သစ္စဉာဏ်(၃)

“သစ္စာ ဉာဏ်” (၃)

အသံဖိုင်ခေါင်းစဉ် = သစ္စ ဉာဏ်,ကိစ္စဉာဏ်,ကတဉာဏ် ဉာဏ်စဥ်သုံးပါးတရားတော်

စာအုပ်ခေါင်းစဉ် = “သစ္စာ ဉာဏ်” (၃)

ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး ရန်ကုန်မြို့၌

ဟောကြားတော်မူသောတရားတော်

“သစ္စာ ဉာဏ်” (၃)

(၈-၇-၆၂)

သစ္စ ဉာဏ်၊ ကိစ္စဉာဏ်၊ ကတဉာဏ်

အားလုံး ဒကာ ဒကာမတွေ ( ဘုရား) ဒီနေ့ဟောမည့် တရားသည် သစ္စဉာဏ်၊ ကိစ္စဉာဏ်၊ ကတဉာဏ် သုံးချက်ကို ဟောလိမ့်မယ်လို့ မှတ်ထားကြစမ်းပါ (မှန်ပါ့ ဘုရား)

သစ္စ ဉာဏ်၊ ကိစ္စဉာဏ်၊ ကတဉာဏ်သုံးချက်ကို ဟောပါလိမ့်မယ် ဒီနေ့ ဘာဟောမှာပါလိမ့် (သစ္စဉာဏ်၊ ကိစ္စဉာဏ်၊ ကတဉာဏ် သုံးချက်ကို ဟောပါလိမ့်မယ်) သုံးချက်ကို ဟောလိမ့်မယ်လို့ ဒကာ ဒကာမတွေ သေသေချာချာ မှတ်ပါ (မှန်ပါ့ ဘုရား) ဒီသုံးချက် မပါသရွေ့ ကာလပတ်လုံး ဘယ်သူ နိဗ္ဗာန်ရောက်ပါတယ်ဆိုတာသည် ယုံတမ်း ပြောတာလို့ မှတ်ပါ။

မယုံကြနဲ့ဆိုတာ သည်ယုံတမ်း ပြောတာမို့လို့ မှတ်ပါ။ သစ္စဉာဏ်လဲ မပါဘဲနဲ့ နိဗ္ဗာန်ရောက်တယ်ဆိုရင် ယုံတမ်း ပြောတာ ကိစ္စဉာဏ်မပါဘဲနဲ့ နိဗ္ဗာန်ရောက်တယ်ပြောရင် (ယုံတမ်း ပြောတာပါ ဘုရား) ကတဉာဏ်မပါဘဲနဲ့ နိဗ္ဗာန် ရောက်တယ်လို့ ပြောတာရော (ယုံတမ်းပြောတာပါ ဘုရား)။

နိဗ္ဗာန်ရောက်တရား

ဒါဖြင့် နိဗ္ဗာန်ရောက်တရားသည် သစ္စာမှရောက်တယ်လို့ ဆုံးဖြတ်ချက်ချ (မှန်လှပါ ဘုရား) နိဗ္ဗာန်ရောက်တရားသည် (သစ္စာရောက်ပါတယ်) သစ္စာမှရောက်ပါတယ်လို့ ဆုံးဖြတ် ချက်ချပါ၊ မောင်ထွန်းရင် ဘယ်သူမှရောက်သလဲ (သစ္စာမှ ရောက်ပါတယ်) သစ္စာမှ ရောက်တယ်ဆိုတာ ဆုံးဖြတ်ချက်ချပါ (မှန်ပါ့)။

သစ္စာမသိလို့ရှိရင်ဖြင့် ဘယ်နည်းနဲ့မှမရောက်ဘူးဆိုတာ ဧကန်ဆုံးဖြတ်ချက်ချပါ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကြီး က တရားဦးဟောတဲ့အခါကျတော့ ပဉ္စဝဂ္ဂီငါးဦးကို ဟောပါတယ်။

အဲဒီ ပဉ္စဝဂ္ဂီငါးဦးဟောတဲ့အခါကျတော့ ပထမဦးစွာ ဘာမှ မဟောဘဲနဲ့ သစ္စာသိအောင် ဟောလိုက်ပါတယ် (မှန်ပါ့) အဲဒါ သစ္စဉာဏ်လို့ မှတ်ပါ၊ နောက်ဆို ဝေဖန်လာပါလိမ့်မယ် နောက်ကျ

တော့ ဒီသစ္စာမှ ဘာကိစ္စရှိသလဲဆိုတဲ့ဥစ္စာ၊ ကိစ္စကို ထည့်ဟော ပါလိမ့်မယ်၊ အဲဒီဉာဏ်က ကိစ္စဉာဏ်လို့ မှတ်လိုက်စမ်းပါ (မှန်ပါ့)။

အဲဒီ ကိစ္စဉာဏ်ဆုံးတဲ့အခါကျတော့ ကိုယ့်ဟာကိုယ်ဆုံး လို့ သိတဲ့ဉာဏ်သည် ကတဉာဏ်လို့ အကျဉ်းချုပ်ကလေး မှတ်ထား စမ်းပါ (မှန်ပါ့)။

သစ္စာသိရင် သစ္စဉာဏ်။

ထိုသစ္စာ၏ ကိစ္စသိရင် (ကိစ္စဉာဏ်)။

ကိုယ့်ကိစ္စကိုယ်ပြီးတာသိတဲ့ဉာဏ်ကို ဘာဉာဏ်ဆိုကြမလဲ (ကတဉာဏ်ခေါ်ပါတယ် ဘုရား)။

ဒါဖြင့် ဒုက္ခခပ်သိမ်းကင်းငြိမ်းတဲ့ နိဗ္ဗာန်ကြီးကို ရောက် ချင်လို့ရှိရင်ဖြင့် ဒီသုံးဉာဏ် အရေး အကြီးဆုံးလို့ မှတ်ပါ (မှန် ပါ့ ဘုရား) ဒုက္ခခပ်သိမ်းကင်းငြိမ်းတဲ့ နိဗ္ဗာန်ရောက်ချင်ရင် ဘယ်ဟာ အရေးကြီးပါလိမ့် (ဒီသုံးဉာဏ် အရေးကြီးပါတယ် ဘုရား)။

သုံးဉာဏ် အရေးကြီးတယ်ဆိုတာ ဆရာသမားလာတုံး ဒီက ဒကာ ဒကာမတွေ ဝေးလဲဝေးနေကြတော့ ကွဲနေတာလဲ ကြာတော့ မသိကြတော့ဘူး။ ဪ အရေးကြီးတာ ဒီသုံးချက် ပါကလားလို့သာ မှတ်လိုက်ပါတော့ (မှန်ပါ့ ဘုရား) အရေး ကြီးတာ ဘယ်နှစ်ချက်ပါလိမ့် (သုံးချက်ပါ ဘုရား) သုံးချက် မှတ်ပါဆိုတာ သတိပေးလိုက်တယ်နော်။

အားလုံး ဒကာ ဒကာမတွေ နောက်က ဒကာ ဒကာမတွေ ပေးရမယ်၊ ဒီနေ့ ဉာဏ်ဘယ်နှစ်ချက် ဟောမှာပါလိမ့် သီးချက်ဟောမှာပါ ဘုရား) သုံးချက်ဟောလိမ့်မယ် ဆိုတဲ့ ဥစ္စာ သေသေချာချာ မှတ်ကြစမ်းပါ။

ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ ဒီကနည်းပြထားတော့ သစ္စဉာဏ်ဟောမယ်ဆိုတာ ဒီ ပဋိစ္စသမုပ္ပာဒ်ပဲ ပြရမယ်၊ ကိစ္စဉာဏ်ဟောမယ်ဆိုတာ ပဋိစ္စ သမုပ္ပာဒ်ပဲ ပြမှာပဲ၊ ကတဉာဏ်ဟော လို့ရှိရင် ပဋိစ္စသမုပ္ပာဒ် ပြည်ဖုံးချ ရမယ်။

သစ္စဉာဏ်ဟောရင် ဘာပြရမယ် (ပဋိစ္စသမုပ္ပာဒ် ပြရပါမယ်) ပဋိစ္စသမုပ္ပာဒ်ပဲပြရမယ် (မှန်ပါ့) ကိစ္စဉာဏ်ဟော ပြန်တော့ရော (ပဋိစ္စသမုပ္ပာဒ်ပဲပြရပါမယ်) သစ္စဉာဏ်၊ ကိစ္စ ဉာဏ်ဟောလို့ရှိရင်လဲ ဒကာ ဒကာမတွေမှတ်လိုက်ပါ၊ ပဋိစ္စ သမုပ္ပာဒ်ထဲမှာပဲ ပြရမှာပဲ၊ ကတဉာဏ်ဟောတဲ့အခါကျတော့ ပဋိစ္စသမုပ္ပာဒ်ပြည်ဖုံးချရမယ်၊ ပဋိစ္စသမုပ္ပာဒ်ပြတ်သွားပြီ။

ဒကာ ဒကာမတို့ နောက်ကဒကာ ဒကာမတွေ အသံချဲ့စက် နဲ့ ကြားရရဲ့ လားလို့ မေးလိုက်ပါတယ် (ကြားရပါတယ် ဘုရား) ကြားရရင်တော့ ကျေနပ်ပါပြီ။ မကြာမှာသိပ်စိုးရိမ်ပါတယ်၊ ပင်ပန်းပြီး မကြားရင် အလကားပါပဲ။ အရေးကြီးတဲ့ အချက်ကို ရက်တိုတိုနဲ့ ဒကာ ဒကာမတွေ လုပ်လဲလုပ်ရစ်ကြပါ ဆိုတာမှာတယ်။

ခင်ဗျားတို့ ဒုက္ခတွေသည်ကားလို့ ဆိုလို့ရှိရင် ပြောမဆုံးအောင် ဒုက္ခကြီးပါတယ်၊ အဲဒါကြောင့် ဉာဏ်သုံး ဉာဏ်ကို သေသေချာချာ ဟောလိမ့်မယ်လို့ ဒကာ ဒကာမတွေ မှတ်ပါလို့ သတိပေးလိုက် ပါတယ်၊ သဒ္ဓါတရားနဲ့ သတိပေးတာနော်၊ ကိုင်း အားလုံး ဒကာ ဒကာမတွေ ပဋိစ္စသမုပ္ပာဒ်ကိုတော့ အဝေးကနေလဲ ကြည့်ပါ။ စာရွက်နဲ့အဲဒီနားမှာ ကြည့်နိုင်လဲ ကြည့်ကြပါ၊ စာရွက်တွေဝေထား တာလဲ ရှိပါတယ်နော်။

ဘယ်ကများ လာကြပါလိမ့်မလဲ

ဒီ ဒကာ ဒကာမတွေ ဘယ်ကများ လာကြပါလိမ့်မလဲလို့ မေးလို့ရှိရင်ဖြင့်တဲ့ ဒီမှာကြည့်ပါ၊ မသိတဲ့အဝိဇ္ဇာက လာခဲ့တယ်၊ ဒကာ ဒကာမတွေ ဘယ်ကလာခဲ့ကြသတုံး (မသိတဲ့ အဝိဇ္ဇာက လာပါတယ် ဘုရား)

ဘာကိုမသိတာတုံးလို့ မေးတဲ့အခါကျမှတဲ့ သစ္စာမသိတာ အဝိဇ္ဇာ။ ဒကာ ဒကာမတွေ သစ္စာမသိတာ (အဝိဇ္ဇာပါ ဘုရား) သေသေချာချာမှတ်ပါ၊ သေသေချာချာမှတ်ပါ၊ သစ္စာမသိတာ (အဝိဇ္ဇာပါ ဘုရား)

ကောင်းပြီ သစ္စာမသိတာ အဝိဇ္ဇာလို့ ဒီဒကာ ဒကာမတွေက မှတ်ထားတော့ ဪ သစ္စာမသိတာ အဝိဇ္ဇာပဲ ဆိုတော့ဖြင့် မျက်လုံးထဲမှာ ဒကာ ဒကာမတို့ တိမ်သလာ ဖုံးနေတာ အဝိဇ္ဇာလို့သာ မှတ်လိုက်ပါတော့။

အဝိဇ္ဇာဆိုတာ

ဘာဖြစ်လို့ တိမ်သလာဖုံးနေသတုံးဆိုတော့ အဝိဇ္ဇာဆိုတာ သည် မှန်တာကိုမသိ၊ မမှန်တာကိုသိတာ (အဝိဇ္ဇာပါ ဘုရား) အဝိဇ္ဇာ၊ ဪ ဒါကြောင့် သစ္စာသိရင် နိဗ္ဗာန်ဝင်ပါလိမ့်မယ် ဆိုတော့ ခင်ဗျားတို့ ရှေးဘဝက သစ္စာ မသိလို့ အဝိဇ္ဇာနှင့် နေခဲ့ ကြတယ်၊ ဒါကြောင့် အတိတ် အကြောင်းလို့ မှတ်လိုက်စမ်းပါ (မှန်ပါ့)။

စာမှာ ဘယ့်နှယ်ပါသတုံး (အတိတ်အကြောင်းပါ ဘုရား) အတိတ်အကြောင်းလို့ ပါကြပါတယ်၊ အဲဒီအတိတ် အကြောင်းလို့ပါပြီးသကာလနေတော့ ဪ ငါတို့ အတိတ် ဘဝကလူကောင်၊ နတ်ကောင်၊ ဗြဟ္မာကောင်ဖြစ်ခဲ့လေရော့သလား၊ အဝိဇ္ဇာနဲ့ နေခဲ့လေရောလားဆိုတာကို အဖြေ ပေးကြစမ်း ပါဆိုရင် ဘယ့်နှယ်ဖြေကြမှာလဲ (အဝိဇ္ဇာနဲ့နေခဲ့တာပါ ဘုရား) အဝိဇ္ဇာနဲ့ နေခဲ့ရတယ်ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

အဝိဇ္ဇာဆိုတာ သစ္စာမသိတာအဝိဇ္ဇာ (မှန်ပါ့ ဘုရား) အဝိဇ္ဇာဆိုတာ (သစ္စာမသိတာ အဝိဇ္ဇာပါ ဘုရား)။ သစ္စာ မသိတာ အဝိဇ္ဇာ၊ ဒါဖြင့် သစ္စာမသိတဲ့အဝိဇ္ဇာနဲ့နေခဲ့တော့ ပါဠိတော်ကို ရွတ်နေရင် ဒကာ ဒကာမတွေ ဘုန်းကြီးပင်ပန်းရုံမှတစ်ပါး အမြတ် မထွက်ပါဘူး၊ ဒါကြောင့် ပါဠိတော်မရွတ်ဘူး၊ ပါဠိတော်၏သဘော ကို ပြောနေတယ်လို့ မှတ်ရမယ်။

ဒကာ ဒကာမတွေ ဘာပြောနေတာတုံး (ပါဠိတော်၏ သဘောကိုပြောနေပါတယ်) ခင်ဗျားတို့ နားလည်မှုပါဠိတော်၏ သဘောကို ပြောနေတယ်လို့ မှတ်လိုက်စမ်းပါ (မှန်ပါ့ ဘုရား)

ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ ဘယ်ဘဝပါလိမ့်လို့ ထောက်၊ ဒကာ ဒကာမတွေ ကြည့်ကြစမ်းပါ၊ ဘယ်ဘဝပါလိမ့် (အတိတ် ဘဝပါ ဘုရား)။

