003

မာတိကာသို့

ပြုံးသေ မဲ့သေ သေနည်း

အလုပ်ပေးတရားတော်

မှတ်ချက်။ ။စာအုပ်ပါရက်စွဲနှင့် ဟောတရားမကိုက်ပါ။

ကျေးဇူးတော်ရှင်-အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

အမရပူရမြို့မင်္ဂလာတိုက်၌ ဟောကြားတော်မူသော

ပြုံးသေ မဲ့သေ သေနည်း အလုပ်ပေးတရားတော်

(27-11-60)

ဘုရားသခင်ကိုယ်တော်မြတ်ကြီးကိုတဲ့ ဇာဏုသောနိ ပုဏ္ဏားဆိုတာက မေးတယ်၊ ဘုရားသခင် ကိုယ်တော်မြတ်ကြီးကို ဇာဏုသောနိ ပုဏ္ဏားက မေးတယ်။

အရှင်ဘုရားတဲ့ တပည့်တော်တွေရတဲ့ပုဂ္ဂိုလ်အပေါင်း မှာဖြင့် တပည့်တော် ဉာဏ်ထဲမှာ ချိန်ဆလို့ရတဲ့ သဘောတွေ ပြောရလို့ရှိရင်ဖြင့် သေရမှာကို မကြောက်တဲ့ ပုဂ္ဂိုလ်၊ မလန့်တဲ့ ပုဂ္ဂိုလ်တော့ဖြင့် မရှိဘူးလို့တပည့်တော် အယူရှိပါတယ်ဘုရားလို့ လျှောက်တယ် (မှန်လှပါ ဘုရား)။

ဇာဏုသောနိ ပုဏ္ဏားက လျှောက်တယ် (မှန်လှပါ ဘုရား) တပည့်တော်အထင် တပည့်တော်အမြင်အတိုင်း ပြောရလို့ရှိရင်ဖြင့် သေရမှာကို မကြောက်တဲ့ ပုဂ္ဂိုလ်၊ မလန့်တဲ့ ပုဂ္ဂိုလ်ဆိုတာ လုံးဝမရှိဘူးလို့ တပည့်တော်အယူရှိပါတယ်လို့ ဘုရားကို လျှောက်တယ်။

အဲဒီတော့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ပုဏ္ဏားတဲ့၊ ဇာဏုသောနိပုဏ္ဏား ဒီလိုတစ်ထစ်ချ ယူမထားနဲ့ကွ၊ သေရမှာကြောက်တဲ့ ပုဂ္ဂိုလ်လဲရှိတာပဲတဲ့၊ မကြောက်တဲ့ပုဂ္ဂိုလ်လဲ ရှိတာပဲလို့ နှစ်မျိုးမှတ်ရမယ် (မှန်လှပါ ဘုရား)။

သေရမှာကြောက်တဲ့ ပုဂ္ဂိုလ်က တစ်မျိုး၊ သေရမှာ မကြောက်တဲ့ ပုဂ္ဂိုလ်က (တစ်မျိုးပါ ဘုရား) ဘယ်နှစ်မျိုးပါလိမ့် (နှစ်မျိုးပါ ဘုရား)။

နှစ်မျိုးရှိတယ်လို့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ မှတ်ထား ကြစမ်းပါ၊ ဒီတရား ဘုရားသခင် ကိုယ်တော်မြတ်ကြီးကို ဒီပုဏ္ဏားကလျှောက်တဲ့အတွက်ကြောင့် အမေးအဖြေ ထွက်ရပါ တယ်ဆိုတာ ဒကာ ဒကာမတွေ သိပြီးသားအတိုင်း အားလုံးနဲ့ ဆက်ဆံလို့ ဆိုတဲ့အဓိပ္ပာယ် မှတ်ပါတော့ (မှန်လှပါ ဘုရား)။

အားလုံးနဲ့ ဆက်ဆံလို့ ဆိုတဲ့ဥစ္စာ ဒကာ ဒကာမတွေ ပဋိသန္ဓေ နေတဲ့ နေ့ကစ, ပြီးသကာလ ကျုပ်တို့ ပြေးလွှားပြီး သကာလ လာကြတာသည်၊ ဘယ်မြို့ ဘယ်ဌာနရောက်တယ် ဆိုတာ ကတော့ဖြင့် အပြောပဲလို့ မှတ်ရမယ် (မှန်လှပါ ဘုရား)။

သေရာဌာနကို ပြေးတာကဖြင့်သေချာတယ်(သေချာ ပါတယ် ဘုရား)။

ဟိုမြို့ရောက်လဲ သေခါနီးတာပဲ (မှန်လှပါ ဘုရား) ဟိုမြို့ကလဲ ဒီမြို့ ဆက်ပြေးပြန်တော့ရော (သေခါနီးတာပါ ဘုရား)။

ဒါဖြင့် သုသာန်အရောက် ပြေးနေတဲ့လမ်းပဲ မဆိုနိုင်ကြ ဘူးလား(ဆိုနိုင်ပါတယ် ဘုရား)။

အဲဒီတော့ သုသာန်အရောက် ပြေးနေတဲ့လမ်းပဲလို့ ဒကာ ဒကာမတွေ ဆုံးဖြတ်ချက် ချနေတော့ ယုတ်စွအဆုံး ပြောကြပါစို့ တရားနာနေတာတောင်မှ သုသာန်သွားရင်း တရားနာနေတာလို့ ဆရာဘုန်းကြီးက ဆုံးမတယ်(မှန်လှပါ ဘုရား)။

ဘုရားက ဆုံးမတယ် (မှန်လှပါ ဘုရား)။

ထိုင်စ, ထက် အခု သုသာန်နဲ့ နီးတယ်ဆိုတာက မသေချာ ဘူးလား (သေချာပါတယ် ဘုရား) ထိုင်စ, ထက် သေခါနီး ဆိုတာကရော (သေချာပါတယ် ဘုရား)။

ဒါတွေဦးလှဘူးတို့၊ ဒကာကြွယ်တို့၊ဒကာသိုက်တို့၊ ကျုပ်တို့ သည်ကား ဆိုလို့ရှိရင်ဖြင့် ထိုင်နေလဲ ဒီနေရာဌာနကိုတော့ အရောက်သွားတာပဲ(သွားတာပါပဲ ဘုရား) ထိုင်ရင်းသွားတယ်

အိပ်နေပြန်တော့ (အိပ်ရင်းသွားပါတယ် ဘုရား)။

စားနေပြန်တော့ (စားရင်းသွားပါတယ် ဘုရား)။

ပြောနေပြန်တော့ (ပြောရင်းသွားပါတယ် ဘုရား)။

သြော် ဒါဖြင့် ဒကာ ဒကာမတို့ ဒီပြင်ဟာတွေကဖြင့် လွဲတယ်, ချော်တယ်ရှိသေးတယ်နော် (မှန်လှပါ ဘုရား) တို့ သုသာန်သွားတဲ့ အလုပ်ကတော့ လွဲတယ်, ချော်တယ်လို့ မရှိတော့ပါဘူး (မရှိပါဘူး ဘုရား) နီးကပ် နီးကပ်သွားတာ သေချာတော့တာပဲ(သေချာပါတယ် ဘုရား) မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

အဲဒါတွေ သေသေချာချာ ဒကာ ဒကာမတွေက ဉာဏ်နဲ့ စဉ်းစားလိုက်တော့မှ သြော် တို့သည်ကားလို့ဆိုရင် တစ်ဘဝလဲ ဒီလမ်းပဲ ပြေးရပြန်တာပဲ၊ နောက်ဘဝ ရပြန် တော့ရော (ဒီလမ်းပဲပြေးရတာပါ ဘုရား) အင်း နောက် အနာဂတ် တတိယဘဝ ရောက်ပြန်တော့ရော (ဒီလမ်း ပြေးရတာပါ ဘုရား)။

ဒါဖြင့် ဒီလမ်းပြေးတဲ့ အလုပ်ဟာဖြင့် ကျုပ်တို့သည် ဝဋ်သမားမို့ ပြေးရတဲ့အလုပ်ပဲလို့ မှတ်ပေတော့ (မှန်လှပါ ဘုရား)။

ဝဋ်ရှိတဲ့ ပုဂ္ဂိုလ်မို့ ဒီလမ်းချည်း ပြေးရတာ (ပြေးရပါတယ်ဘုရာ) ဝဋ်ကျွတ်တဲ့ ပုဂ္ဂိုလ်ဖြင့် ဒီလမ်း မပြေးပါဘူး (မပြေးပါ ဘုရား)။

အဲဒါကြောင့် ဒကာဒကာတို့ အားလုံးက ညည်းနေကြတာ က အိုပြီ၊ သေရချည်သေးရဲ့ (မှန်လှပါ) တော်တော်ကြာ

နောက်ဘဝကျတော့ အိုပြန်ပြီ၊ သေရချည်သေးရဲ့ (မှန်လှပါ)။

ဒါသာ ညည်းလုံးတွေ ထုတ်နေကြတာပဲ ဒကာ ဒကာမတို့၊ လမ်းခွဲကို မရှာဘူး (မရှာပါ ဘုရား) မရှာတာကလဲ ဦးလှဘူးတို့၊ ဒကာကြွယ်တို့က စဉ်းစားရမယ်၊ ဪ မသိတဲ့ ပုဂ္ဂိုလ် ရှာဖို့အရေးဟာ အတော် ကွာဝေးတာပါလား ဆိုတာ ပေါ်လာတယ်၊ မပေါ်လာဘူးလား(ပေါ်လာပါတယ် ဘုရား)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ သေရမှာကြောက်တဲ့ ပုဂ္ဂိုလ်ချည်းလို့ ဇာတျသောနိပုဏ္ဏားက ပြောတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ကြောက်တဲ့ ပုဂ္ဂိုလ်ကတစ်မျိုး မကြောက်တဲ့ ပုဂ္ဂိုလ်ကတစ်မျိုး ရှိပါတယ်လို့ ပြောတယ် (ပြောပါတယ် ဘုရား)။

ဒါဖြင့်သေရွာသွားတဲ့လူချင်းတူပေမယ့်လဲ ကြောက်သွား, သွားတဲ့ပုဂ္ဂိုလ် (မှန်လှပါ) မကြောက်ဘဲနဲ့ ရဲရဲတင်းတင်း သွားတဲ့ပုဂ္ဂိုလ်၊ (မှန်လှပါ) နှစ်မျိုးရှိတယ်ဆိုတဲ့ အဓိပ္ပာယ် ရှင်းသွားပြီ (ရှင်းသွားပါပြီ ဘုရား)။

ဒါဖြင့် ဘုရားတဲ့၊ တပည့်တော်ယူထားတဲ့ အယူက တစ်ယူတည်း ဖြစ်နေတော့ အရှင်ဘုရားက မကြောက်တဲ့ပုဂ္ဂိုလ်၊ သေရမှာ မကြောက်တဲ့ပုဂ္ဂိုလ် ရှိသေးတယ်ဆိုတာ ရှင်းပြစမ်းပါဦး (မှန်လှပါ) မမေးသင့်ဘူးလား (မေးသင့်ပါတယ် ဘုရား)။

အေး ဒီတရားကို စ, ပြီးသကာလ ဟောရတာ ဒကာ ဒကာမတို့၊ ကျုပ်တို့ ဆရာဘုန်းကြီး နဲ့တကွ ဘုရားသခင် ကိုယ်တော်မြတ်ကြီးကလမ်းခွဲလဲ တွေ့အောင်၊ ဒီဘဝ သေပြန်လို့ ရှိရင်လဲ မကြောက်ဘဲနဲ့ သေရင် ကိစ္စပြီးပုံကို ဟောလိုပြောလိုလို့ ဒီတရားကို အင်္ဂုတ္တိုရ် ပါဠိတော်က စ, လာတာ (မှန်လှပါ ဘုရား)။

ဒီ ဒကာ ဒကာမတွေမှာ ဘယ်အခြေအနေ ရောက်အောင် စခန်းပေါက်အောင် လုပ်ထားလို့ ရှိရင်ဖြင့် မကြောက်ဘူးဆိုတဲ့ အဓိပ္ပာယ်ဘက်ကို သေချာ သက်ရောက်အောင်လို့ ဦးလှဘူးရဲ့ ပြောတာ (မှန်လှပါ ဘုရား)။

ဒါကြောင့်ဒကာ ဒကာမတို့ ယနေ့တရားကိုဖြင့် သြော် တို့သည်ကား ဆိုလို့ရှိရင်ဖြင့် ဒီလမ်းတော့ သွားနေတာပဲ၊ မကြောက်တဲ့ ပုဂ္ဂိုလ်အဖြစ်နဲ့ သွားရအောင်တို့သည်ကား ဆိုရင် ဘယ်ဟာ လက်ကိုင် ထားမှသာလျှင် မကြောက်တဲ့ အဖြစ်သို့ ရောက်မယ်၊ ကြောက်တဲ့အဖြစ်သို့ ရောက်ရင်ဖြင့် ဆိုးရွားပါလိမ့် မယ်ဆိုတာလဲ ပေါ်လာပါလိမ့်မယ် (ပေါ်လာပါတယ် ဘုရား)။

အဲဒါကြောင့် ဒကာ ဒကာမတွေ ဒီလမ်းလွတ်တဲ့ပုဂ္ဂိုလ်ဖြင့် ဒီကရားပွဲ ဟောတဲ့ ပုဂ္ဂိုလ်ကအစ နာတဲ့ ပုဂ္ဂိုလ်အဆုံး ဘယ်သူမှ မလွတ်ပါဘူး (မှန်လှပါ ဘုရား)။

လွတ်ပါ့မလား(မလွတ်ပါ ဘုရား)အဲဒီမလွတ်တာတွေ သိပြီး သကာလနေတော့ ကြောက်သေ၊ မကြောက်သေနှင့် ခွဲကြဦးစို့ (မှန်လှပါ ဘုရား)။

ဒါဖြင့် ကြောက်တဲ့ပုဂ္ဂိုလ်ကတဲ့ ဒကာ ဒကာမတို့ ဘယ်လို ရှိတဲ့ပုဂ္ဂိုလ်မျိုးမှ ကြောက်ပါသတုန်း ဆိုရင် ဘုရားက လေးမျိုး ထုတ်ပြတယ် (မှန်လှပါ ဘုရား)။

ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ပုဏ္ဏားတဲ့ ကြောက်တဲ့ ပုဂ္ဂိုလ်က လေးမျိုးရှိတယ်ကွာတဲ့၊ မကြောက်တဲ့ ပုဂ္ဂိုလ်ကလဲ လေးမျိုးရှိတယ်ကွ (မှန်လှပါ ဘုရား) ကြောက်တဲ့ပုဂ္ဂိုလ်က (လေးမျိုးရှိပါတယ်) မကြောက်တဲ့ပုဂ္ဂိုလ်က (လေးမျိုးရှိပါတယ်)။

လေးမျိုးရှိတယ်လို့ဆိုတော့ တို့သည်ကားလို့ ဆိုလို့ရှိရင် မကြောက်တဲ့ လေးမျိုးတဲ့ အပါယူမယ်ဟ, ဆိုတဲ့ စိတ်ကိုမွေးထားကြပါ (မှန်လှပါ ဘုရား)။

