ဒုက္ခသစ္စာ၏ အနက် (၃)သန္တာပဋ္ဌော
တရားနာရင်း ကျွတ်တမ်းဝင်နည်း
အသံဖိုင်ခေါင်းစဉ်= သစ္စာအနက်(၁၆)ချက် ဒုက္ခသစ္စာအနက်မှ သန္တာပဋ္ဌော
စာအုပ်ခေါင်းစဉ်= ဒုက္ခသစ္စာ၏ အနက် (၃)သန္တာပဋ္ဌော တရားနာရင်း ကျွတ်တမ်းဝင်နည်း
ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
မန္တလေးမြို့၌ ဟောကြားတော်မူသော တရားတော်
ဒုက္ခသစ္စာ၏ အနက် (၃)သန္တာပဋ္ဌော
တရားနာရင်း ကျွတ်တမ်းဝင်နည်း
(၉-၁၂-၅၇)
နာရုံနဲ့ မရဘူး ပွားမှရမယ်
ဒကာဒကာမတွေ မှတ်ထားရမယ်၊ မဂ္ဂသစ္စာမှာ ဘာကိစ္စရှိသလဲ၊ (ဘာဝေတဗ္ဗကိစ္စ ရှိပါတယ် ဘုရား) ဘာဝေတဗ္ဗကိစ္စဆိုတာ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက ဒီအတိုင်းဆုတောင်းနဲ့ နိဗ္ဗာန်ရမယ် မဟုတ်ဘူး၊ ပွားများရမယ်လို့ ဘုရားက ဒီကိစ္စကို ဖော်ပြတယ်လို့ မှတ်ပါ၊ နာရုံနဲ့မရဘူး၊ ပွားမှရမယ်။
ပွားဆိုတာ ဘာပါလိမ့်မတုံးလို့မေးလို့ရှိရင်၊ စကားပြောနေတာပွားတာ မဟုတ်ဘူး၊ စာကျက် နေတာ ပွားတာမဟုတ်ဘူး၊ စာပြန်နေတာလည်း၊ ပွားတာမဟုတ်ဘူး၊ ဥပမာ သတိပဋ္ဌာန် လေးပါးရှိတယ်။
အဲဒီသတိပဋ္ဌာန်လေးပါးတစ်ပါးပါးကို စိုက်ပြီးသကာလ၊ ရုပ်ရှုတဲ့ ပုဂ္ဂိုလ်က ရုပ်တွေ့ ရုံနဲ့ ပွားတယ်လို့ မဆိုနဲ့၊ ရုပ်၏ဖြစ်ပျက်တွေ့မှ ပွားတယ်လို့ မှတ်ပါ။
ဝေဒနာတွေ့ရုံနဲ့ပ္ပားတယ်မမှတ်နဲ့
ဝေဒနာရှုတဲ့ပုဂ္ဂိုလ်က ဝေဒနာတွေ့ရုံနဲ့ ပွားတယ်လို့ မမှတ်နဲ့။ ဝေဒနာတွေ့ရင် ဝေဒနာဟာ၊ နာမ်လို့သိတာပဲမှတ်။
ဝေဒနာကိုကျော်လွန်ပြီး၊ သူ၏အဖြစ်အပျက်ကို သိထားမှ၊ ဖောက်ပြန် တလဲလဲ အာရုံက ပြလို့ရှိရင် ရှုတဲ့ဉာဏ်က၊ ရှုတဲ့မဂ္ဂင်ငါးပါးက၊ အဖန်တလဲလဲ ပေါ်လာတိုင်း ပေါ်လာတိုင်း ကြည့်နေမှ ဘာဝေတဗ္ဗကိစ္စလို့ မှတ်ပါ၊ ပွားများ တယ်လို့မှတ်ပါ။
အဲဒီတော့ ဒကာ ဒကာမတွေ နိဗ္ဗာန်ရောက်မှုအလုပ်ဟာ၊ ဆုတောင်း အလုပ်လား၊ ပွားများမှုအလုပ်လားလို့ ဆုံးဖြတ်ချက်ချကြပါ။ ပွားများမှု အလုပ်သာလျင် ဧကန်ဟုတ်တာ။
နွားကျောင်းသားအလုပ်
ဒါကြောင့် စာသင်တယ်၊ ဘုန်းကြီးတို့သင်ခဲ့တာပဲ၊ စာချတယ် ဘုန်းကြီးတို့ စာချခဲ့တာပဲ။
သို့သော် ဒီဟာသည်ကားလို့ဆိုရင်၊ နွားကျောင်းသားအလုပ်လို့ ဘုရားကဟောတယ်၊ မပျောက်အောင်စောင့်ရှောက်ရုံမျှသာ ရှိတယ်လို့ ဘုရားကဟောထားတယ်။
နွားနို့အရသာနွားရှင်မှသိတယ်
နွားနို့ အရသာ၊ နွားရှင်ကမှပိုင်တယ်လို့ ဆိုဘိသကဲ့သို့၊ ပွားများမှု အလုပ်လုပ်မှ ကိလေသာ သေမှုအလုပ်သည်၊ ကိစ္စပြီးတော့တယ်မှတ်ကြပါ။
စာသင်မှု၊ စာတတ်မှု၊ စာချမှုဟာ၊ “ဉာတပရိညာ” ပါ၊ အခုလို ဝေဒနာ ရှုတယ်၊ ဝေဒနာတွင် တွေ့နေသေးတယ်ဘုရား။
ဟာ-မင်းတို့လိုသေးတယ်၊ ဝေဒနာဆိုတာ ပင်ကိုသဘောမဟုတ်သေး ဘူး၊ ပင်ကိုသဘောက ဖြင့် ဖြစ်ပြီးပျက်တဲ့သဘောလေးကိုရှုပါ။
ဖြစ်ပြီးမရှိတာရှုရမှာ
ဘုန်းကြီးများက ဒကာ ဒကာမတွေမှာတယ် ဘာရှုရမှာပါလိမ့် (ဖြစ်ပြီးပျက်တဲ့ သဘောလေး ပါ ဘုရား) ဖြစ်ပြီးပျက်တဲ့သဘောလေးကို ရှုတော့ ဝေဒနာမဟုတ်တော့ဘူး သြော်-အနိစ္စပါလား။
“ဟုတ္တာ အဘာဝဋ္ဌေန အနိစ္စံ” ဆိုတဲ့အတိုင်းဖြစ်ပြီး မရှိတာလေးရှုမှ အနိစ္စဆိုတာ ဒကာ ဒကာမတွေက မှတ်ထားတော့၊ အနိစ္စဆိုတာ” သဗ္ဗေ သင်္ခါရာအနိစ္စာ” လို့ဟောထားတဲ့ အတွက် ခန္ဓာကိုယ် ထဲမှာ ပြုပြင်တာကြည့်ရင်၊ ရုပ်လည်းမတွေ့ဘူး၊ နာမ်လည်းမတွေ့ဘူး၊ ဉာတပရိညာနဲ့တော့ တွေ့လိမ့်မယ်။
ပွားများမှုကိစ္စ
တိရဏပရိညာနဲ့ စဉ်းစားလိုက်တဲ့အခါကျလို့ရှိရင်၊ အနိစ္စချည့်တွေ့မှ သာလျင်၊ ဒါသည်ကား ဆိုလို့ရှိရင် တိရဏပရိညာ ပွားများမှ၊ ဘာဝေတဗ္ဗ ကိစ္စကို ရောက်လာပါပေါ့လားလို့ ဒကာ ဒကာမ တွေက ဆုံးဖြတ်ချက်ချပါ (မှန်ပါ့ ဘုရား)။
အဲဒါကြောင့် အိမ်ရောက်တဲ့အခါဖြစ်စေ၊ တရားနာတဲ့အခါဖြစ်စေ၊ နားက ဘုန်းကြီး ပြောတာ နားထောင်ပါ၊ ဉာဏ်ကခန္ဓာလှည့်ထားပါ၊ တရားနာ တဲ့နားက ဘာတဲ့တုံး (ဘုန်းကြီးဟောတာ နားထောင်ရမယ် ဘုရား) ဘုန်းကြီးတရားဟောတာ နားထောင်ပါ။
ဉာဏ်ကခန္ဓာလှည့်ထားပါ
ဉာဏ်ကဘယ်လှည့်ထားရမယ် (ခန္ဓာကိုယ်လှည့်ထားရပါမယ် ဘုရား) ဉာဏ်ကခန္ဓာကို လှည့်လိုက်တော့၊ ဘုရားက။
“ဒေသနာညာဏာ နုသာရေန ညာဏံ ပေသေန္တဿ ဉာဏုတ္တရဿ ဟောတိ”
ဆိုတော့ ဒေသနာညာဏာနုသာရေန – ဟောတဲ့ဒေသနာ ဉာဏ် အစဉ်လျှောက်သဖြင့် ခင်ဗျားတို့နားထဲကနေပြီး သကာလ၊ ဒီကဟောလိုက်တဲ့ တရားကို ခင်ဗျားတို့နားထဲက ကြားပြီး သကာလ၊ နားထဲတွင်ကြားတဲ့ဝီထိတွင် မနေဘဲနဲ့၊ -ဒီခန္ဓာငါးပါးထဲက ဘယ်ဟာဟောနေတာလဲ?၊ ဝေဒနာက္ခန္ဓာ ဟောနေတာဆိုပြီး ဉာဏ်ကခန္ဓာကိုယ်ထဲမှာ စေခိုင်းပါ (မှန်လှပါ ဘုရား)။
ညာဏုတ္တရဿဟောတိဆိုသဖြင့်၊ ဟောရင်းမတ္တနှင့်ခင်ဗျားတို့ ဉာဏ် တက်လာပြီးသကာလ၊ ဪ တစ်ကိုယ်လုံးသည်ကားဆိုရင် အဖြစ် အပျက်မှတစ်ပါး ဘာမှမရှိပါလားဆိုပြီး အဖြစ်အပျက် မြင်တဲ့ဉာဏ် တက်လာ လိမ့်မယ်။
တရားနာရင်းသောတာပန်တည်နိုင်တယ်
နောင်အဖြစ်အပျက်မုန်းတဲ့ဉာဏ်တက်လာလိမ့်မယ်၊ နောက်အဖြစ် အပျက်ကိုပင်၊ ဖြစ်ဒုက္ခ ပျက်ဒုက္ခပါလားလို့ ပိုင်းခြားတဲ့ဉာဏ်အလိုလိုတက်ပြီး၊ ဒေသနာဉာဏ်အဆုံးမှာ သောတာပန် တည်နိုင်တယ်။
အဲဒီတော့ ရှေးတုန်းက ကျင့်ကြံကြိုးကုတ်အားထုတ်လို့၊ သောတာပန် တည်သွားတာနဲ့၊ ဒေသနာဉာဏ်အစဉ်လျှောက်ပြီးသကာလ ခန္ဓာဉာဏ်ရောက် ပြီး ခုနင်က ဉာဏ်သုံးဆင့်နဲ့ တက်ပြီးသကာလ သွားလို့၊ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်တည်တာနဲ့ ဘယ်သူက များတုံး (ဒေသနာဉာဏ် အစဉ်လျှောက်လာသူက များပါတယ် ဘုရား)။
တရားပွဲထဲမှာ ကျွတ်တမ်းဝင်ကြတယ်
တရားတစ်ပွဲ၊ တစ်ပွဲမှာ ဘယ်လောက်ကျွတ်တယ်ဆိုတဲ့ဥစ္စာ၊ ဒကာ ဒကာမတွေ ဒေသနာဉာဏ် အစဉ်လျှောက်ပြီး၊ ခန္ဓာထဲက ဉာဏ်ကပွားများမှု ရောက်သွားလို့သာ ဦးဘကြည် ကျွတ်တမ်းဝင်ကြတာပေါ့ဗျာ (မှန်လှပါ ဘုရား) အဲဒီတော့ တရားနာရင်းလို့ ဓမ္မပဒက ရေးငြား သော်လည်း၊ ခင်ဗျားတို့ကတရား နာရင်ဘယ်လိုနာဆိုတာကိုလည်း ကိုယ်ကဝေဖန်မှတ်သားပါ၊ သဘောကျ ပလား (ကျပါပြီ)။
တရားနာရင်း ဒေသနာဉာဏ် အစဉ်လျှောက်ပြီးသကာလ၊ ကိုယ့်ဉာဏ် ကိုခိုင်းခန္ဓာပေါ်မှာ “ဉာဏံပေသေန္တဿ” ဆိုသဖြင့် ဉာဏံ =ဉာဏ်ကို၊ ပေသေန္တဿ= ခန္ဓာပေါ်၌ခိုင်းပါ။
နားကကြားတာကို ခန္ဓာမှာဉာဏ်နဲ့ကြည့်
နားကကြားတာကို ကိုယ့်ဉာဏ်နဲ့ခန္ဓာပေါ်မှာ ဉာဏ်ကိုခိုင်းကြည့်လို့ ရှိရင်ဖြင့် “ဉာဏုတ္တရဿ ဟောတိ” လို့ဆိုသဖြင့် ထက်တဲ့ဉာဏ်ကြီးပေါ်လာလိမ့် မယ်၊ ဒီထက်တဲ့ဉာဏ်သည် ကားဆိုလို့ရှိရင်ဖြင့် သစ္စာသိတဲ့ဉာဏ်ဖြစ်ပြီး၊ သစ္စာသိအောင် တက်လို့ရှိရင်လည်း သည်ပွဲတွင် ကိစ္စပြီးမယ်လို့မှတ်ပါ။
ဘုရားလက်ထက်ကဟောနည်း
ဘာမှ ခင်ဗျားတို့အားငယ်စရာမလိုဘူး၊ ဒါကတော့ ဦးဘကြည်တို့ ဦးချစ်ခတို့ ဘုရားလက်ထက် က ဟောနည်းကို ပြောပါတယ် (မှန်လှပါ ဘုရား) ဆင်ခြေတော့မလဲကြနဲ့။
သြော်-သူတို့တွေက ရှားမီးခဲကြီးတွေ မီးခဲပြာဖုံးနေတာလို့ ဒီလိုမယူနဲ့၊ ဒီလိုယူလိုက်တော့ ခင်ဗျားတို့က အားပျော့သွားတယ်၊ ဒီလိုယူလိုက်တော့ ဦးဘကြည်တို့ အားပျော့မသွားဘူးလား (ပျော့သွားပါတယ် ဘုရား)။
ခင်ဗျားတို့ဘုရားနဲ့တွေ့ပြီးသားလူတွေ
သူတို့ကရင့်ကျက်ပြီးသားတွေ၊ အသာကလေးနဲ့ကိစ္စပြီးရုံကျန်တော့ တယ်၊ ဒို့ကအခုမှ အစပျိုးရတယ်လို့ ဒီလိုမယူလိုက်ပါနဲ့၊ ခင်ဗျားတို့ ဂင်္ဂါဝါဠု သဲစုမက ဘုရားတွေ တွေ့ပြီးသား၊ ကြုံပြီးသားလူတွေလို့ ဆုံးဖြတ်ချက်ချ။
မတွေ့မကြုံရင် ဒီဘဝလူကိုမဖြစ်ဘူး၊ ဖြစ်ပါ့မလား (မဖြစ်ပါ ဘုရား) လူဖြစ်ပြန်တော့လည်း၊ ဘာသာအမျိုးမျိုးရှိတဲ့အနက် ဗုဒ္ဓဘာသာဖြစ်ဖို့ အတော်ခဲယဉ်းတယ်။
တို့ဟာပါရမီရင့်ပြီးသားပုဂ္ဂိုလ်
ဗုဒ္ဓဘာသာဖြစ်ပြန်တော့လည်း တောသူ တောင်သားတွေလို၊ တော ဘုန်းကြီး တောဆရာနဲ့ လှူဒါန်းပေးကမ်းပြီးရင် နိဗ္ဗာန်ရောက်တာပဲကွာ၊ ဒို့လည်းဒီလိုလာခဲ့တယ်၊ ဘုန်းကြီး ရှေး ဒကာကြီး တွေလည်း ဒီလိုသွားတာပဲ ဆိုတဲ့၊ ဒီတရားမျိုးကော ဟုတ်ရဲ့ လား (မဟုတ်ပါဘူး) မဟုတ်ပါဘူးတဲ့။
အခုခင်ဗျားတို့ တရားထူးနဲ့လည်းတွေ့ရတာ ထောက်ကြည့်တော့၊ ဒါဖြင့် တို့ပါရမီဟာ ရင့်ပြီးသား၊ နုသေးလားဆိုတာ ဝေဖန်ဖို့မလိုတော့ပါဘူး။
သစ္စာဟောတတ်တဲ့ဆရာနဲ့တွေ့ပြီ
ဒီဆရာကောင်း သမားကောင်းနဲ့တွေ့လို့ ကြုံလို့၊ ကလျာဏမိတ္တ သစ္စာ ဟောတတ်တဲ့ ဆရာနဲ့ တွေ့ကတည်းကိုက၊ ခင်ဗျားတို့ဟာ တရားကျင့်ရုံပဲ ကျန်တော့တယ်ဆိုတာ၊ ကိုယ့်ကိုယ်ကိုယ် ဆုံးဖြတ် ချက်ချ၊ ရှင်းပလား (ရှင်းပါပြီ ဘုရား) အားလုံးဒကာ ဒကာမတွေ သဘောကျပလား (ကျပါပြီ ဘုရား)။
ကိုယ့်ပါရမီကို နုသေးသလားလို့မတွေးပါနဲ့၊ လူ့ဘဝရခဲတယ်၊ မရ ခဲတယ်ဆိုတာ ဆရာတိုင်း ခင်ဗျားတို့ကို ဟောသွားပြီ၊ လူ့ပြည်က အပ်တစ်စင်း၊ ဗြဟ္မာပြည်က အပ်တစ်စင်းဆိုတာ ဟောသွားပြီ။
လူ့ဘဝရပြန်တော့ “သဒ္ဓါသမ္ပတ္တိဘာဝေါဒုလ္လဘော” ရပါရဲ့ လားလို့ မေးကြည့်ပါဦး။
အလွန်ရခဲတဲ့အတိဒုလ္လဘ
“သဒ္ဓါသမ္ပတ္တိ” မရှိရင် ဒီဘုန်းကြီးရှိတဲ့ဆီကို၊ ဒကာ ဒကာမတွေ တစ်ယောက်မှ မရောက်ဘူး၊ ရောက်ပါမလား (မရောက်ပါ ဘုရား) မရောက်နိုင် ဘူးတဲ့။
“မနုဿတ္တဘာဝေါ ဒုလ္လဘော၊ ပဗ္ဗဇိတဘာဝေါ ဒုလ္လဘော၊ သဒ္ဓါသမ္ပတ္တိ ဘာဝေါ ဒုလ္လဘော၊ သဒ္ဓမ္မဿဝနံ အတိဒုလ္လဘဲ” ဆိုတာလည်း၊ သစ္စာတရားကို နာနေရတဲ့အတွက်၊ အတိဒုလ္လဘဲ၊ အလွန်ရခဲတဲ့အထဲလည်း ခင်ဗျားတို့ ပါနေပြီလား၊ မပါသေးဘူးလား (ပါနေပါပြီ ဘုရား)။
ငါးပါးပြည့်စုံနေကြပြီ
ဒါဖြင့် ခင်ဗျားတို့ကိစ္စက၊ အခုဘုန်းကြီးသင်တဲ့အတိုင်း ပွားရုံကလေး တစ်ခုပဲကျန်တော့တယ်၊ ကျန်တာတွေစုံပြီးသား၊ နောက်ဘာမှ သံသယမရှိနဲ့တော့၊ ကျွတ်ထိုက်လို့ ကျွတ်တယ်လို့ အားလုံးဆုံးဖြတ်ချက်ချကြပါ။
ဘာမှအားငယ်နေစရာမလိုဘူးတဲ့၊ ဒုလ္လဘတရား ငါးပါးမေးချင်တာနဲ့ မေး ခင်ဗျားတို့ အကုန်စုံ နေကြပြီ၊ မစုံဘူးလား (စုံပါပြီ ဘုရား)။
သင်္ကန်းဝတ်တာကို၊ ပဗ္ဗဇ္ဇိတဆိုတာမဟုတ်ဘူး
ပဗ္ဗဇိတဘာဝေါ ဒုလ္လဘောဆိုတာ၊ ခင်ဗျားတို့သင်္ကန်းဝတ်တာကို ပဗ္ဗဇိတဆိုတာမဟုတ်ဘူး၊ “သံသရဘယံဧဟိဘိက္ခု” သံသရာ ဘေးကြောက်ပြီးတော့ အလုပ်လုပ်တဲ့လူဟာ ဘိက္ခု ချည်းပဲ (မှန်လှပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အဲဒီတော့ ပဗ္ဗဇိတဘာဝဒုလ္လဘ ကလည်း သံသရာဘေးကြောက်တဲ့ ပုဂ္ဂိုလ်ဟာ ပဗ္ဗဇိတဘာဝဒုလ္လဘ ထဲ အပါအဝင်ဖြစ်နေတော့၊ ဒကာ ဒကာမတွေ ဒီနေ့ညအားပေးတယ်လို့ မယူနဲ့ဖြစ်ထိုက်ပြီလို့ ဆုံးဖြတ်ချက်ချ (မှန်ပါ) အားပေး တယ်လို့ယူလို့ရှိရင်ဖြင့်၊ သြော်-ဘုန်းကြီးက အပြောကောင်းလို့ ဒကာ ဒကာမတွေ ယဉ်ကျေးအောင်လို့ စိတ်ဓာတ်တက်ကြွအောင်လို့ ပြောတယ်လို့ ဒီလိုမယူပါနဲ့ (မှန်ပါ့ ဘုရား) အားပေးတယ်လို့ ယူလို့ရှိရင်ဖြင့် မှားလိမ့်မယ်။
ရှေးကစကားတွေနားမယောင်နဲ့
ကိုယ့်အဖြစ်ကိုဝေဖန်ကြည့်လို့ အခုပြောတဲ့အတိုင်း အင်္ဂါညီ၊ မညီသာ အကဲခတ်ပါ၊ ကိုထွန်းဦးဘယ့်နှယ်ဆုံးဖြတ်မလဲ (ညီပါတယ် ဘုရား)၊ အင်မတန်ညီပြီးသကာလနေတော့ ကျုပ်တို့သည် ရှေးစကားတွေနားထောင် မနေပါနဲ့ ပါရမီဆိုတာ တစ်စ၊ တစ်စဖြည့်ရမယ်၊ ဒါကိုနားမယောင်နဲ့၊ ဒါကို နားမယောင်ဖို့ မနေ့က ဦးဘကြည်တို့ကို ထိန်းပေးလိုက်ပြီ။
သစ္စာပွားရင်ကိလေသာခန်းတယ်
သစ္စာနာရင် ကိလေသာခြောက်တယ်၊ သစ္စာပွားရင် ကိလေသာခန်း တယ် (မှန်လှပါ ဘုရား)၊ ဒါဖြင့် ကိုယ်တိုင်တွေ့တာလား၊ သူများပြောသံကြား လား (ကိုယ်တိုင်တွေ့ပါ ဘုရား)၊ အဲဒီတော့ ကိုယ့်ပါရမီ ဘယ်လိုတုံးလို့ မေးစရာ လိုသေးလား (မလိုပါ ဘုရား)။
မလိုတော့ ဒီဒကာ ဒကာမတွေ၊ ဟို-ကျမ်းမစုံဘဲနဲ့၊ ကိုယ်တိုင်အလုပ် မလုပ်ဘဲနဲ့၊ ဒီလိုပုဂ္ဂိုလ် တွေပြောတာကို ခင်ဗျားတို့ နားဆုံးနေရင်တော့ မှားလိမ့် မယ်။ မမှားပေဘူးလား (မှားပါတယ် ဘုရား) မှားမယ်တဲ့။
ဘုရားပရိနိဗ္ဗာန်မစံသေးဘူး
ဆရာသမားကိုယ်တိုင်ပဲ အခုစစ်ကြည့်လိုက်တော့ ဒုလ္လဘတရားငါးပါး မှာ ဗုဒ္ဓပ္ပါဒေါ ဒုလ္လဘော ရောက်ပါ့မလား ဗုဒ္ဓပ္ပါဒ ဆိုတာငါဘုရားမရှိက ငါဘုရား၏ ဓမ္မက္ခန္ဓာပေါင်းရှစ်သောင်းလေးထောင် မင်းတို့ဆရာတွေအဖြစ် ရှိရစ်လိမ့်မယ်” ဆိုတော့ ဘုရားပရိနိဗ္ဗာန်မစံသေးဘူး၊ စံပလား (မစံသေးပါ ဘုရား)။
ဘယ်အခါမှ ရဟန္တာမဆိတ်သုဉ်းဘူး