အတိတ်ဘဝက ခင်ဗျားတို့ ဘာမသိခဲ့သလဲ (သစ္စာ မသိခဲ့ပါ ဘုရား) ဪ ဒကာ ဒကာမတို့ အတိတ်ဘဝက သစ္စာမသိခဲ့တာ အတိတ်ဘဝက ဘာမသိခဲ့တာပါလိမ့် (သစ္စာ မသိခဲ့တာပါ ဘုရား) သစ္စာမသိခဲ့ဘူးဆိုတာ သဘောကျပလား (ကျပါတယ် ဘုရား) သစ္စာမသိတော့ ဒကာ ဒကာမတွေ မှတ်လိုက် စမ်းပါ၊ သစ္စာမသိတဲ့ပုဂ္ဂိုလ်ဟာတဲ့ နိဗ္ဗာန်မရောက်တဲ့ ကုသိုလ်ကိုလဲ ပြုပါတယ်။

ဒကာ ဒကာမတို့ သစ္စာမသိတော့ ဘာတဲ့ (နိဗ္ဗာန်မ ရောက်တဲ့ကုသိုလ်ကို ပြုပါတယ်) နိဗ္ဗာန်မရောက်တဲ့ ကုသိုလ်ကို ပြုတယ်၊ သစ္စာမသိရှာဘူး သစ္စာမသိတော့ ဘယ်ကုသိုလ် များ လုပ်လာကြပါလိမ့် (နိဗ္ဗာန်မရောက်တဲ့ကုသိုလ်ပါ)

ဒကာ ဒကာမတွေ ကုသိုလ်ဆိုရင် နိဗ္ဗာန်ချည်း ရောက် တယ် အောက်မေ့နေတယ်၊ ကုသိုလ်ကြောင့် ဒုက္ခရောက် တာမသိ သေးဘူး၊ ရှေ့ပေါ်လာလိမ့်မယ် ရှေ့ပေါ်လာပါလိမ့်မယ်ဆို တာ ဒကာ ဒကာမတွေ လေးစားစွာဖြင့်မှတ်ပါ (မှန်ပါ့)

ကုသိုလ် တိုင်း နိဗ္ဗာန်ရောက်သလားလို့ မေးတော့ သစ္စာမသိဘဲလုပ်တဲ့ ကုသိုလ်ဟာ နိဗ္ဗာန်မရောက်ဘူး၊ နောက်က ဒကာ ဒကာမတွေ သစ္စာမသိဘဲနဲ့လုပ်တဲ့ကုသိုလ်ဟာ ဘာတဲ့ (နိဗ္ဗာန်မရောက် ပါ) နိဗ္ဗာန်မရောက်ဘူး။

ကုသိုလ်ဆိုတာ ကောင်းတာချည့်ပဲလို့ မယူပါနဲ့

ဒါကို ဆရာသမား ရှင်းရှင်း ပြောနေတယ်လို့ မှတ်ပါ။ ကုသိုလ်ဆိုတာ ကောင်းတာချည့်ပဲလို့ ခင်ဗျားတို့ ယူထားလို့ရှိရင် လွဲပါလိမ့်မယ် (မှန်ပါ့ ဘုရား) ကုသိုလ်ဆိုရင် ကောင်းတာ ချည်းပဲလို့ ယူထားကြပါတယ်၊ ဒကာ ဒကာမတွေ မယူဘူးလား ယူပါတယ် ဘုရား) သေသေချာချာလွဲတယ် ကုသိုလ်ကောင်းရင် ဒုက္ခမဖြစ်ရဘူး (မှန်ပါ့)။

ကောင်းတဲ့ ကုသိုလ်ဖြစ်ခဲ့သော် ဒုက္ခမဖြစ်ရဘူး၊ မကောင်း တဲ့ ကုသိုလ်ဖြစ်ခဲ့သော် (ဒုက္ခ ဖြစ်ရပါတယ်) ကိုင်း ဖြင့် ဒီထဲမှာ ကုသိုလ်ပြုပါတယ်တဲ့၊ မသိတဲ့ပုဂ္ဂိုလ် ကုသိုလ်ပြု တယ်၊ မသိတာ အဝိဇ္ဇာ ကုသိုလ်ပြုတာ သင်္ခါရ ပေါ်ကြ လား (ပေါ်ပါပြီ ဘုရား) မသိတာက (အဝိဇ္ဇာပါ) ကုသိုလ်ပြု တာက (သင်္ခါရပါ ဘုရား) သင်္ခါရဆိုတာ ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။

ဒါဖြင့် သစ္စာမသိတဲ့ပုဂ္ဂိုလ်ပြုလုပ်တဲ့ ကုသိုလ်ဟာတဲ့ သေ သည့် အခြားမဲ့၌ ဒကာ ဒကာမတို့ မသေခင်ဘဲ ဒကာ ဒကာမတွေ ရှင်းအောင်ပြပါတယ်၊ မသေခင် သူဘာလုပ်သတုံးမေးတော့ ဒီကြည့် (သမုဒယသစ္စာပါ ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား) ဘာသစ္စာ လုပ်ထားကြသလဲ (သမုဒယသစ္စာပါ) ဘယ်နိဗ္ဗာန်ရောက် မလဲ။

ဒါ သူများပြောတာလား ခင်ဗျားတို့ ကိုယ်တိုင်လား စဉ်း စားကြည့်ပါ၊ အမြင်ပြောတာလား (အမြင်ပြောနေတာပါ ဘုရား) ဘုန်းကြီး ရေးထားတာလား၊ ဘုရားဟောထားတာလား (ဘုရား ဟောထားတာပါ ဘုရား)

မသိတာက (အဝိဇ္ဇာ ပါ) ကုသိုလ်ပြုတာက (သင်္ခါရပါ) ဘာသစ္စာလုပ်သတုံး (သမုဒယ သစ္စာပါ) ဟာ သမုဒယသစ္စာဖြင့် နိဗ္ဗာန်အကျိုး မပေးပါဘူး၊ သမုဒယသစ္စာဟာ နိဗ္ဗာန် မပို့နိုင်ဘူး ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဒါနဲ့ထောက်မှ ပေါ်လာတယ်၊ ဒကာ ဒကာမတွေ ဒါနဲ့ကြည့်၊ ဒကာ ဒကာမတွေ ဒါကြည့်မှ ပေါ်တယ် ဒီတစ်ခန်းလုံးမှာ သမုဒယသစ္စာကိုး၊ နံပါတ်တစ် အခန်းတွင်းမှာ ရှိတာဟူသ၍ သမုဒယသစ္စာ ဒကာ ဒကာမတွေ ပေါ်ပြီလား (ပေါ်ပါပြီ) မပေါ်သေးဘူးလား (ပေါ်ပါတယ်)

ဒါဖြင့် ဒီကုသိုလ်ဟာ ဘာသစ္စာတုံး (သမုဒယသစ္စာပါ ဘုရား) ဒါဖြင့် သမုဒယ သစ္စာဖြင့် ဒုက္ခသစ္စာပဲ ပေးရမယ်၊ နိရောဓသစ္စာ မပေးနိုင်ဘူး ရှင်းကြရဲ့လား (ရှင်းပါတယ် ဘုရား)။

အေး ဦးသူတော်ကြီးတို့ ( ဘုရား) ကြားထဲမှာ ငုံ့မနေနဲ့ ရှင်းပလား (ရှင်းပါပြီ ဘုရား)

ခန္ဓာဖြစ်စဉ်

သမုဒယသစ္စာလုပ်တဲ့ သူဟာ ဘာသစ္စာသာရ ရမလဲ (ဒုက္ခသစ္စာပါ ဘုရား) ဟုတ်မှ ဟုတ်ရဲ့လားလို့ မေးမနေပါနဲ့၊ ဒါဘုရားဟောတဲ့အစဉ်လို့လဲ ခန္ဓာဖြစ်စဉ်လို့ ယူလိုက်ပါ ဘုရားဟောလား၊ ခန္ဓာ ဖြစ်စဉ်လား (ခန္ဓာဖြစ်စဉ်ပါ ဘုရား) ခန္ဓာဖြစ်စဉ်ဖြစ်ရင် ခန္ဓာ လောက်မှန်တာ ရှိသေးရဲ့လား (မရှိပါ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ မသိတဲ့ပုဂ္ဂိုလ် ကုသိုလ်ပြုတာသည် သမုဒယသစ္စာလုပ်တာ ဒီနေ့ အထူးပြောပါတယ် မသိ တဲ့ပုဂ္ဂိုလ် ကုသိုလ်လုပ်တာသည် (သမုဒယသစ္စာဖြစ်တယ်) ဟုတ်ပြီ၊ ဒီမှာ ဘာသစ္စာတုံး (သမုဒယသစ္စာပါ ဘုရား)။ သမုဒယသစ္စာ၊ နိဗ္ဗာန်ရောက်ပါ့မလား (မရောက်ပါ ဘုရား)။ မရောက်ဘူး၊ အားလုံးကျေနပ်ကြရဲ့လား (ကျေနပ်ပါတယ်)။

ခင်ဗျားတို့ သံသယကို သတ် ပေးမယ်

မကျေနပ်လို့ရှိရင် ဘယ်အချိန်မဆို မေးနိုင်ပါတယ်။ မကျေနပ်လို့ရှိရင် မေးနိုင်တာချည့်ပဲ။ ဘာကြောင့်တုံးလို့ ပြောတဲ့ အခါကျတော့ မကျေမနပ်နဲ့ နေရလို့ရှိရင် ခင်ဗျားတို့မှာ ဝိစိကိစ္ဆာ ရှိပါလိမ့်မယ် ဝိစိကိစ္ဆာရှိရင် ခင်ဗျားဝိစိကိစ္ဆာက ခင်ဗျားတို့ကို အပါယ်ချပါလိမ့်မယ်။

ဘုန်းကြီးက သတ်ပေးပါ့မယ်၊ မကျေနပ်တာကိုမေးပါ၊ မေးတဲ့အခါကျတော့ ဘုန်းကြီး အဲဒီခင်ဗျားတို့ သံသယကို သတ် ပေးမယ်၊ သတ်ပေးတော့ ခင်ဗျားတို့ ဝိစိကိစ္ဆာကြောင့် သံသယ

ကြောင့် အပါယ်ကျသေးရဲ့လား (မကျပါ ဘုရား) ရှင်းကြပလား (ရှင်းပါပြီ)

ဒါဖြင့် မသိတာဘာပါလိမ့် (အဝိဇ္ဇာပါ) ပြုလုပ်တာက (သင်္ခါရပါ ဘုရား)။ ဒီထဲ ကုသိုလ် သင်္ခါရလဲ ပါတယ်၊ အကုသိုလ် သင်္ခါရလဲ ပါတယ်

သို့သော် အကုသိုလ်သင်္ခါရတော့ ဘုန်းကြီး အထူး ပြောဖို့ မလိုဘူး၊ ဒုက္ခသစ္စာ လာလိမ့်မယ်၊ ကုသိုလ်သင်္ခါရကိုက ဒုက္ခ သစ္စာလာပါသေးတယ် ရှင်းပလား (ရှင်းပါပြီ)

ကောင်းပြီ ဒါဖြင့် အတိတ်ဘဝက ခင်ဗျားတို့ ဘာသစ္စာကြိုးစားခဲ့ကြသလဲ (သမုဒယသစ္စာ ကြိုးစားခဲ့ပါတယ် ဘုရား)။

သမုဒယသစ္စာ ကြိုးစားခဲ့တယ် ဟုတ်မှဟုတ်ရဲ့လားလို့ မေးပြီး မနေပါနဲ့၊ ရှေးဘဝက သစ္စာသိရင် ရှေးဘဝက သောတာပန် ဖြစ်ပြီ (မှန်ပါ့ ဘုရား) ဟုတ်ပြီလား (ဟုတ်ပါတယ်) ဒီ သင်္ခါရရော လုပ်ပါဦးမလား (မလုပ်ပါ ဘုရား) မလုပ်တော့ဘူး။

စုံလုံးကန်းလမ်းသွားတာ

ဒါဖြင့် နောက်ဘဝကလဲ ခင်ဗျာတို့စုံလုံးကန်း (မှန်ပါ့) သစ္စာ မသိတဲ့ အဝိဇ္ဇာ အုပ်ချုပ်နေတော့ ဘယ့်နှယ်ဆိုမလဲ (စုံလုံး ကန်းပါ ဘုရား)။

စုံလုံးကန်းလမ်းသွားတာတဲ့ ဒကာ ဒကာမတို့ သင်္ခါရက ကုသိုလ်နဲ့ လှမ်းလိုက် အကုသိုလ်နဲ့ လှမ်းလိုက် စုံလုံးကန်း လမ်းသွားတာ (မှန်ပါ့) ရိပ်မိကြပလား (ရိပ်မိပါပြီ) ဘာတဲ့ တုံး (စုံလုံးကန်းလမ်းသွားတာပါ ဘုရား) လဲမှလဲပါ့မလား (လဲပါတယ် ဘုရား) ခလုတ်ကန်သင်းတွေ သူ့ပစ္စည်းမှ ဖြစ်ပါ့မလား (ဖြစ်ပါတယ် ဘုရား)။

ချိုင့် ကျင်းတွေဟာ သူကျရာမှ ဖြစ်ပါ့မလား (ဖြစ်ပါ တယ် ဘုရား) ကဲ ဒကာ ဒကာမတွေ ခင်ဗျားတို့ သေခါနီးမှ ဒီတရားနာရလို့ တော်တော်သေးတယ် သေခါနီးမှ နာရတာ ကိုးဗျ၊ အသေဦး နေရင်လဲ နာစရာရှိသေးရဲ့ လား (မရှိပါ ဘုရား)။

အဲဒါကြောင့် ခင်ဗျားတို့ ဒီ ဦးသံဒိုင်တို့ ကျေးဇူးပြုပြီး သကာလ ဟောဒီက ဦးအောင်ဇံဝေတို့ ဦးမာဒင်တို့ အားလုံးက ရောက်စေချင်လို့ ဘုန်းကြီးများလဲ သူတို့ ဒကာ ဒကာမတွေကို သစ္စာမှ သိပါစေတော့၊ သူတို့ ကျေးဇူးပြုချက်များကြောင့် ဘုန်းကြီး ဒီမှာ ခဏရောက်လာတယ်။

မိဘရိုးရာ မျက်လုံး ဖွင့်ပေးမယ်

ခဏရောက်လာတော့ ခင်ဗျားတို့ကို ယနေ့ မျက်လုံးဖွင့် တော့မယ်၊ မိဘရိုးရာ မျက်လုံး ဖွင့်ပေးမယ်၊ မိဘရိုးရာက အကန်း လို့မှတ်ပါ၊ မိဘရိုးရာက (အကန်းပါ ဘုရား) သေချာကြပလား (သေချာပါပြီ)။

ဘယ့်နှယ်ဘုရား၊ ဘယ့်နှယ်ကြောင့် ကန်းပါလိမ့်မလဲလို့ မေးတဲ့အခါကျတော့ ကိုယ်ခန္ဓာ ဒုက္ခသစ္စာ မသိသောကြောင့် အဝိဇ္ဇာသည် အကန်းပဲ အကန်းသည် ယခုဘဝမှာ သူများ ပါးစပ် လမ်းဆုံးပြီးသကာလ လူ့ပြည်၊ နတ်ပြည်ရောက်ကြောင်း ကုသိုလ်တွေ လုပ်လိုက်ခြင်းကြောင့် အကန်းလမ်းသွားတယ်၊ ရိပ် မိပလား (ရိပ်မိပါပြီ ဘုရား)

အကန်းဘာလုပ်သတုံး (အကန်းလမ်းသွားပါတယ် ဘုရား)။

ဘာသစ္စာနဲ့သွားသလဲ (သမုဒယသစ္စာနဲ့သွားပါတယ်)