မကြောက်တဲ့ လေးမျိုးထဲကို တို့အပါအဝင် ဖြစ်အောင် ကြိုးစားမယ် ဆိုတဲ့စိတ်ကိုဖြင့် အားလုံး တရားနာလာကြတဲ့ဒကာ ဒကာမတွေ အရယူမယ် ဆိုတာဖြင့် ဒီနေ့စိတ် ကြီးကြီးကျယ်ကျယ် ခမ်းခမ်းနားနား မွေးရမှာပဲ (မှန်လှပါ ဘုရား)။

မမွေးရင် မဖြစ်ပါဘူး ဒကာကြွယ်ရ (မှန်လှပါ) သွားရမယ့် လမ်းမကြီးကြောက်နေလို့ ရှိရင်ဖြင့် ဘယ်မှာ သာလျှင် လားရာဂတိ ကောင်းနိုင်ပါ့မလဲ (မကောင်းနိုင်ပါ ဘုရား)။

မကြောက်ဘဲနဲ့ သွားတဲ့ပုဂ္ဂိုလ်သည် ဂတိရှိရင်လဲ ဂတိ ကောင်းပါလိမ့်မယ် (မှန်လှပါ ဘုရား) ဂတိ မရှိတော့လို့ ရှိရင်လဲ ငြိမ်းချမ်းပါလိမ့်မယ် (မှန်လှပါ ဘုရား) မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

အေး ဒါကြောင့် ကြောက်တဲ့ ပုဂ္ဂိုလ်လေးမျိုး ဒကာသိုက်ရေ ရှေ့ပိုင်းက ထုတ်ပြမယ် (မှန်လှပါ ဘုရား) ကြောက်တဲ့ပုဂ္ဂိုလ်လေးမျိုး ဆိုတဲ့ဥစ္စာသည် စတုက္ကနိပါတ် အင်္ဂုတ္တိုရ်က လေးမျိုးပဲပြတယ် (မှန်လှပါ ဘုရား)။

ဘယ်လို ပုဂ္ဂိုလ် ကြောက်တယ်ဆိုတာ တစ်နံ ပါတ် မှတ်ပါတော့ ဒကာ ဒကာမတို့။

တစ်နံပါတ် ပုဂ္ဂိုလ်

၁။ ။ သားသမီးပစ္စည်း အာရုံ ဒါတွေကို ခင်တွယ်ပြီး သကာလနေတဲ့ပုဂ္ဂိုလ်များ၊ သေခါနီး ပြင်းထန်တဲ့ ဝေဒနာရောက် လာလို့ရှိရင်ဖြင့် သြော် ဒီရှာထားတဲ့ ပစ္စည်း ဤမွေးထားတဲ့ သားသမီးတွေဖြင့် အစွန့်ကြီးစွန့်ပြီး အခွဲကြီးခွဲရတော့မှာပဲ ဆိုတဲ့ စိတ်ဟာ ပေါ်လာတယ် (မှန်လှပါ ဘုရား)။

ပေါ်လာတော့ သူ့စိတ်ထဲမှာ သေချင်တဲ့စိတ်က ရှိရဲ့လား (မရှိပါ ဘုရား) သေရမှာ မကြောက်ပေဘူးလား (ကြောက်ပါတယ် ဘုရား)။

သြော် သူ့ကြောက်စိတ်သည် ဘယ့်နှယ်ကြောင့် ပေါ်ပါလိမ့်မတုံးတဲ့ လက်သည်ရှာတော့၊ သားသမီးနဲ့ ပစ္စည်းမစွန့် ချင်လို့တဲ့၊ သားသမီးနဲ့ ပစ္စည်းကို မစွန့်ချင်တဲ့ သဘောတွေက သူ့မှာ အများကြီး ပေါ်ပြီး သကာလ နေတဲ့အတွက် ဝေဒနာ ပြင်းထန်လာပြီ ဆိုမှဖြင့် ဒကာ ဒကာမတို့ သူ့စိတ်ထဲမှာ ကြောက်လာတာပဲ (မှန်လှပါ ဘုရား)။

ကြောက်လာတယ်ဆိုတဲ့ ဥစ္စာသည် ဒေါမနဿဖြစ်တယ် (မှန်လှပါ) ဒေါမနဿဖြစ်တော့ ဒကာ ဒကာမတွေ ဘုန်းကြီးက ဟောထားတယ်နော် ။

သေခါနီးရောက်လာတော့ ဒေါသဆိုတာမလာပေဘူးလား (လာပါတယ် ဘုရား)။

ဒါဖြင့်ဒေါသတစ်နံပါတ်လာတော့ သောကက, နောက်က လိုက်လာတယ်၊ (လိုက်ပါတယ် ဘုရား) သောက လိုက်တဲ့ အခါကျတော့ ပရိဒေဝဆိုတာတွေ ဖြစ်ပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား)။

အင်း ကိုယ်၏ဆင်းရဲခြင်း စိတ်၏ဆင်းရဲခြင်းတွေ ရော (ပေါ်လာပါတယ် ဘုရား) ဒါတွေပေါ်မလာဘူးလား (ပေါ်လာပါတယ် ဘုရား)။

အင်း ဒီပုဂ္ဂိုလ်က ဘယ့်နှယ်ကြောင့် ပေါ်လာပါလိမ့်မလဲလို့ မေးလို့ရှိရင်ဖြင့် မရဏမ္ပိ ဒုက္ခသစ္စာ ဆိုတဲ့ဥစ္စာသည် အင်း ဒါမသိလို့ဘဲဗျ (မှန်လှပါ ဘုရား) မသိလို့ ခုနင်က သားသမီးနဲ့ ပစ္စည်းအာရုံတွေဟာ အင်း ဒုက္ခသစ္စာတွေပဲ၊ ဒီဥစ္စာတွေဟာ ဒုက္ခအစစ်တွေပဲဆိုတာ မသိလို့ ခင်ရှာသကိုးဗျ (မှန်လှပါ)။

မသိလို့ခင်တွယ်တဲ့အတွက်ဝေဒနာကပြင်းထန်လာတော့ အင်း ဒါတွေအတွက်အင်း ဒုက္ခတွေ ဖြစ်လို့ ဒေါမနဿတွေဖြစ်လို့ သောကတွေဖြစ်လို့ပရိဒေဝတွေဖြစ်လို့ဒီလိုမနေပေ ဘူးလား (နေပါတယ် ဘုရား) ဒီလိုနေပြီးသကာလ ဒကာ ဒကာမတွေ ဒီပုဂ္ဂိုလ်ဟာတဲ့ စုတေစိတ် ကျသွားတယ် ဆိုကြစို့ (မှန်လှပါ ဘုရား) စုတေစိတ် ဒီဘက်မကျ ပေဘူးလား (ကျပါတယ် ဘုရား)။

ဒီဘက်က ဒုက္ခဒေါမနဿ သောကပရိဒေဝ ဥပါယာသ တွေ မလာပေဘူးလား (လာပါတယ် ဘုရား)။

စုတေစိတ် ကျသွားတော့ ဒီပုဂ္ဂိုလ်ဟာ အင်း သားသမီးတွေနဲ့ ပစ္စည်းတွေဟာ ဒုက္ခသစ္စာ တွေပါလား၊ အနိစ္စ ဒုက္ခ အနတ္တ တွေပါလား၊ ဒုက္ခသစ္စာ အစစ်တွေပါလားလို့ သူ့စိတ်ထဲမှာ သိလို့ သောက ပရိဒေဝ ဒုက္ခမနုဿ လာတာလား၊ မသိလို့ လာတာလား (မသိလို့ လာတာပါ ဘုရား)။

မသိလို့လာတော့ ဒီသောက ပရိဒေဝ ဒုက္ခဒေါမနဿတွေ ထဲမှာ အဝိဇ္ဇာကလာတယ် (လာပါတယ် ဘုရား) မလာပေဘူးလား (လာပါတယ် ဘုရား)။

အဝိဇ္ဇာကလာတဲ့ အခါကျလို့ ရှိရင်ဖြင့် ဒကာ ဒကာမတို့ စုတေပြီးတဲ့အခါကျလို့ ရှိရင်ဖြင့် သူသည်ကားလို့ဆိုရင် ဘာဖြစ် သတုံးဆိုလို့ရှိရင်ဖြင့် သောကပရိဒေဝ ဒုက္ခဒေါမနဿတွေ ကလာတဲ့အခါကျတော့ အဝိဇ္ဇာကပါတယ်၊ အဝိဇ္ဇာပါတော့ သူ့စိတ်ထဲမှာ ကာယကံ ဝစီကံတွေနဲ့ ဟိုပြော ဒီပြော၊ မှာ၊ဆိုတာတွေက မလာပေဘူးလား (လာပါတယ် ဘုရား)။

အဲဒါသည်ကာယကံ၊ ဝစီကံတွေကလာပြန်တော့ ဒီကံတွေ ကလဲ ယခုဘဝ ကံတွေ ဖြစ်နေတယ် (မှန်လှပါ) ကံတွေဖြစ်ပြီး သကာလနေတော့ စိတ်လဲကျပါရော၊ ဒကာ ဒကာမတို့ ဒီဘက်မှာ၊ အင်း သားသမီးနဲ့ ပစ္စည်းစွဲတဲ့ ပြိတ္တာ ပဋိသန္ဓေ မနေရပေဘူးလား (နေရပါတယ် ဘုရား)။

အင်း ပြိတ္တာ ပဋိသန္ဓေနေရတာ သေခါနီးမှာ ဒီပုဂ္ဂိုလ် သည် ကြောက်တဲ့ ပုဂ္ဂိုလ်ဖြစ်နေတယ် (မှန်လှပါ ဘုရား)။

သားသမီးနဲ့ ပစ္စည်းကို ခွဲရမှာ သူတို့နဲ့ ကွဲရမှာ သူတို့နဲ့ နောက်ဆုံးပိတ်အဖြစ်ကြုံရမှာ၊ ဒါတွေကို ကြောက်ပြီးသကာလ လာတဲ့အတွက်တဲ့ ဒကာ ဒကာမတို့ စုတေစိတ်ကျပြီး ပြိတ္တာဘက်ကူး သွားတယ် (မှန်လှပါ)။

ဒါဖြင့် ကြောက်သေ သေတဲ့ ပုဂ္ဂိုလ်ဘယ်ဘက်ကူးသွား သလဲ (ပြိတ္တာဘက် ကူးသွားပါတယ် ဘုရား) ပြိတ္တာ ဘက်ကူးသွားတော့ ပြိတ္တာဇာတိဆိုတာ မလာပေဘူးလား (လာပါတယ် ဘုရား)။

စုတေပြီးတော့ ပဋိသန္ဓေဆိုတာလာရတော့မယ် (လာရမှာပါ ဘုရား) မလာပေဘူးလား (လာပါတယ် ဘုရား) အင်း သူ့ကြောက်လုံး ဘာကြောင့် လာပါလိမ့်မတုံးဆိုတာ မေးခွန်းသာ ထုတ်ကြပါတော့ ။

သားသမီးနဲ့ ပစ္စည်းပေါ်မှာ မစွန့်နိုင်တဲ့၊ ဝေဒနာကလဲ ပြင်းထန်လာတယ်၊ သားသမီးနဲ့ ပစ္စည်းလဲမစွန့်နိုင်ဖြစ်လာတယ်။ အဲဒီတော့ သေရမှာ ကြောက်လာတယ်(ကြောက်ပါတယ်)။

ကြောက်တော့ သောကပရိဒေဝ ဒုက္ခ ဒေါမနဿတွေက လာရော၊ လာတဲ့အခါကျလို့ရှိရင် ကာယကံ ဝစီကံမှားတွေနဲ့ မနေရပေဘူးလား(နေရပါတယ်) နေတော့ကမ္မဘဝ ပစ္စယာ ပြိတ္တာ ဇာတိ မလာပေဘူးလား (လာပါတယ် ဘုရား) သဘောကျပလား (ကျပါတယ် ဘုရား) အင်း

ကြောက်သေတယ်ဆိုပါလား (ဆိုးပါတယ် ဘုရား) ရှင်းပလား (ရှင်းပါတယ် ဘုရား)။

ကြောက်တဲ့ ပုဂ္ဂိုလ်ဆိုတာ ဒကာ ဒကာမတို့ သားသမီးနဲ့ ပစ္စည်းအာရုံတွေနဲ့ ခွဲရတော့မယ်၊ ဝေဒနာကပြင်းထန်လာတယ် ဆိုတော့ ကြောက်ရှာတာပဲ (ကြောက်ပါတယ် ဘုရား)။

ကြောက်တဲ့အခါကျလို့ ရှိရင်ဖြင့် သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ မလာပေဘူလား (လာပါတယ် ဘုရား)။

အဲဒီလိုလာတော့ ကာယကံ ဝစီကံတွေက ကောင်းသေး ရဲ့လား(မကောင်းပါဘူး ဘုရား) မကောင်းတဲ့အခါကျတော့ ဒီကံနဲ့ သေသွားတဲ့ ကမ္မဘဝ ပစ္စယာ ပြိတ္တာ ဇာတိဖြစ်သွားတယ် (မှန်လှပါ ဘုရား)။

အဲဒီတော့ အကျဉ်းချုပ်မှတ်စရာကတော့ သားသမီးနဲ့ ပစ္စည်းအာရုံတွေကို ခင်ပြီးသကာလ နေတဲ့ပုဂ္ဂိုလ်၊ ဝိပဿနာ ဉာဏ်က မရောက်၊ သစ္စာဉာဏ်တွေက မရောက်တော့ ဒီဥစ္စာ နိုင်တယ် မြဲတယ် ထင်ပြီးသကာလ နေတဲ့ ဒိဋ္ဌိ တွေက ဝင်ပြီးသကာလ နဂိုကထားပြန်တော့ ဒီ ဒိဋ္ဌိက မခွာခဲ့၊ ထိုကဲ့သို့ မခွာခဲ့တဲ့အတွက် ဒီဒကာ ဒကာမ သေတဲ့အခါကျလို့ရှိရင် “ကြောက်စိတ်” လာပါတယ်၊

ကြောက်စိတ်လာတော့ ဝေဒနာ ပြင်းထန်လို့ ကြောက်စိတ်လာတော့၊ ကြောက်စိတ်ဆိုတာ ဘာတုံးဆိုတော့ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿပါပဲ (မှန်လှပါ ဘုရား) သဘောကျပလား (ကျပါတယ် ဘုရား)။

ဒါဖြင့် သောက ပရိဒေဝ ဒုက္ခ ဒေါမနဿတည်းဟူသော တရားတွေနဲ့၊ သူ့ကာယကံ ဝစီကံတွေနဲ့ မှာတန်တာမှာ၊ ပြောတန် တာပြော၊ ဆိုတန်တာဆိုတွေဟာ အကောင်းဟုတ်သေးရဲ့လား (အကောင်း မဟုတ်ပါဘူး ဘုရား) ခင်ပြော မင်ပြောတွေ ဖြစ်မနေဘူးလား (ဖြစ်နေပါတယ် ဘုရား) ။

အဲဒီတွင် ကာယကံ ဝစီကံတွေက အကုသိုလ်ကံတွေ ဖြစ်နေတော့ ကမ္မဘဝပစ္စယာ ဒီအိမ်မှာပဲ ပြိတ္တာ ဇာတိ လာဖြစ်တယ် (ဖြစ်ပါတယ် ဘုရား) ဘယ်လောက် ကြောက်စရာကောင်းသလဲ (ကောင်းပါတယ် ဘုရား)။

