြစ်ပျက်မြင်တုန်း နိဗ္ဗာန်အတုဝင်တတ်တယ်

ဒကာကြီးလှိုင်-မှတ်ထားစမ်းပါ၊ ဖြစ်ပျက်မြင်တုန်း နိဗ္ဗာန်အတု ဝင်တတ်တယ်၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဲဒီ ဖြစ်ပျက်မြင်နေတော့ နိဗ္ဗာန်အတုဝင်လာတော့ သြော်- ဒါ နိဗ္ဗာန်ဘဲဆိုပြီး သကာလ ကိုညွန့် တရားရပ်ပစ် လိုက်တယ် (မှန်ပါ့)။

ငါတော့ဖြင့် သောတာပတ္တိမဂ် ဆိုက်ပြီး နိဗ္ဗာန်မြင်ပြီ ဆိုပြီးတော့ ရပ်လိုက်တော့ တရားကတော့ ဥဒယဗ္ဗယ ဖြစ် ပျက်ဆိုတော့ မောင်နိုင် ဘယ် ဆုံးမှမဆုံးသေးဘဲ (မဆုံးသေးပါ ဘုရား)။

မဆုံးသေးချိန်မှာ ဒကာဒကာမတွေ မှတ်ထားလိုက် စမ်းပါတဲ့၊ နိဗ္ဗာန်အတု ဝင်လာတယ် (မှန်ပါ့)။

မဆုံးသေးခင် ဘာဝင်လာသတုံး (နိဗ္ဗာန်အတု ဝင်လာပါတယ် ဘုရား)။

နိဗ္ဗာန်အတု ဝင်လာတယ်ဆိုတဲ့ဥစ္စာဟေ့ မောင် ခင်မောင်တို့၊ ကိုရှင်းတို့ သေသေချာချာ မှတ်ရမယ် (မှန်ပါ့)၊ ဒါက သတိပေးတဲ့ တရားနော် (မှန်ပါ့)။

ရဟန္တာအဖြစ်နည်းတာ နိဗ္ဗာန်အတုဝင်လို့

ရဟန္တာ ဘယ့်နှယ်ကြောင့် အဖြစ်နည်းသတုံးလို့ မေး တဲ့အခါကျတော့ နိဗ္ဗာန်က အတုတွေ ဝင်လာတယ်ကွ။

ဘယ်အချိန် ဝင်လာပါလိမ့်မတုံး (ဖြစ်ပျက်မြင် တဲ့အခါမှာပါ ဘုရား)။

အဲ ဖြစ်ပျက်ဆိုတော့ ဥဒယဗ္ဗယပေါ့လေ (မှန်ပါ့)၊ အဲဒီဥဒယဗ္ဗယဉာဏ်အချိန်မှာ ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ ဝင်တတ်တယ် (မှန်ပါ့)၊ ဖြစ်ပျက်လည်း မဆုံးဘူး၊ မုန်းလည်း မမုန်းဘူး၊ ဆုံးလည်းမဆုံးတဲ့ အချိန်မှာ နိဗ္ဗာန်ဝင်လာတယ်၊ ကိုယ်ထင်တဲ့ နိဗ္ဗာန် ပေါ့လေ (မှန်ပါ့)။

ကိုပေါ်ကြီး သေသေချာချာမှတ် (မှန်ပါ့)၊ သေသေချာချာ မှတ်ပါ၊ ဒကာဒကာမတို့ နောက်က အလုပ် လုပ်နေတဲ့ ပုဂ္ဂိုလ်တွေမို့ ဒီဥစ္စာ အရေးတကြီး ပြောနေရပါတယ် ဆိုတာကိုလည်း မှတ်ရမယ် (မှန်ပါ့)။

ဒကာကြီးလှိုင် ပြောရဘူးလား (ပြောရပါမယ် ဘုရား)၊ ပြောရမယ်တဲ့၊ မေးတဲ့ ပုဂ္ဂိုလ်ကလည်း မောင်နိုင် သေးတဲ့ ပုဂ္ဂိုလ်မှမဟုတ်ဘဲ (မှန်ပါ့)၊ ရှင်မဟာကဿပက မေးတာ၊ ဘုရားမရှိရင် သူဟာ ဘုရား ကိုယ်စားလှယ်ဘဲ၊ သံဂါယနာတင်တော့ ခေါင်းဆောင်ကြီးပေါ့ မောင်နိုင်ရ (မှန်ပါ့)။

ဆယ်ချက်လာတတ်တယ်

အဲဒီတော့ လိုရင်းပြောကြပါစို့လို့ဆိုတော့ ဘုန်းကြီး တို့ ဒကာဒကာမတွေ ဖြစ်ပျက်မြင်တဲ့ အချိန်မှာ ဆယ်ချက် လာတတ်တယ်ကွာ တဲ့၊ ဆယ်ချက်ထဲက တစ်ချက်ချက် လာတတ်တယ်တဲ့ (မှန်ပါ့)။

ဦးဘကလေး ဆယ်ချက်ထဲက တစ်ချက်ချက် လာ တတ်တယ် (မှန်ပါ့)။

ခန္ဓာကိုယ်က အရောင်အဆင်းလည်းထွက်တတ် တယ်ကွတဲ့၊ ဖြစ်ပျက် အားထုတ်ရင်းမတ္တနဲ့ မောင်နိုင်တို့က ဥဒယဗ္ဗယဉာဏ်က ရင့်သန်လာတာကိုး၊ ရင့်သန်လာတော့ကို ခန္ဓာကိုယ်က အရောင် အဆင်း ရင်လည်း ထွက်တတ်တယ် (မှန်ပါ့)။

(၁) အရောင်အဆင်း ထွက်တတ်တယ်

ကိုပေါ် အရောင်အဆင်း ထွက်လာတော့ သြော် ဒါ မဂ်က ထွက်လာတဲ့ အရောင်ဘဲ ဆိုပြီး သကာလ မောင်နိုင် ဒါ မဂ်ဉာဏ်ရတဲ့ သဘောဘဲလို့ ကိုယ့်ဟာကိုယ်ထင်တတ် တယ် (မှန်ပါ့)၊ အရောင်အဆင်း အာရုံပြု ပစ်လိုက်တယ် (မှန်ပါ့)။

ဦးဘကလေး အရောင်အဆင်း အာရုံပြုပစ်လိုက် တော့၊ ဝိပဿနာဉာဏ်က ဖြူစင်လို့ ခန္ဓာက အရောင်ထွက် လာတာ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ခန္ဓာက အရောင်ထွက်လာတယ်၊ အဲဒါကို ငါ မဂ်ရ – ပြီလို့ထင်ပြီး၊ ဒကာဒကာမတွေက ရပ်ပစ် လိုက်တတ်တယ် (မှန်ပါ့)။

အတုပေါ်တာ (မှန်ပါ့)၊ မပေါ်မရှိဘူးတဲ့၊ သူ တစ်ခါတလေပေါ်မယ်နော် (မှန်ပါ့)။

ကောင်းပြီ ဒါပေါ်တဲ့ပုဂ္ဂိုလ်လည်း ပေါ်တယ် ထားနော် (မှန်ပါ့)၊ ဒါ မပေါ်ရင် ဘာပေါ်တတ် သတုံး ဆိုတော့ ဒီဆယ်ချက်ကလည်း ဥဒယဗ္ဗယဉာဏ်မှာ ပေါ်ရမှာဘဲ၊ တစ်ခုခုတော့ ပေါ် ရမယ် (မှန်ပါ့)။

မောင်နိုင် မှတ်ထားပါနော် (မှန်ပါ့)၊ ကိုရှင်းတို့ မမှတ်ရပေဘူးလား (မှတ်ရပါတယ် ဘုရား)။

မှတ်ရလိမ့်မယ်၊ ကိုယ်က လုပ်နေတာကိုးဗျ၊ ဒါမှ နိဗ္ဗာန်စစ်နဲ့ နိဗ္ဗာန်တုနဲ့ ကွဲသွားမယ် နော် (မှန်ပါ့)။

အခု ခန္ဓာကိုယ်က အရောင်အဆင်းထွက်တာကို ပင်လျှင် ယောဂီပုဂ္ဂိုလ်က အားထုတ်နေတဲ့ ပုဂ္ဂိုလ်က ငါတော့ဖြင့် မဂ်ရလို့ ခန္ဓာကိုယ်ကတောင် အရောင်တွေထွက် လာပြီဆိုပြီး ရပ်ပစ် လိုက်တယ်။

အရောင်ဘက် လှည့်သွားတယ်၊ အရောင်ဘက် သာယာပစ်လိုက်ပြီ မောင်နိုင် (မှန်ပါ့)၊ သာယာပစ်လိုက် တော့ ဉာဏ်ရှိသေးရဲ့လား (မရှိပါ ဘုရား)၊ အရောင်က တော့ ထွက်လျက်ဘဲ (မှန်ပါ့ ဘုရား)။

အဲဒီမှာလည်းတဲ့ သူ့ဟာသူ မဂ်ရလို့ ခန္ဓာက အရောင် ထွက်လာတာဘဲဆိုပြီး သကာလ ရပ်ပစ်လိုက်တော့ ကိုတဲ့ တရားတု ဝင်လာတတ်တယ်တဲ့၊ နိဗ္ဗာန်လည်းမဟုတ် ဘူး၊ မဂ်လည်း မဟုတ်ဘူး (မှန်ပါ့ ဘုရား)။

ဒကာကြီးလှိုင် မဂ်လည်းမဟုတ်ဘူးတဲ့၊ ဖြစ်ပျက် မြင်တဲ့ ဝိပဿနာမဂ် ရှိသေးတာဘဲ (မှန်ပါ့)၊ မဂ်စစ် မဟုတ်သေးဘူး။

အဲ့ဒီအချိန်မှာ ကိုယ်က အရောင်တွေ၊ ဘာတွေထွက် တတ်ပါတယ် (မှန်ပါ့)၊ အဲဒီ အရောင် ထွက်လာလို့ ရှိရင် လည်း ဒီအရောင်တွေကို တစ်ချို့မှာ ဘယ်လောက်ထွက်တတ် သတုံးလို့ မေးတဲ့ အခါကျတော့ တင်ပလ္လင်ခွေ တစ်ခုလုံးမှာ တစ်ကိုယ်လုံးကနေပြီး အရောင်တွေ ဖြာထွက်တတ်တယ် (မှန်ပါ့)၊ တစ်ချို့ကျတော့လည်းတဲ့၊ ဒီတိုက်တစ်ခုလုံး မြင်လာအောင် ထွက်တတ်တယ် ၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

တစ်ချို့ကျတော့လည်း ကောင်းကင်ကျအောင် လင်း တယ်၊ ဘုရားသခင် ကိုယ်တော်မြတ်ကြီး ဒီဖြစ်ပျက်မြင်တဲ့ ဉာဏ်တုန်းကတော့ အောက်အဝီစိ ကျအောင်လင်းတယ် (မှန်ပါ့)၊ အထက် ဗြဟ္မာပြည် ကျအောင် လင်းထွက်တယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဲဒါကို မဂ်ရလို့ ထင်ပြီး သကာလ ယောဂီပုဂ္ဂိုလ်က အားထုတ်နေရာက ရပ်ပစ် လိုက်တတ်တယ်၊ ငါ မဂ်ရလို့ အရောင် ထွက်တာဘဲဆိုပြီး သကာလ အရောင်ဘက်လှည့် လိုက်တယ်၊ ဟို ဖြစ်ပျက်လှည့်သေးရဲ့လား (မလှည့်ပါ ဘုရား)၊ အားရတင်းတိမ်တဲ့ဘက် လှည့်မသွားဘူးလား (လှည့်သွားပါတယ် ဘုရား)။

အားရ တင်းတိမ်တဲ့ဘက် လှည့်သွားတော့ တကယ် မဂ်ကော ဟုတ်ပါရဲ့လားလို့ဆိုတော့ ဥဒယဗ္ဗယကြောင့် ဉာဏ် ကူလို့ထွက်တာ (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)၊ ဘာဖြစ် လို့ပါလိမ့် (ဉာဏ်ကူလို့ ထွက်တာပါ ဘုရား)။