တစ်ခါ ဒီအချိန်မှ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ် မဖြစ်တော့ဘူး ဆိုပြန်တော့လည်း၊ သုဘဒ်ရဟန်းကို သေခါနီးဘုရားက ဟောခဲ့တာလည်း အထင်အရှားပဲ၊ “ဣမေစသုဘဒ္ဒ ဘိက္ခု သမ္မာဝိဟာရေယျုံ၊ အသုညော လောကော အရဟန္တေဟိအဿ” ဒီလိုသာ သစ္စာတရားဟောလို့၊ သစ္စာတရားကို ကျင့်ကြံလို့ရှိရင် ဘယ်အခါမှ ရဟန္တာ မဆိတ်သုဉ်းဘူးလို့ အမိန့်တော် မမှတ်ခဲ့ ဘူးလား (မှတ်ခဲ့ပါတယ် ဘုရား)။
ဘုရားက တစ်ခွန်းနဲ့အမှန်ပြောလေ့ရှိ
အဲဒါတွေထောက်ကြည့်တော့ ဒကာ ဒကာမတွေ ဘုန်းကြီးက အားပေးတာလား၊ ဘုရားက နှစ်ခွန်းသောစကားကို မပြောဘဲနဲ့ တစ်ခွန်းနဲ့အမှန် ပြောတတ်တဲ့ပုဂ္ဂိုလ်က ပြောတာလားဆိုတာ ခင်ဗျားတို့ဝေဖန်ကြည့် (တစ်ခွန်း နဲ့ အမှန်ပြောတတ်တဲ့ပုဂ္ဂိုလ်က ပြောတာပါ ဘုရား)။ ဘုရားက နှစ်ခွန်းမပြောဘူး၊ တစ်ခွန်းနဲ့ဘာပြောလေ့ရှိသလဲ (အမှန်ပြောလေ့ရှိပါတယ် ဘုရား)။
အဲဒီစကားတွေကို အခုဘုန်းကြီးက အကိုးအကားထားဟောတော့၊ ငါတို့ဟာ ဖျင်းလိုက်တာနဲ့၊ ပျင်းလိုက်တာနဲ့ စာတစ်လုံး ပေတစ်လုံးမတတ်ဘဲနဲ့ လာတော့၊ တရားနာပြီးသကာလနေရတယ်လို့ မဆိုလိုက်ပါနဲ့၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ကလျာဏမိတ္တနဲ့တွေ့ရင် သောတာပန်တည်ရမယ်
မဆိုလိုက်ပါနဲ့တဲ့၊ ကလျာဏမိတ္တနဲ့တွေ့ရင် သောတာပန်တည်ရမယ် ဆိုတာပါပြီးသား၊ သဘောကျပလား (ကျပါပြီ ဘုရား)၊ တရားစာတစ်လုံး ပေတစ်လုံး မတတ်ဘဲနဲ့ ခင်ဗျားတို့က စာခေတ်မှာမွေးလာတော့ စာအားကိုး တာပေါ့ ဦးဘကြည်ရ (မှန်ပါ့ ဘုရား)။
စာဟာဘုရားရှိတုန်းကပေါ်ပြီလား၊ ပရိနိဗ္ဗာန်စံပြီး ခုနှစ်လကြာမှ သင်္ဂါယနာတင်မှ စာပေါ် သလား၊ ခင်ဗျားတို့ အဲဒီနှစ်ခုပဲဝေဖန်ကြည့်ပါ ဦးဘကြည်ရ (မှန်ပါ့) ဘုရားရှိတုန်းက စာတွေ သင်္ဂါယနာ တင်သလား၊ ဘုရားမရှိ မှတင်သလား၊ ဘုရားမရှိမှ (တင်ပါတယ် ဘုရား)၊ စာတွေသင်္ဂါယနာတင်တယ် ဆိုတာ စာရှိတာကိုးဗျ၊ ရိပ်မိပလား (ရိပ်မိပါပြီ)။
ဒါဖြင့်ဘုရားပွင့်တာနဲ့စာရှိတာနဲ့ ဘယ်သူကရှေ့၊ ဘယ်သူကနောက်တုံး (ဘုရားပွင့်တာကရှေ့၊ စာရှိတာကနောက်ပါ ဘုရား) ရှိတာက နောက်ကျ တယ်။
ဒါဖြင့် ဘုရားပွင့်ပြီး၊ ဘုရားဖြစ်တုန်းကျွတ်တမ်းဝင်တဲ့ ပုဂ္ဂိုလ် တွေစာမပါဘူး (မပါပါ ဘုရား) ပါကြရဲ့လား (မပါပါ ဘုရား) သေသေ ချာချာဝေဖန်ပါ။
စာကဟိုနေရာတစ်ပုဒ်၊ ဒီနေရာတစ်ပုဒ် ရှင်အာနန္ဒာစုထားတယ်၊ ရှင်အာနန္ဒာစုထားခဲ့တာ၊ နောက်ရဟန်းကြီးတွေ ဘာတွေက၊ ဘုရားမရှိတော့ တော်အောင်လျော်အောင်နေပြီး၊ နေချင်သလိုနေ၊ စားချင်သလိုစား၊ ဝါးချင် သလို ဝါးတာပဲ။
ဘုရားမရှိတော့ ဟိုဟာမတော်ဘူး၊ ဒီဟာတော်တယ်လို့၊ ဟိုနေရာ ပညတ်၊ ဒီနေရာ ပညတ် ကြတယ်၊ အဲဒီတော့မှ စာတွေစုဖို့လိုတယ်ဆိုပြီးစာတွေ ပြန်စုတာ၊ စာတွေစုဖြစ်တဲ့အချိန်ကျတော့ ဘုရား ပရိနိဗ္ဗာန်စံပြီးပြီ၊ သင်္ဂြိုဟ်ပြီးပြီ၊ ရိပ်မိပလား (ရိပ်မိပါတယ် ဘုရား)။
ဒေသနာဉာဏ်နဲ့ကျွတ်တမ်းဝင်ကြတာ
ဒါဖြင့် ဘုရားလက်ထက်က စာမတတ်တဲ့ပုဂ္ဂိုလ်တွေ ကျမ်းစုံမတတ်တဲ့ ပုဂ္ဂိုလ်တွေသည်၊ ဒေသနာဉာဏ်နဲ့ ကျွတ်တမ်းဝင်တဲ့ပုဂ္ဂိုလ်တွေများလေရဲ့ လို့ ဆုံးဖြတ်ချက်ချ (မှန်လှပါ ဘုရား) ဆုံးဖြတ်ချက်ချနိုင်ပါ့မလား (ချနိုင်ပါတယ် ဘုရား)။
တရားကိုမဟောရသေးဘူး၊ ဒကာ ဒကာမတွေ တရားမဟောရသေး ဘူးတဲ့၊ အားက၊ နဂို ကတည်းက ဆုတ်ယုတ်နေတဲ့ပုဂ္ဂိုလ်တွေရှိသေးတယ်၊ မင်းကြီးဦးကောင်းတို့ အင်္ဂလိပ်ဘက်က လက်နက်တွေ ထုတ်ပြရုံနဲ့ ဒီမှာမတိုက်နဲ့ တော့ဆိုလိုက်တာ စိတ်အားနှိမ့်ပစ်လိုက်တာ၊ စိတ်အား နှိမ့်ပစ်လိုက်တော့ ဘာမှ သေနတ်တစ်ချက်မှ မဖောက်ရဘဲနဲ့ တိုင်းပြည်ကိုပေးလိုက်ရတယ်။
အဲဒီတော့ ခင်ဗျားတို့ လက်နက်ချင်း ပြိုင်လို့လား၊ စိတ်အား နိမ့်သွားလို့ လား (စိတ်အား နိမ့်သွားလို့ပါ ဘုရား)၊ စိတ်အားနိမ့်သွားတဲ့ အဓိပ္ပါယ်ဟာ ကြောက်စရာ မကောင်းဘူးလား (ကောင်းပါတယ် ဘုရား)။
သာမညပုဂ္ဂိုလ်တွေပြောတဲ့စကား
အဲဒီတော့ ရှေးကကြားဖူးတာတွေက သာမညဆရာတွေ၊ သာမည ပုဂ္ဂိုလ်တွေပေါ့ ၊ မင်းတို့က လူဝတ်ကြောင်နဲ့၊ ဒို့ကသင်္ကန်းကြီးဝတ်နေတာ နှစ်ပေါင်းလေးငါးခြောက်ဆယ်ရှိတာတောင် လုပ်ရတုန်း ရှိသေးတယ်၊ ဘာမှ မမြင်သေးဘူး၊ ပြောချင်လည်းပြောမယ် ဦးဘကြည် (ပြောပါတယ် ဘုရား) မပြောပေဘူးလား (ပြောပါတယ် ဘုရား)။
ဒီလိုပြောတာတွေထောက်လိုက်ပြန်လို့ရှိရင်၊ အင်း ဒီကိုယ်တော် ကြီးတွေ အရိုးကြေကြေ အရေခြောက်ခြောက်၊ သားတွေမယားတွေ စွန့်ပြီး သကာလ သင်္ကန်းဝတ်လာတာတောင်မှ ဒီအခြေအနေသာ ရောက်သေးတယ်။ ဒို့ဖြင့် ဝေးပါသေးသကွာ ဆိုတော့ စိတ်အားငယ်သွားတယ်၊ စိတ်အားငယ်သွားတာ သေချာပလား (သေချာပါတယ် ဘုရား)။
ကိုယ့်ဘဝအရှုံးမခံလိုက်ပါနဲ့
ဒါဖြင့် ဒီလိုစိတ်ငယ်တဲ့သတ္တိဟာ၊ မင်းကြီးဦးကောင်းတိုင်းပြည် အပ်လိုက်တာနဲ့ အတူတူပဲ၊ ကိုယ့်ဘဝအရှုံးခံလိုက်တာ၊ ဒကာ ဒကာမတွေ နားလည်ကြပလား (နားလည်ပါပြီ ဘုရား)။
ခင်ဗျားတို့က သာဆိုးသေးတယ်၊ ယောက်ျားတွေတောင် တဖားဖားနဲ့ အတော်လုပ်ရမှာ၊ မိန်းမဆိုတာ အင်း အသွားအလာနည်းဗဟုသုတနည်း၊ အိမ်တွင်းမှုကိစ္စနဲ့မို့၊ ဒို့ကသာပြီးခက်မှာပဲလို့၊ သူတို့ကပိုပြီးစိတ်ငယ်လိုက်သေး တယ်၊ မငယ်ဘူးလား (ငယ်ပါတယ် ဘုရား)။
စိတ်အားငယ်ရင်နောက်ဆုတ်သွားတယ်
အဲဒါတွေစိတ်ငယ်မှုကြောင့်ပဲ၊ ဒကာ ဒကာမတွေခင်ဗျားတို့ရဲ့ လိုရင်း အလုပ်ဟာ လက်ကိုင် မရခင်က နောက်ဆုတ်သွားတယ် (မှန်လှပါ ဘုရား) မဆုတ်ဘူးလား (ဆုတ်ပါတယ် ဘုရား)။
ဒါတွေကိုလည်း ဘုန်းကြီးကမပြောလို့ ပညာရှိတဲ့ပုဂ္ဂိုလ်၊ ဗဟုသုတရှိတဲ့ ပုဂ္ဂိုလ်၊ ဝေဖန်တတ်တဲ့ ပုဂ္ဂိုလ်တွေက၊ မဝေဖန်ဘဲသွားမယ်ဆိုရင်၊ ခင်ဗျားတို့ အင်မတန် အားငယ်နေမယ် (မှန်လှပါ ဘုရား) မငယ်ပေဘူးလား (ငယ်ပါ တယ် ဘုရား) ဒီလိုငယ်နေတဲ့ပုဂ္ဂိုလ်တွေ ကိုထွန်းဦး လျှောက်ရှာ အများကြီးတွေ့ တယ်၊ ဦးဘကြည်မတွေ့ပေဘူးလား (တွေ့ပါတယ် ဘုရား)။
ကျုပ်တို့ဆရာဖြင့် ကျုပ်တို့ကိုးကွယ်ပြီးကျောင်းထိုင်နေတာကြာလှပြီ၊ ဒီဆရာကြီးတောင်မှ ရဟန္တာမဖြစ်သေးဘူးဆိုပြီးသကာလ၊ ကျုပ်တို့လိုပုဂ္ဂိုလ် ပါမွှားဆိုရင်တော့ ခက်ရချေရဲ့ ဆိုပြီးနောက်ဆုတ်နေတာ တစ်လုံးကြီးပဲ၊ မဆုတ် ပေဘူးလား (ဆုတ်ပါတယ် ဘုရား)။
ပါရမီပြည့်ပြီးသားတွေ့မို့
အဲဒါတွေက ဒကာ ဒကာမတို့၊ အကြောင်းကိုလည်း ဒီဆရာက လုံလောက်အောင်မပြနိုင် မပြနိုင်တော့ ငါတောင်မှ မဖြစ်သေးဘူးဆိုတော့၊ အကြောင်းကလည်း လုံလောက်အောင် မပြနိုင်တဲ့အထဲမှာ၊ ငါတောင်မှ မဖြစ်သေးဘူးဆိုတော့၊ ငါ့ကိုမှီခိုတာတွေ အဝေးကြီး ကျန်သေးတယ် ဆိုတာ ကိုး၊ ကိုယ့်စိတ်ကိုကနောက်ဆုတ်သွားတာကိုး၊ မဆုတ်ပေဘူးလား ဒကာ ဒကာမတို့ (ဆုတ်ပါ တယ် ဘုရား)။
ဒါဖြင့် ဒီနေ့ညမှာ တရားမဟောမီ၊ ရှေးအဖို့ကာလ၌ အားတက်လုံးကို ပြောနေတာလားလို့ ခင်ဗျားတို့ကိုမေးရလိမ့်မယ်နော်၊ အားတက်လုံးကို ပြောနေ တာမဟုတ်ပါဘူး၊ ခင်ဗျားတို့လုပ်လို့ရှိရင် ခင်ဗျားတို့ပါရမီခင်ဗျားတို့ မရေတွက် တတ်လို့၊ ပါရမီတွေပြည့်ပြီးသားလို့ ဘုန်းကြီးက ထောက်ခံချက် ပေးတာ၊ သဘောကျပလား (ကျပါပြီ ဘုရား)။
ဘယ်လိုကြောင့်နိဗ္ဗာန်မရောက်တာတုံး။
နိဗ္ဗာန်မရောက်တာလည်း ဘယ်လိုကြောင့် မရောက်တယ် ဆိုတာက ခင်ဗျားတို့ သစ္စာဆိုက်တဲ့ တရားမနာ ဖူးခဲ့ကြလို့ပဲ၊ ဒီလိုသစ္စာတရားနဲ့ ဒီလိုဥစ္စာက မနာရတော့ ကွယ်ခဲ့ပြီ၊ ရိပ်မိပလား၊ ရိပ်မိပါပြီ၊ ကွယ်ခဲ့လို့ မရောက်တာ၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် အားငယ်စရာများပါရဲ့လား (မပါပါ ဘုရား)၊ အဲ ပျင်းတဲ့ ပုဂ္ဂိုလ်နဲ့ ဖျင်းတဲ့ ပုဂ္ဂိုလ် ဆိုရင်တော့၊ မဂ်ဖိုလ်တားခြင်း အကြောင်းမှာ
၁။ ပါပမိတ္တနဲ့ ပေါင်းလို့ မကောင်းတဲ့ပုဂ္ဂိုလ်နဲ့ပေါင်းလို့ မဂ်ဖိုလ်ရခြင်း မှ ဆုတ်ယုတ် သွားတာ တစ်မျိုး၊
၂။ ပျင်းမှု ဖျင်းမှုကြောင့် ဆုတ်ယုတ်တာတစ်မျိုး၊ ပါရမီပါပြီးသား ရှိငြား သော်လည်း၊ မဂ်ဖိုလ်တားတယ်၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
တို့ဟာဘယ်အထဲကတုံး
မကောင်းတဲ့ပုဂ္ဂိုလ်နဲ့ ပေါင်းပြီး ဆုတ်ယုတ်တာ တစ်မျိုးနော်၊ ပျင်းမှု ဖျင်းမှု ကြောင့် မဂ်ဖိုလ်မှ အချည်းနှီး ဖြစ်ရတာကော မရှိဘူးလား (ရှိပါတယ် ဘုရား) အဲဒီတော့ ဒို့ဟာ ဘယ်အထဲက တုံးလို့ မေးသည် ရှိသော်၊ ပါပမိတ္တနဲ့ မပေါင်းဘူး၊ ဆရာကောင်းနဲ့ပေါင်းနေတာ (မှန်လှပါ ဘုရား) အင်္ဂါပြည့် ပေါ့ မလား (ပြည့်ပါပြီ ဘုရား)။
ဘာအင်္ဂါကျန်နေတုံးဆိုတော့ ပျင်းမှု ဖျင်းမှုလေးကျန်တယ်၊ ရှင်းပလား (ရှင်းပါပြီ)၊ ဒကာ ဒကာမတို့ ဘာလေးကျန်နေတုံး (ပျင်းမှု ဖျင်းမှုလေးပါ ဘုရား) အဲဒါလေးကိုတော့ တာဝန်ယူကြပါလို့ ဦးဘကြည်တို့ကို ပြောရတယ်၊ မပြောထိုက်ဘူးလား (ပြောလိုက်ပါတယ် ဘုရား)။
ပျင်းမှု ဖျင်းမှုကလေးကတော့၊ ဒါမဂ်ဖိုလ်အန္တရာယ်ဖြစ်ထိုက် မဖြစ်ထိုက် ဆိုတာကိုလည်း၊ ဦးထွန်းဦးပြောဖို့မလိုတော့ဘူး (မလိုပါ ဘုရား) ဒီတော့ ပျင်းမှု ဖျင်းမှုရှိနေလို့ရှိရင်ဖြင့် ဘုန်းကြီးတို့ဒကာ ဒကာမတွေ၊ ရနိုင်မယ်မဟုတ်ဘူးဆို တာကော ကျေနပ်ကြပလား (ကျေနပ်ပါတယ် ဘုရား)။
စိတ်ပျက်နေရင်တရားမရ
ဒါဖြင့် ယနေ့ညမှာဖြင့် ဘယ်ဟာစရမယ်၊ စခြင်းစတော့ တရားဟော တာ စတာလား၊ ကျင့်နည်းကို စတာလားလို့ ဒိုဆုတ်နစ်နေတဲ့စိတ်ကို မဆုတ်နစ် ရအောင်ဟောပြောတာလား၊ ဒါမေးပါ (မဆုတ်နစ်ရအောင်ဟောတာ) မဆုတ် နစ်အောင် ဟောတာ။
ဆုတ်နစ်နေလို့ရှိရင်ဘုန်းကြီးက ရက်ပေါင်းတစ်ရာဟော၊ ခင်ဗျားတို့က ဆုတ်နစ်နေတဲ့ စိတ်နဲ့သာ လိုက်လုပ်ပြီး၊ ဖြည်းဖြည်းမှလုပ်ရမှာပဲ၊ တစ တစ ဒီလိုပဲ ပါရမီဖြည့်ရမှာပဲဆိုပြီး သကာလ၊ ခင်ဗျားတို့က ဆုတ်နစ်တဲ့စိတ်တွေနဲ့ နေရင် ဘယ်တော့မှ မရဘူး၊ ရပါ့မလား (မရပါ ဘုရား)။
ဆုကြီးပန်မဟုတ်ရင်၊ ပါရမီမလိုဘူး
အဲဒီတော့ ရှေးက ပြောထားတာတွေက ပါရမီတစ တစဖြည့်ရတယ်ကွ၊ ဒီအသံတွေလည်း ခင်ဗျားတို့နားထဲမှာဝနေတယ်၊ မဝဘူးလား (ဝပါတယ် ဘုရား) အဲဒီတော့ ဆုထူးပန်မဟုတ်ခဲ့သော် ပါရမီ မလိုဘူး၊ အဂ္ဂသာဝက၊ မဟာသာဝက၊ ပကတိသာဝက၊ ပစ္စေက ဗုဒ္ဓါဘုရားတွေသာ ပါရမီ လိုတယ်။ အခု တပည့်တော်တို့ရရင်ယူမယ်ဆိုတဲ့ သာဝကမှာ ပါရမီမရှိဘူးကွ၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
အခုနိဗ္ဗာန်ရရင် အခုယူမယ်၊ အခုအပါယ်လေးပါးတံခါးပိတ်ရင်၊ အခုကြိုက်တယ်ဆိုတဲ့ ပုဂ္ဂိုလ်ကျတော့ ပါရမီမရှိဘူး၊ ပါရမီမရှိရင် ဘာလုပ်ရမှာ တုံးဆိုတော့ မနေ့ကပြောတဲ့ သစ္စာနာမှု သစ္စာကို ယောနိသောမနသိကာရနဲ့ နှလုံးသွင်းမှုရယ်လိုတယ်၊ ရှင်းပလား (ရှင်းပါပြီ ဘုရား) အဲဒါ သာဝက ပါရမီ ဉာဏ် စတာပဲ၊ ထားပါတော့။
ဂုဏ်ထူးဘွဲ့ထူးတွေငဲ့လို့ပါ
ကျန်တဲ့ဘုရားတွေ၊ ဘာတွေတော့ ဖြည့် ရမှာပေါ့၊ လေးသင်္ချေ၊ နှစ်သင်္ချေ၊ လုပ်ကြရမှာပေါ့ဗျာ၊ သူတို့ကဘာကြောင့် ဒီလောက်လုပ်ရတုံး ဆိုတော့ ဂုဏ်ထူးဘွဲ့ထူးတွေငဲ့လို့၊ ရှင်းပလား (ရှင်းပါပြီ ဘုရား) သူတို့က ဘာငဲ့လို့ပါလိမ့် (ဂုဏ်ထူးဘွဲ့ထူးတွေင့်လို့ပါ ဘုရား)။
လက်ဝဲကွ၊ လက်ယာကွ ဆိုတော့ သူ့ရဲ့ဆုတောင်းကိုက၊ တစ်ခါတည်း ဘယ်လက်ယာ ရံမြင်လို့၊ ဘယ်လက်ယာရံဆုတောင်းတယ်ဆိုတာ၊ သူတို့ဝတ္ထု၊ အတ္ထုပ္ပတ္တိကို လျှောက်ကြည့်ရင်၊ ခင်ဗျားတို့ အဲဒါပါလေရဲ့၊ (မှန်လှပါ ဘုရား)၊ မပါဘူးလား (ပါပါတယ် ဘုရား)၊ ဒါဖြင့် ဂုဏ်လိုချင်တဲ့ ပုဂ္ဂိုလ်မို့ကြာတာ၊ ဟုတ်လား (မှန်လှပါ)။
အာသဝေါငြိမ်းရင် ပြီးရောဆိုတဲ့ ပုဂ္ဂိုလ်ကျတော့ (မကြာပါဘူး ဘုရား) ကြာစရာ လိုသေး သလား (မလိုပါ ဘုရား) ဒါဖြင့် သာဝကပါရမီ ဉာဏ်မှာ “ပေဋကောပဒေသ” ဟောတာ ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)၊ သာဝကသာဆိုရင်၊ နိဗ္ဗာန်ရတဲ့အချိန်ယူပါ့မယ်ဘုရား၊ အပါယ်လေးပါး တံခါးပိတ်ရင်ပြီးရော။
နိဗ္ဗာန်ရတဲ့အချိန်သာ ယူမယ်ဆိုလို့ရှိရင်ဖြင့်၊ သစ္စာတရားသာနာ၍ သစ္စာတရားသာ နှလုံးသွင်းတော့ ရက်ပိုင်း၊ လပိုင်းမရှိဘူးကွ၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
တစတစလုပ်ရတယ်ဆိုတော့
အဲဒါ တစတစလုပ်ရတယ်ဆိုတဲ့၊ ဟောပြောချက်များနဲ့ကွာ မသွားဘူး လား၊ အဲဒီတော့ တစတစလုပ်ရမယ်ဆိုတဲ့အခါကျတော့ ပါရမီလည်း နည်းနည်းဖြည့်လိုက်၊ နောက်နှစ် နည်းနည်း ဖြည့်လိုက်၊ ဟိုနှစ်နည်းနည်းဖြည့် လိုက်၊ ဟိုဘဝနည်းနည်းဖြည့်လိုက်နဲ့ ဆုံးပါဦးမလား (မဆုံးပါ ဘုရား)။