အင်း ဒီဥစ္စာ အကျဉ်းချုပ်မှတ်လိုက်တော့ သားသမီးနဲ့ ပစ္စည်းခင်တွယ်တဲ့ သဘောကြောင့် ကြောက်ပြီးသကာလ သေတာတဲ့၊ ဒီလို ခင်တွယ်မှု ရှိရင် ကြောက်တယ်ဆိုတာ မှတ်လိုက်ပါ၊ ဒါ, တစ်နံပါတ်ပုဂ္ဂိုလ် (မှန်လှပါ ဘုရား)။

နှစ်နံပါတ် ပုဂ္ဂိုလ်

၂။ ။ နှစ်နံပါတ်ပုဂ္ဂိုလ်ငါဘုရားဟောဦးမယ် ပုဏ္ဏားတဲ့၊ မှတ်ထားတဲ့ ။

မိမိကိုယ်ကို ခင်တွယ်ပြီးသကာလ နေတဲ့ပုဂ္ဂိုလ်များလဲ သေခါနီးကျတော့ကိုဒီကိုယ်ကြီးနဲ့ ခွဲရတော့မယ်၊ ဒီခန္ဓာကြီးနဲ့ဖြင့် အိုးစားကွဲရတော့မယ် ဆိုလို့ရှိရင် ကြောက်လာတာပဲ (မှန်လှပါ)။

အနတ္တကို အတ္တထင်တာကိုးဗျ (မှန်လှပါ) အဲဒီလို ကြောက်လာတဲ့ ပုဂ္ဂိုလ်လဲတဲ့ မိမိကိုယ်ကို မိမိ ခင်တွယ်ပြီး သကာလ နေတဲ့ပုဂ္ဂိုလ်လဲ ဝေဒနာတွေက ပြင်းထန်ပြီး သေပေါက်, သေဝသို့ ရောက်တဲ့အခါ ကြောက်ပါတယ်ကွ ဒါဖြင့် မိမိကိုယ်ခင်တဲ့ ပုဂ္ဂိုလ်လဲ ကြောက်သေပဲ (မှန်လှပါ ဘုရား) ဘယ်နှယောက်ရှိသွားပြီလဲ (နှစ်ယောက် ရှိပါပြီ ဘုရား)။

သားသမီးနဲ့ ပစ္စည်းခင်တွယ်တဲ့ ပုဂ္ဂိုလ်ရော (ကြောက်သေပါ ဘုရား) ကြောက်သေ တစ်ယောက်ပဲ (မှန်လှပါ)။

အင်း မိမိခန္ဓာ ခင်တွယ်ပြီး သေတဲ့ပုဂ္ဂိုလ်ရော (ကြောက်သေတစ်ယောက်ပါ ဘုရား) နှစ်ယောက်ရှိသွားပြီ (မှန်လှပါ)။

တတိယ ပုဂ္ဂိုလ်

၃။ ။ တတိယပုဂ္ဂိုလ်၌ ကိုင်း တတိယ ပုဂ္ဂိုလ် ကတော့ ဒကာ ဒကာမတွေ မှတ်စရာက ကိုယ်က လောဘနဲ့ ဒေါသနဲ့ မောဟနဲ့၊ ရောင်းလိုက်၊ ဝယ်လိုက် အကုသိုလ် အလုပ်တွေက များပြီး သကာလ နေတဲ့ပုဂ္ဂိုလ်များလဲ အခုလို ဝိပဿနာ အလုပ်တွေ ခန္ဓာကို ဉာဏ်ရောက်ပြီးသကာလ အဖြစ်အပျက် အနိစ္စလက္ခဏာ၊ အနတ္တလက္ခဏာတွေကို မရှုမပွားဘဲ နေတော့ ကုသိုလ် ကောင်းမှုတွေက အကုန်ဆိတ်သုဉ်း နေတော့တယ် (မှန်လှပါ ဘုရား)။

ထိုကဲ့သို့ ဆိတ်သုဉ်းနေတော့လဲ သေခါနီး ကျလာတော့ ရောဂါဝေဒနာက ပြင်းပြတဲ့အခါ သြော် ငါ့နှယ် လုပ်သင့်လုပ်ထိုက်တဲ့ ကုသိုလ်တွေ မလုပ်ခဲ့ပါလား၊ အလကား အလုပ်တွေနဲ့၊ အကုသိုလ် အလုပ်တွေနဲ့ သားရေး၊ သမီးရေး၊ စီးပွားရေးနဲ့ အချိန်ကုန်ခဲ့ပါလား၊ ပြုသင့် ပြုထိုက်တဲ့ ကုသိုလ် ဝိပဿနာ အလုပ်တွေတော့ ငါလွတ်သွားပြီးသကာလ၊ ဒါတွေ ဖြည်းဖြည်းမှ ထားပြီး သကာလ အရေးမကြီးတာ အရေးကြီးပြီး သကာလ ငါ့မှာ နေခဲ့ခြင်းကြောင့်၊ ငါတော့ဖြင့် ကိုယ်ကျိုး နည်းတာပဲ ဆိုပြီး ကိုယ်ပြုထားတဲ့ အကုသိုလ်တွေက ရှိလို့လဲ ကြောက်ပြီး သေတာကွ (မှန်လှပါ ဘုရား)။

ဘယ်နှယောက် ရှိသွားပြီလဲ (သုံးယောက် ရှိသွား ပါပြီ ဘုရား) အဲ ကိုယ်ပြုထားတဲ့ အကုသိုလ်တွေကို ကိုယ်ဟာကိုယ် အောက်မေ့ပြီးသကာလ အလကားနေတာတွေ၊ သားရေး သမီးရေး၊ စီးပွားရေးနဲ့ အချိန်ကုန်တာတွေ၊ မင်းရေး စိုးရေးနဲ့ အချိန်ကုန်တာတွေ၊ အသက်တမ်း အလကား ဖြုန်းခဲ့ တာတွေပေါ့ဗျာ၊ အဲဒါတွေကို တွေးလာပြန်လို့ ရှိရင်လဲတဲ့ ဒီပုဂ္ဂိုလ်ဟာ ဦးလှဘူးတို့၊ ဒကာကြွယ်တို့ ကြောက်ပြီး သေတယ်ကွ (မှန်လှပါ ဘုရား) ရှင်းပြီလား(ရှင်းပါတယ် ဘုရား) ဘယ် နှယောက်ရှိပြီလဲ (သုံးယောက်ရှိပါပြီ ဘုရား)။

လေးယောက်မြောက် ပုဂ္ဂိူလ်

၄။ ။ တစ်ယောက် ထည့်လိုက်ပါဦး ဒကာ ဒကာမတို့ လေးယောက်မြောက်ပေါ့၊ ဘုရားက တစ်ယောက် ကျန်သေးတယ် ကွတဲ့၊ တစ်ယောက်ကတော့ ဘာတုံးလို့ မေးတဲ့ အခါကျတော့ ဒကာ ဒကာမတွေ ဘုန်းကြီး သင်ပါတယ်တဲ့၊ အဲဒီဘက် အဝိဇ္ဇာ၊ အဝိဇ္ဇာကြောင့် ဘာဖြစ်တုံး (သင်္ခါရဖြစ်ပါတယ်) သင်္ခါရကြောင့် ဝိညာဏ်၊ ဝိညာဏ်ကြောင့် (နာမ်-ရုပ်) နာမ်ရုပ် ဖြစ်တယ်၊ နာမ်ရုပ်ကြောင့် ဘာဖြစ်လဲ (သဠာယတန) သဠာယတနကြောင့်(ဖဿ)ဖဿကြောင့်(ဝေဒနာ) အင်း ဝေဒနာကြောင့် (တဏှာဖြစ်ပါတယ်) တဏှာကြောင့်(ဥပါဒါန်) ဥပါဒါန်ကြောင့် (ကမ္မဘဝ) ကမ္မဘဝ ဖြစ်တယ်၊ ကမ္မဘဝကြောင့် (ဇာတိပါ ဘုရား) ဇာတိကြောင့် (ဇရာ၊ မရဏ ဖြစ်ပါတယ်)။ ဇရာ၊ မရဏ ဖြစ်တယ်ဆိုတဲ့ ပဋိစ္စသမုပ္ပါဒ်ကြီးကို အစ, ကိုလဲ သူနားမလည်တဲ့ ပုဂ္ဂိုလ်(မှန်လှပါ ဘုရား)။

အစ, နားမလည်တာကအဝိဇ္ဇာ၊မသိရှာဘူး(မှန်လှပါ ဘုရား)။

အဆုံး မသိတာက၊ ဇရာမရဏ မသိတာ (မှန်လှပါ)။

အလယ်လဲမသိဘူးတဲ့၊ ပဋိစ္စသမုပ္ပါဒ် အစ,လဲမသိဘူးနော် (မှန်လှပါ) အဆုံးရော (မသိပါ ဘုရား)။

အစ,နဲ့ အဆုံး နှစ်ခုစလုံးရော (မသိပါ ဘုရား) မသိပါဘူးတဲ့ အဲဒီကဲ့သို့ ပဋိစ္စသမုပ္ပါဒ် မသိဘဲနေတော့ ဪ ဒီဥစ္စာ ဘယ်ကလာလို့ ဘယ်လိုသွားရမှာပါလိမ့် သူ့စိတ်ထဲပေါ့ဗျာ (မှန်လှပါ ဘုရား)။

သေခါနီး ဝေဒနာတွေက ပြင်းထန်လာတော့ ဘယ်လိုဖြစ်ပြီး ဘယ်လိုများ ဘာဖြစ်မှာပါလိမ့်မတုံး ဆိုတဲ့ ဝိစိကိစ္ဆာတွေက မလာပေဘူးလား (လာပါတယ် ဘုရား)။

ဒါဖြင့် ပဋိစ္စသမုပ္ပါဒ် နားမလည်လို့ပေါ့ (မှန်လှပါ ဘုရား) ပဋိစ္စသမုပ္ပါဒ် နားမလည်တဲ့ ပုဂ္ဂိုလ်တွေကျတော့ ဘယ်ကလာလိုအခုဖြင့်ဒီနေရာ စုတေမနေ သေလွန်လို့ရှိရင်ဖြင့် ဘယ်သွားရမှန်း မသိဘူး (မသိပါ ဘုရား)။ ( မသိတော့ သူ့စိတ်ထဲ မသိတာသည် ဝိစိကိစ္ဆာ (မှန်လှပါ ဘုရား) ဝိစိကိစ္ဆာ တိုတိုပြောတော့ အဝိဇ္ဇာပါပဲ (မှန်လှပါ) သဘောကျပလား (ကျပါတယ် ဘုရား)။

အဲဒီအဝိဇ္ဇာနဲ့ အင်း ပဋိစ္စသမုပ္ပါဒ် အစ, လဲမသိ၊ အဆုံးလဲမသိ၊အစ, အဆုံးလဲမသိပေါ့ဗျာ၊ အဲဒီကဲ့သို့ဘုရားတရား သံဃာဆိုတဲ့ ဥစ္စာကိုလဲ ယုံကြည်မှုမရှိ၊ ဘုရား တရား သံဃာပေါ့ ဗျာ (မှန်လှပါ ဘုရား)။

အဲဒါလဲ ယုံကြည်မှုမရှိ၊ ပဋိစ္စသမုပ္ပါဒ် အစ, လဲမသိ၊ အဆုံးလဲ မသိ၊ အစ, အဆုံးလဲ မသိပေါ့ဗျာ။

အဲဒီကဲ့သို့နေတဲ့ပုဂ္ဂိုလ်များဟာလဲဦးလှဘူးတို့၊ ဒကာကြွယ် , တို့ သေခါနီးမှ သူ့ ဝိစိကိစ္ဆာ လာတာပဲ(မှန်လှပါ ဘုရား)။

အင်း သေတော့ သေရမှာပဲ၊ ဘယ်များရောက်မတုံး ဆိုတာ မသိတော့ ကြောက်ရှာတယ် (မှန်လှပါ ဘုရား) သေတော့သေရမှာ၊ ဘယ်ရောက်လိမ့်မယ်ဆိုတာ မသိတော့ ဘယ့်နှယ် နေလိမ့်မတုံး (ကြောက်ပါတယ် ဘုရား)။

အဲဒီလို ပုဂ္ဂိုလ်လဲတဲ့ ပဋိစ္စသမုပ္ပါဒ် နားမလည်တဲ့ ပုဂ္ဂိုလ်များလဲ ကြောက်သေ သေသဟေ့ (မှန်လှပါ ဘုရား)။

အခု တော့ ဒီဒကာ ဒကာမတွေမှာ ပဋိစ္စသမုပ္ပါဒ်က နားလည်နေတော့ နေရာ ကျလိုက်တာ (မှန်ပါ) ပဋိစ္စသမုပ္ပါဒ် နားလည်ပြီး သကာလ နေတော့ အင်း အဝိဇ္ဇာရှိရင် သင်္ခါရဖြစ်မှာပဲ (မှန်လှပါ) သင်္ခါရဖြစ်လို့ ရှိရင် (ဝိညာဏ် ဖြစ်ပါတယ်) ဝိညာဏ်ဖြစ်လို့ ရှိရင် (နာမ်ရုပ် ဖြစ်ပါတယ် ဘုရား) နာမ်ရုပ်ဖြစ်လို့ ရှိရင် (သဠာယတန ဖြစ်ပါတယ်)။

ကဲ ဒါ ထားလိုက်ပါတော့၊ အဆုံး အဆုံးကျအောင် သွားလိုက်တော့ အဝိဇ္ဇာ ချုပ်တော့ရော (သင်္ခါရ ချုပ်ပါတယ် ဘုရား) သင်္ခါရ ချုပ်တော့ (ဝိညာဏ် ချုပ်ပါတယ် ဘုရား) ဝိညာဏ်ချုပ်တော့ (နာမ်ရုပ် ချုပ်ပါတယ် ဘုရား)။

အင်း ဒီလိုအချုပ်တွေသိသွားပြန်တော့လဲအင်း ဒီဥစ္စာ ပဋိစ္စသမုပ္ပါဒ်ကြီး ဒီပဋိစ္စသမုပ္ပါဒ် ဆိုတာမျိုးသည်ကား ဆိုလို့ရှိရင်ဖြင့် ဝိပဿနာ မရှုတတ်ရင် ဦးလှဘူးတို့၊ ဒကာကြွယ် တို့ ဘယ်တော့ပြတ်မလဲ (ဘယ်တော့မှ မပြတ်ပါ ဘုရား)။

ဝိပဿနာရှုတဲ့ ပုဂ္ဂိုလ်ကျပြန်တော့ ပဋိစ္စသမုပ္ပါဒ် မပြတ်ဘူးလား ပြတ်လား (ပြတ်ပါတယ် ဘုရား) အင်း ဘယ့်နှယ်ကြောင့် အပြတ်သိပါလိမ့်မတုံး ဆိုလို့ရှိရင်ဖြင့် ဖဿနိရောဓာ ဝေဒနာနိရောဓော (မှန်လှပါ ဘုရား) အင်း ဖဿချုပ်ရင် (ဝေဒနာချုပ်ပါတယ် ဘုရား) အင်း ဖဿချုပ်ရင် ဝေဒနာချုပ်တာပဲလို့ ဉာဏ်ကမသိဘူးလား (သိပါတယ် ဘုရား)။

