သစ္စဉာဏ်(၄)

သစ္စဉာဏ် အမှတ်(၄)

အသံဖိုင်ခေါင်းစဉ်= အရှင်ကောဏ္ဍည သစ္စာသိပြီး သောတာပန်တည်ပုံ တရားတော်

စာအုပ်ခေါင်စဉ်= အရှင်ကောဏ္ဍည သစ္စာသိသွားပြီ

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး ရန်ကုန်မြို့၌

ဟောကြားတော်မူသောတရားတော်

အရှင်ကောဏ္ဍည သစ္စာသိသွားပြီ

(၉-၇-၆၂)နံနက်

အားလုံး ဒကာ ဒကာမတွေ ကြားဖူးကြပါလိမ့်မယ်နော်၊ “အညာသိ ကောဏ္ဍညော” ဆိုတဲ့ ပါဠိဟာ ကိုယ်တိုင်ရင်လည်း ရတဲ့ ပုဂ္ဂိုလ်လည်း အသင့် အတင့် ပါလိမ့်မယ်၊ သူများ ရွတ်သံ ကြားဖူးတာ လည်း ပါလိမ့်မယ်။

အရှင်ကောဏ္ဍညသည် သိသွားပြီ

ကောဏ္ဍညော၊ ကောဏ္ဍညသည်။ အညာသိ၊ သိသွားပြီ။ ကောဏ္ဍညသည် သိသွားပြီ၊ ကောဏ္ဍည သိသွားပြီ ဆိုတဲ့ဥစ္စာ ဒကာ ဒကာမတွေ ဘာသိသွားတာတုံးလို့ မေးဖို့ မလိုဘူးလား ။ (လိုပါတယ်ဘုရား၊ လိုပါတယ်) လိုတယ်။

“ကောဏ္ဍညော၊ ကောဏ္ဍညသည်။ အညာသိ၊ သိသွားပြီ” ဆိုတဲ့ ဥစ္စာဟာ လူ့ပြည်မှာ လည်း ကျော်ကြားတယ်၊ နတ်ပြည်မှာ လည်း ကျော်ကြားတယ်၊ ဗြဟ္မာပြည်လည်း ကျော် ကြားတယ် အကုန်ပဲ၊ “ကောဏ္ဍည သိသွားပြီ ကောဏ္ဍည သိသွားပြီ” ဆိုတဲ့ ဥစ္စာ အားလုံးပဲ ကျော်ကြားတယ် (မှန်ပါ့)။

သိသွားတယ်ဆိုတာသည် ဘာပါလိမ့်မလဲလို့ မေးတော့ မှ ဒကာ ဒကာမတို့ သစ္စာ သိသွားတယ်၊ ဒကာ ဒကာမတွေ ဘာများသိသွားသလဲ (သစ္စာ သိသွားပါတယ် ဘုရား)။

သောတာပန် ဖြစ်သွားပြီ

သစ္စာ သိသွားတယ်လို့ မှတ်လိုက်စမ်းပါ၊ ကောင်းပြီး ဒါဖြင့် သစ္စာ သိသွားတော့ကို ဘာဖြစ်ပါ လိမ့်မလဲလို့ အမေးထုတ် ဖို့လိုလာတယ်၊ သောတာပန် ဖြစ်သွားပြီလို့ ဟောတာ၊ ဘာဖြစ် သွားပါလိမ့် (သောတာပန်ဖြစ်သွားပြီလို့ ပြောတာပါ) သောတာပန် ဖြစ်သွားပြီလို့ ပြောတော့ ကောဏ္ဍညမှာ အဲဒီ အချိန်မှာ စဉ်းစားဖို့ အရေးကြီးပါတယ်။

သူ့လက်ထဲမှာလည်း ဘာမှပါမလာဘူး၊ ဒါနလည်း မပါ ဘူး၊ သီလကလည်း မပါဘူး၊ သီလက ခေါင်းပါးအောင် ကျင့်တဲ့ အကျင့်ကိုယူ သူကျင့်နေတဲ့အတွက် ပဉ္စာတပ ခပ်ဆန်ဆန်ပဲ ဖြစ်ပြီး သကာလ နေတယ်ဆိုတာ မှတ်ရလိမ့်မယ်။

သီလက မပေါ်သေးဘူး

အဲဒါကြောင့် ဒကာ ဒကာမတွေ သူသိသွားတဲ့အချိန်မှာ သောတာပန် တည်တယ် ဆိုတဲ့ ဥစ္စာက ဒီနေရာမှာ ဒါန ကလည်း သူမပါ-ပါဘူး၊ တရားနာ နေတာ သီလကလည်း မပေါ်သေးပါဘူး တဲ့၊ သီလ ဆောက်တည်ဖို့လို့ မပေါ်သေးပါဘူး။

သစ္စာသိတာနဲ့ပဲ ကဲ၊ သိတဲ့ အထဲမှာ သီလ ဝင်ပြီး သကာလ သောတာပန် တည်သွားတာပဲ ရှင်းကြပလား (မှန်ပါ့ ဘုရား) ကောင်းပြီ။

ဒါဖြင့် ဒီ ဒကာ ဒကာမတွေလည်း ယနေ့သိအောင်ပဲ ပြောပေးပါ့မယ် သိရင် ကိစ္စပြီးတယ် ဆိုတဲ့ဥစ္စာ နောက်တော့ ရှင်းလာပါလိမ့်မယ်နော်၊ ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ “ဘာသိရမှာတုံး ဘုရား” ဆိုပြီး ဒကာ ဒကာမတွေက မေးတဲ့အခါ ကျတော့ မနေ့ည ကလည်း ပြောထားလို့ ဒကာ ဒကာမတွေ ရိပ်မိပါပြီ။

သစ္စာလေးပါး တစ်ပြိုင်နက် သိသွားတယ်

ဘာသိသွားတာပါလိမ့် (ဒုက္ခသစ္စာ သိသွားတာပါ ဘုရား)။ ဒုက္ခသစ္စာပဲ သိသွားတယ် ဆိုတာ ဆုံးဖြတ်ချက်ချပါ၊

ဒုက္ခသစ္စာ သိသွားတော့ ဒုက္ခသစ္စာက ဒုက္ခသစ္စာ သိတာက မဂ္ဂသစ္စာ၊ သေတာက သမုဒယသစ္စာ၊ နောက်ခန္ဓာ မလာတာက နိရောဓသစ္စာ ဆိုတာ တစ်ပြိုင်နက်တည်း သိသွားတာ၊ သစ္စာ လေးပါး တစ်ပြိုင်နက် သိသွားတယ်၊ ရိပ်မိကြပလား (မှန်ပါ့)။

ကောဏ္ဍည သိသွားတယ် ဆိုတာ သစ္စာလေးပါး ဘယ်လို ပါလိမ့် (တစ်ပြိုင်နက် သိသွား ပါတယ် ဘုရား) တစ်ပြိုင်နက် သိသွားတာလို့ ဆုံးဖြတ်ချက်ချပါ။

ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ တစ်ပြိုင်နက် တည်း သိလို့ ခန္ဓာထဲမှာ ကိုယ့် ဖြစ်စဉ်ကို ကိုယ် တစ်ပြိုင်တည်း သိသွားရင် ကိစ္စပြီးမယ်လို့ ဆုံးဖြတ်ချက် ချပါ ကိုယ့်ခန္ဓာထဲမှာ သစ္စာလေးပါး တစ်ပြိုင်နက် ဖြစ်တာ သိရင် ကိစ္စပြီးမယ်လို့ မှတ် ကြပါ၊ ဦးမြ(မှန်ပါ့)။

ပွားသိ သိရမယ်

သစ္စာမသိဘဲနဲ့ နိဗ္ဗာန်ဝင်တဲ့ ပုဂ္ဂိုလ် ရှိရဲ့လား (မရှိပါ ဘုရား) မရှိတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ သိမှုဟာ အရေးကြီးပါတယ် သိပြီးတော့ သိရုံလေးနဲ့ ပြီးရောလားလို့ မေးတဲ့ အခါ ကျတော့ ပွားသိ-သိမှလို့ မှတ်လိုက်ပါဦး (မှန်ပါ့ ဘုရား)။

ဘယ်လိုသိမှပါလိမ့် (ပွားသိ- သိမှ) ပွားသိ- သိရလိမ့် မယ်ဆိုတာ ဆုံးဖြတ်ချက်ချပါ။

ပွားသိ- သိသွားလို့ရှိရင်ဖြင့် ခင်ဗျားတို့၏ အပါယ် လေးပါး သူများပါးစပ်ထဲမှာ ခန္ဓာကိုယ် ထိုးအပ်ရမည့် သေပွဲ တွေ၊ အပါယ်ငရဲမှာ မချိမဆံ့ ခံရမည့် နာပွဲကြီးတွေ၊ နောက်က ပြုခဲ့တဲ့ အမိုက်အမဲ အကုသိုလ်ကံတွေ၊ ယခုဘဝ မသိမလိမ္မာလို့ မိုက်ထားတဲ့ အပါယ်သွားမည့် ကံတွေဟာ အဲဒီ ပွားပြီးသိတဲ့ တစ်လုံးက အကုန် ပယ်ချလိုက်ပါတယ်၊ သိပ် အဖိုးတန်ပါတယ်။

အဲဒီတော့ ဒကာ ဒကာမတွေ ဘုန်းကြီးတို့က ပြောလို တာက အကုသိုလ် ကြွေးတွေဟာ လူတိုင်းမှာ အများကြီးရှိတယ်၊ (ဝါ) အနန္တ ရှိတယ် ဆိုတာ ဆုံးဖြတ်ချက်ချပါ။

ကြွေးရှိနေတဲ့ ပုဂ္ဂိုလ်သည် ကြွေးမဆပ်လို့ရှိရင် အတိုး သာ တက်စရာ ရှိတယ် ကြွေးရှိတဲ့ ပုဂ္ဂိုလ်ဟာ ကြွေးကို မဆပ် လို့ရှိရင် အတိုးသာ တက်စရာ ရှိတယ် ဦးညွန့်တို့၊ ဦးမြတို့ (မှန်ပါ့) ဘယ်နည်းနဲ့ ခင်ဗျားတို့ ကျေအေးတဲ့ သဘော ဖြစ်နိုင် ပါ့မလဲ။

ဆားတစ်လျက်နှင့် ကျေတယ်

အခု ဘုန်းကြီး ဟောမည့်တရားက ကိုထွန်းအောင်ကြီး မှတ်ပါ (မှန်ပါ့) ဆားတစ်လျက်နဲ့ အကုန် ကျေပါလိမ့်မယ်၊ ပွားပြီး သိတဲ့ တစ်လုံးနဲ့ အကုန် ပျောက်ပါလိမ့်မယ်၊ ပျက်ပါလိမ့် မယ် ဆိုတော့

ေဩာ် တို့ ကြွေးလည်း ရှိတယ်၊ ဆားတစ်လျက်ဆို တဲ့ မဂ်ကလေး ပေါ်လိုက်ရင် ကိစ္စပြီးတယ်လို့ ဒီလို ဆုံးဖြတ်ချက် ချထားတော့ ဪ ဒီဆားတစ်လျက်ဖြင့် လျက်မှ တော်မယ် ဆိုတဲ့ စိတ်ကို ယနေ့ သန်သန်ထွားထွား မွေးပါလို့ သတိပေး လိုက်ပါတယ်။

ဆားတစ်လျက်ကို ဆားတစ်လျက်ကို သိန်းပေါင်းများ စွာ တင်နေတာ သူကလာပြီး ဆားတစ်လျက်နဲ့ ကျေပါတယ်ဆို ရင် ကျုပ် ကျေပါ့မယ် ဆိုရင် ခင်ဗျားတို့ ဒီဆားကလေး သွားပြီး သကာလ ကိုယ်ကိုယ်တိုင် လျက်ပြီး သကာလ ဖြစ်စေ၊ ကြွေးရှင်က ဒါလျက်လို့ ကျေအေးသည် ဖြစ်စေ ခင်ဗျားတို့ လုပ်ထိုက်တယ် ဆိုတဲ့ အဓိပ္ပာယ် မှတ်ပါ။

မမှတ်ထိုက်ဘူးလား (မှတ်ထိုက်ပါတယ် ဘုရား) အဲဒါ ကြောင့် ဆားတစ်လျက်နဲ့ပဲ ကျေတဲ့ ဆေးကို ဒကာ ဒကာမတွေကို ပေးပါ့မယ်။

ခင်ဗျားတို့က ဆားလျက်တာ မပျင်းပါနဲ့ ဆိုတာ သတိ ပေးပါတယ် မပေးသင့်ဘူးလား (ပေးသင့်ပါတယ် ဘုရား)။

မိုက်ထားတာတွေ

ခင်ဗျားတို့ မိုက်ထားတာတွေ ကိုတော့ဖြင့် ဂဏန်းရေတွက် ပြမယ် ဆိုလို့ရှိရင်ဖြင့် မျက်လုံး ဖွင့်လိုက်လည်း တဏှာ၊ ဥပါဒါန်၊ ကံ ဆိုတာ မလာဘူးလား (လာပါတယ် ဘုရား)။

နားထောင်လိုက်လည်း တဏှာ၊ ဥပါဒန်၊ ကံ လာတာပဲ။

စားလိုက်ပြန်လည်း တဏှာ၊ ဥပါဒါန်၊ ကံ လာတာပဲ။

ကိုယ်ပေါ်ယားယံလို့ ဖျောက်လိုက်ပြန်လည်း ဒေါသ၊ သောက လာပြန်တာပဲ။

စိတ်ထဲမှာ တစ်ခါတည်း နေ့လယ်က လုပ်ထားတာတွေ ည စားမြုံ့ပြန်ပြီး ကြံလုံးတွေ ထုတ်နေ ပြန်လည်း တဏှာ၊ ဥပါဒါန်၊ ကံမြောက်တာပဲ၊ ပြေစရာအကြောင်း မြင်ရဲ့ လား (မမြင်ပါ ဘုရား)။

အဲဒါ မဂ်တည်းဟူသော ဆားတစ်လျက်နဲ့ ဆရာဘုန်းကြီးက ကယ်နိုင်တဲ့အခါ သိလည်း သိနေတဲ့ အခါမို့ ခင်ဗျားတို့ ဘာမျှမပူနဲ့၊ ဒီမဂ်ပေါက်အောင် အလုပ်ကိုလည်း ဘုန်းကြီး နည်းပေးမယ်။

ကြွေးဟောင်းတွေ ကြွေးသစ်တွေ

ခင်ဗျားတို့ ကြွေးတွေလည်း ကြွေးဟောင်း၊ ကြွေး သစ်ရော အကုန်ပြေပါလိမ့်မယ် ဆိုလို့ ရှိရင်ဖြင့် သခင်ဝတင်တို့ လုပ်ထိုက်တယ် (လုပ်ထိုက်ပါတယ်) နောက်က ဒကာ ဒကာမ တွေ ဘယ်လိုပါလိမ့် (လုပ်ထိုက်ပါတယ် ဘုရား) လုပ်ထိုက်တယ် ဆိုတာ ကျေနပ်ပလား (မှန်ပါ့၊ ကျေနပ်ပါတယ်) ကောင်းပြီ။