မဆုံးတဲ့ အပြင် ဘုန်းကြီးက ရှင်းပြဦးမယ်၊ အမေအဖေရဲ့ ဝမ်းခေါင်းက ပြောင်းလိုက် သေးတယ် (မှန်လှပါ ဘုရား) တဏှာအမေ အဖေနဲ့နေရင်၊ တဏှာအမေ အဖေနောက်လိုက်သွားရင် ကျန်တဲ့ပါရမီတွေ အလွဲ သုံးစားဖြစ် မယ်၊ အမေကလည်းပြောင်းဦးမှာကိုးဗျ။ အဖေကရော (ပြောင်းမှာပါ ဘုရား)။ အဲဒီတော့ အဲဒါပြောင်းတာနဲ့ ပြည် စရာမြင်သေးရဲ့ လား (မမြင် ပါ ဘု ရား) အင်မတန်ရှည်တဲ့ လမ်းပါလား။
ရှည်တဲ့လမ်းတောင်၊ ခရေစေ့တွင်းကျ ပြောပြန်တော့လည်း၊ မပြည့်နိုင် ဖို့များတယ်၊ မများဘူးလား (များပါတယ်)၊ ခင်ဗျားတို့တရားနာတဲ့ ပုဂ္ဂိုလ် တွေပဲ စဉ်းစားပါတော့တဲ့။
ပါးစပ်ပါရမီသာမှတ်
ဆရာဘုန်းကြီးကတော့ဖြင့် ခင်ဗျားတို့ ဒီအထဲမှာဘုရားဆုပန်တဲ့ ပုဂ္ဂိုလ် ပါခဲ့လို့ရှိရင် အနုလောမဉာဏ် ရအောင်လုပ်ပါ။ ဘုရားဆုပန်လည်း လုပ်ရမှာပဲ၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။ အဲ-သင်္ခါရုပေက္ခာဉာဏ် မှရအောင် မလုပ်နိုင်လို့ ရှိရင်၊ ပါးစပ်ပါရမီသာမှတ်ပါ၊ အလုပ်ပါရမီမပြည့်ပါဘူး။
ကဲ-ဘုရားဆုပန်လည်းသည်ရောက်အောင် လုပ်ရမှာပဲ၊ ဘုရားဆု မပန်လို့၊ တပည့်တော်တို့ နိဗ္ဗာန်ရတာ တစ်ခုပဲ။ နိဗ္ဗာန်မှာလည်း ဘုရားနိဗ္ဗာန်၊ သာဝကနိဗ္ဗာန်၊ လက်ဝဲရံနိဗ္ဗာန်၊ အခြား လက်ယာရံ နိဗ္ဗာန်လို့ အထူးမရှိဘူး၊ ငြိမ်းအေးတာ တစ်ခုတည်းပဲ (မှန်လှပါ ဘုရား)။ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။
မြန်မြန်ရောက်ချင်ဒီတရားလုပ်ပါ
အဲဒီတော့ တပည့်တော်တို့ကိုဖြင့် ဟိုမှာရမှာမထူးတဲ့အပြင်၊ အတူတူဖြင့် ဘုရား ၊ မြန်မြန်ရောက်တာအေးပါတယ်ဆိုရင် ဒီတရားလုပ်ပါ။ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
သစ္စာနာမှု၊ ပြီးတော့ကော (သစ္စာနှလုံးသွင်းမှု)၊ ဒါသာကြိုးစားလုပ် ပေတော့။
ဒီလိုဆိုတော့ ရှေးစကားတွေလည်း အကုန်ပြေလည်သွားပြီ၊ ကိုထွန်းဦး ယုံကြည်ပလား (ယုံကြည်ပါတယ် ဘုရား) ယုံကြည်ထိုက်ပြီနော်၊ ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ ဒီတရားကို ဟောတော့မယ်။
တရားနာနည်းသာမှန်ဖို့ အရေးကြီးတယ်
ဒါဖြင့် ဒို့သည်ကားဆိုလို့ရှိရင်ဖြင့် တရားနာနည်းသာမှန်ဖို့ အရေးကြီး တယ်၊ တရားနာနည်း မှန်ဖို့အရေးကြီးတယ် (မှန်လှပါ ဘုရား)။ ဘယ်လို မှန်ရမှာတုံး၊ ဒေသနာဉာဏ်ဝမ်းထဲရောက်အောင် သွင်းရမယ် (မှန်လှပါ ဘုရား)။
ဒေသနာဉာဏ် ဝမ်းထဲရောက်အောင် သွင်းလိုက်တော့၊ ဝမ်းထဲက ဉာဏ်က သူ့ဒေသနာ တွေကို ဖမ်းမထားပေဘူးလား (ဖမ်းထားပါတယ် ဘုရား) မှတ်ထားတယ်၊ ဖမ်းထားတယ်၊ အဲဒီဖမ်းထားတဲ့ဉာဏ်နဲ့ ခန္ဓာကိုယ် ပေါ်မှာလိုက်လိုက်ပါ (မှန်လှပါ ဘုရား)။ အင်း အဲဒီဒေသနာကို ခင်ဗျားတို့က၊ ဉာဏ်ကဖမ်းလိုက်၊ ဟိုရီကော်တာဖမ်းသလိုပေါ့ဗျာ (မှန်လှ ပါ ဘုရား)။
တရားနာလို့ဆုံးရင်ကိစ္စပြီးတယ်
ဖမ်းပြီးတော့မှ ရီကော့တာပြန်ဖွင့်သလို ခင်ဗျားတို့ခန္ဓာကိုယ်ပေါ်မှာ၊ ဉာဏ်ကဖြန့်ပြီး ဖြစ်ပျက် ရှုပေးပါ (မှန်လှပါ ဘုရား)၊ မပြီးသေးဘူးလား (ပြီးပါပြီ ဘုရား) ဒီလိုဆိုရင်ဖြင့် တရားနာတဲ့ အဆုံးမှာ ကိစ္စပြီးတယ်ဆိုတာ၊ ဘုရားလက်ထက်ကတည်းကဒါပဲ (မှန်လှပါ ဘုရား)။
“ဒေသနာညာဏာ နုသာရေန ညာဏံပေသေန္တဿ ဉာဏုတ္တရဿ ဟောတိ”
ဆိုတော့ ဒါကြောင့် သောတာပန်တည်တယ်ပြောတာ၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား) ဒါဖြင့် ခင်ဗျားတို့ တရားနာနည်း ကောရပလား (ရပါပြီ ဘုရား) တရားဟောတော့ ကောင်းပါပေရဲ့ဆိုပြီး မပြန်ကြပါနဲ့၊ တော်ပါပေရဲ့၊ ရှင်းပါပေရဲ့၊ လင်းပါပေရဲ့ ဆိုတာက တရားနာတာ မဟုတ် ဟုတ်သေးပါဘူး (မှန်လှပါ ဘုရား)။
တရားနာတတ်ကြပြီလား
ဒီကဟောတဲ့ဉာဏ်ကို ခန္ဓာကိုယ်ထဲထည့်လိုက်ပါ၊ ထည့်တော့ ခန္ဓာကိုယ်ထဲမှာရတဲ့၊ ဉာဏ်လေးကို သိမ်းဆည်းထားတဲ့ ဉာဏ်လေးနဲ့ ကိုယ့်ခန္ဓာကိုယ် ဖြစ်ပျက်တွေဝေဖန်ကြည့်ပါ။ ကြည့်လိုက်လို့ ရှိရင် ကြည့်တဲ့အဆုံး မှာ ဉာဏ်စဉ်တက်သွားမှာပဲ။
ဉာဏ်စဉ်ဆိုတာက ပြောတော့သာ (၁၆) ဉာဏ်၊ (၁၀) ဉာဏ်၊ အစရှိသဖြင့် ပြောနေတာ၊ စင်စစ်တော့ဖြင့် တစ်စက္ကန့်ဆိုရင် အကုန်ပြီးတာပဲ။ မပြီးဘူးလား (ပြီးပါတယ် ဘုရား) အဲဒါအစဉ် ဆိုတော့ ကြာသပေါ့ဗျာ။
ကဲဒါဖြင့် တရားနာတတ်ကြပြီလား ဒကာ ဒကာမတို့ (နာတတ်ပါ ပြီ ဘုရား) ဘယ်လို နာကြမယ် (ဘုန်းကြီးကဟောတာနားကနာပြီး၊ ဉာဏ်ကခန္ဓာ စိုက်ရပါမယ် ဘုရား) အေး ပထမနားက နာပေါ့ဗျာ (မှန်ပါ့ ဘုရား) ရတဲ့ ဉာဏ်က ဘယ်လှည့်ရမယ် (ခန္ဓာလှည့်ရမယ် ဘုရား)။
ဒေသမှာအဆုံးသောဘာပန်ဖြစ်ရမယ်
ခန္ဓာကိုယ်လှည့်လို့ရှိရင် ဒေသနာအဆုံး ဘာဖြစ်ရမယ် (သောတာ ပန်ဖြစ်ရပါမယ် ဘုရား) မဂ်ဆိုက်ဖိုလ်ဆိုက်မဖြစ်နိုင်ဘူးလား (ဖြစ်နိုင်ပါတယ် ဘုရား)ရှေးက တရားနာနည်းက အခုလို ကောဟုတ်ကြရဲ့လား (မဟုတ်ပါ ဘုရား) ရှေးကတော့ ဒီလိုမဟုတ်ဘူး၊ တရားပွဲထဲတွင်ပဲ ပြီးတော့တာပဲ (မှန်လှပါ ဘုရား)။
ဒီနေ့ဗဟုသုတနည်းနည်းထည့်ပေးမယ်၊ ပြီးတော့ကို သုတ္တန်နည်းတွေ မှာ ဘာတွေ ဟောထား သလဲလို့ မေးခွန်းထုတ်ပြန်တော့လည်း၊ ဘယ်ဝတ္ထုနာ လိုက်တာနဲ့ ကျွတ်တမ်းဝင်သွားတယ်၊ ပန်းလေး လှူလိုက်တာနဲ့ ကျွတ်တမ်း ဝင်သွားတယ်ဆိုတော့၊ ဘာဝေတဗ္ဗကိစ္စတွေ၊ သပိတ်မှောက်ထားတယ်၊ မမှောက်ဘူးလား (မှောက်ပါတယ် ဘုရား)။
ပွားများရမည့်ကိစ္စဘာကြောင့်မပါတုံး
ဘာဝေတဗ္ဗပွားများရမယ့် ကိစ္စတွေ၊ ဒကာ ဒကာမတွေ သပိတ်မှောက် ထားတဲ့ အဓိပ္ပာယ်ကော မရောက်ဘူးလား (ရောက်ပါတယ်) ဒီရောက် တယ်လို့ခင်ဗျားတို့က ဆုံးဖြတ်ချက် ချထားပါ၊ ပွားများတာပါသေးရဲ့ လား (မပါပါ ဘုရား)။
မပါတော့ အဲဒါဘာပြုလို့ မပါသတုံးဆိုတော့ သုတ္တန်မို့လို့တဲ့၊ သုတ် တွေစီပြီးရေးထား ရတယ်ဆိုတာ၊ အဘိဓမ္မာ မထည့်နိုင်ဘူးတဲ့ ရိပ်မိပလား (ရိပ်မိပါတယ် ဘုရား) သုတ္တန်မို့လို့ သုတ်တွေမပျက်အောင် စီထားရတယ်၊ ဘယ်သူ့ဟောတဲ့သုတ်၊ ဘယ်သူ့ ဟောတဲ့သုတ်၊ သုတ်တွေမစီရပေဘူးလား (စီရပါတယ် ဘုရား)။
ဒါကြောင့် သုတ္တန်ဆိုတာ ပန်းသီတန်နဲ့ သီထားသလို၊ ဝတ္ထုလေးတွေ သီထားတာ၊ ကျင့်စဉ်တွေပါ ပါရဲ့ လားဆိုတော့၊ ကျင့်စဉ်ပါတဲ့သုတ်က အတော် နည်းတယ်၊ မနည်းဘူးလား (နည်းပါတယ် ဘုရား)။
တရားနာရုံနဲ့ကိစ္စပြီးနိုင်တယ်၊ သို့သော်
တရားနာရုံနဲ့ ကိစ္စပြီးသွားတယ်ဆိုငြားသော်လည်းတဲ့၊ သုတ္တန်နောက်က နေပြီးသကာလ အဘိဓမ္မာမလိုက်ရင် ဖြစ်ကိုမဖြစ်ဘူး၊ မလိုက်ရင် (မဖြစ်ပါ ဘုရား) မဖြစ်ဘူး၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ဒါကြောင့် တစ်နေ့ကလည်းပြောခဲ့တယ်၊ ဒကာ ဒကာမတွေ ဘုရား သခင် ကိုယ်တော် မြတ်ကြီးက၊ လူတစ်ဦး တစ်ယောက်ကို ချွတ်တော့မယ်ဆိုရင် သူ့အစဉ်ရှိတယ်၊ သူ့တရား ဟောစဉ် ရှိတယ်။
ဒါနကြပ်ကြပ်ပြုပေးကွ
တစ်နံပါတ် ဒါနပြုကွ၊ ဟောချလိုက်တယ်၊ ဒါနကြပ်ကြပ်ပြုပေး၊ ဘာပြုပေးရမှာတုံး ဒကာ ဒကာမတွေ (ဒါနကြပ်ကြပ်ပြုပေးလို့ဟောပါ တယ် ဘုရား) -ဒါနဆိုတာ လူချမ်းသာ၊ နတ်ချမ်းသာ ဆိုတဲ့ ချမ်းသာတွေ ကို သူကပဲ ပို့နိုင်တယ်၊ ရောက်နိုင်တယ်ဆိုပြီး၊ သူ့အကျိုးပေးတွေ တစ်ခါဟော လိုက်တယ်။
ပန်းလှူလို့လှပုံ၊ ပပုံဟုတ်လား၊ ကျောင်းလှူလို့ ဘုံပေါ်ပေါက်ပုံ၊ ရေကန် ရေတွင်းတွေနဲ့ ဥယျာဉ်ဗိမာန်တွေ အကျိုးပေးပုံ ဒါတွေ မဟောပေဘူးလား (ဟောပါတယ်) ဟောပြီးတော့ အဲဒီမင်းတို့ ဒါနလှူပြီးတော့ ဒီလိုအကျိုးပေးငြား သော်လည်း၊ အသက်မရှည်ရင် အလကားပဲကွ၊ ဟုတ်လား။
သီလလုပ်မှအသက်ရှည်မယ်
လက်ထဲငွေတော့ရှိပါရဲ့ မစားရခင် သေသွားရတယ်ဆိုတော့၊ ဦးဘအုန်း ကောင်းသေး ရဲ့လား (မကောင်းပါ ဘုရား) သီလလေးလုပ်ဦးကွ၊ သီလလုပ်မှ အသက်ရှည်မယ်ဆိုတော့၊ နှစ်ချက် တိုးမလာဘူးလား (တိုးလာ ပါတယ် ဘုရား)။
အဲဒီ ဒါန၊ သီလဟောပြီးတော့မှ၊ မင်းတို့ဒါနကြောင့် ဘုံဗိမာန် ပဒေသာ ပင်တွေပေါက်၊ သီလကြောင့် အသက်ရှည်တဲ့အခါကျတော့၊ ဟောဒီ အသက်ရှည်တဲ့ နတ်ကြီးဖြစ်လာပြီး၊ စီးပွားဥစ္စာ ရတနာနဲ့ ပြည့်စုံတယ်ကွ၊ ဘယ်လောက် ကောင်းသတုံး၊ ဒီလိုစဟောတယ်။
ဘုရား၊ တရားဟောစဉ်
ဒါနကထာ၊ သီလကထာ၊ သဂ္ဂကထာ၊ ရှင်းပလား (ရှင်းပါပြီ ဘုရား) ဘုရားဟောစဉ်၊ ဘုရား တရားဟောစဉ် ဒကာ ဒကာမတို့၊ ရှေးဦးစွာ ဘုရားက ဘာဟောပါလိမ့် (ဒါနကထာပါ ဘုရား) ပြီးတော့ကော (သီလကထာပါ ဘုရား) ပြီးတော့ကော (သဂ္ဂကထာပါ ဘုရား) သဂ္ဂကထာ ဟောလိုက်တယ်။
သဂ္ဂကထာဟောပြီးတော့မှ “ကာမာနံအာဒိနဝကထာ” ဆိုပြီးမင်း ဟောဒီ အကျိုးပေးတဲ့ ဥစ္စာတွေ၊ ငါးပါးအာရုံကာမဂုဏ်တွေကွ၊ ဘာမှ အသုံးမကျ ဘူးကွ၊ မျောက်မီးရှူးပန်းကိုင်ထားသလိုပဲ၊ ကိုယ့်ချည်းလောင်တာပဲကွ။
အမဲသားတုံးရထားတဲ့ကျီးလိုပဲ
အမဲသားတစ်ရထားတဲ့ကျီးလိုပဲကွ၊ တစ်ခါကိုက်မိလို့ရှိရင် ဒီပြင်ကျီး တွေက အမဲသားတစ်ကို လိုက်လုတာနဲ့ သူ့မှာချမ်းသာခွင့်မရဘူးကွ၊ ဒါတွေ အကုန်ဟောချလိုက်တယ်၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
အဲဒီလိုဟောတာ၊သူအကောင်းဟောတာလား၊ အပြစ်ဟောတာလား (အပြစ်ဟောတာ ပါ ဘုရား)၊ ရသ၍ ဟာတွေ တစ်ခုမှ မကောင်းဘူးကွ။
ကဲ-ဦးဘကြည် ဒါတွေသည် ကားဆိုလို့ရှိရင်၊ သူအလိုရှိသလိုဟောတာ လားတဲ့၊ ပထမဆွဲ ခေါ်လာခဲ့တာ ဒီရောက်အောင် ဆွဲခေါ်ပြီးတော့မှ ဒီနေရာ ကျတော့ကောင်းတဲ့ သဘောတွေ ပြောသလား၊ ပင်ကိုအပြစ်တွေ ပြောသလား (ပင်ကိုအပြစ်တွေ ပြောပါတယ် ဘုရား)။
ဘာဝနာအားနည်းနေမှာစိုးလို့
အပြစ်တွေပြောပြီးသကာလ သွားတဲ့အခါကျတော့၊ “ကာမာနံအာဒိနဝ ကထာ” ဆိုပြီးလေးနံပါတ်ဟောပါတယ်၊ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ်)။
၁။ဒါနကထာ၊
၂။သီလကထာ၊
၃။သဂ္ဂကထာ၊
၄။ ကာမာနံအာဒီနဝကထာ
ဒါဟာဘုရားဟောစဉ်နော်၊ ဘာဝနာမှာ အားနည်းနေမှာစိုးလို့၊ ဘာဝနာ မပါဘဲနဲ့ ကိစ္စပြီး နေတယ် ထင်မှာစိုးလို့ (မှန်လှပါ ဘုရား)၊ မဟောရပေ ဘူးလား (ဟောပါတယ် ဘုရား)။
ဟောရတော့ ဘုန်းကြီးက ကြံဖန်ပြီး သကာလဟောတာလား ဦးချစ်ခရ၊ ဒီဟာ ဘုရားတိုင်း ဟောစဉ်ထုံးလား (ဘုရားတိုင်း ဟောစဉ်ထုံးပါ ဘုရား) ဘုရားတိုင်းဟောစဉ်တဲ့။
ပြီးတော့မှ ဘာဟောတုံးဆိုတော့ နေက္ခမ္မကထာ၊ ကာမမှ ထွက်ရပါ့ မယ်၊ ကာမမှ ထွက်ဆို တော့၊ ဒါ-ကာမအာရုံကထွက်ဆိုကတည်းက ခင်ဗျားတို့ စဉ်းစားသာကြည့်ကြပါတော့၊ နေက္ခမ္မကထာ အလုပ်လုပ်လို့ပြောတာ (မှန်ပါ)။
ကာမမှထွက်ဆိုတော့ ခင်ဗျားတို့ကာမ အာရုံတွေကို အနိစ္စ၊ ဒုက္ခ၊ အနတ္တ မရှုရင်၊ ကာမမှ ထွက်နိုင်ပါ့မလား (မထွက်နိုင်ပါ ဘုရား) မထွက်နိုင် တော့၊ ဝိပဿနာစလုပ်၊ မပါဘူးလား (ပါပါတယ် ဘုရား)။
ကိုင်း ဒကာ ဒကာမတို့ ကျေနပ်ကဲ့လား (ကျေနပ်ပါတယ် ဘုရား) ခင်ဗျားတို့ မကျေနပ်လို့ရှိရင်၊ ဘုရားမကျေနပ်တာ၊ ဘုန်းကြီးမကျေနပ် တာမဟုတ်ပါဘူး (မှန်လှပါ)၊ ဒီဟောစဉ်ကြီးကို မကျေနပ်ဘူး၊ ဒီလိုပဲစွဲချက်တင် ရမှာပဲ။
ကာမဂုဏ်၏အပြစ်တွေဟောတယ်
ဒါဖြင့် “ကာမာနံအာဒိနဝကထာ” ပြီးတော့မှ မဂ္ဂကထာဟောချလိုက် တယ်၊ သစ္စာဟောချ လိုက်တယ်၊ အဲဒီတော့ မဂ္ဂကထာမဟောခင် ဘုန်းကြီး ရှင်းပြထားတော့ ကာမာနံအာဒိနာဝကထာ ဟောကတည်းက၊ ကာမဂုဏ်၏ အပြစ်တွေ၊ လူဖြစ်ရတာရော ဒုက္ခသစ္စာကွ၊ ဒုက္ခသစ္စာတွေပဲ၊ ငါးပါးအားရုံ ကာမဂုဏ်၊ တစ်ထောင့်ငါးရာ ကိလေသာမီးတွေ အကုန်လောင်နေတာ၊ တဟုန်းဟုန်း ပဲကွ၊ မဟောပေဘူးလား (ဟောပါတယ် ဘုရား)။
ဟောတဲ့အခါကျတော့ ကာမဂုဏ်အာရုံတွေ၏အပြစ်တွေကို မြင်ပြီး၊ အင်း ဒါတွေဟာ သက်သက်အသုံးမကျတဲ့တရားတွေပဲလို့၊ ဝိပဿနာမလိုက် ဘူးလား၊ လိုက်သလား (လိုက်ပါတယ် ဘုရား) အပြစ်ကို ပြရင်လိုက်တာပဲ။
စိတ်ကဖြူသွားတယ်
ဝိပဿနာလိုက်တဲ့ အခါကျတော့မှ၊ သူ့စိတ်ထဲမှာလောဘ၊ ဒေါသ၊ မောဟ ရှိသေးသလား အခုတရားနာနေတဲ့ပုဂ္ဂိုလ်စိတ်ထဲမှာ (မရှိတော့ပါ ဘုရား) မရှိတော့ဝမ်းထဲမှာ ဘဝင်စိတ်သာရှိတယ် ဖြူသွားပြီရှိတာကလည်း ဝီထိရှိတော့၊ ဝိပဿနာဉာဏ်စိတ်တွေဆိုတော့၊ တဏှာ၊ မာန၊ ဒိဋ္ဌိတို့နဲ့ ဆက်သွယ် သေးသလား (မဆက်သွယ်ပါ ဘုရား)။
မဆက်သွယ်တော့ ဘဝင်စိတ်ကလည်း သူ့နောက်ကသူ့ကို အားပေး နေတဲ့ ဘဝင်စိတ် ကလည်း အဖြူ၊ ကာမဂုဏ်တွေ၏ အပြစ်တွေကို ကြည့်နေရတဲ့ စိတ်ကလည်း ကုသိုလ်စိတ်မို့၊ အဖြူပဲလို့ မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား)။