ထိုကဲ့သို့သိတဲ့ ပုဂ္ဂိုလ်ကျ တော့ပဋိစ္စသမုပ္ပါဒ် ပိုင်ပိုင်နိုင်နိုင် ကိုယ့်ဟာကိုယ် သိပြီးသကာလ ဝေဒနာဖြစ်နေတယ် ဝေဒနာ ပြင်းထန်လာတယ်၊အင်း ဒါ, ဖဿကြောင့်ဖြစ်တဲ့ဝေဒနာပဲ (မှန်လှပါ ဘုရား) မသိဘူးလားဗျာ (သိပါတယ်) ဆိုတော့ ဝိစိကိစ္ဆာ သေမနေဘူးလား (သေပါတယ် ဘုရား)။

ဒီဝေဒနာက ဘယ်ကများ လာပါလိမ့်မတုံးလို့ သံသယ ရှိသေးသလား (မရှိပါ ဘုရား) အင်း ဝိစိကိစ္ဆာက ‘သေသွားတယ် (မှန်လှပါ)။

အင်းဒီဝေဒနာဘယ်ကလာပါလိမ့်မတုန်းဆိုတဲ့ဥစ္စာ သူ့စိတ်ထဲ ပေါ်လာသေးရဲ့လား (မပေါ်ပါ ဘုရား)မပေါ်ဘူး၊ ဒီဒကာ ဒကာမတွေ ကျတော့ ဖဿပစ္စယာ (ဝေဒနာ) ဖဿကြောင့် ဖြစ်တဲ့ ဝေဒနာ (မှန်လှပါ)။

အင်း ဖဿချုပ်ရင်(ဝေဒနာချုပ်ပါတယ် ဘုရား) အဲဒီတော့ ကျုပ်တို့က ဒီဝေဒနာလေးတွေ ကိုပဲ အဖြစ်အပျက်တွေ ရှနေတာပေါ့ (မှန်လှပါ) ရှပြီးသကာလ နေတော့၊ ဝေဒနာလေး ဖြစ်ပျက်ရှုပြီး သကာလ နေတော့ ဝေဒနာက ဖြစ်ပျက်ရှုတာက မဂ်ဖြစ်သွားတယ် (မှန်လှပါ ဘုရား) သဘောကျပလား (ကျပါတယ် ဘုရား) ဝေဒနာက ဘာတုံး (ဖြစ်ပျက်ပါ ဘုရား) အင်း ရှုတာကဘာတုံး (မဂ်ပါ ဘုရား)။

အဲ ကျုပ်တို့ အတွက်ကတော့ကိုး တဲ့။ ဒကာ ဒကာမတို့ မဂ်ဆိုက်ပြီးသေတဲ့အတွက် ဘယ်မှာတုန်း နောက်က တဏှာ, ဥပါဒါန်, ကံတွေ ဇာတိ, ဇရာ, မရဏ လာသေးရဲ့လား (မလာပါ ဘုရား) အင်း ကျုပ်တို့က ဝိစိကိစ္ဆာကင်း သေတာကိုးဗျ (မှန်လှပါ) ဖဿဖြစ်ရင် ဝေဒနာဖြစ်တာပဲ(မှန်လှပါ) ဖဿချုပ်ရင် (ဝေဒနာ ချုပ်ပါတယ် ဘုရား)။

ဝေဒနာချုပ်တယ်လို့ကျုပ်တို့ကဝေဒနာဖြစ်ပျက်ရှုနေတဲ့ အခါကျလို့ရှိရင်ဖြင့် ဝေဒနာကလဲ ဖြစ်ပျက်ပဲ၊ ရှုတာကလဲ မဂ်ပဲ ဆိုတာ ကျုပ်တို့ဉာဏ်ထဲမှာ ပဋိစ္စသမုပ္ပါဒ်က ပြတ်မနေဘူးလား (ပြတ်ပါတယ် ဘုရား)။

ဉာဏ်ထဲမှာ ပြတ်နေတော့၊ ဉာဏ်ထဲမပြတ်တဲ့ ပုဂ္ဂိုလ်သာ ဆက်တာကိုးဗျ (မှန်လှပါ ဘုရား) ဉာဏ်ထဲက ပြတ်တဲ့ ပုဂ္ဂိုလ်ကျတော့၊ (ပြတ်ပါတယ် ဘုရား) သဘောကျပလား (ကျပါတယ် ဘုရား)။

အင်း ဉာဏ်က မဖြတ်တတ်တဲ့ ပုဂ္ဂိုလ်တော့ ဆက်သွားတာပဲ(မှန်လှပါ) ဉာဏ်က ဖြတ်တတ်တဲ့ ပုဂ္ဂိုလ်ကျတော့ (ပြတ်ပါတယ် ဘုရား)။

အေး ခုနက ပုဂ္ဂိုလ်က၊ ကြောက်တဲ့ပုဂ္ဂိုလ်က ပဋိစ္စသမုပ္ပါဒ် အစ, လဲမသိဘူး (မသိပါ ဘုရား) အဆုံးလဲ (မသိပါ ဘုရား) အစ, အလယ်နဲ့ အစ, အဆုံး နှစ်ခုစလုံးရော (မသိပါ ဘုရား)။

အဲဒီတော့ ဝိစိကိစ္ဆာကြီးနဲ့ သေသွားတ (မှန်ပါ့) ငါသေရင် ဘယ်များရောက်ပါလိမ့်မတုံး ဆိုချော့ ကြောက်နေ တယ် (ကြောက်ပါတယ်) မကြောက်ဘူးလား (ကြောက်ပါတယ် ဘုရား)။

ဒီဒကာ ဒကာမတွေကတော့ နဂိုက အင်း ဒီကဲ့သို့ ဝေဒနာကလဲ ငါမဟုတ်ပါဘူး (မဟုတ်ပါ ဘုရား) အနိစ္စ ဖြစ်ပျက်ပဲ (မှန်လှပါ) ဖြစ်ပျက်ကို ဉာဏ်က ရှုပြီး သကာလ နေလိုက်တော့ ရှုရင်းမတ္တနဲ့ပဲ သေခါနီးမှာ တစ်ခါတည်း နောက်က တဏှာလာသေးသလား (မလာပါ ဘုရား)။

နောက်က တဏှာမလာဘဲနဲ့ ဥပါဒါန်ကရော (မလာပါ ဘုရား) ကံ, ကရော (မလာပါ ဘုရား)။

အဲ နို့ သူတို့ မလာဘဲနဲ့ ဦးလှဘူးတို့ ဒကာကြွယ်တို့ ဒကာသိုက်တို့ ဘယ်ဇာတိ လာစရာ (မရှိပါ ဘုရား) အင်း ဒါဖြင့် ပဋိစ္စသမုပ္ပါဒ်က အကြောင်းချုပ်လို့ အကျိုးချုပ်တာ

နားမလည်တဲ့ ပုဂ္ဂိုလ်များအတွက်တော့ ကြောက်တယ်တဲ့ဗျ (မှန်လှပါ ဘုရား)။

ကျုပ်တို့တော့ ပဋိစ္စသမုပ္ပါဒ် သြော် ဒါ, ဖျားနေ တာလား ဒီဥစ္စာသည်ကားဆို ဝေဒနာဖြစ်ပျက် ပေါ်နေတာလား ဆိုတာ အကဲခတ်လိုက် (ဝေဒနာဖြစ်ပျက် ပေါ်နေတာပါ ဘုရား)။

ဝေဒနာဖြစ်ပျက် ပေါ်နေတာပဲလို့ အကဲခတ်လိုက်တော့ ဪ ဖြစ်ပျက်နဲ့ အကဲခတ်တာကမဂ်ဖြစ်သွားတာပဲ (မှန်လှပါ ဘုရား) ဝေဒနာက ဖြစ်ပျက်၊ အင်း ဒါလေး

အကဲခတ်နေတာက (မဂ်ပါ ဘုရား)။ မဂ်ဖြစ်သွားတဲ့အခါ၊ နောက်က ပဋိစ္စသမုပ္ပါဒ်ကြီးက ဆက်သေးရဲ့လား (မဆက်မိပါဘူး ဘုရား)။

အင်း ဒီပုဂ္ဂိုလ်ကျတော့ဒကာ ဒကာမတို့ဖြစ်ပျက်ရှုတဲ့ ဉာဏ်နဲ့ နေတဲ့ပုဂ္ဂိုလ်ကျတော့ ဘယ်မှာ ဝိစိကိစ္ဆာရှိသေးရဲ့လား။ (မရှိပါ ဘုရား)။

အင်း ဖဿချုပ်လို့ဝေဒနာချုပ်တာပဲ၊(မှန်လှပါ ဘုရား) ဖဿဖြစ်လို့၊ (ဝေဒနာဖြစ်ပါတယ် ဘုရား)။

အင်း ဒါဖြင့် ဖြစ်ပျက်ရှိတာပဲ၊ (မှန်လှပါ ဘုရား) ဒီလို သိပြီး ဒီလိုရှနေတဲ့ ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ကျတော့ သေခါနီးမှာလဲ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာ ဖြစ်သွားတယ်၊ ဘယ်ကြောက်တော့မတုံး၊ (မကြောက်ပါဘူး ဘုရား)။

ဒါဖြင့် ပဋိစ္စသမုပ္ပါဒ်မဖြတ်နိုင်တဲ့ ပုဂ္ဂိုလ်(ဝါ) မဖြတ်တဲ့ ပုဂ္ဂိုလ်သာလျှင် ဦးလှဘူးတို့၊ ဒကာကြွယ်တို့၊ ဒကာသိုက်တို့ ကြောက်တာတဲ့၊ (မှန်လှပါ)။

ဒါဖြင့်ပဋိစ္စသမုပ္ပါဒ်တို့ဖြစ်ပျက်တို့နားလည်တဲ့ပုဂ္ဂိုလ်ဟာ ကြောက်ကို မကြောက်ဘူးကွတဲ့ (မှန်လှပါ) သဘောကျ ပလား (ကျပါတယ် ဘုရား)။

ဒါဖြင့် ကြောက်တဲ့ပုဂ္ဂိုလ်လေးယောက်က ဒကာ ဒကာမ တွေ ။

တစ်နံပါတ်ပုဂ္ဂိုလ်ဟာ ငါးပါးအာရုံ ကာမဂုဏ်မစွန့်နိုင်တဲ့ ပုဂ္ဂိုလ်ကြောက်တယ် (မှန်လှပါ ဘုရား)။

နှစ်နံပါတ်ပုဂ္ဂိုလ်က မိမိခန္ဓာကိုယ်ကို ခင်တွယ်တဲ့ ပုဂ္ဂိုလ်ကလဲ(ကြောက်ပါတယ် ဘုရား) ကြောက်တယ်နော်။ (ကြောက်ပါတယ် ဘုရား)။

သုံးနံပါတ်ပုဂ္ဂိုလ်လဲ၊ အကုသိုလ်တွေများနေတဲ့ပုဂ္ဂိုလ်ကလဲ (ကြောက်ပါတယ် ဘုရား) ကြောက်တယ်နော် (ကြောက်ပါတယ် ဘုရား)။

လေးနံပါတ်ပုဂ္ဂိုလ်ကလဲ ပဋိစ္စသမုပ္ပါဒ်ကြီးကို အကြောင်း ဖြစ်လို့ အကျိုးဖြစ်တယ်၊ အကြောင်းချုပ်လို့ အကျိုးချုပ်တယ် ဆိုတာကို မသိတဲ့ပုဂ္ဂိုလ်ကလဲ (ကြောက်ပါတယ် ဘုရား) ဝိစိကိစ္ဆာရှိနေတယ်၊ မသိတော့ ဝိစိကိစ္ဆာရှိနေတော့ ကြောက်တာ စပေါ့ဗျာ မှန်လှပါ ဘုရား) သဘောကျပလား (ကျပါ တယ် ဘုရား)။

ဒါဖြင့် ကြောက်တဲ့ပုဂ္ဂိုလ် ဘယ်နှယောက်ပါလိမ့် (လေးယောက်ပါ ဘုရား)။

အေး ဒကာ ဒကာမတို့ ဒီဥစ္စာ တော်တော်အရေးကြီး ပါတယ်၊ ဒကာ ဒကာမတို့ ဒီလမ်းနဲ့ ဒီစခန်းက ဘယ်သူဖြစ်ဖြစ် လှမ်းရမယ့်ခြေလှမ်းချည်းပဲဆိုတာကဘာမှငြင်းနေစရာလိုသေး ရဲ့လား (မလိုပါဘူး ဘုရား)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ကြောက်တဲ့ပုဂ္ဂိုလ် ဘယ်နှယောက်တုန်း (လေးယောက်ပါ ဘုရား)။

မကြောက်တဲ့ပုဂ္ဂိုလ်လေးယောက်

မကြောက်တဲ့ပုဂ္ဂိုလ်ကလဲ လေးယောက်ပဲလို့ မှတ်လိုက်ပါ (မှန်လှပါ) မကြောက်တဲ့ ပုဂ္ဂိုလ်လေးယောက် ဘုန်းကြီးရှင်းပြ ပါဦးမယ် ဦးလှဘူးရ (မှန်လှပါ ဘုရား)။

မကြောက်တဲ့ပုဂ္ဂိုလ်လေးယောက်ကခုနက လေးယောက် ပြောင်းပြန် လှည့်လိုက်ရုံပဲ (မှန်လှပါ ဘုရား)။

ပထမ ပုဂ္ဂိုလ်

အင်း သားသမီးနဲ့ပစ္စည်းတွေကလဲသေခါနီးကျတော့၊ သြော် ဒါတွေဟာ အနတ္တတွေ မပိုင်ဘူး၊ အနိစ္စတွေပဲ အနတ္တတွေပဲလို့ နဂိုကသိပြီး လုပ်ထားတဲ့ ပုဂ္ဂိုလ်ကိုးဗျ (မှန်လှပါ ဘုရား)။

အဲဒီလို လုပ်ထားတဲ့ ပုဂ္ဂိုလ်ကျတော့ အနတ္တမို့ အနတ္တ ပေါ်လာတာပါပဲ (မှန်လှပါ ဘုရား) ခန္ဓာကိုယ်ကြီးက ဝေဒနာတွေက ပြင်းထန်လာတယ်၊ ကိုယ်ကခေါ်လို့လဲ လာတာ မဟုတ်ဘူး (မဟုတ်ပါဘူး ဘုရား) ကိုယ်ကနှင်လို့လဲ (မသွားပါဘူး ဘုရား) မသွားတော့ သြော် အနတ္တမို့ အနတ္တပြ တာပဲလို့ဆိုတဲ့ပုဂ္ဂိုလ်မျိုး ကျတော့လဲ မကြောက်ဘူးတဲ့ (မကြောက်ပါ ဘုရား)။

သားသမီးနဲ့ ပစ္စည်း အနတ္တတင်နိုင်လို့ ရှိရင် ( မကြောက်ပါဘူး ဘုရား) သဘောကျပလား (ကျပါတယ် ဘုရား) အနိစ္စ, ဒုက္ခ, အနတ္တတင်နိုင်ရင်လေ (မကြောက် ပါဘူး ဘုရား)။