ဉာဏ်ရောင်ထွက်တာကို မဂ်ထင်တယ်

ဉာဏ်ရောင်ထွက်တာကို သူက မဂ်ထင်လိုက်တယ် (မှန်ပါ့)၊ အဲဒီ တရားတုတွေက တရားတု ဆိုတာက ဒီလောက တရားတုကို ဘုန်းကြီးက ပြောတာမဟုတ်ပါဘူး၊ ကိုယ်လုပ်နေ တဲ့အထဲက တရားတုက လာနှိပ်စက်တာ ပြောတာပါ (မှန်ပါ့)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် ဩဘာသ-ဆိုတဲ့အရောင် ထွက်တတ်တယ် နော် (မှန်ပါ့)၊ ထွက်လာလို့ ဒီအထဲက ယောဂီဒကာ ဒကာမတွေက ထွက်လာလို့ရှိရင်ဖြင့် ဒါ မဂ် မဟုတ်သေးဘူး။ ဒီအရောင်လည်း ခန္ဓာကိုယ်က ဖြစ်တဲ့ အရောင်ဘဲ၊ သူလည်း အရောင်ရိပ်ဘဲ၊ အရောင်ရိပ်ဖြင့် ဖြစ်ပျက်လို့ ရှုပေး (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

သူ့ကို ဘာလုပ်ပေးရမလဲ (ဖြစ်ပျက် ရှုပေးရပါ မယ် ဘုရား)၊ သူ့ဘဲ အနိစ္စ ပြန်ရှု လိုက်တာပေါ့ (မှန်ပါ့)။ ဖြစ်ပျက်ပြန်ရှုလိုက်ပြီး သကာလ အဲဒီက တက်သွားပြန်တော့ လည်း မဂ်ဖြစ်သွားတယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်း ပါပြီ ဘုရား)။

ဒါ မလာဘဲမရှိဘူး တဲ့၊ ဒါက ဆယ်ခုမှာ ဒီတစ်ခု ရင်လဲ လာတတ်တယ် (မှန်ပါ့)၊ ဒီတစ်ခု မလာရင် ဒီပြင် ဘာလာမှာတုံး-လို့ မေးတဲ့အခါကျတော့ ပီတိ တဲ့။ ပီတိလည်း လာတတ်တယ် (မှန်ပါ့)။

(၂) ပီတိဆိုတာ လာတတ်တယ်

အရောင် မလာတဲ့ ပုဂ္ဂိုလ်မှာ ပီတိလာလိမ့်မယ် (မှန်ပါ့)၊ ပီတိလာတယ် တဲ့၊ ပီတိဆိုတာက တစ်ခါတည်း ခန္ဓာကိုယ်ကြီးကို ကြွသွားပြီး သကာလ၊ ပေါ့ပါးပြီး သကာလ ကြက်သီးတွေထ,လို့ ကောင်းကင်ပျံတော့မလိုလို၊ ထိုင်ရမှန်း မသိ၊ ထရမှန်းမသိ၊ ဒီလိုလည်း ဖြစ်လာတတ်တယ် (မှန်ပါ့)၊ ဒါလည်း ဥဒယဗ္ဗယ-ဆိုတဲ့ ဖြစ်ပျက်ကို မြင်တဲ့ ဉာဏ်ကြောင့် ဖြစ်ပေါ်လာတာ (မှန်ပါ့)။

အဲဒီ ပီတိကိုလည်း ဒကာဒကာမတွေက ဒါ-မဂ်စစ် လို့မယူလိုက်နဲ့၊ – ဒါ ဉာဏ်ကြည်လို့ ဖြစ်လာတဲ့ ပီတိဘဲ လို့ ဒကာကြီးလှိုင်က ယူလိုက်တာပေါ့ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ပီတိငါးမျိုး

ဉာဏ်ကြည်လို့ဖြစ်လာတယ် (မှန်ပါ့)၊ ဖြစ်ပျက် ကိုမြင်တဲ့ဉာဏ်က ထက်မြက်လို့ ပီတိငါးမျိုး လာပစ်လိုက် တယ် (မှန်ပါ့ ဘုရား)။

ခုဒ္ဒကာပီတိတို့၊ ခဏိကာပီတိတို့၊ ဩက္ကန္တိကာပီတိတို့၊ ဖရဏာပီတိတို့ဆိုတာတွေ မောင်နိုင် မလာဘူးလား (လာပါတယ် ဘုရား)။

အဲဒီလာလို့ရှိရင်လည်း ဒီပီတိဘဲ ဆိုပြီးတော့ ဒါဖြင့် ဒို့နားလည်ပြီ၊ ဆရာသမား သင်ထားတယ်၊ ဒါတွေဟာ မဂ် မဟုတ်ဘူး၊ လောကုတ္တရာမဂ် မဟုတ်သေးဘူးလို့ မောင်နိုင်က အကဲခတ် (မှန်ပါ့)၊ အကဲခတ်ပြီး သကာလ ကိုယ့်ဖြစ်ပျက် နဲ့ ကိုယ်နေချင်နေနော် (မှန်ပါ့)၊ သူ့ကို မသာယာလိုက် ပါနဲ့၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

သူ့ကို မသာယာလိုက်ပါနဲ့လို့ သတိပေး လိုက်တယ် နော် (မှန်ပါ့)။

ကိုရှင်းတို့ သူ့ကို ဘာလုပ်ပစ်ရမတုံး (မသာယာရပါ ဘုရား)၊ သူ့ကိုလည်း ဖြစ်ပျက်ရှုနိုင်ရှု၊ မရှုနိုင်ရင် ကိုယ့်ဖြစ် ပျက်ကို လက်မလွှတ်လိုက်ပါနဲ့ (မှန်ပါ့)၊ ပေါ်ကြပလား (ပေါ်ပါပြီ)၊ ဘယ်နှစ်မျိုး ရှိသွားပလဲ (နှစ်မျိုး ရှိသွားပါပြီ ဘုရား)။

(၃) ဉာဏ်ထက်လာတတ်တယ်

“သြဘာသေစေဝ ဉာဏေစ” တစ်ခါတလေကျတော့ ဉာဏ်က သိပ်တက်လာပြီး သကာလ၊ ဖြစ်ပျက် ကလေးတွေ စိပ်စိပ်စိပ်စိပ်ပြီး သကာလ လာတာကိုပင်လျှင် ငါ့ဉာဏ်က သာမည အရင်ဉာဏ် မဟုတ်တော့ဘူး၊ ဒါ မဂ်ဉာဏ်မို့ ဒီလောက် စူးစူးစိုက်စိုက်မြင်တာဘဲဆိုပြီး ဖြစ်ပျက်တွေ စိပ်စိပ် ကြီးမြင်လာလို့ ရှိရင်လည်း ဒီဉာဏ်ဟာ မဂ်ဉာဏ်လို့ ကိုယ်က မယူလိုက်ပါနဲ့နော် (မှန်ပါ့)၊ ဝိပဿနာမဂ်ဘဲ ရှိပါသေး တယ် (မှန်ပါ့)။

လောကုတ္တရာမဂ် (မဟုတ်သေးပါ ဘုရား)၊ မဟုတ်သေးဘူး၊ သို့သော်လည်း အရင် ဉာဏ်နဲ့တော့ မတူ ဘူ (မှန်ပါ့)၊ တစ်ခါတည်း ထိုးထွင်းပြီး သကာလ သိလာတဲ့ ဉာဏ် (မှန်ပါ့)။

အဲဒီဉာဏ်ကိုလည်း အဓိဂမ ပဋိရူပကဆိုပါတယ်။ အဓိဂမပဋိရူပက ဆိုတာက မဂ်ရပြီလို့ ထင်တယ်။ အလားတူပါ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် အဲဒီဉာဏ်လာလို့ရှိရင်လည်း သြော် ဒီဉာဏ်ဟာ ဝိပဿနာဉာဏ်ဘဲ ရှိသေးတယ် ဆိုပြီး ကြည့်မြဲဘဲ၊ ဒကာဒကာမတွေက ကြည့်နေပါ (မှန်ပါ့)။ ဒကာကြီးလှိုင်- ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘယ်နှစ်ခုရှိသွားပလဲ (သုံးခုရှိသွားပါပြီ)၊ ဩဘာသ ရယ်၊ ပီတိရယ်၊ ဉာဏ်ရယ်၊ သုံးခု ရှိသွားပြီနော် (မှန်ပါ့)။

“သြဘာသေစေဝ ဉာဏေစ၊ ပီတိယာစ ဝိကမ္မတိ” ဒါတွေကြောင့်လဲကွာ တဲ့ တုန်လှုပ်တတ်ပါတယ် တဲ့ ယောဂီပုဂ္ဂိုလ်မှာ (မှန်ပါ့)။

ပဿဒ္ဓိ = တခါတည်း ရှုရင်းမတ္တနဲ့ ဖြစ်ပျက်တွေမြင် ပြီး ကိုယ်ဟာ ကျောက်တိုင်ကြီးလိုဘဲ ဖြစ်နေတယ်၊ ကိုယ်လည်း ငြိမ်းသွားတယ်၊ စိတ်တွေလည်း ငြိမ်းပြီး သကာလနေတယ်။ ဖြစ်ပျက်တွေ မြင်လို့ ကိုယ်ငြိမ်း, စိတ်ငြိမ်း ဖြစ်တာ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

(၄) ကိုယ်ငြိမ်း စိတ်ငြိမ်းဖြစ်တတ်တယ်

ကိုယ်ငြိမ်း, စိတ်ငြိမ်း ဖြစ်သွား ပြန်တော့လည်း သြော် ဒါမဂ်အစစ်မို့ ဒါလောက်တောင်ဘဲ ကိုယ်၏ငြိမ်းခြင်း၊ စိတ်၏ ငြိမ်းခြင်း ဖြစ်တာဘဲလို့ ဆိုပြီး၊ အလုပ် ရပ်ပစ်လိုက်တတ်တယ် (မှန်ပါ့)၊ စင်စစ်- ဥဒယဗ္ဗယဉာဏ်ကြောင့်လာတဲ့ ပဿဒ္ဓိတွေဘဲ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဲဒီ ချမ်းသာသည် ကိုယ်ငြိမ်း, စိတ်ငြိမ်းတဲ့ တကယ် ငြိမ်းတာတွေလည်း ပဿဒ္ဓိဘဲ၊ ဒီက သတိတွေကလည်း ဖြစ်ပျက်ဘဲ၊ ရှုသာပစ်လိုက်ဦး (မှန်ပါ့)၊ နို့မဟုတ်ရင် သူက နိဗ္ဗာန် လုပ်ပြီးတော့ ဝင်လာတယ် (မှန်ပါ့)။

ဦးဘကလေး ဒါ အင်မတန် အရေးကြီးတဲ့တရား ဆိုတာ သတိပေးတရားဆိုတာ အလုပ်သမား အတွက်မှာဖြင့် ကိုမြင့် မပေးမဖြစ်တဲ့ အလုပ်ဘဲ (မှန်ပါ့)၊ ဒီအန္တရာယ် က ဒကာဒကာမတွေ မဂ်မဟုတ်ဘဲနဲ့ မဂ်ဝင်လုပ်မှာ၊ နိဗ္ဗာန် မဟုတ်ဘဲနဲ့ နိဗ္ဗာန်ဝင်လုပ်မှာ (မှန်ပါ့)၊ မလုပ်ပေဘူးလား (လုပ်ပါတယ် ဘုရား)။

ကဲ- ဒါဖြင့် ကိုယ်ငြိမ်း, စိတ်ငြိမ်းနဲ့လည်း တင်းတိမ် ပြီးသကာလ မနေဘဲနဲ့ ငြိမ်းတတ်တဲ့ ပဿဒ္ဓိကိုဘဲ ဖြစ်ပျက်ရှု ပစ်လိုက် (မှန်ပါ့ ဘုရား)။

ဖြစ်ပျက်က မောင်နိုင်တို့ သင်ထားတာက ရှင်းနေ တာဘဲ၊ ဖြစ်ပျက် မဆုံးသ၍ လိုက်နေရမယ် (မှန်ပါ့)၊ မလိုက် ရပေဘူးလား (လိုက်ရပါတယ် ဘုရား)။

အခုတော့ ဖြစ်ပျက်မြင်တော့ ကိုယ်ငြိမ်း, စိတ်ငြိမ်း ဖြစ်တာနဲ့ဘဲ ဟာ- ဖြစ်ပျက်တွေကို မောင်နိုင်တို့က မရှုဘဲ ထား၊ ဒီကိုယ်ငြိမ်း, စိတ်ငြိမ်းကလေး ကျေနပ်လို့ရှိရင်လည်း အဓိဂမပဋိရူပက-ကွာ သူက နိဗ္ဗာန်လုပ်ပြီး သကာလ ဝင်လာတယ် (မှန်ပါ့)။

ဒီ- ပီတိနှိပ်စက်လို့ သိက္ခာပုဒ်တွေ များတော့မှ မောင်နိုင်- ရဟန္တာအဖြစ် နည်းသွားတယ်၊ ဒီ ပီတိတွေ ဝင်လာ တယ် (မှန်ပါ့)၊ ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။ အတုတွေနော် (မှန်ပါ့)။

