သမုဒယသစ္စာ၏အနက် (၃)သံယောဂဋ္ဌော
အသံဖိုင်ခေါင်းစဉ်= သစ္စာအနက် (၁၆)ချက် သမုဒယသစ္စာအနက်မှ သံယောဂဋ္ဌော
စာအုပ်ခေါင်းစဉ်= သမုဒယသစ္စာ၏အနက် (၄)ချက်မှ သံယောဂဋ္ဌော
ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး မန္တလေးမြို့၌
ဟောကြားတော်မူသော တရားတော်
သမုဒယသစ္စာ၏အနက် (၄)ချက်
သံယောဂဋ္ဌော
(၁၂-၁၂-၅၇)
ရှေးဦးစွာ ဝေဒနာတို့၏ သက္ကာယဒိဋ္ဌိဖြစ်ပုံနှင့် သက္ကာယဒိဋ္ဌိ ချုပ်ပုံကို အရင်ပြမယ်။ ပထမရှေးဦးစွာ သက္ကာယဒိဋ္ဌိဖြစ်ပုံကိုပြမယ်။ နောက် သက္ကာယဒိဋ္ဌိချုပ်ပုံကို ပြမယ်။
ပြီးတော့မှ ဒကာ ဒကာမတို့ တစ်နေ့ကတော့ သမုဒယ အာယူဟနဋ္ဌော ဆိုတာ တစ်နံပါတ် သိခဲ့ပြီ။ နိဒါနဋ္ဌော ဆိုတာလည်း မနေ့ကသိခဲ့ပြီ။
ဒီနေ့ သံယောဂဋ္ဌော ကို ဆက်ဟောမယ်၊ သံယောဂဋ္ဌောကို ဆက်ဟောမယ်လို့ဆို တော့ သံယောဂဋ္ဌော၏ အကြောင်းအကျိုးတွေ မဟောမီ သံယောဂဋ္ဌော ဟာ ဘယ်သူ့ကြောင့် ဖြစ်ရတယ် ဆိုတဲ့ ဥစ္စာ သက္ကာယဒိဋ္ဌိဖြစ် ကြောင်း ရှေးဦးစွာ ဟောမယ် (မှန်ပါ ဘုရား)။
သက္ကာယဒိဋ္ဌိဖြစ်ကြောင်းဟောမယ်
ဥပမာ – ခန္ဓာငါးပါးရှိတဲ့အနက်က ဝေဒနာကနေပြီး သကာလ နိဗ္ဗာန်ကူးကြမည့် ပုဂ္ဂိုလ်တွေ၊ ဝေဒနာတစ်ခု ကြိုးစားရင် ကျန်တာတွေ အကုန် ပါတယ်ဆို တာလည်း သိနေတော့ ဝေဒနာနဲ့ သဟဇာတ ဖြစ်တာတွေဟာ စိတ္တာနုပဿနာ၊ ဓမ္မာနုပဿနာ၊ ၎င်းဝေဒနာနှင့် သဟဇာတဖြစ်တဲ့ ဝေဒနာ။
ရုပ်တွေလည်း ဝေဒနာချုပ်ရင် နောက်ကလိုက်ချုပ်တဲ့အတွက် ခန္ဓာငါးပါး အကုန်ပါတယ်လို့ ဒကာ ဒကာမတွေမှတ်ပါ (မှန်ပါ)။
ခန္ဓာငါးပါးအကုန်ပါတယ်
ဝေဒနာတစ်လုံးရှုရင် ခန္ဓာငါးပါးအကုန်ပါတယ်လို့ ဦးခင်မောင် တို့မှတ်ထားရမယ် (မှန်ပါ)။
ကောင်းပြီ၊ ဒါဖြင့် ဒကာ ဒကာမတွေ သန္တာန်မှာ သုခဝေဒနာ၊ ဒုက္ခဝေဒနာ၊ ဥပေက္ခာဝေဒနာ ရယ်လို့ ဝေဒနာသုံးပါး ရှိတယ်ဆိုတာ သိပြီးသားနော် (မှန်ပါ)
သုခဝေဒနာ
ချမ်းသာလို့ ရှိရင် စိတ်၏ချမ်းသာ ချမ်းသာ၊ ကိုယ်၏ချမ်းသာ ချမ်းသာ၊ ဘာဝေဒနာပေါ်တုံး (သုခဝေဒနာပါ ဘုရား) စိတ်ချမ်းသာ လည်း သုခဝေဒနာပဲ။
စိတ်ချမ်းသာတာက သုခလို့ဆိုရင်လည်း ခင်ဗျားတို့ ထင်ထင် ရှားရှားမှတ်ချင်လို့ရှိရင် သောမနဿ ဖြစ်တာလို့ ဆိုလိုက်တာပေါ့ (မှန်ပါ)။
သောမနဿဝေဒနာ
စိတ်ချမ်းသာတယ်ဆိုလို့ ရှိရင်ဖြင့် သောမနဿဝေဒနာ၊ ကိုယ်ချမ်းသာတယ်ဆိုလို့ ရှိရင် သုခဝေဒနာ (မှန်ပါ) မှတ်မိရဲ့လား (မှန်ပါ) စိတ်ချမ်းသာရင် ဘာပါလိမ့် (သောမနဿဝေဒနာ) ကိုယ် ချမ်းသာရင် (သုခဝေဒနာ)။ သက်သက်
အဲဒါနှစ်ခုပေါင်းလိုက်တော့ သုခဝေဒနာလို့ ရောခေါ်လည်း ရ တာပဲ (မှန်လှပါ ဘုရား)။
သို့သော် ဝိပဿနာရှုတဲ့ အခါကျလို့ ရှိရင်ဖြင့် သူသေတဲ့နေရာ မှန်အောင်လို့ စိတ်ချမ်း သာရင် ဝမ်းထဲမှာ သောမနဿဝေဒနာ ပေါ်တယ်၊ စိတ်ချမ်းသာပြီးတဲ့ နောက်ကို စိတ်ချမ်းသာတာ ရှိမရှိကို စစ်ဆေးပါ။
စစ်ဆေးလိုက်တဲ့အခါကျတော့ စစ်ဆေးတဲ့တရားလည်းလာပါရော စိတ်ချမ်းမှု မရှိဘူး ဆိုတာ ခင်ဗျားတို့ သိပါလိမ့်မယ် (မှန်ပါ)။
ဒုက္ခဝေဒနာ
ကောင်းပြီ ဒါ သုခဝေဒနာ ကိုယ်ပေါ်မှာ ပေါ်တယ်၊ ဝမ်းထဲမှာ ပေါ်တယ်၊ နှစ်ချက်ပေါ့ဗျာ (မှန်ပါ) ဒုက္ခဝေဒနာ ဆိုတာလည်း ဒုက္ခဝေဒနာက ကိုယ်ပေါ်မှာ ပေါ်တယ်၊ ဒေါမနဿ ဝေဒနာက ဝမ်းထဲ ဟဒယဝတ္ထုပေါ်မှာ ပေါ်တယ်၊ မှတ်မိပြီလား (မှတ်မိပါပြီ ဘုရား)
ဒုက္ခဝေဒနာက ဘယ်မှာပေါ်တုံး (ကိုယ်ပေါ်မှာပါ ဘုရား) ဒေါမနဿဝေဒနာက (ဟဒယဝတ္ထု ပေါ်မှာပါ ဘုရား) အင်း ဟဒယဝတ္ထုပေါ်မှာ ပေါ်တယ်။
ဒေါမနဿဝေဒနာ
နှလုံးသွေးထဲမှာ ပေါ်ရတယ်လို့ မှတ်ထားတော့ ဒုက္ခ ဝေဒနာရှုရင် ကိုယ်ပေါ်မှာ ရှုရမှာပဲ။ ဒေါမနဿဝေဒနာရှုရင် ဟဒယဝတ္ထုပေါ်မှာ ရှုရမှာပဲဆိုတာ ဒကာ ဒကာမတွေ မှတ်ထားလိုက်ပါ (မှန်ပါ)
ဥပေက္ခာဝေဒနာ
ဥပေက္ခာဝေဒနာကတော့ နေရာလေး နည်းနည်း များတယ်၊ မြင်ကာ မျှ မတ္တမှတ်ပါ။ မျက်လုံးထဲမှာ မြင်ကာမျှ မတ္တမှတ်ပါလေ၊ မြင်တယ်၊ အဖြူ မြင်တယ်၊ အနီမြင်တယ်၊ မြင်ကာမျှမတ္တ မှတ်ပါ။
ဒါ- ဥပေက္ခာဝေဒနာပဲ၊ ကြားကာမျှမတ္တ (ဥပေက္ခာဝေဒနာပါ ဘုရား) နံကာမျှမတ္တ (ဥပေက္ခာ ဝေဒနာပါ ဘုရား)။
ကောင်းပြီ စားကာမျှမတ္တ (ဥပေက္ခာဝေဒနာပါ ဘုရား)၊ အဲ ဥပေက္ခာဝေဒနာက လေးမျိုး၊
ဝမ်းထဲမှာတော့ကို ဘယ်လိုဟာဥပေက္ခာခေါ် သတုံးလို့ မေးလို့ ရှိရင်ဖြင့် သားတွေ၊ သမီးတွေ၊ ဆွေမျိုးတွေ၊ ပစ္စည်းတွေ အလုံးစုံ ကံသာလျှင်အမိ၊ ကံသာလျှင်အဖ၊ ကမ္မသကာလို့ ထားလိုက်တဲ့ အခါကျလို့ ရှိရင်ဖြင့် ဝမ်းထဲမှာ ဥပေက္ခာဝေဒနာပေါ်သည် (မှန်ပါ)။ သဘောကျပြီလား (ကျပါပြီ ဘုရား)။
ကံသာအမိ၊ ကံသာအဖလို့ ကမ္မ သကာလို့ ထားလိုက်တဲ့အခါ ကျလို့ ရှိရင်ဖြင့် ဘာပေါ် ပါလိမ့် (ဥပေက္ခာ ဝေဒနာပါ ဘုရား)။ ဒါဖြင့် ဥပေက္ခာ ပေါ်နိုင်တဲ့ နေရာ ငါးနေရာ (မှန်ပါ)။ သဘောကျပြီလား (ကျပါပြီ ဘုရား)။
အဲဒီတော့ ငါးနေရာမှ မသိကြလို့ရှိရင် သင်္ချိုင်းမသိလို့ အသုဘရှု စရာမရှိတဲ့ အဓိပ္ပာယ် ရောက်တယ်၊ ဝိပဿနာဉာဏ် ဘယ်နေရာဆိုက် ရောက်လာတုံး မေးခွန်း ထုတ်လိုက်လို့ ရှိရင်ဖြင့် သူသေတဲ့နေရာ၊ သူပေါ် လာတဲ့ နေ ရာ ဆိုက်ရောက်အောင်ရှုပါမှ သူသေတာမြင် ရမယ် ၊ (မှန်ပါ)။
သက္ကာယဒိဋ္ဌိဘယ်လိုဖြစ်သလဲ
နို့ မဟုတ်ရင် မြင်ရပါ့မလား (မမြင်ရပါ ဘုရား)။ အေး ဒါကြောင့် ဒီဝေဒနာတွေကို ဒကာ ဒကာမတွေအား သက္ကာယ ဘယ်လို ဖြစ်တယ်ဆိုတာ ရှင်းပေးမယ်။
သုခဝေဒနာ၊ ဒုက္ခဝေဒနာ၊ ဥပေက္ခာဝေဒနာ ပေါင်းကြစို့နော်။ ပေါ်တာရှုပေါ့၊ သူ့ဟာနဲ့ သူ၊ ဝိပဿနာရှုတဲ့အခါ ဖြန့် ရှုရမယ်ဆိုတာသိ နေပေါ့။
သုခဝေဒနာဆိုတော့ ငါ့ကိုယ်ဖြင့်နေထိုင်ရတာ သိပ်ချမ်းသာတာ ပဲဆိုတော့ သုခဝေဒနာကို ငါစွဲတယ်။ ငါနေရတာချမ်းသာတယ်ဆိုတော့ သုခဝေဒနာကို ဘာထင်ကြသတုံး (သုခဝေဒနာကို ငါထင်ကြပါတယ် ဘုရား) ၊
သုခဝေဒနာကို ငါထင်တယ်
ဒါဖြင့် သုခဝေဒနာကို ငါထင်သောကြောင့် သက္ကာယဒိဋ္ဌိ မဖြစ် သေးဘူးလား (ဖြစ်ပါတယ် ဘုရား) ငါဝမ်းသာလိုက်တာဟေ့ ဆိုတော့ သောမနဿဝေဒနာကို ငါစွဲတယ် (မှန်ပါ ဘုရား)
ငါဝမ်းသာလိုက်တာဆိုတော့ ဘာတဲ့ (သောမနဿဝေဒနာ ငါစွဲပါတယ် ဘုရား) ဒါ သက္ကာယဒိဋ္ဌိပဲ။
သက္ကာယဒိဋ္ဌိဖြစ်ပုံ
သက္ကာယဒိဋ္ဌိဖြစ်ပုံ သည် သုခဝေဒနာကို ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာလို့ စွဲထင်လို့ ရှိရင်ဖြင့် သက္ကာယဒိဋ္ဌိသာ မှတ်ပါ (မှန်ပါ ဘုရား)
သုခဝေဒနာကို ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာထင်ရင် ဘာဆိုကြမယ် (သက္ကာယဒိဋ္ဌိပါ ဘုရား) အင်း ဒါတွေ ဒကာ ဒကာမတွေ စဉ်းစားရမယ်။
အဲဒါကြောင့် ဆ၊ ဆက္ကသုတ် ပါဠိတော်က
“သုခဝေဒနာ ဧတံ မမ ဧသောဟမသ္မိ ဧသော မေ အတ္တာတိ သမနုပဿတိ၊ အယံ ဝုစ္စတိ ဘိက္ခဝေ သက္ကာယ သမုဒယော”
ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာထင်ရင် ဒါ သက္ကာယဖြစ်တာပဲကွာလို့ ဝေဒနာကို ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာထင်နေရင် ဘာဆိုကြမယ် (သက္ကာယဒိဋ္ဌိပါ ဘုရား)။ အင်း ဒါ တွေကို ဒကာ ဒကာမတွေ စဉ်းစားရမယ်။
ငါဝမ်းသာလိုက်တာ
ငါချမ်းသာလိုက်တာ၊ ငါ့ကိုယ်ဖြင့် ချမ်းသာလိုက်တာဆိုရင် ကိုယ် ပေါ်မှာရှိတဲ့ သုခဝေဒနာ ကို သက္ကာယဒိဋ္ဌိဖြစ်တာပဲ။
ငါဝမ်းသာလိုက်တာဆိုတော့ ဝမ်းထဲက သောမနဿကို သက္ကာယ ဒိဋ္ဌိဖြစ်တယ်နော်၊ ငါ့ကိုယ်ဖြင့်ကွာ ဆင်းရဲလိုက်တာဆိုလို့ ရှိရင်ဖြင့် ဒုက္ခ ဝေဒနာကို ငါစွဲသောကြောင့် သက္ကာယဒိဋ္ဌိ မဖြစ်ဘူးလား (ဖြစ်ပါ တယ် ဘုရား)။
ငါစိတ်ဆင်းရဲလိုက်တာ
ငါစိတ်ဆင်းရဲလိုက်တာ ဆိုသဖြင့် စိတ်နှင့်ငါနှင့် ရောမနေဘူးလား (ရောပါတယ် ဘု ရား)။ ရောနေတော့ သူ ဘာဆို ကြမလဲ (သက္ကာယဒိဋ္ဌိ ပါ ဘုရား)။
ဒုက္ခဝေဒနာကို သက္ကာယဒိဋ္ဌိစွဲတာ သဘောကျပြီလား (ကျ ပါပြီ ဘု ရား)။ ငါမြင်တယ် ၊ မြင် တာက ဥပေက္ခာဝေဒနာ၊ ဥပေက္ခာသဟဂတံ စက္ခုဝိညာဏ်က မြင်တာ (မှန်ပါ)
အဲဒါ ငါမြင်တယ်ဆိုတော့ ဥပေက္ခာကို ဘာဆိုကြမယ်။ (သက္ကာယဒိဋ္ဌိပါ ဘုရား) ငါကြားတယ် (သက္ကာယဒိဋ္ဌိပါ ဘုရား)။ ငါနံတယ် (သက္ကာယဒိဋ္ဌိပါ ဘုရား)။
ငါစားတယ် (သက္ကာယဒိဋ္ဌိ ပါဘု ရား)။ ငါတော့ကွာ ဘယ်လို ဖြစ်ဖြစ်ထားလိုက်တာပဲ။ သားရေး၊ သမီးရေး၊ ပစ္စည်းရေး ဘာဖြစ်ဖြစ် ထားလိုက်တယ်။ သူတို့ဟာသူတို့ ဘယ်လို ဖြစ်ဖြစ် ထားလိုက်တာပဲ။
ဒါ ဘာထင်ကြသတုံး (သက္ကာယဒိဋ္ဌိပါ ဘုရား)။ သက္ကာယဒိဋ္ဌိ၊ ဥပေက္ခာဝေဒနာကို သက္ကာယဒိဋ္ဌိဖြစ်နေတာ၊ စွဲနေတာ၊ သဘောကျ ပြီလား (ကျပါပြီ ဘုရား)။
ဝေဒနာကိုငါထင်ရင်သက္ကာယဒိဋ္ဌိ
ဒါဖြင့် သက္ကာယဒိဋ္ဌိ ဖြစ်တယ်ဆိုလို့ ရှိရင်ဖြင့် ဝေဒနာက္ခန္ဓာ ကို ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာ ထင်ရင် သက္ကာယဒိဋ္ဌိ၊ သုခဝေဒနာကို ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာထင်ရင် ဘာဆိုကြမယ် (သက္ကာယဒိဋ္ဌိပါ ဘုရား)။
ကောင်းပြီ ဒုက္ခဝေဒနာကို ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာထင်ရင် ဘာဆိုကြမလဲ (သက္ကာယဒိဋ္ဌိပါ ဘုရား)။ ဥပေက္ခာဝေဒနာကို ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာထင်ရင်ကော (သက္ကာယဒိဋ္ဌိပါ ဘုရား)။
ဪ သက္ကာယဒိဋ္ဌိဆိုတာ သည်လိုကိုး၊ သက္ကာယဒိဋ္ဌိ ဆိုတာက ဒကာ ဒကာမတို့ ဝေဒနာကို ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာလို့ ထင်နေရင် သက္ကာယဒိဋ္ဌိလို့ မှတ်ပါ (မှန်ပါ)
မီးနှင့်အရောင်
အကျဉ်းချုပ်ကျတော့နော် ဝေဒနာနှင့် ငါနှင့် ငါက ရောနေတယ်၊ မီးနှင့် အရောင်နှင့် ဟာ အရောင် သည်ပင်လျှင်မီး၊ မီးသည်ပင်လျှင် အရောင်ဟုဆိုလို့ ရှိရင် ဒါအတော် ခဲယဉ်းပါတယ် (မှန်ပါ)။
မီးကပူတတ်တယ်၊ အရောင်က လင်းတတ်တယ် (မှန်ပါ) အဲဒါ တစ်သားတည်း ယူလိုက်မယ် ဆိုလို့ရှိရင်ဖြင့် ဒါရောမနေဘူး လား (ရောနေပါတယ် ဘုရား)။
မီးနှင့် အရောင်အတူတူပဲလို့ ရောယူလိုက်မယ်ဆိုရင် ရောနေ တာ (မှန်ပါ)။ သည်ဝေဒနာ နှင့် ငါနှင့်ဟာ အတူတူ ယူလိုက်သလို မယူကြဘူးလား (ယူကြပါတယ် ဘုရား)။
ထိုကဲ့သို့ ယူလိုက်တော့ကို ငါသည် ဘာဖြစ်တာတုံးလို့ဆိုလို့ ရှိရင် ဖြင့် ဒကာ ဒကာမတို့ သက္ကာယဒိဋ္ဌိကို ဧကန်ဖြစ်ပါတယ် (မှန်ပါ) မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။ မီးကပူတယ်၊ အရောင်ကလင်းတယ်။
မီးနှင့်အရောင်သည် ဦးဘဒင် မီးကပူတယ်နော် အရောင် ကလင်းတယ်နော်၊ အဲဒါ အတူတူပဲဆိုတော့ မတူတာကြီး အတူတူ လုပ်ထားတဲ့အတွက် မမှားဘူးလား (မှားပါတယ် ဘုရား)။
ဒီမှာလည်း ဝေဒနာက ခံစားတတ်တယ်။ ငါဆိုတာက တကယ် ရှိတာမဟုတ်ဘူး၊ တကယ် ရှိ တာမဟု တ် ဘဲ နဲ့ ဝေဒနာဟာ ငါပဲလို့ ယူလိုက်တယ်။
ငါချမ်းသာတယ်၊ ငါဆင်းရဲတယ်၊ ငါလျစ်လျူရှုထားနိုင်တယ် ဆို တော့ ဝေဒနာနဲ့ ငါနဲ့ ဘယ် နှယ်နေကြသလဲ (တစ်ခါတည်းရော နေပါတယ် ဘုရား)။
တစ်ခါတည်း ရောနေတော့ မီးနဲ့ အရောင်အတူတူပဲ (မှန်ပါ)။ ဒီလိုယူလိုက်တော့ သက္ကာယဒိဋ္ဌိ မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား)။
အေး ဒါကြောင့် မီးကုန်လျှင် အရောင်ကုန်တယ်လို့ တစ်ခါ တည်း ဖြစ်ပြီး ပျက်ပြီး ပျောက်သွားတာပဲ ဆိုပြီး သူကသက် သက် ဥစ္ဆေဒဒိဋ္ဌိဘက် ပြေးတတ်တယ်နော် (မှန်ပါ)။
သက္ကာယဒိဋ္ဌိဖြစ်ကြောင်းသိပြီလား
ဒါကြောင့် ဒကာ ဒကာမတွေကို ပြောရတယ်၊ သက္ကာယဒိဋ္ဌိဖြစ် ကြောင်း သိပြီလား (သိပါပြီ ဘုရား)။
ဝေဒနာကို ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာထင်ရင် ဘာတုံး (သက္ကာယဒိဋ္ဌိ ပါဘု ရား)။ ဒုက္ခဝေဒနာ ကို ငါ့ ကို ယ်၊ ဟာ၊ ငါ့ဥစ္စာ ထင်ရင် (သက္ကာယဒိဋ္ဌိပါ ဘုရား) ဥပေက္ခာဝေဒနာကို ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာထင်ရင် (သက္ကာယဒိဋ္ဌိပါ ဘုရား)။
ဘယ့်နှယ်ကြောင့် စကားသုံးခုသုံးရပါလိမ့်မတုံးလို့ ဦးချစ်ခ မေး ရမယ်နော်။ ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာလို့ စကားသုံးခုလုံး သုံးရပါလိမ့် မတုံးဆိုတော့ ပါဠိတော်က-
“ဝေဒနာ ဧတံမမ ဧသောဟမသ္မိ ဧသော မေ အတ္တာ”ဆိုတော့ တဏှာရော မာနရော ဒိဋ္ဌိရော စွဲတာကွတဲ့။ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
တဏှာရော၊ မာနရော၊ ဒိဋ္ဌိရော ဘယ့်နှယ်နေတုံး (စွဲပါတယ် ဘုရား) “ဝေဒနာ ဧတံ မမ” ဝေဒနာ ဝေဒနာပဲ။
ဧတံ – ဤဝေဒနာသည် မမ – ငါပဲ ဆိုတော့ ဝေဒနာဟာ ဘယ်သူတုံး၊ ငါလို့ ထင်လိုက် တယ်တဲ့၊ ဝေဒနာလေး တစ်ခါတည်း ခင် တတ်တဲ့သဘောနဲ့ ငါပဲလို့ ထင်လိုက်တယ်နော်။ အဲဒီတော့ တဏှာဖြစ်တတ်တဲ့
“ဧသောဟမသ္မိ” ဧသော – ဤဝေဒနာသည်၊ အဟံ – ငါသည်၊ အသ္မိ – ဤသို့ ဖြစ်၏ ဆိုတော့ ဒါ မာန တက်လာတာ၊ ဧသော မေ အတ္တာတဲ့ သည်ဝေဒနာသည်သာ ငါဥစ္စာ ပဲ (မှန်ပါ)။ သည်လိုယူတယ်။
တဏှာ၊ မာန၊ ဒိဋ္ဌိ
ဒါကြောင့် တစ်ခုတစ်ခုမှာ တဏှာ၊ မာန၊ ဒိဋ္ဌိ သုံးခုစွဲသောကြောင့် သက္ကာယဒိဋ္ဌိ ဖြစ်ပါတယ်။ ဝေဒနာကို ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာထင်ရင် ဘာဆိုကြမတုံး (သက္ကာယဒိဋ္ဌိပါ ဘုရား)။