ဒါ သူများပြောလား ခင်ဗျားတို့ ဖြစ်စဉ်လား (ဖြစ်စဉ်ပါ ဘုရား) ဒါ ယခုဘဝ ဖြစ်စဉ်လား၊ အတိတ်ဘဝက ဖြစ်ခဲ့ တာလား (အတိတ်ဘဝက ဖြစ်ခဲ့တာပါ ဘုရား) ဖြေကြပါ၊ ဖြေကြပါ၊ နောက်က ဒကာ ဒကာမတွေနော် ဖြေခြင်းသည် ကားလို့ဆိုလို့ရှိရင်ဖြင့် အရှင်အာနန္ဒာက ဟောတဲ့အခါ အလုံးစုံ အကုန်ဖြေရတယ်၊

ကိုယ့်အဖြေ ကိုယ်ပေးတာမှ ကိုယ်အမှန် ဖြစ်နိုင်ပါတယ်ဆိုတာ သိထားကြပါ။

ဒါဖြင့် လွန်ခဲ့တဲ့ဘဝက မျက်စိကန်းလမ်း သွားတာ လွန်ခဲ့တဲ့ဘဝက (မျက်စိကန်း လမ်းသွားတာပါ ဘုရား) မျက်စိ ကန်းလမ်းသွားတော့ကို တဲ့၊

မျက်စိကန်းတာ ဘယ်ဟာ ကန်းသတုံးဆိုတော့ “ဪ ငါသည် သမုဒယသစ္စာ လုပ်ပါ လား” လို့ သိရဲ့လား (မသိပါ ဘုရား) သဘောကျရဲ့လား (ကျပါတယ် ဘုရား)။

ဒါလဲ သမုဒယသစ္စာ ဒါလဲ သမုဒယသစ္စာ၊ ဒီ သမုဒယ သစ္စာနှစ်ခုကို ငါလုပ်နေတယ်လို့ သိရဲ့လား (မသိပါ) မသိသော ကြောင့်တဲ့၊

အဝိဇ္ဇာ ပစ္စယာ သင်္ခါရ

မသိတာက အဝိဇ္ဇာ၊ ပြုလုပ်တာက သင်္ခါရ၊ သူ ဟာ သစ္စာမသိလို့ သမုဒယသစ္စာကို ကြိုးစားတယ်၊ ဒုက္ခရောက်မည် သစ္စာကို ကြိုးစားတယ် ဒုက္ခရောက်မည့်သစ္စာကို ကြိုးစားတယ် ဘာကြိုးစားသလဲ (ဒုက္ခရောက်မည့်သစ္စာကို ကြိုးစား ပါတယ် ဘုရား)။

ဒုက္ခရောက်မည့်သစ္စာကို ကြိုးစားနေကြတယ်၊ ဒကာ ဒကာမတို့ ဘာကြိုးစားသလဲ (ဒုက္ခရောက်မည့် သစ္စာကို ကြိုးစားပါတယ် ဘုရား)

ဪ ဒကာ ဒကာမတို့ သိပ်ခက်ပါ ကလား၊ အင်မတန် ခက်နေပြီနော် ဒကာ ဒကာမတို့ ဘုန်းကြီး ညည်းရင် မပေါ့ပါနဲ့တော့၊ ခင်ဗျားတို့ မသိချက် ပြင်းထန်လွန်းလို့ ညည်းတယ်လို့ ဆုံးဖြတ်ချက်ချပါ (မှန်ပါ့ ဘုရား)။

ဘယ့်နှယ်ကြောင့် ဘုန်းကြီးညည်းပါလိမ့် (မသိချက် ပြင်းထန်လို့ပါ ဘုရား) မသိချက် ပြင်းထန်လွန်းလို့ ဒကာ ဒကာမ တွေနောက်က ဒကာ ဒကာမတွေ ဘယ့်နှယ်ကြောင့် ဘုန်းကြီး ညည်းပါလိမ့် (မသိချက်ပြင်းထန်လို့ပါ ဘုရား) မသိတာက အဝိဇ္ဇာ မသိလို့ လုပ်တာက (သင်္ခါရပါ) ဘာသစ္စာတုံး (သမုဒယသစ္စာပါ) ဟော သမုဒယသစ္စာလို့ကို မသိခဲ့ဘူး။

မသိလို့ လုပ်တာပေါ့ဗျ အဝိဇ္ဇာသင်္ခါရကို ရှင်းပလား (ရှင်းပါပြီ)

ဒါဖြင့် မသိတာက (အဝိဇ္ဇာ) ပြုလုပ် (သင်္ခါရ) ဘာသစ္စာလို့ သူမသိတုံး (သမုဒယ လို့ မသိပါ ဘုရား)

ဪ ဒါဖြင့် မသိတဲ့လူ လုပ်နေတာပါ လား၊ ဒီအိမ်ကြီး ဒီတိုက်ကြီး တည်ပါဆိုတော့ အိမ်တိုက် မမြင်ဖူးတဲ့ လူက အင်္ဂတေမှ မစပ်တတ်တဲ့ ပုဂ္ဂိုလ်၊ ဒီပုဂ္ဂိုလ် ခိုင်းမိရက် ကြုံနေ တယ်၊

မသိတဲ့ ပုဂ္ဂိုလ် လုပ်တာ

မသိတဲ့ ပုဂ္ဂိုလ်လုပ်နေတာ သဘောပါပလား (ပါပါပြီ ဘုရား)။

ဒကာ ဒကာမတို့ ဘယ်သူလုပ်တာပါလိမ့် (မသိတဲ့ ပုဂ္ဂိုလ် လုပ်တာပါ) မသိတဲ့ ပုဂ္ဂိုလ် လုပ်နေတယ ်ဆိုတာ ရှင်းပလား (ရှင်းပါပြီ ဘုရား) တရားက ဘုန်းကြီးဟောတာများလို့ မယူနဲ့ နည်းနည်းနဲ့ လိုရင်း ပါလိမ့်မယ်လို့ အောက်မေ့ပါ (မှန်ပါ့)။

ရှေးဘဝက မသိတာ ဘာပါလိမ့်

ဒကာ ဒကာမတွေ ဘယ်လိုအောက်မေ့ကြမလဲ (နည်း နည်းနဲ့ လိုရင်းပါ,ပါတယ်) နည်းနည်းနဲ့ လိုရင်း ပါလိမ့်မယ် လို့ ဆုံးဖြတ်ချက်ချပါ၊ ရက်ရှည်နာမှ အဆုံးရောက်မှာကိုး ကာ ဒကာမတို့ ရှေးဘဝက မသိတာဘာပါလိမ့် (အဝိဇ္ဇာပါ ဘုရား) ရှေးဘဝကကုသိုလ် အကုသိုလ်ပြုခဲ့တာက (သင်္ခါရ ပါ ဘုရား)။

ဪ မသိတဲ့ပုဂ္ဂိုလ်ပြုတာသည် ဘာသစ္စာပါလိမ့် (သမုဒယသစ္စာပါ ဘုရား) လုပ်ကောင်း၊ မလုပ်ကောင်း (မလုပ်ကောင်းပါ ဘုရား) ဟော သူကသက်သေခ ံနေတယ်၊ သူကသက်သေခံ နေတယ်၊ ဒကာ ဒကာမတို့ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

မသိတာက (အဝိဇ္ဇာပါ ဘုရား)။

ပြုလုပ်တာက (သင်္ခါရပါ ဘုရား)။

ဘာသစ္စာတုံး (သမုဒယသစ္စာပါ ဘုရား)။

ကိုင်း သမုဒယသစ္စာ လုပ်ပါတယ်ဆိုကတည်းက ဒုက္ခမှ ရောက်ပါ့မလား (ရောက်ပါတယ် ဘုရား) သေချာပလား (သေချာပါပြီ ဘုရား)။

ဒီတစ်ခါ မျက်လုံးဖွင့်ရတာ ဘုန်းကြီးများက အင်မတန်မှ လဲ ခင်ဗျားတို့ကို ဪ နာဖော်ရပေတယ်၊ စုံလုံးကန်း ကလေးတွေကို ဖွင့်ပေးတာ ကြိုက်သေးတယ်ဆိုတဲ့အတွက်ကြောင့် ဝမ်းသာတယ်။

နဂိုက စုံလုံးကန်းကိုး၊ ခင်ဗျားတို့က ပြုတဲ့ကုသိုလ် ဆိုပေမယ့် ဘယ်သူ ကပြုပြု သာဓု ခေါ်ချလိုက်တာပဲ ဘယ်လို ခေါ်ကြမလဲ (အကန်းသာဓုပါ ဘုရား) စုံလုံးကန်းပြုတဲ့ ကုသိုလ်ကို ခင်ဗျား က ဘယ့်နှယ် ခေါ်ကြသလဲ (သာဓု ခေါ်ပါတယ် ဘုရား)။

ဪ သမုဒယသစ္စာဖြစ်တာ သာဓုခေါ်တယ် ပေါ်ကြပလား (ပေါ်ပါပြီ)။

ဘာသစ္စာ ဖြစ်တာ သာဓုခေါ်သလဲ (သမုဒယသစ္စာ ဖြစ်တာသာဓုခေါ်ပါတယ်) ခေါ်ကောင်း မခေါ်ကောင်း (မခေါ်ကောင်းပါ ဘုရား) သွားပြီပေါ့ မင်းလုပ်တာ သဘော တူတယ်ကွာ၊ မင်းဒုက္ခရောက်မှာပဲ ဆိုတာ သေချာတယ်။

ဒုက္ခရောက်ကြောင်းကို လုပ်မိတဲ့အတွက် ဘာပြောကြ သလဲ (သာဓုခေါ်ပါတယ်) ခင်ဗျားတို့ တော်တော် အဆင်း တွန်းတဲ့လူတွေပဲ၊ ဟိုကဆင်းနေရတဲ့ အထဲ တွန်းချရင် ငါးပါး မှောက်တယ် ရိပ်မိပလား (ရိပ်မိပါပြီ)

ဒါစကားကြမ်း သလား၊ ဖြစ်စဉ်ကိုက်သလား (ဖြစ်စဉ်ကိုက်ပါတယ် ဘုရား)။

ဒီတရားမျိုးဟာအင်မတန်ရှားတယ်

ဒါကြောင့် ဒီတရားမျိုးဟာ ဒကာ ဒကာမတို့ ဘုန်းကြီးတို့ ကိုယ့်ကိုချီးမြှောက်ပြောတယ်လို့ မယူနဲ့တဲ့၊ အမှန်ပြော အင်မတန် ရှားတယ် အသိကလဲ ရှားတယ် (မှန်ပါ့) အသိကရော (ရှားပါတယ် ဘုရား) မောင်ဘအေး မရှားဘူးလား (ရှား ပါတယ် ဘုရား)။

အခုမင်းတို့က ဘယ်သူဟာ ကျောင်းကြီးဆောက်တယ်၊ ဘုရားကြီးဆောက်တယ်၊ ဘုရားကြီး တည်တယ်၊ သူနောက်ဘဝ ကောင်းစားချင်လို့ လို့ဆိုတော့ သူတဏှာနဲ့လုပ်တာ နောက် ဘဝ ကောင်းစားခြင်း တောင့်တတဲ့လူသည် ဘာသစ္စာနဲ့လုပ်သလဲ (သမုဒယသစ္စာနဲ့ လုပ်ပါ တယ် ဘုရား) ဒီသမုဒယသစ္စာဆိုတာ တဏှာပါ။

သူ တဏှာအလုပ် လုပ်နေတာကို ခင်ဗျားတို့က ကောင်း ပါပေရဲ့ ဆိုတော့ ဘယ့်နှယ်လုပ်မလဲ (အဆင်းတွန်းတာပါ ဘုရား) အဆင်းတွန်းတာ။

အဆင်းတွန်းတာက ဆင်းတဲ့လူကလဲ စုံလုံးကန်း၊ တွန်းတဲ့ လူကလဲ ကိုယ်ကနောက်ကနေ တွန်းနေတာကလဲ စုံလုံးကန်းတာ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)

ဆင်းတဲ့ ပုဂ္ဂိုလ် ကလဲ (စုံလုံးကန်းပါ ဘုရား) တွန်းတဲ့ပုဂ္ဂိုလ်ကလဲ (စုံလုံး ကန်းပါ ဘုရား) သေသေချာချာ စဉ်းစားပါ၊ ဒီဥစ္စာမှားသလား၊ မှန် သလား (မှန်ပါတယ် ဘုရား)။

ဘုန်းကြီးရှေ့မို့ ကွာ၊ စာတတ် ပေတတ်မို့နာမည်ကြီး မို့ မှိတ်ခံလိုက်ရတယ်လို့ ဒီလိုမရှိပါနဲ့တဲ့၊ ဒီမှာသက်သေခံနေတယ် (မှန်ပါ့) သမုဒယသစ္စာတဲ့၊ သဘောပါကြလား (ပါ ပါတယ် ဘုရား)။

သူဖြစ်ကြောင်းကွ သမုဒယသစ္စာဆိုတာ ဖြစ်ကြောင်း ဒကာ ဒကာမတို့ သမုဒယသစ္စာဆိုတာ (ဖြစ်ကြောင်းပါ ဘုရား)။

ဖြစ်ကြောင်းဆိုလို့ရှိရင်ဖြင့် ဖြစ်ကျိုးကဒီကလာတော့မယ် (မှန်ပါ့ ဘုရား) မလာပေဘူးလား (လာပါတယ် ဘုရား)။

ကဲ လာတော့၊ ကဲ ဒီနေရာမှာ မသိတဲ့ပုဂ္ဂိုလ်လမ်း သွားတာသည် သမုဒယသစ္စာဖြစ်ပါတယ်၊ ဖြစ်တော့ ဒီပုဂ္ဂိုလ်ဟာ ဒီနားမှာ အတိတ်ဘဝက စုတေလိုက်ပါတယ်၊ ဒီနားမှာစုတေ လိုက်တော့ သူ့ သင်္ခါရက ဒကာ ဒကာမတို့ ‘‘သင်္ခါရပစ္စယာ ဝိညာဏံ” ဆိုပြီး ဆက်လိမ့်မယ် (မှန်လှပါ) ဒီကြားထဲတော့ သေလိုက်တယ်။

သင်္ခါရပစ္စယာ ဝိညာဏံ

သေပြီးတဲ့အခါမှ အကြောင်းနဲ့အကျိုး ဒီမှာမဆက်ဘူးလား (ဆက်ပါတယ် ဘုရား) ဆက်တော့ ခင်ဗျားတို့ရွတ်ကြည့် သင်္ခါရပစ္စယာ (ဝိညာဏံပါ ဘုရား)။

ဟောဒီမှာ ဆက်တယ်၊ ဒီအဆက်ဟာ ပြတ်သေးသလား ဆက်သွားသလား (ဆက်သွား ပါတယ် ဘုရား) ဒါကြောင့် ဆက်စပ်၊ မြားကဆက်စပ်၊ သဘောကျပလား (မှန်ပါ့ ဘုရား) ဒကာ ဒကာမတွေ ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။

ဇာတိသည် ဒုက္ခသစ္စာ

နောက်ကဒကာ ဒကာမတွေ မြင်ကြရဲ့လား (မြင်ပါ တယ် ဘုရား) မမြင်လို့ရှိရင် အဲဒီ စာရွက်ကလေး ခင်းကြည့်၊ ဝေ ထားတဲ့စာရွက်ကို ခင်းကြည့်ပါ၊