ဒါဖြင့် ဒကာ ဒကာမတို့ လုပ်ထိုက်တဲ့ အလုပ်ကိုဖြင့် ဦးမြ လုပ်မှ ကောင်းမယ်၊ ကြွေးရှိသလား၊ မရှိဘူးလား ဒကာ ဒကာမ တွေမှာ (ရှိပါတယ် ဘုရား)။

အကုသိုလ်ကြွေးတွေပေါ့ ဗျာကိုင်း မဂ်တည်းဟူ သော ဆားတစ်လျက်နဲ့ ပြေမယ် ဆိုလို့ ရှိရင်ဖြင့် ပြုံးပြီး ဆပ်ဖို့ ကောင်းတယ်။

တစ်သံသရာလုံးက တင်လာတဲ့ ကြွေးလည်း ပြတ်ပါ လိမ့်မယ်၊ ယခု ဘဝမသိလို့ မိုက်မဲထားတဲ့ ကြွေးတွေကော (ပြတ် ပါတယ် ဘုရား) ပြတ်ပါလိမ့်မယ် ဆိုတော့ ေဩာ် တို့အရေးကို ကယ်တင်မည့် ဆရာသမားဟာ ရှိသေးတယ် ဆိုတာ မှတ်လိုက် စမ်းပါ။

ကယ်တင်မည့်ဆရာ ရှိသေးတယ်

တို့အရေး ကယ်တင်မည့် ဆရာသမား ရှိသေးတယ် ဆို တာ သေသေချာချာ မှတ်ပါ၊ အဲဒီတော့ကို ခင်ဗျားတို့ အပေါင်း အသင်းကလေး မလွဲပါစေနဲ့ ဆိုတာလေးတော့ သတိပေး ရတယ်။

ဘာ သတိပေးမှာပါလိမ့် (အပေါင်းအသင်း မလွဲပါစေနဲ့) တဏှာ မပေါင်းပါနဲ့၊ သဒ္ဓါ၊ ပညာနဲ့သာ ပေါင်းပါလို့ ။

တဏှာကိုဖြင့် (မပေါင်းပါနဲ့)။ သဒ္ဓါ၊ ပညာဖြင့် (ပေါင်းပါ)။

ပေါင်းပါ ဆိုတော့ကို ဒါ ဘုရားသခင် ကိုယ်တော်မြတ် ကြီးက တဏှာပေါင်းရင် သံသရာ ရှည်မယ်၊ သဒ္ဓါ၊ ပညာပေါင်း လို့ရှိရင် သံသရာ ပြတ်မယ်၊ ရိပ်မိကြပလား ။

တဏှာပေါင်းရင် သံသရာရှည်မယ်

တဏှာပေါင်းရင် (သံသရာရှည်မယ်) တဏှာပေါင်းရင် သံသရာ ရှည်မယ် ဆိုတော့ ဒကာ ဒကာမတွေ မြင်တဲ့ အတိုင်းပါပဲတဲ့ စက်ဝိုင်းက သေးနေတယ်၊ နေ့လယ်မှ ရမယ် ထင်တယ် (နေ့လယ်မှ ရပါမယ် ဘုရား) နေ့လယ်မှ ရရင်လည်း ပြီးတာပဲ နောက်လာမှာကတော့ ၄ ပေ အဝိုင်းကြီး ဆိုတော့ အဝေးကပါ မြင်ရပါလိမ့်မယ် (မှန်ပါ့ ဘုရား) ဒကာ ဒကာမတွေ အဝေးက –

တော့ မှန်းကြည့်ပေါ့လေ၊ စာနဲ့ မှန်းကြည့်ပေါ့ စာရွက်နဲ့။

တဏှာကို ပေါင်းမိတဲ့အတွက် ဒီဘက် လှည့်ပတ် သွား တယ်၊ သံသရာ ရှည် မရှည် (ရှည်ပါတယ် ဘုရား) တဏှာ၊ ဥပါဒါန်၊ ကံ၊ ဇာတိ၊ ဇရာ၊ မရဏ၊ အဝိဇ္ဇာ၊ သင်္ခါရ မရှည်ပေ ဘူးလား (ရှည်ပါတယ် ဘုရား) ဒါဘယ့်နှယ် ဘာပေါင်းမိလို့ ပါလိမ့် (တဏှာ ပေါင်းမိလို့ပါ ဘုရား)။

သဒ္ဓါ ပညာ ပေါင်းလိုက်ပါ

ဒီနေရာမှာ သဒ္ဓါ၊ ပညာ ပေါင်းလိုက်လို့ ရှိရင်ဖြင့် ဒကာ ဒကာမတို့ ဒီဘက်သွားသေးရဲ့ လား (မသွားပါ ဘုရား)။

ဒါဖြင့် အပေါင်းအသင်း မလွဲလို့ရှိရင် ၃-နံပါတ်နဲ့ ၄နံပါတ် မလာတော့ပါဘူး (မလာပါ ဘုရား) အပေါင်းအသင်း လွဲလို့ရှိရင် သူ့ကို ပေါင်းမိလို့ရှိရင် တဏှာ ပေါင်းမိလို့ ရှိရင် ဥပါဒါန် က အဖော် လိုက်လာလိမ့်မယ်။

ဥပါဒါန် အဖော်လိုက်လာလို့ရှိရင် ခင်ဗျားတို့ ကာယကံ၊ ဝစီကံ အကုသိုလ်တွေက မလာပေဘူးလား (လာမှာပါ ဘုရား) လာခဲ့သည်ရှိသော် စုတိမနေ သေလွန်သည်၏ အခြားမဲ့၌ ဒီဆက် ပြီး သကာလ ဇာတိ၊ ဇရာ၊ မရဏ ဆိုတာ မလာပေဘူးလား၊ လာ မလား (လာပါတယ်)။

လာလိမ့်မယ်ဆိုတာ သေချာကြပလား (သေချာပါ တယ် ဘုရား)။

အပေါင်းအသင်း မလွဲစေနဲ့ဆိုတာ

ဒါဖြင့် ဒကာ ဒကာမတို့ “အပေါင်းအသင်း မလွဲစေနဲ့” ဆိုတာက မူးတဲ့လူ၊ ရူးတဲ့လူ၊ ဘိန်းရှူတဲ့လူ၊ အရက်သောက်တဲ့ လူ၊ ဒါကို ဆိုတာ မဟုတ်ပါဘူး။

သဒ္ဓါ ပညာ ပေါင်းပြီး သကာလ တဏှာနဲ့ မပေါင်းနဲ့ ပြောတာ။

မွေးလာတာက တပည့်တော်တို့ တဏှာ အဖော် လုပ်ပြီး မွေးပါတယ် ဘုရား၊ အရှင်ဘုရားက မပေါင်းနဲ့ ဆိုတော့ မခက်ဘူး လား ဆိုတာလည်း ဆင်ခြေလဲမယ် ဆိုရင် လဲနိုင်တယ် မလဲနိုင် ဘူးလား (လဲနိုင်ပါတယ် ဘုရား)။

လဲနိုင်တော့ကိုတဲ့၊ ပေါင်းသင်းနည်းကို ခင်ဗျားတို့ကို ဘုန်းကြီးက သင်ပေးလိုက်လို့ ရှိရင်ဖြင့် ငယ်ပေါင်းပင် ဖြစ်လင့် ကစား ငယ်ပေါင်းထက် ကောင်းတဲ့ မိတ်ဆွေ တွေ့တဲ့အခါ သူ့ကို လွတ်ပစ် လိုက်ရင် ပြီးတာပဲ မပြီးဘူးလား (ပြီးပါတယ် ဘုရား)။

အဲဒါကြောင့် ဒီဘက်က ဒကာ ဒကာမတို့ ဟိုဘက်က ဒကာ ဒကာမကြီးတို့ ကြပ်ကြပ် သတိထားပါ၊ အပေါင်းအသင်း လွဲတာသည် သံသရာ ရှည်တယ်၊ မရှည်ဘူးလား (ရှည်ပါတယ် ၊ ဘုရား)။

သဒ္ဓါ ပညာနဲ့ ခန္ဓာနဲ့ ပေါင်းပါ

အပေါင်းအသင်း မှန်လို့ရှိရင် သံသရာ မပြတ်ဘူးလား (ပြတ်ပါတယ် ဘုရား) သဒ္ဓါ ပညာ ကလေး ဒီကနေ ထားပြီး သကာလ ပေါင်းကြမယ် ဆိုလို့ရှိရင် သဒ္ဓါ၊ ပညာနဲ့ ခန္ဓာနဲ့ပေါင်း။

တဏှာနဲ့ ခန္ဓာနဲ့ မပေါင်းပါနဲ့ရှင်းပလား (ရှင်းပါပြီ) တဏှာနဲ့ ခန္ဓာနဲ့တော့ (မပေါင်းရပါ ဘုရား) သဒ္ဓါ ပညာနဲ့ ခန္ဓာနဲ့တော့ (ပေါင်းရပါတယ် ဘုရား)။

ပေါင်းလိုက်လို့ ရှိရင်ဖြင့်တဲ့၊ ဒီဘက် သံသရာကြီးဟာ လုံးလုံးပြတ်သွားပါမယ် (မှန်ပါ့) သဒ္ဓါ ပညာနဲ့သာ ပေါင်းပါ။

ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ သဒ္ဓါ ပညာနဲ့သာ ပေါင်းလို့ ခန္ဓာကို ယောက်ျား, မိန်းမရယ်လို့ မသိဘဲနဲ့ အနိစ္စရယ် လို့ သိပါတယ်၊ သဒ္ဓါ ပညာနဲ့ ပေါင်းလိုက်တဲ့ အခါကျတော့ ခန္ဓာ ကို ဘယ်လို သိပါလိမ့် (အနိစ္စရယ်လို့ သိပါတယ်) ဖြစ်ပြီးပျက် တဲ့ အနိစ္စရယ်လို့ သိပါတယ်။

တဏှာနဲ့ ပေါင်းလိုက်တဲ့ အခါကျတော့ ငါ- လူပုံအလယ် မှာ လူတစ်လုံး လုပ်နေတာပဲ ဆိုပြီး တဏှာတွေ မာနတွေ အကုန် လာပစ်လိုက်တယ်၊ ပပဉ္စ မလာဘူးလား (လာပါတယ် ဘုရား)။

ပပဉ္စလာတော့ သံသရာ ဘယ့်နှယ် နေပါ့မလဲ (ရှည်ပါတယ် ဘုရား) ရှည်သွားတယ် ဆိုတော့ ဒကာ ဒကာမတွေ ငြင်းဆန်ဖို့ လိုသေးသလား (မလိုပါ ဘုရား)။

အဲဒါကြောင့် အပေါင်းအသင်း လွဲမှာ တစ်ခုကို ဘုရား သခင်ကိုယ်တော်မြတ်ကြီးက အင်္ဂုတ္တိုရ် ပါဠိတော် စတုက္က နိပါတ် မှာ “တဏှာ ဒုတိယော ပုရိသော” ဆိုပြီး တဏှာနဲ့ တော့ မပေါင်း ပါနဲ့ကွာ၊ “တဏှာ ဒုတိယော ပုရိသော” ဆိုတဲ့ဥစ္စာ တဏှာတည်း ဟူသော အဖော်နဲ့ မင်းနဲ့ သံသရာမှာ နေခဲ့လို့ အဝိုင်းပြီး ပြေးနေရ တယ်၊ ရိပ်မိပလား (ရိပ်မိပါပြီ)။

တဏှာ ပေါင်းရင် အဝိုင်းပြေး ပြေးရတယ်

တဏှာတည်း ဟူသော အဖော်နဲ့ ပေါင်းတော့ ဒီဘက် လှည့်ပြီး တစ်ခါတည်း အကုန် ဝိုင်းတော့ တာပဲ၊ တဏှာပေါင်း လိုက်တာ အဝိုင်းပြေး ပြေးရတယ်၊ ရှင်းကြပလား (ရှင်းပါပြီ) တဏှာ ပေါင်းလိုက်တာကတော့ (အဝိုင်းပြေး ပြေးရပါတယ်) အဝိုင်းပြေး ပြေးရတယ် ဆိုတာ သဘော ပါကြပလား (မှန်ပါ့)။

ကဲ သဒ္ဓါ ပညာ ပေါင်းလိုက်တဲ့ အခါကျတော့ တဏှာနဲ့ ကျုပ်တို့က မိတ်ဖြတ် ပစ်လိုက်တဲ့ အခါကျတော့ သံသရာ ဒီဘက် ထွက်သွားပြီး သကာလ နိဗ္ဗာန်ဘက် ရောက်သွားတယ်။

ဒါဖြင့် အပေါင်းအသင်း ဟာလည်း သိပ်အရေးကြီးတာပဲ (မှန်ပါ့) မကြီးဘူးလား (ကြီးပါတယ် ဘုရား) နောက်က ဒကာ ဒကာမတွေ ကြားရရဲ့ လား (ကြားရပါတယ် ဘုရား)။

အေး ကြားရလို့ရှိရင်လည်း အဖိုးတန်ပြီ၊ မကြားရလို့ရှိ ရင်လည်း ရှေ့သာတိုး၊ တံခါးပိတ်ချင်ပိတ်၊ ပိတ်ထား။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ “အညာသိ ကောဏ္ဍညော” ကောဏ္ဍညော၊ ကောဏ္ဍညသည်။ အညာသိ၊ သဒ္ဓါပညာနဲ့ သိသွားပြီ။

သဒ္ဓါဆိုတာ

သဒ္ဓါဆိုတာက ဘုရားဟောတာ ယုံကြည်ပါ၊ ရမ်းပြီး တော့လည်း မယုံကြည်လိုက်ပါနဲ့၊ ဘုရားက ဟောတော့ ဟော တာပဲ၊ ကိုယ်က ရမ်းယုံကြည်လို့ ရှိရင်လည်း မဖြစ်သေးဘူး၊ ဘုရားဟောတာနဲ့ ခန္ဓာနဲ့ ကိုက်ပြီးတော့ ယုံပါ၊ သဘောကျကြ ပလား (မှန်ပါ့ ဘုရား)။

ဘုရားက ဟောတာနဲ့ ကိုယ့်ခန္ဓာ ဖြစ်စဉ်နဲ့ကိုက်တာကို ယုံလို့ ရှိရင် ဒါ သဒ္ဓါလို့ မှတ်ပါ၊ သဒ္ဓါ ရှေ့ပြေးမှ ပညာ နောက်က လိုက်နိုင်ပါတယ် ဆိုတာကိုလည်း သေသေချာချာ မှတ်ပါ။

သဒ္ဓါက မယုံကြည်လို့ရှိရင် သူပြောတာ မယုံကြည်ဘူး ဆိုရင် ပညာက စူးစူးစိုက်စိုက် ရှုပါဦးမလား (မရှုပါ ဘုရား) အဲဒါကြောင့် ဘာပေါင်းကြရမယ်ဆိုတာလည်း ဒကာ ဒကာမတွေ ရိပ်မိလောက်ပါပြီ။

ဘယ်သူ့ကို ပေါင်းကြရမယ် (သဒ္ဓါနဲ့ ပညာကို ပေါင်း ကြရမယ်) ဘယ်သူ့ကိုဖြင့် မပေါင်း ဘဲနဲ့ ခွဲခွာ နေရမယ် ဆိုတာ ကော ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဘာပေါ်တုံး (တဏှာမာနပါ ဘုရား) တဏှာ ပေါင်းလို့ ရှိရင် ဒီဘက် လှည့်မယ် (မှန်ပါ့) သဒ္ဓါ ပေါင်းလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ ဒါ ပစ္စုပ္ပန်ဘဝ (မှန်ပါ့) ပစ္စုပ္ပန်ဘဝမှာပဲ သဒ္ဓါ ပညာ ပေါင်းလိုက်တဲ့ အတွက် နိဗ္ဗာန်ဘက် ထွက်သွားတယ်။