ဖြူစင်တဲ့အဝတ်လို
ဒီဖြူနေတဲ့အချိန်မှာ ဖြူနေတဲ့အဝတ်လိုပဲတဲ့၊ ငါဘုရားဥပမာပြမယ် ဆေးတွေဆိုးချင်တာနဲ့ဆိုး၊ ဆေးစွဲတယ်၊ ဂျီးပေနေတာဆိုရင် (မစွဲပါ ဘုရား) မစွဲဘူးဆိုတော့ ဒီမှာဖြူသလား၊ မဖြူဘူးလား၊ ကာမာနံအာဒိနဝကထာ ဟောတော့ (ဖြူပါတယ် ဘုရား) ဖြူပြီ။
ငါးပါးအာရုံကာမဂုဏ်တွေဟာအလကားဟာတွေ ဘာမှလိုချင်စရာ၊ ရချင်စရာမရှိဘူး၊ စိန်ရော၊ ရွှေရော၊ ငွေရော ဟုတ်လား၊ အလကားဟာတွေ၊ ဟုတ်ဘူးလား၊ ဒီလိုဖြစ်တာကတော့ စိတ်ထဲ ဘယ့်နှယ် နေတုံး (ဖြူစင် ပါတယ် ဘုရား)။
မဂ္ဂသစ္စာကိုဆက်ဟောတယ်
ဖြူစင်နေတဲ့အခါကျတော့မှ မင်းတို့ခန္ဓာကိုယ်ကြီးဟာ၊ လောကီခန္ဓာ ဖြစ်လေသောကြောင့် ဒုက္ခသစ္စာ ဖြစ်ကြောင်းကလည်း သမုဒယသစ္စာကွ၊ အဲဒီသမုဒယသစ္စာမသေသ၍၊ မင်းနေရာ မကျသေးဘူး ဆိုပြီး၊ မဂ္ဂသစ္စာကို ဆက်ဟောလိုက်တယ်၊ သဘောကျပလား (ကျပါပြီ ဘုရား)။
အဲဒီတော့ ဘယ်ရောက်တုံးဆိုတော့ အလုပ်တရားရောက်မလာ ပေဘူးလား (ရောက်လာပါတယ် ဘုရား)။
အလုပ်တရားရောက်လာတော့ သစ္စာဟောလိုက်သည်နှင့်တစ်ပြိုင် နက်တည်း၊ ဒီပုဂ္ဂိုလ် တွေဟာ ပထမဟောတုန်းကတော့ မဂ်ဖိုလ်မဆိုက်ခဲ့ဘူး။ ဒီကျမှ ဆိုက်တယ်၊ သစ္စာကျမှ ဆိုက်တယ်၊ ဒါဘယ်ပုဂ္ဂိုလ်ကိုမဆို ဘုရားဟော တာ၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ခင်ဗျားတို့ ဒါနကထာတုန်းကလည်း ဘုရားဟောတုန်းပဲရှိသေး တယ်၊ သီလကထာ တုန်းကလည်း ဘုရားဟောတုန်းပဲ ရှိသေးတယ်၊ သဂ္ဂကထာ ကော (ဟောတုန်းပါ ဘုရား) အဲ-သဂ္ဂကထာလည်း ဟောတုန်းရှိသေးတယ်။
ကာမာနံနေက္ခမ္မကထာ ကလည်း ထွက်တော့မဟောဘူးလား (ဟောပါတယ် ဘုရား) အဲဒီ အကျိုးပေးတွေထဲက ထွက်တော့မဟောဘူးလား (ဟောပါတယ် ဘုရား) နေက္ခမ္မကထာကလည်း အဲတော့မှ ကာမာနံအာဒိနဝတွေမလာဘူးလား (လာပါတယ် ဘုရား)။
ဖြူတဲ့အချိန်ကျမှသစ္စာကိုဟောတယ်
အဲဒီ အာဒီနဝတွေဟောလိုက်တော့၊ စိတ်ဖြူစင်နေတဲ့အချိန်၊ ဘုရားက ဣန္ဒြေနဲ့ ကြည့်လိုက် တယ်၊ ဒကာ ဒကာမတွေ ဝမ်းထဲကို ကြည့်လိုက်တယ်၊ ဖြူးပြီ၊ ဖြူပြီဆိုတော့ အဲဒီအချိန်ကျမှ သစ္စာဖမ်း ဟောတယ်။
မင်းခန္ဓာကြီးဟာ ဒုက္ခသစ္စာ ဆိုပြီးတော့၊ ဒုက္ခသစ္စာဖြစ်ကြောင်းဟာ သမုဒယသစ္စာပဲ လို့ဟော လိုက်တယ်၊ အဲဒီအချိန်မှာတည်တာဗျ၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား) ဒါဟာ ဘုရားဟော အတိုင်း ဟောစဉ် လို့မှတ်ပါ။ ဒါနကနေ ဒီရောက်ဖို့ဝေးသေးတယ်ဗျ။
အဲဒီတော့ ဒါနကထာ၊ သီလကထာ၊ သဂ္ဂကထာ၊ ကာမာနံအာဒီနဝ ကထာ၊ မဂ္ဂကထာ ဆိုပြီးသကာလ၊ ပြီးတော့မှ နောက်ဆုံးပိတ် သစ္စကထာ ဟောချလိုက်တယ်၊ (မှန်လှပါ ဘုရား) ကျေနပ်ပလား ဒကာ ဒကာမတို့ (ကျေနပ်ပါတယ် ဘုရား)။
ဒါဟောစဉ်ဗျ၊ ဘုန်းကြီးကကြံဖန်ဟောတာမဟုတ်ဘူး။
အဲဒီဟာကို ပယ်ဟောတာလား၊ မဟုတ်ပါဘူး၊ သူ့ကိုမဟောလို့ရှိရင် ဒုဂ္ဂတိက သုဂတိ မရောက်နိုင်ဘူး၊ ဒါဖြင့် ဒုဂ္ဂတိ သုဂတိကယ်တင်တဲ့ တရား ဆိုလို့ရှိရင်လည်း လွဲသလား (မလွဲပါ ဘုရား)။
သုဂတိဆိုတာ
သုဂတိဆိုတာ ဒကာ ဒကာမတို့၊ “သု” က ကောင်းတာပဲ၊ “ဂတိ” က လားတာ ဟုတ်လား။ ကောင်းသော ဂတိလားတာပဲ၊ (မှန်ပါ့) ကောင်းသော ဂတိလားတယ်သာဆိုရတယ်၊ လားတာက ဘာတုံးဆိုတော့ ခန္ဓာငါးပါး။ ကောင်းသောဂတိက ဘယ်သူပါလိမ့် (ခန္ဓာငါးပါးပါ ဘုရား)။
ခန္ဓာငါးပါးဆိုတော့၊ ဒီခန္ဓာငါးပါးကမထွက်လို့ရှိရင်လည်း ဒုက္ခသစ္စာထဲ က မထွက်တာ နေဦးမှာပဲ၊ သဘောကျပလား (ကျပါပြီ)။
အဲဒီကဲ့သို့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ဟောပြီးသကာလ နောက်ဆုံးပိတ် ဖြူစင်တဲ့အချိန် သစ္စာသွင်းတယ်ဆိုတာသာ မှတ်ပေတော့ (မှန်လှပါ ဘုရား) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ကျုပ်တာဝန်က သစ္စကထာဟောဖို့ပဲ
ဘုန်းကြီးတို့က ဒီလိုမဟောဘူး၊ ဟိုဟာတွေ တခြားဆရာသမားတွေ ဆီက နာခဲ့ကြပြီ၊ ဒါနကထာ၊ သီလကထာ၊ သဂ္ဂကထာ မလိုတော့ဘူး၊ ကျုပ် တာဝန်က ဘာတုံးဆိုလို့ရှိရင်ဖြင့် သစ္စကထာဟောဖို့ပဲ၊ ဦးထွန်းဦး ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဘာဟောမှာတုံး (သစ္စကထာပါ ဘုရား) သစ္စကထာဟောမှာဆို တော့ ဒကာ ဒကာမတွေ ဪ ဒိပြင်ဟာတွေကလည်း ကြားဖူးနားဝ အများကြီးတွေ့ပါပြီ၊ သစ္စကထာ တော့ဖြင့် မကြားဖူး သေးပါဆိုတော့၊ ဒါဖြင့် ဖြူနေတဲ့စိတ်ကို ခင်ဗျားတို့ဆိုးပေးရတော့မှာပဲ ဦးဘကြည် ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
သစ္စကထာက ဘယ်အချိန်ဟောရတုံး
ကောင်းပြီ ဒါဖြင့် သစ္စကထာဘယ်အချိန်ဟောရတုံး (ဖြူနေတဲ့ အချိန်ပါ ဘုရား) ဖြူစင်တဲ့အချိန်၊ သဘောကျပလား၊ ရှုပ်ပွေနေတဲ့အချိန်မှာ ဟောကို မဟောနိုင်ဘူး၊ “မဟောနဲ့ စောင့်ပေးပါ” ဘုရားလည်း စောင့်တာပဲ ဒကာ ဒကာမတို့။
အဲဒီတော့ သစ္စကထာလို့ရှိရင် ဒီတရားဟာ ကျွတ်တမ်းဝင်မယ့် တရားလို့သာမှတ်ပေတော့ ကျန်တာတွေကျွတ်တမ်းဝင်တဲ့တရားလို့ သွားမဆို နဲ့ဦး။
သူ့မရောက်ဘဲနဲ့ “စက္ခုံဥဒပါဒိ၊ ဉာဏံဥဒပါဒိ၊ ဝိဇ္ဇာဥဒပါဒိ၊ အာလောကောဥဒပါဒီ” ဆိုတာ ဘာကိုဆိုတာတုံး၊ သစ္စာတရားဆိုနေတာ၊ သစ္စာမြင်မှုကိုဆိုနေတာ၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ကို ဘာကိုအရေးထားဟောမယ်ဆိုတာကော ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား) သစ္စာဟောမယ်ဆိုတော့ ပေဋကောပဒေသ သဘောကျကြပလား (ကျကြပါတယ် ဘုရား)၊ သစ္စာတရားနာမှု တစ်နံပါတ်၊ သစ္စာတရားကိုနှလုံးသွင်းမှု (နှစ်နံပါတ်ပါ ဘုရား)။
ဒီနှစ်ခုရှိလို့ရှိရင် သာဝကပါရမီမှာ ပြည့်ပြီတဲ့၊ ဘာမှ မပူနဲ့တော့ ရှင်းပလား (ရှင်းပါပြီ ဘုရား) ဘယ့်နှယ်ကြောင့်တုံးဆိုတော့ မနေ့က စကားလေးနည်းနည်းထပ်ပြောမယ်။
ရေထဲကသဖန်းတုံးကြီး
သစ္စာနာတုန်းမှာ ရေထဲက သဖန်းတုံးကြီး ဆယ်လာတဲ့ ဥစ္စာ နေပူလှန်းလို့ ခြောက်နေတာ နဲ့ တူတယ်တဲ့၊ ခြောက်နေတာနဲ့တူတယ်၊ အစေး တွေခြောက်နေတယ်၊ အစေးခြောက်တယ်ဆိုတာ ကိလေသာကို ပြောတာနော် (မှန်လှပါ ဘုရား)။
သစ္စာတရားနာနေတုန်းကအစေးခြောက်တော့၊ သစ္စာအလုပ်ကို လုပ်တဲ့အချိန်ကျတော့ မီးထတောက်တာပဲကွ၊ ကိလေသာအစေးတွေကုန် တာတဲ့၊ သဘောကျပလား (ကျပါပြီ ဘုရား) ဒါဖြင့် ဒီနှစ်ချက်ဟောတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။
သေချာတဲ့အတွက် ခင်ဗျားတို့သက်တမ်းကလေးကလည်း တိုတို လေး၊ သက်တမ်းကလေး ကလည်း တိုတယ်၊ ယနေ့လား၊ နက်ဖြန်လား မသိဘူး ဆိုတာကို ဘုရားတိုင်းဟောတယ်၊ ကိုယ် ကိုယ်တိုင် မြင်တွေ့ရတာလည်း အများကြီးပါပဲ။
မနေ့ကအကောင်း ယနေ့သေတယ်ဆိုတာနဲ့ ခင်ဗျားတို့ အသုဘပို့ ဘူးလှပြီ မဟုတ်လား (ဟုတ်ပါတယ် ဘုရား) အဲဒါတွေက အထင် အရှားဖြစ်နေတော့ လမ်းရှည် မလိုက်ပါနဲ့တော့။
လမ်းရှည်မလိုက်ပါနဲ့
ဘုန်းကြီးတို့ဆီကိုလာတဲ့ ဒကာ ဒကာမတွေဆိုရင် လမ်းရှည်မလိုက် ပါနဲ့၊ လမ်းရှည် မလိုက်ပါနဲ့ ဆိုလို့ရှိရင်ဖြင့် ရှေးဦးစွာ သစ္စာတရားနာပြီး၊ သစ္စာ ပွားများရမှာပဲ၊ ဒုက္ခသစ္စာကို မဂ္ဂသစ္စာနဲ့ ပရိညေယျ ဖြစ်အောင် လုပ်ပေတော့ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အဲဒီလိုနားလည်တဲ့ပုဂ္ဂိုလ်မျိုးကျတော့ ဘုန်းကြီးရှင်းပြမယ်၊ ဒီလိုနာ ရတဲ့ပုဂ္ဂိုလ်မျိုးကျတော့၊ ဒီဘဝမှာ ပါရမီမျိုးစုံနဲ့ပြည့်ပြီးသားဆိုတာ တရားချီး ကတည်းက ဦးဘကြည်တို့ လုံလောက်ပြီနော်၊ အခုဒါလေးတစ်ချက်တော့ မိပြီ၊ ဒါလေးတစ်ချက်ပဲကျန်တော့တယ် မဆိုထိုက်ဘူးလား (ဆိုထိုက် ပါတယ် ဘုရား)။
သစ္စာပွားရင်ကိစ္စပြီးတယ်
သစ္စာနာမှုရှိပြီ၊ သစ္စာမြင်မှုသာ ဒို့တာဝန်လေးရှိတော့တယ်၊ ဟုတ် ဖူးလားဗျာ၊ (ဟုတ်ပါတယ် ဘုရား)၊ ဒါဖြင့် နှစ်ကျပ်သားရှိတဲ့အနက်က တစ်ကျပ်သားကို ဆရာက ထမ်းပိုးပြီး ခင်ဗျားတို့ ဆီပို့ ထားပြီ၊ ခင်ဗျားတို့က ထမ်းစရာမလိုတော့ဘူး (မှန်လှပါ ဘုရား)၊ ကျန်တဲ့တစ်ကျပ်သားကို ကိုယ်တိုင် ထမ်းဖို့ ဝန်မလေး ရင်ရပြီ၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
နှစ်ချက်ရှိတဲ့ဥစ္စာ တစ်ချက်က ဘုန်းကြီးတာဝန်၊ တစ်ချက်က ခင်ဗျား တို့တာဝန် (မှန်ပါ့ ဘုရား)၊ ဒါဖြင့် ဒီနှစ်ခုရှိတာမှာ တစ်ခုက ကလျာဏမိတ္တက အကူအညီပေးလို့ သစ္စာတရားနာရပြီ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
သစ္စာနှလုံးသွင်းမှုကိစ္စကို ခင်ဗျားတို့ပွားများလို့ရှိရင်ဖြင့် ကိစ္စပြီးပါ တယ်လို့ ဘုရားကလည်း ခိုင်လုံအောင်ပြောထားတော့ ခင်ဗျားတို့ ပျင်းမှု ဖျင်းမှုပဲစိုးရိမ်ရတော့တယ်၊ ရမှာသေချာတယ်၊ ရှင်းပလား ဟေ့ ဒကာ ဒကာမတွေ ဘယ့်နှယ်မှတ်ကြမတုံး။
ပျင်းမှု ဖျင်းမှုလေးတွေ မလုပ်ကြပါနဲ့တော့
ပျင်းမှု ဖျင်းမှုလေးတွေ မလုပ်ကြပါနဲ့တော့၊ နှစ်ပိဿာရှိတဲ့အနက် တစ်ပိဿာဘုန်းကြီးက ခင်ဗျားတို့အတွက် ရွက်ဆောင်ထားပြီမဟုတ်လား၊ ကျန်တစ်ပိဿာပဲကျန်တော့တယ်၊ ဒီတစ်ပိဿာ လေးသာကိုယ်တိုင် အလုပ် လုပ်လိုက်ရင်မပြီးဘူးလား (ပြီးပါတယ် ဘုရား) ဒီလောက် တိုတာ များရှိသေးရဲ့ လား (မရှိပါ ဘုရား)။
နဂိုတုန်းကတော့ အတော်ဝေဖန်ရမှာပေါ့ဗျာ၊ အခုတော့ ဆရာရင်း သမားရင်း ဖြစ်ပြီး သကာလ နေတော့ ဒီလိုလုပ် ဒီလိုဖြစ်တယ်၊ ဒါအနီးလေးပဲ ဆိုလို့ရှိရင်ဖြင့် ခင်ဗျားတို့ ကောင်းကောင်းကြီး ကျေနပ်ကြဖို့ ကောင်းပြီ (မှန်လှပါ ဘုရား) မကျေနပ်သင့်ဘူးလား (ကျေနပ်သင့်ပါတယ် ဘုရား)။
အဲဒါကြောင့် ဒီတရားကိုနာရလို့ရှိရင်ဖြင့် ဒီတရားကိုဟောလိုက်ရလို့ ရှိရင်ဖြင့် ခင်ဗျားတို့ အပါယ်လေးပါးသွားစရာ ကံတွေဟာ ဥပါဒ်၊ ဋ္ဌီ၊ ဘင်၊ နဲ့ ချုပ်ငြားသော်လည်း သတ္တိမချုပ်သေးဘူး၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒီကံတွေအဟောသိကံဖြစ်ပြီ
အပါယ်လေးပါး သွားဖို့ကံတွေ ခင်ဗျားတို့ လုပ်ထားတာတွေ အများကြီး ပဲ၊ မရှိဘူးလား (ရှိပါတယ် ဘုရား)၊ အပရာပရိယ ဝေဒနိယ ကံတွေပေါ့ဗျာ။
ဒီဘဝကျမှပဲ ဇော (၇) ကြိမ်နဲ့ လာလိုက်တဲ့ ဒိဋ္ဌဓမ္မတွေကော၊ ဥပစ္ဆေဒကတွေကော၊ အပရာပရိယ တွေကော၊ ဘယ်လောက်များသတုံး မေးရင် ဘယ့်နှယ်ဖြေကြမလဲ (မရေတွက်နိုင်ပါ ဘုရား)၊ မရေတွက်နိုင်ဘူး၊ မျက်စိတစ်မှိတ်ကိုပဲ မနည်းဘဲကိုဗျ။
အဲဒီလောက်များတာတွေကို သစ္စာတရားနာပြီး သစ္စာပွားများပြီးလို့ ဒုက္ခပိုင်းခြား နိုင်တဲ့ အခြေအနေ ရောက်လို့ရှိရင် အဟောသိကံ၊ အဟောသိကံ၊ ရှင်းပလား (ရှင်းပါပြီ ဘုရား) အဟောသိကံ မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား)။
အမြတ်တကာ့အမြတ်ဆုံး
ဒါဖြင့် ဒီဥစ္စာ အမြတ်တကာ့အမြတ်ဆုံးမှာဖြင့် ဒီထက်မြတ်တာများ ဦးချစ်ခတို့ ရှိသေးသလား (မရှိပါ ဘုရား)၊ မရှိတော့ပါ၊ ဒါဖြင့် ဒီလမ်း ရှည်သလားလို့ မေးတော့တည်း (တိုပါတယ် ဘုရား) တိုတယ်၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ခင်ဗျားတို့ အင်္ဂုတ္တိုရ်မှာကျယ်နေသေးတယ်၊ သောတာပန်တည်ခြင်း အကြောင်းလေးပါးကွာ၊ မကျယ်ဘူးလား ကျယ်တယ်၊ သူကနည်းနည်းကျယ် တယ်၊ ကျယ်ပင်ကျယ်ငြားသော်လည်း ဒီအထဲဝင်တာပါပဲ မထူးပါဘူး။
ကဲ ဒါဖြင့် ဒကာ ဒကာမတို့နောက်က ကံတွေ အဟောသိကံဖြစ်ပြီး သကာလ သံသရာထဲ ကိုဖြင့် လုံးဝမပြန်ချင်တော့ပါဘူး၊ အိုဘေး၊ နာဘေး၊ သေဘေးတွေ။ ဒီတစ်ခါ တိမ်းသွားလို့ရှိရင်လည်း ခင်ဗျားတို့ကို ဘုန်းကြီး ဥပမာပြမယ်၊ ဘုရားပေးတဲ့အတိုင်း၊ ကျောက်ခဲလေး ရေထဲချတယ်သာ အောက်မေ့ပေတော့။
ဒီတစ်ခါတိမ်းရင်မကယ်နိုင်တော့ဘူး
ဒီတစ်ခါတိမ်းရင် မကယ်နိုင်တော့ဘူး၊ သဘောကျပလား (ကျပါပြီ ဘုရား) ကျောက်ခဲ ရေထဲချတော့ ဘယ်အချိန်များပေါ်ပါ့မတုံးဆိုတော့ မပေါ် တော့ဘူး နွံသာဖုံးသွားတယ်၊ ဦးဘကြည်၊ ဒကာ ဒကာမတွေ ဒါကြောက် အောင်ဟောတာမဟုတ်ပါဘူး၊ ဖြစ်စဉ်ဟောတာပါ (မှန်ပါ့ ဘုရား)။
ကြောက်အောင်ဟောလို့ရှိရင်၊ ချောက်တရားလို့ခင်ဗျားတို့က ဆိုချင် ဆိုဦးမှာ၊ ချောက်တရား မဟုတ်ပါဘူး၊ ဖြစ်စဉ်ကိုက်ပါ၊ ဦးဘအုန်းရ (မှန်ပါ့ ဘုရား) “ကျ’ ကြည့်ပါတဲ့ ဘယ့်နှယ်တုံး ပြန်တက်ဖို့ အရေး (မရှိပါ ဘုရား) မရှိဘူး။
မရှိတဲ့ အပြင်မှာ သူ့အပေါ်ခွံနုန်းတွေက ထူထပ်လာလာမှာပါ၊ ကံ မကောင်းအကြောင်း မသင့်လို့ဆိုတာ မထည့်ပါနဲ့တော့ဗျာ၊ သင့်စရာမြင်သေး ရဲ့ လား (မမြင်ပါ ဘုရား) မမြင်တော့ ပါဘူးတဲ့။