ဒုတိယပုဂ္ဂိုလ်

တစ်ခါ ဒုတိယပုဂ္ဂိုလ်ကလဲ မိမိခန္ဓာကိုယ်ကို အနိစ္စ, ဒုက္ခ, အနတ္တ တင်နိုင်ပြန်ရင်ရော (မကြောက်ပါဘူး ဘုရား) ဪ-နှစ်ယောက်ပြီးသွားပြီ (မှန်လှပါ)။

သုံးနံပါတ်ပုဂ္ဂိုလ်

သုံးနံပါတ်ပုဂ္ဂိုလ်ကလဲမိမိပြုထားတဲ့ဝိပဿနာဉာဏ်တွေ က နေ့တိုင်းညတိုင်း လုပ်ပြီးသကာလ နေတဲ့ပုဂ္ဂိုလ်တွေကျတော့ ကို၊ ဘာ တို့၊ သေသေချာချာ ဒီဘဝ စုတေမနေ သေလွန်လို့ရှိရင် နိဗ္ဗာန်နဲ့ သုဂတိနှစ်ခုသာ ရှိတယ်ဆိုတဲ့ ပုဂ္ဂိုလ်ကရော (မကြောက်ပါဘူး ဘုရား)။

လေးနံပါတ်ပုဂ္ဂိုလ်

ခုနက ပဋိစ္စသမုပ္ပါဒ်ကြီး ဖြစ်ပျက်ရှုသေတဲ့ ပုဂ္ဂိုလ်ကရော -(မကြောက်ပါဘူး ဘုရား)

မကြောက်တဲ့ပုဂ္ဂိုလ်ကလဲ လေးယောက်တဲ့ (လေးယောက်ပါ ဘုရား) သဘောကျပလား (ကျပါတယ် ဘုရား) ရှင်းပလား (ရှင်းပါတယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ သြော် တို့သည်ကားလို့ ဆိုလို့ရှိရင် မကြောက်တဲ့ လေးယောက်ထဲ တို့ အပါအဝင် ဖြစ်အောင်ဖြင့် တို့ အခုကတည်းက အပိုင်လုပ်ထားမှပဲ (မှန်လှပါ ဘုရား)

သားသမီးနဲ့ ပစ္စည်းလဲ အနိစ္စနဲ့ ဒုက္ခ, အနတ္တ လုပ်ထားနော် (မှန်လှပါ ဘုရား) တစ်နံပါတ် (မှန်လှပါ)။

နှစ်နံပါတ်က မိမိခန္ဓာရော (အနိစ္စ, ဒုက္ခ, အနတ္တ လုပ်ထားရမှာပါ ဘုရား)။

သုံးနံပါတ်ကလဲ ဝိပဿနာတွေ၊ အခုက ဘာလုပ်ထားရ မှာလဲ (ဝိပဿနာတွေ လုပ်ထားရမှာပါ ဘုရား) လုပ်ထား ရမယ် (မှန်လှပါ) အင်း ဒါဖြင့် သုံးနံပါတ်ပုဂ္ဂိုလ်ကလဲ ကျုပ်တို့ ဖြစ်ကရောပေါ့။ (ဖြစ်ပါတယ် ဘုရား)။

လေးနံပါတ်ပုဂ္ဂိုလ်က သေခါနီးဝေဒနာ လာရင် ဘာလုပ်ကြ မလဲ (ဖြစ်ပျက် ရှုရမှာပါ ဘုရား) ဝေဒနာ ဖြစ်ပျက်ရှုပြီးသေ လိုက်တော့မဂ်ဆိုက်သွားတယ်(မှန်လှပါ ဘုရား) မဆိုက်ပေ ဘူးလား (ဆိုက်ပါတယ် ဘုရား)။

အဲဒါတွေထောက်လိုက်ပြန်တော့လဲဒီပုဂ္ဂိုလ်လေးယောက် ကျတော့ ပုဏ္ဏားတဲ့၊ မကြောက်ဘူးကွတဲ့ (မှန်လှပါ)။

ကိုင်း ကြောက်တဲ့ပုဂ္ဂိုလ်က (လေးမျိုးပါ ဘုရား) မကြောက်တဲ့ပုဂ္ဂိုလ်က (လေးမျိုးပါ ဘုရား)။

အဲဒီမှာ ဒကာ ဒကာမတို့ မကြောက်တဲ့ပုဂ္ဂိုလ်က လေးယောက်ပါတဲ့ ငါ, ရှင်းပြီးသကာလ ပိုမိုပြီးသကာလ မင်း ရှင်းသထက်ရှင်းအောင်ပြောပါဦးမယ်တဲ့(မှန်လှပါ ဘုရား)။

ဒီ ခုနက သားသမီးနဲ့ ပစ္စည်းလဲ ဝိပဿနာတင်ထားတဲ့ ပုဂ္ဂိုလ် (မှန်လှပါ) ခန္ဓာရော (ဝိပဿနာတင်ထားတဲ့ ပုဂ္ဂိုလ်ပါ)။

(၂) နံပါတ်က ခန္ဓာလဲ တင်ထားတယ် (မှန်လှပါ)။

(၃) နံပါတ်က အမြဲမပြတ် ဝိပဿနာအလုပ်ချည်းပဲ နှလုံးသွင်းနေတယ်၊ (မှန်လှပါ ဘုရား)။

(၄) နံပါတ်က သေခါနီးလဲ ဝေဒနာရှူသေတယ် (မှန်လှပါ) သဘောကျပလား (ကျပါတယ် ဘုရား)။

အဲဒီ ပုဂ္ဂိုလ်သည်ကားလို့ ဆိုလို့ရှိရင် သူသေရတော့မယ် ဆိုတော့ မကြောက်ဘူးတဲ့ (မှန်လှပါ ဘုရား) မကြောက်တာ က ဘယ်လိုကြောင့် မကြောက်ပါလိမ့်မတုံး ဆိုတော့ လားရာဂတိကလဲ တကယ်လို့ မဂ်မဆိုက်ဘဲနဲ့ သေလဲ နတ်ပြည် ရောက်၊ ရောက်သည်နဲ့ တပြိုင်နက်တည်း သူ, သောတာပန်ဖြစ်၊ သကဒါဂါမ်၊ အနာဂါမ်ဖြစ်မယ်ဆိုတာ ဘုရားက ဟောထားတယ်၊ (မှန်လှပါ ဘုရား)။

အိပ်သော ယောက်ျား နိုးသောလားကဲ့သို့ တစ်ခါတည်း ၊ နတ်ပြည်ရောက်တော့ နတ်ပြည်ရောက်တာတောင် မသိသေးခင် က သောတာပန်၊ သကဒါဂါမ် အနာဂါမ်ဖြစ်နိုင်တယ် (မှန်လှပါ ဘုရား)။

အဲဒီတော့ သူ, နတ်ပြည်ရောက်မယ် ဆိုတာက မသေချာ ဘူးလား (သေချာပါတယ် ဘုရား) သေချာတဲ့အပြင် ဟိုကျတော့ အာသဝေါကုန်မယ်ဆိုတာကရော-(သေချာပါတယ် ဘုရား)။

အဲဒီတော့ ဒကာကြွယ်ကစဉ်းစား၊ အလုပ်လုပ်ထားတဲ့ ပုဂ္ဂိုလ်က သူ, ကြောက်ပါဦးမလား (မကြောက်ပါ ဘုရား)။

အဲဒီအထဲ အပါအဝင်ဖြစ်အောင် ဒကာ ဒကာမတွေက ကြိုးစားထားနှင့်ရမယ် (မှန်လှပါ ဘုရား) ဒါလက်လွတ်လို့ ရှိရင် မရဘူးနော် (မရပါ ဘုရား)။

ဒါ အားလုံး၊ မိမိနဲ့ မိတ်ဆွေ သင်္ဂဟတွေနှင့်တကွ မိမိနဲ့ တကွမိတ်ဆွေ သင်္ဂဟတွေ ချစ်ကြခင်ကြ ကြင်နာကြလို့ ရှိရင်ဖြင့် ဒီအလုပ်လက်ရှိနဲ့ သေဖို့ရာ အကြောင်းဟာဖြင့် ဒကာကြွယ်တို့ ဒကာသိုက်တို့ တိုက်တွန်းပေးပါ (မှန်လှပါ ဘုရား)။

အလုပ်လက်ရှိနဲ့သေဖို့(မှန်လှပါ ဘုရား) အလုပ်လက် ရှိနဲ့ သေလို့ရှိရင် ဒုတိယဘဝ သေသေချာချာ ကိစ္စပြီးတယ် (မှန်လှပါ) မပြီးဘူးလား (ပြီးပါတယ် ဘုရား)။

သို့မဟုတ် ဒုတိယဘဝ မဆိုင်းတော့ပါဘူး၊ ဒီဘဝတွင်လဲ ဒုက္ခချုပ်တဲ့ဆီကို မြင်ပြီးသား ပုဂ္ဂိုလ်ကျတော့လဲ ပြီးသွားတာပဲ (ပြီးပါတယ် ဘုရား) ဘယ်ကြောက်တော့မတုံး (မကြောက်ပါ ဘုရား)။

ဒါဖြင့် (၁)နံပါတ်ကသားသမီးနဲ့ပစ္စည်းလဲဒကာ ဒကာမတို့ ဝိပဿနာရှု (မှန်လှပါ ဘုရား) မိမိခန္ဓာလဲ(ဝိပဿနာ ရှုရမှပါ ဘုရား) သဘောကျပလား(ကျပါပြီ ဘုရား) ပြီးတော့ ကိုလဲ ဘယ်အချိန်မဆို ဉာဏ်ပေါ်တိုင်း နှလုံးသွင်းပါ (မှန်လှပါ ဘုရား)။

(၃) နံပါတ်ပုဂ္ဂိုလ်နဲ့ (၄) နံပါတ်ပုဂ္ဂိုလ်က သေခါနီး ကျပြန်လို့ ရှိရင်လဲ ကိုယ်လုပ်ထားတဲ့ ဝေဒနာ ဝိပဿနာ ကမ္မဋ္ဌာန်းကြီးကိုကိုယ်ကိုယ်တိုင်မဂ်ဆိုက်အောင်ရှုလိုက်ပါ (မှန်လှပါ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။

ဤလေးချက်နဲ့ သေတဲ့ပုဂ္ဂိုလ်မှာ မကြောက်ဘူးကွ တဲ့၊ မကြောက်တာက ဒီလိုကွတဲ့ စစ်သူကြီး တစ်ယောက်ရှိ တယ်ကွာ၊ ရှင်ဘုရင်ကြီး အခိုင်းအစေ၊ ရှင်ဘုရင်လက်အောက်က စစ်သူကြီး ရှိတယ်ကွ တဲ့။

ရှင်ဘုရင် အမိန့် မှတ်လိုက်တယ်၊ စစ်သူကြီးဘယ်ရွာ ဘယ်ဌာနမှာ သူပုန်တွေ ထ, နေတယ်၊ အဲဒါ သွားပြီးသကာလ အသင် စစ်သူကြီး သွားနှိမ်နင်းရမယ်။

ဒီလို အမိန့်ပေးလိုက်တဲ့အခါ စစ်သူကြီးမို့ ရှင်ဘုရင်အမိန့် လဲ ဩဇာအာဏာလိုက်နာတဲ့ သဘောထား ရှိနေတော့ တပ်ထောင်ကာ ဗိုလ်ထုတွေနဲ့ လူစုပြီး ထွက်တာပေါ့ဗျာ (မှန်လှပါ ဘုရား)။

ထွက်တော့ဟိုမှာ သူပုန်ထ, နေတဲ့လူတွေနဲ့ ဒီက, လူတွေနဲ့ အားချင်းက မမျှတော့ ဒီကအားက အင်မတန် ကြီးတာနဲ့ နှိမ်နင်းနိုင်ခဲ့တယ် (မှန်လှပါ ဘုရား) နှိမ်နင်းခဲ့တယ်၊ ပြန်လာခဲ့တယ်၊ ပြန်လာပြီး သကာလ သူ့အိမ်မှာပဲ ဒီနေ့ညအိပ်ပြီး မနက်မှ နန်းတော်ဝင်မယ်၊ စစ်တော့ အောင်ခဲ့ပြီဆိုပြီး သူ့အိမ်မှာသူနေတယ် (မှန်လှပါ ဘုရား)။

ခုနက လွှတ်လိုက်တဲ့ ရှင်ဘုရင်က ကြားတယ်၊ စစ်သူကြီး ဖြင့် ပြန်ရောက်လာပြီ အောင်လဲ အောင်ခဲ့သတဲ့ ဆိုတော့ ရှင်ဘုရင်က ဆုကြီး လာဘ်ကြီးပေးချင်လို့ တစ်ခါတည်း အသင် စစ်သူကြီး နက်ဖြန်မနက် နန်းတော်ကို ဆက်ဆက်ဝင်ရမတဲ့။

ဟိုက အမိန့်တော် စာချွန် ရောက်လာတော့ သူဟာ နန်းတော် မရောက်ခင်က ဒီစာချွန် ရောက်ကတည်းက ဦးလှဘူးတို့ ဒကာကြွယ်တို့ ဝမ်းသာမှာပဲ (ဝမ်းသာပါတယ် ဘုရား)။

နက်ဖြန်ကျတော့ ရွာစားမြို့စားတော့ ဧကန်ပေးတော့မှာပဲ (မှန်လှပါ ဘုရား) မြန်မာ့ထုံးစံကိုးဗျ၊ ရွာ စားမြို့စား ဧကန်ပေးတော့မှာပဲ ဆိုတော့၊ ရ လို့ ဝမ်းသာတာလား၊ မရ, ခင် ဝမ်းသာတာလား (မရ, ခင်ဝမ်းသာတာပါ ဘုရား) ရှင်းပလား၊ (ရှင်းပါတယ် ဘုရား)။

ဒီမှာလဲဒကာ ဒကာမတို့ခုနက ဝိပဿနာအလုပ်နဲ့ ခုနက ပြောခဲ့တဲ့ အချက်တွေနဲ့ သေတဲ့ပုဂ္ဂိုလ်ကျတော့ ဧကန်သုဂတိ ရောက်ပြီး နိဗ္ဗာန်ရောက်မှာ ဧကန်မြင်တော့ မသေခင်က သူဘာဖြစ်နေသလဲ (ဝမ်းသာနေပါတယ်)။

အင်း ဒီတင်ဘယ်ကမလဲ သောတပန်၊ သကဒါဂါမ်၊ အနာဂါမ် တည်ပြီးသား ပုဂ္ဂိုလ်ဖြစ်နေပြန်လို့ ရှိရင်လဲ သေပြန်တော့လဲ ခန္ဓာဝန်ကြီးချ, ရလို့ ဝမ်းသာတယ် (မှန်လှပါ ဘုရား)

ဟုတ်လား ဒီဘဝတွင်မက, သေးဘူးဝိပဿနာအလုပ် သာ ခရီးပေါက်နေပါတယ် ဆိုပါတော့လဲ ဒုတိယဘဝ မသေချာ လား (သေချာပါတယ် ဘုရား)။