တဏှာ ပေါင်းလိုက်လို့ရှိရင် ဒီမြားက ပြတယ်၊ ဒီဘက် – သံသရာဘက် လှည့်သွားတယ် (ဤနေရာ၌ စက်ဝိုင်းကို ပြသည်)။

တဏှာပေါင်းရင် သံသရာလှည့်ပါတယ်၊ ရိပ်မိကြပလား (ရိပ်မိပါတယ်)။

သဒ္ဓါနဲ့ပညာပေါင်းပါ

သဒ္ဓါ ပညာ ပေါင်းရင် နိဗ္ဗာန်ဘက်လှည့်ပါတယ် ဒကာ ၊ ဒကာမတွေ သဘောပါကြပလား (ပါ-ပါတယ် ဘုရား) သေသေချာချာ စဉ်စားပါ-သေသေချာချာ စဉ်းစားပါ၊ ကဲဒါဖြင့် သခင်ဝတင်တို့ ကျေနပ်ပလား၊ ဘာပေါင်းရမလဲ (သဒ္ဒါနဲ့ပညာ ပါ ဘုရား)။

သဒ္ဓါနဲ့ပညာပေါင်းပါ ဒကာ ဒကာမအပေါင်းတို့၊ သဒ္ဓါနဲ့ ပညာပေါင်းပါလို့ သတိ ပေးလိုက် ပါတယ်။

တဏှာကို ပေါင်းလို့ရှိရင် ခင်ဗျားတို့ သူများပြော မဟုတ် ပါဘူး၊ ဒီဘက် လှည့်သွားတယ် မလှည့်ဘူးလား (လှည့်ပါ တယ် ဘုရား)။

သဒ္ဓါနဲ့ပညာ ပေါင်းလိုက်တဲ့ အခါ ကျတော့ ဟောဒီ အကျိုး ကလေးကြည့်ပါ ဒကာ ဒကာမတို့ ၊ နိဗ္ဗာန်ဘက် လှည့် သွားပါတယ်။ တဏှာ နိရောဓော နိဗ္ဗာန် ဘက် လှည့်သွားတယ်၊ ဒါ- အပေါင်းအသင်း လွဲမှုနှင့် အပေါင်းအသင်း မှန်မှုဟာ အတော် ခြားနားပါတယ်၊ မခြားနားဘူးလား (ခြားနားပါတယ် ဘုရား)။

အပေါင်းမှန်ဖို့ ဆုံးမနေပါတယ်

အဲဒါကြောင့် ဒကာ ဒကာမတွေမှာ အပေါင်းအသင်းလွဲ လို့တဲ့ ဒုက္ခ ရောက်နေတာ သေချာ ပါတယ်၊ ဒါကြောင့် အပေါင်း အသင်း နှစ်ခုကို မူတည်ပြီး သကာလ အပေါင်းမလွဲဘဲနဲ့ အပေါင်း မှန်ဖို့ ဆရာဘုန်းကြီးက ကြုံတဲ့ အခါ ဒကာရင်း၊ ဆရာရင်းတွေကို ဆုံးမနေပါတယ်။

ကိုင်း ဒါဖြင့် သဒ္ဓါပညာပေါင်းတော့ ဘာဖြစ်မလဲ ဘုရားလို့ မေးတဲ့ အခါကျတော့ အညာသိ ကောဏ္ဍညောလို ဖြစ်မယ် (မှန်ပါ့ ဘုရား)။

ကောဏ္ဍညော၊ ကောဏ္ဍညသည်။ အညာသိ၊ သိသွားပြီ ကွ ဆိုတော့ အဲဒီအချိန်မှာ သူတစ်ယောက်တည်းပဲ ကမ္ဘာလောက ကြီးထဲ သူတစ်ယောက်တည်း သိတဲ့ ပုဂ္ဂိုလ် ရှိတယ်၊ လူ့ပြည်၊ နတ်ပြည်၊ ဗြဟ္မာပြည်ရော၊ တိရစ္ဆာန်ပြည်တွေရော အညာသိ ကောဏ္ဍညော ဆိုတာ ထူးထူးချွန်ချွန် သိတာ သူတစ်ယောက်ရှိ သေးတယ်ကွ ဆိုတာ မပေါ်ဘူးလား (ပေါ်ပါတယ်)။

အပါယ်နဲ့ အိုးစားကွဲပါပြီ

ကျန်တာတွေ မသိတဲ့ ပုဂ္ဂိုလ်ချည်းပဲ ဆိုတာကော ဒကာ ဒကာမတို့ စကားထဲ ပါမသွား သေးဘူးလား (ပါသွားပါ တယ်)။

အဲဒါကြောင့် ခင်ဗျားတို့ အခုကြုံကြိုက်တဲ့ ဒကာ ဒကာမ တွေတော့ဖြင့် အညာသိ ကောဏ္ဍညော လို ဖြစ်လို့ ရှိရင်ဖြင့် သိသည်နဲ့ တစ်ပြိုင်နက်တည်း အပါယ်နဲ့ အိုးစားကွဲပါပြီ မှတ်ပါ။ ရှင်းပလား (ရှင်းပါပြီ)

အပါယ်နဲ့ (အိုးစားကွဲပါပြီ) အိုးစား ကွဲပါပြီလို့ မှတ်တော့၊ တို့မှာ အပါယ်ကြွေးတွေ ရှိနေတာ ကိုး၊ အသိနဲ့ ဆပ်ရမှာပါကလား ဆိုတာ (မှန်ပါ့)။

ဒါနက သုဂတိပို့တယ်

ဒါနနဲ့ ဆပ်လို့ မပြေဘူး (မှန်လှပါ) ဒကာ ဒကာမတွေ ဒါနနဲ့ ဆပ်လို့ (မပြေပါ ဘုရား) ဒါနက သုဂတိ ပို့လိုက်တာ ပဲ၊ ကြွေးက ပါသွားတော့ ပြန်ပြီး အပါယ်ကျတယ် (မှန်ပါ့) သဘော ကျပလား။

သီလနဲ့ ဆပ်လို့လည်း မရဘူးတဲ့ သီလ တန်ခိုးကြောင့် အသက်ရှည်ပြီး သကာလ အသက်တမ်း ကုန် ပြန်ကျတာပဲ မဂ်နဲ့ ဆပ်ရမယ်၊ သဘောပါကြပလား (ပါပါတယ် ဘုရား) ဒကာ ဒကာမတွေ ဘာနဲ့ဆပ်မယ် (မဂ်နဲ့ဆပ်ပါ့မယ်) မဂ်နဲ့ ဆပ်မယ်ဆို တာကော သေချာပလား (သေချာပါတယ် ဘုရား)။

မဂ်ဆိုတာ သိလုံးကိုဆိုတာ

အဲဒါကြောင့် ဒကာ ဒကာမတွေမှာ ဪ မဂ် ဆိုတာ သိလုံးကို ဆိုတာ လို့သာ မှတ်လိုက် စမ်းပါ။

မဂ်ဆိုတာ ဘာပါလိမ့် (သိလုံးကို ဆိုတာပါ ဘုရား) သိလုံးကို ဆိုတာ ဆိုသဖြင့် သိရမှာက ဒုက္ခသစ္စာ။

သိရမှာက ဘာပါလိမ့် (ဒုက္ခသစ္စာပါ) ဒုက္ခသစ္စာ ကိုပဲ သိရမယ် ဆိုတာဖြင့် ဒကာ ဒကာမတွေ သေသေချာချာ မှတ်ပါ ဆိုတော့ ဪ ဒုက္ခသစ္စာ ဆိုတာ ဘာပါလိမ့်မတုံးလို့ ခင်ဗျားတို့ က မေးလုံးထုတ်မှာ စိုးတဲ့အတွက် ခင်ဗျားတို့ ယခုဘဝဟာ ပစ္စုပ္ပန် ဘဝမှာ ၂- နံပါတ်ထဲမှာ နေပါတယ်။

၂-နံပါတ်ထဲက ပေါ်ချင်တာပေါ် ဘာသစ္စာ ပေါ်မလဲ။ (ဒုက္ခသစ္စာ ပေါ်ပါတယ်) ၂-နံပါတ် ထဲက ပေါ်ချင်တာပေါ် (ဒုက္ခ သစ္စာပါ ဘုရား) ၂-နံပါတ်ထဲက ရုပ်ပေါ်ပေါ်၊ နာမ်ပေါ်ပေါ်၊ စိတ် ပေါ်ပေါ်၊ ဝေဒနာ ပေါ်ပေါ် ဘာဆိုကြမလဲ (ဒုက္ခသစ္စာပါ ဘုရား)။

ဒုက္ခသစ္စာဆိုတာ

ဒါဖြင့် ဒုက္ခသစ္စာ ဆိုတာက ဒကာ ဒကာမတို့ ခွေးကိုက် လို့ နာတာ၊ ကျောက်ပေါက်လို့ ဝေဒနာရတာ၊ ခူနာ ဖြစ်တာကို ဆိုတာ မဟုတ်ပါဘူး။

ခန္ဓာထဲမှာ ခန္ဓာငါးပါး တစ်ပါးပါး ထင်ထင်ရှားရှား ပေါ် တာကို ဆိုပါတယ်၊ ရှင်းကြပလား (ရှင်းပါပြီ)။

ဒုက္ခသစ္စာ ဆိုတာ ခန္ဓာငါးပါး ပေါ်တာ၊ တစ်ပါးပါး ပေါ်တာကို ဘာဆိုကြမလဲ (ဒုက္ခသစ္စာပါ ဘုရား) ဒုက္ခသစ္စာလို့ သေသေချာချာ မှတ်ပါ။

အဲဒီတော့ ဒုက္ခသစ္စာကို ဘုန်းကြီးတို့ ဒကာ ဒကာမတွေ က ကျောပေးပြီး မနေဘဲနဲ့ သိလုံးလေးနဲ့ နေလိုက်လို့ ရှိရင်ဖြင့် ဒါက ဒုက္ခသစ္စာ။

သိလုံးတစ်ခု အရေးကြီးတယ်

ဒီက သဒ္ဓါပညာနဲ့ သိပေး လိုက်တယ် ဆိုလို့ ရှိရင်ဖြင့် တဲ့ “အညာသိ ကောဏ္ဍညော” လိုဖြစ်မယ်။

ကောဏ္ဍညော၊ ကောဏ္ဍညသည်။ အညာသိ၊ ဒုက္ခသစ္စာ ကို မဂ်နဲ့ သိပြီး ဆိုတော့ ဒီဘက် သွားသေးလား (မသွားပါ ဘုရား)။

ဒါဖြင့် သိလုံးတစ်ခုဟာ ဘယ်လောက် အရေးကြီးနေ သလဲ (အရေးကြီးပါတယ် ဘုရား) ဒကာ ဒကာမတွေ ဘယ်လောက် အရေးကြီးတယ် ဆိုတာ ပေါ်ကြပလား (ပေါ် ပါပြီ ဘုရား)။

အဲဒါကြောင့် ခင်ဗျားတို့မှာ ကယ်မည့် ယူမည့် ဥစ္စာ အသိ တစ်လုံးပဲ ရှိတယ်၊ ကယ်မည့် ယူမည့်ဟာ ဘာပါလိမ့် (အသိ တစ်လုံးပဲရှိပါတယ် ဘုရား)။

အသိ တစ်လုံးပဲ ရှိတယ်ဆိုတော့ ဒကာ ဒကာမတို့ ဒီအသိ ကလေးကလည်း ဆရာ ဘုန်းကြီးက ပြလိုက်တော့ကို ဟေ့ မင်းဟာ မင်းတို့ ယခုဘဝ ခန္ဓာကွ၊ ၂-နံပါတ်ဟာ ဘာပါလိမ့် (ယခုဘဝခန္ဓာပါ ဘုရား) ယခုဘဝ ခန္ဓာ ပေါ်တိုင်း ပေါ်တိုင်း သိပေးပါ။

ခန္ဓာပေါ်တိုင်း ပေါ်တိုင်း သိပေး

ခန္ဓာပေါ်တိုင်း ပေါ်တိုင်း သိပေးတော့ ဝေဒနာပေါ်လည်း သိ၊ စိတ်ပေါ်လည်းသိ၊ သိတဲ့ အခါကျလို့ရှိရင်ဖြင့် အသိခန္ဓာ ဘာသစ္စာတုံး မေးမှာ စိုးတဲ့ အတွက် ဒီမှာ ထောက်ကြည့် ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။

ဒါဖြင့် ဒုက္ခသစ္စာ သိတာပေါ့ ဗျ ဒကာ ဒကာမတွေ ဘာသိတာတုံး (ဒုက္ခသစ္စာ သိတာပါ ဘုရား) ဒုက္ခသစ္စာ ဒုက္ခ သစ္စာ သိတယ်၊ သိလုံးက မဖြတ်ဘူးလား (ဖြတ်ပါတယ် ဘုရား) ဒါက ခန္ဓာထဲက ပေါ်တာ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။

သိလုံးသည်ကား ဆိုရင်ဖြင့် သိပါပြီ ဆိုလို့ ရှိရင်ဖြင့် ဒါ ဝိပဿနာမဂ်လို့ သိမှတ်လိုက်စမ်းပါ၊ သဘောကျပလား (ကျပါ ပြီ ဘုရား)။

သူသိတာနဲ့ပဲ ဒီက တဏှာ အဖော်လုပ်သေးရဲ့ လား (မလုပ်ပါ ဘုရား) တဏှာ အဖော် မလုပ် ကတည်းက ပဋိသန္ဓေနေ ခြင်း၊ အိုခြင်း၊ သေခြင်း ဆိုတာ လာသေးရဲ့ လား (မလာပါ ဘုရား) မလာတော့ဘူး ဆိုတာ ခင်ဗျားတို့ သူများပြောလား၊ မျက် မြင်လား (မျက်မြင်ပါ ဘုရား)။

အဲ သူများပြောကို မယုံပါနဲ့၊ ခင်ဗျားတို့ မျက်မြင်ကို ယုံပါ ဆိုတော့ “ဟာကွာ ကိုယ့်မျက်မြင် ထက် သူများ ပြောတာသာ ယုံတယ်” ဆိုရင် အရူးမှ ဒီစကားသုံးမှာ။

အကောင်းဆိုရင် ဒီစကားကို (မသုံးပါ) အဲဒါက အခု ပြောတာက ခင်ဗျားတို့ မျက်မြင်ကို ပြောပါတယ်၊ မြင်တယ် ဆိုလို့ ရှိရင် ဒကာ ဒကာမတို့ စိတ္တာနုပဿနာကို ဟောနေလို့ ၊ ဟောတော့ အကုန်ဟောမယ်။

သို့သော် ခင်ဗျားတို့နဲ့ အလျော်ဆုံးက ကိုယ့်စိတ်ကိုယ် ရှုတာ အလျော်ဆုံး ဖြစ်နေတယ် သဘောကျရဲ့လား (ကျပါတယ် ဘုရား) သူများစိတ် ရှုရမှာလား၊ ကိုယ့်စိတ် ရှုရမှာလား (ကိုယ့်စိတ် ရှုရမှာပါ ဘုရား)။