ထို့ အတူ သုခဝေဒနာ၊ ဒုက္ခဝေဒနာကို ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာ ထင်ရင် (သက္ကာယဒိဋ္ဌိပါဘု ရား)။ ဥပေက္ခာဝေဒနာကို ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာထင်ရင် (သက္ကာယဒိဋ္ဌိပါ ဘုရား)။
ကောင်းပြီ ဒါဖြင့် ဒီ သက္ကာယဒိဋ္ဌိမပြုတ်သရွေ့ဖြင့် (၆၂)ပါး သော ဒိဋ္ဌိဖြစ်ဦးမှာပဲ၊ ကိုထွန်းဦး ဖြစ်မှာပဲ (ဖြစ်မှာပါ ဘုရား)။ သူက ကျေးဇူးပြုတော့ကို (ပြုပါတယ် ဘုရား)။
အဲ သူက ကျေးဇူးပြုမှာဖြစ်နေတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက အင်း သုခဝေဒနာ၊ ဒုက္ခဝေဒနာ၊ ဥပေက္ခာဝေဒနာကို ဝေဒနာလို့ မသိ၊ အနိစ္စလို့ မသိလို့ ရှိရင် ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာတော့ ဖြစ်နေကြမှာပဲ။
ချမ်းသာတာဘယ်သူတုံး
ချမ်းသာတာဘယ်သူတုံး ကျပ်ပေါ့ဗျ ဆိုတော့ ချမ်းသာတာ က ဝေဒနာ၊ ကျုပ်ဆိုတော့ ငါနဲ့ ကျုပ်နဲ့ အတူတူပေါ့လေ (မှန်ပါ)။
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ဝေဒနာကို ငါ့ဟာလို့ မထင်ဘူး လား (ထင်ပါ ဘုရား)။ ကောင်းပြီ၊ ဝေဒနာ သူချမ်းသာနေတဲ့ဥစ္စာ ဘယ်သူ့ဂရုစိုက်ရမှာတုံးဆိုတော့ ချမ်းသာတဲ့မာန် မတက်ဘူးလား၊ တက်သလား (တက်ပါတယ် ဘုရား)။
ချမ်းသာတဲ့ဥစ္စာတွေဟာ ကျုပ်ဟာချည်းပဲ မထင်ဘူးလား၊ ထင်သ လား (ထင်ပါတယ် ဘုရား)။ ထင်တော့ ဝေဒနာကို အနိစ္စလို့ သိသေး ရဲ့ လား (မသိပါ ဘုရား)။
ဝေဒနာကိုသုံးခုစွဲတယ်
ဒါဖြင့် ဝေဒနာကို သူရော၊ ငါရော၊ ဒကာ ဒကာမတို့ ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာလို့ သုံးခု စွဲနေ သောကြောင့် ဘာဆိုကြမတုံး။ (သက္ကာယဒိဋ္ဌိပါ ဘုရား)။
အေး ဒါကြောင့် သုခဝေဒနာစွဲလို့ သက္ကာယဒိဋ္ဌိ၊ ဒုက္ခဝေဒနာ စွဲလို့ သက္ကာယဒိဋ္ဌိ၊ ဥပေက္ခာ ဝေဒနာ စွဲရင်ကော (သက္ကာယဒိဋ္ဌိပါ ဘုရား)။
ဘယ်နှစ်ချက် စွဲတာတုံး ငါ့ကိုယ်တစ်ချက်၊ ငါ့ဟာတစ်ချက်၊ ငါ့ဥစ္စာတစ်ချက် ပေါင်းသုံးချက်၊ ဆိုကြစမ်း (ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာ)။
အေး ဒါကြောင့် “ဧတံ မမ ဧသောဟမသ္မိ ဧသောမေအတ္တာ” ဆိုတဲ့ ပါဠိတော်တွေကို မြန်မာလို ပြောတာပဲ (မှန်ပါ ဘုရား)။
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ သုခဝေဒနာလေးကို ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာထင်ရင် ဘာဆိုကြမယ် (သက္ကာယဒိဋ္ဌိပါ ဘုရား) ဒုက္ခ ဝေဒနာလေးကို ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာထင်ရင် (သက္ကာယဒိဋ္ဌိပါ ဘုရား)။
ဥပေက္ခာဝေဒနာလေးပေါ်လာတာကို ပဲ ငါ့ ကို ယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာထင်ရင် (သက္ကာယဒိဋ္ဌိပါ ဘုရား) ဪ သက္ကာယဒိဋ္ဌိဖြစ်ပြီ တဲ့။
ဥစ္ဆေဒဒိဋ္ဌိ၊ သဿတဒိဋ္ဌိ
ဒါဖြင့် သက္ကာယဒိဋ္ဌိဖြစ်ပြီး သကာလ နေတော့ “ ဒွါသဋ္ဌိ ဒိဋ္ဌိယော ဥပ္ပဇ္ဇမာနာ သက္ကာယဒိဋ္ဌိ သမုဒယေ နေဝ ဥပ္ပဇ္ဇန္တိ။”
မင်းတို့ ဒီ ဒိဋ္ဌိသာသုံးလို့ ရှိရင်ဖြင့် ဟိန္ဒူတို့လို ဒိဋ္ဌိတွေ ဟုတ်လား၊ သေရင်ပြီးတာပဲ၊ သေပျောက်တာပဲလို့ ယူတော့ ဥစ္ဆေဒ ဒိဋ္ဌိတွေ ဒီ ဝိညာဉ် လေးအတိုင်း လည်နေတယ်။
ဟိုဘဝ ဒီဘဝ ကူးနေတယ်ဆိုတော့ သဿတဒိဋ္ဌိတွေကော မလာဘူးလား (လာပါတယ် ဘုရား)။ အဲဒီဟာလေးကို သတ်လိုက်လို့ ရှိရင် ဟိုဒိဋ္ဌိတွေ အကုန်သေလိမ့်မယ် (မှန်ပါ ဘုရား)။
ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ ယနေ့ည သက္ကာယဒိဋ္ဌိ ဖြစ်ကြောင်း ကတော့ဖြင့် သိပြီတဲ့၊ ဝေဒနာတစ်ခုကို ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာစွဲရင် ဘာတဲ့ (သက္ကာယဒိဋ္ဌိပါ ဘုရား)။
သက္ကာသဒိဋ္ဌိ ဖြစ်ကြောင်းတော့ သိပြီတဲ့၊ ဝေဒနာတစ်ခုကို ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာစွဲရင် သက္ကာယဒိဋ္ဌိ ဖြစ်မှာပဲ၊ ရုပ်စွဲလည်းဖြစ်မှာပဲ။ နာမ်စွဲလည်း ဖြစ်မှာပေါ့ဗျာ။
အဲဒီတော့ ဝေဒနာကို တစ်လုံးတည်း ဟောနေတဲ့ ပုဂ္ဂိုလ်ဖြစ် နေတော့ ဝေဒနာကို သက္ကာယဒိဋ္ဌိ ပေါ်ပုံတော့ ရိပ်မိကြပြီလား (ရိပ်မိပါပြီ ဘုရား)။
ဘယ်အချိန်မှာဖြစ်တတ်သတုံး
သက္ကာယဒိဋ္ဌိ ဘယ်အချိန်မှာ ဖြစ်တတ်သတုံး မေးရင်ဖြင့်ဘယ် နှယ်ဖြေကြမယ် (ဝေဒနာ ဖြစ်တိုင်း ဖြစ်တိုင်းပါ ဘုရား)။
ဝေဒနာ ဖြစ်တိုင်း ဖြစ်တိုင်း ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာထင်ရင် ဘာဆိုကြ (သက္ကာယဒိဋ္ဌိပါ ဘုရား)။
ဒါ လွယ်လွယ်လေးလို့ ဒကာ ဒကာမတွေက မထင်လိုက်ပါနဲ့ သူ ဟာ မဂ်တား ဒိဋ္ဌိ အကြီးဆုံး၊ မဂ်တား ဒိဋ္ဌိ အကြီးဆုံးပါ ဒကာ ဒကာမတို့။ မဂ်တားတဲ့ဒိဋ္ဌိ အင်မတန် ကြီးမားပါတယ်။
သက္ကာယဒိဋ္ဌိ ရှိနေလို့ ရှိရင် ဖြင့် သက္ကာယဒိဋ္ဌိ ရှိလျက်နဲ့ ဦးချစ်ခတို့က အလှူပေးတယ်၊ ငါ့အလှူကွာ ငါကောင်းစားလို့ ငါလှူလိုက်တာပဲ ဆိုတော့ သက္ကာယဒိဋ္ဌိ ပါမပါစဉ်းစားကြည့်စမ်းပါ (ပါ, ပါတယ် ဘုရား)။
ဪ သက္ကာယဒိဋ္ဌိ ပါတယ်၊ သို့သော်လည်း ဒီပုဂ္ဂိုလ်လှူတဲ့ စေတနာကြောင့် ငါတော့ ပါတာပဲ။ လှူတဲ့စေတနာကလည်း ပါတာပဲ၊ စေတနာသည် ပိုစွဲ တယ်၊ စေတနာ ငါထင်တာကို ဗျ၊ လှူတာက စေတနာက လှူတာ၊ ငါကလှူတယ်လို့ ထင်နေတာ အဲဒီကဲ့သို့ယူတော့ သက္ကာယဒိဋ္ဌိ မပါဘူးလား (ပါ ပါတယ် ဘုရား)။
နတ်ရွာသုဂတိတော့ရောက်ပါတယ်
ပါပင် ပါငြားသော်လည်း သက္ကာယဒိဋ္ဌိက သက္ကာယဒိဋ္ဌိ တခြား သုဂတိပေးနိုင်တဲ့ စေတနာက သူပေးတတ်တဲ့ သတ္တိ ရှိသောကြောင့် ပေးမှာပဲလို့ ဆုံးဖြတ်ချက် (မှန်ပါ)။
ဒါကြောင့် သက္ကာယဒိဋ္ဌိနဲ့ လှူငြားသော်လည်း လှူတဲ့ပုဂ္ဂိုလ်များမှာ နတ်ရွာသုဂတိ မရောက်ဘူး လို့ကော့ ဘုရား မဟောဘူးနော်၊ နတ်ရွာ သုဂတိ ရောက်ရမယ် (မှန်ပါ)။
နိဗ္ဗာန်တော့မရောက်
နိဗ္ဗာန် ရောက်မလား ဆိုတော့ ငါဆိုတဲ့ ဒိဋ္ဌိက ဝင်တားနေတဲ့ အတွက် မရောက်ဘူး၊ နိဗ္ဗာန်ကို ရောက်ပါ့မလား (မရောက်ပါ ဘုရား)။ နိဗ္ဗာန်တော့ပါပြီး၊ နိဗ္ဗာန်တော့မရောက်၊ နတ်ရွာ သုဂတိတော့ ရောက်မယ်။
ဒါဖြင့် သက္ကာယဒိဋ္ဌိနဲ့ လှူတဲ့ အလှူဟူသရွေ့ကို ခင်ဗျားတို့ ယခုက စွဲမှတ်တာပေါ့ (မှန်ပါ)။ နတ်ရွာသုဂတိတော့ ရောက်မှာ နိဗ္ဗာန်တော့ မရောက်ဘူး။ ရှင်းပြီလား (မှန်ပါ)။
ဒါ စဉ်းစားရမယ်၊ ဒကာ ဒကာမတွေ လှူတဲ့အခါမှာ သူဒိဋ္ဌိနဲ့ ရောမရောကိုတော့ ကိုယ်တိုင် စစ်ဆေးကြစမ်းပါ (မှန်ပါ ဘုရား)။ ကိုယ်တိုင် စစ်ဆေးတဲ့အခါကျတော့ ရောမှုရှိလျှင်လည်း မရောစေနဲ့ (မှန်ပါ)။
သို့သော် များသောအားဖြင့် ဘုန်းကြီးတို့ထင်နေကျအတိုင်း ဒကာ ဒ ကာမတွေ၏ ကို ယ် တွေ့ ကို ပြောမယ် ဆို ရင် ဖြင့် မရော တာ ခပ်ရှားရှားပဲ (မှန်ပါ)။
ဒါဖြင့် မရောတာ ခပ်ရှားရှားဖြစ်နေတော့ ငါလှူလိုက်တယ်၊ ငါပေး လို က် တယ်၊ ငါကမ်းလိုက် တယ်၊ ငါကြည် ညိုချင်တဲ့ ပုဂ္ဂိုလ် ကို ပင့်လိုက်တာပဲ (မှန်ပါ)။
ငါလှူချင်တဲ့ပုဂ္ဂိုလ်၊ ငါလှူလိုက်တာပဲဆိုတော့ သက္ကာယဒိဋ္ဌိက ပါတော့ မပါဘူးလား (ပါပါတယ် ဘုရား)။ အပြောတင် မဟုတ်ဘူး၊ အထင်ပါ ပါလိမ့်မယ် (မှန်ပါ)။
အဲဒီကဲ့သို့ ပါနေလို့ရှိရင် နတ်ရွာသုဂတိတော့ခင်ဗျားတို့ ပေးလှူတဲ့ ဒါနကြောင့် မရောက်ဘူးလို့ ဘုရားက မဟောဘူး၊ ရောက်တယ်ကွာ (မှန်ပါ)။
ရောက်ပင် ရောက်သော်လည်း နိဗ္ဗာန် အရောက်ပေးနိုင်တဲ့ စွမ်းရည်သတ္တိ ဒါနက ရှိငြားသော်လည်း မပေးဘူးကွာ၊ ရှင်းပြီလား၊ ဦးလှတို့ ရှင်းပြီနော် (မှန်ပါ)။
ငါ ဦးစီးပြီး သကာလ အပြောတင် မဟုတ်ဘူးနော်၊ အထင်ငါကို ဆိုတာ (မှန်ပါ)၊ သမုတိသစ္စာမို့ ပြောကောင်းပါတယ် (မှန်ပါ)၊ အထင်ပါထင်တဲ့ ပုဂ္ဂိုလ်များကျတော့ သက္ကာယဒိဋ္ဌိ ဦးချစ်ခ ပါ၊ မပါ (ပါ ပါတယ် ဘုရား)
အဲဒီကဲ့သို့ ပါပြီး သကာလ နေတော့ ဦးဘအုန်း ဒီအလှူတွေ စဉ်းစား ကြည့်စမ်း၊ ခင်ဗျားတို့ မြို့ထဲပြထဲ အလှူကျတော့ သူမပါ၊ အပါ (ပါ ပါတယ် ဘုရား)။
စေတနာကိုငါထင်တယ်
ပါတော့ လှူတဲ့ စေတနာကို ငါထင်တဲ့ အတွက်နော်။ စေတနာသည် ပင်လျှင် ငါ၊ ဒီလို ဖြစ်နေတယ် (မှန်ပါ)။ ကောင်းပြီတဲ့ ငါထင်နေတော့ ဒီငါ၊ ကလေးက ပါ ပါမသွားဘူးလား (ပါ ပါတယ် ဘုရား)။
ပါသွားတဲ့အခါကျတော့ ငါလည်းပါသွားတယ်၊ လှူလည်းလှူ တာပဲ (လှူပါတယ် ဘုရား)။
အဲဒီတော့ သက္ကာယဒိဋ္ဌိရယ်၊ အခု ပုညာဘိသင်္ခါရာဆိုတဲ့ ကုသိုလ် ရယ် မပါဘူးလား (ပါ ပါတယ် ဘုရား)။
ပါသွားတဲ့အခါကျတော့ နတ်ရွာသုဂတိတော့ ဧကန်ရောက်တယ်၊ တကယ်ရောက်လို့ ဘုန်းကြီးများက ဟောရမယ် (မှန်ပါ) “ကုသလံ ကမ္မံ ဝိပါကဿ”ကိုလည်း မကျော်နိုင်ပဲကိုဗျ (မှန်လှပါ)။
အဲဒီတော့ ကုသိုလ်ကံလုပ်လို့ ရှိရင် ဝိပါကဿ ဆိုတဲ့ နတ်ပြည် အကျိုးတော့ ပေးရမှာပဲတဲ့၊ ငြင်းနေဖို့တော့ မလိုတော့ပါဘူး (မှန်ပါ)
သို့ သော် တွဲ ရက် ကြီးသွားတယ်၊ သဘောကျပြီလား (ကျပါတယ် ဘုရား)။ ဒိဋ္ဌိလည်း ပါသွားတယ်၊ ကုသိုလ်ကံ၏ အကျိုးပေးကော (ပါ ပါတယ် ဘုရား)။
မြှားမှန်တဲ့ငှက်
ပါသွားတော့ ဘုန်းကြီး ဥပမာပြတယ်မဟုတ်လား၊ ခင်ဗျားတို့ လွန်ခဲ့တဲ့ (၄၊၅၊၁၀)ရက် လောက်က ငှက်တစ်ကောင် အဆိပ်လူးသော မြားနဲ့ ပစ်လိုက်တယ်။
ငှက်တစ်ကောင်ကို အဆိပ်လူးသောမြားနဲ့ ပစ်လိုက်တဲ့အခါကျရင် ဖြင့် ငှက်အကောင် အထည်က ကြီးတော့ အဆိပ်ကလေးက သွေးထွက်ရုံ ကလေးမျှသာ ထွက်သွားတယ်။
ဒီငှက်ဟာ ပျံတော့ပျံသွားတာပဲ ဘာလို့ တုံး မြားဒဏ်ချက် ရိုက်တာက သိပ်မှမနာပဲ ပွတ်ထိ သွားတာကိုး၊ သွေးတော့ဖြင့် ထွက်သွားတာ ကိုး၊ သို့သော် အဆိပ်တော့ဖြင့် ပါသွားပြီလို့ မဆိုနိုင်ဘူးလား (ဆို နိုင်ပါတယ် ဘုရား)။
အဆိပ်မပျံ့ခင်သာ
သို့ သော် သူဘယ်အချိန်အထိ သူပျံနိုင်မတုံးလို့ မေးလို့ ရှိရင် အဆိပ်မပျံ့နှံ့ခင်သာ ကောင်းကင်ကို ပျံနိုင်မယ်၊ ပျံ့နှံ့ပြီးသည့် တစ်ပြိုင်နက်တည်း အောက်ကိုကျမယ် (မှန်ပါ)။
အဆိပ်သတ်လို့ မသေသေးဘူးလား (သေမှာပါ ဘုရား) ဒါဖြင့် လန့်ပျံပေါ့ဗျာ (မှန်ပါ)။ မဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား)။
ပြန်ကျဖို့ သက်သက် ကိစ္စကပါသွားတယ်၊ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။ အဲ သက္ကာယဒိဋ္ဌိ ဦးစီးပြီး သကာလ လှူတဲ့ ဒကာ ဒကာမတွေ ကျလို့ရှိရင်ဖြင့် သည်သက္ကာယဒိဋ္ဌိ အဆိပ်က ပါသွားတယ်။
ကုသိုလ်အကျိုးကြောင့် ပျံတော့တက်သွားတယ်၊ နတ်ရွာသုဂတိသို့ တက် သွားတယ်၊ တက်ပင် တက် ငြားသော် လည်း သက္ကာယဒိဋ္ဌိ အဆိပ်ပါတယ်၊ မပါဘူးလား (ပါ ပါတယ် ဘုရား)။
သက္ကာယဒိဋ္ဌိကပါသွားတယ်
အဲဒီ သက္ကာယ ဒိဋ္ဌိ ကပါတော့ ဟို မှာ ခင်ဗျားတို့ နောက်နတ်သက်စေ့တဲ့ အချိန်ကျတော့ သူကဆွဲချတယ် (မှန်ပါ)။ မချ ဘူးလား (ချပါတယ် ဘုရား)။
လူ့ပြည်သော် လည်းကောင်း၊ အပါယ်လေးပါး သော်လည်းကောင်း မချပေဘူးလား (ချပါတယ် ဘုရား)။ အဲဒါ ပါဠိလည်းရှိပါတယ်။
“ဥက္ခိတ္တာ ပုည တေဇေန ကာမရူပ ဂတိံ ဂတာ” အစရှိသဖြင့် ပါဠိတွေ ရွတ်နေလည်း အပိုပါပဲ၊ ဒီအတိုင်း ဥပမာနဲ့ နားလည်ကြရဲ့လား (နားလည်ပါတယ် ဘုရား)။
ကောင်းပြီ ဒကာ ဒကာမတွေ ဒါဖြင့် သက္ကာယဒိဋ္ဌိ က အတော်ဆိုးပါကလားဆိုတာ အင်း သုဂတိ မတားမြစ်ဘူးပေါ့၊ မဂ် ဖိုလ် ကို တားမြစ် တယ် ဆို တော့ အကောင်းကျတော့ သွားတား မြစ်တယ် (မှန်ပါ ဘုရား)။
ဒုက္ခသစ္စာ ဖြစ်မှာတော့ မတားမြစ်ဘူး၊ သုခသစ္စာဖြစ်မှာတော့ တားမြစ်တယ်၊ ဆိုးလိုက်တာ သဘောကျပြီလား (ကျပါပြီ ဘုရား)။
ကိုင်း ဦးဘအုန်း ရောနေတာတွေမြင်ပြီလားဗျာ (မြင်ပါပြီ ဘုရား) မြင်တော့ကို ဒကာ ဒကာမတွေ ဒီသက္ကာယဒိဋ္ဌိ မပြုတ်ရင် တော်ပါ့မလား (မတော်ပါဘူး ဘုရား)။
သောတာပန်တည်ခြင်းရဲ့ အကြောင်းရင်း
မတော်တော့ အခု ခင်ဗျားတို့က ဆရာကောင်း သမားကောင်းနဲ့ ကြုံတယ်၊ ဘုရား သာသနာနဲ့ လည်းကြုံတယ်၊ ထောင်တတ်တဲ့ နားလည်း ရှိတယ် ဆိုတော့ ဒါတွေဟာ သောတာပန် တည်ခြင်းရဲ့ အကြောင်းရင်းပဲ။
ထောင်နိုင်တဲ့ နားမပါရင် ခင်ဗျားတို့ သောတာပန်တည်ကို မတည်ဘူး (မှန်ပါ ဘုရား)။
ပရတော ဃောသ ပစ္စည်းဆိုတာ၊ သောတာပန်ဖြစ်ခြင်း အကြောင်း ပါ၊ ဟောတဲ့သစ္စာ၊ နာတတ်တဲ့ နားမရှိလို့ရှိရင် ဦးချစ်ခ ဘယ်လို ဟော ဟော မရဘူး (မှန်ပါ ဘုရား)။
ဒါဖြင့် သောတာပန် တည်ခြင်းရဲ့ အကြောင်းမှာ ပရတော ဃောသ ဆိုတာ သူတပါး၏ တရားသံကို ကြားမှုဟာ အတော်အရေးကြီးတယ် (မှန်ပါ)။ အရေးကြီးတယ်တဲ့။
ဒါကြောင့် ကဲ ဝေဒနာကို ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာ ထင်ကြရင် ဘာဆိုကြမလဲ (သက္ကာယ ဒိဋ္ဌိပါ ဘုရား)။ သက္ကာယဒိဋ္ဌိ ဝေဒနာ-သုံးပါး စလုံးပေါ့ဗျာ။
ဝေဒနာ အနိစ္စ
ကောင်းပြီ အဲဒီတော့ ဝေဒနာဟာ ငါ့ကို၊ ငါ့ဟာ၊ ငါ့ဥစ္စာ မဟုတ်ဘူး (မှန်ပါ)။ ဝေဒနာသည် ဝေဒနာပဲ၊ အနိစ္စပဲလို့ ယူလိုက်မယ် ဆိုလို့ရှိရင် သက္ကာယဒိဋ္ဌိပြုတ်မယ်၊ သဘောကျပြီလား (မှန်ပါ ဘုရား)။ ၎င်းင် ဝေဒနာဟာ ငါ့ကိုယ်လည်းမဟုတ်ဘူး၊ ငါ့ဟာလည်းမဟုတ်ဘူး၊ ငါ့ ဥစ္စာ (မဟု တ် ပါဘု ရား)။ ဝေဒနာဟာ အနိစ္စ၊ သဘောကျပြီလား။