အားလုံး ဒကာ ဒကာမတွေ ဒီ ဝိညာဏ်ဆိုတာ ပဋိသန္ဓေနေပါပြီတဲ့၊ ပဋိသန္ဓေနေတော့ ပဋိသန္ဓေ ဆိုတာ ဇာတိ၊ ဇာတိ ဘာသစ္စာတုံးမေးတော့ ဇာတိသည် ဒုက္ခ သစ္စာကွ ဘုရားက မဟောဘူးလား (ဟောပါတယ် ဘုရား)။

အကန်းလမ်း သွားလို့ချော်လဲတာ

အဲဒါ မသိမှာစိုးလို့ ဘုရားက ဒီအခန်းထဲပါတာ ဘာသစ္စာ တုံး (ဒုက္ခသစ္စာပါ ဘုရား) ဟာ ဒါဖြင့် အကန်းလမ်းသွားလို့ ချော်လဲတာကွ ပေါ်ကြပလား (ပေါ်ပါပြီ) အကန်းလမ်း သွားလို့ (ချော်လဲတာပါ ဘုရား)

ဒကာ ဒကာမတို့ ဘယ်လောက် နစ်နာသတုံး ခင်ဗျားတို့ ပြုတဲ့ကုသိုလ်၊ ခင်ဗျားတို့ပြုတဲ့ အကုသိုလ် တွေဟာ သစ္စာမသိဘဲနဲ့ ဒီဒုက္ခသစ္စာရောက်လိမ့်မယ်လို့သိကြရဲ့ လား (မသိပါ ဘုရား)။

မသိတော့ ဒီအထဲတိုးမလာဘူးလား (လာပါတယ် ဘုရား) သင်္ခါရပစ္စယာ (ဝိညာဏံပါ ဘုရား)

ဟော တိုးပြီ ဘာသစ္စာနဲ့လာတိုးသလဲ (ဒုက္ခသစ္စာနဲ့လာတိုးပါတယ် ဘုရား) အေး ဒကာ ဒကာမတို့ ပေါ်ကြပလား (ပေါ်ပါ ပြီ ဘုရား) နောက်က ဒကာ ဒကာမတွေ ပေါ်ကြပလား (ပေါ် ပါပြီ)။

ဘုန်းကြီးရမ်းဟောနေတာလား ခင်ဗျားတို့ဖြစ်စဉ်ကိုက် ပြောနေတာလား (ဖြစ်စဉ်ကိုက် ပြောနေတာပါ ဘုရား) ဖြစ်စဉ် ကိုက်ပြောနေတယ်ဆိုတာ သခင်ဝတင် သေသေချာချာသာမှတ် တော့ (မှန်ပါ့)။

မသိတဲ့ပုဂ္ဂိုလ်လမ်းသွားလို့ ချော်လဲတော့ ဒုက္ခသစ္စာ၊ ဒုက္ခမရောက်ဘူးလား ရောက်မလား (ရောက်ပါတယ် ဘုရား) ကြည့် ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။

ဒီဘက်ပိုင်းထဲ တစ်ဝိုင်းလုံးဟာ ဒုက္ခသစ္စာချည်းမှတ်ပါ (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ ချော်လဲမည့်ပုဂ္ဂိုလ်ကို ခင်ဗျားတို့က မျက်လုံးမမြင်တဲ့ပုဂ္ဂိုလ်က ချော်လဲတာကို ခင်ဗျားတို့က သာဓုခေါ် ပြီး ဝမ်းသာလိုက်တာ၊ ရှေးဘဝက သင်္ခါရပြုတုံးက ခြေချော်လဲ မှာသိတာနဲ့ ခင်ဗျားတို့က သာဓု၊ သာဓု ခေါ်လိုက်သေးတယ် ဘယ်လိုများခေါ်ကြသတုံး (သာဓု သာဓုခေါ်ပါတယ် ဘုရား)။

ဘာပြုလို့ သူချော်လဲမှာသိလို့လား (မသိသေးပါ ဘုရား) ခင်ဗျားတို့သိသေးရဲ့လား (မသိပါ ဘုရား)။

ဒါဖြင့် သာဓုခေါ်တဲ့လူကလဲ မသိလို့ စုံလုံးကန်း လုပ်တဲ့ ပုဂ္ဂိုလ်ကလဲ မသိလို့ (စုံလုံးကန်းပါ ဘုရား) ခုနင်က စကား ပေါ်သွားပြီ၊ ခုနင်က (၂) ကွက် မကူးတော့ မပေါ်သေးဘူး။

အခု (၂) ကွက်ကူးပြလိုက်တော့ ဘယ့်နှယ်နေသလဲ (ပေါ်ပါတယ် ဘုရား) ပေါ်သွားပြီဆိုတာ သဘောကျကြလား (ကျပါတယ် ဘုရား)။

ဒါကြောင့် ဒကာ ဒကာမတို့ ဘုန်းကြီးသည် အင်မတန် အရေးတကြီးတရားကို ဟောနေတယ်လို့ ဆုံးဖြတ်ချက်ချပါ ဒကာ ဒကာမတွေ တစ်သက်နဲ့တစ်ကိုယ် ဒီတစ်ခါတွေ့ရတယ် လို့ အောက်မေ့ပါ တွေ့ဖူးရဲ့လား (မတွေ့ဖူးပါ ဘုရား)။

ဒကာ ဒကာမတွေ ဒါ မခဲယဉ်းဘူးလား၊ ခင်ဗျားတို့ တက်နေတဲ့ သင်္ဂြိုဟ်ထဲ ဒါပါရဲ့လား၊ သမုဒယသစ္စာလို့ သူနှစ်ခု ကို မပါဘူး (မပါ,ပါ ဘုရား)။

ချော်လဲတယ်လို့ရော (မပါ,ပါဘူး ဘုရား) မပါဘူးတဲ့ စင်စစ်ချော်လဲတာ တွေ့ရမယ်၊ ဒီ ပုညာဘိသင်္ခါရ အပုညာဘိ သင်္ခါရ ဆိုတဲ့ ညာခြေ၊ ဘယ်ခြေနဲ့ သွားလိုက်တဲ့အတွက် ဒီချော်လဲ တာပဲ (မှန်ပါ့) သဘောပါကြပလား (ပါ,ပါတယ် ဘုရား)။

ဘာဖြစ်တုံး (ချော်လဲတာပါ ဘုရား) ချော်လဲတာကို ခင်ဗျားတို့က မသိတော့ နောက်ဘဝ ကောင်းစားတယ်လို့ ယူလိုက် မယ်၊ ချော်လဲတာ မသိတော့ (နောက်ဘဝကောင်းစားတယ်လို့ ယူတယ်)။

နောက်ဘဝကောင်းစားတယ်လို့ယူချလိုက်တော့ ဒါနောက် ဘဝပါပဲတဲ့၊ ပစ္စုပ္ပန်ဘဝ ကျပါလိမ့်မယ်၊ ဒါက အတိတ်ဘဝကိုးဗျ (မှန်ပါ့)။

ဒီကြည့်ပါလား၊ အတိတ် အကြောင်းလို့ ပြောတယ်၊ ဒီ ပစ္စုပ္ပန်လို့ မပြောဘူးလား (ပြောပါတယ် ဘုရား) ဒါဖြင့် ခင်ဗျားတို့အခု ဘာသစ္စာရထားသလဲ (ဒုက္ခသစ္စာရထားပါတယ်)။

ဪ ခင်ဗျားတို့ သူများပြောသံကြားကြောင့် ရတာ လား ကိုယ့်ဟာကိုယ်မသိတဲ့ပုဂ္ဂိုလ် စုံလုံးကန်းလမ်းသွားလို့ရ တာလား (စုံလုံးကန်းလမ်းသွားလို့ ရတာပါ ဘုရား)။

အဲဒါ သာမညပုဂ္ဂိုလ်က ဟောလို့ရှိရင် ခင်ဗျားတို့ “ဪ မင်းလူ့ဘဝတော်လေရဲ့ကွာ” ဆိုပြီး ဒါကလေးကြည့် ဟောမှာပဲ၊ ဒါ လူ့ဘဝအစပဲ ရှင်းကြပလား (ရှင်းပါပြီ)။

ဒါ ဘာပါလိမ့် (လူ့ဘဝအစပါ ဘုရား) အစဆိုတာ ဇာတိ မဟုတ်လား (မှန်ပါ့ ဘုရား) ဇာတိကို ဘုရားက ဘာ သစ္စာဟောသလဲ (ဒုက္ခသစ္စာပါ ဘုရား) သစ္စာနဲ့ကိုက်လိုက် တော့မှ သူတို့က တော်ပေရဲ့ ဆိုပေမယ့် ကိုယ်ရတာက ဒုက္ခသစ္စာ။

ကိုယ်ရတာကဒုက္ခသစ္စာ

ကိုယ်ရတာက (ဒုက္ခသစ္စာပါ ဘုရား) သူများကတော့ တော်ပါပေ့ကွာ၊ မင်းဟာ အကျိုးပေး သန်သကွာ၊ ဘာသန်နေတာ လဲ (ဒုက္ခသစ္စာသန်နေတာပါ) ဒုက္ခရောက်သန်နေတာ၊ ရိပ် မိပလား (ရိပ်မိပါပြီ) ဘာသန်နေတာတုံး (ဒုက္ခရောက် သန်နေတာ)။

ဒါ့ကြောင့် ခင်ဗျားတို့လုပ်တဲ့ ပုဂ္ဂိုလ်ကလည်း စုံလုံးကန်း လမ်းသွားတာပဲ၊ ဟုတ်လား (မှန်ပါ့)။

နောက်က သာဓုခေါ်တဲ့ပုဂ္ဂိုလ်ကရော (စုံလုံးကန်းပါပဲ ဘုရား) စုံလုံးကန်းတွန်းချနေတာ ရိပ်မိပလား (ရိပ်မိပါပြီ)။

ဒါဖြင့် မသိတဲ့လူ သာဓုခေါ်လိုက်မှာ သိပ်ကြောက်စရာ ကောင်းတယ်၊ မသိတဲ့လူ သာဓု ခေါ်လိုက်တဲ့ဥစ္စာသည် အဆင်း တွန်းတာတောင် ဖြစ်လိုက်သေးတယ် မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား)။

ကိုင်း ဘယ့်နှယ်ဆိုကြမလဲ၊ အဲဒီအတိုင်းကျနေတယ် (မှန်ပါ့) ကျ မကျ (ကျပါတယ် ဘုရား) ဗုဒ္ဓဘာသာက ဒီအတိုင်း ကျမကျ (ကျပါတယ်) သစ္စာမသိတဲ့ပုဂ္ဂိုလ်မှာ ဒီအတိုင်း မကျဘူးလား၊ ကျသလား (ကျပါတယ် ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ)။

အဲဒီတော့ ခင်ဗျားတို့က ဗုဒ္ဓဘာသာမှ ဟုတ်ကြရဲ့လားလို့ မေးလို့ရှိရင် ဗုဒ္ဓဘာသာလို့ ဆိုင်းဘုတ်တော့ ဆွဲတာပဲဘုရာ့၊ သစ္စာ မသိတဲ့ ဗုဒ္ဓဘာသာ (မှန်ပါ့ ဘုရား)။ ရိပ်မိကြပလား (ရိပ်မိပါပြီ) စကားကြမ်းသလားတဲ့၊ ဖြစ်စဉ်နဲ့ကိုက်သလား အကဲခတ် (ဖြစ်စဉ်နဲ့ကိုက်ပါတယ်) ပေါ် ကြပလား (ပေါ်ပါပြီ)။

ဒါကြောင့် ဒီတရားမျိုးကို ဒကာ ဒကာမတွေ ချီးမြှောက် ပြောတာမဟုတ်ဘူး၊ ခုအခါမှာ ရှားနေတယ် (မှန်ပါ့ ဘုရား) မရှားဘူးလား (ရှားပါတယ်) သေသေချာချာ ရှားနေတယ်။

ကိုင်း ဒကာ ဒကာမတို့ အတိတ်ဘဝက အကန်းလမ်း သွားလို့ချော်လဲပါတယ်။

ချော်လဲတာသည် အကောင်းလား၊ အဆိုးလား (အဆိုးပါ ဘုရား) ဆိုးတယ်၊ မဆိုးတယ် ဒီကြည့်လိုက် (ဒုက္ခ သစ္စာပါ) ဒုက္ခရောက်တာ ရှင်းပလား (ရှင်းပါပြီ)။

ခင်ဗျားတို့ ယခုဘယ်ထဲမှာ ရောက်နေတုံးဆိုတော့ ပစ္စုပ္ပန် တဲ့ ပစ္စုပ္ပန်က ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။

ဒီ ဒကာ ဒကာမတွေဟာ ရှေးဘဝက အကန်း လမ်းသွားတဲ့အတွက် သစ္စာမသိလို့ သစ္စာမသိဘဲနဲ့ အကန်းလမ်း သွားတဲ့အတွက် ဒုက္ခရောက်နေကြပြီ။

ဒကာ ဒကာမတွေ ပေါ်ကြပလား၊ နောက်က ဒကာ ဒကာမတွေ (ပေါ်ပါတယ် ဘုရား) ခင်ဗျားတို့ (၁)ထဲမှာလား အခု (၂) ထဲရောက်နေသလား (၂-ထဲရောက်လာပါပြီ ဘုရား)

(၂) ဟာ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)

(၂) ဟာ ဒုက္ခသစ္စာ။

ဒကာ ဒကာမတွေ သွားပြီ ဦးမာဒင်ကြီးတို့ ဘေးက ဗိုလ်တွေက ကိုယ်ကမှ မကျန်းမာ မချမ်းသာတဲ့ပုဂ္ဂိုလ်များ ခင်ဗျား တိအဖြစ်မျိုး ဖြစ်ချင်လိုက်တာလို့ တောင့်တတဲ့ လူတွေလဲရှိမှာပဲ။

မှ ရှိမှာပဲ ဘာပြုလို့တုံး သူ့ဒုက္ခ သူကလဲ ဒုက္ခသစ္စာမှ မသိပဲဟာကိုး။

အေးကွာ မင်းလဲကြီးပြီ။ မင်းအရေးမင်းကြည့်ပြီး မင်းလဲ ဒီဘဝမှာ တို့လောက်ပင် အကြောင်း မညီညွတ်ငြားသော်လည်း နောက်ဘဝအကြောင်း ညီညွတ်အောင် ပေါအောင် များအောင် လုပ်တာပေါ့ကွာ ဆိုတော့ သူ့ပါးစပ်ကလည်း ထွက်ချင်ထွက်မှာပဲ။

မထွက်ပေဘူးလား၊ ထွက်မလား (ထွက်ပါတယ် ဘုရား) ထွက်မှာပဲဗျ၊ အဆင်းတွန်းမှာ ဦးမြကြီး မပါဘူးထင်တယ် (ရှိပါတယ် ဘုရား)။

ဒီအမှန်တရားကွယ်ရင် သံသရာရှည်တော့မယ်

ကဲ ဒါဖြင့် ဒကာ ဒကာမတို့ အလွန်ဆိုးဝါးနေတဲ့ အဖြစ် တွေကြုံပြီဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဒါက တရားစစ်ကိုဟောတော့ ဒကာ ဒကာမတို့ကို နည်းနည်း မှ မငဲ့နိုင်ဘူး အမှန်ကိုပဲ သိစေချင်တယ် အမှန်ကိုပဲ ပြောရမယ် သဘောပါလား (ပါ,ပါပြီ) ဒီအမှန်တရားကွယ်ရင် သံသရာရှည်တော့မယ် အမှန်တရား ကွယ်ရင် ခင်ဗျား တို့ အကုန်ဒုက္ခရောက်တော့မယ် သဘော ပါကြရဲ့လား (ပါ,ပါတယ် ဘုရား)။