ဖြစ်ပြီးပျက်တဲ့စိတ်နဲ့ သိတဲ့စိတ်

ကိုယ့်စိတ် ကိုယ်ရှုတဲ့ ပုဂ္ဂိုလ်သည်တဲ့၊ အမှန်ကို သိသော ကြောင့် ကိုယ့်စိတ်က ကိုယ်ပြန် သိလိုက်တဲ့ အချိန်ကျတော့ ဒကာ ၊ ဒကာမတို့ စိတ် ဆိုတာ ဖြစ်ပြီး ပျက်သွားတဲ့ စိတ်က တစ်မျိုး၊ သိတဲ့ စိတ်က တစ်မျိုး၊ သဘောကျပလား (ကျပါတယ် ဘုရား) ဖြစ်ပြီး ပျက်သွားတဲ့ စိတ်က (တစ်မျိုးပါ ဘုရား) သိတဲ့ စိတ်က (တစ်မျိုးပါ ဘုရား)။

ဒါဖြင့် ဖြစ်ပျက်ကို သိတယ်၊ သဘောကျပလား (ကျပါ တယ် ဘုရား) ဒါဖြင့် ဖြစ်ပျက်က အသေဖြစ်ပြီး ပျက်သွားတာ က (အသေပါ) မဂ်က အရှင်၊ သူက နောက်မှ ပေါ်ရတာကိုး။

ဒါဖြင့် အသေကို အရှင်နဲ့ သိပေးတယ်၊ ဒါဝိပဿနာခေါ် တယ်၊ အသေကို အရှင်နဲ့သိတာ (ဝိပဿနာ ခေါ်ပါတယ် ဘုရား)။

ဟော ဝိပဿနာ အလွယ်ကလေးပါလား ဒကာ ဒကာမတို့ အသေကို (အရှင်နဲ့သိတာပါ) အသေကို အရှင်နဲ့သိရင် ဒါ ဝိပဿနာ ခေါ်တာပဲ၊ စာလို သုံးနေလို့ ခင်ဗျားတို့က နားယောင် နေတာ၊ ကိုယ့်အသေကို ကိုယ့်အရှင်စိတ်နဲ့ သိရင် ပြီးတာပဲ။

အသေကို အရှင်စိတ်နဲ့ကြည့်ပါ

အသေကို (အရှင်စိတ်နဲ့ သိရင် ပြီးတာပါ) ကြည့်ပါ ဒီထဲမှာ စိတ်ကလေး တစ်ခု ပေါ်လာ တယ်၊ စိတ်သက်က ၁-နဲ့ ၂-ပဲရှိတယ်၊ ၁-ဆိုရင် ဖြစ်တယ်၊ ၂-ဆိုရင် ပျက်တယ် အဲဒါ ကလေးကို နောက် သိလုံးကလေးနဲ့ နောက်စိတ်နဲ့ သိပေးလိုက် တာပေါ့၊

နောက်စိတ်နဲ့ အသက်ရှင် နေတာ၊ ဒီစိတ်က သေသွားပြီ၊ လူတစ်ယောက် သေသွားပြီ၊ မောင်ဘအေးဖြင့် မောင်ဘအေး တစ်ယောက် သေသွားပြီ၊ ကိုသန်းမောင်ဖြင့် ကိုသန်းမောင်တစ် ယောက် သေသွားပြီ၊ ကိုယ့်အသေကို ဒီကနေ ကြည့်ပေး။

အသေဟာ ဘာသစ္စာ ခေါ်ကြမလဲ (ဒုက္ခသစ္စာပါ) အသိ က မဂ္ဂသစ္စာ ကိုယ့်ဉာဏ်နဲ့ ကိုယ့်အသေ ကိုယ်သိတာ ဝိပဿနာ ခေါ်တယ်၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဒီလိုဆိုတော့ ဝိပဿနာ ခက်သေးရဲ့ လား (မခက်ပါ ဘုရား) မခက်တာကို ဘယ့်နှယ် ကြောင့်တုံး ဆိုတော့ ဆရာ နည်းပေး လိုနေလို့ ခေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ကိုယ့်အသေကို လူတစ်ယောက်မှာ စိတ်တစ်ခုနဲ့ အသက် ရှင်နေတယ်၊ ဒီစိတ်ပျက် သွားတယ် ဆိုရင် လူတစ်ယောက် သေတယ်လို့ ဆုံးဖြတ်ချက် ချပါ။

နောက်တစ်ခါ ဒီအသေကိုပဲ ဆရာဘုန်းကြီးက ကြည့်ရ မယ်လို့ ပြောထားတော့ ဉာဏ် ကလေးနဲ့ ကြည့် လိုက်တော့ ဒီအချိန်မှာ ဉာဏ်နဲ့ အသက်ရှင် နေတာ၊ သဘောကျပလား။

သေတာက စိတ်တစ်ခုနဲ့ သေသွားပြီ၊ အသက်ရှင်နေတဲ့ ဉာဏ်နဲ့ ကြည့်လိုက်တဲ့ အခါကျတော့ သူများ အသေမြင်တာလား၊ ကိုယ့်အသေ ကိုယ်မြင်တာလား ( ကိုယ့်အသေ ကိုယ်မြင်တာပါ ဘုရား)။

သေတာက ဒုက္ခသစ္စာ

ဒါဖြင့် ကိုယ်သေတယ် ဆိုတော့ သေတာသည် ဒုက္ခမှ ဟုတ်ပါရဲ့လား (ဟုတ်ပါတယ် ဘုရား) ဒီထောက်ကြည့် သေတာက ဒုက္ခသစ္စာ (ဒုက္ခသစ္စာပါ) မပါဘူးလား (ပါ- ပါတယ် ဘုရား) သေတာ ဘာတုံး (ဒုက္ခသစ္စာပါ ဘုရား)။

သေတာက ဒုက္ခသစ္စာ၊ ကိုယ့်အသေ ကိုယ်သိတာက မဂ်ဉာဏ်မို့ သိတာ မဂ္ဂသစ္စာ လောကီ မဂ္ဂသစ္စာ ဆိုတာ ကျေနပ် ပလား (ကျေနပ်ပါပြီ)။

သိတာက မဂ္ဂသစ္စာ

ဒါဖြင့် ကိုယ့်အသေ ကိုယ်သိတာက ဝိပဿနာ၊ ကိုယ့် အသေ ကိုယ်သိတာ (ဝိပဿနာပါ ဘုရား) ဝိပဿနာ ဆိုတာက ကိုယ့်အသေက ဒကာ ဒကာမတို့ ဒုက္ခသစ္စာ အဖန်ဖန် သိနေတာ က (မဂ္ဂသစ္စာပါ ဘုရား)။

မဂ္ဂသစ္စာ၊ အဖန်ဖန်သိတာ ထောက်ပြီးတော့ ဝိပဿနာ လို့ နာမည် ပေးလိုက်ပါတယ်၊ ရှင်းပလား (ရှင်းပါပြီ)။

ဒါဖြင့် ကိုယ့်အသေကို ကိုယ်သိတယ်လို့ ဆိုတော့ ခင်ဗျား တို့ ဘယ်တော့မှ မသိဘူး၊ ကိုယ့်အသေ သူများကသာ မသာပို့ သွားတယ် ကိုယ်သေတာကို ဘယ်သူမှ မသိဘူး။

သေမှာထင်ပါရဲ့ ဆိုတာကော လူတိုင်းပြောကြတယ်။ သေတဲ့ အချိန် သိသေးရဲ့လား (မသိပါ ဘုရား)။

အဲဒါတွေ ခင်ဗျားတို့ ခုနက ပြောခဲ့တဲ့ သစ္စဉာဏ်တွေ မရလို့ ခုတော့ စောစောစီးစီး ရထားတော့ အို.. သေတာ အထူး မဟုတ်ပါဘူး၊ အစကတည်းက သေနေတာ မလာပေဘူးလား (လာပါတယ် ဘုရား)။

ဘုရား ရဟန္တာများကျတော့

ဒါ့ကြောင့် ဘုရား-ရဟန္တာများ ကျတော့ အစောကြီးက – အသေတွေ သိနေတာ အထူး အဆန်းလား၊ ဆရာ လက်လွှတ်တဲ့ ဝေဒနာ အထူးအဆန်းလားလို့ မေးတဲ့ အခါကျတော့ အထူးအဆန်း မဟုတ်ပါဘူး၊ အရင် သေဖူး နေပါပြီ ဆိုပြီး သကာလ ဒကာ ဒကာမ တို့ ဒီအသေ ခန္ဓာကြီးကို မတွေ့ရမည့် နေရာ မြင်နေရတော့ ဘုရား ရဟန္တာကျတော့ ပြုံးများ နေလိုက် သေးတယ်။

ဒီတစ်ခါသာ သေရတော့မယ်ကွ၊ နောက်အသေ ဇာတ် သိမ်းပြီ ဆိုတော့ ဒကာ ဒကာမတွေ မပြုံးပေဘူးလား (ပြုံးပါ တယ် ဘုရား) အေး ဒကာ ဒကာမတွေ မပြုံးပေဘူးလား (ပြုံးပါတယ် ဘုရား) ပြုံးမယ် ဆိုကာ ဒကာ ဒကာမတွေ ရိပ်မိကြ ပလား (ရိပ်မိပါတယ်) ရိပ်မိကြပါတယ် ဆိုတာကို သတိပေးလိုက်ပါတယ်။

ဝိပဿနာဆိုတာ

ကိုင်း ဒါဖြင့် ဝိပဿနာ ဆိုတာ အသေကို အရှင်နဲ့ကြည့် တာလို့မှတ်၊ ဝိပဿနာ ဆိုတာ (အသေကို အရှင်နဲ့ ကြည့်တာပါ ဘုရား) အသေကို အရှင်နဲ့ကြည့်တာပဲ။

ခင်ဗျားတို့က ဝိပဿနာ ဆိုတာ ပွားတာ၊ တောကျောင်း တောင်ကျောင်း သွားပြီး ရှုရတယ် မှတ်နေတာ၊ ဟုတ်ကြရဲ့ လား ဒကာ ဒကာမတို့ တောကျောင်း တောင်ကျောင်း သွားရှုရတာ (မဟုတ်ပါ ဘုရား)။

ကိုယ့်အသေက ဘယ်မှာ ရှိသတုံး၊ ကိုယ့်ခန္ဓာထဲမှာ၊ ကိုယ့်အသိ ကကော (ခန္ဓာထဲမှာပါ ဘုရား) ဒါ ကမ္မဋ္ဌာန်းကျောင်း ပေါ့ ဗျ ရိပ်မိပလား (ရိပ်မိပါပြီ)။

ဘုန်းကြီးက တောမထွက်ချင်အောင် ဟောနေပြန်ပြီလို့ မဆိုကြနဲ့ဦး၊ ထွက်မှာလည်း မဟုတ်ပါဘူး၊ ခင်ဗျားတို့ လူစုတွေ ကိုယူအသေ ကိုယ်သိရင် ပြီးတာပဲ။

တောထဲ သွားနေပြီး သကာလဲ မြို့ စိတ်ပေါက်နေလည်း ဦးမြကြီး ကိုယ့်အသေ ကိုယ်သိ ရဲ့လား (မသိပါ ဘုရား) မသိပါဘူး။

တောကျောင်း တောင်ကျောင်း

တောကျောင်း တောင်ကျောင်း ဆိုတာကွာ ရှင်းရှင်း ပြော ပါ့မယ်၊ လှေကားခုံက တစ်ပေ ထွက်ရင် တောကျောင်းပါပဲ၊ အဘိ ဓမ္မာနည်းက ဒီအိမ်က ဦးသံဒိုင်တို့ လှေကားက နေပြီး ဒီဘက် တစ်ပေ ထွက်ပြီး နှလုံးသွင်း လိုက်ပါလား၊ ဒါ ဘာခေါ်ကြမလဲ (တောကျောင်းပါ ဘုရား) နို့ ဒီနားမှာ ဒီတိုက်ထဲတွင် သူရမှာပေါ့ဗျ မဟုတ်ဘူးလား (မှန်ပါ့)။

တောသွားမှ အန္တရာယ်တွေ၊ မာရ်စွယ်တွေ, ရန်စွယ်တွေ စိုးရိမ် နေရသေးတယ်၊ အခု စိုးရိမ်စရာ ရှိရဲ့လား (မရှိပါ ဘုရား)။

လှေခါးခုံက ဆင်းရင် တောကျောင်း

အဲ တောကျောင်း တောင်ကျောင်း ဆိုတာက သမထကို ဟောတာ ရိပ်မိကြပလား (ရိပ်မိပါပြီ) တောကျောင်း တောင်ကျောင်းက (သမထကို ဟောတာ) ဝိပဿနာက လှေကားခုံက ဆင်းရင် တောကျောင်း ဖြစ်တယ်ကွ ဆိုတော့ အဘိဓမ္မာနည်းနဲ့ သုတ္တန်နည်းဟာ တခြားစီ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ့ ဘုန်းကြီးက အခု ပြောနေတာက စက်ဝိုင်းကြီး ပြောနေတယ်လို့ ခင်ဗျားတို့က မယူကြပါနဲ့ ခန္ဓာထဲမှာ ဟောဒီ မျက်လုံးက မြင်တယ် ဆိုတော့ ခန္ဓာထဲမှာ ပေါ်တဲ့ ပဋိစ္စသမုပ္ပာဒ် မျက်လုံး မြင်တာက ဘယ်က – နေမြင်သတုံး (ခန္ဓာထဲမှာ ပေါ်တဲ့) ခန္ဓာဟာ မျက်လုံးပဲ မဟုတ်လား (မှန်ပါ့)။

မြင်စိတ်ကလေး

ဒါဖြင့် ဒီမျက်လုံးသည်ကား ဆိုရင် မြင်စိတ်ကလေးသည် ကားလို့ ဆိုလို့ ရှိရင်ဖြင့်တဲ့ မြင်ပြီး သကာလ ဒကာ ဒကာမတို့ အကောင်း အဆိုး ရွေးနိုင်ရဲ့လား (မရွေးနိုင်ပါ ဘုရား)။

အကောင်းအဆိုး ရွေးတာက ဒီတဏှာက ရွေးမှာဒိပြင် ဟာက ရွေးနိုင်ရဲ့ လား (မရွေးနိုင်ပါ ဘုရား) ကိုင်း သူမရွေးခင် ကျုပ်တို့က တဏှာ မလာခင် ဒီ မြင်စိတ်ကလေး သည်ကားလို့ ဆိုလို့ ရှိရင်ဖြင့် ကိုယ့်ခန္ဓာ ဝိညာဏက္ခန္ဓာ ဆိုတဲ့ စိတ်ကလေး သေသွားပြီ ဆိုပြီး ဒီကနေ သိပေး လိုက်တော့ တဏှာ ဆက်သေးရဲ့ လား (မဆက်ပါ ဘုရား)။

အဖော်ကော လုပ်ဖြစ်သေးရဲ့လား (မလုပ်ဖြစ်ပါ) အို သဒ္ဓါ၊ ပညာ အဖော် လုပ်လိုက်တယ် အပေါင်း တည့်သွားပြီ မတည့်သေးဘူးလား (တည့်သွားပါပြီ) တည့်သွားတော့ကို ဒုက္ခသစ္စာ သိတဲ့ မဂ္ဂသစ္စာ ဆိုတော့ ခင်ဗျားတို့ဟာတဲ့ အညာသိ။