အဲဒီတော့ ဒုတိယဘဝမှာ သေချာတာကိုလှမ်းပြီးသကာလ ဒီကနေပြီးတယ် (မှန်လှပါ ဘုရား) ဒကာကြွယ် မပြုံးပေ ဘူးလား (ပြီးပါတယ် ဘုရား) ခုနက စစ်သူကြီး၊ သဘောကျ ပလား (ကျပါတယ် ဘုရား)။

အေး အဲဒီအတိုင်းပါပဲ ဒကာ ဒကာမတို့၊ ခင်ဗျားတို့ ဝိပဿနာလုပ်တဲ့ ပုဂ္ဂိုလ်များကတော့ ပြုံးသေဘက် သေချာတယ် (သေချာပါတယ် ဘုရား) သဘောကျပလား (ကျပါတယ် ဘုရား)။

ရ, လို့ ပြုံးတာလား မရ, ခင်ကပြုံးတာလား၊ (မရ, ခင်ကပြုံးတာပါ ဘုရား) ရ, မှာသေချာတယ် (သေချာပါတယ် ဘုရား) အင်္ဂုတ္တိုရ်ပါဠိတော်မှာ ဒီအတိုင်းလာတယ် (မှန်လှပါ ဘုရား)။

ဒီဘဝ ဝိပဿနာအလုပ်နဲ့သာ သေသွား ဒုတိယဘဝ ကိစ္စပြီးပေါ့ကွာ (ပြီးပါတယ် ဘုရား) ဟောပြီးပြီနော် ဦးလှဘူး (ဟောပြီးပါပြီ ဘုရား) ဟောပြီးတော့ သေချာပြီမဟုတ်လား (သေချာပါပြီ ဘုရား)။

အဲဒါ ဘုရားသခင်ကိုယ်တော်မြတ်က တိုက်ရိုက်ဟောတဲ့ တရားဖြစ်လေ သောကြောင့် ဒကာ ဒကာမတွေ အယုံအကြည်သာ ထားလိုက်တော့ (မှန်ပါ့ ဘုရား)။

အယုံအကြည်နဲ့သာ နေလိုက်ပါတော့ဆိုတာ သေသေ ချာချာ ဒကာကြွယ်တို့ကို မှာရတယ် (မှာရပါတယ် ဘုရား)။

အဲဒါဖြင့် ဒကာ ဒကာမတို့ ကျုပ်တို့ ဝိပဿနာအလုပ်သမား တွေ သေလို့ရှိရင် ဘယ်ရောက်မတုံး (နတ်ပြည်ရောက်မှာပါ ဘုရား) သုဂတိ နတ်ပြည် ရောက်မယ်၊ ရောက်တော့ ရောက်ရုံပဲ လား။ ရောက်, ရောက်ချင်း အရိယာဖြစ်သလား (ရောက်, ရောက်ချင်း အရိယာ ဖြစ်ပါတယ် ဘုရား) ဒါ- ဘုရား ဟောထားပြီ (ဟောထားပါပြီ ဘုရား)။

ဘုရားဟောထားတော့ ဒကာ ဒကာမတွေ၊ ဝိပဿနာလုပ်ပြီးသား ပုဂ္ဂိုလ်တွေက သေခါနီးအခါကာလ ဝေဒနာရှုပြီး သေတော့ သူ သည်ကားလို့ ဆိုလို့ ရှိရင် သူများလို ပဲ ကြောက်သေလား မကြောက်သေလား၊ မဲ့သေလား၊ ပြုံးသေ ဖြစ်မလား (ပြုံးသေ ဖြစ်မှာပါ ဘုရား) သေသေချာချာ မဖြစ်ပေဘူးလား (ဖြစ်ပါတယ် ဘုရား)။

အဲဒါကြောင့် ဒကာ ဒကာမတို့ မဲ့သေအဖြစ် ဇာတ်သိမ်းလို့ ပြုံးသေ အဖြစ် ရောက်အောင်ကြိုးစားပါ (မှန်လှပါ) ဦးလှဘူး ဒါ- အရေးမကြီးဘူးလား (အရေးကြီးပါတယ် ဘုရား)။

နို့ – ဒီလမ်းကလဲ လွဲမယ့်လမ်းလား၊ မလွဲမယ့်လမ်းလား (မလွဲမယ့်လမ်းပါ ဘုရား) ပြုံးတာနဲ့ မဲ့တာ သာကွဲရမယ် သေတော့ သေမှာချည်းပဲ(မှန်လှပါ ဘုရား) ပြီးတာနဲ့ မဲ့တာတော့ (ကွဲ ပါတယ် ဘုရား) သေရမှာကတော့ (တွေ့ရမှာပါ ဘုရား)။

အဲဒါကြောင့်ဒကာ ဒကာမတို့သေသေချာချာသာမှတ်ကြ ပါတော့၊ ဝိပဿနာအလုပ်ကို ဘယ်အခါကာလမှ မလျှော့်ကြနဲ့ (မှန်လှပါ ဘုရား) ဝိပဿနာအလုပ် လျှော့လို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ မဲ့သေဘက် သွားလို့ ရှိရင်ဖြင့် ခုနက ပြိတ္တာဘုံဘက် စုတေစိတ်လှည့်သွားမယ် (လှည့်ပါတယ် ဘုရား) ပြိတ္တာ ပဋိသန္ဓေဘက် မလှပေဘူးလား (လှည့်ပါတယ် ဘုရား)။

အဲဒါကြောင့် ခင်ဗျားတို့ ပြောရတယ်၊ သားရေးသမီးရေး၊ စီးပွားရေး ခင်ဗျားတို့ကတော့ စကားထဲပြောကြတယ် (ပြောပါတယ်) ကိုယ်သွားရမယ့်ခရီး သေချာတဲ့ခရီးထွက်ဖို့ရာ အရေးတော့ မလုပ်ဘူး (မလုပ်ပါဘူး ဘုရား) ဆိုတော့ ဒကာကြွယ် ဆရာကောင်း သမားကောင်း ဆိုရင်ဖြင့် ဒီဟာ မြည်ရ,တွန်ရမယ်ဗျ (မြည်ရ, တွန်ရမှာပါ ဘုရား) မြည်တွန် တောက်တီးပြီး သကာလ သေသေချာချာ တိုက်တွန်းရမယ် (မှန်လှပါ ဘုရား) မတိုက်တွန်းလို့ တော်ပါ့မလား (မတော်ပါ ဘုရား)။

ခင်ဗျားတို့ဟာ သားရေး သမီးရေး, စီးပွားရေး, တစ်ဘဝ ကစ်နပ်စားလေး၊ လူ့အောက်မကျ ရေး အတွက်လောက်သာ ကြိုးစားနေတယ်။

ကိုယ်သေချာတဲ့လမ်း၊ မဲ့ပြီး သေပြီး သကာလ နောက် ဘယ်တော့မှ မပေါ်လာတဲ့လမ်းကို သွားဖို့အလုပ်တော့ ခင်ဗျားတို့ ရဲရဲတင်းတင်း လုပ်နေတယ် (လုပ်နေပါတယ် ဘုရား) မဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား)။

ပြုံးပြီးသကာလ သံသရာ စခန်းသတ်တဲ့ အသေမျိုး အောင်တော့ ဘယ့်နှယ်ကြောင့် ခင်ဗျားတို့ ပေါ့နေပါလိမ့်မလဲ ဆိုတဲ့ ဥစ္စာပြောရမယ် (ပြောရမှာပါ ဘုရား) မပြောသင့် ဘူးလား (ပြောသင့်ပါတယ် ဘုရား)၊

ဒါဖြင့်ဒီ-ဒကာ ဒကာမတွေ ဘုန်းကြီးပြောတာ မှတ်မိလောက်ပြီ (မှတ်မိပါတယ် ဘုရား) ရှင်းပလား (ရှင်းပါတယ် ဘုရား)။

ဒါဖြင့် ဘယ်အခြေအနေရောက်အောင် တို့ ကြိုးစားသင့် တယ်ဆိုတာ ဆုံးဖြတ်ချက်ချပါ (မှန်လှပါ ဘုရား) ပြုံးသေ ဖြစ်အောင်(ကြိုးစားသင့်ပါတယ် ဘုရား) သဘောကျပလား (ကျပါတယ် ဘုရား)။

ပြုံးသေ၊ သေတဲ့ပုဂ္ဂိုလ်များကြတော့ သေခါနီးကျမှ ဝေဒနာ တွေ ရှုလို့ ဝေဒနာတွေ မုန်းလို့ ဝေဒနာဆုံးသွားတဲ့ ပုဂ္ဂိုလ်များ လက်ယာဘက်စောင်းပြီးသေလေ့ရှိတယ် (မှန်လှပါ ဘုရား) သွားပြီး သကာလ စောင်းသေနေတဲ့ ပုဂ္ဂိုလ်သွားကြည့်ပြန်တော့လဲ ဒီပြင် ပုဂ္ဂိုလ်လို မနေပါဘူးတဲ့၊ အသားအရေတွေ ကြည်ကြည် ရွှင်ရွှင်နဲ့ပဲ ခပ်ပြုံးပြုံးနဲ့ပဲ၊ သေနေတာ တွေ့ရတယ် (မှန်လှပါ ဘုရား) သဘောကျပလား (ကျပါတယ် ဘုရား) လက်ယာဘက် ခေါင်းကလဲ စောင်းလို့ (မှန်လှပါ ဘုရား) သွားပြီး ရုပ်ကလာပ်ကို ကြည့်ပြန်တော့လဲ ပြုံးလို့ (ပြုံးလို့ပါ ဘုရား)။

အင်းဒါကဘယ်လိုပုဂ္ဂိုလ်မျိုးပါလိမ့်မတုံးဆိုတာရော သဘောကျပလား၊ (ကျပါတယ် ဘုရား) အင်း ဝိပဿနာနဲ့ ချည်းလာတဲ့ ပုဂ္ဂိုလ် (မှန်လှပါ ဘုရား)။

သားသမီး အပေါ် တစ်နံပါတ် ဝိပဿနာနဲ့ လာခဲ့သူ (မှန်လှပါ) သားသမီးနဲ့ ပစ္စည်းပေါ် (မှန်လှပါ)။

နှစ်နံပါတ် ခန္ဓာကိုယ်ပေါ်ကိုလဲ ဝိပဿနာနဲ့ လာခဲ့တယ်၊ (မှန်လှပါ)။

သုံးနံပါတ်အမြဲမပြတ်ကုသိုလ်အလုပ်တွေလုပ်လေ့ရှိတယ် (မှန်လှပါ ဘုရား)။

လေးနံပါတ်က သေခါနီး ဝိစိကိစ္ဆာကို ကင်း, သေပစ်လိုက် တယ်(မှန်လှပါ ဘုရား)။

သြော် အကြောင်းချုပ်လို့ အကျိုးချုပ်တာပဲလို့ သိလိုက်တယ် (မှန်လှပါ) မသိပေဘူးလား (သိပါတယ် ဘုရား)။

အဲဒီလို သိတဲ့ပုဂ္ဂိုလ်ကျတော့ ဒကာ ဒကာမတို့ လက်ယာ ဘက် ခေါင်းစောင်းပြီး သကာလ သေတဲ့အလောင်းကောင် သွားကြည့်လို့ရှိရင်ပြုံးနေတယ်(မှန်ပါ့ ဘုရား)။ သဘောကျ ပလား (ကျပါတယ် ဘုရား) ဘာကြောင့် ပြုံးပါလိမ့်မလဲလို့ မေးဖို့ မလိုတော့ဘူး (မလိုပါ ဘုရား)။

အင်း ဟိုလာဘ်ကြီး မြင်နေလို့(မှန်လှပါ) နိဗ္ဗာန် ဆိုတဲ့ လာဘ်ကြီး သော်လည်းကောင်း (မှန်လှပါ) သုဂတိ ဆိုတဲ့ လာဘ်ကြီး သော်လည်းကောင်း (မှန်လှပါ) သုဂတိ ရောက်ပြန် တော့လည်း သုဂတိ ရောက်မှန်း သိတာက နောက်ကျ တယ် (မှန်လှပါ) အင်း သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ် ဖြစ်တာက (အရင်ပါ ဘုရား)။

အရင်ကျတယ်ဆိုတော့ အဲဒါတွေလဲ ကြားပြီးသကာလ နေရတာမျိုး ကိုယ့်ကိုယ်ကို စိတ်ချတာကလဲ တစ်မျိုးဆိုတော့ ဦးလှဘူးတို့ ဒကာကြွယ်တို့ ကိုယ့်အတွက် ကိုယ်သိလို့ မပြုံးပေ ဘူးလား (ပြုံးပါတယ် ဘုရား) သဘောကျပလား (ကျပါတယ် ဘုရား)။

ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေကို တိုက်တွန်းရ ပါတယ်၊ ဒကာ ဒကာမတို့ သေလမ်းဆိုတာဖြင့် ရှိကြတာချည်းပဲ (ရှိကြပါတယ် ဘုရား) သေလမ်းဆိုတာ ဘာတုံး(ရှိကြပါ တယ် ဘုရား) မည်သူလွတ်ပါ့မလဲ (မလွတ်ပါ ဘုရား)။

သို့သော် ပြုံးလမ်း မဲ့လမ်းကတော့ နှစ်လမ်းရှိလေရဲ့ (ရှိပါတယ် ဘုရား) ဘာလမ်းတဲ့ (ပြုံးလမ်း မဲ့လမ်းပါ ဘုရား) မဲ့လမ်း က အကြောက်သမားလမ်းလေဗျာ (မှန်လှပါ ဘုရား) ပြုံးလမ်းက မကြောက်သမားလမ်း (မှန်လှပါ) အင်း ဒကာသိုက်မှတ်မိပလား (မှတ်မိပါတယ် ဘုရား) မဲ့လမ်းက (အကြောက်သမားလမ်း) အင်း ခုနင်က ပြောခဲ့တာကြောင့် ကြောက်တယ် (ကြောက်ပါတယ် ဘုရား)။ အင်း ပြုံးတဲ့ ပုဂ္ဂိုလ်ကတော့ (မကြောက်ပါဘူး ဘုရား) မကြောက်တဲ့လမ်း သဘောကျပလား (ကျပါတယ် ဘုရား)

ဤကဲ့သို့ ဒကာ ဒကာမတို့ ဘုရားသခင် ကိုယ်တော်မြတ် ကြီးတောင်မှ သေသေချာချာတဲ့ ငါတော့ ကိစ္စပြီးပါပြီကွာ၊ ငါတော့ မှီရာခိုရာ လဲလျောင်းရာ ဖြစ်တဲ့နိဗ္ဗာန် မဂ်ဖိုလ်မြို့ကြီး ငါသေသေ ချာချာ မြင်လဲမြင်ရပြီ၊ ရောက်လဲရောက်ပါပြီ ဆိုပြီး ဘုရားသခင် ကိုယ်တော်မြတ်ကြီးကတော့ လက်ယာဘက်စောင်းပြီး ပြုံးသေတာပဲ (မှန်လှပါ ဘုရား) သဘောကျပလား (ကျပါတယ် ဘုရား)။