အမှန်တရားကွယ်ရင် (ဒုက္ခရောက်ပါလိမ့်မယ်) သဘောပါပလား (ပါ,ပါပြီ ဘုရား) ပြောဆိုနေကြတာက ဒါန က ပစ္စည်းပေါတယ်၊ သီလက အသက်ရှည်တယ်၊ အခုရှည်မှာလား၊ နောက်ဘဝရှည်မှာလား (နောက်ဘဝရှည်မှာပါ ဘုရား) ပစ္စည်း ပေါ်မှာရော အခုပေါ်မှာလား နောက်ဘဝပေါ မှာလား (နောက်ဘဝပေါမှာပါ ဘုရား)။

ဟာ နောက်ဘဝဆိုတာ ဘာသစ္စာတုံး (ဒုက္ခ သစ္စာပါ ဘုရား) သွားပြီ မသွားသေးဘူးလား (သွားပါပြီ ဘုရား) နောက်ဘဝ ဘာသစ္စာဖြစ်မှာတုံး (ဒုက္ခသစ္စာဖြစ်မှာပါ) ကဲ ကျေနပ်ကြပလား (ကျေနပ်ပါပြီ)။

ဒကာ ဒကာမတို့ နောက်ဘဝဆိုတာ ဘာသစ္စာလဲ (ဒုက္ခသစ္စာပါ ဘုရား) ဒုက္ခသစ္စာဆိုတာ ကျေနပ်ပြီနော်။

ကဲ ဒါဖြင့် ဒီဒုက္ခသစ္စာကြီးဟာ ဘယ်သူပါလိမ့်မတုံး မေးတဲ့အခါကျတော့ ခင်ဗျားတို့ စ,နေခဲ့တဲ့ ပဋိသန္ဓေဆိုတဲ့ ဝိညာဏ် ကလဲ ဒုက္ခသစ္စာ၊

နာမ်ရုပ်ကလဲ (ဒုက္ခသစ္စာပါ ဘုရား)

ဟင်း သဠာယတန ဆိုတဲ့ မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ်ကကော (ဒုက္ခသစ္စာပါ ဘုရား)

ဒီအထဲမှာ ခင်ဗျား တို့ ဟိုဟာနဲ့တွေ့ချင် ဒီဟာနဲ့တွေ့ချင်ဆိုတဲ့ ဖဿကရော (ဒုက္ခသစ္စာပါ ဘုရား)။

ခင်ဗျားတို့လဲ ကောင်းတာကြိုက်တဲ့ဝေဒနာကကော (ဒုက္ခသစ္စာပါ ဘုရား) ကောင်းတာ ကြိုက်လျက်သားနဲ့ မစားရတဲ့ ဒေါမနဿဖြစ်နေတာလဲ ဝေဒနာပဲ (မှန်ပါ့ ဘုရား) ဒါ ဘာလဲ (ဒုက္ခသစ္စာပါ ဘုရား) အလုံးစုံ ကမ္မဿကတပဲလို့ ထားတာရော (ဒုက္ခသစ္စာပါ ဘုရား) ဝေဒနာပဲ (မှန်ပါ့) ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့မှာ ယခုဘဝမှာ ဘာအလုပ်လုပ်နေကြ သတုံးမေးရင် ဘယ့်နှယ်ဖြေမလဲ (ဒုက္ခသစ္စာလုပ်ပါတယ်)။

ဒါလုပ်သာနေတာ ကျုပ်က ဒုက္ခကလေးခံလို့ ဒါလောက် စားရတာလို့ ပြောချင်ပြောနေတာ (မှန်ပါ့ ဘုရား) အမယ်လေး ကြောက်စရာလူတွေပါလား၊ ဒုက္ခကို သာယာနေတာ ဦးညွန့် ကြီးဒုက္ခကို မသာယာဘူးလား (သာယာပါတယ် ဘုရား) သာယာ တာပေါ့ဗျ။ ခင်ဗျားတို့ ယနေ့ တစ်သိန်းဖိုး ရောင်းလိုက် ရတယ်ဆိုရင် ဒီနေ့ မောရတာ အမောကောင်းလို့ ပြောတယ် အမယ်လေး ကြောက်စရာ လူတွေ။

ဒုက္ခရောက်ရင် အကောင်းချည်းပြောတာပဲ၊ သူတို့က (မှန်ပါ့) အမောကောင်းလို့ပြောတာ (အမောကောင်းပါတယ်)။

ဒီလိုအမောမျိုး မောစမ်းချင်တယ်၊ မသုံးဘူးလား၊ သုံး သလား (သုံးပါတယ် ဘုရား) ဘာသစ္စာတုံးတဲ့ မေးတာ (ဒုက္ခသစ္စာပါ ဘုရား)။

ဒါဖြင့် ဒီခန္ဓာကြီးနဲ့ သွားလာနေရတာသည် ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား) ဒီခန္ဓာကြီးနဲ့ ပြောဆိုနေရတာ (ဒုက္ခသစ္စာပါ ဘုရား) ဟင် မဂ္ဂသစ္စာဝင်သေးရဲ့ လား (မဝင်ပါ ဘုရား)။

သစ္စာနှစ်ပါး ကွယ်နေတယ်

မဝင်တော့ဘူး ဒကာ ဒကာမတို့ ခင်ဗျားတို့ သန္တာန်မဂ် ဉာဏ်နိဗ္ဗာန်ကွယ်ပြီ ဘယ်လိုဆိုကြမလဲ (မဂ်ဉာဏ်၊ နိဗ္ဗာန်ကွယ်ပါပြီ) သစ္စာနှစ်ပါး ကွယ်နေတယ် (မှန်ပါ့ ဘုရား)။

ဒကာဒကာတွေ သန္တာန်သစ္စာဘယ်နှစ်ပါးကွယ်နေသလဲ (နှစ်ပါးကွယ်နေပါတယ် ဘုရား)

နှစ်ပါးက နိဗ္ဗာန်ရောက်ကြောင်း လဲကွယ်ပြီ (မှန်လှပါ)

နိဗ္ဗာန်လဲ ကွယ်တယ် နောက်က ဒကာ ဒကာမတွေ ဘယ်သစ္စာဘယ်နှစ်ပါးကွယ်သတုံး (နှစ်ပါး ကွယ်ပါတယ် ဘုရား)။

တစ်ပါးက ဘာပါလိမ့် (နိဗ္ဗာန်ရောက်ကြောင်းကွယ် ပါတယ်) နိဗ္ဗာန်ရောက်ကြောင်းကွယ်တယ် မဂ္ဂသစ္စာကွယ် နေတယ်၊ မကွယ်ဘူးလား (ကွယ်ပါတယ် ဘုရား)

မဂ္ဂသစ္စာ ဆိုတာ နိဗ္ဗာန်ရောက်ကြောင်းမဟုတ်လား (မှန်ပါ့ ဘုရား) အဲဒါ ဘာဖြစ်သတုံး (ကွယ်နေပါတယ် ဘုရား)။

မဂ္ဂသစ္စာရောက်ကြောင်းကွယ်တော့ ရောက်နိဗ္ဗာန် ဆိုတာရော (ကွယ်ပါတယ် ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ သစ္စာနှစ်ပါးလုံးလုံး သပိတ်မှောက်တဲ့ ဒကာ ဒကာမတွေပဲလို့ဆိုရမယ် ဘယ်သစ္စာ ဘယ်သစ္စာ သပိတ်မှောက်ပါလိမ့် (မဂ္ဂနဲ့ နိရောဓသစ္စာပါ ဘုရား)။

အင်း ဒါဖြင့် အဖိုးတန်သစ္စာနှစ်ခု မလာခဲ့နဲ့ ရိပ်မိပလား (ရိပ်မိပါပြီ) အဖိုးတန်သစ္စာနှစ်ခုဖြင့် (မလာခဲ့နဲ့) ဆင်းရဲနဲ့ အမွဲဖြင့်လာခဲ့ (လာခဲ့ပါ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဆင်းရဲနဲ့ အမွဲဖြစ်ခဲ့ရင်ဖြင့် (လာခဲ့) လာခဲ့ဆိုတော့ သမုဒယက, မီး၊ ဒုက္ခက ထင်း၊ မီးနဲ့ ထင်းနဲ့သာ ခင်ဗျားတို့ လုပ်နေ တယ်တဲ့၊ မီးငြိမ်းတာရယ် မီးငြိမ်းလို့ အေးသွားတဲ့နေရာရယ် ဘယ်တော့မှ မတွေ့ဖူးဘူး မီးငြိမ်းတဲ့နည်းလဲ မရဖူးဘူး မီးငြိမ်းလို့အေးတဲ့နေရာလဲ မရောက်ဖူးဘူး (မှန်ပါ့)။

မီးငြိမ်းတဲ့နည်းသည် မဂ္ဂသစ္စာ သဘောကျပလား အေးသွားတာသည် နိရောဓသစ္စာ၊ ဒီသစ္စာနှစ်ခု ဒကာ ဒကာမတွေ သန္တာန်ရှိပါရဲ့လား (မရှိပါ ဘုရား) မရှိဘူး၊ ပေါ်ကြပလား (ပေါ်ပါပြီ)။

ကောင်းပြီ၊ ဒါဖြင့် ဒကာ ဒကာမတို့ ဒီဘဝမှာ ခင်ဗျား တို့ ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ ဆိုတာ စာဆို။

သဘောကျပလား (မှန်ပါ့၊ သဘောကျပါတယ်) ဘာ တဲ့တုံး (စာဆိုပါ ဘုရား) စာဆိုကို ဘုန်းကြီးတို့က မကြိုက်ဘူး၊ စာဆိုကို မကြိုက်ဘူးဆိုတော့ စာတတ်တဲ့ ဘုန်းကြီးက စာဘာဖြစ်လို့ မကြိုက်ပါလိမ့်မလဲလို့ မေးဖို့မလိုဘူးလား (လိုပါတယ်ဘုရား၊ လိုပါတယ်) ရှိတဲ့နေရာ မသိလို့ မကြိုက်ဘူး။

ရှိတာက ခန္ဓာထဲမှာ ရှိတာ စာက မှတ်တမ်းထဲမှာ သွားရှိနေတာ။

မှတ်တမ်းထဲမှာ သွားရှိနေတော့ ဘုန်းကြီးတို့က မကြိုက် ဘူး၊ ရှိတဲ့နေရာ လိုက်ရှာပြီး သိစေချင်တယ် သဘောကျ ပလား (ကျပါတယ် ဘုရား) မှတ်တမ်းထဲ ဘယ်စာက ဘယ်လို ဆိုနေတယ် ဆိုတာ မကြိုက်ဘူး ကြိုက်လို့တော်ပါ့မလား (မတော်ပါ ဘုရား) ဘာပြုလို့တုံးမှတ်တမ်းမို့ အတည်ပြုလို့ တော်ပါ့မလား (မတော်ပါ ဘုရား)။

အရှိကို အတည်ပြုရင်တော့ (တော်ပါတယ် ဘုရား) တော်တယ်ဆိုတာ ကျေကျေနပ်နပ် သဘောကျရဲ့လား (ကျပါ တယ် ဘုရား)။

ဒါဖြင့် ခင်ဗျား ခန္ဓာထဲမှာ ပဋိစ္စသမုပ္ပါဒ်ကို ရှင်းပြမယ် သဘောကျပလား (ကျပါတယ် ဘုရား) ခန္ဓာထဲမှာ တစ်နေ့ ပဋိစ္စသမုပ္ပာဒ် ဘယ်နှစ်ခု ဖြစ်တယ်ဆိုတာ သိစေချင်တယ် (မှန်ပါ့ ဘုရား)။

အဲဒါကို ဖြတ်ပေးမယ်၊

နိဗ္ဗာန်ဟာ မဝေးပါဘူး

အဲဒါဖြတ်မှ ဖြတ်တဲ့ဉာဏ်လဲ လာပါရော၊ နိဗ္ဗာန်လဲ ရတာပဲ။ နိဗ္ဗာန်ဟာ မဝေးပါဘူး (မှန်ပါ့)

ဒကာ ဒကာမတွေ နိဗ္ဗာန်ဝေးသလား ၊ နီးသလား (နီးပါတယ် ဘုရား) ယခု ဒကာ ဒကာမတွေ ဘယ်သစ္စာထဲ ရောက်နေသတုံး (ဒုက္ခ သစ္စာထဲ ရောက်နေပါတယ် ဘုရား)။

စိတ်ဆိုတာ ဒကာ ဒကာမတွေ သန္တာန်ရှိပါရဲ့ လား (ရှိပါတယ်) ဒါဖြင့် သူလဲ ဒုက္ခသစ္စာပဲ စိတ်ပေါ်တိုင်း ပေါ်တိုင်း ဒုက္ခသစ္စာ (မှန်ပါ့)။

ဘယ်အာရုံဖြစ်ဖြစ် တွေ့ချင်တိုင်း၊ တွေ့ချင်တိုင်း ဘာ သစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား) ဒီအချိန်ကို သိဖို့အရေးကြီးတယ် စိတ်ကလေး ပေါ်လာလို့ရှိရင်လဲ လိုချင်တဲ့စိတ် ပေါ်လာတယ်၊ အိပ်ချင်တဲ့စိတ် ပေါ်လာတယ်၊ စားချင်တဲ့စိတ် ပေါ်လာတယ်၊ ဟ ဒုက္ခပေါ်တာလို့ ဒီအချိန်သိရမယ် ဒီအချိန်မှာ သဠာယတန ပေါ်ပြီလို့ သိရမယ် ရှင်းပလား (ရှင်းပါပြီ ဘုရား)။

သဠာသတနသိတဲ့အခါကျတော့ ဟိုဟာနဲ့ ဒီဟာနဲ့ တွေ့ ချင်တယ်ဆို တာ မလာပေဘူးလား (လာပါတယ် ဘုရား) တွေ့ချင်ရင်လဲ ဖဿပေါ်တယ်လို့ သိရမယ်၊ ဖဿဒုက္ခသစ္စာ ပေါ် တယ်လို့ ချက်ချင်း သိရမယ် (မှန်လှပါ ဘုရား)။

နောက်ကျတော့ အကောင်း, အဆိုးရွေးလာတာက ဘာ ပါလိမ့် (ဝေဒနာပါ ဘုရား) အဲဒီ ဝေဒနာ ပေါ်တိုင်း ပေါ်တိုင်း သိမှ ခင်ဗျားတို့ သစ္စာသိမယ် သဘောပါပလား (မှန်ပါ။ ပါ, ပါတယ် ဘုရား)။

စာချဆရာတော်အရှင်ပေါဋ္ဌိလ

ဒီအတိုင်း စာထဲမှာ သွားသိနေလို့တော့ အလကားပါ ပဲ (မှန်ပါ့) ပိဋကတ်သုံးပုံဆောင်ကြီး ပေါဋ္ဌိလကြီး ဒကာ ဒကာမတို့ ကျောင်းသားငါးရာ စာချနေတဲ့ ပုဂ္ဂိုလ်ကြီး၊ ခုနစ်နှစ် အလုပ်သမား ကလေး ကိုရင်လေးဆီ သွားသင်ရမယ်၊ ဒါတွေကို ပိဋကတ်သုံးပုံဆောင်ပဲ။

အလုပ်သမား ကိုရင်လေး ခုနစ်နှစ်အရွယ်ဆီမှာ သွားပြီး သင်ရတယ်၊ သစ္စာ ခန္ဓာကိုယ်ထဲ ပေါ်တာ ပြောစမ်းပါ ကိုရင် ရဲ့၊ စာထဲမှာတော့ သူသိရဲ့ (မှန်ပါ့)။