ဥပမာ ဒကာ ဒကာမတွေ အညာသိ ဒကာ ဒကာမတွေ ဆိုရင် လွဲမလား (မလွဲပါ ဘုရား) ဒကာ ဒကာမတွေ ဒကာ ဒကာမတွေသည် အညာသိ ဒီသစ္စာကို သိသွားပြီးသဘောကျ ပလား (မှန်ပါ့)။

ဒကာ ဒကာမတွေသည် ဖြစ်ပျက် ဒုက္ခသစ္စာကို သိသွားပြီ၊ သဘောပါပလား (ပါ-ပါပြီ) ဒကာ ဒကာမတွေသည် ဖြစ်ပျက် ဒုက္ခသစ္စာကို (သိသွားပြီ) သိသွားပြီ။

မဂ်ရဖို့ အလုပ်ဟာ ဆုတောင်း အလုပ်လား

ဒါဖြင့် အသိခံရတာက ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား) သိတာ ကလေးက ဘာပါလိမ့် (မဂ္ဂသစ္စာပါ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ မဂ်ရဖို့အလုပ်ဟာ ဆုတောင်းအလုပ် လား၊ အသိအလုပ်လား (အသိ အလုပ်ပါ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ ရွှေတိဂုံဘုရား သွားပြီး သကာလ မဂ်ဖိုလ် ရက်တိုတိုနဲ့ ရရပါလို၏ ဆိုတော့ ရွှေတိဂုံကလည်း ဓာတ်တော် မွေတော်တွေ အဝိညာဏက ဖြစ်နေတော့ ပေးနိုင်ပါ့ မလား (မပေးနိုင်ပါ) ကိုယ့်ဉာဏ်နဲ့ ကိုယ် သိပြီးသကာလ နိဗ္ဗာန် သွားရမယ် ရိပ်မိပလား (ရိပ်မိပါပြီ)။

ဘုရားက ကြည်ညိုဖို့ သက်သက် ေဩာ် ကျေးဇူး တော်ရှင် တို့ ဒီတရားတွေ ထားပစ် ခဲ့ပေတယ်၊ သိအောင် ထားခဲ့ ပေတယ် ဆိုပြီးသကာလ ဒကာ ဒကာမတွေက ဘုရားကို ကျေးဇူး တင်တဲ့ သဘောနဲ့ သာ ရှိခိုးရမယ်၊ ကိုးကွယ်ရမယ်။

သိအောင် လုပ်တာက ကိုယ့်ဉာဏ်နဲ့ကိုယ် လုပ်ရမယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ) ဘုရားကိုတော့ ကျေးဇူးတော်ရှင် အဖြစ်နဲ့ ကိုးကွယ်ရမယ်၊ သဘောကျပလား (မှန်ပါ့)။

သုဂတိရောက်ချင်လား၊ နိဗ္ဗာန်ရောက်ချင်လား

ခင်ဗျားတို့ နိဗ္ဗာန် သွားချင်တာက ကျေးဇူးတော်ရှင်ပြော တဲ့ စကား အတိုင်း အသိလုပ် လုပ်ပါတော့မယ် ဆိုမှ နိဗ္ဗာန်ရောက် မယ် ရှိခိုးလို့တော့ သုဂတိပဲ ရောက်မယ် ဘုရားရှိခိုးလို့ ရှိရင် ဒကာ ဒကာမတို့ တိုတို မှတ်လိုက်ပါ၊ သုဂတိ ရောက်ရုံပဲတဲ့။

ဘုရားဟောတာကို မှတ်ပြီး အသိနှင့် သိနေကြလို့ရှိရင် နိဗ္ဗာန်ရောက်မယ် ဒါဖြင့် သုဂတိ ရောက်တာ ကြိုက်သလား၊ နိဗ္ဗာန်ရောက်တာ ကြိုက်သလား (နိဗ္ဗာန်ရောက်တာ ကြိုက်ပါ တယ်)။

ဘုရားကြည်ညိုရင် သုဂတိ

အဲဒါ ဘုရားကြည်ညိုရင် သုဂတိ၊ ရှင်းကြပလား (ရှင်း ပါပြီ ဘုရား) ဘုရားကြည်ညိုရင် (သုဂတိပါ ဘုရား) ဘုရားပြော တဲ့အတိုင်း မှတ်ပြီး လုပ်လို့ရှိရင်ဖြင့် နိဗ္ဗာန်။

သခင်ဝတင် ဘယ်ဟာကြိုက်သတုံး (နိဗ္ဗာန်ကြိုက်ပါ တယ် ဘုရား) နိဗ္ဗာန်ကြိုက်ပါတယ် ဆိုတာ ဒုက္ခခပ်သိမ်းငြိမ်းတာ နိဗ္ဗာန်ပဲ ကြည်ညိုတာက လူ့ဒုက္ခနဲ့ နတ်ဒုက္ခ လဲတာ၊ ကြည်ညို တာက ဘာပါလိမ့် (လူ့ဒုက္ခနဲ့ နတ်ဒုက္ခ လဲတာပါ ဘုရား)။

လူ့ဒုက္ခနဲ့ နတ်ဒုက္ခလဲတာ

ဒါဖြင့် သစ္စာ ဟောလိုက်တော့ လူ့ဒုက္ခလည်း ဘာသစ္စာ တုံး (ဒုက္ခသစ္စာပါ ဘုရား) နတ်ဒုက္ခကော (ဒုက္ခသစ္စာပါ ဘုရား)။

ဒါဖြင့် တယ်မထူးပါဘူး ခင်ဗျားတို့ သဘောကျပလား။

ဒီဘက်က တစ်ဆယ်သား ထုပ်ပြီး ဟိုဘက်က တစ်ဆယ်သား ထုပ်ထားတော့ အလေးချိန် အတူတူပဲ ရိပ်မိပလား (ရိပ်မိပါပြီ)။

သို့သော် ဟိုတစ်ဆယ်သားက အရောင်ကလေး ပါတယ်။ ဝါဝါကလေး ဒီဘက် တစ်ဆယ်သား ကတော့ ကျောက်ခဲရိုးရိုး မို့ ဖြူဖြူကလေးဖြစ်နေတယ်။

ဖြူဖြူကလည်း ခုနက တစ်ဆယ်သား လေးတာပဲ ဝါဝါ ကကော (တစ်ဆယ်သား လေးတာပါပဲ) ဘယ်ဟာ ထမ်းချင် သတုံး (ဘယ်ဟာမှ မထမ်းချင်ပါ ဘုရား) ဘယ်ဟာမှ မထမ်း ချင်မှ ဘဝတဏှာ ပြတ်ပါတယ်၊ ဘယ်ဟာမှ မထမ်းချင်ရင် ဒီတဏှာ မလာတော့ဘူး၊ လာသေးရဲ့ လား (မလာပါ ဘုရား)။

ထမ်းချင်ရင် တဏှာ အဖော် လုပ်တယ် သဘောကျ ပလား (ကျပါပြီ ဘုရား) လူ့ပြည် နတ်ပြည် ရောက်ချင်ရင် ဘာ အဖော်လုပ်တာတုံး (တဏှာ အဖော် လုပ်တာပါ ဘုရား)။

လွဲပြီပေါ့ ဗျ၊ ဘုရားက သေသေချာချာဟောတယ်။ တဏှာ အဖော်မလုပ်နဲ့ ပြောခဲ့သားပဲ ခင်ဗျားတို့က ဘုရားရှေ့ သွားပြီး သကာလ တပည့်တော် တဏှာ အဖော် လုပ်ပါရစေလို့ သွားတောင်းတော့ ဘုရား အကြိုက်လား၊ ခင်ဗျားတို့ အကြိုက်လား (တပည့်တော်တို့ အကြိုက်ပါ ဘုရား)။

စုံလုံးကန်းဆိုလို့ မနာလိုက်ပါနဲ့

ဒါဖြင့် စုံလုံးကန်း အကြိုက်ပေါ့မြင်ကွဲပုဂ္ဂိုလ်၏ အကြိုက် – မဟုတ်ဘူး၊ သဘောပါကြပလား (ပါ,ပါပြီ ဘုရား)။

စုံလုံးကန်း ဆိုလို့ မနာလိုက်ပါနဲ့ ဒကာ ဒကာမတွေနော် (မှန်ပါ့) စုံလုံးကန်း ဆိုလို့ မနာလိုက်ပါနဲ့ ကိုယ်ကန်းတာက များသေးတယ် ဆရာပြောတာ နည်းသေးတယ် သဘောကျပလား (ကျပါပြီ)။

ကိုင်း ဒကာ ဒကာမတို့၊ ခင်ဗျားတို့ ကိုယ့်စိတ်ကို ကိုယ် ရှုပါ၊ ဘာတဲ့တုံး (ကိုယ့်စိတ်ကို ကိုယ်ရှုရမယ်) ကိုယ့်စိတ်ကို ကိုယ်ရှုပါ၊ သဘောကျပလား (ကျပါပြီ) ကိုယ့်စိတ် ကိုယ်ရှုပါ။

ဒါက ကိုယ့်စိတ်ကို အဲဒီတော့ ကိုယ့်စိတ် ကိုယ်ရှုပါ ဆို တော့ ဆရာဘုန်းကြီး ရှင်းစရာ အကွက် ပါလား၊ စိတ်,စိတ်ချင်း ရှုရမယ့် အကွက်ဟာ အတော် အရေးကြီးပါတယ်။

ဒါ ကိုယ့်စိတ်လို့ ဆိုသဖြင့် ကိုယ်သိပါတယ် ဆိုတော့ သိတဲ့ အချိန်မှာ ဒီစိတ်ရှိသေးရဲ့လား (မရှိပါ ဘုရား) နှစ်စိတ်နဲ့ အသက် မရှင်ကောင်းဘဲကိုး တစ်စိတ်နဲ့သာ အသက်ရှင်ရမယ်။

အဲဒီတော့ ကိုယ့်စိတ်ကို ကိုယ်သိပါ ဆိုငြား သော်လည်း စိတ်ကို သိရတာ မဟုတ်၊ အပျက်ကို သိရတာ၊ ပေါ်ကြပလား (ပေါ်ပါပြီ) ကိုယ့်စိတ်ကိုယ် သိငြား သော်လည်း (အပျက်ကို သိရတာပါ ဘုရား) ဒါဖြင့် ဒီက အပျက်၊ ဒီက မဂ်ဆိုတာ သွား ကိုက်တယ်။

ဒါကလေးတွေက အချက်ကလေး တွေလို့ မှတ်ပါ၊ တော် တော် အရေးကြီးတဲ့စကား (မှန်ပါ့) ခင်ဗျားတို့က ဘုရားက ဟောထားတာက စိတ္တာနုပဿနာရှု ဆိုတော့ စိတ်ကို အရှုခိုင်း တယ်လို့ ထင်လိမ့်မယ် (မှန်ပါ့)။

စိတ်ကို အရှုခိုင်းတာ မဟုတ်ဘူး၊ စိတ်၏ ပျက်မှုကို ရှုပါ ပြောတာ ဘာပြုလို့တုံး ရှုတဲ့ အချိန်မှာ ဒီစိတ်ရှိသေးရဲ့ လား (မရှိပါ ဘုရား)။

ဒါဖြင့် စိတ်ရှုရမှာလား၊ အပျက်ရှုရမှာလား (အပျက် ရှုရမှာပါ)။

စိတ်၏ မရှိမှု အရှု ခိုင်းတာ

အဲဒီမှာ ခင်ဗျားတို့က သာမည ဆရာသမားနဲ့ သာမည ကိုယ့်ဉာဏ်ကလေးနဲ့ ဆိုတော့ စိတ်အရှု ခိုင်းတယ်ဟေ့လို့ ခင်ဗျားတို့က မြို့ထဲ လည်ပြောလိမ့်မယ်၊ အခုလာတဲ့ ဒကာ ဒကာမတွေက စိတ်အရှု ခိုင်းတာ မဟုတ်ဘူးဟေ့၊ သဘော ကျပလား (ကျပါပြီ ဘုရား)။

စိတ်၏ မရှိမှုကို ရှူခိုင်းတာ၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား) ဘာ အရှုခိုင်းတာပါလိမ့် (စိတ်၏မရှိမှုကို အရှုခိုင်းတာ ပါ)။

ရှိတာရှုနေလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ ခိုင်တာမြဲတာ ရှုသောကြောင့် သဿတဒိဋ္ဌိ ဖြစ်တယ်။

မရှိတာ ရှုမှသာလျှင်တဲ့ သဿတဒိဋ္ဌိက လွတ်တယ်၊ ရိပ်မိပလား (ရိပ်မိပါပြီ)။

ဒါဖြင့် ဒကာ ဒကာမတို့ အသေကို အရှင်နဲ့ ရှုပါဆိုတာ အမှန်ဆုံးပဲ သဘောပါကြရဲ့လား (ပါ,ပါတယ် ဘုရား)။

အသေကို (အရှင်နဲ့ရှုပါ) အရှင်နဲ့ ရှုပါ ဆိုတာမှ ဝိပဿနာ၊ စိတ်ကို ရှုပါ ဆိုတော့ ဒီစိတ် ကလည်း ရှိသေးတယ်၊ ဒီရှုတဲ့ ဉာဏ် က ပေါ်နေပြီ ဆိုတော့ နှစ်ခုပြိုင် ပေါ်နေတယ် (မှန်ပါ့)။

ပြိုင်ပေါ်ဆိုရင် လွဲတယ် (မှန်ပါ့) ဒကာ ဒကာမတွေ လွဲတယ်။

တစ်ခုသေပြီး တစ်ခုဖြစ်ရမှာ

တစ်ခုသေပြီး တစ်ခု ဖြစ်ရမှာ (မှန်ပါ့ ဘုရား) ဒကာ ဒကာမတွေက ဘာတဲ့တုံး (တစ်ခု သေပြီးမှ တစ်ခုဖြစ်ရမှာပါ ဘုရား) တစ်ခု သေပြီးမှ တစ်ခုဖြစ်ရမှာကို ဒကာ ဒကာမတွေက စိတ်ကို အရှုခိုင်းတယ်၊

ဒါကြောင့် ကျုပ်ကဖြင့် စိတ်လာတိုင်း ရှုနေတာပဲ ဆိုရင် ဒါဝိပဿနာ မဟုတ်ဘူး၊ ဝိပဿနာ အပါးမဝ သေးဘူး၊ ဆရာရင်လည်း လိုမယ်၊ ကိုယ်ရင်လည်း လိုမယ်။

စိတ်ဟာ နှစ်ခုပြိုင် ပေါ်ကောင်းရဲ့လား (မပေါ်ကောင်း ပါ ဘုရား)။

တစ်မြို့လုံးကို ပြင်ပေးနေတာ

ဒါဖြင့် ပထမစိတ် ပျက်ပြီးတော့မှ ဒုတိယစိတ် ဖြစ် တယ် ဒုတိယရှုတဲ့ စိတ်ဖြစ်တယ်၊ ဒါဖြင့် ပထမစိတ်က အသေ ပါ၊ ဒုတိယစိတ်က ရှင်ဆဲပါ၊ အသေကို (ရှင်တဲ့စိတ်နဲ့ရှု) အဲဒါမှ ဝိပဿနာ အစစ်။