ဝေဒနာဟာ အနိ စ္စပဲ၊ အဲဒီကဲ့ သို့ ယူ လို က် လို့ ရ ရင် သက္ကာယဒိဋ္ဌိပြုတ်တယ် (မှန်ပါ ဘုရား)။
အဲဒီတော့ ပါဠိတော်က “ဝေဒနာ နေတံ မမ နေသောဟ မသ္မိ နမေသော အတ္တာတိ ဧဝ မေတံ ယထာဘူတံ သမပညာယ ဒဋ္ဌဗ္ဗံ ဣဒံ ဝုစ္စတိ ဘိက္ခဝေ သက္ကာယ နိရောဓ ဂါမိနီ ပဋိပဒါ”
ဝေဒနာဖြစ်ပျက်ရှု
ငါမဟုတ်လို့ ပျက်စီးတာပဲ ငါ့ဥစ္စာမဟုတ်လို့ ပျက်စီးတာပဲ၊ ကဲ ဒါဖြင့် အဲဒီ ကဲ့ သို့ ဝေဒနာ ရှုနေတဲ့ ပုဂ္ဂိုလ် များကျတော့ သက္ကာယဒိဋ္ဌိ ဟာ ငါ့ကိုယ်၊ ငါ့ ဟာ၊ ငါ့ဥစ္စာ မဟုတ် ဘူးလို့ ဒီမှာ နောက်ဉာဏ်က မသိဘူးလား (သိပါတယ် ဘုရား)။
မဂ္ဂင်ငါးပါးက မသိပေဘူးလား (သိပါတယ် ဘုရား)။ ထိုကဲ့သို့ သိတဲ့အခါကျတော့ ခုနင်က ငါထင်နေတာလေးဟာ ရှိသေးသလား (မရှိပါ ဘုရား)။
ဒါဖြင့် ဝေဒနာဟာ ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာ မဟုတ်လို့ပြုတ်တာ ပဲလို့ ခင်ဗျားတို့ ရှုရှုပေး၊ ရှူပေးလိုက်ရင် ဘာပြုတ်မယ် (သက္ကာယ ဒိဋ္ဌိပြုတ်ပါမယ် ဘုရား)။ သက္ကာယဒိဋ္ဌိပြုတ်မယ်။
သညာပြုတ်၊ ပညာပြုတ်
ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ သက္ကာယဒိဋ္ဌိ ပြုတ်ဖို့ဟာလည်း သညာပြုတ်၊ ပညာပြုတ်လို့ နှစ်မျိုး ရှိတယ် (မှန်ပါ)။ ကိုထွန်းဦး မှတ်ထားနော် (မှန်ပါ ဘုရား)။
သညာပြုတ်က ဝေဒနာဟာ ငါမဟုတ်ဘူးဆိုပြီး ဒါလောက်တင် ဉာဏ်ရောက်နေတဲ့ ပုဂ္ဂိုလ်ဟာ သညာပြုတ်၊ ငါမဟုတ်ကြောင်းကို သက္ကာယဒိဋ္ဌိ ဒီ ငါမဟုတ်ကြောင်းကို ဝေဒနာကို က ဖောက်ပြန် ပျက်စီးတာတွေ မြင်လိုက်တဲ့ ပုဂ္ဂိုလ်ကျတော့ ပညာပြုတ်။
ဧကန် ငါမဟု တ် လို့ ပဲ၊ သူ မခိုင် ခန့်တာပဲ၊ ငါဟု တ် ရင် ငါ့သဘောအတိုင်း နေရမယ် (မှန်ပါ)။ ဒီလို မနေပေဘူးလား။
အဲဒီကဲ့သို့ နေမှာ သေချာပြီး သကာလ နေတော့ ခင်ဗျားတို့ သာမည ဟောတဲ့ ဆရာသမား ဆိုရင် ဒိဋ္ဌိဝိစိကိစ္ဆာပြုတ်လို့ ရှိရင်ကွာ သည်ထိအောင် သစ္စာမြင်ရရင် သက္ကာယဒိဋ္ဌိ ပြုတ်တာပဲလို့ အစရှိသဖြင့် ဟောတော့ ဟောလိမ့်မယ်တဲ့။
အဲဒါ သညာပြုတ်လောက်သာ ဖြစ်ချင်ဖြစ်မယ်၊ ပညာပြုတ်တော့ အစစ်မဟုတ်ဘူး (မှန်ပါ ဘုရား)။ ငါ့ကိုယ်က မဟုတ်ဘူး၊ ငါ့ဥစ္စာလို့ ထင်ချင်ထင်နေမှာ၊ ငါ့ဟာလို့ ကော (ထင်ချင်ထင်မှာပါ ဘုရား)။
အလုပ်နဲ့ပြုတ်တာပိုကောင်းတယ်
ထင်ချင်ထင်ပြီး သကာလ နေတော့ အလုပ်နဲ့ ပြုတ်တာမှ ဦးချစ်ခ ပိုကောင်းတယ် (မှန်ပါ)။ ဦးဘဒင် ဘာနဲ့ ပြုတ်တာကောင်းသလဲ (အလုပ်နဲ့ ပြုတ်တာ ကောင်းပါတယ် ဘုရား)။
အလုပ်နဲ့ ပြုတ်တာမှ ကောင်းတယ်လို့ ဒါသေသေချာချာပြုတ်ပုံ ရှင်းရတဲ့အခါကျတော့ ကိုထွန်းဦး ဒါမှ ကျေကျေနပ်နပ်နော် (မှန်ပါ)
ကဲ ဒါဖြင့် ဒီဝေဒနာကို ရှုလိုက်တဲ့အခါကျတော့ ဖျတ်ဆို ဝေဒနာလေးက တစ်၊ နှစ်ဆို ပျက်သွားတယ်။ တစ်၊ နှစ်ဆို ပျက်သွားတော့ ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာ ဟုတ်သေးရဲ့လား (မဟုတ်ပါ ဘုရား)။
ကိုယ်ပေါ်မှာပေါ်တဲ့ ဝေဒနာသည် ဝမ်းထဲပေါ်တဲ့ဝေဒနာသည် တစ်၊ နှစ် ဆိုတော့ မပျက်ဘူးလား (ပျက်ပါတယ် ဘုရား)။
အဲဒီတော့ အင်း ဘယ့်နှယ်ကြောင့် ပျက်ပါလိမ့်မတုံးလို့ ခင်ဗျားတို့ဆန်းစစ်တော့ ေဩာ် ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာမဟုတ်လို့ ပျက်တာပဲ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။
ခုနက ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာထင်နေတာ တစ်လုံးကျန်ရစ် သေးရဲ့ လား (မကျန်ပါ ဘုရား)။ မကျန်တော့ ဒါမှ သေသေချာချာ ပြုတ်တာ (မှန်ပါ)။
ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာ ထင်ရင်တော့ သက္ကာယဒိဋ္ဌိကိုဗျ၊ ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာ မထင်တော့ သက္ကာယပြုတ်သွားတယ်၊ ပြုတ်သွားပြီဆိုတော့ တဏှာ မာန ဒိဋ္ဌိပါပြုတ်မှ သက္ကာယ ပြုတ်တယ် (မှန်ပါ)။
တဏှာပြုတ်ရုံနဲ့ မရဘူး
တဏှာလေး ပြုတ်နေရုံ မရဘူး၊ ဒိဋ္ဌိ လေးပြုတ်နေရုံ မရဘူး၊ မာနလေးပြုတ်နေရုံမရဘူးလို့ သုံးခုစလုံးကို တွဲတာပါ၊ ပါဠိကိုက ဒီအတိုင်း လာတယ်၊ ကျေနပ်ကြပြီလား (ကျေနပ်ပါပြီ ဘုရား)။
ဒါဖြင့် ဝိပဿနာရှုမှ အစစ်ပြုတ်ပေါ့ (မှန်ပါ) ဒါဝိပဿနာရှု လို့ အစစ်ပြုတ်တာလို့ ဝိပဿနာဉာဏ်က ပြုတ်ပုံ ဒီနေ့ ရှေ့ပိုင်းက နည်းနည်း ရှည်ပေးရမယ်၊ ဗဟုသုတတိုးအောင်လို့ (မှန်ပါ ဘုရား)။
ရှေ့ပိုင်းရှည်ပေး ဆိုတာက တခြားမဟုတ်ပါဘူး ဒကာ ဒကာမတို့ ပြတ်တယ်ဆိုငြား သော်လည်း ဝေဒနာ နောက်က နေပြီး တဏှာဆိုတာ ကာမရာဂနုသယနော် (မှန်ပါ)။
ဒိဋ္ဌိ ဆိုတာ ဒိဌာနုသယတဲ့၊ မာနဆိုတာလည်း မာနနုသယဆိုတော့ အင်း စိ တ် ထဲပြုတ် တယ် ဆို တယ် အနု သယတွေ ပါသွားသလားလို့ ခင်ဗျားတို့ က စောဒက တက်လာတယ်၊ အနုသယ မဟုတ်ဘူးလား (မှန်ပါ ဘုရား)။
အနုသယကိုမပယ်နိုင်တယ်
အနုသယဆို တာ အနု သယပယ်နိုင် တာက မဂ်သာ ရှိတယ်၊ တကယ်ပြတ်အောင် ပယ်နိုင်တယ်နော်၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။
ဒါဖြင့် ပြုတ်တယ်သာ ဆိုတာ ဘုရား ဝိပဿနာရှုလို့ ပြုတ်တဲ့ဥစ္စာ သည် ဒကာ ဒကာမတွေက မှတ်လိုက် တဏှာ မာန ဒိဋ္ဌိ ပြုတ်တယ် ဆိုငြားသော်လည်း ဘယ်လို ပြုတ်တာပါလိမ့်မတုံး ဆိုတာ ခွဲပေးပါအုံးတဲ့ (မှန်ပါ ဘုရား)။
ခွဲပေးတော့ ထင်ရှားပါတယ် ဒကာ ဒကာမတို့ ခွဲပေးတော့ ဘယ် လိုထင်ရှားသတုံး မေးတဲ့အခါကျတော့ ဝိပဿနာရှုလို့ ဖြစ်ပျက်မြင်လို့ အင်း ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာမဟုတ်လို့ ပြုတ်တာပဲ၊ ပျောက်တာပဲလို့ မဆိုနိုင်ကြဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။
အေး ဘယ်ဝေဒနာ ရှုလိုက်ရှုလိုက် ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာ မဟုတ်လို့ ပျောက်ကွယ် သွားတာပဲ။
ကောင်းပြီ ဒါဖြင့် ကျေနပ်ပါတယ်တဲ့၊ ကျေနပ်တော့ တဏှာ၊ မာန၊ ဒိဋ္ဌိ အမြစ်ပါ ပြုတ်ပြီး သေပါသလားဘုရားလို့ ဆိုတော့ဟာ ဒီဝိပဿနာ ဉာဏ်ငါးပါးသာရှိတော့ကို မသေသေးဘူးကွ၊ အမြစ် မပြုတ်သေးဘူးကွ။
အမြစ်မပြတ်သေးတော့ ဘာတွေပြုတ်သတုံးလို့ မေးတဲ့အခါ ကျလို့ ရှိရင်ဖြင့် ခင်ဗျားတို့ လောဘဖြစ်တဲ့အခါ ကျုပ် သုံးမျိုးခွဲရလိမ့်မယ်။
ကိလေသာသုံးမျိုး
(၁) အနုသယ ကိလေသာ (၂) ပရိယုဋ္ဌာန ကိလေသာ (၃) ဝီတိက္ကမကိလေသာလို့ မခွဲရပေဘူးလား (ခွဲရပါတယ် ဘုရား)။ ခွဲရလိမ့်မယ် ဒကာ ဒကာမတို့ နားစိုက်ထောင်တော့ ခွဲရလိမ့်မယ်။
ဝမ်းထဲတွင် ငုတ်နေတာက ဘယ်အခါကာလမှ ခင်ဗျားတို့ ရှိမှန်းတောင် မသိပဲနဲ့ လောဘကလေးဟာ အနုသယ သမင်္ဂီသဘောနဲ့ ငုတ်နေတာလေး ဥပါဒ်၊ ဋ္ဌီ၊ ဘင် သဘောနဲ့ မရှိဘူးနော် (မှန်ပါ)။
အကြောင်းရှိမှပေါ်မှာ အနုသယလေးပေါ့ဗျာ လောကီရေးရာ ဥပမာကို ထင်ရှားအောင် ပြောကြစို့ ဆို တော့ ဒကာ ဒကာမတို့ မီးခြစ်ဆံထဲမှာလည်း တောက်တဲ့ မီးမပါဘူး သဘော ကျပြီလား။
မီးခြစ်အိမ်ဘေး ယမ်းသုတ်ထားတဲ့ အထဲမှာလည်း တောက်တဲ့မီး မပါပါဘူး။ နှစ်ခု ခြစ် လိုက် ရင် မီးမတောက် ဘူးလား (တောက်ပါတယ် ဘုရား)။
အနုသယကိလေသာ
ဪ ဒါဖြင့် မီးခြစ်ထဲမှာ မီးတောက်နိုင်တဲ့ သတ္တိရှိတယ်၊ ရှိလို့သာ တောက်တာပဲ၊ ဒါငုတ်နေတဲ့မီး ဒီအထဲမှာရှိတယ် (မှန်ပါ)။
ဒါဖြင့် ငုတ်မီးသဘော။ ဒကာ ဒကာမတို့ ငုတ်မီးသဘော အနုသယကိလေသာဆိုတဲ့ တဏှာ၊ မာန၊ ဒိဋ္ဌိကို အနုသယလို့ ပြန်ခေါ်တဲ့ ဥစ္စာ သူ ကုတ် နေ တဲ့ မီးနဲ့ တူ တယ်၊ သဘောကျပြီ လား (ကျပါတယ် ဘုရား)။
ပရိယုဋ္ဌာနကိလေသာ
နှစ်ခုခြစ်လိုက်တဲ့အခါကျတော့ တောက်လာတဲ့မီးမဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား)။ အဲဒါက ပရိယုဋ္ဌာနကိလေသာနဲ့ တူတယ် (မှန်ပါ)။
ဝီတိက္ကမကိလေသာ
အဲဒီ မီးကနေပြီး အိမ်တွေ ဆက်လောင်တယ်ဆိုတော့ ဝီတိက္ကမ ကိလေသာနဲ့ မတူဘူးလား (တူပါတယ် ဘုရား)။
ကောင်းပြီ၊ ဒါဖြင့် (၁) ငုတ်နေတဲ့မီး၊ (၂) တောက်လာတဲ့မီး၊ (၃) အရမ်းလောင်တဲ့ မီး၊
ကိုင်း ဒါဖြင့် အရမ်းလောင်တဲ့ မီး၊ မီးဘယ်နှစ်မျိုးရှိသလဲ (သုံးမျိုးရှိပါတယ် ဘုရား)။
ဒါက ဘာမီးတုံး (အနုသယမီးပါ ဘုရား)။ အဲ အနုသယ မီးဆိုတာ မြန်မာလိုပြန်တော့ (၁) ငုတ်နေတဲ့မီး (မှန်ပါ)။
ဒီဟာကတော့ (၂) တောက်လာတဲ့ မီး၊ ဒီဟာကတော့ (၃) ကူးစက်ပြီး အကုန်လောင်တဲ့မီး မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ်ဘု ရား)။
မဂ္ဂင်ငါးပါးနဲ့ ဝိပဿနာရှုတယ်
ကောင်းပြီ၊ ဒါဖြင့် ခင်ဗျားတို့ ဝိပဿနာကို ရှုတဲ့အခါ ဝေဒနာကို ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာ မဟုတ်ဘူး၊ ဖြစ်ပြီးပျက်တဲ့ အနိစ္စသဘောတွေ၊ ဒုက္ခသဘောတွေ၊ အနတ္တသဘောတွေ ဆိုတာလည်း ခင်ဗျားတို့ သိကြရမှာပါပဲ (မှန်ပါ)။
ရှုတဲ့အခါကျလို့ ရှိရင်ဖြင့် ဘယ်သူနဲ့ ရှုတုံးလို့ မဂ္ဂင်ငါးပါးနဲ့ ရှုတယ်၊ သဘောကျပြီလား (ကျပါတယ် ဘုရား)။
နှစ်ပါးကိုသေအောင်ရှုနိုင်တယ်
မဂ္ဂင်ငါးပါးက ကိလေသာ သုံးမျိုးရှိတဲ့ အနက် က ဟောဒီ နှစ်ပါးကိုသာ သေအောင် လုပ်နိုင်တယ်။ ဒီတစ်ပါးကိုတော့ ဟောဒီ ငါးပါး က နိုင်ကိုမနိုင်ဘူး၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။
ဘုန်းကြီးကတော့ ရှင်းအောင်ပြောတာပဲ၊ သို့ သော်လည်း နည်းနည်း နည်းနည်းတော့ တိုးတိုးပြီး သကာလ နက်လာတဲ့ အတွက်နော်။
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ငုတ်နေတဲ့မီးနဲ့ တူတယ်၊ ဒါက တောက်တဲ့မီး ဒါက ကူးစက်ပြီး လောင်တဲ့မီးနော် (မှန်ပါ ဘုရား)
ကောင်းပြီ၊ ဒါဖြင့် ဒကာ ဒကာမတို့ မီးဘယ်နှစ်မျိုးပါလိမ့် (မီးသုံးမျိုးပါ ဘုရား) ငုတ်မီးရယ်၊ တောက်မီးရယ်၊ ကူးစက်မီးရယ်နော်။
ဒါဖြင့် ဝိပဿနာရှုတဲ့အခါကျတော့ ဒီမီးသုံးမျိုးကို ကိလေသာ သုံးမျိုးသာ မှတ်လိုက် ပေတော့ သဘောကျပြီလား (ကျပါပြီ ဘုရား)။
တဏှာလဲ ဒီသုံးချက်ရှိတာပဲ၊ မာနရော (ဒီသုံးချက်ရှိပါတယ် ဘုရား)။ ဒိဋ္ဌိရော (ဒီသုံးချက် ရှိပါတယ် ဘုရား)။
အဲဒီသုံးချက်ရှိတော့ကို ဝိပဿနာ ရှုလိုက်တယ်၊ သုခဝေဒနာ ကလေးရှုလိုက်တော့ သုခဟာဖြစ်ပြီး ပျက်တာပဲ၊ ဘာမှမရှိဘူး၊ အစိုးမရတဲ့ အနတ္တပဲ။
အညွန့်၊ အတက်ပြုတ်ပြီးအရင်းကျန်တယ်
အင်း ငါ့ကိုယ် ငါ့ဟာ ငါ့ဥစ္စာဘယ်ဟုတ်လို့ လည်းဆိုတော့ ဒီတဏှာ၊ မာန၊ ဒိဋ္ဌိတွေ ပြုတ်တော့ ပြုတ်တာပဲ၊ ပြုတ်ပင်ပြုတ်ငြား သော်လည်း အညွန့်အတက်သာ ပြုတ်တယ်၊ အရင်း မပြုတ်ဘူး။
အညွန့်အတက်ဆိုတာက ပရိယုဋ္ဌာနနဲ့ ဝီတိက္ကမ ပေါ့ဗျာ၊ ဒီနှစ် ခုသာပြုတ်တယ်လို့ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။
အနုသယသဘောက ကျန်နေတယ်၊ အဲဒါ ဘယ်သူ့ကြောင့် ကျန်ရတာတုံးလို့ မေးလို့ ရှိရင် ဝိပဿနာဉာဏ် မနိုင်လို့ ကျန်ရတာပဲ ရှင်းပြီလား။
ဘာပြုလို့ ကျန်ရတာတုံး
ဘာပြုလို့ ကျန်ရတာတုံး (ဝိပဿနာဉာဏ် မနိုင်လို့ ပါ ဘုရား) မနိုင်လို့ကျန်တာ၊ သုံးခုရှိတဲ့ အနက်က နှစ်ခုတော့ သူနိုင်တယ်၊ တစ်ခုတော့ (မနိုင်ပါ ဘုရား)။
တစ်ခုမနိုင်ဘူးဆိုတော့ ေဩာ် ဝိပဿနာဉာဏ်က စွမ်းရည် တော့ရှိသားပဲ မဆိုထိုက် ဘူးလား (ဆိုထိုက်ပါတယ် ဘုရား)။
သုံး သတ္တိ ရှိတာကို နှစ်သတ္တိကို ဖယ်ရှားနိုင်တယ်ဆို သဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေက ဝိပဿနာလုပ်မှ ရမယ်၊ မလုပ်ရင် မတော်ဘူး၊ သဘောကျပြီလား (ကျပါတယ် ဘုရား)
မဂ္ဂင်ရှစ်ပါးက ကျန်တစ်ခု ရှင်းတယ်
သူမပါလို့ရှိရင်ဖြင့် မဂ်က သုံးခုစလုံးကျတော့ မတတ်နိုင်ဘူး၊ ဒါတွေသာ သိမ်းရမယ်ဆိုရင် ငါလည်းမတတ်နိုင်ဘူးတဲ့၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။
ဒါဖြင့် ရှေ့ကရှင်းရတာ နှစ်ခုရှင်း၊ နောက်လာတဲ့ မဂ္ဂင်ရှစ်ပါးက တစ်ခုရှင်း (မှန်ပါ)။ ဒီလိုသွားရမှာ။
ဒါဖြင့် ဝိပဿနာသည် ပုဗ္ဗဘာဂမဂ်လို့ ဆိုသင့် မဆိုသင့် (ဆိုသင့်ပါတယ် ဘုရား)။ သူလဲမဂ်မို့ ဒါမရှုနိုင်တာ၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
အမလေး မဂ်ကလေးဖြစ်ပါမည့်အကြောင်း အတော်သယ်ရ တယ်ဗျာ (မှန်ပါ)။ ကောင်းပြီ ဒါဖြင့် ရှေ့ပြေးမဂ်ကို ရှေ့ပြေး မဂ်လောက် သတ္တိရှိ၊ မရှိ ဒကာ ဒကာမတို့ (ရှိပါတယ် ဘုရား)။
ဝိပဿနာသည်ရှေ့ပြေးမဂ်
အေး ဒီကိလေသာ နှစ်ခုကို မပယ်ဘူးလား (ပယ်ပါတယ် ဘုရား)။ အေး ဒါကြောင့် ရှေ့ပြေးမဂ် မရှိဘဲနဲ့ ခင်ဗျားတို့ က နောက် မဂ်ရရပါလို၏။
အားထုတ်တော့ “အဋ္ဌင်္ဂိကောတိ မဂ္ဂေါ” ဆိုသည့်အတိုင်း မဂ်ကိုရ ရပါလို၏ ဆိုတာ ခင်ဗျားတို့ တောင်းတာက အဋ္ဌင်္ဂိကမဂ်ကို တောင်းတာ။
ပဉ္စင်္ဂိက မဂ်ဆိုတော့ ငါးပါးသော မဂ်ပေါ့ဗျာ၊ ဝိပဿနာရှုတဲ့မဂ် အဲဒီမဂ်ကို မလုပ်ဘဲနဲ့ ခင်ဗျားတို့က အမေကျော် ဒွေးတော်လွမ်း နေရင် ရကိုမရဘူး စိတ်ချ (မှန်ပါ)။
အဋ္ဌင်္ဂိကမဂ်ကို တောင်းတာ ဒီပဉ္စဂီက မဂ်က ရှင်းပြီးမှသာ သူကရှင်းနိုင်တာ၊ သဘော ကျပြီလား (ကျပါပြီ ဘုရား)။
ဒါဖြင့် မဂ်ဖိုလ် ရရပါလို၏ဆိုတဲ့ ပုဂ္ဂိုလ်များသည် ငါးပါး တောင်းတာလား၊ ရှစ်ပါး တောင်းတာလား (ရှစ်ပါး တောင်းတာပါ ဘုရား)။