ဒါ ဘယ်သူ့အတွက် ဟောနေသလဲ လို့ ဆိုတာ ဒကာဒကာမတွေက အလုပ်မလုပ်တဲ့ပုဂ္ဂိုလ် ဒီစကားသုံးစရာ ကိုမလိုပါဘူး (မှန်ပါ့)၊ ဒကာကြီးလှိုင် သုံးနိုင်ပါ့မလား (မသုံးနိုင်ပါ ဘုရား)။

ဒီမှာတော့ အားလုံးက အလုပ်လုပ်နေတော့ အတု, အစစ်ရွေးတတ်ဖို့ ဒါ အတုတွေလို့မှတ်ပါ (မှန်ပါ့)။

နိဗ္ဗာန်အစစ်နဲ့အတုရွေးရမယ်

ကိုပေါ်- မှတ်မိပလား (မှတ်မိပါပြီ ဘုရား)၊ ဒါတွေအတုတွေနော် (မှန်ပါ့)၊ ဒါတွေ အတုတွေပါ တဲ့။ တကယ်လို့ ဒကာဒကာမတွေ ကိုယ်က ယောဂီပုဂ္ဂိုလ်တွေ ဖြစ်နေတော့ နိဗ္ဗာန် အစစ်နဲ့ နိဗ္ဗာန် အတု ရွေးချင်လို့ရှိရင် ဒီရီကော်ဒါ ကူးယူကြတာပေါ့ (မှန်ပါ့)၊ ကူးယူလိုက် ဒကာကြီး လှိုင်- ဒါအရေးကြီးတယ် (မှန်ပါ့)၊ မကြီးဘူးလား (ကြီးပါတယ် ဘုရား)။

ကိုယ့်ဟာကိုယ် စစ်ဆေးရအောင် မောင်နိုင် မကောင်းဘူးလား (ကောင်းပါတယ် ဘုရား)၊ ဒီမှာ သုံးခုတောင် သွင်းနေတာဘဲ တဲ့၊ ဒီထဲက ကူးယူလိုက်ရတာဘဲ။

ကဲ ဒါဖြင့် လေးချက်ရှိသွားပြီနော် (မှန်ပါ့) ကာယပဿဒ္ဓိ၊ စိတ္တပဿဒ္ဓိတွေ ဝင်ပြီး သကာလ လာပြန်လို့ရှိ ရင်လည်း ဖြစ်ပျက်လွှတ်ပြီး – ငါ့ဖြင့် မဂ်-ဖိုလ်ရလို့ ကိုယ်ငြိမ်း, စိတ်ငြိမ်း ဖြစ်တာဘဲလို့ ဆိုပြီး ရပ်ပစ်လိုက်တော့ မာနကြီးပြီး ငါ- မဂ်ရပုဂ္ဂိုလ်ဘဲလို့ ထင်ပစ်လိုက် တတ်တယ် (မှန်ပါ့)၊ ပြီးတော့ မဂ်စစ် ဟုတ်ကဲ့လား (မဟုတ်ပါ ဘုရား)။

ဒါဖြင့် အတုက ဝင်ပြီး နှောင့်ယှက်လို့ ကဿပ ဒီအတုတွေကြောင့် ရဟန္တာအဖြစ်နည်းတယ်၊ ပေါ်ပလား (ပေါ်ပါပြီ)။

သိက္ခာပုဒ်များမှ ရဟန္တာအဖြစ် နည်းတယ် ဆိုတာ အတုတွေက ဖျက်တာပေါ့ (မှန်ပါ့)၊ ဒကာကြီးလှိုင် ဒီလောက်အရေးကြီးလို့ ဟောနေတယ်ဆိုတာ မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။

ဦးဘကလေး – ဒီအရေးဟာဖြင့် အင်မတန်ကြီးပါ တယ်ဆိုတာ မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။

ဒါတွေမလာရင်၊ တရားမမှန်သေးဘူး

ခင်ဗျားတို့အားလုံး အလုပ်သမားတွေ ဆရာ ဒကာ ရင်းတွေဖြစ်နေတော့ အလုပ်သမားတွေ ချည့်ဆိုတော့ ဒါက ဒီဆယ်ချက် တစ်ချက်ချက်ကတော့ လာမှာဘဲ (မှန်ပါ့) မလာလဲ မမှန်သေးဘူး (မှန်ပါ့) လာပြန်လည်း မဖယ် တတ်ရင် မမှန်သေးဘူး (မှန်ပါ့) မလာလည်း တရား မမှန် သေးဘူး၊ လာပြန်လည်း မဖယ်တတ်ရင် (မမှန်သေးပါ ဘုရား)။

အဲဒါကလေးတွေဟာ နောက်က ဒကာ ဒကာမတွေ ဪ ချက်ကောင်းပါကလား၊ ဒီဥစ္စာလာလည်း လာမှာ ဘဲ၊ လာလို့ မဖယ်တတ်ပြန်လည်း ဒါနဲ့တင်းတိမ်နေလို့ရှိရင် လည်း အဓိမာန ပုဂ္ဂိုလ်၊ အဓိက လွန်တာ၊ မာနကကြီးတာ (မှန်ပါ့) ငါ – မဂ်ပုဂ္ဂိုလ်ဖြစ်ပြီဆိုပြီး ကိုယ့်ဟာကိုယ် မာနကြီး ပစ်လိုက်တယ် (မှန်ပါ့)။

မောင်နိုင်- ဘယ်နှစ်ချက်ရှိသွားပလဲ (လေးချက် ရှိသွားပါပြီ ဘုရား) အရောင်တချက်၊ ပီတိတချက်၊ ဉာဏ် ကြည်တာတချက် (မှန်ပါ့) ဉာဏ်က ခါတိုင်းနဲ့ မတူဘူး၊ ထိုးထိုး ထွင်းထွင်းနဲ့ ကို သိပစ် လိုက်တယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ) ကိုယ်ငြိမ်း, စိတ်ငြိမ်းဆိုတဲ့ ပဿဒ္ဓိက တချက် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဘယ်နှစ်ချက်ရသွားပလဲ (လေးချက်ရသွားပါပြီ ဘုရား) လေးချက်ရသွားပြီလို့ မှတ်ထား တာပေါ့နော် (မှန်ပါ့)။

“ပဿဒ္ဓိယာ သုခေနစ” တစ်ခါတလေကျတော့ စိတ် ထဲရောကိုယ်ထဲရော မင်း – ချမ်းသာပြီး နေလိုက်တာ သုခကလေးက တစ်ကိုယ်လုံးကို ဆင်းရဲရှာမတွေ့ဘူး၊ ဥဒယဗ္ဗယ ဉာဏ် ရင့်ကျက် နေတာ ဖြစ်ပျက်တွေ မြင်ရင်းမတ္တနဲ့ တစ်ကိုယ်လုံး ချမ်းသာ သွားတဲ့အခါ လာတတ်တယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)

တစ်ကိုယ်လုံးချမ်းသာသွားတတ်တယ်

တစ်ကိုယ်လုံး ချမ်းသာ သွားတဲ့အခါ လာတတ်ပြန် တော့လဲ အင်း ဒါနိဗ္ဗာန်ဘဲ ဆိုပြီး ယောဂီက ရပ်ပစ် တတ်တယ် (မှန်ပါ့) မရပ်ပါနဲ့၊ ရှင်းကြပလား (ရှင်းပါ ပြီ ဘုရား)။

ဘာလုပ်ပစ်ရမလဲ သုခကို (ဖြစ်ပျက် ရှုရပါမယ် ဘုရား) ဖြစ်ပျက်ရှု၊ ကိုယ့်ဖြစ်ပျက် ရင်လည်း ပြန်ကောက်၊ သူ့ရင်လည်း ရှုပစ် (မှန်ပါ့)။

ဒကာကြီးလှိုင် – ဒါအဓိဂမ ပဋိရူပကလို့ခေါ်တယ် (မှန်ပါ့) အဓိဂမ ဆိုတဲ့ဥစ္စာ မဂ်ကို ခေါ်တယ်၊ ပဋိရူပက ဆိုတာကတော့ အလားတူ၊ မဂ်နဲ့အလားတူ ဝင်လာတယ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

နိဗ္ဗာန်မဂ်တွေကို တဲ့၊ နိဗ္ဗာန်မဟုတ်ဘဲနဲ့ နိဗ္ဗာန် ထင်ရတယ်၊ မဂ်စစ် မဟုတ်ဘဲနဲ့ မဂ်စစ် ဖြစ်လောက်အောင် မောင်အောင်သိန်း ဝင်လာတာဘဲ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒါမလာလို့ မဖြစ်ဘူး တဲ့၊ တစ်ခုခုလာရမှာဘဲ (မှန်ပါ့) လာပြန်လည်း ဖယ်နည်းရှာနည်းကို ဆရာက သင်ပေးရမယ် (မှန်ပါ့)။

ဒါ့ကြောင့် ဒကာ ဒကာမတို့ ဆရာကင်းလို့ မဂ်ဉာဏ်, ဖိုလ်ဉာဏ် မရနိုင်ဘူးဆိုတာ ဒကာကြီးလှိုင်- ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ငါ့ဟာ ငါ- အိမ်မှာလုပ်နေ ဘာကိစ္စရှိသတုံးကွ၊ ဘုန်းကြီးဆီက နည်းယူခဲ့တာဘဲ ဆိုတော့ ဒီလိုခလုတ်တွေ တွေ့လာတဲ့အခါ မဖယ်ရှားတတ်တော့ ဒကာကြီးလှိုင်- ဘယ့် နှယ်တုံး၊ ရနိုင်ပါ့မလား (မရနိုင်ပါ ဘုရား)။

အဲဒီတော့ ဘုရားကိုက ဟောခဲ့တာဆိုတာကော မောင်နိုင် – ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။

ရှင်မဟာကဿပက မေးလို့ ဘုရားက ဒီအတုတွေ ကြောင့် သိက္ခာပုဒ်များမှ ရဟန္တာအဖြစ် နည်းသွားသကွာ ဆိုတော့ မပေါ်ကြသေးဘူးလား (ပေါ်ပါပြီ ဘုရား)။

ကဲ ဘယ်နှစ်မျိုးရှိသွားကြပလဲ (ငါးမျိုး ပါ) ဆယ်မျိုးရှိအောင် ပြောပါ့မယ်နော် ဒကာ ဒကာမတို့။

ကဲ ဒါဖြင့် ဒီငါးခုဘဲ ထားပါဦးတော့၊ လာရင် ရှုပစ်ပေါ့ဗျာ (မှန်ပါ့) ကိုယ့်ဖြစ်ပျက် မပျောက်စေနဲ့၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ကိုယ့်ဖြစ်ပျက် မပျောက်စေနဲ့နော် (မှန်ပါ့) စိတ်ထဲမှာ ချမ်းသာလိုက်တာ ဘာချမ်းသာနဲ့မှ မတူဘူး ဘုရား ဆိုပေမယ့် ဖြစ်ပျက်မြင်လို့ ချမ်းသာတာရှိသေး တယ်၊ ကိုယ်က ဖြစ်ပျက် လွှတ်ပစ်လိုက်လို့ ဖြစ်ပျက်မရှိဘူး ထင်နေတာ (မှန်ပါ့) ချမ်းသာတာဘက် လှည့်သွားလိုက် တယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဲဒီတော့ ဒီချမ်းသာတာကလေး ဘုန်းကြီးတို့ ဒကာ ဒကာမတွေက ဘာလုပ်ကြမယ် (ဖြစ်ပျက် ရှုရပါမယ် ဘုရား) သုခကို ဖြစ်ပျက်ရှုပေး၊ ချမ်းသာတာ သုခ ခေါ်တယ်နော် (မှန်ပါ့) အဲဒီသုခ ဘာလုပ်ကြမယ် (ဖြစ်ပျက် ရှုရပါမယ် ဘုရား)။

ဖြစ်ပျက် ရှုပစ်လိုက်တာပေါ့ မောင်နိုင်-နော် ဖြစ်ပျက်ရှုပြီးမှ သူ့ဟာသူ သူ့မဂ်ကလေးနဲ့ သူ သွားတာ ပေါ့ (မှန်ပါ့) သဘောပါပလား (ပါပါပြီ) ဒါဘာတုံး ဆိုတော့ တရားတု ခေါ်တယ် (မှန်ပါ့) ဒကာကြီးလှိုင် ဘာခေါ်မလဲ (တရားဟု ခေါ်ပါမယ်) မဂ်တု နိဗ္ဗာန် တုတွေ (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဘာလာတာပါလိမ့် (နိဗ္ဗာန်တုပါ ဘုရား) အဲ နိဗ္ဗာန်လို့လည်း သူက လိမ်ချင်လိမ်တယ် ကိုမြင့် ရဲ့ (မှန်ပါ့) မဂ်စစ်လို့လည်း (လိမ်ပါတယ် ဘုရား) အဲဒါ အတု မဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား) ဒကာကြီးလှိုင် ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။