စိတ်ကိုရှုရင် ဝိပဿနာအစစ် မဟုတ်ဘူး။

ဝေဒနာကိုရှုရင် (ဝိပဿနာ အစစ်မဟုတ်ပါ ဘုရား) ဝိပဿနာ အစစ် မဟုတ်ဘူး ဆိုတာ သေချာကြပလား (သေချာ ပါပြီ ဘုရား)။

အဲဒါ တစ်မြို့လုံး ပြင်ပေးနေတယ် အောက်မေ့ပါ၊ အမှန် က သခင်ဝတင်ကြီးကို မင်း ဘာရှုနေတုံးဟေ့တို့ ဒကာ ဆရာ တွေ ကြာပြီတွေ့ နေကြတာ၊ ကိုသန်းမောင်တို့လည်း တွေ့နေ တာကြာပြီ။

တပည့်တော် ဘုန်းကြီး ပြောတဲ့အတိုင်း စိတ်ရှုနေပါတယ် လို့ဆိုတာ အပြောတော့ ပြောတာပေါ့၊ စင်စစ်တော့ တပည့်တော် – အသေ တပည့်တော် ရှုနေပါတယ်၊ ဒါမှအမှန် ဦးညွန့် ရိပ်မိကြ ပလား (ရိပ်မိပါပြီ)။

အေး ဦးသန်းမောင်ကြီး နောက်က အိပ်နေသလားကွ (မအိပ်ပါ ဘုရား) မအိပ်ပါဘူး၊ သေသေချာချာ လုပ်ကွ။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတွေ အသေကို ဘာနဲ့ကြည့် ရမယ် (ဉာဏ်နဲ့ကြည့်ရမှာပါ ဘုရား)။

ဝိပဿနာဆိုတာ ဘာပါလိမ့်

အသေကို အရှင်နဲ့ ကြည့်ရမယ်၊ အရှင်နဲ့ မကြည့်လည်း မမြင်ဘူး၊ အသေကို မတွေ့သေးလို့ ရှိရင်လည်း ဟင်္သာတ ဦးမြကြီး အနိစ္စ မတွေ့သေးဘူး တွေ့ပါ့မလား (မတွေ့ပါ ဘုရား)။

ဒါဖြင့် ဝိပဿနာ ဆိုတာ ဘာပါလိမ့် (အသေကို အရှင်နဲ့ ကြည့်တော့ပါ) ဒါ မှတ်ထားပါ။

စိတ္တာနုပဿနာလား၊ အသေကို အရှင်နဲ့ကြည့်တာလား (အသေကို အရှင်နဲ့ကြည့်တာပါ)။

ဝေဒနာနုပဿနာလား၊ အသေကို အရှင်နဲ့ ကြည့်တာ လား (အသေကို အရှင်နဲ့ကြည့်တာပါ ဘုရား)။

ဒါမှ လမ်းမှန်ကျတယ်၊ ဒါကတော့ဖြင့် ဒကာ ဒကာမတို့ ဘယ်သူ့မှ စောဒနာ မနေနဲ့၊ ဘုရားကလဲ။

“သမုဒယဓမ္မာနုပဿီ ဝါ ဝယဓမ္မာနုပဿီ ဝါ စိတ္တသ္မိံ ဝိဟရတိ။”

ဒီအသေ ကြည့်ပါ ပြောတာ

သမုဒယနဲ့ ဝယ၊ ဝယ ဆိုတာ အသေပေါ့ အဲဒီ အသေ ကြည့်ပါ ပြောတာ၊ ခင်ဗျားတို့က ရှေ့ပိုင်း ကလေးကသာ စာက ဖတ်ထားတယ်၊ နောက်ပိုင်း မဖတ်ဘဲ ဖြစ်နေတယ်။

နောက်ပိုင်း ဖတ်မိရဲ့လား၊ ကဲ (မဖတ်မိပါ ဘုရား) လွဲ နေတယ်၊ ဒီခြွင်းချက် ကျန်နေတယ် ဆိုတဲ့ အဓိပ္ပာယ်ကော ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဝိပဿနာ ဆိုတာ ဘာပါလိမ့် (အသေကို အရှင်နဲ့ ကြည့်တာပါ ဘုရား) ဒကာ ဒကာမတွေ ဒါ ထိပ် သံမှိုနဲ့ စွဲသလိုမှတ်ပါ။

အရှင် အရှင်ချင်း ကြည့်လို့ ဖြစ်, မဖြစ် (မဖြစ်ပါ ဘုရား) ဘယ်နည်းနဲ့မှ မဖြစ်ဘူး ဆိုတော့ ဝိပဿနာ ဖြစ်သေးရဲ့ လား (မဖြစ်ပါ ဘုရား)။

ပစ္စုပ္ပန် တည့်တည့်ရှုဆိုတာ

ဒါဖြင့် ဒကာ ဒကာမတို့ ဝိပဿနာ ဆိုတာ ဘာပါလိမ့် (အသေကို အရှင်နဲ့ကြည့်တာပါ ဘုရား) အသေကို အရှင်နဲ့ကြည့်တာ ဆိုတော့ အင်း အခုသေတာ အခုကြည့်ခိုင်းတာ။

ဒါကြောင့် ပစ္စုပ္ပန် တည့်တည့်ရှု ဆိုတာ ဒါပြောနေတာ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ)။

အသေကို အရှင်နဲ့ရှုတော့ ပစ္စုပ္ပန်ကော မတည့်သေးဘူး လား (တည့်ပါတယ် ဘုရား) ရှေးက သေတာလား၊ အခုသေ တာ ကြည့်ရတာလား (အခုသေတာ ကြည့်ရတာပါ ဘုရား)။

ဒါဖြင့် ယခုသေတာကတော့ ပစ္စုပ္ပန် ဆိုတော့ ဟောဒီ ပြ ထားတယ် ပစ္စုပ္ပန် မပါသေး ဘူးလား (ပါ,ပါတယ် ဘုရား) ပစ္စုပ္ပန်အသေကို ဟောဒီ အရှင်နဲ့ ကြည့်ပါလို့ ဆိုတော့ ပစ္စုပ္ပန်ကော လွဲသေးရဲ့လား (မလွဲပါ)။

ဘာသစ္စာ ကြည့်တာတုံး မေးတော့ (ဒုက္ခသစ္စာကို ကြည့်တာပါ) ဒါ ခင်ဗျားတို့က ဒုက္ခသစ္စာ ဆိုတာ တခြားလား အောက်မေ့တယ်၊ ဒီအသေ ဟောနေတာ။

နောင်ခန္ဓာမလာတော နိဗ္ဗာန်

ကိုယ့်စိတ်ကလေး သေတာကို ဟောနေတယ်လို့ ဆုံးဖြတ် ချက်ချပါ (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ) ဒါဖြင့် အသေက ဒုက္ခသစ္စာ၊ သိတာက (မဂ္ဂသစ္စာပါ ဘုရား) သေတာက, အဖော် မလုပ်တာက သမုဒယသစ္စာ (မှန်ပါ့ ဘုရား) နောက်ခန္ဓာမလာ တာက နိဗ္ဗာန်ဆိုတဲ့ နိရောဓသစ္စာ (မှန်ပါ့) မရှင်းကြသေးဘူး လား (ရှင်းပါပြီ ဘုရား)။

တော်တော် ရှင်းပါပြီ ဆိုတဲ့ဥစ္စာ သခင်ဝတင်တို့ ကျေနပ် ပလား (ကျေနပ်ပါတယ်) မောင်ဘအေး ကျေနပ်ပလား (ကျေနပ်ပါတယ်) ဝိပဿနာ ဆိုတာ ဘာပါလိမ့်၊ မေ့မှာစိုးလို့ ထပ်မေးတယ် (အသေကို အရှင်နဲ့ ကြည့်တာပါ ဘုရား)။

အရှင်, အရှင်ချင်းကြည့်လို့ ဖြစ် မဖြစ် (မဖြစ်ပါ ဘုရား) ဖြစ်ကို မဖြစ်ဘူး ဆိုတာ သေချာပလား (သေချာပါပြီ)

ကောင်းပြီ ဒါဖြင့် ဟုတ်ပါရဲ့လားလို့ မေးတဲ့ အခါကျတော့ကိုတဲ့၊ ဒကာ ဒကာမတို့ တစ်နေ့ ကလည်း ဟောခဲ့တယ်၊ သို့သော်လည်း လူက မစုံတော့ကို ခင်ဗျားတို့ မှတ်လိုက်စမ်းပါတဲ့။

“ဧဟိပဿိကော” ကို နောက်လူတွေ မကြားရလို့ ထပ်ပြော ပါတယ်၊ ဧဟိက လာပါ၊ ပဿက ရှုပါ၊ “ဧဟိ ပဿိကော” ဧဟိ က ဘာတုံး (လာပါ) ပဿက (ရှုပါ) ကျုပ် ဒီနေရာ သေနေ တယ်၊ ခင်ဗျား ဒီနေရာကနေ ရှုပေးပါ၊ သဘောကျပလား (မှန်ပါ့) ကျုပ်က ဒီနေရာ, စိတ်က ပေါ်တဲ့ နေရာ မနေဘူးလား (နေပါတယ် ဘုရား)။

လာခဲ့ ကျုပ်ကိုရှုပါ

အဲဒါကို ပဿက ရှုပါ ဆိုတာ ဒီနေရာကနေ ရှုပါ (မှန်ပါ့) ဒီနေရာက ဧဟိ- လာခဲ့။ ပဿ- ကျုပ်က ိုရှုပါ။ ဘာနဲ့ ရှုမှာတုံး ဆိုတော့ အရှင်နဲ့ ရှုပေးပါ၊ သဘောကျပလား (ကျပါပြီ ဘုရား) ဒါဖြင့် ဧဟိပဿိကော သဘောကျပလား (ကျပါပြီ ဘုရား) ဘာတဲ့တုံး (လာလှည့်ရှုပါ) လာပါ ရှုပါ လာလှည့်ဆို ရင် ရှေးသံ ပါနေတယ် မောင်ကိုရ (မှန်လှပါ ဘုရား)။

လာလှည့်ဆိုရင် မရဘူး၊ လာခဲ့ ရှုပါ သဘောကျကြ ပလား (ကျပါပြီ ဘုရား) ခင်ဗျားတို့ ခန္ဓာကိုယ်ရော မခေါ်ဘူးလား ခေါ်သလား (ခေါ်ပါတယ် ဘုရား)။

ဘာဖြစ်လို့ မသွားသတုံး၊ နိဗ္ဗာန် ရောက်မှာ စိုးလို့ မသွား တာ ရိပ်မိပလား (ရိပ်မိပါပြီ) ဒကာ ဒကာမတွေ မခေါ်တဲ့ အချိန်များ ရှိရဲ့လား (မရှိပါ ဘုရား) အချိန်တိုင်း မခေါ်ဘူးလား (ခေါ်ပါတယ် ဘုရား)။

ဘာဖြစ်လို့ မသွားတာတုံး မေးတဲ့ အခါကျတော့ တပည့် တော် နိဗ္ဗာန်ရောက်မှာ စိုးလို့ ခင်ဗျားတို့က နိဗ္ဗာန်ကို မရောက်ချင် ဘူး။ ဖြစ်ပြီး ပျက်နေတဲ့ မြင်စိတ် – ဧဟိ-လာခဲ့ပါ၊ ပဿ-ရှုပါ ဆိုတာ မြင်စိတ်ကလေးက လည်း ဖြစ်ပြီး ပျက်ပျက် နေတာကို ခင်ဗျား ဉာဏ်နဲ့ လာခဲ့ပါလို့ မပြောဘူးလား (ပြောပါတယ် ဘုရား) ခင်ဗျားတို့က သွားရဲ့လား (မသွားပါ ဘုရား)။

ဘာဖြစ်လို့တုံးဆိုတော့ ခင်ဗျားတို့က မသွားချင်တာက ဒီဘက် လှည့်ချင်လို့ မသွားချင်တာ၊ တဏှာ, ဥပါဒါန်, ကံ, ဇာတိ,ဇရာ, မရဏဘက် လှည့်ချင်လို့ မသွားချင်တာ။

ဒကာ ဒကာမတို့ အိုခြင်းဆိုး ဆိုတာ သဘောကျပလား (ကျပါပြီ ဘုရား) ခေါ်တဲ့ဆီ မသွားရင် အိုခြင်းဆိုး ချည်း မှတ် သဘောပါကြလား (ပါ,ပါတယ် ဘုရား) ခေါ်တဲ့ဆီ မသွားရင် (အိုခြင်းဆိုးပါ ဘုရား) အိုခြင်းဆိုး တဲ့၊ နောက် သေခြင်းဆိုး လမ်းကို မျက်နှာမူ နေတယ်လို့ ဆုံးဖြတ် ချက်ချပါ (မှန်ပါ့)။

အင်မတန် မဆိုးဝါးဘူးလား (ဆိုးပါတယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ခင်ဗျားတို့က မသွားတာ လုံးလုံး ဆိုရင်လည်း ဘုန်းကြီးက ကျေနပ် ပါတယ်။

ယားတဲ့စိတ်ကလေး

သွားတော့ သွားတယ်၊ တဏှာနဲ့ သွားတယ်၊ ကျောမှာ ယားနေတယ် ဆိုတော့ ယားတဲ့ စိတ်ကလေးက ဒုက္ခသစ္စာ, အဲဒါ ကျတော့ မှောင်ကြီးထဲ များတောင် လက်နဲ့ထိုးပြီး သွားတယ်၊ မသွား ဘူးလား (သွားပါတယ် ဘုရား)။

ဒါကတော့ ဘာဖြစ်လို့တုံးဆိုတော့ ပျောက်ခြင်း အလိုရှိလို့ ဆိုတော့ တဏှာနဲ့ သွားတာ ဉာဏ်နဲ့တော့ သွားရဲ့ လား (မသွားပါ) ဘာနဲ့တော့ သွားသတုံး (တဏှာနဲ့သွားပါတယ်)။

ေဩာ် အသွားက သိပ်လွဲနေပြီ၊ အင်း ဧဟိပဿိကော ခေါ်ရာ ယားတဲ့ ဆီက မခေါ်ဘူးလား (ခေါ်ပါတယ် ဘုရား) ဘာနဲ့ သွားသတုံး (တဏှာနဲ့ သွားပါတယ် ဘုရား)။

ဉာဏ်နဲ့ သွားလိုက်ပါလားဗျ၊ ဒါ သူက ခေါ်နေတယ်၊ သူဟာ ဘာဖြစ်သတုံး၊ ခေါ်တဲ့တရား ဘာပါလိမ့်မတုံး ဆိုတော့ သိအောင် ဉာဏ်နဲ့ သွားလိုက်လို့ ရှိရင်ဖြင့် သူက ခေါ်တာက ဧဟိ ပဿိကော၊ သဘောကျပလား (မှန်ပါ့) ကိုယ်က ဒကာ ဒကာမတွေ ဉာဏ်နဲ့ သွားလိုက်တော့ကိုတဲ့ ကိုယ့်အသေ ကိုယ် မြင်ပါတယ်၊ ဉာဏ်နဲ့ သွားတော့ (ကိုယ့်အသေ ကိုယ်မြင်ပါ တယ်)။