အို ဒါ သောတာပန်ထိ အောင် တောင်းချလိုက်တာ၊ ရှစ်ပါးတောင်းတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။ ရနိုင်ပါ့မလား (မရနိုင်ပါဘူး ဘုရား)။
ဒီမဂ်မှ ရှေ့ သွားမရှိဘဲနဲ့ ဒကာ ဒကာမတို့ ဘယ့်နှယ်လုပ်ပြီး သကာလ ရမလဲ၊ ဒီမဂ် ရှေ့သွားက သူဆိုင်ရာ ရှင်းရမယ်လေ။
ခုနင်က အဋ္ဌင်္ဂိက မဂ်က သူတစ်ပါးကို ရှင်းရမယ်လေ။ အဲဒီတော့ ဒကာ ဒကာမတွေ တောင်းဆု မပြည့် တာ ရိပ်မိကြပြီလား (ရိပ်မိပါပြီ ဘုရား)။
အလုပ်မပါလို့ တောင်းဆုမပြည့်ဘာ
ေဩာ် အလုပ်မပါလို့ မပြည့် တာပဲ၊ ပေါ်ကြပြီလား၊ အဘယ့်ကြောင့် တောင်းဆု မပြည့်တာပါလိမ့် အလုပ်မပါလို့။ အလုပ် မပါလို့ မပြည့်တာ ဆိုသဖြင့် ေဩာ် တောင်းလည်း တောင်းကြပါ။ ဒကာ ဒကာမတို့ အလုပ်ကလေးလည်း လုပ်ကြပါ (မှန်ပါ ဘုရား)။
ဪ တောင်းရတာ ကြာရှည်လှတယ် ဘုရား။ အလုပ် တွင်တွင် လုပ်ပါမယ် ဆိုလည်း ဘုန်းကြီးများက အကြိုက်ပါပဲ။ တောင်း လည်းတောင်း၊ လုပ်လဲ လုပ်မယ်ဆိုလည်း အကြိုက်ပါပဲ။
တတောင်းထဲ တောင်းတဲ့ အကြောင်းမျိုး။ မလုပ် ဘဲ နဲ့ တောင်းတဲ့ အတောင်းမျိုးကတော့ မရရိုး အမှန်ပဲ၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ပုဗ္ဗဘာဂမဂ်ကမှ မလာဘဲ ကိုး (မှန်ပါ)။ ခုနင်က ပုဗ္ဗဘာဂမဂ်က မလာနိုင်တော့ဘူး၊ ဦးဘအုန်း လာနိုင်ပါ့မလား (မလာနိုင်ပါ ဘုရား)။
အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ ဆရာကောင်း၊ သမားကောင်း မတွေ့လို့ရှိရင် ခင်ဗျားတို့ တောင်းရင်းသေ၊ ဒီဘဝလည်း တောင်းရင်းသေ၊ နောက် ဘဝကော တောင်းရင်း သေရမှာလား၊ မသေရဘူးလား (သေရမှာပါ ဘုရား)။
နိဗ္ဗာန်က အလုပ်နဲ့သွားရမည့်စခန်း
ဒါဖြင့် ပေးသရွေ့၊ လှူသရွေ့၊ တောင်းသရွေ့ဟာ နိဗ္ဗာန်အတွက် ရည်မှန်းပြီး သကာလ လှူဒါန်း ရှာကြတာပဲ ဆိုပေမဲ့ အလုပ်နဲ့ သွားရမည့် စခန်းတွေ၊ အလုပ်မပါတဲ့ အတွက် ခင်ဗျားတို့ နိဗ္ဗာန် မရတာက သေချာတယ် (မှန်ပါ့ ဘုရား)။
ဒါက မဂ်ပယ်ပုံကို ရှင်းပြတာနော် သက္ကာယဒိဋ္ဌိပြုတ်တာသည် ဘယ်လိုပြုတ်သတုံး ဆိုလို့ရှိရင်ဖြင့် ငါးပါးက နှစ်ခုသာ ပြုတ်တယ်။
နောက် ရှုပါများလို့ ဖြစ်ပျက် အနိစ္စတွေ၊ ဖြစ်ပျက် အနတ္တတွေ မြင်လို့၊ ဖြစ်ပျက်ကို မုန်းလို့ ဟုတ်လား၊ ဖြစ်ပျက်တွေကို မရှိအောင် ဆုံးအောင် ရှုနိုင်တဲ့ အခါကျတော့ မဂ္ဂင်ရှစ်ပါး မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား)။
ဒါ ဒုက္ခ သစ္စာပဲလို့ ပိုင်းခြား ပစ်ခဲ့ပေါ့ဗျာ၊ ဟုတ်လား (မှန်ပါ)။ မဂ္ဂင်ရှစ်ပါး လာတော့ ခုနင်က သုံးခုအနက်က နှစ်ခုကို ဝိပဿနာ မဂ်က ချုပ်ထားလိုက်ပြီ။
တစ်ခုကို လောကုတ္တရာမဂ်က မချုပ်ဘူးလား (ချုပ်ပါတယ် ဘုရား)။ အဲဒီတော့မှ ဧကန် ပြုတ်တာ ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။
မဂ်ရှစ်ပါးပြည့်မှပြုတ်တာ
ဘယ် ကျမှ ဧကန် ပြုတ် သတုံး (လောကုတ္တရာ မဂ်ကျမှ ပါဘု ရား)။ ကဲ တို့ တို့ ပြောကြစို့ ငါးပါးမဂ်က နှစ်ပါးသာပြုတ်တာ၊ ကျန်တစ်ပါးက မပြုတ်ရိုး အမှန် ပြုတ်ပါ့မလား (မပြုတ်ပါ ဘုရား)။
ကိလေသာ သုံးပါးထဲမှာ ပရိယုဋ္ဌာန၊ ဝီတိက္ကမသာ ငါးပါးက ပြုတ်တာ၊ အနုသယကျတော့ (မပြုတ်ပါ ဘုရား)။ ဘယ်သူက ဖြုတ်တာတုံး (မဂ်ကဖြုတ်တာပါ ဘုရား)။ မဂ်ရှစ်ပါးပြည့်မှ ပြုတ်တာ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ဝိသုဒ္ဓိမဂ်ရေးတာ
အဲဒီတော့ ခင်ဗျားတို့ ရှေးက ကြားဘူးတာတွေနဲ့၊ ဝိသုဒ္ဓိမဂ် ရေးတာတွေ နဲ့ တော့ အတောမသတ် နိုင်ဘူး ဖြစ်နေတယ်။ အတော်ကန့်လန့် ဖြစ်တယ်တဲ့။
ဝိသုဒ္ဓိမဂ်က ပထမအဆင့် မယ် နာမရူပ ပရိစ္ဆေဒဉာဏ်၊ ပစ္စယပရိဂ္ဂဟ ဉာဏ်ပိုင်ရင် သူ့ဟာက နေရာကျပြီ အစရှိသဖြင့် ဟောလေ့ ပြောလေ့ ရှိတယ်။
မှတ်ချက်။ ။ဝိသုဒ္ဓိမဂ်၌ အထက်ပါနှစ်ဉာဏ်ရလျှင် စူဠသောတာပန်ဟုဆို၏။ တစ်ဘဝ နှစ်ဘဝ အပါယ်မလား ဟူလို။ ဆရာတော်ကြီးက အပါယ် အပြီးပိတ်သော မဟာသောတာပန်ကို ရည်ရွယ်၍ ဟောခြင်းဖြစ်၏။
စင်စစ်တော့ သူမပြုတ်ဘူးတဲ့၊ ခုနက နှစ်ချက်သာ ပြုတ်တာ (မှန်ပါ)။ စင်စစ် အဲဒီနှစ်ခုနဲ့များ ဆိုရင်ဖြင့် ဝိပဿနာဉာဏ်တောင် သမ္မသနတောင် မတက်ရသေးတဲ့ အတွက် ကိုထွန်းဦး အတော် လိုသေးတယ်၊ မလိုဘူးလား (လိုပါတယ် ဘုရား)။
စူဠသောတောပန်လောက်ပြောတာ။
အဲဒါကြောင့် စူဠသောတာပန်လောက် သူပြောရှာတာပဲ။ ခင်ဗျားတို့ ယုံကြည်ဖို့ပေါ့ဗျာ (မှန်ပါ)။
တစ်ဘဝကလေးတော့ဖြင့်ကွာ မင်းသုဂတိရောက်မလား မသိဘူး၊ ပြန်တော့ ကျအုံးမှာပဲ ပြောတာ ရှင်းပြီနော် ဒကာ ဒကာမတို့ (ရှင်းပါပြီ ဘုရား)။
ကောင်းပြီ ဒါဖြင့် ဝေဒနာကို ငါ့ကိုယ် ငါ့ဟာ ငါ့ဥစ္စာထင်ရင် ဘာတဲ့ (သက္ကာယဒိဋ္ဌိပါ ဘုရား)။ ငါ့ကိုယ်ရှုလိုက်တဲ့အခါ သော် ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာ မဟုတ်ဘူးဆိုရင် သက္ကာယ ဒိဋ္ဌိပြုတ်တာပဲ။
ကောင်းပြီး ပြုတ်တယ်ဆိုငြားသော်လည်း ခုနင်က ပြောခဲ့တဲ့ အတိုင်း အနုသယကျန်တယ် (မှန်ပါ)။
မဂ်စစ်ပေါ်မှ ဒိဋ္ဌိဝိစိကိစ္ဆာပြုတ်တယ်
မဂ်စစ်ပေါ်လာလို့ ရှစ်ပါးပြည့်တဲ့ အခါကျတော့ ဘယ့်နှယ် ဆိုကြမယ် (ဒိဋ္ဌိ ဝိစိကိစ္ဆာ ပြုတ်ပါတယ် ဘုရား)။ အဲ ဒိဋ္ဌိဝီစိကိစ္ဆာ ပြုတ်တယ်၊ အဲဒီ အနုသယတွေပါ ပြုတ်သွားတယ်။
အဲဒီကျမှပဲ သက္ကာယဒိဋ္ဌိ အစစ် ပြုတ် ပေတော့ တယ် လို့ ဆုံးဖြတ်ချက်ချ (မှန်ပါ့)။ ဒါကြောင့် အပါယ်လေးပါး လွတ်တာလည်း ရှစ်ပါးပြည့်မှ လွတ်တာ ရှင်းပြီလား (မှန်ပါ)။
ဘယ်ဆရာတော်ဟောဟောမယုံနဲ့
ငါးပါးမဂ်ကဖြင့် အပါယ်လေးပါး လွတ်ပြီလို့ ဘယ်ဆရာတော်က ဟောဟော မယုံနဲ့၊ ယုံစရာလည်း အကြောင်းမရှိဘူး၊ အမြစ်ကျန်နေတယ် (မှန်ပါ ဘုရား)။
ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ သက္ကာယဒိဋ္ဌိ ယနေ့ဖြုတ်ပြတာ သည် ခင်ဗျားတို့ ကြပ်ကြပ် အလုပ်လုပ်ပါလို့ တိုက်တွန်းလိုက်တယ်။
ဘယ်လိုတိုက်တွန်းလိုက်သတုံး
ဘယ်လို တိုက်တွန်းလိုက်သတုံး၊ ဝေဒနာ ပေါ်တိုင်း ပေါ်တိုင်း ဖြစ်ပြီး ပျက်တာကို မြင်အောင် ရှုပေးနေ၊ အဲဒီလို မြင်အောင်ရှုပေး နေလို့ရှိရင် ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာ မဟုတ်လို့ ပျက်တာပဲ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။
ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာ မဟုတ်လို့ စကားကို မသုံးနဲ့ တော့ ဖြစ်ပြီး ပျက်တာကို မြင်လိုက်လို့ရှိရင်ဖြင့် ေဩာ် မရှိဘူး၊ မရှိဘူးလို့သာ ခင်ဗျားတို့က သိအောင် လုပ်ပါ။
သိအောင်လုပ်လို့ရှိရင်ဖြင့် သက္ကာယဒိဋ္ဌိ သုံးပုံ ပုံလို့ရှိရင်ဖြင့် နှစ်ပုံ အသေအချာ ပြုတ်တယ်၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။
သုံးပုံ နှစ်ပုံပြုတ်ရင်တော်ပြီလို့ဆုံးဖြတ်
နှစ်ပုံ ပြုတ်ပြီးလို့ရှိရင်ဖြင့် တစ်ပုံဟာ အတော်လေး နည်းသွား ပြီ (မှန်လှပါ)။ အတော် နည်းရင် တော်ပြီလို့ ဆုံးဖြတ်ချက်ချဖို့ပဲ (တင်ပါ့ ဘုရား)။
ကောင်းပြီ ဒါဖြင့် သက္ကာယဒိဋ္ဌိ ဖြစ်ကြောင်းတော့ သိပြီလား (သိပါပြီ ဘုရား)။ သက္ကာယ ချုပ်ကြောင်းကော (သိပါတယ် ဘုရား)။
သက္ကာယဖြစ်ကြောင်းလည်းသိပြန်၊ ဝေဒနာကို ဘယ်လိုထင်ကြ သလဲ (ဝေဒနာကို ငါထင်ပါတယ် ဘုရား)၊ ငါထင်လို့ရှိရင် သက္ကာယဒိဋ္ဌိနော်။
ဝေဒနာကလေးတွေကို ပျက်တာ မြင်နေတော့ ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာ မဟုတ်ဘူးလို့ သိရင် ဘယ့်နှယ့်ဆိုကြမယ် (သက္ကာယဒိဋ္ဌိ ပြုတ်ပါ ဘုရား)။ သက္ကာယဒိဋ္ဌိ ပြုတ်တယ်၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။
အဲဒီတော့ ဝိပဿနာလုပ်တဲ့ ပုဂ္ဂိုလ်များမှာ ဒီနှစ်ပုံလောက် ဆိုလျှင် အများကြီး တော်ပါတယ်နော် (တင်ပါ့ ဘုရား)။
ဒကာ ဒကာမတို့ ဝေဒနာကို ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာထင်လျှင် ဘာတုံး (သက္ကာယဒိဋ္ဌိပါ ဘုရား)။ ဝေဒနာတို့၏ ပျက်တာမြင်တော့ ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာ မဟုတ်လို့ ပျက်တာပဲလို့ သိရင် (သက္ကာယ ဒိဋ္ဌိပြုတ်ပါတယ် ဘုရား)။
ဒီဇောနဲ့ သေရင်သုဂတိသေချာတယ်
ကဲ သက္ကာယဒိဋ္ဌိ ပြုတ်ပြီဆိုတော့ ဒီဇာနဲ့ သေသွားလို့ရှိရင် ခင်ဗျားတို့ သုဂတိကို သေချာတယ် ဘယ်သူမှ မပို့ရဘူး (မှန်လှပါ ဘုရား)။ ဒီဉာဏ်က ပို့မှာပဲ၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ကောင်းပြီ ဒါဖြင့် ဒီဥစ္စာက သက္ကာယဒိဋ္ဌိ ဖြစ်ကြောင်းလည်း သိပြီ သက္ကာယဒိဋ္ဌိချုပ် ကြောင်းကော (သိပါပြီ ဘုရား)။ သိပြီးတော့ သက္ကာယဒိဋ္ဌိ စခန်းကို သိမ်းပါနော် (မှန်ပါ ဘုရား)။
ကောင်းပြီ သက္ကာယဒိဋ္ဌိကို ကျုပ်တို့က အခုပြောရတော့မယ်တဲ့။ မနေ့က သမုဒယသစ္စာမှာ ဘာဟောခဲ့သတုံးလို့ မေးတဲ့ အခါကျတော့ သမုဒယဿ အာယူဟနဋ္ဌော နိဋ္ဌာနဋ္ဌော မနေ့က ပြီးခဲ့တယ် (မှန်လှပါ ဘုရား)။
ဒီနေ့ သံယောဂဋ္ဌောဋ္ဌော ဟောရမယ် ဒကာ ဒကာမတို့ ဘာဟောရ မယ် (သံယောဂဋ္ဌောပါ ဘုရား)။
သံယောဂဋ္ဌောဆိုတာ
သံယောဂဋ္ဌောဆိုတော့ စာသံပါနေတယ် (တင်ပါ့ ဘုရား)။ စာသံပါနေတော့ ဒကာ ဒကာမတို့ စာဆိုတာက ခင်ဗျားတို့ နားထဲ ကြားဘူးတာက မဟုတ် (မှန်ပါ)။
သံယောဂဋ္ဌောဆို တာ မြန်မာလိုတော့ဖြင့် ယှဉ်တွဲ တတ်တဲ့ သဘောပဲ (မှန်လှပါ)။ မြန်မာလိုတော့ ဘယ့်နှယ် ဆိုမလဲ (ယှဉ်တွဲတတ်တဲ့ သဘောပါ ဘုရား)။
ယှဉ်တွဲတတ်တဲ့သဘော
ယှဉ်တွဲတတ်တဲ့သဘော ကိုင်း ခင်ဗျားတို့ ဒါလေးက လောဘ တစ်လုံးထားပါတော့၊ လိုချင်တဲ့ လောဘလေး ခင်ဗျားတို့ သန္တာန်မှာ နေ့လယ်က ဖြစ်စေ၊ ထမင်းစားတုန်းက ဖြစ်စေ၊ ဘယ်အချိန် ဖြစ်စေပေါ့ဗျာ။
သူပေါ်လာတဲ့အချိန်မှာ ခင်ဗျားတို့ လောဘသည် ခင်ဗျားတို့ သန္တာန်မှာ ရှိတယ်လို့ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။ အလိုလိုပေါ်လာတာလို့ ခင်ဗျားတို့ သန္တာန်မှာ အလည် လာတာလို့ အောက်မေ့မနေနဲ့ (မှန်လှပါ ဘုရား)။
အာရုံ ဒွါရ တိုက်ဆိုင်လို့ သမုဒယကလေး ပေါ်လာပြီ ဆိုကြပါစို့၊ အဲဒါ ဘာလုပ်မလို့ လာတာတုံးလို့ ခင်ဗျားတို့က ယနေ့မေးရမယ် (မှန်လှပါ ဘုရား)။
ဒုက္ခ ဝတ္ထု ဒုက္ခမှုတွေနဲ့ မင်းတို့နဲ့ တွဲပေးမလို့ လာတာ သဘောကျ ပြီလား (ကျပါပြီ ဘုရား)။
ဘာလုပ်မလို့ “သူ” လာသောတုံး
မင်းတို့တည်းဟူသော ပုဂ္ဂိုလ်နဲ့ ဒုက္ခ ဝတ္ထု ဒုက္ခမှုတွေနဲ့ တွဲပေး မလို့ လာတာ သူဘာလုပ်မလို့ လာတာတုံး (ဒုက္ခ ဝတ္ထု ဒုက္ခမှုတွေနဲ့ တွဲပေးမလို့ လာတာပါ ဘုရား)။
တွဲပေးမလို့ လာတာတဲ့ အလကားတော့ မလာဘူးတဲ့ အင်း လောဘကလေး ပေါ်ရင် ဘာနဲ့ တွဲပေးမလို့တုံး (ဒုက္ခ ဝတ္ထု ဒုက္ခမှု တွေနဲ့ တွဲပေးမလို့ပါ ဘုရား)။
ဒုက္ခဝတ္ထု ဒုက္ခမှုတွေနဲ့ တွဲပေးမလို့ ခင်ဗျားတို့ ကြပ်ကြပ် သတိထားပါ၊ သတိ မထား သင့်ဘူးလား (ထားသင့်ပါတယ် ဘုရား)။ ဘယ်လို ထားရမတုံး (ဒုက္ခ ဝတ္ထု ဒုက္ခမှုတွေနဲ့ တွဲပေး မလို့ပါ ဘုရား)။
လောဘလာတယ်
လောဘ လာတိုင်း လာတိုင်း တွဲပေးမလို့ လာတယ်လို့သာ မှတ်ပါ ဒကာ ဒကာမတို့ (မှန်ပါ ဘုရား)။
ဒီနေ့ဖြင့် ဘယ်သူ့ဆီ တောင်းစရာ ရစရာလေး ရှိသေးတယ်လို့ လာလို့ရှိရင်ဖြင့် အင်း သူဟာ ဒုက္ခ ဝတ္ထု ဒုက္ခမှုနဲ့ တွဲတော့မယ်။
ဘာကြောင့် တုံးဆို ရင်တော့ ဘယ် သူဆီ တောင်းစရာရှိ ၍ ရစရာလေးရှိတယ်ဆိုတာ လောဘမဟုတ်လား (မှန်ပါ ဘုရား)။
ဒုက္ခဝတ္ထုနဲ့တွဲတော့မယ်
အဲဒီတော့ ဒုက္ခဝတ္ထုနဲ့ တွဲတော့မယ်ဆိုတဲ့ဥစ္စာက ဒီခန္ဓာကိုယ်ကြီး ကို ရိုက်ခိုင်းတော့မယ် (မှန်လှပါ ဘုရား)။ မရောက် ရောက်အောင် သွားရမယ်ဆိုပြီး ရိုက်ခိုင်းတာပဲ၊ မခိုင်းဘူးလား (ခိုင်းပါတယ် ဘုရား)။
ဟိုရောက်တဲ့အခါကျတော့ ဟိုလူက ချေးများနေလို့ရှိရင်လည်း ပြောရ ဆိုရမယ့် အပိုအလုပ်တွေက နည်းသလား၊ မုသားနဲ့ ပြောရမည့် အချိန်ကျတော့ မုသားပြောရမှာပဲ၊ မဟုတ်ဘူးလား။
အဲဒီတော့ကို ဒုက္ခဝတ္ထု ဒုက္ခမှုတို့ဖြင့် ရောက်နေတယ်၊ အင်း ဘယ်သူလာလို့ ရောက်တာတုံး (လောဘ လာလို့ ရောက်တာပါ ဘုရား)။ ဒကာ ဒကာမတို့ လောဘလာရင် ဘာလုပ်မလို့ လာတာတုံး (ဒုက္ခ ဝတ္ထု ဒုက္ခမှုတွေနဲ့ ယှဉ်တွဲမလို့ လာတာပါ ဘုရား)။
စေတနာကောင်းနဲ့ လာတယ်များ အောက်မေ့ကြသေးလား ( မအောက်မေ့ပါ ဘုရား)။ ဘာလုပ်မလို့ လာတာတုံး (ဒုက္ခဝတ္ထု ဒုက္ခမှု တွေနဲ့ ယှဉ်တွဲမလို့ လာတာပါ ဘုရား)။
ယှဉ်တွဲပေးမလို့လာတာ
ဒုက္ခဝတ္ထု ဒုက္ခမှုတွေနဲ့ ယှဉ်တွဲပေးမလို့ လာတာတဲ့၊ ဦးချစ်ခါ ခင်ဗျားတို့က သူလာတယ် ဆိုလို့ရှိရင်ဖြင့် ဘာမှမတွေးတော့ဘူး၊ လိုချင်တဲ့ စိတ်ကလေး ပေါ်လာရင်သွားမှရမည့် ပုဂ္ဂိုလ်သွား ဒုက္ခပေါ်လာတယ်၊ မပေါ် ဘူးလား (ပေါ်ပါတယ် ဘုရား)။
ဟို ကျတော့ ပြောဆို ရတဲ့ ဒုက္ခတွေရော၊ တစ်ခါတလေ တစ်ယောက်နဲ့ တစ်ယောက် အလိုမကျလို့ မုန်းတီးပြီး အော်နေရ ဟစ်နေရပြီး လုပ်ခဲ့ရတဲ့ အလုပ်တွေကော မရှိဘူးလား (ရှိပါတယ် ဘုရား)။
မရ ရအောင် သိမ်းမယ်ကွာဆိုတဲ့ ဒုက္ခတွေရော (ရှိပါတယ် ဘုရား)။ ဒါတွေဟာ ဘယ်သူ ဝင်လာလို့ ကြုံရပါလိမ့် (လောဘလာလို့ ပါ ဘုရား)။