ဥပရိဒေဝီမိဖုရားကြီး
ခင်ဗျားတို့ စဉ်းစားကြည့်ပါလား ဥပရိဒေဝီ မိဖုရားကြီး၊ နောက်ချေးပိုးထိုးဖြစ်တယ်လို့တော့ ဘုရားကဟောလိုက်တယ်၊ နောက်ချေး ပိုးထိုးဘဝက ကျွတ်သွားတယ်ဆိုတာကော ကြားဖူးရဲ့လား (မကြား ဖူးပါ ဘုရား) သွားပြီကော၊ သွားပြီကော၊ မိဖုရားကြီးက နောက်ချေးပိုးထိုး ဖြစ်သွားပြီကော။
နောက်ပြန်တက်လာတယ်ဆိုတာက ဟိုနောက်ဘုရားပေါင်းဘယ် လောက်ကြာမှ ပြန်တက်မယ်လို့ ကျုပ်မပြောတတ်ဘူးပေါ့ဗျာ၊ အခုဖြင့် နောက်လာစရာ မမြင်သေးဘူး၊ အတော်ခဲယဉ်းပါတယ်၊ အတော်လည်းခဲယဉ်း ရပါတယ်။
လက်ရှိအချိန်ကလေး မဆုံးရှုံးစေနဲ့
အဲဒီတော့ အခုလက်ထဲရောက်နေတဲ့ အချိန်ကလေး မဆုံးရှုံးစေချင် ဘူး၊ သစ္စာတရားနာမှုနဲ့ သစ္စာတရားပွားမှုကို မစွန့်ပါနဲ့၊ စွန့်လို့ရှိရင်ဖြင့် ခင်ဗျား တို့ကိုယ်ကျိုးမကပါဘူး၊ ခင်ဗျားတို့ အကုန် ဆုံးမယ်ဆိုတာ ဦးဘအုန်း ဆုံးဖြတ် ချက်ချပါ၊ မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား)။ အဲဒီတော့ ခင်ဗျားတို့ ဒါပဲအားကိုးစရာရှိတယ်။
ရွှေတွေ၊ ငွေတွေ၊ စိန်တွေ၊ ကျောက်တွေ၊ မြတွေဆိုတာက ခင်ဗျားတို့ အရေးကြီးတဲ့အခါ ဝေဒနာတစ်ခုသက်သာအောင် မတတ်နိုင်ပါဘူး၊ အိုမင်း ရင့်ရော်သွားတာလေးနည်းနည်းမှ မတတ်နိုင် ပါဘူး၊ နာတာလေးကော (မတတ်နိုင်ပါ ဘုရား)။
သေခန်းကျတော့ ဒါတွေက အကူအညီတွေရသေးသလား (မရ ပါ ဘုရား) မရတဲ့အပြင် ထိုးချလိုက်တယ်၊ မထိုးချဘူးလား (ထိုးချပါ တယ် ဘုရား)။
မိမိအားထုတ်တဲ့တရားသာ၊ အားကိုးပါ
အဲဒီတော့ အားကိုးရာအစစ်က “အတ္တာဟိ အတ္တနော နာထော” ဆိုတဲ့အတိုင်း မိမိ အားထုတ်တဲ့ တရားကိုသာလျင် မိမိအားကိုးရတော့မှာပါ လားဆိုတာ ယနေ့ဆုံးဖြတ်ချက်ချ၊ အားလုံး ဒကာ ဒကာမတွေ၊ ဘာမှ အားကိုးစရာမရှိဘူး၊ ဘုန်းကြီးဆီနာထားတဲ့တရားရယ်၊ ခင်ဗျားတို့ကိုယ်တိုင် ပွားတာလေးရယ်၊ ဒါပဲအားကိုးစရာရှိတယ်၊ ကျန်တာကတော့ (အားကိုးစရာမရှိပါ ဘုရား)။
အားကိုးစရာမရှိဘူးဆိုသဖြင့်၊ ဒါအပါယ်လေးပါးလည်း တံခါးပိတ် တယ်၊ အားကိုးစရာ အစစ်လည်းဖြစ်တယ်ဆိုတော့ ခင်ဗျားတို့ ဒါကို ကြိုးစား ပါဆိုတာ အထူးတိုက်တွန်းနေတာ အတော် ကြာသွားပြီဗျ။ ဒီလိုတိုက်တွန်းရ တာ၊ အကြောင်းတွေပြရတာကတစ်မျိုး၊ ခင်ဗျားတို့ အပြစ်တွေကိုလေ ပြောပြရတာ ကတစ်မျိုး (မှန်လှပါ ဘုရား)။
လုံလောက်အောင်ပြောရတာကတစ်မျိုး၊ တော်ကြာအားကိုးမှားနေ မှာစိုးရတာက တစ်မျိုး လို့ဆိုတော့၊ အခုတော့ဖြင့် အကွက်လည်သွားပြီ၊ ကြည့် ပါလား၊ မလည်သေးဘူးလား (လည်ပါတယ် ဘုရား)။
ဘာအားကိုးရမှာတုံး (သစ္စာဓမ္မ အားကိုးရမှာပါ ဘုရား)၊ သစ္စာ ဓမ္မပွားများဖို့အလုပ်၊ ကိုယ့်အားကိုယ်ကိုးဖို့အလုပ် လုပ်ပါ။
ဘယ်လိုကြောင့် ဘုရားဖြစ်သတုံး
ဘုရားသည် ဘယ်လိုကြောင့် ဘုရားဖြစ်သတုံး၊ သစ္စာလေးပါးသိမှ ငါဘုရားလို့ တာဝန်ခံတယ်၊ မသိခင်တုန်းက (တာဝန်မခံပါ ဘုရား) တာဝန်မခံဘူး။
အဲဒီတော့ကွာ ငါဥပမာပြမယ်တဲ့ သစ္စာမသိဘဲနဲ့ ငါသောတာပန် ငါ သကဒါဂါမ်၊ ငါ-အနာဂါမ်ဖြစ်လာတယ်လို့ဆိုလို့ရှိရင် ဒီလိုသာမှတ်ပေတော့တဲ့၊ ငါဟာအိမ်ဆောက်တယ်ဟေ့ အခြင်တွေ၊ ထုပ်လျောက်တွေ၊ အရင်တင်တာ၊ တိုင်တစ်လုံးမှမပါဘူးလို့ပြောတဲ့ ပုဂ္ဂိုလ်နဲ့အတူတူပဲ (မှန်ပါ့ ဘုရား)။
အခြင်တွေအရင်တင်တယ်၊ ဒိုင်းတွေအရင်တင်တယ်ပေါ့ဗျာ၊ အခု ခေတ်အသုံးဖြင့် ဒိုင်းတွေ အရင်တင်တယ်၊ ပြီးမှ ငါတိုင်တွေစိုက်တယ်ကွ၊ အဲဒီလိုပြောတော့ ခင်ဗျားတို့က ယုံကြမှာလား (မယုံပါ ဘုရား)။
သစ္စာမသိရင်သောတာပန် မတည်နိုင်
အဲဒီအတိုင်းပဲ၊ ငါ-သစ္စာမသိဘဲနဲ့ သောတာပန်တည်ခဲ့တယ်ဆိုရင် အခြင် အရင်တင်တယ် လို့ပြောတာ အရူးပြောတာနဲ့ အတူတူပဲကွ၊ သစ္စာမပါ ဘဲနဲ့ဖြင့် ဘယ်သူမှ မရဘူး၊ ဆုံးဖြတ်ချက်ချ ပလား (ချပါပြီ ဘုရား)။
အင်း-ခင်ဗျားတို့ကတော်တော်ကြာ ဘာလေးအားကိုး၊ ညာလေး အားကိုးတာနဲ့ နိဗ္ဗာန် ရောက်လိမ့် မယ်လို့ သွားပြီးသကာလ၊ အထင်ကြီးနဲ့များ အစွဲအလန်းဥပါဒါန်ကြီးနဲ့ လုပ်မနေနဲ့၊ သာမညအားကိုးသာရမယ် (မှန်လှပါ ဘုရား) ခဏနားတာပဲရမယ်၊ ပြန်ကျမှာက လွတ်ပါ့မလား (မလွတ်ပါ ဘုရား)။
ဪ ဒီနှစ်ခုသာလျင် ခိုကိုးရာ အားထားရာရှိတော့တယ်၊ သစ္စာနာမှုနဲ့ သစ္စာပွားမှု သည် သာလျင် တို့၏ ခိုကိုးရာ၊ အားထားရာ အစစ် ပါလားဆိုတာသာ သေသေချာချာမှတ်ပါ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် သစ္စာနာမှုကိုရှေးဦးစွာ ဘုန်းကြီးဟောမယ်၊ ပြီးတော့မှ သစ္စာ ပွားမှုအလုပ်ကို ဉာဏ်စဉ်နဲ့ တက်ပေးမယ်၊ ရှင်းပလား ဒကာ ဒကာမတို့ (ရှင်းပါပြီ ဘုရား)။
သစ္စာနာမှုကိုအရင်ဟောမယ်
ကိုင်း ဘာမှ မပူနဲ့၊ သစ္စာဆိုတဲ့တရားက သာမညသတ္တိရှိတဲ့တရား မဟုတ်ပါဘူးတဲ့၊ သူ့ကိုများ မနာရသေးဘူးဆိုလို့ရှိရင်ဖြင့် ငါး ဘုရားသခင် ကိုယ်တော်မြတ် ဉာဏ်အမြင်နဲ့ မင်းတို့ကို ဥပမာပြမယ်တဲ့။
အောက်မှာ (၁၃) မိုင်အနက်ထု၊ (၁၃) မိုင်ပတ်လည်ရှိတဲ့ကျောက် တိုင်ကြီးတွေစိုက်ပါ။ ဦးဘကြည် (မှန်လှပါ ဘုရား) အနှစ်တစ်ရာ ကြာမှ ကတ္တီပါလေးနဲ့ တစ်ချက်သာပွတ်ပါ၊ ဒီကျောက်တိုင်ကြီး ဘယ်တော့ ကုန်မှာ တုံးလို့မေးကြည့်ရင်၊ ဘယ့်နှယ်ဖြေကြမယ် (မကုန်ပါ ဘုရား)။
ကျောက်တိုင်ကြီးသာပျောက်စရာရှိသေးတယ်
အနှစ်တစ်ရာကြာမှ၊ ကတ္တီပါနဲ့ တစ်ခါသာပွတ်ရမှာကိုးဗျ။ အင်မတန် နူးညံ့တဲ့ကတ္တီပါ၊ အဲဒါသာကုန်ရင် ကုန်လိမ့်မယ်၊ သစ္စာနားမလည်သေးလို့ ရှိရင် မင်းတို့ ဒုက္ခဘယ်တော့မှ မကုန်ဘူး၊ ကျောက်တိုင်ကြီး ပျောက်စရာရှိ သေးတယ်၊ ကုန်စရာရှိသေးတယ်၊ မင်းတို့ဒုက္ခမကုန်ဘူးတဲ့။
သစ္စာမနာရလို့၊ သစ္စာအားမထုတ်ရလို့ရှိရင်၊ ဒီလောက်ထိအောင် ဘုရားက ဟောလို့ရှိရင် ဒကာ ဒကာမတွေ အတော်ယုံဖို့ကောင်းပါပြီ၊ မယုံ သေးဘူးလား (ယုံပါတယ် ဘုရား)၊ ဒါက သစ္စသံယုတ်မှာ ဒီအတိုင်း လာပါတယ် ကိုထွန်းဦး (မှန်လှပါ ဘုရား)။
ဒါ ခင်ဗျားတို့ကအတော်ဟောထားတာကိုးလို့၊ အောက်မေ့မနေ နဲ့ ဖြစ်စဉ် ကိုက်ဟော ထားတာ လို့ ဆုံးဖြတ်ချက်ချပါ၊ အတော်ကြီးကြီး ကျယ်ကျယ် ဒို့ကိုခြောက်တာကိုးလို့ မအောက်မေ့နဲ့ဦး (မအောက်မေ့ပါ ဘုရား)။
ပီဠနဋ္ဌော
အဲဒါဖြင့် ဒကာ ဒကာမတို့ သစ္စာနာမှုသည် အရေးအကြီးဆုံးအလုပ် ပဲဆိုတာကော ယနေ့ ပေါ်ပလား (ပေါ်ပါပြီ ဘုရား) ပေါ်လို့ရှိရင်၊ ဒါကို ပွားများကြစို့လားဆိုတော့ ပထမနေ့တုန်းက ဦးဘကြည် တို့ကိုဟောခဲ့တယ်။
ခန္ဓာငါးပါးသည် ပီဠနဋ္ဌော လို့ဟောခဲ့တယ်၊ အကျိုးနဲ့အကန်းက နှိပ် စက်တယ်၊ မပြော ခဲ့ဘူးလား (ပြောခဲ့ပါတယ်) အကျိုးနဲ့အကန်းက ခင်ဗျားတို့ကိုနှိပ်စက်နေတယ်ဆိုတော့၊ ခန္ဓာငါးပါးသည် နှိပ်စက်တတ်တဲ့ တရား၊ ပြီးပြီအဲဒါမထည့်တော့ဘူး။
သင်္ခတဋ္ဌော
မနေ့က ဟောလိုက်တော့ ခန္ဓာငါးပါးသည် ဘယ်ဘေး၊ ဘယ်ဒဏ်၊ ဘယ်ရန် မဆို သူခွဲ သွားတယ် လို့မရှိဘူး၊ လက်ခံတတ်တဲ့တရား၊ ဟုတ်ဘူးလား ၊ (ဟုတ်ပါတယ် ဘုရား) လက်ခံတာ အနှိပ်စက်ခံ တဲ့တရား၊ ဒီလိုသိတော့ သော် နှိပ်စက်တတ်တဲ့တရားလည်း သူပဲ၊ အနှိပ်စက် ခံရတဲ့တရား ကော (သူပါပဲ ဘုရား)။
အင်း ဒါဖြင့် ပုဂ္ဂိုလ်သတ္တဝါရယ်လို့ဖြစ်လာလို့ရှိရင် နှိပ်စက်ဖို့ ရယ်၊ နှိပ်စက်ခံ ဖို့ရယ်ဖြစ်လာတာကိုး ဒုက္ခသစ္စာအစစ်ပါလား၊ ဒုက္ခ ရောက်ဖို့ဖြစ်လာတာပဲ၊ ခန္ဓာငါးပါးရတဲ့ ပုဂ္ဂိုလ်က ဘာတဲ့ (ဒုက္ခရောက်ဖို့ပါ ဘုရား)၊ ဒါဖြင့် ပီဠနဋ္ဌောနဲ့ သင်္ခတဋ္ဌော ကျေနပ်ရောပေါ့ဗျာ (မှန်လှ ပါ ဘုရား)။
ဒုက္ခသစ္စာလို့သိစေချင်လို့
ဒီနေ့ဟောမှာက သန္တာပဋ္ဌော ကိုဟောမယ်၊ ဒီတဆယ့်ခြောက်ချက် ကတော့ လုပ်ရမည့်ကိစ္စ (မှန်ပါ့ ဘုရား) စာမှာဒီအတိုင်းလာတယ်၊ ဘုရား ဟောတာ သဘောကျပလား (ကျပါပြီ ဘုရား) ဒီတစ်ဆယ့်ခြောက်ချက် လည်း သိရမည့်ကိစ္စ၊ ပွားရမည့်ကိစ္စ။
ဒါဖြင့် ဒကာ ဒကာမတို့ ဒီတရားလေးကို ပွားများရမယ့်ကိစ္စဟာ ဒုက္ခသစ္စာကို ဒုက္ခသစ္စာ လို့သိစေချင်တဲ့ အကျိုးငှာ၊ ဘုန်းကြီးတို့ ဒကာ ဒကာမ တွေကို ဘုရားသခင် ကိုယ်တော်မြတ်ကြီး သည် သစ္စာအနက် (၁၆)ချက်ကို ဟောတာ၊ မဟောဘူးလား (ဟောပါတယ် ဘုရား)။
ဒုက္ခသစ္စာ၏အနက် သန္တာပဋ္ဌော
ဒီနေ့ “သန္တာပ” ဆိုတာကို ဟောလိမ့်မယ်၊ ပါဠိလိုတော့ “သန္တာပဋ္ဌော” မြန်မာလိုတော့၊ ခင်ဗျားတို့ခန္ဓာကိုယ်ကြီး မီးလောင်နေတာ၊ မီးလောင်စာကြီးရထားတာ၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)၊ ဘာရထားပါလိမ့် (မီးလောင်စာကြီး ရထားပါတယ် ဘုရား)။
မီးလောင်စာကြီးရထားတယ်လို့ ဒကာ ဒကာမတို့ မှတ်စမ်းပါ၊ ဘာရ ထားတုံး (မီးလောင်စာ ကြီး ပါ ဘုရား)၊ နောက်က ဒကာ ဒကာမတွေ ဘာရထား (မီးလောင်စာကြီး ရထားပါတယ် ဘုရား) မီးလောင်စာကြီး ရထားတယ်။
ဒီမီးက သာမညမီးမဟုတ်ဘူးတဲ့ ဒီအထဲမှာ ထောင့်ငါးရာ ကိလေသာမီးတွေအောင်းနေတယ်၊ ထောင့်ငါးရာကိလေသာမီးတွေ၊ မဂ်နဲ့ မပယ်သ၍ ဘယ့်နှယ်နေမတုန်း (အောင်းနေပါတယ် ဘုရား)။
ရုပ်နာမ်ကမီးစာ
အောင်းနေတော့ ကျန်တဲ့ရုပ်နာမ်တွေက မီးစာတွေ၊ ဒါဖြင့် မီးလောင် စာမှ ဟုတ်ရဲ့လား (ဟုတ်ပါတယ် ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား) ခန္ဓာကြီးက ဘာပါလိမ့် (မီးလောင်စာ ပါ ဘုရား)။
တစ်ထောင့်ငါးရာကိလေသာတွေက မီး ဒါဖြင့် မီးနဲ့လောင်စာ တွဲနေတဲ့ဥစ္စာ၊ မီးက သူတော်ကောင်း လို့ဆိုမလား (မဆိုနိုင်ပါ ဘုရား) မီးက သူတော်ကောင်းဆိုရင် ဘယ်သူ့မှ မလောင်ဘူး ပေါ့ဗျာ၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
မီးကိုသူတော်ကောင်းလို့ဆိုကြမလား (မဆိုပါ ဘုရား) ဘယ့်နှယ်ဆိုမယ် (လောင်တတ်တဲ့ မီးပါ ဘုရား)၊ လောင်တတ်တဲ့မီးလို့သာ ဆုံးဖြတ်ချက်ချပါ၊ ဒကာ ဒကာမတွေဒါက ဘယ်မှာ နေတုံးလို့ မေးခွန်းထုတ် ပြန်တော့၊ ဘယ့်နှယ်ဆိုကြမယ် (ခန္ဓာထဲမှာပါ ဘုရား) ခန္ဓာထဲမှာ ရှိတယ်။
ကိလေသာမီးလောင်နေတယ်
ဘယ်မှာရှိလဲ (ခန္ဓာထဲမှာပါ ဘုရား) ခန္ဓာထဲမှာရှိတယ်၊ ခန္ဓာ ထဲမှာ ရှိလို့ခင်ဗျားတို့ကိုယ်တိုင် အခုမီးလောင်လို့၊ ကိုယ့်အိမ် ကိုယ့်ယာ ကိုယ့်တိုက်တာတွေ တည်နိုင်ကြတဲ့ ပုဂ္ဂိုလ်လည်း တည်ကြ ဟုတ်လား၊ အမျိုးမျိုး အဖုံဖုံ၊ အခြံအရံတွေနဲ့ နေကြထိုင်ကြတယ်။
အဲဒီကိုယ့်အိမ်ကိုယ့်ရာကနေပြီး၊ ဟိုသွားပြီးငွေရှာရ၊ ဒီသွားပြီးငွေ ရှာရ၊ ဟိုသွားပြီး မိတ်ဆွေ အပေါင်းအသင်းဖွဲ့ရ၊ ဒီသွားပြီး မိတ်တွေအပေါင်း အသင်းဖွဲ့ရဆိုတာ၊ ကိလေသာ မီးလောင်လို့ အိမ်ကကိုထွက်ပြေးနေရတာ၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား) ဟိုဈေးစုံစမ်းရေးထွက်ရ၊ မထွက်ရပေ ဘူးလား (ထွက်ရပါတယ် ဘုရား)။
လောဘမီး
ဟိုမှာ ရစရာရှိလို့ဟိုသွားလုပ်ရမှာဗျ၊ ကိုယ့်အိမ်မှာမနေရဘူး၊ ဟိုသွားမထွက်ရဘူးလား (ထွက်ရပါတယ် ဘုရား) အဲဒါခင်ဗျားတို့ မီးလောင် လို့ပြေးတာ၊ ဒကာ ဒကာမတို့ ဘာပြုလို့ပြေးတာတုံး (မီးလောင်လို့ပါ ဘုရား) လောဘမီးလောင်တာ မလောင်ဘူးလား၊ လောင်သလား (လောင် ပါတယ် ဘုရား)။
အဲဒီတော့ ဒီခန္ဓာကြီးဟာ လောင်သာနေတယ်၊ လမ်းမှာလည်း လောင်ရင်းသွားတာပဲ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ်) ဒီခန္ဓာကိုယ်ကြီးကို ဘယ်သူက ဘာနဲ့ကြုံတွေ့လို့ဘာနဲ့တိုက်မိသတုံး၊ ဘာနဲ့ခိုက်မိသတုံး၊ ကားနဲ့ တိုက်မိမလား၊ စက်ဘီးနဲ့တိုက်မိမလား၊ ဒါတွေကြောင့်ကြတဲ့ ဒေါသမီးက ရော (လောင်လျက်ပါ ဘုရား)။
ဒေါသမီး
လောင်လျက်နဲ့ အိမ်ကထွက်တုန်းက လောဘမီး၊ လမ်းကျတော့ အန္တရာယ်တွေ့တော့ ဒေါသမီးနဲ့ဟုတ်လား၊ အဲဒီတော့ လောဘမီး၊ ဒေါသမီး ဟာ လောင်ပြီးသကာလ လာတော့၊ ကိုယ့်အလုပ်ခွင် ကိုယ့်ရပ်ရွာရှိတဲ့ဆီ ရောက်ပြီးသကာလလာကြတာ၊ အိမ်ဆောက်ပြီး မနေရတာ ဘာပြုလို့ မနေရ တာတုံး၊ ဦးဘကြည်မေးကြည့် (မီးလောင်လို့မနေရတာပါ) မီးလောင် လို့ ထွက်ပြေးရတာ။
ဒကာ ဒကာမတို့ အိမ်ဆောက်ပြီး အိမ်မှာနေရတဲ့ ပုဂ္ဂိုလ်အတော် ရှားပါတယ် မရှားဘူးလား (ရှားပါတယ် ဘုရား) ဒါက ညလေးအပန်း ဖြေဖို့၊ ဒါကနေ့အပန်းဖြေဖို့၊ ရိပ်သာလေးတစ်ခုတော့ နေဖို့တော့မဟုတ်ပါ ဘူး၊ နေ့လည်ကျတော့ နေကော နေကြရဲ့လား (မနေရပါ ဘုရား)။
ကိလေသာမီး လောင်လွန်းလို့အမြန်ပြေးရ