ဉာဏ်နဲ့သွားလိုက်ပါ

ယားတဲ့ နေရာကလေးက ဝေဒနာ မဟုတ်လား (မှန်ပါ့) ဒုက္ခစိတ် မဟုတ်လား (မှန်ပါ့) အဲဒီ ဒုက္ခစိတ်ကလေး ဆီကို ဉာဏ်နဲ့ သွားလိုက်တဲ့ အခါကျတော့ ဪ ဘယ်သူ သေတာ မြင်ရပါလိမ့် (ကိုယ်သေတာ မြင်ရပါတယ် ဘုရား)။

အဲဒီလို ဉာဏ်နဲ့ သွားလိုက်လို့ရှိရင်ဖြင့် အသေက ဒုက္ခ သစ္စာ၊ သွားတဲ့အသိက မဂ္ဂသစ္စာ လက်နဲ့ သွားတာကတော့ အယားပြေချင်လို့ တဏှာနဲ့ သွားတာ။

ဒါဖြင့် ခင်ဗျားတို့ လုံးလုံး မသွားတာလား၊ သွားပြန်တော့ အလွဲသွားတာလား (အလွဲသွား တာပါ ဘုရား)။

ဪဒါဖြင့် ဒီဆရာသမားက ပြင်မပေးလို့ရှိရင် အလွဲ သွားနဲ့ပဲ အချိန်ကုန်မှာပဲ သဘော ပါပလား (ပါ,ပါပြီ)။

ဒါဖြင့် တရားက မခေါ်လို့လား၊ အသွားက မတတ်လို့ လား (အသွားမတတ်လို့ပါ ဘုရား) ဒါဖြင့် လေးဖက်သွား သင်ရလိမ့်မယ် ခင်ဗျားတို့ကို ရိပ်မိပလား (ရိပ်မိပါပြီ) အခါလည် သမီးတွေ၊ အခါလည်သားတွေ ဖြစ်နေတာ လေးဖက်သွား သင်ရဦးမလို ဖြစ်နေတယ် ဘယ်လောက် ဆိုးဝါး နေသတုံး၊ မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)။

ကဲ ဒါဖြင့် ဒကာ ဒကာမတို့ ခင်ဗျားတို့ ရပြီးသား ဆိုရင် ခင်ဗျားတို့ မှတ်မိပြီနော်၊ ဒီတရားက ဖြစ်ပြီး ပျက်တဲ့ တရားက ဧဟိပဿိကော၊ လာပါရှုပါလို့ ခေါ်တာ သဘောကျပလား (ကျပါပြီ)။

ဧဟိပဿိကောဆိုတာ ဘာပါလိမ့် (လာပါ, ရှုပါ) လာပါ, ရှုပါ ဆိုတာ ဘယ်သူက ခေါ်တာတုံး (တရားကခေါ် တာပါ) တရားက သဘောကျပလား (ကျပါပြီ) ဘယ်သူက ခေါ်သတုံး (တရားကပါ ဘုရား)။

တရားက ခေါ်လို့ရှိရင် ခင်ဗျားတို့က တဏှာနဲ့ လိုက် မလား၊ ဉာဏ်နဲ့လိုက်မလား (ဉာဏ်နဲ့ လိုက်ပါမယ်)။

ကိုယ်တိုင်မြင်အောင် လိုက်လိုက်စမ်းပါ

အဲ ဉာဏ်နဲ့ လိုက်ပါလို့ ဘုရားက သန္ဒိဋ္ဌိကောလို့ ဟော ပြန်တယ် ဘာလို့ ဟောသတုံး (သန္ဒိဋ္ဌိကောပါ) “သန္ဒိဋ္ဌိကော” “သာမံ ပဿိတဗ္ဗော၊” သာမံ၊ ကိုယ်တိုင်။ ပဿိတဗ္ဗော၊ မြင်အောင် လိုက်လိုက်စမ်းပါ မဟောဘူးလား (ဟောပါတယ် ဘုရား)။

ကိုယ်တိုင် မြင်အောင် လိုက်ပါ၊ ခေါ်ရာကို သွားပါ၊ မြင် အောင်ဟာ ဘာတဲ့တုံး (လိုက်ပါ) လိုက်ပါ၊ သွားပါ အသေ ရှိတဲ့ ဆီကို သဘောကျပလား (ကျပါပြီ)။

ဒါဖြင့် ခင်ဗျားတို့ က သန္ဒိဋ္ဌိကော ဆိုတဲ့ဥစ္စာသည် သာမည မှတ်နေတယ်၊ သခင်ဝတင် တို့က ဘုရားရှိခိုး လုပ်တုံး ဘယ်လို သုံးကြပါလိမ့် (ဘုရားရှိခိုး သုံးပါတယ်)။

ဘုရားရှိခိုးရမှာလား၊ သူ့ပါဠိ သေသေချာချာကြည့်၊ အသေက ခေါ်တဲ့ဆီကို ကိုယ်တိုင် မြင်အောင် လိုက်ရမှာလား (အသေက ခေါ်တဲ့ဆီကို ကိုယ်တိုင် မြင်အောင် လိုက်ရမှာပါ ဘုရား)။

သောက်ဆေးကို လိမ်းဆေးလုပ်နေကြတယ်

အဲ ခင်ဗျားတို့က ဒါ ဘုရားရှိခိုး လုပ်ထားတော့ နိဗ္ဗာန် မရောက်တော့ဘူး (မှန်ပါ့) ဘုရားရှိခိုး လုပ်ထားတဲ့ အတွက် (နိဗ္ဗာန် မရောက်တော့တာပါ)။

ဓမ္မာနုဿတိ ကိုးဗျ ဓမ္မာနုဿတိ ဆိုတော့ သမထဖြစ် မသွားဘူးလား (ဖြစ်ပါတယ်) သမထ, နိဗ္ဗာန် ရောက်ရဲ့ လား (မရောက်ပါ)၊

အဲဒီတော့ ခင်ဗျားတို့ဟာက ဘုန်းကြီး အခုပြောနေကျ အတိုင်း ပြောရလို့ရှိရင် သောက်ဆေးကို လိမ်းဆေး လုပ်နေကြ တယ်။

ဘယ့်နှယ်ပါလိမ့် (သောက်ဆေးကို လိမ်းဆေးလုပ်နေ ကြပါတယ်) ဘုရား ဟောခဲ့တာက သောက်ဆေး ခင်ဗျားတို့က ရှိခိုးတဲ့ လိမ်းဆေး လုပ်နေတယ် ပျောက်ပါ့ မလား ရောဂါ (မပျောက်ပါ ဘုရား) ကိလေသာ ရောဂါ ပျောက်ပါ့မလား (မပျောက်ပါ ဘုရား)။

အို,နာ,သေ ပျောက်ပါ့ မလား (မပျောက်ပါ) အဲဒါ ဘာဖြစ်လို့တုံးဆိုတော့ ဆေးတော့ တွေ့ပါရဲ့ဗျာ၊ အသုံးက မသုံး တတ်လို့ ရိပ်မိပလား (ရိပ်မိပါပြီ) အသုံးက ဘယ့်နှယ်ဖြစ်နေသလဲ (မသုံးတတ်လို့ပါ ဘုရား) သောက်ဆေးကို ဘာလုပ်နေ သတုံး (လိမ်းဆေး လုပ်နေပါတယ် ဘုရား)။

ဒါကြောင့် ခင်ဗျားတို့ ကန်းတယ် ဆိုတာများ မနာပါနဲ့ ဆိုတာ ပြောသင့် မပြောသင့် (ပြောသင့်ပါတယ် ဘုရား)။

ဆေးတွေ့ နေတာတောင်မှ ဘာဆေးရယ်လို့ မသိဘူး လိမ်းဆေး ဆိုတာ ရောဂါရှင်းတာ ဟုတ်ရဲ့လား (မဟုတ်ပါ ဘုရား) ငြိမ်ရုံပဲ ရတယ်၊ သောက်ဆေး ဆိုရင် ဘာတုံး (ရောဂါ ရှင်းပါတယ်) ရောဂါပျောက်တယ်, ပျောက်တဲ့ဆေးကို ခင်ဗျား တို့က ငြိမ်တဲ့ ဆေးလောက် သုံးနေတော့ အတော် ခက်သွားတယ်။

ဘယ်တော့မှ နိဗ္ဗာန်မရောက်

ငြိမ်ရုံလောက် သုံးနေကြလို့ ရှိရင်ဖြင့် ခင်ဗျားတို့ ဘယ် တော့မှ နိဗ္ဗာန် မရောက်ဘူး၊ ရှင်းပလား (ရှင်းပါပြီ) ကောင်းပြီ ဒကာ ဒကာမတို့၊ ခေါ်တာက ဘာတဲ့ (ဧဟိပဿိကော) ဧဟိ ပဿိကော၊ လိုက်ရမှာက (သန္ဒိဋ္ဌိကော) ကိုယ်တိုင် မြင်အောင် လိုက်ပါ ဧဟိပဿိကောက ခေါ်ရာကို သန္ဒိကာက (မြင်အောင်လိုက်ရမယ်) သန္ဒိဋ္ဌိ ကောက လိုက်ပေး၊ အဲဒါ ဝိပဿနာ ဆေး။

ဦးမြ ဧဟိပဿိကော ခေါ်ရာကို (သန္ဒိဋ္ဌိကောနဲ့ လိုက် ပေး) သန္ဒိဋ္ဌိကောနဲ့ လိုက်လို့ရှိရင် အဲဒါ ဝိပဿနာဆေး (မှန်ပါ့) ရှုနေတဲ့။ ခင်ဗျားတို့ ရ,ထားတာက ဒီလောက် မပေါ်ဘူး၊

ပေါ်ကြရဲ့လား (မပေါ်ပါ)။

ဒါဖြင့် ဧဟိပဿိကော ဆိုတာက ဘာပါလိမ့်၊ ခေါ်တာ သဘောကျပလား (ကျပါတယ်) ရှုပါလို့ ခေါ်တာ၊ သန္ဒိဋ္ဌိကောက ဘာလုပ်ရမှာတုံး (ဝိပဿနာဆေး) သူခေါ်တဲ့ဆီ လိုက်ရမယ်။

လိုက်တဲ့အခါကျတော့ ဧဟိပဿိကောက ခေါ်သည်။ သန္ဒိဋ္ဌိကောက လိုက်သည် ဆိုတော့ အသေကို အရှင်နဲ့သွား တွေ့တယ် အသေကို (အရှင်နဲ့သွားတွေ့တယ်)

ဧဟိပဿိကောက အသေကိုး သန္ဒိဋ္ဌိကော လိုက်တဲ့ အခါကျတော့ သူကသေနှင့် နေလို့ ဒကာ ဒကာမတို့ အထည် တွေ့သေးရဲ့လား (မတွေ့ပါ) မတွေ့ တော့ ကိုယ့်ခန္ဓာ အနိစ္စ ပါလား ဆိုတာ သူများပြောလား ကိုယ်လိုက်လို့ တွေ့တာလား (ကိုယ်လိုက်လို့ တွေ့တာပါ ဘုရား)။

ဝိပဿနာအစစ်

ဒါဖြင့် ဒကာ ဒကာမတို့၊ ဧဟိပဿိကော ခေါ်ရာကို သန္ဒိဋ္ဌိကောနဲ့ (လိုက်ရမယ်) လိုက်လို့ ရှိရင် ဒါ ဝိပဿနာ အစစ်၊ ပေါ်ကြပလား (ပေါ်ပါပြီ)။

ဝိပဿနာ စာအုပ်ကြီး ရှည်နေအောင် ရေးထားပေမယ့် လိုရင်းက ဒါပဲ ရှိတယ် ဒကာ ဒကာမတို့ ဝိပဿနာ စာအုပ်ကြီး ဟာ ရှည်လိုက်တာ ဘုရား၊ ဆရာတော်က ဉာဏ်ကျယ် လိုက်တာ။

ခင်ဗျားတို့ ဉာဏ်ကျယ်ရာ လိုက်နေရင် ငါးပါးမှောက် မယ် ဧဟိပဿိကော ခေါ်ရာကို (သန္ဒိဋ္ဌိကောနဲ့လိုက်) သန္ဒိဋ္ဌိကော နဲ့ လိုက်လို့ရှိရင်ဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာတဲ့။ ဆက်ရွတ်ပါ။

အကာလိကော၊ အကာလိကော ဆိုတာက အခုချက်ချင်း အကျိုး ပေးမယ်ကွ၊ အကာလိကော ဆိုတာ ဘာပါလိမ့် (အခု ချက်ချင်း အကျိုးပေးမယ်) ကဲပေး, မပေး ကျုပ်တို့ ပဋိစ္စသမုပ္ပာဒ် ကို ထောက်ပြမယ်၊ ကြည့်ကြ။

အခါမလင့် အကျိုးပေးတယ်

ဧဟိပဿိကော ခေါ်ရာကို သန္ဒိဋ္ဌိကော ဆိုတဲ့ သာမံ ပဿိတဗ္ဗော ဆိုတော့ ကိုယ်တိုင် မြင်အောင် ကြည့်လိုက်တဲ့ အခါကျတော့ တဏှာ, ဥပါဒါန်, ကံ လာသေးရဲ့လား (မလာပါ ဘုရား) မလာတာသည် အခါ မလင့် တဏှာ ဥပါဒါန် သေသွား သောကြောင့်တဲ့ အကာလိကော ဖြစ်ပါတယ် အခါမလင့် အကျိုး ပေး ပစ်လိုက်တယ်၊ ပေါ်ကြပလား (ပေါ်ပါပြီ)။

အခါများ လင့်သေးသလား (မလင့်ပါ) ခေါ်ရာကိုလိုက်, လိုက်တာနဲ့ ဒီတရားတွေ လာသေးရဲ့ လား (မလာပါ) ရန်သူတွေ အကုန် မသေဘူးလား (သေပါတယ် ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ တို့ ဘုရားရှိခိုး နေတာ ဒါပဲ ဒီဒကာ ဒကာမတွေ ဘုရားရှိခိုးနေတာ ဒါပဲမဟုတ်လား ဟ ဘာဖြစ်လို့ ရှိခိုးနေကြပါလိမ့်မတုံး၊ ဘုရားက အလုပ်ဟောတာ လား၊ ရှိခိုးဖို့ ဟောတာလား (အလုပ် ဟောတာပါ) ခင်ဗျားတို့က ဘာလုပ်နေသလဲ (ရှိခိုးနေပါတယ် ဘုရား) သွားပြီ သွားပြီ သွားပြီ။

တို့ကွာ ခုဒီဘုန်းကြီးနဲ့ တွေ့လို့သာ၊ မတွေ့ရင် ငါးပါး မှောက်တယ်ဟေ့ ဆိုတာ သေချာပြီ မသေချာဘူးလား (သေချာပါတယ် ဘုရား) ဘာပြုလို့တုံး၊ သောက်ဆေး လိမ်းဆေး လုပ်နေလို့ ပျောက်ပါ့မလား ရောဂါ (မပျောက်ပါ ဘုရား)။

အဲဒီမှာ ခင်ဗျားကို သိပ်လွဲနေလို့ ဆရာဘုန်းကြီးက ပြင်ပြီးပြီ၊ ဒကာ ဒကာမတွေ (မှန်ပါ့) ရိပ်မိကြပလား (ရိပ်မိ ပါပြီ)။