ဪ ဒီဥစ္စာ ဒီဆရာဘုန်းကြီးကမှ ခင်ဗျားတို့ကို လည်လည်ပယ်ပယ်နဲ့ ဒီအန္တရာယ်တွေ တွေ့ပါလိမ့်မယ်၊ တွေ့တဲ့အခါ ဖယ်ရှားပါဆိုတာ မသင်လိုက်ရင် ဘယ်သူက လာသင်မှာတုံး (မှန်ပါ့)။

ဒါနဲ့ဘဲ တင်းတိမ်ပြီးသကာလ ဦးဘကလေး ငါတော့ သေချာပြီဆိုချင် ဆိုပစ်လိုက်မယ် (မှန်ပါ့) ထင်ချင်ကော (ထင်ပစ်လိုက်ပါမယ် ဘုရား) ထင်ပေမယ် လို့ ဉာဏ်ကတော့ ဥဒယဗ္ဗယ ဉာဏ်ဘဲ ရှိသေးတယ် (မှန်ပါ့) ယထာဘူတဉာဏ်ဘဲ ရှိသေးတယ် (မှန်ပါ့) နိဗ္ဗိန္ဒဉာဏ်တောင် မပါသေးဘူး (မှန်ပါ့)။

ခုနင်က ဖြစ်ပျက်အဆုံးမြင်တဲ့ မဂ်ဉာဏ်ကော ပါပလား (မပါသေးပါ ဘုရား) ကဲ ဒကာကြီးလှိုင် ဒီနားတွင် ကန့်လန့်ဖြစ်နေတယ် (မှန်ပါ့)။

ဘာဖြစ်လို့တုံးလို့ မေးတဲ့အခါကျတော့ တရား ဝင်နှိပ်စက်ပြီ (မှန်ပါ့) မဂ်တုလာပြီးတော့ (နှိပ်စက် ပါပြီ) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် ဒီဥစ္စာမောင်နိုင် မဟောရင် တော်ပါ့မလား (မတော်ပါ ဘုရား)။

နောက်က ဒကာဒကာမတွေ အလုပ်သမားတွေ ဖြစ်နေတော့ ဆရာသမားမပြောလို့ ရှိရင် ဒီဥစ္စာက တော်တော့ကို ခဲယဉ်းတယ် (မှန်ပါ့)။ ပြီး

အခုတော့ ဝတ္ထုသက်သေ သာဓကနဲ့ လုံလောက် ပလား (လုံလောက်ပါပြီ ဘုရား)။

သိက္ခာပုဒ်တွေ နည်းတုန်းကတော့ဘုရား၊ ရဟန္တာ ဖြစ်လိုက်တာ များလိုက်တာ (မှန်ပါ့) သိက္ခာပုဒ်တွေ များလာမှ ရဟန္တာ အဖြစ်နည်းတာ အရှင်ဘုရား ဒါ အမိန့်ရှိမှ ကောင်းမယ်လို့ ရှင်မဟာကဿပက မေးရှာ တယ် (မှန်ပါ့)။

အဲဒီ အခုပြောခဲ့တဲ့ ဥဒယဗ္ဗယ နေရာမှာ တရားတု ဝင်နှိပ်စက်နေတယ်ကွာ (မှန်ပါ့) ဒကာကြီးလှိုင် ဘယ်နေရာ နှိပ်စက်နေတာတုံး (ဥဒယဗ္ဗယ နေရာမှာ ပါ ဘုရား)။

(၅) ဉာဏ်ဓာတ်အကြည်ကလေးလာတယ်

အဲ ပလိဗောဓ ဆိုတဲ့ဥစ္စာ ဦးဘကလေးက မှတ်ထား၊ ဖြစ်ပျက် မြင်နေတုန်း လာတယ် (မှန်ပါ့) ဖြစ်ပျက်မြင်နေတုန်း ဉာဏ်ဓာတ် အကြည်ကလေးလာ တယ် (မှန်ပါ့) ဉာဏ်က မဂ်ဉာဏ်လည်း မဟုတ်သေးဘူး၊ ဝိပဿနာဉာဏ် ကနေ လုပ်တယ် (မှန်ပါ့)။

ဒါနဲ့ တစ်ခါတလေများ ဒီ-သုခ ချမ်းသာနေလိုက်တာ များ အားလုံး ဒကာဒကာမတွေ မှတ်ထား၊ အို နတ်စည်းစိမ်နဲ့ မလဲနိုင်ဘူးဆိုတာတောင် လာတယ် (မှန်ပါ့) ဦးဘကလေး ဒီလောက်ထိအောင် လာတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

နတ်စည်းစိမ်ထက် ချမ်းသာသေးတယ်၊ ဒီအခု စိတ်ထဲ ချမ်းသာနေလိုက်တာ ဖြစ်ပျက် ကလေးတွေ ရှုပြီး ချမ်းသာလုံး ကလေးနဲ့ ကိုယ့်မှာ နေလိုက်ရတာတဲ့၊ သူ့မှာ ဖြစ်ပျက်ကတော့ မရှိတော့ဘူး၊ ချမ်းသာတဲ့ဘက် သူ့ဉာဏ်က လှည့်သွားပြီး (မှန်ပါ့) ချမ်းသာတဲ့ဘက် နှစ်သက်တဲ့ဆီ ရောက်သွားပြီ၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)

ချမ်းသာပြီးတော့ နှစ်သက်တတ်တဲ့ဘက် ဆိုက်သွား တော့ကို မဂ်စစ်ကော ဟုတ်ကဲ့လား (မဟုတ်ပါ ဘုရား) နိဗ္ဗာန်စစ်ကောမြင်ရပလား (မမြင်ရသေးပါ ဘုရား)။

မမြင်ရသေးဘဲနဲ့ သူ့စိတ်ထဲမှာ တစ်ခါတည်း ဒါ တော့ဖြင့် သောတာပန်ဖြစ်ပြီပေါ့ ဆိုပြီး အဓိမာနနဲ့ ရပ်နေလိုက်တာ (မှန်ပါ့)။

မဂ်ဟာ တစ်ကြိမ်ပေါ်တာဘဲ၊ တော်ရောပေါ့။ သေပျော်ပြီ၊ ဒကာကြီးလှိုင် ဒီလိုအဓိမာန အဓိကလွန်တာ၊ မာနက ကြီးတာပေါ့ဗျာ (မှန်ပါ့) အဲဒီမာနတွေနဲ့ အချိန် ကုန်ပြီးသကာလ နစ်နာတတ်တယ် (မှန်ပါ့) ရဟန္တာ ဖြစ်သေးရဲ့လား (မဖြစ်ပါ ဘုရား) သောတာပန်, သကဒါဂါမ် ကော (မဖြစ်ပါ ဘုရား)။

ဒါ ဘာနှိပ်စက်တာတုံး မောင်နိုင် (တရားတု နှိပ်စက်တာပါ ဘုရား)။

အဲ တရားတု နှိပ်စက်တာဆိုတော့ အဓိဂမပဋိ ရူပကဘဲ၊ အဓိဂမဆိုတာက နိဗ္ဗာန်၊ သဘောကျပလား (ကျပါပြီ) အဓိဂမ ဆိုတာက မရဘူးသေးတာကို ရတာနဲ့ ဒါ နိဗ္ဗာန်ဘဲလို့ ယူပစ်လိုက်တယ် (မှန်ပါ့)။

မရသေးတာရတာနဲ့ (နိဗ္ဗာန်လို့ ယူပစ်လိုက်ပါ တယ် ဘုရား) နိဗ္ဗာန်လို့ ယူပစ်လိုက်တော့ နိဗ္ဗာန်တု သွား ဖြစ်တယ် (မှန်ပါ့) အဲ သူ့မှာလည်း မဂ်ဉာဏ်ဟာ အတုသွားဖြစ်တယ် (မှန်ပါ့) မဖြစ်ဘူးလား (ဖြစ်ပါ တယ် ဘုရား)။

အဲ မောင်နိုင် ဒီဥစ္စာ ပြောရလိမ့်မယ် (မှန်ပါ့) ဒကာဒကာမတွေ မဟောရပေဘူးလား (ဟောရပါတယ် ဘုရား)။

ဟောရမယ် တဲ့ ဒါကို၊ ခုလပ်တွင် ပြန်ပြီး သကာလ လာတော့ ဒီဥစ္စာက မြဲသေးတဲ့ ဝိပဿနာမှ မဟုတ်ဘဲ (မှန်ပါ့) ကိုမြင့် လျှောကျတယ် (မှန်ပါ့)။ ဦးပုကြီးတို့ သေသေချာချာ မှတ်ပါနော် (မှန်ပါ့) နောက်က ဒကာဒကာမ တွေကော (မှတ်ပါတယ် ဘုရား)။

မှတ်ရမယ်နော် (မှန်ပါ့) အေး သေသေချာချာ မှတ်ရမယ် ဒီဥစ္စာ၊ ဒကာကြီးလှိုင် အလုပ်သမားမှာဖြင့် အဓိဂမပဋိရူပက ဆိုတဲ့ဥစ္စာတဲ့ အင်မတန် အရေးကြီးပါတယ် တဲ့ နော် (မှန်ပါ့ ဘုရား)။ မောင်နိုင် ဘယ်နှစ်ခု ရှိသွားပလဲ (ငါးခု ရှိသွား ပါပြီ ဘုရား)။

(၆) သိပ်ပြီးယုံကြည်မှုလာတတ်တယ်

“အဓိမောက္ခေစ ပဂ္ဂဟေ ” အဓိမောက္ခဆိုတာ လည်း လာတတ်သေးတယ်တဲ့ (မှန်ပါ့)။

အို ဘုရားအပေါ် ယုံကြည်လိုက်တာ ကျုပ်ဖြင့် ဘယ်လိုကြည်ညိုနည်းနဲ့ ကြည်ညိုမှန်း မသိဘူး၊ သိပ်ယုံကြည် တာဘဲဆိုပြီး ဖြစ်ပျက်မြင်တုန်း ယုံကြည်တဲ့ သဒ္ဓါဆုံးဖြတ် ချက်ချတာ အကြီးအကျယ် လာတတ်သေးတယ် (မှန်ပါ့)။

အဲဒါလည်း မောင်နိုင်က မှတ်လိုက် အဓိမောက္ခလို့ (မှန်ပါ့ ဘုရား)။

သူလည်းမတင်းတိမ်လိုက်ပါနဲ့ (မှန်ပါ့) မတင်းတိမ်လိုက်ပါနဲ့ သူလည်း သဒ္ဓမ္မပဋိရူပက ပါဘဲတဲ့၊ မဂ် တု လာတယ်၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘာတဲ့တုံး (မဂ်တုပါဘဲ ဘုရား) မဂ်တုပါဘဲတဲ့ ဆုံးဖြတ်ချက် ချလိုက်ပါ (မှန်ပါ့) ဧကန်ဘဲ ဒီဘုရား ကြည်ညိုတာ ကျုပ်တို့အရင် ကြည်ညိုပုံနဲ့ မတူဘူးဆိုပြီး ဥဒယဗ္ဗယ ဉာဏ်ပေါ်လာတဲ့ ကြည်လုံး ကလေးဟာ ပေါ့လေ (မှန်ပါ့) အဲဒီ အဓိမောက္ခ ကလေးဟာလည်း အဓိဂမပဋိရူပက ဆိုတာလည်းတဲ့ မဂ်တုကလေး အဖြစ်နဲ့ ဝင်လာလို့ ဒကာ ဒကာမတွေက ဒီဥစ္စာကို ငါမဂ်စစ်ရပြီလို့ မာနမကြီးလိုက် ပါနဲ့ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

(၇) သတိပိုကောင်းလာတတ်တယ်

“ဥပဋ္ဌာနေစ ကမ္ပတိ” သတိကလည်း မောင်နိုင် ဒီဖြစ်ပျက်တွေ ရှုနေတဲ့ သတိက အရင် သတိမျိုး မဟုတ်ဘူး၊ နည်းနည်းမှ မလွတ်တဲ့ သတိတွေ တစ်ခါတည်း လာလိုက်တဲ့ အခါကျတော့ အို ဒါဟာ မဂ်ဉာဏ်မို့ ဒီလောက်ထက် တာဘဲလို့လည်း ကိုယ့်စိတ်ထဲမှာ ထင်သွားတတ်တယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