သူ့ခန္ဓာထဲ ပေါ်နေတာကျတော့ (မသိပါ ဘုရား) ဒါဖြင့် စာသိသည် ဒကာ ဒကာမတို့ အရှိသိ မဟုတ်သောကြောင့် နိဗ္ဗာန် မရောက်။

ကိုယ့်ခန္ဓာထဲ ပေါ်တိုင်း ပေါ်တိုင်း သိမှ နိဗ္ဗာန်ရောက်မယ် ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။

ဒကာ ဒကာမတွေ ဒီဘုန်းကြီးနဲ့ တွေ့ရတာကလဲ ရက် ကလဲ၊ ခင်ဗျားတို့ကို သနားတဲ့စိတ်လဲ ရှိပါတယ်၊ ရှိပင်ရှိငြား သော်လဲ ခင်ဗျားတို့ အကျိုးပေးက ဒီလောက်ပဲ ထိုက်တယ်။

သနားစရာတော့ သိပ်ကောင်းပါတယ် (မှန်ပါ့) သနား စရာတော့ သိပ်ကောင်းပါတယ်၊ သနားစရာတော့ သိပ်ကောင်းတာ အမှန်ပဲဗျ ဝါဆိုချိန်ကလဲ နီးပြီ ဟိုမှာ မှီခိုနေတဲ့ ပုဂ္ဂိုလ်တွေ ကလဲ များတယ် (မှန်လှပါ)။

ဝိညာဏ်ဆိုတာ

ကိုင်း ဒါဖြင့် ခင်ဗျားတို့ သန္တာန်ထဲမှာ ဝိညာဏ်ဆိုတာ ပဝတ္တိ ဝိညာဏ်ကိုဟောလိုက်ပါတယ်၊ ပဋိသန္ဓေဝိညာဏ်လဲ ပါတာပါပဲ။

မြင်တယ်ဆိုတော့ စက္ခုဝိညာဏ်လို့ မဆိုသင့်ဘူးလား (ဆိုသင့်ပါတယ် ဘုရား) အဲဒါ ဒုက္ခသစ္စာ ပေါ်တယ် ဒီအထဲမှာ သဠာယတနဆိုတဲ့ စက္ခုဝိညာဏ်ဆိုတဲ့ မြင်စိတ်မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား) ဒီကြည့်လိုက်၊ ဘာသစ္စာတုံး (ဒုက္ခ သစ္စာပါ ဘုရား)။

ပေါ်တိုင်းပေါ်တိုင်းဒုက္ခသစ္စာသိပေး

အဲဒီ ပေါ်တိုင်း ပေါ်တိုင်း ဒုက္ခသစ္စာ သိပေးရမယ် ပေါ်ရင် ဒီစက္ခုဝိညာဏ်ပေါ်ရင် ဒီကနေပြီး သိပေး၊ သိတော့ ဒီအဆက်ပြတ်တယ် မပြတ်ဘူးလား (ပြတ်ပါတယ် ဘုရား) ဒီဘက်ကူးသေးရဲ့ လား (မကူးပါ ဘုရား) မကူးလို့ရှိရင်ဖြင့် ဒီတဏှာမချုပ်ဘူးလား (ချုပ်ပါတယ် ဘုရား)။

ဒါဖြင့် “တဏှာနိရောဓော နိဗ္ဗာနံ” (မှန်လှပါ) ဒီဘက် နောက်ခန္ဓာလာသေးသလား ၊ အနာဂတ်ဘဝ (မလာပါ ဘုရား)။

ဒါဖြင့် “ခန္ဓာနိရောဓော နိဗ္ဗာနံ”ဆိုတော့ ဒီက မကူးဖို့ဘဲ အရေးကြီးတယ် (မှန်လှပါ ဘုရား) နိဗ္ဗာန် ဝေးသလား (မဝေး ပါ ဘုရား) နီးတယ်ဆိုတာ ခင်ဗျားတို့ သူများပြောကို မယုံပါနဲ့၊ ကိုယ့်ပဋိစ္စသမုပ္ပာဒ် ကိုယ်ဖြတ်ရင် နီးတယ်။

ပဋိစ္စသမုပ္ပာဒ်စ,တာ

သူများက စာတွေ၊ ပေတွေနဲ့ ကူးပြီးပြနေရင် မယုံနဲ့ ကိုယ့်ပဋိစ္စသမုပ္ပာဒ်ကို ကိုယ့်ဉာဏ်နဲ့ ဖြတ်ရင် ပဋိစ္စသမုပ္ပာဒ် ဆိုတာ

ခင်ဗျားတို့ သန္တာန် မြင်စိတ်ပေးတာ ပဋိစ္စသမုပ္ပာဒ်ပဲ (မှန်ပါ့ ဘုရား)

ကြားစိတ်ပေါ်တာ (ပဋိစ္စသမုပ္ပာဒ်ပါ ဘုရား)

နံစိတ် ပေါ်တာ (ပဋိစ္စသမုပ္ပဒ်ပါ ဘုရား)

စားစိတ်ပေါ်တာ (ပဋိစ္စသမုပ္ပာဒ်ပါ ဘုရား)

ယားစိတ်၊ ယံစိတ်ပေါ်တာ (ပဋိစ္စ သမုပ္ပာဒ်ပါ ဘုရား)။

အဲတာ ပဋိစ္စသမုပ္ပာဒ်စ,တာ သဘောကျပလား (မှန်ပါ့) အဲဒီစ, တာကလေးကို ကျုပ်တို့က ဒီကနေပြီး သူဟာ အနိစ္စပဲလို့ ရှုလိုက်၊ ဟောဒီအနီပေါ်ကရှု သဘောကျပလား (ကျပါတယ်)

ဘယ်ကနေရှုနေလဲ (အနီပေါ်ကနေ ရှုရ ပါမယ် ဘုရား)။ အနီပေါ်ကနေ ရှုလိုက်တော့ အနီဟာ အနီပေါ်မှာ ပေါ်တာ မဂ်ပါပဲ မဂ်သည် ဒီအဆက်ကို ဖြတ်တယ်၊ ဝေဒနာနဲ့ တဏှာ မဆက်

အောင် ဖြတ်ချလိုက်တယ် (မှန်ပါ့) မဖြတ်ဘူးလား (ဖြတ်ပါတယ်)။

သူက ဖြစ်ပျက်ဆိုလို့ရှိရင် သူကမဂ် လုပ်ဖြစ်အောင် လုပ်ပါ ဒီဟာက ဖြစ်ပျက်ဆိုရင် (ဒီမှာမဂ်ပါ ဘုရား)။

ဒီကနေ ဘာလိုက်ရမလဲ (မဂ်လိုက်ရမယ်) မဂ်လိုက် တော့ ဒီဘက်က သမုဒယသစ္စာဆိုတာ လာသေးရဲ့ လား (မလာပါ ဘုရား)။

ဒါဖြင့် ပါဠိတော်ရွတ်လိုက် တဏှာနိရောဓော (နိဗ္ဗာနံ) ဒုက္ခနိရောဓော (နိဗ္ဗာနံပါ) ကဲ ဝေးသေးသလား (မဝေးပါ ဘုရား) မောင်ဘအေး မလွယ်ဘူးလား (လွယ်ပါတယ် ဘုရား)။

ကဲ ဒါဖြင့် ဒကာ ဒကာမတို့ ဒီမှာ ခင်ဗျားတို့ ပြောသံ ကြားနဲ့ ဟောနေတာလား၊ ခင်ဗျားတို့ သန္တာန်ဖြစ်တာကို ဖြတ်ပေး နေတာလား (ဖြစ်တာကို ဖြတ်ပေးနေတာပါ ဘုရား)။

ဒါဖြင့် နိဗ္ဗာန်ရမှရပါ့မလား ဆိုတဲ့ သံသယဘယ်တော့မှ မရှိနဲ့၊ ဒီနေရာမှာ မဂ်ပေါ်အောင် လုပ်ရမယ်၊ ခင်ဗျားတို့ လုပ်ဖို့ တော့ ဒီနည်းဆရာဘုန်းကြီးက ပေးလိုက်ပါတယ်။

ဟဒယဝတ္ထုကနေပြီးရှုပါ

မြင်စိတ်ပေါ်လဲ ဒီနေရာက နေပြီးသကာလ ဖြစ်ပျက်ရှုပါ။ ဒီနေရာကရှု သဘောကျပလား (မှန်ပါ့) ဒီနေရာဆိုတော့ ဟဒယဝတ္ထုကို ဆိုပါတယ် ဒီနေရာဆိုတာ ဘာပါလိမ့် (ဟဒယဝတ္ထုကို ဆိုပါတယ်)။

ဒါဖြင့် ဒီကဖြစ်ပျက်၊ ဒီကမဂ်သွားဖြစ်တယ် ဒီက ဖြစ်ပျက်၊ ဒီကဘာတုံး (မဂ်ပါ ဘုရား) မဂ်ဟာ သံသရာ အဆက် အစပ်တွေကို ဖြတ်တယ်လို့ ခင်ဗျားတို့ စာထဲမှာ ပါလိမ့်မယ်။

သံသရာ အဆက်အစပ်တွေကို ဖြတ်ပါတယ် ဒီသံသရာနဲ့ ဒီသံသရာ ကူးသေးရဲ့ လား (မကူးပါ ဘုရား) သံသရာအဆက်ကို ဖြတ်ချတယ် မဖြတ်ဘူးလား ဒကာ ဒကာမတို့ (ဖြတ်ပါတယ် ဘုရား) ဘာဖြတ်ပါလိမ့် (သံသရာ အဆက်ကို ဖြတ်ပါတယ်)။

ကောင်းပြီ၊ ပစ္စုပ္ပန်သံသရာနဲ့ ၊ ပစ္စုပ္ပန်အကျိုးနဲ့၊ ပစ္စုပ္ပန် အကြောင်းကို ဖြတ်ချတယ် ဒါက ပစ္စုပ္ပန် အကျိုးလို့ မပါဘူး လား (ပါ, ပါတယ် ဘုရား)။

အတိတ်အကြောင်းနဲ့စပ်တော့ သူက ပစ္စုပ္ပန်အကျိုး မဖြစ် ဘူးလား (ဖြစ်ပါတယ် ဘုရား) အဲဒီအကျိုးနဲ့ နောက်ပေါ်မယ့် အကြောင်းနဲ့ ဖြတ်ချလိုက်တယ် ပေါ်ကြပလား (ပေါ်ပါပြီ)။

ပစ္စုပ္ပန်အကျိုးနဲ့ နောက်ပေါ်မယ့် (အကြောင်းနဲ့ ဖြတ်ပါတယ်) အကြောင်းကို မဂ်က မဖြတ်ဘူးလား (ဖြတ် ပါတယ် ဘုရား) ဖြတ်တော့ကို တဏှာနိရောဓော ဖြစ်, မဖြစ် (ဖြစ်ပါတယ် ဘုရား)

တဏှာနိရောဓောကို ဘာခေါ်ကြမယ် (နိဗ္ဗာန်လို့ခေါ်ပါတယ်) ဒုက္ခနိရောဓောကို (နိဗ္ဗာန်လို့ ခေါ်ပါ တယ်)။

မဂ်တစ်ချက်သွင်းရုံပဲ

ဒါဖြင့် နိဗ္ဗာန်ဟာ ဒကာ ဒကာမတို့ ဒီဟာကလေး တစ်ချက် သွင်းရုံပဲ မဂ်တစ်ချက်သွင်းရုံပဲ အေး ဒကာ ဒကာမတွေ ဘာလုပ်ရမလဲ (မဂ်တစ်ချက်သွင်းရုံပါပဲ) မဂ် တစ်ချက်သွင်းလိုက်ရင် ရတာပဲ။

ဆုတောင်းနေတာလား၊ မဂ်သွင်းဖို့ အရေးကြီးတာလား (မဂ်သွင်းဖို့ အရေးကြီးပါတယ် ဘုရား)။

အဲဒါ ဘယ်တော့မှ တောင်းမနေနဲ့၊ နိဗ္ဗာန်ရချင်လို့ တောင်း တာသည်ကားလို့ဆိုလို့ရှိရင်ဖြင့် လူသိရုံပဲရှိမယ် သဘော ကျပလား (ကျပါတယ်)။

ရနိုင်ပါ့မလား (မရနိုင်ပါ) သူ့အဆက်မှ မပြတ်ဘဲနဲ့ ဝေဒနာပစ္စယာတဏှာ ဆက်မှာပဲ သူ့အဆက်ဖြတ်တဲ့ မဂ်လာလို့ရှိရင် စိတ်သည်ဖြစ်ပျက်၊ ဖဿသည်ဖြစ်ပျက်၊ ဝေဒနာ သည် ဖြစ်ပျက်၊ အဲသည်ဖြစ်ပျက်ကို သိတာက မဂ်ကိုး။ သဘောကျပလား (ကျပါတယ်)။

ဒါဖြင့် ဖြစ်ပျက် မဂ်၊ ဖြစ်ပျက် မဂ်၊ ဖြစ်ပျက် မဂ်ဆိုတော့ ဒီဘက်သံသရာကြီး စပ်သေးရဲ့လား (မစပ်ပါ ဘုရား)။

အဲဒီတော့ ခင်ဗျားတို့ ရထားတာ ခန္ဓာ၊ အာယာတန၊ ဓါတ် တွေ မပြတ်လည်ရာ သံသရာလို့ မဟောကြဘူးလား (ဟော ပါတယ်) ဒီလို လည်သွားတာ ဝေဒနာက တဏှာဆက်ရင် သံသရာကွ၊ သဘောကျပလား (ကျပါတယ်) တဏှာက ဥပါဒါန်ဆက်ရင် (သံသရာပါ)။

သံသရာရှည်တယ်ဆိုတာ

ဪ သံသရာရှည်လိုက်တာဆိုတာ ခန္ဓာရှည်တာ မဟုတ်ပါဘူး၊ အတွင်းမှာ ဓမ္မရှည်နေတာ ဆိုတာ (မှန်လှပါ ဘုရား) သဘောပါကြပလား (ပါ,ပါတယ်) လူတွေ, နတ်တွေ ရှည်တာ ဆိုတာလား (ဓမ္မရှည်တာ ဆိုတာပါ ဘုရား)

ဒါဖြင့် ဓမ္မမဖြတ်တဲ့ပုဂ္ဂိုလ်ကိုဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ)။

ဓမ္မဖြတ်တဲ့ ပုဂ္ဂိုလ်ဖြစ်ရင် (မရှည်တော့ပါ) မရှည်ဘူး ဆိုတာ သဘောကျပလား (ကျပါတယ်) သဘောပါကြရဲ့လား နောက်က ဒကာ ဒကာမတွေ (ပါ, ပါတယ် ဘုရား)။

ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ကိုတဲ့ ဟောဒါ နံပါတ် ဘယ်လောက်ပါလိမ့် (နံပါတ် ၂, ပါ ဘုရား) နံပါတ် ၂, က ၃ မကူးပါစေနဲ့ (မှန်ပါ့) ဦးညွန့် ဘာတဲ့ (နံပါတ် ၂ က ၃, မကူးစေနဲ့) မကူးအောင် ဘယ့်နှယ်လုပ်မတုံးဆိုတဲ့ မေးခွန်းဟာ ထွက်လာတယ် (မှန်ပါ့) မထွက်ဘူးလား ဦးသန်းမောင် (ထွက်ပါတယ် ဘုရား)။