သူ့ကြောင့် ကံမကောင်းတာ
အဲဒါ ခင်ဗျားတို့ က စွဲချက်ကလွဲ ချင်တော့ ေဩာ် ကံမကောင်း အကြောင်း မသင့် ချင်တော့ကို ပေးထားတဲ့ ပစ္စည်းက တောင်းကို မရဘူး။ ကိုယ်ဆင်းရဲရတယ်၊ ကံများ မကောင်းချင်တော့ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲနဲ့ တွေ့ရတယ်။ သူ့ကြောင့်။ ကံမကောင်းလို့လား (မဟုတ်ပါ ဘုရား)။
သူလာလို့ ဒီဒုက္ခတွေ့ရတယ်၊ ခင်ဗျားတို့က ဘယ်လိုစွဲချက် တင်လိုက်သတုံး၊ ကံမကောင်း အကြောင်းမသင့်လို့ ကိုယ့်ပစ္စည်း ကိုယ်ပေး ထားတာကို သွားတောင်းတာတောင် ကိုယ့်မျက်နှာ ကြည်ကြည်သာသာ မရခဲ့ဘူး။ ကံများ ခေလိုက်တာ ရိပ်မိပြီလား။
ကံခေတာလား၊ သူကလာလို့ အမှုပျက်ပြားတာလား (သူက လာလို့ အမှုပျက်ပြားတာပါ ဘုရား)။ ခင်ဗျားတို့က ချတော့ ဘယ်သူ့ချ သလဲ (ကံကိုချပါတယ် ဘုရား)။
မရောင်ရာဆေးလူးဖြစ်နေတယ်
ေဩာ် ခက်လိုက်တာ မရောင်ရာဆေးလူး ဖြစ်နေတယ်လို့ ဒကာ ဒကာမတွေ မဆိုထိုက်ဘူးလား ဆိုထိုက်သလား (ဆိုထိုက်ပါတယ် ဘုရား)။
သူမလာခင်က အိမ်က ထွက်ဖြစ်တာလား (မထွက်ဖြစ်ပါ ဘုရား)။ မထွက်ဖြစ်ဘူး ဟိုလူနဲ့ကော ကတောက်ကဆ ဖြစ်စရာရှိ ရဲ့ လား (မရှိပါ ဘုရား)။
သူလာတာနဲ့ ဖြစ်ရတဲ့အဖြစ်ကို သူ့အပြစ်ပေါ့။ သူတွန်းတဲ့ချောက် မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။ သူတွန်းတဲ့ချောက်ကို ခင်ဗျားတို့က ဘယ်သူ့ကြောင့်လို့ ဆိုသတုံး (ကံတွန်းတဲ့ချောက်ပါ ဘုရား)။
ကံ တွန်းတဲ့ ချောက်ဆို တော့ ကံ ကသက် သက် အနစ်နာ ခံရတယ် (ဟုတ်ပါတယ် ဘုရား)။ လုပ်လည်း မလုပ်ရဘူး၊ လက်သယ်က တခြား၊ အစွဲခံရတဲ့ လူကတခြား ဒီလိုဖြစ်နေတယ်။
ဦးချစ်ခ နောက်ကျတော့ ခင်ဗျားတို့က သတိထားပါ ဟုတ်လား။ သူရောက်လာလို့ရှိရင် ဆရာဘုန်းကြီးက သတိပေးထားတယ်။ ဘုရားကလဲ ဟောထားတယ်၊ ဒုက္ခဝတ္ထု ဒုက္ခမှုတို့နဲ့ မင်းနဲ့ကို မခွဲရအောင် လာခဲ့ တာဟေ့၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
လောဘကဘာကိစ္စနဲ့လာခဲ့တာတုံး
လောဘက ဘာကိစ္စနဲ့ လာခဲ့တာတုံး (ဒုက္ခဝတ္ထု ဒုက္ခမှုတို့ နဲ့ တွဲပေးမလို့လာခဲ့တာပါ ဘုရား)။
အဲဒုက္ခဝတ္ထု ဒုက္ခမှုတို့နဲ့ ခင်ဗျားတို့လို ပုဂ္ဂိုလ်တွေနဲ့ တွဲပေးမလို့ လာတာတဲ့၊ လာခြင်းကောင်း ဟုတ်ကဲ့လား (မဟုတ်ပါ ဘုရား)။ လာခြင်းဆိုးပေါ့ (မှန်လှပါ ဘုရား)။
လာခြင်းဆိုးကိုပင်လျှင် ခင်ဗျားတို့ကလည်း သူလာဖို့ရာ၊ သူ့အာရုံ က လှုံ့ဆော်တတ်တယ် (မှန်ပါ)။
ဟိုဘက်သွားတော့ ဟိုဘက်မှာ ရစရာရှိတဲ့ အာရုံက ဒီက မနော အကြည်နဲ့ တွေ့လိုက်တော့ လိုချင်တဲ့ဇောက ဖျတ်ဆို ပေါ်လာတယ်။ ဒီလို မပေါ်ပေဘူးလား။
ဟဒယဝတ္ထုက “မှန်”
ပေါ်တော့ ခင်ဗျားတို့က မှန်- မတည့်ကောင်းတဲ့ ဘက်ကို မှန်သွားတည့်တယ် (မှန်လှပါ ဘုရား)။ ဟဒဟဝတ္ထုက မှန် ကိုဗျ (မှန်ပါ ဘုရား)။
မှန်က ဟိုမှာ ကြွေးရှိတဲ့ ပုဂ္ဂိုလ်သွားတည့်တယ် (မှန်ပါ)။ သွားတည့်လိုက်တော့ ဒီလောဘ အရိပ်က ဒီမှာ လာပေါ်တယ် (မှန်ပါ)။
ဒီ လောဘ ရိပ်တွန်းပြီး ကိန်းရာ ပုဂ္ဂိုလ်မခိုင်းဘူးလား (ခိုင်းပါတယ် ဘုရား)။ ခိုင်းတဲ့ အခါကျတော့ ဟိုကျရင် ပြောရ၊ ဆိုရ၊ လိမ်ရ၊ ကောက်ရလို့ မောရ ပန်းရတဲ့ ဒုက္ခတွေ မတွေ့ပေဘူးလား (တွေ့ပါတယ် ဘုရား)။
တွေ့တဲ့အခါကျတော့ မဖြစ်ချင်နေ ဖြစ်ချင်ဖြစ် ဆိုပြီးတော့ ဝိုင်းမြှောက်ခံရအုံးမယ်၊ မခံရ ပေဘူးလား (မှန်လှပါ ဘုရား)။
အဲဒီလို ခံရတာတွေလည်း ဒကာ ဒကာမတွေ ဘယ်သူလာလို့ ဖြစ်ရတာပါလိမ့် (လောဘပါ ဘုရား)။ ဪ ဒါဖြင့် ဒုနက္ခတ္တံ့၊ ဒုမင်္ဂလံ ဆိုတာ သူပဲ၊
မကောင်းတဲ့ နက္ခတ်နဲ့ ကြုံတာမဟုတ်လား၊ မကောင်းတဲ့ နက္ခတ် မကောင်းတဲ့ မင်္ဂလာတွေနဲ့ ကြုံရတယ်ဆိုတော့ သူ့ကိုဆိုတာ ရိပ်မိပြီလား (ရိပ်မိပါတယ် ဘုရား)။
မနက်မိုးလင်းရင်ဆွမ်းတော်ထက်စောတယ်
သူကလည်း ဘုန်းကြီးပြောတာ ပျော့နေတယ်။ မနက်မိုးလင်းလို့ ရှိရင် ဆွမ်းတော်ထက် စောတယ်လို့ ပြောတာ (ဆွမ်းတော်ထက် စောပါတယ် ဘုရား)။
နံနက် မိုးလင်းလို့ရှိရင် မလာဘူးလား အိပ်ရာက ထလာလို့ရှိရင် ဘယ်သူ့ဆီမှာ ယူစရာ ရှိတယ်။ ဘယ်သူ့ထံမှာ တောင်းစရာ ဘယ်သူ့ကို ပေးစရာ အစရှိသည်နဲ့ ဆိုတော့ ခင်ဗျားတို့ ဆွမ်းတော်ထက် စောတယ်ဆို တာ ငြင်းစရာမရှိဘူး မဟုတ်ဘူးလား။
အဲဒီတော့ ခင်ဗျားတို့ အိမ်မှာ ဘာနက္ခတ်နဲ့ ကြုံသလဲဆိုရင် ဒုနက္ခတ္တံ ဒုမင်္ဂလံသာ မှတ်ထားတော့ ရိပ်မိပြီလား၊ ဘာနက္ခတ်နဲ့ ကြုံသတုံး (ဒုနက္ခတ္တံ၊ ဒုမင်္ဂလံပါ ဘုရား)။
နက္ခတ်ဆိုတာ ဝမ်းထဲကဟာကို ဆိုတာ
ဒုနက္ခတံ ဒုမင်္ဂလံ – သု ကို မထည့်နဲ့၊ သူလာကတည်းက ဒုက္ခပေး တော့ မလို့ လာတာ အဲဒါ နက္ခတ်ကောင်းနဲ့ ကြုံ သလား နက္ခတ် ဆိုးနဲ့ ကြုံသလား (နက္ခတ်ဆိုးနဲ့ ကြုံပါတယ် ဘုရား)။
နက္ခတ်ဆိုတာ ဝမ်းထဲက ဟာကို ဆိုတာ၊ ခင်ဗျားတို့က ကောင်းကင် ကြည့်နေလို့ ခက်နေတာ ရိပ်မိပြီလား။
ကောင်းကင်က နက္ခတ်က အမှန်လား၊ သူက ဒုက္ခအကျိုးပေး တာလား (သူက ဒုက္ခ အကျိုးပေးတာပါ ဘုရား)။
သူလာရင်ဝိပဿနာရှုပစ်လိုက်
ဒါဖြင့် ဒီနေရာမှာ သူလာလျှင် ဝိပဿနာ ရှုပစ်လိုက်က သုနက္ခတ္တံ့၊ သုမင်္ဂလံနဲ့ ကြုံကြုံ (ကြုံမှာပါ ဘုရား)။ မရှုလို့ရှိရင် (ဒုနက္ခတ္တံ ဒုမင်္ဂလံနဲ့ ကြုံမှာပါ ဘုရား)။
အဲဒါမှတ်ထားဗျ၊ ပေါ်ကြပြီလား (ပေါ်ပါတယ် ဘုရား)။ ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ မိုးလင်းလို့ရှိရင် သူကပဲ အရင်ကြွလာ လို့ သူ့ကို အရင်ဖူးမျှော်နေရတယ် ဆိုတော့ ခက်နေတယ်၊ မခက်ဘူး လား (ခက်ပါတယ်ဘရား)။
မိုးလင်းရင် ဘယ်သူက အရင်လာတုံး (လောဘ သူကအရင် လာပါတယ် ဘုရား)။ အဲ လောဘက အရင်လာတယ်ဆိုတော့ ဒကာ ဒကာမတို့ဖြင့် ဒီနေ့တော့ နက္ခတ်ဆိုးနဲ့ ဖြင့် ကြုံပေါ့ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။
ဒီနေ့ တနေ့လုံး ကောင်းစားမည့်နေ့လား ဆိုးဝါးမည့်နေ့လား (ဆိုးဝါးမည့်နေ့ပါ ဘုရား)။ ဆိုးဝါးမည့်နေ့သာ မှတ်ပေတော့ သူကအရင်ကြွ လာတာကိုဗျ။
အချွေအရံအဖော်နဲ့လာတာ
ကြွလာတော့လည်း သူ့ချည့်လာတာ မဟုတ်ဘူး ဣဿာရော မစ္ဆရိယရော၊ မာနရော၊ ဒိဋ္ဌိရော၊ အကုသိုလ်စိတ်မှာ အကုသိုလ်နဲ့ ယှဉ်တဲ့ စေတသိက် (၂၇) နှင့် တကွ အဖော်နဲ့ လာတာ သဘောကျပြီလား (ကျပါပြီ ဘုရား)။
တစ်ယောက်တည်း လာတာလား (မဟုတ်ပါ ဘုရား)။ အခြွေ အရံနဲ့ လာတာ အဲဒီ အချွေအရံနဲ့ လာပြန်တော့၊ အစိမ်း၊ သရဲ၊ သဘက်တွေ (တင်ပါ)။
အစိမ်းတို့၊ သရဲ တို့၊ သဘက် တို့ ချည်းပဲ၊ ဒီပြင် ဘာလာ သေးတုံး (ဘာမှမလာပါ ဘုရား)။ ဒါဖြင့် ခင်ဗျားတို့ကို ဘာပေးမလို့ လာတာတုံး (ဒုက္ခပါ ဘုရား)။
လောဘကိုလက်သပ်မွေးထားတာ ဒုက္ခဝတ္ထု ဒုက္ခမှုတွေကို မင်းတို့အား အပြည့်အစုံ ပေးမယ်တဲ့၊ ဒါနဲ့ လာခဲ့တာ ဆိုတော့ ခင်ဗျားတို့ မသိတော့ ဒီလောဘကလေးကို ခင်ဗျားတို့ က လက်သပ်မွေးထားတာ ဟုတ်လား (တင်ပါ့)။
လက်သပ်မွေးထား သူ ကလည်းလာ ရင် သူ စရိုက် နဲ့ သူ့ရည်ရွယ်ချက် ကတခြား ခင်ဗျားတို့ကအမွေး လွဲနေတယ်၊ မလွဲပေဘူး လား (လွဲပါတယ် ဘုရား)။
နောက်တစ်ချက်က လွဲမယ် သေသေချာချာ သူလာလို့ ရှိရင် ဘုရားက “ သာရာဂစိတ္တံ သာရာဂ စိတ္တန္တိ ပဇာနာတိ ” မင်း ဒါလေးဖြစ် ပျက်ကို သိအောင်လုပ်လို့ မပြောဘူးလား (ပြောပါတယ် ဘုရား)။
ပြောပြန်တော့ ဒါလေး ခင်ဗျားတို့ ကလည်း မရှုမိဘူး (မှန်ပါ ဘုရား)။ မရှုမိတဲ့ အခါကျလို့ရှိရင်ဖြင့် သူက အဖော်အသင်းနဲ့ တကွ၊ ခင်ဗျားတို့လို့ ပုဂ္ဂိုလ်တွေကို ထင်သလို စီမံတော့မယ် (တင်ပါ့)။
အပြေးခိုင်းရင် ပြေးရတယ်
အပြေးခိုင်းရင် ပြေးရမယ် (ပြေးရပါမယ် ဘုရား)။ ဟာ နောက်ကျသွားလိမ့်မယ်၊ နောက်ပိုင်းက ထွက်သွားရင် မှီလိုက်မှာ မဟုတ်ဘူး၊ ဟိုမှာ ရစရာတွေ၊ ဘာတွေ ရှိတာကို အပြေးလေးနဲ့ သွားရတယ်၊ မသွား ရဘူးလား (သွားရပါတယ် ဘုရား)။
မဟုတ်ဘူးလား၊ ဟိုမှာ အသက်ငင်နေတယ်၊ တော်တော်ကြာ မင်းသူနဲ့မှ တွေ့မှ တွေ့ပါ့မလား။ သား သမီးတွေနှင့် တွေ့အောင်သွား မြန်မြန်သွား ဆိုတဲ့ အခါကောမရှိဘူးလား (ရှိပါတယ် ဘုရား)။
ဘယ်သူလာလို့တုံး (လောဘလာတာပါ ဘုရား)။ အင်း ကောင်းကျိုးပေးသလား၊ ဆိုးကျိုး ပေးသလား (ဆိုးကျိုးပေးပါတယ် ဘုရား)။
လမ်းများ ခလုပ်တိုက် လဲနေရင်လည်း ဟုတ်လား၊ အမျိုးမျိုးအဖုံဖုံ၊ ထမင်းမစားရ အငတ်နေပေါ့ကွ၊ ထမင်းအရေးလုပ်လို့၊ ထမင်းနေ့တိုင်း စားနေရတာ အချိန်လွန်သွားလိမ့်မယ်။
တစ်ခါတစ်လေ နှစ်ထပ်ကို တစ်ထပ်တည်း စားရတာဘယ်သူ့ ကိစ္စပါလိမ့် (လောဘကိစ္စပါ ဘုရား)။ သူပေးတဲ့ ကိစ္စတွေပဲ။
သူရောက်လာရင် မင်းအငတ်ပြဿနာနဲ့ လည်း မင်းတွေ့ရလိမ့် မယ်၊ စိတ်သာချ၊ ဆီပုံးရှိလျှက်နဲ့ ၊ ဆန်အိတ်ရှိလျက်နဲ့ ထမင်းမစားရတဲ့နည်း ငါပေးမယ်။
ငတ်တဲ့ဒုက္ခနဲ့တွဲပေးတယ်
အဲဒီ ဒုက္ခ ငါပေးမယ်၊ ဆန်အိတ်၊ ဆီပုံး ရှိလျှက်နဲ့ ကောင်းကောင်း မွန်မွန် မစားရတဲ့နည်း ငါပေးမယ်၊ ငတ်တဲ့ဒုက္ခနဲ့ တွဲပေးမယ်ဆိုတာ ဘယ်သူပါလိမ့် (လောဘပါ ဘုရား)။
ဘယ်လောက်များ ဆိုးတုံးဗျာ (ဆိုးပါတယ် ဘုရား)။ ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ ဒုက္ခဝတ္ထု၊ ဒုက္ခမှုတွေနဲ့ ဖြင့် အကုန် အကျွမ်းဝင်တယ်။
ဘယ်အချိန် တွဲမှာတုံး ဆရာကြီးလို့ သူ့ကိုမေး၊ ရောက်တဲ့အချိန်က စတွဲပါမယ်လို့ပြောမှာပဲ၊ ဘယ်လောက်များ ဆိုးတုံး ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ကောင်းပြီ တွဲပုံကလေးကို ရှင်းပြပါအုံးမယ်။ ခင်ဗျားတို့ရဲ့ ခန္ဓာကိုယ်နဲ့ ဒီခန္ဓာကိုယ် ပေါ်မှာ ရွက်ဆောင်ရမည့် ဝန်ထုပ်နဲ့ မကွဲအောင် အမြဲ တွဲထားမယ်တဲ့။ ဘယ်လောက် ဆိုးတုံးဗျာ ပေါ်ကြပြီလား။
ဦးဘအုန်းဆိုတဲ့ ခန္ဓာကိုယ်နဲ့ ကိုယ်အပေါ်မှာ သူဆင့်တင်ထားတဲ့ ဒုက္ခတည်းဟူသော ဝန်ထုပ်တွေနဲ့ ဘယ်အခါကာလမှ ပြုတ်မကျအောင် တွဲပေးနေတယ်။
ဝန်ထုပ်နဲ့အထမ်းသမား
အမလေး ဖြစ်မှဖြစ်ရလေဗျာ၊ ဘယ့်နှယ်တုံး ဒကာ ဒကာမတို့ ဝန်ထုပ်နဲ့ အထမ်းသမား မကွဲရအောင် (မှန်ပါ)။ ရုန်းထွက်လို့ မရအောင် ငါတွဲပေးမယ်။
ဘယ်သူက တွဲပေးထားတဲ့ လောဘက တွဲ ပေးထားတာ (မှန်ပါ)။ လောဘက တွဲပေးတယ်။ ခင်ဗျားတို့မှာလည်း ထမ်းနေရတဲ့ ဒီဝန်ထုပ်ကြီးကျသွားမှာကို သိပ်စိုးရိမ်တယ်။
ကျောပေါ်က မချချင်အောင် ဒီလောက်တောင်ပဲ ခင်ဗျားတို့က စေတနာ ပိုပါပေတယ်။ အတော် မဆိုးဝါးဘူးလား (ဆိုးဝါးပါတယ် ဘုရား)။
ဒါဖြင့် အင်မတန်စေတနာကောင်းနဲ့ ခင်ဗျားတို့က သားကလေး တစ်ယောက် မွေးလာလည်း ငါကြည့်ဖို့ ငါမွေးဖို့ဆိုပြီး ကျောပေါ်တင် တာပဲ။
သမီးကလေးတစ်ယောက် မွေးလာပြန်တော့ ကော (ကျောပေါ် တင်တာပါပဲ ဘုရား)။ ကျောပေါ် တင်တယ်၊ ခင်တဲ့ ဆွေမျိုးရင်း ချာလေး ရောက်လာပြန်တော့ကော (ကျောပေါ် တင်တာပါ ဘုရား)။
မိတ်ဆွေရင်းလေး ရောက်လာပြန်ကော (ကျောပေါ်တင်ပါ တယ် ဘုရား)။ ဒီပုဂ္ဂိုလ်တွေ ပစ်လိုက်ပါတော့လား ဆိုတော့ ဪ ပစ်လို့ မဖြစ်ဘူးတဲ့ သူတို့နဲ့ ပဲအလုပ် လုပ်နေရတာ ဆိုတော့ ဘယ်သူ့ပစ်တာ ပါသေးတုံး (မပါပါ ဘုရား)။
လောဘက ကျောပေါ်တင်ပေးတယ်
ဒါတွေ အကုန်ကျောပေါ်တင် တာပဲ၊ မတင်ဘူးလား (တင်ပါတယ် ဘုရား)။ ဘယ်သူက တင်ပေးတာတုံး (လောဘကပါ ဘုရား)။ လောဘက ခင်လို့တင်တာကိုဗျ။
မခင်တဲ့ပုဂ္ဂိုလ် ကျောပေါ်တင်ပါ့မလား (မတင်ပါ ဘုရား)။ အိမ်နား မသီလာပါနဲ့ တောင် ပြောလိမ့်အုံးမယ်။ မပြောပေဘူးလား ပြောမလား (ပြောမှာပါ ဘုရား)။
အခုတော့ ခင်ဗျားတို့က သားသမီးလေး ဇနီးဘက်ကလာတော့ ကျွေးလိုက်၊ မွေးလိုက် ဟုတ်လား၊ ယောက်ျားဘက်က လာကော (ကျွေးလိုက် မွေးလိုက်ပါ ဘုရား)။
ကျွေးလိုက် မွေးလိုက် ပေးစရာကမ်းစရာ ရှိပြန်လို့ မမာမကျန်းရှိ နေပြန်လို့ ရှိရင်လည်း ပေးလိုက် ကျွေးလိုက် မလုပ်ရပေဘူးလား (လုပ်ရပါ တယ် ဘုရား)။
လုပ်တော့ သူတို့ အားလုံးကိစ္စသူတို့ အပူတွေဟူသရွေ့ကော ကိုယ်ပါ ရောမပူဘူးလား (ပူရပါတယ် ဘုရား)။ ပူရတော့ အပူဟူ သရွေ့ လည်း ခင်ဗျားတို့ ကျောပေါ်တင်တာပဲ၊ ဝန်ဟူသရွေ့ကော (ကျောပေါ်တင်ပါတယ် ဘုရား)
အတွင်းကအပူ၊ ကျောပေါ်ကဝန်ထုပ်
ဒါဖြင့် အတွင်းကလည်း အပူတွေ၊ ကျောပေါ်ကလည်း ဝန်ထုပ် မချနဲ့ သဘောကျပြီလား (ကျပါပြီ ဘုရား)။ ဒါဖြင့် ဘယ်သူက တွဲကပ်ထား တာတုံး (လောဘကပါ ဘုရား)၊ လောဘက တွဲကပ်တယ်။
တစ်ယောက်ထဲနေရင် ကိုယ့် ခန္ဓာတစ်ထုပ်တည်း ထမ်းရမယ် မဟုတ်လား (မှန်ပါ ဘုရား)။ တစ်ယောက်တည်း နေရင်ဘာတုံး ဒကာ ဒကာမတို့ (ကိုယ့်ခန္ဓာ တစ်ထပ်တည်း ထမ်းရမှာပါ ဘုရား။)
ကိုယ့်ခန္ဓာ တစ်ထုပ်တည်း ထမ်းရတော့ ဝန်နဲ့ အလေးချိန်မျှရင် တော်သေးတယ် (မှန်ပါ ဘုရား)။ အခုခင်ဗျားတို့ သမုဒယရောက်တဲ့ အချိန်ကစပြီး ဒီလိုနေလို့ တော် မထင်ပါဘူး ဖြစ်လာတယ် (မှန်လှပါ)။
သမုဒယရောက်တဲ့အချိန်ကစတယ်
ဘယ်အချိန်က စလဲ (သမုဒယ ရောက်တဲ့အချိန်ကပါ ဘုရား)။ တော်မယ် မထင်ဘူးဆိုတဲ့ အခါကျတော့ တည်ထောင်မှာပဲ၊ ယောက်ျားဖြင့် လည်း မိန်းမတည်ထောင်၊ မိန်းမဖြင့်လည်း ယောက်ျား တည်ထောင်မှပဲ မလာပေဘူးလား၊ လာမလား (လာပါတယ် ဘုရား)။