မဂ်ဉာဏ်မို့ ဒါလောက်ထက် တာဘဲ လို့ ကိုယ့်စိတ်ထဲမှာ ထင်သွားပြန်လို့ ရှိရင်လည်း ခုနင်က အဓိဂမပဋိရူပက၊ အဓိဂမဆိုတာ မရဘဲနဲ့ရတယ်၊ ပဋိရူပက ဆိုတာကအလားတူ (မှန်ပါ့)၊ အလားတူကို အစစ်ထင် တတ်တယ်၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဘာထင်ပါလိမ့် (အလားတူ ထင်တာပါ ဘုရား)။

ဒါဖြင့် မြန်မာလိုပြောကြစို့ ဒကာဒကာမတို့ အတုကို အစစ်ထင်တယ် (မှန်ပါ့ ဘုရား)။

ဒကာကြီးလှိုင် ပေါ်ပလား (ပေါ်ပါပြီ ဘုရား) အတုကို အစစ်ထင်တာ ဆိုတာ ရှင်းကြပလား (ရှင်းပါပြီ)။

အေး ဒါကြောင့် ဒါကမောင်နိုင်တရား ထပ်ပြော တယ်လို့ မောင်နိုင် အယူမရှိပါနဲ့နော် (မှန်ပါ့) အလုပ်သမားမှာမှ ပေါ်တာ (မှန်ပါ့) အလုပ် မလုပ်တတ်တဲ့ လူမှာ ဒါကလည်း ပေါ်ရိုး ထုံးစံ မရှိဘူး (မှန်ပါ့)။

ကိုပေါ် (မှန်ပါ့ အလုပ်မလုပ်တဲ့လူ မပေါ်ပါ ဘုရား) မပေါ်ရင်လည်း မဖြစ်ဘူးတဲ့ (မှန်ပါ့)။ မပေါ်ရင် (မဖြစ်ပါ ဘုရား)။

မပေါ်ရင်တော့ ကိုယ်လုပ်တာ မမှန်သေးလို့ (မှန်ပါ့) မှန်လို့ပေါ်တာလား (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။

ကိုယ်လုပ်တာ မမှန်သေးရင် ဒီဆယ်ခု တခုခုကို မပေါ်ဘူး (မှန်ပါ့) ပေါ်လည်းပေါ် ရမယ်၊ ဖယ်လည်း ဖယ်တတ်ရမယ် (မှန်ပါ့) ဒကာဒကာမတို့ ဘယ်လိုတဲ့ (ပေါ်လည်းပေါ် ရမယ်၊ ဖယ်လည်း ဖယ်တတ် ရပါမယ် ဘုရား) ဖယ်တတ်ရမယ်ဆိုတာ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

အေး ဒါကြောင့် ဒီနေ့တရားမှာဖြင့် သြော် တော်တော်ကူညီတဲ့ တရားပါကလား၊ ဒို့မှာ မဟုတ်ဘဲနဲ့ အထင်ကြီးနေပြန်လို့ ရှိရင်လည်း နို့ တစ်ဘဝ နစ်နာသွား မယ် (မှန်ပါ့) မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား)။

တကယ် သူပေါ်လို့ရှိရင် ရှေ့မဂ်စစ်ရတော့ မှာကိုး (မှန်ပါ့) မဂ်တုက ဝင်ပြီးသကာလ ဒကာဒကာမတွေ စိတ်ဖြေဖျောက် ပစ်လိုက်တော့ နစ်နာမသွားဘူးလား (နစ်နာပါတယ် ဘုရား)။

ကဲ ရမည့်ဘဝကြီးမှာ အတုက ဝင်နှိပ်စက်လို့ အတုတွင် ရပ်လိုက်တော့ အစစ် ရောက်သေး ရဲ့ လား (မရောက်ပါ ဘုရား) အဲဒီမှာ မနစ်နာဘူးလား (နစ်နာပါ တယ် ဘုရား)။

ဟေ့ မောင်ခင်မောင်တို့ သေသေချာချာ မှတ်ရမယ် (မှန်ပါ့) မမှတ်ထိုက်ဘူးလား (မှတ်လိုက်ပါတယ် ဘုရား)။

လုပ်ရမှာကွဒါတွေ (မှန်ပါ့) အခုဆရာ ဘုန်းကြီး က ဒါတွေ ဖြစ်ပျက်ရှုပစ်လိုက်ကွ (မှန်ပါ့)။

ဘာတဲ့တုံး မောင်နိုင် (ဖြစ်ပျက်ရှုရပါမယ် ဘုရား)။

ဖြစ်ပျက်ရှုပစ်ပါတဲ့၊ ဖြစ်ပျက်ရှုပြီးသကာလ ဒကာ ဒကာမတွေ တက်မြဲတိုင်း တက်သွား၊ ဘုန်းကြီး သင်ထားတဲ့ အတိုင်းနော် (မှန်ပါ့) မုန်းဉာဏ်တွေ ဘာတွေ လာလိမ့်မယ်၊ ဥပေက္ခာ ဉာဏ်တွေကော (လာပါတယ် ဘုရား) ဆုတ်နစ်တဲ့ ဉာဏ်တွေကော (လာပါတယ် ဘုရား)။

အဲ ကိုယ့်ဟာကိုယ် တစ်ခါတည်း ဒါဆရာသမား ပြောတဲ့ အတိုင်း ဒီနားကို ဒါ-အတုတွေဘဲ ဆိုတာ ကိုယ်တိုင် သိပြီး သကာလ ဒကာဒကာမတွေက ဒါတွေ ဖြစ်ပျက် ရှုပေး (မှန်ပါ့) မရှုချင်လို့ ရှိရင်လည်း သူ့ကို ဂရုမစိုက်နဲ့၊ ကိုယ့်ဖြစ်ပျက်နဲ့ကိုယ် နေလိုက်၊ သူ့ဟာသူ ပျောက်သွား လိမ့်မယ် (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ကိုယ့်ဖြစ်ပျက်နဲ့ကိုက်နေရင် (သူ့ဟာသူ ပျောက် သွားလိမ့်မယ် ဘုရား) သူ့ဟာသူ ပျောက်သွားမယ်ဆိုတော့ မောင်နိုင်-

“သြဘာသေစေဝ ဉာဏေစ၊ ပီတိယာစ ဝိကမ္ပတိ၊ ပဿဒ္ဓိယာ သုစေဝ၊ အဓိမောက္ခ စ ပဂ္ဂဟေ”

ဒီအဓိမောက္ခ ပါသွားပြီ (မှန်ပါ့) ဆုံးဖြတ်ချက်ချတာ မဂ် အစစ်, တရားအစစ်လို့ ဆုံးဖြတ်ချက် ချတာတွေ ပါသွားပြီ (မှန်ပါ့)။

(၈) ဝီရိယကလည်းကြီးမားလာတယ်

ပဂ္ဂဟ-ဆိုတာ ဝီရိယကလည်း အံမာလေး ဒီ ဖြစ်ပျက်မြင်တဲ့ ဉာဏ်နေရာမှာ အားထုတ် နေတဲ့ ဝီရိယက လည်း ရှေးက ဝီရိယမျိုးက မဟုတ်တော့ ရှုလိုက်တယ်ဆို ဉာဏ်နဲ့တွဲတွဲပြီး ထွက်တဲ့ ဝီရိယကလည်း တကယ့်ကို မလှုပ်ရှားနိုင်တဲ့ ဝီရိယပေါ့လေ (မှန်ပါ) ဝင်ပြီး သကာလ လာတော့ ဪ ဒီဝီရိယမျိုး ငါ ပုထုဇဉ်တုန်းက ဘယ်တော့မှ မဖြစ်ဘူး-ဘူး၊ အခုအချိန်မှ တွေ့လာတဲ့ ဝီရိယ၊ ဘုရား ရဟန္တာများဖြစ်တဲ့ ဝီရိယဘဲဆိုပြီး ဒီဝီရိယကလည်း အကြီးစား ဝီရိယဖြစ်နေတော့ ဒါဟာ သမ္မာဝါယမမဂ္ဂင် အစစ်ဘဲ ထင်ချင်ထင်ပစ်တယ် (မှန်ပါ့) သဘောကျ (ကျပါပြီ ဘုရား)။

စင်စစ်တော့ ဖြစ်ပျက်မြင်လို့ပေါ်တာ (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒီဝီရိယကိုလည်း ဘုန်းကြီးတို့ ဒကာဒကာမတွေ က ဘာလုပ်ရဦးမလဲ (ဖြစ်ပျက်ရှုပစ်ရပါမယ် ဘုရား) ဖြစ်ပျက်ရှု၊ သူ့ကိုမရှုချင်ရင် ကိုယ့်နဂိုရ်ဖြစ်ပျက် ပြန်ရှု (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

မောင်နိုင်-ဘယ်နှစ်ချက်ရှိသွားပလဲ (ရှစ်ချက် ရှိသွားပါပြီ ဘုရား) ရှစ်ချက်ရှိသွားပြီနော် (မှန်ပါ့)။

ကိုင်း နောက်တခါ ပေါ်လာမှာကတော့ ဒါ ရှစ်ချက်ဟာ ရှစ်ချက်စလုံး ပေါ်လိမ့်မယ်လို့ ဆရာဘုန်းကြီးက ပြောတာမဟုတ်ဘူး၊ တခုခုပေါ်လိမ့်မယ်ပြောတာ (မှန်ပါ့) သဘောကျကြပလား (ကျပါပြီ ဘုရား)။

ရှစ်ချက်စလုံး ပေါ်မှာလား၊ တခုခုပေါ်မှာလား (တခုခုပေါ်မှာပါ ဘုရား)။

ဖြစ်ပျက်မြင်နေတုန်း ဒီဆယ်ခုထဲက တခုခု ပေါ်လိမ့်မယ်ဆိုတာ သေသေချာချာ မှတ်ပါ (မှန်ပါ့)။

ကိုင်း ဒါနဲ့ဘဲ ဒကာဒကာမတို့ ရှစ်ခုဆိုတော့ နှစ်ခုလိုသေးတယ် (မှန်ပါ့)။

(၉) ဥပေက္ခာသဘောလာတယ်

တတြမေဇ္ဈတ္တတာ ဆိုတဲ့ ဥစ္စာ ပေါ်သေး တယ် (မှန်ပါ့) ဥပေက္ခာသဘော လာပေါ်တယ်။

အို ဖြစ်ပျက်ကလေးတွေ ကိုယ့် စိတ်မှာ တန်းတန်း, တန်းတန်း, တန်းတန်းပြီးသကာလ သူ့ကို သာလည်း မသာယာဘူး၊ ပြစ်မှားတဲ့ ဒေါသလည်း မလာဘူး၊ ဒီဖြစ်ပျက် ကလေးတွေကိုပေါ့ လေ (မှန်ပါ့)။

ဒကာကြီးလှိုင် -ဖြစ်ပျက်ကလေးတွေကို သာယာ ပြစ်မှားမှု ကင်းပြီး မြင်နေတဲ့အခါကော မရှိဘူးလား (ရှိပါ တယ် ဘုရား) အဲဒီလို ရှိပြန်တော့လည်း ဒါ တဩမေဇ္ဈတ္တတာ ဆိုတဲ့ စေတသိက်က ဝင်ပြီးသကာလ သူက မဂ်ဝင်လုပ်နေ တယ် (မှန်ပါ့) မဂ်ဉာဏ် ဝင်လုပ်နေတယ်၊ သဘော ပါပလား (ပါပါတယ် ဘုရား) စင်စစ်တော့ဖြင့် လျစ်လျူ ရှုတဲ့ သဘောပါဘဲ (မှန်ပါ့)။

အဲဒီတော့ မောင်နိုင်တို့က ဒါမဂ်မဟုတ်သေးဘူးတဲ့ အမြင်ကတော့ဖြင့် သိပ်ရှင်းတာဘဲ (မှန်ပါ့) သာယာမှု ပြစ်မှားမှုကင်းပြီးတော့ မြင်တာဘဲ (မှန်ပါ့) သဘောပါ ပလား (ပါပါပြီ ဘုရား) သာယာမှု, ပြစ်မှားမှုရှိသေးရဲ့လား (မရှိပါ ဘုရား)။

အဲ သာယာမှုမှ ပြစ်မှာမှု ကင်းပြီး သကာလ မြင်နေတဲ့ အမြင်ဘဲ ဆိုတာတော့ ဟုတ်တယ်၊ ဟုတ်ပင် ဟုတ်ငြားသော်လည်း သင်္ခါရဘက် သူလှည့်နေတယ် (မှန်ပါ့) မလှည့်ဘူးလား (လှည့်ပါတယ် ဘုရား) နိဗ္ဗာန် ဟုတ်သလား (မဟုတ်သေးပါ ဘုရား)။