မဖြစ်ပါဘူး၊ ခြေလျင်သွားရင် နှေးမှာစိုးလို့ စက်ဘီးနဲ့သွားတယ်၊ တစ်ခါတည်း နှေးမှာစိုးလို့ ဦးဘကြည် ကားနဲ့မသွားကြရဘူးလား (သွားရပါ တယ် ဘုရား) ကိလေသာမီးကလောင်လွန်းလို့ အမြန်ပြေးကြရတာ၊ အမြန် ပြေးရတယ် (မှန်လှပါ ဘုရား)။
နှေးနှေးပြေးရင် ကိလေသာမီးက ကိုယ်အမြဲလောင်နေတော့၊ လေယာဉ်ပျံမြန်လှပြီ အောက်မေ့တော၊ ကိလေသာမီးက သူ့ထက်အရင် ရောက်ချင်တယ်၊ ရှို့လိုက်တဲ့ဖြစ်ခြင်း၊ မရှို့ဘူးလား (ရှို့ပါတယ် ဘုရား) ရှို့ လိုက်တော့ ဒကာ ဒကာမတွေ အိမ်ဆောက်ပြီး အိမ်မနေရတာ ဘာမီးပါ လိမ့် (ကိလေသာမီးပါ ဘုရား)။
ခင်ဗျားတို့က ဟိုအိမ်ကမီးနီးလို့၊ ဟိုအိမ်ကလူတွေထွက်ကုန်ပြီလို့ အောက်မေ့မနေနဲ့၊ အိမ်တိုင်းက ထွက်နေတယ်၊ နေ့တိုင်းမီးလောင်နေတာ၊ ဟိုအိမ်သွားကြည့်စမ်း၊ ဒီအချိန် သူ့ကို တွေ့မလားလို့ လူလွှတ်ကြည့်ရသေး တယ်၊ ရှိမှ ရှိပါ့မလား၊ မီးလောင်လို့ ပြေးများပြေးနေပြီလားလို့၊ မပြေးကြ ဘူးလား (ပြေးကြပါတယ် ဘုရား)။
အဲဒီလို ကိလေသာမီး လောင်တော့ ဘယ်သူ့လောင်သတုံးဆိုတော့ ဇရာမီးလောင်တယ်၊ ဒိပြင်ဟာတွေ ရွေ့လောင်သလား (မလောင်ပါ ဘူး ဘုရား)။
ဦးဘအုန်းကြီး ဘယ်သူ့လောင်သတုံး (ခန္ဓာငါးပါးလောင်ပါ တယ် ဘုရား)။ ခန္ဓာငါးပါး သာလောင်ချတယ်၊ အဲတော့ ခန္ဓာငါးပါးလောင်ချ ပြီးသကာလနေတော့ ဒီခန္ဓာကြီးသည်ကားလို့ ဆိုလို့ရှိရင်ဖြင့် အိုချိန်မရောက် ဘဲနဲ့ အိုဖို့၊ နာချိန်မရောက်ဘဲနဲ့ (နာဖို့ပါ ဘုရား)။ သေချိန် မရောက်ဘဲနဲ့ (သေဖို့ပါ ဘုရား)။
ကိုယ့်ကိုယ်ကိုယ်သတ်သေတဲ့မီး
ဒါ ခင်ဗျားတို့ ဘယ့်နှယ်ကြောင့် အချိန်တွေ ခုနှစ်ဆယ့်ငါးနှစ်တန်းမှာ နေသင့်ပါလျက်သားနဲ့၊ တချို့ခုနှစ်ဆယ့်ငါးနှစ်မှ မပြည့်ခင် အသက်သုံးဆယ်၊ လေးဆယ်၊ ငါးဆယ်က သေကြတယ် ဆိုလို့ရှိရင်၊ ဘာမီးတုံးလို့ မေးလို့ရှိရင်ဖြင့် အခြားမီးမဟုတ်ဘူးဟေ့၊ မင်းတို့ဟာမင်းတို့ ကိုယ့်ကိုယ်ကိုယ် သတ်သေတဲ့မီး (မှန်ပါ့)။
မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား)၊ ဘာမီးပါလိမ့် (မရဏမီးပါ ဘုရား)၊ လောဘမီး၊ မရဏမီးက မပူသေးပါဘူး၊ လောဘမီးက လောင်တုံးရှိသေးတယ်၊ တချို့လောဘ မီးလောင်တာနဲ့ပဲ တစ်ခါတည်း ကိုယ်ခင်တဲ့ပုဂ္ဂိုလ်၊ ကိုယ်ကြင်နာတဲ့ပုဂ္ဂိုလ်နဲ့ အတူတူမနေရလို့ ရေထဲ
သေတဲ့ပုဂ္ဂိုလ်နဲ့၊ မီးထဲခုန်ဆင်းတဲ့ ပုဂ္ဂိုလ်နဲ့ ဒါဘယ်မီးလောင်တာပါ လိမ့် (လောဘမီးပါ ဘုရား)။
လောဘမီးလောင်တယ်၊ ဟုတ်လား၊ မခံချင်တဲ့စိတ်များတော့ ဒေါသ မီးနဲ့ သေလိုက်တာ အေးပါသေးတယ်ဆိုတော့ ဒါဘာမီးတွေလောင်တာပါ လိမ့် (မရဏမီးပါ ဘုရား)၊ မရဏမီးကို မလာသေးပါဘူး (မှန်ပါ့) မရဏမီးက သက်တန်းစေ့မှ လာမှာကိုးဗျ (မှန်ပါ ဘုရား)။
အဲဒီအချိန်ထိမစောင့်ဘူး၊ စောစောသတ်မယ်ဆိုတဲ့မီး၊ ရိပ်မိပြီလား (ရိပ်မိပါတယ် ဘုရား)၊ စောစောသတ်တဲ့မီးက ဘယ်မီးပါလိမ့်မတုံး (လောဘမီး၊ ဒေါသမီးပါ ဘုရား)၊ လောဘမီး၊ ဒေါသမီး၊ မောဟမီးဆိုတာ ကျေနပ်ပြီလား (ကျေနပ်ပါတယ် ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ခင်ဗျားတို့မှာ ရင်ထဲမှာ တစ်ခါတည်း ပူလိုက်၊ အိုက်လိုက်၊ စိတ်ပူကိုယ်ပူဆိုတာတွေဟာက စိတ်ချလက်ချ အေးအေး ချမ်းချမ်း နေရတဲ့အချိန် ဘယ်အချိန်လဲ လို့ မေးလို့ရှိရင် ဘယ်အချိန် မှ မရှိဘူးလို့ ဆုံးဖြတ်ချက်ချ (မှန်ပါ ဘုရား)။
ဟုတ်ဖူးလား၊ သားပူ ပူလည်း ဒီထဲက လောဘထတောက်တာပဲ၊ သမီးပူ၊ ဆွေပူ၊ မျိုးပူ၊ မင်းပူ၊ စိုးပူတွေကော အကုန်မလောင်ဘူးလား (လောင်ပါတယ် ဘုရား)။
အိပ်ယာထဲမှာ မျက်ရည်သုတ်ရတယ်
လောင်တဲ့အပြင် သောက၊ ပရိဒေဝတွေကော (လောင်ပါ တယ် ဘုရား)၊ တစ်ခါတလေ အိပ်ယာထဲများ ကိုယ့်ဟာကိုယ်မျက်ရည် သုတ် နေရတဲ့ဘဝတွေကော မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။
အံမလေး ! အတွင်းများ ပိတ်ပြီးလောင်နေတာ အခန်းပိတ်လောင် နေတာ (မှန်ပါ ဘုရား)။ ရိပ်မိပြီလား ဒကာ ဒကာမတို့၊ ဘယ်လောက် များဆိုးသလဲဆိုတာပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။
အဲဒီတော့ ဒါ မရဏမီးလို့ဆိုမလား၊ ကိလေသာမီးလို့ ဆိုမလား (ကိလေသာမီးပါ ဘုရား)၊ ဪ ဒီကိလေသာမီး အလောင်ခံဖို့ ခင်ဗျားတို့ ဆုတောင်းထားတာကိုး ဒီခန္ဓာကြီးဟာ (မှန်လှ ပါ ဘုရား)။
ကိလေသာမီး အလောင်ခံပြီး သေခြင်းဆိုးသေရပါလို၏တဲ့၊ ဒုက္ခ ရောက်ပြီး သေရပါလို၏ (မှန်လှပါ)၊ ဒီခန္ဓာကြီးဟာ အလောင်ခံရတဲ့ ခန္ဓာကြီးမို့ ခင်ဗျားတို့သည် မီးလောင်ခံရတဲ့သူကို သုခလို့ဆိုမလား၊ ဒုက္ခလို့ ဆိုမလား (ဒုက္ခပါ ဘုရား)။
ဒါဖြင့် ဒုက္ခသစ္စာပေါ်ပြီလား (ပေါ်ပါပြီ ဘုရား) ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။
သန္တာပဋ္ဌော
သန္တာပဋ္ဌော လေ (မှန်ပါ ဘုရား)၊ ဆင်းရဲမီးဖြင့် သီးသီးတောက် ပြောင်၊ အမြဲလောင်ကျွမ်း နေသော အနက်သဘောသည်လည်းကောင်း၊ သူက သန္တာပဋ္ဌသတ္တိရှိတယ် (မှန်ပါ ဘုရား)။
ဆင်းရဲမီး အလောင်ခံဖို့ သတ္တိရှိတယ် (မှန်ပါ ဘုရား)၊ ဒကာ ဒကာမတို့ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။
ကံကောင်းလို့ လူဖြစ်လာတာလား၊ လောင်စာဆုတောင်းလို့လူဖြစ် လာတာလား၊ လောင်စာဆုတောင်းလာတာပါ (လောင်စာဆုတောင်း လာတာပါ ဘုရား)။
အဲဒါ ဘဝသံသရာမှာ ခင်ဗျားတို့ အမိုက်ကြီး မိုက်လာတာ၊ ဒီလောင် စာကို ဆုတောင်းတဲ့ ပုဂ္ဂိုလ် တစ်ဦးတစ်ယောက် သည်ကားလို့ ဆိုလို့ရှိရင်ဖြင့် လောင်စာသိမ်း၍ ငြိမ်းရပါလို၏ ဆိုရင် ဘယ်လောက်ကောင်းမလဲ (ကောင်းပါတယ် ဘုရား)။
လောင်စာသိမ်း၍ ငြိမ်းရပါလို၏
ဒါက လောင်စာ (မှန်ပါ ဘုရား) ငြိမ်းရပါလို၏ဆိုတာ အတွင်းကမီး (မှန်ပါ ဘုရား)၊ လောင်စာသိမ်း၍ ငြိမ်းရပါလို၏ဆိုတာ သာလျှင် ခင်ဗျားတို့ ကိုယ့်ဖို့အစစ် (မှန်ပါ ဘုရား)။
ကျန်တာတွေ အဲဒီဆုတွေတော့ ဘယ်သူမှ မတောင်းနဲ့ ( မတောင်းပါ ဘုရား)၊ လောင်စာ ကြီးကြီးကျယ်ကျယ်ဖြစ်ရပါလို၏ နတ်လောင်စာ၊ ဗြဟ္မာလောင်စာ၊ စကြဝတေး မန္ဓာတ် လောင်စာ၊ လောင်စာကြီး ၍ မီးကြီးရပါလို၏။ ဒါသာဆုတောင်းလေ့ရှိတယ် ဒကာ ဒကာမတို့ မတောင်း ကြပေဘူးလား (တောင်းပါတယ် ဘုရား)။
ဒါဖြင့် အဲဒါသစ္စာသိတဲ့ ပုဂ္ဂိုလ်လား၊ သစ္စာမသိကဲ့ပုဂ္ဂိုလ်လား (သစ္စာမသိတဲ့ ပုဂ္ဂိုလ်ပါ ဘုရား)။ ဘယ်တော့ နိဗ္ဗာန်ရမတုံး နိဗ္ဗာန်ဆို တာ လောင်စာနဲ့ မီးငြိမ်းရမယ် (မှန်ပါ)။
ဦးဘကြည် ဒါက လောင်စာမဟုတ်လားဗျာ (မှန်ပါ ဘုရား)။ ကိလေသာက (မီးပါ ဘုရား)၊ လောင်စာနဲ့မီးငြိမ်း၍ သိမ်းတာမှ နိဗ္ဗာန် ကိုးဗျ (မှန်လှပါ ဘုရား)။ ဒုက္ခနဲ့သမုဒယ ချုပ်မှကိုးဗျ (မှန်လှပါ ဘုရား)၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
အဲဒါ ခင်ဗျားတို့က လောင်စာနဲ့ မီးတွဲလျက်ကြီးဖြစ်ရပါလို၏။ အံမလေး! ကြောက်စရာ ကောင်းတဲ့ ဒကာ ဒကာမတွေ ဘယ့်နှယ်များ ဆုတောင်းလေ့ရှိတုံး (လောင်စာနဲ့မီးတွဲလျက်ကြီး ဖြစ်ရပါလို၏)။
ဖြစ်မှဖြစ်ရလေဗျာ၊ ဖြစ်မှဖြစ်ရလေ ဒကာ ဒကာမတို့၊ ခင်ဗျားတို့ တောင်းထားတဲ့ဆုဟာ အခုတော့ အကျိုးပေးပါပေါ့လား (မှန်ပါ ရှေ့ လည်းလာဦးမှာပါ ဘုရား) လာဦးမယ်၊ ရိပ်မိပြီလား ဒကာ ဒကာမတို့ (ရိပ်မိပါပြီ ဘုရား)။
ခင်ဗျားတို့ တောင်းထားတဲ့ဆုဟာ ရှေ့ကလည်း တောင်းလို့မရဘူး၊ ဘယ်သူက ဘယ်လိုဖြစ် နေလို့၊ ဘယ်သူ့ဆီရစရာကလည်းမရဘူး၊ ကိုယ့်မှာ လည်း အထုပ်အထည်မရှိတော့ဘူး၊ အိုခက်ကုန်ပြီ၊ လောင်ကုန်ပြီကောဗျ (မှန်လှပါ ဘုရား)။
မလောင်သေးဘူးလား (လောင်ပါတယ် ဘုရား)၊ အဲဒါသည် ခင်ဗျားတို့ ကံမကောင်း အကြောင်း မသင့်လို့ တွေ့ရတာလား၊ ဆုတောင်းပြည့် တာလားသာမေး (ဆုတောင်းပြည့်တာပါ ဘုရား)။
တောင်းတဲ့ဆုပြည့်ပါစေသတည်းဆိုတာဒါပဲ၊ အဲဒါ ဘယ်မှာမဆို ခင်ဗျားတို့က ပစ္စေကဗုဒ္ဓါဆီ ဆုတောင်းလည်း ဒါပါတာပဲ၊ ဘုရားဆီ ဆုတောင်းပြန်လည်း သစ္စာမသိရင် ဒါပါတာပဲ (မှန်ပါ)။ မပါဘူးလား (ပါပါတယ် ဘုရား)။
ဒါဖြင့် ခင်ဗျားတို့ တောင်းတဲ့ဆုပြည့်တော့ကို ခင်ဗျားတို့ အငြိမ်နေလို့ ရသေးရဲ့ လား (မရပါဘူး ဘုရား)၊ မရတော့ဘူး။
လောင်စာနဲ့မီးငြိမ်းမှသာလျင်နိဗ္ဗာန်
မအိုချိန်တန် အို၊ မနာချိန်တန် နာ၊ သေမဲ့လမ်းဘက်တိုးသွား၊ ဒီလို မနေရပေဘူးလား (နေရပါတယ် ဘုရား)၊ နေရတော့ကိုးတဲ့ ဒီလောင်စာမီးသည်ကားလို့ဆိုရင် ဒကာ ဒကာမတို့ လောင်စာနှင့် မီးငြိမ်းမှ သာလျှင် နိဗ္ဗာန် (မှန်ပါ ဘုရား)။
ဒါဖြင့် ဒုက္ခသစ္စာသိတဲ့ပုဂ္ဂိုလ်မှ၊ ဒုက္ခသစ္စာက ခန္ဓာငါးပါးက ဒုက္ခသစ္စာ၊ ဖြစ်ပျက် ဒုက္ခသစ္စာပေါ့ဗျာ (မှန်ပါ ဘုရား)၊ သိတာက မဂ္ဂသစ္စာ (မှန်ပါ ဘုရား)။
ဒုက္ခသစ္စာကို မဂ္ဂသစ္စာနဲ့သိတဲ့အချိန်ကျတော့မှ သမုဒယလောင်စာ မီးက အရင်သိမ်းတယ် (မှန်လှပါ ဘုရား)၊ ပြီးတော့မှ ထင်းက အကုန် သိမ်းတယ် (မှန်လှပါ ဘုရား)၊ သဘောကျပြီလား (မှန်ပါ)။
သဥပါဒိသေသ၊ အနုပါဒိသေသ နှစ်ချက်ခွဲတယ် (မှန်ပါ ဘုရား)၊ ရှေးဦးစွာ မီးအရင်သိမ်း လိုက်တယ် (မှန်ပါ့)။ ပြီးတော့မှ လောင်စာ သိမ်းတယ်၊ ရှင်းပြီလား (မှန်ပါ)။
သဥပါဒိသေသ နိဗ္ဗာန်ဆိုတာ ဘာအရင်သိမ်းသတုံး (မီးအရင် သိမ်းပါတယ် ဘုရား)၊ အဲဒါ ကိလေသာ သိမ်းတာကစတာ၊ သဘောကျပြီလား (မှန်ပါ)၊ ဒါဖြင့် မီးအရင်သိမ်းတယ်၊ သဘောကျပြီလား (မှန်ပါ)။
ပြီးတော့မှ ဘာတုံး (လောင်စာသိမ်းပါတယ် ဘုရား)၊ လောင်စာ သိမ်းတယ်၊ သဘောကျ ပြီလား (မှန်ပါ)၊ အဲဒီတော့ကိုး ဒါ မဂ်လာပေ လို့နော် (မှန်ပါ)၊ သူ့ကို သစ္စာမှန်းသိလို့ (မှန်လှပါ) ဒီမီးငြိမ်းသွားတာ (မှန်လှပါ)။
မီးငြိမ်းသွားတော့ သစ္စာမှန်းသိနေတော့ ခင်ဗျားတို့ ဆုတောင်းပြည့် တဲ့ဥစ္စာက ထင်းကလေး ကတော့ ကျန်ရဦးမှာပဲ (ကျန်မှာပါ ဘုရား)၊ မကျန်ဘူးလား (ကျန်ပါတယ် ဘုရား)။
ဘုရားဖြစ်တော့မီးတော့သိမ်းတယ်
ဘုရား ဗောဓိပင်နှင့် ရွှေပလ္လင်မှာတဲ့ မီးတော့သိမ်းတယ် (မှန်ပါ)။ လောင်စာမသိမ်းနိုင်ဘူး၊ သိမ်းနိုင်ရဲ့လား (မသိမ်းနိုင်ပါ ဘုရား) ကိုယ်တော်ကြီးကျန်နေတယ် (မှန်ပါ)။ ပေါ်ကြပြီလား ဒကာ ဒကာမတို့ (ပေါ်ပါပြီ ဘုရား)။
အင်း ဒါဖြင့် ကိုယ်တော်မြတ်ကြီးက ဝိပါကဝဋ် (မှန်ပါ)၊ ဆုတောင်းပြည့်ထားပြီး မပြည့်ဘူးလား (ပြည့်ပါတယ် ဘုရား)။
ငါဘု ရားဖြင့် နှစ်ရှစ်ဆယ်တော့ နေရပါလို၏ကွာဆိုတော့ နှစ်ရှစ်ဆယ် ထင်းဖြစ်ရပါလို၏ ဆိုတာ (ပါနေပြီ) ပါလျက်ပဲဆိုတာ ရိပ်မိကြပြီလား (ရိပ်မိပါတယ် ဘုရား)။
အံမလေး! ဒကာ ဒကာမတို့ ခင်ဗျားတို့ တောင်းထားတဲ့ အကြိမ်ကြိမ် ဆိုရင်တော့ သွားပါပြီ (မှန်ပါ ဘုရား)၊ မသွားသေးဘူးလား (သွားပါတယ် ဘုရား)၊ အကြိမ်ကြိမ် ဆိုလို့ရှိရင်ဖြင့် ထင်း အကြိမ်ကြိမ် မီးနဲ့တွဲ ၍ အကြိမ်ကြိမ်၊ ဒါဖြင့် သေခြင်းဆိုးနဲ့ ဆုတောင်းတာ ဟုတ်လား၊ သေခြင်းဆိုး သေရပါလို၏။
သေခြင်းဆိုးသေရပါလို၏ အသံကတော့ ဒီအသံဗျ၊ လူဖြစ်ရပါလို ၏ ဆိုတော့ နားတော့ ယဉ်တယ်ပေါ့ဗျာ နောက်လူကောင်၊ နတ်ကောင် ဖြစ်ရပါလို၏ဆိုတော့ နားဘယ့်နှယ့်နေတုံး ထောင်လို့တော့ကောင်း ဟုတ်လား၊ ဖြစ်စဉ်ကြည့်လိုက်တော့ မီးနဲ့လောင်စာတွဲပြီး သေပွဲချည့်ဝင်ရ ပါလို၏ (မှန်လှပါ)၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
မီးလောင်စာတွဲပြီးသေပွဲဝင်ရ
မီးနဲ့လောင်စာတွဲပြီး ဘာတုံး (သေပွဲဝင်ရပါလို၏ ဘုရား)၊ အဲဒါ ခင်ဗျားတို့ ကိုယ်ကိုယ်တိုင် တောင်းထားတဲ့ဆု၊ ခု-ဘယ့်နှယ့်နေသတုံးဆိုတော့ အတွဲကြီးတွဲတုန်းဘုရား ဟုတ်လား။
ရှေ့များ တပည့်တော်ကောင်းစားဦးမှာလားမေးရင် တွဲစရာ ကျန် သေးတယ်၊ ရိပ်မိပြီလား (မှန်ပါ) ရှေ့ကောင်းစားဦးမှာလားဆိုတော့ ဘယ်လို ဆုံးဖြတ်ချက်ချ (တွဲစရာကျန်ပါတယ် ဘုရား)၊ ကျန်သေးတယ်၊ အိုတုန်းလည်း အလောင်ခံရဦးမှာ၊ နာတုန်းကော (အလောင်ခံရမှာပါ ဘုရား)။
နာတုန်းလည်း ဟိုစိတ်မချ၊ ဒီစိတ်မချ၊ ဟိုအမွေပေးချင်၊ ဒီအမွေပေး ချင်ဆိုတော့ ကိလေသာမီးကလည်းလာသေးတာဗျ (မှန်ပါ)။
နာတာကတစ်ဖက်၊ လောင်တာကတစ်ဖက်ကိုးဗျ (မှန်လှပါ) ရိပ်မိပြီလား (ရိပ်မိပါတယ် ဘုရား)။
နာမှု နှိပ်စက်တာကတစ်ဖက်၊ ပေးစရာ ကမ်းစရာတွေ စိတ်မချ လက်မချ လောင်နေတာ ကကော (တစ်ဖက်ပါ ဘုရား)။
ထင်းက (၅)ပါး
အံမလေး ဒါဖြင့် ထင်းနဲ့လောင်စာ၊ ထင်းနဲ့မီး၊ ဘယ်သူများသလဲ ဆိုတော့ ထင်းတုံးက ငါးပါးပဲရှိပါတယ်၊ ငါးတုံးပဲရှိတယ် (မှန်ပါ)။ လောင်စာမီးက တစ်ထောင့်ငါးရာ (မှန်ပါ)။