ဘယ်သူက တည်ထောင်ခိုင်းတာလဲ (သမုဒယကပါ ဘုရား)။ သမုဒယကနော်။ ဒါဖြင့် ယောက်ျားဝန် ကို လည်း မိန်းမကထမ်း၊ မိန်းမဝန်ကိုတော့ (ယောက်ျားကထမ်းပါ ဘုရား)။
နောက်သားသမီးတွေ မွေးဖွားလာပြန်တော့ကော (ထမ်းမြဲ ထမ်းပါ ဘုရား)။ နောက်သားသမီးတွေက ဆက်လက်ပြီး သကာလ မြေးမြစ် တွေကော (ထမ်းရပါတယ် ဘုရား)။
မွေးဖွားပြီး ထမ်းပေါ့ဗျာ (မှန်လှပါ)။ ခွဲလို့ရရဲ့ လား (မရပါ ဘုရား)။ ဒီသား ဒီသမီး ဒီမြေးတွေနဲ့ များခွဲသွားရတော့မယ်၊ ၊ စွန့်များသွားရတော့မယ် ဆိုရင် မျက်ရည်များ ကျသေးတယ် (မှန်လှပါ)။
ခွဲချင်လို့လား၊ မခွဲချင်လို့လား (မခွဲချင်လို့ပါ ဘုရား)။ ဪ ဝန်ကျမှာကို သိပ်စိုးရိမ်တယ်၊ ဟင် ဝန်ပိပြီး သေပါရစေ ဘုရား။
ဝန်ကျပြီး ဆွေကွဲကွဲနဲ့ သားကွဲ သမီးကွဲနဲ့ မသေပါရစေနဲ့ ဆုတောင်းကိုဗျ၊ ရိပ်မိပြီလား။ ဘယ်လို သေချင်ကျသတုံး (ဘယ်လို သေရမှန်းတောင် မသိပါဘူး ဘုရား)။
ဖြစ်စဉ်ကအတော်ဆိုးနေတာ
အဲဒါ ဖြစ်စဉ် – ဖြစ်စဉ် ဒကာ ဒကာမတို့ ရဲ့ ဖြစ်စဉ်ကတော့ အတော်ဆိုးနေတာဗျ၊ မဆိုးဘူးလား၊ ဆိုးသလား (ဆိုးပါတယ် ဘုရား)။
ခင်ဗျားတို့ ဆုတောင်းတာ ကြည့်လေ သားကွဲ၊ သမီးကွဲဆွေမျိုးကွဲ၊ တစ်ကောင်ကြွက် ဥတစ်လုံးအဖြစ်နဲ့ မသေပါရစေနဲ့တဲ့။
ဟင် ဆွေတွေမျိုးတွေ သားတွေ သမီးတွေရော အကုန်လုံး ဝိုင်းခြုံပြီး သကာလ နှိပ်စက်သရွေ့ခံပြီးမှ ဝန်ပိသေပါရစေ ဆိုတော့ ဝန်ကျပြီး သေပါရစေလို့များ ပါရဲ့လား (မပါပါ ဘုရား)။
သေခြင်းဆိုးသေမှကျေနပ်မှာ
အဲ ဘုရားကတော့ ဝန်ကျသေမှ ကြိုက်တယ်၊ ခင်ဗျားတို့က ဝန်ပိသေမှကြိုက်တယ်၊ သေခြင်းဆိုး သေမှကျေနပ်မှာ ရိပ်မိပြီလား။
ဘယ်လိုသေမှကျေနပ်တုံး (ဝန်ပိသေမှပါ ဘုရား)။ ဖြစ်မှဖြစ် ရလေဗျာ၊ အတော်ဆိုး နေပါလား ဒကာ ဒကာမတို့ အင်မတန် ဆိုးဝါးမနေ ဘူးလား။
အဲဒါ သူ့အကြောင်းမသိလို့ (မှန်လှပါ)။ ဝန်တင်တဲ့ သူသာ သတ်လိုက်မယ်ဆိုရင် တင်မည့်လူ ရှိသေးသလား (မရှိပါ ဘုရား)။
မရှိဘူး၊ မရှိလို့ ရှိရင် ကျုပ်တို့ဝန်တွေ မပေါ့ဘူးလား (ပေါ့ ပါတယ် ဘုရား)။ အဲဒါ ခင်ဗျားတို့က သေတာတောင် ဆွေထဲ မျိုးထဲ သားနဲ့ သမီးနဲ့ ကိုယ့်အိမ် ကိုယ်ယာ သေပါရစေ၊ တစ်ကောင်ကြွက်များ သေရမှာ စိုးရိမ်လိုက်တဲ့ ဖြစ်ခြင်း မပြောပါနဲ့တော့ ဒီလိုဖြစ်မနေဘူးလား။ (ဖြစ်နေပါတယ် ဘုရား)။
ဦးဘအုန်း ဒီဆုများ တချို့တောင်းတာတွေ ခင်ဗျားကြားဘူးပါ လိမ့်မယ်၊ မကြားဖူးဘူးလား (ကြားဖူးပါတယ် ဘုရား)။ ကြားဖူးတယ် ဆိုတော့ ဘယ်လိုသဘောနဲ့ သေချင်လို့လဲ (ဝန်ထုပ်ပိပြီး သေချင်လို့ပါ ဘုရား)။ သဘောကျပြီလား။
ဦးချစ်ခတို့ ကျွဲတွေ၊ မြင်းတွေ၊ ဘာတွေ၊ ကျောက်လမ်းပေါ်မှာ ကားယားကြီး တစ်ခါတည်း ရင်ကွဲ ပြီး သကာလ ချက်ချင်းသေတာ မရှိဘူးလား (ရှိပါတယ် ဘုရား)၊
အပေါ်ဝန် လေးလွန်းလို့ဗျ။ ရထားဆွဲရတာတစ်မျိုး၊ ရထားပေါ် တင်တဲ့ဝန်တွေ ဆွဲရတာက တစ်မျိုးဆိုတော့ တစ်ခါတည်း ကျောက်လမ်းနဲ့ ရင်ပတ်နဲ့ ကိုသွားဆောင့်တယ်။ ဆောင့်ပြီး မသေဘူးလား (သေပါ တယ် ဘုရား)။
အဲဒါ ဘာသေတာလဲ (ဝန်ပိသေတာပါ ဘုရား)။ ဝန်ပိ သေတာတဲ့၊ ဝန်ပိသေမှာပဲတဲ့၊ ခန္ဓာ-မြင်းက အထမ်းသမား၊ တဏှာ အမောင်းသမားက အတင်သမား၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။
ဦးချစ်ခရေ တဏှာဆိုတဲ့ မြင်းမောင်းသမားက သူငွေရဖို့သာ အရေးကြီးတာ၊ မြင်းပျော့ နေတယ်၊ ပိန်နေတယ်၊ သူဂရုမစိုက်နိုင်ဘူး မဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား)။
သွားရင်း သေတဲ့အခါကျတော့ မြင်းက ကံမကောင်းအကြောင်း မသင့်လို့ ခြေချော်ပြီး ရင်ကွဲသေတယ်လို့ အောက်မေ့တယ်၊ ခြေချော် သေတာမဟုတ်ဘူး၊ ဝန်ပိသေတာ ရိပ်မိကြပြီလား (ရိပ်မိပါပြီ ဘုရား)။
အဲဒီတော့ ခင်ဗျားတို့မှာတော့ တစ်ခါတစ်ခါ ဝန်ပိပြီးနေတာ သက်ပြင်းကြီး ရှုနေတဲ့အခါ ပါသေးတယ် (ပါပါတယ် ဘုရား)။
အိပ်ရာထဲမှာ ဝန်ပိနေတာက သမီးကလည်းနေ ရာမက ဟင် ပစ္စည်း အရောင်း အဝယ်ကလည်း အချိုးက မကျ ဒီလိုဖြစ်နေတော့ ဟင် – လုံး ပဲ ချနေရတယ်။
တစ်ယောက်တည်း ဝန်ပိနေတာကိုးဗျ၊ ဝန်ထမ်းတာက နည်းတာမှ မဟုတ်ပဲ၊ ဦးဝများ စောင်းဟောနေတာလား မပြောတတ်ဘူး၊ ဝန်ပိနေတာ ဗျ၊ သဘောကျပြီလား။
တဏှာလောဘကတင်ပေးသမား
ဒါဟာ ဘယ်သူတင်ပေးသတုံး၊ အေး တဏှာ လောဘက တင်ပေးသမားပေါ့ဗျ (တင်ပါ့)။
ကောင်းပြီ ခင်ဗျားတို့ အိမ်မှာနေလို့ရှိရင် အလုပ်ဟာ အမြဲကပ် နေတယ်၊ ဟိုဟာ လေးလည်း အမြင်မတော်လို့ ကိုယ်တိုင် လုပ်လိုက်ရ၊ သည်ဟာလေးလည်း ကြားမကောင်းလို့ ကိုယ်ပဲသွားပြီး ပြုပြင် လိုက်ရ မရှိပေ ဘူးလား (ရှိပါတယ် ဘုရား)။
ကဲ ဒီလိုသာဆိုရင်တော့ ကျောင်းကန်ဘုရားသွားကြလာ ကြတော့ တစ်နေ့တစ်ရက် သွားရတာတောင် လေးလံလိုက်တာ ခက် နေတာပဲ၊ ဘာလို့ တုံး ဆိုလို့ရှိရင် ဝန်တွေထဲက ထွက်သွားရမှာ စိုးလို့၊ ဒီနေ့ ဝန်မရှိတဲ့ နေရာ အလုပ်မရှိတဲ့ နေရာ နေ ရမှာ။
အချိန်ကို အတော်ဆွဲနေတယ်၊ အိမ်ပြန်ဖို့ အချိန်ရောက်လာပြီ ဆိုရင် သွက်လိုက်တဲ့ ဖြစ်ခြင်း ရိပ်မိပြီလား။
အိမ်အပြန်ကျတော့ ဘယ့်နှယ်ဖြစ်နေသလဲ (ခြေကသွက် နေပါတယ် ဘုရား)။
ဘယ့်နှယ်ကြောင့်လဲ ဒီကျမှ လုပ်စရာ ကိုင်စရာ ရှိတာကိုး၊ ဒါကြောင့်မို့ ခင်ဗျားတို့ ပြန်တဲ့ အခါကျတော့ကို ဘုန်းကြီးက အကဲခတ်တယ်။
ဒီတရားပွဲ ပြီးတဲ့အချိန် ပြန်ကြတာပဲ၊ ဘာပြုလို့ ပြန်ကြတာတုံး (ဝန်ရှိတဲ့နေရာမို့ပါ ဘုရား)။
ဒီမှာတော့ ဝန်ပေါ့နေလို့ မဟုတ်ဘူးလား (မှန်လှပါ ဘုရား)။ ဝန်ပိမည့်ဆီကို ခတ်သုတ်သုတ် ပြန် ရတယ် မပြန်ရဘူးလား ၊ ပြန်ရ သလား (ပြန်ရပါတယ် ဘုရား)။
အဲဒီအချိန်ကျလို့ ရှိရင်ဖြင့် ဘယ်သူက ဘာလုပ်ပြန်ပြီ၊ ဘယ်သူက ဘာလုပ်အုံး၊ ဘယ်သူက ဘယ်သွားလို့ ဘယ်လိုဖြစ်မယ်မသိ၊ ကလေးချည်း ထားပစ်ခဲ့ရတယ် အစရှိသည်ဖြင့်ပေါ့ဗျာ။
ခင်ဗျားတို့သည်ကား ဆိုလို့ ရှိရင်ဖြင့် ဝန်ကင်းနေတဲ့ဆီ ပျော် သလား (မပျော်ပါ ဘုရား)။ ဒီမှာ လွတ်လွတ်လပ်လပ် နေကြရတယ် မဟုတ်လား။
ယောက်ျားတွေပဲ၊ မိန်းမတွေ ကလည်း သားသမီးမပါဘူး၊ အဲ တပည့်တော်တို့ ရှင်းရှင်းပဲ နေကြပါတယ်။ ဒီနေရာ ဝန်မရှိတဲ့နေရာ မဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား)။
သူတော်ကောင်းတရား ကြိုးစားနာလိုက်ပါလား
ဝန်မရှိတဲ့နေရာမှာ ပျော်ပျော်ပါးပါးနဲ့ သူတော်ကောင်းတရားကို ကြိုးစားနာလိုက်ပါလား ဆိုလို့ရှိရင် မဖြစ်သေးဘူးဘုရား။ မဖြစ်သေးဘူးတဲ့။
ဘယ့်နှယ်ကြောင့် ဒကာ ဒကာမတို့မဖြစ်သေးဘူးလို့ လျှောက်ကြပါလိမ့် ဝန်ကျ နေလို့ဗျာ သိပြီ ခင်ဗျားတို့က ဆုတောင်းလာတာကို ခင်ဗျား တရားထိုင်ပါအုံး ဆိုတော့ ဘယ့်နှယ်ပြောသတုံး (ကိစ္စလေးရှိသေး တယ် ဘုရား)။
ကိစ္စလေးရှိသေးတယ်လို့ ပြောတယ် မဟုတ်လား၊ ခင်ဗျားတို့ ကိစ္စက ဘာကိစ္စပါလိမ့် (ပြောစရာရှိလို့ပါ ဘုရား)။ ပြောစရာရှိလို့ ငါလုပ်မှပြီးမည့် ကိစ္စလို့ မဆိုဘူးလား (ဆိုပါတယ် ဘုရား)။
ဒါဖြင့် ဒီမှာဝန်ထုပ် မတင်ရဘဲ ဝန်နဲ့ ကင်းနေလို့ရှိရင်ဖြင့် ခင်ဗျား တို့ ဒီမှာ ခဏပဲနေနိုင်မယ် (မှန်ပါ)။ ဝန်နဲ့ နေရမယ်ဆိုရင်တော့ (တနေကုန် နေနိုင်ပါတယ် ဘုရား)။
အမောဆိုက်မှကြိုက်တယ်
ဒါဖြင့် အမောဆိုက်မှ ကြိုက်တာကို ဒီလိုကျမနေဘူးလား (ကျနေပါတယ် ဘုရား)။ ဒကာ ဒကာမတို့ ခင်ဗျား တို့အကြိုက် ပြောစမ်း ပါဆိုရင် အမောဆိုက်မှ ကြိုက်တယ် (မှန်ပါ)။ ဖြစ်မှ ဖြစ်ရလေဗျာ။
အဲဒါကို ခင်ဗျားတို့ကတော့ဖြင့် ဆုတောင်းမကောင်းဘူးတဲ့၊ သို့သော် အကြိုက်က အဲဒါပဲ၊ အမောဆိုက်ရပါလို၏ ဆုတော့ဘယ်သူ့မှ မတောင်းဘူး။
အေးအေးချမ်းချမ်းနဲ့ ကျန်းကျန်းမာမာ၊ ချမ်းချမ်းသာသာ နေ ရပါလို၏ ဆုတော့ အလုပ်သဘောကတော့ အမောဆိုက်မှ ကျေနပ်တယ်။ အမောမဆိုက်ရရင် မကျေနပ်ဘူး။
မကျေနပ်တော့ ဒကာ ဒကာမတို့က အမောဆိုက်တဲ့ ဒီအသွားကို ခင်ဗျားတို့က အဖြေတော့ အတော်ကောင်းတယ်၊ အမောခံနိုင်လို့ ကျေးဇူးရှိ တာတဲ့ တကယ့် ကို ကြောက်စရာ ကောင်းတဲ့ လူတွေ (မှန်ပါ)။
ကြောက်စရာသိပ်ကောင်း၊ အမောခံလိုက်လို့ အတော်ကျေးဇူးရှိ သေးတာ၊ ဒီဖြင့် လျှာထွက်နေပြီ မဟုတ်လား (ထွက်နေပါပြီ ဘုရား)။
အတော် အကျည်းတန်တဲ့ လူတွေ။ အဲဒါက တခြားဟာက ပြောတာ မဟုတ်ဘူး။ ဝန်တင်သမားက ပြောတာ (မှန်ပါ)။
တဏှာက အတင်သမား၊ အတင်သမားကပြောတာ၊ ဉာဏ်ကပြော တာလို့ ဆိုမလား (မဆိုပါ ဘုရား)။
ဘုန်းကြီးခဏခဏဟောတယ်
ကိုင်း ဒါဖြင့် ခင်ဗျားတို့သည် ဒီဘဝမှာ သားဝန်၊ သမီးဝန်၊ ဆွေဝန် မျိုးဝန်တွေနဲ့၊ ကိုးဆယ့်ခြောက်ပါး လမ်းကြမ်းကြီးမှာ သွားနေရတယ်လို့ ဘုန်းကြီး ခဏခဏဟောတယ် (မှန်ပါ)။
ခင်ဗျားတို့ မြို့ထဲ ရွာထဲ သွားတယ်ဆိုတာကိုးဆယ့်ခြောက်ပါးလမ်း ကြမ်းပေါ့ဗျာ (မှန်ပါ)။ ကိုးဆယ်ခြောက်ပါးဝေဒနာတွေက ဘေးက ဥတုနာတွေ၊ ဘာတွေအမျိုးမျိုး၊ အနံ့နာတွေကော မရှိဘူးလား (ရှိပါတယ် ဘုရား)။
အဲဒီအထဲမှာ ဝန်တွေက အပြည့်တင်ပြီး သကာလ ခင်ဗျားတို့က ပြေးတာကိုဗျ (မှန်ပါ)။ မပြေးဘူးလား (ပြေးပါတယ် ဘုရား)။ ပြေးတော့ လွတ်လွတ်လပ်လပ်လား၊ ဝန်ထုပ်အပြည့်နဲ့ လား (ဝန်ထုပ် အပြည့်နဲ့ ပါ ဘုရား)။
အဲဒါ ခွဲသွားပါဆိုတော့လည်း ဒီမှာတောင်မှ မနေနိုင်ဘဲ တာရှည် ဝန်ထုပ်နဲ့ ခွဲရမှာစိုးလို့ မဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား)။
ဝန်ထုပ်နဲ့ ခွဲ ရမှာစိုးလို့ ဆိုတော့ ခင်ဗျားတို့ စိတ်ကလေးက ဒီဝန်ကြီး ထမ်းချင်တာကိုဗျ (မှန်ပါ)။ အဲဒီလိုဖြစ်ပြီး သကာလ နေတော့ လမ်းကလည်း ကြမ်းကြမ်း၊ လူကြီးမှပဲ ဝန်ထုပ်ကပို့ပြီး မပို ဘူးလား (ပိုပါတယ် ဘုရား)။
ရုန်းနိုင်တဲ့ အချိန်က ဝန်ထုပ်များလား၊ မရုန်းနိုင်တဲ့အချိန်မှ ဝန်ထုပ်က များလာတာလား (မရုန်းနိုင်တဲ့ အချိန်မှ ဝန်ထုပ်ကများ တာပါ ဘုရား)။
အိုလာတော့ မြေး၊ မြစ်က ရှုပ်လေကိုဗျ၊ သားသမီးတင် မကတော့ ဘူး။ အိုလာတော့ ဘယ့်နှယ် ဖြစ်လာလဲ (မြေး၊ မြစ်တွေပါလာပါ တယ် ဘုရား)။
မြေး၊ မြစ်တွေက ရှုပ်လာတော့ ဒါတွေပဲ လူကြီးမျက်နှာလွဲ သွားလျှင် မျက်စိသူငယ်နဲ့ နေရစ်ခဲ့မယ်၊ ငါရှိတုန်း သူတို့ကို အပြည့်အစုံ ထားနိုင်အောင် ကြိုးစားအုံးမှလို့ မလာဘူးလား၊ လာသလား (လာ ပါတယ် ဘုရား)။
ဦးဝရေ လာတယ်၊ အဲဒီကဲ့သို့ လာတော့ကို ဒကာ ဒကာမတို့ ဝန်ထုပ်တွေဟူသရွေ့ ငါချည်း တာဝန်ယူပါ့မယ် ဆိုတဲ့ အဓိပ္ပာယ် မပါ ဘူးလား (ပါပါတယ် ဘုရား)။
ပါတော့ကိုတဲ့ ဒီဝန်ထုပ်တွေအတွက် စိတ်အေးလက်အေးနဲ့ နေရတဲ့ အခါရှိရဲ့လား (မရှိပါ ဘုရား)။
ရှာမှပဲ၊ ရှာမှပဲ ဟိုသွား ဒီသွား စက်ဘီးနဲ့ သွားလိုသွား၊ ကားနဲ့ သွားလိုသွား၊ မီးရထားနဲ့ သွားလိုသွား၊ လေယာဉ်ပျံနဲ့ သွားလိုသွား ပေါ့ဗျာ (မှန်ပါ ဘုရား)။
သွားတဲ့အခါကျလို့ရှိရင် လမ်းကြမ်းသွားရသလား၊ လမ်းကောင်း သွားသလား မေးလိုက်စမ်း (လမ်းကြမ်း သွားရတာပါ ဘုရား)။
လမ်းကြမ်းနိုင်ဝန်လား မနိုင်ဝန်လား၊ မေးလိုက်စမ်း (မနိုင်ဝန်ပါ ဘုရား)။ အဲ ခုနက မြင်းသေ၊ နွားသေတော့ သေချာ သဗျ (မှန်ပါ ဘုရား)။
ခုနက ပြောခဲ့တဲ့ ကျောက်လမ်းပေါ်မှာ ကားယားကြီး မသေရပေ ဘူးလား (သေရမှာပါ ဘုရား)။
သတိထားပါသူကတော့ လျှော့မှာမဟုတ်ဘူး
အဲဒီတော့ ခင်ဗျားတို့သတိထားပါ။ သူကတော့ လျှော့မှာ မဟုတ်ဘူး၊ ဒုက္ခဝတ္ထု ဒုက္ခမှုတွေနဲ့ မကွဲရအောင်က ငါ့တာဝန်တဲ့ (မှန်ပါ ဘုရား)။ သေတောင်မကွဲရဘူး၊ သဘော ကျပြီလား (မှန်ပါ)။
သေတောင်မှ ဟောဒါတွေ ဝန်ပိပြီး သားစိတ်မချ၊ သမီးစိတ်မချ ပစ္စည်းစိတ်မချနဲ့ မင်းသေစေ့မယ် (မှန်ပါ)။ ဘယ်သူက ပြောတာတုံး (တဏှာ သမုဒယကပါ ဘုရား)။
“ သမုဒယဿ သံယောဂဋ္ဌော” ကိုဗျ – ဒုက္ခဝတ္ထုဒုက္ခမှုတွေနဲ့ အစဉ်မကွဲ ယှဉ်တွဲဆက်စပ် ဖွဲ့ယှက် ချည်နှောင်တတ်တဲ့သဘောသည် လည်းကောင်း (မှန်ပါ)။
သူ့သတ္တိ သေးသလား (မသေးပါ ဘုရား)။ ဒုက္ခဝတ္ထု ဟူသရွေ့ နဲ့လည်း မင်းတို့နဲ့ မခွဲရဘူး (မှန်ပါ)။ ဒုက္ခမှု ဟူသရွေ့နှင့်ကော (မခွဲရပါ ဘုရား)။
အဲဒါကြောင့် ခင်ဗျားတို့ကလည်း ခင်ဗျားတို့ဟာ ခင်ဗျားတို့ပဲ ဗျာဒိတ် ပေးနေတာပဲ။ အသက်တစ်ရာ မနေရပေမယ့် အမှုတစ်ရာတွေ့ ရတယ်။ ခင်ဗျားတို့ ကလည်း ဗျာဒိတ် ပေးနေလိုက်ကျတာ ဟုတ်သားပဲ ပစ္စည်းကြောင့် ကိုဗျ (မှန်ပါ)။
အမှုတစ်ရာတော့တွေ့ရတယ်
အသက်တစ်ရာတော့ မနေရဘူး၊ အမှုတစ်ရာတော့တွေ့ရတယ် ဆိုတော့ ဟင်း ဒါဘယ်သူ ပေးတာပါလိမ့် (သမုဒယပါ ဘုရား)
ဟင် သမုဒယပဲတဲ့ ဒကာ ဒကာမတို့ အသက်တစ်ရာ မနေရ အမှုတစ်ရာ တွေ့ရတယ် ဆိုတော့ ဘယ်သူ ပေးတာပါလိမ့် (သမုဒယ ပါ ဘုရား)။
သမုဒယသစ္စာ တဏှာလောဘ၏ ဒဏ်ချက်တွေ ဆို တာ ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။ ဘယ်လောက်များ ဆိုးသတုံး (ဆိုးပါတယ် ဘုရား)။ ထင်ရှားရဲ့ လား (ထင်ရှားပါတယ် ဘုရား)။
ဒါဖြင့် သူဟာ ဘာလုပ်တတ်တဲ့ ကိစ္စရှိသလဲ ဒုက္ခဝတ္ထု၊ ဒုက္ခမှုတွေ နဲ့ ယှဉ်တွဲတတ်တဲ့ ကိစ္စရှိတယ် (မှန်ပါ)။