အဲဒါကလေး လာတာကိုဘဲ ဒကာဒကာမတွေက ဆရာသမားက ဒီတရားတုကို ဖယ်တဲ့နည်း သတိမပေးလို့ ရှိရင် အို စိတ်စဉ်တွေ တန်းပြီးသကာလမြင်နေတာ မဂ်ဘဲလို့ဆိုပြီး ရပ်ပစ် လိုက်တတ်တယ် (မှန်ပါ့) တကယ် မဂ်စစ် ဟုတ်ကဲ့လား (မဟုတ်ပါ ဘုရား)။

မဟုတ်သေးခင်မှာ တဲ့၊ ဒကာဒကာမတွေ ရပ်စဲ ပစ်လိုက်လို့ရှိရင် ဒီမှာ အဓိမာန လွန်တဲ့ မာနနဲ့ဘဲ ကျန်နေ ရစ်ပြီး သကာလ သောတာပန်, သကဒါဂါမ်, အနာဂါမ်, မဖြစ်နိုင်သေးဘူး (မှန်ပါ့) မကန့်ကွက်လည်း မဖြစ်ဘူး (မှန်ပါ့) ကန့်ကွက်လည်း ဖယ်ရှားရမယ် (မှန်ပါ့)။

မကန့်ကွက်လို့ ရှိရင်လည်း ဥဒယဗ္ဗယဉာဏ်ဟာ တဲ့၊ မလာသေးတာ သေချာတယ် (မှန်ပါ့) ဒီဆယ်ခု တခုခုလာမှ ဥဒယဗ္ဗယဉာဏ်ကလည်း မှန်တယ် (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

မဖယ်လိုက်လို့ရှိရင်လည်း ဒီတွင် တင်းတိမ်နေလို့ ရှိရင်လည်း မဂ်တုက မဂ်စစ်လုပ်ပြီး သကာလ လှည့်စား လိုက်တာဘဲ (မှန်ပါ့) ဒကာကြီးလှိုင်- ပေါ်ပလား (ပေါ်ပါပြီ ဘုရား) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

အဲဒီမှာ ဒါက ဥပေက္ခာ ထားတာနော် (မှန်ပါ့) စိတ်ကလေးတွေ သူ့ဟာသူဖြစ်၊ သူ့ဟာသူ ပျက်နေတာ ကလေးတွေ ကိုယ်က ထိုင်ပြီး သကာလ ကြည့်နေတော့ အို ဒီဉာဏ်မျိုး ဘယ်တော့မှ မရဘူး-ဘူး၊ ဒါ မဂ်ဉာဏ် ဘဲလို့ဆိုပြီး သကာလ မောင်နိုင်- ရပ်စဲပစ်လိုက်တတ်တယ် (မှန်ပါ့)။

ဒါ-ရပ်စဲရမှာလား၊ မရပ်စဲရဘူးလား (မရပ်စဲ ရပါ ဘုရား) မရပ်စဲရဘူးဆိုတာ ကိုညွန့်တို့ ပေါ်ပြီ (ပေါ်ပါပြီ ဘုရား)။

ဘယ်မှာ သူ- နိဗ္ဗာန်ကို တွေ့တာမှ မဟုတ်ဘဲ၊ ဖြစ်ပျက်တွေ တန်းနေတာကို သူသာယာမှုမှ ပြစ်မှားမှု ကင်း ပြီး ကြည့်နေတာ ရှိသေးတာဘဲ (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား) ကိုင်း ဒါဖြင့် ကိုးချက်ရသွားပြီ (မှန်ပါ့)။

(၁၀) နှစ်သက်ခြင်းလာတတ်တယ်

နောက်ကျတော့ နိကန္တိဆိုတာ လာတတ်သေးတယ်၊ နိကန္တိဆိုတာ တဏှာဘဲ (မှန်ပါ့)။

တဏှာက ဘယ်လို ဖြစ်လာသတုံး ဆိုတော့ အို ဒါ ငါ့အရောင်ဘဲ၊ နှစ်သက်ပစ်လိုက်တယ်၊ ခန္ဓာကိုယ်က အရောင်ထွက်လာရင်လေ (မှန်ပါ့) ဟာ ဒါ ငါ့မဂ်ဘဲ၊ ခုနင်က ဟာတွေကို ပေါ့လေ (မှန်ပါ့) ဒါငါ့မဂ်တွေ ဆိုတဲ့ နိကန္တိ နှစ်သက်မှု၊ ခုနင်က ကိုးခုတွေကို သူကမနှစ် သက် လိုက်ပေ ဘူးလား (နှစ်သက်လိုက်ပါတယ် ဘုရား) အဲဒီ နှစ်သက်တော့ နှစ်သက်တာက တဏှာတဲ့၊ သူလည်း လာတတ် တယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဆယ်ခုမပြည့်သေးဘူးလား (ပြည့်ပါပြီ ဘုရား) ဆယ်ခု ပြည့်သွားတော့ အဲဒီဆယ်ခုထဲ မှာဘဲ ကိုးခုကတော့ ကို တဲ့၊ ဖယ်လိုက် ပြီးတာပါဘဲ (မှန်ပါ) နောက်ဆုံး ပိတ် နှစ်သက်တဲ့တစ်လုံးဟာ အဆိုးဆုံးဘဲ (မှန်ပါ့)။ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် နှစ်သက်တဲ့တစ်လုံးကိုလည်း ဦးဘကလေး တို့က ဖြစ်ပျက်ရှုပေး (မှန်ပါ့) ကိုယ့်စိတ်ထဲ မရပ်နဲ့ (မှန်ပါ့) ဒီတွင် တင်းတိမ်မနေနဲ့ ပြောတာ (မှန်ပါ့)။

ဒါဖြင့် အဓိဂမ ပဋိရူပက၊ အဓိဂမဆိုတာက မရဘဲ ရတယ်ထင်တာ၊ ပဋိရူပက,က အလားတူ (မှန်ပါ့ အလားတူဖြစ်နေတဲ့ဥစ္စာ မဂ်နဲ့ အလားတူဖြစ်နေတာကို မရဘဲနဲ့ ရတယ်ထင်သည်၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)

မရဘဲနဲ့ရတယ်ထင်တတ်တယ်

မရဘဲနဲ့ ရတယ်ထင်တာကို အဓိဂမ ပဋိရူပက ခေါ်ပါတယ် (မှန်ပါ့) မြန်မာလိုပြန်လိုက်တေး မဂ်စစ်မဟုတ်ဘဲနဲ့ မဂ်စစ်ထင်တာ (မှန်ပါ့) ရှင်း ပလား (ရှင်းပါပြီ ဘုရား)။

မြန်မာလိုပြန်လိုက်တော့ (မဂ်စစ် မဟုတ်ဘဲ မဂ်စစ်ထင်တာပါ ဘုရား) မဂ်စစ်မဟုတ်ဘဲနဲ့ မဂ်စစ်ထင်တဲ့ သဘော ဝင်ပါတယ်ကွာ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

အဲဒီတော့ ဒါဘာတုံး လို့ မေးလို့ ရှိရင် အတုဘဲ (မှန်ပါ့) ဒကာကြီးလှိုင်း (အတုပါဘုရား အဲဒီအတုတွေကြောင့် သိက္ခာပုဒ်နည်းတုန်းကတော့ ရဟန္တာ အဖြစ်များတယ် (မှန်ပါ့) သိက္ခာပုဒ် များလာတဲ့ အခါကျတော့ ဒီအတုတွေ နှိပ်စက်တာနဲ့ဘဲ ဒီအတုတွေ မခွဲခြားတတ်တာနဲ့ ရဟန္တာ အဖြစ် နည်းသွားတယ်၊ သောတာပန်တောင် မတည်တော့ဘူး (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

သောတာပန်တောင် (မတည်ပါ ဘုရား)။

ဘာဖြစ်လို့တုံး ဒီဥဒယဗ္ဗယတွင်ဘဲ လမ်းဆုံး တယ် (မှန်ပါ့) ဥဒယဗ္ဗယနဲ့ဘဲ သူ-မဂ်ရပြီ၊ ဖိုလ်ရပြီလို့ ထင်ကြလို့ (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် ဒီအတုတွေဘာလုပ်ကြရမလဲ (ဖြစ်ပျက် ရှုရပါမယ် ဘုရား)။

ဆယ်ခုထဲကတစ်ခုခုလာရမယ်

ဒီဆယ်ခုထဲက တစ်ခုခုလာမှာလား၊ မလာဘူးလား (လာပါတယ် ဘုရား) မလာသေးလည်း မမှန်သေးဘူးတဲ့ (မှန်ပါ့) လာပြန်လည်း ဖယ်ရှားတတ်မှ အထက်မဂ်ရမယ် (မှန်ပါ့)။

မလာရင်လည်း (မမှန်သေးပါ ဘုရား) ဥဒယဗ္ဗယ ဖြစ်ပျက်ကို မြင်တယ်ဆို ဒီဆယ်ခုထဲက တစ်ခုခုတော့ လာရမယ် (မှန်ပါ့) အကုန် လာတယ်လို့ မဟောဘူး နော် (မှန်ပါ့)။

ဒကာကြီးလှိုင် အကုန်လာရဲ့လား (မလာပါ ဘုရား) ဘယ်လောက် လာရမလဲ (တစ်ခုလာရပါမယ် ဘုရား)။

တစ်ခုလာရမယ်၊ အဲဒီတစ်ခုကိုလည်း ခင်ဗျားတို့က ဖယ်ရှားရမယ် (မှန်ပါ့) ဖယ်ရှားပြီး ဖြစ်ပျက်ဘဲပြန်ကောက် (မှန်ပါ့)။

ဒကာ ဒကာမတွေ ဘာပြန်ကောက် ရမယ် (ဖြစ်ပျက် ပြန်ကောက် ရပါမယ် ဘုရား)။

ဆုံးအောင်လိုက်မှတရားမှန်

အဲဒီက ပြန်ကောက်လို့ ဖြစ်ပျက်တွေမြင်လို့ ဟာ ဒီဖြစ်ပျက်တွေ ကိုယ့်အသေ ကိုယ်မြင်လို့ ကိုယ်မုန်းလို့ ဒါ ဒုက္ခသစ္စာဘဲလို့ ဘုန်းကြီး ပြောသလို ဆုံးအောင်လိုက်၊ ဒါ တရားမှန် (မှန်ပါ့) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

အဲဒီတော့ကို တဲ့၊ အဋ္ဌကထာ ဆရာက ဥပမာ ပြတယ်၊ ဒီတရားတုပေါ်လာတဲ့ ဥပမာပြတယ်၊ ဘယ်လိုပြ သတုံးဆိုတော့ ဒကာဒကာမတို့ တန်ဆောင်မုန်းလ နက္ခတ် ပွဲသဘင် ရှိသကွာ-တဲ့ (မှန်ပါ့) တန်ဆောင်မုန်းလမှာ နက္ခတ်ပွဲသဘင် ရှိပါတယ်တဲ့၊ ဒီပွဲသဘင်ဆိုတာက ရှေး ကတော့ အလွန် ပျော်ပွဲကြီးပေါ့ မောင်နိုင် (မှန်ပါ့)။

တန်ဆောင်မုန်းလ နက္ခတ်ပွဲ သဘင်ဆိုတာ ဒကာကြီး လှိုင် စာတိုင်းလိုလို ပါတယ်နော် (မှန်ပါ့) အင်မတန်ကြီး တဲ့ ပျော်ပွဲကြီးမှာဆိုတော့ သား, လင်, ခင်ပွန်းတွေ တွဲပြုပြီး သကာလ သွားကြတယ်၊ ဒီပွဲသဘင်ကြီး ရှိသ၍ အဝတ်တွေ အကုန် ဝတ်ဆင်ပြီး သကာလ အပျော်ဆုံးပွဲ ဆိုကြပါစို့ (မှန်ပါ့) ပစ္စည်းပြိုင်ပွဲ ဆိုကြပါစို့ (မှန်ပါ့)။

အဲဒီလို သွားတဲ့အခါမှာ တဲ့၊ ရက်မတိုင်မီက ရွှေအတုတွေ ရောင်းတဲ့ ပုဂ္ဂိုလ်ဟာ ရွှေရေစိမ် ခေါ်တယ်။

ဈေးထဲသွားတဲ့အခါ ခုနင်က နက္ခတ်ပွဲသဘင် သွားမည့် ပုဂ္ဂိုလ်တွေက ခုနစ်ရက်အတွင်းက သွားပြီး သကာလ ဈေးထဲတွေ့လို့ ပျော်ရ, ပါးရအောင်ဆိုပြီး သကာလ ဝတ်ရ, စားရအောင် လက်ဝတ်လက်စား သွားရှာပါတယ်တဲ့ (မှန်ပါ့)။