ဒါဖြင့် ဧဟိပဿိကော ခေါ်ရာကို ဘာနဲ့လိုက်ရမယ် (သန္ဒိဋ္ဌိကောနဲ့လိုက်) သန္ဒိဋ္ဌိကော ဆိုတာ ကိုယ်တိုင် မြင်အောင် လိုက်တာ။ လိုက်-လိုက်တဲ့ အခါကျလို့ရှိရင် နောက်ပါဠိတော်က ဘာတဲ့ (အကာလိကောပါ ဘုရား)။

ဒီတဏှာ, ဥပါဒါန်, ကံတွေ လာသေးသလား၊ ဒီမဂ်က ဖြတ်လိုက်ပြီ (မလာပါ ဘုရား) မဂ်က ဖြတ်လိုက်တဲ့ အခါကျတော့ တဏှာ, ဥပါဒါန်, ကံ လာသေးရဲ့လား (မလာပါ ဘုရား)။

ဒါဘာဖြစ်လို့တုံး မေးတဲ့အခါကျတော့ ဒကာ ဒကာမတို့ ဖြေတတ်ပလား၊ ဧဟိပဿိကော ခေါ်ရာကို သန္ဒိဋ္ဌိကောနဲ့ လိုက် လို့ အကာလိကော ဖြစ်တာပါဘုရား၊ ပေါ်ကြပလား (ပေါ်ပါပြီ)။

ဧဟိပဿိကော ခေါ်ရာကို (သန္ဒိဋ္ဌိကောနဲ့ လိုက်လို့) ဒါဖြင့် ဒီတရားတွေ လာသေးသလား (မလာပါ ဘုရား)။

မလာတာ ဘာဆိုရမလဲ (အကာလိကော) အခါမလင့် အကျိုးပေးတယ်၊ ရန်သူတွေ အကုန် သေတယ်၊ မသေဘူးလား (သေပါတယ် ဘုရား)။

ဘုရားသွားပြီး သတိပေးသလို

ဒါဖြင့် သခင်ဝတင်ကြီးရေ ရန်ကုန် ဘုရား သွားပြီး သကာလ ရွှေတိဂုံဘုရား သွားပြီး အရှင်ဘုရား ဧဟိပဿိကော ဘုရားနော် ဘုရား သွားပြီး သတိပေးသလို ဖြစ်နေတယ်၊ ဟိုက ရှုနေတာ ရိပ်မိပလား (ရိပ်မိပါပြီ)။

သန္ဒိဋ္ဌိကော ဘုရာ့၊ ကိုယ်တော်လည်း မြင်အောင်ကြည့် ပါဘုရားလို့ သွားလျှောက်တာနဲ့ ကော (တူနေသလိုပါပဲ ဘုရား)။

ခက်ကောင်း ခက်ရချည်ရဲ့ အတော်ဆိုး နေတာဗျ၊ ဒါမှ သန္ဒိဋ္ဌိကော ကိုယ်တော် ဖြစ်မယ်ဘုရား ဆိုတော့ သွားရော၊ ခင်ဗျား တို့က ဘုရား ဆရာ ဖြစ်နေတယ်၊ ရိပ်မိပလား (ရိပ်မိပါပြီ) အင်မတန် မဆိုးဘူးလား (ဆိုးပါတယ်)။

အဲဒါကြောင့် ခင်ဗျားတို့ ဘုရားရှေ့ သွားပြီး သကာလ ဆရာ သွားလုပ်နေတာလောက် အရုပ်ဆိုးတာတော့ ရှာမတွေ့ဘူး ဗျ၊ အတော် ဆိုးနေတယ်။

ဘုန်းကြီးပြောတာ မနာကြပါနဲ့

အဲဒီတော့ကို ဒကာ ဒကာမတို့ ဘုန်းကြီး ပြောတာ မနာ ကြပါနဲ့၊ ခင်ဗျားတို့ သောက်ဆေး ကို လိမ်းဆေး လုပ်နေတာ သေချာတယ် ဒကာဒကာမတွေ ဘယ့်နှယ်ဆိုမယ် (သောက် ဆေးကို လိမ်းဆေး လုပ်နေတယ်) နောက်က ဒကာ ဒကာမတွေ ဘာလုပ်နေတယ် (သောက်ဆေးကို လိမ်းဆေး လုပ်နေပါတယ် ဘုရား)။

ေဩာ် ရောဂါမ ှပျောက်ပါ့မလား (မပျောက်ပါ ဘုရား) ဘယ် အကာလိကော လာစရာ မြင်သေးရဲ့ လား (မမြင်ပါ ဘုရား)။

ဒါရောဂါတွေ၊ ကိလေသာရောဂါတွေ ပျောက်နိုင်ပါ့ မလား (မပျောက်နိုင်ပါ ဘုရား)။

ဒါဖြင့် ယနေ့ကစပြီးသကာလ ခင်ဗျားတို့ ဘုရားမရှိခိုး နဲ့လို့တော့ မဟောဘူး (မှန်ပါ့) ရှိခိုးတော့ ရှိခိုးကောင်းတယ်။

သို့သော်လည်း အဲဒီ ရှိခိုးတဲ့ တရားတွေက တို့အလုပ်ခိုင်း တဲ့ တရားတွေပဲ ဆိုပြီး သကာလ ဧဟိ ပဿိကောလို့ ရွတ်မည့် ကြံရင်လည်း ခန္ဓာထဲမှာ တစ်ခုခု ကြည့်လိုက်၊ စိတ်ပေါ် စိတ်ကြည့်၊ ဝေဒနာပေါ်ရင် (ဝေဒနာကြည့်ပါ) ဝေဒနာခေါ်ရင် လိုက်ပါ။

ဉာဏ်နဲ့လိုက်တော့ ဖြစ်ပျက်မဂ်

ခေါ်ရင် သန္ဒိဋ္ဌိကောနဲ့ လိုက်မယ် ဉာဏ်နဲ့လိုက်လိုက် တော့ ဖြစ်ပျက်ဉာဏ် မဂ် မရဘူးလား (ရပါတယ်)။

ဒါဖြင့် သူခေါ်ရာလိုက်တော့ ငါ ဘာကျေးဇူးရှိသတုံး မေးတော့ အကာလိကောကွ။

မဂ်က တဏှာ ဖြတ်လိုက်တော့ ဒီ ရန်သူတွေ လာသေးရဲ့ လား (မလာပါ) ရန်သူမှ မလာလို့ ရှိရင် သမုဒယသစ္စာ မသေဘူးလား (သေပါတယ် ဘုရား) စာကြည့်ပါ၊ ဒါ ဘာသစ္စာတုံး (သမုဒယသစ္စာပါ ဘုရား)။

ဒါဖြင့် ဒီ သမုဒယသစ္စာ ပေါ်ပါဦးမလား (မပေါ်ပါ ဘုရား) ဒါဖြင့် ဒုက္ခငြိမ်းတာ ဘာခေါ်မတုံး (နိဗ္ဗာန်လို့ ခေါ်ပါ တယ်) သမုဒယ သိမ်းတာ ဘာခေါ်မတုံး (နိဗ္ဗာန် ခေါ်ပါတယ်) နိဗ္ဗာန်ပဲ ဆိုတော့ ခေါ်ရာ လိုက်ပေးရင် နိဗ္ဗာန်ရမယ် (မှန်ပါ့) ဧဟိ ပဿိကော ခေါ်ရာကို (သန္ဒိဋ္ဌိကောနဲ့ လိုက်ပေး ရပါမယ်) သန္ဒိဋ္ဌိကောနဲ့ လိုက်ရင် နိဗ္ဗာန်ကား ဒကာ ဒကာမတို့ ဆုတောင်း တဲ့ အလုပ်လားတဲ့၊ ခေါ်ရာ လိုက်ရတဲ့ အလုပ်လား (ခေါ်ရာ လိုက်ရတဲ့အလုပ်ပါ ဘုရား)။

အလုပ်လုပ်ယူရမှာ တောင်းလို့မရဘူး

နို့ခင်ဗျားတို့က ဝဋ်ဘဝတိုတိုနဲ့ နိဗ္ဗာန် မဂ်ဖိုလ် ရရပါလို ၏၊ ခင်ဗျားတို့က တောင်းတယ်၊ လုပ်ယူရမှာကို တောင်းယူလိုက်တော့ မရဘူး၊ ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား) လုပ်ယူရမှာ ကို (တောင်းယူလို့မရပါ) ရပါ့မလား (မရပါ ဘုရား)။

သို့သော် ခင်ဗျားတို့က မျိုးရိုးကိုက ဆိုးဝါးတယ် ထင်ပါ ရဲ့၊ တယ်တောင်းတယ်၊ ရိပ်မိကြပလား (ရိပ်မိပါပြီ) တောင်း လို့ ရတာ ဟုတ်ရဲ့လား (မဟုတ်ပါ ဘုရား) သဘောပါ ကြပလား (ပါ,ပါပြီ)။

နောက်တော့ ကိုယ့်မျိုးရိုး ဖျက်ကြနော်၊ သွားတောင်း မနေနဲ့ (မှန်ပါ့)။

ဦးမြကြီးကော တောင်းဖူးသေးလား (တောင်းဖူးပါ တယ်) ဟော သွားပြီ, သွားပြီ (မှန်ပါ့) အင်မတန် ဆိုးနေတာ၊ ကိုင်း ဒကာ ဒကာမတို့ ပေါ်ကြပလား (ပေါ်ပါပြီ)။

ကိုင်း ခေါ်ရာကို လိုက်ရမယ်၊ ခေါ်ရာကို လိုက်ရင် အခါ မလင့် အကျိုးပေးတယ် ခေါ်ရာကို ဆိုတာ ဘာပါလိမ့် (ဧဟိ ပဿိကောပါ) လိုက်ရမှာက (သန္ဒိဋ္ဌိကောပါ) အခါမလင့် အကျိုး ပေးတာက (အကာလိကောပါ)။

ဆေးသုံးမှားလို့ ပြင်ပေးနေတာ

ဒါဖြင့် ခင်ဗျားတို့ ဘုန်းကြီးက မန္တလေးက လာပြီး သကာလ တရားတွေ သယ်လာပြီး တို့ ဖောက်သည်ချ နေတာ ဆိုမလား၊ တို့ ဆေးသုံးမှားလို့ ပြင်ပေးနေတာလို့ ဆိုမလား (ဆေးသုံးမှားလို့ ပြင်ပေးနေတာပါ ဘုရား)။

ဘုန်းကြီးက ဖောက်သည်ချနေတာ မဟုတ်ပါဘူး၊ ခင်ဗျားတို့ကို မန္တလေးက ဘုန်းကြီးမို့ ထူးထူးခြားခြား ပြောတာ လို့ ဟုတ်ရဲ့လား (မဟုတ်ပါ) ကိုယ်ရပြီးသား ဆေးကို အသုံး မှားနေလို့ ပြင်ပေးတာ။

ဒီဆေးတော့ မလိမ်းပါနဲ့၊ သောက်ပါ

ဒါတရားဟောဆရာလို့ ခင်ဗျားတို့က ထင်နေတယ် တရားဟောဆရာ မဟုတ်ဘူး၊ ဆေးကို ပြင်ပေး နေတာ၊ ဒီဆေးတော့ မလိမ်းပါနဲ့၊ သောက်ပါ။

ဒါလာပြင်ပေးတာ ရိပ်မိပလား (ရိပ်မိပါပြီ) ဘယ့်နှယ် ကြောင့် ဒီတစ်မြို့လုံး ပြင်နေ ရပါလိမ့် မတုံးလို့ မေးတဲ့ အခါကျ တော့ သဘောတူ လိမ်းဆေး လုပ်နေလို့ ရိပ်မိပလား (ရိပ်မိ ပါပြီ) သဘောတူ ဘာလုပ်နေကြတုံး (လိမ်းဆေး လုပ်နေ ပါတယ် ဘုရား)။

ဒါဖြင့် သဘောတူပဲ ပြင်လိုက်ပါတော့၊ ဒီတရားတစ်ပွဲ လုံး သောက်ဆေးချည်း လုပ်ပါ ရိပ်မိပလား (ရိပ်မိပါပြီ) ဘာလုပ်ကြမယ် (သောက်ဆေး လုပ်ပါ့မယ် ဘုရား)။

သောက်ရင် နိဗ္ဗာန်ရောက်မယ်

သောက်ဆေးချည်း လုပ်ပါ ဆိုလို့ ရှိရင်ဖြင့် သောက်သည် နှင့် တစ်ပြိုင်နက်တည်း ကိလေသာ ရောဂါ အကာလိကောဆို အကုန် ပျောက်ပါတယ် သောက်ရင် ဘာ (အကာလိကော ဆို အကုန် ပျောက်ပါတယ်)။

လိမ်းရင် ဗြဟ္မာပြည် ရောက်မယ် သောက်ရင် နိဗ္ဗာန် ရောက်မယ် လိမ်းရင် (ဗြဟ္မာပြည် ရောက်မယ်) သမထကိုး (မှန်ပါ့)။

ဘုရားရှိခိုးတာက သမထ လိမ်းရင် ဘယ်ရောက်မယ် (ဗြဟ္မာပြည်ရောက်မယ်) သောက်လို့ ရှိရင် (နိဗ္ဗာန်ရောက်မယ်) ဘယ်ဟာ ကြိုက်သတုံး (နိဗ္ဗာန် ကြိုက်ပါတယ်)။

အိုး ကြိုက်တော့ ကြိုက်တယ်၊ ဆေးက လွဲနေတယ် (မှန်ပါ့) ဒကာ ဒကာမတွေ ဟောထိုက်၊ မဟောထိုက် (ဟောထိုက်ပါတယ် ဘုရား)။

ကောင်းတော့ ကောင်းပါတယ်၊ ခင်ဗျားတို့ သုံးနေတာက ဆေးထက်သလောက် ခရီး မပေါက်ဘူး သောက်မ ှပျောက်မည့် ဆေးကို လိမ်းဆေး လုပ်နေတော့ အပေါ်ယံတင် ပျောက်သွား တယ်။

ဒကာ ဒကာမတို့ အတွင်းကိလေသာ ရန်သူတွေပျောက် ပါရဲ့လား (မပျောက်ပါ ဘုရား) အင်မတန် မဆိုးဝါးဘူးလား (ဆိုးဝါးပါတယ် ဘုရား)။

ဒါဖြင့် ဒီနေ့တရားမှာ ကိုယ်တိုင်သိ ဆိုတာလည်း ဧဟိ ပဿိကော ခေါ်ရာကို သန္ဒိဋ္ဌိကောနဲ့ လိုက်မှ ဒုက္ခသစ္စာကို သိတယ်။ သဘောကျပလား (ကျပါတယ် ဘုရား)။

ဒုက္ခသစ္စာ သိတဲ့ အချိန်မှာ သမုဒယသစ္စာ သေ,မသေ (သေပါတယ် ဘုရား) သမုဒယ သစ္စာ သေလို့ ရှိရင် နိရောဓ၊ ဒုက္ခ နိရောဓ လာ, မလာ (လာပါတယ်) သဘောပါကြလား (ပါ, ပါတယ်)

ကဲ ယနေ့ ဒီတွင် နားဦးစို့ ၊ နာရီစေ့ပြီ။

သာဓု သာဓု သာဓု။