ဒကာ ဒကာမတို့ ဘာကိစ္စရှိသတုံး (ဒုက္ခဝတ္ထု၊ ဒုက္ခမှုတွေ နဲ့ ယှဉ်တွဲတတ်တဲ့ ကိစ္စရှိတယ်)။ အဲဒါ လက်မခံလေနဲ့ ဦးချစ်ခ (တင်ပါ)။
တင်ပါ့၊ အရမ်းလက်ခံလို့ မရဘူး လက်မခံနဲ့၊ လက်ကို မခံမှ ကိစ္စ ပြီးမယ်၊ လက်ခံသည်နှင့် တစ်ပြိုင်နက် ဒုက္ခဝတ္ထု၊ ဒုက္ခမှုတွေနဲ့ တွဲတော့မှာပဲ။
ဆိုးကျိုးပေးမလို့ လာတာ
သူကရောက်တဲ့အချိန်ကစပြီး သကာလ ဆိုးကျိုးပေးမလို့၊ ဒကာ ဒကာမတို့ ရောက်တဲ့ အချိန်ကစပြီး ဘာလုပ်မလို့လာတုံး (ဆိုးကျိုးပေး မလို့ လာတာပါ ဘုရား)။
ဆိုးကျိုးပေးမလို့လာတာကို လာလာချင်း သိလိုက်လို့ရှိရင်လာတာနဲ့ မင်းဟာ သရာဂစိတ်ပဲ၊ လောဘဟာ သမုဒယသစ္စာပဲ ဆိုပြီး သကာလ သူ့ဖြစ်ပျက် ရှုနိုင်ရှု၊ သဘောကျပြီလား။ မဂ္ဂင်ငါးပါးနဲ့ ဖြစ်ပျက်ရှု၊
သူ့ကို မရှုရင် ဟာ- သူလာလို့ရှိရင်ဖြင့် တပည့်တော်တို့ ဒုက္ခဝတ္ထု၊ ဒုက္ခမှုတို့ကို ပေးမှာ ဧကန် ဖြစ်နေတယ်။ သူ့ကိုပဲ သတ်မှဆိုရင်ဖြင့် သူ့ကို မဂ္ဂင်ငါးပါးနဲ့ ဖြစ်ပျက်ရှုပေါ့ဗျာ (မှန်ပါ)။
ရှုလိုက်တော့ သူအနိစ္စဖြစ်မသွားဘူးလား (ဖြစ်ပါတယ် ဘုရား)။ အနိစ္စဖြစ်သွားတဲ့ လောဘ ကတော့ဖြင့် ခင်ဗျားတို့ကို ဒုက္ခဝတ္ထု၊ ဒုက္ခမှုတို့ နဲ့ မတွဲတော့ဘူး၊ တွဲသေးရဲ့ လား (မတွဲပါ ဘုရား)။
ကိုင်း ဒီဥစ္စာတော့ဗျာ သူရောက်လာတယ်ဆိုရင်တော့ တန်သလောက်တော့ မွှေဦးမှာပဲ ဟုတ်လား၊ မလာခင်က တားတာ ကောင်းပါတယ်ဆိုရင်တော့ ဝေဒနာဖြစ်ပျက်ရှု (တင်ပါ့)။
ဝေဒနာဖြစ်ပျက်ရှု
ဝေဒနာပစ္စယော တဏှာ ဆိုတော့ ဝေဒနာ ဖြစ်ပျက်ရှုရင် တဏှာ တွေ လာသေးရဲ့လား (မလာတော့ပါ ဘုရား)။
မလာတော့ကော ခင်ဗျားတို့မှာ ဒုက္ခဝတ္ထု ဒုက္ခမှုတွေကို ဟိုတုန်း ကလို၊ ယှဉ်ခဲ့ပေမယ့် တွဲမယ့် စပ်ပေးမယ့် ပုဂ္ဂိုလ်ရှိသေးရဲ့ လား (မရှိပါ ဘုရား)။
ဒါဖြင့် ခင်ဗျားတို့ ဒုက္ခဝတ္ထု ဒုက္ခမှုတွေနဲ့ ယခု ပစ္စုပ္ပန်လည်း ဒုက္ခဝတ္ထု ဒုက္ခမှုတွေ နဲ့ ကင်းဖို့ နောင်သံသရာလည်း ဒုက္ခဝတ္ထု ဒုက္ခမှုတွေနဲ့ ကင်းဖို့ တဏှာ၊ ဥပါဒါန်၊ ဘဝ၊ ဇာတိ၊ ဇရာ မရဏနဲ့ ကင်းမှုတွေ မရှိဘူးလား (ရှိပါတယ် ဘုရား)။
ဒါဖြင့် သူမလာခင် ရှုရင်လည်း ကောင်းတယ် (မှန်ပါ)။ လာ ရှုရင်လည်း နိုင်အောင်ရှု၊ သဘောကျပြီလား။
ဒါဖြင့် ဘယ်နှစ်ချက်ပေးတုံး (နှစ်ချက် ပေးပါတယ် ဘုရား) သုခဝေဒနာ လာလို့ ရှိရင် သုခဝေဒနာ ဖြစ်ပျက်ရှု (မှန်ပါ) ဖြစ်ပျက်ရှု (မှန်ပါ)။
ဖြစ်ပျက် ရှုလိုက်လို့ ရှိ ရင် တဏှာလာသေးရဲ့ လား (မလာပါ ဘုရား)။ ဟာ သုခဝေဒနာ မရှုလိုက်မိဘူးဘုရား ဝေဒနာပစ္စယာတဏှာမို့ တဏှာက ရှေ့ရောက်လာပြီ (မှန်ပါ)။
တဏှာလာရင် ဖြစ်ပျက်ရှု ၊
ရှေ့ရောက်လာရင်လည်း ဘာလုပ်ရမှာလဲဆိုရင် တဏှာဖြစ်ပျက်ရှု ပေးပါ တဏှာလည်း ဝေဒနာရဲ့ အကျိုးတရားပဲ (မှန်ပါ)
သောမနဿနဲ့ ဥပေက္ခာ တစ်ခုခုဖြစ်ရမယ်၊ လောဘစိတ်ရှစ်ခုကို ဒီပြင် ဘာရှိသေးလဲ (မရှိပါ ဘုရား)။
ဒါဖြင့် ဝေဒနာရှုတာပဲပေါ့၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။ ဒါပေမယ့် လာမှရှူတာနဲ့ မလာခင်ရှုတာနဲ့ ဘယ်ဟာ ကောင်းသတုံး (မလာခင်က ရှုတာက ကောင်းပါတယ် ဘုရား)။
အနာပေါက်မှ ကုရတာနဲ့ မပေါက်ခင်က မပေါက်အောင် လုပ်ရတာ ဘယ်ဟာက သာကောင်းတုံး (မပေါက်ခင်လုပ်ရတာ ကောင်း ပါတယ် ဘုရား)။
ခင်ဗျားတို့ ပြောတာကတော့ တော်တော်ကို သဘောပါတာ ကောင်းကောင်း သိလာတော့ အချက်ပဲဆို တာ သိပြီးသားကိုဗျ။ ဟုတ်ဘူးလား၊ သို့သော် ပေါက်တာမကုဖြစ်တာက ခက်နေတယ် (မှန်ပါ ဘုရား)။
အတော်ဆိုးနေတာဗျ၊ ပေါက်ပြီးသားကို ကုဖြစ်သေးရဲ့လား (မကုဖြစ်ပါ ဘုရား)။ မကုဖြစ်လို့ တွင်တွင်ကြီးဒုက္ခရောက်တာ၊ စောစောက ဆွမ်းခံမလာခင်က လာတဲ့ ဥစ္စာကို သာသိ၊ တစ်နေ့လုံး ဒုက္ခကင်း နေမယ် (မှန်ပါ)။
မကင်းပေဘူးလား (ကင်းပါတယ် ဘု ရား)။ အဲဒါ ခင်ဗျားတို့က ဒီအနာပေါက်လာတော့ မကုဖြစ်တာနဲ့ ကုဖြစ်တာ ဦးချစ်ခ ဘယ်ဟာကများသတုံး (မကုဖြစ်တာကများပါတယ် ဘုရား)။
မကုဖြစ်တော့ အနာကြီးကငန်းတွေ၊ မန်းတွေကြွလာတယ်ပေါ့၊ မကြွဘူးလား (ကြွပါတယ် ဘုရား)။
ငန်းတွေ၊ မန်းတွေကြွတော့ သေမဲ့သာ ပြင်ပေတော့၊ ဒီနေ့တော့ဖြင့် ဒီအတိုင်း မနေပေဘူးလား (နေပါတယ် ဘုရား)
ဝေဒနာသုံးပါးလှည့်
အဲ ဒီလောက်ဆိုးဝါး လာတယ် ဆိုတော့ ဒကာ ဒကာမတွေ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။ ကိုင်း ဒါဖြင့် ဝေဒနာသုံးပါး လှည့်ရှုကြလို့ ရှိရင်ဖြင့် တဏှာ သုံးမျိုး ဦးချစ်ခ လာနိုင် မလာနိုင် (မလာနိုင်ပါ ဘုရား)။
ဝေဒနာ ပစ္စယာ တဏှာ ဟုတ်လား ၊ ဝေဒနာပစ္စယာ လောဘ လည်း ဖြစ်တယ်၊ ဒေါသလဲ ဖြစ်တယ်၊ ကိလေသာ ဆယ် ပါးပါ ဆိုလိုက်ပါတော့ ဗျာ (တင်ပါ့)။
အားလုံး ဒကာ ဒကာမတွေ ဘုန်းကြီးများက စေတနာ မေတ္တာရှေ့ထားလို့ ခင်ဗျားတို့ သတိပေးလိုက်ပါတယ်။ သူဟာတဲ့ အင်မတန် ဆိုးဝါးတဲ့ တဏှာဖြစ်ပြီး သကာလ နေတဲ့ အတွက် ခင်ဗျားတို့ကို ဖြစ် ဘယ်အခါကာလမှ စေတနာ ကောင်းနဲ့ လာတယ်လို့တစ်ခါမှ မအောင် မေ့ပါနဲ့ (မှန်ပါ)။
သတိပေးလိုက်တယ်၊ လောဘဟာ ခင်ဗျားတို့သန္တာန်ရောက်လာ လို့ရှိရင်တဲ့ စေတနာ ကောင်းနဲ့ အိမ်ချမ်းသာဖို့ လာတယ်လို့များ မအောက် မေ့လိုက်ပါနဲ့ (မှန်ပါ)။
အိမ် ဒုက္ခပေးမလို့၊ တစ်ယောက်ထဲပေးမှာမဟုတ်ဘူး၊ ကြာလာရင် အကုန်ဒုက္ခပေးမှာ (မှန်ပါ)။ တစ်ယောက်ယောက် ဒီဝန်ပိလိုက်တယ် ဆိုရင် ဘေးကလူတွေက ထိုင်ကြည့်နေလို့ မဖြစ်ဘူးဗျ၊ ဖြစ်သေးရဲ့ လား (မဖြစ်ပါ ဘုရား)။
သူဝင်လာတဲ့ အချိန်ကစပြီး ရှေးဦးစွာ အိမ်ခေါင်းဆောင်ကို အရင် ဒုက္ခပေးလိုက်တယ် (မှန်ပါ)။ ပြီးတော့မှ ခေါင်းဆောင်နောက်က နောက်လိုက်တွေကို ဘာတုံး (ဒုက္ခ ပေးပါတယ် ဘုရား)။
ဘယ်သူ လာလို့ ပါလိမ့် (လောဘလာလို့ ပါဘု ရား)။ သမုဒယသစ္စာ လာတယ်ဆိုရင် တစ်အိမ်လုံးဂြိုဟ်ဝင်နေလို့ ပထမ ခေါင်းဆောင်ကို ဒုက္ခပေးတယ်၊ နောက်ကျတော့ (တစ်အိမ်လုံး ဒုက္ခ ပေးပါတယ် ဘုရား)။
အချိန်ကုန် တစ်နေကုန် ဒုက္ခမပေးဘူးလား၊ မင်းလည်း ဒီအလုပ် လုပ် ဒါမှတ်၊ ဒါစစ် အစရှိသဖြင့် မလာဘူးလား (လာပါတယ်ဘုရား၊)
ဒါဖြင့် လာတဲ့ အချိန် ကစပြီး သကာလ လာလာခြင်း အိမ်သား ခေါင်းဆောင်ကို ဒုက္ခပေးတယ်၊ ရှင်းပြီလား (ရှင်းပ ဘုရား)။
သူက ဒုတိယခေါင်းဆောင် ဆိုရင် လောဘက ဘယ်သူ့ ဒုက္ခ ပေးမလဲ (ဒုတိယ ခေါင်းဆောင်ကို ပေးမှာပါ ဘုရား)။ ဦးချစ်ခ က ဦးချစ်ခ အိမ်ခေါင်းဆောင် ဆိုရင်ကော သူ့တင်ပေးမှာလား၊ သွယ်ဝိုက် သောနည်းနဲ့ အကုန်လုံး မပေးပေဘူးလား (ပေးပါတယ် ဘုရား)။
တစ်အိမ်လုံး အပါယ်သွားဖို့ သူခိုးအဖော်ညှိတာ သူပဲဗျ ရိပ်မိပြီ လား (ရိပ်မိပါပြီ ဘုရား)။ ဘယ်လောက်များ ဆိုးတဲ့ တရား ဆိုတာ ဒကာ ဒကာမတွေ ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။
ဒါဖြင့် ဒီတရားလို ဒကာ ဒကာမတို့ လက်သပ်မွေးရမည့် တရားလား၊ ချေမှုန်းပစ်ဖို့ ကောင်းတဲ့တရားလား (ချေမှုန်းပစ်ဖို့ ကောင်းတဲ့တရားပါ ဘုရား)။
ဖြစ်ပျက်ရှုဆိုတာ ခြေမှုန်းပစ်လိုက်တာ
ဒါဖြင့် သူ့ဘာလုပ်ရမတုံး (ဖြစ်ပျက်ရှုရပါမယ် ဘုရား)။ ဪ ဒါကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက သူ့ချေမှုန်းပစ် တဲ့၊ ဖြစ်ပျက်ရှု ဆိုတာ ချေမှုန်းပစ်လိုက်တာပဲ၊ သဘော ကျပြီလား (မှန်ပါ)။
အဲဒီလို ချေမှုန်းပစ်လိုက်တော့ ချေမှုန်းပစ်လိုက်တဲ့ ဉာဏ်သည် ဒကာ ဒကာမတို့ ပထမအိမ် ခေါင်းဆောင်လူကို ချေမှုန်းပစ်လိုက်တယ် (မှန်ပါ ဘုရား)။
နောက်လူတွေပါ အန္တရာယ်ကင်းသွားတယ် (မှန်ပါ)။ ခေါင်းဆောင်နှိပ်စက်မဲ့တရား လာကတည်းက ခေါင်းဆောင်ကို ဉာဏ်နဲ့ ချေပြစ်လိုက်ပါ။ သဘောကျပြီလား။
ချေပြစ်လိုက်တဲ့ အခါကျတော့ ခေါင်းဆောင်က ဒုက္ခရောက် သေးရဲ့ လား (မရောက်ပါ ဘုရား)။ ခေါင်းဆောင် ဒုက္ခမရောက် အတွက် တစ်အိမ်လုံးကော (မရောက်ပါ ဘုရား)။
အင်း ဒါဖြင့် အမေမိဘ လုပ်ပြီး ခင်ဗျားတို့က သား သမီးတွေ ခင်ပါတယ်ဆိုလို့ရှိရင် ကိုယ်ကစလက်မခံနဲ့ (တင်ပါဘုရား ခင်ဗျားတို့ သားသမီးတွေ ဆင်းရဲလိမ့်မယ်၊ မဆင်းရဲ ပေဘူးလား (ဆင်းရဲပါတယ် ဘုရား)။
ကိုယ်က အဆင်းရဲခံတော့ ကိုယ်ဆင်းရဲခံတာ သားတွေ သမီးတွေ က မနေနိုင်၊ မင်းက ဒါလုပ် မင်းက ဒါကိုင်ဆိုတာ ဝေဖန်လာလိမ့်မယ် (မှန်ပါ)။
သမုဒယလောဘလက်မခံနဲ့
ဒါဖြင့် ကိုယ့် သားသမီးချစ်လို့ ရှိရင်ဖြင့် ဘာလက်မခံရမှာတုံး (သမုဒယလောဘပါ ဘုရား)။
ဒါ လက်မခံနဲ့ လက်ခံလို့ ရှိရင် ရှေးဦးစွာက ဘယ်သူ တုံး ခေါင်းဆောင် ဒုက္ခအရင် ရောက်မယ် (မှန်ပါ)။ ပြီးတော့ကို (အခြွေအရံတွေ)။
အခြွေအရံတွေ ဒုက္ခရောက်မယ်ဆိုတော့ ခင်ဗျားတို့ကိုယ်လည်း မဆင်းရဲချင်ဘူးလို့ ပြောတယ်၊ သားသမီးတွေကော (မဆင်းရဲချင်ပါ ဘုရား)။
ဒါတော့ လက်ခံတယ်၊ ကောင်းသေးရဲ့လား (မကောင်းပါ ဘုရား)။ ကိုယ်လည်း မဆင်းရဲစေနဲ့ ပြီးတော့ ခင်ဗျားတို့က ရှေ့စကား နောက်စကား မညီဘူး။
မဆင်းရဲချင်လို့ ဒီဝန်ကြီး ထမ်းနေရတာ မတော်သေးဘူးလား။ ဆင်းရဲချင်လို့ ဒီဝန် ကြီးထမ်းနေ ရတာ ဆိုတဲ့ စကားအလွန်ဆိုးတဲ့ စကားဗျ (မှန်လှပါ ဘုရား)။
ဒီဝန်ကြီးကို သက်သာအောင် ထားတယ်၊ အမျိုးမျိုးအဖုံဖုံ လုပ်ထားတယ်၊ ဒါ တပည့်တော်တို့ ဆင်းရဲမှာ စိုးလို့ ဒါကြီးဝန်ထမ်း နေရတယ် (မှန်ပါ)။ ဟုတ်ကော ဟုတ်ရဲ့လား (မဟုတ်ပါ ဘုရား)။
ဆင်းရဲမှာစိုးလို့ ဆိုတော့ ဒါကြီးလွှင့်ပစ်လိုက်ရမှ ဆင်းရဲမှာကိုဗျ သဘောကျရဲ့လား၊ ယခုတော့ ဘယ့်နှယ်တုံး တော်တော်တော့ ဆင်းရဲမှာ စိုးလို့ ဒီဥစ္စာ ငွေပင်စိုက်ထားတယ်ပေါ့ဗျာ၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။
တော်တော်နဲ့ အားသေးရဲ့လား (မအားပါ ဘုရား)။ ကိုယ်ဆင်းရဲမှာ စိုးလို့ တဲ့ မအားလဲ မအားဘူး၊ ဆင်းရဲမှာလည်း စိုးသေးတယ် (မှန်ပါ။)
ဘာပြောနေတာတုံး ဒီဥစ္စာ ဦးချစ်ခရဲ့ (မပြောတတ်ပါ ဘုရား)။ မပြောတတ်ပါဘူးတဲ့ ဒီဥစ္စာ အရူးထတာပဲ၊ ဟင် ဆင်းရဲမှာ စိုးလို့ ခုကပင် စက်တွေ ထောင်ထားတယ်။
ဘာပြုလို့ ထောင်ထားသတုံး မေးတော့ ဆင်းရဲမှာ စိုးလို့ တဲ့။ ဒါပဲဖြေရမှာပဲ၊ ဆင်းရဲမှာ စိုးလို့သာ ဖြေတယ်၊ ဒကာမကြီးတို့ အားရဲ့ လား မေးတော့ (မအားပါ ဘုရား)။ ခင်ဗျားကကော (မအားပါ ဘုရား)။
သားတွေ သမီးတွေကော (မအားပါ ဘုရား)။ ကိုင်း ဒါဖြင့် တပည့်တော်တို့ ဆင်းရဲမှာစိုးလို့ ဒါတွေ ဆင်းရဲတွင်းကို တစ်ခါတည်း အစပျိုးနေတာလို့ ဆိုချင်လည်း ဆိုတော့ ဒီအဓိပ္ပာယ် မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။
ကောင်းပြီ၊ ဒါဖြင့် ခင်ဗျားတို့ တဏှာအကြောင်း ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။ ရိပ်မိရင် စောစောကြီးကစ လက်မခံနဲ့ ဟုတ်ဖူးလား၊ အခုတော့ မရိပ်မိတော့ ဘယ်နှယ်နေကြတုံး (လက်ခံပါတယ် ဘုရား)။
အဲ လက်ခံတော့ ခေါင်းဆောင်ကြီး နှိပ်စက်လိုက်တာပဲ ဟုတ်ဖူးလား၊ ဓါးပြတိုက်တဲ့ အခါကျတော့ အိမ်ခေါင်းဆောင် ဝင်ရိုက် သလိုပေါ့ဗျာ (မှန်ပါ ဘုရား)။
သူဝင် လာလည်း ခေါင်းဆောင် အရင်ဝင်ကိုင်လိုက်တာပဲ။ သဘောကျပြီ လား။ အဲဒီ ခေါင်းဆောင် ကိုင်ပြီးလို့ ရှိ ရင် တော့ နောက်ဟာတွေတော့ သေမဲ့သာ ပြင်ပေတော့ (မှန်ပါ)။
ဘယ်သူ ချမ်းသာပေးလိမ့်မယ်ထင်တုံး (မပေးပါ ဘုရား)။ မပေးဘူး၊ လူကြီးလုပ်တဲ့ ပုဂ္ဂိုလ်ကလည်း ကိုယ့်ဒုက္ခ ကိုယ့်ဒုက္ခကြီးနေတာ သားတွေ သမီးတွေကလည်း ဒီအမေ အဖေ ခင်တော့ ကူကြ ယူကြမလာ ဘူးလား (လာပါတယ် ဘုရား)။
မကူညီတောင်မှ အဖေလုပ်တဲ့ ပုဂ္ဂိုလ်ကလည်း မင်းက ဒါနဲ့ တော် တယ်၊ မင်းကတော့ ဒါနဲ့ တော်တယ် ဆိုပြီး ပေးဝေတာ မရှိဘူးလား (ရှိပါတယ် ဘုရား)။
ဘာတွေပေးနေသလဲ (ဒုက္ခတွေပေးနေပါတယ် ဘုရား)။ ဘယ်သူကပေးတာလဲ (လောဘပါ ဘုရား)။ လောဘကိုပေးတာ ဘယ်သူက အရင်လက်ခံသတုံး (ခေါင်းဆောင်ပါ ဘုရား)။
ဖြစ်မှဖြစ်ရလေ ဒီခေါင်းဆောင်မိုက်တယ် မဆိုနိုင်ဘူးလား ဆိုနိုင်သလား (ဆို နိုင်ပါတယ် ဘုရား)။ ဒကာ ဒကာမတွေဒီ ခေါင်းဆောင် ဘယ့်နှယ်ဆိုကြမယ် (လူမိုက်ပါ ဘုရား)။
သူက မိုက်တော့ သားတွေသမီးတွေ အငြိမ်နေရသေးသလား (မနေ ရပါဘု ရား)။ အဲ ဒါဖြင့် အမိုက်တွေ ပွားသွားတာပေါ့ မဆိုနိုင်ဘူးလား၊ ဆိုနိုင်သလား (ဆိုနိုင်ပါတယ် ဘုရား)။ ရှင်းကြ ပြီလား။
ဒါဖြင့် သူရောက်လာတဲ့ တစ်နေ့ ဘာလုပ်မလို့ လာတာတုံး ရှင်းရှင်းပေးပါ (ဒုက္ခဝတ္ထု၊ ဒုက္ခမှုတွေနဲ့ ယှဉ်တွဲပေးမလို့ပါ ဘုရား)။ ယှဉ်တွဲပေးမလို့တဲ့ သဘောကျပြီလား။
ဒုက္ခ ဝတ္ထု၊ ဒုက္ခမှုတွေနဲ့ ယှဉ်တွဲ ပေးမလို့ ဆိုတဲ့ ဥစ္စာသည် ခင်ဗျားတို့ မသေချာဘူးလား (သေချာပါတယ် ဘုရား)။
ရောက်လာ၊ လာချင်းဝိပဿနာရှုပေး
သေချာတော့ကို ရောက်လာလို့ ရှိရင် ရောက်လာ လာချင်း ဝိပဿနာရှုပေး (မှန်ပါ)။ ဘုရားက ရှုလို့ ဟောသလား၊ မရှုနဲ့ လို့ဟောသလား (ရှုလို့ဟောပါတယ် ဘုရား)။
“သာရာဂ စိတ္တံ သာရာဂ စိတ္တန္တိ ပဇာနာတိ” ပညာနဲ့ ရှုစမ်းကွ၊ ပညာနဲ့ ရှုရင် ပဇာနာတိဆိုရင် သူအနိစ္စ ဖြစ်ရမယ်။ မဖြစ်ဘူးလား ဖြစ်သလား (ဖြစ်ပါတယ် ဘုရား)။