ဒါဖြင့် ဟောဒီစိတ်ကလေး ပေါ်တိုင်း, ပေါ်တိုင်း ဒီကနေ ၊ ပြီးသကာလ မဂ်ပေါ်အောင် လုပ်ပါ၊ မဂ်ဆိုတာ တစ်ခြားမဟုတ် ပါဘူး၊ ဖြစ်ပျက်ကိုသိတာ ဖြစ်ပျက်က ဒုက္ခသစ္စာ၊ ဖြစ်ပျက်က (ဒုက္ခသစ္စာပါ ဘုရား) ဒီကြည့် (ဒုက္ခသစ္စာ)။

ဟော ဒီထဲမှာ ပေါ်ပြီးပျက်တဲ့ ဓမ္မဟူသရွေ့ ဘာတုံး ၊ (ဒုက္ခသစ္စာပါ ဘုရား) ဒီကပြောနေတယ် ဟုတ်လား၊ အဲဒါ သိလိုက်တာက ဘာဆိုကြမလဲ (မဂ္ဂပါ ဘုရား)။

ဒါဖြင့် မဂ္ဂသစ္စာဆိုတော့ ဒုက္ခသစ္စာကို မဂ္ဂသစ္စာနဲ့ မြင်အောင်ကြည့်လို့ရှိရင် သမုဒယသစ္စာ ဆုံးတယ် (မှန်ပါ့) ကဲ မရှင်းကြသေးဘူးလား (ရှင်းပါပြီ)။

ဒီဒုက္ခသစ္စာ ခုဒီကနေပြီး မဂ္ဂသစ္စာနဲ့ မြင်အောင်ကြည့် လို့ရှိရင် စဥဒပါဒိဖြစ်တယ် (မှန်လှပါ) သဘောကျပလား (ကျပါတယ်, စက္ခုံ ဥဒပါဒိပါ ဘုရား) စက္ခု၊ ပညာမျက်စိသည်။ ဥဒပါပိ၊ ဒုက္ခသစ္စာကို သိမြင်ခြင်းဖြစ်၏ (ဝါ) ဒုက္ခသစ္စာကို ပေါ်လာအောင်မြင်ခြင်း ဖြစ်၏ (မှန်လှပါ)။

ဒုက္ခသစ္စာဆိုတာ

ဒီလိုဆိုတော့ ဒကာ ဒကာမတွေ ဒုက္ခသစ္စာဆိုတာ ခါးကိုက် လည်နာ၊ ရင်ကျပ်မှမဟုတ်ပါဘူး၊ ခင်ဗျားတို့ သန္တာန်ပေါ်တဲ့ စိတ်ဟူသရွေ့ ဒုက္ခသစ္စာ ပေါ်တဲ့ ဝေဒနာဟူသရွေ့ (ဒုက္ခသစ္စာပါ)။

ဒီ ကြည့်လေ၊ ဒီတစ်ဝိုင်းလုံးကို ပါတာတွေ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား) ဒါဖြင့် သစ္စာသိသွားပြီ ဒီ ဒကာ ဒကာမတွေ ခုတရားနာရတာ နာရီသုံးမတ်ရှိသွားပြီ ဘာသိသွား တုံး (သစ္စာသိသွားပါတယ် ဘုရား) သစ္စာသိတယ်၊ သိတာက ဒီကြားဝင်ရတယ် (မှန်ပါ့) သစ္စာကဒါတွေ သိတာက ဘာလဲ (မဂ်ပါ) မဂ်၊ မဂ်က မဖြတ်ဘူးလား (ဖြတ်ပါ တယ် ဘုရား)။

သစ္စာသိမှ သံသရာပြတ်တယ်

ဒါဖြင့် သစ္စာသိမှ ဟောဒီသံသရာတွေ ပြတ်တယ် ပေါ်ပြီဗျ (မှန်ပါ့) မပေါ်သေးဘူးလား (ပေါ်ပါပြီ) ဒီသစ္စာ ကို ဒီကနေပြီး သိပေးစမ်း တို့ သံသရာ ဘယ့်နှယ်နေသလဲ (ပြတ်သွားပါတယ်) ဒီဘက်က သံသရာရော (ပြတ်သွား ပါတယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ သစ္စာမသိဘဲနဲ့ သံသရာပြတ်တဲ့ ပုဂ္ဂိုလ် ရှိသင့်၊ မရှိသင့် (မရှိသင့်ပါ ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ) သစ္စာ မသိဘဲနဲ့ သံသရာပြတ်တဲ့ ပုဂ္ဂိုလ် (မရှိပါ ဘုရား)။

ရှိကို မရှိဘူး ဆိုတာ ဒကာ ဒကာမတွေ ကျေနပ်ပလား (ကျေနပ်ပါတယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ သစ္စာသိမှု အလုပ်ဟာ ဆုတောင်းအလုပ်လား၊ ဆရာသမားတို့ဆီမှာ နည်းယူ ရမယ့်အလုပ်လား (ဆရာသမားတို့ဆီမှာ နည်းယူရမယ့်အလုပ် ပါ ဘုရား)။

ဒါဖြင့် နည်းပေးတဲ့ဆရာနဲ့တွေ့တော့ ငါတို့ဖြင့် သေပျော် ပြီဟေ့ သိပြီးသေတာ အရင်တုန်းက မသိလို့၊ မသိတာက အဝိဇ္ဇာ။

သိတာက ဒီနေရာ မဂ်ဆိုတာ ဝိဇ္ဇာ ဒီတုန်းက ကန်းခဲ့ တယ် ဒီမှာ ဆရာကောင်း, သမားကောင်းနဲ့ တွေ့တဲ့အခါ ဝိဇ္ဇာမဂ် သွားဖြစ်တယ်၊ ဒီဘဝမှာ အမြင်ရတယ် မြင်တဲ့ ပုဂ္ဂိုလ် လမ်းသွားရင် မှားဦးမလား (မမှားပါ ဘုရား)။

အရင်တုန်းက မမြင်တဲ့ပုဂ္ဂိုလ်လမ်းသွားလို့ ဒီမှာကြည့်စမ်း၊ လဲတယ် လဲလို့ အနာရတယ်၊ အနာရလို့ ငန်းမန်းတွေ ကြွတယ် (မှန်ပါ)။

ငါးမန်းတွေ ကြွနေတုန်း ဖဿဆိုတဲ့ဆူးက ထိုးတယ် (မှန်ပါ့) ထိုးတော့ အနာတွေက ပြည်တွေ ဘာတွေကြွလာ ပြီး ဝေဒနာမျိုးစုံပေါ်လာတယ်။

ကဲ ဒါကြောင့် သူ့ကို ဒီငါးခု ဘာသစ္စာဆိုကြမလဲ (ဒုက္ခသစ္စာပါ ဘုရား) ရှင်ကြပလား (ရှင်းပါပြီ) ဒုက္ခ သစ္စာ မှတစ်ပါး အခြားသစ္စာပါသေးရဲ့ လား (မပါ, ပါ ဘုရား)။

အဲဒီတော့ ဒါအခု ခင်ဗျားတို့ တရားနာနေတဲ့ ပုဂ္ဂိုလ်၏ ခန္ဓာငါးပါး၊ ခင်ဗျားတို့ လှုပ်လဲ ဒုက္ခသစ္စာပဲ၊ ငြိမ်လဲ ဒုက္ခသစ္စာပဲ။

ပူလဲ (ဒုက္ခသစ္စာပါ) စားချင်လဲ (ဒုက္ခသစ္စာပါ) ၊ အိပ်ချင်လဲ (ဒုက္ခသစ္စာပါ)။

ဪ အဲဒါကလေးတွေ သိတော့ ဒါကလေးတွေ ဖြစ်လိုက်, ပျက်လိုက် ဖြစ်လိုက်, ပျက်လိုက် ကို မြင်အောင် ကြည့် လိုက်တော့ ဖြစ်ပျက်က ဘာသစ္စာ (ဒုက္ခသစ္စာပါ ဘုရား) သိတာက (မဂ္ဂသစ္စာ ပါ ဘုရား) မဂ္ဂသစ္စာဟာ အဝိဇ္ဇာလား၊ ဝိဇ္ဇာလား (ဝိဇ္ဇာပါ ဘုရား)။

ဒါဖြင့် ဝိဇ္ဇာဥဒပါဒိဟာ ဒီဖြစ်ပျက်မြင်မှ ဝိဇ္ဇာဥဒပါဒိ ဖြစ် မှာ (မှန်လှပါ ဘုရား)။

သဘောပါပလား (ပါ, ပါပြီ ဘုရား) ဖြစ်ပျက်မြင်မှ (ဝိဇ္ဇာဥဒပါဒိ ဖြစ်တယ်) ဝိဇ္ဇာဥဒပါဒိလဲ ဖြစ်ပါရော တဲ့၊ ဒကာ ဒကာမတို့

ဒီဘက်က သမုဒယသစ္စာ နောက်ထပ် လာသေးသလား (မလာပါ ဘုရား) ဒီဘက်က ဒုက္ခသစ္စာ (မလာပါ) နောက်ထပ်မလာတော့ဘူး။

မလာတော့ “တဏှာသိမ်းနိဗ္ဗာန်၊ ဒုက္ခသိမ်း နိဗ္ဗာန်” ဆိုတာ သူများ အပြောလား ခင်ဗျားတို့ အမြင်လား အကဲခတ်စမ်းပါ (အမြင်ပါ ဘုရား)။

ဒါဖြင့် နိဗ္ဗာန်သည် ဒကာ ဒကာမတို့ ဖြတ်တတ်သော ပုဂ္ဂိုလ်၏ အလုပ် (မှန်ပါ့ ဘုရား) နိဗ္ဗာန်ဆိုတာ ဘာပါလိမ့် (သစ္စာကို သိသောပုဂ္ဂိုလ်၏အလုပ်)။

ခင်ဗျားတို့ သန္တာန်မှာပေါ်တဲ့ စိတ်ကလေးတွေက ဘာပါ လိမ့်၊ ဒီ ကြည့်၊ ဒီ ကြည့် (ဒုက္ခသစ္စာပါ ဘုရား) ဒုက္ခသစ္စာ သိတာက (မဂ္ဂသစ္စာပါ ဘုရား) ဒါဖြင့် ဒီဘက် သံသရာလာသေးရဲ့လား (မလာပါ ဘုရား) ဒီဘက်သံသရာ မလာ တာက သမုဒယချုပ်တာ (မှန်လှပါ)။

ဒီသမုဒယသစ္စာသုံးခု အကုန်ချုပ်သွားတယ် (မှန်ပါ့) ဒီဘက်က ဇာတိ၊ ဇရာ၊ မရဏနဲ့တကွ ချုပ်သွားတာက ဘာတွေ ပါလိမ့် (ဒုက္ခသစ္စာဖြစ်ပါတယ်)။

ဒါဖြင့် သမုဒယသစ္စာနဲ့ ဒုက္ခချုပ်တာသည် ဒကာ ဒကာမ တို့ ဒီမဂ္ဂသစ္စာ အမြင်မှန်ရလို့ ချုပ်တာ နို့မို့ရင် ချုပ်ပါ့မလား (မချုပ်ပါ ဘုရား) ဒါဖြင့် ဒီအတွင်းမှာ ပေါ်တာတွေဟာ ခင်ဗျားတို့ သတိပဋ္ဌာန်ချည်းမှတ်။

ဒါက သတိပဋ္ဌာနမဂ်ချည်းမှတ်ပါ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)

ဒီမှာ ပေါ်တာတွေက ဘာတွေပါလိမ့် (သတိပဋ္ဌာန်ပါ ဘုရား)

ဒီက ရှုနိုင်တာက (သတိပဋ္ဌာနမဂ် ပါ ဘုရား) သတိပဋ္ဌာနမဂ်၊ သဘောကျပလား (မှန်ပါ့) ဘာမဂ်တဲ့ဗျာ (သတိပဋ္ဌာနမဂ်ပါ ဘုရား)။

သတိပဋ္ဌာနမဂ်ရင့်ရင် လောကုတ္တရာမဂ်

သတိပဋ္ဌာနမဂ်တဲ့၊ ဒကာ ဒကာမတို့ သူရင့်သွားရင် လောကုတ္တရာမဂ် မလာပေဘူးလား (လာပါတယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ နဂိုကပြောထားတဲ့စကားနဲ့ ပြန်ပြီး သကာလ နိဂုံးချုပ်ကြစို့ နာရီကနည်းတယ်။

သစ္စဉာဏ်, ကိစ္စဉာဏ်, ကတဉာဏ်ဟောမယ်၊ ဒီနေ့ည ဘာဟောမှာပါလိမ့် (သစ္စဉာဏ်, ကိစ္စဉာဏ်, ကတဉာဏ်ပါ) ရှင်းပြီနော် ဘာဉာဏ်ဟောမှာပါလိမ့် (သစ္စဉာဏ်, ကိစ္စ ဉာဏ်, ကတဉာဏ်ဟောမှာပါ) ေ

တာ်တော်အရေးကြီးတဲ့ စကား နော်၊ ဒကာ ဒကာမတို့ လွယ်ကူတဲ့စကားလို့ မအောက်မေ့ လိုက်ပါနဲ့၊ လွယ်တဲ့စကားလို့ ဒကာ ဒကာမတို့ မအောက်မေ့ပါနဲ့။

လွယ်ကူတဲ့စကားလို့ (မအောက်မေ့ပါနဲ့) နောက်က ဒကာ ဒကာမ မအောက်မေ့နဲ့နော် (မှန်ပါ့၊ မအောက်မေ့ ပါ ဘုရား) သေသေချာချာနားထောင်ပါ။ ဒါတွေဟာ ဘာသစ္စာ တွေလဲ (ဒုက္ခသစ္စာပါ ဘုရား)။

သစ္စဉာဏ်

ဒီကနေပြီးသကာလ သိလိုက်တာသည်ကားလို့ ဆိုလို့ရှိရင် ဖြင့် ဉာဏ်မှသိမယ်၊ ဝိဇ္ဇာဉာဏ်မှ သိမယ် မသိဘူးလား (သိပါတယ် ဘုရား)

ဒါဖြင့် ဒီစိတ်ကလေးတွေ ပေါ်လာတာကို ပေါ်တိုင်း ပေါ်တိုင်းလဲ ဖြစ်ပြီး ပျက်တာပဲလို့ သိလိုက်တော့ ဘာသစ္စာတုံး ဒါက (ဒုက္ခသစ္စာ) သိတာက (မဂ္ဂသစ္စာ ပါ ဘုရား)။

မဂ္ဂသစ္စာဟာ ဉာဏ်ပဲမဟုတ်လား (ဉာဏ်ပါ ဘုရား)

ဒါဖြင့် သစ္စဉာဏ် သစ္စဉာဏ် ပေါ်လာပြီ၊ မပေါ်သေးဘူးလား (ပေါ်ပါပြီ) သစ္စဉာဏ်ပေါ်လာပြီ (ပေါ်ပါပြီ ဘုရား)။

ဒီအတွင်းမှာ ခင်ဗျားတို့ ဘာပဲပေါ်ပေါ် မြင်စိတ်ပေါ်ပေါ် ကြားစိတ်ပေါ်ပေါ် သစ္စာပေါ်တုံး (ဒုက္ခသစ္စာ ပေါ်ပါတယ်) ပေါ်တိုင်း, ပေါ်တိုင်း ခင်ဗျားတို့က ဒုက္ခသစ္စာလို့ သိပေးတာက ဉာဏ် (ဉာဏ်ပါ)

ဒါဖြင့် သစ္စ (ဉာဏ်) ကလေးတွေ မအိ စာရေးနေတာ ခင်ဗျားတို့ မ-နဲ့ အိ-နဲ့ (မ+အိ) ပေါင်းတော့ ဘယ့်နှယ် (မအိ(မ+အိ))။