လောင်စာမီးက (၁၅၀၀)
လောင်စာမီးက တစ်ထောင့်ငါးရာ (မှန်ပါ)၊ မီးနဲ့ထင်းနဲ့ မျှရဲ့ လား (မမျှပါဘူး ဘုရား)။
ဒါကြောင့် ခင်ဗျားတို့ ကိုယ်ဟာ ဖျတ်ခနဲ၊ ဖျတ်ခနဲ တစ်ခါတည်း လောင်တာ ရိပ်မိပြီလား (ရိပ်မိပါတယ် ဘုရား)။
တေဇောမီးက လောင်လိုက်၊ ကိလေသာမီးကကော (လောင် လိုက်ပါ ဘုရား)၊ ကိလေသာမီးက ဘာလောင်သလဲဆိုတော့ နာမ်လည်း လောင်လိုက်၊ ရုပ်ကော (လောင်ပါတယ် ဘုရား)။
နာမ်လည်းလောင်၊ ရုပ်လည်းလောင်၊ သဘောကျရဲ့လား (မှန်ပါ)၊ ဒီထဲ ဇရာမီးက လောင်လိုက်၊ မိဘရိုးရာကပါလာတဲ့ ခန္ဓာတေဇော မီးကကော (လောင်ပါတယ် ဘုရား)၊ ဥတုဇမီးကကော (လောင်ပါ တယ် ဘုရား)။
အံမလေး! ဒကာ ဒကာမတို့ တွေ့ထားတဲ့ ဆုကဖြင့် လောင်ဆဲမတ္တပဲ ရှိပါလား (မှန်ပါ ဘုရား)၊ အဲဒီလောင်ဆဲမတ္တကို၊ ဪ သန္တာပဋ္ဌော – ဆင်းရဲမီးဖြင့် သီးသီးတောင်ပြောင် အမြဲလောင်ကျွမ်း နေသော အနက်သဘောသည် လည်းကောင်းဆိုတော့၊ ဒါကို မီးလောင်နေတယ်၊ မီးလောင်နေတဲ့ ခန္ဓာကြီး မီးလောင်ခံနေရတဲ့ ခန္ဓာကိုယ်ကြီးဆိုပြီး သကာလ သူ့ဖြစ်ပျက်ကို ဖြစ်ပျက်ရှုပေး (မှန်ပါ)၊ သဘောကျရဲ့လား (ကျပါတယ် ဘုရား)။
ဘာဖြစ်လို့ဖြစ်ပျက်နေရတုံး
ဖြစ်လိုက် ပျက်လိုက်၊ ဖြစ်လိုက် ပျက်လိုက် ဒီအတိုင်းချည့်နေတာပဲ (မှန်ပါ)။ ဒါ ဘာဖြစ်လို့ ဖြစ်ပျက်နေရတုံးဆိုတော့ မီးလောင်လို့ကွ (မှန်ပါ)။
တစ်ခုသော ရုပ်ထဲပါတဲ့ တေဇောက သူ့ရုပ်သူလောင်၊ ဟိုရုပ် အစားထိုး၊ ထိုးပြီးလောင်ပြန်ပြီ၊ နာမ်ဓမ္မတွေကလည်း တစ်ခုကချုပ်ပြီး တစ်ခုက အစားထိုးသွား၊ တစ်ခုက ဘာပြုလို့ချုပ်သွားရသတုံး၊ အို ဇာတိမီး၊ ဇရာမီးကြောင့်၊ တချို့ ဒကာ ဒကာမတွေကျတော့ ဇာတိမီး၊ ဇရာမီးကြောင့်၊ တချို့ကျတော့ တေဇောမီးကြောင့် ဇာတိ၊ ဇရာ၊ မရဏဘက်ထား လိုက်ပါတော့ မထူးတော့ပါဘူး (မှန်ပါ)။
ဇာတိ၊ ဇရာမီးကော၊ တေဇောမီးကော မလောင်ဘူးလား။ (လောင်ပါတယ် ဘုရား)။ ဒါဖြင့် မီးလောင်တာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။
အဲဒီမီးလောင်တာကြီးမြင်တော့ ဒါကြီးဟာ ကံကောင်းလို့ဖြစ်တာလို့ ဆိုမလား၊ ဒုက္ခ ရောက်တာ လို့ဆိုမလား (ဒုက္ခရောက်တာပါ ဘုရား)။
ငရဲခံနေရတာနဲ့အတူတူပဲ
မီးလောင်လိုက်၊ ပြောင်လိုက်၊ အစားထိုးလိုက် ပြောင်လိုက် အစား ထိုးလိုက်ဆိုတော့ ငရဲခံနေရတာနဲ့ အတူတူပဲ (မှန်ပါ)။ ငရဲခံနေရ တာသည် ဒယ်အိုးထဲကျလိုက် ဝိညာဉ်ချုပ် သွားသလိုလိုရှိလိုက်၊ ဟုတ်လား။
ကံက မကုန်သေးတော့ဝိညာဉ်က အစားထိုးပြန်တော့ အနာခံရမှ ပြီးမှာကိုးဗျ (မှန်လှပါ)၊ အနာမခံဘဲနဲ့ ငါးပျော်သလို အသေပျော် ဆိုရင်တော့ ဘယ်သူဖြစ်ဖြစ်ဗျာ တစ်ခါသေတာ ဘာအရေးကြီး သတုံး၊ မဟုတ်ဘူး၊ အသက်က၊ ဝိညာဉ်က ပြန်ပြန်လာသေးတယ်၊ ရိပ်မိပြီလား (ရိပ်မိပါတယ် ဘုရား)။
ဝိညာဉ်ချုပ်အောင်လုပ်လိုက် နောက်ဝိညာဉ်သစ်က အနန္တရနဲ့ အစားထိုးလိုက်၊ ဥပနိဿယက ထိုးလိုက် ကံက ထိုးလိုက်၊ ဒီလိုမနေပေဘူးလား (နေပါတယ် ဘုရား)။
အဲဒီလို ထိုးလိုက်တော့ ဒီပုဂ္ဂိုလ်သည် ဒီခန္ဓာငါးပါးကြီးသည် လောင်စာအစစ်ဟုတ် မဟုတ် (ဟုတ်ပါတယ် ဘုရား)၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ပျောက်လိုက် အစားထိုးလိုက်
ဒါဖြင့် လောင်စာအစစ်ဖြင့် အလောင်ခံနေရသောကြောင့် ဘာသစ္စာ ဖွဲ့မတုံး (ဒုက္ခသစ္စာပါ ဘုရား)၊ ဒီလိုဒုက္ခသစ္စာမြင်ရမယ်တဲ့၊ လောင်လိုက် ပျောက်ပျောက် သွားလိုက်၊ အစားထိုးလိုက်၊ ပျောက်လိုက် အစားထိုးလိုက် ဆိုတော့၊ နောက်ဆုံးပိတ်ကျတော့ သစ္စာရော အနိစ္စရောတွဲသွားတယ်။ အနိစ္စဆိုတာ အခြားမှတ်မနေနဲ့၊ ဒုက္ခဆိုတာ တခြားမှတ်မနေနဲ့ (မှန်လှ ပါ ဘုရား)။
အနတ္တဆိုတာကော (တခြားမမှတ်ရပါ ဘုရား)၊ တခြားမှတ် မနေနဲ့တော့ ခင်ဗျားတို့ ခဏ ခဏ လောင်လိုက်၊ ပြောင်လိုက်၊ အစားထိုး လိုက်မှတ်ပါ၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ကောင်းပြီ ဒါဖြင့် ဒါက ခန္ဓာငါးပါးရလို့နော် (မှန်ပါ)၊ ခန္ဓာ ငါးပါးရလို့ ခင်ဗျားတို့ လောင်စာနဲ့ မီးတွဲလျက်ကြီးဖြစ် ရပါလို၏လို့ ဦးခင်မောင်တို့ တောင်းထားတဲ့ဆုပေါ့ဗျာ (မှန်လှပါ ဘုရား)။ ကဲပြည့် ပြီလား (ပြည့်ပါပြီ ဘုရား)။
သာမညဘုန်းကြီးနဲ့တွေ့ရင်
ဒကာ ဒကာမတွေ သာမညဘုန်းကြီးနဲ့ တွေ့ရင် မနုဿတ္တဘာဝေါ ဒုလ္လဘော၊ အံမာ အံမာ အရတော်နေတာ၊ ပျော်ပျော်နေလိုက်ဦးမယ်များ လုပ်မနေနဲ့၊ သစ္စာကျတော့ ပျော်ဖို့ကိုမပါဘူး၊ ပါသေးရဲ့ လား (မပါ ပါဘူး ဘုရား)။
အဲ-ဒါဖြင့် ကိုထွန်းဦး တရားနာကတည်းက ကိလေသာ ဘယ့်နဲ့နေ လဲ (ခြောက်ပါတယ် ဘုရား)၊ အသေအချာနာကြည့်တော့မှ နေ့တိုင်း အလောင်ခံနေရတာပဲ၊ ကျုပ်ပြေးလွှားနေတာတွေဟာ ကိုယ့်စရိတ်နဲ့ ကိုယ်ပြေးတယ်လို့ အောက်မေ့တယ်။
ဘယ်ဟုတ်မလဲ လောဘကတွန်းလိုက်၊ ဒေါသကတွန်းလိုက် မခံချင် လို့သွားတဲ့နေရာလည်း ရှိသေးတာကိုး (မှန်ပါ)၊ ရလိုလို့ သွားတဲ့နေရာ ကော (ရှိပါတယ် ဘုရား)၊ ခံသာလို့ သွားတဲ့ နေရာကော (ရှိပါတယ် ဘုရား)။
ဟ! ဒီပုဂ္ဂိုလ်ဘာဖြစ်နေတုံး၊ အို ကိလေသာမီးလောင်ပြီး မပူတဲ့နေရာ မနေနိုင်လို့ ပြေးတာ (မှန်ပါ)၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
စိုးရိမ်လို့ပြေးတော့ သောကမီးလောင်တာပဲ (မှန်ပါ)၊ ဟုတ်လား၊ ဇရာဘက်ပြေးလည်း ပရိဒေဝမီးလောင်တာပဲ (မှန်ပါ)။ ဒကာ ဒကာမတို့ ခင်ဗျားတို့ ပြေးရလွှားရတာသည် ရိုးရိုးပြေးလား၊ ပျာယာ ခတ်ပြီး မီးဟပ်လို့ ပြေးတာလား (ဗျာယာခတ်မီးဟပ်လို့ ပြေးတာပါ ဘုရား)၊ ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။
ဖြည်းဖြည်းဆိုရင် လွဲလိမ့်ဦးမယ်
ကောင်းပြီ ဒါက လက်ရှိခန္ဓာကြီး လောင်တာနော် (မှန်ပါ)၊ ခင်ဗျားတို့ ရှင်းပြပါဦးမယ်၊ ဒီလောင်တာဟာ ဒီလောက်ကိစ္စမရှိသေးပါဘူး (မှန်ပါ)၊ ခင်ဗျားတို့ ဆုရှည်ကြီးများ တောင်းထားလို့ နိဗ္ဗာန် ဖြေးဖြေးမှ ယူ မယ်လို့ ခင်ဗျားတို့ အကြံဉာဏ်များ ပေါ်လို့ရှိရင် ကောင်းကောင်းကြီး လွဲပါ လိမ့်ဦးမယ်။
ဘယ်လိုကောင်းကောင်းကြီး လွဲမတုံးဆိုတော့ ဒီဘဝပြုထားတဲ့ ဒါနလေး၊ သီလလေး၊ တရားနာထားတာလေးတွေ မရှိဘူးလား (ရှိပါ တယ် ဘုရား)၊ သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ပညာဆိုတဲ့ သူတော်ကောင်းရတနာ လေးတွေ ဝမ်းထဲ တစ်ခါတစ်ခါ မကိန်းဘူးလား (ကိန်းပါတယ် ဘုရား) ကိလေသာ မရှိတဲ့အချိန် (မှန်ပါ)။
အဲတော့ ဒီရတနာလေးတွေ၊ ဆရာကပေးထားတာလေးတွေ၊ ကိုယ်က ဆည်းပူး ထားတာ လေးတွေ၊ ခုနက ဉာဏ်ကလေးနဲ့ ထုတ်ထားတာ လေးတွေ (မှန်ပါ)။ ဘယ်ရောက်ကုန်တုံး ကိလေသာမီးလောင်လို့ ပြောင်ပြန်ပြီ (မှန်ပါ)။
သူတော်ကောင်း ရတနာတွေ ဘယ်ရောက်ကုန်တုံး (ကိလေ သာ မီးလောင် သွားပါတယ် ဘုရား)။ ဘယ်တော့ ပါရမီပြည့်မတုံး ရပ် ရင်း လောင်ရင်း၊ ရပ်ရင်း လောင်ရင်း (မှန်လှပါ)။
ဆရာသမား ဘုန်းကြီးများနဲ့ တွေ့လို့၊ သာမည တော်သေးရဲ့၊ ဒီလောက်ပဲတတ်နိုင်လို့ ဒီလောက်ပဲချီးမြှောက်တယ်ဆိုဦးတော့၊ ခင်ဗျားတို့ အိမ်ကျတော့ သောက၊ ဗျာပါဒစိတ်တွေက ဝင်မလာပေဘူးလား (ဝင် လာပါတယ် ဘုရား)။
သူကလည်း ဟဒယဝတ္ထုပေါ် ကိန်းရတာ (မှန်လှပါ)၊ သောက ဗျာပါဒကလည်း ဘယ်ပေါ်ကိန်းသတုံး (ဟဒယဝတ္ထုပေါ်ပါ ဘုရား)။
သူတော်ကောင်းရတနာလေးတွေ
ဒါဖြင့် ဟိုကမီး (မှန်ပါ) ဟုတ်လား၊ အဲဒီမီးကို ဒီကပေးလိုက်တဲ့ သူတော်ကောင်း ရတနာလေး တွေ၊ နိဗ္ဗာန်ရောက်ကြောင်းလေးတွေ၊ သစ္စာတရား နာထားတာလေးတွေ၊ သစ္စာတရား မြင်ထားတာ လေးတွေ မပေါက်မြောက်သေးတော့ကို၊ ဒါလေးတွေက သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ပညာလေးတွေက ခန္ဓာကိုယ်ထဲမှာ ခုလိုအချိန်မှာ မရှိဘူးလား (ရှိပါတယ် ဘုရား)။
ရှိပင်ရှိငြားသော်လည်း သားရေး၊ သမီးရေး၊ စီးပွားရေး ရှုပ်လာတဲ့ အခါကျတော့ ဒီထဲမှာ လောဘ၊ ဒေါသ၊ မောဟ လာပြီလား၊ မလာဘူးလား (လာပါတယ် ဘုရား)။
လာသည်နဲ့ တစ်ပြိုင်နက်တည်း သူတို့ ဘယ့်နှယ်နေသေးသတဲ့ (လောင်သွားပါတယ် ဘုရား)။
ပြည့်မည်ကြံလိုက်၊ မီးလောင်လိုက်
အဲဒါ ဘုရားအဆူဆူတို့ဟောသည်တိုင်အောင် နာရဖို့ခဲယဉ်းပါ တယ်၊ ဒကာ ဒကာမတို့ မဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား) ထိုက် တန်တဲ့ပါရမီတွေလည်းရှိကြပါရဲ့၊ ပါရမီပြည့်မည် ကြံရင် ဦးချစ်ခ ဘာဖြစ် ရင်းဖြစ်နေလဲ (လောင်ရင်းဖြစ်နေတယ် ဘုရား)။
ဒါဖြင့် သံသရာထဲမှာ ပါရမီမပြည့်လို့ထွက်ရပ်လမ်း မဝင်ရတော့ပါ ဘူးဆိုရင်ဖြင့်၊ ခင်ဗျားတို့ကလည်း ရရင်းမီးရှို့ ရင်းဆိုတော့ ဘယ်ပြည့်မှာတုံး (မပြည့်ပါ ဘုရား)၊ ကဲ ဦးဘကြည် ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ခန္ဓာကိုယ်တင်လောင်သလား၊ သူတော်ကောင်းရတနာပါလောင် သလား (သူတော်ကောင်း ရတနာပါလောင်ပါတယ် ဘုရား)၊ ဒါဖြင့် နာလိုက်တဲ့ဖြစ်ခြင်းဗျာ၊ မပြောပါနဲ့တော့။
သူတော်ကောင်းရတနာပါ လောင်ပစ်တယ်
အင်း သူတော်ကောင်း ရတနာပါလောင်ပစ်လိုက်တယ်ဆိုတော့၊ သစ္စာမသိခင်တုန်းကဖြင့် လောင်မှန်လည်းမသိဘူး၊ လောင်တာလည်း ဧကန်ပဲ၊ အရင်းတွေ အကုန်ရှုံးဗျာ၊ သဘောကျပလား (ကျပါပြီ ဘုရား) ပါလာတဲ့ အရင်းတွေဘယ့်နှယ်နေတုံး ဦးဘကြည် (ရှုံးပါတယ် ဘုရား)။
ရှုံးလိုက်တဲ့ဖြစ်ခြင်းမှ ခင်ဗျားတို့ခန္ဓာရှုံး၊ သူတော်ကောင်းရတနာ အထုပ်အထည်တွေကော ရှုံးပါတယ် ဘုရား) ရှုံးတယ်၊ ဒါဘယ့်နှယ်ကြောင့် အရှုံးကြီး ရှုံးရပါလိမ့်လို့ မေးတဲ့အခါကျလို့ရှိရင်၊ သစ္စာသိတဲ့ဉာဏ်မလာတော့ ဘူး။
သစ္စာသိတဲ့ဉာဏ်
သစ္စာသိတဲ့ဉာဏ်လာတော့ သစ္စာသိတဲ့ဉာဏ် ဒီအထဲမှာ ကိန်းနေ တယ်၊ သစ္စာရှုရင်း သစ္စာသိရင်း၊ သစ္စာရှုရင်းသစ္စာသိရင်းဆိုတော့ ကိလေသာ ဝင်ခွင့်ရသေးရဲ့လား (မရပါ ဘုရား)၊ မရတော့ဘယ်သူ့လောင်တုံး (လောင်စရာမရှိပါ ဘုရား)၊ လောင်စရာ မရှိတော့ဘူး၊ ကိလေသာ ထွက်ပြေး ရတော့တယ်၊ သူကနိုင်သွားတယ်၊ မဂ်ဉာဏ်ကသာနိုင်သွားတော့တယ်၊ ဒကာ ဒကာမတို့ ကျန်တာက နိုင်သေးရဲ့လား (မနိုင်တော့ပါ ဘုရား)။
ဒါကြောင့်မဂ်ဉာဏ်သည် ဘယ်လောက်နိုင်တယ်ဆိုတာဘုန်းကြီးရှင်း ပြမယ်၊ ဒီဘဝမှာ ခင်ဗျားတို့တစ်ထောင့်ငါးရာကိလေသာရှိတယ်ဆိုတာ အထင်အရှားပဲ၊ ဒါ ဒုက္ခသစ္စာပဲကွ ဉာဏ်ကသာဆုံးဖြတ်ချက်ချပါ၊ ဖြစ်တာ လည်း ဒုက္ခပဲ၊ ပျက်တာလည်း (ဒုက္ခပါ ဘုရား)။
အဲ “ဒုက္ခမေဝ ဥပ္ပဇ္ဇတိ ဒုက္ခံ နိရုဇ္ဇမာနံ နိရုဇ္ဇတိ” ဒုက္ခဖြစ်၍ ဒုက္ခ ပျက်တာမှတစ်ပါး ခင်ဗျားတို့ ခန္ဓာကိုယ်ထဲ ဘာမှ မရှိဘူးတဲ့ (မရှိပါ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)၊ ဖြစ်ပေါ်လာတာလည်း ဘာတွေတုံး (ဒုက္ခသစ္စာပါ ဘုရား) ပျက်သွားတာလည်းဘာတွေတုံး (ဒုက္ခတွေပါ ဘုရား)။
ဖြစ်ပျက်မှတပါး ဘာမှမရှိ
ခင်ဗျားတို့ သန္တာန်မှာ ဖြစ်ပျက်မှတစ်ပါး ဘာတွေရှိသေးသတုံး (ဘာမှမရှိပါ ဘုရား)၊ ဒါဖြင့် အဲဒီဖြစ်တာလည်းအားလုံး (ဒုက္ခပါ ဘုရား) ပျက် တာရော (ဒုက္ခပါ ဘုရား) ဘယ်ဒုက္ခကြိုက်သတုံး (ဘယ်ဒုက္ခမှမကြိုက် ပါ ဘုရား) ဘယ်ဒုက္ခမှ မကြိုက်ဘူး။
နှစ်ခုစလုံးမကြိုက်ဘူးဆိုပြီး သူ့ကိုပိုင်းခြားလိုက်၊ မင်းကိုဒုက္ခမှန်းသိပြီ၊ ဖြစ်တာလည်း တို့မကြိုက်တော့ဘူး၊ ပျက်တာရော (မကြိုက်တော့ပါ ဘုရား)၊ ဒါ သံယုတ်ပါဠိတော်မှာ ဒီအတိုင်းလာတယ်၊ ဒုက္ခပိုင်းခြားပုံရိပ်မိ ပလား (ရိပ်မိပါပြီ)။ ကစ္စာယနအနွယ်ကိုဟောတာ (မှန်ပါ့ ဘုရား)။
ကစ္စာယနအနွယ်ကို ဘုရားသခင်ကိုယ်တော်မြတ်ကြီးက “ဒုက္ခမေဝ ဥပ္ပဇ္ဇမာနံ ဥပ္ပဇ္ဇတိ၊ ဒုက္ခံ နိရုဇ္ဈမာနံ နိရုဇ္ဇတိ” ဒုက္ခဖြစ်၍ ဒုက္ခပျက်တာမှ တစ်ပါး မင်းတို့ခန္ဓာကိုယ်ထဲ ဘာမှမရှိဘူးတဲ့ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဖြစ်တာလည်း ဘာတုံး (ဒုက္ခပါ ဘုရား) ဒုက္ခသစ္စာပဲ၊ ပျက်တာကော (ဒုက္ခပါ ဘုရား) ဒုက္ခကို ခင်ဗျားတို့ပဲ စဉ်းစားကြည့်ပါတဲ့၊ သစ်ပင်လေးတစ်ပင် စိုက်ကြည့်ပါလို့ ဘုန်းကြီးကပြောတယ်၊ မျိုးစေ့လေးတစ်စေ့စိုက်ကြည့် ဦးဘကြည်ရ။
စိုက်ကြည့်တော့ အညွန့်လေးကကိုင်းပြီး ထွက်ကတည်းက ဒီအပင် လဲမှလဲပါ့မလားလို့ မေးဖို့လိုသေးသလား (မလိုပါ ဘုရား) ဘာကြောင့် မလိုတုံးဆိုတော့၊ ပျက်မည့်ဘက်သွားနေတာ၊ ဒီမှာလည်း ဖြစ်ကတည်းက ပျက်မည့်ဘက် မျက်စောင်းထိုးနေတာ။
သချိုင်းမျက်စောင်းထိုးမွေးလာတာ