အရှင်သာရိပုတ္တရာ၊ အရှင်မောဂ္ဂလာန်တို့လဲ ထို့အတူပဲပေါ့ ဗျာ၊ ပြုံးသေချည်းပဲ (မှန်လှပါ ဘုရား) ဒီ, ပြုံးသေကျေးဇူးပြု တာကဖြင့် ဒကာ ဒကာမတို့ ဝိပဿနာမဂ်နဲ့ လောကုတ္တရာမဂ်ပဲ ရှိပါတယ်(မှန်လှပါ ဘုရား) ရှင်းပလား (ရှင်းပါတယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတွေ သေတတ်ကြပလား (သေတတ်ပါပြီ ဘုရား) အင်း ဘာလုပ်ပြီးသေကြမယ် (ဝိပဿနာအားထုတ်ပြီး သေပါ့မယ် ဘုရား) အေး ယခုက အာစိဏ္ဏကံကိုလဲ လုပ်ပါ၊ သေခါနီးလဲ သူနဲ့ပဲ သေလိုက်ပါ (မှန်လှပါ ဘုရား)။

ဘယ်တော့မှ ဒီပြင်ဟာ တွေကို စွဲလမ်းပြီးသကာလ ကြောင့်ကြဗျာပါရတွေနဲ့ မထားလိုက်ပါနဲ့ (မှန်လှပါ ဘုရား) ကြောင့်ကြရင် ကြောက်ကြလိမ့်မယ် (မှန်လှပါ ဘုရား) ကြောက်ရင် ပြိတ္တာ ဖြစ်ရလိမ့်မယ် (ဖြစ်ရမှာပါ ဘုရား)။

ပြိတ္တာဖြစ်တဲ့အခါကျတော့ ခင်ဗျားတို့ ကိုယ့်အိမ်မှာပဲ။ ဥပမာ ကိုယ့်သေတ္တာထဲမှာ ပိုးဟပ် လာဖြစ်နိုင်တယ် (မှန်လှပါ) အိမ်မြောင်လာဖြစ်နိုင်တယ် (မှန်လှပါ) ခွေး,လာဖြစ်နိုင်တယ် (ဖြစ်ပါတယ် ဘုရား)။

အဲဒါတွေ ဖြစ်နိုင်တာတွေ ကြည့်တော့ ဒကာကြွယ်ရေ အိမ်သူအိမ်သားတွေ သားသမီး တွေကလဲ ဒီသေတ္တာထဲမှာ ဒီပိုးဟပ်က သူကိုက်တော့မှာပဲ၊ သူ ကျင်ကြီးကျင်ငယ်စွန့်တော့ မှာပဲဆိုရင် အတင်းမောင်းထုတ်တယ် (မှန်လှပါ ဘုရား) မထုတ်ပေဘူးလား (ထုတ်ပါတယ် ဘုရား) အမေရယ် အဖေရယ်လို့ သိသေးရဲ့လား (မသိပါ ဘုရား)။

အေး ဒါကြောင့် ဒကာ ဒကာမတွေ အဲဒါမဲ့သေ သမားတွေဟာ ဒီလမ်းချည်းပဲသွားတာပဲ (မှန်လှပါ ဘုရား) ပိုးဟပ်များ ဒီနေရာ မြင်လိုက်တယ်ဆို တော်တော်ကြာ ဒီဖာထဲ ပြန်ဝင်တယ် (မှန်လှပါ ဘုရား) ငါ့ပိုးကိုးဗျ၊ တောင်မြို့ဆိုတော့ (မှန်လှပါ) ငါ့ပိုး ဆိုပြီး ပြန်ဝင်လာတာ (မှန်လှပါ ဘုရား) ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား) ဒီအထည်သေတ္တာထဲဆို ငါ့အထည်သေတ္တာမို့ သူပြန်ဝင်တာပဲ (မှန်လှပါ) သဘောကျ ပလား (ကျပါတယ် ဘုရား)။

အဲဒါကြောင့် ဒကာ ဒကာမတို့ မဲ့သေသမားက ဒီလမ်းချည်း ပဲဆိုတာ ဒကာသိုက် မှတ်ပေတော့ (မှန်လှပါ ဘုရား) ပြုံးသေ သမားသည်ကား ဆိုလို့ရှိရင်ဖြင့် ဒီလမ်းကို မဟုတ်ဘူး (မှန်လှပါ ဘုရား) ဒုက္ခခပ်သိမ်း ငြိမ်းတဲ့ နိဗ္ဗာန်လမ်း ချည်းပဲဆိုတာ ကျေနပ်ပလား (ကျေနပ်ပါတယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ တို့တော့ သေရမှာပဲ၊ ပြီးသေအဖြစ်နဲ့ မရရအောင် ကြိုးစားမယ် (မှန်လှပါ) ဘယ်လိုသေကြမယ် (ပြုံးသေ အဖြစ်မရ,ရအောင် ကြိုးစားရမှာပါ ဘုရား) ပြုံးသေ မရ, ရအောင် ကြိုးစားဘို့ တို့အလုပ်ပါ ခုအချိန်ကလုပ်ပါ (မှန်လှပါ ဘုရား) ခုအချိန်က ဝေဒနာကို နိုင်အောင် ရှုထားတော့ သေခါနီးကျတော့ ဘယ်ဝေဒနာလာမှာတုံး ဆိုတော့ ဒီဝေဒနာပဲ လာမယ် (မှန်လှပါ ဘုရား)။

အခုအခါမှာ ဒုက္ခဝေဒနာ နိုင်အောင်ရှုနိုင်တဲ့ပုဂ္ဂိုလ်သေခါ နီးလဲ ဒီဒုက္ခဝေဒနာက ထူးထူးလည်လည် ဒုက္ခတစ်မျိုး လာမှာလား၊ ဒီဒုက္ခဝေဒနာပဲ လာမှာလား (ဒီဒုက္ခဝေဒနာပဲ လာမှာပါ ဘုရား) ရှင်တုန်းကပေါ်တာလဲ ဒုက္ခဝေဒနာဖြစ်ပျက်ပဲ (မှန်လှပါ ဘုရား)။

တစ်မှာဖြစ်။ နှစ်မှာပျက် (မှန်လှပါ)။

သေခါနီးပေါ်တဲ့ ဒုက္ခဝေဒနာရော၊ (တစ်မှာဖြစ် နှစ်မှာ ပျက်ပါ ဘုရား)။

သူ, ဝေဒနာချင်း ထူးသေးရဲ့လား (မထူးပါ ဘုရား) အဲဒါ မထူးအောင် လုပ်ပြီး သကာလ အင်း သူလဲ အနိစ္စနဲ့ အနတ္တပဲ ရှင်တုန်းဟာလဲ၊ အင်း သေခါနီးပေါ်လာတာရော အနိစ္စနဲ့ (အနတ္တပါ ဘုရား)။

ဒါဖြင့် အနိစ္စနဲ့ အနတ္တပဲလို့ ကိုယ်က သိနေတော့ အနိစ္စနဲ့ အနတ္တထားလိုက်ပါတော့ သိတာက မဂ္ဂ ဖြစ်သွားတယ်၊ ဖြစ်သွား တော့ ပဋိစ္စသမုပ္ပါဒ်က ဘယ့်နှယ်နေသလဲ (ပြတ်ပါတယ် ဘုရား)။

မဂ်လာတယ် ဆိုကတည်းက ဝေဒနာနိရောဓော တဏှာ နိရောဓော ဆိုတဲ့မဂ်ပေါ်တာ (ပေါ်ပါတယ် ဘုရား) ဝေဒနာ ချုပ်တာ မြင်တာနဲ့ တဏှာနိရောဓောဆိုတဲ့ မဂ်ပေါ်တာ (ပေါ်ပါတယ်) ဝေဒနာချုပ်တာ မြင်တာနဲ့ ဘာပြောတာလဲ (မဂ်ပေါ်ပါတယ် ဘုရား)။

တဏှာနိရောဓော ဆိုတော့ ဘယ်သူပေါ်လာသလဲ (မဂ်ပေါ်ပါတယ်) အဲ တဏှာနိရောဓော ဆိုတဲ့ မဂ်ပေါ်တာ ဟာ, ဘာမြင်လို့ပါလိမ့် (ဝေဒနာချုပ်တာ မြင်လို့ပါ ဘုရား) အဲ ဝေဒနာလေးတွေ၏ ချုပ်တာ ပျက်တာ မြင်တာနဲ့ဘာပေါ် လာလဲ (မဂ်ပေါ်ပါတယ် ဘုရား) ဒီမဂ်ကို ဘယ်လိုဆိုကြပါ့ (တဏှာနိရောဓောလို့ ဆိုပါတယ် ဘုရား) တဏှာနိရောဓော၊ ရှင်းပလား (ရှင်းပါတယ် ဘုရား)။

အင်း ဒါဖြင့် ဝေဒနာချုပ်တာ မြင်တာက် မဂ် (မဂ်ပါ ဘုရား) အဲဒါကို စာလိုရွတ်ရင် ဘယ်လိုရွတ်ကြပါ့ (တဏှာနိရောဓောလို့ ရွတ်မှာပါ ဘုရား)။

တဏှာနိရောဓောဖြစ်တယ်၊ ဪ တဏှာနိရောဓော ဆိုတာ တဏှာချုပ်သွားသလား အောက်မေ့တယ်၊ ဘယ်ဟုတ်မ တုန်း တို့မှ မဂ်ပေါ်တာဆို (မှန်လှပါ) ဒါ, သေသေချာချာ မှတ်စမ်းပါဦး (မှန်လှပါ ဘုရား) ဒါ အရေးကြီးလို့ ပြောနေ တယ်ဒကာ ဒကာမတို့ (မှန်လှပါ)။

ဝေဒနာချုပ်တာ မြင်တာက မဂ်မဟုတ်လား (မဂ်ပါ ဘုရား) အဲဒါကို ဘာဆိုကြမလဲ (တဏှာနိရော စော) သြော်တဏှာနိရောဓောဆိုတော့ တို့က တဏှာကြီးများ ချုပ်သွားတယ် အောက်မေ့တယ် (မှန်လှပါ) ဘယ် တဏှာ, လာမှ မလာပဲ (မလာပါ ဘုရား) ဘယ်သူလာပါလိမ့်- (မဂ်,လာပါ တယ် ဘုရား)။

ဒါဖြင့် မဂ်, လာတာကို မဂ်ကို တဏှာနိရောဓောဆိုတာ ဒကာကြွယ်ရ (မှန်လှပါ ဘုရား) သဘောကျပလား – (ကျပါတယ် ဘုရား) ဦးလှဘူးရော ကျေနပ်ပလား (ကျေနပ် ပါတယ် ဘုရား)။

တဏှာနိရောဓောဆိုတာ ဘယ်သူပေါ်တာဆိုတာ (မဂ်ပေါ်တာဆိုတာ ပါ ဘုရား) အင်း ဖြစ်ပျက်ရှုတဲ့ မဂ်ပေါ်တာကို ဆိုတာ (မှန်လှပါ ဘုရား)။

ဖြစ်ပျက်မုန်းတဲ့ မဂ်ပေါ်တာကို ဆိုတာ (မှန်လှပါ) ဖြစ်ပျက်အဆုံး နိဗ္ဗာန်မြင်တဲ့ မဂ်ပေါ်တာကိုဆိုတာ ရှင်းပလား (ရှင်းပါတယ် ဘုရား)။

အင်း တဏှာနိရောဓောဆိုတော့ တဏှာနိရောဓော၊ တဏှာနိရောဓော (ဥပါဒါနနိရောဓော) အေး မမှားစေ နဲ့၊ ဥပါဒါနနိရောဓာ (ဘဝနိရောဓော) ဘဝနိရောဓာ (ဇာတိနိရောဓော) အင်း ဇာတိမလာဘူး ဆိုပါလား (မလာပါ ဘုရား) ဇာတိနိရောဓာ (ဇရာ, မရဏနိရောဓော) ဇရာ, မရဏ တွေလဲ မလာတော့ဘူး၊ (မှန်လှပါ)။

အင်း ဒါ, နိဗ္ဗာန်မဟုတ်လား (ဟုတ်ပါတယ် ဘုရား) ဇာတိ-ဇရာ-မရဏတို့၏ ချုပ်ရာ ငြိမ်းရာ သိမ်းရာ ဘာတုန်း – (နိဗ္ဗာန်ပါ ဘုရား) အင်း ဒါမဂ်ပေါ်လို့ (မှန်လှပါ ဘုရား) မဂ်ပေါ်လို့ဒါတွေသိမ်းသွားတာ (မှန်လှပါ) မဂ်မပေါ်ရင် ဒါတွေသိမ်းပါ့မလား၊ (မသိမ်းပါ ဘုရား)။

အေး ဒါဖြင့်ဒကာ ဒကာမတို့ တို့အလုပ်သည်ကားလို့ ဆိုရင်ဖြင့် နောက်ခန္ဓာဇာတ်သိမ်း၍ နောက်ဒုက္ခ ဇာတ်သိမ်း၍ ငြိမ်းတဲ့အလုပ်ဟာ ပြုံးသေမှပဲ ငြိမ်းနိုင်တယ်-(မှန်လှပါ) ပြုံးသေ အလုပ် မလုပ်လို့ ဆိုရင်ဖြင့် (မငြိမ်းနိုင်ပါဘူး ဘုရား) မငြိမ်း နိုင်ပါဘူး၊ ဝေဒနာပစ္စယာ တဏှာ၊ တဏှာပစ္စယာ ဥပါဒါန၊ ဥပါဒါန ပစ္စယာ ကမ္မဘဝေါ၊ ကမ္မဘဝ ပစ္စယာ (ဇာတိပါ ဘုရား)။

အင်း ပြိတ္တာ ဇာတိလေဗျာ၊ (မှန်လှပါ ဘုရား) ဇာတိ ပစ္စယာ (ဇရာ မရဏပါ ဘုရား) ဘယ်ဇရာ မရဏဖြစ်ဖြစ် ဇရာမရဏ ပေါ်လာလို့ရှိရင်ဖြင့်သောကပရိဒေဝ ဒုက္ခဒေါမနဿ မလိုက်ပေဘူးလား (လိုက်ပါတယ် ဘုရား)။

အဲဒီထဲ အာသဝပါလာတယ် (မှန်လှပါ) အာသဝ – သမုဒယာ (အဝိဇ္ဇာသမုဒယောပါ ဘုရား) အဝိဇ္ဇာသမုဒယော ဆိုတော့ ပဋိစ္စသမုပ္ပါဒ် ပြန်စ, တယ် (စ, ပါတယ် ဘုရား)။

အင်း ဒကာကြွယ်ရေ ဝိုင်းပြန်ပြီ- (ဝိုင်းပါတယ် ဘုရား) အဲ့ဒါ မဲ့သေသမားက အဝိုင်းပြေး (မှန်လှပါ ဘုရား) သဘောကျပလား(ကျပါတယ် ဘုရား)။

ပြုံးသေသမားက အဆက်ပြတ် (မှန်လှပါ) ဘာ အဆက်ပြတ်ပါလိမ့်မတုံးလို့ မေးရင် ဒုက္ခအဆက်ပြတ်တာ (မှန်လှပါ ဘုရား) နားလည်ကြပလား(နားလည်ပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့သည် ဘယ်အသေသည်ကားလို့ ဆိုရင်ဖြင့် သေတော့သေရမှာပဲ မလွတ်နိုင်တဲ့ လမ်းကိုး (မှန်လှပါ ဘုရား) ကဲ ဒါဖြင့် ဒကာ ဒကာမတို့ ဘယ်အသေ သည် တို့သည်ကားလို့ ဆိုလို့ရှိရင် ကိုယ်ပိုင် လုပ်ထားဖို့ ဘာအရေး ကြီးပါလိမ့် (ပြုံးသေ သေဖို့ အရေးကြီး ပါတယ် ဘုရား) ပြုံးသေသေဖို့ အလုပ်ကို လုပ်ထားရမယ် (မှန်လှပါ ဘုရား)။