ဒကာကြီးလှိုင် ရှာတဲ့အခါကျတော့ ဟိုက ဈေးသည် က ပြောလိုက်တယ်၊ ခင်ဗျားတို့ ဒီပွဲကို သွားမယ်ဆိုလို့ရှိရင် – ဟောဒီရွှေဟာ အဖိုးလည်း နည်းပါတယ်၊ ကောင်းလည်း ကောင်းပါတယ်၊ ပွဲသဘင်လည်း တိုးပါတယ်ဆိုတော့ အမြင် အားဖြင့် ကြိုက်မသွားဘူးလား (ကြိုက်ပါတယ် ဘုရား)။

အတုကထင်ပေါ်လာတယ်

ကိုယ်ကလည်း ပစ္စည်းက နည်းနည်းပါးပါး ရှားမယ် ဆိုတော့ အတု မကြိုက်ပေးဘူးလား (ကြိုက်ပါတယ် ဘုရား)။

လောကီ ဥပမာ ပြောကြပါစို့ ဆိုတော့ ဒီဓာတု ဗေဒစိန်တွေကို တလက်လက် တဖျတ်ဖျတ်နဲ့ အောက်အရပ် ဆီမှာ ဝတ်နေကြတဲ့ လူတွေ တပုံကြီးရှိပါတယ် (မှန်ပါ့) သူတို့လည်း မီးနဲ့ကျတော့ ဖျတ်ဖျတ်တော့ လာတာဘဲ (မှန်ပါ့) စိန်စစ်ကလည်း လာတာဘဲ၊ ဓာတုဗေဒကလည်း လာတာဘဲ (မှန်ပါ့)။

အဲဒီလို အတုတွေက စိန်တုပေါ်လာသလို ဒီမှာ လည်း တဲ့၊ ဒကာဒကာမတို့ ရွှေတုကနေပြီး ခုနင်က ဈေးသည်က ပြောလိုက်တော့ အကုန်ရွှေတု ဝယ်ကြတော့မယ် (မှန်ပါ့) အဖိုးကလည်း သက်သာသေး၊ ပွဲလမ်းသဘင်မှာ ဝင်တဲ့အခါလည်း တိုးသေးတယ်၊ သဘောပါပလား (ပါ-ပါပြီ ဘုရား)။

သူများလိုဘဲ တိုးတာဘဲ၊ အဲဒီတိုးတဲ့ အခါကျတော့ နောက်ဘယ့်နှယ် ဖြစ်ကုန်သတုံး ဆိုတော့ ဒီပုဂ္ဂိုလ်တွေကဟေ့ ဒို့ရွှေစစ်တွေဟာ ဘယ်မှာတုံး တဲ့၊ အရောင်ချင်းလည်း တူသေးတယ်၊ ဈေးလည်း သက်သာချင်းလည်း ကွာသေးတယ် ဆိုပြီးတော့ သူ့ကိုမြေမြှုပ်ကြတယ်၊ ရွှေစစ်ရှိတဲ့လူတွေ က (မှန်ပါ့) မမြှုပ်ပေဘူးလား (မြှုပ်ပါတယ် ဘုရား)။

အရေးထဲ ဓားပြလာလည်း သူ့ပေးလိုက်၊ ကျေနပ် သွားတာဘဲ၊ အန္တရာယ် ကာကွယ် ပြီးသားလည်း မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား)။

ရွှေစစ်တွေမြေထဲရောက်တယ်

အဲဒီဟာ လွှမ်းမိုးသွားတော့ ရွှေစစ်တွေ မြေထဲ ရောက်တယ် (မှန်ပါ့)။

ဦးဘကလေး ဘယ်ရောက် သလဲ (မြေထဲ ရောက်သွားပါတယ် ဘုရား) မြှုပ်ကြတာပေါ့ (မှန်ပါ့) သဘောကတော့ ဝတ်ချိန်မှ မရှိတော့ဘဲကိုး (မှန်ပါ့)။

ဒါတွေက လွှမ်းမိုးလာပြီကော၊ အများ ဝတ်ကုန်ကြ ပြီကော (မှန်ပါ့) ရွှေတုဝတ်လို့လည်း အရောင်ကမထူး (မှန်ပါ့)။

အဲဒီလိုဖြစ်လို့ မြှုပ်သလိုဘဲကွာ တဲ့၊ ဒီမှာလည်း အထက်မဂ်ဉာဏ်တွေ မြှုပ်သွားတယ်၊ ဒီဆယ်ချက်ကို မဂ် ထင်လိုက်တဲ့အတွက် ဟိုဟာတွေ မြုပ်ထွက်သွားတယ် (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ)။

သြော် ဒါဖြင့် ဒီ ဒကာဒကာမတွေကို အရင်းထားပြီး သကာလ ဒီဆရာဘုန်းကြီးက သယ်ယူ ပို့ဆောင်ပြီး သကာလ ဒီနေရာမှာ ခလုတ်ကန်သင်း ရှိပါတယ်ဆိုတာ မပြောလို့ရှိရင် ခင်ဗျားတို့ ကျော်တတ်မှာ မဟုတ်ဘူး (မှန်ပါ့) မဟုတ်ဘူးလား (မှန်ပါ့ ဘုရား)။

အဲဒီတော့ ခလုတ် ကန်သင်းတွေ အခု ဆယ်ခု ရှိပါတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။

ဉာဏ်ကြည်လာလို့ပေါ်လာတာ

အရောင်အဆင်း ထွက်လာတဲ့ သူ့ကို မဂ်လို့ မထင် လိုက်ပါနဲ့၊ ရှင်းပလား (ရှင်းပါပြီ) ဉာဏ်ကြည်လာလို့ လည်း (မဂ် မထင်လိုက်ပါနဲ့)။

ဖြစ်ပျက်မြင်တဲ့ဉာဏ်ဟာ ဘယ်လိုဘဲ ကြည်ကြည် လင်လင် မြင်မြင် မဂ်တော့ မဟုတ်သေးဘူး (မှန်ပါ့) မဂ်စစ် မဟုတ်သေးဘူးပေါ့လေ , ဝိပဿနာမဂ်တော့ ဒါဟုတ်ပါတယ် (မှန်ပါ့)။

နှစ်သက်လာတဲ့ ပီတိကလေး ခန္ဓာကိုယ်ကြီးများ ကြွသွားမတတ် ပေါ့ပါးလိုက်တာ ဆိုရုံနဲ့လည်း ဖြစ်ပျက် မြင်တုန်းပေါ်တာဘဲ၊ အထင်မကြီးလိုက်ပါနဲ့ (မှန်ပါ့) တရားတုဘဲ။

ဦးဘကလေး သဘောပါကြလား (ပါပါတယ် ဘုရား)။

ပဿဒ္ဓိတဲ့၊ ကိုယ်ငြိမ်းစိတ်ငြိမ်းကလေး သွားရုံနဲ့လည်း (မဂ်မထင်ပါနဲ့) ဖြစ်ပျက်မြင်တုန်း ပေါ်လာတာလေ (မှန်ပါ့ ဘုရား) မဂ်တုဘဲ ဆိုတာ သဘောကျပလား (ကျပါပြီ) တရားတု ပေါ်တာဘဲ နော် (မှန်ပါ့)။

သုခတဲ့ ချမ်းသာလိုက်တာ ဘာနဲ့မှမတူဘူး၊ ဖြစ်ပျက်မြင်ပြီးသကာလ ချမ်းသာလုံးကြီး ဝင်လာလိုက်တာ ဘဲ၊ နည်းနည်းနောနော ချမ်းသာတာ မဟုတ်ပါဘူး၊ အင်မ တန် ချမ်းသာတာ ဝင်လာတဲ့ အခါကျလို့ရှိရင် ဒါမဂ်ရလို့ ချမ်းသာတာဘဲလို့လည်း ထင်ချင်ထင်တတ်တယ် (မှန်ပါ့)။

ဒါလည်း မောင်နိုင်တို့က ဘာလုပ်ရမလဲ (ဖြစ်ပျက်ရှုပေး ရပါမယ် ဘုရား) ဖယ်ပစ်၊ ဖြစ်ပျက်ရှုပြီး ဖယ်ပစ်ကြပါ (မှန်ပါ့) သဘောပါပလား (ပါပါပြီ)။

အဓိမောက္ခဆိုတာ ဆုံးဖြတ်ချက်ချတာ၊ ဪ ဒါမှတရားစစ် တရားမှန်ဘဲဆိုပြီးတော့ ဆုံးဖြတ်ချက် ချတတ် တယ်နော် (မှန်ပါ့)။

ဖြစ်ပျက်မြင်ရင်းမတ္တနဲ့ အဓိမောက္ခဆိုတဲ့ သဘော ကလေးက ခန္ဓာထဲ ပေါ်လာတယ် (မှန်ပါ့)။

သူက ဆုံးဖြတ်ချက်ချတယ်၊ အင်း ဒါဟာ တရားစစ်တရားမှန်ဘဲလို့ ဆုံးဖြတ်ချက်ချတော့ ဘယ် မောင်နိုင်တို့ နိဗ္ဗာန်မှမမြင်သေးဘဲ၊ ဖြစ်ပျက်တွေမြင်တုန်း ပေါ်လာတာကိုး (မှန်ပါ့)။

အဲဒီဥစ္စာကိုလည်း ကိုယ်က မဂ်စစ်ထင်ပြီးသကာလ ဒကာဒကာမတွေက အသုံးချလိုက်မယ် ဆိုလို့ရှိရင် တရား တုက တရားစစ် ဖျက်တော့မှာဘဲ (မှန်ပါ့) မဖျက်ပေ ဘူးလား (ဖျက်ပါတယ် ဘုရား)။

ဒါနောက်တစ်ခေါက် ပြန်ပြောတာနော် ဒကာ ဒကာမတို့ (မှန်ပါ့) နောက်တစ်ခေါက် ပြန်ပြောတာ။

“ဥပဋ္ဌာနေစ ကမ္ပတိ” သတိတရားကလည်း အရင် သတိမျိုးမဟုတ်ဘူးတဲ့ မောင်နိုင် (မှန်ပါ့) ဖြစ်ပျက် ကလေးတွေနဲ့ ဖျတ်ခနဲ ဖျတ်ခနဲသွားတဲ့ သတိကလေးက လာနေတာဘဲတဲ့နော် (မှန်ပါ့)။

သြော် ဒီသတိဟာမဂ်ရလို့ ဖြစ်တဲ့ သတိမျိုးလို့ လည်း မယူလိုက်ပါနဲ့တဲ့ (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။

ဝီရိယကလည်း ရှေးဝီရိယနဲ့မတူဘဲနဲ့ တစ်ခါတည်း မြန်မြန်ဆန်ဆန် ရှင်းပြီး သကာလ ဝီရိယ တွေက ပိုပြီး သကာလ လာလိုက်တော့ ဒါ မဂ်နဲ့ယှဉ်တဲ့ ဝီရိယဘဲ၊ ဖြစ်ပျက်တွေ အားထုတ် နေလိုက်ရတာ ရှေးဝီရိယ မျိုးမဟုတ်ဘူးနော် အခုဝီရိယက အလွန့်ကိုဘဲ မဂ်နဲ့ ယှဉ်တဲ့ ဝီရိယ ထင်ပါရဲ့ဆိုပြီး သကာလ ဝီရိယ ထောက်ပံ့တာနဲ့ လည်း သူ့ကို မဂ်စစ်ထင်ပစ်တတ်တယ် (မှန်ပါ့)။

ဒါဖြင့် မောင်နိုင်တို့ ဒါလည်း အတုဘဲ (မှန်ပါ့)။

“တတြမေဇ္ဈတ္တတာ” တဲ့ အို ဖြစ်ပျက်ကလေး တွေ ကြည့်ပြီး တခါတည်း ပြစ်မှားခြင်း လည်းမရှိ၊ သာယာ ခြင်းလည်း မရှိဘဲနဲ့ သူ့ဟာသူ ဖြစ်နေတော့ အင်း ဒါတတြမေဇ္ဈတ္တတာ စေတသိက်လို့ ခေါ်တာပေါ့နော် (မှန်ပါ့)။

အဲဒါကလေးကို ဒကာဒကာမတွေက မဂ်စစ်ထင် လိုက်ပြန်လို့ရှိရင်လည်း တရားတုကလာပြီး လွှမ်းမိုးတာဘဲ လို့ မှတ်လိုက်ပါ (မှန်ပါ့) တရားစစ်ပျောက်တယ်။ သဘောကျပလား (ကျပါတယ် ဘုရား)။