ဒီမှာလည်း သစ္စနဲ့ ဉာဏ်နဲ့ပေါင်းတော့ (သစ္စဉာဏ် ပါ ဘုရား)

ဪ ခင်ဗျားတို့ အရွယ်ကြီးမှပဲ အပေါင်း, အနှုတ်သင်နေရတယ်၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား) မသင် ရင် ဖြစ်ကို မဖြစ်ဘူး (မှန်ပါ့ မဖြစ်ပါ ဘုရား)။

စုံလုံးကန်းမွေးလာတာ ဘယ်လိုမွေးလာတာလဲ (စုံလုံးကန်းမွေးတာပါ ဘုရား)။

စုံလုံးကန်းမွေးတဲ့အထဲမှာ ခင်ဗျားတို့က တိမ်သလာက ထူသေးတယ် (မှန်ပါ့) တိမ်သလာက သားရေး၊ သမီးရေး၊ စီးပွားရေးဆိုတဲ့ လောဘ၊ ဒေါသ၊ မောဟတည်းဟူသော အညစ် အကြေးတွေက မျက်လုံးပေါ် အုပ်နေတယ်။

မွေးတုန်းက အကန်း၊ နောက် မျက်ချေးတွေက ပိတ် နေတယ် ကောင်းသေးရဲ့လား (မကောင်းတော့ပါ ဘုရား) အဲဒီလောက် အရုပ်ဆိုးနေတယ်ဆိုတာ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ဒါ နာနာပြောတယ်လို့ ဒကာ ဒကာမတွေက မယူပါနဲ့တဲ့၊

ခင်ဗျားတို့ ထု, ထူတာက ဘုန်းကြီးက ပြောတာထက် ထုတယ် မထူဘူးလား (ထူပါတယ် ဘုရား)။

ခန္ဓာထဲက ယားတာကလေးကလဲ အင်း ဒုက္ခသဟ ဂုတ်, ကာယဝိညာဏ်စိတ် ဒုက္ခသစ္စာ ပါကလားလို့ သိရဲ့လား (မသိပါ ဘုရား) ယားတာပဲ စိတ်ပျက်တယ်၊ ယားတဲ့စိတ် ပျက်တော့ ကို ယားတာက ဒကာ ဒကာမတို့ ဒုက္ခဝေဒနာ၊ စိတ်ပျက်တာက ဒေါမနဿဖြစ်တာ၊ ဒီဘက်ပြန်မလှည့်ဘူးလား (လှည့်ပါတယ်)

ကဲ ခင်ဗျားတို့ ယားမှာ သိပ်စိုးရိမ်တယ်။ ယားရင်ဖြင့် သံသရာလည်ချေရဲ့၊ သဘောကျပလား (ကျပါပြီ) ပြီးတော့ ခင်ဗျားတို့ ကောင်းစားမှာလဲ သိပ်စိုးရိမ်တယ် ခင်ဗျားတို့က ဒီခန္ဓာကြီးထဲမှာ ကျန်းမာလို့ သွားလာနေနိုင် တဲ့ အခါကျတော့ ပစ္စည်းကရတော့ မဝမ်းသာဘူးလား (သာပါတယ် ဘုရား)။

ဝမ်းသာတော့ ဒီပစ္စည်းက ဘာသစ္စာလဲ (ဒုက္ခသစ္စာ ပါ ဘုရား) ဒုက္ခသစ္စာ၊ ဝမ်းသာတာက တဏှာကိုး။

ဪ ခင်ဗျားတို့ကလဲ ဒီတဏှာနဲ့ နေရတာပဲ အတော် ပျော်နေတယ်။ ပစ္စည်းက ဘာသစ္စာ (ဒုက္ခသစ္စာပါ ဘုရား) အင်း ဝမ်းသာတာက (တဏှာပါ ဘုရား) ဘာသစ္စာတုံး (သမုဒယ သစ္စာပါ)။

ဪ ဒုက္ခသစ္စာနဲ့ သမုဒယသစ္စာများ ကြုံကြတော့ မယ်ဆိုလို့ရှိရင်ဖြင့် ထီတောင် ထိုးလိုက် သေးတယ်၊ ပေါက်မှ ပေါက်ပါ့မလား၊ သမုဒယနဲ့ ထိုးလိုက်တယ်၊ မပေါက်ဘူးလား ပေါက်တဲ့ပုဂ္ဂိုလ် ပေါက်တယ် ဆိုကြပါတော့။

အဲဒါသည် ဒုက္ခသစ္စာသိလို့ ထိုးတာလား တဲ့၊ ဒုက္ခ သစ္စာရချင်လို့ ထိုးတာလား (ဒုက္ခသစ္စာ ရချင်လို့ ထိုးတာပါ ဘုရား)။

ဒကာ ဒကာမတို့ ကြိုက်လှပေါ့၊ ဒုက္ခသစ္စာရချင်လို့ဆိုရင် သိပ်ကြိုက်တယ်၊ မောဖီးယား ထိုးသလို ဖြစ်နေပြီ၊ အယားဖျောက် နိုင်ရင် ကျေနပ်သလို ဖြစ်နေတယ်၊ အတော်ဆိုးတဲ့ လူတွေဆို တာ မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ဒီထဲမှာ ခန္ဓာကိုယ် ထဲမှာပေါ်တဲ့ ယားတာဖြစ်စေ၊ နာတာဖြစ်စေ၊ ကောင်းတာဖြစ် စေ၊ ပေါ်ချင်တာပေါ်၊ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။

အဲဒါကို ပေါ်တိုင်း ပေါ်တိုင်း ဒါဒုက္ခသစ္စာပါလို့ သိတာက ဉာဏ် (ဉာဏ်ပါ ဘုရား) ဒါဖြင့် ပေါ်တာက ဘာသစ္စာ (ဒုက္ခသစ္စာပါ ဘုရား)။

သိတာက (ဉာဏ်ပါ ဘုရား)။ ပေါင်းလိုက်ရင် (သစ္စဉာဏ်ပါ)။ သစ္စဉာဏ် အံမာလေး သစ္စဉာဏ်ကို မနဲ ပေါင်းယူရတယ် (မှန်ပါ့)

ဒါဖြင့် ဒီလိုပြလိုက်တဲ့အခါကျမှ ဪ ဒီအတွင်း ဘာပေါ်ပေါ်ကွာ (ဒုက္ခသစ္စာပါ) ဒုက္ခသစ္စာပေါ့ ဆိုရင် ရှင်းမနေ၊ ဘူးလား (ရှင်းပါတယ်)။

ဒီအတွင်းမှာ မြင်စိတ်ကလေးပေါ်လဲ (ဒုက္ခသစ္စာပါ)။

ကြားစိတ်ပေါ်ရော (ဒုက္ခသစ္စာပါ ဘုရား)။

နံစိတ်တွေပေါ် (ဒုက္ခသစ္စာပါ ဘုရား)။

စားစိတ်တွေပေါ်တယ် (ဒုက္ခသစ္စာပါ ဘုရား)။

ယားစိတ် ယံစိတ်ပေါ်တယ် (ဒုက္ခသစ္စာပါ ဘုရား)။

ဟင် သားသမီးခင်တဲ့စိတ် ပေါ်တယ် (ဒုက္ခ သစ္စာပါ ဘုရား)။

ဟင် မုန်းတဲ့စိတ်ပေါ်တယ် (ဒုက္ခသစ္စာပါ ဘုရား)

ပေါ်ချင်တာပေါ် ခင်ဗျားတို့ခန္ဓာကိုယ်ထဲက ဒုက္ခရှိနေရင် နဂိုရှိလို့ နဂိုဏ်း ထွက်တာသာမှတ်၊ ဒုက္ခထွက်တာ (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။

ခန္ဓာကိုယ်ထဲက ဘာတွေများ ထွက်လာမယ်ထင်သတုံး (ဒုက္ခချည်းထွက်တာပါ)

ဒုက္ခချည်းထွက်တာ၊ ခန္ဓာကိုယ်ထဲက ပေါ်သရွေ့ စိတ်ဖြင့်စိတ်မှတ်ရှု၊ ဝေဒနာဖြင့် (ဝေဒနာ မှတ်ရှု) ချင်တာပေါ် ဘာသစ္စာနဲ့ ရှုမလဲ (ဒုက္ခသစ္စာနဲ့ ရှုရမယ်)။

ဒါဖြင့် သူက ဖြစ်ပြီးပျက်သောကြောင့် (ဒုက္ခသစ္စာ) ဖြစ်ပျက်မှုကို သိသောကြောင့် သူ့ကို ဘာခေါ်ကြမလဲ (မဂ္ဂသစ္စာပါ ဘုရား)။

မဂ္ဂဆိုတော့ သစ္စာဖွဲ့လိုက်တော့လဲ ဒါပဲရတယ် (မှန်ပါ့) ဒါဖြင့် သစ္စဉာဏ်ဆိုရင်ရော ကိုက်ပါရဲ့လား (ကိုက် ပါတယ် ဘုရား) ဒကာ ဒကာမတို့ သစ္စဉာဏ်ဆိုတာ သူများပြောလား၊ ခင်ဗျားတို့ အမြင်လား (အမြင်ပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ)။

ဒီဘက်ကပေါ်သေးရဲ့လား၊ ဘာသစ္စာတုံး (ဒုက္ခသစ္စာ ပါ ဘုရား) နောက်က အမြဲတမ်း လိုက်ပေးနေတာက (ဉာဏ်ပါ ဘုရား) ဉာဏ်၊ ပေါင်းလိုက်တော့ (သစ္စဉာဏ်ပါ ဘုရား)။

သစ္စဉာဏ်ဆိုတော့ ဓမ္မစကြာ ခက်လိုက်တာ လို့ ခင်ဗျားတို့ မညည်းနဲ့၊ ဒီလိုဆရာနဲ့ မတွေ့လို့ခက်နေတာ။

ဓမ္မစကြာ သွားကြည့်တော့ သစ္စာဉာဏ်၊ ကိစ္စဉာဏ်၊ ကတဉာဏ်၊ အတော်ခက်ပါလားဟေ့၊ တို့ ဒီဥစ္စာ သိဖို့မလွယ် ဘူးဟေ့၊ အပြီးသတ်တော့ ဘယ်ဟုတ်မလဲဗျ၊

ပေါ်တိုင်း , ပေါ်တိုင်း သိတဲ့ဉာဏ်

ဒီပဋိစ္စသမုပ္ပာဒ် တစ်ခုလုံးက ဒုက္ခသစ္စာပါ။

ပဋိစ္စသမုပ္ပာဒ် ဖြစ်ပေါ်တာ သိတာက (မဂ္ဂသစ္စာ) မဂ္ဂသစ္စာ မရဘူးလား (ရပါတယ် ဘုရား)။

ဒါဖြင့် ပေါ်တာက ဘာသစ္စာ (ဒုက္ခသစ္စာ) ကြည့် ဒီထဲက ဘာပေါ်ပေါ် ခင်ဗျားတို့ ဒါပေါ်လဲ ဒုက္ခသစ္စာ။

နာမ်ရုပ်ပေါ်ရော (ဒုက္ခသစ္စာပါ)။

သဠာယတနပေါ်ရင် (ဒုက္ခသစ္စာပါ)။

ဖဿပေါ်ရင် (ဒုက္ခသစ္စာပါ)။

ဝေဒနာပေါ်ရင် (ဒုက္ခသစ္စာပါ)။

အဲဒါပေါ်တိုင်း , ပေါ်တိုင်း သိတဲ့ဉာဏ်သည် ဒီသစ္စာ သိတဲ့ဉာဏ်၊ မရှင်းသေးဘူးလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် သစ္စာနဲ့ဉာဏ်နဲ့ပေါင်းတော့ ဘယ့်နှယ်ဆိုကြမလဲ (သစ္စဉာဏ်ပါ ဘုရား) ဒီနေ့ည အပေါင်းတော့ နေရာကျ သွားပြီ၊ အတော် နေရာကျသွားပြီ ဒကာ ဒကာမတို့ သစ္စဉာဏ်၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ကိစ္စဉာဏ်ကလေး နည်းနည်းပြောကြည့်မယ်၊ ဆုံးတော့ ဆုံးမယ် မဟုတ်ဘူး နာရီ တစ်မိနစ်လောက် လိုတော့တယ်။

နာရီလဲ ပိုမဟောဘူးဗျ၊ ခန္ဓာကကျန်းမာရေးလဲ ကြည့်ရသေးတယ်။

အေး စိတ်ကလေး မင်းမှာ ဘာကိစ္စရှိသလဲလို့ ခင်ဗျား တို့က မေးပါ၊ လောဘစိတ်ကလေး မင်းမှာ ဘာကိစ္စရှိသတုံး၊ ကျုပ်သည် ပေါ်ပြီးပျောက်တဲ့ကိစ္စရှိတယ်။

ပေါ်ပြီးပျောက်တဲ့ကိစ္စ

ဒေါသစိတ်ကလေးမင်းမှာ ဘာကိစ္စရှိသတုံး မေးလို့ရှိရင် (ပေါ်ပြီးပျောက်တဲ့ကိစ္စရှိပါတယ်) ဘာဖြစ်လို့တုံး၊ ကျုပ်က အနိစ္စမျိုးဗျတဲ့ (မှန်ပါ့ ဘုရား)

ပေါ်ပြီးပျောက်ရမှာချည်းပဲတဲ့။ ကျုပ်ကိစ္စက ဒါပဲတဲ့ ရိပ်မိပလား (ရိပ်မိပါတယ်) သူ့ကိစ္စက ဘာပါလိမ့် (ပေါ်ပြီးပျောက်ရမှာပါ ဘုရား)။

ဒါဖြင့် ဖြစ်ပြီးပျက်တဲ့ကိစ္စဟာ သူ့ကိစ္စ အဲဒီကိစ္စက ဒီကဖြစ်ပျက်၊ ဖြစ်ပြီးပျက်သွားတဲ့ ကိစ္စကို၊ ဟော ဒါရုပ်နာမ် တို့၏ ကိစ္စလို့ ခင်ဗျားတို့ မှတ်လိုက်၊ သဘောကျပလား (ကျပါတယ်)

ရုပ်နာမ်တို့၏ (ကိစ္စပါ ဘုရား) ရုပ်နာမ်တို့၏ ကိစ္စဟာ ပေါ်ပြီးပျောက်တာချည်းပဲ ရှင်းပလား (မှန်ပါ့)။

အဲဒီကိစ္စကို ဒီကနေပြီး သူ့ကိစ္စပေါ်တိုင်း ပေါ်တိုင်း ဒီက သိ, သိပေး (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။

ကိစ္စဉာဏ်

ဒါဖြင့် သူ့ကိစ္စကို သိတဲ့ဉာဏ် ဘယ့်နှယ်ဆိုကြမလဲ (သူကိစ္စကိုသိတဲ့ဉာဏ်) ကိစ္စဉာဏ် ရှင်းကြပလား (မှန်ပါ့)

ကိစ္စ (ဉာဏ်) အဲဒီတော့ ကိစ္စဉာဏ်မှာတော့ နက်ဖြန်မှ သေသေချာချာ ကျကျနနရှင်းမယ် (မှန်ပါ့) ကိစ္စဉာဏ်က တော့ နည်းနည်းကျယ်သကိုးဗျ။

ဒီနေ့တော့ နာရီကစေ့တော့မယ်၊ ဘုန်းကြီးတို့လဲ ကျန်းမာ ရေးကြည့်ပြီး ဒီနေ့တော့ ပြန်ကြပေ ဦးတော့ (မှန်ပါ့ ဘုရား)။

သာဓု သာဓု သာဓု။