သူအနိစ္စဖြစ်သွားတဲ့ တစ်နေ့ကျတော့ ခေါင်းဆောင် လုပ်သူကို ဒုက္ခဝတ္ထု ဒုက္ခမှုတွေနဲ့ တွဲပေးသေးလား (မပေးပါ ဘုရား)။
အဲ ဒါဖြင့် နောက်လိုက်တွေ အန္တရာယ် မကင်းပေဘူးလား (ကင်းပါတယ် ဘုရား)။ ခေါင်းဆောင်မှ မတွယ်ရရင် နောက်လိုက် အန္တရာယ် ကင်းပြီဗျ (တင်ပါ ဘုရား)။
စောစောစီးစီး ဘာလုပ်ရမလဲ
ဒါဖြင့် စောစောစီးစီး သူ့ကို ဘာလုပ်ရမလဲ (ရှုပြစ်ရမယ် ဘုရား)။ ခင်ဗျားတို့ ယနေ့ ကျန်းကျန်းမာမာ ချမ်းချမ်းသာသာနဲ့ နေချင် ရင် စောစောစီးစီး ဘာလုပ်ရမလဲ (ဖြစ်ပျက်ရှုရပါမယ် ဘုရား)။
သူ့ကို ဖြစ်ပျက်ရှုပြစ်လိုက်၊ သူအနိစ္စ ရောက်အောင် သာ လုပ်ပြစ်လိုက်၊ သူ့သာ လှည့်ထုတ် သဘောကျပြီလား (မှန်ပါ့ ဘုရား)။
အဲဒီတော့ သူ့လှည့်ထုတ်ရင်ဖြင့် ဒကာ ဒကာမတွေတစ်နေ့လုံး ချမ်းသာပြီမှတ်၊ မချမ်းသာဘူးလား၊ ချမ်းသာမှာလား (ချမ်းသာမှာပါ ဘုရား)။
တစ်နေ့လုံးကို ချမ်းသာမှာပဲ၊ နို့မို့လို့ ရှိရင် သူကလူကြီးချည်း ကိုင်ရိုက်မှာ မလုပ်ပေဘူးလား လုပ်မလား (လုပ်မှာပါ ဘုရား)။
နွားသည် ထမ်းပိုးနဲ့ ကင်းရင်မနေတတ်ဘူး
အဲဒီတော့ ခင်ဗျားတို့ဖြစ်စဉ်က အတော်ဆိုးတယ်၊ ဖြစ်စဉ်ကတော့ အတော်ဆိုးတယ်တဲ့ ၊ နွားသည် ထမ်းပိုးနဲ့ ကင်းလို့ရှိရင်ဖြင့် နေကို မနေ တတ်ဘူး (မှန်ပါ)။
ဟာ နွားထမ်းပိုးနဲ့ ကင်းလို့ရှိရင် မနေတတ်ဘူးဆိုတာ ဘုန်းကြီးပြောတာ လွန်သွားတယ်လို့ ဦးချစ် ဆိုချင်ဆိုလိမ့်မယ်။ မဆိုပါနဲ့ တဲ့၊ ကဲကွာ မင်းခိုင်းစေပြီးပါပြီ၊ လွှတ်လိုက်ပေမဲ့ ညနေကျတော့ ပြန်လာတယ် (မှန်ပါ ဘုရား)။
ထမ်းပိုးတတ်မည့် ဆီပြန်လာတယ် (မှန်ပါ)။ ဒီ အိမ်ကို မလာဘူးလား၊ လာသလား (လာပါတယ် ဘု ရား)၊ ဘာပြုလို့ လာသတုံး ဆိုတော့ ခိုင်းမည့်အိမ်ကိုလာတယ် (မှန်ပါ)။
သို့သော် တိရစ္ဆာန် ဆိုတော့ မသိဘူးပေါ့ဗျာ (မှန်ပါ)။ ဒီအိမ် ရောက် ရင် ခိုင်းတော့ မယ် ဆို တာတော့ မသေချာဘူးလား (သေချာပါတယ် ဘု ရား)။ လိုက် ဖမ်းနေ ရသေး သလား (မဖမ်းရပါ ဘုရား)။ သဘောကျပြီလား။
ခင်ဗျားတို့ကော ဘယ်သွားသွား ဟုတ်လား၊ ဒီကိုယ့်အိမ် ကိုယ့်ယာ ပြန်ဝင်သေးသလားလို့ မေးရင် (ဝင်ပါတယ်)။ ဘာပြုလို့လဲ ထမ်းပိုး ရှိလို့ ရိပ်မိပြီလား ဒကာ ဒကာမတို့ (ရိပ်မိပါပြီ ဘုရား)။
ကိုယ့်အိမ်ကိုယ့်ရာပြန်တာဘာပြုလို့
ကိုယ့်အိမ် ကိုယ့်ရာပြန်တာ ဘာပြုလို့ (ထမ်းပိုးရှိလို့ပါ ဘုရား) ထမ်းပိုးရှိတော့ ပခုံးပွန်းတာလည်း အတော်ကြာခဲ့ပြီ (မှန်ပါ)။
သို့သော်လည်း နောက်ထပ် ပွန်းပရစေဦးဆိုတဲ့ အဓိပ္ပာယ်ကော မပါဘူးလား ပါသလား (ပါပါတယ် ဘုရား)။ ဒါကြောင့် ခင်ဗျားတို့ ရန်ကုန်သွားလည်း ဒီထမ်းပိုးရှိတဲ့ဆီ ပြန်လာတာပဲ၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။
မန္တလေး သွားရင်ကော (ထမ်းပိုး ရှိတဲ့ဆီ ပြန်ပါတယ် ဘုရား)။ မပြန်ပဲနေလို့ ဖြစ်ကြရဲ့လား (မဖြစ်ပါဘု ရား)။ သွားတော့ သုတ်သုတ် သွားတာ မဟုတ်ဘူး၊ ပြန်တော့သာ သုတ်သုတ်ပြန်တယ် (မှန်ပါ)။ မဟုတ်ဘူးလား၊ ဟုတ်သလား (ဟုတ်ပါတယ် ဘုရား)
ပြန်တော့ သုတ်သုတ်ပြန်တာ ဘာပြုလို့
ပြန်တော့ သုတ်သုတ်ပြန်တာ ဘာပြုလို့၊ ထမ်းပိုးနဲ့ ကင်းနေလို့ အမှန်တော့ဗျာ မြန်မြန် ရုန်းရအောင်လို့တဲ့၊ ဟုတ်ပြီလား (မှန်ပါ ဘုရား)။
တစ်ကြိမ်တစ်ခါသွားလို့ မဖြစ်ဘူးလား (မဖြစ်ပါ ဘုရား) အဲဒါ အိမ်ပြန်တိုင်းပြန်တိုင်း သတိထားပါ။ မထားသင့်ဘူးလား (ထားသင့်ပါတယ် ဘုရား)။
ေဩာ် ဒီမှာဆို ခင်ဗျားတို့ တံမြက်စီး တစ်ချက်မလဲ့လဲ ဘယ်သူမှ ဘာမှမပြောဘူး၊ ဟုတ်ပြီလား (တင်ပါ့)။ အိမ်မှာဆိုလို့ ရှိရင် တံမြက်စီးကအစ နောက်ဆုံး အိမ်သာအထိ ကိုယ့်တာဝန်ချည့်ပဲ။
မကောင်းရင် ဆောက်ပေးရမယ်၊ ပြင်ပေးရမယ်၊ အဲဒီတော့ ကိုယ်လုပ်ရမည့်ဝန်တွေ ဘယ်လောက်များသလဲ ဆိုလို့ရှိရင် (များပါ တယ် ဘုရား)။
အဲဒီနေရာကျတော့ ခင်ဗျားတို့က ဒီမှာပျော်သလား၊ အိမ်မှာပျော် သလားလို့ မေးကြည့်ရင် (အိမ်မှာပျော်ပါတယ် ဘုရား)။
ထမ်းပိုးထဲလျှိုချင်လို့
ဘာပြုလို့တုံး ထမ်းပိုးထဲ လျှိုချင်လို့ပေါ့ဗျာ၊ ထမ်းပိုးထမ်းချင်လို့ ပေါ့ဗျာ၊ ရိပ်မိပြီလား (မှန်ပါ ဘုရား)။
ထမ်းပိုးနဲ့ လွတ်ကြည့်ပါတဲ့၊ လွတ်ကြည့် ခင်ဗျားတို့ အဲ ဒီတစ်ခါ ခင်ဗျားတို့ဇနီးက တော်လည်း ကျောင်းကန် ဘုရားနဲ့ ပဲနေတော့ ဒီအထုပ်နဲ့ လွတ်ပြီ ဆိုကြပါစို့။ လွတ်တယ် ထားဦးတော့တဲ့၊ နင် တို့ လွှတ်တာ နင်တို့က မသိလို့ လွှတ်တာလို့ လာဦးမှာဆင်ခြေက မလာဘူးလား၊ လာမှာလား (လာမှာပါ ဘုရား)။
လာမှာပဲတဲ့ ငါကတော့ ရှေ့ရှေးနောက်ရေးသိတယ်၊ ဘာသိ တာတုံး၊ ထမ်းပိုးထမ်းရဲတယ် ပြောတာ အဓိပ္ပာယ်က ဒါပဲမရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ဘယ်လောက် ကြောက်စရာ ကောင်းသတုံး (ကောင်းပါတယ် ဘုရား)။ ပခုံးနဲ့ ထမ်းပိုးနဲ့ ကို မခွဲ အောင်လုပ်ထားတာက ဘယ်သူတုံး (လောဘပါ ဘုရား)။ လောဘဗျ ရိပ်မိပြီလား (မှန်ပါ)။
ဘေးမဲ့လွှတ်တာတောင်မရဘူး
ဘေးမဲ့လွှတ်တာတောင် မရဘူး၊ လောဘက ဘယ်လောက်ဆိုး သတုံး (ဆိုးပါတယ် ဘုရား)။ ပင်ပန်းတာ များလှပါတယ်၊ ကျုပ်တို့ဟာ ကျုပ်တို့လုပ်စားမယ်လို့ ဆိုတာတောင်မှ မဟုတ်သေးပါဘူး။
ငါစဉ်းစားရဦးမယ်၊ နင်တို့ မစဉ်းစားရင် ငါစဉ်းစားမယ်ဆိုရာ ကျနေပြီ၊ အတော်ဆိုး မနေဘူးလား (ဆိုးပါတယ် ဘုရား)။ အတော်ကို ဆိုးနေတာ။
ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့နဲ့ ယှဉ်တွဲတားတဲ့သတ္တိက ခွဲကိုခွဲခွင့်မပေးတာ (မှန်ပါ)။ သူ့သတ္တိဘယ်သူ့ သတ္တိလဲ သမုဒယ သတ္တိ။
သူကခင်ဗျားတို့ တည်းဟူသော ဝန်ထမ်းသမားနဲ့ ထမ်းပိုးနဲ့ တွဲပေးတာက သမုဒယ ဟုတ်ဘူးလား (မှန်ပါ)။
ခင်ဗျားတို့ တာဝန်ခံထားတာလဲ ကြည့်ပါ ဆိုးလည်း မပစ်ဘူး၊ ကောင်းလည်း မပစ်ဘူး၊ ကျိုးလည်း မပစ်ဘူး၊ ကန်းလည်း မပစ်ဘူး ဆိုတော့ သူဝန်ထမ်းပါ့မယ်ဆိုတဲ့ ဥစ္စာက သေချာ နေတယ်။ မသေချာဘူးလား သေချာသလား (သေချာပါတယ် ဘုရား)။
ဝန်ထမ်းသမားက ဝန်ပဲထမ်းချင်တယ်
သေချာတော့ ဟိုက စိတ်ဆိုးလို့ ပြောပြော၊ သဒ္ဓါတရားနဲ့ ပြောပြော ကိုယ့်ဝတ်မကျေမှာ စိုးနေတာပဲ (မှန်ပါ)။ ဝန်ထမ်းသမားက ဝန်ပဲ ထမ်းချင်တယ် ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။
ဘယ့်နှယ်ကြောင့် ဝန်ထမ်းချင်ရသတုံး ဆိုလို့ရှိရင်ဖြင့် ဒီသား ကလေးတွေ၊ ဒီသမီးကလေးတွေ အစရှိသည် မိန်းမဖြစ်ရင် မိန်းမ အလိုက်၊ ယောက်ျားဖြစ်ရင် ယောက်ျား အလိုက်၊ ဒါလေးတွေ ကိုယ့်အိမ် ကိုယ့်ရာ ပြန်လွှတ်တာကိုဗျ (မှန်ပါ ဘုရား)။
ဒါလေးတွေ အကြောင်းရင်းခံပြီး ဒီက အိမ်ထောင်ပရိဘောဂ လေးတွေ အိမ်ပစ္စည်း လေးတွေ မရှိပေဘူးလား (ရှိပါတယ် ဘုရား)။
အဲဒါလေးတွေကို ပြန်လွမ်းပြီး ဆွဲလိုက်တဲ့ အခါကျလို့ရှိရင် ခင်ဗျား တို့ ဘယ်လိုဘေးမဲ့ လွှတ်လွှတ် ရရဲ့လား (မရပါ ဘုရား)။
ဘာပြုလို့မရသတုံးဆိုတော့ ခုနင်က ဒါလေးတွေက ကျန်နေတာ ကိုဗျ (တင်ပါ)။
ကိုယ်ပြုစုထားတာလေးတွေ ဟုတ်လား၊ ကိုယ်ပြုစုထားတာလေး ဆိုတော့ ကိုယ်ကျွန်ခံ ထားလေးတွေပေါ့ဗျာ၊ သဘောကျပြီလား။
အဲဒါလေးတွေကို ပြန်ငဲ့ရသေးတယ်ဗျ၊ သူတို့က လူလားမမြောက် သေးတော့ ထမ်းရပိုးရ လိမ့်အုံးမယ်၊ ဒီအဓိပ္ပာယ် မရောက်ဘူးလား ရောက်သလား (ရောက်ပါတယ် ဘုရား)။
သေခြင်းသေ၊ ကိုယ့်အိမ်မှာသေပါရစေ
အဲဒါကြောင့် ခင်ဗျားတို့ သေခြင်းသေ ကိုယ့်အိမ်မှာ သေပါရစေ ဆုတောင်းတယ်၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။
ကိုယ့်အိမ်ကိုယ့်ရာ သေပရစေ ဆိုတာ ဒကာ ဒကာမတွေ ဝန်ပိပြီး တော့ သေခြင်းဆိုး သေချင်တဲ့ သဘောပါနေတာ (တင်ပါ့)။ ခင်ဗျားတို့က အတော် စကားကြမ်းတယ်လို့ ဆိုပြီး ဒေါသဖြစ်မယ်။
မဖြစ်ပါနဲ့၊ ကိုယ်အိမ်ကိုယ်ရာ သေချင်တာကိုးဗျ၊ သားကိုကြည့် လည်း စိတ်မချရဘဲနဲ့ ဝန်ပိတယ်၊ သမီးကိုကြည့်ပြန်ရင်ကော (စိတ်မချပါ ဘုရား)။ ပစ္စည်းတွေ ကြည့်ပြန်ရင်ကော (စိတ်မချ ပါ ဘုရား)။
စိတ်မချလက်မချနဲ့ ဆို တော့ ရင် ကြပ်ပြီး သေတာပေါ့ မသေဘူးလား (သေပါတယ် ဘု ရား)။ အဲဒါဝန်ပိသေတဲ့ အဓိပ္ပာယ်ကော ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။
အဲဒီတော့ လွတ်ရာ ကျွတ် ရာ သွားပါတော့ ဆိုတော့လည်း ခင်ဗျားတို့က နှင်လို့ ပြုလို့ ကော (မရပါ ဘုရား)။ ဒါဘာဖြစ် နေတာတုံးဗျ (ထမ်းပိုးပိနေပါတယ် ဘုရား)။
ဟင် ထမ်းပိုးပိနေတယ်၊ ထမ်းပိုးက ပိနေတယ်ဆိုတော့ လွတ်ရာကျွတ်ရာ သွားပါလို့ ဆိုတော့ အလုပ်က ပြုတ်မှာကိုဗျ (တင်ပါ)။
အလုပ်မရှိဘူးဆိုတေ့ာ ပခုံးနဲ့ ထမ်းပိုးပြတ်နေတယ် မပြတ်ဘူးလား (ပြတ်ပါတယ် ဘုရား)။ ပခုံးနဲ့ ထမ်းပိုးပြတ်နေတဲ့အတွက် ထမ်းပိုး မရှိရင် မနေတတ်ဘူး မဟုတ်လား (မှန်ပါ)။
ဘာ သံ မကြား၊ ညာသံ မကြားတောထဲ တစ်ယောက်တည်း နေရမယ်ဆိုလို့ ရှိရင် ဦးချစ်ခတို့ မကျေနပ်ဘူး (မှန်ပါ)။ ကြောက်သ လိုလို လန့်သလိုလိုနဲ့ အိမ်ပြန်တာ ကောင်းထင်ပါရဲ့၊ ဒီအဓိပ္ပာယ်ရောက် ရောက် မလာဘူးလား (ရောက်ပါတယ် ဘုရား)။
ဖွဲနုနဲ့မြက်ခြောက်လွမ်းတာ
ရောက်တာက ဘာပြုလို့ ထမ်းပိုးရှိလို့ ရိပ်မိပြီလား (မှန်ပါ)။ ထမ်းပိုးဆိုတာ တခြား မဟုတ်ပါဘူး ဒကာ ဒကာမတို့ ခင်ဗျားတို့ပဲ စဉ်းစားပါ။ သားငယ် သမီးငယ်တည်းဟူသော ဖွဲနုနဲ့ မြက်ခြောက် လွမ်းတာ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။
သားငယ် သမီးငယ်ဆိုတော့ ဖွဲနုနဲ့ မြက်ခြောက်ဆိုတဲ့ဟာ ဦးချစ် တို့က ဒို့နွား ဖြစ်နေပါပေါ့လား ဆိုချင် ဆိုလိမ့်ဦးမယ် (မှန်ပါ)။
ဒီလိုဆိုတာ မဟုတ်ဘူးတဲ့ မြင်နေကျ ဖွဲနုဆိုတာ မြက်ခြောက် ဆိုတာ ဒီဟာလေးတွေက မြင်မြင် နေရတယ်၊ ဒါလေးတွေဟာ ခင်ဗျားတို့ မြက်ကလေးတွေ တစ်ရက် နှစ်ရက် သုံးရက် ရှိတော့ ဘာဖြစ်သွားသတုံး (ခြောက်သွားပါတယ် ဘုရား)
ဒီကလေးတွေဟာ ခင်ဗျားတို့ ကြည့်လာတာ ဘယ်လောက်ကြာပြီ လဲ (ကြာပါပြီ ဘုရား)။ ဒါဖြင့် ခြောက်သွားလို့ပေါ့ဗျ၊ သဘောကျပြီ လား (တင်ပါ့)။
အဲဒါကို ကြည့် လို့ ဆုံးရဲ့ လား (မဆုံးပါဘူးဘု ရား)။ မဆုံးတော့ ဒါလွမ်းလို့ပေါ့ (မှန်ပါ)။ ဒါမြက်ခြောက် လွမ်းတာပဲ၊ ရိပ်မိပြီလား။
အစိုဟုတ်ရဲ့လား (အစိုမဟုတ်ပါဘူးဘု ရား)။ လေးလ လောက် ဆိုရင်တော့ အစို ဆိုရမှာပေါ့ဗျာ၊ အခုဘယ်နှစ်နှစ် ရှိပြီးတုံး မေးတော့ ဘယ်နှယ်တုံး (ကြီးကုန်ပါပြီ ဘုရား)။ ကြီးကုန်ပြီ၊ နောက်တော့ လူလားမြောက်တာတွေ၊ မြောက်ကုန်ပြီ ဆိုတော့ မြက်ခြောက်နဲ့ ဘာထူးသေးသတဲ့ (မထူးပါ ဘုရား)။
ဘာကြောင့် ပြန်လာတာတုံး
ကိုင်း ဘာကြောင့် ပြန်ပြန်လာတုံး မေးတော့ လူကြီးတွေ စိတ်ချပါတယ်။ ကလေးတွေကို စိတ်မချလို့ မြက်ခြောက် စိတ်မချလို့ရိပ်မိ ပြီလား၊ ဘာလွမ်းတာတုံး (မြက်ခြောက်လွမ်းတာပါ ဘုရား)။
အဲဒါ တချို့တောင်ဝှေးထောက် ပြန်တဲ့လူရှိသေးတယ် မရှိဘူးလား အသက် အရွယ်ကြီး တော့လေ (ရှိပါတယ် ဘုရား)။
ကိုထွန်းလှတို့ အရွယ်ကျတော့ ကိုယ်ကလည်း ဝေဒနာနဲ့ ဆိုတော့ တောင်ဝှေးထောက် ရသေးတယ်၊ ဒုက္ခပေါ့လေ ဘယ်လောက်များ ဆိုးတယ် ဆိုတာ ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။
အဲဒီတော့ ဒကာ ဒကာမတို့ သူက ယှဉ်တွဲ ထားတော့ ခင်ဗျားတို့နဲ့ ခွဲလို့ကို မရဘူး၊ ဦးလှမောင်က သူ့အကြောင်း ကောင်းကောင်း မသိဘူး၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် သူ ဟာ ယှဉ်တွဲ တတ် တဲ့ သဘော သတ္တိ ရှိတယ်လို့ သူ့အကြောင်းကောင်းကောင်း သိလာလို့ ရှိရင်ဖြင့် ထမ်းပိုးနဲ့ သတ္တဝါတွေ ပခုံးနဲ့ ကင်းကွာအောင် လုပ်မှသာ ကောင်းတယ် (မှန်ပါ)။
ဝေဒနာရှုရင်ဘေးမဲ့ဖြစ်ပြီ
ဒါဖြင့် ဝေဒနာရှုပေါ့ဗျာ မရှုရဘူးလား (ရှုရပါတယ် ဘုရား)။ ‘‘ဝေဒနာနိရောဓာ တဏှာ နိရောဓော၊’’ တဏှာနိရောဓော ဆိုကတည်းက ဟာ ဘေးမဲ့ဖြစ်ပြီ မဖြစ်သေးဘူးလား (ဖြစ်ပါတယ် ဘုရား)။ ဘာရှိသေးသလဲ (မရှိပါ ဘုရား)။
ဘာမှမရှိဘူး တွဲပေးမဲ့ တင်ပေးမဲ့ ပုဂ္ဂိုလ်ကော (မရှိပါ ဘုရား)။ မရှိပါဘူးတဲ့ မရှိတော့ ဒီအလုပ်လုပ်ပါလို့ ဘုန်းကြီးက တိုက်တွန်းတယ်(မှန်ပါ)။
ဝေဒနာ ကြပ်ကြပ်ရှုပေးရင် တဏှာနိရောဓောဖြစ်တယ်။ တဏှာနိရောဓောဖြစ်လို့ရှိရင် ဒုက္ခနိရောဓောပဲ၊ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။
တဏှာချုပ်ရင် ဒုက္ခချုပ်တယ်
တဏှာနိရောဓော ဘယ့်နှယ်ဆိုမယ် (ဒုက္ခနိရောဓောပါ ဘုရား)။ ဒုက္ခနိရောဓော ၊ ဒီလိုလဲ ဘုရားက ဟောသေးတယ် (မှန်ပါ)။ တဏှာချုပ်ရင် ဒုက္ခချုပ်တယ်၊ ဪ ဝေဒနာနိရောဓာ (တဏှာ နိရောဓောပါ ဘုရား)။
တဏှာနိရောဓော (ဒုက္ခနိရောဓောပါ ဘုရား)။ ဒုက္ခနိရောဓော၊ ဒီနေ့ ပါဠိတော်က တမျိုး (မှန်ပါ)။ ဝေဒနာနိရောဓာ (တဏှာ နိရောဓောပါ ဘုရား)။
‘‘တဏှာနိရောဓာ ဒုက္ခနိရောဓော’’ ဆိုတော့ ဘာကျန်သေးတုံး (ဘာမှမကျန်ပါ ဘုရား)။
ဝေဒနာကြပ်ကြပ်ရှုပေးပါ
ဘာမှ မကျန်ဘူးဆိုတော့ ဒုက္ခနိရောဓော ဒီဘက် ဒုက္ခတွေ ဘာလာ စရာရှိသေးသတဲ့ (မရှိပါဘူး ဘုရား)။
ဒါဖြင့် ဝေဒနာ ကြပ်ကြပ်ရှုပေး ဒုက္ခနိရောဓောဖြစ်မယ်၊ ရိပ်မိပြီလား။