ပြီးတော့ကော နှစ်သက်တဲ့တဏှာ၊ ဒါလည်း လာတတ်ပါတယ်တဲ့နော် (မှန်ပါ့)။

ဒီဥစ္စာတွေကို တစ်ခုခု ပေါ်တာကို ကိုယ်က နှစ်သက် လိုက်လို့ရှိရင်လည်း မောင်နိုင် ဖြစ်ပျက်ဉာဏ်ထဲမှာ တဏှာ ကဝင် ထိုးပစ်လိုက်တယ် (မှန်ပါ့)။

တဏှာက ဝင်ထိုးပစ်လိုက်တော့ ဒီတဏှာလည်း ဒကာဒကာမတွေ မဂ်၏ အန္တရာယ်ဘဲ ဆိုတာကော သဘော ကျပလား (ကျပါပြီ) သူက မဂ်တုလိုလို ဝင်လာတာဘဲနော် (မှန်ပါ့)။

တရားအားထုတ်ရတာဖြင့် နှစ်သက်လိုက်တာဆိုတဲ့ သဘောကလေးဟာလည်း တဏှာက ဝင်ဖျက်တယ် (မှန်ပါ့)။

ကိုယ့်ဖြစ်ပျက် မပျောက်အောင် သတိထား

အဲဒီတော့ ဒီဆယ်ခု လာတိုင်းလာတိုင်း ဂရုမစိုက် ဘဲနဲ့ ကိုယ့်ဖြစ်ပျက် မပျောက်အောင် သတိထား (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။

ဆယ်ခု လာတိုင်းလာတိုင်း (ဖြစ်ပျက် မပျောက် အောင် နေရပါမယ် ဘုရား)။

အဲဒီဖြစ်ပျက်ကနေပြီးမှ သူက ဘာလာနေနေ အရောင်က လာလာ၊ ပီတိကလာလာ မောင်နိုင်တို့က ဂရု မစိုက်နဲ့ (မှန်ပါ့) ကိုမြင့်တို့က ဂရုမစိုက်နဲ့၊ နောက်က ဒကာ ဒကာမတွေက ဂရုမစိုက်ပါနဲ့၊ ကိုယ့်ဖြစ်ပျက်နဲ့သာ ကိုယ်နေ ပါ (မှန်ပါ့)။

အဲဒီ ဖြစ်ပျက်ကနေပြီးမှ တက်ပြီး သကာလ ဥဒယဗ္ဗယ အပျက်ချည့်မြင်လည်း ကောင်းသွား လိုက်တာဘဲ ဘယ ဒါတွေဟာ ဘေးတွေဘဲ ထင်လည်း ကောင်းတာဘဲ (မှန်ပါ) အာဒီနဝ-အပြစ်တွေ ထင်လာရင်ကော (ကောင်းသွားပါတယ် ဘုရား) နိဗ္ဗိန္ဒ -ငြီးငွေ့လာရင်ကော (ကောင်းပါတယ် ဘုရား)။

ကောင်းတာပါဘဲ တဲ့၊ နောက်ကျတဲ့အခါကျလို့ ရှိရင် သင်္ခါရုပေက္ခာဆိုတော့ ဒါတွေ ဥပေက္ခာ ထားနိုင်တယ် (မှန်ပါ့) နောက်ကျတော့ မဂ်နဲ့လျော်တဲ့ အနုလောမဉာဏ် တွေ ပေါ်လာရင်ကော (ကောင်းပါတယ် ဘုရား)ကောင်းပါတယ်။

နောက်ကျတော့ ဖြစ်ပျက်ဆုံးတဲ့သစ္စာ မြင်ပြီး သကာလ ဒါတွေဟာ သစ္စာတွေဘဲဆိုပြီး ဆုံးသွားတဲ့ အဆုံးမှသာလျှင် ဒကာကြီးလှိုင် – အစစ်တဲ့ (မှန်ပါ့) ဒုက္ခသစ္စာ ပိုင်ပိုင်နိုင်နိုင် သိပြီး သကာလ ဖျတ်-ဆို ချုပ်သွားတဲ့ အဆုံးမှ သာလျှင် ကိုမြင့်-မဂ်စစ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

မဂ်တုတွေကျော်သွားပြီးမှ မဂ်စစ်တွေ့တယ်

ဒါဖြင့် မဂ်တုက ဘယ်နှစ်ခုပါလိမ့် (ဆယ်ခုပါ ဘုရား) အဲဒီဆယ်ခု ကျော်သွားပြီးမှလည်း မဂ်စစ် တွေ့တယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒီဥစ္စာ ရှင်မဟာကဿပကြီးက မေးတာ၊ မမေးသင့်ဘူးလား (မေးသင့်ပါတယ် ဘုရား)။

တရားတု နှိပ်စက်နေတယ်ပေါ့ ဒါကြောင့် သိက္ခာပုဒ်နည်းတုန်းကတော့ ရဟန္တာ ဖြစ်ကြတယ် (မှန်ပါ့)။

နောက်ကျတော့ တရားတုတွေက နှိပ်စက်ပြီး သကာလ လာတော့ အခုပြောတဲ့ဆယ်ချက်က တရား တုတွေ (မှန်ပါ့)။

ရွှေတုကနေပြီး သကာလ ရွှေစစ်ကွယ်အောင် မလုပ် နိုင်ဘူးလား မောင်နိုင် (လုပ်နိုင်ပါတယ် ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။

လုပ်နိုင်တာပေါ့။ သူက ဈေးလည်း ပေါသေးတယ်၊ ဝတ်လို့လည်း ပြောင်ပြောင် လက်လက် ရှိသေးတယ်၊ ပွဲလည်း တိုးသေးတယ်၊ သူခိုးခိုးသွားလည်း နှမြောစရာ မရှိဘူးဆိုတော့ သူက မလွှမ်းမိုးပေဘူးလား (လွှမ်းမိုးပါတယ် ဘုရား)။

လွှမ်းမိုးတယ်ဆိုတာကော ဒကာဒကာမတွေ ရိပ်မိ ပလား (ရိပ်မိပါပြီ ဘုရား) မလွှမ်းမိုးတယ် လွှမ်းမိုးတယ်ဆို တာ မိုးကုတ်မှာ ပြင်သစ်ကျောက် မှားတာတွေ အများကြီး တွေ့ရတယ် (မှန်ပါ့)။

ဈေးကလည်းချောင်၊ အရောင်ကလည်းကောင်း၊ အချိန်ကလည်းကြီးဆိုတော့ ကိုပေါ် ကျောက်အဟုတ် နားမလည်တဲ့ လူနဲ့ကျတော့ ချောင်တယ်ထင်ပြီး ယူလိုက်မှာ ဘဲ (မှန်ပါ့) မဟုတ်ဘူးလား- (မှန်ပါ့)။

အဲဒါတွေကို အနောက်နိုင်ငံတွေကပါ သေသေ ချာချာ ဝတ်ပြီဆိုလို့ရှိရင် ကျုပ်တို့ မိုးကုတ် အစစ်ဟာ ပျောက် ရမယ် (မှန်ပါ့) မပျောက်ပေဘူးလား (ပျောက်ပါ တယ် ဘုရား)။

မိုးကုတ်က ကျွတ်ကျွတ်စင်စင်မှ မရှိဘဲ (မှန်ပါ့) စင်စင်ရဖို့ရာ လွယ်ပါ့မလား (မလွယ်ပါ ဘုရား) ဒကာ ကြီးလှိုင် (မလွယ်ပါ ဘုရား) မလွယ်ပါဘူး၊ အလုံးတစ်သောင်း၊ တစ်ခုရဖို့ ဘယ့်နှယ် နေကြမလဲ (ခဲယဉ်းပါ တယ် ဘုရား)။

ငယ်ရင်ဖြင့် စင်ချင်စင်မယ်၊ နည်းနည်းကြီးလာရင် ဘယ့်နှယ်နေကြသလဲ (ခဲယဉ်းပါတယ် ဘုရား) ခဲယဉ်း ပါတယ်ဆိုတာ မပေါ်သေးဘူးလား (ပေါ်ပါတယ် ဘုရား)။

ကဲ ဒါဖြင့် အခု အတုမနှိပ်စက်သေးခင်တော့ ကျုပ်တို့ ရောင်းနေရလိမ့်ဦးမယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ) အတု တကယ်များ လွှမ်းမိုးသွားရင် မောင်နိုင် ဒီကဟာတွေ အကုန်လဲသေ ဖို့ဘဲ (မှန်ပါ့) ရောင်းစရာ အကွက် ရှာနိုင်သေးရဲ့လား (မရှာနိုင်ပါ ဘုရား)။

မရှာနိုင်သလိုဘဲ တဲ့၊ ဒီမှာ ဗိုင်းဗိုင်းလဲရသလို ဟိုမှာလည်း မဂ်ဉာဏ်, ဖိုလ်ဉာဏ်မှာ ဒကာကြီးလှိုင်- အတု နှိပ်စက်တာနဲ့ ဗိုင်းဗိုင်းလဲရလိမ့်မယ် (မှန်လှပါ)။

ယနေ့ဆုံးမတာ ဘာပါလိမ့်

တစ်ဘဝထဲ လဲတာလား၊ ဘဝများစွာ လဲသလား (ဘဝများစွာ လဲသွားတာပါ ဘုရား) မနာဘူးလား (နာပါတယ် ဘုရား)။

ဒါဖြင့် ဒကာဒကာမတို့ ယနေ့ ဆုံးမတာ ဘာပါလိမ့် မတုံးလို့ မေးတော့ အို ဒို့အလုပ်ခွင်မှာ အနှောင့်အယှက် မလာလည်း မဖြစ်ဘူး တဲ့၊ လာပြန်လည်း ဖယ်ရှား သွားတတ်မှ ဖြစ်တယ် (မှန်ပါ့) မလာလည်း (မဖြစ် ပါ ဘုရား) မလာရင် ဥဒယဗ္ဗယဉာဏ် မရောက်သေးဘူး (မှန်ပါ့)။

လာပြန်ရင်ကော (ဖယ်ရှားတတ်မှပါ ဘုရား) ဖယ်ရှားတတ်မှ မဖယ်ရှားတတ်လို့ရှိရင်လည်း ကန့်လန့် တင်နေမယ် (မှန်ပါ့) သဘောပါကြလား (ပါပါပြီ ဘုရား) ဒကာကြီးလှိုင် နေရာကျ ပလား (ကျပါပြီ) ဒါဖြင့် အဓိဂမ ပဋိရူပကကို ယနေ့ ဟောတယ်၊ အဓိဂမဆိုတာ မရဘဲနဲ့ ရတယ် ထင်တယ်၊ ပဋိရူပက-က အလားတူက နှိပ်စက်တာ (မှန်ပါ့)၊ မရဘဲနဲ့ ရတယ်လို့ အလားတူက နှိပ်စက်တာ (မှန်ပါ့)၊ ဒကာဒကာမတို့ သဘောပါ ပလား (ပါ-ပါပြီ ဘုရား)။

မဂ်ဉာဏ်, ဖိုလ်ဉာဏ်ကို မရဘဲနဲ့ ရတယ်လို့ အလား တူက ဘာဖြစ်တာတုံး (နှိပ်စက်ပါတယ် ဘုရား)။

ကဲ ဒါတွေကျတော့ ဆရာကောင်း, သမား ကောင်းနဲ့သာ ဒကာကြီးလှိုင်-ဒီနည်း မကြည့်တတ် လို့ရှိရင် မောင်နိုင်သွားပြီ (မှန်ပါ့)။

နောက်က ဒကာဒကာမတွေ ဘယ်လိုဆုံးဖြတ်ချက် ချမလဲ ဆရာကောင်း, သမားကောင်းနဲ့သာ မတွေ့ရင် သွားပါ ပြီ၊ မသွားသေးဘူးလား (သွားပါပြီ ဘုရား)။

လာလည်းလာမယ်၊ ဖယ်လည်းဖယ်ရမယ်

အဲဒီတော့ ဒါတွေကိုလည်း သိပြီးသကာလ ဘုန်းကြီး တို့ ဒကာဒကာမတွေက ဒါမလုပ်ရင် မဖြစ်တဲ့ အလုပ်ဘဲ၊ မဖယ်ရင် မဖြစ်တဲ့အလုပ်ဘဲ၊ လာလည်း လာလိမ့်မယ်၊ ဖယ်လည်း ဖယ်ရမယ် ဆိုတာ သဘောပါကြ လား, (ပါပါပြီ ဘုရား) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ကဲ- ဒီနေ့ဒီတွင် တော်ကြဦးစို့။

သာဓု သာဓု သာဓု။

(46:52)မိနစ်

မာတိကာသို့