ရုပ်ဓမ္မလေးတွေက ဖြစ်တယ်ဆို ဘယ်ကိုမျက်စောင်းထိုးနေတုံး၊ (ပျက်မည့်ဘက် မျက်စောင်းထိုး ပါတယ် ဘုရား)၊ နာမ်ဓမ္မကလည်း ဖြစ်ပြီးတော့ ဘယ်မျက်စောင်းထိုးတုံး (ပျက်မည့်ဘက်ပါ ဘုရား)၊ အဲ သင်္ချိုင်း မျက်စောင်းထိုးမွေးလာတာနဲ့ အတူတူပဲ၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
အဲဒီတော့ ဒကာ ဒကာမတွေ ဒီခန္ဓာကြီးဟာ နာမ်ဓမ္မတွေကြည့် လိုက်ပြန်လည်း သင်္ချိုင်း မျက်စောင်းထိုးနေတာ၊ ထွက်လာလို့ရှိရင် မျက်စောင်း ထိုးတဲ့အတိုင်း အရောက်သွားတာပဲ၊ မသွားဘူးလား သွားသလား (သွားပါ တယ် ဘုရား)။
ဒါကြောင့် ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ခင်ဗျားတို့သန္တာန်ဖြစ်တဲ့ ရုပ်ဟာလည်း ဖြစ်တာလည်း ဒုက္ခ၊ ပျက်တာလည်း ဒုက္ခ၊ နာမ်တွေကရော ဖြစ်တာလည်း ဒုက္ခလို့ခင်ဗျားတို့ကြည့်ပေး၊ ကြည့်မပေးသင့်ဘူးလား (ပေးသင့်ပါတယ် ဘုရား)။
ကြည့်ပေးလိုက်ရင် ဖြစ်ဒုက္ခပျက်ဒုက္ခဆိုတော့၊ နတ်ကိုကြည့်လိုက် ပြန်လို့ရှိရင်လည်း ဒုက္ခပဲ၊ ဗြဟ္မာကိုကြည့်လိုက်ပြန်ကော (ဒုက္ခပါ ဘုရား) သုံးဆယ့်တစ်ဘုံမှာဖြင့် ဒုက္ခချည်းပဲ (မှန်လှပါ ဘုရား)။
ဒုက္ခမြင်တဲ့ဉာဏ်လာမယ်
တောတွေ တောင်တွေ ရေတွေကြည့်လိုက်ပြန်တော့ကော (ဒုက္ခပါ ဘုရား)၊ ကိုယ့်ခန္ဓာ ဒုက္ခဖြစ်ရင် ကျန်တာတွေ ဒီအထဲ သွင်းလာတာ ပဲ၊ သဘောပါကြပလား (ပါပါတယ် ဘုရား)၊ အဲဒီတော့ ဒီဒုက္ခမြင်တဲ့ ဉာဏ်ကလေးက လာမလား မလာဘူးလား (လာပါမယ် ဘုရား) ဒုက္ခမြင်တဲ့ ဉာဏ်လာမယ်။
ဒီ ဒကာ ဒကာမတွေ ဒုက္ခမြင်တဲ့ဉာဏ်သည် သူလာတဲ့အချိန် ဘာ ဖြစ်ကြသတုံးဆိုတော့၊ ဒုက္ခကိုကြိုက်တာတော့ ဘယ်သူကကြိုက်တာတုံးလို့ မေးတော့ ဝိပလ္လာသ သတ္တိရှိလို့ တဏှာက ကြိုက်တာ၊ ဟုတ်ပလား (မှန်လှပါ ဘုရား)။ ဘယ်သူကြိုက်တာတုံး (တဏှာကကြိုက်တာပါ ဘုရား) တဏှာက ကြိုက်တာတဲ့။
တဏှာကကြိုက်တော့ ရှေ့က တဏှာကြိုက်ကို အခုဆရာဘုန်းကြီး က သစ္စာအနာခိုင်းတယ်၊ ဒါဒုက္ခသစ္စာလို့ပိုင်းခြားတယ်ခင်ဗျားတို့ကိုနော်။ ခင်ဗျားတို့သန္တာန်ရုပ်နဲ့ နာမ်ရှိတယ်၊ ရုပ်ကလည်း ဖြစ်ပျက်၊ နာမ်ကရော (ဖြစ် ပျက်)။
ဒုက္ခသစ္စာဆိုကေ
နှစ်ခုစလုံးဖြစ်တာလည်း ဒုက္ခ၊ ပျက်တာလည်းဒုက္ခ၊ နာမ်ကလည်း ဒုက္ခသစ္စာ၊ ရုပ်ကလည်း (ဒုက္ခသစ္စာ ဘုရား) ဒုက္ခသစ္စာဆိုတာကတော့ လောကုတ္တရာဖြစ်တဲ့နာမ်ရုပ်ပါ ဒုက္ခသစ္စာပဲ။ သစ္စာနဲ့ဖွဲ့ လိုက်လို့ရှိရင် လောကုတ္တရာ ရောက်နေလို့ဖြစ်ပျက် ငြိမ်းသွားပြီလို့ အောက်မေ့မနေပါနဲ့။ နိဗ္ဗာန်မရောက်သေးသ၍ ဒုက္ခသစ္စာချည်းပဲ။
ကောင်းပြီ ဒါဖြင့် ဒီဟာဖြစ်တာပျက်တာ၊ နာမ်လေးကြည့်လိုက်ပြန် တော့လည်း ဖြစ်တာနဲ့ ပျက်တာပဲရှိတယ်၊ ရုပ်ကလေးကြည့်လိုက်ပြန်တော့ ကော (ဖြစ်တာနဲ့ပျက်တာပါ ဘုရား)၊ ဖြစ်တာနဲ့ပျက်တာရှိတော့၊ ဖြစ်တာပျက်တာကိုပင် ဘုရားကဖြစ်ဒုက္ခ ပျက်ဒုက္ခကွ။
ဘာဟောထားခဲ့တုံး ဒကာ ဒကာမတို့ (ဖြစ်ဒုက္ခပျက်ဒုက္ခပါ ဘုရား) ဖြစ်တာလည်း ဒုက္ခ၊ ပျက်တာလည်းဒုက္ခပဲ၊ ဘုရားက မပိုင်းခြားဘူးလား (ပိုင်းခြားပါတယ် ဘုရား) ပိုင်းခြားတယ် ဆိုတဲ့ အတိုင်း ကျုပ်တို့က ဉာဏ် နဲ့ကြည့်လိုက်တော့ ဟုတ်သားပဲ။ ဖြစ်ပြီးပျက်တာမှတစ်ပါး ခန္ဓာကိုယ်ထဲမှာ ဘာဝေတဗ္ဗနဲ့ ပွားကြည့်လိုက်တော့၊ ဦးဘကြည် ဘာတွေ့မယ်ထင်တုံး (ဖြစ်ဒုက္ခ ပျက်ဒုက္ခပါ ဘုရား)။
ဖြစ်ပျက်တွေ့မယ်၊ ဖြစ်ပျက်တွေ့ တော့ အဖြစ်ကလည်း ဘာသစ္စာ (ဒုက္ခသစ္စာပါ ဘုရား)၊ အပျက်ကရော (ဒုက္ခသစ္စာပါ ဘုရား)။
ပထမဝိပဿနာဉာဏ်
ဒုက္ခသစ္စာလို့တွေ့လာတဲ့တစ်နေ့ကျတော့ ပထမဝိပဿနာဉာဏ်က ယထာဘူတဉာဏ်လည်း ထိုက်တန်သလောက် တွေ့သွားတယ်၊ နိဗ္ဗန္ဒဉာဏ် ကရော (တွေ့ပါတယ် ဘုရား) ထိုက်တန် သလောက် တွေ့တယ်။
ဒါပေမယ့် ဒုက္ခတော့၊ မပိုင်းခြားနိုင်သေးဘူး၊ ပိုင်းခြားနိုင်ရဲ့လား (မပိုင်းခြားနိုင်သေးပါ ဘုရား)၊ မပိုင်းခြားနိုင်သေးဘူး။
“ဒုက္ခပရိညာဘိ သမယေန အဘိသမေတိ” ဆိုခဲ့တဲ့အတိုင်း ဒုက္ခကို ပိုင်းခြားလိုက်တော့ အရင်တုန်းကဖြစ်ပျက်သာ အောက်မေ့နေတာ မဟုတ်ပါ လားဟေ့ ဖြစ်ဒုက္ခ ပျက်ဒုက္ခပါလား (မှန်ပါ့ ဘုရား) အရင်တုန်းကတော့ ဖြစ်ပျက်သာ အောက်မေ့နေတာ။
သစ္စာမဖြစ်သေးဘူး
ဖြစ်ပျက်ဆိုတော့ အနိစ္စ၊ ဒုက္ခ၊ အနတ္တတင်ဖြစ်တယ်၊ ဖြစ်ပြီးပျက်တာ အနိစ္စလို့မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား) ဖြစ်ပြီးပျက်တာကို ဒုက္ခလို့ ကော (ဆိုနိုင်ပါတယ် ဘုရား) ဖြစ်ပြီးပျက်တာကို အစိုးမရတဲ့ အနတ္တလို့ကော (ဆိုနိုင်ပါတယ် ဘုရား)။
အဲဒါက အနိစ္စ၊ ဒုက္ခ၊ အနတ္တသာဖြစ်သေးတယ်၊ ဒကာ ဒကာမတို့ သစ္စာမဖြစ်သေးဘူးတဲ့၊ သစ္စာမမြင်သေးရင် မဂ်မဖြစ်သေးဘူးဖြစ်တော့ ဖြစ်ပါ ရဲ့ လောကီမဂ်ငါးပါးသာဖြစ်တယ်။ အနိစ္စ၊ ဒုက္ခ၊ အနတ္တမြင်လို့ရှိရင်ဖြင့် ဘာသာလျင်ဖြစ်တယ် (လောကီမဂ်ငါးပါးသာဖြစ်ပါတယ် ဘုရား)။
ဒါဖြင့် “လောကုတ္တရာ အဋ္ဌင်္ဂိကောမစ္ဆေ”ဆိုတဲ့အတိုင်း ဒကာ ဒကာမတို့ ရှစ်ပါးပြည့်ဖို့ဆိုတာ ကတော့ ဒုက္ခပိုင်းခြားမှပြည့်မယ် ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒုက္ခပိုင်းခြားနိုင်ရင် ရှစ်ပါးပြည့်မယ်
ဒုက္ခပိုင်းခြားနိုင်ရင် ဘာတုံး ဒကာ ဒကာမတို့ (ရှစ်ပါးပြည့်ဖို့ ပါ ဘုရား) ဒုက္ခ မပိုင်းခြား နိုင်သေးရင် (ရှစ်ပါးမပြည့်သေးပါ ဘုရား) ဘယ်တော့မှ ရှစ်ပါးပြည့်လိမ့်မယ်လို့မအောက်မေ့နဲ့၊ ဒါဖြင့် ဘုန်းကြီးက ခတ်ကြမ်းကြမ်းနဲ့ ဒကာ ဒကာမတို့ကို ဟောတယ်၊ ဒီတရားဟာ အရေလည် လာပြီ ဟောလို့လွယ်သွားပြီ၊ မင်းတို့အနိစ္စ၊ ဒုက္ခ၊ အနတ္တက နိဗ္ဗာန်မရောက် ဘူး (မှန်လှပါ ဘုရား)။
နိဗ္ဗာန်မြင်တဲ့တရားမဟုတ်
နိဗ္ဗာန်၏ရှေ့ပြေး နိဗ္ဗာန်သာရောက်အောင်ပို့နိုင်တယ်၊ နိဗ္ဗာန်မြင်တဲ့ တရား မဟုတ်ဘူး (မှန်လှပါ ဘုရား)၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တမြင်တဲ့ဉာဏ်သည် နိဗ္ဗာန်မြင်ပါရဲ့ လား (မမြင်ပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ)။
နိဗ္ဗာန်ရောက်ကြောင်းတရား
ဒါဖြင့် အနိစ္စ၊ ဒုက္ခ၊ အနတ္တသည် နိဗ္ဗာန်ရောက်ကြောင်းတရားသာ ဆိုတယ်တဲ့၊ နိဗ္ဗာန်ကို တကယ် မျက်မှောက်ပြုနိုင်တဲ့တရားဟုတ်ပါရဲ့လားလို့ မေးရင် (မဟုတ်ပါ ဘုရား) ကြည့်ကို မကြည့် နိုင်ဘူး၊ သူကဖြစ်ပျက်နေတုန်း၊ တေဘူမကသင်္ခါရ အာရုံပြုနေတယ် (မှန်လှပါ ဘုရား)။
အသင်္ခတ အနားမသီနိုင်ဘူး
ဒါဖြင့် မဂ်ငါးပါးထဲ သင်္ခတအာရုံဆိုတော့ အသင်္ခတအနားမသီနိုင် ဘူး၊ သီနိုင်ပါ့မလား (မသီနိုင်ပါ ဘုရား) မသီနိုင်တော့နောက်ထပ် ပွားများ ပြီး သကာလ ဖြစ်ပျက်မြင်အောင်ကြည့်ပါ၊ ဖြစ်ပျက်မုန်းအောင်ကြည့်ပါ။
ဖြစ်ပျက်ဆုံးအောင်ရှုမှ နိဗ္ဗာန်ရောက်မှာ
ဖြစ်ပျက်မုန်းအောင်ကြည့်ပြီးသကာလဖြစ်ပျက်ဆုံးအောင် ရှုမှသာ လျှင် နိဗ္ဗာန်ရောက်မှာကိုး၊ မဆုံးလို့ရှိရင်ဖြင့် နိဗ္ဗာန်ရောက်ပါ့မလား (မရောက်ပါ ဘုရား) မရောက်တော့၊ ဖြစ်ပျက်ဆုံးချင် တဲ့အချိန်၊ ဉာဏ်ရင့်လာတဲ့အချိန် ကျတော့ ဖြစ်တာလေးကလည်း ဒုက္ခသစ္စာလေးပဲ။ ပျက်တာလေးကရော (ဒုက္ခသစ္စာလေးပါ ဘုရား)။
ဪ ဒီဥစ္စာ ဒုက္ခလည်းဟုတ်တယ်၊ သစ္စာလည်းဟုတ်တယ်၊ ဆင်းရဲတာလည်း သူ့ထက်ဆင်းရဲတာ မရှိတော့ဘူး၊ သစ္စာလည်း မှန်လိုက်တဲ့ ဖြစ်ခြင်း၊ သူနှိပ်စက်နေတဲ့ တရားတွေက ပီဠနဋ္ဌ၊ သင်္ခတဋ္ဌ၊ သန္တာပဋ္ဌတွေက သူ့မီးချည်းရှိနေတာပဲ (မှန်လှပါ ဘုရား)။
ပီဠနဋ္ဌကော မနှိပ်စက်တတ်ဘူးလား (နှိပ်စက်တတ်ပါတယ် ဘုရား)၊ သင်္ခတဋ္ဌရော အနှိပ်စက်မခံရဘူးလား (နှိပ်စက်ခံရပါတယ် ဘုရား)၊ သန္တာပဋ္ဌဆိုတဲ့မီးတွေကရော (လောင်ပါတယ် ဘုရား)။
သြော်-ဒီရုပ်နာမ်နှစ်ပါးသည်ကားဆိုလို့ရှိရင်၊ ရုပ်ရှုတဲ့ပုဂ္ဂိုလ်က ရုပ် ပေါ့ဗျာ၊ နာမ်ရှုတဲ့ ပုဂ္ဂိုလ်က နာမ်ပေါ့ဗျာ၊ အဲဒီကဲ့သို့ ရုပ်နာမ်တွေ တစ်ခုခုကို မဲပြီး လိုက်ပြီးရှုလိုက်ပြီဆိုမှဖြင့် သူတို့နှစ်ခုဟာ မခွဲကောင်းတဲ့တရားကိုးဗျ (မှန်လှပါ ဘုရား)။
“ဥဘော အညောညနိဿိတာ ဧကသ္မိံ ဘိဇ္ဇမာနေ ဥဘောပိ ဘိဇ္ဈန္တိ” ဆိုတဲ့အတိုင်း တစ်ခုပျက်တာမြင်လို့ရှိရင်၊ သူရောတစ်ခါတည်းတွဲလျက်ပါသွား တာပဲ။ သူတို့က အညမညကိုးဗျ (မှန်လှပါ ဘုရား)။
ရုပ်နာမ်က အညမည
နာမ်နဲ့ရုပ်နဲ့ အညမညမှီနေကြတာ၊ တောင်ဝှေးနှစ်ချောင်း ဒီလိုစု ထောင်ထားသလို၊ မြေပေါ်မှာ ထားရတော့တာပေါ့ဗျာ၊ တစ်ချောင်းဆွဲလိုက် နှစ်ချောင်းစလုံးလဲမှာပဲ၊ မလဲဘူးလား (လဲပါတယ် ဘုရား)၊ အဲဒီတော့ ရုပ်ပျက်ရင် နာမ်ပျက်တယ်လို့ဆုံးဖြတ်ချက်ချပါ၊ ဒကာ ဒကာမတွေ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
တောင်ဝှေးနှစ်ချောင်း အဖျားချင်းစုစည်းထားစမ်းပါ၊ နှစ်ခုထိပ်တိုက် နေလို့ တည်နေတာကိုးဗျ၊ ထိပ်တိုက်နေလို့တည်နေတာ၊ တစ်ချောင်းဆွဲလိုက်တော့ နှစ်ခုထိပ်တိုက်စရာရှိသေးသလား (မရှိပါ ဘုရား)၊ မရှိတော့ တစ်ခုမပြုတ်ဘူးလား (ပြုတ်ပါတယ် ဘုရား)။
ဒါဖြင့် ရုပ်ကိုမှီနေတဲ့နာမ်၊ နာမ်ကိုမှီနေတဲ့ရုပ်၊ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။
သဟဇာတနိဿယ
သဟဇာတနိဿယ ကျတော့ နာမ်ကိုမှီနေတဲ့ရုပ်၊ ပုရေဇာတ နိဿယ ကျတော့ ရုပ်ကိုမှီနေတဲ့နာမ် (မှန်လှပါ ဘုရား) ဘာထူးသေး သတုံး ခင်ဗျားတို့ (မထူးပါ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။
ပဋ္ဌာန်းနည်းနဲ့ကောကိုက်ပလား (ကိုက်ပါတယ် ဘုရား) သဟဇာတဆိုတော့ ဒီနာမ်ဖြစ်ရင် ဒီရုပ်မဖြစ်ပေဘူးလား (ဖြစ်ပါတယ် ဘုရား) ကဲ ဒါသဟဇာတနဲ့ ထောက်ပြတာ (မှန်လှပါ ဘုရား)။
ပုရေဇာတနိဿယ
ပုရေဇာတနဲ့ကျတော့ ဒီကနေပြီးသကာလ ပုရေဇာတပစ္စယောဆို တော့ သူမလာလို့ရှိရင် ဒီနာမ်သည်ကားသေဖွယ်ရာရှိတယ်၊ မရှိဘူးလား (ရှိပါတယ် ဘုရား)။
သူက ရှေ့ကတစ်ခါတည်း ပုရေဇာတဖြစ်ပြီးသကာလ ရှေ့ကနေပြီး ထောက်ပံ့ကူညီလို့ မှီစရာရှိလို့သာလျင် သူ့အသက်သည်၊ နာမ်ဓမ္မလေး အသက်ရှည်တာ၊ နို့မို့ရင်ရှည်ပါ့မလား (မရှည်ပါ ဘုရား) ဖြစ်ပျက်မှီစရာ မရှိရင် သူပေါ်နိုင်ပါ့မလား (မပေါ်နိုင်ပါ ဘုရား)။
ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဉာဏ်ရောက်ပြီးဖြစ်လို့၊ သူတို့ နှစ်ခုတစ်ခုပျက်ရင် ဘာပါလိမ့် (နောက်တစ်ခုလည်း ပျက်ပါတယ် ဘုရား) နှစ်ခုပျက်ပဲ၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ပျက်တော့ကိုသူတို့ နှစ်ခုသည်ဖြစ်တာလည်းရှိတယ်၊ ပျက်တာလည်း ရှိတယ်ဆိုတော့ ဒုက္ခမှတစ်ပါးဘာရှိသေး (မရှိပါ ဘုရား)။
ဪ ဒါဒုက္ခအစစ်ပဲလို့ဆုံးဖြတ်ချက်ချလိုက်စမ်းပါ။ မင်းနဲ့ဖြင့် နေချင်တဲ့ သတ္တိ မရှိတော့ပါဘူး လို့ဆိုရင်ဖြင့် ဒုက္ခချုပ်ပြီ၊ မချုပ်သေးဘူးလား (ချုပ်ပါတယ် ဘုရား)။
ဒုက္ခနဲ့ သမုဒယနဲ့ချုပ်သွားတယ်
ဘာဖြစ်လို့ချုပ်သတုံးလို့ မေးလို့ရှိရင်၊ သမုဒယ အရှိန်အစော် မရှိလို့၊ သူနဲ့ပတ်သက်တဲ့ သမုဒယ အရှိန်အစော် မရှိလို့တဲ့၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ချုပ်သွားတာ၊ သစ္စာဘယ်နှစ်ပါးတုံး (ဒုက္ခနဲ့ သမုဒယပါ ဘုရား)၊ သမုဒယနဲ့ဒုက္ခ။
ဒါဖြင့် ရှုနေတဲ့ဉာဏ်ဟာ ဘယ်သူနဲ့တည့်ရမှာပါလိမ့်မတုံးဆိုတော့ ဒုက္ခမရှိတာနဲ့ သွားတည့်မယ်၊ ဘာနဲ့သွားတည့်မယ် (ဒုက္ခမရှိတာနဲ့ သွားတည့်ပါမယ် ဘုရား)။
ဒုက္ခမရှိတာ နိရောဓသစ္စာ
ဒုက္ခမရှိတာက ဘာသစ္စာ (နိရောဓသစ္စာပါ ဘုရား) နိရောဓ သစ္စာက ဘယ်သူ့နိရောဓါလဲ (ဒုက္ခနိရောဓေါ ပါ ဘုရား) ကိလေသ နိရောဓော ကော ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒုက္ခကလည်း ဆက်သွယ်သေးသလား (မဆက်သွယ်ပါ ဘုရား)၊ ကိလေသာနဲ့ကော (မဆက်သွယ်ပါ ဘုရား)။
ဒါဖြင့် “တဏှာနိရောဓါ နိဗ္ဗာနံ၊ ဒုက္ခနိရောဓါ နိဗ္ဗာနံ” – ဟောဒီမယ် ခင်ဗျားတို့ ရှုပါ၊ ရှုဉာဏ်နဲ့ကို သွားကိုက်တယ်၊ မကိုက်ဘူးလား (ကိုက်ပါ တယ် ဘုရား)။
နိဗ္ဗာန်သည်ခန္ဓာအဆုံးမှာရှိတယ်
ဒါဖြင့် နိဗ္ဗာန်သည်ကားဆိုလို့ရှိရင် ခန္ဓာအဆုံးမှာရှိတယ်ဆိုတော့၊ ဟော ဒီအဆုံးမှာ နိဗ္ဗာန်ရှိတယ် (မှန်လှပါ ဘုရား) ရှင်းပလား (ရှင်းပါ ပြီ ဘုရား)။
နိဗ္ဗာန်သည် ခန္ဓာထဲမှာမရှိဘူး၊ ခန္ဓာအဆုံးမှာရှိတယ် (ရှိပါ တယ် ဘုရား) ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။