ပြုံးသေ သေဖို့ လုပ်ထားမယ်ဆိုရင် အခုကတည်းက သားသမီးနဲ့ ပစ္စည်းကိုလဲ ဝိပဿနာတင် (မှန်လှပါ ဘုရား) အတုံးကြီး လုပ်မနေနဲ့ ဖြစ်ပျက်တွေ မြင်အောင်လုပ် (မှန်လှပါ ဘုရား) မိမိ ခန္ဓာ ကိုယ်လဲ (ဖြစ်ပျက် ရှုရမှာပါ ဘုရား) သဘောကျပလား (ကျပါတယ် ဘုရား)။

နေ့တိုင်းပဲ ဘာလုပ်ရမယ် (ဖြစ်ပျက်ရှုရမှာ ဘုရား) ဖြစ်ပျက် ကုသိုလ်တွေနဲ့ပဲ နေရမယ်ပေါ့ဗျာ (မှန်လှပါ ဘုရား) သေခါနီးကျတော့ ဝေဒနာ ဖြစ်ပျက်ရှုပြီး (သေရမှာပါ ဘုရား) သေရလိမ့်မယ် (မှန်လှပါ)။

ဤလေးချက်နဲ့ ညီအောင် နေနိုင်တဲ့ပုဂ္ဂိုလ်သည် နက်ဖြန် ဆုလာဘ်ကြီး ရမှာလိုပဲ (မှန်လှပါ) သေချာသောကြောင့် ပြုံးရတယ် (ပြုံးရပါတယ် ဘုရား)။

အဲဒီတော့ ဒကာ ဒကာမတွေ လူသေကောင် မြင်တာချင်း တော့ အတူတူပဲ၊ အပါယ်သွားတဲ့ ပုဂ္ဂိုလ်၊ သုဂတိ နိဗ္ဗာန်သွားတဲ့ ပုဂ္ဂိုလ်ဆိုတာ ခင်ဗျားတို့ ခွဲနိုင်ပါတယ် (ခွဲနိုင်ပါတယ် ဘုရား) မခွဲနိုင်ဘူးလား (ခွဲနိုင်ပါတယ် ဘုရား)။

လူသေကောင် မြင်လိုက်လို့ရှိရင် ဘယ်လိုခွဲနိုင်ကြမလဲ (သုဂတိ နိဗ္ဗာန်သွားမယ့် ပုဂ္ဂိုလ် ဟုတ်မဟုတ် ခွဲနိုင်ပါတယ် ဘုရား) သုဂတိ နိဗ္ဗာန်သွားမယ့် ပုဂ္ဂိုလ်က ပြုံးနေတယ် (ပြုံးနေပါတယ် ဘုရား) ရှင်းပလား (ရှင်းပါတယ် ဘုရား)။

အပါယ်လေးပါး သွားမယ့်ပုဂ္ဂိုလ်က (မဲ့နေပါတယ် ဘုရား) အဲ မဲ့ပြီးသကာလ လူသေကောင်ကိုက ပြတယ် (မှန်လှပါ ဘုရား) သူများက ပြတာလား(မဟုတ်ပါဘူး ဘုရား) အသေကောင်ကိုက ပြတယ် (ပြပါတယ် ဘုရား)။

အဲဒီတော့ သေခါနီးမှ အရှက်တကွဲ အကျိုးနည်းနဲ့ ဒကာကြွယ်တို့၊ ဒကာသိုက်တို့၊ ဦးလှဘူးတို့ လူကြီးလူကောင်းတွေကွာ သေခါနီးကျမှ မဲ့နေသဟေ့ အလောင်းကြည့်ရတာ (မှန်လှပါ) အဲဒီလို အရှက်ကွဲလိုက်မှာများ သိပ်ကြေ က်စရာကောင်းတယ် – (ကြောက်စရာကောင်းပါတယ် ဘုရား) သဘော ကျပလား (ကျပါတယ် ဘုရား)။

အဲဒီကျမှ အရှက်ကွဲတော့ ကိုယ့်ဟာကိုယ်ရော ပြန်ဆည် နိုင်သေးရဲ့လား (မဆည်နိုင်ပါဘူး ဘုရား) အခုတော့ ဖုံး ဖိကာလေးနဲ့ ကျုပ်ပြောတာဗျာ မှားတော့ မှားသွားတယ် သတိလေး လွတ်လို့ပါ ဆိုတော့ ဖုံးလို့ရသေးတယ် (ရပါတယ် ဘုရား)။

ဟိုအချိန်ကျတော့ ရပါ့မလား (မရပါ ဘုရား) အဲဒါကြောင့် သေခါနီး အရှက်တကွဲ အကျိုး နည်းနဲ့ မဲ့သေ ပုံသဏ္ဍာန်ကြီးများ ထွက်နေမယ်ဆိုရင် ကိုယ်ကျိုး ဒီထက်နည်းတာ မရှိပါဘူး (မရှိပါ ဘုရား) ရှိသေးရဲ့လား (မရှိပါဘူး ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ရှင်တုန်းကတည်းက သေခါနီး အရှက်ကွဲတဲ့ အလုပ်ကို ကြောက်ပြီး သကာလ ဒီအလုပ်နဲ့ပဲ နေတော့မယ်၊ ဒါမှ သေခါနီး အရှက်ကွဲ လွတ်ပြီး သကာလ ပြုံးသေ အဖြစ်သို့ ရောက်ပြီး လူ, နတ် ဦးခိုက် ပူဇော်ထိုက်တဲ့ အရိုးက ဓာတ်တော်ကျအောင်လုပ်ပါ(မှန်လှပါ ဘုရား) မလုပ်ထိုက် ဘူးလား (လုပ်ထိုက်ပါတယ် ဘုရား) သဘောပါပလား (ပါ, ပါတယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ပြုံးသေဇာတ်သည် ဝိပဿနာမှပဲ ခင်းနိုင်တယ် (မှန်လှပါ ဘုရား) ပြုံးသေဇာတ်ကို ဘာမှ ခင်းနိုင်သတုံး (ဝိပဿနာမှ ခင်းနိုင်ပါတယ် ဘုရား) ဝိပဿနာ နဲ့ပဲ ကိစ္စပြီး တော့တယ် (မှန်လှပါ ဘုရား)။

ဒီပြင်ဟာတွေကတော့ ဝေဒနာရှိနေတယ် ဆိုလို့ရှိရင်ဖြင့် ကျောင်းကန်ဘုရားတွေ ဆောက်ထားသော်ငြားလဲ အင်း ဒီဝေဒနာ ပြင်းထန်လေလေ အင်း ဦးလှဘူးတို့၊ ဒကာကြွယ် တို့၊ ဒကာသိုက်တို့ ဟိုဟာတွေ သတိမရလေလေ (မှန်လှပါ ဘုရား)။

အခုဟာကတော့ ဝေဒနာနဲ့ ဉာဏ်နဲ့က ကပ်မနေဘူးလား (ကပ်နေပါတယ် ဘုရား) အဲ ကပ်နေတဲ့ အခါကျတော့ ဝေဒနာ ဘယ်လိုပင် ဆက်နေစေကာမူ ကျုပ်တို့က ဝေဒနာကြား ဉာဏ်ထိုးရမယ် (မှန်လှပါ ဘုရား) ရိပ်မိပလား (ရိပ်မိ ပါပြီ ဘုရား)။

ဝေဒနာကြား ဉာဏ်ထိုးရမယ် (မှန်လှပါ) ဝေဒနာ တစ်ခုနဲ့ တစ်ခုကြား ဘာထိုးရမလဲ (ဉာဏ်ထိုးရပါမယ် ဘုရား)။

ဉာဏ်ထိုးတဲ့အခါကျတော့ဖြင့် အင်း ဝေဒနာက အပျက်, ထိုးလိုက်တဲ့ဉာဏ်က မဂ် (မဂ်ပါ ဘုရား) နောက် တစ်ခါ ထိုးလိုက်ပြန်တော့ ဝေဒနာက အပျက်၊ ထိုးလိုက်တဲ့ ဉာဏ်က (မဂ်ပါ ဘုရား)။

အဲဒီလို ဝေဒနာအပျက်နဲ့ ဉာဏ်မဂ်နဲ့နောက်က ဆက်, ဆက်သွားလို့ရှိရင် ဝေဒနာဟာ တစ်စပ်တည်း ဖြစ်နေတယ်လို့ ထုံးစံမရှိဘူး (မှန်လှပါ ဘုရား) ဖြစ်ပျက်သာ ရှိတယ်ဆိုတာ သဘောကျပလား (ကျပါတယ် ဘုရား)။

ဒါဖြင့် ဝေဒနာဟာ တစ်တန်းကြီးနေသလား၊ ဖြစ်ပျက် သဘောနဲ့ နေသလား (ဖြစ်ပျက် သဘောနဲ့ နေပါတယ် ဘုရား) အဲဒီ ဖြစ်ပျက် သဘောနဲ့ နေတော့ ဒီကြား, ကျုပ်တို့က ဉာဏ်ထိုးပေါ့ဗျာ (မှန်လှပါ ဘုရား) ဉာဏ်ထိုးလိုက်တော့ အပျက်နဲ့ မဂ်နဲ့ဟာ ဆက်မသွားဘူးလား၊ (ဆက်သွားပါတယ် ဘုရား) အပျက်နောက်ကမဂ်၊ အပျက်နောက်ကမဂ်၊ လိုက်မနေ ဘူးလား၊ (လိုက်နေပါတယ် ဘုရား) အပျက်နောက်က မဂ်လိုက်နေတော့ အပျက်ချည်းပဲ မြင်လာမှာပဲ၊ (မှန်လှပါ ဘုရား)။

နာသေး၊ ကျင်သေး၊ ကိုက်သေးရဲ့လား၊ (မကိုက်ပါ ဘုရား) အဲ – မကိုက်တဲ့အခါ ကျလို့ရှိရင်ဖြင့် အင်း – အပျက်နဲ့ မဂ်, ကိုက်သွားရော (မှန်လှပါ) နောက်ကျတော့ သေခါနီးပဲ၊ ဒီ ဥစ္စာ ဒီအပျက် ကြီးဖြင့် မုန်းပါပေါ့ ဆိုတာ မလာဘူးလား၊ (လာပါတယ် ဘုရား)၊ အေး ဝေဒနာလေး ဖြစ်နေတယ်ဗျာ၊ အပျက်ချည်းပဲ ဖြစ်နေတော့ မမုန်းပေဘူးလား၊ (မုန်းပါတယ် ဘုရား)။

အင်း၊ သူမရှိမှသာ အေးမှာပဲ၊ သက်သက် ဒုက္ခသစ္စာ အစစ် ပဲလို့ လဲ ဆုံးဖြတ်ချက်ချပါရော ဝေဒနာ ဆုံးသွားတယ်။ (ဆုံးပါတယ်) ဝေဒနာဆုံးတယ်လို့ ရှိရင်ဖြင့် ဒကာ ဒကာမတို့ နိဗ္ဗာန် ပေါ်လာတယ် (နိဗ္ဗာန်ပေါ်ပါတယ် ဘုရား)။

ဝေဒနာဆုံးပါတယ်ဆိုတော့ ဝေဒနာနဲ့တကွ ခန္ဓာငါးပါး ဆုံးတယ် (ဆုံးပါတယ် ဘုရား) ဆုံးသွားတော့ ဒီနေရာဘယ်သူပေါ်လာ (နိဗ္ဗာန် ပေါ်လာပါတယ် ဘုရား)။

ဟာ ဒါဖြင့် နိဗ္ဗာန် အာရုံပြုပြီး သကာလ ဒကာ ဒကာမ တွေအင်း မဂ်ဆိုက်ပြီး သေမသွား ရပေဘူးလား(သေ သွားရပါတယ် ဘုရား) သေသွားတော့ သေသည်၏ အခြားမဲ့၌ ဒကာ ဒကာမတို့ အင်း ဝဋ်ကျွတ်ပြီ ဆိုပြီး သေတဲ့ပုဂ္ဂိုလ် (မှန်လှပါ ဘုရား)။

ခန္ဓာဝန်ကြီး ထမ်းလာခဲ့ရတာ ကြာပြီပေါ့ (ကြာပါပြီ ဘုရား) အင်း ဒီတစ်ခါဖြင့် ခန္ဓာဝန် ခန္ဓာကျွန် အဖြစ်မှ လွတ်ပေပေါ့ ဆိုပြီးတော့ မပြုံးပေဘူးလား၊ ပြုံးမလား (ပြုံးမှာ ပါ ဘုရား)။

အဲဒီလို ပြုံးသေတဲ့ ပုဂ္ဂိုလ်မှသာလျှင် အရှက်တကွဲ အကျိုး နည်းမသာ, မဖြစ်မှာ (မှန်လှပါ ဘုရား) နို့မို့လို့ရှိရင်ဖြင့် အခုလို တရားနာထားတဲ့ ပုဂ္ဂိုလ်တွေက ဘယ်ပုဂ္ဂိုလ်မဆို သွားကြည့်ကြမှာပဲ၊ တရားနာ မိတ်ဆွေတွေထဲက တစ်ယောက်ယောက်သေလို့ရှိရင် (မှန်လှပါ ဘုရား)။

ငါ့လူ ဘယ့်နှယ်တုံး၊ ပြုံးသလား မဲ့သလားဆိုတာ လူတိုင်း အကဲခတ်မှာ – (ခတ်မှာပါ ဘုရား) မခတ်ပေဘူးလား (ခတ် မှာပါ ဘုရား)။

အဲဒီတော့ ခတ်လိုက်တဲ့အခါကျတော့ ဥပမာ လူကြီး လူကောင်းတွေဖြစ်ပြန် မဲ့လဲ နေပြန်ဆိုတော့ အင်း သနားစရာ ဆိုတဲ့ အဓိပ္ပာယ် ထွက်လာလိမ့်မယ် (မှန်လှပါ ဘုရား) မထွက်ပေဘူးလား (ထွက်မှာပါ ဘုရား)။

အဲဒါကြောင့် ဒကာ ဒကာမတို့ ကိုယ်လူကြီးလူကောင်းတွေ လဲ ဖြစ်ကုန်ပြီ၊ ဆရာကောင်း တပည့်တွေလဲ ဖြစ်ကုန်ပြီ။ ဒီအထဲကမှ မဲ့သေအဖြစ်ဖြင့် ဇာတ်သိမ်းတော့မယ်ဆိုရင် အရှက်တကွဲ အကျိုးနည်းတော့မယ်။

ပြုံးသေမယ်ဟဲ့ ဆိုတာ ဆုံးဖြတ်ချက်ချပါ (မှန်လှ ပါ ဘုရား)။

ကိုင်း ဒီနေ့ ဒီတွင် တော်ကြစို့။

သာဓု သာဓု သာဓု ပါ- ဘုရား။

 
မာတိကာသို့